ဝိနည်းအကျဉ်းချုပ်
မဟာစည်ဆရာတော်၏ ဝိနည်းအကျဉ်းချုပ်
(က) ပါရာဇိက အာပတ် ၄-ပါး
၁။ ရဟန်းသည် မေထုန်မှီဝဲလျှင် ရဟန်းဘဝဆုံးရှုံး၏။
၂။ တစ်မတ်တန်ပစ္စည်းကို ခိုးဝှက်ယူလို၍ ယူမိလျှင် ရဟန်းဘဝဆုံးရှုံး၏။
၃။ လူကိုသတ်မိလျှင် ရဟန်းဘဝဆုံးရှုံး၏။
၄။ ဈာန် မဂ်ဖိုလ်တရားကို မရဘဲ ရသည်ဟု ဝါကြွားပြောဆိုမိလျှင် ရဟန်းဘဝ ဆုံးရှုံး၏။
(ခ) သင့်လွယ်သော သံဃာဒိသိသ် အာပတ်များ
၁။ သုတ်လွတ်အောင် အားထုတ်၍ သုတ်လွတ်သွားလျှင် သံဃာဒိသိသ် အာပတ် သင့်၏။
၂။ မာတုဂါမကို ရာဂစိတ်ဖြင့် ထိပါးသုံးသပ်လျှင် သံဃာဒိသိသ် အာပတ်သင့်၏။
၃။ မာတုဂါမအား ညစ်ညမ်းစွာ ပြက်ရယ်ပြောဆိုလျှင် သံဃာဒိသိသ် အာပတ် သင့်၏။
၄။ မာတုဂါမထံ၌ မေထုန်ကာမကိုတောင်းလျှင် သံဃာဒိသိသ် အာပတ်သင့်၏။
၅။ အောင်သွယ်စကား အသွားအပြန် ပြောဆိုမိလျှင် သံဃာဒိသိသ် အာပတ်သင့်၏။
၆။ ရဟန်းကိုမုန်းတီး၍ ပါရာဇိကဖြင့် အကြောင်းမဲ့ စွပ်စွဲလျှင် သံဃာဒိသိသ် အာပတ် သင့်၏။
ကုစားနည်း
အထက်ပါ အာပတ် ၆-ပါးထဲမှ တစ်ပါးပါး သင့်မိလျှင် ပရိဝတ် မာနတ်ကျင့်သုံး၍ အဗ္ဘာနကံဆောင်ပြီးမှ သီလစင်ကြယ်နိုင်သည်။
(ဂ) သင့်လွယ်သော နိဿဂ္ဂိယ ပါစိတ်အာပတ်များ
အလျား ၂၇-လက်မ၊ အနံ ၁၃-လက်မခွဲအောက် မငယ်သော အဝတ်အထည်ကို ရလျှင် ဆယ်ရက်အတွင်း အဓိဋ္ဌာန်ဝိကပ္ပနာ ပြုအပ်၏။ ထိုသို့မပြုဘဲ ဆယ်ရက်ထက် လွန်သွားလျှင် နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။
(ပစ္စည်းစွန့်ပြီး ဒေသနာပြောကြားလျှင် အာပတ်မှ လွတ်သည်။)
သင်္ကန်း ၉-ထည်
၁။ သင်းပိုင် (အောက်ပိုင်းဝတ်သင်္ကန်း)
၂။ ဧကသီ (အပေါ်ရုံသင်္ကန်း)
၃။ နှစ်ထပ်သင်္ကန်း (သင်္ကန်းကြီး, ဒုကုဋ်)
၄။ ပရိက္ခရာအဝတ်
၅။ မိုးရေခံသင်္ကန်း
၆။ မျက်နှာသုတ်ပဝါ
၇။ နိသီဒိုင်
၈။ ကြမ်းပေါ်စသည်၌ ခင်းသောအခင်း
၉။ အနာလွှမ်းသင်္ကန်း (အနာဖုံးအဝတ်)
