ဝိနည်း စူဠဝါအရသာ
ဝိနည်း စူဠဝါအရသာ
ညောင်လေးပင်တောရဆရာတော်
မာတိကာ
၁။ ကမ္မက္ခန္ဓက
တဇ္ဇနီယကံ-ရန်ဖြစ်မှု
နိယသကံ-အာပတ်မပြတ်မှု
ပဗ္ဗဇနီယကံ-ကုလဒုသနမှု
ပဋိသာရဏီယကံ-တကာဆဲမှု
ဥက္ခေပနီယကံ-အာပတ်မရှုမှု
ဥက္ခေပနီယကံ-အာပတ်မကုစားမှု
ဥက္ခေပနီယကံ-အယူမစွန့်မှု
၂။ ပါရိဝါသိကက္ခန္ဓက
ဒဏ်သား အခွင့်ငါးပါး
ပါရိဝါသိကကျင့်ဝတ်-၉၄
မူလာယပဋိကဿနာရဟ
မာနတ္တာ ရဟ
မာနတ္တ စရိက
အဗ္ဘာနာ ရဟ
၃။ သမုစ္စယက္ခန္ဓက
အပ္ပဋိစ္ဆန္နမာနတ်
ပဋိစ္ဆန္နမာနတ်
မူလာယပဋိကဿနာ
အဂ္ဃသမောဓာန
သုဒ္ဓန္တ ပရိဝါသ်
လူထွက်သူ စသော ရှစ်ယောက်
အပ္ပဋိစ္ဆန္နမာနတ် (အကျယ်)
ဖုံးခြင်းလက္ခဏာ ဆယ်ပါး
ပဋိစ္ဆန္နပရိဝါသ်
သုဒ္ဓန္တ ပရိဝါသ် (အကျယ်)
ဩဓာနသမောဓာန်
အဂ္ဃသမောဓာန်
မိဿကသမောဓာန်
ပက္ခမာနတ်
သမောဓာနမာနတ်
ဝိယာလင်္ကာရဋီကာ ကောက်နုတ်ချက်
ဝိနယ သရဂဏ္ဌိ ကောက်နုတ်ချက်
အာစရိယ ဝါဒများ
၄။ သမထက္ခန္ဓက
သမ္ဗုခါဝိနည်း
သတိ ဝိနည်း
အမူဠှ ဝိနည်း
ပဋိညာ ဝိနည်း
ယေဘူယျသိကာ ဝိနည်း
တဿပါပိယျသိကာ ဝိနည်း
တိဏဝတ္ထာရက ဝိနည်း
အဓိကရုဏ်းလေးပါး
ဝိဝါဒ ငြိမ်းကြောင်းနှစ်ပါး
အနုဝါဒငြိမ်းကြောင်းလေးပါး
အာပတ္တိငြိမ်းကြောင်းသုံးပါး
ကိစ္စငြိမ်းကြောင်းတစ်ပါး
စူဠဝါအရသာ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
၁။ ကမ္မက္ခန္ဓက
[ဝါဒကွဲ နှစ်ခုသုံးခုပြရာ၌ မဆုံးဖြတ်လျှင် နောက်ဆုံးဝါဒသည် ပမာဏ ဖြစ်၏။]
တဇ္ဇနိယကံ ရန်ဖြစ်မှု
ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံး နေထိုင်တော်မူ၏။ ထိုအခါ ပဏ္ဍုက၊ လောဟိတက ရဟန်းတို့သည် ဘဏ္ဍနာကာရက - တိုးတိုးတိုင်ပင်သူ၊ ကလဟကာရက -ကိုယ်ထိလက်လွန် ခိုက်ရန်ဖြစ်သူ၊ ဝိဝါဒကာရက - ဆန့်ကျင်ဘက် ဆိုသူ၊ ဘဿကာရက - စကားများသူ၊ သံဃံအဓိကရဏ-ကာရက - သံဃာ၌ အဓိကရုဏ်းပြုသူတို့ ဖြစ်ကုန်၏။
တစ်ပါးသော အဓိကရုဏ်းပြုသော ရဟန်းတို့ကိုလည်း အရှုံးမပေးကြနှင့်၊ သင်တို့က ဉာဏ်ရည်သာသည်၊ ငါသည်လည်း သင်တို့ဘက်ပါမည်ဟု အားပေးစကား ဆိုကုန်၏။ ထို့ကြောင့် မဖြစ်သော ငြင်းခုံခြင်းတို့သည် ဖြစ်ကုန်၏။ ဖြစ်သော ငြင်းခုံခြင်းတို့သည် တိုးပွားကုန်၏။ အလိုဆိုးကင်းသော အပိစ္ဆရဟန်းကောင်းတို့သည် ဘုရားရှင်အား လျှောက်ကုန်၏။
ဘုရားရှင်သည် မေးစစ်၍ “ချစ်သားတို့ ... ထိုမောဃပုရိသတို့သည် မလျောက်ပတ်သည်ကို ပြုကုန်၏။ ရဟန်းတို့၏ အမူအရာမဟုတ်၊ အဘယ်ကြောင့် ဤသို့ပြုကြသနည်း၊ ကြည်ညိုဖွယ်မဖြစ်၊ ကြည်ညိုပျက်စရာ ဖြစ်၏” စသဖြင့် များစွာကဲ့ရဲ့ ပြီးလျှင်၊
ဒုဗ္ဘရတာ - မိမိကိုယ်ကို မိမိ မွေးမြူနိုင်ခဲခြင်း၊
ဒုပ္ပေါသတာ - ဒါယကာတို့ မွေးမြူနိုင်ခဲခြင်း၊
မဟိစ္ဆတာ - အလိုဆိုး ကြီးခြင်း၊
အသန္တုဋ္ဌိတာ - မရောင့်ရဲခြင်း၊
သံဂဏီကာ - ပေါင်းဆုံ၍ မွေ့လျော်ခြင်း၊
ကောသဇ္ဇ - ပျင်းရိခြင်း၊
ဤတရားတို့၏အပြစ်ကို များစွာ ပြ၍-
သုဘရတာ - မိမိကိုယ်ကို မိမိမွေးမြူလွယ်ခြင်း၊
သုပေါသတာ - ဒါယကာတို့ မွေးမြူသွယ်ခြင်း၊
အပ္ပိစ္ဆ - အလိုဆိုးကင်းသူ၊
သန္တုဋ္ဌ - ရောင့်ရဲသူ၊
သလ္လေခ - ကိလေသာခေါင်းပါသူ၊
ဓုတ - ကိလေသာ ခါထွက်သူ၊
ပါသာဒိက - ကြည်ညိုဖွယ်ရှိသူ၊
အပစယ - ကိလေသာဖျက်ဆီးသူ၊
ဝီရိယာရမ္ဘ - လုံ့လရှိသူ၏ ဂုဏ်ကျေးဇူးကို များစွာပြ၌ ထိုအားလျော်စွာ တရားဟော၍ ချပ်သားတို့ ... ထိုသို့ဖြစ်လျှင် သံဃာသည် ပဏ္ဍုက လောဟိတက ရဟန်းတို့အား “တဇ္ဇနိယကံ” ကို ပြုလော့။
ပြုပုံကား
ရှေးဦးစွာ ပဏ္ဍုက လောဟိတက တို့ကို စောဒနာရမည်။ ဝါ - အပြစ်ပြရမည်။ ထိုနောက် အောက်မေ့ စေရမည်။ ဝါ- သတိရအောင်ပြောရမည်။ ထိုနောက် အာပတ်သို့တင်ရမည်။ ထိုနောက် ဗျတ္တ ပဋိဗလ ရဟန်းသည် သံဃာကို ဉတ္တိစတုတ္ထ ကမ္မဝါစာဖြင့် သိစေရမည်။ ဝါ-ဤ ပဏ္ဍုက လောဟိတက တို့သည် ရန်ပွဲ ကြီးအောင် ပြုကြသည်။ သံဃာသည် တဇ္ဇနိယကံကို ပြုရာ၏။ တဇ္ဇနိယကံကို ပြု၏။ ပြု၏။ ပြု၏၊ တဇ္ဇနိယကံကို ပြုပြီ-ဟု သိစေရမည်။ (သတ္တေဟိ ကိလေဝသဟိ စ သင်္ဂဏန သာမာဓာနံ သင်္ဂဏိကာ-သတ္တဝါတို့နှင့် ကိလသာတို့နှင့် ပေါင်းဆုံခြင်း- ဝိဋီသုဒိန္နကဏ္ဍ။)
(ထာ၌-ပဏ္ဍုက တစ်ယောက်၊ လောဟိတက တစ်ယောက်၊ ဤ နှစ်ယောက်တို့သည် ဆဗ္ဗဂ္ဂီခြောက်ဦးတို့၌ ပါဝင်သူတို့ဖြစ်ကုန်၏။ ၎င်းတို့၏ တပည့်များလည်း ပဏ္ဍုက လောဟိတက-တို့ဟူ၍သာ ထင်ရှားကုန်၏- ဟုဆို၏။)
(ဆဗ္ဗဂ္ဂီခြောက်ဦးကား-ပဏ္ဍုက လောဟိတက-နှစ်ယောက်၊ အဿဇိ ပုနဗ္ဗသုက-နှစ်ယောက်၊ မေတ္တိယ ဘူမဇက-နှစ်ယောက်။ နောက်၌ ပရိသတ်မွေးလိုကြ၍ သာဝတ္ထိ၌ ကိဋာဂိရိဇနပုဒ်၌ ရာဂြိုဟ်၌ ဟု အစဉ်အတိုင်း သုံးနေရာခွဲနေကြသည်။ ထိုသူတို့တွင် ပဏ္ဍုက လောဟိတက, တို့ကို အတော်ဆုံးဟု ချီးမွမ်းကုန်၏။ ပညတ်ပြီးသိက္ခာပုဒ်ကို မလွန်ကျူး ကြဟူ၏။)
ဝိဋီ၌ … အာပတ်သို့ တင်ရမည် ဟူသော အရာ၌ (တင်ရာအာပတ် အဘယ်မှာနည်း) အရှုံးမပေးကြနှင့်-စသည်ဖြင့် အားပေးခြင်းကြောင့် ပညတ်သောအာပတိ မရှိ။ မုသာပေသုည စသည်လည်း မဟုတ်။ ထိုသို့ ဖြစ်သော်လည်း ရဟန်းတို့သည် သီးခြားဖြစ်စေ၊ သံဃာ့အလယ်၌ဖြစ်စေ “ဤသို့အားမပေးကြလင့်၊ ကုသိုလ်ပွားကြောင်း မဟုတ်” စသော အပညတ်ဖြင့်ဆိုသောအခါ မရိုသေခြင်းဖြင့် နားမထောင်သူ တစ်ခြား တစ်လွဲ ဖြေသူ တိတ်ဆိတ်နေခြင်းဖြင့် ညှင်းဆဲသူ-စသည်တို့အား အကြင်အာပတ်သည် ရှိ၏။ ထိုအာပတ်သို့ တင်ရသည်။ ဒိဋ္ဌိဝိပန္နရဟန်းအား အာပတ် တင်သကဲ့သို့တည်း။ (ဒိဋ္ဌိဝိပန္နဖြစ်ကာမျှဖြင့် အာပတ်မရှိ ဟူလို။)
အားပေး မဆိုသော်လည်း ကိုယ်နှုတ်ဖြင့်ရောက်သော လဟုက အာပတ်ရှိသူအားလည်း အာပတ်သို့ တင်ရသည်။ ကမ္မဝါစာ၌ ကိုယ်တိုင်လည်း ရန်ဖြစ် သူတစ်ပါးကိုလည်း အားပေးသည်ဟု ဝတ္ထုစွမ်းဖြင့် ဆိုသည်။ ရန်ဖြစ်သူ သက်သက်၊ အားပေးသူ သက်သက်အားလည်း ထိုကံကို ပြုအပ်၏။ ကမ္မဝါစာ လျော်စွာပြင်၍ ဖတ်ရသည်-ဟုဆို၏။)
ကံအင်္ဂါ ၁၂-တိက်
ချစ်သားတို့ ... သုံးပါးသော အင်္ဂါနှင့် ပြည့်စုံသော တဇ္ဇနိယကံသည် အဓမ္မကံ၊ အဝိနယကံ၊ ဒုဝူပသန္တကံဖြစ်၏။ (ကံမမြောက်ဟူလို။) မျက်ကွယ်ပြုသောကံ [ဝါ-သံဃ၊ ဓမ္မ၊ ဝိနယ၊ ပုဂ္ဂလ ဟုသမ္ဗုခ လေးမျိုး ကင်းလျက်ပြုသောကံ] စုဒိတကကို မမေးဘဲ ပြုသောကံ၊ စုဒိတက၏ ဝန်ခံခြင်းမရှိဘဲ ပြုသောကံ ဤ သုံးပါးနှင့်တည်း။ ထိုမှတစ်ပါး အနာပတ္တိဖြင့်ပြုသောကံ၊ အဒေသနာဂါမ် [ပါရာဇိက၊ သံဃာဒိသိသ်] အာပတ်ဖြင့်ပြုသောကံ၊ ကုစားပြီးသော အာပတ်ဖြင့်ပြုသော ကံ-ဤသုံးပါးနှင့် ... ထိုမှတပါး (ဝတ္ထုဖြင့်၊ အာပတ်ဖြင့်) မစောဒနာဘဲ ပြုသောကံ (ဤကားသင့် အပြစ်-ဟု မအောက်မေ့စေဘဲ ပြုသောကံ၊ အာပတ်သို့မတင်ဘဲ ပြုလောကံ-ဤသုံးပါးနှင့် ပြည့်စုံလျှင် အဓမ္မကံ ဖြစ်၏။ (သုံးတိက်၊)
[ဤတိက် သုံးခုတို့၌ ကိုးပုဒ်ကို “အဓမ္မဖြင့်ပြုသောကံ၊ ဝဂ္ဂဖြင့် ပြုသောကံ”ဟု မျက်ကွယ်ပြုသောကံမှစ၍ တစ်ပုဒ်စီတွဲလျှင် ကိုးတိက်ဖြစ်၏။ မူလသုံးတိက်နှင့် ၁၂-တိက်ဖြစ်၏။]
အဓမ္မတံဒွါဒသက ပြီး၏။ ထိုမှပြန်၍ ဓမ္မကံဒွါဒသက ပြီး၏။
(ဓမ္မကံ ၁၂-တိက်ကား ..
မျက်မှောက်ပြုသောကံ၊ မေး၍ပြုသောကံ၊ ဝန်ခံခြင်းဖြင့်ပြုသောကံ သုံးပါး၊
အာပတ်ဖြင့်၊ ဒေသနာဂါမ်အာပတ်ဖြင့်၊ မကုစားသေးသော အာပတ်ဖြင့် သုံးပါး၊
စောဒနာ၍၊ အောက်မေ့စေ၍၊ အာပတ်သို့တင်၍ သုံးပါး၊
ဤကား မူလသုံးတိက်။
မျက်မှောက် ပြုသောကံ၊ ဓမ္မဖြင့်ပြုသောကံ၊ သမဂ္ဂဖြင့် ပြုသောကံ သုံးပါး။
မေး၍၊ ဓမ္မ၊ သမဂ္ဂဖြင့် သုံးပါး။
ဝန်ခံခြင်းဖြင့်၊ ဓမ္မ၊ သမဂ္ဂဖြင့် သုံးပါး။
အာပတ်၊ ဓမ္မ၊ သဂ္ဂ သုံးပါး။
ဒေသနာဂါမ်အာပတ်၊ ဓမ္မ၊ သမဂ္ဂ သုံးပါး။
မကုစားသေးသောအာပတ်၊ ဓမ္မ၊ သမဂ္ဂသုံးပါး၊
စောဒနာ၍၊ ဓမ္မ၊ သမဂ္ဂ၊ သုံးပါး။
အောက်မေ့စေ၍၊ ဓမ္မ၊ သမဂ္ဂ သုံးပါး။
အာပတ်သို့တင်၍၊ ဓမ္မ၊ သဂ္ဂ သုံးပါး။
ဤ ၁၂-တိက်၌ ယူပြီးကိုမယူလျှင် အဓမ္မကံ အင်္ဂါ ၁၁၊ ဓမ္မကံ အင်္ဂါ ၁၁-ဖြစ်၏။)
(ဇီဋီ … အင်္ဂါသုံးပါးဟူသည် ဒေသနာမတ္တသာတည်း။ တစ်ပါးပါးဖြင့်လည်း အဓမ္မကံဖြစ်၏။ ဝန်ခံခြင်းမရှိဘဲ ပြုသောကံကို လဇ္ဇီကို ရည်၍ဆိုသည် စသည်ဖြင့်ဆို၏။
သာဋီ … အင်္ဂါသုံးပါးလုံးစုံမှ အဓမ္မကံ ဖြစ်သည်မဟုတ်။ တစ်ပါးတည်းဖြင့်လည်း အဓမ္မကံသာတည်း။ ဝန်ခံခြင်း မရှိဘဲ ပြုသောကံကို လဇ္ဇီကိုရည်ဆိုသည်ဟု ဂဏ္ဍိပဒတို့၌ ဆို၏။ “အဒေသနာဂါမ်အာပတ်ဖြင့် ပြုသောကံ ဟူသော (အဓမ္မကံ) စကားသည် နောက်၌ အင်္ဂါသုံးပါးနှင့်ပြည့်စုံသော ရဟန်းအား အလိုရှိလျှင် တဇ္ဇနိယ ကံပြုရာ၏။ အဓိသီလ၌ သီလပျက်သူ စသောစကားနှင့် ဆန့်ကျင်၏။ (ဝါ-ဆန့်ကျင်သည် မဟုတ်လော။)
အဒေသနာဂါမ်သို့ ရောက်သူသည် အဓိသီလပျက်သူဖြစ်၏။ ဤကား စောဒနာတည်း။ ကေစိတို့အဖြေကား-အထူးအားဖြင့် ၎င်းခုံခြင်းသည် တဇ္ဇနိယကံ၏ အင်္ဂါ-ဟု အဋ္ဌကထာ၌ဆိုသည်။ တိက်အားလုံး၌ ဘဏ္ဍနသို့တင်၍ ဘဏ္ဍနကြောင့်သင့်သော အာပတ်စွမ်းဖြင့် ဤကံကိုပြုအပ်၏။ ထို့ကြောင့် အဓိသီလ ပျက်သူ၌လည်း ရှေ့အဖို့၌လည်းကောင်း၊ နောက်အဖို့၌လည်းကောင်း စောဒနာသောအခါ စသည်၌ ဘဏ္ဍနကြောင့် သင့်သော အာပတ်အစွမ်း ဖြင့်သာ ပြုအပ်၏။ သံဃာဒိသိသ် သက်သက်ကြောင့် မပြုအပ်-ဟု ဖြေဆိုကုန်၏။
အပရေတို့ကား အဒေသနာဂါမ်သည် ပါရာဇိက သာတည်း။ အဋ္ဌကထာ၌ကား အတ္ထုဒ္ဓါရစွမ်းဖြင့် သံဃဒိသိသ်ကိုလည်း ဆိုသည်။ အဓိသီလပျက်သူ ဟူသည်ကို သံဃာဒိသိသ်ကိုသာ ရည်ဆိုသည်။ ပါရာဇိကကို မဆို။ ပါရာဇိကကြောင့် တဇ္ဇနိယကံပြုခြင်းအကျိုးမရှိ။ သံဃာ ဒိသိသ်ကြောင့်သာ ပြုအပ်၏-ဟူသော အနက်သည် ပြီး၏-ဟု ဆိုကုန်၏။ သုက္ကပက္ခ၌ ဒေသနာဂါမ်အာပတ်ဖြင့် ပြုသောကံ-ဟူသော စကားနှင့် မဆန့်ကျင်ပြီလော-ဟု မေးဖွယ်ရှိပြန်၏။ ပရိယာယ်အားဖြင့် သံဃာဒိသိသ်သည်လည်း ဒေသနာဂါမ် မည်သောကြောင့် မဆန့်ကျင်-ဟု ဆိုကုန်၏။ ထိုအပရေဝါဒသည် သင့်လျော်သကဲ့သို့ထင်၏။
ဝိဋီ … ဤ၌ မလာသော်လည်း ဘူတတ္ထုဖြင့်ပြုသောကံသည် အဓိပန္နဖြစ်၏။ အဘူဝတ္ထုဖြင့်ပြုလျှင် ဝိပန္န ဖြစ်၏-ဟု ယူအပ်၏။ နိယသကံ စသည်တို့၌လည်း ဤနည်းတည်း။ ဝန်ခံခြင်းမရှိဘဲ ပြုသော ကံကား ဝတ္ထုကိုလည်းကောင်း၊ အာပတ်ကိုလည်းကောင်း ဝန်မခံစေဘဲ ပြုသောကံဖြစ်၏။ အများရှေ့ လွန်ကျူးမှု ပြုလျက် ကံပြုခြင်းမှ ကြောက်သောကြောင့် မပြုပါ-ဟု မုသာဆိုအံ့၊ အများရှေ့ လွန်ကျူး ခြင်းသည်ပင် ဝန်ခံခြင်း ပဋိညာဖြစ်၏။
ထို့နောက် သိခြင်းငှာ ဝန်ခံခြင်းဖြင့် ပြုခြင်းကို ခွင့်ပြုသည်။ ယုံမှားရှိရာ၌ကား ဝန်ခံစေ၍သာ ပြုရသည်-ဟု ယူအပ်၏။ ပါရာဇိကအာပတ်ကို ကံဖြင့်ကုစား၍ မရသောကြောင့် သံဃာဒိသိသ်အာပတ်ကို ပရိဝါသ်-စသော ကံသီးခြား ရှိသောကြောင့် အဋ္ဌကထာဆိုသည်။
နောက်၌ အဓိသီလပျက်သူကို တဇ္ဇနိယကံပြုရာ၏-ဟု ဆိုသောစကားကို နောင်ကိုစားခိုင်းသောအခါ အနာဒရိယ-စသည်ကြောင့် သင့်သော လဟုကအာပတ်တို့ကို ရည်၍ဆိုသည်။ သီလဝိပတ္တိအကြောင်းခံ လဟုကအာပတ်သင့်သူကို အဘေဒူပစာဖြင့် အဓိသီလပျက်သူ-ဟု ဆိုသည်။ အတိဒိဋ္ဌိပျက်သူ-ဟု ဆိုရာ၌ကဲ့သို့တည်း။
မိစ္ဆာဒိဋ္ဌိအယူ-ယူ၍ ပြောဆိုသူအား “ရှောင်ကြဉ်လော” ဟုမဆိုဘဲ ဒိဋ္ဌိဝိပတ္တိသက်သက်ဖြင့် ကံပြုလျှင် အနာပတ္တိဖြင့်ပြုသော အဓမ္မကံဖြစ်၏။ ထိုအတူ သီလဝိပတ္တိသို့ရောက်၍ လဇ္ဇီဓမ္မသက်၍ ကုစား၍ စောင့်စည်းလိုသူအား သီလဝိပတ္တိဖြင့် တဇ္ဇနိယ-စသောကံကိုပြုလျှင် အဒေသနာဂါမ် အာပတ်ဖြင့်ပြုသော အဓမ္မကံဖြစ်၏။ ထို့ကြောင့်သာလျှင် နိယသကံ၌ စောင့်စည်းခြင်း၌ မတည်ခြင်းကိုသာ ကံပြုကြောင်း အဖြစ်ဖြင့် ဆိုသည်။ မယဉ်ကျေးသူကို ဆုံးမခြင်းငှါသာ တဇ္ဇနိယကံ-စသည်ကို ခွင့်ပြုသည်ဟု မှတ်အပ်၏။
ကံထိုက်သူကိုးယောက်
ချစ်သားတို့ ... အင်္ဂါသုံးပါးနှင့်ပြည့်စုံသော ရဟန်းအား အလိုရှိလျှင် သံဃာသည် တဇ္ဇနိယကံပြုရာ၏။ ခိုက်ရန် ၎င်းခုံခြင်းများသူ၊ အာပတ်သင့်ခြင်းများသူ၊ လူတို့နှင့်ရောနှောခြင်း များသူ-ဤအင်္ဂါ သုံးပါးနှင့်ပြည့်စုံသော ရဟန်းအား တဇ္ဇနိယကံပြုရာ၏။ ထိုမှတစ်ပါး အဓိသီလပျက်သူ၊ အဇ္ဈာစာရပျက်သူ၊ အတိဒိဋ္ဌိပျက်သူ- သုံးပါး။ ထိုမှတစ်ပါး ဘုရားကျေးဇူးမဲ့ဆိုသူ၊ တရားကျေးဇူးမဲ့ ဆိုသူ၊ သံဃာကျေးဇူးမဲ့ဆိုသူ-သုံးပါး တဇ္ဇနိယကံပြုရာ၏။
ချစ်သား ... သုံးယောက်သောရဟန်းတို့အား အလိုရှိလျှင် သံဃာသည် တဇ္ဇနိယကံ ပြုရာ၏၊ ခိုက်ရန် ငြင်းခုံခြင်း များသူ-စသော သုံးယောက်။ ထိုမှတစ်ပါး အဓိသီလပျက်သူ-စသောသုံးယောက်။ ထိုမှတစ်ပါး ဘုရားကျေးဇူးမဲ့ ဆိုသူ-စသောသုံးယောက်တို့အား တဇ္ဖနိယကံပြုရာ၏။
အာကင်္ခမာနဆက္က ပြီး၏။
[ထာ … လူတို့နှင့်ရောနှောခြင်းကား ပဗ္ဗဇိတတို့အား မလျောက်ပတ်သော သဟသောကီ-အတူစိုးရိမ်ခြင်း၊ သဟနန္ဒိ-အတူဝမ်းမြောက်ခြင်း စသည်တို့ဖြင့် လူတို့နှင့်ရောနှောခြင်းတည်း၊
သုံးယောက်သောရဟန်းတို့အား စသည်ကို အင်္ဂါတစ်ပါးပါးဖြင့်လည်း တဇ္ဇနိယကံထိုက်၏ ဟု ပြခြင်းငှါ မိန့်ဆိုသည်။
အထူးအားဖြင့် ခိုက်ရန် ငြင်းခုံပြုခြင်းသည် တဇ္ဇနိယကံ၏အင်္ဂါ၊ မပြတ်အာပတ်သင့် များခြင်းသည် နိယသကံ၏အင်္ဂါ၊ ကုလဒူသနပြခြင်းသည် ပဗ္ဗာဇနိယကံ၏အင်္ဂါ-ဟုဆိုအပ်၏။ ထိုသို့ဆိုသော်လည်း ဤ အင်္ဂါသုံးပါး တစ်ပါးပါးဖြင့် ထိုကံသုံးပါးလုံးကိုလည်း ပြခြင်းငှါအပ်၏။
စမ္ပေယျက္ခန္ဓက၌ တဇ္ဇနိယကံထိုက်သူအား နိယသကံ ပြုအံ့။ အဓမ္မကံ၊ အဝိနယကံဖြစ်၍ သံဃာအပြစ်ရှိ၏-ဟု ဟောသည်နှင့် မဆန့်ကျင်ပြီလောဟူမူ မဆန့်ကျင်။ အနက်မတူသောကြောင့်တည်း။ မတူပုံကား - သံဃာသည် စည်းဝေး၍ ဤအင်္ဂါသုံးပါး တစ်ပါးပါးကြောင့် ဤရဟန်းကို ဤကံပြုမည်ဟုဆုံးဖြတ်အံ့။ ထိုအခါမှ ကံထိုက်သူ ဖြစ်သည်။ ဤလက္ခဏာဖြင့် ဆုံးဖြတ်ပြီးမှ တဇ္ဇနိယံထိုက်သူ-စသည်ကို နိယသ-စသည်ပြုလျှင် အဓမ္မကံ အဝိနယကံ-ဟုသိအပ်၏။
အင်္ဂါသုံးပါး တစ်ပါးပါး ရှိသူအား အလိုရှိလျှင် သံဃာသည် အမှတ်မရှိအင်္ဂါဖြင့် ကံ သုံးပါး တစ်ပါးပါး မှတ်သား၍ ရဟန်းကို ကမ္မာရဟပြုပြီးမှ ကံပြုရာ၏။ ဤကား အဆုံးဖြတ်တည်း။ ဤသို့ မဆန့်ကျင်မူ၍ ရှေ့နောက်ညီ၏။
ကမ္မဝါစာကိုကား ဘူတဝတ္ထုဖြင့် ပြုသောကံဖြစ်အောင် ပြင်၍ ဖတ်အပ်၏။ မပြင်လျှင် ဘူတဝတ္ထုဖြင့်ပြုသော ကံမဖြစ်။ ဘုရားရှင် ခွင့်ပြုသော ကံချည်းသာဖြစ်၏။]
ကျင့်ဝတ် ၁၈-ပါး
ချစ်သားတို့ … တဇ္ဇနိယကံ အပြုခံရသော ရဟန်းသည် ကောင်းစွာကျင့်အပ်၏။ ကျင့်ဝတ်ကား-
(၁) ဥပဇ္ဈာယ်ပြု၍ ရဟန်းပြုမပေးအပ်၊
(၂) နိဿရည်း မပေးအပ်၊
(၃) သာမဏေအလုပ်အကျွေးမခံအပ်၊
(၄) ဘိက္ခုနော ဝါဒကသမ္မုတိ မယူအပ်၊
(၅) သမ္မုတိရသော်လည်း ဘိက္ခုနီတို့ကို မဆုံးမအပ်၊ (ငါးပါး၊)
(၆) ဤကံပြုကြောင်း အာပတ်သို့ မရောက်စေအပ်၊
(၇) အလားတူ အာပတ်တစ်ပါးပါးသို့လည်း မရောက်စေအပ်၊
(၈) ထက်လွန်သော အာပတ်သို့လည်း မရောက်စေအပ်၊
(၉) ကံကို မကဲ့ရဲ့အပ်၊
(၁၀) ကံပြုသော ရဟန်းတို့ကို မကဲ့ရဲ့အပ်၊ (ငါးပါး၊)
(၁၁) ပကတတ်ရဟန်းအား ဥပုသ်မထားအပ်၊
(၁၂) ပဝါရဏာ မထားအပ်၊
(၁၃) ဆိုဖွယ်ရှိသည်ဟုမပြုအပ်၊ (ဝါ-ဤအမှုမပြီးမီ တခြားမသွားပါနှင့်၊ ဆိုစရာရှိသည်ဟု မပြောအပ်။)
(၁၄) အကြီးအကဲအရာကို မယူအပ် (ဆိုလိုပါသည်)
(၁၅) ခွင့်ပြုပါဟု ခွင့်မတောင်းအပ်၊
(၁၆) မစောဒနာအပ်၊
(၁၇) ဤကားသင့်အပြစ်ဟု မအောက်မေ့စေအပ်၊
(၁၈) ရဟန်းချင်း ယှဉ်စေ၍ ငြင်းခုံခြင်းမပြုအပ်။ (ရှစ်ပါး၊)
ဤသို့ကျင့်ဝတ် ၁၈-ပါး မိန့်တော်မူ၏။
ကံငြိမ်းခြင်း
ဤသို့ မြတ်စွာဘုရား မိန့်တော်မူ သောအခါ သံဃာသည် ပဏ္ဍုက လောဟိတကတို့အား တဇ္ဇနိယကံကိုပြု၏။ ထို ရဟန်းတို့သည် ကံပြုခံရ၍ ကောင်းစွာ ကျင့်ဝတ်ကျင့်ကုန်၏။ အမွေးကို ကျစေကုန်၏။ (ဝါ-မာန အမွေးလည်း ချကုန်၏။) ကံမှငြိမ်းကြောင်း နေတ္တာရအကျင့်ကို ကျင့်ကုန်၏၊ ရဟန်းတို့ထံချဉ်းကပ်၍ ငါတို့သည် ကံပြုခံရ၍ ကောင်းစွာကျင့်ကြပါသည်၊ အဘယ်သို့ ပြုရပါမည်နည်း-ဟု လျှောက်ကုန့်၏။
ချစ်သားတို့ … ထိုသို့ဖြစ်လျှင် သံဃာသည် ပဏ္ဍုကဃောဟိတက- တို့အား တဇ္ဇနိယကံကို ငြိမ်းစေလော့။
ချစ်သားတို့ … ဥပဇ္ဈာယ်ပြု၍ ရဟန်းပြုပေးခြင်း-စသော အင်္ဂါ ငါးပါး၊ တစ်ဖန်ငါးပါး၊ တစ်ဖန်ရှစ်ပါး-နှင့်ပြည့်စုံသော ရဟန်းအား ကံကိုမငြိမ်းစေအပ်။ ဥပဇ္ဈာယ်ပြု၍ ရဟန်းပြုမပေးခြင်း-စသော ငါးပါး၊ ငါးပါး၊ ရှစ်ပါး-နှင့်ပြည့်စုံသောရဟန်းအား ကံကို ငြိမ်းစေအပ်၏။ မငြိမ်းစေအပ် ၁၈။ ငြိမ်းစေအပ် ၁၈ ဖြစ်၏။
ကံငြိမ်းစေပုံကား - ချစ်သားတို့-ပဏ္ဍုက၊ ဃောဟိတကတို့သည် သံဃာသို့ချဉ်းကပ်၍ ပခုံး တစ်ဘက် စမ္ပယ်တင်၍ သီတင်းကြီးတို့၏ ခြေကိုရှိခိုး၍ ဆောင့်ကြောင့် ထိုင်၍ လက်အုပ်ချီ၍ “အရှင်ဘုရားတို့၊ သံဃာသည် အကျွန်ုပ်တို့ကို တဇ္ဇနိယကံ ပြုပါသည်။ အကျွန်ုပ်တို့ - ကောင်းစွာ ကျင့်ကြပါသည်။ မာန အမွေး ချပါသည်။ တဇ္ဇနိယကံငြိမ်းခြင်းကို တောင်းပန်ပါသည်”ဟု သုံးကြိမ်တောင်းပန်အပ်၏။
ဗျတ္တဋိဗလရဟန်းသည် သံဃာကို ဉတ္တိ စတုတ္ထကမ္မဝါစာဖြင့် သိစေအပ်၏။ ဝါ-ဤပဏ္ဍုက၊ လောဟိတကတို့ သည် တဇ္ဇ္ဗနိယကံ ပြုခံရ၍ ကောင်းစွာကျင့်ကုန်၏။ သံဃာသည် တဇ္ဇနိယကံကို ငြိမ်းစေရာ၏။ ငြိမ်းစေ၏၊ ငြိမ်းစေ၏။ ငြိမ်းစေ၏။ ငြိမ်းစေပြီ ဟု သိစေအပ်၏။
တဇ္ဇနိယကံပြီး၏။
(ထာ … ရဟန်းတို့ကို မဆန့်ကျင်အောင် လျော်စွာကျင့်သူသည် အမွေးကို ကျစေသူမည်၏။ ကျင့်ဝတ် ၁၈-ပါးကို ဆယ်ရက်ဖြစ်စေ၊ ငါးရက် ဖြစ်စေ ဖြည့်ကျင့်အပ်၏။ ကမ္မက္ခန္ဓာ၌ ဤမျှဖြင့် ကျင့်ဝတ် ပြည့်သည်သာ တည်း။)
(သန္တိဇ္ဇနံ ကရိယတိ ဧတေနာတိ တဇ္ဇနိယံ၊ ခြိမ်းချောက်ခြင်းကို ပြုကြောင်းကံသည် တဇ္ဇနိယကံ မည်၏။)
နိယသကံ-အာပတ်မပြတ်မှု
ထိုအခါ ရှင်သေယျသကသည် ဗာလ၊ အဗျတ္တဖြစ်၏။ မပြတ်အာပတ်သင့်၏၊ လူတို့နှင့် ရောနှောခြင်း များ၏။ ပရိဝါသ်မာနတ် ပေးရခြင်းစသည်ဖြင့် ရဟန်းတို့သည် မပြတ် အားထုတ်ရကုန်၏။ ရဟန်းတို့ကဲ့ရဲ့ကုန့်၏။ “ချစ်သားတို့-ထိုသို့ဖြစ်လျှင် သံဃာသည် သေယျသက ရဟန်းအား - နိဿာယတေဝတ္ထဗ္ဗံ - သင်သည် ဆရာကာင်းထံမှီ၍ နိဿယတည်းယူ၍ နေရမည်။ (လွတ်လပ်စွာမနေရ) ဟု နိယသကံကို ပြုလော့။
စောဒနာ၍ အောက်မေ့စေ၍ အာပတ်သို့တင်၍ ဉတ္တိစတုတ္တကံဖြင့် သံဃာကို သိစေအပ်၏။ ဝါ-ဤသေယျသက ရဟန်းသည် ဗာလ၊ အဗျတ္တ၊ …လ… အား ထုတ်ရကုန်၏။ သံဃာသည် နိဿာယ- တေဝတ္တဗ္ဗံဟု နိယသကံကို ပြုရာ၏။ ပြု၏။ ပြုပြီ-ဟု သိစေအပ်၏။ ကံ အင်္ဂါ ၁၂-တိက်၊ ကံထိုက်သူ ကိုးယောက်။ ကျင့်ဝတ် ၁၈-ပါး တူပြီ။
ကံငြိမ်းခြင်း
(ထိုအခါ သံဃာသည် သေယျသက ရဟန်းအား နိယသကံကိုပြု၏။ ကံပြုခံရ၍ ဆရာကောင်းကို မှီလျက် စာတတ်လဇ္ဇီ ဖြစ်၏၊ ကျင့်ဝတ်တို့ကို ကောင်းစွာကျင့်၏။ အမွေးကို ကျစေ၏။ သံဃာသို့ ချဉ်းကပ်၍ အဘယ်သို့ ပြုရပါမည်နည်း-ဟု လျှောက်၏။ “ချစ်သားတို့ … သံဃာသည် သေယျက ရဟန်းအား နိယသကံကို ငြိမ်းစေလော” ၁၈-ပါးဖြင့် မငြိမ်းစေအပ်၊ ၁၈-ပါးဖြင့် ငြိမ်းစေအပ်၏။
“အရှင်ဘုရားတို့ … သံဃာသည် အကျွန်ုပ်ကို နိယသကံ ပြုပါသည်။ အကျွန်ုပ် ကောင်းစွာ ကျင့်ပါသည်။ နိယသကံ ငြိမ်းခြင်းကို တောင်းပန်ပါသည်။” ဟု သုံးကြိမ် တောင်းပန်အပ်၏။
ဗျတ္တသည် ဉတ္တိစတုက္ကကံဖြင့် သိစေအပ်၏။ ဝါ-ဤသေယျသက ရဟန်းသည် နိယသကံ ပြုခံရ၍ ကောင်းစွာ ကျင့်၏။ သံဃာသည် နိယသကံကို ငြိမ်းစေရာ၏။ ငြိမ်းစေ၏။ ငြိမ်းစေပြီ- ဟု သိစေအပ်၏။
နိယသကံ ပြီး၏။
[ဝိဋီ … နိဿာယတေဝတ္ထဗ္ဗံ၌ ကေစိတို့သည် ကလျာဏမိတ္တနှင့်စပ်၍ နေခြင်းကိုရည်ဆိုသည်ဟု ဆိုကုန်၏။ အညေတို့ကား နိဿယည်းယူခြင်း ကိုသာ ရည်ဆိုသည်ဟု ဆိုကုန်၏။ စကားနှစ်ရပ်လုံးဖြင့်လည်း ထိုရဟန်းအား သေရိဝိဟာရ လွတ်လပ်စွာနေခြင်း မရဟု ပြသည်ဟူ၍ မှတ်အပ်၏။]
ပဗ္ဗာဇနိယကံ-ကုလဒူသနမှု
ထိုအခါ အဿဇိ၊ ပုနဗ္ဗသုက ရဟန်းတို့သည် ကိဋာဂီရိ ဇနပုဒ်၌နေကုန်၏။ အလဇ္ဇီတို့ ဖြစ်ကုန်၏။ ပန်းပင်ငယ်စိုက်ခြင်း၊ ဆွတ်ခူးခြင်း၊ မိန်းမတို့အား ပန်းပေးခြင်း စသည်ဖြင့် လူတို့နှင့်ရောနှောလျက် နေကုန်၏။ လူတို့သည် ဣန္ဒြေစောင့် စည်းသော ရဟန်းကိုမြင်လျှင် “ဤအရှင်ကား နုံသည်၊ အသည်၊ မျက်မှောင်ကြုတ်သည်၊ အဘယ်သူ-လှူချင်အံ့နည်း၊ ငါတို့ အရှင်အဿဇိ၊ ပုနဗ္ဗသုကတို့ကား ကောင်းစွာ စကားဆိုကုန်၏။ မျက်မှောင်မကြုတ် ပေါ်လွင်သော မျက်နှာ ရှိကုန်၏။ လှူစရာ ကောင်းကုန်၏” ဟု ဆိုကုန်၏”
“ချစ်သား ... သာရိပုတ္တရာ၊ မောဂ္ဂလာန်တို့ သင်တို့သည် ကိဋာဂိရိ သို့ သွား၍ အဿဇိ၊ ပုနဗ္ဗသုက ရဟန်းတို့ကို ထိုဇနပုဒ်မှ နှင်ထုတ်ခြင်း၊ ပဗ္ဗာဇနိယကံကို ပြုကုန်လော၊ ရဟန်းများစွာနှင့် သွားကြလော။ စောဒနာ၍ အောက်မေ့စေ၍ အာပတ်သို့တင်၍ ဉတ္တိစတုတ္တကံဖြင့် သံဃာကို သိစေအပ်၏။ ဝါ-ဤအဿဇိ၊ ပုနဗ္ဗသုကတို့သည် လူတို့နှင့် ရောနှော၍ ကုလဒူသနပြုကုန်၏။ သံဃာသည် ကိဋာဂိရိ၌ မနေအပ်” ဟု ပဗ္ဗာဇနိယကံကို ပြုရာ၏။ ပြု၏။ ပြုပြီ-ဟု သိစေအပ်၏။
ကံအင်္ဂါ ၁၂ တိက် တူပြီ။
ကံထိုက်သူ ၂၁-ယောက်
ချစ်သားတို့ ခိုက်ရန် ငြင်းခုံခြင်း များသူ-စသော သုံးယောက်၊ သုံးယောက်၊ သုံးယောက် (ယခင် ကိုးယောက်)၊ ကိုယ်မြူးတူးသူ၊ နှုတ်မြူးတူးသူ၊ ကိုယ်နှုတ်မြူးတူးသူ၊ ဒဝသုံးယောက်၊ သိက္ခာပုဒ်လွန်ကျူးခြင်းဖြင့် ကိုယ်ကျင့်ပျက်သူ၊ နှုတ်ကျင့်ပျက်သူ၊ ကိုယ်နှုတ် ကျင့်ပျက်သူ-အနာစာရ သုံးယောက်။ သိက္ခာပုဒ်မဖြည့် ကျင့်ခြင်းဖြင့် ကိုယ်ကျင့်ချွတ်သူ၊ နှုတ်ကျင့်ချွတ်သူ၊ ကိုယ်နှုတ်ကျင့်ချွတ်သူ-ဥပဃာတိကသုံးယောက်၊ ဆေးကုခြင်း စသည်ဖြင့် ကိုယ်အသက်မွေးမှားသူ၊ သတင်းဆောင်ခြင်း စသည်ဖြင့် နှုတ်အသက်မွေးများသူ၊ ကိုယ်နှုတ် အသက်မွေးမှားသူ၊ မိစ္ဆာဇီဝ သုံးယောက်-ဤသူတို့အား အလိုရှိလျှင် သံဃာသည် ပဗ္ဗာဇနိယ ကံကို ပြုရာ၏။
အာကင်္ခမာန စုဒ္ဒသက ပြီး၏။ ကျင့်ဝတ် ၁၈ပါး တူပြီ။
[ထာ … ကိုယ်၌ဖြစ်သော ပျော်ပါးကစားခြင်းသည် ကာယိကဒ၀ - ကိုယ်မြူးထူးခြင်း မည်၏။ အကြွင်း ဤ နည်းတည်း။ ပညတ်သောသိက္ခာကို လွန်ကျူးခြင်းသည် - အနာစာရ မည်၏။ သိက္ခာပုဒ်ကို မကျင့်ခြင်းဖြင့် ဖျက်ဆီးခြင်းသည် ဥပဃာတိက မည်၏။ ပယ်အပ်သော ဝေဇ္ဇကမ္မ - ဆေးကုမှုစသည် အစွမ်းဖြင့် ဆေးချက်ခြင်း စသည် လူတို့၏ သတင်းစကား လက်ခံခြင်း ဆောင်ခြင်း စသည်သည် - မိစ္ဆာဇီဝမည်၏။]
ကံငြိမ်းခြင်း
ထိုအခါ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန် အမှူးရှိသော ရဟန်းသံဃာသည် ကိဋာဂိရိသို့ သွား၍ နှင်ထုတ်ခြင်း၊ ပဗ္ဗာဇနိယကံကို ပြုကုန်၏။ ကံပြုခံရသော ရဟန်းတို့သည် ကောင်းစွာ မကျင့်ကုန်။ အမွေး မချကုန်၊ အဂတိ လေးပါးလိုက်သည်ဟု ဆဲရေး၍ ဖဲသွားကုန်၏၊ အချို့ လူထွက်ကုန်၏။
မြတ်စွာဘုရားသည် များစွာကဲ့ရဲ့၍ “ချစ်သားတို့ … သံဃာသည် ပဗ္ဗာဇနိယကံကို ငြိမ်းစေလော့၊ ၁၈-ပါးဖြင့် မငြိမ်းစေအပ်၊ ၁၈-ပါး ဖြင့် ငြိမ်းစေအပ်၏။ အရှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်ကို ပဗ္ဗာဇနိယကံ ပြုပါသည်။ အကျွန်ုပ်ကောင်းစွာ ကျင့်ပါသည်။ ပဗ္ဗာဇနိယကံ ငြိမ်းခြင်းကို တောင်းပန်ပါသည်”ဟု သုံးကြိမ် တောင်းပန် အပ်၏။ ဉတ္တိ စတုတ္ထကံဖြင့် သိစေအပ်၏။ ဝါ-ဤ ရဟန်းသည် ပဗ္ဗာဇနိယကံ ပြုခံရ၍ ကောင်းစွာ ကျင့်၏။ သံဃာသည် ပဗ္ဗာဇနိယကံကို ငြိမ်းစေရာ၏။ ငြိမ်းစေ၏။ ငြိမ်းစေပြီ-ဟု သိစေအပ်၏။
ပဗ္ဗာဇနိယကံ ပြီး၏။
(သာဋီ၊ ဝိဋီ … ပဗ္ဗာဇနိယကံကို ငြိမ်းစေလော ဟူသော ဤမိန့်ခွန်းတော်ကို ဖဲသွားခြင်း စသည် မပြုဘဲ ကောင်းစွာကျင့်သူတို့ကိုသာ ရည်၍ မိန့်တော်မူသည်။)
ပဋိသာရဏိယကံ-ဒါယကာဆဲမှု
ထိုအခါ ရှင်သုဓမ္မသည် မစ္ဆိကာသဏ္ဌမြို့၌ စိတ္တသူကြွယ်၏ ကျောင်း၌ ကျောင်းနေရဟန်း ဖြစ်၏။ အမှုသစ်ပြု၏။ အမြဲ ဆွမ်းဝတ်ရှိ၏။ ထိုသူကြွယ်သည် ရှင်သုဓမ္မကို မပန်ကြားဘဲ သံဃ၊ ဂဏ၊ ပုဂ္ဂလကို ပင့်လေ့မရှိ။ အခါတစ်ပါး ရှင်သာရိပုတ္တရာ စသော မထေရ်ကြီးများ ကာသိတိုင်း လှည့်လည်စဉ် မစ္ဆိကာသဏ္ဌသို့ ရောက်လာကြသဖြင့် စိတ္တသူကြွယ် တရားနာ၍ မထေရ်တို့ကို အာဂန္တုကဘတ်ဖြင့် ဆွမ်းစား ပင့်၏။ ထို့နောက် ရှင်သုဓမ္မကို သွားပင့်၏။ ရှင် သုဓမ္မသည် ငါ့ကို မပန်ကြားဘဲ မထေရ်တို့ကို ပင့်သည်။ သူကြွယ်ပျက်ပြီ- ဟု နှလုံးပြု၍ ငါ အလိုမရှိ ဟု ပယ်၏။ နှစ်ကြိမ်မြောက် သုံးကြိမ်မြောက် ပင့်လည်း ပယ်သည်သာတည်း။
နံနက်အချိန်၌ ရှင်သုဓမ္မသည် သူကြွယ်အိမ်သို့ ချဉ်းကပ်၍ ခဲဘွယ် ဘောဇဉ်တို့ကိုကြည့်၍ - ဒါယကာ သင်သည် ခဲဘွယ်ဘောဇဉ်တို့ကို များစွာ စီရင်၏။ တိလသံဂုဠိကာ မည်သော နှမ်းပျစ်မုန့် တစ်ခုကား ဤ ဆွမ်းပွဲ၌ မရှိဟု ဆို၏။ အရှင်ဘုရား၊ ဘုရားစကား ရတနာများစွာ ရှိပါလျက် ဆိုစရာ ရှားရှား နှမ်းပျစ်မုန့် စကားကိုသာ ဆိုသည်။
ရှေးအခါ ကျီးဖိုနှင့် ကြက်မ သင့်မြတ်၍ ပေါက်ဖွားသော ကြက်သူငယ်သည် ကျီးသံ ပြုလိုသောအခါ ကာက + ကုက္ကုဋိ-အာ + အောက်ကလိ-ဟု” တွန်၏၊ ကြက်သံ ပြုလိုသောအခါ - ကုက္ကုဋိ + ကာက အောက်ကလိ + အာ”ဟု တွန်၏၊
ထိုအတူ အရှင်သုဓမ္မသည် ဘုရားစကား များစွာရှိပါလျက် နှမ်းပျစ်မုန့် စကားကိုကာ ဆိုဘိ၏။ (ဝါ-ကျီးမပီ၊ ကြက်မပီသကဲ့သို့ လူမပီ၊ ရဟန်းမပီ ဆိုဘိ၏။) ဟုဆို၏။ ဒါယကာ-နင့်-ငါ့ကိုဆဲသည်၊ နင့်ကျောင်း ငါမနေလို၊ ဖဲသွားတော့မည်”ဟု ဆို၏။ “အရှင်ဘုရား၊ ဤအမ္ဗာဋက ဥယျာဉ်၌ နေမြဲသာနေပါ၊ ပစ္စည်း လေးပါးဖြင့် ထောက်ပံ့ပါမည်” နှစ်ကြိမ် သုံးကြိမ် လျှောက်သာ်လည်း နင်ငါ့ကိုဆဲသည်၊ သာဝတ္ထိသို့ မြတ်စွာဘုရားကို ဖူးမြင်ရန် သွားတော့မည်”ဟု ဆို၏၊ “အရှင်ဘုရား၊ ထိုသို့ဖြစ်လျှင် အကျွနု်ပ်ဆိုသောစကား၊ အရှင်မြတ် ဆိုသော စကား အားလုံး ဘုရားရှင်အား လျှောက်ကြပါ။ အရှင်ဘုရား၊ အသုဓမ္မသည် မစ္ဆိကာသဏ္ဌသို့ တစ်ဖန် ကြွလာမူ အဖန်ဖန် အံ့ဩဖွယ်ရှိ၏” ဟု ဆို၏။
ရှင်သုဓမ္မသည် ကျောင်းအိပ်ရာ နေရာ သိမ်းဆည်း၍ သာဝတ္ထိသို့ သွား၍ ဘုရားရှင်အား ရှိခိုး၍ စကားအားလုံး လျှောက်ကြား၏။
မြတ်စွာဘုရားသည် မောဃပုရိသ၊ “သင်သည် ရဟန်းအမူအရာ မဟုတ်သည်ကို ပြု၏။ သံဃာ့ အလုပ်အကျွေး သဒ္ဓါပသန္န ဒါယကာကို အဘယ်ကြောင့် ရှုတ်ချသနည်း”ဟု ကဲ့ရဲ့ပြီးလျှင် “ချစ်သားတို့၊ သံဃာသည် သုဓမ္မရဟန်းအား “စိတ္တသူကြွယ်ကို သည်းခံစေရမည်-ဟု ပဋိသာရဏီယကံကို ပြုလော၊ စောဒနာ၍ အောက်မေ့စေ၍ အာပတ်သို့တင်၍ ဉတ္တိစတုတ္ထကံဖြင့် သိစေအပ်၏။ ဝါ-ဤ သုဓမ္မရဟန်းသည် အလုပ် အကျွေး ဒါယကာကို ရှုတ်ချ၏။ ဒါယကာတို့ သည်းခံစေရမည်”ဟု ပဋိသာရဏိယကံကို ပြုရာ၏။ ပြု၏။ ပြုပြီဟု သိစေအပ်၏။ ကံအင်္ဂါ ၁၂-တိက်တူပြီ။
[ထာ … နှမ်းပျစ်မုန့် တစ်ခုကား ဤ ဆွမ်းပွဲ၌ မရှိ-ဟု ဆိုရာ၌ တိလသက္ခလိကာ မည်သော နှမ်းပျစ်မုန့်သည် တိလသံဂုဠိကာ မည်၏။ ထိုနှမ်းပျစ်မုန့် မရှိဟူလို ဆိုကြောင်းကား စိတ္တသူကြွယ်၏ အနွယ်အဆက်၌ ပထမ တစ်ယောက်သည် မုန့်သည် ဖြစ်ဖူးသတတ်။ ထို့ကြောင့် ဇာတ်အားဖြင့် နှိမ့်ချလို၍ ဆိုသတတ်။
ကြက်ပမာဖြင့် အရှင်သည် ဘိက္ခုဝစနကိုလည်း ဆိုသည်မဟုတ်၊ ဂိဟိဝစနကိုလည်း ဆိုသည်မဟုတ်ဟု ပြသည်။]
[ဝိဋိ … ဘိက္ခုတို့မည်သည် ပရိယာယ် သွယ်ဝှိုက်၍ သော်လည်း သူတစ်ပါးကို နှိမ့်ချစကား မဆိုကြကုန်။ ဂဟဋ္ဌတို့ကား သရုပ်ပေါ်အောင် ဆဲရေးခြင်းငှါ စွမ်းနိုင်ကြ၏။ စွမ်းနိုင်သော်လည်း ကျေးဇူး ပြုဖူးသူတို့၌ ဆဲရေးခြင်းကို မပြုကြ။ ဤသို့သော စကားမျိုးကို မဆိုကြ။ ထို့ကြောင့် အရှင်သည် ဂိဟိဂုဏ်မှပင် ဆုတ်ယုတ်ခဲ့ပြီ ဟူသော အဓိပ္ပာယ်တည်း။]
ကံထိုက်သူဆယ်ယောက်
ချစ်သားတို့ … အင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းအား အလိုရှိလျှင် သံဃာသည် ပဋိသာရဏိယကံကို ပြုရာ၏။
၁။ လူတို့အား လာဘ်မရအောင်ပြုသူ၊
၂။ အကျိုးပျက်အောင်ပြုသူ၊
၃။ နေမြဲ မနေရအောင်ပြုသူ၊
၄။ လူကို ဆဲရေး ကြိမ်းမောင်းသူ၊
၅။ လူအချင်းချင်း ကွဲအောင် ဂုံးတိုက်သူ -
ဤ အင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းအား ….။ ထိုမှတစ်ပါး --
၁။ လူတို့အထံ၌ ဘုရားကျေးဇူးမဲ့ ဆိုသူ၊
၂။ တရားကျေးဇူးမဲ့ ဆိုသူ၊
၃။ သံဃာကျေးဇူးမဲ့ ဆိုသူ၊
၄။ လူကို အယုတ်အညံ့အားဖြင့် နှိမ့်ချ၍ ဆိုသူ၊
၅။ (ရဟန်းထံမှ လူတို့ ယူအပ်သော) တရားနှင့်ညီသော ဝန်ခံခြင်းကို ချွတ်ယွင်းစေသူ -
ဤ အင်္ဂါ ငါးပါးနှင့် ပြုရာ၏။ ချစ်သားတို့၊ ငါးယောက်သော ရဟန်းတို့အား အလိုရှိလျှင် ...လ... လူတို့အား လာဘ်မရအောင် ပြုသူ-စသော ငါးယာက်၊ ထိုမှတစ်ပါးလူတို့အထံ၌ ဘုရား ကျေးဇူးမဲ့ ဆိုသူ စသော ငါးယောက်တို့အား ပြုစု၏။
အာကင်္ခမာန-စတု-ပဉ္စက ပြီး၏။ ကျင့်ဝတ် ၁၈-ပါးတူပြီ။
[ထာ … အင်္ဂါ ပြည့်ခြင်းသည် ရှေးကံတို့နှင့်မတူ။ တရားနှင့်ညီသော ဝန်ခံခြင်းကို မှန်ကန်အောင် မပြုလျှင် ချွတ်စေသည် မည်၏။ ဝါဆိုမည်-ဟု ဝန်ခံပြီးဖြစ်လျက် မသွားဘဲနေ၏။ ထိုမှတစ်ပါးလည်း ဤနည်းမျိုးကို ပြု၏။ ချစ်သားတို့၊ ငါးယောက်သော ရဟန်းတို့အား စသော စကားကို တစ်ခုသာ အင်္ဂါဖြင့်လည်း ကံထိုက်ပုံကို ပြခြင်းငှါ မိန့်တော်မူသည်။]
[ဝိဋီ … အင်္ဂါပြည့်ခြင်းသည် ရှေးကံတို့နှင့်မတူ-ဟူသော စကားဖြင့် တဇ္ဇနိယ စသည်တို့၌ ဆိုသော အင်္ဂါမျှဖြင့် ဤ ပဋိသာရဏီယကံကို မပြုအပ် ဟု ပြသည်။ ဤကံနှင့်ဆိုသော အင်္ဂါဆယ်ပါးဖြင့်ကား ထိုကံတို့ကိုလည်း ပြုအပ်၏-ဟု ယူအပ်၏။ သဒ္ဓါပသန္န သံဃာ့ အလုပ်အကျွေး ဒါယကာကို ရှုတ်ချခြင်းစသော လူတို့နှင့် စပ်သော အင်္ဂါတို့ကြောင့်သာ ဤကံ ထိုက်သည်။ အရံစောင့်၊ အစေခံ စသည်တို့ကို ရှုတ်ချခြင်းစသည်ကြောင့် မထိုက်။ ကံထိုက်ရာ၌လည်း ဒါယကာစသည်တို့ကို သည်းခံစအပ်ပြီး ကုန်သည်ရှိသော် ကံမထိုက်ပြီ။]
အနုဒူတပေးခြင်း
ထိုအခါ သံဃာသည် သုဓမ္မရဟန်းအား စိတ္တသူကြွယ်ကို သည်းခံစေရမည်ဟု - ပဋိသာရဏိယကံ ပြု၏။ သုဓမ္မရဟန်းသည် ကံပြုခံရ၍ မစ္ဆိကာသဏ္ဌသို့ သွားပြီးလျှင် မျက်နှာထားခက်၍ သူကြွယ်ကို သည်းခံ စေခြင်းငှါ မတတ်နိုင်ဘဲ သာဝတ္ထိသို့ ပြန်လာ၏။
ချစ်သားတို့ … ထိုသို့ဖြစ်လျှင် သံဃာသည် သုဓမ္မရဟန်းအား သူကြွယ်ကို သည်းခံစေခြင်းငှါ အနုဒူတ-အဖော်တမန် ပေးလော။ ပေးပုံကား - ရှေးဦးစွာ ရဟန်းတစ်ပါးကို တောင်းပန်အပ်၏။ ထို့နောက် ဉတ္တိဒုတိယ ကံဖြင့် သံဃာကို သိစေအပ်၏။ ဝါ-ဤရဟန်းကို သုဓမ္မ ရဟန်းအား သူကြွယ်ကို သည်းခံစေခြင်းငှါ အနုဓူတ ပေးရာ၏။ ပေး၏။ ပေးပြီဟု သိစေအပ်၏။
ချစ်သားတို့ ... ထို သုဓမ္မရဟန်းသည် အဖော်ရဟန်းနှင့် အတူသွား၍ တမန်က - ဒါယကာ၊သည်းခံလော၊ ပသာဒေမိ တံ သင်ကို ငါသည် ကြည်လင်စေ၏-ဟု ဆိုအပ်၏။ ဤသို့ဆို၍ သည်းခံလျှင် အပြစ်ကင်း၏။ (၁)
သည်းမခံလျှင် အဖော်ရဟန်းသည် “ဒါယကာ၊ ဤရဟန်းအား သည်းခံလော၊ ပသာဒေတိ တံ - သင့်ကို ထိုရဟန်းသည် ကြည်လင်စေ၏”ဟု ဆိုအပ်၏။ (၂)
သည်းမခံလျှင် အဟံ တံပသာဒေမိ-ငါသည် ထို ရဟန်းကို သင့်ကို ကြည်လင်စေခိုင်းမည်။ (၃)
သည်းမခံလျှင် သံဃာ့အမိန့်ဖြင့် ဤရဟန်းအား သည်းခံလော-ဟု ဆိုအပ်၏။ (၄)
သည်းမခံလျှင် သုဓမ္မရဟန်းကို ဒါယကာ မြင်လောက်ရာ ကြားလောက်ရာ၌ ကိုယ်ရုံစမ္ပယ်တင် ဆောင့်ကြောင့် ထိုင်စေ၍ လက်အုပ်ချီစေ၍ ထိုအာပတ်ကို ဒေသနာ ကြားစေအပ်၏။ (၅)
ဤသို့ ငါးနည်း မိန့်တော်မူ၏။
[ဝိဋီ … ဒါယကာကို သည်းခံအောင် ဝန်ချပြီးလျှင် - ကံမပြုထိုက်ပြီ၊ အာပတ်ကိုလည်း နေရာမရွေး ကြားခြင်းငှါ အပ်ပြီ၊ သုံးကြိမ် သည်းခံစေအပ်သော်လည်း ဒါယကာသည် သည်းမခံအံ့၊ ကံပြုမခံရသေးသူ ဖြစ်စေကာမူ၊ မြင်လောက်ရာ၌ အာပတ်ကို ဒေသနာကြားအပ်၏။ ဒါယကာသည် ကွယ်လွန်အံ့။ အရပ်တစ်ပါးသို့သွားအံ့၊ သွားရာအရပ်ကို မသိအံ့။ ခရီးအကြား အသက်အန္တရာယ်ရှိအံ့။ ထိုအခါမျိုး၌ ကံပြုပြီး သော်လည်းကောင်း၊ မပြုသေးသော်လည်းထောင်း၊ သံဃာ့အလယ်၌ ဟုတ်တိုင်းမှန်စွာ သိစေ၍ သည်းခံစေ၍-ဒေသနာ ကြားအပ်၏ဟု ဆိုကုန်၏။ ဓမ္မိကဝန်ခံခြင်းကို ချွတ်ယွင်းစေမိလျှင် ထိုဒါယကာတို့ထံ သွား၍ “ငါသည် မစဉ်းမစား ဝန်ခံမိ၍ ချွတ်ယွင်းစေပြီ၊ ထို ငါ၏အပြစ်ကို သည်းခံလော့” ဤသို့စသည်ဖြင့် စကားစဉ်ကို သိစေအပ်၏။
မျက်နှာထား ခက်၍ သူကြွယ်ကို သည်းခံစေခြင်းငှါ မတတ်နိုင်ပုံကား - ယူဇနာသုံးဆယ် ခရီး ပြန်သွား၍ သော်လည်း မာနကြီးခြင်းဖြင့် အပြစ်မှန်ကိုထင်စွာပြု၍ သည်းခံစေသည် မဟုတ်သောကြောင့် အကျွန်ုပ် သည်းမခံနိုင်ဟု သူကြွယ် ပယ်အပ်ရကား မျက်နှာငုံ့လျက် မတတ်နိုင်ခြင်းဖြစ်၏၊
တစ်ဖန် သာဝတ္ထိသို့ လာပြီးသော်လည်း မာနချိုးခြင်းငှါသာလျှင် တစ်ဖန် ဘုရားရှင် ပြန်လွှတ်ပြန်သည်။ ထိုအခါ တရားဟော၍၊ မာနကင်းအောင်ပြု၍ အနုဒူတကို ခွင့်ပြုသည်-ဟု မှတ်အပ်၏။ ပဉ္စမဝါရ၌ သည်းမခံလျှင် မြင်လောက်ရာ၌ ဒေသနာကြားစေအပ်၏ ဟု မိန့်သောကြောင့် ဒါယကာသည် စောစောက သည်းခံအံ့၊ မြင်လောက်ရာ၌ ဒေသနာကြားဘွယ်မရှိ။
ကံငြိမ်းခြင်း
ထိုအခါ သုဓမ္မသည် အနုဒူတရဟန်းနှင့် မစ္ဆိကာသဏ္ဌသို့ သွား၍ စိတ္တသူကြွယ်ကို သည်းခံစေ၏။ ကောင်းစွာကျင့်၏၊ အမွေးကျစေ၏။ သံဃာသို့ချဉ်းကပ်၍ “အဘယ်သို့ပြုရပါမည်နည်း” ဟု လျှောက်၏။ “ချစ်သားတို့ - သံဃာသည် သုဓမ္မရဟန်းအား ပဋိသာရဏိယကံကို ငြိမ်းစေလော။ ၁၈-ပါးဖြင့် မငြိမ်းစေအပ်။ ၁၈-ပါးဖြင့် ငြိမ်းစေအပ်၏။
အရှင်ဘုရားတို့ - သံဃာသည် အကျွန်ုပ်ကို ပဋိသာရဏိယကံ ပြုပါသည်။ အကျွန်ုပ် ကောင်းစွာကျင့်ပါသည်။ ကံငြိမ်းခြင်းကို တောင်းပန်ပါသည်” ဟု သုံးကြိမ် တောင်းပန်အပ်၏၊ ဉတ္တိစတုတ္ထကံဖြင့် သိစေအပ်၏၊ ဝါ ဤသုဓမ္မရဟန်းသည် ပဋိသာရဏိယကံ ပြုခံရ၍ ကောင်းစွာ ကျင့်၏။ သံဃာသည် ထိုကံကိုငြိမ်းစေရာ၏။ ငြိမ်းစေ၏။ ငြိမ်းစေပြီဟု သိစေအပ်၏။
ပဋိသာရဏိယကံပြီး၏။
သာဋီ .... “မစ္ဆိကာသဏ္ဍ” အမည်ရှိသော နဂရ၌နေသော စိတ္တသူကြွယ်သည် ပဉ္စဝဂ္ဂီ မဟာနာမ် မထေရ်ကို ဆွမ်းခံကြွသည်ကို မြင်၍ ဣရိယာပုထ်၌ ကြည်ညို၍ အိမ်သို့ပင့်၍ ဆွမ်းကပ်၏။ ဆွမ်းကိစ္စအပြီး တရားနာရ၍ သောတာပန်တည်၏။ “အမ္ဗာဋကဝန” မည်သော မိမိ ဥယျာဉ်ကို သံဃာ့အရံ ပြုခြင်းငှါ မဟာနာမ်မထေရ်၏ လက်တော်၌ ရေကျစေ၍ မဟာပထဝီမြေကြီးကို လှုပ်စေလျက် လှူဒါန်း၏၊ ထိုဥယျာဉ်၌ ကျောင်းကြီး ဆောက်ထား၏။ သုဓမ္မရဟန်းသည် အာဝါသိကပြု၍ နေ၏။ နောက်၌စိတ္တသူကြွယ်၏ ဂုဏ်သတင်းကြား၍ အဂ္ဂသာဝကနှစ်ပါးသည် ရဟန်းတစ်ထောင်နှင့် စိတ္တသူကြွယ်ကို ချီးမြှောက်ခြင်းငှါ ကြွလာကြ၏။
စိတ္တသူကြွယ်သည် ယူဇနာခွဲမျှသို့သွား၍ ခရီးဦးကြိုဆို၍ ပင့်ဆောင်၍ မိမိကျောင်း၌ နေရာပေး၍ “အရှင်ဘုရား တရားနာလိုပါသည်” ဟု ရှင်သာရိပုတ္တရာကို လျှောက်၏။ “ဒါယကာ - ငါတို့ ခရီးပန်းကြသည်။ အနည်းငယ်မျှ နာလော”ဟု ဟော၏ မထေရ်၏တရားနာစဉ် အနာဂါမ် တည်၏။
သုဓမ္မရဟန်းသည် ပဌမအကြိမ်သွား၍ “ဒါယကာ ... ငါ့အပြစ် သည်းခံလော့” ဟု ဆိုသော်လည်း “သည်းမခံနိုင်” ဟု အပယ်ခံရသောကြောင့် မျက်နှာငုံ့လျက် မတတ်နိုင်သဖြင့် သာဝတ္ထိသို့ ပြန်လာ၏။ မြတ်စွာဘုရားသည် ဒါယကာ - သည်းမခံလတ္တံ့” ဟု သိလျက် မာနကြီးလှသောကြောင့် သည်းခံစေသော နည်းကို မပြောဘဲ ပထမအကြိမ် လွှတ်လိုက်၏။ ထို့နောက် မာနကျိုးသောအခါ အနုဒူတပေး၍ ဒါယကာကို သည်းခံစေလာဟု မိန့်တော်မူ၍ ရဟန်းဟူသည် ငါ့ကျောင်း၊ ငါ့နေရာ၊ ငါ့ဒါယကာ၊ ငါ့ဒါယိကာမ-ဟု မာန မကြီးအပ်၊ ဣဿာ မကြီးအပ်၊ ထင်ရှား ကျော်စောခြင်းကို အလိုမရှိအပ်-ဟု ဩဝါဒပေး၏။
သုဓမ္မရဟန်းသည် ဩဝါဒခံ၍ အဖော်ရဟန်းနှင့်သွား၍ ဒါယကာရရှေ့၌ အာပတ် ကုစား၍ ဒါယကာကို သည်းခံစေ၏။ စိတ္တသူကြွယ်သည် “သည်းခံပါ၏ အရှင်ဘုရား၊ အကျွန်ုပ်အား အပြစ်ရှိလျှင်လည်း သည်းခံတော်မူပါ”ဟု လျှောက်အပ်သည်ဖြစ်၍ ဘုရားရှင်၏ ဩဝါဒ၌တည်၍ နှစ်ရက်၊ သုံးရက်အတွင်း ပဋိသမ္ဘိဒါနှင့်တကွ ရဟန္တာဖြစ်လေ၏။]
ဥက္ခေပနိယကံ - အာပတ်မရှုမှု
ထိုအခါ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ နေတော်မူ၏။ ထိုအခါ အရှင်ဆန္ဒသည် အာပတ်သို့ရောက်လျက် အပတ်ရှုခြင်းငှါ အလိုမရှိ၊ ရဟန်းတို့ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... သံဃာသည် ဆန္ဒရဟန်းအား အာပတ်မရှုခြင်းကြောင့် သံဃာနှင့် သမ္ဘောဂ မပြုအပ်သော ဥက္ခေပနိယကံကိုပြုလော၊ စောဒနာ၍ အောက်မေ့စေ၍ အာပတ်သို့တင်၍ ဉတ္တိစတုတ္တကံဖြင့် သိစေအပ်၏။ ဝါ၊ ဤဆန္ဒရဟန်းသည် သင့်သော အာပတ်ကို မရှုလို။ ဥက္ခေပနိယကံ ပြုရာ၏။ ပြု၏။ ပြုပြီ-ဟု သိစေအပ်၏။
“ချစ်သားတို့ … ဆန္ဒရဟန်းကို ဥက္ခေပနိယကံ ပြုအပ်၏။ သံဃာသည် သမ္ဘောဂ မပြုအပ်ဟု ကျောင်း အဆင့်ဆင့် ပြောကြားကြလောဟု” မိန့်တော်မူ၏။ ကံအင်္ဂါ ၁၂-တိက်၊ ကံထိုက်သူ ကိုးယောက် တူပြီ။
(ထာ ... ကျောင်းအဆင့်ဆင့် ပြောကြားကြလော ဟူသည် အလုံးစုံသော အာဝါသတို့၌ ပြောကြားကြလေ၊ (ပစ္စည်းပေးခြင်း ယူခြင်းသည် အာမိသသမ္ဘောဂ၊ တရားဟောခြင်း၊ တရားနာခြင်း၊ စာချခြင်း၊ စာတက်ခြင်းသည် ဓမ္မသမ္ဘောဂ ဤသမ္ဘောဂ နှစ်ပါးလုံး သံဃာသည် ရှောင်ကြဉ်ရသည်၊) ငြင်းခုံခြင်း စသည်တို့ကြောင့်လည်း ရောက်သော အာပတ်သို့တင်၍ ထိုအာပတ်ကိုမရှုခြင်းကြောင့်သာ ကံကိုပြု အပ်၏။)
(သာဋီ … ထိုအာပတ်ကိုမရှုခြင်းကြောင့် ဥက္ခေပနိယကံကို ပြုအပ်၏၊ တဇ္ဇနိကံ စသည်ကိုကား ထိုအပတ်ကို၊ မကုစားသော်လည်း ငြင်းခုံခြင်းစသော အင်္ဂါဖြင့် ပြုအပ်၏။)
ကျင့်ဝတ် ၄၃-ပါး
ချစ်သားတို့ အာပတ်မရှုခြင်းကြောင့် ဥက္ခေပနိယကံ အပြုခံရသော ရဟန်းသည် ကောင်းစွာ ကျင့်အပ်၏။ ကျင့်ဝတ်ကား --
ဥပဇ္ဈာယ်ပြု၍ ရဟန်းပြုမပေးအပ် …လ… ကံပြုသော ရဟန်းတို့ကို မကဲ့ရဲ့အပ် (ဆယ်ပါး)။
ပကတတ်ရဟန်း၏ ရှိခိုးခြင်းကို ခရီးဦးကြိုဆိုခြင်းကို လက်အုပ်ချီခြင်းကို အရိုအသေပြုခြင်းကို နေရာယူ ပေးခြင်းကို မသာယာအပ် (ငါးပါး)။
ပကတတ်ရဟန်းတို့၏ အိပ်ရာ ယူပေးခြင်းကို ခြေဆေးရေကို ခြေဆေးအင်းပျဉ် ခြေပွတ်အိုးခြမ်းကို သပိတ်သင်္ကန်း လှမ်းယူခြင်းကို ရေချိုးရာ၌ ကျောက်ကုန်း ချေးတွန်းခြင်းကို မသာယာအပ် (ငါးပါး)။
ပကတတ်ရဟန်းကို သီလဝိပတ္တိဖြင့် အာစာရဝိပတ္တိဖြင့် ဒိဋ္ဌိဝိပတ္တိဖြင့် အာဇီဝဝိပတ္တိဖြင့် မစွပ်စွဲအပ် ရဟန်းချင်းကွဲအောင် ဂုံးမတိုက်အပ် (ငါးပါး)။
လူတို့တံခွန်ကို တိတ္ထိတံခွန်ကို မဆောင်အပ်၊ တိတ္ထိတို့ကို မမှီဝဲအပ်၊ ရဟန်းတို့ကို မှီဝဲအပ်၏။ ရဟန်းသိက္ခာ၌ ကျင့်အပ်၏ (ငါးပါး)။
ပကတတ်ရဟန်းနှင့် အတူ တစ်မိုးတည်းသော ကျောင်းအာဝါသ၌ စရပ်တန်ဆောင်း အနာဝါသ၌ အာဝါသ အနာဝါသ၌ (အိပ်သော ဣရိယာပုထ်ဖြင့်) မနေအပ်။ ပကတတ်ကိုမြင်လျှင် နေရာမှထအပ်၏။ ပကတတ်ကို ကျောင်းတွင်း ကျောင်းပ မမောင်းမဲအပ် (ငါးပါး)။
ပကတတ်အား ဥပုသ်မထားအပ်၊ ပဝါရဏာ မထားအပ်၊ ဆိုဘွယ်ရှိသည်ဟု မပြုအပ်။ အကြီးကဲအရာကို မယူအပ်၊ ခွင့်မတောင်းအပ်၊ မစောဒနာအပ်။ မအောက်မေ့စေအပ်၊ ရဟန်းချင်းယှဉ်စေ၍ ငြင်းခုံခြင်း မပြုအပ် (ရှစ်ပါး)။
ဤသို့ ကျင့်ဝတ် ၄၃-ပါးကို မိန့်တော်မူ၏။
(ထာ … မစွပ်စွဲအပ် ဟူသည် မစောဒနာအပ်။
လူတို့တံခွန်ကား အဝတ်ဖြူ၊ အဆာမဖြတ်သောအဝတ်၊ ပန်းပွင့်အဆာရှိသော အဝတ်တို့ ဖြစ်၏။
တိတ္ထိတံခွန်ကား ကုသစိက-သမန်းမြက်သင်္ကန်း စသည်ဖြစ်၏။)
ကံငြိမ်းခြင်း
ထိုအခါသံဃာသည် ဆန္ဒရဟန်းအား ဥက္ခေပနိယကံကိုပြု၏။ ကံပြုရသော ဆန္ဒရဟန်းသည် ထိုကျောင်းမှ တစ်ပါးသောကျောင်းသို့ သွား၏။ တစ်ကျောင်းမှတစ်ကျောင်း ရောက်ရာအရပ်၌ ရှိခိုးသူ အလေးပြုသူ ဆက်ဆံသူ မရှိသဖြင့် ကောသမ္ဗီသို့ပြန်လာ၍ ကျင့်ဝတ်တို့ကို ကောင်းစွာကျင့်၏။ အမွေးကို ကျစေ၏။ ရဟန်းတို့ထံ အဘယ်သို့ ပြုရပါနည်းဟု လျှောက်၏။
ချစ်သားတို့ … သံဃာသည် ဆန္ဒရဟန်းအား ဥက္ခေပနိယကံကို ငြိမ်းစေလော။ ၄၃-ပါးဖြင့် မငြိမ်းစေအပ်။ ၄၃-ပါးဖြင့် ငြိမ်းစေအပ်၏။ အရှင်ဘုရားတို့ - သံဃာသည် အကျွန်ုပ်ကို ဥက္ခေပနိယကံ ပြုပါသည်။ အကျွနု်ပ် ကောင်းစွာကျင့်ပါသည်။ ကံငြိမ်းခြင်းကို တောင်းပန်ပါသည်ဟု သုံးကြိမ်တောင်းပန်အပ်၏။ ဉတ္တိစတုတ္ထ ကံဖြင့် သိစေအပ်၏။ ဤဆန္ဒရဟန်းသည် ဥပေက္ခနိယကံ ပြုခံရ၍ ကောင်းစွာကျင့်၏။ သံဃာသည် ဥက္ခေပနိယကံကို ငြိမ်းစေရာ၏။ စေ၏။ ငြိမ်းစေပြီ-ဟု သိစေအပ်၏။
အာပတ်မရှုမှု ဥက္ခေပနိယကံ ပြီး၏။
ဥက္ခေပနိယကံ - အာပတ်မကုစားမှု
ထိုအခါ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ နေတော်မူ၏။ အရှင်ဆန္ဒသည် အာပတ်သို့ရောက်လျက် အာပတ်ကုစားခြင်းငှါ အလိုရှိ၊ “ချစ်သားတို့ သံဃာသည် ဆန္ဒရဟန်းအား အာပတ် မကုစားခြင်းကြောင့် သံဃာနှင့်သမ္ဘောဂ မပြုအပ်သာ ဥက္ခေပနိယကံကိုပြုလော”။ ရှေ့ကံနှင့် အားလုံးတူပြီ။
အာပတ်မကုစားမှု ဥက္ခေပနိယကံ ပြီး၏။
ဥက္ခေပနိယကံ - အယူမစွန့်မှု
ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ နေတော်မူ၏။ ထိုအခါ လင်းတသတ်သူ အမျိုး၌ ဖြစ်ဖူးသော အရိဋ္ဌရဟန်းအား ယုတ်မာသော အယူဖြစ်၏။ ကာမဂုဏ်ခံစားခြင်းသည် အန္တရာယိကဓမ္မ ဖြစ်သည်ဟု ဘုရားဟောသည်။ အန္တရာယိကဓမ္မ မဖြစ်ဟု ငါသိသည်-ဟူ၍ ယူ၏။
ငါ့ရှင် အရိဋ္ဌ ဤသို့ မဆိုလင့်၊ ဘုရားကို မစွပ်စွဲနှင့်၊ များစွာသောအကြောင်းဖြင့် အန္တရာယိကဓမ္မ ဖြစ်သည်ဟု ဘုရားဟောသည်။ ကာမဂုဏ်သည် သာယာဖွယ်ပါး ဒုက္ခများ၏။ ခွေးငတ်မလွှတ်နိုင်သော အမဲရိုးနှင့် တူ၏။ ကျီးစွန် ဝိုင်း လူအသားစုနှင့် တူ၏။ မြက်မီးရှူး မီးကျီးတွင်း အိပ်မက်နှင့် တူ၏။ စသည်ဖြင့် ရဟန်းတို့ ဆိုသော်လည်း အယူမစွန့်။
မောဃပုရိသ သင် အယူမကောင်းခြင်းဖြင့် ငါဘုရားတို့ကိုလည်း စွပ်စွဲ၏။ မိမိကိုယ်လည်း တူးဖြို၏။ မကောင်းမှု များစွာကိုလည်း တိုးပွားစေ၏။ သင်အား ကြာမြင့်စွာ အကျိုးမဲ့ ဒုက္ခဖြစ်လတ္တံ့။ ချစ်သားတို့ သံဃာသည် အရိဋ္ဌ ရဟန်းအား ယုတ်မာသောအယူ မစွန့်ခြင်းကြောင့် သံဃာနှင့်သမ္ဘောဂ မပြုအပ်သော ဥက္ခေပနိယကံကို ပြုလော၊ ရှေးကံနှင့တူပြီ၊ အထူးကား ကျင့်ဝတ် ၁၈-ပါးဟော၏။ (၄၃-ဟု အဋ္ဌကထာ ဆိုသည်။)
(ထာ ... ခိုက်ရန် ငြင်းခုံခြင်းများသူ စသည်တို့၌ အကြင်သူတို့ကို မှီ၍ ငြင်းခုံခြင်း စသည်ကိုပြု၏။ ထိုအယူကို မစွန့်ခြင်းကြောင့်သာ ကံပြုရသည်။ ဤ၌ ကျင့်ဝတ်တို့ကား ၄၃-ပါးသာတည်း။)
(ဝိဋီ … အရိဋ္ဌဝတ္ထု၌ အာပတ်သို့တင်၍ ဟူသည် သီးခြားလည်းကောင်း၊ သံဃာအလယ်၌ လည်းကောင်း၊ အယူမစွန့်ခြင်းကြောင့် ဒုက္ကဋ်သို့ လည်းကောင်း၊ သမနုဘာသနကံ အဆုံး၌ ပါစိတ်သို့လည်းကောင်း တင်၍ ပြုအပ်၏။ ကမ္မဝါစာကို အကြောင်းအားလျော်စွာ ပြင်ဖတ်အပ်၏။ အယူကိုမမှီဘဲ သက်သက် ငြင်းခုံခြင်း စသည်ကြောင့် အပြစ်မရှိ၊ အယူကို မှီလျှင် ထိုအယူကို မစွန့်ခြင်းကြောင့် ကံပြုခြင်းငှါ အပ်၏။)
ကံငြိမ်းခြင်း
ထိုအခါ သံဃာသည် အရိဋ္ဌရဟန်းအား ဥက္ခေပနိယ-ကံကိုပြု၏။ ကံပြုခံရသော အရိဋ္ဌသည် လူထွက်၏။ ချစ်သားတို့ ... သံဃာသည် ဥက္ခေပနိယကံကို ငြိမ်းစေလော။ ငါးပါး ငါးပါး ရှစ်ပါး ပေါင်း ၁၈-ပါးဖြင့် မငြိမ်းစေအပ်။ ၁၈-ပါးဖြင့် ငြိမ်းစေအပ်၏။
အရှင်ဘုရားတို့ … သံဃာသည် အကျွန်ုပ်ကို ဥက္ခေပနိယ-ကံပြုပါသည်။ အကျွန်ုပ် ကောင်းစွာ ကျင့်ပါသည်-စသည်ဖြင့် သုံးကြိမ် တောင်းပန်အပ်၏။ ဉတ္တိစတုတ္ထကံဖြင့် သံဃာကို သိစေအပ်၏။
ယုတ်မာသော အယူ မစွန့်မှု ဥက္ခေပနိယကံ ပြီး၏။
အကျဉ်းမှတ်ချက်
(တဇ်၊ နိ၊ ပဗ္ဗာ (၃)၊ ပဋိသာ (၁)၊ သုံးဖြာ ဥက္ခေပ (၃) - ဟူသော ကံခုနစ်ပါးလုံး အဓမ္မကံတိက် ၁၂-စီ၊ ဓမ္မကံတိက် ၁၂ စီ၊ ကံထိုက်သူ ကိုးယောက်စီ၊ ကျင့်ဝတ် ၁၈-ပါးစီ ဖြစ်၏။
အထူးကား
ပဗ္ဗာဇနိယ ကံထိုက်သူ ၂၁-ယောက်၊ ပဋိသာရဏိယ ကံထိုက်သူ ဆယ်ယောက်သည် လည်းကောင်း၊ ဥက္ခေပနိယကံ သုံးခု၌ ကျင့်ဝတ် ၄၃-ပါးစီ။ ကျောင်းအဆင့်ဆင့် ပြောကြားခြင်းသည် လည်းကောင်း ထူး၏။)
ကမ္ပက္ခန္ဓက ပြီး၏။
၂။ ပါရိဝါသိကက္ခန္ဓက
ဒဏ်သားအခွင့်ငါးပါး
ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ နေတော်မူ၏။ ထိုအခါ ပရိဝါသ်နေဆဲ ပါရိဝါသိကဒဏ်သား ရဟန်းတို့သည် ပကတတ်ရဟန်းတို့၏ ရှိခိုးခြင်းကို သာယာကုန်၏။ ခရီးဦးကြိုဆိုခြင်းကို လက်အုပ်ချီခြင်းကို အရိုအသေ ပြုခြင်းကို နေရာယူပေးခြင်းကို အိပ်ရာယူပေးခြင်းကို ခြေဆေးရေကို ခြေဆေးအင်းပျဉ်ကို ချေပွတ်အိုးခြမ်းကို သပိတ်သင်္ကန်း လှမ်းယူခြင်းကို ရေချိုးရာ၌ ကျောက်ကုန်း ချေးတွန်းခြင်းကို သာယာကုန်၏။ (ဝါ-လက်ခံကုန်၏။ မတားမြစ်ကြဟူလို) အပ္ပိစ္ဆ-ရဟန်းမြတ်တို့သည် ကဲ့ရဲ့ကုန်၏။ ဘုရားအား လျှောက်ကုန်၏။
မေးစစ်ကဲ့ရဲ့ပြီးလျှင် ချစ်သားတို့ … ပါရိဝါသိကရဟန်းတို့သည် ပကတတ်ရဟန်းတို့၏ ရှိခိုးခြင်းကို …လ... ကျောက်ကုန်း ချေးတွန်းခြင်းကို မသာယာအပ်၊ သာယာငြားအံ့ ဒုက္ကဋ်။ ချစ်သားတို့ ပါရိဝါသီက ရဟန်းတို့အား မိထုယထာဝုဍ္ဎံ - အချင်းချင်း ကြီးစဉ်အတိုင်း ရှိခိုးခြင်းကို ...လ.... ကျောက်ကုန်း ချေးတွန်း ခြင်းကို ခွင့်ပြု၏။ ချစ်သားတို့ ပါရိဝါသိက ရဟန်းတို့အား ဥပုသ်ပြုခြင်းကို ပဝါရဏာပြုခြင်းကို မိုးရေခံ သင်္ကန်း ခံယူခြင်းကို ရှေ့နေ့က စွန့်သော ဩဏောဇနဆွမ်းကို နောက်နေ့၌ ရှေးဦးစွာ ခံယူခြင်းကို သံဃာ့ဘတ် ခံယူခြင်းကို ပဉ္စယထာဝုဍ္ဎံ - ဤငါးပါးကို သီတင်းကြီးစဉ် အားဖြင့်ပြုခြင်းငှါ ခွင့်ပြု၏ (ဤ၌ မိထု-မပါ။)
(ထာ ... ပရိဝါသ်သည် အပ္ပဋိစ္ဆန္နပရိဝါသ်၊ ပဋိစ္ဆန္နပရိဝါသ်၊ သုဒ္ဓန္တပရိဝါသ်၊ သမာဓာနပရိဝါသ်-ဟု လေးမျိုးရှိ၏။ ထိုတွင် တိတ္ထိဖြစ်ဖူးသူအား ရဟန်းပြုလို၍ လေးလပရိဝါသ် ပေးခြင်းသည် အပ္ပဋိစ္ဆန္နမည်၏။ ဤခန္ဓက၌ အလိုမရှိအပ်။ သံဃာဒိသိသ်ဖုံးသူအား ကြွင်းသုံးပါး ပေးအပ်၏။ သမုစ္စယက္ခန္ဓက၌ ဆိုကုန်အံ့။ ဤ သုံးပါးကိုသာ လိုအပ်၏။ ဤသုံးမျိုး တစ်မျိုးမျိုး ကျင့်ဆဲသော ရဟန်းသည် ပါရိဝါသိက ရဟန်း မည်၏။
ပကတတ်ရဟန်း ဟူသည်ကား (မိမိအောက်) ငယ်သူ ပါရိဝါသိကမှတစ်ပါး ကြွင်းရဟန်းတို့သည် အယုတ်ဆုံး မူလာယပဋိကဿနာရဟ စသော ရဟန်းတို့သည်လည်း ပါရိဝါသိကရဟန်း၏ ပကတတ်တို့ ဖြစ်ကုန်၏။ သီတင်းငယ် ပါရိဝါသိက၏ ရှိခိုးခြင်း စသည်မှတစ်ပါး ကြွင်းရဟန်းတို့၏ ရှိခိုးခြင်း စသည်တို့ကို တားမြစ်ရသည်။
အရိုအသပြုခြင်း ဟူသည် လျော်စွာ ယပ်လေခပ်ပေးခြင်း စသော အာသိသမာစာရိက ကျင့်ဝတ်ဖြစ်၏။
နေရာကို အိပ်ရာကို ယူပေးခြင်း ဟူသည် ယူ၍ ခင်းပေးခြင်းသာတည်း။
ဆေးပြီးသော ခြေထားရာသည် ခြေဆေးအင်းပျဉ် မည်၏။
မဆေးသေးသော ခြေထားရာ သစ်သားသည် လည်းကောင်း၊ ပါဒဃံသနသည် လည်းတောင်း၊ ခြေပွတ်အိုးခြမ်း မည်၏၊
ဒုက္ကဋ်ကား သဒ္ဓိဝိဟာရိကတို့၏ ရှိခိုးခြင်း စသည်ကိုသော်လည်း သာယာအံ့ ဒုက္ကဋ် သာတည်း။
ထို့ကြောင့် ထိုတပည့်တို့ကို ငါ-ဝိနည်းကံ ပြုသည်။ ငါအား ကျင့်ဝတ် မပြုကြနှင့် ရွာဝင်မပန်ကြနှင့်-ဟု ပြောအပ်ကုန်၏။ သဒ္ဓါပဗ္ဗဇိတ ကုလပုတ္တတို့ကား ဝတ်ပြုမြဲ ပန်ကြမြဲတို့သာ ဖြစ်ကုန်အံ့။ တားမြစ်ချိန်မှ စ၍ အနာပတ္တိ။
မိထုယထာဝုဍ္ဎံ ဟူသည်ကား ပါရိဝါသိကတို့ အချင်းချင်း ကြီးသူသည် ငယ်သူ၏ ရှိခိုးခြင်း စသည်ကို သာယာခြင်းငှါ ခွင့်ပြု၏။
ပဉ္စယထာဝုဍ္ဎံ ဟူသည်ကား ပကတတ်တို့နှင့်တကွ ကြီးစဉ်အတိုင်း ခွင့်ပြု၏။
ထို့ကြောင့် ပါတိမောက် ပြသောအခါ ဟတ္ထပါသ်၌ ထိုင်ခြင်းငှါ အပ်၏။ မဟာပစ္စရိ၌ကား- အစဉ်ဖြင့် မထိုင်ဘဲ အစဉ်ကို စွန့်၍ ဟတ္ထပါသ် မလွှတ်မှု၌ ထိုင်ရသည်ဟု ဆို၏။ ပါရိသုဒ္ဓိ ပြုသောအခါ သံဃာငယ်နေရာ၌ ထိုင်၍ မိမိဝါစဉ်ဖြင့် ပါရိသုဒ္ဓိဥပုသ် ပြုအပ်၏။
(၁) ပဝါရဏာ ပြုရာ၌လည်း သံဃာငယ်နေရာ၌သာ ထိုင်လျက် မိမိအစဉ်ဖြင့် ပဝါရဏာပြုအပ်၏။
(၂) သံဃာသည် ခေါင်းလောင်းထိုး၍ ဝေဖန်သော မိုးရေခံ သင်္ကန်းကိုလည်း မိမိအားရောက်သော နေရာ၌ ယူခြင်းငှါ အပ်၏။
(၃) ဩဏောဇနဆွမ်းကား စွန့်ခြင်းကို ဆိုသည်။ ပါရိဝါသိက ရဟန်းအား ဥဒ္ဒေသဘတ် စသည်နှစ်ခု၊ သုံးခုရအံ့။ တစ်ပါးသော ပုဂ္ဂလိကဘတ်လည်း ရဖွယ်ရှိသူဖြစ်အံ့။ ထိုဥဒ္ဒေသဘတ် စသည်တို့ကို အစဉ်အားဖြင့် ယူ၍ အရှင်ဘုရား၊ ဤဆွမ်းတို့ကို အောက်ပုဂ္ဂိုလ်တို့အား ယူစေကြပါ။ ယနေ့ အကျွန်ုပ်အား ဆွမ်းရဖွယ်ရှိပါသည်။ နက်ဖြန်မှ ယူပါရစေ ဟုဆို၍ စွန့်အပ်ကုန်၏။ ဤသို့စွန့်လျှင် ထိုဘတ်တို့ကို နောက်နေ့၌ ယူခြင်းငှါရသည်။
ကုရုန္ဒီ၌ နောက်နေ့၌ ရှေးဦးစွာ ထိုရဟန်းအား ပေးအပ်၏-ဟုဆို၏။ အကယ်၍မယူအံ့ မစွန့်အံ့၊ နောက်နေ့၌မရ။ ဤ ဩဏောဇနဆွမ်းကို ပါရိဝါသိက ရဟန်းအားသာ ရည်၍ ခွင့်ပြုသည်။ အကြောင်းကား သံဃာငယ်နေရာ၌ နေရသူဖြစ်၍ ဆွမ်းစားကျောင်း၌ ယာဂုခဲဖွယ်စသည်တို့ကို ရံခါရ၏။ ရံခါမရ။ ထို့ကြောင့် ဆွမ်းဖြင့် မပင်ပန်းပါစေလင့်ဟု ချီးမြှောက်ခြင်းငှါရည်၍ ခွင့်ပြု သည်။
(၄) သံဃာ့ဘတ်ကား လာတိုင်းကြီးစဉ်ဖြင့် ယူသွားအပ်သော ကျောင်းတွင်းစရပ်၌ ထားသော သံဃာ့ဘတ် ဖြစ်၏။
(၅) ထိုဘတ်ကို ကြီးစဉ်ဖြင့်ရ၏။ သို့ရာတွင် အစဉ်ဖြင့် သွားခြင်းငှါ ရပ်ခြင်းငှါ-ကား မရ။
အစဉ်လွှတ်၍ (ပေးသူ၏) ဟတ္ထပါသ်၌ တည်လျက် လက်ဆန့်တန်း၍ စွန်သုတ်သကဲ့သို့ ယူအပ်၏။ အရံစောင့်၊ သာမဏေတို့ကို ယူခိုင်းခြင်းငှါ မရ။ အလိုလိုယူပေးလျှင် အပ်၏။ မင်း၏ ပအုပ်ကြီး တောင်းကြီး၌ ထည့်၍ လှူသောဆွမ်း၌လည်း ဤနည်းသာတည်း။
စရပ်၌ထားသော သံဃာ့ဘတ်၌ ဩဏောဇနပြုလိုလျှင် မိမိအတွက်ဆွမ်းကို မြှောက်ချီသောအခါ, ယနေ့ ဆွမ်းရှိသည်၊ နက်ဖြန်မှ ယူပါရစေ-ဟု ဆိုအပ်၏။ နောက်နေ့၌ ဆွမ်းနှစ်ဘို့ ရသည်ဟု မဟာပစ္စရီ ဆို၏။
ဥဒ္ဒေသဘတ် စသည်တို့ကိုလည်း အစဉ်မှဖဲ၍သာ ယူရသည်။
ထိုင်စေ၍ ဆွမ်းကျွေးရာ၌ကား သာမဏေတို့၏ အကြီး- ရဟန်းတို့၏ အငယ် အဖြစ်ဖြင့် ထိုင်အပ်၏။)
(ဇီဋီ … ရွာဝင် မပန်ကြနှင့်-ဟု ပြောထားလျှင် မပန်ပဲ ဝင်ခြင်းငှါ အပ်ကုန်၏။ သံဃာ၌ မိမိအား ရောက်သော နေရာ၌ (မိုးရေခံကို) ယူခြင်းငှါ အပ်၏။
စွန့်ခြင်းသည် ဩဏောဇန မည်၏။ ထို ဩဏောဇနှကို ပါရိဝါသိက ရဟန်းသည် ရောက်စေပြီး-မိမိ လက်ခံပြီးမှ နောက်နေ့ စသည်အလို့ငှါ စွန့်ခြင်းကို ပြုရသည်။ လက်မခံဘဲ စွန့်လျှင် မရ။
သာဋီ … မိမိအောက် ငယ်သူ ပါရိဝါသိကမှ တစ်ပါး မူလာယပဋိကဿန ထိုက်သူ မာနတ်ထိုက်သူ မာနတ်ကျင့်သူ အဗ္ဘာန်ထိုက်သူ အားလုံးတို့သော်လည်း ပရိဝါသ် နေသူ၏ ပကတတ်အရာ၌သာ တည်ကုန်၏။
ကျောက်စရစ်၊ အိုးခြမ်း၊ ပင်လယ်ရေမြှုပ် - ဤ သုံးခုသည် ခြေကိုပွတ်ကြောင်း ပါဒဃံသန မည်၏။
ရွာဝင် မပန်ကြနှင့်ဟု ပြောထားလျှင် မပန်ပဲ ဝင်ခြင်းငှါ အပ်ကုန်၏။ ပဝါရဏာ ပြုသောအခါ အားလုံးပြီးမှ မဟုတ်ဘဲ မိမိ၏ ဝါ-အစဉ် ရောက်ရာဖြင့် ပဝါရဏာ ပြုအပ်၏။
ရှေ့နေ့၌ မယူအံ့။ ယူသော်လည်း မစွန့်အံ့၊ ဩဏောဇန မဖြစ်။
စရပ်၌ထားသော ဘတ်ကား ဆွမ်းစားစရပ်၌ အစဉ်အတိုင်း ပေးအပ်သော ဘတ်ဖြစ်၏။
ဝိဋီ … မူလာယပဋိကဿနာဟရ-စသော ဟူသော စကားဖြင့် မာနတ်ထိုက် မာနတ်ကျင့် အဗ္ဘာန်ထိုက် -သုံးဦးတို့ကို ရေတွက်သည်။ ပရိဝါသ် နေသူ၏ ပကတတ်အစု၌ တည်သူတို့ ဖြစ်ကုန်၏။ မိမိထက် ကြီးသော ပါရိဝါသိကတို့လည်း ပကတတ်အရာ၌ တည်ကုန်၏။
ရပ်၍ ခြေဆေးရာ သစ်သား ပျဉ်ပိုင်း စသည်သည် အဓောတပါဒဌပနက မည်၏။
ကျောက်စရစ်၊ အိုးခြမ်း စသည်သည် ပါဒဃံသန မည်၏။ (ထို နှစ်ခုကို အဋ္ဌကထာ၌ ပါဒကထလိက- ခြေပွတ်အိုးခြမ်း ဟု ဆိုသည်။)
ဝတ်ပြု မြဲမျှ ဆိုသောကြောင့် သဒ္ဓိဝိဟာရိက တပည့် စသည်တို့သည်လည်း ရှိခိုးခြင်းစသည်ကို ပြုခြင်းငှါ မအပ်။ (ဤ ဝတ်စောင့်ဆဲဒဏ်သား ငါးယောက်သည် ရှိမခိုးအပ် ၂၅-တွင် ဝင်၏။ မဘွယ် ၁၃-၌မဝင်၊ ဒုက္ကဋ် ၁၂-၌ ဝင်သည်။)
ပါရိသုဒ္ဓိဥပုသ်သည် ရိုးရိုးက တစ်မျိုး၊ ပဝါရဏာနေ့၌ သံဃာ့ပဝါရဏာ အပြီး-ဝါပြတ်၊ ဝါမကပ်တို့ ပြုခြင်း တစ်မျိုး နှစ်မျိုးလုံး ဆိုင်သည်။
ဩဏောဇနကို ပကတတ်ကိုသာ မရကောင်း၊ စရပ်၌ ထားသောဘတ်ကား ဆွမ်းစားစရပ်၌ အစဉ်အတိုင်း ပေးအပ်သော ဘတ်ဖြစ်၏။
ဟတ္ထပါသ်ကား အကပ်မြောက်သော နေရာတည်း။
ကြီးစွာသောထမင်း တောင်း စသောခွက်သည် မဟာပေဠ-ပအုပ်ကြီး မည်၏။)
ပါရိဝါသိက ကျင့်ဝတ် ၉၄
ချစ်သားတို့ … ထိုသို့ ဖြစ်လျှင် ပါရိဝါသိက ရဟန်းတို့၏ ကျင့်ဝတ်ကို ပညတ်အံ့။
ချစ်သားတို့ ... ပါရိဝါသိက ရဟန်းသည် ကောင်းစွာ ကျင့်အပ်၏။
ကျင့်ဝတ်ကား -
ဥပဇ္ဈာယ်ပြု၍ ရဟန်း ပြုမပေးအပ်။
နိဿရည်း မပေးအပ်။
သာမဏေ အလုပ်အကျွေး မခံအပ်။
ဘိက္ခုနောဝါဒက သမ္မုတိ မယူအပ်။
သမ္မုတိရသော်လည်း ဘိက္ခုနီတို့ကို မဆုံးမအပ်(၅)။
ယခုပရိဝါသ်ပေးကြောင်း အာပတ်သို့ မရောက်စေအပ်။
ထိုအသားတူ အာပတ်တစ်ပါးသို့လည်း မရောက်စေအပ်။
ထိုထက်လွန်သော အာပတ်သို့လည်း မရောက်စေအပ်။
ကံကို မကဲ့ရဲ့အပ်။
ကံပြုသောရဟန်းတို့ကို မကဲ့ရဲ့အပ်(၅)။
ပကတတ်ရဟန်းအား ဥပုသ် မထားအပ်။
ပဝါရဏာ မထားအပ်။
ဆိုဘွယ်ရှိသည်ဟု မပြုအပ်။
အကြီးအကဲအရာကို မယူအပ်။
စောဒနာခြင်းငှါ ခွင့်မတောင်းရ။
မစောဒနာအပ်။
မအောက်မေ့စေအပ်။
ရဟန်းတို့နှင့် မယှဉ်စေအပ် (၈)။ ဤ၌ ၁၈-ပါး။
(ထာ … ပရိဝါသ်တည်နေဆဲ ဒဏ်သားသည် ဥပဇ္ဈာယ်မပြုရ။ ဝတ်ကိုချ၍ ဥပဇ္ဈာယ်ပြု၍ ရဟန်းပြုပေးလျှင် အပ်၏။ နိဿရည်း အသစ်မပေးအပ်။ ယူပြီးသော တပည့်ဟောင်း တို့ကို-ငါ ဝိနည်းကံပြုသည်။ ဤမည်သော မထေရ်ထံ နိဿယည်းယူကြ။ ငါ့အား ကျင့်ဝတ်မပြုကြနှင့်၊ ရွာဝင် မပန်ကြနှင့်ဟု ပြောအပ်ကုန်၏။ ပြောသော်လည်း ပြုမြဲပြုကုန်အံ့။ တားမြစ်ချိန်မှစ၍ ပြုသော်လည်း အနာပတ္တိ။
