ဝိနည်း စူဠဝါအရသာ-ဒု
၆။ သေနာသနက္ခန္ဓက
ကျောင်းငါးမျိုး ခွင့်ပြုခြင်း
ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း ကလန္ဒနိဝါပ၌ နေတော်မူ၏။
ထိုအခါ ရဟန်းတို့အား သေနာသန- နေစရာ ကျောင်းကို မပညတ်သေး။
ရဟန်းတို့သည် ထိုထိုတော၊ သစ်ပင်ရင်း၊ တောင်၊ ချောက်၊ တောင်ခေါင်း၊ သုသာန်၊ တောအုပ်၊ လွင်တီးခေါင်၊ ကောက်ရိုးပုံတို့၌ နေကုန်၏။
နံနက် အခါ၌သာလျှင် ထိုထိုနေရာမှ ကြည်ညိုဖွယ်ရှိသော ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ်ခြင်း၊ တူရူ ကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၊ ကွေးခြင်း ဆန့်ခြင်းဖြင့် အောက်သို့ချသော မျက်လွှာရှိလျက် ဣရိယာပုထ်နှင့် ပြည့်စုံစွာ ထွက်ကြွလာကုန်၏။
ရာဇဂြိုဟ်သူဌေးသည် ထိုရဟန်းတို့ကို မြင်လတ်သော် စိတ်ကြည်လင်ခြင်း ဖြစ်၍ ချဉ်းကပ်၍ --
“အရှင်ဘုရားတို့ ... အကျွန်ုပ်သည် ကျောင်းတို့ကို ဆောက်လှူလိုပါသည်။ နေတော်မူကြပါ” ဟု လျှောက်လေ၏။
သူဋ္ဌေးကြီး .. ဘုရားရှင်သည် ကျောင်းတို့ကို ခွင့်မပြုသေး-ဟု ဆိုလတ်သော် အရှင်ဘုရားတို့ မြတ်စွာဘုရားအား လျှောက်၍ အကျွန်ုပ်အား ပြောကြားတော် မူကြပါဟု လျှောက်၏။
မြတ်စွာဘုရားအား လျှောက်ကြား လတ်သော် ရဟန်းတို့ကို တရားဟော၍ ချစ်သားတို့ …
၁။ ဝိဟာရ-လေးဖက်မိုးကျောင်း၊
၂။ အဍ္ဎယောဂ-နှစ်ဖက်မိုးကျောင်း၊
၃။ ပါသာဒ-ပြာသာဒ်ရှည်၊
၄။ ဟမ္မိယ-ပြာသာဒ် ဦးပြည်၊
၅။ ဂုဟာ-လှိုဏ်ဂူ၊
ဤသို့ကိန်းအောင်းစရာ လေဏငါးမျိုးကို ခွင့်ပြု၏-ဟု မိန့်တော်မူ၏။
(ထာ ... မညပ်သေးဟူသည် ခွင့်မပြုသေး ဖြစ်၏။
ဝိဟာရသည် အဍ္ဎယောဂ စသည်မှ လွတ်သော ကြွင်းသမျှ အာဝါသ ဖြစ်၏။
အဍ္ဎယောဂသည် သုပဏ္ဏာဝင်္ကဂေဟ - ဂဠုန်တောင် နှစ်ဖက်ချ၍ မိုးသော ကျောင်းဖြစ်၏။ (ငှက်၏ တောင်ပံ နှစ်ဖက်ချဟန်ဟူလို။)
ပါသာဒသည် ဒီဃပါသာဒ-ရှည်သော ပြာသာဒ် ဖြစ်၏။
ဟမ္မိယသည် အထက်ကောင်းကင် ဟင်းလင်းပြင်၌တည်သော စုလစ်မွန်းချွန်ရှိသော ပြာသာဒ် ဖြစ်၏။
ဂုဟာသည် ဣဋ္ဌကဂုဟာ-အုတ်ဂူ၊ သိလာဂုဟာ-ကျောက်ဂူ၊ ဒါရုဂုဟာ-သစ်သားဂူ၊ ပံသုဂုဟာ-မြေဂူဖြစ်၏။)
(ဇီဋီ ... ရဟန်းတို့ ကိန်းအောင်းရာ ဝိဟာရ စသော ငါးမျိုးတို့သည် လေဏတို့ မည်ကုန်၏။ နိလိယန္တိကိက္ခုဧတ္တာတိ လေဏာနိ။
သာဋီ … သေနာသနသည် ဝိဟာရသေနာသန၊ မဉ္စပိဋ္ဌသေနာသန၊ သန္ထတသေနာသန၊ ဩကာသ သေနာသန - လေးမျိုးရှိ၏။ ထိုတွင် -
ဝိဟာရ စသော ငါးပါးသည် ဝိဟာရ သေနာသနမည်၏။
မဉ္စ-ညောင်စောင်း၊ ပိဋ္ဌ- အင်းပျဉ်၊ ဘိသိ-ဘုံလျှို၊ (ဝါ- မွေ့ယာ)၊ ဗိဗ္ဗောဟန-ခေါင်းအုံး၊ ဤကား မဉ္စပိဋ္ဌသေနာသန မည်၏။
အဝတ်အခင်း၊ သားရေအခင်း၊ မြက်အခင်း သစ်ရွက်အခင်းသည် သန္ထတသေနာသနမည်၏။
ရဟန်းတို့ သက်ဝင်ရာ တန်ဆောင်း၊ မဏ္ဍပ်၊ ချုံ၊ သစ်ပင်ရင်း စသော အရပ်သည် ဩကာသ သေနာသန မည်၏။
သစ်ပင်ရင်းသည် အရိပ်ရှိသော ဆိတ်ငြိမ်သော သစ်ပင်အောက် ဖြစ်၏။ (ထို၌နေ၍ ရဟန်းတရားပြုကြသည် ဟူလို။)
တောင်ပေါ်၌ကား ထုံးအိုင်တို့၌ ရေကိစ္စပြု၍ သစ်ပင်ရိပ် အေးအေး၌ထိုင်၍ အရပ်ရပ် ရှုမျှော်ခင်းတို့ဖြင့် ကြည်နူးစရာ လေညှင်းခံကာ ရဟန်းတရား ပွားများကြသည်။
ချောက်ကား ကေန+ဒါရိကော-ကန္ဒရော၊ ရေဖြင့်+ခွဲအပ်တူးအပ်သော တောင်နေရာသည် ချောက်မည်၏။ နဒိကုမ္ဗ၊ နဒိကုဉ္စ-ဟူ၍လည်း ဆိုကုန်၏။
ထိုချောက်နေရာမျိုး၌ သဲသောင်သည် ငွေပြားအတူ ဖွေးဖွေးဖြူ၏၊ ပတ္တမြားမျက်နှာကြက်နှင့်တူသော တောချုံအောက်၌ မြစိမ်းတုံးအသွင်၊ သွင်သွင်စီးသော ရေအယာဉ်ရှိ၏။ ထို၌လည်း တရားအားထုတ်ကြသည်။
တောင်ခေါင်း - ဂီရိဂုဟာသည့် တောင်နှစ်ခု၏ အကြားဖြစ်၏- တောင်တစ်ခုတည်း၌ပင် ဥမင်နှင့်တူသော အပေါက်ကြီးဖြစ်၏။
တောအုပ်- ဝနပတ္ထသည် လူတို့၏ ဥပစာကိုလွန်၍တည်သော မထွန်ရာ မစိုက်ပျိုးရာ တောကျောင်းဖြစ်၏။
လွင်တီးခေါင်သည် အမိုးမရှိ၊ နေလိုသူတို့ကား စီဝရကုဋိ- အဝတ်မိုးကျောင်းပြု၍ နေကုန်၏။
ကောက်ရိုးပုံကြီး၌ လိုဏ်ခေါင်းနေရာပြု၍ လည်းကောင်း၊ ချုံသစ်ပင်စသည် အထက်၌ ကောက်ရိုး တင်၍ လည်းကောင်း၊ အောက်၌နေ၍ ရဟန်းတရား အားထုတ်ကြသည်။ ထိုသို့ တရားအားထုတ်သည်ကို ရည်၍ဆိုသည်။
သုပဏ္ဏဝင်္ကဂေဟသည် ဂရုဠပက္ခသဏ္ဍာနေနကတဂေဟံ- ဂဠုန်တောင်ပံ သဏ္ဍာန်ဖြင့် ပြုသော ကျောင်း ဖြစ်၏။)
ကျောင်းအလှူတရားဟောခြင်း
ထိုအခါ ရဟန်းတို့သည် ရာဇဂြိုဟ်သူဋ္ဌေးထံ ချဉ်းကပ်၍ - ဒါယကာကြီး၊ ဘုရားရှင်သည် ကျောင်းကို ခွင့်ပြုပြီ။ ကျောင်းဆောက်ခြင်း၏ အခါကိုကား သင်သိနိုင်၏-ဟု ပြောကြားကုန်၏။
သူဋ္ဌေးကြီးသည် တစ်နေ့တည်းဖြင့် ကျောင်းပေါင်း ခြောက်ဆယ်ပြီးစေ၍ ဘုရားရှင်ကို သံဃာနှင့်တကွ ပင့်၍ဆွမ်းကပ်ပြီးလျှင် မြတ်စွာဘုရား ကုသိုလ်အလိုရှိ၍ နတ်စည်းစိမ်အလိုရှိ၍ ကျောင်းပေါင်း ခြောက်ဆယ်ကို ဆောက်လုပ်စေပါပြီ၊ ထိုကျောင်းတို့၌ အဘယ်သို့ ပြုကျင့်ရပါမည်နည်း-ဟု လျှောက်၏။
ဒါယကာကြီး … သင်သည် ထိုကျောင်းတို့ကို အာဂတာနာဂတစာတုဒ္ဒိသ သံဃာအား တည်စေလော-ဟု မိန့်တော်မူ၏။
သူဋ္ဌေးကြီးသည် ဧဝံ ဘန္တေ - ကောင်းလှပါပြီဘုရား-ဟု ဝန်ခံပြီးလျှင် ထိုကျောင်း ခြောက်ဆယ်တို့ကို အာဂတာနာဂကစာတုဒ္ဒိသ သံဃာအား တည်စေ၏။
ထိုအခါ မြတ်စွာဘုရားသည် သူဋ္ဌေးကြီးကို သီတံဥဏှံ စသော ငါးဂါထာခွဲဖြင့် ဝမ်းမြောက်စွာ တရားဟော၏။
ကျောင်း-ဟူသည် အအေး၊ အပူကိုပယ်ဖျောက်နိုင်၏။
ခြင်္သေ့ စသော သားရဲ မြွေကင်း သန်း မှက် ခြင် တို့ကိုလည်း ပယ်ဖျောက်နိုင်၏။
မိုးသက်လေညှင်း၊ မိုးပေါက်တို့ကိုလည်း ပယ်ဖျောက်နိုင်၏။
ရုန့်ရင်း ကြမ်းတမ်းသော လေ နေပူတို့ကိုလည်း ပယ်ဖျောက်နိုင်၏။
ကိန်းအောင်းခြင်းငှါ၊ ချမ်းသာစွာ နေရခြင်းငှါ၊ ဈာန်ဝင်စားခြင်းငှါ၊ ဝိပဿနာ ပွားများခြင်းငှါ၊ သံဃာအား ကျောင်းလှူခြင်းကို မြတ်သောအလှူဟု ဘုရားရှင် ချီးမွမ်း၏။
ထို့ကြောင့် ကိုယ်ကျိုးမြင်သိ ပညာရှိသည် မွေ့လျော်ဖွယ်သော ကျောင်းတို့ကို ဆောက်လုပ်စေရာ၏။
ဤ ကျောင်း၌လည်း၊ ဗဟုသုတ သီလဝန် အရှင်မြတ်တို့ကို သီတင်းသုံးစေရာ၏။
ဖြောင့်မတ်သော ထိုအရှင်မြတ်တို့အား ဆွမ်း သင်္ကန်း အဖျော် အိပ်ရာ နေရာတို့ကို ကြည်လင်ရွှင်လန်း လှူဒါန်း ဆက်ကပ်ရာ၏။
အကျိုးကား - ထိုအရှင်မြတ်တို့သည် ကျောင်းဒါယကာအား ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း တရားကောင်းကို ဟောကုန်၏။
ကျောင်းဒါယကာသည် မဂ်ဉာဏ်ထွင်းဖောက်- အာသဝေါကင်းပျောက်၍ နိဗ္ဗာန် ရောက်နိုင်၏။ ဤသို့တရားဟော၍ နေရာမှထ၍ ဖဲကြွတာ်မူ၏။
ထာ … အာဂတာနာဂတစတုဒ္ဒိသသံဃာ၌ အာဂတ- ရောက်လာသော သံဃံ၊ အနာဂတ- မရောက်လာသော သံဃာ၊ စတုဒ္ဒိသ- အရပ်လေးမျက်နှာ၌ အပိတ်အပင်မရှိ သွားလာနေထိုင်သော သံဃာဖြစ်၏။
(ဘုရား လက်ထက် အရှင်ကောဏ္ဍည၊ အရှင်သာရိပုတ္တရာ တို့မှ စ၍ သာသနာ ငါးထောင်လုံး သံဃာအကုန် ဟူလို)
ဤကျောင်း၌ အရှင်ကောင်းတို့သည် သမထ၊ ဝိပဿနာ ဘာဝနာတို့ကို အားထုတ်ကုန်လတ္တံ့ -ဟု သံဃာအား လှူသူ၏ ကျောင်းအလှူသည် မြတ်၏-ဟု ဘုရားရှင် ချီးမွမ်း၏၊
သောစ သဗ္ဗဒဒေါ ဟောတိ၊ ယောဒဒါတိဥပဿယံ။
ယော-အကြင်သူသည်၊
ဥပဿယံ-ကျောင်းကို၊
ဒဒါတိ- လှူ၏၊
သောစ-ထိုသူသည်လည်း၊
သဗ္ဗဒဒေါ- အလုံးစုံကိုလှူသည်၊
ဟောတိ-ဖြစ်၏။
ဤသို့ချီးမွမ်း၏။ စိတ္တပ္ပသာဒ- စိတ်ကြည်လင်ခြင်းကို ချွတ်ယွင်းစေ၍ လှူဒါန်းခြင်းမျိုး မဖြစ်စေရာ။
စိတ်ကြည်လင်သူအား တရားကို ဟောကုန်၏၊ အာသဝေါကင်း၍ နိဗ္ဗာန် ရောက်နိုင်သည်။
(သာဋီ ... ရတနာသုံးတန်၊ ကံ၊ ကံ၏အကျိုး- ဤငါးမျိုး ယုံကြည်သော စိတ်ကောင်းဖြင့် အဇ္ဈာသယ ဖြောင့်စင်းသော အရှင်ကောင်းတို့အား လှူဒါန်းရာ၏။
(သစ်သီးပေးခြင်း၊ ပန်းပေးခြင်း၊ ဆေးကုခြင်း၊ စိတ်ကြိုက် မြှောက်ပင့်ခြင်းတို့ကြောင့် လှူသူတို့အား ငါးမျိုး ယုံကြည်ခြင်းမှ လွတ်လျှင် စိတ္တပ္ပသာဒ ချွတ်ယွင်းခြင်း ဖြစ်၏။ သဒ္ဓါစစ်-သဒ္ဓါမှန် မဟုတ်ဟူလို။)
ကျောင်းလှူခြင်းသည် သဗ္ဗဒါနလှူခြင်း ဖြစ်၏။
ဖြစ်ပုံကား ...
ဆွမ်းခံသွားခြင်း စသည်ကြောင့် ပင်ပန်းလာသူသည် ကျောင်းတွင်းဝင်၍ နေထိုင်ခြင်းမျှဖြင့် ခွန်အား ထည့်သွင်းသကဲ့သို့ ဖြစ်၏။
လေ နေပူ တို့ကြောင့် ရုပ်နွမ်းလာသူသည် ကျောင်းတွင်း၌ ခေတ္တနေထိုင်ခြင်းဖြင့် ရုပ်ဆင်း ရွှင်လန်း၏။
ဘေးရန် တွေ့လာသူသည် ကျောင်းတွင်း ဝင်၍ လျောင်းစက်ခြင်းဖြင့် ဘေးရန်၏ သရဇ္ဈာယ်ခြင်း၊ နှလုံးသွင်းခြင်းဖြင့် စိတ္တသုခ ရ၏။
မျက်စိ၍ အားနည်းလာသူသည် ခေတ္တအိပ်ခြင်းဖြင့် မျက်စိကြည်လင် ဆေးထည့်ပေးသကဲ့သို့ ဖြစ်၏။
ထိုကျောင်း၌ နေသောရဟန်းကို လူတို့မြင်လျှင် ပစ္စည်း လေးပါးဖြင့် ရိုသေစွာ လုပ်ကျွေးကုန်၏။
ထို့ကြောင့် ကျောင်းလှူခြင်းသည် သဗ္ဗဒါနလှူခြင်း ဖြစ်၏။)
တံခါးရွက်စသည်တို့
ထိုအခါ လူတို့သည် ဘုရားရှင် ကျောင်းခွင့်ပြုပြီ-ဟု ကြား၍ ရိုသေစွာ ကျောင်းတို့ကို ဆောက်လုပ်စေကုန်၏။
ထိုကျောင်းတို့သည် တံခါးရွက်မရှိကုန်။ မြွေကင်း သန်း တို့သည် ဝင်ကုန်၏။
ချစ်သားတို့ .... တံခါးရွက်ကို ခွင့်ပြု၏။
နံရံကိုဖောက်၍ နွယ်ဖြင့် ကြိုးဖြင့် တံခါးရွက်ကို ဖွဲ့ကုန်၏။
ကြွက်ကိုက် ခြစား၍ တံခါးရွက်တို့ ပြုတ်ကျကုန်၏၊
ချစ်သားတို့ … တံခါးပေါင်ကျည်းခွေ၊ အောက်ဆုံငယ်ပရစ်တွင်း၊ အထက်လက်ကောက်ကွင်းကို ခွင့်ပြု၏။
တံခါးရွက်တို့သည် မထိကုန်။ (ထိအောင် မပိတ်နိုင်ကုန်။)
ချစ်သားတို့ ... ဆွဲငင်ပေါက်၊ ဆွဲငင်ကြိုးကို ခွင့်ပြု၏။
တံခါးရွက်တို့သည် ပိတ်၍ မမြဲကုန်။
ချစ်သားတို့ ... မင်းထုပ်တိုင်၊ သံကွင်းမျောက်လက်၊ ကျည်မကို ခွင့်ပြု၏၊
တံခါးရွက်ကိုဖွင့်ခြင်းငှါ မတတ်နိုင်ကြကုန်။
ချစ်သားတို့ ... တာလစ္ဆိဒ္ဓ-သံကောက်ပေါက်ကိုလည်းကောင်း၊ ဖွင့်၍ ဝင်စရာ လောဟတာဠ-သံကြေးဖြင့်ပြုသော သံကောက်၊ ကဋ္ဌတာဠ- သစ်သားသံကောက်၊ ဝီသာဏာတာဠ- သားချိုသံကောက် - ဟု သံကောက် သုံးမျိုးကိုခွင့်ပြု၏။
ကျောင်းတို့သည် မလုံကုန်။
ချစ်သားတို့ … ယန္တက-ကျည်ရှင်ယန္တရား (သော့အိမ်)၊ သူစိက-ဖွင့်စရာကျည်ငယ်-(သော့)ကို ခွင့်ပြု၏။
ကျောင်းတို့သည် မြက်သက်ကယ်မိုးဖြစ်၍ အေးချိန်အေး၊ ပူချိန်ပူကုန်၏။
ချစ်သားတို့ ... ခါ၍ တွင်းပ လိမ်းကျံခြင်းငှါ ခွင့်ပြု၏။
ပြူတင်းမရှိ၍ မျက်စိ အကျိုး မရှိ၊ အနံ့ဆိုးလှိုင်ကုန်၏။
ချစ်သားတို့ ... ဒေဝိကာ - ဝါတပါန-ပွတ်တိုင်တပ်သော လေသာ ပြူတင်း၊ ဇာလက-ဝါတပါန- ကွန်ယက်ဖွဲ့သော လေသာပြူတင်း၊ သလာက ဝါတပါန-ဝါးခြမ်းစိတ် ထောင်သော လေသာပြူတင်းအားဖြင့် ပြူတင်းသုံးမျိုးကို ခွင့်ပြု၏။
ပြူတင်းအကြားဖြင့် ရှဥ့်၊ လင်းနို့တို့ ဝင်ကုန်၏။
ချစ်သားတို့ - ဝါတပါနစက္ကလိက - ပြူတင်းပိတ်စရာ ခြေသုတ် ကြိုးဝန်းကို ခွင့်ပြု၏။
ခြေသုတ်ကြိုးဝန်း အကြားတို့ဖြင့် ရှဥ့်၊ လင်းနို့တို့ ဝင်ကုန်၏။
ချစ်သားတို့ … ပြတင်း၊ တံခါးရွက်၊ ပြတင်း ဘုံလျှိုကို ခွင့်ပြု၏။
ရဟန်းတို့သည် မြေ၌အိပ်ကုန်၏။ ကိုယ်နှင့် သင်္ကန်း မြေမှုန့် ကပ်ကုန်၏။
ချစ်သားတို့ … မြက်အခင်းကို ခွင့်ပြု၏။
မြက်အခင်းကို ကြွက်တို့၊ ခြတို့ ခဲကုန်၏။
ချသားတို့ … မိဍ္ဎ-မြေကျည်လိမ်းခြင်းကို ပြု၏။
မြေကျည်၌ ကိုယ်လက်နာကုန်၏။
ချစ်သားတို့ … ပိဒလ-မဉ္စက-ကြိမ်ညောင်စောင်းကို ခွင့်ပြု၏၊
(ထာ … ဆွဲငင်စရာကြိုး၌ ဒီပိနင်္ဂုဋ္ဌ- သစ်မြီးဖြင့် ပြုသော်လည်း အပ်သည်သာတည်း၊ မအပ်သော တစ်စုံတစ်ခုမရှိ၊
တာဠသည် ကုဉ္ဇိကာ- သံကောက်ဖြစ်၏။
သန္ထက၊ သူစိက၌ နားလည်သလို ပြုအပ်သော သော့အိမ်ကိုလည်းကောင်း၊ ထိုသော့အိမ်ကိုဖွင့်သော သော့ကိုလည်းကောင်း ပြုခြင်းငှါ အပ်၏။
ဝေဒိကာဝါတပါနသည် စေတီ၌ ဝေဒိကာ-စိန်တောင် သဖွယ်ဖြစ်၏။
ဇာလဝါတပါနသည် ကွန်ယက်ဖွဲ့အပ်သော ပြတင်းဖြစ်၏။
သလာကဝါတပါနသည် ထမ္ဘကဝါတပါန-တိုင်စိုက်သာ ပြတင်း ဖြစ်၏။
စက္ကလိကဟူသည်၌ အဝတ်ခြေသုတ်ကို ဖွဲ့ခြင်းငှါ ပြုသည်ဟူလို။
ပြတင်းဘုံလျှိုဟူသည်၌ ပြတင်းအနေ ဘုံလျှိုကိုပြု၍ ဖွဲ့ခြင်းငှါ ခွင့်ပြု၏ ဟူလို။
မိဍ္ဎသည် မိဍ္ဎန္တ-မြေအကျည်ဖို့ခြင်း - ဝါ-လိမ်းကျံခြင်း ဖြစ်၏။
ပိဒလမဉ္စကသည် ဝေတ္တမဉ္စ-ကြိမ်ညောင်စောင်းဖြစ်၏။ နှီးတို့ဖြင့်ရက်သော ညောင်စောင်းသော်လည်း ဖြစ်၏။)
ဇီဋီ … ဒီပိနင်္ဂုဋ္ဌ၌ ဒီပိဖြင့် အကပ္ပိယဓမ္မကို ပြသည်။
တိုင်စိုက်သော (ထမ္ဘကဝါတပါန) ပြတင်းကို ဖီလာ ကန့်လန့်မထားဘဲ ဖြောင့်ဖြောင့် တည်သော သစ်သားတို့ဖြင့် ပြုအပ်၏။
ထာဋီ … ဆွဲငင် ပေါက်သည် အကြင်အပေါက်၌ လက်ချောင်းသွင်း၍ တံခါးကို ဆွဲငင်လျှင် တံခါးပေါင်ကို ထိစေ၏။ ထိုအပေါက်၏ အမည်ဖြစ်၏။
ဆွဲငင်ကြိုးသည် တံခါးရွက်၌ဖောက်၍ တပ်သောကြိုးဖြစ်၏။ ထိုကြိုးဖြင့် ဆွဲငင်လျှင် တံခါးကို ထိစေနိုင်၏၊
သေနာသန ပရိဘောဂ၌ အကပ္ပါယဓမ္မ မရှိ-ဟု ပြခြင်းငှါ- သစ်မြီးဖြင့်ပြုသော ကြိုးသော်လည်း၊ အပ်သည်သာ တည်းဟု ဆိုသည်။
စေတီ၌ စိန်တောင်သဖွယ်ဟူသည် ပြူတင်းအပေါင်းတို့၌ ပဋိက အပြား စသည်တို့ဖြင့် ပြ၍ စေတီ၌ ပွတ်နှင်တို့ဖြင့် ပြုသကဲ့သို့ ပြုသော ပြတင်းဖြစ်၏။
ထမ္ဘက်ဝါတပါနသည် သစ်သားတို့ကို ဖီလာမထားမူ၍ ဖြောင့်ဖြောင့်သာ တည်သော ဝါးခြမ်းစိတ် စသဖြင့်ပြုသော ပြတင်းဖြစ်၏။
ဝိဋီ … ဆွဲငင်ပေါက်သည် လက်ချောင်း၊ ကြိုး၊ သံကြိုး စသည်ဖြင့် သွင်း၍ တံခါးပေါင်ကို ထိစေအောင် တံခါးရွက်ကို ဆွဲရန် အပေါက် ဖြစ်၏။
သေနာသန ပရိဘောဂ၌ အကပ္ပိယမည်သည် မရှိဟု ပြခြင်းငှါ “သစ်မြီး- ဒီပိနင်္ဂုဋ္ဌ” စသည်ကို ဆိုသည်။
စေတီ၌ စိန်တောင်သဖွယ် ဟူသည် - ပြတင်းကို သစ်သား၊ ကွန်ယက်တို့ကို မထားမူ၍ သစ်သား ထားသင့်သော နေရာ၌ စေတီနှင် ပွတ်တိုင်တို့ဖြင့် ပဋိက-အပြား စသည်တို့ကဲ့သို့ အုတ်စသည်တို့ဖြင့် အထက်နှင့် ဖီလာကို ပဋိက စသည်ပြ၍ အပေါက်လေးခုရှိအောင် ပြုသော ပြတင်း ဖြစ်၏။
ထမ္ဘကဝါတပါနသည် ဖီလာသစ်သား မထားမူ၍ ထောင်သော သစ်သားတို့ဖြင့်သာ ပြုသော ပြတင်းဖြစ်၏။
အဝတ်ခြေသုတ်ကိုဖွဲ့ခြင်းငှါဟူသည် ပြတင်းအနေ ခြေသုတ်နှင့်တူစွာ အဝတ်စသည်ဖြင့် ဖွဲ့ခြင်းငှါ။ လင်းနို့ စသည် မဝင်အောင် ပိတ်ခြင်းငှါ ဟူလို။)
ညောင်စောင်း၊ အင်းပျဉ်
ထိုအခါ သံဃာအား သုသာန်၌ ရသော-မသာရက-အခြေ၌ အပေါင်စွပ်သော ညောင်စောင်းသည် ဖြစ်ပေါ်၏။
ချစ်သားတို့ ... မသာရကညောင်စောင်းကို ခွင့်ပြု၏။ မသာရက အင်းပျဉ်သည် ဖြစ်ပေါ်၏။
ချစ်သားတို့ .... မသာရက အင်းပျဉ်ကို ခွင့်ပြု၏။
သံဃာအား သုသာန်၌ ရသော ဗုန္ဒိကာဗဒ္ဓ ထုတ်လျောက်ဖွဲ့၍ အခြေတပ်သော ညောင်စောင်းသည် ဖြစ်၏။
ချစ်သားတို့ ... ဗုန္ဒိကာဗဒ္ဓ ညောင်စောင်းကို ခွင့်ပြု၏။
ဗုန္ဒိကာဗဒ္ဓ အင်းပျဉ်သည် ဖြစ်၏။
ချစ်သားတို့ .... ဗုန္ဒိကာဗဒ္ဓ အင်းပျဉ်ကိုခွင့်ပြု၏။
သုသာန်၌ ရသော ကုဋီရ ပါဒက-ပုဇွန်ခြေကဲ့သို့ ကောက်သော အခြေရှိသော ညောင်စောင်းသည် ဖြစ်၏။ အင်းပျဉ်သည် ဖြစ်၏။
ချစ်သားတို့ .... ကုဋီရပါဒက ညောင်စောင်းကို၊ ကုဋီရပါဒက အင်းပျဉ်ကို ခွင့်ပြု၏။
သုသာန်၌ ရသော အာဟစ္စပါဒက-အပါင်၌ အခြေတပ်သော ညောင်စောင်းသည် အင်းပျဉ်တည် ဖြစ်၏။
ချစ်သားတို့ … အာဟစ္စပါဒက ညာစောင်းကို၊ အာဟစ္စပါဒက အင်းပျဉ်ကို ခွင့်ပြု၏၊
သံဃာအား အာသန္ဒိက- လေးထောင့် (ညီသော) အင်းပျဉ်သည် ဖြစ်၏။
ချစ်သားတို့ ... အာသန္ဒိက အင်းပျဉ်ကိုခွင့်ပြု၏။
မြင့်သော အခြေရှိသော အာသန္ဒိက ဖြစ်၏။
ချစ်သားတို့- မြင့်သော အခြေရှိသော၊ အာသန္ဒိက အင်းပျဉ်ကို ခွင့်ပြု၏။
သတ္တင်္ဂ-ခုနှစ်ပါးသော၊ အင်္ဂါရှိသော ညောင်စောင်းသည် ဖြစ်၏။
ချစ်သားတို့ … သတ္တင်္ဂ ညောင်းစောင်းကို ခွင့်ပြု၏။
မြင့်သော အခြေရှိသော သတ္တင်္ဂ ညောင်စောင်းသည် ဖြစ်၏။
ချစ်သားတို့ … မြင့်သော အခြေရှိသော သတ္တင်္ဂ ညောင်စောင်းကို ခွင့်ပြု၏၊ (မြင့်သော အခြေရှိရာ၌ လေးထောင့်ညီသည်ကို ခွင့်ပြု၏ ဟူလို။)
ဘဒ္ဒပိဋ္ဌ- ကြိမ်အင်းပျဉ် စသည် ဖြစ်၏။
ချစ်သားတို့ …
ဘဒ္ဒပိဋ္ဌ-ကြိမ်အင်းပျဉ်ကို၊
ပိဋ္ဌိကာ- ပုဆိုးကြမ်းဖွဲ့သော အင်းပျဉ်ကို၊
ဧဠကပါဒပီဋ္ဌ- ဆိတ်ခြေကဲ့သို့ နောက် ခြေကောက်သော အင်းပျဉ်ကို၊
အာမလကဝဋ္ဋိကပိဋ္ဌ- ရှိရှားသီးသဏ္ဍာန် အခြေများစွာ ရှိသော အင်းပျဉ်ကို၊
ဖလက-ပျဉ်ချပ်ကို၊
ကောစ္ဆ- ခတ်အခင်းကို၊
ပလာလပိဋ္ဌ-ကောက်ရိုးအင်းပျဉ်ကို ပြု၏။
ဆဗ္ဗဂ္ဂီတို့သည် မြင့်သော ညောင်စောင်း၌ အိပ်ကုန်၏။
ကာမဘောဂီတို့ကဲ့သို့-ဟု လူတို့ ကဲ့ရဲ့ကုန်၏။
ချစ်သားတို့ … မြင့်သော ညောင်စောင်း၌ မအိပ်အပ်-ဒုက္ကဋ်။
(ဘုရားရှင်သစ်၊ မဇ္ဈိမ-၂၄ သစ်။ ပကတိ-၃၆ သစ်၊ ဝါ-တစ်ထောင့်ထွာ အခြေကိုသာ ခွင့်ပြု၏ ဟူလို။)
ရဟန်းတစ်ပါးသည် နိမ့်သော ညောင်စောင်း၌ အိပ်နေစဉ် မြွေကိုက်၏၊
ချစ်သားတို့ ... ပဉ္စပဋိပါဒက- ညောင်စောင်းခံ အခြေကို ခွင့်ပြု၏။
ဆဗ္ဗဂ္ဂီတို့သည် မြင့်သော အခြေခံကို ဆောင်ကုန်၏။ အခြေခံနှင့်တကွ လှုပ်ကုန်၏။
ချစ်သားတို့ ... မြင့်သော ညောင်စောင်း အခြေခံကို မဆောင်အပ်-ဒုက္ကဋ်။
ချစ်သားတို့ .. ရှစ်သစ်ရှိသော ညောင်စောင်း အခြေခံကို ခွင့်ပြု၏ (အခြေခံကို လူတို့၏ ရှစ်သစ်ဟု ဖွင့်လတ္တံ့။)
သံဃာအား သုတ္တ- ချည်သည်ဖြစ်၏။
ချစ်သားတို့ ... ညောင်းစောင်းကို ရစ်ပတ်ခြင်းငှါ ခွင့်ပြု၏။
အင်္ဂ- အပေါင်တို့သည် ဝါ-ညောင်စောင်း အစိတ်အင်္ဂါတို့သည် ချည်များစ္စာကို ကုန်စေကုန်၏
ချစ်သားတို့ … အင်္ဂ၌ ထွင်း၍- အဋ္ဌပဒက-ရှစ်ကွက် ရေးရစ်ခြင်းငှါ ခွင့်ပြု၏။
စောဠက-ပုဆိုး ကြမ်းသည် ဖြစ်၏။
ချစ်သားတို့ … စိမိလိက-ပုဆိုးကြမ်းမြေ၊ အခင်းကို ပြုခြင်းငှါ ခွင့်ပြု၏။
(ထာ … အာသန္ဒိကသည် စတုရာသပိဋ္ဌ-လေးထောင့်ညီသော အင်းပျဉ်ဖြစ်၏။
တစ်ဖက်ရှည်သော ဒီဃပိဋ္ဌိ-အင်းပျဉ်သည်သာလျှင် အခြေ ရှစ်သစ် အပ်သည်။ လေးထောင့်ညီသော အင်းပျဉ်၌ကား ပမာဏ လွန်သော်လည်း အပ်သည်ဟု သိအပ်၏။
သတ္တင်္ဂသည် သုံးခုသော အရပ်တို့၌ မှီစရာ တပ်၍ ပြုသော ညောင်စောင်းဖြစ်၏ ဤသတ္တင်္ဂသည်လည်း ပမာဏ လွန်လျှင် အပ်၏။
ဘဒ္ဒပိဋ္ဌသည် ကြိမ်ဖြင့်ပြုသော အင်းပျဉ် ဖြစ်၏။
ပိဋ္ဌိကာသည် ပုဆိုးကြမ်းဖွဲ့သော အင်းပျဉ်သာတည်း။
ဧဠကပါဒပိဋ္ဌ- သည် သစ်သားပြား၏ အထက်၌ ခြေတို့ကိုထား၍ ဘောဇနဖလက-စားပွဲ ပျဉ်ပြားကဲ့သို့ ပြုသော အင်းပျဉ်ဖြစ်၏။
အာမလကဝဋ္ဋိကပိဋ္ဌသည် ရှိရှားသီး သဏ္ဍာန်ဖြင့် တပ်အပ်သော များသော အခြေရှိသော အင်းပျဉ် ဖြစ်၏။ ဤသည်တို့ကား ပါဠိတော်၌ လာသော ပိဋ္ဌတို့ ဖြစ်ကုန်၏။ သစ်သားဖြင့်ပြီးသော အလုံးစုံသော ပိဋ္ဌသည် အပ်၏။ ဤကား ဝိနိစ္ဆယတည်း။
ကောစ္ဆသည် ဥသိရမယ-ပန်းရင်းမြက်ဖြင့် ပြီး၏။ ဝါ-မုဉ္ဇပဗ္ဗဇ-ဖြူဆံမြက်၊ ပြိတ်မြက်ဖြင့် ပြီး၏။
မဉ္စပဋိပါဒက၌ ရှစ်သစ်သည် လူတို့၏ ပမာဏင်္ဂုလ ရှစ်သစ်သာဖြစ်၏။
စိမိလိကာသည် အပြေအပြစ် ပြုသော ပရိကမ္မကတဘူမိ၌ အရောင်အဆင်းကို စောင့်ရှောက်ခြင်းငှါ ခင်းသော အခင်းဖြစ်၏။ (လူတို့၏ ပမာဏင်္ဂုလသည် ဝဍ္ဎကီအင်္ဂုလဟု ခုဒ္ဒကဝတ္ထုက္ခန္ဓက ဋီကာ၌ ဆိုသည်။)
ဝိဋီ … ပိဋ္ဌကန္တိ မဉ္စာကာရေန အဋ္ဌမတ္တိကာဒိဟိကတဝေဒိကာကာရံ (ဤပိဋ္ဌကကုသံဝဏ္ဏေတဗ္ဗ၌မမြင်။)
စတုရဿပိဋ္ဌသည် သမစတုရဿ-ညီသော လေးထောင့် ဖြစ်၏။
ဒီဃပိဋ္ဌကား အခြေရှစ်သစ်သာ အပ်သည်။ (ဘုရားရှစ်သစ် ဟူလို၊)
ပမာဏလွန်သော်လည်း အပ်သည်ဟူသော စကားကို သမစတုရဿကိုသာ ရည်၍ ဆိုသည်။
သတ္တင်္ဂ၊ ပဉ္စင်္ဂတို့သည်လည်း အာယကစတုရဿ-ရှည်သော လေးထောင့်ဖြစ်မူ ရှည်သော အခြေတို့ မအပ်ကုန်။
ဘဒ္ဒပိဋ္ဌသည် ကြိမ်ဖြင့်သာ လေးထောင့်စသော သဏ္ဍာန်ဖြင့် ပြုသောအင်းပျဉ် ဖြစ်၏။
သစ်သားပြား၏ အထက်၌ ဟူသည် အဋနိ- အပေါင်သဏ္ဍာန်ဖြင့် တည်သော သစ်သားပြား၏ အောက်၌ ဖြစ်၏။ အခြေကို အထက်သို့ထောင်၍ သွင်းသော အခါကိုရည်၍ သစ်သားပြား၏ အထက်၌ ဟုဆိုသည်။
ဆိတ်၏နောက်ခြေနှစ်ခုကဲ့သို့ ကောက်သော အသွင်ဖြင့် တည်သောကြောင့် ဧဠကပါဒပိဋ္ဌမည်၏။)
(သတ္တင်္ဂသည် သုံးဘက်မှီစရာ အမှီသုံးခု၊ အခြေလေးခု ရှိ၏။
ပဉ္စင်္ဂ သည် နောက်မှီတစ်ခု၊ အခြေလေးခု ရှိ၏။ ကုလားထိုင်မည်သော ပစ္စည်းမျိုးတည်း။
ဧဋ္ဌကပါဒပိဋ္ဌသည် ပက်လက်ကုလားထိုင်ကြီး ဖြစ်၏။)
ခေါင်းအုံး
ဟိုအခါ သံဃာအား တူလိကာ- လဲသွတ်အခင်းသည် ဖြစ်၏။
ချစ်သားတို့ … ဖြည်၍ ခေါင်းအုံးကို ပြုခြင်းငှါ ခွင့်ပြု၏။
ရုက္ခတူလ-သစ်ပင်လဲ၊ လကာတူလ-နွယ်လဲ၊ ပေါဋကီတူလ-ဖောင်းကားမြက်လဲ- ဟူသော လဲသုံးမျိုး တို့ကိုလည်း ခွင့်ပြု၏၊
ဆဗ္ဗဂ္ဂီတို့သည် အဍ္ဎကာယက + ဗိဗ္ဗောဟန- ကိုယ်ထက်ဝက်ရှိသော + ခေါင်းအုံးတို့ကို ဆောင်ကုန်၏။
ကာမဘောဂီ တို့ကဲ့သို့-ဟု လူတို့ကဲ့ရဲ့ကုန်၏။
ချစ်သားတို့ ... ကိုယ်ထက်ဝက်ရှိသေ ခေါင်းအုံးတို့ကို မဆောင်အပ်ကုန်-ဒုက္ကဋ်။
ချစ်သားတို့ … သိသပ္ပမာဏရှိသော+ ခေါင်းအုံးကို ခွင့်ပြု၏။
(ထာ … ရုက္ခတူလသည် သိဗ္ဗလိ-ကုန်းကြီးနွယ် စသော နွယ်အားလုံးတို့၏ လဲဖြစ်၏။
လတာတူလသည် မီရဝလ္လိ-ကုန်းကြီးနွယ်စသော နွယ်အားလုံးတို့၏ လဲ ဖြစ်၏။
ပေါဋကိတူလသည် ပေါဋကိတိဏ- ဖောင်းကား ပေါင်ရိုး ပေါင်စသော မြက်အားလုံးတို့၏ လဲ၊ အယုတ်ဆုံးကြံ၊ ကျူ စသည်တို့၏ လဲ ဖြစ်၏။ (ဝါ-အပွင့်ဖြစ်၏။)
ဤသုံးမျိုးဖြင့် ဘူဇာဂါမ် အားလုံးကို သိမ်းကြုံး၏။ ပင်၊ နွယ်၊ မြက်မှလွတ်သော ဘူတဂါမ်မရှိ၊
ထို့ကြောင့် ဘူတဂါမ်အားလုံး၏ လဲသည် ဗိဗ္ဗောဟန၌- ဟင်္သာ၊ ဥဒေါင်းစသော ငှက်အားလုံး ခြင်္သေ့စသော အခြေလေးချောင်းရှိ သတ္တဝါအားလုံးတို့၏ အမွေးသည်လည်း အပ်၏၊
ပိယဂုပုပ္ဖ-ပျဉ်းပွင့်၊ ဗကုဠပုပ္ဖ-ခယားပွင့်စသော ပုပ္ဖအားလုံးကား မအပ်။
တမာလပတ္တ- ပန်းညိုရွက်ကား သက်သက်သာ မအပ်၊ ရောလျှင် အပ်၏။
ဘုံလျှို၌ ခွင့်ပြုသော သားမွေး၊ အဝတ်၊ လျှော်၊ မြက်၊ သစ်ရွက်- ဟူသော ပဉ္စဝိဓတူလလည်း (ခေါင်းအုံး၌) အပ်၏။
အဒ္ဓကာယိကသည် ကိုယ်ထက်ဝက် ပမာဏရှိသော ခေါင်းအုံး ဖြစ်၏။ ထိုခေါင်းအုံးကြီး၌ ခါးမှ စ၍ ဦးခေါင်းအထိ ထားကုန်၏။
သီသပ္ပမာဏ ခေါင်းအုံးကား- အနံ (ထိပ်) မှ သုံးထောင့် (သုံးမြှောင့်) တို့တွင် နှစ်ထောင့်အကြားသည် တစ်ထွာနှင့်လေးသစ် (ဝါ- ပကတိတစ်တောင်) ရှိ၏။
အလယ် ဌာနသည် တောင်ဆုပ် (ဝါ-ပကတိ တစ်တောင်သာသာ)ရှိ၏။ အလျားသည် တစ်တောင့်ထွာ ဖြစ်စေ၊ နှစ်တောင် ဖြစ်စေ ရှိသည်ဟု ကုရုန္ဒီ၌ ဆို၏။ (နှစ်တောင်သည် ပကတိသုံးတောင် ဖြစ်၏။) ဤကား သီသပ္ပမာဏ ခေါင်းအုံးကြီးဆုံးတည်း။
ထိုထက်လွန်လျှင် မအပ်။ ယုတ်လျှင် အပ်၏။
ကျန်းမာသော ရဟန်းအား သီသုပဓာန-ခေါင်းအုံး၊ ပါဒုပဓာန- ခြေအုံး၊ ဤနှစ်ခုသာ အပ်သည်။
နာသောရဟန်းအား ခေါင်းအုံးတို့ကိုခင်း၍ အထက်၌ အဝတ် ခင်း၍ အိပ်ခြင်းငှါလည်း အပ်သည်။
ဘုံလျှို၌ ခွင့်ပြုသော ကပ္ပိယကူလ ငါးမျိုးတို့ဖြင့် ပြုသော ခေါင်းအုံးသည် ကြီးသော်လည်း အပ်သည်ဟု ဖုဿဒေဝမထေရ်ဆို၏။
ဝိနယဓရဥပတိဿမထရ်ကား ခေါင်းအုံးပြုလျှင် အပ်သောလဲ၊ မအပ်သောလဲ ထည့်စေကာမူ ပမာဏအတိုင်းသာ အပ်သည် ဟု ဆို၏။) အုံးဖွဲ့ကို တိဏဇာတိဖြင့် ယူကြသည်၊ ဝိဋီနှင့်ညီလတ္တံ့။)
သာဋီ … ပေါဋကီတူလသည် ဧရကတိဏတူလ-ပြီတ်မြက်လဲဖြစ်၏။
ပေါဋကီသဒ္ဒါဖြင့် တိဏဇာတိအားလုံးကို ညွှန်ပြ၏။ လဲဖြင့်ပြည့်သော မွေ့ရာကိုမှီခြင်းငှါ မအပ်ဟု ကေစိတို့ ဆိုကုန်၏၊ အပ်သည်ဟု အပရေတို့ ဆိုကုန်၏။
သီသပ္ပမာဏသည် ဂလဝါဋ-လည်မျိုမှစ၍ ဦးခေါင်းတစ်ခုလုံး ထားရာ ခေါင်းအုံးဖြစ်၏။ ခေါင်းအုံး၏ အလယ်ဌာနသည် ဖီလာအားဖြင့် တောင်ဆုပ်ရှိ၏။
ဝိဋီ … ရုက္ခ၊ လတာတို့ကို လွတ်၍ ကြွင်းသော ဂစ္ဆ - ချသစ်ပင်ငယ် စသော အားလုံးသည် တိဏဇာတိသာ ဖြစ်၏။
သိသပ္ပမာဏသည် လည်ပင်းနှင့်တကွ ဦးခေါင်းကို ထားခြင်းငှါ စွမ်းနိုင်သော ခေါင်းအုံးဖြစ်၏။
တောင်ဆုပ်သည် ခေါင်းအုံး၏ နှစ်ဖက်စွန်းတို့၌ ထားသော အဝတ်ပမာဏကို ပြသောစကားဖြစ်၏၊
ထိုတောင်ဆုပ်ဖြင့် ခေါင်းအုံး၏ ထိပ်ပမာဏကို ပိုင်းခြား၏။ ထိပ် အပိုင်းဖြစ်စေ၊ လေးထောင့်ဖြစ်စေ တစ်စွန်းမှ တစ်စွန်း ထိပ်အကျယ် တောင်ဆုပ်ရှိအောင် ချုပ်အပ်၏။ လွန်လျှင်မအပ်၊ ထိုလေးထောင့်အုံး ပိတ်ထိပ်ကို အစွန်းချင်း ထိအောင်ထပ်လျှင် သုံးထောင့်ဖြစ်၏၊ သုံးထောင့်တို့တွင် နှစ်ထောင့် အကြားသည် တစ်ထွာနှင့်လေးသစ်ရှိ၏။ အလယ်ဌာန ထောင့်စွန်းချင်းထိလျှင် တောင်ဆုပ်ရှိ၏။ ဤကား ဥက္ကဋ္ဌပ္ပမာဏတည်း။)
(တစ်ထွာနှင့် လေးသစ် စတုရန်း ပတ်လည် လေးထောင့်ကို ထောင့်တန်း ချိုးလျှင် တောင်ဆုပ်ရှိ၏။)
ဘုံလျှို
ထိုအခါ ရာဇဂြိုဟ်၌ တောင်ထိပ်ပွဲလည် ဖြစ်၏။
လူတို့သည် အမတ်ကြီးတို့အလို့ငှါ ဥဏ္ဏဘိသိ- သားမွေးဘုံလျှို၊ စောဠဘိသိ- အဝတ်ဘုံလျှို၊ ဝါကဘိသိ- လျှော်ဘုံလျှို၊ တိဏဘိသိ-မြက်ဘုံလျှို + ပဏ္ဏဘိသိ သစ်ရွက် ဘုံလျှိုတို့ကို စီရင်ကုန်၏။
ပွဲပြီးသောအခါ အခွံလွှာကို ခွာ၍ ယူသွားကုန်၏။ ရဟန်းတို့သည် များစွာသော သားမွေး စသည်ကို စွန့်အပ်သည်ကိုမြင်၍ ဘုရားရှင်အား လျှောက်ကုန်၏။
ချစ်သားတို့ … သားမွေး ဘုံလျှို၊ အဝတ်ဘုံလျှို၊ လျှော်ဘုံလျှို၊ မြက်ဘုံလျှို၊ သစ်ရွက်ဘုံလျှို၊ ဘုံလျှို ငါးမျိုးကို ခွင့်ပြု၏။ (ဘုံလျှိုသည် မွေ့ရာဖြစ်၏။)
သံဃာအား ကျောင်းသုံးပရိက္ခရာ (ပြုခြင်းငှါ) ပုဆိုးသည်ဖြစ်၏။
ချစ်သားတို့ … ဘုံလျှိုကို မြှေးယှက်ခြင်းငှါ ခွင့်ပြု၏။
ရဟန်းတို့သည် ညောင်စောင်းဘုံလျှိုကို အင်းပျဉ်၊ အင်းပျဉ်ဘုံလျှိုကို ညောင်စောင်း၌ ခင်းကုန်၏။ ဘုံလျှိုတို့သည် ပျက်စီးကုန်၏၊
ချစ်သားတို့ … ဩနန္ဓ- ဘုံလျှိုမြှေးသော ညောင်စောင်းကို လည်းကောင်း၊ ဩနန္ဓပီဋ္ဌ- ဘုံလျှိုမြှေးသော အင်းပျဉ် ကိုလည်းကောင်း ခွင့်ပြု၏။
ဥလ္လောက- အောက်အခင်းကို မပြုဘဲ ခင်းကုန်၏။ အောက်သို့လျှံကုန်၏။
ချစ်သားတို့ … အောက်အခင်းကို ပြု၍ ခင်း၍ ဘုံလျှိုကို မြှေးခြင်းငှါ ခွင့်ပြု၏။
အခွံကိုခွါ၍ (ခိုးသူတို့) ယူကုန်၏။
ချစ်သားတို့ … ဖောသိတုံ- အပြောက်အပြောက် ဖြစ်အောင် ဆွတ်ဖျန်းခြင်းငှါ ခွင့်ပြု၏။
ယူကုန်သည်သာတည်း။
ချစ်သားတို့ ... ဘိတ္တိကမ္မ- အဆင်းထူးဖြင့် အရေးအသား ပြုခြင်းငှါ ခွင့်ပြု၏။
ယူကုန်သည်သာတည်း။
ချစ်သားတို့ ... ဟတ္ထဘိတ္တိကမ္မ- လက်ဖြင့် အရေး အသားပြုခြင်းကို၊ ဟတ္ထဘိတ္တိ- လက်ငါးချောင်းဖြင့် အရေးအသား ပြုခြင်းကို ခွင့်ပြု၏။
(ထာ ... ဘုံလျှိုကိုပြည့်စေသော လဲငါးမျိုးဖြင့် ငါးမျိုးဟုဟောသည်။
ဥဏ္ဏသဒ္ဒါဖြင့် ဧဠကလောမ-သိုးမွှေးကိုသာ ယူအပ်သည် မဟုတ်သေး။ လူမွေးကိုထား၍ အသားအပ်၊ မအပ်၊ ငှက်မွေး၊ ခြေလေးချောင်း အမွေးကိုလည်း ယူအပ်၏။
ထို့ကြောင့် စီဝရခြောက်မျိုး အနုလောမ စီဝရခြောက်မျိုးတို့တွင် တစ်မျိုးမျိုးကို ဘုံလျှို အခွံပြု၍ သားမွေးစသည်တို့ထည့်၍ ဘုံလျှိုပြုခြင်းငှါ အပ်၏။ သားမွေးတို့ကို မထည့်ဘဲ ကမ္ဗလာ လေးငါးထပ် ထည့်၍ပြုလျှင်လည်း ဥဏ္ဏဘိသိသာမည်၏။
စောဠှဘိသိ-စသည်တို့၌အဝတ်- အသစ်၊ အဟောင်း ခေါက်ထည့်လျှင် စောဠှဘိသိ မည်၏။
လျှော်တစ်ခုခုထည့်လျှင် ဝါကဘိသိ၊ မြက်တစ်ခုခု ထည့်လျှင် တိဏဘိသိ၊ ပန်းညိုရွက်သက်သက်မှ တစ်ပါး သစ်ရွက်တစ်ခုခုထည့်လျှင် ပဏ္ဏဘိသိမည်၏။
ပန်းညိုရွက်ကား-တစ်ခုခုနှင့် ရောမှသာ အပ်သည်။ သက်သက်မအပ်။
ဘိသိ၌ပမာဏ မှတ်ခြင်းမရှိ၊ ပဉ္စဘိသိ၊ ပိဋ္ဌဘိသိ၊ ဘူမတ္ထရဏဘိသိ၊ စင်္ကမနုဘိသိ၊ ပါဒပုဉ္ဆနဘိသိ စသည်ဖြင့် ညောင်စောင်း စသည်တို့နှင့် လျှော်အောင် ပမာဏ အလိုရှိတိုင်း ပြုအပ်သည်။
(မသူရက-သားရေအခွံ ပြုသော ဘုံလျှို၌လည်း ထိုလဲငါးမျိုးလုံး အပ်သည်။) ဟု ကုရုန္ဒီ၌ ဆို၏။
ဤစကားဖြင့် မသူရကကို သုံးဆောင်အပ်ကြောင်း ထင်ရှား၏။
ဥလ္လောက မပြုဟူသည် အောက်၌ စိမိလိက-အဝတ်ခင်းကို မခင်းပေးခြင်း ဖြစ်၏။
ဖောသိတုံဟူသည် ဆိုးရည်၊ နနွင်းရည်တို့ဖြင့် အထက်၌ ရေပေါက်တို့ကို ပေးခြင်းငှါ ဘိတ္တိကမ္မသည် ဘုံလျှိုအခွံ၌ အပြောက်ပြုခြင်းတည်း။
ဟတ္တဘိတ္တိသည် လက်ငါးချောင်းဖြင့် အပြောက် ပြခြင်းတည်း။)
(ဇီဋီ ... လဲပြည့်သော ဘုံလျှိုကို မှီခြင်းငှါ မအပ်။ ဥဏ္ဏစသည်တို့ကိုသာ ခွင့်ပြုသောကြောင့်တည်း။ ထိုင်ခြင်း၊ အိပ်ခြင်းကိုရည်၍ ဆိုအပ်သောကြောင့် မှီခြင်းငှါ အပ်ပါ၏ ဟု ဆိုငြားအံ့။
ကေစိတို့ကား အကပ္ပိယ ဖြစ်သောကြောင့် မအပ်ဟု ဆိုကုန်၏။ ဧကေတို့ကား အကပ္ပိယ မဉ္စကို မှီအပ်တာကြောင့် လည်းကောင်း၊ ဂိလာနအား ခေါင်းအုံးကို အိပ်ခြင်းငှါသော်လည်း ခွင့်ပြုသောကြောင့် လည်းကောင်း ဘိသိကိုမှီခြင်းငှါ အပ်သည်။ ဆရာတို့သည် ခွင့်ပြုကြသည်။ သုံးဆောင်ကြသည်ဟု ဆိုကုန်၏။
လက်ပံလဲချည်ဖြင့် ချုပ်သောသင်္ကန်းသည် အပ်၏။ ကပ္ပါသ ဝါအား လျော်သောကြောင့်တည်း။
မရိုးပွင့်ချည်ဖြင့် ရက်သောသင်္ကန်းလည်း အပ်၏။ မရိုးလျှော်သင်္ကန်းကိုသာ ပယ်သည်ဟု ဧကေတို့ဆိုကုန်၏၊ (အဍ္ဎကာယိက မှီအုံးကြီးကိုကား ပယ်ခြင်း ထင်ရှား၏။)
(သာဋီ ... မသူရကသည် စမ္မဖယဘိသိ သားရေဖြင့်ပြီးသော ဘုံလျှိုဖြစ်၏။ ဖေသိဘုံ၌ အမှတ်အသား ပြုခြင်းငှါ ဗိန္ဒုတို့ကို ပေးခြင်းငှါ ခွင့်ပြု၏။
ဝိဋီ … ဂေါနကစသော အကပ္ပိယ သားမွေးအခင်း ကိုသော်လည်း ဘုံလျှို၌သည့်၍ အိပ်ခြင်းငှါ အပ်၏။
မသုရကသည် စမ္မမယဘိသိ ဖြစ်၏။ သားရေဖြင့်ပြုသော ခေါင်းအုံးသည် လဲပြည့်သော်လည်း မအပ်၊
ကျောင်းသုံး ပရိက္ခရာပုဆိုးဖြင့် ဘုံလျှိုကို မြှေးယှက်ခြင်းကား ဘုံလျှိုအိတ်၌ ထည့်၍ ဖွဲ့ခြင်းငှါတည်း။
ဩနန္ဒမဉ္စသည် ဘုံလျှိုကိုတစ်စပ်တည်း ပြု၍ ဖွဲ့သောညောင်စောင်း ဖြစ်၏။
ဖောသိတုံကား ခိုးသူယူသွားသော အခွံကို နောက်ပြန် ယူနိုင်ကြောင်း အမှတ်ဖြစ်အောင် ဆိုးရည်ပေါက် ဗိန္ဒုတို့ကို ပေးခြင်းငှါတည်း။
ဘိတ္တိကမ္မသည် အဆင်းအမျိုးမျိုးဖြင့် အရေးအသား ပြုခြင်းတည်း။
ဟတ္ထဘိတ္တိကမ္မသည် လက်ဖြင့် အမှတ် အသား တစ်ခုခုပြုခြင်းတည်း။)
(ညောင်စောင်းထက်၌ သားမွေး (ကော်ဇော) အခင်း မခင်းအပ်သော်လည်း ဘုံလျှိုပြု၍ ခင်းလျှင် အပ်သည်ဟု ဤနေရာမှထုတ်ယူကုန်၏။)
ကျောင်းဆေးသုတ်ခြင်း
ထိုအခါ တိတ္တိတို့၏ ကျောင်းတို့သည် ဖြူသော အဆင်းရှိကုန်၏။
မည်းသောအဆင်းဖြင့် ပြုအပ်သော မြေဖြစ်၍ ဂွေ့သင်္ဘောဖြင့် အပြေအပြစ်ပြုသော နံရံဖြစ်၏- များစွာသော လူတို့သည် ကျောင်းကြည့်ရှုရန် သွားကုန်၏။
ထိုအကြောင်းကို ဘုရားရှင်အား လျှောက်ကုန်၏။
ချစ်သားတို့ … ကျောင်း၌ ဖြူသော အဆင်းကို၊ မည်းသောအဆင်းကို၊ ဂွေ့သင်္ဘောဖြင့် အပြေအပြစ်ပြုခြင်းကို ခွင့်ပြု၏၊
ကြမ်းသော နံရံ၌ ဖြူသော အဆင်းသည် မအပ်၊
ချစ်သားတို့ .. ဖွဲနှင့်ရောသော မြေကို လိမ်းကျံ၍ လက်ဖနောင့်ဖြင့် (ချောအောင်) တိုက်၍ ဖြူသောအဆင်းကို ကပ်စေခြင်းငှါ ခွင့်ပြု၏။
ဖြူသော အဆင်းသည် မကပ်။
ချစ်သားတို့ … သိမ်မွေ့သောမြေကို လိမ်းကျံ၍ လက်ဖနောင့်ဖြင့် တိုက်၍ ဖြူသောအဆင်းကို ကပ်စေခြင်းငှါ ခွင့်ပြု၏။
ဖြူသောအဆင်းသည် မကပ်။
ချစ်သား ... ဣတ္ထာသ- သစ်စေးကို၊ ပိဋ္ဌမဒ္ဒ-ကစီရေကို ခွင့်ပြု၏။
ကြမ်းသောနံရံ၌ ဂွေ့သင်္ဘောသည် မကပ်၊
ချစ်သားတို့ ...ဖွဲနှင့် ရောသောမြေကို၊ ဆန်ကွဲမှုန့်ရောသော မြေကို လိမ်းကျံ၍ လက်ဖနောင့်ဖြင့် တိုက်၍ ဂွေ့သင်္ဘောကို ထပ်စေခြင်းငှါ ခွင့်ပြု၏။
ဂွေ့သင်္ဘောသည် မကပ်။
ချစ်သားတို့ ... သာသပကုဋ္ဋ- မုန်ညင်းမှုန့်ကို၊ သိတ္ထတေကလ-ဖယောင်းဆီကို ခွင့်ပြု၏။
အစ္စုဿန္န- အလွန် များ၏။
ချစ်သားတို့ … ပုဆိုးကြမ်းဖြင့် သုက်ခြင်းငှါ ခွင့်ပြု၏။
ကြမ်းသောမြေ၌ မည်းသောအဆင်း မကပ်၊
ချစ်သားတို့ ... ဖွဲနှင့်ရောသော မြေကို။ တီကျစ်မြေကို လိမ်းကျံ၍ လက်ဖနောင့်ဖြင့် တိုက်၍ မည်းသော အဆင်းကို ကပ်စေခြင်းငှါ ခွင့်ပြု၏၊
ချစ်သားတို့ ... သစ်စေးကို၊ ကသာဝ- ဖန်ရည်ကို ခွင့်ပြု၏။
(ထာ … ဣတ္တာပသသည် ရုက္ခနိယျာသ-သစ်ပင်၏အစေး ဖြစ်၏။ သိလေသ- သစ်စေးသည်း ဖြစ်၏။
ပိဋ္ဌမဒ္ဒသည် ပိဋာလိ- ကစီထမင်းရည် ဖြစ်၏။
သာသပကုဋ္ဋသည် သာသပပိဋ္ဌ-မုန်ညင်းမှုန့် ဖြစ်၏။
သိတ္ထကတေလကသည် ဝိလီနမဓုသိတ္ထက- ကျေသော ပျားဖယောင်းဖြစ်၏။
အစ္စုဿန္နသည် အပေါက်အပေါက်ဖြစ်၍ တည်၏။
ဂဏ္ဍုမတ္တိကသည် ဂဏ္ဍုပ္ပါဒ ဝူထမတ္တိက-တီကျစ်မြေ (တီချေးမြေ) ဖြစ်၏။
ကသာဝသည် ရှိရှား၊ ဖန်ခါးတို့၏ ဖန်ရည် ဖြစ်၏။)
ပန်းချီရုပ်ရေးခြင်း
ဆဗ္ဗဂ္ဂီတို့သည် ကျောင်း၌ ပဋိဘာနစိတ္တ- ပန်းချီရုပ်ကိုပြုစေကုန်၏။ မိန်းမရုပ်, ယောက်ျားရုပ်ကိုပြုစေကုန်၏။
လူတို့ မြင်၍ ကာမဘောဂီတို့ကဲ့သို့-ဟု ကဲ့ရဲ့ကုန်၏။
ချစ်သားတို့ .... မိန်းမရုပ်၊ ယောက်ျားရုပ် ဟူသော ပန်းချီရုပ်ကို မပြုစေအပ်-ဒုက္ကဋ်။
ချစ်သားတို့ ... မာလာကမ္မ-ချူးပန်းကို၊ လတာကမ္မ-ချူးနွယ်ကို၊ မကာရဒန္တက- ခွေးသွားစိပ်ကို၊ ပဉ္စပဋိက-သက်တင်ရေးကို ခွင့်ပြု၏။
(ထာ ... မိန်းမရုပ်၊ ယောက်ျားရုပ်ကိုသာ မဟုတ်သေး၊ တိရစ္ဆာန်ရုပ်-အယုတ်ဆုံး တီရုပ်ကိုသော်လည်း ရဟန်းအား ကိုယ်တိုင်ပြုခြင်းငှါ လည်းကောင်း၊ ပြုလောဟု ဆိုခြင်းငှါ လည်းကောင်း မအပ်။
ဒါယကာ- တံခါးစောင့် ရုပ်ကို ပြုလောဟု ဆိုခြင်းငှါလည်း မရ၊ ကြည်ညိုဖွယ် ဖြစ်သော ဇာတကပ္ပကရဏ-ဇာတကအရုပ်၊ အသဒိသဒါန အရုပ်စသည် တို့ကိုလည်းကောင်း၊ ငြီးငွေ့ခြင်းနှင့် စပ်သောငရဲခန်း အရုပ်တို့ကိုလည်းကောင်း သူတစ်ပါးကိုပြုစေခြင်းငှါ ရ၏။
မာလာကမ္မစသည်တို့ကို ကိုယ်တိုင်လည်း ပြုခြင်းငှါ ရ၏။)
(ဝိဋီ ... ပြုလောဟု အာဏတ္တိတို့သာ ပယ်သောကြောင့် “တံခါးစောင့်ရုပ်ကို အဘယ်ကြောင့် မပြုသနည်း” စသော ပရိယာယ်ဖြင့် ဆိုခြင်းငှါ အပ်၏။
ဇာတကပ္ပကရဏသည် ဇာတက-နှင့် စပ်သောမိန်းမရုပ်၊ ယောက်ျားရုပ် စသည် အားလုံးဖြစ်၏။
ပြုစေခြင်းငှါဟု ဆိုသောကြောင့် ဘုရားဆင်းတုတော်ရုပ်ကို သော်လည်း ကိုယ်တိုင် ပြုခြင်းငှါ မရ။
ပါဠိ၌ ပဉ္စပဋိကသည် ဇာတိစသော ငါးပါးအပြားရှိသော အဆင်း ပြေပြစ်ခြင်း ဖြစ်၏။)
ကျောင်းအကျည်၊ တိုက်ခန်းစသည်
ထိုအခါ ကျောင်းတို့သည် နိမ့်သောအကျည်ရှိကုန်၏။ ရေလွှမ်း၏။ ချစ်သားတို့ … မြင့်သောအကျည် ဖို့ခြင်းငှါ ခွင့်ပြု၏။
အကျည်ပြိုကျ၏။ ချစ်သားတို့ ... အုတ်၊ ကျောက်၊ သစ်-စီခြင်း သုံးမျိုးကို စောင်းတန်း သုံးမျိုးကို လက်ကသုံး ကို ခွင့်ပြု၏။
ကျောင်းတို့သည် အာဠကမန္ဒ- တပြင်တည်း လူပြွမ်းကုန်၏။ ရဟန်းတို့သည် အိပ်ခြင်းငှါ ရှက်နိုးကုန်၏။ ချစ်သားတို့ ... တိရောကရဏိ- တင်းတိမ်အရံ ကိုခွင့်ပြု၏၊
တင်းတိမ်ကို ပင့်၍ ကြည့်ကုန်၏။ ချစ်သားတို့ .... အဍ္ဎကုဋ္ဋက ထက်ဝက်သော နံရံကို ခွင့်ပြု၏။
ထက်ဝက်သော နံရံအထက်မှ ကြည့်ကုန်၏။ ချစ်သားတို့ .... သိဝိကာဂဗ္ဘ- လေးထောင့်တိုက်ခန်း၊ နဠှိကာဂဗ္ဘ တိုက်ခန်းရှည်၊ ဟမ္ပိယဂမ္ဘ- ဦးပြည်းတိုက်ခန်း-ဟု တိုက်ခန်းသုံးမျိုးကို ခွင့်ပြု၏။
ရဟန်းတို့သည် ငယ်သောကျောင်း၌ အလယ်၌ တိုက်ခန်းကို ပြုကုန်၏။ ဥပစာမရှိ။ ချစ်သားတို့ .... ငယ်သောကျောင်း၌ သင့်သော နေရာ တစ်ခု၌ တိုက်ခန်းကိုပြုခြင်းငှါ ကြီးသောကျောင်း၌ အလယ်၌ပြုခြင်း ငှါ ခွင့်ပြု၏။
ကျောင်း၏ ပါဒ-နံရံအခြေသည် ဆွေး၏။ ချစ်သားတို့ .. ကုလင်္ဂပါဒက ထောက်ကန်သောအခြေကို ခွင့်ပြု၏။
ကျောင်၏ နံရံသည် မိုးစွတ်၏။ ချစ်သားတို့ ... ပရိတ္တာဏကိဋိက- မီးကာကဲလားကို၊ ဥဒ္ဒသုခ-ဖာစရာ နယ်သော မြေတို့ ခွင့်ပြု၏။
ရဟန်းတစ်ပါး၏ ပခုံး၌ မြက်အမိုးမှ မြွေသည် ကျ၏။ ရဟန်းသည် လန့်၍ အော်၏။ ရဟန်းတို့ ပြေးလာ၍မေးကြ၏၊ ချစ်သားတို့ … ဝိဿန-ဗိဘနိ မျက်နှာကြက်ကို ခွင့်ပြု၏။
ရဟန်းတို့သည် ညောင်စောင်းအခြေ၊ အင်းပျဉ် အခြေတို့၌ အိတ်တို့ကိုဆွဲကုန်၏။ ကြွက်တို့၊ ခြတို့၊ ခဲကုန်၏၊ ချစ်သားတို့ … ဘိတ္တိခိလ- နံရံတသင်းကို၊ နာဂဒန္တက-သစ်သားကောက်ကို ခွင့်ပြု၏။
ရဟန်းတို့သည် ညောင်စောင်းအင်းပျဉ်၌ သင်္ကန်းကိုထားကို၏။ သင်္ကန်းသည် ပျက်စီး၏။ ချုစ်သားတို့ … စီဝရဝံသ-သင်္ကန်းတန်းဝါးကို၊ စီဝရ ရဇ္ဇု-သင်္ကန်းတန်းကြိုးကို ခွင့်ပြု၏။
ကျောင်းတို့သည် ဆင်ဝင်မရှိကုန်၊ မှီခိုစရာကင်းကုန်၏။ ချစ်သားတို့ ... အာဠိန္ဒ-ကျောင်းဦးဆင်ဝင်ကို၊ ပဃန-ဖိနပ်ချွတ်၊ ခွေးကတက်ကို၊ ပကုဋ္ဋ-ကြောင်လည်ကို၊ ဩသရဏ- အမိုး ဆင်ဝင်ကို ခွင့်ပြု၏။
ဆင်ဝင်တို့သည် ထင်ရှားကုန်၏။ အိပ်ခြင်းငှါ ရှက်နိုးကုန်၏။ ချစ်သားတို့ … သံသရဏကိဋိကံ-ဘီးတပ်သော ကဲလားကို၊ ဥဂ္ဃါဋနကိဋိက-ထောက်ဖွင့်သော ကဲလားကို ခွင့်ပြု၏။
ရဟန်းတို့သည် လွင်တီးခေါင်၌ ဆွမ်းစားကြစဉ် အအေး အပူဖြင့် ပင်ပန်းကုန်၏။ ချစ်သားတို့ … ဥပဋ္ဌာနသာလာ-စည်းဝေးရာအရပ်ကို ခွင့်ပြု၏၊
စည်းဝေးရာ စရပ်သည် အကျည်နိမ့်၏။ ရေလွှမ်း၏။ ချစ်သားတို့ … မြင့်သောအကျည်ကို ဖို့ခြင်းငှါ လည်းကောင်း၊ အကျည်၌ စီခြင်း သုံးမျိုး။ စောင်းတန်း သုံးမျိုး၊ လက်ကသုံး …၊ ဝါ၍ တွင်းပ လိမ်းကျံခြင်း၊ ဖြူသောအဆင်း၊ မည်းသောအဆင်း၊ ဂွေ့သင်္ဘော ပြုခြင်း၊ ခြူးပန်း၊ ချူးနွယ်၊ ခွေးသွားစိပ်၊ သက်တင်ရေး၊ သင်္ကန်းဝါး၊ သင်္ကန်းကြီးကို လည်းကောင်း ခွင့်ပြု၏။
ရဟန်းတို့သည် လွင်တီးခေါင်၌ မြေ၌ သင်္ကန်းကို ဖြန့်ကုန်၏။ သင်္ကန်းသည် မြေမှုန့်ကပ်၏။ ချစ်သားတို့ … လွင်တီးခေါင်၌ သင်္ကန်းဝါး၊ သင်္ကန်းကြိုးကို ခွင့်ပြု၏။
(အာဠကမန္ဒသည် ဧကင်္ဂဏ- တစ်ပြင်တည်းဖြစ်၍ လူပြွမ်းသော ကျောင်းဖြစ်၏။ သိဝိဿဂဗ္ဘသည် စတုရဿဂမ္ဘ- လေးထောင့်တိုက်ခန်း ဖြစ်၏။ နာဠိကာဂဗ္ဘသည် အနံ နှစ်ဆ၊ သုံးဆ အလျား ရှိသော အခန်း ရှည်ဖြစ်၏။
ဟမ္မိယဂဗ္ဘသည် ကောင်းကင်အပြင်၌ အထွဋ် အမွန်းတင်သော၊ မတင်သော ဦးပြည် အခန်းဖြစ်၏။
ကုဘင်္ကပါဒကသည် သစ်တုံးကိုထွင်း၍ ငုတ်တို့ကို စိုက်၍ပြုသော နံရံအခြေဖြစ်၏။ ရွှေ့ပြောင်း၍ရ၏။၊ ဆွေးသောနံရံအခြေကို ထောက်ကန်ခြင်းအတွက် မြေ၌တည်စေခြင်းငှါ ပြု၏-ဟူလို။
ပရိတ္တာဏကိဋိကသည် မိုးရေကိုတားခြင်းငှါ ကဲလားဖြစ်၏။
ဥဒ္ဒသုဓသည် နူးငယ်ချေးနှင့်လည်းကောင်း ပြာနှင့်လည်းကောင်း နယ်သော မြေဖြစ်၏။
အာဠိန္ဒသည် ပမုခ- ကျောင်းဦးဆင်ဝင် ဖြစ်၏။
ပဃနသည် ထွက်သူ ဝင်သူတို့ခြေဖြင့် ဆောင့်အပ်သော နေရာ ဖြစ်၏။
ကျောင်းတံခါးမကြီး၌ ဥဘတောကုဋ- နှစ်ဖက်နံရံကို ဥဘတောကူဋ- နှစ်ဖက်အထွတ်ကို ထုတ်၍ ပြုသော တံခါး၏ အမည်တည်း။ ဝဲဃာန- ဟူ၍လည်း ခေါ်သည်။ (ခွေးအိပ်-နေရာဟူလို။)
ပကုဋသည် အလယ်တိုက်ခန်း၏ ဝန်းကျင်၌ ပရိယာဂါရ- လှည့်သွားစရာ နေရာဖြစ်၏၊ ပကုဋ- ကြောင်လည် လည်း မည်၏။
ဩသရကသည် ဆင်ဝင်မရှိသော ကျောင်း၌ ဝါးတန်းထိုး၍ လှံတံငယ် အခြင်ချ၍ ပြုသော အမိုး ဆင်ဝင်အမိုး ကျောင်းဦး ဖြစ်၏။ ကျီးအက်ကဲ့သို့ ချသည်ကိုယူ။)
သံသရဏကိဋိကသည် စက္ကလယုတ္တ ဘီးတပ်သော ကဲလား ဖြစ်၏။
ဇီဋီ … ပကုဋသည် ဝန်းကျင်၌ အာဝိဒ္ဓပမုခ- ကျောင်းဦးအထိ ထုတ်ချင်းပေါက်၏။
သာဋီ ... ကုလင်္ကပါဒက၌-သစ်တုံးကိုထွင်း၍ နှစ်ချောင်း၊ နှစ်ချောင်းသော ငုတ်တို့ကို စိုက်၍ပြုသည်။ ငုတ်တို့ကိုစိုက်၍ ပြုခြင်းကြောင့် ရွှေ့ပြောင်းနိုင်သော နံရံအခြေ ဖြစ်သည်။ အရင်းမူလဖြင့် မြေ၌ နံရံအခြေကို ထောက်မိအောင် တည်စေ၍ ငုတ်တို့ဖြင့် နံရံအခြေကို ထောက်၍ ထားရသည်။
ဥဘတောကုဋ္ဋ ထုတ်၍ ပြုသော တံခါးဝသည် အတွင်း၌ တံခါးအနီးနေသူသည် အပသို့ အဖြောင့်ကြည့်၍ မရအောင် နံပါးနှစ်ဖက်မှ ကုဋကို ထုတ်၍ ရှေးရှု၍ တိတ္တိ-နံရံကို ထောင်၍ပြုသော နေရာဖြစ်၏။ (ဥဘတောကုဋ္ဋ- နှစ်ဖက်နံရံဖြစ်လျှင် ရှေးရှုနံရံနှင့် သုံးဖက် ပိတ်နေပြီး ကုဋ္ဋ-ကို ဆင်ခြင်သင့်၏。
ပရိယာဂါရသည် အာဝိဒ္ဓပမုခ ဖြစ်၏။
ဥဂ္ဃါဋနကိဏ္ဍိသည် လှံတံတို့ဖြင့် မြှောက်ထောက်၍ ထားအပ်သော ပျဉ်ကဲလား ဖြစ်၏။
ဝိဋီ ... ဥပစာ မရှိဟူသည် အခန်း၏ ပြင်ပဝန်းကျင်၌ သွားစရာနေရာ မရို။
ကုလင်္ကာပါဒ၌ ရွေပြီးသော သစ်တုံးအနှစ်ကို အဖျားအနီး၌ ထွင်း၍ ကပ္ပကထ- လှည်းဦးခွကဲ့သို့ သစ်ငုတ်အနှစ်တို့ကို စိုက်၍ ပြုသည်။ ဤသို့ပြုသည်ကိုသာ ပြောင်းရွှေ့နိုင်သော နံရံအခြေဟု ဆိုသည်။ ဆွေးသော နံရံအခြေနှင့်တကွ ပြင်ပ၌ရှိသော ဝန်ကို သစ်ငုတ်ခွဖြင့် ထောက်စေ၍ အရင်းကို မြေ၌ တည်စေရသည်။
ပရိတ္တာဏသည် တွင်း ပလိမ်းကျံသော ကုဋိ၌ မိုးစွတ်ရာ ဌာနကို ထားခြင်း အကျိုးရှိ၏။
ကိဋီကသည် ထန်းရွက်သည်ဖြင့် ပြုသော ကဲလား ပြား ဖြစ်၏။
မဒ္ဒိကမတ္တိက-နွားငယ်ချေး၊ ပြာတို့နှင့် နယ်သော မြေသည် မိုးယိုသောအပေါက်ကို ပိတိဆို့ခြင်း အကျိုးရှိ၏။
ဥဘတောကုဋ ထုတ်၍ပြုသော တံခါးဝသည် အပ၌ တည်သူတို့သည် အတွင်း၌နေသူတို့ကို မမြင်အောင် တံခါးရှေးရှု၌ ပိတ်သည်အစွမ်းဖြင့် နံရံကိုလည်းကောင်း၊ တစ်ပါးသောနေရာ၌ တံခါးကို လည်းကောင်း တပ်၍ ပြုသော နေရာ ဖြစ်၏။
ပရိယာဂါရသည် အာဝိဒ္ဓပမုခဖြစ်၏။ ဝါးတန်း ထိုးပုံကား တစ်သူမျှ နေရာ၌ အခြေတို့ကို စိုက်၍ ဝါးတန်းတင်ပြီးလျှင် အခြင်စွန်းတစ်ဖက်ကို မြင့်သော ကျင်းနံရံစွန်း၌၊ တစ်ဖက်ကို နိမ့်သော ဝါးတန်း၌ ထားခြင်းဖြင့် အခြင်တို့ကို ချသည်။
စက္ကလယုတ္တသည် တံခါးရွက်ကဲ့သို့ အဖွင့် အပိတ် လွယ်စေခြင်းငှါ ဘီးတပ်သော ကဲလား ဖြစ်၏။
ပါဠိ၌ ဥဂ္ဃါဋနိကသည် ဈေးဆိုင်စသည်တို့၌ အလိုမရှိသောအခါ မြှောက်၍ အထက်၌ချည်၍ နောက်၌ချသော ကဲလား ဖြစ်၏၊ ဝါးခွတို့ဖြင့် ထောက်၍ နောက်၌ ချသော ကဲလား ဖြစ်၏။
သောက်ရေအိုးစင်
ထိုအခါ သောက်ရေသည် ပူ၏။ ချစ်သားတို့ … ပါနီယသာလ- သောက်ရေအိုးစင်ကို၊ ပါနီယမဏ္ဍပ- သောက်ရေအိုး မဏ္ဍပ်ကို ခွင့်ပြု၏။
သောက်ရေအိုးစင်သည် နိမ့်သော အကျည်ရှိ၏။ ရေလွှမ်း၏။ ချစ်သားတို့ … အကျည်ဖို့ခြင်းကို၊ စီခြင်းသုံးမျိုးကို၊ စောင်းတန်းသုံးမျိုးကို၊ လက်ကသုံးကို၊ မြက်မှုန့်မကျအောင် ခါ၍ တွင်းပ လိမ်းကျံခြင်း၊ ဖြူသောအဆင်း၊ ...လ...၊ သင်္ကန်းဝါး၊ သင်္ကန်းကြိုးကို ခွင့်ပြု၏။
ပါနီယဘာဇန-သောက်ရေခွက်သည်မရှိ၊ ချစ်သားတို့ ... ပါနီယသင်္ခ- သောက်ရေခွက် ခရုသင်းကို၊ ပါနိယသရာဝက- သောက်ရေခွက်ငယ်ကို ခွင့်ပြု၏။
(ထာ ... ပါနိယဘာဇနသည် ရေသောက်သူတို့အား သောက်ရေ ပေးသောခွက် ဖြစ်၏。
ဥဠုကံ-ရေမှုတ်၊ ထာလက-ခွက်တို့သည် ပါနီယသင်္ခ အားလျော်ကုန်၏။)
(ဝိဋီ .... သောက်ရေပူခြင်းကား သောက်ရေအိုးတို့၌ သောက်ရေသည် နေပူကြောင့်ပူခြင်း ဖြစ်၏။)
ကျောင်းဝင်းခတ်ခြင်း
ထိုအခါ ကျောင်းသားတို့သည် အကာ မရှိကုန်။ ချစ်သားတို့ … အုတ်၊ ကျောက်၊ သစ်၊ တံတိုင်းသုံးမျိုး ကာခြင်းငှါ ခွင့်ပြု၏။ တံခါးမုခ်ကို၊ အကျည်ဖို့ခြင်း၊ တံခါးမုခ်၌ တံခါးရွက် …လ…၊ ဆွဲငင်ကြိုးကို၊ ခါ၍ တွင်း ပ လိမ်းကျံခြင်း၊ ဖြူသောအဆင်း၊ ...လ...၊ ခွေးသွားစိပ်၊ သက်တင်ရေးကို ခွင့်ပြု၏။
ပရိဝေဏ-နေသောကျောင်း အကာအရံ အတွင်းသည် ရွှံ့ပွက်ဖြစ်၏။ ချစ်သားတို့ … ကျောက်ပြုတ်ကို ကြဲခြင်းငှါ၊ ကျောက်ပြားကို ချခြင်းငှါ ခွင့်ပြု၏။ ရေထုတ်စရာပြွန်ကို ခွင့်ပြု၏။
မီးတင်းကုတ်
ရဟန်းတို့သည် ပရိဝေဏ- နေသောကျောင်း အကာအရံအတွင်း၌ ထိုထိုနေရာ၌ မီးနေရာကို ပြုကုန်၏။ ပရိဝေဏသည် အမှိုက်ရှုပ်၏။ ချစ်သားတို့ … သင့်တော်ရာ အရပ်တစ်ခု၌ အဂ္ဂိသာလ- မီးတင်းကုပ်ကို ပြုခြင်းငှါ ခွင့်ပြု၏။
မီးတင်းကုပ်သည် အကျည်နိမ့်၍ ရေလွှမ်း၏။ ချစ်သားတို့ ... ကျည်ဖို့ခြင်း၊ စီးခြင်းသုံးမျိုး လက်ကသုံး၊ တံခါးရွက်၊ …လ…၊ ဆွဲငင်ကြိုးကို၊ ခါ၍ တွင်းပ လိမ်းကျံခြင်း၊ ဖြူသောအဆင်း၊ ...လ...၊ သက်တင်ရေး သင်္ကန်းဝါး၊ သင်္ကန်းကြီးကို ခွင့်ပြု၏။
အရံဝန်းခတ်ခြင်း
အရံသည် အကာမရှိ၊ ဆိတ်တို့သည်လည်းကောင်း၊ ကျွဲ နွား တို့သည်လည်းကောင်း၊ အနီး၌ စိုက်သော သစ်ပင်တို့ကို ညှင်းဆဲကုန်၏။ ချစ်သားတို့ … ဝေဠုဝါဋ- ဝါးကာခြင်း၊ ကဏ္ဍကဝါဋ- ဆူးကာခြင်း၊ ပရိက္ခ- ကျုံးတူးခြင်းဟူသော ကာခြင်းသုံးမျိုးကို ခွင့်ပြု၏။
တံခါးမုခ် မရှိ။ ဆိတ်ကျွဲ နွားတို့ ထို့အတူ ညှင်းဆဲကုန်၏၊ ချစ်သားတို့ .... ကောဋ္ဌက- တံခါးမုခ်ကို၊ အပေသိ-ဆူးတံခါးကို၊ ယမက-တဝါဋ-အစုံဖြစ်သော တံခါးရွက်ကို၊ တောရဏ-တံခါးတိုင်ကို၊ ပလိဃ- ဘီးတပ်သော တံခါးကို ခွင့်ပြု၏။
တံခါးမုခ်သည် မြက်မှုန့် ကျ၏။ ချစ်သားတို့ ... ခါ၍ လိမ်းကျံခြင်း၊ ဖြူသောအဆင်း၊ …လ…၊ သက်တင်ရေးကို ခွင့်ပြု၏။ ကျောက်ပြုတ်ကြဲခြင်းငှါ၊ ကျောက်ပြားချခြင်းငှါ ခွင့်ပြု၏။ ရေထုတ်စရာပြွန်ကို ခွင့်ပြု၏။
(ထာ ... အပေသိသည် ရှည်သောသစ်တုံး၌ ငုတ်တို့ကိုစိုက်၍ ဆူးခက်တို့ဖြင့်ဖွဲ့၍ ပြုသောတံခါးပိတ်ဖြစ်၏။ ပလိဃသည် ရွာတံခါးတို့၌ ကဲ့သို့ ဘီးတပ်သော တံခါးပိတ်ဖြစ်၏။
(ဝိဋီ ... ဝါဋသည် ပရိက္ခေပ - ကာရံခြင်းဖြစ်၏။ ဝေဠုဝါတဖြင့် သစ်သားကာခြင်း အားလုံးကို ရေတွက်၏။
ကဏ္ဍကဝါဋသည် အလုံးစုံသော သစ်ခက်ကာခြင်းဖြစ်၏။)
အမိုးငါးမျိုး ခွင့်ပြုခြင်း
ဗိမ္ဗိသာရမင်းကြီးသည် သံဃာအလို့ငှါ အင်္ဂတေမြေ လိမ်းကျံသော ပြာသာဒ်ကို ဆောက်စေလို၏။ ထိုအခါ ရဟန်းတို့အား “ဘုရားရှင်သည် ဆဒန-အမိုးကို ခွင့်ပြုမည်လော ခွင့်မပြုမည်လော” ဟု အကြံဖြစ်၏။ ချစ်သားတို့ ... ကုဋ္ဌကာဆဒနံ- အုတ်အမိုး၊ သိလာဆဒနံ -ကျောက်အမိုး၊ သုဓာဆဒနံ-အင်္ဂတေအမိုး၊ တိဏဆဒနံ- မြက် (သက်ကယ်) အမိုး၊ ပဏ္ဏဆဒနံ-သစ်ရွက်အမိုး ဟု အမိုးငါးပါးကို ခွင့်ပြု၏။
အုတ်၊ ကျောက်၊ သစ်ရွက် (၃) င်္ဂတေ၊ မြက်၊ (၂) ငါးချက်အမိုးလာ။
သဟသေယျ သိက္ခာပုဒ်၌ အဝတ်အမိုး၊ ပျဉ်ပြားအမိုး၊ ဖျာစသည် အမိုးတို့ကိုလည်း သဟသေယျ လောက်သော အမိုးဟု ယူသည်။ ဓုတင်အရာ၌ကား၊ အဝတ်အမိုး အဖြစ်ဖြင့် မယူ။ အကြွင်းတို့ကို ယူသည်။)
ဇေတဝန်ကျောင်းတိုက်တည်ခြင်း
ထိုအခါ အနာသပိဏ်သူဋ္ဌေးသည် ကိစ္စတစ်ခုဖြင့် ရာဂြိုဟ်သို့ရောက်လာ၏။ ရာဇဂြိုဟ် သူဌေးထံမှ ဘုရား ပွင့်ကြောင်းသိရ၍ ပီတိဟုန်ဖြင့် နက်ဖြန်ဘုရားဖူးသွားမည်ဟု အာရုံ ပြု၍ အိပ်လတ်သော် ညဥ့်အတွင်း မိုးလင်းပြီထ၍ သုံးကြိမ် ထမိ၏။ ပစ္ဆိမယာမ်၌ ဘုရားဖူးထွက်သွားရာ မြို့ပြင်တွင် အသင်းရောင်ပျောက် အမိုက်မှောင် ရောက်သောကြောင့် ထိတ်လန့်၍ ပြန်မည်ပြု၏။ ထိုအခါ သုသာန်၌ရှိသော နတ်သည် သတံဟတ္တိ-စသော ဂါထာဖြင့် ဆင်တစ်သိန်း မြင်းတစ်သိန်း၊ ရထားတစ်သိန်း၊ သမီးကညာတစ်သိန်းသည် ဘုရားဖူး သွားသောသူ၏ ခြေတစ်လှမ်း ၁၆-စိတ်တွင် တစ်စိတ်ကို မမှီဟုဆို၍ နောက်မဆုတ်ပါနှင့်-ဟု တိုက်တွန်း၏။
ထိုအခါ အမိုက်မှောင်ပျောက် အလင်းရောင် ရောက်သောကြောင့် ထိတ်လန့်ခြင်းငြိမ်၍ နံနက်စောစော စင်္ကြန်ကြွသော ဘုရားရှင် အနီးသို့ ရောက်လေ၏။ ဘုရားရှင်သည် သုဒတ္တလာလော့-ဟု ငယ်နာမည် ထုတ်ဖော်၍ ခေါ်တော်မူ၏။ သူဌေးကြီးသည် အလွန်ဝမ်းမြောက်စွာ ချဉ်းကပ်၍ မြတ်စွာဘုရား … ချမ်းသာစွာ ကျိန်းစက်ရပါသလော-ဟု လျှောက်၏။ အခါခပ်သိမ်း ကိလေသာအပူငြိမ်း၍ ချမ်းသာစွာ နေရကြောင်း ပြောပြီးလျှင် တရားဟာ၏။
တရားအဆုံး၌ သောတပန်တည်၍ ဆွမ်းစား ပင့်၏။ ဆွမ်းစား ပင့်သည်ကို ကြား၍ ရာဇဂြိုဟ်သူဋ္ဌေးသည် လည်းကောင်း။ ရာဇဂြိုဟ်နိဂုံး သူဌေပေါင်းစုံသည်လည်းကောင်း၊ ရာဇဂြိုဟ်ဘုရင် ဗိမ္ဗိသာရမင်းသည် လည်းကောင်း၊ သင်ဧည့်သည်ဖြစ်သည်။ သင်အား ဝေယျာယိက- ကံကျွေးကို၊ ဝါ-ဒေယျဓမ္မကို-ပေးမည်ဟု ဆိုကြ၏။
ဆွမ်းကျွေးပြီးသောအခါ မြတ်စွာဘုရား ... ရဟန်းသံဃာနှင့်တကွ သာဝတ္ထိ၌ ဝါကပ်တော်မူပါ-ဟု ပင့်လျှောက်၏။ ကိစ္စပြီး၍ သာဝတ္ထိသို့ ပြန်သောအခါ ခရီးအကြား၌ မိတ်သင်္ဂဟတို့ကို အမောင်တို့၊ ကျောင်းတို့ကို ဆောက်ကြလော၊ အလှူဒါနတို့ကို ပြုကြလော၊ လောက၌ ဘုရားပွင့်ပြီ၊ ငါပင့်လာခဲ့ပြီ။ ဤခရီးစဉ်ဖြင့် ကြွလာလတ္တံ့ -ဟု တိုက်တွန်း၏။
သာဝတ္ထိသို့ ရောက်သောအခါ သင့်တော်သော နေရာရှာဖွေလတ်သော် ဇေတမင်းသား၏ ဥယျာဉ်ကို သင့်တော်သည်ဟု မင်းသားထံ သွား၍ မင်းသားဆိုသော အဖိုးအတိုင်း အသပြာငွေ (အစွန်းချင်းထိအောင်) ခင်း၍ ဝယ်ယူ၏။ ဇေတမင်းသားသည် တံခါးမုခ် နေရာတစ်ခုကို ချန်လှပ်၍စေ၍ ထိုနေရာ၌ တံခါးမုခ် ဆောက်လုပ်၍ လှူ၏။ အနာထပိဏ်သူဌေးသည် ဇေတဝန်ဥယျာဉ်၌ ဝိဟာရ-ကျောင်းကြီး၊ ပရိဝေဏ- နေရာကျောင်းငယ်၊ ကောဋ္ဌက-တံခါးမုခ်၊ ဥပဋ္ဌာနသာလာ- စည်းဝေးရာ ဇရပ်၊ အဂ္ဂိသာလာ- မီးတင်းကုပ်၊ ကပ္ပိယကုဋိ၊ ဝစ္စကုဋိ၊ စင်္ကြန်၊ စင်္ကြန် အမိုး၊ ရေတွင်း၊ ရေတွင်း အမိုး၊ စရုံးအိမ်၊ စရုံးအိမ်အမိုး၊ လေးထောင့်ကန်၊ မဏ္ဍပ်တို့ကို ဆောက်လုပ်စေ၏။
(ထာ ... ဝေယျာယိကသည် ဝေယျာကရဏ- ကံကျွေး ဖြစ်၏။ (ဝယသာလျှင် ဖြစ်၏။) ခရီးအကြား၌ ဥစ္စာရှိသူတို့သည် မိမိဥစ္စာဖြင့် ကျောင်းဆောက်ကုန်၏။ ဥစ္စာနည်းသူတို့အား ဥစ္စာကို ပေး၏၊ ငွေတစ်သိန်းနှင့် ဘဏ္ဍာတစ်သိန်းဖိုး ပေး၍ ၅၄-ယူဇနာခရီးအကြား၌ ယူဇနာတိုင်း ကျောင်းတို့တည်အောင်ပြု၍ သာဝတ္ထိသို့ ရောက်သွား၏။
အသပြာငွေ အစွန်းချင်း ထိအောင်ခင်းရာ၌ သစ်ပင်၊ ရေကန်တို့ အတွက်ကား အဝန်း ပမာဏယူ၍ တစ်နေရာ၌ ခင်းပေး၏။ ၁၈ ကုဋေ ငွေဥစ္စာ ကုန်သည်။ ဤမျှ ကုန်သော်လည်း သူဌေးကြီး မျက်နှာ ကြည်လင်သော အခြင်းအရာကို မြင်၍ ဇေတမင်းသားသည် ဘုံခုနစ်ဆင့်ရှိသော တံခါးမုခ်ပြာသာဒ်ကို ဆောက်လုပ် လှူဒါန်း၏。
အနာထပိဏ် သူဌေးကြီးသည် ဥယျာဉ်ခြံမြ၌ နောက်ထပ် ၁၈ ကုဋေတို့ဖြင့် ဝိဟာရ၊ ပရိဝေဏ စသည်တို့ကို အဋ္ဌတရိသ- ရှစ်မင်းပယ်မျှ ကျယ်သောမြေ၌ ဆောက်လုပ်စေ၏။ (အဘိဓာန်၌-လေးအမ္ဗဏမျိုးကြဲရာ အရပ်သည် ကရိသ-ပယ်တစ်ခုဖြစ်၏။ တစ်ဆယ့်တစ်စိတ်သည်- တစ်အမ္မဏဖြစ်၏-ဟု ဆိုသည်။ တစ်ဆယ့်တစ်တင်းကြဲရာ တစ်ပယ်။ ရှစ်ဆယ့်ရှစ်တင်းကြဲရာသည် ရှစ်မင်းပယ်ဖြစ်၏။)
ဝိပဿီဘုရားအား ပုနဗ္ဗသုမိတ္တသူကြွယ်သည် တစ်ယူဇနာ ပမာဏ မြေကို သုဝဏ္ဏိဋက- အုတ်ခင်းခြင်းဖြင့် ဝယ်၍ ကျောင်းဆောက်စေ၏。
သိခီဘုရား သိရိဝဍ္ဎ သူကြွယ်သည် သုံးဂါဝုတ်မြေကို သုဝဏ္ဏယဋ္ဌိ-ရွှေလှံတံ ခင်းခြင်းဖြင့်။
ဝေဿဘူဘုရားအား သေတ္တိဇသူကြွယ်သည် ယူဇနာဝက်မြေကို သုဝဏ္ဏဖာလ- ရွှေထွန်သွား ခင်းခြင်းဖြင့်။
ကကုသန္ဒဘုရားအား အစ္စုတ သူကြွယ်သည် တစ်ဂါဝုတ်မြေကို သုဝဏ္ဏဟတ္တိပဒ- ရွှေဆင်ခြေ ခင်းခြင်းဖြင့်။
ကောဏာဂမန ဘုရားအား ဥဂ္ဂ သူကြွယ်သည် ဂါဂုတ်ထက်ဝက်မြေကို သုဝဏ္ဏဋ္ဌက- ရွှေအုပ်ခင်းခြင်းဖြင့်။
ကဿပဘုရားအား သုမင်္ဂလသူကြွယ်သည် နှစ်ဆယ်ဥသဘမြေကို သုဝဏ္ဏကစ္ဆပ- ရွှေလိပ်ရုပ် ခင်းခြင်းဖြင့်။
ငါတို့ဘုရားအား သုဒတ္တသူကြွယ်သည် ရှစ်မင်းပယ် ပမာဏမြေကို ကဟာပဏ-အသပြာ ခင်းခြင်းဖြင့် ဝယ်၍ ကျောင်းဆောက်စေ၏。
ဤသို့ အစဉ်အတိုင်း စည်းစိမ်တို့သည် ဆုတ်ယုတ်ကုန်၏-ဟု ဆင်ခြင်၍ လောက စည်းစိမ်အားလုံးတို့၌ မက်သောပယ်ဖျောက်ခြင်းငှါ သင့်လျော်၏။ လွတ်မြောက်ခြင်းငှါ သင့်လျော်၏။)
(သာဋီ ... အနာထပိဏ်သူဌေးသည် ရာဇဂြိုဟ်သို့ ရောက်သောနေ့၌ ဘုရားပွင့်ကြောင်းကြားရ၍ ပီတိငါးမျိုး ကိုယ်လုံး အနှံ့ တရွရွပြန့်လျက် ညဥ့်စာစားခြင်းပင် မပြု၊ ပြာသာဒ်ထက်၌ ဗုဒ္ဓေါ-ဗုဒ္ဓေါ-ဟု သရဇ္ဈာယ်လျက် အိပ်ပျော်၏။ ပထမယံ အလွန်တွင် ထ၍ ဘုရားဂုဏ်ကို နှလုံးသွင်းစဉ် အားကြီးသော စိတ်ကြည်လင်ခြင်း ဖြစ်၏။ ပီတိအရောင် ဖြစ်၏။ အမိုက်မှောင် ပျောက်၏။ မီးရောင်၊ လ ထွက်စ၊ နေထွက်စ အရောင်ကဲ့သို့ ဖြစ်၍ “ငါသည်မေ့၍ အလှည့်စားခံရပြီ၊ နေပင်ထွက်ပြီ”ဟု ထပြီးလျှင် ကောင်းကင်သို့ ကြည့်ရှု၍ ပထမယံမှ လွန်သေးသည်ဟု ပြန်အိပ်၏။ မဇ္ဈိယံအဆုံး၊ ပစ္ဆိမယံအဆုံးတို့၌လည်း ဤအတူဖြစ်၍သုံးကြိမ် ထမိ၏。
ရာဇဂြိုဟ်မြို့၌ မြို့တွင်း ကိုးကုဋေ၊ မြို့ပြင် ကိုးကုဋေ လူဦးရ ၁၈ ကုဋေ ရှိ၏။ အချိန်မဲ့ သေသူတို့ကို ပြင်ပသို့ မထုတ်နိုင်၍ မြို့တံခါးအနီး တွင် ပစ်ထားကုန်၏။ သူဌေးကြီးသည် ထိုသူတို့ကို နင်းမိ၍ ဗုဒ္ဓုပ္ပသာဒ စိတ်အားလျော့၍ အမိုက်မှောင် ဖြစ်၍ ပြန်မည် ပြု၏။ သတံဟတ္တိ စသည်ဖြင့် နှုတ်ဆိုသော အသံကို ကြား၍ ရဲရင့်၍ အားရှိ၍ ဗုဒ္ဓုပ္ပသာဒ ဖြစ်၏။ ထိုကြောင့် အမိုက်မှောင်ပျောက်၍ အလင်းရောင် ရောက်၏。
ရှေးဘုရားတို့ထံ ကြာမြင့်စွာ ဆည်းပူးပြီးသော အစွမ်းဖြင့် ဘုရားကို အာရုံပြုသော ပီတိရောင်သည် ဝိပဿနာ အရောင်နှင့် တူစွာ လွန်ကဲစွာ ဖြစ်၏။ စိတ္တပစ္စယဥတုသမုဋ္ဌာန အရောင် ဖြစ်၏။ သုဒတ္တလာလော့-ဟု ခေါ်ရာ၌ ငါ၏ ဂုဏ်အစွမ်းဖြင့်ဖြစ်သော အနာထပိဏ် အမည်ကို လူများစွာ သိသည်၊ မိဘမှည့်သော ငယ်မည်ကို ငါမှတစ်ပါး သိသူမရှိ၊ ဘုရားဖြစ်လျှင် ထိုအမည်ဖြင့် ငါ့ကိုခေါ်လတ္တံ့-ဟု ဘုရားထံ သွားစဉ် ကြံစည်မိ၏။ ထိုအကြံကို ဘုရားရှင်သိ၍ ဤသို့ ခေါ်တော်မူသည်။)
နဝကမ္မ ပေးသောကံ
ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်၌ မွေ့လျော်သလောက်နေ၍ ဝေသာလီသို့ကြွ၍ မဟာဝုန်တော စုလစ်မွန်းချွန်တပ်သော ကျောင်း၌ နေ၏။ ထိုအခါ လူတို့သည် ရိုသေစွာ နဝကမ္မ အမှုသစ်ကို ပြုကုန်၏။ နဝကမ္မစီရင်သော ရဟန်းတို့ကိုလည်း ပစ္စည်းလေးပါးဖြင့် လုပ်ကျွေးကုန်၏။
ထိုအခါ ဆင်းရဲသော အပ်ချုပ်သမား တစ်ယောက်သည် အားကျ၍ ကိုယ်ကိုင်ရွံ့ညွန်ကို နယ်၌ အုတ်စီ၍ နံရံကို ပြု၏။ မကျွမ်းကျင်သောကြောင့် နံရံသည်ဆောက်၍ ပြိုကျ၏။ သုံးကြိမ်တိုင်အောင် ပြိုကျသောအခါ ဤရဟန်းတို့သည် ပစ္စည်းလေးပါး လှူသူတို့ကို ဩဝါဒ အနုသာသနာပြု၍ နဝကမ္မကို စီရင်ကြသည်။ ငါအား ဆင်းရဲသောကြောင့် မစီရင်ကြဟု ကဲ့ရဲ့၏။
ထိုအခါ ဘုရားရှင်သည် ရဟန်းတို့ကို တရားဟော၍ ချစ်သားတို့ … နဝကမ္မကို ပေးခြင်းငှါ ခွင့်ပြု၏။ ချစ်သားတို့ … နဝကမ္မိက- အမှုသစ် စီမံသော ရဟန်းသည် အဘယ်သို့လျှင် ကျောင်းသည် လျင်စွာ ပြီးရာအံ့နည်း-ဟူ ကြောင့်ကြစိုက်ပေလတ္တံ့။ ခဏ္ဍပုလ္လ- ကျိုးပျက် ပွင့်ထွက်သည်ကို ပြုပြင်ပေးလတ္တံ့။
ပေးပုံကား−
ရှေးဦးစွာ ရဟန်းကို ဘောင်းပန်အပ်၏။ တောင်းပန်၍ ဗျတ္တပဋိဗလ ရဟန်းသည် သံဃာကို ဉတ္တိဒုတိယကံ ဖြင့် သိအပ်၏။ ဝါ-သံဃာသည် ဤဒါယကာ၏ ကျောင်းကို ဤမည်သောရဟန်းအား နဝကမ္မကို ပေးရာ၏။ ပေး၏။ ပေးပြီ-ဟု သိစေအပ်၏၊
(ထာ … ခဏ္ဍ-ကျိုးပျက်ဟူသည် သိန္နောကာသ- ပျက်သောနေရာ ဖြစ်၏။
ဖုလ္လ-ပွင့်ထွက်ဟူသည် ဖလိဂတာကာသ ပေါက်သောနေရာ ဖြစ်၏။
ပြုပြင် ဟူသည် ပကတိအတိုင်း ပြုလတ္တံ့။
ရအပ်သော နဝကမ္မရှိသော နဝကမ္မိက ရဟန်းသည် ပဲခွပ်၊ ပုဆိန်၊ ဆောက် စသည်ကို ယူ၍ကိုယ်တိုင် မပြုအပ်၊ ပြုသင့် မပြုသင့်ကို သိစေအပ်၏။)
(ဝိဋီ ... နဝကမ္မ ပေးခြင်းသည် နဝကမ္မကို စီရင်ခြင်းငှါ ကျောင်း၌ အစိုးရခြင်း၊ ဂုဏ်ကိုပေးခြင်း ဖြစ်၏။ ကျောင်းကို ပေးအပ်၏။ ကျောင်း၌ နဝကမ္မကို ပေးသည်ဟူလို။)
သီတင်းကြီးကို မတားအပ်
ထိုအခါ မြတ်စွာဘုရားသည် ဝေသာလီ၌ မွေ့လျော်သလောက်နေ၍ သာဝတ္ထိသို့ ကြွတော်မူ၏။ ထိုသို့ ကြွစဉ်အခါ ဆဗ္ဗဂ္ဂီတို့၏ တပည့်ရဟန်းတို့သည် ဘုရားအမှူးရှိသော သံဃာ၏ ရှေ့သ်ု့ ရှေ့သို့ တက်သွား၍ ကျောင်းတို့ကို၊ အိပ်ရာ နေရာတို့ကို ငါတို့ဥပဇ္ဈာယ်အတွက်၊ ငါတို့ဆရာအတွက် ငါတို့အတွက်ဟု ယူနှင့်ကုန်၏။ ရှင်သာရိပုတ္တရာသည် နောက်မှရောက်သဖြင့် နေရာမရ၍ သစ်ပင်အောက်၌ နေ၏။ မြတ်စွာဘုရားသည် ထိုအကြောင်းကို သိ၍ ကဲ့ရဲ့၍ တရားဟောပြီးလျှင် ချစ်သားတို့ .... အဂ္ဂါသန- နေရာဦးကို၊ အဂ္ဂေါဒက - ရေဦးကို၊ အဂ္ဂပိဏ္ဍ- ဆွမ်းဦးကို အဘယ်သူသည် ထိုက်သနည်း-ဟု မိန့်တော်မူ၏။
အချို့သော ရဟန်းတို့သည် မြတ်စွာဘုရား … မင်းမျိုးမှ ရဟန်းပြုသူသည် ထိုက်ပါသည်ဟု လျှောက်ကုန်၏။ အချို့ကား - ပုဏ္ဏားမျိုး ရဟန်း၊ သူကြွယ်မျိုး ရဟန်း သုတ္တန်ဆောင်၊ ဝိနည်းဆောင်း ဓမ္မကထိက၊ ဈာနလာဘီ၊ အရိယ၊ တေဝိဇ္ဇ၊ ဆဠဘိရဟန္တာသည် ထိုက်ပါသည်-ဟု အသီးသီး လျှောက်ကုန်၏။
ချစ်သားတို့ ... ရှေးအခါ ဟိမဝန္တာအရပ် ပညောင်ပင်ကြီး၌ ခါ၊ မျောက်၊ ဆင်-သုံးဦးတို့သည် အမှီပြု၍ အချင်းချင်း မရိုမသေ အလေးမပြုကာ နေကြရာမှ ကြီးသူကို အရိုအသေပြုလိုကြ၍ အချင်းချင်း အသက်ကို မေးမြန်းကုန်၏။
ဆင်သည် ငါငယ်စဉ်က ဤညောင်ပင်ကို ခွ၍သွားသောအခါ အညွှန့် ဝမ်းဗိုက်ထိသည်- ဟုဆို၏။ မျောက်သည် ငါငယ်စဉ်က မြေ၌ထိုင်လျက် ဤညောင်ညွန့်ကို စားသည်- ဟုဆို၏။ ခါသည်-ငါကား အရပ်တစ်ပါးမှ ညောင်သီးစား၍ ဤ နေရာ၌ မစင်စွန့်သည်။ ထိုမှပေါက်သော ညောင်ပင်ဖြစ်သည်ဟုဆို၏။
ဆင်နှင့် မျောက်သည် ခါကို အရိုအသေပြု၍ ဩပါဒ ခံယူကုန်၏။ သုံးဦးလုံး ငါးပါးသီသ ဆောက်တည်၍ အချင်းချင်း အလေးပြုကာ နေ၍ သေသည်အခြားမဲ့၌ နတ်ပြည်သို့ ရောက်ကုန်၏။ ကြီးသူကို ရိုသေလျှင် မျက်မှောက်ချီးမွမ်းဖွယ်ဖြစ်၍ တမလွန်၌ သုဂတိ လား၏။
ချစ်သားတို့ … ထိုတိရစ္ဆာန်တို့သော်မှလည်း အချင်းချင်း အလေးပြုကြသေးသည်၊ သင်တို့သည် တင့်တယ်အောင် ပြုပြင်ကြလော့။ ကောင်းစွာ ဟောကြားသော ဓမ္မဝိနယ၌ သင်တို့အချင်းချင်း အလေး မပြုကြခြင်းသည် ကြည်ညိုဖွယ်မရှိဟု ကဲ့ရဲ့ပြီးလျှင် ချစ်သားတို့ ... သီတင်းကြီးစဉ် အတိုင်း ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်း၊ နေရာဦး၊ ရေဦး၊ ဆွမ်းဦးကို ခွင့်ပြု၏၊
ချစ်သားတို့ ... သံဃိက ပစ္စည်းကို သီတင်းကြီးစဉ် မတားအပ်- ဒုက္ကဋ်။ ချစ်သားတို့ ... ရှိမခိုးအပ်သူ ဆယ်ယောက် စသည်ဖြင့် မိန့်တော်မူ၏။
(ထာ ... ရှင်သာရိတ္တရာသည် ဂိလာနတို့ကို စောင့်ရှောက်လျက် အသက်ကြီးသူ လူအိုတို့ကို ချီးမြှောက်လျက် နောက်ဆုံးမှ လာ၏။ ဤကား ရှင်သာရိပုတ္တရာ၏ အကျင့်တည်း။ ထို့ကြောင့် နောက်မှ ရောက်သဖြင့် နေရာမရ။
အဂ္ဂါသနသည် ထေရာသန--မထေရ်ကြီးနေရာ ဖြစ်၏。
အဂ္ဂေါဒကသည် ဒက္ခိဏောဒက-မြတ်သောရေဖြစ်၏。
အဂ္ဂပိဏ္ဍသည် သံဃတ္တေရပိဏ္ဍ-သံဃာမထေရ်၏ ဆွမ်း ဖြစ်၏。
ဆင်ခွသွားသောအခါ ညောင်ပင်သည် အခြားလေးခု၏ အကြား၌ ဖြစ်၏။
(ဇီဋီ ... ဘုရားရှင် ဝါတော်နှစ်ဆယ်ကျော်မှ ဆဗ္ဗဂ္ဂီတို့ဖြစ်ကြသည်။ တစ်ပါးသောအခါ သာဝတ္ထိသို့သွားရာ၌ ဖြစ်သော ဝတ္ထုကို ဤ၌ အာပတိ ပြခြင်းငှါ ဆောင်၍ ဆိုသည်။
သာဋီ ... ဒက္ခိဏောဒကသည် အမြတ်အားဖြင့် ဆောင်ယူအပ်သော ရေမြတ်ဖြစ်၏。
ရဟန်းတို့သည်။ မိမိအကြိုက် အဂ္ဂါသနသည် ထိုက်ပုံကို လျှောက်သောအခါ ချစ်သားတို့ .... ငါ၏ သာသနာ၌ အဂ္ဂါသန စသည်တို့ကို ရောက်သောအခါ မင်းမျိုးရဟန်း၊ ...လ...၊ ရဟန်းတို့သည် ပမာဏ မဟုတ်။ ဤ သာသနာ၌ သီတင်းကြီးစဉ် အတိုင်း ရှိခိုးခြင်းကို၊ …လ…၊ ဆွမ်းဦးကို ရထိုက်၏။ ဤကား ပမာဏတည်း။
ထို့ကြောင့် သီတင်းကြီးသူသာ ထိုက်သည်။ ယခုအခါ သာရိပုတ္တရာသည် ငါ၏ အဂ္ဂသာဝကဖြစ်၏။ ဒုတိယ ဓမ္မစကြာဝတေး ဖြစ်၏။ ငါ၏ အခြားမဲ့နေရာကို ရထိုက်လျက် နေရာမရ၍ ယခုညဥ့်တွင် သစ်ပင်အောက်၌ အချိန်ကုန်စေရသည်။ သင်တို့သည် ယခုပင် ဤသို့ ဂါရဝကင်းလျှင် နောင်အခါ အဘယ်သို့ပြု၍ နေကြကုန် လတ္တံ့နည်း-ဟု မိန့်တော်မူ၍ တိတ္ထိရဇာတ်ကို ဝါ-ခါဇာတ်ကိုဆောင်ပြတော်မူသည်။
ဝုဒ္ဓ-ကြီးသူဟူသည် ဇာတိဝုဒ္ဓ-ဇာတ်ကြီးသူ၊ ဝယဝုဒ္ဓ-အသက်အရွယ်ကြီးသူ၊ ဂုဏဝုဒ္ဓ- ဂုဏ်ကြီးသူဟု သုံးမျိုး ရှိ၏။ ထိုတွင် ဂုဏ်နှင့်ပြည့်စုံသော အရွယ်ကြီးသူသည် ဤနေရာ၌ ကြီးသူမ၏-ဟု အလိုရှိအပ်၏။ မင်းပုဏ္ဏား စသော လူဖြစ်စေ၊ တိရစ္ဆာန် ဖြစ်စေ၊ ဘယ်သူမဆို ကြီးသူကို ရိုသေသမှု ပြုခြင်း၌ လိမ္မာအံ့။ ဂုဏ်နှင့် ပြည့်စုံသော အရွယ်ကြီး-ဝယောဝုဒ္ဓတို့အား အရိုအသေပြုအံ့။ ထိုသူသည် ဤအတ္တဘော၌ ကြီးသူကို ရိုသေတတ်ပေသည်-ဟု ချီးမွမ်းခြင်းကို ရ၏။ တမလွန်၌ နတ်ပြည်၌ ဖြစ်၏။ ဤကား ပိဏ္ဍတ္တတည်း။)
အဝန္ဒိယတစ်ကျိပ်
ချစ်သားတို့ ... ဆယ်ယောက်သော သူကို ရှိမခိုးအပ်၊
၁။ ရှေးဦးရဟန်းဖြစ်သူသည် နောင်ဖြစ်ရဟန်းကို ရှိမခိုးအပ်။ (ဆရာဖြစ်လျှင်လက်အုပ်ချီအပ်၏၊ ရှိမခိုးအပ်-ဟု ပရိဝါဝိဋီ၌ဆိုလတ္တံ့။)
၂။ အနုပသမ္ပန္နကို ရှိမခိုးအပ်၊
၃။ နာနာသံဝါသက အဓမ္မဝါဒီ သီတင်းကြီးကို ရှိမခိုးအပ်။
၄။ မာတုဂါမကို၊
၅။ ပဏ္ဍုပ်ကို၊
၆။ ပရိဝါသ်ကျင့်ဆဲ ရဟန်းကို
၇။ မူလာယ ပဋိကဿနာရဟကို၊
၈။ မာနတ္တာရဟကို၊
၉။ မာနတ်ကျင့်ဆဲ ရဟန်းကို၊
၁၀။ အဗ္ဘာနာရဟကို ရှိမခိုးအပ်။
ချစ်သားတို့ ... သုံးယောက်သောသူကို ရှိခိုးအပ်၏။
၁။ နောက်မှ ရဟန်းဖြစ်သူသည် ရှေးဖြစ်ရဟန်းကို ရှိခိုးအပ်၏။
၂။ နာနာသံဝါသက ဓမ္မဝါဒီ သီတင်းကြီးကို ရှိခိုးအပ်၏း
၃။ လောကအားလုံး၌ သစ္စာလေးပါးသိပြီးသော ဘုရားရှင်ကို ရှိခိုးအပ်၏။
ပရိဝါပါဠိတော်-ဥပါလိပဉ္စက-ကထိနတ္ထာရဝဂ်၌ ရှင်ဥပါလိမေး၍ ဘုရားရှင်ဖြေရာ၌ ပဉ္စတငါးခုဖြင့် အဝန္ဒိယ ပုဂ္ဂိုလ်၂၅ ယောက်ဟောသည်။ မဖွယ် ၁၃။ ဒုက္ကဋ် ၁၂။
အန္တရဃရ-ရွာသို့ဝင်သူကို၊
ရစ္ဆ-လမ်း၌ သွားသူကို ရှိမခိုးအပ်။
ဩတမသိတော- အမှောင်၌ နေသူကို ရှိမခိုးအပ်။ နဖူးထိခိုက်ဖွယ်ရှိသည်။
အသမန္နာဟရန္တ-ရှိခိုးသည်ကို နှလုံးမသွင်းနိုင်အောင် ကိစ္စများသူကို၊
သုတ္တ-အိပ်ပျော်သူကို (၅)
ယာဂုပါန-ယာဂုသောက်ရာဌာန၌၊
ဘတ္တဂ္ဂ-ယူရာ စားရာဆွမ်းနေရာ၌၊
ဧကာဝတ္တ- ဧက+ အာဝတ္တ- တစ်ဖက်သတ်+ ဒေါသဖက်သို့ လည်သူကို ဝါ-ရန်သူဖက်၌+ တည်သူကို ရှိမခိုးအပ်။ ခြေဖြင့်သော်လည်း ကန်ဖွယ်ရှိသည်။ (ဧကာဝတ္ထ- ကိုယ်ရုံကင်းလျက်၊ အဝတ် တစ်ထည်ရှိသူ-ဟု အချို့မှားယွင်းတတ်၏။)
အညဝိဟိတ-တစ်ခြားကြံသူကို၊
ခါဒန္တ-ခဲဖွယ်ခဲစဉ်ကို (၅)
ဘုဉ္ဇန္တ-ဘောဇဉ် စားစဉ်ကို၊
ဥစ္စာရ- ကျင်ကြီးစွန့်ဆဲကို၊
ပဿာဝ-ကျင်ငယ်စွန့်ဆဲကို ရှိမခိုးအပ် (၃)
မလျော်သော အခါများဖြစ်သည်။ ဤ ၁၃-ယောက်တို့ကို ရှိခိုးသူအား အာပတိမသင့်။ ဤကား အနာပတ္တိအဝန္ဒိယ ၁၃ တည်း။
မှောင်မိုက်ထဲဟု (၁)၊ ယာဂုနေရာ (၁)၊ ဆွမ်းနေရာတွင် (၁)၊ ရွာဝင်၊ လှမ်းသွား (၂)
တစ်ခြားကြံတုန်း (၁)၊ အိပ်တုန်း၊ စား၊ ခဲ (၃)၊ ပြုဆဲသီးသီး (၁) ကျင်ကြီးကိုစွန့် (၁)။
ကျင်ငယ်စွန့်မူ (၁)၊ ရန်သူမုန်းလွယ်၊ ဆယ့်သုံးသွယ်၊ ရှိခိုးမဖွယ် ဟောသတည်း။
နဂ္ဂ-အဝတ်အရုံ လုံးလုံးကင်းသူကို၊
ဥက္ခိတ္တက ကမ္မနာနာသံဝါသက-ဟူသောဥက္ခေတ္တကကံ ပြုခံရသူကို၊
ပစ္ဆာဥပသမ္ပန္န-နောက်မှရဟန်းဖြစ်သူ သီတင်းငယ် နဝကကို၊
အနုပသမ္ပန္န၊ လူ သာမဏေကို၊
နာနာသံဝါသက- လဇ္ဇီနာနာသံဝါသက အဓမ္မဝါဒီ သီတင်းကြီးကို၊ ဝါ-ဥက္ခိတ္တက နောက်လိုက်ကို (၅)
မာတုဂါမကို၊
ပဏ္ဍကကို၊
ပရိဝါသ်ကျင့်ဆဲကို၊
မူလာယပဋိကဿနာ ထိုက်သူကို
မာနတ်ထိုက်သူကို၊ (၅)
မာနတ်ကျင့်ဆဲကို၊
အဗ္ဘာန် ထိုက်သူကို (၂) ရှိမခိုးအပ်။ ရှိခိုးလျှင် အမြဲဒုက္ကဋ် သင့်သည်။
မူလာယထိုက် (၁)၊ မာနတ်ထိုက်နှင့် (၁)၊ အဗ္ဘာန်ထိုက်၊ ဝတ်ကျင့် (၂)၊ မာနတ်ကျင့်。
ရှိ (၁)၊ ဂျီနာနာ (၁)၊ တံနာနလျှင် (၁)၊ နဂ္ဂါ၊ နဝက (၂)၊ နုပသမ္မန် (၁)၊ ထိ၊
ပဏ်ညစ်ပြီတပ် (၂)-ဆယ့်နှစ်ရပ်-ရှိခိုး ဒုက္ကဋ် ဟောသတည်း။
နောက်ဖြစ်ရဟန်းသည် ရှေးဖြစ်သီတင်းကြီးရဟန်းကို ရှိခိုးအပ်၏။
လဒ္ဓိနာနာသံဝါသက ဓမ္မဝါဒီ သီတင်းဝါကြီးကို ရှိခိုးအပ်၏။
အာစရိယ ဆရာငါးပါးကို၊
ဥပဇ္ဈာယ-ဥပဇ္ဈာယ်ကို၊
သမ္မာသမ္ဗုဒ္ဓဘုရားရှင်ကို ရှိခိုးအပ်၏။ ဤကား ရှိခိုးအပ်သူ ငါးဦးတည်း။
ထိုတွင် အာစရိယသည် ပဗ္ဗဇ္ဇာစရိယ-သရဏဂုံပေး၍ ရှင်ပြုပေးသူ၊
ဥပသမ္ပဒါစရိယ - စာမ္မဝါစာ ဖတ်၍ ရဟန်းပြုပေးသူ၊
နိဿယာစရိယ - နိဿရည်းပေးသူ၊
ဥဒ္ဒေသာ စရိယ -စာသင်ပေးသူ၊
ဩဝါဒါစရိယ- ဆုံးမသူ-ဟု ငါးမျိုးရှိ၏။
ဘုရားမြတ်စွာ (၁)၊ ဥပဇ္ဈာနှင့်(၁)၊ ဆရာငါးခင်း (၁)၊ သီတင်းကြီးဘိ (၁)။
လဒ္ဓိမညီ ဝါဒီဓမ္မ ဝုဍ္ဎဘ (၁)-ရှိခိုးပဉ္စ ဟောသတည်း။
ချစ်သားတို့ .... ဥပါလိသီတင်းကြီးအား ရှိခိုးသောသူသည် -
ပခုံး တစ်ဖက်၌ ကိုယ်ရုံစမ္ပယ်တင်၍ လည်းကောင်း၊
လက်အုပ်ကို ချီ၍လည်းကောင်း၊
လက်နှစ်ဖက်ဖြင့်ခြေတို့ကို ဆုပ်နယ်၍ လည်းကောင်း၊
ကြည်ညို မြတ်နိုး၍လည်းကောင်း၊
ရိုသေကျိုးနွံ၍ လည်းကောင်း-
ဤငါးပါးသော တရားတို့ကို အဇ္ဈာသယ၌ တည်စေလျက် ခြေတို့ကို ရှိခိုးအပ်၏၊
ကိုယ်ရုံစမ္ပယ် (၁)၊ ချီရွယ်လက်ဆုပ် (၁)၊ နယ်ဆုပ်ခြေရုံ (၁)၊
ကြည်ယုံ-မြတ်နိုး (၁)၊ နှုတ်ရိုကျိုး (၁)-ရှိခိုးငါးတည် ဟောသတည်း။
(တစ်နည်းကား-လက်၊ ဒူး လေးလီ (၄) နဖူးညီ (၁)၊ ငါးတည် မြေ၌ ရှိခိုးတည်း၊)
ဥဒ္ဒိဿကတပစ္စည်း
ထိုအခါ လူတို့သည် သံဃာကို ရည်စူး၍ မဏ္ဍပ်တို့ကို၊ သန္ထာရ- အခင်းတို့ကို (သန္ဓာဂါရ-စည်းဝေးရာ မဏ္ဍာပ် တို့ကို။) ဩကာသ- ရောက်ရာအရပ်တို့ကို စီရင်ကုန်၏။ ဆဗ္ဗဂ္ဂီတို့သည် သံဃာပိုင်ပြီး- သံဃိက ပစ္စည်းကိုသာ သီတင်းကြီးစဉ်ဖြင့် ခွင့်ပြုသည်။ ဥဒ္ဒိဿကတ ပစ္စည်းကို မဟုတ်ဟု ရှေ့သို့ ရှေ့သို့ တက်သွား၍ နေရာ ယူနှင့်ကုန်၏။ ရှင်သာရိပုတ္တရာ နောက်မှ ရောက်၍ သစ်ပင်အောက်၌ နေရပြန်၏။ ချစ်သားတို့ ... ဥဒ္ဒိဿကတ ပစ္စည်းကိုလည်း သီတင်းကြီးစဉ် မထားအပ်- ဒုက္ကဋ်။
(ဇီဋီ ... သန္ထာရသည် တိဏသန္ထာရ- မြက်အခင်း စသည် ဖြစ်၏။။
သာဋီ ... ဥဒ္ဒိဿကတသည် လူတို့သည် သံဃာကိုရည်စူး၍ ပြုအပ်သော ပစ္စည်းဖြစ်၏。
ဝိဋီ ... သန္ဓာဂါရသည် သန္နိပါတ မဏ္ဍပ်ဖြစ်၏。
ဩကာသသည် နိဝါသောကာသ ဖြစ်၏。
ဥဒ္ဒိဿကတသည် သံဃာကို ရည်စူး၍ ပြုအပ်သော ပစ္စည်းဖြစ်၏။)
(ဥဒ္ဒိဿကတသည် သံဃာ့လက်သို့ မရောက်သေး။ သံဃိကအစစ် မဖြစ်သေး။)
ဂိဟိဝိကတပစ္စည်း
ထိုအခါ လူတို့သည် ဘတ္တဂ္ဂ- ဆွမ်းယူရာ စားရာနေရာ၌၊ အန္တရဃရ- ရွာတွင်း၌ ဥစ္စာသယန၊ မဟာသယနတို့ကို ခင်းကုန်၏။ ၎င်းတို့ကား -
အာသန္ဒိ- အရှေ့ရှည်သော ညောင်စောင်းအင်းပျဉ်၊ (တစ်ဖက်ရှည်)
ပလ္လင်္ကော- အခြေ၌ သားရဲရုပ်ရှိသောပလ္လင်၊
ဂေါနကော- မွေးရှည် (ချည်) ကော်ဇောကြီး၊
စိတ္တကော- ဆန်းကြယ်သော သားမွေးရက်အခင်း၊
ပဋိကာ-ဖြူသော သားမွေးရက် အခင်း (၅)။
ပဋလိကာ-တစ်ခဲနက်ပန်းပွင့်ဖြင့် နီသော သားမွေးရက် အခင်း၊
တူလိကာ- လဲသွတ်သော ဘုံလျှိုမွေ့ရာ အခင်း၊
ဝိကတိကာ- ခြင်္သေ့ရုပ် စသည်ဖြင့် ဆန်းကြယ်သော သားမွေးရက် အခင်း၊
ဥဒ္ဒလောမီ- တစ်ဖက်စွန်း အမွေးအဆာထွက်သော သားမွေးရက် အခင်း၊
ဧကန္တလောမီ- နှစ်ဖက်စွန်း၊ အမွေးအဆာထွက်သော သားမွေးရက် အခင်း (၅)။
ကဋ္ဋိဿံ-ရတနာချည်ဖြင့် ချုပ်သော ပိုးချည်အကြား ရွှေချည် သွင်းရက်သော အခင်း၊
ကောသေယျံ- ရတနာချည်ဖြင့် ချုပ်သော ပိုးချည်အခင်း၊
ကုတ္တတံ- တစ်ကျိပ်ခြောက်ယောက်ရပ်၍ ကလောက်သော သားမွေးရက် အခင်း၊
ဟတ္ထတ္ထရံ- ဆင်ကုန်းနှီး၊
အဿတ္ထရံ- မြင်းကုန်းနှီး (၅)။
ရထတ္ထရံ- ရထားခင်းနှီး၊
အဇိနပဝေဏီ- နှစ်ထပ် သုံးထပ်ချုပ်သော သစ်နက်ရေ အခင်းနု၊
တဒလိမိဂပဝရပစ္စတ္တရဏံ- ဝံပိုင်ရေဖြင့် ပြုသော အဖိုးတန် အခင်း၊
သဥတ္တရစ္ဆဒံဥဘတောလောဟိတံကူပဓာနံ- အထက် ဗီတာန်နီနှင့်တကွသော ခြေအုံး, ခေါင်းအုံး နှစ်ခုရှိသော အခင်း (၄)။
ဤ ၁၉ မျိုးတို့ကို ခင်းကုန်၏။ ရဟန်းတို့သည် ကုက္ကုစ္စဖြစ်၍ မထိုင်ကုန်။ ချစ်သားတို့ .... အာသန္ဒီ၊ ပလ္လင်္က၊ တူလိက-သုံးမျိုးကို ဖယ်ထား၍ ဂိဟိဝိကတ- လူတို့ခင်းပေးသည်ကို ထိုင်ခြင်းငှါ ခွင့်ပြု၏။ အိပ်ခြင်းငှါ ခွင့်မပြု။
လူတို့သည် ဘတ္တဂ္ဂ၌ အန္တရဃရ၌ လဲဖြင့် မြှေးယှက်သော ညောင်စောင်းအင်းပျဉ်ကို ခင်းကုန်၏။ ရဟန်းတို့ မထိုင်ကုန်။ ချစ်သားတို့ … လူတို့ခင်းပေးသော ဂိဟိဝိကတကို ထိုင်ခြင်းငှါ ခွင့်ပြု၏။ အိပ်ခြင်းငှါ ခွင့်မပြု။
(သာဋီ-ဝိဋီ … ဂိဟိဝိကတသည် လူတို့ခင်းပေးသော အခင်းဖြစ်၏။ လူတို့ဥစ္စာ-ဂိဟိသန္ထက-ဟုဆိုလိုသည်။)
(ပလ္လင်၊ ခြေရှည်၊ လဲ၊ မွေးရှည်၊ နီနီ (၅) တစ်ခုချင်း၊
ကုန်းနှီးသုံးဖြာ၊ ရတနာနှစ်၊ သားခုနှစ်၊ ခုနစ်-သားမွေးခင်း (၁၄)။
နေရာမြင့်မြတ်၊ ဆဲ့ကိုးရပ်၊ မအပ်ပယ်လေခြင်း၊
တစ်ဖက်နှစ်ဖက်မှ၊ ဆဲ့ခြောက်က၊ ဆန်းလှ၊ ရုပ်၊ ဖြူ၊ နီ (၇)၊
အာသန္ဒီကို ရှစ်သစ် မလွန်အောင် အခြေဖြတ်၍၊ ပလ္လင်ကို အရုပ် ဖြုတ်၍၊ တူလိကာကို လဲထုတ်ပယ်၍၊ အကြွင်းကို ညောင်စောင်းအင်းပျဉ် မခင်းဘဲ မြေ၌ ကြမ်း၌ ခင်း၍ ထိုင်လျှင် အိပ်လျှင် အပ်၏。
လေးထာင့် ညီသော အာသန္ဒီကား အခြေရှည်သော်လည်း အပ်၏။ သံဃိကဖြစ်လျှင် မိမိ၏ ကပ္ပိယအခင်း ထပ်ခင်း၍ သုံးအပ်၏။)
ဇေတဝန်ကျောင်း ရေစက်ချ
ထိုနောက်ဘုရားရှင်သည် ခရီးစဉ်ဖြင့် သာဝတ္ထိသို့ ရောက်၍ ဇေတဝန်ကျောင်း၌ နေတော်မူ၏၊ ထိုအခါ အနာထပိဏ်သူဌေးသည် ဗုဒ္ဓပ္ပမုခသံဃာကို ပင့်၍ ဆွမ်းကျွေး၍ ဇေတဝန်ကျောင်း၌ အဘယ်သို့ ကျင့်ရပါမည်နည်း-ဟု လျှောက်၏။ အာဂတာနာဂတစာတုဒ္ဒိသ သံဃာအား တည်စေလော့-ဟု မိန့်၍ ထိုအတိုင်း တည်စေ၏။ ထိုအခါ ဘုရားရှင်သည်-သီတံဥဏှံ-စသော ငါးဂါထာခွဲဖြင့် ဝမ်းမြောက်စွာ တရားဟော၍ နေရာမှထ၍ ဖဲတော်မူ၏။
(တည်စေသော အခါ ၁၈-ကုဋေကို စွန့်၍ တည်စေ၏။ ဤသို့ ၅၄-ကုဋေကို စွန့်သည်။ မြေဖိုး ၁၈-ကုဋေ၊ ကျောင်းဆောက် ၁၇-ကုဋေ။ ရေစက်ချ ၁၈-ကုဋေ။)
(ဤ၌ အာဂတာနာဂတ-ဟု သာမည ဆိုသော်လည်း ဗုဒ္ဓပ္ပမုခ ဟု ဝိသေသ၌ တည်သည်ဟု မှတ်အပ်၏။ အကြောင်းကား- အရင်းအစကပင် ဘုရားရှင်ကို ရည်စူးဆောက်လုပ်သောကြောင့် ဗုဒ္ဓပ္ပမုခ ဟု အထူး မိန့်ဆိုဖွယ်မရှိ။ မိန့်ဆိုခဲ့လျှင် လာဘ်၌ကပ်ငြိသော ဘုရားဟု ကဲ့ရဲ့ဖွယ်ပင်တည်း။ သာသနာ ငါးထောင်ပတ်လုံး ဝန်ဆောင်သံဃာကိုလည်း အလေး ပြုကြစိမ့်သောငှါသာ အာဂတာနတ-ဟုသာ မိန့်ဆိုသည်။
(တစ်နည်း) သံဃာအားလှူခြင်းသည် အကျိုးကြီး၏။ ဘုရားအားလှူခြင်းသည် သာ၍ အကျိုးကြီး၏ ဗုဒ္ဓပ္ပမုခ သံဃာအား လှူခြင်း အကျိုးအကြီးဆုံး ဖြစ်၏။ သူဌေးကြီးအား အကျိုးအကြီးဆုံး ရစေခြင်းငှါ အာဂတာနာဂတ ဟု နောက်ထပ် သံဃာကိုလည်း ပါဝင်စေခြင်း ဖြစ်သည်။ ဧကအင်္ဂုတ္တရအဋ္ဌကထာ တို့၌လည်း အနာထပိဏ္ဍိကေနဂဟပတိနာစတုပညာသဟိရည ကောဋိဓနပရိစ္စာဂေန “ဗုဒ္ဓပ္ပမုခဿဘိက္ခုသံဃဿ” နိယျာဒိတတ္တာအနာထပိဏ္ဍိဘဿာတိ သင်္ချံဂတေအာရာမေ စသည်ကို မိန့်ဆိုပြီ။)
နေရာမှထစေမှုများ
ထိုအခါ အာဇီဝက တက္ကတွန်း၏ တပည့် အမတ်ကြီးသည် သံဃာအား သံဃဘတ် ဆွမ်းကျွေး၏။ ရှင်ဥပနန္ဒသည် နောက်မှလာ၍ ဆွမ်းစားဆဲ နေရာအခြား မရှိသော ရဟန်းကို ထစေ၏။ ဆွမ်းစားရာ ဘတ္တဂ္ဂသည် အုတ်အုတ်ကျက်ကျက် ဖြစ်၏။ တစ်ပါးသော နေရာ၌လည်း အလိုရှိတိုင်း စားခြင်းငှါ မရပြီလော၊ အဘယ်ကြောင့် ထစေရသနည်း-ဟု အမတ်ကြီး ကဲ့ရဲ့၏။ ချစ်သားတို့ … ဆွမ်းစားဆဲ ရဟန်းကို မထစေအပ်-ဒုက္ကဋ်။
အကယ်၍ ထစေအံ့။ ပဝါရိတ်သင့်သူလည်း ဖြစ်အံ့ “သွားချေ၊ ရေကိုဆောင်ခဲ့ပါလော”ဟု ဆိုအပ်၏။ ရေဆောင်ပေးလျှင် အပြစ်မရှိ။ မဆောင်လျှင် ဆွမ်းလုံးတို့ကို ကောင်းစွာ မျို၍ သီတင်းကြီးအား နေရာ ပေးအပ်၏။ ချစ်သားတို့ ... တစ်စုံတစ်ခုသော အကြောင်းကြောင့် သီတင်းကြီးအား နေရာကို ထားအပ်၏-ဟု ငါဘုရား မဟောထားငြားအံ့-ဒုက္ကဋ်။
ဆဗ္ဗဂ္ဂီတို့သည် ဂိလာနရဟန်းတို့ကို ထစေကုန်၏။ ဂီလာနဖြစ်၍ မထနိုင်ပါ-ဟု ဆိုလက်သော် ထူပေးမည်ဟု ကိုင်၍ ထစေ၍ ရပ်နေစဉ် လွှတ်လိုက်သဖြင့် မိန်းမော၍ လဲကျကုန်၏။ ချစ်သားတို့ … ဂိလာနကို မထစေအပ်-ဒုက္ကဋ်။
ဆဗ္ဗဂ္ဂီတို့သည် ဂိလာနဖြစ်၍ ငါတို့သည် မထစေအပ်သူတို့ ဖြစ်ကုန်၏-ဟု ကောင်းမြတ်သော အိပ်ရာ နေရာတို့ကို နှောင့်ရှက်ကုန်၏။ ချစ်သားတို့ … ဂိလာနအား သင့်သော အိပ်ရာနေရာကို ပေးစေခြင်းငှါ ခွင့်ပြု၏။
ဆဗ္ဗဂ္ဂီတို့သည် လေသကပ္ပ-မမာဟူသာ အမြွက်ဖြင့် သေနာသနကို တားကုန်၏။ ချစ်သားတို့ … လေသကပ္ပဖြင့် သေနာသနကို မတားအပ်-ဒုက္ကဋ်။
(ထာ ... ရွာ၌လည်းကောင်း၊ ကျောင်း၌လည်းကောင်း၊ တော၌လည်းကောင်း၊ အမှတ်မရှိနေရာ၌ ဆွမ်းစားစဉ် မပြီးသေးသော ဝိပ္ပကတ-ဘောဇနရဟန်းကို မထစေအပ်။ ရွာ၌ နောက်မှ ရောက်လာသော သူသည် ဆွမ်းကိုယူ၍ သွားအပ်၏။ ကြွပါ ဝင်ပါ-ဟု ဆိုကုန်အံ့၊ ငါဝင်လျှင် ရဟန်းတို့ ထကုန်လိမ့်မည်-ဟု ဆိုအပ်၏။ ကြွပါ၊ နေရာရှိပါသည်- ဟုဆိုလျှင် ဝင်အပ်၏။ ဘာမျှ ဆိုသူမရှိလျှင် ဆွမ်းစားဇရပ်သို့ သွား၍ (ရဟန်းတို့၏) နီးလွန်းစွာသို့ မသွားဘဲ သဘာဂ ရဟန်းရှိရာ၌ ရပ်အပ်၏။ နေရာပေး၍ ဝင်ပါဟုဆိုမှ ဝင်အပ်၏။ မိမိအား ရောက်သင့်သော နေရာ၌ မစားသူသည် ထိုင်နေအံ့၊ ထိုရဟန်းကို ထစေခြင်းငှါ အပ်၏။
ယာဂုခဲဖွယ်စသည် တစ်ခုခု စားသောက်ပြီး၍ တစ်ပါးသော အာဟာရ မလာမီ ထိုင်နေသော လက်အချည်းနှီး ရဟန်းရှိသော်လည်း ထစေခြင်းငှါ မအပ်။ စားဆဲသူသာ ဖြစ်သောကြောင့်တည်း။ အာပတ်ကို လွန်ကျူး၍ စားဆဲရဟန်းကို ထစေသည်သာ ဖြစ်အံ့၊ ထစေအပ်သူသည်လည်း ပဝါရိတ်သင့်သူ ဖြစ်ခဲ့အံ့။ “သွားချေ ... ရေကို ဆောင်ခဲ့ပါလော့” ဟုဆိုအပ်၏။ မထေရ်ကြီးကို စေခိုင်းခြင်းငှါ ဤတစ်နေရာသာ ရှိသည်။ ရေကိုမဆောင်လျှင် သီတင်းငယ် ကျင့်စရာကား ဆွမ်းလုံးတို့ကို မျိုချ၍ သီတင်းကြီးအား နေရာ ပေးရခြင်းသာတည်း။ ဂိလာနအား သင့်သောအိပ်ရာ နေရာပေးရာ၌ ချောင်းဆိုးနာ၊ မြင်းသရိုက်နာ၊ ဝမ်းသွန်နာ စသည်ရှိသော ဂိလာနအား ထွေးခံ၊ ကျင်ကြီးခွက် စသည်တို့ကို ထားအပ်ကုန်၏။
သေနာသနကို ပျက်စေသာ စိုရွှဲသော နူနာရှိသူအား ပြာသာဒ် အောက်ထပ်၊ သစ်ရွက်မိုးကျောင်း စသည်တို့၌ သင့်ရာတစ်နေရာ၌ အိပ်ရာ နေရာ ပေးအပ်၏။ သေနာသနကို မပျက်စေသူအား ကောင်းသော အိပ်ရာ နေရာကိုလည်း ပေးအပ်သည်သာတည်း။ ဆီသောက်ခြင်း၊ ဝမ်းနုတ်ဆေးစားခြင်း၊ နှာနှပ်ခြင်း စသော ဆေးကိစ္စပြုသူလည်း ဂီလာနသာတည်း၊ မှတ်သား၍ သင့်လျော်သော နေရာကို ပေးအပ်၏။ လေသကပ္ပသည် အနည်းငယ်သော ဦးခေါင်းနာခြင်း စသည်မျှဖြစ်၏။
သာဋီ … နီးလွန်းစွာသို့ မသွားဘဲဟူသည်-ရဟန်းတို့၏ အလွန် နီးကပ်သော အရပ်သို့ မသွားဘဲ။)
နေရာပေးသူ သမုတ်ခြင်း
ထိုအခါ သတ္တရသဝဂ္ဂီ ရဟန်းတို့သည် အစွန်ကျသော ကျောင်းကြီးကို ဝါတွင်းနေမည်ဟု ပြုပြင်ကုန်၏။ ဆဗ္ဗဂ္ဂီတို့သည် မြင်၍ ပြီးအောင် ဆိုင်းငံ့၍ ကျောင်းပြီးသောအခါ ငါ့ရှင်တို့ .... ထကြလော့၊ ဤကျောင်းသည် ငါတို့အား ရောက်၏-ဟု ဆိုကုန်၏။ စောစောက ပြောလျှင် တစ်ခြား၌ ပြုပြင်နိုင်ပါသည်။ သံဃိက ကျောင်းဖြစ်ပါသည်။ ကျယ်ဝန်းပါသည်။ အရှင်တို့လည်း နေကြပါ၊ အကျွန်ုပ်တို့လည်း နေလိုပါသည်-ဟု တောင်းပန်လတ်သော် ထကြလော့၊ ငါတို့အားရောက်သောကျောင်း” ဟုဆို၍ လည်ပင်းကို ကိုင်၍ ဆွဲထုတ် ကုန်၏။ သတ္တရဝသဂ္ဂီတို့ ငိုကုန်၏။ ရဟန်းတို့ ကဲ့ရဲကုန်၏။ ချစ်သားတို့ .... အမျက်ထွက်ခြင်း နှလုံး မသာခြင်းဖြင့် ရဟန်းကို သံဃိကကျောင်းမှ မနှင်အပ်၊ နှင်ငြားအံ့ ထထာဓမ္မ ပြုစေအပ်၏။ ချစ်သားတို့ ... သေနာသနကို ခံယူစေခြင်းငှါ-ဝါ-ဝေပေးခြင်းငှါ ခွင့်ပြု၏။
ချစ်သားတို့ ... အင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းကို သေနာသနဂ္ဂါဟာပက- ရဟန်းဟု သမုတ်ခြင်းငှါ ခွင့်ပြု၏။ ထိုရဟန်းသည် ဆန္ဒာဂတိ မလိုက်၊ ဒေါသာ၊ မောဟာ၊ ဘယာဂတိ မလိုက်၊ ယူပြီး မယူသေးကို သိ၏။ သမုတ်ပုံကား --
ရှေးဦးစွာ ထိုရဟန်းကို တောင်းပန်၍ သံဃာသို့ ဉတ္တိဒုတိယကံဖြင့် သိစေအပ်၏။ ဝါ-သံဃာသည် ဤမည်သော ရဟန်းကို သေနာသနဂ္ဂါဟာပက- ကျောင်းခံယူစေသော ရဟန်း ဟု-ဝါ-ဝေပေးသော ရဟန်း-ဟု သမုတ်ရာ၏။ သမုတ်၏။ သမုတ်ပြီဟု သိစေအပ်၏။
သမုတ်အပ်သော ကျောင်းဝေရဟန်းတို့သည် အဘယ်သို့ ပြုရအံ့နည်း-ဟု ကြံ၍ လျှောက်ကုန်၏။
ချစ်သားတို့ ... ရှေးဦးစွာ ရဟန်းတို့ကို ရေတွက်ခြင်းငှါ၊ ရဟန်းတို့ကိုရေတွက်၍ သေယျတို့ကို အိပ်ရာ- ရေတွက်ခြင်းငှါ၊ ထို့နောက် သေယျဂ္ဂ-အိပ်ရာတို့အပိုင်းအခြားဖြင့် ယူစေခြင်းငှါ ခွင့်ပြု၏၊ သေယျဂ္ဂဖြင့် ယူစေရာ၌ သေယျတို့သည် ပိုလျှံကုန်၏။ ချစ်သားတို့ ... ဝိဟာရဂ္ဂ-(ဩဝရင်္ကဂ္ဂ) ကျောင်းအခန်း အပိုင်းအခြားဖြင့် ယူစေခြင်းငှါ ခွင့်ပြု၏။
ပိုလျှံ ပိုလျှံကုန်၏။ ချစ်သားတို့ ... ပရိဝေဏဂ္ဂ - နေရာကျာင်းငယ် အပိုင်းအခြားဖြင့် ယူစေခြင်းငှါ ...၊ အနုဘာဂ-နောက်ထပ် အဖို့ကိုလည်း ပေးခြင်းငှါ ခွင့်ပြု၏။ အနုဘာဂ ယူပြီးနောက်မှ တစ်ပါးသာ ရဟန်းသည် ရောက်လာခဲ့အံ့။ မပေးလိုလျှင် မပေးအပ်။ ရဟန်းတို့သည် ဥပစာရ သိမ်ပ၌ တည်သော ရဟန်းအတွက် သေနာသနကို ယူစေကုန်၏။ ချစ်သားတို့ .... သိမ်ပ၌တည်သူအတွက် သေနာသနကို မယူစေအပ်-ဒုက္ကဋ်။
(ထာ ... ရဟန်းတို့ကို ရေတွက်၍ ဟူသည် ရဟန်း ဤမျှဟု ကျောင်း၌ရှိသော ရဟန်းအပိုင်းအခြားကို သိ၍တည်း။
သေယျသည် ညောင်စောင်းနေရာ အိပ်ရာဖြစ်၏။ သေယျဂ္ဂသည် သေယျာပရိစ္ဆေဒ ဖြစ်၏။ ဝါဆိုအံ့သော နေ့၌ အချိန်အခါကို ကြွေးကြော်၌ တစ်ပါးတစ်နေရာ ညောင်စောင်းနေရာကို ယူစေခြင်းငှါ (ဝေပေးခြင်းငှါ) ခွင့်ပြု၏ဟူလို။
သေယျဂ္ဂဖြင့် ဂါဟေန္တာ-ဂါဟီယမာနာ- ယူစေအပ်သော ညောင်စောင်းဌာန သေယျတို့သည် ဥဿရေယိံ သု- အတိရေကာနိအဟေသုံ- ပိုလျှံကုန်၏။ ဝိဟာရဂ္ဂ စသည်တို့၌လည်း ဧသေဝနသော။ အနုဘာဂသည် နောက်တစ်ဖန်အဖို့ ထပ်ပေးခြင်းဖြစ်၏။ ရဟန်းအလွန်နည်းသော အခါ တစ်ပါးလျှင် ပရိဝေဏနှစ်ခု သုံးခုပင် ပေးရသည်။ ထိုကျောင်း၌ ဝါကပ်အံ့သောနေ့၌ အနုဘာဂကို ဝေယူပြီးနောက် ထွက်လာသူတို့အား အနုဘာဂကို မပေးလိုလျှင် မပေးအပ်။ ရသူတစ်ဦးဦးက မိမိအလိုအားဖြင့် အနုဘာဂကိုဖြစ်စေ၊ ပထမ ဘာဂကို ဖြစ်စေ ပေးအံ့ အပ်၏။ ဥပစာရ သိမ်၌ တည်သူအတွက်သာ မယူစေရ၊ ဥပစာရသိမ်တွင်း၌ကား အဝေး၌ တည်သူအတွက် လည်း ရအပ်သည်သာတည်း။)
(ဇီဋီ ... သေယျဂ္ဂသည် ပဉ္စဋ္ဌာနပရိစ္ဆေဒ ဖြစ်၏။ ဝိဟာရဂ္ဂသည် ဩဝရကဂ္ဂ- အခန်း အပိုင်းအခြားဖြစ်၏၊)
ကျောင်းခံယူခြင်းသုံးမျိုး
ရဟန်းတို့သည် သေနာသနကို ခံယူပြီးလျှင် အခါခပ်သိမ်း ထားကုန်၏။ ချစ်သားတို့ ... သေနာကို ယူ၍ အခါခပ်သိမ်း မထားအပ်-ဒုက္ကဋ်။ ချစ်သားတို့ .... ဝါတွင်း သုံးလပတ်လုံး ထားခြင်းငှါ ခွင့်ပြု၏။ ဥတုကာလ- ဆောင်း, နွေဥတု၌ ထားခြင်းငှါ ခွင့်မပြုဟု မိန့်တော်မူ၏။
ရဟန်းတို့အား ကျောင်းခံယူခြင်းသည် အဘယ်မျှရှိမည်နည်း-ဟု အကြံဖြစ်၏။ ချစ်သားတို့ … ကျောင်းခံယူခြင်းတို့သည် -
၁။ ပုရိမကကျောင်းခံယူခြင်း၊
၂။ ပစ္ဆိမက ကျောင်းခံယူခြင်း၊
၃။ အန္တရာမုတ္တက ကျောင်းခံခြင်း-ဟု သုံးမျိုးရှိကုန်၏။
ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ပုရိမက ကျောင်းခံခြင်းကို၊
ဝါခေါင်လပြည့်ကျော် တစ်ရက်နေ့၌ ပစ္ဆိမက ကျောင်းခံခြင်းကို၊
သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့၌ အန္တရာမုတ္တက ကျောင်းခံခြင်းကို ခံယူစေအပ်၏။
ဤသို့သုံးမျိုးရှိ၏။
(ထာ … ဝါဆိုအပ်သောနေ့၌ သေနာသနကို ခံယူပြီးလျှင် မိုးလေးလလွန်၍ ဥတုကာလ၌လည်း ထားခြင်းသည် အခါခပ်သိမ်း ထားသည် မည်၏။ ကျောင်းခံယူခြင်း သုံးမျိုးတို့တွင် ပုရိမက၊ ပစ္ဆိမက- နှစ်မျိုးသည် ထာဝရ ဖြစ်၏။ အန္တရာမုတ္တက၌ ဆုံးဖြတ်ဖွယ်များဖြစ်၏။
