မာတိကာသို့ ခုန်သွားရန်

ဝေဘူတရားတော်များ

ဝီကီရင်းမြစ် မှ
6066ဝေဘူတရားတော်များ — ဝေဘူဆရာတော်

အပါယ်မကျချင်ရင် အချိန်ရှိတုန်း ကြိုးစားကြ အပိုင်း (၁/၂)

▬▬▬▬ஜ۩۞۩ஜ▬▬▬▬

[၁၉၅၅ ခု၊ မေလ ၉-ရက်နေ့ညက ရန်ကုန်တက္ကသိုလ် ဓမ္မာရုံတွင် အချိန်ရှိခိုက် ကြိုးစား အားထုတ်ကြရန် ဝေဘူဆရာတော် ဘုရားကြီးက အောက်ပါအတိုင်း တိုက်တွန်း ဟောကြားတော်မူခဲ့သည်။]

ဝေဘူဆရာတော် အရှင်မြတ်သည် ပထမဦးစွာ ရှစ်ပါးသီလတော်ကို ပေးပြီးနောက် အောက်ပါအတိုင်း တရားတော်ကို ချီးမြှင့်တော်မူသည်။

တရားနာခံအဖြစ် ဦးလှက ဆောင်ရွက်သည်။

သီလကို ဆောက်တည်၍ ပြီးကြပြီ၊ ဆောက်တည်၍ပြီးလျှင် ပြည့်စုံအောင် ဖြည့်ကျင့်ကြ၊ ဖြည့်ကျင့်လို့ ပြည့်စုံပြီ ဆိုမှဖြင့် စိတ်နှလုံးအလို တောင့်တ ရည်ရွယ်ချက် အသီးသီးတို့ဟာ အကြွင်းအကျန်မရှိ အကုန်လုံးပြီးအောင်မြင်ရော

ထိုသို့ ဖြစ်သောကြောင့် ပစ္စုပ္ပန်သံသရာ နှစ်ဖြာ တောင့်တ ရည်ရွယ်ချက် အသီးသီးတို့ကို ပြီးစီးခြင်းငှါ အလိုရှိကြတဲ့ သူတော်ကောင်း အစားစားတို့ဟာ ပစ္စုပ္ပန်သံသရာ နှစ်ဖြာတောင့်တ ရည်ရွယ်ချက်တို့ကို ပြီးစီးခြင်းငှာ စွမ်းနိုင်ပါတဲ့ သီလကို ကြိုးစားပြီးတော့ ဖြည့်ကြ၊ ကျင့်ကြ၊ သီလ၌ တည်ပြီးငတာ့ ပြုကြတဲ့ ကုသိုလ် အဖြာဖြာတို့သည် မှန်းထားတဲ့ အတိုင်း အထွတ်အထိပ်သို့ ပြီးစီးအောင် ဆောင်တယ်။ ပို့တယ်။

ထိုသို့ဖြစ်သောကြောင့် သီလ၌ တည်ပြီးတော့ စိတ်ထဲ၌ နှစ်သက်ဖွယ်၊ သဘောကျဖွယ် ဖြစ်တဲ့ ကိုယ်ပိုင်ဖြစ်တဲ့ ပစ္စည်းတို့ကို ကိုယ်ပိုင် ကိုယ်တိုင် စိတ်နှလုံးအားဖြင့် နှစ်သက်ဖွယ်တို့ကို ကောင်းမွန်စွာစီမံပြီး၊ အလှူဝတ္ထုကို ရိုသေလို့ ၊ အလှူခံကို ရိုသေလို့ စိတ်ကိုဖြောင့်မတ်စွာ ထားပြီးတော့ အတုအတူ မရှိပါတဲ့ ဘုရားရှင် သာသနာတော်ကို ကိုယ်ပိုင် ကိုယ်တိုင် ဆပ်ကပ် လှူဒါန်းပြီးတော့ ကိုယ်နှစ်သက်ရာ ဖြစ်တဲ့ ဗောဓိဆုနှင့် နိဗ္ဗာန်သို့ စံဝင်ရပါလို၏ လို့ ဆုယူဆုတောင်းကြရတယ်။

ဗောဓိသုံးမျိုး

▬▬▬▬▬

ဗောဓိဆိုတာ သစ္စာလေးပါးကို ထိုးထွင်းပြီး သိတာမြင်တာကို ဗောဓိလို့ ခေါ်တယ်။ ဗောဓိသည် သမ္မာသမ္ဗုဒ္ဓဗောဓိ၊ ပစ္စေကဗောဓိ၊ သာဝကဗောဓိ၊ သာဝကတွင်မှ အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝကရယ်လို့ အသီးသီးရှိကြပါတယ်။ ဧတဒဂ် ရာထူးဌာနန္တရ တို့မှာလည်း အသီးသီး ကိုယ်အလိုရှိရာ နှစ်သက်တဲ့ ဧတဒဂ် ရာထူးဌာနန္တရနှင့် ပြည့်စုံရပါလို၏လို့ ဆုယူ ဆုတောင်းကြရတယ်။

အဲဒီလို တောင့်တတဲ့အတိုင်း ပြီးစီးအောင်မြင်လို့ နိဗ္ဗာန်သို့ စံဝင်ကြွသွားတော်မူကြတဲ့ သူတော်ကောင်း အစားစားတို့ဟာ ရေတွက်ခြင်းငှါ မစွမ်းနိုင်အောင် များပြားပါတယ်ဗျ။ ဘာကြောင့်မို့ ဤကဲ့သို့ စိတ်နှလုံးအလို တောင့်တတဲ့အတိုင်း ပြီးနိုင်ပါသတုန်းဆိုတော့ အခါကောင်းလို့ဘဝကောင်းလို့ဝီရိယကောင်းလို ဤကဲ့သို့ တောင့်တချက်တွေဟာ အသီးသီး ပြီးသွားကြတယ်။

ဘုရားပွင့်တော်မူတဲ့အခါ ဘုရားသာသနာ ရှိတဲ့အခါမှာ အခါကောင်း မည်တယ်။ လူ့ဘဝ နတ်ဘဝ သုဂတိဘဝကို ရကြမှုသည် ဘဝကောင်း မည်တယ်။ လိုအပ်တဲ့ နှစ်သက်တဲ့ ဗောဓိမှန်းထားချက် အသီးသီးဟာ ရှိကြပါတယ်။ ဤကဲ့သို့ နှစ်သက်တဲ့ မှန်းထားပြီးသား၊ ရက်ရွယ်ပြီးသား ဗောဓိတို့ကို ပြီးမြောက်အောင် ရှေးအရှင် သူငယ်ကောင်းများ၏ ဝီရိယကဲ့သို မီအောင် ညီအောင် ဖြည့်ကျင့်မှုကို ဝီရိယ ခေါ်တယ်။

ဒီတော့အခါ ဘဝကောင်းတာ သိပြီးတော့ ကိုယ်လိုချင်တဲ့ ဗောဓိကိုပြီးအောင် ဝီရိယ ထူထောင်မှုဟာ အဲဒီဝီရိယကောင်း မည်ပါတယ်။ ဒီတော့ အခါကောင်း ဘဝကောင်းလို့ ဝီရိယ ကောင်းကြမယ်ဆိုတော့ အကုန်လုံး နှစ်သက်ဖြစ်တဲ့ အသီးသီးတို့ဟာ အကုန်လုံး ပြီးစီးကြရော။

တောင့်တတဲ့အတိုင်း

▬▬▬▬▬▬▬

ဘုရားရွှေလက်ထက်တော်က များစွာသော လူနတ်ဗြဟ္မာတို့ဟာ ဘုရားထံမှောက်သို့ အစဉ်အတိုင်း ရောက်ကြတယ်။ ဤကဲ့သို့ ရောက်ကြတယ် ဆိုရင်ပဲ ဘုရားရှင်ရဲ့ အသရေတော်ကို မျက်မှောက်အားဖြင့် လေးစားကြည်ညိုနေတဲ့ အခါကျပြီဆိုတော့ ဘယ်လူ ဘယ်နတ် ဘယ်ဗြဟ္မာမှ အားမရ မရောင့်ရဲနိုင်ပါဘူးတဲ့ဗျာ။

ဒီတော့ စိတ်အားဖြင့် ကြည်ညိုပြီးတော့ နှစ်သက်ဖွယ်ဖြစ်တဲ့ ပူဇော်မှုတို့ကို အတုအတူ မရှိပါတဲ့ ဘုရားရှင်အား ပြကြပါတယ်။ အတုအတူ မရှိပါတဲ့ ဘုရားရှင်သည် ကိုယ်တော်တိုင် ထိုးထွင်းပြီးတော့ သိတဲ့အတိုင်း သဗ္ဗညုတ ရွှေဉာဏ်ဖြင့် များစွာသော လူနတ်ဗြဟ္မာတို့အား သိစေတော်မူတယ်။

ဤကဲ့သို့ ဘုရားအဆုံးအမတော်ကို ရကြသည့် အချိန်ကစပြီးတော့ မချတဲ့ဝီရိယနှင့် လေးပါးသော ဣရိယာပုထ်တို့မှာ ဤကဲ့သို့ တစ်ဆက်တည်း ပြီးအောင်ဟာ ထူထောင်ပြီးတော့ကို မှန်းထားတဲ့အတိုင်း ပြီးအောင်ဟာ ယူကြ ဆောင်ကြ ဖြည့်ကြတယ်။ အဲဒီအခါကျပြီဆိုတော့ အခါမလင့် တောင့်တတဲ့အတိုင်း အသီးသီးတို့ဟာ ပြီးစီး အောင်မြင်ကြပါတယ်။

ပြီးစီး အောင်မြင်ကြတာတွေဟာ ဘယ်လောက် များပါသလဲဆိုရင် အချိန်တစ်ခုခုမှာ တွင်ပဲ ကုဋေပေါင်းတစ်ရာ၊ တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်းမက တစ်ခါတစ်ခါ ကျတော့ ကုဋေပေါင်း အသင်္ချေ။ ဤကဲ့သို့ တစ်ပြိုင်နက်တည်း စိတ်နှလုံး အလို ပြီးကြတာတွေဟာ များပါတယ်ဗျာ့။

ဒီအချိန်က ဘယ်လိုအချိန်တိုင်း အချိန်တိုင်းဟာ ဘုရားပွင့်တော်မူသည့် အချိန်ကစပြီး များစွာသော လူနတ် ဗြဟ္မာတို့ဟာ ဆက်ကာ ဆက်ကာ အချိန်တိုင်း အချိန်တိုင်း အကုန်လုံးတို့ဟာ ယူကြလို့ အချိန်တိုင်း အချိန်တိုင်း တောင့်တတဲ့အတိုင်း ပြီးကြတာဗျာ့။

ဒီတော့ ခဏတစ်မုဟုတ်ကလေးကိုပင် မရေတွက်နိုင်အောင် စိတ်နှလုံး အလိုကို လူနတ်ဗြဟ္မာတို့ဟာ ပြီးတယ်ဆိုတော့ အချိန်တိုင်း အချိန်တိုင်း ဆက်ကာ ဆက်ကာ ယူကြပါ-တဲ့။ လူနတ်ဗြဟ္မာတွေဟာ ရှိတယ်ဆိုတော့ စိတ်နှလုံး အလို တောင့်တ ချက်တွေ ပြီးကြတာတွေဟာ မှန်းထားလို့ ရနိုင်စရာမရှိပါဘူးဗျာ့။ ဒါ အခါကောင်း၊ ဘဝကောင်း၊ ဝီရိယ ကောင်းကြပုံဗျာ့။

ပြီးတော့ ဘုရားပရိနိဗ္ဗာန် စံဝင်ကြွသွားပြီးတဲ့နောက် ဘုရားသာသနာတော် ထားတော် မူခဲ့တယ်။ အဲဒီအခါမှာ ဘုရားအဆုံးအမ သာသနာကို မှတ်သားပြီးတော့၊ ဝီရိယတွေနှင့် ထူထောင်ပြီးတော့ ယူကြတယ်။ ယူကြတော်လဲပဲ အချိန်တိုင်း အချိန်တိုင်း မှာတွင်ပဲ တောင့်တ ရည်ရွယ်ချက် အသီးသီးတို့ဟာ ပြီးစီး အောင်မြင်ကြပါတဲ့ လူနတ် ဗြဟ္မာတွေဟာ မရေတွက်နိုင်အောင် ရှိပါတယ်ဗျာ့။

ဘယ်လို အချိန်မျိုးလဲဆိုတော့ ဘုရားသာသနာရှိတဲ့ အချိန်အခါ၊ ဘုရားပွင့်တော်မူတဲ့ အခါမှာ ယခုလို ရထားကြတဲ့ ဘဝမျိုးတွေပါပဲဗျာ့။ သုဂတိ လူ့ဘဝ၊ နတ်ဘဝ ဆိုတဲ့ ဘဝမျိုး ရကြတော့ မြင့်မြတ်တဲ့ ယခုလို ရထားကြတဲ့ ဘဝမျိုးတွေ ရကြတယ်လို့ သိပြီးပြီ ဆိုတော့ လူ့ဘဝ၊ နတ်ဘဝ၊ ဗြဟ္မာဘဝ ဖြစ်ကြတဲ့ ရှေးအရှင်သခင်တွေက ကိုယ်လိုချင်တဲ့ တောင့်တချက် ပြီးလိုသည် ဖြစ်သောကြောင့်၊ ပြီးချင်သည် ဖြစ်သောကြောင့် ဝီရိယထူထောင်ပြီး ပြီးမြောက်အောင် ယူကြတာဗျာ့။

ပြီးလိုတဲ့ဆန္ဒ ပေါ်ပေါက်လာတယ်၊ သည်လို ဆန္ဒဖြစ်သည့် အားလျော်စွာ ဝီရိယ ကလည်း ထပ်ချပ်ပါပြီး ဆောင်ကြ ယူကြတော့ အကုန်လုံး ပြီးကြတာဗျာ့။ သည်တော့ အချိန်တိုင်း အချိန်တိုင်း ယူကြတဲ့ လူ၊ နတ်၊ ဗြဟ္မာတွေဟာ အကုန်လုံး ပြီးကြပါတယ်။

အခုလဲပဲ ဝီရိယဘွေနှင့် ထူဆောင်ပြီးတော့ ယူကြမယ်ဆိုရင် အသီးသီး အကုန် ပြီးကြမှာပါဗျာ့။ သည်တော့ အချိန်အခါ ဘဝကောင်းတာ သိပြီးတော့ ကိုယ်လိုချင်တဲ့ ချမ်းသာကို ယူလို့ရှိလျှင် အထွတ်အထိပ်တွေပင် ပြီးတယ်ဆိုတော့ သည်အချိန်အခါ ဘဝတို့ထက် မြင့်မြတ်သာလွန်တဲ့ ဘဝများဟာ ရှိနိုင်ပါဦးမလားဗျာ့။
ဖြေ။ ။ မရှိနိုင်ပါဘူးဘုရား

ဘုရားရှင် အဆုံးအမ

▬▬▬▬▬▬▬▬

သည်တော့ သည်အချိန် အခါမျိုးဟာ လိုချင်တာကိုရတဲ့ အချိန်အခါဗျာ့။ ဒါကြောင့် သာသာကလေး ယူရုံပါပဲဗျာ့။ ဘယ်လိုဟာတုန်း ဆိုတော့ ဘုရားဆုံးမပါတဲ့ အဆုံးအမကို အခု အားလုံးသော မေတ္တာရှင်၊ ကရုဏာရှင် ဖြစ်ကြပါတဲ့ သံဃာတော် အရှင်ကောင်းတို့ဟာ မေတ္တာတည်း ဟူသော မိုးစွေပြီးတော့ အမြဲအားဖြင့် အခွင့်အခါ ရတိုင်းရတိုင်း အချိန်အခါ သင့်လျော်တိုင်းမှာ အလုံးစုံတို့့ကို အချည်းနှီးမဖြစ်စေဘဲ သုံးပိဋကတ်တို့ကို ပို့လို့ ချလို့၊ ဟောလို့၊ ပြောလို့၊ သွန်သင်ဆုံးမလို့ အဲသည်လို နေကြပါတယ်။

သုံးဖြာပိဋကတ်တို့ဟာလည်း ဘုရားရှင် အဆုံးအမတော်တွေပါပဲ။ ဘုရားရှင် သာသနာပါပဲ။ သည့်လောက် များပြားကြတာဗျာ့၊ သည်လိုများပင် များသော်လည်းပဲ သည်ဟာတွေကို ထပ်တင်တလဲလဲ အစဉ်သနားပြီးတော့ သံဃာတော် အရှင်ကောင်း တို့ဟာက ညွှန်ကြားဆုံးမ ထားသည်ဖြစ်သောကြောင့် အားလုံးသော ဒကာကြီး ဒကာမကြီးများဟာ ကိုယ်နှင့်တန်သလိုကတော့ ကျွမ်းနှီးလိမ္မာတာက သေသေချာချာ ပါဗျာ့။ အားလုံး မှတ်သားပြီး ရှိကြပါတယ်။ ပြောတတ် ဟောတတ် ရွတ်တတ် ဖတ်တတ် အဲသည်လိုပါဗျာ့။

