ဝိသုဒ္ဓိမဂ်-မြန်မာပြန်/၃-ကမ္မဋ္ဌာနဂ္ဂဟဏနိဒ္ဒေသ
၂၆၈
၃-ကမ္မဋ္ဌာနဂ္ဂဟဏနိဒ္ဒေသ
ကမ္မဋ္ဌာန်းယူပုံကို အကျယ်ပြချက်
[၈၁] ၃၈။ ယခုအခါ၁ ဤသို့ (ဓုတင်အကျယ်ပြချက်၌ ပြခဲ့သည့်အတိုင်း) ဓုတင်ကို ဆောင်ခြင်းဖြင့် ပြည့်စုံစေ(အပ်)ပြီးဖြစ်ကုန်သော အလိုနည်းခြင်း အစရှိကုန်သော ဂုဏ်တို့ဖြင့် ထက်ဝန်းကျင် ဖြူစင်သော (သီလကို အကျယ်ပြချက်၌ ပြခဲ့ပြီးသော) ဤသီလ၌တည်သော ရဟန်းသည်၂ “ပညာရှိသောလူသည် သီလ၌တည်၍ စိတ်ကို၎င်း ပညာကို၎င်း ပွါးစေသော်”-ဟု ဟောထားသောကြောင့် စိတ်ကို ခေါင်းတပ်၍ ညွှန်ပြထားသော သမာဓိကို ပွါးစေအပ်၏၊ ထို(သမာဓိ)ကိုလည်း (စိတ်ကို ပွါးစေသော်ဟု) အလွန်ကျဉ်းစွာ ဟောထားသောကြောင့် သိနားလည်ရန်ပင် မလွယ်ကူပဲ ရှိချေသည်၊ ပွါးစေရန် (မလွယ်ကူသည်)မှာ ဆိုဖွယ်ပင် မရှိတော့ပြီ။ ထို(၂-ပါးသောအကြောင်း)ကြောင့်၃ ထို(သမာဓိ)၏ အကျယ်အဖွင့်ကို၎င်း ပွါးစေပုံ ဘာဝနာနည်းကို၎င်း ပြရန်အတွက် အောက်ပါ မေးခွန်းပြဿနာအပေါင်းကို ထုတ်ပြအပ်၏။
သမာဓိ၏ သရုပ်စသည်ကို ပြဆိုချက်
(က) သမာဓိဟူသည် အဘယ်နည်း၊
(ခ) အဘယ်အနက်သဘောကြောင့် သမာဓိမည်သနည်း၊
၁- ယခုအခါ.. ပြဿနာအပေါင်းကို ထုတ်ပြအပ်၏-ဟု စပ်ပါ။
၂- ရဟန်းသည်.. သမာဓိကို ပွါးစေအပ်၏-ဟု စပ်ပါ။
၃- သမာဓိကို ပွါးစေအပ်ခြင်း, ယင်းကို ပွါးစေရန်လည်း မလွယ်ကူခြင်းဟူသော ဤအကြောင်း၂-ပါးကြောင့်-ဟု ဆိုလို၏။
၂၆၉
(ဂ) ထိုသမာဓိ၏ လက္ခဏာ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကား အဘယ်သည်တို့နည်း၊
(ဃ) သမာဓိသည် အဘယ်မျှ အပြားရှိသနည်း၊
(င) သမာဓိ၏ ညစ်ညူးကြောင်းကား အဘယ်နည်း၊
(စ) သမာဓိ၏ ဖြူစင်ကြောင်းကား အဘယ်နည်း၊
(ဆ) သမာဓိကို အဘယ်သို့ ပွါးစေအပ်သနည်း၊
(ဇ) သမာဓိကို ပွါးစေခြင်း (သမာဓိဘာဝနာ)၏ အကျိုးကား အဘယ်နည်း။
ထို(မေးခွန်းအပေါင်း)၏ အဖြေမှာ အောက်ပါအတိုင်းပင် ဖြစ်သည်။
(က) “သမာဓိဟူသည် အဘယ်နည်း”ဟူသော မေးခွန်း၌.. သမာဓိသည် (ကုသိုလ်သမာဓိ စသည်အားဖြင့်) များသော (အဖို့ အစု အကွဲ)အပြားရှိ၏၊ (အာရုံကွဲပြားခြင်း စသည်အားဖြင့်) အထူးထူးအပြားပြား (အသေးစိတ် အကွဲအပြား)ရှိ၏။ ထိုအကွဲအပြား အလုံးစုံကို ပြရန်အားထုတ်လျှင် (ထိုသို့သော)ဖြေရှင်းချက်သည် အလိုရှိအပ်သော အကျိုးကိုလည်း မပြီးစေနိုင်ရာ၊ ထို့ပြင် ပျံ့လွင့်(လျက် မဆိုင်ရာရောက်)သွားဖို့ရန်လည်း ဖြစ်လေရာ၏၊ ထို့ကြောင့် ဤအရာ၌ အလိုရှိအပ်သော သမာဓိကိုသာလျှင် ဆိုကုန်အံ့၊ ကုသိုလ်ဖြစ်သော စိတ္တေကဂ္ဂတာ (စိတ်၏ တအာရုံတည်းရှိခြင်း- တည်ကြည်ခြင်း)သည် သမာဓိပေတည်း။
(ခ) “အဘယ်အနက်သဘောကြောင့် သမာဓိမည်သနည်း”ဟူသော မေးခွန်း၌.. (သမာဓာန) ကောင်းစွာထားခြင်း အနက်သဘောကြောင့် သမာဓိမည်၏။ ဤကောင်းစွာထားခြင်း (သမာဓာန)ဟူသည် အဘယ်နည်း၊ တခုတည်းသော အာရုံ၌ စိတ်နှင့် စေတသိက်တို့ကို (ဖရိုဖရဲ မပြန့်ကြဲအောင်) အညီအညွတ်ထားခြင်းသည်၎င်း၊ (မပျံ့လွင့် မပြေးသွားအောင်)
၂၇၀
ကောင်းစွာထားခြင်းသည်၎င်း သမာဓာနမည်၏၊ (ထားခြင်းဟူသည်မှာလည်း) တည်တံ့စေခြင်းပင်ဟု ဆိုလို၏။ ထို့ကြောင့် စိတ်နှင့်စေတသိက်တို့သည် အကြင်(သမာဓိ)တရား၏ အစွမ်းဖြင့် ဖရိုဖရဲ မပြန့်ကြဲကုန်မူ၍ တခုတည်းသောအာရုံ၌ အညီအညွတ်လည်း တည်တံ့ကုန်၏၊ မပျံ့လွင့် မပြေးသွားကုန်မူ၍ ကောင်းစွာ (ငြိမ်သက်စွာ)လည်း တည်တံ့ကုန်၏။ ဤသမာဓိတရားကိုပင် သမာဓာနဟူ၍ သိအပ်၏။
(ဂ) “ထိုသမာဓိ၏ လက္ခဏာ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကား အဘယ်သည်တို့နည်း”ဟူသော ဤမေးခွန်း၌.. သမာဓိသည် မပျံ့လွင့်ခြင်း လက္ခဏာရှိ၏၊ ပျံ့လွင့်ခြင်းကို ဖျက်ဆီးခြင်းကိစ္စရှိ၏၊ မတုန်မလှုပ်သော သဘောဟု (ရှုဆင်ခြင်သူ၏ ဉာဏ်၌) ရှေးရှုထင်၏၊ “ကိုယ်စိတ်ချမ်းသာခြင်းရှိသောသူ၏ စိတ်သည် တည်ကြည်၏”ဟု ဟောတော်မူသောကြောင့် ချမ်းသာခြင်း-သုခသည် ထိုသမာဓိ၏ နီးသောအကြောင်း ပဒဋ္ဌာန်ပေတည်း။
သမာဓိအပြားကို ပြဆိုချက်
(ဃ) “သမာဓိသည် အဘယ်မျှ အပြားရှိသနည်း”ဟူသော မေးခွန်း၌.. (သမာဓိ)သည် မပျံ့လွင့်ခြင်း လက္ခဏာအားဖြင့် အကွဲအပြားမရှိ တပါးတည်းသာတည်း။
ဥပစာရသမာဓိ, အပ္ပနာသမာဓိအားဖြင့် ၂-ပါးအပြားရှိ၏၊ ထို့အတူ လောကီသမာဓိ, လောကုတ္တရာသမာဓိအားဖြင့်၎င်း၊ သပ္ပီတိကသမာဓိ, နိပ္ပီတိကသမာဓိအားဖြင့်၎င်း၊ သုခသဟဂုတ်သမာဓိ, ဥပေက္ခာသဟဂုတ် သမာဓိအားဖြင့်၎င်း ၂-ပါးစီအပြားရှိ၏။
ဟီနသမာဓိ, မဇ္ဈိမသမာဓိ, ပဏီတသမာဓိအားဖြင့် ၃-ပါးအပြားရှိ၏။ ထို့အတူ သဝိတက္ကသဝိစာရသမာဓိစသည်အားဖြင့်၎င်း၊ ပီတိသဟဂုတ်
၂၇၁
သမာဓိစသည်အားဖြင့်၎င်း၊ ပရိတ္တသမာဓိ, မဟဂ္ဂတသမာဓိ, အပ္ပမာဏသမာဓိအားဖြင့်၎င်း ၃-ပါးစီ အပြားရှိ၏။
ဒုက္ခပဋိပဒါ-ဒန္ဓာဘိညာသမာဓိ စသည်အားဖြင့် လေးပါးအပြားရှိ၏။ ထို့အတူ ပရိတ္တ-ပရိတ္တာရမ္မဏသမာဓိ စသည်အားဖြင့်၎င်း၊ လေးပါးသော ဈာန်တို့၏ အင်္ဂါအားဖြင့်၎င်း၊ ဟာနဘာဂိယသမာဓိ စသည်အားဖြင့်၎င်း၊ ကာမာဝစရသမာဓိ စသည်အားဖြင့်၎င်း၊ အဓိပတိလေးပါးတို့၏ အစွမ်းအားဖြင့်၎င်း လေးပါးစီအပြားရှိ၏။
ပဉ္စကနည်း၌ ငါးပါးသောဈာန်တို့၏ အင်္ဂါအားဖြင့် ငါးပါးအပြားရှိ၏။
သမာဓိတပါး နှစ်ပါးတို့ကို ဖွင့်ပြချက်
ထိုတွင် တပါးတည်းအဖို့သည် သိသာထင်ရှားသော အနက်ရှိသည်သာတည်း။ နှစ်ပါးအပြားအဖို့၌ (ဗုဒ္ဓါနုဿတိ, ဓမ္မ, သံဃ, သီလ, စာဂ, ဒေဝတာနုဿတိဟူသော) အနုဿတိကမ္မဋ္ဌာန်းခြောက်ပါး၊ မရဏဿတိကမ္မဋ္ဌာန်း၊ ဥပသမာနုဿတိကမ္မဋ္ဌာန်း၊ အာဟာရေပဋိကူလသညာကမ္မဋ္ဌာန်း၊ စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်း-ဟူသော ဤ(၁၀-ပါးသော ကမ္မဋ္ဌာန်း)တို့၏ အစွမ်းအားဖြင့် ရ(အပ်)သော သမာဓိသည်၎င်း၊ အပ္ပနာဈာန်သမာဓိတို့၏ ရှေးအဖို့၌ (ရအပ်သော) သမာဓိသည်၎င်း၊ ဥပစာရသမာဓိမည်၏၁။ “ပဌမဈာန်၏ ပရိကံသည် ပဌမဈာန်အား
၁- ဥပ-အပ္ပနာဈာန်၏ အနီး၌ + စာရ-ဖြစ်သော + သမာဓိ- စိတ်တည်ကြည်ခြင်း = ဥပစာရသမာဓိ- အပ္ပနာဈာန်၏အနီး၌ဖြစ်သော စိတ်တည်ကြည်ခြင်း။ ဗုဒ္ဓါနုဿတိအစ ဓာတုဝဝတ္ထာန်အဆုံးရှိသော အထက်ပါ ကမ္မဋ္ဌာန်း ၁၀-ပါးတို့၌ဖြစ်သော သမာဓိသည် အပ္ပနာဈာန်၏အနီး၌ မဖြစ်ကြငြားသော်လည်း နီဝရဏတို့ကို ကင်းစေခြင်းအားဖြင့် အပ္ပနာဈာန်၏ အနီး၌ဖြစ်သော ဥပစာရ
၂၇၂
အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏” ဤသို့ စသည်ဖြင့် ဟောတော်မူသောကြောင့် (ဂေါတြဘူဟူသော) ပရိကံသမာဓိ၏ အခြားမဲ့ဖြစ်သော သမာဓိသည် အပ္ပနာသမာဓိမည်၏။ ဤသို့လျှင် ဥပစာရသမာဓိ အပ္ပနာသမာဓိအားဖြင့် နှစ်ပါးအပြားရှိ၏။
ဒုတိယဒုက်၌ (ကာမ, ရူပ, အရူပဟူသော) ဘုံသုံးပါးတို့၌ ကုသိုလ်စိတ္တေကဂ္ဂတာသည် လောကီသမာဓိမည်၏။ အရိယာမဂ်နှင့်ယှဉ်သော ဧကဂ္ဂတာသည် လောကုတ္တရာသမာဓိမည်၏။ ဤသို့လျှင် လောကီသမာဓိ, လောကုတ္တရာသမာဓိအားဖြင့် နှစ်ပါးအပြားရှိ၏။
တတိယဒုက်၌ စတုက္ကနည်းအရ၁ ဈာန်နှစ်ပါး ပဉ္စကနည်းအရ၂ ဈာန်သုံးပါးတို့၌ ဧကဂ္ဂတာသည် သပ္ပီတိက (ပီတိရှိသော)သမာဓိမည်၏။ ကြွင်းသော ဈာန်နှစ်ပါးတို့၌ ဧကဂ္ဂတာသည် နိပ္ပီတိက (ပီတိမရှိသော)သမာဓိမည်၏။ ဥပစာရသမာဓိသည်ကား အချို့ သပ္ပီတိကသမာဓိမည်၏။ အချို့ နိပ္ပီတိကသမာဓိမည်၏။ ဤသို့လျှင် သပ္ပီတိကသမာဓိ, နိပ္ပီတိကသမာဓိအားဖြင့် နှစ်ပါးအပြားရှိ၏။
သမာဓိနှင့်တူသောကြောင့် ဥပစာရသမာဓိ မည်ပေသည်၊ (သာဓကကို အလိုရှိလျှင် မဟာဋီကာ ပဌမ ၄၃၆-၌ ကြည့်ပါ)။ တနည်းကား ဗုဒ္ဓါနုဿတိစသည်ကို ပွါးနေစဉ် ဖြစ်ပေါ်လာသော ပီတိစသည်ကို ဝိပဿနာရှု၍ အရိယာမဂ် အပ္ပနာသမာဓိသို့ ရောက်နိုင်၏၊ ထိုသို့ဖြစ်လျှင် မဂ်အပ္ပနာသမာဓိ၏အနီး၌ ဖြစ်သည်ဟု ဆိုနိုင်၏။ ထို့ကြောင့် ဥပစာရသမာဓိမည်သည်ဟူ၍လည်း ဆိုသင့်၏။
၁-နှာ ၂၇၈ တတိယစာပိုဒ်၌ ကြည့်ပါ။
၂-နှာ ၂၈၁ တတိယစာပိုဒ်၌ ကြည့်ပါ။
၂၇၃
စတုတ္ထဒုက်၌ စတုက္ကနည်းအရ ဈာန်သုံးပါး, ပဉ္စကနည်းအရ ဈာန်လေးပါးတို့၌ ဧကဂ္ဂတာသည် သုခသဟဂုတ် (သုခနှင့် တကွဖြစ်သော) သမာဓိမည်၏။ ကြွင်းသောဈာန်၌ ဧကဂ္ဂတာသည် ဥပေက္ခာသဟဂုတ် (ဥပေက္ခာနှင့် တကွဖြစ်သော) သမာဓိမည်၏။ ဥပစာရသမာဓိသည်ကား အချို့ သုခသဟဂုတ်သမာဓိမည်၏၊ အချို့ ဥပေက္ခာသဟဂုတ်သမာဓိမည်၏။ ဤသို့လျှင် သုခသဟဂုတ်သမာဓိ, ဥပေက္ခာသဟဂုတ်သမာဓိအားဖြင့် နှစ်ပါးအပြားရှိ၏။
သမာဓိသုံးပါးကို ဖွင့်ပြချက်
တိက်တို့တွင် ပဌမတိက်၌ ရကာမျှဖြစ်သော သမာဓိသည် ဟီန(ယုတ်ညံ့သော) သမာဓိမည်။ လွန်စွာမပွါးစေအပ်သေးသော သမာဓိသည် မဇ္ဈိမ (အလယ်အလတ်) သမာဓိမည်၏။ ကောင်းစွာပွါးစေအပ်ပြီးသော နိုင်နင်းခြင်းသို့ရောက်သော သမာဓိသည် ပဏီတ (မြတ်သော) သမာဓိမည်၏။ ဤသို့လျှင် ဟိနသမာဓိ, မဇ္ဈိမသမာဓိ, ပဏီတသမာဓိအားဖြင့် သုံးပါးအပြားရှိ၏။
[၈၃] ဒုတိယတိက်၌ ဥပစာရသမာဓိနှင့်တကွ ပဌမဈာန်သမာဓိသည် သဝိတက္ကသဝိစာရ (ဝိတက် ဝိစာရရှိသော) သမာဓိမည်၏။ ပဉ္စကနည်းအရ ဒုတိယဈာန်သမာဓိသည် အဝိတက္ကဝိစာရမတ္တ (ဝိတက်ကင်း၍ ဝိစာရမျှသာရှိသော) သမာဓိမည်၏။ မှန်ပေ၏၊ အကြင်ပုဂ္ဂိုလ်သည် ဝိတက်မျှ၌သာလျှင် အပြစ်ကိုမြင်ပြီးလျှင် ဝိစာရ၌ အပြစ်မမြင်မူ၍ ဝိတက်သက်သက်ကို ပယ်ရုံမျှသာလျှင် လိုလားတောင့်တလျက် (အားထုတ်၍) ပဌမဈာန်ကို လွန်မြောက်၏၊ ထိုပုဂ္ဂိုလ်သည် ဝိတက်ကင်း၍ ဝိစာရမျှသာရှိသော သမာဓိကိုရ၏။ ထိုသို့သောသမာဓိကို ရည်၍ ဤ(အဝိတက္ကဝိစာရမတ္တသမာဓိဟူသော) စကားကို ဆိုပေသည်။ စတုက္ကနည်းအရ ဒုတိယဈာန်အစရှိသော ဈာန်သုံးပါးတို့၌၎င်း၊ ပဉ္စကနည်းအရ တတိယဈာန် အစရှိသော
၂၇၄
ဈာန်သုံးပါးတို့၌၎င်း ဧကဂ္ဂတာသည် အဝိတက္ကအဝိစာရ (ဝိတက်ဝိစာရကင်းသော) သမာဓိမည်၏။ ဤသို့လျှင် သဝိတက္ကသဝိစာရသမာဓိ စသည်အားဖြင့် သုံးပါးအပြားရှိ၏။
တတိယတိက်၌ စတုက္ကနည်းအရ အစမှ ဈာန်နှစ်ပါးတို့၌၎င်း၊ ပဉ္စကနည်းအရ အစမှ ဈာန်သုံးပါးတို့၌၎င်း ဧကဂ္ဂတာသည် ပီတိသဟဂုတ် (ပီတိနှင့်တကွဖြစ်သော) သမာဓိမည်၏။ ထို(စတုက္ကနည်း ပဉ္စကနည်း)တို့၌ပင်လျှင် (စတုက္ကနည်းအရ) တတိယဈာန်၌၎င်း၊ (ပဉ္စကနည်းအရ) စတုတ္ထဈာန်၌၎င်း ဧကဂ္ဂတာသည် သုခသဟဂုတ် (သုခနှင့်တကွဖြစ်သော) သမာဓိမည်၏။ အဆုံးဈာန်၌ (ဧကဂ္ဂတာသည်) ဥပေက္ခာသဟဂုတ် (ဥပေက္ခာနှင့်တကွဖြစ်သော) သမာဓိမည်၏။ ဥပစာရသမာဓိသည်ကား ပီတိသဟဂုတ် သုခသဟဂုတ်သော်လည်း ဖြစ်၏၊ ဥပေက္ခာသဟဂုတ်သော်လည်း ဖြစ်၏။ ဤသို့လျှင် ပီတိသဟဂုတ်သမာဓိ စသည်အားဖြင့် သုံးပါးအပြားရှိ၏။
စတုတ္ထတိက်၌ ဥပစာဘုံ (အဆင့်)၌ ဧကဂ္ဂတာသည် ပရိတ္တ (ကာမာဝစရ)သမာဓိ၁ မည်၏။ ရူပါဝစရကုသိုလ် အရူပါဝစရကုသိုလ်တို့၌ ဧကဂ္ဂတာသည် မဟဂ္ဂတ (မဟဂ္ဂုတ်)သမာဓိ၂ မည်၏။ အရိယာမဂ်နှင့်ယှဉ်သော သမာဓိသည် အပ္ပမာဏသမာဓိ၃ မည်၏။ ဤသို့လျှင် ပရိတ္တသမာဓိ, မဟဂ္ဂတသမာဓိ, အပ္ပမာဏသမာဓိအားဖြင့် သုံးပါးအပြားရှိ၏။
၁-ပရိတ္တ- တန်ခိုးအာနုဘော် နည်းသဖြင့် သေးငယ်သေးနုပ်သော + သမာဓိ- စိတ်တည်ကြည်ခြင်း။
၂-မဟဂ္ဂတ- မြတ်သည်၏အဖြစ်သို့ ရောက်သော- ကြီးကျယ်မြင့်မြတ်သော + သမာဓိ- စိတ်တည်ကြည်ခြင်း။
၃- အပ္ပမာဏ- အတိုင်းအရှည်မရှိသော- အလွန်မြင့်မြတ်သော + သမာဓိ- စိတ်တည်ကြည်ခြင်း။
၂၇၅
သမာဓိလေးပါးကို ဖွင့်ပြချက်
စတုက္ကတို့တွင် ပဌမစတုက္က၌ ဒုက္ခပဋိပဒါ (ဆင်းရဲသောအကျင့်ရှိသော) ဒန္ဓာဘိညာ (နှေးသော အသိဉာဏ်ထူးရှိသော) သမာဓိသည် ရှိ၏။ ဒုက္ခပဋိပဒါ (ဆင်းရဲသောအကျင့်ရှိသော) ခိပ္ပါဘိညာ (လျင်မြန်သော အသိဉာဏ်ထူးရှိသော) သမာဓိသည် ရှိ၏။ သုခပဋိပဒါ (ချမ်းသာသော အကျင့်ရှိသော) ဒန္ဓာဘိညာ (နှေးသော အသိဉာဏ်ထူးရှိသော) သမာဓိသည် ရှိ၏။ သုခပဋိပဒါ (ချမ်းသာသောအကျင့်ရှိသော) ခိပ္ပါဘိညာ (လျင်မြန်သော အသိဉာဏ်ထူးရှိသော) သမာဓိသည် ရှိ၏။
ထိုတွင် ရှေးဦးစွာ နှလုံးသွင်းသည်မှစ၍ ထိုထိုဈာန်၏ ဥပစာရသမာဓိ ဖြစ်ပေါ်သည်တိုင်အောင် ဖြစ်ခဲ့သော သမာဓိဘာဝနာကို ပဋိပဒါ (ရောက်ကြောင်းအကျင့်)ဟု ခေါ်သည်။ ဥပစာရသမာဓိမှစ၍ အပ္ပနာဈာန်တိုင်အောင်ဖြစ်သော ပညာကို အဘိညာဟု ခေါ်သည်။ ထိုပဋိပဒါသည် အချို့သောပုဂ္ဂိုလ်အား ဆင်းရဲ၏၊ “နီဝရဏအစရှိသော ဆန့်ကျင်ဘက်တရားတို့၏ ဖြစ်ပေါ်ခြင်း ရှုပ်ထွေးထူထပ်သည်၏ အဖြစ်ကြောင့် ခဲယဉ်း၏၊ ၎င်းကို မှီဝဲရသည်မှာ မချမ်းသာ (မလွယ်ကူ)”၁၊ ဤသည်ကား (ဒုက္ခ-ဆင်းရဲ၏ ဟူသောပုဒ်၏) ဆိုလိုသော အနက်တည်း။ အချို့သောပုဂ္ဂိုလ်အား ထိုသို့သော အရှုပ်အထွေးမရှိသောကြောင့် ချမ်းသာ(လွယ်ကူ)၏။ အဘိညာသည်လည်း အချို့သောပုဂ္ဂိုလ်အား နှေး၏။ နုံ့၏၊ လျင်စွာဖြစ်ခြင်းမရှိ။ အချို့သောပုဂ္ဂိုလ်အား လျင်မြန်၏၊ မနုံ့နှေး၊ လျင်စွာဖြစ်ခြင်းရှိ၏။
၁-ဤအဖွင့်အပိတ်ကော်မာ ၂-ရပ်အတွင်းရှိ စကားများသည် ရှေ့အခြားမဲ့၌ဆိုခဲ့သော “ဆင်းရဲ၏”ဟူသော စကား၏ အဖွင့်များဖြစ်သည်၊ ထို့ကြောင့် ဤသည်ကား စသည်ဖြင့် ဆက်၍ ညွှန်ပြသွားပေသည်။
၂၇၆
ထို(ပဋိပဒါ အဘိညာ)တို့တွင်၁ နောက်၌ ပြဆိုမည့် လျောက်ပတ် မလျောက်ပတ်သော အရာများ, ပလိဗောဓကိုဖြတ်ခြင်း အစရှိသော ပုဗ္ဗကိစ္စများ, (အပ္ပနာ၌ ကျွမ်းကျင်လိမ္မာမှုဟူသော) အပ္ပနာကောသလ္လများတို့တွင် [၈၄] မလျောက်ပတ်သည်ကို မှီဝဲသောသူအား ဒုက္ခပဋိပဒါ (ဆင်းရဲသောအကျင့်)သည်၎င်း၊ ဒန္ဓာဘိညာ (နှေးသော အသိဉာဏ်ထူး)သည်၎င်း ဖြစ်၏။ လျောက်ပတ်သည်ကို မှီဝဲသောသူအား သုခပဋိပဒါ (ချမ်းသာသောအကျင့်)သည်၎င်း၊ ခိပ္ပါဘိညာ (လျင်မြန်သော အသိဉာဏ်ထူး)သည်၎င်း ဖြစ်၏။ (ဥပစာရဈာန်မရမီ) ရှေ့အဖို့၌ မလျောက်ပတ်သည်ကိုမှီဝဲ၍ (ဥပစာရဈာန်ရသည်မှ) နောက်အဖို့၌ လျောက်ပတ်သည်ကို မှီဝဲသောသူအား၎င်း, ရှေးအဖို့၌ လျောက်ပတ်သည်ကိုမှီဝဲ၍ နောက်အဖို့၌ မလျောက်ပတ်သည်ကို မှီဝဲသောသူအား၎င်း (ပဋိပဒါအဘိညာတို့၏) ရောနှောသည်၏အဖြစ်ကို သိအပ်၏။ ထိုမှတပါး ပလိဗောဓကို ဖြတ်ခြင်းအစရှိသော ပုဗ္ဗကိစ္စကို မပြုမူ၍ ဘာဝနာကို အားထုတ်သောသူအား ဒုက္ခပဋိပဒါ (ဆင်းရဲသော အကျင့်)သည် ဖြစ်၏။ ထိုမှ ပြန်သောအားဖြင့် သုခပဋိပဒါ (ချမ်းသာသောအကျင့်)သည် ဖြစ်၏။ အပ္ပနာကောသလ္လတို့နှင့် မပြည့်စုံသောသူအား ဒန္ဓာဘိညာ (နှေးသော အသိဉာဏ်ထူး) ဖြစ်၏။ ၎င်းတို့နှင့် ပြည့်စုံသောသူအား ခိပ္ပါဘိညာ (လျင်မြန်သော အသိဉာဏ်ထူး) ဖြစ်၏။
တနည်းအားဖြင့်မူကား တဏှာနှင့် အဝိဇ္ဇာတို့၏ အစွမ်းအားဖြင့်၎င်း သမထနှင့် ဝိပဿနာတို့၌ အဓိကာရ (လွန်စွာအားထုတ်ဘူးခြင်း)၏ အစွမ်းအားဖြင့်၎င်း ဤပဋိပဒါ အဘိညာတို့၏ အထူးအပြားကို သိအပ်၏။
၁- ထို(ပဋိပဒါ အဘိညာ)တို့တွင်.. ဒုက္ခပဋိပဒါသည်၎င်း၊ ဒန္ဓာဘိညာသည်၎င်း ဖြစ်၏-စသည်ဖြင့် စပ်ပါ။
၂၇၇
ချဲ့၍ပြရလျှင် တဏှာလွှမ်းမိုးသောသူအား ဒုက္ခပဋိပဒါဖြစ်၏၊ မလွှမ်းမိုးသောသူအား သုခပဋိပဒါဖြစ်၏။ အဝိဇ္ဇာလွှမ်းမိုးသောသူအား ဒန္ဓာဘိညာဖြစ်၏၊ မလွှမ်းမိုးသောသူအား ခိပ္ပါဘိညာဖြစ်၏။ ထိုမှတပါး သမထ၌ လွန်စွာ အားထုတ်ခြင်းကို မပြုဘူးသောသူအား၁ ဒုက္ခပဋိပဒါဖြစ်၏။ လွန်စွာ အားထုတ်ခြင်းကို ပြုဘူးသောသူအား၁ သုခပဋိပဒါဖြစ်၏။ ဝိပဿနာ၌ လွန်စွာအားထုတ်ခြင်းကို မပြုဘူးသောသူအား၁ ဒန္ဓာဘိညာဖြစ်၏။ လွန်စွာအားထုတ်ခြင်းကို ပြုဘူးသောသူအား ခိပ္ပါဘိညာဖြစ်၏။
ထို့ပြင် (ကာမစ္ဆန္ဒစသော) ကိလေသာနှင့် (သဒ္ဓါစသော) ဣန္ဒြေတို့၏ အစွမ်းအားဖြင့်လည်း ဤပဋိပဒါ, အဘိညာတို့၏ အထူးအပြားကို သိအပ်၏။ ချဲ့၍ပြရလျှင် ကိလေသာထက်သန်၍ ဣန္ဒြေနုသောသူအား ဒုက္ခပဋိပဒါသည်၎င်း, ဒန္ဓာဘိညာသည်၎င်း ဖြစ်၏၊ ဣန္ဒြေထက်သောသူအားမူကား ခိပ္ပါဘိညာသည် ဖြစ်၏၊ ကိလေသာနုံ့၍ ဣန္ဒြေနုသောသူအား သုခပဋိပဒါသည်၎င်း, ဒန္ဓာဘိညာသည်၎င်း ဖြစ်၏။ ဣန္ဒြေထက်သောသူအား ခိပ္ပါဘိညာသည် ဖြစ်၏။
ဤဆိုခဲ့သော ပဋိပဒါ အဘိညာတို့တွင် အကြင်ပုဂ္ဂိုလ်သည် ဒုက္ခပဋိပဒါ (ဆင်းရဲသော အကျင့်)ဖြင့်၎င်း, ဒန္ဓာဘိညာ (နှေးသော အသိဉာဏ်ထူး)ဖြင့်၎င်း အပ္ပနာသမာဓိသို့ ရောက်၏၊ ထိုပုဂ္ဂိုလ်၏သမာဓိကို ဒုက္ခပဋိပဒါ
၁- လွန်စွာ အားထုတ်မှုကို မပြုဘူးသောသူ- ဟူသည်ကား ရှေးဘဝတပါး၌ အလေ့အကျင့်ကို မပြုဘူးသောသူပေတည်း။ ကျေပြွန်စွာပြုပြီး၍ စွန့်ပစ်ထားသောကျမ်းသည် အနည်းငယ်မျှ အားထုတ်မှုဖြင့် ကောင်းစွာ နှုတ်တက်သည်သာ ဖြစ်သကဲ့သို့ ဤအတူပင် ရှေးဘဝ၌ အလေ့အကျက်ပြုဘူးသောသူ၏ ဘာဝနာသည် မပင်မပန်း ချမ်းသာစွာသာလျှင် ပြည့်စုံတတ်၏။ ထို့ကြောင့် လွန်စွာ အားထုတ်မှုကို ပြုဘူးသောသူအား သုခပဋိပဒါ ဖြစ်၏-ဟု ဆို၏။ (ဋီကာ)
၂၇၈
ဒန္ဓာဘိညာသမာဓိဟု ခေါ်သည်။ ကြွင်းသော သမာဓိသုံးပါး၌လည်း ဤနည်းပင်တည်း။ ဤသို့လျှင် ဒုက္ခပဋိပဒါဒန္ဓာဘိညာသမာဓိ စသည်အားဖြင့် လေးပါးအပြားရှိ၏။
ဒုတိယ စတုက္က၌ ပရိတ္တ ပရိတ္တာရမ္မဏ (သေးငယ်၍ သေးငယ်သောအာရုံရှိသော) သမာဓိသည် ရှိ၏၊ ပရိတ္တ အပ္ပမာဏာရမ္မဏ (သေးငယ်၍ ကြီးကျယ်သောအာရုံရှိသော) သမာဓိသည် ရှိ၏၊ အပ္ပမာဏပရိတ္တာရမ္မဏ (ကြီးကျယ်၍ သေးငယ်သောအာရုံရှိသော) သမာဓိသည် ရှိ၏၊ အပ္ပမာဏ အပ္ပမာဏာရမ္မဏ (ကြီးကျယ်၍ ကြီးကျယ်သော အာရုံရှိသော) သမာဓိသည် ရှိ၏၊ ဤသို့ လေးပါးအပြားရှိ၏၊ ထိုတွင် အကြင်သမာဓိသည် မကျေပြွန်သေးသည်ဖြစ်၍ အထက်ဈာန်၏အကြောင်း မဖြစ်နိုင်သေး၊ ဤသမာဓိသည် ပရိတ္တ (သေးငယ်သော)သမာဓိ မည်၏။ အကြင်သမာဓိသည်ကား မပွါးစေအပ်သေးသောအာရုံ၌ ဖြစ်၏၊ ဤသမာဓိသည် ပရိတ္တာရမ္မဏ (သေးငယ်သော အာရုံရှိသော)သမာဓိ မည်၏။ အကြင်သမာဓိသည် ကောင်းစွာ ပွါးစေအပ်ပြီးသည် ကျေပြွန်သည်ဖြစ်၍ အထက်ဈာန်၏အကြောင်း ဖြစ်နိုင်၏၊ ဤသမာဓိသည် အပ္ပမာဏ (ကြီးကျယ်သော)သမာဓိ မည်၏။ အကြင်သမာဓိသည်ကား ပွါးစေအပ်ပြီးသော အာရုံ၌ ဖြစ်၏၊ ဤသမာဓိသည် အပ္ပမာဏာရမ္မဏ (ကြီးကျယ်သော အာရုံရှိသော)သမာဓိ မည်၏။ ဆိုခဲ့ပြီးသော လက္ခဏာတို့ ရောနှောသောအားဖြင့် (ပရိတ္တ အပ္ပမာဏာရမ္မဏသမာဓိ, အပ္ပမာဏ ပရိတ္တာရမ္မဏသမာဓိ ဟု) ရောနှောသောနည်းကို သိအပ်၏။ ဤသို့လျှင် ပရိတ္တ ပရိတ္တာရမ္မဏသမာဓိ စသည်အားဖြင့် လေးပါးအပြားရှိ၏။
[၈၅] တတိယစတုက္က၌ နီဝရဏကို ပယ်ခွါကုန်ပြီးသော ဝိတက် ဝိစာရ ပီတိ သုခ သမာဓိတို့၏ အစွမ်းအားဖြင့် အင်္ဂါငါးပါးရှိသော ပဌမဈာန်တပါး၊ ထိုဈာန်မှ(အထက်၌) ဝိတက် ဝိစာရ ကင်းငြိမ်းသည်ဖြစ်၍ (ပီတိ,
၂၇၉
သုခ, သမာဓိအားဖြင့်) အင်္ဂါသုံးပါးရှိသော ဒုတိယဈာန်တပါး၊ ထိုဈာန်မှ(အထက်၌) ပီတိကင်းသည်ဖြစ်၍ (သုခ, သမာဓိအားဖြင့်) အင်္ဂါနှစ်ပါးရှိသော တတိယဈာန်တပါး၊ ထိုဈာန်မှ(အထက်၌) သုခကို ပယ်ပြီးသည်ဖြစ်၍ ဥပေက္ခာဝေဒနာနှင့်တကွ သမာဓိ၏ အစွမ်းအားဖြင့် အင်္ဂါနှစ်ပါးရှိသော စတုတ္ထဈာန်တပါး၊ ဤသို့ (ဈာန်လေးပါး ပြားသောကြောင့်) ဤဈာန်လေးပါးတို့၏ အင်္ဂါဖြစ်သော သမာဓိတို့သည် လေးပါးဖြစ်ကုန်၏။ ဤသို့လျှင် လေးပါးသော ဈာန်တို့၏ အင်္ဂါအားဖြင့် လေးပါးအပြားရှိ၏။
စတုတ္ထ စတုက္က၌ ဟာနဘာဂိယ (ဆုတ်ယုတ်ခြင်းအဖို့ရှိသော) သမာဓိသည် ရှိ၏။ ဌိတိဘာဂိယ (ရပ်တန့်ခြင်းအဖို့ရှိသော) သမာဓိသည် ရှိ၏။ ဝိသေသဘာဂိယ (ထူးခြားခြင်းအဖို့ရှိသော) သမာဓိသည် ရှိ၏။ နိဗ္ဗေဓဘာဂိယ (သစ္စာတို့ကို ဖောက်ထွင်းသိမြင်ခြင်း အဖို့ရှိသော) သမာဓိသည် ရှိ၏။ ထိုတွင် ဆန့်ကျင်ဖက်တို့ ဖြစ်ပေါ်သည်၏ အစွမ်းအားဖြင့် ဆုတ်ယုတ်ခြင်းအဖို့ရှိသည်၏ အဖြစ်ကို သိအပ်၏။ ထိုရဆဲဈာန်အားလျော်သော သတိ၏ တည်နေခြင်း၏ အစွမ်းအားဖြင့်၁ ရပ်တန့်ခြင်းအဖို့ ရှိသည်၏အဖြစ်ကို
၁- (သတိ၏ တည်နေခြင်း၏ အစွမ်းအားဖြင့်-ဟူရာ၌) ထိုသတိသည်ကား ထိုရဆဲဈာန်၌ သာယာသောတဏှာဟု ဆိုအပ်သည်မူလည်းဖြစ်သော ထိုတဏှာနှင့်ယှဉ်သော နာမ်ခန္ဓာဟု ဆိုအပ်သည်မူလည်းဖြစ်သော မိစ္ဆာသတိပင် ဖြစ်သည်-ဟူ၍ သမ္မောဟဝိနောဒနီအဋ္ဌကထာ၌ မိန့်ဆိုလေပြီ။ ထိုရဆဲဈာန်၌ ငဲ့ခြင်းရှိသော ပုဂ္ဂိုလ်အား အထက်တရားထူးကို ဖြစ်စေခြင်းငှါ မစွမ်းနိုင်သောကြောင့် နှစ်သက်တွယ်တာမှုမကင်းမူ၍ ထိုထိုဈာန်ကိုဆောင်သော သတိဟူ၍လည်း ဆိုရန် သင့်သေး၏။ ထို့ကြောင့် (သတိ၏-ဟု ဧကန်ဆိုထားသော အဋ္ဌကထာစကားအရာ၌) သတိ၏သော်၎င်း၊ နိကန္တိ၏သော်၎င်း-ဟူ၍ နှစ်သွယ်နှစ်ခွဆိုထားခြင်းသည်လည်း သင့်ပေ၏။ (မဟာဋီကာ) နိကန္တိကိုသော်၎င်း၊ နိကန္တိနှင့်
၂၈၀
သိအပ်၏။ အထက်ဈာန်အထူးကို ရ(စေနိုင်)ခြင်း၏ အစွမ်းအားဖြင့် ထူးခြားခြင်းအဖို့ရှိသည်၏အဖြစ်ကို သိအပ်၏။ ငြီးငွေ့သော (ဝိပဿနာ)ဉာဏ်နှင့်တကွ ဖြစ်ကုန်သော အမှတ်သညာနှင့် နှလုံးသွင်းမှုတို့ ဖြစ်ခြင်း၏ အစွမ်းအားဖြင့် သစ္စာတို့ကို ဖောက်ထွင်းသိမြင်ခြင်းအဖို့ ရှိသည်၏အဖြစ်ကို သိအပ်၏။ (ဤစကားနှင့်အညီ) အဘယ်ကဲ့သို့ ဟောတော်မူသနည်းဟူမူ-