(ဇီဋီ ... ထာဝရသည် နိယတဖြစ်၏။)
အန္တရာမုတ္တက ဝိနိစ္ဆယ-ဟူသော သေနာသနဂ္ဂါဟ ဝိနိစ္ဆယကို နောက်၌ဆိုအံ့။
တစ်ကျောင်းခံ တစ်ကျောင်းလွတ်
ထိုအခါ ရှင်ဥပနန္ဒသည် သာဝတ္ထိ၌ သေနာသနကို ခံယူပြီးလျှင် ရွာငယ်တစ်ခုသို့ သွား၏။ ထိုရွာငယ်၌လည်း သေနာသနကိုခံယူ၏။ ရဟန်းတို့သည် ဤရှင်ဥပနန္ဒသည် ခိုက်ရန်ပြုတတ်၏။ ငါတို့ဒုက္ခရောက်ကုန်လတ္တံ့-ဟု စိုးရိမ်သဖြင့် အရှင်သည် သာဝတ္ထိ၌ ကျောင်းခံပြီးပြီ မဟုတ်လား အဘယ်ကြောင့် တစ်ပါးတည်း နှစ်ကျောင်းကို ထားသနည်း-ဟုဆိုကုန်၏။
ငါသည် ယခု ဤရွာငယ် ကျောင်း၌ လွှတ်ပါ၏။ သဝတ္ထိ၌ ယူပါ၏ဟုဆို၏။ အရှင်ဘုရားသည် မေးစစ်၍ အဘယ်ကြောင့် တစ်ပါးတည်း နှစ်ကျောင်းကို ထားသနည်း၊ သင်သည် ရွာငယ်၌ ယူသည်ဖြစ်၍၊ ဤ သာဝတ္ထိ၌လွှတ်ပြီ။ ဤသာဝတ္ထိ၌ ယူသည်ဖြစ်၍ ရွာငယ်၌လွတ်ပြီ။ ဤသို့အရပ် နှစ်ပါးလုံးမှ အပဖြစ်ပြီ။ ကြည်ညိုဖွယ်မရှိ-ဟု ကဲ့ရဲ့ပြီးလျှင် ချစ်သားတို့ ... တစ်ပါးတည်းဖြစ်လျက် နှစ်ကျောင်းတို့ကို မထားအပ်ကုန်၊ ထားငြားအံ့-ဒုက္ကဋ်။
(ထာ ... ဥနန္ဒဝတ္ထု၌ အနက်ကား- သင်သည် ရွာငယ်၌ အကြင် ကျောင်းကိုယူ၏။ သင့်၏ ထိုကျောင်းကို ယူခြင်းဖြင့် သာ၍ သာဝတ္တိ၌ လွှတ်၏။ ငါသည် ယခု ဤရွာငယ်ကျောင်း၌ လွှတ်ပါ၏-ဟု ဆိုခြင်းဖြင့် ရွာငယ်၌လည်း ထိုကျောင်းသည် လွှတ်၏။ ဤသို့ သင်သည် အရပ်နှစ်ပါးလုံးမှအပဖြစ်၏။ ဝိနိစ္ဆယကား မယူခြင်းဖြင့် ယူခြင်းသည်လည်းကောင်း၊ တွယ်တာခြင်း အာလယသည်လည်းကောင်း ငြိမ်း၏။ တွယ်တာ ခြင်းဖြင့် ယူခြင်းသည်လည်းကောင်း၊ တွယ်တာခြင်းသည်လည်းကောင်း ငြိမ်း၏။
ငြိမ်းပုံကား--
ဝါဆိုနေ့၌ တစ်ကျောင်း၌ သေနာသနကို ယူ၍ အနီးကျောင်းသို့သွား၍ ထို၌လည်း ယူအံ့။ ဤယူခြင်းဖြင့် ရှေးယူခြင်းသည် ငြိမ်း၏။ ဤကျောင်း၌ နေမည်ဟု တွယ်တာခြင်းမျှပြု၍ အနီးကျောင်း သို့သွား၍ ထို၌ သေနာသနကိုယူအံ့။ ဤယူခြင်းဖြင့် ရှေးတွယ်တာခြင်းသည် ငြိမ်း၏။
ဤ၌ နေမည်ဟု သေနာသနကို ယူ၍လည်းကောင်း၊ တွယ်တာခြင်းကို ပြု၍လည်းကောင်း၊ အနီး ကျောင်းသို့သွား၍ ဤ၌ ယခု နေတော့အံ့ဟု တွယ်တာခြင်းကိုပြုအံ့။ ဤသို့ တွယ်တာခြင်းဖြင့် ရှေးယူခြင်းသည် လည်းကောင်း၊ တွယ်တာခြင်းဖြင့် ရှေးတွယ်တာခြင်းသည် လည်းကောင်း ငြိမ်း၏။ နှောက်ယူခြင်း၌ လည်းကောင်း၊ နောက်တွယ်တာခြင်း၌ လည်းကောင်း တည်၏။
အကြင်ရဟန်းသည်ကား တစ်ကျောင်း၌ သေနာသနကိုယူ၍ တစ်ပါးသောကျောင်း၌ နေတော့မည်ဟု သွားအံ့၊ ထိုရဟန်းအား ဥပစာရသိမ်ကို လွန်လျှင် ကျောင်းခံခြင်း ငြိမ်း၏။ ထိုအရပ်၌ ချမ်းသာလျှင် နေမည် ဆင်းရဲလျှင် ပြန်လာမည်ဟု သွား၍ ဆင်းရဲ၍ပြန်လာလျှင် အပ်၏။)
သာဋီ … ရွာငယ်၌ နောက် သေနာသနကို ယူခြင်း ဖြင့်သာလျှင် သာဝတ္ထိ၌ ပထမဟူသော သေနာသနသည် လွတ်၏။ ရွာငယ်၌ယူသော သေနာသနကို လွှတ်ပါ၏-ဟု ဆိုခြင်းဖြင့် ထိုရွာငယ်၌ ယူသော သေနာသန လွတ်၏။
ဝိဋီ … အရပ်နှစ်ပါးလုံးမှအပ ဖြစ်ခြင်းကို အစဉ်အတိုင်း အားဖြင့် နှစ်ခုလုံး လွတ်ခြင်းကြောင့်ဆိုသည်။ ပြိုင်တူ လွတ်ခြင်းကြောင့်မဟုတ်။ ထို့ကြောင့် နောက်ဂဟဏ၊ နောက်အာသယ၌ တည်သည်-ဟု ဆိုပြီ။)
သမာနာသနိက
အခါတစ်ပါး မြတ်စွာဘုရားသည် ရဟန်းတို့အား များသောအကြောင်းဖြင့် ဝိနည်းစကားကို မိန့်ဆို၏။ ဝိနည်း ကျေးဇူး၊ ဝိနည်းသင်ခြင်း၊ ကျေးဇူးကို မိန့်ဆို၏။ ရည်စူး၍ ရှင်ဥပါလိ၏ ကျေးဇူးကို မိန့်ဆို၏၊ ရဟန်းတို့သည် ဘုရားရှင် ချီးမွမ်းစကား ဆိုသည်-ဟု တိုင်ပင်၌ ရှင်ဥပါလိထံ၌ ဝိနည်းကို သင်ယူကုန်၏။ ရှင်ဥပါလိသည် မထေရ်ကြီးကို ရိုသေခြင်းဖြင့် ရပ်လျက် သင်ပေး၏။ မထေရ်ကြီးတို့လည်း ဓမ္မဂါရဝဖြင့် ရပ်လျက် သင်ယူကုန်၏။ အားလုံး ပင်ပန်းကုန်၏။ ချစ်သားတို့ … စာပို့ချသော သီတင်းငယ်သည် ထူသော နေရာ၌ လည်းကောင်း၊ ဓမ္မဂါရဝဖြင့် မြင့်သောနေရာ၌ လည်းကောင်း နေခြင်းငှါ၊ စာသင်ယူသော သီတင်းကြီးသည် တူသောနေရာ၌လည်းကောင်း၊ ဓမ္မဂါရဝဖြင့် နိမ့်သောနေရာ၌ လည်းကောင်း နေခြင်းငှါ ခွင့်ပြု၏။
များစွာသော ရဟန်းတို့သည် ရှင်ဥပါလိထံ၌ ရပ်လျက် စာသင်ခြင်းကို ငံ့လင့်ကြသဖြင့် ပင်ပန်းကုန်၏။ ချစ်သားတို့ .... သမာနာသနိက- တူသောနေရာ ရှိသူတို့သည် အတူတကွ နေထိုင်ခြင်းငှါ ခွင့်ပြု၏။ အဘယ်မျှဖြင့် သမာနာသနိကဖြစ်သနည်း-ဟု အကြံဖြစ်၏။ ချစ်သားတို့ ... တိဝဿန္တရ- သုံးဝါ၏အတွင်း၌ တည်သောရဟန်းတို့သည် အတူတကွ နေထိုင်ခြင်းငှါ ခွင့်ပြု၏။
အတူနေကောင်းသော သမာနာသနိက ရဟန်းများစွာတို့သည် ညောင်စောင်းအင်းပျဉ်၌ ထိုင်၍ ကျိုးပျက် စေကုန်၏။ ချစ်သားတို့ … ကိဝဂ္ဂ သုံးယောက်အစုအား ညောင်စောင်းအင်းပျဉ်ကို -ဝါ. တိဝဂ္ဂမဉ္စ၊ တိဝဂ္ဂပီဋ္ဌကို ခွင့်ပြု၏၊ တိဝဂ္ဂသည်လည်း ညောင်စောင်းအင်းပျဉ်၌ ထိုင်၍ ကျိုးပျက်ကုန်၏။ ချစ်သားတို့ … ဒုဝဂ္ဂမဉ္စ၊ ဒုဝဂ္ဂပီဋ္ဌ-ကို ခွင့်ပြု၏။
(ထာ … တိဝဿန္တရသည် နှစ်ဝါကြီး နှစ်ဝါငယ်၊ တစ်ခါကြီး တစ်ဝါငယ် ရဟန်းဖြစ်၏။ ဝါတူ၌ ဆိုစရာ မရှိ။ ဤနေရာတူ နေကောင်းသော ရဟန်းတို့သည် တစ်ခုသော ညောင်စောင်း၌ လည်းကောင်း၊ အင်းပျဉ်၌ လည်းကောင်း နှစ်ပါးနှစ်ပါးဖြစ်၍ ထိုင်ခြင်းငှါ ရကုန်၏။)
(ဇီဋီ … တိဝဿန္တရသည် သုံးဝါတို့၏ အတွင်း၌ တည်သူဖြစ်၏။)
ဒိဃာသန
ရဟန်းတို့သည် အသမာနာသနိက တို့နှင့် အတူ ဒိဃာသန- ရှည်သောနေရာ၌ ထိုင်ခြင်းငှါ ကုက္ကုစ္စ ဖြစ်ကုန်၏။ ချစ်သားတို့ … ပဏ္ဍုပ်၊ မာတုဂါမ၊ ဥဘတောဗျည်းကို ဖယ်ထား၍ အသမာနာသနိကတို့နှင့် အတူ ဒိဃာသန၌ ထိုင်ခြင်းငှါ ခွင့်ပြု၏။
ဒိဃာသနသည် အယုတ်ဆုံး အဘယ်မျှနည်း-ဟု ကြံကုန်၏။ ချစ်သားတို့ … အကြင် နေရာသည် သုံးယောက် ဆန့်၏။ ဤမျှကို အယုတ်ဆုံး၊ ဒိဃာသန-ဟု ခွင့် ပြု၏။
(ထာ … သုံးယောက်ဆန့်သော နေရာသည် ရွှေ့နိုင်သော် လည်းကောင်း၊ မရွှေ့နိုင်သော် လည်းကောင်း၊ ဒိဃာသန မည်၏။ ထိုသို့သော ပျဉ်ပိုင်း၌ သော်လည်း လူ-သာမဏေ- အနုပသမ္ပန္နနှင့်ပင် အတူထိုင်ခြင်းငှါ အပ်၏။)
(သာဋီ … ဒိဃာသနသည် မဉ္စ၊ ပီဋ္ဌမှ လွတ်သော နေရာတစ်ခုခုဖြစ်၏။ အတူချမ်းသာစွာ နေခြင်းငှါ စွမ်းနိုင်၏။
ဝိဋီ … မဉ္စ၊ ပီဋ္ဌမှ လွတ်သော သုံးယောက်လွယ်ကူစွာ ထိုင်လောက်သော နေရာသည် အယုတ်ဆုံး ဒိဃာသန မည်၏။ မဉ္စ ပီဋ္ဌမှုလွတ်သော နေရာတို့၌ သမာနာသနိက မဟုတ်သော်လည်း သုံးပါးထိုင်ခြင်းငှါ ရကုန်၏။ ဒီဃာသနမဟုတ်သော မဉ္စ၊ ပီဋ္ဌ တို့၌ သမာနာသနိကတို့သာ နှစ်ပါးနေခြင်းငှါ ရကုန်၏။ ဒုဝဂ္ဂကိုသာ ခွင့်ပြုသည်။)
(ဤသမာနာသနိက၊ ဒိဃာသနတို့၌ အာပတ်ကို ပါဠိတော်မဆို၊ မအပ်-ဟု အဋ္ဌကထာ၊ ဋီကာ ထားခြင်း မရှိ၊ သို့ရာတွင် အာပတ်မလွတ်တန်ရာ-ဟု အလေးပြုကြသည်။)
ပါသာဒပရိဘောဂ
ဝိသာခါ ဒါယိကာမသည် သံဃာအလို့ငှါ သာဠိန္ဒ- ဆင်ဝင်ကျောင်းဦးရှိသော ဘိတ္တိနခက-ဟတ္ထိကုမ္ဘ၌တည်သော ပြာသာဒ်ကို ဆောက်လုပ်စေလို၏။ ပြာသာဒ်အသုံးအဆောင်ကို ခွင့်ပြုသလော၊ ခွင့်မပြုသလော-ဟု ရဟန်းတို့ အကြံဖြစ်၏၊ ချစ်သားတို့ … အလုံးစုံသော ပါသာဒပရိဘောဂ- ပြာသာဒ် အသုံးအဆောင်ကို ခွင့်ပြု၏။
(ထာ ... ဟတ္ထိနခကသည် ဟတ္ထိကုမ္ဘ ဆင်ဦးကင်းသဏ္ဍာန်၌ တည်အောင်ပြုသော ပြာသာဒ် ဖြစ်၏။
ပါသာဒပရိဘောဂသည် ရွှေ ငွေစသည်ဖြင့် ဆန်းကြယ်သောတံခါးရွက်၊ ညောင်စောင်း အင်းပျဉ်ယပ်ဝန်း၊ ရွှေ ခွက်၊ ငွေခွက်၊ ရွှေ ငွေ သောက်ရေအိုး စသော အဆန်းတကြယ် ပြုသမျှ အားလုံး ဖြစ်၏။ အပ်၏။ ပြာသာဒ်အား ကျွန်မ၊ ကျွန်ထီး၊ လယ်၊ ယာ၊ ကျွဲ၊ နွားကို လှူပါ၏-ဟု ဆိုကုန်အံ့း သီးခြားခံယူဖွယ်မရှိ၊ ပြာသာဒ်ကို ခံလျှင် ခံပြီးသာ ဖြစ်၏။)
(ဇီဋီ ... ဟတ္ထိ၌ နှခ ကဲ့သို့ နခ ရှိသော ကျောင်းသည် ဟတ္ထိနခ မည်၏။
ကျောင်း၏ နခ ဟူသည် အောက်အပိုင်းအခြား ဟေဋ္ဌိမပရိစ္ဆေဒ တည်း။
သာဋီ .... ထိုဟေဋ္ဌိမပရိစ္ဆေဒ သည်လည်း ဟတ္ထိကုမ္ဘ၌ တည်သည်-ဟု ဂတ္ထိတို့၌ ဆို၏။
ဝိဋီ … အောက်အဖို့၊ ဟေဋ္ဌိမဘာဂ၌ ဟတ္ထိနခ ရှိသော ပြာသာဒ်သည် ဟတ္ထိနခမည်၏။
ပြာသာဒ်၏ နခအမည်သည် ဟေဋ္ဌိမဘာဂ ဖြစ်၏၊ ပါဒနခ-ခြေသည်းနှင့်တူသောကြောင့်တည်း။ ထိုပြာသာဒ် သည် အလုံးစုံသော အရပ်တို့၌ များစွာသာ ဆင်ရုပ်တို့နှင့်အမျှ တန်ဆာဆင်လျှက် တည်၏။ ထိုအထက်၌ ပြုသောပြာသာဒ်သည် ဟတ္ထိကုမ္ဘ- ဆင်ဦးကင်း၌ တည်သကဲ့သို့ ဖြစ်၏။
ထိုကြောင့် ဟတ္ထိကုမ္ဘ၌ တည်သည်ဟု ဆိုသည်။ ရွှေ ငွေ စသည်ဖြင့် အဆန်းတကြယ်တို့ကို သံဃိက သေနာသနကိုရည်၍ ဆိုသည်။ ပုဂ္ဂလိက ဖြစ်လျှင် ရဟန်းအား ခံယူခြင်းငှါသာလျှင် မအပ်။ နကေနစိပရိယာ- ယေနဇာတရူပရဇတံသာဒိကဗ္ဗံ ဟု ဟောသောကြောင့်တည်း။ ထို့ကြောင့်သာလျှင် အဋ္ဌကထာ၌ သံဃိကဝိဟာရေဝါ ပုဂ္ဂလိက ဝိဟာရေဝါ-ဟု မဆိုလေပြီ။ ဂေါနက စသော အကပ္ပိယဘဏ္ဍာ အရာ၌သာ ရဟန်းတစ်ပါး အားလည်း ခံခြင်းကြောင့် အပြစ်မရှိ။)
(အဘိဓာန်၌ ယူပေါထုဂဇကုမ္ဘမှိ၊ ဟတ္တိနခေါပဋ္ဌိတာ၊ ဂဇကုမ္ဘ၌ တည်သော ပြာသာဒ်သည် ဟတ္ထိနခ မည်၏-ဟု ဆိုသည်။ အုတ်တိုင်၊ သံဖိနပ်ခံသော ကျောင်း-ဟု ဆိုလိုသည်။)
အကပ္ပိယဘဏ္ဍာပျက်သုဉ်းပုံ
အခါတစ်ပါး ပသေနဒီကောသလမင်းကြီး၏ အဘွားသည် နတ်ရွာစံ၏။ ထို့ကြောင့် သံဃာအား များစွာသော အကပ္ပိယ-ဘဏ္ဍာသည် ဖြစ်၏။ ၎င်းတို့ကား အာသန္ဒိ ...လ....၊ သဥတ္တရစ္ဆဥဘတောလောဟိတကူပဓာန-ဟူသော ဥစ္စာသယန၊ မဟာသယန- ၁၉-မျိုးတို့တည်း၊ ချစ်သားတို့ ... အာသန္ဒီ၏ အခြေတို့ကို ဖြတ်၍ သုံးဆောင်ခြင်းငှါ၊ ပလ္လင်္က၏ သားရဲရုပ်တို့ကို ဖျက်၍ သုံးဆောင်ခြင်းငှါ၊ တူလိကကို လဲထုတ်၍ ခေါင်းအုံးပြုခြင်းငှါ၊ အကြွင်းကို ဘူမတ္ထရဏ- မြေ၌ ကြမ်း၌ ခင်းခြင်းကို ပြခြင်းငှါ ခွင့်ပြု၏။
(ထာ ... ဂေါနက- မွေးရှည်ကော်ဇော စသည်တို့ကို သံဃိက ကျောင်း၌လည်းကောင်း၊ ပုဂ္ဂလိကကျောင်း၌ လည်းကောင်း၊ ညောင်စောင်း၊ အင်းပျဉ်တို့၌ ခင်း၍ သုံးဆောင်ခြင်းငှါ မအပ်။ ဓမ္မာသန၌ ဂိဟိဝိကတနီဟာရ-လူတို့ခင်းပေးခြင်းဖြင့် ထိုင်ခြင်းငှါ ရအပ်ကုန်၏။ ထို၌လည်း အိပ်ခြင်းငှါ မအပ်။)
ဇီဋီ … ဂိဟိဝိကတနီဟာရသည် ဂိဟိဝိကတနီဟာရ- လူတို့ပြုသော ခင်းခြင်း ဖြစ်၏။ လူတို့ခင်းပေးလျှင် ထိုင်ခြင်းငှါ ရအပ်ကုန်၏။ ရဟန်း ကိုယ်တိုင် မခင်းအပ်။
သာဋီ … ရဟန်းကိုယ်တိုင်လည်း မခင်းအပ်၊ သူ တစ်ပါးကိုလည်း မခင်းစေအပ်။
ဝိဋီ … ဂိဟိစိကတနီဟာရသည် လူတို့သည် မိမိဥစ္စာကို ခင်း၍ လှူသောနည်းဖြင့်-ဟု အနက် ကို သိအပ်၏။
ရအပ်ကုန်၏-ဟူသည် ထိုင်ခြင်းငှါ ရအပ်ကုန်၏)
ဂရုဘဏ်ကိုမပေးအပ်၊ မဝေအပ်
သာဂတ္ထိ၏ အနီး ရွာငယ်၌ အာဝါသိကတို့သည် အာဂန္တုတို့အား အိပ်ရာ နေရာခင်းပေးရ၍ ပင်ပန်းကုန်သဖြင့် တိုင်ပင်၍ အလုံးစုံသော သံဃိကအိပ်နေရာကို ရဟန်းတစ်ပါးအား ပေးလိုက်ကုန်၏။ အာဂန္တုတို့သည် အဘယ်ကြောင့် သံဃိက သေနာသနကို စွန့်ကြသနည်းဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... မစွန့်အပ်သော ဘဏ္ဍာ တို့လည် ငါးခုရှိကုန်၏။ သံဃာသည်လည်းကောင်း၊ ဂိုဏ်းသည်လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း မစွန့်အပ်ကုန်။ စွန့်သော်လည်း စွန့်အပ်သည် မမည်ကုန်။ စွန့်ငြားအံ့-ထုလ္လစ္စဉ်း အာပတ်။
ငါးခုတို့ကား --
အာရာမ-အရံ၊ အာရာမဝတ္ထု-အရံရာ၊ ဤကား ပထမ အစုနှစ်ခုတည်း။ မစွန့်န့်အပ်၊ စွန့်ငြားအံ့ ထုလ္လစ္စဉ်း။
ဝိဟာရ- ကျောင်း၊ ဝိဟာရဝတ္ထု- ကျောင်းရာ၊ ဤကား ဒုတိယအစု နှစ်ခုတည်း။
မဉ္စ-ညောင်စောင်း၊ ပိဋ္ဌ- အင်းပျဉ်၊ ဘိသိ-ဘုံလျှို၊ ဗိဗ္ဗောဟန-ခေါင်းအုံး- ဤကား တတိယ အစုလေးခုတည်း။
လောဟကုမ္ဘီ- ကြေးအိုး၊ လောဟဘာဏက- ကြေးအိုးစရည်း၊ လာဟဝါရက- ကြေးအင်တွဲ-ဝါ-ရေငင်ပုံး၊ လောဟကဋာဟ-ကြေးဖျဉ်းအိုး၊ ဝါသိ-ပဲခွပ်-ဝါ-တစည်း၊ ဖရသု-ပုဆိန်၊ ကုဓာရီ-ဓားမ၊ ကုဒါလ-ပေါက်တူး၊ နိဒါဒနံ-ဆောက်၊ ဤကား စတုတ္ထ အစု ကိုးစုတည်း။
ဝလ္လိ-နွယ်၊ ဝေဠု-ဝါး၊ မုဉ္ဇ-ဖြူဆံမြက်၊ ပဗ္ဗဇ- ပြိတိမြက်၊ တိဏ-ကြွင်းသောမြက်၊ ပတ္တိကာ-မြေညက်၊ ဒါရုဘဏ္ဍ-သစ်ဘဏ္ဍာ၊ မတ္တိကာဘဏ္ဍ-မြေဘဏ္ဍာ။ ဤကား ပဉ္စမအစုရှစ်ခုတည်း။
မစွန့်အပ်၊ စွန့်ငြားအံ့၊ ထုလ္လစ္စဉ်း။ ချစ်သားတို့ .... ဤငါးစုသော ဘဏ္ဍာတို့ကို သံဃာသည်လည်းကောင်း၊ ဂိုဏ်းသည်လည်းကောင်း၊ ပုဂ္ဂိုလ်သည်လည်းကောင်း၊ မစွန့်အပ်ကုန်၊ စွန့်သော်လည်း စွန့်သည်မမည်ကုန်၊ စွန့်ငြားအံ့ ထုလ္လစ္စဉ်း။
မြတ်စွာဘုရားသည် သာဝတ္ထိ၌ မွေ့လျော်သလောက်နေ၍ ကိဋာဂိရိဇနပုဒ်သို့ ရဟန်းငါးရာနှင့် လည်းကောင်း၊ ရှင်သာရိပုတ္တရာ၊ ရှင်မဂ္ဂလာန်တို့နှင့် လည်းကောင်း ကြွသွားတော်မူ၏။ အဿဇိ၊ ပုနဗ္ဗသုကရဟန်းတို့သည် သတင်းကြား၍ ရှင်သာရိဝုတ္တရာ ရှင်မောဂ္ဂလာန်နှစ်ပါးသည် ယုတ်မာသော အလိုရှိကုန်၏၊ နေရာမပေးနိုင်ဟု အလုံးစုံသော သံဃိကသေနာသနကို ဝေဖန်ကုန်၏။
မြတ်စွာဘုရားသည် ကိဋာဂိရိသို့ ရောက်သောအခါ အဿဇိ၊ ပုနဗ္ဗသုကတို့ထံ နေရာခင်းကြလော-ဟု ရဟန်းတို့ကို စေလွှတ်လိုက်၏၊ အဿဇိ၊ ပုနဗ္ဗသုကတို့သည် လာပြောသော ရဟန်းတို့ကို ငါ့ရှင်တို့၊ သံဃိကသေနာသန မရှိ၊ ငါတို့ ဝေဖန်လိုက်ပြီ။ မြတ်စွာဘုရား၏ ကြွလာခြင်းကား ကောင်းပါ၏။ အလိုရှိရာကျောင်း၌ နေနိုင်လတ္တံ့၊ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ကား ယုတ်မာကုန်၏။ နေရာမပေးနိုင်-ဟု ဆိုကုန်၏။
အဘယ်ကြောင့် သံဃိကသေနာသနကို ဝေဖန်ကြသနည်း-ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... မဝေဖန်အပ်သော ဘဏ္ဍာတို့သည် ငါးစုရှိကုန်၏။ သံဃ၊ ဂဏ၊ ပုဂ္ဂလသည် မဝေဖန်အပ်ကုန်၊ ဝေဖန်သော်လည်း ဝေဖန်အပ်သည် မမည်ကုန်၊ ဝေဖန့်ငြားအံ့၊ ထုလ္လစ္စဉ်း။ ငါးစုတို့ကား၊ အာရာမ-အရံ …လ…။ ဝေဖန်ငြားအံ့ ထုလ္လစ္စဉ်း။
နှစ်၊ နှစ်၊ သေးခု၊ ကိုး၊ ရှစ်ခု-ဂရု နှစ်ဆယ့်ငါး။
(ထာ ... အစုအားဖြင့် ငါးပါး၊ သရုပ်အားဖြင့် များ၏။ ထိုတွင် အာရာမသည် သစ်သီးအရံ၊ ပန်းအရံဖြစ်၏။ အာရာမပတ္ထုသည် ထိုအရံတို့ အလို့ငှါ ပိုင်းခြားထားသော နေရာဖြစ်၏။ ဝါ-အရံပျက်သောအခါ နေရာဟောင်းသည်လည်း အရာမဝတ္ထုသာဖြစ်၏။
ဝိဟာရသည် ပြာသာဒ်စသော သေနာသနအားလုံး ဖြစ်၏။ ဝိဟာရဝတ္ထုသည် သေနာသန၏ နေရာ ဖြစ်၏။
မဉ္စသည် မသာရက၊ ဗုန္ဒိကာဗဒ္ဓ၊ ကုဠှီရပါဒက၊ အာဟစ္စပါဒက-လေးမျိုး တစ်မျိုးမျိုးဖြစ်၏။ ပီဋ္ဌသည် ထိုလေးမျိုး တစ်မျိုးမျိုးပင်တည်း။
ဘိသိသည် ဥဏ္ဏဘိသီ စသော ငါးမျိုး တစ်မျိုးမျိုး ဖြစ်၏။
ဗိဗ္ဗောဟနသည် ဆိုပြီးသော ခေါင်းအုံး တစ်မျိုးမျိုး ဖြစ်၏။
လောဟကုမ္ဘီသည် ကြေးနက် ကြေးနီ အမှတ်မရှိ လောဟဖြင့်ပြုသော အိုးဖြစ်၏။ လောဟဘဏ္ဍက စသည်တို့၌လည်း ဤနည်းသာတည်း၊
ဘာဏကသည် အရဉ္ဇရ- ရေလှောင်အိုးကြီးဖြစ်၏။
ဝါရကသည် ဃဋ အိုးဖြစ်၏။ ကဋာဟသည် ကဋာဟ-ဖျဉ်းအုံးပင်တည်း။
ဝါသိစသည်။ ဝလ္လိစသည်တို့ကား သိလွယ်ကုန်၏။
နှစ်ခု ပထမ၊ နှစ်ခု ဒုတိယ၊ လေး တတိယ၊ ကိုး စတုတ္ထ၊ ရှစ် ပဉ္စမ-ဟု ငါးခုသော အစုဖြင့် ၂၅ ပါးသော ဂရုဘဏ်ကို ဉာဏ်မျက်စိငါးပါးရှိသော ဘုရားရှင် မိန့်တော်မူသည်။ ဤဂရုဘဏ် အားလုံးကို မစွန့်အပ်၊ မဝေဖန်အပ်-ဟု ခန္ဓက၌ ဟောသည်။
ပရိဝါ၌-စွန့်သူ၊ သုံးသူတို့အား အပြစ်မရှိ၊ ဤဝိနည်းသဘောကို သိအပ်၏-ဟု ဟောသည်။ မူလစ္ဆဇ္ဇ-အရင်းပြတ် မစွန့်အပ်၊ မဝေဖန်အပ်၊ လဲလှယ်ခြင်းဖြင့်စွန်သူ၊ သုံးသူတို့အား အနာပတ္တိ-ဟု ဆိုလိုသည်)
ဇီဋီ ... သံဃိက ဂရုဘဏ်ကို သံဃ၊ ဂဏ၊ ပုဂ္ဂလသည် မစွန့်အပ် ဟူသော စကားသည် “စွန့်ကောင်း ဝေဖန်ကောင်းသော သံဃိက အဂရုဘဏ်ကို (ဝါ-လဟုဘဏ်ကို) ထိုအာဝါသ၌ နေသော ဂဏ၊ ပုဂ္ဂလသည် စွန့်အံ့၊ သံဃာစွန့်သည်နှင့် ထူသည်သာဖြစ်၏”ဟု အဋ္ဌကထာစကား ကို ပြီးစေ၏- ဤသို့မဟုတ်လျှင် ဤနေရာ၌ ဂဏ၊ ပုဂ္ဂလသည် အကျိုးမဲ့ ဖြစ်၏။
အရဉ္ဇရသည် ဥဒကစာဋိ-ရေလှောင်အိုးဖြစ်၏။ အလဉ္ဇလ ဖြစ်၏။ ရေများစွာ ဝင်၏ဟူလို။ လုံးသော အိုးကဲ့သို့ဖြစ်၍ အနည်းငယ် နှုတ်သီး ရှည်၍ အလယ်၌ အပိုင်းအခြားပြု၍ ပြုသောအိုးဟု ရေးသားအပ်၏။
ဉာဏ်မျက်စိသည် မံသ၊ ဒိဗ္ဗ၊ ဓမ္မ၊ ဗုဒ္ဓ၊ သမန္တစက္ခု အစွမ်းဖြင့် ငါးပါး ဖြစ်၏။
(သာဋီ ... အရဉ္ဇရသည် ရေများစွာဝင်သော အိုးကြီးဖြစ်၏။ ဇလံ ဂဏှိတုံအလန္တိ အရဉ္ဇရော (လကို ရပြု) လုံးသော အိုးကဲ့သို့ဖြစ်၍ အနည်းငယ် နှုတ်သီးရှည်၍ အလယ်အပိုင်းအခြား၌ ပြ၍ပြုသောအိုး-ဟု ဂဏ္ဌိ ဆိုသည်။
ဉာဏ်မျက်စိကား မံသ၊ ဒိဗ္ဗ၊ ဓမ္မ၊ ဗုဒ္ဓ၊ သမန္တစက္ခုအစွမ်းဖြင့် ငါးပါးဖြစ်၏။
ဝိဋီ … အရဉ္ဇရသည် ရေများစွာဝင်သော အိုးကြီးဖြစ်၏။ ဇလံဂဏှိတုမလန္တိအရဉ္ဇရော။)
(ဗုဒ္ဓ၊ ဓမ္မ၊ သမန္တ၊ ဒိဗ္ဗ၊ ဉာဏအစွမ်းဖြင့် စက္ခုငါးပါး-ဟူ၍ မံသမပါဘဲ တစ်နေရာ၌ ဆိုသည်လည်းရှိ၏။)
(ဂရုဘဏ်ငါးခု ဝိနိစ္ဆယ အကျယ်ကို နောက်၌ဆိုအံ့။)
နဝကမ္မ ပေးခြင်းများ
ထိုအခါ မြတ်စွာဘုရားသည် ကိဋာဂိရိ၌ မွေ့လျော်သလောက်နေ၍ အာဠဝီသို့ကြွ၍ အဂ္ဂါဠဝစေတီ၌ နေတော်မူ၏။ ထိုအခါ အာဠဝီတိုင်းသား ရဟန်းတို့သည် ဤသို့သော နဝဝကမ္မတို့ကို ပေးကုန်၏။ (နဝကမ္မပြု၍နေရန် သံဃိကမြေကို ပေးကြသည် ဟူလို။)
ပိဏ္ဍနိက္ခေပမတ္တ- အင်္ဂတေမြေစိုင် ထားကာမျှဖြင့်လည်း နဝကမ္မကို ပေးကုန်၏။
ကုဋ္ဋလေပနမတ္တ- နံရံလိမ်းကျံကာမျှဖြင့်၊
ဒွါရဋ္ဌာန-တံခါးထားကာမျှဖြင့်၊
အဂ္ဂဠဝဋ္ဋိကရဏ-မင်းတုပ်တိုင်ပြုကာမျှဖြင့်၊
အာလောကသန္ဓိကရဏ-လေသာပြတင်း ပြုကာမျှဖြင့်၊
သေတာဝဏ္ဏကရဏ - ဖြူသော အဆင်း ပြုကာမျှဖြင့်၊
ကာဠ- မည်းသော အဆင်းပြုကာမျှဖြင့်၊
ဂေရုက- ဂွေ့သင်္ဘော ပြုကာမျှဖြင့်၊
ဆဒန- အမိုး မိုးကာမျှဖြင့်၊
ဗန္ဓန- ဖွဲ့ကာမျှဖြင့်၊
ဘဏ္ဍိကာဌပန - ခိုနန်းထားကာမျှဖြင့်၊
ခဏ္ဍဖုလ္လပဋိသင်္ခါရဏ- အကျိုး အပေါက် ပြုပြင်ကာမျှဖြင့်၊
ပရိဘဏ္ဍကရဏ- အပြေအပြစ် လိမ်းကျံကာမျှ ဖြင့်လည်း နဝကမ္မကို ပေးကုန်၏。
အနှစ်နှစ်ဆယ်၊ အနှစ်သုံးဆယ်၊ တစ်သက်လုံးလည်း နေခြင်းငှါ နဝကမ္မကို ပေးကုန်၏။ ဓူမကာလိက- အလောင်း မီးခိုးတိုင်အောင်လည်း ပြုပြီးသော ကျောင်းကို နဝကမ္မ ပေးကုန်၏။ ရဟန်းတို့ ကဲ့ရဲ့ကုန်၏။ ချစ်သာတို့ … ပိဏ္ဍနိက္ခေပမတ္တဖြင့် ...လ…၊ ဓူမကာလိက တိုင်အောင်လည်း ပြုပြီးသောကျောင်းကို နဝကမ္မ မပေးအပ်-ဒုက္ကဋ်။ ချစ်သားတို့ ... အကတ-မပြုသေးသော ကျောင်းကိုလည်းကောင်း၊ ဝိပ္ပကတ ပြု၍ မပြီးသေးသော ကျောင်းကို လည်းကောင်း နဝကမ္မကို ပေးခြင်းငှါ ခွင့်ပြု၏။
ခုဒ္ဒကဝိဟာရ- ငယ်သောကျောင်း၌ အမှုကို ကြည့်၍ ငါးနှစ် ခြောက်နှစ် နဝကမ္မ တားခြင်းငှါ၊ အဍ္ဎယောဂ- နှစ်ဖက်ဆောင် ဂဠုန်တောင်မိုးသော ကျောင်း၌ အမှုကို ကြည့်၍ ခုနစ်နှစ်၊ ရှစ်နှစ် နဝကမ္မ ပေးခြင်းငှါ၊ မဟလ္လကဝိဟာရ-ကျောင်းကြီး၌၊ ပါသာဒ- ပြာသာဒ်၌ အမှုကိုကြည့်၍ ဆယ်နှစ်၊ တစ်ဆယ့်နှစ်နှစ် နဝကမ္မ ပေးခြင်းငှါ ခွင့်ပြု၏။
ရဟန်းတို့သည် ကျောင်းအားလုံးကို (တစ်ပါးတည်းအား) နဝကမ္မ ပေးကုန်၏။ ချစ်သားတို့ ... ကျောင်းအားလုံးကို နဝကမ္မ မပေးအပ်-ဒုက္ကဋ်။
ရဟန်းတို့သည် ရဟန်းတစ်ပါးအား နဝကမ္မ နှစ်ခုကို ပေးကုန်၏။ ချစ်သားတို့ ... ရဟန်းတစ်ပါးအား နဝကမ္မ နှစ်ခုမပေးအပ်- ဒုက္ကဋ်။
(နဝကမ္မသည် နဝကမ္မပြု၍ နှစ်ပေါင်း ဤမျှနေစေဟု ပန်ကြား၍ သံဃာမြေကို ပေးခြင်းဖြစ်သည်-ဟု ဘိက္ခုနီက္ခန္ဓက ဋီကာတို့၌ ဆိုလတ္တံ့။)
(ထာ ... ဘဏ္ဍိကာဌပနသည် တံခါးပေါင် အထက်၌ ကပေါတဘဏ္ဍက- ခိုနန်းထားကာမျှ ဖြစ်၏။
ပရိဘဏ္ဍကရဏသည် နွားချေးလိမ်းကျံ၊ ဖန်ရည်လိမ်းကျံကာမျှဖြစ်၏၊
ဓူမကာလိကကား-ဤ နဝကမ္မကို ဤရဟန်း၏ ထင်းပုံမီးခိုး မထင်သည် (ပျောက်သည်) တိုင်အောင် ဤကျောင်းသည် ဤရဟန်း၏ တာဝန်သာ ဖြစ်စေ-ဟု ဓူမကာလ၌ ပန်ကြား၍ ပြုပြီးသော ကျောင်းကို ပေးကုန်၏။
ဝိပ္ပကတသည် အခြင်မတင်ရသေး ဖြစ်၏။ အခြင်တင်ပြီးလျှင် ဗဟုကတဖြစ်၏။ ထိုအခါမှစ၍ ထို ကျောင်းကို နဝကမ္မ မပေးအပ်။ တစ်စုံတစ်ယောက်ကို တိုက်တွန်း၍ ပြုစေလတ္တံ့။ ငယ်သောကျောင်း၌ အမှုကိုကြည့်၍ ငါးနှစ်၊ ခြောက်နှစ် ယူသည်-လေးတောင်ရှိသော ကျောင်း၌ စတုဝဿိက-လေးနှစ်ရှိသော ကာလပတ်လုံး ပေးအပ်၏။
ငါးတောင်ကျောင်း၌ ငါးနှစ်၊ ခြောက်ထောင်ကျောင်း၌ ခြောက်နှစ် ပေးအပ်၏။ အဍ္ဎယောဂကား ခုနစ်တောင်၊ ရှစ်တောင်ရှိသောကြောင့် ခုနစ်နှစ်၊ ရှစ်နှစ်၊ ကိုးတောင်ရှိလျှင် ကိုးနှစ်ပေးအပ်၏။ မဟလ္လက ကျောင်းကြီး၌ ဆယ်တောင်၊ တစ်ဆယ့်တစ်ကောင် ကျောင်း၌လည်းကောင်း၊ ပြာသာဒ်၌လည်းကောင်း ဆယ်နှစ်၊ တစ်ဆယ့် တစ်နှစ် ပေးအပ်၏။ တစ်ဆယ့် နှစ်တောင်ကျောင်း၊ ထို့ထက်ကြီးသော လောဟပါသာဒ ကျောင်းကြီးမျိုး၌ တစ်ဆယ့်နှစ်နှစ်သာ ပေးအပ်၏။ ထိုထက်အလွန်မပေးအပ်။ နဝကမ္မိက ရဟန်းသည် ဝါတွင်း၌ ထိုကျောင်းကို ရ၏။ ဆောင်းနွေဟူသော ဥတုကာလ၌ ထားခြင်းငှါ မရ။
ပါဠိမုတ္တကကျောင်းပြင်နည်း
ထိုကျောင်းသည် ဆွေးခဲ့အံ့။ ကျောင်းတကာအားလည်းကောင်း၊ ထိုတကာ၏ အနွယ် ဖြစ်သူအား လည်းကောင်း သင်တို့၏ကျောင်းပျက်ပြီ၊ ပြုပြင်ကြလော-ဟု ဆိုအပ်၏။ မတတ်နိုင်အံ့၊ ရဟန်းတို့သည် ဆွေမျိုးကို လည်းကောင်း၊ အလုပ်အကျွေး ဒါယကာကိုလည်းကောင်း တိုက်တွန်း၍ ပြုပြင်အပ်၏။ မတတ်နိုင်အံ့၊ သံဃိကပစ္စည်းဖြင့် မရှိလျှင် ကျောင်းတစ်ဆောင်ကို စွန့်၍ ကြွင်းသော ကျောင်းတို့ကို ပြုပြင်အပ်ကုန်၏။
ကျောင်းများစွာကို စွန့်၍လည်း တစ်ကျောင်းကို တည်စေခြင်းငှါ အပ်သည်သာတည်း။ ဒုဗ္ဘိက္ခအခါ ရဟန်းတို့ ဖဲသွားလျှင် ကျောင်းအားလုံး ပျက်စီးတတ်၏။ ထို့ကြောင့် တစ်ကျောင်း နှစ်ကျောင်း သုံးကျောင်းသော်လည်း စွန့်၍ ထိုမှဖြစ်သော ယာဂု ဆွမ်း သင်္ကန်း စသည်ကို သုံးဆာင်၍ ကြွင်းသောကျောင်းတို့ကို စောင့်ရှောက် ပြုပြင်အပ်ကုန်သည်သာတည်း၊
ကုရုန္ဒီ၌ကား- သံဃိကပစ္စည်း မရှိလျှင် ရဟန်းတစ်ပါးကို “သင့်အတွက် ညောင်စောင်း တစ်နေရာစာ (ပုဂ္ဂလိက) ယူ၍ ပြုပြင်သော” ဟု ဆိုအပ်၏။ များများအလိုရှိအံ့၊ သုံးဖို့တစ်ဖို့ဖြစ်စေ၊ ထက်ဝက်ဖြစ်စေ ပေး၍လည်း ပြုပြင်စေအပ်၏။ တိုင်မျှကြွင်း၍ ပြုပြင်စရာများသည်-ဟု အလိုမရှိခဲ့အံ့၊ သင်၏ ပုဂ္ဂလိကသာပြု၍ ပြုပြင်လော၊ သံဃာ၏ ဘဏ္ဍာ ထားစရာ နေရာကိုလည်းကောင်း၊ သီတင်းငယ်တို့ နေစရာ နေရာကို လည်းကောင်း ရပေလတ္တံ့-ဟု ပြုပြင်စေအပ်၏။ ဤသို့ ပြုပြင်သော ကျောင်းသည် ထိုရဟန်း အသက်ရှိစဉ် ပုဂ္ဂလိက၊ သေလျှင် သံဃိကသာတည်း။
ဘဏ္ဍာ နေရာ စသည်ကို မပေးလိုသဖြင့် မိမိသဒ္ဓိဝိဟာရိကတို့အား ပေးလိုအံ့။ အမှုကိုကြည့်၍ သုံးဖို့ တစ်ဖို့ကိုလည်းကောင်း၊ ထက်ဝက်ကို လည်းကောင်း ပုဂ္ဂလိကပြု၍ ပြုပြင်စေအပ်၏။ ဤသို့ပြုလျှင် သဒ္ဓိဝိဟာရိကတို့အား ပေးခြင်းငှါ ရ၏။ ဤသို့ ပြုပြင်သူ မရှိသော် ကျောင်းတစ်ဆောင်ကို စွန့်၍ စသည်ဖြင့် ဆိုသော နည်းအတိုင်းဖြင့် ပြုပေးအပ်၏။
ပါဠိမုတ္တကပိုင်နည်း
ကုရုန္ဒီ၌ ဤသို့သော ပိုင်ဆိုင်နည်းကို ဆိုသေး၏။ ရဟန်းနှစ်ဦးသည် သံဃာမြေကိုယူ၍ သုတ်သင်၍ သံဃိကကျောင်းကို ဆောက်လိုအံ့၊ မြေကို ပထမယူသူ အစိုးရ၏။ ပုဂ္ဂလိက ကျောင်းကို ဆောက်လိုအံ့၊ ပထမယူသူသာ အစိုးရ၏။ ပထမရဟန်းသည် သံဃိက၊ ဒုတိယရဟန်းသည် ပုဂ္ဂလိက ဆောက်လိုအံ့၊ နေရာကျယ်လျှင် ပုဂ္ဂလိက ဆောက်လိုသူကိုလည်း မတားအပ်၊ နေရာမရှိလျှင်ကား တား၍ သံဃိက ဆောက်သူသာ ဆောက်အပ်၏။ ထိုရာ၌ နောက်ရဟန်း၏ ပြုပြီးသော လက်ခ ကံကြွေးကိုကား ပေးအပ်၏။
ပြုပြီးသော အာဝါသ၌ လည်းကောင်း၊ အဝါသပြုရာ၌ လည်းကောင်း အရိပ်ခိုပင် အသီး စားပင်ရှိအံ့ သံဃာကို ပန်ကြား၍ ဆောင်အပ်၏၊ ပုဂ္ဂလိကပင်တို့ ဖြစ်ကုန်အံ့၊ သခင်တို့ကို ပန်ကြားအပ်ကုန်၏။ ခွင့်မပေးလျှင် သုံးကြိမ်ပန်ကြား၊ သစ်ပင်ကို တန်ဖိုးပေးမည်-ဟု ဆောင်းအပ်ကုန်၏။
အကြင်ရဟန်းသည် သံဃိကနွယ်ကိုမျှ မယူဘဲ မဆာင်ယူခဲ့သော အဆောက်အဦဖြင့် သံဃိကမြေ၌ ပုဂ္ဂလိကကျောင်း ဆောက်စေအံ့၊ ထက်ဝက်သံဃိက၊ ထက်ဝက်ပုဂ္ဂလိကဖြစ်၏။ ပြာသာဒ်ဖြစ်အံ့၊ (ဝါ-နှစ်ထပ် ကျောင်းဖြစ်အံ့၊) အောက်ထပ် သံဃိက၊ အထက်ထပ်ပုဂ္ဂလိက ဖြစ်၏။ အောက်ထပ်၌ နေလိုအံ့၊ သူရ၏၊ နှစ်ထပ်လုံးနေလိုအံ့၊ နှစ်ထပ်လုံး၌ ထက်ဝက်ရ၏။ နှစ်ကျောင်း ဆောက်စေအံ့၊ တစ်ကျောင်းသံဃိက၊ တစ်ကျောင်း ပုဂ္ဂလိက ဖြစ်၏။
ကျောင်းဖြစ်-ကျောင်းထွက်ပစ္စည်းဖြင့် ဆောက်စေအံ့၊ သုံးဖို့တစ်ဖို့ ရ၏။ အကတဋ္ဌာန- မပြုသေးသော ပြင်ပနေရာ၌ အကျည်ကိုလည်းကောင်း၊ မုခ်ဦးကိုလည်းကောင်း ပြအံ့၊ ဗဟိကုဋ္ဋ- မိမိ ပြုသော နံရံပြင်ပ၌ ထက်ဝက် သံဃိက၊ ထက်ဝက် ထိုသူပိုင်၏၊ ကျယ်ဝန်းစွာ မညီညွတ်သောနေရာကို မြေဖို့၍ ကျောင်းခင်း မဟုက်ရာ၌ ကျောင်းခင်းပြ၍ ပြုသည်ဖြစ်အံ့၊ ထိုကျောင်း၌ သံဃာသည် အစိုးမရ။)
ဇီဋီ ... ကပေါတဘလ္လိကာသည် ဝဠဘိ၏အထက်၌ ထားသော သစ်သားကွင်း၊ မြက်မိုးကျောင်း၌ ခေါင်လျှောက်၏။ အောက်က်၌ထားသော သစ်သားဖြစ်၏。
သာဋီ ... တစ်စုံတစ်ယောက်ကို တိုက်တွန်း၍ ဟူသည်-ကျောင်းဒါယကာ ကိုယ်တိုင်သာလျှင် ရဟန်း တစ်ပါးပါးကို ဆောက်တည်စေ၍ ပြုစေလတ္တံ့。
ဥတုကာလ၌ ထားခြင်းငှါ မရ ဟူသည် ဆောင်း နွေ တို့၌ရောက်လာသော ရဟန်းတို့ကို ထားခြင်းငှါ မရ。
ဘဏ္ဍာ ထားစရာ နေရာ စသည်ကို မပေးလို၍ မိမိတပည့်တို့အားသာ ပေးလိုအံ့၊ သုံးဖို့တစ်ဖို့၊ ဝါ-ထက်ဝက်ကို ပေးခြင်းငှါ ရ၏၊
အကတဋ္ဌာန သည် ကျောင်းမှအပ၌ အကျည်စသည် မပြုရာဋ္ဌာန ဖြစ်၏。
ဝိဋီ ... ပိဏ္ဍနိက္ခေပသည် ခဏ္ဍဖုလ္လဋ္ဌာန၌ မြေညက်စိုင်ထားခြင်း ဖြစ်၏。
နဝကမ္မသည် နဝကမ္မ သမ္မုတိ ဖြစ်၏。
ကဂ္ဂဠဝဋ္ဋိသည် ကဝါဋဗဒ္ဓ ဖြစ်၏。
ဆဒနသည် မြက်စသည်ဖြင့် ကျောင်းမိုးခြင်း ဖြစ်၏。
ဗဒ္ဓနသည် ဒဏ္ဍ၊ ဝလ္လိစသည်ဖြင့် အမိုးကိုဖွဲ့ခြင်း ဖြစ်၏
လေးတောင်ရှိသော ကျောင်းသည် အကျယ်ပမာဏ လေးတောင်ရှိ၏。
အစောက်အားဖြင့် အထပ်များသောကြောင့် ဝဍ္ဎကီဟတ္ထဖြင့် အတောင် နှစ်ဆယ်သော်လည်း ရှိ၏။ အထူးထူးသော သဏ္ဍာန်ဖြင့် ဆန်းကြယ်သော ကျောင်းလည်း ဟုတ်၏။ ထို့ကြောင့် ထိုကျောင်းအား စတုဝဿိက နာကမ္မကို ဆိုသည်။ အကြွင်းတို့၌လည်း ဤနည်းတည်း。
ကျောင်းအားလုံးကို နဝကမ္မပေးကုန်၏ ဟူသည်၌ ရဟန်းတစ်ပါးတည်းအား ကျောင်းအားလုံး၌ နဝကမ္မကို ပေးကုန်၏-ဟူလို。
ထိုကျောင်းသည် ဆွေးခဲ့အံ့ စသည်သည် ပါဠိမုတ္တက ဝိနိစ္ဆယ ဖြစ်၏。
ညောင်စောင်း တစ်နေရာစာ၊ သုံးဖို့တစ်ဖို့၊ ထက်ဝက်ပုဂ္ဂလိက စွန့်ခြင်းသည်လည်း (ကျောင်းပြုပြင်သည့် အတွက် စွန့်ခြင်းကြောင့်) ထာဝရနှင့် ထာဝရ လဲလှယ်ခြင်း၌သာ ဝင်၏၊ ဤသို့မဟုတ်လျှင် မဝင်၊ ကျောင်းအားလုံး ပျက်သောကြောင့်တည်း。
ဘဏ္ဍာ ထားစရာ နေရာ စသည်ကို မပေးလို၊ မိမိတပည့်တို့အားသာ ပေးလိုသူအား-သင်၏ ပုဂ္ဂလိကသာ ပြု၍ ပြုပြင်လေ-ဟု အလုံးစုံကို မပေးအပ်။ ထိုကြောင့် အမှုကိုကြည့်၍ စသည်ကို ဆိုသည်။ သုံးဖို့တစ်ဖို့ကို၊ ဝါ-ထက်ဝက်ကိုယူလျှင် ထိုအဖို့ကို တပည့်တို့အား ပေးခြင်းငှါ ရ၏。
မြေကိုပထမယူသူ အစိုးရ၏- ဟူသည်ကား၊ ထိုမြေ၌ ကျောင်းဆောက်လျှင် ထိုသူသာအစိုးရသည်။ ထိုသူကိုထား၍ နောက်ယူသူမပြုအပ်။ ထိုသူသာ ပထမယူသောကြောင့်တည်း。
အကတဋ္ဌာနသည် အကျည်စသည်ကို မပြုဘူးသောနေရာ ဖြစ်၏。
အကျည်ကိုလည်းကောင်း၊ မုခ်ဦးကို လည်းကောင်း ဟူသည် သံဃိကသေနာသနကို ဆွယ်ကပ်၍ ကျောင်းပြင်ပ၌ အကျည်ဖွဲ့၍ သေနာသန တစ်ခုကို လည်းကေင်း ပြုအံ့၊ ဗဟိုကုဋ္ဋသည် နံရံမှ ပြင်ပ မိမိပြုသော နေရာ ဖြစ်၏။)
နဝကမ္မိကပိုင်ခွင့်၊ မပိုင်ခွင့်
ထိုအခါ ရဟန်းတို့သည် နဝကမ္မကို ယူ၍ သူတစ်ပါးကို နေစေကုန်၏။ ချစ်သားတို့ ... နဝကမ္မကိုယူ၍ သူတစ်ပါးကို မနေစေအပ်-ဒုက္ကဋ်။
ရဟန်းတို့သည် နဝကမ္မယူ၍ သံဃိကကျောင်းကို ထားကုန်၏။ ချုပ်သားတို့ ... နဝမ္မကိုယူ၍ သံဃိက ကျောင်းကို မထားအပ်-ဒုက္ကဋ်၊ ချစ်သားတို့ ... ဧကဝရသေယျ- နေရာကောင်း တစ်ခုကို ယူခြင်းငှါ ခွင့်ပြု၏။
ရဟန်းတို့သည် သိမ်ပ၌ တည်သော ရဟန်းအား နဝကမ္မ ပေးကုန်၏။ ချစ်သားတို့ .... သိမ်ပ၌ တည်သူအား နဝကမ္မကို မပေးအပ်-ဒုက္ကဋ်။
ရဟန်းတို့သည် နဝကမ္မယူ၍ အခါခပ်သိမ်း ထားကုန်၏။ ချစ်သားတို့ … နဝကမ္မကိုယူ၍ အခါခပ်သိမ်း မထားအပ်- ဒုက္ကဋ်။ ချစ်သားတို့ … ဝါတွင်း သုံးလ၌ ထားခြင်းငှါ၊ ဥတုကာလ၌ မထားခြင်းငှါ ခွင့်ပြု၏။
ရဟန်းတို့သည် နဝကမ္မဟူ၍ ဖဲကုန်၏။ လူထွက်ကုန်၏၊ သေကုန်၏။ သာမဏေ-ဟု ဝန်ခံကုန်၏။ သိက္ခာချသူ-ဟု ဝန်ခံကုန်၏ (၅)၊
အန္တိမဝတ္ထု ရောက်သူ၊ ရူးသူ၊ စိတ်ပြန့်လွင့်သူ ဝေဒနာနှိပ်စက်သူ၊ အာပတ်မရှုသူ နှင်ထုတ်အပ်သူ (၅)၊
မကုစား၍ နှင်ထုတ်အပ်သူ၊ ယုတ်မာသော အယူ မစွန့်၍ နှင်ထုတ်အပ်သူ၊ ပဏ္ဍက၊ သေယျသံဝါသက၊ တိတ္တိယပက္ကန္တက (၅)၊
တိရိစ္ဆာန်၊ အမိသတ်သူ၊ အဘသတ်သူ၊ ရဟန္တာသတ်သူ၊ ဘိက္ခုနီ ဖျက်ဆီးသူ (၅)၊
သံဃဘေဒက၊ လောဟိတုပ္ပါဒက၊ ဥဘဘောဗျည်း- ဟု ဝန်ခံကုန်၏ (၃)။
ချစ်သားတို့ … ဤသာသနာ၌ ရဟန်းသည် နဝကမ္မယူ၍ ဖဲအံ့၊ …လ…၊ ဥဘတောဗျည်း-ဟု ဝန်ခံအံ့၊ သံဃာအား မဆုတ်ယုတ်ပါစေနှင့် ဟု တစ်ပါးသော ရဟန်းအား ပေးအပ်၏။
နဝကမ္မယူ၍ ပြု၍ မပြီးမီ ဖဲအံ့၊ …လ...၊ ဝန်ခံအံ့၊ သံဃာအား မဆုတ်ယုတ်ပါစေလင့်-ဟု တစ်ပါးသော ရဟန်းအား ပေးအပ်၏။ နဝကမ္မယူ၍ ပြု၍ ပြီးမှ ဖဲအံ့၊ ထိုသူ၏ ဥစ္စာသာဖြစ်၏။
ထွက်၊ သေ၊ သာမဏေ၊ သိက္ခာချသူ၊ အန္တိမရောက်သူ-ဟု ဝန်ခံအံ့၊ သံဃာ အစိုးရ၏၊
ရူး၊ စိတ်ပြန့်လွင့်၊ ဝေဒနာနှိပ်စက်၊ မရှု၊ မကု၊ မစွန့်ကြောင့် နှင်ထုတ်အပ်သူ ဟု ဝန်ခံအံ့၊ ထိုသူ၏ ဥစ္စာသာဖြစ်၏။
ပဏ်၊ ထေ၊ ပက်၊ စ္ဆာန်၊ ပဉ္စာနန်၊ ဒူသံ၊ ဥဘတောဗျဉ်း-ဟု ဝန်ခံအံ့၊ သံဃာအစိုးရ၏။
(နဝကမ္မိက ရဟန်းပိုင်-၇၊ သံဃာပိုင် ၁၆-ပေါင်း ၂၃။)
(ထာ ... ဧကဝရသေယျကို ဟူသည်၌ နဝကမ္မ ပေးရာဌာန၌ လည်းကောင်း၊ ဝါစဉ်ဖြင့် ရောက်ရာဌာန၌ လည်းကောင်း အလိုရှိရာ နေရာကောင်းတစ်ခုကို ပေးခြင်းငှါ ခွင့်ပြု၏ ဟူလို။ ပြုပြီးမှ ဖဲသွားအံ့၊ ပြန်လာ၍နေလျှင် ထိုသူ၏ဥစ္စာသာ။ ပြန်မလာလျှင် ထိုသူ၏ သဒ္ဓိဝိဟာရိက စသည်တို့ ယူခြင်းငှါ မရ။)
(ဝိဋီ ... အခါခပ်သိမ်း ထားကုန်၏ ဟူသည် နဝကမ္မိက ရဟန်းတို့သည် မိမိယူအပ်သော ဝရသေယျကို ရောက်လာသူတို့အား သီတင်းကြီးစဉ် ပေးခြင်းမပြုဘဲ ဥတုကာလ၌လည်း ထားကုန်၏၊)
နေရာရွှေ့သုံးခြင်း
ထိုအခါ ရဟန်းတို့သည် ဒါယိကာတစ်ဦး၏ ကျောင်းသုံး သေနာသနကို အရပ်တစ်ပါး၌ သုံးကုန်၏။ ဒါယကာ ကဲ့ရဲ့၏။ ချစ်သားတို့ .... အရပ်တစ်ပါး၌ အသုံးအဆောင်ကို အရပ်တစ်ပါး၌ မသုံးဆောင်အပ်-ဒုက္ကဋ်။
ရဟန်းတို့သည် ဥပုသ်ပြုရာသို့ လည်းကောင်း၊ စည်းဝေးရာသို့လည်းကောင်း ဆောင်ယူခြင်းငှါ ကုက္ကုစ္စဖြစ်၍ (မဆောင်ယူ မသုံးဆောင်ဘဲ) မြေ၌ထိုင်ကုန်၏။ ကိုယ်၊ သင်္ကန်းမြူ ကပ်ကုန်၏။ ချစ်သားတို့ ... အခိုက်အတံ့ ဆောင်ယူခြင်းငှါ ခွင့်ပြု၏။
သံဃာ၏ ကျောင်းကြီး တစ်ဆောင်သည် ပြိုကျ၏။ ရဟန်းတို့သည် ကုက္ကုစ္စဖြစ်၍ သေနာသနကို မဆောင်ယူကြကုန်။ ချစ်သားတို့ ... စောင့်ရှောက်ရန် ဆောင်ယူခြင်းငှါ ခွင့်ပြု၏။
(ထာ ... စောင့်ရှောက်ရန်ဟူသည် ထိုပြိုသော ကျောင်းကြီး၌ ရှိသော ညောင်စောင်း၊ အင်းပျဉ်စသည်ကို စောင့်ရှောက်ခြင်းအကျိုးငှါ တစ်နေရာသို့ ဆောင်ယူခြင်းငှါ ခွင့်ပြုသည် ဟူလို။ ထိုကြောင့် ထိုညောင်စောင်း စသည်ကို တစ်နေရာသို့ ဆောင်၍ သံဃိက ပရိဘောဂဖြင့် သုံးဆောင်သူအား ပျောက်လျှင် သုနဋ္ဌ၊ ဆွေးလျှင်-သုဇိဏ္ဏဖြစ်၏။ အပြစ် မရှိ။ မပျက်မစီးရှိခဲ့လျှင် တိုကျောင်းကြီး ပြုပြင်ပြီးသောအခါ ပကတိ အတိုင်း ပြန်ထားအပ်၏။ ပုဂ္ဂလိက သုံးဆောင်ခြင်းဖြင့် သုံးဆောင်သူအား ပျောက်ပျက်လျှင် ဂီဝါ--ဖြစ်၏။ (အစားပေးအပ်၏ ဟူလို။)
ထိုကျောင်းကြီး ပြုပြင်ပြီးသောအခါ ပေးအပ်သည်သာတည်း။ ထိုကျောင်းပျက်မှ အခြင်စသည်တို့ကိုယူ၍ တစ်ပါးသော သံဃိကကျောင်း၌ ထည့်သုံးလျှင် အပြစ်မရှိ။
ပုဂ္ဂလိကကျောင်း၌ ထည့်သုံးလျှင် တန်ဖိုးကိုသော်လည်း ပေးအပ်၏။ ပကတိအတိုင်းသော်လည်း ပြုအပ်၏။ စွန့်ပစ်သွားသောကျောင်းမှ မဉ္စ၊ ပိဋ္ဌ စသည်တို့ကို ထေယျစိတ်ဖြင့် ယူသူကို ယူကာမျှ၌သာလျှင် ဘဏ္ဍာဖိုးဖြင့် ဆုံးဖြတ်အပ်၏၊ (ဒုက္ကဋ်၊ ထုလ္လစ္စဉ်း၊ ပါရာဇိက တစ်ခုခု ဟူလို။ တစ်ဖန် ကျောင်းကြီး တည်သောအခါ ပြန်ပေးမည်-ဟု ယူ၍ သံဃိက သုံးဆောင်ခြင်းဖြင့် သုံးဆောင်လျှင် ပျောက်ပျက်သမျှ အပြစ်မရှိ။ မပျောက်မပျက်လျှင် ပကတိအတိုင်း ပြုအပ်၏။ ပုဂ္ဂလိကသုံး-သုံးသူအား ပျောက်ပျက်လျှင် ဂီဝါဖြစ်၏။ စွန့်ပစ်သွားသော ထိုကျောင်းမှ တံခါး၊ ပြတင်း စသည်ကို သံဃိကကျောင်း၊ ပုဂ္ဂလိကကျောင်းတို့၌ ထည့်သုံးလျှင် တစ်ဖန်ပြန်ပေးအပ်သည်သာတည်း။)
(သီတင်းကြီးစဉ်ပေး၍ သုံးလျှင် သံဃိကသုံးမည်၏။ မပေးလျှင် ပုဂ္ဂလိကသုံးဖြစ်၏။)
ဖာတိကမ္မ
ထိုအခါသံဃာအား ကျောင်းသုံးပရိက္ခရာအတွက် အဖိုးတန်ကမ္ဗလာသည်ဖြစ်၏။ ချစ်သားတို့ … ဖာတိကမ္မ-ပွားစီးခြင်းအမှု အကျိုးငှါ လဲလှယ်ခြင်းငှါ ခွင့်ပြု၏။ သံဃာအား ကျောင်းသုံးအဖိုးတန် ပုဆိုးသည်ဖြစ်၏၊ ချစ်သားတို့ ... ဖာတိကမ္မအကျိုးငှါ လဲလှယ်ခြင်းငှါ ခွင့်ပြု၏။
(ထာ … ဖာတိကမ္မသည် ဝဍ္ဎိကမ္မ-တိုးပွားခြင်းအမှုဖြစ်၏။ ဤ၌ ဖာတိကမ္မသည် တူမျှစွာလည်းကောင်း၊ လွန်၍လည်းကောင်း အဖိုးတန်သော မဉ္စ၊ ပိဋ္ဌစသော သေနာသန ဖြစ်မှသာလျှင် အပ်၏။)
(ဝိဋီ … ဝဍ္ဎိကမ္မ၌ မူလတန်ဖိုးအောက် မယုတ်လျော့အောင် ပြုအပ်သော ပြီးစေအပ်သော မဉ္စ ပိဋ္ဌ စသည်၏ အကျိုးငှါ လဲလှယ်ခြင်းငှါ ခွင့်ပြုသည်။)
ပါဒပုဉ္ဆနိ၊ ထိုအခါ သံဃာအား အစ္ဆစမ္မ- ဝံရေသည် ဖြစ်၏။ ချစ်သားတို့ ... ပါဒပုဉ္ဆနိ-ခြေသုတ်ကိုပြုခြင်းငှါ ခွင့်ပြု၏။
သံဃာအား စက္ကလိက- ခြေသုတ်အဝန်းသည် ဖြစ်၏။ ချစ်သားတို့ … ခြေသုတ်ကို ပြုခြင်းငှါ ခွင့်ပြု၏။
သံဃာအား စောဠှက-ပုဆိုးကြမ်းသည် ဖြစ်၏၊ ချစ်သားတို့ ... ခြေသုတ်ကို ပြုခြင်းငှါ ခွင့်ပြု၏။
(ထာ … စက္ကလိကသည် ကမ္ဗလာ စသည်တို့ဖြင့် ရစ်၍ ပြုသော အဝန်းဖြစ်၏။)
(သာဋီ … စက္ကလိကသည် ကမ္ဗလာ စသည်တို့ဖြင့် ရစ်၍ အဝန်း သဏ္ဍာန်ဖြင့် အလို့ငှါ အဝန်းသဏ္ဍာန်ပြုသော ခြေသုတ်အဝန်း ဖြစ်၏။)
နင်းခြင်း၊ ခြစ်ခြင်း၊ မှီခြင်းတို့
ထိုအခါ ရဟန်းတို့သည် မဆေးသော ခြေတို့ဖြင့် သေနာသနကို နင်းကုန်၏၊ သေနာသနသည် ပျက်စီး၏။ ချစ်သားတို့ ... မဆေးသော ခြေတို့ဖြင့် သေနာသနကို မနင်း အပ်-ဒုက္ကဋ်။
စိုစွတ်သော ခြေတို့ဖြင့် နင်းကုန်၏။ ပျက်စီး၏။ ချစ်သားတို့ ... စိုစွတ်သောခြေတို့ဖြင့် သေနာသနကို မနင်းအပ်-ဒုက္ကဋ်။
ဖိနပ်နှင့်တကွ နင်းကုန်၏။ ပျက်စီး၏။ ချစ်သားတို့ .... ဖိနပ်နှင့်တကွ သေနာသနကို မနင်းအပ် ဒုက္ကဋ်။
ရဟန်းတို့သည် ပရိကမ္မကတ- အပြေအပြစ်ပြုသော မြေ၌ တံတွေးထွေးကုန်၏။ အဆင်းသည် ပျက်၏။ ချစ်သားတို့ ... အပြေအပြစ်ပြုသော၌ တံတွေး မထွေးအပ်-ဒုက္ကဋ်။ ချစ်သားတို့ ... ခေဠမလ္လက-ထွေးခံကို ခွင့်ပြု၏။
ထိုအခါ ညောင်စောင်း အင်းပျဉ် အခြေတို့သည် အပြေအပြစ်ပြုသော မြေကို ရေးခြစ်ကုန်၏။ ချစ်သားတို့ … ပုဆိုးကြမ်းဖြင့် ရစ်ပတ်ခြင်းငှါ ခွင့်ပြု၏။
ရဟန်းတို့သည် ... အပြေအပြစ်ပြုသော နံရံကို မှီကုန်၏။ အဆင်းသည်ပျက်၏။ ချစ်သားတို့ … အပြေအပြစ် ပြုသော နံရံကို မမှီအပ်-ဒုက္ကဋ်။ ချစ်သားတို့ ... အပဿေနဖလက- မှီရာတံကဲပျဉ်ကို ခွင့်ပြု၏။
တံကဲပျဉ်သည် အောက်မြေ၊ အထက်နံရံတို့ကို ရေးခြစ်၏။ ချစ်သားတို့ … အောက်၌လည်းကောင်း အထက်၌ လည်းကောင်း ပုဆိုးကြမ်းဖြင့် ပတ်ခြင်းငှါ ခွင့်ပြု၏။
ရဟန်းတို့သည် ဆေးပြီးသော ခြေရှိကုန်လျက် အိပ်ခြင်းငှါ ကုက္ကုစ္စ ဖြစ်ကုန်၏။ ချစ်သားတို့ .... ပစ္စတ္ထရိတွာ - အခင်း ထပ်ခင်း၍ အိပ်ခြင်းငှါ ခွင့်ပြု၏။
(ထာ ... စိုစွတ်သောခြေဟူသည် နင်းရာ၌ ရေတင်သောခြေ ဖြစ်၏။ ဤသို့သောခြေဖြင့် အပြေအပြစ်ပြုသော မြေကိုလည်းကောင်း၊ အိပ်ရာ နေရာ သေနာသနကိုလည်းကောင်း မနင်းအပ်။ ဥဒကသိနေဟမတ္တ- ရေစိုရုံ အရောင်မျှသာ ထင်အံ့၊ ရေမထင်အံ့၊ အပ်၏။ ပါဒပုဉ္ဆနီကိုကား စိုစွတ်သော ခြေတို့ဖြင့်လည်း နင်းခြင်းငှါ အပ်သည်သာတည်း။ ဆေးပြီးသော ခြေတို့ဖြင့် နင်းအပ်သောဌာန၌သာ ဖိနပ်နှင့်တကွ မအပ်။
ပုဆိုးကြမ်းဖြင့် ရစ်ပတ်ခြင်းငှါ ဟူသည်- အင်္ဂတေမြေ၌ လည်းကောင်း၊ အပြေအပြစ် ပြုသော မြေ၌ လည်းကောင်း တံပိုင်ကဲလား၊ ဖျာသင်ဖြူးမရှိအံ့၊ ပုဆိုးကြမ်းဖြင့် အခြေတို့ကို ရစ်ပတ်ကုန်၏။ မရှိလျှင် သစ်ရွက်ကိုသော်လည်း ခင်းခြင်းငှါ အပ်၏။ တစ်စုံတစ်ခုကို မခင်းဘဲ (ညောင်စောင်းအင်းပျဉ်ကို) ထားအံ့-ဒုက္ကဋ်။ နေဝါသိက-ကျောင်းနေ ရဟန်းတို့သည် မခင်းသော မြေ၌လည်း ထားကုန်အံ့၊ မဆေးသော ခြေတို့ဖြင့်လည်း သုံးဆောင်ကုန်အံ့၊ ထိုအတူသာ သုံးဆောင်ခြင်းငှါ အပ်၏။
အပြေအပြစ်ပြုသော နံရံသည် ဖြူသော နံရံ၊ ဆေးရေး ဆန်းကြယ်စွာပြုသော နံရံဖြစ်၏။ နံရံ သက်သက်မျှကိုသာ မဟုတ်သေး၊ တံခါးမ၊ လေသာပြတင်း၊ မှီရာတံကဲပျဉ်၊ ကျောက်တိုင်၊ သစ်သားတိုင်တို့ကို သော်လည်း သင်္ကန်းစသော တစ်စုံတစ်ခုဖြင့် မဖုံးလွမ်းဘဲ မှီခြင်းငှါ မရသည်သာတည်း။
ဆေးပြီးသော ခြေရှိကုန်လျက် ဟူသည် ခြေဆေးပြီးသူဖြစ်လျက် ဆေးပြီးသော ခြေတို့ဖြင့် နှင်းအပ်သော ဌာန၌ အိပ်ခြင်းငှါ ကုက္ကုစ္စ ဖြစ်ကုန်၏။
ပစ္စတ္တရိတွာ ဟူသည် အပြေအပြစ်ပြုသော မြေကိုလည်းကောင်း၊ ဘူမတ္တရဏ- မြေအခင်း သေနာသနကို လည်းကောင်း၊ သံဃိကမဉ္စ- ပိဋ္ဌကို လည်းကောင်း၊ မိမိ၏ဥစ္စာဖြစ်သော အခင်းဖြင့် ခင်း၍သာ အိပ်အပ်၏။ အိပ်ပျော်စဉ်သော်လည်း အခင်းသည် တွန့်သဖြင့် ကိုယ်အစိတ်သည် ညောင်စောင်း၊ အင်းပျဉ်ကို ထိအံ့၊ အာပတ်သာတည်း။ အမွေးထိလျှင် အမွေးအရေအတွက်အားဖြင့် အာပတ်သာတည်း။ သုံးဆောင်ခြင်း အားဖြင့် မှီသောသူအားလည်း ဤနည်းသာတည်း။ လက်ဖဝါး၊ ခြေဖဝါး အပြင်ဖြင့်ကား ထိခြင်း၊ နင်းခြင်းငှါ အပ်၏။ မဉ္စ ပိဋ္ဌကို ထုတ်ဆောင်စဉ် ကိုယ်-ထိအံ့- အနာပတ္တိ။)
(သာဋီ ... အပြေအပြစ်ပြုသောမြေသည် နူးညံ့သော မြေတို့ဖြင့် ပြုသော မည်းသော အဆင်း စသည်ရှိသော မြေ ဖြစ်၏။
သေနာသနသည် မဉ္စ ပိဋ္ဌ စသည်ဖြစ်၏။
ထိုအတူသာ သုံးဆောင်ခြင်းငှါ အပ်၏ ဟူသည် အာဝါသိကတို့ သုံးဆောင်သောနည်းဖြင့် သုံးဆောင်ခြင်းငှါ အပ်၏။
နေဝါသိကတို့သည် မခင်းသော မြေ၌ ထားကုန်အံ့၊ ထိုရဟန်းတို့အားလည်း အနာပတ္တိသာ-ဟု ဂဏ္ဍိတို့၌ ဆိုသည်။
တံခါး စသည်ဖြင့် ဆိုသော တံခါးမ၊ လေသာပြတင်း စသည်တို့ကို အပြေအပြစ် မပြုသော်လည်း မမှီအပ်ကုန်။
(ဝိဋီ … အပြေအပြစ်ပြုသော မြေသည် မည်းသော အဆင်းစသည်ဖြင့် ပြုသောမြေ ဖြစ်၏။
သေနာသနသည် မဉ္စ ပိဋ္ဌ စသည် ဖြစ်၏။
ထိုအတူသာလျှင် သုံးဆောင်ခြင်းငှါ အပ်၏- ဟူသော စကားဖြင့် နေဝါသိကတို့သည် ဆေးပြီး ခြေ စသည်တို့ဖြင့် သုံးဆောင်ရာ ဌာန၌ လွန်ကျူး၍ မဆေးသော ခြေ စသည်တို့ဖြင့် သုံးဆောင်သူအားသာ အာပတ်ကို ပညတ်သည်ဟုပြ၏။
သာမညအဖြင့် ဆိုသော တံခါးမ၊ လသာပြတင်း စသည်တို့ကို အပြအပြစ် မပြုသော်လည်း မမှီအပ်ကုန်။ မသိ၍ မှီသူအားလည်း အမွေးအရေအတွက်ဖြင့် အာပတ်တည်း။}
(ဆရာမြတ်တို့ကား- လူတို့သည် ကျောင်း ညောင်စောင်း စသည်တို့ကို သလောမေနကာယေနဖုသိတွာ-ယထာသုခံပရိဘုဉ္စထ။ တစ်သိန်းတန် ကမ္ဗလာကိုသော်လည်း အဓောတေဟိပါဒေဟီ အက္ကမိတွာ ယထာ သုခံပရိဘုဉ္စထ- စသည်ဖြင့် ဆို၍ လှူလျှင် ယထာဒါယတာဝဒန္တိ၊ ယထာပဋိပဇ္ဇိထဗ္ဗံ- ဒါယကာဆိုတိုင်း သုံးဆောင်၏ အပြစ်မရှိ ဟု ဆိုကုန်၏။)
သုခိလောမဘီလူး၊ ခရဘီလူး
(သဂါထာဝဂ္ဂသံယုတ်အဋ္ဌကထာ- ကဿပမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းတစ်ပါးသည် ခရီးဝေးမှ ပြန်လာ၍ ကောင်းစွာခင်းသော ညောင်စောင်းကို မိမိအခင်း ထပ်မခင်းပဲ ချွေးညစ်ကြေးရှိသော ကိုယ်ဖြင့် အိပ်၏။ ရှေးအဖို့ နောက်အဖို့ သီလ စင်ကြယ်သော်လည်း ထို၏ မကောင်းမှုသည် ဖြူသောအဝတ်၌ မည်းသောအဆင်းကဲ့သို့ ထင်ရှား၏။ ထိုရဟန်းသည် တရာထူးရခြင်းငှါ မစွမ်းနိုင်သဖြင့် သေလတ်သော် ဂယာ မည်သောရွာ၏ ရွာတံခါး အနီး အမှိုက်ပုံ၌ သုစိ အမည်ဖြင့် ဘီလူးဖြစ်၏။ တစ်ကိုယ်လုံး အပ်မွေးပေါက်၍ ကွန်ယက်၌ အပ်များစွာ စိုက်သကဲ့သို့ ဖြစ်၏။ ငါတို့ ဂေါတမဘုရားသည် နံနက်စောစော လောက ကြည့်လတ်သော် တစ်နေ့၌ မြင်၍ ဤဘီလူးသည် ဆင်းရဲလှ၏။ မဂ်ဖိုလ်ရထိုက်၏-ဟု ထိုအမှိုက်ပုံသို့ ကြွ၍ နေတော်မူ၏။
ကဿပဘုရားလက်ထက် ဥပါသကာတစ်ယောက်လည်း ကျောင်း၌ သံဃိက အခင်းထက်၌ မိမိအခင်းကို မခင်းဘဲ အိပ်ဖူး၏။ သံဃိကဆီကို ခွင့်မပန်ဘဲ လိမ်းဖူးသည်ဟူ၍လည်း ဆိုကုန်၏။ ထိုကံကြောင့် ထို အမှိုက်ပုံ၌ပင် ကြမ်းသောကိုယ်ရှိ၍ ခရအမည်ဖြင့် ဘီလူးဖြစ်၏။ တစ်ကိုယ်လုံး မိကျောင်းရေကဲ့သို့ မညီညွတ်သော အုတ်ကြွပ်ခေါင်မိုးကဲ့သို့ ကိုယ်ကြမ်း၏။ သူစိလောမနှင့် မိတ်ဆွေဖြစ်၏။ ဘုရားရှင်ကို ခရလောမ ဘီလူး မြင်လတ်သော် “မိတ်ဆွေ၊ သင်၏ဗိမာန်၌ ရဟန်းတစ်ပါး ဝင်နေသည်”ဟု ဆို၏။ သူစိလောမသည် ဤသူကား ရဟန်းမဟုတ်၊ ငါ့ကိုမြင်လျှင် လန့်၍ပြေးလတ္တံ့၊ ရဟန်းတုဖြစ်မည်ဟု ဆို၍ ကြောက်ဖွယ်ဖန်ဆင်း၍ အနီးသို့ချဉ်းကပ်၏။
ဘုရားရှင်သည် အနည်းငယ် တိမ်းရှောင်လတ်သော် ကြောက်သလောဟု မေး၏။ ငါကားမကြောက်၊ သင့်ကို မစင် မီး မြွေကဲ့သို့ တိမ်းရှောင်သင့်သည်ဟု ဆိုလတ်သော် အမျက်ထွက်၍ ရဟန်း သင့်ကို ပြဿနာမေးမည်၊ မဖြနိုင်လျှင် သင်၏ အသည်းနှလုံးကို ချေပစ်မည်၊ အခြေနှစ်ခုကို ကိုင်ဆွဲ၍ ပစ်လိုက်မည်-ဟု ဆို၏။ အလိုရှိတိုင်း မေးလော့ ဟုဆို၍ မေးသော ပြဿနာကို သစ္စာလေးပါး ပြ၍ ဖြေတော်မူ၏။ ထိုအခါ သူစိလောမဘီလူးသည် သောတာပန်တည်၍ အပ်မွေးတို့ ကျွတ်ကျ၍ ရွှေအဆင်းရှိသောကိုယ်ဖြင့် ဘုမ္မစိုး နတ်စည်းစိမ်ကို ရလေ၏။ ထို့ကြောင့် မိမိ၏ ပုဂ္ဂလိက အခင်းကို ထပ်ခင်း၍ သုံးခြင်း၌ သတိခိုင်မြဲ သင့်လှ၏။)
ဆွမ်းညွှန်သမ္မုတိ
မြတ်စွာဘုရားသ အာဠဝီ၌ မွေ့လျော်သမျှ နေ၍ ရာဇဂြိုဟ်သို့ကြွ၍ ဝေဠုဝန် ကလန္ဒနိဝါပ၌ နေတော်မူ၏။ ထိုအခါ ရာဇဂြိုဟ်သည် ဒုဗ္ဘိက္ခဖြစ်၏။ (ဝါ-ထမင်းမပြည့်စုံ။) လူတို့သည် သံဃဘတ်ကိုပြုခြင်းငှါ မတတ်နိုင်ကုန်။ ဥဒ္ဒေသဘတ်၊ နိမန္တနဘတ်၊ သလာကဘတ်၊ ပက္ခိကဘတ်၊ ဥပေါသထိကဘတ်၊ ပါဋိပဒိကဘတ်ကို ပြုလိုကုန်၏။ ချစ်သားတို့ ... သံဃဘတ်ကို ဥဒ္ဒေဘတ်ကို နိမန္တနဘတ်ကို --လ--- ပါဋိပဒိကဘတ်ကို ခွင့်ပြု၏။ (ဤ၌ သံ၊ ဥဒ်၊ နိ၊ သ၊ ပက်၊ ဥ၊ ပါ-ဟု ဘတ်-၇-ရပ်ခွင့်ပြုသည်။)
ဆဗ္ဗဂ္ဂီတို့သည် မိမိအတွက် ကောင်းသော ဝရဘတ်တို့ကိုယူ၍ ညံ့သော လာမကဘတ်တို့ကို ရဟန်းတို့အား လှူကုန်၏။ ချစ်သားတို့ ... ငါးပါးသော အင်္ဂါနှင့်ပြည့်စုံသော ရဟန်းကို ဘတ္တုဒ္ဒေသက ဆွမ်းညွှန်း ရဟန်း-ဟု သမုတ်ခြင်းငှါ ခွင့်ပြု၏။ ဆန္ဒ၊ ဒေါသ၊ မောဟ၊ ဘယ-အဂတိ လေးပါးသို့ မလိုက်၊ ညွှန်းအပ် မညွှန်းအပ်သိ၏။
သမုတ်ပုံကား --
ဤသို့သော ရဟန်းကိုတောင်းပန်၍ ဗျတ္တသည် ဉတ္တိ ဒုတိယကံဖြင့် သံဃာကို သိစေအပ်၏၊ ဝါ-သံဃာသည် ဤမည်သော ရဟန်းကို ဆွမ်းညွှန်း ရဟန်းဟု သမုတ်ရာ၏။ သမုတ်၏။ သမုတ်ပြီ-ဟု သိစေအပ်၏ ဆွမ်းညွှန်း ရဟန်းတို့အား အဘယ်သို့ ညွှန်းရအံ့နည်းဟု အကြံဖြစ်၏။ ချစ်သားတို့ ... သလာကာ- ဝါးခြမ်းစိတ်၌ လည်းကောင်း၊ ပဋ္ဋိကာ - ထန်းရွက်စသော အပြား၌လည်းကောင်း၊ စာလုံးဖွဲ့၍၊ ဝါ-ရေး၍ မွှေနှောက်၍ ညွှန်းခြင်းငှါ ခွင့်ပြု၏။
(ထာ … သံဃဘတ်ကို ပြုခြင်းငှါ မတတ်နိုင်ကုန်ဟူသည်၌ (သကလသံဃ- အလုံးစုံသော သံဃာအား လှူသောထမင်းသည် သံဃဘတ်မည်၏။) ထိုအလုံးစုံသော သံဃာအား ဘတ်ကိုလှူခြင်းငှါ မတတ်နိုင်ကုန်၊ ဥဒ္ဒေသဘတ် စသည်တို့၌ တစ်ပါး၊ နှစ်ပါး၊ …လ…၊ ဆယ်ပါးသော ရဟန်းတို့ကို သံဃာမှညွှန်း၍ ပေးတော်မူကြပါ (သံဃာညွှန်း) ဥဒ္ဒေသ ဖြင့်ရသော ရဟန်းတို့အား ဘတ်ကို လှူလိုကုန်၏၊ အချို့ကား ထိုအတူ တစ်ပါး၊ နှစ်ပါး စသည်ဖြင့် ရဟန်းတို့ ပိုင်းခြား၍ ပင့်ဖိတ်၍ ဘတ်ကို လိုကုန်၏။ အချို့ကား စာရေးတံရေး၍၊ အချို့ကား ပက္ခိက၊ ဥပေါသထိက၊ ပါဋိပဒိကကို ဤသို့ မှတ်သား၍ တစ်ပါး၊ နှစ်ပါး --လ-- ဆယ်ပါးတို့အား ဘတ်ကို လှူလိုကုန်၏။
ဤသို့လျှင် ဥဒ္ဒေသဘတ်၊ နိမန္တနဘတ် စသောအမည်ကို ရကုန်၏။ ရာဇဂြိုဟ်သားတို့သည် ဒုဗ္ဘိက္ခအခါ မတတ်နိုင်သော်လည်း သုဘိက္ခ- ဝပြောသောအခါ သံဃဘတ်ကို လှူနိုင်ကုန်လတ္တံ့၊ ထို့ကြောင့် ထိုသံဃဘတ်ကိုလည်း ထည့်သွင်း၍ ဘုရားရှင် ခွင့်ပြုသည်။ သံဃဘက်လှူစဉ် ရပ်တည်ခြင်းမရှိ။ ယနေ့ငါ့အလှည့်၊ မနက်ဖြန် သူ့အလှည့်ဟုဆိုဖွယ်မရှိ၊ ရောက်လာသမျှ ရဟန်းအားလုံးနှင့် ဆိုင်၏။) အကျယ်ကို နောက်၌ သီးခြားဆိုအံ့။ ဘတ္တ-ထမင်း ဟူသော စကားကို အဆိုများ၏။ ဘိက္ခာ- ဆွမ်းဟူသော စကားကို အဆိုနည်း၏။)
သာဋီ .... ထိုသံဃံဘက်ကိုလည်း ထည့်သွင်း၍ ဟူသည် နောင်အခါ ရဟန်းတို့ ကုက္ကုစ္စ ပယ်ဖျောက်နိုင် စေခြင်းငှါ ထိုသံဃံဘတ်ကို ထည့်သွင်း၍ ခွင့်ပြုသည်။)
ကြွင်းသမ္မုတိ ၁၂-ရပ်
ထိုအခါ သံဃာအား သေနာသန ပညာပက- အိပ်ရာ နေရာခင်းပေးသော ကျောင်းညွှန်း ရဟန်းမရှိ။ ဘဏ္ဍာဂါရိက- ဘဏ္ဍာတိုက်စိုး ရဟန်း၊ စီဝရပဋိဂ္ဂါဟဏ- သင်္ကန်းခံသောရဟန်း၊ စီဝရဘာဇက-သင်္ကန်း ဝေဖန်သော ရဟန်း၊ ယာဂု- ယာဂုဝေသောရဟန်း၊ ဖလ- သစ်သီးဝေရဟန်း၊ ခဇ္ဇက- ခဲဖွယ်ဝေ ရဟန်း မရှိ။ ခဲဖွယ်သည် မဝေအပ်သဖြင့် ပျက်စီး၏။ ချစ်သားတို့ .... ငါးပါးသော အင်္ဂါနှင့် ပြည့်စုံသော ရဟန်းကို ခဲဖွယ် ဝေသောရဟန်း-ဟု သမုတ်ခြင်းငှါ ခွင့်ပြု၏။ အဂတိ လေးပါးသို့ မလိုက်၊ ဝေဖန်အပ် မဖန်အပ် သိ၏။ တောင်းပန်၍ ဉတ္တိဒုတိယကံဖြင့် သံဃာကို သိစေအပ်၏။ ဝါ-သံဃာသည် ဤရဟန်းကို ခဲဖွယ်ဝေသူ-ဟု သမုတ်ရာ၏။ သမုတ်၏။ သမုတ်ပြီ..ဟု သိစေအပ်၏။
သံဃာအား ဘဏ္ဍာတိုက်၌ အနည်းငယ်သော ပရိက္ခရာသည် ဖြစ်၏။ ချစ်သားတို့ ... အင်္ဂါငါးပါးရှိသော ရဟန်းကို အပ္ပမတ္တက ဝိဿဇ္ဇက ရဟန်း-ဟု သမုတ်ခြင်းငှါ ခွင့်ပြု၏၊ ...လ... သိစေအပ်၏။ ထိုအပ္ပမတ္တက ဝိဿဇ္ဇကရဟန်းသည် သူစိ- အပ်တိုတစ်ချောင်း ပေးအပ်၏။ သတ္ထက- ဓားငယ်ကို ပေးအပ်၏။ ဥပါဟနာ-ဖိနပ်ကို၊ ကာယဗန္ဓန-ခါးပန်းကို၊ အံသဗဒ္ဓက-ပခုံးဖွဲ့ကို၊ ပရိဿာဝန-ရေစစ်ပဝါကို၊ ဓမ္မကရဏ-ဓမ္မကရိုဏ် ရေစစ်ကို၊ ကုသိ-မြောင်းရှည်ကို၊ အဍ္ဎကုသိ- မြောင်းတိုကို၊ မဏ္ဍလ-အိမ်ဝန်းကြီးကို၊ အဍ္ဎမဏ္ဍလ-အိမ်ဝန်းငယ်ကို၊ အနုဝါတ-အလျားအနားပတ်ကို၊ ပရိဘဏ္ဍ- အနံ အနားပတ်ကို (တစ်ခုတစ်ခု) ပေးအပ်၏။ သံဃိက ထောပတ်၊ ဆီ၊ ပျား၊ တင်လဲရှိလျှင် တစ်ကြိမ်လျက်ခြင်းငှါ ပေးအပ်၏။
တစ်ဖန် အလိုရှိလျှင် တစ်ဖန်လည်း ပေးအပ်၏။ သံဃာအား သာရိယဂါဟာပက- မိုးရေခံယူစေသူ မရှိ၊ ပတ္တဂါဟာပက– သပိတ်ယူစေသူ မရှိ၊ အာရာမိကပေသက- အရံစောင့်ကို စေခိုင်းသူ မရှိ၊ သာမဏေရပေသက- သာမဏေကို စေခိုင်းသူမရှိ၊ သာမဏေတို့သည် စေခိုင်းသူ မရှိ၍ အမှုကြီးငယ် မပြုကုန်။ ချစ်သားတို့ … အင်္ဂါငါးပါးရှိသော ရဟန်းကို သာမဏေစေခိုင်းသူ-ဟု သမုတ်ခြင်းငှါ ခွင့်ပြု၏။ …လ…။ သိစေအပ်၏။
(ထာ ... သမုတ်၍ ထားသော ယာဂုဘာဇက စသော သမ္မုတိရ-ရဟန်းတို့သည် ဝေဖန်ဆုဌာနသို့ ရောက်လာသောသူတို့အား ထက်ဝက်အဖို့ ကို မပန်ကြားဘဲကာ ပေးအပ်၏၊ သမ္မုတိမရသော ရဟန်းကိုကား ပန်ကြား၍ ပေးအပ်၏။ သမ္မုတိရသော အပ္ပတ္တကဝိဿဇ္ဇနက ရဟန်းသည် သင်္ကန်းချုပ်သူအား “အပ်ပေးပါ” ဟု ဆိုလျှင် အရှည်တစ်ချောင်း၊ အတို တစ်ချောင်း၊ အပ်နှစ်ချောင်း ပေးအပ်၏။ မဝေဖန်အပ်သေးသော သံဃိက ဘဏ္ဍာဟု (ကုက္ကုစ္စဖြင့်) ပန်ကြားဖွယ်မရှိ။
ဓားငယ် အလိုရှိသူအား ဓားငယ် တစ်ချောင်းကို၊ ခရီးရှည်ခရီးခဲ သွားလိုသူအား ဖိနပ်တစ်ရံကို၊ ခါးပန်းအလိုရှိသူအား ခါးပန်းကို၊ အံသဗဒ် (ပခုံးဖွဲ့) ဆွေးပြီ-ဟု လာသူအား အံသဗဒ်ကို၊ ရေစစ်ပဝါ အလိုရှိသူအား ဂရေစစ်ပဝါကို ပေးအပ်၏။ ဓမ္မကရိုဏ် အလိုရှိသူအား ဓမ္မကရိုဏ်ကို၊ ပဋက-ပိတ်မရှိလျှင် ဓမ္မကရိုဏ်ကို ပိတ်နှင့်တကွ ပေးအပ်၏။ အာဂန္တုပဋ္ဋ- သလင်းထောင်ပြင်ဖတ်တင် လိုသည်ဟု တောင်းသူအား ကုသိ-အလျားသလင်းထောင်၊ အဍ္ဎကုသိ- အနံသလင်းထောင်တို့အား လောက်အောင် ပေးအပ်၏။
မဏ္ဍလ-မလောက်-ဟု လာသူအား မဏ္ဍလ တစ်ခုပေးအပ်၏၊ အဍ္ဎမဏ္ဍလကို နှစ်ခုပေးအပ်၏၊ မဏ္ဍလကို နှစ်ခုတောင်းလျှင် မပေးအပ်၊ အနုဝါတ-ပရိဘဏ္ဍ အလိုရှိသူအား သင်္ကန်းတစ်ထည်စာ လောက်အောင် ပေးအပ်၏။ ထောပတ်၊ ဆီဦး စသည်ကို အလိုရှိသော ဂိလာနအား ဆေးတစ်မျိုးကို နာဠိမတ္တ-စလယ်ကွမ်းစားမျှပြု၍ ထိုမှ သုံးဖို့တစ်ဖို့ကို ပေးအပ်၏။ ဤသို့ သုံးရက်ပေး၍ နာဠိပြည့်လတ်သော် စတုတ္ထနေ့မှ စ၍ သံဃာကို ပန်ကြား၍ ပေးအပ်၏။ ဂုဠမိဏ္ဍ- တင်လဲခဲ၍လည်း တစ်နေ့ သုံးဖို့ တစ်ဖို့ ပေးအပ်၏။ သုံးရက်ဖြင့် ပိဏ္ဍပြည့်လတ်သော် နောက်၌ သံဃာကို ပန်ကြား၍ ပေးအပ်၏။ အကြွင်း ပေါ်လွင်သည်သာတည်း။)
(ဇီဋီ … ဂုဠပိဏ္ဍသည် တာလပက္ကမတ္တ- ထန်းသီးမှည့်ခန့် ရှိ၏။
သာဋီ ... ဂုဠပိဏ္ဍ တစ်နေ့ သုံးဖို့ တစ်ဖို့ ပေးရာ၌ ဂုဠပိဏ္ဍသည် ပက္ကပ္ပမာဏ ဖြစ်၏-ဟု သိအပ်၏။
ဝိဋီ ... မဝေဖန်အပ်သေးသော သံဃိကဘဏ္ဍာ--ဟူသော စကားသည် ကုက္ကုစ္စဖြစ်ပုံ အခြင်းအရာပြ စကားဖြစ်၏။ ဤသို့ ကုက္ကုစ္စပြု၍ ပန်ကြား မေးမြန်းဖွယ် မရှိ၊ မပန်မကြား မမေး မမြန်းဘဲ ပေးအပ်-ဟု အဓိပ္ပါယ်ကို သိအပ်၏။)
တေရသသမ္မုတိ
ဤ၌ တေရသသမ္မုတိကို ရေတွက်အပ်၏။ ဆွမ်းညွှန်းသမ္မုတိ၊ ကျောင်းညွှန်းသမ္မုတိ၊ ဘဏ္ဍာတိုက်စိုး သမ္မုတိ၊ သင်္ကန်းခံယူသူ၊ သင်္ကန်းဝေဖန်သူ-(၅)၊
ယာဂုဝေဖန်သူ၊ သစ်သီးဝေဖန်သူ၊ ခဲဖွယ်ဝေဖန်သူ၊ အပ္ပမတ္တက- အနည်းငယ် စွန့်သူ၊ မိုးရေခံသင်္ကန်း ပေးသူ-(၅)၊
သပိတ်ပေးသူ၊ အရံစောင့်စေခိုင်းသူ၊ သာမဏေစေခိုင်းသူ သမ္မုတိ(၃)၊
ဤသို့ ၁၃-ပါး ဖြစ်၏။
ညွှန်းသူ နှစ်ယောက်၊ တိုက်စိုးသူ တစ်ယောက်၊ သင်္ကန်း ခခံယူသူ တစ်ယောက်၊ သင်္ကန်း စသည် ဝေဖန်သူ လေးယောက်၊ အနည်းငယ် စွန့်သူ တစ်ယောက်၊ ပေးသူနှစ်ယောက်၊ စေခိုင်းသူ နှစ်ယောက်၊ ပေါင်း ၁၃- ယောက် ဖြစ်၏။
စိုး၊ ခံ၊ စွန့်၊ တစ် (၃)၊ နှစ် x ပေး၊ ညွှန်း၊ စေ (၆)၊ ထွေ x ဝေဖန် (၄)၊
ဆယ့်သုံးတန်-မှတ်ရန် သမ္မုတိ။
စိုး၊ ခံ၊ စွန့် x တစ်ကား- တိုက်စိုး၊ သင်္ကန်းခံ ၁၊ အနည်းငယ်စွန့် ၁-ပေါင်း ၃။
နှစ် x ပေး၊ ညွှန်း၊ စေကား- သင်္ကန်းပေး၊ သပိတ်ပေး ၂၊
ဆွမ်းညွှန်း ကျောင်းညွှန်း ၂၊ အရံစောင့်စေ၊ သာမဏေ စေ ၂၊ ပေါင်း ၆။
လေးထွေ x ဝေဖန်ကား သင်္ကန်း ဝေ၊ ယာဂုဝေ၊ သစ်သီးဝေ၊ ခဲဖွယ်ဝေ ၄။
ယခင် ၃ နှင့် ၆ ပေါင်း ၁၃။
ဤသေနာသနက္ခန္ဓက၌ အဋ္ဌကထာ၌ လာသော ပါဠိမုတ္တကဝိနိစ္ဆယများ ကျန်သေးသည်။
သေနာသနသဂ္ဂါဟဝိနိစ္ဆယ
အန္တရာမုတ္တကကျောင်းခံခြင်း
(ထာ … ကျောင်းခံယူခြင်း သုံးမျိုးတို့တွင် ပုရိမက၊ ပစ္ဆိမက နှစ်မျိုးသည် ထာဝရ(နိယတ) ဖြစ်၏။ အန္တရာမုတ္တက အဆုံးအဖြတ်ကား - တစ်ခုသော ဝိဟာရ၌ လာဘ်များသော သေနာသနသည် ရှိအံ့၊ သေနာသန လှူသူတို့သည် ဝါကပ်သောရဟန်းကို ပစ္စည်းလေးပါးဖြင့် ကောင်းစွာလုပ်ကျွေး၍ ပဝါရဏာပြုပြီး ကြွသွားသောအခါ ရဟန်းပရိက္ခရာများစွာ လှူကုန်အံ့၊ မထေရ်ကြီးတို့သည် အရပ်ဝေးမှ သော်လည်း လာ၍ ဝါဆိုအံ့သောနေ့၌ ထိုသေနာသနကို ယူ၍ ချမ်းသာစွာနေ၍ ဝါကျွတ်သောအခါ လာဘ်ယူ၍ ဖဲသွားကုန်အံ့၊ အာဝါသိကတို့သည် ဤကျောင်းလာဘ်ကို ငါတို့ မရကြ၊ အာဂန္တုမထေရ်တို့သာ ရကြသည်။ သူတို့လာ၍ စောင့်ရှောက်ကြလိမ့်မည်-ဟု ပျက်စီးသော်လည်း မကြည့်ရှုကုန်လတ္တံ့။
မြတ်စွာဘုရားသည် ထိုသေနာသနကို စောင့်ရှောက်ခြင်းငှါ ပဝါရဏာပြုပြီးသော လပြည့်ကျော် တစ်ရက်နေ့၌ နောက်ဝါဆိုခြင်းငှါ အန္တရာမုတ္တက ကျောင်းခံခြင်းကို ယူစေအပ်၏-ဟု မိန့်တော်မူသည်။ ထို ကျောင်းကို ဂါဟန္တ-ယူစေသော ဝါ-ပေးသော ရဟန်းသည် သံဃာ့ မထေရ်ကို အရှင်ဘုရား ... အန္တရာမုတ္တက သေနာသနကို ခံတော်မူပါ-ဟု ဆိုအပ်၏။ ယူလျှင် ပေးအပ်၏။ မယူလျှင် ဤနည်းဖြင့်သာ အနုထေရ်ကို အစပြု၍ ယူသူအား အယုတ်ဆုံး သာမဏအားသော်လည်း ပေးအပ်၏။ ထိုကျောင်းခံယူသူသည် ထိုသေနာသနကို ဆောင်း နွေ ရှစ်လပတ်လုံး စောင့်ရှောက်အပ်၏။ အမိုး၊ နံရံ၊ မြေ တို့၌ ကျိုးပေါက်သမျှ အားလုံးကို ပြုပြင်အပ်၏။
ပါဠိသင်ခြင်း၊ အဋ္ဌကထာ မေးမြန်းခြင်းစသည်ဖြင့် နေ့ကိုကုန်စေ၍ ညဥ့်အခါ ထိုကျောင်း၌ နေခြင်းငှါ၊ ညဥ့်တွင် ပရိဝေဏ- ကျောင်းငယ်၌နေလျှင် နေ့အခါ နေခြင်းငှါ အပ်၏။ နေ့ညဥ့်မပြတ် ထိုကျောင်း၌သာ နေခြင်းငှါလည်း အပ်၏။ ဥတုကာလ ရောက်လာသော သီတင်းကြီးတို့အား (နေရာ) မတားအပ်။ ဝါဆိုသောနေ့ ရောက်လတ်သော် သံဃာ့မထေရ်သည် ငါ့အား ဤသေနာသနကို ပေးကြလော့- ဟု ဆိုအံ့- မရ။ “အရှင်ဘုရား ... ဤသေနာသနကို အန္တရာမုတ္တကကို ယူ၍ ရှစ်လပတ်လုံး ရဟန်းတစ်ပါး စောင့်ရှောက်အပ်ပြီ” ဟု ဆို၍ မပေးအပ်။
ရှစ်လပတ်လုံး စောင့်ရှောက်သူသာ ယူအပ်၏။ ခြောက်လ တစ်ကြိမ်အားဖြင့် တစ်နှစ်-နှစ်ကြိမ်ပစ္စည်းလှူသော ကျောင်း၊ လေးလ တစ်ကြိမ်၊ သုံးလ တစ်ကြိမ်အားဖြင့် သုံးကြိမ်၊ လေးကြိမ် လှူသော ကျောင်းကို အန္တရာမုတ္တာကကို မယူစေအပ်။ ပစ္စည်းကြောင့်သာ ထိုသေနာသနသည် အစောင့်အရှောက် ရလတ္တံ့။ တစ်နှစ်တစ်ကြိမ်သာ ပစ္စည်းများစွာလှူသော သေနာသနကို အန္တရာမုတ္တကကို ယူစေအပ်၏။ ဤကား- ဝါတွင်း၌ ဝါဆိုနေ့အစွမ်းဖြင့် ပါဠိတော်လာ သေနာသနဂ္ဂါဟ ကထာတည်း။)
(ဇီဋီ ... ပစ္စည်းကြောင့်သာ - ဟူသည် ထိုသေနာသန၌ နေသော မထေရ်တို့သည် ထိုပစ္စည်းကို အကြောင်းခံ၍ အရပ်တစ်ပါး မသွားဘဲနေလျက်သာ ထိုသေနာသနကို စောင့်ရှောက်ကုန်လတ္တံ့ ဟူလို။ သာဋီ - ဇီဋီ … အတိုင်းပင်တည်း။
ဝိဋီ … ခြောက်လတစ်ကြိမ် လေးလတစ်ကြိမ် စသည်သည် ပစ္စည်းလှူရာ အချိန်အခါကို ပိုင်းခြား၍ပြသော စကားဖြစ်၏။
မယူအပ် ဟူသည်၏ အကြောင်းကို ပစ္စည်းကြောင့်သာ စသည်ဖြင့်ဆို၏။ ပစ္စည်းကိုသာ မှီ၍ ထို သေနာသန၌နေ၍ စောင့်ရှောက်သူတို့ ဖြစ်ကုန်လတ္တံ့ -ဟူလို။)
ဆောင်းနွေ၌ ကျောင်းခံခြင်း
(ဤသေနာသနဂ္ဂါဟသည် ဥတုကာလ၌ခံယူခြင်း၊ ဝဿာဝါသ၌ ခံယူခြင်း-ဟု နှစ်မျိုးရှိ၏။ ထိုတွင် ဆောင်းဥတု၊ နွေဥတု၊ ရှစ်လလုံး၌ အာဂန္တုတို့သည် အချို့ နံနက်၊ အချို့ ညချမ်း၊ ညဥ့်ဦး၊ သန်းခေါင်၊ ကြက်ဦးတွန် အချိန်မရွေး ရောက်လာကုန်အံ့၊ ရောက်လာသော အခါ၌သာလျှင် ရဟန်းတို့ကို ထစေ၍ အာဂန္တုအား သေနာသနကို ပေးအပ်၏။ အကာလမည်သည်မရှိ။
သေနာသန ပညာပက- ကျောင်းညွှန်း ရဟန်းသည် ပညာရှိသူ ဖြစ်ထိုက်၏။ ညောင်စောင်းနေရာတို့ကို တစ်ခု၊ နှစ်ခု (အဆင်သင့်) ထားအပ်ကုန်၏၊ မထေရ်ကြီးတစ်ပါး၊ နှစ်ပါး အချိန်မဲ့) ရောက်လာလျှင် “အရှင်ဘုရားတို့ အစမှစ၍ ထစေရလျှင် ရဟန်းအားလုံး ဥဗ္ဘဏ္ဍိက အထုပ်အပိုး ကိုယ်စီ သယ်ချီ ပြောင်းရွှေ့ ရကုန်လတ္တံ့။ အကျွန်ုပ်တို့၏ နေရာ၌သာ နေကြပါ”-ဟု ဆိုအပ်၏။
အများရောက်လာလျှင်ကား ထစေ၍ အစဉ်အားဖြင့် ပေးအပ်၏။ ပရိဝေဏ- (ကျောင်းငယ်) တစ်ပါး တစ်ခုလောက်လျှင် ပရိဝေဏ တစ်ခုစီ ပေးအပ်၏။ ထိုပရိဝေဏ၌ရှိသော အဂ္ဂိသာလာ-မီးကင်းကုပ်၊ ဒီဃသာလာ- စရပ်ရှည်၊ မဏ္ဍလမာဠ-တန်ဆောင်းဝန်း စသည်တို့သည် ထိုရဟန်းအားသာ ရောက်၏။
ပရိဝေဏ တစ်ပါးတစ်ခု မလောက်လျှင် ပါသာဒဂ္ဂ ပြာသာဒ် အပိုင်းအခြားဖြင့် ပေးအပ်၏။ (အထပ်ထပ် ကျောင်းကို တစ်ထပ်တစ်ပါး-ဟူလို။) ပြာသာဒ် မလောက်လျှင် ဩစရကဂ္ဂ- အခန်းအပိုင်း အခြားဖြင့်၊ မလောက်လျှင် သေယျဂ္ဂ- အိပ်ရာ အပိုင်းအခြားဖြင့်၊ မလောက်လျှင်မဉ္စဌာနဖြင့်၊ ပိဋ္ဌကဌာန- အင်းပျဉ်နေရာ တစ်ခုဖြင့် ပေးအပ်၏။
ရဟန်း၏ ရပ်လောက်ရာမျှကိုကား မယူစေအပ်။ ရပ်ရာ အရပ်သည် သေနာသန မမည်။ ပိဋ္ဌကဌာန မလောက်လျှင် တစ်ခုသော မဉ္စဌာန၊ ပိဋ္ဌကဌာနကို တစ်လှည့်စီ အပန်းဖြေကြပါ-ဟု သုံးပါးအား ပေးအပ်၏။ အေးသောအခါ တစ်ညဥ့်လုံး လွင်တီးခေါင်၌ နေခြင်းငှါ မတတ်ကောင်း သောကြောင့်တည်း။
ပထမ မထရ်ကြီးသည် ပထမယံ၌ အပန်းဖြေ၍ ထွက်၍ ဒုတိယမထေရ်အား ဝင်လော-ဟု ဆိုအပ်၏။ မထေရ်ကြီး အအိပ်လွန်၍ အခါမသိလျှင်-ချောင်းဟန့်၍ တံခါးကို ခေါက်၍ “အရှင်ဘုရား၊ အချိန်တန်ပါပြီ၊ အအေးလောင်၏ (အေးလွန်း၏)ဟု ဆိုအပ်၏။ ထွက်၍ ပေးအပ်၏။ မပေးခြင်းငှါ မရ။
ဒုတိယ မထေရ်သည်လည်း မဇ္ဈိမယံ၌ အပန်းဖြေ၍ ရှေးနည်းအတိုင်း တတိယမထေရ်အား ပေးအပ်၏။ အအိပ်လွန်သူကို ဆိုပြီးသော နည်းဖြင့် ထစေအပ်၏။ ဤသို့ တစ်ညဥ့်အတွင်း တညောင်စောင်း နေရာကို သုံးပါးအား ပေးအပ်၏။ ဇမ္ဗူဒိပ်ကျွန်း၌ကား အချို့သော ရဟန်းတို့သည် “ညောင်စောင်းအင်းပျဉ် နေရာ ယူသော သေနာသနအချို့သည် ပုဂ္ဂိုလ်တိုင်းအား သပ္ပါယမဖြစ်” ဟု အာဂန္တုဟုတ်၊ မဟုတ် နေ့တိုင်း သေနာသနကို ယူစေကုန်၏။ ဤကား ဆောင်း နွေ-ဥတုကာလ၌ ကျောင်းခံခြင်း မည်၏။)
ထာဋီ … ဥဗ္ဘဏ္ဍိကသည် ဥက္ခိတ္တ-ဘဏ္ဍဖြစ်၏။ ပင့်ချီအပ်သော ဘဏ္ဍာ ရှိသူဖြစ်၏။ မိမိ၏ပရိက္ခရာကို ကိုယ်စီယူ၍ ထိုထိုသို့ ရွှေ့ပြောင်းရလတ္တံ့ ဟူလို။
ဒီဃသာလာသည် စင်္ကမနသာလ- အမိုးရှိသော စင်္ကြန်ဖြစ်၏။
မဏ္ဍလမာဠသည် ဥပဋ္ဌာနသာလာ- စည်းဝေးရာ စရပ်ဖြစ်၏။
ဇမ္ဗူဒိပ်ကျွန်း၌ ဟူသည် အရိယဒေသ၌ မဇ္ဈိမဒေသ၌ နေသော ရဟန်းတို့ကို ရည်၍ ဆိုသောစကားတည်း။ ထိုရဟန်းတို့သည် ထိုအတိုင်း ညွှန်းကုန်သတတ်။
ဝိဋီ … ဥဗ္ဘဏ္ဍိကသည် ဥက္ခိတ္တဘဏ္ဍဖြစ်၏။
ဒီဃသာလာသည် စင်္ကမနသာလာ ဖြစ်၏။
မဏ္ဍလမာဠသည် ဥပဋ္ဌာနာလာဖြစ်၏။
မပေးခြင်းငှါ မရ ဟူသောစကားဖြင့် လွန်ကျူး၍ မပေးသူအား လည်းကောင်း၊ ထားလျက် ဝင်သူအား လည်းကောင်း ဒုက္ကဋ်ဟု ပြသည်။)
ဝါတွင်းခံ အာဂန္ထုဝတ်
ဝါတွင်းကာလ၌ အာဂန္တုကဝတ် အာဝါသိကဝတ် နှစ်မျိုးရှိ၏။ အာဂန္တုသည် မိမိနေရာကိုလွှတ်၍ အရပ်တစ်ပါးသို့သွား၍ နေလိုလျှင် ဝါဆိုသော နေ့၌သာ မသွားအပ်၊ အပြစ်ကား- နေရာကျဉ်းမြောင်းခြင်း၊ ဆွမ်းခံ မပြည့်စုံခြင်းဖြင့် ဆင်းရဲရာ၏။ ထို့ကြာင့် ဝါမဆိုမီ တစ်လလောက်က သွား၍ နေအပ်၏။ တစ်လလောက် နေမိလျှင် အလိုအတိုင်း စာသင်ပြည့်စုံခြင်း၊ ကမ္မဋ္ဌာန်းအား လျောက်ပတ်ခြင်း၊ ပစ္စည်း ရခြင်းတို့ကို မှတ်သားနိုင်၍ ဝါတွင်း၌ ချမ်းသာစွာ နေရလတ္တံ့။
မိမိနေရာမှ ထိုအရပ်သို့သွားသောအခါလည်း ဆွမ်းခံရွာကိုမပုတ်ခတ်အပ်၊ ဌာနေလူတို့ကို သင်တို့ကိုမှီ၍ ဆွမ်းကွမ်း ဝါဆိုသင်္ကန်း ရသည် မရှိ။ ဤကား စေတီပစ္စည်း၊ ဤကား ဥပုသ်အိမ်ပစ္စည်း၊ ဤကား မင်းတုပ်၊ သံကောက်၊ သင်တို့၏ကျောင်းကိုလက်ခံကြ-ဟု မဆိုအပ်။ အိပ်ရာနေရာကို သုတ်သင်၍ သစ်ဘဏ္ဍာ၊ မြေဘဏ္ဍာကို သိုမှီး၍ ဂမိယဝတ်ကို ဖြည့်ကျင့်၍ သွားအပ်၏။
ဤသို့သွားသော်လည်း ရဟန်းငယ်တို့ကို သပိတ်သင်္ကန်း အထုပ်ထမ်းစေ၍ ဆီးဘူးတောင်ဝှေး စသည်ကို ယူစေ၍ ထီးကိုမြှောက်လျက် မိမိကိုယ်ကိုပြလျက် ရွာတံခါးဖြင့် မသွားအပ်။ ဖုံးကွယ်သော တောလမ်းဖြင့် သွားအပ်၏၊ တောလမ်းမရှိလျှင် ချုံငယ်စသည်ကို နင်း၍မသွားအပ်။ ဂမိယဝတ်ကိုဖြည့်ကျင့်၍ အကြံဆိုးကို ဖြတ်၍ စင်ကြယ်သော စိတ်ဖြင့် ဂမိယဝတ်ဖြင့်သာ သွားအပ်၏၊
ရွာတံခါးဖြင့် လမ်းရှိ၍ ပရိသတ်နှင့် သွားသည်ကို မြင်သူတို့က “ငါတို့မထေရ်နှင့်တူသည်” ဟု ပြေးလာ၍ အဘယ်သို့ကြွကြမည်နည်း-ဟု ဆိုကုန်အံ့၊ ထိုသူတို့တွင် တစ်ယောက်က၊ ဤအခါသည် ဝါဆိုအံ့သော အခါတည်း၊ ဝါတွင်း၌ နိဗဒ္ဓဘိက္ခာစာရ- မပြတ်ဆွမ်းခံခြင်းကို ဘဏ္ဍာပဋိစ္ဆာဒန- ကိုယ်ဖုံးစရာ သင်္ကန်းကို ရရာသို့ ကြွကြသည်-ဟု ဆိုအံ့။ ဤရွာ၌လည်း လူတို့သည် စားကြပါသည်။ ဝတ်ကြပါသည်။ မသွားကြပါ ဟုဆို၍ မိတ်သင်္ဂဟတို့နှင့် တိုင်ပင်၍ နိဗဒ္ဓဝတ်၊ သလာကဘတ်၊ သင်္ကန်းစသည်ကို ဖြစ်စေ၍- ဤ၌သာ နေတော်မူပါဟု တောင်းပန်ကုန်အံ့။
အလုံးစုံသော ရခြင်းငှါ အပ်၏။ ဤအလုံးစုံသော ပစ္စည်းသည် ကပ္ပိယ၊ အနာပဇ္ဇ- အပြစ် မရှိ၊ ကုရုန္ဒီ၌ကား-အဘယ်သို့ ကြွကြမည်နည်း-ဟု မေးလျှင် ဤမည်သော အရပ်သို့-ဟု ဆို၍ အဘယ်ကြောင့် ကြွကြမည်နည်း ဟု မေးလျှင် အကြောင်းကို ပြောအပ်၏-ဟု ဆို၏။ နှစ်နည်းလုံး စိတ်စင်ကြယ်သောကြောင့် အပြစ်မရှိ။ ဤကား အာဂန္တုက ကျင့်ဝတ်မည်၏။
(ဇီဋီ ... မပုတ်ခတ်အပ်ပုံ ပြခြင်းငှါ ရွာလူတို့ကို စသည်ဆိုပြီ။)
သာဋီ ... ဆွမ်းခံရွာကို မပုတ်ခတ်အပ်-ဟု ဆိုသောအနက်ကို ရွာနေလူတို့ကို စသည်ဖြင့် ထင်စွာပြသည်။
အကြံဆိုးကိုဖြတ်၍ ဟူသည်ကား ဤနည်းဖြင့် သွားသည်ကိုမြင်လျှင် တား၍ ပစ္စည်းလှူလတ္တံ့-ဟူသော အကြံကို မဖြစ်စေမူ၍တည်း။
ထိုသူတို့တွင် တစ်ယောက်က ဟူသည် ထိုလူတို့တွင် ပညာရှိ တစ်ယောက်ဖြစ်၏။
ဘဏ္ဍပဋိစ္ဆာဒနသည် ပဋိစ္ဆာဒနက ကဏ္ဍ၀ ဖြစ်၏။ ကိုယ်ဖုံးလွှမ်းစရာ စီဝရဟူလို။
ဝိဋီ ... သာဋီ အတိုင်းပင်တည်း။
ထိုပြင် စိတ်စင်ကြယ်သောကြောင့် အပြစ်မရှိဟူသည် မေးသောခဏ၌ အကြောင်း ပြောကြားခြင်းကိုရည်၍ ဆိုသည်မဟုတ်၊ စိတ်မစင်ကြယ်သူအား သော်လည်း မေးသည်ကိုဖြေရာ၌ အပြစ်မရှိသောကြောင့်တည်း။ ဤသို့ သွားလျှင် ငါ့ကို ပေးလတ္တံ့ဟူသော သညာဖြင့် မသွားအပ်ခြင်းကို ရည်၍ ဆိုသည်-ဟု မှတ်အပ်၏။
အာဝါသိကဝတ် - ဝါဆိုသင်္ကန်းမေးခြင်း
ဤဆိုလတ္တံ့ကား အာဝါသိကဝတ်တည်း။ အာဝါသိကတို့သည် စောစော ကြိုတင်၍ ဝိဟာရကို သုတ်သင်အပ်၏။ ခဏ္ဍဖုလ္ဘပြုပြင်ခြင်၊ အပြေ အပြစ်လိမ်းကျံခြင်းတို့ကို ပြုအပ်ကုန်၏။ ညဥ့်နေရာ၊ နေ့နေရာ၊ ဂန္ဓကုဋီ၊ ပဿာဝကုဋီ၊ ကမ္မဋ္ဌာန်းအိမ်၊ ကျောင်းလမ်း အားလုံး သုတ်သင်အပ်၏။ စေတီ၌ အင်္ဂတေအမှု၊ မုဏ္ဍဝေဒိကာ-စေတီ၏ ဦးပြည်း ဝရံတာပွတ်တိုင်၌ ဆီသုတ်ခြင်း (ဝါ ရေနံသုတ်ခြင်း)၊ မဉ္စပိဋ္ဌ သုတ်သင်ခြင်း အားလုံး ပြုအပ်၏။
ဝါတွင်း၌ နေလိုသူတို့သည် လာ၍ စာသက်ခြင်း၊ ကမ္မဋ္ဌာန်းစီးဖြန်းခြင်း စသည်တို့ကို ပြုလျက် ချမ်းသာစွာ နေရကုန်လတ္တံ့ဟု ပြုအပ်၏။ ပြုပြီးလျှင် ဝါဆိုလဆန်း ငါးရက်မှစ၍ ဝဿဝါသိက- ဝါဆိုသူတို့ ရထိုက်သော ဝါဆိုသင်္ကန်းကို ပကတိလှူနေကြသူတို့ထံ မေးအပ်၏၊ မလှူဖူးသူတို့ထံ မေးမြန်းခြင်းငှါ မအပ်။
မေးခြင်း အကြောင်းကား- လူတို့သည် ရံခါ လှူနိုင်ကုန်၏၊ ရံခါ ဒုဗ္ဘိက္ခစသည်တို့ကြာင့် မလှူနိုင်ကုန်။ မလှူနိုင်လတ္တံ့သော သူတို့ကိုမမေးဘဲ ဝါဆိုသင်္ကန်းကို ယူစေလျှင် ယူသောရဟန်းတို့အား လာဘ်အန္တရာယ် ဖြစ်တတ်၏။ (ဝါ-နှုတ်ဖြင့်သာ ယူထားသောကြောင့် မလှူနိုင်လျှင် တကယ် မရ။) တို့ကြာင့် မေး၍သာ ယူစေအပ်၏။
မေးပုံကား-
သင်တို့ ဝါဆိုသင်္ကန်း ယူစေသော ကာလနီးပြီဟု ဆိုအပ်၏။ “အရှင်ဘုရား ... ဤနှစ်၌ မလှူနိုင်ကြပါ၊ ဝါ- ရှေးကလောက်မတတ်နိုင်၊ နည်းနည်းပါးပါး၊ လှူပါမည်။ ဝါ-ပို၍ လှူပါမည်”-ဟု ဆိုကုန်အံ့၊ ထိုစကားကို မှတ်သား၍ ထိုအားလျော်သောနည်းဖြင့် ထိုထိုကျောင်းနေ ရဟန်းတို့အား ဝါဆိုသင်္ကန်းကို ယူစေအပ်၏။
အကယ်၍လူတို့သည် အကျွန်ုပ်တို့၏ ဝါဆိုသင်္ကန်းရောက်ရာ အရှင်မြတ်သည် ဝါတွင်းသုံးလပတ်လုံး သောက်ရေ တည်ထားပါစေ၊ ကျောင်း လမ်းသုတ်သင်ပါစေ၊ စေတီယင်ပြင်၊ ဗောဓိယင်ပြင်သုတ်သင်ပါစေ၊ ဗောဓိပင်လောင်းပါစေ-ဟု ဆိုကုန်အံ့၊ ထိုသင်္ကန်းရောက်ရာ ရဟန်းအား ပြောကြားအပ်၏။
ကျောင်းမှ တစ်ယူဇနာ၊ နှစ်ယူဇနာ ဖဲ၍ဝေးကွာသောရွာ၌ နေသူတို့သည် ဥပနိက္ခေပကို ထား၍ (ဝါ-အပ်နှံ၍) ကျောင်း၌ ဝါဆိုသင်္ကန်းကို လှူသည်သာ ဖြစ်ကုန်အံ့၊ ထိုသူတို့ကို မမေးဘဲလည်း ထိုသူတို့၏ ကျောင်း၌ ဝတ်ကိုပြု၍ နေသောရဟန်းအား ဝါဆိုသင်္ကန်းကို ယူစေအပ်၏။
ထိုသူတို့၏ကျောင်း၌ ပံ့သကူဓူတင်ဆောင် ရဟန်းနေခဲ့အံ့၊ ထိုရဟန်း ကြွလာသည်ကိုမြင်၍ “အရှင်မြတ် ဘုရားအား ဝါဆိုသင်္ကန်းလှူပါမည်-ဟု ဆိုကုန်အံ့၊ ထိုပံ့သကူဆောင်သည် သံဃာအား ပြောကြားအပ်၏။ သံဃာအားမလှူလို၊ အရှင်မြတ်အားသာ လှူလိုပါသည်-ဟု ဆိုကုန်အံ့၊ သဘာဂရဟန်းကို သင်သည် (ဤကျောင်း၌ ပြုသင့်သော) ဝတ်ကိုပြု၍ယူလော ဟုဆိုအပ်၏။ ပံ့သကူဆောင်အား ထိုသင်္ကန်းမအပ်၊ ဤသို့ သဒ္ဓါ၍ လှူရာ သဒ္ဓါဒေယျပစ္စည်းအရာ၌ လှူနေကျ လူတို့ကို မေးအပ်၏။
တတြုပ္ပါဒ ထိုသံဃိကကျာင်း ဝတ္ထုကံမှ ဖြစ်သော ပစ္စည်း၌ကား ကပ္ပိယကာရကတို့ကို မေးအပ်ကုန်၏၊ “ကပ္ပိယကြီးတို့၊ အသို့နည်း သံဃာအား သင်္ကန်းသည် ဖြစ်လိမ့်မည်လော၊ ဖြစ်ပါလိမ့်မည်၊ တစ်ပါး ကိုးတောင်ကျ အဝတ်လှူပါမည်။ ဝါဆိုသင်္ကန်းကို ယူစေကြပါ” ဟု လျှောက်အံ့၊ ယူစေအပ်၏။ အဝတ်မရှိ၊ ဝတ္ထုကား ရှိ၏၊ ယူစေကြပါ-ဟု လျှောက်အံ့၊ ဝတ္ထုရှိလျှင်လည်း ယူစေခြင်းငှါ အပ်၏။ “ကပ္ပိယကြီးတို့၏ လက်၌ ကပ္ပိယဘဏ္ဍာကို သုံးဆောင်တော်မူကြပါ”ဟု လှူသော ဝတ္ထုမှ ကပ္ပ-အပ်သောဘဏ္ဍာ ဟူသမျှကို သုံးဆောင်ခြင်းငှါ ခွင့်ပြုတာ်မူပြီ။)
(ဇီဋီ … မုဒ္ဒဝေဒိကာသည် စေတီ၏ ဟမ္မိယဝေဒိက- ဦးပြည်း ဝရံတာ ပွတ်တိုင်ဖြစ်၏။
သာဋီ ... သုတ်သင်အပ်သည်-ဟူသည် တံမြက်လှည်းခြင်း စသည်ဖြင့် သုတ်သင်အပ်၏။
မုဏ္ဍဝေဒိကာသည် စေတီယဿဟမ္မိယဝေဒိကာ ဖြစ်၏။
ဟမ္မိယဝေဒိကာသည်ကား စေတီ၏ အထက်၌ လေးထောင့် ဝရံတာဖြစ်၏။ (သီဟိုဠ်စေတီ၌ မြင်နိုင်သည်။)
ဥပနိက္ခေပသည် လယ်၊ အုန်းခြံ၊ အသပြာ စသည်ကို အရံစောင့် ကပ္ပိယကာရကတို့အား အပ်နှံ၍၊ ဤမှ ဖြစ်ပေါ်သော အတိုးအပွားသည် ဝါဆိုသင်္ကန်း အလို့ငှါ ဖြစ်စသတည်း”ဟု ဆို၍ လှူသောပစ္စည်းဖြစ်၏။ (ပစ္စည်းလေးပါးအတွက် လှူသော လယ်ယာ စသည်ဟူလို။)
ဝိဋီ … သုတ်သင်အပ်၏-ဟူသည် ခဏ္ဍ၊ ဖုလ္လပြုပြင်ခြင်း၊ တံမြက်လှည်းခြင်း စသည်ဖြင့် သုတ်သင်အပ်၏။
မုဏ္ဍဝေဒိကာသည် စေတိယဿဟမ္မိယဝေဒိကာ ဖြစ်၏။ ဃဋာကာရ- အိုးသဏ္ဍာန်၏ အထက်၌ စတုရဿဝေဒိကာ- လေးထောင့်ဝရံတာ ရှိသည်။)
ဥပနိက္ခေပကို ထား၍ ဟူသည် ဝဍ္ဎိယာတဟာဝဏာဒိဌပေတွာ- တိုးပွားအောင် အတိုးဖြင့် အသပြာစသည်ကို ထား၍ ခေတ္ထာဒီနီဝါနိယနိယမေတွာ- လယ်စသည်တို့ကိုသော်လည်း မှတ်သား၍တည်း။
သဒ္ဓါဒေယျသည် ဆိုပြီးသောနည်းဖြင့် သဒ္ဓါ၍ လှူအပ်သော ဝါဆိုသင်္ကန်း လာဘ်အရာ ဖြစ်၏။
ဝတ္တုကားရှိ၏ ဟူသည် တတြုပ္ပါဒ၌ဖြစ်သော ရူပိယကား ရှိ၏ (ပိုက်ဆံထားရှိ၏ဟူလို)။ ထိုရူပိယသည် တတောစတုပစ္စယံပရိဘုဉ္ဇတ-ဟု လှူသော လယ်စသည်မှ ဖြစ်ခြင်းကြောင့် ကပ္ပိယကာရကာနံဟတ္ထေကပ္ပိယ ဘဏ္ဍံပရိဘုဉ္ဇတ-ဟု ဒါယကာတို့လှူသော ဝတ္တုနှင့်တူ၏။ ထိုကြောင့် ကပ္ပိယကြီးတို့၏ လက်၌ စသည်ကို ဆိုပြီ။)
သင်္ကန်းအတွက် ပန်အပ်၊ မပန်အပ်
အထူးကား ဆွမ်းအတွက် ဆေးအတွက် ရည်စူး၍ လှူသော ဘဏ္ဍာကို သင်္ကန်း၌ ညွတ်စေလိုလျှင် (ဝါ- သင်္ကန်း ဖြစ်စေလိုလျှင်) သံဃသုဋ္ဌုတာ- ကောင်းပြီ၊ သဘောတူသည်-ဟု ဝန်ခံနိုင်ခြင်းငှါ ပန်ကြား၍ ပြုအပ်၏။ ကျောင်း (ဆောက်ရန်) အတွက် ရည်စူး၍ လှူသော ဘဏ္ဍာသည် ဂရုဘဏ်ဖြစ်၏။
သင်္ကန်း အတွက် ဖြစ်စေ ပစ္စည်းလေးပါးအတွက်ဖြစ်စေ ရည်စူး၍လှူသော ဘဏ္ဍာကို သင်္ကန်းပြုလိုလျှင် ပန်ကြားဖွယ်ကိစ္စမရှိ။ ပန်ကြားမှုပြုသူတို့သည် ပုဂ္ဂိုလ် အစွမ်းဖြင့်သာ (ဝါ-ပုဂ္ဂိုလ်အတွက်သာ) ပန်ကြား ရသည်။ သံဃာ အစွမ်းဖြင့် မပြုအပ်၊ ရွှေငွေအစွမ်းဖြင့်လည်းကောင်း၊ စပါးအစွမ်းဖြင့်လည်းကောင်း ပန်ကြားမှုပြုခြင်း ဖြစ်သည်၊ မအပ်။ (ဤမျှသော ရွှေငွေစပါးကို သင်္ကန်းပြုခြင်ငှါ နှစ်သက်အပ်၏-ဟု မပြုအပ်ဟူလို။)
ကပ္ပိယဘဏ္ဍာအစွမ်းဖြင့်လည်းကောင်း၊ သင်္ကန်း ဆန်စသည် အစွမ်းဖြင့်လည်းကောင်း ပြခြင်းသည်အပ်၏။ ပြုပုံကား - ယခုအခါ ဆွမ်းကွမ်း ဝပြောသည်၊ သင်္ကန်းခေါင်းပါးသည်၊ ဤမျှသော ဆန်အဖို့ကို ရဟန်း တို့အတွက် သင်္ကန်းပြုခြင်းငှါ နှစ်သက်အပ်၏ ဟူ၍ လည်းကောင်း၊ ယခု အခါ ဆေးပစ္စည်းရလွယ်၏။ ဂိလာနမရှိ၊ ဤမျှသော ဆန်အဖို့ကို ရဟန်းတို့ အတွက် သင်္ကန်းပြုခြင်းငှါ နှစ်သက်အပ်၏ ဟူ၍ လည်းကောင်း ပန်ကြားမှုပြုအပ်၏။)
(သာဋီ … ပုဂ္ဂိုလ်အစွမ်းဖြင့်သာ ဟူသည်- ဘိက္ခူ စီဝရေန ကိလမန္တိ၊ ဧတ္တကံနာမတဏ္ဍုလဘာဝံ ဘိက္ခူနံစီဝရံကာဘုံရစ္စတိ - စသော ပုဂ္ဂိုလ်ကို သုံးသပ်သော အစွမ်းဖြင့်သာ ပြုရသည်။ သံဃောစီဝရေန-ကိလမတိ- စသော သံဃာကို သုံးသပ်သော အစွမ်းဖြင့်မပြုရ။
ဝိဋီ ... သံဃသုဋ္ဌုတာသည် သံဃဿဟိတ-သံဃာ၏ အကျိုးစီးပွားဖြစ်၏။
ပုဂ္ဂိုလ်အစွမ်းဖြင့် ဟူသည်ကား ဘိက္ခုစီဝရေနကိလမန္တိ-ဟု ပုဂ္ဂလပရာမာသ အစွမ်းဖြင့်တည်း။ သံဃောကိလမတိ-ဟု သံဃပရာမာသ အစွမ်းဖြင့်မဟုတ်။ ကပ္ပိယဘဏ္ဍာ အစွမ်းဖြင့်-ဟု သာမည ဆိုသော အနက်ကို ထင်ရှားစေခြင်းငှါ သင်္ကန်း ဆန် စသည် အစွမ်းဖြင့်-ဟု ဆိုသည်။ ပုဂ္ဂလအစွမ်း၊ ကပ္ပိယ ဘဏ္ဍာအစွမ်းဖြင့်သာ ပန်ကြားပုံ အခြင်းအရာကို ပြခြင်းငှါ - တံပနဧဝံကာတဗ္ဗံ- ပြုပုံကား စသည်ကို ဆိုပြီ။)
ကျောင်းပေးသမ္မုတိနှစ်ပါး
(ဤသို့ စီဝရပစ္စယကို မှတ်သား၍ ကျောင်းခံကာလကြွေးကြော်၍ သံဃာစည်းဝေးလတ်သော် သေနာသနဂ္ဂါ ဟာပက ရဟန်းကို သမုတ်အပ်၏။ နှစ်ပါးကို သမုတ်အပ်၏-ဟု မဟာအဋ္ဌကထာ) ဆိုသည်။ အကျိုးကား သီတင်းငယ်သည် သီတင်းကြီးအား သီတင်းကြီးသည် သီတင်းငယ်အား ခံယူစေလတ္တံ့။ မဟာဝိဟာရနှင့် တူသော ကျောင်းတိုက်ကြီး၌ သုံးပါး၊ လေးပါးတို့ကို သမုတ်အပ်ကုန်၏။ ကုရုန္ဒီ၌ ရှစ်ပါး၊ တစ်ဆယ့် ခြောက်ကိုလည်း သမုတ်ခြင်းငှါ အပ်သည်ဟု ဆို၏။ သမ္မုတိကမ္မဝါစာဖြင့် လည်းကောင်း၊ အပလောကနဖြင့် လည်းကောင်း သမုတ်လျှင် အပ်သည်သာတည်း။ သမ္မုတိရ-ရဟန်းတို့သည် သေနာသနကို မှတ်သားအပ်၏။
စေတိယဃရ- စေတီအိမ်၊ ဗောဓိဃရ၊ ဗောဓိအိမ်၊ အာသနဃရ- ဆင်းတုကျောင်း၊ သမ္မုဉ္စနိအဋ္ဋ- တံမြက်စင်၊ ဒါရုအဋ္ဋ- ထင်းစင်၊ ဝစ္စကုဋိ- ကျင်ကြီးအိမ်၊ ဣဋ္ဌကသာလာ- အုတ်ထားရာ တင်းကုပ်၊ ဝဍ္ဎကိသာလာ- လက်သမားတင်းကုပ်၊ ဒွါရကောဋ္ဌက-တံခါးမုခ်၊ ပါနိယမာဠ-ရေအိုးစင်၊ မဂ္ဂ-လမ်း (စရပ်ရှည်)၊ ပေါက္ခရဏီ- ရေကန်၊ (ရေချိုးရုံ) ဤအလုံးစုံသည် သေနာသနမဟုတ်။
ဝိဟာရ၊ အဍ္ဎယောဂ၊ ပါသာဒ-ဟမ္မိယ၊ ဂုဟာ၊ မဏ္ဍပ၊ ရုက္ခမူလ၊ ဝေဠုမူလ၊ ဝေဠုဂုမ္ဗ- ဤအလုံးစုံသည် သေနာသနဖြစ်၏။ ဤသေနာသနတို့ကို ယူစေအပ်ကုန်၏။
ယူစေသူသည် ရှေးဦးစွာ ရဟန်းတို့ကို ရေတွက်ခြင်းငှါ၊ ထိုနောင်အိပ်ရာတို့ကို ရေတွက်ခြင်းငှါ-ဟု ဆိုသော နည်းဖြင့် ယူစေအပ်ကုန်၏။)
(သလာကဘတ်၌ အာသနသာလာ - ရွာတွင်းဆွမ်းစားဇရပ်-ဟု အာသနဃရနှင့် ကွဲစေလတ္တံ့။)
(ဇီဋီ ... သမ္မုတိရသူမှ တစ်ပါးသောသူသည် ယူစေအပ်သည်၌လည်း ယူခြင်းသည် ရောက်၏။ ဥပဇ္ဈာယ် မယူသူအား ရဟန်းအဖြစ် ရောက်သကဲ့သို့တည်း။ ရှစ်ပါး၊ တစ်ဆယ့်ခြောက်ပါးတို့ကို တစ်ပေါင်းတည်း သော်လည်း သမုတ်အပ်ကုန်၏။ ထိုကြောင့် သတ္တသတိကက္ခန္ဓက၌ တစ်ပေါင်းတည်း ရှစ်ပါးကို သမုတ်သည်။
မဂ္ဂသည် လမ်း၌ပြုသော ဒီဃသာလာ- စရပ်ရှည်ဖြစ်၏။
ပေါက္ခရဏီသည် ရေချိုးခြင်းငှါပြုသော ရေကန်ဖြစ်၏။
သေနာသန မဟုတ်သည်တို့၌ ဘတ္တသာလာ- ဆွမ်းစရပ် မလာသော်လည်း နေခြင်းငှါ ပြုသည် မဟုတ်သော ကြောင့် အသေနာသန၌ ဝင်၏။
ဘောဇနသာလာ- ဆွမ်းစားရာစရပ်ကား နှစ်ပါးစုံ၌ မလာသော်လည်း အထက်၌- ဘောဇနသာလာပန-သေနာသနမေ၀ … ဟု ဆိုလတ္တံ့၊ ဘောဇနသာလာ၌ ကပ္ပိယကုဋီကိုလည်း ပြုအပ်သည်-ဟု ဆိုကုန်၏။
(ဝိသာဂါရလည်းဖြစ်၊ ဆွမ်းစားစရပ်လည်းဖြစ်လျှင် ကပ္ပိယကုဋီ ပြုရသည်ဟူလို။
ရုက္ခမူလ၊ ဝေဠုဂုမ္ဗသည် အမိုး တံခါးရွက်ဖွဲ့မှသာ သေနာသနဖြစ်သည်။
သာဋီ ... စီဝရပစ္စယသည် စီဝရ-ဟု ရေတွက်အပ်သော ပစ္စယဖြစ်၏ ဆိုသည် ဟူသည် မဟာအဋ္ဌကထာ၌ ဆိုသည်။ အဘယ်ကြောင့် ဤသို့ဆိုသနည်းဟု မေးဖွယ်ရှိသောကြောင့် အကျိုးကား ...လ... ခံယူစေလတ္တံ-ဟု မိန့်သည်။ မိမိကိုယ်တိုင်သာလျှင် မိမိအား ရောက်စေခြင်းငှါ မတတ်ကောင်း၊ ထို့ကြောင့် သီတင်းငယ် သီတင်းကြီး နှစ်ပါး အချင်းချင်း ယူစေကုန်လတ္တံ့ ဟူလို။
သမ္မုတိရသူ၏ စေခိုင်းခြင်းဖြင့် တစ်ပါးသော သူသည် ယူစေအပ်သည်၌လည်း ယူခြင်းသည် ရောက်သည် သာတည်း-ဟု သိအပ်၏။ ရှစ်ပါး တစ်ဆယ့်ခြောက်ပါး တို့ကို သမုတ်ခြင်းငှါ တစ်ပေါင်း တည်းလည်း အပ်၏။ နိဂ္ဂဟကံကိုသာလျှင် သံဃာသည် သံဃာအား ကံမပြု။ သမ္မုတိ ပေးခြင်းကိုကား အများတို့အားလည်း တစ်ပေါင်း တည်းပြုခြင်းငှါ အပ်၏။ ထို့ကြောင့် သတ္တသတိကက္ခန္ဓက၌ ဥဗ္ဗာဟိတ သမ္မုတိ၌ ရှစ်ပါးကိုလည်း တစ်ပေါင်းတည်း သမုတ်သည်။
မဂ္ဂသည် လမ်း၌ပြုသော ဒီဃသာလာ။
ပေါက္ခရဏီသည် ရေချိုးသူတို့အတွက် ရေကန်၌ ပြုသော သာလာ-ရေချိုးရုံဖြစ်၏။
ရုက္ခမူလာသည်တို့သည် အမိုး တံခါး ရွက်ဖွဲ့မှသာ သေနာသန ဖြစ်သည်။
ဝိဋီ … စီဝရပစ္စယကို မှတ်သား၍ ဟူသည် သဒ္ဓါဒေယျပစ္စည်း၊ တတြုပ္ပါဒပစ္စည်း စသည့်အစွမ်းဖြင့် ထို ဝါဆိုကျောင်း၌ ရလတ္တံသော စီဝရ-ဟု ရေတွက်အပ်သော ပစ္စည်းကို ဤ၍ ဤမျှ-ဟု ပိုင်းခြား၍တည်း
ကျောင်းခံဟူသည် ကျောင်းကိုယူစေသော ရဟန်းဖြစ်၏။ သီတင်းငယ်သည် သီတင်းကြီးအားစသော စကားကို ကျောင်းခံယူစေသူ ကိုယ်တိုင် မိမိအတွက် ခံယူခြင်းသည် မလျောက်ပတ်၊ ထို့ကြာင့် ဆိုသည်။ နှစ်ပါး အချင်းချင်း ယူစေကုန်လတ္တံ့ ဟူလို၊ ရှစ်ပါး တစ်ဆယ့်ခြောက်ပါးတို့ကို …လ… တစ်ပေါင်းတည်း သမုတ်သည်။ (သာဋီ ... အဆိုမျိုးပင်တည်း။)
အာသနာဃရသည် ပဋိမာဃရ- ဆင်းတုတော်၏ ကျိန်းဝပ်ရာ ဘုရားကျောင်း ဖြစ်၏။ မဂ္ဂသည် ဥပစာရ သိမ်အတွင်း ရွာသို့ရှေးရှုသော လမ်း၌ပြုသော သာလာစရပ် ဖြစ်၏။ ပေါက္ခရဏီ၊ ရုက္ခမူလ စသည်တို့၌လည်း ဤအတူ ဥပစာရသိမ်အတွင်းပြုသော သာလာ ဖြစ်သည်။
ဝါဆိုသင်္ကန်းခံယူစေပုံ
(စီဝရပစ္စယသည် သံဃိက၊ သဒ္ဓါဒေယျ ဟု နှစ်မျိုး ရှိကုန်အံ့၊ အလိုရှိရာတစ်ခုကို ရှေးဦးစွာ ယူစေ၍ ထိုတစ်ခု၏ ဋ္ဌိတိက- ရပ်တန့်သည်မှ ဆက်၍ တစ်ခုကို ယူစေအပ်၏။ ရဟန်းနည်းပါးသဖြင့် ပရိဝေဏဂ္ဂဖြင့် သေနာသနကို ယူစေသည်ရှိသော် ပရိဝေဏတစ်ခုသည် လာဘ်များ၍ (နေသူ တစ်ပါးပါးလျှင်) သင်္ကန်း ဆယ်ထည် တစ်ဆယ့်နှစ်ထည် ရနိုင်အံ့၊ “ထိုသင်္ကန်းကို ခွဲယူ၍ လာဘ်နည်းသော ကျောင်း အာဝါသ တစ်ပါးတို့၌ ထည့်၍ တစ်ပါးသော ရဟန်းတို့အားလည်း ယူစေအပ်၏” ဟု မဟာသုမ မထေရ် ဆိုသည်။ မဟာပဒုမမထေရ် သည်ကား “ဤသို့ မပြုအပ်၊ လူတို့သည် မိမိ၏ အာဝါသကို စောင့်ရှောက်ခြင်းငှါ ပစ္စည်း လှူသည်။ ထို့ကြောင့် တစ်ပါးသော ရဟန်းတို့သည် ထို ကျောင်း၌ဝင်၍ နေအပ်၏”ဟု ဆိုသည်။
ဤနေရာ၌ မထေရ်ကြီးသည် အကယ်၍ထားအံ့ “ငါ့ရှင်တို့ … ဤသို့ မယူစေကြလင့်၊ ဘုရားရှင် အဆုံးအမကို လိုက်နာကြလော့၊ ဘုရားရှင်သည် အနုဇာနာမိဘိက္ခဝေ ပရိဝေဏဂ္ဂေနဂါဟေတုံ”ဟု ဟောသည်ဟူ၍ ထားအံ့။ မထေရ်ကြီး၏ တားခြင်း၌ မတည်ဘဲ အရှင်ဘုရား၊ ရဟန်း များ၍ ပစ္စည်း နည်းပါးပါသည်၊ ချီးမြှောက်သင့်ပါသည်-ဟု သိအောင်ပြော၍ ယူစေအပ်သည်သာတည်း။ ယူစေသော သမ္မုတိရ-ရဟန်းသည် မထေရ်ကြီးထံသွား၍ “အရှင်ဘုရား၊ အရှင်မြတ်တို့အား သေနာသနသည် ရောက်ပါသည်။ ယူတော်မူကြပါ ပစ္စည်းကို ဆောင်တော်မူကြပါ” ဟုဆိုအပ်၏။
ဤမည်သောသူ၏ပစ္စည်း၊ ဤမည်သော သေနာသနသည် ငါအားရောက်သလော ဟုမေးလျှင် ရောက်ပါသည်။ ယူတော်မူကြပဟု ဆိုအပ်၏။ ဂဏှာမိ။ ငါယူ၏-ဟု ဆိုလျှင် ယူခြင်းဖြစ်၏။ ယူပြီးပြီလော-ယူပြီးပြီ၊ ယူလတ္တံ့လော၊ ယူလတ္တံ့ - ဤသို့ (အတိတ် အနာဂတ်) ဆိုလျှင် ယူခြင်းမဖြစ်-ဟု မဟာသုမဆိုသည်။ မဟာပဒုမကား အတိတ် အနာဂတ်ဖြစ်စေ၊ ပစ္စုပ္ပန်ဖြစ်စေ ကတိဖြစ်ခြင်းမျှ၊ အာလယပြုခြင်းမျှသာ ပမာဏဖြစ်သည်။ ထို့ကြောင့် ယူခြင်းဖြစ်သည်သာတည်းဟု ဆိုသည်။)
ဇိဋီ ... လာဘ်နည်းသောကျောင်း အာဝါသသည် လာဘ်နည်းသော သေနာသနပင်တည်း၊ အာဝါသမှ တစ်ပါးသော သေနာသန သီးခြားမဟုတ်။
သိအောင်ပြော၍ ဟူသည်၌ လိုက်နာလျှင် ဗလက္ကာရ ဖြင့်သော်လည်း အပ်၏。
သဋီ ... ခွဲယူ၍ ဟူသည်ကား ဝိဇဋေတွာတိ ဝိယောဇေတွာ၊ ဝိသုံဝိသုံကတွာတိ အတ္ထော။ အာဝါသသည် သေနာသနတည်း。
ထည့်၍ ဟူသည်၌ ထည့်ခြင်းသည် ထိုအာဝါသ၌ နေသူတို့အား ဤမျှဖြစ်သော ဝါဆိုသင်္ကန်းကို ပေးခြင်းတည်း。
ဝင်၍ နေအပ်၏ ဟူသည် တစ်ပါးသော ရဟန်းတို့သည် ထိုလာဘ်များသော ပရိဝေဏ၌ နေ၍ စေတီယဝတ်ကိုပြု၍သာ လာဘ်ကိုယူအပ်၏-ဟူလို。
ဝိဋီ ... လဘန္တိ (ဆယ်ထည် တစ်ဆယ့်နှစ်ထည်ရနိုင်ပုံ)ကား- ထိုလာဘ် များသော ကျောင်း၌ နေသူ ရဟန်းတို့သည် ရကြကုန်၏。
ခွဲယူ၍ ဟူသည်ကား တစ်ပါးတစ်ပါးအား လောက်သော ပမာဏဖြင့် ခွဲယူ၍။
အာဝါသတစ်ပါးတို့၌ထည့်၍ ဟူသည်ကား ဤမှဖြစ်သော ဝါဆိုသင်္ကန်းကို “ဤမည် ဤမည်သော အာဝါသ၌ နေသူတို့သည် ရောက်စေ၍ ယူစေသတည်း”ဟု နှုတ်မြွက်၍ ဆောင်၍တည်း။ ဝင်၍ နေအပ်၏ဟူသည်။ လာဘ်များသော ပရိဝေဏ၌ နေ၍သာ လာဘ်ကို ယူအပ်၏ ဟူလို။)
(ပက္ခိပိတွာတိဝါစာယ ဥပသံဟရိတွာ။ ခိပ-ဟရဏေ။ ပက္ခိပနံနာမဒါနံ၊ ဒိပ-ဒါနေ)။
ပံ့သကူဆောင်ကျောင်းခံခြင်း
ပံ့သကုလိက ရဟန်းသည် သေနာသနကို ခံယူ၍ (စီဝရ) ပစ္စယကိုစွန့်အံ့၊ ဤပစ္စယကိုလည်း တစ်ပါးသော အာဝါသ၌ မထည့်အပ်။ ထိုပရိဝေဏ၌သာလျှင် မီးတင်းကုပ်၊ စရပ်ရှည်၊ သစ်ပင်ရင်းတို့၌ နေသော တစ်ပါးသော ရဟန်းအား ယူစေခြင်းငှါ အပ်၏။ ပံ့သကူလိကသည် ငါကားနေသူဟု၊ တစ်ပါးသောရဟန်းသည် ငါကား ပစ္စည်းယူသူဟု သေနာသနကို စောင့်ရှောက်လတ္တံ့၊ ဤသို့အကြောင်း နှစ်ပါးကြောင့် လွန်စွာ စောင့်ရှောက် အပ်သော သေနာသနဖြစ်လတ္တံ့။
မဟာပစ္စရိ၌ကား ပံ့သကူဆောင်သည် နေခြင်းငှါ သေနသေနကိုယူလတ်သော ်သေနာသနဂ္ဂါဟာပကသည် အရှင်ဘုရား၊ ဤကျောင်း၌ ပစ္စည်း ရှိပါသည်၊ အဘယ်သို့ ပြုအပ်ပါသနည်း-ဟု ဆိုအပ်၏။ အောက်ပုဂ္ဂိုလ် တစ်ပါးကို ယူစေပါလော-ဟု ဆိုအပ်၏။ တစ်စုံတစ်ခု မဆိုဘဲနေအံ့။ ဝါကျွတ်သာအခါ ထိုပံ့သကူဆောင်၏ ခြေရင်း၌ ချထား၍ အဝတ်သင်္ကန်းကို လှူလျှင် အပ်၏။ “ဝဿာဝါသိကံဒေမ”ဟုဆို၍ လှူလျှင် ထို သေနာသန၌ ဝါတွင်းနေပြီးသော ဝါကျွတ်ရဟန်းတို့အား ရောက်၏။
(သာဋီ … ပစ္စယကို စွန့်အံ့ဟူသည် စီဝရပစ္စယကို လက်ခံခြင်းမပြုသည်တည်း။
ဤ ပစ္စယကိုလည်း ဟူသည် ပံ့သကူဆောင် စွန့်သော ပစ္စည်းကိုလည်း。
ဝိဋီ … ဤပစ္စယဟူသည် ထိုပံ့သကူဆောင်သည် သာလျှင် လက်မခံဘဲ စွန့်သော ထိုအပိုသင်္ကန်းဖြစ်၏။ ခြေရင်း၌ ချထား၍ အဝတ်သင်္ကန်း လှူခြင်းကား ပစ္စယဒါယကာတို့ လှူခြင်းဖြစ်၏။ ဤစကားဖြင့် ဂဟဋ္ဌ- အိမ်နေသူလူတို့က ခြေရင်း၌ထား၍ လှူသော သင်္ကန်းသည် ပံ့သကူလိက ဓူတင်ဆောင်တို့အားလည်း အပ်သည်ဟုပြ၏။ ဝဿာဝါသိကံဒေမ-ဟုဆို၍ လှူလျှင် ပံ့သကူဆောင်တို့အား မအပ်-ဟု ယှဉ်စပ်၏。
ဝါကျွတ် ရဟန်းတို့ ဟူသည် ပံ့သကူဆောင်မှ တစ်ပါးသာ ရဟန်းတို့ ဖြစ်ကုန်၏။)
(ပံ့သကူဆောင်အား ရဟန်းကလှူလျှင် လက်၌လှူလျှင်လည်း အပ်၏။)
ကျောင်းမရှိဘဲလှူသောသင်္ကန်း
အကြင် သူတို့အား သေနာသန မရှိ၊ သက်သက်ပစ္စယကိုသာ လှူကုန်အံ့၊ ထိုသူတို့၏ ပစ္စယကို ဝါဆိုသင်္ကန်း မရှိသော သေနာသန၌ ယူစေခြင်းငှါ အပ်၏။ လူတို့သည် ထူပါရုံကိုပြု၍ ဝါဆိုသင်္ကန်းကို ယူစေကုန်အံ့။ ထူပါရုံသည် သေနာသနမဟုတ်။ ထူပါရုံ၏ အနီး၌ သစ်ပင် မဏ္ဍပ်တို့၌ဖွဲ့၍ (ဝါ-ဝတ်ပြုကာ နေစေ၍) ယူစေအပ်၏။ ထိုရဟန်းသည် စေတီကို သုတ်သင် စောင့်ရှောက်အပ်၏။