တစ်ပါးသော သာမဏေကို တပည့် အဖြစ်ဖြင့် မယူအပ်။ ဥပဇ္ဈာယ်ပေးပြီး ယူသော သာမဏေတို့ကိုလည်း ရှေးအတူ တားမြစ်အပ်ကုန်၏။ တားလျက်ပြုလျှင်လည်း အနာပတ္တိ။ ဘိက္ခုနောဝါဒကသမ္မုတိကို အကြီးအကဲ ဌာန ဖြစ်သောကြောင့် ပယ်သည်။
ထို့ကြောင့် ရဟန်းသံဃာအား ပြောအပ်၏။ စွမ်းနိုင်သောရဟန်း အားသော်လည်း တာဝန်လွှဲအပ်၏။ ဘိက္ခုနီတို့ ရောက်လာလျှင် ထိုအကြောင်း ပြောအပ်၏။ သုက္ကဝိဿဋ္ဌိကြောင့် ပရိဝါသ်ပေးလျှင် သုက္ကဝိဿဋ္ဌိသို့ မရောက် စေအပ်၊ အလားတူ ကာယသံသဂ္ဂ စသည်သို့လည်း မရောက်စေအပ်၊ ထိုထက်လွန်သော ပါရာဇီကသို့လည်း မရောက်စေအပ်။
ဒုဗ္ဘာသီအာပတ်၊ ဒုဗ္ဘာသီဝတ္ထုသည် ပါပိဋ္ဌ၊ ဒုက္ကဋ်အာပတ်၊ ဒုက္ကဋ်ဝတ္ထုသည် ပါပိဋ္ဌတရ ....လ…. သံဃာဒိသိသ် သည် ပါပိဋ္ဌ၊ ပါရာဇိကသည် ပါပိဋ္ဌတရ။ တစ်နည်း ပဏ္ဏတ္တိဝဇ္ဇသည် ပါပိဋ္ဌ၊ လောကဝဇ္ဇသည် ပါပိဋ္ဌတရ။ ကံကား ပရိဝါသ ကမ္မဝါစာတည်း။ (ကမ္မဘူတာ+ ဝါစာ- ဟူလို။)
ထိုကံကို မပြုသင့်ဘဲပြုသည်။ လယ်ထွန်ကံ၊ နွားကျောင်းကံ စသည်ဖြင့် မကဲ့ရဲ့အပ်။ ကံပြုသောရဟန်းတို့ကို ဗာလ၊ အဗျတ္တစသည်ဖြင့် မကဲ့ရဲ့အပ်။ အရှင်ကို ဤဝတ္ထုဖြင့် ဆိုဖွယ်ရှိသည်။ တစ်ခြား မသွားပါလင့်ဟု ပလိဗောဓ အကျိုးငှါ လည်းကောင်း အရှင်အား ဆိုဖွယ်ရှိသည်။ ဝိနည်းဓိုရ်ထံ သွားမည်ဟု ပတ္တောသန အကျိုးငှါလည်းကောင်း မပြုအပ်။
ကျောင်း၌ အကြီးအကဲကား ပါတိမောက်ပြသူ တရားဟောတိုက်တွန်းသူ၊ တေရသသမ္မုတိတို့တွင် တစ်ခုခုရသူ ဖြစ်၏။ ထိုအစွမ်းဖြင့် အစိုးတရ အမှု မပြုအပ်။ အကျွန်ုပ်အား အခွင့်ပြုပါ၊ စကားဆိုလိုပါသည်ဟု ပကကတ်အား ခွင့်မတောင်းရ။ ဝတ္ထုဖြင့်၎င်း၊ အာပတ်ဖြင့်၎င်း မစောဒနာအပ်၊ ဤကားရှေး၌ သင့်အပြစ်ဟု မအောက်မေ့စေအပ်။ ရဟန်းချင်းချင်း ယှဉ်စေ၍ ငြင်းခုံခြင်းကို မပြုစေအပ်။)
(သာဋီ .... တစ်ပါးသော သာမဏေကို ဥပဇ္ဈာယ်အဖြစ်ဖြင့် မယူအပ်။ သမ္မုတိရသူ စေခိုင်းလျှင် ဘိက္ခုနီတို့အား ဩဝါဒပြုအပ်သလော ဟု မေးဖွယ်ရှိသောကြောင့် “စွမ်းနိုင်သော ရဟန်းအားသော်လည်း တာဝန်လွှဲအပ်၏” ဟု ဆိုသည်။
သဝစနိယ-ဆိုဖွယ်ရှိသည် ဟူသည် သဒေါသ - အပြစ်ရှိသည်ပင်တည်း။
အနုဝါဒေါ၊ ဇေဋ္ဌကဋ္ဌာနံ - အနက်တူ၏။
ဝိဋီ ... သဉ္စရိတ္တ စသော ပဏ္ဏတ္တိဝဇ္ဇထက် သုက္ကဝိဿဋ္ဌိစသော လောကဝဇ္ဇတို့သာ ပါပိဋ္ဌတရ၊ လောကဝဇ္ဇ တို့တွင်လည်း သံဃဘေဒက စသည်တို့သည် ပါပိဋ္ဌတရသာတည်း။
ကမ္မဝါစာဟုဆိုသော်လည်း ကမ္မဝါစာ သဒ္ဒါ၏အနက်ကိုလည်း မကဲ့ရဲ့အပ်။
သဝစနီယ၌ သဒေါသ အနက်ကို ဆိုသည်။ မိမိစကားကြောင့် ဖြစ်သော ကမ္မ-ဟု သိအပ်၏။
ဝိနည်းဓိုရ်ထံ သွားမည်ဟု ခေါ်ခြင်း စသည်တို့၌ မိမိအာဏာဖြင့် ဖြစ်သော ကမ္မကို မပြုအပ်ဟူလို။ ဤသို့ တစ်စုံတစ်ယောက်က “သဝစနီယရှိသည်”ဟု ဆိုလျှင် အနာဒယအားဖြင့် လွန်သွားခြင်းငှါ မအပ်။ ဘုရား အာဏာ၊ သံဃာ့အာဏာကို လွန်ဆန်သူမည်၏။)
ချစ်သားတို့ ... ပါရိဝါသိကရဟန်းသည် ပကတတ်ရဟန်း၏ ရှေ့၌ မသွားအပ် ရှေ့၌မထိုင်အပ်။ သံဃိက နေရာစွန် အိပ်ရာစွန် ကျောင်းစွန်ကို ပေးအပ်၏။ ထိုရဟန်းသည်လည်း ပေးသည်ကို သာယာအပ်၏။ ဤ၌ သုံးပါး။
(ထာ .... သံဃာ့ထေရ် အဖြစ်ဖြင့် ရှေ့၌ မသွားအပ်။ ၁၂-တောင် ဥပစာရကိုလွတ်၍ တစ်ပါးတည်း သွားအပ်၏။ ထိုင်ရာ၌လည်း ဤနည်းတည်း။
နေရာစွန်ကား ဆွမ်းကျောင်းစသည်၌ သံဃာငယ်တို့၏ နေရာ ဖြစ်၏။ ထိုနေရာကို ပေးအပ်၏။ ထို၌ နေထိုင်အပ်၏။
အိပ်ရာစွန်ကား အညံ့ဆုံး ညောင်စောင်း အင်းပျဉ်တည်း။ ဤဒဏ်သားသည် ဝါစဉ်ဖြင့် မိမိအား ရောက်သော နေရာ၌ အိပ်ရာကိုမယူရ။ ရဟန်းအားလုံး ရွေးချယ်၍ ယူကြွင်းဖြစ်သော ကြမ်းပိုးချေးများသော ကြိမ်၊ နွယ် စသည့်ဖြင့် ပြုသော အိပ်ရာညံ့ကိုသာ ပေးအပ်၏။
ကျောင်းစွန်ကား အိပ်ရာစွန်ကဲ့သို့ အညံ့ဆုံးတည်း။ ဝါစဉ်ဖြင့် မယူအပ်။ ရဟန်းအားလုံး ရွေးချယ်၍ ယူကြွင်းဖြစ်သော မြူဖုံများသော ကြွက် လင်းနို့ ပြွမ်းသော သစ်ရွက်မိုးကျောင်းကို ပေးအပ်၏။ အကယ်၍ ပကတတ်တို့သည် ဓုတင်ဆောင်၍ အမိုးတွင်း မဝင်ကုန်အံ့။ စွန့်အပ်သော အာဝါသမည်၏။ လိုရာကျောင်း ယူအပ်၏။ ဝါဆိုနေ့၌ ပစ္စည်းဝေဖန်လျှင် နံပါးတစ်ခု၌ ရပ်၍ ဝါစဉ်ဖြင့် ယူခြင်းငှါ အပ်၏။ သေနာသနကိုကား မယူအပ်။ အမြဲနေစရာ ဝါဆိုကျောင်းကို ယူလိုလျှင်ဝန်ချ၍ ယူအပ်၏။ ထိုဒဏ်သားအား ရဟန်းတို့ပေးသော နေရာစွန်စသည်ကို သာယာအပ်၏။)
(ဋီတို့ ... ဝါဆိုနေ့ ဝေဖန်သောပစ္စည်းကား ဝဿာဝါသိကစီဝရ လာဘ် ဖြစ်၏။
နံပါးတစ်ခု၌ ရပ်၍ဟူသည် အစဉ်ကိုစွန့်၍ ရဟန်းတို့၏ နောက်၌ တည်၍ဟူလို။ နေရာစွန်ကို ယူထိုက်သူဖြစ် သာကြောင့် ဝါစဉ်ဖြင့် သေနာသနကို မယူအပ်၊)
ချစ်သားတို့ ... ပါရိဝါသိကရဟန်းသည် ပကတတ်ရဟန်းကို ရှေ့သွား နောက်လိုက်ပြု၍ ဒါ့ယကာတို့ထံ မသွားအပ်။ အရညကင်ဓုတင် မဆောက်တည်အပ်။ ပိဏ္ဍပါတ်ဓုတင် မဆောက်တည်အပ်၊ ထို အကြောင်း ကြောင့် ငါ့ကိုမသိကြပါစေလင့်ဟု ဆွမ်းကိုမယူဆောင်စေအပ်၊ ဤ၌ လေးပါး။
(ထာ ... ဉာတိပဝါရိတ ဒါယကာတို့က သံဃာ့အများ ပင့်ဖိတ်လျှင် လာကြ သွားကြစို့-ဟု ရှေ့သွား နောက်လိုက် စီမံ၍မသွားအပ်၊ အရှင်တို့၊ လူတို့သည် ရဟန်းတို့၏ ကြွလာခြင်းကို အလိုရှိကုန်၏။ ထိုလူတို့အား ချီးမြှောက်ကြလျှင် ကောင်းလေစွ-ဟု ပရိယာယ်ဖြင့် ဆိုရသည်။ လာတိုင်းသော ရဟန်းတို့အား ဝတ်ကြားခြင်းငှါ ရှက်၍ အရညကင်ဓုတင် မဆောက်တည်အပ်။ ပကတိဓုတင် ဆောက်တည်သူ ဖြစ်သော်လည်း အဖော် ရဟန်းကိုခေါ်၍ တော၌ အရုဏ်တက်စေအပ်၏။ တစ်ပါးတည်း မနေအပ်။
ဆွမ်းစားကျောင်း စသည်၌ နေရာစွန် နေရခြင်းဖြင့် ရှက်၍ ပိဏ္ဍပါတ် မဆောက်တည်အပ်။ ပကတိပိဏ္ဍပါတ်ဆောင် ဖြစ်မူကား တားမြစ်ခြင်း မရှိ။
“ကျောင်း၌သာ နေ၍ စား၍ ညဥ့်တို့ကိုရေတွက်ရမည်။ သွားလျှင် ရဟန်းကိုမြင်၍ ဝတ်မကြားအံ့ ညဥ့်ပြတ်ရာ၏” ဟူသော အကြောင်းဖြင့် ဆွမ်းကို မယူဆောင်စေအပ်။ ငါ့ကို ရဟန်းတစ်ပါးမျှ မသိစေသတည်း ဟူသောအလိုဖြင့် ကျောင်း၌ သာမဏေတို့ကို ချက်ခိုင်း၍လည်း မစားရ၊ ရွာသို့ ဆွမ်းခံ ဝင်အပ်သည်သာတည်း။
ဂိလာနကိစ္စ ဆရာကိစ္စ စသည်ဖြင့် ကိစ္စများသူအား ကျောင်း၌သာ နေခြင်းငှါအပ်၏။ ရွာ၌ ရဟန်း များစွာ လှည့်လည်၍ မတတ်နိုင်လျှင် ရွာငယ်သို့သွား၍ သဘာဂဋ္ဌာနလဇ္ဇီ နေရာ၌နေခြင်းငှါ အပ်၏။)
ညဥ့်ပြတ်ကြောင်း ကျင့်ဝတ်ထူး
ချစ်သားတို့ ... ပါရိဝါသိက ရဟန်းသည် အာဂန္တု ဖြစ်လျှင် ကြားအပ်၏။ အာဂန္တုအား ကြားအပ်၏။ ဥပုသ်နေ့၌ ကြားအပ်၏။ ပဝါရဏာနေ့၌ ကြားအပ်၏။ ဂီလာနဖြစ်လျှင် တမန်စေ၍ ကြားစေအပ်၏။ ဤ၌ ဝါးပါး။
[ထာ … အာဂန္တု ဖြစ်လျှင် ဟူသည် ကျောင်းတစ်ပါးသို့ သွားသော အခါတို့၌ ရဟန်းတို့အား ကြားအပ်၏၊ တစ်နေရာတည်း ရဟန်းအားလုံးစုံလျှင် တစ်နေရာတည်း။ ထိုထိုနေရာ၌ အသီးသီးနေလျှင် အသီးသီး သွား၍ ကြားအပ်၏။ စေတနာနှင့်တကွ မကြားလျှင် ရတ္တိစ္ဆေဒ-ညဥ့် ပြတ်၏။ ဝတ္တဘေဒ ဒုက္ကဋ်လည်း သင့်၏။ ရှာဖွေ၍ အချို့မမြင်လျှင် ရတ္တိစ္ဆေဒသာ ဖြစ်သည်၊ ဝတ္တဘေဒ ဒုက္ကဋ်မသင့်။
အာဂန္တုအား ဟူသည် မိမိနေရာကျောင်းသို့ ရောက်လာသော တစ်ပါးအား လည်းကောင်း၊ အများအား လည်းကောင်း ဆိုပြီးသောနည်းဖြင့် တစ်ကြိမ်တည်း။ ဝါ-အကြိမ်ကြိမ် ကြားအပ်၏။ ရတ္တိစ္ဆေဒ၊ ဝတ္တဘေဒ ဒုက္ကဋ်လည်း ယခင်နည်းတည်း။
အာဂန္တုတို့သည် ခေတ္တ အပန်းဖြေ၍ လည်းကောင်း၊ မဖြေမူ၍ လည်းကောင်း ကျောင်းအလယ် ဖြတ်သွားကုန်အံ့၊ ကြားအပ်သည်သာတည်း၊ သွားပြီးမှ သိအံ့။ လိုက်သွား၍ ကြားအပ်၏။ မမှီလျှင် ရတ္တိစ္ဆေဒသာ ဖြစ်သည်။ ဝတ္တဗေဒ ဒုက္ကဋ် မဖြစ်၊
ကျောင်းအလယ်သို့ မဝင်ဘဲ ဥပစာရသိမ် ကျောင်းဝိုင်းတွင်းသို့ဝင်၍ သွားကုန်အံ့။ ထိုအာဂန္တုတို့၏ ဆတ္တသဒ္ဒ-ထီးသံ၊ ဥက္ကာသိတသဒ္ဒ-ချောင်းဟန့်သံ၊ ခိပိတသဒ္ဒ-ချေဆတ်သံတို့ကို ကြားရ၍ အာဂန္တုဟု သိအံ့၊ လိုက်သွား၍ ကြားအပ်၏။ သွားပြီးမှ သိလျှင်လည်း လိုက်သွား၍ ကြားအပ်၏။ မမှီလျှင် ရတ္တိစ္ဆေဒသာ။ ဝတ္တဘေဒ ဒုက္ကဋ်မဖြစ်။
ညဥ့်အခါ ဝင်လာ၍ ညဥ့်အခါ ထွက်သွားသော အာဂန္တု သည်လည်း ရတ္တိစ္ဆေဒကိုပြုသည်။ ဝတ္တဘေဒ ဒုက္ကဋ် ကား မသိလျှင် မဖြစ်။ (ကျောင်းလယ် ဖြတ်သွားခြင်း၊ ထီးသံကြားခြင်း၊ ညဥ့်တွင်း ဝင်ထွက်ခြင်း- ဤ စကားသုံးရပ်ကို ဥပစာရတွင်း မရောက်သူစွမ်းဖြင့် ဆိုသည်မဟုတ်။)
မသိဘဲ အဗ္ဘာန်သွင်းလျှင် အဗ္ဘာန် မမြောက်ဟု ကုရုန္ဒီဆိုသည်။ ထို့ကြောင့် ညဥ့်အဖို့တို့ကို ကျင့်၍ အဗ္ဘာန် သွင်းအပ်၏။ ဤသို့ကျင့်ခြင်းသည် အပဏ္ဏကပဋိပဒါ - မချွတ်ယွင်းသော အကျင့်တည်း။
မြစ်စသည်တို့၌ လှေစီးသွားသောရဟန်း၊ ထိုမှာဘက်ကမ်း၌ တည်သောရဟန်း၊ ကောင်းကင်သွားရဟန်း၊ တောင်ထိပ် တောအုပ် စသော အဝေး၌တည်သော ရဟန်းတို့ကိုလည်း မြင်၍ ဘိက္ခုဟု မှတ်သားနိုင်အံ့။ လှေစသည်ဖြင့် သွား၍လည်းကောင်း၊ အသံကျယ်စွာပြု၍ လည်းဆောင်း၊ အမြန်လိုက်သွား၍လည်းကောင်း ကြားအပ်၏။ မကြား လျှင် ရတ္တိစ္ဆေဒ၊ ဝတ္တဘေဒဒုက္ကဋ် ဖြစ်၏။ အားထုတ်သော်လည်း မှီခြင်းငှါ၊ အသံကြားနာ စေခြင်းငှါ မတတ်နိုင်အံ့၊ ရတ္တိစ္ဆေဒသာ၊ ဝတ္တဘေဒ ဒုက္ကဋ်မဖြစ်။
သံဃသေနာဘယ မထေရ်ကား ဝိသယ၌ မကြားအံ့။ ရတ္တိစ္ဆေဒ၊ ဝတ္တဘေဒဒုက္ကဋ်။ အဝိသယ၌ နှစ်ပါးလုံး မရှိဟု ဝိသယ၊ အဝိသယဖြင့် ဆိုသည်။ ကရဝိကတိဿ မထေရ်ကား ရဟန်းဟု မှတ်သားနိုင်ခြင်းသာ ပမာဏ ဖြစ်သည်။ အဝိသယ၌ ဝတ္တဘေဒသာ မဖြစ်။ ရတ္တိစ္ဆေဒကား ဖြစ်သည်သာဟု ဆို၏။
ဥပုသ်နေ့၌ ဟူသည် ဥပုသ်ပြုရန် အာဂန္တုတို့ ရောက်လာတတ်ကြကုန်၏၊ ကောင်းကင်သွား ရဟန်းတို့ သော်လည်း သက်ဆင်း၍ ဥပုသ်ပြုတတ်ကုန်၏။ ထို့ကြောင့် အာဂန္တုက သုတ်သင်ခြင်းငှါ ဥပုသ်နေ့၌ ကြားအပ်၏၊ ပဝါရဏာနေ့၌လည်း ဤနည်းတည်း။
ဂိလာန ဖြစ်လျှင်ဟူသည် မသွားနိုင်သူ ဖြစ်၏။ အနုပသမ္ပန္နကို တမန်စေခြင်းငှါ မအပ်။ ဘိက္ခုကို စေလွှတ်၍ ကြားစေအပ်၏။
(သာဋီ ... အာဂန္တုဖြစ်လျှင်ကား အာဂန္တုအားကြား-ဟု အထူးမရှိ ဟောသောကြောင့် ပါရိဝါသိက ရဟန်း နှစ်ဦးတို့သည် ရောက်ရာ၌ အချင်းချင်းမြင်လျှင် နှစ်ဦးလုံး အချင်းချင်း ကြားအပ်၏။ ပြင်ပ၌မြင်၍ ကြားအပ်ပြီးသော ရဟန်းအား ကျောင်းသို့ရောက်လာလျှင် တစ်ဖန် ကြားဖွယ်မရှိဟု ဆိုကုန်၏။
ဝိဋီ .... အဝိရဒ္ဓပဋိပဒါသည် အပဏ္ဏက ပဋိပဒါမည်၏။
အားထုတ်သော်လည်း ဟူသည်၌ အဝိသယဟုသိ၍ အားမထုတ်သော်လည်း ပတ္တဘေဒ ဒုက္ကဋ်မဖြစ်ဟု ရေတွက်အပ်၏။)
ချစ်သားတို့ ပါရိဝါသိက ရဟန်းသည် ပကတတ်ကင်းလျက် အန္တရာယ်ကင်းလျက် ရဟန်းရှိသော အာဝါသမှ ရဟန်းမရှိသော အာဝါသသို့ မသွားအပ်၊ ရဟန်းမရှိသော အာဝါသသို့၊ အနာဝါသသို့၊ အာဝါသအနာဝါသသို့ (၆)။ ရဟန်းရှိသော အာဝါသအနာဝါသမှ ရဟန်းမရှိသော အာဝါသသို့၊ အနာဝါသသို့၊ အာဝါသအနာဝါသသို့ မသွားအပ် (၉)။
ချစ်သားတို့ ... ပါရိဝါသိကရဟန်းသည် ပကတတ်ကင်းလျက် အန္တရာယ်ကင်းလျက် ရဟန်းရှိသော အာဝါသမှ နာနာသံဝါသက ရဟန်းရှိသော အာဝါသသို့ မသွားအပ် (၉)။
ချစ်သားတို့ ... ပါရိဝါသိကရဟန်းသည် နေ့ချင်းရောက်နိုင်၏ဟု သိလျှင် ရဟန်းရှိသော အာဝါသမှ သမာနသံဝါသက ရဟန်းရှိသော အာဝါသသို့ သွားအပ်၏ (၉)။
ဤ၌ မသွားအပ် ၃၈ + သွားအပ် ၉ - ပေါင်း ၂၇-ပါး။
(ထာ ... ရဟန်းမရှိသော အဝါသဟူသည် သုညဝိဟာရ ဖြစ်၏။ ရဟန်းတစ်ပါးမျှ မရှိ၊ ထိုကျောင်း၌ နေခြင်းငှါ မသွားအပ်။ ထိုကျောင်း၌နေသမျှ ညဥ့်တို့ကို မရေတွက်ရ၊ ပကတတ်နှင့်အတူ နေလျှင် အပ်၏။ အန္တရာယ် ဆယ်ပါး ရှိသောအခါကား ညဥ့်မရေတွက်ရသော်လည်း အန္တရာယ်လွတ်အောင် သွားအပ်၏။
နာနာသံဝါသက ရဟန်းနှင့် ဝိနည်းကံ မပြုအပ်၊ နာနာသံဝါသကတို့အား ဝတ်မကြားခြင်းကြောင့်လည်း ရတ္တိစ္ဆေဒမဖြစ်။ အဘိက္ခုက အာဝါသ စသည်နှင့် တူသည်သာတည်း။
(အကြွင်းကို ဥပါသထက္ခန္ဓက၌ ဆိုပြီးပြီ။ ပြန်၍ကြည့်အပ်၏။))
ချစ်သားတို့ ... ပါရိဝါသိကရဟန်းသည် ပထတတ်နှင့်အတူ တစ်မိုးတည်းသော အာဝါသ၌ မနေအပ်၊ တစ်မိုးတည်းသော အနာဝါသ၌ မနေအပ်။ တစ်မိုးတည်းသော အာဝါသအနာဝါသ၌ မနေအပ်(၃)။
ပကတတ်ရဟန်းကို မြင်လျှင် နေရာမှ ထအပ်၏။ ပကတတ်ကို နေရာဖြင့် ဖိတ်အပ်၏။ (၁)
ပကတတ်နှင့်အတူ တစ်နေရာတည်း မထိုင်အပ်၊ နိမ့်ရာ၌ထိုင်လျှင် မြင့်ရာ၌မထိုင်အပ်၊ မြေ၌ထိုင်လျှင် နေရာ၌ မထိုင်အပ် (၃)။
စင်္ကြံတစ်ခု၌ အတူမသွားအပ်။ နိမ့်သောစင်္ကြံ၌ သွားလျှင် မြင့်သောစင်္ကြံ၌ မသွားအပ်။ မြေ၌သွားလျှင် စင်္ကြံ၌ မသွား အပ် (၃)။ ဤ၌ဆယ်ပါး။
(သာဋီ … ပထမပါရာဇိက ပထမပညတ္တိကထာ၌ ... နဥပသမ္ပာဒေတဗ္ဗံ မှစ၍ န ဆမာ ယံ စင်္ကမန္တေ အထိ ၆၆-ဟုဆိုသည်။ ၆၇-ရသည်။)
(ထာ … အာဝါသဟူသည် နေစရာပြုသော သေနာသနဖြစ်၏။
အနာဝါသဟူသည် စေတီအိမ် ဗောဓိအိမ် တံမြက်စင် ထင်းစင် ရေအိုးစင် ဝစ္စကုဋီ တံခါးအုံ-စသည်ဖြစ်၏။
ဤနေရာတို့၌ တစ်မိုးတည်း ဖြစ်လျှင် တံစက်မြိတ်ရေ ကျရာအတွင်း၌ ဥက္ခိတ္တက မနေရ။ ပါရိဝါသိကကား အာဝါသအတွင်း၌သာ မနေရ မဟာပစ္စရီဆိုသည်။ မဟာ ဋ္ဌကထာ၌ (ဥက္ခိတ္တက၊ ပါရိဝါသိက) အထူးမရှိ ရေကျရာဖြင့် ထားအပ်၏ဟု ဆိုသည်။ ကုရုန္နီ၌ ဤနေရာတို့၌ အမိုးငါးမျိုး အတွင်း ပါရိဝါရိကကို လည်းကောင်း၊ ဥက္ခိတ္တကကိုလည်းကောင်း၊ ပကတတ်နှင့်အတူ ရေကျရာဖြင့် ထားအပ်၏ဟု ဆိုသည်။ ထို့ကြောင့် နာနူပစာရ၌လည်း တစ်မိုးတည်းဖြစ်လျှင် မအပ်၊ ရဟန်းဖြစ်စ ရဟန်းငယ် ပကတတ် အိပ်နေစဉ် ဝါ ၆၀-ရှိသော ပါရိဝါသိတသည် နောက်မှဝင်၍ သိလျက် အိပ်အံ့။ ရတ္တိစ္ဆေဒ၊ ဝတ္တဘေဒ ဒုက္ကဋ်။ မသိလျှင် ရတ္တိစ္ဆေဒသာ။ မိမိအိပ်နေစဉ် ပကတတ်ဝင်အိပ်အံ့ ပါရိဝါသိက သိလျှင် ရတ္တိစ္ဆေဒ၊ ဝတ္တဘေဒ ဒုက္ကဋ်။ မသိလျှင် ရတ္တိစ္ဆေဒသာ။
ထအပ်၏၊ ဖိတ်အပ်၏ ဟူသည်ကား ရဟန်းဖြစ်စကိုသော်လည်း မြင်လျှင် ထအပ်သည်သာတည်း။ ထ၍လည်း ငါ့ကိုနှိပ်စက်သည်ဟု မျက်နှာလွှဲ၍ မသွားအပ်။ အာစရိယ-ဆရာ၊ နေရာရှိပါသည် ထိုင်ပါဟု ဖိတ်အပ်သည်သာတည်း။ ရဟန်းငယ်သည်လည်း နှောက်ယှက်မည်ဟု ပါရိဝါသိက မထေရ်ကြီးထံ မသွားအပ်။
တစ်နေရာတည်း ဟူသည် သမာနဝဿိကာသန - နှစ်ဝါကြီး နှစ်ဝါငယ်တို့ အတူနေရာ ညောင်စောင်း အင်းပျဉ်ဖြစ်၏။ ပကတတ် မြေ၌ ထိုင်လျှင် မြက်အခင်း။ မြင့်သောသဲပုံ တို့၌ မထိုင်အပ်၊ ၁၂ တောင် ဥပစာ လွှတ်၍ ထိုင်လျှင် အပ်၏၊ စင်္ကြံတစ်ခု၌ အဖော်ကဲ့သို့ အတူသွားအပ်။ မပြုမပြင်သော မြေစင်္ကြံ၌ သွားလျှင် သဲဖြူးခြင်း စသည်ဖြင့် ပြုပြင်သောစင်္ကြံ၌ နိမ့်သော်လည်း မသွားအပ်၊ ပြုပြင်သော်လည်း တော, တောင် ချုံ အတွင်း ဖုံးကွယ်လျှင် သွားကောင်း၏။ မဖုံးကွယ်သော်လည်း ၁၂-တောင် ဥပစာလွှတ်၍ သွားကောင်း၏။)
(ဝိဋီ ... သမာနဝဿိက-မဉ္ဇ၊ ပိဋ္ဌသာ မဟုတ်။ တဋ္ဋိကာ- တံပိုင် ကဲလား၊ စမ္မက္ခဏ္ဍ-သားရေပိုင်း စသော ဒီဃာသနတို့၌လည်း ထိုင်ခြင်းငှါ မအပ်ဟု ဝါသဒ္ဒါပြသည်။ ဤဝါသဒ္ဒါသည် သမုစ္စယ အနက်ရှိ၏)
ချစ်သားတို့ … ပါရိဝါသိက ရဟန်းသည် ပါရိဝါသိက သီတင်းကြီးနှင့်အတူ မူလာယပဋိကဿနာရဟနှင့်အတူ .... မာနတ္တာရဟနှင့်အတူ ... မာနတ္တစာရိကနှင့် အတူ .... အဗ္ဘာနာရဟနှင့်အတူ တစ်မိုးတည်းသော အာဝါသ၌ အနာဝါသ၌ အာဝါသ အနာဝါသ၌ မနေအပ် (၅ X ၃)။
တစ်နေရာတည်း၌ နိမ့်ရာ၌ထိုင်လျှင် မြင့်ရာ၌ မြေ၌ထိုင်လျှင် နေရာ မထိုင်အပ် (၅ X ၃)၊
တစ်စင်္ကြံတည်း၌ နိမ့်သောစင်္ကြံသွားလျှင် မြင့်သောစင်္ကြံ၌။ မြေ၌သွားလျှင် စင်္ကြံ၌ မသွားအပ် (၅ X ၃)။
ဤ၌ ငါး ကိုးလီ ၄၅-ပါး။
(ထာ … ပါရိဝါသိက သီတင်းကြီး အိပ်နေစဉ် ပါရိဝါသိက သီတင်းငယ်သည် သိလျက်နောက်မှ ဝင်အိပ်အံ့ ရတ္တိစ္ဆေဒ၊ ဝတ္တဘေဒ ဒုက္ကဋ်။ သီတင်းကြီးအား ရတ္တိစ္ဆေဒသာ။ မသိဘဲအိပ်လျှင် နှစ်ယောက်လုံး ရတ္တိစ္ဆေဒသာ။ သီတင်းငယ်အိပ်နေစဉ် သီတင်းကြီး ဝင်အိပ်အံ့။ - သီတင်းငယ် သိလျှင် ရတ္တိစ္ဆေဒ၊ ဝတ္တဘေဒ ဒုက္ကဋ်။ သီတင်းကြီးအား ရတ္တိစ္ဆေဒသာ။ မသိလျှင် နှစ်ယောက်လုံး ရတ္တိစ္ဆေဒသာ။ ပြိုင်တူအိပ်ကြလျှင် သီတင်းကြီးအား ရတ္တိစ္ဆေဒသာ။ သီတင်းငယ်အား ဝတ္တဘေဒလည်း ဖြစ်သည်ဟု ကုရုန္ဒီဆို၏။
ဝါတူဖြစ်အံ့။ သိလျှင် နောက်အိပ်သူ ရတ္တိစ္ဆေဒ၊ ဝတ္တဘေဒဒုက္ကဋ်၊ ရှေးအိပ်သူ ရတ္တိစ္ဆေဒသာ နောက်အိပ်သူ မသိလျှင် နှစ်ယောက်လုံး ရတ္တိစ္ဆေဒသာ။ ပြိုင်တူ အိပ်လျှင်လည်း နှစ်ယောက်လုံး ရတ္တိစ္ဆေဒသာ။ အကယ်၍
ပါရိဝါသိကနှစ်ဦး အတူ အိပ်ကြလျှင် အချင်းချင်း အပြစ်သိ၍ ရိုသေခြင်းကင်းသူတို့ နှလုံးမသာယာသူတို့ ဖြစ်ကြ၍ ပါပိဋတရ အာပတ်သို့သော်လည်း ရောက်ကုန်ရာ၏။ လူမူလည်းထွက်ကုန်ရာ၏။ ထို့ကြောင့် ထိုသူတို့၏ တတွ အိပ်ခြင်းကို ခပ်သိမ်းသော အခြင်းရာဖြင့် ပယ်တော်မူသည်။ မူလာယပဋိကဿနာရဟ စသည်တို့သည် (ကြီးကြီးငယ်ငယ်) ပါရိဝါသိကတို့၏ ပကတတ်အရာ၌ တည်သူတို့ဖြစ်ကုန်၏။)
(ဝိဋီ ... သီတင်းကြီးအား သိသော်လည်း ဝတ္တဘေဒဒုက္ကဋ် မရှိ)။
ဂဏပူရဏ မဖြစ်သောကံ
ချစ်သားတို့ ... ပါရိဝါသိက စတုတ္ထ ဖြစ်သော သံဃာသည် ပါရိဝါသ်ပေးအံ့။ အရင်းသို့ဝင်အံ့။ မာနတ်ပေးအံ့။ တံဝီသ (ထိုသူနှင့် ၂၀) ဖြစ်သော သံဃာသည် အဗ္ဘာန်သွင်းအံ့၊ ကံမမြောက်၊ မပြုအပ် (၄)။ ဤ၌လေးပါး။
စတုနဝုတိပါရိဝါသိကဝတ်ပြီး၏။
(ထာ ... ပါရိဝါသိကရဟန်းကို စတုတ္ထပြု၍ သူတစ်ပါးအား ပရိဝါသ်ပေးခြင်း စသည်ကို ပြုခြင်းငှါ မအပ်။ ဤကံတို့၌ ပါရိဝါသိက ရဟန်းသည် ဂဏပူရဏ မဖြစ်။ ကြွင်းသော သံဃကံတို့၌ ဂဏပူရဏ ဖြစ်သည်။ သံဃာမလောက်လျှင် ဝတ်ကို (ဝါ-ပရိဝါသ်ကို) ချစေ၍ ဂဏပူရဏပြုအပ်၏။)
၉၄ ရေတွက်ခြင်း
(၉၄-ဖြစ်အောင် အဘယ်သို့ရေတွက်မည်နည်း။
အစဉ်အတိုင်း ၁၈+၃+၄+၅+၂၇+၁၀+၄၅+၄ = အားဖြင့် ၁၁၆-ပါးဖြစ်၏။
ပထမ ၁၈-ပါးသည် တဇ္ဇနိယစသောကံ ပြုခံရသူ ဒဏ်သားတို့နှင့်လည်း ဆက်ဆံ၏။ နောက်ဆုံး လေးပါးသည် သံဃာနှင့် သာ၍သက်ဆိုင်၏၊ ဤနှစ်ချက်ကို အထူးမြင်ရသည်။)
ညဥ့်ပျက်ကြောင်းသုံးပါး
ထိုအခါ အရှင်ဥပါလိသည် ဘုရားရှင်ထံ ချဉ်းကပ်၍ မြတ်စွာဘုရား၊ ပါရိဝါသိကရဟန်းအား ညဥ့်ပျက် ကြောင်းသည် အဘယ်မျှပါနည်းဟု လျှောက်၏။ ချစ်သားဥပါလိ၊ ပါရိဝါသိက ရဟန်းအား ညဥ့်ပျက်ကြောင်း တို့သည် သဟဝါသော-အတူနေခြင်း၊ ဝိပ္ပဝါသော-ကင်း၍နေခြင်း၊ အနာရောစနာ-မကြားခြင်း .... ဤသို့ သုံးပါး ရှိကုန်၏။
(ထာ ... ပါရိဝါသိကဝတ်ကို များစွာ ပညတ်အပ်ပြီ။ ထိုတွင် အဘယ်မျှဖြင့် ရတ္တိစ္ဆေဒ ဖြစ်လေသနည်းဟု ဆိတ်ငြိမ်ရာ ချဉ်းကပ်သော ရှင်ဥပါလိအား အကြံဖြစ်၍ ချဉ်းကပ်ကာမေး၍ ဘုရားရှင် ဖြေကြားသည်။
သဟဝါသဟူသည် “ပကတတ်နှင့်အတူ တစ်မိုးတည်းသော အာဝါသ၌” စသည်ဖြင့် ဟောခဲ့သော အတူ နေခြင်းတည်း။
ဝိပ္ပဝါသ ဟူသည် တစ်ပါးတည်း သက်သက်နေခြင်းတည်း။
အနာရောစနာ ဟူသည် အာဂန္တု စသည်တို့အား မကြားခြင်းတည်း။ ဤ သုံးပါး တစ်ပါးပါးမျှဖြင့် ရတ္တိစ္ဆေဒ ဖြစ်၏။)
(သာဋီ ... သဟဝါသဟူသည် ဆိုပြီးသော တစ်မိုးတည်း၌ ဘိက္ခု နှင့်အတူ အိပ်ခြင်းသာတည်း။ ကြွင်းသော ဣရိယာပုထ် ပြုခြင်းမဟုတ်။)
ပရိဝါသ်ချခြင်း
ထိုအခါ သာဝတ္ထိ၌ ရဟန်းသံဃာများစွာ ပေါင်းဆုံ၏။ ပရိဝါသ်သုတ်သင်ခြင်းငှါ မတတ်နိုင်ကြကုန်။ ချစ်သားတို့ … ပရိဝါသ်ကို ချခြင်းငှါ ခွင့်ပြု၏။
ချပုံကား - ရဟန်းတစ်ပါးထံ ချဉ်းကပ်၍ ပခုံးတစ်ဖက် စမ္ပယ်တင်၍ ဆောင့်ကြောင့်ထိုင်၍ လက်အုပ်ချီ၍ ... ပရိဝါသံနိက္ခိပါမိ-ဟု ဆိုအပ်၏။ ပရိဝါသ် ချခြင်း ဖြစ်၏။ ဝတ္တံနိက္ခိပါမိ- ဟူ ဆိုအပ်၏။ ပရိဝါသ်ချခြင်း ဖြစ်၏။
(ထာ ... ရဟန်းသံဃာ များလှသောကြောင့် ထိုထိုသို့သွား၍ အလုံးစုံအား မကြားနိုင်သဖြင့် သုတ်သင်ခြင်းငှါ မတတ်နိုင်ကြကုန်။ ပရိဝါသံနိက္ခိပါမိ၊ ဝတ္တံနိက္ခိပါမိ ဤနှစ်ပုဒ် တစ်ပုဒ်ပုဒ်ဖြင့်လည်း ပရိပါသ် ချခြင်းသာတည်း၊ နှစ်ပုဒ်တို့ဖြင့် ကောင်းစွာ ချအပ်သည်သာတည်း။ ဆောက်တည်ရာ၌လည်း ဤနည်းတည်း။)
ပရိဝါသ်ဆောက်တည်ခြင်း
ထိုအခါ သာဝတ္ထိ၌ ရဟန်းတို့ … အရပ်တစ်ပါး ဖဲသွားကုန်၏။ ပရိဝါသ် သုတ်သင်နိုင်ကုန်၏။ ချစ်သားတို့၊ ပရိဝါသ်ကို ဆောက်တည်ခြင်းငှါ ခွင့်ပြု၏။ ရဟန်းတစ်ပါးထံ ချဉ်းကပ်၍ ...လ ... လက်အုပ်ချီ၍ ပရိဝါသံသမာ-ဒိယာမိ - ဟု ဆိုအပ်၏။ ဆောက်တည်ခြင်း ဖြစ်၏။ ဝတ္တံသမာဒိယာမိ-ဟု ဆိုအပ်၏။ ဆောက်တည်ခြင်း ဖြစ်၏။
(ထာ ... ဤသို့ ဝတ်ဆောက်တည်၍ ပရိဝါသ် နေပြီးသောသူသည် မာနတ် ယူလိုသောအခါ တစ်ဖန် ဝတ်ဆောက်တည်ဖွယ် မရှိ။ ဆောက်တည်ပြီးသော သူသာ ဖြစ်၏။ မာနတ် ပေးအပ်၏။ မာနတ် ကျင့်ပြီး သောအခါ အဗ္ဘာန် သွင်းအပ်၏။ ဤသို့ အာပတ်မရှိသူ စင်ကြယ်သူ ဖြစ်၍ သိက္ခာသုံးပါး ပြည့်စေလတ်သော် ဒုက္ခဆုံးရာ နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်လတ္တံ့။ ပါရိဝါသိကဝတ္တကထာ ပြီး၏။)
မူလာယပဋိကဿနာရဟ
ထိုအခါ မူလာယပဋိကဿနာရဟ ဒဏ်သား ရဟန်းတို့သည် ပကတတ်ရဟန်းတို့၏ ရှိခိုးခြင်းစသည်ကို သာယာကုန်၏။ ချစ်သားတို့ ... မသာယာအပ် ဒုက္ကဋ်။ ချစ်သားတို့ ... မူလာယပဋိကဿနာရဟ တို့အား မိတုယထာဝုဍ္ဎ ရှိခိုးခြင်း စသည်ကို ခွင့်ပြု၏။ ချစ်သားတို့ ... ဥပုသ်ပြုခြင်း စသော ပဉ္စယထ ဝုဍ္ဎကို ခွင့်ပြု၏။ ချစ်သားတို့၊ ကျင့်ဝတ်ကို ပညတ်ပေအံ့။ ချစ်သားတို့ ... မူလာယပဋိကဿနာရဟ ရဟန်းသည် ဥပဇ္ဈာယ်ပြု၍ ရဟန်းပြုမပေးအပ်။ စသည်ဖြင့် ရှေးအတူ မိန့်တော်မူ၏。
(အာဂန္တုဖြစ်လျှင် ကြားအပ်၏ စသော ကျင့်ဝတ် ငါးပါးမပါ။)
(ထာ ... မူလာယပဋိကဿနာရဟ သီတင်းငယ်မှတစ်ပါး ပါရိဝါသိက စသော ဒဏ်သားတို့သည်လည်း မူလာယပဋိကဿနာရဟတို့၏ ပကတတ် မည်၏။ ဝါရိဝါသိက၊ မူလာယာဋိကဿနာရဟ မာနတ္တာ- ရဟ၊ မာနတ္တစာရိက၊ အဗ္ဘာနှာရာ ဤ ငါးဦးတို့အား မိမိ မိမိ အောက် ငယ်သူ့ကိုဖယ်၍ ကြွင်း မှ ရဟန်းအားလုံးသည် ပကတတ်သာတည်း။ မူလာယပဋိကဿနာရဟ စသည်တို့၏ လက္ခဏာသည် နောက်၌ ထင်ရှားလတ္တံ့။ အကြွင်းကို ပါရိဝါသိကဝတ်၌ ဆိုပြီးသောနည်းဖြင့် သိအပ်၏။ ဤဝိနည်းကံတို့၌ ပါရိဝါသိကတို့ကဲ့သို့ မူလာယပဋိကဿနာရဟတို့လည်း ဂဏပူရဏ မဖြစ်ကုန်။ ကြွင်းသော သံဃာကံတို့၌ ဖြစ်ကုန်၏။)
မာနတ္တာရဟ
ထိုအခါ မာနတ္တာရဟ ဒဏ်သားရဟန်းတို့သည် ပကတတ်တို့၏ ရှိခိုးခြင်း စသည်ကို သာယာကုန်၏။ ... ချစ်သားတို့ ... မသာယာအပ်၊ ဒုက္ကဋ်။ မိထုယထာဝုဍ္ဎ - ရှိခိုးခြင်း စသည်ကို ခွင့်ပြု၏။ ပဉ္စယထာဝုဍ္ဎကို ခွင့်ပြု၏။ ကျင့်ဝတ်ပညတ်၏။ (အာဂန္တုဖြစ်လျှင် အပ်၏ စသော ငါးပါး မပါ၊ မူလာယပဋိဂဿနာရဟနှင့် တစ်ဖြတ်တည်း ဟောသည်။)
မာနတ္တစာရိက
ထိုအခါ မာနတ္တစာရိက ဒဏ်သားရဟန်းတို့သည် ပကတတ်တို့၏ ရှိခိုးခြင်းစသည်ကို သာယာကုန်၏။ ကျင့်ဝတ်မှ တစ်ပါး အားလုံး တူပြီ။
ချစ်သားတို့ ... မာနတ္တစာရိကရဟန်းသည် အာဂန္တုဖြစ်လျှင် ကြားအပ်၏။ အာဂန္တုအား ကြားအပ်၏၊ ဥပုသ်နေ့၌ ကြားအပ်၏။ ပဝါရဏာနေ့၌ ကြားအပ်၏။ နေ့တိုင်း ကြားအပ်၏။ ဂိလာနဖြစ်လျှင် တစ်ဖန်စေ၍ ကြားစေအပ်၏။ ဤ၌ ခြောက်ပါး။
(ထာ … မာနတ္တစာရိကဝတ် တို့၌ နေ့တိုင်းကြားအပ်၏-ဟုထူးသည်။)
(ဤ၌ နေ့တိုင်းကြားခြင်းကို မဖွင့်။ ပက္ခမာနတ်၌ကား - ဘိက္ခုလေးပါး၊ ဘိက္ခုနီလေးပါးတို့အား နေ့တိုင်း ကြားအပ်၏ဟု အဋ္ဌကထာဖွင့်သည်။)
ညဥ့်ပျက်ကြောင်းစသည်
ထိုအခါ အရှင်ဥပါလိသည် ဘုရားရှင်ထံ ချဉ်းကပ်၍ မြတ်စွာဘုရား၊ မနတ္တစာရိက ရဟန်းအား ညဥ့်ပျက်ကြောင်းသည် အဘယ်မျှပါနည်းဟု လျှောက်၏။ ချစ်သား ... ဥပါလိ၊ မာနတ္တစာရိကရဟန်းအား ညဥ့်ပျက်ကြောင်းသည် --
၁။ သဟဝါသော-အတူ နေခြင်း၊
၂။ ဝိပ္ပဝါသော-ကင်း၍နေခြင်း၊
၃။ အနာရောစနာ-မကြားခြင်း၊
၄။ ဦနေဂဏေစရတိ-လေးပါးအောက် ယုတ်သောရဟန်းအပေါင်း၌ ကျင့်ခြင်း၊
ဤသို့ လေးပါးရှိပါ၏。
ထိုအခါ သာဝတ္ထိ၌ ရဟန်းသံဃာများစွာ ပေါင်းဆုံ၏။ မာနတ် မသုတ်သင်နိုင်ကြကုန်။ ချစ်သားတို့ … မာနတ်ကို ချခြင်းငှါ ခွင့်ပြု၏။ ရဟန်းတစ်ပါးထံ ချဉ်းကပ်၍ ....လ... လက်အုပ် ချီ၍ မာနတ္တံနိက္ခိပါမိ-ဟုဆိုအပ်၏။ မာနတ် ချခြင်းဖြစ်၏။ ဝတ္တံနိက္ခိပါမိ-ဟု ဆိုအပ်၏။ မာနတ်ချခြင်းဖြစ်၏။ သာဝတ္ထိ၌ ရဟန်းတို့သည် ထိုထိုသို့ ဖဲသွားကုန်၏။ မာနတ်သုတ်သင်နိုင်ကုန်၏。
ချစ်သားတို့ ... မာနတ်ကို ဆောက်တည်ခြင်းငှါ ခွင့်ပြု၏။ ရဟန်းတစ်ပါးထံ ချဉ်းကပ်၍ လက်အုပ်ချီ၍ မာနတ္တံသမာဒိယာမိ-ဟု ဆိုအပ်၏။ ဆောက်တည်ခြင်းဖြစ်၏။ ဝတ္တံသမာဒိယာမိဟု ဆိုအပ်၏။ ဆောက်တည်ခြင်းဖြစ်၏။
(ထာ ... လေးပါး လေးပါးထက် အလွန်သည် ဂဏမည်၏။ ထို့ကြောင့် သုံးပါးနှင့် အတူနေအံ့ ရတ္တိစ္ဆေဒ သာတည်း။
မာနတ်ချခြင်း ဆောက်တည်ခြင်းတို့၌ ဆိုပြီးသောနည်း ရှိပြီး (စရတိကို အတူနေအံ့-ဟု ဝသတိအနက် ဖွင့်သည်။)
(ဇီဋီ ... ရှေးဦးစ္စာ သံဃာ့အလယ်၌ ပရိဝါသ်ယူ၍ နိက္ခိတ္တဝတ်ကျသူသည် တစ်ဖန် ရဟန်းတစ်ပါးထံ၌လည်း ဆောက်တည်ခြင်းငှါ၊ ကြားခြင်းငှါအပ်၏။ မာနတ်၌ကား ချခြင်းငှါသာ အပ်သည်။ ဦနေဂဏေစရတိ အပြစ်ကြောင့် ဆောက်တည်ခြင်းငှါ မအပ်ဟု ဧကာတို့ဆိုကုန်၏။ အပ်သည်ဟု ဂဏ္ဍိဟောင်း၌ ဆို၏။)
(တစ်ပါးထံ ဆောက်တည်ခြင်းကို ပါဠိတော်၌ ဟောသည်။)
(သမုစ္စယက္ခန္ဓအဋ္ဌကထာ၌ ဆိုလတ္တံ့ကား-မာနတ် ကြားပြီးသည်မှ စ၍ ရဟန်းတစ်ပါးကို ချန်ထားခဲ့၍ .... စသည်။ ထိုချန်ထားအပ်သူသည် အရုဏ်မတက်မီသာလျှင် ဖဲသွားအံ့ .... စသည် မာနတ္တစာရိကကား ဂဏ၌ ကြားပြီး၍ ဘိက္ခုတို့၏ အတ္ထိဘာဝကို မှတ်သား၍သာ .... စသည်ရှိ၏။ ထို့ကြောင့် ဦနေဂဏေစရတိသည် ဝသတိအနက်။ ဝသတိသည် အာရောစေတိ အနက်၌ အဆုံးသတ်၏။)
အဗ္ဘာနာဟရ
ထိုအခါ အဗ္ဘာနာရဟ ဒဏ်သားတို့သည် ပကတတ်၏ ရှိုခိုးခြင်းစသည်ကို သာယာကုန်၏။ .... အားလုံးတူပြီ။ မူလာယပဋိကဿနာရဟ၊ မာနတ္တာရဟ၊ အဗ္ဘာနာရဟ - ဤသုံးဦးတို့၏ ကျင့်ဝတ်ကို အတူတစ်ဖြတ်တည်း ချဲ့အပ်၏။ အာဂန္တု ဖြစ်လျှင် ကြားအပ်၏။ စသော ကျင့်ဝတ်ငါးပါး။ ခြောက်ပါးချန်၍ ဟောတော်မူသည်။
ပါရိဝါသိကက္ခန္ဓကပြီး၏၊
၃။ သမုစ္စယက္ခန္ဓက
အပ္ပဋိစ္ဆန္နမာနတ်
ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ နေတော်မူ၏။ ထိုအခါ ရှင်ဥဒါယီသည် မဖုံးသော သုတ္တဝိဿဋ္ဌိ သံဃာဒိသိသ်အာပတ် တစ်ခုသို့ရောက်၏။ အဘယ်သို့ ပြုရပါမည်နည်းဟု လျှောက်၏။ ချစ်သားတို့ ... ထိုသို့ဖြစ်လျှင် သံဃာသည် ဥဒါယီအား ထိုမဖုံးသော အာပတ် တစ်ခုအတွက် ဝါ- အာပတ် တစ်ခုကြောင့် ခြောက်ရက်ပတ်လုံး မာနတ်ကိုပေးလော။
ပေးပုံကား- ထိုဥဒါယီသည် သံဃာသို့ ချဉ်းကပ်၍ ပခုံးတစ်ဖက်၌ စမ္ပယ်တင်၍ မထေရ်ကြီးတို့၏ ခြေတို့ကိုရှိခိုး၍ ဆောင့်ကြောင့်ထိုင်၍ လက်အုပ်ချီ၍ အရှင်ဘုရားတို့ … အကျွန်ုပ်သည် မဖုံးသော အာပတ် တစ်ခုသို့ရောက်ပြီ။ ဆာရတ္တ မာနတ်ကို တောင်းပါသည်-ဟု ဒုတိယမ္ပိ၊ တတိယမ္ပိ သုံးကြိမ်ဆိုအပ်၏။ ဗျတ္တပဋိဗလရဟန်းသည် သံဃာကို ဉတ္တိစတုတ္ထကံဖြင့် သိစေအပ်၏ (၁)။
ဥဒါယီသည် မာနတ်ကျင့်ပြီး သည်ရှိသော် ... မာနတ်ကျင့်ပြီးပါပြီ၊ အဘယ်သို့ပြုရပါမည်နည်းဟု လျှောက်၏။ ချစ်သားတို့ ... သံဃာသည် ဥဒါယီကို အဗ္ဘာန်သွင်းလော။ သံသာသို့ချဉ်းကပ်၍ ..... လက်အုပ်ချီ၍ အရှင်ဘုရားတို့ အကျွန်ုပ်သည် မဖုံးသော အာပတ်တစ်ခုသို့ရောက်ပြီ၊ မာနတ် တောင်းပြီး၊ မာနတ်ပေးပြီ၊ ကျင့်ပြီ၊ အဗ္ဘာန်ကိုတောင်းပါသည်-ဟု သုံးကြိမ် ဆိုအပ်၏။ ဗျတ္တပဋိဗလသည် သံဃာကို ဉတ္တိစတုတ္တကံဖြင့် သိစေအပ်၏။ (၂)
ပဋိစ္ဆန္နမာနတ်
ထိုအခါ ရှင်ဥဒါယီသည် တစ်ရက်ဖုံးသော အာပတ်တစ်ခုသို့ ရောက်၏။ ချစ်သားတို့ ... သံဃာသည် ဥဒါယီအား တစ်ရက်ဖုံးသော အာပတ်တစ်ခုအတွက်ကြောင့် တစ်ရက် ပရိဝါသ် ပေးလော။ လက်အုပ်ချီ၍ အရှင်ဘုရားတို့၊ အကျွန်ုပ်သည် တစ်ရက်ဖုံးသော အာပတ်တစ်ခုသို့ ရောက်ပြီ။ တစ်ရက်ပရိဝါသ်ကို တောင်းပါသည် ဟု သုံးကြိမ်ဆိုအပ်၏။ သံဃာကို ဉတ္တိစတုတ္ထကံဖြင့် သိစေအပ်၏။ (၁)။
ဥဒါယီသည် ပရိဝါသ် နေပြီးသည်ရှိသော် ပရိဝါသ် နေပြီးပါပြီ။ အဘယ်သို့ ပြုရပါမည်နည်းဟု လျှောက်၏။ ချစ်သားတို့ … ခြောက်ရက် မာနတ်ပေးလော၊ ...ဟု လက်အုပ်ချီ၍ အကျွန်ုပ်သည် တစ်ရက်ဖုံး အာပတ် တစ်ခုသို့ ရောက်ပြီ၊ တစ်ရက် ပရိဝါသ် တောင်းပြီ၊ တစ်ရက် ပရိဝါသ် ပေးပြီ၊ တစ်ရက် ပရိဝါသ် နေပြီ။ မာနတ်ကိုတောင်းပါသည်-ဟု သုံးကြိမ် ဆိုအပ်၏။ ဉတ္တိစတုက္ကကံဖြင့် သိစေအပ်၏ (၂)။
ရှင်ဥဒါယိသည် မာနတ်ကျင်ြ့ပီးသည်ရှိသော် အဘယ်သို့ ပြုရပါမည်နည်းဟု လျှောက်၏။ ချစ်သားတို့ ... အဗ္ဘာန် သွင်းလော။ လက်အုပ်ချီ၍ အကျွန်ုပ်သည် တစ်ရက်ဖုံးအာပတ် တစ်ခုသို့ ရောက်ပြီး တစ်ရက်ပရိဝါသ် တောင်းပြီး ပေးပြီ၊ နေပြီ။ မာနတ်ဟောင်းပြီ၊ ပေးပြီ၊ ကျင့်ပြီ၊ အဗ္ဘာန်ကို တောင်းပါသည်-ဟု သုံးကြိမ်ဆိုအပ်၏။ ဉတ္တိစတုတ္ထကံဖြင့် သိစေအပ်၏။ (၃)။
(ဤဝတ္ထု၌ ကမ္မဝါစာသုံးကြိမ်ကို ရေတွက်နိုင်ရမည်။ အဋ္ဌကထာ စကားနောက်၌ ဆိုမည်။ ကျယ်ဝန်းသည်။)
မူလာယပဋိကဿနာ
ထိုအခါ ရှင်ဥဒါယီသည် နှစ်ရက်ဖုံးသော အာပတ်တစ်ခုသို့ ရောက်၏။ (နှစ်ရက် ပရိဝါသ်ပေးလော။) သုံးရက်ဖုံးသော အာပတ်တစ်ခုသို့ ...။ လေးရက်ဖုံး အပတ်တစ်ခုသို့ ....။ ငါးရက်ဖုံး အာပတ်တစ်ခုသို့ ရောက်၏။ (ငါးရက် ပရိဝါသ် ပေးလော၊ ယခင်နည်းဖြင့် ချဲ့၍သိအပ်၏။)
ဥဒါယိသည် ပရိဝါသ်နေစဉ် အကြား၌ အန္တရာပတ်တစ်ခုသို့ ရောက်၏။ မဖုံး၊ ချစ်သားတို့ … အရင်းသို့ငင်လော ...၊ လက်အုပ်ချီ၍ အကျွန်ုပ်သည် ငါးရက်ဖုံး အာပတ်သို့ရောက်ပြီ။ ငါးရက်ပရိဝါသ် တောင်းပြီး၊ ပေးပြီ၊ ပရိဝါသ် နေစဉ် အကြား၌ အန္တရာပတ်သို့ရောက်ပြီ၊ မဖုံး။ ထိုမဖုံးသော အန္တရာပတ် အတွက် အရင်းသို့ငင်ခြင်းကို တောင်းပါသည်-ဟု သုံးကြိမ် ဆိုအပ်၏။ ဉတ္တိစတုတ္ထကံဖြင့် သိစေအပ်၏ (၂)။
ဥဒါယီ ပရိဝါသ် နေပြီး၍ မာနတ်ထိုက်သောအခါ အန္တရာပတ် တစ်ခုသို့ ရောက်၏၊ မဖုံး။ ချစ်သားတို့ … အရင်းသို့ငင်လော။ အကျွန်ုပ်သည် ငါးရက်ဖုံး ပရိဝါသ်နေစဉ် အန္တရာပတ်သို့ရောက်ပြီ၊ ထိုအန္တရာပတ် အတွက် အရင်းငင်ခြင်းကိုတောင်းပြီ၊ ငင်ပြီ၊ ပရိဝါသ်နေပြီး၍ မာနတ်ထိုက်သောအခါ အန္တရာပတ်တစ်ခုသို့ ရောက်ပြီ။ မဖုံး။ ထိုအတွက် အရင်းငင်ခြင်းကို တောင်းပါသည်-ဟု သုံးကြိမ်ဆိုအပ်၏။ ဉတ္တိ စတုတ္တကံဖြင့် သိစေအပ်၏ (၃)၊
ဥဒါယီသည် ပရိဝါသ် နေပြီးလတ်သော် အဘယ်သို့ပြုရပါမည်နည်း-ဟု လျှောက်၏။ ချစ်သားတို့ ... သုံးခုသော အာပတ်တို့အတွက် မာနတ်ပေးလော။ အကျွန်ုပ်သည် ငါးရက်ဖုံး ပရိဝါသ်နေစဉ် အန္တရာပတ်သို့ ...လ... မာနတ်ထိုက်သောအခါ အန္တရာပတ်သို့ ရောက်ပြီ၊ အရင်းငင်ခြင်းကိုတောင်းပြီး၊ ငင်ပြီ၊ ပရိဝါသ်နေပြီ၊ ထို အာပတ်သုံးခုအတွက် မာနတ်ကိုတောင်းပါသည်ဟု ဆိုအပ်၏။ ဉတ္တိစတုတ္ထကံဖြင့် သိစေအပ်၏ (၄)။
ဥဒါယီသည် မာနတ်ကျင့်စဉ် အန္တရာပတ်တစ်ခုသို့ ရောက်၏ မဖုံး၊ ချစ်သားတို့ ... အရင်းငင်၍ မာနတ် ပေးလေ။ ... လက်အုပ်ချီ၍ ...လ... သိစေအပ်၏ (ငင်ကံ၊ မာနတ်ပေးကံ-နှစ်ကံ) (၅)။
ဥဒါယီသည် မာနတ်ကင်းပြီး၍ အဗ္ဘာန်ထိုက်သောအခါ အန္တရာပတ်တစ်ခုသို့ ရောက်၏၊ မဖုံး၊ ချစ်သားတို့ ... အရင်းငင်၍ မာနတ်ပေးလော။ လက်အုပ်ချီ၍ ...လ... သိစေအပ်၏-(နှစ်ကံ) (၆)။
ဥဒါယီသည် မာနတ်ကျင့်ပြီးလတ်သော် အဘယ်သို့ ပြုရပါမည်နည်း-ဟု လျှောက်၏။ ချစ်သားတို့ အဗ္ဘာန်သွင်းလော .... (၇)။
လက်အုပ်ချီ၍ အကျွန်ုပ်သည် ငါးရက်ဖုံး အာပတ်သို့ ရောက်ပြီ၊ ငါးရက်ပရိဝါသ် တောင်းပြီ၊ သံဃာသည် ပေးပြီ (၁)။
ပရိဝါသ်နေစဉ် မဖုံးသော အန္တရာပတ်သို့ ရောက်ပြီ။ မဖုံးသော အန္တရာပတ်အတွက် အရင်းငင်ခြင်းကို တောင်းပြီ၊ ငင်ပြီ (၂)။
ပရိဝါသ်နေပြီး၍ မာနတ် ထိုက်စဉ် မဖုံးသော အန္တရာပတ်သို့ ရောက်ပြီ။ အရင်းငင်ခြင်းကို တောင်းပြီ၊ ငင်ပြီ (၃)။
ပရိဝါသ်နေပြီးလတ်သော် အာပတ်သုံးခုအတွက် မာနတ်ကို တောင်းပြီ၊ ပေးပြီ (၄)။
မာနတ်ကျင့်စဉ် မဖုံးသော အန္တရာပတ်သို့ ရောက်ပြီ၊ မဖုံးသောအာပတ်အတွက် အရင်းငင်ခြင်းကို တောင်းပြီ၊ ငင်ပြီ (၅)။
မာနတ်တောင်းပြီ၊ ပေးပြီ (၆)။
မာနတ်ကျင့်ပြီး၍ အဗ္ဘာန်ထိုက်စဉ် မဖုံးသော အန္တရာပတ်သို့ ရောက်ပြီ၊ အရင်းငင်ခြင်းကို တောင်းပြီ၊ ငင်ပြီ (၇)။
မာနတ်ကို ကောင်းပြီ၊ ပေးပြီ (၈)။
မာနတ်ကျင့်ပြီး၍ အဗ္ဘာန်ကို တောင်းပါသည်ဟု သုံးကြိမ်ဆိုအပ်၏။ ဉတ္တိ စတုတ္ထကံဖြင့် သိစေအပ်၏ (၉)။
(ဤဝတ္ထု၌ ကံဆောင်ကမ္မဝါစာ ကိုးကြိမ်ဖတ်ရသည်ကို ရေတွက်နိုင်ရမည်။)
(ထာ .... ငါးရက်ဖုံး ပရိဝါမှစ၍ အန္တရာပတ်ကို ပြသည်၊ အရင်းငင်ထိုက်သည် မည်သောကြောင့် မူလာယပဋိကဿနကို ခွင့်ပြုသည်။ နိက္ခိတ္တဝတ္တ-ပုဂ္ဂိုလ်သည် အာပတ်သို့ရောက်အံ့။ ပရိဝါသ် နေစဉ် မရောက်၊ ပကတတ်၌တည်လျက် ရောက်သောကြောင့် အရင်း မငင်ထိုက်။ ထိုအာပတ်အတွက် ဝိသုံမာနတ် သီးခြား ကျင့်အပ်၏။ ဖုံးလျှင် ပရိဝါသ်လည်း နေအပ်၏။ အရင်းငင်ရာ၌ ပရိဝါသ်နေပြီးသော နေ့ရက်တို့ကို ဖျက်ဆီးရသည်။
ဤဝတ္ထု၌ ပရိဝါသ်၌ အန္တရာပတ်ကိုပြ၍ အရင်းငင်သည်။ တစ်ဖန် မာနတ္တာရဟ၏ အန္တရာပတ်ကိုပြ၍ အရင်းငင်သည်။ မာနတ်ကျင့်ပြီးသော နေ့ရက်၊ ပရိဝါသ်နေပြီးသော နေ့ရက်တို့ကို ဖျက်ဆီးသည်။ ထို့နောက် အန္တရာပတ်အားလုံးတို့ကိုယှဉ်၍ အမ္ဘာနကံကို ပြသည်။ ပဋိစ္ဆန္နဝါရ၌ ဧကာဟပဋိစ္ဆန္န စသည်ဖြင့် ကမ္မဝါစာ ငါးမျိုး၊ အန္တရာပတ်စွမ်းဖြင့် လေးမျိုးပေါင်း ကိုးမျိုးပြသည်။)
သမောဓာန
ထိုအခါ ရှင်ဥဒါယီသည် တစ်ပက္ခဖုံးသော အာပတ်တစ်ခုသို့ ရောက်၏။ ချစ်သားတို့ ... ပက္ခပရိဝါသ် ပေးလော့။ ဥဒါယီသည် ဝရိဝါသ်နေစဉ် အန္တရာပတ် တစ်ခုသို့ ရောက်၏။ ငါးရက်ဖုံး၏။ ချစ်သားတို့ ... အရင်းငင်၍ သမောဓာနပရိဝါသ် ပေးလော။
လက်အုပ်ချီ၍ အကျွန်ုပ်သည် တစ်ပက္ခဖုံးသော အာပတ်သို့ရောက်ပြီ။ ပက္ခပရိဝါသ် တောင်းပြီ။ ပေးပြီ။ ပရိဝါသ်နေစဉ် ငါးရက်ဖုံး အန္တရာပတ်သို့ ရောက်ပြီ။ အရင်းငင်ခြင်းကို တောင်းပန်ပါသည်ဟု သုံးကြိမ် ဆိုအပ်၏။ ဉတ္တိစတုတ္ထကံဖြင့် သိစေအပ်၏。
လက်အုပ်ချီ၍ အကျွန်ုပ်သည် တစ်ပက္ခဖုံး အာပတ်သို့ ရောက်ပြီ။ ပက္ခပရိဝါသ် တောင်းပြီ၊ ပေးပြီ၊ ပရိဝါသ်နေစဉ် ငါးရက်ဖုံး အန္တရာပတ်သို့ရောက်ပြီ၊ ခရင်းငင်ခြင်းကို တောင်းပြီ၊ ငင်ပြီ၊ ငါးရက်ဖုံးအတွက် ရှေးအာပတ်နှင့် သမာဓာန ပရိဝါသ်ကို တောင်းပါ၏။-ဟု သုံးကြိမ်ဆိုအပ်၏။ ဉတ္တိစတုတ္ထကံဖြင့် သိစေအပ်၏ (နှစ်ကံ)။
ဥဒါယီသည် ပရိဝါသ်နေပြီး၍ မာနတ်ထိုက်သောအခါ အန္တရာပတ်- ငါးရက်ဖုံး၏။ ချစ်သားတို့ ... အရင်းငင်၍ သမောဓာန ပရိဝါသ် ပေးလော (နှစ်ကံ)။
ဥဒါယီသည် ပရိဝါသ်နေပြီး လတ်သော် .... လျှောက်၏။ ချစ်သားတို့ ... အာပတ်သုံးခုအတွက် မာနတ် ပေးလော။ ဥဒါယီသည် မာနတ်ကျင့်စဉ် အန္တရာပတ်ငါးရက်ဖုံး၏။ ချစ်သားတို့ ...အရင်းငင်၍ ရှေးအာပတ်နှင့် သမောဓာန ပရိဝါသ်ပေး၍ မာနတ် ပေးလော (သုံးကံ)။
ဥဒါယီသည် မာနတ်ကျင့်ပြီး၍ အဗ္ဘာန် ထိုက်သောအခါ အန္တရာပတ်ငါးရက်ဖုံး၏။ ချစ်သားတို့ ... အရင်း ငင်၍၊ သမာဓာန ပရိပါသ်ပေး၍၊ မာနတ်ပေးလော (သုံးကံ)။
ဥဒါယီသည် မာနတ်ကျင့်ပြီး၍ လျှောက်၏။ ချစ်သားတို့ ... အဗ္ဘာန် သွင်းလော။
လက်အုပ်ချီ၍ - အကျွန်ုပ်သည် တစ်ပက္ခဖုံး အာပတ်သို့ ရောက်ပြီ။ ပက္ခပရိဝါသ်တောင်းပြီးပြီ (၁)။
ပရိဝါသ်နေစဉ် ငါးရက်ဖုံး အန္တရာပတ်သို့ ရောက်ပြီ၊ ငါးရက်ဖုံးအတွက် အရင်းငင်ခြင်းကို တောင်းပြီ၊ ငင်ပြီ၊ (၂)။
ငါးရက်ဖုံးအတွက် ရှေးအာပတ်နှင့် သမောဓာန ပရိဝါသ်ကို တောင်းပြီ၊ ပေးပြီ (၃)။
ပရိဝါသ်နေပြီး၍ မာနတ်ထိုတ် သောအခါ ငါးရက်ဖုံး အန္တရာပတ်သို့ ရောက်ပြီ၊ ငင်ခြင်းကိုတောင်းပြီ၊ ငင်ပြီ (၄)။
သမောဓာန ပရိဝါသ်ကိုတောင်းပြီ။ ပေးပြီ (၅)။
ပရိဝါသ်နေပြီးလတ်သော် အာပတ် သုံးခုအတွက် မာနတ်ကို တောင်းပြီ၊ ပေးပြီ (၆)။
မာနတ်ကျင့်စဉ် ငါးရက်ဖုံးအန္တရာပတ်သို့ ရောက်ပြီ၊ ငါးရက်ဖုံး အတွက်၊ ငင်ခြင်းကိုတောင်းပြီ၊ ငင်ပြီ (၇)။
ငါးရက်ဖုံး အတွက် သမောဓာန ပရိဝါသ်ကိုတောင်းပြီ၊ ပေးပြီ (၈)။
ငါးရက်ဖုံး အန္တရာပတ်အတွက် မာနတ်ကို ကောင်းပြီ၊ ပေးပြီ (၉)။
မာနတ်ကျင့်ပြီး၍ အဗ္ဘာန် ထိုက်သောအခါ ငါးရက်ဖုံး အန္တရာပတ်သို့ ရောက်ပြီ၊ ငင်ခြင်းကိုတောင်းပြီ၊ ငင်ပြီ (၁၀)။
သမောဓာန ပရိဝါသ်ကို တောင်းပြီ၊ ပေးပြီ (၁၁)။
ငါးရက်ဖုံး အန္တရာပတ်အတွက် မာနတ်ကိုတောင်းပြီ၊ ပေးပြီ (၁၂)။
ထိုအကျွန်ုပ်သည် မာနတ်ကျင့်ပြီး၍ အဗ္ဘာန်ကိုတောင်းပါသည်-ဟု သုံးကြိမ်ဆိုအပ်၏။ ဗျတ္တပဋိဗလသည် ဉတ္တိစတုတ္ထတံဖြင့် သံဃာကို သိစေအပ်၏။ (၁၃)။
(ဤဝတ္ထု၌ ကမ္မဝါစာ ၁၃-ကြိမ် ကံဆောင်သည်။)
(ထာ … ပက္ခပဋိစ္ဆန္နအာပတ်၏ ပရိဝါသ်အတွင်းမှစ၍ ငါးရက်ဖုံး အန္တရာပတ်စွမ်းဖြင့် သမောဓာန ပရိဝါသ်ကို လည်းကေငင်း၊ သမောဓာန မာနတ်ကို လည်းကောင်း ပြသည်။ မာနတ္တစာရိကအခါ၊ မာနတ္တာရဟအခါ၊ အဗ္ဘာနာရဟ အခါတို့၌ သင့်သောအာပတ်အတွက် အရင်းငင်သောအခါ မာနတ်ကျင့်ပြီး၊ ပရိဝါသ်နေပြီးသော နေ့တို့ကို အလုံးစုံ ဖျက်ဆီးရသည်။ အန္တရာပတ်ပဋိစ္ဆန္န ဖြစ်သောကြောင့်တည်း။
ထို့ကြောင့် “အရင်းငင်၍၊ ရှေးအာပတ်နှင့် သမောဓာနပရိဝါသ် ပေး၍၊ မာနတ်ပေးလော” ဟု ဟောတော် မူသည်။ ထို့နောက် အန္တရာပတ် အားလုံးယှဉ်စေ၍ အဗ္ဘာနကံပြ၍ သုတ္တပိဿဋ္ဌိဝတ္ထုကို ပြီးစေတော်မူပြီ။)
အဂ္ဃသမောဓာန
ထိုအခါ ရဟန်းတစ်ပါးသည် များစွာသော အာပတ်တို့သို့ ရောက်၏။ တစ်ရက်ဖုံး တစ်ခု, နှစ်ရက်ဖုံး တစ်ခု, သုံး, လေး, ငါး, ခြောက်, ခုနှစ်, ရှစ်, ကိုး, ဆယ်ရက်ဖုံး တစ်ခုသို့ ရောက်၏။ ချစ်သားတို့ ... ထို အာပတ်တို့အတွက် ဆယ်ရက်ဖုံးအား ထိုက်သောရက်ဖြင့် ပေါင်းသော ပရိဝါသ်ကို။ ငါ့အား ... အဂ္ဃသမောဓာန ပရိဝါသ်ကိုပေးလော - ဟု သုံးကြိမ်တောင်းအပ်၏။ ဉတ္တိစတုတ္ထကံဖြင့် သိစေအပ်၏。
ရဟန်း တစ်ပါးသည် များစွာသော အာပတ်တို့သို့ ရောက်၏။တစ်ရက်ဖုံး တစ်ခု, နှစ်ရက်ဖုံးနှစ်ခု, ... လ ... ဆယ်ရက်ဖုံး ဆယ်ခုတို့သို့ ရောက်၏。
ချစ်သားတို့ ထိုအာပတ်တို့အတွက် သဗ္ဗစီဝရပ္ပဋိစ္ဆန္န အာပတ်တို့အား ထိုက်သော ရက်ဖြင့် + ပေါင်းသော-အဂ္ဂ + သမောဓာနပရိဝါသ် ကို ပေးလေ-ဟု သုံးကြိမ်တောင်းအပ်၏။ ဉတ္တိစတုတ္ထကံဖြင့် သိစေအပ်၏。
(အဂ္ဃသည် အရဟ-ထိုက်ခြင်းအနက် ရှိ၏။)
(ထာ ... ဧကာပတ္တိမူလကကို လည်းကောင်း, အာပတ္တိဝဍ္ဎနကို လည်းကောင်း နှစ်နည်းပြ၍ အဂ္ဃသမောဓာန ပရိဝါသ်ကိုပြသည်။)
အာပတ်ကျန်ခြင်း
ထိုအခါ ရဟန်းတစ်ပါးသည် နှစ်လဖုံး အာပတ် နှစ်ခုတို့သို့ ရောက်၏။ အာပတ်တစ်ခုအတွက် ပရိဝါသ် တောင်းမည်-ဟု ကြံ၍ တောင်း၏။ သံဃာသည် နှစ်လဖုံးအာပတ် တစ်ခုအတွက် ပရိဝါသ်ပေး၏။ ထိုသို့ ပရိဝါသ်နေစဉ် လဇ္ဇီသဘောသက်၍ ကျန်အာပတ်တစ်ခုအတွက် အဘယ်သို့ပြုရပါမည်နည်း-ဟု လျှောက်၏။ ချစ်သားတို့ ... ကျန်အာပတ် တစ်ခုအတွက်လည်း နှစ်လ ပရိဝါသ် ပေးလော-ဟု သုံးကြိမ်တောင်းအပ်၏။ ဉတ္တိစတုတ္ထကံဖြင့် သိစေအပ်၏။ ချစ်သားတို့ ... ထိုရဟန်းသည် ထို အာပတ်ကိုစွဲ၍ နှစ်လပရိဝါသ် နေအပ်၏။
ချစ်သားတို့ ဤသာသနာ၌ ရဟန်းသည် နှစ်လဖုံးအာပတ် နှစ်ခုသို့ ရောက်အံ့။ အာပတ်တခုအတွက် ပရိဝါသ်တောင်းမည်-ဟု ကြံ၍ တောင်းအံ့၊ ပေးအံ့။ ထိုပရိဝါသ်နေစဉ် လဇ္ဇီသဘောသက်၍ ကျန်အာပတ် တစ်ခုအတွက်လည်း တောင်းမည်-ဟု ကြံ၍ တောင်းအံ့။ သံဃာသည်ပေးအံ့။ ချစ်သားတို့ ... ထို ရဟန်းသည် ထိုအာပတ်ကိုစွဲ၍ နှစ်လပရိဝါသ် နေအပ်၏။
ချစ်သားတို့ ... ဤ သာသနာ၌ ရဟန်းသည် နှစ်လဖုံး အာပတ် နှစ်ခုသို့ရောက်အံ့၊ တစ်ခုကို သိ၏။ တစ်ခုကို မသိ။ သိသောအာပတ် အတွက် နှစ်လပရိဝါသ် တောင်းအံ့၊ ပေးအံ့၊ ပရိဝါသ်နေစဉ် ကျန်အာပတ်ကိုလည်း သိအံ့၊ သိ၍ ထိုအာပတ်အတွက် နှစ်လပရိဝါသ် တောင်းအံ့၊ ပေးအံ့။ ချစ်သားတို့ ... ထိုရဟန်းသည် ထို အာပတ်ကိုစွဲ၍ နှစ်လပရိဝါသ် နေအပ်၏။ ချစ်သားတို့ ...တစ်ခုကို သတိရ၏။ တစ်ခုကို သတိမရ တူပြီ။
တစ်ခုကို ယုံမှားကင်း၏။ တစ်ခုကို ယုံမှား ရှိ၏ ... တူပြီ။ (သိလျက်ဖုံး လေးဝါရ)။
ချစ်သားတို့ ဤသာသနာ၌ ရဟန်းသည် နှစ်လဖုံးသော အာပတ်နှစ်ခုသို့ ရောက်အံ့။ တစ်ခုကို သိလျက် ဖုံး၏၊ တစ်ခုကို မသိမူ ၍ ဖုံး၏၊ နှစ်လဖုံးအာပတ် နှစ်ခုအတွက် နှစ်လပရိဝါသ်တောင်းအံ့၊ ပေးအံ့၊ ပရိဝါသ်နေစဉ် ဗဟုသုတ ဝိနည်းဆောင် လဇ္ဇီသည် မေးမြန်း၍ ငါ့ရှင်တို့၊ သိလျက်ဖုံးသော အာပတ်အတွက် ပရိဝါသ် ပေးခြင်းသည် ဓမ္မိက-တရားနှင့်ညီ၏။ ရောက်၏။
မသိ၍ ဖုံးသောအာပတ်အတွက် ပရိဝါသ်ပေးခြင်းသည် အဓမ္မိက-တရားနှင့်မညီ၊ မရောက်။ ထိုအာပတ် တစ်ခုအတွက် မနတ်ထိုက်သည်ဟု ဆိုအပ်၏။ တစ်ခုကိုသတိရလျက် ဖုံး၏။ တစ်ခုကို သတိမရဘဲလျက် ဖုံး၏။ တူပြီ။ တစ်ခုကို ယုံမှားကင်းလျက် ဖုံး၏။ တစ်ခုကို ယုံမှားရှိလျက် ဖုံး၏။ ။ တူပြီ။ (မသိဘဲဖုံး သုံးဝါရ။)
(ထာ ... သဉ္စိစ္စအနာရောစိတာပတ္တိဝတ္ထုကိုပြ၍- သဉ္စိစ္စ၊ အဇာနန၊ အဿရဏ၊ ဝေမတိက-စွမ်းဖြင့်ချန်၌ မကုစားသော အာပတ်၌ နောင် လဇ္ဇီသဘော သက်သောအခါ သိသောအခါ သတိရသောအခါ ယုံမှား ကင်းသောအခါတို့၌ ပြုအပ်သော အစီအရင်ကို - ဣဓပနဘိက္ခဝေ စသော နယ (လေးဝါရ) ဖြင့် ပါဠိတော်ကိုထားသည်။ ထိုနောက်မသိ၍ ဖုံးသော အာပတ်၊ သတိမရ၍ ဖုံးသောအပတ်၊ ယုံမှား၍ ဖုံးသော အာပတ်တို့၏ ပဋိစ္ဆန္နမဖြစ်ခြင်းကို ပြခြင်းငှါ-ဣဓပနဘိက္ခဝေ စသော နယ (သုံးဝါရ) ဖြင့် ပါဠိတော်ကို ထားသည်။)
ရက်ကျန်ခြင်း
ထိုအခါ ရဟန်းတစ်ပါးသည် နှစ်လဖုံး အာပတ်နှစ်ခုတို့သို့ ရောက်၏။ တစ်လပရိဝါသ်တောင်းမည်-ဟု ကြံ၍တောင်း၏။ သံဃာသည် တစ်လပရိဝါသ် ပေး၏။ ထိုသို့ ပရိဝါသ်နေစဉ် လဇ္ဇီ သဘောဆောင်၍ ကျန် တစ်လအတွက် အဘယ်သို့ ပြုရပါမည်နည်း- ဟု လျှောက်၏။
ချစ်သားတို့ ... ကျန်တစ်လ ပရိဝါသ်လည်း ပေးလောဟု-သုံးကြိမ်တောင်းအပ်၏။ ဉတ္တိစတုတ္တကံဖြင့် သိစေအပ်၏။
ချစ်သားတို့ ... ထို ရဟန်းသည် ရှေ့တစ်လကိုစွဲ၍ နှစ်လပရိဝါသ်နေအပ်၏။
ချစ်သားတို့ ... သာသနာ၌ ရဟန်းသည် နှစ်လဖုံးသော အာပတ်နှစ်ခုသို့ ရောက်အံ့၊ တစ်လ ပရိဝါသ် တောင်းမည်ဟုကြံ၍ တောင်းအံ့၊ ပေးအံ့။ ထိုပရိဝါသ်နေစဉ် လဇ္ဇီသဘောသက်၍ ကျန်တစ်လကိုလည်း တောင်းမည်ဟုကြံ၍ တောင်းအံ့၊ ပေးအံ့။
ချစ်သားတို့ ... ထိုရဟန်းသည် ရှေ့တစ်လကိုစွဲ၍ နှစ်လ ပရိဝါသ် နေအပ်၏၊ တစ်လကိုသိ၏။ တစ်လကိုမသိ။ တစ်လကို သတိရ၏။ တစ်လကိုသတိမရ။ တစ်လကို ယုံမှားကင်း၏။ တစ်လကိုယုံမှားရှိ၏ ... တူပြီ။ (လေးဝါရ)။
ချစ်သားတို့ ... ဤသာသနာ၌ ရဟန်းသည် နှစ်လဖုံး အာပတ်နှစ်ခုသို့ ရောက်၏၊ တစ်လကိုသိလျက်ဖုံး၏။ တစ်လကိုမသိမူ၍ ဖုံး၏။ နှစ်လဖုံးအပတ် နှစ်ခုအတွက် နှစ်လ ပရိဝါသ်တောင်းပြီ၊ ပေးပြီ၊ ပရိဝါသ် နေစဉ် ဗဟုသုတ ဝိနည်းဆောင်လဇ္ဇီသည် မေးမြန်း၍ ငါ့ရှင်တို့၊ သိလျက် ဖုံးသော တစ်လအတွက် ပရိဝါသ် ပေးခြင်းသည် တရားနှင့်ညီ၏။ ရောက်၏၊ မသိမူ၍ဖုံးသော တစ်လအတွက် ပရိဝါသ်ပေးခြင်းသည် တရားနှင့် မညီ၊ မရောက်။ ထိုတစ်လအတွက် မာနတ်ထိုက်သည်-ဟု ဆိုအပ်၏။
တစ်လကိုသတိရလျက် ဖုံး၏။ တစ်လကိုသတိမရဘဲလျက် ဖုံး၏၊ တစ်လကို ယုံမှားကင်းလျက် ဖုံး၏၊ တစ်လကိုယုံမှားလျက် ဖုံး၏။ တူပြီ။ (သုံးဝါရ)။
(ထာ .... နှစ်လဖုံး အာပတ်နှစ်ခုအတွက် ဧကမာသ ပရိဝါသသာဓန ဝတ္ထုကိုပြ၍ သဉ္စိစ္စ၊ အဇာနန၊ အဿရဏ၊ ဝေမတိက စွမ်းဖြင့်ချန်၍ မကုစားသော တစ်လ၌ နောင်လဇ္ဇီသဘောစသည် ဖြစ်သောအခါ ပြုအပ်သော အစီအရင်ကို ပြခြင်းငှါလည်းကောင်း၊ မသိ၍၊ သတိမရ၍၊ ယုံမှား၍ ဖုံးသောအာပတ်တို့၏ ပဋိစ္ဆန္နမဖြစ်ခြင်းကို ပြခြင်းငှါလည်း ကောင်း၊ ဣဓပနဘိက္ခဝေ ... စသည်ဖြင့် ပါဠိတော်ကို ထားသည်။)
သုဒ္ဓန္တပရိဝါသ်
ထိုအခါ ရဟန်းတစ်ပါးသည် များစွာသော အာပတ်တို့သို့ ရောက်၏။ အာပတ်အပိုင်းအခြားကို မသိ၊ ညဥ့်အပိုင်း အခြားကိုမသိ။ သတိမရ၊ ယုံမှား၏။
ချစ်သားတို့ ... ထိုရဟန်းအား ထိုအာပတ်တို့အတွက် သုဒ္ဓန္တပရိဝါသ် ပေးလော။ ဟု သုံးကြိမ်တောင်းအပ်၏။ ဉတ္တိစတုတ္တကံဖြင့် သိစေအပ်၏။
ချစ်သားတို့ ... အဘယ်ရဟန်းအား သုဒ္ဓန္တပရိဝါသ် ပေးအပ်သနည်း။
အာပတ်ပိုင်းခြားကိုမသိ၊ သတိမရ၊ ယုံမှား၏-ညဥ့်ပိုင်းခြားကိုမသိ သတိမရ၊ ယုံမှား၏ ထိုသူတစ်ယောက်စာ-
အာပတ်ပိုင်းခြားမသိ၊ ညဥ့်ပိုင်းခြား မသိသူတစ်ယောက်
အာပတ်ပိုင်းခြားသိ၍ ညဥ့်ပိုင်းခြား မသိသူ တစ်ယောက်၊
အာပတ်အချို့သိ၍ ညဥ့်ပိုင်းခြား မသိသူတစ်ယောက် (၃)။
အာပတ်မသိ၍ ညဥ့်အချို့သိသူ တစ်ယောက်၊
အာပတ်သိ၍ ညဥ့်အချို့သိသူ တစ်ယောက်၊
အာပတ်အချို့သိ၍ ညဥ့်အချို့သိသူ တစ်ယောက် (၃)။
ဤ (ညဥ့်အတိအကျမသိသူ) ခြောက်ယောက်အား သုဒ္ဓန္တပရိဝါသ် ပေးအပ်၏။ ချစ်သားတို့ ... အဘယ် ရဟန်းအား ပရိဝါသ်ပေးအပ်သနည်း။
အာပတ်သိ၍ ညဥ့်သိသူတစ်ယောက်၊
အာပတ်မသိ၍ ညဥ့်သိသူတစ်ယောက်။
အာပတ်အချို့သိ၍ ညဥ့်သိသူတစ်ယောက်-
ဤ (ညဥ့်အတိအကျသိသူ) သုံးယောက်အား ပရိဝါသ်ပေးအပ်၏။ ပရိဝါသ်ပြီးပြီ။
(ထာ … အာပတ္တိပရိယန္တံ နဇာနာတိ၊ ရတ္တိပရိယန္တံ နဇာနာတိ ... စသောနည်းဖြင့် သုဒ္ဓန္တပရိဝါသ်ကို ပြတော်မူသည်။)
လူထွက်သူစသော ရှစ်ယောက်
ထိုအခါ ရဟန်းတစ်ပါးသည် ပရိဝါသ်နေစဉ် လူထွက်၏။ တစ်ဖန် ပြန်လာ၍ ရဟန်းအဖြစ်ကို တောင်း၏။
ချပ်သားတို့၊ ဤသာသနာ၌ ရဟန်းသည် ပရိဝါသ်နေစဉ် လူထွက်အံ့၊ လူထွက်အား ပရိဝါသ်မရောက်၊ တစ်ဖန်ရဟန်းပြုအံ့။ ရှေးပေးပြီး သော ပရိဝါသ်သာတည်း၊ ပေးပြီးသော နေပြီးသော ပရိဝါယ်သည် အပြစ်မရှိ၊ အကြွင်းကို ပရိဝါသ်နေအပ်၏။ (ဝါ-ဆက်၍ ပရိဝါသ်ကျင့် အပ်၏။)
ချစ်သားတို့ ... ဤသာသနာ၌ ရဟန်းသည် ပရိဝါသ်နေစဉ် သာမဏေဖြစ်အံ့၊ ဥမ္မတ္တကဖြစ်အံ့၊ ခိဋ္ဋစိတ္တဖြစ်အံ့။ ဝေဒနာဋ္ဋ ဖြစ်အံ့၊ အာပတ်မရှူခြင်းကြောင့် နှင်အပ်သူဖြစ်အံ့၊ မကုစားခြင်းကြောင့် နှင်အပ်သူ ဖြစ်အံ့။ ယုတ်မာသော အယူမစွန့်ခြင်းကြောင့် နှင်အပ်သူဖြစ်အံ့။
(လူထွက်အား) သာမဏေအား၊ ရူးသူအား၊ စိတ်ပြန့်လွင့်သူအား၊ ဝေဒနာ နှိပ်စက်သူအား၊ မရှု၊ မကု၊ မစွန့်ကြောင့် ဥက္ခိတ္တကကံ ပြုခံရသူအား (၈) ပရိဝါသ်မရောက်။
တစ်ဖန်-ဘိက္ခု၊ အနုမ္မတ္တက၊ အဓိဋ္ဋစိတ္တ၊ အဝေဒနာဋ္ဋ၊ သံဃာ့ဘောင်သို့ သွင်းအပ်သူ (ပကတတ်) ဖြစ်အံ့။ ရှေးပေးပြီးသော ပရိဝါသ် သာတည်း၊ ပေးပြီးသော၊ နေပြီးသော ပရိဝါသ်သည် အပြစ်မရှိ။ အကြွင်းကို ပရိဝါသ် နေအပ်၏။ (ရှစ်ဝါရ)။
ချစ်သားတို့ ... ဤသာသနာ၌ ရဟန်းသည် မူလာယပဋိကဿန ထိုက်စဉ် လူထွက်အံ့။ မူလာယပဋိကဿန မရောက်။ တစ်ဖန် ရဟန်းပြုအံ့၊ ရှေးပေးပြီး ပရိဝါသ် အပြစ်မရှိ၊ အရင်းသို့ ငင်အပ်၏၊ သာမဏေဖြစ်အံ့-တူပြီး (ရှစ်ဝါရ)။
မာနထိုက်စဉ် လူထွက်အံ့ ...လ...၊ အပြစ်မရှိ၊ မာနတ် ပေးအပ်၏။ (ရှစ်ဝါရ)။
မာနတ်ကျင့်စဉ် လူထွက်အံ့။ ...လ.... အပြစ်မရှိ၊ အကြွင်း မာနတ်ကျင့်အပ်၏၊ (ရှစ်ဝါရ)။
အဗ္ဘာန်ထိုက်စဉ် လူထွက်အံ့။ ...လ.... အပြစ်မရှိ။ အဗ္ဘာန်သွင်းအပ်၏။
ရှစ်ဝါရ ငါးလီ-စတ္တာလီသက ပြီး၏။
[ထာ ...ပါရိဝါသိကကို အစပြု၍ လူထွက်ပြီး ပြန် ရဟန်းပြုသူ စသည်တို့၌ ပဋိပတ္တိကို ပြခြင်းငှါ ပါဠိတော်ကို ထားသည်။]
အရင်း ငင်ထိုက်သူ ကိုးယောက်
ချစ်သားတို့ ... ဤသာသနာ၌ ရဟန်းသည် ပရိဝါသ်နေစဉ် အန္တရာပတ် များစွာသို့ ရောက်အံ့။ အာပတ် ပိုင်းခြားရှိကုန်၏။ မဖုံးအံ့။ ထိုရဟန်းကို အရင်းသို့ ငင်အပ်၏။
ဤသာသနာ၌ ...လ....။ ဖုံးအံ့၊ အရင်းသို့ ငင်အပ်၏။ ဖုံးသော အာပတ်အတွက် ရှေးအာပတ်နှင့် သမောဓာနပရိဝါသ်လည်း ပေးအပ်၏။
အချို့ဖုံး၍ အချို့ မဖုံးအံ့။ အရင်းသို့ ငင်အပ်၏။ ဖုံးသော ...လ... သမောဓာနပရိဝါသ်လည်း ပေးအပ်၏ (၃)။
အာပတ်ပိုင်းခြားမရှိ၊ မဖုံးအံ့၊ အရင်းသို့ ငင်အပ်၏၊ ဖုံးအံ့၊ အချို့ ဖုံးအံ့။ အရှင်းငင်အပ်၏။ သမောဓာန ပရိဝါသ်လည်း ပေးအပ်၏ (၃)။
အာပတ်ပိုင်းခြား အချို့ရှိ၍ အချို့ မရှိ။ မဖုံးအံ့၊ အရင်းငင်အပ်၏။ ဖုံးအံ့၊ အချို့ဖုံးအံ့၊ အရင်းငင်အပ်၏။ သမောဓာန ပရိဝါသ်လည်း ပေးအပ်၏ (၃)ကိုးယောက်။
ထိုအတူ မာနတ်ထိုက်စဉ်၊ မာနတ်ကျင့်စဉ်၊ အဗ္ဘာန်ထိုက်စဉ် ကိုးယောက်စီ ဟောသည်။
ကိုးယောက် လေးလီ ဆတ္တိံသက ပြီး၏။
(ပရိဝါသ်နေဆဲ၊ နေပြီးသောအခါ အန္တရာပတ်သင့်၍ မဖုံးလျှင် မူလာယပဋိကဿန ကံတစ်ခုသာ ဖုံးလျှင် သမောဓာနပရိဝါသကံနှင့် နှစ်ခု။ မာနတ်ကျင့်ဆဲ၊ ကျင့်ပြီး အခါသင့်၍ မဖုံးလျှင်ငင်၊ မာနတ်-နှစ်ကံ။ ဖုံးလျှင် မာနတ်ကျင့်ပြီးရက်၊ ပရိဝါသ်နေပြီးရက်တို့ကို ချေဖျက်၍-ငင်၊ ပေါင်း၊ အနက် သုံးကံ။)
ရှေ့ဖုံးနောက်ဖုံး
ချစ်သားတို့ ... ဤသာသနာ၌ ရဟန်းသည် အာပတ်များစွာသို့ ရောက်၍ မဖုံးမူ၍ လူထွက်အံ့။ တစ်ဖန် ရဟန်းပြု၍လည်း မဖုံးအံ့။ ချစ်သားတို့ ... ထိုရဟန်းအား မာနတ်ပေးအပ်၏။
ချစ်သားတို့ ... ဤသာသနာ၌ ...လ... တစ်ဖန် ရဟန်းပြုသော အခါ ဖုံးအံ့။ ချစ်သားတို့ ... ထိုရဟန်းအား နောက်အာပတ်၌ ဖုံးသည် အလျောက် ပရိဝါသ်ပေး၍ မာနတ်ပေးအပ်၏။
ဖုံး၍ လူထွက်အံ့၊ တစ်ဖန် ရဟန်းပြုသောအခါ မဖုံးအံ့၊ ချစ်သားတို့ ... ထို ရဟန်းအား ရှေးအာပတ်၌ ဖုံးသည်အလျောက် ပရိဝါသ်ပေး၍ မာနတ်ပေးအပ်၏။
ဖုံး၍ လူထွက်အံ့။ တစ်ဖန် ရဟန်းပြု၍လည်း ဖုံးအံ့။ ချစ်သားတို့ ... ထို ရဟန်းအား ရှေးအာပတ်၌ လည်းကောင်း၊ နောက်အပတ်၌ လည်းကောင်း ဖုံးသည် အလျောက် ပရိဝါသ်ပေး၍ မာနတ်ပေးအပ်၏ (၄)။
(အာပတ်တစ်ခုတည်းကို ရှေ့ဖုံး၊ နောက်ဖုံးစွမ်းဖြင့် ရှေးအာပတ် နောက်အာပတ်ဟု ခွဲဆိုသည်။)
အချို့ဖုံး၍ အချို့ မဖုံးမူ၍ လူထွက်အံ့။ တစ်ဖန် ရဟန်းပြုသောအခါ ဖုံးပြီးကိုမဖုံး၊ မဖုံးသေးကိုလည်း မဖုံးအံ့။ ရှေးဖုံးကြောင့် ပရိဝါသ်ပေး၍ မာနတ်ပေးအပ်၏။
ဖုံးပြီးကို မဖုံး၊ မဖုံးသေးကို ဖုံးအံ့၊ ရှေ့ဖုံးနောက်ဖုံးကြောင့် - ဖုံးပြီးကိုဖုံး၊ မဖုံးသေးကို မဖုံးအံ့၊ ရှေ့ဖုံးနောက်ဖုံးကြောင့် - ဖုံးပြီးကိုဖုံး၊ မဖုံးသေးကိုလည်း ဖုံးအံ့၊ ရှေ့ဖုံး နောက်ဖုံးကြောင့် ပရိဝါသ်ပေး၍ မာနတ်ပေးအပ်၏ (၄)။
သိသောအာပတ်ကို ဖုံး၍ မသိသောအာပတ်ကို မဖုံးမူ၍ လူထွက်အံ့။ တစ်ဖန် ရဟန်းပြုသောအခါ နှစ်ခုလုံးကို သိ၍ နှစ်ခုလုံး မဖုံးအံ့၊ ရှေ့ဖုံးကြောင့်-နှစ်ခုလုံး သိ၍ ဖုံးပြီးကို မဖုံး၊ မဖုံးသေးကို ဖုံးအံ့၊ ဖုံးပြီးကို ဖုံး၊ မဖုံးသေးကို ဖုံးအံ့။ နှစ်ခုလုံးကို ဖုံးအံ့၊ ရှေးဖုံး နောက်ဖုံးကြောင့် ပရိဝါသ်ပေး၍ မာနပေးအပ်၏ (၄)။
သတိရသော အာပတ်ကိုဖုံး၍ သတိမရသော အာပတ်ကို မဖုံးမူ၍ လူထွက်အံ့ (၄)။
ယုံမှားကင်းသော အာပတ်ကို ဖုံး၍ ယုံမှားရှိသော အာပတ်ကို မဖုံးမူ၍ လူထွက်အံ့ (၄)
လေးငါးလီ ဝါရ နှစ်ဆယ်။
သာမဏေ ဖြစ်အံ့၊ ရူးအံ့၊ စိတ် ပျံ့လွင့်အံ့၊ ဝေဒနာ နှိပ်စက်အံ့။ ။ နှစ်ဆယ်စီ။
မာနတ်တစ်ရာပြီး၏။
ချစ်သားတို့ ... ဤသာသနာ၌ ရဟန်းသည် ပရိဝါသ်နေစဉ် အန္တရာပတ်သို့ ရောက်၍ မဖုံးမူ၍ လူထွက်အံ့၊ တစ်ဖန် ရဟန်းပြု၍လည်း မဖုံးအံ့၊ အရင်းငင်အပ်၏။ ဖုံးအံ့၊ အရင်း ငင်အပ်၏၊ သမောဓာနပရိဝါသ်လည်း ပေးအပ်၏-စသည်ဖြင့် ပရိဝါသ်နေစဉ်၊ မာနတ်ထိုက်စဉ်၊ မာနတ်ကျင့်စဉ်၊ အဗ္ဘာန်ထိုက်စဉ်-တစ်ရာစီ။
မာနတ်ငါးရာ ပြီး၏။
ချစ်သားတို့ ... ဤသာသနာ၌ ရဟန်းသည် အာပတ်များစွာသို့ ရောက်၍ ပရိမာဏ-ပိုင်းခြားရှိသော အာပတ်တို့ကို မဖုံးမူ၍၊ အပရိမာဏ ပိုင်းခြားမရှိသော အာပတ်တို့ကို မဖုံးမူ၍၊ ဧကနာမ-အမည်တူ အာပတ်တို့ကို။ နာနာနာမ-အမည်မတူ အာပတ်တို့ကို။ သဘာဂ-သဘောတူ အာပတ်တို့ကို။ ဝိသဘာဂ-သဘောမတူ အာပတ်တို့ကို။ ဝဝတ္တိတ- သဘောတူ၍ သီးသန့်သော အာပတ်တို့ကို၊ သမ္ဘိန္န-သဘောမတူ၍ ရောယှက်သော အာပတ်တို့ကို မဖုံးမူ၍ လူထွက်အံ့၊
(ထာ ... အာပတ်တစ်ခုတည်းဖြစ်လျက် နောက်၌ ဖုံးသောကြောင့် နောက်အာပတ်၊ ရှေး၌ ဖုံးသောကြောင့် ရှေးအာပတ်ဟု ခွဲသည်။ ဝဝတ္တိတ၊ သမ္ဘိန္နအာပတ်ဟူသည် သဘာဂ၊ ဝိသဘာဂ အာပတ်၏ ပရိယာယ်တည်း။)
ဖုံးခြင်းအပြစ်
ရဟန်းနှစ်ဦးတို့သည် သံဃာဒိသိသ်သို့ ရောက်၍ သံဃာဒိသိသ်ဟု အယူရှိလျက် တစ်ဦးသည်ဖုံးအံ့။ တစ်ဦးသည်မဖုံးအံ့။ ဖုံးသူကို ဒုက္ကဋ်ကို ကြားစေ၍ ဖုံးသည်အလျောက် ပရိဝါသ်ပေး၍ နှစ်ဦးလုံးအားလည်း မာနတ်ပးအပ်၏။
ဝေမတိကဖြစ်လျက် ... ဖုံးသူဒုက္ကဋ် ပရိဝါသ်။ နှစ်ဦးလုံးမာနတ်။
ထုလ္လစ္စဉ်း စသည် ရောသောမိဿက-ဟု အယူရှိလျက် ... ဖုံးသူဒုက္ကဋ်ပရိဝါသ် နှစ်ဦးလုံးမာနတ်။ ။ မိဿကသို့ ရောက်၍ သံဃာဒိသိသ်ဟု အယူရှိလျက်။ ။ မိဿက-ဟု အယူရှိလျက် ဖုံးသူဒုက္ကဋ်ပရိဝါသ်၊ နှစ်ဦးလုံးမာနတ် (ငါးဝါရ)၊
သံဃာဒိသိသ်မဖက် လဟုက သက်သက်ဖြစ်သော သုဒ္ဓကသို့ရောက်၍ သံဃာဒိသိသ်ဟု အယူရှိလျက် တစ်ဦးသည် ပြောကြားမည်ဟု နှလုံးသွင်းအံ့။ တစ်ဦးသည် မပြောကြားအံ့ဟု နှလုံးသွင်းအံ့၊ ညဥ့်သုံးယံ လုံးဖုံး၍ အရုဏ်တက်အံ့၊ ဖုံးသော အာပတ်ဖြစ်၏။ ဖုံးသူဒုက္ကဋ်ပရိဝါသ်။ နှစ်ဦးလုံးမာနတ်။
ပြေကြားမည်ဟု သွားကြရာ ခရီးအကြား၌ မက္ခဓမ္မ--ဖုံးလိုခြင်း၊ ဝါ-လွှမ်းမိုးလိုခြင်း သဘောဖြစ်၍ မပြောကြား အံ့ဟု ညဥ့်သုံးယံလုံးဖုံး၍ အရုဏ်တက်အံ့၊ ဖုံးသော အာပတ်ဖြစ်၏။ ဖုံးသူဒုက္ကဋ်ပရိဝါသ်။ နှစ်ဦးလုံးမာနတ်။
သံဃာဒိသိသ်ဟု အယူရှိလျက် ရူးကုန်အံ့၊ အရူးပျောက်သောအခါ ... ဖုံးသူ ဒုက္ကဋ်ပရိဝါသ်။ နှစ်ဦးလုံးမာနတ်။
ပါတိမောက်ပြရာ၌ နာရသောအခါမှ သံဃာဒိသိသ်ဟု အယူရှိလျက် ... ဖုံးသူဒုက္ကဋ်ပရိဝါသ်။ နှစ်ဦးလုံး မာနတ်။ (လေးဝါရ)