“ပဌမဈာန်ရသော ပုဂ္ဂိုလ်ကို ကာမနှင့်တကွ ဖြစ်ကုန်သော (ကာမကို အာရုံပြုကုန်) အမှတ်သညာနှင့် နှလုံးသွင်းမှုတို့သည် လွှမ်းမိုး၍ ဖြစ်ကုန်ငြားအံ့၊ (ထိုပုဂ္ဂိုလ်၏) ပညာသည် ဆုတ်ယုတ်ခြင်းအဖို့ရှိ၏။ ထို(ပဌမဈာန်)နှင့်လျော်သော သတိရမှုသည် တည်ရှိနေငြားအံ့၊ (ထိုပုဂ္ဂိုလ်၏) ပညာသည် ရပ်တန့်ခြင်းအဖို့ရှိ၏။ ဝိတက်ကင်းသော ဈာန်နှင့်တကွ ဖြစ်ကုန်သော အမှတ်သညာနှင့် နှလုံးသွင်းမှုတို့သည် လွှမ်းမိုး၍ ဖြစ်ကုန်ငြားအံ့၊ (ထိုပုဂ္ဂိုလ်၏) ပညာသည် ထူးခြားခြင်း အဖို့ရှိ၏။ ငြီးငွေ့သော (ဝိပဿနာ)ဉာဏ်နှင့်တကွ ဖြစ်ကုန်သော အမှတ်သညာနှင့် နှလုံးသွင်းမှုတို့သည် လွှမ်းမိုး၍ ဖြစ်ကုန်ငြားအံ့၊ (ထိုပုဂ္ဂိုလ်၏) ပညာသည် တပ်မက်ကင်းသော မဂ်နှင့်စပ်သည်ဖြစ်၍ သစ္စာတို့ကို ဖောက်ထွင်း သိမြင်ခြင်းအဖို့ရှိ၏”ဟူ၍ ဟောတော်မူပေ၏။
ထိုပညာလေးပါးနှင့်ယှဉ်သော သမာဓိတို့သည်လည်း လေးပါးပင် ဖြစ်ကုန်၏။ ဤသို့လျှင် ဟာနဘာဂိယသမာဓိ စသည်အားဖြင့် လေးပါးအပြားရှိ၏။
တကွဖြစ်သော စိတ္တုပ္ပါဒ် (စိတ် စေတသိက်အပေါင်း)ကိုသော်၎င်း မိစ္ဆာသတိ-ဟု (အဋ္ဌကထာဆရာ) ဆို၏။ (သမ္မောအဖွင့် မူလဋီကာ။)
၂၈၁
ပဉ္စမစတုက္က၌ ကာမာဝစရသမာဓိ ရူပါဝစရသမာဓိ အရူပါဝစရသမာဓိ အပရိယာပန္န (လောက၌ အတွင်းမဝင်သော) သမာဓိဟူ၍ သမာဓိတို့သည် လေးပါးအပြားရှိကုန်၏။ ထိုတွင် အလုံးစုံသော ဥပစာရ ဧကဂ္ဂတာသည် ကာမာဝစရသမာဓိမည်၏။ ထို့အတူ ရူပါဝစရကုသိုလ်စိတ် စသည်တို့နှင့်ယှဉ်သော ဧကဂ္ဂတာတို့သည် ဤမှတပါးသော သမာဓိသုံးပါးမည်ကုန်၏။ ဤသို့လျှင် ကာမာဝစရသမာဓိ စသည်အားဖြင့် လေးပါးအပြားရှိ၏။
ဆဋ္ဌစတုက္က၌ ရဟန်းသည် ဆန္ဒကို အကြီးအမှူးပြု၍ သမာဓိကို ရငြားအံ့၊ စိတ်၏ တအာရုံတည်း၌ တည်ခြင်း(ဧကဂ္ဂတာ)ကို ရငြားအံ့၊ ဤသမာဓိကို ဆန္ဒသမာဓိဟု ဆိုအပ်၏။ ရဟန်းသည် ဝီရိယကို အကြီးအမှူးပြု၍ ရငြားအံ့ ။ပ။ ဝီရိယသမာဓိဟု ဆိုအပ်၏။ ရဟန်းသည် စိတ်ကို အကြီးအမှူးပြု၍ သမာဓိကို ရငြားအံ့ ။ပ။ စိတ္တသမာဓိဟု ဆိုအပ်၏။ ရဟန်းသည် ပညာကို အကြီးအမှူးပြု၍ သမာဓိကိုရငြားအံ့၊ စိတ်၏ တအာရုံတည်း၌ တည်ခြင်းကို ရငြားအံ့၊ ဤသမာဓိကို ဝီမံသသမာဓိဟု ဆိုအပ်၏။ ဤသို့လျှင် အဓိပတိ (အကြီးအမှူး)လေးပါးတို့၏ အစွမ်းအားဖြင့် လေးပါးအပြားရှိ၏။
သမာဓိငါးပါးကို ဖွင့်ပြချက်
[၈၆] ပဉ္စက (သမာဓိငါးပါးအပေါင်း)၌ (အကျယ်ကား) စတုက္က(နည်းအရ သမာဓိ)အပြား(ကို ပြရာ)၌ ဆိုခဲ့သော ဒုတိယဈာန်ကိုပင် “ဝိတက်မျှကို ကျော်လွန်သောအားဖြင့် ဒုတိယဈာန်တပါး, ဝိတက်ဝိစာရတို့ကို ကျော်လွန်သောအားဖြင့် တတိယဈာန်တပါး”ဟု ဤသို့ ၂-ပါးခွဲ၍၁
၁- တတိယ စတုက္ကအရ သမာဓိ၄-ပါးကိုပြရာ၌ ဝိတက်ဝိစာရ ၂-ပါးလုံးကင်းသော ပီတိ သုခ ဧကဂ္ဂတာအားဖြင့် အင်္ဂါ ၃-ပါးရှိသော ဒုတိယဈာန်ကို
၂၈၂
ငါးပါးသောဈာန်တို့ကို သိအပ်ကုန်၏။ ထိုဈာန်ငါးပါးတို့၏ အင်္ဂါဖြစ်သော သမာဓိတို့သည်လည်း ငါးပါးပင် ဖြစ်ကုန်၏။ ဤသို့လျှင် ငါးပါးသောဈာန်တို့၏ အင်္ဂါအားဖြင့် သမာဓိသည် ငါးပါးအပြားရှိ၏။
၄၀။ (င-စ) “သမာဓိ၏ ညစ်ညူးကြောင်းကား အဘယ်နည်း၊ သမာဓိ၏ ဖြူစင်ကြောင်းကား အဘယ်နည်း”ဟူသော မေးခွန်းတို့၌ အဖြေမှာ ဝိဘင်းပါဠိတော်၌ ဟောထားပြီးပင် ဖြစ်သည်။ ထိုဝိဘင်းပါဠိတော်၌ “ညစ်ညူးကြောင်းဟူသည်ကား ဆုတ်ယုတ်ခြင်းအဖို့ရှိသော တရားတည်း၊ ဖြူစင်ကြောင်းဟူသည်ကား ထူးခြားခြင်းအဖို့ရှိသော တရားတည်း”ဟု ဟောတော်မူပေ၏။ ထိုစကားရပ်၌ “ပဌမဈာန်ရသော ပုဂ္ဂိုလ်ကို ကာမနှင့်တကွ ဖြစ်ကုန်သော (ဝါ-ကာမကို အာရုံပြုကုန်သော) အမှတ်သညာနှင့် နှလုံးသွင်းမှုတို့သည် လွှမ်းမိုး၍ ဖြစ်ကုန်ငြားအံ့၊ (ထိုပုဂ္ဂိုလ်၏)ပညာသည် ဆုတ်ယုတ်ခြင်း အဖို့ရှိ၏” ဤသို့အစရှိသော ဒေသနာနည်းဖြင့် ဆုတ်ယုတ်ခြင်းအဖို့ရှိသော တရားကို သိအပ်၏။ “ဝိတက်ကင်းသော ဈာန်နှင့် တကွဖြစ်ကုန်သော အမှတ်သညာနှင့် နှလုံးသွင်းမှုတို့သည် လွှမ်းမိုး၍ ဖြစ်ကုန်ငြားအံ့၊ (ထိုပုဂ္ဂိုလ်၏)ပညာသည် ထူးခြားခြင်းအဖို့ရှိ၏” ဤသို့အစရှိသော ဒေသနာနည်းဖြင့် ထူးခြားခြင်းအဖို့ရှိသော တရားကို သိအပ်၏။
ပြခဲ့၏။ ထိုဈာန်ကို ဝိတက်မျှသာကင်း၍ ဝိစာရ ပီတိ သုခ ဧကဂ္ဂတာအားဖြင့် အင်္ဂါလေးပါးရှိသော ဒုတိယဈာန်တပါး၊ ဝိစာရပါကင်း၍ ပီတိ သုခ ဧကဂ္ဂတာအားဖြင့် အင်္ဂါ၃-ပါးရှိသော ဤအရာ၌ တတိယဈာန်ဟု ခေါ်ဆိုအပ်သော ဈာန်တပါးဟု ဤသို့ ၂-ပါးခွဲ၍ ယူလိုက်လျှင် ထိုစတုက္ကအရာ၌ ပြခဲ့သော တတိယ, စတုတ္ထဈာန်တို့ကို ဤအရာ၌ စတုတ္ထဈာန်, ပဉ္စမဈာန်ဟု ခေါ်ရ၏။ ထို့ကြောင့် ဈာန်ငါးပါးဖြစ်လေသည်။
၂၈၃
ပလိဗောဓ ၁၀-ပါးကို ဖွင့်ပြချက်
၄၁။ (ဆ) “သမာဓိကို အဘယ်သို့ ပွါးစေအပ်သနည်း”ဟူသော မေးခွန်း၌ “လောကီသမာဓိ, လောကုတ္တရာသမာဓိအားဖြင့် ၂-ပါးအပြားရှိ၏” ဤသို့စသည်ဖြင့် ပြခဲ့ပြီးသော သမာဓိအပြားတို့၌ အရိယာမဂ်နှင့်ယှဉ်သော အကြင်သမာဓိကို ပြဆိုခဲ့၏၊ ထိုအရိယာမဂ်သမာဓိကို ပွါးစေရန် (ဘာဝနာ)နည်းသည် ပညာကိုပွါးစေသော ဘာဝနာနည်း၌ပင်လျှင် အတွင်းဝင်လျက် ရှိ၏။ အကြောင်းမူကား မဂ်ပညာကိုပွါးစေပြီး ဖြစ်လတ်သော် ထိုမဂ်သမာဓိကိုလည်း ပွါးစေပြီး ဖြစ်လေတော့သည်။ ထို့ကြောင့် ယင်းမဂ်သမာဓိကို ရည်ရွယ်၍ “ဤသို့ ပွါးစေရမည်”ဟု တစုံတရာမျှ အသီးအခြား ပြဆိုခြင်းကို မပြုကုန်တော့အံ့။
လောကီသမာဓိကိုမူကား၁ (သီလနိဒ္ဒေသ၌) ပြဆိုခဲ့သောနည်းဖြင့် သီလတို့ကို သုတ်သင်ပြီးလျှင် ကောင်းစွာ ထက်ဝန်းကျင် စင်ကြယ်သော သီလ၌တည်၍, ပလိဗောဓ ၁၀-ပါးတို့တွင် တစုံတခုသော ပလိဗောဓရှိပါမူ ထိုပလိဗောဓကို ဖြတ်ပြီးလျှင် ကမ္မဋ္ဌာန်းပေးသော ကလျာဏမိတ္တ (မိတ်ဆွေကောင်း ဆရာမြတ်)ကို ချဉ်းကပ်၍ ကမ္မဋ္ဌာန်း လေးဆယ်တို့တွင် မိမိ၏ စရိုက်အားလျော်သော တပါးပါးသော ကမ္မဋ္ဌာန်းကိုယူ၍, သမာဓိဘာဝနာနှင့် မလျော်သောကျောင်းကို ပယ်ပြီးလျှင် လျော်သောကျောင်း၌နေလျက် ပလိဗောဓ အငယ်ကိုလည်း ဖြတ်၍ ပွါးစေပုံ ဘာဝနာအစီအရင် အလုံးစုံကို မယုတ်လျော့စေပဲ ပွါးစေအပ်၏။ ဤစကားသည် (သမာဓိဘာဝနာကို ပြသော) ဤအရာ၌ အကျဉ်းချုပ်ပေတည်း။
၁- လောကီသမာဓိကိုမူကား.. မယုတ်လျော့စေပဲ ပွါးစေအပ်၏-ဟု စပ်ပါ။
၂၈၄
ဤဆိုလတ္တံ့သည်ကား အကျယ်တည်း။ “ပလိဗောဓ ၁၀-ပါးတို့တွင် တစုံတခုသော ပလိဗောဓရှိပါမူ ထိုပလိဗောဓကို ဖြတ်ပြီးလျှင်”ဟူ၍ ရှေးဦးစွာ ဆိုအပ်ခဲ့ပြီးသော စကား၌-
ကျောင်း, ဒါယကာ, လာဘ်, ဂိုဏ်း, အမှုကိစ္စ, ခရီး, ဆွေမျိုး, အနာရောဂါ, ကျမ်းဂန်, တန်ခိုးဟူ၍ ထိုပလိဗောဓတို့သည် ဆယ်ပါးတို့တည်း-ဟု (ဆိုအပ်ကုန်သော)-
[၈၇] ဤဆယ်ပါးတို့သည် ပလိဗောဓ (အနှောက်အယှက်) မည်ကုန်၏။ ထိုဆယ်ပါးတို့တွင် ကျောင်းသည်ပင်လျှင် အာဝါသပလိဗောဓ (ကျောင်းအနှောက်အယှက်) မည်၏။ ဒါယကာစသည်တို့၌လည်း ဤနည်းပင်တည်း။
(၁) အာဝါသပလိဗောဓ
(ကျောင်းသည်ပင်လျှင် အာဝါသပလိဗောဓမည်၏-ဟူသော) ထိုစကားရပ်၌ တိုက်ခန်းတခုကိုဖြစ်စေ၊ ပရိဝုဏ်တခုကိုဖြစ်စေ၊ အလုံးစုံသော သံဃာ့အာရာမ်ကိုဖြစ်စေ ကျောင်း-ဟု ဆိုအပ်ပေသည်။ ထိုကျောင်းသည် အလုံးစုံသော ယောဂီအားပင် ပလိဗောဓဖြစ်သည်မဟုတ်ပေ။ ဤကျောင်းတွင် အမှုကိစ္စစသည်တို့၌ ကြောင့်ကြစိုက်သောသူ, (သပိတ် သင်္ကန်းစသော) များစွာသော ပစ္စည်းတို့ကို သိုမှီးသိမ်းဆည်းထားသော တစုံတခုသောအကြောင်းကြောင့်၁ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ တွယ်တာသော စိတ်ရှိသူတို့အားသာလျှင် ပလိဗောဓဖြစ်၏။ ဤမှတပါးသောသူအား မဖြစ်ပေ။
၁-(တစုံတခုသော) အကြောင်းကြောင့်-ဟူရာ၌ အရိပ်အာဝါသ ရေတို့နှင့် ပြည့်စုံခြင်း, ဆွမ်းရလွယ်ခြင်း- ဤသို့အစရှိသော အကြောင်းကြောင့်(ဟု ဆိုလို၏)။ (ဋီကာ)
၂၈၅
ထိုသို့ ပလိဗောဓမဖြစ်ရာ၌ ဤဆိုလတ္တံ့သော ဝတ္ထုကို (မှတ်အပ်ပေသည်)။ နှစ်ယောက်သော အမျိုးကောင်းသားတို့သည် အနုရာဓမြို့မှ ထွက်ခဲ့ပြီးလျှင် အစဉ်အတိုင်းသွား၍၁ ထူပါရုံကျောင်း၌ ရဟန်းပြုကြကုန်သတတ်။ ထိုရဟန်းနှစ်ပါးတို့တွင် တပါးသည် ဒွေမာတိကာကို နှုတ်တက်ရအောင်ပြု၍ ငါးဝါရှိလတ်သောအခါ ပဝါရဏာပြုပြီးလျှင် ပါစိနခဏ္ဍရာဇိ၂-မည်သော အရပ်သို့ ကြွသွားလေ၏။ တပါးကမူ ထိုထူပါရုံကျောင်း၌ပင် သီတင်းသုံးနေ၏။ ပါစိနခဏ္ဍရာဇိအရပ်သို့ ကြွသွားသော ရဟန်းသည် ထိုအရပ်၌ ကြာမြင့်စွာနေပြီးနောက် (ဆယ်ဝါပြည့်မြောက်) ထေရ်အဖြစ်သို့ ရောက်သောအခါ၃ “ဤအရပ်သည် တကိုယ်တည်း ကိန်းအောင်းဘို့ရာ သင့်လျော်၏၊ ယခု မိတ်ဆွေအားလည်း ထို(အရပ်အကြောင်း)ကို ပြောကြားအံ့”ဟု ကြံစည်လေ၏။ (ထိုသို့ ကြံစည်ပြီးနောက်) ထိုအရပ်မှ ထွက်ခဲ့ပြီးလျှင် အစဉ်အတိုင်းသွား၍ ထူပါရုံကျောင်းသို့ ဝင်လေ၏။ ဝင်လာစဉ်ပင်လျှင် ထိုမထေရ်ကို မြင်လတ်သော် ဝါတူဖြစ်သော (မိတ်ဆွေ)မထေရ်သည် ခရီးဦးကြိုဆို၍ သပိတ်သင်္ကန်းကိုယူကာ ဝတ်ပြု၏။ အာဂန္တုမထေရ်သည်
၁- အနုပုဗ္ဗေန-ဟူသော ပုဒ်၏ ဆိုလိုသော အနက်ဖြစ်သည်။ ထိုပုဒ်ဖြင့် မြို့မှထွက်ပြီးနောက် ထူပါရုံကျောင်းသို့ရောက်အောင် အနည်းငယ်သွားရသေးသည်ကို ပြ၏။
၂- ပါစိန- အရှေ့အရပ်- အရှေ့ဘက် + ခဏ္ဍ- အပြတ် + ရာဇိ- အရေး-အကြောင်း-အတန်း = ပါစိနခဏ္ဍရာဇိ- အရှေ့ဘက် တောတန်းအပြတ်၊ ဝါ-တောင်တန်းအပြတ်။
၃-ထေရော ဟုတွာ- ထေရ်ဖြစ်ပြီး၍၊ ဝါ-ဖြစ်ပြီးလတ်သော်-ဟူသော စကားကို မြန်မာဝါကျ ချောမောစေရန် ထေရ်အဖြစ်သို့ ရောက်သောအခါ-ဟု ပြန်ထားသည်။
၂၈၆
ကျောင်းသို့ ဝင်ပြီးနောက် “ငါ၏အဆွေသည် ထောပတ်ကိုဖြစ်စေ, တင်လဲကိုဖြစ်စေ, အဖျော်ကိုဖြစ်စေ ယခု အပို့လွှတ်လိမ့်မည်၊ ပို့နိုင်စရာအကြောင်းကတော့ ဤအဆွေသည် ဤမြို့၌ အနေကြာပေပြီ”ဟု ကြံတွေးမြှော်လင့်၏။ ထို(အာဂန္တု)မထေရ်သည် ညည့်အခါ၌ (မြှော်သည့်အတိုင်း) မရလတ်သော် နံနက်အခါ၌ “အလုပ်အကျွေးဒါယကာတို့ ယူလာသော ယာဂုခဲဖွယ်ကို ယခု အပို့လွှတ်ပေလိမ့်မည်”ဟု ကြံတွေးမြှော်လင့်ပြန်၏။ ထိုယာဂုခဲဖွယ်ကိုလည်း မမြင်လတ်သော် “ပို့သူဒါယကာများ မရှိကြပေ။ (ရွာသို့ ဆွမ်းခံ)ဝင်သောအခါ လှူကြလိမ့်မည်ထင်၏”ဟု ကြံတွေးလျက် နံနက်စောစောကပင်လျှင် ထို(အာဝါသိက) မထေရ်နှင့်အတူ ရွာသို့ဝင်လေ၏။ ထိုရဟန်းနှစ်ပါးတို့သည် တခုသောလမ်းကို လှည့်လည်ဆွမ်းခံသည်ရှိသော် တမှုတ်မျှသော ယာဂုကိုရ၍ ဆွမ်းစားဇရပ်၌ ထိုင်ပြီးလျှင် သောက်ကြ၏။ ထို့နောင် အာဂန္တုမထေရ်သည် “အမြဲတမ်း ယာဂုဝတ်ရှိဟန်မတူပေ၊ ယခု ဆွမ်းစားချိန်ကာလ၌ လူတို့သည် မွန်မြတ်သောဆွမ်းကို လှူကြပေလိမ့်မည်”ဟု ကြံတွေးပြန်၏။ ထို့နောက် ဆွမ်းစားချိန်၌လည်း ဆွမ်းခံလှည့်လည်၍ ရ(အပ်)သော ဆွမ်းကိုသာလျှင် ဘုန်းပေးကြပြီးနောက် (အာဂန္တုမထေရ်က) “အရှင်ဘုရား အခါခပ်သိမ်း ဤသို့(ပင်) မျှတနေပါသလော”ဟု အာဝါသိကမထေရ်ကို၁ မေးမြန်းလေသည်။ “ဟုတ်
၁-ဝိသုဒ္ဓိမဂ် ပါဠိမူစာအုပ်တို့၌ ဣတရော အာဟ-ဟု ရှိသောပါဌ်သည် မသင့်။ အကြောင်းမူကား- ရှေးဝါကျ၌ အာဂန္တုကော စိန္တေသိ- အာဂန္တုမထေရ်က ကြံတွေးပြန်၏-ဟု ဆိုခဲ့၏။ ထိုသို့ဆိုပြီးနောက် ဤဝါကျ၌ ဣတရော- ဤမှတပါးသော မထေရ်က-ဟု ဆိုလျှင် အာဝါသိကမထေရ်က-ဟု ဆိုရာရောက်၏။ အမှန်မှာ အာဂန္တုမထေရ်ကပင် အာဝါသိကမထေရ်ကို မေးသောအရာဖြစ်သည်။ သို့ဖြစ်၍ ဣတရမာဟ-ဟူ၍သာ ပါဌ်ရှိသင့်ပေသည်၊ ထိုရှိသင့်သော ပါဌ်အရ ဤ၌ အာဝါသိကမထေရ်ကို-ဟု ပြန်ထားသည်။
၂၈၇
ပေ၏ ငါ့ရှင်”ဟု (ပြန်ကြား ပြောဆိုလေ၏)။ “အရှင်ဘုရား ပါစိနခဏ္ဍရာဇိအရပ်သည် ချမ်းသာပါသည်၊ ထိုအရပ်သို့ သွားကြပါကုန်အံ့”ဟု (အာဂန္တုမထေရ်က လျှောက်ထား၏)။ အာဝါသိကမထေရ်သည် မြို့မှ တောင်တံခါးဖြင့်ထွက်၍ အိုးထိန်းသည် ရွာလမ်းသို့ ကြွလေ၏။ အာဂန္တုမထေရ်က “အရှင်ဘုရား ဤလမ်းသို့ အဘယ့်ကြောင့် ကြွပါသနည်း”ဟု မေး၏။ “ငါ့ရှင် သင်သည် ပါစိနခဏ္ဍရာဇိအရပ်၏ ဂုဏ်ကျေးဇူးကို ပြောဆိုသည် မဟုတ်လော”ဟု (ဖြေ၏)။ အာဂန္တုမထေရ်က “အရှင်ဘုရား အရှင်ဘုရားတို့အား ဤမျှလောက် ကာလပတ်လုံး နေရာအရပ်၌ တစုံတခုသော အပိုပရိက္ခရာ မရှိပါသလော”ဟု (မေး၏)။ “မရှိပါ ငါ့ရှင် ညောင်စောင်းနှင့် အင်းပျဉ်သည် သံဃိက ဖြစ်၏၊ ထိုညောင်စောင်းနှင့် အင်းပျဉ်ကိုလည်း သိမ်းဆည်း(အပ်)ပြီးသာလျှင် ဖြစ်၏၊ အခြားပစ္စည်း တစုံတရာမျှ မရှိပါ”ဟု (အာဝါသိကမထေရ်က ပြော၏)။ “အရှင်ဘုရား တပည့်တော်မှာမူ [၈၈] တောင်ဝှေး, ဆီကျည်တောက်, ဘိနပ်အိတ်တို့သည် ထို(ထူပါရုံ)ကျောင်း၌ပင် ရှိကြပါသေးသည်”ဟု (အာဂန္တုမထေရ်က လျှောက်၏)။ “ငါ့ရှင် သင်သည် တနေ့တာ(မျှ)နေ၍ ဤမျှလောက်(များပြားသော ပရိက္ခရာ)ကို ထားခဲ့ပေသကိုး”ဟု (အာဝါသိကမထေရ်က အံ့အားသင့်လျက် ပြောကြား၏)။ “မှန်ပါသည် အရှင်ဘုရား”(ဟု အာဂန္တုမထေရ်က ဝန်ခံလျှောက်ထား၏)။ ထိုအာဂန္တုမထေရ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ အာဝါသိကမထေရ်ကို ရှိခိုးပြီးလျှင် “အရှင်ဘုရား အရှင်ဘုရားကဲ့သို့သော ပုဂ္ဂိုလ်တို့အား အလုံးစုံသော အရပ်တို့၌ (မည်သည့် နေရာ၌မဆို) တော၌နေသည်သာ မည်ပါသည်၊ ထူပါရုံစေတီသည် လေးဆူသော မြတ်စွာဘုရားတို့၏ ပရိဘောဂဓာတ်တော်များနှင့် သရီရဓာတ်တော်များကို ဌာပနာရာ အရပ်ဖြစ်ပါသည်၊ ကြေးပြာသာဒ်၌ သင့်လျော်သော တရားတော်များကို နာကြားခြင်း, မဟာစေတီကို ဖူးမြော်ခြင်း, မထေရ်တို့ကို ဖူးမြော်ခြင်းများကိုလည်း ရ(အပ်)
၂၈၈
ပါပေသည်။ မြတ်စွာဘုရား ပွင့်တော်မူသောအခါကဲ့သို့ ဖြစ်ပါပေသည်။ ဤအရပ်၌ပင် အရှင်ဘုရားတို့ သီတင်းသုံးတော်မူကြပါကုန်”ဟု (လျှောက်ထား၍) နောက်တနေ့၌ သပိတ်သင်္ကန်းကို ယူပြီးလျှင် မိမိချည်းသာလျှင် ကြွသွားလေ၏။ ဤကား ဝတ္ထုတည်း။ ဤအာဝါသိကမထေရ်ကဲ့သို့သော ပုဂ္ဂိုလ်အား ကျောင်းသည် ပလိဗောဓမဖြစ်ပေ။ (အာဝါသပလိဗောဓနှင့်စပ်သော စကားရပ် ပြီး၏)။
(၂) ကုလပလိဗောဓ
ဆွေမျိုး ဒါယကာကိုဖြစ်စေ၊ အလုပ်အကျွေး ဒါယကာကို ဖြစ်စေ (ကုလ) ဒါယကာ-ဟု (ဆိုအပ်ပေသည်)။ မှန်ပေ၏၊ “ဒါယကာတို့ ချမ်းသာသည်ရှိသော် မိမိလည်း ချမ်းသာ၏” အစရှိသော နည်းဖြင့် (ဒါယကာတို့နှင့်) ကျွမ်းချစ်နှီးနှော ရောယှက်လျက်နေသော အချို့ရဟန်းအား အလုပ်အကျွေး ဒါယကာသော်လည်း ပလိဗောဓဖြစ်၏။ ထိုသို့သော ရဟန်းသည် အလုပ်အကျွေး လူဒါယကာတို့နှင့် ကင်း၍ အနီးအပါးကျောင်းသို့သော်လည်း တရားနာရန် မသွားနိုင်ပေ။ အချို့သော ရဟန်းအားမူ အမိအဘတို့သော်လည်း ပလိဗောဓမဖြစ်ကြပေ၊ ကောရဏ္ဍကကျောင်း၌ သီတင်းသုံးသော မထေရ်၏ တူ ပဉ္စင်းငယ်ကဲ့သို့တည်း။
ထိုပဉ္စင်းငယ်သည် ပါဠိသင်ယူခြင်းငှါ ရောဟဏဇနပုဒ်သို့ ကြွသွားသတတ်။ မထေရ်၏ နှမဖြစ်သော ဥပါသိကာမသည်လည်း မထေရ်ကို (သားဖြစ်သူ) ထိုပဉ္စင်းငယ်၏ အကြောင်းကို အမြဲတစေ မေးလျှောက်၏။ တနေ့သ၌ မထေရ်သည် ပဉ္စင်းငယ်ကို ခေါ်ဆောင်မည်ဟု ကြံစည်၍ ရောဟဏဇနပုဒ်သို့ ရှေးရှုကြွသွားလေ၏။ ပဉ္စင်းငယ်သည်လည်း “ငါသည် ဤအရပ်၌ ကြာမြင့်စွာနေခဲ့ပြီ၊ ယခုအခါ ဥပဇ္ဈာယ်ဆရာကို ဖူးမြော်၍ မိခင် ဥပါသိကာမ၏ အကြောင်းကိုလည်း သိရပြီးလျှင် ပြန်လာအံ့-ဟု
၂၈၉
ကြံစည်၍ ရောဟဏဇနပုဒ်မှ ထွက်ခွါခဲ့၏။ ထိုတူ, ဦးရီး နှစ်ပါးလုံးတို့သည် ဂင်္ဂါမြစ်ကမ်း၌၁ တွေ့ဆုံမိကြလေ၏။ ပဉ္စင်းငယ်သည် တခုသော သစ်ပင်ရင်း၌ မထေရ်အား ဝတ်ပြု၏၂၊ “အဘယ်အရပ်သို့ သွားမည်နည်း”ဟု (မထေရ်က)မေးလျှင် မိမိလာခဲ့ခြင်းအကြောင်းကို လျှောက်ထားလေ၏။ မထေရ်က “သင်သည် (ရပ်ရွာသို့ ပြန်လာခြင်းဖြင့်) ကောင်းသောအမှုကို ပြု(အပ်)ပေသည်၊ (သင့်မယ်တော်) ဥပါသိကာမသည်လည်း အမြဲတစေ (ငါ့အား) မေးလျှောက်နေ၏၊ ငါသည်လည်း (သင့်ကို ခေါ်ဆောင်ရန်) ဤအကျိုးငှါသာလျှင် လာခဲ့သည်၊ သင် သွားပေတော့၊ ငါကား ဤအရပ်၌ပင် ဤဝါကပ်တော့အံ့”ဟု မိန့်ကြား၍ ပဉ္စင်းငယ်ကို လွှတ်လိုက်လေ၏။ ပဉ္စင်းငယ်သည် ဝါကပ်သော နေ့၌ပင်လျှင် ထိုကောရဏ္ဍကကျောင်းသို့ ရောက်လေ၏။ ကျောင်းသည်လည်း သူ၏ဘခင် လှူဒါန်းထားသောကျောင်းပင် သူ့အား ကျရောက်လေ၏။
ထိုအခါ သူ၏ဘခင် ဥပါသကာသည် နောက်တနေ့၌ ကျောင်းသို့လာ၍ “အရှင်ဘုရားတို့၊ တပည့်တော်တို့၏ကျောင်းသည် အဘယ်ရဟန်းတော်အား ကျရောက်ပါသနည်း”ဟု မေးလျှောက်သည်ရှိသော် “အာဂန္တုပဉ္စင်းငယ်အား (ကျရောက်သည်)”ဟု ကြားရ၍ ထိုပဉ္စင်းငယ်ထံ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ “အရှင်ဘုရား တပည့်တော်တို့၏ကျောင်း၌ ဝါကပ်သော ရဟန်းတော်အား ဝတ်ရှိပါသည်”ဟု လျှောက်၏။ “အဘယ်ဝတ်နည်း
၁- ဤမြစ်သည် သီဟိုဠ်ကျွန်း၌ရှိသော မဟာဝေလိဂင်္ဂါ-ဟု ခေါ်သော မြစ်ဖြစ်သည်။
၂-ဝတ္တံ ကတွာ-ဟူသော ပါဌ်အရ ဝတ်ပြု၍-ဟု အတိအကျ ပြန်သင့်သော်လည်း မြန်မာစကား သာ၍ ရှင်းလင်းပြတ်သားစေရန် ဤတွင် တဝါကျခွဲ၍ ပြန်သည်။
၂၉၀
ဥပါသကာ”ဟု (မေးလတ်သော်) “ဝါတွင်းသုံးလပတ်လုံး တပည့်တော်တို့၏ အိမ်၌သာလျှင် ဆွမ်းခံ၍ ပဝါရဏာပြုပြီးနောက် ကြွသွားသောအခါ၌ (တပည့်တော်တို့အား) ပြောကြားရပါမည်ဘုရား”ဟု လျှောက်လေ၏။ ပဉ္စင်းငယ်သည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံလိုက်၏။ ဥပါသကာသည်လည်း အိမ်သို့ပြန်သွား၍ “ငါတို့၏ကျောင်း၌ [၈၉] အာဂန္တုအရှင်မြတ်တပါး ကြွရောက်နေပေပြီ၊ ရိုရိုသေသေ လုပ်ကျွေးပြုစုရမည်”ဟု ပြောလေ၏။ ဥပါသိကာမသည် “ကောင်းပါပြီ”ဟု ဝန်ခံ၍ မွန်မြတ်သော ခဲဘွယ်ဘောဇဉ်ကို စီမံလေ၏။ ပဉ္စင်းငယ်သည်လည်း ဆွမ်းစားချိန်၌ (မိဘ)ဆွေမျိုးအိမ်သို့ ကြွလေ၏။ (သို့ရာတွင်) ထိုပဉ္စင်းငယ်ကို တစုံတယောက်မျှ မမှတ်မိချေ။
ပဉ္စင်းငယ်သည် သုံးလပတ်လုံး ထိုအိမ်၌ပင် ဆွမ်းဘုဉ်းပေး၍ ဝါကျွတ်လတ်သော် “ဦးပဉ္စင်း သွားတော့မည်”ဟု ပန်ကြားလေ၏။ ထိုအခါ၌ ပဉ္စင်းငယ်အား ဆွေမျိုးတို့က “အရှင်ဘုရား နက်ဖြန်မှ ကြွပါကုန်”ဟု (လျှောက်ထားကြပြီးလျှင်) နောက်တနေ့၌ အိမ်မှာပင် ဆွမ်းကပ်လျက် ဆီကျည်တောက်ကို အပြည့်ထည့်ပေးပြီးလျှင် တင်လဲ တခဲနှင့် ကိုးတောင်ရှိသော အဝတ်စကိုလှူ၍ “ကြွကြပေတော့ အရှင်ဘုရား၁”ဟု လျှောက်ကြလေ၏။ ပဉ္စင်းငယ်သည် အနုမောဒနာတရား ဟောကြားပြီးလျှင် ရောဟဏဇနပုဒ်သို့ ရှေးရှုကြွသွားလေ၏။
ပဉ္စင်းငယ်၏(ဦးရီးတော်) ဥပဇ္ဈာယ်ဆရာသည်လည်း ပဝါရဏာပြုပြီး၍ ခရီးရင်ဆိုင်လာလတ်သော် ရှေးက ဆုံခဲ့ရာအရပ်၌ပင်လျှင် ထိုပဉ္စင်းငယ်ကို တွေ့လေ၏။ ပဉ္စင်းငယ်သည် တခုသော သစ်ပင်ရင်း၌ မထေရ်အား
၁- ဂစ္ဆထ ဘန္တေ-၏ မြန်မာပြန် ဖြစ်သည်၊ တပါးတည်းကို ဤသို့ ဗဟုဝုစ်ဖြင့် ဆိုခြင်းသည် ပါဠိနည်းအရ အလေးအမြတ်ပြု၍ ဆိုခြင်းဖြစ်သည်။
၂၉၁
ဝတ်ပြု၏။ ထိုအခါ၌ ပဉ္စင်းငယ်ကို “မျက်နှာရွှင်သာသော ငါ့ရှင် သင်သည် (မယ်တော်) ဥပါသိကာမကို တွေ့ခဲ့ပြီလော”ဟု မထေရ်က မေးလေ၏။ ပဉ္စင်းငယ်သည် “တွေ့ခဲ့ပါပြီ အရှင်ဘုရား”ဟု (အစချီကာ) အကြောင်းစုံကို လျှောက်ထားပြီးလျှင် (မိဘအိမ်မှရခဲ့သော) ထိုဆီဖြင့် မထေရ်၏ခြေတို့ကို ပွတ်လိမ်း၍ တင်လဲခဲဖြင့် အဖျော်ဖျော်(ကာ ကပ်)ပြီးလျှင် အဝတ်စကိုလည်း မထေရ်အားပင် လှူပြီးနောက် မထေရ်ကိုရှိခိုး၍ “အရှင်ဘုရား တပည့်တော်အား ရောဟဏဇနပုဒ်သည်သာလျှင် လျောက်ပတ်ပါသည်”ဟု (လျှောက်ထား၍) သွားလေ၏။ မထေရ်သည်လည်း ကျောင်းသို့ လာရောက်ပြီးလျှင် နောက်တနေ့၌ ကောရဏ္ဍကရွာသို့ ဝင်လေ၏။
ဥပါသိကာမသည်လည်း “ငါ၏အစ်ကို (မထေရ်)သည် ငါ့သားကိုခေါ်၍ ယခုလာလိမ့်မည်”ဟု အမြဲမပြတ် လမ်းကို မျှော်ကြည့်လျက်သာလျှင် တည်ရှိနေ၏။ ထိုဥပါသိကာမသည် တပါးတည်းသာလျှင် ကြွလာသော မထေရ်ကို မြင်လတ်သော် “ငါ၏သားသည် သေလေပြီထင်သည်။ မထေရ်သည် တပါးတည်းသာလျှင် ကြွတော်မူလာ၏”ဟု (စဉ်းစားမိသဖြင့်) မထေရ်၏ ခြေရင်း၌ဝပ်၍ ဖွဲ့နွဲ့မြည်တမ်းလျက် ငိုကြွေး၏။ မထေရ်သည် “ပဉ္စင်းငယ်သည် အလိုနည်းပါးခြင်းကြောင့် မိမိကို မသိစေမူ၍သာလျှင် သွားဟန်တူပေသည်”ဟု ထို(နှမ) ဥပါသိကာမကို နှစ်သိမ့်စေ၍ အဖြစ်သနစ်အလုံးစုံကို ပြောကြားပြီးလျှင် သပိတ်အိတ်(ထဲ)မှ ထို(ပဉ္စင်းငယ်လှူလိုက်သော) အဝတ်စကို ထုတ်၍ပြလေ၏။
ဥပါသိကာမသည် ကြည်ညိုသောကြောင့် သားပဉ္စင်းငယ်သွားရာအရပ်သို့ ရှေးရှုကာ ရင်ဖြင့်ဝပ်၍ ရှိခိုးလျက် “ငါ၏သားနှင့်တူသော ရဟန်းကို
၂၉၂
မျက်မှောက်သက်သေပြု၍ မြတ်စွာဘုရားသည် ရထဝိနီတသုတ်၌လာသော အကျင့်ကို၎င်း၁, နာလကရဟန်းအားဟောသော မောနေယျအကျင့်ကို၎င်း၂,
၁-မဇ္ဈိမနိကာယ် မူလပဏ္ဏာသ ရထဝိနီတသုတ်၌ ကထာဝတ္ထု ၁၀-ပါးကို၎င်း, ရထဝိနီတခေါ် မြင်းလိမ္မာရထားတို့ဖြင့် ဥပမာပြု၍ ဝိသုဒ္ဓိ၇-ပါးတို့ကို၎င်း ပြဆိုထား၏၊ ထိုအကျင့်ကို ဆိုသည်။ ထိုတွင် ကထာဝတ္ထု ၁ဝ-ပါးဟူသည်မှာ (၁) အလိုနည်းခြင်းနှင့် စပ်သောစကား၊ (၂) ရောင့်ရဲခြင်းနှင့်စပ်သောစကား၊ (၃) ဆိတ်ငြိမ်ခြင်းနှင့် စပ်သောစကား၊ (၄) မရောယှက်ခြင်းနှင့်စပ်သောစကား၊ (၅) ပြင်းစွာ အားထုတ်ခြင်းနှင့် စပ်သောစကား၊ (၆-၁၀) သီလ သမာဓိ ပညာ ဝိမုတ္တိ ဝိမုတ္တိဉာဏဒဿနတို့နှင့် စပ်သောစကားများပင် ဖြစ်သည်။ ဝိသုဒ္ဓိ ၇-ပါးကား ထင်ရှား၏။