ဗောဓိပင်၊ ဗောဓိအိမ်၊ ဆင်းတုကျောင်း၊ တံမြက်စင်၊ ထင်းစင်၊ ဝစ္စကုဋီ၊ တံခါးမုခ်၊ ရေအိုးစင်၊ ဒန်ပူစင်တို့၌လည်း ဤနည်းသာတည်း။ ဘောဇနသာလာ- ဆွမ်းစား စရပ်ကား သေနာသနတည်း။ ထို့ကြောင့် ဆွမ်းစားစရပ်ကို တစ်ပါးအား လည်းကောင်း၊ အများအားဖြင့် လည်းကောင်း၊ ပိုင်းခြား၍ ယူစေခြင်းငှါအပ်၏-ဟု ဤအလုံးစုံ အကျယ်ကို မဟာပစ္စရီ၌ဆိုသည်။)
(ဇီဋီ .... ဖွဲ့၍ဟူသည် ထိုထူပါရုံအနီး သစ်ပင်ရင်း စသည်၌နေ၍ ထူပါရုံ၌ ဝတ်ပြု၍-ဟုဆိုလိုသည်။
ထာဋီ … ဖွဲ့၍ယူစေအပ်၏ ဟူသည် ဤသစ်ပင် ဤမဏ္ဍာပ်တို့၌နေ၍ စေတီဝတ်ပြု၍ ယူကြလော-ဟု ဖွဲ့၍ ယူစေအပ်၏。
ဝိဋီ .... ဖွဲ့၍ယူစေအပ်၏-ဟူသည် ဤ၌ သစ်ပင်စသည်၌ နေ၍ သင်္ကန်းကို ယူကြလော ဟု ပရိဗန္ဓပြု၍ ယူစေအပ်၏။)
ကျောင်းယူရာခေတ်
(သေနာသနဂ္ဂါဟာပက ရဟန်းသည် လပြည့်ကျော် တစ်ရက် အရုဏ်တက်ချိန်မှ စ၍ နောက် အရုဏ် မတက်မီ အတွင်း ယူစေအပ်၏။ ဤကား ကျောင်းအိပ်ရာ နေရာယူခြင်း၏ ခေတ်ကာလတည်း။ အကယ်၍ စောစောက သေနာသနကို ယူစေအပ်ပြီးသည် ရှိသော် ဝိတက္ကစာရိက-အကြံဖြင့်လှည့်လည်သော ရဟန်းတစ်ပါးသည် ရောက်လာ၍ နေရာကို တောင်းအံ့၊ “အရှင်ဘုရား၊ နေရာကို ယူအပ်ပြီးပါပြီ၊ သံဃာသည် ဝါကပ်ပြီးပါပြီ၊ ကျောင်းတိုက်သည် မွေ့လျော်ဖွယ် ရှိပါသည်။ နေလိုရာ သစ်ပင်ရင်း စသည်တို့၌ နေတော်မူပါ” ဟု ဆိုအပ်၏။) (ကျောင်းပေးစရာမရှိ ဟူလို။)
(သာဋီ .... ဝိတက္ကေနစရတီတိဝိတက္ကစာရိကော။ အဘယ်၌ နေရအံ့နည်း။ အဘယ်၌နေလျှင် ချမ်းသာ မည်နည်း၊ အဘယ်၌ ပစ္စည်းရမည်နည်း-ဟု ဖြစ်သော အကြံဖြင့် လှည့်လည်သောကြောင့် ဝိတက္ကစာရိက မည်၏。
ဝိဋီ ... လပြည့်ကျော်တစ်ရက် အရုဏ်-စသောစကားကို ဝါဆိုအံ့သောနေ့ကို ရည်၍ဆိုသည်။ အန္တရာမုတ္တက ကျောင်းခံခြင်းကိုကား လပြည့်ကျော်တစ်ရက် လွန်သော်လည်း ခံယူစေခြင်းငှါ အပ်၏။)
ဝါဆိုကတိကဝတ်
ဝါကပ်သော ရဟန်းတို့သည် ဝါတွင်း၌ နိဗဒ္ဓဝတ်ကိုပြု၍ တံမြက်စည်းတို့ကို ဖွဲ့ကြလောဟု ဝါဆိုရဟန်းတို့ကို ပြောအပ်ကုန်၏။ အရိုး အဆံရလွယ်လျှင် လက်ဆုပ်တံမြက် ငါးခု ခြောက်ခုစီ၊ ရိုးရှည်တံမြက် နှစ်ခု သုံးခုစီ ဖွဲ့အပ်၏။ ရခဲလျှင် လက်ဆုပ် နှစ်ခု သုံးခုစီ၊ ရိုးရှည်တစ်ခုစီ ဖွဲ့အပ်၏။ သာမဏေတို့သည် ဥက္ကာ-မြက် မီးရှူး ငါးခု ငါးခု ဖွဲ့စည်းအပ်ကုန်၏။ နေရာဌာန၌ ဖန်ရည်ဖြင့် အပြေအပြစ်လိမ်းကျံခြင်းကို ပြုအပ်၏။
(ကတိက) ဝတ်ပြုသူတို့သည်၊ စာမတက်အပ်၊ စာမချအပ်၊ စာမသရဇ္ဈာယ်အပ်၊ ရှင်မဖြစ်စေအပ်၊ ရဟန်း မဖြစ်စေအပ် (ဝါ- ရှင်ပြုမပေးအပ်၊ ရဟန်းပြုမပေးအပ်)။ နိဿရည်းမပေးအပ်၊ တရားမနာအပ်။ ထို အလုံးစုံသည် ပပဉ္စဖြစ်သည်။
(ဝါ-အချိန်ကုန်သည်။ (အချိန်မကုန်စေဘဲ သမဏဓမ္မကိုသာ အားထုတ်ကြမည်။ ဓုတင် ၁၃-ပါးလုံး ဆောက်တည်ကြလေ။ အိပ်ခြင်းကိုမပြုဘဲ ရပ်ခြင်း၊ သွားခြင်းဖြင့် အချိန်ကုန်စေကြလော။ မုဂဗ္ဗတ- စကား မပြောသော အကျင့်ကို ယူကြလော၊ သတ္တာဟကိစ္စဖြင့် ဝါပန်၍ သွားသူတို့သည်လည်း ဝေဖန်သော ဘဏ္ဍာကို ရကြစေသတည်း။ ဤသို့ စသော အဓမ္မိကဝတ်ကို မပြုအပ်။ ဗဟိသီမဋ္ဌတို့အား သံဃလာဘ်ကို-ဝါ-ဝါစဉ်ဖြင့် မိမိရထိုက်သော အဖို့ကို ရုစ္စတိသံဃဿ-ဟု ပန်၍ ပေးလျှင် အပ်၏။)
ဤသို့ကား ပြုအပ်၏။ ပရိယတ္တိဓမ္မမည်သည် သာသနာသုံးရပ် သဒ္ဓမ္မကို တည်စေနိုင်၏။ ထိုကြောင့် ရိုသေစွာ သင်ကြ၊ ပို့ချကြ၊ သရဇ္ဈာယ်ကြ၊ ကမ္မဌာန်းကျောင်း၌ နေသူတို့အား အနှောက်အယှက်မပြုဘဲ၊ ကျောင်းတွင်း၌နေ၍ သင်ကြားပို့ချ သရဇ္ဈာယ်ကြလေ၊ တရားနာခြင်းကို ပြည့်စုံအောင် ပြုကြလော။ ရှင်ရဟန်း ပြုပေးလျှင် သုတ်သင်၍ ရှင်ပြုပေး၊ ရဟန်းပြုပေး၊ နိဿရည်း ပေးကြလော၊ ကုလပုတ္တ- အမျိုးကောင်းသား တစ်ယောက် သာသနာသို့ရောက်လျှင် အလုံးစုံသော သာသနာကို တည်စေနိုင်သည်။ မိမိ၏အားအစွမ်း ရှိသလောက် ဓူတင်တို့ကို ဆောက်တည်ကြလော့။
ဝါတွင်းကာလဟူသည် နေ့၌တစ်နေ့လုံး၊ ညဥ့်၌ ပထမယံ၊ ပစ္ဆိမယံ တို့၌ မမေ့မလျော့သူ ဖြစ်ထိုက်၏။ ဝီရိယကို အးထုတ်အပ်၏။ ရှေးမထေရ်ကြီးတို့သည်လည်း ပလိဗောဓ ကြောင့်ကြအားလုံးဖြတ်၍ ဝါတွင်း၌ ဧကစာရိကဝတ်ကို ဖြည့်ကျင့်ကြပြီ။ အာစရိယဝတ်ကို ဖြည့်ကျင့်ကြပြီ။ စကားပြောရာ၌ ပမာဏသိ၍ ဒသဝတ္ထု ကထာကို လည်းကောင်း၊ ဒသအသုဘ၊ ဒသအနုဿတိ၊ အဋ္ဌတိံသာရမ္မဏကထာကို လည်းကောင်း ပြုခြင်းငှါ သင့်၏။ အာဂန္တုတို့အား ဝတ်ကြီး ဝတ်ငယ်ပြုသင့်၏။ သတ္တာဟ ကိစ္စဖြင့် ဝါပန်၍ သွားသူတို့အားလည်း ပန်ကြား၍ ပေးခြင်းငှါ သင့်၏။ ဤသို့သော ကတိကဝတ်ကို ပြုအပ်၏။
ရဟန်းတို့ကို ဤတို့လည်း ဆုံးမအပ်၏။ ဝိဂ္ဂါဟိက ခိုက်ရန်ငြင်းခုံကြောင်းစကား၊ ပိသုဏ-ဂုံးစကား၊ ဖရုသ-နာကျည်းစေသော စကားတို့ကို မဆိုကြနှင့်၊ နေ့စဉ် မိမိသီလကို ဆင်ခြင်၍ စတုရာရက္ခကို မယုတ်စေမူ၍ နှလုံးသွင်းခြင်း များစွာဖြင့် နေထိုင်ကြလော-ဟု ဆုံးမအပ်၏。
ဒန္တကဋ္ဌ ခါဒနဝတ္တ- ဒန်ပူခဲသော ကျင့်ဝတ်ကို ပြောကြားအပ်၏။ စေတီ၊ ဗောဓိပင် ရှိခိုးသူ၊ ပန်းနံ့သာပူဇော်သူ၊ သပိတ်အိတ်၌ သပိတ်ထည့်သူ၊ စကား မပြောအပ်၊ ဆွမ်းခံဝတ်ကို ပြောကြားအပ်၏။ ရွာတွင်း၌ လူတို့နှင့် ပစ္စည်းနှင့် စပ်သောစကား၊ ဝိသဘာဂစကားကို (ဝါ-တိရစ္ဆာနကထာကို) မပြောအပ်။ စက္ခုစသော ဣန္ဒြေကို စောင့်စည်းသူ ဖြစ်ရမည်။ ခန္ဓကဝတ်၊ သေခိယဝတ် ဖြည့်ကျင့်ရမည်။ ဤသို့သော နိယျာနိကကထာ များစွာတို့ကို ပြောကြားအပ်ကုန်၏။)
(သာဋီ … တောကျောင်း၌ ဘေးရန်ရှိလျှင် သိနိုင်အောင် မြက်မီးရှူးငါးခု ငါးခုဖွဲ့စည်းအပ်ကုန်၏-ဟု ဆိုသည်။
သာသနာသုံးရပ်သည် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ အစွမ်းဖြင့် သုံးပါးဖြစ်၏。
သုတ်သင်၍ ရှင်ပြုပေး-ဟူသည် သာသနာနှင့်ထိုက်တန်သော ဘဗ္ဗဇ္ဇကုလပုတ္တတို့ကို စူးစမ်း၍ ရှင်ပြုပေးကြလော。
ဒသဝတ္ထုကထာကား အပိစ္ဆကထာ၊ သန္တုဋ္ဌိ ကထာ၊ ပဝိဝေကကထာ၊ အသံသဂ္ဂကထာ၊ ဝီရိယာရမ္ဘကထာ (၅) သီလ ကထာ၊ သမာဓိကထာ၊ ပညာကကထာ၊ ဝိမုတ္တိကထာ၊ ဝိမုတ္တိဉာဏဒဿန ကထာ (၅) ဤ ဆယ်ပါးဖြစ်၏。
ဝိဂ္ဂါဟိကသည် ငြင်းခုံကြောင်း စကားဖြစ်၏。
စတုရာရက္ခသည် ဗုဒ္ဓါနုဿတိ၊ မေတ္တာ၊ အသုဘ၊ မရဏဿတိ- ဤစတုရာရက္ခကို မဆုတ်ယုတ်စေရ。
ဒန္တကဋ္ဌခါဒနဝတ်ကား နေ့တိုင်း သံဃာအလယ်သို့ ရောက်သူသည် ရဟန်းတို့ ချမ်းသာစွာ သုံးဆောင်ရန် ထားသော ဒန်ပူစင်မှ တစ်နေ့ တစ်ချောင်း ယူအပ်၏。
တစ်ရံတစ်ခါမှ တရားနာရာ၊ ဥပုသ်ပြုရာသို့ ရောက်သော ကမ္မဋ္ဌာန်း ကျောင်း၌နေသူသည် ပမာဏကို မှတ်၍ လေးငါးချောင်း ယူထား၍ ခဲအပ်၏။ ကုန်လျှင် တစ်ဖန် ဒန်ပူစင်၌ များသေးအံ့၊ တစ်ဖန်ယူ၍ ခဲအပ်၏။ ပမာဏကို မမှတ်ဘဲ များစွာယူထားခဲ့အံ့။ ထိုဒန်ပူမကုန်မီ ဒန်ပူစင်၌ ကုန်ခဲ့လျှင် အချို့က ပြန်ပို့ကြဦး ဟု ဆိုကုန်ရာ၏။ အချို့က ခဲကြပါစေ၊ သာမဏေများ ဆောင်ထားကြပါလိမ့်မည်ဟု ဆိုကုန်ရာ၏။ ထိုကြောင့် ဝိဝါဒမရှိအောင် ပမာဏကိုမှတ်အပ်၏။ ယူရာ၌ကား အပြစ်မရှိ၊ ခရီး သွားလိုလျှင် တစ်ချောင်း၊ နှစ်ချောင်း အိတ်၌ ထည့်၍ ယူသွားအပ်၏။ ဘိက္ခာစာရဝတ္ထု- ဆွမ်းခံဝတ်ကား ဝတ္ထက္ခန္ဓကပိဏ္ဍစာရိကဝတ်၌ ထင်ရှားလတ္တံ့。
ဝိဋီ … နိဗဒ္ဓဝတ်ကိုပြု၍ ဟူသည်ကား၊ သရဇ္ဈာယ်ခြင်း နှလုံးသွင်းခြင်း စသော မပြတ်ပြုအပ်သော ကိစ္စတို့၌ ပြုသင့်သော ကတိကဝတ်ကို ပြု၍တည်း。
ဖန်ရည်ဖြင့် အပြေအပြစ်ဟူသည်ကား ဖန်ရည်ဖြင့် မြေကို လိမ်းကျံခြင်းဖြစ်၏。
သာသနာ သုံးရပ်ကား ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဓ အစွမ်းဖြင့် သုံးပါးဖြစ်၏。
သုတ်သင်၍ ဟူသည်ကား အာစာရ- အလေ့အကျင့် စသည်တို့၌ စူးစမ်း၍တည်း。
ဧကစာရိကဝတ်ကား ဘာဝနာကမ္မ ဖြစ်၏။ အပေါင်း၌နေခြင်းကိုပယ်၍ တစ်ပါးတည်း ကျင့်အပ်သောကြောင့် ဧကစာရိကဝတ်မည်၏。
ဒသကဝတ္ထုကထာကား အပိုစ္ဆကထာ၊ သန္တုဋ္ဌိ၊ ပဝိဝေက၊ အသံသဂ္ဂ၊ ဝီရိယာရမ္ဘ (၅) သီလ၊ သမာဓိ၊ ပညာ၊ ဝိမုတ္တိ၊ ဝိမုတ္တိဉာဏဒဿနကထာ (၅) ဤဆယ်ပါးဖြစ်၏。
ဒန္တကဋ္ဌခါဒနဝတ်ကား ဒန်ပူစင်၌ထားသော ဒန်ပူတို့တွင် တစ်နေ့တစ်ချောင်း ယူအပ်၏ စသည်ဖြင့် အဒိန္နာဒါန-ဒန္တပေါဏကထာ၌ ဆိုသောကျင့်ဝတ်ဖြစ်၏。
သပိတ်အိတ်၌ သပိတ်ထည့်သူ စကားမပြောအပ် စသည်ကို သပိတ်ကိုစောင့်ရှောက်ခြင်းငှါ ဆိုသည်။
ဝိသဘာဂစကားသည် တိရစ္ဆာနကထာဖြစ်၏。
ခန္ဓကဝတ်ဟူသည်ကား ဝတ္တက္ခန္ဓက၌ လာသော ပိဏ္ဍစာရိကဝတ်မှကြွင်းသော ဝတ်ဖြစ်၏။ ပိဏ္ဍစာရိက ဝတ်ကို ဘိက္ခာစာရဝတ်-ဟု သီးခြားညွှန်ပြီး ဖြစ်သောကြောင့်တည်း၊)
(အဋ္ဌတိံသာရမ္မကထာကား ကမ္မဋ္ဌာန်းလေးဆယ်၌ အာ အာလောကြဉ်သည်။)
ပစ္ဆိမဝါ- ဝါဆိုသင်္ကန်း
(ပစ္ဆိမဝါကပ်အံ့သောနေ့၌ အခါ ကြွေးကြော်၍ သံဃာအစည်းဝေးသည်ရှိသော် တစ်စုံတစ်ယောက်သော သူသည် ဆယ်တောင်ရှိသော အဝတ်ကိုယူ၍ ဝါဆိုသင်္ကန်းကိုလှူအံ့။ အာဂန္တုရဟန်းသည် သံဃာမထေရ်ကြီး ဖြစ်အံ့ (နောက်မှရောက်လာသည် ဟူလို။) ထိုအာဂန္တုမထေရ်ကြီးအား ပေးအပ်၏။ သီတင်းငယ်ဖြစ်အံ့၊ သမ္မုတိရ ရဟန်းသည် သံဃာ့မထေရ်ကြီးကို “အရှင်ဘုရား ဤဝတ်ကို အလိုရှိလျှင် ပထမအဖို့ကိုစွန့်၍ ယူတော်မူပါ”-ဟု ဆိုအပ်၏။ မစွန့်လျှင် မပေးအပ်။ ရှေးယူပြီး အဖို့ကိုစွန့်၍ယူလျှင် ပေးအပ်၏。
ဤနည်းအားဖြင့် ဒုတိယ မထေရ်မှစ၍ ရောက်ရာဌာန၌ အာဂန္တုအား ပေးအပ်၏။ ပထမဝါကပ်ပြီးသူတို့သည် နှစ်ထည် သုံးထည် လေးထည် ငါးထည် ရပြီးကြပြီ ဖြစ်ခဲ့အံ့၊ ရတိုင်း ရတိုင်းကို ဤနည်းဖြင့်စွန့်စေ၍ အာဂန္တုအား ညီမျှစွာ ရသည့်တိုင်အောင် ပေးအပ်၏။ အာဂန္တု အညီအမျှရပြီးမှ ကြွင်းသော အနုဘာဂ- နောက်အဖို့ကို မထေရ်ကြီးနေရာ၌ ပေးအပ်၏။ ပစ္စုပ္ပန်ဖြစ်သော လာဘ်ရှိလျှင် ရပ်တန့်စဉ် အားဖြင့် ယူစေခြင်းငှါ ကတိကဝတ်ကိုပြုခြင်းငှါ အပ်၏。
(ဇီဋီ ... ပထမအဖို့ကို စွန့်၍ဟူသည် ပထမယူပြီးသော ဝတ္ထုထက် အဖိုးထိုက်သောကြောင့်-ဟု ဆိုလိုသည်။
သာဋီ .... ရောက်ရာဋ္ဌာနဟူသည် ဝဿဂ္ဂ-ဝါစဉ်ဖြင့် အာဂန္တုအား ရောက်သောနေရာ ဖြစ်၏。
ဝိဋီ … ယခုအခါ ဒါယကာတို့သည် ပစ္ဆိမဝါတွင်းနေသူတို့ အလို့ငှါ အကြင် ဝါဆိုသင်္ကန်းကို လှူကုန်၏။ ထိုဝါဆိုသင်္ကန်း၌ ကျင့်စဉ်ကိုပြခြင်းငှါ ပစ္ဆိမဝါကပ်အံ့သောနေ့၌-စသည်ကို အားထုတ်အပ်၏。
အာဂန္တုရဟန်း ဟူသည် သင်္ကန်းကို ယူပြီးမှ (ဝါကပ်ရန်) ရောက်လာသာ အဂနု္တ ရဟန်းဖြစ်၏。
ရောက်ရာဋ္ဌာန ဟူသည် ဝဿဂ္ဂဖြင့် ရောက်ရာနေရာ ဖြစ်၏。
ပထမဝါကပ်ပြီးသူတို့ ဟူသည် အာဂန္တု မရောက်မီ ရှေးဦးစွာ ပစ္ဆိမဝါကပ်ခြင်းဖြင့် ဝါကပ်သူတို့ ဖြစ်ကုန်၏。
ရတိုင်း ရတိုင်းကို ဟူသည် အဖန်ဖန် ဒါယကာတို့ထံ လာတိုင်း လာတိုင်းသော အဝတ်ကိုတည်း။)
အန္တရာယ်ကြောင့် ကတိကဝတ်
အကယ်၍ ဒုဗ္ဘိက္ခကြုံသဖြင့် ပုရိမ ဝါကင်၊ ပစ္ဆိမဝါကပ်-နှစ်ရပ် ရဟန်းတို့သည် ဆွမ်းခေါင်းပါးခြင်းကြောင့် ခွဲ၍ ဉာတိပဝါရိတ ရှိရာ၌နေ၍ ပဝါရဏာနေ့၌ ပြန်လာ၍ မိမိအား ရောက်သော ဝါဆိုသင်္ကန်းအဖို့ကို ယူကြစေကုန်သတည်း-ဟု ဆိုကုန်အံ့၊ ထို၌နေ၍ ပဝါရဏာနေ့၌ ရောက်လာသော ထိုရဟန်းတို့အား ပန်ကြား၍ ဝါဆိုသင်္ကန်းကို ပေးအပ်၏။ ထိုရဟန်းတို့သည် လက်ခံသော်လည်း ဝါဆိုသင်္ကန်းကို အစိုးရသူတို့ မဟုတ်ကုန်။ (ဝါပြတ်သောကြောင့် ဟူလို။) ကဲ့ရဲ့ရှုတ်ချကြသော်လည်း (ဝါ-မပေးလိုကြသော်လည်း) အာဝါသိကတို့သည် မပေးခြင်းငှါ မရကုန်။
ကုရုန္ဒီ၌ကား- ငါတို့အားလုံး ယာဂုဆွမ်းမမျှတ၊ သဘာဂဋ္ဌာန၌ နေ၍ ကြွလာကြလော၊ သင်တို့အား ရောက်သော ဝါဆိုသင်္ကန်းကို ရကုန်လတ္တံ့-ဟု ကတိကဝတ်ပြုအပ်၏။ ကုတိကဝတ်ကို တားလျှင် ကောင်းသော တားခြင်းဖြစ်၏။ မထားလျှင် ကောင်းစွာပြုအပ်သော ကတိကဝတ်ဖြစ်၏။ နောက်၌ ထိုသူတို့ ထို၌နေ၍ ရောက်လာလျှင် ပန်ကြား၍ ပေးအပ်၏။ ပန်ကြားသောအခါ တားခြင်းငှါ မရ-ဟု ဆို၏。
တစ်ဖန်လည်း ဆိုသေး၏။ ဝါကပ်သူတို့တွင် အချို့အား ဝါဆိုသင်္ကန်း မရောက်မီ ရဟန်းတို့သည် “ဝါပြတ်သူတို့၏ ဝါဆိုသင်္ကန်းကို လည်းကောင်း ယခုဖြစ်သော ဝါဆိုသင်္ကန်းကို လည်းကောင်း၊ ဤ ရဟန်း တို့အား ပေးခြင်းငှါ နှစ်သက်အပ်၏။” ဟု ကတိကဝတ်ကို ပြုကုန်အံ့၊ ဤသို့ ကတိကဝတ်ကို ပြုပြီးလျှင် ယူစေအပ်ပြီးသည်နှင့် တူသည်သာ ဖြစ်၏။ ဖြစ်တိုင်း ဖြစ်တိုင်း သင်္ကန်းတို့ကို ရဟန်းတို့အားသာ ပေး၏-ဟု တစ်ဖန်ဆို၏။)
ဇီဋီ ... ဝါပြတ်သူတို့၏ ဝါဆိုသင်္ကန်း ဟူသည် ရှေး၌ယူအပ်သော ဝါဆိုသင်္ကန်း ရှိ၍ နောက်၌ ဝါပြတ်ကုန်၏။ ထိုသူတို့၏ သင်္ကန်းတည်း。
သာဋီ ... ဝါပြတ်သူတို့ ဖြစ်သောကြောင့် “လက်ခံသော်သည် ဝါဆိုသင်္ကန်းကို အစိုးမရကုန်” ရှေးဦးမဆွ၌ သာလျှင် ကတိကဝတ်ကို ပြုခြင်းကြောင့် ရှုတ်ချကုန်သော်လည်း အာဝါသိကတို့သည် မပေးခြင်းငှါ မရကုန်” ဟု ဆိုသည်။
ဝိဋီ … ဝါဆိုသင်္ကန်းကို အစိုးရသူတို့ မဟုတ်ကုန်ဟူသည်ကို ဝါပြတ်ခြင်းကြောင့် ဆိုသည်။
ရှေးဦးမဆွ ကတိကဝတ် ပြုခြင်းကြောင့် မပေးခြင်းငှါ မရဟုဆိုသည် “ပေးအပ်၏၊ ၎င်းကိုတားသူတို့အား ဂိဝါ” ဟု ဆိုလိုသည်။
ထိုရဟန်းတို့အားသာပေးအပ်၏ ဟူသည် ဝါကပ်သူတို့တွင် ဝါဆိုသင်္ကန်း မရသေးသော အချို့တို့အားသာ ပေးအပ်၏。
ဘတိနိဝိဋ္ဌာ
(ဝါတွင်း သုံးလပတ်လုံး သောက်ရေကိုတည်ထား၍ ကျောင်းလမ်း စေတီယင်ပြင်၊ ဗောဓိယင်ပြင်တို့ကို သုတ်သင်၍ ဗောဓိပင်၌ ရေလောင်း၍ ဖဲသွားသူ၊ လူထွက်သူသည်လည်း ဝါဆိုသင်္ကန်းကို ရသည်သာတည်း။ ထိုသူသည် ဘတိနီဝိဋ္ဌ-အခဖြင့် ရအပ်သော အမှုကို ပြုပြီ။ (ကေစိတို့ကား) သံဃိကပစ္စည်းကိုကား အပလောကနကံပြု၍ ယူစေအပ်ပြီးဖြစ်လျှင် ဝါတွင်းလူထွက်သူသည်လည်း ရသည်သာတည်း။ ပစ္စယ အစွမ်းဖြင့် ယူစေအပ်ပြီးသည်ဖြစ်မူကား မရ-ဟု ဆိုကုန်၏။)
ဇီဋီ ... ဘတိနိဝိဋ္ဌသည် ဘတိံ ကတွာဝိယနိဝိဋ္ဌံ- အခပြု၍ ရှာဖွေခြင်းနှင့်တူသော ရှာဖွေမှုဖြစ်၏。
သံဃိက ဟူသည်ကို တတြုပ္ပါဒကို ရည်ဆိုသည်။
ဝါတွင်းလူထွက်သူလည်း ရသည်သာတည်း ဟူသော စကားဖြင့် အပလောကနကံသာ ပမာဏတည်း။ ယူစေခြင်းသည် ပမာဏမဟုတ်-ဟူ အချို့ဆိုကုန်၏。
ဝိနယဓရတို့ကား- ငါတို့ကျောင်း၌ ဝါကပ်သူတို့တွင် တစ်ပါးတစ်ပါးအား တိစီဝရိတ်ကို သံဃာသည်ပေးလတ္တံ - ဤသို့ စသည်ဖြင့် ပြန်ပြီးသော်လည် မဝေဖန်သေးသည်ကို လူထွက်သူ မရ။ (ဤ၌ကား) အပလောကနကံ ပြု၍ ယူစေအပ်ပြီး ဖြစ်လျှင်-ဟု ဆိုသောကြောင့် လည်းကောင်း၊ မဝဖန်မီ လူထွက်သည်ကို ရှေ့၌ ဆိုသောကြောင့် လည်းကောင်း (ရသည်သာ)ဟု ဆိုကုန်၏。
ပစ္စယအစ္စမ်းဖြင့် ဟူသည်ကား ဒါယကာ အလှူသင်္ကန်းကို လည်းကောင်း၊ တစ်ပါးသော ဝါဆိုသင်္ကန်းကို လည်းကောင်း ပစ္စယအစွမ်းဖြင့် ယူစေအပ်ပြီး-ဟု ရေးအပ်၏。
သာဋီ .... ဘတိနိပိဋ္ဌသည် ဘတိံ ကတွာဝိယနိဝိဋ္ဌံပရိယိဋ္ဌံ。
သံဃိက ပစ္စည်းစသော စကားကို တတြုပ္ပါဒကို ရည်ဆိုသည်။
ပစ္စယအစွမ်းဖြင့် စသောစကားကို ဒါယကာတို့၏ ဝဿဝါသိကပစ္စယအစွမ်းဖြင့် ယူစေအပ်ပြီးသည်ကို ရည်ဆိုသည်။
ဝိဋီ … ဘတိနိဝိဋ္ဌသည် ဘတိံ ကတွာလဒ္ဓံ- သောက်ရေ တည်စေခြင်း ဟူသော အခကိုပြု၍ ရအပ်သော ကျင့်ဝတ်ဖြစ်၏。
သံဃိက စသောစကားသည် ကေစိဝါဒကိုပြသော စကားဖြစ်၏。
ထို၌ အပလောကနုကံပြု၍ ယူစေအပ်ပြီး-ဟူသည် ဝါပြတ်သူတို့၏ ဝါဆိုသင်္ကန်းကို လည်းကောင်း၊ ယခု ဖြစ်လတ္တံ့သော ဝါဆိုသင်္ကန်းကို လည်းကောင်း ဤသူတို့အား ပေးခြင်းငှါ နှစ်သက်အပ်၏-ဟု အခြားမဲ့၍ ဆိုပြီးသောနည်းဖြင့် ပန်ကြား၍ ယူစေအပ်လျှင် သံဃာပေး ဖြစ်သောကြောင့် လူထွက်သူလည်း ရ၏။ ဝါပြတ်သူ၊ သာ၍ရ၏。
ပစ္စယအစွမ်းဖြင့်ယူလျှင် သုံးလပတ်လုံးနေ၍ ယူခြင်းငှါ မိမိသည် လည်းကောင်း၊ ဒါယကာတို့သည် လည်းကောင်း သဘောတူသောကြောင့် ဘတိနိဝိဋ္ဌသည် လည်းကောင်း၊ ဝါပြတ်သူသည် လည်းကောင်း၊ လူထွက်သူသည် လည်းကောင်း မရဟု အချို့ ဆိုကုန်၏၊ ဤစကားသည် နောက်၌ဆိုသောကြောင့် ပမာဏဖြစ်၏。
ထိုကြောင့်သာလျှင် ဝါဆိုအံ့သောနေ့သာ ဒါယကာတို့လှူသော ဝါဆိုသင်္ကန်းကို ယူသူအား ဝါပြတ်ခြင်းကို မပြုမူ၍ နေခြင်းကိုသာ အောက်၌ စီရင်အပ်ပြီ။ သောက်ရေတည်ထားခြင်း စသော ဘတိကရဏဝတ်ကို မစီရင်အပ်။ ထိုဝတ်သည် ပါဝင်သည်သာ ဖြစ်ခဲ့အံ့၊ ဘတိကရဏကိုသာ စီရင်အပ်၏။ ထို့ကြောင့် ဝါစဉ်ဖြင့် ယူစေအပ်သော သင်္ကန်းကို ဝါပြတ်သူ စသည်တို့ မရကုန်-ဟု သိအပ်၏။)
ဒါယကာဆိုတိုင်း
ဝါကျွတ်၍ အရပ်တစ်ပါး သွားလိုသော ရဟန်းသည် အာဝါသိက၏လက်မှ ကပ္ပိယဘဏ္ဍာ တစ်စုံတစ်ခုကို ယူ၍ ဤမည်သော ဒါယကာအိမ်၌ အကျွန်ုပ်အား ဝါဆိုသင်္ကန်းရောက်ပါသည်။ ထိုသင်္ကန်းကို သင်ယူပါ ဟုဆို၍ ရောက်ရာအရပ်၌ လူထွက်အံ့။ ဝါဆို သင်္ကန်းသည် သံဃိကဖြစ်၏။ ဒါယကာတို့ကို မျက်မှောက် ဝန်ခံစေ၍ သွားငြားအံ့-ရ၏။ ဤဝါဆို သင်္ကန်းကို အကျွန်ုပ်တို့၏ကျောင်းတွင် ဝါကျွတ်သူအား လှူပါ၏-ဟု ဆိုလျှင် ယူစေအပ်သော ရဟန်းအားသာ ဖြစ်၏。
ကျောင်း ဒါယကာကြီးအား ချစ်ခင်သဖြင့် သားသမီး စသည်တို့သည် အဝတ်များစွာ ဆောင်ယူ၍ အမှာကံသေနာသနဿဒေမ-ဟု လှူကုန်၏။ ထိုကျောင်း၌ ဝါကပ်သူအား တစ်ထည်သာ ပေးအပ်၏။ အကြွင်းသည် သံဃိကဖြစ်၏။ ဝါဆိုသင်္ကန်းရပ်တည်စဉ်ဖြင့် ယူစေအပ်၏။ အစဉ် မရှိလျှင် မထေရ်ကြီး နေရာမှစ၍ ယူစေအပ်၏။ ကျောင်း၌ ဝါကပ်သော ရဟန်းကိုမှီ၍ ဖြစ်သော စိတ်ကြည်ညိုခြင်းဖြင့် အဝတ်များစွာကို ယူလာ၍ သေနာသနဿဒေမ-ဟူ လှူရာ၌လည်း ဤနည်းသာတည်း。
ခြေရင်း၌ ထား၍ ထိုရဟန်းအား ဒေမ-ဟု ဆိုကုန်အံ့၊ ထိုရဟန်းအားသာ ဖြစ်၏။ ဒါယကာတစ်ဦး၏အိမ်၌ ဝါဆိုသင်္ကန်းနှစ်ခုရှိအံ့၊ ပထမအဖို့ကို သာမဏေ နေရာ၌၊ ဒုတိယအဖို့ကို မထေရ်ကြီးနေရာ၌ ယူစေ အပ်သည်ဖြစ်အံ့၊ ထို ဒါယကာသည် ဆယ်တောင်အဝတ်နှင့် ရှစ်တောင်အဝတ်ကို ဝါဆိုသင်္ကန်း ရောက်သော ရဟန်းတို့အား လှူလော-ဟု စေလွှတ်လိုက်အံ့၊ ရွေးချယ်၍ ဝရဘာဂကို သာမဏေအား ပေး၍ အနုဘာဂကို ထေရာသန၌ ပေးအပ်၏。
နှစ်ပါးလုံးကိုအိမ်သို့ပင့်ဆောင်၍ ဆွမ်းကျွေး၍ ကိုယ်တိုင်ခြေရင်း၌ ထားငြားအံ့၊ ဒါယကာ လှူတိုင်းသာဖြစ်၏။ ဤမှ နောက်ကား မဟာပစ္စရိ၌ လာသောနည်းတည်း။ ဒါယကာတစ်ဦး၏အိမ်၌ သာမဏေငယ်အား ဝါဆို သင်္ကန်းရောက်အံ့။ အကျွန်ုပ်၏ ဝါဆိုသင်္ကန်းသည် အဘယ်သူအား ရောက်ပါသနည်း-ဟု မေးအံ့။ သာမဏေအား ရောက်သည်-ဟု မဆိုဘဲ လှူသောအခါ သိရလတ္တံ့-ဟု ဆို၍ နောက်လှူသောနေ့၌ မထေရ်ကြီးကို စေလွှတ်၍ ယူဆောင်စေအပ်၏。
ဝါဆိုလင်္ကန်းရောက်သူ လူထွက်အံ့၊ သေအံ့၊ ထိုဒါယကာတို့မေးလျှင် ဟုတ်တိုင်းမှန်စွာ ပြောကြားအပ်၏။ ထိုဒါယကာတို့က တုမှာကံ ဒေမ-ဟု ဆိုကုန်အံ့၊ ထိုရဟန်းအား ရောက်၏။ သံဃာအား ဝါ-ဂဏအား လှူကုန်အံ့၊ သံဃာအား ဝါ-ဂဏအား ရောက်၏。
ဝါကပ်ရဟန်းတို့သည် ပံ့သကူဆောင်တို့သာ ဖြစ်ကုန်အံ့။ ရှေးရှုဆောင်၍လှူသော ဝါဆိုသင်္ကန်းကို သေနာသန ပရိက္ခရာပြု၍ ထားအပ်၏။ ခေါင်းအုံး စသည် တို့ကိုသော်လည်း ပြုအပ်ကုန်၏။ ဤကား နေဝါသိကာတ်တည်း。
(သေနာသနဂ္ဂါဟ ဝိနိစ္ဆယပြီး၏။)
ဇီဋီ ... တစ်ထည်သာပေးအပ်၏-ဟူသည် ထိုကျောင်း၌ နေသူတို့အား တစ်ထည်စီသာ ရောက်၏-ဟု ရေးအပ်၏。
သာဋီ .... ဣဓ ဘိက္ခဝေ ဝဿံဝုတ္တော ဘိက္ခူစိဗ္ဘမတိ၊ သံဃဿေဝေတံ-ဟု ဟောသောကြောင့် “ရောက်ရာအရပ်၌ လူထွက်အံ့။လ။ သံဃိကဖြစ်၏--ဟု ဆိုသည်။
ဝိဋီ ... သံဃိကဖြစ်၏ ဟူသော စကားဖြင့် ဝါကျွတ်သော်လည်း ဝါဆို သင်္ကန်းအဖို့သည် သံဃိကမှ မလွတ်သေး၊ ထိုသူလူထွက်ခြင်းဖြင့် သံဃိက ဖြစ်၏-ဟု ပြသည်။
“ရ၏”ဟူသော စကားကို- ငါအားရောက်သော အဖို့ကို ဤရဟန်းအား လှူကြလော”ဟု ဒါယကာကို ဝန်ခံစေမှသာလျှင် သံဃိကမှ လွတ်၏။ ထိုကြောင့်ဆိုသည်။
ဝရဘာဂ စသည်ကို သာမဏေသည် ပထမ ယူထိုက်သူဖြစ်သောကြောင့် လည်းကောင်း၊ မထေရ်သည် ရှေး၌ ပထမဘာဂကို ယူပြီးခြင်းကြောင့် လည်းကောင်း၊ ယခုယူအပ်သော အဖို့၏ ဒုတိယအဖို့ ဖြစ်သောကြောင့် လည်းကောင်း ဆိုသည်။)
၁။ အန္တရာမုတ္တက。
၂။ ဝါတွင်းခံ အာဂန္တုဝတ်。
၃။ ဝါတွင်းခံ အာဝါသိကဝတ်
သုံးရပ်ဖြင့် မှတ်အပ်သော သေနာသနဂ္ဂါဟ ဝိနိစ္ဆယ ပြီး၏。
ဂရုဘဏ်ဝိနိစ္ဆယ
ဂရုဘဏ်ဥဒ္ဒေသ
ဂရုဘဏ်သည် ---
အာရာမ၊ အာရာမဝတ္ထု- ပထမအစုနှစ်ခု。
ဝိဟာရ၊ ဝိဟာရဝတ္ထု-ဟု ဒုတိယအစုနှစ်ခု。
မဉ္စ၊ ပီဋ္ဌ၊ ဘိသိ၊ ဗိဗ္ဗောဟန-ဟု တတိယအစုလေးခု。
လောဟကုမ္ဘီ-ကြေးအိုး၊ လောဟတာဏက-ကြေးအိုးစရည်း။ လောဟဝါရက-ကြေးအင်ကွဲ၊ လောဟ ကဋာဟ-ကြေးဖျဉ်းအိုး၊ ဝါသိ-ပဲခွပ်၊ ဖရသု-ပုဆိန်၊ ကုဓာရီ-ဓားမ၊ ကုဒါလ-ပေါက်တူး၊ နိခါဒန-ဆောက်-ဟု စတုတ္ထအစုကိုးခု၊
ဝလ္လိ-နွယ်၊ ဝေဠု-ဝါး၊ မုဉ္စ-ဖြူဆံမြက်၊ ပဗ္ဗဇ-ပြိတ်မြက်၊ တိဏ-ကြွင်းသောမြက်၊ မတ္တိကာ-မြေညက်၊ ဒါရုဘဏ္ဍ - သစ်ဘဏ္ဍာ၊ မတ္တိကာဘဏ္ဍ- မြေဘဏ္ဍာ-ဟု ပဉ္စမအစုရှစ်ခု。
ဤသို့ငါးစု၊ သရုပ်အားဖြင့် ၂၅ ခုဖြစ်၏၊
နှစ်၊ နှစ်၊ လေးခု၊ ကိုး၊ ရှစ်ခု-ဂရုနှစ်ဆယ့်ငါး၊
အမျိုးအားဖြင့် ထိုဂရုဘဏ် အားလုံးသည် ထာဝရ ဂရုဘဏ်၊ အထာဝရဂရုဘဏ်-ဟု နှစ်မျိုးပြား၏။ ထိုတွင် အစနှစ်စုသည် ထာဝရ၊ နောက်ဆုံးစုသည် အထာဝရမည်၏။ တစ်နည်း-ဂရု-ဂရုဘဏ်၊ ဂရုဂရု- ဂရုဘဏ်-ဟု နှစ်မျိုးပြား၏။ ထိုတွင် အစသုံးစုသည် ဂရု-ဂရုဘဏ်မည်၏。
ဂရုဘဏ်လောက်သည်ချည်းသာတည်း။ နောက်နှစ်စုသည် ဂရုဂရု-ဂရုဘဏ်မည်၏၊ ဂရုဘဏ်လောက်၊ မလောက်ရှိသောကြောင့်တည်း。
တစ်နည်း ---
သံဃေဒိန္န ဂရုဘဏ်၊ ရက္ခိတ ဂရုဘဏ်၊
အတ္တနာလဒ္ဓသံဃိက ဂရုဘဏ်၊ ဂိဟိဝိကဋနီဟာရ ဂရုဘဏ်၊
ပါဒါတိရေက ဂရုဘဏ်၊ သေနာသန ပရိဘောဂ ဂရုဘဏ်၊
သုဒ္ဓ ဂရုဘဏ်၊ ဘာဇနီယ ဂရုဘဏ် ဟု ရှစ်မျိုးပြား၏。
ထိုတွင် သံဃာအားလှူမှ ဂရုဘဏ်ဖြစ်သော ဘဏ္ဍာသည် သံဃေဒိန္နဂရုဘဏ်မည်၏。
သံဃာစောင့်ရှောက်မှ ဂရုဘဏ်ဖြစ်သာ ဘဏ္ဍာသည် ရက္ခိတ၊
မိမိရသော်လည်း သံဃိကသုံးခြင်းဖြင့် သုံးအပ်သောဘဏ္ဍာသည် အတ္တနာလဒ္ဓသံဃိက၊
လူတို့ဥစွာအဖြစ်ဖြင့် ဝါ-လူတို့ဥစွာကဲ့သို့ ပြု၍ သုံးအပ်သော ဘဏ္ဍာသည် ဂိဟိဝိကဋနီဟာရ၊
ငါးကွမ်၊စားထက် လွန်မှ ဂရုဘဏ်ဖြစ်သော ဘဏ္ဍာသည် ပါဒါတိရေက၊
ကျောင်းသုံး အဖြစ်ဖြင့် သုံးအပ်သောဘဏ္ဍာသည် သေနာသနပရိဘောဂ၊
သက်သက် ဂရုဘဏ်ချည်းသာဖြစ်သော ဘဏ္ဍာသည် သုဒ္ဓ၊
ဝေဖန်အပ်သော ဘဏ္ဍာသည် ဘဇနိယ ဂရုဘဏ်မည်၏။ ဝါ-လဟုဘဏ်မည်၏。
ဂရုဘဏ် ဟူသမျှကို မူလစ္ဆေဇ္ဇ- အရင်းပြတ် မစွန့်အပ်၊ မဝေဖန်အပ်၊ လဲလှယ်ခြင်းအားဖြင့် စွန့်သူ၊ သုံးဆောင်သူတို့အား အနာပတ္ထိ။ လဲလှယ်ခြင်း၌လည်း ဂရုဘဏ်ကို သင်္ကန်း၊ ဆွမ်း၊ ဆေး-သုံးမျိုးနှင့် မလဲအပ်၊ ထာဝရချင်းချင်း၊ ဂရုဘဏ်ချင်းချင်း လဲအပ်၏၊ ဤကား အကျဉ်းဥဒ္ဒေသတည်း。
ပထမ၊ ဒုတိယနှစ်စုအကျယ်
(ဤဂရုဘဏ်ငါးစုကို သင်္ကန်း၊ ဆွမ်း၊ ဆေးအလို့ငှါ ဆောင်ယူခြင်းငှါမအပ်၊ ထာဝရနှင့် ထာဝရကို၊ ဂရုဘဏ်နှင့် ဂရုဘဏ်ကို လဲလှယ်ခြင်းငှါ အပ်၏。
ထာဝရ၌ကား ခေတ္တ-လယ်၊ ဝတ္ထု- ယာ၊ တဠာက-တစ်ဖက်ဆည်ကန်၊ မာတိကာ-ရေမြောင်း ဤသို့သော ထာဝရကို ရဟန်းသံဃာအား စီမံခြင်းငှါ မအပ်။ အလှူ လက်ခံခြင်းငှါလည်း မအပ်၊ ကပ္ပိယကာရကတို့ စီမံအပ်သည်မှ ဖြစ်ပေါ်သော ကပ္ပိယဘဏ္ဍာသာလျှင် အပ်၏。
အာရာမဖြင့် အာရာမ၊ အာရာမ ဝတ္ထု၊ ဝိဟာရ၊ ဝိဟရဝတ္ထု-ဤလေးပါးကို လဲလှယ်ခြင်းငှါ အပ်၏။ လဲလှယ်နည်းကား --
သံဃာ၏ နာဠိကေရာရာမ- အုန်းခြံသည် အဝေး၌ရှိ၍ ခြံစောင့်တို့သည် များစွာစားခြင်း၊ လှည်းခပေးခြင်း တို့ဖြင့် ကျောင်းသို့ အနည်းငယ်ကိုသာ ပို့ကုန်အံ့။ ထိုခြံအနီး ရွာသားတို့၏ အုန်းခြံကား ကျောင်းနှင့်နီး၍ ထိုခြံရှင်တို့သည် သံဃာသို့ ချဉ်းကပ်၍ မိမိခြံဖြင့် သံဃာကို တောင်းကုန်သည်ဖြစ်အံ့၊ သံဃာသည် “ရုစ္စတိသံဃဿ- သံဃာသည် နှစ်သက်အပ်၏”ဟု ပန်ကြား၍ လက်ခံအပ်၏。
ရဟန်းခြံ၌ အပင် “တစ်ထောင်၊ လူ့ခြံ၌ အပင်ငါးရာ ဖြစ်အံ့” သင်တို့၏ခြံ ငယ်သည်ဟု မဆိုအပ်၊ ငယ်စေကာမူ ထိုခြံထတ်အာယ- အခွန်အတုတ် မြေဆီ များစွာကို ပေးသောခြံ ဖြစ်ပေသည်။ အနည်းငယ်ချင်း အတူသာ ပေးစေကာမူ လိုတိုင်းခဏ သုံးဆောင်ရသောကြောင့် ယူအပ်သည်သာတည်း。
လူတို့ခြံ၌ အပင်များလျှင် သင်တို့ခြံ အပင်များသည် မဟုတ်လော” ဟု ဆိုအပ်၏။ အပိုအလွန်သည် အကျွန်ုပ်တို့၏ ကောင်းမှုဖြစ်သတည်း။ သံဃာအားလှူပါသည်-ဟု ဆိုကုန်အံ့၊ သိစေ၍ (ဝါ- ဘိက္ခုသံဃာကို ပန်ကြား၍) လက်ခံအပ်၏。
ရဟန်းတို့၏ အပင်သီး၍ လူတို့ အပင်မသီးသေးအံ့။ မကြာမီ သီးလတ္တံ့-ဟု လက်ခံအပ်၏။ လူတို့အပင် သီး၍ ရဟန်းတို့အပင် မသီးသေးလျှင် “သင်တို့အပင်များ သီးကုန်ကြပြီ မဟုတ်လော”ဟု ဆိုအပ်၏。
အလှူခံကြလျှင် အကျွန်ုပ်တို့၏ ကောင်းမှုဖြစ်လတ္တံ့-ဟု လှူကုန် အံ့၊ သိစေလျက် လက်ခံအပ်၏။ ဤသို့ အာရာမဖြင့် အာရာမကို လဲလှယ် အပ်၏။ အရာဝတ္ထု၊ ဝိဟာရ-ဝိဟာရဝတ္ထုကိုလည်း ဤနည်းဖြင့်သာ လဲလှယ်အပ်၏။ အရာမူပြီး-၏။) (အာရာမဝတ္ထုဖြင့်လည်း ကြီးသည် ငယ်သည်ဖြစ်စေ အရာမ၊ အာရာမဝတ္ထု၊ ဝိဟာရ ဝိဟာရဝတ္ထုတို့ကို ဤ နည်းဖြင့်သာ လဲလှယ်အပ်၏း(အာရာမဝတ္ထုမူ•ပြီး၏။ ဝိဟာရဖြင့် ဝိဟာရ လဲလှယ်နည်းကား ရှူးထဲ၌ သံဃာ၏အိမ်သည်လည်းကောင်း၊ကျောင်းထဲ ၌ လူတို့၏ ပြာသာဒ်သည်လည်းကောင်း၊ အဖိုးတန်ချင်းတူ၍ လူတို့က ထိုပြာသာဒ်ဖြင့် ထိုအိမ်ကို ဘောင်းကုန်အံ့၊ လက်ခံခြင်းငှါ အပ်၏。
ရဟန်းတို့က ငါတို့အိမ်သည် အဖိုးတန်သည်-ဟု ဆိုသဖြင့် လူတို့က အဖိုးတန်စေကာမူ ရဟန်းတို့အား နေခြင်းငှါ မလျောက်ပတ်ပါ၊ ဤ ပြာသာဒ်ကား လျောက်ပတ်ပါသည်။ လက်ခံတော်မူကြပါ-ဟု ဆိုကုန်အံ့၊ ဤတို့လည်း လက်ခံအပ်၏။ လူတို့ ပြာသာဒ် အဖိုးတန်လျှင် သင်တို့၏ ပြာသာဒ်သည် အဖိုးတန်ပေသည်-ဟု ပြောအပ်၏。
ကုသိုလ်ကောင်းမှု ဖြစ်လတ္တံ့၊ လက်ခံတော်မူပါ-ဟု ဆိုကုန်အံ့၊ လက်ခံအပ်၏။ ဤနည်းဖြင့် ဝိဟာရဖြင့် ဝိဟာရ၊ ဝိဟာရတ္ထု၊ အာရာမ၊ အာရာမဝတ္ထုကို လဲလှယ်အပ်၏။ (ဝိဟာရမူ-ပြီး၏။)
ဝိဟာရဝတ္ထုဖြင့်လည်း အဖိုးတန်, မတန် ဝိဟာရဝတ္ထု၊ အာရာမ၊ အာရာမတ္ထုကို ဤနည်းဖြင့်သာ လဲလှယ်အပ်၏။ (ဝိဟာရဝတ္ထုမူ-ပြီး၏။ ဤကား ထာဝရဖြင့် ထာဝရကို လဲလှယ်ပုံတည်း။)
(ထာဋီ ... ဂရုဘဏ်ငါးစုတို့တွင် ရှေ့နှစ်စုသည် ထာဝရဖြစ်၏။ (ရွှေ့ပြောင်း၍ မရကောင်း ဟူလို။)
နောက်ဆုံးစုသည် ဂရုဘဏ်မည်၏။ (ရွှေ့ပြောင်း၍ ရကောင်းသည် ဟူလို။)
သိစေ၍ဟူသည်-ဘိက္ခု သံဃာကို သိစေ၍ လက်ခံအပ်၏。
ဝိဋီ ... ဂရုဘဏ်ငါးစုတို့တွင် ရှေ့နှစ်စုထာဝရ၊ နောက်ဆုံး ဂရုဘဏ် မည်၏。
အတူသာ ပေးစေကာမူ-ဟု ဆိုရာ၌ လျော့၍ ပေးစေကာမူ အနီးဝတ္ထုကိုယူ၍ စောင့်ရှောက်နိုင်ခဲသော အဝေး၀တ္ထုကို စွန့်ခြင်းငှါ အပ်သည်-ဟု မှတ်အပ်၏。
သိစေ၍ဟူသည်- ဘိက္ခု သံဃာကို သိစေ၊ ပန်ကြား၍ ဟူလို。
သင်တို့ခြံ အပင်များသည် မဟုတ်လောဟု ဆိုအပ်၏ ဟူသော စကားကို ခြံရှင်တို့သည် မိမိခြံ အဖိုးတန်သည်ကို မသိ၍ မေးကြသောအခါ ထိုခြံကိုသိလျက် ထေယျစိတ်ဖြင့် ယူသူအား ခိုးခြင်းသည် ဖြစ်၏၊ ထိုကြောင့်ဆိုသည်။
ဝိဟာရဖြင့် ဝိဟာရ လဲလှယ်အပ်၏-ဟု ဆိုသော်လည်း သူတစ်ပါး၏ မြေ၌ ဆောက်သော ဝိဟာရဖြင့် လည်းကောင်း၊ ကျောင်းရာမြေ မပါသော အဝတ္ထုကဝိဟာရဖြင့် လည်းကောင်း၊ ကျောင်းရာမြေ ပါသော ဝတ္ထုကဝိဟာရကို မလဲလှယ်အပ်转换 အဝတ္ထုကဝိဟရကိုကား အဝတ္ထုကဝိဟာရဖြင့်သာ လဲလှယ်အပ်၏၊ မြေကိုဖယ်၍ ဝိဟာရသက်သက်သည် ထာဝရ မဟုတ်သောကြောင့်တည်း။ ဤသို့ ထာဝရတို့၌လည်း ထာဝရဝိဘာဂကိုသိ၍သာ လဲလှယ်အပ်၏။)
တတိယအစု လေးခု အကျယ်
(ဂရုဘဏ် နှင့် ဂရုဘဏ်လဲလှယ်ရာ၌ကား၊ ညောင်စောင်း၊ အင်းပျဉ်သည် ကြီးသည်ဖြစ်စေ၊ ငယ်သည် ဖြစ်စေ- ကလေးကစားသော လေးသစ် အခြေရှိ သည် ပဉ္စ၊ ပီဋ္ဌ ဖြစ်စေ သံဃာအား လှူသည်မှစ၍ ဂရူဘဏ်ဖြစ်၏။
မင်း၊ မင်းအမတ် စသည်တို့ သည် တစ်ကြိမ်တည်းဖြင့် ညောင်စောင်း တစ်ရာတစ်ထောင်ကို (သံဃဿ ဒေမ-ဟု) လှူကုန်အံ့။ ကပ္ပိယညောင်စောင်း အားလုံးကို လက်ခံအပ်ကုန်၏။ လက်ခံပြီးလျှင် သီတင်းကြီးစဉ်အတိုင်း သံဃိကပရိဘောဂဖြင့် သုံးဆောင်ကြပါ-ဟု ပေးအပ်ကုန်၏။ ပုဂ္ဂလိကအစွမ်းဖြင့် မပေးအပ်ကုန်။
ပိုသောညောင်စောင်းတို့ကို ဘဏ္ဍာတိုက်စသည်၌ ခင်း၍ (ဝါ-ငြမ်းပြု၍) သပိတ်သင်္ကန်းကို ထားခြင်းငှါလည်း အပ်၏။ ဥပစာသိမ်ပ၌ သံဃဿ ဒေမ-ဟု လှူသော ညောင်စောင်းကို သံဃာ့မထေရ်နေရာ၌ ပေးအပ်၏။ မထေရ်ကြီးအား အလိုမရှိလျှင် အလိုရှိသူ၏နေရာ၌ သံဃိကပရိဘောဂဖြင့် သုံးဆောင်ကြပါ.ဟု ပေးအပ်၏။
ရာ ထောင် သိန်း သန်း ထိုက်သော အဖိုးတန် ညောင်စောင်းတစ်ခုဖြင့် တစ်ပါးသော ညောင်စောင်းများစွာကို ရလျှင် လဲလှယ်၍ ယူအပ်၏။ ညောင်စောင်းဖြင့် ညောင်စောင်းကိုသာ မဟုတ်၊ အာရာမ၊ အာရာမဝတ္ထု၊ ဝိဟာရ၊ ဝိဟာရဝတ္ထု၊ ပီဋ္ဌ၊ ဘိသိ၊ ဗိဗ္ဗောဟနတို့ကိုလည်း လဲလှယ်ခြင်းငှါ အပ်၏။ ပီဋ္ဌ၊ ဘိသိ၊ ဗိဗ္ဗောဟနတို့၌လည်း ဤနည်းသာတည်း။
ဤညောင်စောင်း စသည်တို့၌ ကပ္ပိယ၊ အကပ္ပိယသည် ဆိုပြီးသောနည်းရှိပြီ။ အကပ္ပိယကို မသုံးဆောင်အပ်။ ကပ္ပိယဖြစ်လျှင် သံဃိကပရိဘောဂဖြင့် သုံးဆောင်အပ်၏။ အကပ္ပိယကို လည်းကောင်း၊ အဖိုးတန် ကပ္ပိယကို လည်းကောင်း လဲလှယ်၍ ဆိုပြီးသော ဝတ္ထုတို့ကို (ဝါ-အစသုံးစုတို့ကို) ယူအပ်ကုန်၏။ ဂရုဘဏ် မလောက်သော ဘုံလျှို၊ ခေါင်းအုံးမည်သည်ကား မရှိသည်သာတည်း။)
ဝိဋီ ... ဂရုဘဏ်ဖြင့် ဂရုဘဏ်ဟူသော စကားကို သံဟာရိမ- ပြောင်းရွှေ့၍ ရကောင်းသည်ကိုရည်၍ ဆိုသည်။
သပိတ်သင်္ကန်းကို ထားခြင်းငှါဟူသည် ငြမ်းအသွင်ဖြင့်ပြုသော ညောင်စောင်း၌ ထားခြင်းဖြစ်သည်။
သာဋီ … ကပ္ပိယညောင်စောင်းအားလုံးကို လက်ခံအပ်ကုန်၏ ဟူသည်ကို သံဃဿ ဒေမ-ဟု လှူအပ်သည်ကို ရည်ဆိုသည်။ ဝိဟာရဿ ဒေမ-ဟုဆို၍ လှူကုန်အံ့၊ ရွှေငွေစသည်ဖြင့်ပြီးသော အကပ္ပိယ ညောင်စောင်းတို့ကိုလည်း လက်ခံခြင်းငှါ အပ်၏။
ညောင်စောင်းဖြင့် ညောင်စောင်းကိုသာ မဟုတ်- စသော စကားဖြင့် အထာဝရဖြင့် ထာဝရကိုလည်းကောင်း အထာဝရကိုလည်းကောင်း လဲကောင်း၏-ဟု ပြသည်။ ထာဝရဖြင့် အထာဝရကိုသာ မလဲကောင်း။
အကပ္ပိယကို လည်းကောင်း၊ အဖိုးတန်ကပ္ပိယကို လည်းကောင်း-ဟု ဆိုရာ၌ အကပ္ပိယဟူသည် ရွှေညောင်စောင်း စသည်နှင့် မအပ်သော ခေါင်းအုံး၊ မအပ်သောဘုံလျှိုတို့ ဖြစ်၏။
အဖိုးတန် ကပ္ပိယဟူသည် - ဆင်စွယ်ညောင်စောင်းစသည်။
စုလျားစသည် ကပ္ပိယ အခင်း စသည်ဖြစ်၏။
ဝိဋီ ... ကပ္ပိယညောင်စောင်း အားလုံးကို လက်ခံအပ်၏ ဟူသော စကားဖြင့် ရွှေ စသည်ဖြင့် ဆန်းကြယ်သော အကပ္ပိယမဉ္စကို သံဃဿ ဒေမ-ဟု ဆိုလှူသော်လည်း လက်ခံခြင်းငှါ မအပ်ဟု ပြသည်။ ဝိဟာရဿ ဒေမ-ဟု ဆိုလှူလျှင် သံဃာအား အပ်၏၊ ပုဂ္ဂိုလ်အား မအပ်။ လယ် စသည်ကဲ့သို့-ဟု မှတ်အပ်၏။
ဤညောင်စောင်း စသည်တို့၌ ကပ္ပိယ၊ အကပ္ပိယကို ဆိုပြီးသောနည်းရှိပြီ ဟူသည် အာသန္ဒီ၊ တူလိကာ စသော ဝိနိစ္ဆယ၌ ဆိုပြီးသော နည်းရှိသည်သာတည်း။ အကပ္ပိယသည် ပမာဏလွန်သော ခေါင်းအုံးစသည်၊ အာသန္ဒီစသည် ဖြစ်၏။ (လေးထောင့် မညီသော အာသန္ဒီအခြေရှည်လျှင် မအပ်ဟူလို။ လေးထောင့်ညီလျှင် အခြေ ရှည်သော အာသန္ဒီ အပ်သောကြောင့်တည်း။ အဖိုးတန် ကပ္ပိယ ဝေါဟာရဖြင့် လှူအပ်သော ညောင်စောင်း အဆန်းတကြယ်စသည် ဖြစ်၏။
စတုတ္ထအစုကိုးခု အကျယ်
လောဟကုမ္ဘီ၊ လောဟဘာဏက၊ လောဟကဋာဟ- (အိုး၊ အိုးစရည်း၊ ဖျဉ်း) ဤသုံးခုသည် ကြီးသော် လည်းကောင်း ငယ်သော်လည်းကောင်း အယုတ်ဆုံး ရေတစ်လက်ဖက်မျှ ဝင်သော်လည်း ဂရုဘဏ်သာ တည်း။
လောဟဝါရက (အင်ကွဲ၊ ဝါ- ရေခပ်အိုး၊ ဝါ-ရေပုံးကိုကား ကဠလောဟ-ကြေးနက်၊ တမ္ဗလောဟ- ကြေးနီ၊ ဝဋ္ဋလောဟ-ကြေးခပ်ပြာ၊ ကံသလောဟ- ကြေးဖြူ- တစ်ခုဖြင့်ပြု၍ သီဟိုဠ်တစ်ပါဒဝင်လျှင် ဝေဖန်အပ်၏။
ပါဒဟူသည် မာဂဓနာဠိဖြင့် ပဉ္စနာဠိမတ္တ-ငါးကွမ်းစား ဝါ-ငါးစလယ်မျှ ဝင်၏။ ထိုထက်လွန်သော ကြေးအင်ကွဲသည် (ပါဒါတိရေက) ဂရုဘဏ်ဖြစ်၏။ ဤကား ပါဠိတော်လာသော လောဟဘာဇနတို့တည်း။
(ဤစကား၌ ဝဋ္ဋ၊ ကံသကို နောက် မဟာပစ္စရိစကားဖြင့် ဝိဋီ ပယ်လတ္တံ့။
ပါဠိတော်၌မလာသော်လည်း (ကြေး၊ သံဘဏ္ဍာတို့တွင်) ဘိင်္ကာရ-ကယား၊ ပဋိဂ္ဂဟ-ပြတို့၊ ထွေးခံ၊ လက်ဆေးခံ၊ ဥဠုင်္က၊ ရေမှုတ်၊ ဒဗ္ဗိ- ယောင်းမ၊ ကဋစ္ဆု-ယောက်ချို၊ ပါတိ- ရေတည်ခွက်၊ ကဋ္ဋက- သောက်ရေခွက်၊ ဖလား၊ သရက-ရေတကောင်း၊ ရေချိုင့်၊ သမုဂ္ဂ-ပန်းကပ်၊ ကလပ်၊ ကြုတ်၊ အင်္ဂါရပလ္လ- မီးမယ်ဖျူး၊ မီးအိုးကင်း၊ ဓူမကဋစ္ဆု- မီးမွှေယောင်းမ ဤသို့ စသည်တို့သည် ငယ်ကြီး အားလုံး (သုဒ္ဓ) ဂရုဘဏ်တို့ ဖြစ်ကုန်၏။
(ကင်္ခါဋီကာ၌ သရကောတိ မဇ္ဈေမကုဠံဒဿေတွာမုခဝိတ္ထတံကတွာပိဋ္ဌိကောနာေမတွာ ကာတဗ္ဗံဧကံ ဘာဇနံ၊ သရဝန္တိမိဝဒန္တိ-ဟု ဆိုသည်။)
ပတ္တ-သပိတ်၊ ဝါ-သံသပိတ်။ အယထာလက-သံခွက်၊ တမ္ဗလော ဟထာလက-ကြေးနီခွက် ဤကား ဝေဖန်ကောင်းကုန်၏။ (ဝါ-ဘာဇိယ ဂရုဘဏ်ဖြစ်၏။ ဝါ-လဟုဘဏ်ဖြစ်၏။)
ကံသလောဟ ဘာဇနဝိကတိ- ကြေးခွက်ဖြူ ခွက်အထူး၊ ဝဋ္ဋလောဟ ဘာဇနဝိကတိ- ကြေးခပ်ပြာခွက်- ကြေးဝါခွက်အထူး--ဤခွက်တို့ကား သံဃိက ပရိဘောကဖြင့် အပ်ကုန်၏၊ လူတို့ဥစ္စာကဲ့သို့ ပြုလျှင်လည်း အပ်ကုန်၏။ ပုဂ္ဂလိက ပရိဘောဂဖြင့် မအပ်။ (ဂိဟိဝိကဋနီဟာရဂရုဘဏ် ဖြစ်ကုန်၏၊)
ကံသလောဟ စသောခွက်သည် သံဃာအား လှူသော်လည်း ဝါရိဟာရိယ-သွားလေရာ ဆောင်ယူခြင်းသည် မအပ်။ ဂိဟိဝိကဋနိဟာရ ဖြင့်သာ သုံးဆောင်အပ်သည်-ဟု မဟာပစ္စရီ၌ ဆို၏။
ဘာဇနဝိကတိကို ဖယ်ထား၍ တစ်ပါးသော ကပ္ပိယလောဟ (သံကြေး) ဘဏ္ဍာ၌ အဉ္ဇနီ-မျက်စဉ်းကျည်- မျက်စဉ်းဘူး၊ အဉ္ဇနီသလာကာ-မျက်စဉ်းတံ၊ ကဏ္ဏမလဟရဏီ- နဖာချူ-နဖာကလော်။ သူစိ-အပ်။ ပဏ္ဏသူစိ-ကညစ်။ ခုဒ္ဒကပ္ပိလိက ဓားငယ်။ ခုဒ္ဒကအာရကဏ္ဍက- သပိတ်ထွင်းစူးငယ်၊ အပ်နဖါးထွင်းစူးငယ်၊ ကုဉ္စိကာ-သံကောက်၊ ဘာဠ-မင်းတုပ်၊ ကတ္တရယဋ္ဌိဝေဓက-တောင်ဝှေးစွပ်သောသံကွင်း။ (ကတ္တရယဋ္ဌိဝလယ-ဟူလို။) နတ္တုဒါန-နှာနှပ်တံ၊ ဘိဏ္ဍိဝါလ-ခက်ရင်း၊ လောဟကူဋ- သံချေး။ (လောဟကုဋိ-သံလုံး) (လောဟရဋ္ဌ-သံချောင်း၊ လောဟပိဏ္ဍိ- သံထွေ။ လောဟစက္ကလီက-သံဝိုင်း၊ (သံတူမှ သံဝိုင်းအထိသည် ဃနလောဟ-တခဲနက် ကြေး၊ သံဖြစ်၏။) ဝိပ္ပထကလောဟဘဏ္ဍ-ပြု၍ မပြီးသေးသော ကြေး၊ သံ-ဘဏ္ဍာ၊ ဤ အလုံးစုံသည် ဘာဇနိယ- ဝေဖန်ကောင်းသော ဘဏ္ဍာဖြစ်၏။
ဓူမနေတ္ထ- အခိုးထုတ်စရာပန်တူ-ပြွန်-ခေါင်းတိုင်။ ဖာလ- ဖယင်း ထယ်သွား။ ဒီပရုက္ခ-ဆီမီးတိုင်၊ ဒီပကလ္လက-ဆီမီးခွက်၊ ဩလမ္ဗကဒီပ- ဆီမီးဆွဲ-(ဆွဲမီးအိမ်)။ ဣတ္တိပုရိသတိရစ္ဆာနဂတရူပ- မိန်းမရုပ် ယောက်ျားရုပ်၊ တိရစ္ဆာန်ရုပ်၊ ဘည- ထိုမှတစ်ပါးသော နံရံအမိုး တံခါးရွက် စသည်တို့၌ ထားစရာဘဏ္ဍာ၊ အယုတ်ဆုံး လောဟခိလ- သံတသင်းမှစ၍ လောဟဘဏ္ဍာ အားလုံးသည် ဂရုဘဏ်သာတည်း။ မိမိ ရသော်လည်း သွားလေရာဆောင်၍ ပုဂ္ဂလိကသုံးဆောင်ခြင်းဖြင့် မသုံးဆောင်အပ်။ သံဃိက ပရိဘောဂဖြင့် လည်းကောင်း၊ ဂိဟိဝိကဋတို့သည် လည်းကောင်း အပ်ကုန်၏။ တိပု-သလွဲ ဘဏ္ဍာ၌လည်း ဤ နည်းသာနည်း။ (အတ္တနာလဒ္ဓသံဃိက ဂရုဘဏ်မည်ကုန်၏။)
ခီရပါသာဏမယကဋ္ဋက--ကျောက်ဖြူဖြင့်ပြီးသော သောက်ရေခွက်၊ ရေတကောင်း-စသည်တို့သည် (သုဒ္ဓ) ဂရုဘဏ်တို့သာတည်း၊ ဃဋက- ကျောက်ဖြူ ကြာသွတ်အိုး၊ တေလဘာဇန- ကျောက်ဖြူ ဆီအိုးတို့ကား တစ်ပါဒ ဝင်ထက်ကြီးလျှင်သာ (ပါဒါဟိရေက) ဂရုဘဏ်ဖြစ်ကုန်၏။ (မုဒုကခိရဏ္ဏပါသာဏ-နူးညံ့၍ နို့အဆင်းရှိသောကျောက်-ဟု ကင်္ခါဋီကာ ဆိုသည်။)
သုဝဏ္ဏဘာဇန-ရွှေခွက်၊ ရဇတ-ငွေခွက်၊ ဟာရကုဋ- တေးခွက်၊ ဇာတိဖလိတဘာဇန- ဖန်စစ်ခွက် -- ဤရတနာခွက်တို့သည် လူ့ဥစ္စာဖြစ်လည်း (အနာမာသဖြစ်သောကြောင့် မအပ်ကုန်။ သံဃိကပရိဘောဂ၊ ပုဂ္ဂလိကပရိဘောဂဖြင့်လည်း သာ၍ မအပ်ကုန်။ သေနာသနပရိဘောဂ- ကျောင်းသုံးဖြစ်မူကား အာမာသ၊ အနာမာသ အားလုံးပင်အပ်၏။ (ကိုင်ငင်၍ သုံးကောင်း၏ သေနာသနပရိဘောဂ ဂရုဘဏ်ဖြစ်၏။)
ပဲခွပ်စသော စတုတ္ထကြွင်း ငါးခုတို့၌ ဒန်ပူဖြတ်ရုံ၊ ကြံနွှာရုံမျှ ပြုနိုင်သော ပဲခွပ်ငယ်သည် ဝေဖန်ကောင်းအပ်၏။ ကြီးသောအမှုပြုနိုင်သော ပဲခွပ်ကြီးသည် အမှတ်မရှိ အခြင်းအရာဖြင့် ပြုသော်လည်း (သုဒ္ဓ) ဂရုဘဏ် သာတည်း။ ပုဆိန်ကား ဆေးဆရာတို့ သွေးကြောဖောက်သော ပုဆိန် ငယ်သော်လည်း (သုဒ္ဓ) ဂရုဘဏ် သာတည်း။ ဓားမ၌ ပုဆိန်အဆုံးအဖြတ် အတိုင်းသာတည်း။ လက်နက်အရေအတွက်အားဖြင့် ပြုလျှင် အနာမာသ မကိုင်အပ်။ ပေါက်တူးသည် လေးသစ်မျှရှိသော်လည်း (သုဒ္ဓ) ဂရုဘဏ်သာတည်း။
ဆောက်သည် စတုရဿမုခ-ဆောက်ပြား၊ ဒေါဏိမုခ-ဆောက်ခုံး ဖြစ်၍ ကောက်သော် လည်းကောင်း၊ ဖြောင့်သော်လည်းကောင်း၊ တံမြက် ရိုးထွင်းဆောက်ငယ်သော် လည်းကောင်း အရိုးတပ်လျှင် (သုဒ္ဓ) ဂရုဘဏ်သာတည်း။ တံမြက်ရိုင်း ဆောက်ငယ်သည် အရိုးမတပ်၊ အသွားမျှ ဖြစ်၍ သင်ဓုန်းအိမ်၌ ထည့်ဆောင်နိုင်လျှင် ဝေဖန်ကောင်း၏။ သိခရ စူးကိုလည်း ဆောက်ဖြင့်သာ ရေတွက်အပ်၏။ ကျောင်း၌ ပဲခွပ်စသည်ကို လှူထားသူတို့သည် အိမ်မီးလောင်ခြင်း၊ လုယက်ခံရခြင်းတို့ကြောင့် ဥပကရဏ ဥပက္ခရ- အဆောက်အဦ ဘဏ္ဍာ ဖြစ်သော ပဲခွပ်သည်တို့ကို ပေးကြပါဦး၊ ပြန်ပို့ပါမည်-ဟု ဆိုကုန်အံ့၊ ပေးအပ်ကုန်၏။ ပြန်ပို့လျှင် မထားအပ်။ ပြန်မပို့လျှင် မတောင်းအပ်ကုန်။
ကမ္မာရ- ပန်းပဲကဋ္ဋကာရ-ပန်းတဉ်း၊ စုန္ဒကာရ၊ ပန်းပွတ်၊ နဠကာရ -ကျူထရံသည်၊ မဏိကာရ- ရွဲထွင်းသမား၊ ဝါ- ကျောက်သွေးသမား၊ ပတ္တဗန္ဓက-သပိတ်ဖာသမား၊ ဤသူတို့၏ အဓိကရဏှိ-ပေ။ မုဋ္ဌိက-တူ၊ သဏ္ဍာသ-ညှပ်။ တုလာ-ချိန်။ ဤသို့သော လောဟဘဏ္ဍာ အားလုံးသည် သံဃာအား လှူသောအခါမှ စ၍ (သံဃေဒိန္န) ဂရုဘဏ်ဖြစ်၏။ တိပုကောဋက- သလွဲဖြတ်သမား၊ သုဝဏ္ဏကာရ- ရွှေပန်းထိမ်။ စမ္မကာရ- သားရေနယ်သမား၊ ဤသူတို့၏ ဥပကရဏ-ဘဏ္ဍာတို့၌လည်း ဤနည်းသာတည်း။
အထူးကား သတ္ထက− သလွဲဖြတ်စရာ၊ ရွှေဖြတ်စရာ၊ သားရေ ဖြတ်စရာ၊ အပြေအပြစ်ပြုသော ဓားငယ်ကား ဝေဖန်ကောင်း၏။ နှာပိတ-ဆေတ္တာသည်၊ ကုန္နကာရ-အပ်ချုပ်သမား -- ဤသူတို့၏ ဥပကရဏ တို့၌လည်း မဟာကတ္တရိ- ကတ်ကျေးကြီး၊ မဟာသဏ္ဍာသ-ညှပ်ကြီး၊ မဟာပိပ္ပလိက- သင်ဓုန်းကြီး ဤသုံးခု ဖယ်၍ အကြွင်းအားလုံးသည် ဝေဖန်ကောင်း၏။ ဤသုံးခုကား (သုဒ္ဓ) ဂရုဘဏ်ဖြစ်၏။)
(ဇီဋီ ... ဝဋ္ဋလောဟ-ကြေးခပ်ပြာသည် ပီတဝဏ္ဏ-ဝါသောအဆင်း ရှိ၏။
သွားလေရာ ဆောင်ယူခြင်းသည် မအပ်ဟူသည် အာဂန္တုရောက်လာသော်လည်း မပေး၊ မိမိ အမည်ရေး၍ အလိုရှိတိုင်းယူသွားခြင်းငှါ မအပ်။
ဂိဟိဝိကဋနီဟာရ-ဟူသည် “မိမိကိစ္စပြီးသည်အထိယူ၍ ပေးရမည်”ဟု ရေးအပ်သောခွက်စသည် ဖြစ်၏။
သိခရသည် လှည့်၍ ပွတ်၍ဖောက်ကြောင်း စူး ဖြစ်၏။
ပတ္တဗန္ဓကသည် သပိတ်ကို အထပ်အဖာစသည် ပြုသူတည်း။ ရွှေစသည်ကို တစ်ပြားခတ်သူ ဟူ၍လည်း ဆိုကုန်၏။
သာဋီ ... သွားလေရာ ဆောင်ယူခြင်းသည် မအပ်ဟူသည် မိမိဥစ္စာကဲ့သို့ ယူဆောင်ခြင်းငှါ မအပ်။
ဂိဟိဝိကဋနီဟာရဖြင့်သာ သုံးဆောင်အပ်၏-ဟူသော စကားဖြင့် အရုံစောင့်၊ ကပ္ပိယစသော သူတို့သည် သိုမှီး သိမ်းဆည်း၍ တစ်ဖန်ပေးကုန်အံ့၊ သုံးဆောင်အပ်၏-ဟု ပြသည်။
ပဏ္ဏသူစိသည် လေခနိ-စာရေးကြောင်း ကညစ်-ဟု ဂဏ္ဍိတို့၌ ဆိုသည်။
ဝိဋီ ..... ကြေးနက်စသည်ဖြင့်ပြုသော လောဟဝါရက- တစ်ပါဒဝင်အထိ ဝေဖန်ကောင်း၏” ဟု အဋ္ဌကထာ ဆိုသောကြောင့် ဝဋ္ဋ-ကြေးခပ် ပြာခွက်၊ ကံသ-ကြေးဖြူခွက်ကို ပုဂ္ဂလိကအလှူခံခြင်း၊ သွားလေရာ ဆောင်ယူခြင်းငှါလည်း အပ်သည်။ ဝေဖန်အပ်သောကြောင့်တည်း-ဟု ဆိုကုန်၏။ နောက်မဟာပစ္စရီ စကားနှင့် ဆန့်ကျင်၏။
ဤ “ဝဋ္ဋလောဟ၊ ကံသလောဟ- တစ်ခုခုဖြင့်ပြုသော သီဟိုဠ်တစ်ပါဒဝင်သော လောဟဝါရကကို ဝေဖန် အပ်၏”ဟုဆိုသော မဟာအဋ္ဌကထာစကားကို ပယ်ခြင်းငှါ မဟာပစ္စရိစကားကို နောက်၌ထား၍ ပြသည်။ ထို့ကြောင့် ဝဋ္ဋလောဟ၊ ကံသလောဟဖြင့် ပြုသမျှခွက်သည် တစ်ပါဒဝင် လောဟာဝါရကကိုလည်း အစပြု၍ ဝေဖန်ကောင်းသော ဘဏ္ဍာသာ ဖြစ်၏။ လူတို့လှူသော်လည်း ပုဂ္ဂလိကခံခြင်းငှါလည်း မအပ်။
သွားလေရာ ဆောင်ယူခြင်းသည် မအပ်ဟူသည် သပိတ်စသော ပရိက္ခရာကဲ့သို့ ကိုယ်တိုင်သိုမှီး၍ သုံးဆောင်ခြင်းငှါ မအပ်။ ဂိဟိသန္တက- လူ့ပစ္စည်းကဲ့သို့ အရံစောင့်စသည်တို့ ကိုယ်တိုင်သိမ်းဆည်း စောင့်ရှောက်၍ သုံးဆောင်အံ့သောအခါ ယူပေးကုန်အံ့။ သုံးဆောင်ခြင်းငှါ အပ်၏။ “သိုမှီး၍ ရဟန်းတို့အား ပေးကြလာ”ဟု ဆိုခြင်းငှါလည်း အပ်၏။
ပဏ္ဏသူစိနာမလေခနီတိဝဒန္တိ။ အတ္တနာလဒ္ဓ စသောစကားဖြင့် အလှူခံခြင်းကြောင့် အပြစ်မရှိ၊ အမြဲဆောင်၍ အမြဲသုံးဆောင်မှ အာပတ်သင့်သည်-ဟု ပြ၏။ အထက်၌ မဝေဖန်အပ်သော ပဲခွပ်စသော မိမိဥစ္စာတို့၌လည်း ဤအတူပြ၏။
အာမာသ အနာမာသ အားလုံးဟူသည် ရွှေစသည်ဖြင့် ပြီးသောခွက် အားလုံးကိုလည်း သုံးသပ်၍သော်လည်း သုံးဆောင်ခြင်းငှါ အပ်၏။
ဥပက္ခရသည် ဥပကရဏ-အဆောက်အဦဘဏ္ဍာ ဖြစ်၏၊)
(ကဠလောဟ၊ တမ္ဗလောဟသည် ကပ္ပိယလောဟမည်၏။ ဝဋ္ဋလောဟ၊ ကံသလောဟသည် အကပ္ပိယလောဟ မည်၏။ ကိတ္တိမလောဟ သုံးမျိုး၌ ပါဝင်၏။ သုံးမျိုးကား တိပု၊ တမ္ဗ-ခဲမဖြူ နှင့်ကြေးနီ ရော၍ ကံသလောဟ- ကြေးဖြူ ဖြစ်၏။ သီသ-တမ္ဗ-ခဲမပုပ်နှင့် ကြေးနီရောလျှင် ဝဋ္ဋလောဟ-ကြေးခပ်ပြာ၊ ကြေးပုပ်၊ ကြေးဝါဖြစ်၏။ ရသက-ကမ္ဗ-ပြဒါး နှင့်ကြေးနီရောလျှင် အာရကူဋ၊ ဟာရကူဋ-တေးဖြစ်၏ သုံးမျိုး။
ကာယသံသဂ္ဂအဋ္ဌကထာ၌ အာရကူဋလောဟမ္ပိ ဇာတရူပဂတိက-မေဝအနာမာ သန္တိသဗ္ဗအဋ္ဌကထာသုဝုတ္တံ-ဟု-ဆိုပြီ။ ရွှေစစ်ငွေစစ် မပါသော ရွှေနာရီ၊ ရွှေမျက်မှန်ကိုင်း စသည်လည်း အရကူဋ ဖြစ်၏၊ ဇာတရူပ ကဲ့သို့ နိဿဂ္ဂိယ၊ အနာမာသ မကိုင်ကောင်း၊ သေနာသနဿ ဒေမ-ဟု လှူလျှင် ကိုင်ကောင်း၏-ဟု မိန့်ဆိုကြသည်။)
ပဉ္စမအစု ရှစ်ခုအကျယ်
(ဝလ္လိစသောပဉ္စမအစု၌ ဝေတ္တ-ကြိမ် ဝလ္လိ-နွယ်စသည်သည် အဍ္ဎဗာဟုပ္ပမာဏ-မောင်း လက်ရုံး ထက်ဝက်မျှ (ဝါ- တစ်ထွာနှင့်လေးသစ်မျှ) ရှိအံ့၊ သံဃာအား လှူသော်လည်းကောင်း၊ သံဃာ့မြေ၌ ပေါက်ရောက်သော် လည်းကောင်း၊ စောင့်ရှောက်လျှင် (ရက္ခိတ) ဂရုဘဏ်ဖြစ်၏။ သံဃာ့ကိစ္စ၊ စေတီကိစ္စပြီး၍ ကျန်လျှင် ပုဂ္ဂလိကကိစ္စ၌လည်း သုံးအပ်၏။ (သံဃာ့ပစ္စည်းဖြင့် စေတီပစ္စည်းကို စောင့်ရှောက်ကောင်း၊ လဲလှယ် ကောင်း၏-ဟု ဉာဏ်ရောက်စေရမည် ဟူလို။) မစောင့်ရှောက်လျှင် ဂရုဘဏ်မဟုတ်။
သုတ္တရဇ္ဈု-ချည်ကြိုး၊ မကစိဝါက-သင်ပန်းလျှော်ကြိုး၊ နာဠိကေရ- ဟိရ-အုန်းဆံကြိုး၊ စမ္မရဇ္ဇုကာ-သားရေကြိုး၊ စမ္မယောတ္တ-သားရေလွန်ကြိုး၊ လျှော်အုန်းဆံတို့ကို ကျစ်သော ဧကဝဋာ- တစ်လွန်းကြိုး၊ ဒွိဝဋ္ဋာ- နှစ်လွန်းကြိုးတို့သည် သံဃာအား လှူသည်မှစ၍ (သံဃေဒိန္န) ဂရုဘဏ် ဖြစ်၏။ မကျစ်ဘဲလှူသောချည်၊ သင်ပန်းလျှော်၊ အုန်းဆံတို့ကား ဝေဖန်ကောင်းကုန်၏။ ထိုကြိုး၊ လွန်စ စသည်တို့ကို လှူသူတို့သည် မိမိကိစ္စဖြင့် ဆောင်ကုန်အံ့။ မတားအပ်ကုန်။
ဝါးသည် အယုတ်ဆုံး (အရှည်) ရှစ်သစ်၊ (လုံးပတ်) ကညစ်ရိုးမျှ ရှိလျှင် သံဃာအား လှူသော်လည်းကောင်း၊ သံဃာ့မြေ၌ပေါက်သော် လည်းကောင်း စောင့်ရှောက်မှသာ (ရက္ခိတ) ဂရုဘဏ်ဖြစ်၏။ သံဃာ ကိစ္စ၊ စေတီကိစ္စပြီး၍ ကျန်လျှင် ပုဂ္ဂလိကကိစ္စ၌ ပေးခြင်းငှါ အပ်၏။ ပါဒဟဏှက တေသနာဠိ-တစ်ပါဒဝင် ဆီကျည်တောက်၊ ကတ္တရယဠှီ- ဝါးတောင်ဝှေး၊ ဥပါဟန ဒဏ္ဍက-ဖိနပ်ချိပ်၊ ဆတ္တဒဏ္ဍ-ထီးရိုး၊ ဆတ္တ သလာကာ- ထီးလက်ခရိုင်တံ၊ ဤ ဝါးအားလုံး ဝေဖန် ကောင်း၏။ အိမ်မီး လောင်သူတို့ ယူသွားလျှင် မထားအပ်ကုန်။ စောင့်ရှောက်သော ဝါးကို ယူလိုလျှင် ညီမျှသော ပိုလွန်သော ထာဝရကိုလည်းကောင်း၊ အယုတ်ဆုံး ထိုမျှထိုက်တန်သော ပွားစီးမှု- ဖာတိကမ္မကို လည်းကောင်း ပြု၍ ယူအပ်၏။ ဖာတိကမ္မ မပြုဘဲယူလျှင် ထိုကျောင်း၌သာ သုံးဆောင်အပ်၏။ သွားသောအခါ သံဃိက အာဝါသ၌ ထားခဲ့၍ တားအပ်၏ သတိမရဘဲ မေ့ယူသွားလျှင် ပြန်ပို့အပ်၏။ အရပ်ဝေးသို့ ရောက်သွားလျှင် ရောက်ရာ ကျောင်းတိုက် သံဃိကအာဝါသ၌ ထားအပ်၏။
တိဏသည် ဖြူဆံမြက်၊ ပြိတ်မြက်မှတစ်ပါး ကြွင်းသမျှမြက် (သက်ငယ်) အားလုံးဖြစ်၏။ မြက်မရှိသော အရပ်၌ သစ်ရွက်တို့ဖြင့် မိုးခြင်းကြောင့် သစ်ရွက်ပဏ္ဏကိုလည်း တိဏဖြင့်သာ ရေတွက်အပ်၏။ ထို မြက်တို့တွင် အမှတ်မရှိ တစ်ဆုပ်မျှသော မြက်သည်လည်းကောင်း၊ ထန်းရွက် စသည်တို့တွင် တစ်ခုမျှသော သစ်ရွက်သည်လည်းကောင်း၊ သံဃာအား လှူသော်လည်းကောင်း၊ သံဃာ့မြေ၌ ပေါက်သော်လည်းကောင်း၊ အရံပ၌ သံဃာအား လှူသောယာခင်းမှ ပေါက်သော် လည်းကောင်း၊ စောင့်ရှောက်လျှင် (ရက္ခိတ) ဂရုဘဏ် ဖြစ်၏။ သံဃာ့ကိစ္စ စေတီကိစ္စပြီး၍ ကျန်လျှင် ပုဂ္ဂလိကကိစ္စ၌ ပေးခြင်းငှာအပ်၏။ အိမ်မီးလောင်သူ ယူသွားလျှင် မတားအပ်။ ရှစ်သစ်မျှရှိသော ရိတ္တပေါတ္တက- အချည်းနှီး ပေရွက်သည်လည်း ဂရုဘဏ်သာ တည်း။
(ဆဒနတိဏအရာ၌ဆိုသောကြောင့် မိုးစရာပေရွက်ဟု သိအပ်၏။ စာရေးသော ပေရွက်ကား ဂရုဘဏ် မဟုတ်။)
မတ္တိကာသည် ပကတိမတ္တိကာ- ပကတိမြေ၊ ပဉ္စဝဏ္ဏမတ္တိကာ- အဆင်းငါးပါး ရှိသောမြေ၊ သုဓ- အင်္ဂတေ တစ်ခုခုဖြစ်၏၊ သဇ္ဇု-ပွတ်လျက် (ဝါ-ပွဲညက်)၊ ရသ- ကညစ်စေး၊ ကင်္ဂုဌ-ဆုန်းမှုန့်၊ သိလေသ- သစ်စေး စသည်တို့တွင် တစ်ခုခုဖြစ်စေ၊ ရခဲရာဌာန၌ ဆောင်၍ လှူသော် လည်းကောင်း၊ တတ္တဇာတက-သံဃာ့မြေ၌ ဖြစ်သော်လည်းကောင်း စောင့်ရှောက်လျှင် ထန်းသီးမှည့်ခန့်သည် (ရက္ခိတ) ဂရုဘဏ်ဖြစ်၏၊ သံဃာ့ကိစ္စ စေတီကိစ္စပြီး၍ ကျန်လျှင် ပုဂ္ဂလိကကိစ္စ၌ ပေးခြင်းငှါ အပ်၏။ ဟိင်္ဂု-ရှိန်းခို၊ ဟိဂုံလထ-ဟင်္သာပဒါး၊ ဟရိတာလ-ဆေးဒန်း၊ မနောသိလ- မြင်းသီလာ၊ အဉ္ဇန-မျက်စဉ်းကျောက်ညို ဤဘဏ္ဍာတို့ကား ဝေဖန် ကောင်းကုန်၏။
ဒါရုဘဏ္ဍာ၌ ရှစ်သစ်၊ ကညစ်ရိုးမျှရှိသော သစ်ဘဏ္ဍာ ဟူသမျှသည် သစ်သားရခဲရာ၌ သံဃာအား လှူသော်လည်းကောင်း၊ သံဃာမြေ၌ ပေါက်ရောက်သော် လည်းကောင်း၊ စောင့်ရှောက်လျှင် (ရက္ခိတ) ဂရုဘဏ် ဖြစ်၏-ဟု ကုရုန္ဒီ၌ဆိုသည်။ မဟာအဋ္ဌကထာ၌ကား သစ်၊ ဝါး၊ သားရေ၊ ကျောက်-စသောအထူးကို ဒါရုဘဏ္ဍာဖြင့် ရေတွက်၍ အာသန္ဒိကဖြစ်ရာ ပါဠိတော်မှစ၍ ဒါရုဘဏ္ဍဝိနိစ္ဆယကို ဆိုသည်။
ထုတ်ဆောင်အပ်သော အနက်ကား- အာသန္ဒိက- အခြေရှည်သော ညောင်စောင်း အင်းပျဉ် (ဤခန္ဓက အရင်းအစနား၌ လေးထောင့် (ညီသော) အင်းပျဉ်ဖြစ်၏ မှစသည်။) သတ္တင်္ဂ- အင်္ဂါခုနစ်ပါး ရှိသော ညောင်စောင်း အင်းပျဉ်၊ ဘဒ္ဒပီဋ္ဌ-ကြိမ်အင်းပျဉ်၊ ပိဋ္ဌိကာ-ပုဆိုးအင်းပျဉ်၊ ဧဠကပါဒကပီဋ္ဌ-အခြေ ကောက်သော အင်းပျဉ်၊ အမလကဝဋကပီဋ္ဌ- ပွတ်လုံး အခြေများသော အင်းပျဉ်၊ ဖလက-ပျဉ်ချပ်- ကောစ္ဆ-ခတ်အခင်း၊ ပလာလပီဋ္ဌက-ကောက်ရိုး အင်းပျဉ်၊ ငှက်ပျောရွက် အင်းပျဉ် ဤအလုံးစုံသည် ငယ်ငယ် ကြီးကြီး သံဃာအားလှူလျှင် (သံဃေဒိန္န) ဂရုဘဏ်ဖြစ်၏။
ပလာလပီဋ္ဌဖြင့် ကဒလိပတ္တာဒီပီဌ- ငှက်ပျောရွက်စသော အင်းပျဉ်ကိုလည်း ရေတွက်အပ်၏။
ဗျဂ္ဃစမ္မဩနဒ္ဓ – ကျားရေဖြင့် မြှေးယှက်အပ်သော သားရဲရုပ် ခြံရံသော ရတနာချည်ဖြင့် ချုပ်သော ခတ်အခင်း လည်း ဂရုဘဏ်သာတည်း။
ဝင်္ကဖလက-ပျဉ်ကောက်၊ ဒီဃဖလက- ပျဉ်ရှည်၊ စီဝရဓောဝနဖလက-သင်္ကန်း ဖွပ်ပျဉ်၊ ဃဋနဖလက-နယ်စရာ၊ လှိမ့်စရာပျဉ်၊ ဃဋနမုဂ္ဂရ- သင်္ကန်းနယ်လှိမ့်စရာ တင်းပုတ်၊ (တလိမ့်တုံး)၊ ဒန္တကဋ္ဌစ္ဆေဒနဂဏ္ဍိကာ-ဒန်ပူဖြတ်စရာခံတုံး၊ ဒဏ္ဍမုဂ္ဂရ- ဆိုးသောသင်္ကန်းကို ထုစရာတင်းပုတ်၊ ဝါ-ဒန်ပူထုစရာ တင်းပုတ်။ အမ္ဗဏ- ရေစကျင်း စည်ပိုင်း၊ ရဇနဒေါဏိ-ဆိုးရည်ကျင်း၊ ဥဒကပဋိစ္ဆက- ညှစ်ရည်ခံစရာအင်၊ သစ်သားဆင်စွယ်ဝါး တို့ဖြင့် အခြေရှိ၊ မရှိပြုသော သမုဂ္ဂ-ကလပ်၊ ပန်းတောင်းမဉ္ဇူသာ- တံတင်းသေတ္တာ၊ တစ်ပါဒဝင်ထက် ကြီးသော ကရဏ္ဍ- ကြုတ်၊ ဥဒကဒေါဏိ- သစ်တုံးထွင်းသော ရေစကျင်း၊ ဥဒက ကဋာဟ- သစ်တုံးထွင်း ရေဖျဉ်းအိုး၊ ဥဠုင်္က- ရေမှုတ်၊ ကဋစ္ဆု-ယောက်ချို၊ ပါနိယ သရာဝက- ရေသောက်ခွက်၊ ပါနိယသင်္ခ- ရေသောက် ခရုသင်းခွက်၊ ဤဘဏ္ဍာတို့သည်လည်း သံဃာအား လှူလျှင် (သံဃေဒိန္န) ဂရုဘဏ်ဖြစ်၏။
သင်္ခထာလက-ခရုသင်းခွက်၊ ဒါရုမယဥဒကကုမ္ဗ- သစ်သားရေဘူး၊ ဤဘဏ္ဍာတို့ကား ဝေဖန်ကောင်းကုန်၏။ ပါဒက ထလိကမဏ္ဍလ- ခြေသုတ်အဝန်းသည် သစ်သား၊ အဝတ်၊ သစ်ရွက် စသည်ဖြင့် ပြုသော်လည်း ဂရုဘဏ်ဖြစ်၏။
အာစာရ-သပိတ်၊ ပတ္တပိဓာန-သပိတ်ဖုံး၊ တာလဝဏ္ဍ- ထန်းရွက်ယပ်ဝန်း၊ ဗီဇနီ-လေးထောင့်ယပ်၊ စင်္ကောဋက- ပန်းတောင်း၊ ပစ္ဆိ- ခြင်းတောင်း၊ ယဋ္ဌိသမ္မုဉ္စနီ- ရိုးရှည်တံမြက်စည်း၊ မုဋ္ဌိသမ္မုဉ္စနီ- လက်ဆုပ်တံမြက်စည်း၊ ဤအလုံးစုံသည် ငယ်ငယ်ကြီးကြီး - သစ်ဝါး၊ သစ်ရွက်၊ သားရေစသည်ဖြင့်ပြုလျှင် ဂရုဘဏ်သာတည်း။
ထမ္ဘ-သည်တိုင်၊ တုလာ-ထုပ်လျောက်၊ သောပါနဖလက-စောင်းတန်းပျဉ်- (လှေကား၊ပျဉ်) စသော သစ်သားဖြင့် ကျောက်ဖြင့် ပြုသော အိမ်အဆောက်အဦ ဟူသမျှသည် လည်းကောင်း၊ ကဋသာရက-ဟူသမျှသည် လည်းကောင်း၊ ဘူမတ္တရဏ-မြေအခင်း ဟူသမျှသည် လည်းကောင်း၊ အကပ္ပိယစမ္မ-မအပ်သော သီဟစမ္မ-စသော သားရေ ဟူသမျှသည်လည်းကောင်း သံဃာအားလှူလျှင် ဂရုဘဏ်ဖြစ်၏။ ဘူမတ္တရဏ ပြုခြင်းငှါ အပ်၏၊ ဧဠကစမ္မ-သိုးရေ၊ ဆိတ်ရေကား ပစ္စတ္တရဏဂတိက- အိပ်ရာခင်း အလားရှိ၏။ ထိုသည်လည်း ဂရုဘဏ်သာတည်း။ (မိဂစမ္မ စသော) ကပ္ပိယဓမ္မတို့ကား ဝေဖန်အပ်ကုန်၏။ ကုရုန္ဒီ၌ကား- ညောင်စောင်းမျှ အနေ သားရေဟူသမျှ ဂရုဘဏ်ဟုဆို၏။
ဥဒုက္ခလ-ဆုံ၊ မုသလ-ကျည်ပွေ့၊ သုပ္ပ-ဗန် - စကော၊ နိသဒ- ကျောက်ပျဉ်၊ နိသဒပေါက-ကျောက်သား၊ ပါသာဏဒေါဏိ- ကျောက်စကျင်း၊ ပါသာဏကဋာဟ- ကျောက်ဖျဉ်းအိုး၊ တုရိ-ဝေမ-ဘတ္တာဒိသဗ္ဗပေ သကာရာဒိဘဏ္ဍာ လိပ်၊ လက်ခတ်၊ သားရေအိတ်စသော ရက်ကန်းသည် စသည်၏ ဘဏ္ဍာအားလုံး၊ ကသိဘဏ္ဍ- လယ်သမားဘဏ္ဍာ အားလုံး၊ စက္ကယုတ္တကယာန- ဘီးတပ်သော ယာဉ်အားလုံး -- ဤအလုံးစုံသည် (သုဒ္ဓ) ဂရုဘဏ်ဖြစ်၏။
မဉ္စပါဒ ညောင်စောင်းခြေ၊ မဉ္စအဋနိ- ညောင်စောင်းပေါင်၊ ပီဋ္ဌပါဒ ပီဋ္ဌအဋနိ-အင်းပျဉ်းခြေ၊ ပေါင်၊ ဝါသိဖရသုအာဒိနံဒဏ္ဍ- ပဲခွပ် ပုဆိန် စသည်တို့၏ အရိုး၊ ဤဘဏ္ဍာတို့ကား ရွေချော၍ မပြီးသေးလျှင် ဝေဖန်အပ်၏။ ရွေပြီးချောပြီးဖြစ်လျှင် (သုဒ္ဓ) ဂရုဘဏ်ဖြစ်၏။
အနုညာတဝါသီယာဒဏ္ဍ-ဝေဖန်ကောင်း၏-ဟု ခွင့်ပြုသော ဒန်ပူ ဖြတ်ရုံ ကြံနွှာရုံမျှ ပဲခွပ်၏အရိုး၊ ဆတ္တ-ထီး၊ မုဋ္ဌိပဏ္ဏ-ထန်းရွက် (လက်ဖြင့်ဆုပ်၍ ကိုင်ရသော ထန်းရွက်ဟူလို။ ကေစိတို့ကား ထီးမိုး ထန်းရွက်- ဟု တစ်ခုတည်း ပြု၍ ဆိုကုန်၏၊) ကတ္တရယဋ္ဌိ-တောင်ဝှေး၊ ဥပါဟနာ-ဖိနပ်၊ အရဏိသဟိက-ပွတ်ခုံပွတ်ကျေး၊ (ဥတ္တရ၊ အဓရအားဖြင့် အရဏိယုဂဠ၊ ဒွယဟူလို) ဓမ္မကရဏ-ဓမ္မကရိုဏ်း၊ တစ်ပါဒဝင်ထက်မကြီးသော-အာမလကကုမ္ဗ- ရှိရှာဘူး၊ အာမလကဃဋ- ရှိရှားအိုး၊ လာဗုကကုမ္ဗ- ဘူးကျည်၊ လာဗုကဃဋ-ဘူးအုံ၊ ဝိသာဏကုမ္ဗ- ဆားချိုဘူး- ဤအလုံးစုံကား ဝေဖန်ကောင်း၏။
တစ်ပါဒဝင်ထက်ကြီးလျှင် ဂရုဘဏ်ဖြစ်၏။ ဟတ္ထိဒဏ္ဍ - ဆင်စွယ်၊ ယံကိဉ္စိဝိသာဏ- သားချိုဟူသမျှကား မရွေမချော ဖြစ်မြဲတိုင်းသာလျှင် ဝေဖန်ကောင်း၏။ ထိုဆင်စွယ် သားချိုတို့ဖြင့်ပြုသော ညောင်စောင်းခြေ စသည်တို့ကား ရှေး ဝိနိစ္ဆယ အတိုင်း (သုဒ္ဓ) ဂရုဘဏ် ဖြစ်ကုန်၏။
ဟိင်္ဂုကရဏ္ဍက-ရှိန်းခိုကြုတ်၊ အဉ္စနကရဏ္ဍက-မျက်စဉ်းကြုတ်၊ ဂဏ္ဍိကာ- ကမ္ပတ်သိမ်း၊ ဝိဓ-ခါးပန်းပိ၊ အဉ္ဇနိ-မျက်စဉ်းဘူး၊ အဉ္ဇနိသလာကာ- မျက်စဉ်းတံ၊ ဥဒကပုဉ္ဆနီ- ရေသုတ် - ဤကဏ္ဍတို့ကား ရွေချောပြီးသော် လည်း ဝေဖန်ကောင်းကုန်၏။
မတ္တိကာဘဏ္ဍ - မြေဘဏ္ဍာ၌ ဃဋပိဋ္ဌရာဒိ - ကုလာလဘာဇန-အိုး၊ စလောင်းစသော လူသုံး အိုးထိန်းသည် တို့၏ခွက်၊ ပတ္တကဋာဟ- သပိတ်ဖုတ်စရာဖျဉ်းအိုး၊ အင်္ဂါရကဋာဟ- မီးကျီးခဲထည့်စရာဖျဉ်း၊ ဓူမဒါနက-အခိုးပေါက် ခေါင်းတိုင်၊ ဒီပရုက္ခက- ဆီမီးတိုင်၊ ဒီပကပလ္လိကာ -ဆီမီးခွက်၊ စယနိဋ္ဌက -စီအုတ်၊ ဆဒနိဋ္ဌကာ-မိုးအုတ်၊ ထုပိတာ- အထွတ် အမွန် - ဤ ဘဏ္ဍာတို့သည် လှူသော အခါမှစ၍ (သံဃေဒိန္န) ဂရုဘဏ် ဖြစ်ကုန်၏၊
ဃဋက- ကြာသွတ်အိုး၊ ပတ္တ- သပိတ်၊ ထာလက-ခွက်၊ ကဉ္စနက-အင်တုံ၊ ကုဏ္ဍိကာ-ကရား ဤ ဘဏ္ဍာတို့သည် တစ်ပါဒဝင်ထက်ကြီးလျှင် ဝေဖန်ကောင်းကုန်၏၊
မြေဘဏ္ဍာကဲ့သို့ လောဟဘဏ္ဍာ၌လည်း ကုဏ္ဍိကာ (တစ်ပါဒထက်မကြီးသော သံကရား ကြေးနီကရား ဟူသော-မကြီးသော) ကရားသည် မဝေဖန်ကောင်းသော အဖို့သို့ ရောက်၏။
ဤကား ဆရာစဉ်ဆက် အဆုံးအဖြတ်တည်း။)
(ဇီဋီ .... အဍ္ဎဗာဟုသည် ကပ္ပရ-တတောင်ဆစ်မှ ယာဝအံသကူဋ- ပခုံးစွန်းအထိ-ဟု ရေးအပ်၏။ (တစ်ထွာလေးသစ်မျှ ဟူလို၊)
ဒဏ္ဍမုဂ္ဂရသည် ဆိုးသော သင်္ကန်းတို့ကို ရိုက်ပုတ်ကြောင်း တင်းပုတ်ဖြစ်၏။ ပစ္စတ္ထရဏဂတိက ဟူ၍လည်းကောင်း ထိုသည်လည်း ဂရုဘဏ်သာတည်း ဟူ၍ လည်းကောင်း ဆိုသောကြောင့် အပိသဒ္ဒါဖြင့် “ပါဝါရ-စုလျား စသော အခင်းအားလုံးသည် ဂရုဘဏ်သာတည်း”ဟု ဆိုကုန်၏။
ဤပါဠိဖြင့်သာလျှင် အနက်တစ်မျိုးဆို၍ “ပါဝါရ-စာသော အခင်းသည် ဂရုဘဏ်မဟုတ်၊ ဝေဖန်ကောင်းသည်သာတည်း၊ သေနာသန အလို့ငှါ လှူသော အခင်းသာ ဂရုဘဏ်”ဟု ဆိုကုန်၏။ စူးစမ်းအပ်၏။
ဂဏ္ဍိကာသည် စီဝရဂဏ္ဍိကာ- သင်္ကန်းကမ္ပတ်သီးဖြစ်၏။ ကဉ္စနကသည် သရာဝက- ခွက်ဖြစ်၏။
သာဋီ .... အဍ္ဎဗာဟုသည် ကပ္ပရတောပဋ္ဌာယယာဝအံသကူဋံ- ဟု ဂဏ္ဍိတို့၌ ဆို၏။ အဍ္ဎဗာဟုသည် တစ်ထွာလေးသစ်ဟူ၍လည်း ဆိုကုန်၏။
တတ္တဇာတကာတိသံဃိကဘူမိယံဇာတာ။ သံဃိကမြေ၌ဖြစ်လျှင် တတ္တဇာတက မည်၏။
ရှစ်သစ်ကညစ်ရိုးမျှ ဟူသည် အရှည်အားဖြင့် ရှစ်သစ်၊ လုံးပတ်အားဖြင့် ကညစ်ရိုးမျှဖြစ်၏။
ပါဠိတော်၌ ဖြူဆံမြက် ပြိတ်မြက် သီးခြားလာသောကြောင့် ဖြူဆံမြက် ပြိတ်မြက်မှတစ်ပါး-ဟု ဆိုသည်။
ရှစ်သစ်မျှရှိသော ဟူသည် အရှည်ရှစ်သစ်ရှိသော ရိတ္တပေါတ္တကဖြစ်၏။
ဃဋ္ဋန ဖလကသည် ဆိုးသောသင်္ကန်းကို လက်ဖြင့် ရိုက်ပုတ်ရာ ပျဉ်ပြား နေရာ ဖြစ်၏။
ဃဋ္ဋနမုဂ္ဂရသည် အလျားအနားပတ် စသည်ကိုရိုက်ပုတ်ရန်ပြုသော တင်းပုတ်-ဟု ဆိုကုန်၏၊
အမ္ဗဏသည် ပျဉ်ပြားတို့ဖြင့် ရေကန် အတူပြုသော ရေလှောင်ခွက် ဖြစ်၏။
ရဇနဒေါဏီသည် ကျိုပြီးသော ဆိုးရည်လောင်း ထည့်စရာခွက် ဖြစ်၏။
ဘူမတ္တရဏ ပြုခြင်းငှါ အပ်၏ ဟူသည်ကို အကပ္ပိယစမ္မကို ရည်ဆိုသည်။
ပစ္စတ္ထရဏဂတိက ဟူသောစကားဖြင့် ညောင်စောင်း အင်းပျဉ်၌သော်လည်း ခင်းခြင်းငှါ အပ်၏-ဟု ပြသည်။
စုလျားစသော အခင်းလည်း ဂရုဘဏ်ဟု ဧကေတို့ ဆိုကုန်၏။ မဟုတ်ဟု အပရေတို့ ဆိုကုန်၏။ စူးစမ်း၍ ယူအပ်၏။
မုဋ္ဌိပဏ္ဏကို ထန်းရွက်ကို ရည်ဆိုသည်။
ဝိဋီ ... အဍ္ဎဗာဟုသည် မောင်းစက်ဖြစ်၏။ အဍ္ဎဗျာမ - တစ်လံ ထက်ဝက်ဟူ၍လည်း ဆိုကုန်၏။ (တတောင်ဆစ် နှစ်ဖက်အတွင်း ပခုံးစွန်း အတွင်းနှင့်တကွ နှစ်တောင်ဟူလို။)
ယောတ္တသည် စမ္မရဇ္ဇုက- သားရေကြိုးဖြစ်၏။
သူစိဒဏ္ဍ-ကညစ်ရိုးသည် သာရဒဏ္ဍ- သစ်သားနှစ်အတံ စသည်တည်း။ ကညစ်၏ တည်ရာ သေးငယ်သော အတံဖြစ်၏။
ရိတ္တပေါတ္ထကသည် အလိခိတပေါတ္ထက- စာရေးစရာ မဟုတ်သော ပေရွက်ဖြစ်၏။ ပဏ္ဏပ္ပသင်္ဂဖြင့် ပေရွက်ကို ဆိုသည်။
ဃဋ္ဋနကဖလက၊ ဃဋ္ဋနမုဂ္ဂရ-ဟူသည် ဆိုပြီးသော သင်္ကန်းကို တင်းပုတ်ချောတစ်ခု၌ရစ်၍ ပျဉ်ချောတစ်ခု၏ အထက်၌ ထား၍ အထက်၌ ပျဉ်ချော တစ်ခုဖြင့်မှောက်၍ တစ်ယောက်သည် အထက်၌ နင်း၍ရပ်၏။ နှစ်ယောက်သည် အထက်ပျဉ်ကို နှစ်ဖက်သော အစွန်းတို့၌ ထိုင်၍ အပြန်ပြန်ငင်ခြင်း တွန်းခြင်းကိုပြုသည်။ ထိုသို့ပြုသောပျဉ်နှင့် တင်းပုတ်ကို ရည်ဆိုသည်။ လက်၌ထားစေ၍ လက်ဖြင့်ပုတ်ခတ်ခြင်းကိုကား ဆိုးသောသင်္ကန်း စိုစွတ်စဉ်ပြုအပ်၏။
ဤပျဉ်ပြားတင်းပုတ် (တလိမ့်တုံး)တို့ဖြင့် လှိမ့်ခြင်းကို ခြောက်သောအခါ ခက်ထန်ခြင်းကင်းအောင် ပြုအပ်၏-ဟု မှတ်သားအပ်၏။
အမ္ဗဏသည် လုံးထွင်းလှေ ပျဉ်ချပ်တို့ဖြင့် ရေကန်အကူ ပြုအပ်သည် ဖြစ်၏။ ပါနီယဘာဇန-ဟူ၍လည်း ဆိုကုန်၏။
ရဇနဒေါဏိသည် သစ်သားတစ်ခုဖြင့်ပြုသော ရဇနဘာဇနဖြစ်၏။ ဥဒတဒေါဏိလည်း သစ်သားတစ်ခုဖြင့် ပြုသော ဥဒကဘာဇနဖြစ်၏။
ဘူမတ္တရဏ ပြုခြင်းငှါ အပ်၏ ဟူသည်ကို အကပ္ပိယစမ္မကို ရည်ဆိုသည်။ ထို၌ ဘူမတ္တရဏယူသော ရေတွက်ခြင်းဖြင့် အိပ်ခြင်းငှါလည်း အပ်သည်သာတည်း။
ပစ္စတ္ထရဏဂတိကဖြင့် မဉ္စ၊ ပီဋ္ဌ စသည်တို့၌ ခင်းအပ်သော မဟာစမ္မ၊ တေလစမ္မ မည်ကိုပြသည်။
မုဋ္ဌိပဏ္ဏကို တာယပဏ္ဏကို ရည်ဆိုသည်။
ပတ္တကဋာဟသည် ပတ္တပစ္စနကဋာဟ- သပိတ်ဖုတ်စရာအိုးဖြစ်၏)
ဂရုဘဏ်ဝိနိစ္ဆယပြီး၏။
ဘတ်တစ်ဆယ့်လေးရပ် ဝိနိစ္ဆယ
(ထမင်းဟော ဘတ္တသဒ္ဒါဖြင့် ဒါယကာတို့ ပင့်ဖိတ်သောကြောင့် ဘတ် ၁၄ ရပ်လုံးသည် ပိဏ္ဍပါတ် ဓူတင်ဆောင်တို့အား ဓူတင်ကိုပျက်စေ၏။ အာပတ်ကား မသင့်။
ဤခန္ဓက၌-သံ၊ ဥဒ်၊ နီ၊ သပတ်၊ ဥ၊ ပါ- ဟု ဘတ်ခုနစ်ရပ် လာ၏။ ထိုမှတစ်ပါး၌ အာ၊ ဂ၊ ဂိ၊ ဂိ၊ ဓူ၊ တု၊ ဝါ-ဟု ဘတ်ခုနစ်ရပ် လာသေး၏။ ထိုတွင် အလုံးစုံ သံဃာကုန်အား လှူသော ဘတ်သည် သံဃဘတ်မည်၏။)
သံဃဘတ်
(သံဃဘတ်၌ ဋ္ဌိတိက အစဉ်ရပ်တည်ခြင်း မည်သည်မရှိ။ ထိုကြောင့် ငါတို့ စားသည်မှာ ဆယ်ရက်၊ တစ်ဆယ့်နှစ်ရက် ရှိပြီ။ တစ်ပါးသော ရဟန်းတို့ကို ပင့်ဆောင်ကြဦးလော့-ဟု ဆိုဖွယ်မရှိ၊ ရှေးရှေးနေ့တို့၌ ငါတို့မရ၊ ယနေ့ ငါတို့ အလျှဉ် ယူ၍လည်း ဆိုဖွယ်မရှိ၊ ရောက်လာသူတို့အား သံဃဘတ်ရသည်သာတည်း။
ဥဒ္ဒေသဘတ်
(ဥဒ္ဒေသဘတ်၌ မင်း၊ မင်းအမတ်တို့သည် “သံဃာမှ ညွှန်း၍ ရဟန်း ဤမျှပင့်ဆောင်ကြလော့” ဟု စေလွှတ်လျှင် အခါ ကြွေးကြော်၍ ဋ္ဌိတိကာ - အစဉ် ရပ်တည်ခြင်းကို မေးအပ်၏။ ရှိလျှင် ထိုဋ္ဌိကာမှစ၍ ယူစေအပ်၏၊ မရှိလျှင် မထေရ်ကြီး နေရာမှစ၍ ယူစေအပ်၏။ ဆွမ်းညွှန်ရဟန်းသည့် ပိဏ္ဍပါတ် ဓူတင်ဆောင်တို့ကိုလည်း မလွန်စေအပ်၊ သူတို့ကိုယ်တိုင်သာလျှင် ဓူတင်ကိုစောင့်လျက် လွန်ကုန်လတ္တံ့။
ဤသို့ယူစေအပ်သည်ရှိသော် နှေးသောမထေရ်တို့သည် နောက်မှရောက်လာကုန်အံ့ အရှင်ဘုရားတို့၊ ဝါနှစ်ဆယ်ရဟန်းတို့ကို ယူစေအပ်ပြီ။ အရှင်ဘုရားတို့ အစဉ်သည် လွန်သွားပါပြီ-ဟု မဆိုအပ်၊ အစဉ်ကိုထား၍ ထိုမထေရ်တို့ကို ယူစေ၍ နောက်မှအစဉ်ဖြင့် ယူစအပ်၏၊
ဤမည်သောကျောင်း၌ ဥဒ္ဒေသဘတ်များစွာဖြစ်သည်-ဟု ကြား၍ ယူဇနာ ဝေးခြား ကျောင်းတစ်ပါးမှ သော်လည်း ရဟန်းတို့ ရောက်လာကုန်အံ့၊ လာတိုင်လာတိုင်း တည်ရာဌာနမှစ၍ ယူးစေအပ်၏။ မရောက်လာ သော်လည်း ဥပစာရသိမ်တွင်းသို့ ဝင်လာသူတို့အတွက် တပည့်စသည်တို့ ယူလျှင် ပေးအပ်သည်သာတည်း။
သိမ်ပ၌ တည်သူတို့အတွက်လည်း ပေးကြပါဟုဆိုလျှင် မပေးအပ်။ ဥပစာရသိမ်တွင်း သက်ဝင်သူတို့နှင့် တစ်စပ်တည်းဖြစ်၍ မိမိ ကျောင်းတံခါး၌ ကျောင်းတွင်း၌ ရှိကုန်အံ့။ ပရိသတ် အစွမ်းဖြင့် သိမ်ကျယ်သည် မည်၏။ ထိုကြောင့် ပေးအပ်၏။ သံဃာငယ်အား ပေးပြီးသော်လည်း နောက်မှ ရောက်လာသူတို့အား ပေးအပ်သည်သာတည်း။ ဒုတိယအဖို့ မထေရ်ကြီး နေရာသို့ တင်ပြီးမှ ရောက်လာသူတို့အား ပထမအဖို့ မရောက်၊ ဒုတိယအဖို့မှ ဝါစဉ်ဖြင့် ယူစေအပ်၏။
တစ်ခုသောကျောင်း၌ ဆွမ်းညွှန်ရာဌာနတစ်ခုကို ပိုင်းခြားထားအံ့။ တစ်ဂါဝုတ်မျှကျယ်သော ဥပစာရ သိမ်၌သော်လည်း အမှတ်မရှိ၊ တစ်နေရာ၌ လျှောက်ကြားသော ဥဒ္ဒေသဘတ်ကို ထိုဆွမ်းညွှန်ရာဌာန၌ သာလျှင် ယူစေအပ်၏။
ဒါယကာတစ်ဦးသည် ရဟန်းတစ်ပါးအား - နက်ဖြန် သံဃာမှ ညွှန်း၍ ရဟန်းဆယ်ပါး စေလွှတ်တော်မူပါ-ဟု လျှောက်အံ့၊ ထိုရဟန်းသည် ထိုအကြောင်းကို ဆွမ်းညွှန်းရဟန်းအား ပြောကြားအပ်၏။ ထိုနေ့၌ မေ့နေလျှင် ဒုတိယနေ့ နံနက်စောစော ပြောကြားအပ်၏။ မေ့၍ ဆွမ်းခံသွားစဉ် သတိရအံ့၊ ဥပစာရသိမ်မလွန်မီ ဖြစ်လျှင် (ဆွမ်းညွှန်ရာဖြစ်သော) ဆွမ်းစားစရပ်၌တည်သော ပကတိအစဉ်ဖြင့်သာ ယူစေအပ်၏။
ဥပစာရသိမ်ကို လွန်သွားသော ရဟန်းတို့သည် သိမ်တွင်းရှိရဟန်းတို့နှင့် တစ်စပ်တည်း အချင်းချင်း ၁၂- တောင်တွင်းကို မစွန့်ဘဲ သွားကုန်အံ့၊ ပကတိ အစဉ်ဖြင့်သာ ယူစေအပ်၏။ ထိုသို့တစ်စပ်တည်း မဟုတ်လျှင် သိမ်ပ၌ သတိရရာဌာန၌ အစဉ်သစ်ပြု၍ ယူလေအပ်၏။ ရွာတွင်း ဆွမ်းစားရာစရပ်၌ သတိရလျှင် ထိုစရပ်၌ တည်စဉ်ဖြင့် ယူစေအပ်၏။ နေရာမရွေးသတိရလျှင် ယူစေအပ်သည်သာတည်း။ မယူစေခြင်းငှါ မအပ်။ နောက်နေ့၌ ရကောင်းသော ဆွမ်းမဟုတ်သောကြောင့်တည်း။
မိမိကျောင်းမှ ကျောင်းတစ်ပါးသို့သွားသော ရဟန်းတို့ကိုမြင်၍ ဒါယကာတစ်ဦးသည် ဥဒ္ဒေသဘတ်ကို ညွှန်းစေငြားအံ့၊ ဥပစာရသိမ်တွင်း၌ လည်းကောင်း၊ သိမ်တွင်းရှိ ရဟန်းတို့နှင့် ၁၂-တောင်တွင်း တစ်စပ်တည်း တည်သေးသော် လည်းကောင်း၊ မိမိကျောင်း၌ရှိသော အစဉ်ဖြင့်သာ ယူစေအပ်၏။ သိမ်ပ၌တည်သော ရဟန်းတို့အား လှူသောဆွမ်းကို အရှင်ဘုရားတို့၊ သံဃာမှ ရဟန်း ဤမျှညွှန်းကြပါ-ဟု ဆိုလျှင် ရောက်လာသောရဟန်းတို့ကို ယူစေအပ်၏။ ထိုသိမ်ပ၌ ၁၂-တောင်တွင်း တစ်စပ်တည်း တည်သော အဝေး ရဟန်းတို့သည်လည်း ရောက်လာသူတို့သာတည်း-ဟု သိအပ်၏။
ကျောင်းတွင်းသို့ ဝင်လာသူတို့အား လျောက်ကုန်အံ့။ ထိုကျောင်း၏ အစဉ်ဖြင့် ယူစေအပ်၏။ ရွာတံခါး၊ လမ်းမ၊ လမ်းဆုံ အန္တရဃရ-သိမ်တွင်း၌ ရဟန်းတို့ကိုမြင်၍ သံဃာညွှန်းခြင်းကိုလျှောက်အံ့။ ထိုထိုနေရာ (၁၂-တောင်) ဥပစာရတွင်း ရောက်သူတို့ကို ယူစေအပ်၏။
ဤ၌ ဃရူပစာ-အိမ်ဥပစာကို ဧကဃရဧကူပစာရ၊ ဧကဃရနာနူပစာရ၊ နာနာဃရဧကူပစာရ- နာနာဃရနာနူပစာရ အစွမ်းဖြင့် သိအပ်၏။ ထိုတွင် ဧကကုသ-ဒါယကာတစ်ဦး၏ အိမ်သည် ဧကဝဠဉ္စ-တံခါးတစ်ခုဖြင့် သုံးသည်ဖြစ်အံ့၊ မန်းတစ်ကျအတွင်း ထိုအိမ်သည် ဧကူပစာရမည်၏။ ထိုအိမ်၌ဖြစ်သော ဥဒ္ဒေသလာဘ်သည် ထိုဥပစာ၌ ဆွမ်းခံဝတ်ဖြင့် တည်သော ရဟန်းတို့အားလည်း ရောက်၏။ ဤကား ဧကဃရ ဧကူပစာရ မည်၏။
မယားနှစ်ယောက် ချမ်းသာစွာနေရခြင်းငှါ အလယ်၌ နံရံထား၍ တံခါးအသီးသီးဖြင့် သုံးဆောင်သော ဧကဃရဖြစ်အံ့၊ ထို၌ဖြစ်သော ဥဒ္ဒေသလာဘ်သည် နံရံခြားသောရဟန်းအား မရောက်။ ထိုထိုနေရာ၌ နေသူအားသာ ရောက်၏။ ဤကား ဧကဃနနာနူပစာရမည်၏။
ယင်းသို့ အိမ်၌ ရဟန်းများစွာပင့်၍ ဤအိမ်တွင်းမှစ၍ တစ်စပ်တည်းပြု၍ အနီးအိမ်တို့ကိုလည်း ပြည့်စေ၍ ထိုင်စေအံ့။ ထိုအိမ်၌ဖြစ်သော ဥဒ္ဒေသလာဘ်သည် အားလုံးတို့အား ရောက်၏။ နာနာကုသ၏အိမ်ဖြစ်၍ အလည်၌နံရံ မထားဘဲ တံခါးတစ်ခုတည်းဖြင့်သာ သုံးဆောင်ကုန်အံ့၊ ထိုအိမ်၌လည်း ဤသာလျှင် နည်းတည်း။ ဝါ-ဤနည်းသာတည်း၊ ဤကား နာနာဃရ ဧကုပစာရ မည်၏။
နာနာနိဝေသန- အသီးသီးသော လူတို့၏ အိမ်တို့၌ နေသော ရဟန်းတို့အားဖြစ်သော ဥဒ္ဒေသလာဘ်သည် နံရံပေါက်ဖြင့် ရဟန်းတို့ထင်စေကာမူ ထိုထိုအိမ်၌ နေသူတို့အားသာ ရောက်၏။ ဤကား နာနာဃရနာနူ ပစာရမည်၏။
ရွာတံခါး၊ လမ်းမ၊ လမ်းဆုံတစ်ခုခုသော နေရာ၌ ဥဒ္ဒေသဘတ်ရသော ရဟန်းသည် တစ်ပါးသော ရဟန်းမရှိလျှင် မိမိအားသာ ရောက်စေ၍ ဒုတိယနေ့၌လည်း ထိုနေရာ၌လည်း၊ ထိုနေရာ၌သာ ဥဒ္ဒသဘတ် တစ်ခုကို ရပြန်အံ့။ ငယ်ငယ်၊ ကြီးကြီး ရဟန်းတစ်ပါးကိုလည်း မြင်အံ့၊ ထိုရဟန်းကို ယူစေအပ်၏။ တစ်ပါးသော ရဟန်းမရှိလျှင် မိမိအားသာ ရောက်စေ၍ ဘုဉ်းပေးအပ်၏။
ဆွမ်းစားစရပ်၌ ရဟန်းတို့ထိုင်၍ အခါ စောင့်ဆိုင်းကြစဉ်၊ ဒါယကာတစ်ဦးသည်လာ၍ သံဃုဒ္ဒေသပတ္တံဒေထ၊ ဥဒ္ဒေသပတ္တံဒေထ သံဃတောဥဒ္ဒိသိတွာပတ္တံဒေထ၊ သံဃိကံပတ္တံဒေထ-ဟု တစ်ခုခုဆိုအံ့၊ ဥဒ္ဒေသပတ္တကို ဋ္ဌိတိကာအစဉ်ဖြင့် ယူစေ၍ ပေးအပ်၏။ သံဃုဒ္ဒေသဘိက္ခုံ ဒေထ၊ သံဃတောဥဒ္ဒိသိတွာ ဘိက္ခုံ ဒေထ။ သံဃိကဘိက္ခုံ ဒေထ-ဟု ဆိုရာ၌လည်း ဤနည်းသာတည်း။
ဤ၌ ဆွမ်းညွှန်းရဟန်းကို မပသလ၊ လဇ္ဇီ၊ မေဓါဝီကို အလိုရှိအပ်၏။ ထိုဆွမ်းညွှန်းရဟန်းသည် တည်စဉ်ကို သုံးကြိမ် မေး၍ သိသူမရှိလျှင် မထေရ်ကြီးနေရာမှ ယူစေအပ်၏။ အကျွန်ုပ်သိပါသည်၊ ဆယ်ဝါရှိသူ ရထိုက်ပါသည်-ဟု သိသူဆိုအံ့၊ ဆယ်ဝါရဟန်း ရှိသလော-ဟု မေးအပ်၏။ ဆယ်ဝါရဟန်း များစွာ ရောက်လာ ကုန်အံ့။ တုယှံပါပုဏာတိ-သင်အားရောက်၏-ဟု မဆိုဘဲ ဆိတ်ဆိတ်နေကြပါ-ဟု အစဉ်အတိုင်းထား၍ အဘယ်မျှအလိုရှိသနည်း-ဟု ဒါယကာကို မေးအပ်၏။
ဤမျှအလိုရှိပါသည်-ဟု ဆိုလျှင် တုယှံပါပုဏာတိ-ဟု မဆိုသေးဘဲ အငယ်ဆုံးရဟန်း၏ သိက္ခာဝါ၊ ဥတု၊ နေ့အဖို့၊ အရိပ်တို့ကို မေးအပ်၏။ ပြီးမှသော်လည်း သီတင်းကြီးသူ ရောက်လာလျှင် သီတင်းကြီးသူအား မေးအပ်၏။ အရိပ်မေး၍ တုံယှံပါပုဏာတိ-ဟု ဆိုပြီးမှ ရောက်လာသော သီတင်းကြီးသူကား မရ။ စကားရှည်ခြင်းဖြင့် သီတင်းကြီး ထိုင်နေစဉ် လည်းကောင်း၊ အိပ်နေစဉ်လည်းကောင်း ယူစေခြင်းသည် အပြစ်မရှိ။ သုဂ္ဂါဟိတဖြစ်၏။
လွန်သွားခြင်းသည် သုအတိက္ကန္တဖြစ်၏၊ ဝေဖန်အပ်သော ဘဏ္ဍာမည်သည် ရောက်လာသူတို့သာ ရောက်နိုင်သည်။ ရောက်လာခြင်း သမ္မတ္တဘာဝကို ဥပစာရဖြင့် ပိုင်းခြားအပ်၏။ ဆွမ်းစားစရပ်၏ အကာ အရံအတွင်းသည်လည်း ဥပစာရမည်၏။ ထို၌တည်သူအား လာဘ်ရောက်သည်။
ဒါယကာတစ်ဦးသည် ဆွမ်းစားစရပ်မှ ညွှန်းသော သပိတ်ရှစ်လုံးတို့ကို ယူစေ၍ သပိတ်ခုနစ်လုံးကို ပဏီတဘောဇဉ်တို့ဖြင့်၊ တစ်လုံးကို ရေဖြင့်ပြည့်စေ၍ ဆွမ်းစားစရပ်သို့ ပို့လိုက်အံ့။ ယူလာသူတို့သည် ဘာမျှ မဆိုဘဲ ရဟန်းတို့၏ လက်တို့၌ထား၍ ဖဲကုန်အံ့။ မိမိရသောဆွမ်းကို မိမိ ပိုင်သည်။ ရေရသူအား လွန်ပြီးသော်လည်း အစဉ်ကိုထား၍ တစ်ပါးသော ဥဒ္ဒေသဘတ်ကို ယူစေအပ်၏။
ညံ့သော်လည်းကောင်း၊ ကောင်းသော်လည်းကောင်း၊ ဘုန်းကံထူးသောကြောင့် တိစိဝိရိတ် အခြံအရံ ပါသော်လည်းကောင်း၊ ထိုရဟန်းသာ ပိုင်၏။ ရေသည် အာမိသ မဟုတ်သောကြောင့် တစ်ပါးသော ဥဒ္ဒေသဘတ်ကို ရထိုက်၏။ ယူလာသူတို့သည် အရှင်ဘုရားတို့၊ ဤအလုံးစုံကို ဝေဖန်၍ ဘုဉ်းပေးကြပါဟု ဆိုသွားကုန်အံ့။ အားလုံးဝေဖန်ကာ ဘုဉ်းပေး၍ ရေကိုသောက်အပ်၏။
သံဃတောဥဒ္ဒိသိတွာအဋ္ဌမဟာထေရေဒေထ၊ မဇ္ဈိမေဒေထ၊ နဝကေ ဒေထ၊ ပရိပုဏ္ဏဝဿ သာမဏေရေဒေထ၊ မဇ္ဈိမဘာဏကာဒယောဒေထ- မယှံ ဉာတိဘိက္ခု ဒေထ-ဟု ဆိုအံ့။ ဒါယကာ၊ သင်ကား ဤသို့ဆို၏။ ဋ္ဌိတိကာဖြင့်ကား ထိုသူတို့အား မရောက်သေး-ဟုဆို၍ ဋ္ဌိတိကာအစွမ်းသာ ပေးအပ်၏။ ရဟန်းငယ် သာမဏေတို့ ဥဒ္ဒေသဘတ်ရလျှင် “ဒါယကာတို့အိမ်၌ မင်္ဂလာကိစ္စဖြစ်၏၊ သင်တို့၏ ဆရာ ဥပဇ္ဈာယ်တို့ကို ကြွသွားစေကြလော”ဟု ဆိုအပ်၏။
သာမဏေတို့အား ပထမဘာဂ၊ မထေရ်ကြီးတို့အား အနုဘာဂ ရောက်ရာ ဥဒ္ဒေသဘတ်၌ ငါတို့ ပထမဘာဂရသည်-ဟု သာမဏေများ ရှေးက မသွားရ။ အစဉ်အတိုင်းသာ သွားအပ်၏။ သံဃာမှညွှန်း၍ အရှင်တို့ (ကိုယ်တော်တိုင်) ကြွလာကြပါ-ဟု ဆိုအံ့၊ “ငါတို့အား တစ်ပါးသောအခါ၌ သိရလတ္တံ့၊ (ဝါ-လှူရလတ္တံ့၊) အစဉ်ကား ဤသို့ ဖြစ်သည်”ဟု အစဉ် အစွမ်းဖြင့်သာ ယူစေအပ်၏။ သံဃာညွှန်းသပိတ်ကို ပေးကြပါ-ဟု ဆို၍ သပိတ်မပေးသေးမီ တစ်ပါးပါး၏သပိတ်ကိုယူ၍ အပြည့် ထည့်၍ ဆောင်လာအံ့၊ ဆောင်လာအပ်သော်လည်း အစဉ်ဖြင့်သာ ယူစေအပ်၏။
ဒါယကာတစ်ဦးသည် သံယုဒ္ဒေသပတ္တကို ဆောင်ခဲ့လော-ဟု လွှတ်လိုက်လျက် စေအပ်သူသည် “အရှင်ဘုရားတို့၊ သပိတ်တစ်လုံးပေးပါ၊ နိမန္တနဘတ်ကို ပို့လိုပါသည်”-ဟု ဆိုအံ့။ ဥဒ္ဒေသဘတ် လှူသောအိမ်မှ လာသောသူ-ဟု သိ၍ “သင်သည် ဤမည်သောအိမ်မှ လာသည်မဟုတ်လော” ဟု ဆိုလတ်သော်-ဟုတ်ပါသည်။ နိမန္တနဘတ်မဟုတ်၊ ဥဒ္ဒေသဘတ် ဖြစ်ပါသည်-ဟု ဆိုအံ့။ အစဉ်ဖြင့် ယူစေအပ်၏။
အသင်နှစ်သက်သလို လျှောက်၍ သပိတ်တစ်လုံး ယူခဲ့လော-ဟု လွှတ်လိုက်သည်ဖြစ်အံ့။ ဝိဿဋ္ဌ ဒူတ-လွတ်လွတ်စေအပ်သော တမန် မည်၏။ ဥဒ္ဒေသပတ္တ - ညွှန်းသော သပိတ်ကိုလည်းကောင်း၊ ပဋိပါဋ္ဋိပတ္တ-အစဉ်အားဖြင့်နေသော ရဟန်း၏ သပိတ်ကိုလည်းကောင်း၊ ပုဂ္ဂလိကပတ္တ- ပုဂ္ဂိုလ်၏ သပိတ်ကိုလည်းကောင်း လိုရာကို ထိုသူအား ပေးအပ်၏။
ဥဒေသပတ္တံအာဟရ-ဟု စေအပ်သူသည် ဗာလအဗျတ္တဖြစ်၍ မပြောတတ် မဆိုတတ် ဆိတ်ဆိတ်နေအံ့၊ ထိုသူကို “အဘယ်ရဟန်းထံ လာသနည်း၊ အဘယ်သူ၏သပိတ်ကို ဆောင်လိုသနည်း” ဟု မမေးအပ်။ အပြစ်ကား ပုစ္ဆာသဘာဂ မေးခြင်းအလိုက် အရှင်ဘုရားထံ လာပါသည်။ အရှင်ဘုရား၏သပိတ်ကို ဆောင်လိုပါသည်-ဟု ပြောရာ၏။ ထိုသို့ ပြောခြင်းကြောင့် ထိုရဟန်းကို တစ်ပါးသော ရဟန်၊တို့သည် စက်ဆုပ်၍ မမြင်လိုကုန်ရာ။ “အဘယ်သို့သွားလိုသနည်း” အဘယ်အမှုပြုလျက် လှည့်လည်သနည်း၊” ဟူ၍ကား ပြောအပ်၏။ ဥဒ္ဒေသပတ္တ အကျိုးငှါ လာပါသည်- ဟု ဆိုလျှင် ယူစေ၍ သပိတ်ကို ပေးအပ်၏။
ကူဋဋ္ဌိတိကာ ... ကောက်သော အစဉ်တစ်ခု ရှိသေး၏။
ချဲ့ဦးအံ့ ---
မင်း မင်းအမတ်တို့၏အိမ်၌ အတိပဏီတ ဥဒ္ဒေသဘတ် ရှစ်ခုအမြဲ လှူကုန်အံ့။ ထိုဘတ်တို့ကို ဧကစာရိက ဘတ်ပြု၍- ဝါ-သီးခြားသောအစဉ်ဖြင့် ယူအပ်သောဘတ်-ဟု ပြု၍ သီးခြားသော အစဉ်ဖြင့် ဘုဉ်းပေးကုန်အံ့။ “နက်ဖြန် ငါတို့အား ရောက်သည်” ဟု အစဉ်ကိုမှတ်သား၍ သွားသော ရဟန်းတို့ မလာမီ ကြားဖြတ် ရောက်လာသော အာဂန္တုတို့ကို မင်းချင်း ယောကျ်ားတို့လာ၍ ပဏီတဘတ္တတို့ကို ပေးကြပါ-ဟု တောင်းသဖြင့် အာဂန္တုတို့သည် အစဉ်မသိဘဲ ပေးကုန်အံ့။ အစဉ်သိသော ရဟန်းတို့သည် ရောက်လာ၍ မင်းအိမ်၌ ပဏီတဘတ္တဖြစ်သည်၊ ဤမည်သော အခါမှ စ၍ ဖြစ်သည်-ဟု သိ၍ မပေးကြလင့်-ဟု တား၍ အစဉ်ဖြင့် ယူစေအပ်၏၊
(အလှည့်ခံယူစဉ်) ရောက်လာသူ၊ သပိတ်ပေးစဉ် ရောက်လာသူ၊ သပိတ်ပေးပြီးမှ ရောက်လာသူ၊ မင်းအိမ်မှ သပိတ်အပြည့် ဆောင်လာပြီးမှ ရောက်လာသူ၊ ကိုယ်တိုင်ကြွလာကြပါ-ဟု မင်းစေ၍ ရဟန်းတို့လက်၌ လှူသောဆွမ်းကို ယူလာပြီးမှ ရောက်လာသူ၊ အစဉ်သိတို့သည်လည်း ဘုဉ်းပေးကြနှင့်”ဟု တား၍ အစဉ်ဖြင့်သာ ယူစေအပ်၏၊ မင်းသည် ကျွေး၍ သပိတ်၌ ထည့်ပေးသဖြင့် ယူလာသောဆွမ်းကိုလည်း အစဉ်ဖြင့် ယူစေအပ်၏၊ အနည်းငယ်မျှ ထည့်ပေးသောဆွမ်းကိုကား မယူစေအပ်။ ဘုဉ်းပေး၍ အချည်းနှီးသော သပိတ်ဖြင့် ပြန်လာကုန်အံ့၊ ထိုဆွမ်းသည် စားပြီးသူတို့အား ဂီဝါ-အစားထိုက်သည်-ဟု မဟာသုခ ဆို၏။
မဟာပဒုမကား ဤဆွမ်းစားရာ၌ ဂီဝါမရှိ။ အစဉ်မသိသူတို့သည် သိသူတို့ လာသည်တိုင်အောင် ထိုင်နေသင့်ရာ၏။ သို့ရာတွင် စားပြီးခြင်းသည် သုဘုတ္တ- အပြစ်မရှိ၊ ယခုနောက်၌ အစဉ်ရောက်လာသော ဌာန၌ မခံယူစေအပ်-ဟု ဆို၏။ တိစီဝရိတ်ခြံရံသော တစ်ရာတန်ဆွမ်းသည် ဝါမရသေးသော အဝဿိကအား ရောက်ငြားအံ့၊ ကျောင်း၌လည်း ဤသို့သော ဆွမ်းသည် အဝဿိကအား ရောက်ထိုက်သည်ဟု စာရေး ထားကုန်အံ့။ ထိုနောက် အနှစ် ၆၀-လွန်မှ ထိုသို့သောဆွမ်းသည် ဖြစ်ခဲ့အံ့။ အဝဿိက အစဉ်ဖြင့် ယူစေအပ် သလော၊ သဋ္ဌိဝဿိက အစဉ်ဖြင့် ယူစေအပ်သလော-ဟူမူ သဋ္ဌိဝဿိကအစဉ်ဖြင့်-ဟု ဆိုအပ်၏။ အကြောင်းကား ဤရဟန်းသည် အဝဿိကအစဉ်ကို ယူသာလျှင် (သဋ္ဌိဝဿိကဖြစ်အောင်) ကြီးလာသော ကြောင့်တည်း-ဟု သိအပ်၏။
ရဟန်းတစ်ပါးသည် ဥဒ္ဒေသဘတ်ကို ဘုဉ်းပေးပြီးမှ သာမဏေ ပြုအံ့၊ တစ်ဖန်ထိုဘတ်ကို သမဏေအစဉ်ဖြင့် ရောက်လာသည်ကို ယူခြင်းငှါ ရ၏။ ဤသူသည် အန္တရာဘဋ္ဌက- အကြားပြတ်သူ မည်သတတ်၊ အသက် ပြည့်သော သာမဏေသည် နက်ဖြန် ဥဒ္ဒေသဘတ် ရလတ္တံ့သော ယနေ့၌ ရဟန်းပြုအံ့။ ထိုသူအား အစဉ်သည် လွန်သွားပြီ။
ဥဒ္ဒေသဘတ်ရသော ရဟန်းအား သပိတ်မအားသောကြောင့် အနီးရဟန်းတစ်ပါး၏ သပိတ်ကို ပေးစေအံ့။ ထိုသပိတ်ကို ခိုးခြင်းဖြင့် ယူသွားကုန်အံ့။ ပေးစေသူအား ဂီဝါ ဖြစ်၏။ သပိတ်ရှင်သည် မယှံပတ္တံဒမ္မိ-ဟု ကိုယ်တိုင်းပေးအံ့၊ ထိုရဟန်း ဂီဝါ မဖြစ်။
အလိုမရှိ၍ “ဤဆွမ်းကို ငါ အလိုမရှိ၊ သင်အား ပေးပါ၏။ သပိတ်စေ၍ ယူစေလော”ဟု ရဟန်းတစ်ပါးကို ဆိုအံ့။ ဆောင်ယူအပ်သမျှ အားလုံး သပိတ်ရှင် ပိုင်၏။ သပိတ်ကို ခိုးယူသွားကုန်အံ့၊ သုဟဋအပြစ် မရှိ၊ ဆွမ်းပေးခြင်းကြောင့် ဂီဝါ မဖြစ်။
ကျောင်း၌ ပိဏ္ဍပါတ်ရဟန်း ကိုးပါး၊ သာဒိယနက ရဟန်းတစ်ပါး အားဖြင့် ဆယ်ပါးရှိအံ့၊ သံဃာညွှန်း သပိတ်ဆယ်လုံး ပေးတော်မူကြပါ-ဟု လျှောက်လတ်သော် ပိဏ္ဍပါတိကတို့- အလိုမရှိကြသဖြင့် သာဒိယနကသည် သဗ္ဗာနိမယှံပါပုဏန္တိ-ဟု ဆို၍ယူအံ့။ ဋ္ဌိတိကာ မဖြစ်၊ တစ်ခုစီရောက်စေ၍ ယူအံ့ ဋ္ဌိတိကာ သည်တည်၏။
ဤသို့ယူ၍ သပိတ် ဆယ်လုံးတို့ဖြင့်လည်း ယူဆောင်စေ၍ ကျွန်ုပ်အား ချီးမြှောက်တော်မူကြပါ-ဟု သပိတ်ကိုးလုံးကို ပိဏ္ဍပါတိကတို့အား ပေးအံ့။ ဘိက္ခုဒတ္တိယရဟန်းပေး မည်၏။ ယူခြင်းငှါ အပ်၏။
အိမ်သို့ ကြွတော်မူကြပါ-ဟု ဒါယကာ လျှောက်သောကြောင့် ပိဏ္ဍပါတိကရဟန်းတို့ကို အဖော်လိုက်ကြပါ-ဟု ပင့်ခေါ်၍ သွားအံ့၊ ထိုသာဒိယနက ရဟန်းသည် အားလုံးကို ပိုင်၏။ ထိုရဟန်းပေးလျှင် ပိဏ္ဍပါတိကတို့ ရကုန်၏၊
အိမ်၌သာ ထိုင်စေ၍ ဒက္ခိဏောဒက-ရေဦး ရေမြတ်ကိုပေး၍ ယာဂု ခဲဖွယ် စသည်တို့ကို လှူကုန်အံ့။ လူတို့လှူသမျှကို ယူတော်မူကြပါ-ဟု ထိုရဟန်းဆိုလျှင် ထိုရဟန်း၏ စကားဖြင့်သာ ပိဏ္ဍပါတိကတို့အား အပ်၏။
ဆွမ်းစားပြီးသောအခါ သပိတ်၌ပြည့်စေ၍ ယူသွားခြင်းငှါ လှူကုန်အံ့။ ထိုရဟန်းသာ ပိုင်သည်။ ထိုရဟန်းပေးလျှင် ပိဏ္ဍပါတိကတို့အား အပ်၏။။ ပိဏ္ဍပါတိကတို့ကို ကျောင်း၌သာလျှင် မယှံဘိက္ခံဂဏှထ-အကျွန်ုပ်၏ဆွမ်းကို ခံယူကြပါ၊ လူတို့ဆိုသည်ကိုလည်း ပြုခြင်းငှါ သင့်ပါသည်-ဟု ဆို၍ သွားကုန်အံ့၊ စားသမျှ ဆောင်သမျှ အားလုံးသည် ထိုရဟန်း၏ ဥစွာသာ ဖြစ်၏။
မယှံဘိက္ခံဂဏှထ-ဟု မဆိုဘဲ လူတို့ဆိုသည်ကို ပြုခြင်းငှါ သင့်ပါသည်-ဟု ဆို၍ သွားကုန်အံ့။ ထိုရဟန်း တို့တွင် ရဟန်းတစ်ပါး၏ သာယာသော တရားကို နာရ၍ လည်းကောင်း၊ မထေရ်တို့၏ ငြိမ်သက်ခြင်း ဥပသမ ဂုဏ်ကို ကြည်ညို၍ လည်းကောင်း ပရိက္ခရာများစွာကို လှူကုန်အံ့။ မထေရ်တို့၌ ကြည်ညို၍ဖြစ်သော ဤ လာဘ်သည် အကတဘာဂ-မပြုအပ်သော အာဂန္တုကဘာဂ မည်၏။ အားလုံးတို့အား ရောက်၏။
ဒါယကာတစ်ဦးသည် သံဃာမှညွှန်းစေ၍ ဋ္ဌိတိကာဖြင့် ယူစေအပ်သော သပိတ်ကိုယူ၍ မွန်မြတ်သော ခဲဖွယ်ဘောဇဉ် ပြည့်စေ၍ ယူလာ၍ “သံဃာအားလုံး သုံးဆောင်ကြပါ”ဟု လှူအံ့၊ အားလုံးဝေဖန်၍ သုံးဆောင်အပ်၏။
သပိတ်ရှင်အား လွန်ပြီးသော်လည်း ဋ္ဌိတိကာကိုထား၍ တစ်ပါးသော ဥဒ္ဒေသဘတ်ကို ပေးအပ်၏။ ရှေးဦးမဆွကပင်လျှင် သဗ္ဗံသံဃိကံပတ္တံဒေထ-ဟု ဆိုအံ့။ လဇ္ဇီရဟန်းတစ်ပါး၏ သပိတ်ကို ပေးအပ်၏။ ယူလာ၍လည်း သံဃာအားလုံး သုံးဆောင်ကြပါ-ဟု ဆိုလျှင် ဝေဖန်၍ သုံးဆောင်အပ်၏။
ဒါယကာတစ်ဦးသည် ခွက်ဖြင့်ဆွမ်းကိုယူလာ၍ သံဃာညွှန်းကို လှူပါ၏-ဟုဆိုအံ့၊ တစ်လုပ်စီ မပေးဘဲ ဋ္ဌိတိကာဖြင့် တစ်ပါးစာ မျှတလောက်အောင်ပြု၍ ပေးအပ်၏။ တစ်စုံတစ်ခုမဆိုဘဲ ဆိတ်ဆိတ်နေသူဖြစ်အံ့။ အဘယ်သူအတွက်လာပို့သနည်း အဘယ်သူအား လှူလိုသနည်းဟု မမေးအပ်။ မေးသည်နှင့်လျှော်စွာ အရှင့်အတွက်လာပို့ပါသည်။ အရှင်အား လှူလိုပါသည်-ဟု ဆိုငြားအံ့။ ထိုရဟန်းကို တစ်ပါးသော ရဟန်းတို့ စက်ဆုပ်၍ လည်ပင်းလှည့်၍ ကြည့်ထိုက်သည်-ဟု မမှတ်ထင်ကုန်ရာ။
အဘယ်သို့သူားမည်နည်း။ အဘယ်အမှုပြုလျက် ရောက်လာသနည်း-ဟု မေးလျှင် ဥဒ္ဒေသဘတ်ကို ယူလာပါသည် ဟု ဆိုအံ့။ လဇ္ဇီရဟန်းတစ်ပါးသည် အစဉ်ဖြင့် ယူစေအပ်၏။ အများအပြားဖြစ်၍၊ အားလုံး လောက်ငှအံ့၊ အစဉ်ဖြင့် ပြုဖွယ်ကိစ္စမရှိ။ ထေရာသနမှစ၍ သပိတ်ပြည့်စေ၍ အပ်၏။ သံဃာညွှန်းသပိတ်ကို ပေးတော်မူကြပါဟု တောင်းလျှင် အဘယ်မျှကို ဆေခင်ခဲ့မည်နည်း-ဟု မမေးမူ၍ ပကတိ (ဥဒ္ဒေသဘတ္တ) ဋ္ဌိတိကာဖြင့်သာ ယူစေအပ်၏။
ပါယာယာနို့ဂဏာဆွမ်း၊ ရသပိဏ္ဍပါတ- အရသာရှိသောဆွမ်းကို အမြဲရအပ်သည်ဖြစ်လျှင် ဤသို့သော ပဏီတဘောဇဉ်အတွက် သီးခြားသောအစဉ်ကို ပြုအပ်၏။ အခြံအရံရှိသော ယာဂု၊ အဖိုးတန် သစ်သီး၊ ပဏီတခဲဖွယ်တို့အတွက်လည်း ထိုအတူ ပြုအပ်၏။
ပကတိဆွမ်း၊ ယာဂု၊ သစ်သီး၊ ခဲဖွယ်တို့အတွက်ကား တစ်ခုသော အစဉ်ကိုသာ ပြုအပ်၏။ ထောပတ်ကို ဆောင်ယူလာပါမည်-ဟု ဆိုလျှင် ထောပတ်အားလုံးအတွက် တစ်ခုသောအစဉ်ကိုသာ ပြုအပ်၏။ ထိုအတူ ဆီအားလုံးအတွက်၊ ပျားရည် အတွက်၊ တင်လဲအတွက်၊ လဋ္ဌိမဓုက-နွယ်ချိုစသော ဆေးတို့အတွက် အစဉ်တစ်ခုစီပြုအပ်၏။
ပန်းနံ့သာကို သံဃာညွှန်းပြု၍ လှူကုန်အံ့၊ ပိဏ္ဍပါတိကအား အပ်မည်လော၊ မအပ်မည်လော-ဟု ဆိုအံ့၊ အာမိသကိုသာ ပယ်သောကြောင့် အပ်၏။ အပ်သော်လည်း သံဃာကိုညွှန်း၍ လှူသောကြောင့် မခံယူအပ်၏-ဟု ဆိုကုန်၏။
ဥဒ္ဒေသဘတ္တကထာ ပြီး၏။)
(သာဋီ ... ဆွမ်းစားစရပ်၌ ဟူသည် ဘတ္တုဒ္ဒေသ ဌာနဖြစ်သော ဆွမ်းစားစရပ်၌တည်း။
အန္တရဃရသည် အန္တောဂေဟ- အိမ်အတွင်းဖြစ်၏။
ဥပစာရတွင်း ဟူသည်၌ ရွာတံခါး၊ လမ်းမ၊ လမ်းဆုံတို့၌ (၁၂) တောင်အတွင်းသည် ဥပစာရတွင်းမည်၏။ အန္တရယရ အိမ်တွင်း၏ ဥပစာ၌ ရအပ်သော အထူးကိုပြခြင်းငှါ ဃရူပစာစသည်ကို ခွဲ၍ဆိုသည်။
ဧကဝဠဉ္စသည် ဧကဒွါရဖြင့် သုံးဆောင်အပ်သော အိမ်ဖြစ်၏။
နာနာနိဝေသန သည် နာနာကုလ၏ နိဝေသနဖြစ်၏။
လှဇ္ဇီပေသလသည် အဂတိတို့ လိုက်ခြင်းကိုကြဉ်၍ မေဓာဝီသည်လည်း စူးစမ်း၍ ညွှန်းလတ္တံ့။ ထိုကြောင့် ပေသလလဇ္ဇီ-မေဓာဝီကို အလိုရှိအပ်၏-ဟုဆိုသည်။
တိစိဝိရိတ် အခြံအရံ ပါသော်လည်းကောင်း ဟူသည်၌ ရေကိုရသူကဲ့သို့ တစ်ပါးသော ရဟန်းသည်လည်း ဥဒ္ဒေသဘတ်ကိုမရဘဲ အဝတ်သင်္ကန်းစသည် များစွာရငြားအံ့။ ထိုရဟန်း ပိုင်သည်ဟု ဂဏ္ဌိတို့၌ဆို၏။
ဝိဿဋ္ဌဒူတမည်သည် မိမိအလိုအတိုင်း လိုရာဆို၍ ဆောင်ယူခြင်းငှါ စေလွှတ်အပ်သူဖြစ်၏။
ပုစ္ဆာသဘာဂသည် ပုစ္ဆာသဒိသဖြစ်၏။
ကုဋ ဋ္ဌိတိကကို ထင်စွာ ပြလို၍ မင်း၊ မင်းအမတ်စသည်ကို ဆိုသည်။
တစ်ပါးသော ဥဒ္ဒေသဘတ်တို့နှင့် မရောဘဲ သီးခြားသော အစဉ်ဖြင့် ယူအပ်သောကြောင့် ဧကစာရိကဘတ် ဟု ဆိုသည်။
ခိုးခြင်းဖြင့် ယူသွားကုန်အံ့ ဟူသည် သပိတ်ဆောင်ယူ သူတို့သည် ယူသွားကုန်အံ့၊ စေခိုင်းသူ အား ဂီဝါဖြစ်၏။
အကတဘာဂသည် အာဂန္တုကဘာဂဖြစ်၏။ (အမြဲပြုနေကျအဖို့ မဟုတ် ဟူလို။) ရှေးဦးမဆွကပင်လျှင် သဗ္ဗံသံဃိကံပတ္တံဒေထ-ဟု ဆိုပြီးနောက် သံဃာအားလုံး သုံးဆောင်ကြပါ-ဟု မဆိုသော်လည်း ဝေဖန်၍သာ သုံးဆောင်အပ်၏-ဟု ဂဏ္ဍိတို့၌ ဆိုသည်။
ဝိဋီ .... ဆွမ်းစားစရပ်ကို ဘတ္တုဒ္ဒေသဋ္ဌာနကို ရည်ဆိုသည်။
ဧကဝဠဉ္စသည် ဧကဒွါရဖြင့် သုံးဆောင်အပ်သော အိမ်ဖြစ်၏။
နာနာနိဝေသ သည် နာနာကုလ၏ နာနူမစာရနိဝေသန ဖြစ်၏။
နိသိန္နဿပိနိဒါယန္တဿပိ၌- အနာဒရ၌သာ မိဝိဘတ်တည်း၊ သီဟင်းကြီး အိပ်နေတုန်း သီတင်းငယ်ကို ယူစေခြင်းသည် သုဂ္ဂဟိတဖြစ်သည် ဟူလို။
ဝိဿဋ္ဌဒူတသည် အလိုရှိတိုင်း ဆိုခွင့်ရသောကြာင့် နိရာသင်္ကဒူတမည်၏။
ပုစ္ဆာသဘာဂသည် ပုစ္ဆာဝစနပဋိဘာဂဖြစ်၏။
ကူဋ ဋ္ဌိတိကာကို ထင်စွာပြခြင်းငှါ မင်း-စသည်ကို ဆိုသည်။
ဆောင်ယူအပ်သမျှ အားလုံး သပိတ်ရှင် ပိုင်၏-ဟူသည် သင်္ကန်း စသည်ကိုလည်း အားလုံးကို သပိတ်ရှင်သာ ပိုင်သည်။ “ငါသည် ဆွမ်းကိုသာ ရည်၍ဆိုသည်။ သင်္ကန်းစသည်ကို ရည်ဆိုသည်မဟုတ်” ဟု စကား ဆို၍ယူခြင်းငှါ မအပ်ဟူလို။
အကတဘာဂသည် အာဂန္တုကဘာဂ မည်၏။ မပေးလှူအပ်ဘူးသော အဖို့- အဒိန္နပုဗ္ဗဘာဂ ဟူလို။ (အကတ၊ အာဂန္တုက၊ အဒိန္နပုဗ္ဗ-အနက်တူဟု ကြံအပ်၏၊)
အဘယ်မျှကို ဆောင်ခဲ့မည်နည်း ဟု မမေးမူ၍ ဟူသည် လွန်စွာများသော ဆွမ်းကို သင်ဆောင်ယူ ခဲ့မည်လော- ဟု မမေးဘဲ ပကတိဥဒ္ဒေသဘတ္တဋ္ဌိတိကာဖြင့်-ယူစေအပ်၏။
နိမန္တနဘတ်
(သံဃာမှညွှန်း၍ စသည်ကိုမဆိုဘဲ “ရဟန်း ဤမျှဆွမ်းကို ခံတော်မူပါ” ဟု ပင့်ဖိတ်ခြင်းသည် နိမန္တနဘတ် မည်၏၊)