ချစ်သားတို့ ... ဤသာသနာ၌ ရဟန်းသည် ပရိမာဏအာပတ်သို့၊ အပရိမာဏ အာပတ်သို့၊ ဧကနာမသို့၊ နနာနာမသို့၊ သာဘာဂသို့၊ ဝိသဘာဂသို့။ ဝဝတ္တိကအာပတ်သို့။ သမ္ဘိန္နအာပတ်သို့ ရောက်၍၊ သမောဓာန ပရိဝါသ်တောင်းခြင်း ပေးခြင်း မူလာယပဋိကဿန တောင်းခြင်း ငင်ခြင်း၊ မာနတ်တောင်းခြင်း ပေးခြင်း အဗ္ဘာန်တောင်းခြင်း၊ အဗ္ဘာန် သွင်းခြင်းတို့ကို အဓမ္မကံဖြင့် ပြုအံ့၊ ထိုအာပတ်မှ မစင်ကြယ်၊ ဓမ္မကံဖြင့်သာ ပြုအံ့။ ထိုအာပတ်မှ စင်ကြယ်၏ ... ဟူသော အဓိပ္ပါယ်ဖြင့် ဝါရများဟော၍ သမုစ္စယက္ခန္နကကို ပြီးဆုံးစေတော်မူ၏။
အဋ္ဌကထာစကား ကျယ်ပန်း၏။
အပ္ပဋိစ္ဆန္နမာနတ်
(ထာ ... မာနတ်သည် အပ္ပဋိစ္ဆန္နမာနတ်၊ ပဋိစ္ဆန္နမာနတ်၊ ပက္ခမာနတ်၊ သမောဓာနမာနတ်ဟု လေးမျိုးရှိ၏။
ထိုတွင် အပ္ပဋိစ္ဆန္နမာနတ်သည် မဖုံးသော အာပတ်အတွက် ပရိဝါသ် မပေးဘဲ အာပတ်သို့ ရောက်ခြင်း ကြောင့်သာ မာနတ်ထိုက်သူအား ပေးသောမာနတ်ဖြစ်၏၊
ပဋိစ္ဆန္နမာနတ်သည် ဖုံးသော အာပတ်အတွက် ပရိဝါသ်နေပြီးသူအား ပေးသောမာနတ်ဖြစ်၏၊
ပက္ခမာနတ်သည် ဖုံးသော် လည်းကောင်း၊ မဖုံးသော် လည်းကောင်း၊ ဘိက္ခုနီတို့အား လခွဲပတ်လုံး ပေးသော မာနတ်ဖြစ်၏။
သမောဓာနမာနတ်သည် ဩဇာယ-တစ်ပေါင်းတည်း ပြု၍ ပေးသောမာနတ်ဖြစ်၏။
ထိုတွင်မဖုံးသော အာပတ်အတွက် အပ္ပဋိစ္ဆန္နမာနတ် ပေးလိုသော ဝိနည်းဓိုရ်သည် အာပတ်တစ်ခုကို ဧကံ အာပတ္တိ ... ...။ နှစ်ခု၊ သုံးခုကို ဒွေအာပတ္တိယော၊ တိဿောအာပတ္တိယော။ ထိုထက်အလွန်ကို ရာထောင်ဖြစ်စေ သမ္ဗဟုလာ အာပတ္တိယော..ဟု ဆိုအပ်၏။
နာနာဝတ္ထုကာ အာပတ်တို့ကိုလည်း တစ်ပေါင်းတည်းပြု၍ ပေးအပ်ကုန်၏။ ပေးပုံကို ပရိဝါသ်ပေးရာ၌ ဆိုကုန်အံ့။ အာပတ်စွမ်းဖြင့် ကမ္မဝါစာဖတ်၍ မာနတ်ပေးသောအခါ ကမ္မဝါစာ အဆုံး၌ ထိုသိမ်၌ သာလျှင်-မာနတ္တံသမာဒိယာမိ၊ ဝတ္တံသမာဒိယာမိ-ဟု ဆိုပြီးသောနည်းဖြင့် (ပါ-တစ်ပုဒ်ပုဒ်ဖြင့် လည်းကောင်း၊ နှစ်ပုဒ်ဖြင့်လည်းကောင်း) ဆောက်တည်အပ်၏။ ဆောက်တည်ပြီးလျှင် ထိုသိမ်၌သာလျှင် သံဃာအား ကြားအပ်၏။ အဟံဘန္တေ ...လ… ဝေဒယတံတိမံသံဃောဓာရေတု-ဟူ၍လည်း ကောင်း၊ ဤအနက်ကိုယူ၍ ဘာသာတစ်ပါးဖြင့်သော်လည်းကောင်း၊ ကြားခြင်းငှါ အပ်သည်သာတည်း။
ကြာပြီးနောက် မာနတ်ချလိုလျှင် ဆိုပြီးသော နည်းဖြင့် (ဝါ- တစ်ပုဒ်ပုဒ်ဖြင့်လည်းကောင်း၊ နှစ်ပုဒ်ဖြင့် လည်းကောင်း) ချအပ်၏။ သိမ်မှ ရဟန်းတို့ ထွက်သွားကြလျှင် ရဟန်းတစ်ပါးထံ၌လည်း ချခြင်းငှါ အပ်၏။ သိမ်မှ ထွက်သွားပြီးမှ သတိရလျှင် အတူသွားသော ရဟန်းထံ၌ ချအပ်၏။ အတူသွားသူလည်း ဖဲသွားခဲ့အံ့။ သိမ်၌ မကြားရသေးသော ရဟန်းထံဖြစ်လျှင် ကြား၍ချအပ်၏။ (ကြားပြီးထံဖြစ်လျှင် မကြားမူ၍လည်း ချကောင်း၏ ဟူလို။)
ရဟန်းတစ်ပါးအား - အာယသ္မန္တာဓာရေန္တု ... သုံးပါးအား အာယသ္မန္တောဓာရေန္တုဟု ဆိုအပ်၏။ (တစ်ပါး၊ နှစ်ပါး၊ သုံးပါးထံ၌ မံသံဃောဓာရေတု-ဟု ဆိုကြားလျှင်လည်း အပြစ်မရှိ) မာနတ်ချသော အခါမှစ၍ ပကတတ် အရာ၌တည်၏။ ရဟန်းနည်းပါး၍ သဘာဂရဟန်းတို့ နေသောကျောင်းဖြစ်အံ့၊ ဝတ်မချပဲ ကျောင်းထဲ၌သာ ညတို့ကို ရေတွက်အပ်ကုန်၏၊)
(တစ်ပါးထံ-သ္မာ၊ နှစ်ပါး−န္တာ၊ သုံးပါးထံ-န္တော၊ လေးပါး- ဃော။)
[ဇီဋီ ... ဝေဒယာမိ-ဇာနေမိ၊ သိစေပါ၏၊ အနုဘဝါမိ၊ စိတ်ဖြင့် လက်ခံ၍ ချမ်းသာစွာ ခံစားပါ၏။ ထို အကြောင်းကြောင့် ဒုက္ခမဖြစ် ပါဟူလို။ (ဝိဒဉာဏော၊ အနုဘဝနေ-နှစ်နက်။ (သိမ်၌ မကြားသေးသူအား ကြား၍ချအပ်၏။ ကြားပြီးသူအား တစ်ဖန်ကြားဖွယ်မရှိ။ သက်သက် ချအပ်သည်သာတည်း၊)
သာဋီ ... ဆိုပြီးသော နည်းဖြင့်ဆောက်တည်ပုံကား နှစ်ပုဒ်ဖြင့် လည်းကောင်း၊ တစ်ပုဒ်ဖြင့်လည်းကောင်း ဆောက်တည်ခြင်းတည်း။ ဝေဒယာမိ-အနုဘဝါမိ၊ စိတ်ဖြင့်လက်ခံ၍ ချမ်းသာစွာ ခံစားပါ၏။ ထို အကြောင်းကြောင့် ဒုက္ခမဖြစ်ပါ ဟူလို။ ချသောအခါလည်း နှစ်ပုဒ်ဖြင့်လည်းကောင်း၊ တစ်ပုဒ်ဖြင့် လည်းကောင်း ချအပ်၏၊
ကြား၍ချအပ်၏-ဟူသည်ကား ဝတ္တသေဒဒုက္ကဋ်မှ လွတ်စေခြင်းငှါတည်း
[ဝိဋီ .... ဝေဒယာမိ ... ဇာနာပေမိ၊ သိစေပါ၏။ လျှောက်ကြားပါ၏-ဟူသော အာရာစေမိ အနက်ဟူလို။ အနုဘဝါမိ အနက်ကိုလည်း ဖွင့်ကုန်၏။ ဇာနာပေမိ အနက်ကို ချီးမွမ်းကြသည်။ အာရောစနသဒ္ဒါ၏ အနက်ရှိသောကြောင့်တည်း။ (ဇာနာမိ-ဟု ကာရိုတ်ထင်းလျက် ပါဌ် ပျက်တတ်သည်။)
ကြား၍ ချအပ်၏-ဟူသည် ဒုက္ကဋ်မှ လွတ်စေခြင်းငှါတည်း၊ ကေစိတို့ကား ထိုနေ့၌သာလျှင် တစ်ဖန် ဝတ်ဆောက်တည်၍ အရုဏ်တက်စေလို (ညဥ့်ရေတွက်လို) သူအား ရတ္တိစ္ဆေဒမှလွတ်ခြင်း အကျိုးငှါလည်းဟု ဆိုကုန်၏။
သဘာဂရဟန်းတို့ နေသောကျောင်း-ဟု ဆိုခြင်းကြောင့် ဝိသဘာဂ ရဟန်းတို့၏ နေရာဌာန၌ ဝတ်ကို မဆောက်တည်ဘဲ ပြင်ပ၌သာ ပြုခြင်းငှါလည်း အပ်သည်-ဟု မှတ်အပ်၏။]
ပြင်ပ၌ ဝတ်ကြားခြင်း
(မာနသုတ်သင်ခြင်းငှါ မတတ်နိုင်သည်ဖြစ်အံ့ ဆိုပြီးသောနည်းဖြင့် ဝတ်ကိုချ၍ နံနက်စောစော ပစ္စုသ အချိန်၌ (ဝါ-ပစ္ဆိမယံ အရုဏ်မတက်မီ အချိန်၌) ရဟန်းလေးပါ။ ငါးပါးနှင့်အတူ အရံရှိသောကျောင်း၏ အရံမှ၊ အရံမရှိလျှင် အရံထိုက်သော နေရာမှ-ခဲနှစ်ကျ လွန်၍ လမ်းမကြီးမှဖဲ၍ ချုံစောင်ရန်းတို့ဖြင့် ဖုံးအုပ်ရာ၌ နေအပ်၏။
အရုဏ်မတက်မီသာလျှင် ဆိုပြီးသောနည်းဖြင့် ဝတ်ကိုဆောက်တည်၍ ကြားအပ်၏။ ရဟန်း တစ်ပါးပါးသည် ကိစ္စတစ်ခုခုဖြင့် ထိုနေရာသို့ ရောက်လာသည်ကို မြင်အံ့။ အသံကိုသော်လည်း ကြားအံ့၊ ဝတ်ကြားအပ်၏။ မကြားလျှင် ရတ္တိစ္ဆေဒ၊ ဝတ္တဘေဒ ၁၂-တောင် ဥပစာသို့ သက်ဝင်၍ မသိအောင်ပြန်သွားအံ့၊ ရတ္တိစ္ဆေဒသာ။ ဝတ္ထဘေဒ မရှိ။ မာနတ်ကြားပြီးသော အခါမှစ၍ ရဟန်းတစ်ပါးကို ချန်ထား၍ ကြွင်းသော ပကတတ်တို့သည် ကိစ္စရှိလျှင် ပြန်သွားခြင်းငှါလည်း အပ်၏။
အရုဏ်တက်သောအခါ ထိုရဟန်းထံ၌ ဝတ်ကို ချအပ်၏။ ထို ရဟန်းသည်လည်း ကိစ္စတစ်ခုဖြင့် အရုဏ်မတက်မီ ပြန်သွားအံ့။ ထိုသို့ ဝတ်ကြားအပ်ပြီးသူ မဟုတ်ဘဲ ကျောင်းမှ လာသော ရဟန်းကိုဖြစ်စေ၊ အဂန္တုကိုဖြစ်စေ၊ ရှေဦးစွာ မြင်သူထံ ကြား၍ ဝတ်ကိုချအပ်၏။ ဤမာနတ် ကျင့်သူသည်ကား လေးပါးအောက် မယုတ်သော ဂဏအား ကြားပြီး၍ လည်းကောင်း၊ ရဟန်းတို့၏ (၁၂-တောင်အတွင်း) ရှိခြင်းကို မှတ်ပြီး၍သာ လည်းကောင်း နေပြီ။
ထို့ကြောင့် ဦနေဂဏေစရဏ ဒေါသသည်လည်းကောင်း၊ ဝိပ္ပဝါသ သည်လည်းကောင်း မဖြစ်။ (ကြား၌ ၁၂- တောင်တွင်းနေပြီးမှ ချွတ်ယွင်းမှုကို ဒဏ်သား မပြုပြီ) တစ်စုံတစ်ယောက်ကို မမြင်လျှင် ကျောင်းသို့သွား၍ အတူသွား ရဟန်းတစ်ပါးပါးထံ၌ ချအပ်၏-ဟု မဟာပဒုမ မထေရ် မိန့်ဆိုသည်။
မဟာပဒုမမထေရ်ကား ရှေးဦးစွာ မြင်သူထံ ကြား၍ ချအပ်၏။ ဤကား နိက္ခိတ္တဝတ္တဿ ပရိဟာရော-နိက္ခတ္တဝတ်ကျင့်သူ၏ (ဝါ-ဝတ်ကိုချ၍ ပရိဝါသ်နေသူ၏) ရအပ်သော အစောင့်အရှောက် ဖြစ်သည်ဟု-မိန့်ဆို သည်။)
ဇီဋီ ... ဝတ်ကိုချ၍ နေသူအား ဥပစာရသိမ်၌ ရှိသောရဟန်း အားလုံးတို့အား ကြားဘွယ်မရှိ၊ အဆင်းမြင်၊ အသံကြား၊ နှစ်ပါးတို့အား လည်းကောင်း၊ မမြင်မကြားသော်လည်း ၁၂-တောင်အတွင်း ရောက်သူအား လည်းကောင်း ကြားအပ်၏။ ဤကား ဝတ်ချ၍ နေသူ၏ လက္ခဏာတည်း။
အရံရှိသော ကျာင်း၏အရံမှ စကားသည် ပါဠိတော်၌ မရှိ။ အဋ္ဌကထာဆရာတို့၏ စကားဖြင့် ထိုအတိုင်း ကျင့်အပ်သောကြောင့် ဆိုသောစကားဖြစ်၏။
ရှိခြင်းကိုမှတ်ပြီး၍ ဟူသည် ၁၂-တောင် ဥပစာရ မှတ်သားပြီး၍တည်း။
အနိက္ခိတ္တ ဝတ်ကျင့်သူကိုဖြစ်လျှင် ဥပစာရသိမ်၌ ရောက်လာခြင်းကို မှတ်သားပြီး၍ - သဟဝါသ စသော အဖြစ်ကို သိအပ်၏။ ဝတ်ချလျှင် ကြား၍ ချအပ်၏၊ အကျိုးရှိ၏ဟု ဆိုသည်၊ အကျိုးမပြ။ ...လ...။ အကျိုးကား ကြားခြင်းသည် ဝတ္တဘေဒဒုက္ကဋ်မှ လွတ်ခြင်း အကျိုး ရှိ၏။
သာဋီ .... ခဲနှစ်ကျ လွန်၍ ဟူသည်-ဘိက္ခုတို့၏ သရဇ္ဈာယ်သံ ကြားရာ သဝနူပစာကို စွန့်ခြင်းငှါ ဆိုသောစကား ဖြစ်သည်။
လမ်းမကြီးမှ ဖဲ၍ဟူသည် ခရီးသွား ရဟန်းတို့၏ ဥပစာကို စွန့်ခြင်းငှါတည်း။
ချုံစောင်ရန်း ဖုံးအုပ်ရာသည် ဒဿနူပစာ စွန့်ခြင်းငှါတည်း။ အနိက္ခိတ္တဝတ်ကျင့်လျက် ကျောင်းဝိုင်းဥပစာ တွင်းရှိ ရဟန်းအားလုံးတို့အား ကြားရသည်။
ထို့ကြောင့် ဤကား “နိက္ခိတ္တဝတ္တဿပရိဟာရော”ဟု ဆိုသည်။ မဟာပဒုမ၏ အလိုတော်ကား ဝတ်ကိုချ၍ ပရိဝါသ်နေသူအား ဥပစာရှ သိမ်အတွင်းရှိ ရဟန်း အားလုံးတို့အား ကြားဘွယ်မရှိ။ အဆင်းမြင်၊ အသံကြား၊ နှစ်ပါးတို့အားလည်းကောင်း၊ မမြင် မကြားသော်လည်း ၁၂-တောင်တွင်း ရောက်သူတို့အား လည်းကောင်း ကြားအပ်၏။
ဤကား ဝတ်ချ၍ ပရိဝါသ်နေသူ၏ လက္ခဏာတည်း။
(ဝိဋီ ... ခဲနှစ်ကျ လွန်၍ ဟူသည် ကျောင်း၌ ရှိသော ဘိက္ခုတို့၏ သရဇ္ဈာယ်သံ စသည်ကြားရာ သာနူပစာကို စွန့်ခြင်းငှါတည်း။
လမ်းမကြီးမှ ဖဲ၍ဟူသည်-ခရီးသွား ရဟန်းတို့၏ သာနူပစာကို လွန်ခြင်းငှါတည်း။
ခြုံစောင်ရန်း စသည်သည် ဒဿနူပစာကို စွန့်ခြင်းငှါတည်း။
ထိုရဟန်းသည်လည်း ကိစ္စတစ်ခုဖြင့် အရုဏ်မတက်မီ ပြန်သွားအံ့-ဟူသော စကားဖြင့် ကြားခြင်းကို ပြုပြီးနောက် ပကတတ် အားလုံး ကျောင်းပြင်ပသို့ သွားစေကာမူ ဦနေဂဏေစရဏ ဒေါသသည် လည်းကောင်း၊ ဝိပ္ပဝါသ ဒေါသသည် လည်းကောင်း မဖြစ်။ သဟဝါသ ပုဂ္ဂိုလ်အား ဝတ်ကြားပြီး ခြင်းကြောင့်တည်း။ ထိုကြောင့် ဤမာနတ်ကျင့်သူသည်ကား စသည်ကိုဆိုသည်။)
အပ္ပဋိစ္ဆန္ဒအဗ္ဘာန်
(ဤသို့ ခြောက်ညဥ့်ပတ်လုံး မာနတ်ကို မကျိုးမပျက်အောင် ကျင့်ပြီးလျှင် ရဟန်း နှစ်ကျိပ်ရှိသော သိမ်၌ အဗ္ဘာန် သွင်းအပ်၏။ ရှေးဦးစွာ အဗ္ဘာနာရဟ ဖြစ်အောင် ပြုအပ်၏။
အကြောင်းကား - ဤရဟန်းသည် နိက္ခိတ္တဝတ် ကျင့်သူဖြစ်ခြင်းကြောင့် ပကတတ်အရာ၌ တည်သည်။ ပကတတ်အားလည်း အဗ္ဘာန် မသွင်းအပ်။ ထို့ကြောင့် ဝတ်ကို ဆောက်တည်စေအပ်၏။ ဝတ်ဆောက်တည်မှ အဗ္ဘာနာရဟ ဖြစ်သည်။ ထိုရဟန်းသည်လည်း ဝတ်ကိုဆောက်တည်၍ မာနတ်ကြား၍ အဗ္ဘာန်ကို တောင်းအပ်၏。
(မကြား၊ မတောင်းသော်လည်း အဗ္ဘာန်သွင်းအပ်၏။ မတောင်းလျှင် သံဃာအား အပြစ်မလွတ်ဟူလို။) အနိက္ခိတ္တ ဝတ်ကျင့်သူအား တစ်ဖန် ဝတ်ဆောက်တည်ဖွယ်မရှိ၊ ခြောက်ညဥ့် လွန်ကာမျှ၌သာလျှင် အဗ္ဘာနာရဟဖြစ်၏။ အဗ္ဗာန်သွင်းထိုက်၏။ ဤကား ဧကာပတ္တိအစွမ်းဖြင့် ဆိုခြင်းတည်း။
ဒွေ၊ တိဿော၊ သမ္ဗဟုလာ အစွမ်းဖြင့်လည်းကောင်း၊ ဧကဝတ္ထုကာ နာနာဝတ္တုကာ အစွမ်းဖြင့် လည်းကောင်း၊ ကမ္မဝါစာ ဖတ်အပ်၏။ ။ အပ္ပဋိစ္ဆန္နမာနတ်ပြီး၏။)
(ဝိဋီ … အဗ္ဘာန်မသွင်းအပ်ဟူသည် အဗ္ဘာန်သွင်းခြင်း ပြုသော်လည်း မပြုအပ်သော အဗ္ဘာန်သာ-မမြောက်သော အဗ္ဘာန်သာဖြစ်၏ဟူလို။)
(အပ်ရိပ်၊ မအပ်ရိပ်ကို မစီစစ်ဘဲ ဂရုကလထေသု - ဆိုခြင်းသည် အလေး မပြုသူ၏ ချွတ်ယွင်းခြင်းသာတည်း။ ဂရုပုဂ္ဂိုလ် အဖြစ်သို့ မရောက်နိုင်။)
ဖုံးခြင်းလက္ခဏာ ဆယ်ပါး
(ပဋိစ္ဆန္န မာနတ်ကို ပရိဝါသ်နေပြီးသူအား ပေးအပ်သောကြေင့် ပရိဝါသကထာ၌သာ ဆိုမည်။ ရောက်ရာ၌ ဆိုလျှင် ပါဠိတော်ကဲ့သို့ ကျယ်ဝန်း၍ မှတ်သားခြင်းငှါ မလွယ်သောကြောင့် ပရိဝါသ်၌ ပေါင်း၍ ပြအံ့။ ဤ၌ လိုအပ်သော ပရိဝါသ်သည် ပဋိစ္ဆန္နပရိဝါသ်၊ သုဒ္ဓန္တပရိဝါသ်၊ သမောဓာနပရိဝါသ် ဟု သုံးမျိုးရှိ၏၊ ထို ပဋိစ္ဆန္န ပရိဝါသ်ကို တစ်ရက်နှစ်ရက် စသည်ဖြင့် ဖုံးသည်အားလျော်စွာ ပေးအပ်၏။
ထို့ကြောင့် ရှေးဦးစွာ ဖုံးသော အာပတ်၏ အဖြစ်ကို သိအပ်၏။ အာပတ်ဟူသည် ဆယ်ပါးသော အခြင်းအရာဖြင့် ဖုံးသည်မည်၏။
ဆယ်ပါးကား --
အာပတ်လည်းဟုတ်၏။ အာပတ်ဟု သညာလည်းရှိ၏ (၂)။
ပကတတ်လည်း ဟုတ်၏။ ပကတတ်ဟု သညာလည်းရှိ၏ (၂)။
အန္တရာယ် ဆယ်ပါးမှလည်းကင်း၊ အန္တရာယ် ကင်းသည်ဟု သညာလည်းရှိ၏ (၂)။
စွမ်းလည်းစွမ်းနိုင်၏။ စွမ်းနိုင်သည်ဟု သညာလည်း ရှိ၏ (၂)။
ဖုံးလိုသည်လည်းဟုတ်၏။ ဖုံးလည်းဖုံး၏ (၂)။
အာပတ်၊ ပကတတ်၊ ကင်းလတ် အန္တရာယ်၊ စွမ်းနိုင်ဖွယ်၊ ဖုံးကွယ် နှစ်စီတည်း။
ဝန်ချဖုံးလျက်-အရုဏ်တက် ဖုံးတွက် ဒုက္ကဋ်တည်း။
ထိုဆယ်ပါးတို့တွင် အာပတ်လည်း ဟုတ်၏။ အာပတ်ဟု သညာလည်း ရှိ၏ - ဟူရာ၌ ရောက်သော အာပတ်သည် အာပတ်သာတည်း။ ထို အာပတ်၌ အာပတ်ဟု သညာလည်း ရှိသည်သာတည်း။ ဤသို့ သီလျက် ဖုံးအံ့ ဖုံးသည်မည်၏။ အနာပတ္တိ သညာရှိလျှင် ဖုံးသည် မမည်။
အနာပတ္တိကို အာပတ္တိသညာ၊ အနာပတ္တိညာဖြင့် ဖုံးလျှင်လည်း ဖုံးသည် မမည်။ လဟုကကို ဂရုဟူ၍၊ ဂရုကကို လဟုကဟူ၍ ဖုံးအံ့၊ ဖုံးသည် မမည်၏။ အလဇ္ဇီကား ဖြစ်၏။
ဂရုကကို လဟုကဟု ထင်၍ ဒေသနာ ကြားအံ့-ကြားသည်မမည်။ ဖုံးသည်မမည်။ ဂရုကကို ဂရုက-ဟုသိ၍ ဖုံးအံ့-ဖုံးသည်မည်၏။ ဂရုက လဟုက-ဟု မသိဘဲသော်ကား အာပတ်ကို ဖုံးမည်ဟု ဖုံးအံ့-ဖုံးသည်သာ မည်၏။
သုံးပါးသော ဥက္ခေပနီယကံ အပြုမခံရသော ရဟန်းသည် ပကတတ် မည်၏။ ထိုရဟန်းသည် ပကတတ်ဟု သညာရှိလျက် ဖုံးအံ့-ဖုံးသည်မည်၏။ သံဃာသည် ငါ့အား ကံကို ပြုအပ်၏ဟု ပကတတ် သညာရှိ၍ ဖုံးအံ့- ဖုံးသည်မမည်။ အပကတတ်သည် ပကတတ်သညာ အပကတတ်သညာဖြင့် ဖုံးသော်လည်း ဖုံးသည် မမည်သာတည်း。
ပရိဝါသ်၌ အ ပဇ္ဇတိ ဂရုကံ - စေသော ဂါထာကို ဥက္ခိတ္တက အစွမ်းဖြင့်ဆိုသည်။ အပကတတ် ဥက္ခိတ္တက သည် ဂရုကသို့ ရောက်၍ မရိုသေခြင်းဖြင့် ဖုံးသော်လည်း ဖုံးသော အပြစ်သို့ မရာက်ဟူလို။
အန္တရာယ်ဆယ်ပါး
တစ်ပါးမျှ မရှိလျှင် အန္တရာယ်ကင်းသည် မည်၏။ အန္တရာယ်ကင်းလျက် အန္တရာယ်ကင်း၏ ဟူသောသညာဖြင့် ဖုံးအံ့ ဖုံးသည်မည်၏။ ကြောက်တတ်သောကြောင့် ညဥ့် မိုက်သောအခါ ဘီလူးစသော အန္တရာယ်ရှိသည် ထင်၍ ဖုံးအံ့-ဖုံးသည်မမည်။
တောကြို တောင်ကြားနေသူဖြစ်၍ မြစ်စသည်ကူး၍ ဒေသနာ ကြားအပ်သည် ဖြစ်အံ့၊ ဘီလူးဘေး၊ မြွေဘေး ရေဘေး စသည်လည်းရှိအံ့၊ အန္တရာယ် တစ်ခုရှိ၍သာလျှင် အန္တရာယ်ရှိသည်ထင်၍ ဖုံးအံ့-ဖုံးသည် မမည်။ အန္တရာယ် ရှိသူအား အန္တရာယ်ရှိသည်ထင်၍ လည်းကောင်း၊ မရှိ ထင်၍ လည်းကောင်း ဖုံးလျှင် မဖုံးသည်သာ မည်၏။
စွမ်းနိုင်သူကား ရဟန်းထံ သွားခြင်းငှါ လည်းကောင်း ဒေသနာ ကြားခြင်းငှါ လည်းကောင်း စွမ်းနိုင်၏။ စွမ်းနိုင်လျက် စွမ်းနိုင်သည် ထင်၍ ဖုံးအံ့-ဖုံးသည်မည်၏။ ခံတွင်းအနည်းငယ်နာရုံ သွားနာရုံ ဆွမ်းစား မကောင်းရုံမျှဖြင့် စွမ်းနိုင်သော်လည်း မစွမ်းနိုင်ဟု ထင်၍ဖုံးအံ့- ဖုံးသည်မမည်။
မစွမ်းနိုင်သူကား စွမ်းနိုင်သည် ထင်၍ လည်းကောင်း၊ မစွမ်းနိုင်သူထင်၍ လည်းကောင်း ဖုံးအံ့- မဖုံးသည်သာ မည်၏။ ဖုံးလို၏၊ ဖုံး၏၊ ဟူသည်-ပေါ်လွင်ထင်ရှား၏。
ဖုံးမည်ဟု ဓုရနိက္ခေပ-ဝန်ချ၍ နံနက်၊ မွန်းတိမ်း၊ ညဥ့်ဦးယံ စသည်တို့၌ လဇ္ဇီသဘောသက်၍ အရုဏ် မတက်မီသာ ဒေသနာကြားအံ့ ဖုံးလိုလျက် မဖုံးသည်မည်၏။ ရဟန်းအဖော် မရှိရာ၌ နေသော ရဟန်းသည် အာပတ်သို့ရောက်၍ သဘာဂရဟန်း၏ ကြွလာခြင်းကို ဆိုင်းငံ့စဉ် လည်းကောင်း၊ သဘာဂထံ သွားစဉ် လည်းကောင်း၊ လခွဲဖြစ်စေ တစ်လဖြစ်စေ လွန်အံ့-မဖုံးလိုလျက် ဖုံးသည်မည်၏။ အာပတ်ကား ဖုံးသည် မမည်။
အာပတ်သင့်ကာမျှတွင် မီးခဲနင်းမိသူကဲ့သို့ လျင်စွာဖဲသွား၍ သဘာဂထံတွင် ထင်စွာပြုအံ့၊ မဖုံးလိုလျှက် မဖုံးသည်မည်၏။ သဘာဂရဟန်းကို တွေ့မြင်သော်လည်း ငါ၏ဥပဇ္ဈာယ်-ငါ၏ဆရာဟု ရှက်သဖြင့် မပြောကြားအံ့ ဖုံးသည်မည်၏။
အာပတ်ထင်စွာကြားရာ၌ ဥပဇ္ဈာယ် စသောအဖြစ်သည် ပမာဏမဟုတ်။ အဝေရီ+သဘာဂ-အစီးအပွား လိုလားသော+လဇ္ဇီ ပကတတ်မျှသာ ပမာဏဖြစ်သည်။ ထို့ကြောင့်အဝေရီ သဘာဂပုဂ္ဂိုလ်ထံ ကြားအပ်၏။ နာကြား၍ အပြစ်ပြလိုသော ဝိသဘာဂ ဖြစ်အံ့၊ ဥပဇ္ဈာယ် ဖြစ်သော်လည်း မကြားအပ်။ အာပတ်သို့ နေ့ရောက် သော်လည်းကောင်း၊ ညဥ့်ရောက်သော်လည်းကောင်း၊ အရုဏ်မတက်မီ ကြားအပ်၏။ အရုဏ်တက်လျှင် ဖုံးသည်မည်၏။ ဖုံးခြင်းကြောင့် ဒုက္ကဋ်သို့လည်း ရောက်၏၊ ဝတ္ထုသဘာဂ သံဃာဒိသိသ်သင့်သူထံ အာဝိကရဏာ - ထင်စွာမပြုအပ်။ ပြုလျှင် အာပတ်ထင်စွာ ပြုခြင်းကား ဖြစ်၏။ ဒုက္ကဋ်မှမလွတ်။
ထိုကြောင့် စင်ကြယ်သူထံ ထင်စွာပြုအပ်၏။ ထင်စွာပြုသူသည်-တုယှံ သန္တိကေ ဧကံအာပတ္တိံ အာဝိကရောမိ၊ အာစိက္ခာမိ၊ အာရောစေမိ၊ မမဧကံအာပတ္တိံ အာပန္နဘာဝံဇာနာဟိ-ဟု တစ်မျိုးမျိုးဖြစ်စေ၊ ဧကံ ဂရုကာပတ္တိံ အာဝိကရောမိ စသည်ဖြစ်စေဆိုအံ့-မဖုံးသည်သာတည်း ဟု ကုရုန္ဒီဆို၏။
လဟုကာပတ္တိံ အာဝိကရောမိ-စသည်ဖြင့်ဆိုလျှင် ဖုံးသည် မည်၏။ ဝတ္ထုကိုလည်းကောင်း၊ အာပတ်ကို လည်းကောင်း၊ နှစ်ပါးစုံကို လည်းကောင်း၊ ပြောကြားအံ့၊ သုံးနည်းလုံး ပြောကြားသည်သာ မည်၏။ ဤသို့လက္ခဏာ ဆယ်ပါး သိအပ်၏။)
(သာဋီ ... အဝေရီဟူသည် ဟိတကာမဖြစ်၏။
စင်ကြယ်သူထံ ဟူသည် သဘာဂသံဃာဒိသိသ်သို့ မရောက်သူ၏ အထံ၌ ထင်စွာ ပြုအပ်၏။
ဝိဋီ .... စင်ကြယ်သူထံ ဟူသည် သဘာဂသံဃာဒိသိသ်သို့ မရောက်သူ ထံ၌လည်းကောင်း၊ ထိုအာပတ်မှ ထပြီးသူထံ၌ လည်းကောင်း ထင်စွာ ပြုအပ်၏။)
ပဋိစ္ဆန္နပရိဝါသ်
(ဤသို့ဆယ်ပါးသော အကြောင်းအရာ လက္ခဏာတို့ကို မှတိသား၍ ပဋိစ္ဆန္နပရိဝါသ် ပေးလိုသော ဝိနည်းဓိုရ်သည် ရှေးဦးစွာ ဖုံးခြင်းကို သိအောင် ပြုအပ်၏။ ထို့နောက်ဖုံးသောနေ့၊ အာပတ်တို့ကို မှတ်သား၍ ... အဟံဘန္တေ ဧကံအာပတ္တိံ အာပဇ္ဇိံ ဧကာ ဟပ္ပဋိစ္ဆန္နံ ... စသည်ဖြင့် တောင်းစေ၍ ကမ္မဝါစာဖတ်၍ ပရိဝါသ်ပေးအပ်၏。
ဧကာဟပဋ္ပိစ္ဆန္နံ၊ ဒွိဟပ္ပဋိစ္ဆန္နံ ....လ..။ စုဒ္ဒသာဟပ္ပဋိစ္ဆန္နံ၊ ပက္ခပ္ပဋိစ္ဆန္နံ အတိရေကပက္ခပ္ပဋိစ္ဆန္နံ၊ မာသပ္ပဋိစ္ဆန္နံ၊ အတိရေကမာသပ္ပဋိစ္ဆန္နံ၊ ဒွေမာသပ္ပဋိစ္ဆန္နံ၊ အတိရေကမာသပ္ပဋိစ္ဆန္နံ၊ ...လ... အတိရေကဧကာ ဒသမာသပ္ပဋိစ္ဆန္နံ၊ ဧကသံဝစ္ဆရပ္ပဋိစ္ဆန္နံ၊ အတိရေကဧကသံဝစ္ဆရပ္ပဋိစ္ဆန္နံ ...လ... သဋ္ဌိသံဝစ္ဆရပ္ပဋိစ္ဆန္နံ၊ အတိရေကသဋ္ဌိသံဝစ္ဆရပ္ပဋိစ္ဆန္နံ၊ .. စသည်ဖြင့် လည်းကောင်း၊ ဧကံအာပတ္တိံ ဒွေအာပတ္တိယော၊ တိဿောအာပတ္တိယော သမ္ဗဟုလာအာပတ္တိယော စသည်ဖြင့်လည်းကောင်း၊ လျော်စွာယောဇနာ အပ်၏。
နာနာဝတ္ထု ဖြစ်အံ့ - အဟံဘန္တေ သမ္ဗဟုလာ သံဃာဒိသေသာ အာပတ္တိယော အာပဇ္ဇိံ ဧကံသုက္ကဝိဿဋ္ဌိံ ဧကံကာယသံသဂ္ဂံ - ဧကာဟပ္ပဋိစ္ဆန္နာယော-ဟု ဂဏနအစွမ်းဖြင့် လည်းကောင်း၊ အဟံဘန္တေ သမ္ဗဟုလာ သံဃာဒိသေသာ အာပတ္တိယော အာပဇ္ဇိံ ဧကာဟပ္ပဋိစ္ဆန္နာယော-ဟု နာမမတ္တအစွမ်းဖြင့် လည်းကောင်း၊ ယောနာအပ်၏။
ထိုတွင် နာမသည် သဇာတိသာဓာရဏ၊ သဗ္ဗသာဓာရဏ-ဟု နှစ်မျိုးပြ၏။
သံဃာဒိသေသော ဟူသည် သဇာတိသာဓာရဏ အာပတ္တိဟူသည်- သဗ္ဗသာဓာရဏဖြစ်၏။ ထိုကြောင့်-သမ္ဗဟုလာ အာပတ္တိယောအာပဇ္ဇိံ ဧကာဟပ္ပဋိစ္ဆန္နာယော-ဟု သဗ္ဗသာဓာရဏ အစွမ်းဖြင့်လည်း (သံဃာဒိသေသာ မထည့်ဘဲ) ဆိုခြင်းငှါ အပ်၏。
ဤပရိဝါသ် စသော ဝိနည်းကံ အားလုံးသည် ဝတ္ထု၊ ဂေါတ္တ၊ နာမ၊ အာပတ္တိ တစ်ခုခုဖြင့် ပြုခြင်းငှါ အပ်သည်သာတည်း။
သုက္ကဝိဿဋ္ဌိ၊ ကာယသံသဂ္ဂေါ၊ နာနာတ္ထုကာယော-ဟူသည် ဝတ္ထုလည်း ဟုတ်၏။ ဂေါတ္တလည်း ဟုတ်၏။
သံဃာဒိသေသာ၊ အာပတ္တိယော - ဟူသည် နာမလည်း ဟုတ်၏။ အာပတ္တိလည်း ဟုတ်၏။ အယံဥဒါယီ ဘိက္ခု-ကမ္မဝါစာ ဘတ်သကဲ့သို့ အာပတ်သို့ ရောက်သူ၏ အမည်ကိုယူ၍ (လိဉ္စ၊ မိတ္တ-စသည်မှည့်၍) ဖတ်အပ်၏。
ကမ္မဝါစာ အဆုံး၌ ထိုရဟန်းသည် ထိုသိမ်၌သာလျှင် ဝတ်ကို ဆောက်တည်၍ ထိုသိမ်၌သာလျှင် သံဃာအား ဝတ် ကြားအပ်၏။ ဝတ်ချလိုလျှင် ဆိုပြီးသော နည်းအတိုင်း သံဃာ့အလယ်၌၊ သိမ်မှထွက်သွားကုန်လျှင် တစ်ပါးတည်းထံ၌၊ ထွက်သွားပြီးမှ သတိရလျှင် အတူ သွားသူ၏အထံ၌ ချအပ်၏။ အတူသွားသူ ဖဲသွားလျှင် သိမ်တွင် မကြားရသေးသူထံ၌ ကြား၍ချအပ်၏။ ကြားသောအခါ တစ်ပါးထံ-သ္မာ၊ နှစ်ပါး-န္တာ၊ သုံးပါးထံ-န္တော၊ လေးပါး-ဃော ... ဟုဆိုအပ်၏။ ဝတ်ချသော ကာလမှစ၍ ပကတတ် အရာ၌တည်၏။
ရဟန်းနည်း၌ သဘာဂတို့ နေသောကျောင်းဖြစ်အံ့၊ ဝတ်မချဘဲ ကျောင်းထဲ၌သော ညဥ့်ရေတွက်အပ်၏ သုတ်သင်ခြင်းငှါ မတတ်နိုင်လျှင် ဝတ်ချ၍ နံနက်စောစော ပစ္စုသအချိန်၌ ရဟန်းတစ်ပါးနှင့် အပ္ပဋိစ္ဆန္နမာနတ် အဖွင့်၌ ဆိုပြီးသော နည်းအတိုင်း မထေရ်နှစ်ပါး၏ ဝါဒအထိ တူပြီ။ ဤသို့ဖုံးသလောက် ရက်တို့ပတ်လုံး ဖြစ်စေ၊ ကုက္ကုစ္စ ပျောက်စေခြင်းငှါ ရက်ပိုလွန်၍ဖြစ်စေ ပရိဝါသ်နေအပ်၏။)
ပဋိစ္ဆန္နမာနတ်
(ဤပဋိစ္ဆန္န ပရိဝါသ်နေပြီးသောအခါ သံဃာသို့ ချဉ်းကပ်၍ ဝတ်ဆောက်တည်၍ မာနတ်တောင်းအပ်၏။ နိက္ခိတ္တ ဝတ်နေသောကြောင့် ဝတ်ဆောက်တည်မှု မာနတ္တာရဟဖြစ်သည်။ အနိက္ခိတ္တ ဝတ်ကျင့်သူအား တစ်ဖန်ဆောက်တည်ဖွယ်မရှိ၊ ဖုံးသောနေ့ လွန်လျှင် မာနတ္တာရဟဖြစ်၍ မာနတ်ပေးအပ်၏။ ဤကား ပဋိစ္ဆန္နမာနတ်တည်း။
ဤ “ပဋိစ္ဆန္နမာနတ်”ကို ပေးလိုသော ဝိနည်းဓိုရ်သည် ဧကံ၊ ဒွေ၊ တိသော၊ သမ္ဗဟုလာ-ဟူ၍လည်းကောင်း၊ ဧကာယ၊ ဒွိန္နံ၊ တိဿန္နံ၊ သမ္ဗဟုလာနံ အာပတ္တီနံ ဧကာဟပ္ပဋိစ္ဆန္နာနံ ဆာရတ္တံ မာနတ္တံ ယာစာမိ ဟူ၍ လည်းကောင်း ထိုက်သည်အားလျော်စွာ ယောဇနာအပ်၏။ အပ္ပဋိစ္ဆန္နာပတ္တိကို ပဋိစ္ဆန္နာပတ္တိ၌ ပေါင်း၍လည်း မာနတ်ပေးခြင်းငှါ အပ်၏。
တာသံအာပတ္တီနံ ပဋိစ္ဆန္နာ ယစ အပ္ပဋိစ္ဆန္နာ ယစ ဆာရတ္တံ မာနတ္တံ ယာစာမိ။ ပဋိစ္ဆန္နာနဉ္စ အပ္ပဋိစ္ဆန္နာယစ။ ပဋိစ္ဆန္နာယစ အပ္ပဋိစ္ဆန္နာနဉ္စ ပဋိစ္ဆန္နာနဉ္စ အပ္ပဋိစ္ဆန္နာနဉ္စ ဆာရတ္တံ မာနတ္တံယာစာမိ လျော်စွာ ဆိုအပ်၏။ လျော်စွာ ကမ္မဝါစာ ဖတ်၍ မာနတ်ပေးအပ်၏。
(ပရိဝါသ် ချထားခိုက် သင့်၍ မဖုံးလျှင် ဝိသုံမာနတ်-ဟု တစ်နေရာ၌ ဆို၏။) မာနတ်ကျင့်ပြီးသောအခါ လျော်စွာ ကမ္မဝါစာဖတ်၍ အဗ္ဘာန်သွင်းအပ်၏။ ဤသို့ ပဋိစ္ဆန္န၊ ပရိဝါသ်ကို လည်းကောင်း၊ ပဋိစ္ဆန္န မာနတ်ကို လည်းကောင်း သိအပ်၏၊ ပက္ခမာနတ်၊ သမောဓနမာနတ်ကို နောက်၌ ဆိုအံ့။ သုဒ္ဓန္တ ပရိဝါသ်၊ သမောဓာန ပရိဝါသ် ကျန်သေးသည်။)
သုဒ္ဓန္တပရိဝါသ်
(ညဥ့်ဖုံးခြင်း ပိုင်းခြား အတိအကျ မသိသူအား ခွင့်ပြုသော ပရိဝါသ်သည် သုဒ္ဓန္တပရိဝါသ် ဖြစ်၏။
(က) စူဠသုဒ္ဓန်၊ (ခ) မဟာသုဒ္ဓန်-ဟု နှစ်မျိုးပြား၏။
နှစ်မျိုးလုံးကိုလည်း ညဥ့်ပိုင်းခြား အားလုံးကိုလည်းကောင်း အချို့ကိုလည်းကောင်း၊ မသိသူ၊ သတိမရသူ၊ ယုံမှားသူအား ပေးအပ်၏။ အာပတ်ပိုင်းခြား သိခြင်း မသိခြင်းသည် အကြောင်းမဟုတ်။ (သမ္ဗဟုလာ-ဟုဆိုလျှင် ထခြင်းကြောင့်တည်း။)
အကြင် ရဟန်းသည် ရဟန်းဖြစ်သော နေ့မှစ၍ အနုလုံအားဖြင့်လည်းကောင်း၊ ဒေသနာကြားသော နေ့မှ၍ ပဋိလုံအားဖြင့်လည်းကောင်း၊ ဤမည် ဤမည်သော နေ့ရက် ပက္ခ လ နှစ် ပတ်လုံး စင်ကြယ်ခြင်းကို သိ၏လော၊ မှတ်မိ၏လောဟု မေးသောအခါ သိပါသည်၊ မှတ်မိပါသည်။ ဤမျှပတ်လုံး စင်ကြယ်ပါသည်ဟု ဆိုအံ့ - ထိုစင်ကြယ်သော နေ့ရက်အချို့ သိသူ ရဟန်းအား ပေးသော သုဒ္ဓန်သည် စူဠသုဒ္ဓန်မည်၏。
ထိုသုဒ္ဓန်ကိုယူ၍ ပရိဝါသ်နေသူသည် စင်ကြယ်သည်ဟု သိသော နေ့ရက်တို့ကိုပယ်၍ ကြွင်းသမျှ တစ်လ နှစ်လပတ်လုံး ပရိဝါသ်နေအပ်၏။ တစ်လမျှ မစင်ကြယ်ဟု မှတ်၍ ပရိဝါသ်ယူ၍ ကျင့်စဉ် နောက်ထပ် တစ်လကို သတိရပြန်အံ့၊ ထိုတစ်လပတ်လုံးလည်း ပရိဝါသ်နေအပ်၏။ ကမ္မဝါစာဖြင့် ပရိဝါသ် ထပ်ပေးဖွယ်မရှိ။ နှစ်လ မစင်ကြယ်ဟုယူ၍ ကျင့်စဉ် တစ်လမျှ မစင်ကြယ်ဟု ဆုံးဖြတ်နိုင်အံ့၊ တစ်လသာ ပရိဝါသ်နေအပ်၏။ ထပ်၍ပေးဖွယ်မရှိ။ ဤသုဒ္ဓန် ပရိဝါသ်သည် အထက်သို့လည်း တိုးနိုင်၏။ အောက်သို့လည်း လျော့နိုင်၏
ဤကား စူဠသုဒ္ဓန်၏ လက္ခဏာတည်း။
သုဒ္ဓန်မှ တစ်ပါး၌ လက္ခဏာ
(ဤဆိုလတ္တံ့ကား တစ်ပါးသော အာပတ်တနည်း၌ မှတ်ကြောင်း လက္ခဏာတည်း။ အပ္ပဋိစ္ဆန္နအာပတ်ကို ပဋိစ္ဆန္န အာပတ်ဟု ဝိနည်းကံ ပြုအံ့။ အာပတ်ထ၏။ ပဋိစ္ဆန္နကို အပဋိစ္ဆန္န ပြုအံ့-မထ။ အစိရပ္ပဋိစ္ဆန္န အာပတ်ကို စိရပ္ပဋိစ္ဆန အာပတ်ဟု ဝိနည်းကံ ပြုအံ့-ထ၏။ စိရကို အစိရပြုအံ့-မထ။ ဧကအာပတ္တိကို သမ္ဗဟုလာ ဟု ဝိနည်းကံပြုအံ့-ထ၏။ ဧကကင်းလျက် သမ္ဗဟုလာ မဖြစ်။ သမ္ဗဟုလာတိုင်း ဧကမကင်းသောကြောင့်တည်း။ သမ္ဗဟုလာကို ဧကအာပတ္တိဟု ဝိနည်းကံ ပြုအံ့--မထ။)
(သာဋီ၊ ဝိဋီ .... တစ်ပါးသော အာပတ် တနည်းဟူသည်ကား သုဒ္ဓန္တ ပရိဝါသ်အစွမ်းဖြင့် အာပတ်ထသည်မှ တစ်ပါးသော အာပတ် ထနည်း ဖြစ်၏။)
မဟာသုဒ္ဓန်
(အကြင်ရဟန်းသည် ဆိုပြီးသော အနုလုံ ပဋိလုံနည်းဖြင့် မေးသောအခါ ညဥ့်ပိုင်းခြားကိုမသိ၊ သတိမရ၊ ယုံမှားအံ့။ ထိုရဟန်းပသော သုဒ္ဓန်သည် မဟာသုဒ္ဓန်မည်၏။ ထိုသုဒ္ဓန်ကိုယူ၍ ယူသောနေ့မှ ရဟန်း ဖြစ်သော နေ့တိုင်အောင် ညဥ့်ရေတွက်၍ ပရိဝါသ်နေအပ်၏。
ဤမဟာသုဒ္ဓန်သည် အထက်သို့ မတိုးနိုင်၊ အောက်သို့ လျော့နိုင်၏။ ထို့ကြောင့် ပရိဝါသ်နေစဉ် ညဥ့်ပိုင်းခြားကို တစ်လဟူ၍ လည်းကောင်း၊ တစ်နှစ်ဟူ၍ လည်းကောင်း ဆုံးဖြတ်နိုင်အံ့၊ တစ်လ လည်းကောင်း၊ တစ်နှစ်လည်းကောင်း ပရိဝါသ် နေအပ်၏။ ပရိဝါသ်တောင်းခြင်း ပေးခြင်း လက္ခဏာကို ပါဠိတော်အတိုင်း သိအပ်၏။ ကမ္မဝါစာ အဆုံး၌ ဝတ်ဆောက်တည်ခြင်းနှင့် မာနတ်အဗ္ဘာန်တို့သည် ဆိုပြီးသော နည်းရှိကုန်။၏)
ဤကား သုဒ္ဓန္တပရိဝါသ်တည်း。
ဩဓာနသမောဓာန်
(သမောဓာနပရိဝါသ်သည် ဩဓာနသမေဓာန်၊ အဂ္ဃသမောဓာန်၊ မိဿကသမောဓာန်-ဟု သုံးမျိုးရှိ၏။)
ထိုတွင်- ဩဓာနသမောဓာန်သည် အန္တရာပတ်သို့ ရောက်၍ ဖုံးသော ရဟန်းအား ပရိဝါသ် နေပြီးသော နေ့တို့ကိုချေဖျက်၍ ရှေးအာပတ်၏ မူလနေ့အပိုင်းအခြား၌ နောက်အပတ်ကို တည့်ပေါင်း၍ ပေးသော ပရိဝါသ်ဖြစ်၏။ ပါဠိတော်၌ အကျယ်လာပြီ။
အဆုံးအဖြတ်ကား -
ပဋိစ္ဆန္နအာပတ်အတွက် ပရိဝါသ်ယူ၍ ပရိဝါသ်နေစဉ် လည်းကောင်း၊ မာနတ်ထိုက်စဉ် လည်းကောင်း၊ မာနတ်ကျင့်စဉ် လည်းကောင်း၊ အဗ္ဘာန်ထိုက်စဉ်လည်းကောင်း၊ အန္တရာပတ် သင့်၍ ရှေးအာပတ်နှင့် ရက်တူဖြစ်စေ ရက်နည်းဖြစ်စေ ဖုံးအံ့-ထိုရဟန်းအား အရင်းသို့ငင်ခြင်းဖြင့် နေပြီးသောပရိဝါသ်ရက်၊ ကျင့်ပြီးသော မာနတ်ရက်-တို့ကို အကုန်ချေဖျက်၍ နေ့မဟုတ်သည်တို့ကို ပြု၍ နောက် အာပတ်ကို မူလ အာပတ်၌ထည့်ပေါင်း၍ ပရိဝါသ်ပေးအပ်၏။
မူလအာပတ် တစ်ပက္ခဖုံးအံ့၊ အန္တရာပတ်ပက္ခအောက်ဖုံးသော် လည်းကောင်း၊ တစ်ပက္ခဖုံးသော် လည်းကောင်း၊ တစ်ဖန်တစ်ပက္ခသာ ပရိဝါသ်နေအပ်၏။ ဤနည်းဖြင့် မူလအာပတ် အနှစ်ခြောက်ဆယ် ဖုံးသည်တိုင်အောင် အဆုံးအဖြတ်ကို သိအပ်၏။ အနှစ်ခြောက်ဆယ် ပရိဝါသ်နေပြီး၍ မာနတ်ထိုက်သော အခါ အန္တရာပတ် တစ်ရက်ဖုံးလျှင် တစ်ဖန် အနှစ်ခြောက်ဆယ် ပရိဝါသ်ထိုက်ပြန်၏။
“အကယ်၍ အန္တရာပတ်သည် မူလအာပတ်ထက် လွန်ဖုံးခဲ့အံ့-အသို့ ပြုအပ်သနည်း”ဟု မေးလတ်သော် မဟာသုမမထေရ်သည် “ဤပုဂ္ဂိုလ်သည် အတေကိစ္ဆ-ကုစားဖွယ်မရှိသူ ဖြစ်၏။ အတေကိစ္စဟူသည် ထင်စွာ ပြုစေ၍ လွှတ်အပ်သူဖြစ်သည်” ဟု ဆို၏။
မဟာပဒုမ မထေရ်ကား အဘယ်ကြောင့် အတေကိစ္ဆဖြစ်ရမည်နည်း။ ဤသမုစ္စယက္ခန္ဓကသည် ဘုရားရှင်တို့၏ တည်စဉ်ကာလနှင့် တူသည်မဟုတ်လော၊ အာပတ်ဖုံးသော်လည်းကောင်း၊ မဖုံးသော်လည်း ကောင်း၊ ရက်တူ ရက်လျှော့ ရက်လွန် ဖုံးသော်လည်းကောင်း၊ ဝိနည်းဓိုရ်၏ အမ္မဝါစာ ဖတ်စွမ်းနိုင်ခြင်းသာ ပမာဏဖြစ်သည်။ ထိုကြောင့် ရက်လွန် ဖုံးသော အာပတ်ကို မူလအာပတ်ပြု၍ ရက်နည်းဖုံးသော အာပတ်ကို ထည့်ပေါင်း၍ ပရိဝါသ်ပေးအပ်၏-ဟု ဆို၏။ ဤကား ဩဓာနသမောဓာန တည်း၊ ဝါ-ချေဖျက်၍ ပေါင်းခြင်းတည်း။)
(ဝိဋီ ... ထင်စွာပြုစေ၍ လွှတ်အပ်သူဟူသည်ကား ထိုရဟန်း၏ အတေကိစ္ဆအဖြစ်ကို ထိုရဟန်းကိုသာ သံဃာအားထင်စွာပြုစေ၍ လဇ္ဇီဝဏ္ဍမှ ကြဉ်ခြင်းအစွမ်းဖြင့် လွှတ်အပ်သူဖြစ်၏။)
အဂ္ဃသမောဓာန်
(အဂ္ဃသမောဓာန်ကား များစွာသော အာပတ်တို့တွင် ရက်အများဆုံး ဖုံးသော အာပတ်တို့အား ထိုက်သော ရက်ဖြင့် ပေါင်း၍ ရက်အနည်းငယ် ဖုံးသော အာပတ်တို့အတွက် ပေးသော ပရိဝါသ်ဖြစ်၏။ ထိုပရိဝါသ်သည် လည်း ပါဠိတော်၌ လာသည်သာတည်း။ အကြင်ရဟန်းသည် အာပတ်တစ်ရာကို ဆယ်ရက်ဖုံး၏။ နောက်တစ်ဖန် အာပတ်တစ်ရာကို ဆယ်ရက်ဖုံး၏။
ဤနည်းဖြင့် ဆယ်ကြိမ်ရှိလတ်သော် အာပတ်တစ်ထောင်ကို ရက်တစ်ရာဖုံး၏။ ထိုရဟန်းသည် အားလုံး ပေါင်း၍ ဆယ်ရက်ပရိဝါသ် နေအပ်၏။ ဆယ်ရက် တစ်ခုတည်းဖြင့် ရက်တစ်ရာ ပရိဝါသ်နေပြီးသာ ဖြစ်၏။ ထို့ကြောင့် ပရိဝါ၌-ဒသသတံရတ္တိသတံ-ဂါထာကိုဆိုပြီ။ အာပတ်တစ်ထောင်ဆင့်၍ ရက်ပေါင်းတစ်ရာတိတိ ဖုံးလျက် ဆယ်ရက်မျှ ပရိဝါသ်နေခြင်းဖြင့် အပြစ်မှ လွတ်နိုင်သည်ဟူလို။ ဤကား အဂ္ဃသမောဓာနတည်း။ ဝါ-ရက်အများဆုံး ဖုံးအားထိုက်သော နေ့ရက်ဖြင့် ပေါင်းခြင်းတည်း။)
မိဿကသမောဓာန်
(မိဿကသမောဓာန်သည် နာနာဝတ္ထုက အာပတ်တို့ကို တစ်ပေါင်းတည်းပြု၍ ပေးသော သမောဓာန်ဖြစ်၏။ ပေါင်းနည်းကား-
အဟံဘန္တေသမ္ဗဟုလာ သံဃာဒိသေသာအာပတ္တိယော အာပဇ္ဇိံ ဧကံသုက္ကဝိဿဋ္ဌိံ၊ ဧကံကာယသံသဂ္ဂံ၊ ...လ...။ ဧကံကုလဒုသကံ ( ... ) သောဟံဘန္တေ သံဃံ တာသံအာပတ္ထီနံ (.....) သမောဓာနပရိဝါ သံယာစာမိ-ဟု သုံးကြိမ် တောင်းစေ၍ ထိုအားလျော်စွာ ကမ္မဝါစာဖြင့် ပရိဝါသ်ပေးအပ်၏。
ဤ၌ ... သံဃာဒိသေသာအာပတ္တိယော အာပဇ္ဇိံ နာနာဝတ္ထုကာယော ဟူ၍ လည်းကောင်း၊ သံဃာဒိသေသာ-အာပတ္တိယော အာပဇ္ဇိံ ဟူ၍ လည်းကောင်း၊ (အာပတ္တိယောအာပဇ္ဇိံ မျှဖြင့်လည်းကောင်း) ရှေးဆိုပြီးသော နည်းဖြင့် ဝတ္ထု၊ ဂေါတ္တ၊ နာမ၊ အာပတ္တိ-တစ်ခုခုစွမ်းဖြင့် ယှဉ်စေ၍ ကမ္မဝါစာကို ဖတ်ခြင်းငှါ အပ်သည်သာတည်း။
ဤကား မိဿကသမောဓာနတည်း၊ ဝါ-ဝတ္ထု မတူတို့ကို ရော၍ ပေါင်းခြင်းတည်း။
အလုံးစုံသော ပရိဝါသ် ကမ္မဝါစာ အဆုံး၌ နိက္ခိတ္တ အနိက္ခိတ္တဝတ် စသောစကားတို့ကို ရှေးနည်းဖြင့်သာ သိအပ်ကုန်၏။ ပရိဝါသကထာ ပြီး၏။)
(ကွင်းထားသောနေရာ၌ ဧကာဟဟပ္ပဋိစ္ဆန္နာယော - စသော စကား တစ်ပိုဒ်မပါသည်ကို သတိပြုအပ်၏။ ပဋိစ္ဆန္နပရိဝါသ် နာနာဝတ္ထုအရာ၌ ပါခဲ့ပြီ။ လင်္ကာ-ဋီ၌ဖုံးရက်မပါလျှင် ပရိဝါသ်မဖြစ်၊ အာပတ်မထဟု ဆို၏။)
(ဇိဋီ ... အဂ္ဃသမောဓာန်ကို ရက်များစွာ ဖုံးသောအပတ်၌ သဘာဂ ဝတ္ထုအာပတ်များစွာတို့ကို ထည့်သွင်း၍ ပေးအပ်၏။ မိဿကသမောဓာန်ကို နာနာဝတ္ထု အစွမ်းဖြင့် ပေါင်း၍ပေးအပ်၏။ ဤကား ထိုနှစ်ပါး၏ အထူးတည်း။ (ဝါ-သဒ္ဒါ၏အနက်မျှ ထူးခြင်းတည်း။)
ဝိဋီ ..... အလုံးစုံသော ပရိဝါသ်ကား-သုဒ္ဓန်နှစ်ခု၊ မိဿကသမောဓာန်သုံးခုဖြစ်၏၊ ရှေးနည်းဖြင့်ကား ပဋိစ္ဆန္နပရိဝါသ်၌ ဆိုပြီးသော ရှေးနည်းဖြင့်-ဟုသိအပ်၏။)
ပက္ခမာနတ်
(ပက္ခမာနတ်သည် ဘိက္ခုနီအား ပေးအပ်သော မာနတ်ဖြစ်၏။ အာပတ် ဖုံးသော် လည်းကောင်း၊ မဖုံးသော် လည်းကောင်း၊ လခွဲသာ ပေးအပ်သော မာနတ်ဖြစ်၏ သိမ်၌အနည်းဆုံး လေးပါးထံ - အဟံအယျေ ဧကံကပတ္တိံ အာပဇ္ဇိံ ဂါမန္တရံ စသည်ဖြင့် ပက္ခမာနတ် တောင်းအပ်၏။ ဉတ္တိစတုတ္ထကံဖြင့် ပက္ခမာနတ် ပေးအပ်၏။
ကမ္မဝါစာအဆုံး၌ ဝတ်ဆောက်တည်၍ ဘိက္ခုမာနတ် နည်းအတိုင်း သံဃာအား ကြား၍ ချလိုလျှင် ထိုသံဃာ့အလယ်၌လည်းကောင်း၊ ဖဲသွားကြလျှင် တစ်ယောက်ထံ၌လည်းကောင်း၊ အတူသွားဖော် အထံ၌ လည်းကောင်း ချအပ်၏။ တစ်ပါးသော အာဂန္တုထံ၌ဖြစ်လျှင် ကြား၍ ချအပ်၏။ ချပြီးလျှင် ပကတတ် အရာ၌တည်၏။ ဥဘတောသံဃာ၌ ပက္ခမာနတ်ကျင့်အပ်၏-ဟု ဟောသောကြောင့် ဆရာ ဥပဇ္ဈာယ်တို့သည် ဘိက္ခုတို့ထံသွား၌ မထေရ်ကြီး တစ်ပါးပါးကို “ဘိက္ခုနီ ဝိနည်းကံအတွက် ရဟန်းလေးပါး စေလွှတ်တော်မူပါ” ဟု လျှောက်အပ်၏။
မချီးမြှောက်ဘဲ မနေအပ်၊ လွှတ်မည်ဟု ဆိုအပ်၏။ ပကတတ် ဘိက္ခုနီ လေးယောက်တို့သည် မာနတ်ကျင့်သော ဘိက္ခုနီကို ခေါ်၍ အရုဏ်မတက်မီ သွား၍ ဂါမူပစာရမှ ခဲနစ်ကျလွန်၍ လမ်းမကြီးမှဖဲ၍ ချုံစောင်ရန်းစသည် ပုံးရာ၌ နေအပ်၏။ ဘိက္ခုတို့၏ ဝိဟာရူပစာမှလည်း ခဲနှစ်ကျ လွန်အပ်၏။ ပကတတ် ရဟန်းလေးပါးတို့လည်း ထိုနေရာသို့ သွား၍ မနီးမဝေး နေအပ်၏။ အတူမနေအပ်။
ကုရုန္ဒီ မဟာပစ္စရီတို့၌ ဘိက္ခုနီတို့သည် သိကြားလိမ္မာသော ဥပါသိကာတို့ကို လည်းကောင်း၊ ဘိက္ခုတို့လည်း ဥပါသကာတို့ကို လည်းကောင်း၊ မိမိကိုစောင့်ခြင်းငှါ ခေါ်သွားအပ်၏ဟု ဆို၏။ ကုရုန္ဒီ၌ ဘိက္ခုနီကျောင်း၏ လည်းကောင်း၊ ဘိက္ခုဝိဟာရ၏ လည်းကောင်း၊ ဥပစာရကိုလွတ်ခြင်းငှါ အပ်၏ဟုဆို၏။ ဂါမ၏ဟု မဆို။ (ဂါမူပစာရတွင်လည်း အပ်၏-ဟူလို။)
ဤသို့ ဘိက္ခု-ဘိက္ခုနီတို့ နေထိုင်ကြသောအခါ ထိုဘိက္ခုနီသည် မာနတ္တံသမာဒိယာမိ၊ ဝတ္တံသမာဒိယာမိ-ဟု ဆောက်တည်၍ ဘိက္ခုနီသံဃာအား မာနတ်ကြားအပ်၏။ ထို့နောက် ဘိက္ခုသံဃာထံ ချဉ်းကပ်၍ မာနတ်ကြားအပ်၏။ အမှတ်မရှိ ဘာသာစကားဖြင့် ကြားခြင်းငှါလည်း အပ်၏။ ကြားပြီးလျှင် ဘိက္ခုနီ သံဃာထံ၌ နေအပ်၏။
ထိုအခါ ဘိက္ခုတို့ ပြန်သွားခြင်းငှါ အပ်၏။ တွေးတောဖွယ်ရှိ၍ ဘိက္ခုနီတို့ တောင်းတလျှင် ပြန်မသွားဘဲ နေအပ်၏။ တစ်ပါးသော ဘိက္ခုသည်လည်းကောင်း၊ ဘိက္ခုနီသည်လည်းကောင်း၊ ထိုနေရာသို့ ရောက်လာ သည်ကို မြင်လျှင် ကြားအပ်၏။ မကြားလျှင် ရတ္တိစ္ဆေဒ၊ ဝတ္တဘေဒ ဒုက္ကဋ်ဖြစ်၏。
မသိဘဲ ဥပစာတွင်းဝင်၍ ထွက်သွားလျှင် ရတ္တိစ္ဆေဒသာ။ ဘိက္ခုနီတို့ ကိစ္စရှိ၍ ပြန်လိုလျှင် ရတ္တိဝိပ္ပဝါသ၊ ဂဏဩဟီယန၊ ဂါမန္တရ အာပတ်စောင့်ခြင်းငှါ ဘိက္ခုနီတစ်ယောက်ကို ချန်ထား၍ သွားအပ်၏၊ အရုဏ်တက် သောအခါ ထိုဘိက္ခုနီထံ ဝတ်ချအပ်၏။ ဤနည်းဖြင့် မကျိုးမပျက် မာနတ် ၁၅-ရက်ကျင့်အပ်၏။
အနိက္ခိတ္တဝတ် ကျင့်လိုလျှင် ပါရိဝါသိကက္ခန္ဓက၌ ဆိုပြီးသော နည်းဖြင့် ကောင်းစွာကျင့်အပ်၏။ အထူးကား အာဂန္တုအား ကြားရာ၌ နံနက်ဖြစ်စေ၊ ညချမ်းဖြစ်စေ ထိုရွာသို့ရောက်လာသော ဘိက္ခု ဘိက္ခုနီ အားလုံး ကြားအပ်၏။ မကြားလျှင် ရတ္တိစ္ဆေဒ၊ ဝတ္တဘေဒဒုက္ကဋ်၊ ညဥ့်အခါလာ၍ ထွက်သွားအံ့၊ မသိခြင်းကြောင့် ရတ္တိစ္ဆေဒသာ။
ဤကား-မဟာအဋ္ဌကထာ စကား အထူးတည်း။ (ရွာသို့ဟူသည် ထူး၏။)
ကုရုန္ဒီ စသည်တို့၌ကား- အနိက္ခိတ္တ ဝတ်ကျင့်သော ဘိက္ခုတို့အား ဆိုသောနည်းဖြင့်သာ ဆိုသင့်သည် ဟုဆို၏။ ထိုစကားသည် ပါရိဝါသိကဝတ် စသည်တို့ကို (ဝါ-ပါရိဝါသိကဝတ် နိဿယပဋီပဿဒ္ဓိ စသည်တို့ကို) ဥပစာရ သိမ်ဖြင့် ပိုင်းခြားအပ်သောကြောင့် လွန်စွာသင့်လျော်၏။
(ဘိက္ခုနီသည်လည်း ဥပစာရသိမ်တွင်း ရောက်သူအားသာ ကြားအပ်၏။ ရွာသို့ရောက်ရှိသူတို့ထံ သွား၍ ကြားဖွယ်မရှိ-ဟူလို။)
ဥပုသ်နေ့၌ ကြားအပ်၏။ ပဝါရဏာနေ့၌ ကြားအပ်၏၊ ဘိက္ခုလေးပါး ဘိက္ခုနီလေးပါးတို့အား နေ့တိုင်း ကြားအပ်၏။ မာနတ္တစာရိနီဘိက္ခုနီသည် တစ်ယောက်တည်းနေလျှင် ရတ္တိဝိပ္ပဝါသ အာပတ်သို့ ရောက်၏။ ထို့ကြောင့် တစ်မိုးတည်း အတူနေခြင်းငှါ ပကတတ်ဘိက္ခုနီ တစ်ယောက်ကို သမုတ်၍ အဖော်ပေးအပ်၏။ (အဖော်ပေးခြင်းကို ဘိက္ခုနီက္ခန္ဓက၌ ပြလတ္တံ့။)
(သမုတ်၍ပေးသော အဖော်ဘိက္ခုနီနှင့် သဟဝါသ-အတူ တစ်မိုးတည်း အိပ်သော်လည်း ရတ္တိစ္ဆေဒ မဖြစ်-ဟူလို။)
ဤသို့ မာနတ် ၁၅-ရက် မပျက်အောင်ကျင့်၍ နှစ်ကျိပ်သော ဘိက္ခုနီသံဃာ၌ အဗ္ဘာန်သွင်းအပ်၏။ မာနတ်ကျင့်စဉ် အန္တရာပတ်ရောက်အံ့။ အရင်းသို့ငင်၍ ထိုအာပတ်အတွက် မာနတ်ပေးအပ်သည်ဟု ကုရုန္ဒီ၌ ဆို၏)။။
ဤကား ပက္ခမာနတ်တည်း။
သမောဓာနမာနတ်
(သမောဓာနမာနတ်သည် ဩဓာန အဂ္ဃ မိဿက-ဟု သုံးမျိုးရှိ၏。
ထိုတွင် မူလအာပတ် ပရိဝါသ်နေစဉ် အန္တရာပတ်ကြောင့် အရင်းငင်၍ တစ်ဖန်မာနတ်ထိုက်စဉ် အန္တရာပတ်ကြောင့် အရင်းငင်၍ အာပတ်သုံးခုအတွက် ပေးအပ်သော မာနတ်သည် ဩမာနသမောဓာန မာနတ်မည်၏။ အဖန်ဖန် အရင်းငင်ခြင်းဖြင့် ပရိဝါသ် နေပြီးသော နေ့တို့ကိုဖျက်၍ ရှေးအာပတ်နှင့် ပေါင်း၍ ပေးအပ်သော မာနတ်ဖြစ်၏။
ကုရုန္ဒီ၌ သမောဓာန ပရိဝါသ် နေပြီးသူအား ပေးသောမာနတ်သည် သမောဓာနမာနတ်မည်ဟု ဆို၏။ ထိုစကားလည်း ထိုနည်းဖြင့် သင့်၏။ အဂ္ဃသမောဓာန်၊ မိဿကသမောဓာန် ပရိဝါသ်နေပြီးသူတို့အား ပေးသောမာနတ်သည် အဂ္ဃသမောဓာန် မာနတ်၊ မိဿကသမောဓာန် မာနတ်မည်၏။ ပရိဝါသ်ကမ္မဝါစာ အားလျော်စွာ ယှဉ်၍ ပေးအပ်၏။ ဤမျှဖြင့် “ရောက်ရာ၌ဆိုလျှင် ပါဠိတော်ကဲ့သို့ ကျယ်ဝန်း၍ မှတ်သားခြင်းငှါ မလွယ်သာကြောင့် ပေါင်း၍ ပြဆိုအံ့” ဟု ဆိုခဲ့သည်ကို ပြည့်စုံစေအပ်ပြီ။)
ဝိနယာလင်္ကာရဋီကာမှ ထူးရာ ကောက်နုတ်ချက်
ဝတ်ယူရာသိမ်၌သာ ဝတ်ဆောက်တည်ရသည်၊ အကြောင်းကား တစ်နေရာ၌ ကမ္မဝါစာ၊ တစ်နေရာ၌ ဝတ်ဆောက်တည်ခြင်း-ဟု ဆိုဖွယ် ရှိသောကြောင့်တည်း။
တစ်နည်း-မဆောက်တည်လျှင် မကြားအပ်။ သိမ်၌စည်းဝေးသော ရဟန်းတစ်ပါးအား မကြားမိလျှင် ရတ္တိစ္ဆေဒ ဖြစ်ခြင်းကြောင့်တည်း။ ဆောက်တည်၍ မကြားဘဲ မသွားအပ်၊ ထပြီးသောပရိသတ် တစ်ဖန် ဆုံနိုင်ခဲသော ကြောင့်တည်း။ တစ်ပါးတစ်လေ မကြားမိလျှင် အရုဏ်တက်သောအခါ ရတ္တိစ္ဆေဒဖြစ်သည်။ (ဤကား နိက္ခိတ္တဝတ် မပြဆိုသော စကားတည်း၊ ပယ်အပ်လတ္တံ့။)
တောင်းခြင်း၌ ကဲ့သို့ ဒုတိယမ္ပိ၊ တတိယမ္ပိ မဆိုခြင်းကြောင့် အဆောတလျှင် ကိစ္စရှိသောအခါ တစ်ကြိမ် ကြားလျှင်လည်း ပြည့်စုံသည်သာတည်း။
အရာစေတွာနိက္ခိပိတဗ္ဗံ၊ ကြား၍ ချအပ်၏ ဟူသည်ကို ဒုက္ကဋ်မှ လွတ်စေခြင်းငှါဆိုသည်။ ကေစိတို့ကား၊ ထိုနေ့၌ တစ်ဖန် ဝတ်ဆောက်တည်၍ အရုဏ်တက်စေလိုသူအား ရတ္တိစ္ဆေဒမှ လွတ်စေခြင်းငှါလည်း ဆိုသည် ဟု ဆိုကုန်၏။
ဖုံးသောရက်လောက် ပရိဝါသ်နေသော ရက် မပြည့်လျှင် အကြောင်းသုံးပါးကြောင့် ညဥ့်ပျတ်များ၍ မပြည့်လျှင် မာနတ်မထိုက်၊ မာနတ်မထိုက်သူအား မာနတ် ပေးခြင်း မမြောက်။ အဗ္ဘာန်သွင်းလည်း အာပတ်မထ ဤသို့သော ဝိနယကုက္ကုစ္စကို ပယ်ဖျောက်ခြင်းငှါ ရက်ပိုကျင့်ရသည်။
ဝတ္တံသမာ ဒိယိတွာအာရောစေတွာ အဗ္ဘာနံယာဓိတဗ္ဗံ -ဟု အဋ္ဌကထာ ဆိုသောကြောင့် အမ္ဘာန်တောင်းရန် မာနတ်ဆောက်တည်၍လည်း မာနတ် ကြားအပ်၏။ မာနတ်တောင်းရန် ပရိဝါသ်ဆောက်တည်၍လည်း ပရိဝါသ်ကြားအပ်၏။
အာပတ်မှထလို၍ လာသူကို ဝိနည်းဓိုရ်သည် ဤသို့မေးအပ်၏။ သင်အဘယ်အပတ်သို့ ရောက်သနည်း။ သံဃာဒိသိသ်သို့ဟုဖြေလျှင် အဘယ် သံဃာဒိသိသ်နည်း။ ဤမည်သော သံဃာဒိသိသ်ဟုဖြေလျှင် သိက္ခာပုဒ်အင်္ဂါတို့ဖြင့် သုတ်သင်၍ အင်္ဂါပြည့်လျှင် သံဃာသိသ် ဟုတ်သည်ဟု ဆိုအပ်၏။ အင်္ဂါမပြည့်လျှင် ဒေသနာဂါမ်ဖြစ်သည်၊ သင့်ရာရဟန်းထံ ဒေသနာကြားလော-ဟု ဆိုအပ်၏။ အနာပတ္တိအရိပ်ထင်လျှင် အနာပတ္တိဟုဆို၍ လွှတ်လိုက်အပ်၏။
သံဃာဒိသိသ် အရိပ်ထင်လျှင်၊ ဖုံးသလော။ မဖုံးသလော။ မဖုံး ဟုဆိုလျှင် ပရိဝါသ်မထိုက်၊ မာနတ်ထိုက်သည်ဟု ဆိုအပ်၏။ ဖုံးသည်ဟု ဆိုလျှင် အကြောင်းဆယ်ပါးဖြင့် ဖုံးသလော၊ တစ်ပါးသော အကြောင်းဖြင့် ဖုံးသလော။ အကြောင်းဆယ်ပါးဖြင့် ဟုဆိုလျှင် ပရိဝါသ်မထိုက်ဟု ဆိုအပ်၏။ တစ်ပါးသော အကြောင်းဖြင့်ဟု ဆိုလျှင် အာပတ်သို့ ရောက်ခြင်းကိုသိလျက် သတိရလျှက် ယုံများကင်းလျက် ဖုံးသလော၊ မဖုံးသည်ဟု ဆိုလျှင်ပရိဝါသ် မထိုက်ဟု ဆိုအပ်၏။
သိလျက်ဖုံးသည်ဟု ဆိုလျှင် သင် ပရိဝါသ်ထိုက်သည်ဟု ဆိုအပ်၏။ “သိလျက် ဖုံးသူအား ပေးသော ပရိဝါသ်သည် ဓမ္မိကဖြစ်၏။ ရောက်၏။ မသိဘဲ ဖုံးသူအား ပေးသောပရိဝါသ်သည် အဓမ္မိကဖြစ်၏။ မရောက်- ဟုဟောသည်။ အာပတ်ပိုင်းခြား, ညဥ့်ပိုင်းခြားကို သိသလော။ သိသည် ဟုဆိုလျှင် ပဋိစ္ဆန္နပရိဝါသ် ထိုက်သည်ဟု ကမ္မဝါစာဖတ်၍ ပေးအပ်၏။
ညဥ့်အပိုင်းခြားမသိဟု ဆိုလျှင် စူဠသုဒ္ဓန်၊ မဟာသုဒ္ဓန် တစ်ခုခုထိုက်သည်ဟု ကမ္မဝါစာဖတ်၍ ပေးအပ်၏။
ထိုနောက် နိက္ခိတ္တဝတ်၊ အနိက္ခိတ္တဝတ် နေရာကို သိအပ်၏။ ကျောင်းတွင်း နိက္ခိတ္တ ကျင့်ခြင်းသည် လည်းကောင်း၊ ပကတတ် တဲဆောက်၍ ညောင်စောင်းအသီးသီးဖြင့် ကျင့်ခြင်းသည် လည်းကောင်း၊ ညဥ့်ဦးကပင် ဝတ်ဆောက်တည်၍ ကြားခြင်းသည်လည်းကောင်း၊ ဝိနည်းအားလျော်သည်သာတည်း။
မာနတ်ကျင့်သောအခါ ဆောက်တည်စဉ်က ကြားပြီးသော်လည်း အရုဏ်တက်၍ ချသောအခါ မချွတ် ကြားအပ်သေးသည်သာတည်း။ နေ့တစ်ပါး ကူးသွားပြီ။ နေ့တိုင်း မာနတ် ကြားအပ်၏-ဟုဟောသည်။ (မာနတ် မကြားဘဲ ချလျှင် ဝတ္တဘေဒလော၊ ရတ္တိစ္ဆေဒလော ဆုံးဖြတ်နိုင်ရမည်။)
ကျောင်းတွင်း ဝါသ်နေသူအား ဥပစာရသိမ်ကျောင်းဝိုင်းကွင်း၌ နေလိုရာ နေလျှင် ဝိပ္ပဝါသ မဖြစ်။ ကျောင်းပြင်ပ၌ ဝါသ်နေသူအား ရဟန်း တစ်ပါးပါးနေရာမှ မာနတ်ကျင့်သူအား လေး ငါးပါးနေရာမှ ၁၂- တောင်တွင်း နေလိုရာ နေလျှင် ဝိပ္ပဝါသ မဖြစ်။ (ထိုသို့နေပြီးမှ ပကတတ်တို့ ဖဲသွားလျှင် ဝိပ္ပဝါသဖြစ် မဖြစ်ကိုလည်း ဆုံးဖြတ်နိုင်ရမည်။)
အရံ၊ အရံထိုက်ရာ-ဥပစာရသိမ်ကို လွန်ကာမျှသည်လည်း လွန်ခြင်းသာတည်း။ ဒဿနူပစာ သဝနူပစာ လွတ်စိမ့်သောငှါ ခဲနှစ်ကျ လွန်၍ဟု အဋ္ဌကထာ ဆိုသည်။ (ဤကား နံနက်တွင် ပြင်ပသို့ထွက်၍ ကြားသူတို့ အတွက်လည်း။)
ဒဏ်သား အချို့တို့သည် ပကတတ်အားသာ ဝတ်ကြားရသည် ဟု မှတ်ထင်၍ မိမိ ဝတ်ကြားပြီးသောအခါ ထသွားကုန်၏။ တစ်ပါးသော ဒဏ်သားတို့ ကြားသည်ကို နားမထောင်ကုန်။ ဒဏ်သားနှစ်ဦး ရောက်ရာ၌ မြင်လျှင် အချင်းချင်း ကြားအပ်၏-ဟု ဋီကာ၌ဆိုသောကြောင့် နားမထောင်လျှင် တစ်ပါးသော ဒဏ်သား တို့အား ရတ္တိစ္ဆေဒ သာတည်း။ (ဥက္ခိတ္တကကံ ပြုခံရသော ဒဏ်သားများသာ ဝတ်မကြားအပ်။)
ဒဏ်သားတို့သည် ကောင်းစွာ ဝတ်ကြားသော်လည်း ပကတတ်တို့သည် စကားပြောခြင်း အိပ်ငိုက်ခြင်း နှလုံးမသွင်းခြင်း- စသည်ကြောင့် မကြားနာရကုန်အံ့- ဝတ္တဘေဒသာ လွတ်သည်။ သစေဝါယမန္တောပိ သမ္ပာပုဏိတုံ ဝါ သာဝေတုံ ဝါ နသက္ကောတိ၊ ရတ္တိစ္ဆေဒေါဝ ဟောတိ၊ နဝတ္တဘေဒ ဒုက္ကဋံ-ဟု အဋ္ဌကထာ ဆိုသောကြောင့် ရတ္တိစ္ဆေဒ မလွတ်။ (ဆင်ခြင်ဖွယ် ရှိသေး၏။)
အညေဘိက္ခုတို့ကား ဝတ်ဆောက်တည်၍ ညဥ့်အခါ လူသံ စည်ကြီးသံ လှည်းသံ လှေသံ-စသည်ကိုကြား၍ ရဟန်းတို့၏အသံ ဖြစ်လေသလော-ဟု ယုံမှားသင်္ကာ ရှိကြ၍ ထိုအကြောင်းဖြင့် ရတ္တိစ္ဆေဒ-ဟု မှတ်ထင်တတ်ကုန်၏။ အယဉ္စ မနသိဆတ္တသဒ္ဒံ ဝါ ဥက္ကာသိတ သဒ္ဒံ ဝါ စသည်ဖြင့် အဋ္ဌကထာဆိုသည်ဟု အကြောင်းပြတတ်ကုန်၏။ ထိုအညတို့အား ဤသို့ သိစေအပ်ကုန်၏။ အရှင်တို့ ဤအဋ္ဌကထာပါဌ်ကို သိမ်ပ၌တည်သူ အစွမ်းဖြင့် မဆို၊ ဥပစာရသိမ်တွင်း ဝင်ရောက်လာသူ အစွမ်းဖြင့် ဆိုသည်ဟု သိစေအပ်ကုန်၏။ ထိုကိုလည်း အာဂန္တု ဖြစ်ခြင်းကို သိသောကြောင့် ဆိုသည်။
ထို့ကြောင့် အဝေးသံ ကြားရုံဖြင့် ရတ္တိစ္ဆေဒမရှိ။ ဤကား ရဟန်းတို့၏ အသံ၊ ရဟန်းတို့ တီးခေါက်သော စည်၊ ခေါင်းလောင်း စသော အသံ၊ ရဟန်းတို့ မောင်းနှင်သော လှည်းသံ၊ လှေသံဟု နေထိုင်ရာမှ သိသူသာ ရတ္တိစ္ဆေဒကို ပြုသည်။ ထို့ကြောင့် ကရဝီကတိဿ မထေရ်သည် သမဏော အယန္တိ ဝဝတ္ထာနမေဝ ပမာဏံ-ဟု ဆိုပြီ။
(သစေပိ အဝိသယော ဟောတိ၊ ဝတ္တဘေဒ ဒုက္ကဋမေဝ နတ္တိ၊ ရတ္တိစ္ဆေဒေါပန ဟောတိယော-ဟု ဆက်၍ဆိုသောကြောင့် “ရဟန်းတို့၏ အသံဖြစ်လျက် ရဟန်းသံဟု မမှတ်နိုင်သော အဝိသယဖြစ်လျှင်လည်း ရတ္တိစ္ဆေဒသာ-ဟု ဆုံးဖြတ်သင့်၏။ လူတို့၏အသံ၌ ဝိသယ၊ အဝိသယ-ခွဲဖို့ မလို။)
နေ့အခါ အဝေး၌ လူအပေါင်းကို မြင်၍ ရဟန်းတို့လော-ဟုကြံ၍ ရတ္တိစ္ဆေဒ-ဟု မှတ်ထင်ကုန်သေး၏။ အကြောင်းမဟုတ်။ ရဟန်းဟု မှတ်သားခြင်း မရှိသောကြောင့်တည်း။ ဘိက္ခုကိုမြင်၍ ဘိက္ခုဟု မှတ်နိုင်ခြင်းသာ ပမာဏတည်း။ အဘိက္ခုကို ဘိက္ခုဟု မှတ်သော် လည်းကောင်း၊ မမှတ်သော် လည်းကောင်း ဆိုဖွယ်စကား မရှိပြီ။
စူဠသုဒ္ဓန်ထိုက်သည်၊ မဟာသုဒ္ဓန်ထိုက်သည်ဟု စီစစ်ခြင်းမရှိဘဲ သုဒ္ဓန်ပရိဝါသ် ငါးရက်မျှ ဆယ်ရက်မျှ ပရိဝါသ်ကျင့်လျှင် အာပတ်တို့မှ လွတ်၏ဟု မှတ်ထင်ကုန်သေး၏။ အကြိမ် တစ်ထောင် ဝတ်စောင့်သော်လည်း အာပတ်တို့မှ မလွတ်။
ယာဝတီဟံ ဇာနံ ပဋိစ္ဆာဒေတိ၊ တာဝတီဟံ တေန ဘိက္ခုနာ အကာမာပရိဝတ္တဗ္ဗံ ... စသည်တို့နှင့် ဆန့်ကျင် သောကြောင့်တည်း။ ထို့ကြောင့် နေ့စဉ် အာပတ်သုတ်သင်လေ့ရှိသော လဇ္ဇီအား သုဒ္ဓန်ပေးခြင်းငှါ မသင့်၊ သုတ်သင်လေ့ မရှိဘဲ မေ့လျော့စွာ ကာလကြာရှည်နေသော ဇနပုဒ်ရဟန်း စသည်တို့အားသာ သုဒ္ဓန် ပေးသင့်၏။
သမောဓာန် သုံးပါးတို့တွင် ဩဓာနကို အရင်းငင်၍ ပေးအပ်၏။ အဂ္ဃနှင့် မိဿကကို သီးခြားပေးအပ်၏။ ထိုနှစ်ပါး အထူးကြံဖွယ်ရှိ၍ အထူးကိုပြခြင်းငှါ သဘာဂ ဝတ္ထုပါင်းလျှင် အဂ္ဃ၊ နာနာဝတ္ထု ပေါင်းလျှင် မိဿက ... ဟု ဇီဋီ ဆိုသည်။
ထာ၌ … ကံ၏လက္ခဏာကို ဝတ္ထု၊ ဂေါတ္တ၊ နာမ၊ အာပတ္တိအစွမ်းဖြင့် ပြုအပ်၏ဟု ပြသည်။ လက္ခဏာ အစွမ်းဖြင့်သာ အာပတ်တို့မှ ထခြင်းကြောင့် သာဋီ၊ ဝိဋီတို့၌ ထူးပုံကို မဆိုပြီ။
မိဿကသမောဓာန်၌ အဟံဘန္တေ ...လ... ဧကံသုက္က ဝိဿဋ္ဌိ ...လ...။ ဧကံ ကုလဒူသကံ ( ...) သောဟံ ဘန္တေ- စသည်ဖြင့် ဝတ္ထုစသည်ကို ပြောကြားခြင်းသည် အာပတ်အာလုံးကို ပေါင်းယူခြင်းအကျိုးရှိ၏။ သို့ရာတွင် ဖုံးရက်မဆိုခြင်းကြောင့် ပရိဝါသ်ရက် ဤမျှနေအပ်၏ဟု မထင်ရှား။ ထိုမျှဖြင့် ပရိဝါသ် မဖြစ်။ အာပတ်မထ။ ထို့ကြောင့် (ဖုံးရက်မပါသော) ထိုမိဿကသမောဓာန ကမ္မဝါစာဖြင့် စိရ၊ အစိရပ္ပဋိစ္ဆန္န, အာပတ်တို့မှ ထခြင်း မဖြစ်။
ပက္ခမာနတ် ကျင့်ခြင်းဖြင့် အားနည်းသူ ကြောက်တတ်သူ ဘိက္ခုနီတို့သော်လည်း ဘုရားရှင်၏ အဏာတော်ကို တည်စေကြသေးသည်။ ငါတို့ကား အဘယ်ကြောင့် မတည်စေနိုင်ဘဲ ရှိကုန်အံ့နည်း-ဟု ဘုရားရှင်၌ သဒ္ဓါပေမဂါရဝဖြင့် လိုက်နာလေ့ရှိသော ရဟန်းသည် ပရိဝါသ်နေခြင်း စသော ကျင့်ဝတ်ကို ကောင်းစွာ ကျင့်အပ်၏။
(လွန်ကျူးဆဲကိုသာ ကဲ့ရဲ့အပ်၏။ သုတ်သင်ဆဲကိုကား ချီးမွမ်းအပ် သည်သာတည်း၊ ကဲ့ရဲ့ လျှင် ဘုရားရှင်၏ ဓမ္မစက်ကို ဖျက်ဆီးသူ ဖြစ်နိုင်၏၊)
ဝိနယသာရဂဏ္ဍိမှ ထူးရာကောက်နုတ်ချက်
ပရိဝါသ်စသည်ကို မတောင်းစေဘဲ ကမ္မဝါစာဖတ်၍ ကံပြုပေးအံ့။ ကံမပျက်။ ကာရကသံဃာ ဒုက္ကဋ်သင့်၏၊ သုံးကြိမ်တောင်းခြင်း သုံးကြိမ် ကြားခြင်းကို အနုရုပအားဖြင့် မိန့်ဆိုသည်။
ကေစိတို့အား တောင်းရာ၌လည်း နှစ်ပါးသုံးပါး တစ်ပြိုင်နက် မတောင်းအပ်-ဟူကုန်၏။ အတ္တနောမတိမျှသာ၊ မသင့်အနေတည်း။
ကမ္မဝါစာအဆုံး၌ ထိုသိမ်၌မဆောက်တည်သော် တစ်ပါးသော အရပ်၌ ပရိဝါသ်ပေးခြင်း၊ တစ်ပါးသောအရပ်၌ ဆောက်တည်ခြင်း ဖြစ်ခဲ့သောကြောင့် မအပ်ဟူသော အနက်ကိုပြသည်။ အနိက္ခိတ္တဝတ် ဖြစ်အံ့။ ဝတ်ဆောက် တည်ပြီးမှ ဝတ်ကြားအပ်သောကြောင့် ထိုသိမ်၌ မဆောက်တည်လျှင် သိမ်၌စည်းဝေးသော ရဟန်းတို့ကို မကြားရ။ မကြားရသော် ရတ္တိစ္ဆေဒပင် ဟုပြသည်။ နိက္ခိတ္တဝတ် နေလိုအံ့-ထိုသံဃာ ထံ၌ပင် ဝတ်ချအပ်၏။
ရှေးက မကြားဘူးသေးသော ရဟန်းထံ၌ကား ကြား၍ချအပ်၏။ မကြားသော် ဝတ္တဘေဒဒုက္ကဋ်သင့်၏။ ရတ္တိစ္ဆေဒ ဖြစ်ကြောင်းမရှိ၊ ကေစိတို့ကား ထိုနေ့ပင် တစ်ဖန်ဝတ် ဆောက်တည်၍ အရုဏ် တက်စေလိုသော ရဟန်းအား ရတ္တိစ္ဆေဒပင် ဖြစ်၏-ဟူကုန်၏။ ဝတ္တဘေဒ-ဒုက္ကဋပရိမောဓနတ္တံဝုတ္တံ-ဟူသောဋီကာနှင့် ဆန့်ကျင်သောကြောင့် မသင့်အနေတည်း။
ကစ္စည်းကျမ်း၌ အာယသ္မန္တာ၊ အာယသ္မန္တော-နှစ်ပုဒ်ရှိလျက် အထူးမထင်၊ ဝိနည်း၌ နှစ်ပါး-န္တာ သုံးပါးထံ-န္တောဟု အထူးထင်သည်။ အနီယမအားဖြင့် ဆို၍ပင် ဝတ်ကြားသော်လည်း မပြည့်စုံခြင်းအကြောင်း မထင်။ (တစ်ပါး နှစ်ပါးထံ၌သော်လည်း သံဃောဓာရေတု-ဟု ဆိုနိုင်သည် ဟူလို။)
ပကတတ်တို့ ပြန်သွားကုန်အံ့ - အရုဏ်တက်သောအခါ ကျောင်း ပြန်၍ ကျောင်းတွင်းဝင်၍ ရှေးဦးစွာ မြင်သော ရဟန်းထံ ကြား၍ ချအပ်၏။ မကြားသော် ရတ္တိစ္ဆေဒဟု ကေစိတို့ ဆိုကုန်၏၊ အတိတ်ညဥ့် အရုဏ်တက်ပြီးပြီ၊ ရတ္တိစ္ဆေဒအကြောင်းမရှိ။ အနာဂတ်ညဥ့်လည်း ထိုခဏ၌ဝတ်ချ၍ ပကတတ်ဖြစ်ပြီးမှ နောက်နေ့၌ သီးခြား ဆောက်တည်ရကား ရတ္တိစ္ဆေဒအကြောင်းမရှိ။ အကယ်၍ ရတ္တိစ္ဆေဒဖြစ်လျှင် သဗ္ဗေသံ ဥပစာရသီမဂတာနံ-အာရောစေတွာနိက္ခိပိတဗ္ဗံ ဟုမိန့်သင့်၏။ ထိုသို့မမိန့်ဘဲ ဝိဟာရံဂန္တာပိယံပထမံပဿတိ-စသည်ဖြင့် ဝတ္တဘေဒ လွတ်ရုံမျှ ကြားအပ်ကြောင်းကို အဋ္ဌကထာဆိုသည်။ ထို့ကြောင့် ကေစိဝါဒ မမှတ်အပ်။
ပကကတ်တို့ အရုဏ်မတက်မီ ပြန်သွားကုန်အံ့ - ဦနေဂဏေစရဏ အပြစ် ဝိပ္ပဝါသအပြစ် မရှိ။ အကြောင်းကား ပြည့်စုံသောဂဏ၌ ဆောက်တည်ပြီး ကြားပြီး ဖြစ်သောကြောင့်တည်း။
ကေစိတို့သည် ဆာရတ္တံမာနတ္တံ-ဟု အစ္စန္တသံယောဂဖြင့် ဟောသောကြောင့် မာနတ်ရက်ပြတ်လျှင် အရင်းသို့ ပြန်ရောက်၍ ဆောက်တည်အပ်၏၊ ဟူကုန်၏။ ယာဝတီဟံဇာနံပဋိစ္ဆာဒေတိ၊ တာဝတီဟံအကာမာပရိဝတ္တဗ္ဗံ-ဟု အစ္စန္တသံယောဂဖြင့် ဟောသောကြောင့် ပရိဝါသ်၌လည်း ရက်ပြတ်လျှင် ပြန်၍ ဆောတ်တည် အပ်သလော-ဟု ထိုကေစိတို့ကို ပြန်မေးအပ်၏။ ဖြေစရာမမြင်၍ ပင်ပန်းကာမျှသာ ဖြစ်လတ္တံ့။
ကေစိတို့သည် ဝတ်ဆောက်တည်သော ရဟန်းအချင်းချင်း ဖြစ်သော် ဝတ်မကြားအပ် ဟူကုန်၏။ ထိုဝါဒသည် ဝိပတ္တိ ဖြစ်ခြင်း၏ အကြောင်းသာတည်း၊
အမိုးငါးပါး တစ်ပါးပါးမိုးသော အမိုးတူ တံစက်ကျရာ အတွင်း၌ ပကတတ်နှင့်အတူ အိပ်အံ့-ရတ္တိစ္ဆေဒ ဝတ္တဘေဒဖြစ်၏။ ထိုစကားဖြင့် သစ်ပင်အောက်၌ အတူအိပ်လျှင် ထိုအပြစ်တို့ မဖြစ်ကုန်-ဟူသော အနက်သည် ပြီး၏။
ကေစိတို့သည် တစ်မိုးတည်း၌ အတူ ထိုင်ခြင်းဖြင့်လည်း ရတ္တိစ္ဆေဒ ဝတ္တဘေဒ-ဟု ဆုံးဖြတ်ကုန်၏။ ဋီကာ၌ သဟဝါသောတိဝုတ္တပ္ပကာရေ ဆန္နေဘိက္ခုနာသဒ္ဓိံ သယနမေဝအဓိပ္ပေတံ၊ နသေသဣရိယာပထကပ္ပနံ- ဟု မိန့်သောကြောင့် မသင့်အနေတည်း။
ကျောင်းတွင်းခဏ္ဍသိမ်၌ ဝတ်ယူခြင်း၊ ဝတ်ဆောက်တည်ခြင်းကို ပြုရာ၌ နိက္ခိတ္တဝတ် ဖြစ်အံ့၊ ဥပစာရသိမ် ကျောင်းဝိုင်းတွင်းရှိ ရဟန်း အားလုံးတို့အား မကြားသော်လည်း ရတ္တိစ္ဆေဒ မဖြစ်၊ ထိုသိမ်၌သာလျှင် ဝတ်ကိုချ၍ နောက်မှတစ်ဖန် ဆောက်တည်သောကြောင့်တည်း။ ဝတ္တဘေဒဒုက္ကဋ်လက္ခဏာလည်း မထင် (ရက်ယူခြင်း မဟုတ်သေးဟူလို။)
ပရိဝါသ်ဆောက်တည်စဉ် ကြားပြီး ရဟန်းအား ချသောအခါ ကြားဖွယ်မရှိ။ မာနတ်ကျင့်ရာ၌ကား ဆောက်တည်စဉ် ကြားပြီးသော်လည်း ချသောအခါ တစ်ဖန်မချွတ် ကြားအပ်၏။ အရုဏ်တက်၍ နေ့တစ်ပါး ဖြစ်သွားသောကြောင့်တည်း။ ဒေဝသိကံအာရောစေတဗ္ဗံ-ဟု ဟောပြီ။ (မာနတ်၌ အထူးဟော၏ဟူလို။)
ဝိနယာလင်္ကာရ ဋီကာရှင် အလိုအားဖြင့် -
“ကျောင်းတူ ခဏ္ဍသိမ်၌ မာနတ်ယူခြင်း စသည်ကို ပြုသော ဥပစာမသိမ်တွင်း၌ တည်သော ခပ်သိမ်းသော ရဟန်းတို့အား ကြားအပ်၏။ မကြားပဲ နိက္ခိတ္တ မာနတ်ဖြစ်၍ သိမ်၌ချပြီးလျှင် ညဥ့်အခါ ဆက်တည်အံ့ ထိုနေ့သည် ရတ္တိစ္ဆေဒဖြစ်၏” ဟူသော အနက်သည်ပြီး၏။ (ဤစကားမျိုးကို ရှေးကေစိဝါဒ ဟုပြ၍ မသင့် အနေတည်းဟုဆိုပြီးပြီ။)
ဝေးသောအရပ်၌ အသံကိုကြားကာမျှဖြင့် ရတ္တိစ္ဆေဒမဖြစ်၊ ဤကား ရဟန်းတို့၏ အသံတည်း၊ ရဟန်းတို့ ပြုသော ထီးဖိနပ် စသည်အသံတည်းဟု မုချသိမှသာ ရတ္တိစ္ဆေဒဖြစ်၏။ ဤ အနက်ကို သိစေစိမ့်သောငှါ-သမဏောအယန္တိဝဝတ္ထာနမေဝပမာဏံ-ဟု ကရဝီကမထေရ် မိန့်ဆိုပြီ။ ဝေးသောအရပ်၌ လူအပေါင်း စသည်ကို မြင်၍ ရဟန်းလေလော ဟု တွေးတောခြင်း ရှိကာမျှဖြင့်လည်း ရတ္တိစ္ဆေဒမဖြစ်။
ပကတတ်ရဟန်းတို့သည် စကားပြောခြင်း ငိုက်မျည်းခြင်း စသည်ကြောင့် ဝတ်ကြားသံကို မကြားကုန်၊ ကြားသော်လည်း နှလုံးမသွင်းကုန်။ ဤအလုံးစုံသည် ရတ္တိစ္ဆေဒ အကြောင်းသာတည်း၊ ကောင်းစွာ ကြားသဖြင့် ဝတ္တဘေဒမှ လွတ်သည်။ ရတ္တိစ္ဆေဒမှ မလွတ်။ သစေဝါယမန္တောပိသမ္ပာပုဏိတုံဝါ သာဝေတုံဝါ နသက္က တိရတ္တိစ္ဆေဒေါဝ ဟောတိ၊ နဝတ္တဘေဒဒုက္ကဋံ-ဟု အဋ္ဌကထာမိန့်ပြီ။
(ဆင်ခြင်ဖွယ်ရှိသေး၏။)
အာစရိယဝါဒများ
အချို့ကား ဝတ်ဆောက်တည်ပြီးသော ဒဏ်သားသည် နဝက အရာ၌ တည်သောကြောင့် ဝတ်ကြားသောအခါ “အဟံအာရသော”ဟူ မဆိုအပ်ဟု ဆိုကုန်၏။ ပါရိဝါသိကက္ခန္ဓက အဋ္ဌကထာ၌ မိမိနေရာသို့ ရောက်လာသော သီတင်းငယ်ကို အာစရိယဟု ခေါ်ပုံပြသည်။
သမုစ္စယက္ခန္ဓက အဋ္ဌကထာ၌ကား မဟာမဂ္ဂါ ဩက္ကမ္မ ပဋိစ္ဆန္နေ ဌာနေ နိသီဒိတွာ …လ... အာရောစေန္တေန သစေ နာဝကတရော ဟောတိ အာရသောတိ ဝတ္တဗ္ဗံ သစေဝုဍ္ဎတရော ဟောတိ ဘန္တေတိဝတ္တဗ္ဗံ-ဟု ဆိုပြီး သံဃာ၌ အလေးပြုခြင်းဖြင့် အဟံဘန္တေ-ဟုဆိုသော သီတင်းကြီးအား အပြစ်မဆိုသာပြီ။
ကျောင်းအလယ် မဝင်ဘဲ ဥပစာရသိမ်သို့ ဝင်၍ သွားသူတို့၏ ထီးသံ ချောင်းဟန့်သံကြား၍ အာဂန္တု သိအံ့ လိုက်သွား၍ ကြားအပ်ရာ၌ ဥပစာရသို့ ဝင်ခြင်းကြောင့် မချွတ်ကြားအပ်သူတို့ ဖြစ်ကုန်၏။ မသိ၍ မကြားလျှင် ရတ္ထိစ္ဆေဒသာ။ ထီးသံကြားလျှက် အာဂန္တုဟု မထင်၍ မကြားလျှင်လည်း ရတ္တိစ္ဆေဒသာ။ အာဂန္တုဟု ထင်လျက် သိလျက် လိုက်မကြားလျှင်ကား ရတ္တိစ္ဆေဒ၊ ဝတ္တဘေဒ နှစ်ချက်သင့်။ ဤကား အဝေးအသံမဟုတ်။ ဥပစာရ သိမ်တွင်းရောက သော ရဟန်းတို့၏ အသံတည်း။
ယော ဝတ္တံ နိက္ခိပိတွာ ပရိဝသန္တဿ ဥပစာရဂတာနံ သဗ္ဗေသံ အာရောစနကိစ္စံ နတ္ထိ၊ ဒိဋ္ဌရူပါနံ သုတသဒ္ဒါနံ အာရောစေတဗ္ဗံ။ အဒိဋ္ဌ အသုတာနမ္ပိ အန္တာ ဒွါဒသ ဟတ္တဂတာနံ အာရောစေတဗ္ဗံ။ ဣဒံဝတ္တံ နိက္ခိပိတွာ ပရိဝသန္တဿ လက္ခဏံ-ဟု မဟာပဒုမ၏ အလိုကို ဋီကာဆိုရာ၌ ဒိဋ္ဌရူပ၊ သုတသဒ္ဒသည် အဝေးအဆင်း၊ အဝေးအသံ ဖြစ်၏၊ ဤ ဒိဋ္ဌရူပသည် ရဟန်း၏ ကိုယ်အဆင်း ဖြစ်၏။ ရဟန်းတစ်ပါးပါး ကိုင်ထောင် မြှောက်ပြသော အဆင်းတစ်ခု မဟုတ်။
ထိုနည်းဖြင့် သုတသဒ္ဒသည်လည်း ရဟန်း၏နှုတ်သံ ဖြစ်ရမည်။ ရဟန်းတစ်ပါးပါး တီးခေါက်သော စည်သံ ခေါင်းလောင်းသံ ကရတက်သံ စသည်မဟုတ်သင့်။ မြှောက်ပြသောအဆင်း တီးခေါက်သော အသံတို့သည် ရဟန်းပြုသော် လည်းကောင်း၊ လူပြုသော် လည်းကောင်း၊ အထူး မရှိ။ ထို့ကြောင့် ရဟန်း၏ ကိုယ်အဆင်းနှင့် နှုတ်သံ၌သာ-ဝိသယ၊ အဝိသယ ခွဲအပ်၏။
အဝေးတောင်ပေါ် မြစ်တစ်ဖက် စသည်၌ တည်သော ရဟန်း၏ ကိုယ်အဆင်း၊ နှုတ်သံကို မြင်ရ ကြားရသောအခါ ဤကား ရဟန်းတည်း ရဟန်း၏ အသံတည်း-ဟု မှတ်သားနိုင်မှသာ ပမာဏဖြစ်၍ ဝါ-ဝိသယဖြစ်၍ နာကြားနိုင်အောင် မတတ်နိုင်လျှင် ရတ္တိစ္ဆေဒ။ လုံးလုံး ဝတ်မကြားလျှင် ရတ္တစ္ဆေဒ ဝတ္တဘေဒ နှစ်ချက်သင့်။ ရဟန်းဟု မမှတ်သားနိုင်လျှင် အဝိသယဖြစ်၍ ရတ္တိစ္ဆေဒသာ။
သစေဝါယမန္တောပိ သမ္ပာပုဏိတုံ ဝါ သာဝေတုံ ဝါ-စသော အဋ္ဌကထာစကားသည် သနူပစာရ ၁၂-တောင်မှ ပြင်ပဖြစ်သော တောင်ပေါ် မြစ်တစ်ဖက်စသော အဝေး၌ တည်သော ရဟန်းအစွမ်းဖြင့် ဆိုသော စကားတည်း။ “ကောင်းစွာ ဝတ်ကြားလျက် စကားပြောခြင်း အိပ်ငိုက်ခြင်း နှလုံးမသွင်းခြင်းကြောင့် ပကတတ်တို့ မနာကြားရလျှင် ဝတ္တဘေဒ မဖြစ်၊ ရတ္တိစ္ဆေဒသာ” ဟု ဝိနယာလင်္ကာရတို့ ဆိုသောစကားသည် ထို အဋ္ဌကထာ ပါဌ်ကို ကိုးကားလျက် ၁၂-တောင် သာနူပစာရ အတွင်းရှိသော အနီးရဟန်း အစွမ်းဖြင့် ဆိုမိသော စကားတည်း။