၂- မောနေယျအကျင့်ဟူသည်မှာ သုတ္တနိပါတ်ပါဠိ နှာ ၃၈၈-၌ “မောနေယျံ တေ ဥပညိဿံ- ကိလေသာကင်းဆိတ်သော ရဟန်း၏ အကျင့်ကို သင့်အား ပညတ်ဟောကြားပေအံ့”- ဤသို့စသည်ဖြင့် ဟောထားသော အကျင့်ဖြစ်သည်။ ထိုသုတ်၌ အထူးအားဖြင့်-
ရဟန်းသည် ရွာသို့ ဝင်ရောက်လတ်သော် ဒါယကာတို့နှင့်အတူတကွ ရောနှောလျက် မနေရာ၊ အစာအာဟာရ ဆွမ်းရှာရာ၌ စကားမပြောတတ်သော သူအ,ကဲ့သို့ဖြစ်လျက် ဆွမ်းရရေးနှင့်စပ်သော စကားကိုမဆိုရာ-
ဟူသော ဂါထာလည်း ပါရှိ၏။ ထို့ပြင်လည်း အလိုနည်းခြင်းစသည်နှင့် စပ်သော ကျင့်ပုံကျင့်နည်း များစွာတို့လည်း ပါရှိ၏။ အကျဉ်းချုပ်အားဖြင့်မူ- တောထဲတွင် သစ်ပင်အောက်၌ ရပ်လျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ ဘာဝနာအလုပ်ကို မပြတ် အားထုတ်နေရသည်၊ နံနက်ကာလ ရွာသို့ ဆွမ်းခံဝင်သောအခါ အိမ်စဉ်အတိုင်းလှည့်၍ ရသောဆွမ်းကို ဘုဉ်းပေးရသည်၊ အိမ်သို့ ပင့်သည်ကို၎င်း, လာ၍ပို့သည်ကို၎င်း လက်မခံရ၊ ဒကာ ဒကာမတို့နှင့် ပြောဟောမနေရ။ တခုသောတော တခုသောသစ်ပင်၌ တနေ့သာ နေရသည်၊ တခုသော ရွာ၌လည်း
၂၉၃
တုဝဋ္ဋကသုတ်၌လာသော အကျင့်ကို၎င်း၁, ပစ္စည်းလေးပါး၌ ရောင့်ရဲခြင်းနှင့် ဘာဝနာ၌ မွေ့လျော်ခြင်းကို ပြတတ်သော မဟာအရိယဝံသအကျင့်ကို၎င်း၂ ဟောတော်မူခဲ့ဟန် တူပေသည်၊ မွေးသည့်မိခင်၏အိမ်၌ သုံးလပတ်လုံး ဆွမ်းဘုဉ်းပေးနေပါလျက်လည်း [၉၀] “ဦးပဉ္စင်းက
တနေ့သာ ဆွမ်းခံရသည်၊ နောက်တနေ့၌ အခြားတော အခြားသစ်ပင် အခြားရွာသို့ ပြောင်းရွှေ့ရသည်။ ဤကား မောနေယျအကျင့် အကျဉ်းချုပ်ပေတည်း။ အကျယ်အပြည့်အစုံကို သိလိုလျှင် သုတ်ရင်း၌ ကြည့်ပါလေ။
၁- တုဝဋ္ဋကအကျင့်ဟူသည်မှာ သုတ္တနိပါတ်ပါဠိ နှာ ၄၂၁-၌ “မူလံ ပပဉ္စသင်္ခါယ၊ မန္တာ အသ္မီတိ သဗ္ဗမုပရုန္ဓေ- အကျယ်ချဲ့တတ်သော ပပဉ္စတရားဟု ဆိုအပ်သော တဏှာ မာန ဒိဋ္ဌိ၏ အမြစ်အရင်းအဝိဇ္ဇာကို၎င်း၊ ငါ ဖြစ်သည်ဟု ထင်သော မာနကို၎င်း ပညာဖြင့် အလုံးစုံ ချုပ်ထိန်း ပယ်ရှင်းရာ၏” စသည်ဖြင့် ဟောထားသော အကျင့်ဖြစ်သည်။ ထိုသုတ်၌ အထူးအားဖြင့်-
ရွာ၌လည်း ဒါယကာတို့နှင့် ရောယှက်မနေရာ၊ ဆွမ်း သင်္ကန်းစသော လာဘ်ကို အလိုရှိသဖြင့် လူကို လာဘ်ရရန် မပြောဆိုရာ-
ဟူသော ဤစကားကို ပြဆိုထား၏၊ ဤစကားကိုပင် ဤအရာ၌ ရည်ရွယ်သည် ဖြစ်ရာ၏။
၂- အရိယဝံသသုတ် (အံ ပ၊ ၃၃၆)၌ (၁) တမျိုးမျိုးသော သင်္ကန်းဖြင့် ရောင့်ရဲခြင်း၊ (၂) တမျိုးမျိုးသော ဆွမ်းဖြင့် ရောင့်ရဲခြင်း၊ (၃) တမျိုးမျိုးသော ကျောင်းဖြင့် ရောင့်ရဲခြင်း၊ (၄) ဘာဝနာ၌ မွေ့လျော်ခြင်းဟူသော ဤအကျင့်၄-ပါးကို ပြထား၏။ ထိုအကျင့်ကိုပင် ဤ၌ ဆိုသည်။ ထိုတွင် ဆွမ်း၌ရောင့်ရဲခြင်းဖြင့် ဆေး၌ရောင့်ရဲခြင်းကိုလည်း သိမ်းယူအပ်၏၊ ထို့ကြောင့် ဝိသုဒ္ဓိမဂ်၌ စတုပစ္စယသန္တောသ- ပစ္စည်း၄-ပါး၌ ရောင့်ရဲခြင်းဟု မိန့်ဆိုပေသည်။
၂၉၄
ဒါယိကာမကြီး၏ သား၊ ဒါယိကာမကြီးက ဦးပဉ္စင်း၏ မယ်တော်”ဟု ဤမျှကိုသော်မှ မပြောပဲ နေနိုင်တော်မူပါပေသည်၊ အံ့ဩဘွယ်ယောက်ျားပါတကား”ဟု ပြောဆိုလျှောက်ထားလေ၏။ ဤသို့သဘောရှိသော ရဟန်းအား အမိအဘတို့သော်မှလည်း ပလိဗောဓမဖြစ်ပေ၊ အခြားသော အလုပ်အကျွေး ဒါယကာမူကား အဘယ် ဆိုဘွယ်ရာရှိအံ့နည်း။ ကုလပလိဗောဓနှင့်စပ်သော စကားရပ် ပြီး၏။
(၃) လာဘပလိဗောဓ
ပစ္စည်းလေးပါးတို့ကို လာဘ်-ဟု (ဆိုအပ်ပေသည်)။ ထိုပစ္စည်းလေးပါးတို့သည် အဘယ်သို့လျှင် ပလိဗောဓဖြစ်သနည်း။ အဖြေကား ဘုန်းတန်းကြီးမားသော ရဟန်းအား ရောက်လေရာရာအရပ်၌ လူတို့သည် များပြားသော အခြံအရံရှိသော၁ ပစ္စည်းတို့ကို လှူဒါန်းကြ၏။ ထိုရဟန်းသည် ထိုလူတို့အား အနုမောဒနာပြုလျက် တရားဟောရသည်ဖြစ်၍ ရဟန်းတရားကို အားထုတ်ခြင်းငှါ အခွင့်မရတော့ပေ။ နေအရုဏ်တက်သည်မှ ပဌမယာမ်တိုင်အောင် လူတို့နှင့် ရောယှက်မှု မပြတ်တော့ပေ။ တဖန် မိုးလင်းလုနီး နံနက်စောစောကြီး၌ပင် ပစ္စည်းများခြင်းကို လိုလားသော ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းတို့သည် လာကြ၍ “အရှင်ဘုရား ဤမည်သော ဥပါသကာသည်, ဥပါသိကာမသည်, အမတ်သည်, အမတ်၏သမီးသည် အရှင်ဘုရားတို့ကို ဖူးမြင်လိုပါသည်”ဟု လျှောက်ကြ၏။ ထိုဘုန်းကြီးသော ရဟန်းသည် “ငါ့ရှင် သပိတ်သင်္ကန်းကို ယူခဲ့လော့”ဟု (အလုပ်
၁-ဆွမ်းကိုလှူရာ၌ ဘုရားအားပူဇော်ခြင်းနှင့် သပိတ်သင်္ကန်း စသည်တို့ကို ထိုဆွမ်းအလှူ၏ အခြံအရံပြု၍ လှူကြ၏။ သင်္ကန်းစသည်ကို လှူရာ၌လည်း ထို့အတူပင်၊ ဤသို့သော အခြံအရံကိုရည်၍ ဆိုသည်။ (ဋီကာ)
၂၉၅
အကျွေးတပည့်ရဟန်းကို စေခိုင်း၍) သွားခြင်းငှါ စီမံရ၏။ ဤနည်းဖြင့်၁ (ဒါယကာတို့ကို ချီးမြှောက်ခြင်း၌) အမြဲ ကြောင့်ကြစိုက်ရ၏။ ထိုသို့သော ရဟန်းအားသာလျှင် ထိုပစ္စည်းလေးပါးတို့သည် ပလိဗောဓဖြစ်ကြပေသည်။ ထိုဘုန်းကြီးသော ရဟန်းသည် ဒါယကာအပေါင်းကို စွန့်ခွါ၍ မိမိကို၂ သိသူတို့ မရှိကြရာအရပ်၌၃ တပါးတည်း ကျင့်သင့်ပေသည်။ ဤသို့ ကျင့်သည်ရှိသော် ထိုပလိဗောဓ ပြတ်လေ၏။ လာဘပလိဗောဓနှင့်စပ်သော စကားရပ် ပြီး၏။
(၄) ဂိုဏ်းပလိဗောဓ
သုတ္တန်ဆောင်ဂိုဏ်းကိုဖြစ်စေ၊ အဘိဓမ္မာဆောင်ဂိုဏ်းကိုဖြစ်စေ ဂိုဏ်း-ဟု (ဆိုအပ်ပေသည်)။ ထိုဂိုဏ်းအား ပါဠိကိုဖြစ်စေ, အဋ္ဌကထာကိုဖြစ်စေ ပို့ချပေးရသည်ဖြစ်၍ ရဟန်းတရား(အားထုတ်ခြင်း)၏ အခွင့်မရသော ရဟန်းအားသာလျှင် ဂိုဏ်းသည် ပလိဗောဓဖြစ်ပေသည်။ (ဂိုဏ်းပလိဗောဓရှိသော) ထိုရဟန်းသည် ထိုပလိဗောဓကို ဤဆိုလတံ့အတိုင်း ဖြတ်အပ်၏။ အကယ်၍ ထို(သင်ယူသူ) ရဟန်းတို့သည် များစွာသင်ယူ(အပ်)ပြီးသည်ဖြစ်၍ အကြွင်း
၁- ဣတိ-ပုဒ်၏ မြန်မာပြန် ဖြစ်သည်။ လူတို့နှင့် ရောယှက်မှုမပြတ်စဲခြင်း၊ သတင်းကြားရာ ပင့်လျှောက်ရာသို့ သွားရန် စီမံရခြင်းကိုပင် ရည်ရွယ်သည်။
၂- နံ- ထိုရဟန်းကို-ဟု အတိအကျပြန်လျှင် မြန်မာစကားဝါကျ၌ မပြတ်သားပဲရှိနေ၏။ ထို့ကြောင့် ပြတ်သားရှင်းလင်းစေရန် မိမိကို-ဟု ပြင်၍ ပြန်ထားသည်။
၃- ယတ္ထ န ဇာနန္တိ၊ တတ္ထ-၏ အတိုချုပ်ပြန်ဆိုချက် ဖြစ်သည်၊ မသိကြရာအရပ်၌-ဟု ပြန်လျှင် နားလည်နိုင်သော်လည်း သာ၍ ရှင်းလင်းပြတ်သားစေရန် အထက်ပါအတိုင်း ပြင်၍ ပြန်ထားသည်။
၂၉၆
အကျန် နည်းသည်ဖြစ်အံ့၊ ထိုအကြွင်းအကျန်ကို အပြီးသတ်၍ တောသို့ဝင်အပ်၏။ အကယ်၍ အနည်းငယ်သာ သင်ယူရသေးသည်ဖြစ်၍ အကြွင်းအကျန် များသေးသည်ဖြစ်အံ့၊ တယူဇနာထက် အလွန်မသွားပဲ တယူဇနာအပိုင်းအခြားအတွင်း၌ ဂိုဏ်းအား စာပေပို့ချတတ်သော အခြားရဟန်းသို့ ချဉ်းကပ်၍ “ဤရဟန်းတို့ကို အရှင်သည် ပါဠိသင်ပေးခြင်း စသည်တို့ဖြင့် ချီးမြှောက်တော်မူပါ”ဟု ပြောဆိုလျှောက်ထားအပ်၏။ ဤသို့ (လွှဲအပ်ရမည့်ပုဂ္ဂိုလ်ကို) မရသောရဟန်းသည် “ငါ့ရှင်တို့ ငါ့မှာ ကိစ္စတခုရှိနေ၏၊ သင်တို့သည် ချမ်းသာရာအရပ်များသို့ သွားကြပါကုန်”ဟု(ဆို၍) ဂိုဏ်းကိုစွန့်ပြီးလျှင် မိမိ၏ ရဟန်းကိစ္စကို ပြုသင့်ပေသည်။ ဂိုဏ်းပလိဗောဓနှင့်စပ်သော စကားရပ် ပြီး၏။
(၅) အမှုကိစ္စပလိဗောဓ
အမှုသစ်ကို အမှုကိစ္စ-ဟု (ဆိုအပ်ပေသည်။ ထိုအမှုကိစ္စကို ပြုသောရဟန်းသည် လက်သမားစသည်တို့ (လုပ်ခ)ရသည် မရသည်ကို သိအပ်၏။ ပြုပြီးသောအမှု မပြုရသေးသောအမှု၌ (သိအောင်)ကြောင့်ကြစိုက်ရ၏။ ထို့ကြောင့် အခါခပ်သိမ်း ပလိဗောဓဖြစ်ပေသည်။ ထိုအမှုကိစ္စဟူသော ပလိဗောဓကိုလည်း ဤဆိုလတံ့အတိုင်း ဖြတ်အပ်၏။ အကယ်၍ (အမှုကိစ္စသည်) အနည်းငယ် ကြွင်းကျန်နေငြားအံ့၊ ပြီးဆုံးစေအပ်၏။ အကယ်၍ (အကြွင်းအကျန်) များငြားအံ့၊ (ထို)အမှုကိစ္စသည် သံဃာ့အမှုကိစ္စဖြစ်မူ သံဃာအားဖြစ်စေ သံဃာ့ဝန်ဆောင် ရဟန်းတို့အားဖြစ်စေ လွှဲအပ်သင့်၏။ မိမိ၏ အမှုကိစ္စဖြစ်မူ မိမိ၏ဝန်ဆောင်ပုဂ္ဂိုလ်တို့အား လွှဲအပ်သင့်၏။ ထိုသို့သဘောရှိသော (လွှဲအပ်ရမည့်)သူကို မရသောရဟန်းသည် သံဃာအားစွန့်၍ သွားသင့်ပေသည်။ အမှုကိစ္စ ပလိဗောဓနှင့်စပ်သော စကားရပ်ပြီး၏။
၂၉၇
(၆) ခရီးပလိဗောဓ
[၉၁] ခရီးသွားခြင်းကို ခရီး-ဟု (ဆိုအပ်ပေသည်)။ အကြင်ရဟန်းအား တစုံတခုသောအရပ်၌ ရှင်ပြုပေးရမည့် ရှင်လောင်းသော်လည်း ရှိငြားအံ့၊ ရသင့်ရထိုက်သော တစုံတခုသော ပစ္စည်းသော်လည်း ရှိငြားအံ့၊ အကယ်၍ (ထိုရှင်လောင်း) ထိုပစ္စည်းကို မရလျှင် သည်းမခံနိုင်ပါမူ တောသို့ဝင်၍ ရဟန်းတရားကို အားထုတ်နေသော်လည်း ခရီးသွားလိုသောစိတ်ကို ဖျောက်နိုင်ခဲ၏၊ ထို့ကြောင့် သွား၍ ထိုအမှုကို ပြီးဆုံးစေပြီးမှသာလျှင် ရဟန်းတရား၌ ကြောင့်ကြစိုက်ခြင်း- အားထုတ်ခြင်းကို ပြုသင့်ပေသည်၁။ ခရီးပလိဗောဓနှင့်စပ်သော စကားရပ်ပြီး၏။
(၇) ဉာတိပလိဗောဓ
ဆွေမျိုး-ဟူသည်ကား ကျောင်း၌ ဆရာ, ဥပဇ္ဈာယ်ဆရာ, အတူနေတပည့်၂, အနီးနေတပည့်၃, ဥပဇ္ဈာယ်တူ သီတင်းသုံးဘော်, ဆရာတူ သီတင်းသုံးဘော်တို့သည် (ဆွေမျိုးမည်၏)။ အိမ်၌ အမိ, အဘ, အစ်ကို ဤသို့အစရှိသော သူတို့သည် (ဆွေမျိုးမည်၏)။ ထိုဆရာစသည်တို့သည် မကျန်းမမာ
၁-သီဟိုဠ်ကျွန်း၌ အမျိုးသားသူငယ်တို့ကို ရှင်ပြုပေးခြင်းသည် သားသ္မီးတို့ကို ထိမ်းမြားမင်္ဂလာ ပြုပေးခြင်းနှင့်တူ၏၊ ထို့ကြောင့် ပိုင်းခြားသတ်မှတ်ထားသော ထိုနေ့ရက်ကို ကျော်လွန်စေရန် မဖြစ်နိုင်။ (ဋီကာ) သီဟိုဠ်၌ နေ့ကောင်း အချိန်ကောင်းရွေးချယ်သော အလေ့သည် ယခုထက်တိုင် ရှိသေး၏။
၂- သဒ္ဓိဝိဟာရိကခေါ် အတူနေတပည့်-ဟူသည်မှာ ဥပဇ္ဈာယ်ယူထားသော တပည့်ဖြစ်သည်။
၃- အန္တေဝါသိကခေါ် အနီးနေတပည့်-ဟူသည်မှာ ဥပဇ္ဈာယ်မှ တပါးသော ဆရာတို့၏တပည့် ဖြစ်သည်။
၂၉၈
ကုန်လတ်သော် ဤယောဂီရဟန်း၏ ပလိဗောဓဖြစ်ကုန်၏။ ထို့ကြောင့် ထိုဆရာစသောပုဂ္ဂိုလ်တို့ကို လုပ်ကျွေးပြုစု၍ ပကတိအတိုင်း ကျန်းမာအောင်ပြုခြင်းဖြင့် ထိုပလိဗောဓကို ဖြတ်အပ်၏။
ထိုဆရာစသည်တို့တွင် ရှေးဦးစွာ(ပြရန်မှာ) ဥပဇ္ဈာယ်သည် မကျန်းမမာဖြစ်၍ ရောဂါမှ လျင်စွာမထငြားအံ့၊ တသက်လုံးသော်လည်း လုပ်ကျွေးပြုစုအပ်၏။ ရှင်ပြုပေးသော သရဏဂုံဆရာ, ရဟန်းပြုပေးသော ကမ္မဝါဆရာ, အတူနေတပည့်, မိမိက ကမ္မဝါဖတ်၍ ရဟန်းပြုပေးထားသော အနီးနေတပည့်, သရဏဂုံပေး၍ ရှင်ပြုပေးထားသော အနီးနေတပည့်, ဥပဇ္ဈာယ်တူ သီတင်းသုံးတော်တို့ကိုလည်း ထို့အတူပင် လုပ်ကျွေးပြုစုအပ်၏။ နိဿယည်းဆရာ, ကျမ်းဂန်သင်ကြားပေးသောဆရာ, နိဿယည်းယူတပည့်, ကျမ်းဂန်သင်ယူသည့် တပည့်, ဆရာတူ သီတင်းသုံးတော်တို့ကိုမူကား နိဿယည်း (သို့မဟုတ်) ကျမ်းဂန်သင်ကြားမှု မပြတ်သေးသမျှ ကာလပတ်လုံး လုပ်ကျွေးပြုစုအပ်၏။ စွမ်းနိုင်ပါမူ ထိုထက်အလွန်လည်း လုပ်ကျွေးပြုစုအပ်သည်သာတည်း။
အမိအဘတို့၌ ဥပဇ္ဈာယ်၌ကဲ့သို့ ကျင့်အပ်၏။ မိဘတို့သည် မင်းအဖြစ်၌ တည်နေစေကာမူ သား(ရဟန်း)ထံမှ လုပ်ကျွေးပြုစုမှုကို တောင့်တငြားအံ့၊ လုပ်ကျွေးပြုစုရမည်သာတည်း။ အကယ်၍ မိဘတို့အား ဆေးမရှိငြားအံ့၊ မိမိ၏ပစ္စည်းကို ပေးရမည်။ (မိမိ၌လည်း ဆေး)မရှိလတ်သော် ဆေးအလှူခံသောအကျင့်ဖြင့် ရှာဖွေ၍ ပေးရမည်သာတည်း။ ညီအစ်ကို အစ်မ နှမတို့အားမူ ထိုသူတို့၏ဥစ္စာကိုသာလျှင် ဆေးဖော်စပ်၍ ပေးရမည်။ အကယ်၍ (ထိုသူတို့အား) ဆေးမရှိငြားအံ့၊ မိမိ၏ဆေးကို အခိုက်အတံ့ (ချေးသည့်သဘောဖြင့်)ပေး၍ နောက်အခါ၌ (အစားပြန်)ရလျှင် ယူအပ်၏။ မရလျှင်(ထိုသူတို့ကို) မတောင်းအပ်။ ဆွေမျိုးမတော်သော ယောက်ဖအား ဆေးကုခြင်း ဆေးပေးခြင်းငှါ မအပ်ပေ။ “သင်၏ခင်ပွန်း
၂၉၉
သည်အား ပေးလော့”ဟု ဆို၍ (မိမိ)နှမအားမူ ပေးအပ်၏။ အစ်ကို၏ ဇနီးဖြစ်သော မရီး (သို့မဟုတ်) ညီ၏ ဇနီးဖြစ်သော ခယ်မ၌လည်း ဤနည်းတူပင်တည်း။ ထိုယောက်ဖ မရီး ခယ်မတို့၏ သားသမီးတို့သည်ကား ဤရဟန်း၏ ဆွေမျိုးတို့သာလျှင် ဖြစ်သောကြောင့် ဆေးကုအပ်ပေသည်။ ဆွေမျိုးပလိဗောဓနှင့်စပ်သော စကားရပ်ပြီး၏။
(၈) အနာရောဂါပလိဗောဓ
အနာရောဂါဟူသည်ကား တစုံတခုသော အနာရောဂါတည်း။ ထိုအနာရောဂါသည် နာကျင်ခံခက် နှိပ်စက်လတ်သော် (ရဟန်းအား) ပလိဗောဓဖြစ်၏။ ထို့ကြောင့် (ထိုပလိဗောဓကို) ဆေးကုခြင်းဖြင့် ဖြတ်ရမည်။ အကယ်၍ ရက်အနည်းငယ်၁ ဆေးကုသော်လည်း မပျောက်ငြိမ်းငြားအံ့၊ “ငါသည် ခန္ဓာကိုယ်တည်းဟူသော သင်၏ ကျွန်မဟုတ်၊ အခစား(လည်း) မဟုတ်၊ [၉၂] သင့်ကိုသာလျှင် လုပ်ကျွေးလျက် အစမထင်သော သံသရာဝဋ်၌ ဆင်းရဲသို့ ရောက်ခဲ့ရလေပြီ”ဟု ခန္ဓာကိုယ်ကို ကဲ့ရဲ့၍ ရဟန်းတရားကိုသာလျှင် အားထုတ်သင့်ပေသည်။ အနာရောဂါ ပလိဗောဓနှင့်စပ်သော စကားရပ်ပြီး၏။
၁- ကတိပါဟံ-ပုဒ်၏ အနက်ဖြစ်သည်။ ယင်းရက်အနည်းငယ်သည် ၂-ရက် ၃-ရက်လည်း ဖြစ်နိုင်၏၊ လေးငါးခြောက်ရက်လည်း ဖြစ်နိုင်၏။ အနာရောဂါသည် ၂-ရက် ၃-ရက်မျှဖြင့် ပျောက်နိုင်သည်လည်းရှိ၏၊ လေးငါးရက် စသည်ကြာမှ ပျောက်နိုင်သည်လည်း ရှိ၏။ ထို့ကြောင့် အနာရောဂါအားလျော်စွာ သင့်သလို ယူနိုင်စေရန် ဤ၌ ရက်အနည်းငယ်-ဟု အနက်ရင်းအတိုင်းသာ ပြန်ထားသည်။ ပြည်မူနိဿယ၌ကား ၂-ရက် ၃-ရက်-ဟု ပြန်ထား၏။ ထိုပြန်ချက်လည်း အဇ္ဇေဝ ကိစ္စမာတပ္ပ-ဟူသော ဒေသနာတော်နှင့် လျော်ပေ၏။
၃၀၀
(၉) ကျမ်းဂန်ပလိဗောဓ
ကျမ်းဂန်-ဟူသည်ကား (ပိဋကတ်ဟူသော) ပရိယတ်ကို ဆောင်ရွက်ခြင်းတည်း။ ထိုကျမ်းဂန်ကို ရွတ်အံသရဇ္ဈာယ်ခြင်း စသည်ဖြင့် အမြဲကြောင့်ကြစိုက်နေရသော ရဟန်းအား ပလိဗောဓဖြစ်၏။ အမြဲကြောင့်ကြစိုက်မနေရသော ရဟန်းအားမူ ပလိဗောဓမဖြစ်ပေ။ ထိုပလိဗောဓမဖြစ်ရာ၌ ဤဆိုလတံ့သည်ကိုကား ဝတ္ထုများပေတည်း။
မဇ္ဈိမနိကာယ်ဆောင် ဒေဝမထေရ်သည် မလယဝါသီ (မလယအရပ်၌နေသော) ဒေဝမထေရ်၏အထံသို့ သွား၍ ကမ္မဋ္ဌာန်းတောင်းလေသတတ်။ မလယဝါသီ ဒေဝထေရ်သည် “ငါ့ရှင် ပရိယတ်၌ အဘယ်သို့သော သဘောရှိသနည်း”ဟု မေးလေသည်။ “မဇ္ဈိမနိကာယ်ကို နှုတ်တက်ဆောင်ပါသည်ဘုရား”ဟု (လျှောက်လေသည်)။ “ငါ့ရှင် ဤမဇ္ဈိမနိကာယ်မည်သည် ဆောင်ရန်ခက်ခဲ၏။ မူလပဏ္ဏာသကို ရွတ်အံသရဇ္ဈာယ်သူအား မဇ္ဈိမပဏ္ဏာသသည် နှုတ်သို့ရောက်လာတတ်၏၊ ထိုမဇ္ဈိမပဏ္ဏာသကို ရွတ်အံသရဇ္ဈာယ်သောသူအား ဥပရိပဏ္ဏာသသည် နှုတ်သို့ရောက်လာတတ်၏၊ သင့်အား အဘယ်မှာလျှင် ကမ္မဋ္ဌာန်း(နှလုံးသွင်းမှု) ဖြစ်နိုင်လိမ့်မည်နည်း”ဟု (မိန့်လေ၏။) “အရှင်ဘုရားတို့အထံ၌ ကမ္မဋ္ဌာန်းကို ရပြီးသည်ရှိသော် (ပရိယတ်ကို) နောက်တဖန်ပြန်၍ မကြည့်ပါတော့အံ့ အရှင်ဘုရား”ဟု (လျှောက်ထား၍) ကမ္မဋ္ဌာန်းကို ယူပြီးလျှင် ၁၉-နှစ်ပတ်လုံး ရွတ်အံသရဇ္ဈာယ်ခြင်းကိုမပြုပဲ အနှစ်နှစ်ဆယ်မြောက်၌ အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ထိုအခါ၁
၁-ပတွာ-ရောက်၍၊ ဝါ-ရောက်ပြီးလတ်သော်-ဟူသော ပုဒ်ကို မြန်မာစကား ပြတ်သားရှင်းလင်းစေရန် “ရောက်လေ၏။ ထိုအခါ”ဟု ဝါကျပါခွဲ၍ ပြန်ထားသည်။
၃၀၁
သရဇ္ဈာယ်ခြင်းငှါ လာကြကုန်သော ရဟန်းတို့အား “ငါ့ရှင်တို့ ငါသည် ပရိယတ်ကို မကြည့်သည်မှာ အနှစ်နှစ်ဆယ်ရှိပေပြီ၊ (သို့သော်လည်း) ငါသည် ဤမဇ္ဈိမနိကာယ်၌ လေ့လာကျေပြွန်ပြီး ဖြစ်၏၊ အားထုတ်ကြပါကုန်”ဟု ဆိုပြီးလျှင် အစမှစ၍ အဆုံးတိုင်အောင် အက္ခရာတလုံးမျှ၌သော်လည်း ထို(မဇ္ဈိမနိကာယ်ဆောင် ဒေဝ)မထေရ်အား ယုံမှားမှု မဖြစ်ပေ။
ကရုဠိယတောင်၌ သီတင်းသုံးနေသော နာဂမထေရ်သည်လည်း ၁၈-နှစ်ပတ်လုံး ပရိယတ်ကို စွန့်လွှတ်ပြီးနောက် ရဟန်းတို့အား ဓာတုကထာကို ပို့ချလေသည်။ အနုရာဓမြို့နေ မထေရ်တို့နှင့်အတူ နှီးနှောတိုက်ဆိုင်ကြည့်ကြသော ထို(နာဂမထေရ်ထံမှ သင်ယူသော)ရဟန်းတို့အား တခုသော ပဉှာသော်လည်း အစဉ်ချွတ်လျက် နှုတ်တက်သည် မရှိပေ။
မဟာဝိဟာရ ကျောင်းတိုက်၌လည်း တိပိဋကစူဠာဘယမည်သော မထေရ်သည် အဋ္ဌကထာကို မသင်ယူပဲပင်၁ နိကာယ်ငါးရပ်ကို သင်ယူပြီးသော ပရိသတ်၌ ပိဋကတ်သုံးပုံကို ဖွင့်ဆိုမည်-ဟု စည်တော်ကို တီးခတ်စေလေသည်။ ရဟန်းသံဃာက “အဘယ်ဆရာ၏ ပို့ချစဉ်နည်း၊ မိမိဆရာ၏ ပို့ချစဉ်ကိုသာလျှင် ဆိုလော့၊ တပါးသောပို့ချစဉ်ဖြင့် ဆိုခြင်းငှါ (ခွင့်)မပေးကုန်အံ့”ဟု ပြောဆိုလေ၏။ ထိုအဘယမထေရ်၏ ဥပဇ္ဈာယ်ဆရာကလည်း မိမိထံ ဆည်းကပ်ဝတ်ပြုလာစဉ် ထိုအဘယမထေရ်ကို “ငါ့ရှင် သင်သည် စည်ကို တီးခတ်စေသလော”ဟု မေးလေ၏။ “မှန်ပါသည် အရှင်ဘုရား”ဟု (လျှောက်၏)။ “အဘယ်အကြောင်းကြောင့်နည်း”ဟု (မေးပြန်၏)။ “ပရိယတ်(ပိဋကတ်)ကို ဖွင့်ဆိုမည်ဟု (ရည်ရွယ်သောကြောင့်ပါ) အရှင်
၁- မသင်ယူပဲပင်.. တီးခတ်စေလေသည်-ဟု စပ်ပါ။
၃၀၂
ဘုရား”ဟု (လျှောက်၏)။ “ငါ့ရှင် အဘယဆရာတို့သည် ဤပုဒ်ကို အဘယ်သို့ ဖွင့်ဆိုကြသနည်း”ဟု (မေးပြန်၏)။ “ဤသို့ ဖွင့်ဆိုကြပါသည် အရှင်ဘုရား”ဟု (လျှောက်၏)။ ဥပဇ္ဈာယ်မထေရ်က “ဟုန်”ဟု ဆိုကာ တားမြစ်လိုက်၏။ တဖန် ထိုအဘယမထေရ်သည် အခြားအခြားသော ပရိယာယ်ဖြင့် “ဤသို့ ဖွင့်ဆိုကြပါသည် အရှင်ဘုရား”ဟု သုံးကြိမ်တိုင်တိုင် (ပြင်၍ ပြင်၍)လျှောက်ထားပြန်၏။ ဥပဇ္ဈာယ်မထေရ်က “ဟုန်”ဟု ဆိုကာ တားမြစ်ပြီးလျှင် “ငါ့ရှင် သင် [၉၃] ပဌမဆိုသော အဖွင့်သည်သာလျှင် ဆရာတို့၏ ပို့ချစဉ်ဖြစ်ပေသည်၊ သို့ရာတွင် (သင်သည်) ဆရာတို့၏နှုတ်မှ သင်ယူ(ထား)သည် မဟုတ်သောကြောင့် “ဤသို့ ဆရာတို့ဖွင့်ဆိုကြပါသည်”ဟု ကြံ့ကြံ့တည်ခြင်းငှါ မစွမ်းနိုင်ပဲ ရှိချေသည်။ သွားပါချေ၊ မိမိဆရာတို့၏အထံ၌ နာယူချေဦး”ဟု (ပြောကြားလေ၏)။ “အဘယ်အရပ်သို့ သွားရပါမည်နည်း အရှင်ဘုရား”ဟု (မေးလျှောက်၏)။ “ဂင်္ဂါမြစ်တဖက်တွင် ရောဟဏဇနပုဒ်ဝယ် တုလာဓာရတောင်ကျောင်း၌ အလုံးစုံသော (ပိဋကတ်သုံးပုံ) ပရိယတ်၌ ကောင်းစွာ ပိုင်နိုင်ကျွမ်းကျင်သော၁ မဟာဓမ္မရက္ခိတမည်သော မထေရ်သည် သီတင်းသုံးလျက်ရှိ၏၊ ထိုမထေရ်၏အထံသို့ သွားလေလော့”ဟု (ညွှန်ကြားလေ၏)။ (စူဠာဘယမထေရ်သည်) “ကောင်းပါပြီ အရှင်ဘုရား”ဟု (ဆို၍) ဥပဇ္ဈာယ်မထေရ်ကို ရှိခိုးပြီးလျှင် ရဟန်းငါးရာတို့နှင့်တကွ မဟာဓမ္မရက္ခိတမထေရ်၏ အထံသို့သွား၍ ရှိခိုးလျက်
၁-“ဤပုဂ္ဂိုလ်၌ ကောင်းစွာ ဆုံးဖြတ်အပ်ပြီးသော ပိဋကတ်သုံးပုံဟူသော ပရိယတ်သည် တည်ရှိ၏၊ ထို့ကြောင့် ထိုပုဂ္ဂိုလ်သည် သဗ္ဗပရိယတ္တိက- ပရိယတ်အလုံးစုံရှိသူ မည်၏၊ တေပိဋက- ပိဋကတ်သုံးပုံဆောင် ပုဂ္ဂိုလ်-ဟု အနက်ရသည်”ဟူသော ဋီကာနှင့်အညီ မြန်မာပြန်စာဖတ်သူတို့ နားလည်လွယ်စေရန် အနည်းငယ်ပြင်၍ ပြန်ထားသည်။
၃၀၃
နေလေ၏။ မဟာဓမ္မရက္ခိတမထေရ်က “အဘယ်ကြောင့်လာသနည်း”ဟု မေးလေ၏။ “အဋ္ဌကထာဓမ္မကို နာယူခြင်းငှါ (လာပါသည်) အရှင်ဘုရား”ဟု လျှောက်လေ၏။ “ငါ့ရှင်အဘယ ဒီဃနိကာယ် မဇ္ဈိမနိကာယ်တို့၌ ငါ့ကို ရံဖန်ရံခါ မေးကြ၏။ ကြွင်းသောနိကာယ်ကိုမူ ငါသည် အနှစ်သုံးဆယ်ပတ်လုံး ပြန်၍ မကြည့်စဘူး။ သို့သော်လည်း သင်သည် ညဉ့်အခါ၌ ငါ၏အထံတွင် ပါဠိတော်ကို ပြန်ပြပါ။ ငါသည် သင့်အား နေ့အခါ၌ အဋ္ဌကထာကို ပို့ချပေးမည်”ဟု (ပြောကြားလေ၏)။ အဘယမထေရ်သည် “ကောင်းပါပြီ အရှင်ဘုရား”ဟု (ဆို၏) ထိုမထေရ်မိန့်ဆိုတိုင်း ပြုလုပ်လေ၏။ ပရိဝုဏ်တံခါး၌ မဏ္ဍပ်ကြီးကို ဆောက်လုပ်စေ၍ ရွာသူရွာသားတို့သည် နေ့တိုင်း နေ့တိုင်း တရားနာခြင်းငှါ လာကြ၏။ အဘယမထေရ်သည် ညည့်အခါ၌ ပါဠိတော်ကို ပြန်၏။ ထိုညဉ့်၌ပြန်ဆိုသော ပါဠိတော်ကို နေ့အခါ၌ ဖွင့်ပြလျက် မဟာဓမ္မရက္ခိတမထေရ်သည်၁ အစဉ်သဖြင့်၂ ဒေသနာကို ပြီးဆုံးစေပြီးလျှင် (အင်းပျဉ်ထက်မှဆင်းကာ) ဖျာပေါ်၌ထိုင်၍ “ငါ့ရှင် ငါ့အား ကမ္မဋ္ဌာန်းကို ဟောကြားပါ”ဟု တောင်းပန်လေ၏။ “အရှင်ဘုရား အဘယ်သို့ ဆိုပါကုန်သနည်း၊ တပည့်တော်သည် အရှင်ဘုရားတို့၏ အထံ၌သာလျှင် နာယူရသည် မဟုတ်လော၊ တပည့်တော်သည် အရှင်ဘုရားတို့ မသိ(အပ်)သေးသော တရားကို အဘယ်သို့ ဟောကြားနိုင်ပါမည်နည်း”ဟု (အဘယထေရ်က လျှောက်လေ၏။) ထိုအခါ၌ ထိုတပည့် အဘယထေရ်ကို ဆရာမဟာဓမ္မရက္ခိတ မထေရ်သည် “ငါ့ရှင်အဘယ
၁- ကထယန္တော-ပုဒ်ကို “ဖွင့်ပြသော မထေရ်သည်”ဟု အတိအကျပြန်လျှင် မြန်မာစကား မချောသောကြောင့် “ဖွင့်ပြလျက် မဟာဓမ္မရက္ခိတ မထေရ်သည်”ဟု ဖြည့်စွက်ပြန်သည်။
၂-အစဉ်သဖြင့်-ဟူသည်မှာ အစဉ်အတိုင်း ဖွင့်ပြသောအားဖြင့်-ဟု ဆိုလို၏။
၃၀၄
ပဋိပတ် (ကိုယ်တွေ့အကျင့်)ဟူသော သွားခြင်းဖြင့် သွားပြီး သိပြီးသောသူ၏ ဤအကျင့်လမ်းက တပါးတခြား ဖြစ်ပါသည်”ဟု ဆိုလေ၏။ ထိုစဉ်အခါ၌ အဘယမထေရ်သည် သောတာပန် ဖြစ်နေသတတ်။ (ထို့ကြောင့်) ထိုအခါ အဘယမထေရ်သည် မဟာဓမ္မရက္ခိတမထေရ်အား ကမ္မဋ္ဌာန်းပေးပြီးလျှင် ပြန်လာ၍ ကြေးပြာသာဒ်၌ ပိဋကတ်သုံးပုံပါဠိတော်ကို ဖွင့်ဆိုပို့ချနေ၏၊ ထိုသို့ ပို့ချနေစဉ်၁ “မဟာဓမ္မရက္ခိတမထေရ် ပရိနိဗ္ဗာန်ပြုလေပြီ”ဟု ကြားသိရလေ၏။ ကြားသိပြီး၍ “ငါ့ရှင်တို့ သင်္ကန်းယူခဲ့ကြပါ”ဟု (ဆိုပြီးလျှင် သန့်ပြန့်သော) သင်္ကန်းကိုရုံ၍ “ငါ့ရှင်တို့ ငါတို့၏ဆရာအား အရဟတ္တမဂ်သည် လျောက်ပတ်လှပါပေသည်၊ ငါ့ရှင်တို့ ငါတို့၏ဆရာသည် ဖြောင့်(လည်း) ဖြောင့်မတ်၏၊ အာဇာနည်မထေရ်(လည်း) ဖြစ်ပေ၏။ ငါတို့ဆရာသည် မိမိတပည့် စာသင်သား၏အထံ၌ ဖျာပေါ်မှာထိုင်၍ “ငါ့အား ကမ္မဋ္ဌာန်းကို ဟောကြားပါလော့”ဟု တောင်းပန်ပေ၏။ ငါ့ရှင်တို့ ငါတို့ဆရာမထေရ်အား အရဟတ္တမဂ်သည် လျောက်ပတ်လှပါပေသည်”ဟု (ပြောဆိုလေ၏)။ ဤဒေဝ, နာဂ, မဟာဓမ္မရက္ခိတမထေရ်တို့ကဲ့သို့ သဘောရှိသော ရဟန်းတော်တို့အား ကျမ်းဂန်သည် ပလိဗောဓမဖြစ်ပေ။ ကျမ်းဂန်ပလိဗောဓနှင့်စပ်သော စကားရပ်ပြီး၏။