(ပုဂ္ဂလိက နိမန္တနဘတ်ဖြစ်လျှင် ကိုယ်တိုင်သာ ပိုင်၏။ သံဃိကဖြစ်လျှင် ဥဒ္ဒေသဘတ် နည်းဖြင့်သာ ယူစေအပ်၏။ တမန်သည် အသိဉာဏ်ထက်မြတ်သော ဗျတ္တ ပုဂ္ဂိုလ်ဖြစ်၍၊ အရှင်ဘုရားတို့ နန်းတော်တွင်း၌ ဘိက္ခုသံဃာအတွက် ဘတ္တံဂဏှထ- ထမင်းခံယူကြပါ-ဟု မဆိုဘဲ “ဘိက္ခံဂဏှထ-ဆွမ်းခံယူကြပါ”ဟုဆိုအံ့၊ ပိဏ္ဍပါတ်-ဓူတင်ဆောင်တို့အားလည်း အပ်၏။
တမန်ညံ့ဖျင်း၍ ဘတ္တံဂဏှထ-ဟု ဆိုအံ့ ဆွမ်းညွှန်း ရဟန်း ဗျတ္တဖြစ်၍ ဘတ္တ-ဟု မဆိုဘဲ “အရှင်တို့ ကြွကြလော”ဟု ဆိုအံ့။ ဤသို့လည်း ဓူတင်ဆောင်တို့အား အပ်၏။
အရှင်တို့အား ပဋိပါဋိ- ရအပ်သော အစဉ်အားဖြင့် ဘတ္တသည် ရောက်၏-ဟု ဆိုလျှင် မအပ်။ ပင့်ဖိတ်ရန် လာသူသည် ရဟန်းရှစ်ပါး၊ ပေးကြပါ၊ သပိတ်ရှစ်လုံး ပေးကြပါ-ဟု ဆိုလျှင်လည်း ဓူတင်ဆောင်တို့အား အပ်၏။
တုမှေ စ တုမှေစဂစ္ဆထ-ဟုဆိုအပ်၏။ ရှစ်ပါးပေးပါ၊ သပိတ်ရှစ်လုံးပေးပါ၊ ဘတ္တကိုခံယူပါဟု ဆိုအံ့။ အစဉ်အားဖြင့် ယူစေအပ်၏၊ ယူစေသော ဆွမ်းညွှန်းရဟန်းသည် ဖြတ်၍ ဘတ္တ-ဟုမဆိုဘဲ တုမှေစတုမှေစ ဂစ္ဆထ-ဟုဆိုလျှင် ဓူတင်ဆောင်တို့အား အပ်၏။ အရှင်တို့၏ သပိတ်ကိုပေးကြပါ၊ အရှင်တို့ကြွလာကြပါ-ဟု ဆိုလျှင် ကောင်းပြီ ဒါယကာ-ဟုဆို၍ သွားအပ်၏။ သံဃာမှညွှန်း၍ အရှင်တို့ကြွလာကြပါဟု ဆိုလျှင်လည်း တည်စဉ်အတိုင်းဖြင့် ယူစေအပ်၏။ နိမန္တနဘတ် လှူသောအိမ်မှ သပိတ် အလို့ငှါ လာသူအား ဥဒ္ဒေသဘတ်၌ ဆိုသောနည်းဖြင့်သာ ဋ္ဌိတိကာဖြင့် သပိတ်ကို ပေးအပ်၏။
ဒါယကစ်ဦးသည် “သံဃာမှ အစဉ်အတိုင်းဖြင့် သပိတ်ကို”ဟု မဆိုဘဲ သက်သက် ဧကံ ပတ္တံဒေထ- ဟုဆို၍ သပိတ်ကိုမပေးမီ ရဟန်းတစ်ပါးပါး၏ သပိတ်ကိုယူ၍ ဆွမ်းပြည့်စေ၍ ယူလာအံ့၊ သပိတ်ရှင်ပိုင်၏။ ဥဒ္ဒေသဘတ်၌ ကဲ့သို့ ဋ္ဌိတိကာဖြင့် မယူအပ်။
ဤနိမန္တနဘတ်၌လည်း လာ၍ ဆိတ်ဆိတ်နေသူကို အဘယ်သူထံ လာသနည်း၊ အဘယ်သူ၏ သပိတ်ကို ဆောင်ယူလိုသနည်း-ဟု မမေးအပ်၊ ပုစ္ဆာ သဘာဂဖြင့် အရှင့်ထံလာသည်၊ အရှင့်သပိတ်ဆောင်ယူလိုသည်-ဟု ဆိုရာ၏။ ထိုရဟန်းသည် ရဟန်းတို့ စက်ဆုပ်ဖွယ်ဖြစ်ရာ၏။
အဘယ်သို့သွားမည်နည်း။ အဘယ်မှုပြုလျက် လာသနည်း-ဟု မေး၍ သပိတ်အလို့ငှါ လာပါသည်ဟူ-ဆိုလျှင် အစဉ်အတိုင်း ဘတ်တည်စဉ်ဖြင့်ယူစေ၍ သပိတ်ကိုပေးအပ်၏။ ဘတ်ဆောင်သော သပိတ်ကိုပေးပါ-ဟု ဆိုလျှင်လည်း အစဉ်အတိုင်း ဘတ်တည်စဉ်ဖြင့်သာ ပေးအပ်၏။ ယူလာ၍ သဗ္ဗောသံဃောဘုဉ္စတု-ဟု ဆိုအံ့၊ ဝေဖန်၍ ဘုဉ်းပေးအပ်၏။ သပိတ်ရှင်အား လွန်ပြီးသော်လည်း ဋ္ဌိတိကာကိုထား၍ တစ်ပါးသော အစဉ်အတိုင်းဖြစ်သော ဘတ်ကို ယူစေအပ်၏
ဒါယကာတစ်ဦးသည် ခွက်ဖြင့် ဘတ်ကိုယူလာ၍ သံဃဿဒမ္မိ-ဟု ဆိုအံ့၊ တစ်လုပ်စီဝေသောဘတ် တည်စဉ်မှစ၍ အလောပသင်္ခေပ-တစ်လုပ်စီ ဂေဖန်အပ်၏။ ဆိတ်ဆိတ်နေသူအား အဘယ်သူ အလို့ငှါနည်း၊ အဘယ်သူအားလှူလိုနည်း-ဟု မဆိုအပ်။ အဘယ်သို့ သွားလိုသနည်း၊ အဘယ်အမှုပြုလျက် ရောက်လာ သနည်း ဟု မေး၍ သံဃာအလို့ငှါ မထေရ်တို့အလို့ငှါ ဘတ္တယူလာပါသည်-ဟုဆိုအံ့၊ ယူ၍ အာလောပ ဘတ္တ တည်စဉ်ဖြင့် ဝေဖန်အပ်၏။ ယူလာသောဆွမ်းသည် များပြား၍ သံဃာကုန် လောက်ငှအံ့၊ အဘိဟဋဘိက္ခာနာမ၊ ရှေးရှုဆောင်ပို့သော ဆွမ်းမည်၏။ ဓူတင်ဆောင်တို့အားလည်း အပ်၏။ တည်စဉ် မေးဖွယ်မရှိ။ ထေရာသန မှစ၍ သပိတ်ပြည့်စေ၍ ပေးအပ်၏။
ဒါယကာတစ်ဦးသည် သံဃာမထေရ်ကြီးထံ လည်းကောင်း၊ ကျမ်းဂန်ဓူတင်ဖြင့် ထင်ရှားသော ပုဂ္ဂိုလ်ထံ လည်းကောင်း၊ ဆွမ်းညွှန်းရဟန်းထံ လည်းကောင်း၊ “အကျွန်ုပ်၏ ဘတ္တကိုခံယူခြင်းငှါ ရဟန်းရှစ်ပါးခေါ်၍ ကြွလာကြပါ”ဟု စေလိုက်အံ့၊ ဆွေမျိုးအလုပ်အကျွေးတို့က စေလိုက်သည် ဖြစ်စေကာမူ၊ ဤ မထေရ်သုံးဦးတို့သည် မေးခြင်းငှါ မရကုန်၊ မာတိကာသို့ တင်ပြီးသားဖြစ်သော ရဟန်းရှစ်ပါးတို့ကို သံဃာမှ ညွှန်းစေ၍ မိမိလျှင် ကိုးပါးမြောက် ကြွသွားအပ်၏။ ဤမထေရ်တို့ကိုမှီ၍ သံဃာအား လာဘ်ရသောကြောင့် တည်း။ ကျမ်းဂန်ဓူတင်စသည်ဖြင့် မထင်ရှားသော ဝါသိကရဟန်းသည် မေးခြင်းငှါ ရ၏။
ထိုကြောင့် “သံဃာမှ ခေါ်လာရမည်လော၊ သိကျွမ်းရာ ရဟန်းတို့ နှင့် လာရမည်လော-ဟု မာတိကာသို့တင်၍ (ဝါ မာတိကာအပြားကို ဒါယကာသိအောင် ပြောပြ၍) ဒါယကာ ဆိုတိုင်း ကျင့်အပ်၏။ အရှင်တို့၏ တပည့် လည်းကောင်း၊ သိကျွမ်းရာကိုလည်းကောင်း ခေါ်လာကြပါဟု ဆိုလျှင် အလိုရှိရာတို့နှင့် အတူသွားခြင်းငှါရ၏။ ရဟန်းရှစ်ပါး လွှတ်ကြပါဟု လျှောက်လိုက်အံ့၊ သံဃာမှသာ စေလွှတ်အပ်၏။ မိမိကား တစ်ပါးသောရွာ၌ ဆွမ်းရနိုင်လျှင် တစ်ပါးသောရွာသို့ သွားအပ်၏။ မရနိုင်လျှင် ထိုရွာသို့သာ ဆွမ်းခံဝင်အပ်၏။
နိမန္တိတရဟန်းတို့ ဆွမ်းစားစရပ်၌ ထိုင်နေကြရာသို့ လူတို့လာ၍ သပိတ်ပေးကြပါ-ဟု ဆိုအံ့၊ အနိမန္တိတ ရဟန်းတို့သည် မပေးအပ်ကုန်၊ ဤ ရဟန်းတို့သည် နိမန္တိတတို့ ဖြစ်ကုန်၏ ဟု ဆိုအပ်၏။ အရှင်တို့လည်း ပေးကြပါလောဟုဆိုလျှင် ပေးခြင်းငှါ အပ်၏။ သဘင်နေ့စသော အခါကြီးတို့၌ လူတို့ကိုယ်တိုင် ပရိဝေဏ၊ ပဓာနဃရတို့သို့ သွား၍ စာတတ်ပုဂ္ဂိုလ်၊ ဓမ္မကထိက ပုဂ္ဂိုလ်တို့ကို ရဟန်းများစွာနှင့်သော်လည်း ပင့်ဖိတ် ကုန်အံ့၊ ထိုအခါ သိကျွမ်းရာတို့ကို ခေါ်၍ သွားခြင်းငှါ အပ်၏။ အကြောင်းကြား ရဟန်းသံဃာများစွာ အလိုရှိ၍ ပရိဝေဏ စသည်တို့သို့ သွားကြသည်မဟုတ်၊ စုဝေးနေရာမှ စွမ်းအားအလျှောက် ပင့်သွားသောကြောင့် တည်း။
သံဃာ့မထေရ်၊ ကျမ်းဂန်ဓူတင်ထင်ရှားသူ၊ ဆွမ်းညွှန် ရဟန်းတို့သည် အရပ်တစ်ပါး၌ ဝါဆို၍လည်းကောင်း၊ အရပ်တစ်ပါး ခရီးသွား၍ လည်းကောင်း ပြန်လာကြသေအခါ လူတို့သည် အာဂန္တုအား ယူ၍ ပူဇော် သက္ကာရပြုကုန်အံ့၊ တစ်ကြိမ် (ဝါ-တစ်နေ့) သိကျွမ်းရာ ရဟန်းတို့ကိုခေါ်၍ သွားအပ်၏။ ပဋိဗဒ္ဓကာလ-သံဃာနှင့်စပ်၍ အမြဲနေသောအခါ မှစ၍ ဒုတိယအကြိမ် ပူဇော် သက္ကာရ အားထုတ်လတ်သော် သံဃာမှသာ ခေါ်၍ သွားအပ်၏။ အဘိန၀ အာဂန္တုအဖြစ်ဖြင့် ဆွေမျိုးစသည်တို့ကို ကြည့်ရှုရန် သွားကုန်အံ့၊ ဆွေမျိုး စသည်တို့သည် ပူဇော်သက္ကာရ ပြုကုန်အံ့၊ သိကျွမ်းရာတို့ကို ခေါ်သွားခြင်းငှါ အပ်၏။
မိမိနေရာ၊ အာဂန္တုနေရာ အထူးမရှိဘဲ လူတို့သည် သံဃာ့ဘတ်ကို စီရင်၍သာ နေစေသော အလွန် လာဘ်ပေါသော ရဟန်းသည်ကား သံဃာမှသာ ခေါ်၍ သွားအပ်၏။ ဤကား နိမန္တနဘတ်၌ အထူးတည်း။ အကြွင်းစကား အားလုံးကို ဥဒ္ဒေသဘတ်၌ ဆိုသောနည်းဖြင့်သာ သိအပ်၏။ ကုရုန္ဒီ၌ကား မထေရ်ရှစ်ပါး ပေးပါ-ဟုဆိုလျှင် မထေရ်ရှစ်ပါးသာ ပေးအပ်၏-ဟု ဆို၏။ သီတင်းလတ်မဇ္ဈိမ စသည်တို့၌လည်း ဤနည်းတည်း။ အထူးမပြုဘဲ ရဟန်းရှစ်ပါး ပေးပါ-ဟုဆိုလျှင် သံဃာမှ ပေးအပ်၏။
နိမန္တနဘတ္တကထာပြီး၏။)
(သာဋီ … ရဟန်း ဤမျှသံဃာမှညွှန်း၍ ပေးကြပါ စသည် မဆိုဘဲ ရဟန်း ဤမျှအတွက် ဘတ္တကို ခံယူကြပါဟု ဆို၍လှူလျှင် သံဃိကနိမန္တန မည်၏။
ပိဏ္ဍပါတ်ဓူတင်ဆောင်တို့အားလည်း အပ်၏-ဟူသည် ဘိက္ခာပရိယာယ်ဖြင့် ဆိုသောကြောင့် အပ်၏။
ပဋိပါဋိသည် လဒ္ဓပဋိပါဋိ- ရအပ်သော အစဉ်ဖြစ်၏။
ဖြတ်၍ ဟူသည် ဘတ္တံဂဏှထဟူသောပုဒ်ကို မဆိုမူ၍တည်း။ ထိုကြောင့် ဘတ္တဟုမဆိုဘဲဟု ဆိုသည်။
အာလောပသင်္ခေပသည် ဧကေကပိဏ္ဍ-တစ်ဆုပ်တစ်ဆုပ်စီ ဖြစ်၏၊ ဤနည်းသည်လည်း နိမန္တန၌သာတည်း၊ ဥဒ္ဒေသ ဘတ်၌မဟုတ်၊ ဥဒ္ဒေသဘတ်၌ တစ်ပါးအား လောက်သော ပမာဏကိုသာ ဝေဖန်စေအပ်သည်။ ထိုကြောင့် ဥဒ္ဒေသဘတ်၌ အလောပဋ္ဌိတိကာ မည်သည်မရှိ၊ အစ္ဆတီတိတိဋ္ဌတိ- တုဏှီဘူတောတိဋ္ဌတိဟူလို။
တစ်ကြိမ်ဟူသည် ထိုကျောင်း၌နေသော ရဟန်းအားလုံး (တစ်ကြိမ်) ရသည်-ဟု ဂဏ္ဍိတို့၌ ဆို၏။
အဓိပ္ပါယ်ကား --
တစ်နေ့ ဧကဒိဝသကို ရည်၍ တစ်ကြိမ်-ဟု ဆိုသည်။ ထိုကျောင်းနေ ရဟန်းအားလုံးသည် တစ်နေ့ ယူအပ်သော ရဟန်းတို့ဖြစ်ကုန်၏။ တစ်ပါးသောအခါ၌ မယူဘဲ ရဟန်းအားလုံး တစ်ကြိမ် ကျွေးပြီးသည့် တိုင်အောင် သိကျွမ်းရာတို့ကိုခေါ်၍ သွားအပ်၏။
ဝိဋီ ... ဖြတ်၍ဟူသည် ဘတ္တံဂဏှထ ဟူသောပုဒ်ကို မဆိုမူ၍တည်း။ ထိုကြောင့် ဘတ္ထဟုမဆိုဘဲ-ဟု ဆိုသည်။
အာလောပသင်္ခေပသည် ဧကေကပိဏ္ဍ ဖြစ်၏။ ဤသို့သော ဝေဖန်ခြင်းသည် ဥဒ္ဒေသဘတ်၌ မအပ်၊ ဥဒ္ဒေသဘတ်၌ တစ်ပါးအား လောက်သော ပမာဏဖြင့်သာ ဝေဖန်စေအပ်၏။
မာတိကာသို့ တင်ပြီးသား ဖြစ်သော ရဟန်းနှစ်ပါး ဟူသည်၌ အကြင်ရဟန်းတို့ကို မာတိကာသို့ တင်အပ်ကုန်၏။
ထိုရှစ်ပါးသော ရဟန်းတို့ကိုဟု ယှဉ်စပ်အပ်၏၊ ဥဒ္ဒေသဘတ်၊ နိမန္တနဘတ်စသော သံဃိကဘတ္တာမာတိကာ တို့တွင် နိမန္တနဘတ္တမာတိကာ၏ ဋ္ဌိတိကာအစွမ်းဖြင့် တင်အပ်သော ရဟန်းတို့ကို ဆွမ်းညွှန်းရဟန်း သည်လည်းကောင်း၊ ကိုယ်တိုင်သော်လည်းကောင်း၊ သံဃာမှညွှန်းစေ၍ ခေါ်ယူ၍ သွားအပ်၏။ မိမိ အလိုရှိရာတို့ကို ခေါ်မသွားအပ်ဟူလို။
မာတိကာတို့တင်၍ဟူသည် သံဃာမှ ခေါ်လာရမည်လော-စသည်ဖြင့် ဆိုအပ်ပြီးသော မာတိကာအပြားကို ဒါယကာကို သိစေ၍ဟူလို။
ပရိဗန္ဓကာလသည် ထို၌သာ နေခြင်းကို ဖွဲ့သောအခါဖြစ်၏။)
သလာကဘတ်
သလာကဘတ်သည် “ဝါးခြမ်း၊ သစ်သားပြားတို့၌ အက္ခရာဖွဲ့၍ စု၍ မွှေနှောက်၍ ညွှန်းခြင်းငှါ ခွင့်ပြု၏” ဟု ဟောသောဘတ်ဖြစ်၏။ ထိုကြောင့် သစ်သားနှစ်အတံ ဝါးပြား၊ နှီးပြား၊ ထန်းရွက်ပြားစသည်၌ “ဤမည်သော ဒါယကာ၏ သလာကဘတ်- အသုကဿနာမသလာကဘတ္တံ” အက္ခရာဖွဲ့၍ ခြင်းတောင်း၊ သင်္ကန်းခွေတို့၌ ထည့်၍ အားလုံးစု၍ ဖန်ဖန်ထက်အောက် မွှေနှောက်၍ အင်္ဂါ ငါးပါးနှင့်ပြည့်စုံသော ဆွမ်းညွှန်းရဟန်းတို့သည် ဌိတိကာ-ရပ်တည်စဉ်မှ စ၍ ဌိတိကာမရှိလျှင် ထေရာသနမှစ၍ စာရေးတံကို ပေးအပ်၏။
နောက်မှရောက်သာသူ၊ တစ်စပ်တည်းအဝေး၌ တည်သူတို့အားလည်း ဥဒ္ဒေသဘတ်၌ ဆိုသောနည်းဖြင့်သာ ပေးအပ်၏။ ကျောင်း၏ဝန်းကျင်၌ ဆွမ်းခံရွာများလျက် ရဟန်း မများလျှင် ရွာအစွမ်းဖြင့်လည်း စာရေးတံတို့ ရောက်ကုန်အံ့၊ အရှင်တို့အား ဤမည်သောရွာ၌ သလာကဘတ် ရောက်သည်-ဟု ရွာအစွမ်းဖြင့်သာ ယူစေအပ်ကုန်၏။
ဤသို့ယူစေလျှင် တစ်ရွာတစ်ရွာ၌ သာကဘတ် ၆၀ ရှိစေကာမူ၊ အားလုံးယူစေအပ်ပြီး (ပေးအပ်ပြီး) သာ ဖြစ်ကုန်၏။ ထိုရွာအနီး၌ တစ်ပါးသော သလာကဘတ်နှစ်ခု၊ သုံးခု ရှိသေးလျှင်လည်း ထိုရဟန်းအားသာ ပေးအပ်ကုန်၏။ ထိုနှစ်ခု သုံးခုအတွက် အခြားရဟန်းကို စေလွှတ်ခြင်းငှါ မတတ်ကောင်းသောကြောင့်တည်း။
ရွာအချို့၌ သလာကဘတ်တို့ (သုံးဆယ်လေးဆယ်) များပြားသလောက် (ပမာဏအစွမ်းဖြင့် မှတ်သား၍ ခုနစ်ပါး၊ ရှစ်ပါးကိုအားလည်း ပေးအပ်ကုန်၏၊ ပေးသောအခါ လေးခုငါးခုသောဘတ်တို့၏ စာရေးတံတို့ကို တစ်ပေါင်းတည်းဖွဲ့၍ ပေးအပ်ကုန်၏။
ထိုရွာကိုကျော်၍ တစ်ပါးသော ရွာ၌လည်း သလာကဘတ်သည် တစ်ခုသာရှိအံ့။ ထိုဘတ်ကို စောစောကသာ ပေးထားကုန်အံ့၊ ထိုရဟန်းတို့တွင် ရဟန်းတစ်ပါးအား နှိပ်စက်ခြင်းဖြင့်ပေး၍ “စောစောသာလျှင် ထိုဘတ်ကိုယူ၍ နောက်မှ အတွင်းဘက်ရွာ၌ တစ်ပါးသော ဘတ်တို့ကို ယူလော” ဟု ဆိုအပ်၏။
အတွင်းဘက်ရွာ၌ သလာကဘတ်တို့ကို မယူစေသေး၊ မညွှန်းအပ်သေးမီသာလျှင် ယူစေပြီးပြီ ဟူသော အမှတ်ဖြင့်သွားအံ့၊ အပြင်ဘက်ရွာ၌ သလာကဘတ်ကို ယူစေ၍ ကျောင်းသို့ တစ်ဖန်ပြန် လာ၍ တစ်ပါးသော ဘတ်တို့ကိုယူစေ၍ (ဝါ-ကျောင်းတွင်းရောက်မှ ညွန်း၍) အတွင်းရွာသို့ သွားအပ်၏။ သိမ်ပ၌ သံဃာ့လာဘ်ကို ယူစေခြင်းငှါ မအပ်သောကြောင့်တည်း။ ဤနည်းကို ကုရုန္ဒီ၌ဆိုသည်။
ရဟန်းများသောကြောင့် ရွာအစွမ်းဖြင့် စာရေးတံတို့ မရကုန်အံ့၊ လမ်းမအစွမ်းဖြင့်လည်းကောင်း၊ လမ်းမ၌ ဧကဂေဟ-တစ်ဖက်အိမ်တန်း အစွမ်းဖြင့်လည်းကောင်း၊ ဒါယကာ အစွမ်းဖြင့်လည်းကောင်း ယူစေအပ်၏။ လမ်းမ စသည်တို့တွင်လည်း ဘတ်များရာ၌ ရွာ၌ဆိုပြီးသော နည်းဖြင့်သာ ရဟန်းများစွာတို့ကို ယူစေအပ် ကုန်၏။
စာရေးတံမရှိလျှင် ညွှန်း၍သော်လည်း (ဝါ-တုယှဉ္စ-တုယှဉ္စပါပုဏာတိ-ဟု ဆို၍သော်လည်း) ယူစေ အပ်ကုန်၏။ စာရေးတံပေးသူသည် ကျင့်ဝတ်ကို သိအပ်၏၊ ကျင့်ဝတ်ကား စောစောထ၍ သပိတ်သင်္ကန်းယူ၍ ဆွမ်းစားစရပ်သို့သွား၍ တံမြက်လှည်းခြင်း၊ သောက်ရေသုံးရေ တည်ခြင်းပြု၍ ရဟန်းတို့ ဝတ်ပြုပြီးချိန် မှတ်သား၍ ကျောက်စည်ခေါင်းလောင်းထိုး၍ ရဟန်းတို့ စည်းဝေးသောအခါ ရှေးဦးစွာ ဝါရဂါမ-အလှည့်ရောက်သောရွာ၌ သလာကဘတ်ကို ယူစေအပ်၏။ သင်အား ဤမည်သော ဝါရဂါမ၌ စာရေးတံ ရောက်၏။ ထိုရွာသို့သွားလော-ဟု ဆိုအပ်၏။
တစ်ဂါဝုတ်ထက် အလွန်ဝေးသော ရွာဖြစ်အံ့၊ ထိုနေ့သွားလျှင် ပင်ပန်းကုန်လတ္တံ့၊ နက်ဖြန်သင်အား ဝါရဂါမ၌ ရောက်၏။ ယနေ့ပင် ယူစေအပ်၏။ ဝါရရွာသို့စေလွှတ်လျက် မသွားဘဲ တစ်ပါးသော စာရေးတံကို ရှာသူ တောင်းသူအား မပေးအပ်၊ သဒ္ဓါသူတို့၏ ကုသိုလ်ဆုတ်ယုတ်ခြင်း၊ သံဃာလာဘ်ပျက်ခြင်း ဖြစ်သောကြောင့် လည်း ထိုသို့မပေးအပ် သောကြောင့် ဒုတိယနေ့ တတိယနေ့၌လည်း တစ်ပါးသော စာရေးတံကို မပေးအပ်၊ မိမိအား ရောက်ရာဌာနသို့ သွား၍ ဘုဉ်းပေးလာ-ဟု ဆိုအပ်၏။
သုံးရက်လုံး မသွားသူအား ဝါရဂါမမှ အတွင်းကျသော ပါရဂါမ၌ စာရေးတံကို ယူစေအပ်၏။ ယူလျှင် ထိုအခါမှစ၍ ထိုသူအား တစ်ပါးသော စာရေးတံကို ပေးခြင်းငှါ မအပ်၊ ဒဏ်အမှုကို မြဲစွာပြုအပ်၏။ ခြောက်ဆယ်၊ ငါးဆယ်အောက် မယုတ်စေအပ်။ ဝါရဂါမ၌ ယူစေပြီးလျှင် ဝိဟာရဝါရ (ဝိဟာရ ရက္ခဏာဝါရ) ကျင်းစောင့်အလှည့်ကို ယူစေအပ်၏။ သင်အား ဝိဟာရဝါရရောက်သည်-ဟု ဆိုအပ်၏။
ကျောင်းစောင့်အလှည့်ရသူအား နှစ်ခု သုံးခုသော ယာဂု စာရေးတံတို့ကို လည်းကောင်း၊ သုံးခု လေးခုသော ဆွမ်းစာရေးတံတို့ကို လည်းကောင်း၊ ပေးအပ်ကုန်၏။ အမြဲဖွဲ့ခြင်းကိုပြု၍ကား မပေးအပ်။ အပြစ်ကား ဒါယကာတို့သည် ငါတို့၏ ယာဂု၊ ဆွမ်းတို့ကို ကျောင်းစောင့်တို့သာ ဘုဉ်းပေးကုန်၏-ဟု သဒ္ဓါပျက်ခြင်းသို့ ရောက်ကုန်ရာ၏။ ထို့ကြောင့် အခြားသော ဒါယကာတို့၌ ပေးအပ်ကုန်၏။ ကျောင်းစောင့်တို့၏ သဘာဂ ရဟန်းတို့သည် ယူဆောင်၍ပေးအံ့၊ အပြစ်မရှိ၊ ဆောင်ပေးသူမရှိလျှင် အလှည့်ကိုယူစေ၍ ကျောင်းစောင့်တို့ အတွက် ယာဂုဆွမ်းကို ဆောင်ပို့စေအပ်၏။ ကျောင်းစောင့်သမျှပတ်လုံး ကျောင်းစောင့်တို့၏ စာရေးတို့သည် ပွားစီးမှုသာဖြစ်ကုန်၏။ ဝါစဉ်ဖြင့် ရောက်ရာဋ္ဌာန၌ကား တစ်ပါးသော ပဏီတဘတ် စာရေးတံကိုလည်း ယူခြင်းငှါ ရကုန်သည်သာတည်း။
လက်သုတ်ဟင်းလျာ ပိုလွန်သော တစ်ပါးစာဘတ်အတွက် သီးခြား တည်စဉ်ကိုပြု၍ စာရေးတံ ပေးအပ်၏။ စာရေးတံကိုရသော ရဟန်းသည် ထိုနေ့ထိုဆွမ်း မရအံ့၊ နောက်နေ့၌ ယူစေအပ်၏။ ဆွမ်းလာရ၍ လက်သုတ် ဟင်းလျာ မရလျှင်လည်း တစ်ဖန် ယူစေအပ်၏၊ နို့ဆွမ်း၏ စာရေးတံ၌လည်း ဤနည်းသာတည်း။
နို့သာရ၍ ဆွမ်းမရလျှင် နို့ရသောအခါမှစ၍ တစ်ဖန် မယူစေအပ်၊ နှစ်ခု သုံးခုသော တစ်ပါးစာ ဘတ်တို့သည် တစ်ယာက်တည်းအား ရောက်ကုန်အံ့။ (ဝါ-နေ့တိုင်း တစ်ယောက်တည်းအားသာ ရောက်စေအပ်ကုန်အံ့။ ဒုဗ္ဘိက္ခအခါဖြစ်လျှင် သံဃာငယ် ရပြီးသောအခါ၌ ခွဲ၍ သီးခြား ယူစေအပ်ကုန်၏။ ပကတိသလာကဘတ် မရသူအားလည်း နောက်နေ့၌ ယူစေအပ်၏။
ငယ်သောကျောင်းဖြစ်၍ ရဟန်းအားလုံး ဧကသမ္ဘောဂ-အတူ သုံးဆောင်ကုန်အံ့၊ ကြံချောင်းစာရေးတံကို ပေးသူသည် မျက်မှောက် ရဟန်းတစ်ပါးပါးအား ရောက်စေလျှင် (ပေးလျှင်) မထေရ်ကြီး စသည်တို့အား နေ့အခါ အခွံနွှာ၍ပေးခြင်းငှါ အပ်၏။ ရသ သလာက-ကြံရည် စာရေးတံကို ရောက်စေလျှင် ညချမ်း၌ စစ်စေ၍ လည်းကောင်း၊ တင်လဲပြုစေ၍လည်းကောင်း၊ ပိဏ္ဍပါတိကတို့အားလည်း ပေးအပ်၏။ အာဂန္တုတို့၏ ရောက်ခြင်း၊ မရောက်ခြင်းကိုသိ၍ ယူစေအပ်၏း ကြီးသောကျောင်း၌ တည်စဉ်ကိုပြု၍ ယူစေအပ်၏။
ရက်တက်စာရေးတံကိုလည်း သဘာဂ ဌာန၌ ရောက်စေ၍ လည်းကောင်း၊ ချက်စေ၍လည်းကောင်း၊ ချင်းငြုတ် စသည် ခတ်စေ၍ လည်းကောင်း မထေရ်တို့အား ပေးခြင်းငှါ အပ်၏။ ကြီးသောကျောင်း၌ ဆိုသော နည်းဖြင့်သာ ကျင့်အပ်၏။ သစ်သီး၊ မုန့်၊ ဆေး၊ နံ့သာ၊ ပန်း၊ စာရေးတံတို့ကိုလည်း သီးခြား တည်စဉ်ဖြင့် ယူစေ အပ်ကုန်၏။ ဆေးစသော စာရေးတံတို့သည် ပိဏ္ဍပါတ် ဓူတင်ဆောင်တို့အား အပ်ကုန်သော်လည်း စာရေးတံအစွမ်းဖြင့် ပေးသောကြောင့် မသာယာအပ်ကုန်။
အဂ္ဂဘိက္ခာမတ္တ-ဆွမ်းဦးမျှ သလကဘတ်ကို လှူကုန်အံ့၊ တည်စဉ်ကို မေး၍ ယူစေအပ်၏။ တည်စဉ်မရှိလျှင် ထေရာသနမှစ၍ ယူစေအပ်၏။ ထိုဘတ်မျိုးများလျှင် တစ်ပါး နှစ်ခု သုံးခု ပေးအပ်၏။ မများလျှင် တစ်ခုစီသာ ပေး၍ အစဉ်ပြီးဆုံးလျှင် တစ်ဖန် ထေရာသနမှစ၍ မေးအပ်၏၊ အကြား၌သာ ပြတ်အံ့၊ (တည်စဉ်ကို) မှတ်သားအပ်၏။
ထိုဘတ်မျိုး အမြဲရှိလျှင် ဘတ်ရောက်ရာ ပုဂ္ဂိုလ်ကို “ရသော် လည်းကောင်း၊ မရသော် လည်းကောင်း၊ နက်ဖြန်၌လည်း ခံဦးလော” ဟု ဆိုအပ်၏။ အမြဲမရှိဘဲ ရသောနေ့ကို အလိုရှိတိုင်း (တဝ)၊ ရ၍ မရသော နေ့တို့သာ များကုန်အံ့၊ ဘတ်ရောက်ရာပုဂ္ဂိုလ်ကို “မရလျှင် နက်ဖြန်၌ ခံယူပါလော” ဟုဆိုအပ်၏။
စာရေးတံတို့ကို ယူစေပြီးမှ ရောက်လာသူအား လွန်ပြီးသော စာရေးတံတို့ကို ဖြစ်စေ၍ မပေးအပ်ကုန်၊ စာရေးတံမည်သည်ကို ကျောက်စည်ခေါင်းလောင်း ထိုးသည်မှစ၍ လာ၍ လက်လှမ်းယူသူသာ ရသည်။ လက်မလှမ်းဘဲ အနီး၌ လာ၍ ရပ်နေသူအားသော်လည်း လွန်သော စာရေးတံသည် လွန်သည်သာတည်း။ ထိုသူ့အတွက် ယူပေးသူရှိလျှင် ကိုယ်တိုင် မလာသော်လည်း ရ၏။ သဘာဂဋ္ဌာနဖြစ်၍ ဤသူ ဤသူ မလာ-ဟု သိလျှင် ဤကား ထိုသူအတွက် စာရေးတံ-ဟု ဖယ်ထားခြင်းငှါ အပ်၏။ မလာသူအား မပေးအပ်-ဟု ကတိကဝတ်ပြုအံ့၊ အဓမ္မိကဖြစ်၏။
ဥပစာရသိမ်အတွင်း တည်သူအား ဝေဖန်အပ်သော ဘဏ္ဍာသည် ရောက်သည်သာတည်း။ မလာသူအတွက် ပေးကြပါ-ဟု ဆူဆူညံညံ ပြုကြကုန်အံ့၊ ဒဏ်အမှု ထားအပ်၏။ လာ၍ယူကြစေ-ဟု ဆိုအပ်၏။ စာရေးတံငါးခု၊ ခြောက်ခုပျောက်အံ့၊ ဆွမ်းညွှန်းရဟန်းသည် ဒါယကာအမည်ကို မသိလျှင် ပျောက်သော စာရေးတံတို့ကို မထေရ်ကြီးအားဖြစ်စေ၊ မိမိအားဖြစ်စေ ရောက်စေ၍ ရဟန်းတို့ကို “ငါသည် ဤမည်သောရွာ၌ သလာက ဘတ်ကိုငါအား ရောက်စေအပ်ပြီ။ သင်တို့သည် ထိုရွာ၌ရသော သလာကဘတ်ကို ဘုဉ်းပေးကြလော”ဟု ဆိုအံ့ အပ်၏၊
ကျောင်း၌မရောက်စေအပ်သော သလကဏဘတ်ဖြစ်မူကား မအပ်။ အာသနသာလာ-ရွာတွင်းဆွမ်းစား စရပ်၌ ထိုဘတ်ကိုရလျှင် ထိုဆွမ်းစားစရပ်၌သာ ရောက်စေ၍ ဘုဉ်းပေးခြင်းငှါ အပ်၏။ ယနေ့မှစ၍ အကျွန်ုပ်၏ သလာကဘတ်ကို ခံယူကြပါဟု ဆိုလျှင် ထို အာသနသာလာ၌ ယူစေခြင်းငှါ မအပ်၊ ဝိဟာရသို့ဆောင်၍ ယူစေအပ်၏။ နက်ဖြန်မှစ၍-ဟု ဆိုလျှင်ကား ဆွမ်းညွှန်းရဟန်းအား “နက်ဖြန်မှစ၍ ဤမည်သော ဒါယကာသည် သလာကဘတ်ကို လှူသည်၊ စာရေးတံယူစေသောအခါ သတိပြုပါ” ဟု ပြောကြားအပ်၏၊ (ကျောင်းယူစရာ၌ အသနဃရ-ဟု ဆိုသည်။ ဤ၌ အာသနသာလာ-ဟု ဆိုသည်။)
ဒုဗ္ဘိက္ခအခါ သလာကဘတ်ဖြတ်၍ သုဘိက္ခအခါ ဖြတ်ထုတ်သော် ရဟန်းတစ်ပါးပါးကို မြင်၍ ယနေ့မှစ၍ အကျွန်ုပ်၏ သလာကဘတ်ကို ခံတော်မူကြပါ-ဟု တစ်ဖန်ပြစ်စေကုန်အံ့၊ ရွာတွင်း၌ မယူစေဘဲ ဝိဟာရသို့ ဆောင်၍သာ ယူစေအပ်၏။ ဤသလာကဘတ်မည်သည် ဥဒ္ဒေသဘတ်နှင့် မတူသည်သာတည်း။ ဝိဟာရကိုသာရည်၍ လှူအပ်၏။ ထိုကြောင့် ဗဟိဥပစာရ၌ ယူစေခြင်းငှါ မအပ်။
နက်ဖန်မှစ၍ဟုဆိုလျှင် ဝိဟာရ၌ ယူစေ စေအပ်သည်သာတည်း။ ခရီးသွားလိုသော ရဟန်းသည် မိမိ သွားလိုရာ အရပ်ဝေး၌ ဝါရဂါမ စာရေးတံကို ရသူထံမှယူ၍ ထိုရဟန်းကို ငါအား ရောက်သောစာရေးတံကို ယူလော-ဟု ဆို၍ သွားခြင်းငှါ အပ်၏။ အပ်သော်လည်း ထိုရဟန်းသည် ဥပစာရသိမ်ကို ခရီးသွားသူ မလွန်မီသာလျှင် ထိုရဟန်း၏စာရေးတံကို ယူစေအပ်၏။ (ဝါ-ယူအပ်၏။)
စွန့်အပ်သောကျောင်း၌ လူတို့သည် “ဗောဓိပင်၊ စေတီစသည်တို့ကို စောင့်ရှောက်၍ ဘုဉ်းပေးကြပါ”ဟု သလာကဘတ်ကို တည်ထားကုန်အံ့၊ ရဟန်းတို့သည် မိမိနေရာ၌နေ၍ စောစောသွား၍ ဝတ်ကြီး ဝတ်ငယ်ပြု၍ ထိုဆွမ်းကိုစားလျှင် အပ်၏။ ထိုရဟန်းတို့သည် နက်ဖြန်အတွက် မိမိသို့ရောက်စေ၍ ဖဲသွားပြီးနောက် အာဂန္တုရဟန်းသည် ထိုစွန့်အပ်သော ကျောင်း၌နေ၍ နံက်စောစော ဝတ်ပြု၍ ကျောက်စည် ခေါင်းလောင်းထိုး၍ သကာကဘက်ကို မိမိသို့ရောက်စေ၍ အာသနသာလာသို့ သွားအံ့၊ ထိုအာဂန္တုသာ ထိုဘတ်ကိုပိုင်သည်။
ရဟန်းတို့ ဝတ်ကြီးဝတ်ငယ်ပြုစဉ် နှစ်ချက် သုံးချက် တံမြက်ခတ်၍ ကျောက်စည်ခေါင်းလောင်း ထိုး၍ ဓုရဂါမ- အမြဲစာရေးတံ ဆွမ်းတည်သောရွာ၌ သလာကဘတ်သည် ငါအား ရောက်၏-ဟု သွားအံ့၊ ခိုးခြင်းဖြင့် ယူသောကြောင့် ထိုရဟန်းအား ထိုဆွမ်းမရောက်။ ဝတ်ကြီးဝတ်ငယ်ပြု၍ (မိမိအားထိုဘတ်ကို) ရောက်စေ၍ နောက်မှသွားသော ရဟန်းတို့အားသာ ရောက်သည်။
တစ်ခုသောရွာသည် ဝေးလွန်း၏။ ရဟန်းတို့ အမြဲနေ့တိုင်း မသွားလိုကြ။ အကျွန်ုပ်တို့သည် ကုသိုလ်မှအပ ဖြစ်ကြပါသည်-ဟု လူတို့ဆိုကုန်အံ့၊ ထိုရွာနှင့်နီးရာကျောင်း၌ သဘာဂရဟန်းတို့ကို “ဤရဟန်းတို့မလာသော နေ့၌ သင်တို့ ဘုဉ်းပေးကြပါ-ဟု ဆိုအပ်ကုန်၏။ စာရေးတံကိုကား နေ့တိုင်း ရောက်စေအပ်၏။
ကျောက်စည်ခေါင်းလောင်း ထိုးကာမျှ၊ ခြင်းတောင်း လှုပ်ကာမျှဖြင့် ရောက်စေအပ်သည်မဟုတ်။ ခြင်းတောင်း ကိုင်၍ စာရေးတံတို့ကို အင်းပျဉ်၌ လောင်းချအပ်ကုန်၏။ ခြင်းတောင်းကို မျက်နှာရေးအနီး၌ မကိုင်အပ်။ မြွေ ကင်း ရှိလျှင် ဒုက္ခ ရောက်ရာ၏။ အောက်မှကိုင်၍ ခြင်းတောင်းကိုအပသို့ မျက်နှာမူ၍ လောင်းချအပ်ကုန်၏။ မြွေရှိလျှင်လည်း ထွက်ပြေးလတ္တံ့၊ ဤသို့ လောင်းချပြီးလျှင် ဂါမ စသည် အစွမ်းဖြင့် ရှေးဆိုပြီးသော နည်းဖြင့်သာ ယူစေအပ်၏။
တစ်နည်းကား စာရေးတံတစ်ခုကို မထေရ်ကြီးအား ရောက်စေ၍ အဝသေသာမယှံ ပါပုဏန္တိ-အကြွင်းတို့သည် ငါအားရောက်ကုန်၏-ဟု မိမိသို့ရောက်စေ၍ ဝတ်ကြီးဝတ်ငယ်ပြု၍ စေတီကိုရှိခိုး၍ ဝိတက္ကမာဠက- အကြံအစည်ပြုရာ တန်ဆောင်း၌ နေသော ရဟန်းတို့က “ငါ့ရှင်၊ စာရေးတံတို့ကို ရောက်စေအပ်ပြီလော” ဟု မေးလျှင် ရောက်စေအပ်ပြီးပြီ။ အရှင်တို့သည် ရောက်ရာ ရောက်ရာရွာ၌ သလာကဘတ်ကို ခံယူကြပါ-ဟု ဆိုအပ်၏။ ဤသို့ ရောက်စေခြင်းသည်လည်း သုပါပိတ- ကောင်းသော ရောက်စေခြင်းသာ ဖြစ်၏။
ရဟန်းတို့သည် တစ်ညဥ့်လုံး တရားနာခြင်းငှါ ကျောင်းတစ်ပါးသို့ သွားကြသည်ရှိသော် ငါတို့သည် ထိုကျောင်း၌ အလှူမခံဘဲ ငါတို့၏ ဆွမ်းခံရွာ၌သာ ဆွမ်းခံ၍ ပြန်လာကုန်အံ့”ဟု စာရေးတံတို့ကို မယူမူ၍ သာလျှင် သွားကြ၍ ကျောင်း၌ကျန်ရစ်သော မထေရ်ကြီးအား ရောက်သော သလာကဘက်ကို ဘုဉ်းပေးခြင်းငှါ လာကုန်အံ့ အပ်၏။
မထေရ်ကြီးသည်လည်း ထိုတရားနာသွားသော ရဟန်းတို့နှင့်သာလျှင် အတူတကွ သွားခဲ့ငြားအံ့၊ ထို ရဟန်းတို့သည် ရောက်ရာကျောင်း၌ မစားမူ၍သာလျှင် ဆွမ်းခံရွာသို့ ဝင်ကုန်အံ့၊ အရှင်ဘုရားတို့ သပိတ်ပေးကြပါ၊ သလာက ယာဂုစသည်တို့ကို လှူပါမည်ဟု ဆိုလျှင် သပိတ် မပေးအပ်။ အဘယ်ကြောင့် ပါနည်း-ဟု မေးလျှင် ဝိဟာရ၌ တည်သောဘတ်သည် ဝိဟာရ၌ နေသူတို့အား ရောက်သည်၊ ငါတို့သည် တစ်ပါးသော ဝိဟာရ၌ နေကြသည်-ဟု ဆိုအပ်၏။ အရှင်ဘုရားတို့ ... ပေးကြပါ၊ အကျွန်ုပ်တို့သည် ကျောင်း၌ စောင့်ခြင်းငှါ စောင့်သူအား လှူသည်မဟုတ်၊ အရှင်တို့အား လှူပါသည်။ အကျွန်ုပ်တို့၏ ဘိက္ခာကို ခံတော်မူကြပါဟု ဆိုလျှင်အပ်၏။
(သလာကဘတ္တကထာ ပြီး၏။)
(သာဋီ ... အက္ခရာဖွဲ့ခြင်းသည် စာရေးခြင်းဖြစ်၏။
နှိပ်စက်ခြင်းဖြင့် ပေးခြင်းသည် အလိုမရှိသူကိုသော်လည်း နှိပ်စက်ခြင်းဖြင့် လက်ခံစေခြင်း ဖြစ်၏။
ဧကဗာဟာ- တစ်ဖက်အိမ်တန်းသည် အိမ်အစဉ်တစ်ခုဖြစ်၏။ (ဤ၌ ဗာဟရှိသည်။)
ဝါရဂါမဟူသည် ဝေးသောကြောင့် နှိပ်စက်၍သော်လည်း အလှည့်ဖြင့် ယူစေအပ်သောရွာ ဖြစ်၏။
ဝိဟာရဝါရေနိယုတ္တာ ဝိဟာရဝါရိကာ။ ဝါရေနဝိဟာရရက္ခဏက -အလှည့်ဖြင့် ကျောင်းစောင့် သူတို့။
အညသတ္တန္တိပသာဒညထတ္တံ- ကြည်ညိုခြင်းမှ တစ်ပါးသော မကြည်ညိုခြင်း။
ပွားစီးမှုသာ ဖြစ်ကုန်၏ ဟူသည် ကျောင်းစောင့်ခြင်းငှါ သံဃာသည် ပေးအပ်သော အတိရေကလာဘ်တို့ ဖြစ်ကုန်၏။
သံဃာငယ် ရပြီးသောအခါ၌ ဟူသည် နေ့တိုင်း တစ်ပါး တစ်ပါးအား ရောက်စေအပ်သော နှစ်ခု သုံးခုသော ဧကစာရိကဘတ်တို့ကို ထိုနည်းဖြင့်သာ မိမိအား ရောက်ရာဌာန၌ သံဃာငယ်ရပြီးသောအခါ ဖြစ်၏။
မျက်မှောက်ရဟန်း တစ်ပါးပါးအား ရောက်စေလျှင် ဟူသည်၌ များသောအားဖြင့် ရဟန်းတို့သည် သိမ်ပသို့ သွားကုန်အံ့၊ မျက်မှောက် တစ်ပါးပါးအား ရောက်စေအပ်၏။ သဘာဂဖြစ်သောကြောင့် တစ်ပါးရလျှင် အားလုံး အတွက် ဖြစ်၏။ တစ်ပါးပါး မရှိလျှင် မိမိအား ရောက်စေ၍ ပေးအပ်၏-ဟု ဂဏ္ဍိတို့၌ဆိုသည်။
ရသသလာကသည် ဥစ္ဆုရသ၊ သလာက ဖြစ်၏။
“သံဃာမှ အာမိသကင်းသော စာရေးတံသည် လည်းကောင်း၊ ကျောင်း၌ချက်သော ဘတ်သည် လည်းကောင်း အပ်သည်သာတည်း” ဟု ဆက်ဆံသည်ကိုပြု၍ ဝိသုဒ္ဓိမဂ်၌ဆိုသောကြောင့် ဤသို့ယူစေလျှင် သာယာအပ်၏။
ဧဝံနသာဒိတဗ္ဗံ-ဟု အထူး မဆိုခြင်းကြောင့်လည်း “ဆေးစသော စာရေးတံတို့သည် ပိဏ္ဍပါတ် ဓူတင် ဆောင်တို့အား အပ်ကုန်သော်လည်း စာရေးတံအစွမ်းဖြင့် ပေးသောကြောင့် မသာယာအပ်ကုန်” ဟု ဆိုရာ၌ အဓိပ္ပါယ်ကို စူးစမ်းအပ်၏။ အကယ်၍ မသာယာအပ်လျှင် ဝိသုဒ္ဓိမဂ်စကား မဆိုတန်ရာ။
အတိရေကလာဘံပဋိက္ခိပါမိ-ဖြင့် သလာက အစွမ်းဖြင့် ယူသော ဘတ္တကိုသာ ပယ်အပ်၏။ ဘေသဇ္ဇကို မပယ်အပ်။ စုဒ္ဒသဘတ္တတို့တို့သာ မသာယာအပ်ကုန်-ဟု ဆိုအပ်ကုန်၏။ တစ်နည်းကား ခန္ဓကဆောင်တို့၏ အလိုဖြင့် ဤ၌ ဤသို့ဆိုသည်-ဟု ယူအပ်၏။
အဂ္ဂတောဒါတဗ္ဗဘိက္ခာ-အဂ္ဂဘိက္ခာ- အဦးမှ ဝါ-အဦးဖြင့် ပေးအပ်သော ဆွမ်း။ အမြဲမရှိသော အဂ္ဂဘိက္ခာသည် အနည်းငယ်သာ ဖြစ်နိုင်သောကြောင့် “လဘိတွာပိပုနဒိဝသေပိဂဏှိတုံ” ဟု ဆိုအပ်၏။ (အလိုရှိတိုင်း(တဝ)ရလျှင် ဆိုဖွယ်မရှိဟူလို။)
အဂ္ဂဘိက္ခာမတ္တ၌ မတ္တသဒ္ဒါသည် ဗဟုဘာဝကို နစ်စေ၏။
သလာကဘတ်မည်သည်ကို ကျောင်းကိုယာ ရည်လှူခြင်းကြောင့် ကျောင်း၌သာ ညွှန်းအပ်၏။ ထိုကြောင့် ကျောင်း၌မရောက်စေအပ်သော သလာကဘတ်ဖြစ်မူကား-စသည်ကိုဆိုသည်။
ထိုဆွမ်းစားစရပ်၌ ဟူသည် ထိုရွာ၌ ဆွမ်းစားစရပ်၌တည်း။
ဝိဟာရသို့ဆောင်၍ ယူစေအပ်၏-ဟူသည် ထိုသို့ဆို၍ ထိုနေ့လှူသောဘတ်ကို ဝိဟာရသို့သာ ဆောင်၍ တည်စဉ်ဖြင့် ယူစေအပ်၏။
မလွန်မီသာလျှင် ဟူသည် ဥပစာရသိမ်၌ တည်သူအားသာ စာရေးတံရောက်သည်။ ထို့ကြောင့် ခရီးသွားသူ ဥပစာရသိမ်ကို မလွန်မီသာလျှင် ထိုခရီးသွားသူအား ရောက်သော စာရေးတံကို မိမိသို့ရောက်စေ၍ ယူအပ်၏။
မလာသောနေ့၌ဟူသည်၌ ထိုရဟန်းတို့လာ၊ မလာ အဘယ်သို့သိအပ်သနည်း-ဟူမူ ထိုမှ ထိုမှ လာသော ရဟန်းတို့သည် ထိုရွာအာသနသာလာ၌ စည်းဝေးကုန်၏။ ထိုကြောင့် ထိုရဟန်းတို့လာ၊ မလာ-သိနိုင်၏။
ငါတို့၏ ဆွမ်းခံရွာဟူသည် သလာကဘတ် လှူသူတို့၏ရွာဖြစ်၏။
ဘုဉ်းပေးခြင်းငှါ လာကုန်အံ့-ဟူသည် မထေရ်ကြီးသည် တစ်ပါးတည်း ကျောင်း၌ ကျန်ရစ်၏။ အလုံးစုံသော စာရေးတံတို့ကို မိမိအားရောက်စေ၍ ဧကန်တည်သည်-ဟု သိ၍လာကုန်အံ့တည်း။
ဝိဋီ ... အက္ခရာဖွဲ့ခြင်းသည် စာရေးခြင်း ဖြစ်၏။
ရွာအစွမ်းဖြင့်လည်း ဟူသည် များသောအားဖြင့် တူသောလာဘ်ရှိသော ရွာအစွမ်းဖြင့်လည်း ဖြစ်၏၊
နှိပ်စက်ခြင်းဖြင့် ပေးခြင်းသည် အဝေးသို့မသွားလိုသူအား နှိပ်စက်ခြင်းဖြင့် လက်ခံစေ၍ ပေးခြင်းဖြစ်၏။
ကျောင်းသို့တစ်ဖန်ပြန်လာ၏ ဟူသည်၌ ကျောင်းသို့လာ၍ ဘတ်ကိုယူ၍ နောက်မှကျောင်း၌ မိမိအား ရောက်စေ၍ ဘုဉ်းပေးခြင်ငှာလည်း အပ်၏။
ဧကဂေဟ- တစ်ဖက်အိမ်တန်းသည် လမ်း၌လည်း တစ်ဖက်၌ အိမ်အစဉ်ဖြစ်၏။ (ဤ၌ ဂေဟရှိသည်။)
ညွှန်း၍သော်လည်း ဟူသည်- အသုကကုလေ သလာကဘတ္တာနိတုယှံပါပုဏာတိ-ဟု ဆို၍တည်း။
ဝါရဂါမဟူသည် အလွန်ဝေးသာကြောင့် အလှည့်ဖြင့် သွားအပ်သောရွာ ဖြစ်၏။
ခြောက်ဆယ် ငါးဆယ်ကို ဒဏ်အမှုအကျိုးငှါ ရေအိုးကို ရည်ဆိုသည်။
ကျောင်းစောင့်အလှည့် ဝိဟာရဝါရသည် ရဟန်းအားလုံး ဆွမ်းအတွက် သွားကြသောအခါ ကျောင်း၌ စောင့်ရှောက်သော အလှည့်ဖြစ်၏။
ပွားစီးမှုသာ ဟူသည် ကျောင်းစောင့် ကိစ္စရှိသူအား လောက်အောင် ထပ်ပေးခြင်းသာ ဖြစ်၏။
ရသသလာက သည် ဥစ္ဆုရသ သလာကဖြစ်၏။
စာရးတံအစွမ်းဖြင့် ပေးသောကြောင့် မသာယာအပ်ကုန်- ဟူသော စကားကို အသာရုပ္ပ အစွမ်းဖြင့် ဆိုသည်။ ဓုတင်္ဂဘေဒ အစွမ်းဖြင့်မဟုတ်။ သံဃာမှ အာမိသ ကင်းသော …လ… အပ်သည်သာတည်း-ဟု ဝိသုဒ္ဓိမဂ်၌ ဆိုပြီ။
အဂ္ဂဘိက္ခာမတ္တသည် ဧကကဋစ္ဆုဘိက္ခာ- ဆွမ်းတစ်ယောင်းမမျှ ဖြစ်၏။
ရသော် လည်းကောင်း၊ မရသော် လည်းကောင်း နက်ဖြန်၌လည်း ခံယူဦးလော ဟူသည်ကို ရသော်လည်း အနည်းငယ် ဖြစ်သောကြောင့် ဆိုသည်။ ထို့ကြောင့် အလိုရှိတိုင်း (တဝ) ရ၍ ... စသည်ကိုဆိုသည်။
နေ့တိုင်းရောက်စေအပ်၏ ဟူသည် ဥပစာရသိမ်၌တည်သော ရဟန်းအားလုံး၏ ဝါစဉ်ဖြင့် ရောက်စေအပ်၏။ ဤသို့ရောက်စေလျှင် ထိုရဟန်းတို့ မလာသောအခါ အနီးကျောင်းနေ ရဟန်းတို့အား ဘုဉ်းပေးခြင်းငှါ အပ်၏။ ဤသို့ မရောက်စေလျှင် သံဃိကဖြစ်သောကြောင့်တည်း။
ငါတို့၏ ဆွမ်းခံရွာဟူသည် ထိုသလာကဘတ် လှူသူတို့၏ ရွာကို ရည်ဆိုသည်။
ကျောင်း၌ (ကျန်ရစ်သော) မထေရ်ကြီးအား ရောက်သော သလာကဘတ် ဟူသည် ကျောင်း၌တစ်ပါးတည်း ကျန်ရစ်သော မထေရ်ကြီး အားလုံး အလုံးစုံသော စာရေးတံတို့ကို မိမိသို့ ရောက်စေသည်အစွမ်းဖြင့် ရောက်သော သလာကဘတ်ဖြစ်၏။
ပက္ခိကဘတ်
(ပက္ခိကဘတ် စသည်တို့၌ကား အမှတ်အသားပြု၍ သိအပ်ကုန်သော စတုဒ္ဒသီ၊ ပဉ္စဒ္ဒသီ ပဉ္စမီ အဋ္ဌမီ ဟူသော လဆန်း လဆုတ်ပက္ခတို့၌ ကောင်းမှု ဆည်းပူးသူတို့သည် ဥပုသ်ပြုခြင်းငှါ သတိရစေခြင်းငှါ လှူသော ဆွမ်းသည် ပက္ခိကဘတ်မည်၏။ ထိုပက္ခိကဘတ်သည် သလာကဘတ်အလား ရှိသည်သတည်း။ ယူစေ၍ ဘုဉ်းပေးအပ်၏။
သလာကဘတ်သည် လည်းကောင်း၊ ပက္ခိကဘတ်သည် လည်းကောင်း များသည်ဖြစ်၍ ရဟန်းအားလုံးနှံ့၍ သွားအံ့၊ ဘတ်နှစ်ခုလုံး အသီးသီး ယူစေအပ်၏။ ရဟန်းသံဃာများခဲ့လျှင် ပက္ခိကကို ယူစေ၍ ထိုဘတ်၏ ဋ္ဌိတိကာဖြင့် သလာကဘတ်ကို ယူစေအပ်၏။ တစ်နည်းကား - သလာကဘတ် ကိုယူစေ၍ ထို၏ ဋ္ဌိတိကာဖြင့် ပက္ခိကကို ယူစေအပ်၏။ မရသူတို့သည် ဆွမ်းခံကြွရကုန်လတ္တံ့။ ဘတ်နှစ်ခုလုံး များ၍ ရဟန်းနည်းပါးအံ့၊ ငါ့ရှင်တို့ … သလာကဘတ်ကို နေ့တိုင်းရနိုင်သည်။ ထို့ကြောင့် သလာကဘတ်ကို ထား၍ ပက္ခိထကို ဘုဉ်းပေးကြလော-ဟု ပက္ခိကကိုသာ ယူစေအပ်၏။
ပက္ခိက အမွန်အမြတ်ကို လှူကုန်အံ့၊ သီးခြား ဋ္ဌိတိကာကို ပြုအပ်၏။ (တစ်ပါးသော ပက္ခိကနှင့် မရောစေရ ဟူလို။) နက်ဖြန်ပက္ခဟု ယနေ့ ပက္ခိကကို မယူစေအပ်။ “အရှင်ဘုရားတို့၊ နက်ဖြန် အကျွန်ုပ်တို့၏အိမ်၌ လူခဘတ္တ ခေါင်းပါးသောဘတ် ဖြစ်လတ္တံ့၊ ယနေ့ပင် ပက္ခိကဘတ်ကို ညွှန်းတော်မူကြပါ-ဟု ဒါယကာတို့ လျှောက်ကုန်အံ့၊ ဤသို့ဖြစ်လျှင် အပ်၏။)
(သာဋီ ... အဘိလက္ခိတ- အမှတ်အသား ပြုအပ်သော လေးခုသော ပက္ခဒိသဝတို့၌ လှူသော ဘတ်သည် ပက္ခိကမည်၏။ အဘိကား ဥပသာရမျှသာ၊ လက္ခဏီယသာ အနက်ဖြစ်၏။ ဥပုသ်ဆောက်တည်ခြင်း၊ တရားနာခြင်း၊ ပူဇာသက္ကာရ စသည် ပြုခြင်းအကျိုးငှါ ကောင်းစွာမှတ်သားအပ်သော နေ့တို့၌-ဟု ဆိုလိုသည်။
နက်ဖြန်ပက္ခဟု ယနေ့ပက္ခိကကို မယူစေအပ်ဟူသည် ပက္ခိက၏ အနိယမ ဖြစ်ခြင်းကြောင့် ဆိုသော စကားဖြစ်၏။
လူခဘတ္တ-ဟု စာတို့၌ရေးကြ။ ပက္ခဘတ္တ-ဟု ပါဌ်ရှိသင့်၏。
ဝိဋီ ... နက်ဖြန်ပက္ခဟု ယနေ့ပက္ခိကကို မယူစေအပ်ဟူသည် အဋ္ဌမီနေ့၌ ဘုဉ်းပေးအပ်သောဘတ်ကို သတ္တမီနေ့၌ ဘုဉ်းပေးခြင်းငှါ မယူစေအပ်။ ဒါယကာတို့ မှတ်သားအပ်သော နိယမိတဒိဝသဖြင့်သာ ယူအပ်၏-ဟု အနက်ကို သိအပ်၏။ ထိုကြောင့် အရှင်ဘုရားတို့၊ နက်ဖြန် ... စသည်ကို ဆိုသည်။
နက်ဖြန် လူခဘတ္တ ဟူသည်ကား ယနေ့ အာဝါဟမင်္ဂလာ- လက်ထပ်မင်္ဂလာ စသည် ပြုခြင်းကြောင့် အတိပဏီတ ဘောဇဉ်ကို ပြုသည်။ နက်ဖြန်ထိုကဲ့သို့ မဖြစ်လတ္တံ။ ယနေ့ပင် ရဟန်းတို့ကို ဆွမ်းကျွေ၊ လိုပါသည်-ဟု အဓိပ္ပါယ်ကို သိအပ်၏။)
ဥပေါသထိကဘတ်
(လခွဲတိုင်း ဥပေါသထင်္ဂသီလတို့ကို ဆောက်တည်၍ (လူတို့သည်) မိမိစားသော ဘောဇဉ်ကို လှူကုန်၏။ ထိုလှူသော ဘတ်သည် ဥပေါသထိကဘတ် မည်၏။)
(သာဋီ ... ဥပေါသထနေ့၌ လှူသောဘတ်သည် ဥပေါသထိက မည်၏။
ဝိဋီ ... ပက္ခိကဘတ်မှ ဥပေါသထိက၏ ထူးပြားခြင်းကို ပြလို၍ ဥပေါသထင်္ဂသီလတို့ကို ဆောက်တည်၍-စသော စကားကို မိန့်ဆိုသည်။)
ပါဋိပဒိကဘတ်
(ဥပုသ်နေ့၌ များစွာသော ဒါယကာတို့သည် သဒ္ဓါပသန္န ထက်သန်စွာ ရဟန်းတို့အား အထူးလှူဒါန်းကုန်၏။ အထွက်တစ်ရက်၌ကား၊ ရဟန်းတို့ ခေါင်းပါးကုန်၏။ အထွက်တစ်ရက်၌ လှူလျှင် ဒုဗ္ဘိက္ခဒါနနှင့် တူ၏။ မဟပ္ဖလဖြစ်၏ ဟူ၍သည်းကောင်း၊ ဥပေါသထကမ္မဖြင့် သီလစင်ကြယ်သော အရှင်ကောင်းတို့အား ဒုတိယနေ့၌ လှူလျှင် မဟပ္ဖလဖြစ်၏ ဟူ၍လည်းကောင်း မှတ်သား၍ ပါဋိပဒ- အထွက်တစ်ရက်၌ လှူသော ဒါနသည် ပါဋိပဒိက မည်၏။ ထိုဘတ်နှစ်ခုလုံးသည်လည်း သလာကဘတ်အလား ရှိသည်သာတည်း။
ဤသို့ (သံ၊ ဥဒ်၊ နိ၊ သ၊ ပက်၊ ဥ၊ ပါ-ဟု) ဘတ်ခုနစ်ရပ်တို့သည်လည်း ပိဏ္ဍပါတိက တို့အား မအပ်ကုန်။ ဓူတင်ပျက်ခြင်းကို ပြုကုန်သည်သာတည်း။)
(ဇီဋီ ... ဥပေါသထနေ့၌ အာပတ်ဒေသနာ ကြားခြင်းကို ရည်၍ သီလစင်ကြယ်သော စသည်ကို မိန့်ဆိုသည်။)
အာဂန္တုကဘတ်
(ထိုမှတစ်ပါးလည်း စီဝရက္ခန္ဓက၌ ဝိသာခါ တောင်းပန်၍ လှူအပ်သော အာဂန္တုဘတ်၊ ဂမိကဘတ်၊ ဂိလာနဘတ်၊ ဂိလာနုပဋ္ဌာကဘတ် ဟူသော (အာ၊ ဂ၊ ဂိ၊ ဂိ) ဘတ်လေးရပ်တို့သည် ပါဠိတော်၌ လာကုန်သည်သာတည်း。
ထိုတွင် အာဂန္တုတို့အား လှူသောဘတ်သည် အာဂန္တုက ဘတ်မည်၏။ ကြွင်းသော ဘတ်တို့၌ ဤနည်းတည်း။ အာဂန္တုကဘတ်၌ အာဂန္တုကဘတ်သည် လည်းကောင်း၊ အာဂန္တုသည် လည်းကောင်း များခဲ့အံ့၊ တစ်ခုစီ ယူစေအပ်၏။ ဘတ်မလောက်ငှလျှင် ဋ္ဌိတိကာဖြင့် ယူစေအပ်၏။ အာဂန္တုတစ်ဦးသည် ရှေးဦးစွာလာ၍ အာဂန္တုကဘတ်အားလုံးကို မိမိအလို့ငှါ ယူစေ၍ ထိုင်နေအံ့၊ အားလုံး ထိုအာဂန္တုသာ ပိုင်၏၊ နောက်မှ ရောက်လာသော အာဂန္တုတို့သည် ထိုအာဂန္တုပေးသည်ကို ဘုဉ်းပေးအပ်ကုန်၏။ ထိုအာဂန္တုသည်လည်း တစ်ခုကို မိမိအတွက်ယူ၍ အကြွင်းတို့ကို ပေးအပ်ကုန်၏။ ဤအာဂန္တုသည် ဥဠာရ-လာဘ်များစွာ ရသူဖြစ်၏၊
ရှေးဦးစွာ လာသော်လည်း မိမိအလို့ငှါ မယူဘဲ ဆိတ်ဆိတ်နေအံ့၊ နောက်မှလာသူတို့နှင့် အစဉ်အတိုင်း ယူအပ်၏။ အမြဲအာဂန္တုတို့ ရောက်လာကုန်အံ့၊ ရောက်လာစ တစ်နေ့သာ ဘုဉ်းပေးအပ်၏။ ရံခါကြိုးကြား ရောက်လာကုန်အံ့၊ နှစ်ရက် သုံးရက် ဘုဉ်းပေးအပ်၏။ မဟာပစ္စရီ၌ကား ခုနစ်ရက်ဘုန်းပေးခြင်းငှါ အပ်သည်-ဟု ဆို၏။ (အာဂန္တု အသက်ခုနစ်ရက်ဟူလို။)
အရပ်တစ်ပါးသို့သွား၍ ပြန်လာသော အာဝါသိကသည်လည်း အာဂန္တုကဘတ်ကို ဘုဉ်းပေးအပ်၏။ ထို အာဂန္တုကဘတ်သည် ကျောင်း၌ နိဗန္ဓာပိတ- အမြဲမှတ်အပ်သည်ဖြစ်အံ့၊ ကျောင်း၌ ယူစေအပ်၏။ ကျောင်းဝေးသောကြောင့် အာသနသာလာ ဆွမ်းစားစရပ်၌ အမြဲမှတ်အပ်သည်ဖြစ်အံ့၊ အာသနသာလာ၌ ယူစေအပ်၏။ အာဂန္တုမရှိလျှင် အာဝါသိကတို့လည်း ဘုဉ်းပေးကြစေကုန်သတည်း-ဟု ဒါယကာတို့ ဆိုကုန်အံ့၊ အပ်၏။)
(သာဋီ … နိဗန္ဓာပိတသည် ဤမည်သော ကျောင်းအတွက်ဟု မှတ်သားအပ်သောဘတ်ဖြစ်၏။
ဝိဋီ ... နိဗန္ဓာပိတသည် ဤမည်သောကျောင်း၌ အာဂန္တုတို့ ဘုဉ်းပေးကြစေကုန်သတည်း-ဟု မှတ်သားအပ်သော ဘတ်ဖြစ်၏။)
ဂမိကဘတ်
(ဂမိကဘတ်၌လည်း ဤစကားစဉ်သာတည်း။ အထူးကား … အာဂန္တုသည် အာဂန္တုကဘတ်ကိုသာ ရသည်။ ခရီးသွားသူ- ဂမိကသည် အာဂန္တုကဘတ်ကို လည်းကောင်း၊ ဂမိကဘတ်ကို လည်းကောင်း ရသည်။ (ခရီးဆက်သွားလိုသော အာဂန္တု ဟူလို။) အာဝါသိကသည်လည်း ဖဲသွားလိုသောအခါ- ဂမိကဖြစ်၍ ဂမိကဘတ်ကို ရ၏။ ရသော်လည်း အာဂန္တုကဘတ်ကိုကဲ့သို့ ဤ ဂမိကဘတ်ကို နှစ်နှက် သုံးရက်၊ ခုနစ်ရက် တိုင်အောင် မရ။
ခရီးသွားမည်-ဟု စားပြီးသောသူသည် ထိုနေ့၌ ကိစ္စတစ်စုံတစ်ခုကြောင့် မသွားနိုင်အံ့၊ နောက်နေ့၌လည်း ဘုဉ်းပေးခြင်းငှါ အပ်၏။ အားထုတ်ခြင်း ရှိသောကြောင့်တည်း။ ခရီးသွားမည် ဟု စားပြီးသော ရဟန်းအား ခိုးသူဘေး၊ ရေဘေးဖြစ်အံ့၊ မိုးကြီးရွာအံ့၊ အဖော်ဖြစ်သူ မသွားအံ့၊ အားထုတ်ခြင်းရှိသူသည် ဘုဉ်းပေးအပ်၏၊ ထိုဘေးရန်တို့ကို ကြည့်ရှုနေစဉ် နှစ်ရက် သုံးရက် တိုင်အောင် ဘုဉ်းပေးခြင်းငှါ အပ်၏-ဟု မဟာပစ္စရီ၌ ဆိုသည်။ ခရီးသွားမည်ဟု အမြွက် ထောင်၍ (ဝါ-ဟန်ဆောင်၍) ဘုဉ်းပေးခြင်းငှါ မရအပ်။)
(ဇီဋီ … အာဂန္တုကဘတ်ကိုလည်းကောင်း၊ ဂမိကဘတ်ကိုလည်းကောင်း ဟူသည်ကို အာဂန္တုသာဖြစ်၍ သွားသူကို ရည်ဆိုသည်။)
ဝိဋီ .... ဂမိကသည် အာဂန္တုကဘတ်ကို လည်းကောင်း ဟူသည် ရွာတစ်ပါးမှလာ၍ မငြိမ်းစဲသော သွားလိုစိတ်ဖြင့်နေ၍ တစ်ဖန် အရပ်တစ်ပါးသို့ သွားလိုသူကို ရည်ဆိုသည်။ အာဝါသိကဖြစ်၍ ခရီသွား လိုသူကား ဂမိကဘတ်ကိုသာ ရအပ်၏၊
အမြွက် ထောင်၍-ဟု ဆိုသောကြောင့် အမြွက်ထောင်ခြင်း မရှိလျှင် သွားခြင်း ဘေးရန် ကင်းသည် တိုင်အောင် ဘုဉ်းပေးခြင်းငှါ အပ်သည်ဟု သိအပ်၏。
ဂိလာနဘတ်
(ဂိလာနဘတ်ကိုလည်း ဂိလာနအးလုံး လောက်ငှလျှင် အားလုံးအား ပေးအပ်၏၊ မလောက်ငှလျှင် တည်စဉ်ပြု၍ ယူစေအပ်၏။ ဂိလာနတစ်ဦးသည် ရောဂါကင်းသူကဲ့သို့ မတ်တက်နာသူဖြစ်၍ ရွာတွင်းသို့ သွားနိုင်အံ့၊ တစ်ယောက်ကား - မသွားနိုင်သော မဟာဂိလာနဖြစ်အံ့၊ မဟာဂိလာနအား ဂိလာနဘတ်ကို ပေးအပ်၏။ မဟာ ဂိလာနနှစ်ဦးဖြစ်၍ တစ်ဦးကား လာဘ်ပေါ၍ ခဲဖွယ်ဘောဇဉ်များစွာ ရသူဖြစ်အံ့၊ တစ်ဦးကား အားကိုးမဲ့-လာဘ်နည်းသူဖြစ်၍ ရွာသို့ဝင်ရသူ ဖြစ်အံ့၊ ထိုအားကိုးမဲ့ အနာထဂိလာနအား ဂိလာနဘတ်ကို ပေးအပ်၏။
အထူးကား … ဂိလာနဘတ်၌ ရက်ပိုင်းခြား မရှိ၊ အကြင်ရွေ့လောက် ရောဂါမပျောက်၊ သပ္ပါယဘောဇဉ် မစားရလျှင် မမျှတ၊ ထိုရွေ့လောက် ဘုဉ်းပေးအပ်၏။ အရာအနှော- ရရသမျှ မိဿကယာဂု၊ မိဿက ဆွမ်း ဘုဉ်းပေးသော်လည်း ရောဂါမကြွသောအခါမှ စ၍ ဂိလာနဘတ်ကို မဘုဉ်းပေးအပ်။)
ဂိလာနုပဋ္ဌာကဘတ်
(ဂိလာနုပဋ္ဌာကဘတ်ကိုလည်း လောက်ငှလျှင် အားလုံးအား ပေးအပ်၏။ မလောက်ငှလျှင် တည်စဉ်ပြု၍ ယူစေအပ်၏။ ဤဘတ်ကိုလည်း ဂိလာနနှစ်ဦးတို့တွင် မဟာဂိလန၏ အလုပ်အကျွေးအား ယူစေအပ်၏။ မဟာဂိလာန နှစ်ဦးတို့တွင် အနာထဂိလာန၏ အလုပ်အကျွေးအား ယူစေအပ်၏။ အကြင်ကုလသည် ဂိလာနဘတ် ဂိလာနုပဋ္ဌာကဘတ် နှစ်ရပ်လုံးလှူအံ့၊ ထိုကုလ၌ အကြင်ဂိလာနအား ဘတ်ရောက်၏၊ ထိုဂိလာန၏ အလုပ်အကျွေးအားလည်း ထိုကုလ၌သာ ယူစေအပ်၏၊
ဂိလာနုပဋ္ဌာကဘတ်၌လည်း ရက်ပိုင်းခြား မရှိ။ ဂိလာနသည် အကြင်ရွေ့လောက် ရ၏။ ထို၏ အလုပ်အကျွေး သည်လည်း ထိုရွေ့လောက် ရ၏။ ဤ (အာ၊ ဂ၊ ဂိ၊ ဂိ၊) ဘတ်လေးရပ်ကို “အာဂန္တု၊ ခရီးသွား၊ ဂိလာန၊ ဂီလာန လုပ်ကျွေးသူတို့သည် အကျွန်ုပ်၏ဆွမ်းကို ခံယူကြပါ- မမဘိက္ခံဂဏှန္တု”ဟု လှူကုန်အံ့၊ ပိဏ္ဍပါတိကတို့ အားလည်း အပ်၏。
“အာဂန္တု စသည်တို့အား ဘတ္တံနိဗန္ဓာပေမိ-ဘတ်ကို တည်ပါအံ့၊ မမဘတ္တံဂဏှန္တု- အကျွန်ုပ်၏ဘတ်ကို ခံယူစေကုန်သတည်း”ဟု လှူကုန်၏။ ပိဏ္ဍပါတိကတို့အား မအပ်။)
(ယခုကာလ၌ ဘတ္တ၊ ဩဒန-ထမင်း ဟူသော ဝေါဟာရဖြင့် ပင့်ဖိတ်လေ့ မရှိ၊ ဘိက္ခာ၊ ပိဏ္ဍပါတ-ဆွမ်း ဟူသော ဝေါဟာရဖြင့်သာ ပင့်ဖိတ်ကြသောကြောင့် ဆွမ်းစားပင့်ရာ လိုက်စားရာ၌ ပိဏ္ဍပါတ်ဓူတင်မပျက်၊ ဆောက်တည်လျှင် တစ်သက်လုံးပင် ရနိုင်၏။ ပညာ၊ သုတ-စုံလင်လျက် မဆောက်တည်သူတို့အား ရသင့်လျက် မရခြင်းဖြစ်သည်-ဟု ဆရာမြတ်တို့ မိန့်ဆိုကြသည်။)
ဓူရဘတ်
(ထိုမှတစ်ပါးလည်း ဓူရဘတ်၊ ကုဋိဘတ်၊ ဝါရကဘတ်-ဟု သုံးမျိုးရှိ၏။ (ဓူ၊ ကု၊ ဝါ၊) ထိုတွင် နိစ္စဘတ္တသည် ဓူရဘတ္တ မည်၏။ သံဃိက၊ ပုဂ္ဂလိကနှစ်မျိုးပြား၏။ “သံဃဿဓူရဘတ္တံဒေမ” ဟု ဖွဲ့စေအပ်-မှတ်သား အပ်သော ဓူရဘတ်သည် သလာကဘတ်အလားရှိ၏၊
“မမနိဗန္ဓံဘိက္ခံဂဏှန္တု- အကျွန်ုပ်၏ ဝတ်တည်သောဆွမ်းကို ခံတော်မူကြစေကုန်သတည်း။” ဟု ဆို၍ လှူလျှင် ပိဏ္ဍပါတိကတို့အားလည်း အပ်၏။ ပုဂ္ဂလိကကိုလည်း တုမှာကံဓူရဘတ္တံဒမ္မိ- ဟု ဆိုလျှင် ပိဏ္ဍပါတိက ပုဂ္ဂိုလ်ဖြစ်သူ မအပ်။ မမနိဗန္ဓံဘိက္ခံဂဏှထ-ဟု ဆိုလျှင်အပ်၏။ သာယာအပ်၏။ နောက် နှစ်ရက် သုံးရက် လွန်သောအခါ ဓူရဘတ္တံဂဏှထ-ဟု ဆိုအံ့။ ရှေးဦးကာလ၌ ကောင်းစွာလက်ခံပြီး ဖြစ်သောကြောင့် အပ်၏။)
ကုဋိဘတ်
သံဃာ့အလို့ငှါ ကျောင်းဆောက်စေပြီးလျှင်- အမှာကံ သေနာသနဝါသိနော အမှာကံယေ၀ ဘတ္တံဂဏှန္တု-ဟု မှတ်သားအပ်သော ကုဋိဘတ်သည် (ဝါ-ဝိဟာရဘတ်သည်) သလာကဘတ် အလား ရှိသည်သာတည်း။ ယူစေ၍ ဘုဉ်းပေးအပ်၏။ အမှာကံ သေနာသနဝါသိ နော အမှာကံယေဝဘိက္ခံဂဏှန္တု-ဟု ဆိုလျှင် ပိဏ္ဍပါတိကတို့အားလည်း အပ်၏။ ပုဂ္ဂိုလ်၌ ကြည်ညို၍ လည်းကောင်း၊ ထိုပုဂ္ဂိုလ်အတွက် ကျောင်းဆောက်၍ လည်းကောင်း “တုမှာကံဒေမ” ဟု လှူလျှင် ထိုပုဂ္ဂိုလ်သာ ပိုင်သည်။ ထိုပုဂ္ဂိုလ် အရပ်တစ်ပါးသွားလျှင် တပည့်များ ဘုဉ်းပေးအပ်၏。
(သာဋီ ... ယူစေ၍ ဘုဉ်းပေးအပ်၏ ဟူသည် ထိုသေနာသန၌ နေသူတို့သည် ဌိတိကာ-တည်စဉ်ဖြင့် ယူစေ၍ ဘုဉ်းပေးအပ်၏။)
ဝါရဘတ်
(ဒုဗ္ဘိက္ခအခါ၌ အလှည့်ဖြင့် ရဟန်းတို့ကို ဆွမ်းလုပ်ကျွေးကုန်အံ့-ဟု ဓုရဂေဟ-အမြဲဝတ်တည်သော အိမ်မှစ၍ လှူသောဘတ်သည် ဝါရဘတ်မည်၏။ ထိုဘတ်ကိုလည်း ဘိက္ခာစကားဖြင့် လှူလျှင် ပိဏ္ဍပါတိကတို့အား အပ်၏။ ဝါရဘတ်-ဟုဆိုလျှင် သလာကဘတ်အလား ရှိ၏။ သာမဏများချက်၍ လှူကပ်စေကုန်သတည်း-ဟု ဆန်စသည်တို့ကို ပို့ထားကုန်အံ့၊ ပိဏ္ဍပါတိကတို့အား အပ်၏。
ဤ (ဓူ၊ ကု၊ ဝါ၊) ဘတ် သုံးရပ်၊ (အာ၊ ဂ၊ ဂိ၊ ဂိ) ဘတ်လေးရပ်တို့သည် ဘတ်ခုနစ်ရပ် ဖြစ်ကုန်၏။ ယခင် သံဃဘတ်စသည်တို့နှင့် ၁၄-ရပ်သော ဘတ်တို့ ဖြစ်ကုန်၏。
(သာဋီ .... သာမဏေများ …လ... အပ်၏ ဟူသည် အဘိဟဋဘိက္ခာ ... ရှေးရှုဆောင်ပို့အပ်သော ဆွမ်း ဖြစ်ခြင်းကြောင့် အပ်၏။
ဝိဋီ … ထိုအတူပင်တည်း။)
သံ၊ ဥဒ်၊ နိ၊ သ (၄)၊
ပက်၊ ဥ၊ ပါ (၃)၊
အာ၊ ဂ၊ ဂိ၊ ဂိ (၄)၊
ဓူ၊ ကု၊ ဝါ (၃)-
မိန့်မှာ ... ဘတ်ဆယ့်လေး။
အဋ္ဌကထာလာ-ဘတ်လေးပါး
(အဋ္ဌကထာ၌ကား ဝိဟာရဘတ်၊ အဋ္ဌကဘတ်၊ စတုက္ကဘတ်၊ ဂုဠှကဘတ်-ဟု တစ်ပါးသော ဘတ်လေးခုတို့ ကိုလည်း မိန့်ဆိုအပ်ကုန်၏။ ထိုတွင် --
ဝိဟာရဘတ် ဟူသည် တတြုပ္ပါဒ ဘတ်ဖြစ်၏။ ဝါ-သံဃာ့လယ်၊ ယာ၊ အရံစသည်မှ ဖြစ်သောဘတ်ဖြစ်၏။ ထိုဘတ်ကို သံဃဘတ်ဖြင့် ယူအပ်၏။ ထိုဘတ်သည်ကား တိဿမဟာဝိဟာရကျောင်း၊ စိတ္တလတောင် စသည်တို့၌ ပဋိသမ္ဘိဒါပတ္တ ရဟန္တာတို့သည် ပိဏ္ဍပါတ်ဓူတင်ဆောင်တို့လည်း ဘုန်းပေးနိုင်အောင် (ဘိက္ခာ- အမည်ဖြင့်) အလှူခံအပ်သောကြောင့် ထိုသို့သော နေရာတို့၌ ဓူတင်ဆောင်တို့အားလည်း အပ်၏。
အဋ္ဌန္နံဘိက္ခူနံဒေမ၊ စတုန္နံဒေမ-ဟုလှူလျှင် အဋ္ဌကဘတ်လည်းကောင်း၊ စတုက္ကဘတ်လည်းကောင်း မည်၏။ ထိုဘတ်လည်း ဘိက္ခာစကားဖြင့်လှူလျှင် ပိဏ္ဍပါတိကတို့အား အပ်၏。
အလွန်ကောင်းစွာ စီရင်သော အထူးအရသာရှိသော မုန့်ဖြင့် သပိတ်ကို ပြည့်စေ၍ ပိတ်၍လှူသောဘတ်သည် ဂုဠှကဘတ်မည်၏။ ဤ ဘတ်သုံးခုသည် သလာကဘတ်အလား ရှိကုန်သည်သာတည်း。
ဂုဠှကဘတ် မည်သော ဘတ်တစ်မျိုးလည်း ရှိသေး၏။ အချို့သောလူတို့သည် ကြီးစွာသော တရားနာခြင်းကို လည်းကောင်း ကျောင်းပူဇော်ခြင်းကို လည်းကောင်း ပြုစေ၍ သံဃာကုန် မလှူနိုင်သောကြောင့် ရဟန်း နှစ်ရာ သုံးရာတို့သည် အမှာကံဘိက္ခံဂဏန္တု-ဟု ရဟန်းအပိုင်းအခြား သိခြင်းငှါ ဂုဠှက-တင်လဲခဲတို့ကို လှူကုန်အံ့။ ဤ ဂုဠကဘတ်သည် ပိဏ္ဍပါတိကတို့ အားလည်း အပ်၏。
(သာဋီ ... ဓူတင်ဆောင်တို့ ဘုန်းပေးနိုင်အောင် အလှူခံအပ်သောကြောင့် ဟူသည်ကား ဘိက္ခာ.. အမည်ဖြင့် အလှူခံအပ်သောကြောင့်တည်း။
သပိတ်ကို ပိတ်၍လှူသောဘတ်ဟူသည် ဂုဠှကဘတ္တံဒေမ-ဟု လှူသောဘတ်ဖြစ်၏။
ဝိဋီ ... ဓူတင်ဆောင်တို့ ဘုန်းပေးနိုင်အောင် အလှူခံအပ်သောကြောင့် ဟူသည်ကား ဘိက္ခာ-အမည်ဖြင့် အလှူခံသောကြောင့်တည်း။)
ဆေးပစ္စည်းဝေဖန်နည်း
(ဤသို့သင်္ကန်း ဝေဖန်နည်းကို စိဝရက္ခန္ဓက၌ ဆွမ်းဝေဖန်နည်း၊ ကျောင်းအိပ်ရာနေရာ ဝေဖန်နည်းကို ဤ သေနာသနက္ခန္ဓက၌ မိန့်ဆိုအပ်ပြီ。
ဂိလာနတို့၏ အထောက်အပံဆေးပစ္စည်း ဝေဖန်နည်းကိုကာ ဤသို့သိအပ်၏။ မင်း၊ မင်းအမတ်တို့သည် ထောပတ် စသော ဆေးတို့တွင် ထာပတ်၏ အိုးတစ်ရာ၊ တစ်ထောင်ကိုသော်လည်း ကျောင်းသို့ပို့ လိုက်ကုန်အံ့၊ ကျောက်စည်ခေါင်းလောင်းထိုး၍ မထေရ်ကြီးနေရာမှစ၍ ယူအပ်သောခွက်ကို ပြည့်စေ၍ ပေးအပ်၏၊ ပိဏ္ဍပါတိက ဓူတင်ဆောင်တို့အားလည်း ပေးအပ်၏။ နှေးသော အလသဇာတိက မထေရ်များ နောက်မှ ရောက်လာကုန်အံ့၊ အရှင်ဘုရားတို့၏ ဌိတိကာ လွန်သွားပြီ-ဟု မဆိုအပ်ကုန်။ ဋ္ဌိတိကာကိုထား၍ ထိုမထေရ်တို့အား ပေး၍ နောက်မှ ဌိတိကာဖြင့် ပေးအပ်၏၊
ဤမည်သောကျောင်း၌ ထောပတ်များစွာဖြစ်သည်-ဟု ကြား၍ ယူဇနာခြား ကျောင်းတစ်ပါးမှသော်လည်း ရဟန်းတို့ ရောက်လာကုန်အံ့၊ ရောက်တိုင်းရောက်တိုင်း ဌိတိကာတည်ရာ ဌာနမှစ၍ ပေးအပ်၏။ မရောက်သော်လည်း ဥပစာရသိမ်အတွင်း ဝင်ရောက်သူတို့အတွက် တပည့်များယူလျှင် ပေးအပ်သည်သာ တည်း၊ ဥပစာရသိမ်ပ၌ တည်သူတို့အတွက် ပေးကြပါဟုဆိုလျှင် မပေးအပ်。
ဥပစာရသိမ်တွင်းရှိ ရဟန်းတို့နှင့် တစ်စပ်တည်းဖြစ်လျှင် (ဝါ-တစ်ဆယ့် နှစ်တောင်၊ တစ်ဆယ့်နှစ်တောင် မလွန်အောင်စပ်လျှင်) မိမိကျောင်းတံခါး ကျောင်းတွင်း၌ပင် နေကုန်သော်လည်း ပရိသတ်အစွမ်းဖြင့် သိမ်ကျယ်သည်မည်၏။ ထို့ကြောင့် ပေးအပ်၏。
သံဃနဝက-သံဃာငယ် (သံဃနော) အား ပေးပြီးမှ ရောက်လာသော်လည်း ပေးအပ်သည်သာတည်း။ ဒုတိယဘာဂကို ထေရာသနသို့ တင်ပြီးမှ ရောက်လာသူအားကား ပထမဘာဂ မရောက်။ ဒုတိယဘာဂမှ ဝါစဉ်ဖြင့် ပေးအပ်၏。
ဥပစာရသိမ်တွင်းသို့ဝင်၍ အမှတ်မရှိ နေရာတစ်ခုခု၌ လှူသော ထောပတ်ဖြစ်အံ့၊ အများအားလုံး စည်းဝေးရာ ဌာန၌သာ ဝေဖန်အပ်၏။ ရဟန်းဆယ်ပါး ရှိသောကျောင်း၌ ထောပတ်အိုး ဆယ်လုံးလှူအံ့၊ တစ်အိုးစီ ဝေဖန်အပ်၏။ ထောပတ်အိုး တစ်လုံးတည်းဖြစ်အံ့။ ဆယ်ပါး ဝေဖန်ယူအပ်၏။ တည်မြဲတိုင်းသော ထောပတ်အိုးကိုသာလျှင် အမှာကံ ပါပုဏာတိ- ငါတို့အား ရောက်၏-ဟု ယူကုန်အံ့၊ ဒုဂ္ဂဟိတ-ယူခြင်း မမြောက်၊ ရောက်ရာဌာန၌ သံဃိကသာ ဖြစ်၏。
အိုးကိုငဲ့စောင်း၍ ခွက်တစ်ခု၌ အနည်းငယ်ထည့်၍- ဣဒံမဟာထေ ရဿပါပုဏာတိ၊ အဝသေသံ အမှာကံ ပါပုဏာတိ- ဤအနည်းငယ်သည် မထေရ်အားရောက်၏။ အကြွင်းသည် ငါတို့အား ရောက်၏-ဟု ဆိုပြီးလျှင် ထိုအနည်းငယ်ကိုလည်း အိုး၌သာပြန်ထည့်၍ အလိုရှိရာသို့ ယူသွားလျှင် အပ်၏။ (ဝါ- ရောက်ရာ သံဃိက မဖြစ်။)
တစ်ခဲနက်သော ထောပတ်ဖြစ်အံ့။ အရေးအသားပြု၍ ထိုအရေးအသားမှ ပထမ ဘာဂေါမဟာထေရဿ ပါပုဏာတိ။ အဝသေသံ အမှာကံ ပါပုဏာတိ-ဟု ယူလျှင်လည်း သုဂ္ဂဟိတ ဖြစ်၏။ ဆိုပြီးသောအပိုင်းအခြားမှ ယုတ်သော လွန်သော ရဟန်းနှင့် ထောပတ်အိုးတို့၌လည်း ဤနည်းဖြင့်သာ ဝေဖန်အပ်၏。
ရဟန်းသည် တစ်ပါးတည်းဖြစ်၍ ထောပတ်အိုး တစ်လုံး ဖြစ်ခဲ့ငြားအံ့၊ ဝေဖန်ရန် ကျောက်စည် ခေါင်းလောင်း ထိုး၍ အယံမယှံ ပါပုဏာတိ-ဟု ဆို၍လည်း ယူခြင်းငှါ အပ်၏။ အယံပထမဘာဂေါမယှံ ပါပုဏာတိ၊ အယံဒုတိယဘာဂေါ-ဟု အနည်းငယ်၊ အနည်းငယ်ကို ရောက်စေခြင်းငှါလည်း အပ်၏။ ဆီဦး စသည်တို့၌လည်း ဤနည်းတည်း。
ကြည်လင်သော နှမ်းဆီ စသည်တို့၌ အရေးအသား မတည်နိုင်၊ ထိုသို့သောဆေးမျိုးကို အိုးမှထုတ်၍ ဝေဖန်အပ်၏။ သိင်္ဂီဝေရ-ချင်း၊ မရိစ- ငရုတ် အစရှိသောဆေးကို လည်းကောင်း၊ ပတ္တ-သပိတ်၊ ထာလက- ခွက် အစရှိသော ကြွင်းသမျှ သမဏပရိက္ခရာကို လည်းကောင်း အလုံးစုံသော ဝေဖန်စရာ သံဃိက ဘဏ္ဍာဟူသမျှကို ဆိုပြီးသည် အားလျော်သော နည်းဖြင့် ကောင်းစွာမှတ်၍ ဝေဖန်အပ်၏。
ပါဠိံ အဋ္ဌကဉ္စေဝ၊ ဩလောကေတွာ ဝိစက္ခဏော။
သံဃိကေ ပစ္စယ ဧဝံ၊ အပ္ပမတ္တောဝ ဘာဇယေ။
ဝိစက္ခဏော၊ ဝိနည်းမျက်စိထက်သန်သော ရဟန်းပညာရှိသည်။
ပါဠိံ စ၊ ပါဠိတော်ကိုလည်းကောင်း။
အဋ္ဌကထဉ္စ၊ အဋ္ဌကထာကိုလည်းကောင်း။
ဩလောကေတွာ၊ ဉာဏ်သက်ဝင်အောင်ရှု၍။
သံဃိကေ၊ သံဃာ၏ဥစွာဖြစ်ကုန်သော။
ပစ္စယေ၊ ပစ္စည်းတို့ကို။
ဧဝံ၊ ဤဆိုပြီးသောနည်းဖြင့်။
အပ္ပမတ္တောဝ၊ မမေ့မလျော့မူ၍သာလျှင်။
ဘာဇယေ၊ ဝေဖန်ရာ၏。
ဤသို့လျှင် ခပ်သိမ်းသော အခြင်းအရာဖြင့် ပစ္စည်းလေးပါး ဝေဖန်ပုံကို ဆိုသောစကားသည် ဤတွင်ပြီးပြီ။)
သေနာသနက္ခန္ဓကပြီး၏။
၇။ သံဃဘေဒက္ခန္ဓက
ဒေဝဒတ် ရဟန်းပြုခြင်း
ထိုအခါ မြတ်စွာဘုရားသည် မလ္လာမင်းတို့၏ အနုပိယာမည်သော နိဂုံး၌နေတော်မူ၏။ ထိုအခါ ထင်ရှားသော (ကာဠုဒါယိစသော) သာကီဝင်မင်းသားတို့သည် ဘုရားရှင်သို့ အတုလိုက်၍ ရဟန်းပြုကုန်၏။ မဟာနာမ် မင်းသားသည်လည်း မိမိ ညီငယ် အနုရုဒ္ဓါမင်းသားကို “သင်သော်လည်းကောင်း၊ ငါသော်လည်းကောင်း ရတန်းပြုရမူ ကောင်းလေစွ”ဟု တိုင်ပင်၍ ဃရာဝါသကိစ္စ လယ်လုပ်ရပုံကိုပြောပြ၏။
အနုရုဒ္ဓါမင်းသားသည် အကျွန်ုပ်ရဟန်းပြုပါမည်-ဟု ဝန်ခံ၍ မိခင်ထံ ခွင့်တောင်းလတ်သော် သကျမဟာရာဇ ဖြစ်သော ဘဒ္ဒိယ-ရဟန်း ပြုလျှင် သင်ချစ်သားလည်း ရဟန်းပြုလော-ဟု ဆိုသဖြင့် ဘဒ္ဒိယ သာကီဝင်မင်းကို တိုင်ပင်၏။ ဘဒ္ဒိယသည် ငါသည် သင်နှင့်-ဟုဆိုပြီးမှ သင် အလိုရှိတိုင်းပြုလော၊ ငါမပြုနိုင်ဟု ဆို၍ ခုနစ်နှစ်ဆိုင်းပါ-ဟု ဆို၏။ ကြာလွန်းသည် မဆိုင်းနိုင်-ဟု ဆိုသဖြင့် ၆ နှစ်ဆိုင်းပါ၊ ၅ နှစ်ဆိုင်းပါ၊ ...လ... ခုနစ်လ၊ ခြောက်လဆိုင်းပါ၊ ...လ... ခုနစ်ရက်ဆိုင်းပါဟု ဆို၏။
ခုနစ်ရက်ရှိလတ်သော် ဘဒ္ဒိယ သာကီဝင်မင်း၊ အနုရုဒ္ဓါ၊ အာနန္ဒာ၊ ဘဂု၊ ကိမိလ၊ ဒေဝဒတ် - ခြောက်ယောက်သည် ဥပါလိဆေတ္တာသည်နှင့် ခုနစ်ယောက်ဖြစ်၍ ဥယျာဉ်သို့ ထွက်သကဲ့သို့ စစ်အင်္ဂါ လေးပါးဖြင့်ထွက်၍ တိုင်းတစ်ပါးသို့ ရောက်လတ်သော် တန်ဆာဘဏ္ဍာ အားလုံးကို ဥပါလိအား “သင်အသက်မွေးနိုင်လောက်ပြီ-ယူ၍ ပြန်ချေတော့”ဟု ထွက်သွားကုန်၏။
ဥပါလိသည် ပြန်သွားစဉ်၊ ထိုတန်ဆာတို့ကို သစ်ပင်၌ဆွဲ၍ မြင်သူယူစေသတည်းဟုဆို၍ ရဟန်းပြုမည်-ဟု မင်းသားတို့နောက်သို့ လိုက်သွား၏။ ဘုရားရှင်ထံ ရောက်လတ်သော် မြတ်စွာဘုရား - သာကီဝင်မင်းသား တို့သည် မာနကြီးကြပါသည်။ ဤဥပါလိအား ရှေးဦးစွာ ရှင်ရဟန်း ပြုပေးတော်မူပါ၊ ဥပါလိကို ရှိခိုးခြင်း အရိုအသေပြုခြင်းတို့ဖြင့် သာကီဝင် မာနမှ ကင်းပျောက်ကြပါလိမ်မည်-ဟု လျှောက်ကုန်၏။ ရဟန်း ပြုပြီးနောက် ထိုနှစ်အတွင်း၌ပင် အရှင်ဘဒ္ဒိယသည် ဝိဇ္ဇာသုံးပါးကိုရ၏။ ရှင်အနုရုဒ္ဓါသည် ဒိဗ္ဗစက္ခုကိုရ၏။ ရှင်အာနန္ဒာသည် သောတာပန်တည်၏။ ရှင်ဒေဝဒတ်သည် ပုထုဇဉ်တန်ခိုး ရ၏။
ထိုအခါ ရှင်ဘဒ္ဒိယသည် တောအုပ်၊ သစ်ပင်ရင်း၊ ဆိတ်ငြိမ်ရာတို့သို့ ချဉ်းကပ်တိုင်း အဟောသုခံ၊ အဟောသုခံဟု ဥဒါန်းကျူး၏။ မင်းစည်းစိမ်ကို သတိရ၍ လူထွက်လိုသလောဟု ရဟန်းတို့မှတ်ထင်၍ ဘုရားရှင်အား လျှောက်ကုန်၏။
ခေါ်၍မေးလတ်သော် ရှေး၌ မြို့တွင်း မြို့ပ အဆင့်အရှောက်များစွာဖြင့် မင်းလုပ်ရသော်လည်း ထိတ်လန့် ရွံရှာခြင်းဖြင့်သာ နေရပါသည်၊ ယခုကား ထိတ်လန့်ရွံရှာခြင်း မရှိ၊ ကြောင့်ကြခြင်း မရှိ၊ ပန္နလောမ-ကြက်သီးထခြင်းမရှိ၊ ငြိတွယ်ကင်းစင်- တောသမင်ပမာ ချမ်းသာစွာနေရပါသောကြောင့် အဟောသုခံ၊ အဟောသုခံ-ဟု ဥဒါန်းကျူးကြောင်းကို လျှေက်ထား၏။
ထိုအခါ မြတ်စွာဘုရားသည်- ယဿန္တရတော ....လ... ဒဿနာယ-ဟု ဥဒါန်းကျူးတော်မူ၏။
(ကိုယ်တွင်း စိတ်တွင်း၌ အမျက်ဒေါသကင်း၍ ဘဝ၊ အဘဝ-လွန်မြောက်သော ချမ်းသာကြီး ရှိသူကို နတ်တို့သော်မှလည်း မြင်နိုင်ခဲကုန်၏ဟူလို။)
(ငါသည်သင်နှင့်စသည်၌ “ငါသည်သင်နှင့်အတူ ရဟန်းပြုပါအံ့” ဟု ချစ်ခင်စွာ အဆောတလျင် ဆိုလိုလျက် မင်းစည်းစိမ် လောဘကြောင့် “ငါသည် သင်နှင့်” ဤမျှဆို၍ အကြွင်းကို မဆိုနိုင်-ဟု သိအပ်၏။
ဘဝသည် သမ္ပတ္တိ၊ ဝုဍ္ဎိ၊ သဿတ၊ ပုည ဖြစ်၏။
ဝိဘဝသည် ဝိပတ္တိ၊ ဟာနိ၊ ဥပစ္ဆေဒ၊ ပါပဖြစ်၏။ ဝိဘဝနှင့်အဘဝသည် အနက်တူဖြစ်၏။
ထိုကြောင့် ဘဝ၊ အဘဝ လွန်မြောက်ခြင်းသည် သမ္ပတ္တိ ဝိပတ္တိ၊ ဝုဍ္ဎိ ဟာနိ၊ သဿတ ဥစ္ဆေဒ၊ ပုည ပါပ အစွမ်းဖြင့် များသောဘဝ၊ အဘဝကို မဂ်လေးတန်ဖြင့် လွန်မြောက်ခြင်းဖြစ်၏။
နာနုဘဝန္တိသည် နသမ္ပာပုဏန္တိ၊ မရာက်ကုန်၊ မရကုန်။ ဒုလ္လဘံ ဟူလို။)
အဇာတသတ်အား ဒေဝဒတ်တန်ခိုးပြုခြင်း
မြတ်ဘုရားသည် အနုပိယာမှ ကောသမ္ဗီသို့ကြွ၍ ဃောသိတာရုံကျောင်း၌ နေတော်မူသောအခါ အရှင်ဒေဝဒတ်သည် ငါသည် အဇာတသတ်မင်းသားကို ကြည်ညိုစေရမူ ငါ့အား လာဘသက္ကာရ များစွာ ဖြစ်လတ္တံ့-ဟု ကြံ၍ ရာဇဂြိုဟ်သို့ကြွသွားပြီးလျှင် မိမိအသွင်ကိုပယ်၍ လုလင်အသွင်ဖန်ဆင်း၍ အဟိ မေခလိကာယ-မြွေကိုခါး၌ဖွဲ့၍ အဇာတသတ်၏ ဥစ္ဆင်္ဂ-ရင်ခွင်၌ ထင်ရှားစွာဖြစ်၏။
အဇာတသတ်လွန်စွာ ထိတ်လန့်သောအခါ မင်းသား ထိတ်လန့်သလော၊ ငါဒေဝဒတ် ဟုဆို၍ လုလင် အသွင်ပယ်၍ သပိတ်သင်္ကန်း ဆောင်လျက် မင်းသားရှေ့၌ရပ်၏။ အဇာတသတ်သည် ဒေဝဒတ်တန်ခိုး ပြာဋိဟာဖြင့် လွန်စွာကြည်ညို၍ ရထားငါးရာဖြင့် ညချမ်း၊ နံနက်ခစားခြင်းငှါ သွား၏။ ဆွမ်းကျက်အိုး ငါးရာလည်း ဆောင်၏။
ထိုအခါ ဒေဝဒတ်အား လာဘ်လာဘ ပေါများသဖြင့် ငါသည် ရဟန်းသံဃာကို သိမ်းပိုက်မည်-ဟု အလိုဆန္ဒ ဖြစ်၏၊ စိတ်ဖြစ်သည်နှင့် တစ်ပြိုင်နက် ဒေဝဒတ်သည် ထိုတန်ခိုးမှ ဆုတ်ယုတ်လေ၏။ ထိုအခါ ရှင်မောဂ္ဂလာန်၏ ဒါယကာ ကကုဓသည် သေ၍ မနောမယကာယ၌ မဂဓဂါမခေတ်နှစ်ခု သုံးခုမျှသော ကိုယ်ဖြင့် ဖြစ်၏။ (ဝါ-သုံးဂါဝုတ်မျှ ကိုယ်ဖြင့် ဗြဟ္မာဖြစ်၏။) ထို ကကုဓဗြဟ္မာသည် ရှင်မောဂ္ဂလာန်ထံ ချဉ်းကပ်၍ “ဒေဝဒတ်လာဘ်ကိုမှီ၍ ရဟန်းသံဃာကို သိမ်းပိုက်မည်-ဟု စိတ်ဖြစ်သည်နှင့် တစ်ပြိုင်နက် တန်ခိုးမှ ဆုတ်ယုတ်လေပြီ”ဟု-လျှောက်၏။ ရှင်မောဂ္ဂလာန်သည် ထိုအကြောင်းကို ဘုရားရှင်အား လျှောက်ကြား၏။
ချစ်သား မောဂ္ဂလာန် ... ကကုဓစကား အားလုံးမှန်သလော၊ မှန်ပါသည်ဘုရား၊ ချစ်သား မောဂ္ဂလာန် .... ထိုစကားကို စောင့်ရှောက်လော၊ ယခုအခါ မောဃပုရိသသည် မိမိကိုယ်တိုင် မိမိကိုယ်ကို ထင်စွာပြုလတ္တံ့၊ ချစ်သား မောဂ္ဂလာန် ... လောက၌ ဂိုဏ်းဆရာငါးဦး ရှိ၏။ ငါးဦးကား - ဆရာအချို့သည် သီလ မစင်ကြယ်ဘဲလျက် သီလစင်ကြယ်သည်-ဟု ဝန်ခံ၏။ ထိုဆရာကို တပည့်တို့သည် “သီလ မစင်ကြယ်ဘဲလျက် သီလစင်ကြယ်သည်-ဟု ဝန်ခံသည်၊ လူတို့အား ငါတို့ပြောကြားလျှင် အကျိုးမရှိ၊ ငါတို့အား ပစ္စည်းလေးပါးဖြင့် သမန္နတိ မြတ်နိုးအောင်ပြု၏။ တုမှေဝ-တု မေဝ-ထို ဂိုဏ်းဆရာသည်သာလျှင် မိမိပြုသဖြင့် မိမိထင်ရှားလတ္တံ့” ဟု သိကုန်၏။
ချစ်သား မောဂ္ဂလာန် ... ဤသို့သော ဂိုဏ်းဆရာကို တပည့်တို့သည် သီလဖြင့် စောင့်ရှောက်ကုန်၏။ ဂိုဏ်းဆရာသည်လည်း တပည့်ကို သီလဖြင့် စောင့်ရှောက်ခြင်းကို တောင့်တ၏။ ထိုမှတစ်ပါး ဆရာ အချို့သည် --
အသက်မွေး မစင်ကြယ်ဘဲလျက် ....လ... တောင့်တ၏။
တရားဟော မစင်ကြယ် ဘဲလျက် ...၊
ဝေယျာကရဏ- ပြောကြားခြင်း မစင်ကြယ်ဘဲလျက် ...၊
ဉာဏ် အမြင်မစင်ကြယ်ဘဲလျက် ...လ... တောင့်တ၏။
ဤသို့ ဂိုဏ်းဆရာငါးဦး ရှိ၏။
ချစ်သား မောဂ္ဂလာန် ... ငါဘုရားသည်ကား သီလ၊ အသက်မွေး၊ တရားဟော၊ ပြောကြားခြင်း၊ ဉာဏ်အမြင် (ဤငါးပါး) စင်ကြယ်၍ စင်ကြယ်သည်-ဟု ဝန်ခံ၏၊ ငါဘုရားကို တပည့်တို့သည်လည်း သီလစသည်တို့ဖြင့် မစောင့်ရှောက်ကုန်။ ငါဘုရားသည်လည်း တပည့်ကို စောင့်ရှောက်ခြင်းကို မတောင့်တ-ဟု မိန့်တော်မူ၏၊
(အဟိမေခလိကာသည် အဟိံ ကဋိယံ ဗန္ဓိတွာ- မြွေကိုခါး၌ ဖွဲ့၍တည်း။
ဥစ္ဆင်္ဂသည်အင်္က။ သမ္မန္နတိသည် သမ္မာနေတိ။ တုမေဝသည်သော။)
(သာဋီ ... ဆွမ်းကျက်အိုးတစ်ခုသည် လူဆယ်ယောက် စားလောက်၏။
မနောမယကာယသည် ဈာန်စိတ်ဖြင့်ဖြစ်သော ဗြဟ္မာကာယဖြစ်၏။ မဂဓဂါမခေတ်အငယ်သည် ဥသဘ ရှစ်ဆယ်-တစ်ဂါဝုတ်ရှိ၏။ အလတ်သည် နှစ်ဂါဝုတ်-ယူဇနာဝက်ရှိ၏။ အကြီးသည် သုံးဂါဝုတ်ရှိ၏။ ထို ဗြဟ္မာ၏ကိုယ်သည် ဂါမခေတ်အငယ်ဆုံး သုံးခုမျှဖြင့် သုံးဂါဝုတ်ရှိ၏။
ပရိဟရိဿာမိ သိမ်းပိုက်မည်-ဟူသည် ပဋိဇဂ္ဂိဿာမိ၊ ဂေါပယိဿာမိ၊ သတ္ထာရောတိ-ဂဏသတ္ထာရော။ (ဂိုဏ်းဆရာ။)
သမ္မန္နတိသည် အမှာကံ သမ္မာနံ ကရောတိ။ တစ်နည်း ပရေဟိ သမ္မာနိယတိ။
ဝိဋီ ... မင်းသားကို ကြည်ညိုစေရမူ စသည်ဖြင့်ပထမကြံစည်ခြင်းသည် အားနည်းသောကြောင့် ထိုအခါ ဒေဝဒတ်အား ဈာန်မှဆုတ်ယုတ်ခြင်း မဖြစ်သေး။ နောက်မှသာဖြစ်သည်ဟု မှတ်အပ်၏။
မဂဓတိုင်း၌ ဂါမခေတ်သည် အငယ်တစ်ဂါဝုတ်။ အလတ်တစ်ဂါဝုတ်ခွဲ၊ အကြီးကား ယူဇနာများစွာပင်ရှိ၏။ ဗြဟ္မာ၏ကိုယ်သည် အငယ်ဖြင့်သုံးဂါမခေတ်၊ အလတ်ဖြင့် နှစ်ဂါမခေတ် ရှိ၏။
သမ္မန္နတိသည် စီဝရာဒိနာအမှာကံ သမနံကရောတိ၊ တစ်နည်း၊ ပရေဟိအယံသတ္တာ သမာနိယတိ။)
ဒေဝဒတ်လာဘ်ပေါခြင်း
မြတ်စွာဘုရားသည် ကောသမ္ဗီမှ ရာဇဂြိုဟ်သို့ ကြွလာ၍ ပေဠုဝန်ကျောင်း၌ နေတော်မူ၏။ ထိုအခါ များစွာသော ရဟန်းတို့သည် ဘုရားရှင်ထံချဉ်းကပ်၍ မြတ်စွာဘုရား၊ အဇာတသတ်မင်းသားသည် ဒေဝဒတ်ထံ ရထားငါးရာဖြင့် ညချမ်း၊ နံနက် ခစားခြင်းငှါ သွားပါသည်။ ဆွမ်းကျက်အိုးငါးရာ ဆောင်ပို့ပါသည် ဟု လျှောက်၏။
ချစ်သားတို့ ... ဒေဝဒတ်၏ လာဘ်ပေါခြင်း ကျော်စောခြင်းကို မမြတ်နိုးကြလင့်။
ချစ်သားတို့ ... အကြင်ရွေ့လောက် ဒေဝဒတ်အား အဇာတသတ် ခစားခြင်း၊ ဆွမ်းပို့ခြင်းသည် ဖြစ်လတ္တံ့၊ ထိုရွေ့လောက် ဒေဝဒတ်အား ကုသိုလ် တရားတို့၏ ဆုတ်ယုတ်ခြင်းကိုသာ အလိုရှိအပ်၏။ တိုးပွားခြင်းကို အလိုမရှိအပ်။
ကြမ်းသောခွေး၏ နှာခေါင်း၌ သည်းခြေကို ဘိန္ဒေယျ- ခွဲကုန်ရာ၏။ ထိုသို့ ခွဲလျှင် အတိုင်းထက်အလွန် ကြမ်းသကဲ့သို့ ဆုတ်ယုတ်ခြင်းကိုသာ အလိုရှိအပ်၏။
ချစ်သားတို့ ... မိမိကိုယ်ကို သတ်ခြင်းငှါ၊ ပျက်စီးခြင်းငှါ ဒေဝဒတ်အား လာဘ၊ သက္ကာရ၊ အကျော် အစောသည် ဖြစ်ချေပြီ။
ချစ်သားတို့ ... မိမိကိုယ်ကို သတ်ခြင်းငှါ၊ ပျက်စီးခြင်းငှါ ငှက်ပျောပင် သီးသကဲ့သို့၊ ဝါးပင်၊ ကျူပင်သီးသကဲ့သို့၊ အဿတိုရ်ခြင်းမ-ကိုယ်ဝန်ရသကဲ့သို့ ဖြစ်ချေပြီ။ ငှက်ပျော-သီးသတ်၊ ဝါး-သီးသတ်။ ကျူလဲ အသီး သတ်သည်။ အဿတိုရ်မြတ်-ကိုယ်ဝန်သတ်၊ လူယုတ်ကိုကား လာဘ်သတ်သည်- ဟု မိန့်တော်မူ၏။
(သာဋီ … နှာခေါင်း၌ သည်းခြေကို ခွဲကုန်ရာ၏-ဟူသည် ဝံသည်းခြေ၊ ငါးသည်းခြေ တစ်ခုခုကို နှာခေါင်းတွင်း၌ ထည့်သွင်းကုန်ရာ၏တည်း။
အဿတိုရ်မြင်းမ ဟူသည် ဝဠဝါ-မြည်းမ၏ဝမ်း၌ ဂဒြဘ-မြည်းကလေး၏ ဖြစ်ရာမြဲတည်း။ ထိုမြည်းမကို မြင်းနှင့် ယှဉ်စေကုန်၏။ ထိုမြည်းမသည် ကိုယ်ဝန်ရ၍ အခါရောက်သော် မွေးခြင်းငှါ မဟတ်နိုင်၍ ခြေတို့ဖြင့် မြေကိုပုတ်ခတ်၍ နေ၏။ ထိုအခါ ခြေလေးချောင်းကို ငုတ်လေး လေးခု၌ ချည်၍ ဝမ်းကိုခွဲ၍ သားငယ်ကို ထုတ်ယူကုန်၏။ မြည်းမသည် ထို၌ပင်သေ၏။ ထို့ကြောင့် မိမိကိုယ်ကို သတ်ခြင်းငှါ ကိုယ်ဝန်ရသည်-ဟု ဆိုအပ်၏။
ဝိဋီ … ထိုအတိုင်းပင်တည်း။)
ဒေဝဒတ်၏ ပထမရန်ငြိုး
ထိုအခါ မြတ်စွာဘုရားသည် ပရိသတ်များစွာ ခြံရံလျက် မင်းနှင့်တကွသော ပရိသတ်၌ တရားဟောကာ နေတော်မူ၏။ ထိုအခါ ဒေဝဒတ်သည် နေရာ၌ထ၍ လက်အုပ်ချီ၍ -မြတ်စွာဘုရား ... မြတ်စွာဘုရားသည် အိုမင်းပါပြီ၊ ကြီးရင့်ပါပြီ၊ ကြောင့်ကြမဲ့ ချမ်းသာစွာ နေတော်မူပါ၊ ရဟန်းသံဃာကို အကျွန်ုပ်သို့ အပ်နှင်းတော် မူပါ၊ ကောင်းစွာသိမ်းပိုက် စောင့်ရှောက်ပါမည်-ဟု လျှောက်၏။
ဒေဝဒတ်၊ အလိုမရှိသင့်၊ မသင့်မတော်-ဟု မိန့်တော်မူ၏။ နှစ်ကြိမ်မြောက်လည်း ထိုအတူ မိန့်တော်မူ၏။ သုံးကြိမ်မြောက်၌ ဒေဝဒတ်၊ ငါသည် ရဟန်းသံဃာကို သာရိပုတ္တရာ၊ မောဂ္ဂလာန်တို့အား သော်လည်း မအပ်နှင်း။ ခေဠာပက-တံတွေး စားသော ယုတ်ညံ့သော သင်အား အဘယ်မှာ အပ်နှင်းနိုင်အံ့နည်း”ဟု မိန့် တော်မူ၏။
ထိုအခါဒေဝဒတ်သည် မင်းနှင့်တကွသော ပရိသတ်၌ ခေဠာပကဝါဒဖြင့် ငါ့ကိုမောင်းမဲသည်၊ သာရိပုတ္တရာ မောဂ္ဂလာန်တို့ကို မြှောက်စားသည်-ဟု ဘုရားရှင်ကို ရှိခိုး၍ လက်ယာရစ် လှည့်၍ ဖဲသွားလေ၏။ ဤကား ပထမရန်ငြိုးတည်း။
(ခေဠာပက ဟူသည်၌ မိစ္ဆာဇီဝဖြင့်ဖြစ်သော ပစ္စည်းသည် သူတော်ကောင်းတို့ ထွေးအန်အပ်ကြောင့် တံတွေးနှင့်တူ၏။ ထိုသို့သော ပစ္စည်းကို စားသူဖြစ်သောကြောင့် ခေဠာပက-ဟု မိန့်ဆိုသည်။)
(ခေဠပက၊ ခေဠာသက-အက္ခရာ ကွဲ၏။)
ပကာသနီယကံပြုခြင်း
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ဤသို့မိန့်တော်မူ၏၊ ချစ်သားတို့ ... သံဃာသည် ဒေဝဒတ်အား ရာဇဂြိုဟ်၌ ပကာသနီယကံကိုပြုလော “ရှေး၌ ဒေဝဒတ်၏ သဘောသည် တစ်မျိုး၊ ယခုတစ်မျိုးဖြစ်ပြီ၊ ဒေဝဒတ်၏ ပြုသမျှ၊ ပြောသမျှဖြင့် ဗုဒ္ဓ၊ ဓမ္မ၊ သံဃကို မရှုအပ်။ ဒေဝဒတ်ကိုသာ ရှုအပ်၏” ဟု ထင်ရှားပြသော ပကာသနီယကံကိုပြုလော၊ ဗျတ္တရဟန်းသည် သံဃာကို ဉတ္တိ ဒုတိယကံဖြင့် သိစေအပ်၏။ ဝါ-ရှေး၌ ဒေဝဒတ်၏ သဘောသည် တစ်မျိုး၊ ...လ... ဒေဝဒတ်ကိုသာ ရှုအပ်၏-ဟု သံဃာသည် ဒေဝဒတ်အား ရာဇဂြိုဟ်၌ ပကာသနီယကံကို ပြုရာ၏။ ပြု၏။ ပြုပြီဟု သိအပ်၏။ (ပကာသနီယကံသည် မျက်ကွယ်ကံ ရှစ်ခု၌ပါဝင်သည်။)
ဤသို့ မိန့်တော်မူပြီးလျှင် ရှင်သာရိပုတ္တရာကို ချစ်သား သာရိပုတ္တရာ … သင်သည် ဒေဝဒတ်ကို ရာဇဂြိုဟ်၌ ထင်ရှားပြလော့-ဟု မိန့်တော်မူ၏။
မြတ်စွာဘုရား ... “ရှေး၌ ဂေါဓိပုတ္တသည် တန်ခိုးကြီး၏။ အာနုဘော် ကြီး၏”ဟု ဒေဝဒတ်၏ ဂုဏ်ကျေးဇူးကို ရာဇဂြိုဟ်၌ ပြောဖူးသည်ဖြစ်ပါ၍ အဘယ်သို့လျှင် ထင်ရှားပြနိုင်ပါအံ့နည်း-ဟု လျှောက်၏။ ချစ်သား သာရိပုတ္တရာ … သင်သည် ဒေဝဒတ်၏ ဂုဏ်ကျေးဇူးကို ဟုတ်တိုင်းမှန်စွာ ပြောဖူးသည် မဟုတ်လော။ ဟုတ်တိုင်းမှန်စွာ ပြောဖူးပါသည် ဘုရား။ ဤအတူသာလျှင် ဟုတ်တိုင်းမှန်စွာ ထင်ရှားပြလော။ ပြပါမည်ဘုရား-ဟု ရှင်သာရိပုတ္တရာ ဝန်ခံ၏။
ချစ်သားတို့ ... သံဃာသည် သာရိပုတ္တရာကို ဒေဝဒတ်ကို ထင်ရှားစွာပြခြင်းငှါ သမုတ်လော၊ ရှေးဦးစွာ သာရိပုတ္တရာကို တောင်းပန်၍ ဗျတ္တရဟန်းသည် သံဃာကို ဉတ္တိဒုတိယကံဖြင့် သိစေအပ်၏၊ ဝါ- ရှေး၌ ဒေဝဒတ်၏ သဘောသည်တစ်မျိုး ...လ... ဒေဝဒတ်ကိုသာ ရှုအပ်၏-ဟု ဒေဝဒတ်ကို ရာဇဂြိုဟ်၌ ထင်ရှားစွာပြခြင်းငှါ သံဃာသည် ရှင်သာရိပုတ္တရာကို သမုတ်ရာ၏။ သမုတ်၏။ သမုတ်ပြီဟု သိစေအပ်၏။
သမုတ်အပ်သော ရှင်သာရိပုတ္တရာသည်လည်း ရဟန်းများစွာနှင့် တကွ ရာဇဂြိုဟ်သို့ဝင်၍ ဒေဝဒတ်ကို ရာဇဂြိုဟ်၌ ထင်ရှားစွာပြ၏။ “ရှေး၌ ဒေဝဒတ်၏ သဘောသည်တစ်မျိုး၊ ယခုတစ်မျိုးဖြစ်ပြီ။ ဒေဝဒတ်၏ ပြုသမျှ ပြောသမျှဖြင့် ဗုဒ္ဓ၊ ဓမ္မ၊ သံဃကို မရှုအပ်၊ ဒေဝဒတ်သာ ရှုအပ်၏” ဟုပြ၏။
ထိုအခါ သဒ္ဓါပညာ နည်းသူတို့သည် ဤရဟန်းတို့ကား ဒေဝဒတ်၏ လာဘသက္ကာရကို ငြူစူကြသည်-ဟု ဆိုကုန်၏။ သဒ္ဓါပညာ ရှိသူတို့ကား ဤအမှုသည် ယုတ်ညံ့သည် မဟုတ်လတ္တံ့၊ မြတ်စွာဘုရားသည် ဒေဝဒတ်ကို ရာဇဂြိုဟ်၌ ထင်ရှားစွာ ပြစေတော်မူသည်-ဟု ဆိုကုန်၏။
ခမည်းတော်ကို သတ်ခိုင်းခြင်း
ထိုအခါ ဒေဝဒတ်သည် အဇာတသတ်မင်းသားထံ ချဉ်းကပ်၍ မင်းသား ... ရှေး၌ လူတို့အသက်ရှည်သည်၊ ယခုအသက်တို့သည်၊ သင်သည် မင်းသားအဖြစ်ဖြင့်သာ သေဖွယ်ရာရှိ၏။ ထိုကြောင့် ခမည်းတော်ကိုသတ်၍ မင်းပြုလော၊ ငါသည် ဘုရားကိုသတ်၍ ဘုရားပြုအံ့-ဟု ဆို၏။
အဇာတသတ်သည် ဒေဝဒတ်ကို “သိတတ်သော တန်ခိုးရှင်”ဟု ယုံကြည်သဖြင့် ပေါင်၌ ပေါတ္ထနိက- ဓားဦးချွန်ကိုချည်၍ နေ့ခင်းကြောင်တောင် အဆောတလျှင် နန်းတော်တွင်းသို့ ဝင်လေ၏၊ အနီးရှိ အမတ်တို့သည် မင်းသားကိုဖမ်း၍ ရှာဖွေစစ်ဆေးလတ်သော် ဓားဦးချွန်တွေ့ခြင်း၊ ခမည်းတော်ကိုသတ်မည်-ဟု ဆိုခြင်း၊ ဒေဝဒတ်စေခိုင်းသည်-ဟု ဆိုခြင်းကြောင့် မင်းသားကို လည်းကောင်း၊ ဒေဝဒတ်ကို လည်းကောင်း၊ ရဟန်းတို့ကို လည်းကောင်း သတ်အပ်ကုန်၏-ဟု အချို့ အမတ်တို့ ဆိုကုန်၏။
အချို့ကား ရဟန်းများ အပြစ်ရှိ၊ မင်းသားနှင့် ဒေဝဒတ်ကိုသာ သတ်အပ်ကုန်၏-ဟု ဆိုကုန်၏။ အချို့ကား မင်းကြီးထံပို့၍ မင်းကြီး ဆိုတိုင်း ပြုကုန်အံ့-ဟု ဆိုကုန်၏။ မင်းကြီးထံရောက်၍ မိမိတို့အလိုဆန္ဒကို သံတော်ဦးတင်ကြသောအခါ မင်းကြီးသည် အချင်းတို့ ... ဗုဒ္ဓ၊ ဓမ္မ၊ သံဃသည် အဘယ်ကို ပြုလတ္တံ့နည်း၊ မြတ်စွာဘုရားသည် ရှေးမဆွကပင်လျှင် ဒေဝဒတ်၏ သဘောသည် ယခုတစ်မျိုး-ဟု ပကာသနီယကံ ထင်ရှားစွာ ပြုသည်မဟုတ်လော-ဟု ဆို၍ ပထမအမတ်တို့ကို ရာထူးမှ ပယ်၏။ ဒုတိယ အမတ်တို့ကို ရာထူးနှိမ့်ချ၏။ တတိယအမတ်တို့ကို ရာထူးမြှင့်၏။ သားတော် အဇာတသတ်ကို မင်းအဖြစ် အပ်နှင်း၏။
(သာဋီ … ဝိဋီ … ပေါတ္ထနိကသည် ဆူရိက-သံလျက်ဖြစ်၏။ ခရ ဟူ၍လည်း ဆိုကုန်၏။
လေးသမားတို့ကို စေလွတ်ခြင်း
ထိုအခါ ဒေဝဒတ်သည် အဇာတသတ်ထံ ဘုရားရှင်ကို သတ်နိုင်လောက်သော ယောက်ျားတို့ကို (လေးသမား သုံးကျိပ်တစ်ယောက်ကို-ဟူလို။) တောင်းယူ၍ တစ်ယောက်ကို သင်သည်သွား၍ ရှင်ကြီးဂေါတမကို သတ်၍ ဤခရီးဖြင့် ပြန်လာခဲ့လော-ဟုစေလွှတ်လိုက်၏။ ထိုခရီး၌ နှစ်ယောက်ထား၍ သင်တို့သည် ဤခရီးဖြင့် လာသူ တစ်ယောက်ကို သတ်၍ ဤမည်သောခရီးဖြင့် ပြန်လာလော့-ဟု စေလွတ်လိုက်၏။
ထိုနည်းဖြင့် နှစ်ယောက် လာသောခရီး၌ လေးယောက်ကို၊ လေးယောက်ခရီး၌ ရှစ်ယောက်ကို၊ ရှစ်ယောက်ခရီး၌ တစ်ဆယ့် ခြောက်ယောက်ကို “ရှစ်ယောက်ကို သတ်၍ ပြန်လာကြလော” ဟု စေလွှတ်လိုက်၏။ ပထမတစ်ယောက်သည် သံလျက်၊ ကာကို ကိုင်၍ လေး၊ မြားတောင့်ကိုလွယ်၍ ဘုရားရှင်အနီးသို့ ကပ်၍ ကြောက်ရွံ့စွာ မလှုပ်သောကိုယ်ဖြင့် ရပ်၏။ ဘုရားရှင် မြင်လတ်သော် မကြောက်နှင့် လာခဲ့လော”ဟု ခေါ်တော်မူ၏။
ထိုယောက်ျားသည် လက်နက်တို့ကိုချ၍ ဘုရားရှင်အနီးသို့ ချဉ်းကပ်၍ ခြေတော်တို့ကို ဦးခိုက်၍ အစ္စယောမံဘန္တေ စသည်ဖြင့် “သတ်မည်ဟု ချဉ်းကပ်မိပါပြီ၊ သည်းခံတော်မူပါ”ဟု လျှောက်၏။ ငါသည်းခံ၏။ အပြစ်ကိုမြင်၍ တောင်းပန်ခြင်းသည် ကြီးပွားကြောင်းဖြစ်သည်- ဟု မိန့်တော်မူ၍ ဒါနကထာ စသော တရား စကားကို အစဉ်အတိုင်း ဟောပြ၏။
တရားအဆုံး၌ သစ္စာလေးပါး မြင်သိသော ဓမ္မစက္ခုဉာဏ်ဖြင့် သောတာပန်တည်၍ သရဏဂုံ ဆောက်တည်၍ ဥပါသကာအဖြစ်ကို ဝန်ခံ၏။ ထိုအခါ မြတ်စွာဘုရားသည် သင်သည် ဤခရီးဖြင့် မသွားလင့်၊ ဤမည်သော ခရီးဖြင့် သွားလော့-ဟု တစ်ပါးသော ခရီးဖြင့် လွှတ်လိုက်၏။
ထိုနောက် ယောက်ျား နှစ်ယောက်သည် ထိုသူ လာခဲလှသည်-ဟု ခရီးသို့ ရှေးရှုသွားလတ်သော် သစ်ပင်တစ်ခုအောက်၌ ဘုရားရှင်ကိုမြင်၍ ချဉ်းကပ်ကုန်၏။ ဘုရားရှင် တရားဟောသည်ကို နာရ၍ သောတာပန်တည်၍ ဥပါသကာအဖြစ်ကို ဝန်ခံကုန်၏။ ဘုရားရှင်သည် ထိုသူတို့ကို ဤခရီးဖြင့် မသွားလင့် ဟု ခရီးလွဲ၍လွှတ်လိုက်၏။
ဤနည်းဖြင့် လေးယောက်၊ ရှစ်ယောက်၊ တစ်ဆယ့်ခြောက်ယောက်တို့သည် သောတာပန်တည်၍ ဥပါသကာ အဖြစ်ကို ဝန်ခံကုန်၏။ ထိုသူတို့ကိုလည်း ခရီးလွဲ၍ လွှတ်လိုက်၏။ ထိုအခါ တစ်ယောက်သော ယောက်ျားသည် ဒေဝဒတ်ထံ ချဉ်းကပ်၍ အကျွန်ုပ်သည် ဘုရားရှင်ကိုသတ်ခြင်းငှါ မတတ်နိုင်၊ လွန်စွာ တန်ခိုးကြီးပါသည်-ဟု ဆိုလတ်သော် ကောင်းပြီ၊ ရဟန်း ဂေါတမကို အသင်မသတ်နှင့် ငါကိုယ်တိုင် သတ်မည်-ဟု ဆို၏။
ကျောက်တုံးလှိမ့်ချခြင်း
ထိုအခါ မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ် တောင်ရိပ်၌ စင်္ကြန်ကြွတော်မူ၏။ ဒေဝဒတ်သည် တောင်ပေါ်သို့ တက်၍ ကြီးစွာသော ကျောက်တုံးကြီးကို ဤကျောက်တုံးကြီးဖြင့် သတ်မည်-ဟု လှိမ့်ချလိုက်၏။ နှစ်ခုသော တောင်ထွဋ်တို့သည် အညီအညွတ်လာ၍ ထိုကျောက်တုံးကို ခံကုန်၏။ ထိုမှ ကျောက်လွှာ ပဲ့စင်၍ ဘုရားရှင်၏ ခြေတော်၌ သွေးကိုဖြစ်စေ၏။ (ဝါ-သွေးချေဥ၏၊ သွေးပြင်ပမထွက်။)
ဘုရားရှင်သည် အထက်သို့ ကြည့်၍ မောဃပုရိသ၊ သင်သည် များစွာသော မကောင်းမှုကို ဆည်းပူး၏။ ဝဓကစိတ်ဖြင့် ဘုရားရှင်အား သွေးကိုဖြစ်စေပြီ-ဟု ဒေဝဒတ်ကို မိန့်တော်မူ၍ ရဟန်းတို့ကို ချစ်သားတို့ ... ဒေဝဒတ်သည် ဤ ပထမအနန္တရိယကံကို ဆည်းပူး၏။ ပဓကစိတ်ဖြင့် ဘုရားရှင်အား သွေးကိုဖြစ်စေပြီ (ဝါ- လောဟိတုပ္ပါဒကကံ ထိုက်ချေပြီ) ဟု မိန့်တော်မူ၏။
ရတန်းတို့သည် ဒေဝဒတ်အားထုတ်ပုံ အပြုအမူကြောင့် ကျောင်းတော်အနီး၌ အသံကျယ်စွာ သရဇ္ဈာယ်လျက် သွားလာ စောင့်ရှောက်ကုန်၏။ မြတ်စွာဘုရားသည် ထိုအကြောင်းကိုသိ၍ ထိုရဟန်းတို့ကို ခေါ်ပြီးလျှင် ချစ်သားတို့ ... သူတစ်ပါး လုံ့လဖြင့် ဘုရားရှင်ကို ဇီဝိတိန္ဒြေမှ ချနိုင်သောမည်သည် အကြောင်း မဟုတ်၊ အရာမဟုတ်။ ဘုရားရှင်တို့သည် လုံ့လကင်းခြင်းဖြင့် ပရိနိဗ္ဗာန်စံတော်မူကုန်၏၊
ချစ်သားတို့ ... လောက၌ ဂိုဏ်းဆရာငါးဦးရှိ၏။ သီလ မစဉ်ကြယ်ဘဲလျက်၊ အသက်မွေး မစင်ကြယ်ဘဲ လျက်၊ တရားဟော မစင်ကြယ်ဘဲလျက်၊ ပြောကြားခြင်း မစင်ကြယ်ဘဲလျက်၊ ဉာဏ်အမြင် မစင်ကြယ်ဘဲလျက် …လ… တောင့်တ၏။ ဤသို့ ငါးဦးရှိ၏၊ ချစ်သားတို့ ... ငါဘုရားကား ထိုငါးပါးလုံး စင်ကြယ်၏ ...လ… ၊ မတောင့်တ။
အဋ္ဌာန မေတံ ဘိက္ခေ၀ အနဝကာသော၊ ယံ ပရူပက္ကမေနတထာဂတံ ဇီဝိဟာ ဝေါရောပေယျ၊ အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ။ ဂစ္ဆထ တုမှေ ဘိက္ခဝေ ယထာပိဟာရံ။ အရက္ခိယာ ဘိက္ခဝေ တထာဂတာ။
ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
ယံ၊ အကြင်အကြောင်း အခြင်းအရာကြောင့်။
ပရူပက္ကမေန၊ သူတစ်ပါးလုံ့လဖြင့်။
တထာဂတံ၊ မြတ်စွာဘုရားကို။
ဇီဝိဟာ၊ ဇီဝိတိန္ဒြေမှ။
ဝေါရောပေယျ၊ ချရာ၏။
ဧတံ၊ ဤအကြောင်းသည်။
အဋ္ဌာနံ၊ အကြောင်း မဟုတ်။
ဧသော၊ ဤအရာသည်။
အနဝကာသော၊ အရာမဟုတ်။
ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
အနုပက္ကမေန၊ လုံ့လကင်းသဖြင့်။
တထာဂတာ၊ မြတ်စွာဘုရားတို့သည်။
ပရိနိဗ္ဗာယန္တိ၊ ပရိနိဗ္ဗာန် စံကုန်၏။
ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
တုမှေ၊ သင်တို့သည်။
ယထာဝိဟာရံ၊ နေမြဲကျောင်းသို့။
ဂစ္ဆထ၊ သွားကြကုန်လော။
ဘိက္ခဝေ၊ ချစ်သား ရဟန်းတို့။
တထာဂတာ၊ မြတ်စွာဘုရားတို့သည်။
အရက္ခိယာ၊ စောင့်ရှောက်အပ်သူတို့ မဟုတ်ကုန်။
ဤသို့ မိန့်တော်မူ၏။
(ဤအခါ၌ လောဟိတုပ္ပါဒကကို အဘဗ္ဗဟု မြတ်စွာဘုရား ပယ်တော်မမူသေး။ ထို့ကြောင့် ဒေဝဒတ်သည် ရဟန်းအဖြစ်မှ တည်ဆဲသာတည်း။)
နာဠာဂီရိဆင်လွှတ်ခြင်း
ထိုအခါ ရာဇဂြိုဟ်၌ နာဠာဂီရိဆင်သည် ကြမ်း၏။ လူကို သတ်၏၊ ဒေဝဒတ်သည် ဆင်တင်းကုပ်သို့ သွား၍ ဆင်ထိန်းတို့ကို-အချင်းတို့ … ရာဇဉာတက- မင်းသိမှတ်ခံရသော ငါတို့သည် ရာထူးရိက္ခာ တိုးပွားစေနိုင် ကုန်၏။ ထို့ကြောင့် ရဟန်းကြီးဂေါတမ ဤလမ်းသို့ကြွသောအခါ နာဠာဂီရိဆင်ကို လွှတ်ကြလော့-ဟု အမိန့်ပေး၏။
ဆင်ထိန်းတို့သည် ကောင်းပါပြီ-ဟု ဝန်ခံ၍ နံနက်အခါ ရဟန်းများစွာနှင့် ဘုရားရှင် ဆွမ်းခံကြွသောအခါ နာဠာဂီရိဆင်ကို လွှတ်ကုန်၏။ နှာမောင်းထောင်၍ အမြီးနားရွက်မလှုပ်ဘဲ ပြေးလာသော ဆင်ကို ရဟန်းတို့ မြင်၍ မြတ်စွာဘုရား … နောက်ဆုတ်တော်မူပါ၊ ဖဲတော်မူပါ-ဟု လျှောက်ကုန်၏။
ချစ်သားတို့ ... လာကြလော၊ မကြောက်ကြလင့်၊ သူတစ်ပါးလုံ့လဖြင့် ဘုရားရှင်တို့ ပရိနိဗ္ဗာန်မစံကောင်း-ဟု မိန့်တော်မူ၏။ ထိုအခါ လူတို့သည် ပြာသာဒ်ထက် ခေါင်မိုးထက် တက်ကုန်၏။ သဒ္ဓါပညာ နည်းသူတို့ကား အလွန်အဆင်းလှသော ရဟန်းကြီးကို ဆင်နင်းသတ်ချေတော့မည်-ဟု ဆိုကုန်၏။ သဒ္ဓါ ပညာကြီးသူတို့ကား မကြာမီ ပကတိဆင်သည် ဘုရားဆင်နှင့် စစ်ထိုးလတ္တံ့-ဟု ဆိုကုန်၏။
မြတ်စွာဘုရားသည် နာဠာဂီရိဆင်ကို မေတ္တာစိတ်ဖြင့် ဖြန့်၏။ မေတ္တာစိတ်ဖြင့်ထိသော ဆင်သည် နှာမောင်း ချ၍ ချဉ်းကပ်၍ ရှေ့တော်၌ ရပ်၏။ ဘုရားရှင်သည့် လက်ယာလက်ဖြင့် နာဠာဂီရိဆင်၏ ဦးကင်းကို သုံးသပ်လျက် မာကုဉ္ဇရ စသော ဂါထာတို့ဖြင့် မြွက်ဆိုတော်မူ၏။
အချင်း နာဠာဂီရိ ... သင်သည် ဗုဒ္ဓနာဂကို နှိပ်စက်ခြင်းငှါ မကပ်နှင့်၊ ဗုဒ္ဓနာဂကို နှိပ်စက်ခြင်းငှါ ကပ်ခြင်းသည် ဒုက္ခရောက်ကြောင်း တည်း။ ဗုဒ္ဓနာဂကို နှိပ်စက်သူကား ဤဘဝမှနောက်၌ သုဂတိမဖြစ်နိုင်သည်သာတည်း။
မာန်ယစ်သူမဖြစ်နှင့်၊ မေ့လျော့သူမဖြစ်နှင့်၊ မေလျော့သူတို့သည် သုဂတိသို့ မရောက်ကုန်။ သုဂတိသို့ အကြင်အကျင့်ဖြင့် သင်ရောက်လတ္တံ့။ ထိုအကျင့်ကို သင်သာလျှင် အားထုတ်နိုင်လတ္တံ့။
ဤသို့ မြွက်ဆိုသောအခါ နာဠာဂီရိဆင်သည် နှာမောင်းဖြင့် ဘုရားရှင်၏ ဖဝါးမြေမှုန့်တို့ကိုယူ၍ ဦးထိပ်ထက်၌ ဖြန့်ကြဲ၍ ဘုရားရှင်ကို မြင်ရသောအရပ်အဆုံးတိုင် ပုဆစ်တုပ်လျက် နောက်ဆုတ်ကာ ဖဲသွား၏။ ထိုနောက် ဆင်တင်းကုပ်သို့သွား၍ မိမိနေရာ၌ နေ၏။ ထိုမျှလောက် နာဠာဂီရိဆင်သည် လိမ္မာယဉ်ကျေးလေပြီ။
ထိုအခါ လူတို့သည် ဒဏ္ဍေနေကေ ဒမယန္တိ စသည်ဖြင့် ဂါာထာကိုသီဆိုကုန်၏။ တုတ်၊ ချွန်း၊ ကြိမ်တို့ဖြင့်သာ အချို့ဆုံးမကြသည်။ ဘုရားရှင်ကား တုတ် ဓား မပါဘဲ ဆင်ကို ဆုံးမတော်မူနိုင်ပေသည်-ဟု သီဆိုကုန်၏၊
လူတို့သည် ဤဒေဝဒတ်သည် အလွန်ယုတ်မာ၏။ အလက္ခိက အသရေမရှိ။ ရဟန်းဂေါတမအား သော်လည်း သတ်ခြင်းငှါ အားထုတ်ဘိသည် ဟု ကဲ့ရဲ့ကုန်၏။ ဒေဝဒတ်အား လာဘသက္ကာရ ဆုတ်ယုတ်၏။ ဘုရားရှင်အား လွန်စွာ တိုးပွား၏။
(ရာဇဉာတကဟူသည် ရာဇာအမှေဇာနာတိ- မင်းသည် ငါတို့ကို သိ၏။ (မင်းသည်+သိအပ်သောငါတို့- ကတိယတပ္ပုရိသ် ဟူလို။) ရာဇဉာတက အဖြစ်ဖြင့် မိမိကိုယ်ကို မြှောက်ဆိုသော စကားတည်း။
ဆင် နောက်ဆုတ်သောအခါ ဘုရားသို့ ရှေ့ရှုလျက် နောက်ခြေတို့ဖြင့် နောက်ဆုတ်။
အလက္ခိကသည် နလက္ခေတီတိ အလက္ခိကော၊ နဇာနာတီတိ အတ္ထော။ “ငါမတော်ဘူး” ဟု မသိတတ်သူဖြစ်၏။ တစ်နည်း - နလက္ခိတဗ္ဗောတိ အလက္ခိကော နပဿိတဗ္ဗောတိအတ္တော။ မကြည့်အပ်သူ- ဖြစ်၏။)
(သာဋီ ... အလက္ခိ ကောတိ အဟိရိကော-အရှက်မရှိသူ ဖြစ်၏။) (အသီရိကော ရှိလျှင် အသရေ မရှိသူ ဖြစ်၏)
ယတြဟိနာမာတိယောနာမ- ယင်းဒေဝဒတ်သည် ဘုရားအားသော်လည်း သတ်ခြင်းငှါ အားထုတ်၏။) (ပါဠိတော်၌ ယတြနာမသည် ယောနာမ အနက်ရှိ၏ဟူလို။)
ဒေဝဒတ် တောင်းစားရခြင်း
ထိုအခါ ဒေဝဒတ်သည် လာဘ သက္ကာရ ဆုတ်ယုတ်၍ ပရိသတ်နှင့်တကွ ဒါယကာတို့ထံ၌ တောင်း၍ တောင်း၍ စား၏ “အဘယ်ကြောင့် တောင်း၍စားသနည်း၊ အကောင်း မကြိုက်သူမရှိ” ဟု လူတို့ကဲ့ရဲ့ကုန်၏၊ မြတ်စွာဘုရားသည် ဒေဝဒတ်ကို မေးစစ်ကဲ့ရဲ့၍ တရားဟော၍ ချစ်သားတို့ ... ရဟန်းတို့အား ဒါယကာတို့ထံ၌ တိကဘောဇန-သုံးပါးအတူ အလှူခံ၍ သုံးဆောင်ခြင်းကို ပညတ်ပေအံ့။
အလဇ္ဇီတို့ကို နှိမ်နင်းခြင်းငှါ လည်းကောင်း၊ ယုတ်မာသူတို့သည် အပင်းအသင်းကိုမှီ၍ သံဃာကို မခွဲကြစေလင့်ဟု လဇ္ဇီသီလဝန္တတို့ ချမ်းသာစွာနေရခြင်းငှါ လည်းကောင်း၊ ဒါယကာတို့၏ ကြည်ညိုခြင်းကို စောင့်ရှောက်ခြင်းငှါလည်းကောင်း၊ အကျိုးထူးသုံးပါးကိုစွဲ၍ ပညတ်ပေအံ့။ ဂဏဘောဇန လေးပါးအတူ အလှူခံ၍ သုံးဆောင်ခြင်းကြောင့် ယထာဓမ္မ ကုစားစေအပ်၏။ (ဝါ-ပါစိဘ်)ဟု မိန့်တော်မူ၏။
(တိကဘောဇနသည် ရဟန်းသုံးပါး စားအပ်သော ဘောဇဉ် ဖြစ်၏။ ပညတ်ပေအံ့-ဟူသည် ထို တိကဘောဇနကို ခွင့်ပြုပေအံ့။ ဂဏဘောဇနကြောင့်ကား ယထာဓမ္မ ကုစားစေအပ်၏။)
(သာဋီ … တိကဘောဇနသည် သုံးပါးစားအပ်သော ဘောဇဉ် ဖြစ်၏။ သုံးပါး တစ်ပေါင်းတည်း အလှူခံ၍ သုံးဆောင်ခြင်းငှါ ပညတ်ပေအံ့ဟူလို။
ဝိဋီ … တိကဘောဇနသည် သုံးပါး စားအပ်သော ဘောဇဉ်ဖြစ်၏၊ သုံးပါးထက် အလွန် တစ်ပေါင်းတည်း အလှူခံ၍ သုံးဆောင်ခြင်းငှါ မအပ်သော ဘောဇဉ်သည် ဂဏဘောဇနမည်၏။ ပဋိပက္ခဘောဇနမည်၏-ဟူလို။)
(ဗိမ္ဗိသာရမင်းကြီးကို သတ်သောအမှု စသည်တို့သည် ဒေဝဒတ်ပေါ်၌ ရှေးကမထင်ရှား။ ဆင်လွှတ်သော အခါမှ ဒေဝဒတ်အပေါ်၌ အမှုအားလုံး ထင်ရှားသဖြင့် တိုင်းသူပြည်သားတို့ ဆူပူခြင်းကြောင့် အဇာတသတ်သည် ဒေဝဒတ်နှင့် မဆက်ဆံဝံ့။ ဆွမ်းကျင့်ဝတ်လည်း မပို့ဝံ့၊ ထိုသို့ လာဘ်ဆုတ်ယုတ်ခြင်းကြောင့် တောင်း၍ စားရလေသည်။
ဇီဋီ၌ အကျိုးထူး သုံးပါး ယောဇနာနည်း ယှဉ်ပြသည်။ အကက ဝိညတ္တိ- မအပ်သော တောင်းခြင်းဖြစ်လျှင် ဂဏဘောဇန မဖြစ်သော်လည်း ဝိညတ်ကြောင့် မအပ်-ဟု ညွှန်ပြသည်။)
ဒေဝဒတ်ဆု ငါးပါးတောင်းခြင်း
ထိုအခါ ဒေဝဒတ်သည် ကောကာလိက၊ ကဋမောဒကတိဿက၊ ခဏ္ဍဒေဝီ၏သား သမုဒ္ဒဒတ္တ-ဟူသော ရဟန်းသုံးပါးထံ သွား၍ ရဟန်းဂေါတမ၏ သံဃာကိုခွဲခြင်းငှါ အာဏာစက်-ဖျက်ခြင်းငှါ (ဝါ-သာသနာကို ဖျက်ခြင်းငှါ) ဝတ္ထုငါးပါး တောင်းမည်။ လူတို့သည် လူခပ္ပသန္န ခေါင်းပါးသည်ကို ကြည်ညိုကြသည်-ဟု တိုင်ပင်၍ ဘုရားရှင်ထံ ချဉ်းကပ်၍ ဤသို့ လျှောက်ထား၏။ “မြတ်စွာဘုရား ... မြတ်စွာဘုရားသည် အလိုနည်းခြင်း၊ ရောင့်ရဲလွယ်ခြင်း၊ ခေါင်းပါးခြင်း၊ လုံ့လရှိခြင်းတို့၏ ဂုဏ်ကျေးဇူးကို များစွာ မိန့်ဆိုလေ့ ရှိပါသည်။ ထိုသို့သော ဝတ္ထုငါးပါးကို တောင်းပန်ပါ၏။
၁။ ရဟန်းတို့သည် တစ်သက်လုံး တောကျောင်းနေသူတို့ ဖြစ်ကုန်ရာ၏။ ရွာနီးကျောင်းသို့ကပ်လျှင် အပြစ်သည် ထိုရဟန်းသို့ ဖုသေယျ-ဖုသတု-ရောက်ပါစေသတည်း။
၂။ ဆွမ်းခံစားကုန်ရာ၏၊ ပင့်ဖိတ်သောဆွမ်း စားလျှင် အပြစ်ရောက်စေသတည်း။
၃။ ပံ့သကူသင်္ကန်း ဆောင်ကုန်ရာ၏။ ဒါယကာလှူ သင်္ကန်းဝတ်လျှင် အပြစ်ရောက်စေသတည်း။
၄။ သစ်ပင်ရင်း၌ နေကုန်ရာ၏။ အမိုးတွင်းဝင်လျှင် အပြစ်ရောက်စေသတည်း။
၅။ ငါးအမဲ မစားကုန်ရာ၊ စားလျှင် အပြစ်ရောက်စေသတည်း။ ဤသို့လျှောက်ထား၏။
“ဒေဝဒတ် ... မသင့်လျော်၊
တောနှင့်ရွာ-လိုရာနေစေ၊
ခံဆွမ်းနှင့် ပင့်ဆွမ်း-လိုရာစားစေ၊
ပံ့သကူနှင့် ဒါယကာလှူ-လိုရာဝတ်စေ။
သစ်ပင်ရင်း ကျောင်းကို ရှစ်လခွင့်ပြုထားပြီ။
မြင်ခြင်း၊ ကြားခြင်း၊ ထင်ခြင်း အစွန်းသုံးပါးလွတ်သော ငါးအမဲကို ခွင့်ပြုထားပြီ-ဟု မိန့်တော်မူ၏။
ဒေဝဒတ်သည် ဝတ္တုငါးပါး တောင်းမရသည်ကို (သေလိုသူ အဆိပ်ရသကဲ့သို့) လွန်စွာဝမ်းမြောက်သဖြင့် ပရိသတ်နှင့်တကွ ထ၍ ရှိခိုး၍ လက်ယာရစ်လှည့်၍ ဖဲသွားပြီးလျှင် ရာဇဂြိုဟ်သို့ဝင်၍ လူတို့ကို ပြောပြ၍ ငါတို့ကား ဤငါးပါးသော ဝတ္ထုတို့ကို ဆောက်တည်ကာ ကျင့်တော့ မည်-ဟု ဆို၏။
သဒ္ဓါပညာနည်းသူတို့ကား ဤရဟန်းတို့သည် လွန်စွာ ခေါင်းပါးသော အကျင့်ရှိကုန်၏။ ရဟန်းဂေါတမသည် လာဘ်များအောင် ကျင့်သည်-ဟု ဆိုကုန်၏။ သဒ္ဓါပညာကြီးသူတို့ကား အဘယ်ကြောင့် ဒေဝဒတ်သည် သံဃာခွဲခြင်းငှါ အာဏာစက် ဖျက်ခြင်းငှါ အားထုတ်ဘိသနည်း-ဟု ကဲ့ရဲ့ကုန်၏။
ရဟန်းတို့လည်း ကဲ့ရဲ့၍ ဘုရားရှင်အား လျှောက်ကုန်၏။ ဘုရားရှင်သည် ဒေဝဒတ်ကို မေးစစ်၍ ဟုတ်မှန် ပါသည်-ဟု ဝန်ခံလတ်အော် ဒေဝဒတ် မသင့်လျော်၊ သံဃာခွဲခြင်းကို မနှစ်သက်လင့်၊ သံဃာခွဲခြင်းသည် အလွန်ဝန်လေး၏။ ကပ္ပ-တစ်ကပ်လုံး ငရဲခံရသည်။ ကွဲသောသံဃာကို ညီညွတ်အောင်ပြုလျှင် ကပ္ပ-တစ်ကပ်လုံး နတ်ပြည်၌ မွေ့လျော်ရသည်။ ခွဲခြင်းကို မနှစ်သက်လင့်-ဟု မိန့်တော်မူ၏။
(တောကျောင်းနေသူတို့ ဖြစ်ကုန်ရာ၏-ဟူသည် ဓူတင်ဆောက် တည်၍ တောနေသူတို့ဖြစ်စေကုန်သတည်း။ (အဿုကို ဟောန္တုဖွင့်သည်) ဖူသေယျကား ဖူသတု-အပြစ်သည်ထိစေသတည်း၊ အာပတ်ဖြင့် ပြုစေတော်မူပါဟူလို။ ဘုရားရှင်ခွင့်ပြုလျှင် ကုလပုတ္တများစွာတို့အား မဂ်ဖိုလ်အန္တရာယ် ဖြစ်နိုင်သောကြောင့် ပယ်တော်မူ၍ တောနှင့်ရွာ-လိုရာ နေစေဟု မိန့်တော်မူသည်။
ဘုရားရှင်၏ အလိုတော်ကား ...
