ဝါဆိုသင်္ကန်း အမေးအဖြေ
ဝါဆိုသင်္ကန်း အမေးအဖြေ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဝါဆိုသင်္ကန်းအမေး
၁။ အာဂုသော=ငါ့ရှင်၊ ဘဂဝတာ=မြတ်စွာဘုရားသည်၊ ယံဝဿဝါသိကံနာမ=အကြင်ဝါဆိုသင်္ကန်းမည်သည်ကို၊ ပညတ္တံ= ဝါဆိုသင်င်္ကန်းကို လှူဒါန်းကြသူ ဒါယကာ, ဒါယိကာမအပေါင်း သူတော်ကောင်းတို့အား၊ သဒ္ဓါဗုဒ္ဓိယာ=သဒ္ဓါတရားပွား များကြစေခြင်းအကျိုးငှာ၊ တဿ=ထိုဝါဆိုသက်န်း၏၊ ကာရဏံ=အကြောင်းအရာကို၊ တေ=သင့်ငါ့ရှင်အား၊ ပုစ္ဆိဿံ= မေးမြန်းပါအံ့၊ ယထာဝိနယံ=ဝိနည်းကျမ်းဂန်လာရှိသည် အားလျော်စွာ၊ တွံ=သင်ငါ့ရှင်သည်၊ ဗျာကရောဟိ=ဖြေဆို လျှောက်ကြားပါလော့-။
၂။ သာဓု သာဓု ငါ့ရှင် ----နတ်လူတို့သခင် သုံးလောက ထိပ်တင် သုံးခွင်လုံးမကိုဋ် သုံးတိုက်လုံးနတ် သုံးလောက ဥက္ကဌ်သည် ပညက်တော်မူပေသော ဤဝါဆိုသင်္ကန်းသည် “ဝဿံ ဝသန္တီတိ ဝဿဝါသာ၊ ဝဿဝါသံ အရဟတီတိ ဝဿဝါသိ ကံ”ဟူသော ဝစနတ္ထနှင့်လျော်ညီစွာ တစ်ခုသော တိုက်တာ၌ ဝါဆိုဝါကပ်၍ ဝါမပြတ် ဝါမကျိုး ကျင့်သိက္ခာမညှိုးဘဲ ဖြိုးမောက်သော အကျင့်ဝတ်နှင့် ဝါကျွတ်သော ရဟန်းတို့ သည်သာ ရယူခြင်းငှာ ထိုက်တန်သော ဗျုပ္ပတ္တိနိမိတ် ဂုဏ်သိမ်ဟိတ်ကြောင့်၎င်း, “ဝဿဝါသာနံ ဣဒန္တိ ဝဿ ဝါဿိကံ” ဟူသော ဝစနတ္ထနှင့် လျော်ညီစွာ တစ်ခုသော တိုက်တာ၌ ဝါဆိုဝါကပ်၍ ဝါမပြတ်ဝါမကျိုးသော ရဟန်း တို့၏သာ ပိုင်ဆိုင်ရာသော ပဝတ္ထိနိမိတ် ဂုဏ်သိမ်ဟိတ် ကြောင့်၎င်း, ဝဿဝါသိက မည်၏၊ ဤသို့သော ဝစနတ္ထဝိဂ္ဂဟ ကြောင့် ဝဿဝါသိက နာမသညာ ခေါ်မည်သာသော ဤဝါဆိုသင်္ကန်းသည် “အဋ္ဌိမာ ဘိက္ခဝေ မာတိကာ စီဝရဿ ဥပ္ပါဒါယ၊ သိမာယဒေတိ၊ ကတိကာယဒေတိ၊ သိက္ခာ ပညတ္တိယာ ဒေတိ၊ သံဃဿ ဒေတိ၊ ဥမတောသံဃဿ ဒေတိ၊ ဝဿံဝုဋ္ဌ သံဃဿ ဒေတိ၊ အာဒိဿ ဒေတိ၊ ပုဂ္ဂလဿ ဒေတိ၊ “ ဟု ဝိနည်းမဟာဝါ ပါဠိတော် မြတ်၌ ပညတ်တော် မူသော သင်္ကန်းဖြစ်ရာ ရှစ်ဖြာသောမာတိကာပုဒ်တို့တွင် အဘယ်မာတိကာပုဒ်မှာ ပါဝင်ပေသနည်း-ငါ့ရှင်။
၃။ လူမင်းတကာတို့၏ဥက္ကဌ် နတ်မင်းတကာတို့၏ခေါင်ဖျား သိကြားမင်းတကာတို့၏ရာဇာ ဗြဟ္မာမင်းတကာတို့၏မကိုဋ် အမြိုက်ဥသျှောင် သုံးလောကတိုက်ဘောင်၌ အမိုက်မှောင် ပယ်ရှားသည့် ဘုရားတည်းဟူသော နေမင်းကြီးသည်ပညတ် တော်မူပေသော သင်္ကန်းဖြစ်ရာ ရှစ်ဖြာသော မာတိကာ ပုဒ်တို့တွင် “ဝဿံဝုဋ္ဌ သံဃဿ ဒေတိ” ဟူသောမာတိကာ ပုဒ်မှာ ပါဝင်သော-ဟူ၍ဆိုပြီ၊ ထိုဝါဆိုသင်္ကန်းသည် အဘယ်မျှ အပြားရှိပေသနည်း-ငါ့ရှင်။
၄။ ဘုန်းတော်အနန္တ ကံတော်အနန္တ စကြာဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့၏တည်ရာ သမ္မာသဗ္မုဒ္ဓ အတုလမှန်ကူ ဖြစ်တော်မူသော သဗ္ဗညုရှင်စော၏ သဘော တော်အလိုကို မပိုမယုတ် အဟုတ်အမှန် အမြင်သန်သဖြင့် ဉာဏ်ဗလဝ ကြီးမြင့်တော်မူလသော အဋ္ဌကထာဆရာသည် “သစေ သံဃိကော စ သဒ္ဓါဒေယျော-စာတိ ဒွေစီဝရပစ္စယာ ဟောန္တိ” ဟူ၍ သေနာသနက္ခန္ဓက အဋ္ဌကထာကျမ်း မြတ်၌ မိန့်ဆိုအပ်သည်နှင့်အညီ ဝါဆိုသင်္ကန်းအကျိုးငှါ ထာဝရ လှူဒါန်း၍ထားအပ်သော လယ်, ယာ, ဥယျဉ် စသည် တို့မှဖြစ်သော သံဃိက ဝါဆိုသင်္ကန်းလည်းတစ်မျိုး၊ သမယအခါ ဆိုက်တိုက်လာမှ သဒ္ဓါကုန်အားသမျှ လှူဒါန်း ကြသော သဒ္ဓါဒေယျ ဝါဆိုသင်္ကန်းလည်းတစ်မျိုးဟူ၍ ဝါဆိုသင်္ကန်းအပြား၂-ပါးရှိသော-ဟူ၍ဆိုပြီ၊ ထိုဝါဆိုသင်္ကန်း ကို လှူဒါန်းသူဒါယကာ, ဒါယိကာမတို့အား အဘယ်လ, အဘယ်နေ့မှစ၍ ရဟန်းတော်တို့က နှိုးဆော်သမှု မေးမြန်း မှုကို ပြုရပါသနည်း-ငါ့ရှင်။