(၁၀) တန်ခိုးပလိဗောဓ
တန်ခိုးဟူသည်ကား ပုထုဇဉ်တို့၌ဖြစ်သော တန်ခိုးတည်း။ မှန်ပေ၏။ ထိုပုထုဇဉ်တန်ခိုးသည် ပက်လက်အိပ်တတ်ကာမျှ သူငယ်ကဲ့သို့၎င်း၊ ကောက်နုကဲ့သို့၎င်း (မပျက်အောင်) ဆောင်ထားရန် ခက်ခဲ၏၊ အနည်းငယ်မျှသော
၁- ပရိဝတ္တေန္တော-ပုဒ်ကို မြန်မာစကား ရှင်းလင်းစေရန် “ဖွင့်ဆိုပို့ချနေ၏။ ထိုသို့ ပို့ချနေစဉ်”ဟု ဝါကျပါခွဲ၍ ပြန်ထားသည်။
၃၀၅
အနှောက်အယှက်ဖြင့်ပင် ပျက်စီးတတ်၏။ ထိုတန်ခိုးသည် ဝိပဿနာ၏(သာ) ပလိဗောဓဖြစ်သည်၊ သမာဓိ၏(ပလိဗောဓကား) မဖြစ်ပေ။ အဘယ့်ကြောင့်ဆိုသော် သမာဓိသို့ ရောက်ပြီးမှ(သာ) (ထိုတန်ခိုးသို့) ရောက်နိုင်ခြင်းကြောင့်တည်း။ ထို့ကြောင့် ဝိပဿနာကို အလိုရှိသောသူသည် တန်ခိုးဟူသော ပလိဗောဓကို(လည်း) ဖြတ်အပ်၏။ သမာဓိကို အလိုရှိသောသူသည်ကား ကြွင်းသော ပလိဗောဓကိုးပါးတို့ကို(သာ) (ဖြတ်အပ်ပေသည်)။ တန်ခိုးပလိဗောဓနှင့်စပ်သော စကားရပ်ပြီး၏။ ဤဆိုအပ်ခဲ့ပြီးသည်ကား ရှေးဦးစွာ (အစဉ်ကျသော) ပလိဗောဓနှင့်စပ်သော စကားရပ်၌ အကျယ်ပေတည်း။
ကမ္မဋ္ဌာန်းပေးသူကို ဖွင့်ပြချက်
[၉၄] ၄၂။ “ကမ္မဋ္ဌာန်းပေးတတ်သော မိတ်ဆွေကောင်းသို့ ချဉ်းကပ်၍”ဟူသော ဤခေါင်းစဉ်စကားရပ်၌ ကမ္မဋ္ဌာန်းသည် အရာခပ်သိမ်း၌ အလိုရှိအပ်သော သဗ္ဗတ္ထကကမ္မဋ္ဌာန်း၁၊ အမြဲ ဆောင်ထားအပ်သော ပါရိဟာရိယကမ္မဋ္ဌာန်းဟူ၍ ၂-မျိုးရှိ၏။ ထိုကမ္မဋ္ဌာန်း ၂-မျိုးတို့တွင် (၁) ရဟန်းသံဃာစသည်တို့၌ (ပွါးစေအပ်သော) မေတ္တာကမ္မဋ္ဌာန်းသည်၎င်း၊ (၂) မရဏဿတိကမ္မဋ္ဌာန်းသည်၎င်း သဗ္ဗတ္ထကကမ္မဋ္ဌာန်းမည်၏။ (၃) အသုဘသညာသည်လည်း (သဗ္ဗတ္ထကကမ္မဋ္ဌာန်း မည်၏)ဟူ၍ အချို့က (ဆိုကြ၏)၂။
၁-သဗ္ဗ-အရာခပ်သိမ်း၌ + အတ္ထက- အလိုရှိအပ်သော + ကမ္မဋ္ဌာန- ကမ္မဋ္ဌာန်း။
၂- စတုရာရက္ခာတိ။ ။ဗုဒ္ဓါနုဿတိ မေတ္တာ စ၊ အသုဘံ မရဏဿတိ-ဟူသော ခုဒ္ဒသိက္ခာကျမ်း၌ ဗုဒ္ဓါနုဿတိနှင့်တကွ ဤသဗ္ဗတ္ထကကမ္မဋ္ဌာန်း ၃-ပါးကိုပင် စတုရာရက္ခ- အစောင့်အရှောက် ၄-ပါးဟု ပြဆိုထား၏။ ထိုအလိုအားဖြင့် ဗုဒ္ဓါနုဿတိကိုလည်း သဗ္ဗတ္ထကကမ္မဋ္ဌာန်းဟု ဆိုသင့်ပေ၏။
၃၀၆
ချဲ့ဦးအံ့၊ ကမ္မဋ္ဌာန်းတရားအားထုတ်သော ရဟန်းသည် ရှေ့ဦးစွာ (ဤကျောင်း၌ရှိသည့် အလုံးစုံသော ရဟန်းများ-ဟု) ပိုင်းခြားသတ်မှတ်၍ ဥပစာရသိမ်ခေါ် ကျောင်းတိုက်ရှိ ရဟန်းသံဃာ၌ “(ဤကျောင်းတိုက်တွင်းရှိ ရဟန်းအားလုံးတို့သည်) ချမ်းသာကြပါစေ၊ စိတ်ဆင်းရဲကင်းကြပါစေ”ဟု မေတ္တာကို ပွါးစေအပ်၏။ ထို့နောက် ဥပစာရသိမ်တွင်းရှိ နတ်တို့၌၊ ထို့နောက် ဆွမ်းခံရွာတွင် အစိုးရသော လူကြီး၌၊ ထို့နောက် ထိုဆွမ်းခံရွာ၌(နေသော) လူတို့ကို အစပြု၍ အလုံးစုံသော သတ္တဝါတို့၌ (မေတ္တာကို ပွါးစေအပ်၏)။ ထိုသို့ ပွါးစေခြင်း၏အကျိုးကား- ရဟန်းသံဃာ၌ (ပွါးစေအပ်သော) မေတ္တာဖြင့် အတူနေ သီတင်းသုံးဘော်တို့၏စိတ်ကို သိမ်မွေ့နူးညံ့စေ၏၁။ ထိုအခါ၌ ထိုကမ္မဋ္ဌာန်းတရားအားထုတ်သော ရဟန်းအား ထိုအတူနေ သီတင်းသုံးဘော်ရဟန်းတို့သည် ချမ်းမြေ့ပြေပြစ်သော ဆက်ဆံခြင်းရှိကုန်၏။ ဥပစာရသိမ်တွင်းရှိ နတ်တို့၌ (ပွါးစေအပ်သော) မေတ္တာဖြင့် သိမ်မွေ့နူးညံ့စေအပ်သော စိတ်ရှိကြသော နတ်တို့သည် (ထိုကမ္မဋ္ဌာန်းတရားအားထုတ်သော ရဟန်းကို) တရားနှင့်လျော်သော စောင့်ရှောက်ခြင်းဖြင့် ကောင်းစွာ စောင့်ရှောက်ကုန်၏၂။ ဆွမ်းခံရွာတွင် အစိုးရသောလူကြီး၌ (ပွါးစေအပ်သော)မေတ္တာဖြင့် (သူတို့၏) စိတ်အစဉ်ကို သိမ်မွေ့နူးညံ့စေသောကြောင့်၃ (ထို)အစိုးရသူတို့သည် (ထိုရဟန်း၏) ပရိက္ခရာကို
၁- နူးညံ့သောစိတ် ရှိသည်၏အဖြစ်ကို ဖြစ်စေ၏-ဟု အတိအကျပြန်လျှင် ပါဠိမသင်ဘူးသူတို့က နားမလည်ပဲ ရှိရာသောကြောင့် အနက်တူပရိယာယ်ဖြင့် လဲလှယ်၍ ပြန်ထားသည်။
၂-ဤ၌လည်း နားလည်လွယ်စေရန် ပရိယာယ်တပါးဖြင့် လဲလှယ်၍ ပြန်ထားသည်။
၃- ဤ၌လည်း နားလည်လွယ်စေရန် ဟေတုမန္တ ဝိသေသနလည်း ပြုကာ ပရိယာယ်တပါးဖြင့် လဲလှယ်၍ ပြန်ထားသည်။
၃၀၇
တရားနှင့်လျော်သော စောင့်ရှောက်ခြင်းဖြင့် ကောင်းစွာ စောင့်ရှောက်ကြ၏၁။ ဆွမ်းခံရွာ၌(နေသော) လူတို့၌ (ပွါးစေအပ်သော)မေတ္တာဖြင့် (ထိုလူတို့၏)စိတ်ကို ကြည်လင်စေနိုင်သောကြောင့် ထိုသူတို့၏ နှိပ်စက် နှောက်ယှက်ခြင်းမရှိပဲ သွားလာနေထိုင်ရ၏၂။ အလုံးစုံသော သတ္တဝါတို့၌ (ပွါးစေအပ်သော)မေတ္တာဖြင့် အလုံးစုံသော အရပ်မျက်နှာတို့၌ အထိအခိုက် အနှောက်အယှက်မရှိပဲ လှည့်လည်သွားလာရ၏။ သေခြင်းတရားကို အဖန်ဖန်အထပ်ထပ် အောက်မေ့ခြင်း (မရဏဿတိ)ဖြင့် “ငါသည် မုချသေရလတံ့”ဟု ဆင်ခြင်အောက်မေ့မိသောကြောင့်၃ မအပ်သောနည်းဖြင့် ပစ္စည်းရှာမှီးခြင်းကို စွန့်၍ အဆင့်ဆင့်သံဝေဂကို ပွါးစေလျက်၄ (မှန်သောအကျင့်၌) မတွန့်ဆုတ်သော စိတ်ဖြစ်ခြင်းရှိ၏။ အသုဘသညာ၌ လေ့လာပြီးသော စိတ်ရှိသော ထိုသူ၏စိတ်ကို နတ်၌ဖြစ်သော အာရုံတို့သည်သော်လည်း လောဘ၏အစွမ်းအားဖြင့် ထက်ဝန်းကျင်မှ မဆွဲဆောင်နိုင်ကြကုန်။
၁-သုရက္ခိတပရိက္ခာရော- ကောင်းစွာ စောင့်ရှောက်အပ်သော ပရိက္ခရာရှိ၏-ဟု အတိအကျပြန်လျှင် ပါဠိမတတ်သူတို့ နားလည်ရန်ခက်၏၊ ထို့ကြောင့် “(ထိုရဟန်း၏) ပရိက္ခရာကို ကောင်းစွာ စောင့်ရှောက်ကြ၏”ဟု ပရိယာယ်တပါးဖြင့် ပြန်ထားသည်။
၂- ဤ၌လည်း နားလည်လွယ်စေရန် စကားအသုံး အနည်းငယ်ပြင်၍ ပြန်ထားသည်။
၃- ဟေတုမန္တဝိသေသနအဖြစ် ယူ၍ ပြန်ထားသည်။ ယင်း ဟိတ်ပုဒ်ကို စွန့်၍-၌ စပ်ပါ။
၄-ပွါးသော သံဝေဂရှိလျက်-ဟု အတိအကျပြန်လျှင် မပေါ်လွင် မပြတ်သားလှသောကြောင့် “သံဝေဂကို ပွါးစေလျက်”ဟု စကားအသုံး လဲလှယ်၍ ပြန်ထားသည်။
၃၀၈
ဤသို့ ကျေးဇူးများလှသဖြင့် အရာခပ်သိမ်း၌၁ (ရှေ့သွားအဖြစ်ဖြင့်) အလိုရှိအပ်သောကြောင့်၎င်း၊ လိုရင်းဖြစ်သော ဘာဝနာအားထုတ်မှု၏ အကြောင်းဖြစ်သောကြောင့်၎င်း သဗ္ဗတ္ထကကမ္မဋ္ဌာန်း၂ဟူ၍ ဆိုအပ်ပေသည်။
ကမ္မဋ္ဌာန်းလေးဆယ်တို့တွင် ကမ္မဋ္ဌာန်းတရား အားထုတ်သော ယောဂီ၏ စရိုက်နှင့်လျော်သော ကမ္မဋ္ဌာန်းသည် ထိုယောဂီက အမြဲအားထုတ်ခြင်းဖြင့် ဆောင်ထားအပ်သောကြောင့်၎င်း၊ အထက်အထက်ဖြစ်သော ဘာဝနာအမှု၏ နီးသောအကြောင်း ဖြစ်သောကြောင့်၎င်း ပါရိဟာရိယကမ္မဋ္ဌာန်း၃ဟူ၍ ဆိုအပ်ပေသည်။ ဤသို့ ၂-ပါးအပြားရှိသော ကမ္မဋ္ဌာန်းကို ပေးတတ်သောပုဂ္ဂိုလ်သည် ကမ္မဋ္ဌာန်းပေးသူ မည်ပေ၏။
မိတ်ဆွေကောင်း-ဟူသည်မှာ-
ချစ်ခင်အပ်သည်၊ လေးစားအပ်သည်၊ ချီးမွမ်းအပ်သည်။ (သူတပါးတို့ကို) ဆိုဆုံးမတတ်သည်၊ (မိမိက) ဆိုဆုံးမခံနိုင်သည်။ (သစ္စာ, ပဋိစ္စသမုပ္ပါဒ်စသော) နက်နဲသောစကားကို ပြောဟောတတ်သည်၊ မလျော်သောအရာ၌ မတိုက်တွန်းတတ်ပေ-ဟု ဟောထားသော
၁- အရာခပ်သိမ်း၌-ဟူသည်မှာ အလုံးစုံသော ရဟန်းကိစ္စ၌၊ သိုမဟုတ် အလုံးစုံသော ကမ္မဋ္ဌာန်းတရား အားထုတ်ရာ၌-ဟု ဆိုလို၏။
၂- သဗ္ဗတ္ထက- အရာခပ်သိမ်း၌ အလိုရှိအပ်သော + ကမ္မ- ဘာဝနာအားထုတ်မှု၏ + ဌာန- အကြောင်း။
၃-ပါရိဟာရိယ- အမြဲ ဆောင်ထားအပ်သော + ကမ္မ- အထက်အထက် ဘာဝနာအမှု၏ + ဌာန- နီးသောအကြောင်း။
၃၀၉
ဤသို့ အစရှိသောဂုဏ်နှင့် ပြည့်စုံသော ဧကန်မုချ အကျိုးစီးပွါးကို ရှာတတ်သော သီလ သမာဓိ ပညာ ကြီးပွါးရေးအဖို့၌ တည်သော မိတ်ဆွေကောင်းပေတည်း။
[၉၅] “အာနန္ဒာ ငါဘုရားတည်းဟူသော မိတ်ဆွေကောင်းကို အကြောင်းပြု၍ ပဋိသန္ဓေနေခြင်း သဘောရှိသော သတ္တဝါတို့သည် ပဋိသန္ဓေနေရခြင်းမှ လွတ်မြောက်ကြကုန်၏”ဟူသော ဤသို့ အစရှိသည်ကို ဟောတော်မူခြင်းကြောင့် မြတ်စွာဘုရားသည်သာလျှင် အလုံးစုံသော အခြင်းအရာနှင့် ပြည်စုံသော မိတ်ဆွေကောင်းမည်ပေသည်။ ထို့ကြောင့် မြတ်စွာဘုရား ရှိတော်မူလျှင် ထိုမြတ်စွာဘုရား၏ အထံတော်၌ ကမ္မဋ္ဌာန်းကိုယူခြင်းသည် အကောင်းဆုံ၁း ဖြစ်ပေသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူပြီး ဖြစ်လျှင်မူကား ရှစ်ကျိပ်သော မဟာသာဝကတို့တွင် သက်တော်ထင်ရှားရှိသော မဟာသာဝက၏အထံ၌ ယူခြင်းငှါ သင့်ပေသည်။ ထိုမဟာသာဝက မရှိလျှင်မူ မိမိယူလိုသော ကမ္မဋ္ဌာန်း၏ အစွမ်းအားဖြင့်ပင်လျှင် စတုက္က ပဉ္စကဈာန်တို့ကို ဖြစ်စေ၍ ဈာန်ကို အခြေခံပြုကာ၂ ဝိပဿနာကို ပွါးစေလျက် အာသဝေါကုန်ခန်းခြင်းသို့ရောက်သော ရဟန္တာ၏အထံ၌ ယူသင့်ပေသည်။
၁- ယူအပ်သော ကမ္မဋ္ဌာန်းသည် ကောင်းစွာယူအပ်သော ကမ္မဋ္ဌာန်းဖြစ်၏ဟု ဆိုလျှင် ပါဠိမတတ်သူတို့ နားလည်ရန် ခက်၏၊ ထို့ကြောင့် “ကမ္မဋ္ဌာန်းကိုယူခြင်းသည် အကောင်းဆုံး ဖြစ်ပေသည်”ဟု စကားအသုံး လဲလှယ်၍ ပြန်ထားသည်။
၂- ဈာန်လျှင် နီးသော အကြောင်းရှိသော ဝိပဿနာကို ပွါးစေလျက်-ဟု အတိအကျပြန်လျှင် အချို့က နားမလည်နိုင်ရာသောကြောင့် အထက်ပါအတိုင်း ပြင်၍ ပြန်ထားသည်။
၃၁၀
အသို့နည်း ရဟန္တာသည် “ငါ ရဟန္တာ”ဟူ၍ မိမိဂုဏ်ကို ထင်ရှားဖော်ပြပါသလော? ဤကား အမေး။ အဘယ်မှာ (ဤသို့) မေးဖွယ်ရှိအံ့နည်း။ “ဘာဝနာအမှုကိုပြုသူ= ကမ္မဋ္ဌာန်းအားထုတ်သူ”ဟု သိလျှင် (ငါ ရဟန္တာ-ဟု) ထင်ရှားပြတတ်ပေ၏။ အဿဂုတ္တမထေရ်သည် ကမ္မဋ္ဌာန်းအားထုတ်သော ရဟန်းအား “ဤသူသည် ကမ္မဋ္ဌာန်းအားထုတ်သူတည်း”ဟု သိသောကြောင့် ကောင်းကင်၌ သားရေပိုင်းကိုခင်း၍ ထိုသားရေပိုင်း၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေလျက် ကမ္မဋ္ဌာန်းကို ဟောဘူးသည် မဟုတ်ပါလော၁။ ဤကား အဖြေ။
ထို့ကြောင့် အကယ်၍ (ကမ္မဋ္ဌာန်းပေးတတ်သူ) ရဟန္တာကို ရငြားအံ့၊ ဤသို့ရခြင်းသည် ကောင်းလှပါပေ၏။ အကယ်၍ (ရဟန္တာကို) မရငြားအံ့၊ အနာဂါမ်, သကဒါဂါမ်, သောတာပန်, ဈာန်ရပုထုဇဉ်နှင့်၂ ပိဋကတ်သုံးပုံဆောင်, ၂-ပုံဆောင်, တပုံဆောင် (ပုထုဇဉ်)ပုဂ္ဂိုလ်တို့တွင် ရှေးရှေးပုဂ္ဂိုလ်၏
၁-ဤ၌ ရဟန္တာပုဂ္ဂိုလ်က ကမ္မဋ္ဌာန်းအားထုတ်သော ရဟန်းအား မိမိဂုဏ်ကို ပြသည်-ဟု ဆိုရာတွင် လူ သာမဏေတို့အား ပြသည်မဟုတ်၊ ရဟန်းအားသာ ပြသည်-ဟု မှတ်ယူရာ၏။ အကြောင်းမူကား- လူ သာမဏေတို့အား မိမိ၏ အရိယာအဖြစ် ရဟန္တာအဖြစ်ကို ပြောလျှင် ပြလျှင် ဘူတာရောစနသိက္ခာပုဒ်ဖြင့် ပါစိတ်အာပတ်သင့်၏၊ အရိယာပုဂ္ဂိုလ် ဟူသမျှသည်လည်း သိလျက် ဝိနည်းသိက္ခာပုဒ်ကို ကျူးလွန်ရိုး မရှိပေ၊ ထို့ကြောင့်ပင်တည်း။
၂-ဤတိုင်အောင် အာဂမသုတ အဓိဂမသုတ-ဟူသော အကြားအမြင် ၂-ပါးလုံးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်များကို ပြသည်၊ ထိုတွင် သောတာပန်တိုင်အောင် လောကီ လောကုတ္တရာ အဓိဂမသုတ ၂-မျိုးလုံးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်များ ဖြစ်သည်၊ ဈာန်ရပုထုဇဉ်သည်ကား လောကီဈာန်ဟူသော အဓိဂမသုတ တမျိုးတည်းနှင့်သာ ပြည့်စုံသောပုဂ္ဂိုလ် ဖြစ်သည်။ ထိုမှနောက်၌ ပိဋကသုံးပုံဆောင်-စသော ပုထုဇဉ်တို့သည်ကား အာဂမသုတ-ဟူသော အကြားနှင့်သာ
၃၁၁
အထံ၌ (ယူသင့်ပေသည်)။ ပိဋကတ်တပုံဆောင် ပုဂ္ဂိုလ်ပင် မရှိလတ်သော် နိကာယ်တခုမျှသော်လည်း အဋ္ဌကထာနှင့်တကွ ကျေပြွန်စွာ လေ့လာထား၍ လဇ္ဇီပုဂ္ဂိုလ်လည်းဖြစ်သောသူ၏ အထံ၌ ယူသင့်ပေသည်။ သုတ်ပါဠိတော်ကိုဆောင်သော (ဘုရားနှင့် ဘုရားတပည့်တော် သာဝကတို့၏ ဂုဏ်ကျေးဇူး)အနွယ်ကို အစဉ်စောင့်ရှောက်သော ဆရာအစဉ်အဆက်၏ သင်ရိုးကို အစဉ်ထိန်းသိမ်းသော ဤကဲ့သို့သော ဆရာသည် မိမိဆရာ၏အယူအဆကိုသာ ပြတတ်၏၊ မိမိ၏အယူကို မပြတတ်ပေ။ ထို့ကြောင့်ပင်လျှင် ရှေးမထေရ်ကျော်တို့သည် “လဇ္ဇီပုဂ္ဂိုလ် စောင့်ရှောက်လိမ့်မည်၊ လဇ္ဇီပုဂ္ဂိုလ် စောင့်ရှောက်လိမ့်မည်”ဟု သုံးကြိမ်တိုင်တိုင် မိန့်ဆိုကြလေပြီ။
(ဖော်ပြခဲ့ပြီးသော) ဤကမ္မဋ္ဌာန်းဆရာ မိတ်ဆွေကောင်းတို့တွင် ရှေး၌ဆိုခဲ့သော ရဟန္တာအစရှိသည်တို့သည် မိမိတို့ရထားသော အကျင့်လမ်းကိုသာလျှင် ပြောဆိုတတ်ကြပေသည်။ အကြားအမြင်များသော ကမ္မဋ္ဌာန်းဆရာသည်ကား ထိုထိုဆရာသို့ ချဉ်းကပ်၍ ပါဠိ အဋ္ဌကထာတို့ကို (ကျေပြွန်စွာ လေ့လာခြင်းဖြင့်) သုတ်သင်ထားပြီးဖြစ်သောကြောင့် ထိုထိုနိကာယ်မှ၁
ပြည့်စုံသော ပုဂ္ဂိုလ်များ ဖြစ်သည်။ ပရိယတ်စာတွေ့သက်သက် ပုဂ္ဂိုလ်များဟု ဆိုလို၏။ သို့သော် ထိုသို့သော ပုဂ္ဂိုလ်မြတ်ကိုလည်း အလေးပြုထိုက်ကြောင်း ဆက်၍ ပြဆိုထားပေသည်။
၁- ဣတော စိတော စ- ထိုမှဤမှလည်း-ဟူသော ပြန်ရိုးပြန်စဉ်အတွက် သင့်လျော်သော မြန်မာစကားလှယ် ဖြစ်သည်။ ထိုပါဠိသည် “ဣတး တတး”ဟူသော သက္ကတနှင့် မိတ္တူဖြစ်သောကြောင့် “ဣတော တတော”ဟု ဤမျှသာ ရှိသင့်၏။ သို့သော် ယခုခေတ်စာတို့၌ စ-သဒ္ဒါနှင့်တကွ “ဣတော စိတော စ”ဟူ၍ချည်း ရှိသည်။ ဋီကာ၌ ငါးပါးသော နိကာယ်တို့တွင်-ဟု နိဒ္ဓါရဏစွက်၍ ဖွင့်ပြသောကြောင့် ဤ၌ “ထိုထိုနိကာယ်မှ”ဟု နိဒ္ဓါရဏီယ အစိတ်ပါဖော်၍ ပြန်ထားသည်။
၃၁၂
(ထိုထိုကမ္မဋ္ဌာန်းနှင့်လျော်သော) သုတ်ကို၎င်း၊ (ထိုသုတ်သို့ အစဉ်လိုက်သော) အကြောင်းယုတ္တိကို၎င်း၁ ကောင်းစွာမှတ်သားလျက် လျော်သည် မလျော်သည်ကို ယှဉ်စေ၍၂ ချုံပိတ်ပေါင်းထူထပ်သောအရပ်၌ သွားသော ဆင်ပြောင်ကြီးကဲ့သို့ (ကမ္မဋ္ဌာန်းအစီအရင်ဟူသော) လမ်းမကြီးကိုပြလျက် ကမ္မဋ္ဌာန်းကို ဟောပေလိမ့်မည်။ ထို့ကြောင့် ကမ္မဋ္ဌာန်းပေးတတ်သော ဤသို့သဘောရှိသော မိတ်ဆွေကောင်းသို့ ချဉ်းကပ်၍ ထိုကမ္မဋ္ဌာန်းဆရာ မိတ်ဆွေကောင်းအား (ပြုသင့်သော) ဝတ်အကျင့်ကိုပြု၍ ကမ္မဋ္ဌာန်းကို ယူသင့်ပေသည်။
[၉၆] အကယ်၍ ဤကမ္မဋ္ဌာန်းဆရာ မိတ်ဆွေကောင်းကို မိမိနှင့် တကျောင်းတည်း၌သာလျှင် ရပါမူ ကောင်းလှပေ၏။ အကယ်၍ (မိမိနေ
၁- သုတ္တာနုဂတံ ယုတ္တိဉ္စ-ဟူသော ဋီကာနှင့်အညီ ပြန်ထားသည်။ ထိုတွင် သုတ်သို့ အစဉ်လိုက်သော အကြောင်းယုတ္တိ-ဟူသည်မှာ သုတ်ကိုယူလိုက်လျှင် ထိုသုတ်နှင့် အလျော်အားဖြင့် အတွင်းဝင်ကာ လိုက်ပါလာသော အကြောင်းယုတ္တိ ဖြစ်သည်ဟု ယူရာ၏။
၂- ကမ္မဋ္ဌာန်းကိုနာယူသော တပည့်အား သပ္ပါယဖြစ်သည် မဖြစ်သည်ကို (ယုတ္တိမဂ္ဂနေန) အသင့်ယုတ္တိကို ရှာခြင်း, စူးစမ်းဆင်ခြင်ခြင်းဖြင့် ယှဉ်စေ၍၊ တနည်းကား တပည့်အား သပ္ပါယဖြစ်သည် မဖြစ်သည်ကို ကောင်းစွာသာလျှင် နှလုံး၌ထား၍။ (ဋီကာ) ဤဋီကာမှ ပဌမအဖွင့်အရ အထက်၌ ပြန်ထားသည်။ ဆိုလိုသည်မှာ သပ္ပါယဖြစ်သော အရာကို မှီဝဲရန်၊ သပ္ပါယမဖြစ်သော အရာကို ရှောင်ရန် စဉ်းစားဆင်ခြင်၍ ညွှန်ကြားသည်-ဟူ၍ပင် ဆိုလိုသည်။ ဒုတိယအဖွင့်အရ ပြည်မူနိဿယ၌ ပြထားသည်မှာ “မိမိ၏နှလုံး၌ ကောင်းစွာထား၍”ဟု ဖြစ်သည်။ ထိုအလိုအားဖြင့် ထိုသပ္ပါယ အသပ္ပါယကို ကမ္မဋ္ဌာန်းဆရာ၏ စိတ်ထဲ၌ စွဲမှတ်ထားခြင်းကို ယူအပ်၏။ တပည့်၏စိတ်ထဲ၌ သွင်းထားခြင်းကို ယူလျှင်လည်း သင့်ရာ၏။
၃၁၃
သောကျောင်း၌) မရပါမူ ထိုကမ္မဋ္ဌာန်းဆရာ မိတ်ဆွေကောင်းရှိရာကျောင်းသို့ သွားအပ်၏။ (ထိုသို့)သွားသော ရဟန်းသည်လည်း ခြေတို့ကို ရေဆေး၍ ဆီပြောင်အောင်လိမ်းလျက်၁ ဘိနပ်စီး ထီးဆောင်း၍ ဆီကျည်တောက် ပျားရည် တင်လဲစသည်တို့ကို သယ်ယူစေကာ တပည့်များခြံရံလျက် မသွားသင့်ပေ။ ခရီးသွားရဟန်းတို့ ပြုရမည့်ဝတ်ကို ပြည့်စုံစေပြီးလျှင် မိမိ၏ သပိတ်သင်္ကန်းကို ကိုယ်တိုင်ပင် ဆောင်ယူလျက် လမ်းခရီးအကြားတွင် မိမိဝင်ရာကျောင်းဟူသမျှ၌ (ဝင်စဉ်အခါ အာဂန္တုကဝတ်, ထွက်စဉ်အခါ ဂမိကဝတ်ဟူသော) ဝတ်အကျင့်ကို ပြုလျက်၂ ပေါ့ပါးသော ပရိက္ခရာနှင့် အလွန်ခေါင်းပါးသော အကျင့်ရှိသည်ဖြစ်၍ သွားသင့်ပေသည်။
ထိုကမ္မဋ္ဌာန်းဆရာ မိတ်ဆွေကောင်း၏ကျောင်းသို့ ဝင်မည့်ရဟန်းသည် (လာခဲ့ရာ)ခရီးအကြား၌ ဒန်ပူကို ကပ္ပိစေပြီးလျှင်၃ ဆောင်ယူခဲ့၍ ဝင်သင့်၏။ “တခဏမျှ အမောအပန်းဖြေပြီးလျှင် ခြေထောက်ကိုဆေးကြောခြင်း
၁- ဆေး၍ ဆီလိမ်းအပ်ကုန်သော ခြေတို့ဖြင့်-ဟု အတိအကျပြန်လျှင် အများအားဖြင့် နားမလည်နိုင်ရာသောကြောင့် အထက်ပါအတိုင်း စကားအသုံး လဲလှယ်၍ ပြန်ထားသည်။
၂- ကျောင်းတိုက်သို့ဝင်သောအခါ အာဂန္တုကဝတ်, ထွက်သောအခါ ဂမိက- ခရီးသွားသူ၏ဝတ်ဟူသော ထိုထိုဝတ်ကို ထိုက်သည်အားလျော်စွာ ဖြည့်ကျင့်လျက်။ (ဋီကာ)
၃- ရဟန်းမှာ သစ်ပင်မှ သစ်သားကို “ဤသစ်သား ဤသစ်ကိုင်း ခုတ်ပေးပါ”ဟု မခိုင်းကောင်း၊ ဣမံ ကပ္ပိယံ ကရောဟိ- ဤသစ်သားကို ကပ္ပိပေးပါ- အပ်အောင်ပြုပေးပါ-ဟု ဤသို့သော ကပ္ပိယဝေါဟာရ- အပ်စပ်သော စကားဖြင့်သာ ခိုင်းကောင်းသည်။ ထို့ကြောင့် ကမ္မဋ္ဌာန်းဆရာအား ဝတ်ပြုသောအခါ ဒန်ပူ အသင့်ရှိစေရန်အတွက် ဆရာ့ထံသို့ မရောက်မီကပင် ဒန်ပူသား ကပ္ပိစေခဲ့ (ခုတ်စေခဲ့)ဘို့ ညွှန်ကြားသော စကားဖြစ်သည်။
၃၁၄
ဆီလိမ်းခြင်း စသည်တို့ကို ပြုပြီးမှ ဆရာ၏အထံသို့ သွားရမည်”ဟု (ရည်ရွယ်လျက်) အခြားသောပရိဝုဏ် (ကျောင်းဝင်း)သို့ မဝင်သင့်။ အဘယ့်ကြောင့်နည်း? အကယ်၍ ထိုပရိဝုဏ်၌ ကမ္မဋ္ဌာန်းတရားအားထုတ်မည့် ရဟန်း၏ ကမ္မဋ္ဌာန်းဆရာနှင့် သဘာဂမဖြစ်သော ရဟန်းတို့ ရှိနေကြပါမူ ထိုရဟန်းတို့သည် လာခြင်း၏အကြောင်းကို မေးပြီးလျှင် (ထို)ကမ္မဋ္ဌာန်းဆရာ၏ ကျေးဇူးမဲ့ကိုပြ၍ “အကယ်၍သာ ထိုပုဂ္ဂိုလ်၏အထံသို့ လာသည်မှန်လျှင် သင်တော့ ပျက်စီးလေပြီ”ဟု စိတ်မချမ်းမြေ့မှုကို ဖြစ်စေကြရာ၏။ ယင်းသို့ ဖြစ်စေခြင်းကြောင့် ထိုပရိဝုဏ်မှပင်လျှင် ပြန်လှည့်လာခဲ့ရလေရာ၏။ ထို့ကြောင့် ကမ္မဋ္ဌာန်းဆရာ သီတင်းသုံးရာအရပ်ကို မေးမြန်း၍ ထိုဆရာရှိရာ ကျောင်းသို့သာလျှင် ဖြောင့်ဖြောင့်တန်းတန်း သွားသင့်ပေသည်။
အကယ်၍ ကမ္မဋ္ဌာန်းဆရာက (ကမ္မဋ္ဌာန်းယူမည့်တပည့်အောက်) ဝါငယ်မူ (ဆရာ၏) သပိတ်သင်္ကန်းလှမ်းယူခြင်း စသည်တို့ကို (ကမ္မဋ္ဌာန်းယူမည့်တပည့်က) မသာယာသင့်ပေ၁။ အကယ်၍ (ဆရာက)ဝါကြီးမူ (တပည့်သည်) သွား၍ ဆရာကိုရှိခိုးလျက် ရပ်နေရမည်။ “ငါ့ရှင် သပိတ်သင်္ကန်းကို ချထားပါ”ဟု (ဆရာက)ပြောကြားလျှင်၂ ချထားရမည်။ “ရေသောက်ပါ”ဟု (ဆရာက)ပြောကြားလျှင်၂ သောက်လိုမူ သောက်ရမည်။ “ခြေဆေးပါ”ဟု (ဆရာက)ပြောကြားလျှင်၂ ခြေတို့ကို အလျင်စလို
၁-ဝါငယ်သောရဟန်းက အရိုအသေ ဝတ်ပြုသည်ကို ဝါကြီးသောရဟန်းက လက်ခံသင့်သော်လည်း ကမ္မဋ္ဌာန်းဆရာ ဖြစ်မည့်ပုဂ္ဂိုလ်၏ ဝတ်ပြုမှုကိုမူ လက်မခံသင့်သောကြောင့် ဤသို့ ညွှန်ကြားပေသည်။
၂- ဝုတ္တေန-ဆိုအပ်သော ရဟန်းသည်၊ ဝါ၊ ဆိုအပ်လျှင်-ဟု အတိအကျပြန်လျှင် မြန်မာစကား မချောလှသောကြောင့် လဲလှယ်၍ ပြန်ထားသည်။ နောက်၌လည်း ဤသို့သောပုဒ်များ၌ နည်းတူပင် မှတ်ပါ။
၃၁၅
မဆေးသင့်သေးပေ။ အကယ်၍ ဆရာခပ်ထားသော ရေဖြစ်ပါမူ (တပည့်က ခြေဆေးရန်)မသင့်လျော်ပေရာ။ “ဆေးသာဆေးပါ ငါ့ရှင် ငါခပ်ထားသောရေ မဟုတ်ပါ၊ အခြားသူများ ခပ်ထားသောရေ (ဖြစ်ပါသည်)”ဟု (ဆရာက)ပြောကြားလျှင် ဆရာမမြင်လောက်သော အကာအကွယ်ရှိရာ အရပ်၌ဖြစ်စေ၊ လွင်ပြင်၌ဖြစ်စေ၊ ကျောင်း၏သော်လည်း တခုသော အစွန်း၌ဖြစ်စေ၁ ထိုင်၍ ခြေတို့ကို ဆေးသင့်ပေသည်။ အကယ်၍ ဆရာက ဆီကျည်တောက်ကို ယူဆောင်လာပါမူ ထ၍ လက်နှစ်ဖက်တို့ဖြင့် ရိုသေစွာ ခံယူအပ်၏။ (အပြစ်ကား) ထိုသို့မယူလျှင် ဤရဟန်းသည် ယခုအချိန်ကပင်လျှင် အစပြု၍ အတူတကွ သုံးဆောင်ခြင်း (ဆက်ဆံခြင်း)ကို ပျက်စေ၏-ဟု (ယူဆကာ) ဆရာ၏(စိတ်သည်) တမျိုးတမည်ဖြစ်လေရာ၏၂။ ယူပြီးလျှင်(လည်း) ခြေတို့ကို စ၍ မလိမ်းသင့်။ (အပြစ်ကား) ထိုဆီသည် ဆရာ၏ ကိုယ်လိမ်းဆီဖြစ်မူ (တပည့်၏ခြေကို လိမ်းခြင်းသည်) မသင့်လျော်ပေရာ။ ထို့ကြောင့် ဦးခေါင်းကို (ရှေးဦးစွာ)၊ [၉၇] လိမ်းပြီးမှ ပခုံးစသည်တို့ကို လိမ်းသင့်ပေသည်။ “ငါ့ရှင် ဤဆီသည်
၁- မူရင်းအတိုင်းပြန်ချက် ဖြစ်သည်။ အဗ္ဘောကာသဝိဟာရဿပိ-ဟု ရှိသော (သီ၊ ဣ)မူအရ “အကာအကွယ်မရှိ ဟင်းလင်းဖြစ်နေသော ကျောင်းဖြစ်လျှင်မူလည်း (ထိုကျောင်း၏) တဖက်အစွန်း၌ဖြစ်စေ”ဟု ပြန်အပ်၏၊ ထိုမူကွဲက သာ၍ ကောင်းပေသည်။
၂-အချင်းချင်း ပစ္စည်းအပေးအယူပြုခြင်းဟူသော ပစ္စယသမ္ဘောဂ- ပစ္စည်းကို အတူတကွ သုံးဆောင်ခြင်းကို သီလစင်ကြယ်သော ရဟန်းတို့နှင့်သာ ပြုရသည်၊ မစင်ကြယ်သော ရဟန်းတို့နှင့် မပြုရ၊ ပြုလျှင် ဒုက္ကဋ်အာပတ် သင့်၏။ ထိုသိက္ခာပုဒ်အရအားဖြင့် မိမိအား သီလစင်ကြယ်သူအဖြစ်ဖြင့် မယုံကြည်ဘူး-ဟု ယူဆကာ စိတ်အထင်လွဲခြင်း ဖြစ်ရာသည်-ဟု ဆိုလို၏။
၃၁၆
(ကိုယ်အင်္ဂါ) အားလုံးအတွက် ဆောင်ထည့်အပ်- လိမ်းအပ်သော ဆီ၁(ဖြစ်သည်)၊ ခြေတို့ကိုလည်း လိမ်းပါ”ဟု (ဆရာက)ခွင့်ပေးလျှင် အနည်းငယ်ကို ဦးခေါင်း၌ထည့်၍၂ ခြေတို့ကို လိမ်းကျံပြီးလျှင် “ဤဆီကျည်တောက်ကို ထားပါရစေ အရှင်ဘုရား”ဟု ခွင့်တောင်း၍ ဆရာကခံယူလျှင် ပေးလိုက်ရမည်။