ရွာကျောင်းပယ်၍ တောကျောင်း၌နေမှ မဂ်ဖိုလ်ရနိုင်သူတစ်ယောက်၊
တောကျောင်းပယ်၍ ရွာကျောင်း၌နေမှ မဂ်ဖိုလ်ရနိုင်သူတစ်ယောက်၊
ဘယ်မှာနေနေ မဂ်ဖိုလ် ရနိုင်သူ တစ်ယောက်၊
မရနိုင်သော ပဒပရမတစ်ယောက်၊
ဤလေးယောက် တို့တွင်ဒုတိယ ပုဂ္ဂိုလ်မှတစ်ပါး ကြွင်းသုံးယောက်သည် တော၌ နေထိုက်၏။ တပည့်တို့လည်း တော၌နေခြင်းကို အတုလိုက်စရာ-ဟု မှတ်ထင်ကုန်လတ္တံ့။ ယခုဘဝမဂ်ဖိုလ်မရထိုက်သော ပဒုမ ဖြစ်လျှင် နောင်မဂ်ဖိုလ်၏ ဥပနိဿယဖြစ်တ္တံ့၊ ဒုတိယပုဂ္ဂိုလ်ကား အားနည်းသူဖြစ်၏။ ရွာကျောင်း၌နေမှ မဂ်ဖိုလ်၌နိုင်သည်။ ထိုသူကိုရည်၍ ရွာ၌နေ ဟု မိန့်တော်မူသည်။
ဤပုဂ္ဂိုလ်ဖြင့် တစ်ပါးသော ပုဂ္ဂိုလ်တို့အားလည်း တံခါးဖွင့်ပေးတော်မူသည်။ ဒေဝဒတ်၏ စကားကို လက်ခံလျှင် ထိုပုဂ္ဂိုလ် မဂ်ဖိုလ် မရနိုင်၊ သာသနာလည်း ထွက်မြောက်ကြောင်းမဖြစ်နိုင်။ ဘုရားရှင်လည်း သဗ္ဗညု မဖြစ်နိုင်ရာ။ မိမိအယူကိုစွန့်၍ ဒေဝဒတ်အယူ၌တည်သည်-ဟု ကဲ့ရဲ့စရာ ဖြစ်ရာ၏။ ထိုပုဂ္ဂိုလ်ကို ချီးမြှောက်လို၍ ဒေဝဒတ်၁ါဒကို ပယ်တော်မူသည်။
ခံဆွမ်းစားခြင်း၊ ပံ့သကူသင်္ကန်းဝတ်ခြင်း၊ သစ်ပင်ရင်းနေခြင်း ၌လည်း ဤအတူတည်း၊
သစ်ပင်ရင်း၌ နေခြင်းကိုကား လေးပတ်လုံး ပယ်အပ်သည်တည်း။
အစွန်းသုံးပါးသော ငါးအမဲ၌ ရဟန်းတို့အတွက် မဟုတ်ဘဲ သတ်ဖြတ်သည်ကို မြင်သော်လည်းကောင်း၊ ကြားသော်လည်းကောင်း ထင်သော်လည်းကောင်း အပြစ်မရှိ၊ သီတင်းသုံးဘော် ငါးယောက် တစ်ယောက်ယောက် အတွက် ရည်စူး၍သတ်လျှင် ငါးယောက်လုံး မအပ်။ မသိလျှင်အပ်၏။ မိမိအလို့ငှါ သတ်သည်ဟုသိလျက်ခံယူ၍ မသိသူအား ပေးအံ့။ မသိသူ စားအံ့။ နှစ်ယောက်လုံး အနာပတ္တိ၊ သိသူ မစားသောကြောင့်၊ စားသူ မသိသောကြောင့်တည်း။
အသားကြီးဆယ်ပါးကိုကား မသိ၍စားလျှင် စားပြီးမှသိသော်လည်း အာပတ်ကို ဒေသနာကြားအပ်၏၊ ထိုကြောင့် အသားကိုမေးမြန်း၍ အလှူခံအပ်၏။ စားခါနီးမှ မေး၍ စားမည်ဟူ၍သော်လည်း အလှူခံအပ်၏။
ဝတ္ထုငါးပါး ဘုရားရှင်ခွင့်မပြုသည်ကို သံဃာခွဲနိုင်ပြီ-ဟု လွန်စွာဝမ်းမြောက်၏။ အဆိပ်စား၍သေလိုသူသည် အဆိပ်ကိုရသောအခါ အဆိပ်စားခြင်းကြောင့် ဖြစ်လတ္တံ့သော အနီးသေဘေးကို မမြင်ဘဲ လွန်စွာ ဝမ်းမြောက် သကဲ့သို့ သံဃာခွဲခြင်းကြောင့် ဖြစ်လတ္တံ့သော အနီး အဝီစိ ငရဲဘေးကို မမြင်ဘဲ လွန်စွာဝမ်းမြောက်၍ ဒေဝဒတ်ဖဲသွား၏။ ။ ကပ္ပနှစ်နေရာလုံးသည် အာယုကပ္ပသာဖြစ်၏။)
(သာဋီ ... နဘိက္ခေ၀ အသေနာသနိ ကေန ဝဿံ ဥပဂန္တဗ္ဗံ- ကျောင်းမရှိလျှင် ငါမကပ်အပ်) ဟု ဝဿုပနာယိကက္ခန္ဓက၌ ဟောသောကြောင့် လေးလပတ်လုံး ပယ်အပ်သည်သာတည်း-ဟု ဆိုသည်။ ဤစကားတော်ကို ရည်၍သာ ပါဠိတော်၌ ရှစ်လခွင့်ပြုထားပြီဟု ဟောသည်။ (သေနာသန ရှိလျှင်ကား မိုး လေးလပတ်လုံး သစ်ပင်ရင်းကျောင်း၌ အပ်၏ဟူလို။)
ဘိက္ခူနံယေဝအတ္တာယ၌ ဧဝသည် အဋ္ဌာနပ္ပယုတ္တဖြစ်၏။ ဘိက္ခူနံအတ္တာယအကတ မေ၀ ဟုစပ်အပ်၏။ ထို့ကြောင့် ရဟန်းတို့အားလည်း လှူမည်၊ မင်္ဂလာစသည်အလို့ငှါလည်း ဖြစ်လတ္တံ့-ဟု ရော၍ ပြုလျှင်လည်း မအပ်ဟု သိအပ်၏။ ကေစိတို့ကား ရော၍ပြုလျှင် အပ်သည်ဟု ဆိုကုန်၏။
နသုန္ဒရ၊ ဥဒ္ဒိသမံသ၌ သစိတ္တကအာပတ်။ အကပ္ပိယမံသ ဆယ်ပါး၌ အစိတ္တက။
ကပ္ပဟူသည် အာယုကပ္ပ (အသက်တန်း)ဖြစ်၏။ တစ်ကမ္ဘာကို အစိတ်ရှစ်ဆယ်ပြု၍ တစ်စိတ်အဖို့ပတ်လုံး ငရဲ၌တည်ရာ၏။ အန္တရကပ်မည်သော အာယုကပ်ကိုရည်၍ တစ်ကပ်လုံး ငရဲခံရသည်-ဟု ဟောသည်။
ကပ္ပအဋ္ဌကံထာ၌ကား ကမ္ဘာတည်စ၌ လည်းကောင်း၊ ကမ္ဘာအလယ်၌ လည်းကောင်း သံဃဘေဒပြုလျှင် ကမ္ဘာပျက်မှသာ လွတ်သည်။ နက်ဖြန် ကမ္ဘာပျက်အံ့သော ယနေ့၌ သံဃဘေဒ၌ပြုသူလည်း လွတ်။ တစ်ရက်သာ ငရဲခံရသည်-ဟု ဆို၏။
ထို၌လည်း ကမ္ဘာပျက်မှသာ ဟူရာ၌ အာယုကပ်ပျက်မှသာ-ဟု အနက်ဖြစ်လျှင် မဆန့်ကျင်၊ ကမ္ဘာတည်စ ကိုလည်း၊ နက်ဖြန် ကမ္ဘာပျက်အံ့-ဟူသော စကားကဲ့သို့ အဘူတပရိကပ္ပန (မဟုတ်မမှန် မဖြစ်နိုင်သည်ကို ကြံဆခြင်း) အစွမ်းဖြင့်ဆိုသည်။
တစ်ရက်ငရဲ ခံရသည်၌လည်း ထိုနောက် ကမ္ဘာမရှိ၍ အာယုကပ်လည်း မရှိသောကြောင့် မဆန့်ကျင်။ တစ်ကပ်လုံး နတ်ပြည်၌လည်း အာယုကပ်သာတည်း။
ဝိဋီ … ရဟန်းတို့သည် လူတို့အိမ်၌ကျက်သော ဆွမ်းဘောဇဉ်ကို အမှီပြုသူတို့ ဖြစ်သောကြောင့် လည်းကောင်း၊ ငါး အမဲ ဘောဇဉ်ကင်းသော လူ၏ ရခဲသောကြောင့် လည်းကောင်း၊ လူတို့ထံမှရသော ဆွမ်း ဟင်းတို့၌ ငါးအမဲ ရောနှောခြင်း ယုံမှားဖွယ် မကင်းနိုင်သောကြောင့် လည်းကောင်း၊ ရဟန်းတို့အား ကိုယ်ခန္ဓာ မမျှတနိုင်ရာ။
ထိုကြောင့် ဘုရားရှင်သည် ငါးအမဲကို အားလုံး မပယ်ဘဲ အစွန်းသုံးပါး မစင်ကြယ်သည်ကိုသာ ပယ်တော်မူသည်။ ဘုရားရှင်သည် အကယ်၍ ငါးအမဲအားလုံး ပယ်ခဲ့လျှင် ရဟန်းတို့သည် ငါးအမဲ ရောနှောခြင်း ယုံမှားဖွယ် မကင်းသော ဆွမ်းကို သေသော်လည်း မစားကုန်ရာ။
ထိုအခါ ဆန်စပါးစသည် အလှူခံ၍ ကိုယ်တိုင် ချက်စားခြင်းငှါလည်းကောင်း၊ ကျွန်ထီး၊ ကျွန်မ၊ ဆုံကျည်ပွေ့ စသည်ကိုလည်း သပိတ်ပရိက္ခရာ ကဲ့သို့ ခံယူခြင်းငှါလည်းကောင်း ခွင့်ပြုအပ်သည် ဖြစ်ရာ၏။ တိတ္တိတို့ကဲ့သို့ ဂဟဋ္ဌာဝါသသာ ဖြစ်ရာ၏။ ဘိက္ခု အာဝါသ မဖြစ်ရာပြီ။ ဘိက္ခုနံ ယေဝအတ္တာယ၌ ဧဝအဋ္ဌာပန ယုတ္တဖြစ်၏။ ...လ... ။
သာဋီ … အတိုင်းတူစွာ ဆိုသည်။
တစ်ကပ်လုံး-ဟူသည် အသင်္ချေယျကပ် ဖြစ်၏။ အာယုကပ်-ဟူ၍လည်း ဆိုကုန်၏။ (+) မဟာကပ်၏ လေးဖို့တစ်ဖို့သည် အသင်္ချေယျကပ် ဖြစ်၏။ ၂၀-ဖို့ ၁-ဖို့သည် သံဃဘေဒ ပြုသူ၏ အာယုကပ်-ဟု ဆိုကုန်၏။ ထိုစကားသည် ကပ္ပအဋ္ဌကထာ၌ ကမ္ဘာပျက်မှသာ လွတ်သည် စသည်တို့နှင့် မညီ။
တစ်ကပ်လုံး နတ်ပြည်၌-ဟူသည်ကို ပဋိသန္ဓေ အဆက်ဆက်ဖြင့် တစ်ကပ်လုံး တည်ခြင်းကို သိအပ်၏၊ (ဤကား သံဃဘေဒ သိက္ခာပုဒ်မှ ယူသော စကားတည်း။ ဤခန္ဓက အဆိုကား) ကပ္ပသည် မဟာနိရယ၌ အာယုကပ်ဖြစ်၏။ ထိုသည်ပင် အန္တရကပ်-ဟု အချို့ဆိုသည်။ အချို့ကား အသင်္ချေယျကပ်-ဟု ဆိုကုန်၏။
ဇီဋီ ... အာယုကပ္ပ၌ အဝီစိငရဲသက် ပိုင်းခြားမရှိသော်လည်း အကြင်ကံကြောင့် အကြင်မျှခံထိုက်၏။ ထိုမျှသည် ထိုကံ၏ အာယုကပ္ပ-ဟု သိအပ်၏။)
ဒေဝဒတ်ခွဲ၍ ထွက်သွားခြင်း
ထိုအခါ ရှင်အာနန္ဒာကို ရာဇဂြိုဟ်၌ ဆွမ်းခံကြွစဉ် ဒေဝဒတ်မြင်၍ အနီးချဉ်းကပ်၍ "ငါ့ရှင်အာနန္ဒာ၊ ငါသည် ယနေ့ကိုအစပြု၍ ဘုရားကိုကြဉ်၍ သံဃာကိုကြဉ်၍ ဥပုသ်ကံကို ပြုအံ့၊ သံဃာ့ကံကိုပြုအံ့" ဟုဆို၏။ ထိုအကြောင်းကို ဘုရားရှင်အား လျှောက်သောအခါ ထိုကြောင်းကိုသိ၍ သုကရံသာဓုနာသာဓု-စသည်ဖြင့် ဥဒါန်းကျူးတော်မူ၏။
ကောင်းသောအမှုကို သူမြတ်ပြုလွယ်သည်။ သူယုတ်အပြုခက်သည်။ မကောင်းသော အမှုကို သူယုတ် လွယ်သည်။ သူမြတ် ခက်သည်ဟူလို။
ထို့နောက် ဒေဝဒတ်သည် ထိုဥပုသ်နေ့၌ နေရာမှထ၍ "ငါ့ရှင်တို့၊ ငါတို့သည် ရဟန်း ဂေါတမထံ အလိုနည်းကြောင်း၊ ဝတ္ထု ငါးပါးကို တောင်းကြပြီး ခွင့်မပြု။ ဤ ငါးပါးဖြင့် ငါတို့ကျင့်မည်။ နှစ်သက်လျှင် ဤစာရေးတံကို ယူစေသတည်း" ဟု စာရေးတံကိုယူခိုင်း၏။ ဝေသာလီ ဝဇ္ဇီတိုင်းသား ရဟန်းငယ် ငါးရာတို့သည် ဓမ္မ၊ သတ္တုသာသန ဟု မှတ်၍ စာရေးတံကိုယူကုန်၏။
ထိုအခါ ဒေဝဒတ်သည် သံဃာကိုခွဲ၍ ရဟန်းငယ်ငါးရာကိုယူ၍ ဂယာသီသသို့ ဖဲသွား၏။ ထိုအခါ မြတ်စွာဘုရားသည် "ချစ်သား သာရိပုတ္တရာ မောဂ္ဂလာန်တို့၊ သင်တို့အား ထိုရဟန်းငယ်ငါးရာတို့၌ သနားခြင်းပင် မဖြစ်လေသလော၊ မပျက်စီးမီ လိုက်သွားကြလေလော" ဟု မိန့်တော်မူ၏။ "ကောင်းပါပြီ ဘုရား" ဟု ဝန်ခံ၍ ဂယာသီသသို့ ကြွသွားကုန်၏။
ထိုအခါ ရဟန်းတစ်ပါးသည် မနီးမဝေး၌ ငိုလျက် "မြတ်စွာဘုရား၏ အဂ္ဂသာဝက ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန်တို့လည်း ဒေဝဒတ်၏တရားကို နှစ်သက်၍ လိုက်သွားကုန်ပြီ" ဟုဆို၏။ "ချစ်သား ရဟန်း … သာရိပုတ္တရာ၊ မောဂ္ဂလာန်တို့သည် ဒေဝဒတ်၏တရားကို နှစ်သက်ရာသော အကြောင်းအရာ မရှိ၊ ပါသွားသော ရဟန်းငယ်တို့ကို သိအောင် ပြောကြားခြင်းငှါ လိုက်သွားကြသည်" ဟု မိန့်တော်မူ၏။
ဒေဝဒတ်သည် မိမိပရိသတ်၌ တရားဟောစဉ် ရှင်သာရိပုတ္တရာတို့ လာသည်ကို မြင်လတ်သော် ရဟန်းတို့ကို ဘိက္ခဝေ-ချစ်သားရဟန်းတို့ ... မြင်ကြ၏လော၊ ငါသည် တရားကို ကောင်းစွာ ဟောကြား၏။ ရဟန်း ဂေါတမ၏ အဂ္ဂသာဝက ရှင်သာရိပုတ္တရာကို သော်မှလည်း ငါ့တရားကို နှစ်သက်၍ ငါ့ထံရောက်လာ ကုန်ကြပြီ-ဟု ဆို၏။
ထိုအခါ ကောကာလိကသည် "ငါ့ရှင်ဒေဝဒတ် ... ရှင်သာရိပုတ္တရာ မောဂ္ဂလာန်တို့သည် လွန်စွာ ယုတ်မာကုန်၏၊ အကျွမ်းတဝင် မပြုလင့်" ဟု ဆို၏။ "ဤသို့မဆိုလင့်၊ ငါ့တရားကိုနှစ်သက်၍ ကောင်းသော လာခြင်းဖြစ်ပေသည်" ဟု ဆိုပြီးလျှင် ထက်ဝက်သော နေရာဖြင့် “ဤ၌ ထိုင်ပါ ရှင်သာရိပုတ္တရာ” ဟု ဘိတ်ကြား၏။ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့သည် နေရာတစ်ခုကိုယူ၍ သင့်တော်ရာ၌ နေထိုင်ကုန်၏။
(သံဃာကိုခွဲ၍ ဟူသည်--ဒေဝဒတ်သည် ဤသို့စာရေးတံကို ယူစေ၍ ထိုသိမ်၌သာလျှင် အသီးအခြား ဥပုသ်ကံပြု၍ ဖဲသွားသတည်း။)
(ဇီဋီ ... ရှင်သာရိပုတ္တရာတို့သည် နေရာတစ်ခုကိုယူ၍ သင့်တော်ရာ၌ နေထိုင်ကုန်၏-ဟု ဆိုသောကြောင့် ဝိသဘာဂအလဇ္ဇီတို့၏ နေရာဌာနသို့ ရောက်သွားသော လဇ္ဇီပေသလ ရဟန်းအား ထိုသူတို့၏ နေရာ၌ ထိုင်ခြင်းငှါ အပ်သည်ဟု ထင်ရှား၏။
သာဋီ ... ရှင်အာနန္ဒာကို ဆွမ်းခံကြွစဉ် ဒေဝဒတ်မြင်၍ ဆိုခြင်းသည် သံဃာ့ဘေဒ၏ ပုဗ္ဗဘာဂကို ပြီးစေ၍ ယနေ့ သီးခြား ဥပုသ်ကိုလည်းကောင်း၊ သံဃာ့ကံကိုလည်းကောင်း ပြုမည်ဟု ကြံပြီးဖြစ်၍ဆိုသည်။
ဘုရားကို ကြဉ်၍ ဟူသည် ဘုရားကိုကြဉ်ဖယ်၍သာ၊ ဆရာမပြုမူ၍ ဟူလို။
သံဃာကိုကြဉ်၍ ...လ... ပြုအံ့ဟူသည် ဘုရား၏ ဩဝါဒခံ ရဟန်းသံဃာကိုကြဉ်၍ ငါတို့အတုလိုက်သော ရဟန်းတို့နှင့် တကွ သီးခြားဥပုသ်ကံ၊ သံဃာ့ကံတို့ကိုပြုပေအံ့။
ထိုအကြောင်းကိုသိ၍ ဟူသည် အဝီစိ၌ဖြစ်ကြောင်း တစ်ကပ်လုံး တည်ကြောင်း ကုစား၍မရသော ဒေဝဒတ်ပြုသော သံဃဘေဒကံကို ခပ်သိမ်းသော အခြင်းအရာဖြင့် သိ၍တည်း။
အတ္တနောပရေသဉ္စ ဟိတံသာဓေတီတိသာဓု။ မိမိ သူတစ်ပါး အစီးအပွားကို ပြီးစေတတ်သောကြောင့် သာဓုမည်၏။
သမ္မာပဋိပန္န - ကောင်းသောအကျင့် ကျင့်သူရ၏။ ဘုရားပစ္စေက ဗုဒ္ဓသာဝက နှင့်တကွ လောကိယ သူတော်ကောင်း အားလုံးဟူလို။)
ရှင်သာရိပုတ္တရာတို့ကို တရားဟောခိုင်းခြင်း
ထိုအခါ ဒေဝဒတ်သည် ညဥ့်အချိန်များစွာပတ်လုံး တရားဟော၍ ရှင်သာရိပုတ္တရာကို တိုက်တွန်း၏။ "ငါ့ရှင်သာရိပုတ္တရာ၊ ရဟန်းသံဃာသည် ကင်းသောငိုက်မျဉ်းခြင်းရှိ၏။ ရဟန်းတို့အား တရားစကားသည် သင့်ကိုစွဲ၍ ထင်ရှားစေသတည်း။ ငါအား ကျောက်ကုန်းသည်-- အာဂိလာယတိ-ညောင်းညာနာကျင်၏၊ အာယမိဿာမိ--ကျောက်ကုန်း ဆန့်ဦးအံ့" ဟုဆို၏။
"ကောင်းပြီ ငါ့ရှင်" ဟု ဝန်ခံလတ်သော် သင်္ဃာဋိ- သင်္ကန်းကို လေးထပ်ပြုကာ ခင်း၍ လက်ယာနံပါးဖြင့် အိပ်ခြင်းကိုပြု၏၊ ဒေဝဒတ်သည် ပင်ပန်းသဖြင့် သတိသမ္ပဇည ကင်းလျက် ခဏချင်းသာ အိပ်ပျော်ခြင်းသို့ ရောက်လေ၏။
ထိုအခါ ရှင်သာရိပုတ္တရာသည် အဒေသနာ ပါဋိဟာရိယာနုသာသနီဖြင့် ရဟန်းတို့ကို ဆုံးမကံမြစ်၏၊ ရှင်မောဂ္ဂလာန်သည် ဣဒ္ဓိပါဋိဟာရိယာနုသာသနီဖြင့် ဆုံးမကံမြစ်၏။ ရဟန်းငယ်ငါးရာလုံး သောတာပန် တည်၍ ဘုရားရှင်၏ တရားကိုနှစ်သက်၍ ရှင်သာရိပုတ္တရာ တို့နှင့်အတူ ဝေဠုဝန်ကျောင်းတော်သို့ ပြန်လိုက်သွားကုန်၏။
ထိုအခါ ကောကာလိကသည် "ငါ့ရှင်ဒေဝဒတ် ထဦးလော့၊ ထိုရဟန်းငါးရာကို သာရိပုတ္တရာတို့ ဆောင်ယူသွားကုန်ပြီ။ အကျွမ်းတဝင် မပြုသင့်-ဟု ငါပြောသည် မဟုတ်လော" ဟု ဆိုလတ်သော် ဒေဝဒတ်အား ထိုနေရာ၌သာလျှင် လောလော ပူသော သွေးသည်-ဝါ-သွေးစိမ်းရှင်ရှင်သည် ခံတွင်းမှ အန်ထွက်လေ၏။
ရှင်သာရိပုတ္တရာတို့သည် ဘုရားရှင်ထံ ရောက်လတ်သော် "မြတ်စွာဘုရား .... သင်းခွဲနောက်လိုက် ရဟန်းတို့ကို တစ်ဖန် ရဟန်းပြုပေးကြရမူ ကောင်းပါလိမ့်မည်" ဟု လျှောက်၏။ "ချစ်သား သာရိပုတ္တရာ ... တစ်ဖန် ရဟန်းပြုပေးခြင်းကို သင်မနှစ်သက်လင့်၊ တုလ္လစ္စဉ်း အာပတ်ကို ဒေသနာကြားစေလော" ဟု မိန့်တော်မူ၍ "ဒေဝဒတ်သည် အဘယ်သို့ ပြုကျင့်အားထုတ်သနည်း" ဟု မိန့်တော်မူ၏။
ဒေဝဒတ်သည် မြတ်စွာဘုရားသို့ အတုလိုက်၍ ကိုယ်တိုင် တရားဟောခြင်း၊ တရားဟော တိုက်တွန်းခြင်း၊ ကျောက်ကုန်း ဆန့်ခြင်းတို့ကို ပြုပါသည်-ဟု လျှောက်လတ်သော် "ချစ်သားတို့ ... ရှေးအခါ တောအုပ်၌ ရေကန်ကြီးမှီ၍ နေကြသော ဆင်တို့သည် ကြာစွယ်ကြာရင်းတို့ကို နုတ်၍ ကောင်းစွာ ဆေးကြော၍ စားကြသဖြင့် အဆင်းလှကုန်၏။ ကောင်းကုန်၏။ အသက်ရှည်ကုန်၏။ ဒုက္ခမဖြစ်ကုန်။"
ထိုဆင်တို့ကို အတူလိုက်၍ ဆင်ငယ်တို့သည် ကြာစွယ်ကြာရင်းတို့ကို နုတ်၍ ကောင်းစွာ မဆေးကြောဘဲ စားကြသဖြင့် အဆင်းလှခြင်းငှါ အားကောင်းခြင်းငှါ မဖြစ်ဘဲ သေခြင်းသို့ လည်းကောင်း သေလုနီးပါး၊ ဒုက္ခသို့လည်းကောင်း ရောက်ကုန်၏။ ထိုအတူ ဒေဝဒတ်သည် ငါဘုရားသို့ အတုလိုက်၍ ဆင်ရဲပင်ပန်းစွာ သေရရှာလတ္တံ့ ဟု မိန့်တော်မူ၍ မဟာဝရာ ဟဿ- စသော ဂါထာတစ်ခုကို မိန့်တော်မူ၏။
(ကျောက်ကုန်းညောင်းညာ နာကျင်၏ ဟူသည် ကြာမြင့်စွာ ထိုင်ခြင်းကြောင့် နာကျင်သော ဝေဒနာသည် နှိပ်စက်၏။ ထိုကို ဆန့်တန်းဦးအံ့၊ (အာဂိလာယတိသည် ဗာဓတိ။ အာယမိဿာမိသည် ပဘာရေဿာမိ။)
အဒေသနာပါဋိဟာရိယာနုသာသနီ မည်သည်ကား သင်၏ စိတ်သည် ဤသို့ဤသို့ဟု သူတစ်ပါးစိတ်ကိုသိ၍ ထိုအားလျော်စွာ တရားဟောခြင်းဖြစ်၏။
မဟာဝရာဟသည် မဟာနာဂ-ဆင်ကြီးဖြစ်၏။ ဂါထာတွင် နဒီသုဇဂ္ဂဝတာ ဟူသည် ဆင်ပြောင်ကြီးသည် နဒီ မည်သော ရေကန်သို့ သက်၍ တစ်ညဥ့်လုံး ကစားသည်။ ဇာလိကံကရောတိ- ကွန်ယက်ယှက် သကဲ့သို့ပြုသည်။ ထိုသို့ပြု၍ စောင့်ရှောက်သော ဆပ်ပြောင်ကြီးဟု ဆိုလိုသည်။)
သာဋီ .... သူတစ်ပါ၏စိတ်ကိုသိ၍ ဟောခြင်းသည် အဒေသနာပါဋိဟာရိယ မည်၏။ သာဝကတို့၏ လည်းကောင်း၊ ဘုရားရှင်တို့၏ လည်းကောင်း မပြတ်တရား ဟောခြင်းသည် အနုသာသနီပါဋိဟာရိယ မည်၏။ ဣဒ္ဓိဝိဓတန်ခိုးသည် ဣဒ္ဓိပါဋိဟာရိယ မည်၏။
ထိုတွင် ဣဒ္ဓိနှင့် အနုသာသနီသည် ရှင်မောဂ္ဂလာန်၏ အလေ့ ဖြစ်၏။ အဒေသနနှင့် အနုသာသနီသည် ရှင်သာရိပုတ္တရာ၏ အလေ့ဖြစ်၏။ ထိုအခါ၌ ရှင်သာရိပုတ္တရာသည် ရဟန်းငယ်ငါးရာတို့၏ စိတ်ကိုသိ၍ ဟော၏။ ရှင်မောဂ္ဂလာန် သည် ဝိကုဗ္ဗနတန်ခိုး အမျိုးမျိုးပြ၍ ဟော၏။
မထေရ်တို့၏တရားဟောခြင်းကြောင့် ပါဠိတော်၌ သောတာပန်မျှ ပြသည်။ ဒီဃနိကာယ်ဆောင်တို့ကား-ရှင်သာရိပုတ္တရာ၏ တရားဖြင့် သောတာပန်၊ ရှင်မောဂ္ဂလာန်၏ တရားဖြင့် ရဟန္တာဖြစ်ကြသည်-ဟု ဆိုကုန်၏။
ကောကာလိကသည် ငါ့ရှင် ဒေဝဒတ် ထဦးလော့-ဟု ထစေသောအခါ ဒူးဖြင့် ရင်အလယ်၌ ပုတ်ခတ်လျက် ထခိုင်း၏။
ဇဂ္ဂတောသည် ဆင်အပေါင်းကို စောင့်ရှောက်၏။
ဝိဋီ ... သူတပါး၏စိတ်ကိုသိ၍ ဟောခြင်းသည် အဒေသနာပါဋိဟာရိယ မည်၏။ သက်သက်တရားရိုးရိုး ဟောခြင်းသည် အနုသာသနီ ...။ ထိုနှစ်ပါးလုံးသည်လည်း ဓမ္မကထာ မည်၏။ ထိုဓမ္မကထာ နှစ်ပါးဖြင့် ဆုံးမ၏။
ဣဒ္ဓိဝိဓသည် ဣဒ္ဓိပါဋိဟာရိယမည်၏။ ထို ဣဒ္ဓိဝိဓနှင့်တကွ အနုသာသနီသည်သာလျှင် ဓမ္မကထာမည်၏။ ထိုဓမ္မကထာဖြင့် ဆုံးမ၏။
ထုလ္လစ္စဉ်းအာပတ်ကို ဒေသနာကြားစေလော ဟူသည်ကို ဥပေါသထက္ခန္ဓက စသည်တို့၌ ကွဲပြားခြင်းကို ရှေးရှု၍ ဥပုသ်စသည် ပြုခြင်းကြောင့် ထုလစ္စဉ်းကို ပညတ်ပြီး ဖြစ်၏။ ထိုကြောင့် မိန့်တော်မှုသည်။ မပညတ်ရသေး ဖြစ်လျှင် ထိုရဟန်းငယ်တို့အား အာဒိကမ္မိက ဖြစ်သောကြောင့် အနာပတ္တိသာ ဖြစ်ရာ၏။
ဇဂ္ဂတောသည် ဆင်အပေါင်းတို့ စောင့်ရှောက်သော ဆင်ပြောင်ကြီးတည်း။
တမန်အင်္ဂါရှစ်ပါး
ချစ်သားတို့ ... ရှစ်ပါးသောအင်္ဂါနှင့် ပြည့်စုံသော ရဟန်းသည် ဒူတေယျံဂန္တုံ- တမန်အမှုသို့ ရောက်ခြင်းငှါ တမန် အမှုပြုခြင်းငှါ ထိုက်၏။ ရှစ်ပါးကား ဤသာသနာ၌ ရဟန်းသည် --
သောတာ-နာယူတတ်၏။ (ဝါ-သူတစ်ပါး သတင်းပေးသည်ကို နာယူတတ်၏၊)
သာဝေတာ-ကြားစေတတ်၏။ (ဝါ-ဤကား သင်တို့စကားဟု နာယူတိုင်း ပြောပြတတ်၏။)
ဥဂ္ဂဟေတာ-ကောင်းစွာ သင်ယူတတ်၏။
ဓာရေတာ-ကောင်းစွာ ဆောင်တတ်၏ (၄)။
ဝိညာတာ-သိတတ်၏။ (ဝါ- ကိုယ်တိုင် ထိုစကား၏ အဓိပ္ပါယ်ကိုသိ၏။)
ဝိညာပေတာ-သူတစ်ပါးကို သိစေတတ်၏။
ကုသလောသဟိတာ သဟိတဿ- အကျိုးရှိ မရှိသော စကား၌လိမ္မာ၏။
တစ်နည်း ဆိုခြင်းပြုခြင်းငှါ သင့် မသင့်၌ လိမ္မာ၏။
နောစကသဟကာရကော- ခိုက်ရန်မပြုတတ် (၄)။
ချစ်သားတို့ ... သာရိပုတ္တရာသည် ရှစ်ပါးသော အင်္ဂါနှင့်ပြည့်စုံ၏။ တမန်ပြုခြင်း ငှါထိုက်၏။
ကြမ်းကြုတ်စွာဆိုသော ပရိသတ်သို့ ရောက်သော်လည်း မတုန်လှုပ်။
မိမိစကားကို မယုတ်လျော့စေ၊ သတင်းစကားကို မဖုံး။
ယုံမှားမရှိ အဆက်မပြတ်ပြောတတ်၏။ ဝန်ခံအောင် မေးလည်း အမျက်မထွက်။
ထိုသို့သောရဟန်းသည် စင်စစ် တမန်မှုသို့ရောက်လိုက်၏။
သာဋီ ... ဒူတေယျသည် ဒူတကမ္မဖြစ်၏။
ဂန္တုံသည် ဒူတေယျဖြစ်သော သတင်းစကားကို မှတ်သား၍ ဆောင်ခြင်းငှါထိုက်၏၊
ဝိဋီ ... ဒူတေယျံ ဂန္တုံသည် ဒူတကမ္မပတ္တံ၊ ဂူတကမ္မံ ကာတုန္တိအတ္တော၊ သဟိတာ သဟိတ-ဆိုခြင်းငှါ ပြုခြင်းငှါ သင့်မသင့်၌လိမ္မာ၏။ တစ်နည်း လိုအပ် မလိုအပ်သော စကား၌လိမ္မာ၏။ သဒ္ဒါမျှဖြင့်တည်၏။ လိုအပ်သော အနက်ကိုသာ ပြောကြားတတ်၏ဟူလို။
အသဒ္ဓမ္မရှစ်ပါး
ချစ်သားတို့ … ရှစ်ပါးသော မသူတော်တရားတို့သည် နှိပ်စက်အပ် ချေဖျက်အပ်သောကြောင့် ဒေဝဒတ်သည် အပယ် ကျသူ၊ ငရဲကျသူ၊ တစ်ကပ်လုံးခံရသူ၊ ကုစား၍ မရသူ ဖြစ်ချေပြီ။ ရှစ်ပါးကား --
လာဘ်ရခြင်းသည် (ဝါ-လာဘ်ကြောင့် ဖြစ်သော မာန စသည်၊) နှိပ်စက်သောကြောင့် ဒေဝဒတ်သည် အပါယ် ကျသူ ...လ... ဖြစ်ချေပြီ။ လာဘ် မရခြင်းသည် -။ အခြံအရံ ရှိခြင်းသည် -။ အခြံအရံ မရှိခြင်းသည်- (၄)။
ပူဇော်ခံရခြင်းသည်၊ ပူဇော်မခံရခြင်းသည်၊ အလိုဆိုး ရှိခြင်းသည်၊ ယုတ်မာသော မိတ်ဆွေ ရှိခြင်းသည် နှိပ်စက်သောကြဲာင့် …လ… ဖြစ်ချေပြီ (၄)။
ချစ်သားတို့ … ဖြစ်သော လာဘ်ရခြင်းကို၊ လာဘ်မရခြင်းကို …လ… ယုတ်မာသောမိတ်ဆွေ ရှိခြင်းကို (ဝါ-လာဘ် စသော ရှစ်ပါးကို) နှိပ်ကွပ်၍ နေနိုင်မူကောင်း၏။ အဘယ်အကျိုးကိုစွဲ၍ နှိပ်ကွပ်ရသနည်း -ဟူမူကား ချစ်သားတို့ ... ဖြစ်သောလာဘ် စသော ရှစ်ပါးကို မနှိပ်ကွပ်ဘဲ နေသူအား အာသဝ- အာသဝေါ ယိုစီးခြင်း၊ ဝိဃာတ-ပင်ပန်းခြင်း၊ ပရိဠာဟ-ပူပန်ခြင်းတို့သည် ဖြစ်ကုန်ရာ၏၊ နှိပ်ကွပ်၍ နေသူအား မဖြစ်ကုန်။ ဤ အကျိုးကိုစွဲ၍ နှိပ်ကွပ်ရာ၏။ ထိုကြောင့် ချစ်သားတို့ … ဤသာသနာ၌ဖြစ်သော လာဘ်စသော ရှစ်ပါးကို နှိပ်ကွပ်၍ နေပါအံ့-ဟု နှလုံးသွင်း၍ ကျင့်အပ်၏။
(အပါယ်၌ ဖြစ်လတ္တံ့သောကြောင့် အပါယ်ကျသူမည်၏။ ထိုအတူ ငရဲကျသူမည်၏။ တစ်ကပ်လုံး တည်လတ္တံ့ သောကြောင့် တစ်ကပ်လုံး ခံရသူ မည်၏။ ယခုအခါ ဘုရားရှင် တစ်ထောင်သော်လည်း ကုစားခြင်းငှါ မတတ်နိုင်သောကြောင့် ကုစား၍ မရသူမည်၏။ ဝါ-အပါယိက၊ နေရယီက၊ ကပ္ပဋ္ဌ၊ အတေကိစ္ဆ မည်၏။)
(သာဋီ … မသူတော်တရား ဟူသည် မသူတော်တို့၏ တရား- မတင့်တယ်သော တရားဖြစ်၏။
နှိပ်စက်အပ်ဟူသော အဘိဘူတသည် လွမ်းမိုးအပ်သော အဇ္ဈောတ္ထဋ ဖြစ်၏။
ချေဖျက်အပ် ဟူသော ပရိယာဒိန္နစိတ္တသည် ခေပိတစိတ္တ ဖြစ်၏။
လာဘ် စသည်ကြောင့် မာန ဖြစ်၏။ မာန စသည်ကြောင့် ကုန်ခန်းခြင်းသို့ ရောက်သော ကုသိုလ်စိတ် ရှိသူဖြစ်၏။ တစ်နည်း- ပရိတောအာဒိန္နစိတ္တော ကုသိုလ်ဖြစ်ခွင့် မရအောင် အကုသိုလ်ကသာ ဝန်းကျင် ယူအပ်သော စိတ်ရှိသူဖြစ်၏။
အပါယ်၌ ဖြစ်ထိုက်သောကြောင့် အာပါယီက မည်၏။ အပါယ်၌လည်း အဝီစိငရဲကြီး၌ ဖြစ်သောကြောင့် နေရယီက မည်၏။ အန္တရကပ်တစ်ခု အပြည့်အစုံ တည်သောကြောင့် ကပ္ပဋ္ဌ မည်၏။
ဘုရားရှင်တို့သော်လည်း အဝီစိ၌ မဖြစ်အောင် မတတ်နိုင် မကုစားနိုင်သောကြောင့် အတေကိစ္ဆ မည်၏။
(မရသေးသော) လာဘ်ကို မှီ၍ အလိုဆိုး၌ တည်၍ လာဘ်ရအောင် မအပ်မရာပြု၍ အချို့အပါယ် ကျသည်။ ထိုကြောင့် “လာဘ်ရခြင်းသည် နှိပ်စက်သောကြောင့် ဒေဝဒတ် အပါယ်ကျသူ”- စသည်ကို မိန့်ဆိုသည်။
ပူဇော်မခံရခြင်းကြောင့်လည်း သူတစ်ပါး ရှုတ်ချခြင်း စသည်ကြောင့် မာန စသည်ဖြစ်၏။
မရှိသောဂုဏ်ဖြင့် ကြွားလိုခြင်းသည် အလိုဆိုးမည်၏။)
အသဒ္ဓမ္မသုံးပါး
ချစ်သားတို့ … သုံးပါးသော မသူတော်တရား တို့သည် နှိပ်စက်အပ်၊ ချေဖျက်အပ်သောကြောင့် ဒေဝဒတ်သည် အပါယ်ကျသူ ...လ... ကုစား၍ မရသူဖြစ်ခဲ့ချေပြီ။ သုံးပါးကား --
ပါပိစ္ဆတာ- အလိုဆိုးရှိခြင်း၊
ပါပမိတ္တတာ- ယုတ်မာသော မိတ်ဆွေရှိခြင်း၊
အန္တရာဝေါသာန- ဈာန်အဘိညာတရားထူး အနည်းငယ်ရခြင်းဖြင့် အကြား၌ အပြီးသို့ ရောက်ခြင်း-
ဤ အသဒ္ဓမ္မသုံးပါး နှိပ်စက်အပ်သောကြောင့် အပါယ်ကျသူ ...လ... ဖြစ်ချေပြီဟု မိန့်ဆို၍ မာဇာကုတောစီ- စသော ခုနှစ်ဂါထာကို ဟောတော်မူ၏။
ဧကန် စင်စစ်အားဖြင့် သတ္တလောက၌ ဘယ်သူဆို အလိုဆိုးရှိသူ ဘယ်ခါမှမဖြစ်လင့်၊ အလိုဆိုးရှိသူ၏ လားထိုက်ရာ ဂတိကို ဤအကြောင်းဖြင့် သိကြလော။
ဒေဝဒတ်သည် ပရိယတ္တိ ဗဟုသုတပညာရှိဟု ထင်ရှား၏၊ ဈာန် အဘိညာဖြစ်ပွားအပ်သော စိတ်ရှိသည်ဟု သမုတ်အပ်၏။ (ဝါ-တန်ခိုး အာနုဘော်ကြီးသော ဂေါဓိပုတ္တဟု ရှင်သာရိပုတ္တရာပင် ချီးမွမ်းအပ်၏။) အခြံအရံဖြင့် ထွန်းတောက်သကဲ့သို့ တည်၏။ ဤသို့ ငါဘုရားသည်ပင် ကြားရသေးသည်။
ဒေဝဒတ်သည် ပမာဒကို ဆည်းပူး၍ မြတ်စွာဘုရားကို ထိပါး၍ တံခါးလေးသွယ်ကြောက်ဖွယ် အဝီစိသို့ ရောက်ခဲ့လေပြီ။ (ဝါ-ပဋိသန္ဓေ အစွမ်းဖြင့် ရောက်ခဲ့လေပြီ။)
အကြင်သူသည် ဒုဋ္ဌစိတ်မရှိသူ- မကောင်းမှု မပြုသူအား ပြစ်မှားအံ့၊ ထိုဒုဋ္ဌစိတ်ရှိ၍ မရိုသေသော ဒုဗ္ဘိပုဂ္ဂိုလ်သို့သာ ယုတ်မာသော ပါပဖလသည် ရောက်၏။
သမုဒ္ဒရာကို အဆိပ်တစ်အိုးဖြင့် ဖျက်နိုင်မည်ထင်သော်လည်း မဖျက်နိုင်၊ များစွာ နက်ကျယ်ကြောက်ဖွယ် ရေအထုဖြစ်၏။
ညီညွတ်မပျက် စိတ်တော်ငြိမ်သက်သော ဘုရားရှင်ကို အပြစ်ဒေါသဖြင့် ညှင်းဆဲလိုသော်လည်း ထို အပြစ်မရောက်၊ အဆိပ်တစ်အိုးဖြင့် သမုဒ္ဒရာ မနောက်သကဲ့သို့တည်း။
ထိုကြောင့် အကြင်ပညာရှိသို့ ခရီးစဉ်လိုက်၍ ကျင့်သော ရဟန်းသည် ဒုက္ခကင်းရာ နိဗ္ဗူတာသို့ ရောက်ရာ၏။ ထိုပညာရှိကို မိတ်ဆွေပြုရာ၏။ ဆည်းကပ်ရာ၏။
(အဝီစိသို့ ရောက်ခဲ့လေပြီ-ဟူသော စကားသည် အာသံသာအနက်၊ ဝါ- မချွတ်အကျိုး ပြီးခြင်းအနက် အတိတ်ဝိဘတ်ဖြင့် ဆိုသောစကား ဖြစ်၏။)
(သာဋီ ... အန္တရာ ဝေါသာနသည် ဈာန်အဘိညာ- ဥတ္တရိ မနုဿ ဓမ္မ အနည်းငယ်ဖြင့် ကိစ္စမပြီးသေးဘဲလျက် ရဟန်းကိစ္စပြီးသူအလား ရဟန်းတရားမှ သီးခြားကာ နေထိုင်ခြင်းဖြစ်၏။ တရားထူး ရပြီးသော်လည်း မဂ်ဖိုလ် မရသေးဘဲ လမ်းခုလတ်အလယ်၌ သမဏဓမ္မ လွတ်ကင်းခြင်း-ဟု ဆိုလိုသည်။
ဤ အသဒ္ဓမ္မ သုံးပါး ပါဠိဖြင့် ပုထုဇဉ်အပြစ်ကို အထူးပြတော်မူသည်။ ပုထုဇဉ်အပြစ်သည် ဝန်လေးလှ၏။ ဈာန်အဘိညာ ပြည့်စုံသော်လည်း၊ မရှိသောဂုဏ်ဖြင့် ဝါကြွားလိုခြင်း၊ သူယုတ်မာနှင့် ပေါင်းသင်းခြင်း၊ အပြီးမတိုင်မီ ပျင်းရိခြင်း၊ ဤသုံးပါး မစွန့်နိုင်လျှင် အဝီစိတစ်ကပ်လုံး ကြောက်ဖွယ် တိုးပွားလျက်သာတည်း-ဟု ပြတော်မူသည်။
မြတ်စွာဘုရားကို ထိပါး၍-ဟူသည် ဘုရားလဲ သာကီဝင်၊ ငါလဲ သာကီဝင်၊ ဘုရားလဲ သမဏ၊ ငါလဲသမဏ၊ ဘုရားလဲ တန်ခိုးအဘိညာရှိ၊ ငါလဲတန်ခိုး အဘိညာရှိ၊ ဘုရားလဲ အတိတ် အနာဂတ် ပစ္စုပ္ပန်သိ၊ ငါလဲ အတိတ် အနာဂတ် ပစ္စုပ္ပန်သိ-ဟု မိမိပမာဏကို မသိဘဲ ဘုရားရှင်ကို တန်းတူ ထားခြင်းဖြင့် လည်းကောင်း၊ ပမာဒ လွှမ်းမိုး၍ ငါယခု ဘုရားပြုလုပ်တော့မည်-ဟု လေးသမား စေလွှတ်ခြင်း စသည်ဖြင့်လည်းကောင်း ကပ်ရောက် ထိပါး၍တည်း။
ပမာဒ မနုဇိဏ္ဏောဟု အချို့ ရွတ်ဖတ်ကုန်၏၊ ပမာဒကိုမှီ၍ ဘုရားနှင့် အင်တူပြုကာမျှ ဈာန်အဘိညာမှ ဆုတ်ယုတ်၏-ဟု အနက်သိအပ်၏။
အဝီစိဟူသည်၌ ဝီစိ-အကြား+အ-မရှိ၊ မီးလျှံ၏အကြား၊ ဒုက္ခ၏ အကြား၊ ထို၌ခံရသော ငရဲသားတို့၏ အကြား မရှိ၊ ကွက်လပ်မရှိ။
ထိုအဝီစိငရဲသည် ထောင့်လေးခုရှိ၏။ တံခါကြီးလေးခုရှိ၏။ သံပြား ကာ၏။ သံပြားမိုး၏။ သံပြားအခင်းမြေ ရှိ၏၊ မီးလျှံ ပြည့်၏။ ပြင်ပ ဝန်းကျင် ယူဇနာ တစ်ရာတိုင်အောင် မီးလျှ ံ အမြဲနှံ့တည်၏။ ဤပါဠိကို ဒေဝဒတ် ငရဲမကျမီ ရှေး၌ဟောသလော၊ နောက်မှ ဟောသလော။ ဣတိဝုတ္တက အဋ္ဌကထာ၌ ဒေဝဒတ် ငရဲကျပြီး သောအခါ ဒေဝဒတ် ဘက်သား တစ်ပါးသော တိတ္ထိတို့သည် ရဟန်းဂေါတမ ကျိန်ဆဲသောကြောင့် ဒေဝဒတ် မြေမျိုသည်-ဟု စွပ်စွဲကုန်၏၊ ထိုအကြောင်း ဘုရားရှင် ကြားသိသောအခါ၊ ချစ်သားတို့ ... ဘုရားရှင်တို့သည် တစ်စုံတစ်ယောက်သောသူအား ကျိန်ဆဲခြင်းကို မပြုကုန်။ ဒေဝဒတ်ကို ငါမကျိန်ဆဲ။ မိမိ ကံဖြင့်သာ ငရဲကျရလေသည်-ဟု မိစ္ဆာအယူကို တားလျက်။ ဤအတ္ထုပ္ပတ္တိကြောင့် ဤသုတ္တန်ပါဠိကို ဟောသည်-ဟု ဆို၏။
ထိုအဋ္ဌကထာ အလိုဖြင့် ငရဲကျပြီးမှ နောက်၌လည်း ဟောသည်-ဟု သိအပ်၏။ သို့ရာတွင် ငရဲမကျမီ ရှေးဦးစွာ ဝတ္ထုကြောင်း ဖြစ်သောအခါ ဟောသောပါဠိကို သင်္ဂါယနာတင်သည်-ဟု မှတ်မိ၏။ ထိုကြောင့် အဝီစိသို့ ရောက်ခဲ့လေပြီ ဟူသော စကားသည် အာသံသာ အနက် အတိတ် ဝိဘတ်ဟု ဆိုသည်။ အာသံသ ဟူသည် မချွတ် ဖြစ်ထိုက်သော အကျိုး ပြီးခြင်းတည်း။ ထိုအကျိုးပြီးခြင်းကိုငဲ့၍ အနာဂတ်ကိုလည်း အတိဟ် တူသကဲ့သို့ ပြောဆိုကုန်၏။ ထိုစကားကို သဒ္ဒါနည်းဖြင့် သိအပ်၏။
ဝိဋီ … ဂါထာတို့၌ ဇာတုသည် ဧကံ ယေနဖြစ်၏။
အာသံသာ-ဟူသည် ဂဝဉ္စ ဘာဝီ အတ္ထသိဒ္ဓိဖြစ်၏။ ထိုအကျိုးပြီးခြင်းကို ဤ၌ အာသံသာ- ဟု အလိုရှိအပ်၏။ ပတ္ထနာ- တောင်းတခြင်းကို အလိုမရှိအပ်။ ဤသို့ အနာဂတ်အနက်၌ အတိတ်ဝိဘတ် သက်ခြင်းကိုသဒ္ဒါဆရာတို့ အလိုရှိကုန်၏။
ကိုးပါးရှိမှ ခွဲနိုင်ခြင်း
ထိုအခါ ရှင်ဥပါလိသည် ဘုရားရှင်ထံ ချဉ်းကပ်၍ "မြတ်စွာဘုရား ... သံဃရာဇိ-သံဃာ၏ အရေးအသားဟု ဆိုရာ၌ အဘယ်မျှသော ရဟန်း အရေအတွက်ဖြင့် သံဃရာဇိ ဖြစ်၍ သံဃဘေဒ မဖြစ်ပါသနည်း၊ အဘယ်မျှဖြင့် သံဃရာဇိဖြစ်၍ သံဃဘေဒဖြစ်ပါသနည်း" ဟု မေးလျှောက်၏။
ချစ်သား ဥပါလိ ... ဓမ္မဝါဒီ တစ်ဖက်၌တစ်ပါး၊ အဓမ္မဝါဒီ တစ်ဖက်၌ နှစ်ပါးရှိ၍ စတုတ္ထရဟန်းသည် သိအောင် ပြောပြအံ့။ ဤကား ဓမ္မ၊ ဝိနယ၊ သတ္တုသာသနဖြစ်သည်။ ဤစာရေးတံကို ယူကြ၊ နှစ်သက်ကြ-ဟု စာရေးတံကို ယူစေအံ့ -ငါ- ပေးအံ့။ ချစ်သား ဥပါလိ ... ဤသို့လည်း သံဃရာဇိဖြစ်၏။ သံဃဘေဒ မဖြစ်။
တစ်ဖက်၌ နှစ်ပါး၊ တစ်ဖက်၌ နှစ်ပါး ပဉ္စမရဟန်းသည် ...လ... စာရေးတံကိုပေးအံ့။
တစ်ဖက်နှစ်ပါး၊ တစ်ဖက်သုံးပါး- ဆဋ္ဌ ရဟန်းသည်--
တစ်ဖက်သုံးပါး၊ တစ်ဖက်သုံးပါး -သတ္တမ ရဟန်းသည်--
တစ်ဖက်သုံးပါ၊ တစ်ဖက် လေးပါး- အဋ္ဌမ ရဟန်းသည်--
စာရေးတံကိုပေးအံ့။ ဤသို့လည်း သံဃရာဇိ ဖြစ်၏။ သံဃဘေဒမဖြစ်။ (ဘေဒမဖြစ် ငါးချက်။)
ချစ်သားဥပါလိ .... ဓမ္မဝါဒီဖက်၌ လေးပါး၊ အဓမ္မဝါဒီဖက်၌ လေးပါရှိ၍ နဝမ ရဟန်း အဓမ္မဝါဒီသည် ပြောပြအံ့။ စာရေးတံကို ပေးအံ့။ ချစ်သားဥပါလိ … ဤသို့သာလျှင် သံဃရာဇိ ဖြစ်၏။ သံဃဘေဒလည်းဖြစ်၏။ (ဘေဒဖြစ်တစ်ချက်။) ချစ်သားဥပါလိ ... ရဟန်း ကိုးပါးတို့အား လည်းကောင်း၊ ကိုးပါးထက် အလွန်တို့အား လည်းကောင်း သံဃရာဇိလည်းဖြစ်၏။ သံဃဘေဒလည်းဖြစ်၏။
ချစ်သား ဥပါလိ ... ဘိက္ခုနီသည် သံဃာကို မခွဲနိုင်၊ ကွဲအောင်အားထုတ်နိုင်၏။ သိက္ခမာန်သည် သာမဏေသည်၊ သာမဏေမသည်၊ ဥပါသကာသည်၊ ဥပါသိကာသည် သံဃာကိုမခွဲနိုင်၊ ကွဲအောင် အားထုတ်နိုင်၏။ ချစ်သား ဥပါလိ ... ပကတက်ဖြစ်သော သမာန သံဝါသကဖြစ်သော သိမ်၌အတူနေသော ရဟန်းသည် ခွဲနိုင်၏-ဟု မိန့်တော်မူ၏။
စတုတ္ထရဟန်းသည် သိအောင် ပြောပြအံ့ ဟူသည်ကား
သံဃာကို ခွဲမည်-ဟု အဓမ္မဝါဒီ စတုတ္ထ အဖြစ်ဖြင့် ပြောပြ၏။ အနုနယန္တော (အနုဇာနာပေန္တော) လျော်စွာ စိစေလျက် ပြောပြ၏။ "သင်တို့အားသာ ငရဲ ရှိသည်မဟုတ်၊ ငါတို့အားလည်း ရှိ၏။ ငါတို့အား အဝီစိလမ်း မပိတ်သေး၊ အကုသိုလ်ကို ငါတို့မကြောက်သည် မဟုတ်၊ အဓမ္မ၊ အဝိနယ၊ အသတ္တု သာသနဖြစ်လျှင် ငါတို့မယူ- ဤသို့ စာရေးတံကို ယူစေအံ့-" ဟူသည်ကား ဤသို့ပြောပြပြီးလျှင် "ဤစာရေးတံကို ယူကြလေ၊ နှစ်သက်ကြလော" ဟုဆို၍ စာရေးတံကို ယူစေ၏။ ဤသို့သာလျှင် သံဃရာဇိဖြစ်၏။ သံဃဘေဒလည်း ဖြစ်၏-ဟု မိန့်ဆိုရာ၌ ဤမျှဖြင့် သံဃာမကွဲသေး။
(ပရိဝါနည်းဖြင့် ဝေါဟာရ-အဓမ္မကို ဓမ္မဟု ပြောပြခြင်း၊ အနုဿာ ဝန- စိတ်ပါအောင် နားသွင်းခြင်း၊ သလာကဂ္ဂါဟ- နောက်မဆုတ်အောင် စာရေးတံ ယူခိုင်းခြင်း၊ ကမ္မ-ကံပြုခြင်း၊ ဥဒ္ဒေသ- ပါတိမောက်ပြခြင်း၊ ဤ ငါးပါးတို့တွင် ကမ္မ၊ ဥဒ္ဒေသ မပြုသေးကြောင်း မကွဲသေး-ဟူလို။)
ပကတတ်ဖြစ်သော ...လ... ခွဲနိုင်၏-ဟု မိန့်တော်မူရာ၌ ဒေဝဒတ်သည် မင်းကြီးကို သတ်ခိုင်းဖူးသောကြောင့် လည်းကောင်၊ ဘုရားရှင်အား သွေးစိမ်းတည်အောင် ပြုဖူးသောကြောင့် လည်းကောင်း၊ အဘယ်မှာ ပကတတ် ဖြစ်နိုင်ပါအံ့နည်းဟု စောဒနာဖွယ်ရှိ၏။
အဖြေကား - ခမည်းတော် သတ်၍ မင်းပြုလော-ဟု စေခိုင်း၏။ မင်းသားကား မင်းဖြစ်ပြီးမှ ခမည်းတော်ကို သတ်သည်။ ဤသို့ အာဏတ္တိ ချွတ်ယွင်းသောကြောင့် မင်းကြီးအား သတ်စေသော အပြစ်မမြောက်၊ သွေးစိမ်းတည်အောင် ပြုခြင်း၌ကား ပြုပြီးကာမျှ၌ အဘဗ္ဗ အဖြစ်ကို ဘုရားရှင် မမိန့်သေး။ ဘုရားရှင်၏ မိန့်ခွန်းကြဉ်၍ အဘဗ္ဗအဖြစ်သို့ မတင်ထိုက်။
“ရုဟိ ရုပ္ပါဒ ကောဘိက္ခေ၀ အနုပသမ္ပန္နော နဥပသမ္ပာ ဒေတဗ္ဗော ဥပသမ္ပန္နော နာသေတဗ္ဗော” ဟူသော ပညတ်တော်ကို သံဃဘေဒမှ နောက်၌ ပညတ်သည်။ ထိုကြောင့် ဒေဒတ်သည် ပကတတ်ဖြစ်လျက်သာ သံဃာကို ခွဲသည်-ဟု မှတ်အပ်၏။ (ဤပညတ် ပါဠိကို မဟခန္ဓက၌ မြင်နိုင်သည်။)
(ဇီဋီ … ဘိက္ခုနီသည် သံဃာကိုမခွဲနိုင်-ဟူသည်၌ ဘိက္ခုသံဃာကို မခွဲနိုင်၊ ဘိက္ခုနီသံဃာကို ခွဲနိုင်သည်-ဟု ကေစိတို့ ဆိုကုန်၏။ မယူအပ်။
သက်သက်သံဃော-ဟု ဆိုလျှင် ဘိက္ခုသံဃာကိုသာ အလိုရှိအပ်၏။ သံဃဿ ဒေတိ ဥဘတေ သံဃဿ ဒေတိ-ဟူသော မာတိကာ စကားသည်လည်း အနက်ကို ပြီးစေ၏။
သာဋီ … အနုနယန္တောသည် အနုဇာနာပေန္တော ဖြစ်၏။ တစ်နည်း- ကွဲခြင်းအားလျော်စွာ သိစေခြင်းဖြစ်၏။ ခွဲအပ်သော ရဟန်းတို့ကို ကွဲအောင်သိစေသည်-ဟူလို။ ထိုကြောင့် သင်တို့အား စသည်ကို ဆိုသည်။
ဝိဋီ … ဤမျှဖြင့် သံဃာမကွဲသေး-ဟူသည် စာရေးတံ ယူစေကာမျှဖြင့် သံဃဘေဒ၏ မဖြစ်ခြင်းကြောင့် ဆိုသောစကားဖြစ်၏။ ဥပုသ် စသော သံဃာကံကိုပြုပြီးမှသာ သံဃာသည်ကွဲ၏။ ဥပုသ်၊ ပဝါရဏာတို့၌ ဉာတ်ပြီးခြင်းဖြင့်၊ ကြွင်းသောကံတို့၌ အပလောကန စသော ကံ၏ပြီးခြင်းဖြင့် သံဃဘေဒ ပြီးဆုံးသည်-ဟု မှတ်အပ်၏။
အဘဗ္ဗအဖြစ်ကို ဘုရားရှင် မမိန့်သေး-ဟူသည်- “ဣဒံ ဘိက္ခဝေ ဒေဝဒတ္ထေန ပထမံ အာနန္တရိယကမ္မံ-ဥပစိတံ” စသည်ဖြင့် အာနန္တရိယကံ၏ အဖြစ်ကို ဘုရားရှင်ဟောသည်။ သွေးစိမ်းတည်အောင် ပြုသူ၏ အဘဗ္ဗ အဖြစ်-ဟူသော ပါရာဇိကကို မပညတ်သေး။ ဤစကားဖြင့် အဘဗ္ဗ၏ အဖြစ်သည်လည်း အာပတ်ကဲ့သို့ ပညတ်၏ အခြားမဲ့၌သာဖြစ်သည်။ ရှေး၌မဖြစ်”ဟု ပြသည်။ ဤ၌ အာဒိကမ္မိက အနာပတ္တိ မဟောသောကြောင့် ဒေဝဒတ် စသည်တို့သည် မလွတ်ကုန်ဟု မှတ်အပ်၏။
“သက်သက်သံဃော ဟု ဆိုလျှင် ဘိက္ခုသံဃာကိုသာ စသည်ဖြင့် ဇီဋီဆို၏။ ဘိက္ခုနီသံဃာကို အလိုရှိရခြင်းသည် အနည်းငယ် သင့်၏။
ဘိက္ခုနီက္ခန္ဓကအစ္စယဒါနဝတ္ထု၌ မမစ္စယေန မယှံပရိက္ခာရောသံဃဿ ဟောတု- ဆိုရာ၌ ဆနိဿာထုကတ္ထဘိက္ခုသံဃော။ ဘိက္ခု နိသံဃဿေဝေတံ-ဟု မိန့်ဆိုသည်။ သုဏာတုမေ အယေသံဃော စသည်လည်း ရှိသေး၏၊)
ကွဲကြောင်းဝတ္ထု ၁၈-ပါး
မြတ်စွာဘုရား … သံဃဘေဒဟု ဆိုရာ၌ အဘယ်မျှသော အကြောင်းဖြင့် သံဃာသည် ကွဲပါသနည်း။ ချစ်သား ဥပါလိ … ဤသာသနာ၌ ရဟန်းတို့သည် -
အဓမ္မကို ဓမ္မဟုပြကုန်၏။ ဓမ္မကို အဓမ္မဟု ပြ၏ (၂)၊
အဝိနယကို ဝိနယဟု ပြကုန်၏။ ဝိနယကို အဝိနယဟု ပြကုန်၏ (၂)၊
အဘာသိတ- ဘုရားဟော မဟုတ်သည်ကို ဘာသိတဟု- (၂)၊
အနာစိဏ္ဏ ဘုရားရှင် အလေ့မဟုတ်သည်ကို အာစိဏ္ဏဟု- (၂)၊
အပညတ်ကို ပညတ်ဟု- (၂)၊
အနာပတ္တိကို အာပတ္တိဟု- (၂)၊
လဟုက အာပတ်ကို ဂရုက အာပတ်ဟု- (၂)
သာဝသေသ အာပတ်ကို အနဝသေသ အာပတ်ဟု (၂)။
ဒုဋ္ဌုလ္လအာပတ်ကို အဒုဋ္ဌုလ္လအာပတ်ဟု- ပြကုန်၏၊ (၂)
ထိုရဟန်းတို့သည် ဤ ၁၈-ပါးသော ဝတ္ထုတို့ဖြင့် ဆွဲငင်ကုန်၏။ လွန်စွာပြကုန်၏၊ သီးခြား-ဥပုသ်ကံ၊ ပဝါရဏာကံ သံဃကံကိုပြုကုန်၏။ ချစ်သား ဥပါလိ … ဤမျှဖြင့် သံဃာသည်ကွဲ၏။
ဓမ္မ၊ ဝိနယ (၂) ဘာသိတ (၁) စိဏ္ဏ၊ ပညတ်ဒုက် (၂)
အာပတ်၊ လဟုက (၂) ဒုဋ္ဌုလ္လ (၁) သာဝသေသဒုက် (၁)
တစ်ဆယ့်ရှစ်ခု-ကွဲပြားမှု-ဝတ္ထုကိုးခု ဒုက်။
(သုတ္တန်နည်းဖြင့် ကုသလကမ္မပထ ဆယ်ပါးသည် ဓမ္မမည်၏။ အကုသလကမ္မပထ ဆယ်ပါးသည် အဓမ္မ မည်၏။
ထိုမှတစ်ပါး သတိပဋ္ဌာန် လေးပါး၊ သမ္မပ္ပဓာန်လေးပါး၊ ဣဒ္ဓိပါဒ်လေးပါး၊ ဣန္ဒြေငါးပါး၊ ဗိုလ်ငါးပါး၊ ဗောဇ္ဈင် ခုနစ်ပါး၊ မဂ္ဂင်ရှစ်ပါး၊ ဣဒ္ဓိပါဒ်သုံးပါး၊ ဣန္ဒြေ ၆-ပါး၊ ဗိုလ် ၆-ပါး၊ ဗောဇ္ဈင်ရှစ်ပါး၊ မဂ္ဂင် ကိုးပါးသည် အဓမ္မမည်၏။
ဥပါဒါန် လေးပါး၊ နီဝရဏငါးပါး၊ အနုသယ ခုနစ်ပါး၊ မိစ္ဆတ္တရှစ်ပါးသည်လည်း အဓမ္မမည်၏။
ထိုတွင် အဓမ္မအစု တစ်ခုခုကိုယူ၍ ဤဓမ္မကို ဓမ္မဟု ပြရလျှင် ငါတို့၏ဆရာမျိုးသည် နိယျာနိက- တန်ခိုးကြီးသူ ဖြစ်လတ္တံ့၊ ငါတို့သည်လည်း လောက၌ ထင်ရှားကုန်လတ္တံ့ဟု ကြံ၍ “ဤတရားသည် ဓမ္မဖြစ်တည်” ဟု ပြောဆိုသူတို့သည် ဓမ္မကို ဓမ္မဟု ပြသူတို့ မည်ကုန်၏။
ထိုအတူ ဓမ္မအစုတစ်ခုကိုယူ၍ “ဤတရားသည် အဓမ္မဖြစ်သည်”ဟု ပြောဆိုသူတို့သည် ဓမ္မကို အဓမ္မ-ဟု ပြသူတို့ မည်ကုန်၏။
ဝိနည်းအားဖြင့် ဟုတ်မှန်သောဝတ္တုဖြင့် စောဒနာ၍ သတိပေး၍ ပဋိညာဖြင့်ပြုသော ကံသည် ဓမ္မမည်၏။
မဟုတ်မမှန်သော ဝတ္ထုဖြင့် လည်းကောင်း စောဒနာ၍ လည်းကောင်း သတိမပေး၍ လည်းကောင်း အပဋိညာဖြင့် လည်းကောင်း ပြုသောကံသည် အဓမ္မမည်၏။
သုတ္တန်နည်းဖြင့် ရာဂ ဒေါသ မောဟကို ဆုံးမခြင်း၊ စောင့်စည်းခြင်း၊ ပယ်ခြင်း၊ ဆင်ခြင်ခြင်းသည် ဝိနယ မည်၏။ ရာဂ စသည်ကို မဆုံးမ။ မစောင့်စည်း၊ မပယ်၊ မဆင်ခြင်ခြင်းသည် အဝိနယ မည်၏။
ဝိနည်းအားဖြင့် ဝတ္ထု၊ ဉာတ်၊ အနုဿာဝန၊ သီမာ၊ ပရိသာ-သမ္ပတ္တိသည် ဝိနယ။ ဝတ္ထုဝိပတ္တိစသော ငါးပါးသည် အဝိနယ။
သုတ္တန်နည်းဖြင့် သတိပဋ္ဌာန် လေးပါး၊ ...လ... မဂ္ဂင် ရှစ်ပါးသည် ဘာသိတ။ သတိပဋ္ဌာန် သုံးပါး၊...လ... မဂ္ဂင် ကိုးပါးသည် အဘာသိတ။
ဝိနည်းအားဖြင့် ပါရာဇိက လေးပါး၊ သံဃာဒိသိတ် ၁၃-ပါး စသည် သည် ဘာသိတ။ ပါရာဇိကသုံးပါး၊ သံဃာဒိသိသ် ၁၄-ပါး စသည်သည် အဘာသိတ။
သုတ္တန်နည်းဖြင့် နေ့တိုင်း ဖလသမာပတ်ဝင်စားခြင်း၊ မဟာကရုဏာ သမာပတ် ဝင်စားခြင်း၊ ဗုဒ္ဓစက္ခုဖြင့် သတ္တလောကကိုကြည့်ခြင်း၊ အတ္ထုပ္ပတ္တိ အစွမ်းဖြင့် သုတ္တန်ဟောခြင်း၊ ဇာတက ဟောခြင်းသည် အာစိဏ္ဏ၊ နေ့တိုင်း ဖလသမာပတ် မဝင်စားခြင်း၊ ...လ... မဟောခြင်းသည် အနာစိဏ္ဏ။
ဝိနည်းအားဖြင့် ပင့်ဖိတ်၍ ဝါကျွတ်သောအခါ ပန်ကြား၍ ဖဲသွားခြင်း၊ ပဝါရဏာ ပြုပြီးသောအခါ ဒေသစာရီကြွခြင်း၊ အဂန္တုတို့နှင့်တကွ ရှေးဦးစွာ အစေ့အစပ် စကား ပြောခြင်းသည် အာစိဏ္ဏ၊ ထိုသို့ မပြုခြင်းသည် အနာစိဏ္ဏ။
သုတ္တန်နည်းဖြင့် သတိပဋ္ဌာန်လေးပါး စသည်သည် ပညတ်၊ သတိပဋ္ဌာန်သုံးပါး စသည်သည် အပညတ်။
ဝိနည်းအားဖြင့် ပါရာဇိကလေးပါး စသည်သည် ပညတ်။ ပါရာဇိကသုံးပါး စသည်သည် အပညတ်။
အနာပတ္တိအဇာနန္တဿ စသည်ဖြင့် ထိုထိုသိက္ခာပုဒ်၌ ဟောသော အနာပတ္တိသည် အနာပတ္တိ။ ဇာနန္တဿ စသည်ဖြင့်ဟောသော အာပတ်သည် အာပတ္တိ။
ငါးပါးသော အာပတ်အစုသည် လဟုကာပတ္တိ။ နှစ်ပါးသော အာပတ်အစုသည် ဂရုကာပတ္တိ။
ခြောက်ပါးသော အာပတ်အစုသည် သာဝသေသအာပတ္တိ၊ ပါရာဇိက အာပတ်အစု တစ်ခုသည် အနဝသေသ အာပတ္တိ။
နှစ်ပါးသော အာပတ်အစုသည် ဒုဋ္ဌုလ္လာပတ္တိ။ ငါးပါးသော အာပတ်အစုသည် အဒုဋ္ဌလ္လာပတ္တိ။
ဤ ဒုတ်ကိုးခုဖြစ်သော ဝတ္ထု ၁၈-ပါး၌ ရှေးနည်းဖြင့် အဝိနယကို ဝိနယဟု ပြသူတို့ကို သိအပ်ကုန်၏။ ဤသို့ပြ၍ အပင်းအသင်း ရပြီးလျှင် သံဃာ့ကံလေးပါး တစ်ပါးပါးကို တစ်သိမ်တည်း၌ သီးခြားပြုသူတို့သည် သံဃာကိုခွဲအပ်သည် မည်၏။ ထိုကြောင့် “ထိုရဟန်းတို့သည် ဤ ၁၈-ပါးသောဝတ္ထုတို့ဖြင့် ဆွဲငင်ကုန်၏” စသည်ကို မိန့်ဆိုသည်။
ဤ၌ အပကာသန္တိ ဆွဲငင်ကုန်၏-ဟူသည် ပရိသက်ကို ဆွဲငင်ကုန်၏။
ဝိဇဋေန္တိ - မရောမယှက်အောင် သီးခြားကုန်၏။ တစ်နေရာ၌ စုရုံးကုန်၏။
အပကာသန္တိသည် အတိဝိယပကာသေန္တိ-လွန်စွာ ပြကုန်၏။ ရောနှောခြင်း ကင်းအောင် ပြုကုန်၏။
ဤမျှဖြင့် သံဃာသည်ကွဲ၏-ဟူသည်ကား ၁၈-ပါးသော ဘေဒကရဝတ္ထုတို့တွင် အမှတ်မရှိ တစ်ခုခုကိုလည်း ပြ၍ ထိုထိုအကြောင်းဖြင့် ဤစာရေးတံကို ယူကြလော နှစ်သက်ကြလော ဟု သိစေ၍ စာရေးတံကိုယူစေ၍ သီးခြားသံဃာ့ကံကို ပြုပြီးသောအခါ သံဃာသည်ကွဲ၏။ ပရိဝါ၌ကား ပဉ္စဟိဥပါလိအာကာရေဟိ သံဃော ဘိဇ္ဇတိ-စသည်ကို မိန့်ဆို၏။ သံဃဘေဒလက္ခဏာဖြင့် အနက်ထူးကား မရှိ။)
(သာဋီ ... အကုသလကမ္မပထ ဆယ်ပါးကို ဖြူစင်သောဓမ္မ၏ ဆန့်ကျင်ဘက်ဖြစ်၍ ညစ်နွမ်းသောကြောင့် အဓမ္မဟု ပြသည်၊ ဥပါဒါန် လေးပါး စသည်တို့လည်း ထိုအတူတည်း။ ဗောဓိပက္ခိယဓမ္မတို့၌ အဓမ္မ မရှိသော်လည်း ယုတ်စေ, တိုးစေ၍ ဆိုခြင်းသည် အဓမ္မ အဖြစ်တည်း-ဟု ပြလို၍ သတိပဋ္ဌာန်သုံးပါး စသည်ကိုဆိုသည်။
နိယာနိက ဟူသည် တန်ခိုးကြီး၏။ အပိတ်အပင်မရှိမူ၍ ဖြစ်၏ဟူလို။ ဟုတ်မှန်သောဝတ္ထုဖြင့် စောဒနာ၍ ...လ... ပြုသောကံသည် ဓမ္မမည်၏ - ဟူသည်ကား တရားနှင့်အညီပြုသောကြောင့် ဓမ္မမည်၏။ ထိုမှ တစ်ပါးသည် တရားနှင့်မညီသောကြောင့် အဓမ္မမည်၏။
ရာဂစသည်ကို ဆုံးမခြင်း စောင့်စည်းခြင်း စသည်ကြောင့် ဝိနယ၊ မဆုံးမခြင်း စသည်ကြောင့် အဝိနယ။ သမ္ပတ္တိ ငါးပါး အစွမ်းဖြင့် ဝိနည်းကံ မပျက်သောကြောင့် ဝိနယ။ ထိုမှဆန့်ကျင်လျှင် အဝိနယ။ အကြင် အာပတ်သို့ရောက်လျှင် ရဟန်း အဖြစ် အကြွင်း ရှိသေး၏။ ထိုအာပတ်သည် သာဝသေသ။
ဝိဋီ .... သတိပဋ္ဌာန် သုံးပါးဟု ယုတ်စေ၍ ဆိုကာမျှ မဟုတ်ဘဲ သုံးပါးသော-ဟု တစ်ပါးကိုပယ်ခြင်းသာလျှင် အဓမ္မ။ ဣန္ဒြေ ခြောက်ပါးဟု တိုးစေ၍ ဣန္ဒြေမဟုတ်သည်ကို ဣန္ဒြေဟုဆိုခြင်းသာလျှင် အဓမ္မ။ ဤနည်းဖြင့် ခန္ဓာလေးပါး၊ အာယတန ၃-ပါး စသည်ဖြင့် ဖောက်ပြန်စွာ ပြဆိုခြင်း ဟူသမျှသည် အဓမ္မ။ မှန်ကန်စွာ ပြဆိုခြင်း ဟူသမျှသည် ဓမ္မ-ဟု သိအပ်၏။
ထိုထိုကိုယ်နှုတ် ပယောဂကို ဖြစ်စေတတ်သော နာမ်ခန္ဓာ သည်သာလျှင် ဤ၌ ပြဆိုခြင်း မည်၏။ ပကာသန မည်၏။ အကုသိုလ်ဆယ်ပါး၊ ကုသိုလ်ဆယ်ပါး စသည်တို့၏ အပြင်ရှိခြင်း၊ မရှိခြင်းအားဖြင့် ဓမ္မသရုပ်ကို ဘုရားရှင်ဟောသောအတိုင်း ပြဆိုခြင်းသည် ဓမ္မ၊ ဖောက်ပြန်စွာ ပြဆိုခြင်းသည် အဓမ္မ-ဟုသိအပ်၏။
ဤ၌ ဝိနယ အဝိနယ စသည်တို့လည်း ဓမ္မ အဓမ္မ၌သာ ဝင်ကုန်လျက် ဝိနယ စသောအမည်ဖြင့် အထူး သီးခြား သောကြောင့် ထိုထိုမှ အကြွင်းသာလျှင် ဓမ္မ အဓမ္မအစု၌ ဝင်သည်ဟုသိအပ်၏။ ဤအဓမ္မကို ဓမ္မပြုရလျှင် စသော စကားကိုဓမ္မ၊ အဓမ္မမှန်စွာ သိလျက် အလိုဆိုးမှီ၍ ဖောက်ပြန်စွာ ပြသူအားသာ သံဃဘေဒက ကံဖြစ်သည်။ မှန်ကုန်သည် ထင်၍ ပြသူအား သံဃဘေဒကံ မဖြစ်ဟု ပြခြင်းငှါ ဆိုသည်။
နိယျာနိက ဟူသည် ဥက္ကဋ္ဌအနက်ရှိ၏။ (မြင့်မြတ်သော အမျိုးဖြစ်လတ္တံ့ ဟူလို။)
သံဝရဝိနည်း ပဟာနဝိနည်း၊ ပဋိသင်္ခါဝိနည်း-ဟု ဟောသောကြောင့် စောင့်စည်းခြင်း စသည်သည် ဝိနယ မည်၏။
ပညတ္တဒုက်နှင့် ဘာသိတဒုက် အနက်တူ။ ဒုဋ္ဌုလ္လဒုက်နှင့် ဂရုကဒုက်အနက်တူ။ ထိုကြောင့် သတိပဋ္ဌာန် လေးပါး စသည်ဖြင့် နိဒ္ဒေသအတူပြုသည်။
သာဝသေသ အာပတ္တိသည် ကြွင်းသောသီလနှင့် အတူဖြစ်သော အာပတ်ဖြစ်၏။ သီလကြွင်းမရှိလျှင် အနဝသေသအာပတ်မည်၏။)
ညီညွတ်ကြောင်း ဝတ္ထု ၁၈-ပါး
မြတ်စွာဘုရား ... သံဃသာမဂ္ဂီဟု ဆိုရာ၌ အဘယ်မျှသောအကြောင်းဖြင့် သံဃာသည် ညီညွတ်ပါသနည်း။ ချစ်သားဥပါလိ ... ဤသာသနာ၌ ရဟန်းတို့သည် အဓမ္မကို အဓမ္မပြုကုန်၏။ ဓမ္မကို ဓမ္မတုပြကုန်၏။ ( ...လ ...၊ ဒုဋ္ဌုလ္လ အာပတ်ကို ဒုဋ္ဌုလ္လဟု၊ အဒုဋ္ဌုလ္လအာပတ်ကို အဒုဋ္ဌုလ္လ-ဟုပြကုန်၏။)
ထိုရဟန်းတို့သည် ဤ ၁၈-ပါးသော ဝတ္ထုတို့ဖြင့် မဆွဲငင်ကုန်၊ လွန်စွာ မပြကုန်၊ သီးခြားဥပုသ်ကံ၊ ပဝါရဏာကံ၊ သံဃာ့ကံကိုမပြုကုန်။ ချစ်သား ဥပါလိ ... ဤမျှဖြင့် သံဃာသည် ညီညွတ်၏။
သံဃဘေဒအပြစ်
မြတ်စွာဘုရား ... ညီညွှတ်သော သံဃာကိုခွဲသူ သည် အဘယ်ကို တိုးပွားစေပါသနည်း၊ ချစ်သားဥပါလိ ... ညီညွတ်သော သံဃာကိုခွဲသူသည် တစ်ကပ်လုံးတည်သော မကောင်းမှုကို တိုးပွား၏။ တစ်ကပ်လုံး ငရဲ၌ ကျက်၏။
သံဃာကို ခွဲသူသည် အပါယ်ကျ၏။ ငရဲ၌ကျက်၏။ တစ်ကပ်လုံး တည်၏။ မညီညွတ်ခြင်း၌ မွေ့လျော်သူသည် အဓမ္မ၌ တည်သူဖြစ်၍ ယောဂကုန်ရာမှ ဆုတ်ယုတ်၏။
ညီညွတ်သော သံဃာကို ခွဲခြင်းကြောင့် တစ်ကပ်လုံး ငရဲ၌ ကျက်၏။
(သာဋီ ... ဝဂ္ဂေရတော-ဝဂ္ဂရတော ... သံဃာ၏ကွဲခြင်း ဟူသော မညီညွှတ်ခြင်း၌ မွေ့လျော်သူသည် ဝဂ္ဂရတ မည်၏။
အဓမ္မေဋ္ဌိတော။ အဓမ္မဋ္ဌော၊ သံဃာကွဲကြောင်း အဓမ္မ၌တည်သူသည် အဓမ္မဋ္ဌမည်၏။
ယောဂ လေးပါး မနှိပ်စက်အပ်သော အရဟတ္တဖိုလ်၊ နိဗ္ဗာန်သည် ယောဂက္ခေမမည်၏။ ထိုယောဂကုန်ရာ အရဟတ္တဖိုလ်နိဗ္ဗာန်မှ ဆုတ်ယုတ်ရာ၌ ဆိုဖွယ် မရှိ။
အယူသီလတူသဖြင့် ပေါင်းစုံခြင်းကြောင့် သံဃာမည်၏။ ပေါင်းစုညီညွတ်သော သံဃာကိုဆိုပြီးသော သံဃဘေဒဖြင့်ခွဲလျှင် အန္တရကပ်ဟူသော အာယုကပ် တစ်ကပ်ပတ်လုံး အဝီစိငရဲကြီး၌ ကျက်၏။)
သံဃသမဂ္ဂအကျိုး
မြတ်စွာဘုရား ... ကွဲသောသံဃာကို ညီညွှတ်အောင်ပြုသူသည် အဘယ်ကို တိုးပွားစေပါသနည်း။ ချစ်သား ဥပါလိ ...ကွဲသော သံဃာကို ညီညွတ်အောင်ပြုသူသည် မြတ်သောကောင်းမှုကို တိုးပွားစေ၏။ တစ်ကပ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏။
သံဃာ၏ ညီညွတ်ခြင်းသည် လည်းကောင်း၊ ညီညွတ်သူတို့ကို ချီးမြှောက်ခြင်းသည် လည်းကောင်း၊ ချမ်းသာကြောင်းဖြစ်၏။ ညီညွှတ်ခြင်း၌ မွေ့လျော်သူသည် ဓမ္မ၌ တည်သူဖြစ်၍ ယောဂ ကုန်ရာမှ မဆုတ်ယုတ်၊ သံဃာကိုညီညွတ်အောင် ပြုခြင်းကြောင့် တစ်ကပ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏။
(သာဋီ .. သုခေါ ဗုဒ္ဓါန မုပ္ပါဒေါ၌ ချမ်းသာကြောင်းသည် သုခ မည်သကဲ့သို့ ဤ၌ ချမ်းသာကြောင်းသည်လည်း သုခမည်၏။
ချီးမြှောက်ခြင်းဟူသည်ကား- သမဂ္ဂတို့၏ ညီညွတ်ခြင်းကို ဝမ်းမြောက်စွာ ချီးမြှောက်ခြင်း ဖြစ်၏၊ ညီညွတ်သည်အားလျော်စွာ ညီညွတ်ခြင်းကို မစွန့်အောင်ထားခြင်း အားပေးခြင်း ဟူလို။
ကွဲသောသံဃာကို လည်းကောင်း၊ သံဃရာဇိသို့ ရောက်သော သံဃာကိုလည်းကောင်း၊ ညီညွတ်အောင် ပြုလျှင် အာယုကပ် ပတ်လုံး နတ်ပြည်၌ တစ်ပါးသော နတ်တို့ကို ဂုဏ်ဆယ်ပါးဖြင့် လွမ်းမိုး၍ ဒိဗ္ဗသုခကို ခံစား၍ လိုတိုင်းပြည့်စုံစွာ ဝမ်းမြောက်ရ၏။)
အပါယ်ကျသော သံဃဘေဒ
မြတ်စွာဘုရား ... သံဃာခွဲသူသည် အပါယ်ကျ၊ ငရဲကျက်၊ တစ်ကပ်လုံးတည်၊ ကုစားမရသူ ဖြစ်ရာသလော။ ချစ်သားဥပါလိ ... သံဃာခွဲသူသည် အပါယ်ကျ ...လ... ကုစားမရသူ ဖြစ်ရာ၏။
မြတ်စွာဘုရား .... သံဃာခွဲသူသည် အပါယ်မကျ၊ ငရဲမကျက်၊ တစ်ကပ်လုံးမတည် ကုစားမ မဟုတ်သူ ဖြစ်ရာသလော။ ချစ်သားဥပါလိ .... သံဃာခွဲသူသည် အပါယ်မကျ၊ ...လ... ကုစားမရ မဟုတ်သူ ဖြစ်ရာ၏။
မြတ်စွာဘုရား ... အဘယ်သို့သော သံဃာခွဲသူသည် အပါယ်ကျ ...လ... ကုစားမရသူ ဖြစ်ပါသနည်း။ ချစ်သားဥပါလိ ... ဤသာသနာ၌ ရဟန်းသည် အဓမ္မကို ဓမ္မ-ဟု ပြ၏။
ယသ္မိံ အဓမ္မဒိဋ္ဌိ - ထိုပြခြင်း၌ အဓမ္မ အယူရှိလျှက်၊
ဘေဒေ အဓမ္မဒိဋ္ဌိ - ခွဲခြင်း၌ အဓမ္မအယူရှိလျက်၊
ဒိဋ္ဌိံ - အယူကို၊
ခန္တိံ - နှစ်သက်ခြင်းကို၊
ရုစိံ - အလိုကို၊
ဘာဝံ - သဘောကို၊
ဝိနိဓာယ - သိုဝှက်၍ ပြောပြ၏။
ဤ ဓမ္မ၊ ဝိနယ၊ သတ္ထုသာသန ဖြစ်သည်။ ယူကြလော၊ နှစ်သက်ကြလော-ဟု စာရေးတံကိုယူစေ၏ ချစ်သားဥပါလိ .... ဤသို့သော သံဃာခွဲသူသည် အပါယ်ကျ …လ… ကုစားရသူဖြစ်၏။
(ထိုမူ တစ်ပါးလည်း အဓမ္မကို ဓမ္မဟု ပြ၏။ တသ္မိံ အဓမ္မဒိဋ္ဌိ ဖြစ်လျက်။)
ဘေဒေ ဓမ္မဒိဋ္ဌိ - ခွဲခြင်း၌ ဓမ္မအယူရှိလျက်၊
တသ္မိံ အဓမ္မဒိဋ္ဌိ-ဘေဒေ ဝေမတိက ခွဲခြင်း၌ ယုံမှားရှိလျက် (၃)။
တသ္မိံ ဓမ္မဒိဋ္ဌိ- ဘေဒေ အဓမ္မဒိဋ္ဌိ - ဖြစ်လျက်၊ ဘေဒေ ဓမ္မဒိဋ္ဌိ ဖြစ်လျက်၊ ဘေဒေ ဝေမတိက ဖြစ်လျှက်-(၆)
တသ္မိံ ဝေမတိက-ဘေဒ အဓမ္မဒိဋ္ဌိ ဖြစ်လျက်၊ ဘေဒေ ဓမ္မဒိဋ္ဌိ ဖြစ်လျက်၊ ဘေဒေ ဝေမတိက ဖြစ်လျက်၊ ဒိဋ္ဌိံ - အယူကို- ...လ... ၊ သိုဝှက်၍ ပြောပြ၏။ …လ… ကုစားမရသူ ဖြစ်၏။ (၉)၊
ဓမ္မကို အဓမ္မ ပြုခြင်း စသည်တို့၌လည်း ဤအတူ-၉-ယောက်စီ ဖြစ်၏။
တစ်ဆယ့်ရှစ် x ကိုးလီ ၁၆၂- ယောက် ကို ဟောတော်မူ၏။
(သာဋီ … ဖြစ်ရာသလော စသည်ကို ပါဠိတော်အစဉ်ဖြင့်သာ သိအပ်၏။
ဇီဋီ … ဝိနိဓာယ သည် မိမိလှည့်စားလိုခြင်းကို ဖုံးကွယ်၍။
ဝိဋီ … တသ္မိံ အဓမ္မဒိဋ္ဌိ - ဟူသည် အဓမ္မကို ဓမ္မဟု မိမိပြခြင်း၌ မသင့်လျော်-ဟု အယူရှိသူဖြစ်၏။
ဘေဒေ ဓမ္မဒိဋ္ဌိ သည် အဓမ္မကို ဓမ္မ-ဟု ပြ၍ စာရေးတံကိုယူစေ၍ ကံသီးခြားပြု၍ ကွဲအောင်ပြုခြင်း၌ မသင့်လျော်-ဟု အယူရှိသူ ဖြစ်၏။
ဝိနိဓာယဒိဋ္ဌိံ သည် မိမိအားဖြစ်သော အဓမ္မဒိဋ္ဌိကို ဖုံးကွယ်၍ ဤကား ဓမ္မ-ဟု ဖောက်ပြန်သောအားဖြင့် ပြ၍ ဟူလို။
ဘဒေဓမ္မဒိဋ္ဌိ သည် သံဃာကို ခွဲခြင်း၌ အပြစ်မရှိ-ဟု အယူရှိသူဖြစ်၏။ ဤသူသည် (ဘေဒေဓမ္မဒိဋ္ဌိ ဖြစ်သော်လည်း) တသ္မိံ အဓမ္မဒိဋ္ဌိ ဖြစ်၍ လည်းကောင်း၊ ထိုအဓမ္မအယူကို သိုဝှက်ကာ ပြခြင်းဖြင့် လည်းကောင်း သံဃာ့ဘေဒက အတေကိစ္ဆ ဖြစ်၏။
ဤအတူ ဘေဒေဝေမတိက ပုဂ္ဂိုလ်အား ဘေဒ၌ ဝေမတိကဒိဋ္ဌိ ကို သိုသည်လည်း ရှိ၏။ အကြွင်းတူပြီ။
တသ္မိံ ဓမ္မဒိဋ္ဌိ-ဘေဒေအဓမ္မဒိဋ္ဌိ ပုဂ္ဂိုလ်ကား ဘေဒ၌ အဓမ္မဒိဋ္ဌိကို သိုဝှက်ကာ ပြုခြင်းကြောင့် သံဃဘေဒက-အတေကိစ္ဆ ဖြစ်၏။)
အပါယ်မကျသော သံဃဘေဒက
မြတ်စွာဘုရား ... ဘယ်သို့သော သံဃာခွဲသူသည် အပါယ်မကျ၊ …လ… ကုစားရ မဟုတ်သူ ဖြစ်ပါသနည်း၊
ချစ်သား ဥပါလိ… ဤ သာသနာ၌ ရဟန်းသည် အဓမ္မကို ဓမ္မ-ဟု ပြ၏။ ထိုပြခြင်း၌ ဓမ္မဒိဋ္ဌိ - သင့်လျော်သည်ဟု အယူရှိလျက်- ခွဲခြင်း၌လည်း သင့်လျော်သည်-ဟု အယူရှိလျက် အယူကို နှစ်သက်ခြင်းကို၊ အလိုကို၊ သဘောကို မသိုမဝှက်ဘဲ ပြောပြ၏။ ဤကား ဓမ္မ၊ ဝိနယ၊ သတ္တု သာသန ဖြစ်သည်၊ ယူကြလေ၊ နှစ်သက်ကြလော ဟု စာရေးတံကို ယူစေ၏။ ချစ်သား ဥပါလိ ... ဤသို့သော သံဃာခွဲသူသည် အပါယ်မကျ၊ ...လ... ၊ ကုစားမရ မဟုတ်သူဖြစ်၏ (၁)။
ထိုမှတစ်ပါးလည်း ဓမ္မကို အဓမ္မ-ဟု ပြ၏-စသည်ဖြင့် ဤအတူ တစ်ယောက်စီဖြစ်၏။ ၁၈-ယောက်ကို ဟောတော်မူ၏။ သံဃဘေဒကပြုသူငရဲကျ ၁၆၂ ယောက်၊ ငရဲမကျ ၉-ယောက်ကို ဝေဖန်တော်မူသည်။
(ဝိဋီ … သုက္ကပက္ခ၌ အဓမ္မကို ဓမ္မ-ဟု စသည်ဖြင့် ပြရာအားလုံး၌ ခွဲခြင်း၌သော်လည်း ဓမ္မဒိဋ္ဌိ ရှိခြင်းဖြင့်-အယူကို မသိုမဝှက်မူ၍သာလျှင် ပြုခြင်းကြောင့် သံဃဘေဒကဖြစ်သော်လည်း သတေကိစ္ဆ ဖြစ်၏။ ထိုကြောင့် အဓမ္မကို ဓမ္မ-ဟု ပြခြင်း၌လည်းကောင်း၊ သံဃာခွဲခြင်း၌ လည်းကောင်း၊ နှစ်ပါးစုံ၌ လည်းကောင်း- အဓမ္မဒိဋ္ဌိ ရှိလျက်ဖြစ်စေ၊ ဝေမတိကဖြစ်လျက် ဖြစ်စေ၊ ထိုအဓမ္မဒိဋ္ဌိကို လည်းကောင်း၊ ထိုဝေမတိကကို လည်းကောင်း သိုဝှက်၍ဓမ္မဖြစ်သည်ဟုပြ၍ သံဃာခွဲသူအားသာ အာနန္တရိယကံဖြစ်သည်ဟု သိအပ်၏။
ပရိဝါနည်း
(ပရိဝါပါဠိတော်၌ကား ပဉ္စဟိဥပါလိ အာကာရေဟိ သံဃောဘိဇ္ဇတိ ... စသည်ကို မိန့်ဆို၏။ ဤ၌ဆိုသော သံဃဘေဒ လက္ခဏာအားဖြင့် အနက်ထူးမရှိ။ မထူးခြင်းကို ပရိဝါ၌သာ ငါတို့ပြကုန်အံ့။ အကြွင်း ပေါ်လွင်ပြီ။)
(သာဋီ ... “ပဉ္စဥပါလိအာကာရေဟိ သံဃောဘိဇ္ဇတိ-ကမ္မေန၊ ဥဒ္ဒေသေန၊ ဝေါဟရန္တော၊ အနုဿာ ဝ နေန၊ ဘလာကဂ္ဂါဟေန”-ဟု ပရိဝါ၌လာသော သံဃဘဒ လက္ခဏသည် ဤ၌ ဆိုသော လက္ခဏာ ဘယ်သို့ထူးသနည်း-ဟု မေးဖွယ်ရှိ၍ ပြခြင်းငှါ ပရိဝါပါဠိတော်၌ကား စသည်ကို အဋ္ဌကထာ မိန့်ဆို၏。
သီမဋ္ဌကသံဃာမစည်းဝေးမီ--သီးခြား ပရိသတ်ကိုယူ၍ ဝေါဟာကို၊ အနုဿဝနကို၊ သလာကဂ္ဂါဟာ ပြုပြီးလျှင် (၃) သံဃာ့ကံကိုပြုအံ့။ (၁) ပါတိမောက္ခုဒ္ဒေသကိုပြအံ့။ (၁) ဤအခြင်းရာ ငါးပါးဖြင့် သံဃဘေဒဖြစ်၏။ အာနန္တရိယကံလည်းဖြစ်၏။
သမဂ္ဂသညာဖြင့်လည်းကောင်း၊ ဝဋ္ဋတိသညာဖြင့်လည်းကောင်း ပြုသူအား သံသံဘေဒသာဖြစ်သည်။ အာနန္တရိယံမဖြစ်။ အနည်းဆုံး ကိုးပါးတို့တွင် ခွဲသူတစ်ယေက် အာနန္တရိယကံဖြစ်၏။ အတုလိုက်သူ ဘေဒါနုဝတ္တက ဓမ္မဝါဒီလေးယောက်တို့အား မဂ္ဂသာဝဇ္ဇ + အပြစ်ကြီး သောကံဖြစ်၏။ ဓမ္မဝါဒီ လေးယောက်တို့ကား အနဝဇ္ဇ-အပြစ်မရှိကုန်။ အကြွင်းပေါ်လွင်ပြီ။)
(ခြင်းရာငါးပါးတို့တွင် ကမ္မ၊ ဥဒ္ဒေသ နှစ်ပါးသည် ပမာဏဖြစ်၏။ (ဝေါဟာ၊ အနုဿဝန-သလာသဂ္ဂါဟ ၃-မျိုးသည် ပုဗ္ဗဘာဂဖြစ်၏။ ထို့ကြောင့်) ဝေါဟာရ “အဓမ္မကို ဓမ္မ” ဤသို့ စသော ၁၈-ပါးကို ထိုထို နည်းဖြင့်ပြောပြခြင်း၊ အနုဿာဝန-ငါသို့သောသူမသင်လျှင် ပြုမည် မဟုတ်။ ငရဲမီးသည် ကြာကန်ကဲ့သို့ မအေး-စသည်ဖြင့် နားဝင်အောင် နှစ်သက်အောင်ပြောပြခြင်း။ သလာကဂ္ဂါဟ-နှစ်သက်သူတို့ မဆုတ်နစ်အောင် ဤစာရေးတံကိုယူကြလော့-ဟု စရေးတံကို ယူစေခြင်း-ဤ သုံးပါးဖြင့် သံဃံ မကွဲသေး။ လေးပါး လေးပါးထက် အလွန်ကို စာရေးတံယူခိုင်း၍ ကမ္မ-အပလောကန စသော ကံလေးပါး တစ်ပါးပါး ပြုခြင်းဖြင့် ဖြစ်စေ၊ ဥဒ္ဒေသ-ပါတိမောက် ဥဒ္ဒေသငါးပါး တစ်ပါးပြခြင်းဖြင့် ဖြစ်စေ ထိုအခါ သံဃာကွဲသည်မည်၏)
သံဃဘေဒက္ခန္ဓကပြီး၏။
၈။ ဝတ္တက္ခန္ဓက
အာဂန္တုကဝတ်
ထိုအခါ မြတ်စွာဘုရားသည် သာတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ နေတော်မူ၏။ ထိုအခါ အာဂန္တုရဟန်း တို့သည် ဖိနပ်နှင့် တကွ အရံတွင်းသို့ ဝင်ကုန်၏။ ထီးမြှောက်လျက်၊ ဦးခေါင်းခြုံလျက်၊ ဦးခေါင်း၌ သင်္ကန်းထားလျက် ဝင်ကုန်၏၊ သောက်ရေဖြင့် ခြေဆေးကုန်၏။ သီတင်းကြီး အာဝါသိက တို့ကိုလည်း ရှိမခိုးကုန်။ အိပ်ရာ နေရာကိုလည်း မမေးကုန်။ အာဂန္တုတစ်ဦးသည်သည် မနေသော ကျောင်းကိုဖွင့်၍ တံခါးကိုတွန်း၍ အဆောတလျင် ဝင်၏။ အထက်မှ ပခုံးအထက် မြွေတစ်ကောင်ကျ၍ ဖောက်ပြန်စွာ အော်ဟစ်၏။ ရဟန်းတို့ ပြေးလာ၍ မေးပြီးလျှင် အာဂန္တုတို့သည် ဖိနပ်နှင့်တကွ အရံတွင်းသို့ဝင် ကုန်၏။ ...လ ... အိပ်ရာနေရာကိုလည်း မမေးကုန်-ဟု ကဲ့ရဲ့ကုန်၏။
ဘုရားရှင်အား လျှောက်ကုန်၏။ မေးစစ်ကဲ့ရဲ့ပြီးလျှင် တရားဟော၍ ရဟန်းတို့ကို သိစေတော်မူ၏။ ချစ်သားတို့ ... အာဂန္တုရဟန်းများ ကျင့်အပ်သော အာဂန္တုဝတ်ကို ပညတ်အံ့။ ချစ်သားတို့ ... အာဂနု္တ ရဟန်းသည် ယခု အရံတွင်းဝင်မည်ဟု ဖိနပ်ကိုချွတ်၍ ရိုသေစွာခါ၍ ယူ၍ ထီးကိုရုပ်၍ ဦးခေါင်းကိုဖွင့်၍ သင်္ကန်းကို ပခုံးထက်၌ထား၍ ကောင်းစွာ မဆောမလျင် အရံတွင်းသို့ ဝင်အပ်၏။ ဝင်ပြီးလျှင် အဘယ်၌ အာဝါသိကတို့ နေကြသနည်း-ဟု မှတ်သားအပ်၏။
အာဝါသိကတို့ နေရာစည်းဝေးရာစရပ်၊ မဏ္ဍပ်၊ သစ်ပင်ရင်းသို့သွား၍ သင့်ရာ၌ သပိတ်ကို ထား၍ သင်္ကန်းကိုထား၍ သင့်သောနေရာကိုယူ၍ ထိုင်အပ်၏။ အဘယ်သည် သောက်ရေနည်း။ အဘယ်သည် သုံးရေနည်း-ဟု မေး၍ သောက်ရေယူသောက်အပ်၏။ အလိုရှိလျှင် သုံးရေယူ၍ ခြေဆေးအပ်၏။ ခြေဆေးသောအခါ လက်တစ်ဖက်ဖြင့် ရေလောင်း၍ တစ်ဖက်ဖြင့် ခြေဆေးအပ်၏။ လောင်းသော လက်ဖြင့်သာ ခြေမဆေးအပ်။
ဥပါဟနပုဉ္ဆနစောဠက - ဖိနပ်သုတ်စရာ အဝတ်ကိုမေး၍ ဖိနပ်ကို သုတ်အပ်၏။ ရှေးဦးစွာခြောက်သော အဝတ်ဖြင့်သုတ်၍ နောက်၌စိုသော အဝတ်ဖြင့်သုတ်၍ ဖိနပ်သုတ်စရာ အဝတ်ကိုဖွတ်၍ တစ်နေရာ၌ ဖြန့်လှန်းအပ်၏၊ အာဝါသိကသည် သီတင်းကြီးဖြစ်အံ့၊ ရှိခိုးအပ်၏။ သီတင်းငယ်ဖြစ်အံ့၊ ရှိခိုးစေအပ်၏။ (သိက္ခာဝါကိုမေးရမည်ဟူလို။)
အဘယ် သေနာသနသည် ငါအား ရောက်သနည်း။ နေအပ်ဖူးပြီလော။ မနေအပ်သေးသလော-ဟု သေနာသနကို မေးအပ်၏။ ဆွမ်းခံသင့်သောဂေါစရ၊ မသင့်သော အာဂေါစရကိုလည်းကောင်း၊ သေက္ခသမ္မုတိ ရသော ဒါယကာကို လည်းကောင်း မေးအပ်၏၊ ကျင်ကြီးနေရာ၊ ကျင်ငယ်နေရာကို လည်းကောင်း၊ ရေသောက်ရာ၊ ရေသုံးကိုလည်းကောင်း၊ တောင်ဝှေးကို လည်းကောင်း မေးအပ်၏။
အဘယ်အခါ ဝင်ရသည်၊ အဘယ်အခါ ထွက်ရသည်-ဟူသော သံဃာ့ ကတိကဝတ်ထားပုံကို ပေးအပ်၏။ မနေအပ်သေးသော ကျောင်းဖြစ်လျှင် တံခါးခေါက်၍ တစ်ခဏဆိုင်း၌ ကျည်မဖွင့်၍ တံခါးတွန်း၍ အဝ၌ ရပ်လျက် ကြည့်ရှုအပ်၏။ ကျောင်းသည် အမှိုက်များအံ့၊ ညောင်စောင်း၌ ညောင်စောင်း၊ အင်းပျဉ်၌ အင်းပျဉ်ဆင့်ထားအံ့၊ ကျောင်းသည်အထက်၌ အစုအစုပြွမ်းအံ့၊ စွမ်းနိုင်လျှင်သုတ်သင်အပ်၏။
ကျောင်းသုတ်သင်သောအခါ ရှေးဦးစွာ မြေအခင်းကိုထုတ်၍ တစ်နေရာ၌ ထားအပ်၏။ ညောင်စောင်း အခြေခံကို၊ ဘုံလျှိုခေါင်းအုံးကို၊ နိသီဒိုင်အိပ်ရာခင်းကို ထုတ်၍ တစ်နေရာစီ ထားအပ်၏။ ညောင်စောင်းကို၊ အင်းပျဉ်ကို အရိုအသေ ကောင်းစွာ မြေ၌ မရေးခြစ်မိအောင်၊ တံခါးရွက် တံခါးပေါင်ကို မထိခိုက်အောင် ထုတ်၍ တစ်နေရာစီ ထားအပ်၏။
ထွေးခံကို၊ မှီရာတံကဲပျဉ်ကိုထုတ်၍ တစ်နေရာစီ ထားအပ်၏။ မြေအခင်းကို ထားမြဲတိုင်းမှတ်၍ ထုတ်၍ တစ်နေရာထားအပ်၏။ ပိုးအိမ်ပင့်ကူမျှင် စသည်ရှိလျှင် မျက်နှာကြက်အထက်အဖို့ မှစ၍ ချအပ်၏။ ပြတင်း၊ ထောင့်အဖွဲ့တို့ကို (ဝါ-တံခါးရွက်တွင်းပ၊ တိုက်ခန်းထောင့်တို့ကို) တိုက်ပွတ်အပ်ကုန်၏။ ဂွေ့သင်္ဘောဖြင့် အပြုအပြစ် ပြုသောနံရံ၊ မည်းသော အဆင်းဖြင့် အပြုအပြစ်ပြုသောမြေ မှိုတက်အံ့၊ ပုဆိုးကြမ်း ရေဆွတ်၍ ရေညှစ်၍ ပွတ်အပ်၏။
အပြေအပြစ် မပြုသောမြေ ဖြစ်အံ့၊ ကျောင်းမြူ မကပ်ပါစေလင့်-ဟု ရေဖျန်း၍ တံမြက်လှည်းအပ်၏။ အမှိုက်ကိုစု၍ တစ်နေရာ၌ စွန့်အပ်၏။ မြေအခင်းကို နေလွန်း၍ သုတ်သင်ခါထွက်၍ ပြန်ဆောင်၍ ခင်းမြဲတိုင်းခင်းအပ်၏၊ ညောင်စောင်းအခြေတို့ကို နေလှန်း၍ ပွတ်တိုက်၍ ပြန်ဆောင်၍ ထားမြဲထားအပ်၏၊
ညောင်စောင်း အင်းပျဉ်တို့ကို နေလှန်း၍ သူတ်သင်ခါထွက်၍ အရိုအသေ မထိမခိုက် ပြန်ဆောင်၍ ထားမြဲထားအပ်၏။ ဘုံလျှိုခေါင်းအုံး နိသီဒိုင်အိပ်ရာခင်းတို့ကို နေလှန်း၍ ခါတွက်၍ ပြန်ဆောင်၍ ထားမြဲထား အပ်၏။ ထွေးခံ မှီရာတံကဲပျဉ်တို့ကို နေလှန်း၍ ပွတ်တိုက်၍ ပြန်ဆောင်၍ ထားမြဲထားအပ်၏။ သပိတ် သင်္ကန်း ထားအပ်၏။
သပိတ်ထားသောအခါ လက်တစ်ဖက်ဖြင့် သပိတ် ကိုင်၍ တစ်ဖက်ဖြင့် ညောင်စောင်းအောက် အင်းပျဉ်အောက် သုံးသပ်၍ ထားအပ်၏၊ အခင်းမရှိသော မြေ၌ မထားအပ်။ သင်္ကန်းထားသောအခါ လက်တစ်ဖက်ဖြင့် သင်္ကန်းကိုင်၍ တစ်ဖက်ဖြင့် သင်္ကန်းတန်းဝါး၊ ကြိုးကိုပွတ်၍ အပ၌အစွန်း၊ အတွင်း၌အခွေ ပြု၍ ထားအပ်၏၊
အရပ်လေးမျက်နှာ မြူနှင့်တကွ လေလာလျှင် လေလာရာ ပြတင်းတံခါးတို့ကို ပိတ်အပ်ကုန်၏။ အေးသောအခါ ပြတင်းတံခါးတို့ကို နေ့ဖွင့်၍ ညဥ့်ပိတ်အပ်ကုန်၏၊ ပူသောအခါ နေ့ပိတ်၍ ညဥ့်ဖွင့်အပ်ကုန်၏။ ပရိဝေဏ-နေရာကျောင်းငယ်၊ ဝါ-အကာအရံအတွင်း၊ ကောဋ္ဌက- တံခါးမုခ်၊ စည်းဝေးရာစရပ်၊ မီးတင်းကုပ်၊ ဝစ္စကုဋီ အမှိုက်ရှိအံ့၊ တံမြက်လှည်းအပ်၏။ သောက်ရေ၊ သုံးရေ သန့်သက်ရေ-မရှိလျှင် ခပ်ထည့်အပ်၏။ ချစ်သားတို့ ... ဤကား အာဂန္တုရဟန်းများ ကျင့်အပ်သော အာဂန္တုဝတ်တည်း-ဟု သိစေတော်မူ၏။
(ယခု အရံတွင်း ဝင်မည်-ဟု ဟူသောစကားဖြင့် ဥပစာရသိမ်ကို ပြသည်။ ထို့ကြောင့် ဥပစာရသိမ်သို့ ရောက်လတ်သော် ဖိနပ်ချွတ်ခြင်း စသော အလုံးစုံကိုပြုအပ်၏။
ယူ၍ - ဟူသည် ဖိနပ်ကိုလှံတံဖြင့်ယူ၍။
ပဋိက္ကမန္တိ ဟူသည် သန္နိပတန္တိ စုဝေး၍နေကြသနည်း။
မေး၍-ဟူသည် အဘယ်နေရာ၌ ဖိနပ်သုတ်စရာ အဝတ်နည်း-ဟု အာဝါသိကတို့ကို မေး၍ ဖိနပ်ကို သုတ်အပ်၏။ ဝိဿဝဇ္ဇတဗ္ဗန္တိပတ္ထရိတဗ္ဗံ-ဖြန့်အပ်၏။
ဂေါစရမေးရာ၌ ဂေါစရဂါမသည် နီးသလော၊ ဝေးသလော၊ စောစောဆွမ်းခံရသလော၊ နေမြင့်မှလော-ဟု ဘိက္ခာစာရကို မေးအပ်၏။
အဂေါစရသည် မိစ္ဆာဒိဋ္ဌိတို့၏ ရွာ၊ ဆွမ်းမလောင်းသောရွာ ဖြစ်၏။ တစ်ပါးစာ၊ နှစ်ပါးစာ ဆွမ်းလောင်းသော ရွာကိုလည်း မေးအပ်၏။
ရေသောက်ရာ မေးရာ၌ ဤရေကန်၌ သောက်ရေကိုသာ သောက်ကုန်သလော၊ ရေချိုးခြင်း စသော သုံးဆောင်ခြင်းကိုလည်း ပြုကုန်သလော-ဟု ရေသောက်ရာ ရေသုံးရာကို မေးအပ်၏။
အချို့ အရပ်၌သားရဲ၊ ဘီလူးတို့ ရှိတတ်သောကြောင့် အဘယ်အခါ ဝင်အပ်သနည်း၊ ထွက်အပ်သနည်း-ဟု မေးအပ်၏။
အပ၌ရပ်လျက်-ဟူသည် ပြင်ပသို့ ထွက်သော မြွေကို လည်းကောင်း၊ ဘီလူးကို လည်းကောင်း လမ်းပေးကာ ရပ်လျက် ကြည့်အပ်၏။
စွမ်းနိုင်လျှင်-ဟူသည် စွမ်းနိုင်လျှင် တစ်ကျောင်းလုံးကို မစွမ်းနိုင်လျှင် မိမိနေရာအရပ်ကို သုတ်သင်အပ်၏။ အလုံးစုံသုတ်သင်ခြင်းငှါ စွမ်းဆောင်နိုင်သူအားကား ပြအပ်သော ဝိဟာရသောဓနဝတ် အဆုံးအဖြတ်ကို မဟာခန္ဓက၌ ဆိုပြီးသောနည်းဖြင့်သာ သိအပ်၏။) (မဟာခန္ဓက ဥပဇ္ဈာယဝတ်ကိုပြန်၍ သုံးသပ်ရမည် ဟူလို။)
ဇီဋီ … တစ်ရွာတည်း၌ တစ်ပါးသော ကျောင်းမှ လာသူသည်လည်း အာဂန္တုသာတည်း။ ကေစိတို့ကား “အာဂန္တုကဘတ်ကို ဘုဉ်းပေးထိုက်သော အဝေးမှ ရောက်လာသူကို ဆိုအပ်၏။ တစ်ရွာတည်း၌မဆိုအပ်”ဟု ဆိုကုန်၏။
လူတို့ အာဂန္တုကဘတ်ကို ထားရာ ရွာကိုဖယ်၍ ရွာတစ်ပါးမှ ရောက်လာသူကဲ့သို့ ဝိဟာရသဒ္ဒါဖြင့် ကျောင်းတစ်ပါးမှ ရောက်လာသူလည်း အာဂန္တုသာ-ဟု ဆရာမြတ်တို့ ဆုံးဖြတ်အပ်၏။
သောက်ရေ၊ သုံးရေမေးရာ၌ ခပ်၍ အိုးခွက်စသည်၌ တည်သောရေကို ရည်ဆိုသည်။
ရေသောက်ရာ၊ ရေသုံးရာကို မေးရာ၌ တွင်း၊ ကန် စသည်၌ တည်သောရေကို ရည်ဆိုသည်-ဟု ဆရာတို့ဆိုကုန်၏။ မိမိ၏ နေရာဌာနဖြစ်သောကြောင့် သီးခြား မေးအပ်သည်သာတည်း။
သာဋီ … ဥပရိပိဋ္ဌိကော တိပိဋ္ဌိသင်္ဃာဋဿဥပရိဘောဂတော။ တံခါးပေါင်အထက်မှ မြွေကျသည် ဟူလို။
ဝိဿဇ္ဇေတဗ္ဗံ သည် ခြောက်အောင် နေပူ၌ ဖြန့်အပ်၏。
ရှိခိုးစေအပ်၏-ဟူသည် အာဝါသိကအား ဝါကိုမေးလျှင် ငယ်သူသည် အလိုလို ရှိခိုးလတ္တံ၊ ထိုအခါ ရှိခိုးစေအပ်သည် မည်၏。
နိလ္လောကေတဗ္ဗော- တိဩလောကေတဗ္ဗော ကြည့်ရှုအပ်၏။
ယထာဘာဂံ သည် (ပါဠိတော်၌ ယထာဌာနေ ရှိသည်။) ရှေး၌ခင်းသော အရပ်အဖို့ကို မလွန်မူ၍တည်း。
သန္တာနတန္တိဥဏ္ဏနာဘိသုတ္တံ - ပင့်ကူချည်မျှင်တည်း。
ဥလ္လောကာ သည် အထက်အဖို့-မျက်နှာကြက်မှ စ၍တည်း။ ရှေးဦးစွာ အထက်အဖို့ကို တံမြက်လှည်းအပ်၏-ဟူလို။
ဝိဋီ … ပတ္ထရိတဗ္ဗံ သည် နေပူ၌ ဖြန့်အပ်၏。
ပါဠိ၌ ရှိခိုးစေအပ်၏-ဟူသည် ရှိခိုးခြင်းငှါ ဝါကိုမေးလျှင် သီတင်းငယ်သည် အလိုလိုရှိခိုး၏ဟု ဆိုအပ်၏。
ယထာဘာဂံ သည် ထားသောနေရာကို မလွန်မူ၍။ (ပါဠိတော်၌ ယထာဌာနေ၊ ဋီတို့၌ ယထာဘာဂံ။)
အာဝါသိကဝတ်
ထိုအခါ အာဝါသိက ရဟန်းတို့သည် အာဂန္တု ရဟန်းတို့ကို မြင်၍ နေရာကိုမခင်းကုန်း ခြေဆေးရေ၊ ခြေဆေး အင်းပျဉ်၊ ခြေပွတ်အိုးခြမ်း အနီးမထား၊ ခရီးဦးကြိုဆို၍ သပိတ် သင်္ကန်း လှမ်းမယူ၊ သောက်ရ မပန်ကြား၊ သီတင်းကြီး အာဂန္တုတို့ကို ရှိမခိုး၊ အိပ်ရာနေရာ မခင်းပေးကြကုန်။ ဘုရားရှင်ကဲ့ရဲ့ပြီးလျှင် အာဝါသိကတို့ ကျင့်အပ်သောဝတ်ကို ပညတ်ပေအံ့။
ချစ်သားတို့ … အာဝါသိကသည်အာန္တု သီတင်းကြီး မြင်လျှင်နေရာကို ခင်းအပ်၏။ ခြေဆေးရေ ခြေဆေးအင်းပျဉ်၊ ခြေပွတ်အိုးခြမ်း အနီး၌ ထားအပ်၏။ ခရီးဦးကြိုဆို၍ သပိတ် သင်္ကန်း လှမ်းယူအပ်၏၊ သောက်ရေ ပန်ကြားအပ်၏။ စွမ်းနိုင်လျှင် ဖိနပ်ကို သုတ်အပ်၏။ ရှေးဦးစွာ ခြောက်သောအဝတ်ဖြင့် သုတ်၍ နောက်၌ စိုသောအဝတ်ဖြင့် သုတ်၍ ဖိနပ်သုတ်စရာ အဝတ်ကို ဖွတ်၍ တစ်နေရာ၌ဖြန့်လှန်းအပ်၏။ အာဂန္တု ရဟန်းကြီးကို ရှိခိုးအပ်၏။
ဤအိပ်ရာ နေရာသည် အရှင်အား ရောက်သည်-ဟု ညွှန်းအပ်၏။ နေဖူးသည် မနေဖူးသည်ကို ပြောကြားအပ်၏။ ဂေါစရကို၊ အဂေါစရကို၊ သေက္ခသမ္မုတိကုလကို ပြောကြားအပ်၏။ ကျင်ကြီးနေရာ ကျင်ငယ်နေရာကို၊ ရေသောက်ရာ ရေသုံးရာကို၊ တောင်ဝှေးကို ပြောကြားအပ်၏။ ဤအခါ ဝင်ရသည်။ ဤအခါ ထွက်ရသည် - ဟူသောသံဃ ကတိကဝတ် ထားပုံကို ပြောကြားအပ်၏။
အာဂန္တုသည် သီတင်းငယ်ဖြစ်အံ့ ထိုင်နေလျက်သာလျှင် ဤ၌ သပိတ်ကိုထားလော၊ ဤ၌ သင်္ကန်းကို ထားလော၊ ဤနေရာကို ထိုင်လော-ဟု ပြောကြားအပ်၏။ သောက်သုံးရေကို၊ ဖိနပ်သုတ်စရာ အဝတ်ကို ပြောကြားအပ်၏။ အာဂန္တု ရဟန်းငယ်ကို ရှိခိုးစေအပ်၏၊
ဤအိပ်ရာ နေရာသည် သင်အား ရောက်သည်-ဟု ညွှန်းအပ်၏။ နေဖူး မနေဖူးကို ဂေါစရကို၊ အဂေါစရကို၊ သေက္ခသမ္မုတိကုလကို၊ ကျင်ကြီးကျင်ငယ်နေရာ၊ ရေသောက်ရာ ရေသုံးရာ တောင်ဝှေးကို ပြောကြားအပ်၏။ ဤအခါ ဝင်ရသည်၊ ဤအခါ ထွက်ရသည်ဟူသော သံဃ ကတိကဝတ် ထားပုံကို ပြောကြားအပ်၏။ ဤကား အာဝါသိကတို့ ကျင့်အပ်သော ဝတ်တည်း။
(နေရာခင်းခြင်း စသည်ကို သီတင်းကြီး ကြွလာသောအခါ သင်္ကန်းအမှု၊ နဝကမ္မအမှုတို့ကို ထား၍ သော်လည်း ပြုအပ်၏၊ စေတီယင်္ဂဏကို တံမြက်လှည်းသူသည် တံမြက်ကိုချ၌ သီတင်းကြီးအား ဝတ်ပြုခြင်းငှါ အားထုတ်အပ်၏။ ပညာရှိသော အာဂန္တုသည် စေတီယင်္ဂဏကို တံမြက်လှည်းပါဦး-ဆိုလတ္တံ့၊ ဂိလာနအား ဆေးအမှုပြုသူသည် သက်သာသော ဂိလာန ဖြစ်အံ့၊ ဆေးအမှုပြုဘဲ ဝတ်ကိုသာ ပြုအပ်၏။ မသက်သာသော ဂိလာနကြီးအား ဆေးအမှုကိုသာ ပြုအပ်၏။ ပညာရှိသော အာဂန္တုသည် ဆေးအမှုကိုသာ ပြုပါဦး-ဟု ဆိုလတ္တံ့။
သောက်ရေဖြင့် ပန်ကြားသောသူသည် တစ်ကြိမ်ဆောင်ပေးသော သောက်ရေကို အကုန် သောက်အံ့၊ တစ်ဖန် ဆောင်ပေးပါဦးမည်-ဟု ပန်ကြားအပ်သည်သာတည်း။ ထိုမှတစ်ပါး ယပ်ဖြင့်လည်း ယပ်ခတ်အပ်၏။ ယပ်ခတ်သူသည် ခြေဖမိုး၌ တစ်ကြိမ်ခပ်၍ ခါးလယ်၌တစ်ကြိမ်၊ ဦးခေါင်း၌တစ်ကြိမ် ခပ်အပ်၏။ အလံဟောတု- တော်လောက်ပြီ-ဟု ဆိုလျှင် ညှင်းညှင်း ခပ်အပ်၏။
တစ်ဖန် တော်လောက်ပြီ-ဟု ဆိုလျှင် ထိုထက် ညှင်းညှင်းခပ်အပ်၏။ သုံးကြိမ်မြောက်ဆိုလျှင် ယပ်ကို ချထားအပ်၏။ ခြေတို့ကိုလည်း ဆေးပေးအပ်ကုန်၏။ ဆေးပေးပြီးလျှင် မိမိ၏ဆီဖြင့် မရှိလျှင် အာဂန္တု၏ဆီဖြင့် လိမ်းပေးအပ်ကုန်၏။ ဖိနပ်သုတ်ခြင်းကိုကား မိမိအလိုအတိုင်း ပြုလိုလျှင် ပြုအပ်၏။ ထို့ကြောင့် စွမ်းနိုင်လျှင်-ဟု မိန့်တော်မူသည်။ ဖိနပ်မသုတ်သော်လည်း အနာပတ္တိ။
အဘယ်၌ ငါအား အိပ်ရာ နေရာ ရောက်သနည်း ဟု မေးလျှင် အိပ်ရာနေရာ ညွှန်းအပ်၏။ အိပ်ရာနေရာသည် အရှင်ဘုရားတို့အား ရောက်ပါသည်-ဟု လျှောက်ကြားရသည်-ဟူလို၊ ထိုစကားသင့်၏၊ အိပ်ရာနေရာ ခါ၍ ဖြန့်ခင်းခြင်းငှါ ထားအပ်သာတည်း။
သီတင်းငယ်အား ပြုအပ်သောဝတ်၌ ဤသောက်ရေကိုယူ၍ သောက်လော-ဟု ပြောကြားအပ်၏၊ သုံးရေ၌လည်း ဤနည်းသာတည်း၊ အကြွင်း ရှေးနှင့်တူပြီ။ မဟာအာဝါသ ကျောင်းတိုက်ကြီး၌လည်း မိမိထံရောက်သော အာဂန္တုအား ကျင့်ဝတ်ကိုမပြုဘဲ နေခြင်းငှါ မရ။)
(သာဋီ … မဟာအာဝါသသည် မဟာဝိဟာရကဲ့သို့ ကျောင်းတိုက်ကြီးဖြစ်၏၊
ဝိဋီ … ညောင်စောင်း အင်းပျဉ် စသည်ကိုခါ၍ ဖြန့်ခင်း၍ အထက်၌ အိပ်ခင်းကိုခင်း၍ ပေးခြင်းသည်လည်း သေနာသန ပညာပန သာတည်းဟု ပြလို၍- အိပ်ရာနေရာပ ခါ၍ ဖြန့်ခင်းခြင်းငှါ ထားအပ်သည် သာတည်း-ဟု ဆိုသည်။)
ဂမိကဝတ်
ထိုအခါ ခရီးသွားသော ရဟန်းတို့သည် သစ်ဘဏ္ဍာ၊ မြေဘဏ္ဍာတို့ကို မသိုမှီးဘဲ၊ တံခါး၊ လေသာပြတင်းတို့ကို ဖွင့်လျက်၊ အိပ်ရာနေရာ မပန်မကြား-ဖဲသွားကုန်၏။ သစ်ဘဏ္ဍာ၊ မြေဘဏ္ဍာ ပျက်စီး၏။ အိပ်ရာနေရာ အစောင့်အရှောက်ကင်း၏။ ကဲ့ရဲ့ပြီးလျှင် ဂမိကဝတ်ကို ပညတ်ပေအံ့။
ချစ်သားတို့ ... ခရီးသွားလိုသော ရဟန်းသည် သစ်ဘဏ္ဍာကို၊ မြေဘဏ္ဍာကို သိုမှီး၍ တံခါး လေသာပြတင်း တို့ကို ပိတ်၍ အိပ်ရာနေရာကို ပန်ကြား၍ ဖဲသွားအပ်၏။ ရဟန်းမရှိလျှင် သာမဏေကို၊ သာမဏေမရှိလျှင် အရံစောင့် (ကပ္ပိယ ကာရက)ကို ပန်ကြားအပ်၏။ ဘယ်သူမျှမရှိလျှင် ကျောက်ခဲလေးခု၌ ညောင်စောင်းကို ခင်း၍ ညောင်စောင်း၌ ညောင်စောင်းကို တင်၍ အင်းပျဉ်၌ အင်းပျဉ်ကိုတင်၍ အိပ်ရာ နေရာကို အထက်၌စုပုံ၍ သစ်ဘဏ္ဍာ မြေဘဏ္ဍာကို သိုမှီး၍ တံခါးမ၊ လေသာပြတင်းကို ပိတ်၍ ဖဲသွားအပ်၏။ ကျောင်းသည် မိုးစွတ်အံ့၊ စွမ်းနိုင်လျှင် မိုးအပ်၏။
အဘယ်သို့ကျောင်းကို မိုးအပ်ရာသနည်း-ဟု ကြောင့်ကြသော်လည်း ပြုအပ်၏။ ဤသို့ရလျှင် အပြစ်မရှိ၊ မရလျှင် မိုးစွတ်သောနေရာ၌ ကျောက်ခဲလေးခု၌ ညောင်စောင်းကို ...လ... ပိတ်၍ ဖဲသွားအပ်၏။ ကျောင်းအားလုံး မိုးစွတ်အံ့၊ စွမ်းနိုင်လျှင် အိပ်ရာနေရာကို ရွာသို့ဆောင်ပို့အပ်၏။ အဘယ်သို့ အိပ်ရာ နေရာကို ရွာသို့ ဆောင်ပို့အပ်ရာနည်း ဟုကြောင့်ကြသော်လည်း ပြုအပ်၏။ ဤသို့ရလျှင် အပြစ်မရှိ၊ မရလျှင် လွင်တီးခေါင်၌ ကျောက်ခဲလေးခု၌ ညောင်းစောင်းကို ...လ… သစ်ဘဏ္ဍာ မြေဘဏ္ဍာကို မြက်သစ်ရွက်ဖြင့် ဖုံးလွှမ်း၍ အပေါင်တို့မျှ ကြွင်းကျန်မူလည်း ကောင်းလေစွ-ဟု ဖဲသွားအပ်၏၊ ဤကား ဂမိကဝတ်တည်း။
(သစ်ဘဏ္ဍာသည် သေနာသနက္ခန္ဓက၌ ဆိုသော မဉ္စပိဋ္ဌ စသည်ဖြစ်၏။ မြေဘဏ္ဍာလည်း ထိုခန္ဓက၌ ဆိုပြီးသော ဆိုးရည်အိုး စသော အလုံးစုံဖြစ်၏။ ထိုအလုံးစုံကို မီးတင်းကုပ်၌ လည်းကောင်း၊ လုံခြုံရာ အရပ်တစ်ခုခု၌ လည်းကောင်း သိုမှီး၍သွားအပ်၏။ မိုးမစွတ်သော တောင်ဝှမ်း၌လည်း ထားခြင်းငှါအပ်၏။
အိပ်ရာနေရာကို ပန်ကြားခြင်း၌ ကျောက်ပြား၊ ကျောက်တိုင်တို့၌ ဆောက်သော ခြေမတက်နိုင်သော အိပ်ရာနေရာ သေနာသနကို ပန်ကြားခြင်း၌ ကျောက်ပြား၊ ကျောက်တိုင်တို့၌ ဆောက်သော ခြေမတက်နိုင်သော အိပ်ရာနေရာ သေနာသနကို မပန်ကြားသော်လည်း အနာပတ္တိ၊
ကျောက်မဲလေးခု၌ စသော စကားကို ခြတို့၏ ပေါက်ဖွားရာဌာန၌ သစ်ရွက်မိုးကျောင်း စသော သေနာသန၌ ပြုအပ်သော အခြင်းရာကို ပြခြင်းငှါ ဆိုသည်။
အပေါင်တို့မျှ ကြွင်းကျန်သူလည်း ကောင်းလေစွ-ဟူသည် လွင်တီးခေါင်တွင် ထားရာ၌ အာနိသင်ဖြစ်၏။ မိုးစွတ်သော ကျောင်း၌ကား မြက်မြေစိုင်တို့ပြုတ်ကျလျှင် ညောင်စောင်း အင်ပျဉ်တို့၏ အပေါင်တို့သည်လည်း ပျက်စီးကုန်၏။)
အနုမောဒနာဝတ်
ထိုအခါ ရဟန်းတို့သည် ဘတ္တဂ္ဂ-ဆွမ်းယူရာ ဆွမ်းစားရာစရပ်၌ အနုမောဒနာတရား မဟောကြားကြကုန်၊ လူတို့ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ဘတ္တဂ္ဂ၌ အနုမောဒနာတရား ဟောကြားခြင်းငှါ ခွင့်ပြု၏။ အဘယ်သူ အနုမောဒနာ ပြုအပ်သနည်း-ဟု အကြံဖြစ်၏။ ချစ်သားတို့ ... မထေရ်ကြီးသည် အတ္တဂ္ဂ၌ အနုမောဒနာ ပြုခြင်းငှါ ခွင့်ပြု၏။ အသင်းတစ်ခုအား သံဃာ့ဘတ်သည်ဖြစ်၏။ ရှင်သာရိပုတ္တရာသည် သံဃာ့ မထေရ်ကြီးဖြစ်၏။ ရဟန်းတို့သည် မထေရ်ကြီးကို တရားဟောခွင့်ပြုသည်-ဟု ရှင်သာရိပုတ္တရာ တစ်ပါးတည်းကို ချန်၍ ဖဲသွားကုန်၏။ ရှင်သာရိပုတ္တရာသည် လူတို့ကို တရားဟော၍ နောက်မှ တစ်ပါးတည်းကြွလာ၏။
ဘုရားရှင်မြင်၍ ချစ်သား သာရိပုတ္တရာ ... ဆွမ်းပြည့်စုံပြီလော-ဟု မေး၏။ မြတ်စွာဘုရား၊ ဆွမ်းကား ပြည့်စုံပါပြီ။ ရဟန်းတို့သည် တပည့်တော် တစ်ယောက်တည်း ချန်၍ ဖဲသွားကြပါသည်-ဟု လျှောက်၏။ မြတ်စွာဘုရားသည် တရားဟော၍ ချစ်သားတို့ ... ဘတ္တဂ္ဂ၌ လေးပါး၊ ငါးပါးသော ထေရ၊ အနုထေရ ရဟန်းတို့သည် ဆိုင်းငံ့ခြင်းငှါ ခွင့်ပြု၏။
မထေရ်တစ်ပါးသည် ဘတ္တဂ္ဂ၌ ဝစ္စိတ-သဉ္ဇာတဝစ္စ-ကျင်ကြီး နှိပ်စက်လျက် ဆိုင်းငံ့စဉ် မတတ်နိုင်သဖြင့် မိန်းမောကာ လဲကျ၏။ ချစ်သားတို့ ... ပြုဖွယ်ကိစ္စရှိလျှင် အခြားမရှိသောရဟန်းကို ပန်ကြား၍ သွားခြင်းငှါ ခွင့်ပြု၏။
(အနုမောဒနဝတ္ထု၌ ဣဒ္ဓံ သည် သမ္ပန္နံ- ပြည့်စုံပြီလော。
လေးပါး၊ ငါးပါးဟူသည် သံဃာ့မထေရ်သည် အနုမောဒနာတရား ဟေခြင်းငှါ နေလျှင် အောက်၌ အစဉ်အတိုင်း လေးပါး နေအပ်၏။ အနုထေရ်နေလျှင် မထေရ်ကြီးနှင့် အောက်သုံးပါး နေအပ်၏။ ပဉ္စမထေရ် နေလျှင် အထက်၌ လေးပါးနေအပ်၏。
သံဃာ့မထေရ်သည် အောက်ရဟန်းငယ်ကို တိုက်တွန်းလျှင်လည်း သံဃာ့မထေရ်မှစ၍ လေးပါးနေအပ် သည်သာတည်း။ အနုမောဒနာပြုသော ရဟန်းသည် အရှင်ဘုရားတို့ ... ကြွတော်မူကြပါ၊ ဆိုင်းငံ့ဖွယ် မရှိပါ-ဟု ဆိုအံ့၊ သွားခြင်းငှါ အပ်၏။ ထေရ်ကြီးသည် ငါ့ရှင် .... ငါ့တို့သွားကြမည်-ဟု ဆိုအံ့၊ ကြွကြပါ-ဟု ဆိုလျှင် ဤသို့လည်း အပ်၏။
“ရွာပ၌ စောင့်ဆိုင်းကြမည်” ဟုနှလုံးသွင်း၍လည်း ရွာပသို့ ရောက်သောအခါ မိမိတပည့်များကို “သင်တို့သည် ထိုရဟန်း၏ ကြွလာခြင်းကို စောင့်ဆိုင်းကြ” ဟု ဆိုလျှင်လည်း သွားအပ်သည်သာတည်း၊ အကယ်၍ လူတို့သည် မိမိအလိုနှင့် ရဟန်းတစ်ပါးကို အနုမောဒနာသာတည်း။ မထေရ်ကြီးအားလည်း တာဝန်မရှိ။ ဥပနိသိန္နကထာ- အနီး ချဉ်းကပ်သူတို့အား ဟောပြောရာ၌သာလျှင် လူတို့က ဟောစေသည် ဖြစ်အံ့၊ မထေရ်ကြီးကို ပန်ကြားအပ်၏။ အနုမောဒနာ ပြုခြင်းငှါ မထေရ်ကြီး တိုက်တွန်းအပ်သော ရဟန်းကိုသာ ဆိုင်းငံ့အပ်၏၊ ဤကား ဆိုင်းငံ့ရာ၌ လက္ခဏာတည်း。
ဝစ္စိတောတိ သဉ္စာတဝစ္စော (ဝစ္စပုဒ်+ဣတပစ္စည်း၊ အဿတ္ထိတဒ္ဓိတ်မျိုး) ကျင်ကြီးနှိပ်စက်ခံရသူ ဟူလို။)
(သာဋီ ... ပဉ္စမ ... ထေရ်နေလျှင်ဟူသည် အနုမောဒနာတရား ဟောခြင်းငှါ နေလျှင်တည်း。
ဥပနိသိန္နကထာ သည် အများစည်းဝေးကြသောအခါ ထက်ဝန်းကျင် ပြောဆိုသော စကားဖြစ်၏。
ဝိဋီ … မထေရ်ကြီးအားလည်း တာဝန်မရှိ ဟူသည် အနုမောဒနာပြုသူကို စောင့်ဆိုင်းခြင်းငှါ တာဝန်ရှိသူ မဟုတ်။ မိမိတိုက်တွန်းအပ်သော ရဟန်းတရားဟောလျှင်သာ စောင့်ဆိုင်းနေအပ်၏ ဟူလို။)
(ဘတ္တံ+ဂဏှာတိ ဧတ္တာတိ ဘတ္တဂ္ဂ။ ဆွမ်းကိုယူရာအရပ်။
ဘတ္တံဂသန္တိ+ဧတ္တာတိ ဘတ္တဂံ၊ ဆွမ်းကို စားရာအရပ်။
ဂသ-အဒနေ+ ကွိ။ ဤသဒ္ဒါနည်းကို မောဂ္ဂလာန်၌ပြသည်။)
ဘတ္တဂ္ဂဝတ်
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မကောင်းသော ဝတ်ခြင်း၊ ရုံခြင်းဖြင့် ရဟန်းအမူအရာ ကင်းလျက် ဆွမ်းစားကျောင်းသို့ သွားကုန်၏။ ခရီးစဉ်ဖဲ၍လည်း မထရ်ကြီးတို့၏ရှေ့မှ သွားကုန်၏။ မထေရ်ကြီးတို့ကို တိုးဝှေ့၍ ထိုင်ကုန်၏။ သီတင်းငယ်တို့ကို နေရာဖြင့် တားမြစ်ကုန်၏။ သံဃာဋိကို (ဝါ-ရုံထားသောသင်္ကန်းကို) လည်း ဖိ၍ ရွာတွင်း၌ ထိုင်ကုန်၏၊ ရဟန်းတို့ ကဲ့ရဲ့ကုန်၏။
ဘုရားရှင်ကဲ့ရဲ့ပြီးလျှင် ချစ်သားတို့ ... ဘတ္တဂ္ဂ၌ ကျင့်အပ်သော ဘတ္တဂ္ဂဝတ်ကို ပညတ်ပေအံ့၊ အရံတွင်း၌ ဆွမ်းအချိန်ကို ပြောကြားအပ်သည်ရှိသော် (ဒူးနှစ်ဖက်၊ ချက်အားဖြင့်) အဝန်း သုံးပါးကိုဖုံးလွမ်း၍ အဝန်း ညီစွာ သင်းပိုင်ဝတ်၍ ခါးပန်းဖွဲ့၍ နှစ်ထပ် ပြုကာ သံဃာဋိ သင်္ကန်းတို့ကိုရုံ၍ ကံပတ်သီးတပ်၍ သပိတ်ကိုကိုင်၍ ကောင်းစွာ မဆောမလျင် ရွာသို့ဝင်အပ်၏။
ခရီးစဉ်ဖဲ၍ မထေရ်ကြီးတို့၏ရှေ့မှ မသွားအပ်။ ကောင်းစွာဖုံးလွှမ်းလျက် ရွာတွင်း၌ သွားအပ်၏၊ ကောင်းစွာ စောင့်ရှောက်လျက်၊ ချသောမျက်လွှာရှိလျက်၊ သင်္ကန်းကို မပင့်မူ၍၊ ပြင်းစွာ မရယ်မူ၍၊ ငယ်သောအသံ ရှိလျက်၊ ကိုယ်မလှုပ်ဘဲ၊ လက်ရုံးမလှုပ်ဘဲ ဦးခေါင်းမလှုပ်ဘဲ၊ ခါးမထောက်ဘဲ၊ သင်္ကန်းမခြုံဘဲ၊ ဖဝါး ဆွန့်မနင်းဘဲ ရွာတွင်း၌သွားအပ်၏။ (သွား-၁၂)
ကောင်းစွာ ဖုံးလွမ်းလျက် ...လ… သင်္ကန်းမခြုံဘဲ လက်အာယောဂပတ် ပုဆိုးအာယောဂပတ်မဖွဲ့ဘဲ ရွာတွင်း၌နေထိုင်အပ်၏။ (ထိုင်-၁၂။)
မထေရ်ကြီးတို့ကို တိုးဝှေ့၍ မနေထိုင်အပ်။ သီတင်းငယ်တို့ကို နေရာဖြင့် မတားမြစ်အပ်၊ သံဃာဋိကိုဖိ၍ ရွာတွင်း၌ မထိုင်အပ်။ ရေကို ပေးသောအခါ လက်နှစ်ဖက်ဖြင့် သပိတ်ကိုကိုင်၍ ရေကိုခံအပ်၏။ အရိုအသေပြု၍ ကောင်းစွာ (ဝါ-ရေသံကိုမပြုဘဲ။) မထိမခိုက် သပိတ်ကို ဆေးအပ်၏။ ရေခံယူသူရှိအံ့- ရေခံယူသူကို လည်းကောင်း၊ အနီးအနား ရဟန်းတို့ကိုလည်းကောင်း၊ သင်္ကန်းကိုလည်းကောင်း၊ ရေမလောင်းမိပါစေလင့် (ဝါ-ရေမစင်ပါစေလင့်)ဟု ရေခံခွက်၌ ရေလောင်းအပ်၏။ ရေခံယူသူမရှိအံ့။ အနီးအနား ရဟန်းတို့ကို လည်းကောင်း၊ သင်္ကန်းကိုလည်းကောင်း ရေမလောင်းမိပါစေလင့်-ဟု အရိုအသေပြု၍ (ဝါ-နိမ့်နိမ့် ချ၍) မြေ၌ ရေလောင်းအပ်၏။
ဆွမ်းကိုပေးသောအခါ လက်နှစ်ဖက်ဖြင့် သပိတ်ကို ကိုင်၍ ဆွမ်းကိုခံယူအပ်၏။ ဟင်းအလို့ငှါ နေရာပြုအပ်၏။ ထောပတ်၊ ဆီ၊ လက်သုတ်ဟင်းလျာရှိအံ့၊ အားလုံး အညီအမျှ ပြည့်စုံစေလော့-ဟု မထေရ်ကြီးက ဆိုအပ်၏။ ရိုသေစွာဆွမ်းကိုခံယူအပ်၏။ သပိတ်၌ အမှတ်သညာရှိလျက်၊ ဆွမ်း၏ လေးဖို့တစ်ဖို့ ပဲဟင်းနှင့်အမျှ၊ သပိတ် အတွင်း အနားရေးနှင့် အမျှခံယူအပ်၏။ (ခံယူ-၄၊)
ရဟန်းအားလုံးတို့အား ဆွမ်းမရာက်သေးမီ မထေရ်ကြီးသည် ဆွမ်းမစားအပ်သေး။ ရိုသေစွာဆွမ်းကို စားအပ်၏။ သပိတ်၌အမှတ်ရှိလျက် အစဉ်အတိုင်း၊ ဆွမ်း၏လေးဖို့တစ်ဖို့ ပဲဟင်းနှင့်အမျှ ဆွမ်းဦးမှမနှိပ်ဘဲ စားအပ်၏။ များစွာအလိုရိုသဖြင့်၊ ဟင်း၊ ဟင်းလျာကို ဆွမ်းဖြင့်မဖုံးအပ်၊ ဟင်းကိုဆွမ်းကို မနာဘဲ မိမိအလို့ငှါ တောင်းမစားအပ်၊ ကဲ့ရဲ့လိုသော အမှတ်ရှိသဖြင့် သူတစ်ပါး၏ သပိတ်ကိုမကြည့်အပ်၊ ကြီးလွန်းစွာသော ဆွမ်းလုပ်ကိုမပြုအပ်၊ အဝန်းညီစွာဆွမ်းလုပ်ကိုပြုအပ်၏။
ဆွမ်းလုပ်ခံတွင်းဝ မရောက်မီ ခံတွင်းမဖွင့်အပ်၊ ဆွမ်းစားစဉ် လက်ချောင်းတို့ကိုခံတွင်း၌ မထည့်အပ်၊ ဆွမ်းလုပ်နှင့်တကွ စကားမဆိုအပ်။ ဆွမ်းလုပ်မြှောက်၍မစားအပ်၊ ဆွမ်းလုပ်ကိုက်ဖြတ်၍၊ ပါးစောင်၌ထား၍၊ လက်ခါ၍၊ ဆွမ်းလုံး ကြဲ၍ လျှာထုတ်၍၊ စပ်စပ်သံပြု၍၊ ရှုပ်ရှုပ်သံပြု၍၊ လက်ကိုလျက်၍၊ သပိတ်ကိုခြစ်၍၊ နှုတ်ခမ်းကိုလျက်၍ မစားအပ်၊ အာမိသရှိသောလက်ဖြင့် ရေခွက်ကို မကိုင်အပ်။ (စားခြင်းစသည် ၂၅)၊
ရဟန်းအားလုံး ဆွမ်းစား၍ မပြီးသေးမီ မထေရ်ကြီးသည် ရေကို မယူအပ်သေး။ (လက်အပြီး မဆေးရဟူလို။) ရေကို ပေးသောအခါ လက်နှစ်ဖက်ဖြင့် သပိတ်ကိုကိုင်၍ ရေကိုခံအပ်၏။ အရိုအသေပြု၍ ကောင်းစွာ မထိမခိုက် သပိတ်ကို ဆေးအပ်၏။ ရေခံယူသူရှိအံ့။ ...လ... မြေ၌ ရေလောင်းအပ်၏။ ဆွမ်းလုံးနှင့် တကွသော သပိတ်ဆေးရေကို အိမ်တွင်း၌မစွန့်အပ်၊ (သပိတ်ဆေးရေ မစွန့် – ၁။)
ကျောင်းသို့ပြန်သောအခါ သီတင်းငယ်တို့သည် ရှေးဦးစွာ ပြန်အပ်၏။ မထေရ်ကြီးတို့သည် နောက်မှ ပြန်အပ်၏၊ ကောင်းစွာဖုံးလွမ်းလျက် ရွာတွင်း၌ သွားအပ်၏။ ကောင်းစွာ စောင့်ရှောက်လျက်၊ ...လ... ဖဝါး ဆွန့်မနင်းဘဲ ရွာတွင်း၌သွားအပ်၏။ (သွား-၁၂)
ဤကား ဘတ္တဂ္ဂဝတ်တည်း။
(ဘတ္တဂ္ဂဝတ်၌ ရွာတွင်းဖြစ်စေ၊ ကျောင်းဖြစ်စေ လူတို့၏ ဆွမ်းလုပ်ကျွေးရာ ဌာနသို့ သွားသော ရဟန်းသည် သင်္ကန်းကိုရုံ၍ ခါးပန်းကို ဖွဲ့မှသာ အပ်၏-ဟု အဋ္ဌကထာတို့၌ ဆိုသည်။
မထေရ်ကြီးတို့ကို တိုးဝှေ့၍ မနေထိုင်အပ်-ဟူသည် မထေရ် ရဟန်းတို့ကို အလွန်နီးကပ်စွာ မနေထိုင်အပ်။ မထေရ်ကြီးထိုင်သော နေရာနှင့် ညီမျှသော နေရာဖြစ်အံ့- (ထိုင်စရာ) နေရာများစွာရှိလျှင် နေရာတစ်ခု၊ နှစ်ခု ချန်ထား၍ ထိုင်အပ်၏။ ရဟန်းအရေအတွက်နှင့် အမျှခင်းလျှင် မထိုင်မူ၍ မထေရ်ကြီးက ထိုင်လော-ဟု ဆိုမှ ထိုင်အပ်၏။ မထေရ်ကြီးက မဆိုလျှင် ဤနေရာသည်မြင့်ပါသည်-ဟု မထေရ်ကြီးကို လျှောက်ထားအပ်၏။ ထိုင်လော-ဟု ဆိုလျှင် ထိုင်အပ်၏။ ဤသို့ပန်ကြားလျက် မထေရ်ကြီး ဘာမျှမဆိုလျှင် ထိုင်သူအား အနာပတ္တိ။ မထေရ်ကြီးအားသာ အာပတ်သင့်၏။
ဤနေရာမျိုး၌ မပန်ကြားဘဲ ထိုင်လျှင် ရဟန်းငယ် အာပတ်သင့်၏။ ပန်ကြားလျက် ခွင့်မပြုလျှင် မထေရ်ကြီး အာပတ်သင့်၏。
သံဃာဋိကို ဖိ၍-ဟူသည် သံဃဋီကိုဖိ၍ မထိုင်အပ်။
လက်နှစ်ဖက်ဖြင့်-ဟူသည် သပိတ်ဆေးရန် ခံယူသော ရေကို ရည်ဆိုသည်။
ဒက္ခိဏောဒက- ရေမြတ်ကိုကား ရှေ့၌ သပိတ်ခြေ၌ သပိတ်ကို ထား၍ ခံအပ်၏。
ဟင်းအလို့ငှါ နေရာကား ဟင်း၏နေရာဖြစ်အောင် ပြုအပ်၏။ အတိုင်းအရှည်ဖြင့် ဆွမ်းကို ခံယူရသည် ဟူလို။
အညီအမျှ ပြည့်စုံစေလော-ဟူသည်ကို ထောပတ် စသည်တို့၌သာ မဟုတ် ဆွမ်း၌လည်း ဆိုအပ်၏။ ထောပတ် စသည်သည် အနည်းငယ်တစ်ပါးစာ၊ နှစ်ပါးစာမျှဖြစ်အံ့၊ အားလုံး အညီအမျှပြည့်စုံ စေလော-ဟု ဆိုလျှင် လူတို့အား ပင်ပန်းခြင်းဖြစ်၏။ ထိုသို့သော အနည်းငယ်ကို တစ်ကြိမ်၊ နှစ်ကြိမ်ယူ၍ အကြွင်းကို မယူဘဲ ထားအပ်၏။
မထေရ်ကြီးသည် ဆွမ်းမစားအပ်သေး ဟူသည်ကို အကြင် ဘတ္တဂ္ဂ နေရာသည် ပိုင်းခြားအပ်သော ရဟန်း ရှိ၏၊ အကြင်နေရာ၌ လူတို့သည် ရဟန်းအားလုံးတို့အား ဆွမ်းရောက်စေပြီးလျှင် ရှိခိုးလိုကုန်၏။ ထိုသို့သော ဘတ္တဂ္ဂ၊ ထိုသို့သောနေရာကို ရည်ဆိုသည်။ မဟာဘတ္တဂ္ဂ ဖြစ်အံ့၊ တစ်နေရာ၌စားဆဲ၊ တစ်နေရာ၌ ရေပေးဆဲဖြစ်အံ့၊ ထို၌ အလိုရှိတိုင်း စားအပ်၏။
မထေရ်ကြီးသည် ရေကို မယူအပ်သေး-ဟူသည်ကို လက်ဆေးရေကို ရည်ဆိုသည်။ အကြား၌ ရေငတ်သူ၊ လည်ပင်း၌ အမိသ ငြိကပ်သူတို့ကား သောက်ရေကို သောက်ပြီးလျှင် လက်တို့ကို မဆေးအပ်ကုန်။ (ဝါ ဆေးအပ်ကုန်၏။) (အပြီးဆေးခြင်း မဟုတ်သောကြောင့် ဟူလို။)
လူတို့သည် အရှင်ဘုရား … သပိတ်ကိုလည်းကောင်း၊ လက်ကိုလည်းကောင်း ဆေးတော်မူကြပါ-ဟု ဆိုကုန်အံ့-အပ်၏၊ ကျောင်းသို့ပြန်သောအခါ စသည်ဖြင့် ဘတ္တဂ္ဂမှ ထ၍ ပြန်သော သံဃာသည် ဤသို့ ပြန်ရသည်ဟု ပြသည်။ ကျဉ်းမြောင်းသော အိမ်တို့၌ မထရ်ကြီးတို့ ထွက်စရာနေရာ မရသောကြောင့် သီတင်းငယ်တို့က ရှေးဦးစွာ ပြန်ရသည်။ ဤသို့ရှေးဦးစွာ ထပြန်သော သီတင်းငယ်တို့သည် အိမ်တံခါး၌ရပ်၍ မထေရ်ကြီးများ ထွက်ပြီးမှ အစဉ်အတိုင်း သွားရသည်။ မထေရ်ကြီးတို့သည် ဓုရ-တံခါးအနီးနေရာ၌ ထိုင်၍ သီတင်းငယ်တို့သည် အတွင်း၌ထိုင်ကုန်အံ့၊ မထေရ်ကြီးနေရာမှ စ၍ အစဉ်အတိုင်းသာ ထွက်အပ်၏။ တစ်ကိုယ်နှင့် တစ်ကိုယ် မထိစေဘဲ အကြား၌ လူတို့သွားနိုင်အောင် ကျဲသောအစဉ်ဖြင့် သွားအပ်၏။)
(သာဋီ ... လူတို့၏ ဆွမ်းလုပ်ကျွေးရာဌာနသည် လူတို့သည် သားမယားနှင့်တကွနေ၍ လှူရာဌာနဖြစ်၏။ လက်ဆေးရေကို ရည်ဆိုသည်-ဟူသည် ဆွမ်းစားပြီးသော မထေရ်ကြီးအား ဆွမ်းစားခြင်း အဆုံး၌ လက်ဆေးရေကို ရည်ဆိုခြင်းတည်း။ ထိုကြောင့် အကြား၌- စသည်ကိုဆိုသည်၊ စာတို့၌ “လက်တို့ကို မဆေးအပ်ကုန်”ဟု ရေးကုန်၏၊ “လက်တို့ကို ဆေးအပ်ကုန်၏” ဟု ဖြစ်သင့်သည်။ ဤကား ငါတို့၏ အလိုတည်း။
ဤသို့မဟုတ်လျှင် အကြား၌စသည်ဖြင့် ဆိုရာ၌ အနက်ထူးမရ။ သောက်ရေကို သောက်ရခြင်းမျှသည်လည်း အနက်ထူး မဟုတ်။ သူတစ်ပါး ဆွမ်းစားပြီးမီ ရေမသောက်ရဟု မမိန့်လတ္တံ့ -ဟု သိသာ၏။ အဋ္ဌကထာ၌- လက်ဆးရေကို ရည်ဆိုသည်ဟုဆို၍ ထိုစကားဖြင့် နစ်စေအပ်သော အနက်ကိုပြလိုလျှင် အကြား၌ …လ… သောက်ရေကို သောက်အပ်၏-ဟူ၍သာ ဆိုအပ်၏၊ သောက်ပြီးလျှင် လက်တို့ကို မဆေးအပ်ကုန်-ဟု မဆိုအပ်ဟု မှတ်အပ်၏။
ဓုရ-ဟူသည် ဒွါရသမီပ ဖြစ်၏။
ဝိဋီ ... လူတို့၏ ဆွမ်းလုပ်ကျွေးရာဌာနသည် ကျောင်းတွင်း၌သော်လည်း လူတို့သည် သားမယားနှင့်တကွ နေ၍ ရဟန်းတို့ကိုပင့်၍ ဆွမ်းကျွေးရာဌာနဖြစ်၏။
ဤနေရာသည်မြင့်ပါသည် ဟူသည်ကို အနီး၌ခင်းသော မထေရ်ကြီးနေရာနှင့် ညီမျှသောနေရာကို ရည်ဆိုသည်။ ထေရာသနထက် မြင့်သောနေရာ၌ကား ပန်ကြား၍လည်း ထိုင်ခြင်းငှါ မအပ်၊ နိမ့်လျှင် မပန်ကြားမူ၍လည်း ထိုင်ခြင်းငှါအပ်၏။
မထေရ်ကြီးအားသာ အာပတ် သင့်ခြင်းကား နေရာဖြင့်တားမြစ်ခဲ့သော အာပတ်ဖြင့် သင့်ခြင်းတည်း။
ဖိ၍ဟူသည်ကား ပါရုတသံဃာဋိ- ရုံသော သင်္ကန်းကို ဖိ၍။ မပင့်မြှောက် မူ၍ ဟူလို။
ပါဠိတော်၌ လက်နှစ်ဖက်ဖြင့် သပိတ်ကိုကိုင်၍ ဟူသည်ကို ငှက်အပြင်၌ လည်းကောင်း၊ မကောင်းသော သပိတ်ခြေ၌လည်းကောင်း သပိတ်ကိုထား၍ ဆွမ်းခံယူလျှင် သပိတ်မလွတ်ကျစေခြင်းငှါ ဆိုသည်။
ကောင်းစွာစီရင်သော သပိတ်ခြေနှင့် သပိတ်ထား၍ လက်တစ်ဖက်ဖြင့် ကိုင်၍လည်း ဆွမ်းကိုခံယူခြင်းငှါ အပ်သည်သာတည်း။ ရေကိုခံရာ၌လည်း ဤနည်းသာတည်း။
လက်ဆေးရေ-ဟူသည် ဆွမ်းစားပြီးအဆုံး၌ (ဆေးစရာ)ရေ၏။ ထို့ကြောင့် “သောက်ရေကို သောက်ပြီးလျှင် လက်တို့ကို ဆေးအပ်ကုန်၏”ဟု ဆိုသည်။ ထိုစကားဖြင့် အပြီး၌ ရေးဆေးခြင်းကိုသာ ပယ်အပ်၏။ ဆွမ်းစားစဉ်အကြား သောက်ရေသောက်ခြင်း စသည်ဖြင့် လက်ရေဆေး၍ တစ်ဖန်စားခြင်းငှါ အပ်သည်-ဟု ပြသည်။ စာတို့၌ “လက်တို့ကို မဆေးအပ်ကုန်”ဟု ရေးကုန်၏။ ရှေ့စကားနှင့်မညီ၊ ပရိယောသာနေ ဥဒကဿေဝ-ဟတ္ထောဓာဝန ဥဒကံ-ဟု ဆိုသောကြောင့်တည်း။ (ပုရေ.ဒွါရသမီပေ။) (ဓူရ၊ ပုရ-စာလုံးကွဲ၏။)
(သံဃာဋိ၌ ဒုကုဋ်ကိုသာ ဖိ၍မထိုင်အပ်-ဟု ယူဆဖွယ်ရှိသော်လည်း၊ ပါရုတ သံဃာဋိ-ဟု ဖွင့်သောကြောင့် ပါရုတ သဒ္ဒါဖြင့် ရုံထားသော ကိုယ်ရုံ၊ ဒုကုဋ်-နှစ်ထည်ကို ယူရသည်။ သင်းပိုင်ကိုကား ဖိ၍ထိုင်ရ မည်သာတည်း၊)
ပိဏ္ဍစာရိကဝတ်
ထိုအခါ ဆွမ်းခံသွားသော ရဟန်းတို့သည် မကောင်းသော ဝတ်ခြင်း ရုံခြင်းဖြင့် ရဟန်း အမူအရာကင်းလျက် ဆွမ်းခံ သွားကုန်၏။ မမှတ်မသားမူ၌လည်း အိမ်သို့ဝင်ကုန် ထွက်ကုန်၏။ အလွန်လျင်စွာ ဝင်ကုန် ထွက်ကုန်၏။ အလွန်ဝေးစွာ၊ အလွန်နီးစွာ ရပ်ကုန်၏၊ အလွန်ကြာမြင့်စွာ ရပ်ကုန်၏။ အလွန်လျင်စွာ ဖဲကုန်၏။
ရဟန်းတစ်ပါးသည်လည်း အိမ်သို့ဝင်၍ တံခါးမ အမှတ်ဖြင့် တိုက်ခန်းတွင်းသို့ ဝင်သွားမိလျှင် အဝတ်ကင်းလျက် အိပ်နေသောမိန်းကို မြင်မှ တံခါးမ-မဟုတ်ဟု ပြန်ထွက်လာ၏။ ထိုမိန်းမ၏ ယောက်ျားသည် မြင်၍ အထင်လွဲ၍ ဖမ်း၍ရိုက်နှက်၏။ ထိုမိန်းမသည် အိပ်ရာနိုး၍ ထိုအကြောင်း မေး၍ “ဤရဟန်း အပြစ်မလွန်ကျူး” ဆိုမှ လွတ်လိုက်၏။
ဘုရားရှင် သိ၍ ကဲ့ရဲ့၍ ချစ်သားတို့ ... ပိဏ္ဍစာရိကဝတ်ကို ပညတ်ပေအံ့၊ ဆွမ်းခံသွားသော ရဟန်းသည် ယခုအခါ ရွာဝင်မည်-ဟု အဝန်းသုံးပါး ဖုံးလွှမ်း၍ အဝန်းညီစွာ သင်းပိုင်ဝတ်၍ ခါးပန်းဖွဲ့၍ နှစ်ထပ်ပြုကာ သံဃဋီတို့ကိုရုံ၍ ကံပတ်သီး တတ်၍ ရေဆေးကာ သပိတ်ယူ၍ ကောင်းစွာ မဆောမလျင် ရွာသို့ဝင်အပ်၏။ ကောင်းစွာဖုံးလွမ်းလျက်၊ ကောင်းစွာ စောင့်ရှောက်လျက်၊ …လ… ဖဝါး ဆွန့်မနင်းဘဲ ရွာတွင်း၌သွားအပ်၏။ (သွား-၁၂)၊