ဆင်းရဲမှ လွတ်မြောက်မှု

▬▬▬▬▬▬▬▬▬

သည်တော့ ဘုရားဆုံးမတဲ့ အဆုံးအမတွေဟာ များပြီးနေပင်ငြားသော်လည်း စင်စစ်မှာတော့ အားလုံးတို့ဟာ ဆင်းရဲမှ လွတ်မှု တစ်ခုပဲ ဖြစ်ပါသဗျာ့။ ဆင်းရဲမှ လွတ်မှုဖြစ်သည် ဖြစ်သောကြောင့် ကိုယ်အလိုရှိရာ နှစ်သက်ဖြစ်တဲ့ ဘုရားရှင် ဆုံးမတဲ့ အဆုံးအမ မှန်မှန် တစ်ခုကို ဝီရိယသန်သန်နှင့် ရှေ့ အရှင်ကောင်းတွေကတော့ ယူကြပါတယ်။ ဒါကြောင့် ဘုရား ရွှေလက်ထက်တော်က ရှေးအရှင်တွေဟာ မိမိတို့ တောင့်တတဲ့အတိုင်း ပြီးစီးကြတယ်။

အခုလည်းပဲ ဘုရားရှင် ဆုံးမပါတဲ့ အဆုံးအမ မှန်မှန်ကို ဝီရိယသန်သန်နှင့် ရှေးအရှင်တွေရဲ့ ဝီရိယကို မီအောင်ဟာ ထူထောင်မည် ဆိုလျှင် ဝီရိယိဒ္ဓိပါဒ် ပေါ်ပေါက်လာပြီး ဤကဲ့သို့ ဘုရားဆုံးမတော်မူတဲ့ အဆုံးအမ အစားစားဟာ ဆင်းရဲမှ လွတ်မှု တစ်ခုဆိုတာကို အားလုံး သိရှိနားလည်ကြပါတယ်။

တိုတိုမှတ်ပြီး ထားလို့ သိရှိတာကတော့ အဲဒါကလည်း ဘုရားရှင် ဟောတော်မူတာကို မှတ်ထားတာ ဖြစ်သောကြောင့် ရွတ်တတ်၊ ဖတ်တတ်၊ ဟောတတ်၊ ပြောတတ်တာ ကလည်း သိတာပဲ။ အဲဒီလို သိတာကလည်း အစီးအပွားတွေပဲ။

လိုက်နာပြီဆိုလျှင်

▬▬▬▬▬▬

အဲဒါက ဘယ်လို အစီးအပွားပါလဲဆိုရင် အဲသည် အစီးအပွားလောက်ပဲ များတယ်။ ဘုရားရှင် ဆုံးမတာကို လိုက်နာသည် ဖြစ်သောကြောင့် ချမ်းသာသုခနှင့် ဆိုက်လာတဲ့ ဥစ္စာကမှ တွေးပြီးတော့ မနေရဘဲနှင့် သေသေချာချာ ရှင်းရှင်း လင်းလင်းကြီး နားလည်တယ်။ ဘုရားရှင် ဆုံးမတော်မူတာတွေက ဆိုရင် ဤကဲ့သို့ လိုက်နာတော့ တောင့်တတဲ့ အတိုင်းဟာ ပြီးစီး အောင်မြင်ကြဖို့ရာ သံသရာ တစ်လျှောက်လုံးအတွက် ဆုံးမတော်မူတာဗျာ့။

ဆုံးမတော်မူတဲ့အတိုင်းသာ လိုက်နာပြီဆိုရင် အကုန်လုံးတိုဟာ ပြီးကြအောင်မြင်ကြပါရောဗျာ။ ဘုရားရှင် ရွှေလက်ထက်တော်က ခုလိုပဲ ဘုရားသာသနာ ထားတော် မူပါတဲ့ အချိန်အခါမှာ အဆုံးအမကိုရပြီးတော့ ထူထောင်ကြမည်ဆိုလျှင် အားလုံး တိုဟာ ဤကဲ့သိုချည်းပဲ ပြီးစီး အောင်မြင်မှာ ထပ်တူညီမျှပါဗျာ့။

ဒါကြောင့် အချိန်အခါ ဘဝတွေကဆိုရင် ဘယ်လိုတုန်းဆိုတော့ အမြင့်ဆုံး အမြတ်ဆုံး ဖြစ်တဲ့ အဖြာဖြာသော ဗောဓိတို့နှင့် ထိုက်တဲ့တန်တဲ့ အချိန်အခါပါဗျာ့။ အရယူလို့ ရှိလျှင် သည်အချိန်တွေဟာ ထိုက်တဲ့တန်တဲ့အချိန် ဖြစ်ပေမယ့် မယူကြဘူး ဆိုမှဖြင့် ချမ်းသာ သုခတွေဟာ မဆိုက်သာ မရသာပါဘူးဗျာ့။

သည်အချိန်လည်း နောက်ကိုပြန်ပြီးတော့ မဖြစ်ပေဘူးဗျာ့။ နောက် တော်တော် ကလေးကြာမှ မှန်းထားတဲ့အချိန် ရောက်ပြန်ပြီဆိုတော့ အဲသည် အချိန်မှာ ထူထောင် ပြန်တော့ ရှေးအရှင်တွေကို ရှေးအရှင်တွေရဲ့ ဝီရိယကို မီတဲ့ ညီတဲ့အချိန်မှာ တောင့်တတဲ့အတိုင်း ပြီးမယ်။ ယခုကတည်းက မယူဘူး ဆိုပြီးတော့ မယူဘဲနှင့် နေတဲ့အချိန်ဟာ နောက်တစ်ခါ ပြန်မဖြစ်ဘူး။

ဒါကြောင့် အချိန်တွေ မြင့်မြတ်တာ သိပြီးတော့ အချည်းနှီး မဖြစ်ရအောင် လိုချင်တဲ့ တောင့်တချက်ပြီးအောင် ရှေး အရှင်များကဲ့သို့ ဝီရိယ ထူထောင်ပြီးတော့ ကြိုးစား အားထုတ်ကြ။ အားထုတ်ကြပြီ ဆိုမှဖြင့် ရှေးအရှင်များ ကဲ့သို့ပင်လျှင် အားလုံးတို့ဟာ ရွှင်ကြ၊ ပျော်ကြရမှာပါဗျာ့။

ဒါကြောင့်မို့လို့ လုံ့လ ဝီရိယတွေနှင့် ထူထောင်ပြီးတော့ အခုလို ယူကြ ဆောင်ကြ ရပါတယ်။ အဲသည်လို ယူကြ ဆောင်ကြရင် အားလုံးတို့ဟာ ဝမ်းမြောက်ကြရ ပါလိမ့်မယ်။ ဝမ်းမြောက်မှုမှာလည်း တစ်ခဏစာ၊ တစ်ဘဝစာ မဟုတ်ဘူး။ သံသရာ တစ်လျှောက်လုံး အတွက်ကို အောင်အောင် မြင်မြင်ကြီး ဤကဲ့သို့ ဝမ်းမြောက် ကြရသတဲ့ဗျာ။ အေး … ယခုလို ဆောင်ရွက်ကြတယ် ဆိုတာ ဘယ်လိုတုန်း ဆိုတော့ ဘုရား ဆုံးမပါတဲ့အတိုင်း ထားသင့်တဲ့နေရာမှာ ထားတော့ စူးစူးစိုက်စိုက် နေတယ်။ အဲသည်လို နေတဲ့အခါကျတော့ ဆင်းရဲမှု၊ ပင်ပန်းမှု ရှိကြသေးသလား။
ဖြေ။ ။ ဆင်းရဲမှု၊ ပင်ပန်းမှု မရှိပါဘူးဘုရား

မေး။ ။ ထိုင်ပြီးအာရုံပြုတော့လဲ ဖြစ်တာပဲ မဟုတ်လား။
ဖြေ။ ။ ဖြစ်ပါတယ်ဘုရား

မေး။ ။ မတ်တတ်ရပ်ရင်း ထားတဲ့နေရာမှာ နေတဲ့ဟာကို တစ်ဆက်တည်း ဖြစ်အောင်၊ မတ်တတ်ရပ်တဲ့အခါ ပါအောင်ဆောင်မယ် ဆိုလို့ ရှိလျှင် မဖြစ်ဘူးလားဗျာ။
ဖြေ။ ။ ဖြစ်ပါတယ်ဘုရား

မေး။ ။ လမ်းခရီးသွားရင်း သည်အတိုင်း တစ်ဆက်တည်းယူရင် မဖြစ်ဘူးလား။
ဖြေ။ ။ တစ်ဆက်တည်း ယူလို့ ရှိလျှင် ဖြစ်ပါတယ်ဘုရား

မေး။ ။ ဤကဲ့သို့ အစဉ်အတိုင်း ပြုဖွယ်ကိစ္စ အဖြာဖြာ ပြုတဲ့နေရာမှာလည်း မလစ်လပ်ရအောင် ဆောင်ရွက်ရင်း ထားရင် ဖြစ်တာပဲ မဟုတ်လား။
ဖြေ။ ။ ဖြစ်ပါတယ်ဘုရား

မေး။ ။ အဲသည်လို ဆောင်ရွက်ပြီး နေတဲ့ဟာကို သူတစ်ပါးတို့က သိသလားဗျာ။
ဖြေ။ ။ မသိပါဘုရား

မေး။ ။ ပစ္စည်းရော ကုန်သလားဗျာ။
ဖြေ။ ။ မကုန်ပါဘုရား

အေး .. ဒါဖြင့် ပစ္စည်းလည်း မကုန်ဘူး၊ အလုပ်အကိုင်လည်း မပျက်ဘူး၊ ပင်လည်း မပင်ပန်းဘူး၊ ကိုယ်လိုချင်တဲ့ ချမ်းသာသုခ တို့ကိုလည်း လွယ်လွယ်ကူကူနှင့် ရကြပါတယ်ဗျာ။ သည်တော့ ဆောင်ရွက်လိုတဲ့ စိတ်ဆန္ဒဖြစ်ကတည်းက ရွှင်ရပျော်ရ ပါတယ်။ ဆောင်ရွက်တော့လည်း သည်ထက်တိုးပြီး ရွှင်ရပျော်ရတယ်။

ဘုရားဆုံးမကြတဲ့အတိုင်း လိုက်နာကြတဲ့အခါ ရှေးအရှင်တွေရဲ့ ဝီရိယကို မီလို့ ညီလို့ ဆိုက်လာတဲ့အခါမှာ အတိုင်းထက် အလွန်ပျော်ကြ ရွှင်ကြရပါတယ်၊ ဒါဖြင့် မြင့်မြတ်တဲ့ အချိန်အခါ ဘဝကို ရကြသည် ဖြစ်သောကြောင့် ဤကဲ့သို့ ဝမ်းမြောက်လို့ မဆုံးနိုင်အောင် ဖြစ်ကြရပါသတဲ့ဗျာ။ သည်တော့ ဝမ်းမြောက်လို့ မဆုံးနိုင်ဘူးဆိုတာ ကိုယ် ဒီလိုဆောင်ရွက်လို့ ဆိုက်လာတဲ့အခါ ကျပြီ ဆိုတော့ တို့အတွက် ဝမ်းမြောက် ရပါတယ်။

ပြီးတော့ ဘယ်လိုတုန်းဆိုရင် ဒါမျိုးဟာက ဝန်တိုတာ မဟုတ်တော့ ထပ်တူညီမျှ သည်လို ချမ်းသာသုခကို ရစေချင်ပြန်တယ်။ ရရာရကြောင်းကို ပြီးတော့ ရလောက်အောင် ထူထောင်လိုတဲ့ ဆန္ဒတွေဖြစ်၊ ဆန္ဒတွေ ဖြစ်တဲ့အခါကျတော့ ဘယ်လိုများ ဖြစ်မှာတုန်း ဆိုတော့ ဘုရားရှင် သာသနာ တည်ပြီဆိုမှဖြင့် ဤကဲ့သို့ လူနတ်ဗြဟ္မာ တွေဟာ အဆုံးအမကို အရယူပြီးလို့ လိုအပ်တဲ့ ချမ်းသာသုခကို အပိုင် ယူတော့ ကြရမှာကို သိပြီး သည်လိုပြုတယ်။

သည်တော့ လူနတ်ဗြဟ္မာတွေဟာ အချိန်တိုင်း အချိန်တိုင်း ယူကြလို့ ရတာမြင်တော့ အတိုင်းထက်အလွန် ပျော်ကြ ရွှင်ကြပါတယ်။ ပြီးတော့ ဤမျှကလေးမှာတွင်ပင် ဘုရားသာသနာ တည်ရာ တည်ကြောင်းကို ထူထောင်ပြီးပြုတော့ ဤကဲ့သို့ဖြစ်တယ်။

ပြီးတော့ မှန်းသလောက် မကအောင် အစီးအပွားတွေ များတယ်။ ငါ့မှာ ပီရိယ တွေလည်း ရှိသေးတယ်။ သည့်ထက် တိုးပြီး ပူဇော်လိုတဲ့ ဆန္ဒဖြစ်သည့် အားလျော်စွာ တိုးပြီးတော့ ပူဇော်၊ အဲသည်လို ပူဇော်တော့ အစီးအပွားတွေဟာ မြင့်မြတ်သည်ထက် မြင့်မြတ်ပြီးတော့ ချမ်းသာသုခ အများတွေဟာလည်း ဆိုက်လာပယ်တော့ သည်မှာ ဘယ်အခါမှ အားမရ မရောင့်ရဲနိုင်အောင် တသီတတန်းကြီးဟာ အကုန်ဖြစ်တာပဲဗျာ့။

ပြောမကုန်နိုင်

▬▬▬▬▬

အဲ့ဒါ အခါ ဘဝကောင်းသည့် အားလျော်စွာ ဝီရိယတွေ ထူထောင်ပြီးတော့ ယူကြတဲ့ အသီးသီးတို့ဟာ ပြောမကုန်နိုင်အောင် ပျော်ရွှင်ကြပုံပါတဲ့ဗျာ့။ အဲသည်တော့ ဘ၀ကောင်းတာ သိပြီးပြီဆိုတော့ အခုလို ဆောင်ရွက်ကြတာဗျာ။ ဒါဟာ ရှေးအရှင် တွေက မှတ်သားပြီးပြီဆိုတော့ သည်လို သွားတာဗျာ့။ အခုလဲပဲ အားလုံးတို့ဟာ ဤကဲ့သို့ ဆင်းရဲမှ လွတ်မှုဖြစ်တဲ့ ဘုရားရှင် ဆုံးမတာ တွေကိုလည်းပဲ ကျွမ်းနှီး လိမ္မာကြတယ်။

ပြီးတော့ ရှေးအရှင်တွေ အသီးသီးဟာလည်း မိမိတို့ လိုချင်တဲ့ ချမ်းသာသုခတွေ ဆိုက်နေတာကို မှတ်သားထားတာကလည်း များတယ်၊ ပြောလို့ မကုန်နိုင်အောင် ဖြစ်တယ်။ အဲသည်လို အဲသည်လို ဖြစ်သည့် အားလျော်စွာ ကိုယ်ကလည်းပဲ ဤကဲ့သို့ ထပ်တူညီမျှ အရယူပါမည်လို့ ဆန္ဒဖြစ်ပေါ်ပြီဆိုတော့ ဝီရိယနှင့်တကွ ပါလာတော့ အပြီး အဆုံးတိုင်မှာကိုလည်း ဧကန္တ သိပြီး ဤကဲ့သို့ ဆန္ဒတွေ မပေါ်သေးလို့ ရှိလျှင်လည်း ပေါ်အောင်၊ ပေါ်ပြီးသား ရှိလျှင်လည်း မပျောက် မပျက်ဘဲနှင့် အစဉ် အတိုင်း တိုးတက်အောင် သည်လိုပြုပြီးတော့ အားလုံးတိုဟာ ယူကြဗျာ့။

အမှန်ကို ပို့ဆောင်

▬▬▬▬▬▬

အရေးအခွင့်ကို ရတာဟာလည်း ဘာသိဘာသာ ရသည်မဟုတ်၊ နောက်တုန်းက ဤကဲ့သို့ အချိန်အခါမျိုးရအောင် များများကြီး သည်ပိုးရွက်ဆောင် လာကြရပါသဗျာ့။ ဤကဲ့သို့ ဆောင်ရွက်တော့မှ သည်လိုရတာဗျာ့။ သို့သော်လည်းပဲ သောဝစ္စဿတာ ဂုဏ်နှင့် အဲသည်လို ပြည့်စုံတော့မှ ယခုလိုရပါတယ်၊ သည်လိုမှ မပြည့်စုံတော့ မရဘူးတဲ့ဗျာ့။