ရောက်လာသောနေ့မှ စ၍ “တပည့်အား ကမ္မဋ္ဌာန်းကို ဟောပြတော်မူပါ အရှင်ဘုရား”ဟု ဤသို့ မလျှောက်ထားသင့်သေး။ နောက်တနေ့မှစ၍၃ ဆရာအား လုပ်ကျွေးနေကျ တပည့်ရှိပါမူ ထိုလုပ်ကျွေးနေကျတပည့်ကို တောင်းပန်ပြီးလျှင် အာစရိယဝတ်ကို ပြုအပ်၏။ တောင်းပန်(အပ်)သော်လည်း (ထိုလုပ်ကျွေးနေကျ တပည့်က) အကယ်၍ (အခွင့်)မပေးအံ့၊ အခွင့်ရသောအခါ၌သာလျှင် (အာစရိယဝတ်ကို) ပြုအပ်၏။ အာစရိယဝတ်ကို ပြုသောရဟန်းသည် အငယ် အလတ် အကြီးဖြစ်ကုန်သော ဒန်ပူသုံးချောင်းတို့ကို ဆက်ကပ်အပ်၏။ ရေအေး ရေနွေးဟူသော ၂-မျိုးသော မျက်နှာသစ်ရေကို၎င်း၊ ချိုးရေကို၎င်း စီမံထားအပ်၏။ (စီမံထားသော) ထိုရေ၂-မျိုးမှ
၁- အားလုံးအတွက် ဆောင်အပ်သော ဆီ-ဟူသည်ကား အလုံးစုံသော ကိုယ်အင်္ဂါတို့အတွက် သို့မဟုတ် အလုံးစုံသော ရဟန်းတို့အတွက် (ပရိဟရိတဗ္ဗ) ဆောင်ထည့်အပ်- ဆောင်ထည့်သင့်- လိမ်းထည့်သင့်သော ဆီ(ဟု ဆိုလို၏)။ (ဋီကာ) ဤ၌ ပရိဟရိတတေလ-ဟု ဆိုလျှင် ဆောင်ထားသော ဆီ-ဟု ပြန်နိုင်၏၊ သို့သော် တဗ္ဗပစ္စည်းနှင့် ရှိသောကြောင့် ထိုသို့ မပြန်နိုင်၊ ဆောင်ထည့်သင့်- လိမ်းထည့်သင့်သော ဆီ-ဟူ၍သာ ပြန်သင့်ပေသည်။
၂- ဦးခေါင်း၌ အနည်းငယ် ထည့်ခြင်းမှာ အရိုအသေပြုသော သဘောပင် ဖြစ်သည်။
၃- နောက်တနေ့မှစ၍.. အာစရိယဝတ်ကို ပြုအပ်၏-ဟု စပ်ပါ။
၃၁၇
သုံးရက်ပတ်လုံး ဆရာသုံးဆောင်သော ရေမျိုးကိုသာလျှင် အမြဲဆက်ကပ်အပ်၏။ (အအေးအပူ)သတ်မှတ်ခြင်းကို မပြုပဲ မည်သည့်ရေကိုမဆို သုံးဆောင်သောဆရာအား ရရာရေကို ဆက်ကပ်အပ်၏။ များစွာ အကျယ်ပြောနေခြင်းဖြင့် အကျိုးမရှိပေ၁။ “ရဟန်းတို့ အနီးနေတပည့်သည် ဆရာ၌ ကောင်းစွာ ကျင့်အပ်၏။ ထိုအာစရိယဝတ်၌ ဤဆိုလတံ့သည်ကား ကောင်းစွာကျင့်ခြင်းတည်း။ (အနီးနေတပည့်သည်) စောစောထ၍ ဘိနပ်ချွတ်ပြီးလျင် လက်ဝဲတဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်လျက် ဒန်ပူကို ဆက်ကပ်ရမည်။ မျက်နှာသစ်ရေကို ဆက်ကပ်ရမည်။ နေရာခင်းရမည်။ ယာဂုရှိမူ ခွက်ကိုဆေး၍ ယာဂုဆက်ကပ်ရမည်” ဤသို့အစရှိသော ခန္ဓက၌ မြတ်စွာဘုရား ကောင်းစွာပညတ်ထားသော အာစရိယဝတ် အလုံးစုံကို ပြုအပ်၏။
ဤဆိုခဲ့သည့်အတိုင်း ဝတ်၏ပြည့်စုံခြင်းဖြင့် ဆရာကို နှစ်သက်အားရစေလျက် (ထိုကမ္မဋ္ဌာန်းယူမည့် ရဟန်းသည်) ညချမ်းအခါ၌ (ဆရာကို)ရှိခိုးပြီးလျှင်၂ “သွားတော့”ဟု (ဆရာက) လွှတ်သောအခါကျမှ သွားရမည်။ “မည်သည့်အကြောင်းကြောင့် လာသနည်း”ဟု ဆရာက မေးသောအခါ၌ လာခြင်း၏အကြောင်းကို လျှောက်ထားရမည်။ အကယ်၍ ဆရာက မေးခြင်းမရှိပဲ ဝတ်(ပြုခြင်း)ကိုမူ သာယာလက်ခံနေငြားအံ့၊ ဆယ်ရက်ဖြစ်စေ၊ တဆယ့်ငါးရက်ဖြစ်စေ လွန်လတ်သော်၃ တခုသောနေ့၌
၁-မဟာဝါ စူဠဝါ ခန္ဓကတို့၌ ဘုရားစကား ထင်ရှားရှိနေသောကြောင့် အကျယ်ပြောရန် မလိုပါ-ဟု ဆိုလို၏။
၂- ရှိခိုးပြီးလျှင်.. လွှတ်သောအခါကျမှ သွားရမည်-ဟု စပ်ပါ။
၃-ဤ၌ ၁၀-ရက် ၁၅-ရက်ကြာအောင် ကမ္မဋ္ဌာန်းမတောင်းသေးပဲ ဆိုင်းငံ့နေရန် ညွှန်ကြားသော အစီအရင်မှာ စဉ်းစားဖွယ်ရှိ၏၊ အနာရောဂါပလိ
၃၁၈
လွှတ်(အပ်)သော်လည်း မသွားသေးပဲ (လျှောက်ရန်) ခွင့်တောင်း၍ လာခြင်း၏အကြောင်းကို လျှောက်ထားအပ်၏။ ထိုသို့မဟုတ် (တနည်းအားဖြင့်မူ)၁ အချိန်မဲ့၌သွား၍ “အဘယ်အကျိုးငှါ လာသနည်း”ဟု မေးလျှင် (လာခြင်း၏အကြောင်းကို) လျှောက်ထားအပ်၏။ “နံနက်မှပင် လာခဲ့တော့”ဟု ဆရာက ပြောဆိုပါမူ နံနက်မှပင် သွားရမည်။
ဗောဓကို ပြရာ၌ ရက်အနည်းငယ်အတွင်း ကုသ၍ မပျောက်သော အနာရောဂါကို လျစ်လျူရှုကာ ရဟန်းတရားကိုသာ အမြန်အားထုတ်ရန် ညွှန်ပြခဲ့ပြီ မဟုတ်ပါလော၊ ထိုသို့ ဆိုင်းငံ့နေသော ရက်ပိုင်းအတွင်း၌ သေသွားပါက အကျိုးမဲ့ ဆုံးရှုံးခြင်းဖြစ်ရာသည် မဟုတ်ပါလော၊ မြတ်စွာဘုရားကလည်း “အဇ္ဇေဝ ကိစ္စမာတပ္ပံ၊ ကော ဇညာ မရဏံ သုဝေ” စသည်ဖြင့် နက်ဖြန်သေမည်ကို ဧကန်မသိနိုင်သောကြောင့် မဆိုင်းပဲ ချက်ခြင်းအားထုတ်ရန် ဟောကြားခဲ့သည် မဟုတ်ပါလော၊ ဗာဟိယဒါရုစီရိယ-က မြတ်စွာဘုရားကို တွေ့လျှင်တွေ့ချင်း တရားဟောဘို့ တောင်းပန်ရာ မြတ်စွာဘုရားက ဆွမ်းခံကြွနေရင်းပင် ရပ်တော်မူလျက် ကမ္မဋ္ဌာန်းတရားကို ဟောကြားတော်မူသည် မဟုတ်ပါလော၊ ဟိတေသီ ကလျာဏမိတ္တဖြစ်သော ကမ္မဋ္ဌာန်းဆရာမှာ အားထုတ်လိုသောသူအား ကမ္မဋ္ဌာန်းတရားကို ဟောကြားညွှန်ပြရန် ဝန်မလေးပဲရှိရာသည် မဟုတ်ပါလော၊ ကမ္မဋ္ဌာန်းဆရာကပင် ကမ္မဋ္ဌာန်းတရား အားထုတ်ချင်အောင်၊ မြန်မြန်အားထုတ်ချင်အောင် ဟောပြော တိုက်တွန်းနေရသည် မဟုတ်ပါလော- ဤသို့ စသည်ဖြင့် စဉ်းစားဖွယ်ရှိ၏။ ထို့ကြောင့် ကမ္မဋ္ဌာန်းဆရာကိုမူ ငဲ့စရာ အားနာစရာအကြောင်း မရှိပေ၊ ခရီးပန်းလာသည့်အတွက် မိမိက အားမထုတ်နိုင်သေးလျှင် တရက်မျှသာ ဆိုင်းငံ့၍ နောက်တရက်၌ ကမ္မဋ္ဌာန်းတောင်းသင့်၏၊ ပင်ပန်းခြင်းမရှိ၍ အားထုတ်နိုင်ပါမူ ထိုရောက်စ နေ့၌ပင် သင့်လျော်သောအချိန်၌ ကမ္မဋ္ဌာန်းတောင်း၍ အားထုတ်သင့်လှပေ၏။
၁-ရှေးအခြားမဲ့၌ ပြခဲ့သည့်အတိုင်း မဟုတ်ပဲ အခြားတနည်းဖြင့် လျှောက်လိုပါမူ-ဟု ဆိုလို၏။
၃၁၉
အကယ်၍ ထိုအချိန်၌ ထိုတပည့်ရဟန်း၏ သည်းခြေနာသည်မူလည်း ဝမ်းကို လောင်ငြားအံ့၊ ပါစကဝမ်းမီးညံ့ခြင်းကြောင့် အစာမူလည်း မကြေငြားအံ့၊ အခြားသောရောဂါ တစုံတရာသည်မူလည်း နှိပ်စက်ငြားအံ့၊ ထိုအနာရောဂါကို အမှန်အတိုင်း ဖော်ပြလျှောက်ထား၍ မိမိအား လျောက်ပတ်သောအချိန်ကို လျှောက်ထားပြီးလျှင် ထိုအချိန်၌ (ဆရာ့ထံ) ချဉ်းကပ်ရမည်။ အချိန်ပြောင်းရခြင်း၏ အကြောင်းကား (မကျန်းမာ၍) မလျောက်ပတ်သောအချိန်၌ ကမ္မဋ္ဌာန်းကို ဟော(အပ်)သော်လည်း နှလုံးမသွင်းနိုင်ရာသောကြောင့်ပေတည်း။ ဤသည်ကား “ကမ္မဋ္ဌာန်းပေးတတ်သော မိတ်ဆွေကောင်း (ဆရာမြတ်)သို့ ချဉ်းကပ်၍”ဟူသော ဤစကား၌ အကျယ်ပေတည်း။
စရိုက်ကို ဖွင့်ပြချက်
[၉၈] ၄၃။ ယခုအခါ “မိမိ၏ စရိုက်အားလျော်သော”ဟူသော စကားရပ်၌ စရိုက်-ဟူသော စကား၏ (အကျယ်ကို ဆိုပေအံ့)။ အဖြစ်များခြင်းဟူသော စရိုက်တို့သည် ရာဂအဖြစ်များခြင်း၊ ဒေါသအဖြစ်များခြင်း၊ မောဟအဖြစ်များခြင်း၊ သဒ္ဓါအဖြစ်များခြင်း၊ ပညာအဖြစ်များခြင်း၊ ဝိတက်အဖြစ်များခြင်းဟူ၍ ၆-ပါး ဖြစ်ကုန်၏။ အချို့သော ဆရာတို့သည်ကား ရာဂစသည်တို့၏ (အချင်းချင်း ယှဉ်သောအားဖြင့်) ရောနှောခြင်းနှင့် (တသန္တာန်တည်း၌ အကျုံးဝင်သောအားဖြင့်) ပေါင်းဆုံခြင်းတို့၏ အစွမ်းအားဖြင့် အခြားသောစရိုက်လေးပါး၊ သဒ္ဓါ ပညာ ဝိတက်တို့၏ (ရောနှောခြင်းနှင့် ပေါင်းဆုံခြင်းတို့၏ အစွမ်းအားဖြင့်) ထို့အတူ လေးပါး၊ ဤသို့အားဖြင့် ဤရှစ်ပါးတို့နှင့်တကွ စရိုက်၁၄-ပါးတို့ကို အလိုရှိကြ၏။ ဤသို့ အကွဲအပြားကို ဆိုသည်ရှိသော် ရာဂစသည်တို့၏ သဒ္ဓါစသည်တို့နှင့် ရောနှော
၃၂၀
ခြင်းကိုပြုလျှင် များစွာသော စရိုက်တို့ဖြစ်ကုန်၏၁။ ထို့ကြောင့် အကျဉ်းအားဖြင့် ၆-ပါးသာဖြစ်သော စရိုက်တို့ကို သိသင့်ပေသည်။ (စရိယာ)-အဖြစ်များခြင်း၊ ပင်ကိုရင်းသဘော၊ ထူပြောလွန်ကဲခြင်းဟူသော (ဤစကား ၃-ခုသည်) အနက်အားဖြင့် တူ၏။ ထိုစရိုက်တို့၏ အစွမ်းအားဖြင့် ပုဂ္ဂိုလ်တို့သည် ရာဂထူပြောသောပုဂ္ဂိုလ်၊ ဒေါသထူပြောသောပုဂ္ဂိုလ်၊ မောဟထူပြောသောပုဂ္ဂိုလ်၊ သဒ္ဓါထူပြောသောပုဂ္ဂိုလ်၊ ပညာထူပြောသောပုဂ္ဂိုလ်၊ ဝိတက်ထူပြောသောပုဂ္ဂိုလ်ဟူ၍ ၆-ယောက်ဖြစ်၏။
ထိုပုဂ္ဂိုလ် ၆-ယောက်တို့တွင် ရာဂထူပြောသော ပုဂ္ဂိုလ်အား ကုသိုလ်ဖြစ်သောအခါ၌ သဒ္ဓါအားကြီး၏။ (အဘယ့်ကြောင့်ဆိုသော်) (သဒ္ဓါသည်) ရာဂနှင့် ဂုဏ်ချင်းနီးသောကြောင့်ပေတည်း။ ထင်ရှားစေဦးအံ့၊
၁- စရိုက်များစွာ ဖြစ်ပုံကား- (၁) ရာဂစရိုက်၊ (၂) ဒေါသစရိုက်၊ (၃) မောဟစရိုက်၊ (၄) ရာ-ဒေါ-စရိုက်၊ (၅) ရာ-မော၊ (၆) ဒေါ-မော၊ (၇) ရာ-ဒေါ-မော၊ ပေါင်း ၇-ပါး။ (၁) သဒ္ဓါစရိုက်၊ (၂) ဗုဒ္ဓိစရိုက်၊ (၃) ဝိတက်စရိုက်၊ (၄) သဒ္ဓါဗုဒ္ဓိ၊ (၅) သဒ္ဓါဝိဘက်၊ (၆) ဗုဒ္ဓိဝိတက်၊ (၇) သဒ္ဓါဗုဒ္ဓိဝိတက်၊ ပေါင်း ၇-ပါး။ ရှေး ၇-ပါးနှင့်ပေါင်းလျှင် ၁၄-ပါးရ၏။ ထိုတွင် ရှေး၇-ပါးကို တခုချင်းမူတည်၍ နောက်၇-ပါးနှင့် ယှဉ်တွဲလျှင် (၇)ခု (၇)လီ (၄၉)ပါးရ၏။ တွဲပုံကား (၁) ရာဂ-သဒ္ဓါ၊ (၂) ရာဂ-ဗုဒ္ဓိ၊ (၃) ရာဂ-ဝိတက်၊ (၄) ရာဂ-သဒ္ဓါဗုဒ္ဓိ၊ (၅) ရာဂ-သဒ္ဓါဝိတက်၊ (၆) ရာဂ-ဗုဒ္ဓိဝိတက်၊ (၇) ရာဂ-သဒ္ဓါဗုဒ္ဓိဝိတက် ဤသို့ ရာဂနှင့်တွဲ၍ ၇-ပါးရ၏။ ထိုအတူ ဒေါသနှင့်၎င်း၊ မောဟနှင့်၎င်း၊ ရာဂဒေါသနှင့်၎င်း၊ ရာဂမောဟနှင့်၎င်း၊ ဒေါသမောဟနှင့်၎င်း၊ ရာဂဒေါသမောဟနှင့်၎င်း တွဲ၍ ၇-ပါးစီပင် ရ၏။ ထို့ကြောင့် (၄၉)ပါး ဖြစ်သည်။ ရှေး(၁၄)ပါးနှင့် ပေါင်းလျှင် စရိုက်(၆၃)ပါး ဖြစ်သည်။ ကေစိဝါဒအရ ဒိဋ္ဌိစရိုက်တခုပါထည့်လျှင် (၆၄)ပါး ဖြစ်သည်။ ဤသို့ဖြစ်ပုံကို ရည်၍ “များစွာသောစရိုက်တို့ ဖြစ်ကုန်၏”ဟု မိန့်ဆိုပေသည်။ ဤစရိုက် (၆၃-၆၄)ပါး ပွါးပုံကို အဘိဓမ္မတ္ထဝိဘာဝိနီ ၂၅၆၊ အဘိဓမ္မတ္ထဝိကာသိနီ ဒု၊၂၁၆-တို့မှ ယူ၍ပြသည်။
၃၂၁
အကုသိုလ်အဖို့၌ ရာဂသည် စိုပြေညက်ညော၏၊ အလွန်ခြောက်သွေ့ကြမ်းတမ်းခြင်းမရှိပေ။ ထို့အတူ ကုသိုလ်အဖို့၌ သဒ္ဓါသည် (စိုပြေညက်ညော၏၊ အလွန်ခြောက်သွေ့ကြမ်းတမ်းခြင်းမရှိပေ)။ ရာဂသည် ဝတ္ထုကာမတို့ကို ရှာမှီးသကဲ့သို့ သဒ္ဓါသည် သီလအစရှိသော ဂုဏ်တို့ကို ရှာမှီး၏။ ရာဂသည် အကျိုးစီးပွါးမဲ့ကို မစွန့်သကဲ့သို့ သဒ္ဓါသည် အကျိုးစီးပွါးကို မစွန့်ပေ။ ထို့ကြောင့် သဒ္ဓါထူပြောသောပုဂ္ဂိုလ်သည် ရာဂထူပြောသောပုဂ္ဂိုလ်နှင့် သဘောတူ၏။
ဒေါသထူပြောသော ပုဂ္ဂိုလ်အား ကုသိုလ်ဖြစ်သောအခါ၌ ပညာအားကြီး၏။ (အဘယ့်ကြောင့်ဆိုသော်) (ပညာသည်) ဒေါသနှင့် ဂုဏ်ချင်းနီးသောကြောင့်ပေတည်း။ ထင်ရှားစေဦးအံ့၊ အကုသိုလ်အဖို့၌ ဒေါသသည် အဆီအစေးမရှိသောကြောင့် မကပ်ငြိတတ်သကဲ့သို့ ကုသိုလ်အဖို့၌ ပညာသည် (အဆီအစေးမရှိသောကြောင့် မကပ်ငြိတတ်ပေ)။ ဒေါသသည် မဟုတ်မမှန်သည်သော်လည်းဖြစ်သော အပြစ်ကိုသာ ရှာတတ်သကဲ့သို့ ပညာသည် ဟုတ်မှန်သော (သင်္ခါရတို့၏) အပြစ်ကိုသာ (ရှာတတ်၏)။ ဒေါသသည် သတ္တဝါကို ရှောင်ကြဉ်သောအခြင်းအရာဖြင့် ဖြစ်သကဲ့သို့ ပညာသည် သင်္ခါရကို ရှောင်ကြဉ်သောအခြင်းအရာအားဖြင့် ဖြစ်၏။ ထို့ကြောင့် ပညာထူပြောသောပုဂ္ဂိုလ်သည် ဒေါသထူပြောသောပုဂ္ဂိုလ်နှင့် သဘောတူ၏။
မောဟထူပြောသောပုဂ္ဂိုလ်အား မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှါ အားထုတ်သည်ရှိသော် များသောအားဖြင့် အန္တရာယ်ပြုတတ်သော မိစ္ဆာဝိတက်တို့ ဖြစ်ကုန်၏။ (အဘယ့်ကြောင့်ဆိုသော်) (ဝိတက်သည်) မောဟနှင့် လက္ခဏာချင်းနီးသောကြောင့်ပေတည်း။ ထင်ရှားစေဦးအံ့၊ မောဟသည် ထက်ဝန်းကျင် ရှုပ်ထွေးသောကြောင့် မတည်တံ့သကဲ့သို့ ဝိတက်သည် အာရုံအမျိုးမျိုးကို ကြံစည်တတ်သော
၃၂၂
ကြောင့် (မတည်တံ့ပေ)။ မောဟသည် အာရုံ၌ မသက်ဝင်တတ်သောကြောင့် တုန်လှုပ်သကဲ့သို့ ဝိတက်သည် လျင်မြန်စွာ ကြံစည်တတ်သောကြောင့် (တုန်လှုပ်၏)။ ထို့ကြောင့် ဝိတက်ထူပြောသော ပုဂ္ဂိုလ်သည် မောဟထူပြောသော ပုဂ္ဂိုလ်နှင့် သဘောတူ၏။
တပါးသော ဆရာတို့သည် တဏှာ, မာန, ဒိဋ္ဌိတို့၏ အစွမ်းအားဖြင့် အခြားသော စရိုက်သုံးပါးတို့ကိုလည်း မိန့်ဆိုကြကုန်၏။ ထိုသုံးပါးတို့တွင် တဏှာသည် ရာဂသာလျှင်တည်း၊ မာနသည်လည်း ထိုတဏှာနှင့် ယှဉ်ဖက်ဖြစ်၏။ ထို့ကြောင့် ထို(တဏှာ,မာန) ၂-ပါးစုံသည် ရာဂစရိုက်ကို [၉၉] လွန်၍မဖြစ်ပေ။ ဒိဋ္ဌိသည် မောဟဟူသော အကြောင်းရင်းရှိသောကြောင့် ဒိဋ္ဌိစရိုက်သည် မောဟစရိုက်သို့ အစဉ်လိုက်၏၊ ဝါ၊ သက်ဝင်၏။
၄၄။ ထိုစရိုက်တို့သည် အဘယ်အကြောင်းကြောင့် ဖြစ်ကုန်သနည်း။ “ဤပုဂ္ဂိုလ်ကား ရာဂစရိုက်ရှိသော ပုဂ္ဂိုလ်၊ ဤပုဂ္ဂိုလ်ကား ဒေါသစရိုက် စသည်တို့တွင် တမျိုးမျိုးသော စရိုက်ရှိသော ပုဂ္ဂိုလ်”ဟု အဘယ်သို့ သိရမည်နည်း။ အဘယ်စရိုက်ရှိသော ပုဂ္ဂိုလ်အား အဘယ်ကျောင်း ညောင်စောင်းစသည်သည် လျော်သနည်း။ ဤကား အမေးပြဿနာတည်း။
ထိုအမေးပြဿနာ၌ (အဖြေကား) “ရှေးဖြစ်သော ရာဂ ဒေါသ မောဟစရိုက် သုံးပါးတို့သည်၁ ရှေးဘဝ၌ ပြုလုပ်ခဲ့သော အလေ့အကျက်ဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏။ ပထဝီစသော ဓာတ်နှင့် လေ
၁- ဤအရာ၌ “ရှေးဦးစွာ ရှေးဖြစ်သော စရိုက်သုံးပါးတို့သည်”ဟု တာဝ-၏အနက်ပါ အပြည့်အစုံပြန်လျှင် မြန်မာစကား၌ အကျိုးမရှိပဲ ရှုပ်ရုံမျှသာ ဖြစ်၏။ ထို့ကြောင့် ထိုတာဝ-သဒ္ဒါကို အနက်မပြန်ပဲ ခြွင်းချန်ထားသည်။ နောက်၌လည်း မြန်မာစကား ရှုပ်ထွေးမည့်အရာတို့၌ တာဝ-၏ အနက်ကို မပြန်ပဲ ချန်ထားမည်။
၃၂၃
သလိပ်စသော ဒေါသဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏”ဟု (ဥပတိဿမထေရ်-ဟူသော) အချို့ဆရာတို့က (ဝိမုတ္တိမဂ္ဂကျမ်း၌) ဆိုကြ၏။ ထိုအချို့ဆရာတို့အလိုမှာ- ရှေးဘဝ၌ နှစ်သက်ဖွယ်အမူအရာ များသောသူ တင့်တယ်သောအမှုကို အပြုများသောသူသည် ရာဂစရိုက်ရှိသူ (ရာထူပြောသူ) ဖြစ်၏။ နတ်ပြည်မှ စုတေ၍ လူ့လောက၌ လူဖြစ်လာသူသည်လည်း (ရာဂစရိုက်ရှိသူဖြစ်၏)။ ရှေးဘဝ၌ ဖြတ်ခြင်း, သတ်ခြင်း, နှောင်ဖွဲ့ခြင်း, ရန်မူခြင်းအမှု များသောသူသည် ဒေါသစရိုက်ရှိသောသူ (ဒေါသထူပြောသူ) ဖြစ်၏။ ငရဲဘုံနှင့် နဂါးမျိုးတို့မှ စုတေ၍ ဤလူ့လောက၌ လူဖြစ်လာသူသည်လည်း (ဒေါသစရိုက်ရှိသူဖြစ်၏)။ ရှေးဘဝ၌ သေရည်အသောက်များသော သူသည်၎င်း, နာကြားခြင်း မေးမြန်းခြင်း ချို့တဲ့သောသူသည်၎င်း မောဟစရိုက်ရှိသူ (မောဟထူပြောသူ) ဖြစ်၏။ တိရစ္ဆာန်မျိုးမှ စုတေ၍ ဤလူ့လောက၌ ဖြစ်လာသောသူသည်လည်း (မောဟစရိုက်ရှိသူဖြစ်၏)။ ဤသို့ (ရာဂ ဒေါသ မောဟစရိုက်သုံးပါးတို့သည်) ရှေးဘဝ၌ပြုခဲ့သော အလေ့အကျက်ဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏-ဟု ဆိုကြ၏။ ဓာတ်နှင့် ဒေါသကြောင့် ဖြစ်ပုံမှာ- ပထဝီဓာတ်နှင့် အာပေါဓာတ်ဟူသော ဓာတ်၂-ပါး လွန်ကဲများပြားခြင်းကြောင့် ပုဂ္ဂိုလ်သည် မောဟစရိုက်ရှိသူ ဖြစ်လေ၏။ တေဇောဓာတ်နှင့် ဝါယောဓာတ်ဟူသော ဓာတ်၂-ပါး လွန်ကဲများပြားခြင်းကြောင့် (ပုဂ္ဂိုလ်သည်) ဒေါသစရိုက်ရှိသူ (ဖြစ်လေ၏)။ ဓာတ်လေးပါး အလုံးစုံညီမျှလျှင်ကား ရာဂစရိုက်ရှိသူ (ဖြစ်လေ၏)။ လေ သလိပ်စသော ဒေါသတို့တွင်လည်း သလိပ်ဒေါသ လွန်ကဲသူသည် ရာဂစရိုက်ရှိသူဖြစ်၏။ လေလွန်ကဲသူသည် မောဟစရိုက်ရှိသူ (ဖြစ်၏)။ တနည်းကား သလိပ်လွန်ကဲသူသည် မောဟစရိုက်ရှိသူ (ဖြစ်၏)။ လေလွန်ကဲသူသည် ရာဂစရိုက်ရှိသူ (ဖြစ်၏)။ ဤသို့ ပထဝီစသောဓာတ်နှင့် လေ သလိပ်စသော ဒေါသဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏-ဟု ဆိုကြ၏။
၃၂၄
(အချို့ဆရာတို့ ဆိုကြသော) ထိုစကားရပ်၌ (စိစစ်ရလျှင်) ရှေးဘဝ၌ နှစ်သက်ဖွယ် အမူအရာများသောသူ တင့်တယ်သောအမှုကို အပြုများသောသူတို့သည်၎င်း, နတ်ပြည်မှစုတေ၍ ဤလူ့လောက၌ လူဖြစ်လာသူတို့သည်၎င်း အားလုံးပင် ရာဂစရိုက်ရှိသူတို့ချည်းသာ ဖြစ်ကြသည် မဟုတ်ကုန်။ ဤမှတပါးသော သူတို့သည်မူလည်း (အားလုံးပင်) ဒေါသစရိုက်ရှိသူ, မောဟစရိုက်ရှိသူတို့ချည်းသာ ဖြစ်ကြသည် မဟုတ်ကုန်။ ထို့အတူ ဓာတ်တို့၏ ဆိုခဲ့တိုင်းသောနည်းဖြင့် လွန်ကဲများပြားခြင်း၏ ကိန်းသေမြဲခြင်းမည်သည် မရှိပေ။ လေ သလိပ်စသော ဒေါသကို ကိန်းသေသတ်မှတ်ရာ၌လည်း ရာဂ မောဟ ၂-ပါးကိုသာလျှင် ဆိုထားလေသည်၁။ ထို၂-ပါး
၁-ယခုအခါ ဂျပန်ပြည်၌ တွေ့ရသော ဝိမုတ္တိမဂ်ကျမ်း၌ကား ဒေါသ၏အကြောင်းကိုလည်း ကိန်းသေသတ်မှတ်လျက် ပြထားချက်ရှိသည် ဟူ၏။ ထို့ကြောင့် ဆဋ္ဌသံဂီတိကာရက အရှင်မြတ်တို့ ရေးသား၍ ငါတို့ မြန်မာပြန်ထားသော ဝိသုဒ္ဓိမဂ်နိဿယနိဒါန်း (ဃေ)စာမျက်နှာ၌ အောက်ပါအတိုင်း ရှိလေသည်-
သလိပ်စသော ဒေါသလျှင် အကြောင်းရှိသည်ကို ပြရာ၌မူကား “သလိပ်ဒေါသ လွန်ကဲသောသူသည် ရာဂစရိုက်ရှိ၏၊ သည်းခြေဒေါသ လွန်ကဲသောသူသည် ဒေါသစရိုက်ရှိ၏၊ လေဒေါသ လွန်ကဲသောသူသည် မောဟစရိုက်ရှိ၏။ တနည်းကား သလိပ်ဒေါသ လွန်ကဲသောသူသည် မောဟစရိုက်ရှိ၏၊ လေဒေါသ လွန်ကဲသောသူသည် ရာဂစရိုက်ရှိ၏”ဟူ၍ ရာဂ ဒေါသ မောဟ သုံးပါးလုံးတို့ကိုလည်း အပြစ်ဒေါသဖြင့် သတ်မှတ်ခြင်းကို ပြဆိုထားပေ၏။ အရှင်ဗုဒ္ဓဃောသဆရာတော် ကြည့်ရှုရသော ဝိမုတ္တိမဂ်ကျမ်းစာပေ၌မူကား “သည်းခြေဒေါသ လွန်ကဲသောသူသည် ဒေါသစရိုက်ရှိ၏”ဟူသောပါဌ် ယုတ်လျော့နေသည် ဖြစ်ရာ၏။
အထက်ပါစကားသည် ဤဝိသုဒ္ဓိမဂ်မြန်မာပြန် နိဒါန်း၌လည်း အလားတူနေရာ၌ ပါရှိ၏။
၃၂၅
သည်လည်း ရှေ့နောက် ဆန့်ကျင်သည်သာလျှင်တည်း။ သဒ္ဓါစရိုက် စသည်တို့တွင်လည်း တခုသောစရိုက်၏(မျှ)သော်လည်း အကြောင်းရင်းကို ဆိုထားခြင်း မရှိသည်သာလျှင်တည်း။ ထို့ကြောင့် ဤအချို့ဆရာတို့၏ အဆိုအလုံးစုံသည် (ပညာဖြင့်)ပိုင်းခြား၍ ဆိုအပ်သောစကား မဟုတ်ပေ။
ဤစရိုက်တို့၏ အကြောင်းရင်းကိုဆိုရာ၌ ဤဆိုလတံ့သည်ကား အဋ္ဌကထာဆရာတို့၏အလိုသို့ အစဉ်လျှောက်သဖြင့် (ပြဆိုအပ်သော) အဆုံးအဖြတ်ပေတည်း။ မှန်ပေ၏၊ ဤဆိုလတံ့သောစကားကို ဥဿဒကိတ္တနခေါ် ထူပြောလွန်ကဲသည်ကို ပြောကြားရာအခဏ်း၌ (ဆရာတို့)မိန့်ဆိုခဲ့ပေသည်။
“ဤသတ္တဝါတို့သည် ရှေးဘဝ၌ဖြစ်ခဲ့သော ဟိတ်ဟူသော သတ်မှတ်ကြောင်း နိယာမဖြင့် လောဘလည်း ထူပြောကုန်၏၊ ဒေါသလည်း ထူပြောကုန်၏၊ မောဟလည်း ထူပြောကုန်၏၊ အလောဘလည်း ထူပြောကုန်၏။ အဒေါသလည်း ထူပြောကုန်၏၊ အမောဟလည်း ထူပြောကုန်၏။
[၁၀၀] “ချဲ့၍ပြရလျှင်- အကြင်သူအား ကံကို အားထုတ်ဆဲခဏ၌ လောဘအားကြီး၍ အလောဘအားနည်း၏၊ အဒေါသ အမောဟတို့ အားကြီး၍ ဒေါသ မောဟတို့ အားနည်းကုန်၏၊ ထိုသူ၏ အားနည်းသော အလောဘသည် (အားကြီးသော)လောဘကို လွှမ်းမိုးခြင်းငှါ မစွမ်းနိုင်ပေ။ အဒေါသ အမောဟတို့သည်ကား အားကြီးကြသောကြောင့် (အားနည်းသော) ဒေါသ မောဟတို့ကို လွှမ်းမိုးခြင်းငှါ စွမ်းနိုင်ကုန်၏။ ထို့ကြောင့် ထိုသူသည် ထိုကံကပေးသော ပဋိသန္ဓေဖြင့် ဖြစ်လတ်သော် လောဘကြီး၏။ ကိုယ် နှုတ် စိတ် ပြေပြစ်၏၊ အမျက်ထွက်လေ့မရှိ၊ ပညာကြီး၏၊ စိန်သွားကဲ့သို့ ထက်မြက်သော ဉာဏ်ရှိ၏။ (၁)
“အကြင်သူအား ကံကို အားထုတ်ဆဲခဏ၌ ဒေါသတို့အားကြီး၍ အလောဘ အဒေါသတို့ အားနည်းကုန်၏၊ အမောဟ
၃၂၆
အားကြီး၍ မောဟအားနည်း၏။ ထိုသူသည် ရှေးနည်းဖြင့်ပင်လျှင် (ထိုကံကပေးသော ပဋိသန္ဓေဖြင့် ဖြစ်လတ်သော်) လောဘအားကြီး၏၊ ဒေါသလည်း အားကြီး၏၊ သို့သော်လည်း ဒတ္တာဘယမထေရ်ကဲ့သို့ ပညာကြီး၍ စိန်သွားကဲ့သို့ ထက်မြက်သောဉာဏ်မူကား ရှိပေ၏။ (၂)
“အကြင်သူအား ကံကိုအားထုတ်ဆဲခဏ၌ လောဘ အဒေါသ မောဟတို့ အားကြီး၍ အလောဘ ဒေါသ အမောဟတို့ အားနည်းကုန်၏။ ထိုသူသည် ရှေးနည်းဖြင့်ပင်လျှင် (ထိုကံကပေးသော ပဋိသဖြင့် ဖြစ်လတ်သော်) လောဘကြီး၏၊ ဉာဏ်ပညာနုံ့ထိုင်း၏။ သို့သော်လည်း ကိုယ် နှုတ် စိတ် အမူအရာ ပြေပြစ်၏၊ အမျက်ထွက်လေ့မရှိ၊ ဗာကုလမထေရ်နှင့် အလားတူ၏။ (၃)
“ထို့ပြင် အကြင်သူအား ကံကိုအားထုတ်ဆဲခဏ၌ လောဘ ဒေါသ မောဟတို့ သုံးပါးလုံးအားကြီး၍ အလောဘ အဒေါသ အမောဟတို့ အားနည်းကုန်၏။ ထိုသူသည် ရှေးနည်းဖြင့်ပင်လျှင် (ထိုကံကပေးသော ပဋိသန္ဓေဖြင့် ဖြစ်လတ်သော်) လောဘကြီး၏၊ ဒေါသလည်းကြီး၏။ တွေလည်း တွေဝေ၏။ (၄)
“အကြင်သူအား ကံကိုအားထုတ်ဆဲခဏ၌ အလောဘ ဒေါသ မောဟတို့ အားကြီး၍ လောဘ အဒေါသ အမောဟတို့ အားနည်းကုန်၏။ ထိုသူသည် ရှေးနည်းဖြင့်ပင်လျှင် (ထိုကံကပေးသော ပဋိသန္ဓေဖြင့် ဖြစ်လတ်သော်) လောဘနည်း၏၊ ကိလေသာနည်း၏၊ နတ်၌ဖြစ်သော အာရုံကိုသော်လည်း မြင်ရ၍၁ တုန်လှုပ်ခြင်းမရှိပေ။ သို့ရာတွင် ဒေါသလည်းကြီး၍ ဉာဏ်ပညာလည်း နုံ့ထိုင်း၏။ (၁)
၁-ဤ၌ သော်လည်း-ဟူသော စကားသည် ပိ-သဒ္ဒါ၏ ဘာသာပြန်ဖြစ်သည်၊ နတ်၌ဖြစ်သောအာရုံကို ချီးမွမ်းမြှောက်ပင့်၍ ပြသောစကား
၃၂၇
“အကြင်သူအား ကံကိုအားထုတ်ဆဲခဏ၌ အလောဘ အဒေါသ မောဟတို့ အားကြီး၍ လောဘ ဒေါသ အမောဟတို့ အားနည်းကုန်၏။ ထိုသူသည် ရှေးနည်းဖြင့်ပင်လျှင် (ထိုကံကပေးသော ပဋိသန္ဓေဖြင့် ဖြစ်လတ်သော်) လောဘလည်းမကြီးပေ၊ ဒေါသလည်း မကြီးပေ၊ ကိုယ် နှုတ် စိတ် အမူအရာလည်း ပြေပြစ်ပေ၏၊ သို့ရာတွင် ဉာဏ်ပညာကား နုံ့ထိုင်း၏။ (၂)
“ထို့ပြင် အကြင်သူအား ကံကိုအားထုတ်ဆဲခဏ၌ အလောဘ ဒေါသ အမောဟတို့ အားကြီး၍ လောဘ အဒေါသ မောဟတို့ အားနည်းကုန်၏။ ထိုသူသည် ရှေးနည်းဖြင့်ပင်လျှင် (ထိုကံကပေးသော ပဋိသန္ဓေဖြင့် ဖြစ်လတ်သော်) လောဘမကြီးမူ၍ ပညာကြီး၏။ သို့ရာတွင် ဒေါသကြီး၍ အမျက်ထွက်လေ့ရှိ၏။ (၃)
[၁ဝ၁] “အကြင်သူအား ကံကို အားထုတ်ဆဲခဏ၌ အလောဘ အဒေါသ အမောဟတို့ သုံးပါးလုံးအားကြီး၍ လောဘ ဒေါသ မောဟတို့ အားနည်းကုန်၏။ ထိုသူသည် ရှေးနည်းဖြင့်ပင်လျှင် (ထိုကံကပေးသော ပဋိသန္ဓေဖြင့် ဖြစ်လတ်သော်) လောဘ ဒေါသမကြီးမူ၍ ပညာကြီး၏။ မဟာသံဃရက္ခိတမထေရ်နှင့် အလားတူသော ပုဂ္ဂိုလ်ပေတည်း”။ (၄)
