ဝိနည်း ပရိဝါအရသာ-ဒု
၅ - ပဉ္စက ၉၆
၃၂၅။ ပဉ္စက ၁၆။
အာပတ် ငါးခု။
အာပတ္တိက္ခန္ဓ ငါးခု။
ဝိနိတဝတ္ထု (အာပတ်ငြိမ်းခြင်း) ငါးခု။
အာနန္တရိယကံ ငါးခု။
နိယတပုဂ္ဂိုလ် ငါးယောက်။ ၅
ဆေဒနကအာပတ် ငါးခု။
အာပတ်သို့ရောက်ကြောင်း ငါးပါး။
မုသာဝါဒကြောင့် အာပတ်ငါးခု။
ကံသို့မရောက်ကြောင်း (ဝါ) ကံမပြည့်စုံကြောင်းငါးပါး --
ကိုယ်တိုင်ကံမပြု၊ သူတပါးကို မတိုက်တွန်း၊ ဆန္ဒပါရိသုဒ္ဓိ မပေး၊ ကံပြုစဉ် တား၏၊ ကံပြုပြီးလျှင် အဓမ္မဟု အယူရှိ၏။
ကံသို့ရောက်ကြောင်း (ဝါ) ကံပြည့်စုံကြောင်းငါးပါး--
ကိုယ်တိုင်ကံပြု၏၊ သူတပါးကို တိုက်တွန်း၏၊ ဆန္ဒပါရိသုဒ္ဓိပေး၏၊ ကံပြုစဉ် မတား၊ ကံပြုပြီးလျှင် ဓမ္မဟု အယူရှိ၏။ ၅
ပိဏ္ဍပါတ်ဓုတင်ဆောင်အား ငါးပါး အပ်ကုန်၏။
အနာမန္တစာရ၊ ဂဏဘောဇန၊ ပရံပရ ဘောဇန၊ အနဓိဋ္ဌာန အဝိကပ္ပနာ။
ငါးပါးသောအင်္ဂါနှင့်ပြည့်စုံသော ရဟန်းသည် ပါပဘိက္ခ ဖြစ်စေ၊ အကုပ္ပဓမ္မ – မပျက်သောတရားရှိသူ (ရဟန္တာ) ဖြစ်စေ- မြင်သူကြား၏ ရွံရှာတွေးတောအပ်၏။ (ဝါ) တွေးတောခံရကြောင်းငါးပါး --
ပြည့်တန်ဆာမ အိမ်၌ ဆွမ်းခံခြင်း၊ မုဆိုးမအိမ်၌ ဆွမ်းခံခြင်း၊ အပျိုကြီးအိမ်၌ ဆွမ်းခံခြင်း၊ ပဏ္ဍုတ်အိမ်၌ ဆွမ်းခံခြင်း၊ ဘိက္ခုနီထံ၌ဆွမ်းခံခြင်း။
ဆီငါးမျိုး -- တိလ တေလ - နှမ်းဆီ၊ သာသပ - မုန်ညင်းဆီ၊ မဓုက - သစ်မည်စည်ဆီ၊ ဧရဏ္ဍက-- ကြက်ဆူဆီ၊ ဝသာတေလ - ဆီကြည်ဆီ။
ဆီကြည်ငါးမျိုး - အစ္ဆဝသံ - ဝံဆီကြည်၊ မစ္ဆ - ငါးဆီကြည်၊ သုသုကာ - မိကျောင်းဆီကြည်၊ (ဝါ) လပိုင်ဆီကြည်၊ သုကရ - ဝက်ဆီကြည်၊ ဂဒြာ - မြည်းဆီကြည်။
ဗျသနငါးပါး -- ဉာတိဗျသန - ဆွေမျိုးတို့၏ပျက်စီးခြင်း၊ ဘောဂဗျသန - စည်းစိမ်ပျက်စီးခြင်း၊ ရောဂဗျသန - အနာ ဟူသောပျက်စီးခြင်း၊ သီလဗျသန - သီလပျက်စီးခြင်း၊ ဒိဋ္ဌိဗျသန - အယူပျက်စီးခြင်း။
သမ္ပဒါငါးပါး -- ဉာတိသမ္ပဒါ - ဆွေမျိုးပြည့်စုံခြင်း၊ စည်းစိမ်ပြည့်စုံခြင်း၊ အနာကင်းခြင်း၏ ပြည့်စုံခြင်း၊ သီလပြည့်စုံခြင်း၊ အယူပြည့်စုံခြင်း။ ၆
[နိယတပုဂ္ဂိုလ်ငါးယောက်ဖြင့် အနန္တရိယကံရှိသူ ငါးယောက်ကိုသာယူသည်။
ဆေဒနကအာပတ်ငါးခုကား ပမာဏလွန်သော မဉ္စပီဋ္ဌ၊ နိသီဒန၊ ကဏ္ဍုပ္ပဋိစ္ဆာဒိ၊ ဝဿိကသာဋိကာတို့၌ လည်းကောင်း၊ သုဂတစီ၀ရ၌ လည်းကောင်း သိအပ်၏။
အာပတ်သို့ ရောက်ကြောင်း ငါးပါးကား - မရှက်ခြင်း၊ မသိခြင်း၊ ကုက္ကုစ္စနှိပ်စက်ခြင်း၊ မအပ်သည်ကို အပ်သည်ထင်ခြင်း၊ အပ်သည်၌ မအပ်ထင်ခြင်း။
မုသာဝါဒကြောင့် အာပတ် ငါးပါးကား – ပါရာဇိက၊ ထုလ္လစ္စည်း၊ ဒုက္ကဋ်၊ သံဃာဒိသေသ်၊ ပါစိတ်။
အနာမန္တစာရဟူသည် သန္တံ ဘိက္ခု အနာပုစ္ဆာ ပုရေဘတ္တံဝါ ပစ္ဆာဘတ္တံ ဝါ ကုလေသုစာရိတ္တံ အာပဇ္ဇေယျ ၌လာသော ပန်ကြား၍ သွားရခြင်းသည် ပိဏ္ဍပါတ်ခုတင်ဆောင်အား မရှိခြင်းတည်း။
အနဓိဋ္ဌန သည် ဂဏ ဘောဇနေ အညတြသမယာ ဟု ဟောသော သမယကို နှလုံးသွင်း၍ ဆောက်တည်၍ စားခြင်းသည် အဓိဋ္ဌာနမည်၏။ ထိုသို့ မဆောက်တည်ရခြင်းသည် အနဓိဋ္ဌာနမည်၏။
ပရမ္ပရဘောဇန၌ လာသော ဝိကပ္ပနာကို မပြုရခြင်းသည် အဝိကပ္ပနာ မည်၏။
ဤငါးပါးတို့သည် ပိဏ္ဍပါတ်ဓုတင်ဆောင်အား ဓုတင်ဖြင့်သာ ပယ်ပြီးတို့ ဖြစ်ကုန်၏။
တွေးတောအပ်၏ဟူသည်ကား မြင်သူကြားသူတို့ တွေးတောခြင်းကို ခံရ၏။ အကုပ္ပဓမ္မသည် ခီဏာသဝဖြစ်၏။ ရဟန္တာသော်မှလည်း တွေးတောခံရသောကြောင့် မသင့်သော ဆွမ်းခံခြင်းကို ရှောင်ကြဉ်အပ်၏။ ထိုအဂေါစရ၌ ထင်ရှားသူသည် အရှိန် အဆော်မဲ့ခြင်းမှလည်းကောင်း၊ ကဲ့ရဲ့ခြင်းမှလည်းကောင်း မလွတ်နိုင်သည် သာတည်း။
(သာဋီ။ ။ နိမန္တိတော သဘတ္ထော သမာနော သန္တံ ဘိက္ခုအနာပုစ္ဆာ- ဟုဟောသောကြောင့် အကပ္ပိယ နိမန္တန - ထမင်းစသော မအပ်သောအမည်ဖြင့်ဖိတ်ခြင်းကို သာယာသူအားသာ မပန်ဘဲသွားခြင်းဟူသော အနာမန္တစာရ -မအပ်၊ ထို့ကြောင့် ပိဏ္ဍပါတ်ဓုတင်ဆောင်အား ငါးပါးအပ်ကုန်၏- ဟု ဟောသည်။ ဂဏဘောဇန၊ ပရမ္ပရဘောဇနတို့၌လည်း ဤနည်းသာတည်း。
ဆောက်တည်၍စားခြင်း ဟူသည် “ဂိလာန သမယဖြစ်သည်” စသည်ဖြင့် အာဘောဂပြု၍ စားခြင်းတည်း。
ဝိကပ္ပနာ ဟူသည် “မယှံဘတ္တ ပစ္စသံ ဣတ္ထန္န မဿဒမ္မိ” ဟု ပရံမ္မရ သိက္ခာပုဒ်၌လာသော ဝိကပ္ပနာဖြစ်၏။
မျက်ကွယ်ကျေးဇူးမဲ့ ဆိုခြင်းသည်- အယသ - အရှိန် အစော်မဲ့ခြင်းမည်၏။ မျက်မှောက်ကဲ့ရဲ့ခြင်းသည် ဂရဟာ - ကဲ့ရဲ့ခြင်းမည်၏。
ဝိယသတီတိ ဗျသနံ - ဟိတသုခကို ဖျက်ဆီး၏ဟူလို။
ခိုးသူဘေး၊ ရောဂါဘေး စသည်ကြောင့် ဆွေမျိုးတို့၏ ပျက်စီးခြင်းသည် ဉာတိဗျသန၊
မင်း ခိုးသူ စသည်ကြောင့် စည်းစိမ်ပျက်ခြင်းသည် ဘောဂဗျသန၊
အနာရောဂါသည်ပင်လျှင် အာရောဂျဂုဏ်ကို ဖျက်သောကြောင့် ရောဂဗျသန၊
သီလ၏ ပျက်ခြင်း - ဒုဿီလဖြစ်ကြောင်း စေတနာသည် သီလဗျသန၊
သမ္မာဒိဋ္ဌိကို ဖျက်ဆီးလျက်ဖြစ်သော ဒိဋ္ဌိသည်သာလျှင် ဒိဋ္ဋိဗျသန မည်၏။
ဆွေမျိုးပြည့်စုံစွာ ပေါများခြင်း၊ စည်းစိမ်ပေါများခြင်း၊ အရောဂဘာဝနှင့် ပြည့်စုံ၍ ကြာမြင့်စွာ အနာကင်းခြင်း၊ သီလ၊ ဒိဋ္ဌိပြည့်စုံခြင်းသည် သမ္ပဒါ မည်၏။
ဝိဋီ။ ။ ပိဏ္ဍပါတ်ဓုတင်ဆောင်အား နိမန္တိတသကတ္တ အင်္ဂါမရှိ၊ ထို့ကြောင့် ပန်ကြား၍ သွားရခြင်း မရှိ၊ ထိုသိက္ခာပုဒ်ဖြင့် အမြဲ အနာပတ္တိဟူလို။
ဇီဋီ။ ။ သီလဗျသန၊ ဒိဋ္ဌိဗျသနသည် ဝိနည်း၌ အကျုံးဝင်၏။ ထိုတို့နှင့်အတူ ဉာတိစသည်တို့ကို ပဉ္စက ပြည့်အောင် ဟောသည်။)
ပဉ္စက ၁၅
ဥပဇ္ဈာယ်မှ မှီရာနိဿယည်း ငြိမ်းခြင်း ငါးပါး -- ဥပဇ္ဈာယ်ဆရာဖဲသွားခြင်း၊ လူထွက်ခြင်း၊ သေခြင်း၊ တိတ္ထိဘောင်သို့ ပြောင်းသွားခြင်း၊ နှင်ထုတ်ခြင်း။
ရဟန်းပြုမပေးအပ်သူ ငါးယောက် -- အသက်ချို့သူ၊ အင်္ဂါချို့ သူ၊ ဝတ္ထုပျက်သူ၊ မကောင်းမှုပြုသူ၊ သပိတ်သင်္ကန်း မပြည့်စုံသူ။
ပံသုကူသင်္ကန်း ငါးထည် - သောသာနိက - သုဿန်၌ကျသောအဝတ်၊ ပါပဏိက- အိမ်ဈေး၌ကျသောအဝတ်၊ ကြွက်ကိုက်သောအဝတ်၊ ချခဲသောအဝတ်၊ မီးလောင်သောအဝတ်။
ထို့ပြင် ငါးထည် - နွားဝါးသောအဝတ်၊ ဆိတ်ဝါးသောအဝတ်၊ ထူပစီဝရ – တောင်ပို့ ရစ်၍ နတ်ပူဇော်သော အဝတ်၊ အာဘိသိသေက- ရေချိုးရာ၌လည်းကောင်း၊ မင်းဘိသိက်သွန်းရာ၌လည်းကောင်း စွန့်သော အဝတ်၊ ဂတပဋိယာဂတ - သုဿန်သို့ဆောင်၍ တဖန်ပြန်ယူလာသော အဝတ်。
ခိုးခြင်းငါးပါး - ထေယျာဝဟာရ - စဉ်းလဲ၍ခိုးခြင်း၊ ပသယှ - နှိပ်စက်၍ ခိုးခြင်း၊ ပရိကပ္ပ - ကြံစည်၍ခိုးခြင်း၊ ပဋိစ္ဆန္န - ဖုံး၍ခိုးခြင်း၊ ကုသ - ကမ္ဗည်းပြောင်း၍ ခိုးခြင်း။ ၅
လောက၌ ခိုးသူကြီးငါးယောက်။
မစွန့်ကောင်းသော ဘဏ္ဍာငါးခု။
မဝေဘန်ကောင်းသော ဘဏ္ဍာငါးခု။
ကာယသမုဋ္ဌာန်ကြောင့် အာပတ်ငါးခု။
ကာယဝါစာသမုဋ္ဌာန်ကြောင့် အာပတ်ငါးခု။ ၅
ဒေသနာဂါမ် အာပတ်ငါးခု။
သံဃာငါးမျိုး။
ပါတိမောက်ပြခြင်းငါးမျိုး။
ပစ္စန္တရာဇ်၌ ဝိနယမရလျှင် ငါးယောက်မြောက်ဂဏဖြင့် ရဟန်းပြုပေးအပ်၏။
ကထိန်ခင်းရာ၌ အာနိသင် ငါးပါး။ ၅
[သောသာနိကသည် သုဿန်၌ကျသော အဝတ်ဖြစ်၏。
ပါပဏိကသည် အိမ်ဈေးတံခါး၌ကျသော အဝတ်ဖြစ်၏。
ထူပစီဝရသည် တောင်ပို့ကိုရစ်ပတ်၍ နတ်အား ပူဇော်သော အဝတ်ဖြစ်၏。
အာဘိသိကေကသည် ရေချိုးရာဌာန၌လည်းကောင်း၊ မင်း၏ ဘိသိက်သွန်းရာဌာန၌လည်းကောင်း စွန့်သော စီဝရဖြစ်၏。
ဂတပဋိယာဂတသည် သုဿန်သို့ဆောင်၍ တဖန်ပြန်ဆောင်သောအဝတ်ဖြစ်၏。
ခိုးသူကြီးငါးယောက်တို့ကို ဥတ္တရိမနုဿဓမ္မ၌ ဆိုသည်။
ကာယသမုဋ္ဌာန်ကြောင့် အာပတ်ငါးခုဟူသည် ပဌမအာပတ္တိ သမုဋ္ဌာန်ကြောင့် အာပတ် ငါးခုတည်း。
ရဟန်းသည် ကပ္ပိယသညာဖြင့် သညာစိကာယ ကုဋိံကရောတိ - စသည်ဖြင့် အန္တရပေယျာလ၌ ဟောသော အာပတ် ငါးခုတည်း。
ကာယဝါစာ - တတိယအာပတ္တိသမုဋ္ဌာန်ကြောင့် ငါးခု - ရဟန်းသည် ကပ္ပိယသညာဖြင့် သံဝိဒဟိတွာ ကုဋိံကရောတိ - စသည်ဖြင့် ထိုအန္တရပေယျာလ၌ ဟောသော အာပတ်တို့တည်း。
ဒေသနာဂါမ်သည် ပါရာဇိက သံဃာဒိသေသ်တို့မှ အကြွင်းငါးခုတည်း။]
(ဇီဋီ။ ။ ဝိနယဓရ ပဉ္စမေနဂဏေန - ဟုဆိုသောကြောင့် ပဉ္စကဖြစ်၏။
ဝိဋီ။ ။ သုဿန်သို့ဆောင်၍ တဖန်ပြန်ဆောင်သော အဝတ် ဟူသည် သုဿန်၌ ပေတကိစ္စကိုပြု၍ ထွက်လာသူတို့သည် ရေချိုး၍စွန့်သော အဝတ်အရုံတို့သာတည်း。
ဥတ္တရိ မနုဿဓမ္မ၌ ဆိုသော ခိုးသူကြီးငါးယောက်ကား - အလှူခံလှည့်၊ ငါသိတရား၊ စွပ်စွဲမှားပြု၊ ပေးမှုဂရုဘဏ်၊ မဂ်ဈာန် ဝါကြွား - ဤငါးပါး - ခိုးစားသာသနာ။
ပဉ္စက - ၉
ကံငါးပါး။
ယာဝတတိယက အာပတ်ငါးခု။
အဒိန္နာဒါန်ပါရာဇိက အင်္ဂါ ငါးပါး။
အဒိန္နာဒါန် ထုလ္လစ္စည်း အင်္ဂါ ငါးပါး။
အဒိန္နာဒါန် ဒုက္ကဋ်အင်္ဂါ ငါးပါး။ ၅
မစားအပ်သော အကပ္ပိယငါးပါး --
အဒိန္န - မပေး မကပ်အပ်၊
အဝိဒိတ - အကပ်ခံသည်ကို မသိ၊
အကပ္ပိယ- ကပ္ပိခြင်းငါးပါးဖြင့် မကပ္ပိအပ် (ဝါ) မအပ်သောအစာ၊
အပ္ပဋိဂ္ဂဟိတ - အကပ်မခံအပ်၊
အကတာတိရိတ္တ - အတိရိတ်ဝိနည်းကံ မပြုအပ်။
စားအပ်သော ကပ္ပိယငါးပါး --
ဒိန္န- ပေးကပ်အပ်သည်၊
ဝိဒိတ - အကပ်ခံသည်ကို သိသည်၊
ကပ္ပိယ - ကပ္ပိအပ်၏ (ဝါ) အပ်သောအစာ၊
ပဋိဂ္ဂတိတ - အကပ်ခံအပ်၏၊
ကတာတိရိတ္တ - အတိရိတ် ဝိနည်းကံ ပြုအပ်၏။
လောက၌ ကုသိုလ်မဟုတ်ဘဲ ကုသိုလ်မည်သော ဒါနငါးပါး --
မဇ္ဇဒါန - သေအရက်အလှူ၊
သမ္မဇ္ဇဒါန - ပွဲသဘင်အလှူ၊
ဣတ္ထိဒါန- မိန်းမအလှူ
ဥသဘဒါန - နွားသိုးအလှူ၊
စိတ္တကမ္မဒါန - ပန်းချီဆေးရေးရုပ်အလှူ။
ဖြစ်လျှင် ဖျောက်နိုင်ခဲငါးငါး --
ရာဂဖြစ်လျှင် ဖျောက်နိုင်ခဲ၏၊
ဒေါသဖြစ်လျှင်၊
မောဟဖြစ်လျှင်၊
ပဋိဘာန - စကားပြောလိုခြင်းဖြစ်လျှင်၊
ဂမိယစိတ္တ - ခရီးသွားလိုသောစိတ်ဖြစ်လျှင် ဖျောက်နိုင်ခဲ၏။ ၄
[ကံငါးပါးကား - တဇ္ဇနိယကံ၊ နိယသကံ၊ ပဗ္ဗာဇနိယကံ၊ ပဋိသာရဏိယကံ၊ သုံးခုသော ဥက္ခေပနိယကံကို တစ်ခုပြု၍ ငါးပါး。
ယာဝတတိယက အာပတ်ငါးခုကား - ဥက္ခိတ္တာနုဝတ္တိကာဘိက္ခုနီသည် ယာဝတတိယဆုံးမ၍ မစွန့်လျှင် ပါရာဇိက၊ ထုလ္လစ္စည်း၊ ဒုက္ကဋ်၊ ဘေဒါနုဝတ္တက စသော သမနုဘာသနတို့၌ သံဃာဒိသေသ်၊ ပါတိကာဒိဋ္ဌိ - ယုတ်မာသောအယူကို မစွန့်လျှင် ပါစိတ်。
မစားအပ်သော အကပ္ပိယငါးငါး၌ --
အဒိန္နသည် သူတပါး မပေးအပ် မကပ်အပ်သော အစာဖြစ်၏။
အဝိဒိတသည် အကပ်ခံအံ့ ဟူသော စေတနာမရှိသဖြင့် မသိသော အစာဖြစ်၏။
အကပ္ပိယသည် သမဏကပ္ပငါးပါးဖြင့် ကပ္ပိခြင်းမပြုအပ်သောအစာ (ဝါ) အကပ္ပိယ မံသ၊ အကပ္ပိယဘောဇန ဖြစ်၏။
အကတာတိရိတ္တသည် ပဝါရိတ်သင့်လျက် အတိရိတ်ဝိနည်းကံ မပြုသော အစာဖြစ်၏。
ဒါနငါးပါး၌ --
သမဇ္ဇဒါနသည် နဋသမဇ္ဇ ကချေသဘင် စသော ဒါနဖြစ်၏။
ဥသဘဒါနသည် နွားမတို့၏အလယ်၌ နွားလားဥသဘကို လွှတ်ခြင်းဖြစ်၏။
စိတ္တကမ္မဒါန ဟူသည်ကို အာဝါသကို ပြုလုပ်စေ၍ ထိုအာဝါသ၌ စိတ္တကမ္မကိုပြုစေခြင်းငှါ အပ်၏။ ဤ၌ စိတ္တကမ္မဒါန ကိုကား ပဋိဘာနစိတ္တ ကမ္မဒါန - ယောက်ျား မိန်းမ ယှဉ်တွဲခြင်း စသော ကိလေသာ ဖြစ်ကြောင်း အရုပ်အလှူကို ရည်ဆိုသည်။
ဤငါးပါးကို လူအပေါင်းသည် ပုည- ကုသိုလ်ဟု သမုတ်သော်လည်း အပုည- အကုသိုလ်သာဖြစ်၏。
ဖျောက်နိုင်ခဲငါးပါး၌ - ပဋိဘာနသည် ကတေတု ကမျတာ - ပြောဆိုလိုသူ၏ ဖြစ်ကြောင်းအလိုတည်း၊ (ဝါ) - စကား ပြောလိုခြင်းတည်း။ ဤငါးပါးကို အလွယ်တကူ ဖျောက်နိုင်ခဲ၏။ သင့်သောအကြောင်း ဥပါယ်ဖြင့် လျော်သော ဆင်ခြင်ခြင်း ဆုံးမခြင်းတို့ဖြင့် ဖျောက်မှ တတ်နိုင်သည်ဟူလို。
(ဝိဋီ။ ။ အဒိန္နဒါန်ပါရာဇိကအင်္ဂါသည် ခိုးခြင်းအင်္ဂါ ဖြစ်၏。
ဣတ္ထိနှင့် ပုရိသ ယှဉ်တွဲခြင်း အစရှိသော ကိလေသာ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော အရုပ်သည် ပဋိဘာနစိတ္တကမ္မ မည်၏။)
ပဉ္စက - ၂
တံမြက်လှည်းကျိုး- တံမြက်လှည်းရာ၌ အာနိသင် ငါးပါး --
သကစိတ္တံပသီဒတိ - မိမိစိတ် ကြည်လင်၏။
ပရစိတ္တံ ပသီဒတိ - သူတပါး စိတ်ကြည်လင်၏။
ဒေဝတာ အတ္တမနော ဟောန္တိ - နတ်တို့ဝမ်းမြောက်ကုန်၏။
ကြည်ညိုဘွယ်အမှု ဆည်းပူး၏ (ဝါ) အဆင်းလှ၏။
သေလျှင် သုဂတိဘဝ၌ဖြစ်၏။
ထို့ပြင်ငါးပါး -
မိမိ စိတ်ကြည်လင်၏။
သူတပါးစိတ်ကြည်လင်၏။
နတ်တို့ ၀မ်းမြောက်ကုန်၏၊
ဘုရားရှင်၏ အဆုံးအမကိုပြုခြင်းဖြစ်၏။
နောင်လာသူအပေါင်း ဒိဋ္ဌာနဂတိ လိုက်၏။ (ဝါ) မြင်ဘူးသည်ကို အတုလိုက်ခြင်းသို့ရောက်၏။ ၂
[မိမိစိတ်ကြည်လင်ရာ၌ ဤဝတ္ထုတို့ကို သိအပ်ကုန်၏။ ကဋအန္ဓကာရ ကျောင်းနေ ဖုဿရေဝ - မထေရ်သည် စေတိယင်္ဂဏ-စေတီရင်ပြင်ကို တံမြက်လှည်း၍ ပြန်ကြည့်လတ်သော် သဲဖြူခင်းသော ရင်ပြင်တော်ကို ရေဥနှဲပန်းခင်းထား သကဲ့သို့မြင်၍ ကြည့်စဉ် ဘုရား ဂဏ်တော်ကို အာရုံပြုလျက် ပီတိပါမောဇ္ဇဖြစ်ခြင်းဖြင့် မတုန်မလှုပ် ရပ်နေ၏。
ထိုအခါ မာရ်နတ်သည် မျောက်ညိုအသွင်ဖြင့်လာ၍ ရင်ပြင်တော်၌ နွားချေးတို့ကို ဖြန့်ကြဲလျက် ထွက်သွား၏။ မထေရ်သည် တရားထူးကို ဖြစ်စေခြင်းငှါ မတတ်နိုင်သဖြင့် တံမြက်လှည်း၍ ပြန်သွား၏。
ဒုတိယနေ့၌လည်း နွားအိုအသွင်ဖြင့် ရှေ့အတူ အနှောက်အယှက် ပြု၏。
တတိယနေ့၌ ခြေတောက်ကောက်သူ အသွင်ဖြင့် ဒရွတ်ဆွဲကာ အကြောင်း အကြောင်း ထင်အောင်ပြုပြန်၏。
မထေရ်သည် ဤမျှ ရုပ်ဆင်းပျက်သူသည် ဝန်းကျင်ယူဇနာအတွင်း ဆွမ်းခံရွာတို့၌ မရှိ၊ မာရ်နတ် ဖြစ်တန်ရာ၏ ဟု ကြံစည်၍ ဟရောသိတွံ - သင် မာနတ်လောဟုမေး၏。
ဟုတ်ပါသည်၊ အရှင့်ကို လှည့်စားခြင်းငှါ မတတ်နိုင်ပါပြီး ဟုဆိုလက်သော် -
သင်သည် ဘုရားရှင်ကို မြင်ဘူးသည် မဟုတ်လော၊ ဘုရားရှင်နှင့်တူစွာ အတ္တဘောကို ဖန်းဆင်းပြပါလော ဟုဆို၏。
အရှင်ဘုရား တူအောင် မဖန်ဆင်းနိုင်ပါ။ အတုအပမျှကိုသာ ဖန်ဆင်းပြမည်ဟု မိမိအသွင်ကို စွန့်၍ ဘုရားရှင် အသွင်ဖြင့်ရပ်တည်၏。
မထေရ်သည် မာရ်နတ်ကိုကြည့်လျက် ရာဂ၊ ဒေါသနှင့်တကွ ဤမာရ်နတ်သော်မှ ဤမျှတင့်တယ်သေးသည်၊ ရာဂ ဒေါသကင်းသော ဘုရားရှင်က ဆိုဘွယ်မရှိဟု ဘုရားဂုဏ်ကို အာရုံပြု ပီတိကိုရ၍ ဝိပဿနာဉာဏ်ကို တိုးပွားစေ၍ အရဟတ္တဖိုလ်သို့ရောက်လေ၏。
ထိုအခါ မာရ်နတ်သည် ဝဉ္စိတောမှိ တယာဘန္တေ - အရှင်သည် အကျွန်ုပ်ကို လှည့်စား၏ဟု ဆို၏。
မထေရ်သည်လည်း - ကိံ အတ္ထိ ဇရမာရဘာဒိ သံဝဉ္စေတုံ - မာရ်နတ် အို သင်သို့သောသူကို လှည့်စားခြင်းငှါ အာယ်မှာ အကြောင်းရှိအံ့နည်းဟု မိန့်ဆို၏。
လောကန္တရ ကျောင်း၌ ဒတ္တမည်သော ရဟန်းငယ်သည်လည်း စေတီရင်ပြင်ကို တံမြက်လှည်း၍ ပြန်ကြည့်လတ်သော် ဖြူသောအဆင်းကို ကြည့်ခြင်းဖြင့် သြဒါတကသိုဏ်းထင်၍ သမာပတ်ရှစ်ပါးလုံး နေဝသညာဈာန် တိုင်အောင်ရ၏။ ထို့နောက် ဝိပဿနာဉာဏ်ကို တိုးပွားစေ၍ အောက်ဖိုလ်သုံးခု မျက်မှောက် ပြုရလေ၏。
သူတပါး စိတ်ကြည်လင်ရာ၌ -- တိဿမည်သော ရဟန်းငယ်သည် ဇမ္ဗူတောလ စေတီရင်ပြင်ကို တံမြက် လှည်း၍ အမှိုက်တောင်းကို ကိုင်လျှက် ရပ်နေ၏။ ထိုအခါ တိဿဒတ္တမထေရ်ကြီးသည် လှေမှဆင်းလာ၍ ရင်ပြင်တော်ကို မြင်လတ်သော် ဤနေရာသည် ပွားအပ်ပြီးသော သမာဓိရှိသော ဘာဝိတစိတ္တပုဂ္ဂိုလ်၏ တံမြက်လှည်းအပ်သော နေရာပေတည်းဟုသိ၍ ပြဿနာ တစ်ထောင်ကိုမေး၏။ အမှိုက်တောင်းကိုကိုင်လျက် ရပ်နေသောရဟန်းငယ်သည် မေးသမျှအားလုံးကို ဖြေဆိုလေ၏။]
(ဝီဋီ။ ။ သမထဝိပဿနာကမ္မဋ္ဌာန်းတို့၌ ပြဿနာ တစ်ထောင်ကို တံမြက်လှည်း၍ ရပ်နေသောရဟန်းငယ်ကို မေး၏။ ထိုရဟန်းငယ်သည်လည်း မိမိရောက်ဘူးသော ခရီးစဉ်ဖြစ်သောကြောင့် အလုံးစုံကို ဖြေ၏။ ထို့ကြောင့် မထေရ်ကြီး စိတ် လွန်စွာ ကြည်လင်၏。
တစ်ခုသောကျောင်း၌ မထေရ်ကြီးတပါးသည်လည်း စေတီရင်ပြင်ကို တံမြက်လှည်း၍ ဝတ်ကိုဖြတ်လေပြီ。
သာဋီ။ ။ ဝတ်ကိုဖြတ်လေပြီဟူသည် ထိုနေ့၌ပြုအပ်သော ဝတ်ကိုအပြီးအဆုံးသို့ ရောက်စေတော်မူပြီ。
ယောနကတိုင်းမှ ဘုရားဖူးကြွလာကြသော မထေရ် လေးပါးတို့သည်လည်း စေတီရင်ပြင်တော်ကိုမြင်၍ အတွင်းသို့ မဝင်ဘဲ တံခါးအနီးရပ်လျက်သာ မထေရ်တပါးသည် ရှစ်ကမ္ဘာကို အောက်မေ့နိုင်၏။ တစ်ပါးသည် ၁၆-ကမ္ဘာကို၊ တစ်ပါးသည် ကမ္ဘာ ၂၀-ကို၊ တစ်ပါးသည် ကမ္ဘာ ၃၀-ကို အောက်မေ့နိုင်၏。
(ဇီဋီ။ ။ ယောနကတိုင်း ဟူသည် စိန့်တိုင်းဌာနဟု ရေးအပ်၏。
သာဋီ။ ။ ရှစ်ကမ္ဘာကို အောက်မေ့နိုင်၏ ဟူသည်ဖြင့် ထိုခဏ၌ ဈာန်ကိုဖြစ်စေ၍ ပုဗ္ဗေနိဝါသအဘိညာဉ်ကို ဖြစ်စေကုန်၏ ဟုပြသည်။)
နတ်တို့ ဝမ်းမြောက်ရာ၌ - တစ်ခုသောကျောင်း၌ ရဟန်းတစ်ပါးသည် စေတီရင်ပြင်ကို လည်းကောင်း၊ ဗောဓိရင်ပြင်ကို လည်းကောင်း၊ တံမြက်လှည်း၍ ရေချိုးခြင်းငှါ ကြွသွား၏။ နတ်တို့သည် ဤကျောင်းတိုက် တည်သည်မှစ၍ ဤသို့ ကျင့်ဝတ်ဖြည့်ကျင့်လျက် တံမြက်လှည်းဘူးသော ရဟန်းမည်သည် မရှိဟုကြည်ညို၍ ပန်းတို့ကိုလက်စွဲလျက် ရပ်ကုန်၏。
မထေရ် ပြန်လာသောအခါ အဘယ်ရွာ၌ နေကြသနည်းဟုမေး၏။ ဤအရပ်၌သာ နေကြပါသည်။ ဤ ကျောင်းတိုက်တည်သည်မှစ၍ ဤသို့ကျင့်ဝတ် ဖြည့်ကျင့်လျက် တံမြက်လှည်းဘူးသော ရဟန်းမည် သည်မရှိ၊ အရှင်မြတ်၏ ကျင့်ဝတ်ကို ကြည်ညို၍ ပန်းလက်စွဲကာ ပူဇော်ကြပါသည်ဟု နတ်တို့ဆိုကုန်၏。
ကြည်ညိုဘွယ်အမှု ဆည်းပူးခြင်း၌ - အမတ်သားတယောက် အဘယ မထေရ်ကို အကြောင်းပြု၍ စကား တစ်ခုဖြစ်၏။ အမတ်သားသည် လှသလော၊ အဘယမထေရ်သည် လှသလော၊ တစ်နေရာတည်း၌ နှစ်ဦးလုံးကို ယှဉ်၍ကြည့်ကုန်အံ့ဟု စကားဖြစ်၏。
ထိုအခါ ဆွေးမျိုးတို့သည် အမတ်သားကို တန်ဆာဆင်၍ မဟာစေတီကို ဘုရားဖူး ခေါ်သွားကုန်၏။ မထေရ်၏ မယ်တော်သည်လည်း သင်္ကန်းတထည်ပို့လိုက်၍ သားတော်သည် ဆံပင်တို့ကို ရိတ်ပြီး လျှင် ဤသင်္ကန်းကိုရုံ၍ ရဟန်းအပေါင်းခြံရံလျက် မဟာစေတီကို ဘုရားဖူး ကြွပါဟု လျှောက်၏。
အမတ်သားသည် ဆွေမျိုးအပေါင်းနှင့် အရှေ့တံခါးမှ စေတီရင်ပြင်သို့ တက်လာ၏။ အဘယမထေရ်သည် ရဟန်းအပေါင်းနှင့် တောင်တံခါးမှ တက်လာ၏။ ဆုံမိကြသောအခါ မထေရ်မြတ်က “ငါ့ရှင် သင်သည် မထေရ်အို၏ တံမြက်လှည်းရာ၌ အမှိုက်ကျုံး၍ ငါနှင့်ပြိုင်ဘိ၏” ဟု ဆို၏၊
အတိတ်ဘဝ၌ အဘယမထေရ်သည် မထေရ်အိုဖြစ်၍ ဂေါစရရွာ၌ စေတီရင်ပြင်ကို တံမြက်လှည်း၏။ အမတ်သားသည် ဥပါသကာကြီးဖြစ်၍ အမှိုက်ကျုံးဘူးသတတ်。
(ဝိဋီ။ ။ မထေရ်သည် ရဟန္တာဖြစ်၏။ တံမြက်လှည်း ခြင်းအကျိုးကို လူအားလုံးအား ထင်ရှားစေလိုသောကြောင့် ငါ့ရှင် သင်သည် စသည်ကို မိန့်ဆို၏။)
ဘုရားရှင်၏ အဆုံးအမကို ပြုခြင်း၌ - ဤတံမြက်လှည်းခြင်း ကျင့်ဝတ်ကို ဘုရားရှင်တို့သည် ချီးမွမ်းအပ်၏။ တံမြက်လှည်းသူသည် ဘုရားရှင်၏ အဆုံးအမကို လိုက်နာသူဖြစ်၏။ ရှင်သာရိပုတြာသည် ဟိမဝန္တာ လိုဏ်တခု၌ တံမြက်မလှည်းဘဲ နိရောဓသမာပတ်ကို ဝင်စားကာနေ၏。
ဘုရားရှင် သိလတ်သော် ကောင်းကင်သို့ ခရီးဖြင့်ကြွသွား၍ မထေရ်၏ရှေ့ တံမြက်မလှည်းသော နေရာ၌ ခြေတော်ရာတို့ကိုချ၍ ပြန်လာ၏။ မထေရ်သည် သမာပတ်မှ ထလတ်သော် ခြေတော်ရာတို့ကိုမြင်၍ ဗလဝ ဟိရောတ္တပ္ပဖြစ်၍ ဤ (ခြေတော် ရာအနီး၌) ဒူးထောက်၍ ငါ၏အပြစ်ကို ဘုရားရှင်သိတော်မူပြီ။ သံဃာ့ အလယ်၌ အပြစ်တင်ခံရပေတော့အံ့ဟု ဆုံးဖြတ်၍ ဘုရားရှင်ထံတော်သို့ သွား၍ထိုင်၏。
ဘုရားရှင်သည် သင်အဘယ်သို့သွားနေသနည်း။ ငါ၏အခြားမဲ့နေရာ၌ နေသူဖြစ်လျက် တံမြက်မလှည်းဘဲ နေခြင်းသည် သင့်အား မလျောက်ပတ်လေစွဟု မိန့်ဆို၏။ ထိုအခါမှစ၍ မထေရ်သည် ကမ္ပတ်သီးတပ်ရာ ဋ္ဌာန၌ သော်လည်း ခြေဖြင့် အမှိုက်လှည်းလျက်သာ ရပ်လေ၏。
ပဉ္စက ၁၆
ငါးပါးသောအင်္ဂါနှင့်ပြည့်စုံသော ဝိနည်းဓိုရ်သည် ဗာလဟူသော အရေအတွက်သို့ရောက်၊
မိမိ၏စကား အပိုင်းအခြားကို မယူတတ်၊
သူတပါး၏ စကားအပိုင်းအခြားကို မယူတတ်၊
မိမိစကားပိုင်းခြား သူတပါးစကား ပိုင်းခြားကို မယူတတ်၊
အဓမ္မဖြင့်ဆုံးဖြတ်၏၊
ပဋိညာကင်းလျက် ဆုံးဖြတ်၏။
ငါးပါးသောအင်္ဂါနှင့် ပြည့်စုံသော ဝိနည်းဓိုရ်သည် ပဏ္ဍိတ ဟူသော အရေအတွက်သို့ ရောက်၏။
မိမိစကားအပိုင်းအခြားကိုယူတတ်၏။
သူတပါး၏ စကားအပိုင်းအခြားကိုယူတတ်၏။
မိမိစကားပိုင်းခြား သူတပါး ၏စကား ပိုင်းခြားကိုယူတတ်၏။
ဓမ္မဖြင့်ဆုံးဖြတ်၏။
ပဋိညာဖြင့်ဆုံးဖြတ်၏။
ထို့ပြင် ဗာလဝိနည်းဓိုရ် အင်္ဂါငါးပါး - အာပတ်ကိုမသိ၊ အာပတ္တိမူလကို မသိ၊ အာပတ္တိသမုဒယကိုမသိ၊ အာပတ္တိနိရောဓကိုမသိ၊ အာပတ္တိ နိရောဓ ဂါမိနိပဋိပဒါကို မသိ။
ပဏ္ဍိတဝိနည်းဓိုရ်အင်္ဂါငါးပါး - အာပတ်ကိုသိ၏။ (ပ)။ ပဋိပဒါ ကိုသိ၏။
ထို့ပြင်ဗာလ ငါးပါး - အဓိကရုဏ်းကိုမသိ၊ အဓိကရုဏ်း၏မူလကို၊ သမုဒယကို၊ နိရောဓကို၊ ပဋိပဒါကို မသိ။ ၅
ပဏ္ဍိတ ငါးပါး - အဓိကရုဏ်းကိုသိ၏။ (ပ) ပဋိပဒါကိုသိ၏။
ထို့ပြင် ဗာလငါးပါး - ဝတ္ထုကိုမသိ၊ နိဒါန်းကိုမသိ၊ ပညတ္တိကိုမသိ၊ အနုပညတ္တိကိုမသိ၊ အနုသန္ဓိပစနပထ- စကားအနုသန္ဓေ အဆုံးအဖြတ်အနုသန္ဓေဖြင့် ဆိုခြင်းငှါမသိ။
ပဏ္ဍိတငါးပါး - ဝတ္ထုကိုသိ၏။ (ပ) အနုသန္ဓေဖြင့် ဆိုခြင်းငှါသိ၏။
ထို့ပြင် ဗာလငါးပါး - ဉာတ်ကိုမသိ၊ ဉာတ္တိကရုဏ ဟူသော ဉာတ်ကိစ္စကိုမသိ၊ ရှေ့စကား၌ မလိမ္မာ၊ နောက်စကား၌ မလိမ္မာ၊ အခါကိုမသိ။
ပဏ္ဍိတငါးပါး -- ဉာတ်ကို သိ၏။ (ပ) အခါကိုသိ၏။ ၅
ထို့ပြင်ဗာလ ငါးပါး - အာပတ် အနာပတ်မသိ၊ လဟုဂရုမသိ၊ သာဝသေသာ နာဝသေသမသိ၊ ဒုဋ္ဌုလ္လာဒုဋ္ဌုလ္လမသိ၊ ဆရာအစဉ်အဆက်ကို ကောင်းစွာ မမှတ်သား။
ပဏ္ဍိတငါးပါး -- အာပတ် အနာပတ်သိ၏။ (ပ) ဆရာအစဉ် အဆက်ကို ကောင်းစွာမှတ်သား၏။
ထို့ပြင်ဗာလ ငါးပါး -- အာပတ် အနာပတ်မသိ၊ လဟုဂရုမသိ၊ သာဝသေသာ နာဝသေသ မသိ၊ ဒုဋ္ဌုလ္လာ ဒုဋ္ဌုလ္လမသိ၊ ပါတိမောက် နှစ်စောင် အကျယ်မလေ့လာ။
ပဏ္ဍိတ ငါးပါး -- အာပတ် အနာပတ်သိ၏။ (ပ) နှစ်စောင်အကျယ်လေ့လာ၏။
ထို့ပြင် ဗာလငါးပါး -- အာပတ် အနာပတ်မသိ၊ လဟုဂရုမသိ၊ သာဝသေသာ နာဝသေသ မသိ၊ ဒုဋ္ဌုလ္လာ ဒုဋ္ဌုလ္လမသိ၊ အဓိကရုဏ်း၌ အဆုံးအဖြတ်မလိမ္မာ။
ပဏ္ဍိတ ငါးပါး -- အာပတ် အနာပတ်သိ၏၊ (ပ) အဆုံးအဖြတ်လိမ္မာ၏။ ၆
[မိမိ၏စကားကို အပိုင်းအခြားကို မယူတတ်သောသူသည် ဤဝတ္ထု၌ ဤမျှသောသုတ္တကို၊ ဝိနိစ္ဆယကိုရထိုက်၏။ ဤမျှသော သုတ္တကို ဝိနိစ္ဆယကိုဆိုမည်ဟု မိမိ၏ဆိုအပ်သောစကား၏ အပိုင်းအခြားကို မသင်ယူ။
ဤကား စောဒက၏ ရှေ့စကား၊ ဤကား နောက်စကား။ ဤကား စုဒိတက၏ ရှေ့စကား၊ ဤကား နောက်စကား၊ ဤမျှကိုယူထိုက်၏၊ ဤမျှကိုမယူထိုက်ဟု မသင်ယူသူသည် သူတပါး၏စကား အပိုင်းအခြားကို မယူတတ်သူမည်၏။
အာပတ်ကိုမသိဟူသည် ပါရာဇိက, သံဃာဒိသေသ် စသည်ဖြင့် ခုနှစ်ပါးသော အာပတ်အစု၏ အထူးကိုမသိ၊ အာပတ္တိ မူလသည် ကာယ ဝါစာဟု မူလနှစ်ပါး ရှိ၏။ ထိုကိုမသိ။
သမုဒယ ဟူသည်၌ အာပတ္တိ သမုဋ္ဌာန်ခြောက်ခုသည် အာပတ္တိသမုဒယမည်၏။ တနည်း ပါရာဇိက စသည်တို့၏ ဝတ္ထုသည် သမုဒယမည်၏။
ဤအာပတ်သည် ဒေသနာဖြင့် ငြိမ်း၏။ ဝုဋ္ဌာနဖြင့် ငြိမ်း၏ဟု မသိခြင်းသည် အာပတ္တိနိရောဓကို မသိသည် မည်၏။
သမထခုနစ်ပါးကို မသိခြင်းသည် အာပတ္တိနိရောဓဂါမိနီပဋိပဒါကို မသိသည်မည်၏။
အဓိကရုဏ်းသည် လေးပါးသော အဓိကရုဏ်းဖြစ်၏။
မူလသည် - ဝိဝါဒါမူလ ၁၂၊ အနုဝါဒါမူလ ၁၄၊ အာပတ္တာမူလ ၆၊ ကိစ္စာမူလ ၁- အားဖြင့် ၃၃ ပါးရှိ၏။
အဓိကရုဏ်း၏ ဖြစ်ကြောင်းသည် သမုဒယ မည်၏။
ဝိဝါဒါသည် ၁၈-ပါးသော ဘေဒကရ ဝတ္ထုတို့ကိုမှီ၍ဖြစ်၏။
နုဝါသည် လေးပါးသော ဝိပတ္တိတို့ကို၊ အာဝတ္တာသည် ခုနစ်ခုသော အာပတ်အစုတို့ကို၊ ကိစ္စာသည် လေးပါးသော သံဃာ့ကံတို့ကိုမှီ၍ ဖြစ်သည်ဟု သမုဒယကို ဝေဘန်၍မသိ၊ အဓိကရုဏ်းနိရောဓကို မသိဟူသည် ဓမ္မဖြင့်၊ ဝိနယဖြင့်၊ သတ္ထုသာသနဖြင့် မူလပင်ရင်း သို့လိုက်၍ ဝိနိစ္ဆယငြိမ်းခြင်းသို့ ရောက်စေခြင်းငှါ မတတ်နိုင်။
ဤဝိဝါသည် သမထနှစ်ပါးဖြင့်၊ နုဝါသည် လေးပါးဖြင့်၊ အာပတ္တာသည် သုံးပါးဖြင့်၊ ကိစ္စာသည် တစ်ပါးဖြင့် ငြိမ်း၏ဟု သမထခုနစ်ပါး မသိသူသည် အဓိကရဏ နိရောဓဂါမိနီပဋိပဒါကို မသိသည်မည်၏။
ဝတ္ထုကို မသိဟူသည် ဤမေထုနဝီတိက္ကမကား ပါရာဇိက၏ ဝတ္ထု၊ ဤကား သံဃာ့ဒိသေသ်၏ ဝတ္ထုဟု အာပတ်ခုနစ်ပါး၏ ဝတ္ထုကို မသိ။
နိဒါန်းကို ဟူသည် ဤသိက္ခာပုဒ်ကို ဤမြို့၌ ပညတ်၏ဟု ပညတ်ရာ ဋ္ဌာနကိုမသိ။
ပညတ္တိကို ဟူသည် ထိုထိုသိက္ခာပုဒ်၌ ပဌမပညတ်ကို မသိ။
အနုပညတ္တိကို ဟူသည် အဖန်ဖန် ပညတ်သည်ကိုမသိ။
အနုသန္ဓိ ဝစနပထကို ဟူသည် ကထာနုသန္ဓိ -စေ့စပ်သော (ဝါ- ညီညွတ်သော) စကား၊ ဝိနိစ္ဆယာနုသန္ဓိ - စေ့စပ်သောအဆုံးအဖြတ်၏အစွမ်းဖြင့် ပြောဆိုခြင်းငှါမသိ။
ဉာတ်ကိုမသိဟူသည် အချင်းခပ်သိမ်း ဉာတ်ကိုမသိ။
ဉာတ္တိ ကာရဏကိုမသိဟူသည် ဉာတ္တိကိစ္စကိုမသိ၊ “သွင်းခြင်း၊ ထုတ်ခြင်း စသော ကိုးဌာန၌ ဉာတ္တိကံဖြစ်သည်၊ ဉာတ္တိဒုတိယကံ ဉာတ္တိ စတုတ္ထကံတို့၌ ဉာတ်အားဖြင့် ကမ္မပ္ပတ္တကံသို့ ရောက်၍တည်၏” ဟု မသိ။
ရှေ့စကား၌မလိမ္မာ စသည်ကား- ရှေးဦးစွာဆိုအပ်သော စကားကို လည်းကောင်း၊ နောက်၌ ဆိုအပ်သော စကားကိုလည်းကောင်း မသိ၊ ဉာတ်မည်သည်ကို ရှေးဦးစွာ ထားအပ်၏၊ နောက်၌ မထားအပ်ဟူ၍ ဤ မျှလည်း မသိ။
အခါကို မသိဟူသည်- မတိုက်တွန်းမတောင်းပန်ဘဲ ဆို၏၊ ဉာတ်ကို ဆိုသင့်သောအခါကိုလည်းကောင်း၊ ဉာတ်ထားရာ ခေတ်ကိုလည်းကောင်း၊ ဉာတ်၏နေရာ ဩကာသကိုလည်းကောင်း မသိ။]
(ဇီဋီ။ ။ ဉာတ်အားဖြင့် ကမ္မပတ္တဟူသည် ဉာတ်ကို ထားသောကာလ၌ ကမ္မပတ္တဖြစ်၏၊ တဖန် ကမ္မဝါစာဖြင့် ကမ္မသိဒ္ဓိဖြစ်၏၊ ဉာတ်ကိုသာပြုအပ်သောဌာနသည် ဉာတ္တိခေတ် မည်၏။ ဉာတ္တိဒုတိယကံ စသည်၌ ရှေးဦးစွာ ထားခြင်းသည် ဉာတ္တိ၏ သြကာသမည်၏။
သာဋီ။ ။ ဉာတ်အားဖြင့် ကမ္မပတ္တဟူသည် ဉာတ်ထားပြီးမှ ကမ္မဝါစာဟူသောကံသို့ ရောက်၏။
ဝိဋီ။ ။ ဤမျှကို ယူထိုက်၏ဟူသည် ဤမျှသည် အဓိကရုဏ်းငြိမ်းခြင်းငှါ ယူအပ်သော ဝစနတည်းဟု ကြားကာမျှဖြင့် သိနိုင်အောင်မသင်ယူ၊ ဤ၌ အတ္တနောဘာသပရိယန္တံ အနုဂ္ဂဟေတွာ ပရဿဘာသ ပရိယန္တံ အနုဂ္ဂဟေတွာ တစ်ခု၊ အဓမ္မေန ကရောတိ တစ်ခု၊ အပ္ပဋိညာယ တစ်ခု ဤသို့ သုံးခုပြု၍ ရှေးအင်္ဂါနှစ်ပါးနှင့် ငါးပါးဖြစ်၏။)
ကထာနုသန္ဓီ စသည်၌ စောဒက, စုဒိတက တို့စွဲဆိုသော စကား၊ လဲချေသော စကားတို့အား လျော်စွာ ပြောဆိုတတ်သူသည် ကထာနုသန္ဓီနာဝတ္ထုံ ဇာနာတိ မည်၏။ စေ့စပ်သောစကားဖြင့် ဆိုခြင်းငှါ သိသူမည်၏။
ထိုစကားကိုလည်း သုတ္တ၊ ဝိဘင်္ဂ၊ ဝိနီတဝတ္ထုတို့၌ ဆုံးဖြတ်သည်နှင့် လျော်စွာသာလျှင် ဆိုတတ်သူသည် ဝိနိစ္ဆယာနုလောမ သန္ဓိဝသေန ဝတ္ထုံဇာနာတိ မည်၏။ စေ့စပ်လျော်သော အဆုံးအဖြတ်တို့၏ အစွမ်းဖြင့် ဆိုခြင်းငှါ သိသူမည်၏။
ကိုးဌာန၌ ဉာတ္တိကံဖြစ်သည်ဟူသည် - ဉာတ္တိကံ အပြီးသို့ရောက်၏။
ဉာတ်အားဖြင့် ကမ္မပတ္တ ဟူသည် ဉာတ်ပြီးသော်လည်း ကမ္မပတ္တသာတည်း။)
ပဉ္စက ၁၃
အာရညက - တောကျောင်းနေငါးယောက် --
ဉာဏ်နည်း၍ တွေဝေသောကြောင့် တော၌နေ၏။
ယုတ်မာသော အလိုဆိုးရှိသောကြောင့် တော၌နေ၏။
ရူး၍ စိတ်ပြန်လွင့်သောကြောင့် တော၌နေ၏။
ဗုဒ္ဓ၊ ဗုဒ္ဓသာဝကတို့ ချီးမွမ်းအပ်၏ဟု တော၌နေ၏။
အလိုနည်းခြင်း စသည်ကိုမှီ၍ တော၌နေ၏။
(အလိုနည်းခြင်းကို၊ ရောင့်ရဲခြင်းကို၊ ကိလေသာ ခေါင်းပါးခြင်းကို၊ ဆိတ်ငြိမ်ခြင်း ဝိဝေကကို၊ ဤအကျင့်ဖြင့် အကျိုးရှိခြင်း ဣဒမတ္ထိတာကိုမှီ၍နေစ္ဆ)။
ပိဏ္ဍပါတိက - ဆွမ်းခံသွားသူငါးယောက်။
ပံသုကူလိက - ပံသုကူသင်္ကန်းဆောင်သူငါးယောက်။
ရုက္ခမူလိက - သစ်ပင်ရင်းနေသူ ငါးယောက်။
သောသာနိက - သုဿာန်၌နေသူ ငါးယောက်။ ၅
အမ္ဘောကာသိက - လွင်တီးခေါင်၌နေသူ ငါးယောက်။
တေစီဝရိက - တိစီဝရိတ် ဆောင်သူငါးယောက်။
သပဒါနစာရိက - အိမ်စဉ်မကျော်ဘဲ ဆွမ်းခံသွားသူ ငါးယောက်။
နေသဇ္ဇိကာ - မအိပ်ဘဲထိုင်လေ့ရှိသူ ငါးယောက်။
ယထာ သန္တတိက - သံဃာညွှန်ချတိုင်းနေသူ ငါးယောက်။ ၅
ဧကာသနိက - တစ်ထိုင်တည်းစားသူ ငါးယောက်။
ခလုပစ္ဆာဘတ္တိက - တားမြစ်ပြီးနောက် မစားသူ ငါးယောက်။
ပတ္တပိဏ္ဍိက-တစ်ခွက်တည်းစားသူငါးယောက်။
တွေဝေ၍၊ အလိုဆိုးရှိ၍၊ ရူး၍စားသည်၊ ဘုရားချီးမွမ်းသည်၊ အလိုနည်းသည် ဟုစားသည်။ ၃
ဉာဏ်နည်း၍စသည်ကား - သက်သက်ဉာဏ်မရှိခြင်း၊ လွန်စွာတွေဝေခြင်းဖြင့် ဓုတင်္ဂ၌ရှိသော အာနိသင်ကိုမသိ၊
အလိုဆိုးရှိခြင်းကား ထိုတော၌နေခြင်းဖြင့် ပစ္စည်းလာဘ်ကို တောင့်တ၏။
ဆိတ်ငြိမ်ခြင်း ဟူသည် --
ကာယဝိဝေက - အဖော်မှဆိတ်၍ တစ်ကိုယ်တည်းနေခြင်း၊
စိတ္တဝိဝေက - အကုသိုလ်တို့မှဆိတ် ၍ ဈာန်စိတ်ဖြင့်နေခြင်း၊
ဥပဓိဝိဝေက - ခန္ဓာငါးပါးဆိတ်ခြင်း။ (ဝါ - နိဗ္ဗာန်၊ ဣမာယ ပဋိပဒါယ အတ္ထော ဧတဿာတိ ဣဒမတ္ထိ - ဤကောင်းသော အကျင့်ဖြင့် အကျိုးရှိသောသူ၊ ဣဒမတ္ထိ နောဘာဝေါ - ဣဒမတ္ထိတာ - ဤအကျင့်ဖြင့် အကျိုးရှိသူ၏အဖြစ်၊ ထိုအကျိုးရှိခြင်း ဂုဏ်ကိုသာမှီသည်၊ တပါးသော လောက အာမိသတစ်ခုခုကို မမှီဟူလို။
(ဇီဋီ။ ။ တောကျောင်းနေရာ၌ ဤအကျိုး၊ ဤ အကျိုးစုသိခြင်းသည် ဣဒမတ္ထိတာမည်၏။
သာဋီ။ ။ ဆောက်တည်ပုံမသိ၊ အာနိသင်မသိ၊ မိမိ၏ ဉာဏ်မရှိခြင်းဖြင့်သာ တော၌နေ၏။
ဤအရှင်သည်တော၌ နေသည်ဟု ပစ္စည်းလေးပါး ပူဇော်သက္ကာယ ပြုကုန်လတံ့ ဟူ၍လည်းကောင်း၊
ဤအရှင်သည် လဇ္ဇီ၊ ဆိတ်ငြိမ်သည် ဟု ချီးမွမ်းကုန်လတံ့ ဟူ၍ လည်းကောင်း၊ ယုတ်မာသော အလို၌ တည်၍သာ အချို့ တော၌ နေ၏။
ရူးသည်အစွမ်းဖြင့် အချို့ တောသို့ဝင်၍နေ၏။
ဗုဒ္ဓ ဗုဒ္ဓသာဝကတို့ချီးမွမ်းသည်ဟု အချို့တော၌နေ၏။)
ပဉ္စက ၁၆
ငါးပါးသောအင်္ဂါနှင့်ပြည့်စုံသော ရဟန်းသည် ဆရာ အမှီကင်း၍ မနေအပ် - ဥပုသ်ကိုမသိ၊ ဥပုသ်ကံကို မသိ၊ ပါတိမောက်ကိုမသိ၊ ပါတိမောက်ပြခြင်းကိုမသိ၊ ငါးဝါမပြည့်။
ငါးပါးသောအင်္ဂါနှင့် ပြည့်စုံသော ရဟန်းသည် အမှီကင်း၍ နေအပ်၏။ ဥပုသ်ကို သိ၏။ ဥပုသ်ကံကိုသိ၏။ ပါတိမောက်ကိုသိ၏။ ပါတိမောက်ပြခြင်းကိုသိ၏။ ငါးဝါရပြီးသူဖြစ်၏။
ထို့ပြင် အမှီကင်း၍ မနေအပ် ငါးပါး - ပဝါရဏကို မသိ၊ ပဝါရဏာကံကိုမသိ၊ ပါတိမောက်ကိုမသိ၊ ပါတိမောက် ပြခြင်းကိုမသိ၊ ငါးဝါမပြည့်။
နေအပ် ငါးပါး - ပဝါရဏာကိုသိ၏။ (ပ) ငါးဝါရပြီးဖြစ်၏။
ထို့ပြင် မနေအပ်ငါးပါး - အာပတ် အနာပတ်ကိုမသိ၊ လဟု ဂရုအာပတ်ကို မသိ၊ သာဝသေသာနာဝသေသ အာပတ်ကို မသိ၊ ဒုဋ္ဌုလ္လာဒုဋ္ဌုလ္လအာပတ်ကိုမသိ၊
နေအပ်ငါးပါး - အာပတ် အနာပတ်ကို သိ၏ စသည်။ ၆
ငါးပါးသောအင်္ဂါနှင့် ပြည့်စုံသော ဘိက္ခုနီသည် အမှီကင်း၍မနေအပ် - ဥပုသ်ကိုမသိ၊ (ပ)ငါးဝါမပြည့်။
နေအပ်ငါးပါး - ဥပုသ်ကိုသိ၏။ (ပ) ငါးဝါရပြီးဖြစ်၏။
ထို့ပြင် မနေအပ်ငါးပါး - ပဝါရဏာကိုမသိ စသည်။
နေအပ်ငါးပါး - သိ၏ စသည်။
ထို့ပြင် မနေအပ်ငါးပါး- အာပတ် အနာပတ်ကို မသိ စသည်။
နေအပ်ငါးပါး - သိ၏ စသည်။ ၆
အပါသာဒိက - ကြည်ညိုဘွယ် မရှိခြင်း၌ အပြစ်ငါးပါး --
မိမိကိုယ်တိုင်လည်း မိမိကိုယ်ကို စွပ်စွဲ၏။
စူးစမ်း၍သော်လည်း ပညာရှိတို့ ကဲ့ရဲ့ကုန်၏။
မကောင်းသတင်း ကျော်စော၏။
တွေတွေဝေဝေ အသေဆိုး၏။
သေလျှင်အပါယ်ဒုဂ္ဂတိသို့ ရောက်၏။
ပါသာဒိက - ကြည်ညိုဘွယ်ရှိခြင်း၌ အာနိသင်ငါးပါး --
မိမိကိုယ်တိုင်လည်း မိမိကိုယ်ကိုမစွပ်စွဲ၊
စူးစမ်း၍သော်လည်း ပညာရှိတို့ ချီးမွမ်းကုန်၏။
ကောင်းသောသတင်းကျော်စော၏။
မတွေမဝေ အသေလှ၏။
သေလျှင် သုဂတိ နတ်ပြည်၌ဖြစ်၏။
ထို့ပြင် အပါသာဒိက၌ အပြစ်ငါးပါး --
မကြည်ညိုသေးသူတို့ မကြည်ညိုနိုင်ကုန်။
ကြည်ညိုပြီးသူအချို့ ကြည်ညိုပျက်၏။
သတ္ထုသာသန - ဘုရားဆုံးမခြင်းကို မပြုခြင်းဖြစ်၏။
နောင်လာသူတို့ မကောင်းရာ၌ ဒိဋ္ဌာနုဂတိ- မြင်ရာ အတုလိုက်ကုန်၏။
စိတ်မကြည်လင်။
ပါသာဒိက၌ အာနိသင်ငါးပါး --
မကြည်ညိုသေးသူတို့ ကြည်ညိုကုန်၏။
ကြည်ညိုပြီးသူတို့ လွန်စွာကြည်ညိုကုန်၏။
သတ္ထုသာသနကိုပြုခြင်းဖြစ်၏။
နောင်လာသူတို့ ကောင်းရာ၌ ဒိဋ္ဌာနုဂတိ လိုက်ကုန်၏။
စိတ်ကြည်လင်၏။ ၄
[ဥပုသ်ကိုမသိဟူသည် --
ကိုးပါးသော ဥပုသ်ကိုမသိ၊
အဓမ္မ ဝဂ္ဂ- စသော ဥပုသ်ကံလေးပါးကို၊
ဒွေမာတိကာ - ပါတိမောက်နှစ်ခုကို၊
ပါတိမောက်ပြခြင်း ကိုးပါးကို မသိ။
ပဝါရဏာ ကိုးပါးကို၊
အဓမ္မဝဂ္ဂ စသော ပဝါရဏာကံလေးပါးကို မသိ။
အပါသာဒိကဟူသည် ကာယဒုစရိုက် စသောအကုသိုလ်ကံဖြစ်၏။
ပါသာဒိကသည်ကာယသုစရိုက် စသော ကုသိုလ်ကံဖြစ်၏။
ပဉ္စက ၉
ကုလူပကပုဂ္ဂိုလ်၌ အပြစ်ငါးပါး --
အနာမန္တစာရ အာပတ်သို့ရောက်၏။
ရဟောနိသဇ္ဇအာပတ်သို့ ရောက်၏။
ပဋိစ္ဆန္ဒအာသန အာပတ်သို့ရောက်၏။
မာတုဂါမအား ငါးခွန်းခြောက်ခွန်းထက်အလွန် တရားဟောသော အာပတ်သို့ရောက်၏။
ကာမသင်္ကပ္ပများလျက်နေ၏။
အချိန်လွန်အောင် လူတို့နှင့်ရောနှောသော ကုလူပကရဟန်း၏ အပြစ်ငါးပါး --
မာတုဂါမအား မပြတ်မြင်ရခြင်း၊
မြင်ရ လျှင်ရောနှောခြင်း၊
ရောနှောလျှင် ချစ်ကျွမ်းဝင်ခြင်း၊
ချစ်ကျွမ်းဝင်လျှင် ကိလေသာ ကိုယ်တွင်းဝင်ခြင်း၊
ကိလေသာကိုယ်တွင်းဝင်လျှင် မမွေ့ မလျော် ဗြဟ္မစရိယကို ကျင့်ရလတံ့- ညစ်နွမ်းသောအာပတ်သို့သော်လည်း ရောက်လတံ့ - သိက္ခာချ၍သော်လည်း လူထွက်လတံ့။
ဗီဇငါးမျိုး- (မူလ) အမြစ်မျိုးစေ့၊ (ခန္ဓ) ပင်စည်မျိုးစေ့၊ (ဖဠု) အဆစ်မျိုးစေ့၊ (အဂ္ဂ) အညွန့်မျိုးစေ့၊ (ဗီဇ) အစေ့မျိုးစေ့။
ငါးပါးသော သမဏကပ္ပဖြင့် သစ်သီးကိုစားအပ်၏- (အဂ္ဂိ ပရိဇိတ) မီးဖြင့်ကပ္ပိခြင်း၊ (သတ္ထ) ထားဖြင့်ကပ္ပိခြင်း၊ (နခ) လက်သည်း ခြေသည်းဖြင့်ကပ္ပိခြင်း၊ (အဗီဇ) မျိုးစေ့မအောင်ခြင်း၊ (နိပ္ပဋဗီဇ) မျိုးစေ့ထုတ်ပစ်ခြင်း။
ဝိသုဒ္ဓိငါးပါး --
နိဒါန်းပြု၍ အကြွင်းသုတသဒ္ဒါဖြင့်ကြားစေခြင်း၊
နိဒါန်း ပါရာဇိက ပြ၍ အကြွင်းသုတဖြင့်ကြားစေခြင်း၊
နိဒါန်းပါရာဇိကသံဃာဒိသေသ် ပြ၍ အကြွင်းသုတဖြင့်ကြားစေခြင်း၊
နိဒါန်းပါရာဇိကသံဃာဒိသေသ် အနိယတပြ၍ အကြွင်းသုတဖြင့်ကြားစေခြင်း၊
အကျယ်ပြခြင်း၊ ၅
ထို့ပြင် ဝိသုဒ္ဓိငါးပါး --
သုတ္ထုဒ္ဒေသဥပုသ်ပြုခြင်း၊
ပါရိသုဒ္ဓိဥပုသ်ပြုခြင်း၊
အဓိဋ္ဌာန်ဥပုသ်ပြုခြင်း၊
ပဝါရဏာပြုခြင်း၊
သာမဂ္ဂီဥပုသ်ပြုခြင်း။
ဝိနည်းဓိုရ်၌ အာနိသင်ငါးပါး --
မိမိသီလလုံခြုံ၏။
ကုက္ကုစ္စနှိပ်စက်ခံရသူတို့၏ အားကိုးရာဖြစ်၏။
သံဃာ အလယ်၌ ရဲရင့်စွာပြောဆိုနိုင်၏။
ရန်သူတို့ကို တရားနှင့်အညီ ကောင်းစွာ နှိပ်နိုင်၏။
သူတော်ကောင်းတရား တည်စိမ့်သောငှါ ကျင့်နိုင်၏။
ပါတိမောက် ထားခြင်း အဓမ္မိကငါးမျိုး။
ဓမ္မိကငါးမျိုး။ ၄
[အချိန်လွန်အောင် ဟူသည် အချိန်ကိုလွန်စေ၍ အိမ်၌အချိန် များ၏။ ကျောင်း၌ အချိန်နည်း၏ဟူလို။
သြတာရ - ကိလေသာတို့၏ အတွင်း၌ သက်ဝင်ခြင်း၊ ညစ်နွမ်းသောအာပတ် ဟူသည် ဒုဋ္ဌုလ္လအာပတ်၊ ကာယသံသဂ္ဂ စသည်ဖြစ်၏။
ဝိသုဒ္ဓိငါးပါး၌ ပဝါရဏာ ပြုခြင်းသည် ကိုးပါးသော ပဝါရဏာပြုခြင်းဖြစ်၏၊]
(ဝိဋီ။ ။ ဝိသုဒ္ဓိဟူသည်၌ အာပတ်မှစင်ကြယ်ကြောင်း ဖြစ်သောကြောင့်လည်းကောင်း၊ စင်ကြယ်သူတို့သာ ပြုအပ်သောကြောင့်လည်းကောင်.၊ ပါတိမောက်ပြခြင်းကို ဝိသုဒ္ဓိဟု ဟောသည်။)
ပဉ္စကပြီး၏။
၆ - ဆက္က ၃၃
၃၂၆။ ဆက္က ၈
အဂါရဝခြောက်ပါး။
ဂါရဝခြောက်ပါး။
ဂိနိတဝတ္ထု အဂါရဝငြိမ်းခြင်း ခြောက်ပါး။
သာမိစိ ခြောက်ပါး။
အာပတ္တိသမုဋ္ဌာန်ခြောက်ပါး။ ၅
ဆေဒနာကအာပတ် ခြောက်ပါး။
အာပတ်သို့ရောက်ကြောင်း အာကာရခြောက်ပါး။
ဝိနည်းဓိုရ်အာနိသင် ခြောက်ပါး။ ၃
[သာမိစိခြောက်ပါးကား - သောစ ဘိက္ခု အနဗ္ဘိတော တေစ ဘိက္ခု ဂါရယှာ အယံတတ္ထသာမိစိ၊ ယုဉ္စန္တာယသ္မန္တောသကံ မာဝေါသကံ ဝိနဿတိ အယံတတ္ထသာမိစိ၊ အယံ တေဘိက္ခုပတ္တော ယာဝ ဘေဒနာယ ဓာရေတဗ္ဗောတိ အယံတတတ္ထသာမိစိ ၃၊ ကတောနီဟရိတွာ ဘိက္ခူဟိ သဒ္ဓိံ သံဝိဘဇိတဗ္ဗံ အယံတတ္ထသာမိစိ၊ အညာတဗ္ဗံ ပရိပုစ္ဆိ တဗ္ဗံ ပရိပဥှိ တဗ္ဗံ အယံတတ္ထသာမိစိ၊ ယဿဝိဿတိ သော ဟရိဿတီတိ အယံ တတ္ထ သာမိစိ ၃ ဤသို့ ဘိက္ခုပါတိမောက်၌ သာမိစိခြောက်ပါးရှိ၏။
ဆေဒနက အာပတ်ခြောက်ပါးကား --
ပဉ္စက၌ ငါးပါးဆိုပြီးပြီ။ ဘိက္ခုနီတို့၏ ဥဒကသာဋိကာ - ရေသနုပ်နှင့် ခြောက်ပါး။
အာပတ်သို့ရောက်ကြောင်း အာကာရခြောက်ပါးကား --
မရှက်ခြင်း၊ မသိခြင်း၊ ကုက္ကုစ္စ နှိပ်စက်ခြင်း၊
မအပ်သည်၌ အပ်သည် ထင်ခြင်း၊
အပ်သည်၌ မအပ်သည်ထင်ခြင်း၊ သတိမေ့လျော့ခြင်း။
ဧကရတ္တ၊ ဆရတ္တ၊ သတ္တာဟ- လွန်ခြင်း စသည်တို့ကြောင့် အာပတ်သို့ရောက်ခြင်းသည် သတိမေ့လျော့ခြင်းကြောင့်တည်း။
ဝိနည်းဓိုရ်၌ အာနိသင်ခြောက်ပါးကား --
ပဉ္စက၌ ငါးပါးဆိုပြီးပြီ။ ဥပုသ်သည်ဝိနည်းဓိုရ်နှင့်စပ်၏၊ ဤအင်္ဂါနှင့်ခြောက်ပါး။
(ဝိဋီ။ ။ အဂါရဝခြောက်ပါးကား -- ဗုဒ္ဓ၊ ဓမ္မ၊ သံဃ၊ သိက္ခာ တို့၌လည်းကောင်း၊ အပ္ပမာဒ၌၊ ပဋိသန္ဓာရ၌ လည်းကောင်း မရိုသေခြင်းတည်း၊ ထိုခြောက်ပါး၌သာလျှင် ဂါရဝခြောက်ပါး သိအပ်၏။)
ဆက္က ၁၆
ပရမခြောက်ပါး။
ခြောက်ညဥ့်ပတ်လုံး တိစီဝရိက် နှင့်ကင်း၍နေအပ်၏။
သင်္ကန်းခြောက်ထည်။
ဆိုးရည် ခြောက်မျိုး။
ကာယစိတ္တသမုဋ္ဌာန်အာပတ်ခြောက်ခု။ ၅
ဝါစာစိတ္တသမုဋ္ဌာန် အာပတ်ခြောက်ခု။
ကာယဝါစာစိတ္တသမုဋ္ဌာန်အာပတ်ခြောက်ခု။
ကံ ခြောက်ပါး။
ဝိဝါဒမူလခြောက်ပါး။
အနုဝါဒမူလခြောက်ပါး။ ၅
ဘုရားအထွာအားဖြင့် အလျားခြောက်ထွာ။ အနံခြောက်ထွာ။
အာစရိယ နိဿယည်းငြိမ်းကြောင်း ခြောက်ပါး။
ရေချိုးရာ၌ အနုပညပ်ခြောက်ပါး။
ပြု၍မပြီးသေးသောသင်္ကန်းကို အာဒါယ-ယူ၍ ဖဲသွား၏။
ဝိပ္ပကတစီဝရံ သမာဒါယပက္ကမတိ။ ၆
[ပရမခြောက်ပါးကား - ဒသာဟပရမံ အတိရေက စီဝရံဓာရေ တဗ္ဗံ၊ မာသပရမံ တေနဘိက္ခုနာ တံ စီဝရံ နိက္ခိပိတဗ္ဗံ၊ သန္တရုတ္တရပရမံ တေန ဘိက္ခုနာ တတောစီဝရံ သာဒိတဗ္ဗံ။ ဆက္ခတ္တုပရမံ တုဏှိ ဘူတေန ဥဒ္ဒိဿာဋ္ဌာတဗ္ဗံ၊ နဝံ ပန ဘိက္ခုနာသန္တကံကာရာပေတွာ - ဆဗ္ဗဿာနိ ဓာရေ တဗ္ဗံ – ဆဗ္ဗဿပရမတာ-ဓာရေတဗ္ဗံ၊ တိယောဇနပရမံ သဟတ္ထာဓာရေ တဗ္ဗာနိ။၃ ဒသာဟပရမံ အတိရေကပတ္တော၊ သတ္တာဟ ပရမံ သန္နိဓိကာရကံ၊ ဆာရတ္တပရမံ တေန ဘိက္ခုနာ တေနစီဝရေန၊ စတုက္ကံသပရမံ။၄ အဍ္ဎတေယျကံသပရမံ၊ ဒွင်္ဂုလပဗ္ဗပရမံ၊ အဋ္ဌင်္ဂုလ ပရမံ မဉ္စပဋိ ပါဒကံ - ညောင်စောင်းအခြေရှစ်သစ်၊ အဋ္ဌင်္ဂုလပရမံ ဒန္တကဋ္ဌံ -ဒန်ပူရှစ်သစ်။၄
ဤသို့ ပရမ ၁၄-ပါးရှိ၏။
ထိုတွင် ပဌမခြောက်ခုသည် ဆက္က တစ်ခု၊ ထိုမှတစ်ခုဖယ်၍ အကြွင်းမှတစ်ခုစီထည့်၍ တပါးသော ဆက္ကရှစ်ခု တို့ကိုပြုအပ်ကုန်၏။
အာပတ္တိဆက္ကသုံးခုကို အန္တရပေယျာလ၌ ဆိုပြီးပြီ။
ကံခြောက်ပါးကား - တဇ္ဇနိယ၊ နိယသ၊ ပဗ္ဗာဇနိယ၊ ပဋိသာရဏိယ- လေးပါး၊ မရှု၊ မကုဒ္ဓယကို တစ်ခုတည်း ပြု၍ တစ်ပါး၊ ယုတ်မာသောအယူ မစွန့်ခြင်းကြောင့် ဥက္ခေပနိယတစ်ပါး - ဤသို့ ခြောက်ပါးဖြစ်၏။
ရေချိုးရာ၌ ဟူသည် လခွဲအတွင်း ရေချိုးရာ၌တည်း။ ပြု၍မပြီးသေးသော ဝိပ္ပကတစီဝရကို ယူ၍ဟူသော ဆက္ကနှစ်ခုကို ကထိနက္ခန္ဓက၌ အကျယ်ဟောသည်။ ဆက္က၌ အကြွင်း ပေါ်လွင်ပြီ။]
(ဇီဋီ။ ။ ဆဗ္ဗဿပရမတာဓာရေတဗ္ဗံ - ဟူသည်ကို ဝိဘင်းပါဠိဖြစ်၍ ဤသို့ထည့်ဆိုသည်။ ပရမ ၁၄-ပါးတို့သည် ဆက္ကကိုးခုတို့ ဖြစ်ကုန်၏။
ဆက္ကသုံးခုကို အန္တရပေယျာလ၌ ဆိုပုံကား စတုတ္ထအာပတ္တိသမုဋ္ဌာန်ကြောင့် ခြောက်ပါးသော အာပတ်တို့သို့ ရောက်၏ စသည်ဖြင့်ဆိုသည်။ ပဉ္စမကြောင့် ဆဋ္ဌကြောင့်လည်း ခြောက်ပါးစီတည်း။
လောဘစသော ဟိတ်ခြောက်ပါးသည် ဝိဝါဒမူလဖြစ်၏။ အနုဝါဒမူလလည်းဖြစ်၏။
အလျားခြောက်ထွာကား မိုးရေခံသင်္ကန်း၊ အနံခြောက်ထွာကား သုဂတစီဝရ၊ ပြု၍မပြီးသေးသောသင်္ကန်းကို အာဒါယ - ယူ၍ ဖဲသွားရာ၌ နိဋ္ဌာနန္တိက၊ သန္နိဋ္ဌာန၊ နာသန၊ သဝန၊- သီမာတိက္ကန္တိက၊ သဥဗ္ဘာရဟု ကထိန်နှုတ်ခြင်း ခြောက်ခု၊ သမာဒါယဝါရ၌လည်း ထိုခြောက်ခုပင်တည်း။
သာဋီ။ ။ ဆဗ္ဗဿပရမတာဓာရေ တဗ္ဗံ -ဟု ပဒဘာဇနီကိုပြသည်။
ဝိဋီ။ ။ ဆဗ္ဗဿပရမတာဓာရေတဗ္ဗံ - သည် ဝိဘင်း၌လာသော ပရမကိုပြခြင်းတည်း။)
ဆက္က ၉
ခြောက်ပါးသောအင်္ဂါနှင့် ပြည့်စုံသော ရဟန်းသည် ရဟန်း ပြုပေးအပ်၏။ နိဿယည်းပေးအပ်၏။ သာမဏေ အလုပ်အကျွေး ခံအပ်၏ - အသေက္ခသီလက္ခန္ဓနှင့်၊ သမာဓိက္ခန္ဓနှင့်၊ ပညက္ခန္ဓနှင့်၊ ဝိမုတ္တိက္ခန္ဓနှင့်၊ ဝိမုတ္တိဉာဏ ဒဿနက္ခန္ဓနှင့်ပြည့်စုံ၏။ ဆယ်ဝါ ရပြီးဖြစ်၏။
ထို့ပြင်ခြောက်ပါး - မိမိသည် အသေက္ခသီလက္ခန္ဓနှင့် ပြည့်စုံ၍ သူတပါးကိုလည်း အသေက္ခသီလက္ခန္ဓနှင့် ပြည့်စုံစေ၏။ (ပ) ဆယ်ဝါရပြီးဖြစ်၏။
ထို့ပြင် ခြောက်ပါး - သဒ္ဓါရှိ၏။ ဟိရီရှိ၏။ သြတ္တပ္ပရှိ၏။ အာရဒ္ဓဝိရိယရှိ၏။ ထင်သောသတိရှိ၏။ ဆယ်ဝါ ရပြီးဖြစ်၏။
ထို့ပြင်ခြောက်ပါး - အဓိသီလမပျက်၊ အဇ္ဈာစာရမပျက်၊ အတိဒိဋ္ဌိ မပျက်၊ ဗဟုသုတရှိ၏။ ပညာရှိ၏။ ဆယ်ဝါ ရပြီးဖြစ်၏။
ထို့ပြင်ခြောက်ပါး - အန္တေဝါသိက သဒ္ဓိဝိဟာရိက တပည့် မမာလျှင် လုပ်ကျွေးခြင်းငှါ လုပ်ကျွေးစေခြင်းငှါ စွမ်းနိုင်၏။ မမွေ့လျော်လျှင် အရပ်တပါးသို့ ခေါ်သွားခြင်းငှါ ခေါ်သွားစေခြင်းငှါ စွမ်းနိုင်၏။ ကုက္ကုစ္စဖြစ်လျှင် တရားဖြင့် ပယ်ဖျောက်ခြင်းငှါ စွမ်းနိုင်၏။ အာပတ္တိ ကိုသိ၏။ အာပတ်မှထခြင်းကိုသိ၏။ ဆယ်ဝါရပြီး ဖြစ်၏။ ၅
ထို့ပြင်ခြောက်ပါး - တပည့်ကို အာဘိသမာစာရိက ကျင့်ဝတ်ဖြင့် သင်ပေးခြင်းငှါ စွမ်းနိုင်၏။ အာဒိဗြဟ္မစရိယက ကျင့်ဝတ်ဖြင့် ဆုံးမခြင်းငှါ စွမ်းနိုင်၏။ ဓမ္မ သက်သက်၌ ဆုံးမခြင်းငှါ၊ ဝိနယသက်သက်၌ဆုံးမခြင်းငှါ၊ အယူမှားလျှင် တရားသဖြင့် ကင်းစေခြင်းငှါ စွမ်းနိုင်၏။ ဆယ်ဝါရပြီးဖြစ်၏။
ထို့ပြင် ခြောက်ပါး - အာပတ်ကိုသိ၏။ အနာပတ္တိကို၊ လဟုကာပတ်ကို၊ ဂရုကာပတ်ကိုသိ၏။ ပါတိမောက် နှစ်စောင် အကျယ်အားဖြင့် လေ့လာဝေဘန်နိုင်၏။ ဆယ်ဝါရပြီးဖြစ်၏။
ပါတိမောက်ထခြင်း အဓမ္မိကခြောက်ပါး။
ဓမ္မိက ခြောက်ပါး၊ (၉၄)။
ဆက္ကပြီး၏။
၇ - သတ္တက ၃၃
၃၂၇။ သတ္တက ၂၃
အာပတ်ခုနှစ်ပါး။
အာပတ္တိက္ခန္ဓခုနစ်ပါး။
ဝိနိတဝတ္ထု (အာပတ်ငြိမ်းခြင်း) ခုနစ်ပါး။
သာမိစိ ခုနစ်ပါး။
အဓမ္မိက ပဋိညာတကရဏခုနစ်ပါး။ ၅
ဓမ္မိကပဋိညာဟကရဏ ခုနစ်ပါး။
ခုနစ်ယောက်ထံ သတ္တာဟကိစ္စ ဖြင့်သွားလျှင် အနာပတ္တိ။
ဝိနည်းဓိုရ်၌ အာနိသင် ခုနစ်ပါး။
ပရမခုနစ်ပါး။
သတ္တမအရုဏ်၌ နိဿဂ္ဂိဖြစ်၏။ ၅
သမထ ခုနစ်ပါး။
ကံခုနစ်ပါး။
စပါးစိမ်းခုနစ်မျိုး။
အနံ ခုနစ်ထွာအတွင်းတွင်ကျ။
ဂဏဘောဇန၌ အနုပညတ် ခုနစ်ပါး။ ၅
ဆေးငါးမျိုးကို အကပ်ခံ၍ ခုနစ်ရက်ပတ်လုံး သိုမှီး၍သုံးဆောင် အပ်၏။
ကတစီဝရံ အာဒါယ ပက္ကမတိ။
ကတ စီဝရံ သမာဒါယပက္ကမတိ။
ရဟန်းအားရှုစရာ အာပတ်မရှိ။။
ရဟန်းအား ရှုစရာအာပတ်ရှိ၏။ (ဝါ- ရှုပါမည်ဟုဆို၏) ၅
ရဟန်းအား ကုစားစရာ အာပတ်ရှိ၏။ (ဝါ - ရှိလျက် ကုစားစရာမရှိဆို၏)
ပါတိမောက်ထားခြင်း အဓမ္မိက ခုနစ်ပါး။။
ဓမ္မိကခုနစ်ပါး။ ၃
[သာမိစိခုနစ်ပါးကား- ယခင် ခြောက်ပါး၌ သာစဘိက္ခုနီအနဗ္ဘိတာ သာစဘိက္ခုနီယောဂါရယှာ - အယံတတ္ထသာမိစိ - ထည့်လျှင် ခုနစ်ပါး။
အဓမ္မိက ပဋိညာတကရဏ ခုနစ်ပါးကား - ပါရာဇိကသို့ ရောက်လျက် သံဃာဒိသေသ်ဟု ဝန်ခံသဖြင့် သံဃာဒိသေသ်ဖြင့် ဆုံးဖြတ်အံ့ + အဓမ္မိကပရိညာကို ပြုခြင်းဖြစ်၏ဟု သမထက္ခန္ဓ၌ ညွှန်ပြအပ်ပြီ။ ဓမ္မိက ကိုလည်း ထိုခန္ဓက၌သာ ညွှန်းပြပြီ။
ခုနစ်ယောက်ထံ သတ္တာဟကိစ္စဖြင့်သွားလျှင် အနာပတ္တိဟူသည်ကို ဝဿုပနာယိကက္ခန္ဓက၌ (သီတင်းသုံးဘော်နှင့် မိဘဟု) ဟောပြီ။
ဝိနည်းဓိုရ်၌ အာနိသင် ခုနစ်ပါးကား ဥပုသ်သည်၊ ပဝါရဏာသည် ဝိနည်းဓိုရ် နှင့်စပ်၏။
ဤနှစ်ပါးနှင့် ပဉ္စက၌ငါးပါးသည် ခုနစ်ပါးဖြစ်၏။
ပရမ ခုနစ်ပါးကို ဆက္က၌ ဆိုပြီးသည်တို့ကို သတ္တကစွမ်းဖြင့် ယှဉ်အပ်ကုန်၏။
ကတ စီဝရံ စသော သတ္တကနှစ်ခုကို ကထိနက္ခန္ဓက၌ ညွှန်းပြီးပြီ။
ရဟန်းအား ရှုစရာအာပတ်မရှိ - စသော သုံးခုသော သတ္တကတို့တွင် နှစ်ခု - အဓမ္မိက၊ တစ်ခုဓမ္မိကဖြစ်သော ဥက္ခိတ္တက တည်း။
ဤသုံးခုကို စမ္ပေယျက္ခန္ဓက၌ ညွှန်းပြီးပြီ။]
(ဇီဋီ။ ။ ကတစီဝရံတို့၌ ပတ္တမနန္တိက ကထိန်နှုတ်ခြင်းနှင့် ခုနစ်ပါးဖြစ်၏။
သတ္တမအရုဏ်၌ နိသဂ္ဂိဖြစ်၏ဟူသည်ကား ဆာရတ္တပရမံ တေန ဘိက္ခုနာ တေန စီဝရေန ဝိပ္ပဝသိတဗ္ဗံ၊ တတောစေ ဥတ္တရိဝိပ္ပဝသေယျ - ဟူသော နိဿဂ္ဂိဖြစ်၏။
စမ္ပေယျက္ခန္ဓက၌ သုဂတစီဝရဘာဏဝါရ၏နောက်၌ (ဝါ- ဝါသဘ ဂါမဘာဏာဝါရ၏ နောက်ဖြစ်သော ဒုတိယဘာဏဝါရ၌) ဣဓပနဘိက္ခဝေ ဘိက္ခုဿ န ဟောတိ အာပတ္တိ ဒဋ္ဌဗ္ဗာ၊ တမေနံ စောဒေတိ သံဃောဝါ သမ္ဗဟုလာပါ ဧကပုဂ္ဂလောဝါ- စသည်ဖြင့် ဟောသော သတ္တကတို့ ဖြစ်ကုန်၏။
သာဋီ။ ။ ဆက္က၌ ဆိုပြီးသော ပရမ ၁၄-ခုတို့ကို နှစ်ဘို့ခွဲ၍ သတ္တက နှစ်ခုစွမ်းဖြင့် ယှဉ်အပ်ကုန်၏။)
(စန္ဒေယျက္ခန္ဓက၌ - ရဟန်းအားရှုစရာအာပတ်မရှိ၊ မေးသောအခါ မရှိဟု ဆို၏။ ထိုရဟန်းကို မရှုခြင်းကြောင့် နှင်ထုတ်အံ့ - အဓမ္မကံဖြစ်၏။ ထိုအတူ ကုစားစရာအာပတ်မရှိ၊ စွန့်စရာယုတ်မာသောအယူမရှိ၊ (ရှု၊ ကု၊ စွန့် ၃)၊
ရှုစရာ ကုစရာမရှိ၊ ရှုစရာစွန့်စရာမရှိ၊ ကုစရာ စွန့်စရာမရှိ။ ၃
ရှုစရာ ကုစရာ စွန့်စရာ မရှိ။ ၃
နှင်ထုတ်အံ့ - အဓမ္မကံ ခုနစ်ချက်ဖြစ်၏။ ရဟန်းအား ရှုစရာ အာပတ်ရှိ၏။ ရှုပါမည်။ (ပ)၊ ရှု ကု စွန့် ပါမည်ဟုဆို၏။
နှင်ထုတ်အံ့ အဓမ္မကံခုနစ်ချက်ဖြစ်၏။ ရဟန်းအား ရှုစရာအာပတ်ရှိ၏။ မေးသောအခါ ရှုစရာအာပတ်မရှိ။ (ပ) ရှု ကု စွန့် မရှိဟုဆို၏။
နှင်ထုတ်အံ့ - ဓမ္မကံ ခုနစ်ချက် ဖြစ်၏။
အဘူတဝတ္ထုဖြင့် အဓမ္မကံ သတ္တက နှစ်ခု၊ ဘူတဝတ္ထုဖြင့် ဓမ္မကံ သတ္တကတစ်ခုတို့ကိုပြသည်။)
သတ္တက ၁၀
ခုနစ်ပါးသော အင်္ဂါနှင့် ပြည့်စုံသော ရဟန်းသည် ဝိနယဓရပုဂ္ဂိုလ်ဖြစ်၏- အာပတ်ကိုသိ၏၊ အနာပါတ် ကိုသိ၏။ လဟုကာပတ်ကို သိ၏။ ဂရုကာပတ်ကိုသိ၏။ သီလရှိ၏၊ သမာဓိ ရှိ၏၊ ပညာရှိ၏၊
သီလရှိပုံကား ပါတိမောက္ခသံဝရ စောင့်စည်း၏။ အာစာရ ဂေါစရနှင့် ပြည့်စုံ၏။ အနည်းငယ်သော အပြစ်တို့၌ ဘေးကြီးဟု ရှု၏။ သိက္ခာပုဒ်အားလုံး၌ ကောင်းစွာယူ၍ကျင့်၏။
သမာဓိရှိပုံကား ထူးသော စိတ်ကိုမှီ၍ ဖြစ်ကုန်သော မျက်မှောက်ချသာစွာ နေရကြောင်း ဖြစ်ကုန်သော ရူပဈာန် လေးပါးကို နိကာမလာဘီ - အလိုရှိတိုင်းရ၏။ မဆင်းရဲဘဲရ၏။ မငြိုမငြင်ရ၏။
ပညာရှိပုံကား အာသဝကုန်ခြင်းကြောင့် အာသဝကင်းသော အရဟတ္တဖိုလ် သမာဓိကို အရဟတ္တဖိုလ်ပညာကို မျက်မှောက်ကိုယ်တိုင် သိ၍ မျက်မှောက်ပြု၍ ပြည့်စုံစေ၍နေ၏။
ထို့ပြင် ဝိနယဓရဖြစ်ကြောင်း အင်္ဂါခုနစ်ပါး - အာပတ်၊ အနာပတ်၊ လဟုကာပတ်၊ ဂရုကာပတ်ကိုသိ၏။ သုတရှိ၏။ သမာဓိရှိ၏။ ပညာရှိ၏။
သုတရှိပုံကား - များသောသုတရှိ၏။ သုတကို ဆောင်၏။ သုတကိုဆည်းပူး၏။ အစ အလယ် အဆုံး ကောင်းခြင်းရှိသော ဓမ္မကို အနက်ရှိ သဒ္ဒါရှိ၍ ဝန်းကျင်၊ ပြည့်စုံသော စင်ကြယ်သော ဗြဟ္မစရိယကို ပြတတ်သော ဓမ္မတို့ကို များစွာကြားဘူး၏။ ဆောင်၏။ နှုတ်ဖြင့်လေ့လော၏။ စိတ်ဖြင့် ဖန်ဖန် ရှု၏။ ဉာဏ်ဖြင့် ကောင်စွာထိုးထွင်း၏။ ။ သမာဓိရှိပုံ ပညာရှိပုံ ယခင်အတိုင်း။
ထို့ပြင် ခုနစ်ပါး - အာပတ်၊ နာပတ်၊ လဟု၊ ဂရုကိုသိ၏။
ပါတိမောက် လေ့လာပုံကား - ပါတိမောက် နှစ်စောင်လုံး အကျယ်ဥဘတော ဝိဘင်း၌ ကောင်းစွာ နှုတ်တက်၏။ ပုဒ်ပါဌ်မချွတ်အောင် ကောင်းစွာဝေဘန်နိုင်၏။ လေ့လာ ဝါစုဂ္ဂတ ပြုနိုင်၏။ ခန္ဓကပရိဝါမှ ဆောင်အပ်သော သုတ္တဖြင့် ကောင်းစွာ ဆုံးဖြတ်နိုင်၏။ အက္ခရပဒပြည့်စုံစွာ အနုဗျဉ္ဇနဖြင့်ကောင်းစွာ ဆုံးဖြတ်နိုင်၏။ ဝါ - အဋ္ဌကထာဖြင့် ဆုံးဖြတ်နိုင်၏။
ထို့ပြင် ခုနစ်ပါး အာပတ်။ (ပ)။ ဂရုကိုသိ၏။ ပုဗ္ဗေ နိဝါသသိ၏။ ဒိဗ္ဗစက္ခုရှိ၏။ ပညာရှိ၏။
ပုဗ္ဗေနိဝါသ သိပုံကား - ရှေး၌ နေဘူးသော ဘဝများစွာကို အောက်မေ့နိုင်၏။ တစ်ဘဝကို နှစ်ဘဝကို၊ (ပ)။ ဘဝတစ်သိန်းကို၊ သံဝဋ္ဋကပ်၊ ဝိဝဋ္ဋကပ်များစွာတို့ကို ဤမည်သောဘဝ၌ အမည်၊ အနွယ်၊ အဆင်း၊ အစာ၊ ချမ်းသာ ဆင်းရဲ၊ အသက်ပိုင်းခြား၍သို့ ဤမျှ ဖြစ်ဘူးပြီ၊ ထိုမှသေ၍ ဤမည်သော ဘဝ၌ ဖြစ်ဘူးပြီ။ ထိုဘဝ၌လည်း အမည်စသည် ဤသို့ဖြစ်ဘူးပြီ၊ ထိုမှသေ၍ ယခု ဤဘဝ၌ ဖြစ်သည်။ အာကာရ၊ ဥဒ္ဒေသနှင့်တကွ များစွာသော ပုဗ္ဗေနိဝါသ ကိုသိ၏။
ဒိဗ္ဗစက္ခုရှိပုံကား သေဆဲ၊ ဖြစ်ဆဲ၊ ဖြူ၊ မဲ၊ ယုတ်၊ မြတ် ကံအတိုင်း ချဉ်းကပ်သော သတ္တဝါတို့ကိုသိ၏။
ဤသူတို့သည် ဒုစရိုက်ရှိကုန်၏။ အရိယာတို့ကိုစွပ်စွဲကုန်၏။ မိစ္ဆာဒိဋ္ဌိ အယူရှိကုန်၏။ ထို့ကြောင့် အပါယ်၌ ဖြစ်ကုန်၏။ ဤသူတို့သည် သုစရိုက် ရှိကုန်၏။ မစွပ်စွဲကုန်၊ သမ္မာဒိဋ္ဌိအယူ ရှိကုန်၏။ ထို့ကြောင့် သုဂတိ၌ ဖြစ်ကုန် ၏ဟု နတ်မျက်စိကဲ့သို့ စင်ကြယ်သော ဉာဏ်မျက်စိဖြင့်မြင်၏။ သိ၏။ ၄
ခုနစ်ပါးသော အင်္ဂါနှင့်ပြည့်စုံသော ဝိနယဓရသည် တင့်တယ်၏။ အာပတ်၊ နာပတ်၊ လဟု၊ ဂရုသိ၏။ သီလရှိ၏။ သမာဓိရှိ၏။ ပညာရှိ၏။
ထို့ပြင် ဝိနယဓရ တင့်တယ်ကြောင်းခုနစ်ပါး - အာပတ်။ (ပ) သိ၏။ သုတ ရှိ၏။ သမာဓိရှိ၏။ ပညာရှိ၏။
ထို့ပြင် ခုနစ်ပါး - အာပတ်။ (ပ) သိ၏။ ပါတိမောက် လေ့လာ၏။ သမာဓိရှိ၏။ ပညာရှိ၏။
ထို့ပြင်ခုနစ်ပါး - အာပတ်။ (ပ) သိ၏။ ပုဗ္ဗေနိဝါသ သိ၏။ ဒိဗ္ဗစက္ခုရှိ၏။ ပညာရှိ၏။ ၄
အသဒ္ဓမ္မ ခုနစ်ပါး- အသဒ္ဓါ၊ အဟိရိက၊ အနောတပ္ပ၊ အပ္ပဿုတ၊ ကုသိတ- ပျင်းရိခြင်း၊ မုဋ္ဌဿတိ- သတိလွန်ခြင်း၊ ဒုပ္ပည။
သဒ္ဓမ္မခုနစ်ပါး- သဒ္ဓါ၊ ဟိရီ၊ သြတပ္ပ၊ ဗဟုသစ္စ၊ အာရဒ္ဓဝီရိယ၊ ဥပဋ္ဌိတဿတိ၊ ပညာ။ ၂
[အသဒ္ဓမ္မဟူသည်ကား - အသတံ ဓမ္မာ အသဒ္ဓမ္မာ - သူယုတ်မာတို့၏တရားတို့။ တစ်နည်း - အသန္တောဓမ္မာ အသဒ္ဓမ္မာ - မတင့်တယ် ကုန်သော၊ ယုတ်ညံ့ကုန်သော၊ ယုတ်မာကုန်သော တရားတို့ဖြစ်ကုန်၏။
သဒ္ဓမ္မဟူသည်ကား - သတံဓမ္မာ သဒ္ဓမ္မာ- ဘုရားအစရှိသော သူတော်ကောင်းတို့၏ တရားတို့။ တစ်နည်း သန္တောဓမ္မာ သဒ္ဓမ္မာ - မြတ်ကုန်သော၊ တင့်တယ်ကုန်သော တရားတို့။]
(သာဋီ။ ။ အာပတ်ကိုသိ၏ ဟူသည် အာပတ်ကိုသာလျှင် အာပတ်ဟုသိ၏။ ကြွင်းပုဒ်တို့၌လည်း ဤနည်း တည်း။
ထူးသောစိတ်ကိုမှီ၍ ဖြစ်ကုန်သော ဟူသည်၌ - ပကတိ ကာမာဝရစိတ်ထက် တင့်တယ်သောကြောင့် လည်းကောင်း၊ ဆန့်ကျင်ဘက်တို့မှ စင်ကြယ်သောကြောင့် လည်းကောင်း၊ သန့်ရှင်းသော ဥပစာရဈာန်စိတ်ကို ထူးသောစိတ်ဟု ဆိုသည်။
ထိုဥပစာရဈာန်စိတ်ကိုမှီ၍ ရူပါဝစရဈာန်စက်တို့ ဖြစ်ကုန်၏။ ထိုဈာန်တို့ကို ဝင်စား၍နေသူတို့သည် ဤ မျက်မှောက်ဘဝ အတ္တဘော၌ ကိလေသာမှ ထွက်မြောက်သော နေက္ခမသုခကိုရကုန်၏။
နိကာမံလာဘိသည် မိမိ၏အလိုစွမ်းဖြင့် ရလေ့ရှိ၏။ လိုတိုင်းသောခဏ၌ ဝင်စားခြင်းငှါ စွမ်းနိုင်၏။ ဆင်းရဲဘဲရ၏ ဟူသည်- ချမ်းသာစွာ ဆန့်ကျင်ဘက်တို့ကိုခွါ၍ ဝင်စားနိုင်၏ဟု ဆိုလိုသည်။
မငြိုမငြင်ရ၏ ဟူသည်- ပြန့်ပြောသော ဈာန်တို့ကိုရ၏။ ပိုင်းခြားတိုင်းဖြင့်သာ ထနိုင်၏ဟု ဆိုလိုသည်။ အချို့ ရရုံသာ လိုတိုင်းမဝင်စားနိုင်၊ အချို့ဝင်စားနိုင်၏။ ဘေးရန်တို့ကို ဆင်းရဲစွာခွါရသည်။ အချို့ဝင်စားနိုင်၏ မဆင်းရဲဘဲ ခွါနိုင်၏။ ပိုင်းခြားတိုင်း၌မထနိုင်၊ ကာလမာနံ နာဠိကယန္တံဝိယ - ကာလမာနသည် ကာလာမ ရွာသားတို့၏ နာဠိကယန္တကဲ့သို့ ပိုင်းခြားတိုင်း မထနိုင်၊ အရဟတ္တဖိုလ်နှင့် ယှဉ်သော သမာဓိသည် စေတောဝိမုတ္တိမည်၏။ ရာဂမှ လွတ်သော သမာဓိဖြစ်၏။ အရဟတ္တဖိုလ်ပညာသည် ပညာဝိမုတ္တိမည်၏။ အဝိဇ္ဇာမှ လွတ်သောပညာဖြစ်၏။
တစ်နည်း သမထ၏အကျိုးသည် စေတောဝိမုတ္တိ၊ ဝိပဿနာ၏အကျိုးသည် ပညာဝိမုတ္တိမည်၏။ ကိုယ်တိုင် သိ၍ မျက်မှောက်ပြု၍ သူတပါးအကြောင်းမခံဘဲသိ၏။ သုတမယဉာဏ် စသည်ဖြင့်သိလျှင် သူတပါး အကြောင်းခံ၍ လည်းကောင်း၊ နည်းယူ၍ လည်းကောင်း သိသည်။ ဤကဲ့သို့ မဟုတ်ဘဲ သူတပါး၏ တရား ဟောသံကို အစဉ်လျှောက်သော ဘာဝနာဖြင့်ရသော မိမိ၏ပညာဖြင့်မျက်မှောက်ပြု၍ သိသည်။ သယမ္ဘူဖြင့် ကားမဟုတ်။)
သတ္တက ပြီး၏။
၈ - အဋ္ဌက ၃၃
၃၂၈။ အဋ္ဌက ၁၁
ရှစ်ပါးသော အာနိသင်တို့ကိုမြင်သော သံဃာသည် ထိုရဟန်းကို အာပုတ်မရှုခြင်းကြောင့် မနှင်ထုတ်အပ်။
ရှစ်ပါးသော အာနိသင်တို့ကို မြင်သူသည် သူတပါးတို့ကို ယုံကြည်ခြင်းဖြင့်သော်လည်း ထိုအာပတ်ကို ဒေသနာကြားအပ်၏။
ယာ၀ တတိယကရှစ်ပါး။
ကုလဒူသနပြုကြောင်းရှစ်ပါး။
သင်္ကန်းဖြစ်ခြင်းငှါ မာတိကာရှစ်ပါး။ ၅
ကထိန်နှုတ်ခြင်းငှါ မာတိကာရှစ်ပါး။
အဖျော်ရှစ်မျိုး။
ရှစ်ပါးသော မသူတော် တရားတို့သည် နှိပ်စက်အပ်သောကြောင့် ဒေဝဒတ်သည် အပါယ်ငရဲ တစ်ကပ်လုံး ကုစားမရသူ ဖြစ်ချေ၏။
လောကဓံတရားရှစ်ပါး။
ဂရုဓံတရား ရှစ်ပါး။
ပါဋိဒေသနီ ရှစ်ပါး။ ၆
[ရှစ်ပါးသော အာနိသင်ကား --
ငါတို့သည် ဤရဟန်းနှင့်အကူ ဥပုသ်မပြု ခွဲ၍ပြုရကုန်လတံ့၊
ပဝါရဏာအတူမပြုရကုန်လတံ့၊
သံဃကံ အတူမပြုရကုန်လတံ့၊
နေရာအတူမထိုင်ရကုန်လတံ့၊ ၄
ယာဂု သောက်ရာ၌ အတူမထိုင်ရကုန်လတံ့၊
ဆွမ်းစားရာ၌ အတူမယိုင် ကုန်လတံ့၊
တစ်မိုးတည်းမအိပ်ရကုန်လတံ့၊
သီတင်းကြီးစဉ်ရှိခိုးခြင်း စသည်ကို အတူမပြု- ခွဲ၍ပြုရကုန်လတံ့။ ၄
ဤသို့ ကောသမ္ပကက္ခန္ဓက၌ ဟောသော အာနိသင်တို့တည်း။
ဒုတိယအဋ္ဌက၌လည်း ဤအတူပင် ထိုခန္ဓက၌ဟောသည်။
ယာဝကတိယကရှစ်ပါးကား --
ဘိက္ခုသံဃာဒိသေသ်၌လေးပါး၊ ဘိက္ခုနီ သံဃာဒိသေသ်၌ အသာဓာရဏ လေးပါးတည်း။
ကုလဒူသ ပြုကြောင်း ရှစ်ပါးကား --
ပန်းဖြင့်, သစ်သီးဖြင့်, ရေချိုးကသယ်မှုန့်ဖြင့်, မြေညက်ဖြင့်, ဒန်ပူဖြင့်, ဝါးဖြင့်, ဆေးကုခြင်းဖြင့်, မြင်းခေါင်းစေခံခြင်းဖြင့် ဟူသော ရှစ်ပါးတည်း။
မာတိကာရှစ်ပါးကို စီဝရက္ခန္ဓက၌၊ နောက်ရှစ်ပါးကို ကထိနက္ခန္ဓက၌ ဟောသည်။
ရှစ်ပါးသော မသူတော်တရားတို့သည်ဟူသည်- လာဘ်ရခြင်းသည်၊ လာဘ်မရခြင်းသည်၊ အခြံအရံရှိခြင်းသည်၊ မရှိခြင်းသည်၊ ပူဇော်ခံရခြင်းသည်၊ မခံရခြင်းသည်၊ အလိုဆိုး ရှိခြင်းသည်၊ ယုတ်မာသောမိတ်ဆွေရှိခြင်းသည် ဟူသော ရှစ်ပါးတည်း။
လောကဓံတရားရှစ်ပါးကား - လာဘ်ရလျှင်နှစ်သက်၏၊ လာဘ်မရလျှင် ဆန့်ကျင်၏၊ ထို့အတူအခြံရံရှိလျှင်၊ မရှိလျှင်၊ ချီးမွမ်းလျှင်၊ ကဲ့ရဲ့လျှင်၊ ချမ်းသာလျှင် နှစ်သက်၏၊ ဆင်းရဲလျှင် ဆန့်ကျင်၏။]
(သာဋီ။ ။ ချစ်သားတို့ ရဟန်းသည် အာပတ်သို့ရောက်၏။ အနာပတ္တိဟု အယူရှိ၏။ တပါးသောရဟန်းတို့က အာပတ္တိဟု အယူရှိကုန်၏။ ဤအရှင်သည် ဗဟုသုတ ရှိ၏။ အာပတ်ကိုမရှုခြင်းကြောင့် နှင်ထုတ်ကြရလျှင် ဥပုသ်ကံ စသည် အတူမပြု၊ ခွဲ၍ပြုရကုန်လတံ့၊ ထိုအကြောင်းကြောင့် ငြင်းခုံခြင်းသည်ဖြစ်လတံ့၊ ကွဲခြင်းကို စိုးရိမ်၍ အလေးပြုသူသည် ထိုရဟန်းကို မနှင်ထုတ်အပ် စသည်ဖြင့် အာနိသင် ရှစ်ပါးဟော၏။
ဥပုသ်ကံစသည် အတူမပြုခြင်းသည် ကွဲပြားကြောင်း အာဒီနဝ၊ အတူပြုခြင်းသည် ညီညွတ်ကြောင်း အာနိသင် ဖြစ်၏။ ထိုအာနိသင်ကိုမြင်လျှင် မနှင်အပ်ဟူလို。
ဒုတိယ အဋ္ဌက၌ ချစ်သားတို့ ရဟန်းသည် အာပတ်သို့ရောက်၏၊ (ပ) ဤအရှင်တို့သည် ဗဟုဿုတရှိကုန်၏၊ ငါ့ကြောင့် သူတပါးကြောင့် အဂတိလေးပါး မလိုက်စားကုန်ရာ၊ ငါ့ကို အာပတ်မရှုခြင်းကြောင့် နှင်ထုတ်ကြ ရလျှင် ဥပုသ်ကံစသည် အတူမပြု၊ ခွဲ၍ပြုရကုန်လတံ့၊ ထိုအကြောင်းကြောင့် ငြင်းခုံခြင်းစသည် ဖြစ်လတံ့၊ ကွဲခြင်းကို စိုးရိမ်၍ အလေးပြုသူသည် သူတပါးတို့ကို ယုံကြည်ခြင်းဖြင့် သော်လည်း အာပတ်ကို ဒေသနာကြား အပ်၏။ စသည်ဖြင့် အာနိသင်ရှစ်ပါးဟော၏။)
အဋ္ဌက ၂၂
မုသာဝါဒသည် အင်္ဂါရှစ်ပါးရှိ၏။
ဥပုသ်အင်္ဂါရှစ်ပါး။
တမန်အင်္ဂါရှစ်ပါး။
တိတ္ထိယဝတ်ရှစ်ပါး။
မဟာသမုဒ္ဒရာ ၌ အံ့ဘွယ်ရှစ်ပါး။ ၅
ဤ ဓမ္မဝိနယ၌ အံ့ဘွယ်ရှစ်ပါး။
အနတိရိတ္တ ရှစ်ပါး၊
အတိရိတ္တရှစ်ပါး။
အဋ္ဌမအရုဏ်၌နိဿဂ္ဂဖြစ်၏။
ပါရာဇိကရှစ်ပါး။ ၅
အဋ္ဌမဝတ္ထု ပြည့်စေသော ဘိက္ခုနီကို ဖျက်ဆီးအပ်၏။
အဋ္ဌမဝတ္ထု ပြည့်စေလျှင် ဒေသနာကြားသော်လည်း ကြားသည်မမည်။
ကမ္မဝါစာ ရှစ်ကြိမ်ရှိသော အဋ္ဌဝါစိကာဥပသမ္ပဒါ ရှစ်ယောက်တို့အား နေရာမှထ၍ ခရီးဦးကြိုဆိုအပ်၏။
ရှစ်ယောက်တို့အား နေရာပေးအပ်၏။ ၅
ဝိသာခါသည် ရှစ်ပါးသောဆုကို တောင်း၏။
ရှစ်ပါးသောအင်္ဂါနှင့်ပြည့်စုံသောရဟန်းကို ဘိက္ခုနောဝါဒက သမုတ်အပ်၏။
ဝိနယဓရ၌ အာနိသင်ရှစ်ပါး။
ပရမရှစ်ပါး။
တဿပါပိယျသိကာ ကံပြုခံရသောရဟန်းသည် ရှစ်ပါးသောဓမ္မတို့၌ ကောင်းစွာ ကျင့်အပ်၏။ ၅
ပါတိမောက်တားခြင်း အဓမ္မိကရှစ်ပါး၊ ဓမ္မိကရှစ်ပါး။ J
[မုသာဝါဒအင်္ဂါသည် ဝိနီဓာယသညံနှင့် ပါဠိတော်လာနှစ်၊ ဤသို့ ရှစ်ပါးဖြစ်၏။
ဥပုသ်အင်္ဂါသည်- သူ့သက်မသတ်၊ သူ့ဥစ္စာမခိုး၊ မုသာမဆို၊ သေအရက်မသောက်၊ မမြတ်သောမေထုန်မှ ရှောင်ကြဉ်၊ နေလွဲညစာမစား၊ ပန်းနံ့သာမသုံး၊ ညောင်စောင်း၌ မြေ၌ အခင်း၌ အိပ်ခြင်း ဤဥပုသ်အင်္ဂါရှစ်ပါးကို ဘုရားရှင်ဟာသည်။
တဖန် အင်္ဂါကား- သောတာ၊ သာဝေတာ စသည်ဖြင့် သံဃဘေဒက၌ ဟောသည်။
တိတ္ထိယဝတ် ရှစ်ပါးကား မဟာခန္ဓက၌ ညွှန်းပြီးပြီ။
အနတိရိတ္တ၊ အတိရိတ္တတို့ကို ပဝါရဏာသိက္ခာပုဒ်၌ ညွှန်းပြီးပြီ။
ဘတ္တဂ္ဂ၌ သီတင်းကြီးဘိက္ခုနီ ရှစ်ယောက်တို့အား ထ၍ ခရီးဦးကြိုဆို အပ်၏။၎င်းတို့အားသာ နေရာလည်း ပေးအပ်၏။
ဝိနယဓရ အာနိသင် ရှစ်ပါးကား ပဉ္စကငါးပါး၌ တဿာဓေယျော၊ ဥပေါသထော ပဝါရဏာ၊ သံဃကမ္မံ - သုံးခုထည့်လျှင် ရှစ်ခုဖြစ်၏။
ပရမရှစ်ပါးကား- ရှေးဆိုပြီး ပရမတို့ကိုသာ အဋ္ဌကစွမ်းဖြင့် ယှဉ်သိအပ်၏။
ရှစ်ပါးသော ဓမ္မတို့၌ ကောင်းစွာကျင့်အပ်၏ ဟူသည်- ပကတတ်အား ဥပုသ်မထားအပ်၊ ပဝါရဏာမထားအပ် စသည်ဖြင့် သမထက္ခန္ဓက၌ ဟောပြီးပြီ။ အကြွင်းပေါ်လွင်ပြီ။]
(ဇီဋီ၊ သာဋီ။ ။ ပါဠိတော်လာ ခုနစ်ကား- ပုဗ္ဗေဝဿတောတိ စသည်ဖြင့်လာ၏။
၁။ မုသာကို ငါဆိုမည်ဟု ရှေးဦးစွာကြံခြင်း၊
၂။ ဆိုစဉ် ငါဆို၏ဟု သိခြင်း၊
၃။ ဆိုပြီးနောက် ငါ မုသာဆိုပြီးပြီဟု သိခြင်း၊
၄။ ဒိဋ္ဌိ အယူကိုဆောက်တည်၍၊
၅။ (ခန္တီ) သည်းခံခြင်းကိုဆောက်တည်၍၊
၆။ (ရုစိ) နှစ်သက်ခြင်း ကိုဆောက်တည်၍၊
၇။ (ဘာဝံ) အလိုကိုဆောက်တည်၍ ဟု ခုနစ်ပါးလာ၏။
(သညံ) သညာကိုဆောက်တည်၍ ထည့်လျှင် ရှစ်ပါးဖြစ်၏။
ဥပေါသထ သီလကိုကျင့်သူသည် ညဥ့်၌ မစားရ၊ နေ့၌သော်လည်း နေလွဲ မစားရ။
ညောင်စောင်း စသည်ကား- ကပ္ပိယညောင်စောင်း၌ဖြစ်စေ၊ အင်္ဂတေ စသည်ဖြင့် အပြေအပြစ်ပြုသော မြေ၌ဖြစ်စေ၊ မြက် သစ်ရွက် စသည်တို့ကိုပြုသော အခင်း၌ဖြစ်စေ အိပ်ရာ၏။
အနတိရိတ္တတို့သည် အကပ္ပိယကတံ ဟောတိ၊ အပ္ပဋိဂ္ဂဟိတကံ စသော ရှစ်ပါးတို့ဖြစ်ကုန်၏။
(န ဂိလာနာ တိရိတ္တံနှင့် ရှစ်ပါးဟူ။)
ထောပတ်စသော ဆေးငါးမျိုးသည် အဋ္ဌမ အရုဏ်၌ နိဿဂ္ဂိ။
မိုးရေခံသင်္ကန်းလှူလိုခြင်း စသော ဆုရှစ်ပါး ဝိသာခါတောင်း၏။ ရှေးဦးစွာ ပရမရှစ်ပါး အဋ္ဌကတစ်ခု၊ ထိုမှ တစ်ခုဆယ်၍ အကြွင်းတစ်ခုစီဖြင့် တပါးသော အဋ္ဌကတို့ကို ပြုအပ်ကုန်၏။)
အဋ္ဌကပြီး၏။
၉ - နဝက ၂၆
၃၂၉။ န၀က ၁၄
အာဃာတဝတ္ထုကိုးပါး။
အာဃာတ ပဋိဝိနယကိုးပါး။
ဝိနိတဝတ္ထု-(အာဃာတငြိမ်းခြင်း ကိုးပါး)။
ပဋ္ဌမာပတ္တိက ကိုးပါး။
ကိုးယောက်ဖြင့် သံဃာသည် ခွဲ၏။ ၅
ပဏီတဘောဇဉ်ကိုးပါး အသားကိုးမျိုးဖြင့် ဒုက္ကဋ်။
ပါတိမောက် ပြခြင်း ကိုးပါး။
ပရမကိုးပါး။
တဏှာ မူလဓမ္မကိုးပါး။ ၅
မာနကိုးပါး။
သင်္ကန်းကိုးထည် အဓိဋ္ဌာန်တင်အပ်၏။
သင်္ကန်းကိုးထည် ဝိကပ္ပနာ မပြုအပ်။
အလျားမှ ဘုရားရှင်အထွာဖြင့် ကိုးထွာ။ ၄
[အာဃာတဝတ္ထုကိုးပါးကား - ငါ၏အကျိုးမဲ့ကိုပြုပြီးပြီ အစရှိသော ကိုးပါးတည်း။
အာဃာတပဋိဝိနယကိုးပါးကား - ငါ၏ အကျိုးမဲ့ကို ပြုပြီးပြီ၊ ဤ ပြုပြီးသောသူ၌ ထိုအမျက်ထွက်စရာ အကြောင်းအရာကို အဘယ်မှာရနိုင်အံ့နည်းဟု အာဃာတကို ပယ်ဖျောက်ခြင်းစသော ကိုးပါးတည်း။
ဝိနိတဝတ္ထုကိုးပါးကား - ကိုးပါးသော အာဃာတဝတ္ထုတို့မှ ရှောင်ကြဉ်ခြင်းအကြောင်း ပျက်ခြင်းတည်း။
ကိုးယောက်ဖြင့် သံဃာကွဲခြင်းကား - ချစ်သား ဥပါလိ ကိုးယောက်၊ ကိုးယောက်ထက် လွန်သူတို့အား သံဃရာဇိ လည်းဖြစ်၏၊ သံဃဘေဒလည်းဖြစ်၏ - ဟု ဟောသည်။
ပရမကိုးပါးကား - ယခင်ပရမတို့ကို နဝကစွမ်းဖြင့် ယှဉ်သိအပ်ကုန်၏။
တဏှာမူလကဓမ္မ ကိုးပါးကား ---
တဏှာကိုစွဲ၍ ပရိယေသနာ- ရှာမှီးခြင်းဖြစ်၏၊
ပရိယေသနာကိုစွဲ၍ လာဘ- ရခြင်းဖြစ်၏။
လာဘကိုစွဲ၍ ဝိနိစ္ဆယ- ဝိတက်ဖြစ်၏။ ၃
ဝိနိစ္ဆယကိုစွဲ၍ ဆန္ဒရာဂ- ပြင်းထန်သော ရာဂဖြစ်၏။
ဆန္ဒရာဂကိုစွဲ၍ အဇ္စျောသာန - အလွန် မက်မောခြင်း ဖြစ်၏။
အဇ္စျောသာနကိုစွဲ၍ ပရိဂ္ဂတ - သိမ်းဆည်းခြင်း ဖြစ်၏။ ၃
ပရိဂ္ဂတကို စွဲ၍ မစ္ဆရိယ- ဝန်တိုခြင်းဖြစ်၏၊
မစ္ဆရိယကိုစွဲ၍ အာရက္ခာ - စောင့်ရှောက်ခြင်းဖြစ်၏။
အာရက္ခာကို အကြောင်းခံ၍ ဒဏ္ဍာဒါန - တုတ် လှံတံ ကိုင်ခြင်း၊ သတ္ထာဒါန - ဓါးကိုင်ခြင်း၊ ကလဟ - ကိုယ်နှုတ်ခိုက်ရန် ပြုခြင်း၊ ဝိဂ္ဂဟ- ရှေ့ရှေ့ဆန့်ကျင်ခြင်း၊ ဝိဝါဒ- နောက်နောက် ငြင်းခုံခြင်း၊ တုဝံတုဝံ- နင်နင်ဟုဆိုခြင်း၊ ပေသုည- ဂုံးတိုက်ခြင်း၊ မုသာဝါဒ- မုသာဆိုခြင်း ဖြစ်၏။ ၃
မာနကိုးပါးကား -- မြတ်သောသူအား ငါသည်မြတ်၏ဟု မာနဖြစ်ခြင်းစသည်တို့တည်း။
သင်္ကန်းကိုးထည်ကား -- တိစီဝရိတ်၊ မိုးရေခံစသော ကိုးထည်တည်း။
ဝိကပ္ပနာ မပြုအပ်ဟူသည်ကား- အဓိဋ္ဌာန်တင်သော ကာလမှစ၍ ဝိကပ္ပနာ မပြုအပ်။]
(ဇီဋီ။ ။ ရဟန်းကိုးပါးတို့ဖြင့် သံဃာကွဲ၏。
မနုဿ မံသကြဉ်သော အသားကိုးမျိုးဖြင့် ဒုက္ကဋ်。
ကောင်း မကောင်းသော သင်္ဃာဋိ စသော ကိုးထည်တို့ကို အဓိဋ္ဌာန်တင်သော ကာလမှစ၍ ဝိကပ္ပနာမပြုအပ်။ ပစ္စုဒ္ဓိရ်မပြုဘဲ၊ ဝါ- အဓိဋ္ဌာန် မချဘဲ ဝိကပ္ပနာမပြုအပ်ဟူလို。
ကိုးထွာသည် သုဂတစီဝရ ပမာဏဖြစ်၏၊
သာဋီ။ ။ အာဃာတဝတ္ထုသည် အာဃာတကာရက- အမျက်ထွက်ခြင်း၏ အကြောင်းဖြစ်၏。
အာဃာတ ပဋိဝိနယသည် အာဃာတကို ပယ်ဖျောက်ခြင်း၏ အကြောင်းတည်း။ ထို အကျိုးမဲ့ပြုခြင်းသည် မဖြစ်ပါစေလင့်ဟု ထိုပုဂ္ဂိုလ်၌ အဘယ်အကြောင်းဖြင့် ရနိုင်အံ့နည်း၊ တယောက်သည် တယောက်အား မိမိစိတ်အလိုဖြင့် အကျိုးမဲ့ကို ပြုမြဲတည်း။ ဤသို့ကြံ၍ အာဃာတကို ပယ်ဖျောက်၏。
တစ်နည်း - ငါအား အမျက်ထွက်ရာသော အကြောင်းကို ဤပုဂ္ဂိုလ်၌ အဘယ်သို့ ရထိုက်သနည်း။ အကျိုးမရှိခြင်းကြောင့်တည်း。
သတ္တဝါသည် ကံသာလျှင်မိမိဥစ္စာရှိ၏။ တစ်ယောက်၏ အလိုဖြင့် တစ်ယောက်သုခ ဒုက္ခဖြစ်နိုင်သလော၊ ထိုသူ၌ ငါ၏ အမျက်ထွက်ခြင်းသာ သက်သက်ဖြစ်ရာ၏ ဟူလို。
တစ်နည်း ပရမတ်အားဖြင့် စိတ်ဆိုးအပ်သူ၊ စိတ်ဆိုးတတ်သူ မရှိ၊ သင်္ခါရမျှ ခန္ဓာငါးပါးမျှကို သတ္တဝါဟုခေါ်သည်။ ထိုသင်္ခါရတို့သည် ထိုသောကာလ တခဏမျှသာ တည်ကုန်၏။ စိတ်ဆိုးအပ်သူ စိတ်ဆိုးတတ်သူ အဘယ်မှာ ရှိအံ့နည်း၊ အမျက်ထွက်လျှင် အကျိုးမဲ့ဖြစ်ခြင်းမှတပါး ဘာမျှမရှိဟု ပယ်ဖျောက်၏。
တဏှာကိုစွဲ၍ ဟူသည်၌ တဏှာသည် ဧသနာတဏှာ၊ ဧသိတတဏှာဟု နှစ်မျိုးရှိ၏ တဏှာဟု နှစ်မျိုးရှိ၏။ လမ်းကောင်း လမ်းဆိုးသွား၍ စည်းစိမ်ရှာဖွေကြောင်း တဏှာသည် ဧသနာတဏှာ မည်၏။ ရပြီးသည်၌ တပ်သောတဏှာသည် ဧသိတတဏှာမည်၏။ ဤ၌ ဧသိတတဏှာကို ယူအပ်၏。
ပရိယေသနာသည် ရူပါရုံစသော အာရုံငါးပါးကို ရှာခြင်း ဖြစ်၏။ တဏှာရှိလျှင် ပရိယေသနာဖြစ်သည်။ လာဘသည် အာရုံငါးပါးရခြင်းတည်း။ ပရိယေသနာရှိလျှင် လာဘ ဖြစ်သည်။
ဝိနိစ္ဆယသည် ဉာဏ၊ တဏှာ၊ ဒိဋ္ဌိ၊ ဝိတက်ဟု လေးမျိုး ရှိ၏။ သုခဝိနိစ္ဆယံဇညာ၊ သုခဝိနိစ္ဆယံဉတွာအနုယုဉ္စေယျ ၌ ဉာဏသည် ဝိနိစ္ဆယမည်၏。
ဒွေဝိနိစ္ဆယ တဏှာဝိနိစ္ဆယော ဒိဋ္ဌိဝိနိစ္ဆယော၌ တဏှာ ဝိစရိတ ၁၀၈-ပါးသည် တဏှာဝိနိစ္ဆယ၊ ၆၂- ပါးသော ဒိဋ္ဌိသည် ဒိဋ္ဌိဝိနိစ္ဆယ မည်၏。
ဆန္ဒော ခေါ ဒေဝါနမိန္ဒ ဝိတက္ကနိဒါနော ၌ ဝိတက်ကို ဤ၌ ဝိနိစ္ဆယဟုဆိုသည်။ (ဆန္ဒရာဂသည် ဝိတက်လျှင်အကြောင်းရှိ၏ဟူလို။) လာဘ်ရလျှင် ဤမျှခံစားမည်၊ ဤမျှသိုမှီးမည်၊ ဤမျှ သူတပါးအတွက် စသည်ဖြင့် ဝိတက်ဖြင့် ဆုံးဖြတ်၏။ ဆုံးဖြတ်ကြောင်း ဝိတက်သည် ဝိနိစ္ဆယမည်၏ဟူလို။ ထို့ကြောင့် လာဘံပဋိစ္စဝိနိစ္ဆယော - ဟုဆိုသည်။
ဆန္ဒ ရာဂသည် ဝိတက်ဖြင့် ဆုံးဖြတ်အပ်သော အာရုံ၌ အားသေးသော ရာဂ၊ အားကြီးသော ရာဂဖြစ်၏၊ အဇ္စျောသာနသည် ငါ၊ ငါ့ဥစ္စာဟုအားရှိသော ဆုံးဖြတ်ခြင်းဖြစ်။ (တဏှာမာန ဒိဋ္ဌိအားကောင်း လာသည်ဟူလို။)
ပရိဂ္ဂဟသည် တဏှာဒိဋ္ဌိစွမ်းဖြင့် သိုမှီးခြင်းတည်း。
မစ္ဆရိယသည် သူတပါးတို့နှင့် ဆက်ဆံခြင်းကို သည်းမခံနိုင်ခြင်းတည်း။ ထို့ကြောင့် ရှေးဆရာ တို့သည် မာ+အစ္ဆရိယံ- ဟု ပုဒ်ဖြတ်ကုန်၏။ ဤအံ့သြဘွယ်သည်- သူတပါးတို့အား မဖြစ်ပါစေလင့်၊ ငါအားသာ ဖြစ်ပါစေ -ဟူ၍ ဖြစ်သည်ဟူလို。
အာရက္ခာသည် တံခါး ပိတ်ခြင်း၊ သေတ္တာသံတင်း သော့ခတ်ခြင်း စသည်ဖြင့် ကောင်းစွာ စောင့်ခြင်းတည်း。
အဓိကရောတီတိ အဓိ ကရဏံ၊ အကြောင်း ရ၏。
အာရက္ခာဓိကရဏံသည် ဘာဝ နပုံသက ဖြစ်၏။ စောင့်ရှောက်ခြင်းဟူသော အကြောင်းကြောင့်ဟု အနက် ဖြစ်၏။ သူတပါးအား တားခြင်းငှါ တုတ်ကိုင်ခြင်းစသည်ကို ပြု၏。
ဝိကပ္ပနာမပြုအပ်ဟူသည် အဓိဋ္ဌာန်မတင်မီသော် လည်းကောင်း၊ အဓိဋ္ဌာန်စွန့်ပြီးနောက်သော် လည်းကောင်း၊ ဝိကပ္ပနာ ပြုအပ်၏။ အဓိဋ္ဌာန်တင်ပြီးနောက် အဓိဋ္ဌာန်မစွန့် မချဘဲ ဝိကပ္ပနာ မပြုအပ်ဟူသော အဓိပ္ပါယ်တည်း。
ဝိဋီ။ ။ တံ၊ ထိုအကျိုးမဲ့ကို မပြုခြင်းကို။
ဧတ္ထ၊ ဤသူ၌။