ထိုအနီး ရဟန်းတို့က ငါတို့မနာကြားရသေးဟု မဆိုလျှင် သံဃာများထံ ဝတ်ကြားရာ၌ သံသယ မငြိမ်းစရာ များလှ၏။ နားထိုင်းသူထံ၌လည်း ထိုအတူတည်း။ အစအဆုံး မကြား နှလုံးမထားသော်လည်း ဤ ရဟန်းသည် အာပတ် သုတ်သင်ခြင်းငှါ ဝတ်ကြားပေသည် - ဟူ၍ကား သိတန်ကောင်း၏၊ တစ်နည်း သုဒ္ဓိလေးပါးတို့တွင် ဒေသနာ သုဒ္ဓိဟူသည် - အနက် အဓိပ္ပါယ် နားမလယ်သော်လည်း ပြောကြားခြင်းဖြင့် စင်ကြယ်၏။
ရတ္တိစ္ဆေဒလေးပါးတို့တွင် သဟဝါသ၌ ဒဏ်သားက သွား၍ အတူအိပ်သော် လည်းကောင်း၊ ပကတတ်က လာ၍ အတူအိပ်သော် လည်းကောင်း ရတ္တိစ္ဆေဒ၊ ဝိပ္ပဝါသ၌ ဒဏ်သား ဖဲသွားလျှင် ရတ္တိစ္ဆေဒ၊ ပကတတ် ဖဲသွားလျှင် ရတ္တိစ္ဆေဒ မဖြစ်ခြင်း ထင်ရှား၏။ ဦနေ ဂဏေ စရတိ၌လည်း ဂဏမပြည့်ဘဲ ဝတ်ကြားလျှင် ရတ္တိစ္ဆေဒ၊ ပြည့်သောဂဏ၌ ဝတ်ကြားပြီးမှ ဂဏဖဲသွားလျှင် ရတ္တိစ္ဆေဒ မဖြစ်ခြင်း ထင်ရှား၏။
အနာရောစနာ၌ သဝနူပစာအတွင်း ဝတ်မကြားလျှင်၊ အဝေး၌ မြင်ကြားလျက် လိုက်မကြားချင်၊ လိုက်ကြားသော်လည်း ဝေးသောကြောင့် နာကြားစေခြင်းငှါ မတတ်နိုင်လျှင် ရတ္တိစ္ဆေဒ ထင်ရှား၏။ သဝနူပစာအတွင်း နိုးကြားလျက် ရှိသူအား ဝတ်ကြားလျက် မနာကြားစေနိုင်လျှင် ရတ္တိစ္ဆေဒ-ဟု အဋ္ဌကထာ ဋီကာကြီးတို့၌ အဆိုအမိန့် မထင်။ ဝိနယာလင်္ကာရ၌သာ ထင်သည်။ ထိုထင်ခြင်းသည်လည်း သဝနူပစာ၏ ပြင်ပစကားဖြင့် သဝနူပစာအတွင်းကို ဆုံးဖြတ်ခြင်းတည်း။
နိက္ခိတ္ထဝတ်ကျင့်သူသည် တစ်ညဥ့်ထွက် တစ်ညဥ့်ထွက် အပသို့ထွက်၍ ပကတတ်၏ ဒဿနူပစာ သဝနူပစာ ၁၂-တောင်တွင်းနေ၍ သုတ်သင်ရသည်။ အဝေး၌ အဆင်းမြင်, အသံကြားတို့အား လည်းကောင်း၊ ၁၂- တောင်တွင်းရောက်လာသူ အားလည်းကောင်း၊ ကြားရသည်။ ပကတတ်အားလုံး ပြန်သွားလျှင် အရုဏ်တက် သောအခါ ကျောင်းသို့ပြန်သွား၍ အတူသွားဖော်ထံ ဝတ်ချအပ်၏-ဟု မဟာသုမ ဆိုသည်။
မဟာပဒုမကား ရှေးဦးစွာ မြင်သောရဟန်းထံ ကြား၍ ချအပ်၏ ဟု ဆိုသည်။ ထိုနှစ်ဝါဒလုံး၌ ကျောင်းတွင်းရှိ အားလုံးအား ကြားအပ်၏ဟု မဆို။ မဟာပဒုမတ္ထေရော ပန ယံ ပထမံ ပဿတိ တဿ အာရောစေတွာ နိက္ခိပိတဗ္ဗံ။ အယံ နိက္ခိတ္တဝတ္တဿ ပရိဟာရောတိ အာဟ။
ဤအဋ္ဌကတာပါဌ်ဖြင့် ခဏ္ဍသိမ်၌ ပရိဝါသ်၊ မာနတ်၊ အဗ္ဘာန်- ကံဆောင်သော အခါလည်း ကျောင်းဝိုင်းတွင်းရှိ သံဃာအား ကြားဖွယ် မရှိကြောင်း ထင်ရှား၏။ ပါဠိတော်၌လည်း ပါရိဝါသိက၊ မာနတ္တစာရိကတို့၏ ကျင့်ဝတ်၌သာ အဂန္တုကေန အာရောစေတဗ္ဗံ စသော ကျင့်ဝတ်ငါးပါး ခြောက်ပါးကို ဟောသည်။ မူလယပဋိကဿနာရဟ၊ မာနတ္တာရဟ၊ အဗ္ဘာနာရဟတို့၏ ကျင့်ဝတ်၌ ထိုကြားခြင်းဝတ်ကို မဟော။
ဟောခြင်း ဆောက်တည်ခြင်း ကြားခြင်းတို့ကို နှစ်ပါး သုံးပါး တစ်ပြိုင်တည်း ပြခြင်းသည် ပရိဝါပါဠိတော်အား လျော်၏။ ပရိဝါပါဠိတော် ဥပါလိပဓကဒိဋ္ဌာဝိကမ္မဝဂ်၌ အနာပတ္တိကို ကြားခြင်း၊ ဒေသနာဂါမ် မဟုတ်သည်ကို ကြားခြင်း၊ ကြားပြီးကို ကြားခြင်း၊ လေးပါး ငါးပါးအတူ ကြားခြင်း၊ စိတ်ဖြင့် ကြားခြင်း၊ နာနာသံဝါသကထံ ကြားခြင်း၊ အိမ်တူမနေဘဲ ကြားခြင်း အပကာတတ်ထံ ကြားခြင်း၊ ဤအလုံးစုံသည် အဓမ္မိကဒိဋ္ဌာဝိကမ္မ ဖြစ်သည်-ဟု ဟောသည်။
ဝိဋီ၌ ပုဂ္ဂိုလ်တစ်ပါးထံ လေးပါး ငါးပါး တစ်ပေါင်းတည်း ဒေသနာ မကြားအပ်။ ကြားလျှင် အာပတ်မထ၊ ကြားခြင်းကြောင့် ဒုက္ကဋ်လည်း သင့်သည်။ နှစ်ပါး သုံးပါးတို့အားကား တစ်ပေါင်းတည်း ကြားခြင်းငှါ အပ်၏-ဟု ဖွင့်ဆို၏။
အမ္ဘာနကံပြုပြီးလျှင် စင်ကြယ်ပြီဟု အဋ္ဌကထာဆိုလျက် အချို့ မာနတ်ချခြင်း ပြုကြသည်။ လျော်ပါမည်လော ဟု မေးသူမေးဖူးပြီ။ ပါဠိတော်၌ ပရိဝါသ်၊ မာနတ် ရက်စေ့အောင် ကျင့်ရမည်ဟု ဟောလျှက် အဋ္ဌကထာ၌ “ပို၍ ကျင့်ရမည်။ မသိမူ၍လည်း ရတ္တိစ္ဆေဒဖြစ်သည်။ ကုက္ကုစ္စဖျောက်နိုင်အောင် ပိုလွန်၍ ကျင့်ခြင်းသည် အပဏ္ဏကပဋိပဒါ” ဟု ဆိုသည်။
ထိုနှင့်လျော်စေရာ၏။ မသိသော ရတ္တိစ္ဆေဒအတွက် မာနတ် ရက်မစေ့ဘဲ အဗ္ဘာန်သွင်းအံ့။ ထိုအဗ္ဘာန ကံသော်လည်း မသိသော ဝိပတ္တိ တစ်ခုခုရှိအံ့၊ မိမိကား သံသယကင်းလျက် ရှိသော်လည်း ထိုအဗ္ဘာနကံကား မအောင်။ မအောင်လျှင် မာနတ်ဒဏ်သားအဖြစ်၌ တည်နေလတ္တံ့။ ထိုအတွင်း အာပတ် ထပ်သင့်လျှင် မူလာယပဋိကဿန ထိုက်ပေလတ္တံ့။ မိမိကား ထိုအခါလည်း သံသယကင်းလျက် ပင်တည်း။ နောက်၌ မာနတ်ရက်မစြေ့ခင်း၊ အဗ္ဘာန်မဆောင်ခြင်းတို့ကို သိအံ့။
ထိုအခါ ခဲယဉ်းစွာ သုတ်သင်ရပေလတ္တံ့။ ထို့ကြောင့် ယခု သံသယကင်းသော်လည်း နောက်ကိစ္စပေါ်လာလျှင် သုတ်သင်လွယ်စိမ့်သောငှါ အဗ္ဘာနကံအပြီး မာနတ်ချခြင်း၊ မာနတ်ကံအပြီး ပရိဝါသ် ချခြင်းသည်လည်း အပဏ္ဏကပဋိပဒါ-ဟု လျော်စေရာ၏။
ယခုသံသယ နောင်သံသယအတွက် ဤနည်း ထိုနည်း ဉာဏ်သက်ရာ တစ်နည်းနည်းဖြင့် အပို အားထုတ်ခြင်း သည် ဝိနယကုက္ကုစ္စ ငြိမ်းကြောင်း သမာဓိ ခိုင်မြဲကြောင်းတည်း။ သိမ်၌လည်း သင်္ကရဒေါသကြောင့် ရံခါ ဝိပတ္တိ ဖြစ်နိုင်သည်။
ဖုံးသော ရက်ပိုင်းခြား မသိသော်လည်း လပြည့် လကွယ်တိုင်း ဥပုသ်ပြုသူတို့သည် ဥပုသ်ပြုတိုင်း ဒေသနာကြားလေ့ရှိသောကြောင့် ၁၅-ရက် အဂ္ဃသမောဓာန်ကျင့်လျှင် ၁၄-ရက်ထိဖုံးသော အာပတ်တို့မှလည်း စင်ကြယ်၏။ ရက်အနည်းငယ်ဖုံးကို ရက်အများဖုံး တမျိုးတည်းပြု၍ ပက္ခပဋိစ္ဆန္န ကျင့်လျှင်လည်း ထိုအတူ စင်ကြယ်၏။ ၁၅-ရက်ဖုံးဟု ဆို၍ ဝတ်ယူသော်လည်း ဆယ်ရက်မျှ ဖုံးသူအား ဆယ်ရက်ကျင့်ပြီးလျှင် မာနတ်ယူနိုင်ပြီ။
အဝေး ကရတက်သံ စသည်၌ သံသယရှိသူတို့သည် ရဟန်းများ မခေါက်ရန် လိုက်၍တားကုန်၏။ တားပြီးနောက် ခေါက်သံကြားလျှင် ရဟန်းခေါက်သည် မဟုတ်ဟုနှလုံးသွင်း၍ သံသယကင်းကုန်၏။ အဝေး ရဟန်းကို မြင်ရာ၌ - ရဟန်းမဟုတ်ဟု ထင်လျှင် ဝတ္တဘေဒသာလွတ်သည်၊ ရတ္တိစ္ဆေဒကား မလွတ်သကဲ့သို့ ရဟန်းခေါက်သော ကရတက်သံ၌လည်း ရဟန်းခေါက်သည်မဟုတ် ဟုထင်လျှင် ဝတ္တဘေဒသာလွတ်သည်။ ရတ္တိစ္ဆေဒကား မလွတ်ဟူ၍ သံသယစကားဆိုသင့်လျက် မဆိုကြ။
ပက္ခမာနတ်အဋ္ဌကထာ၌ ဥပေါသထေ အာရောစတဗ္ဗံ၊ ပဝါရဏာယ အားရောစေတဗ္ဗံ-ဟု ဆိုပြီးနောက်-စတုန္နံ ဘိက္ခုနံ ဘိက္ခုနီနဉ္စ ဒေဝသိကံ အာရောစေတဗ္ဗံ ဟု မာနတ်နေ့တိုင်း ကြားရခြင်းကို လေးပါးထံ၌ ကန့်သတ်၍ဆိုသည်။ ယခင်နေ့ ကြားပြီးသူ အားလုံးထံ နောက်နေ့ထပ်ကြားခြင်းကို အနိက္ခိတ္ထအားပင်မဆို။ ထို့ကြောင့် မာနတ်ကြားပြီးနောက် အရုဏ်တက်သောအခါ မကြားဘဲ မာနတ်ချလျှင် ဒေဝသိကံ, မဖြစ်သော်လည်း၊ ရတ္တိစ္ဆေဒမရှိ။ ဝတ္တဘေဒယာ-ဟု ဆုံးဖြတ်အပ်၏။
သမုစ္စက္ခန္ဓာပြီး၏။
၄။ သမထက္ခန္ဓက
သမ္မုခါဝိနည်း
ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ နေတော်မူ၏။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မျက်ကွယ်ရဟန်းတို့အား တဇ္ဇနီယစသော ကံတို့ကို ပြုကုန်၏။
မြတ်စွာဘုရား ကဲ့ရဲ့ပြီးလျှင် ချစ်သားတို့-မျက်ကွယ်ရဟန်းအား တဇ္ဇနီယကံ၊ နိယတကံ၊ ပဗ္ဗာဇနီယကံ၊ ပဋိသာရဏီယကံ၊ ဥက္ခေပနီယကံကို မပြုအပ် ပြုငြားအံ့-ဒုက္ကဋ်။
အဓမ္မဝါဒီပုဂ္ဂိုလ်၊ အဓမ္မဝါဒီဂိုဏ်း၊ အဓမ္မဝါဒီသံဃာ၊ ဓမ္မဝါဒီပုဂ္ဂိုလ်၊ ဓမ္မဝါဒီဂိုဏ်း၊ ဓမ္မဝါဒီသံဃာ။ (မာတိကာ-၆ ပုဒ်)
အဓမ္မဝါဒီပုဂ္ဂိုလ်သည် ဓမ္မဝါဒီပုဂ္ဂိုလ်ကို ဤကား ဓမ္မ၊ ဝိနယ- သတ္တုသာသနဖြစ်သည်။ ဤအယူကိုယူလော၊ နှစ်သက်လော-ဟု သိစေအံ့။ ကြည့်စေအံ့။ ပြအံ့။
ဤသို့လျှင် ထိုအဓိကရုဏ်းသည် ငြိမ်းအံ့၊ အဓမ္မဖြင့် သမ္မုခါဝိနည်းတို့ဖြင့် ငြိမ်း၏။
အဓမ္မဝါဒီပုဂ္ဂိုလ်သည် ဓမ္မဝါဒီဂိုဏ်းကို ထို့အတူ။ ဓမ္မဝါဒီသံဃာကို၊ ထိုအတူ-(သုံးချက်)။
အဓမ္မဝါဒီဂိုဏ်းသည် ဓမ္မဝါဒီပုဂ္ဂိုလ်ကို၊ ဂိုဏ်းကို၊ သံဃာကို (သုံးချက်)။
အဓမ္မဝါဒီသံဃာသည် ဓမ္မဝါဒီပုဂ္ဂိုလ်ကို၊ ဂိုဏ်းကို၊ သံဃာကို (သုံးချက်)
ကဏှပက္ခနဝကပြီး၏။
ဓမ္မဝါဒီပုဂ္ဂိုလ်သည် အဓမ္မဝါဒီပုဂ္ဂိုလ်ကို-ဤကား ဓမ္မ၊ ဝိနယ၊ သတ္ထု သာသနဖြစ်သည်။ ဤအယူကိုယူလော နှစ်သက်လာ-ဟု သိစေအံ့၊ ကြည့်စေအံ့၊ ပြအံ့၊ ဤသို့လျှင် ထိုအဓိကရုဏ်းသည် ငြိမ်းအံ့၊ ဓမ္မဖြင့် သမ္မုခါဝိနည်းဖြင့် ငြိမ်း၏။
ဓမ္မဝါဒီပုဂ္ဂိုလ်သည် အဓမ္မဝါဒီဂိုဏ်းကို၊ သံဃာကို ထို့အတူ (သုံးချက်)။
ဓမ္မဝါဒီဂိုဏ်းသည် အဓမ္မဝါဒီပုဂ္ဂိုလ်ကို၊ ဂိုဏ်းကို၊ သံဃာကို (သုံးချက်)။
ဓမ္မဝါဒီသံဃာသည် အဓမ္မဝါဒီပုဂ္ဂိုလ်ကို၊ ဂိုဏ်းကို၊ သံဃာကို (သုံးချက်)။
သုက္ကပက္ခနဝကပြီး၏။
(ထာ ... မာတိကာ ၆-ပုဒ်ထား၍ချဲ့သည်။ အဓမ္မဝါဒီသည် ဓမ္မဝါဒီကို သိစေပုံကား အကြောင်းတို့ကိုဆို၍ နှစ်သက်စေ၍ သိစေ၏။ ကြည့်စေပုံကား ထိုအနက်ကို ကြည့်အောင်ပြု၏။ ဖန်ဖန်ကြည့်အောင် ပြု၏။ ပြခြင်းကား ထိုတို့၏ ပရိယာယ်တည်း။)
(အဓမ္မကိုသာလျှင် ဤကား ဓမ္မဖြစ်သည် စသည်ဖြင့် တွေဝေစေ၍ ပြသောကြောင့် အဓမ္မဖြင့် ငြိမ်းသည် မည်၏။ ဓမ္မဝါဒီကား ဓမ္မကိုသာလျှင် ဤကား ဓမ္မဖြစ်သည် စသည်ဖြင့် မတွေ့စေမူ၍ ပြသောကြောင့် ဓမ္မဖြင့် ငြိမ်းသည်မည်၏။)
(ဇီဋီ ... ကမ္မဝါစာ၌ အယံ-ဟူ၍လည်းကောင်း၊ ဣမေ-ဟူ၍လည်း ကောင်း၊ မျက်မှောက်ညွှန်း နိယမရှိသော ကံဟူသမျှသည် သမ္မုခါကံသာတည်း။ တဇ္ဇနီယ-စသော ကံငါးပါသာမဟုတ်။ ကမ္မက္ခန္ဓက၌ လာသောကြောင့် ထိုငါးပါးကိုသာ ထုတ်ပြခြင်းဖြစ်သည်။ ပါရာဇိက ၂၄-ပါးရှိလျက် ပါရာဇိကကဏ္ဍ၌ လာသော လေးပါးကိုသာ ထုတ်ပြသကဲ့သို့တည်း။)
(ထိုသမ္မုခါကံ၌ ပုဂ္ဂလသမ္မုခတာသည် ဟတ္ထပါသ်သို့ ရောက်ခြင်းသာတည်း။ ကမ္မက္ခန္ဓက၌ အဓမ္မကံကို အသမ္မုခါ ကတံဟောတိ စသည် ဖြင့်ဟောသော်လည်း အာပတ်မပြ။ ဤခန္ဓက၌ ဒုက္ကဋ်ဟုပြ၏။ ရှင်ဒဗ္ဗ၏ ကမ္မဝါစာ၌ - သံဃော (ဣမံ) အာယသ္မန္တဒဗ္ဗံ ဟု ဣမ-မပါသော်လည်း ပထမံ ဒဗ္ဗောယာစိတဗ္ဗော-ဟူသော စကားဖြင့် မျက်မှောက်ကံအဖြစ် ထင်ရှား၏။ တစ်ပါးသော ကံတို့၌လည်း ဖြစ်သင့်သလို အမြွက်သိအပ်၏။) (သိမ်သမုတ်၊ သိမ်နုတ်ကပ္ပီယ ကုဋီသမုတ်ကံတို့လည်း- ဣမသဒ္ဒါ မပါသော သမ္မုခါကံတို့တည်း။)
သတိဝိနည်း
ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကလန္ဒကနိဝါပ၌ (ဝါ-ရှဥ့်နက်တို့ကို အစာကျွေး၍ မွေးရာ၌) နေတော်မူ၏။
ထိုအခါ မလ္လာမင်းသား ရှင်ဒဗ္ဗသည် ခုနစ်နှစ်သား အရွယ် ရဟန္တာဖြစ်၍ ရဟန်း ကိစ္စပြုဖွယ် မရှိသည်ဖြစ်၍ ကျောင်းညွှန်းခြင်း ဆွမ်းညွှန်းခြင်းဖြင့် သံဃာ့ဝေယျာဝစ္စပြုရမူ၊ ကောင်းလေစွဟု ကြံ၍ မြတ်စွာဘုရားအား လျှောက်၏။
“ချစ်သားတို့ သံဃာသည် ဒဗ္ဗကို ကျောင်းညွှန်းသူ- ဆွမ်းညွှန်းသူဟု သမုတ်လော။ ဦးစွာ ဒဗ္ဗကို တောင်းပန်အပ်၏။ ထိုနောက် ဉတ္တိဒုတိယကံဖြင့် သိစေအပ်၏။ ဝါ-သံဃာသည် ဒဗ္ဗကို ကျောင်းညွှန်းသူ ဆွမ်းညွှန်သူဟု သမုတ်ရာ၏။ သမုတ်၏။ သမုတ်ပြီဟု သိစေအပ်၏။ (ဤကမ္မဝါစာ၌ ဣမ မပါ။)
သမုတ်အပ်သော ရှင်ဒဗ္ဗသည် သုတ္တန်ဆောင်ချင်း ဝိနည်းဓိုရ်ချင်း စသည်ဖြင့် သဘောတူရာတို့ကို တစ်ပေါင်းတည်း ကျောင်းနေရာညွှန်းချ၏။ အခါမဲ့ ရောက်လာသူတို့အား တေဇောကသိုဏ်း အရောင်ဖြင့် နေရာညွှန်းချ၏။
ရဟန်းတို့သည် တန်ခိုးကို ကြည့်လို၍ မိုးချုပ်ရောက်လာကြပြီးလျှင် ငါတို့အား ဣသိဂိလိ၌ နေရာပေးပါ။ ငါတို့အား ဝေဘာရ တောင်ဝှမ်း၌ နေရာပေးပါ-ဟု အရပ်ဝေးညွှန်ပြီးလျှင် ငါတို့ကို ရှေ့ဦးစွာ ပို့ပါ၊ ငါတို့ကို ရှေးဦးစွာ ပို့ပါ-ဟု ဆိုကုန်၏။
ရှင်ဒဗ္ဗသည် တေဇောကသိုဏ်းဝင်စား၍ လက်ချောင်းမီးရောင်ဖြင့် ထိုအာဂန္တု သီးသီးတို့၏ ရှေ့မှသွား၍ လိုက်ပို့၏။ ရောက်ရာ၌ ညောင်စောင်းစသည် ဝစ္စကုဋီ စသည်ကို ညွှန်းပြ၍ ဤနေရာ၌ ဤအချိန် ထွက်ရသည်, ဤ အချိန် ဝင်ရသည် ဟု ပြော၍ ပြန်လာ၏။ (ကိုယ်များစွာ ခွဲ၍ ပြိုင်တူပြု၏)
ထိုအခါ မေတ္တိယ၊ ဘူမဇကရဟန်းတို့သည် သီတင်းငယ် ဖြစ်၍ ဘုန်းကံလည်း နည်းပါးကုန်၏။ ညံ့သောကျောင်းရ၍ ညံ့သော အစာသာ ရကုန်၏။ ဆန်ခွဲထမင်း၊ ပုန်းရည်ဟင်းသာ ရကုန်၏။
ထိုအခါ ဆွမ်းကောင်းကောင်း ကျွေးလေ့ရှိသော ကလျာဏဘလ္လိက သူကြွယ်သည် သံဃိကစတုတ္ထဘတ် (ဟင်းကောင်းလေးမျိုး) အမြဲကောင်းစွာ ကျွေးလေ့ရှိ၏။ သံဃာ့အလှည့်အားဖြင့် တစ်နေ့၌ မေတ္တိယ ဘူမဇကတို့အား ထိုဆွမ်းကို ညွှန်းသဖြင့် တစ်ညဥ့်လုံး ဝမ်းမြောက်ကြကုန်၏။ သူကြွယ်သည် မိမိဆွမ်းကို နက်ဖြန်အတွက် မေတ္တိယ ဘူမဇကတို့အားညွှန်းသည် ဟု သိ၍ ကျွန်မကို ဆန်ကွဲထမင်း၊ ပုန်းရည်ဟင်းဖြင့် ကျွေးလော ဟု အမိန့်ပေး၏။
နံနက်၌ ကောင်းစွာ ဝတ်ကုန်၍ သူကြွယ်အိမ်သို့ ပြန်ကြွသွား၍ နှလုံးမသာယာ ဆွမ်းစားပြီးလျှင် ပြန်လာကြ၍ အရံပ၌ မှိုင်လျက် “ရှင်ဒဗ္ဗဉာဏ်ဧကန်ဖြစ်မည်၊ ယမန်နေ့က သူကြွယ်လာ၍ ရှင်ဒဗ္ဗနှင့် စကားပြောသည်”ဟု တိုင်ပင်ကြ၏။
မေတ္တိယမည်သော ဘိက္ခုနီမကိုလည်း ငါတို့ကို ရှင်ဒဗ္ဗနှိပ်စက်သည်။ ရှင်ဒဗ္ဗ ဒုက္ခဖြစ်အောင် ဘုရားရှင်ထံ ဤသို့ ဤသို့လျှောက်ရမည် ဟု စေလွှတ်၏။
မေတ္တိယသည် ဘုရားရှင်ထံ ချဉ်းကပ်၍ “မြတ်စွာဘုရား ဘေး မရှိရာမှ ဘေးတွေ့ခြင်းသည် မလျောက်ပတ်ပါ၊ ပရိတ်အိုး မီးတောက်လေသလော၊ အရှင်ဒဗ္ဗသည် အနိုင်အထက် ပြုကျင့်ပါသည်” ဟုလျှောက်၏။ မြတ်စွာဘုရားသည် ရှင်ဒဗ္ဗကို မေးစစ်၏။ “မဟုတ်ရပါ”ဟု လျှောက်လတ်သော် ချစ်သားတို့ (ပြုကျင့်ခံရသည် ဟူသော ဘိက္ခုနီကို လူထွက်စေလေ၊ ဤ ရဟန်းတို့ကိုလည်း စီစစ်ကြဦးလော” ဟု မိန့်တော်မူ၍ ကျောင်းတွင်းသို့ ဝင်တော်မူ၏။
ထိုအခါ မေတ္တိယ ဘူမဇကတို့သည် “အရှင်တို့ မေတ္တိယ ဘိက္ခုနီကို လူထွက်စေခြင်း မပြုကြပါနှင့်။ အကျွန်ုပ်တို့သည် အမျက်ထွက်၍ သာသနာမှ ရွေ့လျောစေလို၍ ရှင်ဒဗ္ဗကို အရင်းမရှိသော သီလ ဝိပတ္တိဖြင့် စွပ်စွဲကြပါသည်”ဟု ဝန်ခံကုန်၏။ ရဟန်းတို့သည် ဘုရားရှင်အား လျှောက်ကုန်၏။
မြတ်စွာဘုရား မေးစစ် ကဲ့ရဲ့ပြီးလျှင် “ချစ်သားတို့ သံဃာသည် သတိပြန့်ပြော (ကြီးကျယ်) ခြင်းသို့ ရောက်သော (ဝါ- ရဟန္တာဖြစ်သော) ရှင်ဒဗ္ဗအား၊ သတိဝိနည်းကိုပေးလော။
ချစ်သားတို့ ထိုဒဗ္ဗသည် သံဃာသို့ ချဉ်းကပ်၍ လက်အုပ်ချီ၍ အရှင်ဘုရားတို့ ဤ မေတ္တိယ ဘူမဇက ရဟန်းတို့သည် အကျွန်ုပ်ကို အရင်းမရှိသော သီလ ဝိပတ္တိဖြင့် စွပ်စွဲကုန်၏။ ထိုအကျွန်ုပ်သည် သတိပြန့်ပြောခြင်းသို့ ရောက်၏။ သံဃာကို သတိဝိနည်းကို တောင်းပါ”ဟု သုံးကြိမ် တောင်းအပ်၏။
ဉတ္တိစတုတ္ထကံဖြင့် သိစေအပ်၏။ ဝါ-စွပ်စွဲခံရ၍ သတိဝိနည်းကို တောင်းသော သတိဝေပုလ္လပတ္တ (ရဟန္တာ) ရှင်ဒဗ္ဗအား သတိဝိနည်းကို ပေးရာ၏။ ပေး၏။ ပေးပြီ-ဟု သိစေအပ်၏။
“ချစ်သားတို့ … တရားနှင့်ညီသော သတိဝိနည်းပေးခြင်းတို့သည် ငါးပါးရှိကုန်၏။ ရဟန်းသည် အာပတ်မရှိ စင်ကြယ်၏၊ ထိုရဟန်းကိုလည်း စွပ်စွဲကုန်၏။ ထောင်းလည်း ထောင်း၏။ ထိုရဟန်းအား သံဃာသည် သတိဝိနည်းကို ပေး၏။ ဓမ္မသမဂ္ဂဖြင့် ပေး၏”။ ဤငါးပါးတည်း။
(ဤသတိဝိနည်းပေးသော ကမ္မဝါစာ၌ ရှင်ဒဗ္ဗကို ဣမ-မစွဲ၊ မေတ္တိယတို့၌ ဣ-စွဲလျက်ရှိသည်။)
(ထာ ... ၁။ စင်ကြယ်သော အနာပတ္တိက ပုဂ္ဂိုလ်အား ပေးခြင်းတစ်ခု၊
၂။ စွပ်စွဲခံရသူအား ပေးခြင်းတစ်ခု၊
၃။ တောင်းသူအား မပေးခြင်းတစ်ခု၊
၄။ သံဃာသည် ပေးခြင်းတစ်ခု၊
၅။ ဓမ္မသမဂ္ဂဖြင့် ပေးခြင်းတစ်ခု၊
ဤငါးခုတို့တွင် တစ်ခုခုအစွမ်းဖြင့် မပြုအပ်။)
ငါးပါးသော အင်္ဂါနှင့်ပြည့်စုံသော သတိဝိနည်းပေးခြင်းသည် ဓမ္မကံဖြစ်၏-ဟု ဆိုလိုသည်။
ဤသတိဝိနည်းကို ရဟန္တာအားသာ ပေးအပ်၏။ အနာဂါမ်အား သော်လည်းမပေးအပ်။ သူတစ်ပါး၏ စွပ်စွဲခြင်း ခံရသော ရဟန္တာအားသာ ပေးအပ်၏။ စွပ်စွဲမခံရလျှင် မပေးအပ်၊ အကျိုးကား သတိဝိနည်းပေး ပြီးသောအခါ စောဒက၏ စကားသည် အရာမရောက်။ ဤသူသည်ရဟန္တာ ဖြစ်၏။ သတိဝိနည်း ရ၏။ သင်၏ စကားကို အဘယ်သူ ယူလတ္တံ့နည်း-ဟု မောင်းမဲခံထိုက်သူ အဖြစ်သို့ ရောက်၏။
(သာဋီ ... သတိဝေပုလ္လပတ္တ ရဟန္တာအား ပေးသော ဝိနည်းသည် သတိဝိနည်း မည်၏။)
(ဝိဋီ .... ရဟန္တာ၏ ပြန့်ပြောသော သတိကိုမှီ၍ ပေးသောဝိနည်းသည် သတိဝိနည်းမည်၏။ စွပ်စွဲခြင်း စသော အသာရုပ္ပတို့၏ ငြိမ်းကြောင်းသည် ဝိနယမည်၏။)
(ပြန့်ပြောဟူသည် ဥဒ္ဓစ္စ ပြန့်လွင့်ခြင်းမဟုတ် ပေါများ ကြီးကျယ်ခြင်းတည်း သတိခိုင်မြဲသူ-ဟူလို။)
အမုဠှဝိနည်း
ထိုအခါ ဂဂ္ဂ-ရဟန်းသည် ရူးသွပ်၏၊ စိတ်ဖောက်ပြန်ခြင်းဖြင့် ပြုသူဖြစ်၏။ ရဟန်းအမူအရာ မဟုတ်သည်ကို များစွာ လွန်ကျူး၏၊ ပြောဆိုအပ် ဆွဲငင်အပ်သော အမှုကိုပြု၏။ ရဟန်းတို့သည် ဂဂ္ဂရဟန်းကို လွန်ကျူးမှုဖြင့် ဤသို့သော အာပတ်သို့ရောက်သည်ကို သတိရသလော-ဟု စောဒနာကုန်၏။ ရူး၍တွေဝေ၍ (မုဋ္ဌဖြစ်၍) အာပတ်သို့ ပြုမိသည်ကို သတိရပါဟု ဆိုသော်လည်း စောဒနာကုန်၏။ အပိစ္ဆ ရဟန်းကောင်းတို့သည် စောဒနာသော ရဟန်းတို့ကို ကဲ့ရဲ့ကုန်၏။
“ချစ်သားတို့ သံဃာသည် ဂဂ္ဂရဟန်း အမုဠှအား အမုဠှဝိနည်းကို ပေးလော။” ဂဂ္ဂရဟန်းသည် သံဃာသို့ ချဉ်းကပ်၍ ... လက်အုပ်ချီ၍ .. “အရှင်ဘုရားတို့၊ အကျွန်ုပ်သည် ရူး၍မသင့်သည်ကို ပြုပြီ။ ရဟန်းတို့သည် အာပတ်ကို သတိရသလော” ဟု စောဒနာကြပါသည်။ ရူး၍ ပြုမိပါသည်၊ သတိမရပါဟု ဆိုသော်လည်း စောဒနာကြပါသည်။ အမုဠှ ဖြစ်သော အကျွန်ုပ်သည် အမုဠှဝိနည်းကို တောင်းပါ၏-ဟု သုံးကြိမ် တောင်းအပ်၏။ ဉစတုတ္ထကံဖြင့် သိစေအပ်၏။ ဝါ-ဂဂ္ဂရဟန်း အမုဠှအား ဝိနည်းကို ပေးရာ၏။ ပေး၏။ ပေးပြီ-ဟု သိစေအပ်၏။
“ချစ်သားတို့၊ အမုဠှဝိနည်းပေးခြင်းသည် အဓမ္မိကသုံးပါး၊ ဓမ္မိကသုံးပါးရှိ၏။
ဤသာသနာ၌ ရဟန်းသည် အာပတ်သို့ရောက်၏။ သံဃာသည်လည်းကောင်း၊ ဂိုဏ်းသည်လည်းကောင်း၊ ပုဂ္ဂိုလ်သည်လည်းကောင်း အာပတ်ကို သတိရသလော” ဟု စောဒနာသောအခါ သတိရလျက် မရပါဟုဆိုအံ့၊ သံဃာသည် ထိုရဟန်းအား အမုဠှဝိနည်းကို ပေးအံ့၊ အဓမ္မိကပေးခြင်းဖြစ်၏ ... ထိုအတူ သတိရလျက် အိပ်မက်၌ ပြုသကဲ့သို့ သတိရပါသည်ဟုဆိုအံ့။ အမုဠှဝိနည်းပေးအံ့- အဓမ္မိကဖြစ်၏။ မရူးဘဲ ရူးဟန်ပြု၍-ငါဤသို့ပြုသည်။ သင်တို့လည်း ပြုကြ၊ အပ်ပါသည် ဟုဆိုအံ့။ အမုဠှဝိနည်းပေးအံ့၊ အဓမ္မိက ဖြစ်၏။ (၃)။
ဤသာသနာ၌ ရဟန်းသည် ရူးသည်ဖြစ်၍ လွန်ကျူး၏။ သံဃာ၊ ဂိုဏ်း၊ ပုဂ္ဂိုလ်သည် စေဒနာသောအခါ သတိမရ၍ သတိမရပါဟုဆိုအံ့၊ အိပ်မက်ပြု၍ ပြုသကဲ့သို့ သတိရပါသည်ဟုဆိုအံ့၊ ရူး၍ရူးဟန် ပြု၍ ငါကဲ့သို့ပြုကြ။ အပ်ပါသည်ဟု ဆိုအံ့၊ အမုဠှဝိနည်း ပေးအံ့၊ ဓမ္မိက ဖြစ်၏။ (၃)။
(ဤ အမုဠှဝိနည်းပေးသော ကံ၌ အယံဂဂ္ဂေါ-ဟု ဣမ-ပါသည်။ ပရိဝါအဋ္ဌကထာ-ကမ္မဝဂ်၌ သမ္မုခါကံရှစ်ပါး၌ ဥမ္မတ္တက သမ္မုတိကံ ပါသည်။ ဥမ္မတ္တကသည် တောင်း၍ ဖဲသွားသော် မျက်ကွယ်လည်း ပေးအပ်၏-ဟု ဖွင့်သည်။)
(ဝိဋီ ...ရှေး၌ တွေဝေသူ-မုဠှဖြစ်၍ နောက်၌မတွေဝေ-အမုဠှ အဖြစ်သို့ ရောက်သူအား ပေးသောဝိနည်းသည် အမုဠှဝိနည်း မည်၏။)
ပဋိညာဝိနည်း
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဝန်ခံခြင်းမရှိသော ရဟန်းတို့အား တဇ္ဇနီယစသောကံကို ပြုကုန်၏။ ချစ်သားတို့ ... ဝန်ခံခြင်းမရှိဘဲ ရဟန်းတို့အား တဇ္ဇနီယကံ ...လ....၊ ဥက္ခေပနီယကံကို မပြုအပ်၊ ဒုက္ကဋ်။
ချစ်သားတို့ ... ပဋိညာတ ကရဏသည် အဓမ္မိက၊ ဓမ္မိက-ဟု နှစ်မျိုးရှိ၏။
အဓမ္မိကဖြစ်ပုံကား ရဟန်းသည် ပါရာဇိကသို့ရောက်၏။ သံဃ၊ ဂဏ၊ ပုဂ္ဂလ--မေးသောအခါ ပါရာဇိကသို့ မရောက်၊ သံဃာဒိသိသ်သို့ ရောက်သည် ဟု ဝန်ခံအံ့။ ဝန်ခံတိုင်း သံဃာဒိသိသ်ဖြင့် ဆုံးဖြတ်အံ့။ အဓမ္မိကပဋိညာတ ကရဏဖြစ်၏။ ထိုအတူ ပါရာဇိကသို့မရောက်၊ ထုလ္လစဉ်းသို့၊ ပါစိတ်သို့၊ ပါဋိဒေသနီသို့၊ ဒုက္ကဋ်သို့။ ဒုဗ္ဘာသီသို့ရောက်သည်ဟု ဝန်ခံအံ့။ ဝန်ခံတိုင်းဖြင့် ဆုံးဖြတ်အံ့၊ အဓမ္မိက ပဋိညာတ ကရဏဖြစ်၏။ (၆-ချက်)။
သံဃာဒိသိသ်သို့ရောက်လျက် (၆-ချက်)၊ ထုလ္လစ္စဉ်းသို့၊ ပါစိတ်သို့၊ ပါဋိဒေသနီသို့၊ ဒုက္ကဋ်သို့၊ ဒုဗ္ဘာသီသို့ရောက်လျက် (၆-ချက်စီ။ အဓမ္မိက- ၄၂-ဝါရ)။
ရဟန်းသည် ပါရာဇိကသို့ ရောက်၏။ မေးစစ်သောအခါ ပါရာဇိကသို့ရောက်ပါသည်-ဟုဝန်ခံအံ့။ ဝန်ခံတိုင်း ပါရာဇိကဖြင့်ဆုံးဖြတ်အံ့- ဓမ္မိကပဋိညာတကရဏဖြစ်၏။ (တစ်ချက်)။
သံဃာဒိသိသ်သို့ရောက်၍ သံဃာဒိသိသ်ဟုဝန်ခံ၍ ဝန်ခံတိုင်းဖြင့် (တစ်ချက်) ထုလ္လစဉ်းသို့၊ ပါစိတ်သို့၊ ပါဋိဒေသနီသို့၊ ဒုက္ကဋ်သို့၊ ဒုဗ္ဘာသီသို့(တစ်ချက်စီ၊ ဓမ္မိကခုနစ်ဝါရ)။
ယေဘုယျသိကာဝိနည်း
ထိုအခါ ရဟန်းတို့သည် သံဃာ့ အလယ်၌ ခိုက်ရန် ငြင်းခုံလျက် နှုတ်လှံထိုးကုန်၏။ ထိုအဓိကရုဏ်းကို ငြိမ်းစေခြင်းငှါ မတတ်နိုင်ကြကုန်။ ချစ်သားတို့ ... ဤသို့သော အဓိကရုဏ်းကို ယေဘုယျသိက ဝိနည်းကံဖြင့် ငြိမ်းစေခြင်းငှါ ခွင့်ပြု၏။ ငါးပါးသော အင်္ဂါနှင့်ပြည့်စုံသော ရဟန်းကို စာရေးတံယူစေသော (ဝါ-စာရေးတံ ပေးသော) ရဟန်းဟူ၍ သမုတ်အပ်၏။
ဆန္ဒ၊ ဒေါသ၊ မောဟ၊ ဘယ အားဖြင့် မလိုက်စားခြင်း၊ ယူ မယူသိခြင်း၊ ဤငါးပါးသောအင်္ဂါနှင့် ပြည့်စုံသော ရဟန်းကိုတောင်းပန်၍ ဉတ္တိဒုတိယကံဖြင့် သိစေအပ်၏။ ဝါ ဤရဟန်းကို စာရေးတံယူစေသော ရဟန်းဟူ၍ သမုတ်ရာ၏။ သမုတ်၏။ သမုတ်ပြီ-ဟု သိစေအပ်၏။
ချစ်သားတို့ စာရေးတံယူခြင်းတို့သည် အဓမ္မိကဆယ်ပါး၊ ဓမ္မိကဆယ်ပါး ရှိကုန်၏။
အဓမ္မိကဆယ်ပါးကား အနည်းငယ် ငြင်းခုံရုံမျှသော အဓိကရုဏ်းဖြစ်အံ့၊ ဂတီဂတ-နှစ်ကျောင်း သုံးကျောင်းသို့ မရောက်အံ့၊ ဝါ-နှစ်ကြိမ် သုံးကြိမ် မဆုံးဖြတ်ရသေးအံ့၊ သရိတသာရိတ နှစ်ကြိမ် သုံးကြိမ် သတိမပေးရသေးအံ့။ အဓမ္မဝါဒီများသည်ဟု (ပေးသူ) သိအံ့၊ အဓမ္မဝါဒီများတန်ရာ၏ဟု သိအံ့ (၅)၊
သံဃာကွဲလတ္တံ့ ဟုသိအံ့။ သံဃာကွဲတန်ရာ၏ဟု သိအံ့။ အဓမ္မဖြင့် ယူကုန်အံ့။ ဝဂ္ဂ-ပြု၍ ယူကုန်အံ့။ မိမိအယူဝါဒအတိုင်း မယူကုန်အံ့ (၅)။ ဤကား အဓမ္မိကဆယ်ပါးတည်း။
ဓမ္မိကဆယ်ပါးကား အနည်းငယ် ငြင်းခုံရုံမျှသော အဓိကရုဏ်း မဟုတ်အံ့။ ဂတိဂတဖြစ်အံ့။ သရိတသာရိတ ဖြစ်အံ့။ ဓမ္မဝါဒီများသည်ဟု သိအံ့။ ဓမ္မဝါဒီ များတန်ရာ၏ ဟုသိအံ့။ (၅)
သံဃာမကွဲလတ္တံ့ဟု သိအံ့။ သံဃာမကွဲတန်ရာဟု သိအံ့။ ဓမ္မဖြင့် ယူကုန်အံ့။ သမဂ္ဂ-ပြု၍ ယူကုန်အံ့။ မိမိအယူဝါဒအတိုင်း ယူကုန်အံ့ (၅) ဤကား ဓမ္မိကဆယ်ပါးတည်း။
(ထာ … ဓမ္မဝါဒီများအောင် ပြုခြင်းကြိယာသည် ယေဘုယျ သိကာမည်၏။
ဂတိဂတ ဟူသည်ကား နှစ်ကျောင်း သုံးကျောင်း တို့သို့ မရောက်သေးသော အဓိကရုဏ်းဖြစ်၏။ တစ်နည်း ထိုထိုကျောင်း၌သာ နှစ်ကြိမ်သုံးကြိမ် မဆုံးဖြတ်အပ်သေးသော အဓိကရုဏ်းဖြစ်၏။
သရိတသာရိတ ဟူသည် နှစ်ကြိမ်သုံးကြိမ် ထိုရဟန်းတို့ကို ကိုယ်တိုင်သတိမပေးအပ်သော သူတစ်ပါးတို့ကို သော်လည်း သတိမပေးစေအပ်သော အဓိကရုဏ်း ဖြစ်၏။)
(သိအံ့ဟူသည် အဓမ္မဝါဒီများသည် ဟု စာရေးတံယူစေသော ရဟန်းသည် သိ၏။ ဤနည်းဖြင့် စာရေးတံကို ယူစေလျှင် အဓမ္မဝါဒီ များရာ၏ဟု စာရေးတံယူစေသူအား အဇ္ဈာသယ ဖြစ်၏။ နောက်နှစ်ပုဒ် ဤနည်းတည်း။)
(အဓမ္မဖြင့် ယူခြင်းကား အဓမ္မဝါဒီတို့သည် ငါတို့များအောင် ဟု စာရေးတံ နှစ်ခု နှစ်ခု ယူကုန်၏။ ဝဂ္ဂပြု၍ ယူခြင်းကား ဓမ္မဝါဒီ မများအောင် နှစ်ပါးတစ်ခု ယူကုန်၏။ မိမိအယူဝါဒအတိုင်း မယူခြင်းကား ဓမ္မဝါဒီ ဖြစ်လျက် အားရှိရာဘက်သို့ ငင်မည်ဟု အဓမ္မဝါဒီ စာရေးတံကို ယူကုန်၏။ ဓမ္မိကဆယ်ပါးကို ထိုမှ ပြန်၍ သိအပ်၏။)
(ဤသို့ စာရေးတံကိုယူစေ၍ ဓမ္မဝါဒီ များကုန်အံ့။ ထိုဓမ္မဝါဒီတို့ ပြောသည့်အတိုင်း ထိုအဓိကရုဏ်းကို ငြိမ်းစေအပ်၏။ ဤသို့ ယေဘုယျ သိကာဖြင့် ငြိမ်းခြင်းဖြစ်၏။ ဤကား အကျဉ်းတည်း။ အကျယ်ကား နောက်လာလတ္တံ့။)
(ဝိဋီ ... ဓမ္မဝါဒီတို့၏ ယေဘုယျအဖြစ်ကို ပြီးစေသောကြိယာသည် ယေဘုယျသိကာမည်၏။
သ-အာဂုံ၊ ဣကပစ္စည်း၊ ဂုဠကဝိဝဋ္ဋက စသည်ဖြင့် စာရေးတံယူစေခြင်း ကြိယာရ၏။ ယေဘုယျ အဖြစ်ကို မှီသော သမထကြိယာဟု အနက်ယူအပ်၏၊ ဆိုပြီးတိုင်း စာရေးတံ ယူခြင်းဖြင့် ဓမ္မဝါဒီ များသည်ရှိသော် ထိုများခြင်းကို မှီ၍သာ အဓိကရုဏ်း ငြိမ်းခြင်းသည် ဖြစ်၏။ ဓမ္မဝါဒီများအောင် ပြုခြင်းမျှဖြင့် ငြိမ်းသည် မဟုတ်။)
တဿပါပိယျသိကာဝိနည်း
ထိုအခါ ဥပဝါဠှ ရဟန်းသည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးစစ်လတ်သော် ပယ်၍ဝန်ခံ၏။ ဝန်ခံ၍ ပယ်၏။ အဖျင်းဖျင်းဆို၏။ ဝါ-ဖုံးလွှမ်း၏။ သမ္ပဇာနမုသာ ဆို၏။
ချစ်သားတို့ … သံဃာသည် ဥပါဝါဠှရဟန်းအား တဿပါပိယျသိကာကံကို ပြုလော၊ စောဒနာ၍ အောက်မေ့စေ၍ အာပတ်သို့ တင်၍ ဉတ္တိစတုတ္ထကံဖြင့် သိစေအပ်၏။ ဝါ-ဥပဝါဠှ ရဟန်းသည် ပယ်၍ ဝန်ခံ၏။ မုသာဆို၏၊ တဿပါပိယျသိကာကံကို ပြုရာ၏၊ ပြု၏၊ ပြုပြီ-ဟုသိစေအပ်၏။
ချစ်သားတို့ … ဓမ္မိကဖြစ်သော တဿပါပိယျသိကာကံ ပြုခြင်းတို့သည် ငါးပါးဖြစ်ကုန်၏။
ကာယကံ ဝစီကံ မစင်ကြယ်သူ ဖြစ်၏။ အလဇ္ဇီဖြစ်၏။ စွပ်စွဲခံရသူဖြစ်၏။ ထိုရဟန်းအား သံဃာသည် တဿပါပိယျသိကာကံကို ပြု၏။ ဓမ္မဖြင့်၊ သမဂ္ဂဖြင့် ပြု၏။ ဤငါးပါးတည်း။
ချစ်သားတို့ … သုံးပါးသော အင်္ဂါနှင့် ပြည့်စုံသော တဿပါပိယျသိကာကံသည် အဓမ္မကံ၊ အဝိနယကံ ဖြစ်၏-စသည်ဖြင့် အဓမ္မကံ- ၁၂-တိက်၊ ဓမ္မကံ ၁၂-တိက်၊ ကံထိုက်သူကိုးယောက်၊ ကျင့်ဝတ် -၁၈ ပါးတို့ကို တဇ္ဇနီယ ကံ၌ကဲ့သို့ ဟောတော်မူ၏။ ထိုအခါ သံဃာသည် ဥပဝါဠှရဟန်းအား တဿပါပိယျသိကာကံကို ပြုလေ၏။
(ထာ … မစင်ကြယ်သူသည် မစင်ကြယ်သော ကာယကံ၊ ဝစီကံနှင့် ပြည့်စုံ၏။ အလဇ္ဇီ ဟူသည် သဉ္စိစ္စ အာဝဇ္ဇန စသော အလဇ္ဇီလက္ခဏာနှင့် ပြည့်စုံ၍-စွပ်စွဲခံရသူဖြစ်၏။ ဤအင်္ဂါသုံးပါး အစွမ်းဖြင့် အကြောင်း သုံးပါးဖြစ်၏။)
(သံဃာသည် ပြုခြင်း၊ ဓမ္မသမဂ္ဂဖြင့် ပြုခြင်း၊ ဤနှစ်ပါးနှင့် တဿပါပိယျသိကာကံ ပြုကြောင်း ငါးပါးဖြစ်၏။
အကြွင်းသည် တဇ္ဇနီယစသော ကံတို့၌ဆိုပြီးသော နည်းရှိပြီ။ ဝစနတ္တကား ယုတ်မာခြင်း များသောကြောင့် ပါပိယပုဂ္ဂိုလ် မည်၏။ ပါပိယပုဂ္ဂိုလ်အား ထိုပြုအပ်သောကံဖြစ်သောကြောင့် တဿပါပိယျသိကာကံမည်၏။)
(ဝိဋီ ... တဇ္ဇနီယစသော ကံခုနစ်ပါးကဲ့သို့ ဤတဿပါပိယျသိကာကံ သည်လည်း မစင်ကြယ်ခြင်း စသော အပြစ်ရှိသူ၊ သံဃဝိနိစ္ဆယ၌ မတည်သူတို့အား ပြုအပ်သော သီးခြား နိဂ္ဂဟကံ တစ်ခုဖြစ်၏။ ဤကံ အပြုခံရသူသည် “ငါစင်ကြယ်သည်”ဟု သံဃအလယ်သို့ ဝင်ခြင်းငှါလည်းကောင်း သံဃာသည် ထိုသူအား အဆုံးဖြတ်ကို ပေးခြင်းငှါ လည်းကောင်း မရ။)
(ထိုကံပြုကာမျှဖြင့် ထိုအဓိကရုဏ်းသည် ငြိမ်း၏။ ကေစိတို့သည် ထို ရဟန်းကို ထိုသို့ နှိပ်မြဲတိုင်းသာ နှိပ်အပ်၏။ ပြန်သွင်းခြင်းကိုမရဟု ဆိုကုန်၏။ အညေတို့ကား ကျင့်ဝတ် ၁၈-ပါး ဟောသောကြောင့် ကောင်းစွာကျင့်၍ လဇ္ဇီသဘော သက်ဝင်သူအား တဇ္ဇနီယကံ တို့၌ကဲ့သို့ နည်းယူ၍ ကမ္မဝါစာ ယှဉ်စေ၍ သြသာရဏကံကို ပြုအပ်သည်သာတည်းဟု ဆိုကုန်၏။ ဤစကားသည် သင့်၏။ ထို့ကြောင့် အဋ္ဌကထာ၌ သစေ သီလဝါဘဝိဿတိ ဝတ္တံပုရေတွာပဋိပ္ပဿဒ္ဓိံ လဘိဿတိ၊ နောစေ တထာ နာသိတကော၀ ဘဝိဿတိ .. ဟု ဆိုလတ္တံ့။)
တိဏ ဝတ္တာရကဝိနည်း
ထိုအခါ ရဟန်းတို့သည် ငြင်းခုံခြင်းများလျက် ရဟန်းအမူအရာ ဟုတ်သည်ကို များစွာလွန်ကျူးကုန်၏။ ပြောဆိုအပ်၊ ဆွဲငင်အပ်သော အမှုကို ပြုကုန်၏။ ငါတို့သည် ဤအာပတ်တို့ဖြင့် အချင်းချင်း ကုစားစေရလျှင် ထိုအဓိကရုဏ်းသည် ကြမ်းတမ်းခြင်းငှါ ရုန့်ရင်းခြင်းငှါ သံဃာကွဲခြင်းငှါ စင်စစ်ဖြစ်ရာ၏။ အသို့ကျင့်ရပါအံ့နည်း -- ဟု ကြံ၍ ဘုရားရှင်အား လျှောက်ကုန်၏။
ချစ်သားတို့ ... ဤသို့ဖြစ်လျှင် ဤသို့သော အဓိကရုဏ်းကို တိဏဝတ္တာရက ဝိနည်းကံဖြင့် ငြိမ်းစေခြင်းငှါ ခွင့်ပြု၏၊ ကံပြုပုံကား ရဟန်းအားလုံး တစ်ပေါင်းတည်း စည်းဝေးအပ်၏။ ထိုနောက် ဉတ္တိကံဖြင့် သံဃာကို သိစေအပ်၏။ ဝါ-ဤအဓိကရုဏ်းကို ထုလ္လဝဇ္ဇဝိဟိပဋိသံယုတ္တကိုဖယ်၍ တိဏဝတ္ထာရကံဖြင့် ငြိမ်းစေရာ၏ ဟု သိစေအပ်၏။
ထိုနောက် တစ်ပက္ခရဟန်းတို့တွင် ဗျတ္တသည်မိမိပက္ခကို ဉတ္တိကံဖြင့် သိစေအပ်၏။ ဝါ- အရှင်တို့၏ အာပတ်သည်၊ အကျွန်ုပ်၏ အာပတ်သည် ရှိ၏။ အရှင်တို့အတွက် မိမိအတွက် သံဃာ့အလယ်၌ တိဏဝတ္ထာရကကံ ဖြင့် အကျွန်ုပ်သည် ဒေသနာကြားမည်-ဟု သိစေအပ်၏။ တစ်ပါးသော ပက္ခ၌လည်း ထိုအတူ သိစေအပ်၏။
ထိုနောက် တစ်ပက္ခရဟန်းတို့တွင် ဗျတ္တသည် သံဃာကို ဉတ္တိ ဒုတိယကံဖြင့် သိစေအပ်၏။ ဝါ-သံဃာ့အလယ်၌ တိဏဝတ္ထာရကကံဖြင့် အကျွန်ုပ်သည် ဒေသနာကြားရာ၏။ ကြား၏။ ကြားပြီ-ဟု သိစေအပ်၏။ တစ်ပါးသောပက္ခ၌လည်း ထိုအတူ သံဃာကို သိစေအပ်၏။
ချစ်သားတို့ … ဤသို့လျှင် ထုလ္လဝဇ္ဇကိုဖယ်၍ ဝိဟိပဋိသံယုတ္တကိုဖယ်၍ ဒိဋ္ဌာဝိကမ္မ ပုဂ္ဂိုလ်ကိုဖယ်၍ ထိုနေရာ၌ မရှိသူတို့ကိုဖယ်၍ ထိုရဟန်းတို့သည် ထိုအာပတ်တို့မှ ထကုန်၏။
(ထာ ... ရဟန်းအားလုံး တစ်ပေါင်းတည်း ဟူသည်ကား အချို့ဆန္ဒကို မဆောင်မူ၍ ဂိလာနတို့ကိုသော်လည်း ထိုနေရာသို့သာဆောင်၍ တစ်ပေါင်းတည်း စည်းဝေးအပ်၏။ ဤကံသည် မြက်ဖုံးသည်နှင့် တူသောကြောင့် တိဏဝတ္တာရကကံမည်၏။ မစင်ကို မွှေလျှင် အနံ့ဆိုး နှိပ်စက်၏။ မြက်ဖြင့်ဖုံးလျှင် အနံ့ဆိုး မနှိပ်စက်သကဲ့သို့ အဓိကရုဏ်းကို အရင်းလိုက်လျှင် ကြမ်းတမ်းခြင်း ကွဲပြားခြင်းငှါ ဖြစ်၏။)
(ဤဝိနည်းကံဖြင့် ငြိမ်းစေလျှင် မြက်ဖုံးသော မစင်ကဲ့သို့ ကောင်းစွာငြိမ်း၏။ ထိုသို့မြက်ဖုံးသည်နှင့် တူသောကြောင့် ဤကံသည် တိဏဝတ္ထာရကကံမည်၏။ ထုလ္လဝဇ္ဇကား ပါရာဇိကနှင့် သံဃာဒိသိသ်ဖြစ်၏။ ဝိဟိပဋိသံယုတ္တကား လူတို့အား အယုတ်အားဖြင့် ရှုတ်ချခြင်းကြောင့် လည်းကောင်း၊ ဓမ္မိကပဋိဿ၀ တို့ကြောင့် လည်းကောင်း ရောက်သော အာပတ်ဖြစ်၏။)
(တိဏဝတ္ထာရက ကမ္မဝါစာအဆုံး၌ ထိုအစည်းအဝေးသို့ ရောက်ကုန်သော ရဟန်းတို့သည် အိပ်ပျော်သူ၊ သမာပတ်ဝင်စားသူ၊ တစ်ခြား နှလုံးသွင်းသူ ဖြစ်စေကာမူ ရဟန်းပြုသော သိမ်ပြင်မှစ၍ ထုလ္လဝဇ္ဇ ဝိဟိပဋိသံယုတ္တကိုဖယ်၍ သင့်သမျှ အာပတ်အားလုံးတို့မှ ထကုန်၏။)
(နမေတံခမတိ-ငါ မနှစ်က်ဟု အချင်းချင်း အယူဝါဒကို ထင်စွာ ပြုသော ဒိဋ္ဌာဝိကမ္မပုဂ္ဂိုလ်၊ အတူ အာပတ်သင့်လျက် ထိုနေရာသို့ မရောက်သောပုဂ္ဂိုလ် လာသော်လည်း ဆန္ဒပေး၍ ကျောင်းငယ်စသည်တို့၌ ပြန်၍ နေသောပုဂ္ဂိုလ်တို့ကား အာပတ်တို့မှ မထကုန်။)
(ဇီဋီ ... ရဟန်းအားလုံး တစ်ပေါင်းတည်း စည်းဝေးအပ်၏- ဟုဆန္ဒပေးခြင်းကို ပယ်ခြင်းကြောင့် လည်းကောင်း၊ ပဝါရဏာက္ခန္ဓကအဋ္ဌကထာ၌ “ကွဲသောသံဃာ၏ သာမဂ္ဂီ ဥပုသ်ပြုသောအခါ၊ တိဏဝတ္တာရက အခါ ပဝါရဏာသင်္ဂဟအခါ ဤသုံးဋ္ဌာန၌ ဆန္ဒကိုပေးခြင်းငှါ မအပ်” ဟု ဆိုခြင်းကြောင့် လည်းကောင်း၊ “လာသော်လည်း ဆန္ဒပေး၍ ကျောင်းငယ်စသည်တို့၌ ပြန်၍နေသော ပုဂ္ဂိုလ်တို့ကား” ဟူသည် ဆန့်ကျင် သကဲ့သို့ ထင်၏ ဟု ဆိုငြားအံ့၊ အလိုသိသူတို့အား မထင်၊ အလိုကား စင်ကြယ်လိုသူ အားလုံး စည်းဝေးအပ်၏။ မစည်းဝေးသူ ဆန္ဒ ပေးသူအား စင်ကြယ်ခြင်း မရှိ။)
(ထိုကံသည် စည်းဝေးသူတို့အား ပြည့်စုံ၏။ အဋ္ဌကထာ၌ စင်ကြယ်လိုသူအား ဆန္ဒပေးခြင်းငှါ မအပ်-ဟု အလိုရှိ၏။ ပါဠိတော်၌လည်း ထိုနေရာ၌ မရှိသူတို့ကိုဖယ်၍ ဟူသောစကားဖြင့် စည်းဝေးရာသို့ လာပြီးလျှင် ဆန္ဒပေး၍ နေသူတို့၏ ရှိခြင်းကို ပြ၏။ သာမဂ္ဂီ ဥပုသ်၌ ဆန္ဒပေး၍ နေသူသည် နာနာသံဝါသကဘုံ၌သာ တည်၏။)
(ပဝါရဏာသင်္ဂဟ၌ ဆန္ဒပေးသူအား ပဝါရဏာဖြင့် ချီးမြှောက်ခြင်းလည်း မရှိ။ တိဏဝတ္တာရကထံ၌ မလာသူကား အာပတ်မစင်ကြယ်-ဟု သိအပ်၏။ ငါ မနှစ်သက်ဟု ဒိဋ္ဌာဝီကမ္မပြုလျှင် ဤကံသည် ပဋိကုဋ္ဌကကံ-သာ ဖြစ်လျက် ပြုသော ကံမဖြစ်ပြီလော ဟူမူ-ဤကံ၌ အချင်းချင်း ပြုသည်။ သံဃာအား ပြုလျှင် ပဋိကုဋ္ဌကကံသာ ဖြစ်၏။)
(ဤကံ၌တိဏဝတ္တာရကကံဖြင့် အဓိကရုဏ်းကို ငြိမ်းစေရာ၏ ဟု သံဃာအားလုံးကို သိစေသော ဉာတ်တစ်ကြိမ်၊ ဒုတိယဒေသနာ ကြားမည်ဟု သကပက္ခကို သိစေသော ဉာတ်တစ်ကြိမ်စီ၊ တတိယ၌ ဒေသနာ ကြားမည်ဟု သံဃာကိုသိစေသော ဉတ္တိဒုတိယကံတစ်ကြိမ်စီ အားဖြင့် ကမ္မဝါစာ ငါးကြိမ်လာ၏။)
အဓိကရုဏ်းလေးပါး
ထိုအခါ ရဟန်းတို့သည် ဘိက္ခူနီတို့နှင့် ဘိက္ခုနီတို့သည်လည်း ရဟန်းတို့နှင့် ငြင်းခုံကုန်၏။ ဆန္ဒ ရဟန်းသည်လည်း ဘိက္ခုနီတို့ဘက်သို့ဝင်၍ ရဟန်းတို့နှင့် ငြင်းခုံ၏။ ဘိက္ခုနီတို့ကို ပက္ခကိုယူစေ၏။ ရဟန်းတို့ ကဲ့ရဲ့ကုန်၏၊ မြတ်စွာဘုရားသည် ကဲ့ရဲ့ပြီးလျှင် ချစ်သားတို့ ... အဓိကရုဏ်းတို့သည် ဝိဝါဒါဓိကရုဏ်း၊ အနုဝါဒါဓိကရုဏ်း၊ အာပတ္တာဓိကရုဏ်း၊ ကိစ္စာဓိကရုဏ်း-ဟု လေးပါး ရှိကုန်၏။
ထိုတွင် ဝိဝါဒါဓိကရုဏ်းကား -ဤသာသနာ၌ ရဟန်းတို့သည် ဓမ္မဟူ၍ လည်းကောင်း၊ အဓမ္မဟူ၍ လည်းကောင်း ငြင်းခုံကုန်၏။ ဝိနယ-အဝိနယ၊ ဘုရားဟော-မဟော (၃)။
ဘုရားအလေ့ဟုတ် မဟုတ်။ ဘုရားပညတ်-မပညတ်။ အပတ္တိ- အနာပတ္တိ (၃)။
လဟုတာ- ဂရုကာ၊ သာဝသေသာ-အနာဝသေသာ၊ ဒုဋ္ဌုလ္လာ - အဒုဋ္ဌုလ္လာ (၃) ဟူ၍ လည်းကောင်း ငြင်းခုံကုန်၏။
ထိုငြင်းခုံရာ၌ ဘဏ္ဍနသည်၊ ကလဟသည်၊ ဝိဂ္ဂဟသည်၊ ဝိဝါဒသည်၊ နာနာဝါဒသည်၊ အညထာဝါဒသည်၊ ဝိပစ္စတာယ ဝေါဟာရ-စိတ်ဆင်းရဲအောင် နာကျည်းစွာဆိုခြင်းသည်၊ မေဂဓ -ငြင်းခုံခြင်းသည် ဝိဝါဒါဓိကရုဏ်း မည်၏။
ဓမ္မ၊ ဝိနယ (၂) ဘာသိတ (၁) စိဏ္ဏ၊ ပညတ် - ဒုက် (၂)
အာပတ်၊ လဟုက (၂) ဒုဋ္ဌုလ္လ (၁) သာဝသေသဒုက် (၁)
တစ်ဆယ့်ရှစ်ခု-ကွဲပြားမှု-ဝတ္ထု ကိုးခုဒုက်။
အနုဝါဒါဓိကရုဏ်းကား-
ချစ်သားတို့ ... ဤသာသနာ၌၊ ရဟန်းသည် ရဟန်းကို သီလဝိပတ္တိဖြင့် အာစာရဝိပတ္တိဖြင့် ဒိဋ္ဌိဝိပတ္တိဖြင့် အာဇီဝဝိပတ္တိဖြင့် စွပ်စွဲ၏။
ထိုစွပ်စွဲရာ၌ စွပ်စွဲခြင်းသည်၊ စွပ်စွဲသော အခြင်းရာကို ဆိုခြင်းသည်။ အဖန်ဖန် ဆိုခြင်းသည်။ အနုသံပဝင်္ကတာ- ကောက်ကျစ်စဉ်းလဲခြင်းသည်၊ အဗ္ဘုဿဟနတာ- ရှေးရှု အားထုတ်ခြင်းသည်၊ အနုဗလပ္ပဒါန အား အဆင့် ပေးခြင်းသည်-အနုဝါဒါဓိကရုဏ်း မည်၏။
အာပတ္တာဓိကရုဏ်းကား-
ငါးပါးသော အာပတ်အစုသည်၊ ခုနစ်ပါးသော အာပတ်အစုသည်၊ အာပတ္တာဓိကရုဏ်းမည်၏။
ကိစ္စာဓိကရုဏ်းကား သံဃာသည် ပြုအပ်သော အပလောကနကံသည်၊ ဉတ္တိ ကံသည်၊ ဉတ္တိဒုတိယကံသည်၊ ဉတ္တိစတုတ္ထကံသည်-ကိစ္စာဓိကရုဏ်း မည်၏။
ဓမ္မာဓမ္မ-ငြင်းခုံကြ-ဝါဒါဓိကရုဏ်း။
ဝိပတ္တိလေးခု-စွပ်စွဲမှု-နဝါဓိကရုဏ်း။
ခုနစ်ပါးသော အာပတ်မှာ- ပတ္တာဓိကရုဏ်း။
အပလောကာ-ကံလေးဖြာ-ကိစ္စာဓိကရုဏ်း။
(ထာ … ဝိပစ္စတာယ ဝေါဟာရဟူသည် စိတ္တဒုက္ခအကျိုးငှါ ဆိုသော စကားဖြစ်၏ ဖရုသဝစန ဟူလို။)
(အနုသံပဝင်္ကတာ ဟူသည် အဖန်ဖန် ကာယ စိတ္တ ဝါစာတို့ဖြင့် ထိုစွပ်စွဲခြင်း၌သာ ကောက်ကျစ်ခြင်း ဖြစ်၏။
အဗ္ဘုဿဟနတာ-ဟူသည် အဘယ်ကြောင့် ဤသို့ မစွပ်စွဲဘဲရှိအံ့နည်း။ စွပ်စွဲမည်သာတည်းဟု အားထုတ်၍ စွပ်စွဲခြင်းဖြစ်၏။
အနုဗလပ္ပဒါနဟူသည် ရှေ့စကား၏ အကြောင်းကိုပြ၍ နောက်စကားဖြင့် အားပေးခြင်းဖြစ်၏။)
(သံဃာ့ကံ ဟူသည် ကိစ္စယ၏ ကရဏီယ၏ အကြောင်း ဘာဝဖြစ်၏။ ကိစ္စမေဝကိစ္စယံ၊ ကိစ္စယဿဘာဝေါ-ကိစ္စယတာ၊ ကရဏီယဿဘာဝေါ ကရဏီယတာ-ဟု ဘာဝတဒ္ဓိတ်။)
(ကံလေးပါးတို့တွင် အပလောကနကံ မည်သည် သိမဋ္ဌကသံဃာကို သုတ်သင်၍ ဆန္ဒဆောင်ထိုက်သူတို့၏ ဆန္ဒကိုဆောင်၍ သမဂ္ဂသံဃာ၏ အလိုအားလျော်စွာ သုံးကြိမ်နာကြားစေ၍ (ဝါ-သုံးကြိမ်ပန်ကြား၍) ပြုသောကံဖြစ်၏။
ဉတ္တိကံမည်သည် ဆိုပြီးသော နည်းဖြင့်သာ သမဂ္ဂ သံဃာ၏ အလိုအားလျော်စွာ ဉာတ်တစ်ကြိမ်ဖြင့် ပြုသောကံ ဖြစ်၏။
ဉတ္တိ ဒုတိယကံသည် ထို့အတူ ဉာတ်တစ်ကြိမ်၊ ကမ္မဝါစာတစ်ကြိမ်ဖြင့်ပြုသောကံဖြစ်၏။
ဉတ္တိစတုတ္ထကံသည် ဉာတ်တစ်ကြိမ်၊ ကမ္မဝါစာ သုံးကြိမ်ဖြင့် ပြုသောကံဖြစ်၏။)
(ထိုတွင် အပလောကနကံကို ပန်ကြား၌သာ ပြုအပ်၏။ ဉတ္တိကံစသည် အစွမ်းဖြင့် မပြုအပ်။ ဉတ္တိကံကို ဉာတ်တစ်ကြိမ် ထား၍သာ ပြုအပ်၏။ အပလောကန စသည်အစွမ်းဖြင့် မပြုအပ်။)
(ဉတ္တိဒုတိယကံကား ပန်ကြား၍ ပြုအပ် မပြုအပ်-ဟု နှစ်မျိုးရှိ၏။ သိမ်သမုတ်၊ သိမ်နုတ်၊ ကထိန်ပေး၊ ကထိန်နုတ်၊ ကုဋီဝတ္ထုကြား၊ ဝိဟာရဝတ္ထုကြား ဤကံခြောက်ခုသည် ဂရုကံဖြစ်၏။ ပန်ကြား၍ မပြုအပ်။)
(ကြွင်းသော တေရသသမ္မုတိ၊ သေနာသနုဂ္ဂါဟက၊ မတအစီဝရဒါန စသော သမ္မုတိကံတို့ကား လဟုကံ ဖြစ်ကုန်၏။ ပန်ကြား၍လည်း ပြုအပ်ကုန်၏။ ဉတ္တိကံ ဉတ္တိစတုတ္ထကံအစွမ်းဖြင့် မပြုအပ်ကုန်သည် သာတည်း။)
(ဉတ္တိစတုတ္ထကံကို ဉတ်တစ်ကြိမ် ကမ္မဝါစာသုံးကြိမ် နာကြားစေ၍သာ (ဖတ်၍သာ)ပြုအပ်၏။ အပလောကန စသည်ဖြင့် မပြုအပ်။
ဤကား အကျဉ်းတည်း။
အဆုံးအဖြတ်အကျယ်အား ပရိဝါအဆုံး ကမ္မဝဂ်၌ လာ၏။ မပေါ်လွင်သည်ကို ထို၌ ဖွင့်ကုန်အံ့။)
အဓိကရဏမူလ
ဝိဝါဒါဓိကရုဏ်း၏ မူလသည် အဘယ်နည်း၊ ဝိဝါဒမူလခြောက်ပါသည် လည်းကောင်း၊ အကုသလမူလ သုံးပါးသည် လည်းကောင်း၊ ကုသလမူလ သုံးပါးသည် လည်းကောင်း ဝိဝါဒါဓိကရုဏ်း၏ မူလဖြစ်၏။
ဝိဝါဒမူလ ခြောက်ပါးကား ဤသာသနာ၌ ရဟန်းသည် ကောဓနော-အမျက်ကြီး၏။ ဥပနာဟီ-ရန်ငြိုးဖွဲ့၏၊ ရဟန်းသည် ဘုရား၌လည်း ရိုသေခြင်း၊ တုပ်ဝပ်ခြင်းမရှိ။ တရား၌လည်း၊ သံဃာ၌လည်း ရိုသေခြင်း၊ တုပ်ဝပ်ခြင်း မရှိ။ သိက္ခာ၌လည်း ဖြည့်ကျင့်ခြင်း မရှိ။
ထို့ကြောင့် သံဃာ၌ ငြင်းခုံခြင်းကို ဖြစ်၏။ ထိုငြင်းခုံခြင်းသည် များစွာသော နတ်လူတို့၏ အကျိုးမဲ့ ဆင်းရဲခြင်းငှါ ဖြစ်၏။ ချစ်သားတို့ … ဤသို့သော ဝိဝါဒမူလကို အဇ္ဈတ္တ၌လည်းကောင်း၊ ဗဟိဒ္ဓ၌လည်းကောင်း မြင်ကုန်ငြားအံ့၊ ချစ်သားတို့ ... သင်တို့သည် ထိုယုတ်မာသော ဝိဝါဒမူလကို ပယ်ခြင်းငှါ အားထုတ်ကုန်ရာ၏။ မမြင်ကုန်ငြားအံ့။ ထိုဝိဝါဒမူလ၏ နောင်အခါ မဖြစ်စိမ့်သောငှါ အားထုတ်ရာ၏။
ဤသို့လျှင် ထိုဝိဝါဒမူလကို ပယ်ခြင်းသည် ထိုဝိဝါဒမူလ၏ နောင် မဖြစ်ခြင်းသည်ဖြစ်၏။ (၁)။
ချစ်သားတို့ ... ထိုမှတစ်ပါး ရဟန်းသည် မက္ခီ - သူ့ကျေးဇူးကို ချေဖျက်၏။ ပဠာသီ-ဆင်တူပြု၏ (၂)၊
ဣဿုကီ-ငြူစူ၏။ မစ္ဆရိ-ဝန်တို၏။ (၃)၊
သဋ္ဌော-စဉ်းလဲ၏။ မာယာပိ-လှည့်စားတတ်၏။ ဝါ-အပြစ်ကို ဖုံးလွှမ်း၏။ (၄)
ပါပိစ္ဆော-ယုတ်မာသော အလိုဆိုး ရှိ၏။ မိစ္ဆာဒိဋ္ဌိ-မှားသော အယူ ရှိ၏။ (ဤနေရာမျိုး၌ ပါပိစ္ဆ-မဟိစ္ဆဟု ပြင်မိတတ်သည်။ သတိပြု။ (၅)။
သန္ဒိဋ္ဌိပရာမာသီ - မိမိအယူကို မှားသောအားဖြင့် သုံးသပ်၏- အာဓာနဂ္ဂါတီ-မြဲစွာယူသည်ဖြစ်၍ ဒုပ္ပဋိနိသဂ္ဂီ -စွန့်နိုင်ခဲ၏။
ထို ရဟန်းသည် ဘုရားလည်း ရိုသေခြင်း၊ တုပ်ဝပ်ခြင်းမရှိ-စသည်ဖြင့် တူပြီ (၆)
ဤကား ဝိဝါဒမူလခြောက်ပါး (ခြောက်စုံ) တည်း။
အကုသလမူလသုံးပါးကား ဤသာသနာ၌ ရဟန်းသည် လောဘကြီး၍၊ ဒေါသကြီး၍၊ မောဟကြီး၍ ဓမ္မဟူ၍လည်းကောင်း၊ အဓမ္မ ဟူ၍ လည်းကောင်း ...လ… ဒုဋ္ဌုလ္လာ ဟူ၍လည်းကောင်း၊ အဒုဋ္ဌုလ္လာ ဟူ၍ လည်းကောင်း ငြင်းခုံ၏။ ဤကား အကုသလမူလ သုံးပါးတည်း။
ကုသလမူလ သုံးပါးကား ဤသာသနာ၌ ရဟန်းသည် လောဘ ကင်း၍၊ ဒေါသကင်း၍၊ မောဟကင်း၍ ဓမ္မ အဓမ္မစသည် ငြင်းခုံ၏။ ဤကားကုသလမူလ သုံးပါးတည်း၊ (၆-စုံ+၃+၃ = ပေါင်း ၁၂။ ဝါ-၁၈။ အကုသိုလ် ၁၅ + ကုသိုလ် ၃ = ပေါင်း ၁၈။)
အနုဝါဒါဓိကရုဏ်း၏ မူလသည် အဘယ်နည်း။
အနုဝါဒမူလ ခြောက်ပါး၊ အကုသလမူလသုံးပါး၊ ကုသလမူလသုံးပါး၊ ကာယ၊ ဝါစာ (နှစ်ပါး) သည် အနုဝါဒါဓိကရုဏ်း၏ မူလဖြစ်၏။
ဤသာသနာ၌ ရဟန်းသည် ကောဓနော-ဥပနာဟီ၊ …လ... သန္ဒိဋ္ဌိပရာမာသီ - အာဓာနဂ္ဂါဟီ ဒုပ္ပဋိနိဿဂ္ဂီ - အမျက်ကြီး၍ ...လ... စွန့်နိုင်ခဲ၍ ဘုရား တရား သံဃာ၌ ရိုသေ တုပ်ဝပ်ခြင်းမရှိ၊ သိက္ခာ၌ မဖြည့်ကျင့်။
ထို့ကြောင့် သံဃာ၌ စွပ်စွဲခြင်းကိုဖြစ်စေ၏။ ထိုစွပ်စွဲခြင်းသည် နတ်လူများစွာတို့၏ အကျိုးမဲ့ ဆင်းရဲခြင်းငှါ ဖြစ်၏။ ဤသို့သော အနုဝါဒ မူလကို အဇ္ဈတ္တ၌လည်းကောင်း၊ ဗဟိဒ္ဓ၌လည်းကောင်း၊ မြင်လျှင် ထိုယုတ်မာသော အနုဝါဒမူလကိုပယ်ခြင်းငှါ အားထုတ်ကုန်ရာ၏။ မမြင်လျှင် နောင်အခါ မဖြစ်စိမ့်သောငှါ အားထုတ်ကုန်ရာ၏။ ဤသို့လျှင် ပယ်ခြင်းသည် နောင်မဖြစ်ခြင်းသည် ဖြစ်၏။ ဤကား မူလခြောက်ပါး (ခြောက်စုံ)တည်း။
ဤသာသနာ၌ ရဟန်းသည် လောဘ၊ ဒေါသ၊ မောဟကြီး၍ ရဟန်းကို သီလဝိပတ္တိ စသော လေးပါးဖြင့် စွပ်စွဲ၏။ ဤကား အကုသလ မူလသုံးပါးတည်း။
လောဘ၊ ဒေါသ၊ မောဟကင်းလျက် ရဟန်းကို ဝိပတ္တိလေးပါးဖြင့် စွပ်စွဲ၏။ ဤကား ကုသလမူလ သုံးပါး တည်း။
ကာယကား … ဤသာသနာ၌ အချို့သော ရဟန်းသည် အဆင်း မလှ အမြင်မကောင်း၊ ပုကွ၏။ အနာများ၏ ကန်း၏။ ကောက်၏။ ခွင်၏။ ဆွံ့အ၏။ ထိုသို့သော အရုပ်ဆိုးသော ကိုယ်ကြောင့် ထိုရဟန်းကို စွပ်စွဲကုန်၏။ ဤကား ကာယတည်း။
ဝါစာကား … ဤသာသနာ၌ အချို့သော ရဟန်းသည် ခက်ခဲသော စကားရှိ၏။ မမ္ပန-ထစ်အသူဖြစ်၏။ အရိအရွဲယိုသော စကားရှိ၏။ ထိုသို့သော နှုတ်ကြောင့် ထိုရဟန်းကို စွပ်စွဲကုန်၏။ ဤကား ဝါစာ တည်း။ (၆-ပုံ+၃+၃+၂ = ၁၄၊ ဝါ-၂၁။)
အာပတ္တာဓိကရုဏ်း၏ မူလသည် အဘယ်နည်း။
အာပတ်သင့်ကြောင်း ခြောက်ပါးသည် အာပတ္တာဓိကရုဏ်း၏ မူလ ဖြစ်၏။
၁။ နှုတ် စိတ်ကင်းလျက် ကိုယ်ကြောင့် သင့်သော အာပတ်ရှိ၏။
၂။ ကိုယ် စိတ်ကင်းလျက် နှုတ်ကြောင့် …
၃။ စိတ်ကင်းလျက် ကိုယ်နှုတ်ကြောင့် …
၄။ နှုတ်ကင်းလျက် ကိုယ်စိတ်ကြောင့် …
၅။ ကိုယ်ကင်းလျက် နှုတ်စိတ်ကြောင့် …
၆။ ကိုယ် နှုတ် စိတ်ကြောင့် သင့်သော အာပတ်ရှိ၏။
ဤကား အာပတ္တာဓိကရုဏ်း၏ မူလခြောက်ပါး တည်း။ (အ စိတ္တက သုံး + သ စိတ္တက သုံး။)
ကိစ္စာဓိကရုဏ်း၏ မူလသည် အဘယ်နည်း။
ကိစ္စာဓိကရုဏ်း၏ မူလသည် တစ်ပါးဖြစ်၏။ တစ်ပါးကား သံဃာဖြစ်၏။
(ထာ …ဝိဝါဒ မူလ စသည်တို့ကို ပါဠိစွမ်းဖြင့်သာသိအပ်ကုန်၏။)
(သာဋီ … ကောဓနသည် ကုဇ္ဈနလက္ခဏာရှိသော ကောဓရှိသူ ဖြစ်၏။
ဥပနာဟီသည် ရန်ကိုမစွန့်ခြင်း လက္ခဏာရှိသော ဥပနာဟရှိသူ ဖြစ်၏။
ရိုသေခြင်းမရှိသော အဂါရဝသည် ဂါရဝဝိရဟိတဖြစ်၏။
တုပ်ဝပ်ခြင်းမရှိသော အပ္ပဋိဿယသည် အပ္ပဋိဿာယ- အနီစဝုတ္တိဖြစ်၏။)
(ဤ၌ အကြင်ရဟန်းသည် ဘုရားရှင် သက်တော်ထင်ရှားရှိစဉ် သုံးပါးသော ကာလတို့၌ အခစားခြင်းငှါ မသွား။ ဘုရားရှင် ဖိနပ်မစီးဘဲ စင်္ကြံသွားလျှင် ဖိနပ်စီးလျက် သွား၏။ စင်္ကြံ နိမ့်၍ သွားလျှင် စင်္ကြံမြင့်၍ သွား၏။ အောက်၌နေတော်မူစဉ် အထက်၌ တက်၍ နေ၏။)
(ဘုရား၏ ဒဿနဋ္ဌာန- မြင်လောက်ရာ အရပ်၌ ပခုံးနှစ်ဘက် ခြုံ၏။ ထီးဆောင်း၏။ ဖိနပ်စီး၏။ ရေချိုး၏။ ကျင်ကြီး ကျင်ငယ်စွန့်၏။ ပရိနိဗ္ဗာန် စံပြီးသောအခါလည်း စေတီတော်ကို ဖူးမျှော်ခြင်းငှါ မသွား။ စေတီတော်၏ ပညာယနဌာန-ထင်ရှားရာအရပ်၌ ဒဿနဋ္ဌာန၌ကဲ့သို့ ပခုံးနှစ်ဘက် ခြုံ၏။ ...လ...။ ကျင်ငယ်စွန့်၏။)
(တစ်ပါးသော ရဟန်းတို့က အဘယ်ကြောင့် ဤသို့ပြုသနည်း၊ မပြုအပ်။ ဘုရားရှင်အား ရှက်သင့်သည်-ဟု ဆိုလတ်သော် ဆိတ်ဆိတ်နေ၏။ ဘုရားဟူသည် အဘယ်သည် ဘုရားနည်း ဟု ဆို၏။ ဤရဟန်းသည် ဘုရား၌ မရိုသေသူ မည်၏။)
(အကြင်ရဟန်းသည် တရားနာ ကြွေးကြော်သောအခါ ရိုသေစွာ မသွား၊ ရိုသေစွာ တရားမနာ၊ အိပ်ငိုက်၏။ စကားပြောနေ၏။ ရိုသေစွာစာမတက်၊ ရိုသေစွာ စာမချ။ အဘယ်ကြောင့် တရား၌ မရိုမသေပြုသနည်း ဟု ဆိုလတ်သော် ဆိတ်ဆိတ်နေ၏။ တရားဟူသည် အဘယ်သည် တရားနည်း-ဟုဆို၏။ ဤရဟန်းသည် တရား၌ မရိုသေသူ မည်၏။)
(အကြင်ရဟန်းသည် မထေရ်ကြီး မတိုက်တွန်းဘဲ တရားဟော၏။ ပါဠိရွတ်၏။ ပြဿနာ ဖြေ၏။ သီတင်းကြီးတို့ကို တိုးဝှေ့၍ ရပ်သွား၏။ ရပ်၏။ ထိုင်၏။ ပုဆိုး အာယောခါးပတ်၊ထက်အာယော ခါးပတ်ဖွဲ့၏၊ သံဃာ့အလယ်၌ ပခုံးနှစ်ဖက် ခြုံ၏။ ထီး ဖိနပ် ဆောင်၏။ ရဟန်းသံဃာအား ရှက်သင့်သည်ဟု ဆိုလတ်သော် ဆိတ်ဆိတ်နေ၏။ သံဃာဟူသည် အဘယ်သည် သံဃာနည်း၊ သမင်အပေါင်းသံဃာ၊ ဆိတ်အပေါင်း သံဃာလော- စသည် တို့ကိုဆို၏။ ဤရဟန်းသည် သံဃာ၌ မရိုသေသူ မည်၏။)
(ရဟန်းတစ်ပါးတည်း၌သော်လည်း မရိုမသေပြုလျှင် သံဃာ၌ပြုသည်သာ ဖြစ်၏။
သုံးပါးသော သိက္ခာတို့ကို မဖြည့်ကျင့်သော ရဟန်းသည် သိက္ခာ၌ မဖြည့်ကျင့်သူမည်၏။)
(နတ်လူတို့၏ အကျိုးမဲ့ ဆင်းရဲခြင်း ဟူသည်ကား ကောသမ္ဗကက္ခန္ဓက၌ကဲ့သို့ ရဟန်းနှစ်ပါး ငြင်းခုံလျှင် ထို ရဟန်းတို့၏တပည့်၊ ဩဝါဒယူသော ဘိက္ခူနီ အလုပ်အကျွေးတို့လည်း ငြင်းခုံကြ၍ ကိုယ်စောင့်နတ်တို့လည်း နှစ်သင်းကွဲကုန်၏။ ကိုယ်စောင့် နတ်တို့၏ မိတ်ဆွေ ဘုမ္မစိုရ်းနတ်တို့လည်း ကွဲကုန်၏။ ဤသို့ အဆက်ဆက် ဗြဟ္မာပြည်တိုင်အောင် အရိယာသာဝကမှ တစ်ပါးသော နတ်လူတို့သည် နှစ်သင်းကွဲကုန်၏။ ဓမ္မဝါဒီထက် အဓမ္မ-ဝါဒီတို့ များကုန်၏။ ထိုအခါ များရာလိုက်၍ ဓမ္မစွန့်၍ အဓမ္မယူသူများ၌ အပါယ်၌ ဖြစ်ကုန်၏။)
(ဤသို့ ရဟန်းနှစ်ပါး၏ ငြင်းခုံခြင်းသည် နတ်လူများစွာအကျိုးမဲ့ ဆင်းရဲခြင်းငှါ ဖြစ်၏။
အဇ္ဈတ္တ၌ ဟူသည် မိမိ၌လည်းကောင်း၊ မိမိ ပရိသတ်၌ လည်းကောင်း။
ဗဟိဒ္ဓ၌ ဟူသည် သူတစ်ပါး၌ လည်းကောင်း၊ သူတစ်ပါးပရိသတ်၌ လည်းကောင်းတည်း။)
(အာယတ္တိံ အနဝဿ ဝါယာတိ - အာယတိံ အနုပ္ပါဒါယ - နောင်အခါ မဖြစ်စိမ့်သောငှါ တည်း။)
(မက္ခီသည် သူတစ်ပါးတို့၏ ဂုဏ်ကျေးဇူးကို ဖျက်ဆီးခြင်းလက္ခဏာ ရှိသော မက္ခနှင့် ပြည့်စုံသူဖြစ်၏။
ပဠာသီသည် အစုံယူခြင်း လက္ခဏာရှိသူ ဖြစ်၏။
ဣဿူကီသည် သူတစ်ပါး၏ သက္ကာရ စသည်ကို ငြူစူခြင်း လက္ခဏာရှိသူဖြစ်၏။
မစ္ဆရီသည် အာဝါသမစ္ဆရိယ စသည်တို့နှင့် ပြည့်စုံသူဖြစ်၏။
သဌ သည် (သဋ္ဌ သည်) ကောက်ကျစ်၏။
မာယာဝီ သည် ပြုပြီးသော အပြစ်ကို ဖုံးသူဖြစ်၏။
ပါပိစ္ဆသည် မရှိသော ဂုဏ်ဖြင့် ချီးမွမ်းခံလိုသော ဒုဿီလဖြစ်၏။
မိစ္ဆာဒိဋ္ဌိသည် နတ္ထိကဝါဒီ၊ အဟေတုကဝါဒီ၊ အကိရိယဝါဒီဖြစ်၏။
သန္ဒိဋ္ဌိပရာမာသီသည် ကိုယ်တိုင်မြင်တွေ့သော ကိုယ်အယူကိုသာ လွန်စွာ သုံးသပ်၍ယူ၏။
အာဒါနဂ္ဂါဟီသည် မြဲစွာယူသူဖြစ်၏။
ဒုပ္ပဋိနိဿဂ္ဂိသည် ယူပြီးသည်ကို စွန့်စေခြင်းငှါ မတတ်ကောင်းသူဖြစ်၏။)
(ဤ၌ ကောဓနောဟောတိဉပနာဟီ - စသည်ဖြင့် ပုဂ္ဂလာဓိဋ္ဌာနနည်းဖြင့် အကုသလဓမ္မတို့သည် ဝိဝါဒမူလ မည်၏ ဟုပြသည်။ ထို့အတူ လောဘ၊ ဒေါသ၊ မောဟ တို့ကို လည်းကောင်း၊ အလောဘ၊ အဒေါသ၊ အမောဟ တို့ကိုလည်းကောင်း ပြသည်။)
(အဆင်းမလှသော ဒုဗ္ဗဏ္ဏသည် မြေဘုတ် ဘီလူးနှင့်တူ၏။ မီးလောင်ငုတ်အဆင်းရှိ၏။
အမြင်မကောင်းသော ဒုဒ္ဒသီကသည် မွေးမိခင်သော်မှလည်း မနှစ်သက်ဖွယ် အမြင်ရှိ၏။
ပုကွသော ဩကောဋီမကသည် လကုဋက ပုကွသူဖြစ်၏။
ကန်းသူကာဏသည် တစ်ဖက်ကန်း ဝါ-နှစ်ဖက်ကန်း ဖြစ်၏။
ကောက်သူ-ကုဏီသည် လက် တစ်ဖက်လည်းကောင်း၊ နှစ်ဖက်လည်းကောင်း ကောက်၏။
ခွင်သူ ခဉ္ဇ သည် ခြေတစ်ဖက် လည်းကောင်း၊ နှစ်ဖက်လည်းကောင်း ခွင်သူဖြစ်၏။
ဆွံ့သူ-ပက္ခဟတသည် ဟတပက္ခဖြစ်၏။ ပီဌသပ္ပီ ဖြစ်၏။ (မသွားနိုင်သူ ဟူလို)။)
(ဆရာမြတ်တို့ကား ဘုရားရှင်၏ ဒဿနဌာန၊ မြင်လောက်ရာ အရပ်ဟူသည် ၁၂-တောင် ဒဿနူပစာဖြစ်၏။ ဖြစ်ပုံကား-ဘုရားရှင်သည် လေးတောင်မျှကို ကြည့်လေ့ရှိ၏။ ဘုရားရှင်၏ လေးတောင်သည် မဇ္ဈိမ ပုရိသ ၁၂-တောင်ဖြစ်၏။ စေတီတော်၏ ပညာယနဌာန - ထင်ရှားရာ အရပ်လည်း ထိုမျှပင်တည်း ဟု မိန့်ဆိုကုန်၏။ ထို ၁၂-တောင်သည် ပကတိပုရှိသဖြင့် ၁၈-တောင်ရှိ၏။ အရပ်တော် တစ်ပြန်မျှတည်း။)
ကုသလတိက်ဝေဖန်ခြင်း
ဝိဝါဒါဓိကရုဏ်းသည် ကုသိုလ်လော၊ အကုသိုလ်လော၊ အဗျာကတလော။
ဝိဝါဒါဓိကရုဏ်းသည် အချို့ကုသိုလ်၊ အချို့အကုသိုလ်၊ အချို့ အဗျာကတဖြစ်၏။
ဖြစ်ပုံကား -
ချစ်သားတို့ ... ဤသာသနာ၌ ရဟန်းတို့သည် ရဟန်းကို ကုသိုလ်စိတ်ရှိလျက် ဓမ္မ အဓမ္မ စသည်ဖြင့် ငြင်းခုံကုန်အံ့၊ ဤအထူးထူးဆိုခြင်း၊ စိတ်ဒုက္ခ ဖြစ်အောင် နာကျည်းစွာ ဆိုခြင်း၊ ငြင်းခုံခြင်းသည် ကုသိုလ် ဝိဝါဒါဓိကရုဏ်းမည်၏။ အကုသိုလ်စိတ်ရှိလျက် ငြင်းခုံကုန်အံ့ အကုသိုလ်ဝိဝါဒါ ဓိကရုဏ်းမည်၏။ အဗျာကာ စိတ်ရှိလျက် ငြင်းခုံကုန်အံ့။ အဗျာကတ ဝိဝါဒါဓိကရုဏ်း မည်၏။
အနုဝါဒါဓိကရုဏ်းသည် ကုသိုလ်လော၊ အကုသိုလ်လော၊ အဗျာကတလော၊ အချို့ကုသိုလ်၊ အချို့အကုသိုလ်။ အချို့အဗျာကတ ဖြစ်၏။
ဖြစ်ပုံကား -
ချစ်သားတို့ ဤသာသနာ၌ ရဟန်းတို့သည် ရဟန်းကို ကုသိုလ်စိတ်ရှိလျက် သိလဝိပတ္တိစသည်ဖြင့် စွပ်စွဲကုန်အံ့။ ဤစွပ်စွဲခြင်း၊ စဉ်းလဲခြင်းအား အဆင့်ပေးခြင်းသည် ကုသိုလ်အနုဝါဒါဓိကရုဏ်း မည်၏။ အကုသိုလ်စိတ် ရှိလျက် စွပ်စွဲကုန်အံ့။ (တူပြီ) အဗျာကတစိတ် ရှိလျက် စွပ်စွဲကုန်အံ့။ (တူပြီ)။
အာပတ္တာဓိကရုဏ်းသည် ကုသိုလ်လော၊ အကုသိုလ်လော၊ အဗျာကတလလော။ အာပတ္တာဓိကရုဏ်းသည် အချို့ အကုသိုလ်၊ အချို့ အဗျာကတ ဖြစ်၏။ ကုသိုလ်အာပတ္တာဓိကရုဏ်း မရှိ။
ဖြစ်ပုံကား -
သိလျှက် စေတနာနှင့်တကွ လွမ်းမိုး၍ လွန်ကျူးအံ့။ ထိုလွန်ကျူးခြင်းသည် အကုသိုလ် အာပတ္တာဓိကရုဏ်း မည်၏။ မသိဘဲ စေတနာကင်းလျက် မလွမ်းမိုးဘဲ လွန်ကျူးအံ့၊ (ကုသိုလ်ဖြင့်သော်လည်းလွန်ကျူးအံ့။) ထိုလွန်ကျူးခြင်းသည် အဗျာကတအာပတ္တာဓိကရုဏ်းမည်၏။
(အာပတ်သည်ပင် အပတ္တာဓိကရုဏ်း မည်၏။ လွန်ကျူးခြင်း ဝီတိက္ကမလည်း မည်၏။ အန္တရာယိကဓမ္မ ဖြစ်သောကြောင့် ကုသိုလ်အမည်ကား မရစကောင်း။)
ကိစ္စာဓိကရုဏ်းသည် ကုသိုလ်လော၊ အကုသိုလ်လော၊ အဗျာကတလော၊ အချို့ ကုသိုလ်၊ အချို့ အကုသိုလ်၊ အချို့အဗျာကတဖြစ်၏။
ဖြစ်ပုံကား -
သံဃာသည် ကုသိုလ်စိတ်ရှိလျက် အပလောကန-စသကံကိုပြုအံ့၊ ကုသိုလ်ကိစ္စဓိကရုဏ်း မည်၏။ အကုသိုလ်စိတ် ရှိလျက်၊ အဗျာကတစိတ်ရှိလျက်၊ ... တူပြီ။
(ထာ ... ဝိဝါဒါဓိကရုဏ်းသည် အချို့ ကုသိုလ် - စသည်ဆိုရာ၌ ငြင်းခုံကြောင်း စိတ္တုပ္ပါဒ်သည် ဝိဝါဒမည်၏။ သမထတို့ဖြင့် ငြိမ်းစေအပ် သောကြောင့် အဓိကရဏလည်း မည်၏။ ဤသို့စသည်ဖြင့် သိအပ်၏။
အာပတ္တာဓိကရုဏ်းသည် အချို့ အကုသိုလ်၊ အချို့ အဗျာကတ ဖြစ်၏။ ကုသိုလ်အာပတ္တာဓိကရုဏ်း မရှိဟု ဆိုရာ၌ သန္ဓာယဘာသိတ အစွမ်းဖြင့် အနက်အဓိပ္ပါယ်ကို သိအပ်၏။
မြေတူးခြင်း စသည်ကြောင့်ဖြစ်သော အာပတ်၌ ကုသိုလ်စိတ်သည် အာပတ်၏ အင်္ဂါဖြစ်၏။ ထို အင်္ဂါရှိလျှင် ကုသိုလ်အာပတ္တာဓိကရုဏ်း မရှိဟု မဆိုထိုက်။ (ကုသိုလ် အာပတ်ဟု ဆိုဖွယ် ရှိ၏။)
ထို့ကြောင့် ဤအင်္ဂါဖြစ်သော စိတ်ကိုရည်၍ ဆိုသည် မဟုတ်။ ရည်၍ဆိုပုံကား- လောကဝဇ္ဇအာပတ်သည် ဧကန္တအကုသိုလ်ဖြစ်၍ အချို့ အကုသိုလ် ဟု ကြံဖွယ်မရှိ။
ပဏ္ဏတ္တိဝဇ္ဇအာပတ်ကား - အားထုတ်၍ လွန်ကျူးသူအားသာ အကုသိုလ်၊ အားမထုတ်ဘဲ တစ်စုံတစ်ခု မသိသူအားကား သဟသေယျ စသည်အစွမ်းဖြင့် ရောက်သောကြောင့် အဗျာကတ။
ထို့ကြောင့် ပဏ္ဏတ္တိဝဇ္ဇ၌ သဉ္စိစ္စ၊ အသဉ္စိစ္စ အစွမ်းဖြင့် အထူးကြံခြင်းကိုရည်၍ အချို့ အကုသိုလ်၊ အချို့ အဗျာကတ ဖြစ်၏။ ကုသိုလ်အာပတ္တာဓိကရုဏ်း မရှိဟု ဆိုသည်။ ကုသိုလ်စိတ်ရှိလျက် သင့်သော အာပတ်ကို ကုသိုလ်အာပတ္တာဓိကရုဏ်း ဟု၊ ဝါ-ကုသိုလ် အာပတ်ဟု ဟောခဲ့ငြားအံ့။ ဧဠကလောမ၊ ပဒသောဓမ္မစသော အစိတ္တကအာပတ်တို့၏လည်း ကုသလစိတ္တံအာပဇ္ဇေယျ) ကုသိုလ်စိတ်သည် (အာပတ်၏ အင်္ဂါ) ဖြစ်ရာ၏။ (ကုသလတ္တံအာပဇ္ဇေယျ) - ကုသိုလ်တို့၏ အဖြစ်သည် ဖြစ်ရာ၏။
ထိုကုသိုလ်စိတ်သည် ရှိသော်လည်း အာပတ်အင်္ဂါမဟုတ်၊ (ဝါ-အာပတ်မဟုတ်) စလိတတာယ ပဝတ္တာဝါစာ ဟူသော ကာယဝိညတ် ဝစီဝိညတ် တစ်ခုခုသာ အင်္ဂါဖြစ်သည်။ (ဝါ-အာပတ် ဖြစ်သည်။) ထိုအင်္ဂါသည် ရူပက္ခန္ဓာအဗျာကတဖြစ်၏။ (ဤ၌ ကုသလစိတ္တံအာပဇ္ဇေယျ-သည် သာဋီနှင့် ညီ၏၊ ကုသလတ္တံအာပဇ္ဇေယျ သည် ဝိဋီနှင့် ညီ၏။)
အာပတ်၏အင်္ဂါ ဖြစ်သောစိတ်ဖြင့် ဝတ္တုကိုသိလျက်၊ ပြခြင်းကိုသိလျက် (ဝါ-အကုသိုလ်စိတ်ဖြင့် သိလျက်) အားထုတ်၍ အာပတ်ကိုလွန်ကျူးအံ့၊ ထိုလွန်ကျူးခြင်းသည် အကုသိုလ်အာပတ် မည်၏။ အာပတ်အင်္ဂါစိတ် မရှိဘဲ၊ ပြုခြင်းကိုမသိဘဲ၊ စေနာမရှိဘဲ၊ လွန်ကျူးအံ့၊ ထိုလွန်ကျူး ခြင်းသည် အဗျာကတ အာပတ်မည်၏။)
သာဋီ .... ဝိဝါဒါဓိကရုဏ်းသည် ကုသိုလ်လော- စသည်ဖြင့် မေး၍ အချို့ကုသိုလ်စသည်ဖြင့် ဖြေသည်။ အကြွင်းတို့၌လည်း ဤနည်းတည်း၊
ငြင်းခုံကြောင်း စိတ္တုပ္ပါဒ်ငြိမ်းလျှင် ထိုစိတ္တုပ္ပါဒ်ကြောင့် ဖြစ်သော ငြင်းခုံသံလည်း ငြိမ်း၏။ ထို့ကြောင့် စိတ္တုပ္ပါဒ်၏ သမထတို့ဖြင့် ငြိမ်းစေအပ်သော အဖြစ်သည် ပရိယာယ်ဖြစ်၏။ အာပတ္တာဓိကရုဏ်းသည် အချို့ အကုသိုလ်၊ အချို့ အဗျာကထ-ဟူသော ဤအထူးကြံခြင်းကို ပဏ္ဏတ္တိဝဇ္ဇကိုသာ ရည်ဆိုသည်။ လောကဝဇ္ဇကို ရည်ဆိုသည် မဟုတ်။
ဝိနည်းမလိမ္မာသော သဒ္ဓါပဗ္ဗဇ္ဇိတရဟန်းသည် ကျင့်ဝတ်ဖြင့် ကျင့်လိုခြင်းဖြင့် တံမြက်လှည်းလျက်၊ မြေတူးခြင်း မြက်ဖြတ်ခြင်း စသည်ကိုပြုမိအံ့။ ထိုအခါ ဖြစ်သောစိတ်ကိုရည်၍ “ကုသိုလ်စိတ်သည် အင်္ဂါဖြစ်သည်” ဟု ဆိုသည်။ ကျင့်ဝတ်ဖြင့်ကျင့်သော်လည်း ဤမြေကိုတူးအံ့ စသော ပြုလုပ်ခြင်းကို သိခြင်း အစွမ်းဖြင့် ဖြစ်သောကြောင့် ကုသိုလ်စိတ်သည် အင်္ဂါဖြစ်သည်။
ထို့ကြောင့် ကုသိုလ်စိတ်သည် အာပတ္တာဝိကရဏ မည်၏။ ဝါ- အာပတ်၏ အကြောင်း မည်၏။ (အာပတ်မမည်ဟူလို) ပြုလုပ်ခြင်းကို မသိလျှင် မြေတူးခြင်း စသည်ကြောင့် အာပတ်မသင့်သည်သာတည်း၊ ကုသိုလ်စိတ်ကို အာပတ်အဖြစ်ဖြင့် ယူလျှင် ကုသိုလ်အာပတ်မရှိဟု မဆိုထိုက်သောကြောင့် “ဤအင်္ဂါ ဖြစ်သော စိတ်ကိုရည်၍ ဆိုသည်မဟုတ်” ဟု ဆိုသည်။
ရည်၍ဆိုရာ ပဏ္ဏတ္တိဝဇ္ဇ၌ ကမ္မဋ္ဌာန်း နှလုံးသွင်းလျက် အိပ်ခိုက် အိပ်ပျော်ခိုက် မာတုဂါမ-လာ၍ အိပ်အံ့၊ ထိုအခါ အိပ်သောအခြင်းရာဖြင့် ဖြစ်သောရုပ်သာ အာပတ်ဖြစ်သည်။ စိတ်သည် အာပတ်မဟုတ်။ ထိုအခါ ထသင့်လျက် မထခြင်းကြောင့် အိပ်သော ရူပက္ခန္ဓာသာ အာပတ် ဖြစ်၏။