အိမ်သို့ဝင်သောအခါ ဤ အရပ်နှင့်ဝင်အံ့၊ ဤအရပ်ဖြင့်ထွက်အံ့-ဟု မှတ်သားအပ်၏။
အလွန်လျင်စွာ မဝင်အပ် မထွက်အပ်။ အလွန်ဝေးစွာ အလွန်နီးစွာ မရပ်အပ်။ အလွန်ကြာမြင့်စွာ မရပ်အပ်။ အလွန်လျင်စွာ မဖဲအပ်၊ ဆွမ်းလှူလိုသလော၊ မလှူလို လော-ဟု ရပ်လျက် မှတ်သားအပ်၏။ ပြုဆဲအမှုကို ချထားအံ့။ နေရာမှ ထအံ့၊ ယောင်းမကိုင်အံ့၊ ခွက်ကိုင်အံ့၊ ရပ်ဆိုင်းစေအံ့- ဆွမ်းလှူလိုသည် ဖြစ်၏-ဟု ရပ်အပ်၏။
ဆွမ်းလောင်းသောအခါ လက်ဝဲလက်ဖြင့် သံဃာဋိ (ရုံသောသင်္ကန်း) ကို ဖယ်၍ လက်ယာလက်ဖြင့် သပိတ်ကိုညွှတ်၍ လက်နှစ်ဖက်ဖြင့် သပိတ်ကိုကိုင်၍ ဆွမ်းခံယူအပ်၏။ ဆွမ်းလောင်းသော မာတုဂါမ၏ မျက်နှာကို မကြည့်အပ်။ ဟင်းလှူလိုသည် မလှူလိုသည်ကို မှတ်သားအပ်၏။ ယောင်းမကိုင်အံ့၊ ခွက်ကိုင်အံ့၊ ရပ်ဆိုင်းစေအံ့- လှူလိုသည်ဖြစ်ရာ၏ ဟု ရပ်အပ်၏။ ဆွမ်းလောင်းပြီးသောအခါ သံဃာဋိဖြင့် သပိတ်ကိုဖုံး၍ ကောင်းစွာ မဆောမလျင် ဖဲအပ်၏။ ကောင်းစွာဖုံးလွမ်းလျက်၊ …လ…၊ ဖဝါးဆွန့်မနင်းဘဲ ရွာတွင်း၌ သွားအပ်၏။ (သွား-၁၂)။
ဆွမ်းခံရာရွာမှ ရှေးဦးစွာပြန်လာသော ရဟန်းသည် နေရာခင်းအပ်၏။ ခြေဆေးရေ၊ ခြေဆေးအင်းပျဉ်၊ ခြေပွတ်အိုးခြမ်း ချထားအပ်၏။ ဆွမ်းပို့ထည့်ရန် ဆွမ်းတောင်းကို ဆေး၍ ထားအပ်၏။ သောက်ရေ သုံးရေ တည်ထားအပ်၏။ နောက်မှပြန်လာသော ရဟန်းသည် ဆွမ်း အပိုရှိအံ့၊ စားလိုလျှင် စားအပ်၏၊ မစားလိုလျှင် မြက်သစ်ပင် မရှိရာ၌ စွန့်အပ်၏။ ပိုးမရှိသော ရေ၌လည်း ချအပ်၏။
ထိုရဟန်းသည် နေရာသိမ်းအပ်၏။ ခြေဆေးရေ စသည်ကို သိမ်းအပ်၏။ ဆွမ်းတောင်း ရေဆေး၍ သိမ်းအပ်၏။ သောက်ရေ သုံးရေ သိမ်းအပ်၏။ ဘတ္တဂ္ဂကို တံမြက်လှည်းအပ်၏။ သောက်ရေအိုး သုံးရေအိုး၊ ဝစ္စကုဋီရေအိုး ရေမရှိလျှင် မြင်သူ ခပ်လောင်းအပ်၏၊ မချီနိုင်သောဝန်ကို လက်အမူအရာဖြင့် အဖော်ကို သိစေ၍ လက်ချင်းယှက်တွဲ၍ ပွေ့ချီအပ်၏။ ထိုအကြောင်းကြောင့် စကားမဆိုအပ်။
ဤကား ပိဏ္ဍစာရိက ဝတ်တည်း။
ပိဏ္ဍစာရိက ဝတ်၌ ပြုဆဲအမှုကို ချထားအံ့-ဟူသည်-ကပ္ပါယ-ဝါကို၊ သုပ္ပ-ဗန်းဆန်ကောကို၊ မုသလ- ကျည်ပွေ့ကို- တစ်ခုခုကိုင်၍ အမှုကိစ္စ ပြုလုပ်ကုန်အံ့၊ ရပ်လျက်၊ ထိုင်လျက်ဖြစ်ကုန်အံ့ ထိုအမှုကိစ္စကို ချထား ခြင်းဖြစ်၏။
ဆွမ်းလောင်းသော မာတုဂါမ၏-ဟူသည် မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ ဆွမ်းလောင်းသောအခါ လောင်းသူ၏ မျက်နှာကို မကြည့်အပ်။)
(သာဋီ … ရပ်ဆိုင်းစေအံ့-ဟူသည် တိဋ္ဌထဘန္တေ-ရပ်တော်မူပါဦး-ဟု ဆိုသူသည် ရပ်ဆိုင်းစေသည် မည်၏။)
အာရညကဝတ်
ထိုအခါ များစွာသော ရဟန်းတို့သည် တော၌နေကုန်၏။ ထိုရဟန်းတို့သည် သောက်ရေ၊ သုံးရေ မတည်ထားကုန်။ မီး၊ ပွတ်ခုံပွတ်ကျေ မထားကုန်၊ နက္ခတ်၊ အရပ်မျက်နှာမသိကုန်။ ခိုးသူတို့သည်သွား၍ ထိုရဟန်းတို့ကို သောက်ရေရှိပါသလော-ဟု မေးကုန်၏။ မရှိ ဟုဆိုကုန်၏။ သုံးရေမရှိ၊ မီးပွတ်ခုံ ပွတ်ကျေ−မရှိ။ ယနေ့အဘယ်နက္ခတ် ယှဉ်သနည်း-ငါတို့မသိ။ ဤသည် အဘယ်အရပ်နည်း (အရှေ့လော၊ အနောက်လော)- ငါတို့မသိ-ဟု ဆိုကုန်၏။ ထိုအခါခိုးသူတို့သည် ဤသူတို့ကား ရဟန်းမဟုတ်၊ ခိုးသူတို့တည်း-ဟု ရိုက်နှက်၍ ဖဲသွားကုန်၏။
ဘုရားရှင်သိသောအခါ တရားဟော၍ ချစ်သားတို့ … အာရညကဝတ်ကို ပညတ်ပေအံ့။ တော၌နေသော ရဟန်းသည် နံနက်စောစောထ၍ သပိတ်ကို ထဝိကာ-အိတ်၌ထည့်၍ ပခုံး၌လွယ်၍ စီဝရကို ကိုယ်၌တင်၍ ဖိနပ် စီး၍ သစ်ဘဏ္ဍာ မြေဘဏ္ဍာသိုမှီး၍ တံခါးမ၊ လေသာပြတင်းတို့ကို ပိတ်၍ သေနာသနမှ ထွက်အပ်၏။
ယခုအခါ ရွာဝင်တော့မည်-ဟု ဖိနပ်ချွတ်၍ အရိုအသပြုကာ ပုတ်ခါ၍ ထဝိကာ- အိတ်၌ထည့်၍ ပခုံး၌လွယ်၍ အဝန်းသုံးပါးဖုံးလွမ်း၍ အဝန်းညီစွာ သင်းပိုင်ဝတ်၍ ခါးပန်းဖွဲ့၍ နှစ်ထပ်ပြုကာ သံဃာဋီတို့ကိုရုံ၍ ကံပတ်သီးတပ်၍ ရေဆေးကာ သပိတ်ယူ၍ ကောင်းစွာ မဆော မလျင် ရွာဝင်အပ်၏။ (ဤ၌ အိတ်မှ သပိတ်ကိုထုတ်ယူရမည်-ဟု မဆိုသော်လည်း ထုတ်ယူရခြင်းကို သိသာ၏၊ ကောင်းစွာဖုံးလွမ်းလျက် ဖဝါးဆွန့်မနင်းဘဲ ရွာတွင်း၌ သွားအပ်၏။ (သွား-၁၂)။
အိမ်သို့ဝင်သောအခါ ဤအရပ်ဖြင့်ဝင်အံ့၊ ...လ....၊ သွားအပ်၏။ (သွား-၁၂)။ ပိဏ္ဍာစရိကဝတ်အတိုင်းပင်တည်း။
ရွာမှထွက်လာသောအခါ သပိက်ကို ထဝိကာ-အိတ်၌ထည့်၍ ပခုံး၌လွယ်၍ စီဝရကိုခေါက်၍ဦးခေါင်း၌တင်၍ ဖိနပ်စီး၍သွားအပ်၏။ (ဤ၌ သပိတ်ကို အိတ်၌ ပြန်၍ထည့်ခြင်းကို တိက်ရိုက်မိန့်ဆို၏။)
ချစ်သားတို့ ... အာရညကရဟန်းသည် သောက်ရေသုံးရေ တည်ထားအပ်၏။ မီး၊ ပွတ်ခုံ ပွတ်ကျေ ထားအပ်၏။ တောင်ဝှေးထားအပ်၏။ နက္ခတ္တပဒတို့ကို အလုံးစုံ ဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ သင်ယူအပ်၏။ အရှေ့အနောက် စသော အရပ်လေးမျက်နှာ၌ လိမ္မာသူဖြစ်ထိုက်၏။
ဤကား အာရညက ဝတ်တည်း။
(အာရညကဝတ်၌ သေနာသနမှ ထွက်အပ်၏- ဟူသည် ဝသနဌာန- နေရာဌာနမှ ထွက်အပ်၏။ သေနာသနဩတရိတဗ္ဗန္တိ-ဝသနဌာန တောနိက္ခမိတဗ္ဗံ။
သပိတ်ကိုအိတ်၌ထည့်၍ ဟူသည်၌- ရွာပ၌ ရေမရှိလျှင် ရွာတွင်း၌သာ ဆွမ်းကိစ္စပြု၍၊ ရွာပ၌ ရေရှိလျှင် ရွာပ၌ဆွမ်းကိစ္စပြု၍ သပိတ်ကိုဆေး၍ ရေမရှိအောင်ပြု၍ အိတ်၌ထည့်အပ်၏။ (ဆွမ်းရှိလျက် အိတ်၌ ထည့်ခြင်းကိုမပြ၊ မဆို။)
သုံးရေတည်ထားရာ၌ အိုးခွက်မလောက်လျှင် သောက်ရေကိုသာ သုံးရေကိုလည်းပြု၍ ထည်ထားအပ်၏။ ဝေဠုနာဠိကာ- ဝါးကျည်တောက်ဖြင့် သော်လည်း တည်ထားအပ်၏။ မရလျှင်အနီး၌ ရေတွင်း ဖြစ်အောင်သော်လည်း ပြုအပ်၏။
ပွတ်ခုံပွတ်ကျေရှိလျှင် (ဝါ-မီးခြစ်၊ မီးခတ်ရှိလျှင်) မီးမထားသော်လည်း အပ်၏။ ခရီးရှည်သွားသော ရဟန်း သည်လည်း တောနေရဟန်းကဲ့သို့ ပုတ်ခုံပွတ်ကျေကို အလိုရှိအပ်၏။ အပေါင်းအဖော်နှင့် နေသူအား ပွတ်ခုံပွတ်ကျေ ကင်းသော်လည်း အပ်၏။ နက္ခတ်တို့သာလျှင် နက္ခတ္တပဒတို့မည်၏။)
သာဋီ ..... ယနေ့ အဘယ်နက္ခတ်ယှဉ်သနည်း- ဟူသည် အဘယ်နက္ခတ်နှင့် ယနေ့ လယှဉ်သနည်း။ ဤသို့ဆိုခြင်းသည် နက္ခတ်ကို မေးခြင်းဖြစ်၏။
ဝိဋီ ... အတ္တိဘန္တေ နက္ခတ္တပဒါနိ ဟူသည် နက္ခတ်အရာ သိသလော၊ အဿယုဇ စသော နက္ခတ်ကို သိသလော ဟူလို။ ထို့ကြောင့် ငါတို့မသိ ဆိုသည်။ အတ္တိဘန္တေဒိသာဘာဂံ-၌လည်း ဤနည်းသာတည်း။ (ယခု ပါဠိတော်၌ ထိုပါဠိ မမြင်။)
ယနေ့အဘယ်နက္ခတ် ယှဉ်သနည်းဟူသည် အဘယ်နက္ခတ်နှင့် လယှဉ်သနည်းဟူသော အနက်တည်း။)
(ဤအာရညကဝတ်၌ လာသောအိတ်သည် ဆွမ်းခံမီလည်းကောင်း ဆွမ်းစားပြီးမှလည်းကောင်း ထည့်၍ လွယ်ရသောအိတ်ဖြစ်၏၊ ထိုအိတ်၌ ထည့်လွယ်လျက် ဆွမ်းခံလျှင် မဖြစ်နိုင်ရာ။ ဤကျင့်ဝတ်ပြသော အနုညာတ စကားကို သင့်အောင်အချို့ မယူဘဲ-ယခုကာလ သပိတ်အိတ်ဖြင့်လွယ်လျက် ဆွမ်းခံခြင်းသည် မအပ်-ဟု ပဋိက္ခိတ္တစကားဖြစ်အောင် ဆိုမိတတ်ကုန်၏။
ရွာမှ အထွက်တွင် သင်္ကန်းကို မခေါက်ဘဲ ဦးခေါင်း၌ မတင်ဘဲ ရုံမြဲတိုင်းဖြင့်သွားခြင်း၊ ဖိနပ်မစီးဘဲ သွားခြင်းလည်း မအပ်ဟုဆိုရဦးမည်လော၊ ဤသို့ ဆိုဝံ့သူကား မရှိတန်ရာ။ ရှေးသပိတ်အိတ်သည် ဖိနပ် ထည့်သော အိတ်ရှည်မျိုးဖြစ်၏။ ဆွမ်းခံ၍မဖြစ်။ ထို့ကြောင့် ထုတ်ရသည်။ အာပတ်ကြောင့် မဟုတ်၍ မထုတ်ဘဲ မနေအပ်ဟုတားလျှင်ကား ဧကန်အာပတ်တည်း။)
သေနာသနဝတ်
ထိုအခါ များစွာသောရဟန်းတို့သည် လွင်တီးခေါင်၌ သင်္ကန်းချုပ်ကုန်၏။ ဆဗ္ဗဂ္ဂီတို့သည် လေအထက် ဖြစ်သော အင်္ဂဏ (အဗ္ဘောကာသ) လွင်တီးခေါင်၌ အိပ်ရာနေရာကို ပုတ်ခါကုန်၏။ ရဟန်းတို့သည် မြူဖြင့်ဖြန့်ကြဲခံရကုန်၏။
ဘုရားရှင်ကဲ့ရဲ့ပြီးလျှင် ချစ်သားတို့ ... သေနာသန၌ပြုအပ်သော သေနာသနဝတ်ကို ပညတ်ပေအံ့။ နေရာဝိဟာရသည် အမှိုက်များအံ့ စွမ်းနိုင်လျှင် သုတ်သင်အပ်၏။ သုတ်သင်သောအခါ ရှေးဦးစွာ သပိတ်သင်္ကန်းကိုထုတ်၍ တစ်နေရာ၌ ထားအပ်၏။ နိသီဒိုင်အိပ်ရာခင်းကို၊ ဘုံလျှိုခေါင်းအုံးကိုထုတ်၍ တစ်နေရာစီ ထားအပ်၏။
ညောင်စောင်းကို အင်းပျဉ်ကို အရိုအသေ ကောင်းစွာ မြေ၌မရေးမခြစ်၊ တံခါးရွက်တံခါးပေါင်ကို မထိမခိုက် ထုတ်၍ တစ်နေရာစီ ထားအပ်၏။ ညောင်းစောင်းအခြေကို၊ ထွေးခံကို၊ မှီရာတံကဲပျဉ်ကို ထုတ်၍ တစ်နေရာစီ ထားအပ်၏။ အခင်းကို ခင်းထားပုံမှတ်၍ ထုတ်၍ တစ်နေရာထားအပ်၏။ ပင့်ကူမျှင်ရှိလျှင် မျက်နှာကြက် အထက်အဖို့မှစ၍ ရှေးဦးစွာ လှည်းချအပ်၏။ ပြတင်း၊ တိုက်ခန်းထောင့်တို့ကို တိုက်ပွတ်အပ်ကုန်၏။
ဂွေ့သင်္ဘောဖြင့် အပြေအပြစ်ပြုသောနံရံ၊ မည်းသောအဆင်းဖြင့် အပြေအပြစ် ပြုအပ်သောမြေ မှိုတက်အံ့၊ ပုဆိုးကြမ်းရေဆွတ်၍ ရေညှစ်၍ ပွတ်အပ်၏။ အပြေပြစ်မပြုသောမြေဖြစ်အံ့။ ကျောင်းမြူမကပ်ပါစေလင့်-ဟု ရေဖျန်း၍ တံမြက်လှည်းအပ်၏။ အမှိုက်ကိုစု၍ တစ်နေရာ၌ စွန့်အပ်၏။
ရဟန်းအနီး၌ ကျောင်းအနီး၌ သောက်ရေအိုးအနီး၌ သုံးရေအိုးအနီး၌ အိပ်ရာနေရာကို မခါအပ်။ လေအထက်အင်္ဂဏ၌ မခါအပ်၊ လေအောက်၌ ခါအပ်၏။ မြေအခင်းကို တစ်နေရာ၌ နေလှန်း၍ သုတ်သင်ခါထွက်၍ ပြန်ဆောင်၍ ခင်းမြဲတိုင်း ခင်းအပ်၏။ ညောင်စောင်း အခြေကိုနေလှန်း၍ ပွတ်တိုက် ပြန်ဆောင် ထားမြဲတိုင်း ထားအပ်၏။
ညောင်စောင်းကို အင်းပျဉ်ကို နေလှန်း၍ သုက်သင်ခါထွက်၍ အရိုအသေ မထိမခိုက် ပြန်ဆောင်၍ ထားမြဲထားအပ်၏။ ဘုံလျှိုခေါင်းအုံး၊ နိသီဒိုင်အိပ်ရာခင်း၊ ထွေးခံ၊ မှီရာတံကဲပျဉ်တို့ကို ...လ....။ ထားမြဲ ထားအပ်၏။ သပိတ်သင်္ကန်းကို ထားအပ်၏။ သပိတ်ထားသောအခါ၊ သင်္ကန်း ထားသောအခါ …လ… အခွေပြု၍ ထားအပ်၏။
အရပ်လေးမျက်နှာမှ မြူနှင့်တကွ လေလာသောအခါ လေလာရာ ပြတင်းတံခါးတို့ကို ပိတ်အပ်ကုန်၏၊ အေးသောအခါ ပြတင်းတံခါးတို့ကို နေ့ဖွင့်၍ ညဥ့်ပိတ်အပ်ကုန်၏။ ပူသောအခါ နေ့ပိတ်၍ ညဥ့်ဖွင့် အပ်ကုန်၏။ ပရိပေဏ-နေရာကျောင်းငယ်-ဝါ-အကံအရံအတွင်း၊ ကောဋ္ဌက-တံခါးမုခ်၊ စည်းဝေးရာစရပ်၊ မီးတင်းကုဂိ၊ ဝစ္စကုဋီ - အမှိုက်ရှိအံ့၊ တံမြက်လှည်းအပ်၏။ သောက်ရ သုံးရေ၊ သန့်သက်ရေ-မရှိလျှင် ခပ်ထည့်အပ်၏။
သီတင်းကြီးနှင့်အတူ တစ်ကျောင်းတည်းနေလျှင် သီတင်းကြီးကို မပန်မကြားဘဲ ပါဠိသင်ခြင်း မပေးအပ်၊ အဋ္ဌကထာ မေးမြန်းခြင်း မပေးအပ်။ (ဝါ-စာမပို့ချအပ်။) သရဇ္ဈာယ်ခြင်းမပြုအပ်၊ တရားမဟောအပ်၊ မီးမထွန်း၊ မီးမငြိမ်းအပ်၊ လေသာပြတင်း ပိတ်ခြင်း ဖွင့်ခြင်းမပြုအပ်။ သီတင်းကြီးနှင့် အတူ စင်္ကြန်တစ်ခုတည်း သွားလျှင် သီတင်းကြီးရှိရာမှ ပြန်လာအပ်၏။ သီတင်းကြီးကို သံဃဋိကဏ္ဏ- သင်္ကန်းစွန်းဖြင့် မထိခိုက်စေအပ်။
ဤကား သေနာသန ဝတ်တည်း။
သေနာသနဝတ်၌ ဒွါရ-တံခါးမ မည်သည် အများသုံးသော တံခါးဖြစ်၏၊ ထိုကြောင့် တံခါးမ၌ ပန်ကြားဖွယ်မရှိ၊ ကြွင်းသော ပါဠိ သင်ပေးခြင်း စသည်တို့ကိုကား ပန်ကြား၍သာ ပြုအပ်ကုန်၏။ နေ့တိုင်းပင် ပန်ကြားခြင်းငှါ အပ်၏။ အရှင်ဘုရား ... ပန်ကြားပြီးသား ဖြစ်ပါစေသတည်း-ဟု လျှောက်ကြားလတ်သော် ကောင်းပြီ-ဟု ... သီတင်းကြီး ဝန်ခံအံ့။ သီတင်းကြီး ကိုယ်တိုင်သာလျှင် “သင်ချမ်းသာသလို နေလော” ဟူ၍သော်လည်း ဆိုအံ့၊ ဤသို့လည်း အပ်၏။ သဘာဂပုဂ္ဂိုလ်အား အကျွမ်းဝင်ခြင်းဖြင့်သော်လည်း အပ်သည်သာတည်း။
သီတင်းကြီးရှိရာမှ ပြန်လာအပ်၏-ဟူသည် သီတင်းကြီးကိုမျက်နှာမူလျက် ပြန်လာအပ်၏။
ဘောဇနသာလာ စသည်တို့၌လည်း ဤအတူသာလျှင် ကျင့်အပ်၏။)
ဇန္တာဃရဝတ်
ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် စရုံးအိမ်၌ မထေရ်ကြီးများ တားမြစ်သော်လည်း မရိုသေခြင်းကို စွဲ၍ များစွာသော ထင်းတို့ကို မီးထည့်၍ တံခါးပိတ်၍ တံခါးအနီး၌နေကုန်၏။ ရဟန်းတို့သည် အပူနှိပ်စက်ခြင်းကြောင့် တံခါးမရဘဲ မိန်းမောကာ လဲကျကုန်၏။
ဘုရားရှင် ကဲ့ရဲ့ပြီးလျှင် ချစ်သားတို့ .... စရုံးအိမ်၌ မထေရ်ကြီး တားမြစ်လျက် မရိုသေခြင်းကိုစွဲ၍ ထင်းများစွာ မီးမထည့်အပ်၊ ဒုက္ကဋ်။ ချစ်သားတို့ ... တံခါးပိတ်၍ တံခါးအနီး၌ မနေအပ်-ဒုက္ကဋ်။ ချစ်သားတို့ ... (ချွေးအောင်းရာ) စရုံးအိမ်၌ ပြုကျင့်အပ်သော ဇန္တာဃရဝတ်ကို ပညတ်ပေအံ့။
စရုံးအိမ်သို့ ရှေးဦးစွာ ရောက်သော ရဟန်းသည် ဆာရိကာ ပြာများလျှင် ပြာစွန့်အပ်၏။ စရုံးအိမ်အမှိုက်ရှိလျှင် စရုံးအိမ်ကို တံမြက်လှည်းအပ်၏။ ပရိဘဏ္ဍ-အပအကျည်၊ ပရိဝေဏ-စရုံးအိမ် အကာ အရံအတွင်း၊ တံခါးမုခ်၊ စရုံးအိမ်အမိုး-အမှိုက်ရှိလျှင် တံမြက်လှည်းအပ်၏။ ရေချိုးကသယ်မှုန့်ကို စုရုံးလုံးထွေးအပ်၏။ မြေညက်ကို ရေဆွတ်အပ်၏။ ရေစကျင်း၌ ရေလောင်းထည့်အပ်၏။ စရုံးအိမ်သို့ ဝင်သောအခါ မြေညက်ဖြင့် မျက်နှာကိုလိမ်း၍ ရှေ့လည်းကောင်း၊ နောက်၌လည်းကောင်း ဖုံးလွှမ်း၍ ဝင်အပ်၏။
မထေရ်ကြီးတို့ကို တိုးဝှေ့၍ မနေအပ်၊ သီတင်းငယ်တို့ကို နေရာဖြင့် မတားအပ်၊ စွမ်းနိုင်လျှင် မထေရ်ကြီးတို့အား (မီးခဲ၊ မြေညက်၊ ရေနွေးပေးခြင်း စသော) ပရိကမ္မကို ပြုအပ်၏။ စရုံးအိမ်မှ ထွက်သော အခါ စရုံးအိမ်အင်းပျဉ်ကို ယူ၍ ရှေ့နောက်ဖုံး၍ ထွက်အပ်၏။ စွမ်းနိုင်လျှင် ရေချိုးရာ၌လည်း မထေရ်ကြီးတို့အား (ချေးတွန်းခြင်း စသော) ပရိကမ္မပြုအပ်၏။
မထေရ်ကြီးတို့၏ ရှေ့၌လည်းကောင်း၊ အထက်၌ လံည်းကောင်း ရေမချိုးအပ်။ ရေချိုးပြီး၍ တက်သောအခါ သက်ဆင်းလာသူတို့အား လမ်းဖယ်ပေးအပ်၏။ နောက်မှ စရုံးအိမ်မှ ထွက်သောသူသည် စရုံးအိမ် ရွှံ့ညွှန်ရှိလျှင် ရေဆေးအပ်၏၊ မြေညက် ထည့်သော ကျင်းကို ရေဆေး၍ ဇန္တာဃရပီဋ္ဌ- စရုံးအိမ်အင်းပျဉ်ကို သိုမှီး၍ မီးငြိမ်း၍ တံခါးပိတ်၍ ဖဲသွားအပ်၏။
ဤကား ဇန္တာဃရဝတ်တည်း။
ဝစ္စကုဋီဝတ်
ထိုအခါ ပုဏ္ဏားမျိုး ရဟန်းတစ်ဦးသည် ကျင်ကြီး စွန့်ပြီးသောအခါ ဤအနံ့ယုတ်ကို အဘယ်သူ သန့်စဉ်နိုင်အံ့နည်း-ဟု သန့်သက်ရေဆေးခြင်ငှါ အလိုမရှိ၊ ထိုရဟန်း၏ ဝစ္စမဂ်၌ ပိုးလောက်တည်၏။ ရဟန်းတို့သိ၍ သင်သည် ကျင်ကြီးစွန့်ပြီးသောအခါ သန့်သက်ရေ ဆေးလေသလော-ဟု မေးလတ်သော် ဧဝမာဝုသော-ဟုတ်မှန်ပါသည် ဟု ဝန်ခံ၏။ ဘုရားရှင် ကဲ့ရဲ့ပြီးလျှင် ချစ်သားတို့ ... ကျင်ကြီးစွန့်ပြီးသောအခါ ရေရှိလျှင် သန့်သက်ရေ မဆေးဘဲ မနေအပ်၊ ဒုက္ကဋ်။
ထိုအခါ ရဟန်းတို့သည် ဝစ္စကုဋီ၌ သီတင်းကြီးစဉ်အတိုင်း ကျင်ကြီးစွန့်ကုန်၏။ သီတင်းငယ်တို့သည် ရှေးဦးစွာ ရောက်လာ၍ ကျင်ကြီး နှိပ်စက်ခံလျက် ဆိုင်းငံ့ကုန်၏။ အောင့်အည်းခြင်းငှါ မတတ်နိုင်သဖြင့် မိန်းမောကာလဲကျကုန်၏၊ ချစ်သားတို့ ...ဝစ္စကုဋီ၌ သီတင်းကြီးစဉ်အတိုင်း ကျင်ကြီးမစွန့်အပ်-ဒုက္ကဋ်။ ချစ်သားတို့ … ရောက်လာသောအစဉ်ဖြင့် ကျင်ကြီးစွန့်ခြင်းငှါခွင့်ပြု၏။
ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် အလွန်လျင်စွာလည်း ဝစ္စကုဋီသို့ ဝင်ကုန်၏။ သင်းပိုင်ပင့်၍လည်း ဝင်ကုန်၏ ညီးတွားလျက်လည်း ကျင်ကြီးစွန့်ကုန်၏။ ဒန်ပူခဲလျက်လည်း စွန့်ကုန်၏။ ဝစ္စဒေါဏိ- ကျင်ကြီးတွင်း (ကျင်း၊ ခွက်) မှအပ၌ ကျင်ကြီး စွန့်ကုန်၏။ ပဿာဝဒေါဏိ- ကျင်ငယ်တွင်းမှ အပ၌ ကျင်ငယ်စွန့်ကုန်၏။ ပဿာဝဒေါဏိ၌- တံတွေး ထွေးကုန် ၏။ ကြမ်းသော ကနုတံဖြင့် သုတ်သင်ကုန်၏။ အဝလေခနကဋ္ဌ သုတ်သင်သော ကနုတံကို ဝိစ္စကူပ- ကျင်ကြီးတွင်း၌ ချကုန်၏။ အလွန်လျင်စွာ ထွက်ကုန်၏။ သင်းပိုင်ပင့်၍ ထွက်ကုန်၏။ စပ်စပ်သံပြု၍ သန့်သက်ရေ ဆေးကုန်၏။ အာစမနသရာဝက- သန့်သက်ခွက်၌လည်း ရေကြွင်း ထားကုန်၏။
ဘုရားရှင်ကဲ့ရဲ့ပြီးလျှင် ချစ်သားတို့ ... ကျင်ကြီးအိမ်၌ ပြုကျင့်အပ်သော ဝစ္စကုဋီဝတ်ကို ပညတ်ပေအံ့၊ ဝစ္စကုဋီသို့ သွားသော ရဟန်းသည် ပြင်ပ၌ရပ်၍ ချောင်းဟန့်အပ်၏။ အတွင်း၌ထိုင်နေသော ရဟန်းသည် လည်း ချောင်းဟန့်အပ်၏။ သင်္ကန်းတန်းဝါး၌ ကြိုး၌ သင်္ကန်းထား၍ ကောင်းစွာ မဆောမလျင် ဝစ္စကုဋီသို့ ဝင်အပ်၏။ အလွန်လျင်စွာ မဝင်အပ်၊
သင်းပိုင်ပင့်၍ မဝင်အပ်။ ဝစ္စပါဒုကာ-ကျင်ကြီး နင်းခုံခြေနင်း၌ တည်၍ သင်းပိုင်ပင့်အပ်၏။ ညီးတွားလျက် ကျင်ကြီးမစွန့်အပ်။ ဒန်ပူခဲလျက် မစွန့်အပ်၊ ကျင်ကြီးတွင်း (ကျင်း၊ ခွက်) မှအပ၌ ကျင်ကြီး မစွန့်အပ်၊ ကျင်ငယ်တွင်း (ကျင်း၊ ခွက်) မှအပ၌ ကျင်ငယ်မစွန့်အပ်။ ကျင်ငယ်တွင်း၌ တံတွေး မထွေးအပ်။ ကြမ်းသော ကနုတံဖြင့် မသုတ်သင်အပ်၊ သုတ်သင်သော ကနုတံကို ကျင်ကြီးတွင်း၌ မချအပ်။ နင်းခုံ၌တည်လျက် ဖုံးလွှမ်းအပ်၏။ အဆောတလျင် မထွက်အပ်၊ သင်းပိုင်ပင့်လျက် မထွက်အပ်။ အာစမနပါဒုကာ-သန့်သက်နင်းခုံ၌ တည်လျက် သင်းပိုင်ပင့်အပ်၏။
စပ်စပ်သံပြု၍ သန့်သက်ရေ မဆေးအပ်။ သန့်သက်ခွက်၌ ရေကြွင်းမထားအပ်။ သန့်သက်နင်းခုံ၌တည်လျက် ဖုံးလွှမ်းအပ်၏။ ဝစ္စကုဋီသည် ဥဟတာ - ကျင်ကြီးလိမ်းကျံအံ့ - ရေဆေးအပ်၏။ ကနုတံခွက်ပြည့်လျှင် ကနုတံကိုစွန့်အပ်၏။ ဂန္ဓကုဋီ-အမှိုက်ရှိအံ့၊ တံမြက်လှည်းအပ်၏။ ပရိဘဏ္ဍ ပြင်ပအကျည်၊ ပရိဝေဏ- ဝစ္စကုဋီ အကာအရံအတွင်း ကောဋ္ဌက- တံခါးမုခ် အမှိုက်ရှိအံ့၊ တံမြက်လှည်းအပ်၏။ အာစမနကုမ္ဘီ- သန့်သက်အိုး၌ ရေမရှိအံ့၊ ခပ်ထည့်အပ်၏။
ဤကား ဝစ္စကုဋီဝတ်တည်း။
ဥပဇ္ဈာဝတ်
ထိုအခါ သဒ္ဓိဝိဟာရိကတပည့်တို့သည် ဥပဇ္ဈာယ်တို့၌ ကောင်းစွာမကျင့်ကုန်။ ဘုရားရှင် ကဲ့ရဲ့ပြီးလျှင် ချစ်သားတို့ .... သဒ္ဓိဝိဟာရိကတို့အား ဥပဇ္ဈာယ်တို့၌ ကျင့်အပ်သော ဥပဇ္ဈာယာဝတ်ကို ပညတ်ပေအံ့။ ကျင့်ဝတ်ကား နံနက်စောစောထ၍ ဖိနပ်ချွတ်၍ ပခုံးတစ်ဖက်၌ စမ္ပယ်တင်၍ ဒန်ပူကို၊ မျက်နှာသစ်ရေကို ပေးအပ်၏။- စသည်ဖြင့် မဟာခန္ဓက၌ ဟောပြီးသောအတိုင်းပင်တည်း။
သဒ္ဓိဝိဟာရိကဝတ်
ထိုအခါ ဥပဇ္ဈာယ်တို့သည် သဒ္ဓိဝိဟာရိကတို့၌ ကောင်းစွာမကျင့်ကုန်။ ဘုရားရှင် ကဲ့ရဲ့ပြီးလျှင် ချစ်သားတို့ … ဥပဇ္ဈာယ်တို့အား သဒ္ဓိဝိဟာရိကတို့၌ ကျင့်အပ်သော သဒ္ဓိဝိဟာရိကဝတ်ကို ပညတ်ပေအံ့၊ ကျင့်ဝတ်ကား ချစ်သားတို့ ... ဥပဇ္ဈာယ်သည် သဒ္ဓိဝိဟာရကတပည့်ကို ပါဠိ သင်ခြင်း၊ အဋ္ဌကထာ သင်ခြင်း၊ ဆုံးမခြင်း၊ ကံမြစ်ခြင်းဖြင့် ချီးမြှောက်အပ်၏ ... စသည်ဖြင့် မဟာခန္ဓက အတိုင်းပင်တည်း။
အာစရိယဝတ်
ထိုအခါ အန္တေဝါသိက တပည့်တို့သည် အာစရိယတို့၌ ကောင်းစွာမကျင့်ကုန်။ ဘုရားရှင် ကဲ့ရဲ့ပြီးလျှင် ချစ်သားတို့ .... အန္တေဝါသိကတို့အား အာစရိယတို့၌ ကျင့်အပ်သော အာစရိယဝတ်ကို ပညတ်အံ့၊ ကျင့်ဝတ်ကား နံနက်စောစောထ၍ ..... စသည်ဖြင့် ဥပဇ္ဈာယ ဝတ်အတိုင်းပင်တည်း။
အန္တေဝါသိကဝတ်
ထိုအခါ အာစရိယတို့သည် အန္တေဝါသိကတို့၌ ကောင်းစွာမကျင့်ကုန်။ ဘုရားရှင် ကဲ့ရဲ့ပြီးလျှင် ချစ်သားတို့ .... အစရိယတို့အား အန္တေဝါသိကတို့၌ ကျင့်အပ်သော အန္တေဝါသိကဝတ်ကို ပညတ်ပေအံ့၊ ကျင့်ဝတ်ကား ချစ်သားတို့ ... အာစရိယသည် အန္တေဝါသိကတပည့်ကို ပါဠိသင်ခြင်း .... စသည်ဖြင့် သဒ္ဓိဝိဟာရိကဝတ် အတိုင်းပင်တည်း။
အသီတိခန္ဓကဝတ်
ဝိဋီ ... ဤခန္ဓက၌ အာဂန္တုကဝတ်၊ …လ… အန္တေဝါသိကဝတ်ဟု (တစ်နည်း - အာ၊ အာ၊ ဂ၊ အ (၄) ဘတ်၊ ပိဏ်၊ အာ (၃)၊ သေ၊ ဇန်၊ ဝစ်၊ ဥ (၄)၊ သဒ်၊ အာ၊ အန် (၃) ဟု) တစ်ဆယ့်လေးပါးတို့သည် မဟာဝတ်တို့ မည်ကုန်၏။ ယူပြီးကိုမယူဘဲ ရေတွက်လျှင် အသီတိခန္ဓကဝတ်တို့မည်ကုန်၏။
ဝတ္တံ အပရိပူရေန္တော၊ သီလံနပရိပူရတိ။
အသုဒ္ဓ သီလော ဒုပ္ပညော၊ စိတ္တကဂ္ဂံ နဝိန္ဒတိ။
ဝိက္ခိတ္တစိတ္တော နေကဂ္ဂေါ၊ သမ္မာဓမ္မံ နပဿတိ။
အပဿ မာနော သဒ္ဓမ္မံ၊ ဒုက္ခာ န ပရိမုစ္စတိ။
ဝတ္တံ၊ ဝတ်ကြီးဝတ်ငယ်ကို။
အပရိပူရေန္တော၊ မဖြည့်ကျင့်သော ရဟန်း သာမဏေသည်။
သီလံ၊ သီလကို။
နပရိပူရတိ၊ ဖြည့်ကျင့်သည် မမည်။
အသုဒ္ဓသီလော၊ မစင်ကြယ်သော သီလရှိသော ရဟန်းသာမဏေသည်။
ဒုပ္ပညော၊ ပညာနည်းသည်ဖြစ်၍၊
စိတ္တေကဂ္ဂံ၊ စိတ်၏ တည်ကြည်ခြင်းကို။
နဝိန္ဒတိ၊ မရနိုင်။
ယံဝတ္တံ ပရိပူရေန္တော၊ သီလံ ပိ ပရိပူရတိ။
ဝိသုဒ္ဓ သီလော သပ္ပညော၊ စိတ္တေကဂ္ဂံ ပိ ဝိန္ဒတိ။
အဝိက္ခိတ္တစိတ္တော ဧကဂ္ဂေါ၊ သမ္မာဓမ္မံ၊ ဝိပဿတိ။
သမ္ပဿ မာနော သဒ္ဓမ္မံ၊ ဒုက္ခာ သော ပရိမုစ္စတိ။
ယံဝတ္တံ၊ အကြင်ဝတ်ကြီးဝတ်ငယ်ကို။
ပရိပူရေန္တော၊ ဖြည့်ကျင့်သော ရဟန်းသာမဏေသည်။
သီလံပိ၊ သီလကိုလည်း။
ပရိပူရတိ၊ ဖြည့်ကျင့်သည်မည်၏။
ဝိသုဒ္ဓသီလော၊ စင်ကြယ်သော သီလရှိသော ရဟန်း သာမဏေသည်။
သပ္ပညော၊ ပညာကြီးသည်ဖြစ်၍၊
စိတ္တကဂ္ဂံ ပိ၊ စိတ်၏ တည်ကြည်ခြင်းကိုလည်း။
ဝိန္ဒတိ၊ ရနိုင်၏။
တသ္မာ ဟိ ဝတ္တံပူရေယျ၊ ဇိနပုတ္တော ဝိစက္ခဏော။
ဩဝါဒံ ဗုဒ္ဓသေဋ္ဌဿ၊ ကတွာ နိဗ္ဗာန မေဟီတိ၊
တသ္မာဟိ-တသ္မာ ဧဝ၊ ထိုကြောင့်သာလျှင်း
(တံ) ဝတ္တံ၊ (ထို) ဝတ်ကြီးဝတ်ငယ်ကို
ပူဇေယျ၊ ဖြည့်ကျင့်ရာ၏။
ဗုဒ္ဓသေဋ္ဌဿ၊ ချီးမွမ်းအပ်သော သူတို့ထက် အထူးသဖြင့် ချီးမွမ်းအပ်သော မြတ်စွာဘုရား၏။
ဩဝါဒ၊ အဆုံးအမတော်ကို။
ကတွာ၊ အရိုအသေပြုရသောကြောင့်၊ ဝါ၊ ပြုသည်ရှိသော်၊
ဝိစက္ခဏော၊ အမြော်အမြင် ပညာမျက်စိရှိသော။
ဇိနပုတ္တော၊ ဘုရားသားတော်သည်။
နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။
ဧဟီတိ၊ ရောက်ရလိမ့်သတည်း။
ဝတ္တက္ခန္ဓက ပြီး၏။
၉။ ပါတိမောက္ခဋ္ဌပနက္ခန္ဓက
ဥပုသ်ကံနှင့်ဒုဿီလ
ထိုအခါ မြတ်စွာဘုားသည် သာဝတ္ထိပြည်၌ ပုဗ္ဗာရုံကျောင်းတိုက် ဝိသာခါပြာသာဒ်၌ နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုဥပုသ်နေ့၌ ရဟန်း သံဃာခြံရံလျက် (ဩဝါဒပါတိမောက်ပြခြင်းငှါ) နေစဉ် ပထမယံ လွန်သောအခါ ရှင်အာနန္ဒာသည် နေရာမှထ၍ လက်အုပ်ချီ၍ မြတ်စွာဘုရား-ညဥ့်သည် ပထမယံလွန်ပါပြီ။ ရဟန်းတို့အား ပါတိမောက်ပြတော်မူပါ-ဟု လျှောက်၏၊ ဘုရားရှင်သည် ဆိတ်ဆိတ်နေ၏။
နှစ်ကြိမ်မြောက် မဇ္ဈိမယံလွန်၍ လျှောက်သော်လည်း ဆိတ်ဆိတ်နေ၏၊ သုံးကြိမ်မြောက် ပစ္ဆိမယံ လွန်၍ အရုဏ်တက်သော အခါ လျှောက်လတ်သော် ချစ်သား အာနန္ဒာ ... ပရိသတ်သည် မစင်ကြယ်-ဟု မိန့်တော်မူ၏။
ထိုအခါ ရှင်မောဂ္ဂလန်သည် ရဟန်းသံဃာအားလုံး စိတ်ကို အဘိညာဖြင့်ရှု၍ ဒုဿီလပုဂ္ဂိုလ်ကိုမြင်၍ အနီးကပ်၍ ငါ့ရှင် ... ထလော၊ သင့်ကို ဘုရားရှင်မြင်ပြီ၊ သင်အား ရဟန်းတို့နှင့်အတူ ပေါင်းဖော်ခြင်း၊ သံဝါသ မရှိဟုဆို၏။ ထိုပုဂ္ဂိုလ်သည် ဆိတ်ဆိတ်နေ၏။ နှစ်ကြိမ်၊ သုံးကြိမ်တိုင်အောင် ဆိတ်ဆိတ်နေသဖြင့် ထို ပုဂ္ဂိုလ်ကို လက်၌ကိုင်၍ တံခါးမုခ်ပြင်ပသို့ ထွက်စေ၍ တံခါးကျည်မင်းတုပ်ထိုး၍ မြတ်စွာဘုရား … ပရိသတ် စင်ကြယ်ပါပြီ၊ ပါတိမောက်ပြတော်မူပါ-ဟု လျှောက်၏။
ချစ်သားမောဂ္ဂလာန် ... .... အံ့ဖွယ်ရှိလေစွ၊ ထိုမောဃပုရိသသည် လက်၌ ကိုင်သည့်တိုင်အောင် ဆိုင်းငံ့ဘိ၏- ဟု မိန့်တော်မူ၍ အံ့ဖွယ်ရှစ်ပါးကို- မိန့်တော်မူ၏။
(အရုဏ်တက်သောအခါ ညဥ့်သည် နှစ်လိုဖွယ်မျက်နှာကဲ့သို့ ထင်ရှားသောကြောင့် နန္ဒိမုခီမည်၏။ ဒုဿီလသည် မိမိစိတ်အစဉ်၌ ကိလေသာဖြင့် ပုပ်သောကြောင့် အန္တောပုတိမည်၏။ ကိလေသာ မိုးစွတ်သောကြောင့် အဝဿုက မည်၏။ ကိလေသာ အမှိုက်ပြွမ်းသောကြောင့် ကသမ္ဗုကဇာတ မည်၏။
လက်မောင်းကို ကိုင်သည့်တိုင်အောင် ဟူသည်- ပရိသတ်မစင်ကြယ် ဟူသော စကားကိုကြား၍သာလျှင် ဖဲသွားရာ၏၊ လက်၌ ကိုင်သည့်တိုင်အောင် ဆိုင်းငံ့ခြင်းသည် အံ့ဖွယ်တည်းဟုပြသည်။)
(သာဋီ … တသ္မိံ + အဟနိ + ဥပေါသထေ - တဒဟုပေါသထေ။ ထိုဥပုသ်နေ့၌ သုံးပုဒ်အရတူ။ ဥပဝသန္တိဧတ္ထဝတိ ဥပေါသထော-သီလနှင့် လည်းကောင်း၊ မစားခြင်းနှင့် လည်းကောင်း ပြည့်စုံစွာ နေရာနေ့။ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထံ-ဥပုသ်သီလကို (၁)၊
ဥပေါသထော ဝါ- ဥပုသ်ကံသည် လည်းကောင်း၊ ပဝါရဏာဝါ - ပဝါရဏာကံသည် လည်းကောင်း (၂)။
ဂေါပါလကုပေါသထော- နွားကျောင်းသားကဲ့သို့ နေထိုင်ခြင်း (၃)။
ဥပေါသထော နာမနာဂရာဇာ- ဥပေါသထမည်သော ဆင်မင်း (၄)။
အဇ္ဈုပေါသထောသည် သီလ၊ ဝိနယကမ္မ၊ ဥပဝါသ၊ ပညတ္တိ၊ ဒိဝသ-ဟု ငါးနက်၌လာ၏။
ဆိတ်ဆိတ်နေခြင်းကား ဘုရားရှင်သည် ဝိသာခါ၏ ရတနာပြသာဒ်၌ ဩဝါဒပါတိမောက်ပြခြင်းငှါ နေ၍ ရဟန်းတို့ကို စိတ်တို့ကို ကြည့်ရှုလတ်သော် ဒုဿီလကိုမြင်၍ ဤပုဂ္ဂိုလ် ရှိစဉ် ငါဘုရား ပါတိမောက်ပြလျှင် ထိုသူ၏ဦးခေါင်း ခုနစ်စိတ်ကွဲရာ၌- ဟု သနားတော်မူသဖြင့် ဆိတ်ဆိတ်သာ နေတော်မူခြင်းဖြစ်၏။
နန္ဒိမုခီ သည် တုဋ္ဌိမုခီဖြစ်၏။
အရုဏ်တက်ပြီးသော်လည်း ပါတိမောက်ပြပါ-ဟု မထေရ် လျှောက်ခြင်းကား- နဘိက္ခဝေ အနုပေါသထေ ဥပေါသထော ကာတဗ္ဗေ-ဟု သိက္ခာပုဒ် မပညတ်အပ်သေးသောကြောင့်တည်း။
ပရိသတ်မစင်ကြယ် ဟူသည်၌- ပါတိမောက်မပြခြင်း၏ အကြောင်းကိုပြလို၍ “ဤပုဂ္ဂိုလ်မစင်ကြယ်” ဟု မဆိုဘဲ ပရိသတ် မစင်ကြယ်ဟုဆိုသည်။ ထိုအခါမှစ၍ ဩဝါဒ ပါတိမောက်မပြုလိုသောကြောင့် ထိုဒုဿီလ၏ဝတ္ထု ထင်ရှားစေခြင်းငှါ ညဥ့်သုံးယံကိုလွန်စေတော်မူသည်။
မြင်ပုံကား စေတောပရိယဉာဏ်ဖြင့် ထိုသူ၏ ဒုဿီလျစိတ်ကိုမြင်၏။ စိတ်မြင်လျှင် ထိုစိတ်ရှိသူကို မြင်သည် မည်၏။ ထို အဘိညာရသူသည် အနာဂတ် ခုနစ်ရက်၊ အတိတ်ခုနစ်ရက် အတွင်းဖြစ်သော သူတစ်ပါး၏ စိတ်ကိုသိသည်။
ဒုဿီလသည် နိဿီလဖြစ်၏၊ သီလ ကင်း၏ဟူလို။
ဒုဿီလသည် သီလကင်း၍ ယုတ်သော အဇ္ဈာသယ ယုတ်သော သဘော ရှိသောကြောင့် ပါပဓမ္မမည်၏။
ကာယကံ စသည် မစင်ကြယ်သောကြောင့် အသုစီမည်၏၊
မလျော်သော အမှုတစ်ခုခု မြင်သူတို့သည် “ဤသူ၏အမှုဖြစ်လတ္တံ့”ဟု တွေးတောခြင်းဖြင့် + အောက်မေ့ အပ်သော + အကျင့်ရှိသောကြောင့် သင်္က+ဿရ+သမာစာရ မည်၏။ ဝါ-ကိစ္စတစ်ခုခုဖြင့် တိုင်ပင်ကြသည်ကို မြင်လျှင် “ငါ့အမှုကိုသိ၍ တိုင်ပင်ကြလေသလော” ဟု မိမိ၏ တွေးတောခြင်းဖြင့်၊ အောက်မေ့အပ်သော + အကျင့်ရှိသောကြောင့် သင်္ကဿရသမာစာရ မည်၏။
ရှက်ခြင်းဖြင့် ဖုံးလွှမ်းအပ်သော အမှုရှိသောကြောင့် ပဋိစ္ဆန္နကမ္မန္တ မည်၏。
စက်ဆုပ်ဖွယ် သမဏအသွင် ဆောင်ခြင်းဖြင့် သမဏ မဟုတ်သောကြောင့် အဿမဏ မည်၏。
အလှူခံရာတို့၌ ရဟန်းရေတွက်သောအခါ “ငါလဲ သမဏ”ဟု အမှားဝန်ခံခြင်းကြောင့် သမဏ ပဋိည မည်၏。
မြတ်သောအကျင့် မရှိသောကြောင့် အဗြဟ္မစာရီ မည်၏。
တစ်ပါးသော ရဟန်းကောင်းတို့ကဲ့သို့ ကောင်းသော အခြင်းအရာဖြင့် ဆွမ်းခံစားခြင်း၊ ဥပုသ်ပြုခြင်း ထင်ရှားသောကြောင့် ဗြဟ္မစာရီ ပဋိည မည်၏。
ပုပ်သောအမှုဖြင့် သီလဝိပတ္တိစိတ်တွင်း ဝင်ရောက်သောကြောင့် အန္တောပုတိ မည်၏。
ဒွါရခြောက်ပါးဖြင့် ကိသေသာမိုး စွတ်သောကြောင့် အဝဿုတ မည်၏。
ရာဂစသော အမိုက်ရှိသောကြောင့် လည်းကောင်း၊ သီလဝန္တတို့ စွန့်ပစ်အပ်သောကြောင့် လည်းကောင်း၊ ကသမ္ဗုဇာတ မည်၏。
သံဝါသမရှိ ဟူသည် သံဃာ၌ အကျုံးဝင်သူကဲ့သို့ ရဟန်းသံဃာ အလယ်၌ ထိုင်နေသော်လည်း ပကတတ်ရဟန်းကောင်း မဟုတ်-ဟု မြင်အပ်သောကြောင့် သင်အား ရဟန်းတို့နှင့်အတူ ကံကြီးကံငယ် ပြုခြင်းစသော သံဝါသမရှိ။ ထို့ကြောင့် ငါ့ရှင် ... ထလော-ဟု ဆိုအပ်၏。
သုံးကြိမ်မက၊ အကြိမ်များစွာ ဆိုသော်လည်း “ဆိုသူသာ ရှောင်ကြဉ်လတ္တံ့” ဟူ၍ လည်းကောင်း “ဤရဟန်းတို့၏ အကျင့်ကို ငါသိရလတ္တံ့” ဟူ၍လည်းကောင်း နှလုံးသွင်း၍ ဆိတ်ဆိတ်နေ၏。
လက်၌ကိုင်၍ ဟူသည်ကား ဘုရားရှင်သည်လည်းကောင်း၊ ငါသည်လည်းကောင်း ဟုတ်တိုင်း မှန်စွာမြင်ရပြီ၊ သုံးကြိမ်ထခိုင်းသော်လည်း မထ၊ ယခု နှင်ထုတ်ထိုက်သော ကာလတည်း။ သံဃာအား ဥပုသ်အန္တရာယ် မဖြစ်ပါစေလင့်-ဟု လက်၌ကိုင်၏。
အံ့ဖွယ်တည်း ဟူသည် ဂရဟဏစ္ဆရိယ- ကဲ့ရဲ့အပ်သော အံ့ဩဖွယ်သာတည်း。
(ဝိဋီ .... နန္ဒိမုခီသည် ဖြူစင်သော ဒိသာမုခ အရပ်မျက်နှာ ရှိခြင်းကြောင့် ကုဋ္ဌမုခီ-နှစ်သက်ဖွယ်မျက်နှာရှိ၏။
အရုဏ်တက်ပြီး ဖြစ်လျက် ပါတိမောက်ပြပါ-ဟု လျှောက်ထား တောင်းပန်ခြင်းကား- ဥပုသ်နေ့ မဟုတ်ဘဲ ဥပုသ်ပြုခြင်းကို ပယ်သော သိက္ခာပုဒ် မပညတ်သေးသောကြောင့်တည်း။
အဘယ်ကြောင့် ဘုရားရှင် ဆိတ်ဆိတ်နေ၍သာ ညဥ့်သုံးယံကို လွန်စေသနည်းဟူမူ- မစင်ကြယ်သော ပရိသတ်၌ ဥပုသ်စသော သံဝါသပြုခြင်း၏ အပြစ်ရှိခြင်းကို သံဃာ၌ထင်ရှားအောင် ပြုခြင်းငှါ လည်းကောင်း၊ နောင် ရဟန်းများ ထိုအတိုင်း ကျင့်စေခြင်းငှါ သိက္ခာပုဒ်ကို သိစေခြင်းငှါ လည်းကောင်း လွန်စေတော်မူသည်။
ကေစိတို့ကား မစင်ကြယ်သော ပုဂ္ဂိုလ်ကိုသော်လည်း ထိုသူ၏ မျက်မှောက်၌ မစင်ကြယ်ဟု ဆိုခြင်းငှါ မဟာကရုဏာအရာ မဟုတ် မရဲဝံ့သောကြောင့် ဆိတ်ဆိတ်နေတော်မူသည်-ဟု အကြောင်းပြကုန်၏။
နောက်၌လည်း မဆိုသင့်ရကား သင့်သောအကြောင်း မဟုတ်။ သည်မျှမကသေး၊ ရှင်မောဂ္ဂလာန် မထရ်သည်လည်း လက်ကိုင်၍ ပြင်ပသို့ ထုတ်ခြင်း မပြုထိုက်။ ထိုအပြစ် ကပ်ငြိ၏။ ထိုကြောင့် ဆိုပြီးသော အကြောင်းသာ သင့်လျော်၏။
ထိုကြောင့်သာလျှင် အဋ္ဌာနမေတံ ဘိက္ခေဝေ … စသည်ဖြင့်၊ ဝါ-မစင်ကြယ်သော ပရိသတ်၌ ဘုရားရှင် ဥပုသ်ပြုခြင်း ပါတိမောက်ပြခြင်းသည် အကြောင်းအရာ မဟုတ်။ အာပတ်ရှိလျက် ပါတိမောက် မနာအပ် စသည်ဖြင့် အာပတ်ရှိသော ပရိသတ်၌ ပြုအပ်သော အစီအရင်ကို ပြအပ်လတ္တံ့။
ဒုဿီလသည် ဒုဿီလျဟူသော အမှိုက်ရှိသောကြောင့် တသမ္ဗုဇာတမည်၏။ အနှစ်သာရ မရှိသဖြင့် ကသမ္ဗုတ အမှိုက်သဖွယ်လည်းဖြစ်၏။ (ယောက်သွား ပုပ်သဖွယ်ဟူ၍လည်း ဆိုကုန်၏။)
အံ့ဖွယ်ရှစ်ပါး
ထိုအခါ မြန်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏။ ချစ်သားတို့ ... မဟာသမုဒ္ဒရာ၌ အံ့ဖွယ်ရှစ်ပါးရှိ၏။ ယင်း အံ့ဖွယ်ရှစ်ပါးကိုမြင်၍ အသူရာနတ်တို့သည် မဟာသမုဒ္ဒရာ၌ လွန်စွာမွေ့လျော်ကုန်ု၏။ ရှစ်ပါးကား--
၁။ ချစ်သားတို့ .... မဟာသမုဒ္ဒရာသည် အစဉ် အတိုင်းနိမ့်၏။ နက်၏၊ ရှိုင်း၏။ အစကတည်းက ကမ်းပါးပြတ် မကုန်။ ဤအံ့ဖွယ်ကိုမြင်၍ အသူရာတို့ လွန်စွာ မွေ့လျော်ကုန်၏။
၂။ ထိုမှတစ်ပါး မဟာသမုဒ္ဒရာသည် တည်မြဲ တည်၏။ ကမ်းကို ရေမလွန်။
၃။ အသေကောင်ပုပ်နှင့် အတူမနေ-ကမ်းသို့ ကုန်းသို့ လှိုင်းဖြင့်တင်ပို့၏။
၄။ မြစ်ကြီးငါးစင်းတို့သည် သမုဒ္ဒရာသို့ ရောက်သောအခါ ရှေးအမည် စွန့်၍ မဟာသမုဒ္ဒရာ ရေဟူ၍သာ ရေတွက်ခြင်း သို့ ရောက်ကုန်၏။
၅။ မြစ်ရေ မိုးရေတို့ စီးဆင်း ကျရောက်သော်လည်း လျှော့ခြင်း၊ တိုးခြင်း မထင်ရှား။
၆။ ဆားငန်အရသာ တစ်ခုသာရှိ၏။
၇။ ပုလဲ၊ ပတ္တမြားစသော ရတနာဆယ်ပါး များစွာရှိ၏။
၈။ ယူဇနာတစ်ရာ၊ နှစ်ရာ၊ သုံးရာ၊ လေးရာ၊ ငါးရာ အတ္တဘောရှိသော တိမိ၊ တိမိင်္ဂလ စသော ငါး၊ အသူရာ၊ နဂါး၊ ဂန္ဓဗ္ဗတို့၏ နေရာဖြစ်၏၊
ဤအံ့ဖွယ်ရှစ်ပါးကိုမြင်၍ အသုရာနတ်တို့သည် မဟာသမုဒ္ဒရာ၌ လွန်စွာမွေ့လျော်ကုန်၏။
အစဉ်နက်ဝှမ်း၊ ကမ်းကိုမလွန်၊ ရွံဘွယ်ဆယ်ပစ်၊ အမည်ဖြစ်ခြင်း (၄)။
မယွင်းမတိုး၊ ဆယ်မျိုးရတနာ၊ ရသာဆားတူ၊ ကြီးသူနေရာ (၄) အံ့ ရှစ်ဖြာ။
ချစ်သားတို့ .... ဤအတူသာလျှင် ဤဓမ္မဝိနယ၌ အံ့ဖွယ်ရှစ်ပါး ရှိ၏။ ယင်း အံ့ဖွယ်ရှစ်ပါးကိုမြင်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ၌ လွန်စွာ မွေ့လျော်ကုန်၏။ ရှစ်ပါးကား-
၁။ မဟာသမုဒ္ဒရာသည် အစဉ်အတိုင်း နိမ့်သကဲ့သို့ ဤဓမ္မဝိနယ၌ အစဉ်အတိုင်း ကျင့်စရာတရားတို့ ရှိကုန်၏။ အစကတည်းက အရဟတ္တဖိုလ် ရောက်သည်မဟုတ် ဤအံ့ဖွယ်ကိုမြင်၍ ရဟန်းတို့သည် လွန်စွာ မွေ့လျော်ကုန်၏။
၂။ ထိုမှတစ်ပါးမဟာ သမုဒ္ဒရာသည် ကမ်းကို ရေမလွန်သကဲ့သို့ ငါဘုရား ပညတ်ခသာ သိက္ခာပုဒ်ကို ငါ၏သာဝကတို့သည် သေသော်လည်း မလွန်ကျူးကုန်။
၃။ သမုဒ္ဒရာသည် ရွံဖွယ် အသကောင်ပုပ်ကို ဆယ်ပစ်သကဲ့သို့ ဒုဿီလနှင့်သံဃာသည် အတူ မနေ။ စည်းဝေး၍ နှင်ထုတ်၏။ သံဃာ့အလယ်၌နေသော်လည်း သံဃာနှင့် ဒုဿီလ ဝေးသည်သာတည်း။
၄။ မြစ်ကြီး ငါးစင်းရေသည် သမုဒ္ဒရာသို့ ရောက်သောအခါ သမုဒ္ဒရာ ရေဟူ၍ တစ်စုံတည်းသာဖြစ်သကဲ့သို့ မင်း၊ ပုဏ္ဏား၊ ကုန်သည်၊ သူဆင်းရဲ၊ အမျိုးလေးပါးသည် ဤသာသနာ၌ ရဟန်းပြုသောအခါ ရှေးအမျိုး အမည်ကိုစွန့်၍ သမဏသကျပုတ္တိယ-သာကီမင်းသား ဘုရားသားတော် ဟူ၍သာ ရေတွက်ခြင်းသို့ရောက်၏။
၅။ သမုဒ္ဒရာသည် မြစ်ရေ မိုးရေတို့ဖြင့် မယွင်း မတိုးသကဲ့သို့ ရဟန်းများစွာ နိဗ္ဗာနဓာတ်ဖြင့် နိဗ္ဗာန်စံကြ သော်လည်း နိဗ္ဗာနဓာတ်အား လျော့ခြင်းတိုးခြင်း မထင်ရှား။
၆။ သမုဒ္ဒရာသည် ဆားငန်အရသာ တစ်ခုတည်း ရှိသကဲ့သို့ ဤဓမ္မဝိနယသည် ကိလေသာမှ လွတ်ခြင်း ဟူသော ဝိမုတ္တိရသ တစ်ခုတည်း ရှိ၏။
၇။ သမုဒ္ဒရာသည် ရတနာဆယ်မျိုး များစွာရှိသကဲ့သို့ ဓမ္မဝိနယသည် သတိပဋ္ဌာန်လေးပါး၊ သမ္မပ္ပဓာန်လေးပါး၊ ဣဒ္ဓိပါဒ်၊ ဣန္ဒြေ၊ ဗိုလ်၊ ဗောဇ္ဈင်၊ မဂ္ဂဟူသော ရတနာများစွာ ရှိ၏။
၈။ ကြီးသူတို့၏နေရာကဲ့သို့ ဤ ဓမ္မဝိနယသည် သောတာပန်၊ သောတာပန်ဖြစ်အောင် ကျင့်သူ ...လ... ရဟန္တာ၊ ရဟန္တာဖြစ်အောင်ကျင့်သူ ဟူသော ပုဂ္ဂိုလ်ကြီးတို့၏နေရာ ဖြစ်၏။
ဤ အံ့ဖွယ်ရှစ်ပါးကိုမြင်လျှင် ရဟန်းတို့သည် ဤဓမ္မဝိနယ၌လွန်စွာ မွေ့လျော်ကုန်၏-ဟု မိန့်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤ အနက်ကိုသိ၍ ထိုအခါ သုဆန္ဒမတိဝဿတိ စသည်ဖြင့် ဥဒါန်းကျူးတော် မူ၏။ ငါ-ဖုံးလျှင် မိုးစွတ်သည်၊ ဖွင့်လျှင် မစွတ်။ ထိုကြောင့် ဖုံးသည်ကို ဖွင့်ကြ။ မိုးမစွတ်လတ္တံ့ ...ဟု ဝမ်းမြောက်စွာ မြွက်ဆိုတော်မူ၏။
(အစကတည်းက ကမ်းပါးပြတ်မဟုတ်ဟူသည် ပထမ၌ နက်သည် မဟုတ်၊ အစဉ်အတိုင်းနက်၏ ဟူလို။
တည်မြဲတည်၏။ ကမ်းကို ရေမလွန် ဟူသည် လှိုင်းတံပိုးတို့၏ သက်ဝင်ရာ ချောက်ရှိသောကမ်း အပိုင်းအခြားကို မလွန်။ အညာဝဋိဝေဓောတိအရဟတ္တပတ္တိ- အရဟတ္တဖိုလ်သို့ ရောက်ခြင်းတည်း။
ဖုံးလျှင်မိုးစွတ် ဟူသည် အာပတ်သို့ ရောက်၍ ဖုံးသူသည် ဖုံးခြင်းကြောင့် အပတ်အသစ် တစ်ခုသို့ ရောက်ပြန်၏။
ဖွင့်လျှင် မစွတ် ဟူသည် အာပတ်သို့ ရောက်၍ ဖွင့်လျှင် အာပတ်တစ်ခုသို့ နောက်ထပ် မရောက်။ ၎င်းတို့ကို ရည်ဆိုသည်။)
(သာဋီ … မစင်ကြယ်သော ပရိသတ်၌ ပါတိမောက် မပြခြင်းသည် ဤဓမ္မဝိနယ၌ အံ့ဖွယ်တစ်ခု ဖြစ်၏။
ထိုထိုကြွင်း ခုနစ်ပါးတို့နှင့် တကွ ဝေဖန်လိုသဖြင့် ရှေးဦးစွာ ဥပမာအဖြစ်ဖြင့် မဟာသမုဒ္ဒရာ၏ အံ့ဖွယ်တို့ကို ပြတော်မူသည်။
အသုရာတို့၏ နေရာဘုံသည် မြင့်မိုရ်တောင်၏ အောက်အဖို့၌ တည်၏။ ထိုဘုံသို့ ဝင်တိုင်းထွက်တိုင်း မြင့်မိုရ်တောင်ခြေ၌ မဏ္ဍပ် စသည် ဖန်ဆင်း၍ ကစားမြူးတူး၍သာ လွန်စွာ မွေ့လျော်ကုန်၏။ အသုရာတို့၏ မွေ့လျော်ခြင်းသည် ဤ အံ့ဖွယ်ဂုဏ်တို့ကို မြင်၍ဖြစ်၏။
မဟာသမုဒ္ဒရာသည် ကမ်းပါးနေရာမှစ၍ တစ်သစ်၊ နှစ်သစ်၊ တစ်ထွာ၊ တစ်တောင်၊ တစ်တာ၊ ဥသဘ၊ ဂါဝုတ်၊ ယူဇနာ စသည်ဖြင့်နက်၍ မြင့်မိုရ်တောင်ခြေ၌ ယူဇနာ ၈၄၀၀၀ နက်လျက် တည်၏။
ကမ္ဘာဦးမှစ၍ မြင့်မိုရ်ခါးလယ်ကိုထိ၍ ရေတည်၏။ ထိုမှတစ်သစ်မျှပင် ယုတ်ခြင်း တိုးခြင်း မရှိ၊
မုတ္တ-ပုလဲသည် ငယ်၊ ကြီး၊ လုံး၊ ရှည် စသည်များ၏။
မဏိ-ပတ္တမြားသည် နီ၊ ညို စသည်များ၏။
ဝေဠုရိယ- ကြောင်မျက်ရွဲသည် ဝါးအဆင်း၊ ကုက္ကိုပွင့်အဆင်း စသည်ဖြင့် သဏ္ဌာန်လည်း များ၏။
သင်္ခ-ခရုသင်းသည် လက်ယာရစ်ခရုသင်း၊ ခရုသင်းချက်၊ မှုတ်သော ခရုသင်း စသည်များ၏။
သိလာ-သလင်းသည် ဖြူ မဲ ပဲနောက် အဆင်း စသည်များ၏။
ပဝါဠ-သန္တာသည် ငယ်၊ ကြီး၊ နီ၊ တစ်ခဲနက်နီ စသည်များ၏။
ဧလာဟိတင်္ဂ-ပတ္တမြားနီ ပဒုမ္မာအဆင်း စသည် များ၏။
မသာရဂလ္လ-ပတ္တမြားပြောက်သည်က ဗရမဏိဖြစ်၏။ ဆန်းကြယ်သော ဖန်ဟူ၍လည်း ဆိုကုန်၏။
(ရွှေ ငွေနှင့် ရတနာ ဆယ်ပါးဖြစ်၏။)
တိမိကိုမျိုနိုင်သော ငါးသည် တိမိင်္ဂလမည်၏။ (တိမိ ဂိလတီတိ-တိမိံဂလော။) တိမိ၊ တိမိင်္ဂလကို မျိုနိုင်လျှင် တိမိတိမိင်္ဂလ မည်၏။ ငါး သုံးမျိုးတည်း。
နဂါးသည် လှိုင်းထက်၌နေသောနဂါး၊ ဗိမာန်၌နေသော နဂါးတို့တည်း。
ဤဓမ္မဝိနယ၌ အံ့ဖွယ် ၁၆ ပါး၊ ၃၂ ပါး၊ ထိုထက် အလွန်များစွာ ဝေဖန်ပြနိုင်သော်လည်း သမုဒ္ဓရာ ဥပမာ အားလျော်စွာ ရှစ်ပါးမျှကိုသာ ဝေဖန်၍ပြတော်မူသည်။
အစဉ်အတိုင်း ကျင့်စရာတရားတို့၌ သိက္ခာသုံးပါးတို့သည် အနုပုဗ္ဗသိက္ခာ၊ ဓုတင်တေရသသည် အနုပုဗ္ဗကြိယာ။ အနုပဿနာခုနစ်ပါး၊ အဟာဝိပဿနာ ၁၈ ပါး၊ အာရုံ ကမ္မဋ္ဌာန်း ၃၈ ပါး (ဝါ-သမထ ၄၀။) ဗောဓိပက္ခိယတရား ၃၇ ပါး တို့သည် အနုပုဗ္ဗပဋိပဒါတို့ မည်ကုန်၏။
အစကတည်းက စသည်သည် ဘားခုန်သကဲ့သို့ အစ၌ သီလဖြည့်ကျင့်ခြင်း စသည်မပြုဘဲ အရဟတ္တဖိုလ် ထိုးထွင်းနိုင်သော မည်သည် မရှိ၊ အစဉ်အတိုင်း သီလ၊ သမာဓိ၊ ပညာ ပြည့်စုံစေ၌သာ အရဟတ္တဖိုလ် ရောက်သည်ဟူလို။
ငါ၏သာဝကဟူသည်ကို သောတပန်-စသော အရိယာပုဂ္ဂိုလ်တို့ကို ရည်ဆိုသည်။
အတူမနေဟူသည် ဥပုသ်ကံ စသည်ဖြင့် ပေါင်းဖော်ခြင်းကိုမပြု。
နိဗ္ဗာနဓာတ်အား လျော့ခြင်း တိုးခြင်း-ဟူသည် ကမ္ဘာအသင်္ချေ ဘုရားမပွင့်သဖြင့် နိဗ္ဗာန်စံသူ မရှိသော အခါလည်း နိဗ္ဗာနဓာတ် အချည်းနှီး ဖြစ်သည်ဟု မဆိုနိုင်။ ဘုရားပွင့်သောအခါ တရားပွဲတစ်ခုတစ်ခု၌ အသင်္ချေ နိဗ္ဗာန်ရသော်လည်း နိဗ္ဗာန်ဓာတ် ပြည့်သည်ဟု မဆိုနိုင်။
ဝိမုတ္တိရသ ဟူသည် ကိလေသာတို့မှ လွတ်ခြင်း ကိစ္စ ဖြစ်၏၊ သာသနသမ္ပတ္တိ အားလုံးသည် မစွဲမလမ်း အာသဝတို့မှ စိတ်လွတ်မြောက်ခြင်းသာ ဟူလို။
ရတနာဟူသည် - ရတိ+ဇနန မွေ့လျော်ခြင်းကို ဖြစ်စေတတ်သောကြောင့် ရတနာမည်၏။ တစ်နည်း -
စီတိကတ-အရိုအသေ ပြုအပ်သောကြောင့်၊
မဟဂ္ဃ-များစွာ အဖိုးထိုက်သောကြောင့်၊
အတုလ- တုဘက်မရှိသောကြောင့်၊
ဒုလ္လဘဒဿန- မြင်ရခဲသောကြောင့်၊
အနောမသတ္တပရိဘောဂ - မြတ်သောသူတို့သာ သုံးဆောင်အပ်သောကြောင့် ရတနာ မည်၏。
ထိုကြောင့် သတိပဋ္ဌာန် စသည်တို့သာ ရတနာဖြစ်ကြောင်း လွန်ကဲစွာ ထင်ရှား၏။ သာဝကပါရမီဉာဏ်၊ ပစ္စေကဗောဓိဉာဏ်၊ သမ္မာသမ္ဗောဓိဉာဏ်ကို ဖြစ်စေနိုင်သော ရတနာတို့ဖြစ်ကုန်၏။
လောကီရတနာ ဆယ်ပါးကား ၎င်းတို့၏ အစိတ်မျှပင် မထိုက်ကုန်−။(ခွဲစိတ်ခြင်း အကျယ်များစွာရှိသေး၏။)
ဤနက်ကို သိ၍ ဟူသည် မိမိ၏ ဓမ္မဝိနယ၌ အသေကောင်ပုပ် ဒုဿီလနှင့် အတူ သံဝါသ မရှိခြင်းဟူသော ဤ အနက်ကိုသိ၍တည်း။
ဥဒါန်းကား သံဝါသ ပြုထိုက်၊ မပြုထိုက်တို့၏ အကြောင်းကိုပြသော ဥဒါန်းတည်း။
အာပတ်ကို ဖုံးလျှင် အာပတ်မိုး၊ ကိလေသာမိုး လွန်စွာ စွတ်၏။ မဖုံးဘဲ သီတင်းသုံးဖော်တို့အား ဖွင့်ပြော၍ ကုစားလျှင် အာပတ်မိုး၊ ကိလေသာမိုး မစွတ်၊ ဤသို့ မိုးမစွတ်သဖြင့် သီလစင်ကြယ်သူသည် သမာဓိဖြစ်၍ ဝိပဿနာဖြစ်စေ၍ အစဉ်အတိုင်း နိဗ္ဗာနဓာတ်သို့ရောက်၏-ဟု အဓိပ္ပါယ် သိအပ်၏၊)
(ဥဒ-မောဒေ၊ ကိဠာယဉ္စ၊ ဥဒတိ၊ ဥဒါနံ၊ ဥဒဂ္ဂစိတ္တော။ ရေကန် ရေလျှံသကဲ့သို့ ဆီအိုး ဆီဝေသကဲ့သို့ နားထောင်သူကို မငဲ့ဘဲ ပီတိဟုန်ဖြင့်ဖြစ်သော စကားသည် ဥဒါန်းမည်၏။ ဒ-ဒွေဘော်မရှိ။
ချုံးဆိုသော ဥဒ္ဓါနကား ဥနောင်ဒေဓာတ်-ဒွေဘော်ဆောင်သည်။)
ပါတိမောက် ထားခွင့်ပြုခြင်း
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို သိစေတော်မူ၏၊ ချစ်သားတို့ … ဤနေ့မှစ၍ ငါဘုရားသည် ဥပုသ်ကို မပြုတော့အံ့။ (ဩဝါဒ ပါတိမောက်ကို မပြအံ့၊ သင်တို့သည်သာလျှင် ဥပုသ်ကို ပြုကုန်လော။ (အာဏာ) ပါတိမောက်ကို ပြကုန်လော။
ချစ်သားတို့ ... မြတ်စွာဘုရားသည် မစင်ကြယ်သော ပရိသတ်၌ ဥပုသ်ပြုကြောင်း၊ ပါတိမာက်ပြကြောင်း ဟူသော အကြောင်းအရာသည်မရှိ။ ချစ်သားတို့ ... အာပတ်ရှိသူသည် ပါတိမောက်ကို မနာအပ်။ ဒုက္ကဋ်။
ချစ်သားတို့ … အာပတ်ရှိသူသည် ပါတိမောက်နာအံ့၊ ထိုသူအား ပါတိမောက်ကို ထားခြင်းငှါ ခွင့်ပြု၏။ ထားပုံကား - ထိုစာတုဒ္ဒသီ၊ ပန္နရသီ ဥပုသ်နေ့၌ ထိုပုဂ္ဂိုလ်မျက်မှောက် သံဃာ့အလယ်၌ ထုတ်ဆိုအပ်၏။ အရှင်ဘုရားတို့ ... သံဃာသည် နာတော်မူစေသတည်း။ ဤမည်သော ပုဂ္ဂိုလ်သည် အာပတ်ရှိ၏။ ထိုပုဂ္ဂိုလ်အား ပါတိမောက်ကို ထားပါ၏။ ထိုသူမျက်မှောက်၌ ပါတိမောက်မပြအပ်။ ဤသို့ ထုတ်ဆိုလျှင် ပါတိမောက်ကို ထားခြင်းဖြစ်၏။
ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် ငါတို့အကြောင်းကို သိသူမရှိ-ဟု အာပတ်ရှိလျက်သာ ပါတိမောက်ကို နာကုန်၏။ ပရစိတ္တဝိဒူ- သူ့စိတ်သိသော မထေရ်တို့သည် ဤရဟန်း ဤရဟန်း၊ ဤသို့ ဤသို့ဟု ရဟန်းတို့ကို ပြောပြကုန်၏။ ဆဗ္ဗဂ္ဂီတို့သည် သိကုန်၍ ငါတို့ကို ပါတိမောက် မထားမီဟု ကြိုတင်၍ အာပတ်မရှိသော ရဟန်းကောင်းတို့အား အကြောင်းမဲ့ ပါတိမောက် ထားကုန်၏။
ဘုရားရှင်ကဲ့ရဲ့၍ ချစ်သားတို့ .... အာပတ်မရှိသော ရဟန်းကောင်းတို့အား အကြောင်းမဲ့ ပါတိမောက် မထားအပ်၊ ဒုက္ကဋ်ဟု မိန့်၍ ပါတိမောက်ထားခြင်းသည် အဓမ္မိကတစ်ပါး၊ ဓမ္မိကတစ်ပါးမှ စ၍ ဆယ်ပါးစီအထိ မိန့်တော်မူ၏။
(ပါတိမောက်ကို ထားခြင်းဖြစ်၏ ဟူသည်၌ (ဉာတ်) မှ ရှေးကျ နောက်ကျလျှင် ထားသော်လည်း ထားခြင်း မမြောက်၊ ခေတ်၌ထားမှ ထားခြင်း မြောက်သည်။ ထို့ကြာင့် သုဏာတုမေ ...လ... ဥပေါသထံ ကရေယျ-ဟူသော ဥပုသ်ဉာတ်၌ ရေ-အက္ခရာဆိုသည် အထိသည် ထားအပ်သော ခေတ်ဖြစ်၏။ ယျ-အက္ခရာဆိုမှ ထားလျှင် နောက်ကျ၏။ သုဏာတုမေ မဆိုမီထားလျှင် ရှေးကျ၏။)
(သာဋီ … ယခုအခါ ဘိက္ခုသံဃာ၌ ဘေးရန်ဖြစ်၏။ မစင်ကြယ်သူတို့သည် ဥပုသ်ပြုရာသို့ လာကုန်၏။ မြတ်စွာဘုရား မည်သည် မစင်ကြယ်သော ပရိသတ်၌ ဥပုသ်ကိုမပြု ပါတိမောက်ကိုမပြ။ မပြလျှင် ဘိက္ခု သံဃာအား ဥပုသ်သည်ပြတ်၏။ ငါဘုရားသည် ယနေ့မှစ၍ ရဟန်းတို့အားသာ ပါတိမောက်ပြခြင်းကို ခွင့်ပြုရမူ ကောင်းလေစွ-ဟုကြံ၍ ခွင့်ပြုတော်မူသည်။
ပါတိမောက်သည် အာဏာ၊ ဩဝါဒဟု နှစ်မျိုး ရှိ၏။ သုဏာတုမေ-စသည်သည် အာဏာပါတိမောက် မည်၏။ ထိုကို လခွဲတိုင်း သာဝကတို့သာ ပြကြသည်။ ဘုရားရှင်တို့ မပြကုန်၊ ခန္တိပရမံ-စသော သုံးဂါထာသည် ဩဝါဒပါတိမောက် မည်၏။ ဘုရားရှင်တို့သာ ပြသည်။ သာဝကတို့ မပြကုန်။
သက်တော်ရှည်သော ဘုရားများ လက်ထက်၌ ၆ နှစ် တစ်ကြိမ် သော်လည်း ပြကုန်၏။ (အဏာကို မပြကုန်။) နည်းသော အသက်ရှိသော ဘုရားများ လက်ထက်၌ ပထမ ဗောဓိ၌သာပြ၍ နောက်၌ အာဏာ ပါတိမောက်ကို ပြကြသည်။ ငါတို့ဘုရားရှင်သည်လည်း နှစ် ၂၀ မျှ ဩဝါဒ ပြ၍ အန္တရာယ်မြင်သည့်နောက် မပြ။
ဌပန အဝကာသသည် ကရဏ-အကြောင်း ဖြစ်၏။ ယံသည် ကြိယာပရာမသနဖြစ်၏။
ဝိဋီ … ထုတ်ဆိုအပ်၏ ဟူသည် အမှတ်မရှိ ဘာသာဖြင့် ထုတ်ဆိုခြင်းလည်း ထုတ်ဆိုအပ် သည်သာတည်း။ ဉာတ်အားထုတ်သည်မှ ရှေ့၌ လည်းကောင်း, ဉာတ် ပြီးဆုံးသည်မှ နောက်၌လည်းကောင်း ထုတ်ဆိုလျှင် ထားခြင်း မဖြစ်။
အဓမ္မိက ဓမ္မိကထားခြင်း
ချစ်သားတို့ ... ပါတိမောက် ထားခြင်းသည် အဓမ္မိက တစ်ပါး၊ ဓမ္မိကတစ်ပါး အဓမ္မိတနှစ်ပါး၊ ဓမ္မိကနှစ်ပါး ....လ… အဓမ္မိကဆယ်ပါး ဓမ္မိကဆယ်ပါး ဖြစ်၏၊
၁။ အဓမ္မိတစ်ပါးကား အရင်းမရှိသော သီလဝိပတ္တိဖြင့် ထား၏။
၂။ ဓမ္မိကတစ်ပါးကား အရင်းရှိသော သီလဝိပတ္တိဖြင့် ထား၏။
၃။ အဓမ္မိကနှစ်ပါးကား အရင်းမရှိသော သီလဝိပတ္တိဖြင့်၊ အရင်းမရှိသော အာစာရဝိပတ္တိဖြင့် ထား၏။ (ဓမ္မိကကို ထိုမျှပြန်၍ သိအပ်၏။)
၄။ အဓမ္မိကသုံးပါးကား အရင်းမရှိသော သီလဝိပတ္တိဖြင့်၊ အာစာရဝိပတ္တိဖြင့်၊ ဒိဋ္ဌိဝိပတ္တိဖြင့် ထား၏။
၅။ လေးပါးကား အရင်းမရှိသောသီလ၊ အာစာရ၊ ဒိဋ္ဌိ၊ အာဇီဝဝိပတ္တိဖြင့် ထား၏။
၆။ ငါးပါးကား အရင်းမရှိသော ပါရာဇိက၊ သံဃဒိသိသ်၊ ပါစိတ်၊ ပါဋိဒေသနီ၊ ဒုက္ကဋ်ဖြင့် ...။
၇။ ခြောက်ပါးကား အရင်းမရှိသော အကတသီလဝိပတ္တိဖြင့်၊ ကတသီလဝိပတ္တိဖြင့်၊ အကကအာစာရ၊ ကတအာစာရ၊ အကတဒိဋ္ဌိ၊ ကတဒိဋ္ဌိဝိပတ္တိဖြင့် ...။
၈။ ခုနစ်ပါးကား အရင်းမရှိသော ပါ၊ သံ၊ ထုလ်၊ ပါ၊ ပါ၊ ဒုတ်၊ ဒုမ္ဘာသီဖြင့် ... ။
၉။ ရှစ်ပါးကား အရင်းမရှိသော အကက၊ ကတ-သီလ၊ အာစာရ၊ ဒိဋ္ဌိ၊ အာဇီဝဝိပတ္တိဖြင့် ... ။
၁၀။ ကိုးပါးကား အရင်းမရှိသော အက၊ ကတ၊ ကတာကတ-သီလ၊ အာစာရ၊ ဒိဋ္ဌိဝိပတ္တိဖြင့် ... ။
ဆယ်ပါးကား ပါရာဇိကသို့ ရောက်သူ ထိုပရိသတ်၌ မရှိ၊ ပါရာဇိက ကထာ တင်းလင်းမရှိ။ သိက္ခာချသူ ထိုပရိသတ်၌ မရှိ။ သိက္ခာချစကား တင်းလင်း မရှိ။ ဓမ္မိကသာမဂ္ဂီသို့ကပ်၏။ ဓမ္မိကသာမဂ္ဂီကို တစ်ဖန် မယူ။ (ဝါ--မလှုပ် ချောက်ချား။) ဓမ္မိကသာမဂ္ဂီကို တစ်ဖန်ယူခြင်း စကားတင်းလင်း မရှိ။ သီလဝိပတ္တိဖြင့် ဒိဋ္ဌသုတပရိသင်္ကိတ မရှိ။ အာစာရ-။ ဒိဋ္ဌိဝိပတ္တိဖြင့် ဒိဋ္ဌသုတပရိသင်္ကိတ မရှိ၊ ဤဆယ်ပါးသည် (ဝါ-ဤဆယ်ပါးဖြင့် ထားခြင်းသည်) အဓမ္မိကပါတိမောက္ခဌပန ဖြစ်၏。
ဓမ္မိက ဆယ်ပါးကား ပါရာဇိကသို့ ရောက်သူ ထိုပရိသတ်၌ ရှိ၏။ ပါရာဇိက ကထာ တင်းလင်းရှိ၏၊ သိက္ခာချသူ ထိုပရိသတ်၌ရှိ၏။ သိက္ခာချစကား တင်းလင်းရှိ၏။ ဓမ္မိကသာမဂ္ဂီသို့ မကပ်။ ဓမ္မိကသာမဂ္ဂီကို တစ်ဖန်ယူ၏။ ဓမ္မိကသာမဂ္ဂီကို တစ်ဖန်ယူခြင်း စကားတင်းလင်း ရှိ၏။ သီလဝိပတ္တိဖြင့် ဒိဋ္ဌသုတပရိသင်္ကိတ ရှိ၏၊ အာစာရ၊ ဒိဋ္ဌိ၊ ...လ... ရှိ၏။ ဤဆယ်ပါးဖြင့် ထားခြင်းသည် (ဝါ-ဤ ဆယ်ပါးဖြင့် ထားခြင်းသည်) ဓမ္မိကပါတိမောက္ခဋ္ဌပန ဖြစ်၏。
(အရင်းမရှိသော အကတသီလဝိပတ္တိဖြင့် ဟူသည် ထိုဝိပတ္တိကို ထိုပုဂ္ဂိုလ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ပါတိမောက် ထားသူ၏ သညာသည် အမူလိကအစွမ်းဖြင့် အရင်းမရှိခြင်းဖြစ်၏။
ကတာကတ ကား- ကတကို လည်းကောင်း၊ အကတကို လည်းကောင်း နှစ်ပါးစုံကို ယူ၍ ဆိုခြင်းတည်း။
ဓမ္မိကဆယ်ပါး၌ ဓမ္မိကသာမဂ္ဂီသို့ မကပ်ဟူသည် ကံကို ဖျက်လို၍ သံဃာကံပြုသောအခါ မလာအံ့၊ ဆန္ဒမပေးအံ့၊ မျက်မှောက် နေ၍ တားအံ့ ဒုက္ကဋ်သို့ ရောက်၏။ ဤသို့ ဒုက္ကဋ်အာပတ်ရှိသူကိုသာ ပါတိမောက်ကို ထးခြင်းတည်း။ တဖန် ယူ၏ ဟူသည်ကား တစ်ဖန်ပြန်၍ ပြုအပော်ကံဟုဆို၏။ ထိုသို့ လှုပ်ချားခြင်းကြောင့် ပါစိတ် အာပတ်သို့ ရောက်သူကိုသာ ပါတိမောက်ကို ထားခြင်းတည်း။)
(သာဋီ ... နှစ်ပါးစုံကိုယူခြင်းကား- သီလဝိပတ္တိကို ပြုခြင်းသည် လည်းကောင်း၊ မပြုခြင်းသည် လည်းကောင်း ဧကန်ရှိသူ၏ ထိုပြုခြင်း၊ မပြုခြင်း နှစ်ခုလုံးကို ယူခြင်းတည်း။
တစ်ဖန် ယူခြင်း ပစ္စာဒီယတီသည် ပတိအာဒိဃတီ ဖြစ်၏။ အကတံကမ္မံ -စသည်ဆို၍ တစ်ဖန်အားထုတ်၏- ဟူလို။
ဝိဋီ ... နှစ်ပါးစုံကိုယူခြင်းကား အကြင်သူအား ကတလည်းရှိ၏။ အကတလည်းရှိ၏။ ထိုသူ၏ ကတ၊ အကတ နှစ်ခုလုံးကို ယူခြင်းတည်း။ ဓမ္မိကသာမဂ္ဂီသည် ဓမ္မိကသမဂ္ဂကံ ဖြစ်၏။ ပစ္စဒီယတီသည် ဥက္ကောဋနာဓိပ္ပါယဖြင့် တစ်ဖန် ပြုခြင်းတည်း။)
ဓမ္မိကဆယ်ပါးအကျယ်
အဘယ်သို့လျှင် ပါရာဇိကသို့ရောက်သူ ထိုပရိသတ်၌ ရှိသနည်း။ ချစ်သားတို့ … ဤသာသနာ၌ ရဟန်းသည် ပါရာဇိက ရောက်ကြောင်း အခြင်းအရာတို့ဖြင့် ပါရာဇိကသို့ ရောက်သည်ကို မြင်အံ့။ သူတစ်ပါးသော်လည်း ပြောအံ့။ ကိုယ်တိုင်သော်လည်း ငါပါရာဇိကသို့ ရောက်ပြီဟုဆိုအံ့၊ ချစ်သားတို့ ... အလိုရှိသော ရဟန်းသည် ထို ဒိဋ္ဌသုတပရိသင်္ကိတဖြင့် စတုဒ္ဒသီ၊ ပန္နာရသီဥပုသ်နေ့ တစ်ခုခု၌ ထိုပုဂ္ဂိုလ် မျက်မှောက် သံဃာ့အလယ်၌ ထုတ်ဆိုငြားအံ့၊ အရှင်ဘုရား ... သံဃာသည် အကျွန်ုပ်၏စကားကို နာတော်မူလော၊ ဤမည်သော ပုဂ္ဂိုလ်သည် ပါရာဇိသို့ရောက်၏၊ ထိုပုဂ္ဂိုလ်အား ပါတိမောက်ကိုထားပါ၏။ ထိုသူ မျက်မှောက်၌ ပါတိမောက် မပြအပ်-ဟု ထုတ်ဆိုငြားအံ့၊ ဓမ္မိကထားခြင်း ဖြစ်၏။
ရဟန်းအား ပါတိမောက်ထားပြီးသောအခါ မင်း၊ ခိုးသူ စသော အန္တရာယ်ဆယ်ပါး တစ်ပါးပါးကြောင့် ပရိသတ်သည် ထအံ့။ ထားလိုသော ရဟန်းသည် ထိုကျောင်း၌ လည်းကောင်း၊ တစ်ပါးသော ကျောင်း၌ လည်းကောင်း၊ ထိုပုဂ္ဂိုလ် မျက်မှောက် သံဃာ့အလယ်၌ အရှင်တို့ ... နာတော်မူလော့း ဤမည်သော ပုဂ္ဂိုလ်၏ ပါရာဇိက ကထာသည် ထင်းလင်းဖြစ်၏။ မဆုံးဖြတ်ရသေး - ပတ္တကလ္လဖြစ်လျှင် သံဃာသည် ထိုဝတ္ထုကို ဆုံးဖြတ်ရာ၏-ဟု ထုတ်ဆိုငြားအံ့။ ဤသို့ရလျှင် ကောင်း၏။ မရလျှင် ထိုဥပုသ်နေ့၌ ထိုပုဂ္ဂိုလ် မျက်မှောက် သံဃာ့ အလယ်၌ နာတော်မူပါ၊ ဤပုဂ္ဂိုလ်၏ ပါရာဇိကကာသည် တင်းလင်းဖြစ်၏။ မဆုံးဖြတ်ရသေး။ ထိုပုဂ္ဂိုလ်အား ပါတိမောက်ထားပါ၏။ ထိုသူ မျက်မှောက်၌ ပါတိမောက် မပြအပ်-ဟု ထုတ်ဆိုငြားအံ့- ဓမ္မိက ထားခြင်းဖြစ်၏။
အဘယ်သို့လျှင် သိက္ခာချသူကို ပရိသတ်၌ ရှိသနည်း
ချစ်သားတို့ ... ဤသာသနာ၌ ရဟန်းသည် သိက္ခာချကြောင်း အခြင်းအရာဖြင့် သိက္ခာချသည်ကို မြင်အံ့၊ သူတစ်ပါးပြောအံ့၊ ကိုယ်တိုင် ဆိုအံ့၊ အလိုရှိလျှင် ထို ဒိဋ္ဌသုတပရိသင်္ကိတဖြင့် ထိုဥပုသ်နေ့၌ ထိုပုဂ္ဂိုလ် မျက်မှောက်သံဃာ့ အလယ်၌ နာတော်မူလော့၊ ဤမည်သော ပုဂ္ဂိုလ်အား ပါတိမောက် ထားပါ၏။ ထိုသူ မျက်မှောက်၌ ပါတိမောက် မပြအပ်-ဟု ထုတ်ဆိုငြားအံ့- ဓမ္မိက ဖြစ်၏။
အဘယ်သို့လျှင် ဓမ္မိကသာမဂ္ဂီသို့ မကပ်သနည်း။
ချစ်သားတို့ ... ဤသာသနာ၌ ရဟန်းသည် ဓမ္မိကသာမဂ္ဂီသို့ မကပ်ကြောင်း အခြင်းအရာဖြင့် မကပ်သည်ကို မြင်အံ့၊ သူတစ်ပါး ပြောအံ့၊ ကိုယ်တိုင်ဆိုအံ့။ အလိုရှိလျှင် ထိုဒိဋ္ဌသုတပရိသင်္ကိတဖြင့် ထိုဥပုသ်၌ ထိုပုဂ္ဂိုလ် မျက်မှောက် သံဃာ့အလယ်၌ နာတော်မူလော၊ ဤမည်သော ပုဂ္ဂိုလ်သည် ဓမ္မိကသာမဂ္ဂီသို့ မကပ်။ ...လ... ထုတ်ဆိုငြားအံ့၊ ဓမ္မိက ဖြစ်၏။
အဘယ်သို့လျှင် ဓမ္မိကသာမဂ္ဂီကို တစ်ဖန်ယူသနည်း
ဤသာသနာ၌ ရဟန်းသည် ဓမ္မိကသာမဂ္ဂီကို တစ်ဖန်ယူကြောင်း အခြင်းအရာဖြင့် တစ်ဖန် ယူသည်ကို မြင်အံ့၊ ပြောအံ့၊ ဆိုအံ့။ အလိုရှိလျှင် ထိုဒိဋ္ဌ စသည်ဖြင့် ထို ဥပုသ်နေ့၌ ...လ... နာတော်မူလော၊ ဤမည်သော ပုဂ္ဂိုလ်သည် ဓမ္မသာမဂ္ဂီကို တစ်ဖန် ယူ၏၊ …လ... ထုတ်ဆိုငြားအံ့၊ ဓမ္မိကဖြစ်၏။
အဘယ်သို့လျှင် သီလဝိပတ္တိဖြင့် ဒိဋ္ဌသုတပရိသင်္ကိတ ရှိသနည်း
ဤ သာသနာ၌ ရဟန်းသည် သီလဝိပ္ပတ္တိဖြင့် ဒိဋ္ဌသုတပရိသင်္ကိတ ရှိသည်ကို မြင်အံ့၊ ကြားအံ့၊ ဆိုအံ့၊ အလိုရှိလျှင် ထိုဒိဋ္ဌစသည်ဖြင့် ထိုဥပုသ်နေ့၌ …လ... နာတော်မူသော၊ ဤမည်သော ပုဂ္ဂိုလ်သည် သီလဝိပတ္တိဖြင့် ဒိဋ္ဌသုတပရိသင်္ကိတ ရှိ၏။ ....လ... ထုတ်ဆိုငြားအံ့ ဓမ္မိက ဖြစ်၏။ အာစာရဝိပတ္တိဖြင့်၊ ဒိဋ္ဌိဝိပတ္တိဖြင့် တူပြီ။
ဤဆယ်ပါးသည် ဓမ္မိကပါတိမောက္ခ ဌပန ဖြစ်၏။
(မဂ်ဖြင့် မဂ်၌ သွင်းခြင်း စသည်တို့၌ အခြင်းအရာ- အာကာရ စသော အမည်တို့ကို သိအပ်ကုန်၏။
ထို ဒိဋ္ဌသုတပရိသင်္ကိတဖြင့်ဟူသည်၌ ဒိဋ္ဌ၊ သုတသည် ပါဠိတော်၌ လာ၏။ ထိုဒိဋ္ဌသုတဖြင့် ရွံရှာခြင်းဖြစ်ရာ သည်ကိုရည်၍ ပရိသင်္ကိတဟုဆိုသည်။)
(သာဋီ ... ပရိသတ်သည် ထအံ့ ဟူသည် အကြင်ဝတ္တုကြောင့် ပါတိမောက်ကို ထားအပ်၏။ ထိုဝတ္တုကို မဆုံးဖြတ်မီ အန္တရာယ် တစ်ခုခုကြောင့် ထခြင်းတည်း။
ဝိဋီ ... အာကာရ စသော အမည်ဟူသည် အာကာရ၊ လိင်္ဂ၊ နိမိတ္တအမည်တို့တည်း။)
အရှင်ဥပါဠိ မထေရ် လျှောက်ထားခဏ်း
သာသနာသုတ်သင်လိုသူ အင်္ဂါငါးပါး
ထိုအခါ အရှင်ဥပါလိသည် ဘုရားရှင်ထံ ချဉ်းကပ်ရှိခိုး၍ မြတ်စွာဘုရား .... မိမိ ယူထိုက်သည်ကို ယူလိုသော ရဟန်းသည် အဘယ်မျှအင်္ဂါနှင့် ပြည့်စုံသော အတ္တာဒါနကို ယူအပ်ပါသနည်း-ဟု လျှောက်၏။ (သာသနာ စင်ကြယ်စေလိုသူသည် အဘယ်သို့သော အဓိကရုဏ်းကို ယူအပ်ပါသနည်း- ဟူလို။)
ချစ်သား ဥပါလိ ... အတ္တာဒါနကို ယူလိုလော ရဟန်းသည် ငါးပါးသော အင်္ဂါနှင့် ပြည့်စုံသော အတ္တာဒါနကို ယူအပ်၏။ ချစ်သားဥပါလိ … အတ္တာဒါနယူ လိုသူသည် ဤသို့ဆင်ခြင်အပ်၏။
၁။ ငါသည် ဤအတ္တဒါနကို ယူလို၏။ ယူခြင်းငှါ အခါဟုတ်သလော၊ မဟုတ်သလော-ဟု ဆင်ခြင်၍ အခါမဟုတ် သေးဟုသိအံ့၊ ထို အတ္တဒါနကို မယူအပ်။
၂။ အခါမဟုတ်သည်ဟု သိအံ့၊ ဟုတ်မှန်သလော၊ မဟုတ်မှန်သလော ဟုထပ်၍ ဆင်ခြင်အပ်၏။ မဟုတ်မမှန်ဖြစ်လျှင် မယူအပ်။
၃။ ဟုတ်မှန်လျှင် အကျိုးနှင့် စပ်သလော၊ အကျိုးမဲ့နှင့်စပ်သလောဟု ထပ်၍ ဆင်ခြင်အပ်၏။ အကျိုးမဲ့နှင့် စပ်လျှင် မယူအပ်။
၄။ အကျိုးနှင့်စပ်လျှင် ဓမ္မဝိနယအားဖြင့် အပင်း အသင်း ရမည်လော- မရမည်လော-ဟု ထပ်၍ ဆင်ခြင်အပ်၏။ မရလျှင် မယူအပ်။
၅။ ရလျှင် ဤအတ္တာဒါနကို ယူခြင်းကြောင့် သံဃာအား ငြင်းခုံခြင်း၊ ကွဲပြားခြင်း ဖြစ်မည်လေ၊ မဖြစ်မည်လော-ဟု ထပ်၍ ဆင်ခြင်အပ်၏။ ဖြစ်မည်ဖြစ်လျှင် မယူအပ်။ မဖြစ်မည်ဖြစ်လျှင် ထိုအတ္တာဒါနကို ယူအပ်၏။
ချစ်သားဥပါလိ ... ဤသို့ အင်္ဂါငါးပါးနှင့်ပြည့်စုံသော အတ္တာဒါနကိုယူလျှင် နောက်၌လည်း နှလုံးသာယာ ဝမ်းမြောက်ဖွယ်ဖြစ်လတ္တံ့ ဟုမိန့်တော်မူ၏။
(မိမိယူထိုက်သည်ကို ယူလိုသော စသည်၌ သာသနာကို သုတ်သင်လိုသော ရဟန်းသည် အကြင် အဓိကရုဏ်းကို မိမိသည် ယူအပ်၏။ ထိုအဓိကရုဏ်းသည် အတ္တာဒါန မည်၏။
ယူခြင်းငှါ အခါ ဟုတ်သလာ-ဟူသည်၌ မင်းဘေး၊ ခိုးသူဘေး၊ ဒုဗ္ဘိက္ခဘေး၊ ဝဿရတ္တ-မိုးအခါ ဤ အလုံးစုံသည် အခါမဟုတ်။ ထိုမှပြန်လျှင် အခါ ဟုတ်၏။
ဟုတ်မှန်သလော စသည်၌-ဤအဓိကရုဏ်းသည် ယူဆသောအတိုင်း မရှိဖြစ်လျှင် မဟုတ်မမှန် ဖြစ်၏။ အဓမ္မကို ဓမ္မ၊ ဓမ္မ အဓမ္မဟူ၍ လည်းကောင်း အဝိနယကို …လ… ဒုဿီလကို သီလဝန္တ၊ သီလဝန္တကို ဒုဿီလ ဟူ၍လည်းကောင်း ယူထားသည်ဟူလို။ ထိုမှ ပြန်လျှင် ဟုတ်မှန်သည်မည်၏။
အကျိုးမဲ့နှင့် စပ်ရာ၌ အသက်အန္တရာယ်၊ သာသနာ့အန္တရာယ် ဖြစ်လျှင် အကျိုးမဲ့နှင့် စပ်၏။ ထို့မှပြန်လျှင် အကျိုးနှင့် စပ်၏။
မရလျှင် ဟူသည်ကို ရံခါ မင်းဘေး စသည်ကြောင့် အထောက်အပံ့ ရဟန်းတို့ကို ရခြင်းငှါ မတတ်နိုင်။ ဘေးရန်ကင်း၍ ဝပြောသောအခါ စသည်တို့၌ ရနိုင်သည်ကို ရည်ဆိုသည်။
ဖြစ်မည် ဖြစ်လျှင် ဟူသည် ကောသမ္ဗက ရဟန်းတို့ကဲ့သို့ ငြင်းခုံခြင်း၊ ကွဲပြားခြင်း ဖြစ်လျှင်တည်း။
နောက်၌လည်း စသည်သည် သုဘဒ္ဒရဟန်းကြီးကို နှိပ်၍ ရဟန်းငါးရာ သင်္ဂါယနာတင်ခြင်းကို ပြုသော ရှင်မဟာကဿပ ကဲ့သို့၊ ဒသဝတ္တု အဓိကရုဏ်းပြုသော ရဟန်းတစ်သောင်းကိုနှိပ်၍ ရဟန်းခုနစ်ရာ သင်္ဂါယနာတင်ခြင်းကိုပြုသော ရှင်ယသကဲ့သို့၊ ရဟန်းခြောက်သောင်းကိုနှိပ်၍ ရဟန်း တစ်ထောင် သင်္ဂါယနာ တင်ခြင်းကိုပြုသော ရှင်မောဂ္ဂလိပုတ္တတိဿကဲ့သို့ နောင်အဖန်ဖန် သတိရကြောင်းဖြစ်၏။ သာသနာ တော်မြတ်၏ ညစ်ကြေးကင်းသော လမင်း နေမင်း ကဲ့သို့ အသရေရှိခြင်းငှါ လည်းဖြစ်၏။)
(ဇီဋီ ... အတ္တဒါန ဟူသည် မိမိကို သူတစ်ပါး စောဒနာ၌ မိမိ ကိုယ်ကို သုတ်သင်ခြင်းငှါ ယူရသည်မဟုတ်။ သူတစ်ပါး၏ ပျက်စီးခြင်းကို မြင်၍ သာသနာကို သုတ်သင်ခြင်းငှါ မိမိယူအပ်၏။
ဝဿာရတ္ထသည် ဝဿာကာလဖြစ်၏။
သာဋီ ... သူတစ်ပါးကို စောဒနာခြင်းငှါ မိမိယူအပ်သော အဓိကရုဏ်းသည် အတ္တာဒါနမည်၏။ ထိုကြောင့် သာသနာကို သုတ်သင်လိုသော စသည်ကိုဆိုသည်။ ဝဿာရတ္တောတိ ဝဿကာလော။
ဝိဋီ ...တစ်ဖန် စောဒနာခြင်းငှါ မိမိယူအပ်သော အဓိကရုဏ်းသည် အတ္တာဒါနမည်၏၊ ထိုကြောင့် သာသနာကို သုတ်သင်လိုသော စသည်ကို ဆိုသည်။
ဝဿာရတ္တောတိဝဿကာလော။ မိုးကာလသည်လည်း ဒုဗ္ဘိက္ခကာလ စသည်ကဲ့သို့ အဓိကရုဏ်း ငြိမ်းစေရန် လဇ္ဇီပရိသတ် အဝေးမှ ပင့်ဆောင်ရခြင်း၏ လည်းကောင်း၊ ကြွလာသူတို့ ဆွမ်းခံသွားခြင်း စသည်၏ လည်းကောင်း၊ ခဲယဉ်းသောကြောင့် အကာလသာတည်း။
ဖန်ဖန် သတိရကြောင်းဟူသည် သတိရတိုင်း သတိရတိုင်း ပီတိပါမောဇ္ဇဖြစ်ခြင်းကြောင့် သတိရခြင်းကို ဖြစ်စေနိုင်ခြင်းတည်း။
ညစ်ကြေးကင်းသော စသည်၌ တိမ်တိုက်ဆီးနှင်းစသော ညစ်ကြေးကင်းသော လ နေ တို့၏ အသရေ ပြည့်ခြင်းကဲ့သို့ ထိုစောဒက၏လည်း ပါပပုဂ္ဂိုလ်ဟူသော ညစ်ကြေးကင်းသဖြင့် အသရေပြည့်ခြင်းဖြစ်၏ဟု ယူအပ်၏)
စောဒက ကိုယ်တွင်းဆင်ခြင်ငါးပါး
မြတ်စွာဘုရား ... စောဒက ရဟန်းသည် သူတပါးကို စောဒနာလိုသောအခါ အဘယ်မျှသော ဓမ္မတို့ကို အဇ္ဈတ္တ၌ ဆင်ခြင်၍ သူတစ်ပါးကို စောဒနာအပ်ပါသနည်း။
ချစ်သား ဥပါလိ ... စောဒက ရဟန်းသည် သူတစ်ပါးကို စောဒနာလိုသောအခါ ငါးပါးသောဓမ္မတို့ကို အတ္တ၌ ဆင်ခြင်၍ သူတစ်ပါးကို စောဒနာအပ်၏။
ချစ်သားဥပါလိ ... စောဒကရဟန်းသည် သူတစ်ပါးကို စောဒနာ လိုသောအခါ ဤသို့ဆင်ခြင်အပ်၏၊
၁။ ငါသည် ကိုယ်အကျင့် စင်ကြယ်၏လော။ မပေါက်သော မငင်အပ်သော ကိုယ်အကျင့်နှင့် ပြည့်စုံ၏လော။ ဤသို့ စင်ကြယ်သော ကိုယ်ကျင့်ဓမ္မ ရှိ၏လော၊ မရှိလေသလောဟု ဆင်ခြင်၍ မစင်ကြယ်လျှင် အရှင်သည် ကိုယ်ကျင့်ကိုသင်ဦး၊ ကျင့်ဦးလော-ဟု ဆိုစရာဖြစ်၏။
၂။ ထိုမှတစ်ပါးလည်း ငါသည် နှုတ်အကျင့် စင်ကြယ်၏လော၊ မပေါက်သော မငင်အပ်သော နှုက်အကျင့်နှင့် ပြည့်စုံ၏လော၊ မစင် ကြယ်လျှင် ...လ... ဆိုစရာဖြစ်၏။
၃။ ထိုမှတစ်ပါး ငါ၏စိတ်သည် သီတင်းသုံးဖော်တို့၌ အာဃာတမထား မေတ္တာပွားမှု ရှေးရှု၏လော။ မေတ္တာ စိတ်ဖြစ်စေဦးလော-ဟု ဆိုစရာ ဖြစ်ရာ၏။
၄။ ထိုမှတစ်ပါး ငါသည် စာပေကျမ်းဂန်၌ ဗဟုသုတရှိ၏လော၊ စာသင်ချေဦးလော..ဟု ဆိုစရာ ဖြစ်၏။
၅။ ထိုမှတစ်ပါး ပါတိမောက်နှစ်စောင်အကျယ်အားဖြင့် ဆုံးဖြတ်ဝေဖန်နိုင်၏လော၊ ဤသိက္ခာပုဒ်ကို အဘယ်၌ ဘုရားပညတ်သနည်း-ဟု မေးလျှင် မပြည့်စုံအံ့၊ ဝိနည်း သင်ချေဦးလော-ဟု ဆိုစရာ ဖြစ်၏။
ချစ်သားဥပါလိ … စောဒကရဟန်းသည် သူတစ်ပါးကို စောဒနာလိုသောအခါ ဤ ငါးပါးသော ဓမ္မတို့ကို အဇ္ဈတ္တ၌ ဆင်ခြင်၍ သူတစ်ပါးကို စောဒနာအပ်၏။
(မပေါက်သော မငင်အပ်သော - စသည်တို့၌ လူတို့အား အနာခွဲခြင်း စသော ဆေးကုသမှု ပြုသူ၏ ကာယသမာစာရသည် ခြစားသော ထန်းရွက်ကဲ့သို့ ဆိဒ္ဒ-ပေါက်သော အကျင့်ဖြစ်၏း
သုံးသပ်ခြင်းငှါ ဆွဲငင်ခြင်းငှါ တတ်နိုင်သောကြောင့် သပ္ပတ္တိမံသ- ငင်အပ်သော အကျင့်ဖြစ်၏။ ထိုမှ ပြန်လျှင် အစ္ဆိဒ္ဒ-မပေါက်သော၊ အပ္ပဋိမံသ- မငင်အပ်သော ကာယသမာစာရဖြစ်၏။
ဝစီသမာစာရကား မုသာဝါဒ၊ ဩမသဝါဒ၊ ပေသုည၊ အမူလက အနုဒ္ဓံသန စသည်တို့ဖြင့် ဆိဒ္ဒ-သပ္ပဋိမံသ ဖြစ်၏။ ထိုမှပြန်လျှင် အစ္ဆိဒ္ဒ၊ အပ္ပဋိမံသဖြစ်၏။
မေတ္တာပွားမှုဟူသည် ပလိဗောဓ ဖြစ်၍ ဘာဝနာ အားထုတ်ခြင်းဖြင့် ရအပ်သော မေတ္တာစိတ်တည်း။
အာဃာတ မထားဟူသည် အာဃာတမှ ကင်း၏၊ ဝိက္ခမ္ဘနအစွမ်းဖြင့် ဒေါသဖျောက်၏ ဟူလို။
အဘယ်၌ဟူသည် ဤသိက္ခာပုဒ်ကို အဘယ်မြို့၌ဟောသနည်း။)
(သာဋီ ...ပလိဗောဓ ဖြတ်၍ စသည်ဖြင့် အပ္ပနာသို့ ရောက်သော မေတ္တာဘာဝနာကို ပြသည်။ ထိုကြောင့် ဝိက္ခမ္ဘနစွမ်းဖြင့် စသည်ကို ဆိုသည်။
ဝိဋီ ... ရအပ်သော မေတ္တာစိတ်သည် အပ္ပနာပတ္တမေတ္တာဈာန်တည်း။)
စောဒက ကိုယ်တွင်းဖြစ်စေ ငါးပါး
မြတ်စွာဘုရား ... စောဒက ရဟန်းသည် သူတစ်ပါးကို စောဒနာလိုသောအခါ အဘယ်မျှသော ဓမ္မတို့ကို အဇ္ဈတ္တ၌ ဖြစ်စေ၍ သူတစ်ပါးကို စောဒနာအပ်ပါနည်း။
ချစ်သား ဥပါလိ … ငါးပါးသော ဓမ္မတို့ကို အဇ္ဈတ္တ၌ ဖြစ်စေ၍ စောဒနာအပ်၏။
၁။ သင့်သောအခါ ဆိုပါအံ့၊ မသင့်သောအခါ မဆိုပါအံ့၊
၂။ မှန်သော စကားဖြင့်ဆိုပါအံ့၊ မှားသောစကားဖြင့် မဆိုပါအံ့။
၃။ သိမ်မွေ့သော စကားဖြင့်ဆိုပါအံ့၊ ကြမ်းသောစကားဖြင့် မဆိုပါအံ့။
၄။ အကျိုးနှင့် စပ်သော စကားဖြင့်ဆိုပါအံ့၊ အကျိုးမဲ့နှင့်စပ်သော စကားဖြင့် မဆိုပါအံ့။
၅။ မေတ္တာစိတ်ရှိ၍ ဆိုပါအံ့၊ ဒေါသန္တရော-ဒေါသစိတ်ရှိ၍ မဆိုပါအံ့၊
စောဒကရဟန်းသည် သူတစ်ပါးကို စောဒနာလိုသောအခါ ဤ ပါးပါးသော ဓမ္မတို့ကို အဇ္ဈတ္တ၌ ဖြစ်စေ၍ သူတစ်ပါးကို စောဒနာအပ်၏။
(သင့်သောအခါ ဆိုပါအံ့ စသည်၌ တစ်ဦးသည် တစ်ဦးကို အခွင့်ပြုစေ၍ စောဒနာလျှင် သင့်သောအခါ ဆိုသည်မည်၏။
သံဃာ့အလယ်၊ ဂဏအလယ်၊ စာရေးတံယူရာ၊ ယာဂုယူရာ၊ ကြံစည်ရာ တန်ဆောင်းဝန်း၊ ဆွမ်းခံလမ်း၊ ဆွမ်းစားစရပ် စသည်တို့၌ လည်းကောင်း၊ အလုပ်အကျွေးတို့ ခြံရံသောအခါ၌ လည်းကောင်း၊ စောဒနာလျှင် မသင့်သောအခါ ဆိုသည်မည်၏။
တစ္ဆ - ဟုတ်တိုင်းမှန်စွာဆိုလျှင် မှန်သောစကားဖြင့် ဆိုသည်မည်၏။
အိုသက်ကြားအိုကြီး၊ ပရိတ်သတ်၌ ထင်ရှားသူကြီး၊ ပံသုကူဆောင်ကြီး၊ ဓမ္မကထိကကြီး- သင့်အား ဤအမှု သင့်သလော-ဟု ဆိုလျှင် ကြမ်းသော စကားဖြင့်ဆိုသည်မည်၏။
အကြောင်းအကျိုးပြ၍ အရှင်ဘုရားများ သက်တော်ကြီးပါပြီ၊ ဓမ္မကထိကကြီး ဖြစ်ပါသည်။ အရှင်မြတ်တို့အား ဤအမှုသည် သင့်ပါမည်လော ဟု ဆိုလျှင် သိမ်မွေ့သောစကားဖြင့် ဆိုသည်မည်၏။
မမတ္တာစိတ်ရှိ၍ စသည်ကား မေတ္တာစိတ်ကိုဖြစ်စေ၍ ဆိုပါအံ့။ ဒုဋ္ဌစိတ္တောဟုတွာ- ပြစ်မှားလိုသော စိတ်ရှိလျက် မဆိုပါအံ့။)
(သာဋီ ... ဒေါသန္တရော၌ အန္တရသဒ္ဒါသည် စိတ္တပရိယာယ်ဖြစ်၏။ ထိုကြောင့် ဒုဋ္ဌစိတ္တောဟုတွာ ဟုဆိုသည်။
ဝိဋီလည်း ထိုအတူတည်း)။
အဓမ္မစောဒက အပြစ်ငါးပါး
မြတ်စွာဘုရား .... အဓမ္မ စောဒက ရဟန်းအား အဘယ်မျှသော အခြင်းအရာတို့ဖြင့် ဝိပ္ပဋိသာရော- နှလုံးမသာယာခြင်းကို၊ ဥပဒဟာတဗ္ဗော- ဖြစ်စေအပ်ပါသနည်း။ ချစ်သား ဥပါလိ .... အဓမ္မ စောဒက ရဟန်းအား ငါးပါးသော အခြင်းအရာတို့ဖြင့် ဝိပ္ပဋိသာရ အကျိုးကို ဖြစ်စေအပ်၏။
၁။ အရှင်သည် အကာလ၌ စောဒနာခဲ့၏၊ ကာလ၌ မစောဒနာ။ အရှင်အား ဝိပ္ပဋိသာရအကျိုးငှါ ထိုက်၏။ (ဝမ်းနည်းထိုက်၏။)
၂။ အဘူတဖြင့် စောဒနာခဲ့၏။ ဘူတဖြင့် မစောဒနာ။ အရှင်အား ဝိပ္ပဋိသာရ အကျိုးငှါ ထိုက်၏။
၃။ ဖရုသဖြင့် စောဒနာခဲ့၏၊ သဏှဖြင့် မစောဒနာ။ -- ထိုက်၏။
၄။ အနတ္ထသံဟိတဖြင့် စောဒနာခဲ့၏၊ အတ္တသံဟိသဖြင့် မစောဒနာ။ -- ထိုက်၏။
၅။ ဒေါသန္တရဖြစ်၍ စောဒနာခဲ့၏၊ မေတ္တစိတ္တဖြစ်၍ မစောဒနာ။ -- ထိုက်၏။
ချစ်သား ဥပါလိ ... အဓမ္မစောဒကအား ဤငါးပါးတို့ဖြင့် ဝိပ္ပဋိသာရကို ဖြစ်စေအပ်၏။ အဘယ်ကြောင့်နည်း ဟူမူ .... ထို အဓမ္မစောဒကကဲ့သို့ တစ်ပါးသော ရဟန်းသည် အဘူတဖြင့် စောဒနာအပ်၏-ဟု မအောက်မေ့ရာ။ ထိုကြောင့် ဝိပ္ပဋိသာရကို ဖြစ်စေအပ်၏။
(ဇီဋီ ... ဥပဒဟာတဗ္ဗောသည် ဥပ္ပါဒေတဗ္ဗောတည်း။ ဝိပ္ပဋိသာရကို အဦးပြုခြင်းဖြင့် ဆောင်အပ်၏ ဟူသော အဓိပ္ပါယ်တည်း။)
အဓမ္မစုဒိတက အကျိုးငါးပါး
မြတ်စွာဘုရား .... အဓမ္မစုဒိတက ရဟန်းအား အဘယ်မျှသော အခြင်းအရာတို့ဖြင့် အဝိပ္ပတ္တိသာရော- နှလုံးသာယာခြင်းကို ဖြစ်စေအပ်ပါသနည်း။ ချစ်သားဥပါလိ … ငါးပါးသော အခြင်းအရာတို့ဖြင့် ဖြစ်စေအပ်၏။
၁။ အရှင်သည် အကာလ၌ စောဒနာ ခံရ၏။ ကာလ၌မဟုဏ်။ အရှင်အား အဝိပ္ပဋိသာရ အကျိုးငှါ ထိုက်၏။ (ဝမ်းမြောက်ထိုက်၏။)
၂။ အဘူတဖြင့် စောဒနာခံရ၏၊ အဘူတဖြင့် မဟုတ်။
၃။ ဖရုသဖြင့် စောဒနာခံရ၏။ သဏှဖြင့် မဟုတ်။
၄။ အနတ္ထသံဟိတဖြင့် စောဒနာခံရ၏။ အတ္တသံဟိတဖြင့် မဟုတ်။
၅။ ဒေါသန္တရဖြင့် စောဒနာ ခံရ၏။ မေတ္တစိတ္တဖြင့် မဟုတ်။
အရှင်အား အဝိပ္ပဋိသာရ အကျိုးငှါ ထိုက်၏။ ချစ်သား ဥပါလိ ... အဓမ္မစုဒိတကအား ဤငါးပါးတို့ဖြင့် နှလုံးသာယာခြင်းကို ဖြစ်စေအပ်၏။
ဓမ္မစောဒက အကျိုး
မြတ်စွာဘုရား ... ဓမ္မစောဒကအား အဘယ်မျှဖြင့် အဝိပ္ပဋိသာရကို ဖြစ်စေအပ်ပါသနည်း။ ချစ်သား ဥပါလိ ... ငါးပါးဖြင့် ဖြစ်စေအပ်၏။
၁။ အရှင်သည် ကာလ၌ စောဒနာခဲ့၏။ အကာလ၌ မဟုတ်။ အရှင်အား အဝိပ္ပဋိသာရ အကျိုးငှါထိုက်၏။ (ဝမ်းမြောက်ထိုက်၏။)
၂။ ဘူတဖြင့် စောဒနာခဲ့၏။ အဘူတဖြင့်မဟုတ်။
၃။ သဏှဖြင့် စောဒနာခဲ့၏။ ဖရုသဖြင့် မဟုတ်။
၄။ အတ္ထသံဟိတဖြင့် စောဒနာခဲ့၏။ အနတ္ထသံဟိတဖြင့် မဟုတ်။
၅။ မေတ္တစိတ္တဖြစ်၍ စောဒနာခဲ့၏။ ဒေါသန္တရ ဖြစ်၍ မဟုတ်။ အဝိပ္ပဋိသာရ အကျိုးငှါ ထိုက်၏။
ချစ်သားဥပါလိ … ဓမ္မစောဒကအား ဤငါးပါးဖြင့် နှလုံးသာယာခြင်းကို ဖြစ်စေအပ်၏၊ အဘယ်ကြောင့်နည်း ဟူမူ- ထိုသူကဲ့သို့ တစ်ပါးသော ရဟန်းသည်လည်း ဘူတဖြင့် စောဒနာအပ်၏ဟု အောက်မေ့ရာ၏။
ဓမ္မစုဒိတက အပြစ်
မြတ်စွာဘုရား ... ဓမ္မစုဒိတကအား အဘယ်မျှဖြင့် ဝိပ္ပဋိသာရကို ဖြစ်စေအပ်ပါသနည်း။ ချစ်သားဥပါလိ .... ငါးပါးဖြင့် ဖြစ်စေအပ်၏။
အရှင်သည် ကာလ၌ စောဒနာခံရ၏။ အကာလ၌ မဟုတ်။ ဝိပ္ပဋိသာရ အကျိုးငှါ ထိုက်၏ (ဝမ်းနည်းထိုက်၏။)
ဘူတဖြင့် စောဒနာ ခံရ၏။ အဘူတဖြင့် မဟုတ်။
သဏှဖြင့် စောဒနာခံရ၏။ ဖရုသဖြင့် မဟုတ်။
အတ္ထသံဟိတဖြင့် စောဒနာ ခံရ၏။ အနတ္ထသံဟိတဖြင့် မဟုတ်။
မေတ္တစိတ္တဖြင့် စောဒနာခံရ၏၊ ဒေါသစိတ္တနှင့် မဟုတ်။ ဝိပ္ပဋိသာရ အကျိုးငှါ ထိုက်၏။
ချစ်သား ဥပါလိ .... ဓမ္မစုဒိတကအား ဤငါးပါးဖြင့် နှလုံးမသာယာခြင်းကို ဖြစ်စေအပ်၏။
စောဒကနှလုံးသွင်း ငါးပါး
မြတ်စွာဘုရား ... စောဒကရဟန်းသည် သူတစ်ပါးကို စောဒနာလိုသောအခါ အဘယ်မျှသော ဓမ္မတို့ကို အဇ္ဈတ္ထ၌ နှလုံးသွင်း၍ သူတစ်ပါးကို စေဒနာအပ်ပါသနည်း။
ချစ်သား ဥပါလိ ... ငါးပါးသော ဓမ္မတို့ကို နှလုံးသွင်း၍ စောဒနာအပ်၏။
၁။ ကာရုညတာ-သနားခြင်း၊
၂။ ဟိတေသိတာ-အကျိုးရှိခြင်း၊
၃။ အနုကမ္ပတာ-အစဉ် စောင့်ရှောက်ခြင်း၊ ဝါ- အကျိုးနှင့် ယှဉ်တွဲခြင်း၊
၄။ အာပတ္တိဝုဋ္ဌာနတာ- အာပတ်မှ ထစေခြင်း၊
၅။ ဝိနယပုရေက္ခာရတာ-ဝိနည်းကို ရှေးရှုခြင်း၊
ချစ်သား ဥပါလိ ... ဤငါးပါးကို နှလုံးသွင်း၍ စောဒနာအပ်၏၊
ကာရုညတာသည် ကရုဏဘာဝ- ကရုဏာရှိသူ၏ ဖြစ်ကြောင်း ကရုဏာကို လည်းကောင်းပြသည်။ (ကရုဏာဈာန်သည် မဟဂ္ဂုတ်၊ ပုဗ္ဗဘာဂ ဥပစာရဈာန်သည် ကာမာဝစရ။)
ဟိတေသိတာသည် ဟိတဂဝေသနတာ- အကျိုးစီးပွား ရှာဖွေခြင်းတည်း။ အနုကမ္ပတာသည် အကျိုး စီးပွားနှင့် ယှဉ်တွဲခြင်းတည်း။ ဤနှစ်ပုဒ်လုံးဖြင့်လည်း မေတ္တာဈာန် မဟဂ္ဂုဟ်ကို လည်းကောင်း၊ မေတ္တာပုဗ္ဗဘာဂ ဟူသော ဥပစာရဈာန် ကာမာဝစရကို လည်းကောင်း ပြုသည်။
အာပတ္တိဝုဋ္ဌာနတာသည် အာပတ်မှထစေ၍ စင်ကြယ်ခြင်း၌ တည်စေခြင်းဖြစ်၏။
ဝိနယပုရက္ခာရတာသည် ဝတ္ထုကို စာဒနာ၍ သတိရအောက်မေ့စေ၍ ဝန်ခံစေ၍ ဝန်ခံတိုင်း ဝိနည်းကံကို ပြုခြင်းတည်း။
(သာဋီ ... ကရုဏာဈာန်ဟူသည် အပ္ပနာသို့ရောက်သော ကရုဏာဈာန်ဖြစ်၏။ ရှေ့၌ဖြစ်သော ဟူသည် ပရိကံ၊ ဥပစာအစွမ်းဖြင့် ဖြစ်သော ကရုဏာဈာန်တည်း။ မေတ္တ၊ မေတ္တာပုဗ္ဗဘာဂလည်း ဤနည်းတည်း။)
(ဝိဋီ ... ကာရုညသည် ကရုဏာသာတည်း။ ထိုကြောင့် ကာရုညတာသည် ကရုဏဘာဝ-ဟုဆိုသည်။ ကရုဏဖြင့် အပ္ပနာပတ္တဈာန်ကို ဆိုသည်။ မေတ္တလည်း ထိုအတူတည်း။)
(ကံသုခံရုန္ဓတီတိကရုဏာ - ချမ်းသာကိုပိတ်ပင်သော ကရုဏာ စေတသိက်ရ၏။
ကရုဏာ အဿအတ္ထီတိကရုဏော-ကရုဏာရှိသူ ရ၏။
ကရုဏဿဘာဝေါကာရုညံ- ထိုသူ၏ ဖြစ်ကြောင်း ကရုဏာစေတသိက်ရ၏။
ကာရုညံဧဝကာရုညတာ-ကရုဏာ စေတသိက်ပင်ရ၏။)
စုဒိတက အင်္ဂါနှစ်ပါး
မြဘိစွာဘုရား .... စုဒိတကရဟန်းသည် အဘယ်မျှသော ဓမ္မတို့၌ တည်အပ်ပါသနည်း။ ချစ်သားဥပါလိ ... စုဒိတက ရဟန်းသည် သစ္စာ-မှန်သောစကား၌ လည်းကောင်း၊ အကုပ္ပ- အမျက်မထွက်ခြင်း၌ လည်းကောင်း၊ ဤ တရားနှစ်ပါး၌ တည်အပ်၏။
(သစ္စဟူသည် ဝစီသစ္စဖြစ်၏။ အကုပ္ပသည် အကုပ္ပနတာ-အမျက်မထွက်ခြင်းဖြစ်၏၊ စုဒိတက-ရဟန်းဟူသည် မှန်သောစကားကို ဆိုအပ်၏။ အမျက်ဒေါသကို မပြုအပ်၊ မိမိကိုယ်ကိုလည်း အမျက်မထွက်အပ်၊ သူ တစ်ပါးကိုလည်း မထိခိုက်စေအပ်ဟူလို။)
(အပြစ်တင်ခံရသူသည် ပါဠိတော်၌ စုဒိတ။ အဋ္ဌကထာ၌ စုဒိတက ဟုပြသည်။ က-အက္ခရာ လာခြင်းသာ ထူး၏။)
မှတ်ချက်အထူး
(ဤခန္ဓက၌ အာပတ်ရှိသူနှင့် အပြစ်မကင်းသူ ဆယ်ယောက်ကို ဥပုသ်နေ့၌ ပါတိမောက်ထားလိုလျှင် ထားအပ်၏။
မသင့်သောအခါဖြစ်ခြင်း၊ မဟုတ်မမှန်ခြင်း၊ အကျိုးနှင့်မစပ်ခြင်း၊ ဓမ္မဝိနယအားဖြင့် အဖော်မရခြင်း၊ သံဃာ ငြင်းခုံစရာဖြစ်ခြင်း၊ ဤအင်္ဂါ ငါးပါးရှိသော အဓိကရုဏ်းကို မယူအပ်။ ဝါ-သာသနာ သုတ်သင်မည်ဟု ယူ၍ မစောဒနာအပ်။
ငါသည် ကိုယ်အကျင့် စင်ကြယ်၏လော၊ နှုတ်အကျင့် စင်ကြယ်၏လော၊ မေတ္တာစိတ်ရှိ၏လော၊ ဗဟုသုတ ရှိ၏လော၊ ပါတိမောက်နှစ်စောင် အကျယ်လေ့လာ ဆုံးဖြက်နိုင်၏လော၊ ဤငါးပါးကို အဇ္ဈတ္တ၌ဆင်ခြင်၍ စေဒနာအပ်၏။
သင့်သောအခါဆိုပါအံ့၊ မှန်သောစကားဖြင့်ဆိုပါအံ့၊ သိမ်မွေ့စွာ ဆိုပါအံ့၊ အကျိုးနှင့်စပ်အောင်ဆိုပါအံ့၊ မေတ္တာစိတ်ဖြင့်ဆိုပါအံ့၊ ဤငါးပါးကို ဆောင်၍ စောဒနာအပ်၏၊
သနားခြင်း၊ အစီးအပွား လိုလားခြင်း၊ အစဉ် စောင့်ရှောက်ခြင်း၊ ဝါ-အစီးအပွားနှင့် ယှဉ်တွဲခြင်း၊ အာပတ်မှထစေလိုခြင်း၊ ဝိနည်းရှေးရှုခြင်း၊ ဤငါးပါးကို နှလုံးသွင်း၍ စောဒနာအပ်၏။
စောဒနာခံရသူသည် မှန်သောစကား၌ လည်းကောင်း၊ အမျက်မထွက်ခြင်း၌ လည်းကောင်း၊ ဤ တရားနှစ်ပါး၌ တည်နေအပ်၏။
အကာလ၊ အဘူတ၊ ဖရုသ၊ အနတ္ထသံဟိတ၊ ဒေါသန္တရ၊ ဤငါးပါးဖြင့် စွပ်စွဲလျှင် စွပ်စွဲသူ ဝမ်းနည်းစရာ၊ စွပ်စွဲခံရသူ ဝမ်းမြောက်စရာ ဖြစ်၏။
ကာလ၊ ဘူတ၊ သဏှ၊ အတ္ထသံဟိတ၊ မေတ္တစိတ္တ -- ဤငါးပါးဖြင့် စွပ်စွဲလျှင် စွပ်စွဲသူဝမ်းမြောက်စရာ၊ စွပ်စွဲခံရသူ ဝမ်းနည်းစရာ ဖြစ်၏။
ပရိဝါစောဒနာကဏ္ဍ၌ - သံဃာသည် ဩတိဏ္ဏဝနောတိဏ္ဏ သိအပ်၏၊ ဝါ-စု၊ စောတို့၏ ရှေ့စကား၊ နောက်စကား ကိုသိအပ်၏။ စု၊ စောတို့၏ ပမာဏကို ယူအပ်၏။ အနုဝိဇ္ဇက၏ ပမာဏကိုယူအပ်၏။ အနုဝိဇ္ဇကကို မယုတ်အောင် ပြည့်စုံစွာ ဖြောင့်ဖြောင့် ဆောင်ယူပါလောဟု - ဆိုအပ်၏။ ဤကား သံဃာကျင့်ဝတ်တည်း၊
အနုဝိဇ္ဇကသည် ဓမ္မဝိနယသတ္တုသာသနအတိုင်း ထိုအဓိကရုဏ်းကို ငြိမ်းစေအပ်၏။
ပရိဝါစူဠသင်္ဂါမ၌ - သင်္ဂါမဝစရပုဂ္ဂိုလ်သည် ခြေသုတ် အဝတ်တမျှ နှိမ့်ချသောစိတ်ဖြင့် သံဃာသို့ ချဉ်းကပ်အပ်၏။ နေရာ၌ လိမ္မာ၍ မထရ်ကြီးတို့ကို မတိုးဝှေ့ဘဲ သီတင်းငယ်တို့ကို နေရာဖြင့် မတားဘဲ မိမိအား သင်ရာ၌ (မထေရ်ကြီးတို့အား ကျောက်ကုန်းကို မပြမူ၍) နေအပ်၏။ အထူးထူး အကျိုးမဲ့ မဂ်ဖိုလ် ဖီလာစကား မဆိုအပ်။ ကိုယ်တိုင်တရား ဟောအပ်၏။ သူတစ်ပါးကို ဟောစေအပ်၏။ မြတ်သော ဆိတ်ဆိတ်နေခြင်းကို မထီမဲ့မြင် မပြုအပ်။
အနုဝိဇ္ဇကသည် ဆရာ၊ ဥပဇ္ဈယ်၊ အတူနေ၊ အတွင်းနေ၊ ဆရာတူ၊ ဥပဇ္ဈာယ်တူကို မမေးအပ်။ ဇာတိ၊ နာမဂေါတ၊ အာဂမကို မမေးအပ်။ ကုလပဒေသ၊ ဇာတိဘူမိကို မမေးအပ်။ တံတိံကာရဏ-ပေးသင့်ကြောင်း ကား- ထိုသူ၌ ချစ်ခြင်းမုန်းခြင်း ဖြစ်ရာ၏။ ဖြစ်လျှင် ဆန္ဒစသည်ဖြင့် အဂတိသို့ရောက်ရာ၏။ ဤစကားဖြင့် အမှုနှင့်မဆိုင်သည်တို့ကို မမေးအပ်ဟု သိသာ၏။
အနုဝိဇ္ဇကသည် သံဃာကို အလေးပြုအပ်၏။ ပုဂ္ဂိုလ်ကိုအလေး မပြုအပ်။ သဒ္ဓမ္မကို အလေးပြုအပ်၏။ အာမိသကို အလေးမပြုအပ်။ အတ္ထာသိတဖြစ်အပ်၏၊ ပရိသကပ္ပိတ မဖြစ်အပ်။ ဝါ-ပရိသတ်အကြိုက် လိုက်၍ မပြုအပ်။
ကာလ၊ ဘူတ၊ သဏှ၊ အတ္ထသံဟိတ၊ မေတ္တစိတ္တဖြင့် မေးစစ်အပ်၏၊ အကာလစသည်ဖြင့် မမေးစစ်အပ်။ လက်မောင်းဆန့်တန်း၍ မဆိုအပ်၊ ဆောလျင်စွာ မဆိုအပ်။ ကြမ်းတမ်းစွာ မဆိုအပ်။ မေတ္တာကရုဏာဖြင့် ဆိုအပ်၏။ နုံ့သူကိုရွှင်စေအပ်၏။ ကြောက်သူကို သက်သာစေအပ်၏။ ကြမ်းတမ်းသူကို ထားအပ်၏၊
မဟာဝါ-ကိုယ်တိုင်သင်္ကန်းဝတ်လာသောဝတ္ထု၌ သိက္ခာ၊ ဥပဇ္ဈာယ်ကို လည်းကောင်း၊ သရဏဂုံယူပုံ၊ ဥပဇ္ဈာယ် ယူပုံကို လည်းကောင်း၊ ဝိနည်းဓိုရ် ရှင်ဥပါလိ မေးစစ်၏။ ဤသို့မေးခြင်းဖြင့် ရဟန်းသာမဏေ မဟုတ်ဘဲ ကိုယ်ကိုင် သင်္ကန်းဝတ်လာခြင်း လိင်္ဂတ္တေနကဝတ္ထု ထင်ရှားလာ၏။ ဤစကားဖြင့် အမှုနှင့် ဆိုင်လျှင် ဥပဇ္ဈာယ်စသည်တို့ကို မေးအပ်၏-- ဟုသိသာ၏။
ပါတိမောက္ခဋ္ဌပနက္ခန္ဓကပြီး၏။
၁၀။ ဘိက္ခုနီက္ခန္ဓက
မိထွေးတော် ဂေါတမီ ရဟန်းပြုရန် တောင်းပန်ခြင်း၊
ထိုအခါ မြတ်စွာဘုရားသည် သဂ္ဂတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ နေတော်မူ၏။ ထိုအခါ မဟာပဇာပတိ ဂေါတမီသည် ဘုရားရှင်ထံ ချဉ်းကပ်၍ မာတုဂါမ ရဟန်းပြုခွင့် ရလိုကြောင်း တောင်းပန်၏။ ဘုရားရှင် ပယ်တော်မူ၏၊ နှစ်ကြိမ်မြောက်လည်းကောင်း၊ သုံးကြိမ်မြောက် လည်းကောင်း ပယ်တော်မူ၏။
မိထွေးတော် ဂေါတမီသည် ခွင့်မရသဖြင့် မျက်ရည်စက်လက်ငိုယိုလျက် ဖဲသွား၏၊ ထိုနောက် မြတ်စွာဘုရား သည် ကပိလဝတ်၌ မွေ့လျော်သလောက်နေ၍ ဝေသာလီသို့ကြွ၍ မဟာဝုန်တော စုံလစ်မွန်းချွန်တပ်သော ကျောင်း၌ နေတော်မူ၏။
ထိုအခါ မဟာပဇာပတိ ဂေါတမီသည် ဆံပင်တို့ကိုဖြတ်၍ ဖန်ရည်စွန်း အဝတ်-ဝတ်၍ သာကီဝင်မင်းသမီး များစွာတို့နှင့်တကွ ဝေသာလီသို့ လိုက်သွား၏။ ရှင်အာနန္ဒာသည် တံခါးမုခ်ပြင်ဘက်၌ မိထွေးတော် ဂေါတမီကို ဖူးရောင်ပေါက်ကွဲသော ခြေတို့ဖြင့် တစ်ကိုယ်လုံး မြူပြွမ်းလျက် မျက်ရည်စက်လက် ငိုယိုနေသည်ကို မြင်၍ အကြောင်းမေးလတ်သော် အရှင်ဘုရား ... မြတ်စွာဘုရားသည် မာတုဂါမအား ရဟန်း အဖြစ်ကို ခွင့်မပြု။ ထိုအကြောင်းကြောင့်ပါဘုရားဟု လျှောက်၏။
ထိုသို့ဖြစ်လျှင် ဤနေရာ၌ ခေတ္တနေဦးလေ-ဟုဆို၍ ဘုရားရှင်ထံ ချဉ်းကပ်၍ တောင်းပန်စကား လျှောက်ကြား၏။ ချစ်သား အာနန္ဒာ … ဤဓမ္မဝိနယ၌ မာတုဂါမ၏ ရဟန်းအဖြစ်ကို သင်အလိုမရှိလင့်-ဟု ပယ်တော်မူ၏။ နှစ်ကြိမ်မြောက် သုံးကြိမ်မြောက်လည်း ပယ်တော်မူ၏။
ထိုအခါ တစ်ပါးသောနည်းဖြင့် တောင်းပန်ဦးမည်-ဟု ကြံ၍ မြတ်စွာဘုရား ... မာတုဂါမသည် ဤဓမ္မဝိနယ၌ ရဟန်းပြုခဲ့လျှင် သောတာပတ္တိဖိုလ် …လ… အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ထိုက်ပါသလော၊ ချစ်သား အာနန္ဒာ … ထိုက်ပေ၏။
မြတ်စွာဘုရား … အကယ်၍ ထိုက်ပါလျှင် မိထွေးတော်ဂေါတမီသည် လွန်စွာ ကျေးဇူးများပါသည်။ မယ်တော်ကြီး နတ်ရွာလားသောအခါ နို့ရည်တိုက်၍ ရှင်တော်ဘုရားကို စောင့်ရှောက်ခဲ့ပါသည်။ ခွင့်ပြုတော် မူပါဘုရား။ ချစ်သားအာနန္ဒာ ... မဟာပဇာပတိ ဂေါတမီသည် ရှစ်ပါးသော ဂရုဓမ္မတို့ကို အကယ်၍ ဝန်ခံအံ့။ ထိုဝန်ခံခြင်းကပင်လျှင် မိထွေးတော်၏ ရဟန်းအဖြစ်သည် ဖြစ်စေသတည်း-ဟု မိန့်ဆို၍ ဂရုဓမ္မ ရှစ်ပါးကို ဟောပြ၏။
ဘုရားရှင်သည် မိထွေးတော်ဂေါတမီ တောင်းပန်သည်ကို အဘယ်ကြောင့် ပယ်သနည်း။ အလုံးစုံသော ဘုရားရှင်တို့အား ပရိသတ်လေးပါး ရှိသည် မဟုတ်လော ဟူမူ အပင်ပန်းခံ၍ အကြိမ်များစွာ တောင်းပန်မှ ခွင့်ပြုသော ရဟန်းအဖြစ်ကို “ငါတို့သည် ရဟန်းအဖြစ်ကို ဆင်းရဲစွာ ရအပ်၏”ဟု ကောင်းစွာ စောင့်ရှောက်ကုန်လတ္တံ့။ ဤသို့ကောင်းသော အခြင်းအရာကိုပြု၍ ခွင့်ပြုလိုသောကြောင့် ပယ်တော်မူသည်။)
(သာဋီ … သဂ္ဂတိုင်း၌ နေတော်မူခြင်းကား ပထမသွားခြင်းဖြင့် သွား၍ နေတော်မူခြင်းတည်း။ မဟာပဇာပတိ ဂေါတမီ၌ ဂေါတမီကား အနွယ်တည်း။ မဟာပဇာတိကား အမည်တည်း။ ဗြဟ္မဏတို့သည် လက္ခဏာ ပြည့်စုံသည်ကိုမြင်၍ ဤသူငယ်သည် သမီးကိုဖွားမြင်လျှင် စကြာမိဖုရား၊ သားကို ဖွားလျှင် စကြာမင်း ဖြစ်လတ္တံ့၊ မဟာ- မြင့်မြတ်သော + ပဇာ-သားသမီးတို့၏ + ပတိ- သခင် ဖြစ်လတ္တံ့ ဟု ဆိုကြ၏၊ ထိုကြောင့် ထိုအမည်ကိုမှည့်ကြသည်။
မြတ်စွာဘုရားသည် ကပိလဝတ်သို့ကြွ၍ ရှေးဦးစွာ နန္ဒကို ရှင်ပြုပေး၏။ ခုနှစ်ရက်မြောက်၍ ရာဟုလာကို ရှင်ပြုပေး၏။ စုမ္ဗတကလဟကြောင့် နှစ်ပြည်ထောင် စစ်ထိုးထွက်သောအခါ ဘုရားရှင် ကြွသွား၍ အတ္တဒဏ္ဍသုတ် ဟော၍ တစ်ဘက် ၂၅၀-စီအားဖြင့် မင်းသား ငါးရာတို့ကို ရှင်ရဟန်းပြုပေး၏။
မယားဟောင်းတို့ သတင်းစကားကြောင့် မမွေ့လျော်သောအခါ ထိုရဟန်းငါးရာကို ကုဏာလတိုင်းသို့ ဆောင်၍ ကုဏာလဇာတ် ဟောသဖြင့် သောတာပန်တို့ ဖြစ်စေကုန်၏။ တစ်ဖန် မဟာဝုန်တောသို့ ဆောင်၍ ရဟန္တာ ဖြစ်စေ၏။ (ရဟန္တာ ဖြစ်ပြီးစတွင် နတ်တို့ ရောက်လာ၍ မဟာသမယသုတ်ကို ဟော၏။) မယားဟောင်း ငါးရာတို့လည်း မဟာပဇာပတိထံ ချဉ်းကပ်၍ ရဟန်းပြုရန် တိုင်ပင်ကြ၍ ထိုငါးရာနှင့်အတူ ဘုရားရှင်ထံ ချဉ်းကပ်၏။
ထီးဖြူအောက်၌ သုဒ္ဓေါဒနမင်းကြီး ပရိနိဗ္ဗာန် စံပြီးသောကာလ၌ ချဉ်းကပ်၏ ဟူ၍လည်း ဆိုကြသည်၊
မွေ့လျော်သလောက် နေခြင်းကား ကျွတ်ထိုက်သူတို့၏ ဥပနိဿယကိုကြည့်၍ အလိုတော်အားလျော်စွာ နေခြင်းတည်း။
သာကီဝင်မင်းသမီးများစွာတို့နှင့် ဟူသည်-နန်းတော်တွင်း၌သာလျှင် ဘုရားရှင်ကို ရည်စူး၍ ပဗ္ဗဇ္ဇာ အသွင် ယူ၍ မင်းသမီးတို့ကိုလည်း ထိုအသွင် ယူ၍ ထိုသာကီဝင် မင်းသမီး များစွာတို့နှင့်တကွတည်း။
ဝေသာလီသို့ လိုက်သွားကြသောအခါ သာကီဝင်မင်း၊ ကောလိယမင်းတို့သည် ရွှေထမ်းစင်ငါးရာကို စီမံပေးကြ၏။ ဗုဒ္ဓအဂါရဝပြုရာကျသည်-ဟု မစီးဘဲ (၅၁) ငါးဆယ့်တစ် ယူဇနာခရီးကို ခြေဖြင့်သာ သွားကုန်၏။ မင်းတိုသည်လည်း အစင့်အရှောက်စီမံ၍ ရောက်ရာ၌ အာဟာရ စီမံကြဟု ဆန်စသော ရိက္ခာလှည်းတို့ဖြင့် လူတို့ကို စေလွှတ်ကုန်၏။
ဝေသာလီသို့ရောက်သောအခါ မိထွေးတော် ဂေါတမီသည် ငါသည် ဘုရားရှင်ခွင့်မပြုဘဲ ပဗ္ဗဇ္ဇအသွင်ကို ကိုယ်တိုင်ယူခဲ့ပြီ။ ဤအကြောင်းသည် ဇမ္ဗူဒိပ်တစ်ကျွန်းလုံး ထင်ရှားပြီ၊ အကယ်၍ ဘုရားရှင်ခွင့်ပြုလျှင် အပြစ် မရှိ၊ ခွင့်မပြုလျှင် အလွန်အကဲ ကဲ့ရဲ့ဖွယ်ဖြစ်လတ္တံ့ ဟု ကျောင်းတော်သို့ ဝင်ခြင်းငှါ မဝံ့၍ ငိုယိုလျက် ရပ်၏။
နို့ရည်တိုက်၍ဟူသည် နန္ဒမင်းသားသည် ဘုရားလောင်းအောက် တစ်ရက် နှစ်ရက် ငယ်၏။ မင်းသား ဖွားမြင်ပြီးသောအခါ မဟာပဇာတိသည် မိမိသားကို အထိန်းလက်၌ ထား၍ ကိုယ်တိုင်ဘုရားလောင်း၏ အထိန်းကိစ္စကို ပြီးစေလျက် မိမိ၏ နို့ကိုတိုက်၏။
ထိုဂုဏ်တို့ကို ထုတ်ဖော်၍ ရှင်အာနန္ဒာ တောင်းပန်သောအခါ မြတ်စွာဘုရားသည်လည်း ဣတ္တိတို့မည်သည် ငယ်သော သဒ္ဓါတရား ရှိကုန်၏။ တောင်းကာမျှဖြင့် ရှင်ရဟန်းအဖြစ် ခွင့်ပြုခဲ့လျှင် ငါဘုရား၏ သာသနာကို အလေးပြု၌ မယူကုန်လတ္တံ့-ဟု သုံးကြိမ်ပယ်၍ ဤတစ်ကြိမ်၌ အလေးပြု၍ ယူစေလိုသဖြင့် ဂရုဓမ္မတို့ကို အကယ်၍ ဝန်ခံအံ့-စသည်ကို မိန့်ဆိုတော်မူသည်။)
ဂရုဓမ်ရှစ်ပါးဖြင့် မိထွေးတော် ရဟန်းပြုခြင်း
ချစ်သား အာနန္ဒာ … မဟာပဇာပတိ ဂေါတမီသည် ရှစ်ပါးသော ဂရုဓမ္မတို့ကို အကယ်၍ ဝန်ခံငြားအံ့၊ ထို ဝန်ခံခြင်းသည်သာလျှင် မိထွေးတော်၏ ရဟန်းအဖြစ်သည် ဖြစ်စေသတည်း။
၁။ ဘိက္ခုနီသည် ဝါတစ်ရာ ရသော်လည်း ယနေ့ရဟန်းပြုသော ရဟန်းအား ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေ ပြုခြင်းကို ပြုရမည်။ ဤဓမ္မကို အရိုအသေပြု၍ အလေးပြု၍ မြတ်နိုး၍ ပူဇော်၍ တစ်သက်လုံး မလွန်ကျူးအပ်။
၂။ ဘိက္ခုနီမသည် ရဟန်းကင်းသော အာဝါသ၌ ဝါတွင်းမနေရ။ ဤဓမ္မကို အရိုအသေပြု၍ ...လ... မလွန်ကျူးအပ်။
၃။ လခွဲတိုင်း ဘိက္ခုသံဃာ အထံ၌ ဥပုသ်မေးခြင်း၊ ဩဝါဒအလို့ငှါ ချဉ်းကပ်ခြင်း ဟူသော တရား နှစ်ပါးကို တောင့်တရမည်။ ဤဓမ္မကို …လ… မလွန်ကျူးအပ်။
၄။ ဝါကျွတ်သောအခါ ဥဘတော သံဃာ၌ ဒိဋ္ဌ၊ သုတ၊ ပရိသင်္ကိတ သုံးဌာနဖြင့် ဖိတ်ကြားရမည်---။
၅။ ဂရုဓမ္မ ဟူသော သံဃာဒိသိသ်သို့ ရောက်လျှင် ဥဘတာသံဃာ၌ ပက္ခမာနတ် ကျင့်ရမည်---။
၆။ နှစ်နှစ်ပတ်လုံး ခြောက်ပါးသော ဓမ္မတို့၌ သိက္ခာကျင့်ပြီးမှ ထိုသိက္ခမာန်၏ ရဟန်းအဖြစ်ကို ဥဘတော သံဃာ၌ ရှာမှီးရမည်---။
၇။ တစ်စုံတစ်ခုသော အကြောင်းဖြင့် ဘိက္ခုကို မဆဲရ မရေရွတ်ရ--။
၈။ ယနေ့ကို အစပြု၍ ဘိက္ခုတို့၌ ဘိက္ခုနီတို့၏စကားကို ပိတ်ဆို့ရမည်---။ ဘိက္ခုနီတို့၌ ဘိက္ခုတို့၏ စကားကို မပိတ်ဆို့ရ။ ဤဓမ္မကို အရိုအသေ ...လ... မလွန်ကျူးအပ်။
ချစ်သား အာနန္ဒာ … ဤဂရုဓမ္မ ရှစ်ပါးကို ဝန်ခံလျှင် ထို ဝန်ခံခြင်းသည်ပင် မိတွေးတော်၏ ရဟန်းအဖြစ်သည် ဖြစ်စေသတည်းဟု မိန့်တော်မူ၏
ရှိခိုး၊ ဝါကပ် (၂)၊ လခွဲကပ် (၁)၊ နှစ်ရပ်ပဝါရဏံ (၁)၊
နှစ်နှစ်သိက္ခ (၁)၊ ပက်မာန (၁)၊ ပြန်ဟမဆဲရန် (၁)၊
ရဟန်းဆိုသမျှ-ငုံ့ခံရ (၁)-အဋ္ဌ ဂရုဓမ်။
ထိုအခါ ရှင်အာနန္ဒာသည် ဤ ဂရုဓမ်ရှစ်ပါးကို သင်ယူ၍ မဟာပဇာပတိဂေါတမီထံ ချဉ်းကပ်၍ ဘုရားရှင်မိန့်တော်မူသမျှကို ပြောပြ၏။ အရှင်အာနန္ဒဘုရား - ဥပမာဆိုရလျှင် တန်ဆာဆင်လို၍ ရေချိုး ပြီးသော မိန်းမပျို၊ ယောက်ျားပျိုသည် ဥပ္ပလကြာပန်း စသည်ကိုရလျှင် လက်နှစ်ဖက်ဖြင့် ယူ၍ ဦးခေါင်း၌ တင်ထားရာ၏။ ဤအတူ အကျွန်ုပ်သည် ဂရုဓမ်ရှစ်ပါးကို တစ်သက်လုံး မပျက်အောင် ဦးထိပ်၌ ရွက်ဆင်ပါသည်ဘုရားဟု ဝန်ခံစကား လျှောက်ကြား၏။ (ဝါ-ဝမ်းမြောက်စွာ ဥဒါန်းကျူး၏။)
(သာဋီ … ရဟန်းအဖြစ်သည် ဖြစ်စေသတည်းဟူသည် ထိုဝန်ခံခြင်းသည်သာလျှင် မိထွေးတော်၏ ရှင်အဖြစ်သည် လည်းကောင်း၊ ရဟန်းအဖြစ်သည် လည်းကောင်း ဖြစ်စေသတည်း။
ရှိခိုးခြင်း …လ ... ပြုရမည် ဟူသည် မာန်မာန ထောင်လွှားခြင်းမပြုဘဲ ပဉ္စပတိဋ္ဌိတဖြင့် ရှိခိုးခြင်း၊ နေရာမှထ၍ ရှေးရှုကြိုဆိုခြင်း၊ လက်သည်းစုပေါင်း ဆယ်ချောင်းစုံညီ လက်အုပ်ချီခြင်း၊ နေရာပေးယပ်ခပ် စသည်ဖြင့် လျော်စွာ ရိုသေသမှုပြုခြင်းကို ပြုရမည်။
ရဟန်းကင်းသော အာဝါသ၌ ဟူသည် အန္တရာယ်မရှိဘဲ ဩဝါဒအလို့ငှါ ချဉ်းကပ်ထိုက်သော (ယူဇနာခွဲ အတွင်းဖြစ်သော) နေရာ၌ ဩဝါဒပေးသော ဆရာရဟန်း မရှိသော ကျောင်းသည် ရဟန်း ကင်းသော အာဝါသမည်၏။ ဤသို့သော အာဝါသ၌ ဝါမကပ်အပ်။
ခြောက်ပါးသော ဓမ္မဟူသည် ဝိကာလဘောဇနအထိ သိက္ခာပုဒ် ခြောက်ခုဖြစ်၏။ (ခြောက်ပါးသော သိက္ခာပုဒ်တို့၌ တစ်ခုမျှ အကျိုး အပေါက်မရှိအောင် ကျင့်ဆဲသာမဏေမသည် သိက္ခမာန်မည်၏။)
မဆဲရဟူသည် ဆဲရေးခြင်း ဆယ်ပါး တစ်ပါးပါးဖြင့်လည်း မဆဲရ။
မရေရွတ်ရဟူသည် စကားအဆက်ဆက်ဖြင့် အမှတ်မရှိ စကားဖြင့် ဖန်ဖန်မဆိုရ။
ပိတ်ဆို့ရမည်ဟူသည် ဩဝါဒ၊ အနုသာသနီ၊ ဓမ္မကထာဟူသော စကားကို ပိတ်ဆို့ရမည်။ ဘိက္ခုနီသည် ဘိက္ခုကို ဩဝါဒမပေးရ။ အနုသာသနီမပြုရ။ အရှင်ဘုရား … ရှေးမထေရ်တို့သည် ဤသို့ ဤသို့ကျင့် ကြပါသည် ဤသို့ စသည်ဖြင့် ပဝေဏီစဉ်လာ အစွမ်းဖြင့် ပြောဆိုခြင်းငှါ တားအပ်၏။
ဘိက္ခုနီတို့၌ ဘိက္ခုတို့၏ စကားကိုကား မတားမြစ်ရ၊ အလိုရှိတိုင်း ဩဝါဒအနုသာသနီပြုစေ၊ ဓမ္မကထာကို ဟောပြောစေ၊ ဤကားအကျဉ်းတည်း။ အကျယ်ကို ဘိက္ခုနောဝါဒဝဂ်၌ ဖွင့်ဆိုအပ်ပြီ။
ရှင်အာနန္ဒာသည် ဂရုဓမ္မတို့ကို နာကြား၍ ပြောပြသည်ကို ကြားရသောအခါ မိထွေးတော် ဂေါတမီအား ကြီးစွာသော ဒေါမနဿသည် ခဏခြင်းငြိမ်း၏။ အနဝတတ် ရေသီတာအိုးပေါင်း ထောင်ရာဦးထိပ်၌ လောင်းဘိ သကဲ့သို့ ဝမ်းမြောက်စွာ ပီတိပါမောဇ္ဇ ဖြစ်သည်ကို ထင်ရှားစွာ ပြလို၍ ဤ-ဥပမာ ဆိုရလျှင် စသည်ဖြင့် ဥဒါန်းကိုကျူးရင့်၏။)