ဝါ၊ ဤသတ္တဝါအပေါင်း၌။
ကုတော၊ အဘယ်အကြောင်းဖြင့်။
လဗ္ဘာ၊ ရခြင်းငှါ တတ်နိုင်မည်နည်း။
ဤသို့ နှလုံးသွင်း၍ အာဃာတကို ပယ်ဖျောက်၏။)
နဝက ၁၂
အဓမ္မိကဒါနကိုးမျိုး။
အဓမ္မိကပဋိဂ္ဂကိုးမျိုး။
အဓမ္မိကပရိဘောဂကိုးမျိုး။
ဓမ္မိကဒါနသုံးမျိုး။ ဓမ္မိကပရိဂ္ဂဟသုံးမျိုး။ ဓမ္မိကပရိဘောဂသုံးမျိုး။
အဓမ္မိက ပညတ္တိကိုးမျိုး။ ၅
ဓမ္မိကပညတ္တိကိုးမျိုး။ အဓမ္မကံ ၌ ဒွေနဝက။ ဓမ္မကံ၌ ဒွေနဝက။ ၅
ပါတိမောက်ထားခြင်း အဓမ္မိကကိုးမျိုး။ ဓမ္မိကကိုးမျိုး။ ၂
[အဓမ္မိကဒါနကိုးမျိုးကား --
သံဃာအား ညွတ်ပြီးသည်ကို တပါးသော သံဃာအား၊ စေတီအား၊ ပုဂ္ဂိုလ်အား ညွတ်ခိုင်းခြင်း သုံးမျိုး၊
စေတီအားညွတ်ပြီးသည်ကို တပါးသောစေတီအား၊ သံဃာအား၊ ပုဂ္ဂိုလ်အား ညွတ်ခိုင်းခြင်းသုံးမျိုး၊
ပုဂ္ဂိုလ်အား ညွတ်ပြီးသည်ကို တပါးသောပုဂ္ဂိုလ်အား၊ သံဃာအား၊ စေတီအား ညွတ်ခိုင်းခြင်းသုံးမျိုး -
ဤသို့ ကိုးမျိုး ဟောသည်။
ဤဒါနကိုးမျိုးကို အလှူခံခြင်းသည် အဓမ္မပဋိဂ္ဂဟကိုးမျိုး။ သုံးဆောင်ခြင်းသည် အဓမ္မိကပရိဘောဂ ကိုးမျိုး ဖြစ်ကုန်၏။ (ဤ၌ ညွတ်ခိုင်းသူ လှူခိုင်းသူအားသာ အပြစ်ရှိသည်။ လှူသူ၊ ခံသူ၊ သုံးဆောင်သူတို့အား အဓမ္မိကအမည် ကပ်ငြိရုံသာတည်း၊ အပြစ်မရှိ။)
ဓမ္မိကဒါန သုံးမျိုးကား --
သံဃာအား ညွတ်ပြီးသည်ကို သံဃာအားသာ လှူခြင်း၊
စေတီအားညွတ်ပြီးသည်ကို စေတီအားသာ လှူခြင်း၊
ပုဂ္ဂိုလ်အားညွတ်ပြီးသည်ကို ပုဂ္ဂိုလ်အားသာ လှူခြင်းဖြင့် သုံးမျိုးတည်း။
၎င်းတို့ကိုအလှူခံခြင်း၊ သုံးဆောင်ခြင်းတို့သည်ပဋိဂ္ဂဟ၊ ပရိဘောဂတို့ဖြစ်ကုန်၏။
အဓမ္မိကပညတ္တိ ကိုးမျိုးကား - အဓမ္မဝါဒီ ပုဂ္ဂိုလ်သည်၊ သမ္ဗဟုလာသည်၊ သံဃာသည်ဟု သုံးခုသောတိက တို့ကို သမထက္ခန္ဓက၌ ညွှန်းပြီးပြီ။
ဓမ္မိကပညတ္တိတို့ကိုလည်း ဓမ္မဝါဒီ ပုဂ္ဂိုလ်သည် စသည်ဖြင့် ထိုခန္ဓက၌ ညွှန်းပြီးပြီ။ (အစစွာ သမ္မုခါ ဝိနည်း၌ ကဏှပက္ခနဝက၊ သုက္ကပက္ခနဝက-ဟုဟောသည်။)
အဓမ္မကံ၌ ဒွေနဝကကို ဩဝါဒဝဂ်ပဌမသိက္ခာပုဒ် နိဒ္ဒေသ၌ ဒုက္ကဋ် စွမ်းဖြင့် ဟောသည်။ ဓမ္မကံ၌ ဒွေနဝကကို ပါစိတ်စွမ်းဖြင့် ဟောသည်။]
(ဇိဋီ။ ။ ဝဂ္ဂံဘိက္ခုနီသံဃံဝဂ္ဂသညီ ဩ၀ဒတိ - စသည် ဖြင့် ဒွေနဝကကို ဒုက္ကဋ်စွမ်းဖြင့်ဟောသည်။
သာဋီ။ ။ ထို့အတူပင်တည်း။)
နဝကပြီး၏။
၁၀ - ဒသက ၅ဝ
၃၃၀။ ဒသက ၁၄
အာဃာတဝတ္ထုဆယ်ပါး။
အာဃာတ ပဋိဝိနယဆယ်ပါး။
ဝိနိတဝတ္ထုဆယ်ပါး။
ဆယ်ပါးသောဝတ္ထုရှိသော မိစ္ဆာဒိဋ္ဌိ။
ဆယ်ပါးသောဝတ္ထုရှိသော သမ္မာဒိဋ္ဌိ။ ၅
ဆယ်ပါးသော အန္တဂ္ဂါဟိကာဒိဋ္ဌိ။
မိစ္ဆတ္တတရားဆယ်ပါး။
သမ္မတ္တတရား ဆယ်ပါး။
အကုသလကမ္မပထ ဆယ်ပါး။
ကုသလ ကမ္မပထဆယ်ပါး။ ၅
စာရေးတံယူခြင်း အဓမ္မိကဆယ်ပါး။ ဓမ္မိကဆယ်ပါး။
သာမဏေသိက္ခာပုဒ် ဆယ်ပါး။
ဆယ်ပါးသောအင်္ဂါနှင့်ပြည့်စုံသော သာမဏေကို အသွင်ဖျက်ဆီးအပ်၏။ ၄
[အာဃာတဝတ္ထုဆယ်ပါးကား - ယခင်ကိုးပါး၊ အရာမဟုတ်သည်၌ အာဃာတဖြစ်ခြင်း ဟူသော အဋ္ဌာနကောပနှင့် ဆယ်ပါးတည်း။
အာဃာတပဋိဝိနယ ဆယ်ပါးကား - အာဃာတဆယ်ပါးကို- တံတု တေတ္ထလဗ္ဘာ - ထိုထိုစိတ်ဆိုးစရာတို့ မဖြစ်ပါစေလင့်ဟူ၍လည်းကောင်း၊ အဘယ်မှာတောင့်တ၍ ရနိုင်အံ့နည်းဟူ၍လည်းကောင်း၊ ပယ်ဖျောက်၍ ဆယ်ပါးတည်း။
ဝိနိတဝတ္ထုဆယ်ပါးကား - ထိုအာဃာတဝတ္ထု ဆယ်ပါးတို့မှ ရှောင်ကြဉ်သော ဝိရတီဆယ်ပါးတည်း။
ဒသဝတ္ထုကာ မိစ္ဆာဒိဌိကား နတ္ထိဒိန္နံ - စသောဆယ်ပါးတည်း。
အတ္ထဒိန္နံ - စသော ဆယ်ပါးသည် သမ္မာဒိဋ္ဌိဖြစ်၏。
သဿတော လောကော စသည်ဖြင့် အန္တဂ္ဂါတိကာဒိဋ္ဌိဆယ်ပါးကို သိအပ်၏。
မိစ္ဆာဒိဋ္ဌိအစ - မိစ္ဆာဝိမုတ္တိ အဆုံးသည် မိစ္ဆတ္တဆယ်ပါးမည်၏။ ထိုမှပြန်လျှင် သမ္မတ္တဆယ်ပါး မည်၏。
စာရေးတံယူခြင်းတို့ကို သမထက္ခန္ဓက၌ ညွှန်းပြပြီးပြီ။]
(ဇီဋီ။ ။ အနည်းငယ်ငြင်းခုံရုံမျှသော အဓိကရုဏ်း ဖြစ်ခြင်း၊ နှစ်ကြိမ် သုံးကြိမ်မဆုံးဖြတ်ရသေးခြင်း၊ အဓမ္မဝါဒီ များတန်ရာ၏ဟုသိခြင်း၊ မိမိအယူဝါဒအတိုင်း မယူခြင်း စသည်ဖြင့် အဓမ္မိကဆယ်ပါး၊ ဓမ္မိကဆယ်ပါးကို ယေဘုယျသိကာဝိနည်း၌ ဟောသည်။
သာဋီ။ ။ နတ္ထိဒိန္နံ - စသော ဒသဝတ္ထုကမိစ္ဆာဒိဋ္ဌိကား --
နတ္ထိဒိန္နံ-ဒါနကျိုးမရှိ၊
နတ္ထိယိဋ္ဌံ- ယဇ်ကြီးအကျိုးမရှိ၊
နတ္ထိဟုတံ- ဧည့်ဝတ်စသော ယဇ်ငယ်အကျိုးမရှိ၊
နတ္ထိသုကတ ဒုက္ကဋာနံ ကမ္မာနံ ဝိပါကော-ကောင်းမှု မကောင်းမှုကျိုးမရှိ၊
နတ္ထိအယံ လောကော- တမလွန်မှလာရာ ပစ္စုပ္ပန်လောက မရှိ (တမလွန်၌စိတ်ဖြင့် တည်၍ယူသည်။)
နတ္ထိပရလောကော- ဤမှသွားရာ တမလွန်လောကမရှိ -(ဤလောက၌စိတ်ဖြင့် တည်၍ယူသည်။)
နတ္ထိမာတာ - အမိ၌ပြုကျိုးမရှိ၊
နတ္ထိပิတာ အဘ၌ပြုကျိုးမရှိ၊
နတ္ထိသတ္တာ -သြပပါတိကာ - သေ၍ တဖန် ပဋိသန္ဓေနေသူ မရှိ (ဥပပါတ်တစ်မျိုးတည်းမဟုတ်။)
နတ္ထိလောကေ သမဏ ဗြဟ္မဏာ၊ (ပ)၊ ပဝေဒေန္တိ - အနုလောမ ပဋိပဒါကျင့်သော သမဏဗြဟ္မဏလည်းမရှိ - ပစ္စုပ္ပန်လောက တမလွန်လောကကို ကိုယ်တိုင်သိ၍ ဟောသော သဗ္ဗညု ဘုရားလည်းမရှိ။
ဤဆယ်ပါးတည်း。
သဿတော စသော အန္တဂ္ဂါတိကာဒိဋ္ဌိကား --
သဿတော လောကော - သတ္တဝါသည်မြဲ၏၊
အသဿတော လောကော - မမြဲ၊
အန္တဝါလောကော - သတ္တဝါသည် အဆုံး ရှိ၏၊
အနန္တဝါလောကော - အဆုံးမရှိ၊
တံဇီဝံဟံသရီရံ- ဇီဝနှင့်သရီရ တခြားစီမဟုတ်၊
အညံဇီဝံ အညံသရီရံ - ဇီဝတခြား ကိုယ်တခြား၊ ၆
ဟောတိ တထာဂတော ပရမ္မရဏာ - သတ္တဝါသည် သေပြီးလျှင်ဖြစ်၏၊
နဟောတိ တထာဂတော ပရမ္မရဏာ- မဖြစ်၊
ဟောတိ စ န ဟောတိ စ တထာဂတော ပရမ္မရဏာ- ဖြစ်သူလည်းရှိ၏၊ မဖြစ်သူလည်း ရှိ၏၊
နေဝဟောတိ န နဟောတိ - တထာဂတော ပရမ္မဏာ - ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်းမဟုတ်။ ၄
ဤ ဆယ်ပါးတည်း。
မိစ္ဆာဒိဋ္ဌိစသော မိစ္ဆတ္တဆယ်ပါးကား - မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါစာ၊ မိစ္ဆာကမ္မန္တ၊ မိစ္ဆာအာဇီဝ၊ မိစ္ဆာဝါယာမ၊ မိစ္ဆာသတိ၊ မိစ္ဆာသမာဓိ၊ မိစ္ဆာဉာဏ၊ မိစ္ဆာ ဝိမုတ္တိ - ဤဆယ်ပါးတည်း。
ထိုတွင် မိစ္ဆာဉာဏ ဟူသည် မကောင်းမှုကိုကြံစည် စိတ်ကူး၍ပြုပြီးလျှင် - ငါသည်ကောင်းစွာ ပြုအပ်ပေပြီဟု ဆင်ခြင်သော ခြင်းရာဖြင့်ဖြစ်သော မောဟတည်း。
မိစ္ဆာဝိမုတ္တိကား ကိလေသာမှမလွတ်ဘဲ လွတ်ပြီဟု မှတ်ထင်သော သညာတည်း။
သမထက္ခန္ဓက၌ ညွှန်းခြင်းကား - အနည်းငယ် ငြင်းခုံရုံမျှသော အဓိကရုဏ်းဖြစ်ခြင်း စသည်ဖြင့် ညွန်းပြ၏。
ဝိဋီ။ ။ အန္တဂ္ဂါဟိကာ ဆယ်ပါး၊ မိစ္ဆတ္တဆယ်ပါးကို သာဋီအတိုင်း ရေတွက်ပြသည်။
မိစ္ဆာဉာဏဟူသည် - မိစ္ဆာဒိဋ္ဌိ နှင့်ယှဉ်သော မောဟတည်း。
ကိလေသာမှ မလွတ်ဘဲ လွတ်ပြီ ဟု မှတ်ထင်ခြင်းသည် မိစ္ဆာဝိမုတ္တိမည်၏。
ထိုမှပြန်သော သမ္မတ္တ ဆယ်ပါး၌ အရဟတ္တဖိုလ်သည် သမ္မာဝိမုတ္တိ မည်၏。
ထိုဖိုလ်စိတ်နှင့်ယှဉ်သော ဉာဏ်သည်လည်းကောင်း၊ ပစ္စဝေက္ခဏာဉာဏ်သည်လည်းကောင်း သမ္မာဉာဏ မည်၏။)
ဒသက - ၈
ဆယ်ပါးသောအင်္ဂါနှင့်ပြည့်စုံသော ဝိနယဓရသည် ဗာလသာမည်၏။ အတ္တနောဘာသပရိက္ခန္တံ နဥဂ္ဂဏှာတိ - မိမိစကားအပိုင်းအခြားကို မယူတတ်၊ သူတပါး၏ စကား အပိုင်း အခြားကို မယူတတ်၊ မိမိစကားပိုင်းခြား၊ သူတပါးစကားပိုင်းခြားကို မယူမူတတ်။ ။ အဓမ္မဖြင့် ဆုံးဖြတ်၏။ ပဋိညာကင်းလျက် ဆုံးဖြတ်၏။ အာပတ်မသိ၊ အာပတ်မူလမသိ၊ အာပတ္တိယမုဒယမသိ၊ အာပတ္တိ နိရောဓမသိ၊ အာပတ္တိနိရောဓဂါမိနိပဋိပဒါမသိ。
ဆယ်ပါးသော အင်္ဂါနှင့် ပြည့်စုံသော ဝိနယဓရသည် ပဏ္ဍိတသာ မည်၏။ အတ္တနောဘာသပရိယန္တံ ဥဂ္ဂဏှာတိ။(ပ)။ အာပတ္တိနိရောဓဂါမိ ပဋိပဒံဇာနာတိ။ J
ထို့ပြင် ဝိနယဓရဗာလ မည်ကြောင်း ဆယ်ပါး -- အဓိကရုဏ်းကိုမသိ၊ အဓိကရဏမူလကို၊ သမုဒယကို၊ နိရောဓကို၊ ပဋိပဒါကို မသိ။ ။ ဝတ္ထုကို၊ နိဒါန်းကို၊ ပညတ္တိကို၊ အနုပညတ္တိကို၊ အနုသန္နိဝစနပထကို မသိ。
ပဏ္ဍိတမည် ကြောင်း ဆယ်ပါး -- အဓိကရုဏ်းကိုသိ၏။ (ပ) အနုသန္ဓိဝစနပထကို သိ၏။ J
ထို့ပြင် ဗာလမည်ကြောင်း ဆယ်ပါး -- ဉာတ်ကိုမသိ၊ ဉာတ်ကိစ္စကိုမသိ၊ ရှေ့စကား၌မလိမ္မာ၊ နောက်စကား၌ မလိမ္မာ၊ အခါကိုမသိ၊ အာပတ်နာပတ်ကိုမသိ၊ လဟု ဂရုကို၊ သာဝသေသာနဝသေသကို၊ ဒုဋ္ဌုလ္လာဒုဋ္ဌုလ္လကိုမသိ၊ ဆရာအစဉ် အဆက်ကို ကောင်းစွာမမှတ်သား。
ပဏ္ဍိတ မည်ကြောင်းဆယ်ပါး -- ဉာတ်ကို သိ၏။ (ပ) ဆရာအစဉ် အဆက်ကို ကောင်စွာမှတ်သား၏။ J
ထို့ပြင် ဗာလမည်ကြောင်းဆယ်ပါး -- အာပတ် နာပတ်မသိ၊ လဟု ဂရု၊ သာဝသေသာနဝသေသ၊ ဒုဋ္ဌုလ္လာဒုဋ္ဌုလ္လ၊ ပါတိမောက်အကျယ် မလေ့လာ၊ အာပတ်နာပတ်မသိ၊ လဟုဂရု၊ သာဝသေသာ နဝသေသ၊ ဒုဋ္ဌုလ္လာဒုဋ္ဌုလ္လမသိ၊ အဓိကရုဏ်း၌ အဆုံးအဖြတ်မလိမ္မာ。
ပဏ္ဍိတမည်ကြောင်းဆယ်ပါး -- အာပတ်နာပတ် သိ၏။ (ပ) အဆုံးအဖြတ် လိမ္မာ၏။ J
(ယခင် ပဉ္စက ၁၆-ခုကို ဒသကရှစ်ခု ပြုထားသည်။)
ဒသက ၂၈
ဆယ်ပါးသောအင်္ဂါနှင့် ပြည့်စုံသောရဟန်းကို ဥဗ္ဗာဟိကာ ကမ္မဝါစာဖြင့် သမုတ်အပ်၏。
ဆယ်ပါးသော အကျိုးထူးတို့ကိုစွဲ၍ မြတ်စွာဘုရားသည် သာဝကတို့အား သိက္ခာပုဒ်ကိုပညတ်သည်။
နန်းတော်တွင်း ဝင်ရာ၌ အပြစ်ဆယ်ပါး。
ဒါနဝတ္ထုဆယ်ပါး。
ရတနာ ဆယ်ပါး။ ၅
ဆယ်ယောက်အစုရှိသော ဘိက္ခုသံဃာ。
ဒသဝဂ်သံဃာသည် ဥပသမ္ပဒကံကို ပြုအပ်၏。
ပံသုကူဆယ်ထည်。
သင်္ကန်းဆယ်ထည် ဆောင်ခြင်း。
ဆယ်ရက်ပတ်လုံး အတိရေကသင်္ကန်းကို ဆောင်အပ်၏။ ၅
သုတ်ဆယ်မျိုး。
ဣတ္ထိ- မိန်းမဆယ်ယောက်。
ဘရိယာ- မယားဆယ်ယောက်。
ဝေသာလီ၌ ဝတ္ထု ဆယ်ပါး ပြကုန်၏。
ရှိမခိုးအပ်သူဆယ်ယောက်。
အက္ကောသ ဝတ္ထုဆယ်ပါး။ ၆
ဆယ်ပါးသော အကြောင်းတို့ဖြင့် ဂုံးတိုက်၏。
သေနာသန ဆယ်ခု。
ဆုဆယ်ပါး တောင်းကုန်၏。
ပါတိမောက်ထားခြင်းအဓမ္မိကဆယ်ပါး။ ဓမ္မိကဆယ်ပါး။ ၅
ယာဂုအာနိသင်ဆယ်ပါး。
အသားဆယ်မျိုးမအပ်。
ပရမဆယ်ပါး。
ဆယ်ဝါရသော ဗျတ္တပဋိဗလရဟန်းသည် ရှင်ပြုပေးအပ်၏။ ရဟန်းပြုပေးအပ်၏။ နိဿယည်းပေးအပ်၏။ သာမဏေအလုပ်အကျွေးခံအပ်၏。
ဆယ်ဝါရသော ဗျတ္တာ ပဋိဗလာဘိက္ခုနီသည် ရှင်ပြုပေး၊ ရဟန်းပြုပေး နိဿယည်းပေး သာမဏေမ၏ အလုပ်အကျွေးခံအပ်၏။ ၅
ဆယ်ဝါရသော ဗျတ္တာပဋိဗလာ ဘိက္ခုနီသည် ဝုဋ္ဌာပန သမ္မုတိကို သာယာအပ်၏。
အသက်ဆယ်နှစ်ရှိသော ဂိဟိဂတာအား သိက္ခာကို ပေးအပ်၏။ J
[စကားများစွာဆိုကြသော အဓိကရုဏ်း၌ ဆယ်ပါးသောအင်္ဂါနှင့် ပြည့်စုံသော ရဟန်းကို ဥဗ္ဗာဟိကာဖြင့် သမုတ်အပ်၏။ သီလရှိ၏။ ဗဟုသုတရှိ၏။ စသည်ဖြင့် သမထက္ခန္ဓက၌ဟောသည်။
နန်းတော်တွင်း ဝင်ရာ၌ အပြစ်ဆယ်ပါးကို ရာဇသိက္ခာပုဒ်၌ ညွှန်းပြပြီ。
ဒါနဝတ္ထု ဆယ်ပါးကား - အန္နံ - ထမင်း၊ ပါနံ-အဖျော်၊ ဝတ္ထံ-အဝတ်၊ ယာနံ- ယာဉ် (ဝါ) ဘိနပ်၊ မာလာ-ပန်း၊ ဂန္ဓံ -နံ့သာ၊ ဝိလေပန- နံ့သာပျောင်း၊ သေယျာ - အိပ်ရာနေရာအခင်း၊ အာဝသအံ-ကျောင်း၊ ပဒီပေယျံ- ဆီမီး。
ရတနာဆယ်ပါးကား - ပုလဲ၊ ပတ္တမြား၊ ကြောင်မျက်ရွဲ စသည်တို့တည်း。
ပံသုကူဆယ်ထည်ကား - သုသာန်၌ ကျသောအဝတ်၊ အိမ်ဈေး၌ကျသော အဝတ်၊ ကြွက်ခဲ၊ ခြခဲ၊ မီးလောင်၊ နွားဝါး၊ ဆိတ်ဝါး၊ တောင်ပို့ရစ်၊ ရေချိုးရာဘိသိက်သွန်းရာ၌ စွန့်သော အဝတ်၊ သုသာန်မှပြန်ဆောင်သော အ၀တ်၊ ဤ သင်္ကန်းတို့၌ ရဟန်းသည် အားထုတ်အပ်၏။ (ဝိသုဒ္ဓိမဂ်၌ ၂၃-မျိုးပြ၏၊ ဆိတ်ဝါး-မပါ)。
သင်္ကန်းဆယ်ထည် ဆောင်ခြင်းကား- အလုံးစုံညိုသောသင်္ကန်း တို့ကို ဆောင်ကုန်၏စသည်ဖြင့် ဟောသော ဆယ်ထည်ဟု ကုရုန္ဒီ၌ ဆို၏။ မဟာအဋ္ဌကထာ၌ကား ကပ္ပိယစီဝရ သင်္ကန်းကိုးထည်တို့၌ ရေသနုပ် ဖြစ်စေ၊ ရင်လွှမ်းတဘက်ဖြစ်စေ ထည့်၍ ဆယ်ထည်ဟု ဆို၏。
ရှိမခိုး အပ်သူဆယ်ယောက်ကို သေနာသနက္ခန္ဓက၌ပြပြီးပြီ。
အက္ကောသ ဝတ္ထုဆယ်ပါးကို ဩမသဝါဒ၌ပြပြီးပြီ။
ဆယ်ပါးသော အကြောင်းတို့ကို ပေသုညသိက္ခာပုဒ်၌ ပြပြီးပြီ。
သေနာသနဆယ်ခုကား--
မဉ္စော၊
ပီဋ္ဌံ၊
ဘိသိ ဗိဗ္ဗောဟနံ - ဘုံလျိုခေါင်းအုံး၊
စိမိလိကာ- မြေ၌အခင်း၊
ဥတ္တရတ္တရဏံ - ညောင်စောင်းအထက်၌အခင်း၊
ကဋ္ဋကာ- ကဲလား၊ (ဝါ) ခင်းပိုင်း၊
စမ္မက္ခဏ္ဍော - သာရေးနယ်-သားရေပိုင်း၊
နိသိဒနံ- နိသိဒိုင်၊
တိဏသန္တာရော -မြက်အခင်း၊
ပဏ္ဏသန္ထာရော - သစ်ရွက် အခင်း၊
(ဘူတဂါမဝဂ်၌ သေယျဆယ်ပါးနှင့် အနည်းငယ်ထူး၏။)
ဆုဆယ်ပါးကား - ဝိသာခါဆုရှစ်ပါး၊ သုဒ္ဓေါဒနမင်းကြီး ဆုတစ်ပါး၊ ဆရာဇီဝက ဆုတစ်ပါး၊
ယာဂုအာနိသင်နှင့် အသား ဆယ်မျိုး တို့ကို ဘေသဇ္ဇက္ခန္ဓက၌ ညွှန်းပြီးပြီ။]
(ဇီဋီ။ ။ မာတုရက္ခိတာ စသော တစ်ကျိပ်သည် ဣတ္ထိ ဆယ်ယောက်တည်း。
ဓနက္ကိတာ စသည်တို့သည် မယားဆယ်ယောက်တို့တည်း。
အသက်ဆယ်နှစ်ရှိသော ဂိဟိဂတာအား ဆယ်ဝါရသူသည် သိက္ခာသမ္မုတိပေး၍ ၁၂-နှစ် ရှိသောအခါ မိမိသည်လည်း ၁၂-ဝါရသူဖြစ်လတ္တံ့၊ ထို့ကြောင့် ဆယ်ဝါရလျှင် ဝုဋ္ဌာပနသမ္မုတိကို သာယာအပ်၏。
ဆယ်ဝါရသော ဘိက္ခုနီသည် နိဿယည်း ပေးအပ်၏ ဟူသော စကားသည် စာအချို့၌မရှိ။ မရှိသော်လည်း ပါဠိတော်ပါဌ်သာ ဖြစ်၏。
သာဋီ။ ။ မာတုရက္ခိတာဒယော- ဒသဣတ္ထိယော - ဓနက္ကတာဒယော - ဒသဘရိယာ။)
ဧကာဒသက ၂၀
၃၃၁။ ဧကာဒသက ၁၈
တစ်ဆယ့်တစ်ယောက်သော ပုဂ္ဂိုလ်တို့ကို ရဟန်းမပြုသေးလျှင် ရဟန်း ပြုမပေးအပ်ကုန်။ ရဟန်းပြုပြီးလျှင် ဖျက်ဆီးအပ်ကုန်၏။ ပါဒုကာ တစ်ဆယ့်တစ်ခုမအပ်။ သပိတ်တစ်ဆယ့်တစ်လုံးမအပ်။ သင်္ကန်း တစ်ဆယ့် တစ်ထည်မအပ်။ ယာဝတတိယက တစ်ဆယ့်တစ်ပါး။ ၅
ဘိက္ခုနီတို့အား အန္တရာယိကဓမ္မ တစ်ဆယ့်တစ်ပါး မေးအပ်၏။
သင်္ကန်း တစ်ဆယ့်တစ်ထည်ကို အဓိဋ္ဌာန်တင်အပ်၏။
တစ်ဆယ့်တစ်ထည်ကို ဝိကပ္ပနာ မပြုအပ်။
ဧကာဒသအရုဏ်တက်လျှင် နိဿဂ္ဂိဖြစ်၏။
ကမ္ပတ်သီး တစ်ဆယ့်တစ်ခုအပ်၏။ ၅
ခါးပန်းဗိ တစ်ဆယ့်တစ်ခုအပ်၏။
ပထဝီ တစ်ဆယ့် တစ်မျိုးမအပ်။
ပထဝီ တစ်ဆယ့်တစ်မျိုးအပ်၏။
နိဿယည်းငြိမ်းခြင်း တစ်ဆယ့်တစ်ပါး။
တစ်ဆယ့်တစ်ယောက်ကို ရှိမခိုးအပ်။ ၅
ပရမတစ်ဆယ့်တစ်ပါး။
ဆုတစ်ဆယ့်တစ်ပါးကို တောင်းကုန်၏။
သိမ်အပြစ်တစ်ဆယ့်တစ်ပါး။ ၃
[ပဏ္ဍုတ်စသော တစ်ဆယ့်တစ်ယောက်ကို ရဟန်းပြုမပေးအပ်၊ ပြုပြီးလျှင် ဖျက်ဆီးအပ်၏။
ပါဒုကာတစ်ဆယ့်တစ်ခုကား- ရတနာခြေနင်းဆယ်ခု၊ သစ်သားခြေနင်းတစ်ခုဖြစ်၏။ တိဏ ပါဒုကာ၊ ပုဉ္စပါဒုကာ၊ ပဗ္ဗဇပါဒုကာ စသည်တို့ကို ကဋ္ဌပါဒုကာ၌ ရေတွက်အပ်ကုန်၏။ (စက္ကူ၊ ရော်ဘာ တို့ကိုလည်း ပါဒုကာ၌ ရေတွက်ကြသည်။)
သပိတ်တစ်ဆယ့်တစ်လုံးကား- ကြေးနီသပိတ် နှင့် တစ်နည်း သစ်သားသပိတ်နှင့် ရတနာသပိတ်ဆယ်လုံး။
သင်္ကန်း တစ်ဆယ့်တစ်ထည်ကား အလုံးစုံ ညိုသော သင်္ကန်းစသော တစ်ဆယ့်တစ်ထည်။
ယာဝတတိယက တို့သည် ဥက္ခိတ္တာနုဝတ္တိကာ ဘိက္ခုနီတစ်ပါး သံဃာဒိသေသ် ရှစ်ပါး၊ အရိဋ္ဌတစ်ပါး၊ စဏ္ဍကာဠိ တစ်ပါး - ဤသို့ တစ်ဆယ့်တစ်ပါး။
အန္တရာယိကဓမ္မ တစ်ဆယ့်တစ်ပါးကား- နသိ အနိမိတ္တာ - စသည်တို့တည်း။
အဓိဋ္ဌာန်တင်အပ်သော သင်္ကန်းတစ်ဆယ့် တစ်ထည်ကား - တိစီဝရိတ်၊ မိုးရေခံ၊ နိသီဒိုင်။၅ အိပ်ရာခင်း၊ အမာလွှမ်း၊ မျက်နှာသုတ်၊ ပရိက္ခာရစောဠ။၄ ရေသနုပ်၊ ရင်လွှမ်းတဘက်။၂ ဤတစ်ဆယ့်တစ်ထည်ကိုသာလျှင် အဓိဋ္ဌာန်တင်သော ကာလမှစ၍ ဝိကပ္ပနာမပြုအပ်။
ကမ္ပတ်သီး၊ ခါးပန်းဗိတို့သည် ချည်ဖြင့်ပြီးသော သုတ္တမယနှင့် တစ်ဆယ့်တစ်ခုစီ - ခုဒ္ဒကန္ဓက၌ ညွှန်းပြီးပြီ။
ပထဝီတို့ကို ပထဝီသိက္ခာပုဒ်၌ ညွှန်းပြီးပြီ။
နိဿယည်း ငြိမ်းခြင်းကား ဥပဇ္ဈာယ်မှငါးပါး၊ အာစရိယမှခြောက်ပါး - ဤသို့ တစ်ဆယ့်တစ်ပါး။
အဝန္ဒိယတို့သည် နဂ္ဂနှင့် တစ်ဆယ့်တစ်ယောက် - သေနာသနက္ခန္ဓက၌ ညွှန်းပြီးပြီ။
ပရမတစ်ဆယ့်တစ်ပါးကို တစ်ဆယ့်လေးပါးတို့၌ တစ်ဆယ့်တစ်ပါးဖြင့် ယှဉ်၍သိအပ်၏။
ဆုတစ်ဆယ့်တစ်ပါးကား မဟာပဇာပတိ တောင်းသောဆုနှင့် ယခင် ဆယ်ပါး။
သိမ်အပြစ် တစ်ဆယ့်တစ်ပါးသည် အလွန်ငယ်လွန်းသော သိမ်စသည်ဖြင့် ကမ္မဝဂ်၌လာလတ္တံ့။
ဧကာဒသက ၂
ဆဲရေးတတ် ရေရွတ်တတ်သော ပုဂ္ဂိုလ်၌ အပြစ် တစ်ဆယ့်တစ်ပါး အလိုရှိအပ်၏။
မေတ္တာဈာန်ကို ကောင်းစွာပွားလျှင် အာနိသင်တစ်ဆယ့်တစ်ပါး အလိုရှိအပ်၏။ ချမ်းသာစွာ အိပ်ရ၏။ ချမ်းသာစွာ နိုး၏။ မကောင်းသောအိပ်မက်ကိုမမြင်မက်။ လူချစ်၏။ နတ်ချစ်၏။ နတ်တို့ စောင့်ရှောက်ကုန်၏။ မီး အဆိပ် လက်နက် မသင့်။ လျင်မြန်စွာ စိတ်သမာဓိ ရ၏။ မျက်နှာအဆင်း ကြည်လင်၏။ မတွေမဝေ အသေလှ၏။ မဂ်ဖိုလ်မရလျှင် ဗြဟ္မာပြည်၌ဖြစ်၏။
* အိပ်, နိုး, မက်, ချစ် ၄ ချစ်, စောင့်, မီး တည် ၄ ကြည်, သေ, ဗြဟ္မာ ၃ ဆယ့်တစ်ဖြာ - မေတ္တာအာနိသင်)
[အက္ကောသက ပရိဘာသက ပုဂ္ဂိုလ်၌ အပြစ်တစ်ဆယ့်တစ်ပါးကား – ချစ်သားတို့ ဆဲရေးတတ် ရေရွတ် တတ်သူသည် သီတင်းသုံးဘော်တို့ကို ဆဲရေးတတ်၏။ ရေရွတ်တတ်၏။ အရိယာတို့ကိုစွပ်စွဲတတ်၏။ ထိုသူသည် ပျက်စီးခြင်း တစ်ဆယ့်တစ်ပါးတို့တွင် တပါးပါးသို့ မရောက်နိုင်သော အကြောင်းအရာရှိ၊
တစ်ဆယ့်တစ်ပါးကား --
မရသေးသော ဂုဏ်ထူး စည်းစိမ်ကိုမရ။
ရပြီးသောဂုဏ်ထူးစည်းစိမ်မှ ဆုတ်ယုတ်တတ်၏။
သဒ္ဓမ္မ ဟူသော ဗုဒ္ဓဝစနတို့သည် ထိုသူအား မပြကုန်။
သဒ္ဓမ္မတို့၌ အလွန်အထင်ကြီး၍ ရနိုးရနိုးဖြစ်၏။
မမွေ့လျော်ဘဲ ဗြဟ္မစရိယကိုကျင့်ရ၏။
ညစ်နွမ်းသော အာပတ် တစ်ခုခုသို့လည်း ရောက်တတ်၏။
သိက္ခာချ၍ လူသော်လည်း ထွက်တတ်၏။
ရောဂါဆိုးသော်လည်း နှိပ်စက်တတ်၏။
ရူးသော်လည်းရူး၊ မရူးလျှင်စိတ်ပြန့်လွင့်တတ်၏။
တွေတွေ ဝေဝေ အသေဆိုး၏။
သေလျှင်အပါယ်ငရဲရောက်၏။ (ပေါင်း ၁၁)။
မေတ္တာဈာန်ကို ကောင်းစွာပွားရာ၌ --
အစမှစ၍ မှီဝဲသောမေတ္တာသည် အာသေဝိတာ မည်၏။
ပြည့်စုံသော တိုးပွားသောမေတ္တာသည် ဘာဝိတာ မည်၏။
အဖန်ဖန်ပြုလျှင် ဗဟုလီကတာ၊
ကောင်းစွာကအပ်သော ယာဉ်ရထားနှင့်တူအောင် စီးဖြန်းလျှင် ယာနိကတာ၊
တည်ရာဖြစ်အောင် စီးဖြန်းလျှင် ဝတ္ထုကတာ၊
ဆက်ကာ ဆက်ကာစီးဖြန်း၍ အမြဲ ဆောက်တည်လျှင် အနုဋ္ဌိတာ၊
ဝန်းကျင်ဆည်းပူး၍ အရပ်အားလုံး၌ တိုးပွားအောင် ဖြန့်လျှင် ပရိစီတာ၊
ကောင်းစွာဝသီဘာဝသို့ ရောက်အောင် အားထုတ်လျှင် သုသမာရဒ္ဓါမည်၏။
(ထိုမေတ္တာသည် ကိလေသာမှ စိတ်လွတ်သောကြောင့် စေတေ ဝိမုတ္တိမည်၏။)
မကောင်းသောအိပ်မက်ကို မမြင်မက်ဟူသည် မကောင်းသည်ကိုသာမမြင်၊ ကောင်းသောကြီးပွားကြောင်း အိပ်မက်ကို မြင်၏။
နတ်တို့စောင့်ဟူသည် ကိုယ်စောင့်နတ်တို့သည် တရားနှင့်ညီသော စောင့်ခြင်းကို ရှေးရှု ထင်စေကုန်၏။
ဗြဟ္မာပြည်၌ ဖြစ်ခြင်းကား မေတ္တာဈာန်မှလွန်၍ အရဟတ္တဖိုလ်ကို မျက်မှောက်မပြုနိုင်သော သေက္ခ၊ ပုထုဇဉ် အဖြစ်ဖြင့် သေလျှင် ဗြဟ္မာပြည်၌ဖြစ်၏။]
(ဇီဋီ။ ။ နဝေါဒါယန္တိသည် နပကာသေန္တိ - သူတော်ကောင်းတရားတို့သည် မပြကုန်။
ရောဂါသည်သာလျှင် ရောဂါတကံမည်၏။ တနည်း ရောဂါအန္တရာယ်သည် ရောဂါကကံ မည်၏။
သာဋီ။ ။ ကောင်းစွာထအပ်သော ယာဉ်သည် လိုတိုင်းခဏ၌ အလွယ်တကူလည်နိုင်၏။
တည်ရာဖြစ်အောင်ဟူသည် သမ္ပတ္တိတို့၏တည်ရာ ဖြစ်အောင်တည်း။
ဆက်ကာ ဆက်ကာ ဟူသည် အကြိမ်များစွာ ပွားခြင်းဖြင့် ဆက်ကာ ဆက်ကာ စီးဖြန်းအပ်၏။
အာနိသင်တို့၌ မေတ္တာမပွားသူတို့သည် လူးလှိမ့်လျက် ကျီးသံဟောက်လျက် ဆင်းရဲစွာအိပ်ရကုန်၏။
မေတ္တာပွားသူတို့ကား ဤသို့မဟုတ်။ ချမ်းသာစွာ အိပ်ရကုန်၏။ အိပ်ပျော်ခြင်းသို့ ရောက်သော်လည်း သမာပတ် ဝင်စားသူတို့နှင့် တူကုန်၏။ ညည်းတွားလျက် ဆန့်တန်းလျက် လူးလှိမ့်လျက် ဆင်းရဲစွာ နိုးကြသည်မဟုတ်၊ ပွင့်သော ပဒုမ္မာ ကဲ့သို့ မဖောက်မပြန် ကြည်လင်စွာနိုးကုန်၏။ ရှေး၌ခံစားဘူးခြင်းဖြင့်လည်းကောင်း၊ နတ်တို့ဆောင်ခြင်းဖြင့် လည်းကောင်း၊ စိတ္တဇ၊ ဥတုဇ၊ အာဟာရဇ ရုပ်ဖောက်ပြန်၍ ဓာတ်ချောက်ချား ခြင်းဖြင့်လည်းကောင်း၊ အိပ်မက်မက်သော်လည်း မကောင်းသည်ကို မမြင်မက်၊ ကောင်းသည်ကိုသာ မြင်မက်ကုန်၏။ ရန်သူဝိုင်းသကဲ့သို့ သားရဲနှိပ်စက်သကဲ့သို့ ချောက်၌ကျသကဲ့သို့မမက်၊ ဘုရားဖူး ရသကဲ့သို့ တရားနာရသကဲ့သို မက်ကုန်၏။ ပုလဲသွယ် ဦးခေါင်း တန်ဆာတို့ကိုကဲ့သို့ လူတို့မြတ်နိုးကုန်၏။ ဝိသာခမထေရ်ကိုကဲ့သို့ နတ်တို့မြတ်နိုးကုန်၏။
(တောအုပ်မှ ထွက်ခွါလိုသော ဝိသာခမထေရ်ကို အရှင်ဘုရား မထွက်ခွါပါနှင့်၊ အရှင်ဘုရားမရှိလျှင် အကျွန်ုပ်တို့ နတ်အချင်းချင်း ရှေးကကဲ့သို့ မပြတ်ရန်ပွဲကြီး ဖြစ်ကြပါလိမ့်မည်။ အရှင်ဘုရား ရောက်သောနေ့မှစ၍ အချင်းချင်း မေတ္တာရကြပါသည် လျှောက်ကုန်၏။ ထိုမထေရ်သည် တနေရာလေးလလျှင် နေလိုလျက် ထို၌ တစ်သက်လုံးနေ၍ နိဗ္ဗာန်စံသည်။)
မေတ္တာပွားသော ဥတ္တရာဥပါသိကာအား ထောပတ်ပူ လောင်းချလျက် ပူလောင်ခြင်းမရှိ၊ သံယုတ္တ နိကာယ်ဆောင် စူဠသီဝမထေရ်အား တရားနာစဉ် မြွေကိုက်လျက် အဆိပ် မတက်၊ သံကိစ္စသာဏေအား ခိုးသူတို့၏လက်နက် မစူး မဝင်သဖြင့် တွန့်ခြင်းမဖြစ်။
ဤ၌ နွားမဝတ္ထုကိုလည်း ဆိုကုန်၏။ နွားမတစ်ကောင်သည် သားငယ်အား နို့စို့စေလျက် ရပ်နေ၏။ မုဆိုးတစ်ယောက်သည် နွားမကိုလှံဖြင့်ထိုးမည်ဟု ချိန်၍ ရိုးရှည်လှံကို တအားလွှတ်လိုက်၏။ လှံသည် နွားမကိုထိလျက် ထန်းရွက်ကဲ့သို့ လျှောခွေလျက်ကျသွား၏။ ဤကား ဥပစာရမေတ္တာ၊ အပ္ပနာမေတ္တာမဟုတ်၊ သားငယ်၌ အားကြီးသော အကျိုးစီးပွားဆောင်သော မေတ္တာစိတ်၏ အာနုဘော်တည်း။
အကယ်၍ မေတ္တာဈာန် လျောသူဖြစ်အံ့၊ ဒေါသဝေးသောကြောင့် လျင်စွာ ဈာန်သမာဓိ ပြန်ရနိုင်၏။ ကြွေကာစ ထန်းသီးမှည့်ကဲ့သို့ မျက်နှာအဆင်း ကြည်လင်ကုန်၏။ မေတ္တာပွားသူတို့အား တွေဝေသော အသေဆိုး မည်သည်မရှိ၊ အိပ်ပျော်ခြင်းသို့ ရောက်သကဲ့သို့ မတွေမဝေလျက်သာ တင့်တယ်စွာ သေခြင်းကို ပြုကုန်၏။)
ဧကာဒသကပြီး၏။
ဧကုတ္တရိကပြီး၏။
(၈) ဥပေါသထာဒိပုစ္ဆာဝိဿဇ္ဇန
၃၃၂။ ပုဒ် ၃ဝ၏ ပုစ္ဆာ
ဥပုသ်ကံ၏အစသည်အဘယ်နည်း။ အလယ်သည် အဘယ်နည်း။ အဆုံးသည် အဘယ်နည်း။ (န-ပုစ္ဆာစီ)။ ပဝါရဏာ၏။ (ပ) အဘယ်နည်း။ J
တဇ္ဇနိယကံ၏၊ နိယသကံ၏၊ ပဗ္ဗာဇနိယကံ၏၊ ပဋိသာရဏိယကံ၏၊ ဥက္ခေပနိယကံ၏။ ၅
ပရိဝါသ်ပေးခြင်း၏၊ အရင်းငင်ခြင်း၏၊ မာနတ်ပေးခြင်း၏၊ အဗ္ဘန်၏။ ဥပသမ္ပဒါကံ၏။ ၅
တဇ္ဇနိယကံငြိမ်းခြင်း၏၊ နိယသကံငြိမ်းခြင်း၏၊ ပဗ္ဗာဇနိယကံငြိမ်းခြင်း၏၊ ပဋိသာရနိယကံငြိမ်းခြင်း၏၊ ဥက္ခေပနီယကံ ငြိမ်းခြင်း၏။ ၅
သတိဝိနည်း၏၊ အမူဠဝိနည်း၏၊ တဿ ပါပိယျသိကာ၏၊ တိဏဝတ္ထာရက၏။ ၄
ဘိက္ခုနောဝါဒကသမ္မုတိ၏၊ တိစီဝရေနအဝိပ္ပဝါသသမ္မုတိ၏၊ သန္ထက သမ္မုတိ၏၊ ရူပိယဆဍ္ဍကသမ္မုတိ၏။ ၄
သာဋိယဂ္ဂါဟာပက - မိုးရေခံသင်္ကန်း ယူစေသူ (ဝါ) ပေးသူသမ္မုတိ၏၊
ပတ္တဂ္ဂါဟာပက - သပိတ်ပေးသူသမ္မုတိ၏၊
ဒဏ္ဍသမ္မုတိ၏၊
သိက္ကာသမ္မုတိ၏၊
ဒဏ္ဍသိက္ကာသမ္မုတိ၏ ၅ --
အစသည် အဘယ်နည်း။ အလယ်သည်အဘယ်နည်း။ အဆုံးသည်အဘယ်နည်း။ (၃၀× ၃ = ၉ဝ)
၃၃၃။ ဝိသဇ္ဇနာ
ဥပုသ်ကံ၏ အစသည် အဘယ်နည်း။ အလယ်သည်၊ အဆုံးသည် အဘယ်နည်း။
ဥပုသ်ကံ၏ သာမဂ္ဂီ၊ ညီညွတ်ခြင်းသည်အစ၊ ပြုခြင်းသည် အလယ်၊ ပြီးခြင်းသည်အဆုံး။
ပဝါရဏာကံ၏ သာမဂ္ဂီသည်အစ၊ ပြုခြင်းအလယ်၊ ပြီးခြင်းအဆုံး။ ၂
တဇ္ဇနိယကံ၏ ဝတ္ထုသည် ပုဂ္ဂလသည်အစ၊ ဉာတ်-အလယ်၊ ကမ္မဝါစာ အဆုံး။
နိယသ၏။ (ပ)။ အဗ္ဘာန်၏ဝတ္ထုသည် ပုဂ္ဂလသည်အစ၊ ဉာတ်-အလယ်၊ ကမ္မဝါစာအဆုံး။ ၉
ဥပသမ္ပဒကံ၏ ပုဂ္ဂိုလ်သည် အစ၊ ဉာတ်အလယ်၊ ကမ္မဝါစာ-အဆုံး။ ၁
တဇ္ဇနိယကံ ငြိမ်းခြင်း၏။ (ပ)။ ဥက္ခေပနိယကံ ငြိမ်းခြင်း၏ --
သမ္မာဝတ္တနာ- ကောင်းစွာကျင့်ခြင်းသည်အစ၊ ဉာတ်အလယ်၊ ကမ္မဝါစာအဆုံး။ ၅
သတိဝိနည်း၏။ (ပ)။ ဒဏ္ဍသိက္ကာသမ္မုတိ၏ဝတ္ထုသည် --
ပုဂ္ဂလ သည်အစ၊ ဉာတ်အလယ်၊ ကမ္မဝါစာအဆုံး။ ၁၃
[ညီညွတ်ခြင်းသည် အစဟူသည်ကား - ဥပုသ်ပြုအံ့ဟု သိမ်ကို သုတ်သင်၍ ဆန္ဒပါရိသုဒ္ဓိကိုဆောင်၍ စည်းဝေးသော ရဟန်းတို့၏ ကိုယ်၏ ညီညွတ်ခြင်းသည် အစဖြစ်၏။ ပုဗ္ဗကိစ္စကိုပြု၍ ပါတိမောက် ရွတ်ဆိုခြင်းသည် အလယ်၊ တတ္ထသဗ္ဗေဟေဝ သမဂ္ဂေဟိ သမ္မောဒမာနေဟိ အဝိဝဒမာနေဟိ သိက္ခိတဗ္ဗံ - ဟု ပါတိမောက်ပြီးစီးခြင်းသည် အဆုံး ဖြစ်၏။
ပဝါရဏာ၌ ပဝါရဏာပြုအံ့ဟု သိမ်သုတ်သင်၍ ဆန္ဒ ပဝါရဏာဆောင်၍ စည်းဝေးသော ရဟန်းတို့၏ ကာယသာမဂ္ဂီသည် အာဒိ၊ ပဝါရဏာ ဉာတ်သည်လည်းကောင်း၊ ပဝါရဏာကထာ သည်လည်းကောင်း၊ မဇ္ဈေ- သံဃာငယ်၏- ပဿန္တောပဋိ ကရိဿာမိ – ဟူသော စကားသည် အဆုံးဖြစ်၏။
တဇ္ဇနီယကံ စသည်တို့၌ ကံထိုက်ကြောင်း ပြုသော ဝတ္ထုသည် ဝတ္ထုမည်၏။
ထိုဝတ္ထုကို ပြုသူသည်၊ ဝါ-ကံထိုက် သူသည် ပုဂ္ဂလမည်၏။
ကတံသံဃေန။ (ပ)။ ဧ၀မေတံဓာရယာမိ - ဟူသော ထိုထိုကမ္မဝါစာ၏ အဆုံးစကားသည် အဆုံးမည်၏။ အကြွင်းအားလုံးပေါ်လွင်ပြီ။]
(ဇီဋီ။ ။ သံဃံဘန္တေ ပဝါရေမိ - စသည်သည် ပဝါရဏာ ကထာမည်၏။
သာဋီ။ ။ သံဃံ ဘန္တေ ပဝါရေမိ-စသည်သည် ပဝါရဏာ ကထာမည်၏ဟု ကဏ္ဍိတို့၌ ဆိုသည်။
ဝိဋီ။ ။ ပဝါရဏာကထာဟူသည် ဒိဋ္ဌစသော သုံးဋ္ဌာနဖြင့် ဘိတ်ကြားသော စကားသာတည်း။)
(၉) အတ္ထဝသ ပကရဏ
၃၃၄။ အကျိုးထူးဆယ်ပါး
ဆယ်ပါးသော အတ္ထဝသတို့ကိုစွဲ၍ မြတ်စွာဘုရားသည် သာဝကတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏။
သံဃသုဋ္ဌုတာယ- သံဃာသည်ကောင်းပါပြီ၊ လိုက်နာပါမည်ဟု ဝန်ခံခြင်းငှါ၊
သံဃဖာသုတာယ- သံဃာသည် ဝန်ခံခြင်းတူ အသက်မွေးခြင်းတူသဖြင့် ချမ်းသာစွာနေရခြင်းငှါ၊
ဒုမ္မင်္ကုနံ နိဂ္ဂတာယ - အလဇ္ဇီ ဒုဿီလတို့ကို နှိမ်နိုင်ခြင်းငှါ၊
ပေသလာနံ ဖာသု ဝိဟာရာယ-လဇ္ဇီပေသလတို့ ကျင့်စရာသိ၍ ကျင့်လွယ်စေခြင်းငှါ၊
အာသဝါနံ သံ၀ရာယ- မျက်မှောက် အာသဝဘေးကို စောင့်စည်းခြင်းငှါ၊
ပဋိဃာတာယ-တမလွန် အာသဝဘေးကို တားခြင်းငှါ၊
ပသာဒါယ - မကြည်ညိုသူ ကြည်ညိုခြင်းငှါ၊
ဘိယျောဘာဝါယ- ကြည်ညိုသူ လွန်စွာကြည်ညိုခြင်းငှါ၊
သဒ္ဓမ္မဋ္ဌိတိယာ - သာသနသုံးရပ်တည်ခြင်းငှါ၊
ဝိနယာနုဂ္ဂဟာယ - ဝိနည်းလေးပါးကို ချီးမြှောက်ခြင်းငှါတည်း။
သုဋ္ဌုဘန္တေ- ဝန်ခံစေငှါ ချမ်းသာမြဲခိုင် နှိမ်နိုင်အလဇ္ဇီ လဇ္ဇီကျင့်လွယ် ဘေးနှစ်သယ်လွင့် ကြည်ညို, ဆင့်ပွား သုံးပါး သဒ္ဓမ္မ- တည်ရအပြီး လေးဝိနည်းဖြိုး ကျိုးဆယ်မျိုး - ရွယ်ကိုးပညတ်တော်မူသတည်း။
ဗဒ္ဓစက်ဖွဲ့ခြင်း
သံဃသုဋ္ဌုသည် သံဃဖာသု ဖြစ်၏။
သံဃဖာသုသည် ဒုမ္မင်္ကုနံနိဂ္ဂတာယ ဖြစ်၏။
နိဂ္ဂတာယသည် ပေသလာနံ ဖာသုဝိဟာရာယ ဖြစ်၏။
ဖာသုဝိဟာရာယသည် အာသဝါနံသံဝရာယ ဖြစ်၏။
သံဝရာယသည် ပဋိဃာတာယ ဖြစ်၏။
ပဋိဃာတာယသည် ပသာဒါယ ဖြစ်၏။
ပသာဒါယသည် ဘိယျောဘာဝါယ ဖြစ်၏။
ဘိယျောဘာဝါယသည် သဒ္ဓမ္မဋ္ဌိတိယာ ဖြစ်၏။
ဋ္ဌိတိယာသည် ဝိနယာနုဂ္ဂဟာယ ဖြစ်၏။
(ဝိနယာနုဂ္ဂဟာယသည် သံဃသုဋ္ဌု ဖြစ်၏။ ၁ဝ
ခဏ္ဍစက်
သံဃသုဋ္ဌုသည် သံဃဖာသုဖြစ်၏။ သံဃသုဋ္ဌုသည် နိဂ္ဂဟာယဖြစ်၏။(ပ)။ သံဃသုဋ္ဌုသည် ဝိနယာနုဂ္ဂဟာယ ဖြစ်၏။ (သုဋ္ဌုမူ ၉-ချက်၊ ခဏ္ဍစက် ဖြစ်သောကြောင့်တည်း။)
သံဃဖာသုသည် နိဂ္ဂဟာယဖြစ်၏။(ပ)။ သံဃဖာသုသည် သုဋ္ဌုဖြစ်၏။ (ဖာသုမူ ၉-ချက်၊)။
နိဂ္ဂဟာယသည် ၉-ချက်။
ဖာသုဝိဟာရာယသည် ၉-ချက်။
သံဝရာယ ၉ -ချက်။
ပဋိဃာတာယ ၉-ချက်။
ပသာဒါယ ၉- ချက်။
ဘိယျော ၉-ချက်။
ဋ္ဌိတိယာ ၉-ချက်။
နုဂ္ဂဟာယ ၉-ချက်၊ (၉ ချက်စီ ၉၀)
ဤအတ္ထဝသအရာ၌ --
အတ္ထသတံ - အကျိုးတရား၊
ဓမ္မသတံ – အကြောင်း တရား၊
နိရုတ္တိဒ္ဓိသတံ – သဒ္ဒါနှစ်ရာ၊
ဉာဏစတုဿတံ - ဉာဏ်လေးရာသိအပ်၏။
အတ္ထဝသပကရဏပြီး၏။
မဟာဝဂ္ဂပြီး၏။
မဟာဝိဘင်း သောဠသမဟာဝါရ၊ ဘိက္ခုနီဝိဘင်း သောဠသမဟာဝါရ၊ အန္တရပေယျာလ၊ ဧကုတ္တရိက၊ ဥပေါသထာဒိပုစ္ဆာဝိဿဇ္ဇနာ၊ အတ္ထဝသပကရဏာ- ဤအလုံးစုံသည် မဟာဝဂ္ဂမည်၏။
(အန္တရပေယျာလသည် သမုဋ္ဌာနသိသ သင်္ခေပ၊ ကတိပုစ္ဆာဝါရ၊ ဝီသတိဝါရ၊ ခန္ဓကပုစ္ဆာဝါရတို့သည်း။)
[အတ္ထဝသ၌ ဆိုဘွယ်အနက်အဖွင့်ကို ပဋ္ဌမပါရာဇိက၌ ဆိုအပ်ပြီ၊ သံဃသုဋ္ဌုသည် သံဃဖာသုဖြစ်၏ - စသည်၌ အထက် အထက် ပုဒ်သည် အောက် အောက်ပုဒ်၏ - အကျိုးအတ္ထု ဖြစ်၏။ ဆယ်ခုသောပုဒ်တို့တွင် တစ်ပုဒ်ပုဒ်ကို မူလပြု၍ ဆယ်ကြိမ် ယှဉ်တွဲခြင်းဖြင့် ပုဒ်တစ်ရာ၊ (ဝါ- နှစ်ပုဒ်စီရှိသော ဝါကျတစ်ရာ) ကို ဟောသည်။ နောက် နောက်ပုဒ်အစွမ်းဖြင့် အကျိုးအတ္ထတစ်ရာကို ရှေးရှေးပုဒ်စွမ်းဖြင့် အကြောင်းဓမ္မတစ်ရာကို သိအပ်၏။
တစ်နည်း - ပဋ္ဌမပါရာဇိကအဖွင့်၌ “မြတ်စွာဘုရား၏ စကားကို သုဋ္ဌုဘန္တေဟု ဝန်ခံလျှင် ကြာမြင့်စွာ စီးပွား ချမ်းသာဖြစ်၏။ ထို့ကြောင့် ဝန်မခံခြင်း၌ အပြစ်ကို ဝန်ခံခြင်း၌ အကျိုးကိုပြ၍ ဝန်ခံနိုင်စိမ့်သောငှါ သိက္ခာပုဒ်ကို ပညတ်မည်၊ အနိုင်အထက်ဖြင့်မဟုတ်” စသည်ဖြင့် ဖွင့်အပ်သောပုဒ်တို့ကို ဆယ်ကြိမ်ပြသောကြောင့် အနက်အတ္ထတစ်ရာကို လည်းကောင်း၊ ပါဠိဓမ္မတစ်ရာကိုလည်းကောင်း၊ အနက်ကို ထွန်းပြသော သဒ္ဒါတစ်ရာ၊ ပါဠိဖြစ်၍ ဖြစ်သောသဒ္ဒါတစ်ရာဟု နိရုတ္တိနှစ်ရာကို လည်းကောင်း၊ အနက်သိ၊ ဝါ-အကျိုးသိဉာဏ်တစ်ရာ၊ ပါဠိသိ (ဝါ) အကြောင်းသိ ဉာဏ်တစ်ရာ၊ နိရုတ္တိသိဉာဏ်နှစ်ရာ အားဖြင့် ဉာဏ်လေးရာကို လည်းကောင်း သိအပ်၏။
သာဋီ။ ။ တစ်ပုဒ် တစ်ပုဒ်ကို မူလပြု၍ ရှေ့ပုဒ် နောက်ပုဒ်တို့ကို တပေါင်းတည်းပြု၍ တစ်ဝါရ တစ်ဝါရ၌ ကိုးပုဒ် ကိုးပုဒ် ဟောသဖြင့် ဆယ်ကြိမ် ယှဉ်တွဲလတ်သော် ပုဒ်ကိုးဆယ် ရ၏။
(သင်္ခလိကနယ- သံကွင်းဆက်နည်း၌ ပြန်ဖွဲ့သော ဗဒ္ဓစက်စွမ်းဖြင့် ဆယ်ပုဒ်ရ၏။ ထို့ကြောင့် ပုဒ်တစ်ရာဟု ဆိုနိုင်၏။ -- စသည်။)
(ဇီဋီ၌ အဘယ်သိက္ခာပုဒ်သည် ဤမည်သော ဂုဏ်ထူး ရှိ၏၊ ဤသို့ ဤသို့သော အတ္ထဝသအကျိုးငှါ ပညတ်၏ စသည်ဖြင့် ဝေဘန်၏။)
(၁၀) ဂါထာ သင်္ဂထိက
၃၃၅။ သတ္တ နဂရေသု ပညတ္တံ
ဧကံသံ စီဝရံ ကတွာ၊ ပဂ္ဂဏှိတွာန အဉ္ဇလိံ။
အာသီသမာနရူပေါဝ၊ ကိဿ တွံ ဣဓမာဂတော။
ဥပါလိ၊ ချစ်သားဥပါလိ။
တွံ၊ သင်သည်။
ဧကံသံ၊ လက်ဝဲတစ်ဖက် ပခုံးထက်၌။
စီဝရံ၊ ကိုယ်ရုံသင်္ကန်းကို။
ကတွာ၊ တင်သည်ကိုပြု၍။
ဝါ -တင်၍။
အဉ္ဇလိံ၊ လက်အုပ်ကို။
ပဂ္ဂဏှိတွာန၊ ချီးမြှောက်၍။
အာသီသမာနရူပေါဝ၊ တောင့်တသောသဘောရှိသကဲ့သို့။
ကိဿ၊ အဘယ် အကြောင်းဖြင့်။
ဣဓ၊ ဤငါဘုရားထံသို့။
အာဂတော၊ ရောက်လာသနည်း။
ဒွီသု ဝိနယေသု ယေ ပညတ္တာ၊
ဥဒ္ဒေသံ အာဂစ္ဆန္တိ ဥပေါသထေသု။
ကတိ တေ သိက္ခာပဒါ ဟောန္တိ၊
ကတိသု နဂရေသု ပညတ္တာ။
ဘန္တေ၊ မြတ်စွာဘုရား။
ဒွီသုဝိနယေသု၊ နှစ်ပါးသောဘိက္ခုဝိနည်း ဘိက္ခုနီ ဝိနည်းတို့၌။
ပညတ္တာ၊ ပညတ်အပ်ကုန်သော။
ယေသိက္ခာပဒါ၊ အကြင် သိက္ခာပုဒ်တို့သည်။
ဥပေါသတေသု၊ ဥပုသ်နေ့တို့၌။
ဥဒ္ဒေသံ၊ အကျဉ်းပြအပ်သည်အဖြစ်သို့။
အာဂစ္ဆန္တိ၊ ရောက်ကုန်၏။
တေ သိက္ခာပဒါ၊ ထိုသိက္ခာပုဒ်တို့သည်။
ကတိ၊ အဘယ်မျှတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်သနည်း။
ကတိသု နဂရေသု၊ အဘယ်မျှသော မြို့တို့၌။
ပညတ္တာ၊ ပညပ်အပ်ကုန်သနည်း။
ဘဒ္ဒကော တေ ဥမ္မင်္ဂေါ၊ ယောနိသော ပရိပုစ္ဆသိ။
တဂ္ဃ တေ အဟ မက္ခိဿံ၊ ယထာသိ ကုသလောတထာ။
ဥပါလိ၊ ချစ်သားဥပါလိ။
တေ၊ သင်၏။
ဥမ္မင်္ဂေါ၊ ဥမင်ပမာ ပြဿနာသည်။
ဘဒ္ဒကော၊ ကောင်းလှ၏။
ယောနိသော၊ အသင့်အားဖြင့်။
ပရိပုစ္ဆသိ၊ သင်မေး၏။
တဂ္ဃ၊ ထို့ကြောင့်။
ယထာ၊ အကြင်ခြင်းရာဖြင့် ဖြေကြားအပ်သည် ရှိသော်။
ကုသလော၊ သင်လိမ္မာသည်။
အသိ၊ ဖြစ်၏။
တထာ၊ ထိုခြင်းရာဖြင့်။
တေ၊ သင်အား။
အဟံ၊ ငါဘုရားသည်။
အက္ခိဿံ၊ ဖြေကြားပေအံ့။
[ဤပြဿနာတို့ကို ဘုရားရှင်လက်ထက်၌ ရှင်ဥပါလိမေး၏၊ ဘုရားရှင်ဖြေ၏။ သင်္ဂါယနာတင်သောအခါ၌ကား ရှင်မဟာကဿပ မေး၏။ ရှင်ဥပါလိဖြေ၏။
ပြဿနာသည် အဝိဇ္ဇာမှောင်တွင်းမှ ထွက်ပေါ်၍တည်ခြင်းကြောင့် ဥမ္မင်္ဂမည်၏။
(ဥမ္မုဇ္ဇတီတိ ဥမ္မင်္ဂေါ - မှောင်မှထွက်၍တည်သော ဥမင်ပမာပြဿနာ။)
တဂ္ဃသည် အကြောင်း အနက်နိပါတ်။ ဝါ-ဝန်ခံခြင်းအနက်နိပါတ်၊ အမေးကို လက်ခံ၍ ဖြေမည်ဟူလို။]
ဒွီသု ဝိနယေသု ယေ ပညတ္တာ၊
ဥဒ္ဒေသံ အာဂစ္ဆန္တိ ဥပေါသထေသု။
အဍ္ဎဍ္ဎသတာနိ တေ ဟောန္တိ၊
သတ္တသု နဂရေသု ပညတ္တာ။
ဥပါလိ၊ ချစ်သားဥပါလိ။
ဒွီသုဝိနယေသု။ (ပ) ဥပေါသထေသု - တေ- ထိုသိက္ခာပုဒ်တို့သည်။
အဍ္ဎဍ္ဎသတာနိ၊ အခွဲဖြင့်ယုတ်သော လေးရာတို့သည် (ဝါ) သုံးရာ့ငါးဆယ်တို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
သတ္တသု နဂရေသု၊ ခုနစ်ခုသော မြို့တို့၌။
ပညတ္တာ၊ ပညတ်အပ်ကုန်၏။
(အဍ္ဎဍ္ဎသတာနိသည် သုံးရာသည် လည်းကောင်း၊ ငါးဆယ်သည် လည်းကောင်းဖြစ်၏။)
မြတ်စွာဘုရား ခုနစ်ခုသောမြို့တို့၌ ဟူသည် အဘယ်မြို့တို့ပါနည်း။ ဖြေကြားတော်မူပါ၊ မှတ်သား၍ ကျင့်ပါကုန်အံ့၊ အစီးအပွားအလို့ငှါပါတည်း။
ချစ်သားဥပါလိ … ဝေသာလီ၊ ရာဇဂြိုဟ်၊ သာဝတ္ထိ၊ အာဠဝီ၊ ကောသမ္ဗီ၊ သက္ကတိုင်း၊ ဘဂ္ဂတိုင်းတို့၌ ပညတ်အပ်ကုန်၏။
ဝေသာလီ၌ အဘယ်မျှ ပညတ်ပါသနည်း။ ရာဇဂြိုဟ်၌။ (ပ)၊ ဘဂ္ဂတိုင်း တို့ အဘယ်မျှ ပညတ်ပါသနည်း။
ဝေသာလီ၌ ၁ဝ၊ ရာဇဂြိုဟ်၌ ၂၁၊ သာဝတ္ထိ၌ ၂၉၄၊ အာဠဝီ၌ ၆၊ ကောသမ္ဗီ၌ ၈၊ သက္ကတိုင်းတို့၌ ၈၊ ဘဂ္ဂတိုင်းတို့၌ ၃၊ ပေါင်း ၃၅ဝ။
ဝေသာလီ၌ တစ်ဆယ်ကား -- မေထုနပါရာဇိက၊ မနုဿဝိဂ္ဂဟပါရာဇိက၊ ဥတ္တရိမနုဿဓမ္မ ပါရာဇိက၊ ဒသာဟပရံအတိရေကစီဝရံ နိဿဂ္ဂိ၊ သုဒ္ဓကာဠဏနံ နိဿဂ္ဂိ၊ ဘူတာရောစနပါစိတ်၊ ပရမ္ပရဘောဇနပါစိတ်၊ ဒဏ္ဍပေါဏပါစိတ်၊ အစေလကပါစိတ် - ဘိက္ခု၌ ၉၊ ဘိက္ခုနီ၌ ရဟန်းကိုဆဲသော ပါစိတ် ၁၊ ဤဆယ်ခုကို ဝေသာလီ၌ပညတ်သည်။
ရာဇဂြိုဟ်၌ နှစ်ဆယ့်တစ်ကား -- အဒိန္နာဒါန်ပါရာဇိက၊ စွပ်စွဲသော သံဃာဒိသေသ်နှစ်ခု၊ သံဃဘေဒ၊ ဘေဒါနုဝတ္တက သံဃာဒိသေသ်နှစ်ခု၊ အမျိုးမတော်သော ဘိက္ခုနီ၏ သင်္ကန်းခံယူခြင်း၊ ရွှေငွေလဲလှယ်ခြင်း၊ ကိုယ်တိုင် ချည်တောင်း၍ သင်္ကန်းယက်ခိုင်းခြင်း နိဿဂ္ဂီ သုံးခု၊ ဥဇ္ဈာပနကပါစိတ်၊ ဘိက္ခုနီ စီရင်သော ဆွမ်း၊ ဂဏဘောဇဉ်၊ ဝိကာလဘောဇန၊ ဖိတ်သောဘတ်ရှိလျက် အိမ်လှည့်လည်သော စာရိတ္တ၊ ဆယ့်ငါးရက်အတွင်း ရေချိုးခြင်း၊ အသက် ၂၀- မပြည့်ဘဲ ရဟန်းပြုပေးခြင်း၊ သမဂ္ဂသံဃာနှင့်အတူ သင်္ကန်းပေး၍ ရှုတ်ချခြင်း – ပါစိတ်ရှစ်ခု၊ ချစ်ကျွမ်းဝင်ရာ စီမံသောဘိက္ခုနီကို မမောင်းမဲသော ပါဋိဒေသနီ - ဘိက္ခု၌ ၁၇၊ ဘိက္ခုနီတို့၌ နစ္စ ဂီတ၊ ဝါတွင်း ဒေသစာရီ လှည့်လည်၊ ဝါကျွတ် ဒေသစာရီလှည့်လည်၊ သိုးလေပြီးသော ဆန္ဒပေးခြင်းဖြင့် ပါစိတ် ၄၊ ဤနှစ်ဆယ့်တစ်ခုကို ရာဇဂြိုဟ်၌ ပညတ်သည်။
သာဝတ္ထိ၌ ၂၉၄-ကား -- ပါရာဇိက ၄၊ သံဃာဒိသေသ် ၁၆၊ အနိယတ ၂၊ နိဿဂ္ဂိ ၃၄၊ ပါစိတ် ၁၅၆၊ ပါဋိဒေသနီ ၁ဝ၊ သေခိယ ၇၂၊ ဤ ၂၉၄-ခုကို သာဝတ္ထိ၌ ပညတ်သည်။
(ဝိဋီ။ ။ ပါရာဇိက ၄ - ကား ဘိက္ခုနီ အသာဓာရဏ ၄-ဖြစ်၏။
သံဃာဒိသေသ် ၁၆-ကား ဘိက္ခု၌အစ ငါးခုနှင့် ကုလဒူသနအားဖြင့် ၆၊ ဘိက္ခုနီ၌ ၁၀-ဖြစ်၏။
နိဿဂ္ဂိ ၃၄- ကား - ဘိက္ခု၌ ၂၂၊ ဘိက္ခုနီ၌ ၁၂ - ဖြစ်၏။
ဘိက္ခုနိဿဂ္ဂိတို့တွင် ပဌမကထိန၊ သုဒ္ဓကာဠက၊ ဘိက္ခုနီသင်္ကန်းခံယူ၊ ရူပိယ ၄၊ သာမံသုတ္တံဝိညာပေတွာ၊ ကောသေယျမိဿက၊ သိုးမွေးဖွပ်ခိုင်းခြင်း ငါးဖွဲ့မပြည့်သောသပိတ်ဖြင့် ၄၊ ဤရှစ်ခု ကိုဖယ်သည်၊
ပါစိတ် ၁၅၆-ကား၊ ဘိက္ခု၊ ၉၂၊ ဘိက္ခုနီ ၉၆၊ ပေါင်း ၁၈၈ တို့တွင် ဝေသာလီစသည်တို့၌ ပညတ်သော ၃၂- ခု ကိုဖယ်သည်။
ပါဋိဒေသနီ ၁၀-ကား ချစ်ကျွမ်းဝင်ရာ၌ စီရင်သောဘိက္ခုနီ၊ ဘေးရန်ရှိသော တောကျောင်းနှစ်ခုကို ဖယ်၍ ဘိက္ခု၌ ၂၊ ဘိက္ခုနီ၌ ၈-ဖြစ်သည်။
သေခိယ ၇၂- ကား သုရုသုရု၊ သာမိသေနဟတ္ထန၊ သသိတ္ထကပတ္တဓောဝန သုံးခုကို ဖယ်သည်။
(ပါဠိတော်၌ - နိဿဂ္ဂိယာ စတုဝီသတိ- ဟု ရှိတတ်သည်။ နိဿဂ္ဂိယာနိ စတုတိံသ-ဟုရှိမှ ပြည့်စုံသည်။)
အာဠဝီ ၆ ကား - ကုဋိကာရ သံဃာဒိသေသ်၊ ပိုးချည်ရောသော အခင်း နိဿဂ္ဂိ၊ လူ သာမဏေနှင့် တစ်မိုး တစ်ရံတည်းအိပ်ခြင်း၊ မြေတူးခြင်း၊ ဘူတဂါမ်ဖျက်ခြင်း၊ ပိုးရှိသောရေသွန်းလောင်းခြင်းပါစိတ်၊ ဤခြောက်ခုကို အာဠဝီ၌ ပညတ်သည်။
ကောသမ္ဗီ၌ ရှစ်ကား – မဟလ္လကဝိဟာရ၊ ဒုဗ္ဗစ - သံဃာဒိသေသ်နှစ်ခု၊ အညဝါဒက၊ ယာဝဒွါရကောသ အဂ္ဂဠ ဋ္ဌပန၊ သုရာပါန၊ ပုဂ္ဂလဓမ္မ အနာဒရိယ၊ သဟဓမ္မိကံဝုစ္စမာနော - ပါစိတ်ငါးခု၊ ပယောပါန ဟူသော သုရုသုရု သေခိယ အားဖြင့် ဤရှစ်ခုကို ကောသမ္ဗီ၌ ပညတ်သည်။
သက္ကတိုင်းတို့၌ ရှစ်ကား - သိုးမွေးဖွပ်ခိုင်းခြင်း၊ ငါးဖွဲ့မပြည့်သော သပိတ်ဖြင့်တောင်းခြင်း၊ ဘိက္ခုနီကျောင်းသို့ ချည်းကပ်၍ သြဝါဒ၊ လေးလ၊ ဆေးပစ္စည်း၊ အပ်ချည် ပါစိတ်ငါးခု၊ စတုတ္ထပါဋိဒေသနီ၊ ဘိက္ခုနီတို့၌ နှစ်သစ်ရေဆေးခြင်း၊ သြဝါဒ သံဝါသသို့ မချည်းကပ်ခြင်း - ဤရှစ်ခုကို သက္ကတိုင်း ကပိလဝတ်ပြည်၌ ပညတ်သည်။
ဘဂ္ဂတိုင်းတို့၌ သုံးကား - မီးထည့်၍ လှုံခြင်းပါစိတ်၊ အာမိသရှိသော လက်ဖြင့်ရေခွက်ကိုင်ခြင်း၊ ဆွမ်းလုံးရှိသော သပိတ်ဆေးရေ -သေခိယနှစ်ခု ဤသုံးခုကို ဘဂ္ဂတိုင်းတို့၌ ပညတ်သည်။
ခြောက်ခုသောမြို့တို့၌ - ပါရာဇိက ၄၊ သံဃာဒိသေသ် ၇၊ နိဿဂ္ဂိ ၈၊ ပါစိတ် ၃၂၊ ပါဋိဒေသနီ ၂၊ သေခိယ ၃ − အားဖြင့် ၅၆-ခုသော သိက္ခာပုဒ်တို့ကို ပညတ်သည်။ သာဝတ္ထိ၌ ၂၉၄ - ကို ပညတ်သည်။
၃၃၆။ ပုစ္ဆာ ၁၁
မြတ်စွာဘုရား ထိုမှတပါး ဂရုကကို၊ လဟုကကို၊ သာဝသေသကို၊ အနဝသေသကို၊ ဒုဋ္ဌုလ္လကို၊ အဒုဋ္ဌုလ္လကို၊ ယာဝတတိယကကို၊ သာဓာရဏကို၊ အသာဓာရဏကို၊ ဝိပတ္တိကို၊ ငြိမ်းကြောင်း သမထကို အလုံးစုံ ဟောကြားတော်မူပါ၊ နာယူလိုပါသည်ဘုရား။ (အချို့စာ၌ ဝိပတ္တိကိုဟု မူကွဲ၏။)
ဂရုကာဒိဝိဿဇ္ဇနာ
ချစ်သားဥပါလိ ဂရုကသည် ၃၁-ခု ရှိ၏။ ထိုတွင် ရှစ်ခုသည် အနဝသေသဖြစ်၏။ ဂရုကတို့သည်ပင် ဒုဋ္ဌုလ္လဖြစ်ကုန်၏။ ဒုဋ္ဌုလ္လတို့သည်ပင် သီလဝိပတ္တိဖြစ်ကုန်၏။ ပါရာဇိကရှစ်၊ သံဃာဒိသေသ် ၂၃- သည် သီလဝိပတ္တိမည်၏။
ထုလ္လစ္စည်း၊ ပါစိတ်၊ ပါဋိဒေသနီ၊ ဒုက္ကဋ်၊ ဒုဗ္ဘာသီသည် အာစာရ ဝိပတ္တိ မည်၏။ ဒုဗ္ဘာသီဟူသည် ရယ်မြူးလို၍ ဆဲရေးခြင်း နှုတ်ကစားမှုတည်း။
ပညာလမ်းရွှေ့ တွေဝေသဖြင့် ဖောက်ပြန်သော အယူကိုယူ၍ ဘုရားရှင်ကို စွပ်စွဲပြစ်မှားခြင်းသည် ဒိဋ္ဌိဝိပတ္တိ မည်၏။
အသက်မွေးခြင်း အကြောင်းခံ၍ ယုတ်မာသော အလိုဆိုးဖြင့် ဈာန် မဂ်ဖိုလ် ဝါကြွားခြင်း၊ အောင်တမန် သွားလာခြင်း၊ သင် ဒါယကာ၏ကျောင်း၌ နေသူသည် ရဟန္တာဖြစ်သည်ဟု သွယ်ဝိုက်ခြင်း၊ ပဏီတဘောဇဉ်ကို တောင်းစားခြင်း၊ ဘိက္ခုနီသည် ပဏီတဘောဇဉ်ကို တောင်းစားခြင်း၊ ဟင်း ထမင်းကို မဖျားနာဘဲ တောင်းစားခြင်းသည် အာဇီဝဝိပတ္တိမည်၏။
(လဟုက၊ သာဝသေသ၊ အဒုဋ္ဌုလ္လကို တိုက်ရိုက်မပြ၊ ထိုးထွင်းဉာဏ်ရှိ မရှိ သိရလတ္တံ့။)
ယာဝတတိယက တို့သည် တစ်ဆယ့်တစ်ခု ဖြစ်ကုန်၏။ ဥက္ခိတ္တာနု၀တ္တိကာ ပါရာဇိက အဋ္ဌယာဝတတိယက-သံဃာဒိသေသ်၊ အရိဋ္ဌရဟန်းပါစိတ်၊ ကဏ္ဍကာဠိ ဘိက္ခုနီ ဂဟပတိ၊ ဂဟပတိပုတ္တဖြင့် ရောနှောသောပါစိတ် ဤ တစ်ဆယ့်တစ်ခု ဖြစ်၏။
[ဒုဋ္ဌုလ္လတို့ သည်ပင် သီလဝိပတ္တိဖြစ်ကုန်၏ - ဟူသည် သီလဝိပတ္တိမေးခွန်း မရှိသော်လည်း ဒုဋ္ဌုလ္လကိုဖြေလို၍ ဟောသည်။ ဒုဋ္ဌုလ္လကို လေးပါးသော ဝိပတ္တိတို့တွင် တစ်ခုသောဝိပတ္တိဖြင့် ရေတွက်အပ်၏။ အဒုဋ္ဌလ္လကို သုံးပါးသောဝိပတ္တိဖြင့် ရေတွက်အပ်၏။ ထို့ကြောင့် ဒုဋ္ဌုလ္လ တို့သည်ပင် သီလဝိပတ္တိဖြစ်ကုန်၏ - ဟုဟော၍ ချဲ့ပြခြင်းငှါ ပါရာဇိက ၈၊ သံဃာဒိသေသ် ၂၃- သည် သီလဝိပတ္တိမည်၏ - ဟု ဟောသည်။
ဝိပတ္တိသုံးပါးစွမ်းဖြင့် အဒုဋ္ဌုလ္လကို ပြခြင်းငှါ ထုလ္လစ္စည်း ပါစိတ် - စသည်ကို ဟောသည်။
ရယ်မြူးလို၍ ဆဲရေးခြင်းဟူသည်ကို ဒုဗ္ဘာသီ၏ ဝတ္ထုကိုပြခြင်းငှါဟောသည်။
ဘုရားရှင်ကို စွပ်စွဲပုံကား တထာဂတံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ - စသည်ကိုဆိုလျက် အယူမှား ယူသော အရိဋ္ဌရဟန်းတို့ စွပ်စွဲကုန်၏၊
အာဇီဝဝိပတ္တိသည် သိက္ခာပုဒ်ခြောက်ခုဖြင့် ရေတွက်အပ်သော စတုတ္ထဝိပတ္တိဖြစ်၏။
ဤမျှသော ဝိပတ္တိသုံးခုဖြင့် အဒုဋ္ဌုလ္လကို ဖြေတော်မူခြင်းဖြစ်သည်။]
(သာဋီ။ ။ ဂရုက ၃၁-ကား ဥဘတောအားဖြင့် ပါရာဇိက ၈-ခု၊ သံဃာဒိသေသ် ၁၃-နှင့် ၁၁-အားဖြင့်၂၃- တည်း။ ထိုတွင် ပါရာဇိက ၈-ခုသည် အနဝသေသဖြစ်၏။)
၃၃၇။ ကြားဖြတ်ပြဿနာ
ဆေဒနက အဘယ်မျှ၊ ဘေဒနုက အဘယ်မျှ၊ ဥဒ္ဒါလနကအဘယ်မျှ၊ အနညပါစိဟ်အဘယ်မျှ၊ ဘိက္ခုသမ္မုတိ အဘယ်မျှ၊ သာမိစိ အဘယ်မျှ၊ ပရမ အဘယ်မျှ၊ ဇာနံ -ဟု ပညတ်ခြင်းအဘယ်မျှပါနည်းဘုရား။
ဆေဒနကခြောက်ခု၊ ဘေဒနကတစ်ခု၊ ဥဒ္ဒါလနကတစ်ခု၊ အနညပါစိတ် လေးခု၊ ဘိက္ခုသမ္မုတိလေးခု၊ သာမိစိခုနစ်ခု၊ ပရမ တစ်ဆယ့်လေးခု၊ ဇာန-ဟု ပညတ်ခြင်း တစ်ဆယ့်ခြောက်ခုဖြစ်၏။
[ယာဝတတိယကတို့သည် တစ်ဆယ့်တစ်ခု - ဟု သင်္ချာဖြင့် ဖြေဆိုခြင်းကြောင့် သင်္ချာစကားစပ်သည်အစွမ်းဖြင့် “ဆေဒနကအဘယ်မျှ” အစရှိသော တပါးသော ကြားဖြတ် အန္တရာပုစ္ဆာကိုမေးသည်။
ထိုတွင် ဘေဒနက၊ ဥဒ္ဒါလနက၊ ဇာနံ - ဤသုံးခုသည် အသစ်ဖြစ်၏။ ကြွင်းငါးခု ကို မဟာဝဂ်၌ ဝေဘန်ပြီးပြီ။
ဘေဒနကတစ်ခုကား - သူစိဃရ - အပ်ကျည်၊
ဥဒ္ဒါလနကတစ်ခုကား - ထူလောနဒ္ဓ မဉ္စပီဌ - လဲဖွဲ့ရာ ညောင်စောင်းအင်းပျဉ်၊
ဇာနံ-ဟုဆို၍ ပညတ်ခြင်း ၁၆ ခုကား --
ဇာနံ သံဃိကံလာဘံ ပရိဏတံ အတ္တနော ပရိဏာမေယျ၊ ဇာနံ ပုဗ္ဖုပဂတံ ဘိက္ခုံ အနုပခဇ္ဇ၊ ဇာနံ သပ္ပါဏကံ ဥဒကံ တိဏံဝါ၊ ဇာနံ ဘိက္ခုနီ ပရိပါစိတံ ပိဏ္ဍပါတံ (၄)။
ဇာနံ အဿာဒနာပေက္ခာ ဘုတ္တသ္မိံ၊ ဇာနံ သပ္ပါဏကံ ဥဒကံ ပရိဘုဉ္ဇယျ၊ ဇာနံ ယထာဓမ္မံ နိဟတာ၊ ဇာနံ ဒုဋ္ဌုလ္လံ အာပတ္တိံ ပဋိစ္ဆာဒေယျ (၄)၊
ဇာနံ ဦနဝီသတိဝဿံ၊ ဇာနံ ထေယျသတ္ထေန၊ ဇာနံ ကထာဝါဒိနာ အကတာနုဓမ္မေန၊ ဇာနံ တထာနာသိတံ သမယုဒ္ဒေသံ (၄)၊
ဇာနံ သံဃိကံ လာဘံ ပရိဏတံ ပုဂ္ဂလဿ၊ ဇာနံ ပါရာဇိကံ ဓမ္ံ အဇ္ဈာပန္နံ၊ ဇာနံ စောရိံ ဝဇ္ဈံ ဝိဒိတံ၊ ဇာနံသ ဘိက္ခုကံ အာရာမံ အနာပုစ္ဆာ (၄)။]
(ဝိဋီ။ ။ ယာဝတတိယက အဖြေ၏ အခြားမဲ့၌ သာဓာရဏ စသည်တို့၏ အဖြေကို ဆိုထိုက်လျက် မဆိုဘဲ ပြဿနာရှစ်ရပ်ကို ကြားဖြတ်ကာဖြေဆိုပြီးမှ သာဓာရဏစသည် တို့ကို ဖြေသည်။ ထို၏အကြောင်းကား သင်္ချာစကားစပ်သည် အစွမ်းတည်း။)
၃၃၈။ အသာဓာရဏာဒိဝိဿဇ္ဇနာ
ဥပုသ်နေ့တို့၌ ဘိက္ခုတို့အားပြအပ်သော သိက္ခာပုဒ် ၂၂၀၊ ဘိက္ခုနီတို့အား ပြအပ်သောသိက္ခာပုဒ် ၃ဝ၄-ဖြစ်ကုန်၏။
ထိုတွင် ဘိက္ခုတို့၏ ၄၆-ခုသည် ဘိက္ခုနီတို့နှင့်မဆက်ဆံ၊
ဘိက္ခုနီတို့၏ ၁၃၀-သည် ဘိက္ခုတို့နှင့် မဆက်ဆံ၊
နှစ်ဦး မဆက်ဆံ ၁၇၆၊ နှစ်ဦးလုံး ဆက်ဆံ ၁၇၄- ဖြစ်၏။
(သမထ ၇-ပါး ဆက်ဆံလျက်ဖယ်ထားသည်။)
ဘိက္ခုတို့အား ၂၂ဝ-ဟူသည်ကား ပါရာဇိက ၄၊ သံဃာဒိသေသ် ၁၃၊ အနိယတ ၂၊ နိဿဂ္ဂိ ၃ဝ၊ ခုဒ္ဒကပါစိတ် ၉၂၊ ပါဋိဒေသနီ ၄၊ သေခိယ ၇၅၊ ဤ ၂၂၀-သည် ဥပုသ်နေ့တို့၌ ဘိက္ခုတို့အား ပြအပ်သည်အဖြစ်သို့ ရောက်ကုန်၏။
ဘိက္ခုနီတို့အား ၃ဝ၄-ဟူသည်ကား - ပါရာဇိက ၈၊ သံဃာဒိသေသ် ၁၇၊ နိဿဂ္ဂိ ၃ဝ၊ ခုဒ္ဒကပါစိတ် ၁၆၆၊ ပါဋိဒေသနီ ၈၊ သေခိယ ၇၅။ ဤ ၃ဝ၄ သည် ဥပုသ်နေ့တို့၌ ဘိက္ခုနီတို့အား ပြအပ်သည်အဖြစ်သို့ ရောက်ကုန်၏။
ဘိက္ခုနီတိုနှင့် မဆက်ဆံသော ဘိက္ခုတို့၏ ၄၆-ဟူသည်- သံဃာ ဒိသေသ် ၆၊ အနိယတ ၂၊ နိဿဂ္ဂိ ၁၂၊ ပါစိတ် ၂၂၊ ပါဋိဒေသနီ ၄ - ပေါင်း ၄၆။
ဘိက္ခုတို့နှင့် မဆက်ဆံသော ဘိက္ခုနီတို့၏ ၁၃၀-ဟူသည်-ပါရာဇိက ၄၊ သံဃာဒိသေသ် ၁၀၊ နိဿဂ္ဂိ ၁၂၊ ပါစိတ် ၉၆၊ ပါဋိဒေသနီ ၈၊ ပေါင်း ၁၃ဝ။
နှစ်ဦးမဆက်ဆံ ၁၇၆-ဟူသည်- ပါရာဇိက ၄၊ သံဃာဒိသေသ် ၁၆၊ အနိယတ ၂၊ နိဿဂ္ဂိ ၂၄၊ ပါစိတ် ၁၁၈၊ ပါဋိဒေသနီ ၁၂၊ ပေါင်း ၁၇၆။
နှစ်ဦးလုံးဆက်ဆံ ၁၇၄-ဟူသည်ကား- ပါရာဇိက ၄၊ သံဃာဒိသေသ် ၇၊ နိဿဂ္ဂိ ၁၈၊ ပါစိတ် ၇၀၊ သေခိယ ၇၅၊ ပေါင်း ၁၇၄။
[ဘိက္ခုနီတို့နှင့် မဆက်ဆံသော ဘိက္ခုတို့၏ ၄၆-တို့တွင် --
သံဃာဒိသေသ် ၆-ကား - ဝိဿဋ္ဌိ၊ ကာယသံသဂ္ဂ၊ ဒုဋ္ဌုလ္လ၊ အတ္တကာမ၊ ကုဋိ၊ ဝိဟာရဖြစ်၏။ (သဉ္ဇရိတ္တမပါ။)
နိဿဂ္ဂိ ၁၂-ကား - သင်္ကန်းဖွပ်ခိုင်းခြင်း၊ ဘိက္ခုနီ၏သင်္ကန်းကိုခံယူခြင်း၊ ကောသေယျ၊ သုဒ္ဓကာဠက၊ ဒွေဘာဂ၊ ဆဗ္ဗဿ၊ နိသီဒန၊ သိုးမွေးခံ၍ သုံးယူဇနာ၊ သိုးမွေးဖွပ်၊ သပိတ်ဆယ်ရက်၊ မိုးရေခံရှာ၊ တောကျောင်း ခြောက်ရက်ကင်း၊
ပါစိတ် ၂၂ ကား - ဩဝါဒဝဂ် ၁၀။ ပရမ္ပရ၊ အနတိရိတ္တ၊ အနတိရိတ္တဖြင့် ဆောင်၍ ကျွေး၊ ပဏီတ ဘောဇဉ်တောင်းစား၊ အစေလက၊ ဒုဋ္ဌုလ္လ ပဋိစ္ဆာဒန၊ ဦနဝီသတိ၊ မာတုဂါမနှင့်တိုင်ပင်၍ ခရီးသွား၊ အနိက္ခန္တ ရာဇက၊ နေလွဲ ရွာဝင်၊ ပမာဏလွန်သော နိသီဒိုင်၊ မိုးရေခံ။
ဘိက္ခုတို့နှင့် မဆက်ဆံသော ဘိက္ခုနီတို့၏ ၁၃၀-တို့ကား ဘိက္ခုနီဝိဘင်း၌ ဝေဘန်သော သိက္ခာပုဒ်တို့သာ ဖြစ်၍ ပေါ်လွင်၏။
(ဇီဋီ။ ။ ပရမ္ပရဉ္စဘောဇနံ - စသည်ဖြင့် ဂါထာတို့ကို အဋ္ဌကထာနှင့် မတူစေဘဲ ပါစိတ် ၂၂-ခု ပြ၏။ ကုလေသုစာရိတ္တကို မယူအပ်၊ သာဓာရဏဖြစ်သည်ဟုဆို၏။ အဋ္ဌကထာ၌ ဝိကာလေဂါမပ္ပဝေသော- တစ်ခု ပို၏။ ဦနံတစ်ခုကျ၏။ ဦနံမာတု ဂါမေန သဒ္ဓိံ -ဟုဆို၏။)
ဝိပတ္တိအဖြေ
ရှစ်ခုသော ပါရာဇိကတို့သည် ဒုရာသဒ– ကပ်ရောက်ခြင်းဖြင့် ဆင်းရဲကုန်၏။ တာလဝတ္ထု၊ ထန်းပင်၏ နေရာ-ပြုခြင်းပမာဏရှိကုန်၏။ ဖက်ရွက်ကြွေ၊ ကျောက်ဖျာကွဲ၊ ဦးခေါင်းပြတ်၊ ထန်းလည်ဆစ်ပြတ် သဘော မပြန့်ပြောကုန်။
သံဃာဒိသေသ် ၂၃၊ အနိယတ ၂၊ နိဿဂ္ဂိ ၄၂၊ ပါစိတ် ၁၈၈၊ ပါဋိဒေသနီ ၁၂၊ သေခိယ ၇၅၊ ဤ ၃၄၂-တို့သည် သမ္မုခါ၊ ပဋိညာ၊ တိဏဝတ္ထာရက- ဟူသော သမထသုံးပါးတို့ဖြင့် ငြိမ်းကုန်၏ဟု ဝေဘန်သည်။
ဥပုသ်နှစ်ပါး၊ ပဝါရဏာနှစ်ပါး၊ အဓမ္မဝဂ္ဂ စသော ကံလေးပါးတို့ကို မြတ်စွာဘုရား ဝေဘန်သည်။ ပါတိမောက်ပြခြင်းတို့သည် ငါးပါးလည်းကောင်း၊ လေးပါးလည်းကောင်း ဖြစ်ကုန်၏။ အာပတ်အစုတို့သည် ခုနစ်ပါးဖြစ်ကုန်၏ဟု ဝေဘန်သည်။
အဓိကရုဏ်းလေးပါးတို့သည် သမထခုနစ်ပါးဖြင့် ငြိမ်းကုန်၏။ ဝိဝါဒါဓိကရုဏ်းသည် သမထနှစ်ပါးတို့ဖြင့်၊ အနုဝါဒါဓိကရုဏ်းသည် လေးပါးတို့ဖြင့်၊ အာပတ္တာဓိကရုဏ်းသည် သုံးပါးတို့ဖြင့်၊ ကိစ္စာဓိကရုဏ်းသည် တစ်ပါးဖြင့် ငြိမ်း၏ဟု ဝေဘန်သည်။
[ယခုအခါ ဝိပတ္တိတို့ကိုဖြေလို၍ - အဋ္ဌေဝါပါရာဇိကာ စသည်ကိုဆိုသည်။
ဒုရာသဒ ဟူသည်ဖြင့် ပါရာဇိကတို့၏ ဘေးရန် ရှိခြင်းကိုပြသည်။ မြွေဟောက် စသည်တို့အလား ကပ်ရောက်မိသူတို့အား ရင်းပြတ်ခြင်းငှါ ဖြစ်ကုန်၏။
တာလဝတ္ထုဟူသည် ထန်းပင် တစ်ပင်လုံး နှုတ်ပြီးလျှင် ထန်းပင်၏ တည်ရာမျှ ပြုခြင်းနှင့်တူကုန်၏။ ထိုသို့ ပြုခြင်းကြောင့် ထန်းပင်သည် ပကတိအတိုင်း မဖြစ်သည်နှင့် တူကုန်၏။
ဤကား အားလုံးနှင့်ဆက်ဆံသော ဥပမာဖြစ်၏။
ဖက်ရွက်ကြွေ စသော လေးခုကား တစ်ခုစီအတွက် ဆိုသော ဥပမာဖြစ်၏။
ဖက်ရွက်ကြွေ စသည်တို့သည် တဖန်စိမ်းစိုခြင်း စသည်ဖြင့် ကြီးပွားခြင်းသဘော မရှိကုန်။ ရှစ်ခုသော ပါရာဇိကတို့သည် တစ်စုံတစ်ခုသော သမထဖြင့် မငြိမ်းကုန်။
သံဃာဒိသေသ် ၂၃-စသည်တို့ကား သုံးပါးသော သမထတို့ဖြင့်ဟူ၍ ဆိုသည်။ သံဃာဒိသေသ်သည် တိဏဝတ္ထာရကဖြင့်မငြိမ်း၊ အနိယတစသည်တို့သာ သုံးပါးတို့ဖြင့် ငြိမ်းကုန်၏။
ဥပုသ် ပဝါရဏာတို့ကို ဘိက္ခု၊ ဘိက္ခုနီစွမ်းဖြင့် နှစ်ခုစီ ဝိပတ္တိမျှ ပြခြင်းဖြင့်ဆိုသည်။ သမထငြိမ်းခြင်းဖြင့် ဆိုသည် မဟုတ်၊ ဘိက္ခုဥပုသ်၊ ဘိက္ခုနီဥပုသ်၊ ဘိက္ခုပဝါရဏာ၊ ဘိက္ခုနီပဝါရဏာ ဝေဘန်ခြင်း လေးပါးဖြစ်၏။
ကံလေးပါးကား အဓမ္မဝဂ္ဂစသော ဥပုသ်ကံ တို့တည်း။
ပါတိမောက်ပြခြင်းတို့သည် ဘိက္ခုတို့အားငါးပါး၊ ဘိက္ခုနီတို့အား လေးပါးဖြစ်ကုန်၏။ ဤလည်း ဝိပတ္တိတခြားတည်း။
အာပတ် အစုခုနစ်ပါး၊ အဓိကရုဏ်းလေးပါး ဟူသော ဤဝိပတ္တိတို့သည် သမထတို့ဖြင့်ငြိမ်းကုန်၏။ တစ်နည်း ဥပုသ်နှစ်ပါး၊ ပဝါရဏာနှစ်ပါး၊ ကံလေးပါး၊ ပါတိမောက်ပြခြင်းငါးပါး လေးပါး - ဤဝိပတ္တိ လေးပါးတို့ကိုမှ၍ နဿန္တေတေ၊ ဝိနဿန္တေတေ - စသောနည်းဖြင့် ရောက်သောအာပတ်တို့သည် ထိုသမထနှစ်ပါးတို့ဖြင့် ငြိမ်းကုန်၏ဟု တံမူလိကအာပတ်တို့၏ ငြိမ်းခြင်းကိုပြခြင်းငှါ ထိုဝိပတ္တိတို့ကို ဟောသည်ဟုသိအပ်ကုန်၏။
(ဇီဋီ။ ။ ပါရာဇိက၊ သံဃာဒိသေသ်ဟု ဟောသော သိက္ခာပုဒ်၌သာ ဝေဘန်၍ ဟောသောကြောင့်လည်း ဝိပတ္တိ မည်၏။
သာဋီ။ ။ အာပတ်အစု၊ ဥပုသ်စသည် ပါရာဇိက၊ သံဃာဒိသေသ်စသည်ဖြင့် ဝေဘန်သောကြောင့် ဝိပတ္တိမည်၏။
ဝိဋီ။ ။ ဝိပတ္တိဟူသည်ဖြင့် အာပတ်အစု၊ ဥပုသ်၊ ပဝါရဏာ စသည်တို့ကို အလိုရှိအပ်၏။ ပါရာဇိကစသော အပြား၊ ဥပုသ်ပဝါရဏာစသော အပြားတို့ဖြင့် ဝေဘန်အပ်သောကြောင့် ဝိပတ္တိမည်၏။)]
၃၃၉။ အပိုဖြေဆိုသော အာပတ္တိနိဗ္ဗစနာ
ချစ်သားဥပါလိ ပါရာဇိကဟူသော အာပတ်ကို ဟုတ်တိုင်းမှန်စွာ နာယူဦးလော၊ ထိုအာပတ်သို့ ရောက်သူသည် သူတော်ကောင်းတရားရွေ့၏။ ချွတ်၏။ ပျက်၏။ ပြင်ပဖြစ်၏။ ထိုသူ၌ သံဝါသ ပေါင်းဘော်ခြင်းမရှိ၊ ထို့ကြောင့် ဤအာပတ်ကို ပါရာဇိကဟုဆိုသည်။
သံဃာဒိသေသ ဟူသော အာပတ်ကို ဟုတ်တိုင်းမှန်စွာ နာယူဦးလော၊ ထိုအာပတ်သို့ရောက်သူအား သံဃာသည်သာလျှင် ပရိဝါသ်ပေး၏။ အရင်းငင်၏။ မာနတ်ပေး၏။ အဗ္ဘာန်သွင်း၏- ထို့ကြောင့် ဤအာပတ်ကို သံဃာဒိသေသ် ဟုဆိုသည်။
အနိယတကိုနာယူဦးလော၊ မမြဲသောကြောင့် အနိယတမည်၏။ ဧကအံသ တစ်ခုသော အဘို့ဖြင့် ပြုသော သိက္ခာပုဒ်မဟုတ်၊ အာပတ်သုံးပါး တစ်ပါးပါးဟု ဆုံးဖြတ်အပ်၏။ ထို့ကြောင့် အနိယတဟုဆိုသည်။
ထုလ္လစ္စယကို နာယူဦးလော၊ ရဟန်းတစ်ပါးထံ ဒေသနာကြားအပ်- ဒေသနာခံအပ်သော အာပတ်တို့တွင် ထိုအာပတ်နှင့်တူသော အပြစ်မရှိ၊ အရုန့်ရင်းဆုံး အပြစ်ရှိ၏။ ထို့ကြောင့် ထုလ္လစ္စယ ဟုဆိုသည်။
နိဿဂ္ဂိယကို နာယူဦးလော၊ သံဃာ့အလယ်၌လည်းကောင်း၊ ဂဏအလယ်၌လည်းကောင်း၊ တစ်ဦးတည်းထံ၌ လည်းကောင်း တပြိုင်တည်း စွန့်၍ ဤဒေသနာ ကြားအပ်၏။ ထို့ကြောင့် နိဿဂ္ဂိယဟုဆိုသည်။
(ဤ၌ အချို့ - မစွန့်သော်လည်း ဒေသနာကြားလျှင် အာပတ်ထသည်ဟု ဆိုကုန်သေး၏။ မိန့်ခွန်းတော်နှင့်မညီ။)
ပါစိတ္တိယကို နာယူဦးလော၊ ကုသိုလ်ဓမ္မကို ကျစေ၏။ အရိယာမဂ်ကို ချွတ်ယွင်းစေ၏။ စိတ်တွေဝေကြောင်း ဖြစ်၏။ ထို့ကြောင့် ပါစိတ်ဟုဆိုသည်။
ပါဋိဒေသနိယကို နာယူဦးလော၊ ဆင်းရဲငြိုငြင်စွာ ရွာသို့ဝင်၍ ရသော ဘိက္ခုနီ၏ဆွမ်းကို အမျိုးမတော်ဘဲ ကိုယ်တိုင်ခံယူ၍ စားသူကို ဂါရယှ- ကဲ့ရဲ့စရာ ဟုဆိုအပ်၏။ ပင့်ဖိတ်သောအိမ်တို့၌ ချစ်ကျွမ်းဝင်ရာ စီမံသော ဘိက္ခုနီကို မမောင်းမဲမူ၍ စားသူကို ဂါရယှ- ဟုဆိုအပ်၏။ သေက္ခသမ္မုတိရသော သဒ္ဓါလွန်ကဲ လူဆင်းရဲ အိမ်သို့ဝင်၍ မနာမဖျား အလှူခံစားသူကို လည်းကောင်း၊ ဘေးရန်ရှိသော တောကျောင်း၌နေ၍ ရှေးဦးစွာ အကြောင်းမပြန်ကြားဘဲ လာပို့သောအစာ စားသူကိုလည်းကောင်း ဂါရယှ- ဟုဆိုအပ်၏။ မနာမဖျား မွန်မြတ်သော ထောပတ်ဆီ ပျားတင်လဲ ငါးအမဲ နို့ဓမ်း တောင်းစားသော ဘိက္ခုနီသည် ဘုရားမြတ်စွာ သာသနာ၌ ကဲ့ရဲ့စရာဌာနသို့ရောက်၏။ ကဲ့ရဲ့စရာသို့ ရောက်မိပါပြီဟု ဒေသနာ ကြားအပ်၏။
ဒုက္ကဋကို နာယူဦးလော၊ ချွတ်ယွင်းသောအမှု၊ ဆန့်ကျင်သောအမှု၊ ချော်ကျသောအမှုဖြစ်၍ မျက်မှောက် မျက်ကွယ်ပြုသမျှ မကောင်းမှုကို ဒုက္ကဋဟု ဆိုအပ်သကဲ့သို့တည်း၊ ထို့ကြောင့် ဒုက္ကဋဟုဆိုသည်။
ဒုဗ္ဘာသိတကို နာယူဦးလော၊ မကောင်းသဖြင့်ဆိုသောစကား၊ ညစ်ညူးသော စကားကို ဒုဗ္ဘာသိတဟု ပညာရှိတို့ ကဲ့ရဲ့ကုန်၏။ ထို့ကြောင့် ထိုအာပတ်ကို ဒုဗ္ဘာသိတဟုဆိုသည်။
သေခိယကို နာယူဦးလော၊ လမ်းဖြောင့် လမ်းမှန်လိုက်၍ ကျဆဲဖြစ်သော သေက္ခပုဂ္ဂိုလ်၏ အစ၊ အခြေ၊ အဦး၊ စောင့်စည်းခြင်းဖြစ်၏၊ ဤသို့သော သိက္ခာ နှင့်တူသော သိက္ခာမည်သည်မရှိ၊ ထို့ကြောင့် သေခိယဟုဆိုသည်။
ဆန္ဒမတိဝဿတိ၊ ဝိဝဋံ နာတိဝဿတိ။
တသ္မာ ဆန္နံ ဝိဝရေထ၊ ဧဝံ တံ နာတိဝဿတိ။
ဆန္နံ၊ မိုးသောအိမ်သည်။
အတိဝဿတိ၊ လွန်စွာမိုးစွတ်၏။
ဝိဝဋံ၊ ဖွင့်သောအိမ်သည်။
နာတိဝဿတိ၊ မိုးမစွတ်။
တသ္မာ၊ ထို့ကြောင့်။
ဆန္နံ၊ အမိုးကို။
ဝိဝရေထ၊ ယုံကြည်သူ ဖွင့်ရာ၏။
ဝါ၊ သင်တို့ဖွင့်ကုန်လော။
ဧဝံ၊ ဤသို့ဖွင့်သည်ရှိသော်။
တံ၊ ထိုအိမ်သည်။
နာတိဝဿတိ၊ မိုးမစွတ်။
(ဤကား ဖွင့်၍ဆိုသောအနက် ဆိုလိုရင်းမဟုတ်။)
ဆန္နံ- ဆာဒေန္တော၊ အာပတ်ကိုဖုံးသူသည်။
အတိဝဿတိ၊ အာပတ် အသစ်သို့ရောက်၏။
ဝိဝဋံ- ဝိဝရန္တော၊ ဖွင့်လှစ်ကုစားသူသည်။
နာတိဝဿတိ၊ အာပတ် အသစ်သို့မရောက်။
တသ္မာ၊ ထို့ကြောင့်။
ဆန္နံ၊ ဖုံးသောအာပတ်ကို။
ဝိဝရေထ၊ ဖွင့်လှစ်ကုစားရာ၏။
ဝါ၊ ကုစားကုန်လော။
ဧဝံ၊ ဤသို့ ကုစားသည်ရှိသော်။
တံ၊ ထိုအာပတ်သည်။
နာတိဝဿတိ၊ အာပတ်အသစ် မရောက်စေနိုင်။
(ဤကား စိတ်၌ထားသောအနက်။)
ဖုံးလျှင် - မိုးစို၊ ဖွင့် – မစို၊ ဝှက်ဆို ပဟေဠိ။
ဂတိ မိဂါနံ ပဝနံ၊ အာကာသော ပက္ခိနံ ဂတိ။
ဝိဘဝေါ ဂတိ ဓမ္မာနံ၊ နိဗ္ဗာနံ အရဟတော ဂတီတိ။
ပဝနံ၊ တောအုပ်သည်။
မိဂါနံ၊ သားသမင်တို့၏။
ဂတိ၊ လားရာတည်း။
အာကာသော၊ ကောင်းကင်သည်။
ပက္ခိနံ၊ ငှက်တို့၏။
ဂတိ၊ လားရာတည်း။
ဝိဘဝေါ၊ ပျက်စီးခြင်းသည်။
ဓမ္မာနံ၊ သင်္ခတတရားတို့၏။
ဂတိ၊ လားရာတည်း။
နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။
အရဟတော၊ ရဟန္တာ၏။
ဂတိ၊ လားရာတည်း။
[ဤသို့ ပုစ္ဆာစဉ်ဖြင့် ပြဿနာတို့ကို ဖြေဆိုပြီး၍ ယခုအခါ အာပတ်အစု ခုနစ်ခု၏ အသီးသီး နိဗ္ဗစန - ထုတ်ဆိုအပ်သော ဝစနတ္ထမျှကို ပြလို၍ ချစ်သား ဥပါလိ … ပါရာဇိကဟူသော- စသည်ကို မိန့်ဆိုသည်။
ပါရာဇိကဂါထာ၏ အနက်ကား -- ပုဂ္ဂလပါရာဇိက၊ အာပတ္တိ ပါရာဇိက၊ သိက္ခာပဒပါရာဇိက သုံးမျိုးတို့တွင် အာပတ္တိပါရာဇိကသို ရောက်သူသည် ရှုံးခြင်းသို့ရောက်၏။ သူတော်ကောင်းတရားမှ ရွေ့လျော၏။ ချွတ်ချော်၏။ ပျက်စီး၏။ ပြင်ပသို့ရောက်၏။ ထိုသူ၌ တဖန် ဥပုသ်ပဝါရဏာ စသော သံဝါသမရှိ၊ ထိုအကြောင်းကြောင့် ဤအာပတ်ကို ပါရာဇိကဟုဆိုအပ်၏။ အကျဉ်းကား - ပရာဇိတော တေနာတိပါရာဇိကံ - ရှုံးခြင်းသို့ ရောက်ကြောင်း အာပတ်ဖြစ်သော ကြောင့် ပါရာဇိကမည်၏။ (သိက္ခာပဒ ငဲ့သော သဒ္ဒါနပုံ။)
ဒုတိယဂါထာ၏ အနက်ကား - ဤအာပတ်သို့ရောက်၍ ထလိုသောအခါ အာပတ်မှထခြင်း၏ အစ၌လည်း ပရိဝါသ်ပေးခြင်းငှါ သံဃာကို အလိုရှိအပ်၏။ ကြွင်းသောကာလ အလယ်၌လည်း မာနတ် (သတ်သတ်) ပေးခြင်းငှါ လည်းကောင်း၊ မူလာယပဋိကဿနနှင့် မာနတ်ပေးခြင်းငှါ လည်းကောင်း၊ အဆုံး၌လည်း အဗ္ဘာန် အလို့ငှါ လည်းကောင်း၊ သံဃာကို အလိုရှိအပ်၏။ သံဃာကင်းလျှင် တစ်ခုသော ကံမျှ မပြုနိုင်၊ သံဃောအာဒိမှိစေ၀ သေသေစ သေသေစ ဣစ္ဆိတဗ္ဗော အဿာတိ သံဃာဒိသေသော၊ ဤအာပတ်ထခြင်း၏ အစ၌လည်းကောင်း၊ အကြွင်းကာလ၌ လည်းကောင်း၊ သံဃာကိုအလိုရှိအပ်သော အာပတ် ဖြစ်သောကြောင့် သံဃာဒိသေသမည်၏။ (တိပဒ ဗဟုဗ္ဗီဟိ။)
တတိယဂါထာ၏ အနက်ကား - မမြဲသောအာပတ်အစု ဖြစ်သောကြောင့် အနိယတမည်၏။ မမြဲကြောင်းကား ဤသိက္ခာပုဒ်ကို အနေကံသဖြင့် ပြုထားသည်။ အနေကံသကား သုံးပါးသော၊ နှစ်ပါးသော အာပတ်တို့တွင် တပါးပါး ဆုံးဖြတ်ခြင်းတည်း။ န နိယတော အနိယကော - မမြဲသော အာပတ်အစု ဖြစ်သောကြောင့် အနိယတ မည်၏။
စတုတ္ထဂါထာ၏ အနက်ကား - ဒေသနာဂါမ်အပြစ်တို့တွင် ထိုအပြစ်နှင့်တူသော ရုန့်ရင်းသော အပြစ်မရှိ၊ ထိုသို့အပြစ်၏ ရုန့်ရင်းခြင်းကြောင့် ထုလ္လစ္စယမည်၏။ ထူလောအစ္စယော ယဿတံ ထုလ္လစ္စယံ၊ ရုန့်ရင်းသော အပြစ်ရှိသောအာပတ် ဖြစ်သောကြောင့် ထုလ္လစ္စယမည်၏။
ပဉ္စမဂါထာ၏ အနက်ကား - နိဿဇ္ဇိတွာ ဒေသေတဗ္ဗတော ပစ္စည်းကိုစွန့်၍ ဒေသနာ ကြားအပ်သောကြောင့် နိဿဂ္ဂိယဟု ဆိုအပ်၏။ နိဿဇ္ဇနံ နိဿဂ္ဂိယံ၊ နိဿဂ္ဂိယံ အဿအတ္ထီတိ နိဿဂ္ဂိယံ၊ ရှေ့အဘို့၌အပ်သော စွန်ခြင်း ဝိနည်းကံရှိသော အာပတ်ဖြစ်သော ကြောင့် နိဿဂ္ဂိယမည်၏။ ပါစိတ်အာပတ်ရ၏။
(ဘုရားဟောတိုင်း လိုက်နာခြင်းသည် သာဝကတို့၏အရာ ဖြစ်သည်၊ မစွန့်သော်လည်း ဒေသနာကြားလျှင် အာပတ်မှထသည်ဟု ဝိနည်း အစီအရင် ချွတ်အောင် မကြံသင့်။)
ဆဋ္ဌမဂါထာ၏ အနက်ကား - အားထုတ်၍ လွန်ကျူးသူအား ကုသိုလ် ဓမ္မဟူသောစိတ်ကို ကျစေတတ်၏။ ထိုကျသောစိတ်သည် အရိယာမဂ်ကို ဖျက်ဆီး၏။ စိတ်တွေဝေကြောင်းဖြစ်၏။ စိတ္တံ ပါစေတီတိ ပါစိတ္တိယံ -- ကုသိုလ်စိတ်ကိုကျစေသော အာပတ်ဖြစ်သောကြောင့် ပါစိတ္တိယမည်၏။
ပါဋိဒေသနီဂါထာတို့၏ အနက်ကား - ဂါရယှံအာဂုသော မေ အာပဇ္ဇိံ ဟုဆိုအပ်သော ကဲ့ရဲ့ဘွယ်ဖြစ်ကြောင်းကို ပြခြင်းငှါ ဘိက္ခုနီ ဆွမ်းကို စသည်ကို မိန့်ဆိုသည်။ ကုစားအပ်သော အာပတ်ဖြစ်သည်။ ပဋိဒေသီယတေတိ ပါဋိဒေသနီ၊ ကုစားအပ်သော အာပတ်ဖြစ်သောကြောင့် ပါဋိဒေသနီမည်၏။
-
ဒုက္ကဋဂါထာနက်ကား - ချွတ်ယွင်းသောအမှု၊ ဆန့်ကျင်သော အမှု၊ ချော်ကျသောအမှုသည် ဒုက္ကဋ၏ ပရိယာယ်ဖြစ်၏၊ မကောင်းသဖြင့် ပြုသောအမှု ဖောက်ပြန်သောအမှုသည် ဒုက္ကဋမည်၏၊ ဘုရားဟောအတိုင်း မပြုခြင်းကြောင့် ချွတ်ယွင်း၏။ ကုသိုလ် ဆန့်ကျင်ဘက်ပြုသောကြောင့် ဆန့်ကျင်၏။ အရိယကျင့်ဝတ် လမ်းစသို့ မရောက်သောကြောင့် ချော်ကျ၏။
ဥပမာကား - လောက မျက်မှောက်ဖြစ်စေ မျက်ကွယ်ဖြစ်စေ မကောင်းမှုကိုပြုလျှင် ထိုမကောင်းမှုကို ဒုက္ကဋဟု ပြောဆိုကုန်၏။ ထို့အတူ အာပတ်သည်လည်း ဘုရားရှင် စက်ဆုတ်အပ်သော ယုတ်မာသော မကောင်းမှုဖြစ်၏။ ထို့ကြောင့် ဒုက္ကဋမည်၏။ ဒုဋ္ဌုကတံ ဒုက္ကဋံ၊ ဝိရူပံကတံ ဒုက္ကဋံ မကောင်းသဖြင့် ပြုအပ်သော အာပတ် ဖြစ်သောကြောင့် ဝါ- ဖောက်ပြန်သောအမှု အာပတ်ဖြစ်သောကြောင့် ဒုက္ကဋမည်၏။
-
ဒုဗ္ဘာသိတဂါထာ အနက်ကား - မကောင်းသဖြင့် ဆိုအပ်စကားသည်- ဒုဋ္ဌု + အာဘဌံ-ဒုရာဘဌံ– ဒုရာဘဌမည်၏။ ဒုရာသည် ဒုဗ္ဘာသိတမည်၏။ ညစ်ညူးသောစကား ဖြစ်ပုံကား ပညာရှိတို့ ကဲ့ရဲ့အပ်သောကြောင့် ညစ်ညူးသော သံကိလိဋ္ဌစကားဖြစ်၏။ ထိုသို့ညစ်ညူးခြင်း၊ ပညာရှိတို့ ကဲ့ရဲ့ခြင်းကြောင့် ဒုဗ္ဘာသိတမည်၏။ ဒုဋ္ဌုဘာသိယတေတိ ဒုဗ္ဘာသိတ - မကောင်းသဖြင့် ဆိုအပ်သော အာပတ်၊ ပညာရှိတို့ ကဲ့ရဲ့အပ်သော အာပတ်ဖြစ်သောကြောင့် ဒုဗ္ဘာသိတမည်၏။
သေခိယဂါထာနက်ကား - အစ၊ အခြေ စသည်ဖြင့် သေက္ခပုဂ္ဂိုလ်၏ ဥစ္စာအဖြစ်ကိုပြသည်။ သေက္ခဿဣဒံ သေခိယံ - သေက္ခပုဂ္ဂိုလ်၏ ဥစ္စာကျင့်ဝတ်ဖြစ်သောကြောင့် သေခိယမည်၏။
ဤ နိဗ္ဗစနသည် ဂရုကကို လဟုကကို စသည်ဖြင့်မေးသော ပြဿနာဖြင့် မရေတွက်အပ်၊ နာယူလိုပါသည်ဟု တောင်းပန်သော စကားဖြင့် ရေတွက်အပ်သော အနက်ကိုပြခြင်းငှါ (အပိုအလွန်) မိန့်ဆိုသောကားဖြစ်သည်၊ ဆန္နမတိ ဝဿတိ စသည်၌လည်း ဤနည်းသာတည်း။
ဆန္နမတိ ဝဿတိ ဟူသည် သက်ကယ်စသည်ဖြင့် မမိုးသော အိမ်သည်စွတ်၏။ အာပတ်ဟူသောအိမ်သည်ကား မိုးထားလျှင် မိုးစွတ်၏၊ မူလအာပတ်ကို ဖုံးလျှင် အာပတ်အသစ်သို့ ရောက်သောကြောင့်တည်း။
ဝိဝဋံ နာတိဝဿတိ ဟူသည် အိမ်မဖွင့်ဘဲ ကောင်းစွာ မိုးလျှင် မိုးမစွတ်၊ အာပတ်ဟူသောအိမ်ကား ဖွင့်ထားလျှင် မိုးမစွတ်၊ မူလအာပတ်ကို ဒေသနာကြားခြင်း ဝုဋ္ဌာနကံပြုခြင်းဖြင့် ဖွင့်လျှင် စင်ကြယ်ခြင်း၌တည်၏။ နောင်စောင့်စည်းလျက် အာပတ်အသစ်သို မရောက်သောကြောင့်တည်း။
တသ္မာဆန္နံ ဝိဝရေထ ဟူသည် ထိုအကြောင်းကြောင့် ဒေသနာကြားခြင်း ဝုဋ္ဌာနကံပြုခြင်းဖြင့် အမိုးကို ဖွင့်ရာ၏။ (ဝါ) ဖွင့်ကုန်လော၊
ဧဝံ တံ နာတိဝဿတိ ဟူသည်၊ ဤသို့ပြုလျှင် ထိုဖွင့်လှစ်သော အာပတ်သည် မိုးမစွတ်နိုင်။ (ဝါ- အာပတ် အသစ်မရောက်စေနိုင်။)
ဂတိမိဂါနံ ဟူသည် ကွင်းပြင်၌ ကျားစသည် အလိုက်ခံရသော သားသမင်တို့အား သစ်ပင် ချုံပုတ် တောအုပ်သည် အားထားရာ ဂတိဖြစ်၏။ ထိုအရပ်သို့ ရောက်လျှင် သက်သာရာ ရကုန်၏၊ ဤနည်းဖြင့် ကောင်းကင်သည် ငှက်တို့၏ အားထားရာ ဂတိဖြစ်၏။ သင်္ခတတရား အားလုံးတို့၏ ပျက်စီးခြင်းသာလျှင် ထိုသင်္ခတတရား တို့၏ မချွတ်အပ်ရောက်ရာ ဂတိဖြစ်၏။ ပျက်ခြင်းသို့ မရောက်ဘဲ တည်နေခြင်းငှါ မတတ်နိုင်ကြ။ ကြာမြင့်စွာတည်၍သော်လည်း ပျက်စီးကုန်၏။ အနုပါဒိသေသ နိဗ္ဗာနဓါတ်သည် ရဟန္တာ၏ ဧကံသ အားဖြင့် လားရာဂတိဖြစ်၏။]
(ဇီဋီ။ ။ နိဗ္ဗစနသည် ဝေဝစနဖြစ်၏။ ဤ နိဗ္ဗစနသည် ဂရုက၊ လဟုက စသော ပြဿနာ၌မရှိ၊ နာလိုပါသည် ဘုရား ဟူသောစကားဖြင့် ရေတွက်အပ်သောအနက်ကို ပြခြင်းငှါ ဆိုသည် ဟုမှတ်အပ်၏။
ဝိဋီ။ ။ ပါရာဇိကစသည်ဖြင့်ဆိုသော နိဗ္ဗစနသည် ဂရုက လဟုက စသော ပြဿနာတို့၌ မလာသော်လည်း အလုံးစုံ ဟောကြားတော်မူပါ၊ နာယူလိုပါသည်ဟု တောင်းပန်ခြင်းဖြင့် ယူအပ်သော နိဗ္ဗစနဖြစ်၏။
မိုးစွတ်၏-ဟူသည် မိုးရေစီးဝင်၏။
ဂါထာတို့ဖြင့်ချုံး၍ ရေတွက်အပ်သော အနက်တို့၏ တည်ရာအခဏ်းသည် ဂါထာသင်္ဂဏိက မည်၏။)
ဂါထာသင်္ဂဏိက ပြီး၏။
၁၁ - အဓိကရဏဘေဒ
၃၄ဝ။ အဓိကရဏ
အဓိကရုဏ်းတို့သည် လေးပါးတို့ဖြစ်ကုန်၏။ ဝိဝါဒါဓိကရုဏ်း၊ အနုဝါဒါဓိကရုဏ်း၊ အာပတ္တာဓိကရုဏ်း၊ ကိစ္စာဓိကရုဏ်း၊ ဤကား အဓိကရုဏ်း လေးပါးတည်း။
ဥက္ကောဋ
ဤလေးပါးသော အဓိကရုဏ်းတို့ကို ဥက္ကောဋ- တားမြစ်ခြင်းတို့သည် အဘယ်မျှတို့နည်း။ ဆယ်ပါးတို့တည်း။
ဝိဝါဒါဓိကရုဏ်းကို နှစ်ပါးတား၏။
အနုဝါဒါဓိကရုဏ်းကို လေးပါးတား၏။
အာပတ္တာဓိကရုဏ်း ကို သုံးပါးတား၏။
ကိစ္စာဓိကရုဏ်းကို တစ်ပါးတား၏။
ဤသို့ အဓိကရုဏ်း လေးပါးကို ဆယ်ပါး တားကုန်၏။
ဝိဝါဒါဓိကရုဏ်းကို တားသူသည် အဘယ်မျှသော သမထတို့ကို တားသနည်း။ အနုဝါကို၊ အာပတ္တာကို၊ ကစ္စာကိုတားသူသည် အဘယ်မျှသော သမထတို့ကိုတားသနည်း။
ဝိဝါဒါကို တားသူသည် နှစ်ပါးသော သမထတို့ကို၊
အနုဝါ တားသူသည် လေးပါးကို၊
အာပတ္တာတားသူသည် သုံးပါးကို၊
ကိစ္စာတားသူသည် တစ်ပါးကို တားသည်။
[အဓိကရုဏ်းကို တားခြင်းဖြင့် သမထတို့ကို တားခြင်းကို ပြခြင်းငှါ ဝိဝါဒါဓိကရုဏ်းကို တားသူသည် အဘယ်မျှသော သမထတို့ကို တားသနည်း စသည်ကို မိန့်ဆို၏။
ဝိဝါဒါကို တားသူသည် သမ္မုခါ ဝိနည်း၊ ယေဘုယျသိက- ဟူသော သမထနှစ်ပါးကိုတား၏။
အနုဝါ တားသူသည် သမ္မုခါဝိနည်း၊ သတိဝိနည်း၊ အမူဠဝိနည်း၊ တဿပါပိယသိက- သမထလေးပါးကိုတား၏။
အာပတ္တာတားသူသည် သမ္မုခါဝိနည်း၊ ပဋိညာတကရဏ၊ တိဏဝတ္ထာရက - သမထသုံးပါးကိုတား၏။
ကိစ္စာ တားသူသည် သမ္မုခါဝိနည်းဟုသာ သမထတစ်ပါးကိုတား၏။]
(ဇီဋီ။ ။အဓိကရုဏ်းတို့သည် ခုနစ်ပါးသော သမထ တို့ဖြင့်ငြိမ်းကုန်၏။ အဓိကရုဏ်းတို့ကို တားသူသည် ခုနစ်ပါးသော သမထတို့ကို တားသည်မည်၏။ ဤကား အဓိပ္ပာယ်တည်း။
သာဋီ။ ။ အဓိကရုဏ်းကိုတားလျှင် သမထသို့ ရောက်သည်ကိုသာတား၏။ ထို့ကြောင့် “ ဝိဝါဒါဓိကရုဏ်းကို တားသူသည် အဘယ်မျှသော သမထတို့ကို တားသနည်း။” စသည် ကို မိန့်ဆိုသည်။)
၃၄၁။ အာကာရပုဂ္ဂလ
ဥက္ကောဋတို့သည် အဘယ်မျှတို့နည်း။
အဘယ်မျှသော ခြင်းရာတို့ဖြင့် ဥက္ကောဋနသည် ဖြစ်သနည်း။
အဘယ်မျှသောအင်္ဂါတို့နှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် အဓိကရုဏ်းကို တားသနည်း။
အဘယ်မျှသော ပုဂ္ဂိုလ်တို့သည် အဓိကရုဏ်းကို တားသည်ရှိသော် အာပတ်သို့ ရောက်ကုန်သနည်း။
ဥက္ကောဋတို့သည် တစ်ဆယ့်နှစ်ပါးဖြစ်ကုန်၏။
ဆယ်ပါးသောခြင်းရာတို့ဖြင့် ဥက္ကောဋနသည်ဖြစ်၏။
လေးပါးသောအင်္ဂါတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အဓိကရုဏ်းကိုတား၏။
လေးယောက်သောပုဂ္ဂိုလ်တို့သည် အဓိကရုဏ်းကို တားသည်ရှိသော် အာပတ်သို့ ရောက်ကုန်၏။
ဥက္ကောဋ တစ်ဆယ့်နှစ်ပါးကား --
အကတံကမ္မံ - ပြု၍ မပြီးသေးသောကံ။
ဒုက္ကဋံကမ္မံ - မကောင်းသဖြင့်ပြုအပ်သောကံ။
ပုနကာတဗ္ဗံ ကမ္မံ - တဖန် ပြုအပ်သောကံ။
အနိဟတံ - သုတ္တစသည်ဖြင့် မဆောင်အပ်သောကံ။
ဒုန္နိဟတံ - မကောင်းသဖြင့် ဆောင်အပ်၏။
ပုနနိဟနီတဗ္ဗံ - တဖန်ဆောင်အပ်၏။
အဝိနိစ္ဆိတံ – အာပတ် နာပတ်စသည်ဖြင့် မဆုံးဖြတ်အပ်။
ဒုဝိနိစ္ဆိတံ - မကောင်းသဖြင့်ဆုံးဖြတ်အပ်၏။
ပုနဝိနိစ္ဆိတဗ္ဗံ - တဖန်ဆုံးဖြတ်အပ်၏။
အပူပသန္တံ- မငြိမ်းစဲသေး။
ဒုဝူပသန္တံ - မကောင်းသဖြင့်ငြိမ်းစဲ၏။
ပုနဝူပသမေတဗ္ဗံ - တဖန်ငြိမ်းစဲစေအပ်၏။ ဤ ၁၂-ပါးတည်း။
ဥက္ကောဋနဖြစ်ကြောင်း ခြင်းရာဆယ်ပါးကား --
ထိုကျောင်း၌ဖြစ်သော အဓိကရုဏ်းကိုတား၏။
ထိုကျောင်း၌ဖြစ်သော ငြိမ်းစဲသော အဓိကရုဏ်းကို တား၏။
ခရီးအကြား၌ အဓိကရုဏ်းကိုတား၏။
ခရီးအကြား၌ငြိမ်းစဲသော အဓိကရုဏ်းကိုတား၏။
ဝိနည်းဓိုရ်ရှိရာ ကျောင်းတပါးသို့ရောက်သော အဓိကရုဏ်းကိုတား၏။
ဝိနည်းဓိုရ်ရှိရာ ကျောင်းတပါးသို့ရောက်သော ငြိမ်းစဲသော အဓိကရုဏ်းကိုတား၏။
သတိဝိနည်းကို တား၏။
အမူဠဝိနည်းကို တား၏။
တဿပါပိယျသိကကို တား၏။
တိဏဝတ္ထာရကကို တား၏။ ဤ ဆယ်ပါးတည်း。
-
အဓိကရုဏ်းကိုတားသော ပုဂ္ဂိုလ်၏ အင်္ဂါလေးပါးကား – ဆန္ဒာဂတိသို့ လိုက်၍ အဓိကရုဏ်းကိုတား၏၊ ဒေါသာဂတိသို့၊ မောဟာဂတိသို့၊ ဘယာဂတိ သို့လိုက်၍တား၏။ ဤလေးပါးတည်း။
အဓိကရုဏ်းကိုတား၍ အာပတ်သို့ရောက် ပုဂ္ဂိုလ်လေးယောက်ကား --
၁။ ထိုနေ့၌ရဟန်းပြုသူသည် တားအံ့ - ဥက္ကောဋနကပါစိတ်အာပတ်သို့ ရောက်၏。
၂။ အာဂန္တုသည်တားအံ့ -ဥက္ကောဋနကပါစိတ်၊
၃။ ကာရကပုဂ္ဂိုလ်သည် တားအံ့- ဥက္ကောဋနကပါစိတ်၊
၄။ ဆန္ဒပေးသူသည်တားအံ့ - ဥက္ကောဋနုကပါစိတ်၊
ဤ လေးယောက်တည်း。
[ဥက္ကောဋ - တစ်ဆယ့်နှစ်ပါးတို့တွင် --
အကတံကမ္မံ - စသော ဥက္ကောဋသုံးပါးကို အထူးအားဖြင့် ဒုတိယ အနုဝါဒါဓိကရုဏ်း၌ ရအပ်၏。