၅။ “အာသဠှိဇုဏှပက္ခ ပဉ္စမိတော ပဌာယ ဝဿဝါသိကံ ပုစ္ဆိတဗ္ဗံ” ဟူ၍ဗုဒ္ဓမတညု ကျမ်းပြုသခင် အရှင်မဟာဗုဒ္ဓဃောသ ဆရာသည် သေနာသနက္ခန္ဓကထာကျမ်းမြတ် မိန့်ဆိုအပ်သည် နှင့်အညီ ဝါဆိုသင်္ကန်းလှူဒါန်းသူ ဒါယကာ, ဒါယိကာမတို့အား ဝါဆိုလဆန်း၅-ရက်နေ့မှစ၍ ရဟန်းသံဃာတော်တို့က နှိုးဆော်သမှု မေးမြန်းမှုကို ပြုရသော-ဟူ၍ဆိုပြီ၊ အဘယ် သို့သော သူတို့အား နှိုးဆော်သမှု မေးမြန်းမှုကို ပြုခြင်းငှါ အပ်ပါသနည်း-ငါ့ရှင်။
၆။ “ယတော ပကတိယာ လဗ္ဘတိ” ဟူသော အဋ္ဌကထာ
ပါဌ်နှင့်အညီ နှစ်စဉ်ထာဝရ လှူနေကျဖြစ်သော ဒါယကာ, ဒါယိကာမတို့ကိုသာ နှိုးဆော်သမှု မေးမြန်းမှုကိုပြုခြင်းငှာ အပ်စပ်သော-ဟူ၍ဆိုပြီ၊ အဘယ်အကြောင်းကြောင့် နှိုးဆော်သမှု မေးမြန်းမှုကို ပြုရပါသနည်း-ငါ့ရှင်။
၇။ “ကဒါစိ ဟိ မနုဿာဒေန္တိ” အစရှိသော အဋ္ဌကထာပါဌ် နှင့်အညီ နှစ်စဉ်ထာဝရ လှူနေကျဖြစ်သော ဒါယကာ၊ ဒါယိကာမတို့ကိုသာ နှိုးဆော်သမှု မေးမြန်းမှုကို ပြုရသောဟူ၍ဆိုပြီ၊ တိုက်တွင်းရှိ သံဃာတော်တို့အား ဝါဆိုသင်္ကန်း လက်မှတ်ကို အဘယ်နေ့ရက်မှာ ပေးအပ်ရပါသနည်း-ငါ့ရှင်။
၈။ “အပရဇ္ဇဂတာယ အာသဠှိယာ ပုရိမတော ဂါဟေတဗ္ဗော” ဟူသောပါဠိတော်မြတ် မုခပါဌ်နှင့်အညီ တိုက်နေ မဟာထေရ် သံဃာတို့ ကျောင်းနေရာချမှတ် ဝါဆိုနေ့ရက်မြတ်ဝယ်ကပ္ပိယ သင်္ကန်းလှူဒါန်းသူ ဒါယကာ၏ မည်သညာနာမနှင့် စီဝရ ထည်ရေကို ငွေစက္ကူလွင်လွင်၌ ရွှေမင်နှင့်ရေးမှတ်၍ ပေးအပ်ရကြောင်းကိုဆိုပြီ၊ အဘယ်ရက်, လ သမယသည် ဘုရားသခင်လက်ထက်တော်မှစ၍ ယနေ့တိုင်ပင် ချစ်ရှင် မြတ်စွာ သာသနာဝယ် အခါတွင်ဆန်း ရွှင်မခန်းသည့် သင်္ကန်း ပွဲသမယ ဖြစ်ပါသနည်း-ငါ့ရှင်။
၉။ “စီဝရဒါနသမ ယောနာမအနတ္ထတေ ကထိနေ ဧကောကတ္တိကမာသော” ဟူသောပါဠိတော်မြတ် မုခပါဌ်နှင့်အညီ အဇဋာဗွေ အာကာသေ ငွေဘုံရဟတ် ရောင်နဝင်းစုံ ပြောင်လင်းထုံ စန်းယုန်နတ်နှင့် နက္ခတ်တံခွန် ပုလဲစုနှယ် ရှုစဘွယ် ကြယ်အမွန်တို့ အဝှန်မြိုင်မြိုင် ဗဟိုမြင့်ဖြိုး စွင့်စွင့်မိုး တန်ခိုး ရောင်ပြိုင်ကြသည့် ဂနိုင်အပြင် မြိုင်တခွင်ဝယ် အိုင်စဉ်တလျှောက် ငါးမည်ကြာမျိုး ဖြာဖြာမိုး ဖြိုးဖြိုး မောက်လျှင် အံ့လောက်အမူ ရေအပြင်လုံး ပျားပိတုန်းသို့ အုန်းအုန်းသံ ဆူကြ၍ ပြည်တော် သူပေါင်း ကြာလက်စုံ ထိန်ဝေနှင့် စိန္တေမှာ ညောင်ရေလောင်း၍ ဆုတောင်းသည့် သမယ သီတင်းကျွတ် လပြည့်ကျော်တစ်ရက် ထိုနေ့မှ နောက်လပြည့်တန်ဆောင်မုန်း ဤတစ်လလုံးမှာ တစ်ပြည်လုံး တစ်မြို့လုံး အုန်းအုန်းဆူသိမ့်သိမ့်သဲ သာဝတ္ထိရွှေပြည်သူတို့ သင်္ကန်းလှူ သဘင်နွှဲကြသည့် သင်္ကန်းပွဲ သမယသည် ဘုရားလက်ထက်တော်မှစ၍ ယနေ့တိုင်ပင် ချစ်ရှစ်မြတ်စွာ သာသနာဝယ် အခါတွင်ဆန်း ရွှင်မခန်း သင်္ကန်းသမယ ဖြစ်သော-ဟူ၍ဆိုပြီ၊ ဝါဆိုသင်္ကန်း လှူဒါန်းသူ ဒါယကာ, ဒါယိကာမတို့မှာ မိမိတို့ ဆောက်လုပ်အပ်သော ကျောင်းရှိ သော ဒါယကာလည်းရှိသည်၊ ကျောင်းကားမရှိ၊ မိမိတို့ပြု လုပ်အပ်သော စေတီ, ပုထိုး, ဗောဓိအိမ်, သိမ်, တန်ဆောင်း, ရေတွင်း, ရေကန် စသည်ရှိသော သူလည်းရှိသည်၊ ထာဝရ ဝတ္တု တစ်စုံတစ်ခုမျှ မရှိသော သူလည်းရှိသည်၊ ထိုသူတို့ သင်္ကန်းကို အဘယ်သို့ သင်္ကန်းလက်မှတ် ပေးအပ်ရပါ သနည်း-ငါ့ရှင်။