တို့ဘုရား ရွှေလက်ထက်တော်က အခုလို ဘုရားအဆုံးအမကို သိတယ်။ သိပင် သိသော်ငြားသော်လည်း မလွဲနိုင်အောင် သိနားလည်ချင်သည် ဖြစ်သောကြောင့် အမှန်ကို ဆောင်ပို့နိုင်တဲ့ အရှင်မြတ်များ အသီးသီးရှိတာကို သိပြီးတော့ ဆည်းကပ် ပူဇော်လိုတဲ့အတွက် တို့အရှင်မြတ်ဆီ ရောက်လာတယ်။

ရောက်လာတဲ့ အခါကျတော့ ဘာမေးသလဲဆိုရင် သင်တို့သည် ငါပြောတဲ့ဥစ္စာကို လိုက်နာနိုင်မလားလို့ မေတ္တာကရုဏာရှင်က မေတ္တာတည်းဟူသော မိုးစွေပြီး ချမ်းသာ စေချင်သည် ဖြစ်သောကြောင့် ဤကဲ့သို့ မိန့်တော်မူတယ်။

သုံးပါးသော ရဟန်း

▬▬▬▬▬▬▬

သည်အခါမှာ တစ်ပြိုင်နက်တည်း ဆိုက်လာတဲ့ သုံးပါးသော ရဟန်းတို့ဟာ အရှင်မြတ်ကို သည်လိုလျှောက်တယ်။ မှန်ပါဘုရား၊ ဆုံးမတဲ့အတိုင်း ဘုရားတပည့်တော်များ လိုက်နာနိုင်ပါတယ်။

ဘယ်လိုများ လိုက်နာနိုင်ပါသလဲ ဆိုရင် မှန်လှပါ အရှင်ဘုရား၊ အရှင်ဘုရားမှာ အနည်းငယ်မျှသော အစီးအပွားဟာ ရှိပါတယ်ဆိုရင် တပည့်တော်သည် ခြေဖနောင့်က စပြီးတော့ ကျောက်မှာ တိုသွားအောင် သွေးပါမယ်ဘုရား။ နည်းနည်းကလေး အကျိုး ရှိရုံနှင့် သည်လို ဆောင်မှာပါဗျာတဲ့။

နောက်တစ်ပါးကတော့ ဘယ်လိုလဲဆိုရင် မှန်လှပါဘုရား။ အရှင်ကောင်းဟာ အနည်းငယ်မျှသော အစီးအပွား ရှိမည်ဆိုရင် အလွန် နက်ဝှမ်းပါတဲ့ တောင် ကမ်းပါးပြတ်က ဘုရားတပည့်တော် ခုချက်ချင်း ခုန်ချနိုင်ပါတယ်ဘုရား။ ဒါဟာလည်း ဆိုရင် အရှင်မြတ်ရဲ့ အစီးအပွားတွေ လိုလားကြ၊ တောင့်တကြပုံဗျာ့။

တစ်ပါးကတော့ အနည်းငယ်မျှသော အစီးအပွား ရှိမည်ဆိုလျှင် ထွက်လေ၊ ၀င်လေ နှစ်ရပ်တို့ကို ချုပ်ပျောက် စွန့်ပစ်နိုင်ပါတယ်ဘုရားလို့ အဲသည်လို လျှောက်သတဲ့ဗျာ။

အဲသည်လို တည့်တည့် ဖြောင့်ဖြောင့် လျှောက်တဲ့အခါကျတော့ အရှင်မြတ်က သိတာပေါ့။ သည်တော့ကို ဟယ်-ဒါဖြင့် တောင့်တတဲ့ အတိုင်းဟာ ဧကန္တပြီးစီး ကြတော့မယ်။ သောဝစ္စဿတာဂုဏ်နှင့် ပြည့်စုံကြတာတွေဗျာ့။

သည်တော့ လိုက်နာပုံတွေက သည်လိုဗျာ့။ သည်အရှင်တွေကဲ့သို့ ဝီရိယတွေဟာ ညီမယ် မီမယ်ဆိုရင် အားလုံးတို့ဟာ ခုလိုကြီးပဲ ဖြစ်မှာပါဗျာ၊ သို့သော်လည်းပဲ မီဖို့ ညီဖို့ရာဆိုရင် သည်အရှင်တွေရဲ့ စိတ်ဆန္ဒက ပြောနေပေမယ့် အဟုတ်ပြောတာဗျ။ လျှောက်တာက အဟုတ်လျှောက်တာဗျာ့။ အဟုတ်ပြောတာနှင့် သည်လိုပြောရင် ဘုရားရှင်ရဲ့ အလိုတော်ကျနှင့် တည့်တယ်လို့ ဆိုပြီး ပြောတာနှင့် အခုလို အဟုတ်ပြောတာ မတူဘူးဗျာ။

မေး။ ။ ကြားကြရဲ့လား၊ တူပါ့မလား။
ဖြေ။ ။ မတူနိုင်ပါဘူးဘုရား

အဟုတ်ကို သည်အပင်က သီးတဲ့အသီးဟာ အဟုတ်ကို သည်အပင်က ထွက်သီးတာ ဗျာ့။

မေး။ ။ သည်အပင်ကသီးလို့ ထွက်လာတာ မဟုတ်ဘဲ သည်အပင်က အသီး ဖြစ်ချင်တယ် ဆိုပြီး အခြားအသီးကိုယူပြီး ဆက်ထားတာနှင့်ဆိုရင် ဘယ့်နှယ်လဲ။
ဖြေ။ ။ လိမ်တပ်တာနှင့် တကယ်အသီးနှင့် ခြားပါတယ်ဘုရား

တကယ်အသီးက တကယ်ဗျာ့၊ အမှတ်မဲ့ ဆိုရင်တော့ တကယ်သီးနေတယ်၊ တကယ် ပွင့်နေမယ်လို့ပဲ ပြောလိမ့်မယ်။

မေး။ ။ တကယ်မြင်လို့ တကယ်သိတဲ့ အခါကျတော့ ဒါဟာ အဟုတ်အပင်က သီးတာ မဟုတ်ဘူးလို့ သည်လိုသိမယ်မဟုတ်လား။
ဖြေ။ ။ သိမှာပါဘုရား

ဟုတ်ဟာကျတော့မှ အဟုတ်မြင်တာဗျာ့။ ယခုလည်းပဲ တောင့်တတဲ့ အတိုင်း အချိန်အခါ ဘဝအားလျော်စွာ သိလိုပါတယ်ဆိုရင် သည်အရှင်များ တို့ကဲ့သို့ မြင့်မြတ်တဲ့ ဆန္ဒတွေဟာ ပေါ်ပေါက်လာမယ်။ အဲသည်လို ပေါ်ပေါက်လာပြီ ဆိုမှဖြင့် အသီးသီးတို့ဟာ အခါမလင့် ချမ်းသာသုခတွေ ဆိုက်လာပါလိမ့်မယ်ဗျာ့။ အဲဒါ မြင့်မြတ်ကြပုံတဲ့ဗျာ့။

မေး။ ။ သည်အချိန်အခါ ဘဝမျိုးကို ရဖို့ရာ ဘယ့်နှယ်လဲ လွယ်ပါရဲ့လား။
ဖြေ။ ။ အင်မတန် ခဲယဉ်းပါတယ်ဘုရား

ခဲယဉ်းပုံက ဘယ်လိုလဲဆိုရင် လူ့ဘဝသာသနာနှင့် တွေ့ဖို့ မဟုတ်သေးဘူး။ လူ့ဘ၀ ရဖို့တွင်ပဲ အင်မတန် ခက်ပါတယ်ဗျာ့။ ဘယ်လို ခက်သလဲဆိုရင် လူ့ပြည်က အပ်တစ်စင်းနှင့် ဟိုဗြဟ္မာ့ပြည်က အပ်တစ်စင်းကို သာသာကလေး သည်ကအသွား ကလေးနှင့် ထောင်ထား ဟိုဗြဟ္မာ့ပြည်ကအပ်ကို သာသာကလေး ချိန်ပြီး ချရင် အပ်သွားချင်း ဒက်ခနဲ ထိဖွယ်ရာရှိပါတယ်။ သို့သော်လည်း လူ့ဘဝ ရဖို့ရာကတော့ ခဲယဉ်းလှချည့်ရဲတဲ့ဗျာ။

အခုလိုခက်တယ် ဆိုတာမှာလည်း ဗြဟ္မာပြည်နှင့် လူ့ပြည် မဟုတ်သေးပါဘူး။ သာသာကလေး လက်ကလေးတစ်ခုက အပ်တစ်စင်းကိုကိုင် တခြားလက်တစ်ခုက အပ်တစ်စင်းကိုကိုင်ပြီး သာသာကလေး အပ်သွားချင်းထိအောင် ချစမ်းပါ။

မေး။ ။ အကြိမ်ပေါင်း ဘယ်လောက်ချရင် အပ်သွားချင်း ထိပါမလဲ။
ဖြေ။ ။ မထိနိုင်ပါဘုရား

မေး။ ။ နိမ့်နိမ့်ကလေး ချမယ်ဗျာ။
ဖြေ။ ။ ဒါလဲ မထိနိုင်ပါဘုရား

အေး .. ဒါကြောင့် ဗြဟ္မာပြည်က အပ်တစ်စင်း လူ့ပြည်က အပ်တစ်စင်းကို ခုနလို ချိန်ပြီးချရင် အပ်သွားချင်းသာ ထိဖွယ်ရာရှိပါတယ်။ လူ့ဘဝကို ရဖို့ရာ ခက်လှချည် တဲ့ဗျာ။ ဒါဟာ ဘုရားသာသနာနှင့် တွေ့ဖိုရာ မဟုတ်သေးဘူးတဲ့ဗျာ။ လူ့ဘဝ ရဖို့ကိုတောင် အဲသည်လောက် ခက်ပါသတဲ့ဗျာ။

မေး။ ။ အဲဒါကတော့ လူ့ပြည်က အပ်တစ်စင်း ဗြဟ္မာပြည်က အပ်တစ်စင်းကို ထားစမ်းပါဦး။ ခုလောက်ကလေး ကိုယ့်ဟာကိုယ် အပ်ကိုကိုင်ထားပြီး သည်လိုသာ ချချနေရင် ထိမလား။
ဖြေ။ ။ မထိနိုင်ပါဘုရား

မေး။ ။ သည်လောက်တောင်ဖြစ်လှတာ အပ်သွားချင်း အနားတေ့ပြီး ထိုးစမ်း။ ထိပါ့မလား။
ဖြေ။ ။ မထိနိုင်ပါဘုရား

အဲသည်လိုဗျာ့၊ လူ့ဘဝ ရဖို့ရာဟာ အဲ့သည်လောက်ပဲ ခက်ပါတယ်။ လူ့ဘဝဟာ မြင့်မြတ်တဲ့ဘဝဗျာ့။ ပြီးတော့ ဘုရားဆုံးမတဲ့ အဆုံးအမတွေလည်း ရလိုက် ကြတာဗျာ။

မေး။ ။ တို့ပြောတာ ဟောတာကို တရားနာတာက နည်းတယ်။ သူတို့ဟောမှာက များပါတယ်။ ဟုတ်ကဲ့လားဗျာ။
ဖြေ။ ။ တရားဟောတာ မများပါဘူးဘုရား။ တစ်နေ့က အရှင်ဘုရား သစ္စာလေးပါးနှင့် ထိသိနေတာ ဟောသွားတာ တပည့်တော်တို့ ပြန်ပြောစမ်းပါဆိုရင် ဘာမပြောတတ် ပါဘူးဘုရား။ ထိသိတာနှင့် သစ္စာလေးပါးတရား ဘယ်လို ဆက်စပ်တယ်ဆိုတာ တပည့်တော် မေ့သွားပါပြီဘုရား။ ယနေ့ထပ်ပြီးတော့ သနားပါဦးဘုရား။

မေး။ ။ အမယ် တကတဲမှပဲ ဆားငန်တယ်ဆိုပြီး နေပေမယ့် ဆားငန်တယ်၊ ဆားငန်တယ်၊ ငန်တယ်လို့ ဆိုနေလို့ ဆားငန်တာ သိပါ့မလား။
ဖြေ။ ။ အခု ဒကာကြီး ဒကာမကြီးတွေမှာ အနည်းငယ်မျှ ဆားတော့ မြည်းကြည့်။ အနည်းငယ်မျှ ငန်နေမှန်း သိနေပါပြီဘုရား။ လုံ့လဝီရိယ စိုက်လို့ အတော်ပဲ ထမြောက်တဲ့ ဒကာမကြီးတွေ အတော်များနေပါတယ် ဘုရား။ သစ္စာလေးပါးနှင့် ပက်သက်ပြီးတော့ မပြောတတ်ပါဘုရား။

ကဲဗျာ၊ ဒါဖြင့် ဒါကတော့ သူတို့သစ္စာလေးပါးကို ဆိုတဲ့ဟာမျိုးက ရှာရတာမျိုး မဟုတ်ဘူး မဟုတ်လား။ ဒါကအရှိတရားဗျာ့၊ ဒကာကြီး ဒကာမကြီးများရဲ့ လုပ်ပြီတော့ ကြည့်ရတဲ့ တရားမျိုး မဟုတ်ဘူး။ ရှိတဲ့တရားဗျာ့။ ရှိတဲ့တရား ဆိုတာ ဘယ်လိုများလဲဆိုရင် ခုနထားရမယ့် နေရာကလေးမှာ ထားတယ်။ ထားပြီဆိုတော့ နေတယ်။ ခုနလိုထားလို့ တည်နေတယ်ဆိုတဲ့ နှာသီးနှာဝ ဆိုတာက ရုပ်နှစ်ခု ရှိတဲ့နေရာမှာ။

မေး။ ။ အဲဒါက ရုပ်လား နာမ်လား။
ဖြေ။ ။ နှာသီးနှာဝက ရုပ်ပါဘုရားထိတာကလေးကို သိတာက နာမ်ပါဘုရား

မေး။ ။ စိတ်ကို အခုလို သာသာကလေး ထားတော့နေတယ်။ နေတဲ့အခါကျပြီ ဆိုတော့ သည်ရုပ်နာမ်နှစ်ခုက ဖြစ်ပြီးတော့ ပျက်နေတယ် မဟုတ်လား။
ဖြေ။ ။ သည်နေရာမှာ ဒကာမကြီး တစ်ယောက်က တပည့်တော်ကို စောဒက တက်ပါတယ် ဘုရား။ နှာဝကရုပ်၊ အဲသည်ရုပ်က ဖြစ်ပျက်တယ်ဆိုတာ ပြောစမ်းပါဦးဆိုတော့ တပည့်တော် မပြောတတ်ပါဘုရား။

ဖြစ်ပျက်တယ် ဆိုတဲ့ဟာက အခုထားပြီးတော့ ကြည့်လို့ ရှိလျှင် အခု သာသာကလေး စဉ်းစားပြီးတော့ ကြည့်လိုက်လျှင် နေတယ်။ နေတဲ့အခါကျပြီ ဆိုတော့ ဖြောက်ဖြောက်နှင့်။ ဒါကတော့ ပါးစပ်ကပြောတာ။ ပျက်တာကို စဉ်းစားလိုက်လျှင် ငြိမ်ငြိမ်မနေဘူး၊ သူ့လက္ခဏာက ပြစ်ပျက်ပြီးနေပါတယ်

မေး။ ။ ရုပ်ရော နာမ်ရော ဖြစ်ပျက်ပြီး နေတဲ့ဥစ္စာဟာ အရှိဖြစ်တော့ ဤကဲ့သို့ ထားလိုက်ပြီဆိုတော့ သိတယ်မဟုတ်လား။
ဖြေ။ ။ သိမှာပါဘုရား

အဲသည်တော့ ဖြစ်ပြီးတော့ ဖြစ်ပြီးတော့ ပျက်နေတဲ့ ရုပ်နာမ်ဟာ တစ်ဖြစ်တည်း ဖြစ်ပြီး တပျက်တည်း ပျက်နေတယ်။ ဘယ်လောက် များသလဲဆိုရင် လျှပ်တစ်ပြက်မှာကို ဘယ်လောက်လဲ။ ကုဋေတစ်သိန်းတဲ့ဗျာ။ သည်လောက် ဖြစ်ပျက်နေတဲ့ ဥစ္စာဟာ များလိုက်တာ။ ကုဋေတစ်သိန်းဆိုတော့ ဖြစ်ပျက်တဲ့ နေရာမှာ လျင်မြန်လိုက်တာ များလိုက်တာကို ပြောတာဗျာ့။