သင်းပိုင်၊ ဧကသီ၊ နှစ်ထပ်သင်္ကန်း-ဟူသော ဤ ၃-ထည်ကို သူ့နာမည်နှင့်သူ အဓိဋ္ဌာန် တင်ပြီးသော အခါမှစ၍ တိစီဝရိတ် ဟုခေါ်သည်။
ရဟန်းတို့ သုံးဆောင်သော အဝတ်ဟူသမျှကို ပရိက္ခာရစောဠ ဟု ခေါ်နိုင်သည်။ ပြခဲ့သော သင်္ကန်းလျာ ၉-ထည်လုံးကိုပင် အန္တရဝါသကစသော နာမည်အသီးသီးဖြင့် အဓိဋ္ဌာန်မတင်လိုလျှင် ဤပရိက္ခာရစောဠ နာမည်ဖြင့် အဓိဋ္ဌာန်တင်နိုင်သည်။
အရေအတွက်ကို အဋ္ဌကထာ၌ မပြသောကြောင့် အများကိုပေါင်း၍လည်း အဓိဋ္ဌာန် တင်နိုင်၏။ တင်ပုံမှာ-
ဣမာနိ စီဝရာနိ ပရိက္ခာရစောဠာနိ အဓိဋ္ဌာမိ။
စီဝရသဒ္ဒါမထည့်ဘဲ “ဣမံ ပရိက္ခာရစောဠံ အဓိဋ္ဌာမိ” ဟုလည်း အဓိဋ္ဌာန်တင်နိုင်၏။ ဝိကပ္ပနာပြုလောက်သော အိတ်၊ အဝတ်ရေစစ်၊ လက်ကိုင်ပဝါ၊ ခေါင်းအုံးဖုံး၊ ကုလားထိုင်ဖုံး စသည်တို့ကိုလည်း အထက်ပါ တစ်နည်းနည်းဖြင့် ပရိက္ခာရစောဠ အဓိဋ္ဌာန် တင်နိုင်၏။
ခေါင်းအုံး၊ စောင်၊ မွေ့ရာ၊ ကော်ဇောတို့ကို အခင်းသဘောမျိုး ဖြစ်သော်လည်း အဓိဋ္ဌာန်မတင်ဘဲ သုံးစွဲနိုင်သည်ဟု အဋ္ဌကထာက ဆို၏။ ခြင်ထောင်လည်း ထို သဘောတွင် ပါဝင်နိုင်ဖွယ်ရှိ၏။
၂။ ဆွေမျိုးမတော်သူ၊ ဖိတ်မထားသူတို့ထံမှ သင်္ကန်း၊ သပိတ်ကို တောင်းယူလျှင် နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။
(ခြွင်းချက် - အခိုးအလုခံရ၍ သင်္ကန်းမရှိသောအခါ၊ ငါးချက်တွယ်လောက်အောင် သပိတ်ချို့တဲ့သောအခါများ၌ တောင်းအပ်၏။)
၃။ ရွှေ၊ ငွေ၊ ဒင်္ဂါး၊ ပိုက်ဆံ ငွေစက္ကူတို့ကို ကိုယ်တိုင် ခံယူလျှင်ဖြစ်စေ၊ ခံယူ ခိုင်းလျှင်ဖြစ်စေ၊ ရောင်းဝယ်လျှင်ဖြစ်စေ၊ လူတို့နှင့် ဝတ္ထုပစ္စည်းချင်း လဲလှယ်လျှင် ဖြစ်စေ နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။
၄။ သပိတ်ကို အဓိဋ္ဌာန်ဝိကပ္ပနာ မပြုဘဲ ဆယ်ရက်ထက် အလွန်ထားမိလျှင် နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။