အနိဟတံကမ္မံ - စသောသုံးပါးကို ပဋ္ဌမဝိဝါဒါ၌၊
အဝိနိစ္ဆိတံ - စသော သုံးပါးကို တတိယအာပတ္တာ၌၊
အ၀ူပသန္တံ - စသောသုံးပါးကို စတုတ္ထကိစ္ဆာ၌ရအပ်၏。
တစ်နည်း မထူးခြင်းအားဖြင့် ၁၂-ပါးလုံးကိုလည်း တစ်ခုခုသော အဓိကရုဏ်း၌ ရအပ်သည်သာတည်း။]
ထိုကျောင်း၌ဖြစ်သော အဓိကရုဏ်းကို တား၏ - ဟူသည်ကား အကြင်ကျောင်း၌ ဤသူသည် ငါ၏ သပိတ်သင်္ကန်းကိုယူသည် - စသည်ဖြင့် သပိတ် သင်္ကန်းစသည်တို့ အကျိုးငှါ အဓိကရုဏ်းဖြစ်၏။ ထို ကျောင်း၌သာလျှင် အာဝါသိကတို့သည် စည်းဝေး၍ ငါ့ရှင်တို့ ငြင်းခုံခြင်းငှါမသင့်ဟု ပစ္စည်း အကျိုးငှါ ဆန့်ကျင်သော အတ္ထပစ္စတ္ထိကတို့ကို သိစေ၍ ပါဠိမုတ္တက ဝိနိစ္ဆယ ဖြင့်သာ၊ (ဝါ)- ဝိနည်းမစွတ် တရားဟော သက်သက်ဖြင့်သာ ငြိမ်းစေကုန်အံ့၊ ဤကား တတ္ထဇာတကအဓိကရဏ မည်၏။ ငြိမ်းကြောင်းဝိနိစ္ဆယ သည်လည်း သမထတစ်ပါးသာတည်း။ ဤအဓိကရုဏ်းကို တားသော ရဟန်းအားလည်း ပါစိတ်တည်း။
ထို ကျောင်း၌ဖြစ်သော ငြိမ်းစဲသော အဓိကရုဏ်း ဟူသည်ကား - နေဝါသိကတို့ ငြိမ်းစေခြင်းငှါ မတတ်နိုင်ကုန်အံ့၊ တစ်ပါးသောဝိနည်းဓိုရ်ရောက်လာ၍ အဘယ် ကြောင့် ဤကျောင်း၌ ဥပုသ်ပဝါရဏာ တန့်ရပ်သနည်းဟုမေး၍ ထိုအကြောင်းကို ပြောပြလတ်သော် ခန္ဓကမှ ပရိဝါမှ ဆောင်သော သုတ္တဖြင့်ဆုံးဖြတ်၍ ငြိမ်းစေအံ့၊ ဤကား တတ္ထဇာတက ဝူပသန္တအဓိကရဏမည်၏။ ထိုကိုတားသူအားလည်း ပါစိတ်သာတည်း။
ခရီးအကြား၌ ဟူသည် ထိုအတ္ထပစ္စတ္ထိကတို့သည် ငါတို့ ဤသူ၏ ဝိနိစ္ဆယ၌ မတည်နိုင်ကြ။ ဤသူဝိနည်းမတတ်၊ ဤမည်သော ကျောင်း၌ ဝိနည်းဓိုရ်တို့ရှိကုန်၏။ ထိုသို့သွား၍ အဆုံးအဖြတ်ယူကုန်အံ့ဟု သွားကြစဉ် ခရီး အကြား၌ ကျိုးကြောင်းမှတ်သား၍ အချင်းချင်း သိစေကုန်အံ့၊ တပါးသော ရဟန်းတို့ကသော်လည်း သိစေကုန်အံ့၊ ဤသည်လည်း ငြိမ်းခြင်း သာတည်း။ ဤသို့ငြိမ်းသော အန္တရာမဂ္ဂ၌ အဓိကရုဏ်းကို တားသူအားလည်း ပါစိတ်သာတည်း။
ခရီးအကြား ငြိမ်းစဲသောအဓိကရုဏ်း ဟူသည် အချင်းချင်း သိစေခြင်း၊ တပါးသူတို့ သိစေခြင်းဖြင့်မငြိမ်းဘဲ ရင်ဆိုင်ရောက်လာသော ဝိနည်းဓိုရ်သည်မေး၍ တား၍ ထိုခရီးအကြား၌သာလျှင် ဓမ္မဝိနယဖြင့် ငြိမ်းစေအံ့၊ ဤကား အန္တရာမဂ္ဂ ဝူပသန္တမည်၏။ ထိုကိုတားသူအားလည်း ပါစိတ်သာတည်း။
ဝိနည်းဓိုရ်ရှိရာ ကျောင်းတပါးသို့ရောက်သော ဟူသည်ကား ခရီးအကြား ဝိနည်းဓိုရ်တားသည်ကို မနာယူဘဲ ထိုကျောင်းသို့သွားကြ၍ သဘာဂရဟန်းတို့ကို ပြောပြကြ၍ သံဃာမစည်းဝေးဘဲ ဆုံးဖြတ်၍ သိစေကုန်အံ့၊ ဤလည်းငြိမ်းခြင်းသာတည်း။ တတ္ထဂတမည်၏။ ထိုကိုတားသူ အားလည်း ပါစိတ်တည်း။
ထိုသို့ မငြိမ်းဘဲ သံဃာစည်းဝေး၍ သံဃာ့ အလယ်၌ ဝိနည်းဓိုရ်သည် ငြိမ်းစေသည်ဖြစ်အံ့၊ တတ္ထ ဂတ ၀ူပသန္တ မည်၏။ ထိုကို တားသူအားလည်း ပါစိတ်တည်း။
သတိဝိနည်းကိုတားခြင်း စသည်ကား ရဟန္တာအားပေးသော သတိဝိနည်းကိုတားအံ့၊ ပါစိတ်သာတည်း။ ဥမ္မတ္တကအားပေးသော အမူဠဝိနည်း၊ ယုတ်မာခြင်း များသူအား ပေးသော တဿ ပါပိယျသိကတို့၌လည်း ဤနည်းသာတည်း။
သံဃာသည်တိဏဝတ္ထာရက သမထဖြင့် အဓိကရုဏ်းကို ငြိမ်းစေပြီးသောအခါ “အာပတ်မည်သည် ရဟန်း တစ်ပါးထံ ဆောင့်ကြောင့်ထိုင်၍ လက်အုပ်ချီ၍ ဒေသနာကြားမှထသည်၊ အိပ်ပျော်နေသူအားလည်း အာပတ်ထခြင်းကို ငါမနှစ်သက်”ဟုဆိုလျှင် တိဏဝတ္ထာရကကို တားသည်မည်၏။ ပါစိတ်သာတည်း။
ဆန္ဒာဂတိသို့လိုက်၍ အဓိကရုဏ်းကိုတား၏ ဟူသည် ဝိနည်းဓိုရ်ဖြစ်လျက် မိမိ၏ ဥပဇ္ဈာယ်စသည်တို့၏ အကျိုးငှါ အဓမ္မကို ဓမ္မဟုပြခြင်း စသည်တို့ကိုပြ၍ ရှေး၌ ဓမ္မဝိနယဖြင့် ဆုံးဖြတ်ပြီးသော အဓိကရုဏ်းကို ဥက္ကောဋ ၁၂-ပါး တစ်ပါးပါးဖြင့်တားလျှင် ဆန္ဒာဂတိသို့လိုက်၍ အဓိကရုဏ်းကို တားသည်မည်၏。
အတ္ထပစ္စတို့က နှစ်ယောက်တို့တွင် တစ်ယောက်အပေါ်၌ ငါ၏ အကျိုးမဲ့ကို ပြုဘူးသူ-စသည်ဖြင့် အာဃာတ ဖြစ်၍ ထိုသူကို ရှုံးစေခြင်းငှါ အဓမ္မံ ဓမ္မော စသည်ကိုပြ၍ ရှေးဆုံးဖြတ်ပြီးကို ၁၂-ပါး တစ်ပါးပါးဖြင့်တားလျှင် ဒေါသာဂတိသို့လိုက်၍ တားသည်မည်၏。
ဉာဏ်နုံ့၍ တွေဝေခြင်းကြောင့် အဓမ္မံ ဓမ္မော စသည်ကိုပြ၍ တစ်ပါးပါးဖြင့်တားလျှင် မောဟာဂတိသို့လိုက်၍ တားသည်မည်၏。
အတ္ထပစ္စတ္ထိက နှစ်ယောက်တို့တွင် တစ်ယောက်သည် ဝိသမနိဿိတ - မတူတန်သော ကာယကံ စသည်တို့ကို မှီ၏၊ ဂဟနနိဿိတ- မှားသောအယူဖြင့် ရှုပ်ထွေးသော မိစ္ဆာဒိဋ္ဌိတို့ကို မှီ၏၊ ဗလဝနိဿိတ - အားရှိသော အသင်းပက္ခ၊ ထင်ရှားသော ရဟန်းတို့ကိုမှီ၏။ ထိုသူကို “ငါအား အသက်၊ သာသနာ အန္တရာယ်ပြုရာ၏” ဟုကြောက်၍ အဓမ္မံ ဓမ္မော စသည်ကို ပြ၍ တစ်ပါးပါးဖြင့်တားလျှင် ဘယာဂတိသို့လိုက်၍ အဓိကရုဏ်းကို တားသည် မည်၏。
ထိုနေ့ ရဟန်းပြုသူသည် တားအံ့ ဟူသည်- ဗျတ္တဗဟုဿုတ သာမဏေသည် ဝိနိစ္ဆယ၌ရှုံး၍ မျက်နှာ မသာယာသောရဟန်းတို့ကို အရှင်တို့ ထိုသို့ ဖြစ်ပါစေ၊ အကျွန်ုပ်ကို ရဟန်းပြုပေးကြပါ၊ အကျွန်ုပ် ငြိမ်းအောင် ဆုံးဖြတ် ပေးမည်ဟုဆို၍ ရဟန်းပြုပေးကြသဖြင့် နောက်နေ့၌ သံဃာကိုစည်းဝေးစေသောအခါ ရဟန်းတို့ အကြောင်းမေးလတ်သော် ယမန်နေ့၌ အဓိကရုဏ်းကို မကောင်းသဖြင့် ဆုံးဖြတ်အပ်၏၊ ထိုအဓိကရုဏ်းကို အကျွန်ုပ်ဆုံးဖြတ်မည်ဟု ဆိုအံ့၊ ယမန်နေ့၌ သင် ဘယ်သို့သွားနေသနည်းဟုမေး၍ ရဟန်းမဟုတ်သေးပါ၊ ယနေ့မှ ရဟန်းဖြစ်ပါသည်ဟုဆိုအံ့၊ ငါ့ရှင် သင်သို့သောသူတို့အား ဘုရားရှင်သည် “တဒဟုပသမ္ပန္နော ဥက္ကောဋေတိ ဥက္ကောဋနကံ ပါစိတ္တိယံ” ဟု သိက္ခာပုဒ်ပညတ်သည်။ သွားချေလော ဒေသနာကြားချေလောဟု ဆိုအပ်၏။ အာဂန္တု၌လည်း ဤနည်းသာတည်း။
ကာရက ဟူသည်ကား သံဃာနှင့် အတူတကွ ဆုံးဖြတ်၍ ကျောင်းပြန်ရောက်သော ဝိနည်းဓိုရ်တစ်ဦးကို ရှုံးသောရဟန်းတို့က အရှင်ဘုရား အဘယ်ကြောင့် ဤသို့ ဆုံးဖြတ်ပါသနည်း၊ ဤသို့ဆုံးဖြတ်သင့်သည် မဟုတ်ပါလော ဟု ဆိုလတ်သော် အဘယ်ကြောင့်ဟု ရှေးဦးစွာ ဤသို့ မပြောဘိသနည်း ဟု ဆို၍ ထို အဓိကရုဏ်းကို တားအံ့၊ ဤသို့ ဆုံးဖြတ်ခြင်းပြုသောဝိနည်းဓိုရ်တားလျှင်လည်း ပါစိတ်သာတည်း။
ဆန္ဒပေးသူ ဟူသည် ဆုံးဖြတ်သောအခါ ဆန္ဒကိုပေးလိုက်၍ ရှုံးလာသော သဘာဂ ရဟန်းတို့ကိုမြင်သောအခါ “နက်ဖြန် ငါဆုံးဖြတ်မည်” ဟု သံဃာကို စည်းဝေးစေ၍ “ယမန်နေ့က ဆုံးဖြတ်ပုံ မကောင်း၊ ယခု ငါ ဆုံးဖြတ်မည်၊ ယမန်နေ့က ငါ ဆန္ဒပေး၍နေသည်” ဟုဆိုအံ့၊ “ငါ့ရှင် သင်သို့သောသူတို့အား ဘုရားရှင်သည် ဆန္ဒဒါယကော ဥက္ကောဋေတိ၊ ဥက္ကောဋနကံ ပါစိတ္တိယံ ဟု သိက္ခာပုဒ်ပညတ်သည် သွားချေလော ဒေသနာ ကြားချေလော” ဟု ဆိုအပ်၏။
(ဇီဋီ။ ။ ပသဝတီတိ သမ္ဘဝတိ- ဥက္ကောဋနသည် ဖြစ်သနည်း။
အနုဝါဒါဓိကရုဏ်း၌ ရအပ်၏ ဟူသည် ဓမ္မ အဓမ္မ စသည်တို့နှင့်တူသော ဥက္ကောဋ သုံးပါးဖြစ်သောကြောင့် အထူးအားဖြင့် ရအပ်၏။ အနီဟတံ-သုတ္တ စသည်ဖြင့် မဆောင်အပ်။ အဝိနိစ္ဆိတံ- အာပတ်, နာပတ်စသည်ဖြင့် မဆုံးဖြတ်အပ်၊ ခြင်းရာဆယ်ပါးကိုသာ ဟောသည်။ သမ္မုခါ၊ ပဋိညာ၊ ယေဘုသုံးခုကို မဟောသောကြောင့် တားခြင်းငှါ မတတ်ကောင်း။ ထိုသုံးခုတို့အား ကမ္မဝါစာလည်းမရှိ။
ပါဠိမုတ္တက ဝိနိစ္ဆယ ဟူသည် ဝိနည်းလက္ခဏာ ကင်းလျက် တရားဟောခြင်း သက်သက်၏ အစွမ်းဖြစ်၏။ နိဇ္ဈာပေန္တီတိ ဒဿေန္တိ。
သာဋီ။ ။ ပါဠိမုတ္တကဝိနိစ္ဆယ ဟူသည် ဝိနည်းလက္ခဏာ ကင်းလျက် သက်သက် တရားဟောခြင်းမျှ၏ အစွမ်းတည်း။ နိဇ္ဈာပေန္တိတိ ပညာပေန္တိ。
ဝိဋီ။ ။ အတ္ထပစ္စတ္ထိကတို့ကို သိစေ၍ ဟူသည် ပတ္တစီဝရ စသည်အကျိုးငှါ ငြင်းခုံခြင်းသည် မသင့်ဟု ငြင်းခုံခြင်း စသည်တို့၌ အပြစ်ပြခြင်းဖြင့် သိစေ၍ အချင်းချင်းသည်းခံ စေ၍ ငြိမ်းစေကြသည်။ အချင်းချင်း အာပတ် နာပတ်ပြခြင်း အစွမ်းဖြင့်မဟုတ်၊ ထို့ကြောင့် ပါဠိမုတ္တကဝိနိစ္ဆယဖြင့်သာဟု ဆိုသည်။
ဝိသမကာယကမ္မ စသည်တို့ကိုမှီသူသည် ဝိသမနိဿိတမည်၏။
မိစ္ဆာဒိဋ္ဌိကိုမှီသူသည် ဂဟနနိဿိတမည်၏။
ဗလဝန္တပုရိသတို့ကိုမှီသူသည် ဗလဝနိဿိတမည်၏။)
၃၄၂။ နိဒါန၊ ဟေတု၊ ပစ္စယ။
ဝိဝါဒါဓိကရုဏ်းသည် --
ကိံ နိဒါနံ- အဘယ်နိဒါန်းရှိသနည်း။
ကိံ သမုဒယံ- အဘယ်အကြောင်းရှိသနည်း။
ကိံ ဇာတိကံ- အဘယ်ဇာတ်ရှိသနည်း။
ကိံ ပဘဝံ- အဘယ်အမွန်ရှိသနည်း။
ကိံ သမ္ဘာရံ- အဘယ် အဆောက်အဦ ရှိသနည်း။
ကိံ သမုဋ္ဌာနံ- အဘယ်သမုဋ္ဌာန်ရှိသနည်း။ (၆-ချက်)
အနုဝါသည်၊ အာပတ္တာသည်၊ ကိစ္စာသည် ကိံ နိဒါနံ၊ (ပ)၊ ကိံ သမုဋ္ဌာနံ。
ဝိဝါဒါဓိကရုဏ်းသည် ဝိဝါဒလျှင် နိဒါန်းရှိ၏။(ပ)။ ဝိဝါဒလျှင် သမုဋ္ဌာန်ရှိ၏။ အနုဝါဒါသည် အနုဝါဒလျှင်၊ အာပတ္တာသည် အာပတ္တိလျှင်၊ ကိစ္စာသည် ကိစ္စလျှင် နိဒါန်းရှိ၏၊ သမုဋ္ဌာန်ရှိ၏။ ဝိဝါဒသည် ကိံ နိဒါနံ၊ (၆-ချက်)
အနုဝါဒါသည်၊ အာပတ္တာသည်၊ ကိစ္စာသည် ကိံ နိဒါနံ၊ (၆-ချက်)。
ဝိဝါဒါသည် ဟေတုလျှင် နိဒါန်းရှိ၏၊ (ပ)၊ ဟေတုလျှင် သမုဋ္ဌာန်ရှိ၏၊ အနုဝါဒါသည်၊ အာပတ္တာသည်၊ ကိစ္စာသည် ဟေတုလျှင်နိဒါန်းရှိ၏၊ (ပ)၊ ဟေတုလျှင် သမုဋ္ဌာန်ရှိ၏。
ဝိဝါဒါသည် ကိံ နိဒါနံ၊ အနုဝါဒါသည်၊ အာပတ္တာသည်၊ ကိစ္စာသည်၊ (၆-ချက်)。
ဝိဝါဒါသည် ပစ္စယလျှင်နိဒါန်းရှိ၏၊ အနုဝါဒါသည်၊ အာပတ္တာသည်၊ ကိစ္စာသည် ပစ္စယလျှင် နိဒါန်းရှိ၏။ (ပ) ပစ္စယလျှင် သမုဋ္ဌာန်ရှိ၏၊
[ကိံ နိဒါနံအဿာတိ ကိံ နိဒါနံ၊ ကော သမုဒယော၊ ကာဇာတိ၊ ကော ပဘဝေါ၊ ကောသမ္ဘာရော၊ ကိံ သမုဋ္ဌာနံ အဿာတိ ကိံ သမုဋ္ဌာနံ၊ အားလုံး ကာရဏ၏ ဝေဝုစ်တို့သာတည်း။ (အဘယ် အကြောင်းကြောင့် ဖြစ်သနည်း ဝိဝါဒ စသည်ကြောင့်၊ ဟေတုကြောင့်၊ ပစ္စယကြောင့်ဖြစ်၏ ဟူလို။)
ဝိဝါဒလျှင် နိဒါန်းရှိ၏ စသည်တို့၌ ဘေဒကရဝတ္ထု ၁၈-ခုဟူသော ဝိဝါဒလျှင် နိဒါန်းရှိ၏。
ဝိဝါဒကိုမှီ၍ဖြစ်သော ဝိဝါဒစွမ်းဖြင့်ဆိုသည်။
အနုဝါဒကိုမှီ၍ ဖြစ်သော အနုဝါဒစွမ်းဖြင့် အနုဝါဒလျှင် နိဒါန်းရှိ၏။
အာပတ္တာဓိကရဏ အကြောင်းကြောင့် လေးပါးသော အာပတ်သို့ရောက်၏။
ထို့ကြောင့် အာပတ်ကိုမှီ၍ဖြစ်သော အာပတ်စွမ်းဖြင့် အာပတ္တိလျှင် နိဒါန်းရှိ၏。
ကိစ္စလျှင် နိဒါန်းရှိ၏ ဟူသည် လေးပါးသော သံဃကံလျှင် အကြောင်းရှိသော ကိစ္စဖြစ်၏。
ဥက္ခိတ္တာနုဝတ္တိကာဘိက္ခုနီ၏ ယာဝတတိယ သမနုဘာသန စသည်တို့၏ ကိစ္စကိုစွဲ၍ဖြစ်သော ကိစ္စစွမ်းဖြင့် ဆိုသည်။ ဤသို့ နိဒါနပုဒ်နှင့်ယှဉ်သကဲ့သို့ သမုဒယစသော ကြွင်းပုဒ်တို့နှင့်လည်း ယှဉ်အပ်၏。
ဟေတုလျှင် နိဒါန်းရှိ၏ စသောအဖြေ၌ ကုသိုလ်ဟိတ်သုံးပါး၊ အကုသိုလ်ဟိတ်သုံးပါး၊ အဗျာကတဟိတ် သုံးပါး ဤဟိတ် ကိုးပါးစွမ်းဖြင့် ဟေတုလျှင် နိဒါန်းရှိခြင်းကို သိအပ်၏။ တတိယအဖြေ၌ သဒ္ဒါမျှ ထူး၏။ ဟေတုကိုသာလျှင် ပစ္စယဟု ဟောသောကြောင့်တည်း။]
(ဇီဋီ။ ။ ကိံ သမ္ဘာရံ ဟူသည် ကိံ ပရိက္ခာရံ ဖြစ်၏၊ ဤ၌ ကိံ သည် လိင်္ဂသာမညအဗျယတည်း၊ ရှေး၌ဖြစ်သော ဝိဝါဒကိုမှီ၍ နောက်၌ဖြစ်သော ဝိဝါဒသည် ဝိဝါဒလျှင် နိဒါန်းရှိသည်မည်၏。
အာပတ္တာဓိကရဏ အကြောင်းကြောင့် လေးပါးသော အာပတ်ကား ဘိက္ခုနီသည် သိလျက် ပါရာဇိကကိုဖုံးအံ့၊ ပါရာဇိကယုံမှားလျက်ဖုံးအံ့- ထုလ္လစ္စည်း။ ဘိက္ခုသည် သံဃာဒိသေသ်ကိုဖုံးအံ့- ပါစိတ်။ အာစာရဝိပတ္တိကိုဖုံးအံ့- ဒုက္ကဋ်。
သာဋီ။ ။ ကိစ္စကိုစွဲ၍ဖြစ်သော ကိစ္စ ဟူသည် ရှေး၌ပြုသော ဥက္ခေပနီယ စသောကံကိုစွဲ၍ ဖြစ်သော ကံတို့ဖြစ်ကုန်၏။ ယာဝတတိယ သမနုဘာသနကံ စသည်ကဲ့သို့တည်း。
ဝိဋီ။ ။ အာပတ်ကိုမှီ၍ဖြစ်သော အာပတ်ဟူသည်ကို မိမိ၏၊ သူတပါး၏ အာပတ်ကိုဖုံးသူတို့၏ ပါရာဇိက စသော အာပတ်ကိုသာရည်ဆိုသည်။ အာပတ်အားလုံးကို ရည်ဆိုသည် မဟုတ်。
ကိစ္စကိုစွဲ၍ဖြစ်သောကိစ္စ ဟူသည်ကို ဥက္ခေပနီယ စသောကံကို စွဲ၍ဖြစ်ကုန်သော တဒနုဝတ္တိကာဘိက္ခုနီ၏ ယာဝ တတိယာနုသာဝန ကိစ္စတို့ကိုရည်ဆိုသည်။ ကိစ္စအားလုံးကို ရည်မဆို။)
၃၄၃။ မူလ၊ သမုဋ္ဌာန။
လေးပါးသောအဓိကရုဏ်းတို့၏ မူလတို့ သည် အဘယ်မျှနည်း၊ သမုဋ္ဌာန်တို့သည် အဘယ်မျှနည်း။
လေးပါးသော အဓိကရုဏ်းတို့၏ မူလတို့သည် ၃၃-ပါး၊ သမုဋ္ဌာန်တို့သည် ၃၃-ပါးဖြစ်ကုန်၏。
မူလ သုံးဆယ့်သုံးပါးကား --
ဝိဝါဒါဓိကရုဏ်း၏မူလ ၁၂-ပါး၊
အနုဝါဒါ၏မူလ ၁၄-ပါး၊
အာပတ္တာ၏မူလ ၆-ပါး၊
ကိစ္စာ၏မူလ ၁-ပါး၊ သံဃာသည် မူလဖြစ်၏。
သမုဋ္ဌာန် ၃၃-ပါးကား --
ဝိဝါဒါ၏သမုဋ္ဌာန် ဘေဒကရဝတ္ထု ၁၈-ပါး၊
အနုဝါဒါ၏သမုဋ္ဌာန် ဝိပတ္တိ ၄-ပါး၊
အာပတ္တာ၏သမုဋ္ဌာန် အာပတ် ၇-ပါး၊
ကိစ္စာ၏ သမုဋ္ဌာန် ကံ ၄-ပါးဖြစ်၏。
[မူလ ၁၂ ပါးကား- ကောဓ ဥပနာဟတစ်စုံ ဝိဝါဒမူလ ၆-ပါး၊ လောဘ၊ ဒေါသစသောဟိတ် ၆-ပါး၊ ဤသို့ အဇ္ဈတ္တသန္တာန်ဖြစ်သော မူလ ၁၂-ပါးဖြစ်၏၊
မူလ ၁၄-ပါးကား ထို ၁၂-ပါးသည် ကာယ၊ ဝါစာနှင့် ၁၄-ပါး ဖြစ်၏。
မူလ ၆-ပါးကား ကာယ၊ ဝါစာစသော ဆသမုဋ္ဌာန်ဖြစ်၏。
သမုဋ္ဌာန်အဖြေ၌ ဘေဒကရဝတ္ထု ၁၈-ပါး ကြောင့်၊ ဝါ-၁၈ပါးဖြင့် ဝိဝါဒသည်ဖြစ်၏။ ထိုကြောင့် ထို ၁၈-ပါးသည် သမုဋ္ဌာန်မည်၏။။ ဧသ နယော သဗ္ဗတ္တ။]
၃၄၄။ အာပတ္တိ
ဝိဝါဒါဓိကရုဏ်းသည် အာပတ္တိလော၊ အနာပတ္တိလော၊ ဝိဝါဒါဓိကရုဏ်းသည် အာပတ္တိမဟုတ်。
ဝိဝါဒ အကြောင်းကြောင့် အာပတ်သို့ ရောက်ရာသလော၊ အာမ အာပဇ္ဇေယျ - အေး- ရောက်ရာ၏။ အဘယ်မျှသော အာပတ်သို့ရောက်သနည်း။ နှစ်ပါးသောအာပတ် သို့ရောက်၏။ ဥပသမ္ပန္နကို ဆဲအံ့ပါစိတ်၊ အနုပသမ္ပန္နကိုဆဲအံ့ ဒုက္ကဋ်。
ထိုအာပတ်တို့သည် အဘယ်ဝိပတ္တိသို့ ဝင်ကုန်သနည်း။
အဘယ်အဓိကရုဏ်းနည်း။
အဘယ်အာပတ်အစုဖြင့် ရေတွက်အပ်ကုန်သနည်း။
အဘယ် သမုဋ္ဌာန်တို့ကြောင့် ဖြစ်ကုန်သနည်း။
အဘယ်မျှသော အဓိကရုဏ်းတို့ဖြင့် အဘယ်မျှသောဌာနတို့၌ အဘယ်မျှသောသမထတို့ဖြင့် ငြိမ်းကုန်သနည်း。
ထိုအာပတ်တို့သည် တစ်ပါးသောဝိပတ္တိသို့ဝင်ကုန်၏။
အာစာရ ဝိပတ္တိသို့၊ အာပတ္တာဓိကရုဏ်းဖြစ်၏။
နှစ်ပါးသော အာပတ်အစုတို့ဖြင့် ရေတွက်အပ်ကုန်၏။
အချို့ပါစိတ်၊ အချို့ဒုက္ကဋ်၊ သုံးပါးသော သမုဋ္ဌာန်တို့ ကြောင့် ဖြစ်ကုန်၏။
ကိစ္စာဓိကရုဏ်းတစ်ခုဖြင့် သံဃာ့အလယ်၊ ဂဏ အလယ်၊ ပုဂ္ဂလအထံ - သုံးဌာနတို့၌ သုံးပါးသောသမထတို့ဖြင့် ငြိမ်းကုန်၏။ ရံခါ သမ္မုခါ၊ ပဋိညာ၊ ရံခါ သမ္မုခါ၊ တိဏဖြင့်တည်း。
၃၄၅။ အနုဝါဒါဓိကရုဏ်းသည် အာပတ္တိလော၊ အနာပတ္တိလော၊ အာပတ္တိမဟုတ်၊ အနုဝါဒါအကြောင်းကြောင့် အာပတ်သို့ရောက်ရာသလော၊ အာမ။ အဘယ်မျှသော အာပတ်သို့ ရောက်သနည်း။ သုံးပါးသော အာပတ်သို့ ရောက်၏။ ဘိက္ခုကို အမူလကပါရာဇိကဖြင့်စွပ်စွဲအံ့၊ သံဃာဒိသေသ်။ သံဃာဒိသေသ်ဖြင့် စွပ်စွဲအံ့ ပါစိတ်၊ အာစာရ ဝိပတ္တိဖြင့်စွပ်စွဲအံ့ - ဒုက္ကဋ်。
ထိုအာပတ်တို့သည် အဘယ်ဝိပတ္တိသို့ ဝင်ကုန်သနည်း။ (ပ)။ ငြိမ်းကုန်သနည်း။ ထိုအာပတ်တို့သည် သီလ၊ အာစာရ ဝိပတ္တိ နှစ်ပါးသို့ဝင်ကုန်၏ အာပတ္တာဓိကရုဏ်းဖြစ်၏။ သံဃာဒိသေသ်၊ ပါစိတ်၊ ဒုက္ကဋ် သုံးပါးဖြင့်။ ရေတွက်အပ်ကုန်၏။ သုံးပါးသော သမုဋ္ဌာန်တို့ကြောင့် ဖြစ်ကုန်၏。
ဂရုကာ အာပတ်တို့သည် ကိစ္စာဓိကရုဏ်း တစ်ခုဖြင့် သံဃာ့အလယ် ဌာနတစ်ခု၌ သမ္မုခါ၊ ပဋိညာ သမထ နှစ်ပါးဖြင့် ငြိမ်းကုန်၏။ လဟုကာအာပတ် တို့သည် ကိစ္စာဓိကရုဏ်းတစ်ခုဖြင့် သံဃာ့အလယ်၊ ဂဏအလယ် ပုဂ္ဂလအ သုံးဌာန၌ ရံခါ သမ္မုခါ- ပဋိညာ၊ ရံခါ သမ္မုခါ-တိဏ-သမထ သုံးပါးတိုဖြင့် ငြိမ်းကုန်၏。
၃၄၆။ အာပတ္တာဓိကရုဏ်းသည် အာပတ္တိလော၊ အနာပတ္တိလော၊ အာပတ္တိဟုတ်၏။ အာပတ္တာ အကြောင်းကြောင့် အာပတ်သို့ရောက်ရာသလော၊ အာမ။ အဘယ်မျှသော အာပတ်သို့ရောက်သနည်း။ လေးပါးသောအာပတ်သို ရောက်၏။ ဘိက္ခုနီသည်သိလျက် ပါရာဇိကကိုဖုံးအံ့၊ ပါရာဇိက။ ယုံမှားလျက် ဖုံးအံ့၊ ထုလ္လစ္စည်း။ ဘိက္ခုသည် သံဃာဒိသေသ်ကိုဖုံးအံ့၊ ပါစိတ်။ အာစာရ ဝိပတ္တိကိုဖုံးအံ့- ဒုက္ကဋ်。
ထိုအာပတ်တို့သည် အဘယ်ဝိပတ္တိသို့ ဝင်ကုန်သနည်း။ (ပ)။ ငြိမ်းကုန်သနည်း။ ထိုအာပတ်တို့သည် သီလ၊ အာစာရဝိပတ္တိနှစ်ပါးသို့ ဝင်ကုန်၏။ အာပတ္တာဓိကရုဏ်း ဖြစ်၏။ ပါရာဇိက၊ ထုလ္လစ္စည်း၊ ပါစိတ်၊ ဒုက္ကဋ် လေးပါးဖြင့် ရေတွက်အပ်ကုန်၏။ ကာယဝါစာစိတ္တ သမုဋ္ဌာန် တစ်ခု ကြောင့်ဖြစ်ကုန်၏。
အနဝသေသအာပတ်သည် အဓိကရုဏ်းတစ်ခုခုဖြင့် ဌာန တစ်ခုခု၌ သမထတစ်ပါးပါးဖြင့် ငြိမ်းသည်မဟုတ်၊ လဟုကာတို့သည် ကိစ္စာဓိကရုဏ်းတစ်ခုဖြင့် သုံးဌာန၌ ရံခါသမ္မုခါ၊ ပဋိညာ၊ ရံခါ သမ္မုခါ၊ တိဏသမထသုံးပါး တို့ဖြင့် ငြိမ်းကုန်၏。
၃၄၇။ ကိစ္စာဓိကရုဏ်းသည် အာပတ္တိလော၊ အနာပတ္တိလော၊ အာပတ္တိ မဟုတ်။ ကိစ္စာအကြောင်းကြောင့် အာပတ်သို့ရောက်ရာသလော၊ အာမ။ အဘယ်မျှသော အာပတ်တို့သို့ရောက်သနည်း။ ငါးပါးသောအာပတ်တို သို့ရောက်၏။ ဥက္ခိတ္တာနုဝတ္တိကာဘိက္ခုနီသည် သုံးကြိမ်ဆုံးမလျက် မစွန့်အံ့၊ ဉာတ်ဖြင့် ဒုက္ကဋ်။ ကမ္မဝါစာ နှစ်ကြိမ်တို့ဖြင့် ထုလ္လစ္စည်းတို့။ ကမ္မဝါစာအဆုံး၌ ပါရာဇိက。
ဘေဒါနုဝတ္တက ရဟန်းသည် သုံးကြိမ်ဆုံးမလျက် မစွန့်အံ့၊ သံဃာဒိသေသ်၊ ပါပိကာဒိဋ္ဌိကို သုံးကြိမ် ဆုံးမလျက်မစွန့်အံ့-ပါစိတ်။ ထိုအာပတ်တို့သည် အဘယ်ဝိပတ္တိသို့ ဝင်ကုန်သနည်း။ (ပ) ငြိမ်းကုန်သနည်း။ ထိုအာပတ်တို့သည် သီလ၊ အာစာရဝိပတ္တိ နှစ်ပါးသို့ဝင်ကုန်၏။ အာပတ္တာဓိကရုဏ်းဖြစ်၏။ ပါရာဇိက၊ သံဃာဒိသေသ်၊ ထုလ္လစ္စည်း၊ ပါစိတ်၊ ဒုက္ကဋ်၊ ငါးပါးဖြင့် ရေတွက်အပ်ကုန်၏။ ကာယဝါစာစိတ္တ သမုဋ္ဌာန်တစ်ခုကြောင့် ဖြစ်ကုန်၏。
အနဝသေသ အာပတ်တို့သည် (ပ) ငြိမ်းသည်မဟုတ်၊ ဂရုကာ အာပတ်သည် ကိစ္စာဓိကရုဏ်း တစ်ခုဖြင့် သံဃာ့အလယ် ဌာနတစ်ခု၌ သမ္မုခါ၊ ပဋိညာ သမထနှစ်ပါးဖြင့်ငြိမ်း၏။ လဟုကာတို့သည် ကိစ္စာဓိကရုဏ်း တစ်ခုဖြင့် သုံးဌာန၌ သုံးပါးသောသမထတို့ဖြင့် ငြိမ်းကုန်၏。
[ကိစ္စာဓိကရုဏ်းတစ်ခုဖြင့် ဟူသည်ကို ငြိမ်းကြောင်း အဓိကရုဏ်းကို ပြခြင်းငှါဆိုသည်။
ထိုဝိဝါဒ စသည်တို့သည် စင်စစ် ကိစ္စာဓိကရုဏ်းဖြင့်သာ ငြိမ်းသည် မဟုတ်ကုန်။
ပုဂ္ဂိုလ်၏အထံ၌ ဒေသနာ ကြားသူအား ကိစ္စာဓိကရုဏ်းမရှိ၊ အဓိကရုဏ်း တစ်ခုခုဖြင့် ဟူသည် သာဝသေသ အာပတ်ငြိမ်းသကဲ့သို့မငြိမ်း၊ ထိုအနဝသေသ အာပတ်သည် ဒေသနာကြားခြင်းငှါ လည်းကောင်း၊ ထိုမှထ၍ စင်ကြယ်ခြင်း၌ တည်ခြင်းငှါလည်းကောင်း မဟုတ်ကြောင်း။]
(ဇီဋီ၊ သာဋီ။ ။ ငြိမ်းကြောင်းအဓိကရုဏ်းကို ပြခြင်းငှါဆိုသည် ဟူသည်ကား အကြင်အခါ အဓိကရုဏ်းတို့ဖြင့် ငြိမ်းကုန်၏။ ထိုအခါ ကိစ္စာတစ်ခုဖြင့်သာ ငြိမ်းကုန်၏။ တပါးသော အဓိကရုဏ်းတို့ဖြင့် ငြိမ်းကြသည်မဟုတ်ဟု ပြခြင်းငှါ ဆိုသည်။ စင်စစ် အဓိကရုဏ်းဖြင့်သာ ငြိမ်းကုန်၏ဟုပြခြင်းငှါ မဟုတ်。
ဝိဋီ။ ။ ပါဠိတော်၌ အဘယ်မျှသော အဓိကရုဏ်း တို့ဖြင့်၊ အဘယ်မျှသောဌာနတို့၌၊ အဘယ်မျှသော သမထ တို့ဖြင့်ဟူသော ပုစ္ဆာသုံးခုတို့ဖြင့်သော်လည်း ငြိမ်းခြင်း အပြားတစ်ခုကိုသာမေးသည်။ ဖြေသည်ဟုသိအပ်၏။)
၅-အဓိကရဏအဓိပ္ပါယ်
၃၄၈။ ဟောတိ-ဖြစ်သလော
ဝိဝါဒါဓိကရုဏ်းသည် အနုဝါဒါ ဓိကရုဏ်း ဖြစ်သလော၊ အာပတ္တာ ဖြစ်သလော၊ ကိစ္စာဖြစ်သလော။
ဝိဝါဒါသည် အနုဝါဒါ မဖြစ်၊ အာပတ္တာမဖြစ်၊ ကိစ္စာမဖြစ်၊ ယင်းသို့မဖြစ်သော်လည်း ဝိဝါဒါအကြောင်းကြောင့် အနုဝါဒါ ဖြစ်၏၊ အာပတ္တာဖြစ်၏၊ ကိစ္စာဖြစ်၏။ ဖြစ်ပုံကား-
ဤသာသနာ၌ ရဟန်းတို့သည် ဓမ္မ၊ အဓမ္မ စသည်ဖြင့် ငြင်းခုံကုန်အံ့၊
ထို ဘဏ္ဍနကလဟ စသော ငြင်းခုံခြင်းသည် ဝိဝါဒါမည်၏။
ဝိဝါဒါဓိကရုဏ်းကြောင့် သံဃာငြင်းခုံခြင်းသည် ဝိဝါဒါဓိကရုဏ်း၊
ငြင်းခုံ၍ စွပ်စွဲခြင်းသည် အနုဝါဒါ၊
စွပ်စွဲ၍ အာပတ်သို့ ရောက်ခြင်းသည် အာပတ္တာ၊
အာပတ်ကြောင့် သံဃာကံပြုခြင်း သည်ကိစ္စာ၊
ဤသို့ ဝိဝါဒအကြောင်းကြောင့် အနုဝါဒါ၊ အာပတ္တာ၊ ကိစ္စာဖြစ်၏။ အနုဝါဒါသည် အာပတ္တာ၊ ကိစ္စာ၊ ဝိဝါဒါဖြစ်သလော၊ မဖြစ်။ မဖြစ်သော်လည်း အနုဝါဒါအကြောင်းကြောင့် အာပတ္တာ၊ ကိစ္စာ၊ ဝိဝါဒါဖြစ်၏။ ဖြစ်ပုံကား -- ဤသာသနာ၌ ရဟန်းတို့သည် ရဟန်းကို ဝိပတ္တိလေးပါး တစ်ပါးပါးဖြင့် စွပ်စွဲကုန်အံ့၊ ထိုအနုဝါဒ၊ အနုဝဒနာ- စသောစွပ်စွဲခြင်းသည် အနုဝါဒါမည်၏။ အနုဝါဒါဓိကရုဏ်းကြောင့် သံဃာငြင်းခုံခြင်းသည်၊ စွပ်စွဲခြင်းသည်၊ အာပတ် သို့ရောက်ခြင်းသည်၊ အာပတ်ကြောင့် သံဃာ ကံပြုခြင်းသည် ကိစ္စာ၊ ဤသို့ အနုကြောင့် အာပတ္တာ၊ ကိစ္စာ၊ ဝိဝါဖြစ်၏။
အာပတ္တာသည် ကိစ္စာ၊ ဝိဝါဒါ၊ အနုဝါဒါဖြစ်သလော၊ မဖြစ်။ မဖြစ်သော်လည်း အာပတ္တာအကြောင်းကြောင့် ကိစ္စာ၊ ဝိဝါ၊ အနုဖြစ်၏။ ဖြစ်ပုံကား -- အာပတ် အစုငါးခုသည်၊ ခုနစ်ခုသည်၊ အာပတ္တာမည်၏။ အာပတ္တာဓိကရုဏ်းကြောင့် သံဃာငြင်းခုံခြင်းသည်။ (ပ)။ ကံပြုခြင်းသည်ကိစ္စာ။ ဤသို့ အာပတ္တာကြောင့် ကိစ္စာ၊ ဝိဝါ၊ အနုဖြစ်၏။
ကိစ္စာသည် ဝိဝါဒါ၊ အနုဝါဒါ၊ အာပတ္တာဖြစ်သလော၊ မဖြစ်။ မဖြစ်သော် လည်း ကိစ္စာအကြောင်းကြောင့် ဝိဝါ၊ အနု၊ အာပတ္တာဖြစ်၏။ ဖြစ်ပုံကား သံဃာ ၏ အပလောကနကံ။(ပ)။ ဉာတ္တိစတုတ္ထကံသည် ကိစ္စာမည်၏။ ကိစ္စာ ဓိကရုဏ်းကြောင့် သံဃာငြင်းခုံခြင်းသည်။ (ပ)။ ကံပြုခြင်းသည် ကိစ္စာ၊ ဤသို့ကိစ္စာကြောင့် ဝိဝါ၊ အနု၊ အာပတ္တာဖြစ်၏။
[ဝိဝါဒါဓိကရုဏ်းသည် အနုဝါဒါဓိကရုဏ်းဖြစ်သလော- အစရှိသောနည်းသည် ပေါ်လွင်သည်သာတည်း။]
(ဝိဋီ။ ။ ဝိဝါဒါဓိကရုဏ်းသည် အနုဝါဒါဓိကရုဏ်း ဖြစ်သလော-စသည်၌ ဝိဝါဒါသည်သာလျှင် အနုဝါ စသည်လည်း ဖြစ်သလောဟုမေးရာ၌ ဝိဝါသည် ဝိဝါသာဖြစ်သည် အနုဝါစသည်မဖြစ်ဟု ဖြေခြင်းတည်း။)
၆-ပုစ္ဆာဝါရ
၃၄၉။ ယတ္ထ
အကြင်ဓိကရုဏ်း၌ သတိဝိနည်းကိုရ၏။
ထို၌ သမ္မုခါဝိနည်း ကိုရသလော၊ သမ္မုခါ-ရရာ၌ သတိကို ရသလော (တစ်စုံ)၊
အမူဠရရာ၌ သမ္မုခါ၊ သမ္မုခါ-ရရာ၌ အမူဠ (တစ်စုံ)၊
ပဋိညာ-ရရာ၌ သမ္မုခါ (တစ်စုံ)၊
ယေဘုယျရရာ၌- သမ္မုခါ (တစ်စုံ)၊
တဿပါပိ-ရရာ၌ သမ္မုခါ (တစ်စုံ)၊
တိဏ ရရာ၌ သမ္မုခါ(တစ်စုံ)။ ၆- စုံ။
၇- ဝိဿဇ္ဇနာဝါရ
၃၅၊ အကြင်အခါ၊ သမ္မုခါဖြင့်၊ သတိဖြင့် အဓိကရုဏ်းသည်ငြိမ်း၏။
ထိုအခါ သတိရရာ၌ သမ္မုခါ၊ သမ္မုခါ-ရရာ၌ သတိရ၏။
ထို၌ အမူဠ၊ ပဋိညာ၊ ယေဘု၊ တဿပါပိ၊ တိဏ- ငါးခုမရ။
အကြင်အခါ သမ္မုခါဖြင့် အမူဠဖြင့်ငြိမ်း၏။ သမ္ဗုခါ ပဋိညာဖြင့်ငြိမ်း၏။
သမ္မုခါ ယေဘုဖြင့်၊ သမ္မုခါ တဿပါပိဖြင့်၊ သမ္မုခါ တိဏဖြင့်ငြိမ်း၏။
ထိုအခါ တိဏ-ရရာ၌ သမ္မုခါ၊ သမ္မုခါ-ရရာ၌ တိဏရ၏။ ထို၌ ကြွင်းငါးခုမရ။
[အကြင်အဓိကရုဏ်း၌ သတိဝိနည်းကိုရ၏။ အစရှိသည်ဖြင့် သမ္မုခါဝိနည်းကိုမလွှတ်ဘဲ ခြောက်ခုသောအစုံ ပုစ္ဆာတို့ကို ဟောအပ်ကုန်၏။ အဖြေအားဖြင့်သာလျှင် အနက်ထင်ရှားပြီ။]
၈- သံသဋ္ဌဝါရ
၃၅၁။ သံသဋ္ဌ
သမ္မုခါဝိနယဟူ၍လည်းကောင်း၊ သတိဝိနယဟူ၍ လည်းကောင်း၊ ဤတရားတို့သည် သံသဋ္ဌဖြစ်ကုန်သလော၊ ဥဒါဟု - ဝိသံသဋ္ဌ ဖြစ်ကုန်သလော။ ဤတရားတို့ကိုခွဲ၍ခွဲ၍ တခြားစီဖြစ်အောင် သိစေခြင်းငှါ ရသလော။။
သမ္မုခါ အမူဠ၊ သမ္မုခါ ပဋိညာ၊ သမ္မုခါ ယေဘု၊ သမ္မုခါ တဿ၊ သမ္မုခါ တိဏ၊ ဤတရားတို့သည် သံသဋ္ဌလော၊ ဝိသံသဋ္ဌလော၊ ခွဲပြခြင်းငှါ ရအပ်သလော (၆-စုံ)
ဤခြောက်စုံတို့သည် သံသဋ္ဌဖြစ်ကုန်၏။ ဝိသံသဋ္ဌ မဖြစ်ကုန်။ ဤ တရားတို့ကိုခွဲ၍ ခွဲ၍ တခြားစီဖြစ်အောင် သိစေခြင်းငှါ မရအပ်ကုန်။
{ သံသဋ္ဌဖြစ်ကုန်၏ ဟူသည် သတိဝိနည်းပေးသော ကမ္မဝါစာ ခဏ၌သာလျှင် သမထနှစ်ပါးလုံးပြီးသောကြောင့် ဤနှစ်ပါးတို့သည် နှီးနှောကုန်၏။ မနှီးနှော မဟုတ်ကုန်။ ငှက်ပျောတုံး၌ ရွက်ဖတ်တို့ကိုခွဲ၍ ရသကဲ့သို့ ထိုနှစ်ပါးတို့ကိုခွဲ၍ တခြားစီဖြစ်အောင် ပြခြင်းငှါမတတ်ကောင်း၊ ဧသ နယော သဗ္ဗတ္ထ။]
၉- သတ္တသမထနိဒါန
၃၅၂။ သမထ၏ နိဒါန၊ ဟေတု၊ ပစ္စယ
သမ္မုခါဝိနယသည် ကိံ နိဒါနော၊ ကိံ သမုဒယော၊ ကိံ ဇာတိကော၊ ကိံ ပဘာဝေါ၊ ကိံ သမ္ဘာရော၊ ကိံ သမုဋ္ဌာနော - အဘယ်သမုဋ္ဌာန် ရှိသနည်း (၆)ချက်။
သတိဝိနည်းသည်၊ အမူဠသည်၊ ပဋိညာသည်၊ ယေဘုသည်၊ တဿပါပိသည်၊ တိဏသည် အဘယ်နိဒါန်း ရှိသနည်း။ ၆-ချက်စီ။
သမ္မုခါဝိနည်းသည် နိဒါနလျှင် နိဒါန်းရှိ၏။ (ပ)။ နိဒါနလျှင် သမုဋ္ဌာန် ရှိ၏။ (ပ)။ တိဏသည် နိဒါနလျှင် နိဒါန်းရှိ၏။ (ပ) နိဒါနလျှင် သမုဋ္ဌာန်ရှိ၏။
သမ္မုခါသည် ကိံ နိဒါနော(ပ)။ တိဏသည် ကိံ နိဒါနော။
သမ္ဗုခါသည် ဟေတုနိဒါနော- ဟေတုလျှင် နိဒါန်းရှိ၏။ (ပ) တိဏသည် ဟေတုလျှင် နိဒါန်းရှိ၏။ (ပ) ဟေတုလျှင် သမုဋ္ဌာန်ရှိ၏။
သမ္မုခါသည် ကိံ နိဒါနော။(ပ)။ တိဏသည် ကိံ နိဒါနော။
သမ္ဗုခါ သည် ပစ္စယနိဒါနော- ပစ္စယလျှင် နိဒါန်းရှိ၏။(ပ)။ တိဏသည် ပစ္စယလျှင် နိဒါန်းရှိ၏။(ပ) ပစ္စယလျှင် သမုဋ္ဌာန်ရှိ၏၊
[အဖြေ၌ နိဒါနံ နိဒါနမဿာတိ နိဒါနနိဒါနော၊ ထိုနိဒါန်းလျှင် နိဒါန်းရှိသော သမ္မုခါစသော သမထခုနစ်ပါးတို့၌ သံဃသမ္မုခတာ၊ ဓမ္မသမ္မုခတာ၊ ဝိနယသမ္မုခတာ၊ ပုဂ္ဂလသမ္ဗုခတာ - ဤလေးပါးသည် သမ္မုခါဝိနယ၏ နိဒါန်းတည်း။
သတိပေါများသော စွပ်စွဲခံရသော ရဟန္တာသည် သတိဝိနယ၏ နိဒါန်းတည်း。
ဥမ္မတ္တကရဟန်းသည် အမူဠဝိနယ၏ နိဒါန်းတည်း。
ဒေသနာကြားသူ၊ ဒေသနာခံသူ နှစ်ဦး တို့၏ မျက်မှောက် ဖြစ်ခြင်းသည် ပဋိညာတကရဏ၏ နိဒါန်းတည်း。
ငြင်းခုံသူတို့၏ အဓိကရုဏ်းကို ငြိမ်းစေခြင်းငှါ မတတ်နိုင်ခြင်းသည် ယေဘုယျသိကာ၏ နိဒါန်းတည်း。
ယုတ်မာလွန်းသောပုဂ္ဂိုလ်သည် တဿပါပိယျသိကာ၏ နိဒါန်းတည်း。
ငြင်းခုံသူတို့၏ ရဟန်း အမူအရာကင်းသော လွန်ကျူးခြင်းသည် တိဏဝတ္ထာရက၏ နိဒါန်းတည်း。
ဟေတုဝါရ ပစ္စယဝါရတို့သည် ဆိုပြီးသောနည်း ရှိကုန်သည် သာတည်း။]
၃၅၃။ မူလ၊ သမုဋ္ဌာန
ခုနစ်ပါးသော သမထတို့၏ မူလတို့သည် အဘယ်မျှနည်း။ သမုဋ္ဌာန်တို့သည်အဘယ်မျှနည်း။
မူလတို့သည် ၂၆-ပါး၊ သမုဋ္ဌာန်တို့သည် ၃၆-ပါးဖြစ်ကုန်၏。
-
မူလ ၂၆-ပါးကား --
သမ္မုခါဝိနည်း၏ မူလလေးပါး –
သံဃသမ္မုခတာ သံဃာ၏မျက်မှောက်အဖြစ်၊
ဓမ္မသမ္မုခတာ ဟုတ်မှန်သောသဘော၏ မျက်မှောက်အဖြစ်။
ဝိနယသမ္မုခတာ - စောဒနာသာရဏာတို့၏ မျက်မှောက် အဖြစ်၊
ပုဂ္ဂလသမ္မုခတာ- ပုဂ္ဂိုလ်၏မျက်မှောက်အဖြစ်။ ၄
သတိဝိနည်း၏ မူလလေးပါး၊ အမူဠ၏ မူလလေးပါး၊ ၈
ပဋိညာ၏မူလနှစ်ပါး၊ ဒေသနာကြားသူ၊ ဒေသနာခံသူ။ ၂
ယေဘု၏-လေးပါး၊ တဿ၏လေးပါး၊ ၈
တိဏ၏လေးပါး- သံဃ၊ ဓမ္မ၊ ဝိနယ၊ ပုဂ္ဂလသမ္မုခတာ၊ ၄
ဤသို့ ၂၆-ပါး ဖြစ်ကုန်၏。
သမုဋ္ဌာန် ၃၆-ပါးကား --
သတိဝိနည်း၏ ကမ္မဿကိရိယာ-ကံကို ပြုခြင်း၊ (ဝါ) ဉာတ်ထားခြင်း၊
ကရဏံ-ပြုခြင်း။ (ဝါ)-အခါ၌ ဉာတ်ထားခြင်း၊
ဥပဂမနံ- ချဉ်းကပ်ခြင်း။ (ဝါ) ကိုယ်တိုင်ကံကိုပြုခြင်း။
အဇ္စူပဂမနံ- တိုက်တွန်းခြင်းသို့ ရောက်ခြင်း။ (ဝါ) တပည့်စသည်တို့ကို တိုက်တွန်းခြင်း။
အဓိဝါသနာ- နှစ်သက်ခြင်း။ (ဝါ) ဆန္ဒပေးခြင်း။
အပ္ပဋိက္ကောသနာ - မတားခြင်း။ ၆
အမူဠဝိနည်းကံကို၊ ပဋိညာကံကို၊ ယေဘုကံကို၊ တဿပါပိကံကို တိဏကံကို ကိရိယာစသည်။ ၆
ဤသို့ ၃၆-ပါး ဖြစ်ကုန်၏။ (၆× ၆=၃၆)
[မူလပုစ္ဆာအဖြေပေါ်လွင်၏။ သမုဋ္ဌာန်ပုစ္ဆာ၌ ခုနစ်ပါးသော သမထတို့၏ဟု ဆိုသော်လည်း သမ္မုခါဝိနည်းအား ကံဟူသော ရေတွက်ခြင်းမရှိ၊ သမုဋ္ဌာန်မရှိ၊ ထို့ကြောင့် သမထခြောက်ပါးတို့၏ သမုဋ္ဌာန်ကိုသာ ၆-ပါးစီ ဝေဘန်သည်။
ထိုတွင် ကမ္မဿကြိယာသည် ဉာတ္တိဖြစ်၏။
ကရဏံသည် ထိုဉာတ်ကို ထားအပ်သောကာလ၌ ထားခြင်းတည်း。
ဥပဂမနံသည် ကိုယ်တိုင်ချဉ်းကပ်ခြင်းတည်း။ ကိုယ်တိုင် ထိုကံကိုပြုခြင်းဟူလို。
အဇ္စူပဂမနံသည် အဇ္ဈေသနဥပဂမနတည်း။ သဒ္ဓိဝိဟာရိက စသည်ကို ဤကံကို ပြုလောဟု တိုက်တွန်းခြင်း ဟူလို。
အဓိဝါသနာသည် ငါနှစ်သက်သည်၊ ဤကံကို သံဃာသည် ပြုစေ သတည်းဟု နှလုံးသွင်းခြင်းတည်း။ ဆန္ဒပေးခြင်းဟူလို。
အပ္ပဋိက္ကောသနာ-ငါမနှစ်သက်၊ မပြုကြနှင့်ဟု မတားခြင်းတည်း。
ဤသို့ ၆- ခုသော ဆက္ကစွမ်းဖြင့် သမုဋ္ဌာန် ၃၆-ခု ဖြစ်၏။]
(ဇီဋီ။ ။ သမ္မုခါဝိနည်း၌ ကမ္မဿကြိယာစသော ခြောက်ခုဖြင့် အဘယ်ကြောင့် မဝေဘန်သနည်း။ ကံဟူသော ရေတွက်ခြင်း မရှိသောကြောင့်တည်း။ သတိဝိနည်းကံ စသည်တို့အား သံဃသမ္မုခတာစသော ပြုဖွယ်ရှိသကဲ့သို့ သမ္မုခါ ဝိနည်းအား သမ္မုခတာပြုဖွယ်မရှိ၊ ထို့ကြောင့် ကံဟုမရေတွက်။
သာဋီ။ ။ ထို့အတူတည်း。
ဝိဋီ။ ။ ကံဟူသော ရေတွက်ခြင်းမရှိ ဟူသည် သံဃသမ္မုခတာ - စသည်သို့ရောက်သော သမ္မုခါဝိနည်း၏ သံဃာ စသည်တို့ပြုအပ်သောကိစ္စတို့၌ ရေတွက်ခြင်း မရှိသောကြောင့်တည်း။)
၃၅၄။ နာနာတ္ထဗျဉ္ဇန
သမ္မုခါဝိနယဟူ၍လည်းကောင်း၊ သတိဝိနယဟူ၍လည်းကောင်း ဤတရားတို့သည် အနက်မတူ+ သဒ္ဒါမတူ-နာနာတ္ထ + နာနာဗျဉ္ဇန တို့လော၊ ဥဒါဟု၊ အနက်တူ + သဒ္ဒါမတူ- ဧကတ္ထ + နာနာဗျဉ္ဇနတို့လော။။
သမ္မုခါနှင့် အမူဠသည်။(ပ)။ သမ္မုခါနှင့် တိဏသည် နာနာတ္ထ + နာနာဗျဉ္ဇနတို့လော၊ သို့တည်းမဟုတ် ဧကတ္ထ + နာနာဗျဉ္ဇနတို့လော၊ ပုစ္ဆာ ၆-ခု၊
ဤတရားတို့သည် အနက်လည်း မတူ + သဒ္ဒါလည်းမတူ-နာနာတ္ထ + နာနာဗျဉ္ဇနတို့သာ ဖြစ်ကုန်၏。
[နာနာဋ္ဌပုစ္ဆာ ဝိဿဇ္ဇနာသည် ပေါ်လွင်သည်သာတည်း။]
၃၅၅။ အဓိကရုဏ်း စတုက္က
ဝိဝါဒါသည် ဝိဝါဒါဓိကရုဏ်းလော၊ ဝိဝါဒသည် နောအဓိကရုဏ်းလော၊ အဓိကရုဏ်းသည် နောဝိဝါဒလော၊ အဓိကရုဏ်းလည်းဖြစ် ဝိဝါဒလည်းဖြစ်သလော။ အချို့ဝိဝါဒသည် ဝိဝါဒါဓိကရုဏ်းဖြစ်၏။ အချို့ဝိဝါဒသည် နောအဓိကရုဏ်း၊ အချို့အဓိကရုဏ်းသည် နောဝိဝါဒ၊ အချို့သည် အဓိကရုဏ်းလည်းဖြစ်၊ ဝိဝါဒလည်းဖြစ်၏。
အဘယ်ဝိဝါဒသည် ဝိဝါဒါဓိကရုဏ်းနည်း၊ ဤသာသနာ၌ ရဟန်းတို့သည် ဓမ္မ၊ အဓမ္မစသည်ဖြင့် ငြင်းခုံကုန်အံ့၊ ထိုငြင်းခုံရာ၌ -ဘဏ္ဍနသည်၊ ကလဟသည်၊ ဝိဂ္ဂဟသည်၊ ဝိဝါဒသည်၊ နာနာဝါဒသည်၊ အညထာဝါဒသည်၊ ဝိပစ္စတာယ ဝေါဟာရသည်၊ မေဓဂသည်- ဝိဝါဒဖြစ်၍ ဝိဝါဒါဓိကရုဏ်းဖြစ်၏。
အဘယ် ဝိဝါဒသည် နောအဓိကရုဏ်းနည်း၊ အမိသည်သားနှင့် သားသည် အမိနှင့်ငြင်းခုံအံ့၊ သားအဘချင်း ငြင်းခုံအံ့၊ ညီအစ်ကိုချင်း၊ မောင်နှမချင်း၊ အဖော်ချင်း ငြင်းခုံအံ့၊ ဝိဝါဒသာဖြစ်၍ အဓိကရုဏ်းမဖြစ်。
အဘယ်အဓိကရုဏ်းသည် နောဝိဝါဒနည်း၊ အနုဝါဒါ၊ အာပတ္တာ၊ ကိစ္စာဓိကရုဏ်းသည် အဓိကရုဏ်းသာဖြစ်၍ ဝိဝါဒ မဖြစ်。
အဘယ်သည် အဓိကရုဏ်းလည်းဖြစ် ဝိဝါဒလည်း ဖြစ်သနည်း။ ဝိဝါဒါဓိကရုဏ်းသည် အဓိကရုဏ်းလည်းဖြစ် ဝိဝါဒလည်းဖြစ်၏。
၃၅၆။ အနုဝါဒသည် အနုဝါဒါဓိကရုဏ်းလော (ပုစ္ဆာလေးခု)။
အချို့ အနုဝါဒသည် အနုဝါဒါဓိကရုဏ်းဖြစ်၏။ (ဝိဿဇ္ဇနာလေးခု)။
အဘယ် အနုဝါဒသည် အနုဝါဒါဓိကရုဏ်းနည်း။
ဤသာသနာ၌ ရဟန်းတို့သည် ရဟန်းကို ဝိပတ္တိလေးပါး - တပါးပါးဖြင့် စွပ်စွဲကုန်အံ့၊ ထိုစွပ်စွဲရာ၌ အနုဝါဒသည်၊ အနုဝဒနာသည်၊ အနုလ္လပနာသည်၊ အနုဘဏနာသည်၊ အနုသမ္မဝင်္ကတာသည်၊ အဗ္ဘဿဟနတာသည်၊ အနုဗလပ္ပဒါနသည်- အနုဝါဒ ဖြစ်၍ အနုဝါဒါဓိကရုဏ်းဖြစ်၏。
အဘယ်အနုဝါဒသည် နောအဓိကရုဏ်းနည်း။
အမိသည် သားကို၊ သားသည် အမိကိုစွပ်စွဲအံ့၊ သားအဖချင်း၊ ညီအစ်ကို၊ မောင်နှမ၊ အဖော်ချင်းစွပ်စွဲအံ့၊ အနုဝါဒသာဖြစ်၍ အဓိကရုဏ်းမဖြစ်။ ကြွင်း အဓိကရုဏ်းသုံးပါးသည် အဓိကရုဏ်းသာဖြစ်၍ အနုဝါဒမဖြစ်။ အနုဝါဒါ ဓိကရုဏ်းသည် အဓိကရုဏ်းလည်းဖြစ် အနုဝါဒလည်းဖြစ်၏。
၃၅၇။ အာပတ္တိသည် အာပတ္တာဓိကရုဏ်းလော၊ လေးချက်။
အချို့ အာပတ္တိသည် အာပတ္တာဓိကရုဏ်းဖြစ်၏။ လေးချက်。
အဘယ်အာပတ္တိသည် အာပတ္တာဓိကရုဏ်းနည်း။
အာပတ်အစုငါးပါးသည် ခုနစ်ပါးသည် အာပတ္တိဖြစ်၍ အာပတ္တာဓိကရုဏ်းဖြစ်၏။ သောတာပတ္တိ၊ သမာပတ္တိသည် အာပတ္တိသာဖြစ်၍ အဓိကရုဏ်းမဖြစ်။ ကြွင်းအဓိကရုဏ်း သုံးပါးသည် အဓိကရုဏ်းသာဖြစ်၍ အာပတ္တိမဖြစ်။ အာပတ္တာဓိကရုဏ်းသည် အဓိကရုဏ်းလည်းဖြစ် အာပတ္တိလည်းဖြစ်၏。
၃၅၈။ ကိစ္စသည် ကိစ္စာဓိကရုဏ်းလော၊ လေးချက်။
အချို့ကိစ္စသည် ကိစ္စာဓိကရုဏ်းဖြစ်၏။ လေးချက်。
အဘယ်ကိစ္စသည် ကိစ္စာဓိကရုဏ်းနည်း။
သံဃာ၏ကိစ္စယတာ၊ ကရဏိယတာဟူသော အပလောကနကံသည်၊ ဉာတ္တိကံသည်၊ ဉာတ္တိဒုတိယကံသည်၊ ဉာတ္တိစတုတ္ထကံသည် ကိစ္စဖြစ်၍ ကိစ္စာဓိကရုဏ်းဖြစ်၏။ အာစရိယ ကိစ္စ၊ ဥပဇ္ဈာယကိစ္စ၊ မိမိကိစ္စ၊ ဥပဇ္ဈာယ်တူ၏ကိစ္စ၊ ဆရာတူ၏ကိစ္စသည် ကိစ္စသာဖြစ်၍ အဓိကရုဏ်းမဖြစ်။ ကြွင်းအဓိကရုဏ်းသုံးပါးသည် အဓိကရုဏ်းသာဖြစ်၍ ကိစ္စမဖြစ်။ ကိစ္စာဓိကရုဏ်းသည် အဓိကရုဏ်းလည်း ဖြစ် ကိစ္စလည်းဖြစ်၏。
[သားအမိစသည်တို့၏ ငြင်းခုံခြင်းသည် ဝိရုဒ္ဓဝါဒ- ဆန့်ကျင်ဘက်ပြောဆိုခြင်း ဖြစ်သောကြောင့် ဝိဝါဒမည်၏။ သမထတို့ဖြင့် ငြိမ်းစေအပ်သော အပြစ်မရှိသောကြောင့် အဓိကရဏမဖြစ်၊ အနုဝါဒ စသည်၌လည်း ဤနည်းတည်း။]
(ဝိဋီ။ ။ ဝိပစ္စယတာယဝေါဟာရ ဟူသည် ဖောက်ပြန်သော အကျိုးဝိပါက်အလို့ငှါ အချင်းချင်း ဒုက္ခဖြစ်စေခြင်းငှါ ကိုယ်နှုတ်အမူအရာ အပြောအဆိုဖြစ်၏။
မေဓဂသည် ကြီးပွားခြင်းသို့ရောက်သော ကလဟဖြစ်၏。
အနုသမ္မဝင်္ကတာသည် ဝိပတ္တိလေးပါးဖြင့် စောဒနာခြင်းငှါ - ဖန်ဖန် ယှဉ်တွဲခြင်းဖြင့် ညွတ်ခြင်းဖြစ်၏。
အဗ္ဘုဿဟနတာသည် အလွန်ဖြစ်သော အားထုတ်ခြင်းဖြစ်၏၊
အနုဗလပ္ပဒါနသည် စောဒကတို့အားလည်း ထောက်ပံ့ခြင်းကို ပြုခြင်းဖြစ်၏。
ပါဠိတော်၌ ဝိပစ္စတာယ ဝေါဟာရော။
ဝိဋီ၌ ဝိပစ္စယတာယဝေါဟာရော၊ အက္ခရာကွဲ၏။)
အဓိကရဏဘေဒပြီး၏。
(၁၂) အပရ ဂါထာ သင်္ဂဏိက
-
၃၅၉။ စောဒနာဒိအတ္ထ
စောဒနာသည် အဘယ်အကျိုးငှါနည်း၊
သာရဏာသည် အဘယ်အကြောင်းကြောင့်။ (ဝါ- အဘယ် အကျိုးငှါနည်း။)
သံဃာသည် အဘယ် အကျိုးငှါနည်း၊
မတိကမ္မ – တိုင်ပင်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း။
စောဒနာသည် သာရဏာအကျိုးငှါနည်း。
သာရဏာသည် နိဂ္ဂဟတ္ထ- နှိပ်ခြင်းအကျိုးငှါတည်း၊
သံဃာသည် ပရိဂ္ဂဟတ္ထ - အဆုံးအဖြတ်ယူခြင်း အကျိုးငှါတည်း。
မတိကမ္မသည် ပါဋိယေက္က - အသီးသီးဆုံးဖြတ်ချက် ပြီးစေခြင်း အကျိုးငှါတည်း。
[စောဒနာဟူသည် ဝတ္ထုကိုလည်းကောင်း၊ အာပတ်ကို လည်းကောင်းပြ၍ စောဒနာခြင်းဖြစ်၏။
သာရဏာသည် အပြစ်ကို အောက်မေ့စေခြင်းဖြစ်၏။
သံဃာဟူသည် သံဃာ၏စည်းဝေးခြင်း ဖြစ်၏။
မတိကမ္မသည် မန္တဂ္ဂဟဏ- အချင်းချင်းဆွေးနွေးခြင်းဖြစ်၏။ (ဝါ) စိစစ်ခြင်းကိုယူခြင်းဖြစ်၏။
ဆိုပြီးသော အပြားရှိသော စောဒနာသည် စုဒိတကပုဂ္ဂိုလ်ပြုသောအပြစ်ကို အောက်မေ့စေခြင်းငှါဖြစ်၏။
အပြစ်ကိုအောက်မေ့စေခြင်းသည် ထိုပုဂ္ဂိုလ်နှိပ်ခြင်းငှါဖြစ်၏။
စည်းဝေးသော သံဃာသည် ဝိနိစ္ဆယကို စူးစမ်း၍ယူခြင်းငှါ ဖြစ်၏။ ဓမ္မကံ အဓမ္မကံကို နှိုင်းချိန်ခြင်းငှါ ကောင်းသော ဆုံးဖြတ်ခြင်း၊ မကောင်း သေးဆုံးဖြတ်ခြင်းကို သိခြင်းငှါ စည်းဝေးသည် ဟူလို。
သုတ္တန်ဆောင် ဝိနည်းဆောင် မထေရ်တို့ အချင်းချင်း ဆွေးနွေးခြင်းသည် အသီးသီး အဆုံးအဖြတ် အပြီးသတ်ခြင်းငှါ ဖြစ်၏။]
(သာဋီ။ ။ မန္တဂ္ဂဟဏသည် အညမညသံသန္ဓန ဖြစ်၏。
ဝိဋီ။ ။ စောဒနာသည် အဘယ်အကျိုးငှါနည်း စသောပုစ္ဆာတို့ကို ဥပါလိမထေရ်မေး၏。
သာရဏာအကျိုးငှါတည်း စသောအဖြေကို မြတ်စွာဘုရားဖြေ၏。
ဥပါလိမထေရ်သည် ကိုယ်တိုင်သာလျှင် မေး၍ ဖြေဆိုခြင်းကို ပြုသည်ဟူ၍ လည်းဆိုကုန်၏။ (ဤစကားတို့ဖြင့် ပရိဝါပါဠိတော်ကို ရှင်ဥပါလိ စီရင်သည်ဟုသိသာ၏။)
မန္တဂ္ဂဟဏသည် ထိုမထေရ်တို့၏ စီစစ်ခြင်းကို ယူခြင်းဖြစ်၏။ သုတ္တန်ဆောင် ဝိနည်းဆောင်တို့၏ အလိုကို ယူခြင်းဖြစ်၏ဟူလို。
အပြီးသတ်ခြင်းငှါဟူသည် ထိုသုတ္တန်ဆောင် ဝိနည်းဆောင်တို့၏ အသီးသီးအလိုကိုသိ၍ ထိုမထေရ်တို့၏ နည်းကိုလည်းယူ၍ အဆုံးအဖြတ်ကို အပြီးသတ်ခြင်းငှါတည်း。
ဩဝါဒ
မာခေါ တုရိတော အဘဏိ၊ မာခေါ စဏ္ဍိကတော ဘဏိ၊
မာခေါ ပဋိဃံ ဇနယိ၊ သစေ အနုဝိဇ္ဇကော တုဝံ၊
မာခေါ သဟသာ အဘဏိ၊ ကတံ ဝိဂ္ဂါဟိတံ အနတ္ထ သံဟိတံ။
တုဝံ၊ သင်သည်။
အနုဝိဇ္ဇကော၊ ဆုံးဖြတ်ခြင်းငှါ ထိုင်နေသော ဝိနည်းဓိုရ်သည်။
သစေဟောသိ၊ အကယ်၍ဖြစ်အံ့။
ဧဝံသတိ၊ ဤသို့ဖြစ်သည်ရှိသော်။
တုရိတော၊ အဆောတလျင်။
မာခေါ အဘဏိ၊ စကားမဆိုလင့်။
စဏ္ဍိကတော၊ ကြမ်းတန်းစွာပြုလျက်။
မာခေါအဘဏိ၊ စကားမဆိုလင့်။
ပဋိဃံ၊ အမျက်ဒေါသကို။
မာခေါဇနယ်၊ မဖြစ်စေလင့်။
သဟသာ၊ အဆောတလျင်။
ဝိဂ္ဂါဟိတံ၊ ငြင်းခုံကြောင်းဖြစ်သော။
အနတ္ထ သံဟိတံ၊ အကျိုးမဲ့နှင့်စပ်သော။
ကထံ၊ စကားကို။
မာခေါအဘဏိ၊ မဆိုလင့်。
[မာခေါ ပဋိဃံ ဟူသည် စုဒိတက၌လည်းကောင်း၊ စောဒက၌ လည်းကောင်း အမျက်ဒေါသကို မဖြစ်စေလင့်၊
သစေအနုဝိဇ္ဇကော ဟူသည် သင်သည် သံဃာ့အလယ်၌ ရောက်လာသော အဓိကရုဏ်းကို ဆုံးဖြတ်ခြင်းငှါ ထိုင်နေသောဝိနည်းဓိုရ် ဖြစ်ခဲ့ငြားအံ့၊
ဝိဂ္ဂါဟိကဟူသည် “ဤဓမ္မဝိနယကို သင်မသိ” ဤသို့စသောနည်းဖြင့် ဖြစ်သောစကားတည်း。
အနတ္ထသံဟိတ ဟူသည် အကျိုးမဲ့ကိုဖြစ်စေကြောင်းစကား၊ ပရိတ်သတ် ချောက်ချား၍ ထသွားစေကြောင်း စကားဖြစ်၏။ ဤစကားမျိုးကို မဆိုနှင့်။]
(ဝိဋီ။ ။ မာခေါတုရိတော စသည်ဖြင့် ရှေးရှုတည်နေသော အနုဝိဇ္ဇက တစ်ဦးတည်းကို ဆုံးမသကဲ့သို့ ရှင်ဥပါလိသည် အနုဝိဇ္ဇက၏ဖြစ်ကြောင်း ကျင့်ဝတ်ကို မိန့်ဆိုသည်။)
သုတ္တေ ဝိနယေ အနုလောမေ၊ ပညတ္တေ အနုလောမိကေ။
အနုယောဂဝတ္တံ နိသာမယ၊ ကုသလေန ဗုဒ္ဓိမတာ ကတံ။
သုဝုတ္တံ သိက္ခာပဒါနုလောမိကံ၊ ဂတိံ န နာသေန္တော သမ္ပရာယိကံ။
ကုသလေန၊ လိမ္မာကျွမ်းကျင်သော။
ဗုဒ္ဓိမတာ၊ ဘုရားရှင်သည်။
သုတ္တေ၊ ဝိဘင်း၌လည်းကောင်း။
ဝိနယေ၊ ခန္ဓက၌လည်းကောင်း။
အနုလောမေ၊ ပရိဝါ၌ လည်းကောင်း။
ပညတ္တေ၊ အလုံးစုံသော ဝိနည်းပိဋက၌လည်းကောင်း။
အနုလောမိကေ၊ မဟာပဒေသလေးပါး၌လည်းကောင်း။
ကတံ၊ ပညတ်အပ်သော။
သုဝုတ္တံ၊ ကောင်းစွာဟောအပ်သော။
သိက္ခာပဒါနုလောမိကံ၊ သိက္ခာပုဒ်တို့အား လျော်သော။
အနုယောဂဝတ္တံ၊ စီစစ်ရာသော ကျင့်ဝတ်ကို။
နိသာမယ၊ မှတ်သား၍နှလုံးသွင်းလော။
သမ္ပရာယိကံဂတိံ၊ တမလွန်ဘဝကောင်းကို။
န နာသေန္တော၊ မပျက်စေမူ၍။
နိသာမယ၊ မှတ်သားလော。
[သုတ္တသည် ဥဘတောဝိဘင်း ဖြစ်၏။
ဝိနယသည် ခန္ဓက၊
အနုလောမသည် ပရိဝါ၊
ပညတ္တသည် သကလဝိနယပိဋက၊
အနုလောမိကသည် မဟာပဒေသလေးပါးဖြစ်၏။
အနုယောဂဝတ္တသည် အနုယုဉ္ဇနဝတ္တ ဖြစ်၏။
ကုသလသည် ဆေကပဏ္ဍိတဖြစ်သော မြတ်စွာဘုရား၊
ဗုဒ္ဓိမန္တသည် ဉာဏ်အထွဋ်အထိပ်သို့ ရောက်သော ဘုရားဖြစ်၏။
ကတံသည် နီဟရိတွာ ဌပိတံ - ထုတ်ဆောင်၍ ထားအပ်၏။
သုဝုတ္တံသည် သုပညတ္တ ဖြစ်၏。
သိက္ခာပဒါနံ အနုလောမိကံ - သိက္ခာပဒါနုလောမိကံ၊ အဓိပ္ပါယ်ကျဉ်းကား - သင်သည် အနုဝိဇ္ဇက ဖြစ်ခဲ့အံ့၊ အလောတကြီးမဆိုနှင့်၊ အကျိုးမဲ့ငြင်းခုံကြောင်းကို မဆိုနှင့်။ သုတ္တစသည်၌ ဘုရားရှင်ထုတ်ဆောင်၍ ထားသော အနုယောဂဝတ်သည် သိက္ခာပုဒ်အားလုံးအား လျော်သည်။ ထိုအနုယောဂဝတ်ကို နှလုံးသွင်းလော၊ မှတ်သားလော၊ နောင်တမလွန် သုဂတိဘဝ၌ ဖြစ်ခြင်းကို မပျက်စီးစေမူ၍ မှတ်သားလော၊ မမှတ်မသားဘဲ စိစစ်လျှင် နောင်တမလွန်သုဂတိကို ပျက်စေသူဖြစ်၏။ ထို့ကြောင့် သင်သည် မပျက်စီးရအောင် ကောင်းစွာမှတ်သားလော-ဟူလို။]
(ဇီဋီ။ ။ နိသာမယ- သလ္လက္ခတိ-မှတ်သားလော၊ ကာရယ-ပြုလောဟူ၍လည်း ရှိတတ်၏。
ဝိဋီ။ ။ အနုယုဉ္ဇနဝတ္တသည် အနုယုဇ္ဇနက္ကမ ဖြစ်၏။ သိက္ခာပုဒ်တိုင်း ဝီတိက္ကမအရာ၌လည်း ထိုထိုသိက္ခာပုဒ်အား လျော်စွာပြုအပ်သော ကျင့်ဝတ်ဖြစ်သောကြောင့် သိက္ခာပဒါ နုလောမိကဖြစ်သည်ဟုဆိုသည်။
ပျက်စေသူဖြစ်၏ဟူသည် မိမိ၏ သုဂတိသို့ လားခြင်းကိုပျက်စေသူတည်း။)
ဟိတေသိ အနုယုဉ္ဇဿု၊ ကာလေနတ္ထုပသံဟိတံ၊
စုဒိတဿစ စောဒကဿစ၊ သဟသာ ဝေါဟာရံ မာပဓာရေသိ။
ဟိတေသိ၊ အစီးအပွားကိုရှာလျက်။
ကာလေန၊ သင့်သောအခါ၌။
အတ္ထုပသံဟိတံ၊ အကျိုးနှင့်စပ်သော စီစစ်ခြင်းကို။
အနုယုဉ္စဿု၊ စိစစ်လော။
မုဒိတဿစ၊ စုဒိတက၏လည်းကောင်း။
စောဒကဿစ၊ စောဒက၏ လည်းကောင်း။
သဟသာ၊ အဆောတလျင်။
ဝေါဟာရံ၊ ပြောဆိုသောစကားကို။
မာပဓါရေသိ၊ မယူလင့်。
စောဒကော အာဟ အာပန္နောတိ၊ စုဒိတကော အာဟ အနာပန္နောတိ။
ဥဘော အနုက္ခပန္တော၊ ပဋိညာနုသန္ဓိတေန ကာရယေ။
စောဒကော၊ စောဒကသည်။
အာပန္နောတိ၊ အာပတ်သို့ ရောက်သည်ဟု။
အာဟ၊ ဆို၏။
စုဒိတကော၊ စုဒိတကသည်။
အနာပန္နောတိ၊ အာပတ်သို့ငါ မရောက်ဟု။
အာဟ၊ ဆို၏။
ဥဘော၊ နှစ်ဦးသော ထိုသူတို့ကို။
အနုက္ခိပန္တော၊ မချီးမြှောက်မူ၍။
ပဋိညာနုသန္နိတေန၊ ဝန်ခံသောညီညွတ်သောစကားဖြင့်။
(ဝါ) ညီညွတ်သောစကားကိုမှတ်၍ ဝန်ခံတိုင်းဖြင့်။
ကာရယေ၊ ဆုံးဖြတ်ရာ၏။
တစ်နည်း။
ပဋိညာ- ပဋိညာယစ၊ ဝန်ခံခြင်းဖြင့်လည်းကောင်း။
အနုသန္ဓိတေနစ၊ ညီညွတ်သောစကားဖြင့်လည်းကောင်း။
ကာရယေ၊ ဆုံးဖြတ်ရာ၏。
ပဋိညာ လဇ္ဇီသု ကတာ၊ အလဇ္ဇီသု ဧဝံ နဝိဇ္ဇတိ။
ဗဟုမ္ပိ အလဇ္ဇီ ဘာသေယျ၊ ဝုတ္တာနုသန္ဓိတေန ကာရယေ။
လဇ္ဇီသု၊ လဇ္ဇီတို့၌။
ပဋိညာ- ပဋိညာယ၊ ပဋိညာဖြင့်။
ကတာ၊ ဆုံးဖြတ်အပ်၏။
အလဇ္ဇီသု၊ အလဇ္ဇီတို့၌။
ဧဝံ၊ ဤသို့ပဋိညာဖြင့် ဆုံးဖြတ်ခြင်းသည်။
နဝိဇ္ဇတိ၊ မရှိ။
အလဇ္ဇီ၊ အလဇ္ဇီသည်။
ဗဟုမ္ပိ၊ များစွာသောစကားကိုလည်း။
ဘာသေယျ၊ ဆိုရာ၏။
တသ္မာ၊ ထို့ကြောင့်။
ဝုတ္တာနုသန္ဓိတေန၊ ဆိုအပ်သော ညီညွတ်သောစကားဖြင့်။
ကာရယေ၊ ဆုံးဖြတ်ရာ၏。
(မူကွဲတစ်နည်းကား) ဝတ္တာနု သန္ဓိတေန၊ အကျင့်နှင့်ညီသောဝန်ခံစကား ဖြင့်။ ကာရယေ၊ ဆုံးဖြတ်ရာ၏၊
[ယခုအခါ ထိုအနုယောဂဝတ်ကို ပြခြင်းငှါ ဟိတေသီ- စသည်ကိုမိန့်ဆိုသည်၊ ဟိတံ ဧသန္တော - ဟိတေသီ၊ မေတ္တာဈာန်ကို လည်းကောင်း၊ ဥပစာရမေတ္တာကိုလည်းကောင်း ဖြစ်စေ၍ဟူလို၊
ကာလေနာတိ ယုတ္တပတ္တ ကာလေန၊ သင့်လျော်သောအခါ၊ တိုက်တွန်းသော အခါ၌သာလျှင် သင်၏တာဝန်ဟု ပြုလျှင် စိစစ်ပါလောဟူလို。
မာ ပဓာရေသိ ဟူသည် ထို စု, စော တို့၏ ဆောတလျင်ဆိုမိသော စကားချွတ်ကို မယူလေနှင့်。
ပဋိညာနုသန္ဓိတေန၌ အနုသန္ဓိတသည် ကထာနုသန္ဓိ- စေ့စေ့ စပ်စပ်ရှိသောစကား၊ ညီညွတ်သောစကားဖြစ်၏。
(ပေါက်ခြင်း၊ ဟာခြင်း၊ ရွှေခြင်း၊ စသော အပြစ်လွတ်၍ ပြည့်စုံသောစကားဖြစ်၏။)
ထို့ကြောင့် ပဋိညာနုသန္ဓိဖြင့် (ဝါ- ဝန်ခံသော စေ့စပ်သော စကားဖြင့် ဆုံးဖြတ်ရာ၏။ ကထာနုသန္ဓိကိုမှတ်၍ ပဋိညာဖြင့်ဆုံးဖြတ်ရာ၏ဟူလို။
တစ်နည်း - ပဋိညာဖြင့်လည်းကောင်း၊ အနုသန္ဓိတဖြင့် လည်းကောင်း ဆုံးဖြတ်ရာ၏။ လဇ္ဇီကို ပဋိညာဖြင့် ဆုံးဖြတ်ရာ၏။ အလဇ္ဇီကို ဝတ္တာနုသန္ဓိဖြင့် ဟူလို။ ဝတ္တာနုသန္ဓိတသည် ဝတ္တာနုသန္ဓိပင်တည်း။ ဝတ္တနှင့်စပ်သော ညီသော ပဋိညာတည်း။ ထိုပဋိညာဖြင့် ဆုံးဖြတ်ရာ၏ ဟူလို။
(သာဋီ။ ။ အနုအနု + သန္ဓာနံ- အနုသန္ဓိတံ။ ဘာဝသာဓနတည်း။
ထို့ကြောင့် အနုသန္ဓိတသည် ကထာနုသန္ဓိ ဖြစ်၏ဟုဆိုသည်။
ဝိဋီ။ ။ အနုသန္တိတ သဒ္ဒါသည် ဘာဝသာဓနဖြစ်၏၊ ထို့ကြောင့် ကထာနုသန္ဓိ ဟု အဋ္ဌကထာဖွင့်သည်။ ဝုတ္တာနုသန္ဓိတေန၌လည်း ဤနည်းသာတည်း။
ဝတ္တာနုသန္နိတေနကား အာစာရာနုသန္ဓိနာ၊ အကျင့်နှင့်ညီညွတ်သော ပဋိညာဖြင့်တည်း။ ထို့ကြောင့် ‘ဝတ္တနှင့်စပ်သော ညီသော' စသည်ကိုဆိုသည်။)
အလဇ္ဇီစသည်၏လက္ခဏာ
မြတ်စွာဘုရား ပဋိညာဖြင့်ဆုံးဖြတ်ခြင်းငှါမရသော အလဇ္ဇီဟူသည် အဘယ်သို့သဘောရှိပါသနည်း။
သဉ္စိစ္စ အာပတ္တိံ အာပဇ္ဇတိ၊ အာပတ္တိံ ပရိဂူဟတိ。
အဂတိဂမနဉ္စ ဂစ္ဆတိ၊ ဧဒိသော ဝုစ္စတိ အလဇ္ဇီ ပုဂ္ဂလော။
ဥပါလိ၊ ချစ်သားဥပါလိ။
သဉ္စိစ္စ- ဇာနန္တော၊ သိလျက်။
အာပတ္တိံ၊ အာပတ်သို့။
အာပဇ္ဇတိ၊ ရောက်သူတစ်ယောက်။
အာပတ္တိံ၊ အာပတ်ကို။
ပရိဂူဟတိ၊ ဒေသနာကြားခြင်း ဝတ်စောင့်ခြင်းမပြုဘဲ ဖုံးသူတစ်ယောက်။
အဂတိ ဂမနံ၊ အဂတိလေးပါးလိုက်စားခြင်းသို့။
ဂစ္ဆတိ၊ ရောက်သူတစ်ယောက်။
ဧဒိသော၊ ဤသို့သောသူကို။
အလဇ္ဇီပုဂ္ဂလော၊ အလဇ္ဇီပုဂ္ဂိုလ်ဟူ၍။
ဝုစ္စတိ၊ ဟောအပ်၏。
လဇ္ဇီပုဂ္ဂိုလ်ဟူသည် အဘယ်သို့သဘောရှိပါသနည်း။
သဒ္ဓိစ္စ အာပတ္တိံ နာပဇ္ဇတိ၊ အာပတ္တိံ နပရိဂူဟတိ。
အဂတိဂမနံ နဂစ္ဆတိ၊ ဧဒိသော ဝုစ္စတိ လဇ္ဇီ ပုဂ္ဂလော။
သိလျက်အာပတ်သို့ မရောက်သူ၊ အာပတ်ကိုမဖုံးသူ၊ အဂတိလေးပါး လိုက်စားခြင်းသို့ မရောက်သူ ဤသို့သော သူကို လဇ္ဇီပုဂ္ဂိုလ်ဟူ၍ ဟောအပ်၏၊
(ဝိဋီ။ ။ အလဇ္ဇီလက္ခဏာကို ဘိက္ခု၊ ဘိက္ခုနီစွမ်းဖြင့်သာ ဟောသည်။ သာမဏေတို့အားလည်း မိမိတို့နှင့် ဆက်ဆံသော သိက္ခာပုဒ်ကိုသိလျက် တမင်လွန်ကျူးခြင်းစသည်ကို အလဇ္ဇီလက္ခဏာဟု သိအပ်သေး၏။)
အဓမ္မစောဒက ဟူသည် အဘယ်သို့ပါနည်း
အခါမဟုတ်ဘဲ စောဒနာသူ၊ အမှားဖြင့် စောဒနာသူ၊ ကြမ်းတမ်းသောစကားဖြင့် စောဒနာသူ၊ အကျိုးမဲ့ စေခြင်းဖြင့် စောဒနာသူ၊ မေတ္တာမသက် ဒေါသထွက်၍ စောဒနာသူ၊ ဤသို့သောသူသည် အဓမ္မစောဒက မည်၏。
ဓမ္မစောဒကဟူသည် အဘယ်သို့ပါနည်း
အခါ၌စောဒနာသူ၊ အမှန်ဖြင့်၊ သိမ်းမွေ့သော စကားဖြင့်၊ အကျိုးများစေသော စကားဖြင့်၊ ဒေါသမထွက် မေတ္တာသက်၍စောဒနာသူ။ ဤသို့သောသူသည် ဓမ္မစောဒကမည်၏。
ဗာလစောဒကဟူသည် အဘယ်သို့ပါနည်း
ရှေ့နောက်မသိ၊ ရှေ့နောက်၌မလိမ္မာ၊ အနုသန္ဓိဝစနပထ နှစ်ခုကိုမသိ၊ ထိုနှစ်ခု၌မလိမ္မာ၊ ဤသို့သောသူသည် ဗာလစောဒကမည်၏。
[ရှေ့နောက်မသိ ဟူသည် ရှေ့ဆိုသောစကား နောက်ဆိုသော စကားကိုမသိ၊ ထိုစကားနှစ်ရပ်၌ မလိမ္မာ၊
အနုသန္ဓိဝစနပထ ဟူသည် ကထာနုသန္ဓိ၀စန- စုဒိတကအနုဝိဇ္ဇက တို့၏စကားနှင့် စပ်ဆိုင်သော စကား၊ ဝိနိစ္ဆယာနုသန္ဓိဝစန- ဝိနိစ္ဆယနှင့်စပ်ဆိုင်သောစကား နှစ်ခုဖြစ်၏။ ထိုနှစ်ခု၌ မသိ၊ မလိမ္မာ။]
ဝိဋီ။ ။ ကထာနုသန္ဓိ၀စန ဟူသည် စု, အနုတို့ ဆိုသောစကားနှင့် အနုသန္ဓိ ယှဉ်စပ်သောစကားဖြစ်၏။ ထိုစကားကိုမသိသော စောဒကသည် ထိုသူတို့ တစ်ခုသော အကြောင်းကိုဆိုလျှင် မိမိသည် ထိုအကြောင်းကို မသိဘဲ မိမိ အလိုရှိရာကိုသာဆို၏။
ဝိနိစ္ဆယာနုသန္ဓိဝစန ဟူသည် အနုဝိဇ္ဇက ဆုံးဖြတ်သော ဝိနိစ္ဆယအားလျော်သော စပ်ဆိုင်သော စကားဖြစ်၏။ ထိုစကားကိုလည်း ဗာလစောဒကမသိ။)
ပဏ္ဍိတစောဒကဟူသည် အဘယ်သို့ပါနည်း
ရှေ့စကား နောက်စကားကိုသိ၏။ ထိုစကား နှစ်ရပ်၌ လိမ္မာ၏။ အနုသန္ဓိဝစနပထ နှစ်ရပ် ကိုသိ၏။ (ဝါ) စု, အနု တို့၏စကားနှင့်ဆိုင်သောစကား၊ ဝိနိစ္ဆယနှင့်ဆိုင်သောစကားကိုသိ၏။ ထိုစကားနှစ်ရပ်၌ လိမ္မာ၏။ ဤသို့ သောသူသည် ပဏ္ဍိတစောဒကမည်၏。
အဘယ်ဖြင့် စွပ်စွဲခြင်းကြောင့် စောဒနာဟူ၍ဆိုအပ်ပါသနည်း
သီလဝိပတ္တိဖြင့် စွပ်စွဲ၏၊ အာစာရဝိပတ္တိဖြင့်၊ ဒိဋ္ဌိဝိပတ္တိဖြင့်၊ အာဇီဝဝိပတ္တိဖြင့် စွပ်စွဲ၏။ ထို့ကြောင့် စောဒနာဟုဆိုအပ်၏。
[သီလဝိပတ္တိဖြင့် ဟူသည် နှစ်ခုသော အာပတ်အစုတို့ဖြင့် စောဒနာ၏၊
အာစာရဝိပတ္တိဖြင့်စွပ်စွဲသူသည် ငါးခုသောအာပတ်အစုတို့ဖြင့် စောဒနာ၏။
ဒိဋ္ဌိဝိပတ္တိဖြင့်စွပ်စွဲသူသည် မိစ္ဆာဒိဋ္ဌိဖြင့်လည်းကောင်း၊ အန္တဂ္ဂါဟိကဒိဋ္ဌိဖြင့်လည်းကောင်း စောဒနာ၏။
အာဇီဝဖြင့် စွပ်စွဲသူသည် အာဇီဝကြောင့်ပညတ်သော ၆-ခုသောသိက္ခာပုဒ်တို့ဖြင့် စောဒနာ၏。
ဒုတိယ ဂါထာသင်္ဂဏိကအဖွင့် ပြီးပြီ။
အပရ ဂါထာသင်္ဂဏိက ပြီး၏。
၁၃။ စောဒနာကဏ္ဍ
၃၆ဝ။ အနုဝိဇ္ဇကကိစ္စ
အနုဝိဇ္ဇကဝိနည်းဓိုရ်သည် စေဒကကို ဤသို့ မေးအပ်၏။ "ငါ့ရှင် သင်သည် ဤရဟန်းကို စောဒနာ၏၊ အဘယ် အပြစ်ကြောင့် စောဒနာသနည်း။ သီလဝိပတ္တိကြောင့်လော၊ အာစာရဝိပတ္တိကြောင့်လော၊ ဒိဋ္ဌိဝိပတ္တိကြောင့်လော" ဤသို့မေးအပ်၏။ (အာဇီဝကြောင့် မမေး။)
သီလဝိပတ္တိကြောင့်၊ အာစာရကြောင့်၊ ဒိဋ္ဌိကြောင့် စောဒနာပါသည်ဟု ဖြေလျှင် အရှင်သည် သီလဝိပတ္တိကို သိသလော၊ အာစာရဝိပတ္တိကိုသိသလော၊ ဒိဋ္ဌိဝိပတ္တိကိုသိသလောဟု မေးအပ်၏။ သိပါ၏ ဖြေလျှင် အဘယ်သည် သီလဝိပတ္တိနည်း၊ အဘယ်သည် အာစာရဝိပတ္တိနည်း၊ အဘယ်သည် ဒိဋ္ဌိဝိပတ္တိနည်းဟု မေးအပ်၏။
ပါရာဇိက၊ သံဃာဒိသေသ်သည် သီလဝိပတ္တိ၊ ထုလ္လစ္စည်း စသည်သည် အာစာရဝိပတ္တိ၊ မိစ္ဆာဒိဋ္ဌိ၊ အနန္တဂ္ဂါဟိကာဒိဋ္ဌိသည် ဒိဋ္ဌိဝိပတ္တိ ဟုဖြေလျှင် သင်သည် ဤရဟန်းကို ဒိဋ္ဌဖြင့်စောဒနာသလော၊ သုတဖြင့်လော၊ ပရိသင်္ကိတဖြင့်လောဟု မေးအပ်၏။
ဒိဋ္ဌဖြင့်၊ သုတဖြင့်၊ ပရိသင်္ကိတဖြင့်ဟု ဖြေလျှင် သင်သည် ဒိဋ္ဌဖြင့် စောဒနာပြီ၊ အဘယ်ကိုမြင်သနည်း၊ အဘယ်သို့ မြင်သနည်း၊ အဘယ်အခါ၌နည်း၊ အဘယ်အရပ်၌နည်း၊ ပါရာဇိကသို့ရောက်သည်ကိုမြင်သလော၊ သံဃာဒိသေသ်သို့ (ပ)၊ ဒုဗ္ဘာသီသို့ ရောက်သည်ကိုမြင်သလော၊ အဘယ်၌ သင်ရှိသနည်း၊ အဘယ်၌ ဤရဟန်းရှိသနည်း၊ အဘယ်ကိုသင်ပြုနေသနည်း၊ အဘယ်ကို ဤရဟန်းပြုနေသနည်းဟု မေးအပ်၏။
ဒိဋ္ဌဖြင့်မဟုတ်၊ သုတဖြင့်ဟုဖြေလျှင် သင်သည် သုတဖြင့် စောဒနာပြီ အဘယ်ကိုကြားသနည်း၊ အဘယ်သို့၊ အဘယ်အခါ၊ အဘယ်အရပ်၌ ကြားသနည်း။ ပါရာဇိကသို့ (ပ) ဒုဗ္ဘာသီသို့ ရောက်သည်ကို ကြားသလော၊ ဘိက္ခု၏စကားကို ကြားသလော၊ ဘိက္ခုနီ၏၊ သိက္ခမာန်၏၊ သာမဏေ၏၊ သာမဏေမ၏ ၅ ဥပါသကာ၊ ဥပါသိကာ၊ မင်း၊ မင်းအမတ်၊ တိတ္ထိ၊ တိတ္ထိသာဝက၏ ၆ စကားကို ကြားသလောဟု မေးအပ်၏။
သုတဖြင့်မဟုတ်၊ ပရိသင်္ကိတဖြင့်ဟုဖြေလျှင် သင်သည် ပရိသင်္ကိတဖြင့် စောဒနာပြီ၊ အဘယ်ကိုရွံရှာသနည်း (တွေးတောသနည်း)၊ အဘယ်သို့၊ အဘယ်အခါ၊ အဘယ်အရပ်၌ ရွံရှာသနည်း၊ ပါရာဇိကသို့ (ပ) ဒုဗ္ဘာသီသို့ ရောက်သည်ကို ရွံရှာသလော၊ ဘိက္ခု၏စကားကိုကြား၍ ရွံရှာသလော၊ (ပ)၊ တိတ္ထိသာဝက၏ စကားကိုကြား၍ ရွံရှာသလောဟု မေးအပ်၏။
၃၆၁။ ဒိဋ္ဌံ ဒိဋ္ဌေန သမေတိ၊ ဒိဋ္ဌေန သံသန္ဒတေ ဒိဋ္ဌံ။
ဒိဋ္ဌံ ပဋိစ္စ နဥပေတိ၊ အသုဒ္ဓ ပရိသင်္ကိတော။
သော ပုဂ္ဂလော ပဋိညာယ၊ ကာတဗ္ဗော တေနုပေါသထော။
ဒိဋ္ဌံ၊ စောဒက၏ မြင်ခြင်းသည်။
ဒိဋ္ဌေန၊ မြင်၏ဟူသောစကားနှင့်။
သမေတိ၊ ညီညွတ်အံ့။
ဒိဋ္ဌံ၊ မြင်ခြင်းသည်။
ဒိဋ္ဌေန၊ မြင်၏ဟူသောစကားနှင့်။
သံသန္ဒတေ၊ နှီးနှောအံ့။
ဒိဋ္ဌံ၊ စောဒက၏မြင်ခြင်းကို။
ပဋိစ္စ၊ စွဲ၍။
န ဥပေတိ၊ ပါရာဇိကသို့မရောက်အံ့။
(ဝါ) ပါရာဇိကကို ဝန်မခံအံ့။
သောပုဂ္ဂလော၊ ထို စုဒိတက ပုဂ္ဂိုလ်သည်။
အသုဒ္ဓပရိသင်္ကိတော၊ အရင်းမရှိ ရွံရှာအပ်သည်။
ဟောတိ၊ ဖြစ်၏။
ပဋိညာယ၊ ထိုပုဂ္ဂိုလ်၏ပဋိညာကြောင့်။
တေန၊ ထိုပုဂ္ဂိုလ်နှင့်။
ဥပေါသထော၊ ဥပုသ်ကို။
ကာတဗ္ဗော၊ ပြုအပ်၏။
သုတံ သုတေန၊ မုတံ မုတေန တူပြီ။
သုတံ၊ စောဒက၏ကြားခြင်းသည်။
သုတေန၊ ကြား၏ဟူသောစကားနှင့်။
မုတံ၊ စောဒက၏ ပရိသင်္ကိတသည်။
မုတေန၊ ပရိသင်္ကိတစကားနှင့်၊ (ပ)
ကာတဗ္ဗော၊ ပြုအပ်၏။
[ယခုအခါ၌ စောဒနာခြင်းဖြစ်သောအခါ ဝိနည်းဓိုရ် ပြုအပ်သော ကိစ္စကိုပြလို၍ အနုဝိဇ္ဇကဝိနည်းဓိုရ်သည် စသည်ကို အားထုတ်၏။
ဒိဋ္ဌံ ဒိဋ္ဌေန ဂါထာ အနက်ကား ရဟန်းတစ်ပါးသည် မာတုဂါမ တစ်ယောက်နှင့် တစ်နေရာမှ ထွက်လာသည်ကို လည်းကောင်း၊ ဝင်သွား သည်ကိုလည်းကောင်း မြင်ခဲ့အံ့၊ မြင်သူသည် ထိုရဟန်းကို ပါရာဇိကဖြင့် စောဒနာအံ့၊ ထိုရဟန်းကား ထိုမြင်ခြင်းကိုဝန်ခံ၏၊ ထိုမြင်ခြင်း ကိုစွဲ၍ ပါရာဇိကသို့ ရောက်ခြင်းမရှိ။
ဝန်ခံခြင်းမရှိခဲ့အံ့၊ ဤသို့ စောဒက၏ ဒိဋ္ဌသည် ငါမြင်၏ဟူသော ဒိဋ္ဌဝစနနှင့် ညီညွတ်၏။ ညီညွတ်သော်လည်း ထိုမြင်ခြင်းကို စွဲ၍ အပြစ်ကို စုဒိတကသည် ဝန်မခံ၊ ထိုသို့ဝန်မခံသောကြောင့် မစင်ကြယ်သော ပရိသင်္ကိတ ဖြစ်၏၊ အမူလကပရိသင်္ကိတ ဟူလို။ ထိုစုဒိတက၏ သုဒ္ဓေါ အဟံ - ဟူသော ပဋိညာကြောင့် ထိုစုဒိတကနှင့် အတူ ဥပုသ်ပြုအပ်၏။ သုတံ သုတေန၊ မုတံ မုတေန တို့၌လည်း ဤနည်းသာတည်း။ အကြွင်းအားလုံး ပေါ်လွင်၏။]
(ဇီဋီ။ ။ အနုဝိဇ္ဇက အမေး၌ အာဇီဝဝိပတ္တိကိုမမေး၊ အာပတ်အစုငါးခုအစွမ်းဖြင့် အာစာရဝိပတ္တိကိုမေး၏။ အာဇီဝဝိပတ္တိဖြင့်လည်း ထို၌သာ ရေတွက်ခြင်းသို့ ရောက်သောကြောင့် ဟုဆိုကုန်၏။)
(ဝိဋီ။ ။ အဘယ်အပြစ်ကြောင့် စောဒနာသနည်း၌ အဘယ်ဝိပတ္တိကြောင့် စောဒနာသနည်း ဟူသော အနက် ဖြစ်၏။ ဧဝံ သဗ္ဗတ္ထ၊ မစင်ကြယ်သော ပရိသင်္ကိတဟူသည် မစင်ကြယ်ခြင်းဖြင့် အရာမဟုတ်သည်၌ ဖြစ်သော ရွံရှာခြင်းဖြင့် ရွံရှာ၏။ ထို့ကြောင့် အမူလကပရိသင်္ကိတော ဟု ဆိုသည်။)
အနုဝိဇ္ဇကကိစ္စအဖွင့်ပြီးပြီ။
၃၆၂။ စော - အာဒိ၊ မူလ စသည်
စောဒနာ၏ အာဒိသည်၊ မဇ္ဈေသည်၊ ပရိယောသာနသည်အဘယ်နည်း။
စောဒနာ၏ အခွင့်တောင်းခြင်းသည် အာဒိ၊ ကြိယာသည် မဇ္ဈေ၊ သမထသည် ပရိယောသာနဖြစ်၏။
စောဒနာ၏မူလသည်၊ ဝတ္ထုသည်၊ ဘူမိသည် အဘယ်မျှတို့နည်း၊ အဘယ်မျှသော ခြင်းရာတို့ဖြင့် စောဒနာ သနည်း။ စောဒနာ၏မူလသည် နှစ်ပါး၊ ဝတ္ထုသည် သုံးပါး၊ ဘူမိသည် ငါးပါး။ နှစ်ပါးသောခြင်းရာတို့ဖြင့်စွပ်စွဲ၏။
စောဒနာ၏မူလနှစ်ပါးကား အရင်းရှိ အရင်းမရှိ နှစ်ပါး။ ဝတ္ထုသုံးပါးကား ဒိဋ္ဌဖြင့်၊ သုတဖြင့်၊ ပရိသင်္ကိတဖြင့် သုံးပါး။ ဘူမိငါးပါးကား ကာလေန ဝက္ခာမိ နော အကာလေန၊ ဘူတေန ဝက္ခာမိ နော အဘူတေန၊ သဏှေန ဝက္ခာမိ နော ဖရုသေန၊ အတ္ထသံဟိတေန ဝက္ခာမိ နော အနတ္ထသံဟိတေန၊ မေတ္တာစိတ္တော ဝက္ခာမိ နော ဒေါသန္တရော- အခါ၌၊ အမှန်ဖြင့်၊ နူးညံ့စွာ၊ အကျိုးဖြစ်စေလျက်၊ မေတ္တာစိတ်ရှိလျက်ဆိုပါအံ့၊ ငါးပါး။
နှစ်ပါးသောခြင်းရာကား- ကာယဖြင့်စောဒနာ၏၊ ဝါစာဖြင့်စောဒနာ၏ နှစ်ပါး။
၃၆၃။ ကျင့်ဝတ်များ
စောဒကသည် အဘယ်သို့ ကျင့်အပ်သနည်း၊ စုဒိတကသည်။ သံဃာသည်၊ အနုဝိဇ္ဇကသည် အဘယ်သို့ ကျင့်အပ်သနည်း။
စောဒကသည် ငါးပါးသော တရားတို့၌တည်၍ သူတပါးကို စောဒနာအပ်၏၊ ကာလေန ဝက္ခာမိ၊ (ပ)၊ နော ဒေါသန္တရော - အခါ၌ဆိုပါအံ့၊ အမှန်ဖြင့် ဆိုပါအံ့၊ နူးညံ့စွာဆိုပါအံ့၊ အကျိုးဖြစ်စေလျက်ဆိုပါအံ့၊ မေတ္တာစိတ် ရှိလျက် ဆိုပါအံ့ဟု ငါးပါး၌တည်၍ စောဒနာအပ်၏။ ဤကား စောဒကကျင့်ဝတ်တည်း။
စုဒိတကသည် နှစ်ပါးသော တရားတို့၌ တည်အပ်၏၊ သစ္စေ - အမှန်ဆိုခြင်း၌၊ အကုဗ္ဗေ- အမျက်မထွက်ခြင်း၌ တည်အပ်၏။ ဤကား စု-ကျင့်ဝတ်တည်း။
သံဃာသည် သြတိဏ္ဏာနောတိဏ္ဏ - သက်ဆိုင်သောစကား၊ မသက်ဆိုင်သော စကားကိုသိအပ်၏၊ ဤကား သံဃာကျင့်ဝတ်တည်း။
အနုဝိဇ္ဇကသည် အကြင် ဓမ္မ, ဝိနယ, သတ္ထုသာသနဖြင့် ထိုအဓိကရုဏ်းသည် ငြိမ်း၏၊ ထို ဓမ္မ, ဝိနယ, သတ္ထုသာသနဖြင့် ထိုအဓိကရုဏ်းကိုငြိမ်းစေအပ်၏၊ ဤကား အနုကျင့်ဝတ်တည်း။
[သစ္စ၊ အကုပ္ပ၌ တည်ပုံကား- အမှုတစ်ခုခုကို ပြုမိသော်လည်းကောင်း၊ မပြုမိသော် လည်းကောင်း ထိုအတိုင်းသာ ပြောဆိုအပ်၏။ စော၊ အနု၊ သံဃာတို့အပေါ်၌ အမျက်ဒေါသမဖြစ်စေရ။
သြတိဏ္ဏာ နောတိဏ္ဏ သိပုံကား- သြတိဏ္ဏဝစနကို လည်းကောင်း အနောတိဏ္ဏဝစနကို လည်းကောင်း သိအပ်၏။ သိပုံကား- စောဒက၏ရှေ့စကားသည် ဤမျှ၊ နောက်စကားသည် ဤမျှ၊ စုဒိတက၏ရှေ့စကားသည်၊ နောက်စကားသည် ဤမျှ ဟု သိအပ်၏။ စော၊ စု၊ အနု တို့၏ ပမာဏကိုမှတ်ယူအပ်၏။
အနုဝိဇ္ဇကကို ငါ့ရှင် သင်သည် အနည်းငယ်မျှကိုလည်း မယုတ်စေမူ၍ နှလုံးသွင်း၍ ဖြောင့်ဖြောင့် ပြု၍ ဆောင်လောဟု ဆိုအပ်၏။ သံဃာသည် ဤသို့ကျင့်အပ်၏၊ အနုဝိဇ္ဇကကျင့်ဝတ်၌ ဓမ္မဟူသည် ဘူတဝတ္ထုဖြစ်၏။ ဝိနယသည် စောဒနာနှင့် သာရဏာ ဖြစ်၏။ သတ္ထုသာသနသည် ဉာတ်၏ပြည့်စုံခြင်း၊ ကမ္မဝါစာ၏ ပြည့်စုံခြင်းဖြစ်၏။ ဤသုံးပါးဖြင့် အဓိကရုဏ်းငြိမ်း၏။]
၃၆၄။ ဥပုသ်စသည်
ဥပုသ်သည် အဘယ်အကျိုးငှါနည်း၊ ပဝါရဏာသည်၊ ပရိဝါသ်သည်၊ မူလာယပဋိကဿနာသည်၊ မာနတ်သည်၊ အဗ္ဘာန်သည် အဘယ်အကျိုးငှါနည်း။ (ဝါ) အဘယ်အကြောင်းကြောင့် ပြုသနည်း။
ဥပုသ်သည် ညီညွတ်ခြင်းငှါတည်း၊ ပဝါရဏာသည် စင်ကြယ်ခြင်းငှါ၊ ပရိဝါသ်သည် မာနတ်အကျိုးငှါ၊ မူလယပဋိကဿနာသည် နှိပ်ခြင်းငှါ၊ မာနတ်သည် အဗ္ဘာန်အကျိုးငှါ၊ အဗ္ဘာန်သည် စင်ကြယ်ခြင်း အကျိုးငှါတည်း။
(ဝိဋီ။ ။ ဥပုသ်သည် ညီညွတ်ခြင်းငှါဟူသည် စင်ကြယ် သောရဟန်းများ အချင်းချင်း နိရပေက္ခ မဖြစ်မူ၍ (ဝါ- မပြတ် စောင့်ရှောက်လျက်၊) ဥပုသ်နေ့တိုင်း စည်းဝေး၍ ပါရိသုဒ္ဓိံ အာယသ္မန္တော အာရောစေထ၊ ပရိသုဒ္ဓေတ္ထာ ယသ္မန္တော။ ပရိသုဒ္ဓေါ အဟံ အာဝုသော- စသည်ဖြင့် အချင်းချင်း စင်ကြယ်ခြင်းကိုစုံစမ်းခြင်း၊ ပြောကြားခြင်းဖြင့် မသင့်သည်တို့ကို ရှောင်ကြဉ်စေ၍ သင့်သည်တို့ဖြင့်သာ ကာယစိတ္တသာမဂ္ဂီပြုခြင်းငှါတည်း။)
စောဒက၏အလား-ဂတိ
ဆန္ဒ၊ ဒေါသ၊ မောဟ၊ ဘယဖြင့် မထေရ်တို့ကို ရေရွတ်သော ရဟန်းသည် ဉာဏ်နည်း၏၊ မိမိကိုယ်ကိုတူးဖြို၏၊ ဣန္ဒြေငါးပါးကိုဖျက်၏၊ သိက္ခာ၌ မရိုသေ၊ သေလျှင်ငရဲသို့ရောက်၏။ ထို့ကြောင့် အာမိသကိုမှီ၍ ပုဂ္ဂိုလ်ကိုမှီ၍ မပြုရာ၊ ထိုနှစ်မျိုးတို့ကိုရှောင်ကြဉ်၍ တရားနှင့်အညီ ပြုရာ၏။
ဥပကဏ္ဏကံ ဇပ္ပတိ၊ နားရင်းကပ်၍တိုင်ပင်အံ့။ ဇိမှံ ပေက္ခတိ၊ အပြစ်ရှာအံ့။ ဝီတိဟရတိ၊ အဆုံးအဖြတ်ကို ယုတ်စေအံ့။ ကုမဂ္ဂံ ပဋိသေဝတိ၊ လမ်းမှား လိုက်အံ့။ အနာပတ္တိအစား အာပတ္တိဟု ဆိုအံ့။ မိမိကိုယ်ကို လောင်ကျွမ်းစေသူ ဖြစ်၏။
၁၄။ စူဠသင်္ဂါမ
၃၆၅။ စစ်ပွဲဝင်သူ
သင်္ဂါမာဝစရ- စစ်ပွဲမြေပြင် သက်ဝင်သော ရဟန်းသည် (ဝါ- စောဒကသည်) သံဃာသို့ ချဉ်းကပ်သောအခါ နှိမ်ချသောစိတ်ဖြင့် ခြေသုတ်ဝန်းနှင့်တူသော စိတ်ဖြင့် ချဉ်းကပ်အပ်၏။ နေရာ၌ လိမ္မာသူ၊ နေခြင်း၌ လိမ္မာသူ ဖြစ်ထိုက်၏။
[အဓိကရုဏ်းဆုံးဖြတ်ခြင်းငှါ သံဃာ့အစည်းအဝေးသည် သင်္ဂါမ မည်၏။ ထိုအစည်းအဝေး၌ အတ္ထပစ္စတ္ထိက- ပစ္စည်းအတွက် ရန်သူဖြစ်သူ၊ သာသနာပစ္စတ္ထိက- သာသနာ၏ ရန်သူဖြစ်သူတို့သည် ဓမ္မမဟုတ်သည်ကို ဝိနယ မဟုတ်သည်ကို သတ္ထုသာသနဟုပြလျက် ဝေသာလီ ဝဇ္ဇီပုတ္တကရဟန်းတို့ကဲ့သို့ သက်ဝင်ကုန်၏။]
#သံဝရတ္ထာယ
ဝိနယော၊ ဝိနည်းပညတ်သည်။
သံဝရတ္ထာယ၊ စောင့်စည်းခြင်းငှါ။
ဟောတိ၊ ဖြစ်၏။
သံဝရသည် အဝိပ္ပဋိသာရတ္ထာယ- ဝိပ္ပဋိသာရ မဖြစ်ခြင်းငှါ။
အဝိပ္ပဋိသာရသည် ပါမောဇ္ဇတ္ထာယ- ဝမ်းမြောက်ခြင်းငှါ။
ပါမောဇ္ဇသည် ပီတတ္ထာယ- နှစ်သက်ခြင်းငှါ။
ပီတိသည် ပဿဒ္ဓတ္ထာယ- ကိုယ်စိတ်ငြိမ်းအေးခြင်းငှါ။
ပဿဒ္ဓိသည် သုခတ္ထာယ- ချမ်းသာခြင်းငှါ။
သုခသည် သမာဓတ္ထာယ- စိတ်တည်ကြည်ခြင်းငှါ။
သမာဓိသည် ယထာဘူတ ဉာဏဒဿနတ္ထာယ- ယထာဘူတဉာဏ်အမြင်အကျိုးငှါ။
ယထာဘူတ ဉာဏဒဿနသည် နိဗ္ဗိဒတ္ထာယ- နိဗ္ဗိဒါဉာဏ်အကျိုးငှါ။
နိဗ္ဗိဒါသည် ဝိရာဂတ္ထာယ- မဂ်ဉာဏ်အကျိုးငှါ။
ဝိရာဂသည် ဝိမုတ္တတ္ထာယ- အရဟတ္တဖိုလ်အကျိုးငှါ။
ဝိမုတ္တိသည် ဝိမုတ္တိဉာဏဒဿနတ္ထာယ - ပစ္စဝေက္ခဏာဉာဏ်အကျိုးငှါ။
ဝိမုတ္တိဉာဏဒဿနသည် အနုပါဒါပရိနိဗ္ဗာနတ္ထာယ- အကြောင်းကင်းသော ပရိနိဗ္ဗာန်အကျိုးငှါဖြစ်၏။
အနုပါဒါ၊ ဥပါဒါန် မစွဲလန်းမူ၍။
စိတ္တဿ၊ စိတ်၏။
ယဒိဒံ ဝိမောက္ခော၊ အကြင်လွတ်ခြင်း အရဟတ္တဖိုလ်သည်။
အတ္ထိ၊ ရှိ၏။
သောပိ၊ ထိုအရဟတ္တဖိုလ်သည်လည်း။
ဧတဒတ္ထာ၊ ထိုပရိနိဗ္ဗာန် အကျိုးရှိ၏။
၃၆၇။ ကြီးကဲ- ထိုက် မထိုက်
အနုယောဂဝတ္တံ နိသာမယ၊ ကုသလေန ဗုဒ္ဓိမတာ ကတံ။
သုဝုတ္တံ သိက္ခာပဒါနုလောမိကံ၊ ဂတိံ န နာသေန္တော သမ္မရာယိကံ။
ကုသလေန ဗုဒ္ဓိမတာ၊ ဘုရားရှင်သည်။
ကတံ၊ ဝိဘင်းခန္ဓက စသည်တို့၌ ပညတ်အပ်သော။
သုဝုတ္တံ၊ ကောင်းစွာဟောအပ်သော။
သိက္ခာ ပဒါနုလောမိကံ၊ သိက္ခာပုဒ်တို့အားလျော်သော။
အနုယောဂဝတ္တံ၊ စိစစ်ရာသော ကျင့်ဝတ်ကို။
နိသာမယ၊ မှတ်သား၍နှလုံးသွင်းလော။
သမ္ပရာယိကံ ဂတိံ၊ တမလွန်ဘဝကောင်းကို။
န နာသေန္တော၊ မပျက်စေမူ၍။
စူဠသင်္ဂါမပြီး၏။
၁၅။ မဟာသင်္ဂါမ
၃၆၈။ စစ်ပွဲဝင်သူ
စစ်ပွဲမြေပြင် သက်ဝင်သောရဟန်းသည် (ဝါ- အနုဝိဇ္ဇကသည်) သံဃာ၌ပြောဆို (ဆုံးဖြတ်) သောအခါ ဝတ္ထုကို သိအပ်၏။ ဝိပတ္တိကို၊ အာပတ္တိကို၊ နိဒါန်းကို၊ အာကာရကို၊ ရှေ့စကား နောက်စကားကို၊ ပြုအပ် မပြုအပ်ကို၊ ကံကို၊ အဓိကရုဏ်းကို၊ သမထကို သိအပ်၏။ အဂတိလေးပါး မလိုက်အပ်။ သိစေအပ်သောအရာ၌ သိစေအပ်၏။ ရှုစေအပ်သောအရာ၌ ရှုစေအပ်၏။ ငဲ့အပ်သော အရာ၌ ငဲ့အပ်၏။ ကြည်လင်စေအပ်သောအရာ၌ ကြည်လင်စေအပ်၏။ ငါရအပ်သော ပက္ခရှိသည်ဟု သူတပါး၏ပက္ခကို မထီမဲ့မြင်မပြုအပ်။ ငါ ဗဟုဿုတဟု အပ္ပဿုတကို မထီမဲ့မြင် မပြုအပ်။ ငါမထေရ်ကြီးဟု သီတင်းငယ်ကို မထီမဲ့မြင် မပြုအပ်။ မရောက်သေးသည်ကို န ဗျာဟရိတဗ္ဗံ- မဆိုအပ်။ ရောက်သည်ကို ဓမ္မမှ ဝိနယမှ မဆုတ်ယုတ်စေအပ်။
အကြင် ဓမ္မဖြင့် ဝိနယဖြင့် သတ္တုသာသနဖြင့် ထိုအဓိကရုဏ်းသည် ငြိမ်း၏။ ထိုဓမ္မဖြင့် ထိုအဓိဂရုဏ်းကို ငြိမ်းစေအပ်၏။
(ဝိဋီ။ ။ ပါဠိ၌ သင်္ဂါမာဝစရ- စစ်ပွဲမြေပြင် သက်ဝင်သောရဟန်းကို အနုဝိဇ္ဇကကိုရည်ဆိုသည်။
ဝတ္ထုသည် မေထုန် စသည်ကို လွန်ကျူးခြင်းဖြစ်၏။
နိဒါန်းဟူသည် ဝေသာလီ ပညတ်ရာဌာနတည်း။)
၃၆၉။ ဝတ္ထုစသည်အကျယ်
ဝတ္ထုကိုသိအပ်၏ ဟူသည် ၈-ပါးသော ပါရာဇိက၏ဝတ္ထုကိုသိအပ်၏။ ၂၃- ပါးသော သံဃာဒိသေသ်။ ၂-ပါးသော အနိယတ။ ၄၂ -ပါးသော နိဿဂ္ဂိ။ ၁၈၈-ပါးသော ပါစိတ်။ ၁၂-ပါးသော ပါဋိဒေသနီ။ ဒုက္ကဋ်။ ဒုဗ္ဘာသီတို့၏ ဝတ္ထုကို သိအပ်၏။
၃၇ဝ။ ဝိပတ္တိကို
ဟူသည် သီလဝိပတ္တိကို၊ အာစာရဝိပတ္တိကို၊ ဒိဋ္ဌိဝိပတ္တိကို၊ အာဇီဝဝိပတ္တိကို သိအပ်၏။
၃၇၁။ အာပတ္တိကို
ဟူသည် ပါရာဇိကအာပတ်ကို (ပ) ဒုဗ္ဘာသီအာပတ် ကို သိအပ်၏။
၃၇၂။ နိဒါန်းကို
ဟူသည် ရှစ်ပါးသော ပါရာဇိကနိဒါန်းကို (ပ) ဒုဗ္ဘာသီ တို့၏ နိဒါန်းကို သိအပ်၏။
၃၇၃။ အာကာရကို
ဟူသည် သံဃာကို အခြင်းအရာအားဖြင့် သိအပ်၏။ ဂဏကို၊ ပုဂ္ဂလကို၊ စောဒကကို၊ စုဒိတကကို အာကာရ ခြင်းရာအားဖြင့် သိအပ်၏။ သံဃာကို ဤသံဃာသည် ဤအဓိကရုဏ်းကို ဓမ္မ ဝိနယ သတ္ထုသာသနဖြင့် ငြိမ်းစေခြင်းငှါ စွမ်းနိုင်မည်လော၊ မစွမ်းနိုင်မည်လောဟု အာကာရဖြင့် သိအပ်၏။
ဂဏကို ဤဂဏသည် ဤအဓိကရုဏ်းကို (ပ) မစွမ်းနိုင်မည်လောဟု အာကာရဖြင့်သိအပ်၏။
ပုဂ္ဂိုလ်ကို ဤပုဂ္ဂိုလ်သည် (ပ) မည်လောဟု အာကာရဖြင့် သိအပ်၏။
စောဒကကို ဤအရှင်သည် ငါးပါးသောဓမ္မတို့၌တည်၍ သူတပါးကို စောဒနာသည်ဟု သိသလော မသိသလော ဟု အာကာရဖြင့် သိအပ်၏။
စုဒိတကကို ဤအရှင်သည် သစ္စ အကုပ္ပ တရားနှစ်ပါးတို့၌ တည်သလော မတည်သလောဟု အာကာရဖြင့် သိအပ်၏။
(ဝိဋီ။ ။ ပုဂ္ဂိုလ်ကို အာကာရဖြင့် သိအပ်သည်၌ သံဃာ၌လည်းကောင်း၊ ဂဏ၌လည်းကောင်း ပရိဏာယက ဖြစ်သော ခေါင်းဆောင်မထေရ် ပုဂ္ဂိုလ်ကြီးဟု မှတ်အပ်၏။)
၃၇၄။ ရှေ့စကား နောက်စကားကို
ဟူသည် ဤအရှင်သည် ဝတ္ထုမှ ဝတ္ထုကိုပြောင်းသလော၊ ဝိပတ္တိတစ်ခုမှ တစ်ခုသို့၊ အာပတ်တစ်ခုမှ တစ်ခုသို့ ပြောင်းသလော။ ပယ်ပြီး၍ ဝန်ခံသူ၊ ဝန်ခံပြီး၍ ပယ်သူ။ တစ်ခုဖြင့် တစ်ခု ဖုံးသူဟုတ်သလော မဟုတ်သလောဟု ရှေ့စကား နောက်စကားကို သိအပ်၏။
[ဝတ္ထုမှ ဝတ္ထုကို ပြောင်းပုံကား - ပဌမပါရာဇိကဝတ္ထုကို ငါမြင်သည် ကြားသည်ဟုဆိုပြီးမှ တဖန်မေးမြန်းသော အခါ ပဌမကိုမဟုတ်ပါ၊ ဒုတိယပါရာဇိက၏ ဝတ္ထုကိုမြင်ပါသည် ကြားပါသည် ဟု ဆို၏။ ဤနည်းဖြင့် ဝိပတ္တိ ပြောင်းပုံ အာပတ်ပြောင်းပုံကိုလည်း သိအပ်၏။
မမြင်ပါ မကြားပါဟု ဆိုပြီးမှ မြင်သည် ကြားသည်ဟုဆိုလျှင် ပယ်ပြီး၍ ဝန်ခံသူမည်၏။ မြင်သည် ကြားသည် ဟုဆိုပြီးမှ မမြင်မကြားဟု ဆို လျှင် ဝန်ခံပြီး၍ ပယ်သူမည်၏။ ဤနှစ်ဦးလုံးပင် တစ်ခုဖြင့် တစ်ခုဖုံးသူ မည်၏။]
၃၇၅။ ပြုအပ် မပြုအပ်ကို
ဟူသည် မေထုနဓမ္မကို၊ အနုလောမကို၊ ပုဗ္ဗဘာဂကို သိအပ်၏၊
နှစ်ယောက် နှစ်ယောက်ရောက်သောအကျင့်ကို မေထုနဓမ္မဟု သိအပ်၏။
သူတပါး၏အင်္ဂါဇာကိုစုတ်ယူသူကို အနုလောမ ဟုသိအပ်၏။
ဝဏ္ဏာဝဏ္ဏ ဟူသော သုက္ကဝိဿဋ္ဌိ၊ ကာယသံသဂ္ဂ၊ ဒုဋ္ဌုလ္လဝါစာ၊ အတ္တကာမပါရိစရိယာ ပစနမနုပ္ပဒါန ဟူသော သဉ္စရိတ္တတို့ကို မေထုနု၏ ပုဗ္ဗဘာဂဟူ၍ သိအပ်၏။
[၀ဏ္ဏာဝဏ္ဏဟူသည် နီလစသော ဝဏ္ဏ၊ အဝဏ္ဏစွမ်းဖြင့် သုက္ကဝိဿဋ္ဌိသိက္ခာပုဒ်ကိုဆိုသည်။ ဝစနမနုပ္ပဒါနဖြင့် သဉ္စရိတ္တကိုဆိုသည်။ ကာယသံသဂ္ဂ စသည်ကို မိမိအမည်အတိုင်းဖြင့်ဆိုသည်၊ ဤငါးခုသည် မေထုနဓမ္မ၏ ပုဗ္ဗဘာဂမည်၏။ ပုဗ္ဗပယောဂမည်၏။ (ဓနမနုပ္ပဒါန ဟုလည်း ရှိတတ်၏။)
(ဇီဋီ။ ။ နီလစသည်သည် ဝဏ္ဏဖြစ်၏၊ အာရောဂျတ္ထ စသည်သည် အဝဏ္ဏဖြစ်၏။ ထိုတို့၏အစွမ်းဖြင့် သုက္ကဝိဿဋ္ဌိ ကိုဆိုသည်။
သာဋီ။ ။ ထိုအတူဆိုသည်။
ဝိဋီ။ ။ နီလစသော ဆယ်ပါးတို့၏လွတ်ခြင်းဖြင့် သုက္ကဝိဿဋ္ဌိသိက္ခာပုဒ်ကိုဆိုသည်။
တေလ စသော နုံ့သော အဆင်း၊ နီလစသော ပစုရ၊ ထင်ရှားသော အဆင်းတို့၏အစွမ်းဖြင့် ဝဏ္ဏ၊ အဝဏ္ဏ ဟုဆိုသည်။ အ- အက္ခရာသည် ပစုရ အနက်၌ဖြစ်၏။)]
၃၇၆။ ကံကို
ဟူသည် ကံ ၁၆-ပါးတို့ကိုသိအပ်၏။
အပလောကနကံ ၄-ခု။ ဉာတ္တိကံ ၄-ခု။ ဉာတ္တိဒုတိယကံ ၄-ခု၊ ဉာတ္တိစတုတ္ထကံ ၄-ခုကို သိအပ်၏။
[လေးခုကား အဓမ္မေနဝဂ္ဂကံ စသည်ဘည်း။]
၃၇၇။ အဓိကရုဏ်းကို
ဟူသည် လေးပါးသောအဓိကရုဏ်းကို သိအပ်၏။ ဝိဝါ၊ နုဝါ၊ ပတ္တာ၊ ကိစ္စာ ကိုသိအပ်၏။
၃၇၈။ သမထကို
ဟူသည် ခုနစ်ပါးသော သမထကို သိအပ်၏။ မုခါ၊ သတိ၊ အမူဠ၊ ပဋိညာ၊ ယေဘု၊ တဿ၊ တိဏကို သိအပ်၏။
၃၇၉။ အဂတိလေးပါး
အဂတိ လေးပါး မလိုက်အပ် ဟူသည်၌ ဆန္ဒာဂတိလိုက်ပုံကား- ဤသူသည် ငါ၏ ဆရာ၊ ငါ၏တပည့်၊ မြင်ဘူး သုံးဆောင်ဘူးသောမိတ်ဆွေ၊ သွေးစပ်သော ဆွေမျိုးဟု စောင့်ခြင်းဖြင့် အဓမ္မကို ဓမ္မ၊ ဓမ္မကို အဓမ္မဟုပြ၏။ (ပ) ဒုဋ္ဌုလ္လကို အဒုဋ္ဌုလ္လ၊ အဒုဋ္ဌုလ္လကို ဒုဋ္ဌုလ္လ ဟုပြ၏။
ဤ ၁၈-ပါးသော ဝတ္ထုတို့ဖြင့် ဆန္ဒာဂတိသို့ လိုက်သူသည် များစွာသော နတ်လူ အပေါင်း၏ စီးပွားမဲ့ခြင်းငှါ ချမ်းသာမဲ့ခြင်းငှါ ကျင့်သူ ဖြစ်၏။ မိမိကိုယ်ကိုတူးဖြို၏။ အပြစ်ရှိ၏။ ပညာရှိတို့၏ ကဲ့ရဲ့ဘွယ်ဖြစ်၏။ မကောင်းမှု များစွာတိုးပွား၏။