၁၀။ သဒ္ဓါဒေယျပစ္စည်း၌ ဝါဆိုသင်္ကန်းလက်မှတ် ပေးအပ်သည် များကိုလျှောက်ဆို၍ သိရပေပြီ၊ ဝါဆိုသင်္ကန်းအကျိုးငှာ ထာဝရလှူဒါန်း၍ထားသော လယ်, ယာ, ဥယျဉ်တို့မှ ဖြစ်သော တတြူပ္ပဒပစ္စည်း၊ ဝါဆိုသင်္ကန်း အကျိုးငှာ ထာဝရလှူဒါန်း၍ ကြွေးမြီအတိုးအပွား ချထားသော ဥပနိကေထက္ခေပကစ္စည်း၊ ဤသံဃိက ပစ္စည်းများကို အဘယ်သို့ပြုရပါသနည်း-ငါ့ရှင်။
၁၁။ ထိုသို့သဒ္ဓါဒေယျတစ်မျိုး, သံဃိကပစ္စည်းတစ်မျိုး၊ ဤနှစ် မျိုးသော သင်္ကန်းပစ္စည်းတို့၌ တိုက်တာရှိ ရဟန်းတို့အား သင်္ကန်းလက်မှတ်ပေးအပ် ချထားရာသော အစီအရင်များကို ငါ့ရှင်လျှောက်ထား၍ ခြားနားစွာသိရပေပြီ၊ ဤသို့မေးအပ် သော နံပါတ်လက်မှတ်ကို ခံယူပြီးသော ရဟန်းသံဃာတို့သည် ဝါတွင်း သုံးလပတ်လုံး အဘယ်သို့ ပြုကြရပါသနည်း-ငါ့ရှင်။
၁၂။ “သစေ မနုဿာ ဝဒန္တိ ယဿ အမှာကံ ဝဿဝါသိကံ ပါပုဏာတိ၊ သော တေမာသံ ပါနိယံ ဥပဋ္ဌာတု” အစရှိသော အဋ္ဌကထာပါဌ်နှင့်အညီ ကျောင်းကိုသုတ်သင်ခြင်း, ကျောင်း တလင်းကို တံမြက်တလင်း လှည်းခြင်း, စေတီဗောဓိ ယင်ပြင်တို့၌ တံမြက်တလင်းလှည်းခြင်း, ဗောဓိပင်ကို နေ့စဉ် ရေလောင်းခြင်း-အစရှိသော ဝတ်နိဗဒ်တို့ကို ဝါတွင်းသုံးလ ပတ်လုံး အားထုတ်ကြရသော-ဟူ၍ဆိုပြီ၊ ထိုဝါတွင်း သုံးလ ပတ်လုံး သေနာသနဝတ်, စေတိယင်္ဂဏဝတ်, ဗောဓိယင်္ဂဏ ဝတ်တို့ကို ကောင်းမွန်စွာ အားထုတ်ပြီးမှ သင်္ကန်းပွဲနေ့မတိုင်မီ အကြား အရပ်တစ်ပါးသို့ ပြောင်းသွားသောရဟန်း, လူ၏ ဘောင်သို့ သက်လျောသော ရဟန်းတို့သည် ထိုသင်္ကန်းကို ရခြင်းငှါထိုက်ပါသလော-ငါ့ရှင်။
၁၃။ ထိုသူတို့သည် ယူလိုသော်ရခြင်းငှါ ထိုက်ပါသည်-ဟူ၍ဆိုပြီ၊ ဤတိုက်တာတွင် ဒုတိယဝါဆိုမှာမှ ဝါဆိုရသော ဒုတိယဝါ သားရဟန်း, ဝါဆိုပြီးမှ ဝါကျိုးဝါပျက်ကြသော ဆိန္နဝဿ ရဟန်းများသည် ထိုသင်္ကန်းကို ယူလိုသော် ရခြင်းငှါ ထိုက်ပါ သလော-ငါ့ ရှင်။
၁၄။ “ပစ္ဆိမဝဿူပနာယိကဒိဝသေ ပန သစေ ကာလံ ဃောသေတွာ သန္နိပတိတေ သံဃေ” အစရှိသော အဋ္ဌ ကထာပါဌ်နှင့်အညီ ဤတိုက်တာတွင် ဒုတိယဝါမှာမှ ဝါဆိုရ သော ဒုတိယဝါသားရဟန်းများမှာ ပထမဝါသား ရဟန်းများ နှင့်မခြား အတူယူထိုက် ရထိုက်ပါသည်၊ ဝါကျိုးဝါပျက်သော ရဟန်းတို့မှာ ပကတိအားဖြင့် ရထိုက်သောအခွင့်မရှိ၊ ကတိကဝတ်သော်လည်းရှိမှ, အပလောကနကံ ပြု၍သော် လည်းပေးပါမှ ရထိုက်ပါသည်-ဟူ၍ဆိုပြီ၊ ဤတိုက်တာမှာ လှူကြသော ဝါဆိုသင်္ကန်း အစရှိသော သံဃိက ပစ္စည်း ဝတ္ထုများကို အခြားတစ်ပါးသော တိုက်တာ၌ ဝါဆို ဝါကျွတ်သော ရဟန်းတို့သည် ဤတိုက်တာ၍ ဝါဆိုဝါကျွတ် သောရဟန်းတို့နှင့် မပြားမကွဲ တတိုက်ထဲကဲ့သို့ တလုံး တစည်းထဲ အညီအမျှ ရထိုက်ယူသော နည်းလမ်းသည် ကျမ်းဂန်မှာရှိပါသလော-ငါ့ရှင်။