မေး။ ။ အဲသည်လို ဟာတွေဟာ အကုန် မရေတွက်နိုင်သော်လည်း စဉ်းစားလိုက်လို့ ရှိရင် ခုနပြောတဲ့ ဖြောက် ဖြောက် ဖြောက် ဖြောက် ကတော့ ခုချက်ချင်း တွေ့တာ ဟုတ်ကဲ့လား။
ဖြေ။ ။ ဟုတ်ပါတယ်ဘုရား

မေး။ ။ အခုတော့ စိတ်ကလေးကို ထားလို့ နေမယ်။ အဲသည်လိုနေလို့ စဉ်းစား လိုက်ရင် ဒါကို သိရမယ်။ အဲ့သည်လို သိတော့ ရုပ်တို့ နာမ်တို့ဟာ ဖြောက် ဖြောက် ဖြောက်၊ ဖြောက်ဖြောက်နှင့် ဖြစ်ပျက် နေတာဟာ ဖြစ်ပြီးတော့ ပျက်သွားတာပဲ မဟုတ်လား။
ဖြေ။ ။ ပျက်သွားပါတယ်ဘုရား

မေး။ ။ ဒီပြင် မရှိပါဘူး။ ဖြစ်ပြီး အဲသည်လို ပျက်နေတဲ့ဥစ္စာဟာ ဘာတုန်းဗျာ့။ ချမ်းသာလား၊ ဆင်းရဲလား။
ဖြေ။ ။ ဆင်းရဲပါဘုရား

မေး။ ။ ဖြစ်ပျက်နေတဲ့ ဥစ္စာဟာ ဘာတုန်းဗျာ့။ မြဲတာလား၊ မမြဲတာလား။
ဖြေ။ ။ မမြဲတာပါဘုရား

မေး။ ။ အဲသည်လို ဖြစ်ပျက်နေလို့ မမြဲတဲ့ဥစ္စာဟာ ချမ်းသာသလား ဆင်းရဲသလား။
ဖြေ။ ။ ဆင်းရဲပါတယ်ဘုရား

မေး။ ။ ဆင်းရဲတဲ့ဗျာ့။ သည်တော့ ဆင်းရဲတဲ့ဥစ္စာကို ဘာခေါ်မလဲ။
ဖြေ။ ။ ဒုက္ခလို့ ခေါ်ပါတယ်ဘုရား။

မေး။ ။ အဲဒါ ဒုက္ခတဲ့ဗျာ့။ အဲသည်ဒုက္ခကို သိပြီ မဟုတ်လား။
ဖြေ။ ။ သိပြီ ဘုရား

မေး။ ။ သည်ဒုက္ခကြီးကို နှစ်သက်သလား။
ဖြေ။ ။ မနှစ်သက်ပါ ဘုရား

မေး ။ ။ လိုချင်သလားဗျာ့။
ဖြေ ။ ။ မလိုချင်ပါ ဘုရား

မေး။ ။ မလိုချင်၊ မရချင်ဘူးဆိုတဲ့ ဥစ္စာ ဘာလဲ။
ဖြေ။ ။ မလိုချင် မရချင်တာက ပယ်တဲ့ သဘောပါလား ဘုရား။

မေး။ ။ လိုချင်တာ ရှိသေးသလား။
ဖြေ။ ။ ။လိုချင်တာ မရှိလို့ မလိုချင်တာကို ပယ်တာပါ ဘုရား။

မေး။ ။ ရချင်တာ၊ လိုချင်တာက ဘာလဲ။
ဖြေ။ ။ သမုဒယ ခေါ်ပါတယ်ဘုရား။

မေး။ ။ အမှန်လိုချင်တာ၊ ရချင်တာကကော အမှန်မဟုတ်လား။
ဖြေ။ ။ လိုချင်တာ ရချင်တာကတော့ လူတိုင်း လိုချင်ပါတယ် ဘုရား။

မေး။ ။ ခုနဟာကို မသိလို့ လိုချင်တာ၊ ရချင်တာဗျာ့၊ အဲဒါကိုသိတော့၊ မြင်တော့၊ လိုချင်သေးသလား။
ဖြေ။ ။ အမြဲ အနိစ္စ ဖြစ်နေတာကိုသိရင် မလိုချင်ပါဘူး ဘုရား

မေး။ ။ မလိုချင်တာဟာ ပယ်တာ မဟုတ်လား။ ဟိုလိုပယ်တာဆိုတော့၊ ဒုက္ခကို သေသေချာချာ သိတာ မဟုတ်လားဗျာ။
ဖြေ။ ။ ဒုက္ခကို သေသေချာချာ မြင်၍ သိ၍ ဒုက္ခကို မလိုချင်တော့ ပယ်ပါတယ် ဘုရား

မေး။ ။ အဲဒါ ဒုက္ခသစ္စာ၊ သည်တော့ကို ယခုမှ မလိုချင်ဘူးတဲ့ဗျာ။ အဲသည်တော့ ဒါတွေဟာ ဖြစ်ပြီးတော့ ပျက်နေတာတွေကို ချုပ်တာ ပြုတာလည်း မြင်တယ် မဟုဘ် လား။
ဖြေ။ ။မြင်ပါတယ် ဘုရား

မေး။ ။ အဲဒါက ဘာခေါ်သလဲ။
ဖြေ။ ။ နိရောဓ သစ္စာလို့ ခေါ်ပါတယ်ဘုရား။

မေး။ ။ ဤကဲ့သို့ ချမ်းသာသုခ ရရာ ရကြောင်း ကလေးတွေကို မပျက်ပဲနှင့် အထက်ကို တိုးတက်ချင်သည် ဖြစ်သောကြောင့် သည်ဟာကလေးကို တစ်ရှုတည်းရှု၊ တစ်မှတ်တည်း မှတ်နေတာကို ဘာခေါ်သလဲဗျာ့။
ဖြေ။ ။ မဂ္ဂသစ္စာ ခေါ်တယ်ဘုရား။

မေး။ ။ အဲသည်လို တစ်ဆက်တည်းထားတော့ ဘယ့်နှယ်လဲ၊ ရပ်နေသလား၊ သွားနေသလား။
ဖြေ။ ။ သွားနေပါဘုရား

မေး။ ။ အဲဒါ ဘာခေါ်သလဲ။
ဖြေ။ ။ ဘာ၀နာ ခေါ်တယ်ဘုရား။

မေး။ ။ အဲ့ဒါ ဘယ်သွားဖို့ ခရီးဖြစ်မလဲ။
ဖြေ။ ။ နိဗ္ဗာန်သွားဖို့ ခရီးဖြစ်ပါတယ်ဘုရား။

မေး။ ။ အဲဒါဟာ ဘာခေါ်သလဲ။ မဂ္ဂသစ္စာ မဟုတ်လား။
ဖြေ။ ။ မဂ္ဂသစ္စာ ခေါ်ကြပါတယ်ဘုရား

ဟိုဟာကို မပြောတာကတော့ အားထုတ်ကြတဲ့ သူတော်ကောင်းများဟာ သည်လို ထားကြတော့ ဒါက ခဏကလေး ခန့်မှန်းတာ။ သည်ထက် သည် ရင့်သန်ပြီးသည့် အတိုင်းတိုင်း သွားတဲ့ အခါကျတော့ တစ်ခါတည်းပဲ တောင့်တတဲ့ အတိုင်းဟာ ဆိုက်လာလို့ အသီးသီး အောင်မြင်ကြပါရောတဲ့ဗျာ။

ဒါကတော့ ဒို့ဒကာကြီး ဒကာမကြီးတွေ သူတို့ရထားတဲ့ဟာကို အခုမေးတော့ သူတို့ သိတဲ့ အတိုင်း သည်လို သည်လိုပြောလို့ အခုလိုပဲ လျှောက်ပြီး ပြောလိုက်တာပါပဲဗျာ့။ မြင်တယ်ဆိုတာ သည့်ပြင်ဟာ မဟုတ်ဘူး။ သည်ဟာ ပြောတာဗျာ့။ ရုပ်တို့ နာမ်တို့ကို ပြောတာ။ အနိစ္စဆိုတာ၊ ဒုက္ခဆိုတာ၊ အနတ္တဆိုတာ သည့်ပြင်ဟာကို ခေါ်တာ မဟုတ်ဘူး။ သည်တစ်ခုတည်းကို ခေါ်တာဗျာ့။

မေး။ ။ ဒါဖြင့် ထိနေတဲ့ နှာသီးဝနှင့်လေနှင့်ဟာ ရုပ်ဆိုတော့ ပရမတ္ထရုပ် ဆယ့်ရှစ်ပါး ထဲက ရုပ်ကို ဆိုပါသလား ဘုရား။

ဖြေ။ ။ ဟိုဟာကတော့ ခေါ်စရာနာမည်ဗျာ့၊ ကြားလား။ နာမည်က နာမည်ဗျာ့။ အခေါ်ခံတာက အခေါ်ခံတာဗျာ့။

ဖြေ။ ။ အခေါ်ခံတာက ပရမတ်ပါဘုရား။ နာမည်က ပညတ်ပါ ဘုရား။

မေး။ ။ သည်လိုဆိုတော့ ဟုတ်သွားပလား။

ဖြေ။ ။ ဟုတ်သွားပါပြီဘုရား။

နှာသီးဝကတော့ အခေါ်နာမည်ဗျာ့။ အထဲက အခေါ်ခံရတဲ့ ဥစ္စာပါဗျာ့။ ယခုလို ပြောတာက ဘာလဲဆိုတော့ သည်လို ပြောနေကျမို့ သည်လို ပြောရတာဗျာ့၊ သူ့ဟာနှင့်သူ သည်လိုပြောမှ နားလည်မှာ၊ သည်တော့ ဘာနှင့် ပြောပြော သည်လို နားမလည်ပေမယ့် ဒါလုပ်။ နှာသီးဖျားမှာ ထားကြဆိုရင် ဟိုဟာ ဖြစ်သွားပြီ။ အဲသည်လို သူနားလည်တာနှင့် ပြောမှနားလည်တာ ဖြစ်မှာကိုး။ နားလည်တာနှင့် မပြောရင် မဖြစ်ဘူး။

ဖြေ။ ။ တပည့်တော်တို့က ကာယ ပသာဒဖောဋ္ဌဗ္ဗရုပ် ဆိုတာကို ကြားဖူး နားဝရှိပါတယ်ဘုရား။ ဒါပေမယ့် မဆက်တတ်လို့ ဒုက္ခများနေပါတယ် ဘုရား။

မေး။ ။ အခု ဘုရားဆိုဆုံးမတာက သည်လိုဆိုတော့ မှတ်မိလို့ သွားပြီမဟုတ်လား။

ဖြေ။ ။ မှတ်မိပါပြီ ဘုရား။

အဲသည်လို သူနားလည်တာနှင့်ပြော၊ သည်တော့ သူ့ဟာနှင့်သူ ဖြစ်တယ်။ နားမလည် နိုင်လို့ ရှိလျှင် ဘာခေါ်မှန်းမသိဘဲ ပြောတော့တာပဲ။ ပြောတာပဲ ကိုယ်ခေါ်တာနှင့် မတဲ့တော့ အဲ့ဒါ မသိဘဲ ဖြစ်နေတာပဲဗျာ့။

ကျေးဇူးရှင် ဖြစ်တဲ့ ဆရာတော်တစ်ပါးက မိန့်တော်မူဖူးတယ်။ ရှမ်းပြည်က လာပြီးတော့ မန္တလေးမြို့မှာ စာသင်ကြရော၊ စာသင်ကြပြီဆိုတော့ အဲ့သည်မှာ စာချတဲ့ ဆရာတော်က ရှမ်းပြည်က ဘုန်းကြီးကိုး။ ဘယ်လိုတုန်း ဆိုတော့ တစ်နေ့မှာ ပါဠိနှင့် အနက်ကို တစ်ခါတည်းပဲ ပို့ချရတယ်။ ဘယ်လို ပို့ချသလဲဆိုရင် ဂိဇ္ဈာစ၊ ဠင်းတို့သည် လည်းကောင်း။ အဲသည်လိုဆိုတော့ သည့်ပြင်ဟာတွေ ကတော့ ပေါ်လွင်တယ်။ သည်နေရာကျတော့ သူ ဆိုလို့ မဖြစ်ဘူး။

ဂိဇ္ဈာစ၊ ဠင်းတတို့သည် လည်းကောင်း။ အဲသည်နေရာကို သူ မမှတ်နိုင်ပဲကိုး။ ဠင်းတ ဆိုလို့သာ ဆိုလိုက်ရတယ်။ ဘာကောင်မှန်းကို မသိဘူး။ မသိတော့ မှတ်လို့ မရဘူး။ သည်တော့ သူသိချင်တာကို သိသည့်နေရာကျရင် မေ့မေ့ နေတယ်။

မဆိုတတ်လို့ အဲသည်လို မဆိုတတ်လို့ မေ့နေတော့ ကျေးဇူးရှင် ဆရာတော်ဘုရားက ဘယ်လို မိန့်တော်မူသလဲဆိုရင် ဟေ့ မောင်ပဉ္စင်း မင်းတို့ ရှမ်းပြည်မှာ ခွေးတွေ ဘာတွေ သေတဲ့အခါကျတော့ စားတဲ့အကောင်ကို ဘာကောင် ခေါ်သလဲလို့ မေးတော့။ ရှမ်းပြည်က ပဉ္စင်းက မှန်လှပါဘုရား၊ အဲဒါကို တပည့်တော်တို့ ရှမ်းပြည်မှာ ထိုးလဆိတ် လို့ ခေါ်ပါတယ်ဘုရားလို့ လျှောက်တယ်။ နောက်တော့ သူ့ဟာနှင့်သူနှင့် တည့်မှာဆိုတော့ ဒါဖြင့် ဂိဇ္ဈာစ၊ ထိုးလဆိတ်တို့သည် လည်းကောင်းလို့ ဆိုတော့မှ ထိုးလဆိတ်ဆိုတာလဲ သူ့အခေါ်ပေါ့လေ၊ ဘာလဲ။

ဖြေ။ဠင်းတပါဘုရား။

မေး။ ။ ဠင်းတဆိုတာ ဘာလဲ။

ဖြေ။ထိုးလဆိတ်ပါဘုရား။

အေး .. အဲဒါသိရင် ပြီးတာပဲကိုဗျာ့။ ယခုနလည်း ရုပ်နာမ် ဆိုတာက သည်ဟာကိုပဲ စုခေါ်တာပဲ။ အေး-သည်တော့ ဒါနားလည်သွားရာ။ အနိစ္စ ဆိုရင် နားမလည်နိုင်ဘူး။ အနိစ္စဆိုတာ ရုပ်နာမ်ဖြစ်ပြီး ပျက်တာကို ခေါ်တာ။ အဲသည်လို ဆိုနေပြန်လည်း မှန်ပေမယ့် မဖြစ်ပြန်ဘူး။ ဟုတ်ကဲ့လား။ မှန်တော့ မှန်တာပဲ၊ မှန်ငပမဲ့ ယခုပြောသလို မသိပြန်တော့ မဖြစ်ပြန်တာဘဲ။ အနိစ္စ ဆိုတာ အနိစ္စပဲ ခေါ်နေပါတယ်။

မေး။ ။ နှာသီးဝ ဆိုတာလည်း မနေ့ကလည်း နှာသီးဝ၊ ဒီနေ့လည်း နှာသီးဝ ဆိုတော့ မမြင်နိုင်အောင် ဖြစ်နေပါတယ်ဘုရား။

ဒါက ဟိုမှာ မနေလို့ဗျာ့။ နေတဲ့အခါ စိတ်ဟာ ငြိမ်နေပြီဆိုတော့ ဒီအမှန် ဖြစ်ပျက်နေတာကို သိလာနိုင်တယ်။ တစ်ဆက်တည်း ထင်နေတယ်။ အဲဒါ ဘာလို့လဲ ဆိုရင် ယခုနကို မီကြလို့ဗျာ့။ မီကြပြီဆိုတော့ ယခုနဟာကို သိရော။

အဲဒီလို သိနေတဲ့အခါမှာ ဒါတွေအမှန်ဖြစ်တာ။ အဲဒါတွေကို ဘုရားဟောတော်မူသည် ဖြစ်သောကြောင့် သဘောကျလို့ ပြောတတ်နေတာပဲ။ ခန္ဓာငါးပါး ရုပ်နာမ်ဟာ ဖြစ်ပြီး ပျက်နေတဲ့ ဥစ္စာကို ဒီလိုပြောတော့ ရုပ်နာမ်မှာ ရုပ်အဋ္ဌဝီသနာမ်တေပညာသ တစ်ခုတည်းဖြင့် အနိစ္စဒုက္ခလုပ်ရင် ဖြစ်တယ်မဟုတ်လား။ (ဖြစ်ပါတယ်ဘုရား)။