ဖြစ်သည်၊ ထိုအာရုံမျိုးကိုတောင်မှ မြင်ရ၍ တုန်လှုပ်ခြင်းမရှိ၊ လူ့လောကအာရုံကို မြင်ရ၍ တုန်လှုပ်ခြင်းမရှိသည်မှာ ဆိုဘွယ်မရှိဟု သိစေ၏။ ထို့ကြောင့် ထို ပိ-သော်လည်း-ဟူသော စကားသည် ယှဉ်သင့်ရာ၌ ယှဉ်ထားသော ဌာနပယောဂပင် ဖြစ်သည်။ သို့သော် မြန်မာ၌မူကား “နတ်၌ဖြစ်သော အာရုံကို မြင်ရ၍သော်လည်း တုန်လှုပ်ခြင်းမရှိ”ဟု ဤသို့ သူ့နေရာမဟုတ်သည်၌ ယှဉ်၍ဆိုမှ သာ၍ ချောမောပေါ်လွင်သည်။
၃၂၈
ဤဆိုခဲ့ပြီးသော (ဥဿဒကိတ္တန) စကားရပ်၌ လောဘကြီးသူ-ဟု ဆိုရသောပုဂ္ဂိုလ်သည် ရာဂစရိုက်ရှိသူပေတည်း။ ဒေါသကြီးသူ ဉာဏ်ပညာ နုံ့ထိုင်းသူတို့သည် (အစဉ်အတိုင်း) ဒေါသစရိုက်ရှိသူ မောဟစရိုက်ရှိသူတို့ပေတည်း။ ပညာကြီးသူသည် ဗုဒ္ဓိစရိုက်ရှိသူပေတည်း။ လောဘမကြီးသူ ဒေါသမကြီးသူတို့သည် ကြည်လင်ခြင်း ပင်ကိုသဘောရှိသောကြောင့် သဒ္ဓါစရိုက်ရှိသူတို့ပေတည်း။ တနည်းဆိုရလျှင် အမောဟခြံရံသောကံကြောင့် ဖြစ်သူသည် ဗုဒ္ဓိစရိုက်ရှိသကဲ့သို့ အားကြီးသော သဒ္ဓါခြံရံသောကံကြောင့် ဖြစ်သူသည် သဒ္ဓါစရိုက်ရှိ၏။ ကာမဝိတက်စသည် ခြံရံသောကံကြောင့် ဖြစ်သူသည် ဝိတက်စရိုက်ရှိ၏။ လောဘစသည်နှင့် ရောနှောသော အခြံအရံရှိသောကံကြောင့် ဖြစ်သူသည် ရောနှောသောစရိုက်ရှိ၏။ (ဤတွင် တရပ်ပြီး၏။)၁ ဤဆိုခဲ့သည့်အတိုင်း လောဘစသည်တို့တွင် တပါးပါးခြံရံသော ပဋိသန္ဓေကို ဖြစ်စေသည့်ကံသည် စရိုက်တို့၏အကြောင်းရင်း ဖြစ်သည်-ဟု သိအပ်ပေ၏။
၄၅။ “ဤပုဂ္ဂိုလ်ကား ရာဂစရိုက်ရှိသောပုဂ္ဂိုလ်(ဟု) အဘယ်သို့ သိအပ်သနည်း” ဤသို့ အစရှိသော မေးခွန်းကို ဆိုခဲ့ပြီ၊ ထိုမေးခွန်း၌ ဤဆိုလတ္တံ့သည်ကား သိကြောင်းနည်းပေတည်း။
ဣရိယာပုတ်အားဖြင့်၎င်း၊ ကိစ္စအားဖြင့်၎င်း၊ ဘောဇဉ်အားဖြင့်၎င်း၊ ကြည့်ရှုခြင်း စသည်အားဖြင့်၎င်း၊ (မာယာ သာဌေယျစသော) တရားတို့၏ ဖြစ်ခြင်းအားဖြင့်၎င်း စရိုက်တို့ကို ပြရာ၏။ ဤကား သိကြောင်းနည်းတည်း။
၁- လက်သည်းကွင်းအတွင်းရှိ စကားရပ်သည် ပရိသမာပန ဣတိ-သဒ္ဒါ၏ မြန်မာပြန်ဖြစ်သည်၊ ပါဠိ၌ အကျိုးရှိသော်လည်း မြန်မာ၌ကား ပိုသကဲ့သို့ရှိ၏၊ ထို့ကြောင့် လက်သည်းကွင်းဖြင့် ပိုင်းခြားထားသည်။ နောက်၌လည်းနည်းတူပင်။
၃၂၉
ထိုငါးမျိုးတို့တွင် ဣရိယာပုထ်အားဖြင့်-ဟူရာ၌ (အကျယ်ကား) ရာဂစရိုက်ရှိသောပုဂ္ဂိုလ်သည် ပကတိသွားနေကျဖြင့်သွားလျှင် တင့်တယ်စွာသွား၏၊ ခြေကို ဖြည်းဖြည်းချ၏၊ ညီညီညာညာချ၏၊ ညီညီညာညာကြွ၏။ ထိုပုဂ္ဂိုလ်၏ ခြေရာသည်လည်း အလယ်၌ ခုံး၏။ ဒေါသစရိုက်ရှိသော ပုဂ္ဂိုလ်သည် ခြေဖျားတို့ဖြင့် (မြေကို)တူးသကဲ့သို့ သွား၏။ ခြေကို ကတိုက်ကရိုက်ချ၏၊ ကတိုက်ကရိုက်ကြွ၏၊ ထိုပုဂ္ဂိုလ်၏ခြေရာသည် နောက်ဖက်သို့ ဆွဲငင်ထား၏။ မောဟစရိုက်ရှိသော ပုဂ္ဂိုလ်သည် ထက်ဝန်းကျင် ဖည်ယမ်းဖည်ယမ်းသွားခြင်းဖြင့် သွား၏၊ ခြေကို ရွံ့သကဲ့သို့ ချ၏၊ ရွံ့သကဲ့သို့ ကြွ၏။ ထိုပုဂ္ဂိုလ်၏ခြေရာသည် အလျင်စလို ဖိနင်းထားသော ခြေရာဖြစ်၏။ မာဂဏ္ဍိယသုတ်၏ အတ္ထုပ္ပတ်၌လည်း-
“ရာဂထူပြောသူ၏ ခြေရာသည် အလယ်၌ ခုံး၏၊ ဒေါသထူပြောသူ၏ ခြေရာသည် နောက်ဖက်သို့ ဆွဲငင်ထား၏၊ မောဟထူပြောသူ၏ ခြေရာသည် အလျင်စလို ဖိနင်းထားသောခြေရာဖြစ်၏။ ဤကဲ့သို့ (ညီညီညာညာ ကောင်းစွာထိခြင်း) သဘောရှိသော ဤခြေရာသည် (ကိလေသာဟူသော) အမိုးကို ဖွင့်လှစ်ပြီးသောသူ၏ ခြေရာပေတည်း”ဟူသော ဤစကားကို ဆိုထားပေသည်။
[၁၀၂] ရာဂစရိုက်ရှိသောပုဂ္ဂိုလ်၏ ရပ်ခြင်းသည် ကြည်ညိုဖွယ်ကိုဆောင်၏၊ ယဉ်ကျေးတင့်တယ် နှစ်သက်ဖွယ်အခြင်းအရာရှိ၏။ ဒေါသစရိုက်ရှိသောပုဂ္ဂိုလ်၏ ရပ်ခြင်းသည် တောင့်ခိုင်သော အခြင်းအရာရှိ၏။ မောဟစရိုက်ရှိသောပုဂ္ဂိုလ်၏ ရပ်ခြင်းသည် မသေမသပ် ရှုပ်ထွေးသောအခြင်းအရာရှိ၏။ ထိုင်ခြင်း၌လည်း ဤနည်းပင်တည်း။ ရာဂစရိုက်ရှိသောပုဂ္ဂိုလ်သည် ဖြည်းဖြည်းသက်သာ ညီညီညာညာ အိပ်ရာကိုခင်းပြီးလျှင် ဖြည်းညှင်းစွာ လည်းလျောင်း၍ ကိုယ်အင်္ဂါတို့ကို သေသေသပ်သပ်ထားလျက် ကြည်ညိုဖွယ်ကို ဆောင်သောအခြင်းအရာဖြင့် အိပ်၏။
၃၃၀
(အိပ်ရာမှ) ထစေလျှင်(နှိုးလျှင်)လည်း အလျင်အမြန်မထပဲ ရွံ့ရှားစိုးရိမ်သကဲ့သို့ ဖြည်းညှင်းသက်သာ စကားတုံ့ပေး၏။ ဒေါသစရိုက်ရှိသောပုဂ္ဂိုလ်သည် အိပ်ရာကို အလျင်စလို ဖြစ်ကတတ်ဆန်း ခင်းပြီးလျှင် ကိုယ်ကိုပစ်ချလျက် မျက်မှောင်ကြုတ်၍ အိပ်တတ်၏။ (အိပ်ရာမှ) ထစေလျှင်(နှိုးလျှင်)လည်း လျင်မြန်စွာထ၍ အမျက်ထွက်သကဲ့သို့ စကားတုံ့ပေးတတ်၏။ မောဟစရိုက်ရှိသောပုဂ္ဂိုလ်သည် မတင့်မတယ် အိပ်ရာကို မသပ်မယပ်ခင်းပြီးလျှင် ကိုယ်အင်္ဂါကြီးငယ်ကို ဖရိုဖရဲပစ်လွှဲလျက် များသောအားဖြင့် မှောက်ခုံအိပ်တတ်၏။ (အိပ်ရာမှ) ထစေလျှင်(နှိုးလျှင်)လည်း ဟုန်းဟုန်းဟင်းဟင်းဟူသော ညည်းညူသံကိုပြုလျက် လေးလံစွာ ထတတ်၏။ သဒ္ဓါစရိုက်ရှိသောပုဂ္ဂိုလ် စသည်တို့သည်ကား ရာဂစရိုက်ရှိသောပုဂ္ဂိုလ် စသည်တို့နှင့် သဘောတူသည်သာလျှင်ဖြစ်သော ဣရိယာပုထ်ရှိတတ်ပေသည်။ (ဤဘွင် စကားတရပ်ပြီး၏။) ဤဆိုခဲ့သည့်အတိုင်း ရှေးဦးစွာ ဣရိယာပုထ်အားဖြင့် စရိုက်ကိုပြရာ၏။
ကိစ္စအားဖြင့်-ဟူရာ၌ (အကျယ်ကား) တံမြက်လှည်းခြင်းစသော အလုပ်ကိစ္စတို့၌ ရာဂစရိုက်ရှိသောပုဂ္ဂိုလ်သည် တံမြက်စည်းကို ကောင်းမွန်စွာကိုင်၍ ဖြည်းဖြည်းသက်သာ သဲကို ဖရိုဖရဲ မပြန့်ကြဲစေပဲ ရေအုန်းနှဲပန်းကို ဖြန့်ခင်းသကဲ့သို့ ပြောင်စင်စွာ ညီညီညာညာ လှည်းတတ်၏။ ဒေါသစရိုက်ရှိသောပုဂ္ဂိုလ်သည် တံမြက်စည်းကို မြဲမြံစွာကိုင်လျက် ဝဲယာနှစ်ဖက်၌ သဲကို ဖယ်ရှားလျက် ပြင်းထန်သောအသံဖြင့် မပြောင်မစင် မညီမညွတ် အလျင်စလို လှည်းတတ်၏။ မောဟစရိုက်ရှိသောပုဂ္ဂိုလ်သည် တံမြက်စည်းကို လျော့လျော့ကိုင်လျက် အပြန်ပြန်အလှန်လှန် မွှေနှောက်ရှုပ်ထွေးစေလျက် မပြောင်မစင် မညီမညွတ် လှည်းတတ်၏။
(ထို့ပြင်) ရာဂစရိုက်ရှိသောပုဂ္ဂိုလ်သည် တံမြက်စည်းလှည်းခြင်း၌ကဲ့သို့ပင် သင်္ကန်းလျော်ခြင်း ဆိုးခြင်းအစရှိသော ကိစ္စအားလုံးတို့၌လည်း
၃၃၁
သိမ်သိမ်မွေ့မွေ့ သပ်သပ်ယပ်ယပ် ညီညီညာညာ ရိုရိုသေသေ ပြုလုပ်လေ့ရှိ၏။ ဒေါသစရိုက်ရှိသော ပုဂ္ဂိုလ်သည် မြဲမြဲမြံမြံ ကြမ်းကြမ်းတမ်းတမ်း မညီမညာ ပြုလုပ်လေ့ရှိ၏။ မောဟစရိုက်ရှိသော ပုဂ္ဂိုလ်သည် မသိမ်မမွေ့ ရှုပ်ရှုပ်ထွေးထွေး မညီမညာ မပြတ်မသား ပြုလုပ်လေ့ရှိ၏။ ထို့ပြင် ရာဂစရိုက်ရှိသောပုဂ္ဂိုလ်၏ သင်္ကန်းကိုင်ခြင်းသည်လည်း မလျော့လွန်း မတင်းလွန်းပဲ အဝန်းညီသည်ဖြစ်၍ ကြည်ညိုဖွယ်ကိုဆောင်၏။ ဒေါသစရိုက်ရှိသောပုဂ္ဂိုလ်၏ (သင်္ကန်းကိုင်ခြင်းသည်) အလွန်တင်းလွန်း၏၊ အဝန်း(လည်း) မညီပေ။ မောဟစရိုက်ရှိသော ပုဂ္ဂိုလ်၏ (သင်္ကန်းကိုင်ခြင်းသည်) လျော့လျည်း၏၊ ရှုပ်(လည်း) ရှုပ်ထွေး၏။ သဒ္ဓါစရိုက်ရှိသောပုဂ္ဂိုလ် စသည်တို့ကို ထိုရာဂစရိုက်ရှိသော ပုဂ္ဂိုလ်စသည်တို့၏ အပြုအမူသို့ အစဉ်လိုက်သဖြင့်သာလျှင် သိအပ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုရာဂစရိုက်ရှိသော ပုဂ္ဂိုလ်စသည်တို့နှင့် သဘောတူသောကြောင့်တည်း။ (ဤတွင် စကားတရပ်ပြီး၏။) ဤဆိုခဲ့သည့်အတိုင်း ကိစ္စအားဖြင့် စရိုက်တို့ကို ပြရာ၏။
ဘောဇဉ်အားဖြင့်-ဟူရာ၌ (အကျယ်ကား) ရာဂစရိုက်ရှိသော ပုဂ္ဂိုလ်သည် နူးညံ့သိမ်မွေ့သောဘောဇဉ် ချိုမြိန်ကောင်းမွန်သော ဘောဇဉ်ကို ကြိုက်တတ်၏။ စားသောအခါ၌လည်း မကြီးလွန်းသော အဝန်းညီသော ဆွမ်းလုပ်ကိုပြု၍ အရသာခံလျက် ဖြည်းညှင်းသက်သာ စားတတ်၏။ ချိုမြိန်သော စားဖွယ်တစုံတခုကိုရလျှင် ရွှင်လန်းဝမ်းမြောက်တတ်၏။ [၁၀၃] ဒေါသစရိုက်ရှိသော ပုဂ္ဂိုလ်သည် ကြမ်းတမ်းသောဘောဇဉ် ချဉ်သောဘောဇဉ်ကို ကြိုက်တတ်၏။ စားသောအခါ၌လည်း ခံတွင်းပြည့်အောင် ဆွမ်းလုပ်ကိုပြု၍ အရသာမခံပဲ အလျင်စလို စားတတ်၏။ အရသာမကောင်းသော စားဖွယ်တစုံတခုကိုရလျှင် စိတ်မချမ်းမသာ ဖြစ်တတ်၏။ မောဟစရိုက်ရှိသော ပုဂ္ဂိုလ်သည် (အစားအစာ) ကြိုက်နှစ်သက်မှု၌ ကိန်းသေသတ်မှတ်မှု မရှိပေ။ စားသောအခါ၌လည်း အဝန်းမညီသော သေးငယ်သော ဆွမ်းလုပ်ကို
၃၃၂
ပြု၍ စားခွက်၌ ဆွမ်းလုံးတို့ကို ပြန့်ကြဲစေလျက် နှုတ်ခမ်းကို လူးပေစေလျက် ပျံ့လွင့်သော စိတ်ရှိသည်ဖြစ်၍ ထိုထိုအာရုံကို ကြံတွေးလျက် စားတတ်၏။ သဒ္ဓါစရိုက်ရှိသော ပုဂ္ဂိုလ်စသည်တို့ကိုလည်း ထိုရာဂစရိုက်ရှိသော ပုဂ္ဂိုလ်စသည်တို့၏သာလျှင် အပြုအမူသို့ အစဉ်လိုက်သဖြင့် သိအပ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် (ထိုသဒ္ဓါစရိုက်ရှိသူ စသည်တို့သည်) ထိုရာဂစရိုက်ရှိသော ပုဂ္ဂိုလ်စသည်တို့နှင့် သဘောတူသောကြောင့်တည်း။ (ဤတွင် စကားတရပ်ပြီး၏။) ဤဆိုခဲ့သည့်အတိုင်း ဘောဇဉ်အားဖြင့် စရိုက်တို့ကို ပြရာ၏။
ကြည့်ရှုခြင်း စသည်အားဖြင့်-ဟူရာ၌ (အကျယ်ကား) ရာဂစရိုက်ရှိသော ပုဂ္ဂိုလ်သည် အနည်းငယ်မျှသော်လည်း နှလုံးမွေ့လျော်ဖွယ်ရှိသော အဆင်းကို မြင်သည်ရှိသော်၁ အံ့ဩသကဲ့သို့ ကြာမြင့်စွာ ကြည့်တတ်၏၊ ဂုဏ်အနည်းငယ်မျှ၌သော်လည်း ငြိကပ်တတ်၏၊ ဟုတ်မှန်သော အပြစ်ကိုသော်လည်း မယူတတ်၊ ဖဲခွါသွားသောအခါ၌လည်း မလွှတ်လို မခွါလိုပဲသာလျှင် ပြန်တလှည့်လှည့် ငဲ့ကွက်ခြင်းရှိလျက် ဖဲခွါတတ်၏။ ဒေါသစရိုက်ရှိသော ပုဂ္ဂိုလ်သည် အနည်းငယ်မျှသော်လည်း ရွံမုန်းစက်ဆုပ်ဖွယ်ဖြစ်သော အဆင်းကို မြင်သည်ရှိသော်၂ ပင်ပန်းသော သဘောရှိသကဲ့သို့ ကြာမြင့်စွာ မကြည့်တတ်၊ အပြစ်အနည်းငယ်မျှ၌သော်လည်း အမျက်ထွက်တတ်၏။ ဟုတ်မှန်သော ဂုဏ်ကိုသော်လည်း မယူတတ်၊ ဖဲခွါသောအခါ၌လည်း
၁-ဤ၌လည်း “နှလုံးမွေ့လျော်ဖွယ် အနည်းငယ်မျှသာရှိသော အဆင်းကို မြင်လျှင်သော်လည်း (မြင်လျှင်တောင်မှ)”ဟု သူ့နေရာမဟုတ်သည်၌ ယှဉ်၍ဆိုလျှင် သာ၍ပေါ်လွင်၏။
၂- ဤ၌လည်း “အနည်းငယ်မျှ ရွံမုန်းစက်ဆုပ်ဖွယ်ဖြစ်သော အဆင်းကို မြင်လျှင်တောင်မှ”ဟု မယှဉ်သင့်ရာ၌ ယှဉ်၍ဆိုလျှင် သာ၍ပေါ်လွင်၏။
၃၃၃
လွှတ်လို ခွါလိုသည်ဖြစ်၍သာလျှင် မငဲ့ကွက်ပဲ ဖဲခွါတတ်၏။ မောဟစရိုက်ရှိသော ပုဂ္ဂိုလ်သည် တစုံတခုသော အဆင်းကို မြင်သည်ရှိသော် သူတပါးကိုပုံ၍ ယုံတတ်၏၊ သူတပါးကဲ့ရဲ့သံကိုကြားလျှင် ကဲ့ရဲ့တတ်၏၊ ချီးမွမ်းသံကိုကြားလျှင် ချီးမွမ်းတတ်၏၊ မိမိကိုယ်တိုင်မှာမူကား မသိခြင်းကြောင့်ဖြစ်သော လျစ်လျူရှုခြင်းဖြင့် လျစ်လျူရှုလျက်သာ နေတတ်၏။ အသံကြားရာ စသည်တို့၌လည်း ဤနည်း(ပင်)တည်း။ သဒ္ဓါစရိုက်ရှိသော ပုဂ္ဂိုလ်စသည်တို့ကိုကား၁ ထိုရာဂစရိုက်ရှိသော ပုဂ္ဂိုလ်စသည်တို့၏ သဘောသို့ အစဉ်လိုက်သဖြင့်သာလျှင် သိအပ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် (ထိုသဒ္ဓါစရိုက်ရှိသူ စသည်တို့သည်) ထိုရာဂစရိုက်ရှိသော ပုဂ္ဂိုလ်စသည်တို့နှင့် သဘောတူသောကြောင့်တည်း။ (ဤတွင် စကားတရပ်ပြီး၏။) ဤဆိုခဲ့သည့်အတိုင်း ကြည့်ရှုခြင်းစသည်အားဖြင့် စရိုက်တို့ကို ပြရာ၏။
(မာယာ သာဌေယျစသော) တရားတို့၏ ဖြစ်ခြင်းသဘောအားဖြင့်-ဟူရာ၌ (အကျယ်ကား) ရာဂစရိုက်ရှိသော ပုဂ္ဂိုလ်အား မိမိအပြစ်ကို ဖုံးကွယ်လှည့်ပတ်ခြင်း- မာယာ၊ မိမိ၌မရှိသောဂုဏ်ကို ဖော်ပြလျက် စဉ်းလဲခြင်း-သာဌေယျ၊ မြင့်မောက်တက်ကြွခြင်း-မာန၊ အလိုဆိုးရှိခြင်း ပါပိစ္ဆတာ၊ အလိုကြီးခြင်း-မဟိစ္ဆတာ၊ မရောင့်ရဲခြင်း-အသန္တုဋ္ဌိတာ၊ ဦးချိုသဖွယ် စံပယ်ကြောင်း ကိလေသာဟူသော-သိင်္ဂ၊ လျှပ်ပေါ်ခြင်း-စာပလျဟူသော ဤသို့အစရှိသော အကုသိုလ်တရားတို့ အဖြစ်များကုန်၏။ ဒေါသစရိုက်ရှိသော ပုဂ္ဂိုလ်အား အမျက်ထွက်ခြင်း-ကောဓ၊ ရန်ငြိုးဖွဲ့ခြင်း-ဥပနာဟ၊ သူ့ကျေးဇူးကို ချေဖျက်ခြင်း-မက္ခ၊ ဂုဏ်ရည်သာသူကို တုပြိုင်ခြင်း-ပဠာသ၊
၁- ရှေ့အခြားမဲ့စာပိုဒ်၌ သဒ္ဓါစရိတာဒယောပိ-ရှိ၍ “သဒ္ဓါစရိုက်ရှိသောပုဂ္ဂိုလ် စသည်တို့ကိုလည်း”ဟု သမ္ပိဏ္ဍနအနက် ပြန်ခဲ့သည်၊ ဤ၌ကား ပန-နှင့် တကွရှိသောကြောင့် ပက္ခန္တရအနက်ပြန်သည်၊ သင့်သည်ချည်းပင်။
၃၃၄
မနာလိုခြင်း-ဣဿာ၊ ဝန်တိုခြင်း- မစ္ဆရိယဟူသော ဤသို့အစရှိသော (အကုသိုလ်တရားတို့ အဖြစ်များကုန်၏)။ မောဟစရိုက်ရှိသော ပုဂ္ဂိုလ်အား စိတ်၏ထိုင်းမှိုင်းခြင်း- ထိန၊ စေတသိက်တို့၏ ထိုင်းမှိုင်းခြင်း-မိဒ္ဓ၊ စိတ်ပျံ့လွင့်ခြင်း-ဥဒ္ဓစ္စ၊ နောင်တပူပန်ခြင်း- ကုက္ကုစ္စ၊ ယုံမှားခြင်း- ဝိစိကိစ္ဆာ၊ မသင့်သောအားဖြင့် မြဲမြံစွာစွဲယူခြင်း- အာဓာနဂ္ဂါဟ၊ မိမိအယူမှားကို စွန့်လွှတ်နိုင်ခဲခြင်း- ဒုပ္ပဋိနိဿဂ္ဂိတာ-ဟူသော ဤသို့အစရှိသော (အကုသိုလ်တရားတို့ အဖြစ်များကုန်၏)။ သဒ္ဓါစရိုက်ရှိသော ပုဂ္ဂိုလ်အား လွတ်လွတ်စွန့်ကြဲပေးကမ်းခြင်း၊ အရိယာတို့ကို ဖူးမြင်လိုခြင်း၊ သူတော်ကောင်းတရားကို နာကြားလိုခြင်း၊ ရွှင်လန်းဝမ်းမြောက်မှု များခြင်း၊ မစဉ်းလဲခြင်း၊ မလှည့်ပတ်ခြင်း၊ ကြည်ညိုဖွယ်ကိုဆောင်သော ရတနာသုံးပါးတို့၌ ကြည်ညိုခြင်းဟူသော ဤသို့အစရှိသော (ကုသိုလ်တရားတို့ အဖြစ်များကုန်၏)။ ဗုဒ္ဓိစရိုက်ရှိသောပုဂ္ဂိုလ်အား ဆိုဆုံးမလွယ်ခြင်း၊ မိတ်ဆွေကောင်းရှိခြင်း၊ ဘောဇဉ်၌ အတိုင်းအရှည်ကိုသိခြင်း၊ သတိသမ္ပဇဉ်နှင့် ပြည့်စုံခြင်း၊ နိုးကြားခြင်း၌ မပြတ်အားထုတ်ခြင်း၊ ထိတ်လန့်ဖွယ်ဖြစ်သော (ဇာတိစသော)အရာတို့၌ ထိတ်လန့်ခြင်း၊ ထိတ်လန့်သောသူ၏ နည်းမှန်လမ်းမှန်အားဖြင့် အားထုတ်ခြင်းဟူသော ဤသို့အစရှိသော (ကုသိုလ်တရားတို့ အဖြစ်များကုန်၏)။ ဝိတက်စရိုက်ရှိသော ပုဂ္ဂိုလ်အား စကားများခြင်း၊ အပေါင်းအဖော်၌ မွေ့လျော်ခြင်း၊ ကုသိုလ်အားထုတ်မှု၌ မပျော်မွေ့ခြင်း၊ စိတ်မတည်တံ့ခြင်း၊ ညဉ့်အခါ၌ [၁၀၄] (နောက်တနေ့ပြုလုပ်ရမည့် ကိစ္စများကို ကြံစည်စဉ်းစားခြင်းဟူသော) အခိုးလွှတ်ခြင်း၊ နေ့အခါ၌ (ညဉ့်အခါက ကြံစည်စဉ်းစားထားသည့် ကိစ္စများကို အားထုတ်ပြုလုပ်ခြင်းဟူသော) အလျှံလွှတ်ခြင်း၊ အာရုံအမျိုးမျိုးသို့ စိတ်ကိုလွှတ်ပေးခြင်းဟူသော ဤသို့အစရှိသော အကုသိုလ်တရားတို့ အဖြစ်များကုန်၏။ (ဤတွင် စကားတရပ်ပြီး၏။) ဤဆိုခဲ့သည့်အတိုင်း (မာယာ သာဌေယျစသော) တရားတို့၏ ဖြစ်ခြင်းအားဖြင့် စရိုက်တို့ကို ပြရာ၏။</cp>
၃၃၅
ဤသို့ဆိုခဲ့သည့်အတိုင်း ဣရိယာပုတ်စသည်အားဖြင့် စရိုက်တို့ကို ပြရာ၏ဟု-ဆိုသော်လည်း ဤစရိုက်တို့ကို ပြခြင်းအစီအရင်သည် ပါဠိတော်၌ လုံးဝပင် မလာပေ၊ အဋ္ဌကထာ၌(လည်း) မလာပေ။ ပါဠိတော် အဋ္ဌကထာ စကားမဖက် သက်သက်သော ဆရာတို့၏အယူကို အစဉ်လျှောက်သဖြင့် (ဤစရိုက်တို့ကို ပြခြင်းအစီအရင်ကို) ဆိုထားပေသည်။ ထို့ကြောင့် အနှစ်သာရအားဖြင့် မယုံကြည်အပ်ပေ၊ အကြောင်းသော်ကား- ရာဂစရိုက်ရှိသောပုဂ္ဂိုလ်နှင့် ဆိုင်သည်ဟုဆိုခဲ့သော ဣရိယာပုတ်စသည်တို့ကို ဒေါသစရိုက်ရှိသော ပုဂ္ဂိုလ်စသည်တို့သည်လည်း မမေ့မလျော့ သတိပြု၍နေကြပါမူ ပြုခြင်းငှါ စွမ်းနိုင်ကုန်၏၊ ထို့ပြင် (ရာဂ ဒေါသစသည်)ရောနှောသော စရိုက်ရှိသော ပုဂ္ဂိုလ်တဦးတည်းမှာပင် လက္ခဏာကွဲပြားသော ဣရိယာပုတ်စသည်တို့သည် မရှိသင့်ကုန်၊ ထိုအကြောင်း၂-ပါးကြောင့်ပေတည်း။ စင်စစ်သော်ကား အဋ္ဌကထာတို့၌ဆိုထားသော စရိုက်တို့ကိုပြခြင်း အစီအရင်ကိုသာလျှင် အနှစ်သာရအားဖြင့် ယုံကြည်အပ်ပေသည်။ မှန်ပေ၏၊ “စေတောပရိယဉာဏ်ကိုရသော ဆရာသည် စရိုက်ကိုသိ၍ ကမ္မဋ္ဌာန်းကို ဟောလတံ့၊ စေတောပရိယဉာဏ်ကို မရသောဆရာသည် တပည့်ကို မေးအပ်၏”ဟု (အဋ္ဌကထာတို့၌) ဆိုထားပေ၏။ ထို့ကြောင့် စေတောပရိယဉာဏ်ဖြင့်ဖြစ်စေ၊ (ကမ္မဋ္ဌာန်းယူမည့်) ထိုပုဂ္ဂိုလ်ကို မေး၍ဖြစ်စေ “ဤပုဂ္ဂိုလ်ကား ရာဂစရိုက်ရှိသူတည်း၊ ဤပုဂ္ဂိုလ်ကား ဒေါသစသည်တို့တွင် တမျိုးမျိုးသော စရိုက်ရှိသူတည်း”ဟု သိအပ်၏။
၄၆။ “အဘယ်စရိုက်ရှိသောပုဂ္ဂိုလ်အား အဘယ်ကျောင်း ညောင်စောင်းစသည်သည် လျော်သနည်း”ဟူသော ဤစကားရပ်၌ ရှေးဦးစွာ ကျောင်းကို (ပြဆိုမည်)။ ရာဂစရိုက်ရှိသောပုဂ္ဂိုလ်အား (သင့်လျော်သောကျောင်းမှာ) “ညစ်ပေသော ဝရံတာရှိသောကျောင်း, မြေပြင်တထပ်တည်းသာရှိသောကျောင်း, နံရံကို ပြုပြင်မထားသော တောင်ဝှမ်း, မြက်မိုးကျောင်း,
၃၃၆
ဖက်မိုးဖက်ကာကျောင်း” စသည်တို့တွင် တမျိုးမျိုးသောကျောင်း ဖြစ်သည့်ပြင် ယင်းကျောင်းသည် မြူမှုန်တို့ဖြင့်လည်း ရောပြွမ်း၏၊ လင်းနို့တို့ဖြင့်လည်း ပြည့်၏၊ အကျိုးကျိုးအပြတ်ပြတ်လည်း ရှိ၏၊ မြင့်လွန်းသည်မူလည်း ဖြစ်၏၊ နိမ့်လွန်းသည်မူလည်း ဖြစ်၏၊ ခြောက်သွေ့ယောင်း ကြမ်းတမ်းသော မြေအဖို့လည်းရှိ၏၊ (ခြင်္သေ့ သစ်ကျား စသည်တို့ဖြင့်) ရွံရှားဖွယ်လည်းရှိ၏၊ မသန့်ရှင်း မညီညွတ်သည့် လမ်းလည်းရှိ၏၊ ယင်းကျောင်း၌ ကြမ်းပိုးတို့ဖြင့်ပြည့်လျက် မလှမပ ပုံပန်း(လည်း)မကျသော ညောင်စောင်းအင်းပျဉ်လည်း ရှိ၏။ ယင်းကျောင်းကို ကြည့်သောသူအား မြင်ရုံမျှဖြင့်ပင် စက်ဆုပ်ရွံရှာခြင်းလည်း ဖြစ်၏၊ ထိုသို့သောကျောင်းသည် (ရာဂစရိုက်ရှိသောသူအား) သင့်လျော်၏။ (သင်္ကန်းမှာ) အနားစုတ်ပြတ်လျက် ဖရိုဖရဲတွဲလဲကျသော ချည်တို့ဖြင့် ရှုပ်ထွေးသောသင်္ကန်း, မုန့်ကွန်ရက်နှင့်တူစွာ အပေါက်အပေါက်ရှိသော သင်္ကန်း, သံရိုက်ထားသည့် အင်းပျဉ်ကဲ့သို့ အတွေ့ကြမ်းတမ်းသော သင်္ကန်း, ညစ်နွမ်းလေးလံသောသင်္ကန်း, (လေးလံ၍၎င်း မကြာခဏချုပ်ရ၍၎င်း) ပင်ပန်းဆင်းရဲစွာ ဆောင်ရသောသင်္ကန်း- ဤသို့သော ခါးဝတ်ကိုယ်ရုံသင်္ကန်းသည် (ရာဂစရိုက်ရှိသောပုဂ္ဂိုလ်အား) သင့်လျော်၏။ သပိတ်သည်လည်း အဆင်းပျက်သော မြေသပိတ်ဖြစ်စေ၊ စို့ မယ်န အဖာအထေး အဖုအထစ်တို့ဖြင့် မတင့်တယ်သော လေးလံလျက် ပုံပန်းပျက်သော လူ့ဦးခေါင်းခွံနှင့်တူ၍ စက်ဆုပ်ဖွယ်ဖြစ်သော သံသပိတ်ဖြစ်စေ သင့်လျော်၏။ ဆွမ်းခံလမ်းသည်လည်း နှစ်သက်ဖွယ်မရှိသော ရွာနှင့်မနီးသော မညီမညွတ်သောလမ်း(ဖြစ်မူ) သင့်လျော်၏။ ဆွမ်းခံရွာသည်လည်း အကြင်ရွာ၌ လူတို့သည် (ဆွမ်းခံရဟန်းကို) မမြင်ကုန်သကဲ့သို့ သွားလာကုန်၏၊ ယင်းရွာဝယ် တအိမ်၌သော်လည်း ဆွမ်းမရ၍ ထွက်လာသောရဟန်းကို “အရှင်ဘုရား လာပါ”ဟု(ခေါ်ကာ) ဆွမ်းစားဇရပ်သို့ဝင်စေ၍ ယာဂုကိုလှူပြီးလျှင် သွားကြသောအခါ နွားတို့ကို နွားခြံ၌သွင်း၍ သွားကုန်သကဲ့သို့ စောင်းငဲ့၍မျှ မကြည့်ပဲ
၃၃၇
သွားကုန်၏၊ ထိုသို့သဘောရှိသော ရွာသည် သင့်လျော်၏။ အလုပ်အကျွေးတို့သည်လည်း အဆင်းမလှ အမြင်ဆိုးကုန်သော ညစ်နွမ်းသောအဝတ်ကို ဝတ်ကုန်လျက် အနံ့ဆိုး၍ စက်ဆုပ်ဖွယ်ရှိကုန်သော ယာဂုဆွမ်းကို (ကပ်လှူသောအခါ) စွန့်ပစ်သကဲ့သို့ မရိုမသေ လုပ်ကျွေးတတ်ကုန်သော အလုပ်အကျွေးမျိုးတို့ဖြစ်လျှင် သင့်လျော်၏။ ယာဂု ဆွမ်းခဲဖွယ်သည်လည်း ကြမ်းတမ်းသော [၁၀၅] ကြိတ် လမန်း, လူး, ဆန်ကွဲ အစရှိသည်တို့ဖြင့် ချက်သောဆွမ်း, ရက်တက်ပုပ်ရည်, ပအုန်းရည်, ဟင်းရွက်ကြမ်းဖြင့်ချက်သော အရည်သောက်ဟင်း, (ဤသို့အစရှိသော) ဝမ်းပြည့်ရုံမျှ သက်သက်ဖြစ်သော တစုံတခုသော (စားဖွယ် သောက်ဖွယ် ခဲဖွယ်သည်) သင့်လျော်၏၊ ထိုရာဂစရိုက်ရှိသောပုဂ္ဂိုလ်အား ဣရိယာပုထ်သည်လည်း ရပ်ခြင်းနှင့် စင်္ကြံလျှောက်ခြင်းသည် သင့်လျော်၏။ အာရုံသည်ကား နီလကသိုဏ်းစသော အဆင်းကသိုဏ်းတို့တွင် တစုံတခုသော မစင်ကြယ်သော အဆင်းကသိုဏ်းသည် သင့်လျော်၏။ ဤအလုံးစုံသည် ရာဂစရိုက်ရှိသောပုဂ္ဂိုလ်အား သင့်လျော်၏။
ဒေါသစရိုက်ရှိသော ပုဂ္ဂိုလ်အား မမြင့်လွန်း မနိမ့်လွန်းသော(ကျောင်း) အရိပ် ရေတို့နှင့် ပြည့်စုံသော(ကျောင်း) ကောင်းစွာဝေဘန် စီမံထားသော နံရံ တိုင်နှင့် စောင်းတန်းလှေကားရှိသော(ကျောင်း) ကောင်းမွန်သေသပ်စွာ ပြုလုပ်ထားသော ခြူးပန်း ခြူးနွယ် အထူးထူး အထွေထွေသော ပန်းချီကားတို့ဖြင့် တင့်တယ်တောက်ပသော(ကျောင်း) ညီညွတ်ပြေပြစ်နူးညံ့သော မြေအပြင်ရှိသော(ကျောင်း) ဗြဟ္မာမင်း၏ ဗိမာန်ကဲ့သို့ ပန်းဆိုင်းတို့ဖြင့် ဆန်းကြယ်သောအဆင်းရှိသော အဝတ်မျက်နှာကြက်တို့ဖြင့် ကောင်းမွန်စွာ တန်ဆာဆင်ထားသော(ကျောင်း) သန့်ရှင်းစင်ကြယ် နှစ်သက်ဖွယ်သော အခင်းတို့ကို သပ်ယပ်စွာ ခင်းထားသော ညောင်စောင်းအင်းပျဉ်ရှိသော(ကျောင်း) ထိုထိုအရပ်၌ အမွှေး
၃၃၈