၃၈၀။ ဒေါသာဂတိလိုက်ပုံကား
ဤသူသည် ငါ၏အကျိုးမဲ့ကိုပြုဘူး ပြီဟု ရန်ငြိုးဖွဲ့၏၊ ငါ၏အကျိုးမဲ့ကိုပြုဆဲဟု၊ ပြုလတံ့ဟုဖွဲ့၏။ ငါ၏ ပိယ ပုဂ္ဂိုလ်၏ အကျိုးမဲ့ကိုပြုပြီးဟု၊ ပြုဆဲဟု၊ ပြုလတံ့ဟု ဖွဲ့၏။ ငါ၏ ဝေရီ၏ အကျိုးကို ပြီး ဟု၊ ပြုဆဲဟု ပြုလတံ့ဟုဖွဲ့၏။
ဤကိုးပါးသော အာဃာတဝတ္ထု ရှိသူသည် အမျက်ထွက်ခြင်းဖြင့် အဓမ္မကို ဓမ္မဟု၊ (ပ) မကောင်းမှု များစွာတိုး၏။
၃၈၁။ မောဟာဂတိလိုက်ပုံကား
ရာဂ ဒေါသ မောဟ ဒိဋ္ဌိတို့ဖြင့် လွန်စွာ တွေဝေသဖြင့် အဓမ္မကို ဓမ္မဟု၊ (ပ) မကောင်းမှုများစွာတိုးပွား၏။
၃၈၂။ ဘယာဂတိလိုက်ပုံကား
ဤသူသည် ကိုယ်အမူအရာကြမ်း တမ်း၏။ မိစ္ဆာတောရှုပ်ကိုမှီ၏။ အားရှိသူကို မှီ၏။ အသက်အန္တရာယ် သာသနာအန္တရာယ်သော်လည်း ပြုရာ၏ဟု ကြောက်သဖြင့် အဓမ္မကို ဓမ္မဟု (ပ) မကောင်းမှုများစွာ တိုးပွား၏။
ဆန္ဒာဘယာများသူ ဒေါသမောဟာ လွန်ကဲသူဖြစ်၍ တရားလွန် ကျင့်အံ့၊ ဟိုသူ၏ ခြွေရံဂုဏ်သတင်းသည် လဆုတ်ပက္ခလကဲ့သို့ တစ်နေ့တစ်ခြား ဆုတ်ယုတ်၏။
၃၈၃-၃၈၆။ အဂတိမလိုက်ပုံကား
အဓမ္မကို အဓမ္မဟု၊ ဓမ္မကို ဓမ္မဟု ပြသူသည် (ဝ) ဒုဋ္ဌုလ္လကို ဒုဋ္ဌုလ္လ၊ အဒုဋ္ဌုလ္လကို အဒုဋ္ဌုလ္လဟုပြသူသည် ဆန္ဒာဂတိသို့ မလိုက်သည်မည်၏။ ဒေါသာဂတိသို့၊ မောဟာဂတိသို့၊ ဘယာဂတိသို့ မလိုက်သည်မည်၏။ တရားလွန်မကျင့်သူ၏ ခြွေရံဂုဏ်သတင်းသည် လဆန်းပက္ခ လကဲ့သို တစ်နေ့တစ်ခြား တိုးပွား၏။
[များစွာသော နတ်လူအပေါင်း၏ စီးပွားမဲ့ပုံကား- ဝိနည်းဓိုရ်သည် ဆန္ဒစသည်ဖြင့် အဂတိလိုက်၍ဆုံးဖြတ်လျှင် ထိုကျောင်း၌ သံဃာသည် နှစ်သင်းကွဲ၏။ ဩဝါဒမှီ၍နေသူ ဘိက္ခုနီတို့သည် လည်းကောင်း၊ ဒါယကာ ဒါယိကာမတို့သည် လည်းကောင်း၊ ကိုယ်စောင့်နတ်တို့သည် လည်းကောင်း နှစ်သင်းကွဲကုန်၏ ဘုမ္မစိုရ်းတို့ကို အစပြု၍ အကနိဋ္ဌ ဗြဟ္မာတိုင်အောင် ကွဲကုန်၏။
ဝိသမ နိဿိတော- ကြမ်းသောကိုယ်အမူအရာ စသည်ကို မှီသူဖြစ်၏။
ဂဟန နိဿိတော- မိစ္ဆာဒိဋ္ဌိ၊ အန္တဂ္ဂါဟိကာဒိဋ္ဌိဟူသော ရှုပ်ထွေးသောအယူကိုမှီသူဖြစ်၏။
ဗလဝ နိဿိတော- အားရှိသော ထင်ရှားသော ရဟန်းတို့ကိုမှီသူဖြစ်၏။
(ဝိဋီ။ ။ အကိနိဋ္ဌဗြဟ္မာတိုင်အောင်ကွဲရာ၌ သုဒ္ဓါဝါသ ငါးဘုံသားနှင့် တပါးသောဘုံမှ အရိယာတို့သည် ဓမ္မဝါဒီ ပက္ခသို့ ဝင်ကုန်၏။ ထိုမှကြွင်းသူတို့ကား နှစ်ဘက်လုံးကို ဝင်ကုန်၏။)]
၃၈၇-၃၉၀။ သိစေအပ် စသည်
သိစေအပ်သောအရာ၌ သိစေသည် ဟူသည် အဘယ်နည်း။ အဓမ္မကို အဓမ္မဟုပြသူသည်၊ (ပ) အဒုဋ္ဌုလ္လကို အဒုဋ္ဌုလ္လဟုပြသူသည် သိစေအပ်သော အရာ၌ သိစေသည် မည်၏။
ရှုစေအပ်သောအရာ၌ ရှုသည်။ ငဲ့အပ်သော အရာ၌ ငဲ့သည်။ ကြည်လင်စေအပ်သောအရာ၌ ကြည်လင်စေသည် ဟူသည် အဘယ်နည်း။ အဓမ္မကို အမ္မဟုပြသူသည်၊ (ပ) အဒုဋ္ဌုလ္လကို အဒုဋ္ဌုလ္လဟု ပြသူသည် ရှုစေအပ် (ပ) ကြည်လင်စေအပ်သောအရာ၌ ကြည်လင်စေသည် မည်၏။
၃၉၁။ ရအပ်သောပက္ခရှိသည်ဟု သူတပါး၏ ပက္ခကို မထီမဲ့မြင်ပြုသော သူသည် အဘယ်နည်း။
အချို့သော သူသည် ငါသည် အပင်းသင်း ခြံအရံ ရှိ၏။ ဆွေမျိုး ရှိ၏။ ဤသူကား သင်းပင်းခြံရံ မရှိ။ ဆွေမျိုး မရှိဟု ထိုသူ၏ စကားကို ဝါ-ထိုသူကို မထီမဲ့မြင်ပြုလျက် အဓမ္မကို ဓမ္မဟုပြ၏။ ဓမ္မကို အဓမ္မ ကို ပြ၏။ (ပ) ဒုဋ္ဌုလ္လကို အဒုဋ္ဌုလ္လ အဒုဋ္ဌုလ္လကို ဒုဋ္ဌုလ္လဟုပြ၏။
၃၉၂။ ငါ ဗဟုဿုတဟု အပ္ပဿုတကို မထီမဲ့မြင်ပြုပုံကား
ငါသည် သုတများ၏။ သုတဆောင်၏။ သုတ ဆည်းပူး၏။ ဤသူသည် သုတမရှိ။ အာဂမမရှိ။ ဆောင်ခြင်းမရှိဟု ထိုသူကိုမထီမဲ့မြင်ပြုလျက် အဓမ္မကို ဓမ္မဟု (ပ) အဒုဋ္ဌုလ္လကို ဒုဋ္ဌုလ္လဟု ပြ၏။
၃၉၃။ ငါမထေရ်ကြီးဟု သီတင်းငယ်ကို မထီမဲ့မြင်ပြုပုံကား
ငါသည် ထေရဖြစ်၏။ မုတ္တညူ၊ စိရပဗ္ဗဇိတဖြစ်၏။ ဤသူသည် နဝက၊ မထင်ရှား မသိတတ်။ ဤသူ၏စကားကို ပြုဘွယ်မရှိဟု ထိုသူကို မထီမဲ့မြင်ပြုလျက် အဓမ္မကို ဓမ္မဟု (ပ) အဒုဋ္ဌုလ္လကို ဒုဋ္ဌုလ္လဟု ပြ၏။
၃၉၄။ မရောက်သေးသည်ကို မဆိုအပ် ဟူသည်
မသက်ရောက်သေးသောဝန်ကို မချအပ်။
ရောက်သည်ကို ဓမ္မမှ၊ ဝိနယမှ မဆုတ်ယုတ်စေအပ် ဟူသည် .. အကြင်အဓိကရုဏ်းကို ဆုံးဖြတ်ခြင်းအကျိုးငှါ သံဃာစည်းဝေး၏။ ထိုအကျိုးကို ဓမ္မမှ၊ ဝိနယမှ မဆုတ်ယုတ်စေအပ်၏။
၃၉၅။ အကြင် ဓမ္မဖြင့် ဟူသည်
ဟုတ်မှန်သော ဝတ္ထုဖြင့်၊
အကြင်ဝိနယဖြင့် ဟူသည် စောဒနာ၍ အောက်မေ့စေ၍။
အကြင် သတ္ထုသာသနဖြင့် ဟူသည် ဉာဏ်၏ပြည့်စုံခြင်းဖြင့် ကမ္မဝါစာ၏ ပြည့်စုံခြင်းဖြင့် ထိုအဓိကရုဏ်း ငြိမ်းကြောင်း ဓမ္မ ဝိနယ သတ္ထုသာသနဖြင့် ထိုအဓိကရုဏ်းကို ငြိမ်းစေအပ်၏။
၃၉၆။ အနုဝိဇ္ဇကကိစ္စ
အနုဝိဇ္ဇကသည် စောဒကကို ဤသို့ မေးအပ်၏။ ငါ့ရှင် သင်သည် ဤ ရဟန်းအား ပဝါရဏာကို ထား၏။ အဘယ်ကြောင့် ထားသနည်း။ သီလဝိပတ္တိကြောင့်လော၊ အစာရဝိပတ္တိကြောင့်လော၊ ဒိဋ္ဌိဝိပတ္တိကြောင့်လောဟု မေးအပ်၏။
သီလဝိပတ္တိ စသည်ကြောင့် ထားပါသည်ဟုဖြေလျှင် အရှင်သည် သီလဝိပတ္တိ စသည်ကို သိသလောဟု မေးအပ်၏။ သိပါ၏ဟုဖြေလျှင် သီလဝိပတ္တိ စသည်သည် အဘယ်နည်းဟု မေးအပ်၏။ ပါရာဇိက၊ သံဃာဒိသေသ်သည် သီလဝိပတ္တိ။ ထုလ္လစ္စည်း စသည်သည် အာစာရဝိပတ္တိ၊ မိစ္ဆာဒိဋ္ဌိ၊ အန္တဂ္ဂါဟိကာဒိဋ္ဌိသည် ဒိဋ္ဌိဝိပတ္တိဟုဖြေလျှင် သင်သည် ဤရဟန်းအား ဒိဌဖြင့် ပဝါရဏာ ထားသလော၊ သုတဖြင့်လော၊ ပရိသင်္ကိတဖြင့်လောဟု မေးအပ်၏။
ဒိဋ္ဌ စသည်ဖြင့်ဟုဖြေလျှင် သင်သည် ဒိဋ္ဌိဖြင့်ပဝါရဏာကိုထားပြီ၊ အဘယ်ကိုမြင်သနည်း၊ အဘယ်သို့၊ အဘယ်အခါ၊ အဘယ်အရပ်၌နည်း ပါရာဇိကသို့ ရောက်သည်ကိုမြင်သလော၊ (ပ) ဒုဗ္ဘာသီသို့ရောက်သည် မြင်သလော၊ အဘယ်၌သင်ရှိသနည်း။ အဘယ်၌ ဤရဟန်းရှိသနည်း။ အဘယ်ကို သင်ပြုသနည်း၊ အဘယ်ကို ဤရဟန်းပြုနေသနည်းဟု မေးအပ်၏။
ဒိဋ္ဌဖြင့်မဟုတ်၊ သုတဖြင့်ဟုဖြေလျှင် သင်သည် သုတဖြင့် ပဝါရဏာကို ထားပြီ၊ အဘယ်ကိုကြားသနည်း၊ အဘယ်သို့၊ အဘယ်အခါ၊ အဘယ်အရပ် ကြားသနည်း၊ ပါရာဇိကသို့ (ပ) ဒုဗ္ဘာသီသို့ရောက်သည်ကို ကြားသလော၊ ဘိက္ခု၏စကားကို ကြားသလော၊ (ပ) တိတ္ထိသာဝက၏စကားကိုကြားသလော ဟု မေးအပ်၏။
သုတဖြင့်မဟုတ်၊ ပရိသင်္ကိတဖြင့်ဟုဖြေလျှင် သင်သည် ပရိသင်္ကိတဖြင့် ပဝါရဏာကိုထားပြီ၊ အဘယ်ကို ရွံရှာသနည်း၊ အဘယ်သို့၊ အဘယ်အခါ အဘယ်အရပ်၌ရွံရှာသနည်း၊ ပါရာဇိကသို့၊ (ပ) ဒုဗ္ဘာသီသို့ရောက်သည် ရွံရှာသလော၊ ဘိက္ခု၏စကားကိုကြား၍ ရွံရှာသလော၊ (ပ) တိတ္ထိသာဝက၏ စကားကို ကြား၍ရွံရှာသလော ဟုမေးအပ်၏။
၃၉၇။ နိဿယ နမူနာ
ဒိဋ္ဌံ ဒိဋ္ဌေန သမေတိ၊ ဒိဋ္ဌေန သံသန္ဒတေ ဒိဋ္ဌံ။
ဒိဋ္ဌံ ပဋိစ္စ န ဥပေတိ၊ အသုဒ္ဓပရိသင်္ကိတော။
သော ပုဂ္ဂလော ပဋိညာယ၊ ကာတဗ္ဗာ တေန ပဝါရဏာ။
ဒိဋ္ဌံ၊ စောဒက၏မြင်ခြင်းသည်။
ဒိဋ္ဌေန၊ မြင်၏ဟူသောစကားနှင့်။
သမေတိ၊ ညီညွတ်အံ့။
ဒိဋ္ဌံ၊ မြင်ခြင်းသည်။
ဒိဋ္ဌေန၊ မြင်၏ဟူသောစကားနှင့်။
သံသန္ဒတေ၊ နှီးနှောအံ့။
ဒိဋ္ဌံ၊ စောဒက၏မြင်ခြင်းကို။
ပဋိစ္စ၊ စွဲ၍။
န ဥပေတိ၊ ပါရာဇိကသို့ မရောက်အံ့။ ဝါ၊ ပါရာဇိကကို ဝန်မခံအံ့။
သောပုဂ္ဂလော၊ ထို စုဒိတကပုဂ္ဂိုလ်သည်။
အသုဒ္ဓပရိသင်္ကိတော၊ အရင်းမရှိ ရွံ့ရှားအပ်သည်။
ဟောတိ၊ ဖြစ်၏။
ပဋိညာယ၊ ထိုပုဂ္ဂိုလ်၏ပဋိညာကြောင့်။
တေန၊ ထိုပုဂ္ဂိုလ်နှင့်။
ပဝါရဏာ၊ ပဝါရဏာကို။
ကာတဗ္ဗာ၊ ပြုအပ်၏။
သုတံ သုဏေန၊ မုတံ မုတေန။ (တူပြီ)
၃၉၈။ ပုစ္ဆာခွဲခြင်း
ကိန္တေ ဒိဋ္ဌံ၊ အဘယ်ကိုမြင်သနည်း ဟူသည် အဘယ်ပုစ္ဆာနည်း။
ကိန္တိ တေ ဒိဋ္ဌံ၊ အဘယ်သို့ မြင်သနည်းဟူသည် အဘယ်ပုစ္ဆာနည်း။
တဒါ တေ ဒိဋ္ဌံ၊ အဘယ်အခါ မြင်သနည်း ဟူသည် အဘယ်ပုစ္ဆာနည်း။
ကတ္ထ တေ ဒိဋ္ဌံ၊ အဘယ်၌မြင်သနည်း ဟူသည် အဘယ်ပုစ္ဆာနည်း။
၃၉၉။ ကိန္တေဒိဋ္ဌံသည် ဝတ္ထုပုစ္ဆာ၊ ဝိပတ္တိပုစ္ဆာ၊ အာပတ္တိပုစ္ဆာ၊ အဇ္ဈာစာရပုစ္ဆာဖြစ်၏။
ဝတ္ထုပုစ္ဆာဟူသည် ၈-ပါး သောပါရာဇိကဝတ္ထုကိုမေးခြင်း၊ သံဃာဒိသေသ် ၂၃-ပါး၏။ အနိယတ ၂-ပါး၏။ နိဿဂ္ဂိ ၄၂-ပါး၏။ ပါစိတ် ၁၈၈-ပါး၏၊ ပါဋိဒေသနီ ၁၂-ပါး၏။ ဒုက္ကဋ်တို့၏။ ဒုဗ္ဘာသီတို့၏ ဝတ္ထုကို မေးခြင်းဖြစ်၏။
ဝိပတ္တိ ပုစ္ဆာဟူသည် သီလဝိပတ္တိကိုမေးခြင်း၊ အာစာရဝိတ္တိကို၊ ဒိဋ္ဌိဝိပတ္တိကို၊ အာဇီဝ ဝိပတ္တိကို၊ မေးခြင်းဖြစ်၏။
အာပတ္တိပုစ္ဆာဟူသည် ပါရာဇိကအာပတ်ကိုမေးခြင်း၊ (ပ) ဒုဗ္ဘာသီအာပတ်ကို မေးခြင်းဖြစ်၏။
အဇ္ဈာစာရပုစ္ဆာဟူသည် နှစ်ယောက် နှစ်ယောက် ရောက်သည်ကို မေးခြင်း ဖြစ်၏။
၄၀၀။ ကိန္တိ တေ ဒိဋ္ဌံ သည် လိင်္ဂပုစ္ဆာ၊ ဣရိယာပထပုစ္စာ၊ အာကာရပုစ္ဆာ၊ ဝိပ္ပကာရပုစ္ဆာဖြစ်၏။
လိင်္ဂပုစ္ဆာဟူသည် အရပ်မြင့်သူကိုမြင်သလော၊ နိမ့်သူ ကိုမြင်သလော ဖြူသူကိုလော၊ မည်းသူကိုလော။
ဣရိယာပထပုစ္ဆာဟူသည် သွားသူကိုလော၊ ရပ်သူ၊ ထိုင်သူ၊ အိပ်သူကိုလော။
အာကာရပုစ္ဆာဟူသည် လူ့အသွင်၌ တည်သူကိုလော၊ တိတ္ထိအသွင်၌၊ ရဟန်းအသွင်၌ တည်သူကိုလော။
ဝိပ္ပကာရပုစ္ဆာဟူသည် သွားသူကိုလော၊ ရုပ်သူ၊ ထိုင်သူ၊ အိပ်သူကိုလော။
၄၀၁။ တဒါ တေ ဒိဋ္ဌံသည် ကာလပုစ္ဆာ၊ သမယပုစ္ဆာ၊ ဒိဝသပုစ္ဆာ၊ ဥတုပုစ္ဆာဖြစ်၏။
ကာလပုစ္ဆာဟူသည် ပုဗ္ဗဏှကာလ-နံနက်ကာလ၌လော၊ မဇ္ဈန္တိကကာလ- မွန်းတည့်ကာလ၌လော၊ သာယဏှကာလ- ညချမ်းကာလ၌လော။
သမယပုစ္ဆာဟူသည် ပုဗ္ဗဏှသမယ၌လော၊ မဇ္ဈန္တိကသမယ၌လော၊ သာယဏှသမယ၌လော။
ဒိဝသပုစ္ဆာဟူသည် ပုရေဘတ္တ- ဆွမ်းမစားမီလော၊ ပစ္ဆာဘတ္တ- ဆွမ်းစားပြီးမှလော၊ ညဥ့်၌လော၊ နေ့၌လော၊ လဆုတ်၌လော၊ လဆန်း၌လော။
ဥတုပုစ္ဆာဟူသည် ဆောင်း၌လော၊ နွေ၌လော၊ မိုး၌လော။
၄၀၂။ ကတ္ထ တေ ဒိဋ္ဌံသည် ဌာနပုစ္ဆာ၊ ဘူမိပုစ္ဆာ၊ သြကာသပုစ္ဆာ၊ ပဒေသပုစ္ဆာ ဖြစ်၏။
ဌာနပုစ္ဆာဟူသည် ဘူမိ၌လော၊ ပထဝီ၌လော၊ ဓရဏီ၌လော၊ ဇဂတိ၌လော၊ (ဝါ) မြေ၌လော။
ဘူမိပုစ္ဆာဟူသည် မြေ၌လော၊ တောင်၌လော၊ ကျောက်ခဲပေါ် ၌လော၊ ပြာသာဒ်၌လော။
သြကာသပုစ္ဆာဟူသည် အရှေ့အရပ်၌လော၊ အနောက်၊ မြောက်၊ တောင်အရပ်၌လော။
ပဒေသပုစ္ဆာသည် အရှေ့နေရာ၌လော၊ အနောက်၊ မြောက်၊ တောင်ဘက်နေရာ၌လော။
(ဇီဋီ။ ။ ဘူမိပုစ္ဆာ ဟူသည် ဘူမိ၊ ပုထုဝိ၊ ဇဂတိ ဤ သဒ္ဒါ အားလုံးသည် ပထဝီ၏ ဝေဝုစ်ပရိယာယ်ဖြစ်၏။)
မဟာသင်္ဂါမပြီး၏။
၁။ ကထိနဘေဒ
၄၀၃။ အဘယ်သူအား ဘယ်သို့
အဘယ်သူအား မခင်းအပ်သော ကထိန်ဖြစ်သနည်း။
အဘယ်သူအား ခင်းအပ်သော ကထိန်ဖြစ်သနည်း။
အဘယ်သို့လျှင် မခင်းအပ်သော ကထိန်ဖြစ်သနည်း။
အဘယ်သို့လျှင် ခင်းအပ်သော ကထိန်ဖြစ်သနည်း။
အဘယ်သူအား မခင်းအပ်သော ကထိန်ဖြစ်သနည်း။ နှစ်ယောက်သော ပုဂ္ဂိုလ်တို့အား မခင်းအပ်သော ကထိန်ဖြစ်၏။ မခင်းသူအား အနုမောဒနာ မပြုသူအားတည်း။
အဘယ်သူအား ခင်းအပ်သော ကထိန်ဖြစ်သနည်း။ နှစ်ယောက်တို့အားဖြစ်၏။ ခင်းသူအား အနုမောဒနာပြုသူ အားတည်း။
အဘယ်သို့လျှင် မခင်းအပ်သော ကထိန်ဖြစ်သနည်း။ နှစ်ဆယ့်လေးပါးသော ခြင်းရာတိုဖြင့် မခင်းအပ်သော ကထိန်ဖြစ်၏။
ဥလ္လေခိတ-လျားနံမှတ်၍ အရေးအခြစ်ပြုကာမျှဖြင့် ခင်းအပ်သောကထိန်မဖြစ်။
ဓောဝန-ကထိန်လျာ ဖွပ်လျှော်ကာမျှဖြင့်၊
ဝိစာရဏ-ငါးခဏ်း ခုနှစ်ခဏ်း စသည်စီရင်ကာမျှဖြင့်၊
ဆေဒန - စီရင်သောအတိုင်း ဖြတ်ကာမျှဖြင့်၊
ဗန္ဓန-တည်းစပ်ကာမျှဖြင့်၊ ၅
ဩဝဋ္ဋိယ - တည်းစပ်ကြောင်း အလိုက်ချုပ်ကာမျှဖြင့်၊
ကဏ္ဍူသ - မြောင်းငယ်တလုပ် အုပ်ကာမျှဖြင့်၊
ဒဠီကမ္မ - နှစ်လွှာစပ်ကာမျှဖြင့်၊
အနုဝါတ - လျားနားပတ် တင်ကာမျှဖြင့်၊
ပရိဘဏ္ဍ - နံနားပတ် တင်ကာမျှဖြင့်၊ ၅
ဩဝဒ္ဓေယျ-အပေါ်လွှာ တင်ကာ၊ သလင်းတောင်တင်ကာမျှဖြင့်၊
ကမ္ပလမဒ္ဒန - ဆင်စွယ်ရောင်မျိုး တစ်ကြိမ်ဆိုးမျှဖြင့်၊
နိမိတ္တ - နိမိတ်ပြု၍ရသော အဝတ်သင်္ကန်းဖြင့်၊
ပရိကထာ - ပရိယာယ် သွယ်ဝိုက်၍ရသော အဝတ်သင်္ကန်းဖြင့်၊
ကုက္ကု - ငှါးယူလာသော အဝတ် သင်္ကန်းဖြင့်၊ ၅
သန္နိဓိ - ထိုနေ့မပေး၊ မခင်း-သိုးသောအဝတ် သင်္ကန်းဖြင့်၊
နိဿဂ္ဂိယ - ပြုစုအရုဏ်တက်၊ ဤညဥ့်ကိုစွန့်သောသင်္ကန်းဖြင့်၊
အကပ္ပ- ကပ္ပဗိန္ဒုမထိုးသော သင်္ကန်းဖြင့်၊
ဒုကုဋ်မှတပါးသောသင်္ကန်းဖြင့်၊
ကိုယ်ရုံမှ တပါးသောသင်္ကန်းဖြင့်၊ ၅
သင်းပိုင်မှ တပါးသော သင်္ကန်းဖြင့် ခင်းအပ်သော ကထိန်မဖြစ်၊
ထိုနေ့ဖြတ်ချုပ်သော အိမ်ဝန်းကြီးငယ်နှင့်တကွ ငါးခဏ်းစသော သင်္ကန်းဖြစ်ပါမှ-ထိုသို့ မဖြစ်သောသင်္ကန်းဖြင့် ခင်းအပ်သောကထိန် မဖြစ်၊
ပုဂ္ဂိုလ်ခင်း မဟုတ်ဘဲ သံဃာခင်းအံ့ - ဂဏာခင်းအံ့ ကထိန်မဖြစ်၊
ကောင်းစွာ ခင်းသော်လည်း ဝါဆိုခေတ် ဥပစာရသိမ်မှ ပြင်ပ၌နေလျက်အနုမောဒနာပြုအံ့ ကထိန်မဖြစ်။ ၄
ဤ၌ နိမိတ္တဟူသည် ဤအဝတ်သင်္ကန်းဖြင့် ငါကထိန်ခင်းမည်ဟု နိမိတ်ပြု၏။
ပရိကထာ ဟူသည် ကထိန်သင်္ကန်း ဖြစ်ပေါ်စေမည်ဟု ဖြစ်ကြောင်း စကားသွယ်ဝိုက်၏။
ကုက္ကုဟူသည် အနာဒိယဒါန အပြီးယူဆောင် မပေးခြင်းဖြစ်၏။ ဝါ-ငှါးခြင်းဖြစ်၏။
သန္နိဓိသည် နှစ်မျိုးရှိ၏။ ကရဏသန္နိ - သံဃာပေးသောနေ့ မခင်းသဖြင့် အပြုသိုးခြင်း၊ နိစယသန္နိဓိ - လှူသော နေ့၌ သံဃာမပေးသဖြင့် အသိမ်းအဆည်းသိုးခြင်းတည်း။
နိဿဂ္ဂိဟူသည် ပြုစဉ် အရုဏ်တက်၏။
ဤ (၂၄) ပါးသော ခြင်းရာတို့ဖြင့် မခင်းအပ်သော ကထိန် ဖြစ်၏။
အဘယ်သို့လျှင် ခင်းအပ်သောကထိန် ဖြစ်သနည်း။ တစ်ဆယ့်ခုနစ်ပါးသော ခြင်းရာတို့ဖြင့် ခင်းအပ်သော ကထိန်ဖြစ်၏။
အဟတ-အသစ်ဖြစ်သော အဝတ်ပုဆိုးဖြင့် ခင်းအပ်သောကထိန်ဖြစ်၏။
အဟတကပ္ပ-အသစ်နှင့်တူသော အသစ်နီးနီးပုဆိုးဖြင့်၊
ပိလောတိကာ- ပုဆိုးဟောင်းဖြင့်၊
ပံသုကူလ (၂၃-ဌာန ဖြစ်) ပံသုကူအဝတ်သင်္ကန်းဖြင့်၊
ပါပဏိက - အိမ်ဈေးတံခါး၌ကျသော အဝတ်သင်္ကန်းဖြင့်။ ၅
အနိမိတ္တ- နိမိတ်မပြုဘူးသာ အဝတ်သင်္ကန်းဖြင့်၊
အပရိကထာ- ပရိယာယ်မသွယ်ဝိုက်ဘဲရသော အဝတ်သင်္ကန်းဖြင့်၊
အကုက္ကု- မငှါးယူသော အဝတ်သင်္ကန်းဖြင့်၊
အသန္နိဓိ- မသိုးသောအဝတ်သင်္ကန်းဖြင့်၊
အနိဿဂ္ဂိယ - ညဥ့်ကို မစွန့် မလွန်သောသင်္ကန်းဖြင့်။ ၅
ကပ္ပ-ဗိန္ဒုထိုးသော သင်္ကန်းဖြင့်၊
ဒုကုဋ်ဖြင့်၊ ကိုယ်ရုံဖြင့်၊ သင်းပိုင်ဖြင့်၊
ထိုနေ့ဖြတ်ချုပ်သော အိမ်ဝန်းကြီးငယ်နှင့် တကွသော ငါးခဏ်းစသော သင်္ကန်းဖြင့်။ ၅
ပုဂ္ဂိုလ်၏ ခင်းခြင်းဖြင့် ခင်းအပ်သော ကထိန်ဖြစ်၏။
ကောင်းစွာခင်းသည်ကို ဝါဆိုခေတ် ဥပစာရသိမ်တွင်း၌ တည်လျက် အနုမောဒနာပြုအံ့၊ ခင်းအပ်သော ကထိန်ဖြစ်၏။ ၂
ဤ (၁၇)ပါးသော ခြင်းရာတို့ဖြင့် ခင်းအပ်သော ကထိန်ဖြစ်၏။
(ဇီဋီ … ကိန္တိ-ကထံ- အဘယ်သို့လျှင် အနာဒိယဒါနံ- တာဝကာလိကဝတ္ထု အခိုက်အတန့် ငှါးယူသော ပစ္စည်းဖြစ်၏။)
သဟဇာတ ၁၅
ကထိန်ခင်းခြင်းနှင့်တကွ အဘယ်မျှသော တရားတို့သည် ဖြစ်ကုန်သနည်း။ ကထိန်ခင်းခြင်းနှင့်တကွ ပန္နရသဓမ္မ (၁၅) ပါးသော တရားတို့သည် ဖြစ်ကုန်၏။
မာတိကာရှစ်ပါး၊ ပလိဗောဓနှစ်ပါး၊ အာနိသင်ငါးပါး- ဤ (၁၅) ပါးတို့တည်း။
(မာတိကာရှစ်ပါး ဟူသည် ခန္ဓက၌ဆိုပြီးသော ပက္ကမနန္တိကာ-စသော ရှစ်ပါးဖြစ်၏။ ပလိဗောဓ၊ အာနိသင် တို့ကိုလည်း ခန္ဓက၌ ဆိုပြီးကုန်ပြီ။)
၂။ ကထိနအနန္တရပစ္စယာဒိ
၄၀၄။ ကျေးဇူးပြုခြင်းပုစ္ဆာ
ပယောဂအား အဘယ်မျှသော ဓမ္မတို့သည် အနန္တရပစ္စည်းဖြင့် ကျေးဇူးပြုကုန်သနည်း။ သမနန္တရဖြင့် ကျေးဇူးပြုကုန်သနည်း။ နိဿယဖြင့်၊ ဥပနိဿယဖြင့်၊ ပုရေဇာတဖြင့်၊ ပစ္ဆာဇာတဖြင့်၊ သဟဇာတဖြင့် ကျေးဇူးပြုကုန်သနည်း (၇-ပစ္စည်း)။
ပုဗ္ဗကရုဏအား၊ ပစ္စုဒ္ဓါရအား၊ အဓိဋ္ဌာနအား၊ အတ္ထာရအား၊ မာတိကာပလိဗောဓတို့အား၊ ဝတ္ထုအား အဘယ်မျှသော ဓမ္မတို့သည် အနန္တရဖြင့်၊ သမနန္တရဖြင့်၊ နိဿယဖြင့်၊ ဥပနိဿယဖြင့်၊ ပုရေဇာတဖြင့်၊ ပစ္ဆာဇာတဖြင့်၊ သဟဇာတဖြင့်၊ ကျေးဇူးပြုကုန်သနည်း။ (၇-ပစ္စည်း)
[ပယောဂအား ဟူသည် သင်္ကန်းဖွပ်ခြင်းစသော ခုနစ်ပါးသော ပုဗ္ဗကရဏ၏ အကျိုးငှါ ရေဆောင်ခြင်းစသော ပယောဂကိုပြုအပ်၏။ ထိုပယောဂအားတည်း။
အနန္တရပစ္စည်းဖြင့် ဟူသည် အနာဂတ်စွမ်းဖြင့် အခြားမရှိဘဲ အဘယ်ဓမ္မတို့သည် ကျေးဇူးပြုကုန်သနည်း။
သမနန္တရဖြင့်ဟူသည် သုဋ္ဌု + အနန္တရ - ကောင်းစွာ၊ အခြားမရှိသော ပစ္စည်းဖြင့်တည်း။ အနန္တရကိုပင် အလွန် နီးကပ်စွာပြု၍ မေးသည်။
နိဿယဖြင့် ဟူသည် ဖြစ်ဆဲဖြစ်သော ပယောဂ၏ မှီရာတည်ရာအဖြစ်သို ရောက်သကဲ့သို့ဖြစ်၍ အဘယ်ဓမ္မတို့ ကျေးဇူးပြုကုန်သနည်း။
ဥပနိဿယဖြင့် ဟူသည် ပြည့်စုံသော နိဿယဖြင့်တည်း။ နိဿယကို သာလျှင် ပြည့်စုံလွန်းသည်ကိုပြု၍ မေးသည်။
ပုရေဇာတဖြင့် ရှေးဦးစွာ ဖြစ်လင့်သောတရား၏ ပစ္စည်းအဖြစ်ကိုမေးသည်။
ပစ္ဆာဇာတဖြင့် နောက်၌ဖြစ်သော တရား၏ ပစ္စည်းအဖြစ်ကို သဟဇာတဖြင့် မရှေးမနှောင်းဖြစ်သော တရားတို့၏ ပစ္စည်းအဖြစ်ကို မေးသည်။
ပုဗ္ဗကရဏဟူသည် ဖွပ်-စီရင်-ဖြတ် (၃) တည်းစပ်-ချုပ်-ဆိုး(၃) ဗိန္ဒုထိုး ဟူသော ခုနစ်ပါးတည်း။
ပစ္စုဒ္ဓါရ ဟူသည် ယခင်ဒုကုဋ်ဟောင်း စသည်တို့ကို အဓိဋ္ဌာန်ချခြင်းတည်း။
အဓိဋ္ဌာနသည် ကထိန်သင်္ကန်းကို အဓိဋ္ဌာန်တင်ခြင်းတည်း။
အတ္ထာရသည် ကထိန်ခင်းခြင်းတည်း။
မာတိကာ ပလိဗောဓသည် မာတိကာရှစ်ပါး၊ ပလိဗောဓနှစ်ပါးတည်း။
ဝတ္ထုသည် ဒုကုဋ်စသည်အလို့ငှါ ကထိန်အဝတ်ပုဆိုးတည်း။
(ဇီဋီ။ ။ အနာဂတ်စွမ်းဖြင့် အခြားမရှိ ဟူသည်ကို ရေဆောင်ခြင်းစသော ပယောဂ၏နောက်၌-ဖွပ်ခြင်းစသော ပုဗ္ဗကရဏဖြစ်သောကြောင့် လည်းကောင်း ဖွပ်ခြင်းစသော ကြိယာကို ရည်မှန်း၍ရေခပ်ခြင်းစသောပယောဂကို ပြုခြင်းကြောင့် လည်းကောင်း ဆိုသည်။
ဝိဋီ။ ။ အနာဂတ်စွမ်းဖြင့် ဟူသည် ရေဆောင်ခြင်း စသော ပယောဂဖြစ်ပြီးနောက် ဖွပ်ခြင်းစသော ပုဗ္ဗကရဏ ဖြစ်သည်။ ထို့ကြောင့် ထိုပရောဂအား အနာဂတ်စွမ်းဖြင့်သာ အနန္တရပစ္စည်းသည်ဖြစ်၏။ ပြီးစေအပ်သော ဝတ္ထု၏ပြီးခြင်း အကျိုးကိုမှီ၍ ပစ္စည်းတို့သည် ဖြစ်ကုန်၏။ အကျိုးမပြီးလျှင် ပစ္စည်းမဖြစ်။ ထိုနည်းဖြင့် ပစ္စည်း၏ အဖြစ်ကိုဟောသည်။ နေရာအားလုံး၌ သဘာဝအားဖြင့်မဟုတ်။)]
[ပဋ္ဌာန်း၌ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်၊ ပညတ်ငါးမျိုးသည် စိတ်၊ စေတသိက်၊ ရုပ် သုံးမျိုးအား အကြောင်းထူး (၂၄) ပစ္စည်းဖြင့် ကျေးဇူးပြုပုံကို ဟောသည်။
ဤကျမ်း၌ပယောဂ၊ ပုဗ္ဗကရဏ ပန္နရသဓမ္မ၊ ပုဗ္ဗကရဏ ပစ္စုဒ္ဓါရ ပန္နရသဓမ္မ။ (ပ) ဝတ္ထု၊ အာသာအနာသာ၊ ပန္နရသမ္မ - ဤတရားတို့ကို တိကခြောက်ခုပြု၍ ခုနစ်ပစ္စည်းဖြင့် ကျေးဇူးပြုပုံကိုဟောသည်။
အနန္တ၊ သမနန္တရ၊ နိဿယ၊ ဥပနိဿယ၊ ပစ္ဆာဇာတ ဤငါးပါးကို အနာဂတ်ပစ္စည်း အဖြစ်ဖြင့် ဟောသည်။ ဝိနည်းသည် အဘိဓမ္မာမှ ထူး၏။]
ကျေးဇူးပြုခြင်းအဖြေ
ပုဗ္ဗကရဏသည် ပယောဂအား အနန္တရ၊ သမနန္တရ၊ နိဿယ၊ ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြု၏။
ပယောဂသည် ပုဗ္ဗကရဏအား ပုရေဇာတ ပစ္စည်းဖြင့် ကျေးဇူးပြု၏။
ပုဗ္ဗကရဏသည် ပယောဂအား ပစ္ဆာဇာတပစ္စည်းဖြင့် ကျေးဇူးပြု၏။
ပန္နရသဓမ္မတို့သည် (အချင်းချင်း) သဟဇာတပစ္စည်းဖြင့် ကျေးဇူးပြုကုန်၏။
ပစ္စုဒ္ဓါရသည် ပုဗ္ဗကရဏအား အနန္တရစသော လေးပစ္စည်းဖြင့်၊
ပုဗ္ဗကရဏသည် ပစ္စုဒ္ဓါရအား ပုရေဇာတဖြင့်၊ ပစ္စုဒ္ဓါရသည် ပုဗ္ဗကရဏအား ပစ္ဆာဇာတဖြင့်၊ ပန္နရသဓမ္မတို့သည် သဟဇာတဖြင့်။
အဓိဋ္ဌာနသည် ပစ္စုဒ္ဓါရအား လေးပစ္စည်း။ ပစ္စုဒ္ဓါရသည် အဓိဋ္ဌာနအား ပုရေ၊ အဓိဋ္ဌာနသည် ပစ္စုဒ္ဓါရအား ပစ္ဆာ၊ ပန္နရသဓမ္မ -သဟ။
အတ္ထာရသည် အဓိဋ္ဌာနအား - လေး။ ပုရေ။ ပစ္ဆာ၊ သဟ။
မာတိကာပလိဗောဓတို့သည် အတ္ထာရအား။ လေး။ ပုရေ။ ပညာ။သဟ။
အာသာ အနာသတို့သည် ဝတ္ထုအား -လေး။ ပုရေ။ ပစ္ဆာ။သဟ။
ဤသို့ ရထိုက်-မရထိုက်အားလုံးမေး၍ ယခုအခါ ရထိုက်သည်ကိုသာပြလို၍ ပုဗ္ဗကရဏသည် ပယောဂအား စသည်ဖြင့် အဖြေကို ဆို၏။
ပယောဂအား ပုဗ္ဗကရဏ ခုနစ်ပါးလုံးသည် အနန္တရစသော လေးပစ္စည်းဖြင့် ကျေးဇူးပြု၏။ ထိုပယောဂဖြင့် ပြီးနိုင်သော ပုဗ္ဗကရဏ၏ (ပြီးခြင်း) အကျိုးငှါ ထိုပယောဂကို ပြုအပ်သောကြောင့်တည်း။
(ရေခပ်ခြင်းစသော ပယောဂသည် ပြီးနှင့်စေအပ်သောအကျိုး။ ပုဗ္ဗကရဏ ခုနစ်ပါးသည် ဖြစ်လတ္တံ့သော အကြောင်းရင်းခံ ဟူလို။)
ပရေဇာတပစ္စေယေ ပနေသ – ပုရေဇာတ၌ ဤပယောဂသည် ပုရေဇာတ ပစ္စယောပနေသ ပုရေဇာတ၏ အရာဖြစ်သော ဤပယောဂသည် ဥဒ္ဒိဋ္ဌဓမ္မဖြစ်သော ခုနစ်ခုတို့တွင် တစ်ခုကိုမျှလည်း မရ၊ (ဝါ မိမိ၏ ပုရေဇာတအဖြစ်ဖြင့် တစ်ခုမျှမရ)
စင်စစ် ထိုခုနစ်ခုအား ကိုယ်တိုင် ပုရေဇာတပစ္စည်းမျှသာ ဖြစ်သည်။ ပယောဂရှိပြီးမှ ပုဗ္ဗကရဏ ပြီးနိုင်သောကြောင့်တည်း။ (ပုဗ္ဗကရဏ ခုနစ်ခုသည် ပြီးလတ္တံ့သောအကျိုး၊ ရေခပ်ခြင်းစသော ပယောဂသည် ဖြစ်ပြီးသော အကြောင်းဟူလို။)
ပစ္ဆာဇာတကိုကား ရ၏။ ထို့ကြောင့် ပုဗ္ဗကရဏသည် ပယောဂအား ပစ္ဆာဇာတဖြင့်ဟုဟောသည်။ (ခုနစ်ခုသည် ပယောဂ၏ ပုရေသာ မဖြစ်၊ ပစ္ဆာကားဖြစ်၏ ဟူလို။) နောက်၌ဖြစ်လတ္တံ့သော ပုဗ္ဗကရဏ၏ အကျိုးငှါ ထိုပယောဂကို ပြုနှင့်ရသောကြောင့်တည်း။
သဟဇာတပစ္စည်းကိုကား ပန္နရသဓမ္မမှတပါးသော ပုဗ္ဗကရဏသည် လည်းကောင်း၊ ပယောဂသည် လည်းကောင်း မရ။ ၁၅-ပါးသော ဓမ္မတို့သည်သာလျှင် ကထိန်ခင်းသည်နှင့် တပြိုင်နက် ပြီးကုန်၏။ အချင်းချင်း အား သဟဇာတပစ္စည်းတို့ဖြစ်ကုန်၏။ ဤနည်းဖြင့် အဖြေအားလုံးကိုသိအပ်၏။)
(ဇီဋီ။ ။ ပုရေဇာတပစ္စယေ ပနေသ - ပုရေဇာတပစ္စည်း၌ ဤပယောဂသည် ဤကား အနက်တည်း။ တစ်ခုကိုမျှလည်းမရ ဟူသည် မိမိ၏ရှေ့၌ ပုရေဇာတမရှိခြင်းကြောင့်တည်း။
သာဋီ။ ။ ပုရေဇာတ၌ ဤပယောဂသည် (ပ) တစ်ခုကိုမျှလည်း မရဟူသည် ဤရေခပ်ခြင်း စသော ပယောဂသည် မိမိ၏ပုရေဇာတဖြစ်ရခြင်း၌ ပုဗ္ဗကရဏစွမ်းဖြင့်ပြသော ဖွပ်စီရင်စသော ဓမ္မခုနစ်ခုတို့တွင် တစ်ခုကိုမျှမရ။ မိမိ၏ ရှေ့၌ ပုရေဇာတဖြစ်သော ပုဗ္ဗကရဏဟုရေတွက်အပ်သော ဓမ္မ မရှိခြင်းကြောင့်တည်း။
ဝိဋီ။ ။ ပုရေဇာတပစ္စယော ပနေသ -- ပုရေဇာတပစ္စယ၏ ဝိသယဖြစ်သော ဤပယောဂသည် ဖွပ်ခြင်းစသော ဓမ္မတို့တွင် တစ်ခုမျှလည်းဖြစ်သော၊ မိမိ၏ ပုရေဇာတပစ္စယဖြစ်၍ ဖြစ်သောဓမ္မကိုမရ၊ မိမိ၏ဖြစ်သည်မှ ရှေး၌ဖြစ်သော ပုဗ္ဗကရဏ မရှိခြင်းကြောင့်ဟူလို။ ပစ္ဆာဇာတပစ္စယ၏အဖြစ် ပုဗ္ဗာရဏကိုကား ရ၏။ ပစ္ဆာဇာတပစ္စည်းဖြစ်၏ ဟူလို။
ပါဠိတော်၌ ပန္နရသဓမ္မတို့၌ ပုဗ္ဗကရဏအား၊ ပယောဂအား၊ ထို့ပြင် တစ်ခုခုအား ဟု ပစ္စယုပ္ပန် မသုံးသပ် ခြင်းကြောင့်၊ အချင်းချင်း သဟဇာတပစ္စည်းဖြင့် ကျေးဇူးပြုသည်ဟုမှတ်အပ်၏။ ထို ၁၅-ပါးနှင့် အတူဖြစ်သော ဓမ္မတပါး မရှိပြီ။
ပါဠိတော်၌ မာတိကာ စ ပလိဗောဓာ စ ၌ စသဒ္ဒါဖြင့် ပဉ္စာနိသံသတို့ကို ယူအပ်ကုန်၏။ မာတိကာနဉ္စ ပလိဗောဓာနဉ္စ၌လည်း ဤအတူတည်း။ အာနိသင်တို့လည်း အနန္တ၌သာလျှင် မာတိကာ စသည်တို့နှင့်အတူ ဖြစ်ကုန်၏။
အာသာဟူသည် စီဝရအာသာဖြစ်၏။
ဝတ္ထုဟူသည် အာသာ၏ နိမိတ် ဖြစ်သော-မဖြစ်သေးသောသင်္ကန်းတည်း။ ဒသာမ- လှူကုန်အံ့။ ကရိဿာမ - ပြုကုန်အံ့ဟု ဒါယကာတို့ ၀န်ခံသောသင်္ကန်းကိုမှီ၍ အခြားမဲ့၌ ဖြစ်လတ္တံ့ သော စီဝရအာသာကို အနန္တရပစ္စည်း စသည်အဖြစ်ဖြင့် ဟောအပ်၏။
အာသာအနာသာတို့အား ဟူသည် ရထိုက်သော သင်္ကန်း၌ ဖြစ်သော စီဝရအာသာတို့အား လည်းကောင်း၊ မရထိုက်သော သင်္ကန်း၌ဖြစ်သော အာသာကင်းခြင်းတို့အား လည်းကောင်းတည်း။ ခဏခဏ ဖြစ်ခြင်း အပြားကိုရည်၍ အာသာတို့အားဟု ဗဟုဝုစ်ဆိုသည်။ အာသာအား အနာသာအား ဟူလို။)
၄၀၅။ နိဒါန၊ ဟေတု၊ ပစ္စယ
ပုဗ္ဗကရဏသည် ကိံ နိဒါနံ၊ ကိံ သမုဒယံ၊ ကိံ ဇာတိကံ၊ ကိံ ပဘဝံ၊ ကိံ သမ္ဘာရံ၊ ကိံ သမုဋ္ဌာနံ အဘယ်အကြောင်း ရှိသနည်း။ ပစ္စုဒ္ဓါရသည်၊ အဓိဋ္ဌာနသည်၊ အတ္ထာရသည်၊ မာတိကာပလိဗောသေည်၊ အာသာအနာသာသည် အဘယ် အကြောင်းရှိသနည်း။ (၆ - ပုဒ်)
ပုဗ္ဗကရဏသည် ပယောဂနိဒါနံ (ပ) ပယောဂသမုဋ္ဌာနံ ပယောဂလျှင် အကြောင်းရှိ၏။
ပစ္စုဒ္ဓါရသည် ပုဗ္ဗကရဏလျှင်အကြောင်းရှိ၏။
အဓိဋ္ဌာနသည် ပစ္စုဒ္ဓါရလျှင် - အတ္ထာရသည် အဓိဋ္ဌာနလျှင် - မာတိကာပလိဗောဓသည် အတ္ထာရလျှင် အာသာအနာသာသည် ဝတ္ထုလျှင် အကြောင်းရှိ၏။
၄ဝ၆။ ပယောဂသည် ကိံ နိဒါနော (ပ) ကိံ သမုဋ္ဌာနံ၊ ပုဗ္ဗကရဏသည် ပစ္စုဒ္ဓါရသည်၊ အဓိဋ္ဌာနသည်၊ အတ္ထာရသည်၊ မာတိကာပလိဗောဓသည်၊ ဝတ္ထုသည်၊ အာသာအနာသာသည် ကိံ နိဒါနံ။ (၈ - ပုဒ်)
ပယောဂသည် ဟေတုနိဒါနော (ပ) ဟေတုသမုဌာနော။ ပုဗ္ဗကရဏသည် (ပ) အာသာအနာသာသည် ဟေတုနိဒါနော- ဟေတုလျှင် အကြောင်းရှိ၏။
၄၀၇။ ပယောဂသည် (ပ) အာသာအနာသာသည် ကိံ နိဒါနော (၈-ပုဒ်)
ပယောဂသည် (ပ) အာသာအနာသည် ပစ္စယနိဒေါနော -- ပစ္စယလျှင် အကြောင်းရှိ၏။
ပုဗ္ဗကရဏသည် ကိံ နိဒါနံ စသည်တို့၌ အမေးအဖြေပေါ်လွင်၏။
[ပယောဂသည် ကိံ နိဒါနော စသော ပုစ္ဆာအဖြေတို့၌ ဟေတုနိဒါနော၊ ပစ္စယနိဒါနော၌ ခြောက်ထည်သော သင်္ကန်းတို့က ဟေတု ဟူ၍လည်းကောင်း၊ ပစ္စယ ဟူ၍လည်းကောင်း သိအပ်ကုန်၏။ ထိုသင်္ကန်း ခြောက်ထည် တို့သည်သာလျှင် ပုဗ္ဗပယောဂ စသော အားလုံးတို့၏ ဟေတုဖြစ်ကုန်၏။ ပစ္စယဖြစ်ကုန်၏။ သင်္ကန်း ခြောက်ထည် မရှိလျှင် ပယောဂမရှိ၊ ပုဗ္ဗကရဏ စသည်တို့လည်း မရှိကုန်။ ထို့ကြောင့် ပယောဂသည် ဟေတုနိဒါနော စသည်တို့ကိုဆိုသည်။]
(ဝိဋီ။ ။ ခြောက်ထည်သောသင်္ကန်း ဟူသည် ခေါမ စသော ခြောက်ထည်တို့တွင် တစ်ထည်ထည်ကို ရည်ဆိုသည်။ အားလုံးသိမ်းကျုံး၍ သင်္ကန်းတို့ဟု ဗဟုဝုစ်ဆိုသည်။ ပါဠိတော်၌ ဝတ္ထု၊ အာသာအနာသာ စသည်တို့၌ ကထိန်ခင်းသောအခါ၊ အာနိသင်စွမ်းဖြင့်ဖြစ်သော ပစ္စာသာစီဝရကို ဝတ္ထုဟုဆိုသည်။ ကထိန စီဝရကို ဟေတု၊ ပစ္စယသဒ္ဒါတို့ဖြင့်ဆိုသည်။)
၄၀၈။ သင်္ဂဟဝါရ
ပုဗ္ဗကရဏကို အဘယ်မျှသော ဓမ္မတို့ဖြင့် ရေတွက်အပ်သနည်း။ ပုဗ္ဗကရဏကို ခုနစ်ပါးသောဓမ္မတို့ဖြင့် ရေတွက်အပ်၏။
ဓောဝန-ဖွပ်ခြင်းဖြင့်၊ ဝိစာရဏ-စီရင်ခြင်းဖြင့်၊ ဆေဒန-ဖြတ်ခြင်းဖြင့်၊ ဗန္ဓန-တည်းစပ်ဖွဲ့ခြင်းဖြင့်၊ သိဗ္ဗန- ချုပ်ခြင်းဖြင့်၊ ရဇန-ဆိုးခြင်းဖြင့်၊ ကပ္ပကရဏ -ကပ္ပဗိန္ဒု ထိုးခြင်းဖြင့်တည်း။
ဖွပ်၊ စီရင်၊ ဖြတ်။ တည်းစပ်၊ ချုပ်၊ ဆိုး။ ဗိန္ဒုထိုး ခေါ်ရိုး ပုဗ္ဗကရဏတည်း။
ပစ္စုဒ္ဓါရ- အဓိဋ္ဌာန်ချခြင်းကို အဘယ်မျှဖြင့် ရေတွက်အပ်သနည်း။ သုံးပါးတို့ဖြင့် ရေတွက်အပ်၏။ သံဃာဋိယာ - ဒုကုဋ်ဖြင့်၊ ဥတ္တရာသင်္ဂေန- ကိုယ်ရုံဖြင့်၊ အန္တရဝါသကေန-သင်းပိုင်ဖြင့်တည်း။
အဓိဋ္ဌာန - အဓိဋ္ဌာန်တင်ခြင်းကို အဘယ်မျှဖြင့်ရေတွက်အပ်သနည်း။ သုံးပါးတို့ဖြင့် ရေတွက်အပ်၏။ သံဃာဋိယာ၊ ဥတ္တရာသင်္ဂေန၊ အန္တရဝါသကေန။
အတ္ထာရ-ခင်းခြင်းကို အဘယ်မျှဖြင့် ရေတွက်အပ်သနည်း၊ တစ်ပါးသောအမှုဖြင့် ရေတွက်အပ်၏။ ဝစီဘေဒေန-နှုတ်မြွက်ခြင်းဖြင့်တည်း။
ဝစီဘေဒေန ဟူသည်ကား - ဣမာယသံဃာဋိယာ-ဣမိနာဥတ္တရာသင်္ဂေန၊ ဣမိနာအန္တရဝါသကေန-ကထိနံအတ္ထရာမိ- ဟု နှုတ်မြွက်ခြင်းဖြင့်တည်း။
(ဝိဋီ။ ။ ပစ္စုဒ္ဓါရကို သုံးပါးသော ဓမ္မတို့ဖြင့်စသည်ကို ကထိန်နှုတ်ခြင်း၊ ခင်းခြင်းငှါ တိစီ၀ရိက်မှတပါး မိုဃ်းရေခံ သင်္ကန်း စသည်ကို ပစ္စုဒ္ဓိရ်ပြုခြင်းငှါ လည်းကောင်း၊ အဓိဋ္ဌာန်တင်၍ ခင်းခြင်းငှါ လည်းကောင်း၊ မအပ်ဟု ပြခြင်းငှါ ဆိုသည်။ ဝစီဘေဒဟူသောစကားဖြင့် သက်သက် ကိုယ်ဖြင့်ကထိန် ခင်းခြင်းသည် မမြောက်ဟုပြ၏။)
မူလစသည်
ကထိန်မူလတို့သည် အဘယ်မျှ၊ ၀တ္တုတို့သည် အဘယ်မျှ၊ ဘူမိတို့သည် အဘယ်မျှနည်း။
ကထိန်၏ မူလသည်တစ်ပါး၊ သံဃာဖြစ်၏။
ဝတ္ထုသုံးပါး ဒုကုဋ်၊ ကိုယ်ရုံ၊ သင်းပိုင်။
ဘူမိခြောက်ပါး --
ခေါမံ-ခေါမချည်ဖြင့် ရက်သောသင်္ကန်း။
ကပ္ပါသံ-ဝါချည် သင်္ကန်း၊
ကောသေယျံ-ပိုးချည်သင်္ကန်း၊
ကမ္ဗလံ-သားမွေးဖြင့်ပြုသော ကမ္ဗလာသင်္ကန်း၊
သာဏံ- ပိုက်ဆံလျှော်သင်္ကန်း၊
ဘင်္ဂံ -ခေါမ စသော ချည်ငါးမျိုးသင်္ကန်းတည်း။
ခေါမ၊ ဝါချည်၊ ပိုးချည်၊ သားမွေး၊ လျှော်ထွေးပိုက်ဆံ၊ ငါးတန်ရောက်ဘိ၊ ခြောက်ခုရှိ ဇာတိသင်္ကန်းတည်း။
ကထိန်၏အစသည်အဘယ်နည်း၊ အလယ်သည်၊ အဆုံးသည် အဘယ်နည်း။
ကထိန်၏ ပုဗ္ဗကရဏ ခုနစ်ပါးသည် အစ၊ ကြိယာ သည်အလယ်၊ ခင်းခြင်း သည် အဆုံးတည်း။
(ကြိယာအလယ်စုသည် ပစ္စုဒ္ဓါရ နှင့် အဓိဋ္ဌာန ဖြစ်၏)
၄၀၉။ ပုဂ္ဂလ
အဘယ်မျှအင်္ဂါပြည့်စုံသော ပုဂ္ဂိုလ်သည် ကထိန်ခင်းခြင်းငှါ မထိုက်သနည်း။ ထိုက်သနည်း။
ရှစ်ပါးသော အင်္ဂါနှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် ကထိန်ခင်းခြင်းငှါမထိုက်၊ ရှစ်ပါးသော (ပ) ထိုက်၏။
ကထိန်မခင်းထိုက်သော အင်္ဂါရှစ်ပါးသည် အဘယ်နည်း။
ပုဗ္ဗကရဏ ကို မသိ။ ပစ္စုဒ္ဓါရ ကို၊ အဓိဋ္ဌာန ကို၊ အတ္ထာရ ကို၊ မာတိကာ ကို၊ ပလိဗောဓ ကို၊ ဥဒ္ဓါရ ကို၊ အာနိသံသ ကို မသိ။ ဤအင်္ဂါရှစ်ပါးရှိသူသည် ကထိန်မခင်းထိုက်။
ကထိန်ခင်းထိုက်သော အင်္ဂါရှစ်ပါးသည် အဘယ်နည်း။
ပုဗ္ဗကရဏ ကို သိ၏။ ပစ္စုဒ္ဓါရ ကို၊ အဓိဋ္ဌာန ကို၊ အတ္ထာရ ကို၊ မာတိကာ ကို၊ ပလိဗောဓ ကို၊ ဥဒ္ဓါရ ကို၊ အာနိသံသ ကို သိ၏။ ဤအင်္ဂါရှစ်ပါးရှိသူသည် ကထိန်ခင်းထိုက်၏။
ကထိန်ခင်းထိုက်၊ ပုဂ္ဂိုလ်၌ တိုက်ရိုက်ရှစ်အင်ပြည့်။
ပုဗ်, ပစ်, ဓိဌ်, တ္ထာ၊ မာ, ဗော ဓာ၊ ဥဒ်, အာ ရှစ်ခုသိ။
အဘယ်မျှသော ပုဂ္ဂိုလ်တို့အား ကထိန်ခင်းခြင်းတို့သည် မရောက်ကုန်သနည်း။ အဘယ်မျှ (ပ) ရောက်ကုန်သနည်း။
သုံးယောက်တို့အားမရောက်။ သုံးယောက်တို့အားရောက်ကုန်၏။
၄၁၀။ ကထိန်ခင်းခြင်း မရောက်သူ သုံးယောက်သည် အဘယ်နည်း။
သိမ်ပ၌ တည်လျက် အနုမောဒနာ ပြုသူ၊ အနုမောဒနာ ပြုသော်လည်း နှုတ်မမြွက်သူ၊ နှုတ်မြွက်သော်လည်း သူတပါးကို မသိစေသူ - ဤသုံးယောက်အား မရောက်၊
ကထိန်ခင်းခြင်းရောက်သူ သုံးယောက်သည် အဘယ်နည်း။
သိမ်၌တည်လျက် အနုမောဒနာ ပြုသူ၊ ပြုသောအခါနှုတ်မြွက်သူ၊ နှုတ်မြွက်သောအခါ သူတပါးကိုသိစေသူ။ ဤသုံးယောက်အား ရောက်၏။
(ဤ၌သိမ်ဟူသည် ဝါဆိုခေတ်ဟူသော ဥပစာရသိမ် တည်း)။
၄၁၁။ အဘယ်မျှသော ကထိန်ခင်းခြင်းတို့သည် မရောက်ကုန်သနည်း။ အဘယ်မျှရောက်ကုန်သနည်း။
သုံးမျိုးသော ခင်းခြင်းတို့သည်မရောက်။ သုံးမျိုး ရောက်၏။
ကထိန်ခင်းခြင်း မရောက်သုံးမျိုးသည် အဘယ်နည်း။
ဝတ္ထုဝိပန္န-သင်္ကန်းပျက်ခြင်း။ ကာလဝိပန္န- အခါပျက်ခြင်း၊ ကရဏဝိပန္န-အပြုပျက်ခြင်း၊ ဤသုံးမျိုး မရောက်။
ကထိန်ခင်းရောက်ခြင်းသုံးမျိုးသည် အဘယ်နည်း။
ဝတ္ထုသမ္ပန္န - သင်္ကန်း ပြည့်စုံခြင်း၊ ကာလသမ္ပန္န - အခါပြည်စုံခြင်း၊ ကရဏသမ္ပန္န - အပြုပြည့်စုံခြင်း ဤသုံးမျိုး ရောက်၏။
ဝတ္ထုဝိပန္န ဟူသည် အကပ္ပိယဒုဿ- မအပ်သော အဝတ်မျိုးတည်း。
ကာလဝိပန္န တို့သည် ယနေ့ဒါယကာတို့ လှူသောသင်္ကန်းကို နက်ဖြန်၌ သံဃာသည် ကထိန်ခင်းထိုက်သူအား ပေး၏။ ဝါ-လှူသောနေ့ မပေး၊ နောက်နေ့မှ ပေးသော နိစယသန္နိဓိ အဝတ်သင်္ကန်းတည်း။
ကရဏဝိပန္န ဟူသည် ထိုနေ့၌သာလျှင် ဖြတ်၍ မပြုသော (ဝါ) နေ့ချင်းမပြီးသော ကရဏသန္နိဓိ အဝတ်သင်္ကန်း တည်း။
၄၁၂။ ဇာနိတဗ္ဗ-တစ်ဆယ်
ကထိန်ကိုသိအပ်၏။ ကထိန်ခင်းခြင်းကိုသိအပ်၏။ ကထိန်ခင်းရာလကို သိအပ်၏။ ကထိန်အခင်းပျက်ခြင်းကို -- ကထိန်အခင်း ပြည့်စုံခြင်းကို - နိမိတ္တကမ္မ ကို -- ပရိကထာ ကို -- ကုက္ကုကတ ကို -- သန္နိဓိ ကို --- နိဿဂ္ဂိယ ကို သိအပ်၏။
ကထိန်ကိုသိအပ်၏ ဟူသည် ကထိန်မည်ကြောင်း အလိုကို တရားအပေါင်း တို့၏သာလျှင် --
သင်္ဂဟော-အပေါင်းသည်၊
သမဝါယော--ရောနှောခြင်းသည်၊
နာမံ-အနက်ဒြပ်သို့ ညွတ်တတ်သောအမည်သည်၊
နာမကမ္မံ - အမည်ပြုခြင်းသည် (ဝါ) မှည့်အပ်သောအမည်သည်၊
နာမဓေယျံ- အမည်ထားခြင်းသည် (ဝါ) ထားအပ်သောအမည်သည်၊
နိရုတ္တိ- အနက်ကိုထုတ်ဆိုသော ဝိဂြိုဟ်သဒ္ဒါသည်၊
ဗျဉ္ဇနံ-အနက်ကို ပြန်သောသဒ္ဒါသည်၊
အဘိလာပေါ- အနက်ဒြပ်ကို ရှေးရှုဟောသော သဒ္ဒါသည် ကထိန်မည်၏。
ဝါ-ကထိန်ဟူသည် နာမပညတ် သာတည်း။ သဒ္ဒပညတ်၊ ဝါစက ပညတ် လည်း နာမပညတ် ပင်တည်း。
(ကထိန်ခင်းခြင်းကိုသိအပ်၏ ဟူသည်ကိုကျယ်ဝန်းသောကြောင့် နောက်၌သီးခြားဖြေလတ္တံ့။)
ကထိန်ခင်းရာလကို မိုးဥတု၏နောက်ဆုံးတစ်လဟု သိအပ်၏။
ကထိန် အခင်းပျက်ခြင်းကို (၂၄) ပါးသော အခြင်းအရာတို့ဖြင့် သိအပ်၏။
ကထိန်အခင်း ပြည့်စုံခြင်းကို (၁၇) ပါးသော အခြင်းအရာတို့ဖြင့်သိအပ်၏။
နိမိတ္တကမ္မ ကို ဣမိနာ ဒုဿေန ကထိနံ အတ္ထရိဿာမိ-ဟု နိမိတ်ပြုခြင်းကိုသိအပ်၏。
ပရိကထာ ကို ဣမာယ ပရိကထာယ ကထိနဒုဿံ နိဗ္ဗတ္တေဿာမိ-ဟု ပရိယာယ်သွယ်ဝိုက်ခြင်းကို သိအပ်၏。
ကုက္ကုကတ ကို အနာဒိယဒါနဟု (ဝါ) တာဝကာလိက ဝတ္ထုဟုသိအပ်၏။
သန္နိဓိ ကို ကရဏသန္နိဓိ၊ နိစ္ဆယသန္နိဓိ ဟု နှစ်မျိုးသိအပ်၏。
နိဿဂ္ဂိယ ကိုပြုလုပ်စဉ် အရုဏ်တက်သည်ကို (ဝါ) ညဥ့်ကို စွန့်သည်ကို သိအပ်၏။
[ထိုထို တရားအပေါင်းတို့၏ ဟူသည် အကြင်ရူပစသော ဓမ္မတို့ရှိလျှင် ကထိန်အမည် ဖြစ်၏။ ထိုရူပစသော ဓမ္မတို့၏တည်း။ ထိုဓမ္မတို့၏ သမောဓာန- ပေါင်းခြင်းသည်၊ မိဿိဘာဝ-ရောနှောခြင်းသည် ကထိန်မည်၏။ နာမ၊ နာမကမ္မ စသည်ဖြင့် ကထိန်ဟူသည် များစွာသောဓမ္မတို့၌ အမည်မျှသာတည်း။ ပရမတ္ထဖြင့် တရားတစ်ခု မျှမရှိဟုပြသည်။]
(ဇီဋီ။ ။ အကြင် ရူပစသောဓမ္မတို့ ဟူသည် ဝဏ္ဏ၊ ဂန္ဓ အစရှိသော ရုပ်ရှစ်ခု အပေါင်းတည်း။)
မိုးဥတု၏ နောက်ဆုံးတစ်လ ဆိုသောကြောင့် ထိုနောက်ဆုံးလ၌ အမှတ်မရှိ တစ်နေ့၌ ခင်းခြင်းငှါ အပ်သည် ဟုထင်ရှား၏။
သာဋီ။ ။ ရူပစသောဓမ္မဟူသည် သုဒ္ဓဋ္ဌကဓမ္မ တို့တည်း။
ဝိဋီ။ ။ အကြင်ရူပစသော ဓမ္မတို့ ဟူသည် ပုရိမ ဝါကျွတ်သော ဘိက္ခု တို့၊ ငါးပါးအောက် မယုတ်သောသံဃာ၊ စီဝရမာသ၊ တရားနှင့်အညီဖြစ်သော စီဝရ၊ ဤသို့စသော ရူပဓမ္မ၊ အရူပဓမ္မ တို့တည်း။ မိဿိဘာဝ သည် သံသဂ္ဂဟာ သမူဟပညတ္တိ မျှတည်း။ ထို့ကြောင့် ပရမတ္ထဖြင့်တစ်ခုမျှ မရှိ ဟုဆိုသည်။
ကထိန်ခင်းပုံ
ကထိန်ခင်းခြင်းကို သိအပ်၏ ဟူသည် -- သံဃာအား ကထိနဒုဿ ဖြစ်အံ့။ သံဃာသည် အဘယ်သို့ ကျင့်အပ်သနည်း။ ခင်းသူသည် အဘယ်သို့ကျင့်အပ်သနည်း။ အနုမောဒက သည်အဘယ်သို့ကျင့်အပ်သနည်း။
၄၁၃။ သံဃာသည် ဉာတ္တိဒုတိယကံ ဖြင့် ကထိန်ခင်းနိုင်သော ရဟန်းအား ပေးအပ်၏။ ထိုခင်းနိုင်သော ရဟန်းသည် ထိုနေ့၌သာလျှင် ဖွပ်၍ သုံးသပ်၍ စီရင်၍၊ ဖြတ်၍၊ ချုပ်၍၊ ဆိုး၍၊ ကပ္ပဗိန္ဓု ထိုး၍ ကထိန်ကို ခင်းအပ်၏。
(ယခင် ပုဗ္ဗကရဏ ၌ သုံးသပ်မပါ တည်းစပ်ပါသည်။ ယခု၌တည်းစပ်မပါ၊ သုံးသပ်ပါသည်။)
ဒုကုဋ်ဖြင့်ခင်းလိုသည်ဖြစ်အံ့ - ယခင် ဒုကုဋ်ဟောင်းကို အဓိဋ္ဌာန် ချအပ်၏။ ယခုဒုကုဋ်သစ်ကို အဓိဋ္ဌာန် တင်အပ်၏။ ဣမာယ သံဃာဋိယာ ကထိနံ အတ္ထရာမိ - ဤဒုကုဋ်ဖြင့် ကထိန်ကိုခင်းပါ၏ဟု နှုတ်မြွက်အပ်၏。
ကိုယ်ရုံဖြင့်ခင်းလိုအံ့ ယခင်ကိုယ်ရုံကို အဓိဌာန် ချအပ်၏။ ယခုကိုယ်ရုံကို အဓိဋ္ဌာန် တင်အပ်၏။ ဣမိနာ ဥတ္တရာသင်္ဂေန ကထိနံ အတ္ထရာမိ-ဟု နှုတ်မြွက်အပ်၏。
သင်းပိုင်ဖြင့်ခင်းလိုအံ့ ယခင်သင်းပိုင်ကို အဓိဋ္ဌာန် ချအပ်၏။ ယခု သင်းပိုင်ကို အဓိဋ္ဌာန် တင်အပ်၏။ ဣမိနာ အန္တရဝါသကေန ကထိနံ အတ္ထရာမိ ဟု နှုတ်မြွက်အပ်၏。
(ဤနှုတ်မြွက်ခင်းရာ၌ ငါးပါးသံဃာ၏ မျက်မှောက်ရှေ့၌ဟု မဆို။ ကမ္မဝါစာဖတ်ခြင်း ဟူသော ခင်းရာ၌သာ ငါးပါးရှိမှ အပ်သည်။)
ထိုကထိန်ခင်းပြီးသောရဟန်းသည် သံဃာသို့ချဉ်းကပ်၍ ပခုံးတစ်ဖက်၌ ကိုယ်ရုံတင်၍ လက်အုပ်ချီ၍ --
အတ္ထတံ ဘန္တေ သံဃဿ ကထိနံ၊ ဓမ္မိကော ကထိနတ္ထာရော၊ အနုမောဒထ။
ဘန္တေ၊ အရှင်ဘုရားတို့။
သံဃဿ၊ သံဃာအား (သံဃာ၏ သံဃာသည်)။
ကထိနံ၊ ကထိန်ကို။
အတ္ထတံ၊ ခင်းအပ်ပြီ။
ကထိနတ္ထာရော၊ ကထိန်ခင်းခြင်းသည်။
ဓမ္မိကော၊ တရားနှင့်ညီ၏။
အနုမောဒထ၊ ပမ်းမြောက်ကြကုန်လော။
ဤသို့ဆိုအပ်၏။ ထို အနုမောဒထ ရဟန်းတို့သည် ပခုံးတစ်ဖက်၌ ကိုယ်ရုံတင်၍ လက်အုပ်ချီ၍၊ အတ္ထတံ အာဝုသော သံဃဿ ကထိနံ၊ ဓမ္မိကော ကထိနတ္တာရော၊ အနုမောဒါမ - ဝမ်းမြောက်ပါကုန်၏ဟု ဆိုအပ်၏။
ထိုကထိန်ခင်းပြီးသောရဟန်းသည် များစွာသော (နှစ်ပါး၊ သုံးပါး) ရဟန်းတို့သို့ ချဉ်းကပ်၍ (ပ) အတ္ထတံဘန္တေ (ပ) အနုမောဒထ-ဟုဆိုအပ်၏။ ထိုအနုမောဒကတို့သည် အတ္ထတံ အာဝုသော (ပ) အနုမောဒါမ ဟုဆိုအပ်၏။
ထိုကထိန်ခင်းပြီးသောရဟန်းသည် ရဟန်းတစ်ပါးသို့ ချဉ်းကပ်၍ (ပ) အတ္ထတံအာ၀ုသော (ပ) အနုမောဒါဟိ -ဟု ဆိုအပ်၏။ ထိုအနုမောဒကရဟန်းသည် အတ္ထတံအာဝုသော (ပ) အနုမောဒါမိ - ဝမ်းမြောက်ပါ၏ ဟု ဆိုအပ်၏။
၄၁၄။ သံဃာသည် ကထိန်ကိုခင်းသလော၊ ဂဏ သည်ခင်းသလော၊ ပုဂ္ဂလ သည်ခင်းသလော။
သံဃာသည်မခင်း၊ ဂဏ သည်မခင်း၊ ပုဂ္ဂလ သည် ခင်း၏。
အကယ်၍ သံဃာမခင်း၊ ဂဏမခင်း၊ ပုဂ္ဂလခင်းလျှင် သံဃာခင်းသော ကထိန်၊ ဂဏခင်းသောကထိန်၊ ပုဂ္ဂလ ခင်းသောကထိန် ဖြစ်မည်လော၊ (ပါတိမောက်ပြရာ၌) သံဃာပြသလော၊ ဂဏပြသလော၊ ပုဂ္ဂလပြသလောဟု ပြန်မေးအပ်၏။
သံဃာမပြ၊ ဂဏမပြ၊ ပုဂ္ဂလသည်ပြ၏ဟု ဖြေလျှင် အကယ်၍ သံဃာ မမြ၊ ဂဏမပြ၊ ပုဂ္ဂလပြလျှင်၊ သံဃာမပြသော ပါတိမောက်၊ ဂဏမပြသော ပါတိမောက်၊ ပုဂ္ဂလပြသောပါတိမောက်လောဟု ပြန်မေးအပ်၏။
သံဃာ၏ ညီညွတ်ခြင်းကြောင့်၊ ဂဏ၏ ညီညွတ်ခြင်းကြောင့်၊ ပုဂ္ဂလ၏ ပြခြင်းကြောင့်၊
သံဃာပြသော ပါတိမောက်၊ ဂဏပြသောပါတိမောက်၊ ပုဂ္ဂလပြသောပါတိမောက်ဖြစ်သည်ဟု ဖြေဆိုအံ့。
ဤအတူ သံဃာမခင်း၊ ဂဏမခင်း၊ ပုဂ္ဂလခင်းသည် -
သံဃာ၏ အနုမောဒနာ ကြောင့်၊ ဂဏ၏ အနုမောဒနာ ကြောင့်၊ ပုဂ္ဂလ၏ ခင်းခြင်းကြောင့်
သံဃာခင်းသောကထိန်၊ ဂဏခင်းသောကထိန်၊ ပုဂ္ဂလ ခင်းသောကထိန် ဖြစ်သည်ဟု ဖြေဆိုအပ်၏။
၆။ ပလိဗောဓပဥှာ ဗျာကရဏ
မာတိကာ ရှစ်ပါး ပလိဗောဓ ပြတ်ခြင်း
၁၅။ ပက္ကမနန္တိကော ကထိနုဒ္ဓါရော၊ ဝုတ္တော အာဒိစ္စ ဗန္ဓုနာ။
ဧတဉ္စ တာဟံ ပုစ္ဆာမိ၊ ကတမော ပလိဗောဓော ပဌမံ ဆိဇ္ဇတိ။
ဘန္တေ၊ မြတ်စွာဘုရား။
ပက္ကမနန္တိကော၊ ဖဲခြင်းအဆုံးရှိသော။
ကထိနုဒ္ဓါရော၊ ကထိန်နှုတ်ခြင်းကို။
အာဒိစ္စဗန္ဓုနာ၊ နေမင်းအဆွေဖြစ်တော်မူသော မြတ်စွာဘုရားသည်။
ဝုတ္တော၊ ဟောအပ်၏။
ဧတဉ္စ၊ ဤပြဿနာကိုလည်း။
ယေ၊ ရှင်တော်ဘုရားအား။
အဟံ၊ အကျွန်ုပ်သည်။
ပုစ္ဆာမိ၊ မေးပါ၏။
ကတမော ပလိဗောဓော၊ အဘယ်ပလိဗောဓသည်။
ပဌမံ၊ ရှေးဦးစွာ။
ဆိဇ္ဇတိ၊ ပြတ်ပါသနည်း။
ပက္ကမနန္တိကော ကထိနဒ္ဓါရော၊ ဝုတ္တော အာဒိစ္စ ဗန္ဓုနာ။
ဧတဉ္စ တာဟံ ဝိဿဇ္ဇိဿံ၊ စီဝရ ပလိဗောဓော ပဌမံ ဆိဇ္ဇတိ။
ဥပါလိ၊ ချစ်သားဥပါလိ။
ပက္ကမနန္တိကော (ပ) ဝုတ္တော၊ ဧတဉ္စ၊ ဤပြဿာကိုလည်း။
တေ၊ သင်အား။
ဝိဿဇ္ဇိဿံ၊ ဖြေဆိုအံ့။
သိမ်မသို့ ရောက်သည်နှင့် တပြိုင်နက် အာဝါသပလိဗောဓ ပြတ်သည်။
(ဇီဋီ။ ။ အာဒိစ္စဗန္ဓုနာ ဟုဆိုခြင်းကြောင့် ထေရဝစန ဥပါလိမထေရ်၏ စကားဟု ဆိုကုန်၏။
(၁) ပက္ကမနန္တိ - ကထိန်နှုတ်ခြင်း၌ အဘယ် ပလိဗောဓ သည် ရှေးဦးစွာပြတ်ပါသနည်း။
စီဝရပလိဗောဓ သည် ရှေးဦးစွာပြတ်၏။ ကျောင်းဝိုင်းပြင်ပသို ရောက်မှ အာဝါသပြတ်သည်။ (ပတ် - စီ)
(၂) နိဋ္ဌာနန္တိက နှုတ်ခြင်း၌ အဘယ်သည် ရှေးဦးပြတ်ပါသနည်။ အာဝါသပလိဗောဓ ရှေးဦးပြတ်သည်။ သင်္ကန်းပြီးမှ စီဝရပြတ်သည်။ (နိဋ္ဌ် - အာ)
(၃) သန္နိဋ္ဌာနန္တိက နှုတ်ခြင်း၌ အဘယ်သည် ရှေးဦးပြတ်ပါသနည်း။ ပလိဗောဓ နှစ်ပါးလုံး မရှေးမနှောင်း အတူပြတ်သည်။(သန်-တူ)
(၄) နာသနန္တိက နှုတ်ခြင်း၌ အဘယ်သည် ရှေးဦးပြတ်ပါသနည်း။ အာဝါသပလိဗောဓ ရှေးဦးပြတ်သည်။ သင်္ကန်းပျောက်ပျက်မှ စီဝရပြတ်သည်။ (နာ - အာ)
(၅) သဝနန္တိက နှုတ်ခြင်း၌ စီဝရပလိဗောဓ ရှေးဦးပြတ်သည်။ ကထိန်နှုတ်ပြီဟု ကြားသည်နှင့်တပြိုင်နက် အာဝါသပြတ်သည်။ (သ - စီ)
(၆) အာသာဝစ္ဆေဓိက နှုတ်ခြင်း၌ အာဝါသပလိဗောဓ ရှေးဦးပြတ်သည်။ သင်္ကန်းအာသာ ပြတ်ကင်းမှ စီဝရပြတ်သည်။ (အာသာ--အာ)
(၇) သီမာတိက္ကမနန္တိက နှုတ်ခြင်း၌ -- စီဝရပလိဗောဓ ရှေးဦးပြတ်သည်။ သိမ်ပ၌ (တပေါင်းလပြည့်ကျော်)မှ အာဝသပြတ်သည်။ (သီမာ-စီ)
(၈) သဟုဗ္ဘာရ နှုတ်ခြင်း၌ - ပလိဗောဓ နှစ်ပါးလုံး မရှေးမနှောင်း အတူပြတ်သည်။ (သဟုဗ္ဘာရ်--တူ)
ပတ်၊ နိတ်၊ သန်၊ နာ (၄)၊ သ၊ အာသာ (၂) သီမာ၊ သဟုဗ္ဘာရ် (၂)
စီ၊ အာ၊ တူ၊ အာ (၄)၊ စီ၊ အာ (၂) စီ၊ တူ (၂) ရှေးပြတ်စဉ်တိုင်းယူ။
(ဇီဋီ။ ။ သန္နိဋ္ဌာနန္တိက ကို အဘယ်သို့ ပြင်ပ၌ နှုတ်သနည်း။ ရဟန်းသည် မပြီးသေးသော သင်္ကန်းကိုယူ၍ မပြန်တော့အံ့ဟု ဖဲသွားအံ့။ ပြင်ပသို့ရောက်သောအခါ ဤသင်္ကန်း မပြုတော့အံ့ဟု ဆုံးဖြတ်အံ့ - ဤသို့ ပြင်ပ၌ နှုတ်၏။
ကျောင်းတွင်း၌ အဘယ်သို့နှုတ်သနည်း၊ မပြီးသေးသော သင်္ကန်းကို ယူ၍ မပြန်တော့အံ့ဟု ဖဲသွားပြီးလျှင် ရောက်ရာ၌ ဖာသုဝိဟာရကို မရ၍ ထိုမူလကျောင်းသို့သာပြန်လာအံ့ – စီဝလိဗောဓသည် ရှိသေး၏။ ဤ သင်္ကန်းကို မပြုတော့အံ့ဟု ဆုံးဖြတ်သောအခါ ထိုပလိဗောဓပြတ်၏။ ဤသို့ ကျောင်းတွင်း၌နှုတ်၏။
သန္နိဋ္ဌာနန္တိက သည် နှစ်မျိုးရှိ၏၊ မပြန်တော့အံ့ဟု အဝါသပလိဗောဓကို ဖြတ်၍ တဖန်ပြန်လာ၍ ဤသင်္ကန်းကို မပြုတော့အံ့ဟု ဆုံးဖြတ်ခြင်း တစ်မျိုး၊ ပြင်ပ၌နေ၍ မပြုတော့ဟူ၍ လည်းကောင်း၊ မပြန်တော့အံ့ ဟူ၍ လည်းကောင်း၊ ဆုံးဖြတ်ခြင်းတစ်မျိုး၊ ဤနှစ်မျိုးတို့တွင် ဒုတိယမျိုးကိုရည်၍ မရှေးမနှောင်းအတူ ပြတ်သည်ဟု ဆိုသည်။
အာသာ၀စ္ဆေဒိက နှုတ်ခြင်းသည် ကျောင်းတွင်း၌ အဘယ်သို့ ဖြစ်သနည်း။ ကျောင်းတွင်း၌ အာသာရှိသူဖြစ်၍ “အရှင်တို့သည် ကျောင်း၌ နေလျက်သာ တောင့်တကြပါ။ ပို့လိုက်ပါမည်” ဟု ဆိုအပ်သော ရဟန်းသည် လည်းကောင်း၊ မပြန်တော့ပြီဟု အာဝါသ ပလိဗောဓကိုဖြတ်၍ သွားပြီးမှ တဖန်ထိုကျောင်းသို့ ပြန်လာသော ရဟန်းသည် လည်းကောင်း၊ အကျွန်ုပ်သည် ယူခြင်းငှါ မတတ်နိုင်တော့ပါ” ဟုစေလိုက်သောအခါ ကျောင်းတွင်း အာသာဝစ္ဆေဒိကနှုတ်ခြင်းဖြစ်သည်ဟု ရေးအပ်၏။ }
၄၁၆။ အဓိန
အဘယ်မျှသော ကထိန်နှုတ်ခြင်းတို့သည် သံဃာနှင့် စပ်ကုန်သနည်း၊ အဘယ်မျှပုဂ္ဂိုလ်နှင့် စပ်ကုန်သနည်း၊ အဘယ်မျှ သံဃာနှင့်လည်းမစပ်၊ ပုဂ္ဂိုလ်နှင့်လည်းမစပ်ကုန်သနည်း။
တစ်ပါးသောနှုတ်ခြင်းသည် သံဃာနှင့်စပ်၏။ အန္တရုဗ္ဘာရ တည်း。
လေးပါးတို့သည် ပုဂ္ဂိုလ်နှင့်စပ်ကုန်၏။ ပက္ကမနန္တိက၊ နိဋ္ဌာနန္တိက၊ သန္နိဌာနန္တိက၊ သီမာတိက္ကမနန္တိက တည်း。
လေးပါးတို့သည် သံဃာနှင့်လည်းမစပ်၊ ပုဂ္ဂိုလ်နှင့် လည်းမစပ်ကုန်။ နာသနန္တိက၊ သဝနန္တိက၊ အာသာဝစ္ဆေဒိက၊ သဟုဗ္ဘာရ တည်း。
အန္တရုဗ္ဘာ ဟူသည် တပေါင်းလပြည့်အတွင်း ကျောင်းတွင်း၌ ကမ္မဝါစာဖြင့် ကထိန်နှုတ်ခြင်းဖြစ်၏။
သဟုဗ္ဘာရ သည် ပြန်လာမည်ဟု ထွက်သွားသူသည် ထိုကမ္မဝါစာဖြင့်နှုတ်ခြင်းကို အမှီရောက်လာ၏။
သိမ်တွင်း၊ သိမ်ပ
အဘယ်မျှသော ကထိန်နှုတ်ခြင်းတို့ကို ကျောင်းတွင်း၌ နှုတ်သနည်း။ အဘယ်မျှ ကျောင်းပြင်ပ၌နှုတ်သနည်း။ အဘယ်မျှ ရံခါကျောင်းတွင်း ရံခါကျောင်းပြင်ပ၌ နှုတ်သနည်း။
နှစ်ပါးသောနှုတ်ခြင်းတို့ကို ကျောင်းတွင်း၌ နှုတ်၏။ အန္တရုဗ္ဘာရ၊ သဟုဗ္ဘာရ တည်း。
သုံးပါးတို့ကို ကျောင်းပြင်ပ၌နှုတ်၏။ ပက္ကမနန္တိက၊ သဝနန္တိက၊ သီမာတိက္ကမနန္တိက တည်း。
လေးပါးတို့ကို ရံခါကျောင်းတွင်း၊ ရံခါကျောင်းပြင်ပ၌နှုတ်၏။ နိဋ္ဌာနန္တိက၊ သန္နိဋ္ဌာနန္တိက၊ နာသနန္တိက၊ အာသာဝစ္ဆေဒိက တည်း。
ဥပ္ပါဒ၊ နိရောဓ
အဘယ်မျှလောက်သော ကထိန်နှုတ်ခြင်းတို့သည် ဧကုပ္ပါဒ ဧကနိရောဓ တို့ ဖြစ်ကုန်သနည်း၊ အဘယ်မျှ ဧကုပ္ပါဒ-နာနာနိရောဓ တို့ ဖြစ်ကုန်သနည်း။
နှစ်ပါးသောနှုတ်ခြင်းတို့သည် ဧကုပ္ပါဒ - ဧကနိရောဓ တို့ ဖြစ်ကုန်၏။ အန္တရုဗ္ဘာရ၊ သဟုဗ္ဘာရ တည်း၊
အကြွင်းတို့သည် ဧကုပ္ပါဒ - နာနာနိရောဓ တို့ ဖြစ်ကုန်၏။
[ဧကုပ္ပါဒ - ဧကနိရောဓ ဟူသည် ဖြစ်သောအခါလည်း တပေါင်းတည်းဖြစ်ကုန်၏။ ချုပ်သောအခါလည်း တပေါင်းတည်း ချုပ်ကုန်၏။]
ဧကုပ္ပါဒ - နာနာနိရောဓ ဟူသည် ဖြစ်သောအခါ တပေါင်းတည်းဖြစ်၍ ချုပ်သောအခါ အသီးသီးချုပ်ကုန်၏။ ဆိုလိုရင်းကား အလုံးစုံသော ကထိန်နှုတ်ခြင်းတို့သည်လည်း ခင်းခြင်းနှင့်တကွ တပေါင်းတည်းဖြစ်ကုန်၏။ ခင်းခြင်းရှိမှ နှုတ်ခြင်းမည်သောကြောင့်တည်း。
ချုပ်သော်ကား ရှေးနှစ်ပါးသည် ခင်းခြင်းနှင့်တကွ တပေါင်းတည်း ချုပ်ကုန်၏။ နှုတ်အပ်သည်အဖြစ်သို့ ရောက်ကုန်၏။ အတ္ထာရ ၏ နိရောဓ သည် လည်းကောင်း ရှေးနှစ်ပါးတို့၏ ဥဒ္ဓါရဘာဝ သည် လည်းကောင်း တစ်ပြိုင်နက်ဖြစ်ကုန်၏။ အကြွင်းတို့သည် အသီးသီးချုပ်ကုန်၏။ ထိုအကြွင်းတို့သည် ဥဒ္ဓါရဘာဝ သို့ ရောက်ကုန်သော်လည်း အတ္ထာရ သည် တည်လျက်သာတည်း။ အားလုံး၌ အကြွင်းပေါ်လွင်သည်သာတည်း。
ပညတ္ထိဝဂ္ဂ အဖွင့် ပြီး၏။
(ဇီဋီ - ခင်းခြင်းရှိမှ နှုတ်ခြင်းမည်ပုံကား၊ အတ္ထာရ ကင်း၍ ဥဒ္ဓါရ ကိုမရကုန်။ ထို့ကြောင့်ဆိုသည်။
ရှေးနှစ်ပါး ဟူသည် ရှေး၌ ဧကုပ္ပါဒ-ဧကနိရောဓ ဟု ဆိုပြီးသော အန္တရုဗ္ဘာရ၊ သဟုဗ္ဘာရ တို့တည်း။
ပက္ကမနန္တိက စသော နှစ်ပါးမဟုတ် တပေါင်းတည်းချုပ်ကုန်၏ ဟူသည် ဥဒ္ဓါရဘာဝ သို့ ရောက်ကုန်၏ ဟူလို။)
သာဋီ - ရှေးနှစ်ပါး ဟူသည် ဤအရာ၌ ပဌမဆိုသော အန္တရုဗ္ဘာရ တို့တည်း။ ပက္ကမနန္တိက စသော နှစ်ပါးသော ဥဒ္ဓါရ တို့ မဟုတ်။
ဝိဋီ - တပေါင်းတည်းဖြစ်ကုန်၏ ဟူသည် ခင်းသည်နှင့်တကွဖြစ်ထိုက်ကုန်၏ဟူလို။ ခင်းသည်မှစ၍ နှုတ်ခြင်း အားလုံးတို့သည် ထိုထိုအကြောင်းထူးကိုစွဲ၍ ဖြစ်ကုန်၏။ ထို့ကြောင့်အားလုံး ဧကုပ္ပါဒ မည်ကုန်၏。
ထိုတွင် အန္တရုဗ္ဘာရ၊ သဟုဗ္ဘာရ နှစ်ပါးသာလျှင် ထိုကျောင်းကို ကထိန်မခင်းသော ကျောင်းနှင့်တူအောင်ပြုလျှက် ကိုယ်တိုင်အလုံးစုံသော ခင်းခြင်းနှင့်တကွ ချုပ်ကုန်၏။ ဥဒ္ဓါရဘာဝ သို့ ရောက်ကုန်၏。
ကြွင်းသော နှုတ်ခြင်းတို့သည်ကား၊ ထိုထိုသီးခြား နှုတ်ခြင်းကိုသာ ပလိဗောဓနှစ်ပါးကို ဖြတ်သည့်အစွမ်းဖြင့် ချုပ်စေလျှက် ကိုယ်တိုင် ဥဒ္ဓါရဘာဝ သို့ ရောက်ကုန်၏။ အလုံးစုံသော ခင်းခြင်းကို မချုပ်စေကုန်。
ကထိန်နှုတ်ခြင်းသည်လည်း နိရောဓ မည်၏။ ထိုထိုအကြောင်းကိုစွဲ၍ ဥဒ္ဓါရဘာဝ သို ရောက်ခြင်းဖြစ်၏။ ဤသို့လျှင် ဥပ္ပတ္တိမည်သည် ကထိနုဒ္ဓါရ သာတည်း။ ထို့ကြောင့် အလုံးစုံသော ကထိန်နှုတ်ခြင်းတို့သည် လမ်းခင်းခြင်းနှင့်တကွ တပေါင်းတည်းဖြစ်ကုန်၏ စသည်ကို ဆိုသည်။
ရှေးနှစ်ပါး ဟူသည် ဧကုပ္ပါဒ - ဧကနိရောဓ ဟု ပါဠိတော်၌ ပဌမဟောသော အန္တရုဗ္ဘာရ၊ သဟုဗ္ဘာရ နှစ်ပါးတည်း。
ပက္ကမနန္တက စသော အကြွင်းတို့သည် ဥဒ္ဓါရဘာဝ သို ရောက်ခြင်းဟူသော နိရောဓ သို့ ရောက်ကုန်သော်လည်း အတ္ထာရ သည် တည်လျက်ရှိ၏။ ပြုပြီးသော သင်္ကန်းကိုယူ၍ ဖဲသွားသူစသည်ကို ဖယ်ထား၍ ကြွင်းသော ပုဂ္ဂိုလ်တို့အား ပလိဗောဓ ရှိသောကြောင့် ကထိနတ္ထာရ သည် တည်၏。
ပညတ္တိဝဂ္ဂဝဏ္ဏနာနည်း ပြီး၏။
ပညတ္ထိဝဂ်ပြီး၏။
ကထိနဘေဒပြီး၏။
၁၇ - ဥပါလိပဉ္စက (၁၄ - ဝဂ်၊ ပဉ္စက ၂၅၁)
၁။ အနိဿိတဝဂ္ဂ -- ၁၉ ။ ပဉ္စက
၄၁၇။ နိဿယည်းလွတ်အင်္ဂါ
ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ တည်နေတော်မူ၏။ ထိုအခါ အရှင်ဥပါလိ သည် ချဉ်းကပ်၍ ရှိခိုး၍ တစ်ခုသောနေရာ၌နေ၍ ဤသို့နားတော်လျှောက်၏。
မြတ်စွာဘုရား အဘယ်မျှသောအင်္ဂါနှင့် ပြည့်စုံသော ရဟန်းသည် တသက်လုံး အမှီကင်းလျှက် မနေအပ် ပါသနည်း။
ချစ်သားဥပါလိ … ငါးပါးသောအင်္ဂါနှင့် ပြည့်စုံသော ရဟန်းသည် တစ်သက်လုံး အမှီကင်းလျက်မနေအပ်။ ငါးပါးကား၊ ဥပုသ် ကိုမသိ၊ ဥပုသ်ကံ ကိုမသိ၊ ပါတိမောက် ကိုမသိ၊ ပါတိမောက်ပြခြင်း ကိုမသိ၊ ငါးဝါမရသူ ဖြစ်၏။ ဤ အင်္ဂါငါးပါးရှိသော ရဟန်းသည် တသက်လုံး အမှီကင်းလျက် မနေအပ်။
တသက်လုံး အမှီကင်းလျက်နေအပ်သော အင်္ဂါကား ဥပုသ် ကို သိ၏။ ဥပုသ်ကံ ကိုသိ၏။ ပါတိမောက် ကိုသိ၏။ ပါတိမောက်ပြခြင်း ကိုသိ၏။ ငါးဝါရပြီးသူဖြစ်၏။ ဤငါးပါးတည်း。
ထို့ပြင် မနေအပ်သော အင်္ဂါငါးပါးကား- ပဝါရဏာ ကိုမသိ၊ ပဝါရဏာကံ ကိုမသိ၊ ပါတိမောက် ကိုမသိ၊ ပါတိမောက်ပြခြင်း ကိုမသိ၊ ငါးဝါမရသူ ဖြစ်၏。
နေအပ်သော အင်္ဂါကား ပဝါရဏာ ကို၊ ပဝါရဏာကံ ကို၊ ပါတိမောက် ကို၊ ပါတိမောက်ပြခြင်း ကို သိ၏။ ငါးဝါရပြီးဖြစ်၏。
ထို့ပြင် မနေအပ်ငါးပါးကား၊ အာပတ်နာပတ် ကိုမသိ၊ လဟု ဂရုအာပတ် ကိုမသိ၊ သာဝသေသာနဝသေသ အာပတ် ကိုမသိ၊ ဒုဋ္ဌုလ္လာဒုဋ္ဌုလ္လ အာပတ် ကိုမသိ၊ ငါးဝါ မရသူ။
နေအပ်ငါးပါးကား၊ အာပတ်နာပတ် ကိုသိ၏ (ပ)။ ငါးဝါရပြီးဖြစ်၏။
[မထေရ်သည် ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်လျက် ဤပဉ္စက အားလုံးတို့ကို ဆင်ခြင်၍ ဘုရားရှင်ကို မေးမြန်းပြီး သောအခါ ဤမှီခို၍နေသော တပည့်တို့၏ အကျိုးငှါ ပါဠိအစဉ်ကိုထားမည်ဟု နှလုံးသွင်း၍ ချဉ်းကပ်ကာ ပြဿနာတို့ကို မေး၏။]
ပြဿနာအဖြေ၌ ဥပုသ် ကိုမသိ ဟူသည် ကိုးမျိုးသောဥပုသ်ကိုမသိ။
ဥပုသ်ကံ မသိဟူသည် အဓမ္မဝဂ္ဂ စသော လေးပါးသော ဥပုသ်ကံကိုမသိ။
ပါတိမောက် ကို ဟူသည် ဒွေမာတိကာ ကိုမသိ။
ပါတိမောက်ပြခြင်း ကို ဟူသည် ဘိက္ခု တို၏ငါးပါးသော ဘိက္ခုနီတို့၏ လေးပါးသော ပါတိမောက်ပြခြင်း ကိုးပါးကို မသိ။
ပဝါရဏာ ကိုဟူသည် ကိုးမျိုးသော ပဝါရဏာကိုမသိ။
ပဝါရဏာကံ ကို ဟူသည် အဓမ္မဝဂ္ဂ စသော လေးပါးသော ပဝါရဏာကံကိုမသိ။
အာပတ်နာပတ် ကို ဟူသည် ထိုထိုသိက္ခာပုဒ်၌ ညွှန်းပြအပ်သော အာပတ္တိ ကို လည်းကောင်း၊ အနာပတ္တိ ကို လည်းကောင်း မသိ။
၄၁၈။ ကျောင်းထိုင်အင်္ဂါ
မြတ်စွာဘုရား အဘယ်မျှသော အင်္ဂါတို့နှင့် ပြည့်စုံသော ရဟန်းသည် ဥပဇ္ဈာယ် ပြု၍ ရဟန်းပြုမပေးအပ်၊ နိဿယည်း မပေးအပ်၊ သာမဏေ ကို မလုပ်ကျွေးစေအပ်ပါသနည်း။
ချစ်သား ဥပါလိ … ငါးပါးသော အင်္ဂါနှင့် (ပ) မလုပ်ကျွေးစေအပ် ငါးပါးကား -
အန္တေဝါသိက သဒ္ဓိဝိဟာရိက တပည့်ကို ဂိလာန ဖြစ်သောအခါ လုပ်ကျွေးခြင်းငှါ လုပ်ကျွေးစေခြင်းငှါ မစွမ်းနိုင်။
မမွေ့လျော်ခြင်းဖြစ်သောအခါ ခေါ်သွားခြင်းငှါ၊ ခေါ်သွားစေခြင်းငှါ မစွမ်းနိုင်။
ကုက္ကုစ္စ ဖြစ်သောအခါ တရားဖြင့်ပယ်ဖျောက်ခြင်းငှါ ပယ်ဖျောက်စေခြင်းငှါ မစွမ်းနိုင်။
ဓမ္မ သက်သက်၌ ဆုံးမခြင်းငှါ မစွမ်းနိုင်။
ဝိနယ သက်သက်၌ ဆုံးမခြင်းငှါ မစွမ်းနိုင်။
ဤငါးပါးတည်း。
အပ်သော - အင်္ဂါငါးပါးကား --
အန္တေဝါသိက သဒ္ဓိဝိဟာရိက တပည့်ကို ဂိလာန ဖြစ်သောအခါ လုပ်ကျွေးခြင်းငှါ လုပ်ကျွေးစေခြင်းငှါ စွမ်းနိုင်၏။
မွေ့လျော် ခြင်းဖြစ်သောအခါ ခေါ်သွားခြင်းငှါ၊ ခေါ်သွားစေခြင်းငှါ စွမ်းနိုင်၏။
ကုက္ကုစ္စ ဖြစ်သောအခါ တရားဖြင့်ပယ်ဖျောက်ခြင်းငှါ ပယ်ဖျောက်စေခြင်းငှါ စွမ်းနိုင်၏။
ဓမ္မ သက်သက်၌ ဆုံးမခြင်းငှါ စွမ်းနိုင်၏။
ဝိနယ သက်သက်၌ ဆုံးမခြင်းငှါ စွမ်းနိုင်၏。
ထို့ပြင် မအပ် ငါးပါး --
အန္တေဝါသိက သဒ္ဓိဝိဟာရိက တပည့်ကို အဘိသမာစာရိက သိက္ခာဖြင့်ကျင့်စေခြင်းငှါ မစွမ်းနိုင်။
အာဒိဗြဟ္မစရိယက သိက္ခာဖြင့်ဆုံးမခြင်းငှါ မစွမ်းနိုင်။
အဓိသီလ ၌ ဆုံးမခြင်းငှါ မစွမ်းနိုင်။
အဓိစိတ္တ ၌ ဆုံးမခြင်းငှါ မစွမ်းနိုင်။
အဓိပညာ ၌ဆုံးမခြင်းငှါ မစွမ်းနိုင်。
အပ်ငါးပါးကား အန္တေဝါသိက (ပ) စွမ်းနိုင်၏။
၄၁၉။ ကံထိုက်ကြောင်းများ
မြတ်စွာဘုရား … အဘယ်မျှသောအင်္ဂါနှင့် ပြည့်စုံသော ရဟန်းအား ကံကိုပြုအပ်ပါသနည်း။
ချစ်သားဥပါလိ … ငါးပါးသော အင်္ဂါနှင့် ပြည့်စုံသောရဟန်းအား ကံကိုပြုအပ်၏။ ငါးပါးကား အလဇ္ဇီ ဖြစ်၏။ ဗာလ ဖြစ်၏။ အပကတတ္တ ဝိနည်း၌ မလိမ္မာသူဖြစ်၏။ မိစ္ဆာဒိဋ္ဌိ ဖြစ်၏။ အာဇီဝ ပျက်၏。
ထို့ပြင်ငါးပါး .. အဓိသီလ ၌ သီလပျက်၏။ အဇ္ဈာစာရ ၌ အာစာရပျက်၏။ အတိဒိဋ္ဌိ ၌ ဒိဋ္ဌိပျက်၏။ မိစ္ဆာဒိဋ္ဌိ ဖြစ်၏။ အာဇီဝ ပျက်၏。
ထို့ပြင်ငါးပါး .. ကာယိကေန ဒဝေန သမန္နာဂတော - ကိုယ်မြူးထူးသူ၊ နှုတ်မြူးထူးသူ၊ ကိုယ်နှုတ် မြူးထူးသူ၊ မိစ္ဆာဒိဋ္ဌိ ဖြစ်၏။ အာဇီဝ ပျက်၏。
ထို့ပြင်ငါးပါး -- ကာယိကေန အနာစာရေန သမန္နာဂတော - ကိုယ်ကျင့်ပျက်သူ၊ နှုတ်ကျင့်ပျက်သူ၊ ကိုယ်နှုတ်ကျင့်ပျက်သူ၊ မိစ္ဆာဒိဋ္ဌိ၊ အာဇီဝဝိပန္န。
ထို့ပြင် ငါးပါး .. ကာယိကေန ဥပဃာတိကေန သမန္နဝတော - ကိုယ်ကျင့် ဖျက်ဆီးခြင်းဖြင့် ချွသူ၊ နှုတ်ကျင့်ချွတ်သူ၊ ကိုယ်နှုတ်ကျင့်ချွတ်သူ၊ မိစ္ဆာဒိဋ္ဌိ၊ အာဇီဝဝိပန္န。
ထို့ပြင် ငါးပါး .. ကာယိကေန မိစ္ဆာဇီဝေန သမန္နဂတော - ကိုယ်မိစ္ဆာဇီဝ ရှိသူ၊ နှုတ်မိစ္ဆာဇီဝရှိသူ၊ ကိုယ်နှုတ် မိစ္ဆာဇီဝ ရှိသူ၊ မိစ္ဆာဒိဋ္ဌိ၊ အာဇီဝဝိပန္န。
ထို့ပြင် ငါးပါး … အာပတ်သို့ရောက်၍ ကံပြုခံရလျက် ဥပဇ္ဈာယ် ပြု၍ ရဟန်းပြုပေး၏။ နိဿယည်း ပေး၏။ သာမဏေ ကိုလုပ်ကျွေးစေလျက်။ ဘိက္ခုနောဝါဒက သမ္မုတိ ကို လက်ခံသာယာ၏။ သမ္မုတိ ရပြီးဖြစ်သော်လည်း ဘိက္ခုနီတို့ကို ဆုံးမ၏။
ထို့ပြင်ငါးပါး … အကြင်အာပတ်ဖြင့် သံဃာသည် ကံပြု၏။ ထိုအာပတ်သို့ ရောက်ပြန်၏။ ထိုနှင့်အလားတူ အာပတ်သို့ ရောက်၏။ ထိုထက် ယုတ်မာသောအာပတ်သို့ ရောက်၏။ ကံကိုကဲ့ရဲ့၏။ ကံပြုသူတို့ကိုကဲ့ရဲ့၏။
ထို့ပြင် ငါးပါး … ဘုရား၏ ကျေးဇူးမဲ့ကိုဆို၏။ တရား၏ကျေးဇူးမဲ့ကိုဆို၏။ သံဃာ၏ ကျေးဇူးမဲ့ကိုဆို၏။ မိစ္ဆာဒိဋ္ဌိ ဖြစ်၏။ အာဇီဝဝိပန္န ဖြစ်၏。
ဤအင်္ဂါငါးပါးရှိသူအား ကံပြုအပ်၏။
[ရောက်၍ ကံပြုခံရလျက် ဟူသည် အာပတ်သို့ရောက်၏၊ ထိုအကြောင်းကြောင့်သာလျှင် သံဃာသည် ကံကိုပြု၏။]
(ဇီဋီ - ကာယိကဥပဃာတိက ဟူသည် ကာယေန ဝီတိက္ကမော - ကိုယ်ဖြင့်လွန်ကျူး၏။)
အနိဿိတဝဂ္ဂေါပဌမော。
ဥပါလိပဉ္စက ၁၄-ဝဂ်၌
၂ - နပ္ပဋိပ္ပဿမ္ဘနဝဂ်
၁၂ - ပဉ္စက။
၄၂၀။ ကံမငြိမ်းကြောင်းများ
မြတ်စွာဘုရား ... အဘယ်မျှသော အင်္ဂါနှင့် ပြည့်စုံသောရဟန်းအား ကံကိုမငြိမ်းစေပါသနည်း။
ချစ်သားဥပါလိ … ငါးပါးသော အင်္ဂါနှင့် ပြည့်စုံသောရဟန်းအား ကံကို ငြိမ်းစေအပ်။ ငါးပါးကား အာပတ်သို့ ရောက်၍ ကံပြုခံရလျက် ဥပဇ္ဈာယ် ပြု၍ ရဟန်းပြုပေး၏။ နိဿယည်း ပေး၏။ သာမဏေ ကိုလုပ်ကျွေးစေ၏။ ဘိက္ခုနောဝါဒက သမ္မုတိ ကို လက်ခံသာယာ၏။ သမ္မုတိ ရပြီး ဖြစ်၍သော်လည်း ဘိက္ခုနီတို့ကိုဆုံးမ၏。
ထို့ပြင်ငါးပါး .. ကံပြုကြောင်းအာပတ်သို့ ကပ်ရောက်၏။ အလားတူ အာပတ်သို့ ရောက်၏။ ထိုထက် ယုတ်မာသော အာပတ်သို့ရောက်၏။ ကံကိုကဲ့ရဲ့၏။ ကံပြုသူတို့ကို ကဲ့ရဲ့၏。
ထို့ပြင်ငါးပါး ... ဘုရား ကျေးဇူးမဲ့ ဆို၏။ တရားကျေးဇူးမဲ့ ဆို၏။ သံဃာကျေးဇူးမဲ့ ဆို၏။ မိစ္ဆာဒိဋ္ဌိ ဖြစ်၏။ အာဇီဝဝိပန္န ဖြစ်၏。
ထို့ပြင်ငါးပါး .. အလဇ္ဇီ ဖြစ်၏။ ဗာလ ဖြစ်၏။ အပကတတ္တ ဖြစ်၏။ ဩမဒ္ဒကာရက ကျင့်ဝတ်တို့၌ လွှမ်းမိုး၍ပြုသူ ဖြစ်၏။ (ဝါ - ကျင့်ဝတ်ပျက်သူဖြစ်၏။) သိက္ခာတို့၌ မဖြည့်ကျင့်သူဖြစ်၏。
ဤအင်္ဂါငါးပါးရှိသူအား ကံကိုမငြိမ်းအပ်။
[ကံကိုမငြိမ်းစေအပ် ဟူသည် ဤရဟန်းသည်သင့်လျော်သော ကျင့်ဝတ်တို့ကိုမကျင့်၊ ထို့ကြောင့်ကံကို မငြိမ်းစေအပ်။ သရဇ္ဈကောဝိယ - ကြိုးရှည်တန်းလန်းနှင့်တကွကဲ့သို့ လွှတ်ထားအပ်၏။]
(တဇ္ဇနိယကံစသော ကြိုးတန်းလန်း ဟူလို။)
(ဇီဋီ၊ သာဋီ။ ။ ဩမဒ္ဒကာရကောတိ ဩမဒ္ဒိတွာ အဘိဘဝိတွာ ကာရတော။)
၄၂၁။ သင်္ဂါမာဝစရ ကိုယ်တွင်းပဉ္စက
မြတ်စွာဘုရား … စစ်ပွဲမြေပြင်သက်ဝင်သော သင်္ဂါမာဝစရ ရဟန်းသည် သံဃာသို့ ချဉ်းကပ်သောအခါ အဘယ်မျှသော ဓမ္မ တို့ကို ကိုယ်တွင်း၌ဖြစ်စေ၍ ချဉ်းကပ်အပ်ပါသနည်း။
ချစ်သားဥပါလိ၊ ငါးပါးသော ဓမ္မ တို့ကို ဖြစ်စေ၍ချဉ်းကပ်အပ်ပါ၏။ ငါးပါးကား -
နှိမ်ချသောစိတ်ဖြင့် ခြေသုတ်ဝန်းနှင့်တူသောစိတ်ဖြင့် ချဉ်းကပ်အပ်၏。
နေရာ၌လိမ္မာသူ နေခြင်း၌ လိမ္မာသူဖြစ်ထိုက်၏。
မထေရ်တို့ကို မတိုးမဝှေ့ဘဲ သီတင်းငယ်တို့ကို နေရာဖြင့်မတားမြစ်ဘဲ သင့်လျော်သောနေရာ၌ နေအပ်၏。
ထူးပြားထွေလာ စကားမဆိုသူ မဂ်ဖိုလ်မှ ဖီလာစကား မဆိုသူဖြစ်၍ ကိုယ်တိုင်တရားစကား ပြောဟော တတ်အပ်၏။ သူတစ်ပါးကိုသော်လည်း တိုက်တွန်းအပ်၏。
မြတ်သော ဆိတ်ဆိတ်နေခြင်းကိုသော်လည်း မထီမဲ့မြင်မပြုအပ်。
ချစ်သားဥပါလိ - အကယ်၍ သံဃာသည် သမဂ္ဂ ကရဏိယကံ တို့ကိုပြုသည်အံ့၊ ထိုကံ၌မနှစ်သက်အံ့။ ဒိဋ္ဌာဝိကမ္မ - မိမိအယူကိုထင်ရှားစွာပြုခြင်းကို ပြု၍သော်လည်း သာမဂ္ဂီသို့ ချဉ်းကပ်အပ်၏။ အကြောင်းကား ငါသည် သံဃာနှင့် မတူသော မာနတ္တပုဂ္ဂိုလ် မဖြစ်လတ္တံ့။ မဖြစ်ထိုက်။ ထို့ကြောင့်တည်း。
ဤငါးပါးကို အဇ္ဈတ္တ ၌ ဖြစ်စေ၍ သံဃာသို့ ချဉ်းကပ်အပ်၏။
[သမဂ္ဂကရဏီယကံ တို့ ဟူသည်ကား သမဂ္ဂတို့သည် ပြုအပ်သော ဥပုသ်ကံ စသည်တို့တည်း။ ဥပုသ်ပဝါရဏာ စသည်တို့ကို ရပ်တန့်စဉ်တွင် အထောက်အပံ့မပေးအပ်။ အကယ်၍ သံဃာသည် အပြစ်ကို ဒေသနာကြားစေ၍ သံဃာ၏ ညီညွတ်ခြင်းကိုပြုအံ့၊ တိဏဝတ္ထာရက သမထ ကိုသော်လည်း ပြု၍ ဥပုသ်ပဝါရဏာကိုပြုအံ့၊ ဤသို့သောကံသည် သမဂ္ဂကရဏီယကံ မည်၏။]
ထိုသို့သောကံ၌ သင်္ဂါမာ၀စရ ရဟန်းသည် မနှစ်သက်ငြားအံ့၊ ဒိဋ္ဌာဝိကမ္မ ကိုသော်လည်း ပြု၍ ထိုသို့သော သာမဂ္ဂီသို့ချဉ်းကပ်အပ်သည်သာတည်း。
ဆန့်ကျင်သောယူခြင်းကို မယူအပ်၊ ဓမ္မမဟုတ်သည်ကို ဝိနယမဟုတ်သည်ကို သတ္ထုသာသန ဟု ပြသော သံဃာအစည်းအဝေး၌ကား ဒိဋ္ဌာဝိကမ္မ ပြုခြင်းသည် မအပ်။ တား၍ ဖဲသွားအပ်၏။
(သာဋီ … အထောက်အပံ့ မပေးအပ်ဟူသည် သာမဂ္ဂီပျက်စီးခြင်းငှါ အားအဆင့်မပေးအပ်။
ဒိဋ္ဌာဝိကမ္မ ကိုသော်လည်းပြု၍ ဟူသည် န မေတံ ခမတိ - ဤကံကို ငါမနှစ်သက်ဟု အယူကို ထင်ရှားစွာပြု၍ သော်လည်းတည်း။)
ဝိဋီ … သမဂ္ဂကရဏီယကံ တို့ ဟူသည် ဝိဝါဒါဓိကရုဏ်းတို့မှ ရှေး၌မညီမညွတ်ဖြစ်၍ နောက်၌ညီညွတ်ခြင်းသို့ ကပ်ရောက်သူတို့ ပြုအပ်သော ကံတို့တည်း。
မစောင့်စည်းသူတို့ ရောပြွမ်းသော ပရိတ်သတ်နှင့်အတူ လဇ္ဇီတို့သည် ညီညွတ်ခြင်းကို ပြုကုန်သလောဟု မေးဘွယ်ရှိသောကြောင့်၊ ဥပုသ်ပဝါရဏာ စသည်တို့ ရပ်တန့်စဉ်တွင် စသည်ကိုဆိုသည်။
ရပ်တန့်စဉ်ဟူသည် ဥပုသ်ပဝါရဏာတို့သည် အပ္ပဝတ္တီသု - မဖြစ်ကုန်သည် ရှိသော်။
အထောက်အပံ့ မပေးအပ်ဟူသည် ဥပရူပရိ အပ္ပဝတ္တ နတ္ထာယ -- အဆင့်ဆင့်မဖြစ်ခြင်းငှါ (ငါတို့လည်းဥပုသ်ကို မပြုကုန်အံ့) စသည်ဖြင့် ငြင်းခုံခြင်းအားဖြင့် အထောက်အပံ့ မပေးအပ်။ ဓမ္မဖြင့် ဝိနယဖြင့် ညီညွတ်ခြင်းကိုပြု၍ သမဂ္ဂတို့သည်သာလျှင် မစောင့်စည်းသော ရဟန်းတို့ကို ဆောင်အပ်၏ ဟူလို။ ထို့ကြောင့် သံဃာသည် အပြစ်ကို ဒေသနာကြား၍ စသည်ကိုဆိုသည်။
မနှစ်သက်ငြားအံ့ဟူသည် တစ်ယောက်၌ အနည်းငယ်သောအပြစ်ကိုမြင်သဖြင့် မနှစ်သက်အံ့။
ဒိဋ္ဌာဝိကမ္မ ကိုသော်လည်းပြု၍ ဟူသည်၊ န မေ ကံ ခမတိ ဟု သဘောတူရဟန်းအား မိမိအယူကို ထင်ရှားစွာ ပြ၍တည်း။
ချဉ်းကပ်အပ်၏ ဟူသည် သာသနာဆုတ်ယုတ်ခြင်း ရှိသောကြောင့် ညီညွတ်ခြင်းကို မပျက်စေ၍ ကာယသာမဂ္ဂီ ကို ပေးအပ်၏။ ဤသို့သောနေရာ၌ အလဇ္ဇီပရိဘောဂ သည် အာပတ်ကိုပြုသည်မဟုတ်၊ အပ်သည်သာတည်း။ သာသနာပျက်အောင် ပြုကျင့်သူတို့နှင့်ကား အတူတကွမအပ်။ အာပတ်သာတည်း။ သာသနာပျက်ခြင်းလည်း ဖြစ်သည်သာတည်း။ ထို့ကြောင့် ဓမ္မမဟုတ်သည်ကို စသည်ကိုဆိုလိုသည်။
ဒိဋ္ဌာဝိကမ္မ ပြုခြင်းသည် မအပ် ဟူသောစကားဖြင့် အယူကို ထင်ရှားစွာ ပြခြင်းကြောင့်လည်း အာပတ်ဟု ပြသည်။
၄၂၂။ ဝေါဟရန္တပဉ္စကများ
မြတ်စွာဘုရား - အဘယ်အင်္ဂါနှင့် ပြည့်စုံသော ရဟန်းသည်သံဃာ၌ ဝေါဟရန္တော - တရားဆုံးဖြတ်သည်ရှိသော် အများမနှစ်သက်အပ်ပါသနည်း။
ချစ်သားဥပါလိ … ငါးပါးသောအင်္ဂါနှင့် ပြည့်စုံသော ရဟန်းသည် သံဃာ၌ ဆုံးဖြတ်သည်ရှိသော် အများ မနှစ်သက်အပ်၊ ငါးပါးကား --
ဥဿိတမန္တီ - ရာဂ မောဟ မာန များသော စကားကိုဆို၏။
နိဿိတ ဇမ္ပိ - သူတပါးကိုမှီ၍ ဆို၏။
န စ ဘာသာနုသန္ဓီကုသလော - ကထာနုသန္ဓေ၊ ဝိနိစ္ဆယာနုသန္ဓေ စကားနှစ်ရပ်၌ မလိမ္မာ။
ဓမ္မနှင့်အညီ ဝိနယနှင့်အညီ အာပတ်နှင့်အညီ မစောဒနာ။
ဓမ္မ ဝိနယ အာပတ်နှင့်အညီ မဆုံးဖြတ်။
နှစ်သက်အပ် ငါးပါးကား --
ဥဿိတမန္တီ မဟုတ်၊
နိဿိတဇပ္ပီ မဟုတ်၊
ဘာသာနုသန္ဓီကုသလ ဖြစ်၏။
ဓမ္မ ဝိနယ အာပတ်နှင့်အညီ စောဒနာ၏။
ဓမ္မ ဝိနယ အာပတ်နှင့်အညီ ဆုံးဖြတ်၏。
ထို့ပြင် မနှစ်သက်အပ်ငါးပါး --
ဥဿာဒေတာ - အချို့ကို ချီးမြှောက်၏။။
အပ သာဒေတာ - အချို့ကို မောင်းမဲ၏။
အဓမ္မ ကို ယူ၏။ ဓမ္မ ကို တား၏။ အကျိုးမဲ့စကား များစွာဆို၏。
နှစ်သက်အပ် ငါးပါး …
ဥဿာဒေတာ မဟုတ်၊ အပသာဒေတာ မဟုတ်၊ ဓမ္မကိုယူ၏၊ အဓမ္မကို တား၏၊ သမ္ဖစကား များစွာမဆို。
ထို့ပြင် မနှစ်သက်အပ်ငါးပါး --
ပသယှ ပဝတ္တာ - အနိုင်အထက်နှိပ်စက်၍ဆို၏။
ခွင့်မတောင်းဘဲဆို၏။
ဓမ္မ ဝိနယ အာပတ်နှင့်အညီ မစောဒနာ။
ဓမ္မ ဝိနယ အာပတ်နှင့်အညီ မဆုံးဖြတ်။
မိမိအယူအဆအတိုင်းမဆို。
နှစ်သက်အပ် ငါးပါး -–
နှိပ်စက်၍မဆို၊ ခွင့်တောင်း၍ ဆို၏၊
ဓမ္မ ဝိနယ အာပတ်နှင့်အညီ စောဒနာ၏။
ဓမ္မ ဝိနယ အာပတ်နှင့်အညီ ဆုံးဖြတ်၏။
မိမိအယူအတိုင်း ဆို၏。
[ဥဿိတမန္တီ ဟူသည် လောဘ ဒေါသ မောဟ မာန များသော စကားကို ဆို၏။ မည်းနက်သောစကားရှိ၏။ အကျိုးမဲ့ကိုပြ၏။]
နိဿိတဇပ္ပီ ဟူသည် မိမိသဘောဖြင့် ဥဿဒယုတ္တ - ကံတည်သော စကားကိုဆိုခြင်းငှါ မတတ်နိုင်။ ငါနှင့် - မင်း၊ မင်းအမတ်သည် ဤသို့ဆို၏။ ဤမည်သောသူသည် ငါ၏ဆရာ ဥပဇ္ဈာယ်ဖြစ်၏။ ပိဋကသုံးပုံ ဆောင်၏။ ငါနှင့်အတူ ဤသို့ ပြောဆိုပြီးပြီဟု သူတပါးကို မှီ၍ဆို၏。
နဘာသာနုသန္ဓီကုသလော ဟူသည် ကထာနုသန္ဓီဝစန၌ လည်းကောင်း၊ ဝိနိစ္ဆယာနုသန္ဓီ၀စန၌ လည်းကောင်း၊ လိမ္မာသူမဟုတ်။
ဓမ္မနှင့် မညီ (ပ) မစောဒနာ ဟူသည် ဟုတ်မှန်သောဝတ္ထုဖြင့် အာပတ်ကို အောက်မေ့စေသူ၊ စောဒနာသူမဟုတ်။
ဥဿာဒေတာ ဟူသည် ငါတို့၏ဆရာသည် မဟာတိပိဋက ဖြစ်၏။ ပရမဓမ္မကထိက ဖြစ်၏၊ စသည်ဖြင်အချို့ကို ချီးမြောက်၏。
အပသာဒေတာ ဟူသည် ထိုသူသည် အဘယ်ကိုသိသနည်း။ (ဘာကိုမျှ သင်မသိ) စသည်ဖြင့် အချို့ကို ခြိမ်းချောက်၏。
အဓမ္မ ကိုယူ၏ ဟူသည် အနိယျာနိကပက္ခံ ဝဋ်မှ မထွက်မြောက်သော အဘို့ကိုယူ၏。
ဓမ္မ ကိုတား၏ ဟူသည် နိယျာနိကပက္ခ ကို တားမြစ်၏。
သမ္ဖစကား များစွာဆို၏ ဟူသည် နိရတ္ထကထာ ကို များစွာဆို၏。
ပသယှပဝတ္တာ ဟူသည် မတိုက်တွန်းအပ်ဘဲ ဝန်ကိုမတင်ဘဲ သက်သက် မာနကိုမှီ၍ လွှမ်းမိုး၍ အရာ မဟုတ်သည်၌ ဆို၏。
မိမိ အယူအဆအတိုင်းမဆို ဟူသည် မိမိ၏အယူရှိလျက် ထိုအယူကို ရှေးရှုပြု၍ မဆို။ မိမိအယူကို ချထား၍ မဟုတ်မမှန် အဓမ္မ စသည်တို့၌ ဓမ္မ စသည်ဟုယူ၍ ဆို၏ ဟူလို။
(ဝိဋီ … မည်းနက်သော စကားရှိ၏ ဟူသည် ရာဂ ဒေါသ စသည်တို့ဖြင့် ညစ်နွမ်းသောစကား ရှိ၏။
အကျိုးမဲ့ကိုပြ၏ဟူသည် အကျိုးမဲ့စကားကိုပြခြင်း ရှိသူဖြစ်၏။
မာနကို မှီ၍ ဟူသည် ဝိနိစ္ဆယကို ပြုခြင်းသည် သင်၏တာဝန်ဟု သံဃာသည် ဝန်တင်မပေးသော်လည်း ငါသာလျှင် ဆုံးဖြတ်ခြင်းငှါ ထိုက်သော သဘောရှိ၏ ဟု မာနကိုမှီ၍တည်း။)
၄၂၃။ ဝိနည်းသင်ကျိုး ပဉ္စက
မြတ်စွာဘုရား … ဝိနည်းကို သင်ကြားရာ၌ အဘယ်မျှသော အာနိသင်တို့ ရှိပါသနည်း။
ချစ်သားဥပါလိ - ဝိနည်းသင်ကြားရာ၌ ငါးပါးသောအာနိသင်တို့ရှိကုန်၏။ ငါးပါးကား -
မိမိ၏သီလအစုသည် ကောင်းစွာလုံခြုံ၍ ကောင်းစွာ စောင့်ရှောက်အပ်၏。
ကုက္ကုစ္စ နှိပ်စက်ခံရသူ တို၏ အားကိုးရာဖြစ်၏。
သံဃာ့အလယ်၌ ရဲရင့်စွာ ပြောဆိုနိုင်၏。
ရန်သူတို့ကို တရားနှင့်အညီ ကောင်းစွာနှိပ်ခြင်းကိုလည်း နှိပ်နိုင်၏。
သူတော်ကောင်း တရားတည်ခြင်းငှါ ကျင့်နိုင်၏。
ဤငါးပါးတည်း。
နပ္ပဋိပ္ပဿမ္ဘနဝဂ္ဂေါ ဒုတိယော。
ပဌမ ယမကပညတ္တိ。
၃။ ဝေါဟာရဝဂ္ဂ
၂၂ - ပဉ္စက
၄၂၄။ ဆုံးဖြတ်တတ်သူ၊ ဖြစ်ထိုက် မဖြစ်ထိုက်
မြတ်စွာဘုရား … အဘယ်မျှသောအင်္ဂါနှင့် ပြည့်စုံသော ရဟန်းသည် သံဃာ၌ တရားမဆုံးဖြတ်အပ်ပါသနည်း။
ချစ်သားဥပါလိ - ငါးပါးသောအင်္ဂါနှင့် ပြည့်စုံသော ရဟန်းသည် သံဃာ၌ တရားမဆုံးဖြတ်အပ်၊ ငါးပါးကား - အာပတ္တိကိုမသိ၊ အာပတ္တိသမုဋ္ဌာန်ကိုမသိ၊ အာပတ်၏ပယောဂကိုမသိ၊ အာပတ်၏ငြိမ်းခြင်းကိုမသိ၊ အာပတ်၏ ဝိနိစ္ဆယ၌ မလိမ္မာ၊ ဤငါးပါးတည်း။
ဆုံးဖြတ်အပ်ငါးပါး …အာပတ္တိကိုသိ၏ (ပ) ဝိနိစ္ဆယ၌လိမ္မာ၏။
ထို့ပြင် မဆုံးဖြတ်အပ်ငါးပါး … အဓိကရုဏ်းကို မသိ၊ အဓိကရုဏ်း သမုဋ္ဌာန်ကို၊ အဓိကရုဏ်း၏ပယောဂကို၊ အဓိကရုဏ်း၏ငြိမ်းခြင်းကို မသိ။ အဓိကရုဏ်း၏ ဝိနိစ္ဆယ၌ မလိမ္မာ။ ငါးပါး။
ဆုံးဖြတ်အပ်ငါးပါး … အဓိကရုဏ်း ကိုသိ၏ (ပ) လိမ္မာ၏။
ထို့ပြင် မဆုံးဖြတ်အပ်ငါးပါး -- အနိုင်အထက်နှိပ်စက်၍ဆို၏။ ခွင့်မတောင်းဘဲဆို၏။ ဓမ္မဝိနယအာပတ်နှင့် အညီ မစောဒနာ။ အညီ မဆုံးဖြတ်။ မိမိအယူအတိုင်း မဆို။
ဆုံးဖြတ်အပ်ငါးပါး --- နှိပ်စက်၍မဆို (ပ) မိမိအယူအတိုင်း ဆို၏။
ထို့ပြင် မဆုံးဖြတ်အပ်ငါးပါး -- အာပတ်နာပတ်ကိုမသိ။ လဟုဂရု အာပတ်ကို၊ သာဝသေသာနာဝသေသကို၊ ဒုဋ္ဌုလ္လာဒုဋ္ဌုလ္လကို၊ သပ္ပဋိကမ္မ အပ္ပဋိကမ္မ ကုစားကောင်း မကုစားကောင်းသော အာပတ်ကိုမသိ။
ဆုံးဖြတ်အပ်ငါးပါး --- အာပတ်နာပတ်ကို သိ၏ (ပ) သပ္ပဋိကမ္မ အပ္ပဋိကမ္မကို သိ၏။