“အာပတ်သို့ရောက်သူသည် ကုသိုလ်စိတ်ရှိလျက်လည်း ရောက်၏။ အကုသိုလ်စိတ်၊ အဗျာကတစိတ် ရှိလျက်လည်း ရောက်၏”ဟု ဟောရာ၌ ကုသိုလ်လည်း အာပတ်မည်၏ဟု ဟောသည်မဟုတ်။ စိတ်သုံးမျိုး၊ တစ်မျိုးမျိုးရှိလျက် အာပတ်သင့်သည်။ မရှိသင့်သည်မဟုတ်ဟု ပြခြင်းငှါ ဟောသည်။
သင့်ပုံကား -
မြေတူးသောအခါ ကုသိုလ်စိတ်ရှိလျက် ရုပ်အဗျာကတ အာပတ်သို့ ရောက်၏။ ရဟန္တာအား အဗျာကတ စိတ်ရှိလျက် ရုပ်အဗျာကတ အာပတ်သို့ရောက်၏၊ ပါဏာတိပါတအခါ အကုသိုလ်စိတ်ရှိလျက် အကုသလ အာပတ်သို့ ရောက်၏၊ ဤအကုသလအာပတ်၌ ရုပ်အဗျာကတသည် အဗ္ဗောဟာရိက ဖြစ်၏။ အိပ်မက်၌ ပါဏာတိပါတ ပြုရသည်ဟုမက်စဉ် သဟသေယျဖြစ်အံ့ အကုသိုလ်စိတ်ရှိလျက် အဗျာကတ အာပတ်သို့ ရောက်၏။
ကုသလစိတ္တံအာပဇ္ဇေယျ ဟူသည်ကား - သိုးမွေးကိုယူ၍ ကမ္မဋ္ဌာန်း နှလုံးသွင်းလျက် သုံးယူဇနာကို လွန်သော ရဟန်းအား လည်းကောင်း၊ သိက္ခာပုဒ်ကို သိ၍ ပဒသောဓမ္မပို့ချသော ရဟန်းအား လည်းကောင်း၊ သင့်သော အာပတ်၏ ကုသိုလ်စိတ်သည် ဖြစ်ရာ၏။ ထို၌ ထင်ရှားရှိသော်လည်း ကုသိုလ်စိတ်သည် အာပတ်၏ အင်္ဂါမဖြစ်။ ကုသိုလ်ကိုယ်တိုင် အာပတ်မဟုတ် ဟူလို။
စလိတာယ၊ ပဝတ္တာ ဝါစာ - တစ်ခုခုသာ အာပတ်၏ အင်္ဂါဖြစ်သည်။ အာပတ် ဟုတ်သည်ဟူလို၊ ထိုသည်လည်း ကုသိုလ် အကုသိုလ် မဟုတ် - ရုပ် အဗျာကတသာတည်း။ သာပတ္တိကဿဘိက္ခဝေ နိရယံဝါ ဝဒါမိတိရစ္ဆာန-ယောနိဝါ-ဟု ဟောသောကြောင့် အဗျာကတသည်လည်း အကျိုးပေးသလော ဟူမူ၊ အကျိုးမပေး၊ အသဉ္စိစ္စ အာပတ်သည် မသိလျှင် အန္တရာယ် မပြု။ သိပြီး၍ ဖုံးလျှင်ဖုံးခြင်းကြောင့် ဒုက္ကဋ်မည်သော အကုသိုလ်အာပတ်သို့ ရောက်၏၊ ထိုဒုက္ကဋ်သည် အကုသိုလ်သဘော ရှိသောကြောင့် သဂ္ဂမောက္ခတို့၏ အန္တရာယ်ကိုပြုသည်။ ထို့ကြောင့် အာပတ်ရှိသူ၏ အပါယ် လားခြင်းကို ဟောသည်။
ရှေးဂဏ္ဍိတို့၌လည်း ပုထုဇဉ်၊ ကလျာဏပုထုဇဉ်၊ သေက္ခ၊ ရဟန္တာ-ဟု ပုဂ္ဂိုလ်လေးယောက်ပြ၍ ရဟန္တာ၏ သေက္ခ၏ အာပတ်သည် အဗျာကတ၊ ကလျာနပုထုဇဉ်၏ အသဉ္စိစ္စအာပတ်လည်း အဗျာကတ၊ ထိုမှ တစ်ပါးသောသူ၏ အာပတ်ကား အကုသိုလ်သော် လည်းကောင်း၊ အဗျာကတသော် လည်းကောင်း ဖြစ်၏။
သဉ္စိစ္စအခါ အကုသိုလ်သာ ဖြစ်သောကြောင့် ကုသိုလ်အာပတ် မရှိဟု ဟောသည်။ အဗျာကတ အမည်ကို အကျိုးပေးမရှိခြင်းကို ရည်ဆိုသည်ဟု ရေးသား၏။ အကုသိုလ် အာပတ်သည်လည်း ဒေသနာဂါမ်, ဝုဋ္ဌာနဂါမ်ဖြင့် ကုစားပြီးလျှင် အန္တရာယ်မပြု။ အရိယူပဝါဒကံ - အကုသိုလ်သော်လည်း ကန်တော့ တောင်းပန်ခြင်းဖြင့် အဟောသိကံ ဖြစ်သကဲ့သို့တည်း။
(ကုစားပြီးသော အာပတ်၌ သတ္တမဇော စေတနာသည် ဒုတိယဘဝ၌ အပါယ်ပဋိသန္ဓေကို မဖြစ်စေနိုင်။ ဝါ-သဂ္ဂန္တရာယ် မပြုနိုင်။ ပထမဇောလည်း ယခုဘဝ၌ မောက္ဖန္တရာယ် မပြုနိုင်။ အလယ်ဇော ငါးချက်ကား၊ တတိယဘဝမှစ၍ အကျိုးပေးခွင့် ရှိသော်လည်း ယခုဘဝနှင့် ဒုတိယ ဘဝ၌ အကျိုးပေးခွင့် မရှိသောကြောင့် အန္တရာယ် မမည်။)
ဝိဋီ ... သမ္မုတိပညတ်ဖြစ်သော အာပတ်ကို ကာရဏူပစာဖြင့် အကုသိုလ်၊ အဗျာကတ အဖြစ်ဖြင့်ဆိုလျှင် ကုသိုလ်သည်လည်း အာပတ်သင့်ကြောင်း ဖြစ်သောကြောင့် ထိုဥပစာဖြင့် “အချို့ကုသိုလ်”ဟု ဆိုသင့်လျက် ကုသိုလ်အာပတ် မရှိဟု ဆိုသည်။ ထိုဆိုခြင်း၏ အကြောင်းကို ပြခြင်းငှါ “သန္ဓာယဘာသိတ အစွမ်းဖြင့် အနက်အဓိပ္ပါယ်ကို သိအပ်၏”ဟု ဆိုသည်။
အဓိပ္ပါယ်ကား --
အာပတ်ဟူသည် ပရမတ်ဖြစ်အံ့။ အချို့ အကုသိုလ်-စသည်ဖြင့် ဆိုသောစကားသည် သင့်၏။ ပရမတ်မဟုတ်၊ သမ္မုတိပညတ်ဖြစ်သောကြောင့် အချို့ အကုသိုလ် စသည်ဖြင့် မုချ မဆိုထိုက်။ အကုသိုလ်ကြောင့်၊ အဗျာကတ ကြောင့် ဖြစ်ခြင်းကိုစွဲ၍ ပရိယာယ်ဖြင့် ဆိုခဲ့လျှင် ကုသိုလ်ကြောင့်ဖြစ်ခြင်းကို စွဲ၍လည်း အာပတ်သည် အချို့ ကုသိုလ်-ဟု ဆိုထိုက်၏။
ယင်းသို့ ဆိုထိုက်သော်လည်း အာပတ်၏ အကုသိုလ်၊ အဗျာကတဟု တင်စားထိုက်ခြင်း၊ ကုသိုလ်ဟု မတင်စား ထိုက်ခြင်း၏ အသီးသီး အကြောင်းဖြစ်ခြင်းကို ရည်၍ဆိုသည်။ ထို သန္ဓာယဘာတိတ အစွမ်းဖြင့် သိစေအပ်၏။ အင်္ဂါဖြစ်သောစိတ်ကိုသာ ရည်၍ ဆိုသည်ဟုယူလျှင် အပြစ်မလွတ်ဟု ပြခြင်းငှါ- ယသ္မိဥှိ-စသည်ကို ဆိုသည်။
မြေတူးခြင်း စသည်ကြောင့် ဖြစ်သော အကြင်အာပတ်၌ သိက္ခာပုဒ် မသိသူ ကုသိုလ်စိတ်ဖြင့် ပြုသောအခါ ကုသိုလ်စိတ်သည် အကြောင်းဖြစ်၏။ ကုသိုလ်စိတ်အကြောင်း မကင်းသော ထို အာပတ်မျိုး ရှိလျှင် -ကုသိုလ်အာပတ်မရှိဟု မဟောနိုင်ပြီ။ ဟောလျှင် အကုသိုလ်အာပတ် အဗျာကတအာပတ်လည်း မရှိဟု ပယ်ထိုက်၏ ဟူလို။
ထို့ကြောင့် အင်္ဂါဖြစ်သော စိတ်မျှကိုသာရည်၍ ဆိုသည် မဟုတ်ဟု သိအပ်၏။ ဤစကားဖြင့် ပရမတ်မဟုတ်ဟု ပြသည်။ ထို့ကြောင့်-ယံကုသလစိတ္တေန အာပဇ္ဇတိ တံကုသလံ။ ဣတရေဟိဣတရံ-ဟု ဟောပြီ ရည်၍ ဆိုပုံ၌ အချို့ အကုသိုလ် အချို့အဗျာကတဟူသော စကားသည် ရံခါဖြစ်သော မမြဲသော အကြောင်းကို ရည်သည်မဟုတ်။ သိက္ခာပုဒ်အားလုံး၌ အာပတ် ဖြစ်ထိုက်သော အကြောင်းကိုသာ ရည်သည်။
ချဲ့ဦးအံ့ -
အကုသိုလ်သည် သိက္ခာပုဒ်သိလျက် လွန်ကျူးသူအား အာပတ်အားလုံး၏ အကြောင်းဖြစ်၏။ မသိသော်လည်း လောကဝဇ္ဇ အာပတ်အားလုံး၏ အကြောင်းဖြစ်၏၊ ပဏ္ဏတ္တိဝဇ္ဇအာပတ်သက်သက် ၌ကား- ကုသိုလ်စိတ် အဗျာကတစိတ် ဖြစ်သောအခါ အကုသိုလ်နစ်မြုပ်၍ တစ်ပါးသောအခါ အကုသိုလ် ကိုယ်တိုင်သာ အကြောင်း ဖြစ်၏။ ကာယဝစီဖြစ်သော အဗျာကတကား၊ ကုသိုလ် အကုသိုလ် ဝိပါက် ကြိယာ ဖြစ်သောအခါ၌ လည်းကောင်း၊ နိရောဓသမာပတ် ဝင်စားသူ၏ သဟသေယျအာပတ်၌ လည်းကောင်း၊ အာပတ်အားလုံး၏ အင်္ဂါသာ ဖြစ်၏။
သမုဋ္ဌာန်ခြောက်ပါး၌ ကာယဝါစာ အင်္ဂါလွတ်သော သမုဋ္ဌာန် ဟူ၍ မရှိ။ ထို့ကြောင့် ဤအကုသိုလ် အဗျာကတတို့၏ သဗ္ဗာပတ္တိမူလက အဖြစ်ကိုသာရည်၍ အချို့ အကုသိုလ်၊ အချို့ အဗျာကတဟု ဆိုသည်။ မြေတူးခြင်း စသည်၌ ကုသိုလ်သည် အာပတ်သင့်ကြောင်း ဖြစ်သော်လည်း ကုသိုလ်အာပတ်ဟု တင်စားခြင်းငှါ မလျောက်ပတ်။ သာဝဇ္ဇနှင့် အနဝဇ္ဇ တို့ကို တစ်ခုတည်းအဖြစ်ဆိုလျှင် ဝေါဟာရ ဆန့်ကျင်သောကြောင့်တည်း။
အချင်းချင်းဆန့်ကျင်လျှင် ကြောင်းကျိုးဝေါဟာရလည်း မယှဉ်တွဲအပ်။ (ကုသိုလ်နှင့် အကုသိုလ်သည် အချင်းချင်း ဆန့်ကျင်ရကား အကြောင်းကုသိုလ်ဝေါဟာရကို အကျိုးအာပတ်ဝေါဟာရနှင့် မယှဉ်တွဲ ရဟူလို။)
ထို့ကြောင့် မြေတူးရာ၌ဖြစ်သော ကုသိုလ်သည် အဗ္ဗောဟာရိက ဖြစ်၏။ ကာယဝစီဒွါရသာ သီးခြား အကြောင်း ဖြစ်သည်ဟု မှတ်အပ်၏။ “ဧကန္တ အကုသိုလ်ဖြစ်၍” ဟူသည်ကို အကုသိုလ်ဖြင့်ဖြစ်သော အာပတ် ဖြစ်သောကြောင့် ကာရဏူပစာဖြင့် ဆိုသည်။
“သဟသေယျ စသည် အစွမ်းဖြင့်ရောက်သောကြောင့် အဗျာကတ” ဟူသည်ကား မာတုဂါမနှင့်တကွ ကျောက်ကုန်း ဆန့်စင်းခြင်း အစွမ်းဖြင့် ဖြစ်သော ကာယဒွါရ ရုပ်အဗျာကတ အစွမ်းဖြင့်သာ ရောက်သော ကြောင့် ကာရဏူပစာဖြင့် အာပတ်သည် အဗျာကတဖြစ်၏။
သဉ္စိစ္စ အသဉ္စိစ္စ အစွမ်းဖြင့် ဟူသည်ကား ပဏ္ဏတ္တိဝဇ္ဇအာပတ်၌ သိက္ခာပုဒ်ကို သိ၍လည်းကောင်း၊ မသိ၍လည်းကောင်း ရောက်သည် အစွမ်းဖြင့် အကုသိုလ်အဖြစ်၊ အဗျာကတအဖြစ် ဟူသော ဤအထူး ကြံခြင်းကိုရည်၍ အချို့အကုသိုလ် စသည်ကို ဆိုသည်။
ကုသလတ္တံအာပဇ္ဇေယျ ဟူသော စကားဖြင့် သာဝဇ္ဇအာပတ်ကို အနဝဇ္ဇကုသိုလ်အမည် တင်စားခြင်းသည် မသင့်လျော်ဟု ပြသည်။ ထိုကုသိုလ်စိတ်သည်ရှိသော်လည်း အာပတ်အင်္ဂါ မဟုတ်ဟူသော စကားဖြင့် ကုသိုလ်ကိုအာပတ်ဟု မှည့်ခေါ်ခြင်းငှါ မထိုက်ဟု-ပယ်၍ ကာယဝါစာ အဗျာကတကိုသာ အကြောင်း အင်္ဂါဖြစ်ခြင်းကို ပြသည်။ (ဝါ အာပတ်ဟု မှည့်ခေါ်ထိုက်ခြင်းကို ပြသည်။)
အဗျာကတကို အာပတ်၏ အကြောင်းအဖြစ်ဖြင့် ဟောသောကြောင့် အာပတ္တာဓိကရဏံသိယာအကုသလံ၊ သိယာအဗျာကတံ-ဟူသော စကားကို ကာရဏူပစာရ တင်စား၍ ပရိယာယ်အားဖြင့် ဟောသည်။ မုချ မဟုတ်ဟု သိသာထင်ရှား၏။ မုချဟုဆိုလျှင် အမြတ်တနိုး မယုံကြည်အပ်။ ဒုဋ္ဌဒေါသ သိက္ခာပုဒ်အဋ္ဌကထာ၌ ပယ်ပြီးဖြစ်သောကြောင့်တည်း။)
(အာပတ်သည် အကုသိုလ်အာပတ်၊ အဗျာကတအာပတ် ဟု နှစ်မျိုးရှိ၏။ အဗျာကတ အာပတ်သည်လည်း ဝိပါက် အဗျာကတ၊ အာဝဇ္ဇန်းဒွေ ကြိယာအဗျာကတ၊ ရုပ်အဗျာကတ-ဟု သုံးမျိုးရှိ၏။ ကုသိုလ်ဇောအာပတ်၊ ကြိယာဇောအာပတ်မရှိ။
ရုပ်အဗျာကတ အာပတ်သည်လည်း --
အိပ်မက်စဉ် အကုသိုလ်စိတ်ဖြစ်ခိုက်၊
မြေတူးစဉ် ကုသိုလ်စိတ် ဖြစ်ခိုက်၊
အိပ်ပျော်စဉ်ဝိပါက်စိတ်ဖြစ်ခိုက်၊
ရဟန္တာကြိယာစိတ်ဖြစ်ခိုက်၊
နိရောဓအခါ စိတ်ကင်းခိုက်အားဖြင့် ငါးမျိုးရှိ၏။
ကုသိုလ်ဇော၊ ကြိယာဇောမှ တစ်ပါး လောကီတရားအားလုံးကို အာပတ်အမည် မှည့်နိုင်သည်။)
စတုက္ကဝေဖန်ခြင်း
ဝိဝါဒမည်၏။ ဝိဝါဒါဓိကရဏ မည်သလော။ ဝိဝါဒမည်၏။ အဓိကရဏ မမည်သလော။ အဓိကရဏမည်၏။ ဝိဝါဒ မမည်သလော။ အဓိကရဏလည်း မည်၏။ ဝိဝါဒလည်း မည်သလော။ အချို့ကား ဝိဝါဒမည်၏။ ဝိဝါဒါဓိကရဏမည်၏။ အချို့ကား ဝိဝါဒမည်၏။ အဓိကရဏ မမည်။ အချို့ကား အဓိကရဏမည်၏။ ဝိဝါဒမမည်။ အချို့ကား အဓိကရဏလည်း မည်၏။ ဝိဝါဒလည်း မည်၏။ မည်ပုံကား - ချစ်သားတို့ … ဤသာသနာ၌ ရဟန်းတို့သည် ရဟန်းကို ဓမ္မ အဓမ္မ စသည်ဖြင့် ငြင်းခုံကုန်အံ့။
ဤရဟန်းချင်း ငြင်းခုံခြင်းသည် ဝိဝါဒမည်၏။ ဝိဝါဒါ ဓိကရဏ မည်၏။ သားအမိ၊ သား၊အဖ၊ ညီအစ်ကို၊ မောင်နှမ၊ သူငယ်ချင်းတို့ ငြင်းခုံကုန်အံ့။ ဤလူချင်း ငြင်းခုံခြင်းသည် ဝိဝါဒ မည်၏။ အဓိကရဏ မမည်။ (သမထခုနစ်ပါးတို့ဖြင့် ငြိမ်းစေအပ်သည်အဖြစ်၏ မရှိခြင်းကြောင့် အဓိကရဏမမည်ဟု သိအပ်၏။)
အနုဝါဒါ၊ အာပတ္တာ၊ ကိစ္စာဟူသော ကြွင်းသုံးပါးသည် အဓိကရဏ မည်၏။ ဝိဝါဒမမည်။ ဝိဝါဒါဓိကရုဏ်းသည် အဓိကရဏလည်းမည်၏။ ဝိပါဒလည်းမည်၏။ အနုဝါဒမည်၏။ အနုဝါဒါဓိကရဏ မည်သလော ....လ… တူပြီ၊ သိလောက်ပြီ။
မည်ပုံကား -
ချစ်သားတို့ … ဤသာသနာ၌ ရဟန်းတို့သည် ရဟန်းကို သီလဝိပတ္တိစသော လေးပါးဖြင့် စွပ်စွဲကုန်အံ့။ ဤရဟန်းချင်း စွပ်စွဲခြင်းသည် အနုဝါဒါမည်၏။ အနုဝါဒါဓိကရဏမည်၏၊ သားအမိ၊ သားအဖ စသော လူချင်း စွပ်စွဲခြင်းသည် အနုဝါဒ မည်၏။ အဓိကရဏ မမည်။ ကြွင်းသုံးပါးသည် အဓိကရဏ မည်၏။ အနုဝါဒ မမည်။ အနုဝါဒါ ဓိကရုဏ်းသည် အဓိကရဏလည်း မည်၏။ ဝိဝါဒလည်း မည်၏။
အာပတ္တိမည်၏။ အာပတ္တာဓိကရဏ မည်သလော။ ....လ....။ မည်ပုံကား ငါးပါးသော အာပတ္တိ၊ ခုနစ်ပါးသော အာပတ္တိသည် အာပတ္တိ မည်၏။ အာပတ္ထာ ဓိကရဏ မည်၏။ သောတာပတ္တိ သမာပတ္တိသည် အာပတ္တိမည်၏။ အဓိကရဏ မမည်။ ကြွင်းသုံးပါးသည် အဓိကရဏမည်၏။ အာပတ္တိ မမည်။ အာပတ္တာ ဓိကရုဏ်းသည် အဓိကရဏလည်း မည်၏။ အာပတ္တိလည်း မည်၏။ ကိစ္စ မည်၏။ ကိစ္စာဓိကရဏ မည်သလော။ …လ…။
မည်ပုံကား -
အပလောကနကံစသော လေးပါးသော သံဃာ့ကိစ္စသည် ကိစ္စမည်၏။ ကိစ္စာဓိကရဏ မည်၏။ ဆရာ့ကိစ္စ။ ဥပဇ္ဈာယ်ကိစ္စ၊ စသည်သည် ကိစ္စမည်၏။ အဓိကရဏ မမည်။ ကြွင်းသုံးပါးသည် အဓိကရဏမည်၏။ ကိစ္စမမည်။ ကိစ္စာဓိကရုဏ်းသည် အဓိကရဏလည်း မည်၏။ ကိစ္စလည်း မည်၏။
ဝိဝါဒငြိမ်းကြောင်း နှစ်ပါး
ဝိဝါဒါဓိကရုဏ်းသည် အဘယ်မျှသော သမထတို့ဖြင့် ငြိမ်းသနည်း။ ဝိဝါဒါဓိကရုဏ်းသည် သမ္မုခါဝိနည်း၊ ယေဘုယျသိကာဝိနည်း နှစ်ပါးတို့ဖြင့် ငြိမ်း၏။
သမ္မုခါဖြင့်ငြိမ်းနည်းသုံးမျိုး
မုခါ ယေဘု (၂) ဝိနည်းပြု- ငြိမ်းမှုဝိဝါဒါ။
ဝိဝါဒါဓိကရုဏ်းသည် ယေဘုယျသိကာ ဝိနည်းသို့ မရောက်ဘဲ သမ္မုခါဝိနည်းတစ်ပါးတည်းဖြင့် ငြိမ်းခြင်းသည် သိယာ-ဖြစ်ရာ၏လော။ သိယာတိ၊ ဖြစ်ရာ၏-ဟု။ ဝစနီယံ၊ ဆိုအပ်သည်။ အဿ-ဘဝေယျ၊ ဖြစ်ရာ၏၊
ဖြစ်ပုံကား-
ဤသာသနာ၌ ရဟန်းတို့သည် ဓမ္မအဓမ္မ စသော ၁၈-ပါးတို့ဖြင့် ငြင်းခုံကုန်အံ့။ ချစ်သားတို့ ... ထိုရဟန်းတို့သည် ထိုအဓိကရုဏ်းကို (ထိုကျောင်း၌သာ ငြိမ်းစေခြင်းငှါ တတ်နိုင်ကုန်အံ့။ ဤ ငြိမ်းစေခြင်းသည် အဓိကရုဏ်း ငြိမ်းသည်မည်၏။ အဘယ်ဖြင့် ငြိမ်းသနည်း။ သမ္မုခါဝိနည်းဖြင့် ငြိမ်း၏။
ထို၌ သမ္မုခါဝိနည်း၏ အဖြစ်သည်အဘယ်နည်း။ သံဃသမ္မုခတာ၊ ဓမ္မသမ္ဗုခတာ၊ ဝိနယသမ္မုခတာ၊ ပုဂ္ဂလသမ္မုခတာတည်း။ ထိုတွင်ကမ္မပတ္တ ရဟန်းတို့လာခြင်း၊ ဆန္ဒထိုက်သူတို့၏ ဆန္ဒကိုဆောင်ခြင်း၊ သမ္မုခီဘူတ ရဟန်းတို့ မတားမြစ်ခြင်းသည် (ဝါ-ကာရက သံဃာ၏ သံဃံသာမဂ္ဂီအစွမ်းဖြင့် မျက်မှောက် ဖြစ်ခြင်းသည်) သံဃသမ္မုခတာ မည်၏။ ဟုတ်မှန်သောဓမ္မဖြင့်၊ စောဒနာသာရဏာဟူသော ဝိနယဖြင့်၊ ဉာတ် ကမ္မဝါစာ ဟူသာ သတ္တုသာသနဖြင့် ငြိမ်း၏။
ထိုငြိမ်းကြောင်း ဓမ္မဝိနယ သတ္တုသာသနသည် ဓမ္မသမ္ဗုခတာ၊ ဝိနယ သမ္မုခတာမည်၏။ (ဝါ-ငြိမ်းစေအပ်သော ဝတ္ထု၏ ဟုတ်မှန်ခြင်းသည် ဓမ္မသမ္မုခတာ။ ငြိမ်းကြောင်း အစီအရင်ဖြင့်သာ ငြိမ်းခြင်းသည် ဝိနယသမ္မုခတာ မည်၏။) အတ္တပစ္စတ္တိက ငြင်းခုံခြင်း-ဟူသော အကြောင်းကြောင့် ရန်သူဖြစ်သော ရဟန်း နှစ်ဦးတို့ မျက်မှောက်ဖြစ်ခြင်းသည် ပုဂ္ဂလသမ္မုခတာမည်၏။
ချစ်သားတို့ ... ဤသို့ ငြိမ်းသော အဓိကရုဏ်းကို ငြိမ်းအောင်ပြုသော ကာရကရဟန်းသည် (ဝါ-အမှတ်မရှိ ရဟန်းသည်) လှုပ်ချောက်ချားငြားအံ့။ ဥက္ကောဋနကပါစိတ်၊ ဆန္ဒပေးသော ရဟန်းသည် ရှုတ်ချငြားအံ့-ခီယနကပါစိတ်၊ ချစ်သားတို့ ... ထိုရဟန်းတို့သည် ထိုအဓိကရုဏ်းကို ထိုကျောင်း၌ ငြိမ်းစေခြင်းငှါ မတတ်နိုင်ကုန်အံ့။ ရဟန်းအများရှိရာ ကျောင်းသို့သွားအပ်၏။
သွားကြစဉ် ခရီးအကြား၌ (အချင်းချင်း ကျေနပ်၍ လည်းကောင်း၊ ဝိနည်းဓိုရ်နှင့် တွေ့၍လည်းကောင်း) ငြိမ်းစေခြင်းငှါ တတ်နိုင်ကုန်အံ့။ ဤ ငြိမ်းစေခြင်းသည် အဓိကရုဏ်း ငြိမ်းသည် မည်၏။ ဤ၌လည်း သမ္မုခါလေးပါး၊ ဥက္ကောဋနကပါစိတ် ခီယနကပါစိတ် တူပြီ။
ချစ်သားတို့ ... ထိုရဟန်းတို့သည် ထိုခရီးအကြား၌ ငြိမ်းစေခြင်းငှါ မတတ်နိုင်ကုန်အံ့။ ထိုကျောင်းသို့သွား၍ အာဝါသိကတို့ကို အရှင်ဘုရားတို့ ... ဤအဓိကရုဏ်းသည် ဤသို့ဤသို့ ဖြစ်၏။ ဓမ္မဝိနယ သတ္ထုသာသနဖြင့် ငြိမ်းအောင်ပြုပေးကြပါ ဟု တောင်းပန်အပ်၏။ အာဝါသိက သီတင်းကြီးတို့ဖြစ်လျှင် အာဂန္တုတို့ကို အရှင်တို့သည် တစ်နေရာ၌ ခေတ္တနေကြဦး၊ တိုင်ပင်ဦးမည်ဟု ဆိုအပ်၏။
အာဝါသိက သီတင်းငယ်တို့ ဖြစ်လျှင် အရှင်တို့သည် ဤ၌ခေတ္တနေကြပါဦး၊ တိုင်ပင်ပါဦးမည် ဟု ဆိုအပ်၏။ တိုင်ပင်၍မတတ်နိုင်လျှင် လက်မခံအပ်။ တတ်နိုင်လျှင် အရှင်တို့သည် ဤအဓိကရုဏ်းကို ဓမ္မဝိနယဖြင့် ကောင်းစွာ ငြိမ်းအောင် ဟုတ်တိုင်းမှန်စွာ ပြောကြားကုန်အံ့၊ လက်ခံမည်၊ မပြောကြားကုန်အံ့ လက်မခံနိုင်ဟု ခိုင်ခံ့စွာပြော၍ လက်ခံအပ်၏။
အာဂန္တုတို့သည်လည်း အကျွန်ုပ်တို့သည် ကောင်းစွာငြိမ်းအောင် ဟုတ်တိုင်းမှန်စွာ ပြောကုန်အံ့၊ ဤမျှသော အန္တရ - အကြောင်းဖြင့် ကောင်းစွာ ငြိမ်းအောင်တတ်နိုင်ကုန်အံ့ အပ်နှံမည်၊ မတတ်နိုင်ကုန်အံ့ မအပ်နှံနိုင်၊ အကျွန်ုပ်တို့ ဤအဓိကရုဏ်းကို အစိုးရကုန်လတ္တံ့ ဟု ခိုင်ခံ့စွာ ပြော၍ အပ်နှံ၏။ ချစ်သားတို့ .... ထိုအာဝါသိကတို့သည် ထိုအဓိကရုဏ်းကို ငြိမ်းစေခြင်းငှါ တတ်နိုင်ကုန်အံ့။ ဤငြိမ်းစေခြင်းသည် အဓိကရုဏ်း ငြိမ်းသည်မည်၏။ ဤ၌လည်း သမ္မုခါ လေးပါး၊ ဥက္ကောဋနက ပါစိတ်၊ ခီယနက ပါစိတ် တူပြီ။
(သမ္မုခါဝိနည်းဖြင့် ဝိဝါဒငြိမ်းခြင်း၌ ဝိဝါဒဖြစ်ရာ ကျောင်း၌ ငြိမ်းခြင်း၊ ခရီးအကြားငြိမ်းခြင်း၊ ကျောင်းတစ်ပါး၌ ငြိမ်းခြင်း သုံးမျိုး ဟောသည်။ ကင်္ခါဋီကာ၌ ထိုကျောင်း၌ ငြိမ်းခြင်းကို အာဝါသိကတို့ စည်းဝေး၍ အချင်းချင်း ကျေနပ်စေ၍ ပါဠိမုတ္တကဝိနိစ္ဆယဖြင့် ငြိမ်းခြင်းကို လည်းကောင်း၊ ဝိနည်းဓိုရ် ရောက်လာ၍ ခန္ဓကပရိဝါ စကားဖြင့် ဆုံးဖြတ်၍ ငြိမ်းခြင်းကိုလည်းကောင်း ပြသည်-ဟု ဆို၏၊)
(ထာ … ကမ္မပတ္တရဟန်းတို့ ဟူသည် - စတုဝဂ္ဂထံ၌ လေးပါး၊ ပဉ္စဝဂ္ဂထံ၌ ငါးပါး၊ ဒသဝဂ္ဂထံ၌ ဆယ်ပါး၊ ဝိသတိဝဂ္ဂထံ၌ နှစ်ဆယ် ဖြစ်၏။ ဤမျှသော ရဟန်းတို့သည် ကမ္မပတ္တ-ကံအား လျော်ကုန်၏။ ခိုင်ခံ့စွာ ကောင်းစွာပိုင်ပိုင် ပြော၍ လက်ခံပြီး နောက်လည်း ယနေ့ ပြုဖွယ်ကိစ္စ ပလိဗောဓ တစ်ခုရှိသေးသည်ဟု ဆို၍ မာန်မာနကို နှိမ်နင်းခြင်းငှါ နှစ်ရက် သုံးရက်ကို လွန်စေအပ်၏။)
(သာဋီ ... ဝိဝါဒသင်္ခါတေ အတ္ထေ ပစ္စတ္တိကာ - အတ္တပစ္စတ္တိကာ၊ သမ္မုခါဝိနယသ္မိန္တိ သမ္မုခါဝိနယဘာဝေ။ အန္တရေနာတိကာရဏေန။)
(ဝိဋီ ... ...ပါဠိတော်၌ ဝိဝါဒါဓိကရဏံ ဧကံသမထံအနာဂမ္မ-စသည် သည် ပုစ္ဆာဖြစ်၏။ သိယာ-စသည် သည် ဝိဿဇ္ဇနာ ဖြစ်၏။
သမ္မုခါဝိနယသ္မိန္တိ- သမ္မုခါဝိနယတ္သ္မိံ ဟု ဘာဝပ္ပဌာနနိဒ္ဒေသကို မှတ်အပ်၏။ ဝါရအားလုံး၌ ဤ အတူတည်း။
ကာရက ရဟန်းဟူသည် ဥပလက္ခဏမျှသာ အမှတ်မရှိ လှုပ်ချောက်ချားသာ ရဟန်းဟူသမျှအား ပါစိတ်သာ တည်း။)
(သမ္မုခါဝိနယသ္မိံ – ဟူသောပုဒ်၌ ဘာဝပ္ပဓာန၊ ဝါ-ဘာဝလောပ၊ ဝါ-တ္တလောပ၊ ဝါ-ဌာနူပစာ၊ ဝါ-အဝိနာဘာဝနည်း- ဟု ဆိုလိုရာ ဆိုအပ်၏။ ခိယနကပါစိတ်ကား သဟဓမ္မိကဝဂ်-နာဝမ- ကမ္မပ္ပဋိဗာဟန သိက္ခာပုဒ်။)
အဆိုများလျှင်ဥဗ္ဗာဟိကာ
ချစ်သားတို့ .... ထိုရဟန်းတို့သည် ထိုအဓိကရုဏ်းကို ဆုံးဖြတ်သည် ရှိသော် အနန္တာနိဘဿာနိ - များစွာသော စကားတို့သည် ဖြစ်ကုန်အံ့၊ သိအပ်သော အနက်အဓိပ္ပါယ်လည်း မရှိကုန်အံ့။ ချစ်သားတို့ .... ဤသို့သော အဓိကရုဏ်းကို ဥဗ္ဗာဟိကာဖြင့် ငြိမ်းစေခြင်းငှါ ခွင့်ပြု၏။ အင်္ဂါ ဆယ်ပါးရှိသော ရဟန်းကို ဥဗ္ဗာဟိကာဖြင့် သမုတ်အပ်၏။
အင်္ဂါဆယ်ပါးကား သီလ ရှိ၏။ ဗဟုသုတ ရှိ၏။ ပါတိမောက် နှစ်စောင်အကျယ် နှုတ်တက်၏။ ဝိနည်း၌ လိမ္မာရဲရင့်၏။ နှစ်ဦးနှစ်ဖက်ကို ကျေနပ်အော် စွမ်းနိုင်၏။ (၅)
ဖြစ်သောအဓိကရုဏ်းကို ငြိမ်းစေခြင်းငှါလိမ္မာ၏။ အဓိကရုဏ်းကို သိ၏။ အဓိဂရုဏ်း၏ ဖြစ်ခြင်းအကြာင်းကို သိ၏။ အဓိကရုဏ်း၏ ချုပ်ခြင်းကို သိ၏။ အဓိကရုဏ်း၏ ချုပ်ခြင်းသို့ ရောက်ကြောင်း အကျင့်ကိုသိ၏။ (၅)၊ ဤ ဆယ်ပါးတည်း။
ချစ်သားတို့ ... ဤအင်္ဂါဆယ်ပါးရှိသော ရဟန်းကို ဥဗ္ဗာဟိကာဖြင့် သမုတ်ခြင်းငှါ ခွင့်ပြု၏။
သမုတ်ပုံကား-
ရှေးဦးစွာ ထိုရဟန်းကို တောင်းပန်အပ်၏။ တောင်းပန်၍ ဗျတ္တရဟန်းသည် ဉတ္တိဒုတိယကံဖြင့် သံဃာကို သိစေအပ်၏။ ဝါ-ဤအဓိကရုဏ်း ဆုံးဖြတ်သည်ရှိသော် စကားများစွာ ဖြစ်ကုန်၏။ အနက်အဓိပ္ပာယ်လည်း မသိသာ။ သံဃာသည် ဥဗ္ဗာဟိကာဖြင့် ဤအဓိကရုဏ်းကို ငြိမ်းစေခြင်းငှါ ဤရဟန်း ဤရဟန်းကို သမုတ်ရာ၏။ သမုတ်၏။ သမုတ်ပြီ-ဟု သိစေအပ်၏။
ချစ်သားတို့ ... ထိုသမုတ်အပ်သော ရဟန်းတို့သည် ထိုအဓိကရုဏ်းကို ငြိမ်းစေခြင်းငှါ တတ်နိုင်ကုန်အံ့။ ဤငြိမ်းစေခြင်းသည် အဓိကရုဏ်းငြိမ်းသည် မည်၏၊ ဤ၌ သမ္မုခါဝိနည်း၊ ဥက္ကောဋနကပါစိတ်တူပြီ။
(ထာ ... အနန္တာနိဘဿာနိကား-အပိုင်းအခြားမရှိ။ ဤမှ ထိုမှ စကားတို့ ဖြစ်ကုန်၏။ ဘာသာနိလည်းရှိ၏။ အနက်တူတည်း။ ဥဗ္ဗာဟိကာဖြင့် သမုတ်အပ်၏။ နောက်၌ဟောသော ဉတ္တိဒုတိယကမ္မဝါစာဖြင့် သော်လည်း သမုတ်အပ်၏။ ဤသို့ သမုတ်အပ်သော ရဟန်းတို့သည် အသီးအခြားနေ၍ ထိုအဓိကရုဏ်းကို ဆုံးဖြတ်အပ်၏။ တစ်နည်း ထိုပရိသတ်၌ပင် “တစ်ပါးသော မသမုတ်အပ်သော ရဟန်းတို့သည် တစ်စုံတစ်ခု မပြောဆိုအပ်” ဟု ပြောကြား၍ ထို အဓိကရုဏ်းကို ဆုံးဖြတ်အပ်၏)။
(ဥဗ္ဗာဟိကာသည် တရားဆုံးဖြတ်ရန် သံဃာမှ ရွေးထုတ်ခြင်းတည်း။ ဒသကနိပါတ် အင်္ဂုတ္တိုရ်အဋ္ဌကထာ၌ ဥဗ္ဗာဟိကာယာတိသမ္ပတ္တ အဓိကရဏံ ဝူပသမေတုံ သံဃတော ဥဗ္ဗာဟိတွာ ဥဒ္ဓရိတွာ (ဂဟဏတ္တာယ)။ ... ဟု အဖွင့်ရှိ၏၊)
(ဋီတို့ … ဥဗ္ဗာဟိကာ၌၊ ခီယနကပါစိတ်ကိုမဟော။ ဥဗ္ဗာဟိကာဖြင့် ငြိမ်းစေရာ၌ ဆန္ဒပေးခြင်း၏၊ မရှိခြင်းကြောင့်တည်း။) (ဥဗ္ဗာဟိကာဖြင့် ငြိမ်းစေရာ၌ သမ္မုခါ လေးပါးတို့တွင် သံဃသမ္မုခတာသည် ဆုတ်ယုတ်၏-ဟု ကင်္ခါ၌ဆိုသည်။ ပဓာနပုဂ္ဂိုလ်တို့ မျက်မှောက်ဖြစ်ခြင်းမျှသည် သံဃသမ္မုခတာ မဖြစ်ဟူလို။)
ဓမ္မကထိကကို ဖယ်ထုတ်ခြင်း
ချစ်သား ... ထိုရဟန်းတို့သည် ထိုအဓိကရုဏ်းကို ဆုံးဖြတ်သည်ရှိသော် မာတိကာ၌ လည်းကောင်း၊ ဝိဘင်း၌ လည်းကောင်း၊ မလေ့လာသော ဓမ္မကထိကသည် အနက် အဓိပ္ပါယ် မမှတ်သားဘဲ သဒ္ဒါရိပ်ဖြင့် အနက်ကို တားမြစ်အံ့။ ဗျတ္တ ရဟန်းသည် ထိုရဟန်းတို့ကို သုဏန္တုမေ အာယသ္မန္တာ စသောဉာတ်ဖြင့် သိစေအပ်ကုန်၏။ ဝါ-ဤဓမ္မကထိကသည် မာတိကာ ဝိဘင်း မလေ့လာ အနက်မမှတ်သားဘဲ သဒ္ဒါရိပ်ဖြင့် အနက်ကိုတား၏။ ဤ ဓမ္မကထိကကို ထသွားစေ၍ ကြွင်းသောငါတို့သည် ဤအဓိအရုဏ်းကို ငြိမ်းစေကုန်ရာ၏ဟု သိစေအပ်ကုန်၏။
ချစ်သားတို့ ... ထိုရဟန်းတို့သည် ထိုဓမ္မကထိကကို ထသွားစေ၍ ထိုအဓိကရုဏ်းကို ငြိမ်းစေခြင်းငှါ တတ်နိုင်ကုန်အံ့။ ဤငြိမ်းစေခြင်းသည် အဓိကရုဏ်း ငြိမ်းသည် မည်၏။ ဤ၌ သမ္ဗုခါဝိနည်း၊ ဥက္ကောဋနက ပါစိတ်တူပြီ။
ချစ်သားတို့ ... ထိုရဟန်းတို့သည် ထိုအဓိကရုဏ်းကို ဆုံးဖြတ်သည်ရှိသော် မာတိကာ၌ လေ့လာ၍ ဝိဘင်း၌ မလေ့လာသော ဓမ္မကထိကသည် အနက်မမှတ်သားဘဲ သဒ္ဒါရိပ်ဖြင့် အနက်တားအံ့၊ ဗျတ္တသည် ရဟန်းတို့ကို သိစေ၍ (ဝါ-ဖယ်ထုတ်၍) ငြိမ်းစေအပ်၏။ ဤ၌ သမ္မုခါဝိနည်း ဥက္ကောဋနက ပါစိတ် တူပြီ။ (ဤဓမ္မကထိက ဖယ်ထုတ်ရာတို့၌လည်း။ ဥဗ္ဗာဟိကာပင်ဖြစ်၍ သံဃသမ္မုခတာ ယုတ်၏။)
(ထာ ... မာတိကာ ဝိဘင်း မလေ့လာဟူသည်-သုတ္တဟူသော ဒွေမာတိကာနှုတ်၌မလာ၊ သုတ္တဝိဘင်္ဂဟူသော ဝိနယကိုလည်း မလေ့လာ။ သဒ္ဒါမျှယူ၍ အနက်ကိုတား၏။ တားပုံကား - ရွှေ၊ ငွေ၊ လယ်၊ ယာ၊ ခံခြင်း စသည်တို့၌ အာပတ်သင့်သည်ဟု ဝိနည်းဓိုရ်တို့ ဆုံးဖြတ်သည်ကို မြင်လျှင် “အဘယ်ကြောင့် အာပတ်ဖြင့် ဆုံးဖြတ်သနည်း၊ ဇာတရူပ ရဇတပဋိဂ္ဂဟဏပဋိ ဝိရတော ဟောတိ-ဟု သုတ္တန်၌ ရှောင်ကြဉ်ခြင်းမျှကိုသာ ဟောသည်။ အပတ် မရှိ”ဟု ဆို၏။
တစ်ပါးသော ဓမ္မကထိကကား ဒွေမာတိကာ လေ့လာခြင်းကြောင့် မညီမညွတ် သင်းပိုင်ဝတ်သူတို့အား အာပတ်သို့ တင်သောအခါ အဘယ်ကြောင့် အာပတ်သို့ တင်ကြသနည်း။ ပရိမဏ္ဍလံနိဝါသေဿမီတိ-သိက္ခာကရဏီယာ-ဟု သိက္ခာကျင့်ခြင်းမျှကို ဟောသည်။ အာပတ်မရှိ” ဟု ဆို၏။)
မုခါယေဘူပြုနည်း
ချစ်သားတို့ .... ထိုရဟန်းတို့သည် ထိုအဓိကရုဏ်းကို ဥဗ္ဗာဟိကာဖြင့် ငြိမ်းစေခြင်းငှါ မတတ်နိုင်ကုန်အံ့၊ အကျွန်ုပ်တို့ မတတ်နိုင်၊ သံဃာသည်သာလျှင် ငြိမ်းစေသတည်း ဟု သံဃာအား အပ်နှင်းအပ်၏။ ချစ်သားတို့ ... ဤသို့သော အဓိကရုဏ်းကို ယေဘုယျသိကာ ဝိနည်းဖြင့် ငြိမ်းစေခြင်းငှါ ခွင့်ပြု၏။ ဆန္ဒ၊ ဒေါသ၊ မောဟ၊ ဘယ-အဂတိလေးပါး၊ မလိုက်ခြင်း၊ ယူ မယူကို သိခြင်း။
ဤသို့သော အင်္ဂါငါးပါးရှိသော ရဟန်းကို သလာကဂ္ဂါဟာပက- စာရေးတံကို ယူစေတတ်သော ရဟန်းဟု သမုတ်အပ်၏။ ရှေးဦးစွာ ထိုရဟန်းကို တောင်းပန်အပ်၏။ တောင်းပန်၍ ဗျတ္တသည် သံဃာကို ဉတ္တိဒုတိယကံဖြင့် သိစေအပ်၏။ ဝါ-ဤရဟန်းကို စာရေးတံ ယူစေ (ဝါ-စာရေးတံပေးသော) ရဟန်း ဟု သမုတ်ရာ၏။ သမုတ်၏။ သမုတ်ပြီဟု သိစေအပ်၏။ ထိုစာရေးတံ ယူစေတတ်သော ရဟန်းသည် စာရေးတံ တို့ကို ပေးအပ်ကုန်၏။
အကြင်အခြင်းအရာဖြင့် များစ္စာသော ဓမ္မဝါဒီရဟန်းတို့သည် ဆိုကုန်၏။ ထိုအခြင်းအရာဖြင့် (ဝါ-ဓမ္မဝါဒီ အများဆိုသောအတိုင်း) ထိုအဓိကရုဏ်းကို ငြိမ်းစေအပ်၏။ ဤငြိမ်းစေခြင်းသည် အဓိကရုဏ်း ငြိမ်းသည် မည်၏။
ဤ၌ သမ္ဗုခါဝိနည်း၊ ယေဘုယျသိကာနည်း၊ နှစ်ပါးဖြင့် ငြိမ်း၏၊ သမ္မုခါဝိနည်း လေးပါးတူပြီ။ ယေဘုယျသိကာ ကံပြုခြင်း၊ လာရောက်ခြင်း၊ မတားမြစ်ခြင်းသည်၊ ယေဘုယျသိကာ ဝိနည်းမည်၏။ ဥက္ကောဋနကပါစိတ်၊ ခီယနပါစိတ် တူပြီ။
(ထာ-တစ်ပါးမျှ ပိုလွန်လျှင်လည်း အများမည်သည်သာတည်း)။
စာရေးတံပေးနည်း သုံးမျိုး
အခါတစ်ပါး သာဝတ္တိ၌ ဤသို့ ဖြစ်သော အဓိကရုဏ်းသည် ဖြစ်၏။ ထိုရဟန်းတို့သည် သာဂတ္တိ၌ သံဃာ၏ ငြိမ်းစေခြင်းဖြင့် မကျေနပ်သဖြင့် ဝိနည်းဓိုရ်ရဟန်း များစွာ ရှိရာ ကျောင်းသို့ သွားကုန်၏။ ထိုမထေရ်တို့သည် သာဝတ္တိသံဃာအတူ ငြိမ်းစေကုန်၏။ ထိုရဟန်းတို့သည် ထိုနှစ်ဦးလုံးဖြင့် မကျေနပ်သဖြင့် ဝိနည်းဓိုရ်သုံးပါး ရှိရာသို့၊ နှစ်ပါးရှိရာသို့၊ တစ်ပါးရှိရာသို့ သွားကုန်၏။ ထိုမထေရ်သည်လည်း ရှေးရှေးအတူ ငြိမ်းစေ၏။ ထိုရဟန်းတို့သည် ထိုငါးခုလုံးဖြစ်သော ငြိမ်းစေခြင်းဖြင့် မကျေနပ်သဖြင့် ဘုရားရှင်ထံ ချဉ်းကပ်ကုန်၏။
“ချစ်သားတို့ ... ထိုအဓိကရုဏ်းကို ငြိမ်းစေအပ်ပြီ၊ ကောင်းစွာ ငြိမ်းအေးပြီ” ဟု မိန့်တော်မူ၏။ ထို့နောက် ချစ်သားတို့ ... ထိုရဟန်း တို့ကို သိစေခြင်းငှါ။
၁။ ဂုဠက-လျှို့ဝှက်သော စာရးတံ။
၂။ သကဏ္ဏဇပ္ပက- မိမိနားရင်း၌ အပ်၍ပေးသော စာရေးတံ၊
၃။ ဝိဝဋက--ဟင်းလင်းပွင့်သော စာရေးတံ
ဤသို့ သုံးခုသော စာရေးတံတို့ကို ယူစေခြင်းငှါ ခွင့်ပြု၏။
ချစ်သားတို့ … ဂုဠက စာရေးတံ ပေးနည်းကား - စာရေးတံတို့ကို တို ရှည် ကြီး ငယ် အသွယ်သွယ်ပြု၍ ရဟန်းတစ်ပါး တစ်ပါးစီထံ ချဉ်းကပ်၍ ဤကား ဤသို့သော ဝါဒီ၏ စာရေးတံ။ ဤကား ဤသို့သော ဝါဒီ၏ စာရေးစံဖြစ်သည်။ အလိုရှိရာယူလောဟု ဆိုအပ်၏။ ယူပြီးသောအခါ သူတစ်ပါးအား မပြပါလင့်” ဟု ဆိုအပ်၏။ ဓမ္မာဝါဒီ များ၏ဟုသိလျှင် “ကောင်းသာ ယူခြင်းဖြစ်သည်” ဟု ကြားအောင် ပြောအပ်၏၊ ဤကား ဂုဠက ပေးနည်းတည်း။
သကဏ္ဏဇပ္ပကပေးနည်းကား၊ တစ်ပါးစီထံ နားရင်းသို့ချဉ်းကပ်၍ ဤကား ဤသို့သော ဝါဒီ၏ စာရေးတံ၊ ဤကား ဤသို့သော ဝါဒီ၏ စာရေးတံ ဖြစ်သည်။ အလိုရှိရာ ယူလောဟု ဆိုအပ်၏။ ယူပြီးသောအခါ သူတစ်ပါးအား မပြောပါလင့်-ဟု ဆိုအပ်၏။ အဓမ္မဝါဒီများ၏ ဟု ဆိုလျှင် မကောင်းသောယူခြင်း ဖြစ်သည်ဟု ဖျက်သိမ်း၍ တစ်ဖန် ပေးအပ်၏။ ဓမ္မဝါဒီများ၏ ဟုသိလျှင် ကောင်းသောယူခြင်း ဖြစ်သည်ဟု ကြားအောင် ပြောအပ်၏။ ဤကား သကဏ္ဏဇပ္ပက ပေးနည်းတည်း။
ဝိဝဋကပေးနည်းကား၊ ဓမ္မဝါဒီများ၏ ဟုသိရငြားအံ့။ ရဲဝံ့ ပွင့်လင်းစွာ ပေးအပ်၏။ ဤကား ဝိဝဋပေးနည်း တည်း။ ချစ်သားတို့ ... ဤကား စာရေးတံယူစေခြင်း သုံးခုတည်း။ (ဓမ္မဝါဒီ များအောင်ပြုမှ ယေဘုယျသိကာ ဖြစ်သည်ဟု ဆိုပြီးပြီ။)
(ထာ ... အလဇ္ဇီများသော ပရိသတ်၌ ဂုဠကစာရေးတံပေးခြင်း ပြုအပ်၏။ လဇ္ဇီများသော ပရိသတ်၌ ဝိဝဋကပေးခြင်းကို၊ ဗာလများသော ပရိသတ်၌ သကဏ္ဏဇပ္ပက ပေးခြင်းကို ပြုအပ်၏။ အသွယ်သွယ် ပြုခြင်းကား၊ ဓမ္မဝါဒီစာရေးတံ၊ အဓမ္မဝါဒီစာရေးတံတို့ကို အမှတ်အသားဖြင့် မတူအောင် ပြုအပ်၏။ ထိုနောက် ထိုစာရေးတံတို့ကို အမှတ်အသားဖြင့် သင်္ကန်းအချို့၌ထည့်၍ ဆိုပြီးသော နည်းအတိုင်း ယူစေအပ်၏။
မကောင်းသောယူခြင်းဖြစ်သည်ဟု ဖျက်သိမ်း၍ တစ်ဖန် ပေးအပ်၏ ဟူသည်ကား စာရေးတံတို့ကို မတောင်းသဖြင့် ယူကြသည်ဟု ဆို၍ ပြန်ယူ၍ သုံးကြိမ်တိုင်အောင် ပေးအပ်၏။ ဓမ္မဝါဒီ တစ်ပါးတလေမျှ ပိုလွန်သောအခါ ကောင်းစွာ ယူကြသည်ဟု ပြောကြားအပ်၏။
ထိုဓမ္မဝါဒီတို့ ဆိုသောအတိုင်း ထိုအဓိကရုဏ်းကို ငြိမ်းစေအပ်၏။ အကယ်၍ သုံးကြိမ်တိုင်အောင် အဓမ္မဝါဒီတို့သာ များကုန်အံ့၊ ယနေ့ အခါမဟုတ်သေး၊ နက်ဖြန်မှ ငါတို့သိကုန်အံ့ ဟု နေရာမှထ၍ အလဇ္ဇီ အသင်း ပျက်အောင်၊ အဓမ္မဝါဒီအသင်းကို ရှာ၍ နောက်တစ်နေ့၌ စာရေးတံ ပေးအပ်၏။ ဤကား ဂုဠကပေးနည်းတည်း။
ဗာလပရိသတ် သကဏ္ဏဇပ္ပက၌ သံဃာ့ မထေရ်သည် အဓမ္မဝါဒီ စာရေးတံကို ယူအံ့၊ အရှင်ဘုရားသည် အရွယ်ကြီးရင့်ပါပြီ၊ ဤသို့ ပြုခြင်းမသင့်ပါ၊ ဤကား ဓမ္မဝါဒီစာရေးတံ ဖြစ်ပါသည် ဟု သိသာအောင်ပြအပ်၏၊ သိ၍ယူလျှင် ပေးအပ်၏၊ မသိသူဖြစ်လျှင် သူတစ်ပါးအား မပြောပါလင့် ဟု ဆိုအပ်၏။ အကြွင်းသည် ဆိုပြီးသောနည်း ရှိပြီ။ ဝိဝဋကား ဟင်းလင်းပွင့်သော အနက်ရှိ၏။
(ဝိဋီ ... အသွယ်သွယ် ပြုခြင်းကား ငယ် ကြီး၊ တို ရှည်၊ အမှတ်အသားတို့နှင့် ယှဉ်သော စာရးတံတို့ကို ပြုအပ်ကုန်၏။)
အနုဝါဒငြိမ်းကြောင်း လေးပါး
အနုဝါဒါဓိကရုဏ်းသည် အဘယ်မျှသော သမထတို့ဖြင့် ငြိမ်းသနည်း။ အနုဝါဒါဓိကရုဏ်းသည် သမ္မုခါဝိနည်း၊ သတိဝိနည်း၊ အမုဠှဝိနည်း၊ တဿပါပိယျသိကာ ဝိနည်း လေးပါးတို့ဖြင့် ငြိမ်း၏။
မုခါ၊ သတိ (၂) မုဋ်၊ ပါပိ (၂) ငြိမ်းဘိ နုဝါဒါ။
သမ္မုခါ သတိနှစ်ပါးဖြင့် (တစ်နည်း) အနုဝါဒါဓိကရုဏ်းသည် အမုဠှ၊ တဿာပါပိယျသိကာ ဝိနည်းနှစ်ပါးသို့ မရောက်ဘဲ သမ္မုခါ ဝိနည်း၊ သတိဝိနည်း နှစ်ပါးတို့ဖြင့် ငြိမ်းခြင်းသည် ဖြစ်ရာ၏လော။ ဖြစ်ရာ၏၊ဟု ဆိုအပ်သည် ဖြစ်ရာ၏။
ဖြစ်ပုံကား-
ဤသာသနာ၌ ရဟန်းတို့သည် ရဟန်းကို အရင်းမရှိသော သီလဝိပတ္တိဖြင့် စွပ်စွဲကုန်အံ့၊ ချစ်သားတို့ ... သတိပြန့်ပြောသော (ရဟန္တာဖြစ်သော) ထို ရဟန်းအား သတိဝိနည်း ပေးအပ်၏။ (ပေးပုံ၌ သတ္တိဝိနည်း တောင်းခြင်း၊ ပေးခြင်းကို ရှေး၌ ဆိုပြီးပြီ။
ချစ်သားတို့ .... ဤသတိဝိနည်း ပေးခြင်းသည် အဓိကရုဏ်း ငြိမ်းသည်မည်၏။ သမ္မုခါ၊ သတိ ဝိနည်း နှစ်ပါးဖြင့် ငြိမ်း၏။ သမ္မုခါ လေးပါး တူပြီ။ စောဒကစုဒိတကနှစ်ဦးတို့ မျက်မှောက်ဖြစ်ခြင်းသည် ပုဂ္ဂလသမ္မုခတာ မည်၏။ ဤမျှထူးသည်။
သတိ ဝိနည်းကံပြုခြင်း လာရောက်ခြင်း၊ မတားခြင်းသည် သတိဝိနည်း မည်၏။ ဥက္ခောဋနက ပါစိတ်၊ ခီယနကပါစိတ် တူပြီ။ (သတိဝိနည်း ပေးပြီးသူ၌ တစ်စုံ တစ်ယာက်၏ စွပ်စွဲခြင်းသည် မရောက်ပြီ။)
မုခါ အမုဠှနှစ်ပါးဖြင့် အနုဝါဒါဓိကရုဏ်းသည် သတိ၊ ပါပိ နှစ်ပါးသို့ မရောက်ဘဲ သမ္မုခါ၊ အမုဠှနှစ်ပါးတို့ဖြင့် ငြိမ်းခြင်းသည် ဖြစ်ရာ၏လော၊ ဖြစ်ရာ၏ဟု ဆိုအပ်၏။
ဖြစ်ပုံကား-
ဤသာသနာ၌ ရဟန်းတို့သည် ရူးသော ဖောက်ပြန်စွာကျင့်သော ရဟန်းကို စွပ်စွဲကုန်အံ့။ ထိုရူးသော ရဟန်းအား အမုဠှဝိနည်း ပေးအပ်၏။ ပေးပုံ သိလောက်ပြီ။ အမုဠှဝိနည်း ပေးခြင်းသည် အဓိကရုဏ်း ငြိမ်းသည်မည်၏။ သမ္မုခါ၊ အမုဠှ ဝိနည်း နှစ်ပါးဖြင့် ငြိမ်း၏။ သမ္မုခါလေးပါး တူပြီ၊ အမူဠှဝိနည်းကံပြုခြင်း၊ လာရောက်ခြင်း၊ မတားခြင်းသည် အဠဝိနည်းမည်၏။ ဥက္ကောဋနက ပါစိတ်၊ ခီယနကပါစိတ်တူပြီ။ အမုဠှ ဝိနည်း ပေးပြီးသူ၌ တစ်စုံတစ်ယောက်၏ စွပ်စွဲခြင်းမရောက်။)
မုခါပါပိနှစ်ပါးဖြင့် အနုဝါဒါဓိကရုဏ်းသည် သတိ၊ အမုဠှ နှစ်ပါးသို့ မရောက်ဘဲ သမ္မုခါ၊ တဿပါပိယျသိကာ၊ နှစ်ပါးတို့ဖြင့် ငြိမ်းခြင်းသည် ဖြစ်ရာ၏လော။ ဖြစ်ရာ၏ဟု ဆိုအပ်၏။
ဖြစ်ပုံကား--
ဤသာသနာ၌ ရဟန်းတို့သည် ရဟန်းကို သံယာ့ အလယ်၌ ပါရာဇိက ဂရုကအာပတ်ဖြင့် စောဒနာသောအခါ မသိဟု ပယ်အံ့။ ဒုတိယတစ်ဖန် မေးသောအခါ အနည်းငယ်သော အာပတ်သို့ ရောက်သည်ကိုသိပါ၏ ဟုဝန်ခံအံ့။ တတိယအခါ ဤအပြစ်ငယ်ကိုပင် မမေးဘဲ ဝန်ခံသေးသည်။ အပြစ်ကြီးကိုမေးလျှင် အဘယ်မှာ ဝန်မခံဘဲ ရှိအံ့နည်းဟု ဆိုအံ့။ စတုတ္ထအကြိမ် “အပြစ်ငယ်ကို မမေးဘဲ ဝန်မခံသော သင်သည် အပြစ်ကြီးကို အဘယ်မှာ ဝန်ခံအံ့နည်း” ဟု မေးသောအခါ ဂရုကအာပတ်သို့ ရောက်သည်ကို သိပါ၏။ ချွတ်ချော်၍ မသိဟူ၍ ဆိုမိပါသည်ဟု ဝန်ခံအံ့။
ချစ်သားတို့ ... ထိုသို့ ယုတ်မာသော ရဟန်းအား တဿာပါပိယျ- သိကကံကို ပြုအပ်၏။ ပြုပုံးရှေး၌ ဆိုပြီးပြီ။ ဤ ကံပြုခြင်းသည် အဓိကရုဏ်း ငြိမ်းသည် မည်၏။ သမ္မုခါ၊ တဿာပါပိယျသိကာ နှစ်ပါးဖြင့် ငြိမ်း၏။ သမ္မုခါလေးပါး တူပြီ။ တဿာပါပိယျသိကာ ကံပြုခြင်း၊ လာရောက်ခြင်း မတားခြင်းသည် တဿာပါပိယျသိကာ ဝိနည်းမည်၏။ ဥက္ကောဋနကပါစိတ်၊ ခီယနကပါစိတ် တူပြီ။
(ထာ ... ပါရာဇိကသာမန္တကား မေထုန၌ ဒုက္ကဋ်၊ အဒိန္နာစသည် တို့၌ ထုလ္လစ္စဉ်းဖြစ်၏။ ပထမ မသိဟု ဖြေဖျောက်သည်ကို ဒုတိယမေးခြင်းဖြင့် ရစ်ပတ်သောအခါ ပါရာဇိကကို ဖုံးလို၍ အနည်းငယ် သိပါ၏ဟု ဝန်ခံသည်။ နောက်ထပ် ရစ်ပတ်သောအခါ သိပါ၏ ဟု ဝန်ခံခဲ့ခြင်းကြောင့် ငါ့ကိုဖျက်ဆီးကုန်လတ္တံ့ ဟု “ကြောက်၍၊ ချွတ်ချော်၍ စသည်” ကို ဆို၏။ ထိုရဟန်းအား တဿပါပိယကံကို ပြုအပ်၏။
သီလရှိသူဖြစ်လျှင် ကျင့်ဝတ်ကို ဖြည့်ကျင့်၍ ကံငြိမ်းခြင်းကို ရလတ္တံ့။ ထိုသို့မဟုတ်လျှင် ထိုအတိုင်း ဖျက်ဆီးအပ်သူသာ ဖြစ်လတ္တံ့။ အကြွင်းပေါ်လွင်ပြီ။ (အနုဝါဒါဓိကရုဏ်း၌ နှစ်ဖက်စကား နားထောင်၍ အာပတ်မရှိလျှင် နှစ်ဦးလုံး သည်းခံစေ၍ အာပတ်ရှိလျှင် ဤမည်သော အာပတ်ဟု ဆုံးဖြတ်၍ သမ္မုခါ ဝိနည်းဖြင့်သာ ငြိမ်းခြင်းကိုလည်း ကင်္ခါ၌ဆိုသည်။)
အာပတ္တိ ငြိမ်းကြောင်း သုံးပါး
အာပတ္တာဓိကရုဏ်းသည် အဘယ်မျှသော သမထတို့ဖြင့် ငြိမ်းသနည်း။ အာပတ္တာဓိကရုဏ်းသည် သမ္မုခါ ဝိနည်း ပဋိညာတကရဏဝိနည်း၊ တိဏဝတ္တာရကဝိနည်း သုံးပါးတို့ဖြင့် ငြိမ်း၏။
မုခါ၊ ဋိညာဉ် (၂) တိဏယှဉ် (၁) ငြိမ်းစင်အာပတ္တာ။
မုခါဋိညာဉ်နှစ်ပါးဖြင့် အာပတ္တဓိကရုဏ်းသည် တိဏ္ဏဝတ္တာာရက ဝိနည်းတစ်ပါးသို့ မရောက်ဘဲ သမ္မုခါ၊ ပဋိညာတကရဏ ဝိနည်းနှစ်ပါးတို့ဖြင့် ငြိမ်းခြင်းသည် ဖြစ်ရာ၏လော။ ဖြစ်ရာ၏ဟု ဆိုအပ်၏။
ဖြစ်ပုံကား –
ဤသာသနာ၌ လဟုက အာပတ် ရောက်သော ရဟန်းသည် ရဟန်းတစ်ပါးထံ ချဉ်းကပ်၍ စမ္ပယ်တင်၍ ဆောင့်ကြောင့် ထိုင်၍ လက်အုပ်ချီ၍ .. အဟံ အာဝုသော ဣတ္ထန္နာမံ အာပတ္တိံ အာပန္နော တံပဋိဒေသေမိဟု ဒေသနာ ကြားအပ်၏။
ဒေသနာခံသူသည် ပဿာသိဟု ဆိုအပ်၏။ အာမပဿာမိဟု ဝန်ခံသောအခါ အာယတိံ သံဝရေယျာသိဟု ဆိုအပ်၏။ ဝါ-ဝန်ခံသည့် အလျှောက် ပြုအပ်၏။ ဤသို့ပြုခြင်း (ပဋိညာတ၊ ကရဏ) သည် အဓိကရုဏ်း ငြိမ်းသည် မည်၏။ သမ္မုခါ၊ ပဋိညာတကရဏ ဝိနည်းနှစ်ပါး ဖြင့် ငြိမ်း၏။ (သံဃသမ္မုခတာ မပါ) သမ္မုခါသုံးပါး တူပြီ။ ဒေသနာကြားသူ၊ ဒေသနာခံသူ နှစ်ဦးတို့ မျက်မှောက်ဖြစ်ခြင်းသည် ပုဂ္ဂလသမ္မုခတာ မည်၏။ ဤမျှထူးသည်။ ပဋိညာတကရဏကံ ပြုခြင်း၊ လာရောက်ခြင်း၊ မတားခြင်းသည် ပဋိညာတကရဏဝိနည်း မည်၏။
ဒေသနာခံသော ရဟန်းသည် လှုပ်ချောက်ခြားအံ့။ ဥက္ကောဋနက ပါစိတ်။ (ဤ၌ ခီယနကပါစိတ် မရှိ)။ ဤသို့ရလျှင်အပြစ်ရှိ။ မရလျှင် သမ္ပဟုလရဟန်း (သုံးပါး) တို့ထံ၌ လက်အုပ်ချီ၍ အဟံဘန္တေ ... စသည်ဖြင့် ဒေသနာကြားအပ်၏၊ ဗျတ္တရဟန်းသည် သုဏန္တုမေ အာယသ္မန္တာ စသော ဂဏဉာတ်ဖြင့် ထိုရဟန်းတို့ကို သိစေ၍ ပဿသိ-ဟု အာမပဿာမိ-ဟု အာယတိံ သံဝရေယျာသိ-ဟု ဆိုအပ်၏။ ဤသို့ပြုခြင်းသည် အဓိကရုဏ်း ငြိမ်းသည်မည်၏။ ပိနည်းနှစ်ပါးဖြင့် ငြိမ်း၏။ သမ္မုခါသုံးပါး၊ ဥက္ကောဋနက ပါစိတ်တူပြီ။
ဤသို့ရလျှင်အပြစ်ရှိ၊ မရလျှင်သံဃာထံ လက်အုပ်ချီ၍ အဟံ ဘန္တေ .. စသည်ဖြင့် ဒေသနာ ကြားအပ်၏။ ဗျတ္တသည် သုဏာတုမေ ဘန္တေသံဃော ..စသော သံဃာ့ဉာတ်ဖြင့် သိစေ၍ ပဿသိ-ဟု အာမပဿာမိ-ဟု အာယတိံ သံဝရေယျာသိ-ဟု ဆိုအပ်၏။ ဤသို့ပြုခြင်းသည် အဓိကရုဏ်းငြိမ်းသည် မည်၏။ ဝိနည်းနှစ်ပါးဖြင့် ငြိမ်း၏။ သမ္မုခါ လေးပါး၊ ဒေသနာခံပုဂ္ဂိုလ်၏ ဥက္ကောဋနကပါစိတ် ဆန္ဒပေးသူ၏ ခီယနကပါစိတ် တူပြီ။
(အာမပဿာမိ ဟု ဆိုခြင်းသည်၊ ပရိဝါသ်မာနတ် တောင်းခြင်းသည် ပဋိညာတ မည်၏။ အာယတိံ သံဝရေယျာသိ ဟု ဆိုခြင်းသည် ပရိဝါသ်မာနတ် ပေးခြင်းသည် ပဋိညာတကရဏ မည်၏။ ပဋိညာတေန ကရဏံ-ပဋိညာတရဏံ၊ ဝန်ခံခြင်းဖြင့်-ပြုသော ဝစီကံမှု။)
မုခါတိဏနှစ်ပါးဖြင့်၊ အာပတ္တာဓိကရုဏ်းသည် ပဋိညာတကရဏ ဝိနည်းတစ်ပါးသို့ မရောက်ဘဲ သမ္မုခါ၊ တိဏဝိတ္တာရက ဝိနည်းနှစ်ပါးဖြင့် ငြိမ်းခြင်းသည် ဖြစ်ရာ၏လော၊ ဖြစ်ရာ၏ဟု ဆိုအပ်၏။ ဖြစ်ပုံကား ... ဤသာသနာ၌ ငြင်းခုံသော ရဟန်းတို့အား လွန်ကျူးခြင်း များစွာ ဖြစ်၍ ဤအချင်းချင်း ဆုံးဖြတ်လျှင် ကြမ်းတမ်းခြင်းငှါ သံဃာ ကွဲခြင်းငှါ ဖြစ်ရာ၏ဟု အကြံဖြစ်အံ့၊ ချစ်သားတို့ .... ဤသို့သော အဓိကရုဏ်းကို တိဏဝိတ္တာရကကံဖြင့် ငြိမ်းစေခြင်းငှါ ခွင့်ပြု၏။
ငြိမ်းစေပုံကား - ရဟန်းအားလုံး စည်းဝေး၍ ထုလ္လဝဇ္ဇ၊ ဂိဟိပဋိသံယုတ္တဖယ်၍ တိဏဝတ္တာရကကံဖြင့် ဤအဓိကရုဏ်းကို ငြိမ်းစေ၏ဟု သံဃာကို သိစေသော ဉတ္တိကံတစ်ခု၊
တိဏဝတ္တာရကကံဖြင့် ဒေသနာကြားမည်ဟု မိမိပက္ခကို သိစေသော ဉတ္တိကံတစ်ခုစီ။
တိကဝတ္တာရကကံဖြင့် ဒေသနာကြားရာ၏၊ ကြား၏၊ ကြားပြီဟု သံဃာကို သိသော ဉတ္တိဒုတိယကံ တစ်ခုစီ- ရှေး၌ဆိုပြီးပြီ။
ဤတိဏဝတ္တာရကကံ ပြုခြင်းသည် အဓိကရုဏ်း ငြိမ်းသည် မည်၏။ သမ္မုခါ၊ တိဏဝတ္တာရက-ဝိနည်း နှစ်ပါးဖြင့် ငြိမ်း၏။ သမ္မုခါ လေးပါး တူပြီ။ တိဏဝတ္တာရကကံ ပြုခြင်း လာရောက်ခြင်း၊ မတားခြင်းသည် တိဏဝတ္တာရကဝိနည်း မည်၏။ ဥက္ကောဋနကပါစိတ်၊ ခီယနကပါစိတ် တူပြီ။
ကိစ္စငြိမ်းကြောင်း တစ်ပါး
ကိစ္စာဓိကရုဏ်းသည် အဘယ်မျှသော သမထတို့ဖြင့် ငြိမ်းသနည်း။ ကိစ္စာဓိကရုဏ်းသည် သမ္မုခါဝိနည်း ဟူသော သမထဝိနည်း တစ်ပါးဖြင့် ငြိမ်း၏။
မုခါဖြင့်ချည်း (၁) ကိစ္စပြီး-ငြိမ်းနည်း ဤသို့လာ။
(ဝိဋီ ... အပလောကနကံ စသော လေးပါသည် ကိစ္စာဓိကရုဏ်း မည်၏။ ထိုကိစ္စာဓိကရုဏ်းကို ဝိဝါဒါဓိကရုဏ်း စသည်တို့ကဲ့သို့ သမထ ဝိနည်း၊ အများတို့ဖြင့် ငြိမ်းစေအပ်သည် မဟုတ်။ သမ္မုခါ ဝိနည်း တစ်ခုတည်းဖြင့် ငြိမ်းစေအပ်၏၊ ပြည့်စုံ၏ ဟူလို။
သာဋီ ... ဇီဋီ ကဲ့သို့ ဆို၍၊ သမ္မတိ-ငြိမ်း၏-ဟူသည်၌ သမ္ပဇ္ဇတိ-ပြည့်စုံ၏ ဟူသော အနက်ကို ယူအပ်၏၊ အကြွင်းသိလွယ်ပြီဟု ဆို၏။
ဝိဋီ ... သမ္မုခါ ဝိနည်းဖြင့် အပလောကန စသောကံ လေးပါးသည် ပြည့်စုံ၏-ဟု အနက်ကို မှတ်အပ်၏။)
ငြိမ်းခြင်းအကျဉ်း
(ဝိဝါဒသည် မုခါ၊ ယေဘု-နှစ်ပါးဖြင့် ငြိမ်း၏ ဟူရာ၌ မုခါဖြင့် လည်းကောင်း၊ မုခါ ယေဘု-ဖြင့်လည်း ကောင်း၊ နှစ်မျိုးဟော၏။ မုခါ၌လည်း ထိုကျောင်း၌၊ ခရီးအကြား၌၊ ကျောင်းတစ်ပါး၌ ဟု သုံးမျိုး၊ ဥဗ္ဗာဟိကာ၊ ဓမ္မကထိက ဖယ်ခြင်း။ ဒွယဟု သုံးမျိုး။ မုခါယေဘု၌ စာရေးတံပေး သုံးမျိုး ဟော၏။ ကင်္ခါဋီကာ၌ ထိုကျောင်း၌ပင် ပါဠိမုတ္တကနှင့် နှစ်မျိုး ပြ၏။
အနုဝါဒသည် … လေးပါးဖြင့် မုခါသတိဖြင့်၊ မုခါဠဖြင့်၊ မုခါပါပိဖြင့် သုံးမျိုးဟော၏။ ကင်္ခါ၌ သမ္မုခါ သက်သက်ဖြင့်လည်း ပြ၏၊
အာပတ္တာသည် ... သုံးပါးဖြင့် ...၌ မုခါ, ဋိညာဖြင့်၊ မုခါ, တိဏ ဖြင့် နှစ်မျိုး။ မုခါ ဋိညာ၌ တစ်ပါးထံ၊ သမ္ပဟုလာထံ၊ သံဃာထံ သုံးမျိုး ဒေသနာကြားပုံ ဟော၏။ မုခါတိဏ၌ သံဃာ့ဉာတ် တစ်ကြိမ်၊ ပက္ခဉာတ်တစ်ကြိမ်စီ၊ ဒေသနာကြား ဉတ္တိဒုတိယတစ်ကြိမ်စီ ဟော၏။ သမ္မုခါသက်သက် မရှိ၊ ပရိဝါ၌ နှစ်ပါး, သုံးပါး, ပြိုင်တူ ဒေသနာ ကြားအပ်၏။ လေးပါး ငါးပါး ပြိုင်တူ မအပ်-ဟု ဆိုသည်။
ကိစ္စာသည် သမ္မုခါတစ်ပါးတည်းဖြင့် ပြီး၏။ အပြားမရှိ။)
သမထက္ခန္ဓက ပြီး၏။
၅။ ခုဒ္ဒကတဝတ္ထုက္ခန္ဓက
ချေးတွန်းမှုများ
ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်း ကလန္ဒာနိဝါပ၌ နေတော်မူ၏။ ထိုအခါ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် ရေချိုးလတ်သော် ရုက္ခ-သစ်ပင်၌ ကိုယ်ကို ပွတ်တိုက်ကုန်၏။ ပေါင်၊ လက်ရုံး၊ ရင်၊ ကျောက်ကုန်းကိုလည်း ပွတ်တိုက်ကုန်၏။ မလ္လမုဋ္ဌိက- လက်ဝှေ့တိုက်သူကဲ့သို့၊ ဂါမမောဒ္ဒ၀ - တန်ဆာ ဆင်လိုသော မြို့သားတို့ကဲ့သို့ ဟု လူတို့ ကဲ့ခဲ့ကုန်၏။ မြတ်စွာဘုရားသည် ကဲ့ရဲ့၍၊ “ချစ်သားတို့ ... ရေချိုးသော ရဟန်းသည် သစ်ပင်၌ ကိုယ်ကို မပွတ်တိုက်အပ်၊ ပွတ်တိုက်ငြားအံ့၊ ဒုက္ကဋ်”-ဟု မိန့်တော်မူ၏။
အခါတစ်ပါး ဆဗ္ဗဂ္ဂီတို့သည် ရေချိုးလတ်သော် ထမ္ဘ-တိုင်၌ ပွတ်တိုက်ကုန်၏။ ထို့အတူ ကဲ့ရဲ့ကုန်၏။ “ချစ်သားတို့ ... ရေချိုးသောရဟန်းသည် တိုင်၌ ကိုယ်ကို မပွတ်တိုက်အပ်၊ ဒုက္ကဋ်”။
ကူဋ-နံရံ၌ ပွတ်တိုက်ကုန့် ၏။ ရှေးအတူ ကဲ့ရဲ့ကုန်၏။ “ချစ်သားတို့.... ရေချိုးသော ရဟန်းသည် နံရံ၌ မပွတ်တိုက်အပ် - ဒုက္ကဋ်။
ဆဗ္ဗဂ္ဂီတို့သည် အဋန-သစ်ပြောက်၌ ရေချိုးကုန်၏။ ကာမဘောဂီတို့ကဲ့သို့ ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ … သစ်ပြောက်၌ ရေမချိုးအပ်-ဒုက္ကဋ်။
ဂန္ဓဟတ္ထကေန - သစ်မျောက်လက်ဖြင့် ရေချိုးကုန်၏။ ကာမဘောဂီတို့ကဲ့သို့-ဟု ကဲ့ရဲ့ကုန် ၏။ ချစ်သားတို့ ... သစ်မျောက်လက်ဖြင့် ရေမချိုးအပ် ဒုက္ကဋ်။
ကုရုဝိန္ဒက သုတ္တိယာ-မှတ်ကျောက်မှုန့် အချောင်းဖြင့် ရေချိုးကုန်၏။ ကာမဘောဂီတို့ ကဲ့သို့ဟူ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... မှတ်ကျောက်မှုန့်အချောင်းဖြင့် ရေ မချိုးအပ်-ဒုက္ကဋ်။
ဆဗ္ဗဂ္ဂီတို့သည် ဝိဂ္ဂယှ- ကိုယ်ချင်းပွတ်၍ ချေးတွန်းမှု ပြုကုန်၏။ ချစ်သားတို့ ... ကိုယ်ချင်းပွတ်၍ ချေးတွန်းမှု မပြုအပ်-ဒုက္ကဋ်။
မလ္လကေန- ထွေးခံအခြေသဏ္ဌာန် ခွက်ငယ်ဖြင့် ရေချိုးကုန်၏။ ချစ်သားတို့ ... ခွက်ငယ်ဖြင့် ရေမချိုးအပ်-ဒုက္ကဋ်။
ရဟန်းတစ်ပါးအား ကစ္ဆု- ဝဲကြီးနာဖြစ်၏။ ခွက်ငယ်နှင့်ကင်း၍ သက်သာခြင်းမဖြစ်။ ချစ်သားတို့ ... ဂိလာနအား အကတမလ္လက-ခွေးသွားစိပ် မထုသော ခွက်ငယ်ကိုခွင့်ပြု၏။
ရဟန်းတစ်ပါးသည် ဇရာဒုဗ္ဗလ အိုမင်း အားနည်း၏။ ရေချိုးသောအခါ မိမိကိုယ်ကို ပွတ်တိုက်ခြင်းငှါ မတတ်နိုင်။ ချစ်သား ... ဥက္ကာသိတံ - ရေသနုပ်ပုဆိုးကျစ်ကို ခွင့်ပြု၏။
ရဟန်းတို့သည် ပိဋ္ဌိပရိကမ္မံ - ကျောက်ကုန်း ချေတွန်းခြင်းကို ပြုခြင်းငှါ အလို့လို့ဖြစ်ကုန်၏။ ချစ်သားတို့ ... ပုထုပါဏိယံ-လက်အပြင်ဖြင့် ချေးတွန်းခြင်းကို ခွင့်ပြု၏။
(ထာ … မေလ္လမုဋ္ဌိကသည် မုဋ္ဌိကမလ္လဖြစ်၏။ (ဝိသေသန-နောက်ကျ ဟူလို။)
ဂါမမုဒ္ဒဝသည် အရေအဆင်း တပ်စွဲအောင် တန်ဆာဆင်ခြင်းငှါ အားထုတ်သော မြို့ကြီးသားဖြစ်၏။ ဂါမေမောဒ္ဒဝ-သော်လည်း ရှိ၏။ ထိုအနက်ပင်တည်း။
ထမ္ဘသည် ရေချိုးဆိပ်၌ စိုက်ထားသောတိုင် ဖြစ်၏။
ကုဋ္ဋသည် အုတ်, ကျောက်, သစ်သား အားဖြင့် နံရံတစ်ခုခု ဖြစ်၏။
အဋ္ဋာနသည် သစ်တုံးကို ပျဉ်ကဲ့သို့ရွေ၍ အဌပါဒါကာရတန်ကျစ် (ရှစ်ကွက်ကျား သစ်ပြောက်) ထု၍ ရေဆိပ်၌ စိုက်ထား၏။ ထို သစ်ပြောက်(အကွက်)၌ ကသယ်မှုန့်ကြဲ၍ လူတို့သည် ကိုယ်ကို ပွတ်တိုက်ကုန်၏။
ဂန္နဗ္ဗဟတ္တကသည် ရေချိုးဆိပ်၌ ထားသော လက်အသွင်သစ်သား ဖြစ်၏။ ထိုလက်ဖြင့် ကသယ်မှုန့်ယူ၍ ကိုယ်ကို ပွတ်တိုက်ကုန်၏။
ကုရူဝိန္ဒကသုတ္တိသည် မှတ်ကျောက်မှုန့်ကို ချိပ်ဖြင့်ထွေး၍ ပြုသော လုံးသော အချောင်းဖြစ်၏။ ၎င်းကို အစွန်းနှစ်ဖက်၌ ကိုင်၍ ကိုယ်ကိုပွတ်တိုက်ကုန်၏။
မလ္လကသည် ကောရဒန္တက-မကာရ်း သွား, ခွေးသွားစိပ် ထု၍ မလ္လကမူလ-ထွေးခံ အခြေသဏ္ဌာန်ဖြင့် ပြုသော ခွက်ငယ်ဖြစ်၏။ ဤ ခွက်ငယ်သည် ဂိလာနအားလည်း မအပ်၊ ခွေးသွားစိပ်မထုသော ခွက်ငယ်သည် အဂိလာနအားသာ မအပ်။ အုတ်ခဲပိုင်း၊ အိုးခြမ်းကွဲကားအပ်၏။
ဥက္ကာသိကသည် ကျစ်သောအဝတ်ဖြစ်၏။ ထိုကြောင့် ရေချိုးသူတိုင်း ရေသနုပ်ကျစ်ဖြင့် ကျောက်ကုန်း ပွတ်ခြင်းငှါ အပ်၏။
ပုထုပါဏိကသည် လက်ဖြင့် ချေးတွန်းခြင်း ဖြစ်၏။ ထိုကြောင့် ရဟန်းတိုင်း လက်ဖြင့် ကျောက်ကုန်း ချေးတွန်းမှု ပြုခြင်းငှါ အပ်၏။)
(ဇီဋီ ... ပုထုပါဏိနာ-ကတ္တဗ္ဗံကမ္မံ-ပုထုပါဏိကံ။
သာဋီ ... တန်ကျစ် ရှစ်ကွက်ကျား သဏ္ဍာန်သည် ကြွေအန်ကစားရာ ပျဉ်ပြားနှင့် တူ၏၊
မလ္လကမူလသည် ခေဠမလ္လကမူလ-တံထွေး ထူးရာ ထွေးခံ၏ အခြ ဖြစ်၏။
ဝိဋီ … အဋ္ဌပါဒါကာရ-တန်ကျစ်သည် ကြွေအန်ကစားရာ ပျဉ်ပြား၌ ရှစ်ကွက်ရေးသဏ္ဍာန် ဖြစ်၏။
မလ္လကမူလသည် ထွေးခံ အခြေ ဖြစ်၏။ လုံးသောတည်ရာကို ရည်၍ ဆိုသည်။ ဆူးတို့ကို ထစေ၍ ပြုသော လုံးသော ခွက်၏ အမည်ဖြစ်၏။
ပုထုပါဏိကံသည် လတ်ဆုပ်မပြုဘဲ ဖြန့်သော လက်အပြင်ဖြင့် ကျောက်ကုန်းချေးတွန်းခြင်းတည်း။ ၎င်းကို ရည်၍ ဟတ္ထပရိကမ္မ-လက်ဖြင့် ချေးတွန်းခြင်းဟု ဆိုသည်။)
(ဂန္ဓဗ္ဗလက်ကို မျောက်လက်။ မကာရ်းသွားကို ခွေးသွားစိပ်ဖြင့် ကျီးဦးစွန်းကို ကြက်တောင်စည်း၊ ကျီးခြေကို ကြက်ခြေ ဟု ရေးအပ်သည်ကိုလည်း သိအပ်၏။)
တန်ဆာဆင်ခြင်း
ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် ဗလ္လိကာ-နားသန်ကိုဆောင်ကုန်၏၊ ပါမင်္ဂံ - ဦးညွှတ်ကို၊ ဝါ-ဆောက်လုံးကို၊ သွယ်ပြောင်းကို၊ စလွယ်ကိုဆောင်ကုန်၏။ ကဏ္ဍသုတ္တက-လည်ပင်းကြိုးကို၊ ကဋိသုတ္တက- ခါးကြိုးကို၊ ဩဂဋိက - လက်ကောက်ကို၊ ကာယူရ - ခြေကျဉ်းကို၊ ဟတ္ထာဘရဏ-လက်ကြပ်ကို၊ အင်္ဂုလိမုဒိကာ-လက်စွပ်ကို ဆောင်ကုန်၏။ ကာမဘောဂီတို့ကဲ့သို့ ဟု လူတို့ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ .... နားသန်ကို မဆောင်အပ်။ စလွယ်ကို၊ လည်ပင်းကြိုးကို၊ ခါးကြိုးကို၊ လက်ကောက်ကို၊ ခြေကျဉ်းကို၊ လက်ကြပ်ကို၊ လက်စွပ်ကို မဆောင်အပ်-ဒုက္ကဋ်။
(ထာ ... ဝလ္လိကာသည် နားမှထွက်သော ပုလဲသွယ် စသည်ဖြစ်၏ အမှတ်မရှိ နားတန်ဆာ ဟူသမျှသည် ထမ်းရွက်မျှသော်လည်း မအပ်။
ပါမင်္ဂံသည် အမှတ်မရှိ ပလမ္ပသုတ္တက-ဦးညွှတ်ချည် ဖြစ်၏။
ကဏ္ဍသုတ္တကသည် လည်ပင်း၌ဆင်သော တန်ဆာ ဖြစ်၏။
ကဋိသုတ္တကသည် ခါးတန်ဆာဖြစ်၏။ ချည်မျှင်မျှလည်း မအပ်၊
သြဋိကသည် ဝလယ- လက်ကောက် ဖြစ်၏။ ကာယူရ-စသည်သည် ထင်ရှား၏။
ညှပ်ရိုးတို့၏ အောက်၌ ဟတ္တာဘရဏ ဟူသော တန်ဆာအားလုံး မအပ်)
ဇီဋီ ... နားမှထုတ်သော ပုလဲသွယ်စသည်ဖြင့် ကုဏ္ဍလ--နားဍ္ောင်း စသည်ကို ယူအပ်၏။ ကာယူရ--ဟုပါဠိရှိ၏။ ဧကယူရ စသည်ဟု ဆရာမြတ်တို့ ဆိုကုန်၏။ သာရီ-ပုလဲသွယ်စသည်ဖြင့် ကုဏ္ဍလ စသည်ကို ယူအပ်၏။
ပလမ္ဗကသုတ္တသည် ယဇ်ပူဇော်ခြင်း အခြင်းအရာဖြင့် တွဲလျား ဆွဲသောကြိုး ဖြစ်၏။
ဝိဋီ … ပုလဲသွယ် စသည်ဖြင့် ကုဏ္ဍလ စသည်ကို ယူအပ်၏။
ပလမ္ပကသုတ္တသည် ပုဏ္ဏားတို့၏ ယဇ်ပူဇော်ရာ၌ ကြိုးစသော အခြင်းရာ ဖြစ်၏။
ဝလယသည်လက်ခြေတို့၏ ဝလယ-လက်ကောက် ခြေကျဉ်းဖြစ်၏။)
ဆံရှည်ထားခြင်း
ဆဗ္ဗဂ္ဂီတို့သည် ရှည်သောဆံပင်တို့ကို ဆောင်ကုန်၏။ (ဝါ-ဆံရှည်ထားကုန်၏။) ကာမဘောဂီတို့ကဲ့သို့ ဟု-လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ရှည်သောဆံပင်တို့ကို မဆောင်အပ်။ (ဝါ-ဆံရှည် မထားအပ်) ဒုက္ကဋ်။
ချစ်သားတို့ ... ဒွိမာသိသ - နှစ်သစ်ရှိသော ဆံပင်ကို လည်းကောင်း။ ဒုဝင်္ဂုသ - နှစ်လရှိသော ဆံပင်ကို လည်းကောင်း ခွင့်ပြု၏။
(ထာ … နှစ်အတွင်း နှစ်သစ်ရှည်လျှင် နှစ်လအတွင်း၌ပင် ရိပ်အပ်၏။ နှစ်သစ်တို့ကို လွန်စေခြင်းငှါ မအပ်။ မရှည်သော်လည်း နှစ်လမှ တစ်ရက်မျှပင် လွန်စေခြင်းငှါ မအပ်သည်သာတည်း။ နှစ်ပါးစုံဖြင့်လည်း ဤ အလွန်ဆုံး အပိုင်းအခြားကိုသာ မိန့်ဆိုအပ်၏။ ထိုအပိုင်းအခြား နှစ်ခု အတွင်း၌ မအပ်သော အဖြစ်မည်သည် ရှိ၊)
(မုတ်ဆိတ်၊ ကြင်စွယ်လည်း ထို့အတူ နှစ်လ၊ နှစ်သစ်ကို မလွန်စေရ။)
(ဝိဋီ … နှစ်သစ်တို့ကို ဟူသည် နှစ်သစ်ပမာဏကို လွန်စေခြင်းငှါ မအပ်ဟုဆိုလိုသည်။ နှစ်လ၊ နှစ်သစ်လွန်ခြင်းကို မသိသော်လည်း ကေသမဿု။ ဆံမုတ်ဆိတ် အရေအတွက်ဖြင့် အစိတ္တကအာပတ်တို့ သင့်ကုန်၏ ဟု ဆိုကုန်၏။)
ဘီးဖြီးခြင်း
ဆဗ္ဗဂ္ဂီတို့သည် ကောစ္ဆ--ဝက်မှင်ဖြင့် ဆံပင်ကိုကို ပြီးကုန်၏။ (ဖီးကုန်၏။ သကုန်၏။)
ဖဏက--ဘီးဖြင့် ဖြီးကုန်၏။
ဟတ္တဖဏက--လက်ဘီးဖြင့် ဖြီးကုန်၏။
သိတ္ထတေလက--ဖယောင်းဆီဖြင့် …
ဥဒကတေလက--ရေနှင့် ရောသောဆီဖြင့် ဖြီးကုန်၏။
လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ဝက်မှင်ဖြင့် ဘီးဖြင့်၊ လက်ဘီးဖြင့်၊ ဖယောင်းဆီဖြင့် ရေနှင့် ရောသော ဆီဖြင့် ဆံပင်ကို မဖြီးအပ်-ဒုက္ကဋ်။
(ထာ ... ဝက်မှင်ဖြင့် ဖြီးခြင်းကား တစ်စုံတည်း ကောင်းစွာ နေအောင် ဝက်မှင်ဖြင့် ခြစ်ခြင်းဖြစ်၏။ ခြစ်၍ စုစေခြင်းဖြစ်၏။
ဆင်စွယ်ဘီး သစ်သားဘီး စသည်သည် ဖဏမည်၏။ ဖဏာမည်၏။
လက်ဘီးဖြင့်ကား လက်ဖြင့်သာ ဘီးကိစ္စပြု၍ လက်ချောင်းတို့ဖြင့် ဖြီးကုန်၏။
သိတ္တတေလကသည် ဖယောင်းဆီ၊ ပျားဖယောင်း၊ သစ်ပင်အစေး စသော အစေး အချွဲ စိက္ကလ-ဖြစ်၏၊
ဥဒကတေလသည် ရေနှင့်ရောသော မီဿကဆီ ဖြစ်၏။ တန်ဆာ ဆင်ခြင်းငှါ ဖြီးသမျှအားလုံး၌ ဒုကုဋ်။ ဆံပင်မွေးအထက်သို့ ထောင်သော ရဟန်းသည်ကား လျော်စွာလဲကျစိမ့်သောငှါ လက်ကို ရေဆွတ်၍ ဦးခေါင်းကို သုတ်အပ်၏။ (သုံးသပ်အပ်၏။) ဦးခေါင်းပူသောရဟန်း၊ ဦးခေါင်းဖြူရှိသော ရဟန်းတို့အားကား အဒ္ဒဟတ္တ-စိုစွတ်သော လက်ဖြင့် သုံးသပ်ခြင်းငှါ အပ်၏။
(ဝိဋီ ... ကောစ္ဆသည် ပန်းရင်း၊ မြက်စသည်ကို စည်း၍ အညီဖြတ်၍ ယူအပ်သော ဝက်မှင်ကောစ္ဆဖြစ်၏။
စိက္ကဏ္ဏသည် အစေး၊ အချွဲ ရောသော ဆီဖြစ်၏။
အဒ္ဒဟတ္တသည် အလ္လဟတ္တ-စိုစွတ်သောလက် ဖြစ်၏။)
(ထာ၌ စိက္ကလ၊ သာဋီ၌ စိက္ကဏဝိ၌ စိက္ကဏ။ ဝိဋီ၌ စိက္ကဏ္ဏ။)
မှန်ကြည့်ခြင်း
ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် အာဒါသ--ကြေးမုံ မှန်ပြင်၌လည်းကောင်း၊ ဥဒကပတ္တ--ရေခွက်၌ လည်းကောင်း မျက်နှာရိပ်ကိုကြည့်ကုန်၏။ လူတို့ကဲ့ရဲ့ကုန်၏။ ချစ်သား ... မှန်၌ လည်းကောင်း၊ ရေခွက်၌လည်းကောင်း မျက်နှာရိပ်ကို မကြည့်အပ်။ ဒုက္ကဋ်။
ရဟန်း တစ်ပါးအား မျက်နှာ၌ အနားပါက်၏။ ငါ၏အနာ အဘယ်ကဲ့သို့ ဖြစ်နေသနည်းဟု မေး၏။ ဤသို့ဖြစ်သည်ဟု ရဟန်းတို့ပြောသည်ကို မယုံ။ ချစ်သားတို့ ... အနာဟူသော အကြောင်းကြောင့် မှန်၌ လည်းကောင်း၊ ရေခွက်၌ လည်းကောင်း မျက်နှာရိပ်ကို ကြည့်ခြင်းငှါ ခွင့်ပြု၏။
(ထာ ...ကံသပတ္တ-ကြေးခွက်စသော မျက်နှာရိပ်ထင်ရာ ဝတ္ထု အားလုံးသည်လည်း အာဒါသမည်၏။ ကဉ္ဇိယ--ပအုံးရည် စသည်လည်း ဥဒကပတ္တမည်၏။ ထိုကြောင့်အမှတ်မရှိ တစ်ခုခု၌ကြည့်သော ရဟန်းအား ဒုက္ကဋ်။ ငါ၏အနာသည် အသားနုတက်ပြီလော။ မတက်သေးသလောဟု သိလို၍ ကြည့်လျှင် အနာဟူသော အကြောင်းကြောင့် အနာပတ္တိ၊ ငါသည် အရွယ်ယုတ်ပြီလော၊ မယုတ်သေးသလော ဟု အာယုဟူသော သင်္ခါရကို ကြည့်ခြင်းငှါလည်း အပ်သည်ဟု ဆိုအပ်၏။) (အာယု၏ သင်္ခါရ။ ဝါ-အာယုဟူသော သင်္ခါရ)
အလှပြင်ခြင်း
ဆဗ္ဗဂ္ဂီတို့သည် - မျက်နှာကို အာလိမ္ပန္တိ လိမ်းကျံကုန်၏။
ဥမ္မဒေန္တိ--ပွတ်တိုက်ကုန်၏။
စုဝဏ္ဏန္တိ--ချေကုန်၏။
လဉ္ဇေန္တိ၊ မြင်းသီလာဖြင့် တံဆိပ်ခတ်ကုန်၏။ (ဝါ-မှန်ကူကုန်၏။)
အင်္ဂရာဂ-လက်သည်း စသော အင်္ဂါ၌ ဒန်းဆိုးခြင်းကိုပြုကုန်၏၊
မုခရာဂ--နှုတ်ခမ်းဆိုးခြင်းကို ပြုကုန်၏။ (ဝါ-နှုတ်သီးဆေးဆိုးကုန်၏။)
အင်္ဂါဒန်းဆိုး၊ နှုတ်ခမ်း ဆေးဆိုး (နှစ်မျိုးလုံး) ပြုကုန်၏။ လူတို့ကဲ့ရဲ့ကုန်၏။
ချစ်သားတို့ ... မျက်နှာကို မလိမ်းကျံအပ်၊ မပွတ်သပ်အပ်၊ မချေအပ်၊ မြင်းသီလာဖြင့် တံဆိပ်မခတ်အပ်၊ အင်္ဂါဒန်းဆိုးခြင်း မပြုအပ်၊ နှုတ်ခမ်းဆေးဆိုးခြင်း မပြုအပ်။ အင်္ဂါဒန်းဆိုး၊ နှုတ်ခမ်းဆိုးခြင်း မပြုအပ်၊ ဒုက္ကဋ်။ ရဟန်းတစ်ပါးအား မျက်စိ အနာရောဂါ ဖြစ်၏။ ချစ်သားတို့ … အနာ ဟူသော အကြောင်းကြောင့် မျက်နှာကို လိမ်းကျံခြင်းငှါ ခွင့်ပြု၏၊
(ထာ ... အာလိမ္ပန္တိ ဟူသည် ကြည်လင်သော အရေအဆင်း၏ တပ်စွဲကြောင်း တင့်တယ်ကြောင်း လိမ်းစရာတို့ဖြင့် လိမ်းကျံကုန်၏။
ဥမ္မဒ္ဒေန္တိကား - အထူးထူးသော ပတ်တိုက်စရာတို့ဖြင့် ပွတ်တိုက်ကုန်၏။
စုဏ္ဏေန္တိကား-- မျက်နှာချေလွင်မှုန့်တို့ဖြင့် ချေကုန်၏။
လဉ္ဇေန္တိကား- မနောသီလာ၊ မြင်းသီလာဖြင့် မှန်ကူခြင်း စသော တံဆိပ်ခတ်ခြင်းတို့ကို ပြုကုန်၏။ ထိုမှန်ကူ စသည်တို့သည် ဟရိတာလ- ဆေးဒန်း စသည်တို့ဖြင့် သော်လည်း မအပ်ကုန်သည်သာတည်း။ အင်္ဂရာဂ၊ မုခရာဂတို့သည် ပေါ်လွင်ကုန်၏။ ထိုအလုံးစုံ၌ ဒုက္ကဋ်။)
(နှုတ်ခမ်းလှအောင် နီရုံ ကွမ်းစားသည်ကိုလည်း မုခရာ-နှုတ်သီးဆိုးသည်-ဟု ဆိုကုန်၏။)
ပွဲကြည့်ခြင်း
ထိုအခါ ရာဇဂြိုလ်၌ တောင်ထိပ်ပွဲသဘင်သည် ဖြစ်၏။ ဆဗ္ဗဂ္ဂီတို့သည် တောင်ထိပ်ပွဲသဘင်ကို ကြည့်ရှုခြင်းငှါ သွားကုန်၏။ လူတို့ကဲ့ရဲ့ကုန်၏၊ ချစ်သားတို့ ... နစ္စ၊ ဂီတ၊ ဝါဒိတကို ကြည့်ရှုခြင်းငှါ မသွားအပ်၊ သားငြားအံ့-ဒုက္ကဋ်။ (မိမိနေရာမှ မသွားလျှင် ကြည့်သော်လည်း အာပတ်မသင့်။)
(ထာ … နစ္စ ဟူသမျှ ဥဒေါင်းကခြင်းမျှကိုသော်လည်း ကြည့်ရှုခြင်းငှါ သွားသောရဟန်းအား ဒုက္ကဋ်။ ကိုယ်တိုင်ကသူ၊ သူတစ်ပါးကို ကစေသူတို့အားလည်း ဒုက္ကဋ်သာတည်း။
နဋဂီတ - ကချေသည်၏တေး၊ သာဓုဂီတ - သူတော်ကောင်းတရားနှင့် စပ်သောတေး၊ အယုတ်ဆုံး ဒန္တဂီတ မျှကိုပင် ကြည့်ရှု နားထောင်ခြင်းငှါ သွားသူအား ဒုက္ကဋ်။
တေးမဆိုမီ ပြုသော ကျူးရင့်သံ (ဝါ-လေပျိုးခြင်း လေချွန်ခြင်း) သည် ဒန္တဂီတမည်၏။ ကိုယ်တိုင် သီသူ၊ သူတစ်ပါးကို သီစေသူတို့အားလည်း ဒုက္ကဋ်သာတည်း။
မြည်စေအပ်သော တီးခြင်း မှုတ်ခြင်း ဝါဒိတ ဟူသမျှလည်း မအပ်၊ သို့ရာတွင် တံတွေးထွေးလို၍ လည်းကောင်း၊ တွေးတောဖွယ်နေရာ၌ ရပ်၍ လည်းကောင်း၊ လက်ဖျောက် တီးအံ့၊ လက်ခုပ်သော်လည်း တီးအံ့- အနာပတ္တိ၊ ထိုအလုံးစုံကို အရံတွင်း၌နေ၍ ကြည့်သူအား-အနာပတ္တိ။
ကြည့်ရှုမည်ဟု တစ်ကျောင်းမှ တစ်ကျောင်း သွားသူအား အာပတ်သာတည်း။
အာသနသာလာ- ဆွမ်းစားကျောင်း၌နေ၍ ကြည့်အံ့- အနာပတ္တိ။ (အရံပ ဆွမ်းစားကျောင်း-ဟု သိအပ်၏။) ကြည့်ရှုမည်ဟု ထသွားလျှင် အာပတ်သင့်၏။ လမ်းမကြီး၌ ရပ်၍ လည်ပင်းလှည့်၍ ကြည့်သူ အားလည်း အာပတ်သာတည်း။
(ဇီဋီ ... သာဓုဂီတမည်သည် ပရိနိဗ္ဗာန်စံရာဌာန၌ တေးဖြစ်၏။ ဒန္တဂီတသည် သီဆိုလိုသူ၏ ကျူးရင့်သံဖြစ်၏။
သာဋီ၊ ဝိဋီ ... သာဓုဂီတ ဟူသည် အနိစ္စဖြစ်ခြင်းစသည်နှင့် စပ်သောတေး ဖြစ်၏။)
နစ္စ ဂီတ ဝါဒိတတို့ကို ကိုယ်တိုင်ပြုသူ၊ စေခိုင်းသူ၊ ဘုရားအား ပူဇော်ကြလော့ဟု ပရိယာယ်ဆိုသူ၊ ဘုရားအား ပူဇော်မည်ဟုဆိုလျှင် ကောင်းပြီဟု ဝန်ခံသူ (လေးယောက်) တို့အား မအပ်။
ပူဇော်ခြင်းဟူသည် ကောင်း၏ဟု ပရိယာယ်ဆိုသူ။
အရံတွင်း၌နေ၍ ကြည့်ရှု နားထောင်သူ၊
မိမိနေရာသို့လာ၍ ကျင်းပသည်ကို ကြည့်သူ၊
ခရီး၌ ရင်ဆိုင်မြင်၍ ကြည့်သူ၊
ဘေးရန်ကြောင့် ပွဲထဲဝင်ကြည့်သူ (ငါးယောက်) တို့အား အနာပတ္တိ။
မစောင့်စည်းသော ရဟန်းတို့၏ သံရှည် ဆွဲငင်သော တရားသံမအပ်၊ တရားနှင့်စပ်သောတေး--သာဓုဂီတ မအပ်၊ တေးနှင့်စပ်သော တရားသံကားအပ်၏။ ဒဿနဖြင့် သဝန ကိုလည်း ယူအပ်၏။ ကိုယ်တိုင်ပြုခြင်းကို ပါဠိတော်၌မပညက်သော်လည်း အဋ္ဌကခာ ပမာဏဖြင့်ယူအပ်၏။