မေး။ ။ ပုတီးစိပ်တော့ ဘယ့်နှယ်ဆိုပြီး စိပ်သလဲ။

ဖြေ။အနိစ္စဒုက္ခအနတ္တရူပက္ခန္ဓာ အနိစ္စဝေဒနာက္ခန္ဓာ အနိစ္စသညာက္ခန္ဓာ အနိစ္စ၊ အဲဒီလိုပဲ ဆိုတာပဲ။

မေး။ ။ ဒါတင်မကဘူး။ အကုန်လုံးပါအောင် လုပ်လိုက်သေး မဟုတ်လား။

ဖြေ။ ။ ဟုတ်ပါတယ်ဘုရား။

အေး .. ဒါတွေဟာ အတည့်ကြီးပဲ။ သို့ပေမယ့် ယခုနလို မမြင်သေးဘူး။ မသိသေးဘူး။

လျှောက်။ ။ ဒကာမကြီးတွေကတော့ လုံ့လဝီရိယ အလျောက် အတော်အတန် စိတ်စိုက်နေပါပြီဘုရား။ စိတ်စိုက်နေတဲ့ ဒကာမကြီးများကို ယခုလို ခန္ဓာငါးပါးတွဲ၍ သစ္စာလေးပါးနှင့်တွဲ၍ ဟောသွားတာတော့ အတော်အတန် နားလည်သွားပါပြီဘုရား၊ နှာသီးဝဟာ ကာယပသာဒရုပ်။ ထွက်တဲ့လေ ဝင်တဲ့လေက ဖောဋ္ဌဗ္ဗရုပ်။ အဲဒါဟာ လက်ဖျစ်တစ်တွက်မှာ ကုဋေပေါင်း ငါးထောင်ကျော် ဖြစ်နေတယ်ဆိုတာ စိတ်က မှတ်သားထားတာနဲ့ အတော် ဆက်မိသွားပါပြီဘုရား။

ဒီတော့ ဒါတွေကို ယခုလို ထားလိုက်ရင်ပဲ ဒါကတော့ အသိပဲရှိပါသေးတယ်။ ဒီထက် သိစရာတွေ အများကြီး ရှိသေးတယ်။ ဘာတုန်းဆိုတော့ ဖြစ်ပျက်နေတာတွင်ပဲ၊ ဒါ အသိကလေးစပြီးတော့ အသိဆုံးသွားအောင် သိဖို့ ရှိသေးတယ်။ ဒီတော့ ဝီရိယတွေနဲ့ ဒီဟာကို တစ်ဆက်တည်းဖြစ်အောင် ဒီလို ဂရုစိုက်ပြီး ယူကြရပါတယ်။

မေး။ ။ အသိဆုံးသွားအောင် ဆိုတာကို လင်းပါဦးဘုရား။

ဖြေ။ ။ အဲ အသိဆုံးသွားအောင် ဆိုတာက ဘာလဲဆိုရင် တိုးတိုး သွားဦးမှာကိုးဗျာ့။

မေး။ ။ ဒကာကြီးအိမ်သွားချင်ရင် ဘယ်လမ်းမှ မသိပဲသွား၊ နောက်ဆုံးတော့ ဒကာကြီးရဲ့ အိမ်ရောက်တယ်မဟုတ်လား။

ဖြေ။ ။ ရောက်ပါတယ်ဘုရား။

အဲဒီလို အိမ်ရောက်ရင်၊ သွားချင်တဲ့ ဒီလမ်းဟာ ဆုံးတာပဲ မဟုတ်လား။ ယခုလည်း သွားလိုက်တဲ့အခါမှာ ကိုယ်ရောက်ချင်တဲ့ နေရာရောက်ရင် အဲဒါ လမ်းဆုံးတာပဲဗျာ့။ ဘယ်အထိသွားမလဲ။ အဲဒီရောက်အောင်သွားကြ၊ အဲဒီကျမှ နားကြဗျာ့။ လမ်းဆုံး ရောက်သွားအောင်သွားကြ။

မေး။ ။ တပည့်တော်တို့ကတော့ လမ်းဆုံးရောက်အောင် စ, သွားပါပြီဘုရား။

အဲဒီ လမ်းဆုံးကျတော့မှ နားကြ။ ဒီအတိုင်းတော့ မနားကြပါနဲ့ဗျာ့။ အေး- အဲ့ဒီလိုဗျာ့။ ဒါကြောင့်မို့ ဝီရိယ ထူထောင်ပြီးတော့ ယခုလို ဆောင်ရွက်ကြရပါတယ်။ ဒီဟာ ဘာတုန်းဆိုတော့ အချိန်ရှိတဲ့ အခါကလေးမှာ သွားလို့ ဖြစ်တယ်၊ ဘုရားသာသနာ မရှိတဲ့ အခါမှာဆိုတော့ ဘယ့်နှယ်မှ မတတ်နိုင်ဘူး။

(ဝေဘူဆရာတော်)

စာညွှန်း -

ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိနှင့် ကျင့်စဉ် -
မောင်ကျော်ညွန့် (မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ)

အပါယ်မကျချင်ရင် အချိန်ရှိတုန်း ကြိုးစားကြ အပိုင်း (၂/၂)

ဒါကြောင့်မို့ အချိန်ကောင်း၊ အခါကောင်း၊ ဘဝကောင်းကလေး ရထားတဲ့အခါမှာ ဒီအချိန်ကလေးပြီးအောင် ယူကြရပါတယ်။ ဒီဟာမပြီးပဲ ခုလိခုလပ်မှာ ပျင်းပျင်းရိရိနဲ့ သွားရင် အပါယ်ကျမယ်ဗျာ့။ ယခုနထားဆိုတဲ့ နေရာကလေးမှာ ထားလို့ နေရင် သက်တမ်းစေလို့ စုတိ ကျသွားမယ်ဆိုရင် ဆက်မိသွားပါလိမ့်မယ်။

မေး။ ။ လုပ်မယ်ဆိုပြီး လုပ်နေရပေမယ့် ထားဆိုတဲ့နေရာကလေးမှာ မထားဘဲ တခြား သွားနေတဲ့အချိန်နှင့်သာ သေသွားမယ်ဆိုရင် ဘယ်ရောက်မလဲ။

ဖြေ။အပါယ် ရောက်သွားပါလိမ့်မယ်ဘုရား။

ဒီလိုဖြစ်ရင် ဘယ့်နှယ် တတ်နိုင်မလဲ။ မတတ်နိုင်ဘူး။ ယခု အားလုံးတို့ဟာ ဆိုရင် ကိုယ်တတ်နိုင်သလောက် ကုသိုလ်တွေကတော့ ပြုလိုက်တာ၊ ဘယ်လိုတုန်း ဆိုတော့ အားချိန် နားချိန်မထားဘူး။ မြင့်မြက်တာချည်းပဲ ပြုနေတာပဲ။ ခုနပြောတဲ့ သိပြီးသား တွေကလည်း သုတ် အဘိဓမ္မာတွေကို ထပ်တလဲလဲ ပြောရမယ်ဆိုရင် ဘယ်ဟာမှ အကြွင်းအကျန် မရှိအောင် သူများထက်သာအောင် ပြောတတ်တယ်။ ပြုလိုက်တဲ့ ကုသိုလ်ဆိုတာလည်း ဘယ်ဟာများ လပ်သေးသလဲ။ ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး စုံလို့ပဲ။ ပြုလိုက်တာတွေဟာလည်း အကောင်းချည်းပဲ။ ပွားများအားထုတ်တယ် ဆိုတာလည်း ဘယ်ဟာလပ်သေးသလဲ။

ဖြေ။ ။ မလပ်ပါဘူးဘုရား။

အေး ဘယ်ဟာမှမလပ်ဘူးဗျာ့။ အဲဒီလိုချည်းပဲ ဝီရိယတွေနှင့်မပြတ်အောင် လုပ်နေ တာကို သူတကာက မြင်တော့ ချီးမွမ်းကြတယ်။ ဒါသိတာ မြင်တာ မဟုတ်လား။ ဒီတော့ ခေါ်ကြတယ်မဟုတ်လား။ ကျောင်းဒကာကြီး၊ ကျောင်းအစ်မကြီး၊ ပစ္စည်း လေးပါး ဒကာကြီး၊ ပစ္စည်းလေးပါး ဒကာမကြီး ခေါ် ကြတယ်။

မေး။ ။ သူတို့လည်း အားလုံးက ရိုသေလေးစား ပြုကြတာတွေလည်း ခံရတယ် မဟုတ်လား။

ဖြေ။ ။ ခံရပါတယ်ဘုရား။

မေး။ ။ ခံရပေမယ့် ဥပမာ-သက်တမ်းစေ့လို့ သေသွားမယ်ဆိုရင် ဘယ်သွားမလဲ၊ သေသေချာချာ ပြောစမ်းပါဆိုရင် ဘယ်နှယ်တုန်း။

ဖြေ။ ။ သက်တမ်းစေ့တဲ့ အခါမှာ သတိလွတ်နေရင် အပါယ် သွားပါလိမ့်မယ် ဘုရား။

မေး။ ။ သေသေချာချာ ဘယ်သွားမှာတုန်းလို့ မေးရင် ဘယ့်နှယ်လဲ။

ဖြေ။ ။ တပည့်တော်တို့ ပုထုဇဉ်မှာ ဝိနိပါတဘေး မလွတ်သေးပါဘုရား။

မေး။ ။ ဘယ်လို သေသေချာချာ ပြောနိုင်သလဲ။

ဖြေ။ ။ မပြောနိုင်သေးပါဘူးဘုရား၊

မေး။ ။ သူတကာတို့ ချီးမွမ်းကြတာဗျာ။ ဒကာကြီးများ ချီးမွမ်းမခံရဘူးလား။ ဒကာကြီးဟာ သီလရှိတယ်၊ သမာဓိရှိတယ်။ ပညာရှိတယ် ဆိုပြီး ဒီလို ချီးမွမ်း မခံရဘူးလား။

ဖြေ။ ။ ချီးမွမ်းတာ တစ်ဝက်ပဲ ချီးမွမ်းပါတယ်ဘုရား။

မေး။ ။ ဒကာကြီးကို ဘယ်သူက မချီးမွမ်းသေးဘူးလဲ။

ဖြေ။ ။ တစ်ဝက်ကသာ ဒီဒကာကြီး တောင်ပြော မြောက်ပြောနှင့် သိလိုက်တာ၊ ထိသိလုပ်ပါ ဆိုတော့ တပည့်တော် တူမကလေးတွေက ပြောတယ်။ ကျွန်မတို့ လောက်တော့ ဒီဒကာကြီး မလုပ်နိုင်ဘူးလို့ ပြန်ကဲ့ရဲနေပါတယ်ဘုရား။

မေး။ ။ ဒီလိုပဲ အဆိုခံရသလား။

ဖြေ။ ။ တင်ပါဘုရား။

မေး။ ။ ဟုတ်ကဲ့လား၊ ဒါဆိုတာ မဟုတ်ဘူး။ ကြားကြရဲ့လား၊ သူအတည့်ကို ပြောတာဗျာ့။ ဒကာကြီးကကော တည့်ရဲ့လား။

ဖြေ။ ။ တည့်ပါတယ်ဘုရား။

မေး။ ။ သူတကာတို့က တော်ပါပေတယ်လို့ ချီးမွမ်းနေတဲ့ အထဲမှာ နင်တို့က ဒီလိုများ လုပ်သေးသလား။

ဖြေ။ ။ မလုပ်ပါဘူးဘုရား၊ တပည့်တော်က သာဓု ခေါ်လိုက်ရပါသေးတယ် ဘုရား။

မေး။ ။ ဟုတ်ကဲ့လားဗျာ့။

ဖြေ။ ။ ဟုတ်ပါတယ်ဘုရား။

မေး။ ။ သူများက ငါ့ကို ချီးမွမ်းတာ သူတို့က ငါ့ဒီလိုများ လုပ်နေတယ်လို့များ ပြန်မပြောဘူးလား။

ဖြေ။ ။ စိတ်မဆိုးတဲ့အပြင် သူတို့က ဒီလိုပြောလို့ ချီးမွမ်းမိပါသေးတယ် ဘုရား။ သူတို့က တပည့်တော်တို့ကို ကဲ့ရဲ့တာ မဟုတ်ပါဘူး၊ ဘကြီး ဘကြီး ဒီလို ဒီလို လုပ်ပါလို့ အင်မတန် မေတ္တာ ကရုဏာနှင့် ပြောတာပါ ဘုရား။

မေး။ ။ ပြောတော့ ဒကာကြီးက ဘယ်နှယ်တုံး၊ သူတို့လိုဖြစ်အောင် လုပ်သလားဗျာ။

ဖြေ။ ။ တပည့်တော်ကတော့ လုပ်မယ် လုပ်မယ်နှင့် နေပါဦး၊ မနက်ဖြန်မှ ဒီလိုနှင့်ပဲ ဒီနေ့ရောက်လာပါတယ်ဘုရား။

မေး။ ။ လုပ်မယ် လုပ်မယ် ဆိုတာ လိမ်တာလား။

ဖြေ။ ။ လိမ်တော့ မလိမ်ပါဘုရား။ လုပ်မယ်ဆန္ဒတော့ ရှိပါတယ်ဘုရား။ ဝီရိယ နည်းလို့ပါ ဘုရား။

မေး။ ။ အဲဒါ လိုချင်လို့ နေတာလား။ မလိုချင်လို့ နေတာလား။

ဖြေ။ ။ အမှန်စင်စစ်တော့ မလိုချင်သေးဘူးလို့ ဆိုရမှာပေါ့ ဘုရား။

မေး။ ။ အဟုတ်ကို မလိုချင်တာလား။

ဖြေ။ ။ လိုတော့ လိုချင်ပါတယ်ဘုရား။ တပည့်တော်လိုချင်တာက ဒီနေ့ထိ နှစ်ကျပ်ဖိုးထိုး မနက်ဖြန် တစ်သိန်းပေါက်၊ ဒီလိုဟာ လိုချင်နေတာဘုရား။

မေး။ ။ ထီထိုးတာလည်း ဒီကနေ့ထိုးရင် မနက်ဖြန် ပေါက်ပမလား။

ဖြေ။ ။ ထီဖွင့်နတုန်း ထိုးရင်၊ တစ်ခါတလေ ထိုးနေတုန်း ဟိုက ပေါက်ချင် ပေါက်မှာပဲ ဘုရား။

မေး။ ။ နို့ ဒကာကြီး ယခုကော ထီဖွင့်တဲ့အချိန်ပါပဲဗျာ့၊ ဒကာကြီးက ထိုးရုံပဲ ရှိပါတယ်။

ဖြေ။ ။ တပည့်တော်က ဒီထိတော့ လက်နှေးနေပါတယ်ဘုရား။

ဒါ အဟုတ်ကို ထီဖွင့်တဲ့ အချိန်မဟုတ်လား။ ငွေနှစ်ကျပ် မပေးပါနှင့်ဗျာ၊ ငွေနှစ်ကျပ် မပေးဘဲနှင့် ဒီထီက ထိုးလို့ ရပါတယ်။ မလွယ်ဘူးလား။ ဒကာကြီးက အလွယ် လိုက်တာနှင့် နေရာကျတာပေါ့။

မေး။ ။ ဒါဖြင့် ယခုထိုးတော့မလား။

ဖြေ။ ။ ထိုးပါမယ် ဘုရား။

မေး။ ။ အဟုတ်လုပ်မှာ ဟုတ်ကဲ့လား။

ဖြေ။ ။ တပည့်တော်က အရှင်ဘုရားကို မလိမ်ဝံ့ပါဘုရား။ ထိုးမယ် လုပ်ပါမယ်ဘုရား။

မေး။ ။ ယခုလုပ်မယ်ဆိုတာ အဆင်သင့်လား။

ဖြေ။ ။ အဆင့်သင့်ပါဘုရား။

မေး။ ။ အားထုတ်တဲ့အခါကျတော့ ထိုင်ရင်း ဘယ့်နှယ်ဖြစ်သလဲ။

ဖြေ။ ။ ထိုင်ရင်းက ပျင်းပျင်းလာပြီး အိပ်ငိုက်လာပြီး အိပ်ပျော်သွားပါတယ်ဘုရား။

ဒကာကြီးက အိပ်ကောင်းတဲ့ နေရာမျိုးမို့ အိပ်ငိုက်တာဗျာ့။ ဘယ်လို နေရာမျိုးမှာ လုပ်ရမလဲဆိုရင် အိပ်ငိုက်လိုက်ရင် လိမ့်ကျမယ့် နေရာမျိုးမှာလုပ်ရင် ဒကာကြီး အိပ်ငိုက်မှာ မဟုတ်ဘူး။