၁၅။ ဤသို့လျှင် ဤတိုက်ဤတာ၌ ဝါဆိုသောရဟန်းတို့အား သင်္ကန်းလက်မှတ်ပေးအပ်ရာသော အစီအရင်များကို၎င်း, သင်္ကန်းလက်မှတ်ကို ခံယူပြီးသော ရဟန်းတို့၏ ဝါတွင်းသုံးလ ပတ်လုံးပြုရသော အစီအရင်များကို၎င်း ငါ့ရှင်လျှောက်ထား၍ ခြားနားစွာ သိရပေပြီ၊ သီတင်းကျွတ်လပြည့်ကျော် တရက် နေ့ နံနက် အရုဏ်တတ်သည်မှစ၍ တန်ဆောင်မုန်း လပြည့်နေ့တိုင် ဤတစ်လအတွင်း သင်္ကန်းပွဲသမယသို့ ဆိုက်ရောက်သောအခါ သင်္ကန်းရှင် ဒါယကာတို့သည် အဘယ်သို့ လှူဒါန်းကြကုန်သနည်း-ငါ့ရှင်။
၁၆။ အခါနေ့ရက် ချိန်းချက်စုပေါင်း ချိမ့်ချိမ့်ငြောင်းမျှ ကျောင်း သို့လာ၍ လှူဒါန်းနည်းတစ်ပါး၊ မိမိတို့၏ ဝါဆိုသင်္ကန်း ကျရောက်ရာရဟန်းကို စံခန်းနေရာ အိမ်ဂေဟာသို့ပင့်၍ လှူဒါန်းနည်းတစ်ပါး-ဟူ၍ ၂-ပါးအပြားရှိသော-ဟူ၍ဆိုပြီ၊ ထိုနည်း ၂-ပါးတို့တွင် ကျောင်းတိုက်သို့လာ၍ လှူဒါန်းသော နည်းမှာ အပိုအမိုမပါ ဝါဆိုဦးအခါက စာရင်ချမှတ် ပေးအပ် သည့်အတိုင်းသာ လှူဒါန်းသူလည်းရှိလိမ်မည်၊ ဉာတိမျိုးဆွေ အချွေအရံ မိတ်သင်္ဂဟ များပြားလှသော ဒကာ့မျက်နှာကြီး, ဒကာမမျက်နှာကြီးဖြစ်ပေ၍ နောက်တိုးနောက်ပွါး အများပါ ရှိသူလည်း ရှိပေလိမ့်မည်၊ ထိုသင်္ကန်းတို့ကို အဘယ်သို့ ရထိုက်ပါသနည်း-ငါ့ရှင်။
၁၇။ ထိုနည်း ၂-ပါးတို့တွင် ကျောင်းတိုက်သို့လာ၍ လှူဒါန်းသော နည်းကို လျှောက်ဆို၍သိရပါပြီ၊ ဝါဆိုသင်္ကန်း ကျရောက်သည့် ရဟန်းကို စံခန်းနေရာ အိမ်ဂေဟာသို့ပင့်ဆောင်ခေါ်ယူ၍ လှူဒါန်းသော တည်းလမ်းမှာ အဘယ်သို့ယူထိုက်ပါ သနည်းငါ့ရှင်။
၁၈။ သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့မှစ၍ တပေါင်းလပြည့် နေ့တိုင် ငါးလအတွင်း၌ ဝါဆိုသင်္ကန်းကို လှူဒါန်းပါ၏ဆို၍လှူခဲ့သည်ရှိသော် အဘယ်သူရထိုက်ပါသနည်း-ငါ့ရှင်။
၁၉။ တပေါင်းလပြည့်ကျော် ၁-ရက်နေ့မှစ၍ ဝါဆိုလပြည့်နေ့တိုင် နွေလေးလအတွင်း၌ ဝါဆိုသင်္ကန်း လှူဒါန်းပါ၏-ဆို၍ လှူခဲ့သည်ရှိသော် အဘယ်သို့ပြုအပ်ပါသနည်း-ငါ့ရှင်။
၂၀။ အချို့အချို့သော ဒါယကာတို့သည် ဝါကျွတ်သောအခါ ဝါဆိုသင်္ကန်းလှူဒါန်းပါမည်-ဟု စာရင်ချမှတ်ပြီးသည်နောက် တစ်စုံတစ်ခုသော အကြောင်းရှိခဲ့၍ ဝါကျွတ်သည်တိုင်အောင် မစောင့်စားနိုင်ကြရှိသည်နှင့် ဝါတွင်းမှာပင် လှူကြကုန်၏၊ ထိုဒါယကာတို့၏ ဝါဆိုသင်္ကန်းကို အဘယ်သို့ပြုအပ်ပါ သနည်း-ငါ့ရှင်။
၂၁။ သာဓုသာဓု ငါရှင်...သုံးခွင်လုံးမကိုဋ် သုံးတိုက်လုံးနတ် သုံရပ်ဘုံသူ နတ်လူဗြဟ္မာ သတ္တဝါတို့၏ အချာအချုပ် အနုတ္တရ ဓမ္မသာမိ မုနိသယမ္ဘူ ဖြစ်တော်မူပေသော သဗ္ဗညုရှင်စောသည် ဟောကြား ပညတ်တော်မူအပ်သော ဝိနည်းတော်အလာ ဝါဆိုသင်္ကန်း ကပ်လှူပုံနည်းလမ်းများကို ကျမ်းဂန်ပါဠိ လာရှိတိုင်း အစီအရင်နှင့် ငါ့ရှင်ကလျှောက်ကြား ၍ အများသံဃာ ဒါယကာ, ဒါယိကာမ အပေါင်းသူတော် ကောင်းတို့ ကောင်းစွာကြားသိရပေကုန်ပြီ၊ ဓမ္မတန္တီ ကျမ်းဂမ္ဘီ တို့နှင့် ညီညွတ်စွာ ဖြစ်လာသော ယခုနှစ်ဝါဆိုသင်္ကန်းမှာ အဘယ်ရွာသူ သဒ္ဓါဖြူတို့ ကပ်လှူသောသင်္ကန်းဖြစ်ပါသနည်းငါ့ရှင်။