၅။ အကပ်ခံပြီးသော ထောပတ်၊ ဆီ၊ ပျား၊ သကြား၊ တင်လဲတို့ကို (၇) ရက်ထက် အလွန် မစွန့်ဘဲထားမိလျှင် နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။
ကာလိက ၄-ပါး
ဤသိက္ခာပုဒ်နှင့်စပ်၍ အကပ်ခံပြီးနောက် ကာလ အပိုင်းအခြားရှိသော ကာလိက ၄-ပါး တို့ကို သိသင့်၏။ ထိုကာလိက တို့သည်။
၁။ ယာဝကာလိက - အကပ်ခံပြီးနောက် မွန်းတည့်တိုင်အောင် သုံးဆောင်နိုင်သော ခဲဖွယ်ဘောဇဉ်။
၂။ ယာမကာလိက - အကပ်ခံပြီးနောက် နောက်တစ်နေ့ အရုဏ်မတက်မီအတွင်း သုံးဆောင်နိုင်သော အဖျော်ရည် ၈-မျိုး။
၃။ သတ္တာဟကာလိက - အကပ်ခံပြီးနောက် ၇-ရက်အတွင်း သုံးဆောင်နိုင်သော ထောပတ်၊ ဆီဦး၊ ဆီ၊ ပျားရည်၊ တင်လဲ ဟူသော ဆေးမျိုးငါးပါး။
၄။ ယာဝဇီဝက - အကပ်ခံပြီးနောက် တစ်သက်လုံးသုံးဆောင်နိုင်သော ဆေးပစ္စည်း။ (ဆား စသည်)
ယာဝကာလိက အစားအစာများ
ထိုထိုရပ်ရွာဒေသရှိ လူတို့ ထမင်းအဖြစ် ဟင်း, ဟင်းလျာ လက်သုပ်အဖြစ်ဖြင့် ပကတိအာဟာရကိစ္စ အလို့ငှာ စားသုံးလေ့ရှိသော စားသောက်ဖွယ်များသည် ယာဝကာလိကမည်၏။ ၎င်းတို့မှာ -
၁။ အမှုန့်ခဲဖွယ်၊ ၂။ အမြစ်ခဲဖွယ်၊ ၃။ အသီးခဲဖွယ်၊ ၄။ မုန့်ခဲဖွယ်၊ ၅။ နွားမမှဖြစ်သော အရသာ ၃-ပါး၊ ၆။ စပါးမျိုးမှဖြစ်သော ဘောဇဉ် ၃-ပါး၊ ၇။ ယာဂု၊ ဟင်းရည်။
သံပရာသီး ကို ဟင်းလျာ လက်သုပ်ပြုလုပ်လေ့ မရှိကြ။ ရှောက်သီး ကိုမူ ယခု ခေတ်ပေါ် ယိုးဒယားဟင်းချို စသည်တို့၌ လည်းကောင်း၊ ဓာတ်စာအဖြစ် လက်သုပ် လုပ်၍လည်းကောင်း ဟင်းလျာအဖြစ်ဖြင့် စားသုံးကြ၏။ ထို့ကြောင့် နေမွန်းလွဲ အခါ၌ ရှောက်သီးကို သုံးစွဲလိုမူ လူ၊ သာမဏေတို့ကို အရည်ညှစ်စေ၍ သကြားရည်၊ ထန်းရည် စသည်တို့၌ ထည့်စေပြီးလျှင် အဖတ်မပါအောင် စစ်စေပြီးမှ အကပ်ခံ ကောင်း၏။
ယာမကာလိက အဖျော်များ
၁။ သစ်မည်စည်သီး၊ ၂။ မုဒရက် (သပြက်)သီး၊ ၃။ ကြာစွယ်၊ ၄။ တောငှက်ပျောသီး၊ ၅။ အိမ်ငှက်ပျောသီး၊ ၆။ သရက်သီး၊ ၇။ သပြေသီး၊ ၈။ ဖက်သက် (မြရာ)သီး။