မေး။ ။ ဟုတ်ကဲ့လား။

ဖြေ။ ။ မှန်ပါ့ဘုရား။ ဒီလိုနေရာမျိုးဆိုရင် လိမ့်ကျမှာစိုးလို့ အိပ်ငိုက်မှာ မဟုတ်ပါဘူး ဘုရား။

အေး-ဒါဖြင့် အဲဒါလုပ်။ ဒကာကြီးက သေမှာကြောက်ရင် ဘယ်တော့မှ အိပ်ပျော်မှာ မဟုတ်ဘူး။ ကျမှာကြောက်တာနှင့် ဒကာကြီး အိပ်ငိုက်မှာ မဟုတ်ဘူး။ (မှန်ပါဘုရား။)

မေး။ ။ အေး-ဒါဖြင့် ခပ်မြင့်မြင့် နေရာကလေးမှာ ထိုင်မယ်ဆိုတော့ ဘယ်နေရာမှာ ထိုင်မလဲ။

ဖြေ ။ ။ လှေကားပေါ်မှာ ထိုင်မှာထင်ပါရဲ့ဘုရား။

မေး။ ။ အေး- အဲဒါလုပ်ရင် ဒကာကြီး သေသေချာချာ မငိုက်ဘူးဗျာ့။

ဖြေ။ ။ မငိုက်ပါဘူးဘုရား။ ဘယ်လိုလဲဆိုရင် လိမ့်ကျရင် ခြေထောက်တို့ လက်တို့ ကျိုးမှာစိုးတာနှင့် မငိုက်ဝံ့ပါဘူးဘုရား။

အဲဒါ ထိန မိဒ္ဓ ချက်ချင်းနိုင်တာဘဲဗျာ့။ အဲဒါနှင့်သာ လုပ်ကြ၊ ကြားလား။ (တင်ပါဘုရား။)

လုပ်ပါ၊ လုပ်ပါဆိုရင်လည်း အဲဒါနှင့်သာ လုပ်ကြ။ ရှေး အရှင်တွေက ဒီလိုလုပ်တာဗျာ။ သေမှာတော့ သိတယ်မဟုတ်လား။ (သိပါဘုရား။)

မေး။ ။ ဒါဖြင့် အိပ်ပျော်သေးသလား။

ဖြေ။ ။ အိပ်ပျော်တာပဲဘုရား။

မေး။ ။ ဒါဖြင့် မသိလို့ နေမှာပါဗျာ။

ဖြေ။ ။ တပည့်တော်တို့ အရွယ်ကတော့ မသာပို့ချည်းပါပဲဘုရား။ မသာပို့တဲ့အခါ သချိုင်းရောက်ရင် ရယ်လို့ မောလို့၊ သူသာသေတာ ငါမသေဘူးဆိုပြီး အဲဒီလိုနှင့် အချိန်ကုန်တာပဲဘုရား။

မေး။ ။ အဲဒီတော့ ယခုန သေမှာကို အဟုတ်သိသလား။

ဖြေ။ ။ အဟုတ်မသိဘူးလို့ ပြောရမှာပဲဘုရား။

အဟုတ်သိရင် အဟုတ်ကို အိပ်လို့ ပျော်မှာ မဟုတ်ဘူး။ (မပျော်နိုင်ပါဘူးဘုရား)။

ဘယ်လိုလဲဆိုရင် ရှေးက ဓမ္မာသောကမင်းကြီးရဲ့ ညီတော် အိမ်ရှေ့မင်းဟာ တိဿဆို ထင်ပါရဲ့၊ ဟုတ်ကဲ့လား။ (တင်ပါ့ဘုရား)

ဓမ္မာသောကညီနောင်

ဓမ္မာသောကမင်းကြီးကတော့ ဘုရားရှင် သာသနာ၊ ဘုရားအဆုံးအမ တွေ့ရလို့ ပါရမီရှိတော့ ကြည်ညိုပြီး ပြုလိုက်တာ တစ်ကျွန်းလုံး မဟုတ်လား။ အကုန်လုံးမှာ အတုအတူ မရှိအောင် အဲဒီလိုပြုပါတယ်။ ဒါပေမယ့် ညီတော်အိမ်ရှေ့မင်းသား ကတော့ ဘာသိဘာသာ နေတာဗျာ့။ နောက်နေ့မှာ သူဟာ ငြီးငွေ့လို့ တောထဲကို လျှောက်ပြီးတော့ သွားတဲ့အခါကျတော့ သမင်တွေပျော်လို့ ရွှင်လို့ ပြုံးလို့ နေတာကို သူမြင်တယ်။

မြင်တဲ့အခါမှာ သူ့စိတ်ဟာ အကြံတစ်ခု ဖြစ်တယ်။ ဘယ်လို အကြံတစ်ခု ဖြစ်သလဲ ဆိုရင် သူတို့တစ်တွေဟာ မြက်သစ်ရွက် တွေကိုစားပြီးတော့ မြူးကြ၊ ပျော်ကြ၊ ရွှင်ကြတယ်။ နောင်တော်ဘုရားဟာ မြင့်မြတ်ပေ့ ဆိုတဲ့ ခဲဖွယ်ဘောဇဉ် တို့နှင့် အတုအတူ မရှိအောင် ဒီလို ပူဇော်တယ်။ နေရာထိုင်ခင်း ကလည်း မြင့်မြတ်ပေ့ဆိုတဲ့ နေရာထိုင်ခင်းတွေနှင့် ချီးမြှောက်ပူဇော်တယ်။

အဲဒီလို ချီးမြှောက်ပူဇော်တဲ့ အမြင့်မြတ်ဆုံး ဟာတွေနှင့် အကောင်းဆုံး အမြင့်မြတ်ဆုံး နေရာမှာ ဒီလိုနေတဲ့ ဒီရဟန်းတွေလည်း မြူးမှာ ပျော်မှာပါပဲတဲ့ဗျာ။ ဘာကြောင့်လဲ ဆိုရင် မြက် သစ်ရွက်တွေ စားပြီးနေကြတဲ့ တောသမင်တွေတောင်မှပဲ ဒီလို မြူးကြ၊ ပျော်ကြ၊ ရွှင်ကြသေးတယ်ဆိုပြီး စိတ်ထဲမှာတစ်ခါတည်း ဒီလိုဖြစ်တာပဲတဲ့ဗျာ။

ဖြစ်တော့မှ နန်းတော်ပြန်ရောက်တဲ့အခါမှာ နောင်တော်ဘုရားကို ဒီအတိုင်းပဲ သံတော်ဦး တင်တယ်တဲ့ဗျာ။ တင်တော့မှ နောင်တော်က ညီတော်ကိုဖြင့် ဒီအတိုင်း တိုင်း ပြန်ပြီးပြောလို့တော့ သိမှာမဟုတ်သေးဘူး၊ နေပါစေဦး။ တဖြည်းဖြည်းတော့မှပဲ သိစေရတော့မှာပဲလို့ ဆိုပြီး အသာသာ နေတဲ့ဗျာ။

နောက်တော့ အကြောင်းတစ်ခု ပေါ်ပေါက်လာတဲ့ အခါကျတော့ စိတ်ထဲသဘော မကျပုံ၊ ဒေါသဖြစ်ဟန်နှင့် အပြစ်ကလည်း ပြောလောက်အောင်ပေါ့ဗျာ။ အဲဒီလို ဖြစ်တဲ့အခါမှာ ညီတော်ကိုခေါ်ဟေ့ ဆိုပြီးတော့ အဲဒီမှာ နောင်တော်ဘုရားက မင်းဟာ ငါ့ညီတော် ဖြစ်သည့်အားလျော်စွာ ဧကရာဇ်မင်းရဲ့ စည်းစိမ်ချမ်းသာနှင့် ခုနစ်ရက် နေတော့။ နေလို့ ခုနစ်ရက်စေ့ပြီဆိုရင် ညီတော်ကို သတ်ရမယ် ဆိုပြီး အမိန့် ချမှတ်လိုက်တယ်။

အဲဒီလို အမိန့် ချမှတ်ပြီးတဲ့နောက် ဧကရာဇ်မင်းရဲ့ စည်းစိမ်ချမ်းသာတွေကို လွှဲအပ် ပေးတယ်။ ခုနစ်ရက် စေ့တဲ့အခါကျရင် မင်းကိုတော့ မထားတော့ဘူး သတ်ရမယ်လို့ အဲဒီလို အမိန့်တော် ထားလိုက်တယ်။ ဒီအိမ်ရှေ့မင်းဟာ ခုနှစ်ရက်စေ့တဲ့အခါကျရင် သေတော့မှာဗျာ့။ ဘယ်လိုလဲဆိုရင် သူ့မှာ အပြစ်နှင့်ပြပြီး အမိန့်ချမှတ်တာကိုဗျာ့။

မပျော်နိုင်

အဲ့ဒီလို အာဏာ ထားလိုက်ကတည်းက ဒီအိမ်ရှေ့မင်းဟာ ခုနစ်ရက်လည်ရင် သေတော့မှာဆိုပြီး တစ်ခါတည်း ကြောက်ပြီး နေတော့တာပဲတဲ့ဗျာ။ အဲ့ဒီတော့ နောက် ခုနစ်ရက်နေပြီးရင် သတ်တော့မှာကို ကြောက်တာနှင့် စားလို့လည်းမဝင်၊ အိပ်လို့ လည်းမပျော် တကြောက်တည်း ကြောက်နေတော့တာပဲ။

ခုနစ်ရက်စေ့ရင် သေမှာကိုးဗျာ့။ ကြောက်တာပေါ့။ အဲဒါနဲ့ ခုနစ်ရက်လည်း စေ့ရော ညီတော်ခေါ်ဟဲ့လို့ ဆိုပြီးတော့ ရောက်လာတဲ့အခါမှာ အမယ်မင်း သူ့မှာ ပိန်လို့၊ ချုံးလို့ နှင့် အကြော အပြိုင်းပြိုင်းထလို့၊ အဲဒီလို ဖြစ်နေတာကိုး။ ဒီတော့ နောင်တော်ဘုရားက ဘယ့်နှယ် မင်းဟာ ရှေးအခါကလို မဟုတ်ပါလား။

မင်းမှာ အရင်ကတော့ အလွန်ပဲ အားအင်နှင့်တကွ ကြည်လင်တောက်ပလို့ ရှုချင့်စဖွယ် အဆင်းနှင့် တင့်တယ်၊ ယခုတော့ မင်းဟာ ဧကရာဇ်မင်းရဲ့ စည်းစိမ်ချမ်းသာနှင့် နေတဲ့ အခါကျတော့မှ မင်း ဘယ့်နှယ် ဖြစ်ရတာလဲလို့ မေးတော့ - မှန်လှပါဘုရား၊ ညီတော် ကြောက်လှပါပြီဘုရား။

ဒီတော့ နောင်တော်က ယခု မင်းဟာ ဧကရာဇ်မင်းရဲ့ စည်းစိမ်ချမ်းသာနှင့် ရွှင်ရွှင် ပျော်ပျော်ကြီး နေရတော့မှာပဲ ဒီလိုဖြစ်ရသလားလို့ မေးတော့၊ မှန်လှပါ မပျော်နိုင် မရွှင်နိုင်ပါဘူး ဘုရား။ ညစဉ်ညတိုင်း မအိပ်နိုင်ပါဘုရား။ ဘာကြောင့်လဲဆိုတော့ဘုရား ညီလေးမှာ ခုနစ်ရက်စေ့တဲ့အခါ ဧကန္တ သေတော့မှာပဲလို့ ဆိုတာ ကြောက်နေပါတယ် ဘုရား။ အဲဒီလိုကြောက်တာနဲ့ သူ့မှာ အိပ်လို့ လည်းမပျော်၊ စားလို့လည်းမဝင်၊ ဘယ်လိုမှ မပျော်နိုင်၊ မရွှင်နိုင်ပါဘူးလို့ လျှောက်သတဲ့။ အဲဒီလောက် အထိ ကြောက်တာဗျာ့။

ဘယ်လောက် ကြောက်သလဲဆိုရင် အိပ်လို့လည်း မပျော်ဘူးတဲ့။ ကြောက်လွန်လွန်းလို့ မြင့်မြတ်တဲ့ ဧကရာဇ်မင်းရဲ့ စည်းစိမ်တွေ ရထားတော့ အစစအရာရာ အမြင့်မြတ်ဆုံး အကောင်းဆုံးတွေချည်း မဟုတ်လား။ ထီးပွဲ နန်းပွဲတွေနှင့်၊ ဒါပေမယ့် သူ မပျော်နိုင် ပေါင်တဲ့ဗျာ။ ဘယ်လိုလဲဆိုတော့ သေရမှာကို ကြောက်လွန်လွန်းလို့တဲ့ဗျာ။ အဲဒီလို ဘုရားညီတော်မှာ သေရမှာ ကြောက်လွန်လွန်းလို့ ဘုရားလို့ လျှောက်တော့မှ ဟဲ့ ညီတော်၊ မင်းဟာ ခုနစ်ရက်နေပြီးမှ သေရမှာ ဒီလောက် ကြောက်ရသလားလို့ ဆိုတယ်။ ဒီတော့ မှန်လှပါ ကြောက်လှပါပြီဘုရားတဲ့။

ဒီတော့ နောင်တော်ဘုရားက အေး - အခု မင်းဟာ ဧကရာဇ်မင်းရဲ့ စည်းစိမ်တွေကို ခံစားစံစားပြီးတော့ ခုနစ်ရက်နေပြီးမှ သေမှာကိုတောင် မင်းယခုလောက်အထိ ကြောက်နေတယ်။ ငါ့ရဲ့ အရှင်သခင်များဟာဆိုရင် တစ်ခဏကလေးကိုပင်လျှင်ပဲ ယခုနပြောတဲ့ လက်ဖျစ်တတွစ် တွက်မှာဆိုရင် ဒီရုပ်နာမ်ဟာ ဖြစ်ပျက်ပြီးနေတာ။ ဘယ်လောက်တဲ့၊ လက်ဖျစ်တစ်တွက်မှာဆိုရင် ကုဋေပေါင်း တစ်သိန်း၊ ဟုတ်ကဲ့လား။ (ဟုတ်ပါတယ်ဘုရား)။

အေး-အဲဒါတွေကိုမြင်ပြီးတော့ ဒါတွေကို တစ်ဘက်တည်း ကြောက်နေတာ၊ မင်းကမှ ခုနစ်ရက်နေပြီး သေရမှာကို ဒီလောက်တောင် ကြောက်ရသလား။ ငါ့အရှင်များ မှာတော့ ဘယ်လိုတုန်းဆိုတော့ ယခုနလိုဗျာ့။ လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်မှာ ဆိုရင် ရုပ်နာမ်ဟာ ဖြစ်ပြီးတော့ ပျက်နေတာ၊ ဒီလိုဖြစ်ပြီးတော့ ပျက်နေတာဟာ တခြားမဟုတ်ဘူး။ ဒါတွေကို သိပြီးတော့ မြင်ပြီးတော့ အဲဒါကို ကြောက်နေတာဗျာ့။

အဲဒီတော့ ဘယ်ကသွားပြီး ရွှင်နိုင် ပျော်နိုင်လိမ့်မလဲလို့ ဆိုတော့မှ သူ့မှာသိသတဲ့ဗျာ။ နင်ကမှ ခုနစ်ရက်နေပြီးမှ သေမှာ၊ ဟိုကတော့ ဒီလိုမဟုတ်ဘူး။ တသေတည်း သေနေမှာ၊ အဲဒါတွေကို မြင်နေတော့ အရှင်သခင်တွေဟာ နင်လောက် ဘယ်ကမလဲ ဆိုတော့ အဲဒီကျတော့မှ မှားပြီဆိုပြီး သိတော့မှ ကြည်ညိုလာသတဲ့ဗျာ။ အဲဒီ ကျတော့မှ နားလည်တာကိုး။ နို့မဟုတ်ရင် ယခုနလိုသူက တွေးတောမှာပဲဗျာ့။ အဲ့ဒီ လိုဗျာ့။

မေး။ ။ ယခုလည်း ဒီလိုပြောလို့တော့ ဒကာကြီး မကြောက်ဘူးပေါ့လေ။

ဖြေ။ ။ ဒီလိုပြောလို့တော့ သိပ်မကြောက်သေးပါဘူးဘုရား

မေး။ ။ သိပ်မကြောက်ရင် ယခုနဟာနှင့်မှ တော်မယ်ဗျာ့။ လှေကားထောင် ပြီးတော့ အဲဒီပေါ်မှာသာလုပ်၊ အိပ်သာအိပ်ဗျာ။ ငိုက်ပါလို့ ဘေးကပြော၊ ဘယ့်နှယ်လဲ။