၂၂။ သာဓုသာဓု ငါ့ရှင်...ဘုရင်တကာတို့၏အထွဋ် တမွတ် ဥသျှောင် သောင်းလောကတိုက်ဘောင်၌ မင်းခေါင်မင်းဖျား မင်းတရားကြီးဖြစ်တော်မူပေသော သဗ္ဗညုရှင်စောသည် မိန့်ဟောပညတ် ထုတ်ပြန်တော်မူအပ်သော မုခပါဌ်ဗျာဒိတ် ဝိနည်းတော်ရွှေတံဆိပ်ကို ကရဝိက်ငှက်မင်း ဟေမဝန္တာ မြိုင်ရဂုံက ခွန်းသံစုံညှင်းသကဲ့သို့ ရှင်းလင်းစွာဖြေကြား ၍ အများသံဃာ နားထောင်သူ ဒါယကာတို့ ကောင်းမွန်စွာ သိရသဖြင့် မြတ်မုနိဘဂဝါ စောရှင်ချစ် သာသနာဝယ် ကြည် သဒ္ဓါညွတ်ညောင်း ဥပုသ်သည်အပေါင်းတို့ တောင်းပန်ချက် အမှုကို ကရုဏာရှေ့ထားလျက် တရားကျမ်းဂန်တို့နှင့်အညီ လယ်တီတိုက်သံဃာတို့ နေရာကျစီရင်အပ်သော ဤဝါဆို သင်္ကန်း လှူဒါန်းမှုကုသိုလ်ကို များလူဗိုလ်နတ်အပေါင်း ဆော်ပဲ့တင်ရိုက်ညောင်းအောင် သောင်းသောင်းသာဓု ခေါ်ကြစေ။
ဝါဆိုသင်္ကန်း အမေးပြီး၏၊
-------*------
ဝါဆိုသင်္ကန်း အဖြေ
၁။ ဇယတု။ အာမဘနေ႓။။ ဘန္တေ=အရှင်ဘုရား၊ ဘဂဝတာ=မြတ်စွာဘုရားသည်၊ ယံဝဿဝါသိကံနာမ=အကြင် ဝါဆိုသင်္ကန်းမည်သည်ကို ပညတ္တံ= ပညတ်တော်မူအပ်၏၊ ဒါယကာနံ= ဝါဆိုသင်္ကန်းကို လှူဒါန်းကြသူ ဒါယကာ, ဒါယိကာမအပေါင်း သူတော်ကောင်းတို့အား၊ သဒ္ဓါဗုဒ္ဓိယာ=သဒ္ဓါတရား ပွါးများကြပါစေခြင်း အကျိုးငှါ၊ တဿ=ထိုဝါဆိုသင်္ကန်း၏၊ ကာရဏံ=အကြောင်းအရာကို၊ တေ=အရှင်ဘုရားအား၊ ယထာဝိနယံ=ဝိနည်းကျမ်းဂန် လာရှိသည် အားလျော်စွာ၊ အဟံ=အကျွန်ုပ်သည်၊ ဗျာကရိဿာမိ=ဖြေဆို လျှောက်ကြားပါအံ့၊ ယထိစ္ဆိတံ=အလိုတော်ရှိတိုင်း၊ ပုစ္ဆ=မေးတော် မူပါလော့။
၂။ “အဋ္ဌိမာ ဘိက္ခဝေ မာတိကာ စီဝရဿ ဥပ္ပါဒါယ၊ သီမာယ ဒေတိ၊ ကတိကာယ ဒေတိ၊ ဘိက္ခာပညတ္တိယာ ဒေတိ၊ သံဃဿ ဒေတိ၊ ဥဘတော သံဃဿ ဒေတိ၊ ဝဿံ ဝုဋ္ဌသံဃဿ ဒေတိ၊ အာဒိဿ ဒေတိ၊ ပုဂ္ဂလဿ ဒေတိ”ဟူ၍ ဝိနည်းမဟာဝါ ပါဠိတော်မြတ်၌ ပညတ်တော်မူပေသော သင်္ကန်းဖြစ်ရာ ရှစ်ဖြာသော မာတိကာပုဒ်တို့တွင် “ဝဿံဝုဋ္ဌသံဃဿဒေတိ”ဟူသော မာတိကာပုဒ်မှာ ပါဝင်ပါသည်ဘုရား။
၃။ “သစေ သံဃိကောစ သဒ္ဓါဒေယျောစာတိ ဒွေ စီဝရပစ္စယာ ဟောန္တိ”ဟူသော သေနာသနက္ခန္ဓက အဋ္ဌကထာကျမ်းမြတ် မိန့်အပ်သည်အညီ ဝါဆိုသင်္ကန်းအကျိုးငှါ ထာဝရလှူဒါန်း၍ ထား အပ်သော လယ်, ယာ, ဥယျာဉ်- စသည်တို့မှဖြစ်သော သံဃိက ဝါဆို သင်္ကန်းတစ်မျိုး၊ သမယအခါ ဆိုက်တိုက်လာမှ သဒ္ဓါကုန်အားသမျှ လှူဒါန်းကြသော သဒ္ဓါဒေယျဝါဆိုသင်္ကန်းတစ်မျိုး-ဟူ၍ ဝါဆိုသင်္ကန်း အပြား ၂-ပါးရှိပါသည်ဘုရား။
၄။ “အာသဠှီ ဇုဏှပက္ခပဉ္စမိတော ပဋ္ဌာယ ဝဿဝါသိကံ ပုစ္ဆိတဗ္ဗံ”ဟူသော သေနာသနက္ခန္ဓက အဋ္ဌကထာ မိန့်အပ်သည်နှင့်အညီ ဝါဆိုသင်္ကန်းလှူဒါန်းသူ ဒါယကာ, ဒါယိကာမတို့အား ဝါဆိုလဆန်း ၆- ရက်နေ့မှစ၍ ရဟန်းသံဃာတော်တို့က နှိုးဆော်သမှု မေးမြန်းမှုကို ပြုရပါသည်ဘုရား။
၅။ “ယတော ပကတိယာ လဗ္ဘတိ”ဟူသော အဋ္ဌကထာ ပါဌ်နှင့်အညီ နှစ်စဉ်ထာဝရလှူနေကျဖြစ်သော ဒါယကာ, ဒါယိကာမ တို့ကိုသာ နှိုးဆော်သမှု မေးမြန်းမှုကို ပြုခြင်းငှါ အပ်စပ်ပါသည်ဘုရား။
၆။ “ကဒါစိ ဟိ မနုဿာ ဒေန္တိ“အစရှိသော အဋ္ဌကထာပါဌ် နှင့်အညီ နှစ်စဉ်ထာဝရ လှူနေကျပင် ဖြစ်သော်လည်း အစာရောစာ ရှားပါးခြင်းအစရှိသော အကြောင်းကြောင့် လုံးလုံးမလှူနိုင်ကြသော နှစ်လည်းရှိပါသည်၊ အချို့သူကသာ လှူနိုင်၍ အချို့သူက မလှူနိုင် သောနှစ်လည်းရှိပါသည်၊ လှူနေကျမှလျော့ပေါ့၍ အချို့အဝက်သာ လှူနိုင်ကြသော နှစ်လည်းရှိပါသည်၊ နိုင်ငံပြည်ရွာ သာယာဝပြောလှ၍ လှူနေကျထက်ပို၍ လှူလိုကြသော နှစ်လည်းရှိပါသည်၊ တင်ကူး၍ မေးမြန်းခြင်းအမှုကို မပြုဦးဘဲ လှူမြဲတိုင်းစာရင်းနှင့် တိုက်တွင်းရှိ သံဃာတို့အား ဝါဆိုသင်္ကန်းလက်မှတ်ကို ပေးအပ်ချထားသည်ရှိသော် သီတင်းကျွတ်ခဲ့၍ သင်္ကန်းပွဲ သမယ ချိန်အခါကျလတ်သော် လက်မှတ် နှင့်သင်္ကန်း သူတလှမ်း ငါတနဲ အလွဲလွဲအချော်ချော် ဖြစ်ဖို့ရန်အရေးကို ရှေးဦးက မြင်မြှော်၍ နှိုးဆော်သမှု မေးမြန်းမှုကိုပြုရပါသည်ဘုရား။