အန္တောဝိဟာရေပိ၊ ကျောင်းတွင်း၌ သော်လည်း။ (အရံပဆွမ်းစားကျောင်းအတွင်း ဟူ၍လည်း ယူကြသည်။) ဥဋ္ဌဟိတွာန၊ ထ၍။
ဂွစ္ဆတော၊ သွားသောရဟန်းအား။
အာပတ္တိ၊ အာပတ် သင့်၏ ....ဟုဆို၏။
ဘိက္ခုနီသာဋီ၌ … အရံတွင်း ထိုထိုအရပ်သို့သွား၍ အလုံးစုံသော ဣရိယာပုတ်ဖြင့်လည်း၊ အနာပတ္တိ ဟုဆို၏။
ဘိက္ခုနီဝိဋီ၌ … အရံတွင်း၌ ရပ်ရာထိုင်ရာ၌သာ တည်၍ဝန်းကျင် လည်ပင်းဆန့်၍ လည်းကောင်း၊ လှည့်၍ လည်းကောင်း ကြည့်ရှုအံ့။ အနာပတ္တိ။ ရပ်သော နေရာမှသွား၍ ကြည့်ခြင်းငှါ မအပ်-ဟုဆို၏။ (သွားခြင်း ဂမနကြိယာကိုသာ တားသည် ဟူလို။)
တရားကို တေးဆိုခြင်း
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရှည်စွာသော တေးသံဖြင့် တရားကို သီဆိုကုန်၏။ ငါတို့ကဲ့သို့ဟု လူတို့ ကဲ့ရဲ့ကုန်၏၊ ချစ်သားတို့ ... ရှည်စွာသော တေးသံဖြင့် တရားကိုသီဆိုသူအား အပြစ် ငါးပါးဖြစ်ကုန်၏။ ထိုအသံ၌ မိမိစွဲလန်းခြင်း၊ သူတစ်ပါးစွဲလန်းခြင်း၊ ဒါယကာတို့ကဲ့ရဲ့ခြင်း (ဝါ-အညံ့အားဖြင့်ကြံခြင်း အထင်သေးခြင်း) အသံပြုပြင်ခြင်းကို တောင့်တသဖြင့် သမာဓိပျက်ခြင်း၊ နောက် ရဟန်းအပေါင်း ဒိဋ္ဌာနုဂတိ (မြင်သည်ကို အတုလိုက်ခြင်း) သို့ ရောက်ခြင်း ဤသို့ အပြစ်ငါးပါး ဖြစ်ကုန်၏။
ချစ်သားတို့ ... ရှည်စွာသော တေးသံဖြင့် တရားကို မသီဆိုအပ်။ ဒုက္ကဋ်။ ထိုအခါရဟန်းတို့သည် သရတည- အသံမြည်မြည် ရွတ်ဆိုခြင်း၌ အလို့လို့ ဖြစ်ကုန်၏။ ချစ်သားတို့ ... အသံမြည်မြည် ရွတ်ဆိုခြင်းကို ခွင့်ပြု၏။
(ထာ ... သရကုတ္တိ အသံပြုခြင်းသည် သရကြိယာဖြစ်၏။
သမာဓိ ပျက်ခြင်းကား မရသေးသော သမာဓိကို ရခြင်းငှါ၊ ရပြီးသော သမာဓိကို ဝင်စားခြင်းငှါ မတတ်နိုင်ခြင်းတည်း။
ဒိဋ္ဌာနုဂတိ လိုက်ခြင်းကား - ငါတို့၏ဆရာ၊ ဥပဇ္ဈာယ်တို့သည် ဤသို့ သီဆိုကြသည်ဟု နောက် ပုဂ္ဂိုလ်အပေါင်းသည် မြင်ဖူးသည်ကို အတူလိုက်၍ ထိုအတူသာ သီဆိုခြင်း ဖြစ်၏။ ရှည်စွာသော မြင်ဖူးသည်ကို အတုလိုက်၍ ထိုအတူသာ သီဆိုခြင်း ဖြစ်၏။
ရှည်စွာသော အသံဟူသည်ကား ထိုထိုဟောခြင်းဝတ်ကို ဖျက်၍ အက္ခရာတို့ကို ပျက်စေ၍ ဟောသော အသံဖြစ်၏၊ ဓမ္မ၌ရှိသော သုတ္တန္တဝတ်၊ ဇာတကဝတ်၊ ဂါထာဝတ် မည်သည်ကို ပျက်စေ၍ အလွန်ရှည်ရှည် ပြုခြင်းငှါမအပ်၊ စတုရဿ-ပြည့်စုံစွာ ရွတ်ဆိုရာဖြစ်သော ဝတ်ဖြင့် ဝန်းကျင် ညီသော ပုဒ်ဗျည်းတို့ကို ပြအပ်ကုန်၏။
သရဘညကား သရေန+ဘဏနံ အသံဖြင့် ရွတ်ဆိုခြင်းတည်း။ (အသံမြည်ဖြင့် သရဇ္ဈယ်ခြင်း ဟူသတတ်။) သရကည၌ လှိုင်းတံပိုးကဲ့သို့ ရွတ်ရာသော တရင်္ဂဝတ်၊ ပုဆိုးဖွပ်သကဲ့သို့ ရွတ်ရာသော ဓောတကဝတ်။ ချွတ်ချော်သကဲ့သို့ အယိုင်ချွတ်ရာသော ဂလိတဝတ်-စသော ၃၂-ပါးသော ဝတ်တို့ရှိကုန်၏။ ထိုတွင် အလိုရှိရာကို ပြုခြင်းငှါအပ်၏။ သုတ္တန္တိ၊ ဇာတ်၊ ဂါထာ-အားလုံးတို့၏ ပုဒ်ပါဌ်အက္ခရာတို့ကို မပျက်စေမူ၍၊ ဖောက်ပြန်မှုကို မပြုမူ၍ သမဏသာရုပ္ပဖြစ်သော ပြည့်စုံသော စတုရဿနည်းဖြင့် ဟောခြင်းသာလျှင် လက္ခဏာတည်း။)
(ဇီဋီ ... စတုရဿဝတ်မည်သည် စတုပါဒဂါထာဝတ်တည်း၊ တရင်္ဂ ဝတ်စသော ရွတ်ဆိုနည်းတို့သည် ကွယ်ပျောက်သော ပြယုဂ်ရှိကုန်ပြီ။
သာဋီ ... စတုရဿဝတ်ဟူသည် ပြည့်စုံသဖြင့် ရွတ်ဆိုသာ ဝတ်ဖြစ်၏။ တရင်္ဂဝတ်စသော ရွတ်နည်းပြယုဂ် ကွယ်ပျောက်ပြီ။
ဝိဋီ ... စတုရဝတ် ဟူသည် ပြည့်စုံသဖြင့် ရွတ်ဆိုသော ဝတ်ဖြစ်၏။
လက္ခဏာဟူသည် တရင်္ဂ ဝတ်စသော အားလုံး၏ သာမညလက္ခဏာ ဖြစ်၏။ အကြင်မျှလောက်သော မတြာတို့ဖြင့် အက္ခရာသည် ပြည့်၏။ ထိုထက်လွန်သော မတြာတို့ကို ယှဉ်၍ ရွတ်ဆိုခြင်းသည် ဖောက်ပြန်မှုပြု၍ ရွတ်ဆိုသည်မည်၏။ ထိုသို့ မပြုမူ၍ ရွတ်ဆိုခြင်းသာလျှင် လက္ခဏာဖြစ်၏ဟူလို။)
သားမွေးစောင်အမွေး ဖော်ခြုံခြင်း
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဗာဟိရလောမိ-အမွေးတို့ကို အပ၌ပြု၍ ဥတ္တိ-မည်းသော သားမွေးစောင်ကို ဆောင်ကုန်၏။ ကာမဘောဂီတို့ကဲ့သို့ဟု လူတို့ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... အမွေးပြင်ပပြု၍ သားမွေး စောင်ကို မဆောင်အပ်-ဒုက္ကဋ်။
(ထာ ... သားမွေးတို့ကို ပြင်ပ၌ (ထင်ရှားအောင်) ပြု၍ ဥဏ္ဏပါဝါရ သားမွေး စုလျားကို ခြုံကုန်၏။ ထိုသို့ဆောင်လျှင် ဒုက္ကဋ်။ အမွေးတို့ကို အတွင်း၌ ထား၍ ခြုံခြင်းငှါအပ်၏။)
(ဋီတို့ ... ဗာဟိရလောမိံ -ဟူသည် ဘာဝနပုံ သကနိဒ္ဒေသဖြစ်၏။ ဥဏ္ဏပါဝါရ၏ ပြင်ပ၌ အမွေးတို့ ထင်ရှားအောင် ဆောင်သူအား ဒုက္ကဋ် ဟူလို။)
(ဘာဝနပုံသကသည် ကြိယာဝိသေနဖြစ်၏။ အမွေး ပြင်ပပြုလျက် အနက်ပေးအပ်၏။)
သမဏကပ္ပငါးပါး
အခါတစ်ပါး ဗိမ္ဗိသာရမင်းကြီးသည် အရံ၌ သရက်တို့သီးကြသဖြင့် အရှင်ကောင်းတို့သည် အလိုရှိတိုင်း သုံးဆောင်ကြပါစေသတည်း ဟု ခွင့်ပြု၏။ ဆဗ္ဗဂ္ဂီတို့သည် သီးနုကင်းစကိုပင်လျှင် ဆွတ်ခူးစေ၍ သုံးဆောင် ကုန်၏။ မင်းကြီးအား အလိုရှိ၍ စေလွတ်သောအခါ အရံစောင့်က မရှိပြီ၊ နုကင်းစကိုပင် ဆွတ်ခူးစေ၍ ရဟန်းတို့ သုံးဆောင်ကုန်ပြီဟု ဆို၏။
မင်းကြီးသည် အမောင် ... အရှင်ကောင်းတို့သည် အပြစ်မရှိသော သုံးဆောင်ခြင်းကို သုံးဆောင်ကြသည်။ သို့ရာတွင် ဘုရားရှင်သည် မတ္တာဝဏ္ဏိတာ အတိုင်းအရှည်ကို ချီးမွမ်းသည် ဟု ဆို၏။ မင်းကြီး၏ သရက်သီးကို အတိုင်းမသိ စားကြသည် ဟု လူတို့ကဲ့ရဲ့ကုန်၏။
ချစ်သားတို့ ... သရက်သီးကို မသုံးဆောင်အပ် - ဒုက္ကဋ်။ အခါတစ်ပါး အသင်းတစ်ခု သံဃာ့ဘတ်လှူဒါန်းရာ၌ ဟင်း၌ သရက်သီးစိတ်တို့ ထည့်ကုန်၏။ ရဟန်းတို့သည် ကုက္ကုစ္စဖြစ်၍ အလှူမခံကုန်။ ချစ်သားတို့ ... ခံယူကုန်လော၊ သုံးဆောင်ကုန်လော။ အမ္ဗပေသိက- သရက်သီးစိတ်ကို ခွင့်ပြု၏။ အခါတစ်ပါး အသင်းတစ်ခု သံဃာ့ဘတ်၌ သရက်သီးစိတ် ပြုခြင်းငှါ မတတ်နိုင်ကြကုန်။ အလုံးစုံသော သရက်သီး တို့ကိုသာ လှူကုန်၏။ ကုက္ကုစ္စဖြစ်၍ မခံကုန်။ ချစ်သားတို့ ... ခံယူကုန်လော၊ သုံးဆောင်ကုန်လေး၊
သမဏကပ္ပ-ရဟန်းတို့၏ ကပ္ပိခြင်း ငါးပါးတို့ဖြင့် သစ်သီးကို သုံးဆောင်ခြင်းငှါ ခွင့်ပြု၏။
၁။ အဂ္ဂိပရိဇိတံ-မီးဖြင့် ကပ္ပီခြင်း၊
၂။ သတ္ထပရိဇိတံ-ဓားဖြင့် ကပ္ပီခြင်း၊
၃။ နခပရိဇိတံ--လက်သည်း ခြေသည်းဖြင့် ကပ္ပီခြင်း၊
၄။ အဗီဇံ - မျိုးစေ့နုခြင်း၊
၅။ နိဗ္ဗတ္တဗီဇံ-မျိုးစေ့ ထုတ်ပယ်ခြင်း၊
ဤသမဏကပ္ပ ငါးပါးတို့ဖြင့် သစ်သီးကို သုံးဆောင်ခြင်းငှါ ခွင့်ပြု၏။
လက်သည်း၊ မီး၊ ဓား (၃) နု၊ ထုတ်စား (၂) ငါးပါး ကပ္ပိယာ။
(ထာ ... သမဏကပ္ပိငါးပါးကို ဘူတဂါမသိက္ခာပုဒ်၌ အပြည့်အစုံ ဖွင့်သည်။)
(ဝိဋီ ... သီးနုကင်းစ ဟူသည် မျိုးစေ့မအောင်သေး (အစေ့ မယှက်သေးသော) သရက်သီးဖြစ်၏။ ဘုရားရှင်သည် မတ္တာဝဏ္ဏိတာ - အတိုင်း အရှည်ကို ချီးမွမ်းသည်” ဟု မင်းကြီးဆိုခြင်းကား သူတစ်ပါးတို့ ကဲ့ရဲ့ကုန်လတ္တံ့ ဟူ သာသနာတော်၏ အကျိုးစီးပွားကို ရှုာခြင်းဖြင့် ဆိုခြင်းဖြစ်သည်။
အရံအတား ပရိတ်ခွင့်ပြုခြင်း
အခါတစ်ပါး ရဟန်းတစ်ပါးသည် မြွေခဲ၍ကွယ်လွန်၏။ ချစ်သားတို့ ... ထိုရဟန်းသည် ဝိရူပက္ခ၊ ဧရာပထ၊ ဆဗျာပုတ္တ၊ ကဏှာဂေါတမ-ဟူသော မြွေမင်းမျိုးတို့ကို မေတ္တာစိတ်ဖြင့် မဖြန့်လေသလော။ ဖြန့်ခဲ့လျှင် မြွေခဲ၍ မကွယ်လွန်လေရာ။ ချစ်သားတို့ ... မိမိကိုယ်ကို လုံစေခြင်း၊ စောင့်ရှောက်ခြင်းငှါ အတ္တပရိတ္တ-ကိုယ်၏ အရံအတား ပရိတ်ကို ပြုခြင်းငှါ ခွင့်ပြု၏။
ခန္ဓသုတ်ပရိတ်
၁။ ဝိရူပက္ခေ ဟိမေ မေတ္တံ၊ မေတ္တံ ဧရာပထေဟိမေ။
ဆဗျာပုတ္တေဟိ မေ မေတ္တံ၊ မေတ္တံ ကဏှာဂေါတမကေဟိစ။
၂။ အပါဒကေ ဟိမေ မေတ္တံ၊ မေတ္တံ ဒွိပါဒကေဟိမေ။
စတုပ္ပဒေဟိမေ မေတ္တံ၊ မေတ္တံ ဗဟုပ္ပဒေဟိ မေ။
၃။ မာမံ အပါဒကောဟိံသိ၊ မာမံ ဟိံ သိ ဒွိပါဒကော။
မာမံ စတုပ္ပဒေါ ဟိံ သိ၊ မာမံ ဟိံ သိ ဗဟုပ္ပဒေါ။
၄။ သဗ္ဗေသတ္တာ သဗ္ဗေပါဏာ၊ သဗ္ဗေဘူတာစ ကေဝလာ။
သဗ္ဗေဘဒြာနိ ပဿန္တု၊ မာ ကိဉ္စိ ပါပ မာဂမာ။
၅။ အပ္ပမာဏော ဗုဒ္ဓေါ၊ အပ္ပမ္မာဏော ဓမ္မော၊ အပ္ပမာဏော သံဃော။
ပမာဏဝန္တာနိ သရီသပါနိ အဟိဝိစ္ဆိကာ။
သတပဒီ ဥဏ္ဏနာဘိ သရဗူ မူသိကာ။
၆။ ကတာမေရက္ခာ ကတံမေ ပရိတ္တံ။
ပဋိက္ကမန္တု ဘူတာနိ၊ သောဟံ နမော ဘဂဝတော။
နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။
၁။ ဝိရူပက္ခေ၊ ဝိရူပက္ခ မြွေမင်းမျိုးတို့နှင့်။
မေ၊ ငါ၏။
မေတ္တံ၊ မိတ်ဖြစ်ကြောင်း မေတ္တာတည်း။
ဖရတု၊ ပြန့်နှံ့စေသတည်း။
ဧရာပထေဟိ၊ ဧရာပထမြွေမင်းမျိုးတို့နှင့်။
ဆဗျာပုတ္တေဟိ၊ ဆဗျပုတ္တမြွေမင်းမျိုးတို့နှင့်။
ကဏှာဂေါတမကေဟိစ၊ ကဏှာဂေါတမ မြွေမင်းမျိုးတို့နှင့် လည်းကောင်း။
မေ၊ ငါ၏။
မေတ္တံ၊ မိတ်ဖြစ်ကြောင်း မေတ္တာတည်း။
ဖရတု၊ ပြန့်နှံ့စေသတည်း။
၂။ အပါဒကေဟိ၊ အခြေမရှိသော သတ္တဝါတို့နှင့်။
ဒွိပါဒကေဟိ၊ အခြေနှစ်ချောင်းရှိသော သတ္တဝါတို့နှင့်။
စတုပ္ပဒေဟိ၊ အခြေလေးချောင်း ရှိသော သတ္တဝါတို့နှင့်။
ဗဟုပ္ပဒေဟိ၊ အခြများစွာရှိသော သတ္တဝါ တို့နှင့်။
မေ၊ ငါ၏။
မေတ္တံ၊ မိတ်ဖြစ်ကြောင်း မေတ္တာတည်း။
ဖရတု၊ ပြန့်နှံ့စေသတည်း။
၃။ အပါဒကော၊ ခြေမရှိသော သတ္တဝါသည်။
မံ၊ ငါ့ကို။
မာဟိံ သိ၊ မညှင်းဲပါစေလင့်။
ဒွိပါဒကော၊ အခြေနှစ်ချောင်းရှိသော သတ္တဝါသည်။
စတုပ္ပဒေါ၊ အခြေလေးချောင်းရှိသော သတ္တဝါသည်။
ဗဟုပ္ပဒေါ၊ အခြေများစွာ ရှိသော သတ္တဝါသည်။
မံ၊ ငါ့ကို။
မာဟိံ သိ၊ မညှင်းဆဲပါစေလင့်။
၄။ သဗ္ဗေသတ္တာ သဗ္ဗေပါဏာ သဗ္ဗေဘူတာစ၊ အလုံးစုံသတ္တဝါ၊ ဘူတလည်းဖြစ်ကုန်သော။
ကေဝလာ၊ အလုံးစုံကုန်ဘော။
သဗ္ဗေ၊ အလုံးစုံသော သူတို့သည်။
ဘဒြာနိ၊ ဣဋ္ဌာရုံကောင်းခြင်းတို့ကို။
ပဿန္တု၊ တွေ့ကြုံ မြင်ကုန်စေကုန်သတည်း။
ကိဉ္စိ၊ တစ်စုံတစ်ယောက်ထံသို့။
ပါပံ၊ ဒုက္ခဖြစ်ကြောင်း မကောင်းကျိုး အယုတ်မမာသည်။
မာအာဂမာ၊ မရောက်လာစေသတည်း။
၅။ ဗုဒ္ဓေါ၊ ဘုရားဂုဏ်ကျေးဇူးသည်။
ဓမ္မော၊ တရားဂုဏ်ကျေးဇူးသည်။
သံဃော၊ သံဃဂုဏ်ကျေးဇူးသည်။
အပ္ပမာဏော၊ ပိုင်းခြားမရှိ အနန္တ ဖြစ်၏။
သရီသပါနိ၊ ကိုယ်ဖြင့် ရွရွ တွားသောသတ္တဝါတို့သည်။
ပမာဏ ဝန္တာနိ၊ အပိုင်းအခြားရှိကုန်၏။
အဟိဝိစ္ဆိကာ၊ မြွေ ကင်း ပုစွန်တို့သည်။
သတပဒီ၊ ကင်းခြေများတို့သည်။
ဥဏ္ဏနာဘိ-သရဗူ-မူသိကာ၊ ပင့်ကူ-တက်တူ- ကြွက်တို့သည်။
ပမာဏဝန္တာ၊ အပိုင်းအခြားရှိကုန်၏။
၆။ မေ-မယာ၊ ငါသည်။
ရက္ခာ၊ သင်တို့အတွက် ငါ့အတွက် အစောင့်အရှောက်ကို။
ကတာ၊ ပြုအပ်ပြီ။
ပရိတ္တံ၊ အရံအတားကို။
မေ .....။
ကတံ၊ ပြုအပ်ပြီ။
ဘူတာနိ ၊ငါ အရံအတားပြုထားသော သတ္တဝါတို့သည်။
ပဋိက္ကမန္တု၊ ဖဲစေကုန်သတည်း။
သောဟံ၊ ထိုငါသည်။
ဘဂဝတော၊ မြတ်စွာဘုရားအား။
နမော၊ ရှိခိုး၏။
သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ၊ ခုနစ်ဆူသော ဘုရားရှင်တို့အား။
နမော၊ ရှိခိုး၏။
တသ္မာ၊ ထို့ကြောင့်။
ပဋိက္ကမန္တု၊ တိမ်းခွါ ရှောင်လွဲ ဖဲစေကုန်သတည်း။
ဣတိ၊ ဤကား ကိုယ်အရံအတား ပရိတ်တည်း။
(ဤပရိတ်သည် နတ်မန္တရား၊ နတ်ဆေးနှင့်တူ၏။ စကြာဝဠာ ကုဋေတစ်သိန်းဟူသော အာဏာခေတ် အတွင်း၌ အဆိပ်ရှိသော သတ္တဝါတို့၏ အဆိပ်ဘေးရန်ကို လည်းကောင်း၊ ကြွင်းသော ဘေးရန်ကို လည်းကောင်း ပျောက်ကင်းစေနိုင်၏။)
(ဇီဋီ … သရဗူ-တက်တူသည်၊ ဂေဟဂေါဠိကာ-အိမ်မြောင်ဖြစ်၏။ အဖြူဖြစ်လျှင် အဆိပ်ရှိ၏။)
အင်္ဂါဇာတ် ဖြတ်ခြင်း
အခါတစ်ပါး ရဟန်းတစ်ဦးသည် အနဘိရတိ-ကုသိုလ်၌ မမွေ့လျော်ခြင်းသည် နှိပ်စက်လှသည်ဖြစ်၍ မိမိ၏ အင်္ဂါဇာတ်ကို ဖြတ်၏။ ချစ်သားတို့ ... ထိုရဟန်းဖျင်းသည် တစ်ပါးကို ဖြတ်သင့်ပါလျက် တစ်ပါးကိုဖြတ်၏။ ချစ်သားတို့ ... မိမိ၏အင်္ဂါဇာတ်ကို မဖြတ်အပ်။ ဖြတ်ငြားအံ့-ထုလ္လစဉ်း။
(ထာ … အင်္ဂါဇာတ်ဖြတ်သူအားသာ ထုလ္လစဉ်း။ တစ်ပါးသော နား နှာ လက်ချောင်း စသည် တစ်ခုခုဖြတ်သူ (လက်ဆုပ်ဖြင့် ထုခြင်း၊ တိုင်၌ ဆောင့်ခြင်း စသည်ဖြင့်) ဆင်းရဲဒုက္ခကို ဖြစ်စေသူတို့အား ဒုက္ကဋ်။ မြွေကိုက်ခြင်း၊ ပေါက်ဖတ် ကိုက်ခြင်း စသည်ကြောင့် လည်းကောင်း၊ တစ်ပါးသော အနာကြောင့် လည်းကောင်း သွေးဖောက် ထုတ်သူ၊ ဖြတ်သူတို့အား အနာပတ္တိ။)
ဝိဋီ ... တစ်ပါးကိုဖြတ်သင့်လျက်ဟူသည် ကာမရာဂကို အသုဘမနသိကာရ စသည်ဖြင့် ဖြတ်သင့်လျက်- ဟု ဆိုလို၏။
အင်္ဂါဇာတ်ဟူသည် ဗီဇမှတင်းသော ပုရိသနိမိတ်ဖြစ်၏။
ဗီဇ-ဝှေးစေ့ကိုဖြတ်လျှင် ဩပက္ကမိကပဏ္ဍုက်မည်၏။ အဘဗ္ဗပုဂ္ဂိုလ်ဖြစ်သည်ဟု ဆိုကုန်၏။ ဧကေတို့ကား ဗီဇကို သော်လည်း ဖြတ်ဆဲခဏ၌ ဒုက္ကဋ်သာ။
အစဉ်အားဖြင့် ပုရိသိန္ဒြိယစသည် ကွယ်ပျောက်သောခါ ပဏ္ဍုက် မည်၏။ အဘဗ္ဗဖြစ်၏။ ထိုအခါ လိဂ်နာသနာ - အသွင်ဖျက်ခြင်းဖြင့် ဖျက်ဆီးအပ်၏-ဟုဆိုကုန်၏။ လက်ဆုပ်စသည်ဖြင့် မိမိကိုယ်ကို ဒုက္ခဖြစ်စေသူအား ဒုက္ကဋ်။
(ဘေသဇ္ဇက္ခန္ဓက၌ ရှင်ပိလိန္ဒဝစ္ဆအား ပဗ္ဗဝါတ-အဆစ် ကိုက်ခဲသော ရောဂါဖြစ်၍ သွေးထုတ်ခြင်းငှါ၊ ထွင်စုတ်ခြင်းငှါ ခွင့်ပြုသည်။)
စန္ဒကူးသပိတ်
အခါတစ်ပါး ရာဇဂြိုဟ် သူဌေးကြီးအား အဖိုးတန် စန္ဒကူး ပန်းကုံးဖြစ်ပေါ်၍ သပိတ်ပြုလုပ်၍ ဆိုင်းဖြင့် ဝါးလုံး အဆက်ဆက်အဖျား၌ဆွဲ၍ တန်ခိုးကြီးသော ရဟန္တာသမဏ၊ ဗြာဟ္မဏသည် ချ၍ ယူစေသတည်းဟု လှူထား၏။
ပုရာဏကဿပ၊ မက္ခလိဂေါသာလ၊ အဇိတကေသကမ္ဗလ၊ ပကုဓကစ္စာယန၊ သဉ္စယဗေလဋ္ဌပုတ္တ၊ နိဂဏ္ဍနာဋပုတ္တ-တို့သည် အသီးသီး လာ၍ ငါသည် တန်ခိုးကြီးသော ရဟန္တာဖြစ်သည်။ ငါအား သပိတ်လှူလော ဟု ဆိုကုန်၏။ လှူပါသည်၊ ချ၍ ယူစေသတည်းဟု ဆို၏။
(ခုနစ်ရက်မြောက်ရောက်သောအခါ) ရှင်မောဂ္ဂလာန် တိုက်တွန်းခြင်းဖြင့် ရှင်ပိဏ္ဍောလဘာရဒွါဇသည် ကောင်းကင်သို့ပျံတက်၍ သပိတ်ကို ယူ၍ ရာဇဂြိုဟ်ကို သုံးကြိမ်လှည့်၏။ ရာဇဂြိုဟ်သူဌေးသည် သားမယားနှင့် တကွ လက်အုပ်ချီလျက် အကျွန်ုပ်တို့၏ နေအိမ်၌ တည်းတော်မူပါဦးဟု လျှောက်၏။
ထိုနောက်သူဌေးကြီးသည် မထေရ်၏လက်မှ သပိတ်ကိုယူ၍ အဖိုးတန် ခဲဘွယ်ဖြင့် ပြည့်စေ၍ မထေရ်အား လှူ၏။ မထေရ်သည် ထိုသပိတ်ကို ယူ၍ အရံသို့ ပြန်ကြွသွားသောအခါ လူတို့သည် အုတ်အုတ်ကျက်ကျက် မထေရ်၏နောက်မှ လိုက်ကုန်၏။
မြတ်စွာဘုရားသည် ထိုအသံကိုကြား၍ ရှင်အာနန္ဒာကိုမေး၍ ရဟန်း သံဃာကို စည်းဝေးစေပြီးလျှင် ... ဘာရဒွါဇ ... သင်၏ အပြုအမူသည် မလျောက်ပတ်၊ အဘယ်ကြောင့် အဖိုးမထိုက်သော သစ်သားသပိတ် အတွက် တန်ခိုးပြသနည်း။
မာတုဂါမသည် အဖိုးမထိုက်သော ငွေတစ်ပဲအတွက် လျှို့ဝှက်ဖွယ်ကို ပြသည်နှင့် တူ၏ ဟုကဲ့ရဲ့ပြီးလျှင် ချစ်သားတို့ ....လူတို့အား ဥတ္တရိ မနုဿဓမ္မဖြစ်သော တန်ခိုးကိုမပြအပ်။ ဒုက္ကဋ်။ ချစ်သားတို့ ... ထိုသစ်သား သပိတ်ကို ခွဲကုန်လော။ အစိတ်စိတ်ပြု၍ ရဟန်းတို့အား မျက်စဉ်းကြိတ်ခြင်းသို့ ပေးကုန်လော။ ချစ်သားတို့ ... ဒါရုပတ္တ - သစ်သားသပိတ်ကို မဆောင်အပ်။ ဒုက္ကဋ်။
(ထာ ... ရာဇဂြိုဟ် သူဌေးသည် ဂင်္ဂါမြစ်၌ အထက်အောက် ကွန်ယက်တို့ကို ကာရံစေ၍ ရေကစား၏။ စန္ဒကူးတုံး မျောလာ၍ ကွန်ယက်၌ ငြိနေသောကြောင့် ရလေ၏။ ဝိကုဗ္ဗနတန်ခိုးပြခြင်းကိုပယ်သည်။ အဓိဋ္ဌာန် တန်ခိုးကိုကား ပယ်တော်မမူဟု သိအပ်၏၊)
(သာဋီ .... ဘေးရန်ကင်းခြင်းငှါ လည်းကောင်း၊ မတော်တဆ ကျွတ်ကျသော တန်ဆာတို့ကို စောင့်ရှောက်ခြင်းငှါ လည်းကောင်း ကွန်ယက်တို့ကို ကာရံစေသည်။
စန္ဒကူး တုံးအကြောင်းကား အထက် မြစ်ညာကမ်းခြေ၌ စန္ဒကူးနီ တစ်ပင်ရှိ၏။ မြစ်ရေတိုက်သဖြင့် ဂင်္ဂါမြစ် အတွင်းလဲကျ၏။
ထိုထိုနေရာ၌ ကျောက်တုံးတို့၌ ဆောင့်လျက် ဖရိုဖရဲ မျောလာ၍ ပြေပြစ်သော အိုးကြီးအနေဖြင့် ကွန်ယက်၌ ငြိ၏။ ပွတ်ခံ၍ သပိတ်ပြုပြီးလျှင် ဝါးလုံးအဆက်ဆက် အဖျား၌ တင်၍ တန်ခိုးဖြင့် ချ၍ ယူစေသတည်း ဟုဆို၏။ ခြောက်ရက်အတွင်း ဘုရားခြောက်ဆူ လာတောင်း၏။ ခုနစ်ရက်မြောက်၌ ရှင်ပိဏ္ဍောလယူ၏။
ပယ်အပ်သော ဝိကုဗ္ဗန တန်ခိုးကား ပကတိ အသျှင်ကိုစွန့်၍ လုလင် အသွင်၊ နဂါးအသွင်၊ စစ်တပ်ကြီးအသွင် စသည်ကိုပြသည်ဟု လာသော ပကတိအသွင်စွန့်သော တန်ခိုးတည်း။ မပယ်သော အဓိဋ္ဌာန်တန်ခိုးအား တစ်ဦးတည်း ဖြစ်လျက် အများကို နှလုံးသွင်း၍ တစ်ရာ ဖြစ်စေသတည်း။ တစ်ထောင်ဖြစ်စေသတည်း ဟု အဓိဋ္ဌာန်သော ဉာဏ်အစွမ်းဖြင့် ဖြစ်သော တန်ခိုးတည်း။
ဝိဋီ .... ရှင်ပိဏ္ဍောလသည် ဝါးလုံးအဆက်ဆက်ဖွဲ့သော သပိတ်၏ အထက်ကောင်းကင်၌ မြို့ကို သုံးကြိမ် လှည့်သည်။ သပိတ်ကို လက်ဖြင့် ကိုယ်တိုင်မယူ။ ကေစိတို့ကား တန်ခိုးအစွမ်းဖြင့် သပိတ်သည် ဝါးလုံးဖျားမှ လွတ်၍ မထေရ်နောက်သို့ တကောက်ကောက် လိုက်သောကြောင့် လက်ဖြင့်ယူသကဲ့သို့သာ ဖြစ်သည်ဟု ဆိုကုန်၏။
ပထမတန်ခိုးပြသည်ကို မမြင်လိုက်ရကုန်သော လူတို့သည် ကျွန်ုပ်တို့ အားလည်း တန်ခိုးပြပါဦးဟု မထေရ်နောက်သို့ လိုက်ကုန်၏။ မထေရ်သည် ခြင်္သေ့အသွင် ကျားအသွင် စသည်ကိုယူ၍ ဝိကုဗ္ဗန တန်ခိုးကို ပြ၏။ ထို့ကြောင့် အံ့ဘွယ် မဖြစ်စဖူးဖြစ်၍ အုတ်ကျက် အုတ်ကျက် အသံ များကုန်၏။
တန်ခိုးကို မပြအပ်ဟူသည်၌ ပကတိအသွင်စွန့်၍ လုလင်အသွင် စသည်ကိုပြ၏ ဟု လာသော မိမိကိုယ်ကို ဖောက်ပြန်ခြင်းသို့ ရောက်စေသည့် အစွမ်းဖြင့် ဖြစ်သော ဝိကုဗ္ဗနိဒ္ဓိကို အလိုရှိအပ်၏။ ထို့ကြောင့် အဓိဋ္ဌာန် တန်ခိုးကိုကား ပယ်တာ်မမူဟု ဆိုသည်။ ပကတိအားဖြင့် တစ်ဦးတည်းဖြစ်၍ အများကို ဆင်ခြင်၏။ ရာထောင်သိန်းသန်းကို ဆင်ခြင်၍ ဗဟုကော ဟောမိ-ဟု ဉာဏ်ဖြင့် အဓိဋ္ဌာန်၏၊ ဤသို့ အဓိဋ္ဌာန်အစွမ်းဖြင့် ဖြစ်သော တန်ခိုးသည် အဓိဋ္ဌာနိဒ္ဓိမည်၏။
ဘုရားခြောက်ဆူ
(သာဋီ ... ပူရာဏကဿပ စသော ဘုရား ခြောက်ဆူတို့တွင် ပူရာဏကား ဘုရား-ဟု ဝန်ခံသူ၏အမည်၊ ကဿပကား အနွယ်ဖြစ်၏။ ထိုပူရာဏကဿပသည် ကျွန်ကိုးကျိပ် ကိုးယောက်ရှိသော အမျိုးသားတစ်ဦးကို ဤ တစ်ရာပြည့်စေလျက် မွေးဖွားသောကြောင့် ပူရာဏ မည်၏။ မင်္ဂလာကျွန်ဟု မြှောက်စားခံရ၍ အပြစ်ဆိုသူမရှိ။
တစ်နေ့၌ အရပ်တစ်ပါးသို့ ထွက်ပြေးစဉ် ခိုးသူတို့ အဝတ် ချွတ်ယူသော့ကြောင့် သစ်ရွက် စသည်တို့ဖြင့် ဖုံးခြင်းငှါမျှ မသိ၍ မီးမွေးတိုင်း ကိုယ်ဖြင့် ရွာတစ်ခုသို့ဝင်၏၊ လူတို့သည် ဤသူကား ကိလေသာငြိမ်းသော ရဟန္တာတည်း။ အလိုနည်း၏၊ အတုမရှိဟု မုံ့ ထမင်း စသည် ယူ၍ ချဉ်းကပ်ကုန်၏၊ ထိုအခါမှစ၍ အဝတ်ရသော်လည်း မဝတ်ဘဲ ထိုရဟန်းအဖြစ်ကို ယူ၏။ ထိုသူ့ထံ၌ လူငါးရာတို့လည်း ရဟန်းပြုကုန်၏။ ဤသို့ ဂိုဏ်းဆရာကြီး ဖြစ်၍ ဘုရားဟု လောက၌ ထင်ရှား၏။
မက္ခလိကား အမည်ရင်း။ နွားခြံ၌ မွေးသောကြောင့် ဂေါသာလ ဟု ဒုတိယအမည် ဖြစ်၏။ ထိုကျွန်သည် ညွှန်ရှိရာမြေ၌ ဆီအိုးထမ်းသွားစဉ် သခင်သည် မာခလိ-မချွတ်စေနှင့် ဟု ဆိုလျက် ချော်လဲ၍ ထွက်ပြေး၏။ သခင်လိုက်ဖမ်းသောအခါ ပုဆိုးစကိုဆွဲမိ၏။ ပုဆိုးကိုစွန့်၍ အဝတ်ကင်းလျက် ထွက်ပြေး၏။ အကြွင်း ပူရာဏနှင့် တူ၏။
အဇိတကား အမည်ရင်း။ ဆံပင် ကမ္ဗလာဆောင်သောကြောင့် ကေသကမ္ဗလ မည်၏။ ဆံပင်ကမ္ဗလာသည် အညံ့ဆုံး စက်ဆုပ်ဖွယ် အဝတ် ဖြစ်၏၊ ဧသောအခါ ဧ၏။ ပူသောအခါ ပူ၏။ အဖိုးမထိုက်၊ အတွေ့ကြမ်း၏။ အဆင်းမကောင်း၊ အနံဆိုး၏။
ပကုဓကား အမည်ရင်း။ ကစ္စာယနကားအနွယ်။ ထိုပကုဓကစ္စာယန သည် ရေဧကို ရှောင်ကြဉ်၏။ ကျင်ကြီး စွန့်ပြီးသော်လည်း ရေဆေးခြင်း အမှု မပြု၊ ရေနွေးကိုလည်းကောင်း၊ ပအုံးရည်ကိုလည်းကောင်း ရလျှင် ပြု၏။ မြစ်ရေလမ်းခရီး ရေကို နင်းမိလျှင် ငါ၏သီလပျက်ပြီဟု သဲပုံစေတီ ပြု၍ သီလဆောက်တည်ပြီးမှ သွား၏။ ဤမျှ ကျက်သရေယုတ်သော အယူရှိ၏။
သဉ္ဇယကား အမည်ရင်း။ ဗေလဋ္ဌ၏သားဖြစ်သောကြောင့် ဗေလဋ္ဌပုတ္တ မည်၏။
နိဂဏ္ဍကား ကိလေသာ အထုံးအနှောင် ကင်းသော ငါတို့-ဟု ယူသော အယူအစွမ်းဖြင့် နိဂဏ္ဍ မည်၏။ နာဋ၏ သားဖြစ်သောကြောင့် နာဋပုတ္တမည်၏။ (ဂဏ္ဍ-အထုံး + နိ-မရှိ ဟူလို။)
ရာဇဂြိုဟ် သူဌေးသည် သမာဒိဋ္ဌိလည်းမဟုတ်၊ မိစ္ဆာဒိဋ္ဌိလည်း မဟုတ်၊ ကြားနေ ဘာသာလွတ်ဖြစ်၏။ ယခုအခါ ငါရဟန္တာ ငါရဟန္တာ-ဟု ဆိုသူတို့ များကုန်၏။ ဤစန္ဒကူးတုံးကို ပွတ်ခံ၍ သပိတ်ပြုပြီးလျှင် အတောင်ခြောက်ဆယ်မျှ မြင့်သော ဝါးအဆက်ဆက်၌ ဆွဲ၍ ရဟန္တာ ရှိလျှင် ကောင်းကင်ဖြင့်လာ၍ ယူစေသတည်းဟု ဆိုမည်။ ယူသူကား သားမယားနှင့်တကွ ကိုးကွယ်မည်ဟု ကြံ၍ ထား၏။
ထိုအခါ ဘုရားခြောက်ဆူတို့သည် ငါတို့နှင့်လျော်သည်။ ငါတို့အားသာ လှူလောဟု ဆိုကုန်၏။ ကောင်းကင်ဖြင့်ကြွလာ၍ ယူကြပါဟု ပြန်ပြော၏။ ခြောက်ရက်မြောက်နေ့၌ နိဂဏ္ဍနာဋပုတ္တသည် တပည့်တို့ကို စေလွှတ်၍ တောင်းခိုင်း၏။ မရသောအခါ တပည့်တို့နှင့် တိုင်ပင်စကား နေသားတကျ စီမံပြီးလျှင် ကိုယ်တိုင်သွား၍၊ သူဌေးကြီး … ဤသပိတ်သည် တစ်ပါးသူတို့နှင့် မထိုက်ပြီ။ အနည်းငယ်သော သပိတ်၏ အကြောင်းကြောင့် ငါ၏ကောင်းကင်သို့ ပျံတက်ခြင်းကို သင်မနှစ်သက်လင့်၊ ငါ့အား ပေးလော့ဟု ဆို၏။ ကောင်းသင်ပျံတက်၍ လာယူပါဟု ဆိုလတ်သော် တပည့်တို့ ... ဖယ်ကြ၊ ငါကောင်းကင် ပျံတက်မည်ဟု လက်တစ်ဖက် ခြေတစ်ဖက် မြှောက်လိုက်၏။
ထိုအခါ တပည့်များက ဆရာ အဘယ်ကြောင့် ဤသို့ပြုနည်း အဖိုးမထိုက်သော သစ်သား သပိတ်အတွက် ဖုံးလွှမ်းအပ်သောဂုဏ်ကို လူတို့အားပြခြင်းဖြင့် အကျိုးမရှိပါဟု လက်ခြေတို့ကို ဆွဲ၍ မြေ၌ ကျစေ၏။ နာဋပုတ္တသည် သူဌေးကြီး၊ ငါ့တပည့်များသည် ကောင်းကင်ပျံ့ခြင်းငှါ မပေးကြ။ ငါအား သပိတ်ပေးလော ဟု ဆို၏။ ပျံတက်၍သာ ယူပါဟု ဆို၏။ တိတ္တိတို့သည် ခြောက်ရက်ပတ်လုံး အားထုတ်သော်လည်း သပိတ် မရကုန်။
ရှင်ပိဏ္ဍောလ
ဆွမ်းရှာလျက် ရဟန်းပြုသောကြောင့် ပိဏ္ဍောလ မည်၏။ စည်းစိမ်ပျက်သော ပုဏ္ဏားဖြစ်၍ ရဟန်းသံဃာ လာဘ်များသည်ကို မြင်၍ ဆွမ်းအတွက်ထွက်၍ ရဟန်းပြုသူ ဖြစ်သတတ်။ ထိုအရှင်သည် ကပလ္လပတ္တ- အိုးကင်းခွက်ကြီးကို သပိတ်ပြု၍ ဆွမ်းခံ၏။ ထိုခွက်အပြည့် ယာဂုဆွမ်းခဲဖွယ်ကို သုံးဆောင်၏။
အစားကြီးသောကြောင့် မြတ်စွာဘုရားသည် ထိုအရှင်အား သပိတ်အိတ်ဆောင်ခွင့် မပေး။ ညောင်စောင်း အောက်၌ သပိတ်ကို မှောက်၍သာ ထားရ၏။ ထားတိုင်း ယူတိုင်း သပိတ်နှုတ်ခမ်းကို တိုက်ပွတ်ခြင်းဖြင့် နှုတ်ခမ်းပွန်း၍ တစ်စလယ် ထမင်းမျှ ဆန့်သောအခါမှ သပိတ်အိတ်ကို ခွင့်ပြုသည်း နောက်၌ အားထုတ်၍ ရဟန္တာဖြစ်သည်။
ဆွမ်းအတွက်ရှာ၏။ ဝါ-ရှာလျက် ရဟန်းပြု၏။ ထို့ကြောင့် ပိဏ္ဍောလ မည်၏။ ပိဏ္ဍတ္ထာယဥလတီတိ-ပိဏ္ဍောလော။ အနွယ်အားဖြင့် ဘာရဒွါဇ မည်၏။ ရှင်မောဂ္ဂလာန် နှင့် ရှင်ပိဏ္ဍောလ တို့သည် ဆွမ်းခံဝင်မည် ဟု သင်္ကန်းရုံစဉ် ... “အချင်းယစ်ဖော်တို့ ... လောက၌ ရဟန္တာ မရှိကြောင်း ယနေ့ ထင်ရှားပြီ၊ တန်ခိုးဖြင့် သပိတ် ချနိုင်သူမရှိ” ဟု သေသောက်ကျူးတို့ ဆိုသည်ကိုကြား၍ ... “ဤသူတို့သည် ငါတို့ ဗုဒ္ဓ သာသနာကို စုံစမ်းဟန် တူသည်” ဟု အချင်းချင်း တိုက်တွန်းကုန်၏။
ရှင်ပိဏ္ဍောလသည် အရှင်မြတ်မယူလျှင် အကျွန်ုပ်ယူမည်ဟု ဆို၏။ ရှင်မောဂ္ဂလန်က ငါ့ရှင်ယူချေလော ဟု ဆို၏။ ဤသို့ လောက၌ ရဟန္တာမှ မဆိတ်ခြင်းကို ပြခြင်းငှါ မိန့်ဆိုကုန်၏။
ရှင်ပိဏ္ဍောလသည် အဘိညာဉ်အခြေခံ ဈာန်ဝင်စား၍ ဈာန်မှ ထ၍ သုံးဂါဝုတ်မျှသော ကျောက်ဖျာကို ကောင်းက၌ တင်စေလျက် ရာဇဂြိုဟ်အထက်၌ ခုနစ်ကြိမ်လှည့်၏။ မြို့သားတို့သည် ထိတ်လန့်ကြသဖြင့် ဗန်း စကောတို့ကို မိုး၍ ပုန်းအောင်းကုန်၏။ ခုနစ်ကြိမ်မြောက်၌ မထေရ်ကိုမြင်၍ အရှင်ဘုရား၊ ကျောက်ဖျာကို မြဲမြဲပြုပါ၊ သတ္တဝါတို့ကို မဖျက်ဆီးပါလင့် ဟူ ဆိုကုန်၏။
မထေရ်သည် ကျောက်ဖျာကို ခြေဖျားဖြင့် ပစ်၍ တည်မြဲစေ၍ သူဌေးကြီးအိမ် အထက်၌ ရပ်၏။ သူဌေးကြီးသည် ရင်ဖြင့်ဝပ်၍ပင့်ပြီးလျှင် သပိတ်ကိုယူ၍ စတုမဓူ အပြည့်လှူ၏။ မထေရ်သည် ကျောင်းသို့ ရှေးရှုကြွသွား၏။ ထို့နောက် တောသို့ သွားသူတို့သည် တန်ခိုးကို မမြင်လိုက်ရသဖြင့် အကျွန်ုပ်တို့အားလည်း တန်ခိုးပြပါဦး ဟု အုတ်ကျက် ဆူညံစွာ ဆို၍ လိုက်ကုန်၏။
သပိတ်နှင့် ခွက်အမျိုးမျိုး
ဆဗ္ဗဂ္ဂီတို့သည် အမြတ်အယုတ် ဖြစ်းသာ ရွှေသပိတ်၊ ငွေသပိတ် အမျိုးမျိုးတို့ကို ဆောင်ကုန်၏။ ကာမဘောဂီတို့ကဲ့သို့ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ...
သောဝဏ္ဏမယ-ရွှေဖြင့် ပြုသော သပိတ်ကို မဆောင်အပ်၊
ရူပိယ-ငွေသပိတ်ကို၊
မဏိ- (ဣန္ဒနီလာ စသည်ဖြင့် ပြုသော) ပတ္တမြားသပိတ်ကို (ဝါ-မြသပိတ်ကို)
ဝေဠုံရိယ-ကြောင်မျက်ရွဲသပိတ်ကို၊
ဖလိက-ဖန်သပိတ်ကို၊
ကံသ-ကြေးဖြူ သပိတ်ကို၊
ကာစ-စဥ့်သပိတ်ကို၊
တိပု-ခဲမဖြူ သပိတ်ကို၊
သီသ-(ကာဠှတိပု)၊ ခဲမပုပ် သပိတ်ကို၊၊
တမ္ဗလောဟဓယ-ကြေးနီဖြင့် ပြုသော သပိတ်ကို မဆောင်အပ်၊ ဒုက္ကဋ်။
ချစ်သားတို့ ... အယောပတ္တ-သံသပိတ်၊ မတ္တိကာပတ္တ-မြေသပိတ်-ဤသို့ နှစ်ခုသော သပိတ်တို့ကို ခွင့်ပြု၏။
(ထာ ... လူတို့သည် ဆွမ်းကျွေးရာ၌ ရွှေခွက်စသည်တို့၌ ဟင်းလျာထည့်၍ ကပ်ကုန်အံ့-သုံးသပ်ခြင်းငှါလည်း မအပ်၊
ဖလိက-ဖန်၊ ကာစ-စဉ်၊ ကံသ-ကြေးဖြူ-ဖြင့် ပြီးသော ခွက် စသည်တို့ကား ပုဂ္ဂလိက သုံးဆောင် ခြင်းဖြင့်သာ မအပ်ကုန်။ သံဃိက သုံးဆောင်ခြင်းဖြင့် လည်းကောင်း၊ လူတို့၏ဥစ္စာတို့သည် လည်းကောင်း အပ်ကုန်၏။
တမ္ဗလောဟ-ကြေးနီဖြင့် ပြုလျှင် သပိတ်သာမအပ်၊ ခွက်ကား အပ်၏။ ဤအလုံးစုံကို ကုရုန္ဒီ၌ ဆိုသည်။
မဏိမယ၌ ဣန္ဒနီလာ စသည်ဖြင့် ပြုသည်ကိုဆိုသည်။
ကံသမယ၌ ဝဋ္ဋလောဟမယ-တေး ခပ်ပြာဖြင့်ပြုသော သပိတ်ကိုလည်း ရေတွက်အပ်၏။)
(ဝိဋီ ... ဂိဟိသန္တက-လူတို့ဥစ္စာကို ဂိဟိဝိကတ-ဟူ၍ခေါ်ကြသည်။)
(ကြွေပန်းကန်မျိုးသည်လည်း စဥ့်ဖြစ်၏။
ခဲမဖြူ၊ ခဲမပုပ်ကို သလွဲဖြူ၊ သလွဲမည်း ဟူ၍လည်း ခေါ်သည်။
ဖန်သည်ချက်ဖန်, တွင်းထွက်ဖန်ဟု နှစ်မျိုးရှိ၏။ တွင်းထွက်ဖန်သည် ဖန်စစ်ရတနာ အနာမာသမဏိမျိုး ဖြစ်၏။ ဤခန္ဓက၌ အိုးအုံ၊ ဗူးအုံ-အမြဲမအပ်ဟု လာလတ္တံ့၊ သေနာသနက္ခန္ဓက ဂရုဘဏ်စတုတ္ထ အစုအကျယ်၌ “သုဝဏ္ဏ၊ ရဇတ၊ ဟာရကူဋ၊ ဇာတိဖလိတဘာဇနာနိ -- ရွှေ ငွေ၊ ဟာရကူဋ၊ ဖန်စစ်ခွက် တို့သည် လူ့ဥစ္စာ၊ သံဃိက၊ ပုဂ္ဂလိက မအပ်ကုန်။ သေနာသန ပရိဘောဂ ဖြစ်လျှင် အပ်ကုန်၏ဟု လာလတ္တံ့။)
ဟာရကူဋ သည် ကြေးနီ၊ ပြဒါး၊ ရွှေ စသည် ရောစပ်၏၊ ရွှေ အလားတူ နိဿဂ္ဂိယ လေးမျိုး၌ ပါဝင်၏။ ခုဒ္ဒသိက္ခာ၌ အပ်သော စားချက်ကား-သံ၊ ကြေးနီ၊ မြေ-ဟု ခွက်သုံးမျိုး၊ မအပ်သော ခွက်ကား- သစ်သား၊ ရွှေ၊ ငွေ၊ မြ၊ ကြောင်မျက်ရွဲ၊ ဖန်၊ စဥ့်၊ ကြေးဖြူ၊ အိုးအုံ ဗူးအုံ-ဟု ဆယ်မျိုးလာ၏။ ဖန်ကို နှစ်မျိုး ခွဲလျှင် မအပ်သော ခွက် ၁၁-လုံး ဖြစ်၏。
ကြေးဖြူ၊ စဥ့်၊ ဖန် (၃)၊ ကိုယ်ပိုင်မှန်-ဧကန် မအပ်စပ်။
အိုးအုံ၊ ဗူးအုံ (၂)၊ ရံခါကြုံ-မြဲထုံမအပ်စပ်။
သစ်သားခွက်ကား (၁)၊ အလျှင်းထား-ပယ်ရှားမအပ်စပ်၊
မျက်ရွဲ၊ မြ၊ ရွှေ၊ ဖန်စစ်၊ ငွေ (၅)၊ ကိုင်ချေ မကိုင်အပ်။
သံ၊ ကြေးနီ၊ မြေ (၃) ခွက်သုံးထွေ-စားလေ အပ်ပေသည်။
သစ်သားစားခွက် မအပ်ဟု အဋ္ဌကထာ၌ ပယ်ခြင်းမရှိဘဲ ခုဒ္ဒသိက္ခာ၌ အဘယ်ကြောင့် ပယ်သနည်းဟူမူ အာသိတ္တကူပဓာန- အောက်ခံ ပအုပ်ကိုပယ်ရာ၌ သစ်သားဖြင့်ပြုသော်လည်း မအပ်ဟု အဋ္ဌကထာ ပယ်သောကြောင့် စားခွက်၌ကား ဆိုဖွယ်မရှိဟု ပယ်ခြင်းဖြစ်မည်။
သပိတ်ခံအဝန်း
ထိုအခါ ပတ္တမူလ-သပိတ်၏ ဖင်သည် ပွန်း၏။ ချစ်သားတို့ … ပတ္တမဏ္ဍလ-သပိတ်ခံအဝန်းကိုခွင့်ပြု၏။ ဆဗ္ဗဂ္ဂီတို့သည် အမြတ်အယုတ် ရွှေ၊ ငွေဖြင့် ပြီးသော သပိတ်ခံ အဝန်းတို့ကို ဆောင်ကုန်၏။ ကာမဘောဂီ တို့ကဲ့သို့-ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ … အမြတ်အယုတ် သပိတ်ခံ အဝန်းတို့ကို မဆောင်အပ်-ဒုက္ကဋ်။ ချစ်သားတို့ ... ခဲမဖြူ ခဲမပုပ် ဝါ-သလွဲဖြူ၊ သလွဲမည်းဖြင့် ပြီးသော သပိတ်ခံ အဝန်းနှစ်ခုကို ခွင့်ပြု၏။ အဝန်းတို့သည် ထူကုန်၏။ မကပ်ကုန်-ဝါ-မထိကုန်။
ချစ်သားတို့ ...(ပါးပါးဖြစ်အောင်) ပွတ်ခံခြင်းငှါ ခွင့်ပြု၏။ ဝလီ-တွန့်ကုန်၏။ စလီ-လှုပ်ကုန်၏။ ချစ်သားတို့ ... မကာရ်း သွားထုခြင်းငှါ ခွင့်ပြု၏။ ဆဗ္ဗဂ္ဂီတို့သည် ဆန်းကြယ်သော သပိတ်ခံအဝန်းတို့ ဆောင်ကုန်၏။ မိန်းမ စသော အရုပ်တို့ဖြင့် ပြွမ်းကုန်၏။ နံရံမှုဖြင့် ပြုအပ်ကုန်၏။ လမ်း၌လည်း ဖော်ပြကာ လှည့်လည်ကုန်၏။ ကာမဘောဂီတို့ကဲ့သို့-ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... အရုပ်ပြွမ်းသော နံရံမှုဖြင့်ပြုသော ဆန်းကြယ်သော သပိတ်ခံအဝန်းတို့ကို မဆောင်အပ်-ဒုက္ကဋ်။ ချစ်သားတို့ ... ပကတိ မဏ္ဍလ-ပကတိ သပိတ်ခံအဝန်းကို ခွင့်ပြု၏။
(ထာ … ပွတ်ခံခြင်းငှါ ဟူသည်ကို ပါးအောင်ပြုခြင်းငှါ ခွင့်ပြုသည်။
ပကတိမဏ္ဍလ ဟူသည် မကာရ်းသွားထုသော အဝန်းမျှသာဖြစ်၏။)
(ဇီဋီ … အဝန်းတို့သည် ထူ၍ မကပ်ငြိကုန်။
အရုပ်ပြွမ်းခြင်းကား ဣတ္ထိ ရူပ စသည်ဖြင့် ပြွမ်းကုန်၏။
သာဋီ၊ ဝိဋီ … အဝန်းတို့သည် ထူ၍ စေ့စပ်စွာ မထိကုန်။
အရုပ်ပြွမ်းခြင်းကား ဣတ္ထိ ရူပ စသည်ဖြင့် ပြွမ်းကုန်၏။)
သပိတ်သိုမှီးခြင်းသုံးမျိုး
ရဟန်းတို့သည် ရေနှင့်တကွသော သပိတ်ကို သိုမှီးသိမ်းဆည်းကုန်၏။ သပိတ်သည် ပျက်စီး၏။ ချစ်သားတို့ ... ရေနှင့်တကွသော သပိတ်ကို မသိုမှီးအပ်-ဒုက္ကဋ်။ ချစ်သားတို့ ... သပိတ်ကို နေလှန်း၍ သိုမှီးခြင်းငှါ ခွင့်ပြု၏။ ရဟန်းတို့သည် ရေနှင့်တကွသော သပိတ်ကို နေလှန်းကုန်၏။ သပိတ်သည် အနံ့ဆိုး၏။ ချစ်သားတို့ .... နှင့်တကွသော သပိတ်ကို နေမလှန်းအပ်-ဒုက္ကဋ်။
ချစ်သားတို့ ... သပိတ်ကို ရေမရှိအောင်ပြု၍ နေလှန်း၍ သိုမှီးခြင်းငှါ ခွင့်ပြု၏။ ရဟန်းတို့သည် နေပူ၍ သပိတ်ကို ကြာရှည်စွာ လှန်းကုန်၏၊ သပိတ်သည် အဆင်းပျက်၏။ ချစ်သားတို့ ... နေပူ၍ သပိတ်ကို ကြာရှည်စွာ မလှန်းအပ်၊ ဒုက္ကဋ်။ ချစ်သားတို့ ... သပိတ်ကိုနေပူ၌ တစ်ခဏမျှလှန်း၍ သိုမှီးခြင်းငှါခွင့်ပြု၏။ (ရေနှင့်တကွ မသိုမှီးရ။ သပိတ်လည်း ပျက်သည်။ ရေနှင့်တကွ နေမလှန်းရ။ အနံ့လည်း ဆိုးသည်။ ကြာကြာ မလှန်းရ။ အရောင်အဆင်းလည်းပျက်သည်။ သုံးချက်တားသည်။)
သပိတ်ခြေ ခွင့်ပြုခြင်း
အခါတစ်ပါး ပိတ်များစွာတို့ကို လွင်တီးခေါင်၌ အခြေမရှိဘဲ ထားကုန်၏။ လေပွေမွှေ့ခြင်းဖြင့် အချင်းချင်း ထိခိုက်၍ သပိတ်တို့သည် ကွဲကုန်သည်။ ချစ်သားတို့ ... ပတ္တာဓာရက သပိတ်ခြေကို ခွင့်ပြု၏။ (စောင့်ရှောက်ခြင်းငှါ အာစာရကို ခွင့်ပြုသည်။ ဆွမ်းစားခြင်းငှါ မဠောရိကကို ခွင့်ပြုလတ္တံ့။)
(ထာ ... ဆင်စွယ်၊ နွယ်၊ ကြိမ် စသည်ဖြင့်ပြုသော ဘူမိ အာဓာရက နိမ့်သော လက်ကောက် သပိတ်ချေ၌ သုံးလုံး ဆင့်ထားခြင်းငှါလည်းကောင်း၊ ဒါရုအာဓာရက-မြင့်သော သစ်သားချိုင့် သပိတ်ခြေ၌ နှစ်လုံး ဆင့်ထားခြင်းငှါ လည်းကောင်း အပ်သည်ဟု ကုရုန္ဒီ၌ ဆို၏။ အဋ္ဌကထာ၌ကား ဘူမိအာဓာရက-၌ သုံးလုံးမထားလောက်၊ နှစ်လုံး ထားခြင်းငှါ အပ်၏။
ကောင်းစွာစီရင်အပ်သော သစ်သားသပိတ်ခြေ လှံတံသပိတ်ခြေ တို့၌လည်း ထို့အတူ နှစ်လုံးထားခြင်းငှါ အပ်၏။ ပွတ်စွန်းနှင့်တူသော သစ်သားသပိတ်ခြေ၊ လှံတံသုံးခုဖြင့်ဖွဲ့သော လှံတံသပိတ်ခြေတို့၌ကား သပိတ်တစ်လုံးပင် မထားလောက်။ ထားလျှင် လက်ဖြင့်ကိုင်လျက်သာ ထိုင်နေအပ်၏။ မြေ၌ကား မှောက်၍ တစ်လုံးသာ ထားအပ်၏” ဟူ ဆိုသည်။)
သာဋီ ... ဘူမိအာဓာရကသည် ဝလယ-လက်ကောက် သပိတ်ခြေ ဖြစ်၏။ သစ်သားသပိတ်ခြေကို သစ်သား တစ်ခုဖြင့် ပြု၏။ လှံတံ သပိတ်ခြေကို လှံတံများစွာဖြင့် ပြု၏။ သုံးခုသော လှံတံတို့ဖြင့် ပြုလျှင်ထား မအပ်။ မြေ၌မှောက်၍ တစ်လုံးသာထား၌ နှစ်လုံးထားလိုလျှင် အထက်၌ထားသော သပိတ်ကို နံပါးတစ်ဖက်ဖြင့် မြေ၌ထိစေ၍ ထားခြင်းငှါ အပ်သည်ဟု ဆိုကုန်၏。
ဝိဋီ … ဘူမိအာဓာရကကား ဆင်စွယ်စသည်ဖြင့် ပြုသော လက်ကောက် သပိတ်ခြေဖြစ်၏။ ထို လက်ကောက် သပိတ်ခြေသည် မမြင့်သောကြောင့် ထားသော သပိတ်တို့ မကျကုန်။ ထို့ကြောင့် သုံးလုံး ဆင်ထားခြင်းငှါ အပ်သည်ဟုဆိုသည်။ မမြင့်သည်ကို ရည်၍ ဘူမိအာဓာရက ဟု ဆိုအပ်၏။ သစ်သား သပိတ်ခြေကို သစ်သားတပ်ခုဖြင့် ပြု၏။ လှံတံ သပိတ်ခြေကို လှံတံများစွာဖြင့်ပြု၏
ထို သပိတ်ခြေတို့ကား မြင့်လွန်းကုန်၏။ သပိတ်တို့နှင့်တကွလည်း ကျနိုင်ခြင်းသဘော ရှိကုန်၏။ ထို့ကြောင့် ေကောင်းစွာ စီရင်အပ်သော-ဟု ဝိသေသန ဆိုသည်။
ပွတ်စွန်းနှင့်တူသောဟူသည်ကား ဓမ္မကရိုဏ်း စသည်ကိုသွင်း၍ ပွတ်ခံရာဖြစ်သော ပွတ်၏အစွန်းနှင့်တူ၏။ ထိုသို့သာ ပွတ်စွန်းနှင့်တူသော သစ်သား သပိတ်ခြေသည် အပြန့်ကျယ် မဟုတ်သောကြောင့် ထားသော်လည်း သပိတ်ကျနိုင်သည်။ ထို့ကြောင့် မထားလောက်ဟု ဆိုသည်။)
အစွန်း၌ သပိတ်မထားရ
ရဟန်းတို့သည် မိဍ္ဎန္တ၊ ကျောင်းဦး အတွင်း, အကျည်စွန်း၌ သပိတ်ကို ထားကုန်၏။ လိမ့်ကျ၍ သပိတ်ကွဲ၏။ ချစ်သားတို့ ... ကျောင်းဦးအတွင်း အကျည်စွန်း၌ သပိတ်ကို မထားအပ်၊ ဒုက္ကဋ်။
ပရိဘဏ္ဍန္ထ နံရံအပ ငယ်သော အကျည်စွန်း၌ သပိတ်ထားကုန်၏။ လိမ့်ကျ၍ ကွဲ၏။ ချစ်သားတို့ … နံရံအပ ငယ်သာ အကျည်စွန်း၌ သပိတ်ကို မထားအပ်။ ဒုက္ကဋ်။
(ထာ ... မိဍ္ဎန္တ ဟူသည် အိမ်ဦး ကျောင်းဦး ဆင်ဝင်အကျည်မြင့် စသည်တို့၏ အတွင်းအစွန်းဖြစ်၏။ လိမ့်သော်လည်း ထို၌သာ တည်နိုင်သော အပြန့်ကျယ်သော အကျည်၌ကား ထားခြင်းငှါအပ်၏။ ပရိဘဏ္ဍန္တ ဟူသည် အပနံပါး၌ပြုသော ပါးသော အကျည်၏ အစွန်းဖြစ်၏။ ဤ၌လည်း လိမ့်၍ မကျနိုင်အောင် ပြန့် ကျယ်လျှင် ထားအပ်၏၊)
(ဇီဋီ ... အလိန္ဒက မိဍ္ဎိကာဒိနန္တိ ပမုခိဍ္ဎိကာနံ-ကျောင်းဦး အကျည်မြင့် စသည်တို့၏ လိမ့်သော်လည်း ထို၌သာ-ဟူသည်ကား- ပြန်လိမ့်၍ တတိယအကြိမ်၌ ထိုအကျည်မြင့်၌သာ တည်၏။
ပရိဘဏ္ဍ မည်သည် ကျောင်း၏ ပြင်ပ၌ နံရံအခြေမြဲစိမ့်သောငှါ ပြုသော ပါးသော အကျည်ကို ဆိုသည်။ ဤ၌ လိမ့်ကျ၍ သပိတ်ကွဲ၏ ဟု စကား လိုက်ခြင်းကြောင့် လိမ့်ကျဖွယ်မရှိသော နေရာ၌ ထားခြင်းငှါ အပ်သည်ဟု ထင်ရှား၏။
သာဋီ ... အာဠိန္ဒက မိဍ္ဎိကာဒီနန္တိ ပမုခမိဍ္ဎိကာဒိနံ။ လိမ့်သော်လည်း ထို၌သာ ဟူသည်ကား လိမ့်၍ တတိယအကြိမ်၌ ထိုအကျည်မြင့်၌ တည်၏ ဟု ဂဏ္ဍိတို့၌ ဆိုသည်။
ပရိဘဏ္ဍ မည်သည်- ကျောင်း၏ပြင်ပ၌ နံရံအခြေမြဲစိမ့်သောငှါ ပြုသော ပါးသော အကျည်ကို ဆိုသည်။ ပါးသော အကျည်သည် ငယ်သောအကျည် ဖြစ်၏၊ မိဍ္ဎန္တ၌သော်လည်း သပိတ်ခြေ၌ ထားခြင်းငှါ အပ်၏။ သပိတ်ခြေကို ခွင့်ပြုသောကြောင့် မိဍ္ဎန္တ စသော နေရာအားလုံး၌ သပိတ်ခြေကိုထား၍ ထို၌ သပိတ်ထားခြင်းငှါ အပ်၏။ သပိတ်ခြေ၌ ထားရာအရပ်ကို မမှတ်သားခြင်း ကြောင့်တည်း-ဟု ဆိုကုန်၏။
ဝိဋီ .... အာဠိန္ဒက မိဍ္ဎိကာဒီနန္တိ ပမုခမိဍ္ဎိကာဒိနံ။ ဥစ္စဝတ္ထုကာနံ - မြင့်သော အကျည်တို့၏ (ဤကား အာဠိန္ဒက မိဍ္ဎိကာဒီနံ၏ အနက်တည်း)။
အပနံပါး ဟူသည်-ပြာသဒ် စသည်တို့၏ ပြင်ပနံရံ ဖြစ်၏။
ပါးသော အကျည်သည် ဝေဒိတာ-ဝရံတာ လက်ရမ်း ဖြစ်၏။ (ဝေဒိတာ- စိန်တောင် ဖြစ်၏၊ ပန်း တင် ပစ္စယံ ဖြစ်၏၊ ကျောင်း၏ ရှေ့ဥပစာ၌ အုတ် စသည်ဖြင့်ပြုသော ထိုင်ခုံအကျည်ဖြစ်၏။) နေရာတိုင်း၌ တစ်တောင် ပမာဏအတွင်း၌ ထားခြင်းငှါ အပ်၏။ သပိတ်ခြေ၌ကား ထိုမှ ပြင်ဖက်၌လည်း အပ်၏။)
(ဖို့ထားသော နေရာမြင့်သည် အကျည် မည်၏။ မိဍ္ဎိယာအန္တော မိဍ္ဎန္တော - အကျည်၏ အစွန်း၊ အာဠိန္ဒက ဟူသော-ဝါပမုခ ဟူသော အိမ်ဦး ကျောင်းဦး, ဆင်ဝင်နေရာသည် မိဍ္ဎ မည်၏။ ၎င်း၏ အစွန်း၌ သပိတ် မထားအပ်။ ပရိဘဏ္ဍဿ အန္တော ပရိဘဏ္ဍန္တော-အကျည်ငယ်၏ အစွန်း။ တဒူကမိဍ္ဎိကာ ဟူသော-ဝါ-ခုဒ္ဒကမိဍ္ဎိကာ ဟူသော ပါးသော သေးငယ်သော အကျည်သည် ပရိဘဏ္ဍ မည်၏။ နံရံ၏ ပြင်ပ၌ ပြု၏။ ဝေဒိတာလည်း ခေါ်သည်။ ဝရံတာ၊ လက်ရမ်း၊ စိန်တောင်၊ ပန်းတင် ပစ္စယံ၊ ထိုင်ခုံအကျည် ဟူသော အနက်တို့ကို ဟော၏။ ၎င်း၏ အစွန်း၌ သပိတ် မထားအပ်။)
သပိတ်အိတ် ခွင့်ပြုခြင်း
ရဟန်းတို့သည် မြေ၌ သပိတ်ကို မှောက်ကုန်၏။ ဩဋ္ဌ-နှုတ်ခမ်းသည် ပွန်း၏။ ချသားတို့ ... မြက်အခင်းကို ခွင့်ပြု၏။
မြက်အခင်း ခြခဲ၏။ ချစ်သားတို့ ... ပုဆိုးအခင်းကိုခွင့်ပြု၏၊
ပုဆိုးအခင်း ခြခဲ၏။ ချစ်သားတို့ ... ပတ္တမာဠက-သပိတ်စင်ကို ခွင့်ပြု၏။
သပိတ်စင်ပြိုကျ၍ သပိတ်ကွဲ၏။ ချစ်သားတို့ ... ပတ္တကုဏ္ဍောလိကာ- သပိတ် ထားစရာ အဝကျယ်သော အိုးကို ခွင့်ပြု၏။
အိုး၌ သပိတ်ပွန်း၏။ ချစ်သားတို့ ... ပတ္တထပိတ-သပိတ်အိတ်ကို ခွင့်ပြု၏。
ပခုံးလွယ်ကြိုး မရှိ။ ချစ်သားတို့ ... အံသဝဒ္ဓက - သပိတ်ကြိုးကို လည်းကောင်း၊ ဗန္ဓနသုတ္တက - အိတ်နှင့် သပိတ်ကို ဖွဲ့စရာ ကြိုးကို လည်းကောင်း ခွင့်ပြု၏。
(ထာ ...ပုဆိုးအခင်း ဟူသည် .. သပိတ်ထားစရာ ဖြန့်ခင်းအပ်သော အဝတ် ဖြစ်၏။ ထိုအဝတ် မရှိလျှင် သင်ဖြူးဖျာ၌ လည်းကောင်း၊ တပိုင်ကဲလား၌ လည်းကောင်း၊ မြေညက်ဖြင့် အပြေအပြစ်ပြုသော မြေ၌ လည်းကောင်း၊ မပျက်စကောင်းသော သသောရှိသော သဲ၌လည်းကောင်း ထားခြင်းငှါ အပ်၏။
မြေမှုန့် မြူ စသည်တို့၌ လည်းကောင်း၊ ကြမ်းသော မြေ၌ လည်းကောင်း ထားလျှင် ဒုက္ကဋ်။ သပိတ်စင်ကို အုတ်ဖြင့် လည်းကောင်း၊ သစ်သားဖြင့် လည်းကောင်း ပြုခြင်းငှါ အပ်၏။
ပတ္တကုဏ္ဍောလိကာ - ဟူသည် အဝကျယ်သော ဖျဉ်းအိုးသဏ္ဌာန် ရှိ၏။ သပိတ်ဘဏ္ဍာ သိုမှီးရာ အိုးကို ဆိုသည်။)
(ဇီဋီ ... ပတ္တမာဠကို သပိတ်လိမ့်၍ မကျအောင် အဝိုင်းဖြစ်စေ၊ လေးထောင့်ဖြစ်စေ အုတ် စသည် ကာရံ၍ စင်အသွင် ပြု၏၊
ပတ္ထမဏ္ဍလိကာ ဟူသော သပိတ်ခြင်းကို ထန်းရွက် စသည်ဖြင့် ပြု၏။
ဝိဋီ ... ပါဠိနှင့် ဩဝဋ္ဋ သည် မုခဝဋ္ဋီ - နှုတ်ခမ်းအရေး ဖြစ်၏။
သပိတ်စင် ဟူသည်ကား ခြမတက်နိုင်အောင် မြေမှ မြင့်စွာ ပြုသော ဝေဒီကာ-ပန်းတင်ခုံအသွင်-ဝါ-ထိုင်ခုံအကျယ်အသွင် စင် ဖြစ်၏။
အဝ ကျယ်သော ဖျဉ်းအိုးကုဏ္ဍသည် အဝကျယ်သော စာဋိ-ဖျဉ်းအိုး ဖြစ်၏။) (ပါဠိ၌ ဩဋ္ဌ၊ ဋီ၌ ဩဝဋ္ဋ၊)
(ဤ၌ သပိတ်အိတ်ကို သပိတ်မပွန်းအောင် ထားခြင်းငှါ ခွင့်ပြု၏၊ ပိဏ္ဍာစာရိကဝတ်၌ သပိတ်ကိုရေဆေး၍ ယူ၍-စသည်ဖြင့် ဟောသည်၊ သပိတ်အိတ်မဟော၊ အာရညကဝတ်၌ နံနက်စောစောထ၍ သပိတ်ကို အိတ်၌ ထည့်၍ ခုံး၌လွယ်၍ သင်္ကန်းကို ကိုယ်၌ တင်၍ ဖိနပ်စီး၍ - စသည်။ ရွာသို့ ဝင်အံ့သောအခါ ဖိနပ်ကိုချွတ်၍ ခါ၍ အိတ်၌ထည့်၍ ပခုံး၌လွယ်၍ သင်္ကန်းရုံ၍ သပိတ်ကို ရေဆေး၍ ယူ၍ … စသည်။ ရွာမှထွက်သောအခါ သပိတ်အိတ်၌ထည့်၍ ပခုံး၌လွယ်၍ သင်္ကန်းကိုခေါက်၍ ဦးခေါင်း၌ တင်၍ ဖိနပ်စီး၍ ...စသည်ဖြင့် ဟော၏။
သပိတ်အိတ်ဖြင့်လွယ်လျက် ဆွမ်းမခံကောင်းဟု အယူရှိသော မထေရ်တို့ကား တောနေရဟန်းတို့အားသာ ရွာပ၌သာ ခွင့်ပြုသည်။ ရွာဝင်ခါနီး ချွတ်ရသည် ဟု အာရညက ဝတ်ကို ကိုးကား၍ဆိုကုန်၏။ သာသနာပိုင် ဂုဏ်ထူးဆောင် မထရ်ကြီးများပင် ဆိုကြသဖြင့် အဆက်ဆက်လိုက်၍ ဆိုကုန်၏။ အချို့ကား ဆိုင်း၍ သပိတ်ထည့်၍ တောင်ဝှေး၌ဆွဲ၍ သွားသော ဝတ္ထု၌ ဆိုင်းကို မအပ်ဟု ပယ်သည်။ ဂိလာန အားသော်လည်း သိက္ခာသမုတိရမှ အပ်သည်ဟု ဖွင့်သည်။ ယခု သပိတ်အိတ်သည် ကွန်ချာ ဖြစ်၏။ ဆိုင်းနှင့်တူ၏။ ထို့ကြောင့် မအပ်ဟု ဆိုကုန်၏။ ခန္ဓက၌ မအပ်ဟုဆိုလျှင် ဒုက္ကဋ်ပင်တည်းဟု အဆိုရှိပြီ။
ဗန်းမော်ဆရာတော်ကြီး အား အရညကဝတ်လာ သပိတ်အိတ်ကား သပိတ်မပွန်းရုံထည့်ရသော သူတောင်းစား အိတ်ကြီးမျိုး ဖြစ်၍ အိတ်နှင့်တကွ ဆွမ်းခံ၍ မဖြစ်သောကြောင့် ချွတ်ရသည်။ မအပ်၍ အပတ်သင့်၍ ချွတ်ရသည်မဟုတ်။ ယခုကာလ သပိတ်အိတ်များကား ဆွမ်းခံ၍လည်း ဖြစ်သည်။ ဣန္ဒြေရ၍ သမဏသာရုပ္ပလည်း ဖြစ်လှသည်။ လက်ညောင်းသက်သာ ကိုယ်ချမ်းသာ လွန်စွာကျေးဇူးလည်း များလှသည် ဟု မိန့်ဆိုတော်မူတတ်။ အင်္ဂဇာဆရာတော်ကြီးလည်း ငါ့တပည့်များ အရဟတ္တဖိုလ်သို့ ရောက်သည့်တိုင်အောင် သပိတ်အိတ်လွယ်၍ ဆွမ်းခံကြလော။ ပိဋကတ် ထိုးထွင်းဉာဏ် ခေါင်ချဉ်းသော ငါတို့ ကျေးဇူးရှင် သီးလုံး ဆရာတော်ဘုရားကြီး၏ နည်းလမ်းတာ် ဖြစ်ပေသည်ဟု မိန့်တော်မူသတတ်။
မအပ်ဟု မပြုသူတို့အား မပြုသည့်အတွက် အပြစ်မရောက်နိုင်။ မအပ်ဟု ဆိုသည့်အတွက်ကား ဆိုဖွယ်ရှိသေး၏။ နံနက်စောစောထ၍ သင်္ကန်းကို ကိုယ်၌တင်၍ ဟူ၍လည်းကောင်း၊ ရွာသို့ ဝင်အံ့သောအခါ သင်္ကန်းရုံ၍ ဟူ၍ လည်းကောင်း၊ ခွင့်ပြုလျက် ကျောင်းမှ အပြီးရုံသွားခြင်းသည် လည်းကောင်း၊ ရွာမှ ထွက်သော အခါ သင်္ကန်းကို ခေါက်၍ ဦးခေါင်း၌တင်၍ စသည်ခွင့်ပြုလျက် သင်္ကန်းရုံ မဖျက်ဘဲ ကျောင်းအရောက် ပြန်လာခြင်းသည် လည်းကောင်း၊ ဖိနပ်မစီးခြင်းသည် လည်းကောင်း စာနှင့်မညီဟု ဝါ-မအပ်ဟု ဆိုဖွယ် ရှိသေး၏။ သို့သော် ဤသို့ကား ဆိုဝံ့မည် မဟုတ်ချေ။
အနုညာတကို ပဋိက္ခိတ္တပြု၍ မအပ်ဟု အာပတ်တပ်ခြင်း ဟူသည် ဘုရားရှင်အလိုသိသော အဋ္ဌကထာ ဆရာများ၏ အရာသာတည်း။
သပိတ်အိတ်ကွန်ချာသည် ဆိုင်းနှင့်တူ၏ ဟုဆိုရာ၌ အိတ်ကို ပခုံး၌ လွယ်ရိုး၊ ဆိုင်းကို ထမ်းပိုး စသည်၌ ဆွဲရိုးသာ ရှိသည်။ ပခုံး၌ ဆိုင်း လွယ်ရိုး မရှိ။ ထို့ကြောင့် ကွန်ချာဆိုင်းကို သမ္မုတိမရဘဲ ထမ်းပိုး၌ မဆွဲအပ်ဟု ဆိုလျှင် သင့်တော်ရာ၏။ ပခုံး၌ ဆိုင်းလွယ်လျက် ဆွမ်းမခံကောင်းဟုဆိုလျှင် သဘင်စကားပမာ ရယ်ဖွယ်သာ ဖြစ်ရာ၏။ အချို့လည်း ဂရုက လဟုကေသုဖြင့် အရာမဟုတ်ဘဲလျက် မိမိစကား ခိုင်လို ခိုင်ငြား အဆိုမှားကုန်၏။ အလေ့အလာ နည်းပါးလျက် ဂရုကလ-ဟု ကေသုကို လက်ကိုင်ပြုခြင်းသည် ထုံးစံကဲ့သို့ ဖြစ်ချေပြီ။
သပိတ်မထားကောင်းများ
ရဟန်းတို့သည် ဘိတ္ထိခီလ- နံရံ တသင်း၌ လည်းကောင်း၊ နာဂဒန္တက - သစ်သားကောက်၌ လည်းကောင်း၊ သပိတ်ကို ချိပ်ကုန်၏။ သပိတ်သည်ကျ၍ ကွဲ၏။ ချစ်သားတို့ ... သပိတ်ကို မချိပ်အပ်- ဒုက္ကဋ်။
ညောင်စောင်း အထက်၌ သပိတ်ကို ထားကုန်၏၊ သပိတ်မေ့၍ ထိုင်သူတို့သည် ဖိ၍ကွဲစေကုန်၏။ ချစ်သား ... ညောင်စောင်း၌ သပိတ်ကိုမထားအပ်၊ ဒုက္ကဋ်။
အင်းပျဉ်အထက်၌ ထားကုန်၏။ ထိုအတူ ကွဲစေကုန်၏။ ချစ်သားတို့ ... အင်းပျဉ်၌ သပိတ်ကို မထားအပ်၊ ဒုက္ကဋ်။
အင်္ဂ- ရင်ခွင်၌ ဝါ– တင်ပျဉ်၌ သပိတ်ထားကုန်၏။ မေ့၍ ထသောအခါ ကျ၍ ကွဲ၏။ ချစ်သားတို့ ... တင်ပျဉ်၌ သပိတ်ကို မထားအပ် ဒုက္ကဋ်။
ဆတ္တ-ထီး၌ သပိတ်ထားကုန်၏။ လေပွေပင့်သဖြင့် ကျ၍ ကွဲ၏။ ချစ်သားတို့ .... ထီး၌သပိတ်ကို မထားအပ်၊ ဒုက္ကဋ်။
(ထာ ... သပိတ်ချိပ်ရာ၌ အမှတ်မရှိ နေရာမရွေး ချိပ်လျှင် ဒုက္ကဋ် သာတည်း။ သင်္ကန်း တန်းဝါး၌လည်း ဖွဲ့ချည်၍ ထားခြင်းငှါ မအပ်၊ ဘဏ္ဍာထားခြင်းငှါ လည်းကောင်း၊ ထိုင်ခြင်း အိပ်ခြင်းငှါ လည်းကောင်း ပြုသော ညောင်စောင်း အင်းပျဉ်ဟူသမျှ ထားလျှင် ဒုက္ကဋ်။ တစ်ပါးသော ဘဏ္ဍာထုပ်နှင့်တကွ ဖွဲ့၍ထားလျှင်ကား အပ်၏။ အပေါင်၌ဖွဲ့၍ ဆွဲခြင်းငှါလည်း အပ်၏။ ဖွဲ့သော်လည်း ညောင်စောင်းအင်းပျဉ် အထက်၌ ထားခြင်းငှါ မအပ်သည်သာတည်း။
ညောင်စောင်းအင်းပျဉ်ကို မြှင့်တင်၍ သင်္ကန်းတန်းဝါး စသည်၌ ငြမ်းအသွင်ပြုထားအံ့၊ ထိုနေရာ၌ ထားခြင်းငှါ အပ်၏။ သပိတ်လွယ် ပခုံးဖွဲ့ကြိုးဖြင့် ပခုံးစွန်း၌ လွယ်ထားသော သပိတ်ကိုလည်းကောင်း မထားအပ်။ ဘဏ္ဍာထုပ်နှင့်တကွ ဖွဲ့ချည်၍ထားသော ထီး၌လည်းကောင်း၊ ငြမ်းပြုထားသော ထီး၌လည်းကောင်း (ဆွမ်းရှိ၊ မရှိ) သပိတ်အားလုံး ထားခြင်းငှါ အပ်၏။)
(ညောင်စောင်းအခြေကို ရှစ်သစ်သာ ဘုရားရှင် ခွင့်ပြုလျက်၊ သပိတ်ကို အပေါင်၌ဖွဲ့၍ ဖွဲ့ခြင်းငှါ ဟု ဆိုသေကြောင့် ရှစ်သစ်သည် ပကတိ တစ်ထောင့်ထွာ-ဟု ဆုံးဖြတ်နိုင်ကြသည်။)
(ဇီဋီ … မိဍ္ဎန္တ- အကျည်စွန်း၌ သပိတ်ခြေ၌ ထားခြင်းငှါ အပ်၏။ သပိတ်ခံ ထားစရာ ခွင့်ပြုသော သပိတ်ခြေ ဖြစ်သောကြောင့်တည်း။ ညောင်စောင်းထက်၌ကား သပိတ်ခြေ၌သော်လည်း မအပ်၊ ထိုင်ခြင်းကို အကြောင်း ပြု၍ ထားသောကြောင့်တည်း။ ညောင်စောင်းအပေါ်၌ ဆွဲလျှင်ကား မြေနှင့်နီးသောကြောင့် အပ်၏။
ပခုံးစွန်း၌ လွယ်လျက်ဟု ဆိုသောကြောင့် လက်ဖျား၌ ချိပ်ဆွဲလျက် တင်ပျဉ်၌ ထားခြင်းငှါ မအပ်ဟု ကေစိတို့ ဆိုကုန်၏။ မကောင်း (လက်ဖြင့်ချိပ်ဆွဲလျက်ကို မအပ်ဟု မဆိုသင့်ဟူလို။)
ဝိဋီ၌ … သပိတ်သက်သက်မဟုတ်ဘဲ အိတ်ဖြင့်ချိပ်လျှင် ဒုက္ကဋ်မသင့်-ဟု ဆိုကုန်၏။ စူးစမ်းအပ်၏။ တစ်ပါးသော ဘဏ္ဍာထုပ်နှင့် တကွ ဖွဲ့ရာ၌ ထမ်းစရာ ပိုးစရာထုပ်သော ဝန်ထုပ်နှင့်တကွဖွဲ့ရသည်။ ဖွဲ့၍ဆွဲခြင်းငှါဟု ဆိုသောကြောင့် သပိတ်အိတ်မှ ပခုံးလွယ်ကြိုး လျှောမကျအောင် ခိုင်ခိုင်ဖွဲ့၍ ထားခြင်းငှါ အပ်၏။ ဖွဲ့သော်လည်း အထက်၌မထားရခြင်း အကြောင်းကား ထိုင်သူတို့သည် ဖိ၍ကွဲစေသော ကြောင့်တည်း။ ငြမ်းအသွင်မြင့်တင်ထားရာ၌ ထိုင်ဖွယ်တွေးတောစရာ မရှိသောကြောင့် ထားခြင်းငှါအပ်၏။ သပိတ်အားလုံး ကား ဆွမ်းပြည့်သော သပိတ်ဖြစ်စေ၊ အချည်းနှီးသပိတ်ဖြစ်စေ ထားခြင်းငှါ အပ်၏。
သပိတ်ကိုင်လျက် တံခါးမတွန်းအပ်
ရဟန်းတို့သည် ပတ္တဟတ္တ သပိတ်လက်စွဲလျက် ကဝါဋ-တံခါးရွက်ကို တွန်းကုန်၏။ တံခါးရွက်သည် ပွင့်ထွက်၍ သပိတ်ကွဲ၏။ ချစ်သားတို့ ... သပိတ်လက်စွဲလျက် တံခါးရွက်ကို မတွန်းအပ်-ဒုက္ကဋ်။
ထာ ... ပတ္တဟတ္တဟူသည် လက်၌သာမဟုတ် လက်၌လည်းကောင်း ဖမိုး၌လည်းကောင်း အမှတ်မရှိ၊ ကိုယ်အစိတ်၌ သပိတ်ရှိသူသည် သပိတိ လက်စွဲသူမည်၏။
ထိုရဟန်းသည် တံခါးရွက်ကို လက်ဖြင့် ခြေဖြင့် ဦးခေါင်းဖြင့် အမှတ်မရှိ ကိုယ်အစိတ်ဖြင့် တွန်းခြင်းငှါ မအပ်။ သည်မျှ မဟုတ်သေး၊ ဃဋိက အထက်၌တပ်သာ) ကျည်မ ရက်ဖာက်ကို လည်းကောင်း၊ သူစိ အောက်ကျည် ငယ်ကို လည်းကောင်း ပင့်ခြင်း မြောက်ခြင်း ဖွင့်ခြင်းငှါ မအပ်၊ ကုဉ္စိကာ သံကောက်ဖြင့်ဖွင့်ခြင်း (သော့ခတ်ခြင်း) ငှါလည်း မအပ်။ ပခုံးစွန်း၌ သပိတ်လွယ်လျက်ကား အလိုရှိတိုင်း ဖွင့်ခြင်းငှါ အပ်၏။)
သာဋီ .... ဃဋိက-ဟူသည် အထက်၌ တပ်သော အဂ္ဂဠ-မင်းတုပ် ဖြစ်၏。
ဗူးအုံ၊ အိုးအုံ၊ ခေါင်းခွံ
ရဟန်းတို့သည် ကုမ္ဗကဋာဟ-ဗူးအုံဖြင့် ဆွမ်းခံသွားကုန်၏။ တိတ္တိတို့ကဲ့သို့ဟု လူတို့ကဲရဲ့ကုန်၏။ ချစ်သားတို့ ... ဗူးအုံဖြင့် ဆွမ်းခံမသွားအအပ်၊ ဒုက္ကဋ်။
ရဟန်းတစ်ပါးသည် ဃဋိကဋာဟ-အိုးအုံဖြင့် ဆွမ်းခံသွား၏၊ တိတ္တိတို့ကဲ့သို့ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... အိုးအုံဖြင့် ဆွမ်းခံမသွားအပ်၊ ဒုက္ကဋ်။
ရဟန်းတစ်ပါးသည် အလုံးစုံ ပံ့သကူ ဆောင်၏။ လူသေဦးခေါင်းခွံ သပိတ်ကိုဆောင်၏။ မိန်းမ တစ်ယောက် သည် မြင်လတ်သော် အဗ္ဘုံမေ ပိသာစောဝတာယံ ဟု ထိတ်လန့်စွာ ဟစ်အော်၏၊
မေ-ငါ့အား။
အဗ္ဘုံ - မကြီးမပွား ပျက်ပြားရတော့မည်။
အယံ၊ ဤသူသည်။
ပိသာစောဝတ၊ ဘီလူးပါတကား။
ဤသို့ ဟစ်အော်၏။ လူတို့သည် ပိသာစိလ္လိက မြေဘုတ်ဘီလူးငယ်ကဲ့သို့ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... လူသေဦးခေါင်း သပိတ်ကို မဆောင်အပ်၊ ဒုက္ကဋ်။ ချစ်သားတို့ ... အလုံးစုံ ပံ့သုကူဆောင်သူ မဖြစ်အပ်၊ ဒုက္ကဋ်။
(ထာ .... လာဗုကဋာဟ-ဗူးအုံ ဗူးတောင်း ဗူးသီးခွံသည် ကုမ္ဗကဋာဟ မည်၏။ အမြဲဆောင်ခြင်းငှါမအပ်။ ရ၍ အခိုက်အတန့် သုံးဆောင်လျှင် အပ်၏။ အိုးအုံ၌လည်း ဤနည်းသာတည်း။
ဃဋိကပါလ - အိုးအင်အိုးခွက်သည် ဃဋိကဋာဟ မည်၏။
အဗ္ဘုံမေသည် ထိတ်လန့်စွာ ဆိုသော စကားဖြစ်၏။
အလုံးစုံ ပံ့သုကူ ဆောင်သူ၌ သင်္ကန်းပံ့သုကူ၊ ညောင်စောင်းအင်းပျဉ် ပံ့သုကူသည် အပ်၏။ စားသောက်စရာကိုကား ပေးမှ (ဝါ-ကပ်မှ၊ ယူအပ်၏။)
(သာဋီ ... အခိုက်အတန့် ဟူသည်ကား တစ်ကြိမ်ယူ၍ အိုးအုံ ဗူးအုံ ဖြင့် အာမိသ သုံးဆောင်၍ စွန့်ခြင်းငှါ အပ်၏ ဟူလို။
အဗ္ဘုံမေ၌ ဘဝတံတိဘူ၊ ဝဍ္ဎိ - ကြီးပွားခြင်း၊ နဘူအဘူ၊ အဝဍ္ဎိ - မကြီးပွားခြင်း။ ထိုမိန်းမသည် လန့်၍ အော်သည်။ ငါအားပျက်စီးပါပြီ ဟူလို။
ဦးခေါင်းဖြင့်ပြီးသော သပိတ်ဖြစ်၍ သဝသီသဿပတ္တံ-ဟု ပကတိဝိကာရသမ္ဗန် ၌သာ မိဝိဘက်သက်သည်။ အဘေဒဘေဒူပစာဖြင့် ဆိုသည်။
ဝိဋီ .... အမြဲဆောင်ခြင်းငှါဟူသည်ကား နေ့တိုင်း နေ့တိုင်း ဆွမ်းခံ လှည့်လည်ခြင်းငှါ မအပ်၊ သပိတ်မရလျှင် တစ်နေ့ ဆွမ်းခံစား၍ စွန့်ခြင်းငှါအပ်၏။ ထို့ကြောင့် တာဝကာလိက--အခိုက်အတန့် သုံးဆောင်လျှင် အပ်၏။ ဟုဆိုသည်။ ပဏ္ဏပုဋ-သစ်ရွက်ထုပ်ခေါ် ဖက်ခွက်စသည် တို့၌လည်း ဤနည်းသာတည်း။
အဗ္ဘုံမေကား--ငါအား မကြီးပွား ပျက်စီးပါပြီဟူလို။
ပိသာစိလ္လိကာသည် ပိသာစဒါရက--မြေဘုတ်ဘီလူးငယ်တို့ ဖြစ်ကုန်၏။
ဦးခေါင်းခွံ သပိတ်သည် ဦးခေါင်းခွံဖြင့်ပြီးသော သပိတ်ဖြစ်၏။ ပကတိ, ဝိကာရသမ္ဗန်၌သာ မိဝိဘက်တည်း။)
(ဒေါင်းလန်း၊ ပျပ်၊ နှီးခွက်တို့ကို ပဏ္ဏပုဋ စသည်၌ ယူထိုက်လျှင် တာဝကာလိက သုံးဆောင်ရာ၏။ ခုဒ္ဒသိက္ခာ၌ကား သစ်သားခွက် မအပ်ဟု ပယ်သည်။ အပ်သော အခွင့်ကိုမပြ။ ဝါးခွက်၊ နှီးခွက် ဟူသည် လည်း သစ်သားခွက်၏ တပည့်သာတည်း။
အာသိတ္တကူပဓာန--ပအုပ် အဖွင့် အဋ္ဌကထာ၌ ပအုပ်ကိုကြေးနီဖြင့် ငွေဖြင့်ပြုသည်။ ပအုပ်ကို ပယ်အပ်သောကြောင့် သစ်သားဖြင့်ပြုသော်လည်း မအပ်ဟုဖွင့်သည်။ ပအုပ် မဟုတ်လျှင် သစ်သားဖြင့် ပြုသောခွက် အပ်ရာ၏ ဟု ဆိုဖွယ်ရှိ၏။ သို့သော် ပအုပ်သည် စားခွက်မဟုတ်။ စားခွက်၏ အောက်ခံခွက် ဖြစ်သည်။ ထို့ ကြောင့် ထိုသို့ဆိုဖွယ်မရှိ။ အောက်ခံခွက်ကိုမျှ ပယ်ခြင်းဖြင့် စားခွတ်၌လည်း ပယ်ခြင်းဖြစ်မည်။
ထွေးခံခွင့်ပြုခြင်း
ရဟန်းတို့သည် စလက-စားဖတ်ကိုလည်ကောင်း၊ အဋ္ဌိက-အရိုးကို လည်းကောင်း၊ ဥစ္ဆိဋ္ဌောဒက-လုပ်ဆေးရေကို လည်းကောင်း သပိတ်ဖြင့် ထုတ်ဆောင်ကုန်၏။ စားခွက်ကို ပဋိဂ္ဂဟ - ထွေးခံပြုသည်ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ .... စားဖတ်ကိုလည်းကောင်း၊ အရိုးကို လည်းကောင်း၊ လုပ်ဆေးရည်ကို လည်းကောင်း သပိတ်ဖြင့် မထုတ်ဆောင်အပ်-ဒုက္ကဋ်။ ချစ်သားတို့ ... ထွေးခံကို ခွင့်ပြု၏၊
(ထာ ... စလကသည် စုတ်၍ စား၍ ဝါး၍ ထွေးစွန့်အပ်သော အာမိသဖြစ်၏။
အဋ္ဌိကသည် ငါးရိုး၊ အမဲရိုး ဖြစ်၏။
ဥစ္ဆိဋ္ဌောဒကသည် ခံတွင်းဆေးသောရေဖြစ်၏။ ၎င်းတို့ကို သပိတ်ဖြင့် ထုတ်ဆောင်လျှင် ဒုက္ကဋ်။
သပိတ်ကို ပဋိဂ္ဂဟ--ထွေးခံ ဝါ-လက်ဆေးခံပြု၍ လက်ကို ဆေးခြင်းငှါလည်း မအပ်။ လက်ခြေဆေးသော ရေကိုလည်း သပိတ်၌ လောင်း၍ ထုတ်ဆောင်ခြင်းငှါ မအပ်။ အနိစ္ဆိဋ္ဌ သပိတ်ကို ဥစ္ဆိဋ္ဌ လက်ဖြင့်- ဝါ-စင်ကြယ်သော သပိတ်ကို စားပြီးလက်ပေဖြင့် ကိုင်ခြင်းငှါ မအပ်။
ဤစင်ကြယ်သော သပိတ်၌ မပေသော လက်ဝဲလက်ဖြင့် ရေလောင်းထည့်၍ ထိုလက်ဖြင့်ကိုင်၍ ရေတစ်ကျိုက် သောက်ပြီးသော်ကား လက်ပေဖြင့် ကိုင်လျှင်အပ်၏။ ရေတစ်ကျိုက် သောက်ရုံဖြင့်ပင် ဥစ္ဆိဋ္ဌသပိတ် ဖြစ်သောကြောင့်တည်း။ လက်ကို အပ၌ဆေး၍ ကိုင်လျှင်ကား အပ်၏၊ ငါး အမဲ သစ်သီး ကြီးငယ်စသည်ကို စား၍ စွန့်လိုသော အရိုး အစေ့ စားဖတ်ကို သပိတ်၌ထားခြင်းငှါ မအပ်။ တစ်ဖန် စားလိုလျှင်ကား သပိတ်၌ဆေးလျှင်အပ်၏။ အရိုး အစေ့ ဆူးတောင် စသည်ကို သပိတ်၌သာ ထား၍ လက်ဖြင့် (အသား စသည်ကို) နှုတ်၍ စားလျှင် အပ်၏။ ခံတွင်းမှ ထုတ်ယူပြီးသော မစားလိုသော တစ်စုံတစ်ခုကို သပိတ်၌ မထားအပ်။ ချင်းတက်၊ အုန်းသီးစိပ်တို့ကို ကိုက်ဖဲ့၍ ပြန်ထားလျှင် အပ်၏။
(သာဋီ ... စမ္ဗေတွာတိခါဒိတွာ။ (စမ္ဗ-ခါဒနေ ဟူလို။) ရေတစ်ကျိုက် သောက်ပြီးသော်ကား ဟူသည် လက်ဝဲလက်ဖြင့်သာ သပိတ်ကို ချီ၍ ခံတွင်းဖြင့် ရေတစ်ကျိုက်သောက်ပြီးသော်တည်း။ ဉစ္ဆိဋ္ဌလက်သည် အာမိသ ကပ်သောလက် ဖြစ်၏။ ဤအလုံးစုံတို့၌ ပညတ်တော်ကို သိသော်လည်းကောင်း၊ မသိသော် လည်းကောင်း အာပတ်သာတည်း。
ဝိဋီ … စမ္ဗေတွာတိ--နိဋ္ဌုဟိတွာ--ထွေး၍။ ထွေးခံ လက်ဆေးခံပြု၍ ဟု ဆိုသောကြောင့် ရေကိုယူ၍ သပိတ်ကို ဆွတ်ဖျန်း၍ လက်ပေဖြင့် ပွတ်တိုက်သည် အစွမ်းဖြင့် လက်ကို ဆေးလျှင် အပ်၏။ ဤမျှဖြင့် သပိတ်ကို ထွေးခံ လက်ဆေးခံပြု၍ လက်ဆေးသည် မမည်။
ရေတစ်ကျိုက် သောက်ပြီးသော်ကား ဟူသည် သပိတ်ကိုမထိဘဲ သပိတ်၌ရေကိုသာ လက်ပေဖြင့်ယူ၍ တစ်ကျိုက်သောက်ပြီးသော်။ တစ်နည်း ... လက်ဝဲလက်ဖြင့်သာ သပိတ်ကိုချီ၍ ခံတွင်းဖြင့် ရေတစ်ကျိုက် သောက်ပြီးသော် ကိုင်ခြင်းငှါ အပ်၏။
အပ၌ ဆေး၍ ဟူသည်ကား လက်နှစ်ချောင်း၌ အာမိသမျှကို ဆေး၍ ထိုလက်နှစ်ချောင်းဖြင့် ကိုင်လျှင်လည်း အပ်၏။
တစ်ဖန် စားလိုလျှင်ဟူသည်၌ မိမိ မစားလိုသော်လည်း သူတစ်ပါး စားထိုက်သေးလျှင် သပိတ်၌ ထားခြင်းငှါ အပ်၏။
သပိတ်၌သာထား၍ ဟူသည်ကား သပိတ်၌သာ ထားမြဲတိုင်းမှ မဟုတ်ဘဲ ထိုမှ အသားကိုသာ အကြွင်းမဲ့နုတ်၍ စားလျှင် အပ်၏။
သင်္ကန်းဖြတ်ဓားငယ် ခွင့်ပြုခြင်း
ရဟန်းတို့သည် လက်ဖြင့် ဆုတ်ဖြတ်၍ သင်္ကန်းကိုချုပ်ကုန်၏။ သင်္ကန်းသည် အနားမညီ ဖြစ်၏။ ချစ်သားတို့ ... သတ္တက- သင်္ကန်းဖြတ်စရာ ဓားငယ်ကို လည်းကောင်း။ နမတက-ဓားငယ်ရစ်စရာ ပုဆိုးကိုလည်းကောင်း ခွင့်ပြု၏。
သံဃာအား ဒဏ္ဍသတ္ထက - အရိုးတပ်သော ဓားငယ်သည် ဖြစ်ပေါ်၏။ ချစ်သား ... အရိုးတပ်သော ဓားငယ်ကို ခွင့်ပြု၏။
ဆဗ္ဗဂ္ဂီတို့သည် ရွှေငွေဖြင့်ပြီးသော အမြတ်အယုတ် ဓားငယ်ရိုးတို့ကို ဆောင်ကုန်၏။ ကာမဘောဂီတို့ကဲ့သို့ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... အမြတ်အယုတ် ဓားငယ်ရိုးတို့ကို မဆောင်အပ်ကုန်-ဒုက္ကဋ်။
ချစ်သားတို့ ... အရိုး ဆင်စွယ်, ဦးချို ကျူဝါး, သစ်သား, ချိပ်, သစ်သီး၊ လောဟ-သံ၊ ဝါ-ကြေး၊ ခရုသင်းချက် ဖြင့်ပြီးသော ဓားငယ်အရိုးကို ခွင့်ပြု၏。