ထို့ပြင် မဆုံးဖြတ်အပ်ငါးပါး -- ကံကိုမသိ၊ ကံပြုခြင်းကို -- ကံ၏ဝတ္ထုကို -- ကံ၏ဝတ်ကို - ကံ၏ငြိမ်းခြင်းကိုမသိ။
ဆုံးဖြတ်အပ်ငါးပါး --- သိ၏။
ထို့ပြင် မဆုံးဖြတ်အပ်ငါးပါး -- ဝတ္ထုကိုမသိ၊ နိဒါန်းကို ပညတ္တိကို ပဒပစ္စာဘဋ္ဌ။ ရှေ့ထားအပ်သောပုဒ် နောက်ထားအပ်သောပုဒ်ကို – အနုသန္ဓိဝစနပထကို မသိ။
ဆုံးဖြတ်အပ်ငါးပါး --- သိ၏။
ထို့ပြင် မဆုံးဖြတ်အပ်ငါးပါး -- ဆန္ဒာဂတိသို့လိုက်၏။ ဒေါသာဂတိသို့ လိုက်၏။ မောဟာဂတိသို့ လိုက်၏။ ဘယာဂတိသို့ လိုက်၏။ အလဇ္ဇီဖြစ်၏။
ဆုံးဖြတ်အပ်ငါးပါး -- အဂတိမလိုက် (ပ) လဇ္ဇီဖြစ်၏။
ထို့ပြင် မဆုံးဖြတ်အပ်ငါးပါး –- ဆန္ဒာဂတိ (ပ) ဘယာဂတိသို့ လိုက်၏။ ဝိနည်း၌မလိမ္မာသူဖြစ်၏။
ဆုံးဖြတ်အပ်ငါးပါး -- ဆန္ဒာ -- (ပ) -- လိမ္မာသူ ဖြစ်၏။
ထို့ပြင် မဆုံးဖြတ်အပ်ငါးပါး -- ဉာတ္တိကိုမသိ၊ ဉာတ်ဖြင့်ပြုခြင်းကို - ဉာတ်၏ကမ္မဝါစာကို - ဉာတ်၏သမထကို - ဉာတ္တိဖြင့်ငြိမ်းခြင်းကို မသိ။
ဆုံးဖြတ်အပ်ငါးပါး -- ဉာတ်ကို (ပ) ငြိမ်းခြင်းကို သိ၏။
ထို့ပြင် မဆုံးဖြတ်အပ်ငါးပါး -- သုတ္တကိုမသိ၊ သုတ္တာနုလောမကို - ဝိနယကို - ဝိနယာနုလောမကို မသိ။ အကြောင်းဟုတ်မဟုတ်၌ မလိမ္မာ။
ဆုံးဖြတ်အပ်ငါးပါး --- သုတ္တကိုသိ၏။ (ပ) လိမ္မာ၏။
ထို့ပြင် မဆုံးဖြတ်အပ်ငါးပါး --- ဓမ္မကို - ဓမ္မာနုလောမကို - ဝိနယကို - ဝိနယာနုလောမကို မသိ။ ရှေ့နောက် မလိမ္မာ။
ဆုံးဖြတ်အပ်ငါးပါး --- ဓမ္မကို သိ၏ (ပ) ရှေ့နောက် လိမ္မာ၏။
[အာပတ်၏ ပယောဂ ဟူသည် ဤ အာပတ်သည် ကာယပယောဂရှိ၏။ ဤသည် ဝစီပယောဂရှိ၏ဟု မသိ။
အာပတ်၏ ငြိမ်းခြင်းကား ဤအာပတ်သည် ဒေသနာဖြင့်ငြိမ်း၏။ ဤသည် ဝုဋ္ဌာနဖြင့် ငြိမ်း၏။ ဤသည် ဒေသနာဝုဋ္ဌာနတို့ဖြင့်မငြိမ်းဟု မသိ။
အာပတ်၏ ဝိနိစ္ဆယ၌ မလိမ္မာ ဟူသည် ဤဝတ္ထု၌ ဤအာပတ်ဟု မသိ။ အပြစ်အားလျော်စွာ အာပတ်ကို ထုတ်၍ တည်စေခြင်းငှါ မစွမ်းနိုင်。
အဓိကရုဏ်းသမုဋ္ဌာန် ဟူသည် ဤအဓိကရုဏ်းသည် (၁၈)ပါးသော ဘေဒကရဝတ္ထုတို့ကိုမှီ၍ ဖြစ်၏၊ ဤသည် လေးပါးသော ဝိပတ္တိတို့ကို၊ ဤသည်အာပတ်အစုငါးပါး ခုနစ်ပါးတို့ကို၊ ဤသည် သံဃာ့ကိစ္စလေးပါးတို့ကိုမှီ၍ ဖြစ်၏ဟု မသိ။
ပယောဂဟူသည် ဤအဓိကရုဏ်းသည် (၁၂) ပါးသော မူလပယောဂရှိ၏။ ဤသည် (၁၄) ပါးသော၊ ဤသည် ခြောက်ပါးသော၊ ဤသည် တစ်ပါးသော မူလပယောဂ ရှိ၏ဟု မသိ။ မိမိ၏ မူလသည်သာလျှင် အဓိကရုဏ်း တို့၏ ယောဂ မည်ကုန်၏။ ထိုမူလ အားလုံးကိုမသိ ဟူလို။
ငြိမ်းခြင်း ဟူသည် ဤအဓိကရုဏ်းသည် သမထနှစ်ပါး၊ သုံးပါး၊ လေးပါး၊ တစ်ပါးဖြင့် ငြိမ်း၏ဟု မသိ။
ဝိနိစ္ဆယ၌ မလိမ္မာ ဟူသည်- အဓိကရုဏ်းကိုဆုံးဖြတ်၍ သမထသို့ရောက်စေခြင်းငှါမသိ။
ကံကိုဟူသည်- တဇ္ဇနီယစသော ခုနစ်ပါးသောကံကို မသိ။
ကံပြုခြင်းကို ဟူသည်- ဤကံကို ဤနည်းဖြင့် ပြုအပ်ဟုမသိ။ ကံ၏ဝတ္ထုကား- ဤသည် တဇ္ဇနီယကံ၏ ဝတ္ထု၊ นိဿယစသည်တို့၏ ဝတ္ထုဟု မသိ။
ကံ၏ဝတ်ကား - တဇ္ဇနီယ၊ နိယသ၊ ပဋိသာရဏိယ၊ ပဗ္ဗာဇနိယ ကံလေးပါး၏ (၁၈) ပါးသော ကျင့်ဝတ်ကို လည်းကောင်း၊ ဥက္ခေပနိယသုံးပါး၏ (၄၃) ပါးသောကျင့်ဝတ်ကို လည်းကောင်း မသိ။ ကံ၏ငြိမ်းခြင်းကား- ဝတ်တို့ကိုကျင့်၍ တောင်းပန်သူအား ကံကို ငြိမ်းစေအပ်၏။ အပြစ်ကို ဒေသနာကြားစေအပ်၏ဟု မသိ။
ဝတ္ထုကို မသိဟူသည်- အာပတ်အစု ခုနစ်ခုတို့၏ ဝတ္ထုကိုမသိ။
နိဒါန်းဟူသည်- ဤသိက္ခာပုဒ်ကို ဤမြို့၌ ပညတ်သည်ဟုမသိ။
ပညတ္တိဟူသည်- ပညတ္တိ အနုပညတ္တိ၊ အနုပ္ပန္နပညတ္တိ ဟူသော သုံးပါးသော ပညတ္တိကိုမသိ။
ပဒပစ္စာဘဋ္ဌ ဟူသည်- သမ္မုခါကာတဗ္ဗ ရှေးဦးစွာ ထားအပ်သော ပုဒ်ကိုမသိ။ ဗုဒ္ဓေါ ဘဂဝါ - ဟုဆိုအပ်လျှက် ဘဂဝါ ဗုဒ္ဓေါ-ဟူ၍ ရှေ့နောက်၊ အောက်ထက်ပြန်၍ ယှဉ်တွဲ၏။ (လင်မယားကို မယားလင်၊ ညီအစ်ကိုကို အစ်ကိုညီ စသည် ယှဉ်တွဲ၏။)
ဝိနည်း၌ မလိမ္မာသူ ဟူသည် ဝိနည်းပါဠိတော်၌လည်းကောင်း၊ အဋ္ဌကထာ၌လည်းကောင်း၊ မလိမ္မာ။
ဉာတ်ကိုမသိ ဟူသည် ဧသာဉာတ္တိဟုမညွှန်းသော ဉာတ္တိသည် ကမ္မဉာတ်မည်၏။ ဧသာဉာတ္တိဟုညွှန်းသော ဉာတ္တိသည် ကမ္မပါဒ ဉာတ္တိမည်၏။ ထိုဉာတ်တို့ကို မသိ။
ဉာတ်ဖြင့်ပြုခြင်း ဟူသည် ကိုးခုသောဌာန၌ ကမ္မဉာတ်ဖြင့် ပြုခြင်းကို လည်းကောင်း၊ နှစ်ခုသော ဌာန၌ ကမ္မပါဒဉာတ်ဖြင့် ပြုခြင်းကိုလည်းကောင်း မသိ။
ဉာတ်၏ ကမ္မဝါစာ ဟူသည် ဤဉာတ်၌ကမ္မဝါစာတစ်ကြိမ်ရှိ၏။ သုံးကြိမ် ရှိ၏ဟုမသိ။
ဉာတ်၏သမထ ဟူသည် သတိ၊ အမူဠ၊ တဿ၊ တိဏ- လေးခုသော သမထသည် ဉာတ်နှင့်ကင်း၍မဖြစ်။ ထိုလေးခုကို ဉာတ်ဖြင့် ငြိမ်းစေသော ဉာတ်၏သမထဟု မသိ။
ဉာတ်ဖြင့်ငြိမ်းခြင်း ဟူသည် လေးပါးသော ဉာတ္တိသမထဖြင့် ငြိမ်းသော အဓိကရုဏ်း၏ ငြိမ်းခြင်းကို ဉာတ်ဖြင့် ငြိမ်းခြင်းကိုပြုသည်ဟု မသိ။
သုတ္တကိုမသိ ဟူသည်- ဥဘတောဝိဘင်းကို မသိ။
သုတ္တာနုလောမ ဟူသည်- ပဟာပဒေသလေးပါးကိုမသိ။
ဝိနယ ဟူသည် ခန္ဓကပရိဝါကိုသာ မသိ။
ဝိနယာနုလောမ ဟူသည် ပဟာပဒေသလေးပါး တို့ကိုလည်း မသိ။
အကြောင်းဟုတ် မဟုတ် ဟူသည် - သင့်သောအကြောင်း မသင့်သောအကြောင်း၌ မလိမ္မာ။
-
ဓမ္မတို့ဟူသည်- ဝိနယမှ ကြွင်းသော ပိဋကဒွယကိုမသိ။
ဓမ္မာနုလောမ ဟူသည်- သုတ္တန်၌လာသော မဟာပဒေသ လေးပါးကို မသိ။
ဝိနယကို ဟူသည်- ခန္ဓကပရိဝါကိုသာ မသိ။
ဝိနယာနုလောမ ဟူသည်- မဟာပဒေသလေးပါးတို့ကို မသိ။
ဤပဉ္စက၌ ဥဘတော ဝိဘင်းကို မရေတွက်။ ထို့ကြောင့် ကုရုန္နီ၌ - ဝိနယကို ဟူသည် အလုံးစုံသော ဝိနယပိဋကကိုမသိဘဲဟုဆိုသည်။ ထိုစကားကို ယူအပ်၏။
(ထာနိသျ၌ နဂဟေတဗ္ဗံ၊ မယူအပ်ဟုဆို၏။ ချွတ်ဟန်တူသည်။)
ရှေ့နောက် မလိမ္မာဟူသည်- ရှေ့စကား၌လည်းကောင်း နောက်စကား၌လည်းကောင်း မလိမ္မာ၊ အကြွင်းကား ဝုတ္တပဋိပက္ခ စွမ်းဖြင့်သာ သိသာသောကြောင့် လည်းကောင်း၊ ရှေး၌ပြပြီးဖြစ်သောကြောင့်လည်းကောင်း ပေါ်လွင်၏။]
(ဇီဋီ။ ။ ဘေဒကရဝတ္ထုမှီ၍ ဝိဝါဒါဖြစ်၏။ ဤသို့စသည်ဖြင့် အစဉ်အတိုင်းဖြစ်၏။ ကောဓ ဥပနာဟစသော (၁၂) ပါးသော မူလပယောဂရှိသော ဝိဝါဒါ။ အကြွင်းတို့၌ ထို့အတူတည်း။
သံဃာ့ဘောင်သို့သွင်းခြင်း စသော ကိုးဌာန၌ ကမ္မဉာတ်ဖြင့်ပြု၏။ ဉာတ္တိဒုတိယ၊ ဉာတ္တိစတုတ္ထ နှစ်ဌာနတို့၌ ကမ္မပါဒဉာတ်ဖြင့်ပြု၏။
မဟာအဋ္ဌကထာနည်းဖြင့် ဥဘတော ဝိဘင်းကိုမရေတွက်ခြင်းကြောင့် ကုရုန္ဒီ၌ဆိုသော စကားကိုယူအပ်၏။
သာဋီ။ ။ ကာယပယောဂဖြင့် ရောက်သော အာပတ်သည် ကာယပယောဂအာပတ် မည်၏။
ဝစီပယောဂဖြင့်ရောက်လျှင် ဝစီပယောဂမည်၏။
ကိုးခုသောဌာနကား သွင်းခြင်းစသော ကိုးဌာနတည်း၊
နှစ်ခုသောဌာနကား ဉာတ္တိဒုတိယကံ၊ ဉာတ္တိစတုတ္ထ ကံတို့တည်း။
မဟာအဋ္ဌကထာနည်းဖြင့် ဥဘတောဝိဘင်းကို မရေတွက်ခြင်းကြောင့် ကုရုဒ္ဓိ၌ဆိုသောစကားကိုယူအပ်၏။)
ဝိဋီ။ ။ ကမ္မဘူတာဉာတ္တိ - ကမ္မဉာတ္တိကံဖြစ်သော ဉာတ်၊ ကမ္မဝါစာကို မငဲ့သောဉာတ်ဟူလို။
ဉာတ္တိဒုတိယကံ စသည်တို့၌ အနုသာဝနကမ္မ၏ အခြေတည်ရာဖြစ်သောဉာတ်သည် ကမ္မပါဒဉာတ်မည်၏။
ကိုးခုသောဌာန၊ နှစ်ခုသောဌာန၌ သာဋီအတိုင်းတည်း။
သုတ္တာနုလောမ ဟူသည်ကို ဥဘတောဝိဘင်း၌ သုတ္တာနုလောမဖြစ်သော မဟာပဒေသတို့ကို ရည်ဆိုသည်။
ဝိနယာနုလောမကို ခန္ဓကပရိဝါရာနုလောမဖြစ်သော မဟာပဒေသတို့ကို ရည်ဆိုသည်။
သုတ္တန်၌လာသော မဟာပဒေသ ဟူသည် သုတ္တန် အဘိဓမ္မာတို့၌ ခွင့်ပြုသောသုတ်၊ ပယ်သောသုတ်တို့အား လျော်သည့် စွမ်းဖြင့် နည်းအားဖြင့် ယူအပ်သော လေးပါးသောအနက်တို့တည်း။)
ဝေါဟာရဝဂ္ဂေါ တတိယော။
၄။ ဒိဋ္ဌာဝိကမ္မဝဂ်
၁၉ - ပဉ္စက
၄၂၅။ ဒေသနာကြားသုံးပါးအထိ
မြတ်စွာဘုရား အဓမ္မိက ဒိဋ္ဌာဝိကမ္မတို့သည် အဘယ်မျှပါနည်း။ ချစ်သားဥပါလိ … အဓမ္မိက ဒိဋ္ဌာဝိကမ္မတို့သည် ငါးပါးဖြစ်ကုန်၏။ ငါးပါးကား …
အနာပတ္တိဖြင့် ဒိဋ္ဌိံ အာဝိကရောတိ - အယူကိုထင်စွာပြု၏။
အဒေသနာဂါမိနိယာဖြင့် အယူကိုထင်ရှားစွာပြု၏။
ကြားပြီး သောအာပတ်ဖြင့် အယူကိုထင်စွာပြု၏။
လေးပါး ငါးပါးတို့ဖြင့် အယူကို ထင်စွာပြု၏။
စိတ်ဖြင့်အယူကိုထင်စွာပြု၏။ ဤငါးပါးတည်း။
ချစ်သား ဥပါလိ၊ ဓမ္မိက ဒိဋ္ဌာဝိကမ္မတို့သည် ငါးပါးဖြစ်ကုန်၏။ ငါးပါးကား …
အာပတ္တိဖြင့် အယူကို ထင်စွာပြု၏။ ဒေသနာဂါမိဖြင့် -- မကြားသေးသော အာပတ်ဖြင့် -- လေးပါး ငါးပါး မဟုတ်သဖြင့် -- စိတ်မဟုတ်ခြင်းဖြင့် အယူကို ထင်စွာပြု၏။ ဤငါးပါးတည်း။
ထို့ပြင် အဓမ္မိကငါးပါး -- နာနာသံဝါသကထံ အယူကိုထင်စွာပြု၏။ သိမ်အသီးသီး၌ တည်သူထံ ပြု၏။ အပကတတ်ထံ ပြု၏။ လေးပါး ငါးပါးဖြင့် ပြု၏။ စိတ်ဖြင့် ပြု၏။
ဓမ္မိကငါးပါး --- သမာန သံဝါသကထံ ပြု၏။ သိမ်တူနေသူထံပြု၏။ ပကကတ်ထံပြု၏။ လေးပါး ငါးပါးမဟုတ်ဘဲပြု၏။ စိတ်ဖြင့် မဟုတ်ဘဲပြု၏။
[ဒိဋ္ဌိဝိကမ္မ ဟူသည် - အယူတို့ကိုထင်စွာပြုခြင်း၊ အယူကို ပြခြင်းတည်း။ အာပတ်ကိုဒေသနာကြားခြင်းဟူသော ဝိနည်းကံတို့၏ အမည်ဖြစ်၏။
အနာပတ္တိဖြင့်အယူကိုထင်စွာပြုခြင်းကား အနာပတ္တိကိုသာလျှင် အာပတ္တိဟု ဒေသနာကြား၏ ဟူလို။
အဒေသနာဂါမိဖြင့် ဟူသည် - ဂရုကအာပတ္တိဖြင့် အယူထင်စွာပြု၏။ သံဃာဒိသေသ် ပါရာဇိကကို ဒေသနာ ကြား၏ဟူလို။
ကြားပြီးဟူသည် ကြားပြီးသော လဟုကအာပတ်ဖြင့်လည်း ထင်စွာပြု၏။ ကြားပြီးကို တဖန်ကြားသည် ဟူလို။
လေးပါးငါးပါးတို့ဖြင့်ဟူသည် -လေးပါး ငါးပါးတို့ဖြင့်ထင်စွာပြုသကဲ့သို့ ပြု၏။ လေးပါးငါးပါး တပေါင်းတည်း အာပတ်ကို ဒေသနာကြားကြသည်ဟူလို။
စိတ်ဖြင့်ဟူသည် မနဟူသော စိတ်ဖြင့် ထင်စွာပြု၏။ ဝစီဘေဒ မပြုဘဲ စိတ်ဖြင့်သာ အာပတ်ကို ဒေသနာ ကြားသည်ဟူလို။
နာနာသံဝါသကထံ ဟူသည်- လဒ္ဓိနာနာသံဝါသက ထံ၌လည်းကောင်း၊ ကမ္မနာနာသံဝါသကထံ၌ လည်းကောင်း၊ အာပတ်ကိုဒေသနာကြား၏။
သိမ်အသီးသီး၌ တည်သူထံ ဟူသည် - သမာနသံဝါသက ထံ၌သော်လည်း သိမ်တစ်ခု တစ်ခုစီ၌ နေသူထံ ထင်စွာပြု၏။ သိမ်ပေါ်၌ နေလျက် သီမန္တရိက်၌ သိမ်အကြား၌ တည်သူထံ၌ လည်းကောင်း၊ သီမန္တရိက်၌ နေလျက် အဝိပ္ပဝါသသိမ်၌ တည်သူထံ၌ လည်းကောင်း၊ အာပတ်ကိုဒေသနာကြားခြင်းငှါမအပ်။
အပကတတ်ထံ ဟူသည် ဥက္ခိတ္တကရဟန်းထံ၌ လည်းကောင်း၊ ဥပုသ် ပဝါရဏာထားရာဖြစ်သော ရဟန်းထံ၌ လည်းကောင်း၊ ဒေသနာကြား၏ ဟူလို။
(ဇီဋီ။ ။ သုံးပါးထက်အလွန် အတူတကွ အာပတ်ကို ဒေသနာကြားခြင်းငှါ မအပ်ကုန်။
ကမ္မနာနာသံဝါသကတို့၏ အယူကိုယူသူသာလျှင် လဒ္ဓိနာနာသံဝါသက မည်၏။
အဝိပ္ပဝါသသိမ်ဟူသည်ကို မဟာသိမ်ကို ရည်ဆိုသတတ်။
သာဋီ။ ။ လေးပါးငါးပါးတို့ဖြင့်ဟု ဆိုသောကြောင့်၊ နှစ်ပါးဖြစ်စေ သုံးပါးဖြစ်စေ တပေါင်းတည်း ဒေသနာ ကြားခြင်းငှါ အပ်၏။ ထိုတက်အလွန် မအပ်။
သိမ်ပေါ်၌ဟူသည် ခဏ္ဍသိမ်၌တည်း။ (ခဏ္ဍသိမ်ကို မာဠကသိမ်ဟူ၍လည်းခေါ်သည်။)
အဝိပ္ပဝါသသိမ်သည် မဟာသိမ်ဖြစ်၏။)
ဝီဋီ။ ။ အယူတို့ကိုထင်စွာပြုခြင်း ဟူသည် အာပတ်ကို လဇ္ဇီတို့အား ပြခြင်းတည်း။ အာပတ်ဒေသနာကြားသော ဝိနည်းကံဟူလို။
လေးပါးငါးပါးတို့ဖြင့်ဟူသည် ထင်စွာပြုလျှင် လေးပါး ငါးပါး တပေါင်းတည်း ပုဂ္ဂိုလ်တစ်ဦးထံ အာပတ်ကို ဒေသနာကြားသည်မည်၏။ ဤသို့ကြားသူသည် မိမိနှင့်အတူ သုံးပါးကို လေးပါးကိုခေါ်၍တစ်ဦးထံကြား၏။ ဤသို့ ကြားခြင်းငှါမအပ်။ ကြားအပ်သော အာပတ်လည်းမထ၊ ကြားခြင်းကြောင့် ဒုက္ကဋ်လည်းသင့်၏။ နှစ်ပါးသုံးပါး တပေါင်းတည်းကြားခြင်းငှါအပ်၏။)
(ခုဒ္ဒသိက္ခာဋီကာ၌ ပဿသိအာဝုသော တံ အာပတ္တိံ - တာ အာပတ္တိလော - ဟုပြန်ပေးသောအခါ ထိုသုံးပါးအား တစ်ပါး တစ်ပါးစီအားသာလျှင် ခွဲ၍မေးအပ်၏ ဟုဆို၏။
ပဉ္စကနှစ်ခုပေါင်းလျှင် ရှစ်ပါးဖြစ်၏။ ထိုတွင် နာနာသံဝါသကထံ ကြားခြင်း စိတ်ဖြင့်ကြားခြင်းတို့သည် အာပတ်မှမထကြောင်း ထင်ရှား၏။ ထိုတို့နှင့် အတူပြုခြင်းကြောင့်၊ ရှစ်ပါးလုံးသည်လည်း အာပတ်မှမထ။ ဝိနည်းကံကျွတ်သည် ရှစ်ပါးလုံးဒုက္ကဋ်လည်း ထပ်သင့်သည်ဟု ဆရာတို့မိန့်ဆိုကုန်၏။)
၄၂၆။ အကပ်ခံခြင်း
မြတ်စွာဘုရား အဓမ္မိကပဋိဂ္ဂဟတို့သည် အဘယ်မျှပါနည်း။
ချစ်သားဥပါလိ … အဓမ္မိကပဋိဂ္ဂဟဏ သည် ငါးပါးဖြစ်ကုန်၏။ ငါးပါးကား --
ကာယဖြင့်ပေးသည်ကို ကာယဖြင့် မခံခြင်း၊
ကာယဖြင့်ပေးသည်ကို ကာယပဋိဗဒ္ဓဖြင့်မခံခြင်း၊
ကာယပဋိဗဒ္ဓဖြင့် ပေးသည်ကို ကာယဖြင့်မခံခြင်း၊
ကာယပဋိဗဒ္ဓဖြင့် ပေးသည်ကို ကာယပဋိဗဒ္ဓဖြင့်မခံခြင်း၊
နိဿဂ္ဂိယဖြင့် ပေးသည်ကိုကာယဖြင့် လည်းကောင်း၊ ကာယပဋိဗဒ္ဓဖြင့် လည်းကောင်း အကပ်မခံခြင်း ငါးပါးတည်း။
ဓမ္မိကပဋိဂ္ဂဟတို့သည် ငါးပါးဖြစ်ကုန်၏။ ငါးပါးကား …
ကာယဖြင့်ပေးသည်ကို ကာယဖြင့်ခံခြင်း၊
ကာယဖြင့်ပေးသည်ကို ကာယပဋိဗဒ္ဓဖြင့် ခံခြင်း၊
ကာယပဋိဗဒ္ဓဖြင့် ပေးသည်ကို ကာယဖြင့်ခံခြင်း၊
ကာယပဋိဗဒ္ဓဖြင့် ပေးသည်ကို ကာယပဋိဗဒ္ဓဖြင့်ခံခြင်း၊
နိဿဂ္ဂိယဖြင့် ပေးသည်ကိုကာယဖြင့် လည်းကောင်း၊ ကာယပဋိဗဒ္ဓဖြင့် လည်းကောင်း အကပ်ခံခြင်း ငါးပါးတည်း။
၄၂၇။ အတိရိတ်ဝိနည်းကံ
မြတ်စွာဘုရား အနတိရိတ္တတို့သည် အဘယ်မျှပါနည်း။
ချစ်သားဥပါလိ … အနတိရိတ္တတို့သည် ငါးပါး ဖြစ်ကုန်၏။ အကပ္ပိယကိုပြုခြင်း၊ အကပ်မခံဘဲ ပြုခြင်း၊ မချီ မမြှောက် မညွတ်ဘဲပြုခြင်း၊ ဟတ္ထပါသ်တွင်း မနေဘဲပြုခြင်း၊ အလမေတံသဗ္ဗံဟုမဆိုခြင်း ငါးပါးတည်း။
အတိရိတ္တတို့သည် ငါးပါး ဖြစ်ကုန်၏။ ကပ္ပိယ အပ်သည်ကိုပြုခြင်း၊ အကပ်ခံ၍ပြုခြင်း၊ ချီမြှောက်ညွတ်၍ပြုခြင်း၊ ဟတ္ထပါသ်တွင်း၌နေ၍ပြုခြင်း၊ အလမေတံသဗ္ဗံဟု ဆိုခြင်း ငါးပါးတည်း။
၄၂၈။ ပဝါရိတ်သင့်ခြင်း
မြတ်စွာဘုရား အဘယ်မျှသော ခြင်းရာတို့သည် (ပဝါရဏာ) တားမြစ်ခြင်း ပဝါရိတ်သည် ထင်ပါသနည်း၊
ချစ်သားဥပါလိ … ငါးပါးသောခြင်းရာတို့ဖြင့် ထင်၏။ ငါးပါးကား -
အသနံ- စားဆဲသည်။ ပညာယတိ- ထင်၏။
ဘောဇနံ - ဘောဇဉ်ငါးပါးသည် ထင်၏။
ဟတ္ထပါသ်၌တည်၏။
ရှေးရှုဆောင်၏။
တားမြစ်ခြင်းသည်ထင်၏။ ဤငါးပါးတည်း။
၄၂၉။ ပဋိညာတကရဏ
မြတ်စွာဘုရား … အဓမ္မိကပဋိညာတကရဏတို့သည် အဘယ်နည်း။
ချစ်သားဥပါလိ အဓမ္မိကပဋိညာတကရဏတို့သည် ငါးပါးဖြစ်၏။ ငါးပါးကား …
ရဟန်းသည် ပါရာဇိကသို့ရောက်လျက် စောဒနာသောအခါ သံဃာဒိသေသ်သို့ ရောက်သည်ဟု ဝန်ခံ၍ သံဃာသည် သံဃာဒိသေသ်ဖြင့် ပြုစေအံ့ (ဆုံးဖြတ်အံ့၊ ပရိဝါသ်နေခိုင်းအံ့) အဓမ္မိကပဋိညာတကရဏဖြစ်၏။
ရဟန်းသည် ပါရာဇိကသို့ရောက်လျက် စောဒနာသောအခါ ပါစိတ်၊ ပါဋိဒေသနီ၊ ဒုက္ကဋ်သို့ ရောက်သည်ဟု ၀န်ခံ၍ ဒုက္ကဋ်ဖြင့်ပြုစေအံ့၊ အဓမ္မိကပဋိညာတကရဏဖြစ်၏။
သံဃာဒိသေသ်သို့ ရောက်လျက် ---။ ပါစိတ်သို့ ---။ ပါဋိဒေသနီသို့ ---။ ဒုက္ကဋ်သို့ ရောက်လျက် ပါရာဇိကကို၊ သံဃာဒိသေသ်ကို၊ ပါစိတ်ကို၊ ပါဋိဒေသနီကို ဝန်ခံ၍ ဝန်ခံတိုင်းပြုစေအံ့၊ အဓမ္မိကပဋိညာတကရဏဖြစ်၏။
(အာပတ် ငါးပါးသို့ရောက်၍ မရောက်သော အာပတ်ကို ဝန်ခံခြင်းငါးမျိုး။ ဝန်ခံတိုင်း ဆုံးဖြတ်ခြင်းငါးမျိုး၊ ဝါ-ကုစား ငါးမျိုး။)
ချစ်သားဥပါလိ - ဓမ္မိကပဋိညာတ ကရဏသည် ငါးပါးဖြစ်၏။ ရဟန်းသည်ပါရာဇိကသို့၊ သံဃာဒိသေသ်သို့၊ ပါစိတ်သို့၊ ပါဋိဒေသနီသို့၊ ဒုက္ကဋ်သို့ရောက်လျက် စောဒနာသောအခါ ရောက်သော အာပတ်ကိုဝန်ခံ၍ သံဃာသည် ထိုဝန်ခံတိုင်းပြုစေအံ့၊ ဓမ္မိကပဋိညာတကရဏဖြစ်၏။
၄၃၀။ သြကာသကမ္မ
မြတ်စွာဘုရား … အဘယ်အင်္ဂါနှင့်ပြည့်စုံသော ရဟန်းအား အခွင့်ပေးခြင်းအမှုကို ပြုစေသည်ရှိသော် ဩကာသကမ္မကို ပြုခြင်းငှါ မထိုက်ပါသနည်း။ ချစ်သားဥပါလိ - ငါးပါးသောအင်္ဂါနှင့် ပြည့်စုံသောရဟန်းအား အခွင့်တောင်းသည်ရှိသော် အခွင့် မပြုအပ်၊ ငါးပါးကား -- အလဇ္ဇီဖြစ်၏။ ဗာလဖြစ်၏။ အပကတတ္တဖြစ်၏။ စဝနာဓိပ္ပါယဖြင့်ဆို၏။ ဝုဋ္ဌာနာဓိပ္ပါယဖြင့်မဆို။ ဤငါးပါးတည်း။
အခွင့်ပြုအပ်ကား ငါးပါးတည်း။ လဇ္ဇီဖြစ်၏။ ပဏ္ဍိတဖြစ်၏။ ပကတတ္တဖြစ်၏။ ဝုဋ္ဌာနာဓိပ္ပါယဖြင့်ဆို၏။ စာဝနာဓိပ္ပါယဖြင့်မဆို။ ဤငါးပါးတည်း။
[သြကာသကမ္မကိုပြုခြင်းငှါ မထိုက်သူ ဟူသည် ခွင့်ပြုခြင်းငှါ နပရိယတ္တံ -မသင့်။ ခွင့်မပြုအပ်ဟူလို။ ဤ၌လည်း အပကတတ္တသည် ဥက္ခိတ္တကနှင့် ထားအပ်သောဥပုသ် ပရိဝါဏာရှိသူတို့ပင်တည်း။
စာဝနာဓိပ္ပါယ ဟူသည် သာသနာမှ ရွေ့စေခြင်းငှါ အလိုရှိသူတည်း။]
(ဤ၌ အပကတတ္တသည် ဥက္ခိတ္တကနှင့် ဥပုသ်ပရဝါဏာ ထားအပ်သူ။ ယခင်၌ အပကတတ္တသည် ဝိနည်း၌ မလိမ္မာသူ နှစ်မျိုးကွဲ ပြား၏။)
၄၃၁။ ဝိနည်းဆွေးနွေးအပ်သူ
မြတ်စွာဘုရား … အဘယ်မျှ အင်္ဂါနှင့် ပြည့်စုံသော ရဟန်းနှင့်အတူ ဝိနည်းကို မဆွေးနွေးအပ်ပါသနည်း။ ချစ်သား ဥပါလိ၊ ငါးပါး။ ငါးပါးကား -- ဝတ္ထုကိုမသိ၊ နိဒါန်းကို၊ ပညတ္တိကို၊ ပဒပစ္စာဘဋ္ဌ - ရှေ့ထားအပ် နောက်ထားအပ်သောပုဒ်ကို မသိ။ အနုသန္ဓိဝစနပထ နှစ်ရပ်ကိုမသိ။ ငါးပါးတည်း။
ချစ်သား ဥပါလိ၊ ဆွေးနွေးအပ်သူ အင်္ဂါငါးပါးကား -- ဝတ္ထုကို နိဒါန်းကို ပညတ္တိကို ပဒပစ္စာဘဋ္ဌကို အနုသန္ဓိဝစနပထကို သိ၏။ ဤငါးပါးတည်း။
၄၃၂။ ပဥှာ ပုစ္ဆာ
မြတ်စွာဘုရား … ပြဿနာမေးခြင်းတို့သည် အဘယ်မျှတို့ပါနည်း။ ချစ်သားဥပါလိ၊ ငါးပါး။
နံ့ခြင်း၊ တွေဝေခြင်းကြောင့် ပြဿနာကိုမေး၏။
ယုတ်မာသော အလိုဆိုးရှိ၍မေး၏။
ပရိဘဝါ - နှိပ်စက်လို၍မေး၏။
သိလို၍မေး၏။
ငါမေးသည် ကောင်းစွာဖြေလျှင် သင့်၏။ ကောင်းစွာမဖြေလျှင် ငါသည် ထိုသူအား ကောင်းစွာဖြေမည်ဟု နှလုံးသွင်း၍မေး၏။ ဤငါးပါးတည်း။
[နုံခြင်းဟူသည် နုံ့သူ၏အဖြစ်ကြောင့် တွေဝေသူ၏အဖြစ်ကြောင့် ဖြေသည်ကိုပင် သိခြင်းငှါမစွမ်းနိုင်သူဖြစ်၏။ သက်သက်မိမိ၏ တွေဝေခြင်းကို ပြလျက်သာ ဥမ္မတ္တကကဲ့သို့မေး၏။
ယုတ်မာသော အလိုဆိုးရှိ၍ ဟူသည် ဤသို့ မေးလျှင် လူအပေါင်းတို့သည် ချီးမွမ်းလတ္တံ့ဟု ယုတ်မာသော အလိုဖြင့်မေး၏။
ပရိဘဝါဟူသည် ပရိဘာဝကို တင်လို၍ နှိပ်စက်ခြင်းကို တင်လို၍ (အပြစ်တင်လို၍) မေး၏။ အညဗျာကရဏ ၌လည်း ဤနည်းသာတည်း။]
၄၃၃။ အညဗျာကရဏ
မြတ်စွာဘုရား … အညဗျာကရဏ အရဟတ္တဖိုလ်ကို ပြောကြားခြင်းတို့သည် အဘယ်မျှတို့ပါနည်း။ ချစ်သားဥပါလိ - ငါးပါး ---
နုံ့ခြင်း တွေဝေခြင်းကြောင့် အရဟတ္တဖိုလ်ကိုပြောကြား၏။
ယုတ်မာသောအလိုဆိုးရှိ၍ အရဟတ္တဖိုလ်ကိုပြောကြား၏။
ဥမ္မာဒါ စိတ္တက္ခေပါ ရူးသွပ်ခြင်း စိတ်ပြန့်လွင့်ခြင်းကြောင့် ပြောကြား၏။
ရပြီဟုထင်မြင် လွန်ကဲသောထင်ခြင်းဟူသော အဓိမာနဖြင့်ပြောကြား၏။
ဟုတ်မှန်သည်ကို ပြောကြား၏။
ဤငါးပါးတည်း။
[အဓိဂတ - ရပြီဟု။ မနာ - မှတ်ထင်ခြင်းသည် အဓိမာန။ တစ်နည်း အဓိက-လွန်ကဲသော။ မာန - မှတ်ထင်ခြင်းသည် အဓိမာန မည်၏။
ဥတ္တရိမနုဿဓမ္မကိုမရဘဲ ရပြီဟု ထင်ခြင်းသည် ယနေ့ နက်ဖြန် တရားထူး ရပေတော့မည်ဟု လွန်စွာ အားထုတ်သူအားသာ ဖြစ်၏။]
၄၃၄။ ဝိသုဒ္ဓိ
မြတ်စွာဘုရား ... ဝိသုဒ္ဓိ - စင်ကြယ်ခြင်းတို့သည် အဘယ်မျှတို့ပါနည်း။ ချစ်သားဥပါလိ ငါးပါး ---
၁။ နိဒါန်းကိုပြ၍အကြွင်းကို သုတဖြင့် ရွတ်ဆိုခြင်း၊
၂။ နိဒါန်းပါရာဇိကကိုပြ၍ အကြွင်းကိုသုတဖြင့်ရွတ်ဆိုခြင်း၊
၃။ နိဒါန်း ပါရာဇိက သံဃာဒိသေသ်ကိုပြ၍ အကြွင်းကိုသုတဖြင့်ရွတ်ဆိုခြင်း၊
၄။ နိဒါန်း ပါရာဇိက သံဃာဒိသေသ် အနိယတကိုပြ၍ အကြွင်းကိုသုတဖြင့် ရွတ်ဆိုခြင်း၊
၅။ အကျယ်ပြခြင်း - ဤငါးပါးတည်း။
၄၃၅။ ဘောဇန
မြတ်စွာဘုရား ဘောဇဉ်တို့သည် အဘယ်မျှတို့ပါနည်း။ ချစ်သားဥပါလိ ငါးပါး။
သြဒနော - ထမင်း၊ ကုမ္မာသော - မုယောမုံ့၊ သတ္တု - ကျက်စွာလှော်သော စပါးတို့၏ဆန်မှုန့်- မုံ့လုံး၊ မစ္ဆော - ငါး၊ မံသံ- အသား၊ ဤငါးပါးတည်း။
(ထိုဆန်မှုန့်မှစ၍ သတ္တုမည်၏။ ဆန်လှော်မှုန့် ပေါက်ပေါက်တို့ဖြင့်ကား ပဝါရိတ်ကိုဖြစ်စေနိုင်သော သတ္တုမဖြစ်။)
ဒိဋ္ဌာဝိကမ္မဝဂ္ဂေါ စတုတ္ထော။
၅။ အတ္တာဒါနဝဂ် -
၁၉ - ပဉ္စက
၄၃၆။ စောဒကအဇ္ဈတ္တ
မြတ်စွာဘုရား … စောဒကရဟန်းသည် သူတပါးကို စောဒနာလိုသောအခါ အဘယ်မျှသောဓမ္မတို့ကို အဇ္ဈတ္တ၌ဆင်ခြင်၍ သူတပါးကိုစောဒနာအပ်ပါသနည်း။
ချစ်သားဥပါလိ - စောဒကသည် ငါးပါးသောဓမ္မတို့ကို အဇ္ဈတ္တ၌ ဆင်ခြင်၍ စောဒနာအပ်၏။ ငါးပါးကား- ငါသည် စင်ကြယ်သောကိုယ်အကျင့် ရှိ၏လော၊ မပေါက်သော၊ မသုံးသပ်အပ်သော၊ စင်ကြယ်သောကိုယ်အကျင့်နှင့် ပြည့်စုံ၏လော။ ဤသို့သောဓမ္မသည် ငါအား ရှိသလော၊ မရှိသလော ဟုဆင်ခြင်အပ်၏။
ချစ်သားဥပါလိ - မစင်ကြယ်လျှင် အရှင်သည် ကိုယ်အကျင့်ကို သင်ကြား ဦးလော့ဟု ဆိုစရာဖြစ်၏။
ထို့ပြင် ငါသည် စင်ကြယ်သော နှုတ်အကျင့် ရှိ၏လော (ပ) မစင်ကြယ်လျှင် အရှင်သည် နှုတ်အကျင့်ကို သင်ကြားဦးလော့ဟု ဆိုစရာ ဖြစ်၏။
ထို့ပြင် ငါအား မေတ္တာစိတ် ရှေးရှုသည်၏လော။
ထို့ပြင် ငါသည် ဗဟုသုတရှိ၏လော။
ထို့ပြင် ပါတ်မောက်နှစ်စောင် အကျယ်အားဖြင့် ကောင်းစွာဖြစ်၏လော၊ မဖြစ်လျှင်ဝိနည်းသင်ယူဦးလောဟု ပြောစရာ ဖြစ်၏။
ဤငါးပါးကို အဇ္ဈတ္တ၌ ဆင်ခြင်၍သူတပါးကို စောဒနာအပ်၏။
၄၃၇။ မြတ်စွာဘုရား စောဒကသည် သူတပါးကို စောဒနာလိုသောအခါ အဘယ်မျှသောဓမ္မ တို့ကို အဇ္ဈတ္တ၌ဖြစ်စေ၍ စောဒနာအပ်ပါသနည်း။ ချစ်သား ဥပါလိ ငါးပါးတို့ကို -- ငါးပါးကား -
ကာလ၌ ဆိုပါအံ့၊ အကာလ၌မဆိုပါအံ့။
ဘူတဖြင့်ဆိုပါအံ့ - နော အဘုတေန။
နူးညံ့သော စကားဖြင့်ဆိုပါအံ့ - နော ဖရုသေန။
အကျိုးရှိစေသောစကားဖြင့် ဆိုပါအံ့ - နော အနတ္ထသံဟိတေနေ။
မေတ္တာစိတ်ရှိလျှက် ဆိုပါအံ့ - နော ဒေါသန္တရော။
၄၃၈။ မြတ်စွာဘုရား … စောဒကသည် သူတပါးကို စောဒနာသောအခါ အဘယ်မျှသောဓမ္မတို့ကို အဇ္ဈတ္တ၌ နှလုံးသွင်း၍ စောဒနာအပ်ပါသနည်း။ ချစ်သားဥပါလိ ငါးပါးတို့ကို --- ငါးပါးကား - သနားခြင်းဖြင့်၊ အကျိုးစီးပွားရှာခြင်းဖြင့်၊ အစဉ်စောင့်ရှောက်ခြင်းဖြင့်၊ အာပတ်မှထစေလိုခြင်းဖြင့်၊ ဝိနည်းကို ရှေးရှုခြင်းဖြင့် စောဒနာအပ်၏။
(အတ္တာဒါနဝဂ်၊ ဓုတင်္ဂဝဂ်တို့၌ ဆိုဘွယ်အားလုံးကို ဆိုပြီးပြီ။)
၄၃၉။ သြကာသကမ္မ
မြတ်စွာဘုရား … အဘယ်အင်္ဂါနှင့်ပြည်စုံသော ရဟန်းအား အခွင့်တောင်းလျှင် အခွင့်မပေးအပ်ပါသနည်း။ ချစ်သားဥပါလိ၊ ငါးပါးနှင့် -- ငါးပါးကား၊ ကိုယ်ကျင့် မစင်ကြယ်ခြင်း၊ နှုတ်အကျင့်မစင်ကြယ်၊ အသက်မွေး မစင်ကြယ်၊ ဗာလအဗျတ္တ ဖြစ်၏။ စီစစ်အပ်သောအခါ စီစစ်ခြင်းကို မပေးနိုင်။
ခွင့်ပေးအပ်ငါးပါး -- ကိုယ်ကျင့်စင်ကြယ်၏။ နှုတ်ကျင့်စင်ကြယ်၏။ အသက်မွေး စင်ကြယ်၏။ ပဏ္ဍိတဗျတ္တ ဖြစ်၏။ စီစစ်အပ်သောအခါ စီစစ်ခြင်းကို ပေးနိုင်၏။
၄၄၀။ အတ္တာဒါန
မြတ်စွာဘုရား အတ္တာဒါန မိမိသည် ယူအပ်သော အဓိကရုဏ်းကို ယူလိုသူသည် အဘယ်မျှအင်္ဂါနှင့်ပြည့်စုံသော အတ္တာဒါနကို ယူအပ်ပါသနည်း။
ချစ်သားဥပါလိ … ငါးပါး- အင်္ဂါငါးပါးကား - အတ္တာဒါနကို ယူလိုသောအခါ ဤသို့ဆင်ခြင်အပ်၏။
ငါသည် အဓိကရုဏ်းကို ယူလို၏။ (ဝါ - ရှင်ယသတို့ကဲ့သို့ သာသနာကို သုတ်သင်လို၏။) ယူခြင်းငှါ ကာလ ဟုတ်၏လော၊ မဟုတ်သလောဟု ဆင်ခြင်အပ်၏။ ဤသို့ဆင်ခြင်၍ ကာလ မဟုတ်ဟုသိလျှင်မယူအပ်။
ကာလဟုတ်၏ဟုသိလျှင် ဘူတ - ဟုတ်မှန် သလော၊ မဟုတ်မှန်သလောဟု ဆင်ခြင်အပ်၏။ အဘူတဟုသိလျှင် မယူအပ်။
ဘူတဟုသိလျှင် အတ္ထသံဟိတ ဖြစ်မည်လော၊ မဖြစ်မည်လောဟု အလွန် ဆင်ခြင်အပ်၏။ အနတ္ထသံဟိတ ဖြစ်လျှင်မယူအပ်။
အတ္ထသံဟိတဟုသိလျှင် ဓမ္မဝိနယအားဖြင့် မိတ်ကောင်း အပင်းအသင်း ရမည်လော၊ မရမည်လောဟု အလွန် ဆင်ခြင်အပ်၏။ အပင်းအသင်းမရလျှင် မယူအပ်။
ရလျှင်ငါသည် ဤအဓိကရုဏ်းကို ယူသော အခါ သံဃာအား ငြင်းခုံခြင်းစသည် ဖြစ်မည်လော၊ မဖြစ်မည်လော ဟု အလွန် ဆင်ခြင်အပ်၏။ ငြင်းခုံခြင်းစသည်ဖြစ်လျှင် မယူအပ်။ မဖြစ်လျှင် ထိုအဓိကရုဏ်းကိုယူအပ်၏။
ဤသို့ အင်္ဂါငါးပါးနှင့် ပြည့်စုံသော အဓိကရုဏ်းကို ယူခြင်းသည် နောက်၌လည်း နှလုံးသာယာ ဝမ်းမြောက်ခြင်းကို ပြုနိုင်လတ္တံ့။
၄၄၁။ ဗဟုပကာရ
မြတ်စွာဘုရား … အဘယ်မျှအင်္ဂါနှင့် ပြည့်စုံသော ရဟန်းသည် အဓိကရုဏ်းဖြစ်သော ရဟန်းတို့အား လွန်စွာ ကျေးဇူးများသူဖြစ်ပါသနည်း။ ချစ်သားဥပါလိ - ငါးပါးတို့နှင့်တည်း။ ငါးပါးကား --
သီလရှိ၍ အပြစ်ကြောက်၍ သိက္ခာပုဒ်တို့၌ ကောင်းစွာကျင့်၏။
ဗြဟ္မစရိယကိုပြသောဓမ္မတို့ဖြင့် ဗဟုသုတရှိ၏။
ပါတိမောက်၌ နှစ်စောင် အကျယ် ကောင်းစွာလာ၏။
ဝိနယ၌ မတွန့်မဆုတ် တည်၏။
အတ္ထပစ္စတ္ထိက နှစ်ဦးလုံးကိုသက်သေရစေခြင်းငှါ သိစေခြင်းငှါ ကြည်ညိုစေခြင်းငှါ စွမ်းနိုင်၏။
ထို့ပြင်ငါးပါး … ကိုယ်ကျင့်စင်ကြယ်၏။ နှုတ်ကျင့် စင်ကြယ်၏။ အသက်မွေး စင်ကြယ်၏။ ပဏ္ဍိတဗျတ္တ ဖြစ်၏။ စီစစ်သောအခါ စီစစ်ခြင်းကိုပေးနိုင်၏။
ထို့ပြင်ငါးပါး … ဝတ္ထုကိုသိ၏။ နိဒါန်းကို။ ပညတ္တိကို။ ပဒပစ္စာဘဋ္ဌကို။ အနုသန္တိဝစနပထကိုသိ၏။
၄၄၂။ စီစစ်အပ်သူ
မြတ်စွာဘုရား … အဘယ်မျှအင်္ဂါနှင့် ပြည့်စုံသောရဟန်းသည် မစီစစ်အပ်ပါသနည်း၊ ချစ်သား ဥပါလိ - ငါးပါးနှင့်တည်း။ သုတ္တကိုမသိ။ သုတ္တာနုလောမကို၊ ဝိနယကို၊ ဝိနယာနုလောမကိုမသိ။ ဌာနာဌာန မလိမ္မာ။
စီစစ်အပ်ငါးပါး … သုတ္တကို သိ၏။ (ပ) ဌာနာဌာန လိမ္မာ၏။
ထို့ပြင် မစီစစ်အပ်ငါးပါး … ဓမ္မကို မသိ၊ ဓမ္မာနုလောမကို၊ ဝိနယကို၊ ဝိနယာနုလောမကို မသိ။ ပုဗ္ဗါပရ မလိမ္မာ။
စီစစ်အပ်ငါးပါး … ဓမ္မကိုသိ၏။ (ပ) ပုဗ္ဗာပရ လိမ္မာ၏။
ထို့ပြင် မစီစစ်အပ်ငါးပါး … ဝတ္ထုကိုမသိ။ နိဒါန်းကို၊ ပညတ္တိကို၊ ပဒပစ္စာဘဋ္ဌကို၊ အနုသန္ဓိဝစနပထကိုမသိ။
စီစစ်အပ် ငါးပါး … ဝတ္ထုကိုသိ၏။ (ပ) အနုသန္ဓိဝစနပထကို သိ၏။
ထို့ပြင် မစီစစ်အပ်ငါးပါး … အာပတ္တိကိုမသိ။ အာပတ္တိသမုဋ္ဌာန်ကို၊ အာပတ်၏ ပယောဂကို၊ အာပတ်၏ ဝူပသမကို မသိ။ အာပတ်၏ဝိနိစ္ဆယ၌ မလိမ္မာ။
စီစစ်အပ်ငါးပါး … ထိုတို့ကိုသိ၏၊ လိမ္မာ၏။
ထို့ပြင် မစီစစ်အပ်ငါးပါး … အဓိကရုဏ်းကိုမသိ။ အဓိကရုဏ်းသမုဋ္ဌာန်ကို၊ အဓိကရုဏ်း၏ပယောဂကို၊ အဓိကရုဏ်း၏ ဝူပသမကိုမသိ။ အဓိကရုဏ်း၏ ဝိနိစ္ဆယ၌ မလိမ္မာ။
စီစစ်အပ် ငါးပါး … ထိုတို့ကိုသိ၏၊ လိမ္မာ၏၊
အတ္တာဒါနဝဂ္ဂေါ ပဉ္စမော။
၆။ ဓုတင်္ဂဝဂ္ဂ - ၁၃ - ပဉ္စက
၄၄၃။ ဓုတင်တေရသ
မြတ်စွာဘုရား … (၁) အာရညိကာ- တော၌နေသူတို့သည် အဘယ်မျှတို့ပါနည်း။
ချစ်သားဥပါလိ ငါးပါးတို့တည်း-
နုံ့ခြင်း၊ တွေဝေခြင်းကြောင့် တော၌နေ၏။
ယုတ်မာသောအလိုဆိုးကြောင့် တော၌နေ၏။
ရူးသွပ်ခြင်း၊ စိတ်ပြန်လွင့်ခြင်းကြောင့် တော၌နေ၏။ (ဤသုံးယောက်အား ဓုတင်္ဂ မမည်။)
ဗုဒ္ဓ ဗုဒ္ဓသာဝကတို့ချီးမွမ်းသည်ဟု တော၌နေ၏။
အလိုနည်းခြင်းကို ရောင့်ရဲခြင်းကို ကိလေသာခါတွက်ခြင်းကို ဆိတ်ငြိမ်ခြင်းကို ဤအကျင့်ဖြင့် အကျိုးရှိသူ၏ ဖြစ်ကြောင်းကို ဤငါးမျိုးကိုအမှီပြု၍ တော၌နေ၏။
ဤငါးပါးတည်း။
(၂) ပိဏ္ဍပါတိက - ဆွမ်းခံသွားသူ၊
(၃) ပံသုကူလိက - ပံသုကူသင်္ကန်းဆောင်သူ၊
(၄) ရုက္ခမူလိက - သစ်ပင်ရင်းနေသူ၊
(五) သောသာနိက - သုဿန်နေသူ၊
(၆) အမ္ဘောကာသိက - လွင်တီးခေါင်၌နေသူ၊
(၇) တေစီဝရိက - သင်္ကန်းသုံးထည်ဆောင်သူ၊
(၈) သပဒါန စာရိက- အိမ်စဉ်မပြတ်ဆွမ်းခံသွားသူ၊
(၉) နေသဇ္ဇိက - အိပ်ခြင်းဣရိယာပုဒ်ကို ပယ်၍နေသူ၊
(၁၀) ယထာသန္တတိက - သံဃာချပေးသော နေရာ၌နေသူ၊
(၁၁) ဧကာသနိက - တစ်ထိုင်တည်းစားသူ၊
(၁၂) ခလုပစ္ဆာဘတ္တိက - တန်ပြီဟုတားပြီးနောက် ထပ်မစားသူ၊
(၁၃) ပတ္တပိဏ္ဍိက - တစ်ခွက်တည်းစားသူတို့သည် အဘယ်မျှပါနည်း၊
ချစ်သားဥပါလိ - ငါးပါးတို့တည်း။ နုံ့ခြင်း၊ တွေဝေခြင်းကြောင့်စသော ငါးပါးတို့တည်း။
ဓုတင်္ဂ ဝဂ္ဂေါ ဆဋ္ဌော။
ပံ၊ တေ၊ ပိဏ်၊ သပ်။ ဧ၊ ပတ်၊ ခ၊ အာ။ ရုတ်၊ အပ်၊ သာ။ ယထာ၊ နေ၊ ဆယ့်သုံး။
၇ - မုသာဝါဒဝဂ္ဂ
၄၄၄။ မုသာငါးပါး
မြတ်စွာဘုရား … မုသာဝါဒတို့သည် အဘယ်မျှတို့ပါနည်း။ ချစ်သားဥပါလိ ငါးပါးကိုတည်း။
ပါရာဇိကသို့ ရောက်သော မုသာဝါဒသည်ရှိ၏။ သံဃာဒိသေသ်သို့ --။ ထုလ္လစ္စည်းသို့ --။ ပါစိတ်သို့--။ ဒုက္ကဋ်သို့ ရောက်သော မုသာဝါဒသည်ရှိ၏။ ဤငါးပါးတည်း။
[ပါရာဇိကသို့ရောက် ဟူသည် ပါရာဇိကအာပတ်၏အဖြစ်သို့ ရောက်၏ဟူလို။ အကြွင်းတူပြီ။]
ထိုတွင် မရှိသော ဥတ္တရိမနုဿဓမ္မကို ပြောသော မုသာဝါဒသည် ပါရာဇိကဂါမီ - ပါရာဇိကသို့ရောက်၏၊
အမူလကပါရာဇိကဖြင့် စွပ်စွဲသော မုသာပါဒသည် သံဃာသိသေသဂါမီ ဖြစ်၏။
ယောတေ ဝိဟာရေ ဝသတိ စသည်ဖြင့် ပရိယာယ် သွယ်ဝိုက်၍ သိသူအား ပြောသော မုသာဝါဒသည် ထုလ္လစ္စယဂါမီဖြစ်၏။
မသိသူအားပြောသော ထိုမုသာဝါဒသည် ဒုက္ကဋဂါမီဖြစ်၏။
သမ္ပဇာန မုသာဝါဒေ ပါစိတ္တိယံ ဟု လာသော မုသာဝါဒသည် ပါစိတ္တိယဂါမီ ဖြစ်၏။
(ဇီဋီ။ ။ ပရိယာယ်သွယ်ဝိုက်၍ဟူသည် အမှတ်မရှိ သိတတ်သူအား ပရိယာယ်ဖြင့်ဆိုသော မုသာဝါဒဟုလို။
သာဋီ။ ။ ထိုအတူတည်း။)
၄၄၅။ ဩမဒ္ဒိတွာ
မြတ်စွာဘုရား … အဘယ်မျှအင်္ဂါနှင့်ပြည့်စုံသောရဟန်းအား သံဃာ့အလယ်၌ ဥပုသ်ပဝါရဏာထားလျှင် “ရဟန်း ငြင်းခုံခြင်းစသည် မပြုသင့်” ဟုနှိပ်၍ သံဃာသည် ဥပုသ်ပဝါရဏာကို ပြုအပ်ပါသနည်း။
ချစ်သားဥပါလိ - ငါးပါးနှင့်တည်း။ အလဇ္ဇီဖြစ်၏။ ဗာလဖြစ်၏။ အပကတတ္တဖြစ်၏ စာဝနာဓိပ္ပါယဖြင့်ဆို၏၊ ဝုဋ္ဌာနာဓိပ္ပါယဖြင့်မဆို။
ထို့ပြင် ငါးပါး --- ကိုယ်အကျင့်မစင်ကြယ်၊ နှုတ်အကျင့် မစင်ကြယ်၊ အသက်မွေး မစင်ကြယ်၊ ဗာလအဗျတ္တ ဖြစ်၏။ ငြင်းခုံခိုက်ရန် ပြုတတ်သူဖြစ်၏။
၄၄၆။ အနုယောဂ
မြတ်စွာဘုရား … အဘယ်မျှအင်္ဂါနှင့် ပြည့်စုံသောရဟန်းအား အနုယောဂကို မပေးအပ်ပါသနည်း။
ချစ်သားဥပါလိ၊ ငါးပါးနှင့်တည်း။ --- အာပတ္တိ နာပတ္တိကိုမသိ၊ လဟု ဂရုအာပတ်ကိုမသိ၊ သာဝသေသာ နာဝသေသကို၊ ဒုဋ္ဌုလ္လာဒုဋ္ဌုလ္လကို၊ သပ္ပဋိကမ္မ အပ္ပဋိကမ္မအာပတ်ကို မသိ။
ပေးအပ်ငါးပါး –-- အာပတ် နာပတ်ကိုသိ၏။ (ပ) သပ္ပဋိကမ္မ အပ္ပဋိကမ္မ အာပတ်ကိုသိ၏။
(ဇီဋီ၊ သာဋီ။ ။ အနုယောဂကို မပေးအပ် ဟူသည် ထိုရဟန်းဆိုသော စကားကိုမယူမူ၍ ဆိတ်ဆိတ်နေအပ်၏ ဟူလို) (မသိသူစွဲဆိုလျှင် - အရေးမယူရခြင်းတည်း။)
၄၄၇။ အာပတ်သင့်ကြောင်း
မြတ်စွာဘုရား … အဘယ်မျှခြင်းရာတို့ဖြင့် ရဟန်းသည် အာပတ်သို့ ရောက်ပါသနည်း။
ချစ်သား ဥပါလိ - ငါးပါးတို့ဖြင့်တည်း- မရှက်ခြင်းကြောင့်၊ မသိခြင်းကြောင့်၊ ကုက္ကုစ္စနှိပ်စက်ခြင်းကြောင့်၊ အကပ္ပိယ၌ ကပ္ပိယဟု ထင်ခြင်းကြောင့်၊ ကပ္ပိယ၌အကပ္ပိယဟုထင်ခြင်းကြောင့် အာပတ်သို့ ရောက်၏။
ထို့ပြင်ငါးပါး ---
အဒဿနေန - မမြင်ခြင်းကြောင့်၊
အဿဝနေန - မကြားခြင်းကြောင့်၊
ပသုတ္တကတာ - အိပ်သောကြောင့်၊
တထာသညီ - အမှတ်လွဲခြင်းကြောင့်၊
သတိသမ္မောသာ - သတိမေ့ခြင်းကြောင့် အာပတ်သို့ရောက်၏။
[အဒဿနေန ဟူသည် ဝိနည်းဓိုရ်ကိုမမြင်ခြင်းကြောင့်တည်း။ ကုက္ကုစ္စဖြစ်သောအခါ ဝိနည်းဓိုရ်ကိုမြင်လျှင် အပ်-မအပ်မေး၍ မအပ်သည်ကိုပယ်၍ အပ်သည်ကိုပြုရာ၏။ ဝိနည်းဓိုရ်ကို မမြင်ရသူကား မအပ်သည်ကိုလည်း အပ်သည်ဟုပြု၍ အာပတ်သို့ရောက်၏။ ဤသို့သော အာပတ်သို့ ဝိနည်းဓိုရ်ကို မြင်ရလျှင် မရောက်၊ မမြင်ခြင်းကြောင့်သာရောက်သည်။]
အဿဝနေန ဟူသည် တစ်ကျောင်းတည်းနေသော်လည်း ဝိနည်းဓိုရ်ထံချဉ်းကပ်၍ မမေးမြန်းခြင်းကြောင့် လည်းကောင်း၊ တပါးသောသူတို့၏ပြောသည်ကို မကြား၍လည်းကောင်း၊ အာပတ်သို့ ရောက်သည်သာတည်း။
ပသုတ္တကတာ ဟူသည် ပသုတ္တကတာယ အိပ်သူ၏အဖြစ်ဖြင့် သဟသေယျအာပတ်သို့ရောက်၏။
မအပ်သည်၌ အပ်သည်ထင်၍ ရောက်သူသည် တထာသညီ မည်၏။
သတိ သမ္မောသ ဟူသည် တစ်ညဥ့်လွန်ခြင်း စသည်ဖြင့်ရောက်ထိုက်သော အာပတ်သို့ရောက်၏။
(ဝိဋီ .. အဒဿနေနဟူသည် အကပ္ပိယကိုရှောင်ကြဉ်သော ဝိနည်းဓိုရ်တို့၏အကျင့်ကို ဤသူမမြင်ခြင်းကြောင့် တည်း။ ထိုဝိနည်းဓိုရ်တို့၏ ဒိဋ္ဌာနုဂတိသို့ မရောက်ခြင်းကြောင့်ဟူ၍လည်း ယူအပ်၏။
မအပ်သည်၌အပ်သည် ထင်ခြင်းကား ရဇတ - ငွေစသောအကပ္ပိယ၌ တိပု - သလွဲ စသည် ထင်ခြင်းကြောင့် တည်း။
မမေးမြန်းခြင်း စသည်၌ မေးမြန်း၍ မကြားရသူ၊ မေးသည်ကိုမကြားရသူ ဟု ယှဉ်အပ်၏။
တစ်ညဥ့် လွန်ခြင်း စသည်ကား အဓိဋ္ဌာန်တင်ထားသော သင်္ကန်းနှင့်ကင်းလျှင် တစ်ညဥ့်လွန်ခြင်းဖြင့် ပါစိတ်သို့ရောက်၏။ အာဒိသဒ္ဒါဖြင့် ခြောက်ညဥ့်လွန်ခြင်း စသည်တို့ကို ရေတွက်အပ်၏။)
၄၄၈။ ဝေရ၊ ဝေရမဏိ
မြတ်စွာဘုရား … ဝေရ - ရန်တို့သည် အဘယ်မျှတို့ပါနည်း။ ချစ်သား - ဥပါလိ ငါးပါးတို့တည်း။
ပါဏာတိပါတသတ်ခြင်း၊ အဒိန္နာဒါနခိုးခြင်း၊ ကာမေသုမိစ္ဆာစာရကျင့်ခြင်း၊ မုသာဝါဒဆိုခြင်း၊ သုရာမေရယမဇ္ဇ-ပမာဒဋ္ဌာန သောက်စားခြင်း၊ ဤငါးပါးတည်း။
ဝေရမဏိ - ရန်ကိုသတ်ခြင်းတို့သည် အဘယ်မျှတို့ပါနည်း။ ငါးပါး ---
ပါဏာတိပါတာ ဝေရမဏိ၊ သတ်ခြင်းမှ ရန်ကိုသတ်ခြင်း၊
အဒိန္နာဒါနာဝေရမဏိ၊
ကာမေသုမိစ္ဆာစာရာဝေရမဏိ၊
မုသာဝါဒါ ဝေရမဏိ၊
သုရာမေရယဝေရမဏိ၊ ဤငါးပါးတည်း။
၄၄၉။ ဗျသန၊ သမ္ပဒါ
မြတ်စွာဘုရား … ဗျသနတို့သည် အဘယ်မျှတို့ပါနည်း။ ချစ်သား ဥပါလိ ငါးပါးတို့တည်း -
ဉာတိဗျသန - ဆွေမျိုးတို့၏ပျက်စီးခြင်း။
ဘောဂဗျသန- စည်းစိမ်၏ပျက်စီးခြင်း။
ရောဂဗျသန - အနာရောဂါဟူသော ပျက်စီးခြင်း။
သီလဗျသန - သီလ၏ပျက်စီးခြင်း။
ဒိဋ္ဌိဗျသန - အယူ၏ပျက်စီးခြင်း။
သမ္ပဒါတို့သည် အဘယ်မျှတို့ပါနည်း။ ငါးပါးတို့တည်း။
ဉာတိသမ္ပဒါ – ဆွေမျိုးပြည့်စုံခြင်း။
ဘောဂသမ္ပဒါ – စည်းစိမ်ပြည့်စုံခြင်း။
အာရောဂျ သမ္ပဒါ - အနာကင်းခြင်း၏ပြည့်စုံခြင်း။
သီလသမ္ပဒါ - သီလပြည့်စုံခြင်း။
ဒိဋ္ဌိသမ္ပဒါ – အယူပြည့်စုံခြင်း။ ငါးပါးတည်း။
မုသာဝါဒဝဂ္ဂေါ သတ္တမော။
၈။ ဘိက္ခုနီဩဝါဒဝဂ် - ၁၆ - ပဉ္စက
၄၅၀။ အဝန္ဒိယကံ
မြတ်စွာဘုရား … အဘယ်မျှအင်္ဂါနှင့် ပြည့်စုံသော ရဟန်းအား ဘိက္ခုနီသံဃာ သည်သာလျှင် ကံပြုအပ် ပါသနည်း။
ချစ်သား ဥပါလိ - အင်္ဂါငါးပါးနှင့် ပြည့်စုံသောရဟန်းအား ကံပြုအပ်၏။ ထိုရဟန်းကို ဘိက္ခုနီသံဃာ သည်ရှိမခိုးအပ်။ ငါးပါးကား --
ကိုယ်ကိုလှစ်၍ ဘိက္ခုနီတို့အားပြ၏။
ပေါင်ကိုလှစ်၍ပြ၏။
အင်္ဂါဇာတ်ကို လှစ်၍ပြ၏။
နှစ်ခုသောပုခုံးစွန်းတို့ကိုလှစ်၍ပြ၏။
ပြက်ရယ်ဆို၏။ လူတို့ကို ယှဉ်တွဲစေ၏။ (ဝါ - ပေးစား၏။)
ထို့ပြင်ငါးပါး ---
ဘိက္ခုနီတို့အား လာဘ်မရအောင်အားထုတ်၏။
အကျိုးမဲ့ ဘေးရန်ဖြစ်အောင် အားထုတ်၏။
နေရာမရအောင် အားထုတ်၏။
ဘိက္ခုနီတို့ကိုဆဲရေး ကြိမ်းမောင်း၏။
ဘိက္ခုတို့ကို ဘိက္ခုနီတို့နှင့်ကွဲအောင် ဂုံးတိုက်၏။
ထို့ပြင်ငါးပါး ---
ဘိက္ခုနီတို့အား လာဘ်မရအောင် အားထုတ်၏။
အကျိုးမဲ့ ဘေးရန်ဖြစ်အောင် အားထုတ်၏။
နေရာမရအောင် အားထုတ်၏။
ဘိက္ခုနီတို့ကို ဆဲရေးကြိမ်းမောင်း၏။
ဘိက္ခုတို့ကို ဘိက္ခုနီတို့နှင့် ယှဉ်တွဲစေ၏။
[လာဘ်မရအောင် ဟူသည် ပစ္စည်းလေးပါး မရအောင်တည်း။ အကြင်သို့ပြုလျှင် လာဘ်မရကုန်။ ထိုသို့ အားထုတ်၏။ ဟူလို။
အကျိုးမဲ့ဘေးရန်ဖြစ်အောင်ဟူသည် အနတ္ထံ - အကျိုးမဲ့ဆောင်သော၊ ကလိသာသနံ - အမျက်ဒေါသ စကားသို့ --တင်၍အားထုတ်၏။
နေရာမရအောင် ဟူသည် မနေနိုင်အောင်တည်း။ နေထိုင်ရာ ဂါမခေတ်မှ နှင်ထုတ်ခြင်းငှါတည်း။
ယှဉ်တွဲစေ၏ ဟူသည် မသူတော်အကျင့်ကို မှီဝဲစေခြင်းငှါ ယှဉ်တွဲစေ၏။]
(ဝိဋီ။ ။ အနတ္ထံကလိသာသနံ ဟူသည် အနတ္ထာဝဟံ ကောဓဝစနံ - အကျိုးမဲ့ကိုဆောင်သော အမျက်စကားသို့ တင်၍တည်း။ အပြစ်သို့တင်၍ ဘေးဥပါဒ်ဖြစ်အောင် အားထုတ်သည်ဟူလို။)
၄၅၁။ ကံထိုက်သောဘိက္ခုနီ
မြတ်စွာဘုရား … အဘယ်မျှအင်္ဂါနှင့် ပြည့်စုံသော ဘိက္ခုနီအား ကံပြုအပ်ပါသနည်း။
ချစ်သားဥပါလိ၊ ငါးပါးနှင့်တည်း-
ကိုယ်ကိုလှစ်၍ ရဟန်းတို့အား ပြ၏။
ပေါင်ကို --- အင်္ဂါဇာတ်ကို --- ပခုံးစွန်းနှစ်ဘက်ကို လှစ်၍ပြ၏။
ပြက်ရယ်ဆို၏။
လူတို့ကိုယှဉ်တွဲစေ၏။
ထို့ပြင် ငါးပါး ---
ရဟန်းတို့အား လာဘ်မရအောင် အားထုတ်၏။
အကျိုးမဲ့ဘေးရန်ဖြစ်အောင် အားထုတ်၏။
နေရာမရအောင် အားထုတ်၏။
ရဟန်းတို့ကို ဆဲရေးကြိမ်းမောင်း၏။
ဘိက္ခုနီတို့ကို ဘိက္ခုတို့နှင့် ကွဲပြားအောင် ဂုံးတိုက်၏။
ထို့ပြင်ငါးပါး ---
ရဟန်းတို့အား လာဘ်မရအောင် အားထုတ်၏။
အကျိုးမဲ့ဘေးရန်ဖြစ်အောင် အားထုတ်၏။
နေရာမရအောင် အားထုတ်၏။
ရဟန်း တို့ကိုဆဲရေး ကြိမ်းမောင်း၏။
ဘိက္ခုနီတို့ကို ဘိက္ခုတို့နှင့်ယှဉ်တွဲစေ၏။
[ဘိက္ခုနီအား ကံပြုခြင်းကို ခုနှစ်ပါးသောကံတို့တွင် တစ်ခုခုကို ရည်၍ မေး၏။]
(စူဠဝါဘိက္ခုနီက္ခန္ဓက၌ ပုခုံးစွန်းနှစ်ဘက်ကို လှစ်၍ပြခြင်းများမပါ။ ဘိက္ခုနီတို့က သားမြတ်ရင်သားလှစ်ပြခြင်း ပါ၏။)
၄၅၂။ သြဝါဒ မထားနိုင်သောရဟန်း
မြတ်စွာဘုရား အဘယ်မျှ အင်္ဂါနှင့် ပြည့်စုံသောရဟန်းသည် ဘိက္ခုနီတို့အား သြဝါဒကိုမထားအပ်ပါသနည်း။
ချစ်သားဥပါလိ ငါးပါးတို့နှင့်တည်း ---
အလဇ္ဇီ၊ ဗာလ၊ အပကတတ္တ၊
စာဝနာဓိပ္ပါယဖြင့်ဆိုသူ၊
ဝုဋ္ဌာနာဓိပ္ပါယဖြင့် မဆိုသူ။
ထို့ပြင်ငါးပါး ---
ကိုယ်ကျင့် မစင်ကြယ်၊ နှုတ်ကျင့် မစင်ကြယ်၊
အသက်မွေး မစင်ကြယ်၊ ဗာလအဗျတ္တ၊
စီစစ်သောအခါ အနုယောဂကိုမပေးနိုင်။
ထို့ပြင်ငါးပါး ---
ကိုယ် အနာစာရရှိ၏။ နှုတ် အနာစာရရှိ၏။
ကိုယ်နှုတ် အနာစာရ ရှိ၏။
ဘိက္ခုနီတို့ကို ဆဲရေးကြိမ်းမောင်း၏။
ဘိက္ခုနီတို့နှင့်မသင့်သော ရောနှောခြင်းဖြင့် ရောနှော၏။
ထို့ပြင်ငါးပါး --- အလဇ္ဇီ၊ ဗာလ၊ အပကတတ္တ၊ ငြင်းခုံခိုက်ရန်ပြုသူ၊ သိက္ခာ၌မဖြည့်ကျင့်သူ။
၄၅၃။ သြဝါဒကိုမယူနိုင်သောရဟန်း
မြတ်စွာဘုရား … အဘယ်မျှအင်္ဂါနှင့် ပြည့်စုံသောရဟန်းသည် ဘိက္ခုနီတို့၏ (တောင်းပန်သော) သြဝါဒကို မယူအပ်ပါသနည်း။ ချစ်သားဥပါလိ ငါးပါးတို့နှင့်တည်း။
ကိုယ် အနာစာရရှိ၏။
နှုတ် အနာစာရရှိ၏။
ကိုယ်နှုတ် အနာစာရရှိ၏။
ဘိက္ခုနီတို့ကို ဆဲရေး ကြိမ်းမောင်း၏။
ဘိက္ခုနီတို့နှင့်မသင့်သော ရောနှောခြင်းဖြင့်ရောနှော၏။
ထို့ပြင် ငါးပါး --- အလဇ္ဇီ၊ ဗာလ၊ အပကတတ္တ၊ ဂမိက - ခရီးသွားသူ၊ ဂိလာန - နာသူ။
၄၅၄။ မဆွေးနွေးအပ်
မြတ်စွာဘုရား … အဘယ်မျှအင်္ဂါနှင့်ပြည့်စုံသော ရဟန်းနှင့်အတူ မဆွေးနွေးအပ်ပါသနည်း။ ချစ်သားဥပါလိ ငါးပါးနှင့်တည်း--
အသေက္ခ၏ သီလက္ခန္ဓနှင့် မပြည့်စုံ။
အသေက္ခ၏ သမာဓိက္ခန္ဓနှင့် မပြည့်စုံ။
ပညာက္ခန္ဓနှင့် မပြည့်စုံ။
ဝိမုတ္တိက္ခန္ဓနှင့် မပြည့်စုံ။
ဝိမုတ္တိဉာဏဒဿနက္ခန္ဓနှင့်မပြည့်စုံ။
ဆွေးနွေးအပ်ငါးပါး---
အသေက္ခ၏ သီလက္ခန္ဓနှင့် ပြည့်စုံ၏။
သမာဓိက္ခန္ဓနှင့် ပြည့်စုံ၏။
ပညာက္ခန္ဓနှင့် ပြည့်စုံ၏။
ဝိမုတ္တိက္ခန္ဓနှင့် ပြည့်စုံ၏။
ဝိမုတ္တိဉာဏဒဿနက္ခန္ဓနှင့် ပြည့်စုံ၏။
ထို့ပြင်မဆွေးနွေးအပ်ငါးပါး --
အတ္ထပဋိသမ္ဘိဒါသို့ မရောက်။
ဓမ္မပဋိသမ္ဘိဒါသို့ မရောက်။
နိရုတ္တိပဋိသမ္ဘိဒါသို့ မရောက်။
ပဋိဘာန ပဋိသမ္ဘိဒါသို့ မရောက်။
ကိလေသာမှလွတ်သောစိတ်ကို ပစ္စဝေက္ခဏာဉာဏ်ဖြင့် မဆင်ခြင်။
ဆွေးနွေးအပ်ငါးပါး ---
အတ္ထပဋိသမ္ဘိဒါသို့ ရောက်၏။
ဓမ္မပဋိသမ္ဘိဒါသို့ ရောက်၏။
နိရုတ္တိပဋိသမ္ဘိဒါသို့ ရောက်၏။
ပဋိဘာနပဋိသမ္ဘိဒါသို့ ရောက်၏။
ကိလေသာမှလွတ်သောစိတ်ကို ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်၏။
ဤအင်္ဂါငါးပါးနှင့် ပြည့်စုံသောရဟန်းနှင့် ဆွေးနွေးအပ်၏။
[မဆွေးနွေးအပ် ဟူသည် ကပ္ပိယအကပ္ပိယ၊ နာမ် ရုပ် အပိုင်းအခြား၊ သမထဝိပဿနာ စသည်ပြားသော စကား အစဉ်ကို မပြောမဆိုအပ်။]
ရဟန္တာသည် ချွတ်ယွင်းသောစကားကို မဆို၊ ထိုသို့သော စကားအစဉ်ကို သခင်အဖြစ်ဖြင့် ဟောပြော၏။ တပါးသောသူသည် ဤသို့မဟောပြောတတ်။ ထို့ကြောင့် ပဌမပဉ္စက၌ အသေက္ခ၏ သီလက္ခန္ဓနှင့် မပြည့်စုံဟု ပယ်၍ ဒုတိယပဉ္စက၌ -- ပြည့်စုံ၏ စသည်ကို ဆိုသည်။
အတ္ထပဋိသမ္ဘိဒါသို့မရောက် ဟူသည် -
အဋ္ဌကထာ၌ ကွဲပြားသောဉာဏ် ရသူမဟုတ်။
ဓမ္မပဋိသမ္ဘိဒါစသည်၌ကား ပါဠိဓမ္မ၌ ကွဲပြားသောဉာဏ် ရသူမဟုတ်။
ဝေါဟာရနိရုတ္တိ၌ ကွဲပြားသောဉာဏ် ရသူမဟုတ်။
ပဋိဘာန - ဉာဏ်သုံးပါး၌ ကွဲပြားသော ဉာဏ်ရသူ မဟုတ် (ဉာဏ်သုံးပါးကား) အတ္ထ၊ ဓမ္မ၊ နိရုတ္တိတို့၌ ကွဲပြားသောဉာဏ်သုံးပါးသည် ပဋိဘာနဉာဏ်မည်၏။
ကိလေသာမှ လွတ်သောစိတ်ဟူသည် ကိလေသာမှလွတ်သော ဖလဝိမုတ္တိ-ဖိုလ်စိတ် လေးပါးစွမ်းဖြင့် လွတ်သောစိတ်ဖြစ်၏။
မဆင်ခြင်ဟူသည်ကို လွတ်သောစိတ်ကို (၁၉) ပါးသော ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်တတ်သူမဟုတ်။
(ဇီဋီ။ ။ ဝေါဟာရနိရုတ္တိ၌တည်း - သဒ္ဒနိရုတ္တိ၌ မဟုတ်။ မဂ္ဂပစ္စဝေက္ခဏ - မဂ်ကိုဆင်ခြင်ခြင်းစသော (၁၉)ပါး။
သာဋီ -- (၁၉)ပါး ဟူသည် မဂ်ကိုဆင်ခြင်ခြင်း စသော (၁၉) ပါးတည်း။
ဝိဋီ --- ဝေါဟာရနိရုတ္တိဟူသည် ထိုထိုအနက်ကို ဟောသောသဒ္ဒါ၌တည်း။ ထို၌ ကွဲပြားသောဉာဏ်ရသူမဟုတ် ဟူလို။)
ဘိက္ခုနီ သြဝါဒဝဂ္ဂေါ အဋ္ဌမော။
၉။ ဥဗ္ဗာဟိကဝဂ် - ၂၂ - ပဉ္စက
၄၅၅။ ဥဗ္ဗာဟိကာ
မြတ်စွာဘုရား … အဘယ်မျှအင်္ဂါနှင့် ပြည့်စုံသောရဟန်းကို ဥဗ္ဗာဟိကာယ ကမ္မဝါစာဖြင့် မသမုတ်အပ်ပါ သနည်း။
ချစ်သားဥပါလိ - ငါးပါးနှင့်တည်း။
အတ္ထ၌ မလိမ္မာ၊ ဓမ္မ၌ မလိမ္မာ၊ နိရုတ္တိ၌ မလိမ္မာ၊ ဗျဉ္ဇန၌ မလိမ္မာ၊ ပုဗ္ဗာပရ၌မလိမ္မာ။
သမုတ်အပ်ငါးပါး ---
အတ္ထ၌ လိမ္မာ၏၊ ဓမ္မ၌ လိမ္မာ၏၊ နိရုတ္တိ၌ လိမ္မာ၏၊ ဗျဉ္ဇန၌ လိမ္မာ၏၊ ပုဗ္ဗာပရ၌ လိမ္မာ၏။
ထို့ပြင် မသမုတ်အပ်ငါးပါး ---
အမျက်ဒေါသကြီး၏။ ကျေးဇူး ချေဖျက်၏။ အင်တူပြု၏။
ငြူစူတတ်၏။ မှားသောအယူကိုမစွန့်နိုင်အောင်မြဲစွာယူ၏။
သမုတ်အပ်ငါးပါး ---
အမျက်မကြီး၊ ကျေးဇူးမချေ၊ အင်တူမပြု၊ မငြူစူ၊
မှားသော အယူကိုမယူ မြဲစွာမယူ စွန့်နိုင်၏။
ထို့ပြင် မသမုတ်အပ်ငါးပါး ---
ကုပ္ပတိ - အမျက်ထွက်တတ်၏။
ဗျာပဇ္ဇတိ - စောင်းမြောင်းတတ်၏။
ပတိဋ္ဌိယတိ - ဆန့်ကျင်တတ်၏။
ကောဓံဇနေတိ - အမျက်ကိုဖြစ်စေ၏။
အခမော - သည်းမခံ။ အနုသာသနိကို အမြတ်တနိုးမယူ။
သမုတ်အပ်ငါးပါး ---
နကုပ္ပတိ၊ နဗျာပဇ္ဇတိ၊ နပတိဋ္ဌိယတိ၊ န ကောပံ ဇနေတိ၊ ခမော - သည်းခံ၏။ အနုသာသနိကိုအမြတ်တနိုးယူ၏
ထို့ပြင် မသမုတ်အပ်ငါးပါး …
ပသာရေတာ နောသာရေတာ - တွေဝေစေ၏၊ သတိမရစေ။
ခွင့်မတောင်းဘဲ ဆို၏။
ဓမ္မဝိနယအာပတ်နှင့်အညီ မစောဒနာ။
ဓမ္မဝိနယအာပတ်နှင့်အညီ မဆုံးဖြတ်။
မိမိအယူအတိုင်း မဆို။
သမုတ်အပ်ငါးပါး ---
သာရေတာ၊ နောပသာရေတာ၊ သတိရစေ၏၊ မတွေဝေစေ။
ခွင့်တောင်း၍ဆို၏။
ဓမ္မဝိနယအာပတ်နှင့်အညီ စောဒနာ၏၊
ဓမ္မဝိနယအာပတ်နှင့်အညီ ဆုံးဖြတ်၏၊
မိမိအယူအတိုင်း ဆို၏။
ထို့ပြင် မသမုတ်အပ်ငါးပါး ---
ဆန္ဒာဂတိသို့လိုက်၏။ ဒေါသာဂတိသို့လိုက်၏။ မောဟာဂတိသို့လိုက်၏။
ဘယာဂတိသို့ လိုက်၏။ အလဇ္ဇီဖြစ်၏။
သမုတ်အပ်ပါးပါး ---
အဂတိလေးပါး မလိုက်၊ လဇ္ဇီဖြစ်၏။
ထို့ပြင် မသမုတ်အပ်ငါးပါး ---
အဂတိလေးပါး လိုက်၏။ ဝိနည်း၌ မလိမ္မာသူဖြစ်၏။
သမုတ်အပ်ငါးပါး ---
အဂတိလေးပါး မလိုက်။ ဝိနည်း၌လိမ္မာ၏။
[အတ္ထ၌မလိမ္မာ ဟူသည် အဋ္ဌကထာ၌ မလိမ္မာ၊ အနက်ထုတ်ခြင်း၌ လိမ္မာသည်မဟုတ်။
ဓမ္မ၌ဟူသည် ဆရာထံ နှုတ်တိုက် မသင်ဘူးသောကြောင့် ပါဠိ၌မလိမ္မာ၊ ပါဠိသူရ-ပါဠိ၌ရဲရင့်သူ မဟုတ်။
နိရုတ္တိ၌ဟူသည် ဘာသာတပါးတို့၏ဝေါဟာရ၌ မလိမ္မာ။
ဗျဉ္ဇန၌ဟူသည် သိထိလဓနိက စသည်စွမ်းဖြင့် ပြည့်စုံစွာ ဗျဉ္ဇနကို တင်ခြင်း၌ လိမ္မာသည်မဟုတ်။ အက္ခရာ အပိုင်းအခြား၌ သိမ်မွေ့သော ဉာဏ်မရှိဟူလို။
ပုဗ္ဗာပရ၌ဟူသည်- အတ္ထပုဗ္ဗာပရလည်းကောင်း၊ ဓမ္မပုဗ္ဗာပရ၌လည်းကောင်း၊ နိရုတ္တိပုဗ္ဗာပရ၌လည်းကောင်း၊ ဗျဉ္ဇနပုဗ္ဗာပရ၌ လည်းကောင်း၊ ပုရေကထာ ပစ္ဆာကထာ၌လည်းကောင်း၊ လိမ္မာသူ မဟုတ်။]
အမျက်ဒေါသကြီး၏ စသည်ကို အဘယ်ကြောင့်ဆိုသနည်း ဟူမူ ဒေါသစသည်ဖြင့် အနှိပ်စက်ခံရသူသည် အကျိုးအကြောင်းမသိ ဆုံးဖြတ်ခြင်းငှါ မတတ်နိုင်။ ထို့ကြောင့်ဆိုသည်။
ပသာရေတာ နောသာရေတာ ဟူသည် မောဟေတာ- တွေဝေစေ၏။ နသတိ ဥပ္ပါဒေတာ – သတိကိုမဖြစ်စေ။ စော၊ စုတို့၏စကားကို တွေဝေအောင် ပြု၏။ ပိတ်၏။ သတိမရအောင်ပြု၏ဟူလို။ ဤဝဂ်၌အကြွင်း ပေါ်လွင်ပြီ။
ဇီဋီ။ ။ သာရေတာမောဟေတာ (အက္ခရာချွတ်ဟန် ရှိသည်။)
ဝိဋီ။ ။ ပြည့်စုံစွာ ဗျဉ္ဇနသို့တင်ခြင်း၌ မလိမ္မာ ဟူသည် ပရိမဏ္ဍလေန – ပဒဗျဉ္ဇနေန – ဝန်းကျင်ပြည့်စုံသော ပုဒ်ဗျည်းဖြင့်ဆိုခြင်းငှါ လည်းကောင်း၊ သူတပါးဆိုသည်ကို သိခြင်းငှါ လည်းကောင်း၊ မစွမ်းနိုင်ဟူလို။)
(အက္ခရာကိုပီသကျနစွာ မဖတ်တတ် မပြောဆိုတတ် သူကိုသည် စသံ၊ တသံ၊ သသံမကွဲ။
ဝတ်စား - ဆိုသူကို ဝတ်တားကွဲ့ ဟုသင်ပေးခြင်း၊
ရေမြောင်း၊ ရေမြှောင်း၊
အရဟတော၊ အယ်ရယ်ဟတော။
ဘဂဝတော၊ ဘယ်ဂယ်ဝတော စသည်ဆိုခြင်း။
ဒီဃ ရဿ စသည်မကွဲစေဘဲ --
ဂိလာန၊ ဂီလာန၊
ထာဝရာ -ဝ၊ ထာဝယာဝ၊
သုဘရောစ၊ သုဘာ ရောစ၊
တသာ-ဝါ၊ တတ်သာဝါ စသည်ဖြင့် များလှ၏။
အပြစ်တင်စကားတစ်ခု ကြားရဘူးသည်မှာ ပွဲသဘင်ဆန်သူ လူတို့သည် သင်းဘောဟု ကနွဲ့ကယ ဆိုလေ့ရှိကုန်၏။ မှန်ကန်ကျနစွာ ပီပီသသကြီး ဆိုသူတို့ကား - သန်းဖောဟု ဆိုကုန်သော ဟူ၏။
မာတာယ + ထာနိယံပုတ္တ - ဟု အချို့လည်း အဖြတ် ချွတ်၏။)
၄၅၆။ ဗာလ ပဏ္ဍိတ
မြတ်စွာဘုရား … အဘယ်အင်္ဂါနှင့်ပြည့်စုံသော ရဟန်းသည် ဗာလ ဟူသော ရေတွက်ခြင်းသို့ရောက်ပါသနည်း။
ချစ်သားဥပါလိ - ငါးပါးနှင့်တည်း---
သုတ္တကို မသိ၊ သုတ္တာနုလောမကို မသိ၊ ဝိနယကို မသိ၊
ဝိနယာနုလောမကို မသိ၊ ဌာနာဌာနကုသလ မဟုတ်။
ပဏ္ဍိတဟုခေါ်ကြောင်း ငါးပါး ---
သုတ္တကို သိ၏။ သုတ္တာနုလောမကို သိ၏။ ဝိနယကို သိ၏။
ဝိနယာနုလောမကို သိ၏၊ ဌာနာဌာနကုသလ ဟုတ်၏၊
ထို့ပြင် ဗာလခေါ်ကြောင်းငါးပါး ---
ဓမ္မကို၊ ဓမ္မာနုလောမကို၊ ဝိနယကို၊ ဝိနယာနုလောမကို မသိ။ ပုဗ္ဗာပရကုသလ မဟုတ်။
ပဏ္ဍိတခေါ်ကြောင်းငါးပါး ---
ဓမ္မကို၊ ဓမ္မာနုလောမကို၊ ဝိနယကို၊ ဝိနယာနုလောမကို သိ၏။ ပုဗ္ဗာပရကုသလ ဟုတ်၏။
ထို့ပြင် ဗာလခေါ်ကြောင်းငါးပါး ---
ဝတ္ထုကို၊ နိဒါန်းကို၊ ပညတ္တိကို၊ ပဒပစ္စာဘဋ္ဌကို၊ အနုသန္ဓိဝစနထကို မသိ။
ပဏ္ဍိတခေါ်ကြောင်းငါးပါး ---
ဝတ္ထုကို၊ နိဒါန်းကို၊ ပညတ္တိကို၊ ပဒပစ္စာဘဋ္ဌကို၊ အနုသန္ဓိဝစနထကို သိ၏။
ထို့ပြင် ဗာလခေါ်ကြောင်းငါးပါး ---
အာပတ္တိကို၊ အာပတ္တိသမုဋ္ဌာနကို၊ အာပတ္တိယာပယောဂကို၊ အာပတ္တိယ၀ူပသမကို မသိ။
အာပတ္တိယာ ဝိနိစ္ဆယကုသလ မဟုတ်။
ပဏ္ဍိတခေါ်ကြောင်းငါးပါး ---
အာပတ္တိကို၊ အာပတ္တိသမုဋ္ဌာနကို၊ အာပတ္တိယာပယောဂကို၊ အာပတ္တိယ၀ူပသမကို သိ၏။
အာပတ္တိယာ ဝိနိစ္ဆယကုသလ ဟုတ်၏။
ထို့ပြင် ဗာလခေါ်ကြောင်းငါးပါး ---
အဓိကရဏကို၊ အဓိကရဏသမုဋ္ဌာနကို၊ အဓိကရဏဿပယောဂကို၊ အဓိကရဏဿ၀ူပသမကို မသိ။
အဓိကရဏဿ ဝိနိစ္ဆယကုသလ မဟုတ်။
ပဏ္ဍိတခေါ်ကြောင်းငါးပါးကား ---
အဓိကရဏကို စသည်ကို သိ၏။ ဝိနိစ္ဆယကုသလ ဟုတ်၏။
ဥဗ္ဗာဟိက၀ဂ္ဂေါ န၀မော။
၁၀။ အဓိကရဏဝူပသမဝဂ် - ၁၈ - ပဉ္စက
၄၅၇။ အဓိကရုဏ်းငြိမ်းစေသူ
မြတ်စွာဘုရား … အဘယ်မျှသော အင်္ဂါနှင့် ပြည့်စုံသော ရဟန်းသည် အဓိကရုဏ်းကို ငြိမ်းစေခြင်းငှါ မစွမ်းနိုင်ပါသနည်း။
ချစ်သားဥပါလိ - ငါးပါးနှင့်တည်း ---
အာပတ္တိကို၊ အာပတ္တိသမုဋ္ဌာန်ကို၊ အာပတ္တိယာ ပယောဂကို၊ အာပတ္တိယာဝူပသမကို မသိ။
အာပတ္တိယာ ဝိနိစ္ဆယကုသလ မဟုတ်။
စွမ်းနိုင်ကြောင်းငါးပါး ---
အာပတ္တိကို၊ အာပတ္တိသမုဋ္ဌာန်ကို၊ အာပတ္တိယာ ပယောဂကို၊ အာပတ္တိယာဝူပသမကို သိ၏။
ဝိနိစ္ဆယကုသလ ဟုတ်၏။
ထို့ပြင် မစွမ်းနိုင်ငါးပါး ---
အဓိကရဏကို၊ သမုဋ္ဌာနကို၊ ပယောဂကို၊ ဝူပသမကို မသိ။ ဝိနိစ္ဆယကုသလ မဟုတ်။
စွမ်းနိုင်ငါးပါး ---
အဓိကရဏကို၊ သမုဋ္ဌာနကို၊ ပယောဂကို၊ ဝူပသမကို သိ၏။ ဝိနိစ္ဆယကုသလ ဟုတ်၏။
ထို့ပြင် မစွမ်းနိုင်ငါးပါး ---
ဆန္ဒာဂတိသို့လိုက်၏။ ဒေါသာဂတိသို့လိုက်၏။ မောဟာဂတိသို့လိုက်၏။ ဘယာဂတိသို့လိုက်၏။ အလဇ္ဇီ ဖြစ်၏။
စွမ်းနိုင်ပါးပါး ---
အဂတိလေးပါး မလိုက်။ လဇ္ဇီ ဖြစ်၏၊
ထို့ပြင် မစွမ်းနိုင်ငါးပါး --- အဂတိလေးပါး လိုက်၏။ အပဿုတပုဂ္ဂိုလ် ဖြစ်၏။
စွမ်းနိုင်ငါးပါး --- အဂတိလေးပါး မလိုက်။ ဗဟုဿတပုဂ္ဂိုလ်ဖြစ်၏၊
ထို့ပြင် မစွမ်းနိုင်ငါးပါး --- ဝတ္ထုကို၊ နိဒါန်းကို၊ ပညတ္တိကို၊ ပဒပစ္စာဘဋ္ဌကို၊ အနုသန္ဓိဂစနပဌကို မသိ။
စွမ်းနိုင်ငါးပါး --- ဝတ္ထုကို၊ နိဒါန်းကို၊ ပညတ္တိကို၊ ပဒပစ္စာဘဋ္ဌကို၊ အနုသန္ဓိဂစနပဌကို သိ၏
ထို့ပြင် မစွမ်းနိုင်ငါးပါး --- အဂတိလေးပါး လိုက်၏။ ဝိနည်း၌ မလိမ္မာ။
စွမ်းနိုင်ငါး --- အဂတိလေးပါး မလိုက်။ ဝိနည်း၌ လိမ္မာ၏၊
ထို့ပြင် မစွမ်းနိုင်ငါးပါး --- အဂတိလေးပါးလိုက်၏၊ ပုဂ္ဂလကိုအလေးပြု၏။ သံဃာကိုအလေးမပြု။
စွမ်းနိုင်ငါးပါး --- အဂတိလေးပါး မလိုက်၊ သံဃာကိုအလေးပြု၏၊ ပုဂ္ဂလကိုအလေးမပြု။
ထို့ပြင် မစွမ်းနိုင်ငါးပါး --- အဂတိလေးပါး လိုက်၏၊ အာမိသကိုအလေးပြု၏၊ သဒ္ဓမ္မကို အလေးမပြု။
စွမ်းနိုင်ငါးပါး --- အဂတိလေးပါး မလိုက်။ သဒ္ဓမ္မကိုအလေးပြု၏၊ အာမိသကို အလေးမပြု။
[ပုဂ္ဂလကိုအလေးပြု၏ ဟူသည် ဤသူသည် ငါ၏ဥပဇ္ဈာယ်၊ ငါ၏ဆရာ စသည်ဖြင့် ကြံစည်၍ ဆရာဥပဇ္ဈာယ်၏ နိုင်ခြင်းကိုအလိုရှိ၍ အဓမ္မကို ဓမ္မဟုပြ၏။
သံဃာကိုအလေးပြု၏ ဟူသည် ဓမ္မကို ဝိနယကို မလွတ်စေမူ၍ ဆုံးဖြတ်သူသည် သံဃဂရုမည်၏။
သင်္ကန်းစသော လာဘ်တို့ကိုယူ၍ ဆုံးဖြတ်သူသည် အာမိသ ဂရုမည်၏။
လာဘ်တို့ကို မယူမူ၍ ဓမ္မနှင့်အညီ ဆုံးဖြတ်သူသည် သဒ္ဓမ္မဂရု မည်၏။]
၄၅၈။ သံဃာကွဲကြောင်း
မြတ်စွာဘုရား … အဘယ်မျှ ခြင်းရာဖြင့် သံဃာသည် ကွဲပါသနည်း။
ချစ်သား ဥပါလိ ငါးပါးဖြင့်တည်း-
ကမ္မေန - ကံလေးပါး တပါးပါးဖြင့်လည်းကောင်း၊
ဥဒ္ဒေသေန - ဥဒ္ဒေသငါးပါး တပါးပါးဖြင့်လည်းကောင်း၊
ဝေါဟရန္တော - ကွဲပြားအောင်ပြောဆိုသည် ဖြစ်၍လည်းကောင်း၊
အနုဿာဝနေန - နားရင်းကပ်ကာ တတွတ်တွတ်ပြောခြင်းဖြင့် လည်းကောင်း၊
သလာကဂ္ဂါဟေန - စာရေးတံပေးခြင်းဖြင့်လည်းကောင်း၊
ဤငါးပါးဖြင့် သံဃာသည်ကွဲ၏။
[ကမ္မဟူသည် အပလောကနစသော ကံလေးပါးတို့တွင် တပါးပါးဖြင့် သံဃာသည်ကွဲ၏။]
[ဥဒ္ဒေသ ဟူသည် ပါတိမောက်ပြခြင်း ငါးပါးတို့တွင် တပါးပါးဖြင့်။]
[ဝေါဟရန္တဟူသည်- ထိုထိုအကြောင်းတို့ဖြင့် အဓမ္မကို ဓမ္မစသော ဘေဒကရဝတ္ထု (၁၈) ပါးတို့ကိုပြ၏။]
[အနုဿာဝန ဟူသည်- မြတ်သောအမျိုးမှ ရဟန်းပြုခြင်း၊ ဗဟုသုတရှိခြင်း စသော ငါ၏အကြောင်းကို သင်တို့ သိကြသည်မဟုတ်လော၊ သင်တိုသိသောအတိုင်း ငါသို့သောသူသည် ဓမ္မမဟုတ်သည်ကို ဝိနယ မဟုတ်သည်ကို ဘုရားရှင်၏ သာသနာတော်ဟူ၍ ယူခိုင်းမည်လော။ ယူခိုင်းလိမ့်မည်ဟုသင်တို့အား စိတ်အကြံမျှဖြစ်စေခြင်းငှါ သင့်မည်လော။ အဝီစိသည် ငါ့အား ကြာတောကဲ့သို့ အေးလိမ့်မည်မဟုတ်။ ငါသည် အပါယ်ငရဲကိုမကြောက်ဘဲ ရှိအံ့လောစသည်ဖြင့် နားအနီး ကပ်၍ပြောဆိုခြင်းဖြင့်တည်း။]
[သလာကဂ္ဂါဟ ဟူသည် ဤသို့ဖန်ဖန် ပြောဆို၍ စိတ်ကို ထောက်ပံ့၍ မဆုတ်နှစ်နိုင်အောင်ပြုပြီးလျှင်၊ ဤစာရေးတံကို ယူကြလောဟု စာရေးတံကိုယူစေခြင်းဖြင့်တည်း။]
[ဤငါးပါးတို့တွင် ကမ္မနှင့် ဥဒ္ဒေသ နှစ်ပါးသာ ပမာဏဖြစ်၏။ ဝေါဟာရ၊ အနုဿာဝန၊ သလာကဂ္ဂါဟ - သုံးပါး တို့ကား ပုဗ္ဗဘာဂတို့ ဖြစ်ကုန်၏။]
[ကွဲပြားကြောင်း (၁၈) ပါးပြ၍ ဝေါဟရန္တာပြုပြီးသော် လည်းကောင်း၊ နှစ်သက်အောင် တတွတ်တွတ်ပြော၍ စာရေးတံပေးပြီးသော် လည်းကောင်း၊ သံဃာမကွဲသေး။ လေးပါး လေးပါးထက်အလွန် စာရေးတံကိုယူ၍ သီးခြား - ကံကိုသော်လည်းကောင်း ပြုအံ့၊ ပါတိမောက်ပြခြင်းသော်လည်း ပြုအံ့ - ထိုအခါ သံဃာသည် ကွဲပြားသည် မည်၏။]
[ဤပရိဝါစကားသည်လည်းကောင်း၊ သံဃာဘေဒက္ခန္ဓက စကားသည်လည်းကောင်း၊ အထူးမရှိပြီ။]
(သာဋီ။ ။ ပုဗ္ဗဘာဂသုံးပါးဟူသော အကြောင်းတရားတို့နှင့်ပေါင်း၍ ငါးပါးဟုဆိုသည်။ ငါးပါးလုံးအတူယှဉ်တွဲ၍ မဖြစ်။
အနုဿာဝန ဟူသည် အနုရူပံ၊ သာဝန ကွဲခြင်းအားလျော်စွာ ဆိုခြင်းတည်း။ ခွဲအပ်သောရဟန်းတို့အား မကွဲကွဲအောင် မိမိ၏စကားကို ကြားစေခြင်း၊ သိစေခြင်းဟူလို။
ထင်ထင်ရှားရှား ဘေဒကရဝတ္ထုကိုပြောပြခြင်းသည် ဝေါဟာရမည်၏။
တိုးတိုးသာသာသိအောင်ပြောခြင်းသည် အနုဿာဝနမည်၏။
ကမ္မ ဥဒ္ဒေသနှစ်ပါးသာလျှင် ကွဲခြင်းကိစ္စပြီး၏။ ထို ဘေဒသိဒ္ဓိကြောင့် ပမာဏဖြစ်၏။ ကြွင်းသုံးပါးသည် ထိုနှစ်ပါး၏ သမ္ဘာရဘူတ- အဆောက်အဦတို့ဖြစ်ကုန်၏။)
ဝိဋီ။ ။ အနုဿာဝနဟူသည် အနုအနုကထန - ဖန်ဖန် ထပ်ထပ် ပြောခြင်းတည်း။
သံဃရာဇီ
မြတ်စွာဘုရား၊ “သံဃရာဇိ သံဃရာဇ်” ဟုဆိုရာ၌ အဘယ်မျှဖြင့် သံဃာမကွဲသော သံဃရာဇိ၊ အဘယ်မျှဖြင့် သံဃာကွဲသော သံဃရာဇိဖြစ်ပါသနည်း။
ချစ်သားဥပါလိ ငါဘုရားသည် အာဂန္တုရဟန်းတို့အား အာဂန္တုဝတ်ကိုပညတ်၏။ ဤသို့ကောင်းစွာပညတ်သော အာဂန္တုဝတ်၌ အာဂန္တုတို့သည် ကောင်းစွာမကျင့်ကုန်။ ချစ်သား ဥပါလိ - ဤသို့မကျင့်လျှင်လည်း သံဃရာဇိ သံဃာ၏ အရေးအသားသည်ဖြစ်၏။ သံဃဘေဒကား မဖြစ်။
ချစ်သားဥပါလိ - ငါသည် အာဝါသိကတို့အား အာဝါသိက၀တ်ကို ပညတ်၏။ အာဝါသိကတို့ ကောင်းစွာမကျင့်လျှင် သံဃရာဇိဖြစ်၏။ သံဃဘေဒမဖြစ်။
ချစ်သားဥပါလိ ငါသည် ရဟန်းတို့အား -- ဘတ္တဂ္ဂ၌ ဘတ္တဂ္ဂ၀တ်ကို ပညတ်၊ ယထာဝုဍ္ဎံ - သီတင်းကြီးစဉ် အားလျော်စွာ၊ ယထာရတ္တံ - ညဥ့်အပိုင်းအခြား အားလျော်စွာ၊ ယထာပတိရူပံ - သင့်သည်အားလျော်စွာ၊ အဂ္ဂါသနံ - နေရာကို၊ အဂ္ဂေါဒကံ - ရေဦးကို၊ အဂ္ဂပိဏ္ဍ - ဆွမ်းဦးကို ပညတ်၏။ ကောင်းစွာပညတ်အပ်သော ဘတ္တဂ္ဂဝတ်၌၊ ရဟန်းငယ်တို့သည် မထေရ်ကြီးတို့ကို နေရာထားကုန်အံ့။ သံဃရာဇိ ဖြစ်၏။ သံဃဘေဒ မဖြစ်။
ချစ်သားဥပါလိ - ငါသည် - သေနာသန၌ သေနာသနဝတ်ကို ပညတ်၏။ ယထာဝုဍ္ဎံကို၊ ယထာရတ္တကို၊ ယထာပတိရူပကို ပညတ်၏။ ရဟန်းငယ်တို့သည် မထေရ်ကြီးတို့ကို သေနာသနကိုထားကုန်အံ့။ သံဃရာဇိ ဖြစ်၏။ သံဃဘေဒ မဖြစ်။
ချစ်သားဥပါလိ - ငါသည် ရဟန်းကိုအား သိမ်အတွင်း၌ ဧကံဥပေါသထံ အတူဥပုသ်ပြုခြင်းကို အတူပဝါရဏာ ပြုခြင်းကို၊ အတူသံဃကံပြုခြင်းကို၊ အတူကံငယ်ကံကြီး ပြုခြင်းကိုပညတ်၏။ ထိုသို့ကောင်းစွာပညတ်လျက် သိမ်အတွင်း၌ အသီးအခြားပြု၍သံဃာကိုဖွဲ့၍၊ သီးခြားဥပုသ် ပြုကုန်အံ့၊ သီးခြားပဝါရဏာ၊ သီးခြားသံဃကံ၊ သီးခြားကံငယ်ကံကြီးကိုပြုကုန်အံ့။ ချစ်သားဥပါလိ - ဤသို့လျှင် သံဃရာဇိလည်းဖြစ်၏။ သံဃဘေဒလည်း ဖြစ်၏။
[ပညတ္တေတန္တိ - ပညတ္တံ ဧတံ။ ကွ ပညတ္တံ - ဝတ္တက္ခန္ဓကေ - ဝတ္တက္ခန္ဓက၌ ပညတ်သည်။ ဝတ္တက္ခန္ဓက၌ ၁၄ ပါးသော ဝတ်တို့ကို အာဂန္တုဝတ်၊ အာဝါသိကဝတ် စသည်ဖြင့် ပညတ်သည်။ ]
[သံဃရာဇိ ဖြစ်ပုံကား ဤသို့ကောင်းစွာ မကျင့်ကာမျှဖြင့် အစဉ်အတိုင်း တိုးပွားလာမှ သံဃဘေဒအကျိုးငှါ ဤသံဃရာဇိ ဖြစ်သည်ဟူလို။ ]
[ယထာရတ္တန္တိ ရတ္တိပရိမာဏာနုရူပံ၊ ယထာထေရံ - မထေရ်ကြီးအားလျော်စွာဟူလို။ ]
[အသီးအခြားပြု၍ ဟူသည် အသီးသီး အပိုင်းအခြားပြု၍ အဆင့်ဆင့် သံဃာ့ကံကို အစပြု၍ ငယ်သောကံ၊ ကြီးသောကံတို့ကို ပြုကုန်၏ ဟူလို။]
(ဇီဋီ။ ။ ယထာရန္တိ အနုပသမ္ပန္နေ အပေက္ခတီတိ ပိ ဝဒန္တိ။ ယထာဝုဍ္ဎန္တိ ဥပသမ္ပန္နေ အပေက္ခတီတိ လိခိတံ။)
အဓိကရဏဝူပသမဝဂ္ဂေါ ဒသမော။
၁၁။ သံဃဘေဒကဝဂ်
၂၀ - ပဉ္စက
၁၂။ ဒုတိယသံဃဘေဒကဝဂ်
၂၀ - ပဉ္စက
၄၅၉။ အတေကိစ္ဆ
မြတ်စွာဘုရား … အဘယ်မျှအင်္ဂါနှင့်ပြည့်စုံသော သံဃဘေဒကသည် အပါယ်ရောက်ထိုက်ပါသနည်း။ ငရဲကျထိုက်ပါသနည်း။ အာယုကပ်ပတ်လုံး ငရဲ၌တည်ထိုက်ပါသနည်း။ ကုစား၍ မရစကောင်းပါသနည်း။
ချစ်သား ဥပါလိ - ငါးပါးနှင့်တည်းး
ဤသာသနာ၌ အဓမ္မကို ဓမ္မဟုပြ၏။
ဓမ္မကို အဓမ္မပြ၏။
အဝိနယကို ဝိနယဟုပြ၏။
ဝိနယကို အဝိနယဟုပြ၏။
အယူကို ဆောက်တည်၍ သီးခြားကံပြုခြင်းဖြင့် -
ဤငါးပါးနှင့်ပြည့်စုံသော သံဃဘေဒကသည် အပါယ်သို့ ရောက်ထိုက်၏ (ပ) ကုစား၍မရစကောင်း။
ထို့ပြင် ငါးပါး --
အဓမ္မကို ဓမ္မဟုပြ၏။
ဓမ္မကို အဓမ္မပြ၏။
အဝိနယကို ဝိနယဟုပြ၏။
ဝိနယကို အဝိနယဟုပြ၏။
အယူကိုဆောက်တည်၍ သီးခြားပါတိမောက် ပြခြင်းဖြင့်တည်း။
ထို့ပြင် ငါးပါး --
အဓမ္မကို ဓမ္မဟုပြ၏။
ဓမ္မကို အဓမ္မပြ၏။
အဝိနယကို ဝိနယဟုပြ၏။
ဝိနယကို အဝိနယဟုပြ၏။
အယူကိုဆောက်တည်၍ ဝေါဟရန္တ - အထင်အရှားပြောဆိုခြင်းဖြင့်တည်း။
ထို့ပြင် ငါးပါး --
အဓမ္မကို ဓမ္မဟုပြ၏။
ဓမ္မကို အဓမ္မပြ၏။
အဝိနယကို ဝိနယဟုပြ၏။
ဝိနယကို အဝိနယဟုပြ၏။
အယူကို ဆောက်တည်၍ အနုဿာဝနေန- အထပ်ထပ်ပြောဆိုခြင်းဖြင့်တည်း။
ထို့ပြင် ငါးပါး --
အဓမ္မကို ဓမ္မဟုပြ၏။
ဓမ္မကို အဓမ္မပြ၏။
အဝိနယကို ဝိနယဟုပြ၏။
ဝိနယကို အဝိနယဟုပြ၏။
အယူကိုဆောက်တည်၍ သလာကဂ္ဂါဟေန - စာရေးတံယူစေခြင်း - ပေးခြင်းဖြင့်တည်း။
(ဤတွင် ဒိဋ္ဌိ ဝိနိဓာယငါး ပဉ္စက။)
ထို့ပြင် ငါးပါး --
အဓမ္မကို ဓမ္မဟုပြ၏။
ဓမ္မကို အဓမ္မပြ၏။
အဝိနယကို ဝိနယဟုပြ၏။
ဝိနယကို အဝိနယဟုပြ၏။
ခန္တိံ - နှစ်သက်ခြင်းကို ဆောက်တည်၍ ကမ္မေန - ဥဒ္ဒေသေန၊ ဝေါဟရန္တော၊ အနုဿာဝနေန၊ သလာကဂ္ဂါဟေန (ခန္တိံ ငါး ပဉ္စက။)
ထို့ပြင် ငါးပါး --
အဓမ္မကို ဓမ္မဟုပြ၏။
ဓမ္မကို အဓမ္မပြ၏။
အဝိနယကို ဝိနယဟုပြ၏။
ဝိနယကို အဝိနယဟုပြ၏။
ရုစိံ - အားရှိသောနှစ်သက်ခြင်းကို ဆောက်တည်၍ ကမ္မေန စသည်။ (ရုစိံ ငါး ပဉ္စက)။
ထို့ပြင် ငါးပါး --
အဓမ္မကို ဓမ္မဟုပြ၏။
ဓမ္မကို အဓမ္မပြ၏။
အဝိနယကို ဝိနယဟုပြ၏။
ဝိနယကို အဝိနယဟုပြ၏။
သညံ - အမှတ်ကို ဆောက်တည်၍ ကမ္မေနစသည် (သညံ ငါး ပဉ္စက)။
သံဃဘေဒဝဂ္ဂေါ ဧကာဒသမော။
၄၆၀။ နအတေကိစ္ဆ
မြတ်စွာဘုရား အဘယ်မျှအင်္ဂါနှင့်ပြည့်စုံသော သံဃဘေဒကသည် အပါယ်မရောက်၊ ငရဲမကျ၊ အာယုကပ်လုံး မတည်၊ ကုစားမရ မဟုတ်ပါသနည်း။
ချစ်သားဥပါလိ - ငါးပါးနှင့်တည်း။ ဤသာသနာ၌ -
ဓမ္မကို ဓမ္မဟုပြ၏။
အဓမ္မကို အဓမ္မဟုပြ၏။
ဓမ္မကို အဓမ္မပြ၏။
အဝိနယကို အဝိနယဟုပြ၏။
ဝိနယကို ဝိနယဟုပြ၏။
ဒိဋ္ဌိံ - အယူကို။ အဝိနိဓာယ- မဆောက်တည်မူ၍။
ကမ္မေန - ပဉ္စကတစ်ခု၊ ဥဒ္ဒေသေန ပဉ္စကတစ်ခု၊ ဝေါဟရန္တော ပဉ္စကတစ်ခု၊ အနုဿာဝနေနပဉ္စကတစ်ခု၊ သလာကဂ္ဂေါဟေန ပဉ္စကတစ်ခု။ (ဒိဋ္ဌိံ - ငါးပဉ္စက)
ထို့ပြင်ငါးပါး ---
ဓမ္မကို ဓမ္မဟုပြ၏။
အဓမ္မကို အဓမ္မဟုပြ၏။
ဓမ္မကို အဓမ္မပြ၏။
အဝိနယကို အဝိနယဟုပြ၏။
ဝိနယကို ဝိနယဟုပြ၏။
ခန္တိံ - နှစ်သက်ခြင်းကို။ အဝိနိဓာယ - မဆောက်တည်မူ၍။ ကမ္မေနစသည်ဖြင့် ငါးပဉ္စက။
ထို့ပြင်ငါးပါး ---
ဓမ္မကို ဓမ္မဟုပြ၏။
အဓမ္မကို အဓမ္မဟုပြ၏။
ဓမ္မကို အဓမ္မပြ၏။
အဝိနယကို အဝိနယဟုပြ၏။
ဝိနယကို ဝိနယဟုပြ၏။
ရုစိံ - အားရှိသောနှစ်သက်ခြင်းကို၊ အဝိနိဓာယ - မဆောက်တည်မူ၍၊ ကမ္မေန စသည်ဖြင့် ငါးပဉ္စက။
ထို့ပြင်ငါးပါး ---
ဓမ္မကို ဓမ္မဟုပြ၏။
အဓမ္မကို အဓမ္မဟုပြ၏။
ဓမ္မကို အဓမ္မပြ၏။
အဝိနယကို အဝိနယဟုပြ၏။
ဝိနယကို ဝိနယဟုပြ၏။
သညံ - အမှတ်ကို၊ အဝိနိဓာယ - မဆောက်တည်မူ၍၊ ကမ္မေန စသည်ဖြင့် ငါးပဉ္စက။
[သံဃဘေဒဝဂ္ဂဒွယ၌ ဝိနိဓာယ ဒိဋ္ဌိံ ကမ္မန ဟူသည် အဓမ္မ စသည်တို့၌ အဓမ္မစသည်ဟုအယူရှိလျှက်သာလျှင် ထိုအယူကို ဆောက်တည်၍ (နှလုံး၌ထား၍) ထို အဓမ္မစသည်တို့ကို ဓမ္မစသည် စွမ်းဖြင့်ပြ၍ သီးခြားကံကိုပြု၏။ ဤသို့အယူကို ဆောက်တည်၍ ပြုသောကမ္မနှင့်တကွ အင်္ဂါငါးပါး ဖြစ်ကုန်၏။ ဤနည်းဖြင့် ပဉ္စက အားလုံးကို သိအပ်၏။ ထိုတွင် ဝေါဟာရစသော အင်္ဂတ္တယကို ပုဗ္ဗဘာဂစွမ်းဖြင့်သာ ဟောသည်။ ကမ္မ၊ ဥဒ္ဒေသစွမ်းဖြင့်ကား အတေကိစ္စအဖြစ်ကို သိအပ်၏။ ]
[ဤ၌ ရှေး၌မဆိုသေးသောနည်းရှိသော ပုဒ်တစ်စုံတစ်ခု မရှိပြီ။]
ဒုတိယသံဃဘေဒကဝဂ္ဂေါ ဒွါဒသမော။
၁၃။ အာဝါသိကဝဂ်
၃၀- ပဉ္စက
၄၆၁။ အာဝါသိကငရဲကျခြင်း
မြတ်စွာဘုရား … အဘယ်မျှအင်္ဂါနှင့် ပြည့်စုံသော အာဝါသိကရဟန်းသည် ဆောင်လာသော ဝန်ထုပ်ကို ပစ်ချ သကဲ့သို့ ငရဲ၌ပစ်ချအပ်သူ ဖြစ်ပါသနည်း။
ချစ်သားဥပါလိ - ငါးပါးနှင့်တည်း။
ဆန္ဒာဂတိသို့ လိုက်၏။
ဒေါသာ ဂတိသို့ လိုက်၏။
မောဟာ ဂတိသို့ လိုက်၏။
ဘယာဂတိသို့ လိုက်၏။
သံဃိကပစ္စည်းကို ပုဂ္ဂလိကသုံးဆောင်ခြင်းဖြင့် အသုံးပြု၏။
နတ်ပြည်ရောက်ကြောင်းငါးပါး ---
ဆန္ဒာဂတိသို့ မလိုက်။
ဒေါသာ ဂတိသို့ မလိုက်။
မောဟာ ဂတိသို့ မလိုက်။
ဘယာဂတိသို့ မလိုက်။
သံဃိကပစ္စည်းကို ပုဂ္ဂလိကသုံးဆောင်ခြင်းဖြင့် အသုံးမပြု။
[ဆောင်လာသောဝန်ထုပ်ကိုပစ်ချသကဲ့သို့ ဟူသည် ဆောင်လာ၍ ထားအပ်သကဲ့သို့တည်း။]
(သံဃိကကို ရောက်လာသော မထေရ်ကြီးအား မပေးဘဲ မိမိသာသုံးလျှင် ပုဂ္ဂလိကသုံး။ ပေးလှူလျှင် သံဃိကသုံး။)
၄၆၂။ ဝိနယဗျာကရဏ
မြတ်စွာဘုရား … ဝိနယပြဿနာ ဖြေဆိုခြင်း တို့သည် အဓမ္မိက အဘယ်မျှပါနည်း။ ချစ်သားဥပါလိ - ငါးပါးတို့တည်း---
အဓမ္မကို ဓမ္မဟူ၍ မှတ်သားစေ၏။
ဓမ္မကို အဓမ္မဟူ၍ မှတ်သားစေ၏။
အဝိနယကို ဝိနယဟူ၍ မှတ်သားစေ၏။
ဝိနယကို အဝိနယဟူ၍ မှတ်သားစေ၏။
မပညတ်သည်ကို ပညတ်၏။ ပညတ်သည်ကို ဖျက်ဆီး၏။
ဓမ္မိကငါးပါး ---
အဓမ္မကို အဓမ္မဟူ၍ မှတ်သားစေ၏။
ဓမ္မကို ဓမ္မဟူ၍ မှတ်သားစေ၏။
အဝိနယကို အဝိနယဟူ၍ မှတ်သားစေ၏။ -
ဝိနယကို ဝိနယဟူ၍ မှတ်သားစေ၏။
မပညတ်သည်ကိုမပညတ်။ ပညတ်အပ်ပြီးကို မဖျက်ဆီး။
[ဝိနယဗျာကရဏ ဟူသည် ဝိနယပြဿနာတို့ကို ဖြေဆိုခြင်းတည်း။ ပရိဏာမေတီတိ နိယာမေတိ ကထေတိ - မှတ်စေ၏။ မိန့်ဆို၏။]
၄၆၃။ ဆွမ်းညွှန်းစသည် ငရဲကျခြင်း
မြတ်စွာဘုရား … အဘယ်မျှ အင်္ဂါနှင့်ပြည့်စုံသော ဆွမ်းညွှန်းရဟန်းသည် ဆောင်လာသောဝန်ထုပ်ကို ပစ်ချသကဲ့သို ငရဲ၌ပစ်ချအပ်သူ ဖြစ်ပါသနည်း။ ချစ်သားဥပါလိ ငါးပါးနှင့်တည်း---
ဆန္ဒာဂတိသို့ လိုက်၏။
ဒေါသာ ဂတိသို့ လိုက်၏။
မောဟာ ဂတိသို့ လိုက်၏။
ဘယာဂတိသို့ လိုက်၏။
ညွှန်းအပ်သည် မညွန်းအပ်သည်ကိုမသိ။
နတ်ပြည် ရောက်ကြောင်း ငါးပါး---
ဆန္ဒာဂတိသို့ မလိုက်။
ဒေါသာ ဂတိသို့ မလိုက်။
မောဟာ ဂတိသို့ မလိုက်။
ဘယာဂတိသို့ မလိုက်။
ညွှန်းအပ်သည် မညွန်းအပ်သည်ကိုသိ၏။ (ပဉ္စကနှစ်ခုစီ - ၆-ခု။)
၄၆၄။ မြတ်စွာဘုရား … အဘယ်မျှအင်္ဂါနှင့် ပြည့်စုံသော --- (၁)
(၁) သေနာသန ပညာပက - အိပ်ရာနေရာခင်းသော ရဟန်းသည်၊
(၂) ဘဏ္ဍာဂါရိက - ဘဏ္ဍာစိုးသည်၊
(၃) စီဝရပဋိဂ္ဂါဟက- သင်္ကန်းခံယူသော ရဟန်းသည်၊
(၄) စီဝရဘာဇက - သင်္ကန်းဝေဘန်သော ရဟန်းသည်၊
(၅) ယာဂုဘာဇက - ယာဂုဝေဘန်သော ရဟန်းသည်၊
(၆) ဖလဘာဇက - သစ်သီးဝေဘန်သော ရဟန်းသည်၊
(၇) ခဇ္ဇဘာဇက- ခဲဘွယ်ဝေဘန်သော ရဟန်းသည်၊
(၈) အပ္ပမတ္တကဝိဿဇ္ဇက- အနည်းငယ်ကိုစွန့်သော ရဟန်းသည်၊
(၉) သာဋိယဂ္ဂါဟာပက - မိုးရေခံသင်္ကန်းကို ခံယူစေသော ရဟန်းသည်၊
(၁၀) ပတ္တဂ္ဂါဟာပက - သပိတ်ကိုခံယူစေသော ရဟန်းသည်၊
(၁၁) အာရာမိက ပေသက - အာရာမ်စောင့်ကို စေခိုင်းသော ရဟန်းသည်၊
(၁၂) သာမဏေရပေသက - သာမဏေကိုစေခိုင်းသောရဟန်းသည် ငရဲ၌ကျပါသနည်း။
ချစ်သားဥပါလိ - ငါးပါးနှင့်တည်း---
အဂတိလေးပါးသို့ လိုက်စား၏။
စေခိုင်းအပ်သည် မစေခိုင်း အပ်သည်ကိုမသိ။ (၁၂-ပဉ္စက)
နတ်ပြည်ရောက်ကြောင်းငါးပါး ---
အဂတိလေးပါးသို့မလိုက်၊ စေအပ်သည် မစေအပ်သည်ကို သိ၏။ (၁၂-ပဉ္စက)
အာဝါသိကဝဂ္ဂေါ တေရသမော။
၁၄။ ကထိနတ္ထာရဝဂ်
၁၀ - ပဉ္စက
၄၆၅။ ကထိန်အာနိသင်
မြတ်စွာဘုရား … ကထိန်ခင်းရာ၌ အာနိသင်တို့သည် အဘယ်မျှပါနည်း။
ချစ်သားဥပါလိ - ငါးပါးတည်း။
၁။ အနာမန္တစာရော- မပန်ကြားဘဲ လှည့်လည်နိုင်ခြင်း (ဝါ) စာရိတ္တသိက္ခာပုဒ်ဖြင့် အာပတ်မသင့်နိုင်ခြင်း၊
၂။ အသမာဒါနစာရော - အဓိဋ္ဌာန်တင်သော တိစီဝရိတ်ကို မယူဘဲ သွားနိုင်ခြင်း၊ (ဝါ) ဥဒေါသိတ သိက္ခာပုဒ်ဖြင့် အာပတ်မသင့်နိုင်ခြင်း၊
၃။ ဂဏဘောဇနံ - ဂဏဘောဇဉ်ကြောင့် အာပတ်မသင့်ခြင်း၊
၄။ ယာဝဒတ္ထစီဝရံ - အဓိဋ္ဌာန် ဝိကပ္ပနာမပြုဘဲ အလိုရှိတိုင်း သင်္ကန်းထားနိုင်ခြင်း၊ (ဝါ) ပဌမကထိန သိက္ခာပုဒ်ဖြင့် အာပတ်မသင့်နိုင်ခြင်း၊
၅။ ယောစတတ္ထ စီဝရုပ္ပါဒေါ - ထိုကျောင်း၌ဖြစ်သမျှ သံဃိကသင်္ကန်းသည် ထိုကထိန်ခင်းသူတို့အား ဖြစ်ခြင်း -
ဤငါးပါးတည်း။
အနာမန္တ၊ အ-သ-မါဒါ၊ ယာဝါ၊ ဂဏ၊ ယောတတ္ထ ပဉ္စအာနိသင်။
၄၆၆။ မေ့လျော့စွာအိပ်သူ
မြတ်စွာဘုရား … သတိမေ့လျက် ဆင်ခြင်ဉာဏ်ကင်းလျှက် အိပ်ခြင်းသို့ သက်သူအား အပြစ်အဘယ်မျှပါနည်း။
ချစ်သားဥပါလိ - ငါးပါးတည်း။ ဆင်းရဲစွာ အိပ်ရ၏။ ဆင်းရဲစွာနိုးရ၏။ မကောင်းသောအိပ်မက်ကို မြင်မက်၏။ နတ်တို့သည် မစောင့်ရှောက်ကုန်။ သုက်သည်လွတ်တတ်၏။
သတိထင်လျှက် ဆင်ခြင်ဉာဏ်ရှိလျှက် အိပ်ခြင်းသို့ သက်သူအား အကျိုးအဘယ်မျှပါနည်း။
ငါးပါးတည်း။ ချမ်းသာစွာအိပ်ရ၏။ ချမ်းသာစွာနိုးရ၏။ ကောင်းသောအိပ်မက်ကို မြင်မက်၏။ နတ်တို့သည် စောင့်ရှောက်ကုန်၏။ သုက်သည် မလွတ်။
၄၆၇။ ရှိမခိုးထိုက်သူများ
မြတ်စွာဘုရား ရှိမခိုးအပ်သော အဝန္ဒိယပုဂ္ဂိုလ်တို့သည် အဘယ်မျှတို့ပါနည်း။
ချစ်သားဥပါလိ - ငါးယောက်တို့တည်း။