၇။ “အပရဇ္ဇုဂတာယ အာသဠှိယာ ပုရိမတော ဂါဟေ တဗ္ဗော”ဟူသော ပါဠိတော်မြတ် မုခပါဌ်နှင့်အညီ တိုက်တာနေ မဟာ ထေရ်သံဃာတို့ ကျောင်းနေရာချမှတ် ဝါဆိုရသည့်ရက်မြတ်ဝယ် ကပ္ပိယ သင်္ကန်း လှူဒါန်းသူ ဒါယကာ၏ မည်သညာနာမနှင့် စီဝရထည် ရေကို ငွေစက္ကူလွင်လွင်တွင် ရွှေမင်နှင့်ရေးမှတ်၍ ပေးအပ်ရပါသည်ဘုရား။
၈။ စီဒါနသမယော နာမ အနတ္ထကေ ကထိနေ ဧကော ကတ္တိကမာသော”ဟူသော ပါဠိတော်မြတ် မုခပါဌ်နှင့် အညီ အဇဋာဗွေ အာကာသေ ငွေဘုံရဟတ် ရောင်နဝင်းစုံ ပြောင်လင်းထုံ စန်းယုန်နတ်နှင့် နက္ခတ်တံခွန် ပုလဲစုနှယ် ရှုစဖွယ် ကြယ်အမွန်တို့ အဝှန်မြိုင်မြိုင် ဗဟိုမြင့် ဖြိုး စွင့်စွင့်မိုး တန်ခိုးရောင်ပြိုင်ကြသည့် ဂနိုင်အပြင် မြိုင်တစ်ခွင် အိုင်စဉ် တလျှောက် ငါးမည်ကြာမျိုး ဖြာဖြာမိုး ဖြိုးဖြိုးမောက်လျှင် အံ့လောက်အမူ ရေပြင်အလုံး ပျားပိတုန်းတို့ အုံးအုံးသံဆူကြ၍ ပြည်တော်သူပေါင်း ကြာလက်စုံထိန်ဝေနှင့် စိန္တေမှာညောင်ရေလောင်း၍ ဆုတောင်းသည့် သမယ သီတင်း ကျွတ်လပြည့်ကျော် ၁-ရက် ထိုနေ့မှ နောက်လပြည့် တန်ဆောင်မုန်း ဤတစ်လလုံးလုံး တစ်ပြည်လုံး တစ်မြို့လုံး အုန်းအုန်း ဆူသိမ့်သိမ့်သဲ သာဝတ္ထိပြည်သူတို့ သင်္ကန်းလှူသဘင် နွှဲကြသည့် သင်္ကန်း ပွဲသမယသည် ဘုရား လက်ထက်တော်မှစ၍ ယနေ့ထက်တိုင်ပင် ချစ်ရှင် မြတ်စွာ သာသနာဝယ် အလ့တွင်ဆန်း ရွှင်မခန်းသည့် သင်္ကန်းပွဲသမယ ဖြစ်ပါသည်ဘုရား။
၉။ “တေသံ တေသံ သေနာသနေ ဘိက္ခူနံ ဝဿဝါသိကံ ဂါဟေတဗ္ဗံ”ဟူသော အဋ္ဌကထာပါဌ် မိန့်အပ်သည်နှင့်အညီ ဤတိုက် ဤတာတွင် ကျောင်းရှိသော ဒါယကာတို့၏ သင်္ကန်းကို သူ့ကျောင်းနှင့်သူ ဝယ်အပ်ရပါသည်၊ “မနုဿာ ထူပံ ကတွာ ဝဿဝါသိကံ ဂါဟာပေန္တိ” အစရှိသော အဋ္ဌကထာ ပါဌ်နှင့်အညီ ကျောင်းမဟုတ်သော စေတီ, ပုထိုးစသည်ရှိသော သူတို့၏သင်္ကန်းကို ထိုစေတီ, ပုထိုးစသည်တို့ အနီးအပါး၌ ကျောင်းလက္ခဏာရှိသော သစ်ပင်, မဏ္ဍပ်များမှာ ကပ်၍ပေးအပ်ပါသည်၊ “ယေသံ ပန သေနာသနံ နတ္ထိ၊ ကေဝလံ ပစ္စယမေဝ ဒေန္တိ၊ တေသံ ပစ္စယံ အဝဿဝါသိကေ သေနာသနေ ဂါဟေတုံ ဝဋ္ဋတိ”ဟူသော အဋ္ဌကထာပါဌ်နှင့်အညီ ဤတိုက်ဤတာတွင်းမှာ ထာဝရဝတ္ထု တစ်ခုခုမျှ မရှိသော သူတို့၏ သင်္ကန်းကို ကျောင်းဒကာမရှိ၍ ဝါဆို သင်္ကန်းမရှိသော ကျောင်းမှာ ဆက်ကပ်လှူဒါန်း ရပါသည်ဘုရား။
၁၀။ “တတြုပ္ပါဒေ ပန ကပ္ပိယကာရကာ ပုစ္ဆိတဗ္ဗာ” အစရှိ သည်ဖြင့်လာသော အဋ္ဌကထာပါဌ်နှင့်အညီ ကပ္ပိာကာရက ပြုလုပ်သူ တို့ကို မေးမြန်း၍ ရဟန်းတော်တစ်ပါး တစ်ပါးလျှင် သင်္ကန်းလျာ ပိတ်ပုဆိုးမည်ရွေ့မည်မျှ ကပ်လှူပါမည်ဆိုလျှင် ထိုသူတို့အဆိုအတိုင်း ပေးအပ်ပါသည်၊ သင်္ကန်းလျာပိတ် ပုဆိုးကား-မရှိ၊ ရွှေငွေအသပြာ, ပိုက်ဆံ, ဒင်္ဂါး, ပျောင်း, စပါးသာရှိပါသည်ဆိုလျှင် ထိုရွှေငွေအသပြာ, ပိုက်ဆံ, ဒင်္ဂါး, ပျောင်း, စပါး-ဟူသော ဝေါဟာရသည် စာရင်းလက်မှတ် ပေးအပ်ခြင်းငှါ အပ်စပ်သော ဝေါဟာရ မဟုတ်သည်ဖြစ်ပါ၍ ဆန်ဟူသော ရုဠှီစကား, ပိတ်, ဖျင်-ဟူသော ရုဠှီစကားဖြင့် ရေးသားတင်မှတ်၍ ပေးအပ်ပါသည်ဘုရား။