(ထာ ... နမတကသည် ဓားငယ်ကို ရစ်ပတ်စရာ ပုဆိုးပိုင်းဖြစ်၏။ ဒဏ္ဍသတ္ထကသည် ပိပ္ဖလိက-သင်ဓုန်းဓားငယ် ဖြစ်၏။ (ပန်းနိတ် ဓားငယ်လည်း ခေါ်သည်။) ထိုမှတစ်ပါး အမှတ်မရှိ အရိုးတပ်၍ပြုသော ဓားငယ်သည်လည်း ဒဏ္ဍသတ္ထကမည်၏။ ဤခန္ဓက၌ နမတက သုံးမျိုး မြင်ရလတ္တံ့။)
အပ်ခွင့်ပြုခြင်း
ရဟန်းတို့သည် ကုက္ကုဋတ္တ-ကြက်တောင်ဖြင့် လည်းကောင်း၊ ဝေဠုပေသိကာ-ဝါးခြမ်းစိတ်ဖြင့် လည်းကောင်း သင်္ကန်းချုပ်ကုန်၏။ ချုပ်ရိုးမကောင်း ဖြစ်၏။ ချစ်သားတို့ ... သူစိ-အပ်ကို ခွင့်ပြု၏။။
အပ်တို့သည် ကဏ္ဏတိကာ-သံချေး တက်ကုန်၏။ ချစ်သားတို့ ... သူစိနာဠိက-အပ်ကျည် (အပ်ဗူး) ကို ခွင့်ပြု၏။
အပ်ကျည်၌ သံချေးတက်ကုန်၏၊ ချစ်သားတို့ ... ကိဏ္ဏ--တဆေးမှုန့်ဖြင့် ပြည့်စေခြင်းငှါ ခွင့်ပြု၏။
တဆေးမှုန့်၌လည်း သံချေးတက်ကုန်၏။ ချစ်သားတို့ ... သတ္တုယာ-နနွင်းရောသော မုံ့မှုန့်ညက်ဖြင့် ပြည့်စေခြင်းငှါခွင့်ပြု၏。
သတ္တု၌လည်းသံချေး တက်ကုန်၏။ ချစ်သားတို့ ... သရိတကံ-ကျောက်မှုန့်ကို ခွင့်ပြု၏။
အရိတက၌လည်း သံချေးတက်ကုန်၏။ ချစ်သားတို့ ... မဓုသိတ္တကေန- ပျားဖယောင်းဖြင့် (အပ်ကို) လိမ်းကျံခြင်းငှါ ခွင့်ပြု၏。
သရိတက-လိမ်းကျံသော ဖယောင်းသည် ပျက်စီး၏။ ချစ်သားတို့ ... သရိတက သိပါဋိက -ပျားဖယောင်းဖြင့် လိမ်းကျံသော အဝတ်ကို ခွင့်ပြု၏။ (သရိတက-နှစ်မျိုး။ ကျောက်မှုန့်၊ လိမ်းကျံသော ဖယောင်း။)
(ထာ ... ကဏ္ဏတိကာ ဟူသည် မလဂ္ဂဟိတာ - ညစ်ကြေးတက်ကုန်၏။
ကိဏ္ဏသည် ကိဏ္ဏစုဏ္ဏ--တဆေးမှုန့် ဖြစ်၏။
သတ္တုသည် ဟလိဒ္ဒိ မိဿက ပိဋ္ဌစုဏ္ဏ - နနွင်းရောသော မုံ့မှုန့်ညက်ဖြစ်၏။
သရိတက သည် ပါသာဏစုဏ္ဏ ဖြစ်၏။ ထိုကျောက်မှုန့်ဖြင့် ပြည့်စေခြင်းငှါ ခွင့်ပြု၏ ဟူလို။
နောက်သရိတကသည် မက္ခိတမဓုသိတ္တက--လိမ်းကျံ သော ပျားဖယောင်း ဖြစ်၏။
သရိတကသိပါဋိကသည် မဓုသိတ္တကပိလောဟိတဖြစ်၏။ ဓားငယ် သွတ်စရာ အိမ်ငယ်သည် ဖယောင်းဖြင့် လိမ်းကျံသော အဝတ်အား လျော်သည်ဟု ကုရုန္ဒီ၌ ဆို၏။)
(ဋီ ...ကိဏ္ဏစုဏ္ဏသည် သုရာကိဏ္ဏစုဏ္ဏ - သေပြုသော တဆေးမှုန့် ဖြစ်၏။)
သင်္ကန်းချုပ်စရာ ကားကိုခွင့် ပြုခြင်း
ရဟန်းတို့သည် ထိုထို အရပ်၌ တသင်းငုတ်စိုက်၍ ဖွဲ့ချည်၍ သင်္ကန်းချုပ်၏၊ ထောင့်မညီ ဖြစ်၏။
ချစ်သားတို့ ... ကထိန-ကားကို လည်းကောင်း၊ ကထိနရဇ္ဇု -- ကား၌ ချည်စရာ ကြိုးကိုလည်းကောင်း၊ ထိုထို၌ဖွဲ့ကြက်၍ သင်္ကန်းကို ချုပ်ခြင်းငှါ လည်းကောင်း ခွင့်ပြု၏။
(ကားကို-ကားပေါင်၊ ကန်ရင်းပေါင်၊ ထန်းရင်ပေါင်ဟူ၍လည်း ခေါ်ကြသည်။)
မညီမညွတ်သော နေရာ၌ ကားကို ဖြန့်ခင်းကုန်၏၊ ကားသည် ပျက်၏။
ချစ်သားတို့ ... မညီညွှတ်ရာ၌ ကားကိုမဖြန့်အပ်-ဒုက္ကဋ်။
မြေ၌ ကားကို ဖြန့်ကုန်၏။ မြေမှုန့်ကပ်၏။
ချစ်သားတို့ ....မြက်အခင်းကို ခွင့်ပြု၏။
ကား၏ အစွန်းသည် (ဝါ-ကား၌ဖွဲ့သော သင်္ကန်း၏အစွန်းသည်) ဆွေး၏။
ချစ်သားတို့ ... အန္နဝါတ-အလျား အနားပတ်ကို၊ ပရိဘဏ္ဍ- အနံအနားပတ်ကို တင်စိမ့်သောငှါ ခွင့်ပြု၏။
ကားကို သင်္ကန်းအငယ်သည် မမှီ။
ချစ်သားတို့ .... ဒဏ္ဍကထိန-လှံတံဖွဲ့သော ကားငယ်ကို လည်းကောင်း၊ ပိဒလက--ခင်းသောဖျာကို (အစွန်းခေါက်၍) နှစ်ထပ်ပြုခြင်းကို လည်းကောင်း၊ သလာကာ-နှစ်ထပ်သင်္ကန်း အကြား သွင်းစရာ (ခြားစရာ) ဝါးခြမ်းစိတ်ကို လည်းကောင်း၊ ဝိနန္ဓကရဇ္ဇု--ဖွဲ့စရာ ကြိုးကို လည်းကောင်း၊ ဝိနန္ဒကသုတ္တ-ချည်စရာချည်ကြိုးကို လည်းကောင်း၊ သင်္ကန်းကို ဖွဲချည်၍ ချုပ်ခြင်းငှါလည်းကောင်း ခွင့်ပြု၏။
သုတ္တန္တရိကာ- စနစ်ကြား မြောင်ကြား တို့သည် ကျဉ်း ကျယ် မညီဖြစ်ကုန့်၏။
ချစ်သားတို့ ... ကဠိမ္ဘက-ပမာဏ မှတ်ကြောင်း ထန်းရွက် စသည်ကို ခွင့်ပြု၏။
စနစ်ကြောင်းချည်တို့သည် ကောက်ကုန်၏။
ချစ်သားတို့ ... မောဃသုတ္တက- နနွင်းကြိုးဖြင့် တစ်မျဉ်း ပစ်ခြင်းကို ခွင့်ပြု၏။
ရဟန်းတို့သည် မဆေးသော ခြေတို့ဖြင့် ကားကို นင်းကုန်၏။ ကားပျက်၏။
ချစ်သားတို့ ... မဆေးသော ခြေတို့ဖြင့် စကားကို မနင်းအပ်-ဒုက္ကဋ်။
စိုသောခြေတို့ဖြင့် နင်းကုန်၏။ ကားပျက်၏။
ချစ်သားတို့ ... .... စိုသောခြေတို့ဖြင့် ကားကို မနင်းအပ် – ဒုက္ကဋ်။
ဖိနပ် နှင့်တကွ နင်းကုန်၏။ ကားပျက်၏၊
ချစ်သားတို့ ....ဖိနပ်နှင့်တကွ ကားကို မနင်းအပ်-ဒုက္ကဋ်။
(ပရိဘဏ္ဍ-အကျည်ငယ်၊ အနံအနားပတ်-နှစ်နက်။)
(ထာ ... ကထိန ဟူသည် နိဿေဏီ- ကားသည်လည်းကောင်း၊ ထိုကား၌ ခင်းသော ကဲလား ဖျာစသည် တစ်ခုခုသည် လည်းကောင်း ကထိန မည်၏။
ကထိနရဇ္ဈသည် နှစ်ထပ်သင်္ကန်း ချုပ်သောအခါ ကား၌ သင်္ကန်းကို ဖွဲ့ချည်စရာ ကြိုးဖြစ်၏။
ကားကို သင်္ကန်းအငယ် သည် မမှီဟူသည်- မြင့်သော ရဟန်း၏ ပမာဏဖြင့် ပြုသော ကား၌ နိမ့်သော ရဟန်း၏ သင်္ကန်းဖြန့်လတ်သော် မမှီဘဲ အတွင်း၌သာ ဖြစ်၏။ ကား၏လှံတံ ပေါင်တို့သို့မရောက် ဟူလို။
ဒဏ္ဍကထိနသည် ကားကြီး၏ အလယ်၌ နိမ့်သောရဟန်း၏ (စီဝရ၏) ပမာဏဖြင့် တစ်ပါးသော ကားငယ်ဖွဲ့ခြင်းတည်း။ ထိုကားငယ်ဖွဲ့ခြင်းကို ခွင့်ပြု၏ ဟူလို။
ပိဒလကသည် ထိုကားငယ်ပမာဏဖြင့် ခင်းသောဖျာ၏ အစွန်းတို့ကို ခေါက်၍ နှစ်ထပ် ပြုခြင်းတည်း။
သလာကာသည် သင်္ကန်းနှစ်ထပ်၏ အကြား၌ သွင်းစရာ ဝါးခြမ်းစိတ်တည်း။
ဝိနန္ဓကရဇ္ဇုသည် ကားကြီးနှင့် ကားငယ်ကို ဖွဲ့ချည်စရာ ကြိုးတည်း။ ထိုချည်ကြိုးဖြင့် ကားငယ်၌ သင်္ကန်းကို ဖွဲ့ချည်၍ ချုပ်ခြင်းငှါ ခွင့်ပြု၏။
ကျဉ်း ကျယ် မညီ ဟူသည်ကား စနစ်ကြားမြောင်းသည် အချို့ငယ်၍ အချို့ ကြီး၏။
ကဠိမ္ဘကသည် ပမာဏသည် ပြုကြောင်းဖြစ်သော အမှတ်မရှိ၊ ထန်းရွက်စသည်ဖြစ်၏။
မောဃသုတ္တသည် သစ်တုံး၌ လက်သမားတို့ ကြိုးဖြင့် အမှတ်ပြုသကဲ့သို့ ဟလိဒ္ဒိ သုတ္တ - နနွင်းကြိုးဖြင့် အမှတ်ပြုခြင်းဖြစ်၏။)
(ဇီဋီ ... ပိဒလကသည် နှစ်ထပ်ပြုခြင်းဟူသော ကြိယာထူး၏ အမည်တည်း။ ဖျာစသည်ဖြင့် ကားကြီးကို ခင်းသည်။ ထိုဖျာစသည်ကို ကားငယ်ပမာဏဖြင့် အစွန်းတို့ကို ခေါက်၍ နှစ်ထပ်ပြုရသည်။ ထိုသို့ မပြုလျှင် ငယ်သောသင်္ကန်း၏ အနုဝါတ ပရိဘဏ္ဍ စသည်ကို စီရင်သောအါ လက်ထားစရာ နေရာမရှိ၊ ဝါးခြမ်းစိတ်ရှိလျှင် သင်္ကန်း နှစ်ခုတို့တွင် တစ်ခုခုကိုသိ၍ ချုပ်မိသည်, မချုပ်မိသည်ကို သိလွယ်၏။ ထောင့်တို့လည်း ညီကုန်၏။
နနွင်းကြိုးဖြင့် အမှတ်ပြုခြင်းဟု ဆိုသောကြောင့် နနွင်းဆိုးသော ချည်ဖြင့် သင်္ကန်း ချုပ်ခြင်းငှါလည်း အပ်သည်ဟု ထင်ရှား၏။ အချို့တို့ကား မအပ် ဟု မှတ်ထင်တတ်ကုန်၏။ (ဆိုးရည်၌ နနွင်းမြစ်ကို အဋ္ဌကထာ ပယ်ခြင်းကြောင့်တည်း၊)
သာဋီ ... အနုဝါတ၊ ပရိဘဏ္ဍကို ဖျာ စသည်တို့၌ ပြုကြသည်ဟု ဂဏ္ဍိတို့၌ ဆိုသည်။ ပိဒတကသည် နှစ်ထပ်ပြုခြင်း ကြိယာထူး၏ အမည်တည်း။
ဖျာ စသည်ဖြင့် ကားကြီးကို ခင်းသည်၊ ထိုဖျာ စသည်ကို ကားငယ်ပမာဏဖြင့် အစွန်းတို့ကိုခေါက်၍ နှစ်ထပ်ပြုရသည်။
ဝိဋီ .... နိဿေနီသည် သစ်သားလေးချောင်းဖြင့် သင်္ကန်းပမာဏ အတိုင်း ရှည်ရှည်လေးထောင့်ပြု၍ ဖွဲ့သော အပြင်တည်း။ ဤအပင်၌ သင်္ကန်းထောင့်တို့ကို အညီဖွဲ့လျှင် သင်္ကန်းကို အလိုရှိတိုင်း ချုပ်နိုင်ကုန်၏။ ထို ကားအပြင်၌ ခင်းသော ကဲလား ဖျာ စသည်ကို သင်္ကန်း၏ အထောက်အပံ့ အကျိုးငှါ ခင်းရသည်။
ကထိန ဟူသော နိဿေဏီ၌ သင်္ကန်းကို ဖွဲ့ချည်စရာကြိုးသည် ကထိနရဇ္ဇု မည်၏။ မဇ္ဈိမပဒလော ပီသမာသ် ဖြစ်၏။ သင်္ကန်းနှစ်လွှာတို့တွင် တစ်လွှာသည် လွန်အံ့၊ လွန်ရာ၌ အထွန့်တို့ ဖြစ်ကုန်၏။
ထိုကြောင့် နှစ်ထပ်သင်္ကန်း၏ အလွာနှစ်ခုကိုအညီ ပြု၍ဖွဲ့သော ကြိုးကို ကထိနရဇ္ဇု ဟု သိအပ်၏။ ပါဠိ၌ ကထိနဿအန္တော- ကား၏ အစွန်း ဟူသည် ကား၌ဖွဲ့သော သင်္ကန်း၏ အစွန်းဖြစ်၏။ မှီရာကား၏ အမည်ဖြင့် မှီတတ်သော သင်္ကန်းကိုပင်-ကား ဟု ဆိုသည်။ မဉ္စာဃောသန္တိတို့ကဲ့သို့တည်း။
အနုဝါတ၊ ပရိဘဏ္ဍ ဟူသည်ကား ကား၌ဖွဲ့သော ကြိုးတို့ကြောင့် သင်္ကန်း၏ ဝန်းကျင် အစွန်း၏ မဆွေး စိမ့်သောငှါ အမှတ်မရှိသော အဝတ်တို့ဖြင့် အလျားမှ အနုဝါတကို၊ အနံမှ ပရိဘဏ္ဍတို့ ချုပ်၍ ပြုခြင်းတည်း။ ထိုသို့ အနားပတ်ကို ချုပ်၍ပြုခြင်းငှါ ခွင့်ပြုသည်။ ထိုအနားပတ်၍ ကြိုးတို့ကိုသွင်း၍ လှံတံတို့၌ ရစ်လျှင် သင်္ကန်း အညီအမျှဖြစ်အောင် ဆွဲငင်နိုင်၏။ ထိုသို့သော အနားပတ် ဟူလို။
ကေစိတို့ကား ကထိန ဟူသော ဖျာ စသည်တို့၌သာ မဆွေးစိမ့်သောငှါ အနုဝါတ၊ ပရိဘဏ္ဍ ပြုခြင်းကို ခွင့်ပြုသည် ဟု ဆိုကုန်၏။
ကားကြီး၏ အလယ်၌ ဟူသည် ကားကြီး၏ အတွင်း၌တည်း။
တစ်ပါးသော ကားငယ် ဟူသည် အလျားမှ လည်းကောင်း၊ အနံမှ လည်းကောင်း၊ တစ်ပါးသော လှံတံကို ထား၍ ဖွဲ့သော ကားငယ်တည်း။
ပိဒလကသည် နှစ်ထပ်ပြုခြင်း ကြိယာထူး၏ အမည်တည်း။
သွင်းစရာ ဝါးခြမ်းစိတ် ဟူသည် အတွန့်တို့ မဖြစ်စိမ့်သောငှါ သွင်းသော ဝါးခြမ်းစိတ် စသည် ဖြစ်၏။
လက်စွပ် ခွင့်ပြုခြင်း
ရဟန်းတို့သည် သင်္ကန်းချုပ်သောအခါ (အပ်ဖျားကို) လက်ချောင်းဖြင့် ခံကုန်၏။ လက်ချောင်းတို့ နာကုန်၏၊
ချစ်သားတို့ ... ပဋိဂ္ဂဟ - လက်စွပ်တို့ ခွင့်ပြု၏။ (လက်ခု၊ အပ်ထောက် စသည်ဖြင့်လည်း ခေါ်ကုန်၏)။
ဆဗ္ဗဂ္ဂီတို့သည် ရွှေ ငွေ လက်စွပ် အမျိုးမျိုးကို ဆောင်ကုန်၏။
ချစ်သားတို့ .... အမြတ်အယုတ်လက်စွပ်ကို မဆောင်အပ်-ဒုက္ကဋ်။
ချစ်သားတို့ .... အရိုး၊ ဆင်စွယ်၊ …လ... ခရုသင်းချက်ဖြင့် ပြုသောလက်စွပ်ကို ခွင့်ပြု၏။
အပ်၊ ဓားငယ်၊ လက်စွပ်တို့သည် ပျောက်ကုန်၏။
ချစ်သားတို့ ... အာဝေသနဝိတ္တက -ထည့်စရာခွက် ပန်းတောင်း စသည်ကို ခွင့်ပြု၏။
ထည့်စရာခွက်၌ ရောနှောကုန်၏။
ချစ်သားတို့ ... ပဋိဂ္ဂဟထဝိက-လက်စွပ်အိတ်ကို၊ ဝါ-ခွက်အိတ်ကိုခွင့်ပြု၏။
ပခုံးလွယ်ကြိုးမရှိ၊ ချစ်သားတို့ ... ပခုံးလွယ်ကြိုးကို လည်းကောင်း ချည်စရာကြိုးကိုလည်းဧကာင်း ခွင့်ပြု၏။
(ထာ ... သူစိမုခ-အပ်အဖျားကို ခံရသောကြောင့် လက်ချောင်းတို့ နာကြသည်။ ပဋိဂ္ဂဟသည် အင်္ဂုလိကောသက- လက်ချောင်း စွပ်စရာ အိမ်ဖြစ်၏။
အဝေသနဝိတ္တကသည် အလုံးစုံသော ပါတိ-ခွက်၊ စင်္ကောဋက- ပန်းတောင်း စသည်ဖြစ်၏။)
(ဝိတ္တက ထဝိက ကွဲတတ်သည်။)
ဇီဋီ ... ပဋိဂ္ဂဟသည် အင်္ဂုလိကောသ- လက်ချောင်းအိမ်ဖြစ်၏။
ပဋိဂ္ဂဟ ထဝိကသည် လက်စွပ်အိတ်ဖြစ်၏။
သာဋီ ... ပဋိဂ္ဂဟသည် အင်္ဂုလိကဉ္စုက လက်ချောင်းစွပ်စရာ သင်တိုင်းစွမ်ဖြစ်၏။
ပါတိသည် ထွေးခံသဏ္ဌာန်ပြုသော ခွက်အထူးဖြစ်၏။
ဝိဋီ ... ပါဠိ၌ ပဋိဂ္ဂဟသည် အင်္ဂုလိကဉ္စုက ဖြစ်၏။
ပါတိသည် ဘဏ္ဍာထားစရာ ခွက်ထူးဖြစ်၏။
ပါဠိ၌ ပဋိဂ္ဂဟ ထဝိကသည် ပါတိစသော ခွက်တို့၏ အိတ် ဖြစ်၏။
ကားရုံခွင့်ပြုခြင်း
ရဟန်းတို့သည် လွင်တီးခေါင်၌ သင်္ကန်းချုပ်စဉ် အချမ်းဖြင့်လည်းကောင်း၊ အပူဖြင့်လည်ကောင်း ပင်ပန်း ကုန်၏။
ချစ်သားတို့ ... ကထိနသာလာ- ကားရုံကိုလည်းကောင်း၊ ကထိနမဏ္ဍပ- ကားမဏ္ဍပ်ကို လည်းကောင်း ခွင့်ပြု၏။
ကားရုံသည် အကျည်နိမ့်၏၊ ရေလွမ်း၏။
ချစ်သားတို့ ... မြင့်သောအကျည်ကို ပြုခြင်းငှါ ခွင့်ပြု၏။
အကျည်သည် ပြိုကျ၏။
ချစ်သားတို့ ... အုတ်စီခြင်း၊ ကျောက်စီခြင်း၊ သစ်သားစီခြင်းဟု စီခြင်းသုံးမျိုးကို ခွင့်ပြု၏။
တက်သော ရဟန်းတို့သည် ပင်ပန်းကုန်၏။
ချစ်သားတို့ .... အုတ်စောင်းတန်း၊ ကျောက်စောင်းတန်း၊ သစ်သားစောင်းတန်းဟု စောင်းတန်း သုံးမျိုးကို ခွင့်ပြု၏။
တက်သော ရဟန်းတို့သည် လိမ့်ကျကုန်၏။
ချစ်သားတို့ .... အာလမ္ဗဏဗာဟ- ဆွဲကိုင်စရာ လက်ကသုံးကို ခွင့်ပြု၏။
ကားရုံ၌ မြက်မှုန့် (သက်ကယ်မှုန့်)သည် ကျ၏။
ချစ်သားတို့ ... ခါ၍ တွင်းပလိမ်းကျံခြင်းငှါ ခွင့်ပြု၏။ ဖြူသော အဆင်းကို၊ မည်းသော အဆင်းကို၊ ဂွေ့သင်္ဘောဖြင့် အပြေအပြစ် ပြုခြင်းကို၊ ခြူးပန်းကို ခြူးနွယ်ကို ခွေးသွားစိပ်ထုခြင်းကို၊ သက်တင်ရေးကို သင်္ကန်းတန်းဝါးကို၊ သင်္ကန်းတန်းကြိုးကို ခွင့်ပြု၏။
ရဟန်းတို့သည် သင်္ကန်းချုပ်၍ ချုပ်ရာ၌ပင် ကားကိုစွန့်၍ ဖဲကုန်၏၊ ကြွက်တို့ ခြတို့ ခဲကုန်၏။
ချစ်သားတို့ ... ကားကိုလိပ်ခြင်းငှါ ခွင့်ပြု၏။
ကားသည် ပျက်စီး၏။
ချစ်သားတို့ ... ဂေါဃံသိက္ခာယ- ဝါးလုံးလှံတံ အတွင်း ထားခြင်းဖြင့် ကားကိုလိပ်ခြင်းငှါ ခွင့်ပြု၏။
ကားသည် ပြေ၏။
ချစ်သားတို့ ... ဖွဲ့စရာကြိုးကို ခွင့်ပြု၏။
ရဟန်းတို့နံရံ၌ လည်းကောင်း၊ တိုင်၌လည်းကောင်း၊ ကားကိုထောင်၍ ဖဲသွားကုန်၏။ လဲကျ၍ ကားပျက်၏။
ချစ်သားတို့ … နံရံတသင်း၌ လည်းကောင်း၊ သစ်သားကောက်၌လည်းကောင်း၊ ဆွဲထားခြင်းငှါ ခွင့်ပြု၏။
(ထာ … မြင့်သောအကျည်ကို ဟူသည် မြေဖို့၍ မြင့်သော အကျည်ကို ပြုပြင်ခြင်းငှါ ခွင့်ပြု၏ဟူလို။
ခါ၍ ကွင်းပလိမ်းကျံခြင်းငှါ ဟူသည်ကား- အမိုးကိုခါ၍ တခဲနက်အရိုးတံ ရှိအောင်ပြု၍ အတွင်း၌ လည်းကောင်း၊ အပ၌လည်းကောင်း မြေညက်ဖြင့် လိမ်းကျံခြင်းငှါ ဟူလို။
ဂေါထံသိကာ- ဟူသည် ဝါးကိုလည်းကောင်း၊ သစ်သားတံကို လည်းကောင်း အတွင်း၌ထား၍ ထိုနှင့်တကွ ခေါက်လိပ်ခြင်းငှါ ဟူလို။
ဖွဲ့စရာကြိုးကား ခေါက်လိပ်ထားသော ကားကို ဖွဲ့စရာကြိုး ဖြစ်၏။)
(ဝိဋီ … စီခြင်းသုံးမျိုးကို ခွင့်ပြုခြင်းကား မြင့်သောအကျည်စွန်း ပြိုမကျအောင် အုတ်စသည်ဖြင့် စီခြင်းငှါ ခွင့်ပြု၏။
အာလမ္ဗဏဗာဟသည် ဆွဲငင်စရာကြိုး၊ လှံတံစသည် ဖြစ်၏။
ကားပျက်ခြင်းကား - ကား၏အလယ်၌ ဖျာစသည်သည် ကျိုး၏။
ထောင်၍ ဟူသည်ကား ဒဏ္ဍကထိန လှံတံ ဖွဲ့သော ကားကိုရည်၍ ဆိုသည်။
ဆေးအိတ်၊ ဖိနပ်၊ အိတ်ခွင့်ပြုခြင်း
မြတ်စွာဘုရားသည် ရာဇဂြိုဟ်၌ မွေ့လျော်သလောက်နေ၍ ဝေသာလီသို့ ကြွတော်မူ၏။ ထိုအခါ ရဟန်းတို့သည် အပ်ကိုလည်းကောင်း၊ ဓားကိုလည်းကောင်း၊ ဆေးကိုလည်းကောင်း၊ သပိတ်ဖြင့်ယူ၍ သွားကုန်၏။
ချစ်သားတို့ ... ဘေသဇ္ဇထဝိက- ဆေးအိတ်ကို ခွင့်ပြု၏။
ပခုံးလွယ်ကြိုး မရှိ။ ချစ်သားတို့ ... ပခုံးလွယ်ကြိုး၊ ချည်စရာကြိုးတို့ကို ခွင့်ပြု၏။
ရဟန်းတစ်ပါးသည် ဖိနပ်တို့ကို ခါးပန်းဖြင့်ဖွဲ့၍ ရွာသို့ဆွမ်းခံဝင်၏။ ဥပါသကာ တစ်ယောက်သည် ထို ရဟန်းကို ရှိခိုးစဉ် ဖိနပ်တို့ကို ဦးခေါင်းဖြင့် ထိခိုက်၏။ ရဟန်းသည် မျက်နှာပျက်၍ ကျောင်းရောက်သောအခါ ရဟန်းတို့အား ပြောပြ၏။
ချစ်သားတို့ … ဥပါဟနထဝိက- ဖိနပ်အိတ်ကို ခွင့်ပြု၏။
ပခုံးလွယ်ကြိုး မရှိ. ချစ်သားတို့ ... ပခုံးလွယ်ကြိုး၊ ချည်စရာကြိုးတို့ကို ခွင့်ပြု၏။
(ဇီဋီ ... အပ်၊ ဓားငယ်တို့၏ အာဝေသနတ္ထဝိကကို ရှေး၌ခွင့်ပြုပြီးဖြစ်သောကြောင့် ဤ၌ “ဆေးအိတ်ကို ခွင့်ပြု၏” ဟု မိန့်တော်မူသည်။ ဤဆေးအိတ်၌ အပ်၊ ဓားငယ် စသည်တို့ကိုလည်း ထားအပ်ကြောင်းကို ပြသည်။)
(ဤဋီကာ၌ အာဝေသနတ္တဝိက-ဟု ဆိုခြင်းဖြင့် အက္ခရာကွဲပြား၏။)
ရေစစ်ငါးမျိုး ခွင့်ပြုခြင်း
ထိုဝေသာလီသို့ ကြွသောအခါ ခရီးအကြား၌ ရေသည် မအပ်သော (ပိုးရှိသော) ရေဖြစ်၏။ ရေစစ်ပဝါ မရှိ။
ချစ်သားတို့ ... ပရိဿာဝန- ရေစစ်ပဝါကို ခွင့်ပြု၏။
ပဝါပိုင်းသည် မလောက်။
ချစ်သားတို့ ... ကဋစ္ဆုပရိဿာဝန - လှံတံ သုံးခု၌ ဖွဲ့သောရေစစ်ကို (ဝါ-ဟင်းခပ်သော ယောက်ချိုကဲ့သို့ အရိုးတပ်သော ရေစစ်ကို) ခွင့်ပြု၏။
ပဝါပိုင်း မလောက်။
ချစ်သားတို့ .... ဓမ္မကရဏ-ဓမ္မကရိုဏ်း ရေစစ်ကို ခွင့်ပြု၏။
ရဟန်း နှစ်ပါးသည် ကောသလဇနပုဒ်တို့၌ ခရီးရှည် သွားကုန်၏။ တစ်ပါးသည် အနာစာရကို ကျင့်၏။ အဖော်ရဟန်းသည် ထိုရဟန်းကို “ငါ့ရှင်၊ သင်ပြုသော အမှုသည် မအပ်” ဟု ဆို၏။ အနာစာရ ကျင့်သော ရဟန်းသည် ပြောဆိုသော ရဟန်းအပေါ်၌ ရန်ငြိုးဖွဲ့၏။ ရေသောက်လို၍ ရေစစ် တောင်းသောအခါ မပေးဘဲ နေ၏။ အဖော် ရဟန်းသည် ရေမသာက်ရသဖြင့် လမ်းတွင် ပျံလွန်၏။
အဘယ်ကြောင့် ရေစစ်တောင်းလျက် မပေးဘဲ နေရသနည်း ဟု ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ဘုရားရှင်သည် မေးစစ်၍ ကဲ့ရဲ့၍ တရားဟောပြီးလျှင်
ချစ်သားတို့ ... ခရီးရှည်သွားသော ရဟန်းသည် ရေစစ် တောင်းလျှင် ပေးအပ်၏။ မပေးအံ့ ဒုက္ကဋ်။
ချစ်သားတို့ ... ရေစစ်မပါဘဲ ခရီးရှည် မသွားအပ်-ဒုက္ကဋ်။
ပရိဿာဝန- ရေစစ်ဖြစ်စေ၊ ဓမ္မကရိုဏ် ရေစစ်ဖြစ်စေ မပါလျှင် သံဃာဋိကဏ္ဏ- သင်္ကန်းစွန်းကိုသော်လည်း ဤ သင်္ကန်းစွန်းဖြင့် ရေစစ်၍ အောက်ပါအံ့ ဟု ဆောက်တည်အပ်၏။
မြတ်စွာဘုရားသည် ခရီးသွား၍ ဝေသာလီသို့ ရောက်သောအခါ မဟာဝန၌ စုလစ်မွန်းချွန်တပ်သော ကျောင်း၌ နေတော်မူ၏။ ထိုအခါ ရဟန်းတို့သည် နုပကမ္မ ပြုကြ၏။ ပရိဿာဝန ရေစစ် မလောက်။
ချစ်သားတို့ ... ဒဏ္ဍပရိဿာဝန- အခြေလေးခု၌ ဖွဲ့သော အပေါင်၌ ကြက်သော ရေစစ်ကို ခွင့်ပြု၏။
ဒဏ္ဍပရိဿာဝန ရေစစ်မလောက်။
ချစ်သားတို့ ... သြတ္တရဏ- ရေ၌ နစ်၍ စစ်သော ရေကို ခွင့်ပြု၏။
(ထာ ... ကဋစ္ဆုပရိဿာဝနသည် လှံတံသုံးခုတို့၌ ဖွဲ့၍ပြုသော ရေစစ်ဖြစ်၏။ (တံငါတို့ ရင်တွန်းသဏ္ဌာန် ဟူ၏။) ရေစစ် မရှိသူ အားသာ မပေးလျှင် ဒုက္ကဋ်။ မိမိလက်၌ ရေစစ်ရှိလျက် တောင်းသူအားကား မပေးလိုလျှင် မပေးအပ်။
ဒဏ္ဍပရိဿာဝနသည် ကဝါသည်တို့၏ ဆပ်ပြာစစ်ကဲ့သို့ အခြေလေးခု၌ အကျည်ဖွဲ့၍ (ဝါ- အပေါင်လေးဖက် အမြင့်ဖွဲ့၍) ထို၌ အဝတ်ကြက်၍ အလယ်၌ လှံတံကို အဝတ်၏အောက်၌ ထမ်းစေလျက် ထိုလှံတံထက်၌ ရေကို လောင်းလျှင် နှစ်ဖက်လုံး ရေပြည့်လျက် စစ်သောရေစစ် ဖြစ်၏၊ ဩတ္တရဏသည် ရေ၌နစ်၍ အိုးဖြင့်ရေကို ခပ်ယူအပ်သော ရေစစ်ဖြစ်၏။ ထိုရေစစ်ကို လှံတံလေးခု၌ အဝတ်ကြက်၍ ရေ၌ငုတ်လေးခု စိုက်၍ ငုတ်တို့၌ဖွဲ့၍ အစွန်းအားလုံး ရေမှလွတ်စေ၍ အလယ်၌နှစ်၍ အိုးဖြင့်ရေကို ခပ်ကုန်၏။)
(ဇီဋီ ... ရန်ငြိုးဖွဲ့သော ရဟန်းသည် အနာစာရ လွန်ကျူးမှုကြောင့်) အလဇ္ဇီဖြစ်သော်လည်း အလဇ္ဇီ၏ ပစ္စည်းကို အရင်းပြတ်၊ အပိုင်မတောင်း။ မတောင်းသောကြောင့် လဇ္ဇီအား သော်လည်း အပ်သည်ဟု ယှဉ်စပ်အပ်၏။ (အလဇ္ဇီ၏ ဓမ္မိယလဒ္ဓပစ္စည်းကို တာဝကာလိက တောင်းယူသုံးစွဲကောင်း၏ ဟူလို။ အဓမ္မိယလဒ္ဓပစ္စည်းကား လဇ္ဇီထံမှလည်း ခေတ္တပင် မအပ်။)
ဝိဋီ ... မအပ်သော ရေဟူသည် ပိုးရှိသော ရေ ဖြစ်၏။ (မြူရှိသော ရေကိုကား အကပ်ခံ၍ သောက်လျှင် အပ်ခဲ့သေး၏။
အဒ္ဓယောဇန-ယူဇနာခွဲ ခရီးသည် ခရီးရှည် မည်၏။ ထိုမျှသာ သွားလိုသူအား အားထုတ်၍ ကျောင်းဥပစာ လွန်လျှင် အာပတ်သင့်၏။ စောနာဖြင့် အားမထုတ်ဘဲ သွားသူအား သတိရရာ၌ ရပ်၍ သံဃာဋိကဏ္ဏ စသည်ကို မဆောက်တည်ဘဲ သွားလျှင် ခြေလှမ်းအကြိမ်ဖြင့် အာပတ်သင့်၏ ဟု သိအပ်၏။
(ဤ၌ သံဃာဋိကို ဒုက္ကဋ်ကိုသာ မယူအပ်၊ သင်္ကန်း သာမညကို ယူအပ်၏။)
ခြင်ထောင် ခွင့်ပြုခြင်း
ထိုအခါ ရဟန်းတို့သည် ခြင်မှက်တို့၏ အနှိပ်စက်ကို ခံကြရကုန်၏။ မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ကုန်၏။
ချစ်သားတို့ .... မကသကုဋိက - ခြင်ထောင်ကို ခွင့်ပြု၏။
(ထာ … မကသကုဋိကာတိ - စီဝရကုဋိကာဝုစ္စတိ။ အဝတ်ကျောင်းငယ် ဖြစ်၏။)
စင်္ကြန်စရုံးအိမ် ခွင့်ပြုခြင်း
ထိုအခါ ဝေသာလီ၌ မွန်မြတ်သော ဆွမ်းကျွေးအစဉ်သည် မပြတ်တည်၏။ ရဟန်ုးတို့သည် မွန်မြတ်သော ဘောဇဉ်တို့ကို သုံးဆောင်၍ အဘိသန္နကာယ သလိပ်စသည်များသော ကိုယ်ရှိ၍ အနာများကုန်၏။ ဆရာဇီဝကသည် ကိစ္စတစ်ခုဖြင့် ဝေသာလီသို့ရောက်၍ အနာများသော ရဟန်းတို့ကိုမြင်၍ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးလျှင်
“မြတ်စွာဘုရား ... ရဟန်းတို့သည် သလိပ် စသည်များ၍ အနာများကြပါသည်။ စင်္ကြံကို လည်းကောင်း (မီးလှုံစရာ) စရုံးအိမ်ကိုလည်းကောင်း ခွင့်ပြုစေလိုပါသည်” ဟု လျှောက်၏။
မြတ်စွာဘုရား သည် ဆရာဇီဝကကို တရားဟောပြီးလျှင် ရဟန်းတို့ကို
ချစ်သားတို့ … စင်္ကြံကိုလည်းကောင်း၊ စရုံးအိမ်ကို လည်းကောင်း ခွင့်ပြု၏”ဟု မိန့်တော်မူ၏။
ရဟန်းတို့သည် မညီညွှတ်ရာ၌ စင်္ကြံသွား၍ ခြေနာကုန်၏။
ချစ်သားတို့ … ညီညွတ်သည်ကို ပြုခြင်းငှါ ခွင့်ပြု၏။
စင်္ကြံသည် အကျည်နိမ့်၍ ရေလွမ်း၏။
ချစ်သားတို့ … မြင့်သောအကျည်ကို ခွင့်ပြု၏။
အကျည်သည် ပြိုကျ၏။
ချစ်သားတို့ … အုတ်၊ ကျောက်၊ သစ်သား၊ စီခြင်းသုံးမျိုး စောင်းတန်းသုံးမျိုး၊ လက်ကသုံးကို ခွင့်ပြု၏။
ရဟန်းတို့သည် စင်္ကြံသွားစဉ် လိမ့်ကျကုန်၏။
ချစ်သားတို့ … စင်္ကမနဝေဒိကာ စင်္ကြံလက်ရန်း ဝရံတာကို ခွင့်ပြု၏။
လွင်တီးခေါင်၌ စင်္ကြံသွားကြရသဖြင့် အချမ်း အပူကြောင့် ပင်ပန်းကုန်၏။
ချစ်သားတို့ … စင်္ကမနသာလာ-စင်္ကြံရုံကို ခွင့်ပြု၏။
စင်္ကြံရုံ၌ မြက်မှုန့် ကျ၏။
ချစ်သားတို့ … ခါ၍ တွင်းပလိမ်းကျံခြင်းငှါ ခွင့်ပြု၏။ ဖြူသောအဆင်း …လ… သင်္ကန်းတန်းကြိုးကို ခွင့်ပြု၏။
စရုံးအိမ်သည် အကျည်နိမ့်၍ ရေလွမ်း၏။
ချစ်သားတို့ … မြင့်သောအကျည်ကို၊ စိခြင်းသုံးမျိုးကို၊ စောင်းတန်းသုံးမျိုးကို၊ လက်ကသုံးကို ခွင့်ပြု၏။
စရုံးအိမ်အား တံခါးရွက်မရှိ၊ ချစ်သားတို့ …
ကဝါဋိ- တံခါးရွက်ကို၊
ပိဋ္ဋသံဃာတ- (ပီဌသံဃာတ) တံခါးပေါင် ကျည်းခွေကို၊
ဥဒုက္ခလိက-အောက်ဆုံးငယ်ပရစ်တွင်းကို၊
ဥတ္တရပါသက- အထက် လက်ကောက်ကျင်းကို၊
အဂ္ဂဠဝဋ္ဋိက- မင်းထုပ်လျှိုစရာတိုင်ကို၊
ကပိသီသက- မျောက်လက်သံကွင်းကို၊
သူစိက- ကျည်ငယ်ကို၊
ဃဋိက- ကျည်မကို၊
တာဠစ္ဆိဒ္ဒ- သံကောက်ပေါက်ကို၊
အာဝိဉ္စနဆိဒ္ဒ- ဆွဲငင်စရာ အပေါက်ကို၊
အာဝိဉ္စနရဇ္ဇု- ဆွဲငင်စရာကြိုးကို ခွင့်ပြု၏။
စရုံးအိမ်၏ နံရံအခြေသည် ဆွေး၏။
ချစ်သားတို့ … မဏ္ဍလိက- နံရံဝန်းကျင် နိမ့်သော အကျည်ကို ပြုခြင်းငှါ ခွင့်ပြု၏။
စရုံးအိမ်ကား ဓူမနေတ္တ- မီးခိုးထွက်ပေါက်မရှိ၊
ချစ်သားတို့ ... မီးခိုး ထွက်ပေါက်ကို ခွင့်ပြု၏။
ရဟန်းတို့သည် ငယ်သောစရုံးအိမ်၌ အလယ်၌ မီးနေရာကို ပြုကုန်၏။ ဥပစာရမရှိ၊
ချစ်သားတို့ ... ငယ်သောစရုံးအိမ်၌ နေရာ စွန်းတစ်ခု၌ မီးနေရာကို ပြုခြင်းငှါ၊ ကြီးသော စရုံးအိမ်၌ အလယ်၌ ပြုခြင်းငှါ ခွင့်ပြု၏။
စရုံးအိမ်၌ မီးသည် မျက်နှာကိုမီးဟပ်၏။
ချစ်သားတို့ ... မုခမတ္တိက- မျက်နှာလိမ်းစရာ မြေညက်ကို ခွင့်ပြု၏။
လက်ဖြင့် မြေညက်ကို ရေဆွက်ကုန်၏၊
ချစ်သားတို့ … မတ္တိကာ ဒေါဏိကာ- မြေညက်ထည့်စရာ ကျဉ်းကို ခွင့်ပြု၏။
မြေညက်သည် အနံ့ ဆိုး၏။
ချသားတို့ … (အနံ့ကောင်းဖြင့်) ထုံစေခြင်းငှါ ခွင့်ပြု၏။
စရုံးအိမ်၌ ကိုယ်ကို မီးဟပ်၏။
ချစ်သားတို့ … ရေကို ဆောင်ထားခြင်းငှါ ခွင့်ပြု၏။
ခွက်ဖြင့် သပိတ်ဖြင့် ရေဆောင်ထားကုန်၏။
ချစ်သားတို့ … ဥဒဌာန-ရေထားစရာ နေရာကိုလည်းကောင်း၊ ဥဒကသရာဝက- ရေခွက်ကို လည်းကောင်း ခွင့်ပြု၏။
စရုံးအိမ်ကို မြက်အမိုးဖြင့် မိုး၏။
ချစ်သားတို့ … ခါ၍ တွင်းပလိမ်းကျံခြင်းငှါ ခွင့်ပြု၏။
စရုံးအိမ်သည် စိက္ခလ္လ-ရွံ့ပွက် ဖြစ်၏၊
ချစ်သားတို့ ... အုတ်၊ ကျောက်၊ သစ်သား-ခင်းခြင်းသုံးမျိုး ခင်းခြင်းငှါ ခွင့်ပြု၏။
ရွံ့ပွက်သာလျှင် ဖြစ်၏။
ချစ်သားတို့ … ရေဆေးခြင်းငှါ ခွင့်ပြု၏။
ရေသည် တည်နေ၏။
ချစ်သားတို့ … ဥဒကနိဒ္ဓမန-ရေထုတ်စရာ ပြွန်ကို ခွင့်ပြု၏။
ထိုအခါ ရဟန်းတို့သည် စရုံးအိမ်၌ မြေ၌ ထိုင်ကုန်၏။ ကိုယ်တို့သည် ယားကုန်၏။
ချစ်သားတို့ … ဇန္တာဃရပိဋ္ဌ-စရုံးအိမ်၌ အင်းပျဉ်ကို ခွင့်ပြု၏။
စရုံးအိမ်သည် အကာအရံ မရှိ၊
ချစ်သားတို့ … အုတ် ကျောက် သစ်သား တံတိုင်းကာခြင်း၊ သုံးမျိုးကို ကာခြင်းငှါ ခွင့်ပြု၏။
ကောဋ္ဌက-တံခါးမုခ်သည် မရှိ။
ချစ်သားတို့ … တံခါးမုခ် ကို ခွင့်ပြု၏။
တံခါးမုခ်သည် အကျည်နိမ့်၍ ရေလွမ်း၏။
ချစ်သားတို့ … မြင့်သောအကျည်ကို၊ စိခြင်း သုံးမျိုးကို၊ စောင်းတန်းသုံးမျိုးကို၊ လက်ကသုံးကို ခွင့်ပြု၏။ တံခါးရွက်ကို ...လ... ဆွဲငင်စရာကြိုးကို ခွင့်ပြု၏၊
တံခါးမုခ်၌ မြက်မှုန့်ကျ၏။
ချစ်သားတို့ … ခါ၍ တွင်းပလိမ်းကျံခြင်းကို၊ ဖြူသောအဆင်းကို၊ မည်းသော အဆင်းကို၊ ဂွေ့သင်္ဘောဖြင့် အပြေအပြစ်ပြုခြင်းကို၊ ခြူးပန်းကို ခြူးနွယ်ကို၊ ခွေးသွားစိပ် ထုခြင်းကို၊ သက်တင်ရေးကို ပြုခြင်းငှါ ခွင့်ပြု၏။
ပရိဝေဏ-စရုံးအိမ်၏ အကာအရံ အတွင်းသည် ရွံ့ပွက်ဖြစ်၏။
ချစ်သားတို့ … မရုမ္ဗ-ကျောက်ပြုတ်ကို- ဝါ-ရွံ့ကျောက်ကို ဖြန့်ကြဲခြင်းငှါ ခွင့်ပြု၏။
ပြည့်ခြင်းသို့ မရောက်ကုန်။
ချစ်သားတို့ ... ပဒရသီလ- ကျောက်ပြားကို ချခြင်းငှါ ခွင့်ပြု၏။
ရေသည် တည်ပြန်၏။
ချစ်သားတို့ … ရေထုတ်စရာ ပြွန်ကို ခွင့်ပြု၏။
(ထာ ... အဗ္ဘုဿန္နကာယသည် သလိပ်စသော ဒေါသထကြွသောကိုယ် ရှိကုန်၏။
အဂ္ဂဠဝဋ္ဋိသည် တံခါးပေါင်နှင့် ညီသော ပမာဏရှိသော မင်းထုပ်လျှိုစရာ တိုင်ဖြစ်၏။ ထိုတိုင်၌ အပေါက် သုံးလေးခုဖောက်၍ ကျည်ငယ်တို့ကို လျှိုကုန်၏။
ကပိသီသကသည် တံခါးပေါင်ကို ဖောက်၍ သွင်းသော အဂ္ဂဠပါသက-အကျည်လျှိုစရာ မျောက်လက် သံကွင်းဖြစ်၏။
သူစိကာသည် တတ္ထမဇ္ဈေ- ထိုသံကွင်း၏ အလယ်၌ ဖောက်၍ သွင်းသော ကျည်ငယ်ဖြစ်၏။
ဃဋိကာသည် ဥပရိ- အထက်၌ တပ်သော ကျည်မ ရက်ဖောက်ဖြစ်၏။
မဏ္ဍလိကသည် နီစဝတ္ထုကာ-နိမ့်သော အကျည် ဖြစ်၏၊ နိမ့်သော အကျည် ဖြစ်အောင် စီခြင်းငှါ ခွင့်ပြု၏။ ဟူလို။
ဓူမနေတ္တသည် မီးမိုးထွက်စရာ အပေါက်ဖြစ်၏။
ဥဒကဌာနသည် ရေထားစရာ နေရာဖြစ်၏။ ထိုနေရာ ဃဋ- အိုးဖြင့်ရေကို ထား၍ သရာဝက- ခွက်ငယ်ဖြင့် သုံးဆောင်အပ်၏။
ကောဋ္ဌကသည် ဒွါရကောဋ္ဌက တံခါးမုခ်ဖြစ်၏။)
(သာဋီ … နိမ့်သော အကျည်ဖြစ်အောင် စီခြင်းငှါ ဟူသည် ပြင်ပ နံရံဝန်းကျင်မှ နိမ့်သောအကျည်ကိုပြု၍ စီခြင်းငှါတည်း။
ဝိဋီ … အဘိသန္န ကာယသည် သလိပ်စသော ဒေါသ စုဝေးသော ကိုယ် ရှိကုန်၏။
တတ္ထမဇ္ဈေ ဟူသည်ကား အဂ္ဂဠပါသက၏ အလယ်၌။
ဥပရိသည် အဂ္ဂဠပါသက၏ အထက်အဖို့၌။
ဥဒကဌာနသည် ရေထားစရာ ပိုင်းခြား၍ ပြုသောနေရာဖြစ်၏။)
နဂ္ဂဒုက္ကဋ် ၁၂-ခု
ထိုအခါ ရဟန်းတို့သည် အဝတ်ကင်းသော နဂ္ဂဖြစ်လျက် နဂ္ဂကို ရှိခိုးကုန်၏။ ရှိခိုးစေကုန်၏။ ပရိကမ္မ- ချေးတွန်းခြင်းကိုပြုကုန်၏။ ပြုစေကုန်၏။ ပေး၊ ယူ၊ ခဲ၊ စား၊ လျက်၊ သောက်ကုန်၏။
ချစ်သားတို့ ...
နဂ္ဂသည် နဂ္ဂကို ရှိမခိုးအပ်၊ နဂ္ဂသည် ရှိခိုးမှုမပြုအပ် (၂)
နဂ္ဂသည် နဂ္ဂကို ရှိမခိုးအပ်၊ နဂ္ဂသည် ရှိခိုးစေမှု မပြုအပ် (၂)
နဂ္ဂသည် နဂ္ဂအား ပရိကမ္မမပြုအပ်၊ ပရိကမ္မ မပြုစေအပ် (၂)
နဂ္ဂသည် နဂ္ဂအား မပေးအပ်၊ နဂ္ဂသည် မယူအပ် (၂)
နဂ္ဂ သည် မခဲအပ်၊ မစားအပ် (၂)
မလျက်အပ်၊ မသောက်အပ် (၂)။ ဒုက္ကဋ်။
(နဂ္ဂသည် နဂ္ဂကို၊ အနဂ္ဂကို ရှိမခိုးအပ်(၂)
ထိုတို့၏ ရှိခိုးမခံအပ် (၂)
ချေးမတွန်းအပ်၊ ချေးတွန်းမခံအပ် (၂)
ပေး၊ ယူ၊ ခဲ၊ စားလျက်၊ သောက်ခြင်း မပြုအပ် (၆)။
ဤမှပင် အနဂ္ဂသည် နဂ္ဂကို ရှိမခိုးအပ်၊ ဒုက္ကဋ်-ဟု အဋ္ဌကထာ၌ ယူသည်ဖြစ်မည်။)
စရုံးအိမ်၌တန်း၊ အမိုးခွင့်ပြုခြင်း
ရဟန်းတို့သည် စရုံးအိမ်၌ မြေ၌ သင်္ကန်းတို့ ထားကုန်၏။ သင်္ကန်း မြေမှုန့် လိမ်းကပ်၏။
ချစ်သားတို့ … စီဝရဝံသ၊ စီဝရ ရဇ္ဇုကို ခွင့်ပြု၏။
မိုးရွာသောအခါ သင်္ကန်းမိုးစွတ်၏။
ချစ်သားတို့ .... ဇန္တာဃရသာလ စရုံးအိမ် အမိုးကို ခွင့်ပြု၏။
ဇန္တာဃရသာလာသည် အကျည်နိမ့်၍ ရေလွှမ်း၏။
ချစ်သားတို့ ... မြင့်သောအကျည်ကို စီခြင်း သုံးမျိုးကို၊ စောင်းတန်း သုံးမျိုးကို၊ လက်ကသုံးကို ခွင့်ပြု၏။
ဇန္တာဃရသာလာ၌ မြက်မှုန့်ကျ၏။
ချစ်သားတို့ ... ခါ၍ တွင်းပလိမ်းကျံခြင်းကို ...လ… စီဝရဝံသကို၊ စီဝရ ရဇ္ဇုကို ခွင့်ပြု၏။
ဖုံးလွမ်းခြင်းသုံးမျိုး
ရဟန်းတို့သည် စရုံးအိမ်၌လည်းကောင်း၊ ရေ၌လည်းကောင်း၊ ချေးတွန်းခြင်းကို ပြုခြင်းငှါ ကုက္ကုစ္စဖြစ်ကုန်၏။
ချစ်သားတို့ ... ဇန္တာဃရပဋိစ္ဆာဒိ-စရုံးအိမ်ဖြင့်ဖုံးလွမ်းခြင်း၊ ဥဒကပဋိစ္ဆာဒိ- ရေဖြင့်ဖုံးလွမ်းခြင်း၊ ဝတ္ထပဋိစ္ဆာဒိ-အဝတ်ဖြင့် ဖုံးလွှမ်းခြင်းဟူသော သုံးမျိုးသော ဖုံးလွှမ်းခြင်းကို ခွင့်ပြု၏။
(ထာ ...စရုံးအိမ်ဖြင့် ဖုံးခြင်း၊ ရေဖြင့်ဖုံးခြင်း နှစ်ခုသည် (နဂ္ဂအဖြစ် မထင်ရှားမှ) ချေးတွန်းခြင်း ပြုသူအား အပ်သည်။ ရှိခိုခြင်း စသည်တို့၌ မအပ်။ အဝတ်ဖြင့် ဖုံးခြင်းသည် အလုံးစုံသော အမှုတို့၌ အပ်၏။) (အဝတ်ဖုံးလျှင် နဂ္ဂမဟုတ်သောကြောင့်တည်း။)
ရေတွင်းခွင့်ပြုခြင်း
ထိုအခါ စရုံးအိမ်၌ (ရေချိုးစရာ) ရေမရှိ။
ချစ်သားတို့ ... ဥဒပါန- ရေတွင်းကိုခွင့်ပြု၏။
ရေတွင်း၏ ကမ်းသည် ပြို၏။
ချစ်သားတို့ .... စီးခြင်းသုံးမျိုးကို၊ အကျည်ဖို့ခြင်းကို၊ အကျည်၌ စီခြင်းသုံးမျိုးကို၊ စောင်းတန်းသုံးမျိုးကို၊ လက်ကသုံးကို ခွင့်ပြု၏။
ရဟန်းတို့သည် နွယ်ဖြင့်လည်ကောင်း၊ ခါးပန်းကြိုးဖြင့် လည်းကောင်း ရေငင်ကုန်၏။
ချစ်သားတို့ ... ဥဒကဝါဟန - ရေငင်ကြိုးကို ခွင့်ပြု၏။
လက်တို့နာကုန်၏။
ချစ်သားတို့ … တုလ- ရေငင်မောင်းကို၊ ကရကဋက- လက်ငင် ယန္တရားကို၊ စက္ကဝဋ္ဋက-ရဟတ်ယန္တရားကို ခွင်ပြု၏။
အိုးတို့ များစွာကွဲကုန်၏။
ချစ်သားတို့ .... လောဟဝါရက- ကြေးအင်တွဲ၊ ဒါရဝါရက-သစ် သားအင်တွဲ၊ ဓမ္မခဏ္ဍ- သားရေအိတ်ဟူသောအိုး၊ ဤသို့ရေငင်ပုံး သုံးမျိုးကို ခွင့်ပြု၏၊
ရဟန်းတို့သည် လွင်တီးခေါင်၌ ရေငင်ကြစဉ် အချမ်း အပူဖြင့် ပင်ပန်းကုန်၏။
ချစ်သားတို့ ... ဥဒပါနသာလာ- ရေတွင်းအမိုး ကိုခွင့်ပြု၏။ ခါ၍ တွင်းပလိမ်းကျံခြင်း၊ ...လ... ၊ သင်္ကန်းတန်း ကြိုးကို ခွင့်ပြု၏၊
ရေတွင်းသည် အပိတ် မရှိ၊ မြက်မှုန့် မြေမှုန့်ပြွမ်း၏။
ချစ်သားတို့ ... အပိဓာန- ရေတွင်း အပိတ်ကို ခွင့်ပြု၏။
ဥဒကဘာဇန- ရေထည့်စရာအိုး မရှိ၊
ချစ်သားတို့ ... ဥဒကဒေါဏိ- ရေစကျင်းကို၊ ဥဒက ကဋာဟ- ရေဖျင်းအိုးကို ခွင့်ပြု၏။
ရဟန်းတို့သည် အရံ၌ ထိုထိုနေရာ၌ ရေချိုးကုန်၏။ အရံသည် ရွံ့ပွက်ဖြစ်၏။
ချစ်သားတို့ .... စန္ဒနိကာ၊ ပျဉ်အခင်းကို ခွင့်ပြု၏။
ပျဉ်အခင်းသည် ထင်ရှား၏။ (အကာအရံမရှိ။) ရေချိုးခြင်းငှါ ရှက်နိုးကုန်၏၊
ချစ်သားတို့ ...တံတိုင်းကာခြင်း သုံးမျိုးကိုခွင့်ပြု၏။
ပျဉ်အခင်းသည် ရွံ့ပွက်ဖြစ်၏။
ချစ်သားတို့ ... ခင်းခြင်းသုံးမျိုးကို ခွင့်ပြု၏။
ရေသည် တည်နေ၏။
ချစ်သားတို့ ... ရေထုတ်စရာပြွန်ကို ခွင့်ပြု၏။
ရဟန်းတို့၏ ကိုယ်တို့သည် အချမ်း နှိပ်စက်ကုန်၏။
ချစ်သားတို့ ... ဥဒကပုစ္ဆနိ- ရေသုတ်ကိုခွင့်ပြု၏။ အဝတ်ဖြင့်လည်း သုတ်ခြင်းငှါ ခွင့်ပြု၏။
(ထာ ... ရေမရှိဟူသည် နှာနောဒက-ချိုးစရာ ရေမရှိ။ တုလသည် ဟင်းရွက်စိုက်သူတို့၏ မောင်းကဲ့သို့ ရေငင်စရာ မောင်းဖြစ်၏။
ကရ-ကဋကသည် နွားတပ်၍ လည်းကောင်း၊ လက်တို့ဖြင့် ကိုင်၍လည်းကောင်း ရှည်သောလွန်ကြိုး စသည်တို့ဖြင့် ငင်သောယန္တရား အာကဍ္ဎယန္တဖြစ်၏။
စက္ကဝဋ္ဋသည် အရဟတ္တဃဋိယန္တ - အကန့်လက်တို့၌ အိုးတပ်သော ရဟတ် ဖြစ်၏။
ဓမ္မခဏ္ဍသည် မောင်း၌ လည်းကောင်း၊ လက်ငင်ယန္တရား၌ လည်းကောင်း တပ်သော သားရေအိတ်ခွက် ဖြစ်၏။
ဥဒကပုစ္ဆနီသည် ဆင်စွယ်၊ ဦးချို၊ သစ်သားဖြင့် ပြုသော ရေသုတ်သည်လည်း အပ်၏။ ထိုရေသုတ်မရှိလျှင် အဝတ်ဖြင့်လည်း ရေကို သုတ်ခြင်းငှါ အပ်၏။)
(ဇီဋီ ... အာကဍ္ဎယန္တသည် ငင်သောအခါ ရေတွင်းအထက်၌ လည်သော စက်သီးဖြစ်၏။
အရဟတ္တဃဋိယန္တသည် လှည်းဘီးသဏ္ဌာန် ယန္တရား ဖြစ်၏။ ထိုယန္တရား၏ အကန့်အကန့်၌ အိုးတို့ကို ဖွဲ့၍ တစ်ယောက် နှစ်ယောက် လှည့်ခြင်းဖြင့် ရေငင်ရသည်။
သာဋီ ... အရဟတ္တဃဋိယန္တသည် လှည်းဘီးသဏ္ဌာန်ဖြစ်၏။ အကန့်အကန့်၌ အိုးတို့ကိုဖွဲ့၍ တစ်ယောက် နှစ်ယောက် လှည့်သော ယန္တရားဖြစ်၏။
ဝိဋီ … ပါဠိ၌ ဥဒပါနသည် ကူပ-ရေတွင်းဖြစ်၏။ ရေတွင်းဝန်းကျင် ကမ်းနေရာသည် မြေနှင့်အမျှတည်လျှင် အကျည်နိမ့်၏။ ဝန်းကျင်မိုးရေ စီးလာ၍ ရေတွင်း၌ ကျ၏။
အရဟတ္တဃဋိယန္တသည် လှည်းဘီးသဏ္ဌာန် အကန့်များ၏ အကန့် အကန့်၌ အိုးတို့ကိုဖွဲ့၍ တစ်ယောက် နှစ်ယောက် လှည့်သော ယန္တရား ဖြစ်၏။
ဝိဋီအလို … အရဟတ္တဃဋိယန္တ-အကန့်တို့၌ တပ်သော အိုးရှိသော ရဟတ်။)
ရေကန်ခွင့်ပြုခြင်း
ဥပါသကာ တစ်ဦးသည် သံဃာ့အလို့ငှါ ရေကန်တူးလို၏။ မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ကုန်၏။
ချစ်သားတို့ ... ပေါက္ခရဏီ-လေးထောင့်ကန်ကို ခွင့်ပြု၏။
ရေကန်၏ ကမ်းသည် ပြို၏။
ချစ်သားတို့ ... စီခြင်းသုံးမျိုးကို စောင်းတန်းသုံးမျိုးကို လက်ကသုံးကို ခွင့်ပြု၏။
ရေကန်၌ ရေသည် ပုရာဏံ--ပြည့်၏။ ဝါ-ဟောင်း၏။
ချစ်သားတို့ ... ရေတွင်းမြောင်းကို လည်းကောင်း၊ ရေထုတ်စရာပြွန်ကို လည်းကောင်း ခွင့်ပြု၏၊
(ထာ ... ရေတွင်းမြောင်းသည် ရေ၏ လာစရာ မြောင်း ဥဒက မာတိကာ ဖြစ်၏။)
နိလ္လေခဇန္တာဃရ
ဥပါသကာ တစ်ဦးသည် သံဃာ့အလို့ငှါ နိလ္လေခဇန္တောဃရ- အရေး အသား အပြောက် မတူသော စကြောခြင်ပိတ် တပ်သော စရုံးအိမ်ကို ဆောက်လုပ်လို၏။
ချစ်သားတို့ ... စကြောခြင်ပိတ်တပ်သော စရုံးအိမ်ကို ခွင့်ပြု၏။
(ထာ ... နိလ္လေခဇန္တောဃရသည် အာဝိဒ္ဓပက္ခပါသက … တပ်သော ခြင်ပိတ်ရှိသော စရုံးအိမ်ဖြစ်၏။ ဂေါပါနသီ - အခြင်တို့၏ အထက် အချက်ပန်း၌ ပက္ခပါသက--ခြင်ပိတ်တို့ကိုထား၍ အထွတ်တင်၍ မိုးသော စရုံးအိမ်၏ အမည်ဖြစ်၏။)
(ဝိဋီ ... အာဝိဒ္ဓပက္ခပါသကမည်သည် စရုံးအိမ်၌ အဝန်း အခြင်းအရာဖြင့် ခြင်ပိတ်တို့ကို ဖွဲ့အပ်ကုန်၏။
သာဋီ ... အာဝိဒ္ဓပက္ခပါသကသည် အချက်ဝန်း၏ ထက်ဝန်းကျင်၌ ထားအပ်သော ခြင်ပိတ်ရှိ၏။
ခြင်ပိတ်တို့ကို ထား၍ဟူသည်ကား ထက်ဝန်းကျင် ခြင်ပိတ်ပျဉ်ပြားတို့ကို ထား၍။
ဝီဋီ … အာဝိဒ္ဓပက္ခပါသကသည် အချက်ဝန်း၏ ထက်ဝန်းကျင်၌ ထားအပ်သော ခြင်ပိတ်ရှိ၏။
ခြင်ပိတ်တို့ကိုထား၍ ဟူသည်ကား ထက်ဝန်းကျင် လေးထောင့်အခြင်းအရာတို့ဖြင့် ပျဉ်ပြားစသည်တို့ကို ထား၍။)
နိသီဒိုင်လေးလ
ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် လေးလပတ်လုံး နိသီဒိုင်နှင့် ကင်းကုန်၏။
ချစ်သားတို့ ... လေးလပတ်လုံး နိသီဒိုင်နှင့် မကင်းအပ်။ ဒုက္ကဋ်။
(ထာ ... လေးလပတ်လုံး နိသီဒိုင်နှင့် ဟူသည်ကား- နိသီဒိုင်နှင့် လေးလတို့ပတ်လုံး မကင်းအပ်-ဟူလို။)
(အလျား၊ အနံ၊ အဆာပမာဏဖြင့် ခွင့်ပြုသော နိသီဒိုင်ကို ဣမံနိသီဒနံ အဓိဋ္ဌာမိ-ဟု အမည်ဖြင့် အဓိဋ္ဌာန် တင်ထားလျှင် နှစ်တောင့်ထွာ ဟတ္ထပါသ်မှ လေးလကင်းတိုင်း-ဒုက္ကဋ်။ မိုးဥတု လေးလမျှ မဟုတ်။)
ပန်းမွေ့ရာ ပန်းနံ့သာ
ဆဗ္ဗဂ္ဂီတို့သည် ပုပ္ဖါဘိကိဏ္ဏ- ပန်းခင်းသော အိပ်ရာတို့၌ အိပ်ကုန်၏။ ကာမဘောဂီတို့ကဲ့သို့-ဟု- ကျောင်း ရောက်လာသူတို့ ကဲ့ရဲ့ကုန်၏။
ချစ်သားတို့ ... ပန်းခင်းသော အိပ်ရာတို့၌ မအိပ်အပ်-ဒုက္ကဋ်း။
လူတို့သည် ဂန္ဓ-နံ့သာကို လည်းကောင်း၊ မာလာ- ပန်းကိုလည်းကောင်းယူ၍ အရံသို့ လာကုန်၏။ ရဟန်းတို့ ကုက္ကုစ္စ ဖြစ်၍ မခံယူကုန်၊
ချစ်သားတို့ … နံ့သာကိုယူ၍ တံခါးရွက်၌ ပဉ္စင်္ဂုလိက လက်ငါးချောင်းဖြင့် လိမ်းကျံခြင်းကို ပေးခြင်းငှါ၊ ပန်းကိုယူ၍ ကျောင်း၌ တစ်ခုသော နေရာ၌ ထားခြင်းငှါ ခွင့်ပြ၏။
(ထာ ... ပုပ္ဖါဘိကိဏ္ဏသည် ပန်းတို့ဖြင့် ခင်းအပ်သော နေရာ ဖြစ်၏။)
နီမကတ အခင်း
သံဃာအား နမကတ-သိုးမွေးအခင်းသည် ဖြစ်၏။
ချစ်သားတို့ ... သိုးမွေးအခင်းကို ခွင့်ပြု၏။
ရဟန်းတို့အား သိုးမွေးအခင်း- နမကတကို အဓိဋ္ဌာန် တင်ရမည်လော၊ ဝိကပ္ပနာ ပြုရမည်လော-ဟု အကြံဖြစ်၏။
ချစ်သားတို့ ... နမကတကို အဓိဋ္ဌာန်လည်း မတင်အပ်၊ ဝိကပ္ပနာလည်း မပြုအပ်။
(ထာ … နမကတသည် သိုးမွေးဖြင့် ပြုသော မရက်သော အခင်း ဖြစ်၏။ စမ္မဒဏ္ဍ-သားရေပိုင်း ဟူသော သုံးဆောင်ခြင်းဖြင့် သုံးဆောင်အပ်၏။)
(သာဋီ ... နမကတသည် သန္ထတ-အခင်းနှင့် တူသည် ဟု ဂဏ္ဍိတို့၌ ဆိုသည်။
သားရေပိုင်း ဟူသော သုံးဆောင်ခြင်းဖြင့် စသည်ကား အဓိဋ္ဌာန် မတင်မူ၍ သုံးဆောင်အပ်၏။
ဝိဋီ .... နမကတသည် သန္ထတ နှင့် တူသည် ဟု အချို့ ဆိုကုန်၏။ သစ်ခေါက်ဖြင့် ပြုသော အခင်း ဟု အချို ဆိုကုန်၏။
သားရေပိုင်း စသည်ကား အဓိဋ္ဌာန် မတင်မူ၍ အိပ်ရာ၊ နေရာဟူသော အစီအရင်ဖြင့် ဟူလို။)
(ယခင် နမကတသည် ကားပတ်စရာ အဝတ်ပိုင်း ဖြစ်၏။)
အာသိတ္တကူပဓာန
ဆဗ္ဗဂ္ဂီတို့သည် အာသိတ္တကူပဓာန၌ ဆွမ်းစားကုန်၏။ ကာမဘောဂီတို့ကဲ့သို့-ဟု လူတို့ ကဲ့ရဲ့ကုန်၏။
ချစ်သားတို့ ... ပအုပ်၌ မစားအပ်-ဒုက္ကဋ်။
(ထာ ... အာသိတ္တကူပဓာနသည် ကြေးနီဖြင့်လည်းကောင်း၊ ငွေ ဖြင့် လည်းကောင်း ပြုသော ပေဠာ၊ ပအုပ်၏ အမည်ဖြစ်၏။ ပယ်အပ်သော ပအုပ်ဖြစ်သောကြောင့် သစ်သားဖြင့် ပြုသော်လည်း မအပ်။)
ဝိဋီ ... ပေဠာသည် ရှစ်မြှောင့်၊ တစ်ဆယ့်ခြောက်မြှောင့် စသော အခြင်းရာဖြင် ပြုသော ခွက်သဏ္ဌာန် အောက်ခံ ခွက် ဖြစ်၏။ ထိုခွက်၌ ပူသော နို့ ဂဏာ စသည်ကို ထည့်၍ အထက်၌ ဘောဇဉ်ခွက်ကို ထားကုန်၏၊ ဟင်းမအေးစိမ့်သောငှါတည်း၊ ထိုသို့သောခွက် သဏ္ဌာန် အောက်ခံခွက် ဖြစ်၏။ အာသိတ္တက-ဥပဓာန၊ နို့ဂဏာ စသည်ဖြင့် လောင်းထည့်စရာ အောက်ခံခွက် ဟူလို။
ဤခွက်မျိုးကို ပစ္စန္တရာဇ်တို့၌ မပြု၊ မဇ္ဈိမဒေသတို့၌သာ ပြုသည်။
ကေစိတို့ကား-လူတို့အသုံးအဆောင် သံခွက် စသော အောက်ခံခွက်အားလုံးသည် ပအုပ်သို့သာ လျော်သည်။ ပအုပ် အလားတူချည်းသာ-ဟု ဆိုကုန်၏။
ဧကေတို့ကား ကပ္ပိယလောဟဖြင့် ပြုသော အောက်ခံခွက်, အာစာရသည် မဠောရိက-သပိတ်ခြေတို့သာ လျော်သည်-ဟု ဆိုကုန်၏။ စူးစမ်း၍ ယူအပ်၏၊)
မဠောရိက (ဆွမ်းစား သပိတ်ခြေ)။ ။ ရဟန်းတစ်ပါးသည် ဂီလာန ဖြစ်၏။ ဆွမ်းစားသောအခါ လက်ဖြင့် သပိတ်ကို ထိန်းခြင်းငှါ မတတ်နိုင်၊
ချစ်သားတို့ ... မဠောရိက- လှံတံ သပိတ်ခြေကို ခွင့်ပြု၏။
(ထာ ... မဠောရိကာသည် ဒဏ္ဍာဓာရက- လှံတံသပိတ်ခြေ ဖြစ်၏။ ယဋ္ဌိအာဓာရ- လှံသံ သပိတ်ခြေ၊ ပဏ္ဏာဓာရက- သစ်ရွက် သပိတ်ခြေ၊ ပစ္ဆိကပိဋ္ဌ- ခြင်းတောင်း၊ ဝါး နှီးခွက်တို့သည်လည်း မဠောရိကာ၌သာ ဝင်ကုန်၏။ အာဓာရက အသွင် ရောက်သည်မှစ၍ ဆိဒ္ဒ-အပေါက်ရှိသော် လည်းကောင်း၊ ထုတ်ချင်းပေါက် ရှိသော် လည်းကောင်း၊ ပိဒ္ဓ- ဝန်းကျင် ပေါက်သော် လည်းကောင်း အပ်သည်သာတည်း။)
(သာဋီ ...ရှေး၌ သပိတ်ကို စောင့်ရှောက်ခြင်းငှါ သပိတ်ခြေကို ခွင့်ပြု၏၊ ယခု စားခြင်းငှါ ခွင့်ပြု၏။
ဝိဋီ ... ရှေး၌ သပိတ်ကို စောင့်ရှောက်ခြင်းငှါ အာဓာရကို ခွင့်ပြုသည်။ ယခု စားခြင်းငှါ မဠောရိကာကို ခွင့်ပြုသည်။ သိဒ္ဓသည် အပေါက်နှင့် ယှဉ်၏။ ဝိဒ္ဓသည် အတွင်း၌ ထုတ်ချင်းပေါက်၏။ အာဝိဒ္ဓသည် ဝန်းကျင်ပေါက်၏။)
တစ်ခွက်၊ တစ်ခင်း၊ တစ်ရုံ
ဆဗ္ဗဂ္ဂီတို့သည် ဧကဘာဇန- တစ်ခွက်ထည်း၌လည်း စားကုန်၏။ ဧကတာလက- တစ်ခွက်တည်း၌လည်း သောက်ကုန်၏။ တစ်ညောင်စောင်းထည်း၌လည်း အိပ်ကုန်၏။ တစ်ခင်းထည်းလည်း အိပ်ကုန်၏။ တစ်ရုံထည်းလည်း အိပ်ကုန်၏။ တစ်ခင်းတစ်ရုံ ထည်းလည်း အိပ်ကုန်၏။ ကာမဘောဂီတို့ကဲ့သို့-ဟုလူတို့ ကဲ့ရဲ့ကုန်၏။
ချစ်သားတို့ .... တစ်ခွက်ထည်း၌ မစားအပ်၊ တစ်ခွက်ထည်း၌ မသောက်အပ်၊ တစ်ညောင်စောင်း ထည်း၌ မအိပ်အပ်၊ တစ်ခင်းထည်း မအိပ်အပ်၊ တစ်ရုံထည်း မအိပ်အပ်၊ တစ်ခင်း တစ်ရုံထည်း မအိပ်အပ်၊ ဒုက္ကဋ်။
(ထာ ... ဧကဘာဇန၌ ရဟန်းတစ်ပါးသည် ဘာဇနမှ သစ်သီးကို လည်းကောင်း၊ မုန့်ကိုလည်းကောင်း ယူ၍ သွားအံ့၊ ထိုရဟန်း ဖဲသောအခါ တစ်ပါးသော ရဟန်းအား အကြွင်းကို စားခြင်းငှါ အပ်၏၊ ပထမ ရဟန်းအားလည်း ထိုခဏ၌ တစ်ဖန်ယူခြင်းငှါ အပ်၏။ လက်ဆုံ၍ကား နှိုက်၍ မစားရ၊ တစ်လှည့်စီ နှိုက်စား ရသည်ဟူလို။)
ဋီကာ၌ .... တစ်ခင်း တစ်ရုံထည်း၌ ခြား၍ အိပ်လျှင် အနာပတ္တိဟု ဆို၏။
သပိတ်မှောက်ကံ
ထိုအခါ ဝဍ္ဎလိစ္ဆဝီသည် မေတ္တိယဘူမဇက ရဟန်းတို့၏ အဖော် ဖြစ်၏။ မေတ္တိယဘူမဇက ရဟန်းတို့သည် ဝဍ္ဎကို "ဒါယကာ ငါတို့ကို မလ္လာမင်းသား ရှင်ဒဗ္ဗ ညှင်းဆဲသည်ကို သင် လျစ်လျူရှု၏။ ယနေ့ ရှင်ဒဗ္ဗ သာသနာမှ ရွေ့လျောအောင် ဘုရားရှင်ထံ ဤသို့ ဤသို့ လျှောက်လော" -ဟု စေခိုင်း၏။
ဝဍ္ဎသည် ဘုရားရှင်ထံ ချဉ်းကပ်၍ "မြတ်စွာဘုရား၊ ပရိတ်အိုး မီးလောင်ပါပြီ၊ ရှင်ဒဗ္ဗသည် တပည့်တော်၏ မယားကို ဖျက်ဆီးပါသည်" ဟု လျှောက်၏။ ဘုရားရှင်ခေါ်၍ မေးစစ်လတ်သော် "မဟုတ်ရပါ" ဟု လျှောက်ကြား၏။
ချစ်သားတို့ ... ထိုသို့ဖြစ်လျှင် သံဃာသည် ဝဍ္ဎလိစ္ဆဝီအား သပိတ်ကို မှောက်လော၊ သံဃာနှင့် သုံးဆောင်ခြင်းမရှိသည်ကို ပြုလော။
ချစ်သားတို့ .... အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပါသကာအား သပိတ်ကို မှောက်အပ်၏။
၁။ ရဟန်းတို့အား လာဘ် မရအောင်ပြု၏။
၂။ အကျိုးမဲ့ ဘေးရန်ဖြစ်အောင်ပြု၏။
၃။ နေမြဲ ကျောင်း မနေရအောင်ပြု၏။
၄။ ရဟန်းတို့ကို ဆဲရေးကြိမ်းမောင်၏။
၅။ ရဟန်းချင်း ကွဲပြားအောင် ပြု၏။
၆။ ဘုရားကျေးဇူးမဲ့ ဆို၏။
၇။ တရားကျေးဇူးမဲ့ ဆို၏။
၈။ သံဃာကျေးဇူးမဲ့ ဆို၏။
ချစ်သားတို့ ... အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပါသကာအား သပိတ်မှောက်ခြင်းငှါ ခွင့်ပြု၏။ မှောက်ပုံကား - ဗျတ္တ ရဟန်းသည် သုဏာတုမေ-စသော ဉတ္တိဒုတိယကံနှင့် သံဃာကို သိစေအပ်၏။ ဝဍ္ဎလိစ္ဆဝီသည် ရှင်ဒဗ္ဗကို အရင်းရှိသော သီလဝိပ္ပတ္တိဖြင့် စွပ်စွဲ၏။ သံဃာသည် ဝဍ္ဎလိစ္ဆဝီအား သပိတ်ကို မှောက်ရာ၏။ သံဃာနှင့် သုံးဆောင်ခြင်း မရှိသည်ကို ပြုရာ၏။ ပြုပြီ-ဟု ဆိုအပ်၏။
(ထာ ... အင်္ဂါရှစ်ပါးတို့တွင် တစ်ပါးပါးသော အင်္ဂါနှင့်ပြည့်စုံသူ အားသော်လည်း သိမ်တွင်း၌ လည်းကောင်း၊ သိမ်ပသို့သွား၍ စသည်တို့၌ လည်းကောင်း မှောက်ခြင်းငှါ အပ်သည်သာတည်း။ ဤသို့ သပိတ်မှောက်ပြီး သောအခါ ထိုသူ၏ အိမ်၌ လှူဖွယ်ဝတ္ထု တစ်စုံတစ်ခုကို မခံယူအပ်။ ဤမည်သောသူ၏ အိမ်၌ ဆွမ်းမခံကြပါနှင့်-ဟု တစ်ပါးသော ကျောင်းတို့ကိုလည်း စေလွှက်အပ်၏။)
(သာဋီ … ထိုသူလှူသော ပစ္စည်းကို မခံယူခြင်းငှါ ပတ္တနိက္ကုဇ္ဇန- ကမ္မဝါစာဖြင့် မှောက်အပ်၏။ အဝအောက် ထားခြင်းဖြင့် မဟုတ်။
လာဘ် မရအောင် ဟူသည် ပစ္စည်းလေးပါး မရခြင်းငှါ။
အကျိုးမဲ့ ဟူသည် ဘေးရန်ဖြစ်ခြင်းငှါ၊ ကြီးပွားခြင်းငှါ။
ဝိဋီ … ကမ္မဝါစာဖြင့် သုံးဆောင်ခြင်း မရှိ၊ အစွမ်းဖြင့် မှောက်ခြင်းဖြစ်သည်။ သပိတ်တို့ကို အဝအောက်ထားခြင်းဖြင့် မဟုတ်။ ထိုကြောင့် သံဃာနှင့် သုံးဆောင်ခြင်း မရှိသည်ကို ပြုလော-ဟု မိန့်တော်မူသည်။ ထို ဝဍ္ဎကို ကမ္မဝါစာဖြင့် သံဃာနှင့် သုံးဆောင်ခြင်း ရှိသည်ကို ပြုစေသတည်း ဟူလို။ ပတ္တနိက္ကုဇ္ဇန ဟူသော ဒဏ်အမှုကို ပြုရာ၏။ သပိတ်မှောက်ပြီးသောအခါ ထိုသူ၏ ဥစ္စာကိုသိ၍ ခံယူသူအား ဒုက္ကဋ်။ သုံးဆောင်ခြင်းမရှိသည်ကို ပညတ်ခြင်းကြောင့်လည်းကောင်း၊ ကမ္မဝါစာဖြင့် သိစေခြင်းကြောင့် လည်းကောင်း၊ အဋ္ဌကထာ၌ တားမြစ်သောကြောင့် လည်းကောင်း ဒုက္ကဋ်-ဟု သိအပ်၏။)
ဝဍ္ဎကန်တော့ခြင်း
သပိတ်မှောက်ပြီးသောအခါ ရှင်အာနန္ဒာသည် ဝဍ္ဎလိစ္ဆဝီထံ သွား၍ “ဒါယကာဝဍ္ဎ၊ သံဃာသည် သင်အား သပိတ်မှောက်ပြီ၊ သံဃာနှင့် သုံးဆာင်ခြင်း မရှိပြီ။”ဟု မိန့်ဆို၏။ ဝဍ္ဎသည် "ငါအား သံဃာ သပိတ်မှောက်ပြီတဲ့" ဟု ထိုနေရာ၌ မိန့်မော၍ လဲကျသွား၏။ ဆွေမျိုး သားချင်းတို့က "မစိုးရိမ်လင့်၊ ငါတို့ ကျေနပ်အောင် တောင်းပန်ကြမည်" ဟု ဆိုကုန်၏။
ထိုအခါ ဝဍ္ဎသည် သားမယား၊ ဆွေမျိုး သားချင်းနှင့်တကွ စိုသောအဝတ် စိုသောဆံဖြင့် ဘုရားရှင်ထံ ချဉ်းကပ်၍ ခြေရင်း၌ ဝပ်စင်း၍- အစ္စယောမံ ဘန္တေ အစ္စဂမာယထာဗာလံ - စသဖြင့် ကန်တော့၏၊
ဝါ-မြတ်စွာဘုရား၊ မိုက်မဲ တွေဝေသည့်အလျှောက် အကျွန်ုပ်တို့ အပြစ်ရောက်ပါပြီ။ ရှင်ဒဗ္ဗကို အရင်းမရှိသော သီလဝိပတ္တိဖြင့် စွပ်စွဲမိပါပြီ။ ထိုအပြစ်ကို နောင်စောင့်ရှောက်ခြင်းငှါ သည်းခံတော်မူပါ-ဟု ကန်တော့၏။
"ဒါယကာ ဝဍ္ဎ … သင်သည် အပြစ်ကိုမြင်၍ တရားသဖြင့် ကုစား၏။ ဘန္တေ မယံ ပဋိဂ္ဂဏှာမ။ တေ-သင်၏၊ တံ-ထိုအပြစ်ကို၊ မယံ၊ ငါတို့သည်၊ ပဋိဂ္ဂဏှာမ-သည်းခံကုန်၏။ ဒါယကာ ဝဍ္ဎ … အပြစ်ကို မြင်၍ ဤတရားသဖြင့် ကုစားခြင်းသည် ကြီးပွားကြောင်း ဖြစ်၏။ နောင်အခါ စောင့်စည်းခြင်းသို့ ရောက်၏" -ဟု မိန့်တော်မူ၏။
(သာဋီ … ငါသည် မသင့်သည်ကို ပြုမိပြီ။ ဘုရားရှင်သည်ကား များစွာသော အပြစ်တို့ကိုသော်လည်း မကြံစည် မူ၍ ငါ၏အပြစ်ကို သည်းခံတော်မူလတ္တံ့-ဟု နှလုံးပိုက်၍ အစ္စယောမံ ဘန္တေ - စသည်ဖြင့် ကန်တော့သည်။
ဉာယပဋိပတ္တိ- သင့်လျော်သော အကျင့်ကို လွန်၍ ဖြစ်သော သဘောသည် အစ္စယ မည်၏။ အပသုဓ မည်၏။ အပြစ် မည်၏။
မိမိကိုယ်တိုင်လွန်ကျူး၍ ဖြစ်စေအပ်သော အပြစ်သည် မိမိကို လွမ်းမိုး၍ ဖြစ်လာသည် မည်၏။
အပြစ်ကိုအပြစ်အားဖြင့် မြင်၍ တရားသဖြင့် ကုစား၍ နောင်စောင့်စည်းခြင်းသို့ ရောက်ခြင်းသည် ဘုရားရှင် သာသနာ၌ ကြီးပွားကြောင်း ဖြစ်၏။ ဒေသနာကိုကား ပုဂ္ဂလဓိဋ္ဌာန်ပြု၍ ကုစား၏။ နောင်စောင့်စည်းခြင်းသို့ ရောက်၏-ဟု ဟောသည်။
ဝိဋီ ... အစ္စဂမာသည် အတိ ဓမ္မပဝတ္တော- လွန်၍ ဖြစ်လာ၏။
ဘန္တေ မယံ ပဋိဂ္ဂဏှာမ-သည် တံယေ အပရာဓံ မယံ ခမာမ-သင်၏ အပြစ်ကို ငါတို့ သည်းခံကုန်၏။
သပိတ်လှန်ခြင်း
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏။ “ချစ်သားတို့ .... ထိုသို့ ကန်တော့ခြင်းကြောင့် သံဃာသည် ဝဍ္ဎလိစ္ဆဝီအား သပိတ်ကို လှန်လော။ သံဃာနှင့် သုံးဆောင်ခြင်းကို ပြုလော”။
ချစ်သားတို့ ... ရှစ်ပါးသော အင်္ဂါနှင့် ပြည့်စုံသော ဥပါသကာအား သပိတ်ကိုလှန်အပ်၏။ ရဟန်းတို့အား လာဘ်မရအောင် မပြု၊ ...လ... သံဃာကျေးဇူးမဲ့ မဆို။ ချစ်သားတို့ ... ဤအင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပါသကာအား သပိတ်ကို လှန်ခြင်းငှါ ခွင့်ပြု၏။
လှန်ပုံကား
ထို ဝဍ္ဎသည် သံဃာသို့ ချဉ်းကပ်၍ ပခုံးတစ်ဖက် စမ္ပယ်တင်၍ ရဟန်းတို့၏ ခြေတို့ကို ရှိခိုး၍ ဆောင့်ကြောင့် ထိုင်၍ လက်အုပ်ချီ၍ “အရှင်ဘုရားတို့ ... သံဃာတော်သည် အကျွန်ုပ်အား သပိတ်မှောက်ပါသည်။ သံဃာနှင့် မသုံးဆောင်အပ်သူ ဖြစ်ပါသည်။ အရှင်ဘုရားတို့ … အကျွန်ုပ်သည် ကောင်းစွာ ကျင့်ပါသည်။ မာန အမွေး ချပါသည်။ လွတ်မြောက်ကြောင်းကို ကျင့်ပါသည်။ သံဃာကို သပိတ် လှန်ခြင်းကို တောင်းပန်ပါသည်" -ဟု သုံးကြိမ် တောင်းပန်အပ်၏။
ဗျတ္တရဟန်းသည် သံဃာကို ဉတ္တိဒုတိယကံဖြင့် သိစေအပ်၏။ ဝါ-သံဃာသည် ဝဍ္ဎအား သပိတ်မှောက်သည်။ သူသည် ကောင်းစွာ ကျင့်၍ သံဃာကို သပိတ်လှန်ခြင်းကို တောင်းပန်၏။ သံဃာသည် ဝဍ္ဎအား သပိတ်ကို လှန်ရာ၏။ သံဃာနှင့် သုံးဆောင်ခြင်းကို ပြုရာ၏။ ပြု၏။ ပြုပြီ” ဟု သိစေအပ်၏။
(ထာ … သပိတ်လှန်သောအခါ သုံးကြိမ်းတာင်းပန်စေ၍ ဟတ္ထပါသ်ကို စွန့်စေ၍ ဉတ္တိဒုတိယကံဖြင့် လှန်အပ်၏။)
ဝိဋီ … လာဘ် မရအောင် ပြု-စသည်တို့၌ လာဘ်မရအောင် ပြုခြင်း စသည်မှ ရှောင်ကြဉ်သည်-ဟု အဓိပ္ပါယ်ယူအပ်၏။
(မပြုဘဲနေရုံဖြင့် သပိတ်မလှန်ရ၊ ဝိရတီကုသိုလ် ဖြစ်မှဟူလို။)
(ဆရာမြတ်တို့ကား … ကိုယ်နှုတ်မစောင့်သော ရဟန်းကို လက်ခေါက်လက်ပြန် လွန်ကျူးသူအား သပိတ်မမှောက်အပ်။ လဇ္ဇီရဟန်းအား လွန်ကျူးလျှင်သာ နောင်ယဉ်ကျေးခြင်း စောင့်စည်းခြင်း၊ အကျိုး မြော်ကိုး၍ ကရုဏာထားလျက် ဝိရတီကုသိုလ်ဖြစ်အောင် မှောက်ရသည်။ ကန်တော့ပြီးလျှင်လည်း မမှောက်ရ။ အသမ္မုခကံရှစ်ပါး၌ ပါဝင်သောကြောင့် ဟတ္တပါသ်စွန့်စေ၍ ကမ္မဝါစာ ဖတ်ရသည်။
အင်္ဂုတ္ထိုရ်၌ လူတို့အား လာဘ်မရအောင် ပြု၏-စသည်ဖြင့် မလျော်သော အရပ်၌ လှည့်လည်၏။ တည့်၍နေမြဲ မနေရအောင် ပြုခြင်းနှုတ်၌ အင်္ဂါရှစ်ပါး တစ်ပါးပါး ရှိသောရဟန်းကို အပ္ပသာဒကံ ပြုကောင်း၏။ မကြည်ညို၊ မလှူလို၊ ရှိခိုးလို-ဟု ဆိုကောင်း၏။ နေကောင်း၏-ဟု ဟောသည်-ဟူ၍ သုတ္တန်နှောကာ မိန့်ဆိုကုန်၏။)
ကောကနုဒ-အဝတ်ခင်းခြင်း
ထိုအခါ မြတ်စွာဘုရားသည် ဝေသာလီမှ ဘဂ္ဂတိုင်းသို့ ကြွ၍ သံသုမာရဂီရိတောင် - ပဲစင်းငုံတော မိဂဒါဝုန်၌ နေတော်မူ၏။
ထိုအခါ ဗောဓိမင်းသားအား ကောကနုဒ ပြာသာဒ်ဆောက်ပြီးစ လူမနေသေးဖြစ်၍ သဉ္ဇိကပုတ္တလုလင်ကို ခေါ်ပြီးလျှင် “သင်သည် ဘုရားရှင်ထံ သွား၍ ရှိခိုး၍ မြတ်စွာဘုရား … ဗောဓိ မင်းသားသည် မြတ်စွာဘုရား၏ ခြေတို့ကို ဦးခေါင်းဖြင့် ရှိခိုးပါသည်။ အနာရောဂါ ကင်းခြင်းကို မေးပါသည်။ နက်ဖြန်နံနက်မင်းသား၏ ဆွမ်းကို ရဟန်းသံဃာနှင့်တကွ အလှူခံတော်မူစေလိုပါသည်”ဟု လျှောက်စေ၏။
ထိုညဥ့်လွန်သောအခါ ခဲဖွယ် ဘောဇဉ်တို့ကို စီရင်၍ ကောကနုဒ ပြာသာဒ်ကို အောက်ဆုံး လှေကား တိုင်အောင် အဝတ်ဖြူ ခင်း၍ "ဆွမ်းချိန်တန်ပါပြီ" -ဟု အထောက် လွှတ်လိုက်၏။ ဘုရားရှင် ကြွလာသောအခါ ဗောဓိ မင်းသားသည် ခရီးဦးကြိုဆို၍ ရှေ့သွားပြု၍ ကောကနုဒ ပြာသာဒ်သို့ ပင့်ဆောင်၏။
မြတ်စွာဘုရားသည် ပစ္ဆိမသောပါဏ ကဠေဝရ- အောက်ဆုံးလှေကားသို့ ရောက်သောအခါ ရပ်တော်မူ၏။ “အကျိုးများစိမ့်သောငှါ ခင်းသောအဝတ်ဖြူတို့ကို နင်းတော်မူပါ" -ဟု လျှောက်လတ်သော် ဆိတ်ဆိတ်သာ နေတော်မူ၏။ သုံးကြိမ်လျှောက်လည်း ဆိတ်ဆိတ်သာနေ၍ ရှင်အာနန္ဒာကို ကြည့်တော်မူ၏။
ထိုအခါ ရှင်အာနန္ဒာသည် "မင်းသား … အဝတ်တို့ကို ရုပ်သိမ်းလေ၊ နင်းတော်မမူလတ္တံ့၊ နောင်လာသူ အပေါင်းကို ဘုရားရှင် သနားတော်မူသည်" -ဟု မိန့်တော်မူ၏။
ထို့နောက် အဝတ်တို့ကို ရုပ်သိမ်း၍ ပြသာဒ်ထက်၌ နေရာခင်း၏၊ ထိုနေရာ၌ ဘုရားအမှူးရှိသော သံဃာကို ဆွမ်းကျွေး၏။ မြတ်စွာဘုရားသည် ဆွမ်းကိစ္စပြီး၍ မင်းသားကို တရားဟောပြီးလျှင် ထိုနေရာမှ ဖဲခဲ့၍ ရဟန်းတို့ကို တရားဟော၍ "ချစ်သားတို့ ... စေဠပဋိတံ အဝတ်အခင်းကို မနင်းအပ်- ဒုက္ကဋ်" -ဟု မိန့်တော်မူ၏။
မိန်းမတစ်ယောက်သည် အပဂတာဂဗ္ဘာ ကင်းသော ကိုယ်ဝန်ရှိသည်ဖြစ်၍ ရဟန်းတို့ကို ပင့်၍ အဝတ်ကို ခင်းပြီးလျှင် "နင်းတော်မူကြပါ" -ဟု လျှောက်၏၊ ကုက္ကုစ္စဖြစ်၍ မနင်းကုန်။ မင်္ဂလာအကျိုးငှါ တောင်းပန်လျက် အဘယ်ကြောင့် မနင်းကြသနည်း- ဟု ကဲ့ရဲ့၏။
ချစ်သားတို့ … လူတို့သည် မင်္ဂလာအလိုရှိကုန်၏။ ချစ်သားတို့ … လူတို့၏ မင်္ဂလာအကျိုးငှါ တောင်းပန် အပ်သည်ရှိသော် အဝတ်အခင်းကို နင်းခြင်းငှါ ခွင့်ပြု၏။
ရဟန်းတို့သည် ဓောတပါဒက- ဆေးပြီးသောခြေဖြင့် နင်းစရာ (ရပ်စရာ) ခင်းထားသော အခင်းကိုနင်းခြင်းငှါ ကုက္ကုစ္စဖြစ်ကုန်၏။ ချစ်သားတို့ ... နင်းစရာခင်းထားသော အခင်းကို နင်းခြင်းငှါ ခွင့်ပြု၏။
(ထာ … စေဠပဋိတသည် စေလသန္တရ- အဝတ်ပုဆိုး အခင်းဖြစ်၏။ ထိုမင်းသားသည် “ငါသည် သားသမီး ရလိမ့်မည် ဖြစ်အံ့၊ ငါ၏ အဝတ်အခင်းကို ဘုရားရှင် နင်းတော်မူလတ္တံ့” ဟူသော နှလုံးသွင်းဖြင့် ခင်းသတတ်။ သားသမီးရထိုက်သူ မဟုတ်သောကြောင့် နင်းတော်မမူ။ နင်းငြားအံ့၊ နောင်သားသမီး မရသောအခါ "သဗ္ဗညု ဘုရားမဟုတ်”ဟု ဟူရာ၏။ ဤကား ဘုရားရှင် မနင်းရာ၌ အကြောင်းတည်း။
ရဟန်းတို့သည်လည်း မသိဘဲ နင်းမိလျှင် လူတို့ အဆိုအပြောခံရ ကုန်ရာ၏။ အဆိုအပြောမှ လွတ်စေခြင်းငှါ သိက္ခာပုဒ်ကို ပညတ်တော်မူ၏။ ဤကား သိက္ခာပုဒ် ပညတ်ရာ၌ အကြောင်းတည်း။ အပဂတဂဗ္ဘ ဖြစ်စေ၊ ဂရုဂဗ္ဘ ဖြစ်စေ၊ ဤသို့သော နေရာတို့၌ မင်္ဂလာအလို့ငှါ တောင်းပန်လျှင် နင်းခြင်းငှါ အပ်၏။
ဓောတပါဒကသည် ခြေဆေးရာ ဌာန၌ ဆေးပြီးသော ခြေတို့ဖြင့် နင်းခြင်းငှာ ခင်းသောအခင်းဖြစ်၏။ ထို အခင်းကို နင်းခြင်းငှါ အပ်၏။)
(သာဋီ … ကောကနုဒသည် ပဒုမ-ပဒုမ္မာဖြစ်၏။ မင်္ဂလာပြာသာဒ် ဖြစ်သောကြောင့် ပဒုမ္မာကြာပန်း ကြည့်ရှုဖွယ်ကိုပြ၍ ဆောက်၏၊ ထို့ကြောင့် ကောကနုဒ ပြာသာဒ် အမည်ရှိ၏။
ပစ္ဆိမသောပါဏကဠေဝရသည် ပထမစောင်းတန်း လှေကား ပျဉ်ပြား ဖြစ်၏။ အောက်ဆုံးလှေကားထစ် တိုင်အောင် အထက်ဆုံး လှေကားထစ်မှစ၍ လှေကား တစ်ခုလုံး ခင်းထား၏။
မြတ်စွာဘုရားသည် တံခါးမုခ်၌ရပ်လျက် ဆိတ်ဆိတ် နေလျက် "အဘယ်အကျိုးငှါ ဤသို့ကြီးစွာ ပူဇော်လက္ကာရ ပြုသနည်း" -ဟု ဆင်ခြင်လတ်သော် သားသမီးကို တောင့်တ၍ ပြုသည်အဖြစ်ကို သိတော်မူ၏။
မင်းသားသည် သားသမီးမရှိ။ “ဘုရားရှင်တို့ထံ ဆုတောင်းလျှင် လိုတိုင်းရသည်” ဟူ၍လည်း ကြားဖူး၏၊ ငါသည် သားသမီးကို ရမည် ဖြစ်လျှင် ဤအဝတ်အခင်းကို ဘုရားရှင် နင်းလတ္တံ့၊ မရထိုက်လျှင် မနင်းလတ္တံ့-ဟု တောင့်တလျက် ခင်းစေ၏။
ဘုရားရှင်ကား သားသမီး မရထိုက်ကြောင်းကို မြင်တော်မူ၏။ ရှေးအခါ ကျွန်းတစ်ခု၌ နေစဉ် ငှက်ငယ် တို့ကို စားဖူးပြီ။ မတုဂါမ ကုသိုလ်ရှိလျှင် ရဖွယ်ရှိသေး၏။ နှစ်ယောက်လုံး ဆန္ဒတူခဲ့သောကြောင့် သားသမီး မရလတ္တံ့-ဟု မြင်တော်မူ၏။
မနင်းကြောင်းသုံးပါးရှိ၏။
၁။ အဝတ်ခင်း နင်းငြားအံ့။ ဘုရားရှင်တို့ထံ ဆုတောင်းလျှင် လိုတိုင်းရသည်ဟူသော စကားသည် ငါတောင့်တလျက် မရ၊ အချည်းနှီး စကားဖြစ်သည်ဟု မိစ္ဆာအယူ ယူရာ၏။ (၁)
၂။ တိတ္ထိတို့သည်လည်း သံမဏတို့အား မပြုအပ်သော အမှုမရှိ၊ အဝတ်ခင်းကိုပင် နင်း၍လှည့်လည်ကုန်၏-ဟု ကဲ့ရဲ့ကုန်ရာ၏။ (၂)
၃။ ငါဘုရား နင်းလျှင် ပရစိတ္တဝိဒူ ရဟန်းတို့သည် နင်းထိုက်လျှင် နင်း၍ မနင်းထိုက်လျှင် မနင်းကုန်လတ္တံ့။ အနာဂတ်၌ကား ဥပနိဿယ အားနည်း၍ မသိနိုင်ကုန်လတ္တံ့။ နင်း၍ ပြည့်စုံလျှင် ကောင်း၏။ မပြည့်စုံခဲ့လျှင် ရှေးရဟန်းများ ပဋိပတ် ကျင့်၍ ဆုတောင်းတိုင်း ရသည်။ ယခု ရဟန်းများ ဆုဟောင်းတိုင်း မရ၊ ကောင်းစွာမကျင့်ကုန်-ဟု လူတို့ နှလုံးမသာမယာဖြစ်ကုန်ရာ၏။ (၃)