(ပဉ္စပတိဋ္ဌိတဖြင့် ရှိခိုးခြင်းကား ကိုယ်ရုံစမ္ပယ်၊ ချီရွယ်လက်အုပ်၊ နယ်ဆုပ်ခြေစုံ၊ ကြည်ယုံမြတ်နိုး၊ ညွှတ်ရိုကြိုး-ဟူသော ပရိဝါ၌ ဟောသော အင်္ဂါငါးပါး၌တည်၍ ရှိခိုးခြင်းတည်း၊ တစ်နည်း, ပဋိသမ္ဘီဒါမဂ်ဂဏ္ဍိတို့၌လာသော ဒူး၊ လက်၊ နဖူး၊ ငါးဦးအင်္ဂါ တည်စေလျက် ပြားပြားဝပ် ရှိခိုးခြင်းတည်း။
သာသနာငါးထောင်
ထိုအခါ ရှင်အာနန္ဒာသည် ဘုရားရှင်ထံ ချဉ်းကပ်၍ မြတ်စွာဘုရား၊ မဟာပဇာပတိ ဂေါတမီသည် ဂရုဓမ် ရှစ်ပါးကို ဝန်ခံပါပြီ။ မိထွေးတော်သည် ရဟန်းအဖြစ်သို့ ရောက်ပါပြီ-ဟု လျှောက်ထား၏။
ချစ်သားအာနန္ဒာ .... မာတုဂါမသည် ဤဓမ္မဝိနယ၌ ရဟန်းအဖြစ်ကို မရသည်ဖြစ်အံ့၊ ဗြဟ္မစရိယသည် ကြာမြင့်စွာတည်ရာ၏။ နှစ်တစ်ထောင် သာသနာတည်ရာ၏၊ မတုဂါမ ရဟန်းအဖြစ်ရသောကြောင့် ယခု ကြာမြင့်စွာ မတည်လတ္တံ့၊ နှစ်ငါးရာတည်လတ္တံ့။
ချစ်သား အာနန္ဒာ ... ဥပမာကား မိန်းမများ၍ ယောက်ျားနည်းသော အိမ်ကို ခိုးသားဓားပြတို့ ဖျက်ဆီး လွယ်သည်။ တလေးခင်း၌ သေတဋ္ဌိကာ- အဆစ်ပိုးကျသော ရောဂါမျိုးရောက်လျှင် ကြာရှည်မတည်၊ ကြံခင်း၌ မဉ္စဋ္ဌိကာ- အတွင်းနီရောဂါကျလျှင် ကြာရှည်မတည်။ ဤအတူ မာတုဂါမ ရဟန်း အဖြစ်ရလျှင် ထိုသာသနာသည် ကြာမြင့်စွာမတည်နိုင်။
ချစ်သား အာနန္ဒာ ... တစ်ဖက်ဆည်ကန်ကြီး ရေမလျှံစေခြင်းငှါ ကြိုတင်၍ ကံသင်းဖွဲ့သူအလား ငါဘုရားသည် ကြိုတင်၍ ဘိက္ခုနီတို့အား ဂရုဓမ် ရှစ်ပါးကို အသက်ထက်ဆုံး မလွန်ကျူးအပ်ဟု မညတ်အပ်ပြီ-ဟု မိန့်တော်မူ၏။
(ခိုးသားဓားပြ ဟူသည်၌ အိုး၌ မီးထွန်း၍ ထိုမီးရောင်ဖြင့် သူ တစ်ပါးအိမ်၌ ဘဏ္ဍာရှာဖွေသော ခိုးသူတို့သည် ကုမ္ဘာသေနကတို့ မည်ကုန်၏။
ကောက်ပင်အဆစ်တွင်း အရိုးတံကို ပိုးထိုးခြင်းသည် သေဟဋ္ဌိကာ ရောဂါမျိုးမည်၏။ ထိုပိုးထိုးလျှင် ထွက်ပြီးသော သလေးနှံသော်လည်း နို့ရည် မယူနိုင်။
မဉ္စဋ္ဌိကာရောဂါကား ကြံတို့၏အတွင်း၌ နီခြင်းတည်း။
ကြိုတင်၍ ကံသင်းဖွဲ့ခြင်းစသည်ဖြင့် ပြသောအနက်ကား တစ်ဖက်ဆည် ကန်ကြီး ကံသင်း မဖွဲ့သော်လည်း ရေအနည်းငယ် တည်နိုင်၏။ ကြိုတင်၍ ဖွဲ့လျှင်ကား မဖွဲ့ခြင်းကြောင့် မတည်သော ရေလည်း တည်နိုင်၏၊ ဤအတူ ဝတ္ထုမဖြစ်မီ ကြိုတင်၍ မလွန်ကျူးစိမ့်သောငှါ ဤဂရုဓမ်ရှစ်ပါးကို ပညတ်အပ်ပြီ။ မပညတ် သော်လည်း မာတုဂါမ ရဟန်း အဖြစ်ရခြင်းကြောင့် နှစ်ငါးရာသာ သာသနာတည်ရာ၏။
ကြိုတင်၍ ပညတ်ခြင်းကြောင့် နောက်ငါးရာလည်း တည်လတ္တံ့။ ဤသို့ရှေးအတိုင်း နှစ်တစ်ထောင်သာလျှင် တည်လတ္တံ -ဟုပြသည်။ နှစ်တစ်ထောင်ကိုလည်း ပဋိသမ္ဘိဒါပတ္တခီဏာသ၀ အစွမ်းအားဖြင့်သာ ဟောသည်။ ထိုထက်အလွန်လည်း သုက္ခဝိပဿကခီဏာသဝအစွမ်းဖြင့် တစ်ထောင်၊ အနာဂါမ်အစွမ်းဖြင့် တစ်ထောင်၊ သကဒါဂါမ်အစွမ်းဖြင့် တစ်ထောင်၊ သောတာပန်အစွမ်းဖြင့် တစ်ထောင်ကို ဟောသည်။ ဤသို့နှစ် ငါးထောင်ပတ်လုံး ပဋိဝေဓ သာသနာတည်လတ္တံ့။ ပရိယတ္တိဓမ္မလည်း ထိုငါးထောင်ပတ်လုံးသာတည်း။ ပရိယတ္တိမရှိလျှင် ပဋိဝေဓ ရှိမည်မဟုတ်။ ပရိယတ္တိရှိလျှင် ပဋိဝေဓ မဖြစ်သည်မဟုတ် ဖြစ်နိုင်၏၊ လိင်္ဂအသွင်သည်ကား ပရိယတ္တိကွယ်ပြီးသော်လည်း ကြာမြင့်စွာ ဖြစ်လတ္တံ့။)
(ဇီဋီ … ပဋိသမ္ဘိဒါပတ္တ ခီဏာသဝသဒ္ဒါဖြင့် ဈာန်တို့ကိုလည်း ယူအပ်ကုန်သည်သာတည်း။ ဈာန်မရှိသူတို့အား သမ္ပတ္တိ အားလုံး မပြီးနိုင်။
သာဋီ … မာတုဂါမ ရဟန်း အဖြစ်ရခြင်းကြောင့် ဟူသော စကားပိုဒ်သည် နှစ်ငါးရာမှအထက်၌ မတည်ဘဲ ငါးရာ၌သာ သာသနာ တည်ကြောင်းပြသော စကားပိုဒ်တည်။
ပဋိသမ္ဘိဒါပတ္တ ခီဏာသဝသဒ္ဒါဖြင့် ဈာန်တို့ကိုလည်း ယူအပ်ကုန်၏၊ ဈာန်မရှိလျှင် သမ္ပတ္တိ အားလုံးမပြီး-ဟု ဂဏ္ဍိတို့၌ ဆို၏။
သုက္ခဝိပဿကခီဏာသဝအစွမ်းဖြင့် တစ်ထောင် စသည်ဖြင့် ဆိုသောစကားကို ခန္ဓကဘာဏက မထေရ်တို့၏ အလိုဖြင့် ဆိုသည်-ဟု မှတ်အပ်၏။
ဒီဃနိကာယ်အဋ္ဌကထာ၌ကား ပဋိသမ္ဘိဒါပတ္တတစ်ထောင်၊ ဆဋ္ဌာဘိညတစ်ထောင်၊ တေဝိဇ္ဇ တစ်ထောင်၊ သုက္ခဝိပဿက တစ်ထောင်၊ ပါတိမောက္ခ တစ်ထောင်တည်သည်ဟုဆို၏။
အင်္ဂုတ္ထရနိကာယ်အဋ္ဌကထာ၌လည်း ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက် နှစ်တစ်ထောင်သာ ပဋိသမ္ဘီဒါတို့ကို ဖြစ်စေနိုင်ကြသည်။ ထို့နောက် အဘိညာ ခြောက်ပါးတို့ကို၊ ထိုနောက် ဝိဇ္ဇာသုံးပါးတို့ကိုသာ ဖြစ်စေနိုင်၏။ ထိုနောက် သုက္ခဝိပဿကတို့သာ ဖြစ်ကုန်၏။ ဤနည်းဖြင့် အနာဂါမ်၊ သကဒါဂါမ်၊ သောတာပန်တို့သာ ဖြစ်ကုန်၏ဟုဆိုသည်။
သံယုတ် အဋ္ဌကထာ၌ ပထမဗောဓိ၌ ရဟန်းတို့သည် ပဋိသမ္ဘိဒါပတ္တတို့ ဖြစ်ကုန်၏။ နောက်ကာလ၌ မတတ်နိုင်သဖြင့် ဆဋ္ဌာဘိညာတို့ ဖြစ်ကုန်၏။ နောက်၌ မတတ်နိုင်သဖြင့် ဝိဇ္ဇာသုံးပါးသို့ ရောက်ကုန်၏။ ဤကာလ၌ မတတ်နိုင်သဖြင့် အာသဝက္ခယမျှသို့ ရောက်ကုန်၏။ ထိုမျှပင် မတတ်နိုင်၍ အနာဂါမိဖိုလ်သို့၊ မတတ်နိုင်၍ သကဒါဂါမိဖိုလ်သို့၊ မတတ်နိုင်၍ သောတာပတ္တိဖိုလ်သို့ ရောက်ကုန်၏။ နောက်၌ သောတာပတ္တိဖိုလ်သို့လည်း ရောက်ခြင်းငှါ မတတ်နိုင်ကုန်လတ္တံ့ ဟုဆို၏။
ဤအလုံးစုံသည် အချင်းချင်း ဆန့်ကျင်၏။ ထိုကြောင့် ထိုထိုနိကာယ်ဆောင်တို့၏ အလိုကိုသာ အဋ္ဌကထာဆရာသည် ထိုထိုနိကာယ်၌ ပြုသည်ဟု ယူအပ်၏။ ဤသို့မယူလျှင် အဋ္ဌအထာ ဆရာ အားသာလျှင် ရှေ့နောက် ဆန့်ကျင်သောအပြစ် ကပ်ငြိရာ၏။
သာသနာသည် ပရိယတ္တိလျှင် အကြောင်းရင်းရှိ၏။ ထိုကြောင့် ပဋိယတ္တိမရှိလျှင် စသည်ကို ဆိုသည်။ ပရိယတ္တိကွယ်လျှင် ပဋိပတ်ကွယ်၏။ ပဋိပတ်ကွယ်လျှင် အဓိဂမကွယ်၏။ အကြောင်းကား ဤပရိယတ္တိသည် ပဋိပတ္တိ၏အကြောင်းတည်း၊ ပဋိပတ္တိသည် အဓိဂမ၏ အကြောင်းတည်း။
ဤသို့ ပဋိပတ္တိထက်လည်း ပရိယတ္တိသာ ပမာဏ ဖြစ်သည်။ ထို ပရိယတ္တိ၌လည်း ပဋိဝေဓသည် လည်းကောင်း၊ ပဋိပတ္တိသည် လည်းကောင်း ဖြစ်သည်လည်းရှိ၏၊ မဖြစ်သည်လည်းရှိ၏။ ရံခါ ပဋိဝေဓကရ ရဟန်းတို့ များကုန်၏။ “ဤရဟန်း ပုထုဇဉ်” ဟု လက်ချောင်းဆန့်ကာ ညွှန်ပြရသည်။
ပဋိပတ္တိ ဖြည့်ကျင့်သူတို့သည်း ရံခါများ၊ ရံခါနည်းကုန်၏။ ဤသို့ ပဋိဝေဓသည် လည်းကောင်း၊ ပဋိပတ္တိသည် လည်းကောင်း ဖြစ်သည်လည်း ရှိ၏၊ မဖြစ်သည်လည်း ရှိ၏။ သာသနာ တည်ခြင်းငှါကား ပရိယတ္တိသာ ပမာဏတည်း။ ပညာရှိသူသည် တေပိဋကကို နာကြားရလျှင် ပဋိပတ္တိ၊ ပဋိဝေဓ နှစ်ပါးတို့ကိုလည်း ဖြည့်နိုင်၏။
ငါတို့ ဘုရားလောင်းသည် အာဠာရ ရသေ့ထံ အဘိညာငါးပါးနှင့် သမာပတ် ခုနစ်ပါးကို ဖြစ်စေ၍ နေဝသညာ သမာပတ်၏ ပရိကံကို မေး၏။ မသိဟုဆိုလတ်သော် ဥဒက ရသေ့ထံ သွား၍ မေး၏။ ပြောကြားသောစကား အခြားမဲ့၌သာလျှင် ဘုရားလောင်းသည် နေဝသညာကို ပြည့်စုံစေနိုင်၏။
ဤအတူ ပညာရှိရဟန်းသည် ပရိယတ္တိကို နာကြားရလျှင် ယင်းနှစ်ခုတို့ကိုလည်း ဖြည့်နိုင်၏။ ထိုကြောင့် ပရိယတ်တည်လျှင် သာသနာတည်၏။ ရေကန်ဟူသော သာသနာကြီး၏ ခိုင်မြဲသော ကံသင်းဟူသော တေပိဋကဗုဒ္ဓဝစနရှိလျှင် ဟူသော ပဋိပတ်ဖြည့်ကျင့်သူ ကုလပုတ္တ မရှိဟု မဆိုအပ်၊ ထိုရေဟူသော ကုလပုတ္တ ရှိလျှင် ပဒုမ္မာကြာပန်း ဟူသော သောတာပန် စသောအရိယာတို့ မပွင့်ဟု မဆိုအပ်။ ဤသို့ ပရိယတ်သာ ဧကန်ပမာဏတည်း။
ပရိယတ္တိကွယ်ပြီးသော်လည်း ဟူသည်၌ ပရိယတ္တိဟူသည် တေပိဋက ဗုဒ္ဓဝစန ဟူသော အဋ္ဌကထာနှင့် တကွသော ပါဠိတည်း။ ထိုပါဠိ တည်သရွေ့ ပတ်လုံး ပရိယတ္တိပြည့်သည် မည်၏။ နောက်ကာလ ကလိယုဂ်မင်းတို့ တရားပျက်သောအခါ အမတ်၊ တိုင်းသူပြည်သား လူအများ တရားပျက်ကုန်၏။
လူတို့ တရားပျက်သောကြောင့် မိုးကောင်းစွာမရွာ၊ ကောက်ပဲ မပြည့်စုံ၊ ဒါယကာတို့ပစ္စည်းလေးပါး မလှူနိုင်၊ ရဟန်းကို ပင်ပန်း၍ တပည့်တို့ကို မချီးမြှောက်နိုင်။ ကာလကြာသော် ပရိသတ်ဆုတ်ယုတ်၏။ အနက် အဓိပ္ပါယ်အားဖြင့် မသင်နိုင်။ ပါဠိသာ ဆောင်ကုန်၏။ နောက်ကာလ၌ ပါဠိအားလုံးကိုလည်း မဆောင်နိုင်သဖြင့် ရှေးဦးစွာ အဘိဓမ္မာ ပိဋကတ် ပဋ္ဌာန်းမှစ၍ နောက်ပြန်အစဉ်အတိုင်း ဓမ္မသင်္ဂဏီ အထိ ကွယ်၏။
တိုးနာက် အင်္ဂုတ္ထိုရ် ဧကာဒသနိပါက်မှ စ၍ ဧကနိပါက် အထိ ကွယ်၏။ ထိုနောက် သံယုတ် မဟာဝဂ္ဂ၊ သဠာယတနဝဂ္ဂ၊ ခန္ဓကဝဂ္ဂ၊ နိဒါနဝဂ္ဂ၊ သဂါထာဝဂ္ဂ အထိ ကွယ်၏။ ထိုနောက် မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသက။ မဇ္ဈိမပဏ္ဏာသက၊ မူလပဏ္ဏာသကအထိ ကွယ်၏။ ထိုနောက် ဒီဃနီကာယ် ပါထေယျဝဂ္ဂ၊ မဟာဝဂ္ဂ၊ သီလက္ခန္ဓဝဂ္ဂအထိ ကွယ်၏။
ဝိနည်းနှင့် ဇာတကကို ဆောင်ကြသေး၏။ ဝိနည်းကို လဇ္ဇီတို့ မဆောင်၍ ဇာတကကို လာဘ်လိုသူတို့ ဆောင်ကုန်၏ ထို့နောက် ဇာတကကိုလည်း မဆာင်နိုင်ကြသဖြင့် ဝေဿန္တရာဇာတ်မှ ပဋိလောမအတိုင်း အပဏ္ဏကဇာတ်အထိ ကွယ်၏။
နောက်ကာလ ကြာလတ်သော် ဝိနည်း၌ ပရိဝါ၊ ခန္ဓက၊ ဘိက္ခုနီ ဝိဘင်း၊ မဟာဝိဘင်း အစဉ်အတိုင်းကွယ်၍ ဥပေါသထက္ခန္ဓက မျှဆောင်ကုန်၏။ ထိုအခါ ပရိယတ်မကွယ်သေး။ လူတို့၌ လေးပါဒ တစ်ဂါထာမျှ တည်သည်တိုင်အောင် ပရိယတ် မကွယ်သေး။ သဒ္ဓါပသန္န ဘုရင်သည် ဆင်ကျောက်ကုန်းထက် ရွှေပန်းတောင်း၌ တစ်ထောင်အိတ်တင်၍ ဘုရားရှင်ဟောသော လေးပါဒ တစ်ဂါထာ သိသူ-ငွေတစ်ထောင် ယူစေဟု မြို့၌ စည်လှည့်စေ၍ ယူနိုင်သူမရသဖြင့် မကြားသူမရှိအောင် သုံးကြိမ်တိုင် စည်လှည့်စေ၍ ယူနိုင်သူ မရသောအခါ ပရိယတ် ကွယ်သည် မည်၏။
ကြမြင့်စွာဖြစ်လတ္တံ့ဟူသည် ပရိယတ် ကွယ်ပြီးသော်လည်း လိင်္ဂမတ္တ- အသွင်မျှသည် ကြာမြင့်စွာ ဖြစ်လတ္တံ့။ ဖြစ်ပုံကား- နောက်နောက် ကာလ၌ သပိတ် သင်္ကန်း ကိုင်ခြင်း၊ ကွေးခြင်း ဆန့်ခြင်း စသည် ကြည်ညိုဘွယ် မရှိ၊ သပိတ်ကို မောင်းရင်း၌ နိဂဏ္ဍတို့ ဘူးတောင်းအလား ထား၍ လှည့်လည်ကုန်၏။ နောက်ကာလ၌ လက်ဖြင့် ဆိုင်းဖြင့်ဆွဲ၍ လှည့်လည် ကုန်၏။ သင်္ကန်းကိုလည်း ဆိုးရည် လျော်စွာ မပြု၊ ဩဌဋ္ဌိဝဏ္ဏပြု၍ ဆိုကုန်၏။
နောက်ကာလ၌ ဆိုးရည်မျှပင်မဆိုး။ အဆာ ဖြတ်ခြင်း ကပ္ပဗိန္ဒုထိုးခြင်းမျှ နောက်၌ အဆာဖြတ်ရုံမျှဖြင့် ပရိဗိုဇ်တို့ကဲ့သို့ လှည့်လည်ကုန်၏။ နောက်၌ သေးငယ်သော သင်္ကန်းပိုင်းကို လက်၌ လည်ပင်း၌ ဖွဲ့ကုန်၏။ ဆံပင်တို့၌ ကပ်ကုန်၏။ သားမယား မွေးမြူလျက် လယ်ထွန်ကာ အသက်မွေးကုန်၏။ (သည်အထိ လိင်္ဂ မကွယ်သေး။ သံဃိက ဒါနအကျိုး ကြီးနိုင်သေးသည်။)
ထိုအခါ အလှူမြတ် လှူသူတို့သည် သံဃာကိုရည်စူး၍ ထိုသူတို့အားလည်း လှူကုန်၏။ ဤကိုရည်၍ “ချစ်သား အာနန္ဒာ ... နောင်အခါ အနွယ်၌ဖြစ်သော သင်္ကန်း လည်ရောက် ဒုဿီလတို့၌ သံဃာကို ရည်စူး၍ လှူကုန်အံ့၊ ထိုအခါ၌သော်လည်း သံဃိကဒါနသည် အကျိုး အသင်္ချေ မရေတွက်နိုင်ဟု ငါဘုရား ဟောသည်” ဟူ၍ ဟောကြားပြီး- ထိုမှ နောက်ကာလ ကြာလတ်သော် ဤသင်္ကန်းပိုင်း ဆောင်ခြင်းဖြင့် အချိန်ကုန်သည်၊ အကျိုးမရှိဟု ဆုတ်၍ ဖြတ်၍ တော၌ စွန့်ကုန်၏။ ထိုအခါ လိင်္ဂကွယ်သည် မည်၏။ ကဿပဘုရား လက်ထက်မှစ၍ ယောနက တိုင်းသားတို့ အဝတ်ဖြူ ဝတ်ရုံ၍ လှည့်လည်သော အကျင့်သည် ဖြစ်၏။ ဤသို့ ပရိယတ် ကွယ်သော်လည်း လိင်္ဂမတ္တသည် ကြာရှည်စွာဖြစ်လတ္တံ့ဟု သိအပ်၏။
ဝိဋီ ... မာတုဂါမ ရဟန်း ဖြစ်ရခြင်းကြောင့် ဟူသော စကားပိုဒ်သည် နှစ်ငါးရာမှ အထက်၌ သာသနာ မတည်နိုင်ကြောင်းကို ပြသော စကားပိုဒ် (သုက္ခဝိပဿကခီဏာသ၀ အစွမ်းဖြင့် တစ်ထောင် စသည်ကို ခန္ဓကဘာဏက မထေရ်တို့၏ အလိုကိုယူ၍ ဆိုခြင်း ဖြစ်သည်။ ဒီဃနိကာယ် အဋ္ဌအထာ၌ကား ပဋိသမ္ဘိဒါပတ္တဖြင့် တစ်ထောင်၊ ဆဠဘိညာဖြင့် တစ်ထောင်၊ တေဝိဇ္ဇဖြင့် တစ်ထောင်၊ သုက္ခဝိပဿကဖြင့် တစ်ထောင်၊ ပါတိမောက္ခဖြင့် တစ်ထောင် တည်သည်ဟု ဆို၏။
အင်္ဂုတ္ထိုရ်၊ သံယုတ် အဋ္ဌအထာတို့၌လည်း တစ်မျိုးစီဖြင့် ဆို၏။ ထိုအလုံးစုံသည် အချင်းချင်း ဆန့်ကျင်သော်လည်း ဒီဃဘာဏကတို့၏ အလိုဖြင့် ရေးသော သီဟိုဠ် အဋ္ဌကထာလာသော နည်းကိုသာ ယူ၍ အဋ္ဌကထာ ဆရာရေးသည်။ ဤသို့သော ဆန့်ကျင်ရာ ဝိရောဓိတို့၌ သာသနာ ဆုတ်ယုတ်ခြင်း မရှိ၊ သုတ်သင်ရန် အကြောင်းလည်း မရှိ။ ပရမတ္တ ဝိရောဓိကိုသာ သုတ္တ-စသော နယဖြင့် သုတ်သင်ရသည်။ စကားအစဉ် ဝိရောဓိကား- သုတ်သင်ဖွယ် မရှိ။)
(ဒီဃနိကာယ်၌ - ပဋိသမ္ဘိဒါပတ္တတစ်ထောင်၊ ဆဠဘိညာ တစ်ထောင်၊ တေဝိဇ္ဇတစ်ထောင်၊ သုက္ခဝိပဿက တစ်ထောင်၊ ပါတိမောက္ခ တစ်ထောင်၊
အင်္ဂုတ္တရ၌ - ဗုဒ္ဓပရိနိဗ္ဗာန်-နောင်တစ်ထောင်သာ ပဋိသမ္ဘိဒါကို ဖြစ်စေကြသည်။ ထိုနောက်၌ ဆဠဘိညာကို၊ ထိုနောက်မတတ်နိုင်၍ ဝိဇ္ဇာသုံးပါးကိုဖြစ်စေကြသည်။ နောက်ကာလ၌ မတတ်နိုင်၍ သုက္ခဝိပဿကတို့၊ ဤနည်းဖြင့်သာ အနာဂါမ်တို့၊ သကဒါဂါမ်တို့၊ သောတာပန်တို့ ဖြစ်ကုန်၏။
သံယုတ်၌ ပထမဗောဓိ၌ ပဋိသမ္ဘိဒါပတ္တတို့၊ နောက်မတတ်နိုင်၍ ဆဠဘိညာတို့၊ နောင်မတတ်နိုင်၍ တေဝိဇ္ဇတို့ဖြစ်ကုန်၏။ ဤနောက်ကာလ၌ကား မတတ်နိုင်၍-- အာသဝက္ခယပတ္တသို့ မတတ်နိုင်၍ အနာဂါမိဖိုလ်သို့၊ ထို့အတူ သကဒါဂါမိဖိုလ်သို့ သောတာပတ္တိဖိုလ်သို့ ရောက်ကုန်၏။ နောက်ကာလာ၌ သောတာပတ္တိဖိုလ်သို့ပင် မရောက်နိုင်ကုန်။
ဤဝိနယ၌ ပဋိသမ္ဘိဒါပတ္တတစ်ထောင်၊ သုက္ခဝိပဿကတစ်ထောင် အနာဂါမ်တစ်ထောင်၊ သကဒါဂါမ် တစ်ထောင်၊ သောတာပန် တစ်ထောင်၊
(အင်္ဂုတ္တရနှင့်သံယုတ်၌ဉာဏ်ကြီးသူတို့ အကွက်ပြပုံ ရောယှက်လျက် နက်နဲ၏။)
သာကီဝင်မင်းသမီးငါးရာ ရဟန်းပြုခြင်း
ထိုအခါ မဟာပဇာပတိဂေါတမီသည် ဘုရားရှင်ထံချဉ်းကပ်၍ မြတ်စွာဘုရား၊ ဤသာကီဝင် မင်းသမီးတို့၌ အဘယ်သို့ ပြုကျင့်ရပါမည်နည်း-ဟု လျှောက်၏။ မြတ်စွာဘုရားသည် မိထွေးတော်အား တရားစကားဖြင့် ထက်သန် ရွှင်လန်းစေ၏။
မိထွေးတော် တရားနာ၍ ဖဲသွားသောအခါ ရဟန်းတို့ကို တရားဟော၍ ချစ်သားတို့ ... ရဟန်းတို့သည် ဘိက္ခုနီတို့ကို ရဟန်းပြုပေးခြင်းငှါ ခွင့်ပြု၏-ဟု မိန့်တော်မူ၏။ ရဟန်းပြုပေးပြီးသောအခါ ဘိက္ခုနီတို့သည် မဟာပဇာပတိကို “အရှင်မသည် အနုပသမ္ပန္နာဖြစ်၏။ (ရဟန်း မဖြစ်သေး။) အကျွန်ုပ်တို့သာလျှင် ဥပသမ္ပန္နာ ဖြစ်ကုန်ပြီ။ အကြောင်းကား ဘိက္ခုတို့သည် ဘိက္ခုနီတို့ကို ရဟန်းပြုပေးမည်ဟု ပညတ်သောကြောင့်” ဟု ဆိုကုန်၏။
ထိုအကြောင်းကို မိထွေးတော်သည် ရှင်အာနန္ဒာကို၊ ရှင်အာနန္ဒာသည် ဘုရားရှင်ကိုလျှောက်၏ ချစ်သားအာနန္ဒာ .... ယဒဂ္ဂေန- အကြင်နေ့ကို အစပြု၍ မိထွေးတော်သည် ဂရုဓမ်ရှစ်ပါးကို ဝန်ခံ၏။ ထိုနေ့၌ သာလျှင် ဥပသမ္ပန္နာ ဖြစ်ပြီဟု မိန့်တော်မူ၏။
(ချစ်သားတို့ .... အစရှိသော ဤအနုညတ္တိ-ခွင့်ပြုခြင်းဖြင့် ရဟန်းတို့သည် သာကီဝင်မင်းသမီး ငါးရာတို့ကို မဟာပဇာပတိ၏ သဒ္ဓိဝိဟာရိနီ- တပည့်မတို့ပြု၍ ရဟန်းပြုပေးကုန်၏။ ဤငါးရာလုံးသည် ဧကေတောဥပသမ္ပန္နာတို့ မည်ကုန်၏)
(ဇီဋီ ... ယဒဂ္ဂေနသည် ယံဒိဝသံအာဒိံ ကတွာ ဖြစ်၏။ တဒေဝသည် တသ္မိံ ဧဝဒိဝသေ ထိုနေ့၌သာလျှင် ဖြစ်၏။
အနုညတ္တိယာသည် ပါဠိမှန်။ အနုပညတ္တိယာရှိလျှင် ပါဠိမှားတည်း။
သာဋီ .... ထိုအတူတည်း။ အထူးကား အနုညတ္တိယာသည် အနုညာယ--ခွင့်ပြုခြင်းဖြင့်။
ဝိဋီ ... ယဒဂ္ဂေ ၌ တူစွာ ဖွင့်သည်။)
မာတုဂါမအား ရှိခိုးဆုပန်ခြင်း
ထိုအခါ မိထွေးတော်ဂေါတမီသည် ရှင်အာနန္ဒာထံချဉ်းကပ်၍ အရှင်ဘုရား … ဘုရားရှင်ထံ တစ်ခုသော ဆုကို တောင်းလိုပါသည်။ မြတ်စွာဘုရားသည် ရဟန်းတို့၏လည်းကောင်း၊ ဘိက္ခုနီတို့၏လည်းကောင်း၊ ယထာဝုဍ္ဎ-ကြီးစဉ်အတိုင်း ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေ ပြုခြင်းကို ခွင့်ပြုမူ ကောင်းလေစွဟု လျှောက်၏။
ရှင်အာနန္ဒာသည် ထိုအကြောင်းကို ဘုရားရှင်အား လျှောက်၏။ ချစ်သား အာနန္ဒာ ... မာတုဂါမအား ရှိခိုးခြင်း စသည်ကို ဘုရားရှင် ခွင့်ပြုနိုင်အံ့သော အကြောင်းအရာ မရှိ။ ဤ အညတိတ္တိယဒုရက္ခာတဓမ္မ ပုဂ္ဂိုလ်တို့ သော်မှလည်း မာတုဂါမအား ရှိခိုးခြင်း စသည်ကို မပြုကုန်။ ဘုရားရှင်ခွင့်ပြုနိုင်အံ့သော အကြောင်း အဘယ်မှာ ရှိအံ့နည်းဟု မိန့်ဆို၍ တရားဟော၍ ချစ်သားတို့ ... မာတုဂါမအား ရှိခိုးခြင်းကို ခရီးဦး ကြိုဆိုခြင်းကို လက်အုပ်ချီခြင်းကို အရိုအသပြုခြင်းကို မပြုအပ်-ဒုက္ကဋ် ဟု မိန့်တော်မူ၏။
(ဇီဋီ ... ပဋိဂ္ဂဏှာမိယာဝဇီဝံအနုတိက္ကမနိယော-ဟု မိထွေးတော် ဝန်ခံပြီးဖြစ်လျက် ယခု အဘယ်ကြောင့် တစ်ခုသောဆုကို တောင်းသနည်း ဟူမူ သူတစ်ပါး အပြစ်တင်ခြင်းမှ ရှောင်ကြဉ်ခြင်းငှါတည်း။ ပညာနည်းသူ အချို့တို့သည် ဤသို့ဆိုကုန်၏။ မဟာပဇာပတိသည် ရှေးဦးစွာ ဝန်ခံလိုက်ခြင်းကြောင့် ဥဘတောသံဃာ၏ ယထဝုဍ္ဎ ရှိခိုးခြင်းသည်မဖြစ်။ မိထွေးတော်သည် အကယ်၍ ဆုကိုတောင်းအံ့။ ဘုရားရှင်ခွင့်ပြုရာ၏-ဟု ဆိုကုန်ရာ၏။ သာဋီလည်း ဤအတူဖွင့်သည်။)
ဘိက္ခုနီသိက္ခာပုဒ်
ထိုအခါ မဟာပဇာပတိသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ ရှိခိုး၍ တစ်နေရာ၌ရပ်လျက် ဤသို့လျှောက်၏။ မြတ်စွာဘုရား၊ ဘိက္ခုနီတို့၏ အကြင်သိက္ခာပုဒ်တို့သည် ဘိက္ခုတို့နှင့် ဆက်ဆံကုန်၏။ ထိုသိက္ခာပုဒ်တို့၌ အဘယ်သို့ ကျင့်ရပါမည်နည်း။ မိထွေးတော် ဂေါတမီ … ဘိက္ခုတို့နှင့် ဆက်ဆံသော သိက္ခာပုဒ်တို့၌ ဘိက္ခုတို့ ကျင့်ကုန်သကဲ့သို့ ကျင့်ကြကုန်လော။
မြတ်စွာဘုရား၊ ဘိက္ခုနီတို့၏ အကြင်သိက္ခာပုဒ်တို့သည် ဘိက္ခုတို့နှင့် မဆက်ဆံကုန်၊ ထိုသိက္ခာပုဒ်တို့၌ အဘယ်သို့ ကျင့်ရပါမည်နည်း၊ မိထွေးတော်ဂေါတမီ … ဘိက္ခုတို့နှင့် မဆက်ဆံသော သိက္ခာပုဒ်တို့၌ ပညတ်တော်မူတိုင်း ကျင့်ကြကုန်လော။
မိထွေးတော်ဂေါတမီ ရဟန္တာမ-ဖြစ်ခြင်း
ထိုအခါ မဟာပဇာပတိ ဂေါတမီသည် ဘုရားရှင်ထံ ချဉ်းကပ်၍ ရှိခိုး၍ တစ်နေရာ၌ရပ်လျက် ဤသို့လျှောက်၏။ မြတ်စွာဘုရား ... တောင်းပန်ပါ၏။ အကျဉ်းအားဖြင့် တရားကို ဟောတော်မူပါ။ ထို တရားကိုနာ၍ ဆိတ်ငြိမ်ရာကပ်၍ မမေ့လျော့လုံ့လကြီးစွာ နိဗ္ဗာန်သို့စေလွှတ်သောစိတ်ဖြင့် နေလိုပါသည်ဟု လျှောက်၏။
ယေခေါတွံ ဂေါတမီ ဓမ္မေ စသည်ဖြင့် ဟော၏၊ ဂေါတမီ … သင်သည် အကြင်တရားတို့ကို သိရာ၏။ ဤတရားတို့သည် --
သရာဂါယ– ရာဂနှင့်တကွဖြစ်ခြင်းငှါ ဖြစ်ကုန်၏။ ရာဂကင်းခြင်းငှါ မဖြစ်ကုန်။
သညောဂါယ-ယှဉ်တွဲခြင်းငှါ ဖြစ်ကုန်၏။ ကင်းကွာခြင်းငှါ မဖြစ်ကုန်။
အာစယာယ- တိုးပွားခြင်းငှါ ဖြစ်ကုန်၏၊ ဖျက်ဆီးခြင်းငှါ မဖြစ်ကုန်။
မဟိစ္ဆတာယ- အလိုကြီးခြင်းငှါ ဖြစ်ကုန်၏။အလိုနည်းခြင်းငှါ မဖြစ်ကုန်။
အသန္တုဋ္ဌိယာ-မရောင့်ရဲခြင်းငှါ ဖြစ်ကုန်၏။ ရောင့်ရဲခြင်းငှါ မဖြစ်ကုန်။
သံဂဏိကာယ-အပေါင်းအသင်းနှင့်နေခြင်းငှါ ဖြစ်ကုန်၏။ ဆိတ်ခြင်းငှါ မဖြစ်ကုန်။
ကောသဇ္ဇာယ-ပျင်းရိခြင်းငှါဖြစ်ကုန်၏။ အားထုတ်ခြင်းငှါ မဖြစ်ကုန်။
ဒုဗ္ဘရတာယ- မွေးမြူနိုင်ခဲခြင်းငှါ ဖြစ်ကုန်၏။ မွေးမြူလွယ်ခြင်းငှါ မဖြစ်ကုန်။
ဂေါတမီ … ဤတရားအပါင်းတို့သည် ဓမ္မ မဟုတ်၊ ဝိနယ မဟုတ်၊ သတ္တုသာသန မဟုတ်-ဟု ဧကန်စင်စစ် မှတ်လေလော။ ဂေါတမီ … သင်သည် အကြင်တရားတို့ကို သိရာ၏။ ဤတရားတို့သည် --
ဝိရာဂါယ-ရာဂကင်းခြင်းငှါ ဖြစ်ကုန်၏၊ သရာဂါယ မဖြစ်ကုန်။
ဝိသညောဂါယ-ကင်းကွာခြင်းငှါ ဖြစ်ကုန်၏။ သညောဂါယ မဖြစ်ကုန်။
အပစယာယ- ဖျက်ဆီးခြင်းငှါ ဖြစ်ကုန်၏။ အာစယာယ မဖြစ်ကုန်။
အပ္ပိစ္ဆတာယ-အလိုနည်းခြင်းငှါ ဖြစ်ကုန်၏၊ မဟိစ္ဆတာယ မဖြစ်ကုန်။
ဆန္တုဋ္ဌိယာ- ရောင့်ရဲခြင်းငှါ ဖြစ်ကုန်၏။ အသန္တုဋ္ဌိယာ မဖြစ်ကုန်။
ပဝိဝေကာယ- ဆိတ်ခြင်းငှါ ဖြစ်ကုန်၏။ သံဂဏိကာယ မဖြစ်ကုန်။
ဝီရိယာရမ္ဘာယ- မွေးမြူလွယ်ခြင်းငှါ ဖြစ်ကုန်၏ ဒုဗ္ဘရတာယ မဖြစ်ကုန်။
ဂေါတမီ … ဤတရားအပေါင်းသည် ဓမ္မဖြစ်၏။ ဝိနယဖြစ်၏၊ သတ္တုသာသနဖြစ်၏ ဟု ဧကန်စင်စစ် မှတ်လေလော။
(ယံခေါတွံ ဂေါတမီ-စသော ဤဩဝါဒဖြင့် ဂေါတမီသည် အရဟတ္တဖိုလ်သို့ရောက်၏။)
(သာဋီ … သရာဂါယသည် သရာဂဘာဝါယဖြစ်၏။ ကာမရာဂ၊ ဘဝရာဂ တိုးပွားခြင်းငှါတည်း။
သံယောဂါယသည် ဝဋ်၌ယှဉ်တွဲခြင်းငှါ၊
အာစယာယသည် ဝဋ်၏တိုးပွားခြင်းငှါ၊
မဟိစ္ဆတာယာတိ မဟိစ္ဆ ဘာဝါယ၊ အသန္တုဋ္ဌိယာတိ အသန္တုဋ္ဌဘာဝါယ။
သင်္ဂဏိဘာယသည် ကိလေသာအဖော်၊ ဂဏအဖော်တို့နှင့် နေခြင်းငှါ၊
ကောသဇ္ဇာယာတိ ကုသိတဘာဝါယ။ ဒုဗ္ဘရတာယာတိဒုပ္ပေါသတာယ၊
ဝိရာဂါယသည် အလုံးစုံသော ဝဋ်ကို စက်ဆုပ်ခြင်းငှါ၊
ဝိသံယောဂါယသည် ကာမ ရာဂစသည်တို့နှင့် မယှဉ်ခြင်းငှါ၊ အလုံးစုံသော ဝဋ်ကို ဖျက်ဆီးခြင်းငှါ၊ နိဗ္ဗာနာယ ဟူလို။
အပိစ္ဆတာယသည် ပစ္စည်းအလိုနည်းခြင်း စသည်ဖြင့် အခါခပ်သိမ်း ဣစ္ဆာကင်းခြင်းငှါ၊
သန္တုဋ္ဌိယာသည် ၁၂-ပါးသော သန္တုဋ္ဌိဖြစ်ခြင်းငှါ၊
ပဝိဝေကာယသည် ဆိတ်ငြိမ်ခြင်းငှါ၊ ကာယဝိဝေက စသည်ဖြင့် တဒင်္ဂဝိဝေက ပြီးစီးခြင်းငှါတည်းး
ဝီရိယာရမ္ဘာယသည် ကာယိက၊ စေတသိက-ဝီရိယ နှစ်ပါး ချီးမြှောက်ခြင်းငှါ၊
သုဘရကာယသည် သုဒ္ဒပေါသက္ကာယ။
ဤသို့ သင်ခြင်း၊ ဆောင်ခြင်း၊ မေးမြန်းခြင်း၊ နှလုံးသွင်းခြင်းဖြင့် ကောင်းစွာ ကျင့်လျှင် ရာဂစသည် ကင်းချုပ်၏ အကြောင်းဖြစ်၍ ဝိရာဂစသည် ဖြစ်နိုင်သော ပရိယတ်သည်ရှိ၏။ ဤပရိယတ်သည် အပါယ်စသည်၌ မကျအောင် ဆောင်သောကြောင့် ဧကန်စင်စစ် ဓမ္မဖြစ်၏။ ကိလေသာ ငြိမ်းကြောင်း ဖြစ်သောကြောင့် ဧကန်စင်စစ် ဝိနယဖြစ်၏။ ဘုရားရှင်၏ ဩဝါဒ၊ အနုဿသနီဖြစ်သောကြောင့် ဧကန်စင်စစ် သတ္တုသာသန ဖြစ်၏။ ဤသို့ ထိုးထွင်း၍ သိလေလော။
ဤသုတ်၌ ပထမဝါရဖြင့် ဝဋ်ကိုဟောသည်။ ဒုတိယဝါရဖြင့် ဝိဝဋ္ဋကို ဟောသည်။)
ပါတိမောက်ပြခွင့်ပြုခြင်း
ထိုအခါ ဘိက္ခုနီတို့အား ပါတိမောက်ကို မပြ။ မြတ်စွာဘုရားအား လျှောက်ကုန်၏။ ချစ်သားတို့ ... ဘိက္ခုနီတို့အား ပါတိမောက်ကိုပြခြင်းငှါ ခွင့်ပြု၏။
အဘယ်သူသည် ပြအပ်သနည်း-ဟု ရဟန်းတို့အကြံဖြစ်၍ လျှောက်ကုန်၏။ ချစ်သားတို့ ... ရဟန်းတို့သည် ဘိက္ခုနီတို့အား ပါတိမောက်ကို ပြခြင်းငှါ ခွင့်ပြု၏။ ရဟန်းတို့သည် ဘိက္ခုနီကျောင်းသို့ ချဉ်းကပ်၍ ဘိက္ခုနီတို့အား ပါတိမောက် ပြကုန်၏။
ဇာယာ-မယားကြီး၊ ဇာရီ-(ရီးဇား) ရည်းစားမယားတို့ဖြစ်၍ ယခုပျော်မြူးကြတော့မည်ဟု လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ … ရဟန်းတို့သည် ဘိက္ခုနီတို့အား ပါတိမောက် မပြအပ် ... ဒုက္ကဋ်။
ချစ်သားတို့ … ဘိက္ခုနီတို့သည် ဘိက္ခုနီတို့အား ပါတိမောက် ပြခြင်းငှါ ခွင့်ပြု၏၊ ဘိက္ခုနီတို့သည် ဤသို့ ပြရသည်ဟုမသိကုန်။ ချစ်သားတို့ … ရဟန်းတို့သည် ဘိက္ခုနီတို့အား ဤသို့ ပါတိမောက်ကို ပြလောဟု ပြေကြားခြင်းငှါ ခွင့်ပြု၏၊
ဒေသနာကြား
ထိုအခါ ဘိက္ခုနီတို့သည် အာပတ်ကို မကုစားကုန်။ ချစ်သားတို့ … ဘိက္ခုနီတို့သည် အာပတ်ကိုကုစားအပ်၏။ မကုစားအံ့ ဒုက္ကဋ်။
ဘိက္ခုနီတို့သည်ဤသို့ အာပတ် ကုစားရသည်ဟု မသိကုန်။ ချစ်သားတို့ … ရဟန်းတို့သည် ဘိက္ခုနီတို့အား ဤသို့ အာပတ်ကုစားကြလေဟု ပြောကြားခြင်းငှါ ခွင့်ပြု၏။
ရဟန်းတို့အား အဘယ်သူသည် အာပတ် ခံအပ်သနည်းဟု အကြံဖြစ်၏။ ချစ်သားတို့ … ရဟန်းတို့သည် ဘိက္ခုနီတို့၏ အာပတ်ကို ခံခြင်းငှါ ခွင့်ပြု၏၊
ထိုအခါ ဘိက္ခုနီတို့သည် လမ်းရှည် လမ်းတို လမ်းဆုံတို့၌ သော်လည်း ရဟန်းကိုမြင်လျှင် သပိတ်ကို မြေ၌ထား၍ ပခုံးတစ်ဖက် စမ္ပယ်တင်၍ ဆောင့်ကြောင့်ထိုင်၍ လက်အုပ်ချီ၍ အာပတ်ကို ကုစားကုန်၏၊ မယား၊ ရည်းစားဖြစ်၍ ညဥ့်အခါ၌ ဝိမာနေတွာ- ပြစ်မှားမိ၍ ဝါ-မထီမဲ့မြင် ပြုမိ၍ ယခု ကန်တာ့ကြသည်-ဟု လူတို့ကဲ့ရဲ့ကုန်၏၊ ချစ်သားတို့ ... ရဟန်းတို့သည် ဘိက္ခုနီတို့၏ အာပတ်ကို မခံအပ်၊ ဒုက္ကဋ်။ ချစ်သားတို့ ... ဘိက္ခုနီတို့သည် ဘိက္ခုနီတို့၏ အာပတ်ကို ခံခြင်းငှါ ခွင့်ပြု၏။
ဤသို့ အာပတ်ခံရသည်ဟု မသိကုန်။ ချစ်သားတို့ ... ရဟန်းတို့သည် ဘိက္ခုနီတို့အား ဤသို့ အာပတ်ကို ခံကြလော-ဟု ပြောကြားခြင်းငှါ ခွင့်ပြု၏။
(ဇီဋီသာနီ … ဝိမာနေတွာတိ အပရဇ္ဈိတွာ။
ဝိဋီ … ဝိမာနေတွာတိ အဝမာနံကတွာ။)
တဇ္ဇနီယ စသောကံ
ထိုအခါ ဘိက္ခုနီတို့အား ကံကိုမပြု။ ချစ်သားတို့ .... ဘိက္ခုနီတို့အား ကံကိုပြုခြင်းငှါ ခွင့်ပြု၏။
အဘယ်သူ ပြုအပ်သနည်း-ဟု အကြံဖြစ်၏။ ချစ်သားတို့ ... ရဟန်းတို့သည် ဘိက္ခုနီတို့အား ကံကိုပြုခြင်းငှါ ခွင့်ပြု၏။
ထိုအခါ ကံပြုခံရသော ဘိက္ခုနီတို့သည် လမ်း၌သော်လည်း ရဟန်းကိုမြင်လျှင် သပိတ်ချ၍ …လ… လက်အုပ် ချီ၍ ဤသို့ပြုရသည်ဟုထင်၍ ကန်တော့ကုန်၏။ လူတို့သည် ပေးစား၍ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ရဟန်းတို့သည် ဘိက္ခုနီတို့အား ကံကို မပြုအပ်။ ဒုက္ကဋ်။ ချစ်သားတို့ ... ဘိက္ခုနီတို့သည် ဘိက္ခုနီတို့အား ကံကို ပြုခြင်းငှါ ခွင့်ပြု၏။
ဤသို့ ကံပြုရသည် ဟု မသိကုန်။ ချစ်သားတို့ ... ရဟန်းတို့သည် ဘိက္ခုနီတို့အား ဤသို့ ကံကိုပြုကြသောဟု ပြောကြား ခြင်းငှါ ခွင့်ပြု၏။
(ကံကိုမပြုဟူသည် တဇ္ဇနီယာစသော ကံခုနစ်ပါးကိုလည်း မပြု။
ကုန်တော့ကုန်၏ ဟူသည် နောင်တစ်ဖန် ဤသို့ မပြုပါအံ့ဟု သည်းခံစေကုန်၏။)
အဓိကရုဏ်းငြိမ်းခြင်း
ထိုအခါ ဘိက္ခုနီတို့သည် သံဃာ့အလယ်၌ ခိုက်ရန်ငြင်းခုန်လျက် အချင်းချင်း နှုတ်သီးလှံမဖြင့် ထိုးလျက် နေကုန်၏။ ဤ အဓိကရုဏ်းကို ငြိမ်းစေခြင်းငှါ မတတ်နိုင်ကြကုန်။ ချစ်သားတို့ ... ရဟန်းတို့သည် ဘိက္ခုနီတို့၏ အဓိကရုဏ်းကို ငြိမ်းစေခြင်းငှါ ခွင့်ပြု၏။ ရဟန်းတို့သည် ဘိက္ခုနီတို့၏ အဓိကရုဏ်းကို ငြိမ်းစေကုန်၏။
ထိုအဓိကရုဏ်းကို ဆုံးဖြတ်သောအခါ ကံထိုက်သော ဘိက္ခုနီ၊ အာပတ်သို့ ရောက်သော ဘိက္ခုနီတို့သည် ထင်ရှားကုန်၏။ ဘိက္ခုနီတို့သည် ရဟန်းတို့ကို အရှင်မြတ်တို့သာလျှင် ဘိက္ခုနီတို့အား ကံပြုကြပါ။ ဘိက္ခုနီတို့၏ အာပတ်ကိုခံကြပါ။ ဘုရားရှင်သည် ဘိက္ခုဟိဘိက္ခုနီနံ အဓိကရဏံ ဝူပသမေတဗ္ဗံ-ဟု ပညတ်ပါသည်ဟူ၍ လျှောက်ကုန်၏။
ချစ်သားတို့ ... ရဟန်းတို့သည် ဘိက္ခုနီတို့၏ ကံကိုတင်၍ ဘိက္ခုနီတို့အား အပ်နှင်းခြင်းငှါ၊ ဘိက္ခုနီတို့သည် ဘိက္ခုနီတို့အား ကံကိုပြုခြင်းငှါ လည်းကောင်း၊ ရဟန်းတို့သည် ဘိက္ခုနီတို့၏ အာပတ်ကို တင်၍ ဘိက္ခုနီတို့အား အပ်နှင်းခြင်းငှါ၊ ဘိက္ခုနီတို့သည် ဘိက္ခုနီတို့၏ အာပတ်ကို ခံခြင်းငှါ လည်းကောင်း ခွင့်ပြု၏။
(အပ်နှင်းခြင်းငှါ စသည်၌ တဇ္ဇနီယစသော ကံတို့တွင် ဤမည်သော ကံကို ဤဘိက္ခုနီအား ပြုအပ်၏-ဟု တင်၍ ထိုကံကို ယခု သင်တို့သာ ပြုကြလေ-ဟု အပ်နှင်းအပ်၏။ အကယ်၍ ကံတစ်ပါး တင်လျက် ကံတစ်ပါးပြုကုန်အံ့။
တဇ္ဇနိယကံထိုက်သူအား နိယတကံပြုသည် ဟူရာ၌ ဆိုပြီးသောနည်းဖြင့် ပြုစေခြင်းသို့ ရောက်ကုန်၏။)
(သာဋီ … ဆိုပြီးသောနည်း စသည်သည် ထိုသို့ပြုခြင်းကို ပယ်အပ်သောကြောင့် ဒုက္ကဋ်ဖြင့် ကုစားအပ်သည် အဖြစ်သို့ ရောက်ကုန်၏။)
ဝိနည်းသင်ပေးခြင်း
ထိုအခါ ရှင်မဥပ္ပလဝဏ္ဏာ၏ အန္တေဝါသိနီ ဘိက္ခုနီတစ်ယောက်သည် ခုနစ်နှစ်ပတ်လုံး ဘုရားရှင် နောက်သို့ လိုက်၍ ဝိနည်းကို သင်ယူ၏။ သတိမေ့၍ သင်တိုင်း သင်တိုင်း မေ့၏။ ဘုရားရှင် သာဝတ္ထိသို့ သွားမည်ဟု ကြားလတ်သော် မာတုဂါမမည်သည် တစ်သက်လုံး ဘုရားရှင်နောက်သို့ လိုက်ခြင်းငှါ ခဲယဉ်း၏။ အဘယ်သို့ ပြုရပါအံ့နည်းဟု အကြံဖြစ်၍ ဘိက္ခုနီတို့အား လျှောက်၏။ ဘိက္ခုနီ တို့သည် ရဟန်းတို့အား ရဟန်းတို့သည် ဘုရားရှင်အား လျှောက်ကုန်၏။ ချစ်သားတို့ ... ရဟန်းတို့သည် ဘိက္ခုနီတို့အား ဝိနည်းကို ပို့ချခြင်းငှါ ခွင့်ပြု၏။
အဝန္ဒိယကံ
ထိုအခါ မြတ်စွာဘုရားသည် ဝေသာလီမှ သာဝတ္ထိသို့ ကြွ၍ ဇေတဝန်ကျောင်း၌ နေတော်မူ၏။ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခုနီတို့ကို ရွှံ့ညွှန်ရေဖြင့် ငါတို့အား ချစ်ကြိုက်ကြမည်လား မသိဟု ပက်လောင်းကုန်၏။ ချစ်သားတို့ .... ရဟန်းသည် ဘိက္ခုနီတို့ကို ဘကဒမောဒ္ဒကေန – ညွန်ရေဖြင့် မလောင်း အပ်ကုန်- ဒုက္ကဋ်။ ချစ်သားတို့ ... ထိုရဟန်းအား ဒဏ်အမှုကိုပြုခြင်းငှါ ခွင့်ပြု၏။
အဘယ်ဒဏ်အမှု ပြုအပ်သနည်းဟု အကြံဖြစ်၏။ ချစ်သားတို့ .... ထိုရဟန်းကို ဘိက္ခုနီသံဃာသည် ရှိမခိုး အပ်သော အဝန္ဒိယပုဂ္ဂိုလ်ဟု ပြုအပ်၏။
ဆဗ္ဗဂ္ဂီတို့သည် ဘိက္ခုနီတို့အား ကာယံ- ကိုယ်ကို လှစ်၍ ပြကုန်၏။ ဦရုံ- ပေါင်ကိုလှစ်၍ ပြကုန်၏။ အင်္ဂဇာတံ-အင်္ဂါဇာတ်ကိုလှစ်၍ ပြကုန်၏၊ ပြက်ရယ်စကား ဆိုကုန်၏။ ဘိက္ခုနီတို့နှင့် အတူတကွ ဆက်ဆံစေကုန်၏။ ငါတို့အား ချစ်ကြိုက်ကြမည်လား မသိဟု ပြုကုန်၏။ ချစ်သားတို့ … ရဟန်းသည် ကိုယ်ကိုလှစ်၍ ဘိက္ခုနီတို့အား မပြုအပ်။ ပေါင်ကို၊ အင်္ဂါဇာတ်ကိုလှစ်၍ မပြအပ်။ ဘိက္ခုနီတို့ကို ပြက်ရယ်စကား မဆိုအပ်ကုန်၊ ဘိက္ခုနီတို့နှင့် အတူတကွ မဆက်ဆံစေအပ်။ ဒုက္ကဋ်။ ချစ်သားတို့ … ထို ရဟန်းအား ဒဏ်အမှု ပြုခြင်းငှါ ခွင့်ပြု၏။ အဝန္ဒိယဟု ပြုအပ်၏။
(ညွှန်ရေ ဟူသည်၌ ညွှန်ရေမျှဖြင့် မဟုတ်သေး၊ ကြည်လင်သောရေ၊ ဆိုးရည်၊ ညွှန်စသည် တစ်ခုခုဖြင့် ပက်လောင်းလျှင်လည်း ဒုက္ကဋ် သာတည်း။
အာဝန္ဒိယ ကံပြုပုံကား ဘိက္ခုနီကျောင်း၌ စည်းဝေး၍ ဤမည်သော အရှင်သည် ဘိက္ခုနီတို့အား မကြည်ညိုဘွယ် အမှုကိုပြုသည်။ ထိုအရှင်အား အဝန္ဒီယကံ ပြုခြင်းကို နှစ်သက်အပ်၏-ဟု သုံးကြိမ် ကြားသိစေအပ်၏။ ဤမျှဖြင့် အဝန္ဒိယ ပုဂ္ဂိုလ်ဟု ပြုအပ်သူဖြစ်၏။
ထိုအခါမှ စ၍ သမဏေတို့ကို မြင်လျှင် ရှိမခိုးကြသကဲ့သို့ ထိုရဟန်းမြင်လျှင်လည်း ရှိမခိုးအပ်။ ထိုရဟန်းသည် ကောင်းစွာကျင့်၍ ဘိက္ခုနီကျောင်းသို့ မသွားဘဲ (ရဟန်းတို့၏) ကျောင်း၌သာလျှင် သံဃ၊ ဂဏ၊ ပုဂ္ဂလ-တစ်ဦးဦးထံ ချဉ်းကပ်၍ ဆောင့်ကြောင့် ထိုင်၍ လက်အုပ်ချီ၍ ဘိက္ခုနီသံဃောမယှံခမတု-ဟု သည်းခံစေအပ်၏။
ထိုတစ်ဦးဦးသည် ဘိက္ခုနီတို့ထံလာ၍ ဧသောဘိက္ခု တုမှေခမာပေတိ- သင်တို့ကို သည်းခံစေ၏-ဟု ဆိုအပ်၏။ ထိုအခါမှစ၍ ထိုရဟန်းတို့ ရှစ်ခိုးအပ်၏။ အကျယ်ကို ကမ္မဝိဘင်္ဂ၌ ဖွင့်ဆိုကုန်လတ္တံ့။
ပြက်ရယ်စကားကိုကား အသဒ္ဓမ္မဖြင့် ပြက်ရယ်ဆိုကုန်၏။
ဆက်ဆံစေကုန်၏-ဟူသည် ဘိက္ခုနီတို့နှင့် အတူတကွ ပူရိသတို့ကို အသဒ္ဓမ္မဖြင့် ဆက်ဆံစေကုန်၏။)
(ဝိဋီ ... ကမ္မဝိဘင်္ဂ-ဟူသည် ပရိဝါ၌ ကမ္မဝိဘင်္ဂဖြစ်၏။)
(ကမ္မဝိဘင်္ဂ၌ အထူးကား သံဃ၊ ဂဏသည် ရဟန်းတစ်ပါးကို စေလွှတ်၍ ပုဂ္ဂလသည် ကိုယ်တိုင်သွား၍ “ဘိက္ခုနီတို့ကို သည်းခံစေပြီ၊ ဝန္ဒိယပုဂ္ဂိုလ် ဟု ပြုစေသတည်း” ဟူ၍ ပြောပြအပ်၏၊ ဘိက္ခုနီကျောင်း၌ စည်းဝေးသော ဘိက္ခုနီသံဃာ၏ အလိုဖြင့် ဗျတ္တာဘိက္ခုနီသည် “အရှင်မတို့ … ဤမည်သော အရှင်ကို အဝန္ဒိယ- ဟု ပြုထားသည်။ ထိုအရှင်သည် လဇ္ဇီ ဓမ္မသို့သက်၍ ဆင်ခြင်စောင့်စည်း၍ အပြစ်ကို ကုစား၍ ဘိက္ခုနီသံဃာကို သည်းခံစေပြီး ထိုအရှင်အား ဝန္ဒိယကံပြုခြင်းကို နှစ်သက်အပ်၏-ဟု ဘိက္ခုနီသံဃာကို ပန်ကြားအပ်ပါ၏”ဟု သုံးကြိမ်ဆိုအပ်၏။ ဤသို့ အပလောကနကံဖြင့်သာ ဝန္ဒိယ-ဟု ပြုအပ်၏။ ဤ ဝန္ဒိယကံသည် မျက်ကွယ် ကံရှစ်ပါး၌ ပါဝင်၏။)
ဩဝါဒထားခြင်း
ထိုအခါ ဆဗ္ဗဂ္ဂီဘိက္ခုနီတို့သည် ရဟန်းတို့ကို ညွန်ရေဖြင့် ငါတို့အား ချစ်ကြိုက်ကြမည်လား မသိဟု ပက်လောင်းကုန်၏။ ချစ်သားတို့ … ဘိက္ခုနီသည် ရဟန်းတို့ကို ညွန်ရေဖြင့် မလောင်းအပ်ကုန်-- ဒုက္ကဋ်။ ချစ်သားတို့ … ထိုဘိက္ခုနီအား ဒဏ်အမှုကိုပြုခြင်းငှါ ခွင့်ပြု၏။
အဘယ်ဒဏ်နည်းဟု အကြံဖြစ်၏၊ ချစ်သားတို့ ... အာ၀ရဏ တားမြစ်ခြင်းကို ပြုခြင်းငှါ ခွင့်ပြု၏။
တားမြစ်သည်ကို မနာယူကုန်။ ချစ်သားတို့ ... ဩဝါဒကို ထားခြင်းငှါ ခွင့်ပြု၏။
ဆဗ္ဗဂ္ဂီဘိက္ခုနီတို့သည် ရဟန်းတို့အား ကိုယ်ကို လှစ်၍ ပြကုန်၏။ သနံ-သားမြတ်ကို လှစ်၍ ပြကုန်၏။ ပေါင်ကို၊ အင်္ဂါဇာတ်ကို ပြကုန်၏။ ပြက်ရယ်ဆိုကုန်၏။ ရဟန်းတို့နှင့်အတူတကွ ဆက်ဆံစေကုန်၏ ...လ... ဒုက္ကဋ်၊ ဒဏ်အမှုကို တားမြစ်ခြင်းကို ပြုခြင်းငှါ ဩဝါဒကိုထားခြင်းငှါ ခွင့်ပြု၏။
ဩဝါဒထားအပ်သော ဘိက္ခုနီနှင့်အတူ ဥပုသ်ပြုခြင်းငှါ အပ်မည်လော၊ မအပ်မည်လော-ဟု အကြံဖြစ်၏။ ချစ်သားတို့ ... ဩဝါဒ ထားအပ်သော ဘိက္ခုနီနှင့်အတူ အဓိကရုဏ်း မငြိမ်းမီ ဥပုသ်ကို မပြုအပ်။ ရှင်ဥဒါယီသည် ဩဝါဒထား၍ ခရီးဖဲသွား၏။ ချစ်သားတို့ ... ဩဝါဒကိုထား၍ ခရီးမဖဲအပ် ... ဒုက္ကဋ်။
ဗာလ၊ အဗျတ္တတို့သည် ဩဝါဒထားကုန်၏။ ချစ်သားတို့ … ဗာလ၊ အဗျတ္တသည် ဩဝါဒကို မထားအပ် ....ဒုက္ကဋ်။
ရဟန်းတို့သည် အကြောင်းမဲ့ ဩဝါဒထားကုန်၏၊ ချစ်သားတို့ ... အကြောင်းမဲ့ ဩဝါဒကို မထားအပ် - ဒုက္ကဋ်။
ရဟန်းတို့သည် ဩဝါဒထား၍ အဆုံးအဖြတ် မပေးကုန်။ ချစ်သားတို့ ... ဩဝါဒကို ထား၍ ဝိနိစ္ဆယကို ပေးအပ်၏။ မပေးငြားအံ့- ဒုက္ကဋ်။
(အာ၀ရဏန္တိ ဝိဟာရပ္ပဝေသနေ နိပါရဏံ- ဝိဟာရသို့ ဝင်ခြင်းကို တားမြစ်ခြင်းတည်း။
ဩဝါဒကိုထားခြင်းငှါ ဟူသည် ဘိက္ခုနီ ဥပဿယ သို့သွား၍ ထားရသည်မဟုတ်။ ဩဝါဒအလို့ငှါ ရောက်လာသော ဘိက္ခုနီ တို့ကို ပြောအပ်၏။ ဤမည်သော ဘိက္ခုနီသည် အာပတ်ရှိ၏။ ဘိက္ခုနီ အား ဩဝါဒကို ငါထား၏။ သူနှင့်အတူ ဥပုသ်မပြုကြနှင့်-ဟု ပြောအပ်၏။)
ဩဝါဒနှင့်ဆိုင်ရာ
ထိုအခါ ဘိက္ခုနီတို့သည် ဩဝါဒသို့ မသွားကုန်။ (ဝါ-ဩဝါဒရ-မရ မေးခြင်းငှါ မသွားကုန် (ချစ်သားတို့ … ဘိက္ခုနီသည် ဩဝါဒသို့ သွားအပ်၏၊ မသွားငြားအံ့၊ ယထာဓမ္မ ကုစားစေအပ်၏ (ပါစိတ်)။
ဘိက္ခုနီသံဃာအားလုံးသည် ဩဝါဒသို့ သွား၏။ လူတို့သည် ပေးစား၍ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ဘိက္ခုနီသံဃာ အားလုံးသည် ဩဝါဒသို့ မသွားအပ် ....ဒုက္ကဋ်။ ချစ်သားတို့ ... လေးယောက်၊ ငါးယောက်သော ဘိက္ခုနီတို့သည် ဩဝါဒသို့ သွားခြင်းငှါ ခွင့်ပြု၏။
လေးငါးယောက် သွားသည်ကို လူတို့ပေးစား၍ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... လေးယောက် ငါးယောက် ဘိက္ခုနီတို့သည် ဩဝါဒသို့ မသွားအပ် ... ဒုက္ကဋ်။ ချစ်သားတို့ ... နှစ်ယောက် သုံးယောက်သော ဘိက္ခုနီတို့သည် ဩဝါဒသို့သွားခြင်းငှါ ခွင့်ပြု၏။
ရဟန်းတစ်ပါးထံ ချဉ်းကပ်၍ …လ... လက်အုပ်ချီ၍ ဘိက္ခုနီ သံဃော အယျဘိက္ခုသံဃဿ ပါဒေဝန္ဒတိ၊ ဩဝါဒူပသင်္ကမနဉ္စယာစတိ။ လဘတုကိရအယျဘိက္ခုနီ သံဃောဩဝါဒူပသင်္ကမနံ - ဘိက္ခုနီသံဃာသည် ဘိက္ခုသံဃာ၏ ခြေတော်တို့ကို ရှိခိုးပါ၏။ ဩဝါဒသို့ ချဉ်းကပ်ခြင်းကိုလည်း တောင်းပန်ပါ၏။ အခွင့်ရလိုပါသတဲ့-ဟု ဆိုအပ်၏။
ထိုရဟန်းသည် ပါတိမောက်ပြသော ရဟန်းသို့ ချဉ်းကပ်၍ ထိုအကြောင်းကို ပြောအပ်၏။ ပါတိမောက်ပြသော ရဟန်းသည် ဘိက္ခုနောဝါဒကသမ္မုတိရသူ ရှိသလာ-ဟု ဆိုအပ်၏။ ရှိလျှင် ထိုသမ္မုတိရသူ ထံသို့ဘိက္ခုနီသံဃာ ချဉ်းကပ်စေသတည်း-ဟု ပါတိမောက်ပြသူက ညွှန်အပ်၏။
မရှိလျှင် အဘယ်အရှင် စွမ်းနိုင်သနည်းဟု မေး၍ စွမ်းနိုင်သူ အင်္ဂါ ရှစ်ပါးပြည့်စုံလျှင် သမုတ်၍ ထို သမုတ်အပ်သူ ထံသို့ ညွှန်းအပ်၏၊ စွမ်းနိုင်သူမရှိလျှင် ပါတိမောက်ပြသူသည် “သမ္မုတိရသူ မရှိ။ ပါသာဒိကေ နဘိက္ခုနီသံဃောသမ္ပာဒေတု” ဟု ဆိုအပ်၏။
ရဟန်းတို့သည် ဩဝါဒကို လက်မခံကုန်။ ဩဝါဒသို့ကပ်ခြင်းငှါ ရပါမည်လောဟု လာ၍ တောင်းပန်သည်ကို လက်မခံကုန်။) ချစ်သားတို့ … ဩဝါဒခံအပ်၏။ လက်မခံငြားအံ့- ဒုက္ကဋ်။
ရဟန်း တစ်ပါးသည် ဗာလဖြစ်၏။ ဘိက္ခုနီတို့သည် အရှင်ဘုရား ... ဩဝါဒကို လက်ခံပါဟု ဆိုကုန်၏။ ငါသည် ဗာလဖြစ်သည် အဘယ်သို့လျှင် ယူနိုင်အံ့နည်း-ဟု ဆိုလတ်သော် လက်ခံတော်မူပါ၊ ဘိက္ခူ ဟိ ဘိက္ခုနီနံ ဩဝါဒေါ ဂဟေတဗ္ဗော-ဟု ပညတ်ပါသည်ဟု ဆို၏၊ ဘုရားရှင်အား လျှောက်ကုန်၏။ ချစ်သားတို့ .... ဗာလကို ဖယ်ထား၍ ကြွင်းသော ရဟန်းတို့သည် ဩဝါဒကို လက်ခံခြင်းငှါ ခွင့်ပြု၏။
ရဟန်းတစ်ပါးသည် ဂိလာနဖြစ်၏။ ချစ်သားတို့ ... ဗာလကို ဂိလာနကို ဖယ်ထား၍ ကြွင်းသူတို့သည် ဩဝါဒကို လက်ခံခြင်းငှါ ခွင့်ပြု၏။
ရဟန်းတစ်ပါးသည် ဂမိက ခရီးသွားသူ ဖြစ်၏။ …လ… ချစ်သားတို့ ... ဗာလကို ဂိလာနကို ဂမိကကို ဖယ်ထား၍ ကြွင်းသူတို့သည် ဩဝါဒကို လက်ခံခြင်းငှါ ခွင့်ပြု၏။
ရဟန်း တစ်ပါးသည် တော၌ နေ၏။ ...လ ... ချစ်သားတို့ ... တောကျောင်းနေ ရဟန်းသည် ဩဝါဒကို လက်ခံခြင်းငှါ လည်းကောင်း၊ ဤမည်သောအရပ်သို့ ပြန်ဆောင်မည်ဟု သံကေတ-အချိန်းအချက်ပြုခြင်းငှါ လည်းကောင်း ခွင့်ပြု၏။
ရဟန်းတို့သည် ဩဝါဒကိုလက်ခံ၍ မလျှောက်ကြားကုန်။ ချစ်သားတို့ ... ဩဝါဒကို လျှောက်ကြားအပ်၏။ မလျှောက်ကြငြားအံ့- ဒုက္ကဋ်။
ရဟန်းတို့သည် ဩဝါဒကို လက်ခံ၍ ပြန်မဆောင်ကြကုန်။ ချစ်သားတို့ .... ဩဝါဒကို ပြန်ဆောင်အပ်၏။ မဆောင်ငြားအံ့- ဒုက္ကဋ်။
ဘိက္ခုနီတို့သည် ချိန်းချက်ရာကို မသွားကုန်။ ချစ်သားတို့ ... ဘိက္ခုနီသည် ချိန်းချက်ရာသို့ သွားအပ်၏။ မသွားအံ့- ဒုက္ကဋ်။
(ဩဝါဒသို့သွားအပ်၏ စသည်ကို ဘိက္ခုနီ ဝိဘင်း အဖွင့်၌ ဆိုအပ်ပြီ။ ဝါ-ဘိက္ခုနောဝါဒ သိက္ခာပုဒ်၌ ဆိုအပ်ပြီ။)
(သာဋီ ... မလျှောက်ကြားကုန် ဟူသည် ပါတိမောက် ပြသော ရဟန်းအား မလျှောက်ကြားကုန်၊
ပြန်မဆောင်ဟူသည် ဘိက္ခုနီတို့ထံ ပြန်မဆောင်ကုန်။)
ကာမဘောဂိနီတို့ကဲ့သို့
ထိုအခါ ဘိက္ခုနီတို့သည် ရှည်စွာသော ခါးပန်းတို့ကို ဆောင်ကုန်၏။ ထို ခါးပန်းတို့ဖြင့်သာလျှင် နံရိုးတို့ကို ညွတ်စေကုန်၏။ ကာမဂုဏ်ခံစားသော လူမိန်းမတို့ကဲ့သို့-ဟု လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ဘိက္ခုနီသည် ရှည်စွာသော ခါးပန်းကို မဆောင်အပ် ဒုက္ကဋ်။ ချစ်သားတို့ ... ဘိက္ခုနီအား ဧကပရိယာကတ-တစ်ပတ်ဖွဲ့ ခါးပန်းကို ခွင့်ပြု၏။ ထိုခါးပန်းဖြင့်လည်း နံရိုးတို့ကို မညွတ်စေအပ်ကုန်။ ဒုက္ကဋ်။
ဘိက္ခုနီတို့သည် ဝိလီ၀-ဝါးနှီးအပြားဖြင့် နံရိုးတို့ကို ညွတ်စေကုန်၏။ စမ္မပဋ္ဋ-သားရေပြားဖြင့်၊ ဒုဿ၀ဋ္ဋ-အဝတ်ပြားဖြင့်၊ ဒုဿဝေဏိ-အဝတ်ထုံးဖြင့်၊ ဒုဿ၀ဋ္ဋိ-အပတ်ကျစ်ဖြင့်၊ ပစာဠ၀ဋ္ဋ၊ စောဠဝေစိ၊ စောဠှ၀ဋ္ဋ-ဖန်ဆိုးသော အဝတ်အပြား၊ အထုံး၊ အကျစ်ဖြင့်၊ သုတ္တဝေဏိ၊ သုတ္တ၀ဋ္ဋ-ချည်အထုံး၊ အကျစ်ဖြင့် နံရိုးတို့ကို ညွတ်စေကုန်၏။ ကာမဘောဂိနီကဲ့သို့ဟု ကဲ့ရဲ့ကုန်၏၊ ချစ်သားတို့ ... ဘိက္ခုနီသည် ဝါးနှီး အပြားဖြင့် …လ… ချည်အကျစ်ဖြင့် နံရိုးတို့ကို မညွတ်စေအပ်ကုန်၊ ဒုက္ကဋ်။
ဘိက္ခုနီတို့သည် အဋ္ဌိလ္လ-နွား၏ မြင်းခေါင်းရိုးဖြင့်၊ ဇဃန-ခါးနေရာကို ပွတ်တိုက်စေကုန်၏၊ ဂေါဟနုက-နွားမေးရိုးဖြင့် ခါးနေရာကို ခတ်စေကုန်၏။ လက်ကို၊ ဟတ္တာကာစ္ဆ-လက်ဖမိုးကို၊ ပဒ-မြင်းခေါင်းကို၊ ပါဒကောစ္ဆ- ခြေဖမိုးကို၊ ပေါင်ကို၊ မျက်နှာကို၊ သွားဖုံးကို ခတ်စေကုန်၏။ ကာမဘောဂိနီသို့ကဲ့သို့ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ဘိက္ခုနီသည် နွား၏မြင်းခေါင်းရိုးဖြင့် ခါးကို မပွတ်တိုက်စေအပ်။ နွားမေးရိုးဖြင့် ခါးကို မခတ်စေအပ်။ ...လ... သွားဖုံးကို မခတ်စေအပ်၊ ဒုက္ကဋ်။
ဆဗ္ဗဂ္ဂီဘိက္ခုနီတို့သည် မုခံအလိမ္ပန္တိ-မျက်နှာကို လိမ်းကျံကုန်၏။ မုခံဥမ္မဒ္ဒေန္တိ-မျက်နှာကို ပွတ်တိုက်ကုန်၏။ မုခံစုဏ္ဏေန္တိ-မျက်နှာကို ချေကုန်၏။ မာနာသိလိကာယမုခံလာဥ္စန္တိ-မြင်းသီလာဖြင့် မျက်နှာကို တံဆိပ် ခတ်ကုန်၏။ အင်္ဂရာဂံကရောန္တိ-လက်သည်းစသော အင်္ဂါ၌ ဒန်းဆိုးခြင်းကို ပြုကုန်၏၊ မုခရာဂံ-နှုတ်ခမ်း ဆေးဆိုးခြင်းကို ပြုကုန်၏ အင်္ဂါဒန်းဆိုး၊ နှုတ်ခမ်းဆေးဆိုး နှစ်မျိုးလုံး ပြုကုန်၏။ ကာမဘောဂီဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ဘိက္ခုနီသည် မျက်နှာကို မလိမ်းကျံအပ်။ …လ… နှစ်မျိုးလုံး မပြုအပ်၊ ဒုက္ကဋ်။
ဆဗ္ဗဂ္ဂီဘိက္ခုနီတို့သည် ---
အဝကကရောန္တိ- သတ်တင်ရေးကွေးသော အရေးတို့ကိုပြုကုန်၏။
ဝိသေသကံကရောန္တိ-ပါးကွက်ရိုက်ကုန်၏။ ပြတင်းဖြင့် ကြည့်ကုန်၏။
သာလောကေ-အလင်းရောင်ရှိရာ၌ ရပ်ကုန်၏။
နစ္စံ ကာရာပေန္တိ- ပွဲသဘင် ကျင်းပစေကုန်၏။
ဝေသီ-ပြည့်တန်ဆာမကို မွေးကုန်၏။
ပါနာဂါရ-အရက်ဆိုင် ထားကုန်၏။
သူန-အမဲသားဆိုင် ထားကုန်၏။
အာပကာ-ဈေးဆိုင် ခင်းကုန်၏။
ဝဍ္ဎိပယောဇေန္တိ- ငွေတိုးချကုန်၏။
ဝါဏိဇ္ဇံ ပယောဇေန္တိ-ကုန်သွယ်ကုန်၏။ ကျွန်ကို လုပ်ကျွေးစေကုန်၏။ ကျွန်မကို အမှုလုပ်ယောက်ျား၊ မိန်းမကို လုပ်ကျွေးစေကုန်၏။ တိရစ္ဆာန်ကို လုပ်ကျွေးစေကုန်၏။
ဟရိတကပဏ္ဏိယံ-ဟင်းရွက်ဆိုင်ကို၊ (တစ်နည်း) ဟရိဋကပက္ကိကံ-အစိမ်း အကျက် မျိုးစုံတို့ ဆိုင်ခင်းကုန်၏။
နမနက-နံရိုးညွတ်စေသော အဖွဲ့ကို ဆောင်ကုန်၏။
ကာမဘောဂီဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ဘိက္ခုနီသည် ကွေးသော အရေး မပြုအပ်။ …လ… နမနကကို မဆာင်အပ်၊ ဒုက္ကဋ်။
ဆဗ္ဗဂ္ဂီဘိက္ခုနီတို့သည် အလုံးစုံညိုသော သင်္ကန်းကိုဆောင်ကုန်၏၊ အလုံးစုံ ရွှေသော၊ နီသော၊ မောင်းသော၊ နက်သော သင်္ကန်းကို ဆောင်ကုန်၏။ သဗ္ဗမဟာရင်္ဂရတ္တ- အလုံးစုံထင်း သန်းကျောက်ကုန်းကဲ့သို့ နီလှစွာသော မဟာရင်္ဂဆိုးရည်ဖြင့် ဆိုးသောသင်္ကန်းကို၊ မဟာနာမရတ္တ- ဖျော့တော့စွာ မဟာနာမ ဆိုးရည်ဖြင့်ဆိုးသော သင်္ကန်းကို၊ အဆာ မဖြတ်သော သင်္ကန်း၊ အဆာရှည်သောသင်္ကန်း၊ ပန်းပွင့်အဆာ၊ သစ်သီးအဆာရှိသော သင်္ကန်း၊ သင်တိုင်း လျှော်တေကို ဆောင်ကုန်၏။ ကာမဘောဂီဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ဘိက္ခုနီသည် အလုံးစုံညိုသော သင်္ကန်းကို …လ…၊ သင်တိုင်းကို လျှော်တေကို မဆောင်အပ်၊ ဒုက္ကဋ်။
(နံရိုးတို့ကို ညွှတ်စေကုန်၏ ဟူသည် ဂိဟိခါရိကာယောဒိယ- သူငယ်မကလေးတို့ကဲ့သို့ တစ်ခဲနက်ပြားသော ခါးပန်းဖြင့် နံရိုးညွှတ်အောင်ဖွဲ့ကုန်၏။
ဧကပရိယာကတသည် တစ်ကြိမ်ရစ်သော ခါးပန်းတည်း၊
ဝိလီ၀သည် နူးညံ့သော ဝါးနှီးဖြင့်ပြုသော အပြားတည်း။
ဒုဿပဋ္ဋသည် အဝတ်ဖြူ အပြားတည်း။
ဒုဿဝေဏိသည် အဝတ်ဖြူဖြင့်ပြုသော အထုံး တည်း။
ဒုဿ၀ဋ္ဋိသည် အဝတ်ဖြူဖြင့်ပြုသော ကျစ်သော အဝတ်တည်း။
စောဠပဋ္ဋစသည်၌ စောဠဏသာဝ သည် စောဠမည်၏။
အဋ္ဌိလ္လသည် ဂေါဇင်္ဃဋ္ဌိက-နွား၏ ခြေသလုံးအရိုးတည်း။
ဇဃနသည် တဋိပ္ပဒေသ-ခါးနေရာတည်း။
လက်ကိုခတ်စေခြင်းကား မောင်းဖျားကို ခတ်စေခြင်းတည်း။ မောင်းဖျားကိုခတ်ပြီးလျှင် ဥဒေါင်းအတောင် စသည်ဖြင့် ဆန်းကြယ်သောတန်ဆာပြုကုန်၏၊
ဟတ္တကောစ္ဆန္တိ ပိဋ္ဌိပါဒံ-လက်ဖမိုးကို၊
ပါဒန္တိဇဃ--မြင်းခေါင်းကို၊
ပါဒကောစ္ဆန္တိ ပိဋ္ဌိပါဒံ-ခြေဖမိုးကို၊
မျက်နှာလိမ်းကျံ စသည်သည် ခုဒ္ဒကခန္ဓက၌ ဆိုပြီးသော နည်းရှိပြီ။
အဝင်္ဂံ ကရောန္တိ ဟူသည် မျက်စိတို့ကို မျက်ရေးကွပ်လျက် အဝင်္ဂံ နေရာ၌ ခုံးသောအရေးကို ပြကုန်၏။ (ပါဠိ၌ အဝင်္ဂံ။)
ဝိသေသက ဟူသည် ပါးစောင် နေရာ၌ ဆန်းကြယ်သော သဏ္ဌာန် အထူးကိုပြုကုန်၏။
ကြည့်ကုန်၏ ဟူသည် လေသာပြတင်းကိုဖွင့်၍ လမ်းမကို ကြည့်ကုန်၏။
သာလောကေ ဟူသည် တံခါးကြီးဖွင့်၍ ထက်ဝက်သော ကိုယ်ကိုပြလျက် ရပ်ကုန်၏။
နိစ္စံ ဟူသည် နဋသမဇ္ဇ- ပွဲခံခြင်း ကိုပြုစေကုန်၏။
ဝေသိသည် ဂဏီကာ ပြည့်တန်ဆာဖြစ်၏။
ပါနာဂါရထားခြင်းကား သူရာကို ရောင်းကုန်၏။
သူနထားခြင်းကား အမဲသားရောင်းခြင်းတည်း။
အာပဏသည် ဘဏ္ဍာမျိုးစုံများစွာ ခင်းသော ကုန်စုံဆိုင်တည်း။
ကျွန်ကို လုပ်ကျွေးစေခြင်းကား ကျွန်ကိုရှာ၍ မိမိဝေယျာဝစ္စကို ပြုခိုင်း၏။
ဟရိဋက စသည်ကား၊ ဟရိဋကဉ္စေဝ-အစိမ်းကိုလည်းကောင်း၊ ပတ္တိကဉ္စ- အကျက်ကိုလည်းကောင်း၊ ပကိဏန္တိ-ရောင်းကုန်၏။
ပကိဏ္ဏကာပဏ- သောင်းပြောင်း ဆိုင်ကိုခင်းကုန်၏-ဟူလို။
အလုံးစုံညိုသော သင်္ကန်းစသည်ကို ဆိုပြီးပြီ။)
(သာဋီ … ဝိသေသကန္တိ၀ဏ္ဏ အဝင်္ဂံ။
ဝိဋီ … ဒုဿဝေဏိသည် များစွာသော အဝတ်အပြားတို့ကို တစ်ပေါင်းတည်းပြု၍ ပြုသော ဝေဏိဖြစ်၏၊
ဝိသေသကသည် ပက္ကိလေခါဒိ၀ဏ္ဏ ဝိသေသ-ပက္ကိလေခ စသော အရေးအသား အဆင်ထူးတည်း။
ပကိဏန္တီတိ ဝိက္ကိဏန္တီ၊ ရောင်းကုန်၏။
နမနကန္တိ ပါသုကဋ္ဌိ နမနကဗန္နနံ - နံရိုးတို့ကို ညွတ်စေသော အဖွဲ့တည်း။)
(ယိုးဒယားမူ၌ ပရိယာယကတ။ မြန်မာမူတို့၌ ပရိယာကတ။ ပါဠိတော်၌ နမတက။ ဝိဋီ၌ နမနက။)
အစ္စယဒါန
ထိုအခါ ဘိက္ခုနီတစ်ယောက်သည် ကွယ်လွန်အံ့သောအခါ မမစ္စယေန မယှံပရိက္ခာရော သံဃဿဟောတု- ငါလွန်သောအခါ ငါ၏ ပရိက္ခရာသည် သံဃာအား ဖြစ်စေသတည်းဟု ဆို၏။ ထိုစကားကြောင့် ရဟန်းနှင့် ဘိက္ခုနီတို့သည် ငါတို့ဆိုင်သည် ငါတို့ဆိုင်သည် ဟု ငြင်းခုံကုန်၏။ ချစ်သားတို့ ... ဘိက္ခုနီသည် ကွယ်လွန်အံ့သောအခါ မမစ္စယေနမယှံပရိက္ခာရော သံဃဿဟောတု-ဟု ဆိုငြားအံ့။ ရဟန်းသံဃာ အစိုးမရ၊ ဘိက္ခုနီသံဃာသာ အစိုးရ၏။ သိက္ခမာန်သည်၊ သာမဏေမသည် ကွယ်လွန်အံ့သောအခါ ထိုအတူ ဆိုအံ့၊ ဘိက္ခုသံဃာ အစိုးမရ၊ ဘိက္ခုနီ သံဃာသာ အစိုးရ၏။
ချစ်သားတို့ ... ရဟန်းသည်၊ သာမဏေသည်၊ ဥပါသကာသည်၊ ဥပါသိကာသည်၊ ထိုမှတစ်ပါး တစ်ယောက် ယောက်သည် ကွယ်လွန်အံ့သောအခါ ထိုအတူ ဆိုအံ့။ ဘိက္ခုနီသံဃာ အစိုးမရ၊ ဘိက္ခု သံဃာသာ အစိုးရ၏။ (ဘိက္ခုနီသံဃာပိုင် သုံးဝါရ၊ ဘိက္ခုသံဃာပိုင် ငါးဝါရ။)
(ဘိက္ခုနီ ကွယ်လွန်အံ့သောအခါ စသည်၌ ဤကား ပါဠိမုတ္တက ဝိနိစ္ဆယတည်း၊ သီတင်းသုံးဖော် ငါးယောက် တစ်ယေက်ယောက် ကွယ်လွန်အံ့သောအခါ ငါကွယ်လွန်လျှင် ငါ၏ ပရိက္ခရာသည် ဥပဇ္ဈာယ်အား ဖြစ်စေ သတည်း။ ဆရာအား၊ အတူနေတပည့်အား၊ အတွင်းနေ တပည့်အား၊ အမိအား၊ အဘအား၊ ထိုမှတစ်ပါး တစ်ယောက်ယောက်အား ဖြစ်စေသတည်းဟုဆိုအံ့၊ ထိုသူတို့အား မဖြစ်၊ သံဃာအားသာ ဖြစ်၏။
သီတင်းသုံးဖော် ငါးယောက်၏ အစ္စယဒါနသည် ဝါ-ငါသေလျှင်ယူဟု သေပြီးမှ ပေးခြင်းသည် အပေးမမြောက်။ လူတို့၏ အစ္စယဒါနကား အပေးမြောက်၏။ (သေသူပေးက ရှင်သူရ၏။)
ရဟန်းသည် ဘိက္ခုနီဝိဟာရ၌ သေအံ့၊ ထိုရဟန်း၏ ပရိက္ခရာသည် ရဟန်းတို့အားသာ (သံဃိက) ဖြစ်၏။
ဘိက္ခုနီသည် ရဟန်းကျောင်း၌သေအံ့၊ ထိုဘိက္ခုနီ၏ ပရိက္ခရာသည် ဘိက္ခုနီတို့အားသာ (သံဃိက) ဖြစ်၏။
သာမိစိကမ္မ
ထိုအခါ မလ္လိ-လက်ပမ်းသည်၏ မယားဖြစ်ဖူးသော ဘိက္ခုနီတစ်ယာက်သည် လမ်းတွင် အားနည်းကာ ရဟန်းကို ပခုံးစွန်းဖြင့် ပုတ်ခတ်၍ လဲကျစေ၏။ ဘိက္ခုနီသည် ရဟန်းအား ပုတ်ခတ်ရာသလောဟု ရဟန်းတို့ ကဲ့ရဲ့ ကုန်၏။ ချစ်သားတို့ ... ဘိက္ခုနီသည် ရဟန်းအား ပုတ်ခတ်ခြင်းကို မပေးအပ်။ ဒုက္ကဋ်။ ချစ်သားတို့ ... ဘိက္ခုနီသည် ရဟန်းကို မြင်လျှင် အဝေးမှရှောင်၍ ခရီးပေးခြင်းငှါခွင့်ပြု၏။
မိန်းမတစ်ယောက်သည် လင်ကင်းလျက် တစ်ယောက်ဖြင့် ကိုယ်ဝန် ရ၏၊ ကိုယ်ဝန်ကို ကျစေပြီးလျှင် ဘိက္ခုနီတစ်ယေက်ကို သပိတ်ဖြင့် ယူသွားပါ-ဟု ဆို၏။ ဘိက္ခုနီသည် သပိတ်ဖြင့်ထည့်၍ သင်္ကန်းဖြင့်ဖုံး၍ သွား၏။ ဆွမ်းခံသွားသော ရဟန်းတစ်ပါးသည် ရှေးဦးစွာ ရသော ဆွမ်းကို မလှူဘဲ မစားပါအံ့-ဟု ဆောက်တည်ထား၏။
ထိုဘိက္ခုနီကို မြင်လတ်သော် နှမ – ဆွမ်းကို ခံယူပါ-ဟု ဆို၏။ သုံးကြိမ်တိုင်ပယ်၍ သပိတ်ကို ဖွင့်ပြပြီးလျှင် သူတစ်ပါးအား မပြောပါနှင့်-ဟု ဆို၏။ ထိုရဟန်းကဲ့ရဲ့၏။ ချစ်သားတို့ ... ဘိက္ခုနီသည် သပိတ်ဖြင့် ကိုယ်ဝန်ကို မဆောင်အပ်၊-ဒုက္ကဋ်။ ချစ်သားတို့ … ဘိက္ခုနီသည် ရဟန်းကို မြင်လျှင် သပိတ်ကိုဆောင်၍ ပြခြင်းငှါခွင့်ပြု၏။
ဆဗ္ဗဂ္ဂီဘိက္ခုနီတို့သည် ရဟန်းကိုမြင်လျှင်ပတ္တမူလ-သပိတ်ဖြင့် ဖင်ကိုလှည့်၍ ပြကုန်၏။ ချစ်သားတို့ … ဘိက္ခုနီသည် ရဟန်းကိုမြင်လျှင် ပတ္တမူလ-ကို လှည့်၌ မပြအပ်၊-ဒုက္ကဋ်။ ချစ်သားတို့ ... ဘိက္ခုနီသည် ရဟန်းကိုမြင်လျှင် သပိတ်ဖွင့်၍ ပြခြင်းငှါ ခွင့်ပြု၏။ သပိတ်၌ရှိသော အာမိသဖြင့်လည်း ရဟန်းကို ဖိတ်ကြား အပ်၏။
ထိုအခါ သာဝတ္တိ၌ လမ်းမ၌ ပုရိသဗျဉ္ဇန-ယောက်ျား နိမိတ်ကို ပစ်ထား၏။ ဘိက္ခုနီတို့သည် ထိုကို တစိန့်စိန့် ကြည့်ကုန်၏။ လူတို့ ကြွေးကြော်၍ ဘိက္ခုနီတို့ မျက်နှာပျက်ကုန်၏။ ချစ်သားတို့ ... ဘိက္ခုနီသည် ပုရိသဗျဉ္ဇနကို မကြည့်အပ်- ဒုက္ကဋ်။
(ပုရာဏေဂိဟိကာလေမလ္လကဿဘရိယာ- မလ္လိ၊ လူဖြစ်စဉ်က လက်ပမ်းသည်၏ မယား။)
ပုရိသဗျဉ္ဇနသည် ပုရိသနိမိတ်ဖြစ်၏။ ပြတ်၊ မပြတ်၊ ဖုံး၊ မဖုံး-ဤနေရာ၌ ပုရိသဗျဉ္ဇနတည်း-ဟု စိတ်ကို ဖြစ်စေ၍ ကြည့်ရှုအံ့- ဒုက္ကဋ်။)
(ဇီဋီ … ဖိတ်ကြားအပ်၏- ဟူသည်ကို သာမိစိ အစွမ်းဖြင့် ဆိုသည်။
သာဋီ .... ဖိတ်ကြားအပ်၏-ဟူသော စကားသည် သမိစိပြကြောင်း စကားတည်း။ မဖိတ်ကြားသူအား အာပတ်ကား မသင့်။)
သန္နိဓိအာမိသ
ထိုအခါ လူတို့သည် ရဟန်းတို့အား အာမိသကို လှူကုန်၏။ ရဟန်းတို့သည် ဘိက္ခုနီတို့အား ပေးကုန်၏။ အဘယ်ကြောင့် မိမိသုံးဆောင်ခြင်းငှါ လှူသည်ကို သူတစ်ပါးအား ပေးဘိသနည်း။ ငါတို့သည် အလှူ လှူခြင်းငှါ မသိကုန်သလော-ဟု လူတို့ကဲ့ရဲ့ကုန်၏၊ ချစ်သားတို့ … မိမိသုံးဆောင်ခြင်းငှါ လှူအပ်သည်ကို သူတစ်ပါး တို့အား မပေးအပ်-ဒုက္ကဋ်။
ရဟန်းတို့အား အာမိသသည် ပေါများ၏။ ချစ်သားတို့ ... သံဃာအား လှူခြင်းငှါ ခွင့်ပြု၏။
လွန်စွာ ပေါများ၏၊ ချစ်သားတို့ ... ပုဂ္ဂလိက ပြု၍လည်း လှူခြင်းငှါ ခွင့်ပြု၏။
ရဟန်းတို့၏ သိုမှီးခြင်းကို ပြုအပ်သော အာမိသသည် ပေါများ၏။ ချစ်သားတို့ … ရဟန်းတို့၏ သန္နိမိကို ဘိက္ခုနီတို့သည် အကပ်ခံ၍ ဘုဉ်းပေးခြင်းငှါ ခွင့်ပြု၏။
လူတို့သည် ဘိက္ခုနီတို့အား အာမိသကို လှူကုန်၏။ ဘိက္ခုနီတို့သည် ရဟန်းတို့အား လှူကုန်၏။ …လ… လူတို့ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ဘိက္ခုနီသည် မိမိသုံးဆောင်ခြင်းငှါ လှူအပ်သည်ကို သူတစ်ပါးတို့အား မပေးအပ်၊ ဒုက္ကဋ်။
ဘိက္ခုနီတို့အား အာမိသ ပေါများ၏၊ ချစ်သားတို့ ... သံဃာအား လှူခြင်းငှါ ခွင့်ပြု၏။
လွန်စွာပေါများ၏။ ချစ်သားတို့ ... ပုဂ္ဂလိကပြု၍လည်း လှူခြင်းငှါခွင့်ပြု၏။
ဘိက္ခုနီတို့၏ သန္နိဓိအာမိသသည် ပေါများ၏။ ချစ်သားတို့ ... ဘိက္ခုနီတို့၏ သန္နိဓိကို ရဟန်းတို့သည် အကပ်ခံ၍ ဘုဉ်းပေးခြင်းငှါ ခွင့်ပြု၏။
ထိုရဟန်းတို့အား သေနာသနသည် ပေါများ၏။ ဘိက္ခုနီတို့အား မလောက်။ ဘိက္ခုနီတို့သည် ရဟန်းတို့ထံ တာ၀ကာလိက-အခိုက်အတံ့ ပေးတော်မူကြပါဟု တမန်စေကုန်၏။ ချစ်သားတို့ ... ဘိက္ခုနီတို့အား သေနာသနကို တာဝကာလိက ပေးခြင်းငှါ ခွင့်ပြု၏။
(မိမိသုံးဆောင်ခြင်းငှါ လှူခြင်း မည်သည် အရှင်တို့သာလျှင် သုံးဆောင်ဘော်မူကြပါ-ဟု ဆို၍ လှူသောစ္စည်း ဖြစ်၏။ ထိုပစ္စည်းကို သူတစ်ပါးအား ပေးအံ့၊ ဒုက္ကဋ်။ အဦးအဖျား ယူပြီး၌သော်ကား ပေးခြင်းငှါ အပ်၏။ အသပ္ပါယဖြစ်လျှင် အလုံးစုံကို ပယ်ခြင်းငှါ အပ်၏။
သင်္ကန်းကို တစ်ရက် နှစ်ရက်-သုံးရက် သုံးဆောင်ပြီးလျှင် လှူခြင်းငှါ အပ်၏။ သပိတ် စသည်၌လည်း ဤနည်းသာတည်း။
ရဟန်းတို့၏ သန္နိဓိကို စသည်၌ ယမန်နေ့၌ အကပ်ခံ၍ထားသော အသားကို ယနေ့၌ တစ်ပါးသော လူသာမဏေ မရှိလျှင် ရဟန်းတို့ကို ကပ်စေ၍ ဘိက္ခုနီတို့သည် ဘုဉ်းပေးအပ်၏။ ရဟန်းတို့ အကပ်ခံသော အာမိသသည် ဘိက္ခုနီတို့၏ အပ္ပဋိဂ္ဂဟိတကဋ္ဌာန- အကပ်မခံသေးသောအရာ၌ တည်၏။ ဘိက္ခုနီတို့ အကပ်ခံသော အာမိသသည်လည်း ရဟန်းတို့၌ ဤနည်းသာတည်း။)
(ဇီဋီ ... တာဝကာလိက ပေးခြင်းကို ပုဂ္ဂလိကကို ရည်ဆိုသည်။ သံဃိကကို မဟုတ်ဟု ဆရာမြတ်သည် မိန့်ဆို၏။)
ဥတုပန်းပွင့်ခြင်း
ထိုအခါ ဥတုလာသော ဘိက္ခုနီတို့သည် မြှေးယှက်အပ်သော ဩနဒ္ဓမဉ္စ၊ ဩနဒ္ဓပိဋ္ဌ၌ ထိုင်ကုန်၊ အိပ်ကုန်၏။ သေနာသနသည် သွေးအလိမ်းလိမ်းကပ်၏။ ချစ်သားတို့ ... ဘိက္ခုနီသည် မြှေးယှက်အပ်သော ညောင်စောင်း အင်းပျဉ်၌ မထိုင်အပ်၊ မအိပ်အပ်။ ထိုင်ငြားအံ့၊ အိပ်ငြားအံ့၊ ဒုက္ကဋ်။ ချစ်သားတို့ ... အာ၀သထ စီ၀ရ- ဥတုလာ သောအခါ ဝတ်စရာ ဥတုနှီးသင်္ကန်းကို ခွင့်ပြု၏။
ဥတုနှီးသင်္ကန်းသည် သွေးလိမ်းကပ်၏။ ချစ်သားတို့ ... အာဏိစောဠက- ဆို့စရာ ပုဆိုးကြမ်းကို ခွင့်ပြု၏။
ပုဆိုးကြမ်းသည် ပြုတ်ကျ၏။ ချစ်သားတို့ … ကြိုးဖြင့်ချည်၍ ပေါင်၌ ဖွဲ့ခြင်းငှါ ခွင့်ပြု၏။
ကြိုးသည် ပြတ်၏။ ချစ်သားတို့ ... သံဝေလ္လိယ-ခါးတောင်းကျိုက်ကို၊ ကဋိသုတ္တက-ခါးကြိုးကို ခွင့်ပြု၏။
ဆဗ္ဗဂ္ဂီဘိက္ခုနီတို့သည် အခါခပ်သိမ်း ခါးကြိုးကို ဆောင်ကုန်၏။ ကာမဘာဂီတို့ ကဲ့သို့ဟု လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ … ဘိက္ခုနီသည် အခါခပ်သိမ်း ခါးကြိုးကို မဆောင်အပ်၊ ဒုက္ကဋ်။ ချစ်သားတို့ ... ဥတုလာသူအား ခါးကြိုးကို ခွင့်ပြု၏။
(အာဂတကာလေနိဝါ သီယတေ ပရိဒဟိယတေတိ-အာဝသတံ။ လာသောအခါ ဝတ်အပ်သော စီ၀ရ။)
(ဇီဋီ ... ဥတုလာသူအား ကဋိသုတ္တကကို ခွင့်ပြုခြင်းကြောင့် ရဟန်းတို့အား ဝိနိဗန္ဓကဋိသုတ္တက-ဖွဲ့သော ခါးကြိုးသည် မအပ်။
ဝိဋီ ... သံ၀လ္လိ ယန္တိကစ္ဆံ ဗန္ဓိတွာနိဝါသနံ - ခါးတောင်းကျိုက်၍ သင်းပိုင် ဝတ်ခြင်း တည်း။) (သံဝေလ္လိယ၊ သံဝလ္လိယ-စာလုံးကွဲ၏။)
ဘိက္ခုနီ ဥပသမ္မဒကံဆောင်
ထိုအခါ ရဟန်းပြုပြီး သူတို့သည် နိမိတ်မရှိသူ ...လ... ဥဘဘောဗျည်း ဖြစ်သူတို့သည် ထင်ရှားကုန်၏။ ဘုရားရှင်အား လျှောက်ကုန်၏။ ချစ်သားတို့ ... ဥပသမ္ပာဒေန္တိယာ- ရဟန်းပြုပေးလိုသူသည် ၂၄-ပါးသော အန္တရာယိကဓမ္မတို့ကို ရဟန်းလောင်းကို မေးခြင်းငှါ ခွင့်ပြု၏။
မေးပုံကား ..
နသိ အနိမိတ္တာ-နိမိတ်မရှိသူ မဖြစ်ဘဲ ရှိ၏လော၊
နသိနိမိတ္တမတ္တာ- နိမိတ်ရာမျှရှိသူ မဖြစ်ဘဲရှိ၏လော၊
နသိ အလောဟိတာ- အမြဲသွေးမလာသူ မဖြစ်ဘဲ ရှိ၏လော၊
နသိ ဓု၀လောဟိတ- အမြဲ သွေးလာသူ မဖြစ်ဘဲ ရှိ၏လော၊
နသိ ဓု၀စောဠာ- အမြဲပုဆိုးကြမ်း ဆို့ရသူ ....၊
နသိပဂ္ဃရန္တိ-သွေးစက်စက်ယိုသူ ...၊ (၆)
နသိ သိခရဏီ- အသားစွန်း ထွက်သူ..၊
နသိ ဣတ္ထိပဏ္ဍကာ- မိန်းမပဏ္ဍုက် …၊
နသိ ဝေပုရိသိကာ- ယောကျ်ားသဖွယ် ကြင်စွယ်မုတ်ဆိတ်ပေါက်သူ ...၊
နသိ သမ္ဘိန္နာ - မဂ်နှစ်ခု ဆက်သူ…၊
နသိ ဥဘကောဗျဇ္ဈနကာ- ဥဘတောဗျည်း ဖြစ်သူ မဖြစ်ဘဲ ရှိ၏လော။ (၅)
သန္တိတေဧ၀ရူပါအာဗာဓာ- သင်အား ဤသို့သော အနာတို့ ရှိကုန်သလော၊
ကုဋ္ဌံ-နူနာရှိသလော၊
ဂဏ္ဍော-ထွတ်မြင်းနာ၊
ကိလာသော-ညှင်းနာ၊
ယောသော- ခယရုဂ်ချောင်းဆိုးနာ၊
အပမာရော- သူရူးနာ ရှိသလော (၅)
မနုဿာသိ- လူဟုတ်၏လော၊
ဣတ္ထိသိ-မိန်းမ ဟုတ်၏လော၊
ဘုဇိဿာသိ-သတာ်လှန်သူ၊
အနဏာသိ- ကြွေးမှီကင်းသူ၊
နသိရာဇဘဋီ- မင်းမှုထမ်းသူ မဖြစ်ဘဲရှိ၏လော၊
အနုညာတာသိ မာတုပိတု ဟိယာမိကေန- မိဘနှင့် လင်ယောကျ်ား ခွင့်ပြု၏လော၊
ပရိပုဏ္ဏဝီသတိ ၀ဿာသိ- အသက် ၂၀-ပြည့်၏လော၊
ပရိပုဏ္ဏံတေပတ္တစီဝရံ- သင်အား သပိတ်သင်္ကန်းပြည့်စုံ၏လော (၈ ...ဤတွင် ၂၄ ပြည့်ပြီ။)
ကိံ နာမာသိ- သင်အား ဘယ်အမည်ရှိသနည်း။ ကာနု၀မာတေ ပဝတ္တိနိ- သင်၏ ဥပဇ္ဈာယ်သည် အဘယ်အမည် ရှိသနည်း။ ဤသို့မေးအပ်၏။
ထိုအခါ ရဟန်းတို့သည် ဘိက္ခုနီတို့၏ အန္တယိကဓမ္မတို့ကို မေးကုန်၏၊ ရဟန်းလောင်းတို့သည် ရွံ့ကုန်၏။ မျက်နှာပျက်ကုန်၏။ မဖြေနိုင်ကြကုန်။ ချစ်သားတို့ ... ဧကတောဥပသမ္ပန္နာ ဖြစ်သော ဘိက္ခုနီသံဃာ၌ စင်ကြယ်ပြီးသူကို ဘိက္ခုသံဃာ၌ ရဟန်းပြုပေးခြင်းငှါ ခွင့်ပြု၏။
ဘိက္ခုနီတို့သည် မဆုံးမဘဲ ရဟန်းလောင်းတို့ကို အန္တရာယိကဓမ္မကို မေးကုန်၏။ ရွံ့၍ မဖြေနိုင်ကုန်။ ချစ်သားတို့ ... ရှေးဦးစွာဆုံးမ၍ နောက်၌ အန္တရာယိကဓမ္မတို့ကို မေးခြင်းငှါ ခွင့်ပြု၏။
ထိုသံဃာ့ အလယ်၌ ဆုံးမကုန်၏။ ရွံ့၍ မဖြေနိုင်ကုန်။ ချစ်သားတို့ .... တစ်ခုသော နေရာ၌ ဆုံးမ၍ သံဃာ့ အလယ်၌ အန္တရာယိကဓမ္မတို့ကို မေးခြင်းငှါ ခွင့်ပြု၏။
ချစ်သားတို့ ... ဤသို့ ဆုံးမအပ်၏။ ပထမံ ဥပဇ္ဈံ ဂါဟာပေတဗ္ဗာ။ ဥပဇ္ဈံဂါဟာပေတွာ ပတ္တစီ၀ရံ အာစိက္ခိတဗ္ဗံ၊ အယံတေပတ္တော။ အယံ သံဃာဋိ၊ အယံဥတ္တရာဘ၀င်္ဂါ၊ အယံ အန္တရဝါသကော၊ ဣဒံ သံကစ္စိတံ၊ ရင်လွှမ်း တဘက်၊ အယံ ဥဒကသာဋိကာ-ရေသနုပ်။ (သင်္ကန်းငါးထည်) ဂစ္ဆာအမုမှိဩကာ လေတိဋ္ဌာဟိ-ဟု ဆိုအပ်၏။
ဗာလာအဗျတ္တာတို့သည် ဆုံးမကုန်၏။ ရွံ့၍ မဖြေနိုင်ကုန်။ ချစ်သားတို့ ... ဗာလာအဗျတ္တာသည် မဆုံးမအပ်၊ - ဒုက္ကဋ်။ ချစ်သားတို့ .... ဗျတ္တာပဋိဗလာဖြစ်သော ဘိက္ခုနီသည် ဆုံးမခြင်းငှါ ခွင့်ပြု၏။
သမ္မုတိမရဘဲ ဆုံးမကုန်၏။ ချစ်သားတို့ … သမ္မုတိမရဘဲ မဆုံးမအပ်- ဒုက္ကဋ်။ ချစ်သားတို့ ... သမ္မုတိရသူသည် ဆုံးမခြင်းငှါ ခွင့်ပြု၏။
သုဏာတုမေ အယျေသံဃော ...လ... အဟံ နာဂံ အနုဘာသေယျ-ဟု ဉာတ္တိကံဖြင့် မိမိကိုယ်ကိုမိမိ သမုတ်အပ်၏။
ဣတ္တန္နာမာ နာဂံ အနုသာသေယျ-ဟု သူတစ်ပါးကိုလည်း သမုတ်အပ်၏။
သမ္မုတိရသူသည် ရဟန်းလောင်းထံ ချဉ်းကပ်၍ ... သုဏသိနာဂေ ....လ… ကာနာမာတေ ပဝတ္တိနိ-ဟု ဆိုအပ်၏။
အတူတကွ လာကုန်၏။ ချစ်သားတို့ ... အတူတကွ မလာအပ်။ ဆုံးမတတ်သူသည် ရှေးဦးစွာ လာ၍ သုဏာတုမေ ...လ... အာဂစ္ဆေယျ- ဟူသော ဉတ်ဖြင့် သံဃာကို သိစေအပ်၏။ အာဂစ္ဆာဟိဟု ဆိုကုန်၏။ ပုခုံး တစ်ဖက်၌ စမ္ပယ်တင်စေ၍ ...လ... လက်အုပ်ချီစေ၍ ရဟန်းအဖြစ်ကို တောင်းစေအပ်၏။
သံဃံအယျေဥပသမ္ပဒံယာစာမိ၊ ဥလ္လမ္ပတုအယျေသံဃော အနုကမ္ပံ ဥပါဒါယ-ဟု သုံးကြိမ် တောင်းစေအပ်၏။ ဗျတ္တာပဋိဗလာသည် သုဏာတုမေ ...လ... အန္တရာယိကေဓမ္မေပုစ္ဆေယျံ-ဟု သံဃာကို သိစေအပ်၏။ သုဏသိနာဂေ-အယံတေသစ္စကာလော ဘူတကာလော၊ ယံဇာတံ တံပုစ္ဆာမိ၊ သန္တံအတ္တီတိ ဝတ္တဗ္ဗံ၊ အသန္တံ နတ္တီတိ ဝတ္တဗ္ဗံ၊ နသိအနိမိတ္တာ၊ ...လ... ကာနာမာတေပ၀တ္တိနိ- ဟုမေးစစ်အပ်၏။ ဗျတ္တာပဋိဗလာသည် ဉတ္တိ စတုတ္ထ ကမ္မဝါစာဖြင့် သံဃာကို သိစေအပ်၏။
သုဏာတုမေ အယျေသံဃော။ အယံနာဂါ အယျာယတိဿာယ ဥပသမ္ပဒါပေက္ခာ ပရိသုဒ္ဒါ အန္တရာယိကေဟိ-ဓမ္မေဟိ။ ပရိပုဏ္ဏဿာ ၀တ္တစီဝရံ။ နာဂါသံဃံ ဥပသမ္ပဒံ ယာစတိ အယျာယတိဿာယပဝတ္ထိနိယာ၊ ယဒိသံဃဿပတ္တကလ္လံ၊ သံဃောနာဂံဥပသမ္ပာဒေယျ အယျယေတိဿာယ ပဝတ္တိနိယာ။ ဧသာဉတ္တိ။ သုဏတုမေ အယျေသံဃော။ အယံနာဂါ အယျာယတိဿာယ ဥပသမ္ပဒါပေက္ခာ ပရိသုဒ္ဓါ အန္တရာ ယိတေဟိဓမ္မေဟိ၊ ပရိပုဏ္ဏဿာ ပတ္ထစီဝရံ။ နာဂါသံဃံ ဥပသမ္ပဒံယာစတိ အယျာယတိဿာယ ပဝတ္တိနိယာ သံဃော နာဂံဥပသမ္ပဒံယာစတိ အယျာယတိဿာယ ပဝတ္တိနိယာ။ သံဃော နာဂံ ဥပသမ္ပာဒေတိ အယျာယတိဿာယ ပဝတ္တိနိယာ။ ယဿာ အယျာယ ခမတိ နာဂါယ ဥပသမ္ပဒံ အယျာယတိဿာယ-ပဝတ္တိနိယာ။ သာတုဏှဿ။ ယဿာနက္ခမတိ၊ သာတာသေယျ၊ ဒုတိယမ္ပိ ဧတမတ္ထံ ဝဒါမိ ...လ... ။ တတိယမ္ပိ ဧတမတ္ထံ ၀ဒါမိ၊ …လ…။ ဥပသမ္ပန္နာ သံဃေန နာဂါအယျာယ တိဿာယ ပဝတ္တိနိယာ၊ ခမတိ သံဃဿ၊ တသ္မာတုဏှီ။ ဧ၀မေတံ ဓာရယာမိ။ ဤသို့ သံဃာကို သိစေအပ်၏။
ထိုခဏ၌ ထိုဘိက္ခုနီအသစ်ကိုခေါ်၍ ရဟန်းသံဃာထံချဉ်းကပ်၍ ...လ... လက်အုပ်ချီ၍ ရဟန်းအဖြစ်ကို တောင်းစေအပ်၏။ ... အဟံ အယျာနာဂါအယျာယတိဿာယ ဥပသမ္ပဒါပေက္ခာ ဧကတော ဥပသမ္ပန္နာ ဘိက္ခုနီ သံဃေဝိသုဒ္ဓါ။ သံဃအယျာဥပသမ္ပဒံယာစာမိ။ ဥလ္လမ္ပတုမံ အယျာ သံဃော အနုကမ္ပံ ဥပါဒါယ-ဟု သုံးကြိမ် တောင်းစေအပ်၏။ “ဗျတ္တရဟန်းသည် သံဃာကို သိစေအပ်၏။ သုဏာတုမေဘန္တေသံဃော၊ အယံနာဂါအယျာယတိဿာယ ဥပသမ္ပဒါပေက္ခာ ဧကတော ဥပသမ္ပန္နာ ဘိက္ခုနီ သံဃေဝိသုဒ္ဓါ၊ နာဂါသံဃံ ဥပသမ္ပဒံ ယာစတိ၊ အယျာယ တိဿာယ ပဝတ္တိနိယာ။ ယဒိသံဃဿ ပတ္တကလ္လံ။ သံဃောနာဂံ ဥပသမ္ပာဒေယျ အယျာယတိဿာယပဝတ္တိနိယာ။ ဧသာဉာတ္တိ။ သုဏာတုမေဘန္တေ ...လ... ယာစတိ …လ... ပဝတ္တိနိယာ။ သံဃောနာဂံ ဥပသမ္ပာဒေတိ၊ အယျာယတိဿာယပတ္တိနိယာ။ ယဿာယသ္မတော ခမတိ နာဂါယ ဥပသမ္ပဒါ အယျာယတိဿာယ ပတ္တိနိယာ သောတုဏှဿ။ ယဿ နက္ခမတိ၊ သောဘာသေယျ။ ဒု-တ။ ဥပသမ္ပန္နာ သံဃေနနာဂါ အယျာယတိဿာယ ပဝတ္တိနိယာ။ ခမတိသံဃဿ၊ ကသ္မာတုဏှိ။ ဧဝမေတံ ဓာရယာမိ။
တ၀ဒေဝဆာယာမေတဗ္ဗာ၊ ဥတုပမာဏံ အာစိက္ခိတဗ္ဗံ၊ ဒိဝသဘာဂေါ အာစိက္ခိတဗ္ဗော၊ သံဝီတိအာစိက္ခိတဗ္ဗာ။ ဘိက္ခုနီတို့ကို ဤ ဘိက္ခုနီအသစ်အား မှီရာသုံးပါး အကရဏီယရှစ်ပါးတို့ကို ပြောကြားကြကုန်လော-ဟု ဆိုအပ်ကုန်၏။ (ဘိက္ခုနီပါရာဇိက ရှစ်ပါးသည် အကရဏီယရှစ်ပါးမည်၏။)
(ဇီဋီ ... ပဂ္ဃရန္တိသည် ဝိဿဝိတာ- ယိုစီး၏။
ဝေပုရိသိကာသည် မဿုဒါခိ-မုတ်ဆိတ်ကြင်စွယ်ရှိ၏။
မှီရာသုံးပါးဟူသည် ရုက္ခမူလကို မရသောကြောင့်တည်း။
သာဋီ … မှီရာသုံးပါးဟူသည် သေနာသနမှီရာကို ပယ်၍ ကြွင်းသုံးပါးဖြစ်၏၊ ရုက္ခမူလသေနာသနကို မရသောကြောင့်တည်း။
ဝိဋီ .... မှီရာသုံးပါးဟူသည်ကို ဘိက္ခုနီတို့အား ရုက္ခမူလ သေနာသန မရသောကြောင့် ဆိုသည်။)
ဘတ္တဂ္ဂ၌ ကြီးစဉ်ရှစ်ပါး
ထိုအခါ ဘိက္ခုနီတို့သည် ဆွမ်းစားကျောင်း၌ နေရာပြောင်းရွှေ့ကြသဖြင့် အချိန်ကိုလွန်စေကုန်၏။ ချစ်သားတို့ ... ရှစ်ပါးသော ဘိက္ခုနီတို့အား၊ ယထာ၀ုဍ္ဎ- သီတင်းကြီးစဉ်အတိုင်း ကြွင်းသူတို့အား၊ ယထာဂတိက–ရောက်လာစဉ်အတိုင်း ခွင့်ပြု၏၊ ဘိက္ခုနီတို့သည် ရှစ်ပါးကြီးစဉ် ခွင့်ပြုသည်ဟု နေရာတိုင်း ရှစ်ပါးသာ ကြီးစဉ် ဟုတားကုန်၏။ ချစ်သားတို့ ... ဘက္ကဂ္ဂ၌ ရှစ်ပါးသော ဘိက္ခုနီတို့အား ယထာ၀ုဍ္ဎ။ ကြွင်းသူတို့အား ယထာဂတိက ရောက်လာစဉ်ဖြင့် ခွင့်ပြု၏။ တစ်ပါးသောနေရာ၌ နေရာတိုင်း သီတင်းကြီးစဉ်ကို မထားအပ်-ဒုက္ကဋ်။
(နေရာပြောင်းရွှေ့ကြသဖြင့် စသည်ကား တစ်ပါးကို ထစေ၍ တစ်ပါးကိုထိုင်စေကုန်လျက် ဆွမ်းစားချိန်ကို လွန်စေကုန်၏။
ရှစ်ပါးတို့အား ယထာ၀ုဍ္ဎ ဟူသည်၌ ရှေးဦးစွာ ရှစ်ပါးထိုင်ပြီးသည်ရှိသော် ထိုသို့ ၏ အတွင်းဝင်တစ်ပါး ရောက်လာအံ့၊ ထိုရောက်လာသူသည် မိမိအောက် ငယ်သူကို ထစေ၍ ထိုင်ခြင်းငှါအပ်၏, ရှစ်ပါးအောက် ငယ်လျှင် ဝါ ၆၀ ရသော်လည်း ရောက်လာစဉ်ဖြင့်သာ ထိုင်ခြင်းငှါအပ်၏။
တစ်ပါးသော နေရာ ...လ... မတားအပ် ဟူသည် ဘက္ကဂ္ဂကိုဖယ်ထား၍ တစ်ပါးသော ပစ္စည်းလေးပါး ဝေဖန်ရာ ဌာန၌ ရှေးဦးစွာရောက်သည်ဟု သီတင်းကြီးကိုတား၍ တစ်စုံတစ်ခုကို မယူအပ်။ ယထာ၀ုဍ္ဎသာ အပ်၏။)
(ပရိဝါ၌- ရှစ်ပါးထိုင်ပြီးနောက် န၀မမှစ၍ ဥပဇ္ဈာယ်သော်လည်း ရှိခိုးသာထိုက်သည်၊ ခရီးဦး မကြိုဆိုထိုက်၊ နေရာမပေးထိုက်ဟု ဆိုလတ္တံ့။ ထိုသို့နေရာ မပေးထိုက်ဟု ဆိုသော်လည်း ထခိုင်းလျှင်ထရမည်သာဘည်း။)
(ဇီဋီ ... ဘတ္တဂ္ဂ၌ ဒါယကာတို့သည် ဘိက္ခုနီသံဃာအား ဆွမ်းဘုဉ်းပေးပြီးသည်ရှိသော် ပစ္စည်းလေးပါး လှူလိုကုန်အံ့၊ ယထာ၀ုဍ္ဎသာ အပ်၏။
ဝိဋီ .... ရှစ်ပါးသာ ကြီးစဉ်ဟု တားကုန်၏ဟူသည် ရှစ်ပါးတို့သည် ကြီးစဉ်ဖြင့်သာ ခံယူကြ၍ ရောက်လာသော အစဉ်ကို တားကုန်၏။ ရှစ်ပါး မဟုတ်သူတို့က မတားဟူလို။)
ဘိက္ခုနီပဝါရဏာ
ထိုအခါ ဘိက္ခုနီတို့သည် ပဝါရဏာ မပြုကုန်။ ချစ်သားတို့ ... ဘိက္ခုနီသည် ပဝါရဏာ ပြုအပ်၏။ မပြုငြားအံ့၊ ယထာဓမ္မ ကုစားစေအပ်၏။ (ပါစိတ်)။
ဘိက္ခုနီတို့သည် မိမိပဝါရဏာ ပြု၍ ရဟန်းသံဃာထံ၌ ပဝါရဏာ မပြုကုန်။ ချစ်သားတို့ ... ဘိက္ခုနီသည် မိမိပဝါရဏာပြု၍ ရဟန်းသံဃာထံ၌ ပဝါရဏာပြုအပ်၏။ မပြုငြားအံ့၊ ယထာဓမ္မ ကုစားစေအပ်၏။
ဘိက္ခုနီတို့သည် ရဟန်းတို့နှင့်အတူ တစ်ပေါင်းတည်း၊ ပဝါရဏာပြုကြသဖြင့် အုတ်အုတ်ကျက်ကျက် ပြုကုန်၏။ ချစ်သားတို့ ... ဘိက္ခုနီသည် ရဟန်းတို့နှင့်အတူ တစ်ပေါင်းတည်း ပဝါရဏာမပြုအပ်၊ ဒုက္ကဋ်။
ဘိက္ခုနီတို့သည် ဆွမ်းမစားမီ နံနက်ခင်း ပဝါရဏာပြုကြသဖြင့် အချိန်လွန်ကုန်၏။ ချစ်သားတို့ .... ဆွမ်းစားပြီး ညနေချမ်း၌ ပဝါရဏာပြုခြင်းငှါ ခွင့်ပြု၏။
ညနေချမ်း ပဝါရဏာပြုကြသဖြင့် ဝိကာလ-နေဝင်မိုးချုပ်ချိန်၌ ဖြစ်ကုန်၏။ ချစ်သားတို့ … ယနေ့ ပဝါရဏာ ပြု၍ နောက်နေ့၌ ရဟန်းသံဃာထံ၌ ပဝါရဏာပြုခြင်းငှါ ခွင့်ပြု၏။
ဘိက္ခုနီသံဃာအားလုံးသည် ပဝါရဏာပြုသဖြင့် အုတ်အုတ်ကျက်ကျက်ပြု၏။ ချစ်သားတို့ ... တစ်ပါးသော ဗျတ္တာပဋိဗလာ ဘိက္ခုနီကို ဘိက္ခုနီသံဃာအတွက် ဘိက္ခုသံဃာထံ၌ ပဝါရဏာပြုရန် သမုတ်ခြင်းငှါ ခွင့်ပြု၏။
သမုတ်ပုံကား -
ဘိက္ခုနီကို ရှေးဦးစွာ တောင်းပန်၍ ဗျတ္တာသည် ဉာတ္တိဒုတိယကံဖြင့် သံဃာကိုသိစေအပ်၏။ ဝါ- သံဃာသည် ဤမည်သော ဘိက္ခုနီ ဘိက္ခုနီသံဃာအတွက် ဘိက္ခုသံဃာထံ၌ ပပါရဏာပြုရန် သမုတ်ရာ၏။ သမုတ်၏၊ သမုတ်ပြီ-ဟု သိအပ်၏။
ထိုသမ္မုတိရသော ဘိက္ခုနီသည် ဘိက္ခုနီသံဃာကို ခေါ်၍ ဘိက္ခုသံဃာထံ ချဉ်းကပ်၍- လက်အုပ်ချီ၍၊ ဘိက္ခုနီသံဃောအယျာ ဘိက္ခုသံဃံ ပဝါရေတိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယဝါ။ ၀ဒတု အယျာဘိက္ခု သံဃော ဘိက္ခုနီ သံဃံ အနုကမ္ပံ ဥပါဒါယ၊ ပဿန္တောပဋိကရိဿတိ-ဟု သုံးကြိမ် ဆိုအပ်၏။ (ဘိက္ခုနီသံဃော ငဲ့၍ ပဿန္တော-ပုလ္လိင်။)
(ဇီဋီ ... ဝိကာလ ဟူသည်၌ အကြင်ရွေ့လောက် ဝိလာ၌ဖြစ်ကုန်၏။ ထိုရွေ့လောက် ပဝါရဏာ မပြုကုန်၏ ဟူလို။)
အကြီးအကဲပြုခြင်း
ထိုအခါ ဘိက္ခုနီတို့သည် ရဟန်းတို့အား ဥပုသ်ကို ထားကုန်၏။ ပဝါရဏာကို ထားကုန်၏။ ဆိုဖွယ်ရှိသည်ကို ပြုကုန်၏။ အကြီးအကဲပြုကုန်၏။ အခွင့်ကို ပြုစေကုန်၏။ စောဒနာကုန်၏။ သတိပေးကုန်၏။ ချစ်သားတို့ ... ဘိက္ခုနီသည် ရဟန်းအား ဥပုသ်ကို မထားအပ်၊ ထားသော်လည်း ထားသည်မမည်။ ထားသော ဘိက္ခုနီအား ဒုက္ကဋ်။
ပဝါရဏာကို မထားအပ်။ ဆိုဖွယ်ရှိသည်ကို မပြုအပ်၊ အကြီးအကဲမပြုအပ်၊ အခွင့်ကိုမပြုစေအပ်၊ မစောဒနာအပ်၊ သတိမပေးအပ်၊ သတိပေးသော်လည်း သတိပေးသည်မမည်။ သတိပေးသော ဘိက္ခုနီအား ဒုက္ကဋ်။
ရဟန်းတို့သည် ဘိက္ခုနီတို့အား ဥပုသ်ကို ထားကုန်၏၊ ...လ ... သတိပေးကုန်၏။ ချစ်သားတို့ ... ရဟန်းတို့သည် ဘိက္ခုနီအား ဥပုသ်ကို ထားခြင်းငှါခွင့်ပြု၏။ ထားလျှင် ကောင်းသော ထားခြင်းဖြစ်၏။ ထားသော ရဟန်းအား အနာပတ္တိ။
ပဝါရဏာကို ထားခြင်းငှါ၊ ဆိုဖွယ်ရှိသည်ကို ပြုခြင်းငှါ၊ အကြီးအကဲပြုခြင်းငှာ၊ အခွင့်ကို ပြုစေခြင်းငှါ၊ စောဒနာခြင်းငှါ၊ သတိပေးခြင်းငှါ ခွင့်ပြု၏။ သတိပေးလျှင် ကောင်းသော သတိပေးခြင်းဖြစ်၏။ သတိပေးသော ရဟန်းအား အနာပတ္တိ။
ဇီဋီ ... အနုဝါဒန္တိဣဿရိယဋ္ဌာနံ- အစိုးရသောအရာကို၊ ဤအလုံးစုံကို အဇ္ဇဘတဂ္ဂေဩ၀ဋောဘိက္ခုနီနံ ဘိက္ခုသု၀စနပထော -ယနေ့ကို အစပြု၍ ဘိက္ခုတို့၌ ဘိက္ခုနီတို့၏ စကားကိုပိတ်ဆို့ ရမည်ဟု ပညတ်သော ဂရုဓမ္မကို လွန်ကျူးသော အာပတ်ဟု ပြုခြင်းငှါ ပညတ်သည် ဟုသိအပ်၏ ဤသို့မသိအပ်လျှင် အကြင် ဂရုဓမ္မတို့ကို ၀န်ခံခြင်းဖြင့် ဘိက္ခုနီတို့၏ ရဟန်းအဖြစ်ကို ခွင့်ပြု၏။ ဤဂရုဓမ္မတို့ကို လွန်ကျူးခြင်းကြောင့် အနုပသမ္ပန္နာသာ ဖြစ်ရာ၏ဟု ယုံမှားရာ၏၊
သာဋီ ... အနုဝါဒံဋ္ဌပေတိ-ဣဿရိယံပဝတ္တေန္တီတိအတ္ထံ၀ဒန္တိ။)
ယာဉ်ခွင့်ပြုခြင်း
ထိုအခါ ဆဗ္ဗဂ္ဂီဘိက္ခုနီတို့သည် ယောက်ျားမောင်းသော ယာဉ်ဖြင့်လည်းကောင်း၊ အဖိုကသော မိန်းမ မောင်းသော ယာဉ်ဖြင့် လည်းကောင်း သွားကုန်၏။ ဂင်္ဂါမဟီပွဲသို့ သွားသူတို့ကဲ့သို့ဟု လူတို့ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ဘိက္ခုနီသည် ယာဉ်ဖြင့် မသွားအပ်။ သွားငြားအံ့၊ ယထာဓမ္မကုစားစေအပ်၏။
ဘိက္ခုနီ တစ်ယောက်သည် ဂိလာန ဖြစ်၏။ ခြေဖြင့်သွားခြင်းငှါ မတတ်နိုင်။ ချစ်သားတို့ ... နာသော ဘိက္ခုနီအား ယာဉ်ကိုခွင့်ပြု၏။
ထိုအခါ ဘိက္ခုနီတို့အား အမကသောယာဉ်လော၊ အဖိုကသောယာဉ်လောဟု အကြံဖြစ်၏။ ချစ်သားတို့ ... အမကသောယာဉ်ကို လည်းကောင်း၊ အဖိုကသောယာဉ်ကို လည်းကောင်း၊ ဟတ္တ၀ဋ္ဋက-လက်ဆွဲယာဉ်ကို လည်းကောင်း ခွင့်ပြု၏။
ဘိက္ခုနီတစ်ယာက်အား ယာဉ်တောက်သဖြင့် ပြင်းစွာ မကျန်းမမာဖြစ်၏။ ချစ်သားတို့ ... သိဝိကံ-ထမ်းစင်ကို လည်းကောင်း၊ ပါဋင်္ကိ - ပုဆိုးသံလျင်းတို့လည်းကောင်း ခွင့်ပြု၏။
(အမကသောယာဉ် စသည်ဖြင့် ယာဉ်ဟူသမျှကို ခွင့်ပြု၏။ ပါဋင်္ကိသည် ပဋပေါဋ္ဋလိက- အဝတ်သံလျင်း ဖြစ်၏။)
(ဇီဋီ .... အမကသောယာဉ်ဟူသည် နွားမစသည်တို့ဖြင့် လှည်းဦး၌ ယှဉ်သောယာဉ်ဖြစ်၏။
ယောက်ျားမောင်းသောယာဉ်ဟူသည် ပုရိသေန အန္တရိကေန။ ပုရိသဒုတိယေနာတိလိခိတံ၊ ပုရိသသာရထိ နာတိအဓိပ္ပါယော- ယောက်ျား ရထားထိန်းဖြင့်ဟူလို။
ပြင်းစွာမကျန်းမမာဟု ဆိုသောကြောင့် နာသော ဘိက္ခုနီအား အပ်သည် ဟူ၍သာ ထင်ရှား၏။)
(ဝိဘင်း၌- ၀ယှံ-ပေါင်းချုပ်၊ ရထော-ရထား၊ သကဋံ-လှည်း၊ သန္ဒမာနိကာ-သံလျင်း၊ သိဝိကာ-ထမ်းစင်၊ ပါဋင်္ကိ-ပုဆိုးသံလျင်း-ဟု ယာဉ် ၆ မျိုးဖွင့်၏။ စမ္မက္ခန္ဓက၌ ဘိက္ခုတို့အား အမကသောယာဉ်ကို ခွင့်မပြု။)
တမန်ဖြင့် ရဟန်းပြုခြင်း
ထိုအခါ အဍ္ဎကာသီ ပြည့်တန်ဆာမသည် ဘိက္ခုနီတို့ထံရှင်ပြု၍၊ ဝါ-ဧကတောဥပသမ္ပန္နာ ရဟန်းပြု၍ သာဝတ္ထိသို့ ဘုရားရှင်ထံမှ ရဟန်းပြုမည်ဟု သွားလို၏။ သေသောက်ကျူးသူတို့သည် သတင်းကြား၍ လမ်း၌ လုယက်ရန် ထကြွကုန်၏။ အဍ္ဎကာသီသည် ထိုသတင်းကြားလတ်သော်- ရဟန်းပြုလိုပါသည်။ အဘယ်သို့ ပြုရပါမည်နည်းဟု ဘုရားရှင်ထံ တမန်စေလိုက်၏။
မြတ်စွာဘုရားသည် ရဟန်းတို့ကို တရားဟော၍ ချစ်သားတို့ ... တမန်ဖြင့်လည်း ရဟန်းပြုပေးခြင်းငှါ ခွင့်ပြု၏ဟု မိန့်တော်မူ၏။ ရဟန်းတပါးဖြင့် ရဟန်းပြုပေးကုန်၏။ ချစ်သားတို့ ... ရဟန်းတမန်ဖြင့် ရဟန်းပြုမပေးအပ်၊ ဒုက္ကဋ်။
သိက္ခမာန်တမန်ဖြင့်၊ သာမဏေတမန်ဖြင့်၊ သာမဏေမ တမန်ဖြင့်၊ ဗာလာအဗျတ္တာ ဘိက္ခုနီမဖြင့် ရဟန်း ပြုပေးကုန်၏။
ချစ်သားတို့ … ဗာလာအဗျတ္တာ ဘိက္ခုနီတမန်ဖြင့် ရဟန်းပြုမပေးအပ်-ဒုက္ကဋ်။ ချစ်သားတို့ ... ဗျတ္တာပဋိဗလာ ဘိက္ခုနီတမန်ဖြင့် ရဟန်း ပြုပေးခြင်းငှါ ခွင့်ပြု၏၊
ထိုတမန် ဘိက္ခုနီသည် သံဃာကိုချဉ်းကပ်၍ လက်အုပ်ချီ၍- ဣတ္ထန္နာမာ အယျာ ဣတ္ထန္နာမာဃ အယျာယ ဥပသမ္ပဒါပေက္ခာ ဧကေသော ဥပသမ္ပန္နာ ဘိက္ခုနီ သံဃေဝိသုဒ္ဓါ။ သာတေနစီ ဒေဝ အန္တရာယေန နအာဂစ္ဆတိ၊ ဣတ္ထန္နာမာ အယျာ သံဃဥပသမ္ပဒံယာစတိ။ ဥလ္လုမ္ပတုတံ အယျာသံဃော အနုကမ္ပံ ဥပါဒါယ-ဟု သုံးကြိမ် တောင်းပန်အပ်၏။ ဗျတ္တပဋိဗလရဟန်းသည် သံဃာကို ဉာတ္တိစတုတ္ထကံဖြင့် သိစေအပ်၏၊
သုဏတုမေ ဘန္တေသံဃော။ ဣတ္ထန္နာမာ ဣတ္ထန္နာမာယ ဥပသမ္ပဒါပေက္ခာ ဧကတော ဥပသမ္ပန္နာ ဘိက္ခုနီသံဃေ ဝိသုဒ္ဓါ။ သာကေနစိ ဒေဝ အန္တရာယေန နအာဂစ္ဆတိ။ ဣတ္ထန္နာမာသံဃ ဥပသမ္ပဒံယာစတိ ဣတ္ထန္နာမာယ ပဝတ္တိနိယာ၊ ယဒိသံဃဿပတ္တကလ္လံ။ သံဃော ဣတ္ထန္နာမံ ဥပသမ္ပာဒေယျ ဣတ္ထန္နာမာယ ပဝတ္ထိနီယာ၊ ဧသာဉတ္တိ။ သုဏာတုမေ ...လ... သောဘာသေယျ။ ဥပသမ္ပန္နာ သံဃေန ...လ... ဓာရယာမိ- ဤသို့ သိစေအပ်၏။
ထိုခဏ၌ အရိပ်တိုင်း အပ်၏။ ဥတုပဓာဏ ပြောကြားအပ်၏။ နေ့အဖို့ ပြောကြားအပ်၏၊ သုံးပါးအပေါင်း ပြောကြားအပ်၏။ ဘိက္ခုနီတို့ကို ထိုဘိက္ခုနီအသစ်အား နိဿယသုံးပါး၊ အကရဏီယ ရှစ်ပါး ပြောကြားကြလော- ဟု ဆိုအပ်ကုန်၏။
တမန်ဖြင့် ရဟန်းပြုခြင်းသည် အန္တရာယ်ဆယ်ပါး တစ်ပါးပါးကြောင့်အပ်၏။ ကမ္မဝါစာအဆုံး၌ ထိုဘိက္ခုနီသည် ဘိက္ခုနီကျောင်း၌ရပ်လျက် လျောင်းလျက်ဖြစ်စေ၊ နိုးကြားလျက် အိပ်ပျက်လျက်ဖြစ်စေ ဥပသမ္ပန္နာသာ ဖြစ်၏။ ထိုခဏ၌ အရိပ်စသည်တို့ကို ရောက်လာသော တမန်ဘိက္ခုနီအား ပြောကြားအပ်ကုန်၏။
(ဇီဋီ … ဘုရားရှင်ကို ပန်ကြား၍ ဘုရားရှင် ခွင့်ပြုရာဌာန၌ ရဟန်းပြုမည်ဟူသော အလိုဖြစ်၏။
သာကေနစိ ဒေဝအန္တရာယန ဟူသည် အလုံးစုံသော အန္တရာယ်ကို ရေတွက်ကြောင်း စကားဖြစ်၏။ ထိုကြောင့် ထိုအန္တရာယ်ကို မပြောကြား၊ ဟောကြားပြီးသော အန္တရာယ်ဖြင့်တည်း။ မင်းအန္တရာယ် စသည်ဖြင့် ပြီးစေအပ်-ဟု ဆရာမြတ်မိန့်ဆိုသည်။
သာဋီ ... ရဟန်းတမန်ဖြင့်ဟူသည် ရဟန်းသာဖြစ်သော တမန်ဖြင့်။ ရဟန်းကို တမန်ပြု၍ ရဟန်းပြုပေးကုန်၏ ဟူလို။
ဝိဋီ … ရဟန်းတမန် ဟူသည် တမန်ဖြစ်၍ ဖြစ်သော ရဟန်းတည်း။
သိက္ခမာန် တမန်ဟူသည် တမန်ဖြစ်၍ ဖြစ်သော သိက္ခမာန်တည်း၊) (ဤကံလည်း မျက်ကွယ် ကံတည်း။)
ဘိက္ခုနီတောကျောင်းပယ်ခြင်း
ထိုအခါ ဘိက္ခုနီတို့သည် တောကျောင်း၌ နေကုန်၏၊ သေသောက်ကြူးတို့လည် ဖျက်ဆီးကုန်၏။ ချစ်သားတို့ ... ဘိက္ခုနီသည် တော၌ မနေအပ်၊ နေငြားအံ့-ဒုက္ကဋ်။
(ဝိသုဒ္ဓိမဂ်ဋီကာ၌- ဩဟီယျန သိက္ခာပုဒ်ဖြင့် ဘိက္ခုနီတို့အား တော၌နေခြင်းကို ပယ်သည်-ဟု ဆိုသည်။ ဤခန္ဓက၌ တိုက်ရိုက်ပယ်သည်။)
ဘိက္ခုနီနဝကမ္မ
ထိုအခါ ဥပသကာတစ်ယောက်သည် ဘိက္ခုနီ သံဃာအား ဥပဒါသိတ- ဘဏ္ဍာတိုက်ကို လှူ၏။ ချစ်သားတို့ ... ဘဏ္ဍာတိုက်ကို ခွင့်ပြု၏။
ဘဏ္ဍာတိုက်သည် နသမ္မတိ-မဆန့်။ ချစ်သားတို့ ... ဥပဿယ-နေအိမ်ကို ခွင့်ပြု၏။
နေအိမ်သည် မဆန့်။ ချစ်သားတို့ ... န၀ကမ္မကို ခွင့်ပြု၏။
နဝကမ္မသည် မဆန့်။ ချစ်သားတို့ … ပုဂ္ဂလိကကိုလည်း ပြုခြင်းငှါ ခွင့်ပြု၏။
(ဥဒေါသိတ-ဟူသည် ဘဏ္ဍသာလာ-ဥစွာထားစရာ ဘဏ္ဍာတိုက် ဖြစ်၏။ နသမ္မတီတိ နပ္ပဟောတိ-မလောက်။ ဥပဿယန္တိ ဃရံ။ နဝကမ္မ-ဟူသည် သံဃာ၏အကျိုး ဝါ-ဘိက္ခုနီသည် နဝကမ္မ-အမှုသစ်ကိုလည်း ပြုခြင်းငှါ ခွင့်ပြု၏-ဟူလို။)
(ဇီဋီ … နဝကမ္မ-ဟူသည် ပြု၍ ဤမျှသော နှစ်တို့ပတ်လုံး နေစေသတည်း-ဟု ပန်ကြား၍ သံဃိကမြေကို ပေးခြင်းတည်း-ဟု ရေးအပ်၏။
ထာဋီ … န၀ကမ္မ-ဟူသည် န၀ကမ္မပြု၍ နှစ်ပေါင်းဤမျှ နေစေသတည်း-ဟု ပန်ကြား၍ သံဃာမြေကို ပေးခြင်းတည်း။
ဝိဋီ … နသမ္မတီတိ နပ္ပဟေတိ။ န၀ကမ္မ-ဟူသည်-နဝကမ္မပြု၍ နေစေသတည်း-ဟု ပန်ကြား၍ သံဃိကမြေ၌ နေရာပေးခြင်းတည်း။)
(ဥဒေါသိတ၌ ဥ-အ၀ ရှေးရှိသော သိဓာတ်၊ တပစ္စည်း၊ အ၀ကို ဩ ပြု၊ ဒ-လာကပ်-ဥဒါသိတ-ဟု ပြီး၏။ ဩ မပြုလျှင် ဥဒဝသိတ-ဟု ပြီး၏။ ကင်္ခါဋီကာသစ်၌ ယောဥဒ္ဓသိပေါတိပိဝုစ္စတိ-ဟု ပါဌ်ချွတ်၏။ ဥဒဝ သိတောတိပိ၀ုစ္စတိ-ဟု ဖြစ်သင့်၏။ ထိုထို၌ ဥဒေါသိဟ- ဒသံယုဂ်နှင့် ရှိတတ်၏၊)
သားငယ်ရှိသူအား အဖော်ပေးခြင်း
ထိုအခါ မိန်းမတစ်ယောက်သည် သန္နိ သိန္န ဂဗ္ဘာ- ကိုယ်၀န်တည်စဖြစ်၍ ဘိက္ခုနီတို့ထံ ရှင်ရဟန်းပြု၏။ ရဟန်းပြုပြီးနောက် ဖွားမြင်၏။ ငါသည် ဤသားငယ်၌ အဘယ်သို့ ကျင့်ရပါအံ့နည်း-ဟု အကြံဖြစ်၍ လျှောက်၏။ ချစ်သားတို့ ... ထိုသူငယ် သိကြားလိမ္မာခြင်းသို့ ရောက်သည့်တိုင်အာင် ကျွေးမွေးခြင်းငှါ ခွင့်ပြု၏။
ငါသည် တစ်ယာက်တည်း မနေဝံ့၊ တစ်ပါးသော ဘိက္ခုနီသည်လည်း သူငယ်နှင့် အတူမနေအပ်။ အဘယ်သို့ ပြုရပါအံ့နည်း-ဟု ကြံ၍ လျှောက်၏။ ချစ်သားတို့ ... တစ်ယောက်သော ဘိက္ခုနီကို သမုတ်၍ ထို ဘိက္ခုနီအား အဖော်ပေးခြင်းငှါ ခွင့်ပြု၏။
သမုတ်ပုံကား - ရှေးဦးစွာ ဘိက္ခုနီကို တောင်းပန်၍ ဗျတ္တာသည် ဉာတ္တိဒုတိယကံဖြင့် သံဃာကို သိစေအပ်၏၊ ဝါ-သံဃာသည် ဤမည်သော ဘိက္ခုနီကို ဤမည်သော ဘိက္ခုနီ၏ အဖော်-ဟု သမုတ်ရာ၏။ သမုတ်၏။ သမုတ်ပြီ-ဟု သိစေအပ်၏။
ထိုအဖော် ဘိက္ခုနီအား ငါသည် ဤသူငယ်၌ အဘယ်သို့ ပြုရပါအံ့နည်း ဟု ကြံ၍ လျှောက်၏။ ချစ်သားတို့ … သာဂါရ- တစ်မိုးတစ်ရုံတည်း အတူအိပ်ခြင်းကို ဖယ်ထား၍ တစ်ပါးသော ယောကျ်ား၌ကဲ့သို့ ထိုသူငယ်၌ ကျင့်ခြင်းငှါ ခွင့်ပြု၏။
(ထိုသူငယ် သိကြားလိမ္မာခြင်းသို့ ရောက်သည့်တိုင်အောင် ဟူသည်- အကြရွေ့လောက် ခဲခြင်းငှါ- ထုခြင်းငှါ၊ ရေချိုးခြင်းငှါ၊ တန်ဆာဆင်ခြင်းငှါ မိမိသဘောဖြင့် စွမ်းနိုင်၏။ ထို ရွေ့လောက်ဟူလို။
သာဂါရဟူသည် သဟဂါရသေယျမတ္တ- တစ်မိုးတစ်ရံတည်း ကျောင်း၌ အတူအိပ်ခြင်းမျှတည်း။ ထိုမျှဖယ်ထား၍ တစ်ပါးယောကျ်ား၌ကဲ့သို့ ထိုသူငယ်၌ အဖော်ဘိက္ခုနီသည် ပြုကျင့်ရသည်ဟုပြ၏။ မိခင် ဘိက္ခုနီသည်ကား ရေချိုးပေးခြင်း၊ နို့တိုက်ခြင်း၊ အစာခွန့်ခြင်း၊ တန်ဆာဆင်ပေးခြင်း၊ ရင်ခွင်၌ထား၍ အိပ်ခြင်းငှါလည်း ရ၏။)
(ဇီဋီ ... သာဂါရ-ဟု ဟောသောကြောင့် အာဟာရပဋိသံယုတ္တ၊ ရဟောနိသဇ္ဇသိက္ခာပုဒ် စသည်ကိုကြင်၍ ဟု ကေစိတို့ ဆိုကုန်၏ ထိုစကား သင့်၏။ သဟဂါရသေယျမတ္တကို ဖယ်ထား၍ဟု ဆိုသောကြောင့်တည်း။
မွေးကျွေးခြင်းငှါ ခွင့်ပြုခြင်းကြောင့် မွေးကျွေးခြင်းနှင့် စပ်သောအမှုသည် မိခင်အား အပ်၏။ တစ်ပါးသော ဘိက္ခုနီအား မအပ်။
သာဋီ .... သန္နိသိန္နဂဗ္ဘာပတိဋ္ဌိဘဂဗ္ဘာ-သည်ကား ကိုယ်ဝန်ရှိ၏။
ဝိဋီ ... သန္နိသိန္နဂဗ္ဘာတိ ဒုဝိညေယျဂဗ္ဘာ- မသိသာသာ ကိုယ်ဝန်ရှိ၏။)
မာနတ်ကျင့်သူအား အဖာ်ပေးခြင်း
ထိုအခါ တစ်ယောက်သော ဘိက္ခုနီသည် ဂရုဓမ္မသို့ရောက်၍ မာနတ်ကျင့်၏၊ ငါသည် တစ်ယောက်တည်း မနေဝံ့။ တစ်ပါးသော ဘိက္ခုနီသည်လည်း ငါနှင့်အတူ မနေအပ်။ အဘယ်သို့ပြုရပါအံ့နည်းဟု အကြံဖြစ်၏။ ချစ်သားတို့ .... တစ်ယောက်သော ဘိက္ခုနီကို သမုတ်၍ ထိုဘိက္ခုနီအား အဖော်ပေးခြင်းငှါ ခွင့်ပြု၏၊ သမုတ်ပုံကား -- ရှေးဦးစွာ ဘိက္ခုနီကို တောင်းပန်၍ …လ… သိစေအပ်၏။
လူထွက်ခြင်း ပါရာဇိက
ထိုအခါ တစ်ယောက်သော ဘိက္ခုနီသည် သိက္ခာချ၍ လူထွက်၏။ တစ်ဖန်ပြန်လာ၍ ရဟန်းအဖြစ်ကို တောင်းပန်၏။ ချစ်သားတို့ ... ဘိက္ခုနီအား သိက္ခာချခြင်းသည် မဖြစ်။ လူထွက်သူသည် ဘီက္ခုနီ မဟုတ်ပြီ။
(လူထွက်သူဟူသည် ယဒေဝ-ယသ္မာ− အကြင်ကြောင့် ထိုဘိက္ခုနီသည် လူထွက်၏။ မိမိ၏အလိုဖြင့် နှစ်သက်ခြင်းဖြင့် ပြုသောအဝတ်ကို ဝတ်၏။ တဒေ၀-တသ္မာယေဝ- ထိုကြောင့်သာလျှင် ဘိက္ခုနီမဟုတ်ပြီ။ သိက္ခာချခြင်းဖြင့် ဘိက္ခုနီမဟုတ်သည် မဟုတ်ဟု ပြ၏။ ထိုလူထွက်သူသည် တစ်ဖန် ရဟန်းအဖြစ်ကိုမရ။) (ရှင်သာမဏေ အဖြစ်ကိုကား ရ၏ဟူလို။)
တိတ္ထိကျောင်းပြောင်းသူ
ထိုအခါတစ်ယောက်သော ဘိက္ခုနီသည် မိမိကျောင်းမှ တိတ္တိကျောင်းသို့ပြောင်းရွှေ့၏။ တဖန် ပြန်လာ၍ ရဟန်းအဖြစ်ကို တောင်းပန်၏။ ချစ်သားတို့ ... အကြင် ဘိက္ခုနီသည် မိမိကျောင်းမှ တိတ္ထိကျောင်းသို့ ပြောင်းရွှေ့၏။ ထိုဘိက္ခုနီကို ပြန်လာသော် ရဟန်းပြုမပေးအပ်။
(ထိုဘိက္ခုနီကို ရဟန်းပြုမပေးအပ် ဟူသည် ရဟန်းမပြုပေအပ်သည်သာ မဟုတ်။ ရှင်သာမဏေ အဖြစ်ကိုလည်း မရ။ အဝတ်ဖြူတို့ကို ဝတ်၍ လူထွက်သူကား ရှင်သာမဏအဖြစ်မျှကို ရ၏။)
(သာဋီ ... ရှင်သာမဏေ အဖြစ်ကိုလည်း မရဟူသည် တိတ္ထိကျောင်း ပြောင်းရွှေ့သူ၏ အဘဗ္ဗပုဂ္ဂိုလ် အဖြစ်သို့ ရောက်ခြင်းကြောင့် မရ။)
သာယာမှုများ
ထိုအခါ ဘိက္ခုနီသည် ယောက်ျား၏ ရှိခိုးခြင်းကို ဆံရိတ်ခြင်းကို လက်သည်း ခြေသည်း လှီးခြင်းကို အနားဆေးကုခြင်းကို ကုက္ကုစ္စဖြစ်၍ မသာယာကုန်။(ဝါ-လက်မခံကုန်။) ချစ်သားတို့ ... သာယာခြင်းငှါ ခွင့်ပြု၏။
ဘိက္ခုနီတို့သည် တင်ပျဉ်ခွေခြင်းဖြင့် ထိုင်ကုန်၏၊ ဖနောင့်အတွေ့ကို သာယာကုန်၏၊ ချစ်သားတို့ .. ဘိက္ခုနီသည် တင်ပျဉ်ခွေခြင်းဖြင့် မထိုင်အပ်--ဒုက္ကဋ်။
တစ်ယောက်သော သိက္ခုနီသည် ဂိလာနဖြစ်၏။ တင်ပျဉ်းခွေခြင်းဖြင့် ကင်း၍မချမ်းသာ။ ချစ်သားတို့ ... ဘိက္ခုနီအား အဍ္ဎပလ္လင်္က- ထက်ဝက်တင်ပျဉ်ခွေခြင်းကို ခွင့်ပြု၏။
(ရှိခိုးစေခြင်း စသည်၌ ယောက်ျားတို့သည် ခြေတို့ကို ဆုပ်နယ်လျက် ရှိခိုးကုန်၏။ ဆံရိတ်ကုန်၏။ လက်သည်း ခြေသည်း လှီးကုန်၏။ အနာဆေးကုကုန်၏၊ ထိုအလုံးစုံကို ကုက္ကုစ္စဖြစ်၍ မသာယာကြ ဟူလို။ ထို၌ ဧကေဆရာတို့သည် တစ်ယောက်ဖြစ်စေ၊ နှစ်ယောက်လုံး ဖြစ်စေ၊ ကိလေသာစွက်၍ တပ်သောစိတ်ရှိလျှင် ဝတ္ထုအားလျော်စွာ အာပတ်တို့သာဟု ဆိုကုန်၏။ အချို့ကား ဤ အာပတ်မရှိဟု ဆိုကုန်၏။
ဤသို့ အာစရိယဝါဒကိုပြ၍ “ဤအရာသည် ဩဒိဿ အနုညာတဖြစ်၍အပ်သည်” ဟု အဋ္ဌကထာတို့၌ဆိုပြီး ထိုအဋ္ဌကထာတို့၏ စကားသည် ပမာဏဖြစ်၏။ သာယာခြင်းငှါ ခွင့်ပြု၏ ဟူသော စကားဖြင့်သာလျှင် အပ်ပေ၏။ ပလ္လင်္ကံ နိသိဒိသိန္တိပလ္လင်္ကံ အာဘုဇိတွာ နိသိဒိတုံ-(ဤစကားကို ပါဠိတော်၌မမြင်ရ၊) အဍ္ဎပလ္လင်္က- ဟူသည် ခြေတစ်ဖက်ကိုခွ၍ ပြုသော တင်ပျဉ်ခွေခြင်း ဖြစ်၏။)
(ဇီဋီ ... ဩဒိဿ အနုညာတဖြစ်၍ အပ်သည် ဟူသည် တစ်ယောက်ဖြစ်စေ၊ နှစ်ယောက်လုံး ဖြစ်စေ၊ သာယာသော်လည်း အပ်သည်ဟု ရေးအပ်၏။ ပါရာဇိကခေတ်၌သော်လည်း ပါရာဇိကသို့မရောက်။ ဘိက္ခုနီ၏ ကာလောဒိဿ ဖြစ်သည်။ သတ္တောဒိဿမဟုတ်။
ဖနောင့်အတွေ့ကိုတားလျက် ပါရာဇိကခေတ်၌ အဘယ်ကြောင့် အဋ္ဌကထာခွင့်ပြုသနည်းဟူမူ၊ ဗုဒ္ဓပုတ္တတို့သည် ဗုဒ္ဓဘာသိတကို သိကုန်၏။ ထိုဗုဒ္ဓပုတ္တတို့၏ စကားသည် ပမာဏဖြစ်၏။ ခိုင်မာသော ယုတ္တိကား ဆံရိတ်မှု စသည်သည် မချွတ်ပြုအပ်သော အမှုဖြစ်၏။ စိတ်ဟူသည် လော်လည်တတ်၏။ စောင့်ရှောက်ခြင်းငှါ မတတ်နိုင်။ ထို့ကြောင့် ဩဒိဿအနုညာတပြုသည် စင်စစ်တည်း။
သာဋီ ... ဩဒိဿအနုညာတ၌ တစ်ယောက်ဖြစ်စေ၊ နှစ်ယောက်လုံးဖြစ်စေ သာယာသော်လည်း ဩဒိဿအနုညာတ-ရည်စူး၍ ခွင့်ပေးခြင်းကြောင့် အပ်၏။
ဝစ္စကုဋိကို ပယ်ခြင်း
ထိုအခါ ဘိက္ခုနီတို့သည် ဝစ္စကုဋိ-ကျင်ကြီးအိမ်၌ ကျင်ကြီးစွန့်ကုန်၏။ ဆဗ္ဗဂ္ဂီဘိက္ခုနီတို့သည် ထို ဝစ္စကုဋိ ၌သာလျှင် ဂမ္ဘ-ကိုယ်ဝန်ကို ကျစေကုန်၏။ (သပိတ်ဖြင့် ယူသွားပါ-ဟု ဆိုသော ဝတ္ထုကိုသာ မိစိကမ္မ၌ ဆိုခဲ့ပြီ။) ချစ်သားတို့ ... ဘိက္ခုနီသည် ဝစ္စကုဋိ၌ ကျင်ကြီးမစွန့်အပ်၊ ဒုက္ကဋ်။ ချစ်သားတို့ .... အောက်၌ ဟင်းလင်းပွင့်သော အထက်၌ ဖုံးလွှမ်းသော နေရာ၌ ကျင်ကြီးစွန့်ခြင်းငှါ ခွင့်ပြု၏။
(အောက်၌ ဟင်းလင်းပွင့်သော စသည်၌ တွင်းတူးသည်ဖြစ်အံ့။ အထက်၌ ပျဉ်အကာမျှ အရပ်အားလုံး၌ ထင်အံ့၊ ဤသို့သော နေရာ၌လည်း အပ်၏။)
ရေချိုးမှုများ
ထိုအခါ ဘိက္ခုနီတို့သည် စုဏ္ဏ- ရေချိုးကသယ်မှုန့်ဖြင့် ရေချိုးကုန်၏။ ကာမဘောဂီတို့ကဲ့သို့-ဟု လူတို့ ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ ... ဘိက္ခုနီသည် ရေချိုးကသယ်မှုန့်ဖြင့် ရေမချိုးအပ်။- ဒုက္ကဋ်။ ချစ်သားတို့ … ကုက္ကုသ- ဆံကွဲမှုန့်ကို၊ မတ္တိကာ- မြေညက်ကို ခွင့်ပြု၏။
ဘိက္ခုနီတို့သည် ဝါသိတိကာယံ မတ္တိကာယ- နံ့သာဖြင့် ထုံအပ်သော မြေညက်ဖြင့် ရေချိုးကုန်၏။ ချစ်သားတို့ ... ဘိက္ခုနီသည် နံ့သာဖြင့် ထုံသော မြေညက်ဖြင့် ရေမချိုးအပ်-ဒုက္ကဋ်။ ချစ်သားတို့ ... ပကတိ မတ္တိကာ-ပကတိမြေညက်ကို ခွင့်ပြု၏။
ဘိက္ခုနီတို့သည် စရုံးအိမ်၌ ရေချိုးလျက် အုတ်အုတ် ကျက်ကျက် ပြုကုန်၏။ ချစ်သားတို့ … ဘိက္ခုနီသည် စရုံးအိမ်၌ ရေမချိုးအပ်၊-ဒုက္ကဋ်။