ဤအသီး ၈-မျိုးမှဖြစ်သော မီးဖြင့်မချက်ရသေးသည့် ဖျော်ရည်သည် ယာမကာလိက မည်၏။
အနုလောမဖျော်ရည်များ
ထန်း၊ အုန်း၊ အိမ်ပိန္နဲ၊ တောင်ပိန္နဲ၊ ဘူး၊ ဖရုံ၊ သခွား၊ ငပြုတ်၊ သခွားငကြောင်၊ သခွားငဆစ် ဟူသော အသီးကြီး ၉-လုံး နှင့် စပါးသီးတို့မှ တစ်ပါးသော အသီးရည် အားလုံးကို ရေအေးနှင့်နယ်၍ စိမ်၍ဖြစ်စေ၊ နေပူလှမ်း၍ဖြစ်စေ ပြုလုပ်ထားမူ ယာမကာလိကအဖြစ် သုံးဆောင်နိုင်၏။
လက်ဖက်ရည် ကို ယာမကာလိကဖျော်ရည်အဖြစ် မသုံးဆောင်သင့်ပေ။
သတ္တာဟကာလိကများ
ဆီ အရ - နှမ်းဆီ၊ ပဲဆီ၊ သားငါးအဆီ၊ ကြက်ဆူဆီ၊ သစ်မည်စည်ဆီ၊ မုန်ညင်းဆီနှင့် ယခုခေတ်ပေါ် သစ်ရွက်ဆီ၊ ငါးကြီးဆီ၊ ကြက်ဆီစစ်စစ်တို့ကို သုံးဆောင်နိုင်သည်။
တင်လဲ အရ - ချက်ပြီးဖြစ်စေ၊ မချက်ရသေးသည်ဖြစ်စေ အဖတ်မပါသော ကြံရည်၊ ဓနိရည်၊ ထန်းရည်အားလုံးနှင့် ၎င်းတို့မှ ဖြစ်သော ယခုခေတ်ပေါ် သကြား၊ ထန်းလျက်၊ သကာ၊ နယ်နုစသော စားသောက်ဖွယ်ရာများကိုယူ။
ယာဝဇီဝက အမြစ်အသီးများ
နနွင်း၊ ဂျင်း၊ ဆိတ်ဖူး၊ ကြက်သွန်ဖြူ၊ လင်းလေ၊ ပန်းရင်း၊ နွားမြေရင်း၊ တိဝုတ်၊ ကုလားဆောင်မေးခါး၊ ပဉ္စမူလ အစရှိသော အမြစ်နှင့် အိပ်မွေ့သီး၊ ငရုတ်သီး၊ သမင်စာသီး၊ ပိတ်ချင်းသီး၊ မုန်ညင်းသီး၊ ကနခိုသီး၊ ကြက်ဆူသီး အစရှိသော အသီးတို့သည် တစ်သက်လုံး သုံးဆောင်နိုင်သော ယာဝဇီဝက များဖြစ်သည်။
မအပ်သောအသား ၁၀-မျိုး
လူ၊ ခွေး၊ မြင်း၊ ဆင်၊ သစ်၊ ကျား၊ ခြင်္သေ့၊ ဝံ၊ အောင်း၊ မြွေ ဟူသော ဤအသား ၁၀-မျိုးနှင့်တကွ ၎င်းတို့၏ အရိုး၊ အရေ၊ အသား၊ အသွေး၊ အမွေးတို့ကိုပါ မသုံးကောင်းပေ။
(ဃ) သင့်လွယ်သော ပါစိတ်အာပတ်များ
၁။ လိမ်ပြောလျှင် ပါစိတ်အာပတ်သင့်၏။
၂။ ဆဲရေးလျှင် ပါစိတ်အာပတ်သင့်၏။
၃။ ရဟန်းအချင်းချင်းကွဲပြားအောင် ကုန်းတိုက်လျှင် ပါစိတ်အာပတ်သင့်၏။
၄။ လူ၊ သာမဏေတို့နှင့်အတူ သုံးညဉ့်ထက် အလွန်အိပ်လျှင် ပါစိတ်အာပတ်သင့်၏။