ဤအကြောင်းသုံးပါးကြောင့် ဘုရားရှင် နင်းတော်မမူ။ “နောင်လာသူ အပေါင်းကို ဘုရားရှင် သနားတော် မူသည်” ဟု ရှင်အာနန္ဒာ မိန့်ဆိုခြင်းသည် တတိယအကြောင်းကို ရည်၍ ဆိုသည်။
မင်္ဂလံ ဣစ္ဆန္တီတိ မင်္ဂလိကာ - လူတို့သည် မင်္ဂလာကို အလိုရှိကုန်၏။
ဝိဋီ … ရှင်အာနန္ဒာ မိန့်ဆိုခြင်းသည် နောင်အခါ ရဟန်းတို့ အဝတ်ခင်း နင်းခြင်းကြောင့် ပြစ်တင်ကဲ့ရဲ့ ခံရဖွယ် ရှိ၏။ သိက္ခာပုဒ် ပညတ်ခြင်းဖြင့် ထိုအပြစ်ကို တား၍၊ ထိုတားခြင်းအားဖြင့် ဘုရားရှင်၏ သနားခြင်းကိုရည်၍ ဆိုသည်။
အပဂတဂဗ္ဘာသည် အဝိဇာတပုတ္တာ- သားမဖွားသော မိန်းမဖြစ်၏။ ထို့ကြောင့် မင်္ဂလာအလို့ငှါဟု ဆိုသည်။ ဓောတပါဒက အခင်း ဖြစ်စေ၊ တစ်ပါးသော အခင်းဖြစ်စေ - ယသ္မာပန ဒါယကေဟိ ဒါနကာ လေယေဝ သဟဿဂ္ဃနကမ္ပိ ကမ္မလံ ပါဒပုဉ္စနိကတွာ ပရိဘုဉ္စတာတိဒိန္နံ တထေဝ ပရိဘုဉ္ဇိတုံ ဝဋ္ဋတိ-စသည်ဖြင့် သေနာသနသိက္ခာပုဒ် ပါစိတ်အဖွင့် သာဋီ၌ ဆိုသည်။)
ဘတကခြေပွတ်ပယ်ခြင်း
ထိုအခါ မြတ်စွာဘုရားသည် ဘဂ္ဂမှ သာဝတ္ထိသို့ ကြွ၍ ဇေတဝန်ကျောင်း၌ နေတော်မူ၏။ ထိုအခါ ဝိဿခါ ဒါယိကာမကြီးသည် ဃဋက- ရေအိုး၊ ဘတက- ကြာချိပ်သဏ္ဌာန် ခြေပွတ်၊ သမ္မဇ္ဇနီ- တံမြက်ဆုပ်တို့ကို ယူ၍ "ဘုရားရှင်ထံ အလှူခံတော်မူပါ" ဟု လျှောက်၏။ မြတ်စွာဘုရားသည် ရေအိုး တံမြက်ဆုပ်တို့ကို အလှူ ခံတော်မူ၏။ ကြာချပ်သဏ္ဌာန် ခြေပွတ်ကို အလှူမခံ။
ဝိဿခါ တရားနာ၍ ဖဲသွားသောအခါ ရဟန်းတို့ကို တရားဟော၍ "ချစ်သားတို့ ... ရေအိုးကိုလည်းကောင်း၊ တံမြက်ဆုပ်ကိုလည်းကောင်း ခွင့်ပြု၏၊ ချစ်သားတို့ … ကြာချပ်သဏ္ဌာန် ခြေပွတ်ကို မသုံးဆောင်အပ်-ဒုက္ကဋ်။ ချစ်သားတို့ … သက္ခရာ-ကျောက်စစ်၊ ကထလ-အိုးခြမ်း၊ သမ္မုဒ္ဒဖေဏက-ပင်လယ် ရေမြှုပ်ကျောက် ဟူသော သုံးမျိုးသော ပါဒယေံသနီ - ခြေပွတ်တို့ကို ခွင့်ပြု၏" -ဟု မိန့်တော်မူ၏။
(ထာ … ဘတကသည် ပဒုမ္မာကြာချပ် ပန်းသဏ္ဌာန်ရှိ၏။ ခြေပွတ်စရာ ဆူးတို့ကို ထစေလျက် ပြုအပ်၏။ အပိုင်းဖြစ်စေ၊ လေးထောင့် စသည်ဖြစ်စေ များအောင် အားထုတ်ခြင်း- ဝါ-အကြိမ် များစွာ အားထုတ်ခြင်း ရှိသောကြောင့် ပယ်အပ် သည်သာတည်း။ အလှူခံခြင်းငှါ လည်းကောင်း၊ သုံးဆောင်ခြင်းငှါ လည်းကောင်း မအပ်၊ သက္ခရာသည် ပါသာဏ-ကျောက်ဖြစ်၏။ (အပ်သည်။) ပါသာဏဖေဏက- ကျောက်မြုပ်သည်လည်း အပ်၏။)
(စာအချို့၌ ပါသာဏဖေဏကောပိ နဝဋ္ဋတိ-ဟု ရှိ၏။)
ယပ်ခွင့်ပြုခြင်း
ထိုအခါ ဝိသာခါသည် ဝိဓူပန- လေးထောင့် ယပ်ကိုလည်းကောင်း၊ တာလဝဏ္ဍ…. ထန်းရွက်ယပ်ကို လည်းကောင်း ယူ၍ "ဘုရားရှင်ထံ အလှူခံတော်မူပါ" -ဟု လျှောက်၏။ မြတ်စွာဘုရားသည် အလှူခံ၍ ရဟန်း တို့ကို တရားဟော၍ "ချစ်သားတို့ လေးဆောင့်ယပ်ကို လည်းကောင်း၊ ထန်းရွက်ယပ်ဝန်းကို လည်းကောင်း ခွင့်ပြု၏။"
သံဃာအား မကသဗီဇနီ- ခြင်နှင်ယပ်သည် ဖြစ်ပေါ်၏။ ချစ်သားတို့ … ခြင်နှင်ယပ်ကို ခွင့်ပြု၏။
စာမရီဗီဇနီ- စာမရီ သားမြီးယပ်သည် ဖြစ်၏။ ချစ်သားတို့- စာမရီသားမြီးယပ်ကို မဆောင်အပ်- ဒုက္ကဋ်။
ချစ်သားတို့ ... ဝါကမယ- လျှော်ဖြင့်ပြီးသောယပ်၊ ဥသိရမယ-ပန်းရင်းမြက်ယပ်၊ မောရပိစ္ဆမယ- ဥဒေါင်းမြီးယပ် ဟူသော ဗီဇနီ-ယပ် သုံးမျိုးကို ခွင့်ပြု၏။
(ထာ … ဝိဓူပနသည် ဗီဇနီ- လေးထောင့်ယပ် ဖြစ်၏။ ထန်းရွက်ဖြင့်ပြုသည် ဖြစ်စေ၊ ဝါး၊ ဆင်စွယ်၊ နှီး၊ ဥဒေါင်းမြီး၊ သာရေအထူး တို့ဖြင့် ပြုသည် ဖြစ်စေ၊ အားလုံးအပ်၏။
ခြင်နှင်ယပ်သည် ဆင်စွယ်၊ သားချိုဖြင့်ပြီးသော အချောင်းအတံဖြစ်သော်လည်း အပ်၏။
လျှော်ဖြင့် ပြီးသော ယပ်၌ ဆပ်သွားပါးပျဉ်း၊ ဓနုံးရွက် စသည်ဖြင့် ပြီးသော ယပ်တို့ကိုလည်း ရေတွက် အပ်ကုန်၏။)
(ဆင်စွယ်ဖြင့်စီသော ဗီဇနီယပ်ကို ပထမသင်္ဂါယနာတင် ဓမ္မာသန၌ မြင်နိုင်၏။)
(သာဋီ … ဗီဇနီသည် လေးထောင့်ယပ် ဖြစ်၏။
တာလဝဏ္ဍသည် ထန်းရွက် စသည်ဖြင့် ပြုသော ဝန်းဝိုင်းသော ဗီဇနီ ဖြစ်၏။
ဝိဋီ … ဗီဇနီသည် လေးထောင့်ဗီဇနီဖြစ်၏၊)
(ဓမ္မကထိက၏ယပ်သည် ထီးပင်တည်း-ဟု အချို့အဆိုတင်ကုန်၏။ ထီးသိက္ခာပုဒ် သီးခြားလာလတ္တံ့။ ထီးကား နေရာမရွေး အခါမရွေး မအပ်သောကြောင့်တည်း။)
အရံ၌သာ ထီးခွင့်ပြုခြင်း
ထိုအခါ သံဃာအား ဆတ္တ- ထီးသည် ဖြစ်ပေါ်၏။ ချစ်သားတို့ … ထီးကို ခွင့်ပြု၏။
ဆဗ္ဗဂ္ဂီတို့သည် ထီးကို မြှောက်ဆောင်းလျက် လှည့်လည်ကုန်၏။ အာဇီဝက တပည့်တို့သည် စာရေးကြီး အမတ်ကြီးတို့ကဲ့သို့ ထီးမြှောက်ဆောင်းကြသည်-ဟု ဆိုကုန်၏။ ဥပါသကာ တစ်ယောက်က- "ရဟန်းများ မဟုတ်၊ ပရိဗိုဇ်တို့" -ဟု ဆို၍ အလောင်းအစား ပြုကုန်၏။ အနီးသို့ ရောက်သောအခါ ဥပါသကာရှုံး၍ ကဲ့ရဲ့၏။
ချစ်သားတို့ ... ထီးကို မဆောင်အပ်, ဒုက္ကဋ်။
ဂိလာန ရဟန်းတစ်ပါးသည် ထီးနှင့်ကင်း၍ မချမ်းသာသောကြောင့် မြတ်စွာဘုရားအား လျှောက်၏။ ချစ်သားတို့ … ဂိလာနအား ထီးကို ဆောင်ခြင်းငှါ ခွင့်ပြု၏။
ရဟန်းတို့သည် ဂီလာနအားသာ ခွင့်ပြုသည်-ဟု အရံ၌လည်းကောင်း၊ အရံ၏ ဥပစာ၌လည်းကောင်း ထီးကို ဆောင်ခြင်းငှါ ကုက္ကုစ္စ ဖြစ်ကုန်၏။
ချစ်သားတို့ … အဂိလာန ရဟန်းသည်လည်း အရံ၊ အရံဥပစာ၌ ထီးကို ဆောင်ခြင်းငှါ ခွင့်ပြု၏။
(ထာ … ကိုယ်ပူနာရှိသော ရဟန်း၊ သည်းခြေပျက်နာရှိသော ရဟန်း၊ မျက်စိအားနည်းသော ရဟန်း၊ ထီးနှင့်ကင်းလျှင် ဝေဒနာတစ်ခုခု ဖြစ်တတ်သော ရဟန်း (လေးဦး) တို့အား ရွာ၌လည်းကောင်း၊ တော၌ လည်းကောင်း ထီးသည် အပ်၏။ မိုးရွာလျှင် သင်္ကန်းကို စောင့်ခြင်းငှါ လည်းကောင်း၊ သားရဲဘေး၊ ခိုးသူဘေး ကြုံလျှင် ကိုယ်ကိုစောင့်ခြင်းငှါလည်းကောင်း၊ ကျန်းမာသော ရဟန်းအားလည်း အပ်သေး၏။ ဧကပဏ္ဏစ္ဆတ္တ- သစ်ရွက် တစ်ခုဖြင့် ပြုသော ထီးသည်ကား နေရာအားလုံး၌သာလျှင် အပ်၏။)
(ထန်းလက်၊ စလူလက်တို့ ဟူ၍လည်း မိန့်ဆိုကြသည်။)
(သာဋီ … ဧကပဏ္ဏစ္ဆတ္တသည် တာလပတ္တ- ထန်းရွက် ဖြစ်သည်-ဟု ဂဏ္ဌိတို့ ဆို၏။
ဝိဋီ … ဧကပဏ္ဏစ္ဆတ္တသည် ထန်းရွက်စသော တစ်ခုသော သစ်ရွက်ဖြင့် ပြုသော ထီးဖြစ်၏။)
ဆိုင်း၊ တောင်ဝှေး၊ သမ္မုတိ
ထိုအခါ ရဟန်းတစ်ပါးသည် ဘိက္ကာ-ဆိုင်း၌ သပိတ်ထည့်၍ ဒဏ္ဍ-တောင်ဝှေး၌ ဆွဲ၍ ညဥ့်အခါ ရွာတံခါးတစ်ခုဖြင့် ခရီးသွား၏။ ရွာသားတို့သည် "ခိုးသူ တစ်ယောက် သံလျက်တစ်လက်လက်ဖြင့် သွားသည်" ဟု လိုက်၍ ဖမ်းပြီးလျှင် ရဟန်း-ဟု သိ၍ လွှတ်လိုက်၏။ အရံသို့ရောက်၍ ရဟန်းတို့အား ပြောကြား၏၊ "အဘယ်ကြောင့် တောင်ဝှေး ဆိုင်းဆွဲ၍ ထမ်းရသနည်း" -ဟု ကဲ့ရဲ့ကုန်၏။
ချစ်သားတို့ ... ဒဏ္ဍဘိက္ကာ- တောင်ဝှေး၌ ဆိုင်းဆွဲခြင်းကို မဆောင်အပ်-ဒုက္ကဋ်။
ရဟန်းတစ်ပါးသည် ဂိလာန ဖြစ်၏။ တောင်ဝှေးကင်းလျက် မသွားနိုင်။ ချစ်သားတို့ ... ဂိလာနရဟန်းအား ဒဏ္ဍသမ္မုတိကို ပေးခြင်းငှါ ခွင့်ပြု၏။
ပေးပုံကား -
ထိုဂိလာနရဟန်းသည် သံဃာသို့ ချဉ်းကပ်၍ လက်အုပ်ချီ၍ "အရှင်ဘုရား ... အကျွန်ုပ်သည် ဂိလာန ဖြစ်၏။ တောင်ဝှေးကင်းလျှင် မသွားနိုင်၊ ဒဏ္ဍသမ္မုတိကို တောင်းပါ၏" -ဟု သုံးကြိမ် တောင်းပန်၏။
ဗျတ္တသည် ဉတ္တိဒုတိယကံဖြင့် သံဃာကို သိစေအပ်၏။ "ဤရဟန်းသည် ဂိလာန ဖြစ်၏။ တောင်ဝှေးကင်းလျှင် မသွားနိုင်၊ ဒဏ္ဍသမ္မုတိကို တောင်းသည်၊ သံဃာသည် ဒဏ္ဍသမ္မုတိကို ပေးရာ၏။ ပေး၏။ ပေးပြီ" -ဟု သိစေအပ်၏။
ရဟန်းတစ်ပါးသည် ဂိလာနဖြစ်၏။ ဆိုင်းနှင့်ကင်း၍ သပိတ်ကို ဆောင်ခြင်းငှါ မတတ်နိုင်။
ချစ်သားတို့ ... ဂီလာနရဟန်းအား ဘိက္ကာသမ္မုတိကို ပေးခြင်းငှါ ခွင့်ပြု၏။ ပေးပုံကား - ယခင်သမ္မုတိ နည်းအတိုင်းတည်း။
ရဟန်းတစ်ပါးသည် ဂိလာန ဖြစ်၏။ တောင်ဝှေးကင်းလျက်လည်း မသွားနိုင်၊ ဆိုင်းကင်းလျက်လည်း သပိတ်မဆောင်နိုင်၊
ချစ်သားတို့ … ဂိလာနရဟန်းအား ဒဏ္ဍဘိက္ကာသမ္မုတိ ပေးခြင်းငှါ ခွင့်ပြု၏။ တူပြီ။
(ထာ … ပမာဏယုတ္တ- လေးတောင်ရှိသော တောင်ဝှေးကိုသာ သမုတ်၍ ပေးရသည်။ ထိုထက်ရှည်သော တိုသော တောင်ဝှေးသည်ကား သမ္မုတိ ကင်းသော်လည်း ရဟန်းအားလုံးအား မအပ်။ ဆိုင်းသည် ကျန်းမာသူအား မအပ်။ မမာသူအားလည်း သမုတ်၍သာ ပေးအပ်၏။)
(မဇ္ဈိမ လေးတောင်၊ ပကတိ ခြောက်တောင်သည် ပမာဏယုတ္တ ဟူကုန်၏။)
ရောမဋ္ဌကကို ခွင့်ပြုခြင်း
ရဟန်းတစ်ပါးသည် ရောမဋ္ဌက ဖားမြုံ့ ပြန်တတ်၏။ စားမြုံ့ပြန်၍ ပြန်၍ မျို၏။ နေလွဲညစာ စားသည်- ဟု ရဟန်းတို့ကဲ့ရဲ့ကုန်၏။
ချစ်သားတို့ … ထိုရဟန်းသည် နွားဝင်စား ဖြစ်၏။ ရဟန်းတို့ … စားမြုံ့ပြန်တတ်သူ၊ စားမြုံ့ပြန်ခြင်းကို ခွင့်ပြု၏။ ချစ်သားတို့ … မုခါဒွါရမှ အပသို့ထုတ်၍ကား မမျိုအပ်။ မြိုငြားအံ့၊ ယထာဓမ္မ ပြုစေအပ်၏။
(ထာ … ရောမန္ထကကို ဖယ်၍ ကြွင်းသောရဟန်းတို့အား အန်တက်လာသည်ကို ခံတွင်း၌တည်စေ၍ (ငုံ၍) မျိုလျှင် အာပတ်သင့်၏။ ခံတွင်း၌ မတည်မူ၍သာ ပရဂလ လည်မျိုတစ်ဖက်သို့ ရောက်သွားလျှင် အပ်၏။)
(ပါဠိ၌ ရောမဋ္ဌက၊ ထာ၌ ရောမန္ထက။)
ဇီဋီ … လည်မျိုတစ်ဖက်သို့ ရောက်သွားခြင်းသည် ရဟန်း၏ ပယောဂ မဟုတ်သောကြောင့် အပ်၏။) ယထာဓမ္မသည် ပါစိတ်အာပတ် ဖြစ်ကြောင်း ထင်ရှား၏။)
ထမင်းတစ်စေ့တန်ဖိုး
အသင်းတစ်ခုအား သံဃဘတ် ဆွမ်းကျွေးပွဲသည် ဖြစ်၏။ ဘတ္တဂ္ဂ- ထမင်းယူရာ စားရာ၌ ထမင်းလုံးများစွာ ဖိတ်ကြဲ၏။ သာကီဝင်မင်းသား ရဟန်းတို့သည် ထမင်းကိုပေးသောအခါ ရိုသေစွာမခံယူကုန်။
"ထမင်းတစ်စေ့ တစ်စေ့သည် ကမ္မသတ-အမှုအရာ ပြုမှ ပြီးသည်" ဟု လူတို့ကဲ့ရဲ့ကုန်၏။
ချစ်သားတို့ ... အကြင်အစာကို ပေးသောအခါ ကပ်သောအခါ ကျအံ့။ ထိုအစာကို ကိုယ်တိုင်ယူ၍ စားခြင်းငှါ ခွင့်ပြု၏။ အကြောင်းကား ချစ်သားတို့ … ထိုအစာကို ပေးသူ ကပ်သူတို့သည် စွန့်အပ်ပြီ-ဟု မိန့်တော်မူ၏။
(ထာ … အကြင် အစာကို ဒါယကာတို့ ကပ်လှူသောအခါ ခံယူရာ ခွက်မှ အပသို့ ကျအံ့။ ထိုအစာကို ရဟန်းသည် ကိုယ်တိုင်ယူ၍ စားခြင်းငှါ ခွင့်ပြုရ၏။ ဘောဇနဝဂ်၌ ဖွင့်ထားပြီ။)
(အမြွက်ကား … ကပ်သော ဒါယကာ၏ လက်မှ လျှောကျသော အစာကို အကပ်ခံသော ရဟန်း ကိုယ်တိုင်ယူ၍ မြူမကပ်လျှင် စားအပ်၏။ မြူကပ်လျှင် သုတ်သင်၍ စားအပ်၏။ တစ်ပါးသော ရဟန်းကို ယူခိုင်းခြင်းငှါလည်း အပ်၏၊ "သင် စားလော" -ဟု ဆိုလျှင် ထိုရဟန်းအား စားခြင်းငှါအပ်၏။ မခိုင်းလျှင် မကောက်ယူအပ်။ မခိုင်းသော်လည်း ထိုရဟန်းအား ပေးမည်-ဟု ကောက်ယူလျှင် အပ်သည်-ဟု ကုရုန္ဒီ၌ ဆို၏။
တစ်ပါးသော ရဟန်းအား ခွင့်မပြု၊ အကပ်ခံသော ရဟန်းအားသာ တစ်ဖန် အကပ်မခံဘဲ ကိုယ်တိုင်ယူ၍ စားခြင်းငှါ ခွင့်ပြုသည်။ ထို့ကြောင့် လျောကျသော အစာကို တည်မြဲတိုင်း၌ မကိုင်ဘဲ တစ်ခုခုဖြင့် ဖုံးထားလျှင် နောက်နေ့၌ အကပ်ခံ၍ စားအပ်၏။ သန္နိဓိ အာပတ်မသင့်။ ထိုနေ့၌သာ ထိုရဟန်းအား ကိုယ်တိုင် ယူစားခြင်းကို ခွင့်ပြုသည်။ နောက်နေ့၌ ကိုယ်တိုင် ယူခြင်းကို ခွင့်မပြု။)
(သာဋီ … ကမ္မသတ၌ သတသည် အနေက ပရိယာယ်။ အာနက ကမ္မဖြင့်-ဟူသော အနက်။ များစွာသော ဥဿာဟဖြင့် ဆိုလိုသည်။)
လက်သည်း ခြေသည်းရှည်
ရဟန်းတစ်ပါးသည် ရှည်သော လက်သည်းဖြင့် ဆွမ်းခံ လှည့်လည်၏။ မိန်းမတစ်ယောက်သည် ထို ရဟန်းကို “လာပါ၊ မေထုနဓမ္မမှီဝဲပါ”ဟုဆို၏။ "နှမ မသင့်၊ ဤ အမှု မအပ်" -ဟု ဆိုလတ်သော် မမှီဝဲလျှင် ဤသို့ပြုမည် ဆို၍ မိမိလက်သည်းတို့ဖြင့် ကိုယ်ကို ကုပ်ခြစ်၍ “ဤရဟန်းသည် ငါ့ကို မဖွယ်မရာ ပြုပါသည်”ဟု အော်၏။
လူတို့သည် ပြေးလာ၍ ရဟန်းကို ဖမ်းပြီးလျှင် မိန်းမ၏ လက်သည်း၌ သွေးစကိုမြင်၍ "ရဟန်းပြုသည် မဟုတ်" ဟု လွှတ်လိုက်ကုန်၏၊ ရဟန်းတို့ သိ၍ "အဘယ်ကြောင့် လက်သည်းရှည် ဆောင်သနည်း" -ဟု ကဲ့ရဲ့ကုန်၏။
ချစ်သားတို့ ... ရှည်စွာသော နခ-လက်သည်းကို မဆောင်အပ်-ဒုက္ကဋ် ဟု မိန့်ဆိုတော်မူ၏။
ထိုအခါ ရဟန်းတို့သည် လက်သည်းဖြင့် လည်းကောင်း၊ ခံတွင်းဖြင့် လည်းကောင်း၊ လက်သည်းကို ဖြတ်ကုန်၏။ နံရံ၌လည်း တိုက်ကုန်၏။ လက်ချောင်းတို့သည် နာကုန်၏။
ချစ်သားတို့ ... နခစ္ဆေဒ လက်သည်းလှီးဓားကို ခွင့်ပြု၏။
သွေးနှင့်တကွ လက်သည်းကို ဖြတ်ကုန်၏။ လက်ချောင်းတို့ နာကုန်၏။
ချစ်သားတို့ ... အသား ပမာဏဖြင့် လက်သည်းကို ဖြတ်ခြင်းငှါ ခွင့်ပြု၏။
ဆဗ္ဗဂ္ဂီတို့သည် ဝီသတိမဋ္ဌ- လက်သည်း ခြေသည်း နှစ်ဆယ်၏ ပြေပြစ်ခြင်းကို ပြုစေကုန်၏။ ကာမဘောဂီ တို့ကဲ့သို့-ဟု လူတို့ကဲ့ရဲ့ကုန်၏။
ချစ်သားတို့ ... နှစ်ဆယ်၏ ပြေပြစ်ခြင်းကို မပြုစေအပ်-ဒုက္ကဋ်။ ချစ်သားတို့ ... အညစ်အကြေးမျှကို ယူပစ်ခြင်းငှါ ခွင့်ပြု၏။
(ထာ … လက်သည်း စသည်ဖြင့် လက်သည်းကိုဖြတ်ရာ၌ အာပတ်မရှိ၊ စိစစ်၍ စောင့်ရှောက်ခြင်းငှါသာ လက်သည်းလှီးဓားကို ခွင့်ပြုသည်။
ဝီသတိမဋ္ဌ ဟူသည် နှစ်ဆယ်သော နခ- လက်သည်း ခြေသည်းတို့ကို ခြစ်ခြင်း၊ ပြေပြစ်အောင် ဆေးဆိုးခြင်း တို့ကို ပြုစေကုန်၏။ နခ-တို့မှ အညစ်အကြေးမျှကို ပယ်ပစ်ခြင်းငှါ ခွင့်ပြု၏။)
သင်ဓုန်းဘဏ္ဍာခွင့်ပြုခြင်း
ရဟန်းတို့အား ဆံပင်တို့သည် ရှည်ကုန်၏။
"ချစ်သားတို့ ... ရဟန်းတို့သည် အချင်းချင်း ဆံရိတ်ခြင်းငှါ စွမ်းနိုင်ကုန်သလော။"
"စွမ်းနိုင်ကြပါသည်ဘုရား။"
ထိုအခါ ရဟန်းတို့ကို စည်းပေး၍၊
ချစ်သားတို့ ... ခုရ- သင်ဓုန်းကို၊ ခုရသိလ-သင်ဓုန်း သွေးကျောက်ကို၊ ခုရသိပါဋိက (ခုရကောတက) သင်ဓုန်းအိတ်ကို၊ နမတက- သင်ဓုန်းရစ် အဝတ်ကို၊ သဗ္ဗခုရဘဏ္ဍ- အလုံးစုံသော သင်ဓုန်းဆိုင်ရာ ဘဏ္ဍာကို ခွင့်ပြု၏။
နမတက သုံးမျိုး
(ဤခန္ဓက၌ ဓားငယ် ရစ်ပတ်စရာ အဝတ်ပုဆိုးပိုင်း နမတက တစ်ခု၊ သိုးမွေးဖြင့် ပြုသော မရက်သော အခင်း နမတက တစ်ခု၊ သင်ဓုန်း-ရစ်ပတ်စရာ အဝတ် ပုဆိုးပိုင်း နမတက တစ်ခု- ဤသို့ နမတက သုံးခု လာ၏။)
မုတ်ဆိတ် ကြင်စွယ်
ဆဗ္ဗဂ္ဂီတို့သည် -
မဿုံ- မုတ်ဆိတ်ကို။
ကပ္ပါပေန္တိ- ကတ်ကျေးဖြင့် ဖြတ်စေကုန်၏။
မုတ်ဆိတ်ကို တိုးပွားစေကုန်၏၊
ဂေါလောမိက- ဆိတ်သိုးမုတ်ဆိတ်ကို ပြုစေကုန်၏။
စတုရဿက- လေးထောင့် မုတ်ဆိတ်ကို ပြုစေကုန်၏။
ပရိမုခ- ရင်မွှေး ပယ်ခြင်းကို ပြုစေကုန်၏။
အဍ္ဎဒုရ- ရင်မွှေး အရေးအသားထားခြင်းကို ပြုစေကုန်၏။
ဒါဌိကံ- ကြင်စွယ်ကို ထားကုန်၏။
သမ္ဗပဓံ- ဖုံးလွှမ်းရာ အရပ်၌ အမွေးကို ပယ်ကုန်၏။
ကာမဘောဂီ-တို့ကဲ့သို့ ဟု လူတို့ ကဲ့ရဲ့ကုန်၏။
ချစ်သားတို့ … မုတ်ဆိတ်ကို ကတ်ကျေးဖြင့် မဖြတ်စေအပ်၊ မုတ်ဆိတ်ကို မတိုးပွားစေအပ်၊ ဆိတ်သိုးမုတ်ဆိတ်ကို မပြုစေအပ်၊ လေးထောင့် မုတ်ဆိတ်ကို မပြုစေအပ်၊ ရင်မွေးပယ်ခြင်းကို မပြုအပ်၊ ရင်မွေး အရေးအသား ထားခြင်းကို မပြုစေအပ်၊ ကြင်စွယ်ကို မထားအပ်၊ ဖုံးလွှမ်းရာအရပ်၌ အမွေးကို မပယ်စေအပ်-ဒုက္ကဋ်။
ရဟန်းတစ်ပါးအား ဖုံးလွှမ်းရာ အရပ်၌ ဝဏ-အနာသည် ဖြစ်၏။ ဆေးထည့်၍ မတည့်။
ချစ်သားတို့ ... အနာဟူသော အကြောင်းကြောင့် ဖုံးလွှမ်းရာ အရပ်၌ အမွေးကို ပယ်စေခြင်းငှါ ခွင့်ပြု၏။
(ထာ … ကပ္ပါပေန္တိ ဟူသည် မုတ်ဆိတ်ကို ကတ္တရိ-ကတ်ကျေးဖြင့် ဖြတ်စေကုန်၏။
တိုးပွားစေကုန်၏-ဟူသည် မုတ်ဆိတ်ကို ရှည်စွာ ပြုစေကုန်၏။
ဂေါလောမိက-သည် မေး၌ ရှည်စွာပြု၍ ထားသော ဧဠကမဿု ဖြစ်၏။
စတုရဿက သည် စတုက္ကောဏ-လေးထောင့် ဖြစ်၏။
ပရိမုခသည် ရင်၌အမွေးပယ်ခြင်း ဖြစ်၏။
အဍ္ဎဒုက သည် ရင်၌ အမွေး အရေးအသား ထားခြင်း ဖြစ်၏။
မုတ်ဆိတ်ကို ကတ်ကြေးဖြင့် ဖြတ်စေခြင်း စသော အားလုံး၌-ဒုက္ကဋ်။
ဝဏ္ဍ-ပြည်စုသော အိုင်းနာ၊ ဝဏ-အမာကြီး၊ ရုဓိ-အမာငယ် စသော အနာကြောင့် ဖုံးလွှမ်းရာ၌ အမွေးကို ပယ်စေခြင်းငှါ အပ်၏။)
(သာဋီ ... ရုဓိသည် ခုဒ္ဒကဝဏ-အမာငယ်ဖြစ်၏။
ဝိဋီ ... မုတ်ဆိတ်ကို ရှည်စွာပြုစေခြင်းကား ဆံပင်နှင့်အတူ မရိတ်ဘဲ (နှစ်လလွန်၊ နှစ်သစ်လွန်) ထားကုန်၏။
စတုက္ကောဏသည် အထက်နဖူးစွန်းတို့၌ နှစ်ထောင့်၊ အောက်မေးနံပါး၌ နှစ်ထောင့်-ဤသို့လေးထောင့် ထင်အောင် ပြု၍ ဖြတ်စေခြင်းဖြစ်၏။
ပါဠိ၌ ဒါဋ္ဌိကသည် နှုတ်ခမ်းအထက်၌ ပေါက်သောအမွေးဖြစ်၏။ မရိတ်ဘဲ ထားကုန်၏၊
ရုမိသည် ခုဒ္ဒကဝဏဖြစ်၏။)
ဆံကတ်ကျေးကိုက်ခြင်း
ဆဗ္ဗဂ္ဂီတို့သည် ကတ်ကျေးဖြင့် ဆံပင်ကို ဖြတ်စေကုန်၏။ ကာမဘာဂီတို့ကဲ့သို့ဟု လူတို့ကဲ့ရဲ့ကုန်၏။
ချစ်သားတို့ … ကတ်ကျေးဖြင့် ဆံပင်ကို မဖြတ်စေအပ်-ဒုက္ကဋ်။
ရဟန်းတစ်ပါးအား ဦးခေါင်း၌ အနာသည်ဖြစ်၏။ သင်ဓုန်းဖြင့် ဆံရိတ်စေခြင်းငှါ မတတ်နိုင်။
ချစ်သားတို့ ... အနာဟူသော အကြောင်းကြောင့် ကတ်ကျေးဖြင့် ဆံပင်တို့ကို ဖြတ်စေခြင်းငှါ ခွင့်ပြု၏။
(ထာ ... ဂဏ္ဍ၊ ဝဏ္ဏ၊ ရုဓိဟူသော အနာ၊ ဦးခေါင်းရောဂါ အနာတို့ကြောင့် ကတ်ကျေးဖြင့် ဆံဖြတ်စေခြင်းငှါ ခွင့်ပြုသည်။)
သဏ္ဍာသ ခွင့်ပြုခြင်း
ရဟန်းတို့သည် ရှည်စွာသော နာသိကလောမ- နှာခေါင်းမွေးတို့ကို ဆောင်ကုန်၏။ မြေဘုတ်ဘီလူးကလေး တို့ကဲ့သို့-ဟု လူတို့ကဲ့ရဲ့ကုန်၏။
ချစ်သားတို့ .... ရှည်စွာသော နှာခေါင်းမွေးကို မဆောင်အပ်၊ ဒုက္ကဋ်။
ရဟန်းတို့သည် သက္ခရိကာ- ကျောက်စရစ် ဖြင့်လည်းကောင်း၊ မဓုသိတ္ထက-ပျားဖယောင်းဖြင့် လည်းကောင်း၊ နှာခေါင်းမွေးကို ယူစေကုန်၏၊ နှာခေါင်းတို့သည် နာကုန်၏။
ချစ်သားတို့ ... သဏ္ဍာသ-မွေးညှပ်ကို ခွင့်ပြု၏။
(ထာ ... ကျောက်စရစ် စသည်တို့ဖြင့် နှာခေါင်းမွေးကို ယူစေရာ၌ အာပတ်မရှိ။ စောင့်ရှောက်ခြင်း အကျိုးငှါ သဏ္ဍာသကို ခွင့်ပြုသည်။)
ဆံပင်ဖြူနှုတ်ခြင်း
ဆဗ္ဗဂ္ဂီတို့သည် ပလိတ-ဆံပင်ဖြူကို ယူစေကုန်၏။ ကာမဘောဂီတို့ကဲ့သို့-ဟု လူတို့ကဲ့ရဲ့ကုန်၏။
ချစ်သားတို့ ... ဆံပင်ဖြူကို မယူစေအပ်၊ ဒုက္ကဋ်။
(ထာ … မျက်မှောင်၌လည်းကောင်း၊ နဖူး၌လည်းကောင်း၊ ကြင်စွယ်၌ လည်းကောင်း ပေါက်၍ မြင်မကောင်းအောင် တည်သော အမွေးကိုကား ဖြူသော်လည်းကောင်း၊ မဖြူသော်လည်းကောင်း နှုတ်စေခြင်းငှါ အပ်၏။)
နဖာကော်ခွင့်ပြုခြင်း
ရဟန်းတစ်ပါးအား ကဏ္ဏဂူထက- နဖာချေးတို့ဖြင့် နားသည် ပိတ်၏။
ချစ်သားတို့ ... ကဏ္ဏမလဟရနီ- နဖာကော်ကို ခွင့်ပြု၏။
ဆဗ္ဗဂ္ဂီတို့သည် ရွှေငွေဖြင့် ပြီးသော နဖာကော် အမျိုးမျိုး ဆောင်ကုန်၏။
ချစ်သားတို့ ... အမြတ်အယုတ် နဖာကော် အမျိုးမျိုးကို မဆောင်အပ်-ဒုက္ကဋ်။
ချစ်သားတို့ … အရိုး၊ ဆင်စွယ် ...လ…။ ခရုသင်းချက်ဖြင့် ပြီးသော နဖာကော်ကို ခွင့်ပြု၏။
သံ၊ ကြေးဘဏ္ဍာ စုဆောင်းခြင်း
ဆဗ္ဗဂ္ဂီတို့သည် လောဟဘဏ္ဍ-သံဘဏ္ဍာကို လည်းကောင်း၊ ကံသဘဏ္ဍ-ကြေးဘဏ္ဍကို လည်းကောင်း များစွာ စုဆောင်းကုန်၏၊ "ကံသပတ္တရိက- ကြေးကုန်သည်တို့" ဟု လူတို့ကဲ့ရဲ့ ကုန်၏။
ချစ်သားတို့ ... များစွာသော သံဘဏ္ဍာ၊ ကြေးဘဏ္ဍာကို စုဆောင်းခြင်းကို မပြုအပ်၏-ဒုက္ကဋ်။
ထိုအခါ ရဟန်းတို့သည် မျက်စဉ်းကျည်၊ မျက်စဉ်းတံ၊ နဖာကော်၊ ဗန္ဓနမတ္တ- အခွေးမျှကိုသော်လည်း ကုက္ကုစ္စ ဖြစ်ကုန်၏။
ချစ်သားတို့ … မျက်စဉ်းကျည်၊ မျက်စဉ်းတံ၊ နဖာကော်, အခွေးမျှကို ခွင့်ပြု၏။
(ထာ … ကံသပတ္တရိကသည် ကံသဘဏ္ဍဝဏိဇ- ကြေးဘဏ္ဍာ ကုန်သည်ဖြစ်၏။
ဗန္ဓနမတ္တသည် ပဲခွပ်၊ တောင်ဝှေးရိုး စသည်တို့ကို ဖွဲ့စရာ၊ အခွေးမျှဖြစ်၏။)
(ဇီဋီ … လောဟသည် ကံသမှကြွင်းသော လောဟဖြစ်၏။
ဝိဋီ … ဗန္ဓနမတ္တသည် ပဲခွပ်ရိုး စသည်တို့၏ အစွန်းတို့၌ မကျွတ်ထွက်စေခြင်းငှါ လောဟတို့ဖြင့် ဖွဲ့သော အဖွဲ့ဖြစ်၏။)
အာယောဂပတ်
ဆဗ္ဗဂ္ဂီတို့သည် သံဃာဋိပလ္လတ္တိကာယ- သင်္ကန်းအာယောဂပတ် ဖွဲ့ခြင်းဖြင့် နေကုန်၏။ သံဃာဋိ၏ အနားပတ် တလုပ်အထပ်တို့သည် ပျက်စီးကုန်၏။
ချစ်သားတို့ … သင်္ကန်းအာယောဂပတ် ဖွဲ့ခြင်းဖြင့် မနေအပ်-ဒုက္ကဋ်။
ရဟန်းတစ်ပါးသည် ဂိလာန ဖြစ်၏။ အာယောဂ- အာယောဂပတ် ကင်း၍ မချမ်းသာ။
ချစ်သားတို့ ... အာယောဂပတ်ကို ခွင့်ပြု၏။
အဘယ်သို့ အာယောဂပတ်ကို ပြုအပ်သနည်း-ဟု ရဟန်းတို့အား အကြံဖြစ်၏။
ချစ်သားတို့ ... ကန္တက - ရက်ကန်းကို၊ ဝေမ-လက်ခတ်ကို၊ ကဝဋ-ချပ်ကို၊ သလာက-ကြေးတံဝါးကို၊ သဗ္ဗကန္တ ဘဏ္ဍက-အလုံးစုံသော ရက်ကန်းဘဏ္ဍာကို ခွင့်ပြု၏။
(ဝိဋီ … ကန္တကသည် အာယောဂပတ် ရက်ခြင်းငှါ ထိုအခြင်းရာဖြင့် ပြန့်အပ်သော ရက်ကန်းဖြစ်၏။)
ခါးပန်းကြိုး
ရဟန်းတစ်ပါးသည် ခါးပန်းကြိုး မဖွဲ့ဘဲ ဆွမ်းခံသွား၏။ လမ်း၌ သင်းပိုင် လျှောကျ၍ လူတို့ ကြွေးကြော်ကုန်၏ ချစ်သားတို့ ... ခါးပန်းကြိုး မဖွဲ့ဘဲ ရွာသို့မဝင်အပ်--ဒုက္ကဋ်။ ချစ်သားတို့ … ကာယဗန္ဓန- ခါးပန်းကို ခွင့်ပြု၏။
ဆဗ္ဗဂ္ဂီတို့သည် ကလာဗုက- ကြိုးအများဖြစ်သော ခါးပန်းကိုလည်းကောင်း၊
ဒေဍ္ဍုတက- ရေမြွေ ဦးခေါင်း သဏ္ဍာန် ခါးပန်းကို လည်းကောင်း၊
မုရဇ- မုရိုးစည်အလုံး သဏ္ဍာန် ရစ်သော ခါးပန်းကိုလည်းကောင်း၊
မဒ္ဒဝိဏ- ဆောက်လုံးသဏ္ဍာန် ခါးပန်းကိုလည်းကောင်း၊
အမြတ်အယုတ် ခါးပန်း အမျိုးမျိုးကို ဆောင်ကုန်၏။
ကာမဘောဂီတို့ကဲ့သို့-ဟု လူတို့ကဲ့ရဲ့ကုန်၏။
ချစ်သားတို့- ကလာဗုက၊ ဒေဍ္ဍုတက၊ မုရဇ၊ မဒ္ဒဝိဏ- ယုတ်မြတ် ခါးပန်းကြိုး အမျိုးမျိုးကို မဆောင်အပ်-ဒုက္ကဋ်။
ချစ်သားတို့ ... ပဋ္ဋိက- အပြားရက်သော ခါးပန်းကိုလည်းကောင်း၊ သူကရန္တက- ဝက်၏ အူသဏ္ဍာန် အခေါင်းရှိသော ခါးပန်းကိုလည်းကောင်း နှစ်မျိုးသော ခါးပန်းတို့ကို ခွင့်ပြု၏။
ခါးပန်း၏ ဒသာ- အဆာတို့သည် ဆွေးကုန်၏၊ ချစ်သားတို့ ... မုရဇ- မုရိုးစည် အလုံးသဏ္ဍာန် အဆာကို လည်းကောင်း၊ မဒ္ဒဝိဏ- ဆောက်လုံးသဏ္ဍာန် အဆာကိုလည်းခင်း ခွင့်ပြု၏။
ခါးပန်း၏ အန္တ- အနားစွန်းသည် (အဆာဆက်ရာ အစွန်းသည်) ဆွေး၏။ ချစ်သားတို့ … အနားလိပ်၍ ချုပ်ခြင်းကိုလည်းကောင်း၊ ဂုဏက- ပြောင်းနှံသဏ္ဌာန် ချုပ်ခြင်းကိုလည်းကောင်း ခွင့်ပြု၏။
ခါးပန်း၏ ပဝနန္တ- တွင်းစွန်းသည် ဆွေး၏။ ချစ်သားတို့ .... ဝီဓ- ခါးပန်းဗိကို ခွင့်ပြု၏။
ဆဗ္ဗဂ္ဂီတို့သည် ရွှေ ငွေဖြင့် ပြီးသော ခါးပန်းဗိ မြတ်ယုတ် တို့ကို ဆောင်၏။ ကာမဘောဂီတို့ကဲ့သို့-ဟု လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ခါးပန်းဗိ မြတ်ယုတ် အမျိုးမျိုးကို မဆောင်အပ်-ဒုက္ကဋ်။
ချစ်သားတို့- အရိုး၊ ဆင်စွယ်၊ …လ…၊ ခရုသင်းချက်၊ ချည်ဖြင့် ပြီးသော ခါးပန်းဗိကို ခွင့်ပြု၏။
(ထာ ... ခါးပန်းမဖွဲ့ဘဲ သွားလျှင် သတိရရာ အရပ်၌ ဖွဲ့အပ်၏။ အာသနသာလာယ- ဆွမ်းစားစရပ်၌ ဖွဲ့မည်-ဟု သွားခြင်းငှါ အပ်၏။ သတိရလျှင် မဖွဲ့ရသေးမီ ဆွမ်းခံ မသွားအပ်။
ကလာဗုက သည် ဗဟုရဇ္ဇုက- များသော ကြိုးရှိ၏။
ဒေဍ္ဍုတက သည် ရေမြွေ ဦးခေါင်းနှင့် တူ၏။
မုရဇ သည် မုရုဇဝဋ္ဋိသဏ္ဍာန- မုရိုးစည် အသုံး သဏ္ဌာန် ရစ်ပတ်၍ပြုသော ခါးပန်း ဖြစ်၏ (စည်ပေါင်းသဏ္ဌာန် ဟူလို။)
မဒ္ဒဝိဏ သည် ပါမင်္ဂသဏ္ဍာန- ဆောက်လုံး သဏ္ဌာန် ရှိ၏၊ ဆောက်လုံး သဏ္ဌာန်သည် တစ်ကြိုးတည်းလည်း မအပ်၊ များလျှင် ဆိုဖွယ် မရှိ။
ပဋ္ဋိက၊ သူကရန္တက တို့၌ ပကတိ ရက်သော အပြာ၊ ငါးဆူးတောင် သဏ္ဌာန် ရက်သော အပြားသည် အပ်၏။ ဆင်မျက်ကွင်း စသည်ဖြင့် များပြားသော ခါးပန်းပြားတို့သည် မအပ်ကုန်။
သူကရန္တက သည် ကုဉ္ဇိကာတောသဏ္ဌာန်- သံကောက်အိတ်သဏ္ဌာန် ရှိ၏။
ဧကရဇ္ဇုက- ကြိုးတစ်ချောင်းတည်း ဖြစ်သော ခါးပန်းသည် လည်းကောင်း၊ မုဒ္ဒိက- မုဒရက်သီး သဏ္ဌာန် ခါးပန်းသည် လည်းကောင်း၊ သူကရန္တက သို့ လျော်စေကုန်၏။ ခွင့်ပြုသော မုရဇ၊ မဒ္ဒဝိဏ နှစ်ခုကို အဆာတို့၌သာ ခွင့်ပြုသည်။
ပါမင်္ဂဒသာ-မဒ္ဒဝီဏ ဟူသော ဆောက်လုံး အဆာကား ကြိုးလေးချောင်းထက် လွန်လျှင် မအပ်။
သောဘဏ သည် ရစ်၍ လိပ်၍ မျက်နှာကို ချုပ်ခြင်း ဖြစ်၏။ ရဏက သည် မုဒိင်္ဂ-မုဒ္ဒိကဏ္ဍာန ပြောင်းနှံသဏ္ဌာန်ဖြင့် ချုပ်ခြင်းဖြစ်၏။ ဤသို့ချုပ်လျှင် အစွန်းတို့သည် ခိုင်ကုန်၏၊
ပဝနန္တ သည် ပါသန္တ- ကွင်းအစွန်း ဖြစ်၏။)(ထာ၌ မုဒိင်္ဂ၊ ဋီတို့၌ မုဒ္ဒိက။)
(ဇီဋီ … မုဒ္ဒိက -မုဒရက်သီး သဏ္ဌာန် ခါးပန်းကိုလေးထောင့်မပြုဘဲ စီရင်အပ်၏။
ပါမင်္ဂ၊ ဆောက်လုံးအဆာသည် လေးထောင့် ဖြစ်၏။
မုဒ္ဒိကသဏ္ဍာန သည် သံဃာဋိ၌ တလုပ်ချုပ်သောသဏ္ဌာန်၊ ဂရကသီသ- ပြောင်းနှံသဏ္ဌာန် ဖြစ်၏။
ပဝနန္တ သည် ပါသန္တ- ကွင်းအစွန်း ဖြစ်၏။ ဒသာမူလ- အဆာရင်းဟူ၍လည်း ရေးအပ်၏။
ခါးပန်းမဖွဲ့လျှင် လဉ္စိစ္စ။ အသဉ္စိစ္စ နှစ်ခုလုံး ရွာဝင်သောအခါ အပတ်သင့်၏။ သတိရရာ၌ ဖွဲ့၍ ဝင်အပ်၏။ ဝါ- ပြန်လာအပ်၏။သာဋီ ... ခါးပန်းမဖွဲ့လျှင် ရွာဝင်အာပတ်သင့်၏။ သတိရရာ၌ ဖွဲ့ဝင်အပ်၏။ ဝါ-ပြန်လာအပ်၏-ဟု ဂဏ္ဍိတို့၌ ဆိုသည်။
မုရိုးစည် အလုံးသဏ္ဌာန် ရစ်၍ ပြုသော ခါးပန်းသည် ကြိုးများစွာတို့ကို တစ်ပေါင်းတည်းပြု၍ အဆင်း အထူးထူး ချည်ကိုဖြင့် ရစ်၍ မရိုးစည် အလုံးနှင့် တူစွာပြုသော ခါးပန်းဖြစ်၏။ ၎င်းသည် အပ်၏။
မုဒ္ဒိက ခါးပန်းကို လေးထောင့်မပြုဘဲ စီရင်အပ်၏။ ပါမင်္ဂ- အဆာသည် လေးထောင့် ဖြစ်၏။
မုဒိကသဏ္ဍာန သည် ပြောင်းနှံသဏ္ဌာန် ဖြစ်၏။ ပါသန္တ သည် ဒသာမူလ ဖြစ်၏။ဝိဋီ … သတိရရာ အရပ်၌ ဖွဲ့အပ်၏-ဟု ဆိုခြင်းဖြင့် အသဉ္စိစ္စ ဖြင့် ခါးပန်း မဖွဲ့ဘဲ ဝင်မိလျှင် အနာပတ္တိ-ဟု ပြသည်။
မုရိုးစည် အလုံး သဏ္ဌာန် ရစ်၍ ပြုသော ခါးပန်း၌ အဆင်းအထူးထူး ချည်တို့ဖြင့် ရစ်၍ ပြုသည်-ဟု ေကေစိတို့ ဆိုကုန်၏။
အဆင်းတစ်ခုထည်းသော ချည်ဖြင့် သော်လည်း လက်ကောက်၊ ကြာသွတ်အိုး စသော ဝိဟာရကို ပြ၍ ရစ်လျှင် (မအပ်သော) မုရဇ သာတည်း၊ ဝိဟာရကို မပြဘဲ မဋ္ဌ- စင်းကြောပြု၍ အကြားမရှိ ရစ်သော မုရဇ သည် အပ်၏။
ဒုတိယပါရာဇိကအဖွင့်၌ ဗဟူရဇ္ဇုသေဧကတောကတွာ ဧက နနိရန္တရံ ဝေဋ္ဌေတွာကတံ ဗဟုရဇ္ဇုတန္တိ-ဝဋ္ဋတိ ဟု ဆိုသည်။ မုဒ္ဒိဏ ခါးပန်းကို လေးထောင့် မပြုဘဲ စီရင်အပ်၏။ ပါမင်္ဂ အဆာသည် လေးထောင့် ဖြစ်၏။ မုဒ္ဒိက သဏ္ဍာန သည် ဝရကသီသ- ပြောင်းနှံသဏ္ဌာန် ဖြစ်၏။ ပါသန္တ သည် ဒသာပရိယောသာန- အဆာ၏ အဆုံးဖြစ်၏။) (ပြောင်းနှံ၊ ဖွတ်မြီး၊ မြင်းဇက်ခွ-ဟု သဏ္ဌန်တူ ဆိုကုန်၏။)(ခုဒ္ဒသိက္ခာ၌ ခါးပန်းဗိ၏ နှစ်ဖက်အစွန်း၌ ဃဋက- ကြာသွတ်အိုး၊ လေခါ အရေး ဤနှစ်ခုမှ တစ်ပါး ဆန်းကြယ်သော အဋ္ဌ မင်္ဂလ စသော သဏ္ဌာန်သည် မအပ်-ဟု ဆို၏။
အဋ္ဌမင်္ဂလ ကား သင်္ခ- ခရုသင်း၊ စက္က- စကြာရတနာ၊ ပုဏ္ဏကုမ္ဘ- မုန်ညင်းနီစေ့ ပြည့်သောအိုး၊ ဂယာ- ရတနာလှံတန် (၄) သီရိဝစ္ဆ- အသရေ၏ နေရာ ထီးဖြူ၊ အင်္ကုသ- ချွန်းတောင်း၊ ဓဇ- တံခွန်၊ သောဝတ္တိက- လည်ရေးသုံးဆင့် (၄)၊
ဝိဓ ၌ ဝ ကို ဗဟိုပြု၍ ခါးပန်းဗိ ဖြစ်သည်ဟူ၏။)
ကမ္ဗတ်သီး၊ ကမ္ဗတ်ကွင်း
အရှင် အာနန္ဒာသည် ပေါ့ပါးသော သံဃာဋိတို့ကို ရုံ၍ ဆွမ်းခံဝင်၏။ လေမွေ့သဖြင့် သံဃာဋိတို့သည် အထက်သို့ မြောက်ကုန်၏၊ ချစ်သားတို့ … ဂဏ္ဍိက - ကမ္ဗတ်သီးကို လည်းကောင်း၊ ပါသတ - ကမ္ပတ်ကွင်းကို လည်းကောင်း ခွင့်ပြု၏။
ဆဗ္ဗဂ္ဂီတို့သည် ရွှေငွေ ဖြင့် ပြီးသော ကမ္ဗတ်သီး မြတ်ယုတ် အမျိုးမျိုး ဆောင်ကုန်၏။ ကာမဘောဂီတို့ကဲ့သို့-ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ကမ္ပတ်သီး မြတ် ယုတ် အမျိုးမျိုးကို မဆောင်အပ်-ဒုက္ကဋ်။
ချစ်သားတို့ … အရိုး၊ ...လ... ခရုသင်းချက်၊ ချည်ဖြင့်ပြီးသော ကမ္ဗတ်သီးကို ခွင့်ပြု၏။ ရဟန်းတို့ ... ကမ္ဗတ်သီး၊ ကမ္ဗတ်ကွင်းကို သင်္ကန်း၌ တပ်ကုန်၏။ သင်္ကန်းလည် ဆွေး၏။ ချစ်သားတို့ … ဂဏ္ဍိက ဖလတ- ကမ္ဗတ်သီးအိမ်ကိုလည်းကောင်း၊ ပါသက ဖလက- ကမ္ဗတ်ကွင်း အိမ်ကိုလည်းကောင်း ခွင့်ပြု၏၊
ဂဏ္ဍိကဖလက၊ ပါသဟဖထက တို့ကို အစွန်း၌တပ်ကုန်၏။ အနားပတ်ထောင့်သည် ကွာကျ၏။ ချစ်သားတို့ ... ကမ္ဗတ်သီးအိမ်ကို အစွန်း၌ကပ်ခြင်းငှါ၊ ကမ္ဗတ်ကွင်းအိမ်ကို ခုနစ်သစ်၊ ရှစ်သစ် အတွင်းသွင်း၍ တပ်ခြင်းငှါ ခွင့်ပြု၏။
(ဇီဋီ ... ခုနစ်သစ်၊ ရှစ်သစ် သုဂတင်္ဂုလ-ဟု မဆိုသောကြောင့် ပကတိ အင်္ဂုလ ဖြင့် လျောက်ပတ်ခြင်းငှါ တိုးစေ၍ ပြုသော်လည်း၊ အပြစ်မရှိ။
ဝိဋီ … သစ်သား၊ ဆင်စွယ် စသည်ဖြင့် ပြုသော အပြားတို့၌ ဂဏ္ဌိ၊ ပါသက တို့ကို တပ်၍ သင်္ကန်း၌ ထားစေခြင်းငှါ ခွင့်ပြုသည်။)
ဝတ်ခြင်း၊ ရုံခြင်းများ
ဆဗ္ဗဂ္ဂီတို့သည် စီဟိနိဝတ္ထ လူတို့ကဲ့သို့ ဝတ်ခြင်းကို ဝတ်ကုန်၏။ ဟတ္ထိသောဏ္ဍကံ- ဆင်နှာမောင်းချ၍ ဝတ်ခြင်းကို၊ မစ္ဆဝါဋကံ- ငါးကြင်းမီးချ၍ ဝတ်ခြင်းကို စတုက္ကဏ္ဏက- လေးထောင့်ချ၍ ဝတ်ခြင်းကို၊ တာလဝဏ္ဍကံ- ထန်းရွက်ဝန်းချ၍ ဝတ်ခြင်းကို သတဝလ္လိကံ- အတွန့်များ ဝတ်ခြင်းကို ဝတ်ကုန်၏။ ကာမဘောဂီ တို့ကဲ့သို့-ဟု ကဲ့ရဲ့ကုန်၏။
ချစ်သားတို့ ... လူကဲ့သို့ဝတ်ခြင်း မဝတ်အပ်၊ ဟတ္ထိသောဏ္ဍက၊ ...လ... ၊ သတဝလ္လိက ဝတ်ခြင်းကို မဝတ်အပ်-ဒုက္ကဋ်။
ဆဗ္ဗဂ္ဂီတို့သည် ဂီဟိပါရုတ-လူတို့ကဲ့သို့ ရုံခြင်းကို ရုံကုန်၏။ ရှေးအတူကဲ့သို့ ဆိုကုန်၏။ ချစ်သားတို့ ... လူတို့ကဲ့သို့ ရုံခြင်းကို မရုံအပ်- ဒုက္ကဋ်။
ဆဗ္ဗဂ္ဂီတို့သည် သံဝေလ္လိက-ခါးတောင်းကျိုက်ခြင်းကို ဝတ်ကုန်၏။ (မုဏဝဋိ- လက်ပမ်းသည်၊ အမှုလုပ် တို့ကဲ့သို့။) (ရညောမုဏ္ဍဝေဌိ- မင်းဘဏ္ဍာ ထမ်းသူတို့ကဲ့သို့) ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ခါးတောင်းကျိုက် ဝတ်ခြင်းကို မဝတ်အပ်-ဒုက္ကဋ်။
(ပါဠိ၌ သံဝေလ္လိက၊ ထာ၌ သံဝလ္လိက။)
(ထာ ... ဟတ္ထိသောဏ္ဍက သည် ချက်ရင်းမှ ဆင်နှာမောင်းသဏ္ဍာန် ကွဲလွဲချ၍ ဝတ်ခြင်းဖြစ်၏။ စောဠကဣတ္တိ- ကျည်းလူမျိုး မိန်းမတို့ ဝတ်သည်နှင့်တူ၏။
မစ္ဆဝါဠက သည် တစ်ဖက်မှ အဆာစွန်းကို တစ်ဖက်မှု အိမ်ထောင့်စွန်းကို တွဲလွဲချ၍ ဝတ်ခြင်းဖြစ်၏၊
စတုက္ကဏ္ဏက သည် အထက်မှ နှစ်ထောင့်၊ အောက်နှစ်ထောင့်- လေးထောင့်ပြ၍ ဝတ်ခြင်းဖြစ်၏။
တာလဝဏ္ဍက သည် ထန်းရွက်ဝန်းသဏ္ဍာန်ဖြင့် အဝတ်ကို တွဲလွဲချ၍ဝတ်ခြင်းဖြစ်၏။
သတဂလ္လိက သည် အဝတ်ရှည်ကို အကြိမ်များစွာချိုး၍ စနစ်ချိုး ခေါက်တုံ ပြု၍ ဝတ်ခြင်းဖြစ်၏။ ဝါ-ဝဲယာနံပါးတို့၌ မပြတ် အတွန့်တို့ကိုပြ၍ ဝတ်ခြင်းဖြစ်၏။ ဒူးခေါင်းမှစ၍ တစ်ခုနှစ်ခု အတွန့် ထင်လျှင် အပ်၏။
သံဝလ္လိယ ကား- လက်ပမ်းသည်။ အမှုလုပ်ကူလီတို့ကဲ့သို့ ခါးတောင်းကျိုက် ဖွဲ့၍ ဝတ်ခြင်းဖြစ်၏။ ဤသို့ ဝတ်ခြင်းငှါ ဂိလာနအား လည်းကောင်း၊ ခရီးသွား ရဟန်းအား လည်းကောင်း မအပ်။ ခရီးသွားသော ရဟန်းတို့သည် ထောင့်စွန်းတစ်ခု၊ နှစ်ခုတို့ကို မြှောက်၍ သင်းပိုင်၏ အထက်၌ ချိပ်ညှပ်ကုန်၏။ အတွင်း၌လည်း တစ်ထည်ကို ထိုအတိုင်း ဝတ်၍ အပ၌ တစ်ထည် ဝတ်ကုန်အံ့- ထိုအလုံးစုံသည် မအပ်။
ဂိလာန ဖြစ်လျှင်ကား အတွင်း …..နှစ်ချိုးကိုပြု၍ တစ်သည်ကို အထက်၌ ဝတ်ခြင်းငှါ ရ၏။ ကျန်းမာသူ-နှစ်ထည်ဝတ်လိုလျှင် အထပ်ပြု၍ ဝတ်အပ်ကုန်၏။ ဤ၌ ……ဝတ်ပုံ၊ သေခိယ၌ ပယ်သောဝတ်ပုံ- အလုံးစုံကိုရှောင်ကြဉ်၍ ဖောက်ပြန်ခြင်း မရှိ- ဒူးနှစ်ဖက် ချက်- အဝန်းသုံးပါး ဖုံး၍ အဝန်းညီစွာဝတ်အပ်၏။ တစ်စုံတစ်ခု ဖောက်ပြန်သော ဝတ်ခြင်းကိုပြုလျှင် ဒုက္ကဋ်မှ မလွတ်။
ပယ်အပ်သော ဂိဟိပါရုတ ကို မရုံမူ၍ ထောင့်စွန်းနှစ်ခု အညီပြု၍ ရုံခြင်းသည် (ဝါ--ညီစွာရမ်းခြင်းသည် ပရိမဏ္ဍလပါရုပန မည်၏။ ထိုကို ရုံအပ်၏။ သေတပဋပ ရုက = …၊ ပါဠိ ကာရကပါရုတ- အစရှိသော ပရိမဏ္ဍလ- လက္ခဏာကင်းသော ရုံခြင်း အားလုံးသည် ဂိဟိပါရုတ မည်၏။ ထိုကို မရုံအပ်။
ထိုတွင် သေတပဋပါရုတ သည် အဝတ်ဖြူ ဝတ်သူတို့၏ ရုံခြင်းဖြစ်၏။ ကိုယ်ထက်ဝက်ကို ေ…င့်လျက် နိဂဏ္ဍ တို့ ရုံကြသည်။ ဖရိဗ္ဗာဇဟပါရုတ သည် ပရိဗိုဇ်တို့၏ ရုံခြင်းဖြစ်၏။ ရင်ကိုဖော်၍ ပခုံးစွန်း နှစ်ခုတို့၌ အရုံကိုထားကြသည်။ ဧကသာဋကပါရုတ သည် ပုဆိုးတစ်ထည်တည်း ဝတ်သူတို့၏ ရုံခြင်းဖြစ်၏။ ဝတ်သောပုဆိုး၏ အစွန်းတစ်ဖက်ဖြင့် ကျောက်ကုန်းကိုရုံ၍ နှစ်ခုသော ထောင့်စွန်းတို့ကို ပခုံးစွန်းနှစ်ခု၌ ထားကြသည်။ သောဏ္ဍပါရုတ သည် သေသောက်ကြူး စသည်တို့၏ ရုံခြင်း ဖြစ်၏။
ပုဆိုးဖြင့် လည်ပင်းကိုပတ်၍ အစွန်းနှစ်ခုကို ရင်၌ဆွဲကြသည်။ ကျောက်ကုန်း၌သော်လည်း ပစ်တင်ကြသည်။ ဘန္တေပုရိသပါရုတ သည် နန်းတော်သူတို့၏ ရုံခြင်းဖြစ်၏။ မျက်လုံးမျှဖော်၍ ဦးခေါင်းကို ခြုံကြသည်။ မဟာဇေဋ္ဌက ပပါရုတ သည် လက်သမားကြီးတို့၏ ရုံခြင်းဖြစ်၏။ ပုဆိုးရှည်ကို ပတ်၍၊ ထိုပုဆိုးစွန်း တစ်ဖက်ဖြင့် တစ်ကိုယ်လုံး ရုံကြသည်။ ကုဋိပဝေသကပါရုတ သည် လယ်တင်းကုတ် ဝင်သော လယ်သမားတို့၏ ရုံခြင်း ဖြစ်၏။ ပုဆိုးကိုလုံးထွေး၍ လက်ကတီးကြားညှပ်၍ ပုဆိုးတစ်စဖြင့် ကိုယ်ကိုရုံကြသည်။ ဗြဟ္မဏပါရုတ သည် ပုဏ္ဏားတို့၏ ရုံခြင်းဖြစ်၏။ လက်ကတီး နှစ်ခုကြား ပုဆိုးသွင်း၍ ပခုံးစွန်းတို့၌ ရုံကြသည်။
ပါဠိကာရကပါရုတ သည် အစီအတန်းပြုသော ရဟန်း၏ ရုံခြင်း ဖြစ်၏။ ဧကံသပါရူပန ဖြင့် ရုံအပ်သော လက်ဝဲလက်မောင်းကို ဖော်၍ သင်္ကန်းကို ပခုံးအစွန်းသို့ ရောက်စေသည်။ ထိုသို့သော ဂိဟိပါရုတ တို့ကဲ့သို့ မရုံမူ၍ တစ်ပါးသော ပါရူပန ဒေါသတို့ကိုလည် ရှောင်ကြဉ်၍ မဖောက်မပြန် အဝန်းညီစွာ ရုံခြင်းကိုရုံအပ်၏၊ အရံတွင်း၌ လည်းကောင်း၊ ရွာတင်း၌ လည်းကောင်း၊ ပရိမဏ္ဍလ ရုံခြင်း မရုံဘဲ မရိုသေခြင်းဖြင့် ဖောက်ပြန်သော ရုံခြင်းတစ်ခုခုပြုလျှင် ဒုက္ကဋ်။)(ဇီဋီ ... ထန်းရွက်ဝန်း သဏ္ဌာန်ဖြင့် သီဟိုဠ် မိန်းမတို့ကဲ့သို့။
ဝိဋီ … ပါဠိကာရက သည် ရဟန်းတို့ သီတင်းကြီးစဉ်ဖြင့် အစဉ်၌ တည်အောင် ပြုသူ ဖြစ်၏။ ထိုရဟန်း အားလည်း ထိုသို့ ရုံခြင်းငှါ မအပ်။)
(သုပ္ပဋိစ္ဆန္န ရုံသော၊ အရာ မဟုတ်။)
ဥဘတောကာဇ ပယ်ခြင်း
ဆဗ္ဗဂ္ဂီတို့သည် ဥဘတောကာဇ - နှစ်ဖက်ဝန်းရှိသော ထမ်းပိုးကို ဆောင်ကုန်၏။ မင်းဘဏ္ဍာ ထမ်းသူတို့ ကဲ့သို့-ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... နှစ်ဖက်ဝန်းရှိသော ထမ်းပိုးကို မဆောင်အပ်-ဒုက္ကဋ်။
ချစ်သားတို့ .... ဧကတောကာဇ - တစ်ဖက်ဝန်းရှိသော ထမ်းပိုးကို လည်းကောင်း၊ အန္တရာကာဇ - ထမ်းပိုး အလယ်၌ဆွဲ၍ နှစ်ယောက် ထမ်းခြင်းကို လည်းကောင်း၊ သီသကာရ - ဦးဆောင်ရွက်ဝန်ကို လည်းကောင်း၊ ခန္ဓဘာရ- ပခုံးထမ်းဝန်ကို လည်းကောင်း၊ ကဋိဘာရ - ခါးဝန်ကို လည်းကောင်း၊ ဩလမ္ဗက- လက်ဆွဲဝန်ကို လည်းကောင်း ခွင့်ပြု၏။
(ထာ … အန္တရာကာဇ သည် အလယ်၌ ဆွဲ၍ နှစ်ယာက် ထမ်းဆောင်အပ်သော ဝန် ဖြစ်၏။)
ဒန်ပူခွင့်ပြုခြင်း
ရဟန်းတို့သည် ဒန္တကဋ္ဌ - ဒန်ပူကို မခဲကုန်။ ခံတွင်းသည် အနံ့ ဆိုး၏။
ချစ်သားတို့ ... ဒန်ပူ ခဲရာ၌ အပြစ်ငါးပါး ရှိ၏။
အစက္ခုဿ- မျက်စိ အားနည်း၏။
ခံတွင်းအနံ့ ဆိုး၏။
အရသာ ဆောင်သော လျှာ အကြောတို့ မစင်ကြယ်ကုန်။
သည်းခြေသလိပ်သည် ဆွမ်းကို မြှေးယှက်၏။
ဆွမ်းမမြိန် ဝါ-အစာမကြေ။
ဤကား အပြစ်ငါးပါးတည်း၊
ချစ်သားတို့ ... ဒန်ပူကို ခဲရာ၌ အာနိသင် ငါးပါးရှိ၏။
မျက်စိ အားကောင်း၏။
ခံတွင်းအနံ့ မဆိုး။
လျှာ အကြောတို့ စင်ကြယ်ကုန်၏။
သည်းခြေသလိပ်သည် ဆွမ်းကို မမြှေးယှက်။
ဆွမ်းသည် မြိန်၏-ဝင်၏။ ဝါ-အစာကြေ၏။
ဤကား အာနိသင် ငါးပါးတည်း။
ချစ်သားတို့ ... ဒန်ပူကို ခွင့်ပြု၏။ ဆဗ္ဗဂ္ဂီသည် ရှည်သော ဒန်ပူကို ခဲကုန်၏။ ထိုဒန်ပူဖြင့်သာလျှင် သာဏေတို့ကို ခေါက်ကုန်၏။ ချစ်သားတို့ ... ရှည်သောဒန်ပူကို မခဲအပ်-ဒုက္ကဋ်။
ချစ်သားတို့ ... အဋ္ဌင်္ဂုလ ပမာဏ ရှစ်လက်သစ် ပမာဏရှိသော ဒန်ပူကို ခွင့်ပြု၏။ ထိုဒန်ပူဖြင့်လည်း သာမဏေကို မခေါက်အပ်-ဒုက္ကဋ်။
ရဟန်းတစ်ပါးအား အတိမဋ ဟတ- အလွန်တိုသော ဒန်ပူကို ခဲစဉ်လည်ချောင်း၌ ကပ်ငြိ၏။ (ဝါ-ဒန်ပူမျက်၏။) ချစ်သားတို့ ... အလွန်တိုသော ဒန်ပူကို မခဲအပ်၊ ဒုက္ကဋ်။ အချစ်သားတို့ ... စတုရင်္ဂုလပစ္ဆိမ။ လေးလက်သစ် ရှိသော အငယ်ဆုံး ဒန်ပူကို ခွင့်ပြု၏။
(ထာ … အစက္ခုဿ သည် စက္ခုတို့၏ အစီးအပွား မဖြစ်၊ ဆုတ်ယုတ်ခြင်းကို ဖြစ်စေ၏။ နစ္ဆာဒေတီတိ နရုစ္စတိ- ထမင်းကို မနှစ်သက်။ ဝါ-ထိုသူအား ထမင်းက မဝင် မမြိန်၊ အဋ္ဌင်္ဂုလပရမ သည် လူတို့ ပမာဏ လက်သစ်ဖြင့် ရှစ်လက်သစ် ဖြစ်၏။ ဆတိမဋာဟက သည် အတိခုဒ္ဒက- အလွန်ငယ်၏။ အလွန်တို၏။)
(စက္ခုဿဟိတံ- စက္ခုဿံ၊ နစက္ခုဿံ-အစက္ခုဿံ )
(သာဋီ ... လူတို့ပမာဏ လက်သစ်သည် ဝဍ္ဎကီအင်္ဂုလ= လက်သမား လက်သစ် ဖြစ်၏။
ဝိဋီ .... လူတို့ပမာဏ လက်သစ်သည် ဝဍ္ဎကီ အင်္ဂုလ ဖြစ်၏။ ကေစိတို့ကား ပကတိ လက်သစ်-ဟု ဆိုကုန်၏။ စတုရင်္ဂုလပစ္ဆိမ ဟူသော စကားနှင့် မညီ။ ပကတိ လေးသစ် ဒန်ပူကို လည်ချောင်း၌ မကပ်ငြိအောင် ခဲခြင်းငှါ မတတ်နိုင်။)
(ဒန်ပူကို-ပကတိ လက်သစ်ဖြင့် အရှည် ၁၂ သစ်၊ အတို ၆ သစ်သာ ခွင့်ပြုသည် ဟူလို၊)
တောမီးရှို့ခြင်း
ဆဗ္ဗဂ္ဂီတို့သည် တောကို မီးရှို့ကုန်၏။ တောမီးတိုက်သူတို့ကဲ့သို့-ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... တောကို မီး မရှို့အပ်-ဒုက္ကဋ်။
ကျောင်းတို့သည် မြက်ချုံ ရှုပ်ကုန်၏။ တောမီး တိုက်သောအခါ ကျောင်းတို့ မီးလောင်ကုန်၏။ ရဟန်းတို့သည် ပဋိဂ္ဂိ- မီးတုံ့ပေးခြင်းငှါ၊ ပရိတ္တ- အရံအတား ပြုခြင်းငှါ ကုက္ကုစ္စ ဖြစ်ကုန်၏။ ချစ်သားတို့ .... တောမီး လောင်သောအခါ မီးတုံ့ကို ပေးခြင်းငှါလည်းကောင်း၊ အရံအတားကို ပြုခြင်းငှါလည်းကောင်း ခွင့်ပြု၏။
(ထာ ... တောကို မီးရှို့ခြင်းသည် မြက်တော စသည်တို့၌ မီးကို ပေးခြင်း ဖြစ်၏။
ပဋဂ္ဂိ သည် ပဋိအဂ္ဂိ- ပြန်သောမီး ဖြစ်၏။
ပရိတ္တ သည် မြက်မရှိအောင် ပြုခြင်း၊ ကျုံးတူးခြင်းဖြင့် အရံအတား ပြုခြင်း ဖြစ်၏။ (တောမီးလောင်ခိုက်) လူသာမဏေရှိလျှင် ရဟန်းကိုယ်တိုင် မီးမရှို့ရ၊ မရှိလျှင် မီးရှို့ခြင်းငှါ လည်းကောင်း၊ မြေကိုရွေ၍ မြက်နုတ်ခြင်း၊ ကျုံးတူးခြင်း၊ သစ်ခက်စိမ်းချိုး၍ မီးငြိမ်းအောင် ပြုခြင်းငှါ လည်းကောင်း ရ၏။ ကျောင်းသို့ မီးရောက်သော်လည်းကောင်း၊ မရောက်သော် လည်းကောင်း ထိုသို့ငြိမ်းအောင် ပြုခြင်းငှါ ရသည်သာတည်း။ ရေဖြင့်ကား ပိုးမရှိသော ကပ္ပိယ ရေဖြင့်သာ ရသည်။ ပိုးရှိသောရဖြင့် မရ။)
သစ်ပင်တက်ခြင်း
ဆဗ္ဗဂ္ဂီတို့သည် သစ်ပင်တက်၍ တစ်ပင်မှ တစ်ပင်သို့ ကူးကုန်၏။ မျောက်တို့ကဲ့သို့-ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... သစ်ပင်ကို မတက်အပ်-ဒုက္ကဋ်။
ရဟန်းတစ်ပါးသည် ကောသလဇနပုဒ်တို့၌ သာဝတ္ထိသို့ သွားစဉ် ခရီးအကြား၌ ဆင်လိုက်၏။ ထိုအခါ သစ်ပင်သို့ ပြေးသွား၍ ကုက္ကုစ္စ ဖြစ်၍ သစ်ပင်ကို မတက်၊ ထို ဆင်လည်း တစ်ခြားသို့ ဖွဲ့သွား၏။ ချစ်သားတို့ ... ပြုဖွယ်ကိစ္စ ရှိသောအခါ ပေါရိသ တစ်သူမျှ သစ်ပင်ကို တက်ခြင်းငှါ၊ ဘေးရန်ရှိသော အခါ အလိုရှိတိုင်း တက်ခြင်းငှါ ခွင့်ပြု၏။
(ထာ ... ပြုဖွယ်ကိစ္စကား- ထင်းခြောက်ချိုးခြင်း စသော ကိစ္စဖြစ်၏။ ပေါရိယ သည် လူယောက်ျားပမာဏ ဖြစ်၏။ ဘေးရန်ကား သားရဲ စသည်ကို မြင်၍ လည်းကောင်း၊ လမ်းမှား၍ အရပ်မျက်နှာ ကြည့်ရှုလို၍ လည်းကောင်း၊ တောမီးလောင်ခြင်း၊ ရေအယဉ်စီးလာခြင်းကို မြင်၍ လည်းကောင်း၊ ဤသို့သော ဘေးရန်တို့ကြောင့် အလွန် မြင့်စွာတက်ခြင်းငှါလည်း အပ်၏။ ပေါရိသ၊ ပေါရိယ။)
သကာယနိရုတ္တိယာ
ယာမဠကရွာသို့ ကူဋမည်သော ဝါ-ယမေဠ-ဧကကုဋ မည်သော ပုဏ္ဏားညီးနောင် နှစ်ယာက်တို့သည် ကလျာဏဝါစာ- ကောင်းသောစကားကို ဆိုတတ်ကုန်၏။ ကလျာဏဝါတ္တိိရဏာ- (မဓုရသဒ္ဒါ) သာယာသော အသံရှိကုန်၏။ ထိုပုဏ္ဏားတို့သည် ဘုရားရှင်ထံ ကပ်၍ မြတ်စွာဘုရား ယခုအခါ ဇာတိအမျိုးမျိုးမှ ရဟန်းပြုသူတို့သည် သကာယနိရုတ္တိယ- မာဂဓဘာသာဖြင့် ဗုဒ္ဓဝစနကို ပျက်စီးစေကုန်၏။
အကျွန်ုပ်တို့သည် ယခုအခါ ဗုဒ္ဓဝစနကို ဆန္ဒသော-သက္ကဋဘာသာဖြင့် တင်ထားလိုကြပါသည်-ဟု လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ ဘယ်ကြောင့် ဤသို့ ဆိုရသနည်း၊ ကြည်ညိုဖွယ်မရှိ-ဟု ကဲ့ရဲ့ပြီးလျှင် တားဟော၍ ရဟန်းတို့ကို ချစ်သားတို့ … ဗုဒ္ဓဝစနကို သက္ကတဘာသာဖြင့် မထားအပ်-ဒုက္ကဋ်။ ချစ်သားတို့- မိမိသဒ္ဒါ-မာဂဓ ဘာသာဖြင့် ဗုဒ္ဓဝစနကို- သင်ယူခြင်းငှါ ခွင့်ပြု၏။
(ထာ ... ဆန္ဒသော ဟူသည်ကား ဝေဒကျမ်းတို့ကဲ့သို့ သက္ကဋ ဘာသာဖြင့် ပို့ချသော အစဉ်ကို တင်ထားလိုကြပါသည်။
သကာယနိရုတ္တိယာ ၌ သကနိရုတ္တိ သည် မြတ်စွာဘုရား ဟောသော အပြားရှိသော မာဂဓိက ဝေါဟာရ ဖြစ်၏။)(ဝိဋီ ... ပါဠိ၌ သကာယနိရုတ္တိ ဖြင့် ဗုဒ္ဓဝစနကို ပျက်စေပုံကား- မာဂဓဘာသာသည် လူမျိုးအားလုံး ရွတ်ဆိုခြင်းငှါ လွယ်ကူ၏။ ထို့ကြောင့် ဇာတ်ယုတ်သူတို့သော်လည်း သင်ယူနိုင်ကြခြင်းဖြင့် ပျက်စေကုန်၏-ဟု အဓိပ္ပါယ်ဖြစ်၏။)
လောကာယတ
ဆဗ္ဗဂ္ဂီတို့သည် လောကာယတ ကျမ်းကို သင်ယူကုန်၏။ ကာမဘောဂီတို့ကဲ့သို့ဟု ကဲ့ရဲ့ကုန်၏၊ ချစ်သားတို့ ... လောကာယတ ကျမ်း၌ အမြတ်ဟု ရှုလေ့ရှိသောသူသည် ဤသာသနာ၌ ကြီးပွားခြင်းသို့ ရောက်ရာသလော၊ မရောက်နိုင်ပါ ဘုရား။ ချစ်သားတို့ ... သာသနာ၌ အမြတ်ဟု ရှုသူသည် လောကာယတ ကို သင်ယူရာသလော၊ မသင်ယူနိုင်ပါဘုရား။ ချစ်သားတို့ ... လောကာယတ ကျမ်းကို မသင်ယူအပ်-ဒုက္ကဋ်။ ဆဗ္ဗဂ္ဂီတို့သည် လောကာယတ ကို ပို့ချကုန်၏။ ကာမဘောဂီတို့ကဲ့သို့-ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... လောကာယတ ကို မပို့ချအပ်-ဒုက္ကဋ်။
(ထာ ... လောကာယတ သည်- အလုံးစုံသည် အကြွင်းအကျန် ဖြစ်၏၊ အလုံးစုံသည် အကြွင်းအကျန် မဟုတ်။ ကျီးသည်ဖြူ၏။ ဗျိုင်းသည်မည်း နက်၏။ ဤသို့ ဤသို့သော အကြောင်းကြောင့်တည်း။ ဤသို့စသော အကျိုးမရှိ နိရတ္တက အကြောင်းပြသော တိတ္ထိကျမ်း ဖြစ်၏။)
(သစ်သီးဟူမျှ ဥစ္ဆိဋ္ဌ- စားကြွင်းသာဖြစ်၏။ အကြောင်းကား ငှက်စသည်တို့ စားပြီးသောကြာင့်တည်း။ သစ်သီးဟူသမျှ အနုစ္ဆိဋ္ဌ- စားကြွင်းမဟုတ်၊ အဦးအဖျားတို့ သာတည်း။ ငှက်စသည် မစားသေးသော သစ်သီးကို ရည်ဆိုသည်။ ကျီးသည်ဖြူ၏။ အရိုးဖြူသောကြောင့်တည်း။ ဗျိုင်းသည် မည်း၏၊ သွေးသား မည်းခြင်းကြောင့်တည်း။ ဤသို့ စသည်ဖြင့် အကြောင်းပြပုံ ကျေးဇူးမရှိ။ အသုံးမဝင်သော ကျမ်းသည် လောကာယတ ကျမ်းမည်၏။)
တိရစ္ဆာနဝိဇ္ဇာ
ဆဗ္ဗဂ္ဂီတို့သည် တိရစ္ဆာနဝိဇ္ဇာ - မဂ်ဖိုလ်မှဖီလာ ဖြစ်သော အတတ်ကို သင်ယူကုန်၏။ ကာမဘောဂီတို့ကဲ့သို့-ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... မဂ်ဖိုလ်မှ ဖီလာဖြစ်သော အတတ်ကို မသင်ယူအပ်-ဒုက္ကဋ်။ ဆဗ္ဗဂ္ဂီတို့သည် ပို့ချသင်ပေးကုန်၏။ ချစ်သားတို့ ... တိရစ္ဆာန ဝိဇ္ဇာ ကို မပို့ချအပ်-ဒုက္ကဋ်။
(ဘိက္ခုနီဝိဘင်း၌ တိရစ္ဆာနဝိဇ္ဇာ သည် မဂ်ဖိုလ်မှ ဖီလာဖြစ်သော အတတ်ဖြစ်၏။ သာသနာမှ ပြင်ပဖြစ်၍ သာသနာကျိုးနှင့် မစပ်သော အတတ်ဖြစ်၏။ ထိုအတတ်မျိုးကား --
ဆင်စီး၊ မြင်းစီး၊ ရထားစီး အတတ်၊ လေးအတတ်၊ သံလျက်အတတ်၊
အာထဗ္ဗန ဗေဒင်ကျမ်း၌လာသော သူတစ်ပါးကို နှိပ်စက်ကြောင်းအတတ်၊
သစ်သားနှစ်ငုတ်ကို မန်း၍ မြေ၌ မြှုပ်ခြင်းဖြင့် သူတစ်ပါးကို သေစေသော-ခိလနမန္တန်။
စအိုကပ်အောင် ပျဉ်ကပ်အောင် ပြုသော-ဝသိကရဏမန္တန်။
ချစ်ကြိုက် စေတတ်သော- ဝသိကရဏမန္တန်။
ပိန်ခြောက်အောင်ပြုသော-သောသာပနမန္တန်။
အဆိပ်နှင့်ယှဉ်သော-အာဂဒ-ပ္ပယောဂ။
ဤသို့စသော ညှဉ်းဆဲကြောင်း အတတ်မျိုးဖြစ်၏။
လက်ရေး အတတ်၊ ဓာရဏကျမ်း အစီအရင်၊ ဘီလူး မြွေတို့၏ အရံအတား ပရိတ်မန္တန် စသည်တို့ကား သင်ယူခြင်း၊ သင်ပေးခြင်းကြောင့် အနာပတ္တိ ဟု ဆို၏။ ဓာရဏကျမ်း အစီအရင်ဖြင့် ကျင့်လျှင် ကျမ်းဂန် များစွာ ဆောင်နိုင်သည်ဟူ၏။)
ဇီဝ-ဟု ဆိုခြင်း
အခါတစ်ပါး မြတ်စွာဘုရားသည် ပရိသတ် များစွာခြံရံလျက် တရားဟောစဉ် ချေဆတ်တော်မူ၏။ ရဟန်းတို့သည် ဇီဝတု ဘန္တေဘဂဝါ၊ ဇီဝတုသုဂတာ- ဟု အသံကျယ်စွာ ပြုကုန်၏။ ထိုအသံကြောင့် ဓမ္မကထာသည် အကြားပြတ်ဖြစ်၏။ ချစ်သားတို့- ချေဆတ်သောအခါ ဇီဝ-ဟု ဆိုခြင်းကြောင့် ရှင်ခြင်း၊ သေခြင်း ဖြစ်ရသလော။ မဖြစ်ပါဘုရား။ ချစ်သားတို့ ... ချေဆတ်သောအခါ ဇီဝ-ဟု မဆိုအပ်-ဒုက္ကဋ်။
လူတို့သည် ရဟန်းများ ချေဆတ်သောအခါ ဇီဝထ ဘန္တေ-ဟု ဆိုကုန်၏။ ရဟန်းတို့သည် ကုက္ကုစ္စဖြစ်၍ စကားပြန် မဆိုကြကုန်။ ဇီဝထဘန္တေ-ဟု ဆိုလျက် စကားပြန်မဆိုကြ-ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... လူတို့သည် မင်္ဂလိကာ- မင်္ဂလာကို အလိုရှိကုန်၏။ ချစ်သားတို့ ... ဇီဝထဘန္တေ-ဟု လူတို့ဆိုအပ်သော ရဟန်းသည် စိရံဇီ၀ ဟု ပြန်ဆိုခြင်းငှါ ခွင့်ပြု၏။
(ထာ ... အကြားပြတ် ဖြစ်၏ဟူသည်ကား ခြားအပ်သော ဓမ္မကထာ ဖုံးလွမ်းအပ်သော ဓမ္မကထာ ဖြစ်လေပြီ။)
လသုဏ-ကြက်သွန်
မြတ်စွာဘုရားသည် ပရိသတ်များစွာ ခြံရံလျက် တရားဟောကာ နေ၏။ ရဟန်းတစ်ပါးသည် လသုဏ- ကြက်သွန်ကိုစား၍ ရဟန်းတို့သည် အနံ့ဆိုးကြောင့် (ငါ့ကို) မနှိပ်စက်ကြပါနှင့်-ဟု အရပ်တစ်ခု၌နေ၏။ မြတ်စ္စာဘုရားသည် ထိုရဟန်း အရပ်တစ်ခု၌နေသည်ကို မေး၍ ချစ်သားတို့ .... ဤသို့သော ဓမ္မကထာမှ အပဖြစ်စေသော ကြက်သွန်ကို စားသင့်မည်လော၊ မစားသင့်ပါဘုရား။ ချစ်သားတို့ ... ကြက်သွန်ကို မစားအပ်-ဒုက္ကဋ်။
ရှင်သာရိပုတ္တရာအား လေနာဖြစ်၏။ ရှင်မောဂ္ဂလာန်သည် ချဉ်းကပ်၍ မေးမြန်းလတ်သော် ရှေး၌လေနာသည် ကြက်သွန်ဖြင့် ချမ်းသာဖူးသည်-ဟု ဆို၏။ ချစ်သားတို့ ... အနာဟူသော အကြောင်းကြောင့် ကြက်သန်ကို စားခြင်းငှါ ခွင့်ပြု၏။
(ထာ ... အနာဟူသော အကြောင်းကြောင့် ဟူသည်ကား- ကြက်သွန်သည် အကြင်အနာဖြစ်၏။ ထို အကြောင်းကြောင့်ဟူလို။)
မာဂဓတိုင်းဖြစ် အမြှောင့်များသော ကြက်သွန်ဥ အစိမ်းသည် လသုဏ မည်၏။ ဘိက္ခုနီစားလျှင် ပါစိတ်၊ ဘိက္ခုစားလျှင် ဒုက္ကဋ်။ ဟင်းချက်ရာ လက်ဆုပ်ပြုရာ၌ အနာပတ္တိ။ ကြွင်းလေးမျိုးလည်း အနာပတ္တိ။
ကြက်သွန်သည် ပလဏ္ဍုက၊ ဘဉ္ဇနက၊ ဟရိတက၊ စာပ၊ လူသုဏ-ဟု ငါးမျိုး ရှိ၏။
ပလဏ္ဍုက သည် အဆင်းဖြော့၏။
ဘဉ္ဇနက သည် နီ၏။ နှစ်မြှောင့်။
ဟရိတက သည် စိမ်း၏၊ သုံးမြှောင့်။
စာပ သည် အမြှောင့် မရှိ။ အညွှန်းမျှရှိ၏။ အဆင်းမပြ။
လသုဏ သည် လေးငါးမြှောင့် စသည်ဖြင့် များ၏။ မာဂဓကိုင်း၌ ဖြစ်၏။ အဆင်းမပြ၊ သို့ရာတွင် အဖြူ ဟူ၍ ဆိုကုန်၏။
ပလဏ်၊ ဘဉ္ဇ (၂)၊ ဟရိတ (၁)၊ စာပ၊ လသုဏာ (၂)။
တစ်၊နှစ်၊သုံးမြှောင့် (၃)၊ မရှိမြှောင့် (၁) အမြှောင့်များလှစွာ (၁)။
ဖြော့၊ နီ၊ စိမ်းမျှ (၃) ဆင်းရောင်ပြ-ရှေးကသုံးခုသာ။
ဘိက္ခုနီလသု-ပါစိတ်ရှု၊ ဘိက္ခု ဒုက္ကဋာ။)
ကျင်ငယ်အိမ်
ရဟန်းတို့သည် အရံတွင်း၌ ထိုထိုနေရာ၌ ကျင်ငယ်စွန့်ကုန်၏။ အရံသည်ပျက်၏။ ချစ်သားတို့ … သင့်တင့်ရာ အရပ်တစ်ခု၌ ကျင်ငယ်စွန့်ခြင်းငှါ ခွင့်ပြု၏။ အရံသည် အနံ့ဆိုးလှိုင်၏။ ချစ်သားတို့ ... ပဿာဝပါဒုကာ- ကျင်ငယ်စွန့်သောအခါ နင်းစရာခြေနင်းကို ခွင့်ပြု၏။ ပဿာဝပါဒုကာ တို့သည် ထင်ရှားကုန်၏။ ရဟန်းတို့သည် ကျင်ငယ်စွန့်ခြင်းငှါ ရှက်နိုးကုန်၏။ ချစ်သားတို့ ... အုတ်၊ ကျောက်၊ သစ်သား၊ တံတိုင်းသုံးမျိုး ကာခြင်းငှါ ခွင့်ပြု၏။ ကျင်ငယ်အိုးသည် အပိတ် မရှိ၊ အနံ့ဆိုး လှိုင်၏။ ချစ်သားတို့ ... အပိဓာန- အပိတ်ကို ခွင့်ပြု၏၊
(ထာ ... ခြေနင်းကို အုတ်ဖြင့်လည်းကောင်း၊ ကျောက်ဖြင့် လည်းကောင်း၊ သစ်သားဖြင့်လည်းကောင်း ပြုခြင်းငှါ အပ်၏။ ဝစ္စပါဒုကာ ၌လည်း ဤနည်းသာတည်း။)
ကျင်ကြီးအိမ်
ရဟန်းတို့သည် အရံတွင်း၌ ထိုထိုနေရာ၌ ကျင်ကြီးစွန့်ကုန်၏။ အရံသည်ပျက်၏။ ချစ်သားတို့ ... သင့်တင့်ရာ အရပ်တစ်ခု၌ ကျင်ကြီးစွန့်ခြင်းငှါ ခွင့်ပြု၏။
အရံသည် အနံ့ဆိုး လှိုင်၏။ ချစ်သားတို့ … ဝစ္စကူပ- ကျင်ကြီးတွင်းကို ခွင့်ပြု၏။
ကျင်ကြီးတွင်း၏ ကမ်းသည်ပြို၏။ ချစ်သားတို့ ... စီခြင်းသုံးမျိုး-၊ အကျည်ဖို့ခြင်း-၊ အကျည်၌စီခြင်း သုံးမျိုး၊ စောင်းတန်းသုံးမျိုး၊ လက်ကသုံးကို ခွင့်ပြု၏။
အစွန်း၌ ထိုင်၍ စွန့်သဖြင့် လိမ့်ကျကုန်၏။ ချစ်သားတို့ .... အခင်းခင်း၍ အလယ်၌ အပေါက်ပြု၍ ကျင်ကြီးစွန့်ခြင်းငှါ ခွင့်ပြု၏။
ဆင်းရဲစွာထိုင်၍ စွန့်ရကုန်၏။ ချစ်သားတို့ ... ဝစ္စပါဒုကာ- ကျင်ကြီးခြေနင်းကို ခွင့်ပြု၏။
အပ၌ ကျင်ငယ်စွန့်ရကုန်၏၊ ချစ်သားတို့ ... ပဿာဝဒေါဏိက- ကျင်ငယ်ကျင်းကို ဝါ-ကျင်ငယ်ခွက်၊ ကျင်ငယ်မြောင်း၊ ကျင်ငယ်တံလျှောက်ကို ခွင့်ပြု၏။
အဝလေခနကဋ္ဌ- သုတ်သင်စရာ ကနုတံမရှိ၊ ချစ်သားတို့ … ကနုတံကို ခွင့်ပြု၏။
အဝလေခန ပိဓရ- ကနုတံ ခွက်မရှိ။ ချစ်သားတို့ ... ကနုတံ ခွက်ကို ခွင့်ပြု၏။
ကျင်ကြီးတွင်းသည် အပိတ်မရှိ။ အနံ့ဆိုး လှိုင်၏။ ချစ်သားတို့ … အပိဓာန- အပိတ်ကို ခွင့်ပြု၏။
လွင်တီးခေါင်၌ စွန့်ရသဖြင့် အချမ်းအပူကြောင့် ပင်ပန်းကုန်၏။ ချစ်သားတို့ … ဝစ္စကုဋီ- ကျင်ကြီးအိမ်ကို ခွင့်ပြု၏။
ဝစ္စကုဋီ ၌ တံခါးမရှိ။ ချစ်သားတို့ … တံခါးရွက်၊ တံခါးပေါင်ကျည်းခွေ၊ အောက်ဆုံငယ်ပရစ်တွင်း၊ အထက် လက်ကောက်တွင်း မင်းတုပ်လျှိုစရာတိုင်၊ မျောက်လက်သံကွင်း၊ ကျည်ငယ်၊ ကျည်မ၊ သံကောက်ပေါက်၊ ဆွဲငင်စရာအပေါက်၊ ဆွဲငင်စရာကြိုးကို ခွင့်ပြု၏။
ဝစ္စကုဋီ ၌ ကြက်မှုန့်ကျ၏။ ချစ်သားတို့ ... ခါ၍ တွင်းပလိမ်းကျံခြင်း၊ ဖြူသော အဆင်း၊ ...လ...၊ သင်္ကန်း တန်းကြိုးကို ခွင့်ပြု၏။
ရဟန်းတစ်ပါးသည် ဇရာဒုဗ္ဗလ ဖြစ်၏။ ကျင်ကြီးစွန့်၍ ထလတ်သော် လဲကျ၏။ ချစ်သားတို့ … ဩလမ္ဗက၊ ဆွဲစရာကြိုးကို ခွင့်ပြု၏၊
ဝစ္စကုဋီ သည် အဆာအရံမရှိ၊ ချစ်သားတို့ … သံတိုင်သုံးမျိုး ကာခြင်း၊ တံခါးမုခ်၊ တံခါးမုခ်၌အကျည်ဖို့ခြင်း။ စီခြင်း သုံးမျိုး၊ စောင်းတန်းသုံးမျိုး၊ လက်ကသုံး တံခါးရွက်၊ တံခါးပေါက်၊ ကျည်းခွေ၊ ...လ... ၊ ဆွဲငင်စရာကြိုး- တံခါးမုခ် အမိုးခါ၍ တွင်းပလိမ်းကျံခြင်း၊ ဖြူသောအဆင်း၊ ...လ... ၊ ခွေးသွားစိပ်၊ သက်တင်ရေးကို ခွင့်ပြု၏။
ပဋိဝေဏ - ဝစ္စကုဋီ ၏ အကာအရံ အတွင်းသည် ရွံ့ပွက် ဖြစ်၏။ ချစ်သားတို့ … ကျောက်ပြုတ်ကို ဖြန့်ကြဲခြင်းငှါ ခွင့်ပြု၏။ ကျောက်ပြားချခြင်းငှါ လည်းကောင်း၊ ရေထုတ်စရာပြွန်ကို လည်းကောင်း ခွင့်ပြု၏၊
အာစမနကုမ္ဘီ၊ သန့်သက်အိုးမရှိ။ ချစ်သားတို့ … သန့်သက်အိုးကိုခွင့်ပြု၏၊
အာစမနသရာဝက- သန့်သက်ရေ ခပ်စရာခွက်ငယ်မရှိ။ ချစ်သားတို့ … သန့်သက်ခွက်ငယ်ကို ခွင့်ပြု၏။
ဆင်းရဲစွာထိုင်၍ သန့်သက် ဆောင်ရကုန်၏။ ချစ်သားတို့ … အာစမန ပါဒုကာ- သန့်သက်ခြေနင်း (နင်းစုံ)ကို ခွင့်ပြု၏။
နင်းခုံသည် ထင်ရှား၏။ ရှက်နိုးကုန်၏၊ ချစ်သားတို့ … တံတိုင်းကာခြင်း သုံးမျိုးကို ခွင့်ပြု၏။
သန့်သက်အိုး အပိတ်မရှိ၊ မြက်မှုန့်ကျ၏။ ချစ်သားတို့ ... အပိတ်(ဖုံး)ကို ခွင့်ပြု၏။
(ပါဒုကာ သုံးမျိုး ခွင့်ပြုသည်။)
(ထာ … ပရိဝေဏ သည် ဝစ္စကုဋိပရိက္ခေပဗ္ဘန္တရ- ဝစ္စကုဋီ၏ အတား အရံ အတွင်းဖြစ်၏။)
(ဝိဋီ … အဝလေခနပိဋ္ဌရ သည် ကနုတံထားစရာ ခွက် အထူးဖြစ်၏။
အပိဓာန သည် ပိဓာနဖလကာဒိ- ဖုံးစရာ ပျဉ်ပြားစသည် ဖြစ်၏။) (ပိဓရ၊ ပိဋ္ဌရ။)
အနာစာရ
ဆဗ္ဗဂ္ဂီတို့သည် အနာစာရ- မကျင့်အပ်သည်ကို ကျင့်ကုန်၏။ ပန်းပင်ငယ်စိုက်ခြင်း၊ ရေလောင်းခြင်း၊ ဆွတ်ခူးခြင်း၊ ပန်းကုံး မျိုးစုံ ပြုခြင်းတို့ကို ပြုကုန်၏၊ မိန်းမတို့ထံ ပန်းကုံး ပို့ကုန်၏။ မိန်းမတို့နှင့် တစ်ခွက်တည်း စားသောက်ခြင်း၊ တစ်နေရာတည်း နေထိုင်ခြင်း၊ တစ်ညောင်စောင်းတည်း တစ်ခင်းတည်း တစ်ရုံတည်း အိပ်ခြင်းကို ပြုကုန်၏။ ညဥ့်စာ စားခြင်း၊ အရက်သောက်ခြင်း ပန်းနံ့သာ ဆောင်ခြင်း၊ ကခြင်း၊ သိခြင်း၊ တီးမှုတ်ခြင်း၊ စမ္ပယ်ခြင်းတို့ကို ပြုကုန်၏။
ကစားမျိုးစုံ ကစားကုန်၏။ ဆင်စီး၊ မြင်းစီး၊ ရထားစီး၊ လေး၊ သံလျက် အတတ်တို့ကို သင်ကုန်၏။ ဆင်မြင်း ရထားတို့၌ ရှေ့၌ ပြေးကုန်၏။ ခုန်လွှား သတ်ပုတ်ဟန် ပြုကုန်၏။ လက်ပမ်းခတ်၊ လက်ပမ်းလုံး၊ လက်ဝှေ့ထိုးခြင်း တို့ကို ပြုကုန်၏။
ပွဲအလယ်၌ သင်္ကန်းဖြန့်၍ “ဤ၌ ကပါ-ချစ်နှမ”ဟု ဆိုကုန်၏။ ကောင်းပါလေစွ ချစ်နှမ-ဟု မိမိနဖူး၌ လက်ချောင်းထား၍ ထိုလက်ချောင်းကို ကချေသည်၏ နဖူး၌ ထားကုန်၏။ ဤသို့သော အထူးထူးသော အနာစာရ တို့ကို ကျင့်ကုန်၏။ ချစ်သားတို့ ... အထူးထူးသော အနာစာရ ကို မကျင့်အပ်၊ ကျင့်ငြားအံ့- ယထာဓမ္မ ကုစားစေအပ်၏။
(ထာ ... ယထာဓမ္မ ဟူသည်- ဒုက္ကဋ်ဝတ္ထု၌-ဒုက္ကဋ်ဖြင့်၊ ပါစိတ်ဝတ္ထု၌ ပါစိတ်ဖြင့် ကုစားစေအပ်၏။)
ဘဏ္ဍာသုံးမျိုး
အရှင်ဥရုဝေဠကဿပသည် ရဟန်းပြုသောအခါ သံဃာအား များစွာသော လောဟဘဏ္ဍ- သံကြေးဘဏ္ဍာ၊ ဒါရုဘဏ္ဍ- သစ်ဘဏ္ဍာ၊ မတ္တိကာ ဘဏ္ဍာ သည် ဖြစ်ပေါ်၏။ ဘုရားရှင် ခွင့်ပြုမည်၊ မပြုမည် မသိ၍ လျှောက်ကြားကုန်၏၊ ချစ်သားတို့ ... ပဟရဏီ- လက်နက်ကို ဖယ်ထား၍ လောဟဘဏ္ဍာ အားလုံးကို လည်းကောင်း၊ အာသန္ဒီ- အခြေ ရှည်သော ညောင်စောင်း၊ အင်းပျဉ်၊ ပလ္လင်္က- အခြေ၌ သားရဲရုပ်တပ်သော ပလ္လင်၊ ဒါရုပတ္တ- သစ်သား သပိတ်၊ ဒရုပါဒုကာ- သစ်သား ခြေနင်းကို ဖယ်ထား၍ ဒါရုဘဏ္ဍာ အားလုံးကို လည်ကောင်း၊ ဘတက- ကြာချပ်သဏ္ဌာန် ခြေပွတိ၊ ကုဗ္ဘကာရိကာ- မြေကျောင်းကို ဖယ်ထား၍ မတ္တိကဘဏ္ဍာ အားလုံးကို လည်းကောင်း ခွင့်ပြု၏။ (ကျင်ငယ်၊ ကျင်ကြီး၊ သန့်သက်-သစ်သား ခြေနင်း သုံးခုကား ရွှေ့ပြောင်း၍ မရ၊ ခွင့်ပြုသည်။)
(ထာ ... ပဟရဏီ သည် ပုတ်ခတ်ခြင်းငှါ ပြုသော လက်နက်ဟူသမျှ ဖြစ်၏။ လက်နက်မှတစ်ပါး လောဟဏ္ဍာ အားလုံးကို ခွင့်ပြု၏။
ကတက သည် ဝိသာခါ လှူရာ၌ ဆိုပြီးသော ခြေပွတ်ဖြစ်၏။
ကုမ္ဘကာရိကာ သည် အလုံးစုံ မြေဖြင့်ပြီးသော ရှင်ဓနိယ ကျောင်းမျိုးဖြစ်၏။)
ခုဒ္ဒကဝတ္ထုက္ခန္ဓာ ပြီး၏။