၁။ ရွာတွင်းသို့ဝင်သူကို ရှိမခိုးအပ်။
၂။ လမ်းမ၌သွားသူကို ရှိမခိုးအပ်။
၃။ မှောင်မိုက်၌နေသူကို ရှိမခိုးအပ်။
၄။ အသမန္နာဟရန္တ - နှလုံးမသွင်းသူကို ရှိမခိုးအပ်။
၅။ အိပ်ပျော်သူကို ရှိမခိုးအပ် - ဤငါးယောက်တည်း။
ထို့ပြင် ငါးယောက် –--
၁။ ယာဂုပါနေ - ယာဂုသောက်ရာ၌ ရှိမခိုးအပ်၊
၂။ ဘတ္တဂ္ဂေ - ဆွမ်းနေရာ၌ ရှိမခိုးအပ်၊
၃။ ဧကာဝတ္တော- ရန်သူဖြစ်သောဝိသဘာဂကို ရှိမခိုးအပ်၊
၄။ အညဝိဟိတ - အာရုံတပါး နှလုံးထားသူကို ရှိမခိုးအပ်၊
၅။ နဂ္ဂ - အဝတ်အချည်းနှီးရှိသူကို ရှိမခိုးအပ်။
ထို့ပြင် ငါးယောက် ---
၁။ ခါဒန္တ - ခဲဘွယ်ခဲဆဲကို ရှိမခိုးအပ်၊
၂။ ဘုဉ္ဇန္တ - ဘောဇဉ်စား ဆဲကို ရှိမခိုးအပ်၊
၃။ ဥစ္စာရံကရောန္တ - ကျင်ကြီးစွန့်ဆဲကို ရှိမခိုးအပ်၊
၄။ ပဿာဝ - ကျင်ငယ်စွန့်ဆဲကို ရှိမခိုးအပ်၊
၅။ ဥက္ခိတ္တက - ဥတ္တကကံပြုခံရသော ကမ္မနာနာသံဝါသကကို ရှိမခိုးအပ်။
ထို့ပြင် ငါးယောက် –--
၁။ ရှေးဖြစ်ရဟန်းသည် နောက်ဖြစ်ရဟန်းငယ် နဝကကို ရှိမခိုးအပ်၊
၂။ အနုပသမ္ပန္န - ရဟန်းမဟုတ်သူကို ရှိမခိုးအပ်၊
၃။ နာနာသံဝါသက - ဥက္ခိတ္တက၏ နောက်လိုက်၊
လဒ္ဓိနာနာသံဝါသက- ရဟန်းကြီးအဓမ္မဝါဒီကို ရှိမခိုးအပ်၊
၄။ မာတုဂါမကို ရှိမခိုးအပ်။
၅။ ပဏ္ဍကကို ရှိမခိုးအပ်။
ထို့ပြင် ငါးယောက် ---
ပရိဝါသ် နေဆဲကို၊ မူလာယပဋိကဿန ထိုက်သူကို၊ မာနတ်ထိုက်သူကို၊ မာနတ်ကျင့်ဆဲကို၊ အဗ္ဘာန်ထိုက်သူကို ရှိမခိုးအပ်။
[မှောင်မိုက်၍နေသူ - ဩတမသိက ဟူသည် အန္ဓကာရဂတ ဖြစ်၏။ ထိုမှောင်ထဲနေသူကို ရှိခိုးလျှင် ညောင်စောင်းအခြေ စသည်တို့၌သော်လည်း နဖူး ဆောင့်မိရာ၏။ ]
[အသမန္နာဟရန္တ ဟူသည် ကိစ္စပသုတ - အလုပ်ကိစ္စများသူ ဖြစ်၏။ ထို့ကြောင့် ရှိခိုးသည်ကို နှလုံး မသွင်းနိုင်။ ]
[အိပ်ပျော်သူ- သုတ္တသည် နိဒ္ဒံ သြက္ကန္တ - ဘဝင်ကျခြင်းဖြင့် အိပ်ပျော်နေသူဖြစ်၏။]
[ဧကာဝတ္တ ဟူသည် ဧကတော အာပတ္တော- ဘာဝတ္တော - တစ်ဖက်၌သို့ စိတ်လှည့်နေသောသူဖြစ်၏။ ]
[သပတ္တပက္ခ - ဟူသော ရန်သူဘက်၌ တည်သူဖြစ်၏။ ]
[ဝေရိဝိသဘာဂ - သဘောမတူသော ရဟန်း ဖြစ်၏။ ]
[ရန်သူကို ရှိမခိုးအပ် (ငုံ့၍) ရှိခိုးလျှင် ခြေဖြင့် ကန်ကျောက်ရာသောကြောင့်တည်း။ ]
[အညဝိဟိတဟူသည် အာရုံတပါးကို ကြံစည်စိတ်ကူးနေသူ ဖြစ်၏။ ]
[ခါဒန္တ ဟူသည် မုံ ညက်ခဲဘွယ်စသည်ကိုစားနေသူဖြစ်၏။]
[ကျင်ကြီးကျင်ငယ်စွန့်ဆဲကို အရာမဟုတ်သောကြောင့် ရှိမခိုးအပ်။ ]
[ဥက္ခိတ္တက ဟူသည်- သုံးခုသောဥက္ခေပနိယကံဖြင့် ကံပြုခံရသူ ဖြစ်၏၊ ရှိမခိုးအပ်။]
[တဇ္ဇနိယနိယသ၊ ပဋိသာရဏီယ၊ ပဗ္ဗာဇနိယကံသို့ ပြုသူ လေးယောက်ကိုကား ရှိခိုးအပ်၏။ ထိုလေးယောက်နှင့် အတူ ဥပုသ်၊ ပဝါရဏာလည်း ပြုကောင်း၏။]
(ဇီဋီ။ ။ ဧကာဝတ္တောဟူ၍လည်း ရွတ်ဆိုကုန်၏။ အမျက်ဒေါသထွက်သူဟူလို။ ဧကာဝဏ္ဏောဟူ၍လည်း ကေစိတို့ ဆိုကုန်၏။ ကိုယ်ရုံပယ်၍ နေသူဟူလို။ ထိုအားလုံးသည် အဋ္ဌကထာ၌ထုတ်သော ပါဠိနှင့်ဆန့်ကျင်၏။ ဧကာဝတ္တော ဟူ၍သာထုတ်၏။ ထို့ကြောင့် မယူအပ်။ )
(ခုဒ္ဒကဝတ္ထုက္ခန္ဓက၌ - နဘိက္ခဝေ နဂ္ဂေန နဂ္ဂေါ အဘိဝါဒေတဗ္ဗော။ (ပ)။ န နဂ္ဂေန အဘိဝါဒေတဗ္ဗံ။ န နဂ္ဂေန န နဂ္ဂေါ အဘိဝါဒါပေတဗ္ဗော န နဂ္ဂေန အဘိဝါဒေတဗ္ဗံ။(ပ)။ ယော ပိဝေယျ အာပတ္တိဒုက္ကဋဿ - ဟု ပါဠိတော်ဒုတိယဘာဏဝါရ၌ ရှိ၏။)
၄၆၈။ ရှိခိုးထိုက်သူ
မြတ်စွာဘုရား … ရှိခိုးအပ်သော ဝန္ဒိယပုဂ္ဂိုလ်တို့သည် အဘယ်မျှတို့ပါနည်း။
ချစ်သား ဥပါလိ - ငါးယောက်တို့တည်း။
၁။ နောက်ဖြစ်ရဟန်းငယ်သည် ရှေးဖြစ်ရဟန်းကြီးကို ရှိခိုးအပ်၏။
၂။ လဒ္ဓိနာနာသံဝါသက ရဟန်းကြီး ဓမ္မဝါဒီကို ရှိခိုးအပ်၏။
၃။ အာစရိယကို ရှိခိုးအပ်၏။
၄။ ဥပဇ္ဈာကို ရှိခိုးအပ်၏။
၅။ နတ်လူနှင့်တကွ ဩကာသလောက သတ္တလောက၌ ပူဇော်အထူးခံထိုက်သော သမ္မာသမ္ဗုဒ္ဓဘုရားရှင်ကို ရှိခိုးအပ်၏။
[အာစရိယဟူသည် --
ပဗ္ဗဇ္ဇာစရိယ - ရှင်ပြုပေးသော သရဏဂုံဆရာ။
ဥပသမ္ပဒါစရိယ - ရဟန်းပြုပေးသော ကမ္မဝါစာဆရာ။
နိဿယာစရိယ - မှီခို၍နေရာဆရာ။
ဥဒ္ဒေသာစရိယ- စာသင်ပေးသော ဓမ္မာစရိယ၊
သြဝါဒါစရိယ - ဆုံးမသောဆရာ -
ဤသို့ ငါးပါး - အပြားရှိသောဆရာကို ရှိခိုးအပ်၏။]
(ဝိဋီ။ ။ ရှိခိုးအပ်သူတို့တွင် ဥဒ္ဒေသာစရိယ၊ နိဿယာစရိယ ဤဆရာနှစ်ပါးသည် မိမိအောက်ငယ်သူသို သော်လည်း ဖြစ်ကုန်၏။ ထို့ကြောင့် ထိုဆရာတော်နှစ်ပါးတို့သည် ဝုဍ္ဎ သီတင်းကြီးတို့ ဖြစ်ပါမှ ရှိခိုးအပ်သူတို့ ဖြစ်ကုန်၏ဟု သိအပ်ကုန်၏။ )
၄၆၉။ ရှိခိုးခြင်းအင်္ဂါ
မြတ်စွာဘုရား … သီတင်းငယ်သည် သီတင်းကြီး၏ ခြေတော်တို့ကို ရှိခိုးသောအခါ အဘယ်မျှဓမ္မတို့ကို အဇ္ဈတ္တသန္တာန်၌ဖြစ်စေ၍ ရှိခိုးအပ်ပါသနည်း။
ချစ်သားဥပါလိ - ငါးပါးတို့တည်း။ သီတင်းငယ်သည် သီတင်းကြီး၏ ခြေတော်တို့ကို ရှိခိုးသောအခါ ပခုံး တစ်ဘက်၌ ကိုယ်ရုံကိုတင်၍၊ လက်အုပ်ကိုချီ၍ လက်ဝါးပြင်နှစ်ခုတို့ဖြင့် ခြေတို့ကို ဆုပ်နယ်၍ ပေမ -ချစ်ခင် ကြည်ညိုခြင်းကိုဖြစ်စေ၍၊ ဂါရဝ - ရိုသေလေးမြတ်ခြင်းကို ဖြစ်စေ၍၊ ရှိခိုးအပ်၏။ ဤငါးပါးကို အဇ္ဈတ္တ၌ ဖြစ်စေ၍ ရှိခိုးအပ်၏။
(လင်္ကာဋီ။ ။ ဤနေရာ၌ ဘုရားရှင်သည် ရှင်ပါလိအား ရှိခိုးနည်းကိုဟောသည်၊ ပဉ္စပတိဋ္ဌိတေနဝန္ဒိတွာဟူရာ၌ ပဉ္စသရုပ်ကိုလည်း ဟောပြတော်မူသည်။ သီတင်းကြီးအား ရှိခိုးသောအခါ ပခုံးနှစ်ဘက်ဖော်၍ လည်းကောင်း၊ နှစ်ဘက်လုံးဖုံး၍ လည်းကောင်း ရှိမခိုးအပ်။ တစ်ဘက်ကိုသာဖုံး၍ ရှိခိုးအပ်၏ ဟုဟောသည်။
လက်သည်း ဆယ်ခု ပေါင်းစု အရောင်တောက်ပြောင်သော “ကရပုဋ” ဟူသော လက်အုပ်ကိုချီလျှက်သာ ရှိခိုးအပ်၏။ လက်ဝါးပြင်ပြခြင်း၊ လက်သီးဆုပ်ပြခြင်း စသည်ဖြင့်ရှိမခိုးအပ်။
ဤပဉ္စပတိဋ္ဌိတကို အဇ္ဈတ္တံ ပဉ္စဓမ္မေ ဥပဋ္ဌပေတွာ-ဟု ဟောသည်။ )
တစ်နည်းကား - လက်ဝါးနှစ်ဘက်ချ၍ ဒူးနှစ်ဘက်ကိုလည်းချ၍ နဖူးကိုလည်းချ၍ မြေ၌ကြမ်း၌ အင်္ဂါငါးပါး တည်စေလျက် ရှိခိုးခြင်းသည် ပဉ္စပတိဋ္ဌိတဝန္ဒနာ မည်၏ဟု မိန့်ဆိုကုန်သေး၏။
ကထိနတ္ထာရဝဂ္ဂေါ စုဒ္ဒသမော။
ဥပါလိ ပဉ္စကံ နိဋ္ဌိတံ။
၁၈ - အတ္ထာပတ္တိသမုဋ္ဌာန
၄၇၀။ အာပတ်ရောက်ခြင်း၊ ထခြင်း
အာပတ်ဟူသည် ---
အစိတ္တကအခိုက် ရောက်၍ သစိတ္တကအခိုက် ထ၏။
သစိတ္တကအခိုက် ရောက်၍ အစိတ္တက အခိုက် ထ၏။
အစိတ္တကအခိုက်ရောက်၍ အစိတ္တကအခိုက်ထ၏။
သစိတ္တကအခိုက် ရောက်၍ သစိတ္တကအခိုက်ထ၏။ (လေးမျိုး)
ကုသလစိတ်ရှိခိုက် ရောက်၍ ကုသလစိတ်ရှိခိုက် ထ၏။
ကုသလစိတ် ရှိခိုက်ရောက်၍ အကုသလစိတ်ရှိခိုက် ထ၏။
ကုသလစိတ်ရှိခိုက်ရောက်၍ အဗျာကတစိတ်ရှိခိုက် ထ၏။ (သုံးမျိုး)
အကုသလစိတ်ရှိခိုက်ရောက်၍ ကုသလစိတ်ရှိခိုက်ထ၏။
အကုသလစိတ်ရှိခိုက်ရောက်၍ အကုသလစိတ်ရှိခိုက် ထ၏။
အကုသလစိတ်ရှိခိုက်ရောက်၍ အဗျာကတစိတ်ရှိခိုက် ထ၏။ (သုံးမျိုး)
အဗျာတစိတ်ရှိခိုက်ရောက်၍ ကုသလစိတ်ရှိခိုက်ထ၏။
အဗျာတစိတ်ရှိခိုက်ရောက်၍ အကုသလ စိတ်ရှိခိုက်ထ၏။
အဗျာတစိတ်ရှိခိုက်ရောက်၍ အဗျာကတစိတ်ရှိခိုက်ထ၏။ (သုံးမျိုး)
[သဟသေယျစသော ပဏ္ဏတ္တိဝဇ္ဇသို့ အားမထုတ်ဘဲ ရောက်သူသည် အစိတ္တကအခိုက် ရောက်၏။ ]
[ဒေသနာကြားသူသည် သစိတ္တကအခိုက် ထ၏။ ]
[အမှတ်ရသဖြင့်ထသူသည် အစိတ္တကအခိုက်ထ၏။ ]
[ပဌမဆိုပြီးသောအာပတ် - တိဏဖြင့် ထသူသည် အစိတ္တကအခိုက်ရောက်၍ အစိတ္တကအခိုက် ထ၏။ ]
[နောက်ဆိုပြီးသော သစိတ္တအာပတ်ကို ဒေသနာကြားသူသည် သစိတ္တကအခိုက်ရောက်၍ သစိတ္တကအခိုက် ထ၏။]
သမုဋ္ဌာန် - ပါရာဇိက
ပဌမပါရာဇိကသည် အဘယ်မျှ သမုဋ္ဌာန်တို့ကြောင့် ဖြစ်သနည်း။ ပဌမပါရာဇိကသည် တစ်ခုသော သမုဋ္ဌာန်ကြောင့် ဖြစ်၏။ ကာယစိတ္တကြောင့် ဖြစ်၏။ ဝါစာကြောင့်မဖြစ်။
ဒုတိယပါရာဇိကသည် အဘယ်မျှ သမုဋ္ဌာန်တို့ ကြောင့်ဖြစ်သနည်း။ ဒုတိယပါရာဇိကသည် သုံးခုသော သမုဋ္ဌာန်တို့ကြောင့် ဖြစ်၏။ ရံခါ ကာယစိတ္တကြောင့်၊ ရံခါ ဝါစာစိတ္တကြောင့်၊ ရံခါ ကာယဝါစာစိတ္တကြောင့် တည်း။
တတိယပါရာဇိကသည် သုံးခုသောသမုဋ္ဌာန်ကြောင့်ဖြစ်၏။ ကာယစိတ္တကြောင့်၊ ဝါစာစိတ္တကြောင့်၊ ကာယဝါစာ စိတ္တကြောင့်။
စတုတ္ထ ပါရာဇိကသည် သုံးခုကြောင့်ဖြစ်၏။ ကာယစိတ္တကြောင့်၊ ဝါစာစိတ္တကြောင့်၊ ကာယဝါစာစိတ္တကြောင့်။
စတ္တာရော ပါရာဇိကာ နိဋ္ဌိတာ။
၄၇၁။ သံဃာဒိသေသ်စသည်
လုံ့လပြု၍ သုက်ကိုလွတ်စေသူ၏ သံဃာဒိသေသ်သည် အဘယ်မျှ သမုဋ္ဌာန်တို့ကြောင့် ဖြစ်သနည်း။ တစ်ခုကြောင့် ကာယစိတ္တကြောင့်။
မာတုဂါမနှင့် ကာယသံသဂ္ဂရောက်သူ၏ သံဃာဒိသေသ်သည် တစ်ခုကြောင့်ကာယစိတ္တကြောင့်။
မာတုဂါမကို ဒုဋ္ဌုလ္လဝါစာတို့ဖြင့် ပြက်ရယ်ဆိုသူ၏ သံဃာဒိသေသ်သည် သုံးခုကြောင့် ကာယစိတ္တ၊ ဝါစာစိတ္တ၊ ကာယဝါစာစိတ္တကြောင့်။
မာတုဂါမထံ အတ္တကာမပါရိစရိယ ကျေးဇူးဆိုသူ၏ သံဃာဒိသေသ်သည် သုံးခုကြောင့် - ကာယစိတ္တ၊ ဝါစာစိတ္တ၊ ကာယဝါစာစိတ္တကြောင့်။
သဉ္စရိတ္တသို့ရောက်သူ၏ သံဃာဒိသေသ်သည် ခြောက်ခုကြောင့်၊ ကာယ၊ ဝါစာ၊ ကာယဝါစာ၊ ကာယစိတ္တ၊ ဝါစာစိတ္တ၊ ကာယဝါစာစိတ္တကြောင့်။
သညာစိကာကုဋီကိုပြုသူ၏ သံဃာဒိသေသ်သည် ခြောက်ခုကြောင့်။
မဟလ္လကဝိဟာရကိုပြုသူ၏ သံဃာဒိသေသ်သည် ခြောက်ခုကြောင့်။
ရဟန်းကို အမူလကပါရာဇိကဖြင့် စွပ်စွဲသူ၏ သံဃာဒိသေသ်သည် သုံးခုကြောင့်။
ရဟန်းကို အညာဘာဂိယ အဓိကရဏ၏ ကိဉ္စိဒေသလေသမတ္တကိုစွဲ၍ ပါရာဇိကဖြင့် စွပ်စွဲသူ၏ သံဃာဒိသေသ်သည် သုံးခုကြောင့်။
သံဃဘေဒကဖြစ်၍ သုံးကြိမ်ဆုံးမလျှက် မစွန့်သူ၏ သံဃာဒိသေသ်သည် တစ်ခုကြောင့် ကာယဝါစာစိတ္တကြောင့်။
ဘေဒါနု၀တ္တကဖြစ်၍ သုံးကြိမ်မြောက် ဆုံးမလျှက် မစွန့်သူတို့၏ သံဃာဒိသေသ်သည် တစ်ခုကြောင့်၊ ကာယဝါစာစိတ္တကြောင့်။
ဒုဗ္ဗစဖြစ်၍ သုံးကြိမ်ဆုံးမလျှက် မစွန့်သူ၏ သံဃာဒိသေသ်သည် တစ်ခုကြောင့် - ကာယဝါစာစိတ္တကြောင့်။
ကုလဒူသကဖြစ်၍ သုံးကြိမ်ဆုံးမလျှက် မစွန့်သူ၏ သံဃာဒိသေသ်သည် တစ်ခုကြောင့်၊ ကာယဝါစာစိတ္တကြောင့်။
တေရသသံဃာသိသေသာ နိဋ္ဌိတာ။
၄၇၂။ (ပ) အနာဒရိယကိုစွဲ၍ ရေ၌ကျင်ကြီး၊ ကျင်ငယ်၊ တံတွေးကိုစွန့်သူ၏ ဒုက္ကဋ်သည် တစ်ခုကြောင့်- ကာယစိတ္တကြောင့်။
သေခိယာနိဋ္ဌိတာ။
၃။ ပါရာဇိကာ
၄၇၃။ အပေါင်းသမုဋ္ဌာန်
လေးပါးသော ပါရာဇိကတို့သည် အဘယ်မျှသမုဋ္ဌာန်တို့ကြောင့် ဖြစ်ကုန်သနည်း။ သုံးခုကြောင့်၊ ကာယစိတ္တ၊ ဝါစာစိတ္တ၊ ကာယဝါစာရိတ္တကြောင့်။
တစ်ဆယ့်သုံးပါးသော သံဃာဒိသေသ်တို့သည် ခြောက်ခုကြောင့်။
နှစ်ပါးသောအနိယတတို့သည် သုံးခုကြောင့်ဖြစ်ကုန်၏။ အစိတ္တက သုံးခုကြောင့်မဖြစ်ကုန်။
သုံးဆယ်သော နိဿဂ္ဂိပါစိတ်တို့သည် ခြောက်ခုကြောင့်။
ကိုးဆယ့်နှစ်ပါးသောပါစိတ်တို့သည် ခြောက်ခုကြောင့်။
လေးပါးသော ပါဋိဒေသနီတို့သည်လေးခုကြောင့်၊ ကာယ၊ ကာယဝါစာ၊ ကာယစိတ္တ၊ ကာယဝါစာစိတ္တကြောင့် ဖြစ်ကုန်၏၊ (ဝါစာ၊ ဝါစာစိတ္တကြောင့် မဖြစ်ကုန်။)
ခုနှစ်ဆယ့်ငါးပါးသော သေခိယတို့သည် သုံးခုကြောင့်။ ကာယစိတ္တ၊ ဝါစာစိတ္တ၊ ကာယဝါစာစိတ္တကြောင့် ဖြစ်ကုန်၏။ (အစိတ္တက သုံးခုကြောင့် မဖြစ်ကုန်။)
[လေးပါးသော ပါရာဇိကတို့သည် သုံးခုကြောင့် စသည်တို့၌ ဥက္ကဋ္ဌပရိစ္ဆေဒအားဖြင့် အကြင်အကြင်သမုဋ္ဌာန်ကို အကြင်အကြင် သိက္ခာပုဒ်အား ရအပ်၏။ ထိုထိုသမုဋ္ဌာန်အားလုံးကို ဆိုအပ်သည်သာတည်း။]
သမုဋ္ဌာနံနိဋ္ဌိတံ။
၁၉။ ဒုတိယဂါထာသင်္ဂဏိကာ
(ပုစ္ဆာဂါထာ ၅၄။ ပြဿနာ – ၁၃၂။)
၄၇၄၊ ၁။ ပုစ္ဆာလေးခု
ကာယဒွါရ၌ဖြစ်သော အာပတ်တို့သည် အဘယ်မျှတို့နည်း။
၀စီဒွါရ၌ဖြစ်သော အာပတ်တို့သည် အဘယ်မျှတို့နည်း။
ဖုံးသူအား အဘယ်မျှသော အာပတ်တို့ကို ပညတ်အပ်ကုန်သနည်း။
သံသဂ္ဂ နှီးနှောခြင်းကြောင့် အဘယ်မျှသောအာပတ်တို့ကို ပညတ်အပ်ကုန်သနည်း။
ကာယဒွါရ၌ဖြစ်သော အာပတ်တို့သည် ခြောက်ပါးဖြစ်ကုန်၏။
ဝစီဒွါရ၌ဖြစ်သောအာပတ်တို့သည် ခြောက်ပါးဖြစ်ကုန်၏။
ဖုံးသူအား သုံးပါးသော အာပတ်တို့ကို ပညတ်ကုန်၏။
သံသဂ္ဂကြောင့် ငါးပါးသောအာပတ်တို့ကို ပညတ်အပ်ကုန်၏။
[ကာယဒွါရ၌ဖြစ်သော အာပတ်ခြောက်ပါးကား အန္တရပေယျာလ၌ စတုတ္ထ အာပတ္တိသမုဋ္ဌာန် (ကာယစိတ္တ) ကြောင့် ခြောက်ပါးသော အာပတ်တို့သို့ရောက်၏။ မေထုန်မှီဝဲအံ့။ ပါရာဇိက စသည်ဖြင့် ဟောပြီးသော အာပတ်တို့တည်း။ ထိုအာပတ်တို့သည် ကာယဒွါရ၌ဖြစ်သောကြောင့် ကာယိကတို့ မည်ကုန်၏။
ဝစီဒွါရ၌ ဖြစ်သော အာပတ်ခြောက်ပါးကား ထိုအန္တရပေယျာလ၌ပင်လျှင် ပဉ္စမ အာပတ္တိသမုဋ္ဌာန် (ဝါစာစိတ္တ) ကြောင့် ခြောက်ပါးသော အာပတ်တို့ရောက်၏။ ယုတ်မာသော အလိုဆိုးဖြင့် စသည်ဖြင့် ဟောပြီးသော အာပတ်တို့တည်း။
ဖုံးသူအား သုံးပါးဟူသည် ---
ပါရာဇိကအပြစ်ကိုဖုံးသော ဘိက္ခုနီအား ပါရာဇိက၊
ရဟန်း၏ သံဃာဒိသေသ်ကို ဖုံးသူအား ပါစိတ်၊
မိမိ၏ ဒုဋ္ဌုလ္လအာပတ်ကို ဖုံးသူအား ဒုက္ကဋ်၊
သံသဂ္ဂကြောင့် ငါးပါး ဟူသည် --
၁။ ဘိက္ခုနီအား ကာယသံသဂ္ဂကြောင့် ပါရာဇိက။
၂။ ဘိက္ခုအား သံဃာဒိသေသ်။
၃။ ကာယဖြင့် ကာယပဋိဗဒ္ဓ၌ ထုလ္လစ္စည်း။
၄။ နိဿဂ္ဂိယဖြင့် ကာယပဋိဗဒ္ဓ၌ ဒုက္ကဋ်။
၅။ အင်္ဂုလိပတောဒကကြောင့် ပါစိတ်။
ဤကား ကာယသံသဂ္ဂကြောင့် ငါးပါးသော အာပတ်တို့တည်း။
(ဝိဋီ။ ။ ကာယဒွါရ၌ဖြစ်သော အာပတ်တို့သည် အဘယ်မျှတို့နည်း စသည်ဖြင့် ဥပါလိမထေရ်သည် ဝိနည်း၏ သဘော၌ လိမ္မာထက်မြက်စိမ့်သောငှါ ကိုယ်တိုင်သာမေး၍ အဖြေကို ပြုတော်မူအပ်၏။)
၂။ ပုစ္ဆာလေးခု
အရုဏ်တက်ချိန်၌ အာပတ်အဘယ်မျှနည်း။
ယာဝတတိယက အဘယ်မျှနည်း။
ဤသာသနာ၌ အဋ္ဌဝတ္ထုက အဘယ်မျှနည်း။
အဘယ်မျှတို့ဖြင့် သိက္ခာပုဒ်အားလုံးကို ရေတွက်သနည်း။
အရုဏ်တက်ချိန်၌ အာပတ်သုံးခုဖြစ်၏။
ယာဝတတိယ နှစ်ခုဖြစ်၏။
ဤသာသနာ၌ အဋ္ဌဝတ္ထုက တစ်ခုဖြစ်၏။
တစ်ခုမျှဖြင့် သိက္ခာပုဒ်အားလုံးကို ရေတွက်၏။
[အရုဏ်တက်ချိန်၌ အာပတ်သုံးခုကား၊ ဧကရတ္တ၊ ဆာရတ္တ၊ သတ္တာဟ၊ ဒသာဟ၊ မာသ-လွန်ခြင်းဖြင့် နိဿဂ္ဂိပါစိတ်။
ဘိက္ခုနီအား ညဥ့်အခါ အဘော်ကင်းခြင်းကြောင့် သံဃာဒိသေသ်။ ပဌမယာမ်၊ ဒုတိယယာမ်၊ တတိယယာမ်၊ ညဥ့်သုံးယာမ်ပတ်လုံး ဖုံးအံ့၊ အရုဏ်တက်သောအခါ ဖုံးအပ်သောအာပတ်ဖြစ်၏။ ဖုံးသူကို ဒုက္ကဋ်ကို ဒေသနာ ကြားစေအပ်၏။ ဤအာပတ်သုံးခုသို့ အရုဏ်တက်ချိန်၌ ရောက်၏။
ယာဝတတိယက နှစ်ခုကား ပညတ္တိစွမ်းဖြင့် ဘိက္ခု ယာဝ တတိယက၊ ဘိက္ခုနီ ယာဝတတိယကဟု နှစ်ခုဖြစ်၏။ အရေအတွက် အားဖြင့် (၁၁) ပါးဖြစ်ကုန်၏။
အဋ္ဌဝတ္ထုကတစ်ခုကို ဘိက္ခုနီတို့အားသာပညတ်၏။
တစ်ခုမျှဖြင့် ဟူသည် ယဿသိယာအာပတ္တိ သောအာဝိကရေယျ-ဟူသော ဤတစ်ခုသော နိဒါနုဒ္ဒေသဖြင့် အလုံးစုံသော သိက္ခာပုဒ်တို့ကိုလည်းကောင်း၊ အလုံးစုံသော ပါတိမောက္ခုဒ္ဒေသ တို့ကိုလည်းကောင်း ရေတွက်၏။
(ဇီဋီ။ ။ နိဒါနုဒ္ဒေသကိုကြည့်၍ ကြွင်းသော ဥဒ္ဒေသတို့၏ဖြစ်ခြင်းကြောင့် “အလုံးစုံသော ပါတိမောက္ခုဒ္ဒေသ တို့ကိုလည်းကောင်းရေတွက်၏” ဟုဆိုသည်။
ဝိဋီ - အဋ္ဌဝတ္ထုကတစ်ခု ဟူသည် ဘိက္ခုနီတို့အား ပညတ်သော တစ်ခုသောအာပတ်သည်သာလျှင် အဋ္ဌဝတ္ထုက မည်၏-ဟူလို။)
၃။ ပုစ္ဆာသုံးခု
ဝိနယ၏မူလအဘယ်မျှ ဘုရားရှင်ပညတ်သနည်း။
ဝိနယဂရုက အဘယ်မျှနည်း။
ဒုဋ္ဌုလ္လကိုဖုံးခြင်းကြောင့် အဘယ်မျှပညတ်သနည်း။
ဝိနယ၏မူလကို နှစ်ပါးဟုပညတ်သည်။
ဝိနယဂရုက နှစ်ခု။
ဒုဋ္ဌုလ္လဖုံးခြင်းကြောင့် နှစ်ခုဟုပညတ်သည်။
[ဝိနယ၏ မူလနှစ်ပါးကား ကာယ၊ ဝါစာဖြစ်၏။
ဂရုကနှစ်ခု ပါရာဇိက၊ သံဃာဒိသေသ်ဖြစ်၏။
ဒုဋ္ဌုလ္လဖုံးခြင်းကြောင့်နှစ်ခုကား ပါရာဇိကကိုဖုံးသောဘိက္ခုနီအား ပါရာဇိက၊ သံဃာဒိသေသ်ကို ဖုံးသူအား ပါစိတ် - ဤနှစ်ခုသည် ဒုဋ္ဌုလ္လစ္ဆာဒနာပတ္တိမည်၏။
(ဇီဋီ - သာဋီ။ ။ ဝိနယေဂရုကာ - ဝိနယဂရုကာ- ဝိနည်း၌ ဂရုကအာပတ်တို့တည်း။ ကိဉ္စာပိ ဣဒံ ဒွီသုဂါတာသု အာဂတံ။ အညေဟိ ပန မိတွာ ဝုတ္တဘာဝတော နာနာ ကရဏံ ပစ္စေတဗ္ဗံ။ (အထက် ၇ - ပုစ္ဆာလေးခု၌ ထင်ရှား လတ္တံ့။)
၄။ ပုစ္ဆာလေးခု
ရွာတပါးကြောင့် အာပတ်အဘယ်မျှနည်း။
မြစ်ကမ်းတစ်ဘက်ကြောင့် အာပတ်အဘယ်မျှနည်း။
အဘယ်မျှအသား၌ ထုလ္လစ္စည်းနည်း။
အဘယ်မျှအသား၌ ဒုက္ကဋ်နည်း။
ရွာတပါးကြောင့်လေးအာပတ်။
မြစ်ကမ်းတစ်ဘက်ကြောင့် လေးအာပတ်။
အသားတစ်ခု၌ ထုလ္လစ္စည်း။
အသားကိုးခု၌ ဒုက္ကဋ်။
[ရွာတပါးကြောင့် လေးအာပတ်ကား- ဘိက္ခုသည် ဘိက္ခုနီနှင့် အတူ တိုင်ပင်အံ့ ဒုက္ကဋ်၊ ရွာတပါး၏ဥပစာသို့ သက်ဝင်အံ့ ပါစိတ်။ ရွာတပါးသို့ သွားသော ဘိက္ခုနီအား အာရာမ်ရှိသောရွာ၌ ပဌမခြေလှမ်း၌ ထုလ္လစ္စည်း။ ဒုတိယခြေလှမ်း၌ သံဃာဒိသေသ်။ အာရာမ်မရှိသော ရွာဖြစ်အံ့ ဥပစာသို့ဝင်လျှင် ပဌမ ခြေလှမ်း၌ ထုလ္လစ္စည်း၊ ဒုတိယ ခြေလှမ်း၌ သံဃာဒိသေသ်။ ရွာတပါးကြောင့် ဒုက္ကဋ်၊ ပါစိတ်၊ ထုလ္လစ္စည်း၊ သံဃာဒိသေသ် ဤ လေးအာပတ်တည်း။
မြစ်ကမ်း တစ်ဘက်ကြောင့် လေးအာပတ်ကား ဘိက္ခုသည် ဘိက္ခုနီနှင့်အတူ တိုင်ပင်အံ့။ ဒုက္ကဋ်၊ လှေစီးအံ့ ပါစိတ်။ ဘိက္ခုနီသည် မြစ်ကမ်း တစ်ဘက်သို့ သွားအံ့ – တက်သောအခါ ပဌမခြေလှမ်း၌ ထုလ္လစ္စည်း၊ ဒုတိယခြေလှမ်း၌ သံဃာဒိသေသ် - ဤလေးအာပတ်တည်း။
တစ်ခု၌ ထုလ္လစ္စည်းကား လူသား၌ ထုလ္လစ္စည်း။
အသားကိုးခု၌ ဒုက္ကဋ်ကား - ကြွင်းသော အကပ္ပိယမံသတို့၌ ဒုက္ကဋ်။]
၅။ ပုစ္ဆာလေးခု
ညဥ့်အခါ နှုတ်အာပတ် အဘယ်မျှ၊
နေ့အခါ နှုတ်အာပတ် အဘယ်မျှ၊
ပေးသူအာပတ် အဘယ်မျှ၊
ယူသူအာပတ် အဘယ်မျှနည်း။
ညဥ့် နှုတ်အာပတ်နှစ်၊ နေ့ နှုတ်အာပတ်နှစ်၊ ပေးသူသုံးအာပတ်၊ ယူသူ လေးအာပတ်။
[ညဥ့် နှုတ်အာပတ်နှစ်ကား - ရတ္တန္ဓကာရ - ညဥ့်မှောင်မိုက် မီးရောင်ကင်းလျှက် ယောက်ျားဟတ္ထပါသ်တွင်း တည်လျက် စကားပြောသော ဘိက္ခုနီအားပါစိတ်၊ ဟတ္ထပါသ်စွန့်ကာ တည်လျက် စကားပြောအံ့ ဒုက္ကဋ်။
နေ့ နှုတ်အာပတ်နှစ်ကား --
နေ့အခါ ပဋိစ္ဆန္နနေရာ၌ယောက်ျား၊ ဟတ္ထပါသ်တွင်းတည်လျှက် စကားပြောအံ့ပါစိတ်။
ဟတ္ထပါသ်စွန့်ကာ တည်လျှက်စကားပြောအံ့ ဒုက္ကဋ်။
ပေးသူသုံးအာပတ်ကား --
သေစေ လိုသောစေတနာဖြင့် လူအား အဆိပ်ကိုပေးအံ့.. ထိုသူ ထိုအဆိပ် ဖြင့်သေလျှင် ပါရာဇိက။
ယက္ခ ပေတတို့အား ပေးအံ့၊ ထိုသူတို့ ထိုဖြင့်သေလျှင် ထုလ္လစ္စည်း။
တိရစ္ဆာန်အားပေးအံ့၊ ထိုတိရစ္ဆာန် ထိုဖြင့် သေလျှင်ပါစိတ်။
အညာတိကာဘိက္ခုနီအား သင်္ကန်းပေးအံ့ ပါစိတ်။
ယူသူ လေးအာပတ်ကား ---
လက်ကို ဆံထုံးကို ကိုင်ယူအံ့ သံဃာဒိသေသ်။
ခံတွင်းဖြင့် ရွှေပန်းအင်္ဂါကိုစုတ်ယူအံ့ ပါရာဇိက။
အညာတိကာ ဘိက္ခုနီ၏ သင်္ကန်းကိုခံယူအံ့ နိဿဂ္ဂိပါစိတ်။
ရာဂစွတ်လျက် ရာဂစွတ် သော ယောင်္ကျား၏လက်မှ ခဲဘွယ်ဘောဇဉ် ကိုခံယူအံ့ ထုလ္လစ္စည်း။]
၂။ ဒေသနာဂါမိနိယာဒိအာပတ္တိ
၄၇၅ -၆။ ပုစ္ဆာသုံးခု
ဒေသနာဂါမီ အဘယ်မျှ၊
သပ္ပဋိကမ္မ - ကုစား စကောင်းအဘယ်မျှ၊
အပ္ပဋိကမ္မ - မကုစားစကောင်း အဘယ်မျှ ဘုရားရှင်ဟောသနည်း။
ဒေသနာဂါမိ ငါးအာပတ်။
သပ္ပဋိကမ္မ ခြောက်အာပတ်။
အပ္ပဋိကမ္မ - တစ်အာပတ်ကိုဟောတော်မူ၏။
[ဒေသနာဂါမီ ငါးအာပတ်ကား လဟုကငါးခုတည်း။
သပ္ပဋိကမ္မ ခြောက်ကား ပါရာဇိကကိုဖယ်၍ ကြွင်းခြောက်ခုတည်း။
အပဋိကမ္မ တစ်အာပတ်ကား ပါရာဇိကတည်း၊]
၇။ ပုစ္ဆာလေးခု
ဝိနယဂရုကအဘယ်မျှ၊
ကာယဝါစသိက သိက္ခာပုဒ်အဘယ်မျှ၊
နေလွဲအပ်သော ဓညရသ - စပါးရည်အဘယ်မျှ၊
ဉာတ္တိ စတုတ္ထကံဖြင့် သမုတ်ခြင်း အဘယ်မျှနည်း။
ဝိနယဂရုကနှစ်အာပတ်၊
သိက္ခာပုဒ်တိုင်း ကာယဝါစသိက ချည်းသာတည်း။
နေလွဲအပ်သော ဓညရသတစ်၊
ဉာတ္တိစတုတ္ထကံဖြင့် သမုတ်ခြင်းတစ်။
[ဝိနယဂရုကနှစ်ကား ပါရာဇိက၊ သံဃာဒိသေသ်၊
ကာယဝါစသိက-ချည်းဟူသည် အလုံးစုံသောသိက္ခာပုဒ်တို့တည်း။ (ကာယ၌ ဝစီ၌သာ ပညတ်သည်ဟူလို။) မနောဒွါရ၌ ပညတ်သော သိက္ခာပုဒ် တစ်ခုမျှမရှိ။
နေလွဲအပ်သော ဓညသကား လောဏသုဝီရက ဆေးတည်း။ ဤစပါးရည်တစ်ခုသည်သာလျှင် နေလွဲ၍အပ်၏။
ဉာတ္တိစတုတ္ထကံဖြင့် သမုတ်ခြင်းတစ်ကား - ဘိက္ခုနောဝါဒက သမ္မုတိ ဖြစ်၏။
ဤတစ်ခုကိုသာ ဉာတ္တိစတုတ္ထဖြင့်သမုတ်ခြင်းကိုခွင့်ပြုသည်။
(ဇီဋီ - သာဋီ။ ။ ဤဝိနယဂရုကသည် နှစ်ဂါထာ တို့၌လာ၏။
လာသော်လည်း တပါးတို့နှင့်ရော၍ ဟောခြင်းကြောင့် ထူးသောအကြောင်းကို ဖန်ဖန်ရှာအပ်၏။
(အောက် ၃-ပုစ္ဆာသုံးခု၌ တစ်ကြိမ်ပါပြီးပြီ။)
၈။ ပုစ္ဆာလေးခု
ကာယိကပါရာဇိကအကယ်မျှ၊
သံဝါသဘူမိ အဘယ်မျှ၊
အဘယ်မျှတို့အား ရတ္တိစ္ဆေဒ၊
ဒွင်္ဂုလ အဘယ်မျှ ပညတ်သနည်း။
ကာယိကပါရာဇိကနှစ်။ သံဝါသဘူမိနှစ်။ နှစ်ယောက်တို့အား ရတ္တိစ္ဆေဒ။ ဒွင်္ဂုလ နှစ်ခုပညတ်သည်။
[ကာယိက ပါရာဇိကနှစ်ကား - ဘိက္ခုတို့၏ မေထုနပါရာဇိက၊ ဘိက္ခုနီတို့၏ ကာယသံသဂ္ဂပါရာဇိကတည်း။
သံဝါသဘူမိနှစ်ကား - မိမိကိုယ်တိုင် မိမိကိုယ်ကို သမာနသံဝါလက ပြု၏။
သမဂ္ဂသံဃာသည် နှင်ထားသောရဟန်းကို သံဃာ့ဘောင်သို့ပြန်သွ၏။
ကုရုန္ဒီ၌ကား သမာနသံဝါသကဘူမိ၊ နာနာသံပါသဏဘူမိ ဤနှစ်ခု ဆို၏။
ရတ္တိစ္ဆေဒနှစ်ယောက်ကား၊ ပါရိဝါသိကနှင့် မာနတ္တစာရိက နှစ်ယောက်တို့အား ရတ္တိစ္ဆေဒကိုပညတ်၏။
ဒွင်္ဂုလ နှစ်ခုကား ဒွင်္ဂုလပဗ္ဗပရမံ အာဒါတဗ္ဗံ - နှစ်သစ်ရေဆေးခြင်း၊ ဒွင်္ဂုလ ဝါ ဒွေမာသံ ဝါ - နှစ်သစ်ဖြစ်စေ နှစ်လဖြစ်စေ ဆံပင်ထားခြင်း၊ ဤကား ဒွင်္ဂုလ ပညတ်နှစ်ခုတည်း။]
၉။ ပုစ္ဆာလေးခု
မိမိကိုယ်ကို ထုခြင်းကြောင့် အာပတ် အဘယ်မျှ၊
သံဃာကွဲကြောင်းအဘယ်မျှ၊
ပဌမာပတ္တိကာ အဘယ်မျှ၊
ဉာတ်ကိစ္စ အဘယ်မျှနည်း။
မိမိကိုယ်ကိုထုခြင်းကြောင့် အာပတ်နှစ်၊ သံဃာကွဲကြောင်းနှစ်၊ ပဌမာပတ္တိကာနှစ်၊ ဉာတ်ကိစ္စနှစ်။
[မိမိကိုယ်ကိုထုခြင်းကြောင့် ဘိက္ခုနီသည် အာပတ်နှစ်ခုသို ရောက်၏ ထုအံ့ ငိုအံ့ - ပါစိတ်။ ထုအံ့ မငိုအံ့ ဒုက္ကဋ်။
သံဃာကွဲကြောင်း နှစ်ကား ကမ္မေန စ၊ သလာကဂ္ဂါဟေန စ။
ပဌမာပတ္တိကာနှစ်ကား ဝိနည်းအားလုံး၌ ဥဘတောပညတ်စွမ်းဖြင့် ပဌမာပတ္တိကာနှစ်ပါးသာတည်း။ တစ်ခုစီယူလျှင် ဘိက္ခုတို့အား ကိုး၊ ဘိက္ခုနီတို့အား ကိုး - ဤသို့ (၁၈) ပါးဖြစ်ကုန်၏။
ဉာတ်ကိစ္စနှစ်ပါးကား - ကမ္မတစ်ခု၊ ကမ္မပါဒက တစ်ခုတည်း။
ဉာတ်သည် ကိုးဌာန၌ ကံဖြစ်၏။ နှစ်ဌာန၌ ကံ၏အခြေအဖြစ်ဖြင့်တည်၏။]
(ဇီဋီ။ ။ ကိုးဌာန၌ကံဟူသည် ကမ္မဉာတ်ဖြစ်၏။
ဝိဋီ။ ။ ဉာတ္တိကံတို့၌ ဉာတ်သည် ကိုယ်တိုင်ကမ္မ ဖြစ်၏။
ဉာတ္တိဒုတိယ၊ စတုတ္ထကံတို့၌ ကမ္မဝါစာဟူသော ကမ္မ၏ဉာတ်သည် ပါဒကအဖြစ်ဖြင့်တည်၏။
ထို့ကြောင့် ကမ္မ၊ ကမ္မပါဒကနှစ်ခုကို ဉာတ်ကိစ္စဟု ဟောသည်။)
၁၀။ ပုစ္ဆာလေးခု
ပါဏာတိပါတကြောင့် အာပတ်အဘယ်မျှ၊
ဝါစာပါရာဇိက အဘယ်မျှ၊
သြဘာသနကြောင့် အဘယ်မျှ၊
သဉ္စရိတ္တဖြင့် အဘယ်မျှ။
ပါဏာတိပါတကြောင့် အာပတ်သုံး၊ ဝါစာပါရာဇိကသုံး၊ သြဘာသနကြောင့်သုံး၊ သဉ္စရိတ္တဖြင့်သုံး။
[ပါဏာတိပါတကြောင့်သုံးကား မရည်စူးဘဲ တွင်းတူးအံ့၊ လူကျသေလျှင် ပါရာဇိက၊ ယက္ခ ပေတ ကျသေလျှင် ထုလ္လစ္စည်း၊ တိရစ္ဆာန်ကျသေလျှင် ပါစိတ်။
ဝါစာပါရာဇိကသုံးကား - ပါရာဇိကကို အပြစ်ဖုံးသူ၊ ဥက္ခိတ္တသို့အတူလိုက်သူ၊ အဋ္ဌဝတ္ထုပြည့်စေသူ၊ ဤဘိက္ခုနီ တို့၏ ပါရာဇိကတည်း။ ကုရုန္ဒီ၌ အာဏတ္တိဖြင့် ခိုးခိုင်းခြင်းကြောင့်၊ လူသတ်ခိုင်းခြင်းကြောင့်၊ ဥတ္တရိမနုဿဓမ္မ ဝါကြွားခြင်းကြောင့် ဆို၏။
သြဘာသနကြောင့် သုံးကား -
ဝစ္စမဂ်၊ ပသာ၀မဂ်ကို ရည်စူး၍ ချီးမွမ်းကဲ့ရဲ့ ပြက်ရယ် ပြုခြင်းကြောင့် သံဃာဒိသေသ်၊
ထိုမဂ်နှစ်ခုမှတပါး ညှပ်ရိုးအောက် ဒူးဝန်းအထက် ရည်စူး၍ ချီးမွမ်း ကဲ့ရဲ့ခြင်းကြောင့် ထုလ္လစ္စည်း၊
ညှပ်ရိုးအထက် ဒူးဝန်းအောက် ရည်စူး၍ ချီးမွမ်းကဲ့ရဲ့ခြင်း ကြောင့် ဒုက္ကဋ်။
သဉ္စရိတ္တဖြင့် သုံးကား၊
ဝန်ခံအံ့ စုံစမ်းအံ့ ပြန်ဆောင်အံ့ သံဃာဒိသေသ်၊
ဝန်ခံအံ့ စုံစမ်းအံ့ ပြန်မဆောင် ထုလ္လစ္စည်း၊
ဝန်ခံအံ့ မစုံစမ်းအံ့ ပြန်မဆောင်အံ့ ဒုက္ကဋ်၊
ဤသို့ ကရဏဘူတဖြစ်သော သဉ္စရိတ္တဖြင့် အာပတ်သုံးခုဖြစ်၏။
(ဇီဋီ။ ။ ဝါစာဟူသည် ဝစီသမ္ဘဝါ – ဝစီကြောင့်ဖြစ်သော ပါရာဇိက။
၁၁။ ပုစ္ဆာလေးခု
ရဟန်းပြုမပေးအပ်သူ အဘယ်မျှ၊
ကံတို့ကို ရေတွက်ခြင်း အဘယ်မျှ၊
နာသိတက - ဖျက်ဆီးခြင်း အဘယ်မျှ၊
ဧကဝါစာသိက - တစ်ကြိမ်တည်း ကမ္မဝါစာ ဖတ်အပ်သူ အဘယ်မျှ။
ရဟန်းပြု မပေးအပ်သူ သုံးယောက်။
ကံတို့ကို ရေတွက်ခြင်း သုံးခု။
နာသိတက သုံးခု။
တစ်ကြိမ်တည်း ကမ္မဝါစာဖတ်အပ်သူ သုံးယောက်။
[ရဟန်းပြုမပေးအပ်သူသုံးယောက်ကား --
အဒ္ဓါနဟီန - အဓွန့်ကာလ ချို့သူ၊ (ဝါ-အသက် ၂ဝ မပြည့်သူ၊)
အင်္ဂဟီန - အင်္ဂါ ချို့သူ၊
ဝတ္ထုဝိပန္န - ဝတ္ထု ချို့သူ၊ ဝါ-ပဏ္ဍုက်စသည်။
ထိုသုံးပါး၏ အထူးကို ဆိုပြီးပြီ။
တစ်နည်းကား - သပိတ်သင်္ကန်းမပြည့်စုံသူ၊ ပြည့်စုံသော်လည်း ရဟန်းအဖြစ် မတောင်းသူ၊ ဤ နှစ်ခုကို အင်္ဂဟီနဖြင့်သာ ရေတွက်အပ်၏။
မာတုဃာတက စသော ကရဏဒုက္ကဋ် ရှစ်ယောက်တို့ကိုလည်း ပဏ္ဍက၊ ဥဘတော၊ ဗျဉ္ဇနက၊ တိရစ္ဆာနဂတ ဟူသော ဝိတ္ထုဝိပန္နဖြင့်သာရေတွက်အပ်၏။ ဤနည်းကို ကုရုန္ဒီ၌ဆိုသည်။
ကံတို့ကိုရေတွက်ခြင်း သုံးပါးကား --
ဉာတ္တိကပ္ပနာ- ဉာတ်ကိုကြံခြင်း (ဝါ) ဉာတ်ကိုစီရင်ခြင်း၊
ဝိပ္ပကတပစ္စတ္တံ - မပြီးသေးသောပစ္စုပ္ပန် (ဝါ) ပြုဆဲပစ္စုပ္ပန်၊
အတီတကရဏ - အတိတ်ကိုရွတ်ဖတ်ခြင်း (ဝါ) နိဂုံး။
ထိုတွင် ဒဒေယျ၊ ကရေယျ - စသည်သည် ဉာတ္တိကပ္ပနာ မည်၏။
ဒေတိ၊ ကရောတိ စသည်သည် ဝိပ္ပကတပစ္စတ္တ မည်၏။
ဒိန္နံ၊ ကတံ စသည်သည် အတီတကရဏ မည်၏။
ဤသုံးပါးတို့ဖြင့် ကံတို့ကို ရေတွက်အပ်ကုန်၏။ (ကံတို့ကိုရေတွက်ကြောင်းသုံးပါးဟူလို)
ထို့ပြင် ရေတွက်ကြောင်းသုံးပါးရှိ၏။ ဝတ္ထုဖြင့်၊ ဉာဏ်ဖြင့်၊ အနုသဝနာဖြင့်တည်း။
ဝတ္ထုသမ္ပန္န၊ ဉာတ္တိသမ္ပန္န၊ အနုသာဝနသမ္ပန္န ဖြစ်မှသာ ကံမြောက်သောကြောင့်တည်း။
ထို့ကြောင့်ကံတို့ကို ရေတွက်ခြင်း သုံးပါးဟုဆိုသည်။
နာသိတကသုံးပါးကား --- မေတ္တိယံ ဘိက္ခုနိံ နာသေထ၊ ဒူသကော နာသေတဗ္ဗော - (ဤနာသိတကသည် လိင်ကိုဖျက်ခြင်း လူထွက်ခိုင်းခြင်းတည်း)။
ဒသဟင်္ဂေဟိသမန္နာ ဂတော သာမဏေရော နာသေတဗ္ဗော၊ (ဤသည် သံဝါသကိုဖျက်ခြင်း တည်း။ သရဏဂုံ ထပ်ပြီးမှ သံဝါသပြန်ပြုရသည်။)
ကဏ္ဍကံ သမဏုဒ္ဒေသံ နာသေထ (ဤသည် ဒဏ်ပေးခြင်းတည်း။ နှင်ဒဏ်တည်း။)
ဤသို့ လင်္ဂ၊ သံဝါသ၊ ဒဏ္ဍကမ္မ ဖျက်ဆီးခြင်းဖြင့် နာသိတကသုံးမျိုး သိအပ်၏။
တစ်ကြိမ်တည်း ကမ္မဝါစာ ဘတ်အပ်သူ သုံးယောက်ဟူသည် - အနုဇာနာမိ ဘိက္ခဝေ ဒွေ တယော ဧကာ နဿာဝနေ ကာတုံ - ဟု ဟောသောကြောင့် ရဟန်းလောင်း သုံးယောက်တို့အား ဥပဇ္ဈာယ်တစ်ပါးတည်း ကမ္မဝါစာဆရာ အသီးသီးဖြင့် တစ်ကြိမ်တည်း ကမ္မဝါစာဘတ်ခြင်းသည်အပ်၏။]
(ဇီဋီ။ ။ အဒ္ဓါနဟီနော - ဦနဝီသတိဝဿော၊ တစ်နည်းအားဖြင့် ကုရုဋ္ဌိဝါဒကိုဆိုသည်။
သာဋီ။ ။ အင်္ဂဟီန၏အဖြစ်ကို ကာရဏဝေကလ္လစွမ်းဖြင့်လည်း သိအပ်၏။
ထို့ကြောင့် တစ်နည်းကား စသည်ကို ဆိုသည်။
ဤနည်း ဟူသည် တစ်နည်းကား စသည်ဖြင့်ဆိုသော နည်းဖြစ်၏။
(ဤ၌တစ်ကြိမ်းတည်း ကမ္မဝါစာ ဘတ်အပ်သူကို မေးသည်။ ဘတ်တတ်သူကိုမမေးဟု သတိပြုသင့်၏။)
၁၂။ ပုစ္ဆာလေးခု
အဒိန္နာဒါနကြောင့် အာပတ်အာယ်မျှ၊
မေထုနကြောင့် အဘယ်မျှ၊
ဖြတ်သူအားအဘယ်မျှ၊
စွန့်ခြင်းကြောင့်အဘယ်မျှ။
အဒိန္နာဒါနကြောင့်အာပတ်သုံး၊ မေထုနကြောင့်လေး၊ ဖြတ်သူအားသုံး၊ စွန့်ခြင်းကြောင့်ငါး။
[အဒိန္နာဒါနကြောင့် အာပတ်သုံးကား - တစ်မတ်၊ တစ်မတ်ထက်အလွန်၌ ပါရာဇိက၊ တစ်ပဲထက်အလွန်၌ ထုလ္လစ္စည်း၊ တစ်ပဲ၊ တစ်ပဲအောက်၌ ဒုက္ကဋ်။
မေထုနပစ္စယကြောင့်လေးကား - ခွေး၊ မြေခွေးမခဲသည်၌ ပါရာဇိက၊ များစွာ ခဲပြီးသည်၌ ထုလ္လစ္စည်း၊ ဟင်းလင်း ပွင့်သောခံတွင်း၌ ဒုက္ကဋ်၊ ဇတုမဋ္ဌကကြောင့် ပါစိတ်။
ဖြတ်သူအား သုံး ဟူသည် ဝနပ္ပတိ - တောစိုးသစ်ပင်ကြီးကို ဖြတ်သူအား ပါရာဇိက၊ ဘူတတဂါမီ ဖြတ်လျှင်ပါစိတ်၊ အင်္ဂါဇာတ်ဖြတ်လျှင် ထုလ္လစ္စည်း။
စွန့်ခြင်းကြောင့်ငါးပါးကား -- မရည်စူးဘဲ အဆိပ်ကိုစွန့်အံ့။
ထိုအဆိပ်ဖြင့်လူသေလျှင် ပါရာဇိက၊
ယက္ခ ပေတ သေလျှင် ထုလ္လစ္စည်း၊
တိရစ္ဆာန်သေလျှင် ပါစိတ်။
ဝိဿဋ္ဌိဆဍ္ဍနကြောင့် သံဃာဒိသေသ်။
ဟရိတနေရာ၌ ကျင်ကြီးကျင်ငယ်စွန့်လျှင် ဒုက္ကဋ်။]
(ဇီဋီ။ ။ ဝနပ္ပတိဟူသည် အဒိန္နာဒါန၌လာသော တောစိုးသစ်ပင်ကြီးတည်း။
ဝိဿဋ္ဌိဆဍ္ဍနသည် သုက္ကဝိဿဋ္ဌိ တည်း။
သာဋီ။ ။ ဝနပ္ပတိဟူသည် အဒိန္နာဒါန - ဝနပ္ပတိ ကထာ၌လောသော သူတပါး၏ဥစ္စာတည်း၊
ဝိဿဋ္ဌိဆဍ္ဍနသည် သုက္ကဝိဿဋ္ဌိမောစနတည်း။)
၁၃။ ပုစ္စာသုံးခု
ဘိက္ခုနောဝါဒကဝဂ်၌ ပါစိတ်နှင့် ဒုက္ကဋ်ကို ပညတ်သလော။
ထို၌နဝက အဘယ်မျှ ဟောသနည်း။
အဘယ်မျှသောသူတို့အား သင်္ကန်းကြောင့် (ဝါ-သင်္ကန်းပေးခြင်းကြောင့်) အာပတ်သင့်သနည်း။
ဘိက္ခုနောဝါဒကဝဂ်၌ ပါစိတ်နှင့် ဒုက္ကဋ်ကိုပညတ်၏။
ထို၌နဝကလေးခု ဟော၏။
နှစ်ယောက်တို့အား သင်္ကန်းကြောင့် အာပတ်သင့်၏။
[ပါစိတ် ဒုက္ကဋ် ဟူသည် ဘိက္ခုနောဝါဒကဝဂ် - သိက္ခာပုဒ် ဆယ်ခုလုံး၌ ပါစိတ်နှင့်တကွ ဒုက္ကဋ်ကို ပညတ်သည် သာတည်း။
နဝက လေးခု ဟူသည် ပဌမသိက္ခာပုဒ်၌သာလျှင် အဓမ္မကံ၌နှစ်ခု၊ ဓမ္မကံ၌ နှစ်ခု၊ နဝကလေးခု ဟောသည်။
နှစ်ယောက်တို့အား သင်္ကန်းကြောင့် ဟူသည် ဘိက္ခုတို့ထံ ရဟန်းပြုသောဘိက္ခုနီအား သင်္ကန်းပေးအံ့ - ပါစိတ်၊ ဘိက္ခုနီတို့ထံ ရဟန်းပြုသော ဧကတော ဥပသမ္ပန္နဘိက္ခုနီအား သင်္ကန်းပေးအံ့ ဒုက္ကဋ်၊ ဤနှစ်ယောက်အား သင်္ကန်းပေးလျှင် ကရဏဘတ ဖြစ်သောစီဝရကြောင့် စီဝရဖြင့်အာပတ်သင့်၏ ဟူလို။]
(သာဋီ။ ။ ပဌမသိက္ခာပုဒ်ဟူသည် ဘိက္ခုနောဝါဒကဝဂ်၏ ပဌမသိက္ခာပုဒ်တည်း။
ဝိဋီ။ ။ ပါစိတ်နှင့်တကွ ဒုက္ကဋ်ဟူသည် သိက္ခာပုဒ် ဆယ်ခုလုံး၌ပင် ဧကတောဥပသမ္ပန္နာဘိက္ခုနီစွမ်းဖြင့် ဟောသော ဒုက္ကဋ်ကိုရည်ဆိုသည်။
ပဌမသိက္ခာပုဒ်ဟူသည် ဘိက္ခုနောဝါဒကဝဂ်၏ ပဌသိက္ခာပုဒ်၏ ဝိဘင်း၌တည်း။
အဓမ္မံထံ၌ စသည်သည် ဘိက္ခုနောဝါဒကသမ္မုတိကံ ဖြစ်သောအခါ၌ ရောက်အပ်သော အာပတ္တိန၀က နှစ်ခု၊ ဓမ္မကံ၌ နှစ်ခု။ ဤသို့ နဝက လေးခုကို ဟောသည်၊)
၁၄။ ပုစ္ဆာနှစ်ခု
ဘိက္ခုနီပါဋိဒေသနီ အဘယ်မျှ စပါးစိမ်း တောင်းစားခြင်းကြောင့် ပါစိတ်နှင့်ဒုက္ကဋ် ပညတ်သလော။
ဘိက္ခုနီပါဋိဒေသနီရှစ်ခု။ စပါးစိမ်း တောင်းစားခြင်းကြောင့် ပါစိတ်နှင့်ဒုက္ကဋ်ကို ပညတ်၏။
[ပါဋိဒေသနီရှစ်ခုဟူသည် ပါဠိတော်၌ထင်ရှားသည်သာတည်း။ စပါးစိမ်းကို တောင်း၍စားသော ဘိက္ခုနီအား ပါစိတ်နှင့်ဒုက္ကဋ်ကို ပညတ်သည်သာတည်း။)
(ဇီဋီ။ ။ စပါးစိမ်းတောင်းစားသူအား ပုဗ္ဗယောဂ၌ ဒုက္ကဋ်၊ စားရာ၌ပါစိတ်။
သာဋီ။ ။ ထိုအတူ။
ဝိဋီ။ ။ တောင်းခြင်းစသော ပုဗ္ဗယောဂ၌ ဒုက္ကဋ်၊ စားရာ၌ပါစိတ်။ ပါစိတ်နှင့် ဒုက္ကဋ်ကို ပညတ်သည်သာတည်း ဟု ဆိုအပ်၏။
၁၅။ ပုစ္ဆာလေးခု
သွားသူအား အာပတ်အဘယ်မျှ၊
ရပ်သူအား အာပတ်အဘယ်မျှ၊
ထိုင်အား အာပတ်အဘယ်မျှ၊
အိပ်အား အာပတ်အဘယ်မျှ၊
သွားသူအား အာပတ်လေး၊ ရပ်သူအားထိုမျှလောက်၊ ထိုင်သူအားလေး၊ အိပ်သူအားထိုမျှလောက်။
[သွားသူအား အာပတ်လေး ဟူသည် ဘိက္ခုနီနှင့် လည်းကောင်း၊ မာတုဂါမနှင့် လည်းကောင်း အတူတိုင်ပင်၍ သွားအံ့ ဒုက္ကဋ်၊ ရွာသို့ သက်ဝင်ရာ၌ ပါစိတ်။ ဘိက္ခုနီသည် တစ်ယောက်တည်း ရွာတပါးသို့သွားအံ့၊ ဂါမူပစာရသို့ သက်ဝင်ရာ၌ ပဌမဘဝါး၌ ထုလ္လစ္စည်း။ ဒုတိယဘဝါး၌ သံဃာဒိသေသ်။
ရပ်သူအား ထိုမျှလောက် ဟူသည် လေးအာပတ်သာတည်း။ ဘိက္ခုနီသည် ရတ္တန္ဓကာရ၌ လည်းကောင်း ပဋိစ္ဆန္နဩကာသ၌ လည်းကောင်း၊ ချစ်ကျွမ်းဝင်ခြင်းဖြင့် ယောက်ျား၏ ဟတ္ထပါသ်၌ရပ်အံ့ ပါစိတ်။ ဟတ္ထပါသ် စွန့်၍ရပ်အံ့ ဒုက္ကဋ်။ အရုဏ်တက်ချိန် အဘော်၏ ဟတ္ထပါသ်ကိုစွန့်ဆဲ ရပ်အံ့ ထုလ္လစ္စည်း။ စွန့်ပြီး ရပ်အံ့ သံဃာဒိသေသ်။ အကယ်၍ ထိုင်အံ့ အိပ်အံ့ ထိုင်သူအား လေး၊ အိပ်သူအားလည်း ထိုမျှလောက် လေးအာပတ်စီ ဖြစ်၏။]
(ဝိဋီ။ ။ စွန့်ဆဲရပ်အံ့ စသည်တို့၌ ခြေတစ်ဘက်ဖြင့် ဟတ္ထပါသ်ကို စွန့်၍ ရပ်၍ တစ်စုံတစ်ခုကိုပြု၍ နောက်တစ်ဘက် ဖြင့် စွန့်ကာရပ်လိုက်၏။ ထိုအခါ အစဉ်အတိုင်း “စွန့်ဆဲဖြစ်၍ ရပ်၏။ စွန့်၍ ရပ်၏” ဟု ခေါ်ဝေါ်ခြင်းကိုရ၏။ ဤသို့ မယူလျှင် ဂါမူပစာရသို့ သက်ဝင်သော ဘိက္ခုနီအား အထူး မဖြစ်ရာ၊ ဟတ္ထပါသ် စွန့်ပြီးသော်လည်း (ရပ်ခြင်းမဖြစ်ဘဲ) သွားခြင်း ဖြစ်သောကြောင့်တည်း။
ထိုင်ခြင်းအိပ်ခြင်း၌လည်း ဆိုပြီးသောအလိုဖြင့် ထက်ဝက်ထိုင်ခြင်းဖြင့် ဟတ္ထပါသ်ကိုစွန့်ဆဲ ထိုင်၏။ အလုံးစုံ ထိုင်ခြင်းဖြင့် စွန့်ပြီးထိုင်၏။ ကိုယ်ထက်ဝက်ဖြင့် စွန့်ဆဲ အိပ်၏။ တကိုယ်လုံးဖြင့် စွန့်ပြီး အိပ်၏ဟု ယှဉ်တွဲစေအပ်၏။)
၃။ ပါစိတ္တိယ
၄၇၆။ ၁၆။ ပုစ္ဆာတစ်ခု
နာနာဝတ္ထုကဖြစ်လျှက် မရှေးမနှောင်း တစ်ပေါင်းတည်း ပါစိတ်အဘယ်မျှ သင့်မည်နည်း။
နာနာဝတ္ထုကဖြစ်လျှက် မရှေးမနှောင်း တစ်ပေါင်းတည်း ပါစိတ်ငါးခု သင့်နိုင်၏။
[ပါစိတ်ငါးခုကား ---
ထောပတ်စသောဆေးငါးမျိုးတို့ကို အကပ်ခံ၍ တစ်ခွက်စီ ထားအံ့၊
တစ်ခွက်တည်း၌ မရောနှောအောင်သော်လည်း ထားအံ့၊
ခုနစ်ရက် လွန်သောအခါ ထိုရဟန်းသည် နာနာဝတ္ထုကပါစိတ် ငါးခုတို့သို့ တပြိုင်တည်းရောက်၏။
ဤပါစိတ်သို့ရှေးဦး၊ ဤပါစိတ်သို့နောက်-ဟုမဆိုအပ်။]
(ဝိဋီ။ ။ နာနာဝတ္ထုက ဟူသည် သပ္ပိ၊ နဝနီတ စသော ငါးပါးသောဝတ္ထုတို့၏ ထူးပြားခြင်းဖြင့် ပါစိတ် - ငါးခုသည် ဝတ္ထုအသီးသီးရှိသော ဝတ္ထုမတူသော ပါစိတ်ဖြစ်၏၊ ပဏီတဘောဇနအရာ ပါစိတ်ကိုးခု စသည်တို့၌လည်း ဤနည်းတည်း။
ဤစကားဖြင့် ဘေသဇ္ဇ၊ ပဏီတဘောဇနတို့သည် သိက္ခာပုဒ် တစ်ခုတစ်ခုစွမ်းဖြင့် ပညတ်သော်လည်း ဝတ္ထုပြားခြင်းအားဖြင့် အသီးသီး ငါးသိက္ခာပုဒ်၊ ကိုးသိက္ခာပုဒ်နှင့် တူကုန်၏။ ဘိက္ခုနီပါဋိဒေသနီအာပတ် တို့ကဲ့သို့ ပြသည်။ ထို့ကြောင့် နာနာဝတ္ထုက ဟုဆိုသည်။
ထောပတ်တစ်ခုတည်းကို အကပ်ခံ၍ ခွက်များစွာတို့၌ထား၍ ခုနှစ်ရက်လွန်စေအံ့၊ ခွက်အရေအတွက်အားဖြင့် အာပတ်များစွာ ဖြစ်ကုန်သော်လည်း ဧကဝတ္ထုက တို့သာတည်း။
ဤအတူ သပ္ပိ (သံသဋ္ဌ) ဘောဇန တစ်ခုတည်းကို နေရာများစွာတို့၌ တောင်း၍တပြိုင်တည်းဖြစ်စေ၊ အသီးသီး ဖြစ်စေ စားသူ၏ အာပတ်တို့သည် ဧကဝတ္ထုက တို့သာတည်း ဟု မှတ်အပ်၏။)
၁၇။ ပုစ္ဆာတစ်ခု
နာနာဝတ္ထုကဖြစ်လျက် မရှေးမနှောင်း တစ်ပေါင်းတည်းပါစိတ်အဘယ်မျှသင့်မည်နည်း။
နာနာဝတ္ထုက တစ်ပေါင်းတည်း ပါစိတ်ကိုးခု သင့်နိုင်၏။
[ပါစိတ်ကိုးခုကား ပဏီတ (သံသဋ္ဌ) ဘောဇနကိုးမျိုး တောင်း၍ ထိုအားလုံး တစ်ပေါင်းတည်း ရောနယ်၍ ထမင်းတစ်လုပ် ခံတွင်း၌ထည့်၍ လည်မျိုတစ်ဘက်ကို လွန်စေအံ့၊ နာနာဝတ္ထုကပါစိတ် ကိုးခုတို့သို့ တစ်ပြိုင်တည်း ရောက်၏။]
၁၈။ ပုစ္ဆာတစ်ခု
နာနာဝတ္ထုကပါစိတ် အဘယ်မျှကို အဘယ်မျှ စကားဖြင့် ဒေသနာကြားရာ၏ဟု ပညတ်သနည်း။
နာနာဝတ္ထုကပါစိတ်ငါးခုကို တစ်ခွန်းသောစကားဖြင့် ကြားရာ၏ဟု ပညတ်သည်။
[တစ်ခွန်းသော စကားဖြင့်ဟူသည် “အဟံဘန္တေ ပဉ္စ ဘေသဇ္ဇာနိ ပဋိဂ္ဂဟေတွာ သတ္တာဟံ အတိက္ကာမေတွာ ပဉ္စအာပတ္တိယော အာပန္နော၊ တာ တုမှမူလေ ပဋိဒေသေမိ” ဟု တစ်ခွန်းသောစကားဖြင့် ဒေသနာ ကြားငြားအံ့၊ ဒေသနာကြားပြီးတို့သာဖြစ်ကုန်၏။ နှစ်ခွန်းသုံးခွန်းဖြင့် ပြုဘွယ်ကိစ္စမည်သည်မရှိ။]
၁၉။ ပုစ္ဆာတစ်ခု
နာနာဝတ္ထုကပါစိတ် အဘယ်မျှကို အဘယ်မျှ ဝါစာဖြင့် ဒေသနာကြားရာ၏ဟု ပညတ်သနည်း။
နာနာ၀တ္ထုက ပါစိတ်ကိုးခုကို ဧကဝါစာဖြင့်ကြားရာ၏ဟု ပညတ်သည်။
[ဧကဝါစာကား “အဟံဘန္တေ နဝ ပဏီတဘောဇနာနိ ဝိညာပေတွာ ဘုဉ္ဇိတွာ နဝအာပတ္တိယော အာပန္နော၊ တာ တုမှမူလေ ပဋိဒေသေမိ” - ဟုဆိုအပ်၏။]
၂၀။ ပုစ္ဆာတစ်ခု
နာနာဝတ္ထုကပါစိတ် အဘယ်မျှကို အဘယ်ကိုဆို၍ ဒေသနာကြားရာ၏ဟု ပညတ်သနည်း။
နာနာဝတ္ထုကပါစိတ်ငါးခုကို ဝတ္ထုကိုဆို၍ ကြားရာ၏ဟု ပညတ်သည်။
[ဝတ္ထုကိုဆို၍ ကြားပုံကား - “အဟံဘန္တေ ပဉ္စဘေသဇ္ဇာနိ ပဋိဂ္ဂဟေတွာ သတ္တာဟံ အတိက္ကာမေသိံ၊ ယထာဝတ္ထုကံ တာ တုမှမူလေ ပဋိဒေသေမိ” - ဟု ဝတ္ထုကိုဆို၍ ကြားရာ၏။ အာပတ်တို့သည် ဒေသနာ ကြားပြီးသာဖြစ်ကုန်၏။ အာပတ်၏အမည်ကို ရွတ်ဆိုဘွယ်ကိစ္စမရှိ။]
၂၁။ ပုစ္ဆာတစ်ခု
နာနာဝတ္ထုက ပါစိတ်အဘယ်မျှကို အဘယ်ကိုဆို၍ ဒေသနာကြားရာ၏ဟု ပညတ်သနည်း။
နာနာဝတ္ထုကပါစိတ်ကိုးခုကို ဝတ္ထုကိုဆို၍ ကြားရာ၏ဟု ပညတ်သည်။
[“အဟံဘန္တေ နဝ ပဏီတဘောဇနာနိ ဝိညာပေတွာ ဘုတ္တော၊ ယထာ ဝတ္ထုကံ တာ တုမှမူလေ ပဋိဒေသေမိ” - ဟုဆိုအပ်၏။]
၂၂။ ပုစ္ဆာလေးခု
ယာဝတတိယက အာပတ်အဘယ်မျှ၊
စကားပြောခြင်းဝေါဟာရကြောင့် အာပတ်အဘယ်မျှ၊
ခဲသူအား အာပတ် အဘယ်မျှ၊
ဘောဇနစားခြင်းကြောင့် အာပတ်အဘယ်မျှ၊
ယာဝတတိယကအာပတ်သုံး၊ ဝေါဟာရအာပတ်ခြောက်၊ ခါဒန္တအာပတ် သုံး၊ ဘောဇနအာပတ်ငါး။
[ယာဝတတိယက အာပတ်သုံးကား -
ဥက္ခိတ္တာနုဝတ္တိကာ ဘိက္ခုနီအား ပါရာဇိက၊
ဘေဒါနုဝတ္တက ကောကာလိက စသည်တို့အား သံဃာဒိသေသ်၊
ယုတ်မာသောအယူ မစွန့်ခြင်းကြောင့်လည်းကောင်း၊ စဏ္ဍကာဠိဘိက္ခုနီအားလည်းကောင်း ပါစိတ်။
ဝေါဟာရအာပတ်ခြောက် ဟူသည် ပစ္စည်းနှင့်စပ်သော ပယုတ္တဝါစာကြောင့် အာပတ်ခြောက်ခုသို့ ရောက်၏ ဟူလို။ ရောက်ပုံကား -
အာဇီဝဟူသော အကြောင်းကြောင့် အလိုဆိုးဖြင့် ဈာန်မဂ်ဖိုလ်ဝါကြွားအံ့ ပါရာဇိက။
အောင်တမန်သွားလာအံ့ သံဃာဒိသေသ်။
ယော တေ ဝိဟာရေ စသည်ဖြင့် သွယ်ဝိုက်၍ ကြွားဝါအံ့ ထုလ္လစ္စည်း။
ပဏီတ (သံသဋ္ဌ) ဘောဇဉ်ကိုးမျိုး တောင်းစားအံ့ ပါစိတ်၊
ဘိက္ခုနီသည် ပဏီတဘောဇဉ်တောင်းစားအံ့ ပါဋိဒေသနီ။
ဟင်းကိုထမင်းကို တောင်းစားအံ့ ဒုက္ကဋ်။
ခါဒန္တအာပတ်သုံးကား --
လူသား၌ ထုလ္လစ္စည်း။
ကြွင်းသော အကပ္ပိယမံသ၌ ဒုက္ကဋ်။
ဘိက္ခုနီအား လသုဏ ကြက်သွန်၌ ပါစိတ်။
ဘောဇနအာပတ်ငါးကား ရာဂစွတ်သော ဘိက္ခုနီသည် ရာဂစွတ်သော ယောင်္ကျား၏လက်မှ ဘောဇဉ်ကို ခံယူ၍ လူသားကိုလည်းကောင်း၊ လသုဏကြက်သွန်ကိုလည်းကောင်း၊ မိမိအလို့ငှါ တောင်းသော ပဏီတဘောဇဉ်ကို လည်းကောင်း၊ ကြွင်းသောအကပ္ပိယမံသကို လည်းကောင်း၊ ထည့်ရောနယ်၍ မျိုလျှင်၊ သံဃာဒိသေသ်၊ ထုလ္လစ္စည်း၊ ပါစိတ်၊ ပါဋိဒေသနီ၊ ဒုက္ကဋ် - အာပတ် ငါးခုသို့စားခြင်းကြောင့် ရောက်၏။
(ဝိဋီ။ ။ ယာဝတတိယက အားလုံးတို့ကို ဥဘတောဝိဘင်း၌ လာသော သံဃာဒိသေသ် သာမညဖြင့် လည်းကောင်း၊ ပါစိတ်သာမညဖြင့်လည်းကောင်း၊ ပေါင်း၍ သုံးအာပတ်ကို ဆိုသည်။
ဤယာဝတတိယကတို့၌ ဉာတ္တိဒုက္ကဋ်၊ ကမ္မဝါစာ နှစ်ချက် ထုလ္လစ္စည်းတို့လည်းရှိကုန်၏။ ထိုဒုက္ကဋ်၊ ထုလ္လစ္စည်း တို့သည် မာတိကာ၌မလာကုန်။ ဤ၌ မာတိကာစွမ်းဖြင့် သုံးအာပတ်ကို ဆိုသည်။]
၂၃။ ပုစ္ဆာသုံးခု
ယာဝတတိယက အားလုံးတို့သည် အဘယ်မျှသောဌာနတို့သို့ ရောက်ကုန်သနည်း။
အဘယ်မျှတို့အား အာပတ်ရောက်သနည်း။
အဘယ်မျှတို့အား အဓိကရဏဖြင့်ဖြစ်သနည်း။ ဝါ-အဓိကရဏသည် ဖြစ်သနည်း။
ယာဝတတိယကအားလုံးတို့သည် ငါးဌာနတို့သို့ရောက်ကုန်၏။ ငါးယောက်တို့အား အဓိကရဏသည်ဖြစ်၏။
[ငါးဌာနဟူသည် ---
၁။ ဥက္ခိတ္တာနုဝတ္တိကာ ဘိက္ခုနီအား သုံးကြိမ် ဆုံးမလျှက် မစွန့်လျှင် ဉာတ်ကြောင့်ဒုက္ကဋ်။
၂။ ကမ္မဝါစာနှစ်ချက်တို့ကြောင့် ထုလ္လစ္စည်း။
၃။ ကမ္မဝါစာအဆုံး၌ ပါရာဇိက။
၄။ သံဃာကွဲခြင်းငှါ လုံ့လပြုခြင်းစသည်တို့ကြောင့် သံဃာဒိသေသ်။
၅။ ယုတ်မာသောအယူကို မစွန့်ခြင်းကြောင့် ပါစိတ်။
ဤသို့သော ယာဝတတိယက အားလုံးတို့ သည် ငါးဌာနတို့သို့ရောက်ကုန်၏။
ငါးယောက်တို့အား အာပတ် ဟူသည် အာပတ္တိမည်သည် သီတင်းသုံးဘော် ငါးယောက်တို့အား ဖြစ်၏။ ထိုတွင် နှစ်ယောက်တို့အား မုချအားဖြင့် အာပတ္တိသာတည်း သိက္ခမာန်၊ သာမဏေရီ၊ သာမဏေတို့အား အကပ္ပိယ ဖြစ်သောကြောင့် မအပ်။ ဤပရိယာယ်ဖြင့် ထိုသုံးယောက်တို့အား ဒေသနာ မကြားစေအပ်။ ဒဏ်အမှုကိုကား ပြုအပ်၏။
ငါးယောက်တို့အား အဓိကရုဏ်းဟူသည် ထိုသီတင်းသုံးဖော် ငါးယောက်တို့အား သပိတ်သင်္ကန်းစသည် အလို့ငှါ ဆုံးဖြတ်စကားဆိုရခြင်းသည် အဓိကရဏမည်၏။ လူတို့အားကား အဍ္ဍကမ္မ၊ တရားစွဲဆိုခြင်းမျှမည်၏။]
(ဇိဋီ။ ။ မဟာသံဃိကဂိုဏ်းသားတို့သည် သာမဏေတို့ကိုလည်း အာပတ်ကို ဒေသနာကြားစေကုန်သတတ်။ ထို့ကြောင့် “ဒေသနာမကြားစေအပ်” ဟုဆိုသည်။ ထိုသာမဏေတို့အား ရုန်ရင်းသောအမှု လွန်ကျူးလျှင် ဒဏ်အမှုကိုကား ပြုအပ်၏။)
၂၄။ ပုစ္ဆာလေးခု
အဘယ်မျှတို့အား ဝိနိစ္ဆယဖြစ်သနည်း။
အဘယ်မျှတို့အား ဝူပသမဖြစ်သနည်း။
အဘယ်မျှတို့အား အနာပတ္တိဖြစ်သနည်း။
အဘယ်မျှဌာနတို့ဖြင့် တင့်တယ်သနည်း။
ငါးယောက်တို့အား ဝိနစ္ဆယဖြစ်၏။ ငါးယောက်တို့အား ဝူပသမဖြစ်၏။ ငါးယောက်တို့အား အနာပတ္တိဖြစ်၏။ သုံးဌာနတို့ဖြင့် တင့်တယ်၏
[ငါးယောက်တို့အား ဝိနိစ္ဆယဟူသည် သီတင်းသုံးဘော် ငါးယောက်တို့အားသာ ဝိနိစ္ဆယမည်သည်ဖြစ်၏။
ဝူပသမဟူသည် ထိုငါးယောက်တို့အားသာ အဓိကရုဏ်း အဆုံးအဖြတ်ပြီးလျှင် ဝူပသန္တ မည်သည်ဖြစ်၏။
အနာပတ္တိဟူသည် ထိုငါးယောက်တို့အားသာ အနာပတ္တိမည်သည်ဖြစ်၏။
သုံးဌာနဟူသည် သံဃာ စသော ကာရဏ သုံးပါးတို့ဖြင့်တင့်တယ်၏။ လွန်ကျူးပြီးသော ပုဂ္ဂိုလ်သည် သပ္ပဋိကမ္မ အာပတ်ကို သံဃာ့အလယ်၊ ဂဏအလယ်၊ ပုဂ္ဂလအထံ၌ ကုစားပြီးလျှင် အဗ္ဘုဏှသီလ - ပူနွေးသောသီလရှိသူ၊ ဝါ-အသစ်စက်စက်သီလရှိသူ ဖြစ်၍ ပကတိအတိုင်းဖြစ်၏၊ ထို့ကြောင့် သုံးဌာနတို့ဖြင့် တင့်တယ်၏ဟု ဆိုသည်။
(သာဋီ။ ။ အဗ္ဘုဏှသီလဟူသည် အဘိန၀သီလ - အသစ်စက်စက်သီလရှိသူဖြစ်၏။
ဝိဋီ။ ။ အဗ္ဘုဏှသီလဟူသည် စင်ကြယ်ခြင်းသည် ရောက်၍ အသစ်စက်စက်ဖြစ်သော သီလရှိသူဖြစ်၏။ အဘိန၀ဥပ္ပန္န - အသစ်စက်စက်ဖြစ်ခြင်းကို အဗ္ဘုဏှဟုဆိုသည်။ စင်ကြယ်သော သီလရှိ၏ဟူလို။ ထို့ကြောင့် ပါကတိကော - ပကတိအတိုင်း ဖြစ်၏ဟုဆိုသည်။)
၂၅။ ပုစ္ဆာလေးပုစ္ဆာ
ညဥ့်အခါ ကာယိကအာပတ် အဘယ်မျှ၊
နေ့အခါ ကာယိကအာပတ်အဘယ်မျှ၊
တစိမ့်စိမ့်ရှုသူအားအာပတ်အဘယ်မျှ၊
ပိဏ္ဍပါတကြောင့်အဘယ်မျှ။
ညည့်အခါ ကာယိကအာပတ်နှစ်။ နေ့အခါ ကာယိကအာပတ်နှစ်။ တစိမ့်စိမ့်ရှုသူအား နိဇ္ဈန္တအာပတ်တစ်။ ပိဏ္ဍပါတကြောင့်တစ်။
[ညဥ့်အခါကာယိကအာပတ်နှစ်ကား ဘိက္ခုနီသည် ညဥ့် အမှောင်မိုက်သွင်း၌ ယောက်ျား၏ ဟတ္ထပါသ်၌ရပ်ခြင်း၊ ထိုင်ခြင်း၊ အိပ်ခြင်းတို့ကိုပြုလျှင် ပါစိတ်။ ဟတ္ထပါသ်ကို စွန့်၍ပြုလျှင် ဒုက္ကဋ်၊ ဤကာယဒွါရ၌ဖြစ်သော အာပတ် နှစ်ခုတို့သို့ ညဥ့်အခါရောက်၏။
နေ့အာပတ်နှစ်ကား ဤနည်းဖြင့် နေ့အခါ ဖုံးကွယ်ရာ၌ အာပတ်နှစ်ခုတို့သို့ ရောက်၏။
နိဇ္ဈန္တအာပတ်တစ်ကား “န စ ဘိက္ခဝေ သာရတ္တေန မာတုဂါမဿ အင်္ဂဇာတံ ဥပနိဇ္ဈာယိတဗ္ဗံ၊ ယောဥပနိဇ္ဈာသေယျ၊ အာပတ္တိ ဒုက္ကဋဿ” ဟု တပ်သောစိတ်ဖြင့် မာဟုဂါမ၏ အင်္ဂါကို ကြည့်သူ၏ အာပတ် တစ်ခုရှိ၏။
ပိဏ္ဍပါတကြောင့်တစ်ကား - “န စ ဘိက္ခဝေ ဘိက္ခာဒါယိကာယ မုခံသြလောကေတဗ္ဗံ” -(စူဠဝ-၃၆၆) ဟူသည်၌ ဆွမ်းလောင်းသူ၏ မျက်နှာကို ကြည့်လျှင် ဒုက္ကဋ်အာပတ် ဖြစ်၏။ အယုတ်ဆုံးအားဖြင့် ယာဂုကိုဟင်းလျာကို ပေးသော သာမဏေ၏ မျက်နှာကိုသော်လည်း ကြည့်လျှင် ဒုက္ကဋ်သာတည်း။ ကုရုန္ဒီ၌ကား ပိဏ္ဍပါတကြောင့် တစ် ဟူသည် ဘိက္ခုနီစီရင်သော ပိဏ္ဍပါတကို စားသူ၏ ပါစိတ် ဟုဆို၏။]
၂၆။ ပုစ္ဆာသုံးခု
အဘယ်မျှအာနိသင်ကိုမြင်လျှင် သူတပါး တို့ကိုယုံကြည်ခြင်းဖြင့် ဒေသနာကြားရသနည်း။
ဥက္ခိတ္တက အဘယ်မျှ၊
ကောင်းစွာကျင့်ရာသော ကျင့်ဝတ်အဘယ်မျှ။
ရှစ်ပါးသော အာနိသင်ကိုမြင်လျှင် သူတပါးတို့ကို ယုံကြည်ခြင်းဖြင့် ဒေသနာကြားရာ၏။ ဥက္ခိတ္တက သုံးယောက်၊ ကျင့်ဝတ်လေးဆဲ့သုံး။
[ရှစ်ပါးသောအာနိသင် ဟူသည် ကောသမ္ဗကက္ခန္ဓက၌ ဟောသော အာနိသင် ရှစ်ပါးတည်း။
ဥက္ခိတ္တကသုံးယောက်ကား -- အာပတ်ကို မရှုခြင်းကြောင့်၊ မကုစားခြင်းကြောင့်၊ ယုတ်မာသောအယူကို မစွန့်ခြင်းကြောင့်တည်း။
ကျင့်ဝတ် လေးဆဲ့သုံးပါးကား - ထိုဥက္ခိတ္တကတို့၏ သာလျှင် ဤမျှသောကျင့်ဝတ်တို့၌ ကျင့်ခြင်းတည်း။]
(ဝိဋီ။ ။ ကောသမ္ဗကက္ခန္ဓက၌ဟောသော အာနိသင် ဟူသည် ငါ့ကိုအာပတ်မရှုမှုဖြင့် နှင်ထုတ်ကုန်အံ့။ ထိုရဟန်းတို့သည် ငါနှင့်အတူ ဥပုသ်မပြုကုန်လတံ့ စသည်ဖြင့် အာပတ်မရှုခြင်း၌ အပြစ်ကိုပြ၍ သူတပါးတို့အားလည်း ယုံကြည်ခြင်းဖြင့် အာပတ်ဒေသနာကြားခြင်း အဦးထား၍ ပြသော အာနိသင် ရှစ်ပါး ဖြစ်၏။
ရှစ်ပါးကား --
အတူဥပုသ်ပြုခြင်း၊
အတူ ပဝါရဏာပြုခြင်း၊
အတူသံဃကံပြုခြင်း၊
အတူနေရာထိုင်ခြင်း၊
အတူယာဂုသောက်ရာ၌ ထိုင်ခြင်း၊
အတူဆွမ်းစားရာ၌ ထိုင်ခြင်း
တစ်မိုးတည်း အိပ်ခြင်း၊
သီတင်းကြီးသည်အားလျော်စွာ ရှိခိုးခြင်း စသည်ကိုပြုခြင်း၊
အာနိသင် ရှစ်ပါးဖြစ်၏။)
၂၇။ ပုစ္ဆာလေးခု
မုသာဝါဒသည် အဘယ်မျှဌာန၌ ဖြစ်သနည်း။
ပရမဟူ၍ အဘယ်မျှဟောသနည်း။
ပါဠိဒေသနီအဘယ်မျှ၊
အဘယ်မျှတို့၏ အစ္စယဒေသနာအကျိုးငှါ ဖြစ်သနည်း။
မုသာဝါဒသည် ငါးဌာန၌ ဖြစ်၏။ ပရမဟူ၍ တစ်ဆယ့်လေးပါးဟော၏။ ပါဋိဒေသနီ တစ်ဆယ့်နှစ်၊ လေးယောက်တို့၏ အစ္စယဒေသနာအကျိုးငှါဖြစ်၏။
[မုသာဝါဒသည် ပါရာဇိက၊ သံဃာဒိသေသ်၊ ထုလ္လစ္စည်း၊ ပါစိတ်၊ ဒုက္ကဋ် ဟူသောငါးဌာန၌ဖြစ်၏။
ပရမတစ်ဆယ့်လေးပါးကို ဒသာဟပရမံ စသည်ဖြင့်ဆိုပြီးပြီ။
ပါဋိဒေသနီ တစ်ဆယ့်နှစ်ကား - ဘိက္ခုတို့အား လေး၊ ဘိက္ခုနီတို့အား ရှစ်။
လေးယောက်တို့၏ အစ္စယဒေသနာကား --
ဒေဝဒတ်စေလွှတ်သော လေးသမားတို့၏ အစ္စယဒေသနာ၊
အနုရုဒ္ဓါမထေရ်အား လုပ်ကျွေးသော ဒါယိကာမ၏ အစ္စယဒေသနာ၊
ဝဍ္ဎလိစ္ဆဝီ၏ အစ္စယဒေသနာ၊
ဝါသဘဂါမီ မထေရ်အား ဥက္ခေပနိယကံပြု၍လာသော ရဟန်းတို့၏ အစ္စယဒေသနာ –
ဤသည် လေးယောက်တို့၏ အစ္စယဒေသနာမည်၏။ အပြစ်ကိုတောင်းပန် ကန်တော့သည်မည်၏။]
(ဝိဋီ။ ။ လေးယောက်တို့၏ ဟူသည်ကို ဝိနယပိဋက၌ လာသူတို့၏ အစွမ်းဖြင့်ဆိုသည်။
လေးသမား အဘိမာရဟူသည် သတ်ခြင်းငှါ လွှတ်သော လေးကိုင်သမားတို့တည်း။
လုပ်ကျွေးသော ဒါယိကာမဟူသည် သဟသေယျသိက္ခာပုဒ် ဝတ္ထု၌လာသော ဒါယိကာမဖြစ်၏။)
၂၈။ ပုစ္ဆာလေးခု
မုသာဝါဒအင်္ဂါအဘယ်မျှ၊
ဥပုသ်အင်္ဂါ အဘယ်မျှ၊
တမန်အင်္ဂါ အဘယ်မျှ၊
တိတ္တိယကျင့်ဝတ်အဘယ်မျှ။
မုသာဝါဒအင်္ဂါရှစ်၊ ဥပုသ်အင်္ဂါရှစ်၊ တမန်အင်္ဂါရှစ်၊ တိတ္တိယကျင့်ဝတ် ရှစ်။
[မုသာဝါဒအင်္ဂါရှစ်ကား ရှေးဦးစွာ မုသာဆိုအံ့ဟု အကြံဖြစ်ခြင်းကိုအစပြု၍ သညာကိုဆောက်တည်၍ အဆုံးရှိသော ရှစ်ပါးသောအင်္ဂါတို့ဖြင့် မုသာဝါဒသည် အင်္ဂါရှစ်ပါးရှိ၏။
ဥပုသ်အင်္ဂါရှစ်ကား သူ့အသက်မသတ်ခြင်း စသည်ဖြင့် ဥပုသ်သီလစောင့်သူ၏ အင်္ဂါတို့ကို ဆိုပြီးပြီ။
တမန်အင်္ဂါရှစ်ကား သောတာ၊ သာဝေတာ စသည်ဖြင့် သံဃဘေဒက၌ဆိုပြီးပြီ။
တိတ္တိယကျင့်ဝတ်ရှစ်ပါးကို မဟာခန္ဓက၌ ဆိုပြီးပြီ။]
၂၉။ ပုစ္ဆာလေးခု
ဥပသမ္ပဒကံသည် ကမ္မဝါစာ အကြိမ်မည်မျှ၊
အဘယ်မျှတို့အား နေရာမှထ၍ ခရီးဦးကြိုဆိုထိုက်သနည်း။
အဘယ်မျှတို့အား နေရာပေးအပ်သနည်း။
ဘိက္ခုနောဝါဒကရဟန်းသည် အဘယ်မျှအင်္ဂါနှင့် ပြည့်စုံသနည်း။
ဥပသမ္ပဒကံသည် ကမ္မဝါစာရှစ်ကြိမ်ရှိ၏။
ရှစ်ယောက်တို့အားထ၍ ကြိုဆိုထိုက်၏။
ရှစ်ယောက်တို့အား နေရာပေးအပ်၏။
ဘိက္ခုနောဝါဒကရဟန်းသည်အင်္ဂါရှစ်ပါးတို့နှင့် ပြည့်စုံ၏။
[ကမ္မဝါစာရှစ်ကြိမ်ကို ဘိက္ခုနီတို့၏ ဥပသမ္ပဒကံကို ရည်ဆိုသည်။
ရှစ်ယောက်တို့အား ဟူသည် ဘတ္တဂ္ဂ၌ ရှစ်ယောက်သော ဘိက္ခုနီတို့အား တပါးသော ဘိက္ခုနီတို့သည် ထ၍ နေရာပေးအပ်၏။
ဘိက္ခုနောဝါဒက ဟူသည် ရှစ်ပါးသောအင်္ဂါနှင့်ပြည့်စုံသောရဟန်းကို ဘိက္ခုနောဝါဒကဟု သမုတ်အပ်၏။]
(ဝိဋီ။ ။ ရှစ်ယောက်သော ဘိက္ခုနီတို့အား ဟူသည် ထေရာသေနမှစ၍ ရှစ်ယောက်သော ဘိက္ခုနီတို့သည် ရောက်လာသော သီတင်းကြီးဘိက္ခုနီအား နေရာကိုပေးအပ်၏။ ရှစ်ယောက်တို့ အောက်ငယ်သူအား မပေးခြင်းငှါလည်းအပ်၏။ ထိုငယ်သူသည် သံဃာငယ်နေရာရရာ၌ နေအပ်၏။ တစ်နည်း ရှစ်ယောက်သော သီတင်းကြီးတို့အား တပါးသော နဝကသည် နေရာကိုပေးအပ်၏။)
၃၀။ ပုစ္ဆာသုံးခု
ရဟန်းအားလုံး ဧကဝတ္ထုက ဟူသောဝတ္ထုရှိလျှက် အဘယ်မျှတို့အား ပါရာဇိကဟူသော ဆဇ္ဇ။
အဘယ်မျှတို့ ထုလ္လစ္စည်း။
အဘယ်မျှတို့အား အနာပတ္တိနည်း။
ရဟန်းအားလုံး ဧကဝတ္ထုကရှိလျှက် တစ်ပါးအားဆဇ္ဇ၊ လေးပါးအား ထုလ္လစ္စည်း၊ လေးပါးအားအနာပတ္တိ။
[ရဟန်းကိုးပါးတို့တွင် စာရေးတံကိုယူစေ၍ သံဃာကို ခွဲသူအားသာ ဒေဝဒတ်အားကဲ့သို့ ဆဇ္ဇဖြစ်၏။ ပါရာဇိကသို့ရောက်၏။
ဘေဒါနုဝတ္တက လေးပါးတို့အား ကောကာလိက စသည်တို့အားကဲ့သို့ ထုလ္လစ္စည်း။
ဓမ္မဝါဒီလေးပါးတို့အား အနာပတ္တိ။
ဤအာပတ္တိ အနာပတ္တိတို့သည် ကိုးပါးလုံး၏ ဧကဝတ္ထုကတို့ဖြစ်ကုန်၏။ သံဃဘေဒဝတ္ထုရှိသည်သာတည်း။]
(ထာ၌ အာပတ်အနာပတ်ကို ဧကဝတ္ထုကဟုဆိုသည်။ အမေးအဖြေ၌ ရဟန်းအားလုံးကို ဧကဝတ္ထုကဟု ရေးသည်။ စကားမညီဟု ဆိုဖွယ်ရှိ၏။ ညီအောင်ယူတတ်သူကို ကျေးဇူးများစေသည် ဟု ဆုံးဖြတ်အပ်၏။)
၃၁။ ပုစ္ဆာလေးခု
အာဃာတဝတ္ထုအဘယ်မျှ၊
အဘယ်မျှဖြင့် သံဃာကွဲသနည်း။
ပဌမာပတ္တိကအဘယ်မျှ၊
ဉာတ်ကိစ္စအဘယ်မျှ။
အာဃာတဝတ္ထုကိုး။ ကိုးပါးတို့ဖြင့် သံဃာကွဲ၏။ ပဌမာပတ္တိကကိုး။ ဉာတ်ကိစ္စကိုး။
[ကိုးပါးတို့ဖြင့် ဟူသည် ကိုးပါးသော ရဟန်းတို့ဖြင့် သံဃာသည်ကွဲ၏။
ဉာတ်ကိစ္စကိုး ဟူသည် ဉာတ်ဖြင့်ပြုအပ်သော ကံတို့သည် ကိုးခုတို့ဖြစ်ကုန်၏။ အကြွင်းသည် ပေါ်လွင်သည် သာတည်း။]
(ဝိဋီ။ ။ ဉာတ်ကိစ္စကိုးခု ဟူသည် သြသာရဏာစသော ကိုးပါးတို့သာတည်း။) (ကမ္မဝဂ်၌ ထင်ရှားလတ္တံ့။)
၄။ အဝန္ဒနီယ ပုဂ္ဂလာဒိ
၄၇၇။ ၃၂။ ပုစ္ဆာသုံးခု
အဘယ်မျှသောပုဂ္ဂိုလ်တို့ကို ရှိမခိုးအပ် ရိုသေသမှုနှင့် လက်အုပ်ချီခြင်းကိုလည်း မပြုအပ်ကုန်သနည်း။
အဘယ်မျှတို့အား ဒုက္ကဋ်နည်း။
သင်္ကန်းဆောင်ထားခြင်းသည်. အဘယ်မျှနည်း။
ဆယ်ယောက်သော ပုဂ္ဂိုလ်တို့ကို ရှိမခိုးအပ်၊ ရိုသေသမှုနှင့် လက်အုပ်ချီခြင်းကိုလည်း မပြုအပ်ကုန်၊ ဆယ်ယောက်တို့အား ဒုက္ကဋ်သင်္ကန်း ဆောင်ထားခြင်းသည် တစ်ဆယ်ပတ်လုံး။
ရှိမခိုးအပ်သူတို့ကား သေနာသနက္ခန္ဓက၌ဟောသော ဆယ်ယောက်တို့တည်း။ ထိုဆယ်ယောက်တို့အား သာမိစိကမ္မနှင့် အဉ္ဇလီကိုလည်း မပြုအပ်။ သောက်ရေ ပန်ကြားခြင်း၊ ယပ်ခပ်ခြင်းစသော ခန္ဓကဝက်ကို ထိုဆယ်ယောက်အားမပြုအပ်၊ လက်အုပ်မချီရဟူလို။
ဆယ်ယောက်တို့အား ဒုက္ကဋ် ဟူသည် ထိုဆယ်ယောက်တို့အားသာ ဤသို့ပြုသူအား ဒုက္ကဋ်။
သင်္ကန်းဆောင်ထားခြင်းကို တစ်ဆယ်ပတ်လုံးဟူသည် ဆယ်ရက်ပတ်လုံး အတိရေကင်္ကန်းဆောင်ထား ခြင်းကို ခွင့်ပြု၏ဟူလို။
(ဝိဋီ။ ။ ဆယ်ယောက်ကား ဒသ ဣမေ ဘိက္ခဝေ အဝိန္ဒိယာ စသည်ဖြင့် ဟောသောသီတင်းငယ်၊ ရဟန်း မဟုတ်သူ၊ နာနာသံဝါသအ၊ မာတုဂါမ၊ ပဏ္ဍကငါးယောက်၊ ပါရိဝါသိက စသော ငါးယောက်တို့တည်း။) (လဒ္ဓိနာနာ၊ ကံနာနာ - နာနာသံဝါသက နှစ်ယောက်ရှိ၏။)
၃၃။ ပုစ္ဆာသုံးခု
ဝါမှထသူ အဘယ်မျှတို့အား သင်္ကန်း ပေးအပ်သနည်း၊
အဘယ်မျှတို့အား သင့်သောယူသူရှိလျှင် ပေးအပ်သနည်း၊
အဘယ်မျှတို့အား မပေးအပ်သနည်း။
ဝါမှထသူ ငါးယောက်တို့အား သင်္ကန်းပေးအပ်၏။
ခုနှစ်ယောက်တို့အား သင့်သောယူသူရှိလျှင် ပေးအပ်၏။
တစ်ဆယ့်ခြောက်ယောက်တို့အား မပေးအပ်။
ဝါမှထသူငါးယောက် ဟူသည် သီတင်းသုံးဘော် ငါးယောက်တို့တည်း။
ထိုငါးယောက်အား မျက်မှောက်၌သာ ပေးအပ်၏။
ခုနစ်ယောက်ကား - အရပ်တပါးဖဲသွားသူ၊ ရူးသူ၊ စိတ်ပြန့်လွင့်သူ၊ ဝေဒနာ နှိပ်စက်သူ၊ ဥက္ခိတ္တက သုံးယောက်။ ဤနှစ်ယောက်တို့အား သင့်သောယူသူရှိလျှင် မျက်ကွယ်၌ သော်လည်း ပေးအပ်၏။ ထိုမှကြွင်းသော စီ၀ရက္ခန္ဓက၌ဟောသော ပဏ္ဍကစသော တစ်ဆယ့်ခြောက်ယောက်တို့အား မပေးအပ်။]
၃၄။ ပုစ္ဆာနှစ်ခု
ကတိသကံ၊ ရတ္တိသတံ၊ အာပတ္တိယော ဆာဒယိတွာန ကတိ ရတ္ထိယော ဝသိတွာန၊ မုစ္ဆေယျ ပါရိဝါသိကော။
တစ်ရာပေါင်း အဘယ်မျှအာပတ်တို့ကို ညဥ့်တစ်ရာဖုံးလျှင် ညဥ့်ပေါင်းအဘယ်မျှ ပရိဝါသ်နေ၍ လွတ်သနည်း။
ဒသသတံ ရတ္တိသတံ၊ အာပတ္တိယော ဆာဒယိတွာန။ ဒသရတ္တိယော ဝသိတွာန၊ မုစ္စေယျ ပါရိဒါသိကော။
တစ်ရာပေါင်းဆယ်ခုမျှ အာပတ်တို့ကို ညဥ့်တစ်ရာဖုံးလျှင် ညဥ့်ပေါင်း တစ်ဆယ်မျှ ပရိဝါသ်နေ၍ လွတ်နိုင်၏။
[အကြင်ရဟန်းသည် နေ့တိုင်း နေ့တိုင်း တစ်ရာ၊ တစ်ရာသော သံဃာဒိသေသ်သို့ ရောက်၍ ဆယ်ရက်၊ ဆယ်ရက်စီ ဖုံးလွှမ်းအံ့၊ ထိုရဟန်းသည် ညဥ့်တစ်ရာပတ်လုံး အာပတ်တစ်ထောင်ကို ဖုံးသည် မည်၏။ ထိုရဟန်းသည် ထိုအာပတ်အားလုံးကို ဆယ်ရက်ဖုံးဟု ပရိဝါသ်တောင်း၍ ဆယ်ညဥ့်မျှ ပရိဝါသ်မနေ၍သာ လွတ်၏။]
(ဇီဋီ။ ။ တစ်ရာပေါင်းဆယ်ခုမျှ အာပတ်ဟူသည် အာပတ်တစ်ထောင်ဖြစ်၏။)
၃၅။ ပုစ္ဆာနှစ်ခု
စမ္ပေယျက္ခန္ဓက၌ ကမ္မဒေါသအဘယ်မျှ။ အဓမ္မိက အဘယ်မျှ ဟောသနည်း။
စမ္ပေယျက္ခန္ဓက၌ ကမ္မဒေါသ တစ်ဆယ့်နှစ်ပါး၊ အားလုံး အဓမ္မိကဟု ဟောသည်။
[ကမ္မဒေါသ တစ်ဆယ့်နှစ်ပါးကား အဓမ္မေန၀ဂ္ဂ၊ အဓမ္မေန သမဂ္ဂ၊ ဓမ္မေနဝဂ္ဂအားဖြင့် အပလောကနကံ၊ ဉာတ္တိကံ၊ ဉတ္တိဒုတိယကံ၊ ဉာတ္တိစတုတ္ထကံတို့ကို သုံးခုစီပြု၍ တမ်ဆယ့်နှစ်ပါးသော ကမ္မဒေါသတို့ကိုဟောသည်။]
(ဝိဋီ။ ။ ကမ္မဒေါသဟူသည် ဒေါသယုတ္တကမ္မ တစ်ဆယ့်နှစ်ပါးတည်း။)
၃၆။ ပုစ္ဆာနှစ်ခု
စမ္ပေယျက္ခန္ဓက၌ ကမ္မသမ္ပတ္တိအဘယ်မျှ။ ဓမ္မိကအဘယ်မျှဟောသနည်း။
စမ္ပေယျက္ခန္ဓက၌ ကမ္မသမ္ပတ္တိလေးပါး။ အားလုံးဓမ္မိကဟု ဟောသည်။
[ဓမ္မေနသမဂ္ဂတစ်ပါးစီဖြင့် ကံလေးပါးတို့ကို တခုစီပြု၍ လေးပါးသော ကမ္မသမ္ပတ္တိတို့ကို ဟောသည်။]
(ဝိဋီ။ ။ ကမ္မသမ္ပတ္တိသည် သမ္ပန္နကမ္မဖြစ်၏။ ဝိသုဒ္ဓကမ္မလို။)
၃၇။ ပုစ္ဆာသုံးခု
စမ္ပေယျက္ခန္ဓက၌ ကမ္မအဘယ်မျှဟောသနည်း။
ဓမ္မိကအဘယ်မျှ၊
အဓမ္မိကအဘယ်မျှ။
စမ္ပေယျက္ခန္ဓက၌ ခြောက်ပါးသောကမ္မတို့ကိုဟော၏။ ဓမ္မိကတစ်ပါး။ အဓမ္မိကငါးပါး။
[ခြောက်ပါးသောကမ္မကား အဓမ္မေနဝဂ္ဂကမ္မံ၊ အဓမ္မေန သမဂ္ဂကမ္မံ၊ ဓမ္မပတိရူပကေနဝဂ္ဂကမ္မံ၊ ဓမ္မပတိရူပကေန သမဂ္ဂကမ္မံ၊ ဓမ္မေနဝဂ္ဂကမ္မံ၊ ဓမ္မေန သမဂ္ဂကမ္မံ ဟူ၍ ဤခြောက်ပါးကိုဟောသည်။ ထိုတွင် ဓမ္မသမဂ္ဂကံ တစ်ခုကိုသာလျှင် ဓမ္မိကဟုဟောသည်။]
၃၈။ ပုစ္ဆာသုံးခု
စမ္ပေယျက္ခန္ဓက၌ ကမ္မအဘယ်မျှဟောသနည်း။
ဓမ္မိကအဘယ်မျှ၊
အဓမ္မိကအဘယ်မျှ။
စမ္ပေယျက္ခန္ဓက၌ လေးပါးသောကမ္မတို့ကိုဟော၏။ ဓမ္မိကတစ်ပါး။ အဓမ္မိကသုံးပါး။
[ထိုဓမ္မသမဂ္ဂကံသည်သာလျှင် ဓမ္မိက။]
(ဇီဋီ။ ။ စမွေယျက္ခန္ဓက၌ အဓမ္မေန ဝဂ္ဂစသော ကံလေးပါးတို့ကိုသာ ဘုရားရှင်ဟော၏ဟူလို။)
၃၉။ ပုစ္ဆာတစ်ခု
အနန္တဇိနတာဒိ၊ ဝိဝေကဒဿီမည်သော ဘုရားရှင်သည် အကြင်အာပတ်အစုတို့ကို ဟောပြီ။ ထိုတွင် အဘယ်မျှတို့သည် သမထကင်း၍ ငြိမ်းကုန်သနည်း။ ဝိဘင်း၌လိမ္မာသူ ဖြေပါလော။
အနန္တဇိနဘုရားရှင်သည် အကြင်အာပတ်တို့ကိုပောာပြီ။ ထိုတွင်တစ်ခုသည် သမထကင်း၍ ငြိမ်း၏။ ဝိဘင်း၌ လိမ္မာသူအား ဖြေကြားပါ၏။
[အဆုံးအပိုင်းအခြား ဖြစ်ခြင်းမှကင်းသောကြောင့် နိဗ္ဗာန် အနန္တမည်၏။ နတ္တိ အန္တေယဿ တန္တိ အဍ္ဎန္တံ။ မင်းသည် ရန်သူအပေါင်းကို နှိမ်နင်း၍ တိုင်းပြည်ကို သိမ်းယူသကဲ့သို့ မြတ်စွာဘုရားသည် ကိလေသာ အပေါင်းကို နှိမ်နင်း၍ နိဗ္ဗာန်ကိုအောင်၏။ ရောက်၏။ လက်ရသိမ်း၏။
ထို့ကြောင့် အနန္တဇိနမည်၏။ အနန္တဇိနာတိ အဓိ၀စ္ဆတီတိ အနန္တဇိနော။ ဣဌ အနိဌတို့၌ ဖောက်ပြန်ခြင်း မရှိသောကြောင့် တာဒိမည်၏။
တံ ဣဝ ပဿတီတိ တာဒိ။ တဒင်္ဂ ဝိက္ခမ္ဘန၊ သမုစ္ဆေဒ ပဋိပဿဒ္ဓိ၊ နိဿရဏ ဟူသော ဝိဝေက ငါးပါးကို မြင်ပြီးသောကြောင့် ဝိကေဒဿိ မည်၏။
ဝိဝေကပဉ္စကံ အပဿိ ဝိဝေကစသည် ထိုဘုရားရှင်ဟောသော အာပတ်တို့တွင် တစ်ခုသော အာပတ် သည်လည်း သမထနှင့်ငြိမ်းသည်မရှိ။ စင်စစ်အားဖြင့် သမထခြောက်ပါး အဓိကရုဏ်းလေးပါး - ဤ အလုံးစုံသော ဓမ္မတို့သည် သမ္မုခါဝိနည်းဖြင့် ငြိမ်းကုန်၏။
ပေါင်းဆုံခြင်းသို့ရောက်ကုန်၏။ သမ္မုခါဝိနည်းတစ်ခုသာ လူ သမထတို့နှင့် ကင်း၍ငြိမ်း၏။ သမထအဖြစ်သို့ ရောက်အံ့၊ တပါးသော သမထတို့နှင့်ကင်း၍ မပြီးသော မည်သည်မရှိ။ ထို့ကြောင့် “တစ်ခုသည် သမထ ကင်း၍ ငြိမ်း၏။” ဟုဖြေဆိုသည်။
ဤအဓိပ္ပါယ်ဖြင့် အဋ္ဌကထာတို့၌ အနက်ကိုမိန့်ဆို၏။ ငါတို့ကား ဝိနာနိ…… ပဋိသေဓ အနက်ကိုယူ၍ သမ္မတိ ဝိနာ သမထေဟိ - ပါရာဇိကအနက် တစ်ခုသည် တစ်ခု သမထတို့ဖြင့်ကင်း၍ ငြိမ်း၏။ (ဝါ - သမထတို့ဖြင့် မငြိမ်း။ ဤသို့သော အနက်ကို နှစ်သက်ကုန်၏။ ယာသာအာပတ္တိ အန၀သေသာ၊ သာအာပတ္တိ န ကတမေန အဓိကရဏေန န ကတမမှိ ဌာနေ န ကတမေန သမထေန သမ္မတိ ဟု မိန့်ဆို ပြီးသည်သာတည်း။]
ဇီဋီ။ ။ အာပတ်သည်သာလျှင် သက်သက်မဟုတ်၊ စင်စစ်အားဖြင့် သမထခြောက်ပါး အဓိကရုဏ်းလေးပါး တို့လည်း သမ္မုခါဝိနည်းဖြင့် ငြိမ်းကုန်၏။ သမ္မုခါနှင့်ယှဉ်ခြင်းသို့ ရောက်ကုန်၏ဟူလို။ သမထတို့နှင့်ကင်း၍ ငြိမ်း၏ဟူသည် သမထအဖြစ်သို့ရောက်၏။ ပဋိသေဓအနက်ရှိလျှင် ဝိနာမတေဟိသည် သမထေဟိ ဝိနာ အနက်ဖြစ်၏။
ဝိဋီ။ ။ အနန္တံ နိဗ္ဗာနံ အဇိနိ - ဇိနိတွာ ပဋိလဘတီတိ အနန္တဇိနော။)
၄၀။ ပုစ္ဆာတစ်ခု
အာပါယိက အဘယ်မျှ ဘုရားရှင်ဟောသနည်း။ ဝိနည်းသိသူ၏ ဝိနယတို့ကို နာလိုပါသည်။
တစ်ရာလေးဆယ့်လေးယောက်တို့ကို အာပါယိက၊ နေရယိက၊ ကပ္ပဋ္ဌ၊ ဘေဒေဒကကို ယူ၍ ဘရားရှင် ဟောပါသည်။ ဝိနည်းသိသူ၏ ဝိနယ တို့ကို နာပါလော။
[ဣဓ ဥပါလိ ဘိက္ခု အဓမ္မံ ဓမ္မောတိ ဒီပေတိ၊ တသ္မိံ အဓမ္မဒိဋ္ဌိ ဘေဒေ အဓမ္မဒိဋ္ဌိ။ တသ္မိံ အဓမ္မဒိဋ္ဌိ ဘေဒေ ဓမ္မဒိဋ္ဌိ။ တသ္မိံ အဓမ္မဒိဋ္ဌိ ဘေဒ ဝေမကော၃ တသ္မိံ ဓမ္မဒိဋ္ဌိ ဘေဒေ အဓမ္မဒိဋ္ဌိ။ တသ္မိံ ဓမ္မဒိဋ္ဌိ ဘေဒေ ဝေမတိကောJ တသ္မိံ ဝေမတိကော ဘေဒေ အဓမ္မဒိဋ္ဌိ၊ တသ္မိံ ဝေမတိကော ဘေဒေ ဓမ္မဒိဋ္ဌိ။ တသ္မိံ ဝေမတိကော ဘေဒေ ဝေမတိကော၃ -ဤသို့ အဋ္ဌာရသဘေဒကရဝတ္ထု စွမ်းဖြင့် အဋ္ဌက - တဆယ့်ရှစ်ခု (၈ x ၁၈ = ၁၄၄) တို့ကို သံဃဘေဒက္ခန္ဓက၌ ဟောသည်။ ထိုအစွမ်းဖြင့် အပါယ်ရောက်ထိုက်သူ ၁၄၄ ယောက်တို့ကို သိအပ်၏။]
(ဝိဋီ။ ။ ဝိနည်းသိသူ၏ ဝိနယတို့ကို နာလိုပါ၏ စသည်ဖြင့် ဥပါလိမထေရ်သည်သာလျှင် မျက်မှောက်၌ တည်သော ဝိနည်းဓိုရ်တစ်ပါးကို မေးသကဲ့သို့မေး၍ ထိုဝိနည်းဓိုရ်က ဖြေသကဲ့သို့ အဖြေကိုပြု၏။
ဤ၌ ဝိနည်းသိသူဟူသည် ဝိနည်း ကိငါသိ၏ဟု ဝန်ခံသောသူဖြစ်၏။
ဝိနယတို့ကိုဟူသည် သင် ဖြေဆိုသောဝိနယတို့ကို နာယူပါကုန်အံ့။)
၄၁။ ပုစ္ဆာတစ်ခု
အနာပါယိကအဘယ်မျှ ဘုရားရှင်ဟောသနည်း။ ဝိနည်းသိသူ၏ ဝိနယတို့ကိုနာလိုပါ၏။
တစ်ဆယ့်ရှစ်ယောက်တို့ကို အနာပါယိက ဟူ၍ ဘုရားရှင်ဟောပါသည်။ ဝိနည်းသိသူ၏ ဝိနယတို့ကို နာပါလော။
[တစ်ဆယ့်ရှစ်ယောက် ဟူသည် - ဣဓဥပါလိဘိက္ခု အဓမ္မံ ဓမ္မောတိ ဒီပေတိ။ တသ္မိံ ဓမ္မဒိဋ္ဌိ ဘေဒေ ဓမ္မဒိဋ္ဌိ အဝိနိဓာယဒိဋ္ဌိံ - အဝိနိဓာယခန္တိံ – အဝိနိဓာယရုဝိံ - အဝိနိဓာယဘာဝံ အနုဿာဝေတိ - သလာကံ ဂါေဟတိ အယံဓမ္မော၊ အယံဝိနယော၊ ဣဒံ သတ္တုသာသနံ ဣမံ ဂဏှထ ဣမံရောစေထာ တိ။ အယမ္ပိ ခေါ ဥပါလိ သံဃဘေဒတော န အာပါယိကော န နေရယိကော န ကပ္ပဋ္ဌော န အတေကိစ္ဆော။ ဤသို့ ဘေဒကရဝတ္ထုတစ်ခုတစ်ခု၌ တစ်ခုစီပြု၍ သံဃဘေဒက္ခန္ဓကအဆုံး၌ ဟောအပ်သော တစ်ဆယ့် ရှစ်ယောက် တို့တည်း။]
၄၂။ ပုစ္ဆာတစ်ခု
အဋ္ဌကအဘယ်မျှဟောသနည်း။ နာလိုပါ၏။
အဋ္ဌကတစ်ဆယ့်ရှစ်ခု ဟော၏။ နာပါလော။
[အဋ္ဌက တစ်ဆယ့်ရှစ်ခုတို့ကို ယခင်တစ်ရာ့လေးဆယ့်လေးယောက်အဖြစ် ဆိုပြီးသည်သာတည်း။]
၅။ သောဠသကမ္မာဒိ
၄၇၈။ ၄၃။ ပုစ္ဆာတစ်ခု
ကမ္မတို့ကိုအဘယ်မျှဟောသနည်း။
ကမ္မတို့ကို တစ်ဆယ့်ခြောက်ပါးတို့ဟူ၍ ဟော၏။
[ကမ္မတစ်ဆယ့်ခြောက်ပါးစသော နောက်အဖြေအားလုံး ပေါ်လွင်သည်သာတည်း။]
၄၄။ ပုစ္ဆာတစ်ခု
ကမ္မဒေါသ အဘယ်မျှနည်း။
ကမ္မဒေါသ တစ်ဆယ့်နှစ်ပါးတို့ကိုဟော၏။
၄၅။ ပုစ္ဆာတစ်ခု
ကမ္မသမ္ပတ္တိ အဘယ်မျှဟောသနည်း။
ကမ္မသမ္ပတ္တိ လေးပါးတို့ကို ဟော၏။
၄၆။ ပုစ္ဆာတစ်ခု
ကမ္မအဘယ်မျှ ဟောသနည်း။
ကမ္မခြောက်ပါးတို့ကိုဟော၏။
၄၇။ ပုစ္ဆာတစ်ခု
ကမ္မအဘယ်မျှဟောသနည်း။
ကမ္မလေးပါးတို့ကို ဟော၏။
၄၈။ ပုစ္ဆာတစ်ခု
ပါရာဇိကအဘယ်မျှဟောသနည်း။
ပါရာဇိကရှစ်ပါးတို့ကိုဟော၏။
(ဝိဋီ။ ။ ပါရာဇိကစသည်ကို ဥဘတော ဝိဘင်း၌ လာသည်တို့တွင် ယူပြီးသည်ကို မယူခြင်းဖြင့် ဟောသည်။)
၄၉။ ပုစ္ဆာတစ်ခု
သံဃာဒိသေသ် အဘယ်မျှဟောသနည်း။
သံဃာဒိသေသ် တေဝီသ နှစ်ဆယ့်သုံးပါးတို့ကိုဟော၏။ (တေတ္တိံသဟု- အက္ခရာချွတ်တတ်သည်။)
၅၀။ ပုစ္ဆာတစ်ခု
အနိယတအဘယ်မျှဟောသနည်း။
အနိယတနှစ်ပါးတို့ကိုဟော၏။
၅၁။ ပုစ္ဆာတစ်ခု
နိဿဂ္ဂိယအဘယ်မျှဟောသနည်း။
နိဿဂ္ဂိယ လေးဆယ့်နှစ်ပါးတို့ကိုဟော၏။
၅၂။ ပုစ္ဆာတစ်ခု
ပါစိတ္တိယအဘယ်မျှဟောသနည်း။
ပါစိတ္တိယ အဋ္ဌာသီတိသတံ – တစ်ရာ့ရှစ်ဆယ့်ရှစ်ပါးတို့ကို ဟော၏။ (အဋ္ဌတိံသသတံ - ဟု အက္ခရာချွတ်တတ်သည်။)
၅၃။ ပုစ္ဆာတစ်ခု
ပါဋိဒေသနီယ အဘယ်မျှဟောသနည်း။
ပါဋိဒေသနီယ တစ်ဆယ့်နှစ်ပါးတို့ကိုဟော၏။
၅၄။ ပုစ္ဆာတစ်ခု
သေခိယအဘယ်မျှဟောသနည်း။ ဝိနည်း သိသည်ဟု ဝန်ခံသောသင်၏အထံမှ ဝိနယတို့ကို နာလိုပါ၏။
သေခိယခုနှစ်ဆယ့်ငါးပါးတို့ကိုဟော၏။ ဝိနည်းသိသည်ဟု ဝန်ခံသော အကျွန်ုပ်၏အထံမှ ဝိနယတို့ကို နာပါလော။
နိဂုံးဂါထာ
ယာဝ သုပုစ္ဆိတံတယာ၊ ယာဝသုဝိဿဇ္ဇိတံ မယာ။ ပုစ္ဆာဝိသဇ္ဇနာယဝါ၊ နတ္ထိ ကိဉ္စိ အသုတ္တကံ။
တယာ၊ သင်သည်။
ယာဝ၊ အကြင်ရွေ့လောက်။
သုပုစ္ဆိတံ၊ ကောင်းစွာ မေးအပ်၏။
မယာ၊ ငါသည်။
ယာဝ၊ အကြင်ရွေ့လောက်။
သုဝိဿဇ္ဇိတံ၊ ကောင်းစွာဖြေအပ်၏။
ပုစ္ဆာ-ပုစ္ဆာယဝါ၊ ပုစ္ဆာ၌လည်းကောင်း။
ဝိဿဇ္ဇနာယဝါ၊ ဝိဿဇ္ဇနာ၌လည်းကောင်း။
အသုတ္တကံ၊ ပါဠိတော်မှကင်းသော။
ကိဉ္စိ၊ တစ်စုံ တစ်ခုသော အမေးအဖြေသည်။
နတ္တိ၊ မရှိ။
(ဇီဋီ။ ။ အသုတ္တကံဟူသည် သုတ္တဝိရဟိတဖြစ်၏။ ပါဠိတော်သုတ္တမှ လွတ်သော အမေးအဖြေသည် ထို၌မရှိ။ ဤကား အဓိပ္ပါယ်တည်း။
သာဋီ။ ။ အသုတ္တကန္တိ သုတ္တဝိရဟိတံ၊ ပါဠိသုတ္တအားဖြင့် ပယ်စရာမရှိဟူလို။
(ဤဒုတိယဂါထာသင်္ဂဏိက၌ ပုစ္ဆာဂါထာ ၅၄၊ ဝိဿဇ္ဇနာဂါထာ ၅၄။ နိဂုံးဂါထာတစ်ခု။ ပြဿနာပေါင်း ၁၃၂- ဖြစ်၏။)
ဒုတိယဂါထာသင်္ဂဏိကံ နိဋ္ဌိတံ။
၂၀။ သေဒမောစနဂါထာ
၁။ အဝိပ္ပဝါသပဥှာ (၄၃ - ပြဿနာ)
၄၇၉ /၁။ သားသယ်အမေ
အသံဝါသော ဘိက္ခူဟိ စ၊ ဘိက္ခုနီဟိ စ။
သမ္ဘောဂေါ။ ဧကစ္စော တဟိံ န လဗ္ဘတိ။
အဝိပ္ပဝါသေန အနာပတ္တိ။
ပဥှာမေသာ ကုသလေဟိ စိန္တိတာ။
ယော၊ အကြင်သူသည်။
ဘိက္ခုဟိ စ၊ ရဟန်းတို့နှင့်လည်း။
အသံဝါသော၊ သံဝါသသုံးပါးမရှိ။
ဘိက္ခုနီဟိ စ၊ ဘိက္ခုနီတို့နှင့်လည်း။
အသံဝါသော၊ သံဝါသ သုံးပါးမရှိ။
တဟိံ၊ ထိုသူ၌။
ဧကစ္စောသမ္ဘောဂေါ၊ အချို့သော သမ္ဘောဂကို။
နလဗ္ဘတိ၊ မရအပ်။
အဝိပ္ပဝါသေန၊ မကင်းဘဲနေခြင်းကြောင့်။
အနာပတ္တိ၊ အာပတ်မသင့်။
ဧသာပဥှာ၊ ဤပြဿနာကို။
ကုသလေဟိ၊ ဝိနည်း၌လိမ္မာသော ပညာရှိတို့သည်။
စိန္တိတာ၊ ကြံအပ်၏။
ဝါ၊ သိအပ်၏။
သိရမည်၊ သိထိုက်သည်၊ သိချိန်တန်ပြီ။ သိကြပါလော။
[အသံဝါသော ဟူသည် ဥပုသ်ပဝါရဏာ စသော သံဝါသဖြင့် ပေါင်းဘော်ခြင်းမရှိသူတည်း။
အချို့သော သမ္ဘောဂကို ဟူသည် အကပ္ပိယသမ္ဘောဂ ကို မရအပ်။ ရေချိုးပေးခြင်း၊ အစာကျွေးခြင်းစသော သုံးဆောင်ခြင်း လုပ်ကျွေးခြင်းကိုကား မိခင်သာလျှင်ပြုခွင့်ရ၏။
အဝိပ္ပဝါသေန ဟူသည်ကား တကွအိပ်ခြင်းကြောင့် အာပတ်မသင့်။ ဤပြဿနာကို ပဏ္ဍိတပုဂ္ဂိုလ်တို့ ကြံစည်အပ်၏။ ထိုပြဿနာ၏ အဖြေကို သားငယ်ရှိသော မိခင်ဘိက္ခုနီဖြင့် သိအပ်၏။ ထိုဘိက္ခုနီ၏သားကို ရည်ဆိုသည်။]
(ဇီဋီ။ ။ အကပ္ပိယသမ္ဘောဂ - ဟူသည် မေထုနဓမ္မ စသည်ဖြစ်၏။)
-
(သာဋီ။ ။ အကပ္ပိယသမ္ဘောဂ ဟူသည် - မေထုနဓမ္မ စသည်ဖြစ်၏ဟု ဂဏ္ဍိပဒတို့၌ဆိုသည်။ ဧသာပဥှာ ဟူသည်ကို လိင်္ဂဝိပလ္လာသစွမ်းဖြင့်ဆိုသည်။ ဧသော ပဥှော ကုသလေဟိ စိန္တိတော ဟူလို။)
(ဝိဋီ။ ။ အကပ္ပိယသမ္ဘောဂ ဟူသည် အနုပသမ္ပန္နတို့နှင့် အတူပြုခြင်းငှါ ပယ်အပ်သော ဥပုသ်ကံစသော သံဝါသ သာတည်း။ ပဥှာမေသာ ၌ မအက္ခရာသည် ပုဒ်စပ်မိအောင်လာသော အက္ခရာဖြစ်၏။ ဧသာ ဟူ၍လည်း လိင်္ဂဝိပလ္လာသဖြင့် ဆိုသည်။ ပဥှောဧကော ဟူလို။ တစ်နည်း။ ပဥှသဒ္ဒါ ကို ဒွိလိင်္ဂဟုမှတ်အပ်၏။)
(ဘိက္ခုနီတစ်ယောက်သည် ယောက်ျားတစ်ယောက်နှင့်အတူ တစ်မိုးတစ်ရံတည်း ဆိတ်ကွယ်ရာ၌ နေ၏။ ထိုယောကျ်ား၏အင်္ဂါကြီးငယ်ကိုလည်း သုံးသပ်၏။ အာပတ်လည်းမသင့်။ အသို့နည်း။
တစ်မိုးတစ်ရံတည်း အတူအိပ်ခြင်းကို လည်းကောင်း၊ ရေချိုးပေးခြင်း၊ အစာကျွေးခြင်း စသော သုတ်သင်ခြင်းကို လည်းကောင်း သားငယ်အား မိခင်ဘိက္ခုနီသည်ပြုခွင့်ရ၏ဟု ဥတ္တရ ဝိနိစ္ဆယ၌လာ၏။)
၂။ ဂရုဘဏ်လဲခြင်း
အဝိဿဇ္ဇိယံ အဝေဘင်္ဂိယံ၊
ပဉ္စ ဝုတ္တာ မဟေသိနာ။
ဝိဿဇ္ဇန္တဿ ပရိဘုဉ္ဇန္တဿ အနာပတ္တိ၊
ပဥှာ မေသာ ကုသလေဟိ စိန္တိတာ။
အဝိဿဇ္ဇိယံ၊ မစွန့်အပ်ဟူ၍လည်းကောင်း။
အဝေဘင်္ဂိယံ၊ မဝေဘန်အပ် ဟူ၍လည်းကောင်။