အထုံအလို့ငှါထားသော ပန်းတို့၏ မွှေးသောရနံ့တို့ဖြင့် အလွန်မွှေးကြိုင်သော(ကျောင်း) မြင်ကာမျှဖြင့်ပင် နှစ်သက်ရွှင်လန်း ဝမ်းမြောက်ခြင်းကို ဖြစ်စေနိုင်သော(ကျောင်း) (ဤသို့သော)ကျောင်းသည် သင့်လျော်၏။ ထိုကျောင်း၏ လမ်းသည်လည်း အလုံးစုံသော ဘေးရန်တို့မှ လွတ်ကင်းလျက် သန့်ရှင်းစင်ကြယ်စွာ ညီညာသော မြေမျက်နှာပြင်ရှိသော(လမ်း) တန်ဆာဆင်ခြင်းနှင့်စပ်သော(လမ်း) ဤသို့သော လမ်းသည်သာလျှင် သင့်လျော်၏။ ဤဒေါသစရိုက်ရှိသောပုဂ္ဂိုလ်နှင့် သင့်လျော်သောကျောင်း၌ ပိုးဟပ်, ကြမ်းပိုး, မြွေ, ကြွက်-တို့၏ မှီခိုရာကို ဖြတ်တောက် ပယ်ရှားခြင်းငှါ ကျောင်းအသုံးအဆောင်သည်လည်း မများလွန်းလျှင် သင့်လျော်၏၊ ညောင်စောင်းတခု အင်းပျဉ်တခုမျှသာလျှင် သင့်လျော်၏။ ထိုဒေါသစရိုက်ရှိသောပုဂ္ဂိုလ်၏ ခါးဝတ်နှင့် ကိုယ်ရုံသည်လည်း တရုပ်ပြည်ဖြစ်အဝတ်, သောမာရတိုင်းဖြစ်အဝတ်, ပိုးချည်အဝတ်, နူးညံ့သော ဝါချည်အဝတ်, နူးညံ့သော ခေါမ(ဂရိတ်)ပြည်ဖြစ် အဝတ်စသည်တို့တွင် ကောင်းမြတ်သောအဝတ်ဖြင့် (ချုပ်လုပ်ထားသော) ပေါ့ပါးသော ရဟန်းတော်တို့နှင့်သင့်လျော်အောင် ကောင်းစွာဆိုးထားသော စင်ကြယ်သော အဆင်းရှိသော တလွှာတည်းသင်္ကန်းဖြစ်စေ၊ နှစ်ထပ်သင်္ကန်းဖြစ်စေ သင့်လျော်၏။ သပိတ်သည်လည်း ရေပွက် (စီပေါင်း)ကဲ့သို့ ကောင်းသော ပုံသဏ္ဌာန်ရှိသော မြကဲ့သို့ ကောင်းစွာချောညက်ပြေပြစ်သော အညစ်အကြေးကင်းလျက် ရဟန်းတော်တို့အား လျောက်ပတ်သောအဆင်းဖြင့် ပတ်ပတ်လည် အလွန်စင်ကြယ်သောအဆင်းရှိသော သံသပိတ်သည် သင့်လျော်၏။ ဆွမ်းခံလမ်းသည်(လည်း) ဘေးရန်ကင်းလွတ်သော ညီညာလျက် နှစ်သက်ဖွယ်ရှိသော ရွာနှင့် မနီးလွန်း မဝေးလွန်းသော လမ်းသည် သင့်လျော်၏။ ဆွမ်းခံရွာသည်လည်း အကြင်ရွာ၌ လူတို့သည် “ယခုအခါ အရှင်မြတ်ကြွလာလိမ့်မည်”ဟု (မြှော်လင့်လျက်) တံမြက်လှည်း၍ ရေဖျန်းထားသောအရပ်၌ နေရာခင်း၍ ခရီးဦးကြိုဆိုကာ သပိတ်သင်္ကန်းကို
၃၃၉
လှမ်းယူ၍ အိမ်သို့ ဝင်စေပြီးလျှင် ခင်းထားသောနေရာ၌ ထိုင်စေ၍ မိမိတို့လက်ဖြင့် ရိုသေစွာ လုပ်ကျွေးကြကုန်၏။ ထိုသို့သော ဆွမ်းခံရွာသည် သင့်လျော်၏။ ထိုဒေါသစရိုက်ရှိသောပုဂ္ဂိုလ်၏ အလုပ်အကျွေးတို့သည်ကား အဆင်းလှ၍ ကြည်ရွှင်စဖွယ်ရှိကြလျှင် ကောင်းစွာရေချိုးပြီး၍ သေသပ်ညီညာ နံ့သာလိမ်းကျံထားကြလျှင် အခိုးအထုံ ပန်းပေါင်းစုံတို့၏ အမွှေးရနံ့တို့ဖြင့် သင်းပျံ့မွှေးကြိုင်သည့် ရနံ့ရှိကြလျှင် အရောင်အမျိုးမျိုးတို့ဖြင့် ဆိုးထားသည့် သန့်ရှင်းစင်ကြယ် နှစ်သက်ဖွယ်ရာ အဝတ်တန်ဆာတို့ဖြင့် ဆင်ပြင်ကြလျက် အရိုအသေပြုလေ့ရှိကြလျှင် (ထိုသို့သော အလုပ်အကျွေးတို့သည်) သင့်လျော်ကုန်၏။ ယာဂု ဆွမ်းခဲဖွယ်သည်လည်း အဆင်း အနံ့ အရသာနှင့် ပြည့်စုံလျက် ဩဇာရှိသော စိဘ်နှလုံးကို ပျော်မွေ့စေသော အခြင်းခပ်သိမ်း မွန်မြတ်သော အလိုရှိသလောက်ရသော ယာဂုဆွမ်းခဲဖွယ်သည် သင့်လျော်၏။ ထိုဒေါသစရိုက်ရှိသောပုဂ္ဂိုလ်အား ဣရိယာပုထ်သည်လည်း အိပ်ခြင်းနှင့် ထိုင်ခြင်းသည် သင့်လျော်၏။ အာရုံသည် နီလကသိုဏ်းစသော အဆင်းကသိုဏ်းတို့တွင် ထက်ဝန်းကျင် အလွန်စင်ကြယ်သော အဆင်းရှိသော ကသိုဏ်းတခုခုသည် (သင့်လျော်၏)။ ဤအလုံးစုံသည် ဒေါသစရိုက်ရှိသောပုဂ္ဂိုလ်အား သင့်လျော်၏။
[၁၀၆] မောဟစရိုက်ရှိသောပုဂ္ဂိုလ်အား လွင်ပြင်သို့ မျက်နှာမူသော မကျဉ်းမြောင်းသော၁ (ကျောင်း၌) နေထိုင်သူအား အရပ်မျက်နှာသို့ ဟင်းလင်းပွင့်လျက်ထင်သော (အရပ်မျက်နှာတို့ကို လင်းလင်းချင်းချင်း တွေ့မြင်ရသော) ကျောင်းသည် သင့်လျော်၏၊ ဣရိယာပုထ်တို့တွင် စင်္ကြံလျှောက်ခြင်းသည် သင့်လျော်၏။ ထိုမောဟစရိုက်ရှိသောပုဂ္ဂိုလ်အား စကောငယ်ပမာဏ၊ သို့မဟုတ် စလောင်းဖုံးကြီးပမာဏရှိသော ကျဉ်းသော
၁- မကျဉ်းမြောင်းသော.. ကျောင်းသည် သင့်လျော်၏-ဟု စပ်ပါ။
၃၄၀
ကသိုဏ်းဝန်းငယ်သည် မသင့်လျော်ပေ။ ကျဉ်းမြောင်းသောအရပ်၌ စိတ်သည် ပို၍ တွေဝေသောကြောင့် ကျယ်ပြန့်သော ကသိုဏ်းဝန်းကြီးသည် သင့်လျော်၏။ (မောဟစရိုက်ရှိသောပုဂ္ဂိုလ်အား လျော်သော) ကြွင်းသောဆိုဖွယ်သည် ဒေါသစရိုက်ရှိသောပုဂ္ဂိုလ်အတွက် ဆိုအပ်ပြီးသည်နှင့် တူသည်သာတည်း။ ဤအလုံးစုံသည် မောဟစရိုက်ရှိသော ပုဂ္ဂိုလ်အား သင့်လျော်၏။
သဒ္ဓါစရိုက်ရှိသော ပုဂ္ဂိုလ်အား ဒေါသစရိုက်ရှိသူ၌ ဆိုခဲ့သော အစီအရင်အလုံးစုံသည်လည်း သင့်လျော်၏။ အာရုံတို့တွင်ကား သဒ္ဓါစရိုက်ရှိသောသူအား (ဗုဒ္ဓါနုဿတိစသော ခြောက်ပါးသော) အနုဿတိကမ္မဋ္ဌာန်းသည်လည်း သင့်လျော်၏။
ဗုဒ္ဓိစရိုက်ရှိသော ပုဂ္ဂိုလ်အား ကျောင်းစသည်တို့တွင် “ဤမည်သောအရာသည် မလျောက်ပတ်”ဟု (ဆိုဖွယ်)မရှိပေ။
ဝိတက်စရိုက်ရှိသော ပုဂ္ဂိုလ်အား ဟင်းလင်းဖြစ်လျက် လွင်ပြင်သို့မျက်နှာမူသော (ကျောင်းသည် မသင့်လျော်ပေ)၊ ယင်းကျောင်း၌ နေထိုင်သူအား စိတ်နှလုံးပျော်မွေ့ဖွယ်ရာဖြစ်သော ခြံ ဥယျာဉ် ရေကန်တို့သည်၎င်း၊ ရွာ နိဂုံး ဇနပုဒ် စသည်တို့သည်၎င်း၊ စိမ်းညို့ညို့အရောင်ရှိသော တောင်တို့သည်၎င်း ထင်ပေါ်ကုန်၏၊ ထိုသို့သောကျောင်းသည် မသင့်လျော်ပေ။ ထိုကျောင်းသည် ကြံစည်တွေးတောလျက် စိတ်ပြေးသွားခြင်း၏သာလျှင် အကြောင်းဖြစ်၏။ ထို့ကြောင့် (ဝိတက်စရိုက်ရှိသော ပုဂ္ဂိုလ်သည်) နက်သော တောင်ချောက်အဝ၌ တောဖြင့်ဖုံးကွယ်သော ဆင်ဝမ်းဗိုက်နှင့်တူသော တောင်ဝှမ်း၌ရှိသော အရှင်မဟိန္ဒထေရ်၏ဂူနှင့် တူသောကျောင်း(မျိုး)၌ နေသင့်၏။ ထိုဝိတက်စရိုက်ရှိသော ပုဂ္ဂိုလ်အား အာရုံသည်လည်း ကျယ်ပြန့်သော ကသိုဏ်းဝန်းသည် မသင့်လျော်ပေ၊ ထိုသို့သဘောရှိသော ကျယ်ပြန့်သော ကသိုဏ်းဝန်းသည် ကြံစည်တွေးတောခြင်းအားဖြင့် (စိတ်)ပြေးသွားခြင်း၏ အကြောင်းဖြစ်ပေသည်။ ကျဉ်းသော ကသိုဏ်းဝန်းမူကား
၃၄၁
သင့်လျော်ပေ၏။ ကြွင်းသော ဆိုဖွယ်သည် ရာဂစရိုက်ရှိသော ပုဂ္ဂိုလ်အတွက် ဆိုခဲ့ပြီးသောစကားနှင့် တူသည်သာတည်း။ ဤအလုံးစုံသည် ဝိတက်စရိုက်ရှိသော ပုဂ္ဂိုလ်အား သင့်လျော်၏။
ဤဆိုခဲ့ပြီးသော အကျယ်စကားသည် “မိမိ၏ စရိုက်အားလျော်သော”ဟူသည့် စကားရပ်၌လာသော စရိုက်တို့ကို၁ အကွဲအပြားကို ပိုင်းခြားဆုံးဖြတ်ခြင်း, အကြောင်းရင်းကို ပိုင်းခြားဆုံးဖြတ်ခြင်း, သိနိုင်ပုံပြခြင်းကို ပိုင်းခြားဆုံးဖြတ်ခြင်း, လျော်သည်ကို ပိုင်းခြားဆုံးဖြတ်ခြင်းအားဖြင့် အကျယ်ပြဆိုခြင်းပေတည်း။ သို့ရာတွင် ထိုမျှလောက် စကားအစဉ်ဖြင့် စရိုက်အားလျော်သော ကမ္မဋ္ဌာန်းကို(မူ) ခပ်သိမ်းသော အခြင်းအရာအားဖြင့် မပြဆိုရသေးပေ၂။ ထိုစရိုက်အားလျော်သော ကမ္မဋ္ဌာန်းသည် အခြားမဲ့ဖြစ်သော မာတိကာပုဒ်၏ အကျယ်၌ သူ့အလိုလိုပင် ထင်ရှားပေလတ္တံ့။
ကမ္မဋ္ဌာန်းလေးဆယ်ကို ဖွင့်ပြချက်
၄၇။ ထို(စရိုက်အားလျော်သော ကမ္မဋ္ဌာန်းကို အပြည့်အစုံ မပြဆိုရသေးသော)ကြောင့်၃ “ကမ္မဋ္ဌာန်းလေးဆယ်တို့တွင် တပါးပါးသော ကမ္မဋ္ဌာန်းကိုယူ၍”ဟူသော ဤစကားရပ်၌-
၁- စရိုက်တို့ကို.. အကျယ်ပြဆိုခြင်းပေတည်း-ဟု စပ်ပါ။
၂- အချို့သော ကသိုဏ်း အနုဿတိဌာနမျှကိုသာလျှင် (မလျော်သောအာရုံနှင့်)စပ်သဖြင့် ပြဆိုရသေးသောကြောင့် “စရိုက်အားလျော်သော ၊ပ၊ မပြဆိုရသေး”ဟု မိန့်ဆိုပေသည်။ (ဋီကာ) အပြည့်အစုံ မပြရသေးဟု ဆိုလို၏။
၃- တသ္မာ-၏ မြန်မာပြန်ဖြစ်သည်၊ ပြည်မူနိဿယကိုမှီ၍ အကျဉ်းချုပ်ပြန်ထားသည်။ ထိုသို့ စရိုက်အားလျော်သော ကမ္မဋ္ဌာန်းသည် အခြားမဲ့ဖြစ်သော
၃၄၂
(၁) လေးဆယ်ဟူသော သင်္ချာဖြင့် အကျဉ်းပြအပ်ပြီးသော ကမ္မဋ္ဌာန်းတို့ကို အကျယ်ပြခြင်းအားဖြင့်၎င်း၊
(၂) ဥပစာရနှင့် အပ္ပနာကို ဆောင်သောအားဖြင့်၎င်း၊
(၃) ဈာန်ကို ဝေဘန်သောအားဖြင့်၎င်း၊
(၄) အင်္ဂါနှင့် အာရုံကို လွန်သောအားဖြင့်၎င်း၊
(၅) ပွါးစေအပ်, မပွါးစေအပ်သည်ကို ဝေဘန်သောအားဖြင့်၎င်း၊
(၆) အာရုံကို ဝေဘန်သောအားဖြင့်၎င်း၊
(၇) ဘုံကို ဝေဘန်သောအားဖြင့်၎င်း၊
(၈) ယူအပ်သည် မယူအပ်သည်ကို ဝေဘန်သောအားဖြင့်၎င်း၊
(၉) အကြောင်းကို ဝေဘန်သောအားဖြင့်၎င်း၊
(၁၀) စရိုက်အားလျော်သည်ကို ဝေဘန်သောအားဖြင့်၎င်း၊
ဤသို့ ရှေ့ဦးစွာ ဤဆယ်ပါးသော အခြင်းအရာတို့ဖြင့် ကမ္မဋ္ဌာန်းအဆုံးအဖြတ်ကို သိအပ်ပေသည်။
[၁၀၇] ထိုအခြင်းအရာဆယ်ပါးတို့တွင် (၁) “လေးဆယ်ဟူသော သင်္ချာဖြင့် အကျဉ်းပြအပ်ပြီးသော ကမ္မဋ္ဌာန်းတို့ကို အကျယ်ပြခြင်း
မာတိကာပုဒ်၏ အကျယ်၌ သူ့အလိုလိုပင် ထင်ရှားပေလတံ့-ဟု ငါဆိုခဲ့သောကြောင့်-ဟူ၍လည်း ပြန်သင့်၏၊ ယင်း ဟိတ်ပုဒ်ကို “ဤဆယ်ပါးသော အခြင်းအရာတို့ဖြင့် ကမ္မဋ္ဌာန်းအဆုံးအဖြတ်ကို သိအပ်ပေသည်”ဟူသော စကားနှင့် စပ်၍ယူပါ။ ထိုဆယ်ပါးသော အခြင်းအရာတို့တွင် (၁၀)စရိုက်အားလျော်သည်ကို ဝေဘန်သောအားဖြင့်-ဟူသော အခြင်းအရာ မာတိကာသည် ထိုဟိတ်နှင့် အသက်ဆိုင်ဆုံးဖြစ်သည်။
၃၄၃
အားဖြင့်”ဟူရာ၌ (အကျယ်ကား) “ကမ္မဋ္ဌာန်းလေးဆယ်တို့တွင်”ဟူ၍ ဆိုခဲ့ပြီးသောစကား၌ ကသိုဏ်းဆယ်ပါး၊ အသုဘဆယ်ပါး၊ အနုဿတိဆယ်ပါး၊ ဗြဟ္မဝိဟာရလေးပါး၊ အာရုပ္ပလေးပါး၊ သညာတပါး၊ ဝဝတ္ထာန်တပါးဟူသော ဤသည်တို့ကား ကမ္မဋ္ဌာန်းလေးဆယ်တို့ပေတည်း။
ထိုကမ္မဋ္ဌာန်းလေးဆယ်တို့တွင် ပထဝီကသိုဏ်း၁၊ အာပေါကသိုဏ်း၊ တေဇောကသိုဏ်း၊ ဝါယောကသိုဏ်း၊ နီလကသိုဏ်း၊ ပီတကသိုဏ်း၊ လောဟိတကသိုဏ်း၊ ဩဒါတကသိုဏ်း၊ အာလောကကသိုဏ်း၊ ပရိစ္ဆန္နာကာသကသိုဏ်းဟူသော ဤကမ္မဋ္ဌာန်းတို့သည် ကသိုဏ်းဆယ်ပါးတို့ပေတည်း။
ဥဒ္ဓုမာတကအသုဘ၁၊ ဝိနီလကအသုဘ၊ ဝိပုဗ္ဗကအသုဘ၊ ဝိစ္ဆိဒ္ဒကအသုဘ၊ ဝိက္ခာယိတကအသုဘ၊ ဝိက္ခိတ္တကအသုဘ၊ ဟတဝိက္ခိတ္တကအသုဘ၊ လောဟိတကအသုဘ၊ ပုဠုဝကအသုဘ၊ အဋ္ဌိကအသုဘဟူသော ဤကမ္မဋ္ဌာန်းတို့သည် အသုဘဆယ်ပါးတို့ပေတည်း။
ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေဝတာနုဿတိ၊ မရဏာနုဿတိ၊ ကာယဂတာသတိ၊ အာနာပါနဿတိ၊ ဥပသမာနုဿတိဟူသော ဤကမ္မဋ္ဌာန်းတို့သည် အနုဿတိဆယ်ပါးတို့ပေတည်း။
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဤကမ္မဋ္ဌာန်းတို့သည် ဗြဟ္မဝိဟာရ လေးပါးတို့ပေတည်း။
အာကာသာနဉ္စာယတန၊ ဝိညာဏဉ္စာယတန၊ အာကိဉ္စညာယတန၊ နေဝသညာနာသညာယတနဟူသော ဤကမ္မဋ္ဌာန်းတို့သည် အာရုပ္ပလေးပါး
၁-ဤသို့သော ကမ္မဋ္ဌာန်းအမည် ပါဠိတို့၏ အနက်အဓိပ္ပါယ်သည် အကျယ်ပြရာ၌ ထင်ရှားလတ္တံ့။ ထို့ကြောင့် ဤအရာ၌ ယင်းတို့၏အနက်ကို မဖော်တော့ပဲ ခေါ်လွယ်စေရန် အကျဉ်းမျှသာ ပြထားသည်။
၃၄၄
တို့ပေတည်း။ အစာအာဟာရ၌ စက်ဆုပ်ဖွယ်ဟူသော အမှတ်သညာသည် သညာတပါးပေတည်း။ “စတုဓာတုဝဝတ္ထာန်သည် ဝဝတ္ထာန်တပါးပေတည်း။ ဤသို့ လေးဆယ်ဟူသော သင်္ချာဖြင့် အကျဉ်းပြအပ်ပြီးသော ကမ္မဋ္ဌာန်းတို့ကို အကျယ်ပြခြင်းအားဖြင့် အဆုံးအဖြတ်ကို သိအပ်ပေသည်။
(၂) “ဥပစာရနှင့် အပ္ပနာကို ဆောင်သောအားဖြင့်”ဟူရာ၌ (အကျယ်ကား) ကာယဂတာသတိနှင့် အာနာပါနဿတိကို ဖယ်ထား၍ ကြွင်းသော အနုဿတိရှစ်ပါး၊ အာဟာရေပဋိကူလသညာတပါး၊ စတုဓာတုဝဝတ္ထာန်တပါးဟူသော ဤကမ္မဋ္ဌာန်းဆယ်ပါးတို့သည် ဥပစာရကိုသာ ဆောင်ကုန်၏၁။ (ထိုဆယ်ပါးမှ)ကြွင်းသော ကမ္မဋ္ဌာန်းသုံးဆယ်တို့သည် အပ္ပနာကို ဆောင်ကုန်၏၂။ ဤသို့ ဥပစာရနှင့် အပ္ပနာကို ဆောင်သောအားဖြင့် (အဆုံးအဖြတ်ကို သိအပ်ပေသည်)။
(၃) “ဈာန်ကို ဝေဘန်သောအားဖြင့်”ဟူရာ၌ (အကျယ်ကား) အပ္ပနာကိုဆောင်သော ထိုကမ္မဋ္ဌာန်းသုံးဆယ်တို့တွင် အာနာပါနဿတိနှင့်တကွ ကသိုဏ်းဆယ်ပါးတို့သည် ရူပါဝစရဈာန်လေးပါးတို့၏ အာရုံဖြစ်ကုန်၏။ ကာယဂတာသတိနှင့်တကွ အသုဘဆယ်ပါးတို့သည် ရူပါဝစရပဌမဈာန်၏ အာရုံဖြစ်ကုန်၏။ (မေတ္တာ ကရုဏာ မုဒိတာဟူသော) ရှေ့ဗြဟ္မဝိဟာရသုံးပါးတို့သည် (အောက်)ရူပါဝစရဈာန်သုံးပါး၏ အာရုံဖြစ်ကုန်၏။ စတုတ္ထဗြဟ္မဝိဟာရနှင့် အာရုပ္ပလေးပါးတို့သည် စတုတ္ထဈာန်၏ အာရုံဖြစ်ကုန်၏။ ဤသို့ ဈာန်ကို ဝေဘန်သောအားဖြင့် (အဆုံးအဖြတ်ကို သိအပ်ပေသည်)။
၁- ဥပစာရသမာဓိကို ဖြစ်စေနိုင်ကုန်၏၊ ရစေနိုင်ကုန်၏-ဟု ဆိုလို၏။
၂- အပ္ပနာဈာန်တိုင်အောင် ဖြစ်စေနိုင်ကုန်၏၊ ရစေနိုင်ကုန်၏-ဟု ဆိုလို၏။
၃၄၅
(၄) “အင်္ဂါနှင့်အာရုံကို လွန်သောအားဖြင့်”ဟူရာ၌ (အကျယ်ကား) လွန်မြောက်ခြင်းတို့သည် အင်္ဂါကို လွန်မြောက်ခြင်းနှင့် အာရုံကို လွန်မြောက်ခြင်းဟု ၂-မျိုးရှိ၏။ ထို၂-မျိုးတို့တွင် ဈာန်သုံးပါး၏အာရုံဖြစ်သော ရှေ့ဗြဟ္မဝိဟာရသုံးပါး၊ ဈာန်လေးပါး၏အာရုံဖြစ်သော အာနာပါနဿတိနှင့် ကသိုဏ်းဆယ်ပါးဟူသော ကမ္မဋ္ဌာန်း(၁၄-ပါး)တို့၌ [၁၀၈] အင်္ဂါကို လွန်မြောက်ခြင်းသည် ဖြစ်၏။ (အဘယ့်ကြောင့်ဆိုသော်) ဝိတက် ဝိစာရ အစရှိသော ဈာန်အင်္ဂါတို့ကို လွန်မြောက်၍ (ဗြဟ္မဝိဟာရ, အာနာပါနဿတိ ကသိုဏ်းဟူသော) ထိုအာရုံတို့၌သာလျှင် ဒုတိယဈာန်စသည်တို့ကို ရအပ်သောကြောင့်ပေတည်း။ စတုတ္ထဗြဟ္မဝိဟာရ၌ ထို့အတူ အင်္ဂါကိုလွန်မြောက်ခြင်း ဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုစတုတ္ထ ဗြဟ္မဝိဟာရကိုလည်း မေတ္တာစသည်တို့၏ အာရုံ၌သာလျှင် သောမနဿကို လွန်မြောက်၍ ရအပ်သောကြောင့်ပေတည်း။ အာရုပ္ပလေးပါးတို့၌ အာရုံကို လွန်မြောက်ခြင်းဖြစ်၏။ မှန်ပေ၏၊ ရှေ့ကသိုဏ်းကိုးပါးတို့တွင် တပါးပါးကို လွန်မြောက်၍ အာကာသာနဉ္စာယတနဈာန်ကို ရအပ်၏။ ကောင်းကင်ပညတ်စသည်တို့ကို လွန်မြောက်၍ ဝိညာဏဉ္စာယတနဈာန် စသည်တို့ကို ရအပ်ကုန်၏။ (ဆိုခဲ့ပြီးသော ဗြဟ္မဝိဟာရလေးပါး, အာနာပါနဿတိ, ကသိုဏ်းဆယ်ပါး, အာရုပ္ပလေးပါးတို့မှ)ကြွင်းသော ကမ္မဋ္ဌာန်း နှစ်ဆဲ့တပါးတို့၌ အင်္ဂါနှင့်အာရုံကို လွန်မြောက်ခြင်းမရှိပေ။ ဤသို့ အင်္ဂါနှင့်အာရုံကို လွန်မြောက်သောအားဖြင့် (အဆုံးအဖြတ်ကို သိအပ်ပေသည်)။
(၅) “ပွါးစေအပ်, မပွါးစေအပ်သည်ကို ဝေဘန်သောအားဖြင့်”ဟူရာ၌ (အကျယ်ကား) ဤကမ္မဋ္ဌာန်းလေးဆယ်တို့တွင် ကသိုဏ်းဆယ်ပါးတို့ကိုသာလျှင် ပွါးစေအပ်ကုန်၏။ အကျိုးကား ကသိုဏ်းဖြန့်ရာအရပ်အတွင်း၌ ဒိဗ္ဗသောတအဘိညာဉ်ဖြင့် အသံကိုကြားခြင်းငှါ၊ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် အဆင်းတို့ကိုမြင်ခြင်းငှါ၊ စေတောပရိယအဘိညာဉ်စိတ်ဖြင့်
၃၄၆
သူတပါးတို့၏စိတ်ကို သိခြင်းငှါ စွမ်းနိုင်၏။ ကာယဂတာသတိနှင့် အသုဘတို့ကိုကား မပွါးစေအပ်ကုန်။ အဘယ့်ကြောင့်နည်း? မိမိတည်ရာအရပ်ဖြင့် ပိုင်းခြားထားသောကြောင့်၎င်း၊ အကျိုးမရှိသောကြောင့်၎င်း ဖြစ်ပေသည်။ ထိုကာယဂတာသတိနှင့် အသုဘတို့ကို မိမိတို့တည်ရာအရပ်ဖြင့် ပိုင်းခြားထားပုံသည် ဘာဝနာနည်း၌ ထင်ရှားပေလိမ့်မည်။ ထိုကာယဂတာသတိနှင့် အသုဘတို့ကို ပွါးစေလျှင် အကောင်ပုပ်အစုသာလျှင် ပွါး၏၊ အကျိုးတစုံတရာမျှ မရှိပေ။ သောပါကသာမဏေ၏ ပြဿနာအဖြေ၌ “ဘုန်းတော်ကြီးသောအရှင်ဘုရား ကသိုဏ်းကို အာရုံပြုသောသညာသည် အလွန်ထင်ရှားပါသည်၊ အရိုးစုကို အာရုံပြုသော သညာသည် မထင်ရှားပါဘုရား”ဟု ဆိုထားသော ဤသာဓကစကားလည်း ရှိပေ၏။ ထိုသာဓကစကား၌ ပဋိဘာဂနိမိတ်၏ ပွါးခြင်းအားဖြင့် ကသိုဏ်းရုပ်ကို အာရုံပြုသော သညာကို အလွန်ထင်ရှားပါသည်-ဟု ဆိုပေသည်။ ပဋိဘာဂနိမိတ်၏ မပွါးခြင်းအားဖြင့် အရိုးစုကို အာရုံပြုသောသညာကို မထင်ရှားပါ-ဟု ဆိုပေသည်။
“အကြွင်းမဲ့ အလုံးစုံသော ဤမြေကြီးအပြင်ကို အဋ္ဌိကသညာဖြင့် ပျံ့နှံ့စေပြီ”ဟူသော စကားသည်ကား (လွန်ကဲသော ဝသီဘော်သို့ရောက်သော) အဋ္ဌိကသညာရသည့် ပုဂ္ဂိုလ်ထူးဖြစ်သော မထေရ်အား ထင်ပုံအခြင်းအရာအားဖြင့် ဟောထားသော စကားဖြစ်ပေသည်။ (ပဋိဘာဂနိမိတ်ကို ပွါးစေခြင်းအားဖြင့် ဟောထားသော စကားမဟုတ်ပေ)။ ဥပမာပြရလျှင် သီရိဓမ္မာသောကမင်းလက်ထက်၌ ကရဝိက်ငှက်သည် ပတ်ဝန်းကျင်မှ မှန်နံရံတို့၌ မိမိ၏အရိပ်ကို မြင်လတ်သော် “အလုံးစုံသောအရပ်မျက်နှာတို့၌ ကရဝိက်ငှက်အဖော်ရှိ၏”ဟု ထင်မှတ်သည်ဖြစ်၍ သာယာသောအသံကို တွန်ကျူးသကဲ့သို့ ထို့အတူ (သိင်္ဂါလပိတု)မထေရ်သည်လည်း အဋ္ဌိကသညာကို လွန်လွန်ကဲကဲရခြင်းကြောင့် အလုံးစုံသော အရပ်မျက်နှာတို့၌
၃၄၇
ထင်သောနိမိတ်ကို မြင်လတ်သော် “အကြွင်းမဲ့ အလုံးစုံသော မြေကြီးအပြင်သည် အရိုးစုဖြင့် ပြည့်နေ၏”ဟု အောက်မေ့လေ၏။
ယင်းသို့ (အသုဘနိမိတ်ကို မပွါးစေအပ်-ဟု)ဆိုသော် (ဓမ္မသင်္ဂဏီပါဠိတော်၌) အသုဘကို အာရုံပြုသောဈာန်တို့၏ အတိုင်းမသိ ကြီးကျယ်သော အာရုံရှိသည်၏အဖြစ်ကို ဟောတော်မူသောစကားသည် (မပွါးစေအပ်ဟုဆိုသော ဤစကားနှင့်) ဆန့်ကျင်နေသည် မဟုတ်လောဟု စောဒနာငြားအံ့။ အဖြေကား- ထိုဓမ္မသင်္ဂဏီစကားသည် မဆန့်ကျင်ပေ။ မှန်ပေ၏၊ အချို့သောယောဂီသည် ကြီးသော ဖူးဖူးရောင်သည့် အကောင်ပုပ်၌ဖြစ်စေ, အရိုးစု၌ဖြစ်စေ နိမိတ်ယူ၏။ အချို့သောယောဂီသည် ငယ်သော (ဖူးဖူးရောင်သည့် အကောင်ပုပ်၌ဖြစ်စေ, အရိုးစု၌ဖြစ်စေ နိမိတ်ယူ၏)။ ဤအကြီးအငယ်မတူသော အကြောင်းကြောင့် အချို့သောယောဂီအား ပရိတ္တာရမ္မဏခေါ် သေးငယ်သောအာရုံရှိသော ဈာန်သည် ဖြစ်၏၊ အချို့သောယောဂီအား အပ္ပမာဏာရမ္မဏခေါ် အတိုင်းမသိ ကြီးကျယ်သော အာရုံရှိသောဈာန်သည် (ဖြစ်၏)။ ဤကား စောဒနာ၏ အဖြေစကားတည်း။ အဖြေတနည်းကား— တစုံတယောက်သောယောဂီသည် ထိုအသုဘနိမိတ်ကို ပွါးစေခြင်း၌ အပြစ်ကို မမြင်သောကြောင့် ပွါးစေ၏၊ ထိုသို့သော ယောဂီကို ရည်ရွယ်၍ “အတိုင်းမသိ ကြီးကျယ်သော အာရုံရှိ၏”ဟု ဟောတော်မူပေသည်။ ထိုသို့ အပြစ်မမြင်၍ ပွါးစေသူကို ရည်ရွယ်၍ ဟောတော်မူသော်လည်း အကျိုးမရှိသောကြောင့် (အသုဘနိမိတ်တို့ကို) မပ္ပါးစေအပ်ကုန်။ ဤကား အဖြေတနည်းပေတည်း။
[၁၀၉] ဤအသုဘစသည်တို့ကို မပွါးစေအပ်ကုန်သကဲ့သို့ ထို့အတူ ကြွင်းသော အာနာပါနဿတိစသော ကမ္မဋ္ဌာန်းအာရုံတို့ကိုလည်း မပွါးစေအပ်ကုန်။ အဘယ့်ကြောင့်နည်းဟူမူ ထိုကမ္မဋ္ဌာန်းတို့တွင် အာနာပါနနိမိတ်ကို ပွါးစေလျှင် လေအစုသည်သာလျှင် ပွါး၏၊ (နှာသီးဖျားနှင့် အထက်
၃၄၈
နှုတ်ခမ်းစသော) တည်ရာအရပ်ဖြင့် ပိုင်းခြားထားသော ကမ္မဋ္ဌာန်းလည်း ဖြစ်၏၊ ဤသို့ (လေအစုမျှသာ ပွါးခြင်းဟူသော) အပြစ်ရှိသောကြောင့်၎င်း၊ တည်ရာအရပ်ဖြင့် ပိုင်းခြားထားသည့် ကမ္မဋ္ဌာန်းဖြစ်သောကြောင့်၎င်း မပွါးစေအပ်ပေ။ ဗြဟ္မဝိဟာရတို့သည် သတ္တဝါပညတ်ကို အာရုံပြုကုန်၏။ ထိုဗြဟ္မဝိဟာရတို့၏ နိမိတ်အာရုံကို ပွါးစေလျှင် သတ္တဝါအစုသည်သာလျှင် ပွါးရာ၏၊ ထိုသတ္တဝါအစု၏ ပွါးခြင်းဖြင့်လည်း အကျိုးမရှိပေ။ ထို့ကြောင့် ထိုဗြာဝိဟာရတို့၏ အာရုံကိုလည်း မပွါးစေအပ်ပေ။ “မေတ္တာနှင့်တကွဖြစ်သော စိတ်ဖြင့် တခုသောအရပ်မျက်နှာကို (အာရုံပြုသောအားဖြင့်)ဖြန့်၍” ဤသို့ အစရှိသောစကားကိုမူ (မသိမ်းဆည်းရသေးသော ဘာဝနာ၏အာရုံကို သိမ်းဆည်းသောအားဖြင့်သာလျှင် ဟောတော်မူ(အပ်)ပေသည်။ (သိမ်းဆည်းအပ်ပြီးသော အာရုံကို ပွါးစေသောအားဖြင့် ဟောတော်မူသည်ကား မဟုတ်ပေ)။ တကျောင်း၌ နေသောပုဂ္ဂိုလ် နှစ်ကျောင်း၌ နေသောပုဂ္ဂိုလ် စသောအစဉ်ဖြင့် အရပ်မျက်နှာတခု၌ (နေသော)သတ္တဝါတို့ကို သိမ်းဆည်း၍ ပွါးစေသည်ကို “တခုသောအရပ်မျက်နှာကို ဖြန့်၍”ဟု ဆိုပေသည်။ အာရုံကို ပွါးစေသည်ကို(ကား) ဆိုသည်မဟုတ်ပေ။ ဤဗြဟ္မဝိဟာရဘာဝနာ၌ ဤယောဂီက ပွါးစေနိုင်ရာသော ပဋိဘာဂနိမိတ်သည်ပင်လျှင် မရှိပေ၁။ ဤဗြဟ္မဝိဟာရဘာဝနာ၌ သေးငယ်သော (ကျဉ်းသော) အာရုံရှိခြင်း, ကြီးကျယ်သော အာရုံရှိခြင်းကိုလည်း (ပုဂ္ဂိုလ်အနည်း, အများကို) သိမ်းဆည်းသောအားဖြင့်သာလျှင် သိအပ်၏၂။
၁-ပဋိဘာဂနိမိတ်အာရုံကိုသာလျှင် ပွါးစေနိုင်သည်၊ ဗြဟ္မဝိဟာရတို့၌မူ ပဋိဘာဂနိမိတ်ပင် ထင်ခြင်းမရှိ၊ ထို့ကြောင့် ဗြဟ္မဝိဟာရတို့၌ အာရုံကို မပွါးစေအပ်-ဟု ဆိုလို၏။
၂-ပုဂ္ဂိုလ်တယောက် နှစ်ယောက်စသည် အနည်းငယ်မျှ၌ ပွါးစေအပ်သော မေတ္တာဈာန်စသည်ကို ပရိတ္တာရမ္မဏ- သေးငယ်သော အာရုံရှိသော ဈာန်ဟူ၍
၃၄၉
အာရုပ္ပအာရုံတို့တွင်လည်း ကောင်းကင်ပညတ်သည် ကသိုဏ်းကိုခွါ၍ ရထားသော နိမိတ်ဖြစ်ခြင်းကြောင့် ယင်း ပညတ်အာရုံကို (မပွါးစေအပ်ပေ)<up>၁</up>။ ထိုကောင်းကင်ပညတ်ကို ကသိုဏ်းကင်းကွာခြင်း အလိုအားဖြင့်သာလျှင် နှလုံးသွင်းအပ်၏။ ထိုကသိုဏ်းကင်းကွာခြင်းထက် လွန်၍ပွါးစေသော်လည်း အကျိုးတစုံတခုမျှ မဖြစ်ပေ။ ပဌမာရုပ္ပဝိညာဏ်အာရုံသည်၂ သဘာဝတရားဖြစ်သောကြောင့် ယင်း ဝိညာဏ်အာရုံကိုလည်း (မပွါးစေအပ်ပေ)။ မှန်ပေ၏။ သဘာဝအာရုံကို ပွါးစေခြင်းငှါ မစွမ်းနိုင်ပေ။ ပဌမာရုပ္ပဝိညာဏ်၏ ကင်းခြင်း (နတ္ထိဘောပညတ်)အာရုံသည် ပဌမာရုပ္ပဝိညာဏ်၏ မရှိခြင်းမျှဖြစ်သောကြောင့် ယင်းအာရုံကိုလည်း (မပွါးစေအပ်ပေ)။ နေဝသညာနာသညာယတနဈာန်၏ အာရုံကိုလည်း သဘာဝတရား ဖြစ်သောကြောင့်ပင်လျှင် မပွါးစေအပ်ပေ။ (ဗုဒ္ဓါနုဿတိစသော) ကြွင်းသော ကမ္မဋ္ဌာန်းတို့ကို ပဋိဘာဂနိမိတ်မဟုတ်သောကြောင့် (မပွါးစေအပ်ကုန်)။ မှန်ပေ၏၊ ပဋိဘာဂနိမိတ်သာလျှင် ပွါးစေနိုင်ကောင်းသည် မည်ရာ၏။ ဗုဒ္ဓါနုဿတိစသည်တို့၏ အာရုံသည်လည်း ပဋိဘာဂနိမိတ် မဖြစ်ပေ၃။ ထို့ကြောင့် (ထိုဗုဒ္ဓါနုဿတိစသည်တို့၏) အာရုံကို မပွါးစေအပ်ပေ။ ဤသို့ ပွါးစေအပ်, မပွါးစေအပ်သည်ကို ဝေဘန်သောအားဖြင့် (အဆုံးအဖြတ်ကို သိအပ်ပေသည်။)။
၎င်း၊ ပုဂ္ဂိုလ်များ၌ ပွါးစေအပ်သော ဈာန်ကို အပ္ပမာဏာရမ္မဏ- အတိုင်းမသိ ကြီးကျယ်သော အာရုံရှိသော ဈာန်ဟူ၍၎င်း သိရမည်-ဟု ဆိုလို၏။
၁- နားလည်လွယ်စေရန် အနည်းငယ်ပြင်ဆင် ဖြည့်စွက်၍ ပြန်ထားသည်။
၂-ဝိညာဏဉ္စာယတနဈာန်၏ အာရုံဖြစ်သော အာကာသာနဉ္စာယတနစိတ်ကို ဆိုသည်။
၃-ပဋိဘာဂနိမိတ်အဖြစ်သို့ မရောက်၊ ပဋိဘာဂနိမိတ်မမည်ဟု ဆိုလို၏။
၃၅၀