၁၁။ “သစေ မနုဿာ ဝဒန္တိ ယဿ အမှာကံ ဝဿဝါသိကံ ပါပုဏာတိ၊ သော တေမာသံ ပါနီယံ ဥပဋ္ဌာပေတု“အစရှိသော အဋ္ဌကထာပါဌ်နှင်အညီ ကျောင်းကိုသုတ်သင်ခြင်း, ကျောင်းတလင်းကို တံမြက်တလင်း လှည်းခြင်း, စေတီယင်ပြင်-ဗောဓိယင်ပြင်တို့၌ တံမြက် တလင်းလှည်းခြင်း, ဗောဓိပင်ကို နေ့စဉ်ရေလောင်းခြင်း-အရှိသော ဝတ်နိဗတ်တို့ကို ဝါတွင်းသုံးလပတ်လုံး အားထုတ်ကြရပါသည်ဘုရား။
၁၂။ “တေမာသံ ပါနီယံ ဥပဋ္ဌာပေတွာ ဝိဟာရမဂ္ဂစေတိယင်္ဂဏ ဗောဓိယင်္ဂဏာနိ ဇဂ္ဂိတွာ ဗောဓိရုက္ခေ ဥဒကံ သိဉ္စိတွာ ပက္ကန္တော ဝိဗ္ဘမန္တောပိ ဝဿဝါသိကံ လဘတိယေဝ”ဟူသော အဋ္ဌကထာပါဌ် မိန့်အပ်သည်နှင့်အညီ ဝါတွင်းသုံးလပတ်လုံး သေနာသနဝတ်, စေတီ ယင်္ဂဏဝတ်, ဗောဓိယင်္ဂဏဝတ်တို့ကို ကောင်းမွန်စွာ အားထုတ်ပြီးမှ သင်္ကန်းပွဲနေ့ မတိုင်မီအကြား အရပ်တစ်ပါးသို့ ပြောင်းသွားသောရဟန်း, လူ၏ဘောင်သို့သက်လျောသော ရဟန်းတို့သည် ထိုသင်္ကန်းကိုယူလိုသော် ရခြင်းငှါထိုက်ပါသည်ဘုရား။
၁၃။ “ပစ္ဆိမဝဿူပနာယိကဒိဝသေ ပန သစေ ကာလံ ဃောသေတွာ သန္နိပတိတေ သံဃေ“အစရှိသော အဋ္ဌကထာပါဌ်နှင့် အညီ ဤတိုက်ဤတာတွင် ဒုတိယဝါမှာမှ ဝါဆိုရသော ဒုတီယဝါသား ရဟန်းများမှာ ပထမဝါသား ရဟန်းများနှင့်မခြား အတူယူထိုက်ရထိုက်ပါ သည်၊ ဝါကျိုးဝါပျက်သော ရဟန်းတို့မှာ ပကတိအားဖြင့် ရထိုက်သော အခွင့်မရှိ၊ ပကတိဝတ်သော်လည်းရှိမှ, အပလောကနကံပြုသော်လည်း ပေးပါမှ ရထိုက်ပါသည်ဘုရား။
၁၄။ “ကတိကာယ ဒေတိ၊ သမ္ဗဟုလာ အာဝါသာ သမာန လာဘာ ဟောန္တိ“အစရှိသောပါဠိတော်မြတ် မုခပါဌ်နှင့်အညီ ၂-တိုက် ၂-တာပင်ဖြစ်စေ, ထိုထက်အလွန် ဆယ်တိုက် ဆယ်တာပင်ဖြစ်စေ အညီအညွတ် ကတိကဝတ်ပြု၍ ထားကြသော တိုက်တာချင်းချင်း ဖြစ်ခဲ့ပါမူ တစ်ခုသောတိုက်တာမှာ လှူဒါန်းသော ဝါဆိုသင်္ကန်း အစရှိသော သံဃိကပစ္စည်း ဝတ္ထုများကို တစ်ခြားတစ်ပါးသော တိုက်တာ ၌ ဝါဆိုဝါကျွတ်သော ရဟန်းတို့သည် ဤတိုက်တာ၌ ဝါဆိုဝါကျွတ်သော ရဟန်းတို့နှင့် မပြားမကွဲ တစ်တိုက်ထဲကဲ့သို့ တစ်လုံး တစ်စည်း အညီအမျှ ရထိုက်ယူထိုက်သောနည်းလမ်းသည် ကျမ်းဂန် အထင်အရှားရှိပါ သည်ဘုရား။
၁၅။ အခါနေ့ရက် ချိန်းချက်စုပေါင်း ချိမ့်ချိမ့်ငြောင်းမျှ ကျောင်းသို့လာ၍ လှူဒါန်းနည်းတစ်ပါး၊ မိမိတို့၏ ဝါဆိုသင်္ကန်း ကျရောက်ရာ ရဟန်းကို စံခန်းနေရာ အိမ်ဂေဟာသို့ ပင့်ယူ၍ လှူဒါန်း နည်းတစ်ပါး-ဟူ၍ ၂-ပါး အပြားရှိပါသည်ဘုရား။
၁၆။ “ဣဒံ ဝဿာဝါသိကံ အမှာကံ သေနာသနေ ဝုဋ္ဌဘိက္ခုနော ဒေမာတိ ဝုတ္တေ ယဿ ဂါဟိတံ, တေဿဝ ဟောတိ“အစရှိသော အဋ္ဌကထာပါဌ်နှင့်အညီ အပိုအမိုမပါ ဝါဆိုလဦးက စာရင်းချမှတ်ပေး သည့် အတိုင်းသာ လှူဒါန်းသူဖြစ်ခဲ့လျှင် ထိုသင်္ကန်းကို ထိုဒါယကာ၏ ကျောင်းပေါ်မှာ ဝါကျွတ်သော ရဟန်းတို့သာ ရထိုက်ပါသည်၊ ယင်းသို့ မဟုတ် ဤကျောင်းပေါ်မှာ ဝါဆိုဝါကျွတ်သော အရှင်တို့အား လှူဒါန်း ပါ၏-ဆို၍လှူခဲ့လျှင် ထိုကျောင်းပေါ်မှာ ဝါကျွတ်သောရဟန်းတို့သာ ရထိုက်ပါသည်၊ သို့တည်းမဟုတ် ဤကျောင်းအားလှူပါ၏-ဆို၍ လှူဒါန်း ခဲ့လျှင် တိုက်ရှိသံဃာ ပိုင်ဆိုင်ပါသည်ဘုရား။