ပဉ္စ၊ ငါးပါးသော ဂရုဘဏ်တို့ကို။
မဟေသိနာ၊ မြတ်စွာဘုရားသည်။
ဝုတ္တာ၊ ဟောအပ်ကုန်၏။
ဝိဿဇ္ဇန္တဿ၊ စွန့်သောသူအား။
ပရိဘုဉ္ဇန္တဿ၊ သုံးဆောင်သောသူအား။
အနာပတ္တိ၊ အာပတ်မသင့်။
ဧသာပဥှာ။ ကုသလေဟိ။ စိန္တိတာ။
[ဂရုဘဏ်ကိုရည်ဆိုသည်၊ ဂရုဘဏ္ဍဝိနိစ္ဆယ၌အနက်ဆိုပြီးပြီ။]
(ဇီဋီ။ ။ ဝရသေနာသနကို စောင့်ရှောက်ခြင်းငှါ “စွန့်၍သုံးဆောင်ခြင်းငှါအပ်သည်” ဟု ဂရုဘဏ္ဍ ဝိနိစ္ဆယ၌ ဆိုသည်။)
(ဝိဋီ။ ။ ဂရုဘဏ်ကိုရည်သည်ဟူသည် ဂရုဘဏ်ဖြင့် ဂရုဘဏ်လဲလှယ်ခြင်းကို ရည်၍ဆိုသည်။)
(ဒုတိယပါရာဇိက အမ္ဗဘာဇာပနဒိ ဝတ္ထုအဖွင့်၌ အခါအားလျော်စွာ သေနာသနတို့ကိုစွန်၍ သေနာသနာကို စောင့်ရှောက်ခြင်းငှါ ဝရသေနာသနတို့ကိုတား၍ လာမကစွမ်းဖြင့် ဆွမ်းအတွက် စွန့်ခြင်းငှါ -- စသည်။ ရာဇသိက္ခာပုဒ်၌ သေနာသနကိုစွန့်၍ ရဟန်းတို့အား သုံးဆောင်ခြင်းငှါ စသည်ပါရှိ၏။)
၃။ နဂ္ဂ
ဒသ ပုဂ္ဂလေ န ဝဒါမိ၊ ဧကာဒသ ဝိဝဇ္ဇိယ။
ဝုဍ္ဎံ ဝန္ဒန္တဿ အာပတ္တိ၊ ပဥှာမေသာ။
ဒသပုဂ္ဂလေ၊ တစ်ကျိပ်သော အဝိန္ဒိယပုဂ္ဂိုလ်တို့ကို။
န ဝဒါမိ၊ မဆိုလို။
ဧကာဒသ၊ အဘဗ္ဗတစ်ကျိပ်တစ်ယောက်တို့ကို။
ဝိပဇ္ဇိယ၊ ကြဉ်၍။
ဝုဍ္ဎံ၊ သီတင်းကြီးကို။
ဝန္ဒန္တဿ၊ ရှိခိုးသောရဟန်းအား။
အာပတ္တိ၊ အာပတ်သည်။
ဟောတိ၊ ဖြစ်၏။
ဧသာပဥှာ ----။
[ဒသပုဂ္ဂလေ ဟူသည် သေနာသနက္ခန္ဓက၌ ဟောသော ဆယ်ယောက်တို့ကို ဤ၌ မဆိုလို။
ဧကာဒသ ဟူသည် မဟာခန္ဓက၌ ဟောသော ဧကာဒသဝိဝဇ္ဇနိယဟူသော အဘဗ္ဗတို့ကိုလည်း။ ဤ၌ မဆိုလို။ နဂ္ဂကိုရည်၍ ဤပြဿနာကိုဆိုသည်။]
(ဇီဋီ။ ။ ဧကာဒသာ ဝန္ဒိယေ ပဏ္ဍကာဒယော ဧကာ ဒသ။)
(သာဋီ။ ။ ဒသ ဟူသည် အဝိန္ဒိယေဒသ။ ဧကာဒသ သည် ပဏ္ဍကာဒယော ဧကာဒသ။)
(ဝိဋီ။ ။ ဒသာတိ ဒသ အဝန္ဒိယပုဂ္ဂလေ။ ဧက ဒသေတိ အဘဗ္ဗပုဂ္ဂလေ။)
(ပဉ္စကတို့၌ ရှိခိုး ဒုက္ကဋ် ၁၂ ခု၊ ရှိခိုးမဘွယ် ၁၃ ခု ဟောသည်။
သေနာသနက္ခန္ဓက နဂ္ဂမပါသော ဆယ်ယောက်၌ နာနာသံဝါသကရှိခိုးဒုက္ကဋ်၌ ကမ္မနာနာ၊ လိဒ္ဓိနာနာဟု နှစ်မျိုး ပြား၏။ နှစ်မျိုးပြားလျှင် ၁၁ ယောက်။ ထို့ကြောင့် နဂ္ဂတစ်ဦးတည်းကိုသာ ရည်ဆိုသည်။)
၄။ ဆတ္တာသည်
န ဥက္ခိတ္တကော န စ ပန ပါရိဝါသိကော။
န သံဃဘိန္နော န စ ပန ပက္ခသင်္ကန္တော။
သမာနသံဝါသကဘူမိယာ ဌိတော။
ကထံ နု သိက္ခာယ အသာဓာရဏော သိယာ၊
ပဥှာ မေသာ ----။
ယော၊ အကြင်ရဟန်းသည်။
န ဥက္ခိတ္တကော၊ ဥက္ခိတ္တက မဟုတ်။
န စ ပန ပါရိဝါသိကော၊ ပရိဝါသ်နေသည်လည်း မဟုတ်။
န သံဃဘိန္နော၊ သံဃာကိုခွဲသည်လည်း မဟုတ်။
န စ ပန ပက္ခသင်္ကန္တော၊ တိတ္တိဘောင်သို့ပြောင်းသည်လည်း မဟုတ်။
သမာနသံဝါသကဘူမိယာ၊ သမာနသံဝါသကဘုံ၌။
ဌိတော၊ တည်၏။
တထာ၊ ထိုသို့ဖြစ်လျှက်။
သိက္ခာယ၊ သိက္ခာပုဒ်အားဖြင့်။
အသာဓာရဏော၊ ဆက်ဆံခြင်းမရှိ။
သော၊ ထိုရဟန်းသည်။
ကထံနု၊ အဘယ်သို့သောရဟန်းဖြစ်လေသနည်း။
ဧသာပဥှာ ----။
[နဟာပိတပုဗ္ဗက - ဆတ္တာသည် ဖြစ်ဘူးသော ရဟန်းကို ရည်ဆိုသည်။ သင်ဓုန်းထား - ဥရဘဏ္ဍကို သွားလေရာ ယူဆောင်ခွင့် မရ။ တပါးသော ရဟန်းတို့သည် ယူဆောင်ခွင့်ရကုန်၏။ ထို့ကြောင့် သိက္ခာပုဒ်အားဖြင့် မဆက်ဆံသူ ဖြစ်၏။]
(ဝိဋီ။ ။ သိက္ခာယ အသာဓရဏော ဟူသည် ဥရဘဏ္ဍကိုဆောင်ခြင်းငှါ ခွင့်ပြုသောသိက္ခာပုဒ်ဖြင့် ရဟန်းတို့နှင့် မဆက်ဆံသော သိက္ခာပုဒ်ရှိသူဟူလို။)
၅။ နိမ္မိတဗုဒ္ဓ
ဥပေတိ ဓမ္ံ ပရိပုစ္ဆမာနော၊
ကုသလံ အတ္ထူပသဥှိတံ။
န ဇီဝတိ န မတော န နိဗ္ဗူတော။
တံ ပုဂ္ဂလံ ကတမံ ဝဒန္တိ ဗုဒ္ဓါ။
ပဥှာမေသာ----။
ယော၊ အကြင်သူသည်။
ကုသလံ၊ ကောင်းသော။
အတ္ထူပသဥှိတံ၊ အကျိုးစီးပွားနှင့်တကွဖြစ်သော။
ဓမ္မံ၊ တရားကို။
ပရိပုစ္ဆမာနော၊ မေးလျက်။
ဥပေတိ၊ ပရိသတ်သို့ချဉ်းကပ်၏။
န ဇီဝတိ၊ အသက်ရှိသူမဟုတ်။
န မတော၊ သေသူမဟုတ်။
န နိဗ္ဗုတော၊ ပရိနိဗ္ဗာန်စံသူမဟုတ်။
တံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။
ကတမံ၊ အဘယ်ပုဂ္ဂိုလ်ဟူ၍။
ဗုဒ္ဓါ၊ ဘုရားရှင်တို့သည်။
ဝဒန္တိ၊ မိန့်မြွက်ကုန်သနည်း။
ဧသာပဥှာ ---။
[ဤပြဿနာကို နိမ္မိတဘုရားကိုရည်ဆိုသည်။]
(ဇီဋီ။ ။ ဥပေတိ သ ပရိသံ - ပရိသတ်ရှိရာသို့ ချဉ်းကပ်၏။
န ဇီဝတိ - နိမ္မိတ ရူပတ္တာ - ဖန်ဆင်းအပ်သော ရုပ်ဖြစ်သောကြောင့် အသက်မရှိ။)
(တရားကောင်း တရားမြတ်အကျိုးနှင့် စပ်အောင် ဟောကြားသူသည် အဘယ်သူနည်း။ အသေလည်းမဟုတ်၊ အရှင်လည်းမဟုတ်။ အဖြေကား နိမ္မိတ ဗုဒ္ဓ - ဥတ္တရဝိနိစ္ဆယ။ တချိန်တည်း ဘုရားရှင်နှစ်ဆူ ပေါင်းဆုံရာသို့ နတ်လူ များစွာ ရောက်လာပူဇော်ကုန်ပြီ။ အဖြေကား ဘုရားရှင်နှင့် နိမ္မိတဘုရား --။ ဝဇီရသာရတ္ထသင်္ဂဟ။
ငါတို့ဘုရားသည် မဟာသမယသုတ် ဟောသောအခါ နိမ္မိတဘုရားနှင့် အမေးအဖြေပြု၏။ -- သုတ်မဟာဝါ။
သာဝတ္တိ မြို့တံခါးအနီး ရေမီးအစုံ တန်ခိုးပြသောအခါ နိမ္မိတဘုရားကိုလည်း ဖန်ဆင်းသည်။
နတ်ပြည်၌ ဝါတွင်းသုံးလအဘိဓမ္မာ ဟောသောအခါ နံနက်ဆွမ်းခံချိန် မြတ်စွာဘုရားသည် လူ့ပြည်သို့ ကြွလာ၏။ ထိုအခါ နိမ္မိတဘုရားသည် အဘိဓမ္မာ တရားဟောလျှက် တာဝတိံသာ၌ရှိ၏။)
(ရတနသုတ်ဖြင့် ရောဂါကင်းစေလျက် ဝေသာလီမှ ပြန်ကြွလာသောအခါ နိမ္မိတဗုဒ္ဓများစွာ ဖန်ဆင်း၏။ ---ဓမ္မပဒဋ္ဌကထာ။)
၆။ ကဗန္ဓပြိတ္တာ
ဥဗ္ဘက္ခကေ န ဝဒါမိ၊ အဓော နာဘိံ ဝိဝဇ္ဇိယ။
မေထုနုဓမ္မ ပစ္စယာ၊ ကထံ ပါရာဇိကော သိယာ။
ပဥှာမေသာ ---။
ဥဗ္ဘက္ခကေ၊ ညှပ်ရိုးနှစ်ဘက်အထက်၌။
န ဝဒါမိ၊ ငါမဆို။
အဓောနာဘိံ၊ ချက်၏အောက်ကို။
ဝိဝဇ္ဇိယ၊ ရှောင်ကြဉ်လျက်။
မေထုနဓမ္မပစ္စယာ၊ မေထုနဓမ္မ ဟူသော အကြောင်းကြောင့်။
ပါရာဇိကာ၊ ပါရာဇိကသည်။
သိယာ၊ ဖြစ်ရာ၌။
ကထံ၊ အဘယ်သို့ ဖြစ်ပုံနည်း။
ဧသာပဥှာ ---။
[ကဗန္ဓကပြိတ္တာကို ရည်ဆိုသည်။ ကဗန္ဓကပြိတ္တာသည် ဦးခေါင်းမရှိ၊ ရင်၌မျက်စိ၊ ခံတွင်းပေါက်၏။]
(စတုတ္ထပါရာဇိက၌ - မင်းအာဏာဖြင့် ခိုးသူတို့ကို ဦးခေါင်းဖြတ်သော ခိုးသူသတ်သမားသည် ပြိတ္တာဘုံ၌ ဖြစ်သောအခါ ဦးခေါင်းမပါသော ကဗန္ဓကပြိတ္တာ ဖြစ်သည်ဟုဆို၏။)
(ဇီဋီ၊ သာဋီ။ ။ ဥက္ကက္ခကေ န ဝဒါမိ ဖြင့် မုခမဂ်၌ မေထုနဓမ္မမရှိခြင်းကိုပြ၏။ အဓောနာဘိ ဖြင့် ဝစ္စမဂ်၊ ပဿာဝ မဂ်တို့၌ မေထုနမရှိခြင်းကိုပြ၏။)
(ဝိဋီ။ ။ ဥဗ္ဘက္ခကေ ဟူသည်ညှပ်ရိုး၏အထက် ဦးခေါင်း၌တည်သော မုခမဂ်၌လည်း ပါရာဇိကကိုရည်၍မဆို။ အဓော နာဘိံ ဟူသည် ချက်၏အောက်၌ရှိသောဝစ္စမဂ်၊ ပဿာဝမဂ်၌ ပါရာဇိကကိုလည်း ရှောင်ကြဉ်၏။ ထိုသို့ဖြစ်လျက် တပါးသောကိုယ်အစိတ် (ညှပ်ရိုးအောက် ချက်အထက်) ၌ မေထုန်ကြောင့် အဘယ်နည်းဖြင့် ပါရာဇိကဖြစ်ရသနည်း ဟူလို။)
(ကဗန္ဓကပြိက္ခာအား ရင်၌ခံတွင်းရှိ၏။ ထိုခံတွင်း၌ လွန်ကျူးလျှင် ညှပ်ရိုးအောက် ချက်အထက်၌ မေထုန်ကြောင့် ပါရာဇိကဖြစ်၏ -- ဥက္ကရဝိနိစ္ဆယ။)
၇။ တိဏကုဋိ -
ဘိက္ခု သညာစိကာယ ကုဋိံ ကရောတိ၊
အဒေသိတဝတ္ထုကံ ပမာဏာတိက္ကန္တံ၊
သာရမ္ဘံ အပရိက္ကမနံ အနာပတ္တိ။
ပဥှာမေသာ ---။
ဘိက္ခု၊ ရဟန်းသည်။
သညာစိကာယ၊ ကိုယ်တိုင်တောင်းသော အဆောက်အဦဖြင့်။
အဒေသိတဝတ္ထုကံ၊ မကြားအပ်သော ကုဋိရာရှိသော။
ပမာဏာတိက္ကန္တံ၊ ပမာဏကိုလွန်သော။
သာရမ္ဘီံ ဘေးရန်ရှိသော။
အပရိက္ကမနံ လှည့်လည်လောက်သော ဥပစာမရှိသော။
ကုဋိံ၊ ကုဋိမည်သော ကျောင်းငယ်ကို။
ကရောတိ၊ ပြု၏။
ဝါ၊ ပြုလျက်။
အနာပတ္တိ၊ အာပတ်မသင့်။
ဧသာပဥှာ ---။
[တိဏစ္ဆာဒနကုဋိ - မြက်မိုးကျောင်းကို ရည်ဆိုသည်။]
(ဥလိတ္တ - အတွင်းလိမ်းကျံသောကျောင်း၊ အ၀လိတ္တ - အပလိမ်းကျံသောကျောင်း။ ဥလိတ္တာဝလိတ္တ - တွင်းပ လိမ်းကျံသောကျောင်း၊ ဤသုံးမျိုး တစ်မျိုးမျိုး၌ လမ်းကျံခြင်း ဆက်စပ်မှ သံဃာဒိသေသ်။ နေရာမကြား၊ ပမာဏလွန်ခြင်းကြောင့် သံဃာဒိသေသ် နှစ်ချက်။ ဘေးရန်ရှိ၊ ဥပစာ မရှိကြောင့် ဒုက္ကဋ်နှစ်ချက်။ မြက်မိုးကျောင်းတို့ကား လိမ်းကျံခြင်းမရှိသောကြောင့် အနာပတ္တိဟူလို။)
၈။ မြေကျောင်း
ဘိက္ခုသညာစိကာယ ကုဋ ကရောတိ။
ဒေသိတဝတ္ထုကံ ပမာဏိတံ။
အနာရမ္ဘံ သပရိက္ကမနံ အာပတ္တိ၊
ပဥှာမေသာ ---။
ဘိက္ခု၊ ရဟန်းသည်။
သညာစိကာယ၊ ကိုယ်တိုင်တောင်းသော အဆောက်အဦဖြင့်။
ဒေသိတဝတ္ထုကံ၊ ကြားအပ်သောကုဋိရှိရာရှိသော။
ပမာဏိကံ၊ မာဏကို မလွန်သော။
အနာရမ္ဘံ၊ ဘေးရန်မရှိသော။
သပရိက္ကမနံ၊ လှည့်လည်လောက်သော ဥပစာရှိသော။
ကုဋိံ၊ ကုဋိမည်သောကျောင်းငယ်ကို။
ကရောတိ၊ ပြု၏။
ဝါ၊ ပြုလျှက်။
အာပတ္တိ၊ အာပတ်သင့်၏။
ဧသာပဥှာ ---။
[သဗ္ဗမတ္တိကာမယံ ကုဋိံ - အလုံးစုံမြေဖြင့်ပြီးသောကျောင်းကို ရည်ဆိုသည်။]
(ဒုတိယပါရာဇိကဝတ္ထု၌ ရှင်ဓနိယ၏ မြေကျောင်းအတွက် ဒုက္ကဋ်ပညတ်သည်။)
၉။ အပြစ်ဖုံးသူ
ကာယိကံ ကိဉ္စိ ပယောဂ မာစရေ။
န စာပိ ပါစာယ ပရေ ဘဏေယျ။
အာပဇ္ဇေယျ ဂရုကံ ဆေဇ္ဇဝတ္ထုံ၊
ပဥှာမေသာ ---။
ကာယိကံ ကိဉ္စိပယောဂံ၊ ကာယိက ပယောဂတစ်စုံတစ်ခုကို။
န အာစရေ၊ မပြုသူဖြစ်လျှက်။
ဝါစာယပိ၊ နှုတ်ဖြင့်လည်း။
ပရေ၊ သူတပါးတို့ကို။
နဘဏေယျ၊ မဆိုသူဖြစ်လျှက်။
ဆေဇ္ဇဝတ္ထုံ၊ သီလအသက်ပြတ်ထွက်ကြောင်းဖြစ်သော။
ဂရုကံ၊ ပါရာဇိကသို့။
အာပဇ္ဇေယျ၊ ရောက်ရာ၏။
ဧသာပဥှာ ---။
[ဝဇ္ဇပဋိစ္ဆာဒိကံဘိက္ခုနိံ - ပါရာဇိကဖုံးသော ဘိက္ခုနီကိုရည်ဆိုသည်။]
(ဝိဋီ။ ။ ဆေဇ္ဇဝတ္ထု ဟူသည် ပါရာဇိကဖြစ်၏။)
၁၀။ ပဏ္ဍကစသည်-
န ကာယိကံ ဝါစသိကဉ္စ ကိဉ္စိ၊
မနသာပိ သန္တော န ကရေယျ ပါပံ။
သော နာသိတော ကိန္တိ သုနာ သိတော ဘဝေ၊
ပဥှာမေသာ ---။
ကာယိကံ၊ ကာယ၌ဖြစ်သော။
ကိဉ္စိပါပဉ္စ၊ တစ်စုံတစ်ခုသော မကောင်းမှုကိုလည်းကောင်း။
ဝါစသိကံ၊ နှုတ်၌ဖြစ်သော။
ကိဉ္စိပါပဉ္စ၊ တစ်စုံတစ်ခုသော မကောင်းမှုကိုလည်းကောင်း။
န ကရေယျ၊ မပြုရာ။
သော၊ ထိုသူကို။
နာသိတော၊ ဖျက်ဆီးအပ်သည်ရှိသော်။
သုနာသိတော၊ ကောင်းစွာဖျက်ဆီးအပ်သည်။
ဘဝေ၊ ဖြစ်၏။
ကိန္တိ၊ ဖြစ်ပုံ အသို့နည်း။
ဧသာပဥှာ ---။
[အဘဗ္ဗပုဂ္ဂိုလ် ဧကာဒသတို့ကို ရည်ဆိုသည်။
ထိုသူတို့သည် ဂိဟိကာလ - လူ့ ကာလ၌ပင် ပါရာဇိကသို့ ရောက်ပြီးဖြစ်ကုန်၏။]
၁၁။ မုသာဝါဒ -
အနာလပန္တော မနုဇေန ကေနစိ။
ဝါစာဂိရံ နော စ ပရေ ဘဏေယျ၊
အာပဇ္ဇေယျ ဝါစသိကံ န ကာယိကံ၊
ပဥှာမေသာ ---။
ကေနစိမနုဇေန၊ တစ်စုံတစ်ယောက်နှင့်။
ဝါစာ-ဝါစာယ၊ နှုတ်သံ ကျယ်ကျယ်ဖြင့်။
အနာလပန္တော၊ ပြောသည်မဟုတ်။
ပရေ၊ တပါးသောသူတို့ကို (ရည်မှန်း၍)။
ဂိရံ၊ နှုတ်သံတိုးတိုးကို။
နော စ ဘဏေယျ၊ ပြောသည်လည်းမဟုတ်။
တထာ၊ ထိုသို့ဖြစ်လျက်။
ဝါစသိကံ၊ နှုတ်ကြောင့် သင့်သော အာပတ်သို့။
အာပဇ္ဇေယျ၊ ရောက်ရာ၏။
နကာယိကံ၊ ကိုယ်ကြောင့်သင့်သောအာပတ်သို့ မရောက်။
ဧသာပဥှာ ---။
[ဝါစာတိ၊ ဝါစာယ အနာလပန္တော၊ နှုတ်ဖြင့်မဆို။
ဂိရံ နော စ ပရေဘဏေယျာတိ - ဤသူတို့သည် ကြားနိုင်ကုန်လတ္တံ့ဟု တပါးသော ပုဂ္ဂိုလ်တို့ကိုရည်၍ အသံဖြစ်ကာမျှကိုလည်းမမြွက်။
ဤ ပြဿနာကို – သန္တိံ အာပတ္တိံ နာဝိကရေယျ - သမ္ပဇာန မုသာဝါဒဿ ဟောတိ ဟူသည်၌ ဟောသော မုသာဝါဒကို ရည်ဆိုသည်။ ထိုရဟန်းသည် အဓမ္မိကပဋိညာ ဖြင့် ဆိတ်ဆိတ်နေသော်လည်း မနောဒွါရ၌ အာပတ်မည်သည်မရှိ။ ထင်စွာပြုအပ်သည်ကို ထင်စွာ မပြုခြင်းကြောင့်၊ ထိုရဟန်း၏ ဝစီဒွါရ၌ ဤ အာပတ်သည် အနကိရိယ ကြောင့် ဖြစ်၏ ဟူ၍ မှတ်အပ်၏။]
၁၂။ ဘိက္ခုနီ
သိက္ခာပဒါ ဗုဒ္ဓဝရေန ဝဏ္ဏိတာ၊
သံဃာဒိသေသာ စတုရော ဘဝေယျုံ။
အာပဇ္ဇေယျ ဧကပယောဂေန သဗ္ဗေ၊
ပဥှာမေသာ ---။
စတုရော သံဃာဒိသေသာ သိက္ခာပဒါ၊ လေးပါးသော သံဃာဒိသေသ် သိက္ခာပုဒ်တို့ကို။
ဗုဒ္ဓဝရေန၊ ဘုရားမြတ်သည်။
ဝဏ္ဏိတာ၊ လေးကြိမ် ပညတ်အပ်ကုန်သည်။
ဘဝေယျံ၊ ဖြစ်ကုန်ရာ၏။
တထာပိ၊ ထိုသို့ ဖြစ်ပါလျက်လည်း။
ဧကပယောဂေန၊ တစ်ကြိမ်တည်းသော ပယောဂဖြင့်။
သဗ္ဗေ၊ ထိုသံဃာဒိသေသ် လေးခုလုံးတို့သို့။
အာပဇ္ဇေယျ၊ ရောက်ရာ၏။
ဧသာပဥှာ ---။
ဤပြဿနာကို အရုဏ်တက်ချိန် ရွာတပါး၌အကျုံးဝင်သော မြစ်တဘက်သို့ သက်ဝင်သူ ဘိက္ခုနီကို ရည်ဆိုသည်။ ထိုဘိက္ခုနီသည် ပစ္စူသသမယ - အရုဏ်မတက်မီ နံနက်စောစောတွင် မိမိရွာမှထွက်သွား၍ အရုဏ်တက်ချိန်တွင် ဆိုပြီးသောနေရာမျိုးသို့ သက်ရောက်အံ့။
ရောက်ကာမျှဖြင့်သာ ရတ္တိဝိပ္ပါဝါသ လက္ခဏာဖြင့်လည်းကောင်း၊ ဂါမန္တရလက္ခဏာ ဖြင့် လည်းကောင်း၊ နဒီပါရ လက္ခဏာဖြင့် လည်းကောင်း၊ ဂဏမှာဩဟီယန လက္ခဏာဖြင့် လည်းကောင်း၊ သံဃာဒိသေသ်လေးခုတို့သို့ ဧကပ္ပဟာရေနေ၀ တစ်ချက်တည်း၊ တစ်ပဟိုရ်တည်းဖြင့်သာလျှင် ရောက်၏။
(ဇီဋီ - သာဋီ။ ။ ရွာတပါး၌ အကျုံးဝင်သော မြစ်တဘက် ဟူရာ၌ မြစ်သည် ဘိက္ခုနီ၏ဂါမ၌ အကျုံးဝင်၏။ ကမ်းတဘက် ပရတီရသည် ရွာတပါး ဂါမန္တရ၌ အကျုံးဝင်၏။ ထိုကမ်းတဘက်၌ ပဌမခဲတစ်ကျ ဂါမူပစာရကို မြစ်ကမ်းနားဖြင့် ပိုင်းခြားအပ်၏။ ထို့ကြောင့် ပရတီရ၌ တောအုပ် အရည တစ်တောင်တစ်ထွာမျှ မရှိသော်လည်း မြက်ပင်စသည် ဖုံးခြင်းကြောင့် ဒဿနူပစာရ ကင်းသော ပရတီရဖြစ်၏။ မိမိ၏ဂါမ၌ အာပတ်မရှိ။ ပရတီရဖြစ်သော ပဌမခဲတစ်ကျလွန်သော ဂါမူပစာရ၌သာ ခြေဘဝါးကို ထားသူကို ရည်သည်။ အကြား၌ အဘိဓမ္မာနည်းဖြင့် အရညဖြစ်၍ဖြစ်သော မိမိရွာကို လွန်သည်မည်၏။ ထို့ကြောင့် ဂဏမှာ သြဟီယနာလည်း ဖြစ်သည်ဟု သိအပ်၏။)
၁၃။ ဧကတောနှစ်မျိုး
ဥဘော ဧကတော ဥပသမ္ပန္နာ၊
ဥဘိန္နံဟတ္ထတော စီဝရံ ပဋိဂ္ဂဏှေယျ။
သိယာ အာပတ္တိယော နာနာ၊
ပဥှာမေသာ ---။
ဥဘော၊ နှစ်ယောက်သော ဘိက္ခုနီတို့သည်။
ဧကတော ဥပသမ္ပန္နာ၊ ကမ္မဝါစာ လေးကြိမ်မျှဖြင့်သာ ရဟန်းဖြစ်သော ဧကတော ဥပသမ္ပန္နာတို့ ဖြစ်ကုန်၏။
တထာ၊ ထိုသို့ ဧကတော ဥပသမ္ပန္နာချင်းတူလျှက်။
ဥဘိန္နံ၊ ထိုနှစ်ယောက်တို့၏။
ဟတ္ထတော၊ လက်မှ။
စီဝရံ၊ သင်္ကန်းကို။
ပဋိဂ္ဂဏှေယျ၊ ခံယူငြားအံ့။
အာပတ္တိယော၊ သင်္ကန်းခံခြင်းကြောင့်ဖြစ်သော အာပတ်တို့သည်။
နာနာ၊ မတူကုန်သည်။
သိယာ၊ ဖြစ်ရာ၏။
ဧသာပဥှာ ---။
(ဘိက္ခုနီဟူသည် ဥဘတောသံဃာ ၌ ရဟန်းဖြစ်သူတည်း၊ ထိုဘိက္ခုနီ၏လက်မှ သင်္ကန်းခံလျှင် ပါစိတ်၊ ဥဘတောမဟုတ်ဘဲ ဧကတော ဥပသမ္ပန္နာ ၏ လက်မှခံလျှင် ဒုက္ကဋ်။ ဤသို့သိက္ခာပုဒ်၌ လာသည်။ ဧကတောထံမှချင်းတူလျက် အာပတ်တူသင့်သည်။ မတူခြင်းကား အဘယ်သို့နည်းဟူလို။)
[ဤ အာပတ်မတူသောပြဿနာကို ဧကတော ဥပသမ္ပန္နာ ဘိက္ခုနီနှစ်ယောက်တို့ကို ရည်ဆိုသည်။ ထို နှစ်ယောက်တို့တွင် ဘိက္ခုတို့၏ အထံ၌သာ ရဟန်းဖြစ်သော ဧကတော ဥပသမ္ပန္နာ၏လက်မှ ခံယူလျှင်ပါစိတ်။ ဘိက္ခုနီတို့၏ အထံ၌သာ ရဟန်းဖြစ်သော ဧကတော ဥပသမ္ပန္နာ၏လက်မှ ခံယူလျှင်ဒုက္ကဋ်။]
(ဇီဋီ။ ။ ဘိက္ခုတို့၏ အထံ၌သာရဟန်းဖြစ်သူတို့ကား ငါးရာသော မဟာပဇာပတိ ပမုခါ သာကီဝင် ဘိက္ခုနီတို့ တည်း။ မဟာပဇာပတိသည်လည်း ရှင်အာနန္ဒာပေးသော ဩဝါဒကိုယူခြင်းဖြင့် ရဟန်းဖြစ်ခြင်းကြောင့် ဘိက္ခုတို့ထံ၌သာ ရဟန်းဖြစ်သော ဧကတော ဥပသမ္ပန္နာ မည်၏။
သာဋီ။ ။ ထိုအတူတည်း။
(စီဝရပဋိဂ္ဂဟဏ သိက္ခာပုဒ်အဖွင့်၌ -- ဧကတော ဥပသမ္ပန္နာယာတိ ဘိက္ခုနီနံ သန္တိကေ ဥပသမ္ပန္နာယ ဟတ္ထတော ဂဏှန္တဿ ဒုက္ကဋံ။ ဘိက္ခုနံ သန္တိကေ ဥပသမ္ပန္နာယ ပန ပါစိတ္တိယမေဝ ဟုဆိုသည်။)
၁၄။ ပယာဂချင်းမတူလျှင်မပေါင်းရ
စတုရော ဇနာ သံဝိဓာယ၊
ဂရုဘဏ္ဍံ အဝါဟရုံ။
တယော ပါရာဇိကာ, ဧကော န ပါရာဇိကော၊
ပဥှာမေသာ ---။
စတုရောဇနာ၊ လေးပါးသော ရဟန်းတို့သည်။
သံဝိဓာယ၊ တိုင်ပင်၍။
ဂရုဘဏ္ဍံ၊ ပါရာဇိကလောက်သောဘဏ္ဍာကို။
အဝဟရုံ၊ ခိုးယူကြကုန်ပြီ။
တထာ၊ ထိုသို့တိုင်ပင်ခိုးလျှက်။
တယော၊ သုံးပါးတို့သာလျှင်။
ပါရာဇိကာ၊ ပါရာဇိကသို့ ရောက်ကုန်၏။
ဧကော၊ တစ်ပါးသည်။
နပါရာဇိကော၊ ပါရာဇိကသို့ မရောက်။
ဧသာပဥှာ ---။
[လေးပါးတိုင်ပင်ရာ၌ ဆရာတစ်ပါး၊ တပည့်သုံးပါး-ပေါင်း လေးပါးတို့သည် ခြောက်ပဲသော ဘဏ္ဍာကို ခိုးယူကုန်၏။ ဆရာသည် တိုင်ပင်သောအတိုင်း သုံးပဲကို သာဟတ္ထိက ပယောဂ ဖြင့် ကိုယ်တိုင်ခိုး၏။ ကျန် သုံးပဲကို အာဏာတ္တိကပယောဂ ဖြင့် တပည့်တို့ကို တစ်ပဲစီခိုးခိုင်း၏။ ထို့ကြောင့် သာဟတ္ထိကဖြင့်လည်း ထုလ္လစ္စည်းသို့သာ။ အာဏတ္တိကဖြင့်လည်း ထုလ္လစ္စည်းသို့သာ ရောက်၏။
တပည့် သုံးယောက်တို့အား သာဟတ္ထိကခိုးခြင်း တစ်ပဲစီဖြင့် ဒုက္ကဋ်သာ၊ အာဏတ္တိက စေခိုင်းခြင်းကား ဆရာကိုသုံးပဲ၊ တပည့်နှစ်ယောက်ကို တစ်ပဲစီခိုင်း၍ ငါးပဲစီဖြင့် ပါရာဇိကသို့ရောက်ကုန်၏။
အကျယ်ကို ဒုတိယပါရာဇိက သံဝိဒါဝဟာရ၌ ဆိုပြီးပြီ။]
၂။ ပါရာဇိကာဒိပဥှာ
၄၈ဝ။ ၁၅။ ဥဿကုဋိ
ဣတ္ထီစ အဗ္ဘန္တရေ သိယာ၊ ဘိက္ခု စ ဗဟိဒ္ဓါ သိယာ။
ဆိဒ္ဒံ တသ္မိံ ဃရေနတ္ထိ၊ မေထုန ဓမ္မပစ္စယာ။
ကထံ ပါရာဇိကော သိယာ၊ ပဥှာမေသာ ---။
ဣတ္ထီစ၊ မိန်းမသည်ကား။
အဗ္ဘန္တရေ၊ အိမ်ထဲရပ်ထဲ၌။
သိယာ၊ ရှိရာ၏။
ဘိက္ခုစ၊ ရဟန်းသည်ကား။
ဗဟိဒ္ဓါ၊ အိမ်ပြင်ဇရပ်ပြင်၌။
သိယာ၊ ရှိရာ၏။
တသ္မိံ ဃရေ၊ ထိုအိမ် ထိုဇရပ်၌။
ဆိဒ္ဒံ၊ အပေါက်သည်။
နတ္ထိ၊ မရှိ။
တထာ၊ ထိုသို့ ဖြစ်လျက်။
မေထုနဓမ္မ ပစ္စယာ၊ မေထုနဓမ္မအကြောင်းကြောင့်။
ပါရာဇိကော၊ ပါရာဇိကအာပတ်သည်။
သိယာ၊ ဖြစ်ရာ၏၊
ကထံ၊ အဘယ်သို့ဖြစ်ပုံနည်း။
ဧသာပဥှာ ---။
[ထိုအိမ်ထိုဇရပ်၌ အပေါက်မရှိ ဟူသော ပြဿနာကို ဒုဿကုဋိ အာဒိနိ - အဝတ်ကာရံသော အိမ်ဇရပ် စသည် တို့ကိုလည်းကောင်း၊ သန္တတပေယျာလကိုလည်းကောင်း ရည်ဆိုသည်။]
(ဇီဋီ။ ။ ဒုဿကုဋိ ကို ရည်သည်ဟူသည် ထို အဝတ်နှင့်တကွ လွန်ကျူးမှု တတ်နိုင်သောကြောင့်ဆိုသည်။
သာဋီ - ထိုအတိုင်း။
ဝိဋီ။ ။ ဒုဿကုဋိအာဒိနိ ၌ အာဒိသဒ္ဒါဖြင့် ပါးလွှာနူးညံ့သော သလွဲပြားစသည် မြက်သစ်ရွက်စသည်တို့ဖြင့် ဖုံးကာသော အိမ်ငယ်တို့ကို ရေတွက်သည်။ ထိုအိမ်မျိုး၌ ပြင်ပတွင်နေ၍ အတွင်း၌ရှိသော မိန်းမအား မဂ်၌အဝတ်စသည်ဖြင့် အနှီးပြု၍ သွင်းသူလည်း ပါရာဇိကသည် ဖြစ်နိုင်ရာ၏။)
၁၆။ လိင်ပြန်ခြင်း
တေလံ မဓုံ ဖာဏိတဉ္စာပိ သပ္ပိံ၊
သာမံ ဂဟေတွာန နိက္ခိပေယျ။
အဝီတိဝတ္တေ သတ္တာဟေ၊
သတိ ပစ္စေယေ ပရိဘုဉ္ဇန္တဿ အာပတ္တိ။
ပဥှာမေသာ ---။
တေလံ မဓုံ ဖာဏိတဉ္စာပိ သပ္ပိံ၊ ဆီ ပျား တင်လဲ ထောပတ်ဟူသော သတ္တာဟ ကာလိကဆေးပစ္စည်းကို။
သာမံ၊ ကိုယ်တိုင်။
ဂဟေတွာန၊ အကပ်ခံ၍။
နိက္ခိပေယျ၊ ထားရာ၏။
သတ္တာဟေ အဝီတိဝတ္တေ၊ ခုနစ်ရက်မလွန်မီ။
သတိ ပစ္စယေ၊ ဂိလာန ပိပါသအကြောင်းရှိလျှက်။
ဝါ၊ ပစ္စဝေက္ခဏာ သတိရှိလျှက်။
ပရိဘုဉ္ဇန္တဿ၊ စားသူအား။
အာပတ္တိ၊ အာပတ်သင့်၏။
ကထံ၊ ဖြစ်ပုံအဘယ်နည်း။
ဧသာပဥှာ ---။
[ဆီ ပျားစသော ပြဿနာကို လိင်္ဂပရိပတ္တ - လိင်ဖောက်ပြန်ခြင်းကို ရည်ဆိုသည်။]
(ဇီဋီ။ ။ လိင်ပြန်လျှင် အကပ်ခံခြင်းပျက်၏၊ထို ကြောင့် တဖန်အကပ်မခံဘဲ ယူစားခြင်းငှါမအပ်။
သာဋီ။ ။ ထို့အတူ။
ဝိဋီ။ ။ လိင်ပြန်လျှင် အကပ်ခံခြင်းကို စွန့်သောကြောင့် တဖန်အကပ်မခံဘဲ စားခြင်းအာပတ်ကို ရည်ဆိုသည်။)
၁၇။ ညွတ်စေခြင်း-
နိဿဂ္ဂိယေန အာပတ္တိံ၊ သုဒ္ဓကေန ပါစိတ္တိယံ၊
အာပဇ္ဇန္တဿ ဧကတော။ ပဥှာမေသာ ---။
နိဿဂ္ဂိယေန ပါစိတ္တိယံ၊ နိသာဂ္ဂိပါစိတ်ဖြစ်သော။
သုဒ္ဓကေန ပါစိတ္တိယံ၊ သုဒ္ဓပါစိတ်ဖြစ်သော။
အာပတ္တိံ၊ အာပတ်နှစ်ခုသို့ တပေါင်းတည်း။
အာပဇ္ဇန္တော၊ ရောက်သည်။
အဿ၊ ဖြစ်ရာ၏။
ကထံ၊ အဘယ်သို့ရောက်မည်နည်း။
ဧသာပဥှာ ---။
[နိသဂ္ဂိ ပြဿနာကို ညွတ်စေခြင်းကို ရည်ဆိုသည်။ သံဃာသို့ ညွတ်ပြီးသော လာဘ်မှ သင်္ကန်းတစ်ထည်ကို မိမိအတွက်၊ တစ်ထည်ကို သူတပါးအတွက် ရည်မှန်း၍ သင်္ကန်းနှစ်ထည်ကို တစ်ထည်ကိုအား၊ တစ်ထည်ကို ထိုရဟန်းအား လှူသော တစ်ချက်တည်းသော ပယောဂဖြင့်ညွတ်စေလျှင် နိဿဂ္ဂိပါစိတ်၊ သုဒ္ဓပါစိတ်သို့ တပြိုင်တည်း ရောက်၏။]
၁၈။ ဂါမသိမ်ကြီး
ဘိက္ခူ သိယာ ဝီသတိယာ သမာဂတာ၊
ကမ္မံ ကရေယျုံ သမဂ္ဂသညိနော။
ဘိက္ခုသိယာ ဒွါဒသယောဇနေ ဌိတော။
ကမ္မဉ္စ တံ ကုပ္ပေယျ ဝဂ္ဂပစ္စယာ။
ပဥှာမေသာ ---။
ဝီသတိယာ၊ နှစ်ကျိပ်အရေအတွက် ရှိကုန်သော။
ဘိက္ခူ၊ ရဟန်းတို သည်။
သမာဂတာ၊ အညီအညွတ် စည်းဝေးကုန်သည်။
သိယာ၊ ဖြစ်ကုန်လျက်။
သမဂ္ဂသညိနော၊ သမဂ္ဂသညာ ရှိကုန်သည်ဖြစ်၍။
ကမ္မံ၊ ကံကို။
ကရေယျုံ၊ ပြုကုန်ရာ၏။
ဘိက္ခု၊ ရဟန်းတစ်ပါးသည်။
ဒွါဒသယောဇနေ၊ တစ်ဆယ့်နှစ်ယူဇနာ ဝေးကွာသောအရပ်၌။
ဌိတောစ၊ တည်လျက်သာလျှင်။
တံ ကမ္မံ၊ ထိုကံကို။
ဝဂ္ဂပစ္စယာ၊ ဝဂ္ဂဟူသောအကြောင်းကြောင့်။
ကုပ္ပေယျ၊ ပျက်စေရာ၏။
သိယာ၊ ဖြစ်နိုင်အံ့လော။
ဧသာပဥှာ ---။
(အနက်ပဓာနထား၍ သိယာ ပုဒ်တို့ကိုအထူးကြံသည်။)
[ဝဂ္ဂကံဖြစ်စေသော ပြဿာနာကို ၁၂-ယူဇနာရှိသော ဗာရာဏသီ စသောမြို့ကြီးတစ်ခုလုံးတို့၌ ဂါမသိမ်ကို ရည်ဆိုသည်။
(ဝိဋီ။ ။ ပါဠိယံ -- ဘိက္ခု သိယာ ဝီသတိယာ သမာဂတာတိ ဝီသတိယာ သင်္ခါယ ဘိက္ခူ သမာဂတာ။ ဤစကားဖြင့် သံဃာ၏ ကံအားလုံး ပြုထိုက်သော သံဃာ၏ အဖြစ်ကို ပြ၏။)
၁၉။ အောင်သွယ်မှု
ပဒဝီတိဟာရမတ္တေန ဝါစာယ ဘဏိတေန စ၊
သဗ္ဗာနိ ဂရုကာနိ သပ္ပဋိကမ္မာနိ။
စတုသဋ္ဌိ အာပတ္တိယော အာပဇ္ဇေယျ ဧကတော။
ပဥှာမေသာ ---။
ပဒဝီတိဟာရမတ္တေန စ၊ ဘဝါးလှမ်းသွားကာမျှဖြင့် လည်းကောင်း။
ဝါစာယ ဘဏိတေန စ၊ နှုတ်မြွက်ဆိုခြင်းဖြင့် လည်းကောင်း။
သဗ္ဗာနိဂရုကာနိ၊ အလုံးစုံ ဂရုကချည်း ဖြစ်ကုန်သော။
သပ္ပဋိကမ္မာနိ၊ ကုစားကောင်းကုန်သော။
စတုသဋ္ဌိ အာပတ္တိယော၊ ၆၄- ခုသောအာပတ်တို့သို့။
ဧကတော၊ တပြိုင်တည်း။
အာပဇ္ဇေယျ၊ ရောက်ရာ၏။
ဧသာပဥှာ ---။
[ဘဝါးလှမ်းသွားပြဿနာကို သဉ္စရိတ္တ ကို ရည်ဆိုသည်။]
(မိန်းမ ၆၄ ယောက် နေရာပြာဿဒ်သို့သွား၍ ဤမည်သော မင်းသား၏ မိဖုရားဖြစ်ကြမည်လော ဟု အောင်သွယ်ခြင်းကြောင့်ဟူလို။ ဝန်ခံခြင်း၊ စုံစမ်းခြင်း၊ ပြန်ဆောင်ခြင်း၊ လက္ခဏာသုံးပါးဖြင့် ၆၄ - မျှမဟုတ် တစ်ရာထံ၊ တစ်ထောင်ထံ၌ ပြုလျှင် သံဃာဒိသေသ်တစ်ရာ၊ တစ်ထောင်တည်း။)
၂ဝ။ သင်္ကန်းဖွပ်ခိုင်းမှု
နိဝတ္ထော အန္တရဝါသကေန၊ ဒိဂုဏံ သံဃာဋိံ ပါရုတော။
သဗ္ဗာနိ တာနိ နိဿဂ္ဂိယာနိ ဟောန္တိ။ ပဥှာမေသာ ---။
ယော၊ အကြင်ရဟန်းသည်။
အန္တရဝါသကေန၊ သင်းပိုင်ကို။
နိဝတ္ထော၊ ဝတ်ထား၏။
ဒိဂုဏံ၊ နှစ်ထပ်ပြု၍။
သံဃာဋိ ပါရုတော၊ ကိုယ်ရုံနှင့်ဒုကုဋ်ကို ရုံထား၏။
တထာ၊ ထိုသို့ဝတ်ရုံထားလျှက်။
တဿ၊ ထိုရဟန်း၏။
သဗ္ဗာနိ တာနိ၊ ထိုသင်္ကန်းအားလုံးတို့သည်။
နိဿဂ္ဂိယာနိ၊ စွန့်အပ်သော နိဿဂ္ဂိတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ကထံ၊ အဘယ်သို့ဖြစ်မည်နည်း။
ဧသာပဥှာ ---။
[ဝတ်ရုံထားလျှက် နိဿဂ္ဂိဟူသည်ကို အညာတိကာဘိက္ခုနီ ကို သင်္ကန်း ဖွပ်ခိုင်းခြင်းကို ရည်ဆိုသည်။ ထင်ရှားစေဦးအံ့၊ သင်္ကန်းတို့၏ ထောင့်စွန်းစသည်၌ ကာကဥပဒ - ကျီးမစင်သင့်အံ့၊ ကဒ္ဒမ မက္ခိတ - ရွှံ့ညွန်သင့်အံ့၊ ရေဆေးခိုင်းခြင်းဖြင့် ဘိက္ခုနီသည် ထိုထောင့်စွန်း စသည်ကို ရေဆေးအံ့၊ ထိုသင်္ကန်းတို့သည် ဝတ်ရုံမြဲတိုင်းဖြင့် နိဿဂ္ဂိတို့ဖြစ်ကုန်၏။]
(ဇိဋီ။ ။ ကာကေနဦဟဒံ – ကာကဦဟဒံ - ကျီးယိုသော ညစ်ကြေး။
ဝိဋီ။ ။ “နိဝတ္ထောတိ ဂါထာယ အန္တရဝါသကေန နိဝတ္ထော၊ ဥတ္တရာသင်္ဂေန ဒိဂုဏံ ကတွာ ပါရုတသံဃာဋိယော ဣတိ တာနိ တီဏိပိ စီဝရာနိ ကာယေ ဂတာနေဝ” - ကိုယ်၌ တည်ကုန်လျှက် ဗိန္ဒုမတ္တ ညစ်ကြေးအနည်းငယ်ကို ဘိက္ခုနီ ရေဆေးရုံဖြင့် နိဿဂ္ဂိ ဖြစ်ကုန်၏။ ဟူလို။)
၂၁။ မိထွေးတော်ဂေါတမီ ရဟန်းဖြစ်ပုံ
န စာပိ ဉတ္တိ န စ ပန ကမ္မဝါစာ၊
န စေဟိ ဘိက္ခု တိ ဇိနော အဝေါစ။
သရဏဂမနမ္ပိ န တဿ အတ္ထိ။
.
ဥပသမ္ပဒါ စဿ အကုပ္ပါ။
ပဥှာမေသာ ---။
ယဿ၊ အကြင်သူ၏။
ဥပသမ္ပဒါ၊ ရဟန်းအဖြစ်သည်။
န စာပိ ဉတ္တိ၊ ဉာတ်ထားခြင်းလည်း မရှိ။
န စ ပန ကမ္မဝါစာ၊ ကမ္မဝါစာဘတ်ခြင်းလည်း မရှိ။
ဧဟိဘိက္ခူ တိ၊ ဧဟိဘိက္ခုဟူ၍။
န စ ဇိနော အဝေါစ၊ ဘုရားရှင်လည်း မခေါ်။
သရဏဂမနမ္ပိ၊ သရဏဂုံမျှသည်လည်း။
န စ အတ္ထိ၊ မရှိ။
တဿ၊ ထိုသို့ဖြစ်လျှက်။
အဿ၊ ထိုသူ၏။
ဥပသမ္ပဒါ၊ ရဟန်းအဖြစ်သည်။
အကုပ္ပါ၊ မပျက်။
ဧသာပဥှာ ---။
[သရဏဂုံမျှ ဟူသည် သရဏဂုံဖြင့် ရဟန်းအဖြစ်သော်မျှလည်းမရှိ ဟူလို။ ဤပြဿနာကို မဟာပဇာပတိ ဂေါတမီ ၏ ရဟန်းအဖြစ်ကို ရည်ဆိုသည်။]
(ရှင်အာနန္ဒာ မိန့်ကြားသော ဂရုဓမ်ရှစ်ပါးကို ကျင့်ပါမည်ဟု ဝန်ခံခြင်းဖြင့် ရဟန်းဖြစ်သည်။)
၂၂။ လိင်ပြန်သူတို့
ဣတ္ထိံ ဟနေ၊ န မာတရံ၊ ပုရိသဉ္စ န ပိတရံ ဟနေ။
ဟနေယျ အနရိယံ မန္ဒော၊ တေန စာနန္တရံ ဖုသေ၊
ပဥှာမေသာ ---။
မန္ဒော၊ လူမိုက်တစ်ယောက်သည်။
ဣတ္ထိံ၊ မိန်းမကြီးတစ်ယောက်ကို။
ဟနေ၊ သတ်၏။
န မာတရံ၊ မိခင်ကိုမဟုတ်။
ပုရိသဉ္စ၊ ယောက်ျားကြီး တစ်ယောက်ကိုလည်း။
ဟနေ၊ သတ်၏။
န ပိတရံ၊ ဘခင်ကိုမဟုတ်။
ဟနေယျ၊ သတ်သော်လည်း။
အနရိယံ၊ အရိယာရဟန္တာကိုမဟုတ်။
တေန စ၊ ထိုသတ်ခြင်းကြောင့်ပင်လျှင်။
အာနန္တရံ၊ အာနန္တရိယကံသို့။
ဖုသေ၊ ရောက်၏။
ကထံ၊ အဘယ်သို့ ကံကြီးထိုက်သနည်း။
ဧသာပဥှာ ---။
[အနရိယ ဟူသည် အသတ်ခံရသော မိန်းမသည် လည်းကောင်း၊ ယောက်ျားသည် လည်းကောင်း၊ အရိယာပုဂ္ဂိုလ်မဟုတ်။ ပုထုဇဉ်ကိုသာ သတ်သည်ဟူလို။ ဤပြဿနာကို လိင်ပြန်သဖြင့် မိန်းမဖြစ်နေသော ဘခင်ကိုလည်းကောင်း၊ ယောက်ျားဖြစ်နေသော မိခင်ကိုလည်းကောင်း ရည်ဆိုသည်။]
(ဝိဋီ။ ။ ဣတ္ထိံ ဟနေ - ဂါထာ၌ မာတုဘူတ ဣတ္ထိ ကိုမသတ်။ ပိတုဘူတ ပုရိသကို မသတ်။ အရဟန္တကိုလည်း မသတ်။ ဤစကားဖြင့် အရဟန္တဃာတကလည်း မဟုတ်ဟု ပြသည်။
အနန္တရံဖုသေကား - အာနန္တရိယံ ဖုသတိ ဟူလို။)
၂၃။ တိရစ္ဆာန်
ဣတ္ထိဟနေ စ မာတရံ၊ ပုရိသဉ္စ ပိတရံ ဟနေ။
မာတရံ ပိတရံ ဟန္တွာ၊ န တေနာနန္တရံ ဖုသေ။
ပဥှာမေသာ ---။
မာတရံ၊ မွေးသည့်မိခင်ဖြစ်သော။
ဣတ္ထိံစ၊ မိန်းမကြီးကိုလည်း။
ဟနေ၊ သတ်၏။
ပိတရံ၊ မွေးသည့်ဘခင်ဖြစ်သော။
ပုရိသဉ္စ၊ ယောက်ျားကြီးကိုလည်း။
ဟနေ၊ သတ်၏။
မာတရံ ပိတရံ ဟန္တွာ၊ မိဘကိုသတ်၍။
တေန၊ ထိုသတ်ခြင်းကြောင့်။
အာနန္တရံ၊ အာနန္တရိယကံသို့။
နဖုသေ၊ မရောက်။
ဧသာပဥှာ ---။
[မိဘသတ်လျက် ကံကြီးမထိုက်သော ပြဿနာကို မိဂသိင်္ဂ ရသေ့။ သီဟကုမာရမင်းသား အစရှိသောသူတို့၏ မိဘကဲ့သို့ တိရစ္ဆာန် ဖြစ်သော မိဘတို့ကို ရည်ဆိုသည်။]
(လူမဟုတ်သူကိုသတ်ရာ၌ အာနန္တရိယကံမထိုက်။ လူမဟုတ်သူအားလည်း အာနန္တရိယကံ မရှိ။)
၂၄။ တမန်စေ၍ ရဟန်းပြုခြင်း
အစောဒယိတွာ အဿာရယိတွာ၊
အသမ္မုခီဘူတဿ ကရေယျ ကမ္မံ။
ကတဉ္စ ကမ္မံ သုကတံ ဘဝေယျ၊
ကာရကော စ သံဃော အနာပတ္တိကော သိယာ။
ပဥှာမေသာ ---။
အစောဒယိတွာ၊ အပြစ်ကိုမမေးမူ၍။
အသာရယိတွာ၊ မအောက်မေ့စေမူ၍။
အသမ္မုခိဘူတဿ၊ မျက်မှောက်မရောက်သူအား။
ကမ္မံ၊ ကံကို။
ကရေယျ၊ ပြုငြားအံ့။
ကတဉ္စ ကမ္မံ၊ ပြုအပ်သောကံသည်လည်း။
သုကတံ၊ ကောင်းစွာ ပြုခြင်းသည်။
ဘဝေယျ၊ ဖြစ်ရာ၏။
ကာရကော သံဃောစ၊ ကံပြုသောသံဃာသည်လည်း။
အနာပတ္တိကော၊ အာပတ်မသင့်သည်။
သိယာ၊ ဖြစ်ရာ၏။
ဧသာပဥှာ ---။
[အပြစ်မမေးဟူသော ပြဿနာကို တမန်ဖြင့်ရဟန်းခံခြင်းကို ရည်ဆိုသည်။]
၂၅။ အဘဗ္ဗ ပုဂ္ဂိုလ်များ
စောဒယိတွာ သာရယိတွာ၊ သမ္မုခီဘူတဿ ကရေယျ ကမ္မံ။
ကတဉ္စ ကမ္မံ အကတံ ဘဝေယျ၊ ကာရကော စ သံဃော သာဝတ္တိကော သိယာ။
ပဥှာမေသာ ---။
စောဒယိတွာ၊ အပြစ်ကိုမေး၍။
သာရယိတွာ၊ အောက်မေ့စေ၍။
သမ္မုခီ၊ မျက်မှောက်ရောက်သူအား။
ကမ္မံ၊ ကံကို။
ကရေယျ၊ ပြုရာ၏။
ကတဉ္စ ကမ္မံ၊ ပြုအပ်သောကံသည်လည်း။
အကတံ၊ ကံပျက်သည်။
ဘဝေယျ၊ ဖြစ်ရာ၏။
ကာရကော သံဃော စ၊ ကံပြုသော သံဃာသည်လည်း။
သာပတ္တိကော၊ အာပတ်နှင့်တကွ ဖြစ်သည်။
သိယာ၊ ဖြစ်ရာ၏။
ဧသာပဥှာ ---။
[အပြစ်ကိုမေး၍ ဟူသော ပြဿနာကို ပဏ္ဍက စသည်တို့၏ ရဟန်းပြုခြင်းကို ရည်ဆိုသည်။
ကုရုန္ဒီ၌ကား ပဌမပြဿနာကို မျက်ကွယ်ကံရှစ်ခုတို့ကို ရည်ဆိုသည်။
ဒုတိယပြဿနာကို အာပတ် မရှိသူအား ကံပြုခြင်းကို ရည်ဆိုသည် ဟုဆို၏။]
၂၆။ ဖြတ်သူ၊ ဖုံးသူ။
ဆိန္ဒန္တဿ အာပတ္တိ၊ ဆိန္ဒန္တဿ အနာပတ္တိ။
ဆာဒေန္တဿ အာပတ္တိ၊ ဆာဒေန္တဿ အနာပတ္တိ။
ပဥှာမေသာ ---။
ဆိန္ဒန္တဿ၊ ဖြတ်သူအား။
အာပတ္တိ၊ အာပတ်သင့်၏။
ဆိန္ဒန္တဿ၊ ဖြတ်သူအား။
အနာပတ္တိ၊ အာပတ်မသင့်။
ဆာဒေန္တဿ၊ ဖုံးသူအား။
အာပတ္တိ၊ အာပတ်သင့်၏။
ဆာဒေန္တဿ၊ ဖုံးသူအား။
အနာပတ္တိ၊ အာပတ်မသင့်။
ဧသာပဥှာ ---။
[တောစိုးသစ်ပင်ကိုဖြတ်လျှင် ပါရာဇိက၊ မြက်နွယ်စသည် တို့ကိုဖြတ်လျှင်ပါစိတ်။ အင်္ဂါဇာတ်ကိုဖြတ်လျှင် ထုလ္လစ္စည်း။ ဆံပင်၊ လက်သည်း၊ ခြေသည်းတို့ကိုဖြတ်လျှင် အနာပတ္တိ။
မိမိအာပတ်၊ သူတပါးအာပတ်ကိုဖုံးလျှင် အာပတ်သင့်၏။ သိမ်၊ ကျောင်း၊ တန်ဆောင်းစသည်ကိုအမိုးဖြင့်ဖုံးလျှင် အနာပတ္တိ။]
၂၇။ အမှန်၊ အမှား။
သစ္စံ ဘဏန္တော ဂရုကံ၊ မုသာ စ လဟု ဘာသတော၊
မုသာ ဘဏန္တော ဂရုကံ၊ သစ္စဉ္စ လဟု ဘာသတော။
ပဥှာမေသာ ---။
သစ္စံ၊ အမှန်ကို။
ဘဏန္တော၊ ဆိုသူသည်။
ဂရုကံ၊ ဂရုကအာပတ်သို့ ရောက်၏။
မုသာ၊ အမှားကို။
ဘာသတောစ၊ ဆိုသူအားကား။
လဟု၊ လဟုက အာပတ်ဖြစ်၏။
မုသာ၊ အမှားကို။
ဘဏန္တော၊ ဆိုသူသည်။
ဂရုကံ၊ ဂရုကအာပတ် သို့ရောက်၏။
သစ္စံ၊ အမှန်ကို။
ဘာသတောစ၊ ဆိုသူအားကား။
လဟု၊ လဟုက အာပတ်ဖြစ်၏။
ဧသာပဥှာ ---။
[သိခရဏီသိ၊ ဥဘတော ဗျဉ္ဇနာသိ -- ဤသို့ အမှန်ကိုဆိုလျှင် ဂရုကသံဃာဒိသေသ်သို့ ရောက်၏။
သမ္ပဇာနမုသာဆိုသူအား လဟုကပါစိတ်ဖြစ်၏။
ဈာန်မဂ်ဖိုလ်ကို မုသာဆိုလျှင် ဂရုကပါရာဇိက သို့ရောက်၏။
ဟုတ်တိုင်း မှန်စွာ ဈာန်မဂ်ဖိုလ်ကိုဆိုသူအား လဟုက ပါစိတ်ဖြစ်၏။]
၃။ ပါစိတ္တိယာဒိ
၄၈၁။ ၂၈။ နိဿဂ္ဂိပစ္စည်း
အဓိဋ္ဌိတံ ရဇနာယ ရတ္တံ၊ ကပ္ပကတမ္ပိ သန္တံ။
ပရိဘုဉ္ဇန္တဿ အာပတ္တိ၊ ပဥှာမေသာ ---။
အဓိဋ္ဌိတံ၊ အဓိဋ္ဌာန်တင်ပြီးသော။
ရဇနာယ ရတ္တံ၊ ဆိုးရည်ဆိုးပြီးသော။
ကပ္ပကတမ္ပိသန္တံ၊ ကပ္ပဗိန္ဓုလည်း ထိုးပြီးဖြစ်သော။
စီဝရံ၊ သင်္ကန်းကို။
ပရိဘုဉ္ဇန္တဿ၊ သုံးဆောင်သူအား။
အာပတ္တိ၊ အာပတ်သင့်၏။
ဧသာပဥှာ ---။
[အဓိဋ္ဌာန်တင်ပြီးစသည်ကို နိဿဂ္ဂိသင်္ကန်းကိုမစွန့်ဘဲ သုံးဆောင်သူကို ရည်ဆိုသည်။]
၂၉။ စားမြုံ့ပြန်သူ
အတ္ထင်္ဂတေသူရိယေ ဘိက္ခု မံသာနိ ခါဒတိ။
န ဥမ္မတ္တကော, န စ ပန ခိတ္တစိတ္တော။
စာပိ သော ဝေဒနာဋ္ဋော ဘဝေယျ။
န စဿ ဟောတိ အာပတ္တိ။
သော စ ဓမ္မော သုဂတေန ဒေသိတော။
ပဥှာမေသာ ---။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။
သူရိယေ၊ နေသည်။
အတ္ထင်္ဂေတ၊ ဝင်သည်ရှိသော်။
ဝါ၊ နေဝင်သောအခါ၌။
မံသာနိ၊ အသားတို့ကို။
ခါဒတိ၊ ခဲ၏။
န ဥမ္မတ္တကော၊ ရူးသူမဟုတ်။
န စ ပန စိတ္တစိတ္တော၊ စိတ်ပြန့်လွင့်သူလည်း မဟုတ်။
န စာပိ သော ဝေဒနာဋ္ဋော ဘဝေယျ၊ ဝေဒနာနှိပ်စက်သူလည်းမဟုတ်။
စ၊ ထိုသို့ဖြစ်လျှက်။
အဿ၊ ထိုရဟန်းအား။
အာပတ္တိ၊ အာပတ်သည်။
န ဟောတိ၊ မဖြစ်။
သော စ ဓမ္မော၊ ထိုဝိနည်းသာဘာကိုလည်း။
သုဂတေန၊ မြတ်စွာဘုရားသည်။
ဒေသိတော၊ ခွင့်ပြုအပ်၏။
ဧသာပဥှာ ---။
[နေဝင်သောအခါ ဟူသောပြဿနာကို စားမြုံ့ပြန်တတ်သော ရဟန်းကို ရည်ဆိုသည်။]
၃၀။ သံဃဘေဒက
န ရတ္တစိတ္တော, န စ ပန ထေယျစိတ္တော၊
န စာပိ သော ပရံ မရဏာယ စေတယိ။
သလာကံ ဒေန္တဿ ဟောတိဆဇ္ဇံ၊
ပဋိဂ္ဂဏှန္တဿ ထုလ္လစ္စယံ။
ပဥှာမေသာ ---။
ယော၊ အကြင်ရဟန်းသည်။
န ရတ္တစိတ္တော၊ တပ်သောစိတ်မရှိ။
န စ ပန ထေယျ စိတ္တော၊ ခိုးလိုသောစိတ်လည်းမရှိ။
သော၊ ထိုရဟန်းသည်။
ပရံ၊ သူတပါးကို။
မရဏာယ၊ သေစိမ့်သောငှါ။
န စာပိ စေတယိ၊ အားထုတ်သည်လည်း မဟုတ်။
စ၊ ထိုသို့ဖြစ်လျက်။
သလာကံ၊ ဝါးခြမ်းစိတ်ကို။
ဒေန္တဿ၊ ပေးသူအား။
ဆေဇ္ဇံ၊ ပါရာဇိကသည်။
ဟောတိ၊ ဖြစ်၏။
ပဋိဂ္ဂဏှန္တဿ၊ ခံယူသူအား။
ထုလ္လစ္စယံ၊ ထုလ္လစ္စည်းအာပတ်သည်။
ဟောတိ၊ ဖြစ်၏။
ဧသာပဥှာ ---။
[တပ်သောစိတ်ရှိလျှင် မေထုနဓမ္မ ပါရာဇိကသို့ ရောက်တတ်၏။
ခိုးလိုသောစိတ်ရှိလျှင် အဒိန္နာဒါန ပါရာဇိကသို့ ရောက်တတ်၏။
သေစိမ့်သောငှါ အားထုတ်လျှင် မနုဿဝိဂ္ဂဟ ပါရာဇိကသို့ ရောက်တတ်၏။
သံဃာသင်းခွဲသူအား တပ်သောစိတ် မရှိ။ ခိုးလိုသတ်လိုသောစိတ် မရှိ။
စာရေးတံဝါခြမ်းစိတ်ကို ပေးသော ထိုသူအား ပါရာဇိက၊ စာရေးတံယူသော ဘေဒါနုဝတ္တကအား ထုလ္လစ္စည်း။]
၃၁။ ကြီးစွာသောသစ်ပင်ကြီး
န စာပိ အာရညကံ သာသင်္ကသမ္မတံ။
န စာပိ သံဃေန သမ္မုတိ ဒိန္နာ။
န စဿ ကထိနံ အတ္ထတံ တတ္ထေဝ။
စီဝရံ နိက္ခိပိတွာ ဂစ္ဆေယျ အဍ္ဎယောဇနံ။
တတ္ထဝ အရုဏံ ဥဂ္ဂစ္ဆန္တဿ အနာပတ္တိ၊
ပဥှာမေသာ ---။
သာသင်္ကသမ္မတံ၊ ရွံရှာဘွယ်ရှိ၏ဟု သမုတ်အပ်သော။
အာရညကံစာပိ၊ တောကျောင်းသည်လည်း။
န၊ မဟုတ်။
သံဃေန၊ သံဃာသည်။
သမ္မုတိ၊ စီဝရ အဝိပ္ပဝါသသမ္မုတိကို။
နစာပိ ဒိန္နာ၊ ပေးအပ်သည်လည်းမဟုတ်။
အဿ၊ ထိုရဟန်းအား။
ကထိနံ၊ ကထိန်ကို။
န စ အတ္ထတံ၊ ခင်းအပ်သည်လည်းမဟုတ်။
တတ္ထေဝ၊ ထိုနေရာ၌သာလျှင်။
စီဝရံ၊ သင်္ကန်းကို။
နိက္ခိပိတွာ၊ ထားခဲ့၍။
အဍ္ဎယောဇနံ၊ ယူဇနာခွဲမျှအရပ်သို့။
ဂစ္ဆေယျ၊ သွားရာ၏။
တတ္ထေဝ၊ ထို ယူဇနာခွဲမျှအရပ်၌သာလျှင်။
အရုဏံ၊ အရုဏ်ကို။
ဥဂ္ဂစ္ဆန္တဿ၊ တက်စေသောရဟန်းအား။
အနာပတ္တိ၊ နိဿဂ္ဂိပါစိတ် အာပတ်မသင့်။
ဧသာပဥှာ ---။
[ယူဇနာခွဲမျှသွားသောပြဿနာကို သုပ္ပတိဋ္ဌိတ နိဂြောဓ သဒိသံ ကောင်းစွာတည်သော ပညောင်ပင်နှင့်တူသော ဧကကုလ၏ သစ်ပင်အောက်ကို ရည်ဆိုသည်။]
(သာဋီ။ ။ သုပ္ပတိဋ္ဌိတံ နိဂြောဓသဒိသံ ဟူသည်ကို တစ်ယူဇနာ နှစ်ယူဇနာ စသည် အတိုင်းအရှည် ရှိသော ပညောင်ပင်ကြီးကို ရည်ဆိုသည်။
ဝိဋီ။ ။ သုပ္ပတိဋ္ဌိတ နိဂြောဓ သဒိသံ ဟူသည်ကို တစ်ယူဇနာ အပြန်ကျယ်သောသစ်ပင်ကို ရည်ဆိုသည်။)
၃၂။ မိန်းမများစွာ
ကာယိကာနိ န ဝါစသိကာနိ၊ သဗ္ဗာနိ နာနာဝတ္ထုကာနိ။
အပုဗ္ဗံ အစရိမံ အာပဇ္ဇေယျ ဧကဟော။
ပဥှာမေသာ ---။
ကာယိကာနိ၊ ကာယဒွါရ၌ ဖြစ်ကုန်သော။
န ဝါစသိကာနိ၊ ဝစီဒွါရ၌ မဖြစ်ကုန်သော။
သဗ္ဗာနိ၊ အလုံးစုံကုန်သော။
နာနာဝတ္ထုကာနိ၊ အထူးထူးသော တည်ရာဝတ္ထုရှိသော အာပတ်တို့သို့။
အပုဗ္ဗံ အစရိမံ၊ မရှေးမနှောင်း၊။
ဧကကော၊ တပေါင်းတည်း။
အာပဇ္ဇေယျ၊ ရောက်ရာ၏။
ဧသာပဥှာ ---။
[ကာယိကာနိ ပြဿနာကို များစွာသော မိန်းမတို့၏ ဆံပင်တို့ကို လည်းကောင်း၊ လက်ချောင်းတို့ကို လည်းကောင်း၊ တပေါင်းတည်း ကိုင်သူကို ရည်ဆိုသည်။]
၃၃။ မိန်းမများစွာ
ဝါစသိကာနိ န ကာယိကာနိ၊ သဗ္ဗာနိ နာနာ ဝတ္ထုကာနိ။
အပုဗ္ဗံ အစရိမံ အာပဇ္ဇေယျ ဧကတော၊ ပဥှာမေသာ ---။
ဝါစသိကာနိ၊ ဝစီဒွါရ၌ဖြစ်ကုန်သော။
နကာယိကာနိ၊ ကာယဒွါရ၌ မဖြစ်ကုန်သော။
သဗ္ဗာနိ၊ အလုံးစုံကုန်သော။
နာနာဝတ္ထုကာနိ၊ အထူးထူးသော တည်ရာဝတ္ထုရှိသော အာပတ်တို့သို့။
အပုဗ္ဗံ အစရိမံ၊ မရှေးမနှောင်း။
ဧကတော၊ တပေါင်းတည်း။
အာပဇ္ဇေယျ၊ ရောက်ရာ၏။
ဧသာပဥှာ ---။
[ဝါစသိကာနိပြဿနာကို - သဗ္ဗာတုမှေ သိခရဏီယော - စသောနည်းဖြင့် ဒုဋ္ဌုလ္လဝါစာဆိုသူကို ရည်ဆိုသည်။]
၃၄။ အဋ္ဌ၀တ္ထုက
တိဿိတ္ထိယော မေထုနံ တံ န သေဝေ၊
တယော ပုရိသေ တယော အနရိယပဏ္ဍကေ။
န စာစရေ မေထုန ဗျဉ္ဇနသ္မိံ၊
ဆေဇ္ဇံ သိယာ မေထုနဓမ္မပစ္စယာ။
ပဥှာမေသာ ---။
တိဿိတ္ထိယော၊ မိန်းမသုံးယောက်တို့သို့ လည်းကောင်း။
တယောပုရိသေ၊ ယောက်ျားသုံးယောက်တို့သို့ လည်းကောင်း။
တယော အနရိယ ပဏ္ဍကေ၊ ဥဘတောဗျည်းသုံးယောက်၊ ပဏ္ဍုက်သုံးယောက်တို့သို့လည်းကောင်း။
ဥပဂန္တွာ၊ ဂျဉ်းကပ်၍။
တံ မေထုနံ၊ ထိုမေထုန်ကို။
န သေဝေ၊ မမှီဝဲ။
ဗျဉ္ဇနသ္မိံ မိမိမဂ် သူတပါးမဂ်၌။
မေထုနံ၊ အနုလောမမေထုန်ကို။
န စာစရေ၊ ကျင့်လည်းမကျင့်။
ဝါ၊ မစုတ်၊ မထိုင်၊ မသွင်း။
တထာ၊ ထိုသို့ဖြစ်လျက်။
မေထုနဓမ္မပစ္စယာ၊ မေထုနဓမ္မအကြောင်းကြောင့်။
ဆေဇ္ဇံ၊ ပါရာဇိကအာပတ်သည်။
သိရာ၊ ဖြစ်ရာ၏။
ဧသာပဥှာ ---။
[မိန်းမ၊ ယောကျ်ား၊ ဥဘတောဗျည်း-ပဏ္ဍုက် သုံးယောက်စီအားဖြင့် တစ်ဆယ့်နှစ်ယောက်တို့၏ မဂ်သုံးဆယ်၌လည်း မေထုန်မကျင့်။
န စာစရေ မေထုနံ ဗျဉ္ဇနသ္မိံ ဟူသည် လိင်ရှည်၊ ကျောက် စုတ်၊ ထိုင်ဟူသော အနုလောမ ပါရာဇိက လေးပါးစွမ်းဖြင့်လည်း မေထုန်မကျင့်၊ မေထုနဓမ္မပစ္စယကြောင့် ပါရာဇိကဖြစ်၏။ ဤပြဿနာကို အဋ္ဌဝတ္ထုက ပါရာဇိကကို ရည်ဆိုသည်။ ထို အဋ္ဌဝတ္ထုက ပါရာဇိက ရောက်သော ဘိက္ခုနီသည် မေထုနဓမ္မ၏ ပုဗ္ဗဘာဂ ဖြစ်သော ကာယသံသဂ္ဂသို့ ရောက်ခြင်းငှါ အားထုတ်ခြင်းကြောင့် မေထုနဓမ္မပစ္စယပါရာဇိကဖြစ်၏။]
(ဇီဋီ။ ။ တယောပုရိသေပိ ဥပဂန္တွာတိပါဋ္ဌသေသော။ မေထုနဓမ္မပစ္စယာ မည်သည် ကာယသံသဂ္ဂဖြစ်၏။ မေထုနဓမ္မ၏ ပုဗ္ဗဘာဂဖြစ်သော ကာယသံသဂ္ဂကို အားထုတ်လျက် အဋ္ဌဝတ္ထုပြည့်စေသည်ကို ရည်ဆိုသည်။)
၃၅။ မိုးရေခံသင်္ကန်း
မာတရံ စီဝရံ ယာစေ၊ နော စ သံဃေ ပရိဏတံ။
ကေနဿ ဟောတိ အာပတ္တိ၊ အနာပတ္တိ စ ဉာတကေ။
ပဥှာမေသာ ---။
ယော၊ အကြင်ရဟန်းသည်။
မာတရံ၊ မိခင်ကို။
စီ၀ရံ၊ သင်္ကန်းကို။
ယာစေ၊ တောင်းရာ၏။
သံဃဿ၊ သံဃာအား။
ပရိဏတံ၊ ညွတ်သော သင်္ကန်းကို။
နော၊ တောင်းသည်မဟုတ်။
အဿ၊ ထိုရဟန်းအား။
ဉာတကေ၊ ဆွေမျိုး၌။
အနာပတ္တိစ၊ အနာပတ္တိဖြစ်သင့်လျက်။
တေန၊ အဘယ် အာပတ်သည်။
ဟောတိ၊ ဖြစ်သနည်း။
ဧသာပဥှာ ---။
[မာတရံ စီဝရံ ဟူသော ပြဿနာကို ပိဋ္ဌိသမယ ခုနစ်လ၌ မိုးရေခံ သင်္ကန်းအလို့ငှါ သတိပေးခြင်းကို ရည်ဆိုသည်။ ဝိနိစ္ဆယကို ဝဿိကသာဋိက သိက္ခာပုဒ်အဖွင့်၌သာလျှင် ဆိုပြီးပြီ။]
၃၆။ တိတ္ထိကျင့်ဝတ်
ကုဒ္ဓေါ အာရာဓကော ဟောတိ၊
ကုဒ္ဓေါ ဟောတိ ဂရဟိယော။
အထ ကော နာမ သော ဓမ္မော၊
ယေန ကုဒ္ဓေါ ပသံသိယော။
ပဥှာမေသာ ---။
ကုဒ္ဓေါ၊ အမျက်ထွက်သူသည်။
အာရာဓကော ဟောတိ၊ နှစ်သက်စေသူ ဖြစ်၏။
ကုဒ္ဓေါ၊ အမျက်ထွက်သူသည်။
ဂရဟိယောဟောတိ၊ ကဲ့ရဲ့အပ်သူ ဖြစ်၏။
ယေန၊ အကြင်ဓမ္မဖြင့်။
ကုဒ္ဓေါ၊ အမျက်ထွက်သူကို။
အထ ပသံသိယော၊ ချီးမွမ်းအပ်သည်ဖြစ်အံ့။
သော ဓမ္မော၊ ထိုဓမ္မသည်။
ကောနာမ၊ အဘယ်မည်သော ဓမ္မနည်း။
ဧသာပဥှာ ---။
[ကုဒ္ဓေါ အာရာဓကော ဟူသောပြဿနာကို တတ္ထိယ၊ ကျင့်ဝတ်ကို ရည်ဆိုသည်။ ကျင့်ဝတ်ကိုဖြည့်ကျင့်သော တိတ္ထိသည် တိတ္ထိတို့၏ဂုဏ်ကျေးဇူး ဆိုသံကိုကြားလျှင် အမျက်ထွက်အံ့၊ သံဃာကို နှစ်သက်စေသူဖြစ်၏။ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို ကြားလျှင် အမျက်ထွက်အံ့။ ကဲ့ရဲ့အပ်သော တိတ္ထိ ဖြစ်၏။]
၁၇။ တိတ္ထိကျင့်ဝတ်
တုဋ္ဌော အာရာဓကော ဟောတိ၊ တုဋ္ဌော ဟောတိ ဂရဟိယော။
အထ ကော နာမ သော ဓမ္မော၊ ယေန တုဋ္ဌော ဂရဟိယော။
ပဥှာမေသာ ---။
တုဌော၊ နှစ်သက်သူသည်။
အာရောဓကောဟောတိ၊ နှစ်သက်စေသူဖြစ်၏။
တုဋ္ဌော၊ နှစ်သက်သူသည်။
ဂရဟိယောဟောတိ၊ ကဲ့ရဲ့အပ်သူဖြစ်၏။
ယေန၊ အကြင်ဓမ္မဖြင့်။
တုဋ္ဌော၊ နှစ်သက်သူကို။
အထ ဂရဟိယော၊ ကဲ့ရဲ့အပ်သည် ဖြစ်အံ့။
သော ဓမ္မော၊ ထိုဓမ္မသည်။
ကော နာမ၊ အဘယ်မည်သော ဓမ္မနည်း။
ဧသာပဥှာ ---။
[ဤပြဿနာကိုလည်း တိတ္ထိယကျင့်ဝတ်ကိုသာ ရည်ဆိုသည်။]
(ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးဆိုသံကြားလျှင် နှစ်သက်အံ့။ အာရာဓကဖြစ်၏။ တိတ္ထိတို့၏ ဂုဏ်ကျေးဇူးဆိုသံ ကြားလျှင် နှစ်သက်အံ့ ဂရဟိတ တိတ္ထိ ဖြစ်၏။)
၃၈။ ဘိက္ခုနီ
သံဃာဒိသေသံ ထုလ္လစ္စယံ၊ ပါစိတ္တိယံ ပါဋိဒေသနီယံ။
ဒုက္ကဋံ အာပဇ္ဇေယျ ဧကတော။ ပဥှာမေသာ ---။
သံဃာဒိသေသံ၊ သံဃာဒိသေသ်သို့လည်းကောင်း၊
ထုလ္လစ္စယံ၊ ထုလ္လစ္စည်းသို့လည်းကောင်း။
ပါစိတ္တိယံ၊ ပါစိတ်သို့လည်းကောင်း။
ပါဋိဒေသနီယံ၊ ပါဋိဒေသနီသို့လည်းကောင်း။
ဒုက္ကဋ်၊ ဒုက္ကဋ်သို့လည်းကောင်း။
ဧကတော၊ တပေါင်းတည်း။
အာပဇ္ဇေယျ၊ ရောက်ရာ၏။
ဧသာပဥှာ ---။
[သံဃာဒိသေသံဟူသော ပြဿာနာကို ရာဂစွတ်လျက် ရာဂ စွတ်သော ပုရိသ၏လက်မှ ဆွမ်းကိုခံယူ၍ လူသား၊ လသုဏကြက်သွန်၊ ပဏီတဘောဇဉ်၊ ကြွင်းအကပ္ပိယမံသတို့နှင့် ရောနယ်စားသော ဘိက္ခုနီကို ရည်ဆိုသည်။]
၃၉။ တန်ခိုးကြီးသော သာမဏေ
ဥဘော ဝရိပုဏ္ဏဝီသတိဝဿာ၊
ဥဘိန္နံ ဧကုပဇ္ဈာယော။
ဧကာစရိယော ဧကာ ကမ္မဝါစာ၊
ဧကော ဥပသမ္ပန္နော ဧကော အနုပသမ္ပန္နော။
ပဥှာမေသာ ---။
ဥဘော၊ နှစ်ဘက်သော သာမဏေတို့သည်။
ပရိပုဏ္ဏဝီသတိဝဿာ၊ အသက်နှစ်ဆယ်ပြည့်သူတို့သာ ဖြစ်ကုန်၏။
ဥဘိန္နံ၊ နှစ်ယောက်လုံးတို့အား။
ဧကုပဇ္ဈာယော၊ ဥပဇ္ဈာယ်လည်းတူ၏။
ဧကာစရိယော၊ ကမ္မဝါစာဆရာလည်း တူ၏။
ဧကာကမ္မဝါစာ၊ ကမ္မဝါစာလည်းတူ၏။
ဝါ - တပြိုင်တည်းကမ္မဝါစာ ဘတ်၏။
အထ၊ ထိုသို့ဖြစ်လျက်။
ဧကော၊ တစ်ယောက်သာလျှင်။
ဥပသမ္ပန္နော၊ ရဟန်းဖြစ်၏။
ဧကော၊ တစ်ယောက်ကား။
အနုပသမ္ပန္နော၊ ရဟန်းမဖြစ်။
ဧသာပဥှာ ---။
[တစ်ယောက် ရဟန်းမဖြစ် ဟူသော ပြဿနာကို ကောင်းကင်၌ တည်သူကို ရည်ဆိုသည်။ နှစ်ယောက်သော သာမဏေတို့တွင် တစ်ယောက်သည် တန်ခိုးဖြင့် ဆံဖျားမျှ မြေကိုလွှတ်၍နေအံ့။ ထို သာမဏေသည် ရဟန်းမဖြစ်။ သံဃာသည်လည်း ကောင်းကင်၌နေ၍ မြေ၌နေသူအား ကံမပြုအပ်။ ပြုလျှင် ကံပျက်၏။]
၄၀။ သင်္ကန်းခိုးသူ အလုခံရသူ
အကပ္ပကတံ နာပိ ရဇနာယ ရတ္တံ၊
တေန နိဝတ္ထော ယေန ကာမံ ဝဇေယျ။
န စဿ ဟောတိ အာပတ္တိ၊
သော စ ဓမ္မော သုဂတေန ဒေသိတော။
ပဥှာမေသာ ---။
အကပ္ပကတံ၊ ကပ္ပဗိန္ဓုမထိုးသော။
နာပိရဇနာယ ရတ္တံ၊ ဆိုးရည်ဖြင့်လည်းမဆိုးသော။
ယံ၊ အကြင်အဝတ်သည်။
အတ္ထိ၊ ရှိ၏။
ဘိက္ခု၊ ရဟန်းသည်။
တေန၊ ထိုအဝတ်ဖြင့်။
နိဝတ္ထော၊ ဝတ်လျက်။
ယေနကာမံ၊ အလိုရှိရာသို့။
ဝဇေယျ၊ သွားရာ၏။
စ၊ ထိုသို့ဖြစ်သော်လည်း။
အဿ၊ ထိုရဟန်းအား။
အာပတ္တိ၊ အာပတ်သည်။
န-ဟောတိ၊ မဖြစ်။
သော စ ဓမ္မော၊ ထိုသဘောကိုလည်း။
သုဂတေန၊ မြတ်စွာဘုရားသည်။
ဒေသိတော၊ ခွင့်ပြုအပ်၏။
ဧသာပဥှာ ---။
[ကပ္ပဗိန္ဒုမထိုး ဟူသော ပြဿနာကို ခိုးသူလုယက်၍ သင်္ကန်း ပျောက်ပျက်သောရဟန်းကို ရည်ဆိုသည်။]
၄၁။ တိုက်တွန်းသူ
ဒေတိ န ပဋိဂ္ဂဏှာတိ၊ ပဋိဂ္ဂဟော တေန န ဝိဇ္ဇတိ။
အာပဇ္ဇတိ ဂရုကံ န လဟုကံ၊ တဉ္စ ပရိဘောဂပစ္စယာ။
ပဥှာမေသာ ---။
န ဒေတိ၊ ပေးသူလည်းမဟုတ်။
န ပဋိဂ္ဂဏှာတိ၊ ယူသူလည်းမဟုတ်။
တေန၊ ထိုအပေးအယူမရှိခြင်းကြောင့်။
ပဋိဂ္ဂဟော၊ ခံယူခြင်းသည်ပင်လျှင်။
န ဝိဇ္ဇတိ၊ မရှိ။
တထာ၊ ထိုသို့ ဖြစ်လျှက်။
ဂရုကံ၊ ဂရုကအာပတ်သို့။
အာပဇ္ဇတိ၊ ရောက်၏။
န လဟုကံ၊ လဟုကသို့ရောက်သည်မဟုတ်။
တဉ္စ၊ ဂရုကအာပတ်သို့လည်း။
ပရိဘောဂပစ္စယာ၊ စားခြင်းအကြောင်းကြောင့်။
အာပဇ္ဇတိ၊ ရောက်၏။
ဧသာပဥှာ ---။
[ရာဂစွတ်သော ယောက်ျား၏လက်မှ ဆွမ်းခဲဘွယ်ကိုခံယူ၍ စားပါလောဟု တိုက်တွန်းသော ဘိက္ခုနီကြီးသည် ပေးသူမဟုတ်။ ဘိက္ခုနီငယ်ကလည်း ဘိက္ခုနီကြီးလက်မှ ယူသူမဟုတ်။ ထို့ကြောင့် ဘိက္ခုနီငယ်၏လက်မှ ဘိက္ခုနီကြီး၏ ခံယူခြင်းမရှိ။
ဤသို့ဖြစ်သော်လည်း တိုက်တွန်းသော ဘိက္ခုနီကြီးသည် သံဃာဒိသေသ်သို့ ရောက်၏။ ထိုအာပတ် ရောက်သူသည် ဘိက္ခုနီငယ်၏ စားခြင်းကြောင့် ရောက်၏။ ဘိက္ခုနီငယ် စားပြီးအဆုံး၌ တိုက်တွန်းသူ ဘိက္ခုနီကြီးအား သံဃာဒိသေသ်။]
၄၂။ တိုက်တွန်းသူ
န ဒေတိ န ပဋိဂ္ဂဏှာတိ၊ ပဋိဂ္ဂဟော တေန န ဝိဇ္ဇတိ။
အာပဇ္ဇတိ လဟုကံ န ဂရုကံ၊ တဉ္စ ပရိဘောဂပစ္စယာ။
ပဥှာမေသာ ---။
န ဒေတိ၊ ပေးသူလည်းမဟုတ်။ (ပ)။
တထာ၊ ထိုသို့ဖြစ်လျက်။
လဟုကံ၊ လဟုကသို့။
အာပဇ္ဇတိ၊ ရောက်၏။
န ဂရုကံ၊ (ပ)။ ဧသာပဥှာ ---။
[ယခင် ဘိက္ခုနီငယ်အားသာလျှင် ရေ၊ ဒန်ပူ - ခံယူရန် တိုက်တွန်းခြင်းကို ရည်ဆိုသည်။
(ဇီဋီ။ ။ ပရိဘောဂပစ္စယာတိ ပရိဘောဂကာရဏာ။ သုံးဆောင်ခြင်း အကြောင်းကြောင့်။ တသ္မာ - ထိုသို့ သုံးဆောင် ခြင်းကြောင့် အာပတ်သို့ရောက်ခြင်းကြောင့် - စားပြီးသည် ၏အဆုံး၌ ရောက်၏ဟူလို။
ရှေးစာတို့၌ တဿာ-ဟု ပါဠ်ရှိ၏။ ကာရဏဝစနဖြစ်သော တသ္မာသည်သာလျှင် ကောင်း၏။ စားသောက် သုံးဆောင်ခြင်း၏ အပိုင်းအခြားကို ပြခြင်းကြောင့်ဟု ဆိုကုန်၏။)]
၄၃။ ဥက္ခိတ္တက
အာပဇ္ဇတိ ဂရုကံ သာဝသေသံ၊
ဆာဒေတိ အနာဒရိယံ ပဋိစ္စ။
န ဘိက္ခုနီ နောစ ဖုသေယျ ဝဇ္ဇံ။
ပဥှာမေသာ ကုသလေဟိ စိန္တိတာ။
ဂရုကံ သာဝသေသံ၊ သံဃာဒိသေသ်အာပတ်သို့။
အာပဇ္ဇတိ၊ ရောက်သူဖြစ်လျှက်။
အနာဒရိယံ၊ မရိုသေခြင်းကို။
ပဋိစ္စ၊ စွဲ၍။
ဆာဒေတိ၊ ဖုံးလွှမ်း၏။
န ဘိက္ခုနီ၊ ဘိက္ခုနီမဟုတ်။
စ၊ ထိုသို့ဖြစ်လျှက်။
ဝဇ္ဇံ၊ ဖုံးခြင်း ဒုက္ကဋ်သို့။
နော ဖုသေယျ၊ မရောက်ရာ။
ဧသာပဥှာ၊ ဤပြဿနာကို။
ကုသလေဟိ၊ ပညာရှိတို့သည်။
စိန္တိတာ၊ သိအပ်ကြံအပ်၏။
ဝါ၊ သိရမည်။ သိထိုက်သည်။ သိချိန်တန်ပြီ။ သိကြပါလော။
[သတ္တရသကတို့တွင် တစ်ခုခုသို့ရောက်၍ မရိုသေခြင်းဖြင့် ဖုံးသော်လည်း ဘိက္ခုနီသည် ဖုံးခြင်းကြောင့် ဒုက္ကဋ်သို့ နောက်ထပ် မရောက်။ ဖုံးသော်လည်းကောင်း၊ မဖုံးသော်လည်းကောင်း ပက္ခမာနတ်ကိုသာ ကျင့်ရသည်။ ဤပြဿနာကိုကား ဥက္ခိတ္တက ရဟန်းကို ရည်ဆိုသည်။ ဥက္ခိတ္တကနှင့်အတူ ဝိနည်းကံမရှိ။ ထို့ကြောင့် ထိုသို့သော ဥက္ခိတ္တကသည် သံဃာဒိသေသ်သို့ရောက်၍ ဖုံးသော်လည်း ဖုံးသည်မမည်။ ဒုက္ကဋ်လည်း ထပ်မသင့်။]
(ဝိဋီ။ ။ သတ္တရသကတို့ဟူသည် ဘိက္ခုနီတို့အား ပညတ်သော တစ်ဆယ့်ခုနစ်ပါးသော သံဃာဒိသေသ်တို့ ဖြစ် ကုန်၏။)
သေဒမောစနဂါထာ နိဋ္ဌိတာ။
၂၁- ဝဂ္ဂပဉ္စက- ငါးဝဂ်
၁ - ကမ္မဝဂ္ဂ
၄၈၂။ ကံလေးပါး
ကံတို့သည် အပလောကနကံ၊ ဉာတ္တိကံ၊ ဉာတ္တိဒုတိယကံ၊ ဉာတ္တိစတုတ္ထကံ - ဤသို့ လေးပါးဖြစ်ကုန်၏။
[ကမ္မဝဂ်၌ လေးပါးသော ကံတို့၏ ထူးသော အကြောင်းကို သမထက္ခန္ဓက၌ ဆိုပြီးပြီ။ ဆိုပြီးသော်လည်း ဤ ကမ္မဝိနိစ္ဆယမည်သည် အစမှစ၍ဆိုလျှင် ထင်ရှား၏။ ထို့ကြောင့် အစမှစ၍ ဆိုဘွယ်ကို ဆိုကုန်အံ့။
လေးပါးဟူသည် ကံတို့၏အရေအတွက်ကို ပိုင်းခြားကြောင်းစကားဖြစ်၏။ ကံတို့ဟူသည် ပိုင်းခြားအပ်သော ကံတို့ကို ညွှန်ပြကြောင်းစကားဖြစ်၏။
အပလောကနကံမည်သည် သိမ်၌တည်သော သံဃာကိုသုတ်သင်၍ ဆန္ဒထိုက်သူတို့၏ ဆန္ဒကိုဆောင်၍ သမဂ္ဂ သံဃာ၏အလိုဖြင့် သုံးကြိမ်ကြားစေ၍ ပြုသောကံဖြစ်၏။
ဉာတ္တိကံမည်သည် ဆိုပြီးသောနည်းဖြင့် သမဂ္ဂသံဃာ၏အလိုဖြင့် တစ်ခုသောဉာတ် ဖြင့်ပြုသောကံဖြစ်၏။
ဉာတ္တိဒုတိယကံမည်သည် ဆိုပြီးသောနည်းဖြင့် သမဂ္ဂသံဃာအလိုဖြင့် ဉာတ်တစ်ကြိမ်ဖြင့် လည်းကောင်း၊ ကမ္မဝါစာ တစ်ကြိမ်ဖြင့် လည်းကောင်း၊ ဤသို့ဉာတ်လျှင်နှစ်ခုမြောက်သော ကမ္မဝါစာဖြင့် ပြုသောကံဖြစ်၏။
ဉာတ္တိ စတုတ္ထကံမည်သည် ဆိုပြီးသောနည်းဖြင့် သမဂ္ဂသံဃာ၏အလိုဖြင့် ဉာတ်တစ်ကြိမ်ဖြင့် လည်းကောင်း၊ ကမ္မဝါစာသုံးကြိမ်ဖြင့်လည်းကောင်း၊ ဤသို့ ဉာတ်လျှင် လေးခုမြောက်သော ကမ္မဝါစာဖြင့် ပြုသောကံဖြစ်၏။
ထိုတွင် အပလောကနကံကို ပန်ကြား၍သာ ပြုအပ်၏။
ဉာတ္တိကံ စသည်ဖြင့် မပြုအပ်။ ဉာတ္တိကံကိုလည်း တစ်ကြိမ်သောဉာတ်ကို ထား၍သာ ပြုအပ်၏။ အပလောကန စသည်ဖြင့်မပြုအပ်။
ဉာတ္တိဒုတိယကံကား ပန်ကြား၍ ပြုအပ်သော ကံလည်းရှိ၏။ မပြုအပ်သောကံလည်းရှိ၏။ သီမာ သမ္မုတိ၊ သီမာသမူဟနန၊ ကထိနဒါန၊ ကတိနုဒ္ဓါရ၊ ကုဋိဝတ္ထုဒေသနာ၊ ဝိဟာရဝတ္ထုဒေသနာ - ဝါ - သိမ်သမုတ်၊ သိမ်နှုတ်၊ ကထိန်ပေး၊ ကထိန်နှုတ်၊ ကျောင်းငယ်နေရာကြား၊ ကျောင်းနေရာကြား ဟူသော ဤကံ (၆) ခုတို့သည် ဂရုကကံတို့ ဖြစ်ကုန်၏။ ပန်ကြား၍ပြုခြင်းငှါ မအပ်ကုန်။
ဉာတ္တိဒုတိယကမ္မဝါစာကို ကြားစေ၍သာ ပြုအပ်ကုန်၏။ ကြွင်းသော တေရသ သမ္မုတိ၊ သေနာသနဂ္ဂဟက မတကစီဝရဒါန စသော သမ္မုတိကံ - ဤကံတို့သည် လဟုကကံတို့ ဖြစ်ကုန်၏။ ပန်ကြား၍လည်း ပြုခြင်းငှါ အပ်ကုန်၏။ ဉာတ္တိကံ၊ ဉာတ္တိစတုတ္ထကံဖြင့် မပြုအပ်သည်သာတည်း။
ဧကစ္စေဆရာတို့ကား ဉာတ္တိစတုတ္ထကံဖြင့်ပြုလျှင် သာ၍ ခိုင်ခံ့၏။ ပြုအပ်၏ဟုဆိုကုန်၏။
ဤသို့ဖြစ်လျှင် ကမ္မသင်္ကာရ - ကံရောယှက်ခြင်းသည်ဖြစ်၏။ ထို့ကြောင့်မပြုအပ်ဟု ပယ်အပ်သည်သာတည်း။ အကယ်၍ အက္ခရာ ချွတ်ခြင်း၊ ပုဒ်ချွတ်ခြင်း၊ မကောင်းသော ဘတ်ခြင်းရှိခဲ့အံ့။ ထိုကို သုတ်သင်ခြင်းငှါ အဖန်ဖန် ဘတ်ခြင်းငှါအပ်၏။ ဤသို့ အဖန်ဖန် ဘတ်ခြင်းသည် မပျက်သောကံ၌ ဒဠှီကမ္မဖြစ်၏။ ပျက်သောကံ၌ ကံ ဖြစ်၍ တည်၏။
ဉာတ္တိစတုတ္ထကံကို ဉာတ်တစ်ကြိမ်၊ ကမ္မဝါစာသုံးကြိမ် ကြားစေ၍သာ ပြုအပ်၏။ အပလောကန စသည်ဖြင့် မပြုအပ်။]
၄၈၃။ ဝတ္ထုကြောင့်ကံပျက်ပုံ
ဤလေးပါးသောကံတို့သည် အဘယ်မျှ ခြင်းရာတို့ဖြင့် ပျက်ကုန်သနည်း။ ဤလေးပါးသော ကံတို့သည် ငါးပါးသောခြင်းရာတို့ဖြင့် ပျက်ကုန်၏။
၁။ ဝတ္ထုကြောင့်ပျက်သည်။
၂။ ဉာတ္တိကြောင့် ပျက်သည်။
၃။ ကမ္မဝါစာကြောင့် ပျက်သည်။
၄။ သိမ်ကြောင့်ပျက်သည်။
၅။ ပရိသတ်ကြောင့် ပျက်သည်။
အဘယ်သို့လျှင် ဝတ္ထုကြောင့် ကံတို့သည် ပျက်ကုန်သနည်း။
မျက်မှောက်ပြုအပ်သောကံကို မျက်ကွယ်ပြုအံ့။ ဝတ္ထုဝိပန္န အဓမ္မကံ ဖြစ်၏။ ဝါ- ဝတ္ထုပျက်သောအဓမ္မကံဖြစ်၏။
မေး၍ပြုအပ်သောကံကို မမေးမူ၍ ပြုအံ့ ဝတ္ထုဝိပန္န အဓမ္မကံ ဖြစ်၏။
ပဋိညာဉ်ဖြင့် ပြုအပ်သောကံကို အပဋိညာဖြင့်ပြုအံ့ ဝတ္ထုဝိပန္နအဓမ္မကံ ဖြစ်၏။
သတိဝိနည်းပေးထိုက်သူအား အမူဠဝိနည်း ကို ပေးအံ့ ---။
အမူဠဝိနည်းပေးထိုက်သူအား တဿပါပိယျ သိကာကံကို ပြုအံ့။
တဿပါပိယျ ထိုက်သူအား တဇ္ဇနီယကံ ကို ပြုအံ့။
တဇ္ဇနီယကံထိုက်သူအား နိယသကံ ကိုပြုအံ့၊
နိယသကံထိုက်သူအား ပဗ္ဗာဇနိယကံ ကိုပြုအံ့၊
ပဗ္ဗာဇနိယ ကံထိုက်သူအား ပဋိသာရဏီယကံ ကို ---။
ပဋိသာရဏီယကံ ထိုက်သူအား ဥက္ခေပနီယကံ ကို ---။
ဥက္ခေပ နီယကံထိုက်သူအား ပရိဝါသ် ကိုပေးအံ့။
ပရိဝါသ်ထိုက်သူကို အရင်းသို့ငင်အံ့။
အရင်းငင်ထိုက်သူအား မာနတ် ပေးအံ့။
မာနတ်ထိုက်သူကို အဗ္ဘာန် သွင်းအံ့။
အဗ္ဘာန်ထိုက်သူကို ဥပသမ္ဗဒကံ ပြုအံ့။
ဥပုသ်နေ့ မဟုတ်ဘဲ ဥပုသ်ပြုအံ့။
ပဝါရဏာနေ့ မဟုတ်ဘဲ ပဝါရဏာပြုအံ့။
ဝတ္ထုဝိပန္န အဓမ္မကံ ဖြစ်၏။ ဤသို့ ဝတ္ထုကြောင့်ကံတို့သည် ပျက်ကုန်၏။
(ဝတ္ထုဝိပန္နာ - ၁၇ ချက်။)
[ငါးပါးသောခြင်းရာ အာကာရတို့ ဟူသည် ငါးပါးသော အကြောင်းကာရဏတို့ ဖြစ်ကုန်၏။ မျက်မှောက်ပြုအပ်သော ကံစ၌ သမ္မုခါကံ၊ အသမ္မုခါကံ - ဟုရှိ၏။]
အသမ္မုခါကံ ကား --
၁။ ဒူတေနုပသမ္ပဒါ - တမန်စေ၍ ရဟန်းပြုခြင်း၊
၂။ ပတ္တနိက္ကုဇ္ဇန - သပိတ်မှောက်ခြင်း၊
၃။ ပတ္တုက္ကုဇ္ဇန - သပိတ်လှန်ခြင်း၊
၄။ ဥမ္မတ္တကသမ္မုတိ - ရူးသူအား ဥမ္မတ္တကသမ္မုတိပေးခြင်း၊
၅။ သေက္ခသမ္မုတိ - သေက္ခပုဂ္ဂိုလ်ဒါယကာတို့အား သေက္ခသမ္မုတိပေးခြင်း၊
၆။ ဗြဟ္မဒဏ္ဍ - ဆန္ဒရဟန်းအား ဗြဟ္မဒဏ်ပေးခြင်း၊
၇။ ပကာသနိယကမ္မ - ဒေဝဒတ်အား ပကာသနိယကံပြုခြင်း၊
၈။ အဝန္ဒနိယကမ္မ - မကြည်ညိုဘွယ်ရာတို့ကိုပြသောရဟန်းအား ဘိက္ခုနီ သံဃာသည် အဝန္ဒနိယကံပြုခြင်း
ဤသို့ရှစ်ပါးရှိ၏။
တမန်၊ မှောက်၊ လှန်။ ဥမ်၊ သေက်၊ ဗြဏ်။ ကာ၊ ဝန် မျက်ကွယ်ရှစ်။
ထိုကံအားလုံးကို ထိုထိုနေရာ၌ ဆိုပြီးသောနည်းဖြင့်သာ သိအပ်၏။ ဤကံရှစ်ပါးကို မျက်ကွယ်ပြုလျှင် ကောင်းသောပြုခြင်း ဖြစ်၏။ မပျက်သောကံဖြစ်၏။
ကြွင်းသောကံဟူသမျှကို မျက်မှောက်သာ ပြုအပ်၏။ သံဃသမ္မုခတာ၊ ဓမ္မသမ္မုခတာ၊ ဝိနယသမ္မုခတာ၊ ပုဂ္ဂလ သမ္ဗုခတာ - ဟူသော လေးပါးသော သမ္မုခါဝိနည်းကိုဆောင်၍သာ ပြုအပ်၏။ ဤသို့ပြုလျှင် ကောင်းစွာ ပြုအပ်သော ကံတို့ဖြစ်ကုန်၏။ ဤသို့မပြုလျှင် သမ္မုခါဝိနယဟူသော ဝတ္ထုကိုဖယ်၍ ပြုသောကြောင့် ဝတ္ထုဝိပန္နကံတို့ မည်ကုန်၏။ ထို့ကြောင့် အဓမ္မကံဟုဆိုသည်။
မေး၍ပြုအပ်သောကံ စသည်တို့၌လည်း မေးခြင်းစသည်ကို ပြုခြင်းသည်သာလျှင် ဝတ္ထုဖြစ်၏။ ထိုဝတ္ထုကိုဖယ် ၍ပြုလျှင် ထိုကံတို့၏လည်း ဝတ္ထုဝိပန္န အဖြစ်ကို သိအပ်၏။
ဤဆိုလတ္တံ့ကား ဝစနတ္ထသဒ္ဒါ အနက်မျှတည်း။ မမေးမူ၍ ပြုအံ့သည်ဟုမေး၍ အပြစ်ပြ၍၊ သတိရစေ၍ ပြုအပ်သောကံကို မမေးဘဲ အပြစ်မပြဘဲ သတိမရဘဲပြု၏။
အပ္ပဋိညာဖြင့် ပြုအံ့ ဟူသည် ဝန်ခံခြင်းသို့တင်၍ ပေးတိုင်းသော ဝန်ခံခြင်းဖြင့် ပြုအပ်သောကံကို ဝန်မခံခြင်းကိုပြုသော၊ မြည်တမ်း ဟူသော အနိုင်အထက်ဖြင့်ပြု၏။
သတိဝိနည်းပေးထိုက်သူ ဟူသည် မလ္လာမင်းသား ရှင်ဗဒ္ဒကဲ့သို့သော ရဟန္တာဖြစ်၏။
အမူဠဝိနည်းပေးထိုက်သူ ဟူသည် ဂဂ္ဂရဟန်းနှင့် တူသော ဥမ္မတ္တက ရဟန်းဖြစ်၏။
တဿပါပိယျထိုက်သူ ဟူသည် ဥပဝါဠရဟန်းနှင့် တူသော များစွာသောအပြစ်ရှိသူဖြစ်၏။ ဧသနယော သဗ္ဗတ္တ။
ဥပုသ်နေ့မဟုတ်ဘ ဥပုသ်ပြုရာ၌ ဥပုသ်နေ့မည်သည်က တစကတ္တိကမာသကို ဖယ်ထား၍ ကြွင်း တစ်ဆယ့်တစ်လတို့၌ ကွဲသောသံဃာ၏ သာမဂ္ဂီနေ့ လည်းကောင်း၊ အကြင်အကြင် ဆိုအပ်သော စာတုဒ္ဒသီနေ့ လည်းကောင်း၊ ပန္နရသီနေ့ လည်းကောင်း၊ ဤသုံးမျိုးသော ဥပုသ်နေ့တို့ကို ဥပုသ်နေ့မဟုတ်ဘဲ ဥပုသ်ပြုသည် မည်၏။
အကြင်ကျောင်း၌ သပိတ်သင်္ကန်း စသည်တို့အတွက် အနည်းငယ်သော အကြောင်းဖြင့် ဥပုသ်ကို ပဝါရဏာကို ထားကုန်အံ့။ ထိုကျောင်း၌ ထိုအဓိကရုဏ်း ဆုံးဖြတ်ပြီးသောအခါ ငါတို့ညီညွတ်ကြပြီဟု အကြား၌ သာမဂ္ဂီဥပုသ် ကို ပြုခြင်းငှါ မရကုန်။ ပြုလျှင် ဥပုသ်နေ့မဟုတ်ဘဲ ဥပုသ်ပြုသည် မည်၏။
ပဝါရဏာနေ့မဟုတ်ဘဲ ပဝါရဏာပြုရာ၌ ပဝါရဏာနေ့ မည်သည်ကား ကတ္ထိကမာသ တစ်လ၌ကွဲသော သံဃာ၏ သာမဂ္ဂီနေ့ လည်းကောင်း၊ ပဝါရဏာငင်၍ထားသောနေ့ လည်းကောင်း၊ နှစ်ခုသော လပြည့်နေ့တို့ လည်းကောင်း၊ ဤသို့ လေးမျိုးသော ပဝါရဏာနေ့တို့ကို သိအပ်ကုန်၏။
ထိုလေးမျိုးသောနေ့မှ တပါးသောနေ့၌ ပဝါရဏာ ပြုလျှင် ပဝါရဏာနေ့မဟုတ်ဘဲ ပဝါရဏာပြုသည်မည်၏။ ဤ၌လည်း အနည်းငယ်မျှသော ဝိဝါဒ၏ ငြိမ်းသောနေ့၌ သာမဂ္ဂီပဝါရဏာ ပြုခြင်းငှါ မရကုန်။ ပြုလျှင် ပဝါရဏာနေ့မဟုတ်ဘဲ ပဝါရဏာပြုသည် မည်၏။
တနည်း - အသက် ၂၀ မပြည့်သူကိုလည်းကောင်း၊ အန္တိမ ဝတ္ထု သို့ ရောက်ဘူးသူကိုလည်းကောင်း၊ အဘဗ္ဗပုဂ္ဂိုလ် တစ်ကျိပ် တစ်ယောက်တို့တွင် တစ်ယောက်ယောက်ကို လည်းကောင်း၊ ရဟန်း ပြုပေးသူ၏ ကံသည်လည်း ဝတ္ထုဝိပန္နအဓမ္မကံ မည်၏။ ဤသို့လျှင် ဝတ္ထုကြောင့် ကံတို့သည် ပျက်ကုန်၏။
(ဇီဋီ။ ။ ဥမ္မတ္တတ သမ္မုတိ ကို ဥမ္မတ္တကသည် တောင်း၍ဖဲသွားလျှင် မျက်ကွယ်လည်းပေးခြင်းငှါ အပ်သည် ဟု ဆိုအပ်၏။ ထိုနေရာ၌ ထိုင်နေသော်လည်း ကံမပျက်၊ မှတ်သားခြင်းမရှိသောကြောင့်တည်း။ မျက်ကွက်ပြုရာ၌ အပြစ် မရှိခြင်းကို ပြုခြင်းငှါ အသမ္မုခါ ကတံ သုကတံ ဟောတိ ဟု ဆိုသည်။)
တမန်ဖြင့် ရဟန်းပြုခြင်ကိုကား မျက်မှောက်ပြုခြင်းငှါ မတတ်ကောင်း။ ကမ္မဝါစာ၌ ကင်းသောဖြစ်ခြင်းရှိသော ကြောင့်တည်း။
သပိတ်မှောက်ကံ စသည်တို့ကို ဟတ္ထပါသ် မှ ပယ်၍ ပြုအပ်၏။ ထို့ကြောင့် အသမ္မုခါ ကတံ သုတံ ဟောတိ - ဟုဆိုသည်။
မေး၍အပြစ်ပြ၍ သတိရစေ၍ ပြုအပ်သော ကံကိုမမေးဘဲ အပြစ်မပြဘဲ သတိမရစေဘဲ သာပြု၏ ဟူသည် သဒ္ဒါ၏အနက် ဝစနတ္ထ တည်း။
ကတ္တိကမာသ ဟူသည် ပဝါရဏာမာသဖြစ်၏။
နှစ်ခုသောလပြည့်နေ့တို့ ဟူသည် ပဌမ၊ ဒုတိယ ဝါကပ်သူတို့၏ ပဝါရဏာ လပြည့် နှစ်ခုတို့တည်း။
သာဋီ။ ။ ဥမ္မတ္တကသမ္မုတိ မှ သပိတ်မှောက်ကံစသည် အထိ ဇီဋီအတိုင်းဆိုသည်။
သံဃသမ္မုခတာ စသည်တို့၌ ကမ္မပတ္တရဟန်းတို့ရောက်လာခြင်း၊ ဆန္ဒထိုက်သူတို့၏ ဆန္ဒကို ဆောင်ခြင်း၊ မျက်မှောက်ရောက်သူ မတားခြင်း၊ ဤသည် သံဃသခတာ မည်၏။
ဓမ္မဝိနယ သတ္ထုသာသန နှင့်အညီ သံဃာကံပြုခြင်းသည် ဓမ္မသမ္ဗုခတာ မည်၏။
ထို၌ ဓမ္မ ဟူသည် ဘူတဝတ္ထု။
ဝိနယ ဟူသည် စောဒနာနှင့်၊ သာရဏာ။
သတ္ထုသာသန ဟူသည် ဉာတ်၏ပြည့်စုံခြင်း၊ ကမ္မဝါစာ၏ပြည့်စုံခြင်းတည်း။
ကံပြုအပ်သူ၏ မျက်မှောက်ဖြစ်ခြင်းသည် ပုဂ္ဂလသမ္ဗုခတာ မည်၏။
ကတ္ထိကမာသ သည် ပဝါရဏမာသဖြစ်၏။ ထို့ကြောင့် ကတ္ထိကမာသကို ဖယ်ထား၍ ဟုဆိုသည်။
ငင်၍ထားသောနေ့ ဟူသည် လကွယ်ပက္ခ စာတုဒ္ဒသီ ကိုလည်းကောင်း၊ ပန္နရံသီ ကို လည်းကောင်း ရည်ဆိုသည်။
နှစ်ခုသောလပြည့်နေ့ဟူသည်ကို ပဌမဝါ၊ ပစ္ဆိမဝါကပ်သူတို့၏ အစွမ်းဖြင့်ဆိုသည်။
ဝိဋီ။ ။ ကမ္မဝဂ်၌ထားအပ်သော ဥပုသ်ပဝါရဏာတို့အတွက် ကတ္ထိကမာသ ၌ သာမဂ္ဂီပြုလျှင် သာမဂ္ဂီပဝါရဏာကို လွှတ်၍ ဥပုသ်ကိုပြုခြင်းငှါမအပ်။ ထို့ကြောင့် ကတ္ထိကမာသကို ဖယ်ထား၍ ဟုဆိုသည်။ အကယ်၍ ထိုရဟန်းတို့သည် တစ်သိမ်စီ မဟာပဝါရဏာ ၌ အသီးသီး ပဝါရဏာ ပြုခဲ့ပြီး ဖြစ်ကုန်အံ့။ ထို ရဟန်းတို့၏ သာမဂ္ဂီသည် ကတ္တိကမာသ အတွင်း၌ ဖြစ်အံ့။ ထိုရဟန်းတို့သည် သာမဂ္ဂီဥပုသ်ကိုသာ ပြုအပ်၏။ ပဝါရဏာမပြုအပ် အကြောင်းကား၊ တနှစ်တွင်း၌ ပဝါရဏာ ပြုပြီးသူတို့၏ တဖန် ပဝါရဏာကိုမစီရင်အပ် သောကြောင့်တည်း။
သာမဂ္ဂီနေ့ ဟူသည်ကို ဥပုသ်နေ့မှ တပါးသောနေ့၌ သာမဂ္ဂီပြုခြင်းကို ရည်ဆိုသည်။ စာတုဒ္ဒသီ ပန္နရသီဥပုသ်နေ့၌ သံဃာသည် ညီညွတ်သည်ကိုပြုအံ့၊ ထိုအခါ သာမဂ္ဂီဥပုသ်နေ့ မဟုတ်။ စာတုဒ္ဒသီ၊ ပန္နရသီ ဥပုသ်နေ့သာဖြစ်၏။ အထက်ပါ ပဝါရဏာ ပြုရာ၌လည်း ဤနည်းသာတည်း။
ငင်၍ထားသောနေ့ ဟူသည် ငြင်းခုံသူတို့၏ နှောက်ယှက်ခြင်းကြောင့် လည်းကောင်း၊ အကြောင်း တစ်ခုခုကြောင့် ပဝါရဏာသင်္ဂဟ ဟူသည်ကိုပြု၍ လည်းကောင်း ထားအပ်သော လကွယ်ပက္ခ စာတုဒ္ဒသီနေ့ သာတည်း။
နှစ်ခုသောလပြည့်နေ့ဟူသည် ပုဗ္ဗကတ္တိက ပုဏ္ဏမာ၊ ပစ္ဆိမ ကတ္ထိက ပုဏ္ဏမာ ဟူသော လပြည့်နေ့နှစ်ခုတည်း။
လေးမျိုး ဟူသည် ပုဏ္ဏမာသီနှစ်ခုနှင့် သာမဂ္ဂီ၊ စာကုဒ္ဒသီတို့ကို ပေါင်း၍ ဆိုသည်။ ဤကား ပကတိ စာရိတ္တစွမ်းဖြင့် ဆိုခြင်းတည်း။
အကြောင်းရှိလျှင် ပုဏ္ဏမာသီနှစ်ခုတို့သည် ရှေ့စာတုဒ္ဒသီနှစ်ခု လကွယ်ပက္ခ စာကုဒ္ဒသီ၏ အခြားမဲ့ ပန္နရသီတစ်ခု၊ ဤသုံးနေ့တို့လည်း ပဝါရဏာနေ့တို့သာတည်း။
ဤသို့ခုနစ်မျိုးသော ပဝါရဏာနေ့ကိုဖယ်၍တပါးသောနေ့၌ ပဝါရဏာပြုခြင်းငှါ မအပ်။)
၄၈၄။ ဉာတ်ကြောင့်ကံပျက်ပုံ
အဘယ်သို့လျှင် ဉာတ်ကြောင့် ကံတို့သည် ပျက်ကုန်သနည်း။
ငါးပါးသောခြင်းရာတို့ဖြင့် ဉာတ်ကြောင့် ကံတို့သည် ပျက်ကုန်၏။
၁။ ဝတ္ထုကိုသုံးသပ်။
၂။ သံဃာကိုမသုံးသပ်။
၃။ ပုဂ္ဂိုလ်ကိုမသုံးသပ်။
၄။ ဉာတ်ကို မသုံးသပ်။
၅။ နောက်၌သော်လည်း ဉာဏ်ကိုထား၏။
ဤငါးပါးသော ခြင်းရာတို့ဖြင့် ဉာတ်ကြောင့်ကံတို့သည်ပျက်ကုန်၏။
[ဉာတ်ကြောင့်ပျက်ရာ၌ ဝတ္ထုကိုမသုံးသပ် ဟူသည် အကြင်သူအား ဥပသမ္ဗဒကံစသည်ကိုပြု၏။ ထိုသူကို မသုံးသပ်၊ ထိုသူ၏ အမည်ကိုမယူ၊ သုဏာတု မေ ဘန္တေ သံဃော။ အယံ ဓမ္မရက္ခိတော အာယသ္မတော ဗုဒ္ဓရက္ခိတဿ ဥပသမ္ပဒါ ပေက္ခာ -ဟုဆိုအပ်လျက် သုဏာတု မေ ဘန္တေ သံဃော( ) အာယသ္မာ ဗုဒ္ဓရက္ခိတဿ ဥပသမ္ပဒါပေက္ခော - ဟုဆို၏။ ဤကား ဝတ္ထုကို မသုံးသပ်ခြင်းတည်း။]
သံဃာကိုမသုံးသပ်ဟူသည် သံဃာ၏ အမည်ကိုမယူ။ သုဏာတုမေ ဘန္တေ သံဃော။ အယံ ဓမ္မရက္ခိတော ဟုဆိုအပ်လျက်- သုဏာတုမေ ဘန္တေ ( ) အယံ ဓမ္မရက္ခိတော ဟုဆို၏။ ဤကားသံဃာကို မသုံးသပ် ခြင်းတည်း။
ပုဂ္ဂိုလ်ကိုမသုံးသပ် ဟူသည် ရဟန်းလောင်း၏ ဥပဇ္ဈာယ်ကို မသုံးသပ်။ ဥပဇ္ဈာယ်၏အမည်ကို မယူ။ သုဏာတုမေ ဘန္တေ သံဃော။ အယံ ဓမ္မရက္ခိတော အာယသ္မတော ဗုဒ္ဓရက္ခိကဿ ဥပသမ္ပဒါပေက္ခာ -- ဟု ဆိုအပ်လျက် သုဏာတုမေ ဘန္တေ သံဃော။ အယံ ဓမ္မရက္ခိတော ( ) ဥပသမ္ပဒါပေက္ခော ဟုဆို၏။ ဤကားပုဂ္ဂိုလ်ကို မသုံးသပ်ခြင်းတည်း။
ဉာတ်ကိုမသုံးသပ် ဟူသည် အခြင်းခပ်သိမ်းဉာတ်ကို မသုံးသပ်။ ဉာတ္တိဒုတိယကံ ၌ ဉာတ်ကိုမထားဘဲ နှစ်ကြိမ်သော ကမ္မဝါစာဖြင့်သာ အနုဿာဝနကံ ကို ပြု၏။ ဉာတ္တိစတုတ္ထကံ ၌လည်း ဉာဏ်မထားဘဲ လေးကြိမ်သော ကမ္မဝါစာဖြင့်သာ အနုဿာဝနကံကိုပြု၏။ ဤကား ဉာတ်ကိုမသုံးသပ်ခြင်းတည်း။
နောက်၌သော်လည်း ဉာတ်ကိုထား၏ ဟူသည် ရှေးဦးစွာ ကမ္မဝါစာဖြင့် အနုဿာဝကံကိုပြု၍ ဧသာ ဉတ္တိ ဟုဆို၍ -- ခမတိသံဃဿ တသ္မာတုဏှီ၊ ဧ၀မေတံ ဓာရယာမိ - ဟုဆို၏။ ဤကား ဉာတ်နောက်ထားခြင်း တည်း။
ဤသို့ ငါးပါးသောခြင်းရာတို့ဖြင့် ဘယ်ကြောင့် ကံတို့သည် ပျက်ကုန်၏။
(ဝိဋီ။ ။ အနုဿာ၀နကံ ပြု၍ ဟူသည် ရှေးဦးစွာ ကမ္မဝါစာကို ဘတ်၍တည်း။
ဧသာဉတ္တိ ဟူသည် ကမ္မဝါစာ၏ အဆုံး၌သာလျှင် အလုံးစုံသော ဉာတ်ကိုဘတ်၍ အဆုံး၌ ဧသာဉတ္တိ ဟု ဆို၍ ဟူလို။)
၄၈၅။ ကမ္မဝါစာကြောင့်ကံပျက်ပုံ
အဘယ်သို့လျှင် ကမ္မဝါစာကြောင့် ကံတို့သည်ပျက်ကုန်သနည်း။
ငါးပါးသော ခြင်းရာတို့ဖြင့် ပျက်ကုန်၏။
၁။ ဝတ္ထုကိုမသုံးသပ်။
၂။ သံဃာကိုမသုံးသပ်။
၃။ ပုဂ္ဂိုလ်ကို မသုံးသပ်။
၄။ ကမ္မဝါစာကို ယုတ်စေ၏။
၅။ အခါမဟုတ်သည်၌ သော်လည်း ကမ္မဝါစာကို ကြားစေ၏။
ဤငါးပါးသော ခြင်းရာတို့ဖြင့် ကမ္မဝါစာကြောင့် ကံတို့သည် ပျက်ကုန်၏။
[ကမ္မဝါစာကြောင့်ပျက်ရာ၌ ဝတ္ထုစသည်တို့ကို ဆိုပြီးသော နည်းဖြင့် သိသာပြီ။]
မသုံးသပ်ပုံကား --
သုဏာတု မေ စသော ပဋ္ဌမကမ္မဝါစာ၌လည်းကောင်း၊ ဒုတိယမ္ပိ ဧတမတ္တံဝဒါမိ စသော ဒုတိယကမ္မဝါစာ၊ တတိယကမ္မဝါစာတို့၌လည်းကောင်း၊
ကံပြုခံရသူ၏ ဝါ-ရဟန်းလောင်းအမည်ကို ( ) မထည့်ဘဲ ဘတ်လျှင်၊
သံဃော ကို ( ) မထည့်ဘဲ ဘတ်လျှင်၊
ဥပဇ္ဈာယ်အမည်ကို ( ) မထည့်ဘဲဘတ်လျှင်၊ ဝတ္ထုစသည်တို့ကို မသုံးသပ်မည်၏။
ကမ္မဝါစာကို ယုတ်စေ၏ ဟူသည် အခြင်းခပ်သိမ်း ကမ္မဝါစာဖြင့် ကြားစေခြင်းကို မပြု။ ဉတ္တိဒုတိယကံ ၌ ဉာတိကိုသာနှစ်ကြိမ်၊ စတုတ္ထကံ ၌ လေးကြိမ်ထား၏။ ဤကား ကမ္မဝါစာကို ယုတ်စေခြင်းတည်း။
ဉတ္တိဒုတိယကံ ၌ ဉာတ်တစ်ကြိမ် ထား၍ ကမ္မဝါစာတစ်ကြိမ်ဘတ်သူသည် အက္ခရာကိုစွန့်အံ့။ ပုဒ်ကို စွန့်အံ့၊ မကောင်းသဖြင့်ဘတ်ခြင်း၊ ဒုရုတ္တ ကိုပြုအံ့ - ဤသူသည်လည်း ကမ္မဝါစာကို ယုတ်စေသည်မည်၏။
ဉတ္တိစတုတ္ထကံ ၌ ဉာတ်တစ်ကြိမ် ထား၍ ကမ္မဝါစာကို တစ်ကြိမ်ဘတ်သူ၊ နှစ်ကြိမ်ဘတ်သူ၊ သုံးကြိမ် ဘတ်သော်လည်း အက္ခရာပဒစွန့်သူ၊ ဒုရုတ္တ ပြုသူသည်လည်း ကမ္မဝါစာကို ယုတ်စေသည်မည်၏။
ဒုရုတ္တ အဆုံးအဖြတ်ကို နောက်၌ ဆိုလတံ့။
အခါမဟုတ်သည်၌ ဟူသည် ကမ္မဝါစာ၏ အခါအခွင့် မဟုတ်ဘဲ ဉာတ်မထားမီ ရှေးဦးစွာသာလျှင် အနုဿာဝနကံ ကိုပြု၍ နောက်မှဉာတ်ကိုထား၏။
ဤသို့ ငါးပါးသော ခြင်းရာတို့ဖြင့် ကမ္မဝါစာကြောင့် ကံတို့သည်ပျက်ကုန်၏။
၄၈၆။ သိမ်ကြောင့်ကံပျက်ပုံ
အဘယ်သို့လျှင် သိမ်ကြောင့် ကံတို့သည်ပျက်ကုန်သနည်း။
တစ်ဆယ့် တစ်ပါးသောခြင်းရာတို့ဖြင့် သိမ်ကြောင့် ကံတို့သည် ပျက်ကုန်၏။
၁။ ငယ်လွန်းသောသိမ်ကိုသမုတ်၏။
၂။ ကြီးလွန်းသောသိမ်ကို သမုတ်၏။
၃။ နိမိတ်ပြတ်သော ကျိုးသော ပျက်သောသိမ်ကို သမုတ်၏။
၄။ တောင်ရိပ် သစ်ပင်ရိပ်မျိုး နိမိတ်ပြုသောသိမ်ကို သမုတ်၏။
၅။ နိမိတ်မရှိသောသိမ်ကို သမုတ်၏။
၆။ သိမ်မှပြင်၌တည်၍ သိမ်ကို သမုတ်၏။
၇။ မြစ်၌သိမ်ကို သမုတ်၏။
၈။ သမုဒြာပင်လယ်၌သိမ်ကို သမုတ်၏။
၉။ ထုံးအိုင်၌သိမ်ကို သမုတ်၏။
၁၀။ သိမ်ဖြင့် သိမ်ကို စပ်အောင်ပြု၏။
၁၁။ သိမ်ဖြင့်သိမ်ကိုလွှမ်းအောင်ပြု၏။
ဤတစ်ဆယ့် တစ်ပါးသော ခြင်းရာတို့ဖြင့် သိမ်ကြောင့်ကံတို့သည်ပျက်ကုန်၏။
ငယ်၊ ကြီး၊ ပြတ်ကျိုး၊ ရိပ်မျိုး၊ မ၊ ပြင်၊ ပင်လယ်၊ အိုင်၊ မြစ် လွှမ်း၊ စပ်လစ်၊ ဆယ့်တစ်သိမ်ပျက်တည်း။
[ငယ်လွန်းသောသိမ်သည် နှစ်ကျိပ်တစ်ပါးသော ရဟန်းတို့ကို မယူနိုင်။ ဝါ-ဆန့်အောင် လက်မခံနိုင်။ ကုရုန္ဒီ၌ကား၊ ရဟန်း နှစ်ကျိပ်တစ်ပါး ထိုင်ခြင်းငှါ မတတ်ကောင်း ဟုဆို၏။ ဤ သိမ်မျိုးကို သမုတ်သော်လည်း သမုတ်သော သိမ်မဖြစ်၊ ဂါမခေတ်နှင့်တူသည် သာတည်း။ ထို၌ပြုသောကံသည်ပျက်၏။ ကြွင်းသိမ် (ဆယ်လုံး) တို့၌လည်း ဧသေဝ နယော။]
ကြီးလွန်းသောသိမ်မည်သည် ဆံဖျားမျှဖြင့်သော်လည်း သုံးယူဇနာကိုလွန်စေ၍ သမုတ်သောသိမ်တည်း။
နိမိတ် ပြတ်ကျိုးသောသိမ် မည်သည် နိမိတ်ချင်းမစပ်သောသိမ်ဖြစ်၏။ အရှေ့၌ နိမိတ်ကြား၍ အစဉ်အတိုင်း တောင်၌ မြောက်၌ကြား၍ တဖန်အရှေ့၌ ကြားပြီးကို ထပ်ကြားပြီးမှ သမုတ်လျှင် နိမိတ်ပြတ်ခြင်း ကျိုးခြင်းမရှိ။ ကြားပြီးကို ထပ်မကြားဘဲ သမုတ်လျှင် နိမိတ်ပြတ်၏။ ကျိုး၏။
တစ်နည်း နိမိတ်မလောက်သော အခွံလျှင် အနှစ်ရှိသော သစ်ပင်မျိုး၊ သစ်ငုတ်၊ မြေပုံ၊ သဲပုံစသည် တစ်ခုခုကို အကြား၌ နိမိတ်တစ်ခုပြု၍ သမုတ်လျှင်လည်း နိမိတ်ပြတ်၏။ ကျိုး၏။
အရိပ်နိမိတ်သိမ် မည်သည် တောင်ရိပ်စသော အရိပ်တစ်ခုခုကို နိမိတ်ကြား၍ သမုတ်သော သိမ်ဖြစ်၏။
နိမိတ်မရှိသောသိမ် မည်သည် အခြင်းခပ်သိမ်း နိမိတ် မကြားဘဲ သမုတ်သောသိမ်ဖြစ်၏။
ပြင်၌တည်၍ သမုတ်သောသိမ် မည်သည် နိမိတ်တို့ကိုကြား၍ နိမိတ်တို့၏ ပြင်ပ၌နေ၍ သမုတ်သော သိမ်ဖြစ်၏။
မြစ်၊ သမုဒြာ၊ ထုံးအိုင်တို့၌ သိမ်ကိုသမုတ်၏ ဟူသည် ထို၌ သမုတ်သော်လည်း သဗ္ဗာဘိက္ခဝေ န အသီမာ၊ သဗ္ဗော သမုဒ္ဒေါ အသီမော။ သဗ္ဗော ဇာတဿရော အသီမော - ဟု ဟောသောကြောင့် သမုတ်သောသိမ် မဖြစ်သည်သာတည်း။
သိမ်ဖြင့် သိမ်ကို စပ်စေပုံ စသည်ကား မိမိ၏သိမ်ဖြင့် သူတပါးတို့၏သိမ်ကို စပ်အောင်ပြု၏။ လွှမ်းအောင်ပြု၏။ စပ်ပုံလွှမ်းပုံကို ဥပေါသထက္ခန္ဓက ၌ ဆိုပြီးပြီ။
ဤသို့ ဤသိမ်တစ်ဆယ့်တစ်ခုသည် သိမ်မဟုတ်၊ ဂါမခေတ်နှင့် တူကုန်၏။ ထိုတို့၌နေ၍ကံပြုလျှင် ကံသည် ပျက်၏။
ထို့ကြောင့် တစ်ဆယ့်တစ်ပါးသော ခြင်းရာတို့ဖြင့် သိမ်ကြောင့် ကံတို့သည် ပျက်ကုန်၏ဟု ဆိုသည်။
၄၈၇။ ပရိသတ်ကြောင့်ကံပျက်ပုံ
အဘယ်သို့လျှင် ပရိသတ်ကြောင့် ကံတို့သည်ပျက်ကုန်သနည်း။