(၆) “အာရုံကို ဝေဘန်သောအားဖြင့်”ဟူရာ၌ (အကျယ်ကား) ဤကမ္မဋ္ဌာန်းလေးဆယ်တို့တွင် ကသိုဏ်းဆယ်ပါး၊ အသုဘဆယ်ပါး၊ အာနာပါနဿတိ၊ ကာယဂတာသတိဟူသော ဤနှစ်ဆဲ့နှစ်ပါးတို့သည် ပဋိဘာဂနိမိတ်ကို အာရုံပြုကုန်၏။ ကြွင်းသော ကမ္မဋ္ဌာန်း တဆဲ့ရှစ်ပါးတို့သည် ပဋိဘာဂနိမိတ်ကို အာရုံမပြုကုန်။ ထို့ပြင် အနုဿတိဆယ်ပါးတို့တွင် အာနာပါနဿတိနှင့် ကာယဂတာသတိကို ဖယ်ထား၍ ကြွင်းသော အနုဿတိရှစ်ပါး, အစာအာဟာရ၌ စက်ဆုပ်ဖွယ် အမှတ်သညာတပါး, စတုဓာတုဝဝတ္ထာန်တပါး, ဝိညာဏဉ္စာယတန, နေဝသညာနာသညာယတနဟူသော ဤကမ္မဋ္ဌာန်း တဆဲ့နှစ်ပါးတို့သည် သဘာဝတရားကို အာရုံပြုကုန်၏။ ကသိုဏ်းဆယ်ပါး, အသုဘဆယ်ပါး, အာနာပါနဿတိ, ကာယဂတာသတိဟူသော ဤကမ္မဋ္ဌာန်းနှစ်ဆဲ့နှစ်ပါးတို့သည် ပဋိဘာဂနိမိတ်ကို အာရုံပြုကုန်၏။ ကြွင်းသော ဗြဟ္မဝိဟာရလေးပါး, အာကာသာနဉ္စာယတန, အာကိဉ္စညာယတနဟူသော ကမ္မဋ္ဌာန်းခြောက်ပါးတို့သည် သဘာဝတရားဟုလည်း မဆိုအပ်, ပဋိဘာဂနိမိတ်ဟုလည်း မဆိုအပ်သော (နဝတ္တဗ္ဗ)အာရုံကို အာရုံပြုကုန်၏။ ထို့ပြင် ဝိပုဗ္ဗကအသုဘ, လောဟိတကအသုဘ, ပုဠုဝကအသုဘ, အာနာပါနဿတိ, အာပေါကသိုဏ်း, တေဇောကသိုဏ်း, ဝါယောကသိုဏ်း, အာလောကကသိုဏ်း၌ နေ-စသည်တို့၏ (လေသာပြတင်းစသည်တို့ဖြင့် ဝင်လာသော) အရောင်ဝန်းအာရုံဟူသော ဤရှစ်ပါးတို့သည် လှုပ်သောအာရုံတို့ပေတည်း။ ထိုရှစ်ပါးသော ကမ္မဋ္ဌာန်းတို့သည်လည်း (ပဋိဘာဂနိမိတ်မဖြစ်ပေါ်မီ) ရှေးအဖို့၌(သာ) လှုပ်ကုန်၏။ ပဋိဘာဂနိမိတ်သည်ကား ငြိမ်သက်သည်သာတည်း။ ကြွင်းသော ကမ္မဋ္ဌာန်း သုံးဆဲ့ရှစ်ပါးတို့သည် မလှုပ်သောအာရုံတို့ပေတည်း။ ဤသို့ အာရုံကို ဝေဘန်သောအားဖြင့် (အဆုံးအဖြတ်ကို သိအပ်ပေသည်)။
၃၅၁
[၁၁၀] (၇) “ဘုံကို ဝေဘန်သောအားဖြင့်”ဟူရာ၌ (အကျယ်ကား) အသုဘဆယ်ပါး, ကာယဂတာသတိ, အာဟာရ၌ စက်ဆုပ်ဖွယ် အမှတ်သညာဟူသော ဤကမ္မဋ္ဌာန်း တဆဲ့နှစ်ပါးတို့သည် ကာမာဝစရနတ်ဘုံတို့၌ မဖြစ်ကုန်။ ထိုတဆဲ့နှစ်ပါးနှင့် အာနာပါနဿတိဟူသော ဤတဆဲ့သုံးပါးတို့သည် ဗြဟ္မဘုံ၌ မဖြစ်ကုန်။ အရူပဘုံ၌ကား အာရုပ္ပလေးပါးကိုဖယ်ထား၍ အခြားကမ္မဋ္ဌာန်းမဖြစ်ပေ။ လူ့ဘုံတို့၌ ကမ္မဋ္ဌာန်းအလုံးစုံတို့သည်လည်း ဖြစ်ကုန်၏။ ဤသို့ ဘုံကို ဝေဘန်သောအားဖြင့် (အဆုံးအဖြတ်ကို သိအပ်ပေသည်)။
(၈) “ယူအပ်သည်, မယူအပ်သည်ကို ဝေဘန်သောအားဖြင့်”ဟူရာ၌ (အကျယ်ကား) ဤကမ္မဋ္ဌာန်းလေးဆယ်တို့၌ မြင်ရသောဝတ္ထု တွေ့ရသောဝတ္ထု ကြားရသောဝတ္ထုဖြင့် ယူခြင်း (နှလုံးသွင်းခြင်း)အားဖြင့်လည်း အဆုံးအဖြတ်ကို သိအပ်၏။ ထိုကမ္မဋ္ဌာန်းလေးဆယ်တို့တွင် ဝါယောကသိုဏ်းကို ဖယ်ထား၍ ကြွင်းသော ကသိုဏ်းကိုးပါး, အသုဘဆယ်ပါးဟူသော ဤကမ္မဋ္ဌာန်းတဆဲ့ကိုးပါးတို့ကို မြင်ရသောဝတ္ထုဖြင့် ယူအပ် (နှလုံးသွင်းအပ်)ကုန်၏။ “(ဥဂ္ဂဟနိမိတ်မထင်မီ) ရှေးအဖို့၌ မျက်စိဖြင့်ကြည့်၍ ထိုကမ္မဋ္ဌာန်းတဆဲ့ကိုးပါးတို့၏ ဥဂ္ဂဟနိမိတ်ကို ယူအပ်၏”ဟူသော အနက်ကို(ဆိုလို၏)။ ကာယဂတာသတိ၌ တစပဉ္စကကမ္မဋ္ဌာန်းကို မြင်ရသောဝတ္ထုဖြင့်၊ ကြွင်းသော ဝက္ကပဉ္စကစသည်ကို ကြားရသောဝတ္ထုဖြင့် (ကြားဘူးသော အခြင်းအရာ)ဖြင့် ယူအပ်၏။ ဤသို့ ထိုကာယဂတာသတိ၏ အာရုံကို မြင်ရသောဝတ္ထု၊ ကြားရသောဝတ္ထု (ကြားဘူးသော အခြင်းအရာ)ဖြင့် ယူအပ်၏။ အာနာပါနဿတိကမ္မဋ္ဌာန်းကို တွေ့ရသောဝတ္ထုဖြင့်၊ ဝါယောကသိုဏ်းကို မြင်ရသောဝတ္ထု တွေ့ရသောဝတ္ထုဖြင့် (ယူအပ်၏)၊ (ဆိုအပ်ပြီး နှစ်ဆဲ့နှစ်ပါးမှ) ကြွင်းသော ကမ္မဋ္ဌာန်းတဆဲ့ရှစ်ပါးကို ကြားရသောဝတ္ထုဖြင့် ယူအပ်ကုန်၏။ ဤကမ္မဋ္ဌာန်းလေးဆယ်တို့တွင် ဥပေက္ခာဗြဟ္မ-
၃၅၂
ဝိဟာရနှင့် အာရုပ္ပလေးပါးဟူသော ဤကမ္မဋ္ဌာန်းငါးပါးကို ကမ္မဋ္ဌာန်းအားထုတ်စပုဂ္ဂိုလ်သည် (အစပြု၍) မယူအပ် (နှလုံးမသွင်းအပ်)ကုန်။ ကြွင်းသော ကမ္မဋ္ဌာန်းသုံးဆဲ့ငါးပါးတို့ကိုကား (အားထုတ်စပုဂ္ဂိုလ်သည် အစပြု၍) ယူအပ် (နှလုံးသွင်းအပ်)ကုန်၏။ ဤသို့ ယူအပ်သည်, မယူအပ်သည်ကို ဝေဘန်သောအားဖြင့် (အဆုံးအဖြတ်ကို သိအပ်ပေသည်)။
(၉) “အကြောင်းကို ဝေဘန်သောအားဖြင့်”ဟူရာ၌ (အကျယ်ကား) ဤကမ္မဋ္ဌာန်းလေးဆယ်တို့တွင် အာကာသကသိုဏ်းကို ဖယ်ထား၍ ကြွင်းသော ကသိုဏ်းကိုးပါးတို့သည် အာရုပ္ပဈာန်တို့၏ အကြောင်းဖြစ်ကုန်၏။ ကသိုဏ်းဆယ်ပါးတို့သည် အဘိညာဉ်တို့၏ အကြောင်းဖြစ်ကုန်၏။ ရှေ့ဗြဟ္မဝိဟာရသုံးပါးတို့သည် စတုတ္ထဗြဟ္မဝိဟာရ၏ အကြောင်းဖြစ်ကုန်၏။ အောက်အောက်ဖြစ်သော အာရုပ္ပကမ္မဋ္ဌာန်းသည် အထက်အထက်ဖြစ်သော အာရုပ္ပကမ္မဋ္ဌာန်း၏ (အကြောင်းဖြစ်၏)။ နေဝသညာနာသညာယတနဈာန်သည် နိရောဓသမာပတ်၏ (အကြောင်းဖြစ်၏)။ ကမ္မဋ္ဌာန်းအားလုံးတို့သည် မျက်မှောက်ဘ၀၌ ချမ်းသာစွာနေခြင်း, ဝိပဿနာရှုခြင်း, ဘဝသမ္ပတ္တိတို့၏ (အကြောင်းရင်းဖြစ်ကုန်၏)။ ဤသို့ အကြောင်းကို ဝေဘန်သောအားဖြင့် (အဆုံးအဖြတ်ကို သိအပ်ပေသည်)။
(၁၀) “စရိုက်အားလျော်သည်ကို ဝေဘန်သောအားဖြင့်” ဟူရာ၌ (အကျယ်ကား) ကမ္မဋ္ဌာန်းလေးဆယ်တို့တွင် စရိုက်အား လျော်သောအားဖြင့်လည်း အဆုံးအဖြတ်ကို သိအပ်ပေသည်။ ဤစရိုက်အားလျော်ပုံမှာ အဘယ်နည်း? ဤကမ္မဋ္ဌာန်းလေးဆယ်တို့တွင် အသုဘဆယ်ပါးနှင့် ကာယဂတာသတိဟူသော ကမ္မဋ္ဌာန်းတဆဲ့တပါးတို့သည် ရာဂစရိုက်ရှိသူအား သင့်လျော်ကုန်၏။ ဗြဟ္မဝိဟာရလေးပါးနှင့် (နီလ, ပီတ, လောဟိတ, ဩဒါတဟူသော) အဆင်းကသိုဏ်းလေးပါးဟူသော ကမ္မဋ္ဌာန်းရှစ်ပါးတို့သည် ဒေါသစရိုက်ရှိသူအား (သင့်လျော်ကုန်၏)။ မောဟစရိုက်ရှိသူနှင့် ဝိတက်
၃၅၃
စရိုက်ရှိသူအား အာနာပါနဿတိ ကမ္မဋ္ဌာန်း တခုသာလျှင် (သင့်လျော်၏)။ သဒ္ဓါစရိုက်ရှိသူအား ရှေ့အနုဿတိခြောက်ပါးတို့သည် (သင့်လျော်ကုန်၏)။ မရဏဿတိ, ဥပသမာနုဿတိ, စတုဓာတုဝဝတ္ထာန်နှင့် အစာအာဟာရ၌ စက်ဆုပ်ဖွယ်အမှတ်သညာဟူသော လေးပါးတို့သည် ဗုဒ္ဓိစရိုက်ရှိသူအား (သင့်လျော်ကုန်၏)။ (အဆင်းကသိုဏ်းလေးပါးမှ) ကြွင်းသော ကသိုဏ်းခြောက်ပါးနှင့် အာရုပ္ပလေးပါးတို့သည် အလုံးစုံသော စရိုက်ရှိသူတို့အား (စရိုက်မရွေး) သင့်လျော်ကုန်၏။ ထို့ပြင် (အိုးဖုံးစလောင်းကြီးအရွယ်, စကောငယ်အရွယ်) သေးငယ်သော ကသိုဏ်းသည် ဝိတက်စရိုက်ရှိသူအား (သင့်လျော်၏)။ (ကောက်နယ်တလင်းအရွယ် စသည်) ကြီးကျယ်သော ကသိုဏ်းသည် မောဟစရိုက်ရှိသူအား (သင့်လျော်၏)။ [၁၁၁] ဤသို့ ကမ္မဋ္ဌာန်းလေးဆယ်တို့၌ စရိုက်အား လျော်သောအားဖြင့် အဆုံးအဖြတ်ကို သိအပ်ပေသည်။ ဤတွင် စကားတရပ်ပြီး၏။
ဆက်၍ ဆိုဖွယ်ရှိသေး၏။ ဤ(ဆိုခဲ့ပြီးသော စရိုက်အားလျော်စွာ ပြဆိုချက်)အလုံးစုံကို၁ ဖြောင့်ဖြောင့် ဆန့်ကျင်သောအားဖြင့်၎င်း၊ အလွန် လျောက်ပတ်သောအားဖြင့်၎င်း ဆို(အပ်)ပေသည်။ သို့သော်လည်း ရာဂစသည်တို့ကိုမူလည်း မခွါတတ်သော သဒ္ဓါစသည်အားမူလည်း ကျေးဇူးမပြုတတ်သော ကုသိုလ်ဘာဝနာမည်သည် မရှိပေ။ မေဃိယသုတ်၌-
၁- ဤ( )အလုံးစုံကို ဆို(အပ်)ပေသည်-ဟု စပ်ပါ။ ရာဂစသည်နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်ဖက်အားဖြင့်၊ သို့မဟုတ် ရာဂစရိုက်ရှိသူ စသည်နှင့် အလွန် သင့်လျော်သောအားဖြင့် ပြဆိုခဲ့သည်ဟု ဆိုလို၏။ ဖြောင့်ဖြောင့် ဆန့်ကျင်ဖက်မဟုတ်သော၊ သို့မဟုတ် သာမန် သင့်လျော်ကာမျှဖြစ်သော ကမ္မဋ္ဌာန်းများလည်း ရှိသေးသည်-ဟု သိစေ၏။
၃၅၄
“နှလုံးသွင်းသင့်သော တရားလေးပါးတို့ကို အထက်၌ (တိုးတက်၍) ပွါးစေအပ်ကုန်၏။ ရာဂကိုပယ်ခြင်းငှါ အသုဘဘာဝနာ တဆဲ့တပါးတို့ကို ပွါးစေအပ်ကုန်၏။ ဒေါသကိုပယ်ခြင်းငှါ မေတ္တာဘာဝနာကို ပွါးစေအပ်၏။ မိစ္ဆာဝိတက်ကို ဖြတ်ခြင်းငှါ အာနာပါနဿတိဘာဝနာကို ပွါးစေအပ်၏။ အသ္မိမာနကို နုတ်ပယ်ခြင်းငှါ အနိစ္စာနုပဿနာကို ပွါးစေအပ်၏”ဟူသော
ဤစကားကို (မေဃိယထေရ် တပါးတည်းအတွက်) ဟောလည်း ဟောတော်မူ၏။
ရာဟုလသုတ်၌လည်း “ရာဟုလာ မေတ္တာဘာဝနာကို ပွါးစေလော့” ဤသို့ အစရှိသောနည်းဖြင့် တပါးတည်းသာဖြစ်သော အရှင်ရာဟုလာအား ကမ္မဋ္ဌာန်းခုနစ်ပါးတို့ကို ဟောတော်မူ၏။ ထို့ကြောင့် (ဆိုခဲ့သမျှသော)စကားမျှ၌ မြဲမြံစွာ စွဲလမ်းခြင်းမပြုပဲ အရာခပ်သိမ်း၌ (ထိုသို့ဆိုခြင်း၏) ရည်ရွယ်ချက်ကို ရှာဖွေအပ်၏၁။ ဤဆိုခဲ့ပြီးသည်ကား “ကမ္မဋ္ဌာန်းကိုယူ၍ဟူသော စကား၌ ကမ္မဋ္ဌာန်းနှင့်စပ်သောစကား အဆုံးအဖြတ်ပေတည်း။
၄၈။ ဤဆိုလတံ့သည်ကား ယူ၍-ဟူသောပုဒ်၏ အနက်ကိုပြသော စကားတည်း။ “ထိုယောဂီသည် ကမ္မဋ္ဌာန်းပေးတတ်သော မိတ်ဆွေကောင်းသို့ ချဉ်းကပ်၍”ဟူသော ဤစကား၌ ဆိုခဲ့ပြီးသော နည်းဖြင့်သာလျှင် (ချစ်ခင်အပ်သည်၊ လေးစားအပ်သည် စသည်ဖြင့်) ဆိုအပ်ပြီးသော
၁- စကားမျှ၌-ဟူသည်ကား “ဤမည်သော ကမ္မဋ္ဌာန်းသည် ဤမည်သော စရိုက်ရှိသောသူအား သင့်လျော်၏”ဟု ဤပုံဤနည်းဖြင့် ပြဆိုခဲ့သော စကားမျှ၌(ဟု ဆိုလို၏)။ ရည်ရွယ်ချက် (အဓိပ္ပါယ်)ဟူသည်ကား ထိုအခြင်းအရာအားဖြင့် ဆိုခြင်း၏ ရည်ရွယ်ချက် (အဓိပ္ပါယ်)ကို(ဟု ဆိုလို၏)။ ထိုရည်ရွယ်ချက် (အဓိပ္ပါယ်)ကိုမူ “ဤ( )အလုံးစုံကို” အစရှိသော စကားဖြင့် ထင်ရှားပြဆိုခဲ့ပြီးသာလျှင် ဖြစ်ပေသည်။ (ဋီကာ)
၃၅၅
ဂုဏ်ထူးအပြားရှိသော မိတ်ဆွေကောင်းသို့ ချဉ်းကပ်ပြီးလျှင် ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားနှင့် ကမ္မဋ္ဌာန်းဆရာအား မိမိကိုယ်ကို အပ်နှင်းကာ ပြည့်စုံကောင်းမြတ်သော အလို, ပြည့်စုံကောင်းမြတ်သော နှလုံးသွင်းရှိသည်ဖြစ်၍ ကမ္မဋ္ဌာန်းကို တောင်းအပ်၏။
(မိမိကိုယ်ကို အပ်နှင်းကာ-ဟူသော) ထိုစကား၌ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ တပည့်တော်သည် ဤအတ္တဘောကို အရှင်ဘုရားတို့အား စွန့်လှူပါ၏ အရှင်ဘုရား”ဟု ဤသို့ ဘုန်းတော်ကြီးသော ဗုဒ္ဓမြတ်စွာဘုရားအား မိမိကိုယ်ကို အပ်နှင်းသင့်ပေသည်။ မအပ်နှင်းခြင်း၌ အပြစ်ကား- ဤသို့ မအပ်နှင်းပဲ အစွန်အဖျားကျသော ကျောင်းတို့၌နေသော ယောဂီရဟန်းသည် ကြောက်ဖွယ်အာရုံထင်လာလျှင် နေမြဲပင် ကြံ့ကြံ့တည်ခိုင်စေခြင်းငှါ မစွမ်းနိုင်သဖြင့် ရွာနီးကျောင်းသို့ သွား၍(နေကာ) လူတို့နှင့်ရောလျက် မအပ်မရာ ပစ္စည်းရှာခြင်းသို့ရောက်၍ ပျက်စီးလေရာ၏။ အပ်နှင်းခြင်း၌ အကျိုးကား- မိမိကိုယ်ကို (မြတ်စွာဘုရားအား) အပ်နှင်းထားသော ထိုယောဂီရဟန်းအား ကြောက်ဖွယ်အာရုံ ထင်လာစေကာမူ ကြောက်ခြင်းမဖြစ်ပေါ်ပေ။ “သုခမိန်၊ သင်သည် ရှေးမဆွကပင်လျှင် မိမိကိုယ်ကို မြတ်စွာဘုရားအား အပ်နှင်းထားသည် မဟုတ်လော”ဟု ဆင်ခြင်ကာ ထိုယောဂီရဟန်းအား ဝမ်းမြောက်ခြင်းသည်သာလျှင် ဖြစ်ပေ၏။ ဥပမာ လူ(တယောက်)မှာ ကောင်းမွန်သော ကာသိတိုင်းဖြစ် အဝတ်(အထည်) ရှိလေရာ၏။ ထိုအဝတ်ကို ကြွက်ဖြစ်စေ, ပိုးဖြစ်စေ ကိုက်လျှင် ထိုသူမှာ စိတ်မချမ်းမသာ ဖြစ်လေရာ၏။ [၁၁၂] အကယ်၍ (ထိုသူသည်) ထိုအဝတ်ကို သင်္ကန်းမရှိသောရဟန်းအား လှူလိုက်လျှင် ထိုရဟန်းသည် ထိုအဝတ်ကို အပိုင်းပိုင်းအပြတ်ပြတ်(ဖြစ်အောင်) ပြုလုပ်သည်ကို မြင်ရစေကာမူ ထိုသူအား ရွှင်လန်းဝမ်းမြောက်ခြင်းသာ ဖြစ်ပေရာ၏။ ဤဥပမာအတူပင် ဤဥပမေယျဖြစ်ပုံကို သိအပ်ပေသည်။
၃၅၆
ကမ္မဋ္ဌာန်းဆရာအား (မိမိကိုယ်ကို)အပ်နှံသော ယောဂီသည်လည်း “အရှင်ဘုရား တပည့်တော်သည် ဤအတ္တဘောကို အရှင်ဘုရားတို့အား စွန့်လှူပါ၏ဘုရား”ဟု ဆို၍ အပ်နှံအပ်၏။ ထိုသို့ မအပ်နှံခြင်း၌ အပြစ်ကား- ဤသို့ မိမိကိုယ်ကို (ဆရာအား)အပ်နှံမထားသော ယောဂီသည် (ဆရာက) ကြိမ်းမောင်းနိုင်ခွင့် မရှိသူဖြစ်၏။ (ဆရာ၏)ဆုံးမစကားကို မနာယူတတ်၍ ဆိုဆုံးမရခက်သူမူလည်း ဖြစ်၏။ (ဆရာကို)မပန်ကြားပဲ မိမိအလိုရှိရာအရပ်သို့ သွားတတ်သည်ဖြစ်၍ သွားလိုရာရာ သွားတတ်သူမူလည်း ဖြစ်၏။ ထိုသို့သောယောဂီကို ဆရာသည် သင်္ကန်းစသော အာမိသဖြင့်ဖြစ်စေ, ဆုံးမဩဝါဒဟူသော ဓမ္မဖြင့်ဖြစ်စေ မချီးမြှောက်၊ လျှို့ဝှက်ခက်ခဲသော (ကမ္မဋ္ဌာန်းဆိုင်ရာ) စာပေကျမ်းဂန်ကိုလည်း မပို့ချ။ ထိုရဟန်းသည် (အာမိသနှင့် ဓမ္မဟူသော) ဤချီးမြှောက်ခြင်းနှစ်မျိုးကို မရသည်ရှိသော် သာသနာ၌ ထောက်တည်ရာ မရနိုင်၊ မကြာမီပင် သီလပျက်ခြင်းသို့ဖြစ်စေ လူ့အဖြစ်သို့ဖြစ်စေ ရောက်တတ်၏။ အပ်နှံခြင်း၌ အကျိုးကား- မိမိကိုယ်ကို (ဆရာအား)အပ်နှံထားသော ယောဂီသည် (ဆရာက) ကြိမ်းမောင်းနိုင်ခွင့်ရှိသူလည်း ဖြစ်ပေ၏။ (ဆရာကို မပန်ကြားပဲ) သွားလိုရာရာ မသွားတတ်ပေ။ ဆိုဆုံးမလွယ်သည်ဖြစ်၍ ဆရာနှင့်စပ်သော အသက်မွေးမှု (နေထိုင်မှု) ရှိသည်သာလျှင် ဖြစ်ပေ၏၊ ထိုယောဂီသည် ဆရာ့ထံမှ (အဆိုပါ) ချီးမြှောက်ခြင်းနှစ်မျိုးကို ရသဖြင့် စူဠပိဏ္ဍပါတိကမထေရ်၏ အနီးနေတပည့်တို့ကဲ့သို့ သာသနာတော်၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်တတ်ပေသည်။
(ထိုစူဠပိဏ္ဍပါတိက) မထေရ်၏အထံသို့ ရဟန်းသုံးပါးတို့ လာကြကုန်သတတ်။ ထိုသုံးပါးတို့တွင် တပါးက “အရှင်ဘုရား တပည့်တော်သည် အရှင်ဘုရားအတွက် (ပြုလုပ်ရမည်)-ဟုဆိုလျှင် အသူတရာနက်သော ချောက်ကမ်းပါးပြတ်၌ ခုန်ချဝံ့ပါသည်ဘုရား”ဟု လျှောက်၏။ ဒုတိယရဟန်းက
၃၅၇
“အရှင်ဘုရား တပည့်တော်သည် အရှင်ဘုရားတို့အတွက် (ပြုလုပ်ရမည်)-ဟု ဆိုလျှင် ဤအတ္တဘောကို ဖနှောင့်မှစ၍ ကျောက်ပျဉ်၌သွေးလျက် အကြွင်းအကျန်မရှိအောင် ကုန်စေခြင်းငှါ ပြုဝံ့ပါသည်ဘုရား”ဟု လျှောက်၏။ တတိယရဟန်းက “အရှင်ဘုရား တပည့်တော်သည် အရှင်ဘုရားတို့အတွက် (ပြုလုပ်ရမည်)-ဟု ဆိုလျှင် ထွက်သက်ဝင်သက်တို့ကိုပိတ်၍ သေခြင်းငှါ ပြုဝံ့ပါသည်ဘုရား”ဟု လျှောက်၏။ မထေရ်သည် “ဤရဟန်းတို့သည် စင်စစ်ဧကန် ထိုက်တန်သော ပုဂ္ဂိုလ်တို့ပေတကား”ဟု (ဆင်ခြင်လျက်) ကမ္မဋ္ဌာန်းကိုဟောလေ၏။ ထိုရဟန်းသုံးပါးတို့သည် စူဠပိဏ္ဍပါတိကမထေရ်၏ အဆုံးအမဩဝါဒ၌ တည်၍ သုံးပါးလုံးပင် အရဟတ္တဖိုလ်သို့ ရောက်လေကုန်၏။ ဤဆိုခဲ့ပြီးသည်ကား (မြတ်စွာဘုရားနှင့် ဆရာတို့အား) မိမိကိုယ်ကို အပ်နှံခြင်း၌ (ရနိုင်သော) အကျိုးပေတည်း။ ထို့ကြောင့် “ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားနှင့် ဆရာအား မိမိကိုယ်ကို အပ်နှင်းကာ”ဟူ၍ (ငါ)ဆိုခဲ့ပေသည်။
၄၉။ “ပြည့်စုံကောင်းမြတ်သောအလို, ပြည့်စုံကောင်းမြတ်သော နှလုံးသွင်းခြင်း- စိတ်ညွတ်ခြင်း ရှိသည်ဖြစ်၍”ဟူရာ၌ (အကျယ်ကား) ထိုယောဂီသည် မလိုချင် မမက်မောခြင်း အစရှိသော ၆-ပါးသော အခြင်းအရာတို့ဖြင့် ပြည့်စုံကောင်းမြတ်သော အလိုရှိသူ ဖြစ်ရာ၏။ အကျိုးကား- ဤဆိုခဲ့သည့်အတိုင်း ပြည့်စုံကောင်းမြတ်သော အလိုအဇ္ဈာသယရှိသော ပုဂ္ဂိုလ်သည် (သာဝကဗောဓိ, ပစ္စေကဗောဓိ, သမ္မာသမ္ဗောဓိ-ဟူသော) သုံးပါးသော ဗောဓိဉာဏ် (မဂ်ဉာဏ်)တို့တွင် တပါးပါးသောဉာဏ်သို့ ရောက်၏။ ဟောတော်မူပုံကား-
“ခြောက်ပါးသော အလိုအဇ္စျာသယတို့သည် သစ္စာလေးပါးကိုသိမည့် အလောင်းလျာ သတ္တဝါတို့အား ဗောဓိဉာဏ် (မဂ်ဉာဏ်)၏ ရင့်ကျက်ရန်အလို့ငှါ ဖြစ်ကုန်၏။ သစ္စာလေးပါးကိုသိမည့်
၃၅၈
အလောင်းလျာ သတ္တဝါတို့သည် မလိုချင် မမက်မောသောအားဖြင့် ဖြစ်သော အလိုအဇ္စျာသယရှိကြ၍ လိုချင်မက်မောခြင်း၌ အပြစ်မြင်လေ့ ရှိကုန်၏။ [၁၁၃] သစ္စာလေးပါးကိုသိမည့် အလောင်းလျာ သတ္တဝါတို့သည် အမျက်မထွက်သောအားဖြင့် ဖြစ်သော အလိုအဇ္ဈာသယရှိကြ၍ အမျက်ထွက်ခြင်း၌ အပြစ်မြင်လေ့ ရှိကုန်၏။ သစ္စာလေးပါးကိုသိမည့် အလောင်းလျာ သတ္တဝါတို့သည် မတွေဝေသောအားဖြင့် ဖြစ်သော အလိုအဇ္ဈာသယရှိကြ၍ တွေဝေခြင်း၌ အပြစ်မြင်လေ့ ရှိကုန်၏။ သစ္စာလေးပါးကိုသိမည့် အလောင်းလျာ သတ္တဝါတို့သည် ရဟန်းအဖြစ်၌ ညွတ်ကိုင်းသော အလိုအဇ္စျာသယရှိကြ၍ အိမ်ရာတည်ထောင်ခြင်း၌ အပြစ်မြင်လေ့ ရှိကုန်၏။ သစ္စာလေးပါးကိုသိမည့် အလောင်းလျာ သတ္တဝါတို့သည် အဖော်ကင်းဆိတ်ခြင်း (ပဝိဝေက)၌ ညွတ်ကိုင်းသော အလိုအဇ္ဈာသယရှိကြ၍ ပုဂ္ဂိုလ်အဖော် ကိလေသာအဖော်တို့နှင့် ပေါင်းဖက်ဆက်ဆံခြင်း၌ အပြစ်မြင်လေ့ ရှိကုန်၏။ သစ္စာလေးပါးကိုသိမည့် အလောင်းလျာ သတ္တဝါတို့သည် သင်္ခါရတို့မှ ထွက်မြောက်ခြင်း၌ ညွတ်ကိုင်းသော အလိုအဇ္စျာသယရှိကြ၍ အလုံးစုံသော ဘဝ, ဂတိတို့၌ အပြစ်မြင်လေ့ ရှိကုန်၏။” ဟူ၍ပင်တည်း။
အခြင်းအရာ ခြောက်ပါးတို့ဖြင့် ပြည့်စုံကောင်းမြတ်သော အလိုရှိသူ ဖြစ်သင့်ခြင်း၏ အကြောင်းကား- ဖြစ်ပေါ်ခဲ့ပြီး, ဖြစ်ပေါ်လတံ့, ဖြစ်ပေါ်ဆဲဖြစ်ကြသော သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာ, ပစ္စေကဗုဒ္ဓါနှင့် သမ္မာသမ္ဗုဒ္ဓဘုရားရှင် ဟူသမျှတို့သည် ဤအခြင်းအရာ ခြောက်ပါးတို့ဖြင့်သာလျှင် မိမိ မိမိသည် ရောက်သင့်ရောက်ထိုက်သော တရားထူးသို့ ရောက်တော်မူကြလေသည်။ ထို့ကြောင့် ဤအခြင်းအရာ ခြောက်ပါးတို့ဖြင့် ပြည့်စုံကောင်းမြတ်သော အလိုရှိသူ ဖြစ်ရာ၏။ ထို့ပြင် ထို(သမာဓိနှင့်
၃၅၉
နိဗ္ဗာန်)သို့ ညွတ်ခြင်းဖြင့် ပြည့်စုံကောင်းမြတ်သော နှလုံးသွင်းခြင်း- စိတ်ညွတ်ခြင်းရှိသူ ဖြစ်ရာ၏၊ သမာဓိသို့ညွတ်သူ, သမာဓိကို အလေးပြုသူ, သမာဓိသို့ ကိုင်းရှိုင်းသူ, နိဗ္ဗာန်သို့ ညွတ်သူ, နိဗ္ဗာန်ကို အလေးပြုသူ, နိဗ္ဗာန်သို့ ကိုင်းရှိုင်းသူ ဖြစ်ရာ၏-ဟူသော အနက်ကို (ဆိုလိုပေသည်။)
၅၀။ ဤဆိုခဲ့သည့်အတိုင်း ကောင်းမြတ်ပြည့်စုံသော အလို, ကောင်းမြတ်ပြည့်စုံသော နှလုံးသွင်းခြင်း- စိတ်ညွတ်ခြင်းရှိသည်ဖြစ်၍ ကမ္မဋ္ဌာန်းတောင်းလျှင်၁ စေတောပရိယအဘိညာဉ်ကိုရသော ကမ္မဋ္ဌာန်းဆရာသည် ထိုယောဂီ၏ စိတ်ဖြစ်ပုံကိုကြည့်၍ စရိုက်တို့ကို သိအပ်(ကုန်)၏။ စေတောပရိယအဘိညာဉ်ကို မရသောဆရာသည်ကား “(သင့်မှာ) မည်သည့်စရိုက် ရှိသနည်း၊ မည်သည့်တရားတို့သည် သင့်အား အဖြစ်များသနည်း၊ မည်သည့်တရားကို နှလုံးသွင်းလျှင် သင့်အား စိတ်ချမ်းမြေ့သနည်း၊ မည်သည့်ကမ္မဋ္ဌာန်း၌ စိတ်ဝင်စားသနည်း”ဟူသော ဤသို့အစရှိသော နည်းတို့ဖြင့် မေး၍ (စရိုက်တို့ကို) သိအပ်(ကုန်)၏။ ဤသို့သိ၍ စရိုက်အားလျော်သော ကမ္မဋ္ဌာန်းကို ဟောအပ်ပေသည်။
ကမ္မဋ္ဌာန်းကို ဟောသောအချိန်အခါ၌လည်း ဆရာသည်၂ သုံးပါးသော အပြားအားဖြင့် ဟောအပ်၏။ (၁) မူလကပင် သင်ယူဘူး နှလုံးသွင်းဘူးသော ယောဂီအား တထိုင်နှစ်ထိုင်(မျှ) (မိမိမျက်မှောက်၌) ရွတ်ဆိုသရဇ္ဈာယ်စေ၍ (ကမ္မဋ္ဌာန်းကို) ပေးအပ်၏။ (၂) အနီး၌နေသော
၁- ယာစတော-တောင်းသော၊ ဝါ- တောင်းသည်ရှိသော်-၏ အစားဖြစ်သည်။
၂-ကထေန္တေန စ- ဟောသောဆရာသည်လည်း-၏ အစား သာ၍ချောမောပေါ်လွင်စေရန် “ကမ္မဋ္ဌာန်းကို ဟောသောအခါ၌ ဆရာသည်”ဟု အနည်းငယ် ဖြည့်စွက်ပြင်ဆင်၍ ပြန်ထားသည်။
၃၆၀
ယောဂီအား လာတိုင်းလာတိုင်းသော ခဏ၌ ဟောအပ်၏။ (၃) ကမ္မဋ္ဌာန်းကို သင်ယူပြီးလျှင် အခြားအရပ်သို့ သွားလိုသော ယောဂီအား မကျဉ်းလွန်း မကျယ်လွန်းသည်ကိုပြု၍ ဟောအပ်၏။
ထိုဟောအပ်သော ကမ္မဋ္ဌာန်းတို့တွင် ရှေးဦးစွာ (အစဉ်ကျရောက်သော) ပထဝီကသိုဏ်းကို ဟောသောဆရာသည် ကသိုဏ်း၏အပြစ်လေးပါး, ကသိုဏ်းလုပ်ပုံ, လုပ်ပြီးသောကသိုဏ်းကို ပွါးပုံနည်း, (ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်ဟူသော) နိမိတ်နှစ်မျိုး, (ဥပစာရသမာဓိ, အပ္ပနာသမာဓိဟူသော) သမာဓိနှစ်မျိုး, သပ္ပါယခုနစ်မျိုး, အသပ္ပါယခုနစ်မျိုး, အပ္ပနာ၌ လိမ္မာကြောင်းဆယ်မျိုး, ဝီရိယနှင့်သမာဓိညီမျှခြင်း, အပ္ပနာအစီအရင်ဟူသော အခြင်းအရာ ၉-ပါးတို့ကို ဟောအပ်ကုန်၏။ (ပထဝီကသိုဏ်းမှ)ကြွင်းသော ကမ္မဋ္ဌာန်းတို့၌လည်း ထိုထိုကမ္မဋ္ဌာန်းအားလျော်သော (အခြင်းအရာကို) ဟောအပ်ပေသည်။
ဤသို့ ကမ္မဋ္ဌာန်းကို ဟောပြစဉ်ကာလ၌ ထိုယောဂီသည် (မှတ်မိကြောင်း)နိမိတ်ကိုယူ၍ နားထောင်အပ်၏။ နိမိတ်ကိုယူ၍-ဟူသော ဤစကား၌ “ဤသည်ကား အောက်ပုဒ်၊ ဤသည်ကား အထက်ပုဒ်၊ ဤသည်ကား ဤပုဒ်၏ [၁၁၄] အနက်၊ ဤသည်ကား ဤပုဒ်၏ ဆိုလိုသောအဓိပ္ပါယ်။ ဤသည်ကား ဥပမာ”ဟူ၍ ဤသို့ ထိုထိုအခြင်းအရာကို (စိတ်၌)ဖွဲ့ချည် မှတ်သား၍-ဟူသော အနက်ကို (ဆိုလို၏)။ ဤသို့ နိမိတ်ကိုယူ၍ ရိုရိုသေသေ နာယူသောယောဂီသည် ကမ္မဋ္ဌာန်းကို ကောင်းစွာယူ(အပ်)ပြီး ဖြစ်ပေ၏။ ထိုသို့ ကောင်းစွာယူသည်ရှိသော် ထိုယောဂီအား ထိုကမ္မဋ္ဌာန်းကို အမှီပြု၍ တရားထူးရခြင်း ပြီးစီးပြည့်စုံတတ်ပေ၏။ ထိုသို့ ကောင်းစွာမယူသော ယောဂီအား (တရားထူးရခြင်း) မပြီးစီး မပြည့်စုံတတ်ပေ။
ဤမျှသော စကားအစဉ်ဖြင့် “ကလျာဏမိတ္တ (မိတ်ဆွေကောင်း ဆရာမြတ်)ကို ချဉ်းကပ်၍ ကမ္မဋ္ဌာန်းလေးဆယ်တို့တွင် မိမိ၏စရိုက်
၃၆၁
အားလျော်သော တပါးပါးသောကမ္မဋ္ဌာန်းကို ယူ၍”ဟူသော ဤပုဒ်ကို အလုံးစုံသော အခြင်းအရာအားဖြင့် ချဲ့၍ ပြအပ်(ကုန်)ပေပြီ၁။ ဤတွင် စကားတရပ်ပြီး၏။
ဤသည်ကား သူတော်ကောင်းအပေါင်းတို့၏ နှစ်သိမ့်ဝမ်းမြောက်ခြင်းငှါ စီရင်(အပ်)သော ဝိသုဒ္ဓိမဂ်ကျမ်းဝယ် သမာဓိဘာဝနာအရာ၌ ကမ္မဋ္ဌာန်းယူခြင်းကို အကျယ်ပြချက် (ကမ္မဋ္ဌာနဂ္ဂဟဏနိဒ္ဒေသ)မည်သော သုံးခုမြောက်ဖြစ်သော အပိုင်းအခဏ်းပေတည်း။
ကမ္မဋ္ဌာန်းယူပုံကို အကျယ်ပြချက်ပြီး၏။
၁-ချဲ့၍ပြခြင်းကိစ္စ အလုံးစုံ ပြည့်စုံပြီးစီးပြီ-ဟု ဆိုလို၏။