၅။ မာတုဂါမနှင့်အတူ ညအချိန် အိပ်နေလျှင် ပါစိတ် အာပတ်သင့်၏။
၆။ မာတုဂါမအား ၆-ပုဒ်ထက်အလွန် တရားဟောလျှင် ပါစိတ်အာပတ်သင့်၏။
၇။ မိမိရထားသော တရားထူးကို လူ၊ သာမဏေတို့အားပြောလျှင် ပါစိတ်အာပတ် သင့်၏။
၉။ မြေကြီးကို တူးဆွလျှင် ပါစိတ်အာပတ်သင့်၏။
၁၀။ သစ်ပင်ကို ချိုးဖဲ့ဖျက်ဆီးလျှင် ပါစိတ်အာပတ်သင့်၏။
၁၄။ ပိုးရှိသောရေကို သောက်သုံးလျှင် ပါစိတ်အာပတ်သင့်၏။
၁၇။ မွန်းလွဲသောအခါ ခဲဖွယ်ဘောဇဉ်ကိုစားလျှင် ပါစိတ်အာပတ်သင့်၏။
၂၀။ အကပ်မခံဘဲ စားသောက်လျှင် ပါစိတ်အာပတ်သင့်၏။
၂၂။ သေရည်သေရက်ကိုသောက်လျှင် ပါစိတ်အာပတ်သင့်၏။
အကပ်မြောက်အင်္ဂါ ၅-ပါး
၁။ ပေးလိုသူ (ကပ်သူ)က ရှေးရှုဆောင်ခြင်း။
၂။ ပေးသူက ယူသူ၏ ၂-တောင့်ထွာ ဟတ္ထပါသ် ရောက်ခြင်း။
၃။ အားအလယ်အလတ်ရှိသူ မြှောက်နိုင်သောဝတ္ထုဖြစ်ခြင်း။
၄။ ပေးသူက ကိုယ်(လက်)၊ ဇွန်း၊ ပန်းကန်တို့ဖြင့် ကပ်ခြင်း။
၅။ ခံယူသောရဟန်းက ကိုယ်(လက်)၊ ဇွန်း၊ ပန်းကန်၊ သပိတ်တို့ဖြင့် ခံယူခြင်း။
အကပ်ပျက်ကြောင်းများ
၁။ သိက္ခာချခြင်း၊ ၂။ သေခြင်း၊ ၃။ လိင်ပြန်ခြင်း၊ ၄။ ငဲ့ကွက်ခြင်းမရှိသောစွန့်ခြင်း၊ ၅။ လုယူခြင်း၊ ၆။ လူ၊ သာမဏေအား ပေးခြင်း။
ကုလဒူသန (၈)ပါး
၁။ ပန်းပေးခြင်း၊ ၂။ တံပူပေးခြင်း၊ ၃။ သစ်သီးပေးခြင်း၊ ၄။ ဆပ်ပြာပေးခြင်း၊ ၅။ မြေညက်ပေးခြင်း၊ ၆။ ဝါးပေးခြင်း၊ ၇။ စေခိုင်းရာသို့သွားခြင်း၊ ၈။ ဆေးကုခြင်း။
ဒေသနာပြောကြားပုံ
၁။ (က) အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။ အလုံးစုံသော အာပတ်တို့ကို တပည့်တော် ထင်ရှား ဖော်ပြပါသည်ဘုရား။
(ခ) သာဓု အာဝုသော သာဓု သာဓု။ ကောင်းပါပြီငါ့ရှင်၊ ကောင်းပါပြီ။