ဖြေ။ ။ ဘယ်ငိုက်ဝံ့ အိပ်ဝံ့မလဲဘုရား။

မေး။ ။ ဘယ်သူမကြောက်သေးသလဲ ဒကာကြီး တစ်ယောက်တည်းလား။

ဖြေ။ ။ ကြောက်တဲ့လူလာ ဆိုရင် လှေကား ကျိုးကျပါလိမ့်မယ်ဘုရား၊ ယခု ပရိသတ် တွေအကုန်လုံး တက်လိမ့်မယ် ထင်တယ်ဘုရား။

မေး။ ။ ဒကာကြီးကသာ မကြောက်တာ၊ ကြောက်ပြီးသား တွေကတော့ မတက် ပါဘူးဗျာ။ ဒကာကြီးတစ်ယောက်တည်းပါပဲ။ ဟုတ်ကဲ့လား။

ဖြေ။ ။ ဟုတ်ပါတယ်ဘုရား။

အေး အဲဒါ သေတော့မသေပါဘူး။ လှေကားပေါ်က ကျရုံနဲ့တော့ မသေနိုင်ပါဘူး။ ဒါဖြင့် အဲဒါက အလုပ်ဗျာ့။ နေသဇ္ဇိကဓုတင်တွေ ဘာတွေလုပ်မနေနဲ့ အဲဒါပဲလုပ်။

မေး။ ။ လှေကားခုတင်လား ဘုရား။

အေး ဒါသာလုပ်ရင် ဒကာကြီး သေသေချာချာကို ငိုက်မှာမဟုတ်ဘူး။

ဖြေ။ ။ မငိုက်ဝံ့တော့ပါဘူးဘုရား

အေး အဲဒါအကောင်းဆုံးပဲ။ ဒါတောင်မဖြစ်ဘူးဟဲ့လို့ လုပ်နေဦးမလား။ အခု ဒီ ပရိသတ်ထဲမှာ တူမဒကာမကြီးတွေ ပါလား။ ပါရင် သူတို့ကို အဲဒါသာ လုပ်ပေးလိုက်ကြားလား။ တခြား မသွားချင်ရင်လည်း ခုံခပ်ငယ်ငယ်ကလေးတစ်ခု ထုတ်ပေး။ အဲဒီအပေါ်မှာထိုင်ပေစေ။

ဖြေ။ ။ စားပွဲခုံပေါ်မှာ ခွေးခြေကလေး တင်လိုက်ရင် တော်လောက်ပါပြီ ဘုရား။

မေး။ ။ အေးဗျာ့။ အဲဒါသာလုပ်၊ တကယ်လုပ်မှာလား။ တော်တော်ကြာ မလုပ်ခင် အိပ်ပျော်သွားဦးမယ် ထင်တယ်။

ဖြေ။ ။ မအိပ်ပါဘူး ဘုရား။

မေး။ ။ အေး အဲ့ဒါဆိုရင် ထိနမိဒ္ဓ နိုင်တန်ကောင်းပါရဲ့။

ဖြေ။ ။ နိုင်ကောင်းပါတယ်ဘုရား။

သို့သော်လည်းပဲ မအိပ်ဘဲနေရုံနှင့်၊ ကြောက်ရုံနှင့် မဖြစ်ဘူး။ မအိပ်ဘဲ နေတာက ယခုနထားဆိုတဲ့ နေရာကလေးမှာ ထားလို့ နေပြီဆိုရင် နေတဲ့အချိန်ကစပြီး ဒီထက် ဒီအချိန်ကြာသလောက် တိုးတက်လာမှာပဲဗျာ့။ ယခုနဟာတွေကို မြင်လာမယ်။

မေး။ ။ မြင်လို့ရှိရင် ယခုန တိဿ ကြောက်သလောက် မကဘူး ထင်တယ်။

ဖြေ။ ။ သူ့ထက် ကြောက်လာပါလိမ့်မယ်ဘုရား။

မေး။ ။ ယခုန အိမ်ရှေ့မင်းကို ဧကရာဇ်မင်းရဲ့ စည်းစိမ်နဲ့ နေစမ်းပါဆိုရင် ဒကာကြီး ဘယ့်နှယ်လဲ။

ဖြေ။ ။ မအိပ်နိုင်ပါဘူးဘုရား

မေး။ ။ ဧကရာဇ်မင်းရဲ့ စည်းစိမ်နှင့်တောင်မှ မအိပ်နိုင်ဘူးဆိုရင် ယခုအိမ်ပြန် သွားရုံနှင့်တော့ ဘယ်နည်းနှင့်မှ အိပ်မှာ မဟုတ်ဘူးထင်တယ်။

ဖြေ။ ။ ဟုတ်ပါတယ်ဘုရား။

အေး .. ဒါဖြင့် ဒီပြင်ဟာတွေ ပြောရတာထက် ယခုလိုဆိုရင် စောစောတုန်းကပဲ ပြောပါတော့ဗျာ။

ဖြေ။ ။ တင်ပါ့ဘုရား စားပွဲပေါ် ခွေးခြေ တင်ထားလိုက်တာနှင့်ပဲ တော်ပါပြီ ဘုရား။

မေး။ ။ ဒကာကြီးလို အိပ်ပျော်တဲ့လူ ရှိသေးသလား။

ဖြေ။ ။ ရှိပါလိမ့်မယ် ထင်ပါရဲ့ဘုရား။

ရှိရင် ဒါမျိုးနှင့်မှ တော်မှာပဲဗျာ့။ တို့ဆီမှာကတော့ ဒီလိုမဟုတ်ဘူး။ ဘယ်လိုတုန်း ဆိုတော့ ဘယ်အချိန်ရောက်ရောက် ဒိပြင်တော့ ဘာမှလျှောက်မပြောဘူး။ ယခုလို ပြောရတဲ့ဥစ္စာက မဖြစ်နိုင်လို့ ပြောရတာ။ တို့ကတော့ ဒီလိုမဟုတ်ဘူး။ တို့ဆီရောက် လာရင် ဘာလုပ်ဖို လာသလဲ။ အားထုတ်ချင်လို့ လာတာဆိုရင် နင်တို့ အားလုံး ရပြီးသားတွေပဲ။

အဲဒါ နားလည်လောက်တဲ့ နည်းနှင့် နားလည်အောင် ပြောပြီး သွားကြဟ လို့ ဒီလို လွှတ်လိုက်တာပဲ။ နေရာကလည်း သံဃာများနှင့် ဒကာကြီးတွေအဘွက် တစ်နေရာ ထားတယ်။ တကာမကြီးတွေအတွက် တစ်နေရာထားတယ်။ သူတို့တစ်တွေမှာလည်း အားထုတ်လိုတဲ့ဆန္ဒ ပြင်းပြကြတဲ့လူတွေကြီးပဲ။ ဒီတော့ သူတို့က အားထုတ်လို့ လာတာ စကားပြောဖို့လာတာ မဟုတ်ဘူး။ ဘာသိဘာသာ နေဖို့ လည်းမဟုတ်ဘူး။ ဒီတော့ တို့ကယခုနကလိုပဲ ပြောပြီး လွှတ်လိုက် တာပဲ။

လျှောက်။ ။ ယခုရှိကြတဲ့ ဒကာကြီးတွေ ဒကာမကြီးတွေလည်း တစ်ဝက် တစ်ပျက် တော့ ရောက်နေကြပါတယ်ဘုရား။

အေး .. တို့ဆီက ဒကာကြီးတွေ ဒကာမကြီးတွေဆိုရင် ယခုနလိုပဲ သွားဆိုပြီး ဘယ်လို မှာလိုက်သလဲဆိုရင် အဲဟိုမှာ ထိုင်နေကြလိမ့်မယ်။ အဲ့ဒါမသိအောင် တက်သွား။ မသိအောင်တက်သွားပြီး ဘယ်မှာထိုင်ရမလဲလို့ မေးနေရင် တို့က သွားကတည်းက ယခုန ထားဆိုတဲ့နေရာမှာ ထားပြီးတော့ ပါအောင် ဆောင်ရွက်သွား။ မပြတ်စေနှင့်။ ပြတ်ရင်ပြန်လာခဲ့။

တက်သွားတာလည်း သူများမသိစေနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ကြမ်းကြမ်းတမ်းတမ်း တက်သွားရင် ဟိုမှာရှိတာတွေက ပျက်နေဦးမှာကိုး။ ဘယ်နေရာ ထိုင်ရမလဲလို့လည်း မေးမနေနှင့်။ ဟိုမှာ ရဟန်းရော လူရောရှိတယ်။ ဒီတော့ ငါ ဘယ်ကထိုင်ရမလဲလို့ ဆိုပြီးတော့ လုပ်ငနနဲ့၊ ထိုင်စရာရှိတဲ့နေရာ တွေ့လိမ့်မယ်။ အဲဒီနေရာမှာ မသိအောင်ထိုင်။ ဒီအချိန်ကစပြီး ထွက်သွားကတည်းက အိပ်ဖို့မှမဟုတ်ဘဲ ထိုင်ဖို့ လာတာ။ အဲဒါ ဘယ်အချိန်ကျမှ ဆင်းလာသလဲဆိုရင် လင်းပြီ ဆိုတော့မှ ဆင်းလာတယ်။

ဒါပေမယ့် အဘိသမာစာရိကဝတ္တ ဆိုတဲ့ ဝတ်တွေရှိတယ်။ ဒီသီလနှင့် မပြည့်စုံပေမဲ့ တောင့်တရည်ရွယ်ချက် မပြီးတာကတော့ အမှန်ကိုး။ အဲဒါ လမ်းလာတဲ့အခါ တံမြက်စည်းလှည်း အမှိုက်ကျုံးဖို့ ကိုယ်စီကိုယင အသီးသီး တောင်းနှင့် တံမြက်စည်း၊ တူးရွင်းနှင့် ဆင်းလာကြတာပဲ။ ဆင်းလာပေမယ့် ဟိုဟာကတော့ မထားခဲ့ဘူး၊ ထိသိနေတာကိုလည်း မလွတ်ရဘူး၊ လုပ်ရမယ့် အလုပ်ပဲ လုပ်ကြတယ်။

အဲဒီလိုလုပ်လို့ တော်တော်ကြာတော့ သူတို့အသီးသီး တွေဟာ ခပ်ပြုံးပြုံးတွေ ဖြစ်လာတာကိုး။ သူတို့ဟာ အဲဒီလို အချိန်ကသွားတော့ ဟိုမှာ ထိုင်နေကြတာကို တွေ့ရတယ်။ အဲဒီမှာ ကိုယ်လည်း ဝင်ပြီး ထိုင်ရတာပဲ။ ကိုယ်တစ်ယောက်တည်းသာ ထိုင်နေမယ်ဆိုရင် ထိနမိဒ္ဓကို မနိုင်သန်သေးလို့ အိပ်ချင်ရင် အိပ်လိုက်မယ်။

ယခုတော့ ကိုယ်တစ်ယောက်တည်း မဟုတ်တော့ အိပ်ချင်ပေမယ့် ဘေးနားမှာ ကိုယ်လိုအပ်တဲ့လူမှ မရှိဘဲ၊ သူတို့က မအိပ်တော့ သူတို့ရဲ့ ဝီရိယဟာ ကိုယ့်ဆီ ရောက်လာတယ်။ အဲဒီလိုရောက်ပြီး လုပ်မယ်ဆို လုပ်တာပဲ။ သူတို့ အိပ်ချင်တဲ့အခါ ကျတော့လည်း ကိုယ်က ဒီလို ထိုင်နေရင် ကိုယ့်ဝီရိယက သူတို့ဆီ ရောက်တာပဲ။

ဒီတော့ ကိုယ်တစ်ယောက်တည်း လှဲအိပ်ရမှာက အားထုတ်မယ်ဆိုပြီး လာပြီးတော့ စင်းစင်းကြီး အိပ်မယ်ဆိုရင် သူများက မအိပ်ဘဲနှင့်ဆိုပြီး ကိုယ့်ဟာကိုယ် ရှက်နေတယ်။ အဲဒါနဲ့ ကိုယ်လဲ မအိပ်ဘဲ ဒီအတိုင်း ထိုင်နေကြရတာပေါ့ဗျာ။ တို့ဆီမှာ ကတော့ အဲဒီလိုပဲ ရောက်လာရင် ဟိုသွားခိုင်းလိုက်တာပဲ။

ဟိုကျတော့ ဘယ်ကတုန်း ဘာတုန်းနှင့် လုပ်မနေဘူး။ အားလုံး အားထုတ်နေကြ တာပဲ။ အဲဒီမှာ ကိုယ်ကဝင်ပြီး အားထုတ်ရုံပဲ။ အခုလို အချိန်မဖြုန်းဘူး။ စားဖို့ သောက်ဖို့မှာပဲ အကုန်လုံး လုံလောက်နေတယ်။ ဘာဖြစ်လို့ လုံလောက်သလဲဆိုရင် ..

မေး။ ။ စားဖို့သောက်ဖို့ လာခေါ်တောင်မှ လိုက်စားချင်ပါ့မလား။

ဖြေ။ ။ မစားချင်ပါဘူးဘုရား

မေး။ ။ သို့သော်လည်း မွတ်သိပ်ဆာလောင်မှာ စိုးလို့ သာလျှင် လိုက်စားရတယ်။ အဲဒီလို စားရပေမယ့် ယခုနဟာကို မလွတ်ဘဲစားရင် မဖြစ်ဘူးလား။

ဖြေ။ ။ ဖြစ်ပါတယ်ဘုရား။

မေး။ ။ အဲဒီလို စားလိုက်တဲ့ အခါကျတော့ကော ကောင်းတာ မကောင်းတာ၊ အရသာ ရှိတာ မရှိတာ သိသေးသလား။

ဖြေ။ ။ မသိပါဘူးဘုရား

မေး။ ။ ယခု ဒကာကြီးကို အိမ်က သားတွေသမီးတွေ၊ ဒကာမကြီးတို့က ကျွေးရင် ကောင်းလိုက်တာ ဆိုတဲ့စိတ်နှင့်၊ အဲဒီလိုစားတုန်း သေသွားရင် ဘယ်ရောက်မလဲ။

ဖြေ။ ။ အပါယ်ရောက်မှာပါပဲဘုရား

မေး။ ။ ဥပုသ်စောင့်ရင်း ယခုလို အားထုတ်ရင်း ယခုလိုစားနေမယ်ဆိုရင် အပါယ် ရောက်ပါ့မလား။

ဖြေ။ ။ သေသေချာချာ အပါယ်ရောက်မှာပါပဲဘုရား။

မေး။ ။ ဟုတ်ကဲ့လား။

ဖြေ။ ။ ဟုတ်ပါတယ်ဘုရား။ လောဘစိတ်နဲ့ကိုး ဘုရား။

အဲဒါ မိုးယိုတာဗျာ့။ အားထုတ်တော့လည်း ကုသိုလ်ကို အားထုတ်တာပဲ။ ယခုကို အသိပေးရင်လည်း နားလည်တာပဲ။ ထမင်းစားတဲ့ ဥစ္စာကို တချို့က အကုသိုလ်လို့ မထင်ဘူဗျာ့။ ယုံလည်းယုံမှာ မဟုတ်ဘူးဗျာ့။ ဒီလို ထမင်းစားတာများ အပါယ် ကျမယ်လို့ ယုံလဲမယုံဘူး။ ကျလိမ့်မယ်လို့လဲ မထင်ဘူး။

မေး။ ။ အဲဒီလိုနှင့်များ သေသွားရင် ဘယ်နှယ်တုန်း။

ဖြေ။ ။ အပါယ်ကျမှာပါပဲဘုရား။

မေး။ ။ ဒီလို အပါယ်ရောက်သွားတော့ ပြန်လာလို့ ရမလား။

ဖြေ။ ။ မရပါဘုရား

မေး။ ။ အဲ့ဒီလို မရတော့ ငရဲမှာ ပြုံးပြုံးကြီး နေမှာလား။

ဖြေ။ ။ မနေပါဘုရား။ တွန့်လိမ်ပြီး ခံနေရမှာပါဘုရား

မေး။ ။ ဒီကျတော့ ဘယ်နှယ်တုန်း၊ မယုံဘူးလို့ ပြောဦးမလား။

ဖြေ။ ။ မပြောနိုင်တော့ပါဘုရား။

မေး။ ။ အမယ်မင်းရဲ့လေး၊ ဟိုတုန်းကလို လုပ်ချင်လှချည့်ရဲ့လို့ တောင်တလို့ကော ရပါ့မလား။