ဘိက္ခုနီတို့သည် ပဋိသောတ-ရေအယဉ်၏ ရှေးရှု၌ ရေချိုးကုန်၏။ ရေအယဉ်အတွေ့ကို သာယာကုန်၏။ ချစ်သားတို့ … ဘိက္ခုနီသည် ရေအယဉ်၏ ရှေးရှု၌ ရေမချိုးအပ်၊- ဒုက္ကဋ်။ (ရေစီးဘက် လှည့်မချိုးရ ဟူလို။)
ဘိက္ခုနီတို့သည် အတိတ္တ- ရေဆိတ် မဟုတ်ရာ၌ ရေချိုးကုန်၏။ သေသောက်ကြူးတို့ ဖျက်ဆီးကုန်၏၊ ချစ်သားတို့ ... ဘိက္ခုနီသည် ရေဆိပ်မဟုတ်ရာ၌ ရေမချိုးအပ်၊-ဒုက္ကဋ်။
ဘိက္ခုနီတို့ ပုရိသတိတ္တ- ယောက်ျားရေချိုးဆိပ်၌ ရေချိုးကုန်၏။ ကာမဘောဂီ-ဟု ကဲ့ရဲ့ကုန်၏။ ချစ်သားတို့ … ဘိက္ခုနီသည် ယောကျ်ားရေချိုးဆိပ်၌ မချိုးအပ်- ဒုက္ကဋ်။ ချစ်သားတို့ ... မဟိဠိတိတ္တ- မိန်းမဆက်ဆံသော ရေချိုးဆိပ်၌ ရေချိုးခြင်းငှါ ခွင့်ပြု၏။
(ကုက္ကုသမတ္တိကန္တိ - ကုဏ္ဍကဉ္စေဝ- ဆန်ကွဲကို လည်းကောင်း၊ မတ္တိကဉ္စ-မြေညက်ကို လည်းကောင်း ခွင့်ပြု၏။)
(ဝိဋီ … မဟိဠာတိတ္တ-ဟူသည် မိန်းမတို့နှင့် ဆက်ဆံသော ရေချိုးဆိပ် ဖြစ်၏။) အက္ခရာကွဲ၏။
(ဘိက္ခုနီတို့သည် ဂရုဓမ္မပဋိဂ္ဂဟဏ-ရဟန်း၊ ဒူတေနုပသမ္ပဒါ- ရဟန်း၊ အဋ္ဌဝါစိကာ-ရဟန်း၊ ဉာတ္တိစတုတ္ထဧကတော ဥပသမ္ပန္နာ- ရဟန်းဟု လေးမျိုးရှိကုန်၏။
သာကီဝင် မင်းသမီး ငါးရာတို့၏ ဘိက္ခုတို့ထံ ဧကတော ဥပသမ္ပန္နာတို့ကား အဋ္ဌဝါစိက၌ သက်ဝင်ကုန်၏။
ရဟန်းတို့သည် ဧဟိဘိက္ခု-ရဟန်း၊ သရဏဂုံ-ရဟန်း၊ ဩဝါဒပဋိဂ္ဂဟဏ-ရဟန်း၊ ပညာဗျာကရဏ-ရဟန်း၊ ဉာတ္တိစတုတ္ထ-ရဟန်း-ဟု ငါးမျိုး ရှိကုန်၏။
နှစ်ရပ်ပေါင်းလျှင် ဘိက္ခု နှစ်မျိုးဖြစ်၏။ လေးနှင့် ငါးပေါင်း ကိုး မဖြစ်စေရ။)
ဘိက္ခုနီက္ခန္ဓက ပြီး၏။
၁၁။ ပဉ္စသတိကက္ခန္ဓက
ရှင်မဟာကဿပ မိန့်ခွန်း
အခါတစ်ပါး ရှင်မဟာကဿပသည် ရဟန်းတို့ကို ဤသို့ သိစေ၏။ ငါ့ရှင်တို့ ... တစ်ခုသာအခါ ငါသည် ပါဝါပြည်မှ ကုသိနာရုံပြည်သို့ ရဟန်းငါးရာနှင့် ခရီးရှည်သွားစဉ် လမ်းဘေး သစ်ပင်ရိပ်၌ ထိုင်၏၊ ထိုအခါ အာဇိ၀ကတက္ကတွန်း တစ်ယောက်ကို ကုသိနာရုံမှ မန္ဒာရ၀ ပန်းကိုယူ၍ ပါဝါသို့ ခရီးရှည် သွားသည်ကို မြင်၍ ငါ့ရှင် ... ငါတို့ဆရာကို သင်သိသလော-ဟု မေး၏။ ငါ့ရှင် .... ငါသိ၏၊ ရဟန်းဂေါတမ ပရိနိဗ္ဗာန်စံပြီး ယနေ့ ခုနစ်ရက်ရှိပြီ၊ ထိုနေရာမှ ဤ မန္ဒာရ၀ပန်းကို ငါယူခဲ့၏-ဟု ဆို၏။
ထိုအခါ ရာဂမကင်းသော ရဟန်းတို့သည် ဘုရားရှင် ပရိနိဗ္ဗာန်စံသည်မှာ မြန်လှချေ၏၊ လောက၌ စက္ခုကွယ်ခြင်း စောလှ၏-ဟု လူးလှိမ့်ကာ ငိုကြွေးကုန်၏။ ရာဂကင်းသော ရဟန်းတို့ကား သတိသမ္ပဇည ရှိကြသဖြင့် မမြဲသော သင်္ခါရကို အဘယ်မှာ တောင့်တ၍ ရနိုင်အံ့နည်းဟု နှလုံးသွင်း၍ ဖန်ဖန် သည်းခံကုန်၏။
ထိုအခါ ငါသည် ငါ့ရှင်တို့ .. မစိုးရိမ်ကြနှင့်၊ မငိုကြွေးကြနှင့်။ ဘုရားရှင်သည် ရှေးမဆွကပင်လျှင် ပိယမနာပ သတ္တဝါ သင်္ခါရတို့နှင့် သေကွဲ၊ ရှင်ကွဲ၊ ဘဝကွဲ၊ အနဲနဲကွဲနေကျ၊ တောင့်တ၍မရ၊ ဖြစ်လေသမျှ သင်္ခါရ၏ မပျက်စကောင်း ခိုင်မြဲကြောင်း မရှိ- ဟူ၍ ဟောသည် မဟုလော့-ဟု ပြောပြ၏။
ထိုအခါ သုဘဒ္ဒမည်သော ရဟန်းကြီးသည် ထိုပရိသတ်၌ နေလျက် ငါ့ရှင်တို့ .. မစိုးရိမ်ကြနှင့်၊ မငိုကြွေးကြနှင့်၊ ငါတို့သည် ထိုရဟန်းကြီး ဂေါတမ လက်မှ လွတ်ခြင်းကြီး လွတ်ကြပြီ။ သင်တို့အား “ဤအမှုသည် အပ်၏။ ဤအမှုသည် မအပ်” စသည်ဖြင့် ငါတို့မှာ မပြတ်အနှိပ်အစက် ခံကြရ၏။ ယခုကား ငါတို့ အလိုရှိရာကို ငါတို့ပြုနိုင်ကုန်လတ္တံ့-ဟု ရဟန်းတို့ကို ပြောဆို၏၊
ငါ့ရှင်တို့ … ငါတို့သည် ယခုအခါ ဓမ္မဝိနယကို သင်္ဂါယနာတင်ကြကုန်စို့အံ့။ ရှေး၌ အဓမ္မအဝိနယသည် ထွန်းကား၍ ဓမ္မဝိနယ ကွယ်ပျောက်လတ္တံ့၊ အဓမ္မဝါဒီ အဝိနယဝါဒီတို့သာ အားရှိ၍ ဓမ္မဝါဒီ ဝိနယဝါဒီတို့သည် အားနည်းကုန်လတ္တံ့၊ ဝါ- အဓမ္မ မလွှမ်းမီ ဓမ္မ မကွယ်မီ-ဟု ရဟန်းတို့ကို သိစေတာ်မူ၏။
(ဇီဋီ ... ဆိန္နပါတန္တိ ဘာ၀နပုံတကံ၊ ကေနာကာရေန ပတန္တိတိ အတ္တော။ ပြတ်၍ကျသော အခြင်းအရာဖြင့် လဲကျကုန်၏။ လဲကျ၍ လူးလှိမ့်ကာ ငိုကြွေးကုန်၏။
ခံကြရ၏ ဟူသည် အတိတ်အနက် ပစ္စုပ္ပန်ဝိဘတ် ဖြစ်၏၊ ခံကြရဘူးကုန်ပြီ ဟူလို။ တစ်နည်း ထိုရဟန်းကြီးရှိနေလျှင် ခံကြရဆဲ ဖြစ်ကုန်၏။
သာဋီ … ပါဝါပြည်မှ စသည်ကား ပါဝါမြို့၌ ဆွမ်းခံ၍ ကုသိနာရုံသို့ သွားမည်ဟု ခရီးရှည်သွား၏။
မန္ဒာရ၀ပန်းက မဟာစာတိ ပမာဏ-အိုးကြီးအနေမျှ ရှိ၏။ ထိုပန်းကို တုတ်တစ်ချောင်း၌ တည်စေ၍ ထီးကဲ့သို့ ဆောင်ယူလာ၏၊
မြင်၍ဟူသည် အဝေးမှပင်မြင်၍ ဘုရားရှင် အကြောင်းကို မေးမည်ဟု ကြံ၍ “ထိုင်လျက်မေးလျှင် ဘုရားရှင်ကို မရိုသေရာ ကျလတ္တံ့”ဟု ထသွား၍ ဘုရားရှင်ပေးသော မိုးညိုအဆင်းရှိသော ပံသုကူသင်္ကန်းကိုရုံ၍ လက်အုပ်ကို ဦးတင်၍ ဘုရားရှင်၌ပြုသော ရိုသေခြင်းဖြင့် တက္ကတွန်းထံ ရှေးရှုသွား၍ ငါတို့ဆရာကို သင်သိသလော ဟု မေး၏။ သိလျက် မေးသလော၊ မသိ၍ မေးသလော ဟူမူ မသိ၍မေးသည်ဟု ဧကေတို့ ဆိုကုန်၏။
မထေရ်မြတ်သည် သမာပတ် ဝင်စားခြင်း များ၏။ ငါအား ပူဇော်သက္ကာရပြုသူ အကျိုးများပါစေဟု လူတို့ကို ချီးမြှောက်လို၍ မပြတ်မပြတ် သမာပတ်၀င်စား၏။ ဘုရားရှင် ပရိနိဗ္ဗာန်စံသည်ကိုကား မဆင်ခြင်ခြင်းကြောင့် မသိဟု ဆိုကုန်၏။ ထို ဧကေဝါဒကို မယူအပ်။
သောင်းလောကဓာတ် လှုပ်ခြင်း စသော နိမိတ်တို့ဖြင့် ပရိနိဗ္ဗာန်စံသောကြောင့် မသိနိုင်ခြင်း အကြောင်းမရှိ။ ပရိသတ် ရဟန်းတို့သည် ကုသိနာရုံ သို့ ရောက်မှ သိရလျှင် သင်္ကန်း ဖရိုဖရဲ ရင်ပတ်စည်တီး ငိုကုန်လတ္တံ့။ ထိုအခါ ပံ့သကူဆောင် ကိုယ်တော်များဖြစ်လျက် မိန်းမတို့ကဲ့သို့ ငိုကြသည်။ ငါတို့ကို အဘယ်မှာ သက်သာ စေနိုင်ကုန်အံ့နည်းဟု လူသို့ အပြစ်တင်ကုန်လတ္တံ့။ ဤခရီးအကြား တောအုပ်ကား လူဆိတ်၏။ အလိုရှိတိုင်း ငိုသော်လည်း အပြစ်တင်သူမရှိ။ သိနှင့်ပြီး ဖြစ်လျှင် သောကလည်း နည်းပါး၏-ဟု ရဟန်းတို့ သတိရစိမ့်သောငှါ သိလျက်သာ မေးတော်မူ၏။
ရာဂမကင်း ဟူသည် ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ် တို့တည်း။ ထိုရဟန်းတို့သည် ဒေါမနဿကို မပယ်နိုင်သေးခြင်းကြောင့် လူးလှိမ့်ကာ ငိုကုန်၏။ ဆိန္နပါတံပပတန္တိ- ပြတ်၍ကျခြင်းဖြင့် လဲကျကုန်၏။ အာဝဋ္ဋန္တိ-လဲကျရာမှ နှစ်တောင်သုံးတောင်အတွင်း ဖန်ဖန် လူးလှိမ့်ကုန်၏။ ဝိဝဋ္ဋန္တိ-လဲကျရာမှ လှိမ့်သွားကုန်၏။
ရာဂကင်းသော ဟူသည် ဒေါမနဿ ပယ်ပြီးဖြစ်၍ ဣဋ္ဌ၊ အနိဋ္ဌ၌ မဖောက်ပြန်သော အနာဂါမ်၊ ရဟန္တာတို့ တည်း။
ဝိဋီ … ငါတို့ဆရာကို သင်သိသလောဟူ၍ မေးခြင်းကို မထေရ်သည် ဘုရားရှင် ပရိနိဗ္ဗာန်စံသည်ကို သိပြီးသော်လည်း အတူသွားရဟန်း ပရိသတ် သိစေခြင်းငှါ လည်းကောင်း၊ သုဘဒ္ဒရဟန်းကြီး၏ သာသနာနှင့် ဆန့်ကျင်သော စကားကို ရဟန်းတို့ သိစေခြင်းငှါ လည်းကောင်း မေးတော်မူသည်။
သုဘဒ္ဒသည် ကုသိနာရုံ၌ ဘုရားရှင်ကို လွန်စွာကြည်ညိုသောမင်း စသော ပရိသတ်အလယ်၌ ဘုရားရှင် ပရိနိဗ္ဗာန်စံသည်ကို ကြားသိလျှင် လွန်စွာ ဝမ်းမြောက်သော်လည်း ကြောက်သဖြင့် မပြောဆိုဝံ့လတ္တံ့၊ ဤ တောခရီး လူမရှိရာ၌ ကြားလျှင် မိမိ၏ ယုတ်မာသောအယူကို ဖွင့်ပြောနိုင်လတ္တံ့။ ထိုအခါ အပြစ်ကိုပြ၍ ရဟန်း တို့ကို တိုက်တွန်း၍ ဓမ္မဝိနယ သင်္ဂါယနာတင်ခြင်းကို ပြုစေ၍ ယုတ်မာသူတို့၏ နှလုံးအလို ပျက်စီးခြင်းကို လည်းကောင်း၊ သာသနာ တည်တံ့ခြင်းကို လည်းကောင်း ပြုရပေလတ္တံ့ ဟု သိလျက်သာ မေးတော်မူသည်။ ထိုကြောင့် ဧကမိဒါဟံ စသည်ဖြင့် သုဘဒ္ဒ၏စကားကိုပြ၍ သင်္ဂါယနာ တင်စေတော်မူသည်။
နာနာဘာဝေါ- ကိုယ်ဖြင့် နာနာဒေသဖြစ်ခြင်း၊ ကွေကွင်းခြင်း ဟူလို။
ဝိနာဘာဝေါ- သေခြင်းဖြင့်ကွဲခြင်း၊
အညတာဘာဝေါ-ဘ၀တစ်ပါးရောက်ခြင်းဖြင့် အခြင်းရာတစ်ပါးသို့ ရောက်ခြင်း)
(ဓာတ်တော်ဝေဖန်အံ့သောနေ့၌ စည်းဝေးသော သံဃာ့မထေရ် ခုနစ်သိန်းနှင့်တကွ မရေတွက်နိုင်အောင် များသော ရဟန်းတို့ကို ရှင်မဟာကဿပ တိုက်တွန်းစကား ဆိုသည်။ သုဘဒ္ဒရဟန်းကြီးသည် လမ်းခရီး၌ဆုံမိ၍ အတူ သွားသူတို့တွင်ပါဝင်၏။ သုဘဒ္ဒ၏စကားကို ဘုရားရှင် နိဗ္ဗာန်ဝင်၍ ခုနစ်ရက်မျှရှိသေးသည်။ ရွှေအဆင်းရှိသော အလောင်းတော် တည်ရှိဆဲ၌ပင် ဤသို့သော သာသနာ့ဆူးငြောင့် စကားကို ဆိုဝံ့သူ ပေါ်ပေါက်လာပြီဟု ရှင်မဟာကဿပ ယူဆသည်။
သုဘဒ္ဒကား ဘုရားရှင် အာတုမပြည်သို့ ကြွလာသောအခါ သားငယ် သာမဏေတို့ကို အရပ်ထဲ၌ ခေါင်းရိတ် ခိုင်း၍ ဆန်ဆီ စသည်ကို ရှာဖွေစေ၍ ဘုရား အမှူးရှိသော သံဃာကို - ဆွမ်းကျွေးမည်ဟု တစ်သိန်းဖိုးမျှ ကုန်စေ၍ စီမံသည်ကို မအပ်ဟု ဘုရားရှင်ပယ်၍ သိက္ခာပုဒ်တို့ကို ပညတ်၏။ ထိုကို ကြိတ်ခဲအမျက်မကျေလျက် ရှိသတတ်။)
သင်္ဂါယနာတင် ရဟန်းငါးရာ ရွေးချယ်ခြင်း
အရှင်ဘုရား … ထိုသို့ သင်္ဂါယနာတင်လိုပါလျှင် မထေရ်မြတ်သည် ရဟန်းတို့ကို ရွေးကောက်တော်မူပါဟု လျှောက်ကုန်၏။ ထိုအခါ ရှင်မဟာကဿပသည် (များသောအားဖြင့်) ဧတဒဂ်ရပဋိသမ္ဘိဒါပတ္တရဟန္တာ ၄၉၉ ပါးတို့ကို ရွေးကောက်တော်မူ၏။ ရဟန်းတို့သည် အရှင်ဘုရား ... ဤ အရှင်အာနန္ဒာသည် သေက္ခပုဂ္ဂိုလ် ဖြစ်သော်လည်း အဂတိလေးပါး မလိုက်စားပါ၊ ဘုရားရှင် ထံတော်၌ များစွာသော ဓမ္မဝိနယကို သင်ယူသူ ဖြစ်ပါသည်။ အရှင် အာနန္ဒာကိုလည်း ရွေးကောက်တော်မူပါဟု လျှောက်ကုန်၏။ (ထိုလျှောက်သော စကားဖြင့်) ရှင်မဟာကဿပသည် ရှင်အာနန္ဒာကိုလည်း ရွေးကောက်တော်မူ၏။
ထိုနောက် သင်္ဂါယနာတင်ရန် အရပ်ကို ကြံစည်လတ်သော် ရာဇဂြိုဟ်သည် ဆွမ်းခံရာ ကျယ်ဝန်း၏။ ကျောင်းအိပ်ရာ နေရာ ပေါများ၏။ ငါတို့သည် ရာဇဂြိုလ်၌ ဝါကပ်၍ ဓမ္မဝိနယကို သင်္ဂါယနာ တင်ကုန်အံ့။ တစ်ပါးသော ရဟန်းတို့ ဝါမကပ်ကုန်ရာဟု ကြံစည်၍ ရှင်မဟာကဿပသည် သံဃာကို ဉာတ္တိဒုတိယကံဖြင့် သိစေ၏။ ဝါ-သံဃာသည် သင်္ဂါယနာက ရဟန်းငါးရာတို့ ရာဇဂြိုဟ်၌ ဝါကပ်၍ သင်္ဂါယနာတင်ခြင်းငှါ တစ်ပါးသော ရဟန်းတို့မနေအပ်ဟု သမုတ်ရာ၏။ သမုတ်၏။ သမုတ်ပြီဟု သိစ၏။
ထိုနောက် မထေရ်တို့သည် ရာဇဂြိုဟ်သို့သွား၍ မဇ္ဈိမလ၌ သင်္ဂါယနာတင်ကုန်အံ့။ ပထမလ၌ အကျိုး အပျက်ပြုခြင်းကို ဘုရားရှင် ချီးမွမ်းသည်ဟု ပြုပြင်ကုန်၏။ ရှင်အာနန္ဒာသည် နက်ဖြန် အစည်းအဝး ဖြစ်တော့မည်။ သေက္ခပုဂ္ဂိုလ်အဖြစ်ဖြင့် သွားခြင်းငှါ ငါအားမသင့်ဟု တစ်ညည့်လုံး ကာယဂတာသတိဖြင့် လွန်စေ၍ နံနက်စာစေအချိန်တွင် အိပ်စက်ဦးမည်ဟု ကိုယ်ကိုဆန့်၏၊ ခေါင်းအုံးသို့ ဦးခေါင်းမရောက်မီ မြေမှခြေ မလွတ်မီ ဤအချိန်အတွင်း ရဟန္တာအဖြစ်သို့ရောက်၏။ ထိုနောက် ရဟန္တာအဖြစ်ဖြင့် အစည်းအဝေးသို့ ကြွသွားတော်မူ၏။
ဝိနည်းသင်္ဂါယနာ
ထိုအစည်းအဝေး၌ အရှင်မဟာကဿပသည် သုဏာတုမေ စသော ဉာတ်ဖြင့် သံဃာကိုသိစေ၏။ ဝါ-ငါသည် ဥပါလိကို ဝိနည်း မေးမည်ဟု သိစေ၏။ ရှင်ဥပါလိသည်လည်း သုဏာတုမေ စသည်ဖြင့် သိစေ၏။ ဝါ-ငါသည် ဝိနည်းကိုဖြေမည်ဟု `သိစေ၏။ ထိုနောက် အရှင်မဟာကဿပသည်-- ငါ့ရှင် ဥပါလိ …
ပထမပါရာဇိကကို အဘယ်၌ ပညတ်သနည်း ဟုမေး၏၊ ဝေသာလီ၌ပါ ဘုရား ဟုဖြေ၏။
အဘယ်သူကို အကြောင်းပြု၍နည်း၊ ကလန္ဒရွာသား သုဒိန္နကို အကြောင်းပြု၍ပါဘုရား။
အဘယ်၀တ္ထုကြောင့်နည်း၊ မေထုနဓမ္မကြောင့်ပါ ဘုရား။
ဤနည်းဖြင့် ပါရာဇိက၏-ဝတ္ထုကို၊ နိဒါန်းကို၊ ပုဂ္ဂိုလ်ကို၊ ပညတ်ကို၊ အနုပညတ်ကို၊ အာပတ္တိကို၊ အနာပတ္တိကို မေး၏။
ငါ့ရှင် ဥပါလိ … ဒုတိယ ပါရာဇိကကို အဘယ်၌ ပညတ်သနည်း။ ရာဇဂြိုဟ်၌ပါဘုရား။ ဤသို့ စသည်ဖြင့် ဥဘတောဝိဘင်းတို့ကို မေး၏။ မေးတိုင်းမေးတိုင်း ရှင်ဥပါလိ ဖြေ၏။
ဓမ္မသင်္ဂါယနာ
ထိုနောက် ရှင်မဟာကဿပသည် သုဏာတုမေ စသောဉာတ်ဖြင့် ရှင်အာနန္ဒာကို ဓမ္မကို မေးမည်ဟုသိစေ၏။ အာနန္ဒာသည် ဓမ္မကိုဖြေမည်ဟုသိစေ၏။ ထို့နောက် ငါ့ရှင် အာနန္ဒာ --
ဗြဟ္မဇာလသုတ်ကို အဘယ်၌ ဟောသနည်း။
ရာဇဂြိုဟ်နှင့် နာဠန္ဒရွာအကြား သရက်ဥယျာဉ် မင်းကွန်း၌ပါဘုရား။
အဘယ်သူကို အကြောင်းပြု၍နည်း။
သုပ္ပိယပရိဗိုဇ်နှင့် ဗြဟ္မဒတ်လုလင်ကိုပါဘုရား။
ဤသို့ဗြဟ္မဇာလသုတ်၏ နိဒါန်းကို၊ ပုဂ္ဂိုလ်ကိုမေး၏။
ငါ့ရှင်အာနန္ဒာ … သာမညဖလသုတ်ကို အဘယ်၌ ဟောသနည်း။
ရာဇဂြိုဟ်ပြည် ဆရာဇီ၀က၏ သရက်ဥယျာဉ်၌ပါဘုရား။
အဘယ်သူနှင့်နည်း။
ဝေဒေဟီ၏သား အဇာတသတ်နှင့်ပါဘုရား၊
ဤနည်းဖြင့် နိကာယ်ငါးရပ်လုံးကိုမေး၏။
မေးတိုင်း မေးတိုင်း ရှင်အာနန္ဒာ ဖြေ၏။
(မေး-ဖြေ၌ ကဏ္ဍတစ်ခုတစ်ခု အဆုံး၌ သံဃာငါးရာ ညီစွာရွတ်ဆို၏။
ဝိနည်းသိက္ခာပုဒ်တစ်ခုတစ်ခု၌ မေးခွန်းပေါင်း ၂၆-ခုမျှဖြင့် ပရိဝါပါဠိတော်၌ စုံလင်စွာပြ၏။)
ခုဒ္ဒါနုခုဒ္ဒကနုတ်ဆိုလျှင်
ထိုအခါ ရှင်အာနန္ဒာသည် မထေရ်ကြီးတို့ကို ဤသို့လျှောက်ကြား၏။ အရှင်ဘုရားတို့ … မြတ်စွာဘုရားသည် ပရိနိဗ္ဗာန့်စံတော်မူအံ့သောအခါ ချစ်သားအာနန္ဒာ .... ငါဘုရား ကွယ်လွန်ပြီးသောအခါ ခုဒ္ဒ- ငယ်ကုန်သော၊ အနုခုဒ္ဒက- အလွန်ငယ်ကုန်သော သိက္ခာပုဒ်တို့ကို သံဃာသည် နုတ်လိုလျှင် နုတ်ရာ၏ ဟူ၍မိန့်မှာခဲ့ပါသည် ဟု လျှောက်ကြား၏။
ငါ့ရှင်အာနန္ဒာ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်တို့သည် အဘယ်တို့ပါနည်းဟု .. ဘုရားရှင်ကို သင်မေးလိုက်သလော၊ မမေးမိပါ ဘုရား၊ ထိုအခါ အချို့သော မထေရ်တို့သည် --
၁။ ပါရာဇိက လေးပါးကို ဖယ်၍ အကြွင်းသည် ခုဒ္ဒါနုခုဒ္ဒကတည်းဟု ဆိုကုန်၏။
၂။ အချို့ကား ပါရာဇိက၊ သံဃာဒိသိသ်ကိုဖယ်၍ အကြွင်းသည်….၊
၃။ ပါရာဇိက၊ သံဃာဒိသိသ်၊ အနိယတကိုဖယ်၍၊
၄။ နိဿဂ္ဂိအထိဖယ်၍ ....၊
၅။ ပါစိတ်အထိဖယ်၍ ...၊
၆။ ပါဋိဒေသနလေးပါးအထိဖယ်၍ … အကြွင်းသည် ခုဒ္ဒါနုခုဒ္ဒကတည်း ဟု ဆိုကုန်၏၊ (ခြောက်မျိုး၊)
ထိုအခါ ရှင်မဟာသာပသည် သံဃာကို ဉာတ္တိဒုတိယကံဖြင့် သိစေ၏။ ဝါ-ငါတို့အား သိက္ခာပုဒ်ကို လူအလယ်၌လည်း ပညတ်သည်။ လူတို့သည်လည်း ရဟန်းတို့အား ဤအမှုအပ်သည် ဤအမှုမအပ်ဟု သိကုန်၏၊
ခုဒ္ဒါနုခုဒ္ဒါက သိက္ခပုဒ်တို့ကို ငါတို့နှုတ်ပစ်လျှင် ရဟန်းဂေါတမသည် သာဝကတို့အား မီးခိုးကာလတိုင်ရုံ သိက္ခာပုဒ်တို့ကို ပညတ်သည်။ ထိုသိက္ခာပုဒ်တို့ကို သာဝကတို့သည် သူတို့ဆရာရှိခိုက်သာ လိုက်နာကုန်၏၊ သူတို့ဆရာ နိဗ္ဗာန်စံပြီးသောအခါ မလိုက်နာကုန်-ဟု ပြောဆိုကုန်လတ္တံ့။
ပတ္တကလ္လကံဖြစ်လျှင် သံဃာသည် မပညတ်သည်ကို မပညတ်ရာ၊ ပညတ်ပြီးကို မဖျက်ရာ၊ ပညတ်တိုင်း ကောင်းစွာ ယူ၍ ကျင့်ရာ၏၊ ကျင့်၏။ ကျင့်သည်-ဟု သိစေ၏။
(ပါရာဇိက လေးပါးကိုဖယ်၍ စသည်သည် တစ်ခုသော သိက္ခာပုဒ်မျှကိုလည်း မစွန့်မူ၍ သိက္ခာပုဒ်အားလုံးတို့ကို ရေတွက်အပ်သည်အဖြစ် ကိုပြခြင်းငှါ ပရိယာယ်ဖြင့် ဆိုသော စကားဖြစ်၏။
မီခိုးကာလတိုင်ရုံ ဟူသည် အကြင်ရွေ့လောက် ရဟန်းဂေါတမ ပရိနိဗ္ဗန် ထင်းပုံမီးခိုးသည် ထင်ရှား၏။ ထိုရွေ့လောက်ကာလ ဟူလို။)
သာဋီ ... နှုတ်လိုလျှင် နှုတ်ရာ၏-ဟူသည်၌ အဘယ်ကြောင့် နှုတ်ကြလော-ဟု ဧတံသဖြင့် မဆိုဘဲ နှုတ်လိုလျှင် နှုတ်ရာ၏-ဟု ဝိကပ္ပစကားဖြင့်သာ ဘုရားရှင် မှာခဲ့သနည်း။ အရှင်မဟာကဿပ၏ ဉာဏဗလကို မြင်သောကြောင့်တည်း။ မြင်ပုံကား နှုတ်ကြလောဟု ဆိုသော်လည်း သင်္ဂါယနာတင်သောအခါ ကဿပသည် မနှုတ်ပေလတ္တံ့ -ဟု မြင်၏။
ထိုကြောင့် ဝိကပ္ပဖြင့်သာ မှာခဲ့သည်။ မနှုတ်မည်ကို မြင်၍ ထိုမနှုတ်ခြင်းကိုသာ အလိုရှိလျှင် အဘယ်ကြောင့် အလိုရှိလျှင် နှုတ်စေ-ဟု မိန့်မှာသနည်း။ ထိုသို့သောပုဂ္ဂိုလ်၏ အလိုစွမ်းဖြင့် မိန့်မှာသည်။
ခုဒ္ဒါနုခုဒ္ဒကတို့ကို ကောင်းစွာ မကျင့်လို သူတို့သည် ရှိကုန်၏၊ ထိုသို့ မိန့်မှာလျှင် ထိုသူတို့အား ဘုရားရှင်အပေါ်၌ အာဃာတ ဖြစ်ရာ၏၊ ထိုအဃာတသည် ထိုသူတို့အား အကျိုးနည်းခြင်း ဆင်းရဲခြင်းငှါ ဖြစ်လတ္တံ့၊ မိန့်မှာလျှင် ထိုအဃာတ မဖြစ်ရာ၊ ငါတို့တွင်သာလျှင် အချို့ နှုတ်ခြင်းကို အလိုမရှိကုန်၊ ငါတို့၏ အပြစ်သာတည်းဟု အာဃာတ မဖြစ်ရာ၊ ကေစိတို့သည် သာသနာအားလုံး၏ သံဃာနှင့်စပ်ခြင်းကို ပြခြင်းမှာ ထိုသို့မိန့်မှာသည်-ဟု ဆိုကုန်၏။
ဘုရားရှင် ပညတ်သော သိက္ခာပုဒ် အားလုံးကို ရဟန်းတို့သည် ဦးထိပ်ဖြင့် ရွက်ဆင်၍ အသက်ကိုကဲ့သို့ စောင့်ကုန်၏။ ထိုကြောင့် ထိုရဟန်းတို့သည် နှုတ်လိုလျှင် နှုတ်စေ-ဟု အမိန့်ပေးသော်လည်း မနှုတ်ကြကုန်။ စင်စစ် ရှေ့တော်၌ကဲ့သို့ ဘုရားရှင် ကွယ်လွန်သော အခါ၌လည်း စောင့်ကုန်သည်သာတည်းဟု သာသာနာ တော်၏ လည်းကောင်း၊ သံဃာတော်၏ လည်းကောင်း ကြီးမြတ်သောအဖြစ်ကို ပြခြင်းငှါလည်း ထိုသို့ မိန့်မှာသည်ဟု မှတ်အပ်၏။
ထို့ကြောင့် ခုဒ္ဒကသည် အဘယ်ပါနည်း၊ အနုခုဒ္ဒကသည် အဘယ်ပါနည်း-ဟု ဘယ်သူမှ မနှုတ်လို၍ မမေးလျှောက်ကုန်။ ထိုကြောင့်သာလျှင် တစ်ခုမျှမစွန့်ဘဲ အားလုံး ချီးမြှောက်အပ်သည့်အဖြစ်ကို ပြခြင်းငှါ ပါရာဇိက လေးပါးဖယ်၍ အကြွင်းသည် ခုဒ္ဒါနုခုဒ္ဒကတည်း စသည်ကို ဆိုကုန်၏။
ဤသို့ ဆိုသူတို့သည် ဤကား ခုဒ္ဒါနုခုဒ္ဒကတို့ ဟု မဆုံးဖြတ် ခြင်းကြောင့် အားလုံး ချီးမြှောက်အပ်သည် အဖြစ်ကို ပြခြင်းဖြစ်၏။ သံဃာကို ဉာတ္တိဒုတိယကံဖြင့် ရှင်မဟာကဿပ သိစေရာ၌ ကေစိတို့ အဆိုကား မိလိန္ဒမင်းကြီး မေးသောအခါ အရှင်နာဂသိန်သည် “မင်းကြီး … ဒုက္ကဋ်သည် ခုဒ္ဒကဒုဗ္ဘာသိသည် အနုခုဒ္ဒက”ဟု ဖြေသောကြောင့် အရှင်နာဂသိန်သည် ခုဒ္ဒါနုခုဒ္ဒ၊ ဒုဗ္ဘာသိသည်။ ရှင်မဟာကဿပသည် အသိသောကြောင့် ဉာတ္တိဒုတိယကမ္မဝါစာဖြင့် သံဃာကို သိစေသည်-ဟု ဆိုကုန်၏၊ ဤသို့ မယူအပ်။
ရှင်နာဂသိန်သည် သူတစ်ပါး မေးသောစကား ပြီးပြတ်စေခြင်းငှါ သင်္ဂါယံနာတင် မထေရ်တို့ထားသောအဖို့မှ အောက်ဆုံးအဖို့ကို ယူ၍ မိလိန္ဒမင်းကို သိစေသည်။ တစ်ခုမျှ မနှုတ်လိုသောကြောင့် ကမ္မဝါစာဖြင့် သံဃာကို သိစေတော်မူသည်။
လူတို့အလယ်၌လည်း ပညတ်ဟူသည် လူတို့နှင့် စပ်ကုန်၏ဟု ဆိုကုန်၏။ လူတို့ သိကုန်ဟု အနက်မှတ်အပ်၏။
ဓူမကာလော ဧကဿာတိဓူမကာလိကံ၊ မီးခိုးကာလရှိသော သိက္ခာပုဒ်။ ထင်းပုံကြီး မီးငြိမ်းသည်နောက် မဖြစ်သောကြောင့်တည်း။
မပညတ်သည်ကို စသည်၌ အသစ်ဖြစ်သော အဓမ္မိက ကတိကဝတ်ဖွဲ့သူ၊ သိက္ခာပုဒ်အသစ် ဖွဲ့သူတို့သည် မပညတ်ကို ပညတ်ကြသည် မည်၏။ ပုရာဏသန္တကဝတ္ထု၌ သာဝတ္ထိရဟန်းတို့ ကဲ့သို့တည်း။ (ထိုရဟန်း တို့သည် တစ်ပါးတည်း ကိန်းအောင်းသော ဘုရားရှင်အား ဖူးသူ ပါစိတ်အာပတ် ကုစားရမည်ဟု သိက္ခာပုဒ် အသစ်ဖွဲ့ကုန်၏)
ဓမ္မ ဟုတ်သော၊ ဝိနယ မဟုတ်သော သာသနာကို ပြသူတို့သည် ပညတ်ပြီးကို ဖျက်ကြသည် မည်၏။ နှစ်တစ်ရာ မြောက်တွင် ဝေသာလီတိုင်းသား ရဟန်းတို့ကဲ့သို့တည်း။ (ထိုရဟန်းတို့သည် အဓမ္မဝတ္ထုဆယ်ပါးကို ပြကုန်၏။)
ခုဒ္ဒါနုခုဒ္ဒက အာပတ်တို့ကို စေတနာနှင့် လွန်ကျူးသူတို့သည် ပညတ်တိုင်း ကောင်းစွာယူ၍ မကျင့်ကြသည် မည်၏။ အဿဇိပုနဗ္ဗသုက- ရဟန်းတို့ကဲ့သို့တည်း။ အသစ်ဖြစ်သော တတိယ၀တ်ကို လည်းကောင်း၊ သိက္ခာပုဒ်ကို လည်းကောင်း မဖွဲ့ဘဲ ဓမ္မဝိနယအားဖြင့် သာသနာကိုပြသူ၊ ခုဒ္ဒါနုခုဒ္ဒကကိုလည်း မနှုတ်သူတို့သည် မပညတ်သည်ကို မပညတ်၊ ပညတ်ပြီးကို မဖျက်၊ ပညတ်တိုင်း ကောင်းစွာ ယူ၍ ကျင့်ကြသည် မည်၏။ အရှင် ဥပသေန၊ အရှင်ယသကာကဏ္ဍကပုတ္တတို့ ကဲ့သို့တည်း။
ဝိဋီ .... နှုတ်လိုလျှင် နှုတ်ရာ၏-ဟူသည်ကို ငါဘုရားသည် နှုတ်လိုလျှင်-ဟု မိန့်မှာခြင်းကြောင့် နှုတ်စရာ သိက္ခာပုဒ် တစ်ခုမျှ မမြင်ကြသဖြင့် နှုတ်ခြင်း၌သာ အပြစ်ကိုမြင်၍ သင်္ဂါယနာတင် ရဟန်းတို့သည် ငါတို့သည် မပညတ်သည်ကို မပညတ်ပါအံ့၊ ပညတ်ပြီးကို မဖျက်ပါအံ့- စသည်ဖြင့် တစ်ဖန် ပညတ်သည်နှင့် တူသော အကုပ္ပကမ္မဝါစာဖြင့် သိစေ၍ ကောင်းစွာ ကျင့်ကုန်လတ္တံ့။ ထို့ကြောင့် သာသနာကွယ်သည့် တိုင်အောင် မတားမြစ်အပ်သော သိက္ခာပုဒ်တို့သည် ဖြစ်ကုန်လတ္တံ့ -ဟူသော အလိုတော်ဖြင့် ဘုရားရှင် မိန့်မှာသည်-ဟု မှတ်အပ်၏၊ ထိုကြောင့်သာ မထေရ်မြတ်တို့သည်လည်း ထိုအတိုင်းသာ ကျင့်ကုန်၏။
လူတို့အလယ်၌လည်း ပညတ်သည်-ဟူသည် ဂိဟိသုဂတာနိ-ဂီဟိဂတာနီ။ ခတ္တိယမဟာသာရ - စသော လူတို့သိကြ၏ ဟူလို။
စိတကဓူမကာလောဧကဿာတိ- ဓူမကာလိတံ-ထင်းပုံ မီးခိုးကာလ ရှိသော သိက္ခာပုဒ်၊ ထင်းပုံမီးခိုး ကာလသည် မိမိ၏ ဖြစ်ခြင်းအဆုံးသာ ဖြစ်သောအခါ ကာလတည်း။
အာနန္ဒာဒုက္ကဋငါးပါး
ထိုအခါ မထေရ်တို့သည် အရှင် အာနန္ဒာကို ဤသို့ ဆိုကုန်၏။ ငါ့ရှင် အာနန္ဒာ ... သင်သည် မြတ်စွာဘုရားကို ခုဒ္ဒါနုခုဒ္ဒကတို့သည် အဘယ်ပါနည်းဟု မမေး မလျှောက်။ ဤသည် သင်၏ မကောင်းမှု ဒုက္ကဋတည်း၊ ထိုဒုက္ကဋကို ဒေသေဟိ (ပဋိဇာနာဟိ) ၀န်ခံလေ-ဟု ဆိုကုန်၏။
အရှင်ဘုရား .... အကျွန်ုပ်သည် သတိ မရှိ၍ မလျှောက်မိပါ။ ထိုကြောင့် ထိုဒုက္ကဋကို မမြင်ပါ။ မမြင်သော်လည်း အရှင်ဘုရားတို့အား ယုံကြည်ခြင်းဖြင့် ထိုဒုက္ကဋကို ဒေသေမိ (ပဋိဇာနာမိ) ဝန်ခံသည် ဘုရား။
ငါ့ရှင် အာနန္ဒာ … သင်သည် မြတ်စွာဘုရား၏ ဝဿိကသာဋိကာ-မိုးရေခံ သင်္ကန်းကို နင်း၍ ချုပ်၏။ ဤသည် သင်၏ ဒုက္ကဋတည်း၊ ဝန်ခံလော၊ အရှင်ဘုရားကို ... အဂါရဝ ဖြင့် နင်း၍ ချုပ်သည် မဟုတ်ပါ။ ထိုဒုက္ကဋကို မမြင်ပါ၊ အရှင်ဘုရားတို့အား ယုံကြည်ခြင်းဖြင့် ဝန်ခံပါသည် ဘုရား။
ငါ့ရှင်အာနန္ဒာ ... သင်သည် မာတုဂါမတို့ကို ရှေးဦးစွာ ဘုရားရှင်၏ အလောင်းတော်ကို ဖူးမျှော်စေ၏။ ထိုမိန်းမတို့၏ မျက်ရည်ဖြင့် အလောင်းတော် လိမ်းကျံ၏။ ဤသည် သင်၏ ဒုက္ကဋတည်း။ ဝန်ခံလော၊ အရှင်ဘုရားတို့၊ ဤမာတုဂါမတို့အား မိုးချုပ်သောအခါ (သွားရခြင်းသည်) မဖြစ်ပါစေလင့်ဟု ရှေးဦးစွာ ဖူးမျှော်စေပါသည်။ ထိုဒုက္ကဋကို မမြင်ပါ။ အရှင်ဘုရားတို့အား ယုံကြည်ခြင်းဖြင့် ဝန်ခံပါသည် ဘုရား။
ငါ့ရှင်အာနန္ဒာ ... ... သင်သည် ရုန့်ရင်းသောနိမိတ်၊ ရုန့်ရင်းသော ဩဘာတို့ကို ဘုရားရှင်ပြလျက် မြတ်စွာဘုရား၊ လူနတ်တို့၏ အကျိုးငှါ ကပ္ပ-အာယုကပ်ပတ်လုံး ကြာမြင့်စွာ နေတော်မူပါဟု မလျှောက်၊ ဤသည် သင်၏ ဒုက္ကဋတည်း၊ ဝန်ခံလော။ အရှင်ဘုရားတို့ ... ကျွန်ုပ်၏စိတ်ကို မာရ်နတ်နှိပ်စက်သဖြင့် မလျှောက်မိပါ၊ ထိုဒုက္ကဋကို မမြင်ပါ၊ အရှင်ဘုရားတို့အား ယုံကြည်ခြင်းဖြင့် ဝန်ခံပါသည်ဘုရား။
ငါ့ရှင်အာနန္ဒာ ... သင်သည် သာသနာတော်၌ မတုဂါမ၏ ရဟန်းအဖြစ်ကို အားထုတ်၏။ ဤသည် သင်၏ ဒုက္ကဋတည်း။ ၀န်ခံလော။ အရှင်ဘုရားတို့ … ဤမဟာပဇာပတိ ဂေါတမီသည် ဘုးရား၏ မိထွေးတော် ဖြစ်၏။ မယ်တော်ကြီး နတ်ရွာသာသာအခါ နို့ရည် တိုက်၍ မွေးမြူ၏၊ ထိုကြောင့် အားထုတ်ပါသည်။ ထိုဒုက္ကဋကို မမြင်ပါ၊ အရှင်ဘုရားတို့အား ယုံကြည်ခြင်းဖြင့် ဝန်ခံပါသည်ဘုရား။
မမေးမမြန်း (၁)၊ သင်္ကန်း-နင်းချုပ် (၁)၊ လိမ်းသုတ်မျက်နှာရည် (၁)၊
ကပ်တည်အာယု (၁) မာတုရဟန်း (၁) ...အာနန်မှန်း- ငါးခဏ်း ဒုက္ကဋာ။
(ဤသည် သင်၏ဒုက္ကဋတည်းဟူသည် သင်သည် မကောင်းသဖြင့် ပြုသည်ဟု သက်သက်ကဲ့ရဲ့လိုသော မထေရ်တို့၏ စကားတည်း။ အာပတ်ကို ရည်ဆိုသည် မဟုတ်။ ထိုမထေရ်တို့သည် အာပတ္တိ အနာပတ္တိကို မသိကုန်။ မသိကြောင်းကား “သံဃာသည် မပညတ်သည်ကို မပညတ်၊ ပညတ်ပြီးကို မဖျက်”ဟု ယခုပင် သိစေကုန်ပြီ。
ဒသဟိဟူသည် ဤအမှုကို အကျွန်ုပ်သည် မကောင်းသဖြင့် ပြုမိပါပြီဟု ဝန်ခံလော၊ ထို မကောင်းသဖြင့် ပြုခြင်းကိုရည်၍ ဒုက္ကဋဟု ဆိုသည်။ အာပတ်ဒေသနာ ကြားခြင်းကို ဆိုသည် မဟုတ်။ ရှင်အာနန္ဒာလည်း သတိမရ၍သာ၊ မရိုသေခြင်းဖြင့် မဟုတ်။ ထိုကြောင့် မကောင်းသဖြင့် ပြုခြင်းမျှကိုလည်း မမှတ်သားနိုင် သဖြင့် ထိုဒုက္ကဋကို မမြင်ပါဟု ဆိုပြီးမှ မထေရ်တို့၌ ဂါရ၀ကို ပြလို၍ မမြင်သော်လည်း စသည်ကိုဆိုသည်။ အရှင်တို့ ပြောသောအတိုင်း ဝန်ခံပါ၏ဟု ဆိုခြင်းပင်တည်း။ ကြွင်းလေးဌာနတို့၌လည်း ဤနည်းသာတည်း။)
ဇီဋီ … မိုးရေခံသင်္ကန်း ဟု ဆိုခြင်းဖြင့် မြတ်စွာဘုရားအား စတုတ္ထ စီဝရလည်းရှိကြောင်း ထင်ရှား၏။ ထိုကြောင့် စီ၀ရက္ခန္ဓက၌ စတုတ္ထစီ၀ရံ ပါရူပိဟုဆိုပြီ။
သာဋီ ... ရုန့်ရင်းသော နိမိတ်ဟူသည် ဝေသာလီပြည် စာပါလစေတီ၌ နေတော်မူစဉ် ချစ်သားအာနန္ဒာ၊ ဝေသာလီပြည်သည် မွေ့လျော်ဖွယ်ရှိ၏။ ဥဒေနစေတီ၊ ဂေါတမစေတီ စသည်သည် မွေ့လျော်ဖွယ် ရှိ၏။ ချစ်သားအာနန္ဒာ … ဣဒ္ဓိပါဒိလေးပါး လေ့လာသောသူသည် အလိုရှိလျှင် ကပ္ပ၊ ကပ္ပါ၀သေသပတ်လုံး တည်နိုင်၏။ ချစ်သားအာနန္ဒာ … ငါဘုရားသည် ဣဒ္ဓိပါဒ်လေးပါး ကောင်းစွာ လေ့လာ၏။ အလိုရှိလျှင် ငါဘုရားသည် ကပ္ပ၊ ကပ္ပါဝသေသပတ်လုံး တတ်နိုင်၏-ဟု ထင်ရှားသိသာလောက်သော အရိပ်နိမိတ် ပြတော်မူ၏။
စိတ်ကို မာရ်နတ်နှိပ်စက်သဖြင့် ဟူသည်ကား ဝိပ္ပလ္လာသ ၁၂ ပါးလုံး မပယ်သေးသူ၏စိတ်ကို မာရ်နတ် နှိပ်စက်နိုင်သည်။ အရှင်အာနန္ဒာအား (သောတပန်ဖြစ်၍) ဝိပ္ပလ္လာသလေးပါး မပယ်ရသေး။ မာရ်နတ်သည် ကြောက်ဖွယ်အဆင်းအသံ အာရုံပြု၍ မြင်သူကြားသူ သတိလစ်၍ ခံတွင်းပွင့်နေသောအခါ လက်သွင်း၍ နှလုံးသားကိုနယ်သည်။ ထိုအခါ ပညာကင်းကုန်၏၊
မထရ်မြတ်အားကား မာရ်နတ်လက် မသွင်းနိုင်သော်လည်း ကြောက်ဖွယ်အာရုံကို ပြ၏။ ထိုအာရုံကိုမြင်၍ မထေရ်မြတ်သည် နိမိတ်ဩဘာကို ထိုးထွင်း၍မသိ။
ဝိဋီ … ရုန့်ရင်းသောနိမိတ်ဟူသည် ချစ်သားအာနန္ဒာ၊ ငါဘုရားသည် ကပ္ပ၊ ကပ္ပါဝသေသပတ်လုံး တည်နိုင်၏-ဟု ထင်ရှားစွာ နိမိတ်ပြောပြသည်။ ထိုပြောပြခြင်းသည် ကပ္ပပတ်လုံး တည်နေတော်မူပါဟု တောင်းပန်နိုင်ကြောင်း ဖြစ်၏။
မာရ်နတ်နှိပ်စက် ဟူသည်ကား မာရ်နတ် ဝင်သောစိတ်ရှိသူ- ဖြစ်၏。
အရှင်ပုရာဏမိန့်ခွန်း
ထိုအခါ အရှင်ပုရာဏသည် ဒက္ခိဏာဂိရိ၌ ရဟန်းငါးရာနှင့် လှည့်လည်၏။ ထိုနောက် ဓမ္မဝိနယကို သင်္ဂါယနာတင်စဉ် ဒက္ခိဏဂိရိ၌ မွေ့လျော်သလောက်နေ၍ ရာဇဂြိုလ်သို့ကြွ၍ ဝေဠုဝန် ကလန္ဒကနိဝါပ၌ မထေရ်ကြီးတို့ထံ ချဉ်းကပ်၍ ဝမ်းမြောက်စွာ စကားပြောကာ နေ၏။ မထရ်ကြီးတို့သည် ဤသို့ဆိုကုန်၏။
အာဝုသော ပုရာဏ- ငါ့ရှင်ပုရာဏ … မထေရ်တို့သည် ဓမ္မကို လည်းကောင်း၊ ဝိနယကို လည်းကောင်း၊ သင်္ဂါယနာ တင်အပ်၏။ ထိုသင်္ဂါယနာတင်ရာသို့ ချဉ်းကပ်ချေလောဟု ဆိုကုန်၏။ အာ၀ုသော ငါ့ရှင်တို့၊ မထေရ်တို့သည် ဓမ္မကို လည်းကောင်း၊ ဝိနယကိုလည်းကောင်း၊ ကောင်းစွာ သင်္ဂါယနာ တင်အပ်ပေ၏။
စင်စစ်သော်ကား အကြင်အခြင်းအရာဖြင့်သာလျှင် အကျွန်ုပ်သည် ဘုရားရှင်ထံတော်မှ မျက်မှောက် ကြားရ၏။ မျက်မှောက် သင်ယူရ၏။ ထိုအခြင်းအရာဖြင့်သာလျှင် အကျွန်ုသည် ဆောင်ရွက်ပါလတ္တံ့ ဟု မြွက်ဆို၏။
(မိမိကဲ့သို့ ဘုရားရှင်အာဘော် တစ်ထပ်တည်းပြုကြပေသည်ဟု သင်္ဂါယနာတင် မထေရ်တို့ကို ချီးမြှောက်လျက် မြွက်ဆိုခြင်းတည်း။ တစ်နည်းကား - မြတ်စွာဘုရား စကားဖြင့် ငါယုံကြည်သည် မဟုတ်၊ ကိုယ်တိုင် သစ္စာ လေးပါးသိ၍ ငါသိမြင် ငါ ယုံကြည်သည်ဟု ရှင်သာရိပုတ္တရာ ဆိုသကဲ့သို့ သင်္ဂါယနာတင်ခြင်းကို ငါလိုက်နာသည် မဟုတ်။ မြတ်စွာဘုရား တရားတော်ကို ငါလိုက်နာသည်-ဟု ဆိုခြင်းတည်း။)
ဇီဋီ … စင်စစ်သော်ကား စသည်ကို သင်္ဂါယနာတင်ခြင်းဖြင့် မယူလို ဟူသော အလိုစွမ်းအားဖြင့် ဆိုသည်။
အဘယ်ဖြင့်ယူမည်နည်း ဟူမူ၊ ငါ့ရှင်တို့ ... မထေရ်တို့သည် ဓမ္မဝိနယကို ကောင်းစွာ သင်္ဂါယနာတင်အပ်၏- ထိုသို့ ကောင်းစွာတင်သော်လည်း ငါသည်မူကား အကြင်အခြင်းအရာဖြင့်သာ ဘုရားရှင်ထံမှ ငါမျက်မှောက် ကြားဘူး၏။ ငါမျက်မှောက် သင်ယူဘူး၏။ ထိုအခြင်းအရာဖြင့်သာ ငါဆောင်ရွက်မည်။ ဘုရားရှင် ကိုယ်တော်တိုင် ဧတဒဂ်ပေးအပ်သော မထေရ်တို့သည်လည်း ထိုအခြင်းအရာဖြင့်သာ သင်္ဂါယနာတင်ကြသည်။ ထိုကြောင့် ကောင်းစွာ ချီးမြှောက်အပ်သော သင်္ဂါယနာတင်ခြင်း ဖြစ်ပေသည်ဟု မိန့်ဆိုခြင်းတည်း။
(ပရိဝါ၌ ကြီးသူကို အာ၀ုသောဟုခေါ်လျှင် ဘုရားရှင်မရှိမှ အာပတ်ဟုဆိုသည်။ ဤ ပုရာဏမထေရ်တို့၌ အာဝုသော အရှိန်မပျက်သေး။ တစ်နည်း ငယ်သူတို့ကိုရည်၍ အာဝုသောဟု ဆိုသည်။)
ရှင်ဆန္ဒအား ဗြဟ္မဒဏ်ပေးခြင်း
ထိုမှနောက်၌ အရှင်အာနန္ဒာသည် မထေရ်တို့ကို ဤသို့ လျှောက်ကြား၏။ အရှင်ဘုရားတို့ - မြတ်စွာဘုရား သည် ပရိနိဗ္ဗာန်စံအံ့သောအခါ “ချစ်သားအာနန္ဒာ .. သံဃာသည် ငါ ဘုရား ကွယ်လွန်သောအခါ ဆန္ဒရဟန်းအား ဗြဟ္မဒဏ်ကို သိစေလော့” ဟု မိန့်ဆိုကြောင်း လျှောက်ကြား၏။ ဗြဟ္မဒဏ်သည် အဘယ်ပါနည်းဟု သင် မေးလျှောက်သလော၊ မေးလျှောက်ပါသည်။ ချစ်သား အာနန္ဒာ … ဆန္ဒရဟန်းသည် အလိုရှိရာ ဆိုရာ၏။ ရဟန်းတို့သည် ဆန္ဒ ရဟန်းကို မဆိုအပ်၊ မဆုံးမအပ်၊ မကံမြစ်အပ်ဟု မိန့်တော်မူပါသည်။
ငါ့ရှင်အာနန္ဒာ ... ထိုသို့ဖြစ်လျှင် သင်သည်သာလျှင် ဆန္ဒရဟန်းအား ဗြဟ္မဒဏ်ကို သိစေလော။ အရှင်ဘုရားတို့ … အဘယ်သို့လျှင် အကျွန်ုပ်သည် သိစေနိုင်အံ့နည်း။ ဆန္ဒသည် လွန်စွာကြမ်းကြုတ်ပါသည်။ ထိုသို့ ဖြစ်လျှင် များစွာသော ရဟန်းတို့နှင့်အတူ သွားချေလောဟု မိန့်ဆိုကုန်၏။
အရှင်အာနန္ဒာသည် ဧဝံ ဘန္တေ - ကောင်းပါပြီဘုရားဟု ဝန်ခံ၍ ရဟန်း ငါးရာနှင့်အတူ လှေဆန်ဖြင့် ကောသမ္ဗီသို့ ဆန်တက်၏။ လေမှ ဆင်းသောအခါ ဥဒေနမင်း၏ ဥယျာဉ်အနီး တစ်ခုသော သစ်ပင်ရိပ်၌ ထိုင်နေတော်မူ၏၊ ထို၌ ဥဒေနမင်းနှင့်တွေ့ပြီးမှ ဃောသိတာရုံသို့ သွား၍ ဗြဟ္မဒဏ်ကို သိစေတော်မူ၏။
(ဇီဋီ … သင်သည်သာလျှင် ....လ... သိစေလော ဟူ၍မျှသာဆိုသော်လည်း မထေရ်တို့သည် ဗြဟ္မဒဏ်ပေးမှု ဝိနည်းကံကို ပြုပြီးမှ “သိစေလော”ဟု ဆိုကြသည်။ ဤနေရာ၌ ရှင်အာနန္ဒာကဲ့သို့ သံဃာ စေခိုင်းအပ်သော ရဟန်းသည် ဗြဟ္မဒဏ်ပြုအပ်သော ရဟန်းနှင့် စကားပြောခြင်းငှါ ရ၏။ သံဃာ မစေခိုင်းအပ်သူသည် စကားပြောခွင့် မရ။
ဥဇ္ဇ၀ နိကာယာတိပဋိသောတဂါမိနိယာ- ဆန်တက်သောလှေဖြင့်。
သာဋီ၊ ဝါဋီ ... ဥဇ္ဇ၀နိကာယာတိပဋိသောတဂါမိနိယာ။)
သင်္ကန်းဟောင်း အဆင့်ဆင့် သုံးပုံ
ထိုအခါ ဥဒေနမင်းသည် ဥယျာဉ်၌ လှည့်လည်၏။ မောင်းမအပေါင်းသည် ငါတို့ဆရာ ရှင်အာနန္ဒာ ကြွလာ၍ သစ်ပင်ရိပ်၌ ထိုင်နေသည်ဟု ကြား၍ မင်းကြီးထံ ခွင့်ပန်၍ အဖူးအမျှော်သွား၏။ တရားဟောသည်ကို နာရ၍ အပေါ်ရုံ စုလျားတဘတ် ငါးရာ လှူဒါန်း၍ ပြန်လာ၏။ ဥဒေနမင်းသည် ထိုအကြောင်း သိလတ်သော် အဘယ်ကြောင့် ရှင်အာနန္ဒာသည် သင်္ကန်းများစွာ အလှူခံဘိသနည်း၊ အထည်ကုန်သည်ပြု၍ အထည်ဆိုင် တည်လတ္တံ့ လောဟု ကဲ့ရဲ့၍ ရှင်အာနန္ဒာထံ ချဉ်းကပ်၍ မေးမြန်း၏။ လှူခဲ့ပြီ-ဟု ဝန်ခံလတ်သော်
အရှင်ဘုရား … ထိုမျှများစွာသော အဝတ်သင်္ကန်းတို့ကို အဘယ်သို့ ပြုမည်နည်း။
မင်းကြီး … သင်္ကန်းနွမ်းပါးသော ရဟန်းတို့နှင့် ဝေဖန်လတ္တံ့။
အရှင်ဘုရားတို့ ..... သင်္ကန်းနွမ်းတို့ကို အဘယ်သို့ ပြုမည်နည်း။
သင်္ကန်းနွမ်းတို့ကို အပေါ်ခင်း ပြုကုန်လတ္တံ။
အပေါ်ခင်း အဟောင်းတို့ကို အဘယ်သို့ ပြုကြမည်နည်း။
အပေါ်ခင်း အဟောင်းတို့ကို ဘိသိဆဝိ- ဘုံလျှိုအဖုံး ပြုကုန်လတ္တံ့။
ဘုံလျှို ဖုံးဟောင်းတို့ကို အဘယ်သို့ ပြုကြမည်နည်း။
ဘုံလျှိုအဖုံးဟောင်း တို့ကို ဘူမတ္တရဏ-မြေအခင်း ပြုကုန်လတ္တံ့။
မြေအခင်းဟောင်းတို့ကို အဘယ်သို့ ပြုကြမည်စည်း။
မြေအခင်းဟောင်းတို့ကို ပါဒပုစ္ဆနီ– ခြေသုတ်ပြုကုန်လတ္တံ့။
ခြေသုတ်ဟောင်းတို့ကို အဘယ်သို့ ပြုကြမည်နည်း၊
ခြေသုတ်ဟောင်းတို့ကို ရဇောဟရဏ-မြူသုတ်အဝတ် ပြုကုန်လတ္တံ့။
မြူသုတ်ဟောင်းတို့ကို အဘယ်သို့ပြု ကြမည်နည်း။
မြူသုတ်ဟောင်း တို့ကို နုတ်နုတ်စင်း၍ ညွန်ဖြင့်နယ်၌ ပရိဘဏ္ဍ-အကျည်ကို လိမ်းကျံကုန်လတ္တံ့။
ထိုသို့ မိန့်တော်မူလတ်သော် ဥဒေနမင်းသည် ဤရဟန်းတို့သည် သင့်ရာ သုံးဆောင်ကုန်၏။ နကုလဝံဂမေန္တိ၊ အကျိုးမဲ့ ပျက်စီးခြင်းသို့ မရောက်စေကုန်ဟု နှလုံးသွင်း၍ ရှင်အာနန္ဒာအား ပုဆိုးငါးရာ လှူ၏။ ဤသို့ တစ်ထိုင်တည်း ရှင်အာနန္ဒာအား သင်္ကန်းတစ်ထောင် ဖြစ်၏။
(ရဇောဟရဏပြုခြင်းကား ရေဆွတ်၍ညှစ်၍ အပြေအပြစ်ပြုသော မြေကို သုတ်ခြင်းတည်း。
ကုလဝံကား ကောဋ္ဌကေ ဟူလို。
ဇီဋီ … ဘိသိစ္ဆဝိကား ဘိသိတ္ထဝိကာ- ဘုံလျှိုအိတ်၊
ကုလ၀ကာနိရက္ကက ဝိနာသ- အကျိုးမဲ့ ပျက်စီးခြင်းတည်း။
ကုစ္ဆိတောလဝေါ-ကုလဝေါ၊ အကျိုးမဲ့ ပျက်စီးခြင်း။
သာဋီ … ရဇောဟရဏန္တိရဇော ပုစ္ဆနီ- မြူသုတ်။
ကုလဝကား ဇီဋီနှင့်တူစွာ ဖွင့်၏。
ဝိဋီ … ကုစ္ဆိတောလဝေါ ဆေဒေါဝိနသော- ကုလဝေါ။ နိရတ္တက ဝိနိယောဂေါ- အကျိုးမဲ့ သုံးစွဲခြင်း။)
ဗြဟ္မာဒဏ် ရဟန္တာဖြစ်ခြင်း
ထိုမှ နောက်၌ ရှင်အာနန္ဒာသည် ဃောသိကာရုံကျောင်းသို့သွား၍ ရှင်ဆန္ဒလာ၍ ရှိခိုးသောအခါ ငါ့ရှင် ဆန္ဒ .... သံဃာသည် သင့်အား ဗြဟ္မာဒဏ်ကို သိစေအပ်ပြီဟုဆို၏။ အရှင်ဘုရား ... ဗြဟ္မာဒဏ်ဟူသည် အဘယ်ပါနည်း၊
ငါ့ရှင်ဆန္ဒ … သင်သည် ရဟန်းတို့ကို အလိုရှိရာ ပြောဆိုရာ၏။ ရဟန်းတို့သည် သင့်ကိုမဆိုအပ် မဆုံးမအပ်၊ မကံမြစ်အပ်ဟုဆိုလတ်သော်၊ အရှင်ဘုရား ..... ဤသို့ပြုခြင်းဖြင့် အကျွန်ုပ်ကို ဟတော-အသေသတ်သည် မဟုတ်ပါလောဟုဆို၍ ထိုနေရာ၌ မေ့၍ လဲကျသွား၏။
ထိုအခါ ရှင်ဆန္ဒသည် ဗြဟ္မာဒဏ်ဖြင့် ရှက်နိုးစက်ဆုပ်သောကြောင့် တစ်ယာက်တည်း ဆိတ်ငြိမ်ရာချဉ်းကပ်၍ မမေ့လျော့ အားထုတ်လတ်ခဲ့သော် မကြာမီ ရဟန္တာအဖြစ်သို့ရောက်လေ၏။ ရဟန္တာဖြစ်လတ်သော် ရှင်အာနန္ဒာ ထံ ချဉ်းကပ်၍ အရှင်ဘုရား ... ဗြဟ္မာဒဏ်ကို ငြိမ်းစေတော်မူပါဟု လျှောက်၏။
ငါ့ရှင် ဆန္ဒ … သင်သည် ယဒဂ္ဂေန- အကြင် အခါမှစ၍ ရဟန္တာအဖြစ်သို့ရောက်၏။ တဒဂ္ဂေန-ထိုအခါမှစ၍ ဗြဟ္မဒဏ် ငြိမ်းပြီဟု မိန့်တော်မူ၏။
ဤဝိနယသင်္ဂါယနာသည် ရဟန္တာငါးရာ မယုတ်မလွန်ရှိသောကြောင့် ပဉ္စသတိက သင်္ဂါယနာ မည်၏။
(ယဒဂ္ဂေန သည် ယံဒိဝသံ အဂ္ဂံကတွာ ---အကြင်နေ့ကို အစပြု၍။)
ဇီဋီ ... ဓမ္မဝိနယသင်္ဂါယနာဟု ဆိုအပ်လျက် အထူးအားဖြင့် ဝိနယသည် သာသနာမူလဖြစ်၏ဟု ပြခြင်းငှါ လည်းကောင်း၊ ဝိနည်းတည်လျှင် သာသနာအားလုံး တည်သည့်ကိစ္စပြီး၏ဟု ပြခြင်းငှါ လည်းကောင်း၊ ဣဒံ ဝေါကပ္ပတိ၊ ဣဒံ ဝေါနကပ္ပတိ- ဟူသော ၀တ္ထု၌ အားထုတ်ခြင်းကြောင့် လည်းကောင်း၊ ဤပရိယတ်၏ ဝိနည်းပိဋက ဖြစ်ခြင်းကြောင့် လည်းကောင်း၊ ဝိနယသင်္ဂါယနာဟု ဤ၌ဆိုသည်။
သာဋီ … ဓမ္မဝိနယသင်္ဂါယနာ ဟုဆိုလျက် သင်္ဂါယနာ၏ ဝိနည်းပြဋ္ဌာန်းခြင်းကြောင့် ဝိနယသင်္ဂါယနာ ဟုဆိုသည်။ ဝိနည်းပြဋ္ဌာန်းသော သင်္ဂါယနာဖြစ်သောကြောင့် ဝိနယသင်္ဂါယနာ ဟူလို။)
ပဉ္စသတ္တိကက္ခန္ဓက ပြီး၏၊
၁၂။ သတ္တသတိကက္ခန္ဓက
ဝတ္ထုဆယ်ပါး
ထိုအခါ ဘုရားရှင် ပရိနိဗ္ဗာန်စံ၍ နှစ်တစ်ရာ ရောက်လတ်သော် ဝေသာလီပြည်၌နေသော ဝဇ္ဇီတိုင်းသား ရဟန်းတို့သည် ဝေသာလီ၌ ဆယ်ပါးသော ဝတ္ထုတို့ကိုပြကုန်၏။
ကပ္ပတိ သိင်္ဂီလောဏကပ္ပေါ- သားချိုဖြင့် ဆားဆောင်ခြင်းသည်အပ်၏။ (အကပ်ခံပြီး ဘူး၌ဆောင်သော ဆားကို နောက်နောက်နေ့၌ ဆွမ်းစသည်နှင့် ရောစားလျှင် သန္နိဝိပါစိတ်မသင့်ဟူလို။)
ကပ္ပတိ ဒွင်္ဂုလကပ္ပေါ- အရိပ်နှစ်သစ် လွန်အောင်စားခြင်းသည် အပ်၏။ (ဝိကာလဘောဇနပါစိတ်မသင့်ဟူလို။)
ကပ္ပတိဂါမန္တရကပ္ပေါ- ပဝါရိတ်သင့်သူအား ရွာတစ်ပါး သွားလိုလျှင် ဝိနည်းကံ မပြုဘဲ စားခြင်းသည်အပ်၏။ (အနတိရိတ္တဘောဇနပါစိတ်မသင့် ဟူလို။)
ကပ္ပတိအာဝါသကပ္ပေါ--တသိမ်တည်း၌ ကျောင်းအသီးသီး၌ ဥပုသ်ကံပြုခြင်းသည် အပ်၏။ (ဝဂ္ဂဒုက္ကဋ် မသင့်ဟူလို။)
ကပ္ပတိအနုမတိကပ္ပေါ--ရောက်လာမှ ဆန္ဒယူမည်ဟု သံဃာ့ကံ ပြုခြင်းသည်အပ်၏။ (ဝဂ္ဂဒုက္ကဋ်မသင့်ဟူလို။)
ကပ္ပတိအာစိဏ္ဏကပ္ပေါ.. ဆရာသမား၏ အလေ့အကျင့်သည်အပ်၏။ အချို့ အပ်၊ အချို့ မအပ်မဟုတ် အားလုံး အပ်သည်ဟူလို။)
ကပ္ပတိအမတိတကပ္ပေါ- နို့ရည်အဖြစ်ကိုစွန့်၍ နို့ဓမ်းမဖြစ်သေးသော နို့ရည်ကို ဝိနည်းကံမပြုဘဲ သောက်ခြင်းသည် အပ်၏။ (အနရိတ္တ ဘောဇန ပါစိတ်မသင့်ဟူလို။)
ကပ္ပတိ ဇဠောဂိံ ပါတုံ- နုသော သေအရက်ကိုသောက်ခြင်းသည်အပ်၏ (သုရာမေရယပါစိတ်မသင့် ဟူလို။)
ကပ္ပတိ အဒသကံ နိသီဒနံ-အဆာမရှိသော နိသီဒိုင်သည် အပ်၏။ (အဆာနှင့်တကွ ခွင့်ပြုသော အနေလောက် အဆာမရှိဘဲကြီးသော်လည်း ဆေဒနကပါစိတ်မသင့်ဟူလို။)
ကပ္ပတိဇာတရူပရဇတံ- ရွှေ ငွေ ခံခြင်းသည် အပ်၏။ (နိဿဂ္ဂိပါစိတ်မသင့်ဟူလို။)
ဤသို့ဆယ်ပါးသော ဝတ္ထုတို့ကို ပြကုန်၏။
ဆားဘူး၊ နှစ်သစ် (၂)၊ ရွာပစ်၊ ကံသီး (၂)၊ ပြီးမှ ဆန္ဒ (၁)၊ စိဏ္ဏ၊ နို့ရည် (၂)။
နိသီ၊ သေနု (၂)၊ ရွှေငွေစု (၁) ဆယ်ခုဝတ္ထုတည်း၊
ကြည်ညိုဖျက်မှုကံပြုခြင်း
ထိုအခါ ကာလဏ္ဍက ပုဏ္ဏား၏သားဖြစ်သော အရှင်ယသသည် ဝဇ္ဇီတိုင်းတို့၌ ဒေသစာရီ လှည့်လည်သဖြင့် ဝေသာလီသို့ရောက်၍ မဟာဝုန်ကူဋာဂါရသာလာ၌ နေတော်မူ၏၊ ဝဇ္ဇီတိုင်းသား ရဟန်းတို့သည် ထိုဥပုသ်နေ့၌ ကြေးခွက်ကို ရေပြည့်စေ၍ သံဃာ့အလယ်၌ ထား၍ လာတိုင်း လာတိုင်းသော ဒါယကာတို့ကို၊ ဒါယကာတို့ … သံဃာအား တစ်ကျပ်၊ ငါးမူး၊ တစ်မတ်၊ တစ်ပဲ လှူကြလော၊ သံဃာအား အသုံးအဆောင်ပြုစရာဖြစ်လတ္တံ့ ဟု ဆိုကုန်၏။
ဤသို့ဆိုသောအခါ ရှင်ယသသည် ဒါယကာတို့ … သံဃာအား ကျပ်မူးမတ်ပဲ မလှူကြနှင့်။ သမဏတို့အား ရွှေ ငွေ မအပ်၊ သမဏတို့သည် ရွှေငွေမခံကုန်၊ မသာယာကုန်၊ ရွှေငွေ ပတ္တမြား ပယ်ချကုန်ပြီ။ ရွှေငွေ ကင်းကုန်ပြီဟုဆို၏။
ဤသို့ဆိုသော်လည်း ဒါယကာတို့သည် သံဃာအား ကျပ်မူးမတ်ပဲ လှူကုန်၏။ နောက်တစ်နေ့၌ ထိုငွေကို ဘိက္ခဂ္ဂေန--ရဟန်းအပိုင်းအခြားဖြင့် အဖို့အစုကိုထား၍ (ဝါ-တစ်ပါးတစ်ပုံကျ)ဝေဖန်ကုန်၏။ ထိုရဟန်း တို့သည် အရှင်ယသကို၊ ငါ့ရှင်ယသ ... ဤကား သင်၏ငွေ အဖို့အစုတည်းဟု ဆိုကုန်၏။
ငါ့ရှင်တို့ … ငါ့အား ငွေအဖို့ အစုမရှိ၊ ငါသည် ငွေကိုမခံ၊ မသာယာဟုဆိုလတ်သော် ထိုရဟန်းတို့သည် ငါ့ရှင်တို့၊ ဤယသသည် ဒါ ယကာတို့ကို ဆဲ၏။ ရေရွတ်၏။ မကြည်ညိုအောင်ပြု၏။ ပဋိသာရဏိယကံကို ပြုကုန်အံ့ဟု တိုင်ပင်၍ ရှင်ယသအား ထိုကံကိုပြုကုန်၏။
(ဇီဋီ - သာဋီ ... ရွှေငွေပတ္တမြား ပယ်ချကုန်ပြီ ဟူသည် ရူပိယသိက္ခာပုဒ်ဖြင့် ပယ်ချပြီး ဖြစ်ကုန်၏။ မဏိ-ပတ္တမြားဖြင့် ဒုက္ကဋ် ဝတ္ထု အားလုံးကို၊ ရွှေငွေဖြင့် ပါစိတ်ဝတ္ထုအားလုံးကိုယူသည်။ ရဟန်း အပိုင်းအခြား ဟူသည် ရဟန်းအရေအတွက်ဖြင့်။)
အဖော်တောင်း၍ လူတို့ကျေနပ်အောင် ပြောရခြင်း
ထိုအခါ ရှင်ယသသည် ဝေသာလီရဟန်းတို့ကို ငါ့ရှင်တို့ … ပဋိသာရဏိယကံ အပြုခံရသော အနဒူတ-အဖော်တမန် ရဟန်းကို ပေးရမည်ဟု ဘုရားရှင် ပညတ်သည်။ ငါအား အနဒူတကို ပေးကြလောဟု ဆို၏။ ထိုရဟန်းတို့သည် ရဟန်းတစ်ပါးကို သမုတ်၍ ပေးကုန်၏။ ရှင်ယသသည် ထိုအဖော်နှင့် အတူ ဝေသာလီသို့ သွား၍ ဒါယကာတို့ကို ဤသို့ဆို၏။
ဒါယကာတို့ … ငါသည် သဒ္ဓါပသန္နဒါယကာတို့ကို ဆဲသည်။ ရေရွတ်သည်၊ မကြည်ညိုအောင် ပြုသည်ဟု အဆိုခံရ၏။ အဓမ္မဝိနယကို အဓမ္မအဝိနယ ဟူ၍ လည်းကောင်း၊ ဓမ္မဝိနယကို ဓမ္မဝိနယဟူ၍ လည်းကောင်း၊ ဟုတ်တိုင်း မှန်စွာ ငါဆို၏။
ဒါယကာတို့ ... အခါတစ်ပါး မြတ်စွာဘုရားသည် သာ၀တ္ထိပြည် ဇေတဝန်ကျောင်းတော်၌ ရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏၊ ချစ်သားတို့ … စန္ဒိမသူရိယ-လနေတို့၏ ညစ်နွမ်းကြောင်းသည် လေးပါး ရှိ၏။ ယင်း လေးပါးကြောင့် အရောင်တောက်ပ၊ မတင့်တယ်ကြကုန်။ ချစ်သားတို့ …
အဗ္ဘံ-တိမ်တိုက်သည် လည်းကောင်း၊
မဟိကာ- ဆီးနှင်းသည် လည်းကောင်း၊
ဓူမရဇော- မီးခိုးမြူသည် လည်းကောင်း၊
ရာဟုအသူရိန္ဒော- ရာဟုအသူရိန်သည် လည်းကောင်း-
လနေတို့၏ ညစ်နွမ်းကြောင်း ဖြစ်၏။
ယင်းလေးပါးကြောင့် အရောင်မတောက်၊ မတင့်တယ်ကြကုန်။ ချစ်သားတို့ … ဤအတူ သမဏ ဗြာဟ္မဏတို့၏ ညစ်နွမ်းကြောင်းသည် လေးပါး ရှိ၏။ ယင်း လေးပါးကြောင့် ဂုဏ်ရောင် မတောက်ပ၊ မတင့်တယ်ကြကုန်။
ချစ်သားတို့ ...
၁။ သေအရက် သောက်ခြင်းသည် လည်းကောင်း၊
၂။ မေထုန်မှီဝဲခြင်းသည် လည်းကောင်း၊
၃။ ရွှေငွေခံယူခြင်းသည် လည်းကောင်း၊
၄။ မိစ္ဆာဇီ၀ဖြင့် အသက်မွေးခြင်းသည် လည်းကောင်း၊
သမဏဗြာဟ္မဏတို့၏ ညစ်နွမ်းကြောင်း ဖြစ်၏။
ယင်းလေးပါးကြောင့် သမဏဗြာဟ္မဏ အချို့ ဂုဏ်ရောင်မတောက်ပ၊ မတင့်တယ်ကြကုန်၊ ဤသို့ ဟောပြီးလျှင် ရာဂဒေါသပရိတိဋ္ဌ- စသောဂါထာဖြင့် ထိုမသိကုန်သော ဗြာဟ္မဏတို့သည် မြူညစ်မစင်ကြယ်၊ သားသမင် သဖွယ် ဖြစ်ကုန်၏။ အဝိဇ္ဇာမှောင်ထွေး တဏှာ၏ ကျွန်ကျေးတို့ ဖြစ်ကုန်၏။ သုဿန်မြေတိုးစေလျက် ကြောက်စရာဘဝသစ် ယူကုန်၏ဟု ဟောတော်မူသည်။ ဤအတိုင်း ဝါဒရှိ၍ ဆိုသော ငါသည် ဒါယကာတို့ကို ဆဲသည်၊ ရေရွတ်သည်၊ မကြည်ညိုအောင် ပြုသည်ဟု အဆိုခံရ၏။ ဓမ္မဝိနယကို ဟုတ်တိုင်းမှန်စွာ ငါဆို၏။
ဒါယကာတို့ ... အခါတစ်ပါး မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ နေတော်မူသောအခါ နန်းတော်တွင်း မင်းပရိသတ် အစည်းအဝေး၌ ရဟန်းတို့အား ရွှေငွေအပ်သည်၊ သာယာခံယူနိုင်ကြသည်ဟု ကြားစကားတစ်ခု ဖြစ်ပေါ်၏။
ထိုအခါ မဏိစူဠက ဂါမဏိသည် ထိုပရိသတ်၌ရှိ၍ အမောင်တို့၊ ဤသို့မဆိုကြနှင့်၊ ရဟန်းတို့အား ရွှေငွေမအပ်၊ မသာယာကုန်၊ မခံယူကုန်။ ရွှေငွေ ပတ္တမြား ပယ်ချကုန်ပြီ၊ ရွှေငွေ ကင်းကုန်ပြီဟု ပြောပြခြင်းဖြင့် ပရိသတ်ကို သိစေခြင်းငှါ စွမ်းနိုင်၏။
ဒါယကာတို့ … ထိုနောက် ထိုဂါမဏီသည် ဘုရားရှင်ထံချဉ်းကပ်၍ ထိုအကြောင်းကို လျှောက်ပြီးလျှင် မြတ်စွာဘုရား .... အကျွန်ုပ်၏ စကားသည် ဟုတ်မှန်ပါသလော၊ မြတ်စွာဘုရားကို မဟုတ် မတရား စွပ်စွဲမိပါ သလော၊ တရားနှင့် ညီပါသလော၊ ကဲ့ရဲ့စရာမှ လွတ်ပါ၏လော- ဟု လျှောက်၏။
ဂါမဏိ … ရဟန်းတို့အား ရွှေငွေမအပ်၊ သင့်စကား အားလုံး ကဲ့ရဲ့ဖွယ် အပြစ်မရှိ၊ ဂါမဏိ၊ အကြင်သူအား ရွှေငွေအပ်၏။ ထိုသူအား ကာမဂုဏ် ငါးပါးလည်း အပ်၏။ အကြင်သူအား ကာမဂုဏ် ငါးပါး အပ်၏။ ထိုသူကို သမဏဓမ္မရှိသူ မဟုတ်ဟူ၍ (ဝါ-ထိုကာမဂုဏ်ဝါးပါး အပ်ခြင်းကို သမဏဓမ္မ မဟုတ်ဟူ၍) စင်စစ် မှတ်လေလော။
ဂါမဏိ ... စင်စစ်အားဖြင့် မြက်သက်ကယ်ကို အလိုရှိလျှင် ရှာအပ်၏။ သစ်ကို၊ လှည်းကို၊ လက်မှုပြုသူကို အလိုရှိလျှင် ရှာအပ်၏ဟူ၍ ငါဘုရားခွင့်ပြုသည်။ ရွှေငွေကို တစ်စုံတစ်ခုသော အကြောင်းဖြင့် ရှာအပ်၏ ဟူ၍ ခွင့်မပြုဟူ မိန့်တော်မူသည်။ ဤအတိုင်း ဝါဒရှိ၍ဆိုသော ငါသည် ဒါယကာတို့ကို ဆဲသည်၊ ...လ... ဟု အဆိုခံရ၏။ ဓမ္မဝိနယကို ဟုတ်တိုင်းမှန်စွာ ငါဆို၏။
ဒါယကာတို့ ... အခါတစ်ပါး မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ ရှင်ဥပနန္ဒ ငွေခံသည်ကို အကြောင်းပြု၍ ရွှေငွေကို ပယ်တော်မူသည်။ သိက္ခာပုဒ်ကို ပညတ်တော်မူသည်။ ဤအတိုင်း ဝါဒရှိ၌ဆိုသော ငါသည် ဒါယကာတို့ကို ဆဲသည်၊ ...လ... ဟု အဆိုခံရ၏။ ဓမ္မဝိနယကို ဟုတ်တိုင်းမှန်စွာ ငါဆို၏-ဟု ဒါယကာတို့ကို ဆို၏။
ဤသို့ ဆိုသောအခါ ဝေသာလီ ဒါယကာတို့သည် အရှင်ယသကို အရှင်ဘုရား … အရှင်သည်သာလျှင် သမဏသကျပုတ္တိယ ဖြစ်ပါပေသည်။ ဤပုဂ္ဂိုလ် အားလုံးတို့သည် သမဏ မဟုတ်ကုန်၊ သကျပုတ္တိယ မဟုတ်ကုန်။ အရှင်ယသသည် ဝေသာလီ၌ နေတော်မူပါ။ အကျွန်ုပ်တို့သည်ပစ္စည်း လေးပါးဖြင့် အားထုတ် လိုကြပါသည်ဟု လျှောက်လေ၏၊
(မဟိယာ ဟူသည် ဆီးနှင်း ကျသောအခါ ဆီးနှင်း မိုးပေါက်တည်း။
အဝိဒ္ဒသူတိအဝိဇာနန္တာ- မသိကုန်သော၊ ရာဂရာဇဟိ သရဇရာဂ- မြူဖြင့် မြူရှိကုန်သော။
မဂသဒိကာတိမဂါ- သမင်နှင့် တူသူတို့သည် သုသာန်မြေ တိုးစေပုံကား အဖန်ဖန် ကိုယ်ကောင်ပစ်ချကာ မြေကို တိုးစေကုန်၏။)
(သာဋီ … မဟိက တိဟိမံ - ဆီးနှင်းတည်း၊
ဓူမောစရဇော စ-ဓူမရဇော- မီးခိုးနှင့်မြူ (ဒွန် သမာသ်)၊
ရှေ့သုံးခုသည် အသမ္ပတ္တဥပက္ကိလေသ- နေလတို့သို့ မကပ်ရောက်ဘဲ ညစ်နွမ်းစေ၏။
ရာဟုသည် အသမ္ပတ္တဥပက္ကိလေသ ကပ်ရာက်၍ ညစ်နွမ်း၏။
သေရက် သောက်ခြင်း၌ ငါးပါးသော သုရာကိုလည်းကောင်း၊ လေးပါးသော မေရယကိုလည်းကောင်း သောက်ခြင်းမှ မရှောင်ကြဉ်ကုန်။ (မဟာဝါ၌ သုရာငါးပါး၊ မေရယ ငါးပါး ဟူ၍ပင် ဤဋီကာဖွင့်ခဲ့ပြီ။)
ပြောပြခြင်းဖြင့် ဟူသည် ကုလပုတ္တတို့သည် ရှင်ရဟန်းပြုကြသောအခါ သားမယားကို လည်းကေင်း ရွှေငွေကို လည်းကောင်း ပယ်စွန့်၍ ရဟန်းပြုကုန်၏။ မပယ်မစွန့်ဘဲ ပြုခြင်းငှါ မတတ်နိုင်ဟု ဟု ဂါမဏိအား အကြံဖြစ်၍ နယဂ္ဂါဟ-နည်းယူခြင်း၌တည်၍ ဤသို့မဆိုနှင့် စသည်ဖြင့် ပြောပြ၏။
ဧကံသေနေတန္တိ-ဧတံပဉ္စကာမဂုဏ ကပ္ပနံ အဿမဏဓမ္မော အသကျ ပုတ္တိယဓမ္မောတိ ဧကံ သေနဓရေယျာသိ ... သမဏဓမ္မမဟုတ်ဟူ၍ စင်စစ် မှတ်လေလော။
မြက်သက်ကယ်ဟူသည် ကျောင်းမိုးစရာ ဖြစ်၏၊
ရှာအပ်၏ ဟူသည် သက်ကယ်မိုးကျောင်း၊ အုတ်မိုးကျောင်း ပျက်သောအခါ ထို ကျောင်းဆောက်သူ လူတို့ထံ သွား၍ သင်တို့ကျောင်း မိုးမလုံ၍ နေခြင်းငှါ မတတ်နိုင်ဟုပြောအပ်၏။ ထိုသူတို့ တတ်နိုင်လျှင် ကိုယ်တိုင်ပြုကုန်လတ္တံ့။ မတတ်နိုင်လျှင် အရှင်တို့သည် လက်သမားခေါ်၍ ပြုခိုင်းကြပါ။ အကျွန်ုပ်တို့သည် ထိုလက်သမားတို့ကို သိစေကြပါမည်ဟု ဆိုကုန်တ္တံ့။ ဤသို့ဆို လျင် ပြုခိုင်း၍ ထိုလူတို့အား ပြောအပ်၏။ လက်သမားတို့အား ပေးစရာကို ပေးကုန်လတ္တံ့။ ကျောင်းဒါယကာ မရှိလျှင် တစ်ပါးသော သူတို့အားလည်း ဆွမ်းခံကျင့်ဝတ်ဖြင့် ပြော၍ ပြုခိုင်းခြင်းငှါ အပ်၏။ ဤဝိနည်းကို ရည်၍ရှာအပ်၏-ဟု ဆိုသည်။
သစ်ကိုဟူသည် ထုပ်လျောက်အခြင်စသည် ပျက်လျှင် ထိုအကျိုးငှါ သစ်သားကိုရှာအပ်၏။
လှည်းကို ဟူသည် လူတို့ဥစွာကိုလည်းကောင်း၊ တာဝကာလိကကို လည်းကောင်းပြု၍ လှည်းကိုရှာအပ်၏။ သည်မျှမကသေး၊ ပဲခွပ်၊ ပုဆိန်၊ ပေါက်တူး စသည်ကိုလည်း လှည်းအတူပြု၍ ရှာအပ်၏။
လက်မှုပြုသူဟူသည် ဟတ္တကမ္မအစွမ်းဖြင့် ရှာအပ်သောသူဖြစ်၏။ လူတစ်ယောက်ယောက်ကို ဒါယကာ လက်မှုပြုခြင်းကို လှူမည်လောဟု မေး၍ လှူပါမည်ဟုဆိုလျှင် ဤအမှု ဤအမှုကိုပြုလော၊ အလိုရှိရာ ပြုခိုင်းခြင်းငှါ အပ်၏။
တစ်စုံတစ်ခုသောအကြောင်းဖြင့် ဟူသည် ရွှေငွေကိုကား တစ်စုံတစ်ခုသော အကြောင်းဖြင့်သော်လည်း ရှာအပ်၏ ဟု ငါဘုရား မဟော။)
ဥက္ခေပနီယကံပြုလိုကြခြင်း
ထိုအခါ အရှင်ယသသည် ဝေသာလီ ဒါယကာတို့ကို သိအောင်ပြော၍ အဖော်ရဟန်းနှင့် ကျောင်းသို့ကြွသွား၏။ ဝေသာလီရဟန်းတို့သည် အဖော်ရဟန်းကို ငါ့ရှင် ... ယသသည် ဝေသာလီဒါယကာတို့ကို သည်းခံစေအပ် ကုန်ပြီလောဟု မေး၏။ ငါ့ရှင်တို့ ... ဒါယကာတို့သည် ငါတို့အား-ပါပိက-မကောင်းသည်ကို ပြုအပ်၏။ ယသ တစ်ဦးတည်းကိုသာ သမဏသကျပုတ္တိယပြု၍ ငါတို့အားလုံးကို အဿမဏ အသကျပုတ္တိယဟု ပြုကုန်၏ဟု ဆိုလတ်သော် ငါ့ရှင်တို့၊ ဤယသသည် ငါတို့သမ္မုတိမပေးအပ်ဘဲ လူတို့အား ထင်စွာပြောပြသည်။ ငါတို့ ယခု ဥက္ခေပနီယကံဖြင့် သံဃာဘောင်မှ နှင်ထုတ်ကြစို့ ဟုတိုင်ပင်ကုန်၏။
ရှင်ယသသည် ကောင်းကင်သို့ပျံတက်၍ ကောသမ္ဗီပြည်၌ ရှေးရှု တည်လေ၏။
(ငါတို့အား ပါပကပြုအပ်၏ ဟူသည် ငါတို့သည် မကောင်းမှုကို ပြုအပ်၏ဟူသော အနက်ဖြစ်၏။)
(ပါပိက၊ ပါပက-စာလုံးကွဲသည်။)
(သာဋီ … ပါပကဟူသည် အသုန္ဒရတည်း။)
ရှင်ယသ အဖော်စုခြင်း
ထိုအခါ အရှင်ယသသည် ပါဝါပြည်သားရဟန်း၊ အဝန္တိဒက္ခိဏပထ တိုင်းသားရဟန်းတို့ထံ အရှင်တို့သည် ကြွလာကြစေကုန်သတည်း။ အဓမ္မ အဝိနယ မထွန်းကားမီ၊ ဓမ္မဝိနယ မတိမ်မြုပ်မီ၊ အဓမ္မဝါဒီတို့အား မရှိမီ၊ ဓမ္မဝါဒီတို့ အားမနည်းမီ၊ ဤအဓိကရုဏ်းကို ငါတို့ယူလိုကြသည်။ (ဝါ-သာသနာကို သုတ်သင်လိုကြသည်)ဟု တစ်ဖန်စေလိုက်၏။ ထိုအခါ အရှင်သမ္ဘုသသာဏဝါသီသည် အဟောဂင်္ဂတောင်၌ နေတော်မူ၏။
ရှင်ယသသည် ထိုအဟောဂင်္ဂသို့သွား၍ အရှင်သမ္ဘုသထံချဉ်းကပ်၍ ဝေသာလီရဟန်းတို့၏ ဝတ္ထု ဆယ်ပါးကို လျှောက်ကြားပြီးလျှင် ဤအဓိကရုဏ်းကို ယူလိုကြပါသည်ဟုတိုင်ပင်၏။ အရှင်သမ္ဘုသသည် ဧဝမာဝုသော ကောင်းပြီ ငါ့ရှင်ဟုဝန်ခံ၏။
ထိုအခါ ပါဝါပြည်သား ဓူတင်ဆောင် ရဟန္တာခြောက်ကျိပ်မျှ၊ အဝန္တိဒက္ခိဏာပထတိုင်းသား ဓူတင်ဆောင် ရဟန္တာရှစ်ကျိပ် ရှစ်ပါးမျှတို့သည် အဟောဂင်္ဂတောင်၌ စည်းဝေး၍ ဤအဓိကရုဏ်းသည် ကြမ်း၏၊ ငါတို့ခွန်အားရှိစေခြင်းငှါ သောရေယျပြည်၌ နေသော ဝိနည်းဓိုရ် လဇ္ဇီပေသလ အရှင်ရေဝတကို အသင်းအပင်းရမူ ကောင်းလေစွဟု တိုင်ပင်ကုန်၏။
ထိုအခါ အရှင်ရေဝတသည် ဒိဗ္ဗသောတအဘိညာဖြင့် မထေရ်တို့ တိုင်ပင်သည်ကိုကြား၍ ငါ့အားရှောင်လွှဲခြင်းငှါ မသင့်၊ ထိုရဟန်းတို့မကြွလာမီ ကြိုတင်၍သွားမည်ဟု သောရေယျပြည်မှ သင်္ကဿပြည်သို့ သင်္ကဿမှ ကဏ္ဏခုဇ္ဇသို့၊ ထိုမှ ဥဒုမ္ဗရသို့၊ အဂ္ဂဠမြို့သို့၊ သဟံဇာတိမြို့သို့ကြွသွား၏။ လိုက်လာသော မထေရ်တို့လည်း သောရေယျပြည်သို့ရောက်၍ သတင်းမေး၍ အဆင့်ဆင့်လိုက်လာကြရာ သဟံဇာတိမြို့၌ အရှင်ရေ၀တကို အမှီရောက်လာကုန်၏။
ထိုအခါ အရှင်သမ္ဘူသသာဏဝါသိသည် အရှင်ယသကို ငါ့ရှင် ... အရှင်ရေ၀တသည် ဝိနည်းတတ်၏။ တစ်ခုသောပြဿနာဖြင့် တစ်ညဥ့်လုံး ဖြေစွမ်းနိုင်၏။ ယခုသူ၏တပည့်ကို တရားဟောခိုင်းလတ္တံ့။ တရား အဆုံးတွင် ရှင်ရေဝတထံ ချဉ်းကပ်၍ ဆယ်ပါးသော ဝတ္ထုတို့ကို မေးလောဟု ဆို၏။
အရှင်ယသသည် တရားအဆုံးတွင် ရှင်ရေ၀တထံ ချဉ်းကပ်၍မေး၏။ အရှင်ဘုရား … သိင်္ဂီလောဏကပ္ပသည် အပ်ပါသလော၊ ငါ့ရှင် … သိင်္ဂီလောဏကပ္ပဟူသည် အဘယ်နည်း၊ အရှင်ဘုရား … အကြင်အာဟာရ၌ ဆားမရှိ၊ ထိုအာဟာရ၌ ထည့်၍ စားသုံးအံ့-ဟု သားချိုဘူးဖြင့် အားဆောင်ထားခြင်းသည် အပ်ပါသလော။ ငါ့ရှင်-မအပ်။ အရှင်ဘုရား ... ဝေသာလီရဟန်းတို့သည် ဤဆယ်ပါးသောဝတ္တုတို့ကို ပြကုန်၏။ ဓမ္မဝိနယမ တိမ်မြုပ်မီ ဤ အဓိကရုဏ်းကို ယူလိုကြပါသည်-ဟု လျှောက်၏။ ငါ့ရှင်-ကောင်းပြီ-ဟု ဝန်ခံ၏။
(သာဋီ ... အဟောဂင်္ဂသည် ထိုတောင်၏ အမည်တည်း။
ကြိုတင်၍-ဟူသည်ကား အဓိကရုဏ်းကို ငြိမ်းစေခြင်းငှါ အကြင်အရပ်၌ ရဟန်းတို့ စည်းဝေးကုန်၏။ ထို အရပ်သို့သာ ရှေးဦးစွာ သွားမည်ဟု ကြိုတင်၍သွား၏။
သမ္ဘာဝေသန္တိပါပုဏိံသု−အမှီ ရောက်ကုန်၏။
ဆားမရှိဟူသည် ဆားမပါသော ထမင်းဟင်း ဖြစ်၏။ ဝိဋီ … ထိုအတူတည်း။
အဓမ္မဝါဒီတို့ လာဘ်ထိုးခြင်း
ဝေသာလီရဟန်းတို့သည် “ရှင်ယသသည် ဤ အဓိကရုဏ်းကို ယူလို၍ အဖော် စုဆောင်းနေပြီ” ဟု ကြားလတ်သော် မိမိတို့ ခွန်အားရှိစေခြင်းငှါ ဝိနည်းဓိုရ် လဇ္ဇီပေသလ အရှင်ရေဝတကို အသင်းအပင်းရမူ ကောင်းလေစွ-ဟု တိုင်ပင်၍ သပိတ် သင်္ကန်းစသော ပရိက္ခရာ များစွာတို့ကိုယူ၍ သဟံဇာတိမြို့သို့ လှေဖြင့် ဆန်တက်၍ တစ်ခုသော သစ်ပင်အောက်၌ ဆွမ်းဘုဉ်းပေးကုန်၏။
ထိုအခါ အရှင်သာဠသည် ဆိတ်ငြိမ်ရာ၌ ထိုအကြောင်းတို့ကို ဆင်ခြင်လတ်သော် ပါစိနက ရဟန်းတို့သည် အဓမ္မဝါဒီတို့၊ ပါဝေယျက ရဟန်းတို့သည် ဓမ္မဝါဒီတို့ ဖြစ်ကုန်၏-ဟု ဆင်ခြင်မိ၏။ သုဒ္ဓါဝါသဗြဟ္မာတစ်ဦး သည်လည်း အရှင်သာဠ၏ စိတ်ကို သိ၍ ရှေ့တော်သို့ ထင်ရှားစွာရောက်လာ၍ အရှင်ဘုရား ... ပါစိနကတို့သည် အဓမ္မဝါဒီတို့၊ ပါဝေယျက တို့သည် ဓမ္မဝါဒီတို့ ဖြစ်ကုန်၏။ အရှင်သာဠသည် တရားတော်အတိုင်း တည်တော်မူပါဟု လျှောက်၏။
ဗြဟ္မာကြီး ... ငါသည် ရှေး၌လည်း တရားတော်အတိုင်း၊ ယခုလည်း တရားတော်အတိုင်း တည်သည်။ သို့ရာတွင် ငါသည် ယခုအခါ မိမိအယူကို ထင်စွာ ပြုမည်မဟုတ်။ ဤအဓိကရုဏ်း၌ ငါ့ကို သမ္မုတိ ပေးမည်လည်း မသိ၊ ဝါ-သမ္မုတိပေးမူ ကောင်းလေစွ-ဟု ဆို၏။ (အပ္ပေဝနာမာတိသာဓုနာမ) ထိုအခါ ဝေသာလီ ရဟန်းတို့သည် ထို ရဟန်း ပရိက္ခရာတို့ကိုယူ၍ ရှင်ရေဝတထံ ချဉ်းကပ်၍ မထေရ်မြတ်သည် အလှူခံတော်မူပါ-ဟု လျှောက်ကုန်၏။ ငါ့ရှင်တို့ .... ငါအား သင်္ကန်းသုံးထည်ပြည့်စုံ၏-ဟု ဆို ခံယူခြင်းငှါ အလိုမရှိ ပယ်လှန်လိုက်၏။
လာဘ်ကြောင့် လမ်းလွဲသူ
ထိုအခါ ရှင်ရေဝတ၏ အလုပ်အကျွေးသည် ဝါနှစ်ဆယ်ရ- ဥတ္တရမည်သော ရဟန်းဖြစ်၏။ ဝေသာလီ ရဟန်းတို့သည် ဥတ္တရရဟန်းထံ ချဉ်းကပ်၍ အရှင်ဥတ္တရသည် ဤပရိက္ခရာတို့ကို အလှူခံပါ-ဟု ဆိုကုန်၏။ ငါ့ရှင်တို့ … ငါအား သင်္ကန်းသုံးထည် ပြည့်စုံ၏ဟု ပယ်လှန်လိုက်၏။
ငါ့ရှင်ဥတ္တရ … လူတို့သည် မြတ်စွာဘုရားအား ပရိက္ခရာကို လှူသောအခါ ဘုရားရှင် အလှူခံသကဲ့သို့ အတူ ဖြစ်လတ္တံ့-ဟု လှူကုန်၏၊ ဤအတူ ဖြစ်အောင် အရှင်ဥတ္တရသည် အလှူခံပါ လောဟု ဆိုလတ်သော် ထိုစကားကြောင့် ရှင်ဥတ္တရသည် သင်္ကန်း တစ်ထည်ကို ခံယူ၍ ငါ့ရှင်တို့၊ အလိုရှိရာ ပြောကြလော့ဟု ဆို၏။
အရှင်ဥတ္တရသည် မထေရ်ကို ဤသို့လျှောက်ထားပါ။ အရှင်ဘုရား … သံဃာ့ အလယ်၌ မထေရ်မြတ်သည် အရှေ့ဘက် ဇနပုဒ်တို့၌ ဘုရားရှင်တို့ ပွင့်ကုန်၏။ အရှေ့ဘက်တိုင်းသားရဟန်းတို့သည် ဓမ္မဝါဒီတို့တည်း။ ပါဝေယျက ရဟန်းတို့သည် အဓမ္မဝါဒီတို့တည်းဟူ၍ ဤအနေမျှ မြွက်ဆိုပါလောဟု လျှောက်ထားပါ- ဤသို့ ဆိုကုန်၏။
အရှင်ဥတ္တရသည် ဝေသာလီရဟန်းတို့၏ စကားကိုဝန်ခံ၍ အရှင်ရေဝတအား လျှောက်ထား၏။ ရဟန်း … သင်သည် ငါ့ကို အဓမ္မ၌ တိုက်တွန်း၏ဟု မထေရ်သည် အရှင်ဥတ္တရကို နှင်ထုတ်၏။ ထို့နောက် ဝေသာလီ ရဟန်းတို့သည် ငါ့ရှင်ဥတ္တရ၊ မထေရ်သည် အဘယ်သို့ မိန့်တော်မူသနည်းဟု မေးကုန်၏။ ငါ့ရှင်တို့၊ ငါတို့အား ပါပိကကို ပြုအပ်၏၊ အဓမ္မ၌ တိုက်တွန်းသည်ဟူ၍ ငါ့ကို နှင်ထုတ်သည်ဟု ပြောပြ၏။
ငါ့ရှင် … သင်သည် သီတင်းကြီး ဝါတော်နှစ်ဆယ်ရပြီ မဟုတ်လောဟု ဆိုလတ်သော် ငါ့ရှင်တို့၊ ဟုတ်ပေ၏။ သို့ရာတွင် ငါတို့သည် ဂရုနိဿယကို ယူကုန်၏။ ဝါ-ဆရာမြတ်တစ်ပါးကို မှီခို၍ နေကုန်၏ ဟုဆိုလေ၏။ (ထိုနောက် မထေရ်တို့သည် အဓိကရုဏ်းဖြစ်ရာ ဝေသာလီသို့ ကြွကုန်၏)
(သာဋီ ... ပါစိနက ဟူသည် အရှေ့ဘက်အရပ်၌ နေသူသို့တည်း။
ငါ့ရှင် ...လ... ဝါတော် နှစ်ဆယ်ရပြီမဟုတ်လော ဟူသည် မှီခိုရာနိဿယ လွတ်ပြီမဟုတ်လော။
ဂရုနိဿယကို ယူကုန်၏ ဟူသည် ငါတို့သည် သီတင်းကြီးတို့ ဖြစ်ကုန်သော်လည်း မထေရ်တစ်ပါးကို ဆရာပြု၍ နေကုန်၏-ဟူသော အဓိပ္ပါယ်တည်း။
ဝိဋီ … ပါစိနက ဟူသည်ကို အရှေ့ ဘက်၌ဖြစ်သော ဝဇ္ဇီပုတ္တကတို့ကို ရည်ဆိုသည်။
ပါဝေယျက ဟူသည် ပါဝေယျ ဒေသ၌ နေသူတို့တည်း။
ငါ့ရှင် ...လ... ဝါနှစ်ဆယ်ရပြီ မဟုတ်လော ဟူသည် သင်သည် ဝါနှစ်ဆယ်ရပြီး မထေရ်ကြီး မဟုတ်လော။ မှီရာမှလွတ်ပြီ မဟုတ်လော၊ အဘယ်ကြောင့် သင့်ကို မထေရ် နှင်နိုင်သနည်းဟု ကွဲပြားအောင် စကား ဆိုကုန်၏။
ဂရုနိဿယကိုယူကုန်၏-ဟူသည်ငါတို့သည်နိဿရည်း လွတ်သော်လည်း သမ္ဘာဂနိယ (ချီးမွမ်းအပ်သော) ဂုဏ်ရှိသော ဆရာမြတ် တစ်ပါးကို မှီခိုရာဖြစ်သောဆရာဟု ယူဆ၍သာ နေကုန်၏-ဟူသော အဓိပ္ပါယ်တည်း။)
သဗ္ဗကာမိမထေရ်ကြီး
ထိုအခါ (ထိုသဟံဇာတိမြို့၌) သံဃာသည် ထိုအဓိကရုဏ်းကို ဆုံးဖြတ်လို၍ စည်းဝေး၏။ အရှင်ရေဝတသည် သံဃာကို ဉတ္တိကံဖြင့် သိစေ၏။ ဝါ-ဤအဓိရုဏ်းကို ဤ၌ ဆုံးဖြတ်လျှင် မူလဒါယက-ရှေးဦးစွာ ဒသ၀တ္ထုပေးပို့ကြသော ရဟန်းတို့သည် တစ်ဖန် ကံပြုရန် ချောက်ခြားကုန်ရာ၏၊ အဓိကရုဏ်းဖြစ်ရာ အရပ်၌သာ သံဃာသည် ငြိမ်းအေးစေရာ၏ဟုသိစေ၏။ ထိုအခါမထေရ်တို့သည်ဝေသာလီသို့ ကြွသွားကုန်၏။
ထိုအခါ သဗ္ဗကာမိမည်သော မထေရ်သည် ပထဗျာသံဃာ့ထေရ မြေတစ်ပြင်လုံး မထေရ်ကြီးဖြစ်၏။ ရဟန်းပြုသည်မှ နှစ်ပေါင်း ၁၂၀ ရှိ၏။ ရှင်အာနန္ဒာ၏ သဒ္ဓိဝိဟာရိက ဖြစ်၏။ ဝေသာလီပြည်၌ နေတော်မူ၏။ အရှင်ရေဝတသည် အရှင်သမ္ဘူသနှင့် တိုင်ပင်၍ အရှင် သဗ္ဗကာမိထံတော်သို့ ချဉ်းကပ်၏။
အရှင်သဗ္ဗကာမိအတွက် အိပ်ရာကို ဂဗ္ဘတိုက်ခန်း၌ခင်း၏။ အရှင် ရေဝတအတွက် ဂဗ္ဘပမုခ-တိုက်ခန်းဦး၌ ခင်း၏။ ရေဝတသည် မထေရ်ကြီးသော်မှ မလျောင်းဟု အိပ်ခြင်းကိုမပြု၊ ရှင်ဗဗ္ဗကာမိလည်း အာဂန္တု ခရီးပန်းလျက် မလျောင်းဟု အိပ်ခြင်းကို မပြု။
နံနက်စောစောအချိန်၌ ထ၍ ရှင်ရေဝတကို ဤသို့ဆို၏၊ ဘူမိ-ချစ်ရှင် ... သင်သည် အဘယ်ဝိဟာရဖြင့် များစွာနေသနည်း။ အရှင်ဘုရား … ကျွန်ုပ်သည် မေတ္တာဝိဟာရဖြင့် ယခု များစွာနေပါသည်။ ဘူမိ-ချစ်ရှင် ... သင်သည် ကုလ္လကဝိဟာရေန- သူငယ်အသွင် ပေါ်လွင်သော နေခြင်းဖြင့် နေ၏။ မေတ္တာသည် ကုလ္လကဝိဟာရ ဖြစ်၏။
အရှင်ဘုရား ... ရှေး လူဖြစ်စဉ်ကပင် အလေ့ဖြစ်၍ မေတ္တာဝိဟာရဖြင့် များစွာ နေပါသည်။ သို့သော် အရဟတ္တဖိုလ်သို့ ရောက်သည်မှာ ကြာမြင့်ပါပြီ။ မထေရ်မြတ်သည်ကား အဘယ်ဝိဟာရဖြင့် များစွာနေသနည်း အရှင်ဘုရား။ မထေရ်မြတ်သည် မဟာပုရိသ ဝိဟာရဖြင့် နေတော်မူ၏။ သုညတာသည် မဟာပုရိသ ဝိဟာရ ဖြစ်ပါသည်။
ချစ်ရှင် … ရှေး လူဖြစ်စဉ်ကပင် အလေ့ဖြစ်၍ သုညတာဝိဟာရဖြင့် များစွာနေသည်။ သို့သော် အရဟတ္တဖိုလ်သို့ ရောက်သည်မှာ ကြာမြင့်ပြီ။ ဤသို့ မထေရ်ကြီးနှစ်ပါးအကြား စကားမပြီးမီ အရှင်သမ္ဘူတသည် အရှင်သဗ္ဗဓိထံ ချဉ်းကပ်၍ ဝေသာလီရဟန်းတို့၏ ဒသ၀တ္ထုကို လျှောက်ကြား၍ အရှင်မြတ် အဘယ်သို့ သဘောရပါသနည်းဟု လျှောက်၏။
ငါ့ရှင် .. သင်၏သဘောအရ ပြောပါဦးဟု ဆိုလတ်သော် အကျွန်ုပ်၏ သဘောအရကား ပါစိနကတို့သည် အဓမ္မဝါဒီ ပါဝေယျက တို့သည် ဓမ္မဝါဒီဖြစ်ကုန်၏။ သို့ရာတွင် ယခုအခါ မိမိအယူကို အလေးမပြုလိုပါ။ ဤ အဓိကရုဏ်း၌ အကျွန်ုပ်ကို သမ္မုတိပေးမည်သည် မသိဟု လျှောက်၏။ ငါ့ရှင် ငါ၏သဘောအရလည်း ပါစိနကတို့ အဓမ္မဝါဒီ ပါဝေယျကတို့ ဓမ္မဝါဒီဖြစ်ကုန်၏ သို့ရာတွင် အယူကို ထင်စွာမပြုလိုသေး။ ငါ့ကို သမ္မုတိပေးမည်လည်း မသိဟုဆို၏။
(ဘူမိသည် ပိယဝစန- ချစ်ခင်၍ ဆိုအပ်သော စကားတည်း။ ချစ်ခင်စွာ ဆိုလိုသော အရှင်သဗ္ဗကာမိသည် ရဟန်းငယ်တို့ကို ဘူမိဟု ခေါ်လေ့ရှိ၏။
ကုလ္လဝိဟာရသည် ဥတ္တာနဝိဟာရ ပေါ်လွင်နေသော နေခြင်းတည်း။)
(ဇီဋီ … မူလဒါယကာ၊ ပေသလကား ဒသ၀တ္ထု ပေးပို့သူတို့။
ကုလ္လကဝိဟာရသည် ခုဒ္ဒကဝိဟာရ- ငယ်သောနေခြင်းတည်း။
ရုပ်၌ သက်ဝင်အာရုံ ပြုသောကြောင့် ကုလ္လကဝိဟာရ မည်၏။
သာဋီ … မေတ္တာသည် ရူပါ၀စရ သမာဓိမျှဖြစ်သောအကြောင့် ကုလ္လကဝိဟာရဟု မိန့်ဆိုသည်။ ခုဒ္ဒကဝိဟာရ ဟူလို။
ငယ်ခြင်း မနက်နဲခြင်းကြောင့် ဥတ္တာနဝိဟာရဟု မိန့်ဆိုသည်။
သုညတာဝိဟာရသည် သုညတာမုခဖြင့်ရသော ဖလသမာပတ်တည်း။
ဝိဋီ … မူလဒါယကာသည် ရှေးဦးစွာ ဒသ၀တ္ထု ပေးသူတို့တည်း၊ အာဝါသိကံ တို ဟူလို။
ပထဗျာထေရဟူသည် ထိုအခါ လောက၌ အလုံးစုံသော ရဟန်းတို့ထက် ရဟန်းအဖြစ်ဖြင့် အကြီးဆုံး ဖြစ်၏
သုညတဝိဟာရ ဟူသည် ထိုသုညတမုခဖြင့်ရသော ဖလသမာပတ်ကို ရည်ဆိုသည်။)
ဆုံးဖြတ်ရန် စီစဉ်ပုံ
ထိုအခါ သံဃာသည် အဓိကရုဏ်းကို ဆုံးဖြတ်လို၍ စည်းဝေး၏။ ထိုဆုံးဖြတ်ရာ၌ အပိုင်းအခြား မရှိသော ဆိုခြင်းတို့သည် ဖြစ်ကုန်၏။ စကားတစ်ခု၏ အနက်အဓိပ္ပါယ်သည် မထင်ရှား၊ ထိုအခါ ရှင်ရေ၀တသည် သံဃာကို သုဏာတု မေ ဘန္တေ သံဃော …လ… ဝူပသမေယျ။ သံဃာသည် နာတော် မူလော့၊ ဤဆုံးဖြတ်ရာ၌ ဆိုခြင်း များ၍ အဓိပ္ပါယ် မထင်။ လျှောက်ပတ်လျှင် သံဃာသည် ဤ အဓိကရုဏ်းကို ဥဗ္ဗာဟိကကံဖြင့် ငြိမ်းစေရာ၏ဟု သိစေ၏။
ပါစိနက ရဟန်းတို့တွင် အရှင်သဗ္ဗကာမိ၊ အရှင်သာဠ၊ အရှင်ခုဇ္ဇသောဘိတ၊ အရှင်ဝါသဘဂါမိက အားဖြင့် လေးပါးတို့ကို လည်းကာင်း၊ ပါဝေယျက ရဟန်းတို့တွင် အရှင်ရေဝတ၊ အရှင်သမ္ဗုတ သာဏဝါသိ၊ အရှင်ယသ၊ အရှင်သုမန အားဖြင့် လေးပါးတို့ကို လည်းတောင်း တစ်ဖက်လေးပါးစီ ရွေးကောက်၏။
ထိုအခါ အရှင်ရေဝတသည် သံဃာကို ဉာတ္တိဒုတိယကံဖြင့် သိစေ၏။ ဝါ-သံဃာသည် ဥဗ္ဗာဟိကာကံဖြင့် ဤအဓိကရုဏ်းကို ငြိမ်းစေခြင်းငှါ ပါစိနက လေးပါး၊ ပါဝေယျက လေးပါးတို့ကို သမုတ်ရာ၏။ သမုတ်၏။ သမုတ်ပြီ-ဟု သိစေ၏။
ထိုနောက် သံဃာအား ပါတိမောက်ပြသော ဆယ်ဝါရ အဇိက ရဟန်းကို မထေရ်ကြီးများအတွက် နေရာ ခင်းသော ရဟန်းဟု သမုတ်၏။ ထိုနောက် မထေရ်ကြီးတို့သည် တိုင်ပင်၍ အဓိကရုဏ်း ငြိမ်းအောင် ဆုံးဖြတ်ခြင်းငှါ မွေ့လျော်ဖွယ် ကောင်း၍ အသံဆိတ်သော ဝါလိကာရုံ ကျောင်းသို့ ကြွသွားတော် မူကုန်၏။
(သမုတ်အပ်သော မထေရ်ရှစ်ပါးတို့တွင် ရှင်ဝါသဘဂါမိက၊ ရှင်သုမန နှစ်ပါးသည် ရှင်အနုရုဒ္ဓါ၏ သဒ္ဓိဝိဟာရိက၊ ကြွင်း ခြောက်ပါးသည် ရှင်အာနန္ဒာ၏ သဒ္ဓိဝိဟာရိက ဖြစ်ကုန်၏။ ဘုရားရှင်ကို ဖူးမြင်ကြဖူးကုန်၏။ သိက္ခာ ဝါတော် ရာကျော်တို့ဖြစ်ကုန်၏။)
ကဠာသောကမင်း
(မဟာဝင်အဆို - သုသုနာဂမင်း၏သား ကာဠာသောကမင်း နန်းစံဆယ်နှစ်၊ သာသနာသက္ကရာဇ် တစ်ရာတွင် ဝေသာလီ၌ ဝဇ္ဇီတိုင်းသား ရဟန်းတို့သည် ဆယ်ပါးသော အဓမ္မဝတ္ထုတို့ကို ပြကုန်၏။ ရှင်ယသသည် သတင်းကြား၍ တရားပြခြင်းငှါ ကြွလာ၍ ရွှေငွေလှူသူတို့ကို တားသောကြောင့် ကံပြုခံရ၏။ ထိုနောက် ကောင်းကင်ဖြင့် ကောသမ္ဗီသို့ ကြွသွား၍ သံဃာ များစွာ စုဆောင်းပြီးလျှင် ဝေသာလီသို့တစ်ဖန် ပြန်ကြွလာ၏။
ဝဇ္ဇီတိုင်းသား ရဟန်းတို့သည် ကာဠာသောကမင်းကြီးထံ ဝင်၍ မြတ်သောမင်းကြီး၊ ငါတို့ဆရာ ဘုရားမြတ်စွာ ကိန်းဝပ်တော်မူရာ မဟာဝုန်တော ကုဋာဂါရ ကျောင်းတော်ကြီးကို စေတီပြု၍ ငါတို့အမြတ်တနိုး ကိုးကွယ် နေကြပါသည်။ ထိုတစ်ပါးတိုင်းသား ရဟန်းများသည် အနိုင်အထက် ငါတို့ကိုနှိပ်စက်၍ ယူမည်ဟု လာအကြောင်းကြားကြလေသည်။
ဒကာတော် တားမြစ်မှ ငါတို့ ချမ်းသာရာ ရတော့မည်။ ကျောင်းတော်ကြီးလည်း မပျက်မစီး ရှိချေတော့သည်ဟု ဆိုကုန်၏။ မင်းကြီးသည် ထိုစကားကိုယုံကြည်၍ အမတ်တို့ကို ရဲမက်ဗိုလ်ပါတို့နှင့်တကွ သင်တို့ သွား၍ တစ်ပါးတိုင်းသား ရဟန်းတို့ကို တားကြလော့၊ တားမရလျှင် မင်းအာဏာဖြင့် ရိုက်နှက်ကြလောဟု စေလွှတ်လေ၏၊ ထိုတားခြင်းငှါ သွားသူတို့သည် နတ်တို့၏ အာနုဘော်ကြောင့် မျက်စိလည်၍ ခရီးလွဲကြ လေကုန်၏။
ထိုညဥ့်တွင် မင်းကြီးအိပ်မက်မြင်သည်ကား။ ဘီလူးတစ်ကျိပ်သည် မင်းကြီးကို နန်းတော်ပေါ်မှ ဆွဲယူ၍ သံတံကျင်လျှို၍ လောဟကုမ္ဘီ ငရဲအိုး၌ ပစ်ချရန် ရွယ်သည်ဟုမြင်မက်၏။ မိုးသောက်အခါ ဆရာပုရောဟိတ် တို့ကို ပြောကြားတိုင်ပင်သော်လည်း သင့်လျော်စွာ မတတ်နိုင်သောကြောင့် လွန်စွာ ထိတ်လန့်၍ စာတော် မခေါ်နိုင် ရှိလေ၏။
ထိုအခါ နှမတော် နန္ဒာထေရီ ရဟန္တာမသည် ကြွလာ၍ ဤသို့ဆို၏။ မောင်တော်သည် ဝန်လေးသော အမှုကို ပြုဘိ၏တကား၊ အဓမ္မဝါဒီတို့၏ စကားကို လိုက်နာ၍ လဇ္ဇီရဟန်းကောင်းတို့ကို ထိပါးစေမိရှာပြီ။ အထ မြောက်လျှင် ထိုငရဲသို့လားရမည့် ပုဗ္ဗနိမိတ် အိပ်မက်ပေတည်း။ လျင်စွာသွား၌ တစ်ပါးတိုင်းသား လဇ္ဇီရဟန်း တို့ကို တောင်းပန် ကန်တော့ပါလော့ဟု ဆို၏။
ထိုအခါ မင်းကြီးသည် စစ်သည်ဗိုလ်ပါနှင့် တကွသွား၍ တစ်ပါး တိုင်းသားရဟန်းတို့ကို တောင်းပန်ကန်တော့၍ မဟဝုန်တော ကုဋာဂါရကျောင်း၌ စည်းဝေးစေ၍ ဓမ္မဝိနယ မှန်ရာကိုသာ ရဲဝံ့စွာ ဆုံးဖြတ်တော်မူကြဟု တောင်းပန်၏။ ဘေးရန်မရှိစိမ့်သောငှါလည်း များစွာသော အစောင့်အရှောက်ကို ထားလေ၏။
ထိုနောက် သံဃာများစွာ စည်းဝေး၍ သင်္ဂါယနာ တင်ခြင်းငှါ ကြီးကျယ်သော မဏ္ဍပ်ကို လည်းကောင်း ကိန်းအောင်းစရာ ကျောင်းတော်တို့ကို လည်းကောင်း ကောင်းစွာဆောက် လှူဒါန်း၏။ ထိုကျောင်းတော်ကြီး ရိပ်သာသည် ငွေပြားအခင်းကဲ့သို့ သန့်ရှင်းဖြူဖွေးသော သဲတို့ဖြင့် ကြဲအပ်သောကြောင့် ဝါသိကာရုံ ကျောင်းတော်ဟု တွင်၏။
အဓမ္မဝါဒီ အလဇ္ဇီ တစ်သောင်းတို့သည်လည်း အချို့လူထွက်ကုန်၏။ အချို့ တိမ်းရှောင်ကုန်၏။ အချို့ ဝန်ချ၍ ကောင်းစွာနေကုန်၏။ တိမ်းရှာင်သူတို့ကား ဝါဒကွဲလျက် ဂိုဏ်းသီးခြားကုန်၏။)
ဝတ္ထုဆယ်ပါး ဆုံးဖြတ်ခြင်း
ဝိနည်းအမေးဉတ်
ထိုအခါ အရှင်ရေဝတသည် ငါသည် အရှင်သဗ္ဗကာမိကို ဝိနည်းမေးအံ့ဟု သံဃာကို သိစေ၏။ သိစေပုံကား-သုဏာတု မေ ဘန္တေ သံဃော။ ယဒိသံဃဿ ပတ္တကလ္လံ၊ အဟံအာယသ္မန္တံ ဘဗ္ဗကာဓိံ ဝိနယံ ပုစ္ဆေယျံ။
ဝိနည်းအဖြေဉတ်
အရှင်သဗ္ဗကာမိသည် ငါသည် အရှင်ရေဝတ မေးသော ဝိနည်းကို ဖြေပါအံ့ဟု သံဃာကိုသိစေ၏။ သိစေပုံကား - သုဏာတု မေ အာ၀ုသော သံဃော။ ယဒိ သံဃဿ ပတ္တကလ္လံ၊ အဟံ ရေဝတေန ဝိနယံ ပုဋ္ဌော ဝိဿဇ္ဇေယျံ။
မေးဖြေ၍ဆုံးဖြတ်ပုံ
အရှင်ဘုရား (၁)၊ သိင်္ဂီလောဏကပ္ပသည် အပ်ပါသလော၊
ငါ့ရှင် ထို သိင်္ဂီလောဏကပ္ပသည် အဘယ်နည်း။
အရှင်ဘုရား၊ ဆားမရှိသော ထမင်းဟင်း၌ ထည့်စားမည်ဟု သားချိုဖြင့် ဆားကို ဆောင်ခြင်းငှါ အပ်ပါသလော။
ငါ့ရှင်၊ မအပ်။
အဘယ်၌ ပယ်တော်မူပါသနည်း။
သာဝတ္ထိပြည်၌ သုတ္တဝိဘင်္ဂ၌ ပယ်တော်မူသည်။
အဘယ်သို့ ရောက်ပါသနည်း။
သိုမှီး၍ စားသော သန္နိဓိကာရကဘောဇနကြောင့် ပါစိတ်အာပတ်သို့ ရောက်သည်။
သုဏာတု မေ ဘန္တေ သံဃော ။လ။ နိက္ခိပါမိ။
အရှင်ဘုရားတို့၊ သံဃာသည် အကျွန်ုပ်၏စကားကို နာတော်မူလော့၊ သံဃာသည် ဤပထမဝတ္ထုကို ဆုံးဖြတ်ပြီ။ ဤသို့သို့သော အကြောင်းကြောင့် ဝတ္ထုသည် ဓမ္မမဟုတ်၊ ဝိနယမဟုတ်၊ ဘုရားရှင်၏ အဆုံးအမ သတ္ထုသာသနမှ ကင်း၏။ ဤ ပထမစာရေးတံကို ပယ်ချပါ၏။
အရှင်ဘုရား (၂)၊ ဒွင်္ဂုလကပ္ပသည် အပ်ပါ၏လော။
ငါ့ရှင်၊ ထို ဒွင်္ဂုလကပ္ပသည် အဘယ်နည်း။
အရှင်ဘုရား၊ နေလွဲ၍ အရိပ်နှစ်သစ် လွန်သည့်တိုင်အောင် ဘောဇဉ်စားခြင်းငှါ အပ်ပါသလော။
ငါ့ရှင်၊ မအပ်။
အဘယ်၌ ပယ်ပါသနည်း။
ရာဇဂြိုဟ်ပြည် သုတ္တဝိဘင်္ဂ၌ ပယ်တော်မူသည်။
အဘယ်သို့ ရောက်ပါသနည်း။
ဝိကာလဘောဇနကြောင့် ပါစိတ်သို့ ရောက်သည်။
သုဏာတု မေ ဘန္တေ သံဃော ။လ။ နိက္ခိပါမိ။
အရှင်ဘုရားတို့၊ နာတော်မူလော့၊ သံဃာသည် ဤဒုတိယဝတ္ထုကို ဆုံးဖြတ်ပြီ။ ဓမ္မ ဝိနယ သတ္ထုသာသန မဟုတ်သော ဤဒုတိယစာရေးတံကို ပယ်ချပါ၏။
အရှင်ဘုရား (၃)၊ ဂါမန္တရကပ္ပသည် အပ်ပါသလော။
ငါ့ရှင် ထို ဂါမန္တရကပ္ပသည် အဘယ်နည်း။
အရှင်ဘုရား၊ ဘောဇဉ်စားစဉ် တန်ပြီဟု တားမြစ်သော ပဝါရိတ်သင့်သော ရဟန်းသည် ယခု ရွာတစ်ပါးသို့ သွားမည်ဟု အတိရိတ်ဝိနည်းကံ မပြုသော ဘောဇဉ်ကို စားခြင်းငှါ အပ်ပါသလော။
ငါ့ရှင်၊ မအပ်။
အဘယ်၌ ပယ်ပါသနည်း။
သာဝတ္ထိ၌ သုတ္တဝိဘင်္ဂ၌ ပယ်တော်မူသည်။
အဘယ်သို့ ရောက်ပါသနည်း
အနတိရိတ္တ ဘောဇနကြောင့် ပါစိတ်သို့ရောက်သည်။
သုဏာတု မေ ဘန္တေ သံဃော ။လ။ နိက္ခိပါမိ။
အရှင်ဘုရားတို့၊ သံဃာသည် ဤတတိယဝတ္ထုကို ဆုံးဖြတ်ပြီ။ ဓမ္မ ဝိနယ သတ္ထုသာသန မဟုတ်သော ဤ တတိယ စာရေးတံကို ပယ်ချပါ၏။
အရှင်ဘုရား (၄)၊ အာဝါသကပ္ပသည် အပ်ပါသလော။
ငါ့ရှင်၊ ထိုအာဝါသကပ္ပသည် အဘယ်နည်း။
အရှင်ဘုရား၊ ကျောင်းများစွာ တပ်သိမ်တည်း အသီးသီး ဥပုသ်ပြုခြင်းငှါ အပ်ပါသလော။
ငါ့ရှင်၊ မအပ်။
အဘယ်၌ ပယ်ပါသနည်း။
ရာဇဂြိုဟ်၌ ဥပေါသထသံယုတ္တ၌ ပယ်တော်မူသည်။
အဘယ်သို့ ရောက်ပါသနည်း၊
ဝိနယာတိသာရကြောင့် ဒုက္ကဋ်သို့ရောက်သည်။
သုဏာတု မေ ဘန္တေ သံဃော ။လ။ နိက္ခိပါမိ။
အရှင်ဘုရားတို့၊ သံဃာသည် ဤ စတုတ္ထဝတ္ထုကို ဆုံးဖြတ်ပြီ။ ဓမ္မ ဝိနယ သတ္ထုသာသန မဟုတ်သော ဤ စတုတ္ထ စာရေးတံကို ပယ်ချပါ၏။
အရှင်ဘုရား (၅)၊ အနုမတိကပ္ပသည် အပ်ပါသလော။
ငါ့ရှင် ထိုအနုမတိကပ္ပသည် အဘယ်နည်း။
အရှင်ဘုရား၊ ရောက်လာသော ရဟန်းတို့ကို ဆန္ဒယူမည်ဟု ၀ဂ္ဂဖြစ်လျက် သံဃကံပြုခြင်းငှါ အပ်ပါသလော။
ငါ့ရှင် မအပ်။
အဘယ်၌ ပယ်ပါသနည်း။
စမ္မေယျက၌ ဝိနယာတ္ထု၌ ပယ်တော်မူသည်။
အဘယ်သို့ရောက်ပါသနည်း။
ဝိနယာတိသာရကြောင့် ဒုက္ကဋ်သို့ ရောက်သည်။
သုဏာတု မေ ဘန္တေ သံဃော ။လ။ နိက္ခိပါမိ။
အရှင်ဘုရားတို့၊ သံဃာသည် ပဉ္စမဝတ္ထုကို ဆုံးဖြတ်ပြီ။ သတ္ထုသာသန မဟုတ်သော ဤပဉ္စမ စာရေးတံကို ပယ်ချပါ၏။
အရှင်ဘုရား (၆) အာစိဏ္ဏကပ္ပသည် အပ်ပါသလော။
ငါ့ရှင်၊ ထိုအာစိဏ္ဏကပ္ပသည် အဘယ်နည်း။
အရှင်ဘုရား၊ ဤကား ငါ၏ဥပဇ္ဈာယ်အလေ့၊ ငါ၏ဆရာအလေ့ဟု ထိုအလေ့ကို ပြုခြင်းငှါ အပ်ပါသလော။
ငါ့ရှင်၊ အာစိဏ္ဏကပ္ပသည် အချို့ အပ်၏။ အချို့ မအပ်။
သုဏာတု မေ ဘန္တေ သံဃော ။လ။ နိက္ခိပါမိ။
အရှင်ဘုရားတို့၊ သံဃာသည် ဆဋ္ဌဝတ္ထုကို ဆုံးဖြတ်ပြီ။ ဓမ္မ ဝိနယ သတ္ထုသာသန မဟုတ်သော ဤ ဆဋ္ဌစာရေးတံကို ပယ်ချပါ၏။
အရှင်ဘုရား (၇)၊ အမထိက ကပ္ပသည် အပ်ပါသလော။
ငါ့ရှင်၊ ထိုအမထိက ကပ္ပသည် အဘယ်နည်း။
အရှင်ဘုရား၊ အကြင်နို့ရည်သည် နို့ရည်အဖြစ်ကို စွန့်၏။ နို့ဓမ်းအဖြစ်သို့ မရောက်သေး။ ထိုနို့ရည်ကို ဘောဇဉ် စားစဉ် ပဝါရိတ်သင့်သော ရဟန်းသည် အတိရိတ် ဝိနည်းကံ မပြုဘဲ သောက်ခြင်းငှါ အပ်ပါသလော။
ငါ့ရှင်၊ မအပ်။
အဘယ်၌ ပယ်ပါသည်။
သဝတ္ထိ၌ သုတ္တဝိဘင်္ဂ၌ ပယ်တော်မူသည်။
အဘယ်သို့ ရောက်ပါသနည်း။
အနတိရိတ္တဘောဇနကြောင့် ပါစိတ်သို့ရောက်သည်။
သုဏာတု မေ ဘန္တေ သံဃော ။လ။ နိက္ခိပါမိ။
အရှင်ဘုရားတို့၊ သံဃာသည် ဤသတ္တမဝတ္ထုကို ဆုံးဖြတ်ပြီ။ ဓမ္မ ဝိနယ သတ္ထုသာသန မဟုတ်သော ဤ သတ္တမစာရေးတံကို ပယ်ချပါ၏။
အရှင်ဘုရား (၈)၊ ဇဠောဂိ၊ သေနကိုသောက်ခြင်းငှါ အပ်ပါသလော။
ငါ့ရှင်၊ ဇဠောဂိသည် အဘယ်နည်း။
အရှင်ဘုရား၊ အကြင် သေသည် အဆောက်အဦဖြင့် စီရင်ပြီးဖြစ်၏။ မူးယစ်ခြင်းသို့ မရောက်သေး။ ထိုနုသော သေကို သောက်ခြင်းငှါ အပ်ပါသလော။
ငါ့ရှင်၊ မအပ်။
အဘယ်၌ပယ်ပါသနည်း။
ကောသမ္ဗီပြည်၌ သုတ္တဝိဘင်္ဂ၌ ပယ်တော်မူသည်။
အဘယ်သို့ ရောက်ပါသနည်း။
သုရာမေရယပါနကြောင့် ပါစိတ်သို့ရောက်သည်။
သုဏာတု မေ ဘန္တေ သံဃော ။လ။ နိက္ခိပါမိ။
အရှင်ဘုရားတို့၊ သံဃာသည် ဤ အဋ္ဌဝတ္ထုကို ဆုံးဖြတ်ပြီ။ ဓမ္မ ဝိနယ သတ္ထုသာသန မဟုတ်သော ဤ အဋ္ဌမစာရေးတံကို ပယ်ချပါ၏။
အရှင်ဘုရား (၉)၊ အဆာမရှိသော နိသီဒိုင်သည် အပ်ပါသလော။
ငါ့ရှင်၊ မအပ်။
အဘယ်၌ပယ်ပါသနည်း။
သာဝတ္တိ၌ သုတ္တဝိဘင်္ဂ၌ ပယ်တော်မူသည်။
အဘယ်သို့ ရောက်ပါသနည်း ။
ဆေဒနက ပါစိတ်သို့ ရောက်သည် ။
သုဏာတု မေ ဘန္တေ သံဃော ။လ။ နိက္ခိပါမိ။
အရှင်ဘုရားတို့၊ သံဃာသည် ဤန၀မဝတ္ထုကို ဆုံးဖြတ်ပြီ။ ဓမ္မ ဝိနယ သတ္ထုသာသန မဟုတ်သော ဤနဝမ-စာရေးတံကို ပယ်ပါ၏။
အရှင်ဘုရား (၁ဝ)၊ ရွှေငွေသည် အပ်ပါသလော။
ငါ့ရှင်၊ မအပ်။
အဘယ်၌ ပယ်ပါသနည်း။
ရာဇဂြိုဟ်၌ သုတ္တဝိဘင်္ဂ၌ ပယ်တော်မူသည်။
အဘယ်သို့ ရောက်ပါသနည်း။
ရွှေငွေ ခံယူခြင်းကြောင့် ပါစိတ်သို့ရောက်သည်။
သုဏာတု မေ ဘန္တေ သံဃော ။လ။ နိက္ခိပါမိ။
အရှင်ဘုရားတို့၊ သံဃာသည် ဤဒသမ၀တ္ထုကို ဆုံးဖြတ်ပြီ။ ဓမ္မ ဝိနယ သတ္ထုသာသန မဟုတ်သော ဤ ဒသမ စာရေးတံကို ပယ်ချပါ၏။
ဘန္တေ၊ အရှင်ဘုရားတို့။
သံဃော၊ သံဃာသည်။
မေ၊ အကျွန်ုပ်၏၊
၀စနံ၊ စကားကို။
သုဏာတု၊ နာတော်မူလော့။
သံဃေန၊ သံဃာသည်။
ဣမာနိ ဒသဝတ္ထုနိ- ဆယ်ပါးသော ၀တ္ထုတို့ကို။
ဝိနိစ္ဆိတာနိ၊ ဆုံးဖြတ်အပ်ကုန်ပြီ။
ဣတိပိ၊ ဤအကြောင်းကြောင့်လည်း။
ဝါ၊ ဤသို့ ဤသို့ သော အကြောင်းကြောင့်။
ဣမာနိ၊ ဤဝတ္ထုတို့သည်။
ဥဒ္ဓမ္မာနိ၊ ဓမ္မ မဟုတ်ကုန်။
ဒုဗ္ဗိနယာနိ၊ ဝိနည်းမဟုတ်ကုန်။
အပကတသတ္ထုသာသနာနိ၊ ဘုရားရှင်၏ အဆုံးအမမှ ကင်းကုန်၏။
ဣတိ၊ ဤသို့ သံဃာကို ရှင်ရေဝတ သိစေတော်မူ၏။
(၁) သုတ္တဝိဘင်္ဂ၌ သန္နိဓိန္နာမ အဇ္ဇပဋိဂဟိတံ အပရဇ္ဇု- နေ့ အကပ်ခံလျှင် နက်ဖြန်၌ သန္နိဓိ မည်၏ ဟုဟော၍ တစ်ဖန် “သန္နိဓိ ပြုသည်၌ သန္နိဓိမပြုဟူသော သညာဖြင့် ခဲဘွယ် ဘောဇဉ်ကို ခဲအံ့ စားအံ့၊ ပါစိတ်အာပတ်သို့ ရောက်သည်” ဟု အာပတ်ပညပ်ခြင်းဖြင့် ပယ်တော်မူ၏။
ဧကေဆရာတို့ ဝါဒကား “ယောပန ဘိက္ခု သန္နိဓိ ကာရကံ စသည် သန္နိဓိ ပြုအပ်သော ခဲဘွယ်ဘောဇဉ်ကိုသာ ဟောသည်။ ဆားဟူသည် ယာဝဇီဝိက ဖြစ်သောကြောင့် သန္နိဓိမဖြစ်ကောင်း၊ အာမိသကို အကပ်ခံ၍ ထိုဆားနှင့် ရောစားအံ့၊ အာမိသသည် ထိုနေ့ အကပ်ခံခြင်းသာ ဖြစ်သည်။ ချစ်သားတို့ … ယာဝကာလိကနှင့် ယနေ့ အကပ်ခံသော ယာ၀ဇီဝိကသည် နံနက်၌ အပ်၏၊ နေလွဲ၍မအပ် ဟု ဟောသောကြောင့် ဒုက္ကဋ်အာပတ်ဖြစ်သင့်သည်”ဟု မှတ်ထင်ကုန်၏။
ထို ဧကေဆရာတို့ကို “သင်တို့အလိုဖြင့် ဒုက္ကဋ်လည်း မဖြစ်သင့်။ အကြောင်းကား ဤနေရာ၌ ယာဝဇီဝိတသည် ယနေ့ အကပ်ခံသည် မဟုတ်။ ယာဝကာလိကသာ ယနေ့ အကပ်ခံခြင်း ဖြစ်သည်၊ ယနေ့ အကပ်ခံသည်ကို နေလွဲ၍ စားသည်လည်း မဟုတ်။ နေလွဲ၍မအပ် ဟူသော ပါဠိတော်ဖြင့် ဒုက္ကဋ်ကို မှတ်ထင်ကြလျှင် ထို ယာ၀ဇီရောသော ယာ၀ကာကို နေလွဲ၍ စားသူအား ဝိကာလဘောဇနပါစိတ် မဖြစ်ရာ။ ထိုကြောင့် သဒ္ဒါမျှမယူဘဲ အနက်ကိုဆင်ခြင်အပ်၏။ အနက်ကား ယာဝကာနှင့်ရောသော ယနေ့အကပ်ခံသော ယာဝဇီသည် သမ္ဘိန္နရသ-အရသာ ရောလျှင် ယာဝကာလိက အလားသာ ရှိ၏။ ထို့ကြောင့် ဝိကာလဘောဇန သိက္ခာပုဒ်ဖြင့် နံနက်၌အပ်၏။ နေလွဲ၍မူ မအပ်။
ဤ၌အပ်၏ ဟူသော စကားမျှဖြင့် ဒုက္ကဋ်မဟုတ်။ ယနေ့အကပ်ခံသော ယာ၀ဇီသည် ယာဝကာနှင့် သမ္ဘိန္နရသဖြစ်အံ့၊ နေလွဲ မအပ်။ ဝိကာလဘောဇနပါစိတ်သာ ဖြစ်သကဲ့သို့ ဤအတူ ယနေ့ အကပ်ခံသော ယာဝဇီသည်လည်း နောက်နေ့၌ ယာဝကာနှင့် သမ္ဘိန္နရသ ဖြစ်အံ့၊ မအပ်။ သန္နိဓိဘောဇနပါစိတ်သာ ဖြစ်၏။
ထိုထို သန္နဓိကတဟု မသိသော်လည်း မလွတ်။ ထို့ကြောင့် သန္နိဓိ ပြုသည်၌ သန္နိဓိ မပြုဟူသော သညာဖြင့် ခဲဖွယ်ဘောဇဉ်ကို ခဲအံ့ စားအံ့ ပါစိတ်အာပတ်သို့ရောက်၏ဟု ဟောပြီ။ ထိုကြောင့် ကတ္တ ပဋိက္ခိတ္တံ ဟူသော အမေး၌ သာဝတ္တိယံ သုတ္တဝိဘင်္ဂ ဟူသောအဖြေသည် သန့်ရှင်း၏”ဟု ပြောပြအပ်၏။
(၂၊ ၃- မဖွင့်)
(၄) ရာဇဂြိုဟ်၌ ဥပေါသထသံယုတ္တ၌ ဟူသည်ကို န ဘိက္ခဝေ ဧကသ္မိံ အာဝါသေ ဒွေ ဥပေါသထာဂါရာနီ သမ္မန္နိ တဗ္ဗာ၊ ယော သမ္မန္နေယျ အာပတ္တိ ဒုက္ကဋဿ ဟူသည်ကိုရည်ဆိုသည်။
ဝိနယာတိသာရကြောင့် ဟူသည် န ဘိက္ခဝေ ဧကသ္မိံ အာဝါသေ ဒွေ ဥပေါသထာဂါရာနိ သမ္မန္နိ တဗ္ဗာန္နိ ဟူသော ဤဝိနယကိုလွန်ကျူးခြင်းကြောင့် ဒုက္ကဋ် အာပတ်သင့်၏။
(၅) စမ္ဗေယျဝိနယဝတ္ထု၌ဟူသည်ကို အ ဓမ္မေန ဘိက္ခဝေ ဝဂ္ဂကမံ အကမ္မံ န စ ကရဏီယံ အစပြု၍ စမ္ဗေယျက္ခန္ဓက၌လာသော ဝိနယဝတ္ထုကို ရည်ဆိုသည်။
(၆) အချို့ အပ်၏ ဟူသည်ကို ဓမ္မိက အာစိဏ္ဏကို ရည်ဆိုသည်။
(၇၊ ၈-မဖွင့်)
(၉) ဆေဒနကပါစိတ် ဟူသည် သုတ္တဝိဘင်္ဂ၌ နိသီဒနံ နာမ သဒသံ ဝုစ္စတိ ဟု လာသောကြောင့် ဘုရားရှင်နှစ်ဆူမှ အထက်၌ အဆာကိုသာ တစ်ထွာမျှ ထည့်ရသည်။ အဆာမပါဘဲလျက် ထိုပမာဏကို (ဝါသုံးထွာကို) ပြုလျှင် တံ အတိက္ကာ မယတော ဆေဒနကံ ပါ စိတ္တိယံ ဟုလာ၏။ ထိုကြောင့် ဆေဒနက ပါစိတ်သို့ရောက်သည်ဟု ဖြေဆိုသည်။ ဆေဒနကသိက္ခာပုဒ်၌ ဟောသော ပါစိတ်သို့ ရောက်၏ ဟူလို။
(၁ဝ-မဖွင့်)
ဇီဋီ
(၁) သန္နိဓိကတ ယာဝဇီဝိကသည် ယနေ့ အကပ်ခံသော ယာ၀ကာနှင့် သမ္ဘီန္နရသဖြစ်လျှင် ယနေ့ အကပ်ခံသည်ဟု မရေတွက်ဘဲ အဘယ်သို့လျှင် သန္နိဓိကတမိဿ ဟူ၍သာ ရေတွက်သနည်း။ အဖြေကား ယာ၀ကာလိကေန ဘီက္ခဝေ ယာ၀ဇီဝိကံ တဒဟု ပဋိဂ္ဂဟိတံ ဟု ဟောသောကြောင့် ပုရေပဋိဂ္ဂဟိတ ယာ၀ဇီသည် တဒဟု ပဋိဂ္ဂဟိတ အာမိသနှင့် ရောလျှင် ပုရေပဋိဂ္ဂဟိတ အရေအတွက်သို့သာ ရောက်ခြင်း ထင်ရှား၏။ ဤသို့ မယူလျှင် သတ္တာဟကာလိကေန ဘိက္ခဝေ ယာဝဇီဝိကံ ပဋိဂ္ဂဟိတံ သတ္တာဟံကပ္ပတိ ဟု (တဒဟုမပါဘဲ) ဟောရာ၌ကဲ့သို့ ဤ၌လည်း ယာ၀ကာလိကေန ဘိက္ခဝေ ယဝဇီကံ ပဋိဂ္ဂဟိတံ တာလေကဗ္ဗတိ ဟု ဟောရာ၏။ ထိုသို့လည်း မဟောခဲ့။
ထို့ကြောင့် ပုရေပဋိဂ္ဂဟိတ ယာ၀ဇီသည် အာမိသနှင့် ရောလျှင် အာမိသဂတိကသာဟု သိအပ်၏။ သဒ္ဒါမျှ မယူအပ်။ ကာလေ ကပ္ပတီ ဝိကာလေ န ကပ္ပတိ-ဟုဟောကာမျှဖြင့် “ဝိကာလေ န ကပ္ပတိ” ဖြင့် ဝိကာလ ဘောဇနပါစိတ်ကိုလည်းကောင်း၊ “န ကပ္ပတိ” ဖြင့် သန္နိဓိဘောဇန ပါစိတ်ကိုလည်းကောင်း ရွက်ဆောင်သည်ဟု အနက်ဖြစ်၏။
သုတ္တဝိဘင်္ဂ၌ ဟူသည် မာတိကာဟူသော သုတ္တ၌လည်းကောင်း၊ ၎င်း၏ ပဒဘာဇနီ ဟူသော ဝိဘင်္ဂ၌ လည်းကောင်း ဟု အနက်ဖြစ်၏။
(၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈-၉) အတိက္ကာမသတော ဆေဒနကံ ဟူသည် အဘယ်နည်း။ သုံးထွာ ရှိသော်လည်း အဆာမရှိလျှင် အဘယ်သို့ နိသီဒိုင် ဖြစ်မည်နည်း။ အဆာ ရှိခြင်းသာ နိသီဒိုင်၏ လက္ခဏာဖြစ်သည်။ သုံးထွာရှိ၍ အဆာတစ်ထွာ ရှိလျှင်သာ နိသီဒိုင်မည်၍ ဖြတ်သင့်၏။ အဆာမရှိ၍ ဤနိသီဒိုင်မမည်ရာ၌ အဘယ်ကြောင့် ဖြတ်ထိုက်လေသနည်း။
အဖြေကား အဆာရှိရုံမျှသည် နိသီဒိုင်ဖြစ်သည်ဟု အကြောင်း မဟုတ်အပ်။ နိသီဒိုင်ဟုဆိုခြင်းကြောင့် နိသီဒိုင်မည်၏။ ပမာဏ လွန်ခြင်းကြောင့် ဖြတ်ထိုက်၏။
(၁၀) ရွှေငွေကို ပုဂ္ဂိုလ်အားသာ ပါဠိတော်၌ ပယ်သည်။ သံဃာအား မပယ်။ ထို့ကြောင့် သံဃာအား အပ်သည် ဟု ဆိုငြားအံ့။ ဝိကာလဘောဇနကိုလည်း ပုဂ္ဂိုလ်အားသာ တားသည်။ သံဃာအား မတား။ ထို့ကြောင့် သံဃာအား အပ်သည်ဟု ဆိုလျှင် အဘယ်မှာညီနိုင်အံ့နည်း။
သာဋီ
(၁) သုတ္တဝိဘင်္ဂဟူသည် ပဒဘာဇနိဖြစ်၏။
ထိုဆားနှင့် ဟူသည် ရှေးနေ့၌ အကပ်ခံသောဆားနှင့် တကွတည်း။
“ဤနေရာ၌ ယာဝဇီဝိကသည် ယနေ့ အကပ်ခံသည်မဟုတ်” ဟူသော စကားကို သိဂႌလောဏကကို ရည်ဆိုသည်။ ထိုသိင်္ဂီလောဏကသည် ရှေးနေ့၌ အကပ်ခံ၍ သားချိုဖြင့် ဆောင်ထားသော ဆားတည်း၊
ယာဝကာလိကသာ ယနေ့အကပ်ခံခြင်းဖြစ်သည် စသည်ကို သိင်္ဂီလောဏကနှင့်ရော၍ စားအပ်သော ဆားမပါသော အာမိသံကိုရည်ဆိုသည်။
(၂၊ ၃-၄) ဥပေါသထ သံယုတ္တသည် ဥပေါသထ ပဋိသံယုတ္တတည်း။ ဥပေါသတက္ခန္ဓက ဟူလို။ အတိသရဏံ အတိသာရော အတိက္ကမော။ ဝိနယဿ အတိသာရော ဝိနယာတိသာရော ဝိနည်းကို လွန်ကျူးခြင်းတည်း။
(၅၊ ၆၊ ၇၊ ၈-၉) ထို ပမာဏကို ပြုလျှင် ဟူသည် အဆာနှင့် တကွသော နီသိဒိုင်၌ အကြင်ပမဏကိုဟော၏။ ထိုပမာဏကို အဆာမပါဘဲ ပြုလျှင်တည်း။
(၁ဝ-မဖွင့်)
ဝိဋီ
(၁) သုတ္တဝိဘဂံ ဟူသည် ပဒဘာဇနီတည်း။ ယော ပန ဘိက္ခု သန္နိဓိကာရကံ ခါဒနီယံဝါ ဘောဇနီယံ ဝါ ဟူသောသုတ္တ၌ ယာ၀ကာ ကိုသာ သုံးသပ်သောကြောင့် သိုမှီးသော ယာ၀ဇီသိင်္ဂီလောဏကို အာမိသနှင့်တကွ သုံးဆောင်ခြင်း၌ ပါစိတ်သည် ဝိဘင်္ဂနယဖြင့်သာ ပြီးသည် ဟု ဆိုအပ်၏။ (ဇီဋီကိုချိန်သည်၊) ဝိဘင်္ဂ၌သာလာသည် (သုတ္တ၌ မလာ) ဟု ပြီးစေခြင်းငှါ ကထံ သုတ္တဝိဘင်္ဂ စသည်ကို (ထာ၌) ဆိုပြီ။
ဤ၌ ဆားကိုသိုမှီးသည်၊ ခဲဖွယ်ဘောဇဉ်ကို မသိုမှီး။ ထိုကြောင့် ဆားရောသော ဘောဇဉ်၌ ဝဇ္ဇိပုတ္တတို့သည် အပြစ်မရှိဟု မှတ်ထင်ကုန်ပြီ။ ထိုသို့မှတ်ထင်သူတို့၏သော်လည်း အာပတ်ကိုပြခြင်းငှါ သန္နိဓိကာရေ ယညီ စသည်ဖြင့် ဤသုတ္တ၏ ဝိဘင်္ဂကို (ထာ၌) ထုတ်ဆောင်သည်ဟု သိအပ်၏။
ထိုဆားနှင့် ဟူသည် ရှေးနေ့၌ အကပ်ခံသော ဆားနှင့်တကွတည်း။
ဒုက္ကဋိသာ ဖြစ်သင့်သည် ဟူသည် ယာ၀ကာလိကေန ဘိက္ခဝေ ယာဝဇီဝိကံ ပဋိဂ္ဂဟိတံ ဟု မဟောဘဲ တဒဟု ပဋိဂ္ဂဟိကံ ဟု ဟောသော စကား၏ အစွမ်းသတ္တိကြောင့် ရှေးနေ့အကပ်ခံပြီးသော ယာဝဇီသည် ယာဝကာနှင့်အတူ သမ္ဘိန္နရသဖြစ်လျှင် နံနက်၌လည်း မအပ်ဟု ထင်ရှား၏။ ထို၌ ဒုက္ကဋ်ဖြစ်ရမည်ဟူသော အဓိပ္ပါယ်တည်း။
ဒုက္ကဋ်လည်း မဖြစ်သင့် ဟူသည် သန္နိဓိကြောင့် ဒုက္ကဋ်ဟု မှတ်ထင်ကြလျှင် ယာဝဇီဝိက ဆား၏ သန္နိဓိဒေါသ မရှိခြင်းကြောင့် ဒုက္ကဋ်မဖြစ်နိုင်။ အကယ်၍ အာမိသ ရောသဖြင့် အာမိသအလား ရှိခြင်းကြောင့် ဒုက္ကဋ်ဟု မှတ်ထင်ကုန်အံ့၊ ထိုအခါ၌လည်း (ဒုက္ကဋ်မဖြစ်နိုင်) ပါစိတ်သာ ဖြစ်ရသည်။ အာမိသအဖြစ်သို့ ရောက်ခြင်းကြောင့် ဟူဘော အဓိပ္ပါယ်တည်း။
“ဤနေရာ၌ ယာဝဇီဝိကသည် ယနေ့ အကပ်ခံသည် မဟုတ်” ဟူသော စကားဖြင့်လည်း ဒုက္ကဋ်၏ မရှိခြင်းကို ပြီးစေ၏။
(၂) ရာဇဂြိုဟ်ပြည်၌ သုတ္တဝိဘင်္ဂ၌ စသော နေရာအားလုံးတို့၌ သုတ္တ၌လည်းကောင်း၊ သုတ္တဝိဘင်္ဂ၌ လည်းကောင်းဟု အနက်ယူအပ်၏။ ထို ဝိကာလဘောဇန စသည်တို့ကို ထိုထို သုတ္တ၌လည်း ပယ်သော ကြောင့်တည်း။
(၃-၄) ဝိနယဿအတိသရနံ အတိက္ကမော-ဝိနယာတိသာရော ဝိနည်းကို လွန်ကျူးခြင်းတည်း။
(၅၊ ၆၊ ၇၊ ၈၊ ၉) နိသီဒနံ နာမ သဒသံ ဝုစ္စတိ ဟု လာခြင်းကို ဝိဘင်္ဂ၌လည်း လာသည်ဟု ပြခြင်းငှါဆိုသည်။
ထိုပမာဏကိုပြုလျှင်ဟူသည် ဘုရားရှင်အထွာဖြင့် သုံးထွာ ပမာဏကို ပြုလျှင်တည်း။ အဆာနှင့် နှစ်ထွာ ပမာဏရှိအောင် ပြုလျှင်ကား အပ်၏။ အဆာမပါသော်လည်း ထိုနှစ်ထွာ နိသီဒိုင်သည် အပ်သည်သာတည်း ဟူသော အဓိပ္ပါယ်တည်း။
(၁ဝ-မဖွင့်၊)
သံဃာ့အလယ်၌ တစ်ဖန်ဆုံးဖြတ်ခြင်း
ငါ့ရှင်တို့၊ ဤ အဓိကရုဏ်းကို ငြိမ်းအောင်ပြုပြီးပြီ၊ ငြိမ်းပြီ၊ အထူးငြိမ်းပြီ၊ ကောင်းစွာ အထူးငြိမ်းပြီ။ ထိုသို့ ငြိမ်းသော်လည်း ငါ့ရှင် ရေ၀တ၊ ထိုရဟန်းကို ကောင်းစွာ သိစိမ့်သောငှါ သင်သည် ငါ့ကို သံဃာ့အလယ်၌လည်း မေးဦးလော့ဟု ဟု မိန့်တော်မူ၏။
ထိုအခါ အရှင်ရေ၀တသည် အရှင်သဗ္ဗကာမိကို သံဃာ့ အလယ်၌လည်း ဤ ဆယ်ပါးသော ဝတ္ထုတို့ကို မေး၏။ မေးတိုင်း မေးတိုင်း အရှင်သဗ္ဗကာမိ ဖြေဆို၏။
ဤ ဝိနယသသင်္ဂါယနာသည် ရဟန္တာ ခုနစ်ရာ မယုတ်မလွန်ရှိသောကြောင့် သတ္တသတိကသင်္ဂါယနာ မည်၏။
သင်္ဂါယနာငါးတန်
(ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက် လေးလမြောက်တွင် (ဝါ-၁၄၈-ခု၊ ဝါခါင်လပြည့်ကျော် ၅-ရက် သောကြာ နေ့တွင်) ရာဇဂြိုဟ်ပြည်၌ အဇာတသတ်မင်းကိုမှီ၍ အရှင်မဟာကဿပ အမှူးရှိသော ရဟန္တာ ငါးရာ ပထမ သင်္ဂါယနာ တင်သည်။ ခုနစ်လကြာသည်။ ရဟန်းကြီး သုဘဒ္ဒ၏ စကားကြောင့်တည်း။
နှစ်တစ်ရာမြောက်တွင် ဝေသာလီပြည်၌ ကလာသောကမင်းကို မှီ၍ ရှင်ယသ အမှုးရှိသော ရဟန္တာ ခုနစ်ရာ ဒုတိယ သင်္ဂါယနာတင်သည်။ ရှစ်လကြာသည်။ ဝေသာလီရဟန်းတို့၏ ဝတ္ထု ဆယ်ပါးကြောင့်တည်း။
၂၃၅-နှစ်မြောက်တွင် ပါဋလိပုတ်ပြည်၌ သီရိဓမ္မာသောကမင်းကို မှီ၍ ရှင်မောဂ္ဂလိပုတ္တတိဿ အမှူးရှိသော ရဟန္တာတစ်ထောင် တတိယ သင်္ဂါယနာ တင်သည်။ ကိုးလကြာသည်။ တိတ္ထိခြောက်သောင်း ဘေးကြောင့်တည်း။
၄၅၀-မြောက်တွင် သီဟိုဠ်ကျွန်း၌ ဂါမဏိမင်းကိုမှီ၍ သီဟိုဠ် ရဟန်းများစွာ ပေထက်အက္ခရာ တင်ခြင်းဖြင့် ပေါတ္ထကာရဠှ စတုတ္ထ သင်္ဂါယနာတင်သည်။ တစ်ဆယ့်နှစ်နှစ် မိုးခေါင်သောဘေး တွေ့သောကြောင့်တည်း၊
၂၄၁၅-နှစ် မြောက်တွင် (ဝါ-ကေဇာသက္ကရာဇ် ၁၂၃၃ ခုနှစ်တွင်) မြန်မာနိုင်ငံ ရတနာပုံ မန္တလေးမြို့၌ မြို့တည် နန်းတည် မင်းတုန်းမင်းကြီးကိုမှီ၍ ပိဋကာယပါရဂူ မြန်မာရဟန်းများစွာ) ကျောက်ထက် အက္ခရာ တင်ခြင်းဖြင့် သေလက္ခရာရုဠှ ပဉ္စမင်္ဂါယနာတင်သည်။ ပဉ္စမ ကပ္ပဌိတိဖြင့် ကူဇော်လိုသောကြောင့်လည်း။)
သတ္တသတိကက္ခန္ဓက ပြီး၏။
စူဠဝါအရသာ ပြီး၏။