၁၇။ “သစေ ပန ဥဘောပိ ဃနံ နေတွာ ဘောဇေတွာ သယမေဝ ပါဒမူလေ ဌပေတွာ ယံ ယဿ ဒိန္နံ, တဒေဝ တဿ ဟောတိ” ဟူသော အဋ္ဌကထာပါဌ်အညီ အိမ်သို့ပင့်ဆောင်၍ ဆွမ်းကွမ်းကျွေးမွေး၍ လှူဒါန်း သည်ရှိသော် ထိုရဟန်းတို့, သာမဏေတို့ပင် ရပါသည်ဘုရား။
၁၈။ “စီဝရမာသတော ပဋ္ဌာယ ယာဝ ဟေမန္တဿ ပစ္ဆိမော ဒိဝသော” အစရှိသော အဋ္ဌကထာပါဌ်နှင့်အညီ ထိုသို့ဆို၍ လှူဒါန်းခဲ့ သည်ရှိသော် ထိုတိုက်တာအတွင်း ကထိန်ခင်းသည်ဖြစ်စေ, မခင်းသည် ဖြစ်စေ, ထိုထိုတိုက်တာမှာ ဝါကျွတ်သော ရဟန်းတို့ ရထိုက်ပါသည် ဘုရား။
၁၉။ “ဂိမှာနံ ပထမဒိဝသတော ပဋ္ဌာယ ဝုတ္တေ ပန မာတိကာ အာရောပေတဗ္ဗာ“အစရှိသော အဋ္ဌကထာပါဌ်နှင့်အညီ လွန်ခဲ့ပြီးသော အတိတ်ဝါကိုရည်၍လှူသလော၊ သို့တည်းမဟုတ် လာလတံ့သော အနာဂတ်ဝါကိုရည်၍ လှူသလော-ဟုမေးမြန်း၍ အတိတ်ဝါကိုရည်၍ လှူပါသည်-ဆိုခဲ့လျှင် အတိတ်ဝါကျွတ်သော ရဟန်းတို့ရထိုက်ပါသည်၊ အနာဂတ်ဝါကိုရည်၍ လှူပါသည်-ဆိုခဲ့လျှင် အလှူခံ၍ထားပြီးမှ ဝါဆိုနေ့သို့ကျသောအခါ ဝေခြမ်း၍ ယူရပါသည်ဘုရား။
၂၀။ ထိုဒါယကာတို့၏ ဝါဆိုသင်္ကန်းကို ဝါဆိုနေ့တွင် သင်္ကန်း လက်မှတ် ခံယူရသော ရဟန်းတို့အား ပေးအပ်ပါသည်၊ “ယေန ဂဟိတံ, တေန ဝဿစ္ဆေဒေါ န ကာတဗ္ဗော၊ ကရောတိ စေ သံဃိကံ ဟောတိ” ဟူသော အစ္စေကစီဝရ သိက္ခာပုဒ် အဋ္ဌကထာပါဌ်နှင့်အညီ ဝါတွင်း အခါတွင် ထိုသင်္ကန်းကိုခံယူကုန်သော ရဟန်းတို့သည် ဝါပျက်ခြင်း, ဝါကျိုးခြင်း မရှိစေရ၊ ကောင်းမွန်စွာစောင့်ထိန်းရပါကုန်သည်၊ ဝါဆို သင်္ကန်းဟူသောအမည်ဖြင့် လှူဒါန်းသော သံဃိကသင်္ကန်းမည်သည် ဝါမပျက်, ဝါမကျိုးသော ရဟန်းတို့သာ ရထိုက်ပါသည်၊ ဝါကျိုးခြင်း, ဝါပျက်ခြင်းရှိခဲ့သော် သံဃာကိုပြန်၍ တစ်ဖန်ပေးအပ်ရပါသည်ဘုရား။
၂၁။ ဂန္ဓမာဒန စိတြနှင့် သုဒဿန စသည်အမွန် ဟေမဝန္တာ မဟာဂနိုင် မြိုင်အတုလွတ် နဝဒတ်ဘွေဆိုင် နတ်ရေအိုင်က တပြိုင်တည်း လွှတ်လိုက်သည့် ကတွက်ရေနှယ် မြစ်ငယ်မြစ်ကြီး အသီးသီးတို့တွင် အံ့မချီးကုန် သာမျိုးစုံ ယမုန်ဂင်္ဂါ စံပမာဖြင့် သလ္လာဝတီ အမည်ရှိသော နဒီရေရှင် မြစ်စဉ်တလျှောက် ကောက်ကောက်စင်းစင်း ရပ်ခပင်းဝယ် တသင်းဖြိုးမော် ဟိုးဟိုးကျော်သည် ရှင်တော်ဘုရား မိန့်ဖော်ကြား သုံးပါးသာသနာ အဝါပြောင်ပြောင် နေရောင်ရွှန်းရွှန်း အစဉ်ထွန်းလျက် တောင်ကျွန်းဇေယျုံ သပြေဘုံထက် မုံရွာ-လှေကူး အထူးကြေညာ ရပ်ဂါမာ သဒ္ဓါပွင့်လင်း နှလုံးစင်းသည့် သီတင်ဥပုသ်သည် ဒါယကာ, ဒါယိကာမအပေါင်းတို့ ညွတ်ညောင်းကြည်ဖြူ သံသရာဘေး ခန္ဓာနှင့် ဝေးစေဖို့ အရေးယူလျက် နိဗ္ဗူသောင်ကမ်း ဘေးမသန်းသည့် အေးချမ်း ရာမှန် ပြည်နိဗ္ဗာန်သို့ လျင်မြန်ရောက်ကြောင်း ကုသိုလ်ဇောမြတ် သောမနသ်ကို မပြတ်လောင်းလျက် အပေါင်းတူစုံ မဂ္ဂင်္ဂရှစ်ယဉ်ပေါ်မှာ ရွှင်ပျော်ပျော် အတူဆုံ၍ ခေမာဘုံနန်းအမတကို လှမ်းကြမည်ကြံခဲလျက် ထူးကဲသည့်ပုည ခုဝါတွင်း သုံးလပတ်လုံး နေ့ညဉ့်စဉ်မပြတ် သင်္ကန်းစိတ် ဇောမြတ်နှင့် သောမနသ်ရွှင်ရွှင် သူ့ထက်ငါပြင်ဆင်၍ စီရင်ခါရက်ချုပ် ရွှေဖန် ရေဆိုးအုပ်၍ ပြုလုပ်လှူဒါန်းသော သင်္ကန်းဖြစ်ပါသည် ဘုရား။
ဝါဆိုသင်္ကန်းအဖြေပြီး၏၊
ဝါဆိုသင်္ကန်းအမေးအဖြေပြီး၏၊
--------*------