၂။ (က) အဟံ ဘန္တေ သမ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာအာပတ္တိယော အာပဇ္ဇိံ၊ တာတုမှ-မူလေ ပဋိဒေသေမိ။ အကြောင်းအမျိုးမျိုးနှင့် ဆိုင်သော များစွာသော အာပတ် အလုံးစုံတို့ကို တပည့်တော် သင့်ရောက်မိပါပြီ။ ထို အာပတ်တို့ကို အရှင့်ထံမှာ ပြောကြားပါသည် အရှင်ဘုရား။
(ခ) ပဿတိ အာဝုသော တာ အာပတ္တိယော။ ထိုအာပတ်တို့ကို (အပြစ်ဟု) ရှုပါ၏လော ငါ့ရှင်။
၃။ (က) အာမ ဘန္တေ ပဿာမိ။ မှန်ပါ၊ ရှုပါ၏ ဘုရား။
(ခ) အာယတိံ အာဝုသော သံဝရေယျာသိ။ နောင်အခါမှာ စောင့်စည်းပါလေငါ့ရှင်။
၄။ (က) သာဓု သုဋ္ဌု ဘန္တေ သံဝရိဿာမိ။ ကောင်းပါပြီ အရှင်ဘုရား။ ကောင်းကောင်းစောင့်စည်းပါမည်။
(ခ) သာဓု အာဝုသော သာဓု သာဓု။ ကောင်းပေစွငါ့ရှင်၊ ကောင်းပေစွ။
ပစ္စည်း ၄-ပါး ဆင်ခြင်ရန်
၁။ သင်္ကန်းကို ဝတ်ရုံတိုင်း ဆင်ခြင်ရန်
ဤသင်္ကန်းကို မချမ်းရအောင် ဝတ်ရုံရသည်။ မပူရအောင် ဝတ်ရုံရသည်။ ခြင်၊ မှတ်၊ မြွေ၊ ကင်း မကိုက်ရအောင် ဝတ်ရုံရသည်။ ကိုယ်အင်္ဂါ လုံခြုံအောင် ဝတ်ရုံရသည်။
၂။ ကျောင်း အိပ်ရာသို့ဝင်တိုင်း ဆင်ခြင်ရန်
ဤ ကျောင်းအိပ်ရာနေရာကို မချမ်းရအောင် သုံးဆောင်ရသည်။ မပူရအောင် သုံးဆောင်ရသည်။ ရာသီဥတုကြောင့် မကျန်းမမာမဖြစ်ရအောင် သုံးဆောင်ရသည်။ ဆိတ်ငြိမ်မှုရအောင် သုံးဆောင်ရသည်။
၃။ ဆွမ်းလုတ်တိုင်း ဆင်ခြင်ရန်
ဤစားဖွယ်သောက်ဖွယ်များကို ပျော်ရွှင်ဖို့၊ မာန်တက်ဖို့၊ လှပဖို့၊ ဝဖြိုးဖို့ စားသုံးသည်မဟုတ်။ ဤကိုယ်ကာယ တည်မြဲ တည်နိုင်အောင်၊ မျှတနိုင်အောင်၊ ဆာလောင်မှုကင်းအောင် စားသုံးရသည်။
၄။ ဖျော်ရည်စသော ဆေးကို သုံးဆောင်တိုင်း ဆင်ခြင်ရန်
ဤဖျော်ရည် ဤဆေးပစ္စည်းကို ရေငတ်ခြင်း၊ ဗိုက်အောင့်ခြင်းစသော ရောဂါဝေဒနာ ပျောက်အောင် သုံးဆောင်ရသည်။ ဆင်းရဲငြိမ်းအောင် သုံးဆောင်ရသည်။
မဟာစည်ဆရာတော်
သာသနာ့ရိပ်သာ၊ ရန်ကုန်။
နေ့စွဲ ၁၃၃၅-ခု၊ ဝါဆိုလပြည့်ကျော် ၁၅-ရက်။ (၂၉-၇-၁၉၇၃)
စာညွှန်း - ဒုလ္လဘရဟန်းသစ်အတွက် အထွေထွေသြဝါဒကထာ - မဟာစည်ဆရာတော်