တစ်ဆယ့်နှစ်ပါးသော ခြင်းရာတို့ဖြင့် ပရိသတ်ကြောင့် ကံတို့သည်ပျက်ကုန်၏။
၁။ စတုဝဂ္ဂကံ၌ ကမ္မပတ္တရဟန်းလေးပါး ပြည့်အောင် မလာကုန်။
၂။ ဆန္ဒထိုက်သူတို့၏ဆန္ဒကို မဆောင်။
၃။ မျက်မှောက်ရောက်သူတို့ တားကုန်၏။
၄။ စတုဝဂ္ဂကံ၌ ကမ္မပတ္တရဟန်းလေးပါး ပြည့်အောင်လာကုန်၏။
၅။ ဆန္ဒ မဆောင်၊
၆။ မျက်မှောက်တားကုန်၏။
၇။ စတုဝဂ္ဂကံ၌ ကမ္မပတ္တ ရဟန်းလေးပါး ပြည့်အောင်လာကုန်၏။
၈။ ဆန္ဒထိုက်သူတို့၏ ဆန္ဒကိုဆောင်၏။
၉။ မျက်မှောက်တားကုန်၏။
ပဉ္စဝဂ္ဂကံ၌ ကမ္မပ္ပတ္တရဟန်း ငါးပါးပြည့်အောင် ၃။
ဒသဝဂ္ဂကံ၌ ဆယ်ပါးပြည့်အောင် ၃။
ဝီသတိဝဂ္ဂကံ၌ နှစ်ဆယ်ပြည့်အောင် ၃။ ----
ဤသို့ ၁၂ ပါးသော ခြင်းရာတို့ဖြင့် ပရိသတ်ကြောင့် ကံတို့သည် ပျက်ကုန်၏။
[ပရိတ်သတ်ကြောင့် ကံပျက်ရာ၌ မပေါ်လွင်သော မည်သည် မရှိ။ ကမ္မပ္ပတ္တ ဆန္ဒာရဟလက္ခဏာ ကို ဖွင့်ဆိုသင့်သော်လည်း နောက်နား၌ ပါဠိတော်တွင် ဆိုပြီးလျှက်ရှိပြီ။]
၄၈၈။ ကမ္မပ္ပတ္တ ဆန္ဒာရဟ
စတုဝဂ္ဂသံဃာ ပြုအပ်သောကံ၌ လေးပါးသော ပကတတ်ရဟန်းတို့သည် ကမ္မပ္ပတ္တ တို့ ဖြစ်ကုန်၏။ ကံအားလျော်ကုန်၏။
ကြွင်းသော ပကတ ရဟန်းတို့သည် ဆန္ဒာရဟ တို့ ဖြစ်ကုန်၏။ ဆန္ဒထိုက်ကုန်၏။
ကံပြုခံရသော သူသည် ကမ္မပ္ပတ္တ လည်းမဟုတ်။ ဆန္ဒာရဟ လည်းမဟုတ်၊ ကမ္မာရဟ- ကံထိုက် သူသာမည်၏။
ပဉ္စဝဂ္ဂသံဃာ ပြုအပ်သောကံ၌ ငါးပါးသော ပကကတ် ရဟန်းတို့သည် -
ဒသဝဂ္ဂသံဃာ ပြုအပ်သောကံ၌ ဆယ်ပါးသော ပကတတ် ရဟန်းတို့သည်-
ဝီသတိဝဂ္ဂသံဃာ ပြုအပ်သောကံ၌ နှစ်ဆယ်သော ပကတတ် ရဟန်းတို့သည် ကမ္မပ္ပတ္တ တို့ဖြစ်ကုန်၏။
ကြွင်းသော ပကတတ်ရဟန်း တို့သည် ဆန္ဒာရဟ တို့ ဖြစ်ကုန်၏။
အကြင်သူအား သံဃာသည်ကံပြု၏။ ထိုသူသည် ကမ္မပ္ပတ္တ လည်း မဟုတ်၊ ဆန္ဒာရဟ လည်း မဟုတ်၊ စင်စစ် ကမ္မာရဟ ပုဂ္ဂိုလ်သာ ဖြစ်၏။
[ပကတတ် ဟူသည် အနုက္ခိတ္တ - ဥက္ခိတ္တယကံ ပြု ခံရသူ ဖြစ်၏။ အနိဿာရိတော၊ နှင်ထုတ်အပ်သူမဟုတ်၊ ပရိသုဒ္ဓသီလ စင်ကြယ်သော သီလရှိ၏။]
ဤရဟန်းမျိုးလေးပါးသည် စတုဝဂ္ဂကံ ၌ ကမ္မပတ္တ ဖြစ်ကုန်၏။ ကံအား ထိုက်ကုန်၏။ လျော်ကုန်၏။ အစိုးရ သခင်ဖြစ်ကုန်၏။ ထိုလေးပါးနှင့်ကင်း၍ ထိုကံကိုမပြုအပ်။ ထိုလေးပါး တို့၏ဆန္ဒသည် ပါရိသုဒ္ဓိ သည်မရောက်။
ကြွင်းသော ရဟန်းတို့သည် တစ်ထောင်မျှ ရှိကုန်သော်လည်း သမာနသံဝါသက ဖြစ်လျှင် ထိုရဟန်း အားလုံး ဆန္ဒာရဟ – ဆန္ဒပေးထိုက်သူတို့သာ ဖြစ်ကုန်၏။ ဆန္ဒပါရိသုဒ္ဓိကို ပေးခဲ့လျှင် လာသော်လည်းကောင်း၊ မလာသော်လည်းကောင်း ကံကားတည်၏။
အကြင်ရဟန်းအား သံဃာသည် ပရိဝါသ် စသော ကံကိုပြုအံ့။ ထိုကံပြုအပ်သော ရဟန်းသည် ကမ္မပ္ပတ္တ လည်း မဟုတ်။ ဆန္ဒာရဟ လည်းမဟုတ်။ စင်စစ်အားဖြင့် ထိုရဟန်းကို ဝတ္ထုကိုပြု၍ သံဃာသည်ကံကိုပြု၏။ ထို့ကြောင့် ကမ္မာရဟ ဟု ဆိုအပ်၏။ ကြွင်းသော ပဉ္စဝဂ္ဂကံ စသည်တို ၌လည်း ဧသေဝ နယော။]
(ဇီဋီ။ ။ ပရိသုဒ္ဓလီလ ဟူသည် ပါရာဇိက သို့ မရောက်သောရဟန်းတို့တည်း။
ထိုလေးပါးတို့၏ဆန္ဒသည် ပါရိသုဒ္ဓိ သည် မရောက်ဟူသည် သုံးပါး နှစ်ပါးထိုင်နေသောအခါ တစ်ပါး နှစ်ပါးတို့၏ ဆန္ဒပါရိသုဒ္ဓိသည် ဆောင်သော်လည်း မဆောင်အပ်သည်သာဖြစ်၏။)
သာဋီ။ ။ ဥက္ခိတ္တက မဟုတ်သူ၊ ပါရာဇိက မရောက်သူတို့သည် ပကတတ်တို့ဖြစ်ကုန်၏။
ထို့ကြောင့်ပကတတ် ဟူသည် အနုက္ခိတ္တ စသည်ကိုဆိုသည်။
အနိဿာရိက ဟူသည် ရှေ့ပုဒ် အနုက္ခိတ္တ ၏ သာဝေဝုစ်ဖြစ်၏။
ပရိသုဒ္ဓသီလ ဟူသည် ပါရာဇိက သို့ မရောက်သောရဟန်းတည်း။
ဝိဋီ။ ။ စတုဝဂ်သံဃာ ပြုအပ်သောကံ ဟူသည် လေးပါးအစုရှိသောသံဃာသည် ပြုအပ်သောကံဖြစ်၏။
အနောသာရိက ဟူသည် ဥပုသ်ထားခြင်း စသည်ဖြင့်လည်းကောင် လဒ္ဓိ နာနာသံဝါသက အဖြစ်ဖြင့် လည်းကောင်း၊ အပမပြုအပ်သူတို့တည်း။
၄၈၉။ တဖန် ကံလေးပါး
ကံတို့သည် (၁) အပလောကနကံ။ (၂) ဉတ္တိကံ။ (၃) ဉတ္တိဒုတိယကံ။ (၄) ဉတ္တိစတုတ္ထကံ ဟု ၄-မျိုးရှိ၏။
၄၉၀။ ဝတ္ထုကြောင့်ကံပျက်ပုံ
အဘယ်သို့လျှင် ဝတ္ထုကြောင့် ကံတို့သည် ပျက်ကုန်သနည်း။
ပဏ္ဍုတ် ကို ရဟန်းပြုပေးအံ့ - ဝတ္ထုဝိပန္န အဓမ္မကံ ဖြစ်၏။
ထေယျသံဝါသက ကို၊ တိတ္ထိယ ပတ္တန္တက ကို၊ တိရစ္ဆာန် ကို၊ မာတုဃာတက ကို၊ ပိတုဃာတက ကို၊ အရဟန္တဃာတက ကို၊ ဘိက္ခုနီဒူသက ကို၊ သံဃဘေဒက ကို၊ လောဟိတုပ္ပါဒက ကို၊ ဥဘတောဗျည်း ကို ရဟန်းပြုပေးအံ့ - ဝတ္ထုဝိပန္န အဓမ္မကံ ဖြစ်၏။
အသက် ၂၀ မပြည့်သူကို ရဟန်းပြုပေးအံ့ - ဝတ္ထုဝိပန္န အဓမ္မကံ ဖြစ်၏။
ဤသို့ ဝတ္ထုကြောင့် ကံတို့သည် ပျက်ကုန်၏။ (၁၂ - ချက်)
၄၉၁။ ဉာတ်ကြောင့် ဉာတ်ကြောင့် ကံပျက်ငါးပါး -- ယခင်အတိုင်း။
၄၉၂။ ကမ္မဝါစာကြောင့် ကမ္မဝါစာကြောင့်ငါးပါး -- ယခင်အတိုင်း။
၄၉၃။ သိမ်ကြောင့် သိမ်ကြောင့် တစ်ဆယ့်တစ်ပါး-- ယခင်အတိုင်း။
၄၉၄။ ပရိသတ်ကြောင့် ပရိသတ်ကြောင့် တစ်ဆယ့်နှစ်ပါး -- ယခင်အတိုင်း။
၄၉၅။ ကံတို့၏ဋ္ဌာန
အပလောကနကံ သည် အဘယ်မျှဋ္ဌာနတို့သို့ ရောက်သနည်း။
ဉာတ္တိကံ သည် အဘယ်မျှဋ္ဌာနတို့သို့ ရောက်သနည်း။
ဉာတ္တိဒုတိယကံ သည် အဘယ်မျှဋ္ဌာနတို့သို့ ရောက်သနည်း။
ဉာတ္တိစတုတ္ထကံ သည် အဘယ်မျှဌာနတို့သို့ ရောက်သနည်း၊
အပလောကနကံ သည် ငါးဌာန တို့သို့ရောက်၏။
ဉာတ္တိကံ သည် ကိုးဌာန တို့သို့ရောက်၏။
ဉာတ္တိဒုတိယကံ သည် ခုနစ်ဌာန တို့သို့ရောက်၏။
ဉာတ္တိစတုတ္ထကံ သည် ခုနစ်ဌာန တို့သို့ရောက်၏။
၄၉၆။ ပန် - ငါးဌာန
အပလောကနကံ သည် အဘယ်ငါးဋ္ဌာနတို့သို့ရောက်သနည်း။
၁။ ဩသာရဏ - သွင်းခြင်း၊
၂။ နိဿာရဏ - ထုတ်ခြင်း၊
၃။ ဘဏ္ဍုကမ္မ - ဆံရိတ်ခြင်း၊
၄။ ဗြဟ္မဒဏ္ဍ - ဗြဟ္မဒဏ် ပေးခြင်း၊
၅။ ကမ္မလက္ခဏ - ကံသာလျှင် လက္ခဏာရှိခြင်း။
အပလောကနကံ သည် ဤ ငါးဌာနသို့ရောက်၏။
သွင်း၊ ထုတ်၊ ဗြဟ္မဒဏ်။ လက်၊ ရိတ်ဆံ။ အပန် - ငါးဋ္ဌာန။
ဉာတ် -နဝ
ဉတ္တိကံ သည် အဘယ်ကိုးဌာနတို့သို့ ရောက်သနည်း။
ဩသာရဏ၊ နိဿာရဏ၊ ဥပေါသထ၊ ပဝါရဏာ၊ သမ္မုတိ၊ ဒါန၊ ပဋိဂ္ဂဟ၊ ပစ္စုက္ကဍ္ဎန၊ ကမ္မလက္ခဏ။ ဤကိုးဌာနတို့သို ရောက်၏။
ဒု -ခုနှစ်
ဉတ္တိဒုတိယကံ သည် အဘယ်ခုနစ်ဌာနတို့သို့ ရောက်သနည်း။
ဩသာရဏ၊ နိဿာရဏ၊ သမ္မုတိ၊ ဒါန၊ ဥဒ္ဓါရ၊ ဒေသနာ၊ ကမ္မလက္ခဏ။ ဤခုနစ်ဌာနတို့သို့ရောက်၏။
စတု - ခုနစ်
ဉတ္တိစတုတ္ထကံ သည် အဘယ်ခုနစ်ဌာနတို့သို့ ရောက်သနည်း။
ဩသာရဏ၊ နိဿာရဏ၊ သမ္မုတိ၊ ဒါန၊ နိဂ္ဂဟ၊ သမနုဘာသန၊ ကမ္မလက္ခဏ။ ဤခုနစ်ဌာနတို့သို့ရောက်၏။
၄၉၇။ ကမ္မပ္ပတ္တ၊ ဆန္ဒာရဟ
စတုဝဂ္ဂသံဃာ ပြုအပ်သောကံ၌ --
လေးပါးသော ပကတတ်ရဟန်းတို့သည် ကမ္မပ္ပတ္တ တို့ဖြစ်ကုန်၏။
ကြွင်းသော ပကတတ်ရဟန်းတို့သည် ဆန္ဒာရဟ တို့ဖြစ်ကုန်၏။
ကံပြုခံရသောသူသည် ကမ္မပ္ပတ္တ လည်းမဟုတ်၊ ဆန္ဒာရဟ လည်းမဟုတ်၊ စင်စစ် ကမ္မာရဟ သာမည်၏။
ကမ္မဝဂ္ဂေါ နိဋ္ဌိတော ပဌမော။
ကမ္မဝဂ်၌ပြအပ်သော ဒုရုတ္တဝိနစ္ဆယ
ဒုရုတ္တံ - မကောင်းသဖြင့်ဘတ်ခြင်းကို၊ ကရောတိ၊ ပြု၏။ ဟူသည်၌ အဆုံးအဖြတ်ကား - တပါးသောအက္ခရာကို ဆိုအပ်လျက် တပါးသော အက္ခရာကို ဆိုသူသည် ဒုရုတ္တံ ကရောတိ မည်၏။ ထို့ကြောင့် ကမ္မဝါစာကို ဘတ်လိုသော ရဟန်းသည် ဗျဉ္ဇနဆယ်ပါးကို ကောင်းစွာမှတ်သားအပ်၏။
သိထိလံ ဓနိတဉ္စ ဒီဃရဿံ၊
ဂရုကံ လဟုကဉ္ဇေ၀ နိဂ္ဂဟိတံ။
သမ္ဗန္ဓံ ဝဝတ္ထိတံ ဝိမုတ္တံ၊
ဒသဓာ ဗျဉ္ဇန ဗုဒ္ဓိယာ ပဘေဒေါ။
၁။ သိထိလံ၊ ပြော့ပြော့ရွတ်အပ်သောအက္ခရာ။
၂။ ဓနိတံ၊ မာမာ ရွတ်အပ်သော အက္ခရာ။
၃။ ဒီယံ၊ ရှည်ရှည်ရွတ်အပ်သောအက္ခရာ။
၄။ ရဿံ၊ တိုတိုရွတ်အပ်သောအက္ခရာ။
၅။ ဂရုဏံ - လေးလေးရွတ်အပ်သော အက္ခရာ။
၆။ လဟုကံ၊ ပေါ့ပေါ့ရွတ်အပ်သောအက္ခရာ။
၇။ နိဂ္ဂဟီတံ၊ ဋ္ဌာန် ကရိုဏ်းကို နှိပ်၍ရွတ်အပ်သော နိဂ္ဂဟိတ်ရှိသောအက္ခရာ။
၈။ ဝိမုတ္တံ၊ ဋ္ဌာန်ကရိုဏ်းကိုဖွင့်၍ ရွတ်အပ်သော နိဂ္ဂဟိတ်ကင်းသော အက္ခရာ။
၉။ သမ္ဗန္ဓံ၊ နောက်ပုဒ်နှင့်စပ်၍ ရွတ်အပ်သော အက္ခရာ။
၁၀။ ၀ဝတ္ထိတံ၊ နောက်ပုဒ်နှင့်မစပ် ဖြတ်၍ ရွတ်အပ်သောအက္ခရာ။
ဤ၌ သိထိလ မည်သည် ငါးပါးသောဝဂ်၌ ပဌမအက္ခရာ ငါးလုံး၊ တတိယ အက္ခရာငါးလုံးဖြစ်၏။
ဓနိက မည်သည် ငါးပါးသော ဝဂ်၌သာလျှင် ဒုတိယအက္ခရာငါးလုံး၊ စတုတ္ထအက္ခရာငါးလုံးဖြစ်၏။
ဒီဃ ဟူသည် ရှည်သောကာလဖြင့် ရွတ်အပ်သော အာ၊ ဤ၊ ဦ၊ ဧ၊ ဩ တို့ဖြစ်ကုန်၏။
ရဿ ဟူသည် အ၊ ဣ၊ ဥ တို့ဖြစ်ကုန်၏။
ဂရုက ဟူသည် ဒီဃ တို့သာတည်း။ အာယသ္မတော ဗုဒ္ဓရက္ခိတ တတ္ထေ ရဿ၊ ယဿ၊ နက္ခမတိ - ဟုသံယုတ်နှောင်းလျှက် ရွတ်အပ်သော အက္ခရာလည်း ဂရုက သာတည်း။
လဟုက ဟူသည် ရဿ တို့ သာတည်း။ အာယသ္မတော ဗုဒ္ဓရက္ခိတထေရဿ၊ ယဿ နခမတိ ဟု သံယုဂ်မနှောင်းဘဲ ရွတ်အပ်သော အက္ခရာလည်း လဟုက သာတည်း။
နိဂ္ဂဟိတ ဟူသည် ကရိုဏ်းတို့ကိုနှိပ်စက်၍ မလွတ်စေမူ၍ မပွင့်သောခံတွင်းဖြင့် နိဂ္ဂဟိတ် ဌာနရှိအောင်ပြု၍ ရွတ်အပ်သောအက္ခရာတည်း။
ဝိမုတ္တ ဟူသည် ကရိုဏ်းတို့ကို မနှိပ်စက်မူ၍ လွတ်စေ၍ ပွင့်သောခံတွင်းဖြင့် နိဂ္ဂဟိတ် ဌာနမရှိအောင်ပြု၍ ရွတ်အပ်သော အက္ခရာတည်း။
သမ္ဗန္ဓ ဟူသည် နောက်ပုဒ်နှင့်စပ်၍ တုဏှိဿ ဟူ၍ လည်းကောင်း၊ တုဏှဿ ဟူ၍ လည်းကောင်း ရွတ်အပ်သောအက္ခရာတည်း။
ဝဝတ္ထိတ ဟူသည် နောက်ပုဒ်နှင့်မစပ်အောင်ပြု၍ ဖြတ်၍ တုဏှိအဿ ဟူ၍ လည်းကောင်း၊ တုဏှအဿ ဟူ၍လည်းကောင်း ရွတ်အပ်သော အက္ခရာတည်း။
ထိုဗျဉ္ဇန နိရုတ္တိ ဆယ်ပါးတို့တွင် သုဏာတု မေ - ဟု ဆိုအပ်လျက် တဝမ်းပူကို ထဆင်ထူးပြု၍ သုဏာထုမေ -ဟု ဆိုခြင်းသည် သိထိလ ကို ဓနိက ပြုသည်မည်၏။
ဘန္တေ သံဃော - ဟုဆိုအပ်လျက် ဘကုန်း ဃကြီးတို့ကို ဗထက်ခြိုက် ဂငယ်ပြု၍။ ဗန္တေသံဂေါ - ဟုဆိုခြင်းသည် ဓနိတ ကို သိထိလ ပြုသည်မည်၏။
ဒုရုတ္တပနိစ္ဆယပြီး၏။
ကံဌာန ဝိနိစ္ဆယ
အပလောကနကံ ငါးဌာနအကျယ်
ထုတ်ခြင်း
အပလောကနကံငါးဌာနတို့တွင် ကဏ္ဍက သာမဏေအား ဒဏ်အမှုဖြင့် ဖျက်ဆီးခြင်းသည် နိဿာရဏာ မည်၏။ ထို့ကြောင့် ယခုအခါ သာမဏေသည် ဘုရားရှင်၏ ကျေးဇူးမဲ့ကိုဆိုအံ့။ တရား၏ ကျေးဇူးမဲ့ကို သံဃာ၏ကျေးဇူးမဲ့ကိုဆိုအံ့။ မအပ်သည်ကို အပ်သည်ဟုပြအံ့။ မိစ္ဆာဒိဋ္ဌိအယူ ရှိအံ့။ အန္တဂ္ဂါဟိကာဒိဋ္ဌိနှင့်ပြည့်စုံအံ့။ ထိုသာမဏေကို သုံးကြိမ်တားမြစ်၍ ထိုအယူကို စွန့်စေအပ်၏။
မစွန့်လျှင် သံဃာစည်းဝေး၍ အယူကိုစွန့်လော့ဟု ဆိုအပ်၏။ မစွန့်လျှင် ဗျတ္တရဟန်းသည် အပလောကန ကံပြု၍ နှင်အပ်၏။
ပြုပုံကား “အရှင်ဘုရားတို့ သံဃာကိုမေးပါ၏။ ပန်ကြားပါ၏။ ဤမည်သော သာမဏေသည် ဘုရားရှင်၏ ကျေးဇူးမဲ့ကို ဆိုလေ့ရှိ၏။ တပါးသော သာမဏေတို့သည် နှစ်ညဥ့်၊ သုံးညဥ့် ရဟန်းတို့နှင့်အတူ တစ်မိုးတည်း အတူအိပ်ခြင်းတို့ ရကုန်၏။ ထိုသာမဏေအား မရစိမ့်သောငှါ နှင်ထုတ်ခြင်းကို ရုစ္စတိသံဃဿ သံဃာသည် နှစ်သက်အပ်၏။ နှစ်သက်ပါသလော-ဟု သုံးကြိမ်ပန်ကြား၍ စရပိရေ ဝိနဿ- ပိရေ၊ မမြတ်နိုးအပ်သော သာမဏေ။ စရ၊ သွားလော။ ဝိနဿ၊ ပျောက်လော ပျောက်အောင် မမြင်ရအောင် သွားချေလော- ဟုဆိုအပ်၏။]
(ဝိဋီ။ ။ ကျေးဇူးမဲ့ဆိုခြင်း၊ မအပ်သည်ကို အပ်သည်ဟုပြခြင်း စသည်တို့သည် ဒိဋ္ဌိဝိပတ္တိ၌သာ ဝင်ကုန်၏။ ထိုကြောင့်သာလျှင် “ထိုအယူကိုစွန့်စေအပ်၏” ဟုဆိုလတ္တံ့၊ ရဟန်းတို့အားလည်း ဧသေဝနယော။
မိစ္ဆာဒိဋ္ဌိအယူရှိ၏ ဟူသည် ဗုဒ္ဓဝစန၏ အဓိပ္ပာယ်ကို ဖောက်ပြန်သောအားဖြင့် ယူ၏။ ထိုသူကိုသာလျှင် အန္တဂ္ဂါဟိကာဒိဋ္ဌိနှင့် ပြည့်စုံသူဟု ဆိုအပ်၏။ ကေစိတို့ကား သဿတ။ ဥစ္ဆေဒ- တပါးပါး ယူသူဟုဆိုကုန်၏။ မသင့်။ သဿတ ဥစ္ဆေဒယူလျှင် လိင်္ဂနာသနာ၏ အကြောင်းအဖြစ်ဖြင့် အဋ္ဌကထာ ဆိုပြီးဖြစ်သော ကြောင့်တည်း။ ဤ၌ ဒဏ္ဍကမ္မ နာသနာစွမ်းဖြင့် သာ လိုအပ်သောကြောင့်တည်း။)
သွင်းခြင်း
နှင်ထုတ်ခံရသော သာမဏေသည် တပါးသောအခါ “အရှင်ဘုရားတို့ ကျွန်ုပ်သည် မသိ မလိမ္မာခြင်းကြောင့် ဤသို့ပြုမိပါသည်။ သံဃာကိုကန်တော့ပါ၏” ဟု ကန်တော့အံ့၊ သုံးကြိမ် ကန်တော့စေ၍ အပလောကနဖြင့်သာ သွင်းအပ်၏။ သွင်းပုံကား --
သံဃာ့အလယ်၌ ဗျတ္တရဟန်းသည် သံဃာ၏အလိုဖြင့် “အရှင် ဘုရားတို့ သံဃာကို ပန်ကြားပါ၏၊ ဤမည်သော သာမဏေသည် ဘုရားကျေးဇူးမဲ့ ဆိုသောကြောင့် တစ်မိုးတည်း အိပ်ခွင့်မရအောင် နှင်ထုတ်အပ်သူဖြစ်၏။ ယခုအခါ ကောင်းစွာကြဉ်ရှောင်၍ နှိမ်ချ၍ လဇ္ဇီဓမ္မသို့သက်၍ ရှက်ကြောက်၍ ဒဏ်ခံရသူဖြစ်၍ အပြစ်ကို လျှောက်ကြား၏။ ဤသာမဏေအား ရှေး၌ကဲ့သို့ ကာယသမ္ဘောဂသာမဂ္ဂီ ပေးခြင်းကို သံဃာသည် နှစ်သက်အပ်၏။ နှစ်သက်ပါသလော” ဟု သုံးကြိမ်ပန်ကြားအပ်၏။ ဤသို့လျှင် အပလောကနကံသည် သွင်းခြင်းသို့၊ ထုတ်ခြင်းသို့ရောက်၏။
(ဇီဋီ၊ သာဋီ။ ။ ကာယသမ္ဘောဂသာမဂ္ဂီ ဟူသည် သဟသေယျ - တစ်မိုးတည်းအတူအိပ်ခြင်း၊ ပဋိဂ္ဂဟဏာဒိ - အကပ်ခံခြင်း စသည်ဖြစ်၏။ သုတေရတော - သုဋ္ဌုသြရတော ဝါ၊ သောရတော၊ သုတ၌မွေ့၏။ (ဝါ) ကောင်းစွာ ကြဉ်ရှောင်၏။ နိဝါကဝုတ္တိ တိနိစ ဝုတ္တိ - နှိမ့်ချ၏။)
ဆံရိတ်ခြင်း
(ဘဏ္ဍကမ္မ- ရှင်လောင်းဆံရိတ် ပန်ကြားခြင်းကို မဟာခန္ဓက အဖွင့်၌ ဆိုပြီးသည်သာတည်း။)
ဗြဟ္မဒဏ်
ဗြဟ္မဒဏ်ကို ပဉ္စသတိကက္ခန္ဓက၌ ဆန္ဒရဟန်းအား ပေးပုံဆိုပြီးပြီ။ ဆန္ဒအားသာ ပညတ်သည် မဟုတ်။ မကောင်းသော စကားတို့ဖြင့် ရဟန်းတို့ကို ချုတ်ချယ်သော ဆဲရေးသော ရှုတ်ချသော နှုတ်သီး ကြမ်းသည့် မုခရ ရဟန်းအားလည်း ပေးအပ်၏။ ပေးပုံကား --
သံဃာ့အလယ်၌ ဗျတ္တရဟန်းသည် သံဃာ၏အလိုဖြင့် “ဤမည်သောရဟန်းသည် နှုတ်ကြမ်း၏။ ရဟန်းတို့ကို ချုတ်ချယ်၏။ ထိုရဟန်းသည် ဆိုချင်ရာဆိုငြားအံ့၊ ရဟန်းတို့သည် ဤမည်သောရဟန်းကို မဆိုအပ်သည် သာတည်း။ ဆုံးမခြင်း၊ ကံမြစ် ခြင်းမပြုအပ်သည်သာတည်း။ သံဃာကိုပန်ကြားပါ၏။ ဤမည်သော ရဟန်းအား ဗြဟ္မဒဏ်ပေးခြင်းကို သံဃာသည် နှစ်သက်အပ်၏။ နှစ်သက်ပါသလော” ဟု သုံးကြိမ်ပန်ကြားအပ်၏။
နောက်၌ကောင်းစွာကျင့်၍ ကန်တော့လျှင် ဗြဟ္မဒဏ်ကို ငြိမ်းစေအပ်၏။ ငြိမ်းစေပုံကား -
ဗျတ္တရဟန်းသည် သံဃာ့အလယ်၌ အရှင်ဘုရားတို့ ရဟန်းသံဃာသည် ဤမည်သောရဟန်းအား ဗြဟ္မဒဏ်ကို ပေးထားသည်။ ယခု ထိုရဟန်းသည် ကောင်းစွာကြဉ်ရှောင်၏။ နှိမ့်ချ၏။ လဇ္ဇီဓမ္မသို့ သက်၏။ ရှက်ခြင်း ကြောက်ခြင်း၌တည်၏။ ပညာဖြင့်ဆင်ခြင်၍ နောင်စောင့်စည်းခြင်းငှါ တည်၏။ သံဃာကို ပန်ကြားပါ၏။ ထိုရဟန်းအား ဗြဟ္မဒဏ်ငြိမ်းခြင်းကို သံဃာသည် နှစ်သက်အပ်၏။ နှစ်သက်ပါသလော” ဟု သုံးကြိမ် ပန်ကြားအပ်၏။ ဤသို့အပလောကနကံဖြင့် ဗြဟ္မဒဏ်ကို ငြိမ်းစေအပ်၏။
(သာဋီ။ ။ ပဋိသင်္ခါ - ပဋိသင်္ခါယ - ဉာဏေန ဥပပရိက္ခိတွာ - ဉာဏ်ပညာဖြင့်ဆင်ခြင်၍၊
ဝိဋီ … ရဟန်းအားလည်း ပေးအပ်၏ ဟူသည် ထင်ရှားရှိသော နှုတ်ကြမ်းခြင်း စသည်ကိုမှီ၍ မေးမြန်းခြင်း ပဋိညာယူခြင်း အာပတ်သို့တင်ခြင်း မပြုမူ၍သော်လည်း ကုစားအပ်သော လက်ရှိအာပတ်ဖြင့် ဆဲရေးခြင်း စသည်မှ မကြင်သူအား ပေးအပ်သည်သာတည်း။ ကြဉ်၍ သည်းခံစေသူ အားကား မပေးအပ်။
ဗြဟ္မဒဏ်ဟူသည် ခရဒဏ္ဍ - ကြမ်းသောဒဏ်၊ ဥက္ကဋ္ဌဒဏ္ဍ - မြတ်သောဒဏ် ထက်သောဒဏ်ဖြစ်၏။
တဇ္ဇနိယ စသော ကံကိုပြုလျှင် ထိုသူ၌ သြဝါဒအနုသာသနိပေးခြင်း၊ ပယ်ခြင်းမရှိ၊ ပေးအပ်သော ဗြဟ္မဒဏ် ရှိသူဖြစ်လျှင် သြဝါဒအနုသာသနိ မပေးအပ်။ တဇ္ဇနိယစသော ကံပြုခံရသူတို မပြုအပ်ဟု ပယ်အပ်သည် ကိုလည်း ပြုခြင်းငှါမအပ်။ နေဝ ဝတ္တဗ္ဗော စသည်ဖြင့် အာလ္လာပ၊ သလ္လာပ စသည်မျှကိုသော်လည်း န-အက္ခရာဖြင့် ပယ်ခြင်းကြောင့်တည်း။
ထိုရဟန်းကိုမြင်လျှင် ရဟန်းတို့သည် လည်ပင်းလှည့်ကြည့်ကာမျှကိုပင် မပြုကုန်။ မာနကျိုးစေခြင်းငှါသာလျှင် အထူးကြဉ် ရှောင်၍၊ ထိုဒဏ်ကို ခွင့်ပြုသောကြောင့်တည်း။ ထို့ကြောင့်သာလျှင် ဥက္ခေပနိယကံစသည် အပြုခံရစဉ်က မကြောက်သော ဆန္ဒမထေရ်သော်မှလည်း ဗြဟ္မဒဏ်ပေးသောအခါ “သံဃာသည် ငါ့ကို အစွမ်းကုန် ကြဉ်ခြင်းကြီး ကြဉ်ပါပြီတကား” ဟု မိန်းမော၍ လဲသွားလေသည်။
ဗြဟ္မဒဏ်ခံရသူနှင့်အတူ သိလျှက် ရောနှော၍ မကြဉ်ရှောင်သူအား ဒုက္ကဋ်သာတည်းဟု ယူအပ်၏။ ဤသို့ မယူလျှင် ဗြဟ္မဒဏ်အစီအရင် အကျိုးမရှိဟု တွေးတောဘွယ် ရှိသောကြောင့်တည်း။ ဗြဟ္မဒဏ်ခံရသူသည် တဇ္ဇနိယ စသောကံပြုခံရသူတို့ကဲ့သို့ကျင့်၍ ထိုထက်လွန်၍လည်း သံဃာနှစ်သက်အောင် ကောင်းစွာကျင့်၍ ဝန်ချအံ့။ ဗြဟ္မဒဏ်ကို ငြိမ်းစေအပ်၏။)
ကမ္မလက္ခဏာ
ကမ္မလက္ခဏာ ဟူသည် ဘိက္ခုနိက္ခန္ဓက၌ ဘိက္ခုနီတို့ကို ရေဖြင့်လောင်းခြင်း၊ အင်္ဂါကြီးငယ် လှစ်ပြခြင်း စသည်တို့ကြောင့် ဒုက္ကဋ်ဟု ပညတ်၍ ထိုရဟန်းအား ဒဏ်အမှုပြုခြင်းငှါ ခွင့်ပြု၏။ ဘိက္ခုနီသံဃာသည် ထိုရဟန်းကို ရှိမခိုးအပ်သော ဒဏ်အမှုကိုပြုအပ်၏ဟု အဝိန္ဒိယကံကို ခွင့်ပြု၏။
ထိုအဝန္ဒိယကံသည် ကမ္မလက္ခဏာသာဖြစ်၍ ဤအပလောကနကံ၏ ဌာနဖြစ်သည်။ ထိုကံကား ကမ္မသာလျှင် လက္ခဏာရှိ၏။ ဩသာရဏ စသည်တို့မရှိ။ ထို့ကြောင့် ကမ္မလက္ခဏာ မည်၏။ ကံပြုပုံကို ထိုခန္ဓက၌ ဆိုပြီးသော်လည်း ကံငြိမ်းခြင်းနှင့်တကွ ဤ၌အကျယ်ဆိုအံ့။
ဘိက္ခုနီကျောင်း၌ စည်းဝေးသော ဘိက္ခုနီသံဃာ၏ အလိုဖြင့် ဗျတ္တာ ဘိက္ခုနီသည် “အရှင်မတို့ ဤမည်သော အရှင်သည် ဘိက္ခုနီတို့အား မကြည်ညိုဖွယ်ကိုပြ၏။ ထိုအရှင်အား အဝိန္ဒိယကံပြုခြင်းကို နှစ်သက်အပ်၏။ နှစ်သက်ပါသလောဟု ဘိက္ခုနီသံဃာကို အကျွန်ုပ် မေးပါ၏၊ ပန်ကြားပါ၏။” ဟု သုံးကြိမ် ပန်ကြား၍ အပလောကနကံဖြင့် အဝိန္ဒိယကံကိုပြုအပ်၏။ ထိုအခါမှစ၍ ထိုရဟန်းကို ဘိက္ခုနီတို့ ရှိမခိုးအပ်။
ထိုအခါ ရှက်နိုးလှ၍ ကောင်းစွာကျင့်အံ့၊ ထိုရဟန်းသည် ဘိက္ခုနီတို့ကို သည်းခံစေအပ်ကုန်၏။ ဘိက္ခုနီ ကျောင်းသို့ မသွားဘဲ ရဟန်းတို့၏ ကျောင်း၌သာလျှင် သံဃာသို့၊ ဂဏသို့၊ ရဟန်းတစ်ပါး ထံသို့ဖြစ်စေ ချဉ်းကပ်၍ ဆောင့်ကြောင့်ထိုင်လျှက် လက်အုပ်ချီ၍ “အရှင်ဘုရားတို့ အကျွန်ုပ်သည် ပညာဖြင့်ဆင်ခြင်၍ နောင်စောင့်စည်းခြင်း၌ တည်ပါတော့မည်၊ မကြည်ညိုဘွယ်ကို မပြတော့ပါ။ ဘိက္ခုနီ သံဃာသည် အကျွန်ုပ်အား သည်းခံပါစေသတည်း” ဟု သည်းခံစေအပ်၏။
ထိုသံဃာသည် ထိုဂဏသည် ရဟန်းတစ်ပါးကို စေလွှတ်၍ ထိုရဟန်းတစ်ပါးသည် ကိုယ်တိုင်သွား၍ ဘိက္ခုနီတို့ကို ဆိုအပ်၏။ ဤရဟန်းသည် ဆင်ခြင်၍ နောင်စောင့်စည်းခြင်း၌ တည်ပြီ၊ အပြစ်ကိုပြော၍ ဘိက္ခုနီသံဃာကို သည်းခံစေပြီ၊ ဘိက္ခုနီသံဃာသည် ဤရဟန်းကို ရှိခိုးခြင်းကို ပြုစေသတည်း” ဟုဆိုအပ်၏။
ထိုရဟန်းကို ရှိခိုးအပ်သည်ကိုပြုအပ်၏။ ပြုပုံကား ---
ဘိက္ခုနီကျောင်း၌ စည်းဝေးသော ဘိက္ခုနီသံဃာ၏ အလိုဖြင့် ဗျတ္တာ ဘိက္ခုနီသည် “အရှင်မတို့ ဤမည်သော အရှင်သည် မကြည်ညိုဘွယ်ကို ပြခြင်းကြောင့် အဝိန္ဒိယဟု ဘိက္ခုနီသံဃာ ပြုထားသည်။ ထို အရှင်သည် ရှက်နိုး၍ ဆင်ခြင်၍ နောင်စောင့်စည်းခြင်း၌တည်လျက် အပြစ်ကိုပြောကြား၍ ဘိက္ခုနီသံဃာကို သည်းခံစေပြီ။ ထိုအရှင်အား ဝန္ဒိယကံပြုခြင်းကို နှစ်သက်ပါ၏။ နှစ်သက်ပါသလောဟု ဘိက္ခုနီသံဃာကိုမေးပါ၏။ ပန်ကြားပါ၏” ဟု သုံးကြိမ်ပန်ကြားအပ်၏။ ဤသို့ အပလောကနကံဖြင့်သာလျှင် ဝိန္ဒိယပုဂ္ဂိုလ်ဟု ပြုအပ်၏။
ပါဠိမုတ္တက ကမ္မလက္ခဏ ဝိနိစ္ဆယကို နောက်၌ သီးခြားပြအံ့။
ဤသို့လျှင် အပလောကနကံသည် ငါးဋ္ဌာနသို့ရောက်၏။
ဇီဋီ။ ။ ဤအပလောကနကံ၏ ဋ္ဌာနဖြစ်၏ ဟူသည် (ထိုအဝိန္ဒိယကံသည် ကမ္မလက္ခဏသာ ဖြစ်၏။) ဤသို့လည်း အပလောကနကံသည် ဖြစ်၏ ဟူသောအနက်တည်း။
ကမ္မသည်သာလျှင် လက္ခဏဖြစ်သောကြောင့် ကမ္မလက္ခဏ မည်၏။ ဩသာရဏ၊ နိဿာရဏ၊ ဘဏ္ဍုကမ္မ စသည်တို့ကဲ့သို့ ကံဖြစ်၍ အမည်တပါးကိုရသည်မဟုတ်။ ကမ္မမေဝ ဟုတွာ ဥပလက္ခီယတီတိ ကမ္မလက္ခဏံ၊ ကမ္မသာ ဖြစ်၍ မှတ်အပ်၏။ (ဝါ) မှတ်အပ်သောကမ္မတည်း။ ဥပနိဿယ နှင့်တူ၏။ ဟေတုပစ္စည်း စသော လက္ခဏာမှ လွတ်သမျှ ပစ္စယဝိသေသအားလုံးကို ဥပနိဿယ၌ ရေတွက်အပ်၏။ ဤသို့လည်း ကမ္မလက္ခဏသာဖြစ်၍ အပလောကနကံဖြစ်၏ ဟုဆိုအပ်၏။ ကမ္မလက္ခဏတို့ကို အစ္ဆိန္နစီဝရ စသည်ကိုဖြင့် ပြအပ်ကုန်၏။
သာဋီ။ ။ ထို့အတူတည်း။
-
ဝိဋီ။ ။ ဤအပလောကနကံ၏ ဌာနဖြစ်၏ ဟူသည် အပလောကနကံသာမည၏ ဖြစ်ရာဌာနဖြစ်၏ဟူလို။ ဝိသေသ သီးခြားဖြင့် (အပလောကနကံ) မရှိသော်လည်း ထိုမှတပါးသောဌာန၌ မဖြစ်ခြင်းကိုပြခြင်းငှါ ဝိသေသကိုမှီသော ကံကို ကဲ့သို့ ဆိုအပ်၏။
ကမ္မသည်သာလျှင် လက္ခဏ ဟူသောစကား ဖြင့် ကမ္မညေဝလက္ခဏံ အဿာတိ ကမ္မလက္ခဏံ - ဟု ဝိဂြိုဟ် ကိုပြ၏။ ဝိသေသသာမညလက္ခဏစွမ်းဖြင့် ယူအပ်သော ကံဖြစ်သောကြောင့်တည်း။
ဩသာရဏ စသည်စွမ်းဖြင့် ယူအပ်သည်မှ ကြွင်းသမျှဌာနတို့၏ကံသည် အပလောကနကံဖြစ်၏ဟု ဝိသေသ သာမညလက္ခဏာစွမ်းဖြင့်ယူသည်။
ဤဌာနသည် ဆိုအပ်သည်မှ ကြွင်းသောကံတို့၏ အဆုံးသတ်တည်ရာဌာန ဖြစ်၏။ သင်္ခါရက္ခန္ဓာ၊ ဓမ္မာယတနတို့သည်မှ ကြွင်းသော ခန္ဓာ အာယတနတို့၏ အဆုံးသတ်တည်ရာ ဌာနဖြစ်သကဲ့သို မှတ်အပ်၏။ ထို့ကြောင့် ပါဠိမုတ္တကကမ္မလက္ခဏ ဝိနိစ္ဆယကို ဆိုသည်။ အထက်ဉာတ္တိကံစသည်တို့၌လည်း ကမ္မလက္ခဏကို ဤအတူဆိုအပ်၏။
ရှိမခိုးအပ်ဟူသော စကားဖြင့် ရှိခိုးသော ဘိက္ခုနီအား ဒုက္ကဋ်ဟုပြသည် ဟူ၍ မှတ်အပ်၏။ သံဃာသည် ပြုအပ်သော ကတိကဝတ်ကိုသိလျက် လွန်ကျူးခြင်းကဲ့သို့ သံဃသမ္မုတိကို မရိုမသေ လွန်ကျူးသူအား အာပတ် သာတည်း။)
ညတ္တိကံ ကိုးဌာနအကျယ်
သွင်းခြင်း
ဉတ္တိကံဌာနအပြား၌ သုဏာတု မေ ဘန္တေ သံဃော။ ဣတ္ထန္နာမော ဣတ္ထန္နာမဿ အာယသ္မတော ဥပသမ္ပဒါ ပေက္ခော၊ အနုသိဋ္ဌော သော မယာ။ ယဒိသံဃဿ ပတ္တကလ္လံ၊ ဣတ္ထန္နာ မော အာဂစ္ဆေယျ။ ။ အာဂစ္ဆာဟီတိ ဝတ္တဗ္ဗော။ ဤသို့ရဟန်း လောင်းကို သွင်းခြင်းသည် ဩသာရဏာ မည်၏။
(ဇီဋီ -သာဋီ။ ။ ဉတ္တိကံ ဌာနအပြားဟူသည် ဉတ္တိကံ၏ဌာနအပြားတည်း။)
ထုတ်ခြင်း
သုဏန္တု မေ အာယသ္မန္တာ။ အယံ ဣတ္ထန္နာ မော ဘိက္ခု ဓမ္မကထိကော၊ ဣမဿ နေဝသုတ္တံ အာဂစ္ဆတိံ။ (ပ) ဣမံ အဓိကရဏံ ဝူပသမ္မေယျာမ - ဤသို့ ဥဗ္ဗာဟိက ဝိနိစ္ဆယ၌ ဝိနည်း မသိဘဲ သဒ္ဒါရိပ်ဖြင့် အနက်ထားသော ဓမ္မကထိကကို ထသွားစေခြင်း သည် နိဿာရဏမည်၏။
ဥပေါသထ
သုဏာတု မေ ဘန္တေ သံဃော၊ အဇ္ဇုပေါသထော ပန္နရသော။ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော ဥပေါသထံ ကရေယျ။ ဤသို့ ဥပုသ်ကံစွမ်းဖြင့်ထားသော ဉာတ်သည် ဥပေါသထမည်၏။
ပဝါရဏာ
သုဏာတု မေ ဘန္တေ သံဃော။ အဇ္ဇ ပဝါရဏာ ပန္နရသီ။ ယဒိသံဃဿ ပတ္တကလ္လံ၊ သံဃော ပဝါရေယျ။ ဤသို့ ပဝါရဏာကံစွမ်းဖြင့် ထားသောဉာတ်သည် ပဝါရဏာမည်၏။
သမ္မုတိ
သုဏာတု မေ ဘန္တေ သံဃော။ ဣတ္ထန္နာ မော ဣတ္ထန္နာမဿ အာယသ္မတော ဥပသမ္ပဒါ ပေက္ခာ။ ယဒိသံဃဿ ပတ္တကလ္လံ၊ အဟံ ဣတ္ထန္နာမံ အနုသာသေယျံ၊ ယဒိသံဃဿ ပတ္တကလ္လံ ဣတ္ထန္နာမံ အနုသာ သေယျ။ --- အန္တရာယိ ကေ ဓမ္မေ ပုစ္ဆေယျံ။ ---- ပုစ္ဆေယျ။ --- ဝိနယံ ပုစ္ဆေယျံ။ ပုစ္တေယျ ဝိနယံ ပုဋ္ဌော ဝိဿဇ္ဇေယျံ။ ဝိဿဇ္ဇေယျ။ ဤသို့ မိမိကိုယ်ကို လည်းကောင်း၊ သူတပါးကို လည်းကောင်း သမုတ်ခြင်းငှါ ထားသော ဉာတ်သည် သမ္မုတိမည်၏။
ပေးခြင်း
သုဏာတု မေ ဘန္တေ သံဃော။ ဣဒံ စီ၀ရံ ဣတ္ထန္နာမဿ ဘိက္ခုနော နိဿဂ္ဂိယ သံဃဿ နိဿဋ္ဌံ။ ယဒိသံဃဿ ပတ္တကလ္လံ၊ သံဃော ဣမံ စီ၀ရံ ဣတ္ထန္နာမဿ ဘိက္ခုနော ဒဒေယျ။ ယဒါ ယသ္မန္တာနံ ပတ္တကလ္လံ၊ အာယသ္မန္တာ ဣမံစီဝရံ ဣတ္ထန္နာမဿ ဘိက္ခုနော ဒဒေယျံ။ ဤသို့ စွန့်သော သင်္ကန်းသပိတ် စသည်တို့ကို ပေးခြင်းသည် ဒါနမည်၏။
ခံယူခြင်း
သုဏာတု မေ ဘန္တေ သံဃော အယံ ဣတ္ထန္နာမော ဘိက္ခု အာပတ္တိံ သရတိ ဝိ၀ရတိ၊ ဥတ္တာနိံ ကရောတိ ဒေသေတိ။ ယဒိ သံဃဿ ပတ္တ ကလ္လံ အဟံ ဣတ္ထန္နာမဿ ဘိက္ခုနော အာပတ္တိံ ပဋိဂ္ဂဏှေယျံ။ ယဒါယသ္မန္တာနံ ပတ္တကလ္လံ၊ အဟံ ဣတ္ထန္နာမဿ ဘိက္ခုနော အာပတ္တိံ ပဋိဂ္ဂဏှေယျံ။ ယဒါ ယဒါယသ္မန္တာနံ ပတ္တကလ္လံ၊ အဟံ ဣတ္ထန္နာမဿ ဘိက္ခုနော အာပတ္တိံ ပဋိဂ္ဂဏှေယျံ တေနဝတ္တဗ္ဗော ပဿသီတိ။ အပဿာမီတိ၊ အာယတိံ သံဝရေယျာ သီတိ။ --- ဤသို့ အာပတ်ကိုခံခြင်းသည် ပဋိဂ္ဂဟမည်၏။
ငင်ခြင်း
သုဏန္တု မေ အာယသ္မာ အာဝါသိကာ။ ယဒါယသ္မန္တာနံ ပတ္တကလ္လံ၊ ဣဒါနိ ဥပေါသထံ ကရေယျာမ၊ ပါတိမောက္ခံဥဒ္ဒိသေယျာမ၊ အာဂမေ ကာဠေ ပဝါရေယျာမ။ -- တဖန်ငြင်းခုံလိုသူတို့ နှောက်ယှက်ပြန်သောအခါ - အာဂမေ ဇုဏှေပဝါရေယျာမ။ ဤသို့ပြုသော ပပါရဏာငင်ခြင်းသည် ပစ္စုက္ကဍ္ဎနာ မည်၏။
ကမ္မလက္ခဏ
သံဃာအားလုံး တပေါင်းတည်း စည်ဝေး၍ စည်းဝေးပြီးသောအခါ ဗျတ္တ ပဋိဗလရဟန်းသည် သံဃာကို သိစေအပ်၏။ သုဏာတု မေ ဘန္တေ သံဃော။ အမှာကံ ဘဏ္ဍနဇာတာနံ (ပ)။ ယဒိသံဃဿ ပတ္တကလ္လံ၊ သံဃော ဣမံ အဓိကရဏံ တိဏဝတ္ထာရကေန ဝူပသမ္ပေယျ ထပေတွာ ထုလ္လ၀ဇ္ဇံ ထပေတွာ ဂိဟိပဋိသံယုတ္တံ။ ဤသို့ တိဏဝတ္ထာရက သမထဖြင့် ပြုလို၍ ရှေးဦးစွာထားသော သဗ္ဗသင်္ဂါဟိကဉာတ်သည် ကမ္မလက္ခဏ မည်၏။ ထို့နောက် တစ်ခုတစ်ခုသော ပက္ခ၌ တစ်ခုစီပြုသော ဉာတ်နှစ်ခုတို့လည်း ကမ္မလက္ခဏတည်း။
ဤသို့ ဉတ္တိကံသည် သွင်းခြင်း ထုတ်ခြင်း စသော ကိုးဌာနသို့ရောက်၏။
ဉတ္တိဒုတိယကံ ခုနစ်ဌာနအကျယ်
ထုတ်၊ သွင်း
ဉတ္တိဒုတိယကံ ဌာနအပြား၌ ၀ဍ္ဎလိစ္ဆဝီအား သပိတ်မှောက်ခြင်းသည် နိဿရဏာ။ ထိုဝဍ္ဎအားသာလျှင် သပိတ်လှန်ခြင်းသည် ဩသာရဏာမည်၏။
သမ္မုတိ
သိမ်သမုတ်ခြင်း၊ တိစီဝရိက်အဝိပ္ပါဝါသ သမုတ်ခြင်း၊ သန္ထကသံမ္မုတိ၊ ဘတ္ထုဒ္ဒေသက၊ (ပ) သာမဏေရပေသန ဟူသော တေရသသမ္မုတိ။
ပေးခြင်း
ကထိန်သင်္ကန်းပေးခြင်း၊ မတကစီဝရ ပေးခြင်း အစွမ်းဖြင့် ဒါနကိုသိအပ်၏။
နှုတ်ခြင်း
ကထိန်နှုတ်ခြင်းဖြင့် ဥဒ္ဓါရကိုသိအပ်၏။
ပြောကြားခြင်း
ကုဋီဝတ္ထု၊ ဝိဟာရဝတ္ထုနေရာ ပြောကြားခြင်း အစွမ်းဖြင့် ဒေသနာကိုသိအပ်၏။
ကမ္မလက္ခဏ
တိဏဝတ္ထာရက သမထ၌ သဗ္ဗသင်္ဂါဟိကဉာတ် လည်းကောင်း၊ တစ်ပက္ခ တစ်ဉာတ်စီ လည်းကောင်း၊ ဤသို့ သုံးခုသောဉာတ်တို့ကို ထားပြီးသောအခါ တဖန်တစ်ပက္ခ တစ်ခုစီ ဉတ္တိဒုတိယကမ္မဝါစာကို ဟော၏။ ထို ကမ္မဝါစာ၏အစွမ်းဖြင့် ကမ္မလက္ခဏကို သိအပ်၏။
ဤသို့ ဉတ္တိဒုတိယကံသည် ခုနစ်ဌာနတို့သို့ရောက်၏။
ဉာတ္တိစတုတ္ထကံ ခုနစ်ဌာနအကျယ်
ထုတ်၊ သွင်း
ဉတ္တိစတုတ္ထကံဌာနအပြား၌ တဇ္ဇနီယ စသော ခုနစ်ပါးသောကံတို့၏ အစွမ်းဖြင့် နိဿာရဏာ၊ ထိုကံတို့၏ ငြိမ်းခြင်းဖြင့် ဩသာရဏာကို သိအပ်၏။
သမ္မုတိ ဘိက္ခုနောဝါဒက သမ္မုတိစွမ်းဖြင့် သမ္မုတိကိုသိအပ်၏။
ပေးခြင်း ပရိဝါသ်ပေးခြင်း၊ မာနတ်ပေးခြင်းဖြင့် ဒါနကိုသိအပ်၏။
နှိပ်ခြင်း မူလာယ ပဋိကဿနစွမ်းဖြင့် နိဂ္ဂဟကို သိအပ်၏။
ဆုံးမခြင်း ဥက္ခိတ္တာနုဝတ္တက၊ အဋ္ဌယာဝတတိယက၊ အရိဋ္ဌ၊ စဏ္ဍကာဠီ- ဤယာဝတတိယက ၁၁-ယောက် တို့အား သုံးကြိမ်ဆုံးမခြင်းဖြင့် သမနုဘာသနာကို သိအပ်၏။
ကမ္မလက္ခဏာ ဥပသမ္ပဒကံ၊ အဗ္ဘာနကံစွမ်းဖြင့် ကမ္မလက္ခဏာကိုသိအပ်၏။
ဤသို့ ဉတ္တိစတုတ္ထကံသည် ခုနစ်ဌာနသို့ ရောက်၏။
ကံနှင့်ကံပြုသူ
(ဇီဋီ။ ။ ဤဆိုလတံ့ကား ပတိဏ္ဏကတည်း။ သံဃာ့ကံသည်ရှိ၏။ သံဃာသာပြုသည်။ ဂဏပုဂ္ဂလမပြု။ ထိုကံကို အပလောကနကံ၏ ကမ္မလက္ခဏ တစ်စိတ် တစ်ဒေသကိုဖယ်၍ ထိုမှတပါးသော လေးပါးပြားသော ကံကိုသိအပ်၏。
သံဃာ့ကံသည်ရှိ၏။ သံဃာလည်းပြုသည်။ ဂဏ၊ ပုဂ္ဂလလည်း ပြုသည်။ ထိုကံကို အကြင်ကျောင်း၌ နှစ်ပါး သုံးပါးနေကုန်၏။ ထိုနှစ်ပါးသုံးပါးတို့ ပြုသောကံသည်လည်း သံဃာပြုသောကံနှင့် တူသည်သာတည်း။ ရဟန်းတစ်ပါးတည်းနေအံ့။ ထိုရဟန်းသည် စသည်ဖြင့်ဆိုအပ်ပြီ။
(ပါဠိမုတ္တကကမ္မ လက္ခဏ ဝိနိစ္ဆယ၌ မြင်ရလတ္တံ့။)
ဂဏကံသည်ရှိ၏။ သံဃာလည်းပြုသည်။ ဂဏပုဂ္ဂလလည်း ပြုသည်။ ထိုကံကို ဥပုသ်ပြုပြီးသော ပဝါရဏာ ပြုပြီးသော သူတပါးတို့ထံ၌ပြုသော ပါရိသုဒ္ဓိဥပုသ်ကံစွမ်းဖြင့် သိအပ်၏။
ဂဏကံသည်ရှိ၏။ ဂဏသာပြုသည်။ သံဃပုဂ္ဂလ မပြု။ ထိုကံကို အချင်းချင်းပြောကြားသော ပါရိသုဒ္ဓိဥပုသ်ကံ စွမ်းဖြင့်သိအပ်၏။
ပုဂ္ဂလကံသည်ရှိ၏။ ပုဂ္ဂလသာပြုသည်၊ သံဃ၊ ဂဏ မပြု။ ထိုကံကိုအဓိဋ္ဌာန် ဥပုသ်ကံစွမ်းဖြင့် သိအပ်၏။
ကဏကံသည်ရှိ၏။ အချို့ ဂဏသာပြုသည်။ အချို့ ဂဏမပြု။ ထိုတွင် ဉာတ်မရှိသော ဂဏကံကို နှစ်ပါးသာ ပြုသည်။ သုံးပါးမပြု။ ဉာတ်ရှိသောကံကို သုံးပါးသာပြုသည်။ ထိုထက် အယုတ်အလွန်မပြုရ။)
ကံဌာန ဝိနိစ္ဆယပြီး၏။
ပါဠိမုတ္တက ကမ္မလက္ခဏာ ဝိနိစ္ဆယ
ပန်ရာဋ္ဌာန
ဤသို့ဆိုလတ္တံ့ကား ပါဠိတော်မှလွတ်သော ကမ္မလက္ခဏ ဝိနိစ္ဆယတည်း။ ဤကမ္မလက္ခဏ မည်သည်ကို ဘိက္ခုနီသံဃာကို အကြောင်းပြု၍ ပဉာတ်သော်လည်း ဘိက္ခုသံဃာအားလည်း ဤကမ္မလက္ခဏာကို ရအပ် သည်သာတည်း။ ရပုံကား ---
ဘိက္ခုသံဃာသည် သလာကဂ္ဂ – စာရေးတံ ယူရာအရပ်၊ ယာဂဂ္ဂ - ယာဂုယူရာအရပ်၊ ဘတ္တဂ္ဂ - ထမင်းယူရာ အရပ်၊ ဥပေါသထဂ္ဂ- ဥပုသ်ပြုရာသိမ် စသည်တို့၌ အကြင် အပလောကနကံကိုပြု၏။ ထိုအပလောကနကံသည် ကမ္မလက္ခဏာသာတည်း။
(ဝိဋီ –- အဝိန္ဒိယကံကို ဥပလက္ခဏမျှဖြင့် ယူအပ်သောကြောင့်၊ ဘိက္ခုသံဃာအားလည်း ဤကမ္မလက္ခဏကို ရအပ်သည်သာတည်း။
စာရေးတံပေးရာဌာနသည် သလာကဂ္ဂမည်၏။
ယာဂုထမင်းတို့ကို ဝေဘန်ရာဌာနတို့သည် ယာဂဂ္ဂ၊ ဘတ္တဂ္ဂတို့မည်ကုန်၏။
ဤသို့သောနေရာတို့၌သော်လည်း အလုံးစုံသော သံဃာသည် ဥပုသ်ပြုရာ၌ကဲ့သို့ စည်းဝေး၍ ပြုအံ့။ ဝံသည်လည်းဝဂ္ဂကံမဖြစ်။ “ ငါတို့မသိပါတကား” ဟု နောင်ကဲ့ရဲ့သူတို့သည်လည်း မရှိကုန်။ ခဏ္ဍသိမ်၌ ပြုလျှင်ကား ကဲ့ရဲ့ကုန်၏။
သံဃိကပစ္စည်းကို သင်္ကန်းခိုးသူ လုသူ စသည်တို့အား ပေးခြင်းငှါ ပန်ကြားလိုသူတို့သည် ဥပစာရသိမ်၌ တည်သောသူအားလုံးတို့၏ အလိုကို ယူ၍သာ ပြုအပ်၏။ ဓမ္မိက အပလောကနကို တားမြစ်တတ်သော ဝိသဘာဂပုဂ္ဂိုလ်ကိုကား အကြောင်းရှာ၍ ဥပစာရသိမ်ပြင်ပသို့ ရောက်အောင်ပြု၍ လည်းကောင်း၊ ခဏ္ဍသိမ်သို့ သွင်းထား၍ လည်းကောင်း ပြုခြင်းငှါအပ်၏။ ၎င်းကိုရည်၍ အပလောကန ကမ္မကရောတိ ဟူသော သာမည အားဖြင့် ပြတော်မူသည်။)
၁ - အစ္ဆိန္နစီဝရာဒိ
အစ္ဆိန္နစီဝရ - သင်္ကန်းခိုးသူ၊ အလုခံရသူ၊ ဇိဏ္ဏစီဝရာ - ဆွေးသော သင်္ကန်းရှိသူ၊ နဋ္ဌစီဝရ - သင်္ကန်းပျောက်သူ တို့အား သံဃာကို စည်းဝေးစေ၍ ဗျတ္တရဟန်းသည် သုံးကြိမ်ပန်ကြား၍ အပလောကနကံပြု၍ သင်္ကန်းကို ပေးခြင်းငှါအပ်၏။
(ဇီဋီ၊ သာဋီ။ ။ ကမ္မလက္ခဏကိုပြခြင်းငှါ အစ္ဆိန္နစီဝရ စသည်ကိုဆိုသည်။
ဝိဋီ။ ။ အပလောကနကံကို သရုပ်အားဖြင့်ပြခြင်းငှါ အစ္ဆိန္နစီဝရ စသည်ကိုဆိုသည်။)
၂။ အပ္ပမတ္တကဝိဿဇ္ဇက
အနည်းငယ်ကိုစွန့်သော ရဟန်းသည် သင်္ကန်းချုပ်သူအား သေနာသနက္ခန္ဓကအဖွင့်၌ ဆိုပြီးသော အပြား ရှိကုန်သော အပ် စသည်တို့ကို မပန်ကြားမူ၍လည်း ပေးအပ်၏။ အနည်းငယ်တို့ကို ပေးခြင်း၌ ထိုရဟန်း သာလျှင် အစိုးရ၏။ ထိုထက် အလွန်ပေးလျှင် ပန်ကြား၍ ပေးအပ်၏။ ထိုထက်အလွန်ပေးခြင်း၌ သံဃာသည် အစိုးရ၏။
(ဇီဋီ။ ။ ထိုထက်အလွန်ပေးလိုလျှင် ပန်ကြား၍ ပေးအပ်၏ ဟုဆိုအပ်သော အပလောကနသည် ကမ္မလက္ခဏ သာတည်း။ ဧဝံ သဗ္ဗတ္ထလက္ခဏံ ဝေဒိဘဗ္ဗံ။
ဝိဋီ။ ။ အကယ်၍ ပန်ကြား၍သာ သင်္ကန်းကို ပေးအပ်သည်ဖြစ်အံ့ အပ္ပမတ္တက ဝိဿဇ္ဇက၏ သမ္မုတိ၌ အဘယ်သို့ပြုရမည်နည်းဟု မေးဘွယ်ရှိသောကြောင့် အနည်းငယ်ကိုစွန်သောရဟန်းသည် စသည်ကိုဆို၏။)
၃။ ဂိလာနဘေသဇ္ဇ
ဂိလာနဘေသဇ္ဇကိုလည်း ထို သေနာသနက္ခန္ဓက၌ ဆိုအပ်သော အပြားရှိသော ဆေးကို ကိုယ်တိုင်သာ ပေးအပ်၏။ အလွန်အလိုရှိသူအား ပန်ကြား၍ပေးအပ်၏။
ဒုဗ္ဗလ - အားနည်းသောသူ၊ ဆိန္နရိယာပထ - ပြတ်သောဣရိယာပုထ်ရှိသူ - ဝါ-ကိုယ်လက်သေသူ၊ ပစ္ဆိန္နဘိက္ခာ စာရပထ- ဆွမ်းခံမသွားနိုင်သူ ဟူသော မဟာဂိလာနအား မဟာအာဝါသတို့၌ရှိသော တတြုပ္ပါဒမှ နေ့တိုင်း နာဠိ - ဆန် တစ်စလယ်ကို လည်းကေင်း၊ ထက်ဝက်ကို လည်းကောင်း၊ တစ်နေ့တည်း၌သာလျှင် ငါးစလယ်၊ ဆယ်စလယ်ကိုလည်းကောင်း ပေးလိုလျှင် အပလောကနကံကို ပြု၍သာ ပေးအပ်၏။]
(ဝိဋီ။ ။ တစ်စလယ်၊ ထက်ဝက်ဟူသည် နေ့တိုင်း နေ့တိုင်း ပန်ကြား၍ပေးအပ်သော ပမာဏကိုပြခြင်းတည်း။ ထိုစကားဖြင့် မျှလောက်ရုံကိုသာ ပန်ကြားအပ်၏။ အလွန်ကို မပန်ကြားအပ်ဟုပြသည်။ (ပန်ကြားခြင်းငှါပင် မအပ်ဟူလို)
တစ်နေ့တည်း၌သာလျှင် စသည်သည် ဆယ်ရက်၊ ရက် ၂၀ အတွက် တစ်နေ့တည်း ပေးအပ်သော အပိုင်း အခြားကိုပြခြင်းတည်း။ ထိုစကားဖြင့် တစ်သက်လုံးအတွက် ရောဂါ ပျောက်သည်တိုင်အောင် အတွက် လည်းကောင်း ပန်ကြားခြင်းငှါ မအပ်ဟုပြသည်။)
၄ - ပေသလစသည်
ပေသလ - ချစ်သောသီလရှိသော လဇ္ဇီရဟန်း၏အတွက် ကြောင့်ကြအပ်သော ကြွေးမြီကိုလည်း တတြုပ္ပါဒမှ ပန်ကြား၍ပေးခြင်းငှါ အပ်၏။ သံဃာ့ဝန်ဆောင်သော ဗဟုသုတရဟန်းအား မတစေအပ်သော ကျောင်းကို လည်းကောင်း၊ သံဃာ့ကိစ္စကိုပြုသော ကပ္ပိယကာရက စသည်တို့အား ထမင်းရိက္ခာကို လည်းကောင်း၊ ပန်ကြား၍ ပေးခြင်းငှါအပ်၏။]
(ဇီဋီ၊ သာဋီ။ ။ ဣဏသည်သာလျှင် ပလိဗောဓ ဖြစ်၏။ ထိုသို့သော လဇ္ဇီပေသလရဟန်းကို ကြွေးရှင်တို့သည် နှောက်ယှက်ကုန်အံ့။ တတြုပ္ပါဒမှ သော်လည်း ထိုရဟန်း၏ ကြွေးမြီကို သုတ်သင်ခြင်းငှါအပ်၏။
ဝိဋီ။ ။ ဣဏပလိဗောဓဟူသည် ဣဏဝတ္ထုကို ပေးခြင်းငှါအပ်၏ဟု သမ္ဗန်အပ်၏။ ထိုကိုလည်း ကြွေးရှင်တို့ နှောက်ယှက်အပ်သော လဇ္ဇီပေသလဖြစ်၍ သာသနာ၌ ကျေးဇူးများသူဖြစ်အံ့၊ ပမာဏသင့်ရုံကိုသာ ကပ္ပိယ ဘဏ္ဍာကို မှတ်သား၍ ပန်ကြား၍ပေးအပ်၏။ ထောင်၊ သောင်း၊ သိန်း ဟူသော မဟာဣဏကိုကား ဤသို့ မပေးအပ်၊ ဆွမ်းခံသွားသော ကျင့်ဝတ်ဖြင့် ရဟန်းအားလုံး ထိုရဟန်းအားရှာဖွေ၍ ပေးအပ်၏။)
၅ - ပစ္စည်းလေးပါးစွမ်း
ပစ္စည်းလေးပါးစွမ်းဖြင့်လှူသော တတြုပ္ပါဒမှ သံဃိကအာဝါသကို ပြုပြင်စေခြင်းငှါ အပ်၏။ ဤရဟန်းသည် အစိုးတရ စီမံသည်ဟု မပြောနိုင်စေခြင်းငှါ စာရေးတံယူရာ စသည်တို့၌ လည်းကောင်း၊ အန္တရသန္နိပါတ - အကြား အစည်းအဝေး၌ လည်းကောင်း၊ သံဃာကို ပန်ကြား၍သာ သုတ်သင်စေအပ်၏။
သင်္ကန်းဆွမ်းအလို့ငှါလှူသော တတြုပ္ပါဒမှလည်း ပန်ကြား၍ အာဝါသကို ပြုပြင်စေအပ်၏။ မပန်ကြား သော်လည်း အပ်၏။ အပ်သော်လည်း “ဤရဟန်းသည် ရဲရင့်လေစွ သင်္ကန်းဆွမ်းအတွက် လှူသောပစ္စည်းမှ အာဝါသကိုပြုပြင်စေသည်” ဟု မပြောနိုင်စေခြင်းငှါ အပလောကနကံကိုသာပြု၍ သုတ်သင်စေအပ်၏။
(ဇီဋီ။ ။ အကြားအစည်းအဝေး ဟူသည် ဥပုသ် ပဝါရဏာ စသော မဟာသန္နိပါတကိုဖယ်ထား၍ အကြား၌ မင်္ဂလာပွဲစသော သန္နိပါတဖြစ်၏။)
၆ - စေတီပြုပြင်ခြင်း
စေတီတော်၌ ဆတ္တ- ထီးကို လည်းကောင်း၊ ဝေဒိက- ပန်းတင်ကိုလည်းကောင်း၊ (ပွတ်တိုင်၊ ပစ္စယာ၊ စိန်တောင် စသည်လည်း ခေါ်သည်။) ဗောဓိဃရံ - ဗောဓိအိမ်ကိုလည်းကောင်း၊ အာသနဃရ - ဆင်းတုကျောင်းကို လည်းကောင်း၊ မပြုသေးသည်ကို အသစ်ပြုလိုသောရဟန်း၊ ဟောင်းမြင်းသည်ကို ပြုပြင်လိုသောရဟန်း၊ အင်္ဂတေအမှု ပြုလိုသောရဟန်းတို့သည် လူတို့ကိုနှိုးဆော်၍ ပြုခြင်းငှါအပ်၏။
ပြုသူမရှိအံ့၊ စေတီ၏ ဥပနိက္ခေပ – စေတီပြုပြင်ရန်ထားသော ဘဏ္ဍာမှပြုစေအပ်၏။ ဥပနိက္ခေပ ဘဏ္ဍာ မရှိလျှင် အပလောကနကံပြု၍ တတြပ္ပါဒမှ ပြုစေအပ်၏။ သံဃိကပစ္စည်းဖြင့်သော်လည်း ပြုစေအပ်၏။ သံဃိကပစ္စည်းဖြင့် ပန်ကြား၍ စေတီကိစ္စကို ပြုခြင်းငှါအပ်၏။
စေတီ၏ဥစ္စာဖြင့် ပန်ကြား၍သော်လည်း သံဃိကကိစ္စကို ပြုခြင်းငှါ မအပ်။ တစ်ခဏမျှသော်ကား ယူ၍ ပကတိ ပြန်ဆပ်ခြင်းကို ပြုခြင်း ငှါအပ်၏။ စေတီ၌ အင်္ဂတေလိမ်းကျံမှု စသည်ကိုပြုလုပ်သူတို့သည် ဆွမ်းခံစားခြင်း ဖြင့်လည်းကောင်း၊ သံဃာမှမျှလောက်ရုံစားခြင်းဖြင့် လည်းကောင်း၊ မရလျှင်စေတိယသန္တကမှ မျှလောက်ရုံမျှ ယူစားခြင်းဖြင့်လည်းကောင်း၊ ပတ်ကိုပြုခြင်းငှါအပ်၏။
“ငါတို့သည် စေတီဝတ် ပြုသူတို့တည်း” ဟု ငါးအမဲစသည်တို့ဖြင့် သံဃဘတ် - ဆွမ်းကျွေးပွဲ ပြုခြင်းငှါမအပ်။
(ဇီဋီ။ ။ ဥပနိက္ခေပ ဟူသည် စေတီ၏ပျက်စီးခြင်း ဘေးရန်အတွက် ပြုပြင်ရန်ထားသော ဘဏ္ဍာဖြစ်၏။
-
သာဋီ။ ။ ဝေဒိကာသည် စေတီ၏အထက်၌ စတုရဿစယ - လေးထောင့်အကျည်ဖြစ်၏။
ဆတ္တဟူသည် ထိုဝေဒိကာ၏ အထက်၌ အတွင်းအတွင်းပြလျက် ပြုထားသော အဂ္ဂစယ - ထွဋ်ဖျား အကျည် ဖြစ်၏။ (သီဟိုဠ်စေတီပုံတည်း။)
ဥပနိက္ခေပ ဟူသည် စေတီနဝကမ္မ - အမှုသစ်အကျိုး၏ငှါ ထားသော ဘဏ္ဍာဖြစ်၏။ စေတိယသန္တကဟူလို။
ဝိဋီ။ ။ ဥပနိက္ခေပဟူသည် စေတီကိုပြုပြင်ခြင်းငှါ အတိုးအပွားယှဉ်စေလျက် ကပ္ပိယကာရကတို့သည် ထားအပ်သော ဘဏ္ဍာဖြစ်၏။
သံဃိကပစ္စည်းဖြင့်သော်လည်း ဟူသည် သက်သက် တတြုပ္ပါဒမှသာ မဟုတ်၊ ပစ္စည်းလေးပါး အလို့ငှါ သံဃာအား လှူထားသော ဘဏ္ဍာဖြင့်သော်လည်း ပြုစေအပ်၏ ဟူလို။
သံဃဘတ်ပြုခြင်းငှါ မအပ်ဟူသည် အလှူကြီးလှူသူတို့ပြုသော သံဃဘတ်ကဲ့သို့ ပြုစေခြင်းငှါ မအပ်ဟူလို။)
၇ - အသီးပင်ပန်ကြားပုံ
ကျောင်း၌စိုက်ပျိုးသော အသီးဝန်ဆောင်သော သစ်ပင်တို့ကို သံဃာသည် စောင့်ရှောက် ထိန်းသိမ်းလျက် ပြုပြင်ကုန်အံ့။ အသီးတို့ကို ကျောက်စည်ခေါင်းလောင်း ထိုးခတ်၍ ဝေဖန်၍ သုံးဆောင်ကုန်အံ့။ ထိုသစ်ပင်တို့၌ အပလေကနကံကို မပြုအပ်။ မသိမ်းဆည်းအပ်သော သစ်ပင်တို့၌ကား အပလောကကံကို ပြုအပ်၏။
ထိုအပလောကနကံကို သလာကဂ္ဂ၊ ယာဂဂ္ဂ၊ ဘတ္တဂ္ဂ အကြားအစည်းအဝေး - အန္တရသန္နိပါတ တို့၌လည်း ပြုခြင်းငှါ အပ်၏၊ ဥပုသ်ပြုရာ၌ကား အပ်သည်သာတည်း။ မလာသူတို့၏ ဆန္ဒပါရိသဒ္ဓိလည်း ဆောင်အပ်ပြီး ဖြစ်၍ သုတ်သင်လွယ်၏။ ပြုပုံကား --
ဗျတ္တရဟန်းသည် ဘိက္ခုသံဃာ၏အလိုဖြင့် “အရှင်ဘုရားတို့ ဤကျောင်း၌ ကျောင်းဝိုင်းဥပစာရသိမ်အတွင်း၌ သံဃာ၏ဥစ္စာဖြစ်သော အမြစ်၊ အခေါက်၊ အရွက်၊ အညွန့်၊ အပွင့်၊ အသီးခဲဘွယ်စသည်သည် ရှိ၏။ ထိုအလုံးစုံကို လာလာသမျှ ရဟန်းတို့အား ချမ်းသာသည့်အလျောက်၊ ဝါ - အလိုရှိတိုင်း သုံးဆောင်ခြင်းငှါ နှစ်သက်အပ်၏။ နှစ်သက်ပါသလော၊ သံဃာကိုပန်ကြားပါ၏” ဟု သုံးကြိမ်ပန်ကြားအပ်၏။
လေးပါးငါးပါးကိုပြုလျှင် - သု - ကတ သာဖြစ်၏။ နှစ်ပါးသုံးပါး နေသောကျောင်းဖြစ်အံ့၊ ထိုနှစ်ပါးသုံးပါးထိုင်၍ ပြုလျှင်လည်း သံဃာပြုသည်နှင့် တူသည်သာတည်း။ တစ်ပါးတည်းနေအံ့၊ ထိုရဟန်းသည် ဥပုသ်နေ့၌ ပုဗ္ဗကရဏပုဗ္ဗကိစ္စပြု၍ ထိုင်၍ပြုသော ကတိကဝတ်သည်လည်း သံဃာပြုသော ကတိကဝတ်နှင့် တူသည်သာတည်း။
ပြုသောအခါ သီးခိုက်တစ်ကြိမ် ပြုခြင်းငှါလည်းကောင်း၊ လေးလ၊ ခြောက်လ၊ တစ်နှစ်ဟု ပိုင်းခြား၍ လည်းကောင်း၊ မပိုင်းခြား၍ လည်းကောင်း၊ ပြုခြင်းငှါအပ်၏။ ပိုင်းခြား၍ပြုလျှင် ပိုင်းခြားသည့် အတိုင်း သုံးဆောင်၍ တဖန်ပြုအပ်၏။ မပိုင်းခြားလျှင် သစ်ပင်တို့ တည်ရှိသမျှ ကာလပတ်လုံး အပ်သည်သာတည်း။
ထိုသစ်ပင်၊ မျိုးစေ့တို့ဖြင့် စိုက်ပျိုးသော တပါးသော သစ်ပင်တို့အားလည်း ထိုကတိကဝတ်သာတည်း။ တပါးသော ကျောင်း၌စိုက်ပျိုးကုန်အံ့၊ ထိုသစ်ပင်တို့၏ ပေါက်ရောက်ရာ ကျောင်းတိုက်၌ရှိသော သံဃာသည် ထိုသစ်ပင်တို့ကို အစိုးရ၏။
(ဝိဋီ။ ။ အလိုရှိတိုင်း သုံးဆောင်ခြင်းငှါ နှစ်သက်အပ် ၏ဟုဆိုခြင်းကြောင့် မိမိသုံးလောက်ရုံ - နည်းသော် လည်းကောင်း များသော်လည်းကောင်း ယူအပ်၏။ သုံးလောက်ရုံထက် အပိုကို ယူခြင်းငှါ မရ။
ဥပုသ်နေ့၌ဟူသည် ညွှန်ပြရုံမျှတည်း။ အမှတ်မရှိ တစ်နေ့နေ့၌လည်းပြုလျှင် သု- ကတ သာတည်း။ ပြုသော အခါ - ဤကျောင်း၌ ကျောင်းဝိုင်းဥပစာရ သိမ်အတွင်း၌ သံဃာ၏ ဥစ္စာဖြစ်သော အမြစ်၊ အခေါက် (ပ) အလိုရှိတိုင်း သုံးဆောင်ခြင်းငှါ ငါသည် နှစ်သက်အပ်၏ - ဤသို့ကတိကဝတ်ကို ပြုအပ်၏။ နှစ်ပါး သုံးပါး တို့သည်လည်း အရှင်တို့သည် နှစ်သက်အပ်၏ဟု ဆိုခြင်းမျှထူး၏။
တပါးသော သစ်ပင်တို့ အားလည်း ထိုကတိကဝတ်သာတည်း ဟူသည် သီးခြားကတိကဝတ် မပြုအပ်ဟူလို။)
၈ - သီးခြားကတိကဝတ်
ဤအရပ်တပါးမှ မျိုးစေ့တို့ကို ယူလာ၍ ရှေးကျောင်းအတွင်း၌ နောက်မှစိုက်သော သစ်ပင်တို့၌ကား သီးခြား ကတိကဝတ် တပါးပြုအပ်၏။ ကတိကဝတ်ပြုပြီးလျှင် ပုဂ္ဂလိကအရာ၌ တည်ကုန်၏။ အလိုရှိတိုင်း အသီး စသည်တို့ကိုသုံးဆောင်ခြင်းငှါ အပ်၏။
(ဇီဋီ။ ။ သီးခြားကတိကဝတ် ဟူသည် ရှေးသစ်ပင်တို့ကိုရည်၍ ရှေး၌ပြုထားသော ကတိကဝတ်မှတပါး သီးခြား ကတိကဝတ်တည်း။
သာဋီ။ ။သီးခြားကတိကဝတ် ဟူသည်ကို ရှေးကတိ ကဝတ်ဖြင့် မရေတွက်အပ်သောကြောင့်ဆိုသည်။
ဝိဋီ။ ။ ရှေးကျောင်းအတွင်း၌ ဟူသည် အလိုရှိတိုင်း သုံးဆောင်ခြင်းငှါ ပြုသော ကတိကဝတ်ရှိသောကျောင်း ဖြစ်၏။
၉- မြေဆီခ ဆယ်ဘို့တဘို့
ဤ သံဃိကကျောင်းဝိုင်းအတွင်း၌ ထိုထိုနေရာကို ကာရံ၍ ပရိဝေဏ - ကျောင်းငယ် တဲငယ်ကို ပြု၍ စောင့်ရှောက်ကုန်အံ့။ ထိုရဟန်းတို့၏ ပုဂ္ဂလိကအရာ၌ တည်၏။ တပါးသောရဟန်းများ သုံးဆောင်ခွင့်မရကုန်။ ထိုပုဂ္ဂလိကအရာ၌တည်သောရဟန်းတို့သည် သံဃာအား ဒသဘာဂ ဆယ်ဘို့တဘို့ပေး၍ သုံးဆောင်အပ်၏။ ကျောင်းအလယ်၌ရှိသော သစ်ပင်ကို သစ်ခက်တို့ဖြင့် ကာရံစေ၍ စောင့်သော ရဟန်းအားလည်း ဧသေ၀နယော။
(သာဋီ။ ။ ဒသဘာဂဟူသည် ဒသမဘာဂ - ဆယ်ခုမြောက်တစ်ဘို့ဖြစ်။
ဝိဋီ။ ။ ပရိဝေဏတို့ကိုပြု၍ စသည်ကို မစောင့်ရှောက်သော အကြင်ကျောင်း၌ သစ်သီး ကြီးငယ်တို့သည် လည်းကောင်း၊ သစ်ပင်တို့သည် လည်းကောင်း၊ ပျက်စီးကုန်၏။ ထိုသို့သော ကျောင်းကို ရည်ဆိုသည်။ ထိုကျောင်း သံဃာ၏ ကတိကဝတ်သည်မဖြစ် ဟူသော အဓိပ္ပါယ်တည်း။
မျိုးစေ့တို့ကိုစိုက်ပျိုး၍ အစကတည်းက စောင့်ရှောက်အပ်သော သစ်ပင်တို့ဖြစ်ကုန်အံ့။ ထိုသစ်ပင်တို့မှလည်း ဒသဘာဂပေး၍ စိုက်ပျိုးသူတို့သာ သုံးဆောင်အပ်ကုန်၏။
၁၀ - လဇ္ဇီတို့၏ကျောင်းဟောင်း
ရှေးကျောင်းသို့ ကြွသွားသော အလေးပြုအပ်သောရဟန်းအား “မထေရ်မြတ်ကြွလာသည်” ဟု သစ်သီး ကြီးငယ် ဆောင်ပို့ကုန်အံ့။ ထိုကျောင်း၌ အစကတည်းက ပရိယတ္တိဓရ ဗဟုဿုတရဟန်း နေဘူးပြီးဖြစ်အံ့။ “ဤကျောင်း၌ ကြာမြင့်စွာသော ကတိကဝတ်ကို ပြုထားပေးလတ္တံ့” ဟု ကုက္ကုစ္စကင်းလျက် သုံးဆောင်အပ်၏။
ကျောင်းဖြစ် သစ်သီးကြီးငယ်တို့သည် ဓုတင်ဆောင်တို့အားသော်လည်း အပ်၏။ ပိဏ္ဍပါတ်ဓုတင်ကို မပျက် စေနိုင်။ သာမဏေတို့သည် မိမိ၏ဆရာဥပဇ္ဈာယ်တို့အား သစ်သီးများစွာ ပေးကြသဖြင့် တပါးသောရဟန်းတို့ မရသောကြောင့် ကဲ့ရဲ့ကုန်အံ့၊ ကဲ့ရဲ့ကာမျှသာတည်း။
(ဝိဋီ။ ။ မူလဟူသည် အာဒိကာလ - အစကတည်းက။ ပုဗ္ဗေတိအတ္ထော။
ကြာမြင့်စွာသော ကတိကဝတ် ဟူသည် အပိုင်းအခြားကာလမရှိ - အလိုရှိတိုင်း သုံးဆောင်ခြင်းငှါ ပြုသော ကတိကဝတ်တည်း။
ကုက္ကုစ္စကင်းလျက်ဟူသည် “မဝေဘန်ရသေးသောသစ်သီး” - ဟု ကုက္ကုစ္စ မပြုမူ၍ ဟူလို။
ကဲ့ရဲ့ကာမျှသာ ဟူသည် ကဲ့ရဲ့ခြင်းကြောင့် များစွာစားသူတို့ အား အပြစ်မရှိ။ မိမိသုံးဆောင်လောက်သည်ကိုသာ ယူခြင်းကြောင့်တည်း။ ကဲ့ရဲ့သော်လည်း မိမိအား လောက်ငှသလောက် ယူစားအပ်၏ ဟူသောအဓိပ္ပါယ်တည်း။
(ဤနည်းလိုက်နာသော ကျောင်းတိုင်း သာသနာဂုဏ်ရောင် အသားထွက်မည်တည်း။)
၁၁ - ဒုဗ္ဘိက္ခအခါ
ကဲ့ရဲ့ကာမျှသာဖြစ်သော်လည်း ဒုဗ္ဘိက္ခအခါ ဖြစ်ငြားအံ့။ ပိန္နဲတစ်ပင်ကိုမှီ၍ ရဟန်းခြောက်ကျိပ်သော်လည်း အသက်မွေးနိုင်ကုန်အံ့။ ထိုသို့သောခါ၌ ရဟန်းအားလုံးကို ချီးမြောက်ခြင်းငှါ ဝေဘန်၍ စားအပ်၏။ ဤကား ကျင့်ဝတ်တည်း။ ကတိကဝတ် မငြိမ်းသေးသမျှ ပတ်လုံးကား စားသုံးသူတို့အား အပြစ်မရှိ - သုခါယိတသာ ဖြစ်၏။
အဘယ်အခါ ကတိကဝတ်ငြိမ်းသနည်း။ သမဂ္ဂသံဃာသည်စည်းဝေး၍ “ဤနေ့မှစ၍ ဝေဘန်၍စားကြစေကုန် သတည်း” ဟုပြောကြားအံ့။ ထိုအခါမှစ၍ငြိမ်း၏။ တစ်ပါးတည်းနေသော ကျောင်း၌ တစ်ပါးတည်း ပြောကြား သော်လည်း ရှေးကတိကဝတ်သည် ငြိမ်းသည်သာတည်း။
(ဇီဋီ။ ။ ဤနေ့မှစ၍ ဝေဘန်၍ စားကြစေကုန်သတည်း ဟူသော စကားဖြင့် ပုဂ္ဂလိကသုံးဆောင်ခြင်းကို ပယ်အပ်၏။
သာဋီ။ ။ ဤနေ့မှစ၍ ဝေဘန်၍ စားကြစေကုန်သတည်းဟူသော စကားဖြင့် အလိုရှိတိုင်းသုံးဆောင်ခြင်းကို ပယ်အပ်၏။ ထို့ကြောင့် ရှေးကတိကဝတ်ငြိမ်းသည်ဟု မိန့်ဆိုသည်။)
၁၂ - ဖာတိကမ္မ
ကတိကဝတ်ငြိမ်းပြီးသောအခါ သာမဏေတို့သည် သစ်ပင်မှလည်း မခူး၊ မြေမှကောက်၍လည်း ရဟန်းတို့အား မကပ်၊ ကြွေကျသော သစ်သီးတို့ကို ခြေဖြင့် ပုတ်ခတ်လျက် လှည့်လည်ကုန်အံ့။ ထို သာမဏေတို့အား ဆယ်ဘို့ တစ်ဘို့မှစ၍ ထက်ဝက်တိုင်အောင် သစ်သီးအဘို့ဖြင့် ဖာတိကမ္မ - ပွားစီးခြင်း အမှုကို ပြုအပ်၏။ ဖာတိကမ္မလောဘဖြင့် မချွတ်ဆောင်၍ ပေးကုန်လတ္တံ့။
တဖန်ဝပြောသော သုဘိက္ခအခါ ဖြစ်လတ်သော် ကပ္ပိယကာရကတို့သည်လာ၍ သစ်ခက်ကာရံခြင်း စသည် တို့ကို ပြု၍ စောင့်ရှောက်သောအခါ သာမဏေတို့အား ဖာတိကမ္မ မပေးအပ်။ ဝေဘန်၍သုံးဆောင်အပ်၏။
၁၃ - လူတို့လာတောင်းခြင်း
ကျောင်း၌သစ်သီး ကြီးငယ်ရှိသည်ဟု ဝန်းကျင်ရွာနီးချုပ်စပ်မှ လူတို့သည် မကျန်းမာသူ၊ ကိုယ်ဝန်ဆောင်သူ တို့၏အလို့ငှါ လာ၍ အုန်းသီးတစ်လုံး ပေးသနားတော်မူကြပါ၊ သရက်သီး၊ တောင်ပိန္နဲသီး ပေးသနား တော်မူကြပါဟု တောင်းကုန်အံ့။ ပေးအပ်သလော၊ မပေးအပ်သလောဟူမူ ပေးအပ်၏။ မပေးလျှင် ဒေါမနဿ ဖြစ်တတ်ကုန်၏။
ပေးလိုသောသူသည် သံဃာ စည်းဝေးစေ၍ သုံးကြိမ် ပန်ကြား၍ အပလောကနကံပြု၍သာ ပေးအပ်၏။ ကတိကဝတ်ကိုသော်လည်း ပြု၍ထားအပ်၏။ ပြုပုံကား --
ဗျတ္တရဟန်းသည် သံဃာ၏အလိုဖြင့် ပြောကြားအပ်၏။ “ဝန်းကျင် ရွာနီးချုပ်စပ်မှ လူတို့သည်လာ၍ ဂိလာန စသည်တို့အလို့ငှါ သစ်သီး ကြီးငယ်တို့တောင်းကုန်အံ့။ အုန်းသီးနှစ်လုံး၊ ထန်းသီးနှစ်လုံး၊ ပိန္နဲသီးနှစ်လုံး၊ သရက်သီးငါးလုံး၊ ငှက်ပျောသီးငါးလုံးတို့ကို ယူသူတို့အား မတားခြင်းကို လည်းကောင်း၊ ဤအပင် ဤအပင်မှ အသီးကို ယူသူတို့အား မတားမြစ်ခြင်းကို လည်းကောင်း သံဃာသည် နှစ်သက်အပ်၏။ နှစ်သက်ပါသလော” ဟု သုံးကြိမ်ဆိုအပ်၏။
ထိုအခါမှစ၍ “ဂိလာန စသည်တို့၏ အမည်ကိုယူ၍ တောင်းသူတို့ကို ယူကြလော” ဟု မဆိုအပ်ကုန်။ ဝတ်ကိုကား ပြောကြားအပ်၏။ အုန်းသီးစသည်တို့ကို ဤမျှပိုင်းခြား၍ ယူသူတို့အား လည်းကောင်း၊ ဤအပင် ဤအပင်မှ အသီးကိုယူသူတို့အား လည်းကောင်း၊ မတားမြစ်ခြင်းကို ပြုထားသည်ဟု ကတိကဝတ်ကို ပြောကြားအပ်၏။ အနုဝိစရိတွာ - အတူလှည့်လည်၍ ဤသရက်ပင်သည် အသီးအလွန် အရသာရှိ၏။ ဤအပင်မှယူကြလော ဟု မဆိုအပ်။
(ဇီဋီ၊ သာဋီ။ ။ အနုဝိစရိတွာဟူသည် ပစ္ဆတောပစ္စတော ဂန္တွာ နောက်မှ နောက်မှလိုက်သွား၍တည်း။
ဝိဋီ။ ။ ယူကြလောဟုမဆိုအပ် ဟူသည်ကို ထိုသို့ဆိုလျှင် ထိုရဟန်းကသာ ပေးသကဲ့သို့ မှတ်ထင်ကုန်ရာ၏။ ထိုကိုမှီ၍ မိစ္ဆာဇီဝဖြစ်တတ်၏။ ထို့ကြောင့် ဆိုသည်။ ထို့ကြောင့် အနုဝိစရိတွာ စသည်ကိုဆိုသည်။)
၁၄ - ဝေဘန်ခိုက်ရောက်သူ
သစ်သီးဝေဘန်ဆဲအခါ ရောက်လာသူတို့အားကား သမ္မုတိရသူသည် ထက်ဝက်အဘို့ကိုပေးအပ်၏။ သမ္မုတိ မရသူသည် ပန်ကြား၍ပေးအပ်၏။ ရိက္ခာပြတ်သူ၊ ခရီးသွား လှည်းကုန်သည်၊ အစိုးရမင်းများ လာ၍တောင်းအံ့၊ ပန်ကြား၍သာပေးအပ်၏။
အနိုင်အထက် ဗလက္ကာရ ယူ၍စားလျှင် မတားအပ်။ အပြစ်ကား၊ စိတ်ဆိုး၍ သစ်ပင်တို့ကိုသော်လည်း ခုတ်လှဲ ပစ်ရာ၏။ တပါးသော အကျိုးမဲ့ကိုသော်လည်းပြုရာ၏။
(ဝိဋီ။ ။ ထက်ဝက်အဘို့ဟူသည် ရဟန်းတစ်ပါး၏ အဘို့မှ ထက်ဝက်ဖြစ်၏။ ပေးသောရဟန်းသည်လည်း ဤမျှ ပေးခြင်းငှါ သံဃာခွင့်ပြုသည်ဟု မိမိကိုလွတ်စေလျက် သံဃာ၌သာ ကြည်ညိုစိတ်ဖြစ်အောင် ပြောဆို၍ ပေးအပ်၏။)
၁၅ - ပုဂ္ဂလိကကျောင်း၌
ပုဂ္ဂလိကကျောင်းသို့လာ၍ လူနာအမည်ဖြင့် တောင်းသူတို့ကို “ငါတို့သည် အရိပ်စသည်အလို့ငှါ စိုက်ထားသည်။ ရှိလျှင် သင်တို့သိကြလော” ဟုဆိုအပ်၏။ အသီးကိုဆောင်သော သစ်ပင်တို့ ဖြစ်ကုန်အံ့။ ဆူးတို့ကိုဖွဲ့၍ သစ်သီးအလှည့်ဖြင့် ပေးကုန်အံ့။ (လာဘ်) မတောင့်တမူ၍ ပေးအပ်၏။ ဗလက္ကာရဖြင့်ယူသူကို မတားအပ်။ မတားသင့်ကြောင်းကို ရှေး၌ဆိုပြီးပြီ။
(အချို့ကား သစ်ပင်၌သာ တောင်းယူကြဟု အဆိုလေ့ကုန်၏။ အပြစ်လွတ်စေခြင်းငှါ အပ်သယောင် ဝိနည်း အတုအပသာတည်း။)
(ဇီဋီ၊ သာဋီ။ ။ မတောင့်ဟမူ၍ဟူသည် ထိုသူတို့အထံမှ ပစ္စည်းကိုတောင့်တခြင်းမပြုမူ၍တည်း။
ဝိဋီ။ ။ မတောင့်တမူ၍ဟူသည် လူနာ၊ ခရီးသွား၊ အစိုးရသော ခွင့်ပြုအပ်သော ပုဂ္ဂိုလ်တို့အားသော်လည်း မိမိ ပစ္စည်းကို ပေးသူသည် (လာဘ်) မတောင့်တမူ၍သာ ပေးအပ်၏။ ခွင့်ပြုအပ်သူမှတပါးသော သူတို့အားကား မတောင့်တမူ၍လည်း ပေးခြင်းငှါမအပ်။ သံဃိကပစ္စည်းကိုသာ ကတိကဝတ် အတိုင်းဖြင့် ပေးအပ်စေ၏။ မိမိ၏ဥစ္စာကိုလည်း ပစ္စည်းလှူသူတို့သည် ကိုယ်တိုင် အကျွမ်းဝင်၍ယူကုန်အံ့။ မတားအပ်ကုန်။ ရအပ်သော အပ်ခြင်းရှိသည်ဟု ဆိတ်ဆိတ်နေအပ်၏။
ရှေး၌ ဆိုပြီးပြီ ဟူသည် စိတ်ဆိုး၍ သစ်ပင်တို့ကိုသော်လည်း ခုတ်လှဲပစ်ရာ ရောက်၏ စသည်ဖြင့် ဆိတ်ဆိတ်နေခြင်း၌ အကြောင်းကို ရှေး၌ဆိုပြီးသည်သာတည်း။ ထိုသူတို့အကျိုးမဲ့ မပြုသော်လည်း သနားခြင်းဖြင့် ဆိတ်ဆိတ်နေခြင်းငှါအပ်၏။ ယူကြကုန်လော စသောစကားကိုကားဆိုခြင်းငှါ မအပ်။)
၁၆ - သံဃိကဥယျာဉ်
သံဃာအား သစ်သီး အာရာမ် ဟူသော ဥယျာဉ်သည်ရှိ၍ စောင့်ရှောက်သူမရှိ၍ တစ်စုံတစ်ယောက်သော သူသည် ကုသိုလ်ဖြစ် စောင့်ရှောက်အံ့၊ သံဃာ၏အလို့ငှါသာတည်း။ စွမ်းနိုင်သော ရဟန်းတစ်ပါးကို သင် စောင့်ရှောက်လောဟု သံဃာသည် တာဝန်ပြုအံ့၊ ထိုရဟန်းသည် ကုသိုလ်ဖြစ် စောင့်ရှောက်အံ့၊ ဤသို့လည်း သံဃာအလို့ငှါသာတည်း။
ဖာတိကမ္မကို တောင့်တသူအားကား သုံးဘို့တစ်ဘို့ဖြင့် လည်းကောင်း၊ ထက်ဝက် အဘို့ဖြင့်လည်းကောင်း၊ ဖာတိကမ္မကို ပြုအပ်၏။ တာဝန်ကြီးလှသည် ဟုဆို၍ ဤမျှဖြင့် မစောင့်ရှောက်လိုသူအားကား အားလုံး သင်၏ ဥစ္စာပြု၍ မူလာဘာဂ ဟူသော ဆယ်ဘို့တစ်ဘို့ မျှပေး၍ စောင့်ရှောက်လော ဟုဆိုအပ်၏။ ဂရုဘဏ် ဖြစ်သောကြောင့် အရင်းပြတ်စွမ်းဖြင့်ကား မပေးအပ်။
ထိုမူလဘာဂကိုပေး၍စားသော ထိုရဟန်းသည် အကတ - အာဝါသအသစ်ကိုပြု၍ လည်းကောင်း၊ အာဝါသဟောင်းကို စောင့်ရှောက်၍ လည်းကောင်း၊ မိမိ၏တပည့်တို့အား အာရာမ်ကိုအပ်နှင်းအံ့။ ထိုတပည့် တို့သည်လည်း မူလဘာဂကို ပေးအပ်သည်သာတည်း။
အကြင်အခါ ရဟန်းတို့သည် ကိုယ်တိုင် စောင့်ရှောက်ခြင်းငှါ စွမ်းနိုင်ကုန်အံ့။ ထိုအခါ ထိုမူလဘာဂပေး၍ စောင့်ရှောက်သူတို့အား စောင့်ရှောက် ခြင်းငှါလည်း မပေးအပ်။ ဇဂ္ဂိတကာလ - စောင့်ရှောက်ဆဲကာလ၌လည်း မတားအပ်။ ဇဂ္ဂန - စောင့်ရှောက်အံ့သောအခါ၌သာ တားအပ်၏။ သင်တို့သည် များစွာစားအပ်၏။ ယခု မစောင့်ရှောက်ကြနှင့်၊ ရဟန်းသံဃာသည်သာလျှင် စောင့်ရှောက်လတ္တံ့ဟုဆိုအပ်၏။
ကုသိုလ်ဖြစ် စောင့်ရှောက်သူလည်း မရှိ။ ဖာတိကမ္မ စောင့်ခဖြင့်လည်း စောင့်သူမရှိ၊ သံဃာသည်လည်း မစောင့်နိုင်။ ထိုသို့သော အာရာမ်ကို တစ်ယောက်သောသူသည် မပန်ကြားမူ၍သာလျှင် စောင့်ရှောက်၍ ဖာတိကမ္မကို တိုးပွားစေ၍ တောင့်တအံ့၊ အပလောကနကံဖြင့် ဖာတိကမ္မ တိုးပွားစေ၍ ပေးအပ်၏။
ဤသို့ ဤအလုံးစုံသည်လည်း ကမ္မလက္ခဏသာဖြစ်၏။
(ဇီဋီ။ ။ မူလဘာဂဟူသည် ဒသမဘာဂကိုပြု၍ ရှေးက ဒသမဘာဂပြု၍ ပေးကြသောကြောင့် မူလဘာဂဟု ဆိုသည်။
အာဝါသအသစ်ကိုပြု၍ ဟူသည် ဖြစ်သောအခွန်ဖြင့် ပြု၏။
စောင့်ရှောက်ဆဲကာလ၌ မတားအပ် ဟူသည် စောင့်ရှောက်ပြီး ဖြစ်၍ ပွင့်ကြ သီးကြသောအခါ၌ ဟူလို။
စောင့်ရှောက်အံ့သော အခါဟူသည် စောင့်ရှောက်ခြင်းငှါ အားထုတ်သောအခါတည်း။
သာဋီ။ ။ မူလဘာဂ၏အနက်ကို ဒသဘာဂဟု ထင်စွာပြ၏။
အာဝါသအသစ်ကိုပြု၍ ဟူသည် ထိုမှဖြစ်သောအခွန်ဖြင့် ပြု၍တည်း။
ဇဂ္ဂိတကာလ၌ စောင့်ရှောက်အပ်သော သစ်ပင်တို့၏ ပွင့်ကြသီးကြသောအခါဖြစ်၍ မတားအပ်။ စောင့်ရှောက် ခြင်းငှါ အားထုတ်သော ဇဂ္ဂနကာလ၌တားအပ်၏။
ဝိဋီ ။ ။ ဂရုဘဏ်ဖြစ်သောကြောင့် (ပ) မပေးအပ် ဟူသည် စိမ်းရှင်သောသစ်ပင်တို့သည် အာရာမ်၏ဌာန၌ တည်ကုန်၏။ သစ်တုံးတို့သည် ကျောင်းအဆောက်အဦအား လျော်ကုန်၏။ ထို့ကြောင့် ထိုအားလုံးကို ယူလော ဟုပေးခြင်းငှါ မအပ်ဟူ၍ဆိုအပ်၏။
အကတာဝါသံ ဝါ ကတွာ ဟူသည် ရှေး၌ မရှိသော သေနာသနအသစ်ကိုပြု၍တည်း။
ဇဂ္ဂိတကာလ ဟူသည် သီးချိန်ရောက်သောအခါဖြစ်၏။)
ဤတွင် ကမ္မဝဂ်အဖွင့် အပြည့်အစုံပြီး၏။
ဝဂ္ဂပဉ္စကငါးဝဂ်တို့တွင်
၂ -အတ္ထဝသဝဂ်။ ဒုက ၁ဝ။
၄၉၈။ နှစ်ပါးသောအကျိုးထူးတို့ကိုစွဲ၍ မြတ်စွာဘုရားသည် သာဝကတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၁။ သံဃသုဋ္ဌုတာယ - သံဃာသည် ကောင်းပါပြီ လိုက်နာပါမည်ဟု ဝန်ခံနိုင်ခြင်းငှါ၊
၂။ သံဃဖာသုတာယ - သံဃာ၏ဝန်ခံခြင်းတူ အကျင့်တူ၍ ချမ်းသာခြင်းငှါ -
ဤ နှစ်ပါးကိုစွဲ၍ ပညတ်တော်မူ၏။
နှစ်ပါးသောအကျိုးထူးတို့ကိုစွဲ၍ မြတ်စွာဘုရားသည် သာဝကတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၁။ ဒုမ္မင်္ကုတို့ကိုနှိပ်ခြင်းငှါ၊
၂။ လဇ္ဇီပေသလတို့ ကျင့်လွယ်သဖြင့် ချမ်းသာစွာနေရခြင်းငှါ –
ဤနှစ်ပါးကိုစွဲ၍ ပညတ်တော်မူ၏။
နှစ်ပါးသော အကျိုးထူးတို့ ကိုစွဲ၍ --
၁။ မျက်မှောက်အာသဝတို့ကို တားခြင်းငှါ၊
၂။ တမလွန်အာသဝတို့ကို ဖျက်ခြင်းငှါ -
ဤနှစ်ပါးကိုစွဲ၍ ပညတ်တော်မူ၏။
ထို့ပြင်နှစ်ပါး --
၁။ မျက်မှောက် ဝေရ - ရန်တို့ကိုတားခြင်းငှါ၊
၂။ တမလွန်ဝေရတို့ကိုဖျက်ခြင်းငှါ။
ဤနှစ်ပါးကိုစွဲ၍ ပညတ်တော်မူ၏။
ထို့ပြင် နှစ်ပါး ---
၁။ မျက်မှောက်ဝဇ္ဇ -- အပြစ်တို့ကိုတားခြင်းငှါ၊
၂။ တမလွန်ဝဇ္ဇတို့ကို ဖျက်ခြင်းငှါ။
ဤနှစ်ပါးကိုစွဲ၍ ပညတ်တော်မူ၏။
ထို့ပြင်နှစ်ပါး --
၁။ မျက်မှောက်ဘယ-ဘေးတို့ကိုတားခြင်းငှါ၊
၂။ တမလွန် ဘယတို့ကိုဖျက်ခြင်းငှါ၊
ဤနှစ်ပါးကိုစွဲ၍ ပညတ်တော်မူ၏။
ထို့ပြင်နှစ်ပါး --
၁။ မျက်မှောက် အကုသလဓမ္မတို့ကိုတားခြင်းငှါ၊
၂။ တမလွန် အကုသလဓမ္မတို့ကိုဖျက်ခြင်းငှါ -
ဤနှစ်ပါးကိုစွဲ၍ ပညတ်တော်မူ၏။
ထို့ပြင်နှစ်ပါး ---
၁။ လူတို့ကိုစောင့်ရှောက်ခြင်းငှါ၊
၂။ အလိုဆိုးရှိသော ရဟန်းတို့၏ အပင်းအသင်းကိုဖျက် ခြင်းငှါ၊
ဤနှစ်ပါးကိုစွဲ၍ ပညတ်တော်မူ၏။
ထို့ပြင်နှစ်ပါး ---
၁။ မကြည်ညိုသူတို့၏ ကြည်ညိုခြင်းငှါ၊
၂။ ကြည်ညိုသူတို့၏ လွန်စွာကြည်ညိုခြင်းငှါ၊
ဤနှစ်ပါးကိုစွဲ၍ ပညတ်တော်မူ၏။
ထို့ပြင်နှစ်ပါး ---
၁။ သူတော်ကောင်းတရား၏ တည်စိမ့်သောငှါ၊
၂။ ဝိနယကိုချီး မြှောက်ခြင်းငှါ --
ဤနှစ်ပါးကိုစွဲ၍ ပညတ်တော်မူ၏။ (ဒုက -၁၀)။
အတ္ထဝသဝဂ္ဂေါ နိဋ္ဌိတော ဒုတိယော။
[အပလောကနကံတို့၏ အကြောင်းဖြစ်သော သိက္ခာပုဒ်တို့ကို ပညတ်ရာ၌ အာနိသင်ကိုပြလို၍ နှစ်ပါးသော အကျိုးထူးကိုစွဲ၍ စသည်ကိုအားထုတ်၏။
မျက်မှောက်ဝေရတို့ကို တားခြင်း စသည်ကား ပါဏာတိပါတစသော ငါးပါးသည် ဒိဋ္ဌဓမ္မိက မျက်မှောက်ဝေရ မည်၏။ ၎င်းတို့ကိုပိတ်ပင်ခြင်းငှါ။
ဝိပါကဒုက္ခသည် သမ္ပရာယိက - တမလွန် ဝေရမည်၏။ ၎င်းကိုဖြတ်ခြင်းငှါ မဖြစ်စေခြင်းငှါတည်း။
ဝဇ္ဇဟူသည်လည်း ၎င်းဝေရတို့ပင်တည်း။ ဝိပါကဒုက္ခတို့သည် ကြဉ်အပ်သော သဘောရှိသောကြောင့် ဝဇ္ဇတို့ မည်ကုန်၏။
မျက်မှောက်ဘယ ဟူသည် --
ဂရဟာ- ကဲ့ရဲ့ခြင်း၊
ဥပဝါဒ- စွပ်စွဲခြင်း၊
တဇ္ဇနိယ စသောကံ၊ ဥပုသ်ပဝါရဏာ ထားခြင်း၊
အတိတ္တိပကာသနိယကမ္မ - မကောင်းသတင်း ဖော်ပြသောကံ -
ဤအလုံးစုံသည် မျက်မှောက်ဘေး မည်၏။
ဝိပါကဒုက္ခသည်သာလျှင် တမလွန်ဘေး မည်၏။
အကုသလဟူသည် ဝေရငါးပါး၊ အကုသလကမ္မပထ ဆယ်ပါးတို့တည်း။
ဝိပါကဒုက္ခတို့သည်သာလျှင် သည်းမခံအပ်သော အနက်ကြောင့် အကုသလတို့ မည်ကုန်၏။
လူတို့ကို စောင့်ရှောက်ခြင်းငှါ ဟူသည် စသည်ကား၊ လူတို့၏သဒ္ဓါကိုစောင့်ခြင်းဖြင့် စောင့်ခြင်းငှါတည်း။
အလိုဆိုးရှိသော ရဟန်းတို့၏ ဂိုဏ်းဖွဲ့ခြင်းကို ဖျက်ခြင်းငှါ ဂဏဘောဇနသိက္ခာပုဒ်ကို ပညတ်၏။
အကြွင်းပေါ်လွင်ပြီ။]
(ဝိဋီ။ ။ ဝိပါကဒုက္ခဝေဒနာသည် ပါဏာတိပါတ စသော ဝေရသည်ဖြစ်စေအပ်သောကြောင့် ဝေရမည်၏။ နောက်ထပ်ဝေရ - ရခြင်းငှါအကြောင်းဖြစ်သောကြောင့်လည်း ပေရ မည်၏။
ဝေရငါးပါးမှ လွတ်သော အကုသိုလ်တို့ကို ဝေရနှင့် အတူတပေါင်းတည်း ယူခြင်းငှါ အကုသလကမ္မပထ ဆယ်ပါး တို့ကို ထပ်ဆိုသည်။)
၃။ ပညတ္တိဝဂ်
၄၉၉။ နှစ်ပါးသော အကျိုးထူးတို့ကိုစွဲ၍ မြတ်စွာဘုရားသည် သာဝကတို့အား ပါတိမောက် ယခင်ဒုက တစ်ဆယ်စီဖြင့် ပညတ်တော်မူ၏။ (ဝါ) ပါတိမောက်ပြခြင်း၊ ပါတိမောက်ထားခြင်းကို၊ ပဝါရဏာကို၊ ပဝါရဏာ ထားခြင်းကို၊ တဇ္ဇနိယကံကို။ နိယသကို၊ ပဗ္ဗာဇနိယကို၊ ပဋိသာရဏီယကို၊ ဥက္ခေပနိယကံကို၊ ပရိဝါသ် ပေးခြင်း, အရင်းငင်ခြင်း, မာနတ်ပေးခြင်း, အဗ္ဘာန်သွင်းခြင်း ဩသာရဏီယကို။ နိဿာရဏီယ၊ ဥပသမ္ပဒ၊ အပလောကန၊ ဉတ္တိ၊ ဉတ္တိဒုတိယကံကို။ ဉတ္တိစတုတ္ထကံကို။ ဒုက - တစ်ဆယ်စီဖြင့် ပညတ်တော်မူ၏။။ (၂၁-ပုဒ် ဒုက ၁၀ စီဖြင့် ဒုက-၂၁၀)
[ပါတိမောက်ပြခြင်းဟူသည် ဘိက္ခုတို့အား ငါးပါး။ ဘိက္ခုနီတို့အား လေးပါးတည်း။
ပရိဝါသ်ပေးခြင်းစသည်တို့၌ ဩသာရဏီယကို ပညတ်၏ ဟူသည် ၁၈ ပါး၊ ၄၃ ပါးသော ကျင့်ဝတ်တို့၌ ကျင့်သူအား သွင်းခြင်းကို ပညတ်၏။ သွင်းကြောင်းကံကို ပညတ်၏ဟူလို။
ငြင်းခုံတတ်သူစသည်တို့ကို နှင်ထုတ်ကြောင်း၊ တဇ္ဇနိယစသော နိဿာရဏီယကိုပညတ်၏။
ပညတ္တဝဂ္ဂေါနိဋ္ဌိတော တတိယော။
၄။ အပညတ္တေ ပညတ္တိဝဂ်
၅၀၀။ မပညတ်သည်၌ ပညတ်၏။ ပညတ်သည်၌ဆက်၍ပညတ်၏။ သမ္မုခါဝိနည်းကို ပညတ်၏။ သတိ၊ အမူဠ၊ ပဋိည၊ ယေဘု၊ တဿ၊ တိဏဝတ္ထာရကကို ပညတ်၏။ (ကိုးပုဒ်)
သံဃသုဋ္ဌုတာယ၊ သံဃဖာသုတာယ - ဤအကျိုးထူးနှစ်ပါးကိုစွဲ၍ သာဝကတို့အား တိဏဝတ္ထာရကကို ပညတ် တော်မူ၏။ နှစ်ပါးသောအကျိုးထူးတို့ကိုစွဲ၍ သာဝကတို့အား တိဏဝတ္ထာရကကို (ပ) ဒုကတစ်ဆယ်။
[မပညတ်သည်၌ ပညတ်၏ ဟူသည် ခုနစ်ပါးသောအာပတ် အစုတည်း။ ထိုခုနစ်ပါးကို ကကုသန်၊ ကောဏဂုံ၊ ကဿပ - ဘုရားသုံးဆူကို ဖယ်ထား၍ အကြား၌ တစ်စုံတစ်ယောက်မပညတ်။ ထို့ကြောင့် ထိုခုနစ်ပါးသည် မပညတ်သော သိက္ခာပုဒ်၌ ပညတ်သည် မည်၏။
မက္ကဋိဝတ္ထုစသော ဝိနီတကထာသည် ပညတ်သောသိက္ခာပုဒ်၌ ဆက်၍ပညတ်သော အနုပညတ်မည်၏။ အကြွင်းပေါ်လွင်ပြီ။]
(ဇီဋီ၊ သာဋီ။ ။ ကကုသန်စသော ဘုရားသုံးပါးတို့ သာလျှင် ခုနှစ်ပါးသော အာပတ်အစုတို့ကို ပညတ်ကုန်၏။ ဝိပဿီစသော ဘုရားရှင်တို့အား သြဝါဒပါတိမော ပြကုန်၏။ သိက္ခာပုဒ်ကို မပညတ်ကုန်။ ဥဘတောဝိဘင်္ဂက္ခန္ဓက ပရိဝါရတို့ဖြင့် ဝေဘန်သော ဟောကြားခြင်းသည် ရှိ၏။
ဝိဋီ။ ။ ခုနစ်ပါးသော အာပတ်အစုတို့သည် ပညတ္တ မည်၏။
အကြား၌တစ်စုံတစ်ယောက် မပညတ်ဟူသည် ဤကမ္ဘာ၌ အစမှစ၍ ငါတို့ဘုရားပွင့်သည်တိုင်အောင် အကြား၌ ကကုသန် စသော ဘုရားတို့ကိုဖယ်၍ တစ်စုံတစ်ယောက် မပညတ်အပ်သော သိက္ခာပုဒ်ဟူလို။ ဝိနီတဝတ္ထု တို့သည်သာလျှင် ထိုထိုသိက္ခာပုဒ် အဘို့အစုကို ပြတတ်သောကြောင့် သိက္ခာပဒလည်း မည်ကုန်၏။ အာပတ် အနာပတ်ကို ဆက်၍ပညတ်သောကြောင့် အနုပညတ်တို့လည်း မည်ကုန်၏။)
အပညတ္တေ ပညတ္တိဝဂ္ဂေါ နိဋ္ဌိတော စတုတ္ထော။
၅။ နဝသင်္ဂဟဝဂ်
၅၀၁။ သင်္ဂဟ
ရေတွက်ခြင်းတို့သည် ကိုးပါးဖြစ်ကုန်၏။ ဝတ္ထုသင်္ဂဟ- ဝတ္ထုဖြင့်ရေတွက်ခြင်း။ ဝိပတ္တိသင်္ဂဟ၊ အာပတ္တိသင်္ဂဟ။ နိဒါနသင်္ဂဟ ပုဂ္ဂလသင်္ဂဟ။ ခန္ဓသင်္ဂဟ။ သမုဋ္ဌာနသင်္ဂဟ၊ အဓိကရဏသင်္ဂဟ၊ သမထ သင်္ဂဟ၊ (၉)ပါး။
အဓိကရုဏ်းဖြစ်သောအခါ အတ္ထပစ္စတ္ထိက - ပစ္စည်းအတွက် ဆန့်ကျင်ဘက် နှစ်ဦးတို့သည် ရောက်လာကုန်အံ့။ နှစ်ဦးလုံးကို ဝတ္ထုကို ပြောစေအပ်၏ နှစ်ဦးလုံးဝတ္ထုကို ပြောစေပြီးလျှင် နှစ်ဦးလုံး၏ပဋိညာကို နားထောင်အပ်၏။ နားထောင်ပြီးလျှင် ဤအဓိကရုဏ်းကို ငါတို့ငြိမ်းစေလျှင် နှစ်ဦးလုံး နှစ်သက်ကြမည်လော ဟု နှစ်ဦးလုံးကိုမေးအပ်၏။ နှစ်သက်ကြပါမည်ဟုဆိုလျှင် သံဃာသည် ထိုအဓိကရုဏ်းကို လက်ခံအပ်၏။ အလဇ္ဇီများသော ပရိသတ်ဖြစ်လျှင် ……….. ကမ္မဝါစာဖြင့် ငြိမ်းစေအပ်၏။ ဗာလများလျှင် ဝိနည်းဓိုရ်ကို ရှာအပ်၏။ ထိုအဓိကရုဏ်းငြိမ်းကြောင်းကို ဓမ္မ၊ ဝိနယ၊ သတ္ထုသာသနဖြင့် ထိုအဓိကရုဏ်းကို ငြိမ်းစေအပ်၏။
ဝတ္ထုကိုသိအပ်၏။ ဂေါတ္တကို၊ နာမကို၊ အာပတ္တိကို၊ သိအပ်၏။ (၄)ပါး။
မေထုနဓမ္မဟူသည် ဝတ္ထုလည်းဟုတ်၏။ ဂေါတ္တလည်းဟုတ်၏။
ပါရာဇိက ဟူသည် နာမလည်းဟုတ်၏။ အာပတ္တိလည်းဟုတ်၏။
အဒိန္နာဒါနသည်၊ မနုဿဝိဂ္ဂဟသည်၊ ဥတ္တရိမနုဿဓမ္မသည် ဝတ္ထု၊ ဂေါတ္တ။ ပါရာဇိကသည် နာမ၊ အာပတ္တိ။
သုက္ကဝိဿဋ္ဌိသည်၊ (ပ) ကုလဒူသက၏ အယူမစွန့်ခြင်းသည် - ဝတ္ထု၊ ဂေါတ္တ။ သံဃာဒိသေသ်သည် နာမ၊ အာပတ္တိ။ (ပ)။
အနာဒရိယဖြင့် ရေ၌ကျင်ကြီးကျင်ငယ် တံတွေးစွန့်ခြင်းသည် - ဝတ္ထု၊ ဂေါတ္တ။ ဒုက္ကဋ်သည် နာမ၊ အာပတ္တိ။
[သိက္ခာပုဒ်အားလုံးတို့ကို တစ်ခုတင်ခုသော ခြင်းရာဖြင့် ကိုးပါးဖြင့် ရေတွက်ခြင်းကို ပြခြင်းငှါ သင်္ဂဟကိုးပါး စသည်ကိုဆိုသည်။
ဝတ္ထုသင်္ဂဟဟူသည် ဝတ္ထုဖြင့် ရေတွက်ခြင်းတည်း၊ ကြွင်းပုဒ်တို့၌လည်း ဤအတူသိအပ်၏။
သိက္ခာပုဒ်ဟူသမျှ ဝတ္ထုကင်းလျက် ပညတ်သောမည်သည် တစ်ခုမျှမရှိ။ ထို့ကြောင့် အားလုံးကို ဝတ္ထုဖြင့် ရေတွက်အပ်၏။
အာပတ်အစုနှစ်ခုကို သီလဝိပတ္တိဖြင့်၊ ငါးခုကိုအာစာရ ဝိပတ္တိဖြင့်၊ ခြောက်ပါးသောသိက္ခာပုဒ်ကို အာဇီ၀ဝိပတ္တိဖြင့် ရေတွက်အပ်သောကြောင့် အားလုံးကိုဝိပတ္တိဖြင့် ရေတွက်အပ်၏။
ခုနစ်ပါးသော အာပတ်မှ လွတ်သော သိက္ခာပုဒ်တစ်ခုမျှ မရှိသောကြောင့် အာပတ္တိဖြင့် ရေတွက်အပ်၏။
ခုနစ်ခုသော မြို့တို့၌သာ ပညတ်သောကြောင့် နိဒါန်း ဖြင့်ရေတွက်အပ်၏။
လွန်ကျူးသူမရှိဘဲ ပညတ်ခြင်းမရှိသောကြောင့် ပုဂ္ဂလဖြင့် ရေတွက်အပ်၏။
ငါးပါး ခုနစ်ပါးသော အာပတ္တိက္ခန္ဓတို့ဖြင့် ရေတွက်အပ်၏။
သမုဋ္ဌာန်ခြောက်ပါးကင်းလျက် မဖြစ်သောကြောင့် သမုဋ္ဌာန်ဖြင့်ရေတွက်အပ်၏။
ခုနှစ်ပါးသော အဓိကရဏတို့တွင် အာပတ္တာဓိကရဏဖြင့် ရေတွက်အပ်၏။
ခုနစ်ပါးသောသမထတို့ဖြင့် ငြိမ်းသောကြောင့် သမထဖြင့်ရေတွက်အပ်၏။ အကြွင်းဆိုပြီးသောနည်းရှိပြီ။
(ဝိဋီ။ ။ ဤသို့မဟာဝဂ္ဂ၊ ပညတ္တိဝဂ္ဂ၊ သင်္ဂဟဝဂ္ဂ- ဟူသော သုံးခုသော မဟာဝဂ္ဂတို့ဖြင့် တန်ဆာဆင်အပ်သော ပရိဝါရဟု သိအပ်၏။)
နဝသင်္ဂဟဝဂ္ဂေါ နိဋ္ဌိတော ပဉ္စမော။
ပရိဝါအရသာပြီး၏။
ဝိနည်းငါးကျမ်းအရသာနိဂုံး
သတ္ထုကပ္ပံ သုဝိနယံ၊ ဓာရေမိ ဟဒယေန ဟံ။
နမဿမာနော ဝိနယံ၊ ဝိဟရိဿာမိ သဗ္ဗဒါ။
ဝိနယော အာသယော မယှံ၊ ဝိနယော ဌာနစင်္ကမံ။
ကမိ ဝိနယေ ဝါသံ၊ ဝိနယော မမ ဂေါစရော။
အဟံ၊ ငါသည်။
သတ္ထုကပ္ပံ၊ သက်တော်ထင်ရှားမြတ်ဘုရားနှင့် တူသော။
သုဝိနယံ၊ ကောင်းစွာပုံသေ ဆုံးမပေတတ်ဝိနည်းမြတ်ကို။
ဟဒယေန၊ စိတ်ကောင်းထုံစိမ် နှလုံးအိမ်ဖြင့်။
ဓာရေမိ၊ ဆောင်ရပေ၏။
ဝိနယံ၊ ဝိနည်း ပိဋကတ်ဘုရားမြတ်ကို။
သဗ္ဗဒါ၊ အခါခပ်သိမ်း။
နမဿာမာနော၊ ဦးခိုက်မြတ်နိုး ရှိခိုးလျက်။
ဝိဟရိဿာမိ၊ နေရပေတော့အံ့။
ဝိနယော၊ ဝိနည်းသည်။
မယှံ၊ ငါ၏။
အာသယော၊ အိပ်စရာနေစရာ ဖြစ်၏။
ဝိနယော၊ ဝိနည်းသည်။
မယှံ၊ ငါ၏။
ဌာနစင်္ကမံ၊ ရပ်ရာစင်္ကြံသွားရာ ဖြစ်၏။
ဝိနယေ၊ ဝိနည်း၌။
ဝါသံ၊ နေထိုင်ခြင်းကို။
ကပ္ပေမိ၊ ပြုရပေ၏။
ဝိနယော၊ ဝိနည်းသည်။
မမ၊ ငါ၏။
ဂေါစရော၊ အာရုံစားကျက်ဖြစ်ပေ၏။
ဤသို့သော ဥဒါန်းကို ဘုရားရှင်လက်ထက်တော်၌ အရှင်ဥပါလိမထေရ် တစ်ပါးသာ ဝမ်းမြောက်စွာ ကျူးရင့်တော်မူသည်။ ဤဥဒါန်းကို ဤသို့ ကျူးရင့် နိုင်အောင် ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ခဲ့ရလေသည်။ ပဒုမုတ္တရဘုရားရှင်ထံ ကောင်းမှုပြု၍ ဆုတောင်းခဲ့လေသည်။ ဝိနည်းအရာ၌ ငါတို့ဘုရားရှင် မဟောသေး သည်ကိုပင် ဘုရားရှင်အာဘော်ကျအောင် ယူဆနိုင်သည်၊ ဆုံးဖြတ်နိုင်သည်။ ထို့ကြောင့်လည်း ဝိနည်းဆောင် ဧတဒဂ်- ရတော်မူလေသည်။
ယခုအခါ သဒ္ဓါပဗ္ဗဇိတ- ကုလပုတ္တတို့သည်လည်း ဝိနည်းအရသာကို မြိန်ရှက်စွာခံစား၍ အရှင်ဥပါလိသို့ အတုလိုက်၍ ဤသို့သော ဥဒါန်းမျိုးကို ကျူးရင့်နိုင်ကြပါစေကုန်သတည်း။ ကျူးရင့်နိုင်အောင် အန္တရာယ် ကင်းကြပါစေကုန်သတည်း။ ကမ်းတစ်ဘက်သို့ရောက်သော ဝိနယပါရဂူတို့ ဖြစ်ကြပါစေကုန်သတည်း။
ဤမျှဖြင့် ညောင်လေးပင်မြို့ တောရကျောင်းတိုက်၌ ပဓာနဥက္ကဋ္ဌ နာယကမထေရ် အဖြစ်ဖြင့် သီတင်းသုံး နေထိုင်ခိုက် ဆရာတော်အရှင် ဥုးအရိယ မထေရ်စီရင်သော ပရိဝါအရသာသည် - ဝါ -ပရိဝါအထိ ဝိနည်းငါးကျမ်း အရသာသည် ကောဇာသက္ကရာဇ် ၁၃၀၉-ခုနှစ် ဝါခေါင်လပြည့်ကျော် ၁၁-ရက် အင်္ဂါနေ့တွင် ပြီးဆုံးခြင်းသို့ ရောက်၏။
စတုဓာတုဝဝတ္ထာန်စွမ်းဖြင့် ၄၂- ကောဋ္ဌာသ အစုရှိသော ခန္ဓာကိုယ်ကို သင်္ခါရုပေက္ခာဉာဏ်၌ အနိစ္စတော၊ ဒုက္ခတော၊ ရောဂတော - စသော ဒွါစတ္တာလီသ အာကာရ ၄၂ ပါးဖြင့် ရှုသူသည် .ခန္ဓာလောကကို သုညဖြင့် ရှုသူမည်၏။
သုညဖြင့် ရှုသူကို သေမင်းမမြင်နိုင်ဟု မြတ်စွာဘုရား ဟောသည်။ ဝိနည်းသီလ စင်ကြယ်ခြင်းသည်လည်း သေမင်းမမြင်နိုင်ကြောင်းတည်း။ သေမင်း မမြင်နိုင်သူတို့ဖြစ်အောင် မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြပါစေ ကုန်သတည်း။
ဝိနည်းငါးကျမ်းအရသာပြီး၏။