ဖြေ။ ။ မရပါဘူးဘုရား။

မေး။ ။ အေး-ဒါကြောင့်မို့ စောစောက ယခုလို သတိပေးတဲ့အတိုင်း လုပ်ကြဗျာ့။ ပြီးတော့ ဒကာကြီးကို သားသမီး၊ ဒကာမကြီးတို့က ကောင်းကောင်း မကျွေးပြန် တော့ကော၊ ဒကာကြီးကလည်း သီလဆောက်တည်ပြီး တရားအားထုတ်လျက်နှင့် ဆိုတော့၊ ငါ့ကို ကောင်းကောင်း မကျွေးဘူးဗျာနှင့် အဲ့ဒီလိုစိတ်ကလေးနှင့် သေသွားရင် ဘယ်ရောက်မလဲ။

ဖြေ။ ။ ဒေါသအလျောက် ဒေါသစိတ်နှင့်သေရတာမို့ အပါယ်ကျမှာပါဘုရား

မေး။ ။ ဥပုသ်သည်လား၊ အပါယ်ကျမှာ။

ဖြေ။ ။ ဥပုသ်သည်ဖြစ်ပေမယ့် စိတ်က ယခုနလိုဖြစ်ရင် အပါယ်ကျမှာပါပဲ ဘုရား။

မေး။ ။ အပါယ်မကျချင်ရင် အပါယ်မရောက်ရအောင် ယခုလို သီလဆောက်တည်ပြီး လုပ်တဲ့ဥစ္စာ ဘာဖြစ်လို့ ရသလဲ။

ဖြေ။ ။ မျက်စိလည် ကျသွားပါတယ်ဘုရား

မေး။ ။ မျက်စိလည်တာလား၊ ဆင်းသွားတာလား။

ဖြေ။ ။ တပည့်တော်တို့က ဆင်းသွားတာပါဘုရား

မေး။ ။ လျှော့လျှော့ ပေါ့ပေါ့ နေတော့ ဟိုကမိုးယိုတာဗျာ့။ ဒီအပေါ်မှာ ထိုင်နေဦး ဆိုတာ မထိုင်ဘဲ လျှောချတာ မဟုတ်လား။

ဖြေ။ ။ လျှောချသလို နေတာပါပဲ ဘုရား။

မေး။ ။ အဲဒီလိုလျှောချတာ ဒကာကြီး တစ်ယောက်တည်းလား။ သူတို့တစ်တွေကော နည်းနည်းမှ လျှောမချဘူးလား။

ဖြေ။ ။ ဒီကဒကာကြီးတွေ ဒကာမကြီးတွေကတော့ လျှောမချပါဘူးဘုရား။

မေး။ ။ ဒကာကြီးကတော့ တယ်ချီးမွမ်းပါကလား၊ ဟုတ်ကောဟုတ်ကဲ့လား။

ဖြေ။ ။ ယခုရှိတဲ့ ဒကာကြီးတွေကလည်း လျှောချတာပါပဲဘုရား။ (အခြား တရားနာ ပရိသတ်များက လျှောက်ကြသည်။)

ဘယ့်နယ်ဗျာ၊ ဒီကဒကာကြီးက ချီးမွမ်းတုန်းမှာ သူတို့က တိတ်တိတ် ကလေးပဲ နေကြပါတော့ဗျာ။ သူ့မှာ အဖော်ရလို့ အားရှိသွားပါဦးမယ်။ ငါတစ်ယောက်တည်း ဆိုတော့ မဖြစ်ဘူးဆိုပြီး လုပ်စမ်းပါစေဦးတော့ဗျာ။ သူတို့ကများ တိတ်တိတ်မီအောင် လုပ်ကြရောပေါ့ဗျာ။ အေး ... အဲဒါ တည့်တည့်ပါပဲဗျာ။ သူများက ချီးမွမ်းလိုက်ကြမှာ တော်ပါပေ့ဗျာ။

မေး။ ။ အဲဒါကို ကိုယ်က တော်ပါပေ့လို့ ကိုယ့်ကိုယ်ကို ဆိုရသေးသလား။

ဖြေ။ ။ မဆိုရပါဘူးဘုရား

မေး။ ။ စိတ်ကောအေးရဲ့လား။

ဖြေ။ ။ စိတ်မအေးရပါဘုရား။

အေး .. ယခုနလို အေးအေးကြီး မနေနှင့်ဗျာ။ ပြင်းပြင်းထန်ထန် လုပ်ကြဗျာ့။ အဲဒီလို လုပ်ရင် နေရာကျမှာပါပဲဗျာ့။ အားလုံးတို့ကတော့ ယခုလို လုပ်နေတာကို တော်ပေတယ်လို့ ချီးမွမ်းကြတယ် ပြောကြတယ်။

မေး။ ။ အဲဒီလို အပြောခံရတဲ့လူကကော ကိုယ်ဘယ်သွားမယ်လို့ သေသေချာချာ ပြောတတ်ရဲ့လား။

ဖြေ။ ။ မပြောတတ်ပါဘုရား။

မေး။ ။ ဘယ်ပြောတတ်မလဲ လုပ်မှမလုပ်ပဲကိုး။ ဒကာကြီးကကော ဘယ်သွားမလဲ။

ဖြေ။ ။ တပည့်တော်ကတော့ အပါယ်ရောက်ဖို့ သေချာပါတယ်ဘုရား

မေး။ ။ ရောက်ကာ ရောက်ချင်သလား။

ဖြေ။ ။ မရောက်ချင်ပါဘူးဘုရား။

မေး။ ။ မရောက်ချင်ဘဲ ဘာကြောင့် အပါယ်ကို ပြောရသလဲ။

ဖြေ။ ။ သတိက လွတ်လွတ်သွားလို့ ပါဘုရား

မေး။ ။ လွတ်တာက အဟုတ်လုပ်လို့ လွတ်တာလား၊ အဟုတ် မလုပ်လို့ လွတ်တာလား။

ဖြေ။ ။ အဟုတ် မလုပ်လို့ပါဘုရား

သေသေချာချာ အဟုတ်လုပ်ရင် ကိုယ်ဘယ်ရောက်မယ်ဆိုတာ ပြောတတ်မှာပါပဲ။ အဟုတ် ပြောတတ်ပါတယ်။ ဒီနေရာမှာ ဒီလိုပြောကြပါစို့။

မေး။ ။ တကာကြီး .. ထမင်းစားဖိုရာ ချက်တယ်မဟုတ်လား။ ထမင်းစားဖို့ရာ ချက်တော့ ဘယ်ဟာတွေနဲ့ ချက်သလဲ။

ဖြေ။ ။ ဟင်းချို ၊ လက်သုပ်၊ ငါးဟင်းတို့ပါဘုရား။

မေး။ ။ ချက်ပြီးပြီလား။

ဖြေ။ ။ ချက်ပြီးပါပြီဘုရား။

မေး။ ။ အဲဒါဘာလဲ အဲဒါ ချက်ပြီးသားမဟုတ်လား။

ဖြေ။ ။ ချက်ပြီးသားပါ ဘုရား။

မေး။ ။ ခုနပြောတာ ဘာဟင်းတွေတဲ့ဗျာ။

ဖြေ။ ။ ဟင်းချို၊ ငါးဟင်း၊ မန်ကျည်းရွက်လက်သုပ်၊ တို့စရာတွေပါဘုရား။

မေး။ ။ ဘယ်နှစ်ခွက်လဲ။

ဖြေ။ ။ ငါးခွက်၊ ခြောက်ခွက် ရှိပါတယ်ဘုရား။

မေး။ ။ အဲဒါ ချက်ပြီးသား မဟုတ်လား။

ဖြေ။ ။ ချက်ပြီးသားပါဘုရား။

မေး။ ။ ဒီလို ချက်ပြီးတော့ တော်တော်ကြာ ထမင်းစားမယ် ဆိုပြီးတော့ စားတယ် မဟုတ်လား၊ စားတဲ့အခါတော့ကာ ခုနပြောတဲ့ ငါးဟင်းလည်း စားတယ်၊ ဟင်းချိုလဲ သောက်တယ်၊ ငါးပိနဲ့ တို့စရာကိုလည်း စားလိုက်ကြတာ သေသေချာချာ မဟုတ်လား။

ဖြေ။ ။ သေသေချာချာ စားပါတယ်ဘုရား။

မေး။ ။ အေး၊ အဲဒါကို ချက်ပြီးသားမို့ ဒီလိုစားနိုင်တာ။ မချက်ရသေးတဲ့ ဒကာကြီးတွေ၊ ဒကာမကြီးတွေတော့ တော်တော်ကြာ စားမယ်ဆိုရင် ဘာနှင့်စားမလဲ။

ဖြေ။ ။ သူတို့ မစားနိုင်ပါဘူးဘုရား။

မေး။ ။ ဘာကြောင့်လဲ။

ဖြေ။ ။ သူတို့ချက်မှ မချက်ရသေးဘဲကိုးဘုရား။

ဟုတ်တယ် … သူတို့မှာ ချက်ပြီးသား မရှိသေးဘူးဗျာ့။ ဒီတော့ ဘာနှင့် စားရမှန်း တောင် မသိသေးဘူးဗျ။ ယခုလည်းပဲ ဝီရိယကို ထူထောင်ပြီးတော့ ကိုယ်အလိုရှိသလို ပြုထားကြ။ ပြုထားကြလို့ ရှိရင်လည်း အဲဒါချက်ပြီးသား ထမင်းအသင့်ရှိတာပဲ။ အဲဒီလို ချက်ပြီးသား ထမင်း ရှိတဲ့အခါမှ သူသိနေပြီ။ စားမယ်ထမင်းကို ဘာနှင့်စားမယ်ဆိုတာ ချက်ကတည်းကိုက ငါဟာ ဒါတွေ ဒါတွေနှင့် ဆိုပြီး ဒါတွေကိုပဲ ချက်တယ် မဟုတ်လား၊ စားတဲ့အခါ ဒါနှင့်ပဲ ချက်ပြီးစားတယ် မဟုတ်လား။

ဖြေ။ ။ ဟုတ်ပါတယ်ဘုရား။

အခုလည်းပဲ ဘယ်လိုတုန်းဆိုရင် မွတ်သိပ် ဆာလောင်ကြတယ်။ ဘယ်လို မွတ်သိပ် ဆာလောင်ကြသလဲဆိုရင် ချမ်းသာကို မွတ်သိပ် ဆာလောင်ကြတယ်။ ဒါတွေကလည်း သိပြီးသားတွေပါပဲ။ အဲ့ဒီတော့ ကိုယ်နှစ်သက်တဲ့ ဗောဓိနှင့် နိဗ္ဗာန်ကို စံဝင်ရလိုပါ၏လို့ ဆိုပြီး လုပ်တာဟာ အဲ့ဒါ ထမင်းချက်ပြီးသားနှင့် တူတယ်။

ကိုယ်ချက်တာဟာချက်။ အဆင်သင့်အောင် ချက်ထား။ အဲ့ဒီလို အဆင်သင့်အောင် ထမင်း ချက်ပြီးသားနှင့် တူပါတယ်ဗျာ့။ အဲဒါ စားချင်တဲ့ အခါမှာ စားရုံပဲ ရှိတာပဲ။ လွယ်လိုက်တာဗျာ

ဖြေ။ ။ ဘုရားဆိုဆုံးမတဲ့ အဆုံးအမရတော့ တပည့်တော်က ပကတိ သာဝက ဗောဓိလောက်ပဲ ဆုတောင်းပါတယ် ဘုရား။

မေး။ ။ အေးဗျာ - ကိုယ်ချက်ချင်တာသာ ချက်ဗျာ့။ စားလို့ ရပြီးတာပဲ။ ဒကာကြီးက ချက်ပြီးသားရှိတော့ ဟိုအချိန် စားရင် ဘယ့်နှယ်လဲ။

ဖြေ။ ။ ရပါတယ်ဘုရား။

မေး။ ။ ဒီအချိန်စားရင်ကော။

ဖြေ။ ။ ရပါတယ်ဘုရား။

မေး။ ။ ထမင်းချက်ပြီးသားရှိရင် ဘယ်အချိန်စားစား ရတယ်မဟုတ်လား။

ဖြေ။ ။ ရပါတယ်ဘုရား။

မေး။ ။ အေး - ဒါဖြင့် တခြားဘာမှ မေးမနေနဲ့ ချက်မှာသာချက်ဟုတ်လား။

ဖြေ။ ။ သို့သော်လည်းပဲ တပည့်တော်မှာ ဝီရိယ လိုနေပါတယ်ဘုရား

မေး။ ။ ဝီရိယဆိုတာလည်း တိုးလိုက်ရုံပဲ ရှိတာပဲ မဟုတ်လား၊ ဟုတ်ကဲ့လားဗျာ့။

ဖြေ။ ။ ဟုတ်ပါတယ်ဘုရား။

မေး။ ။ အဲဒါ ခက်သလား။

ဖြေ။ ။ မခက်ပါဘုရား။

အေး၊ ရှေးအရှင်တွေများ မမြင်ဘူးလား။ ဘုရားပွင့်တော်မူပါတယ် ဆိုရင် ဘုရား ထံမှောက်ရောက်၊ အဲဒီလိုရောက်တဲ့အခါ ဘုရား အဆုံးအမကိုရ။ အဲဒီလိုရပြီး လိုက်နာ ကြတော့ ကိုယ်လိုချင်တဲ့ တောင့်တ ရည်ရွယ်ချက်တွေ အပြီးအဆုံးတိုင်အောင် ရကြတယ် မဟုတ်လား။ (ရပါတယ် ဘုရား)။

မေး။ ။ ဒါတွေကလည်း အားလုံးတို့ဟာ သိပြီးသားပဲ။ ကဲ ယခု ယူမယ်ဆိုရင်ကော ဘယ့်နှယ်လဲ။ မရဘူးလား။

ဖြေ။ ။ ရနိုင်ပါတယ်ဘုရား။ ဒါပေမယ့် တချို့ကတော့လည်း ပါရမီမရှိဘဲနှင့် ဘယ် ရနိုင်မလဲ။ တိဟိတ်ပုဂ္ဂိုလ်မှရတယ်။ တပည့်တော်တို့က ပါရမီလဲ မရှိ။ တိဟိတ်ပုဂ္ဂိုလ် မဟုတ်သည့်အတွက် ခင်ဗျားတို့ ဘယ်ရမလဲလို့ အပြောခံရပါတယ်ဘုရား။

နို့ - ကိုယ်လိုချင်လို့ လုပ်ရင် ဖြစ်တာပဲ မဟုတ်လား။ ဒကာကြီးတွေ လူ့ပြည်မှာ တစ်ပြိုင်နက်တည်း ရောက်လာတော့ အဲဒါ ကုသိုလ်ချည်းပဲ။ အဲဒီအထဲမှာ ငါတော့ ရှင်ဘုရင်လုပ်ရမှလို့ အဟုတ်ကို ရှင်ဘုရင်ဖြစ်ချင်တဲ့ လူတွေရှိတယ်။ သူကတာ့ ရှင်ဘုရင် လုပ်မယ်ဆို။ ရှင်ဘုရင် ဝီရိယထားရင် မဖြစ်ဘူးလား။ သူက အစကတည်း ကိုက ရှင်ဘုရင် လုပ်ချင်လာတာ။

မေး။ ။ အဲဒီလို မဖြစ်ဘူးလား။

ဖြေ။ ။ ဖြစ်ပါတယ်ဘုရား။

မေး။ ။ တချို့ကလဲ ငါတော့ သူဌေး ဖြစ်ချင်တယ်။ သူဌေးလုပ်မယ်လို့ မှန်းတဲ့လူ မရှိဘူးလား။ မှန်းတဲ့အတိုင်း သူဌေးဖြစ်လောက်အောင် ဝီရိယနှင့်လုပ်တော့ သူဌေး မဖြစ်ဘူးလား

ဖြေ။ ။ ဖြစ်ပါတယ်ဘုရား။

မေး။ ။ တချို့ က မလုပ်ချင်ပါဘူး၊ ဒါပေမယ့် သူ့မှာ မှန်းထားတာ ကလေးတွေတော့ ရှိတယ်၊ ဒီမှန်းထားတဲ့အတိုင်း အဟုတ်ဖြစ်အောင် မလုပ်ဘူးလား။

ဖြေ။ ။ လုပ်ပါတယ်ဘုရား။

မေး။ ။ လုပ်တဲ့အတိုင်းကော ဖြစ်ကြတာပဲ မဟုတ်လား။

ဖြေ။ ။ ဖြစ်ကြပါတယ်ဘုရား။

မေး။ ။ ဒီအတိုင်းပါပဲဗျာ။ ကိုယ်လုပ်သလို ဖြစ်တာပဲဗျာ။ ကုသိုလ်က မြှောက်တင် လိုက်ပြီ။ ကြားကြရဲ့လား။ ဘယ်လိုတုန်းဆိုတော့ အဝတ်တွေရှိတယ် မဟုတ်လား။ ဒကာကြီး ဘာအရောင်ကြိုက်သလဲ။

ဖြေ။ ။ တပည့်တော် အဖြူကြိုက်လို့ အဖြူဝတ်လာပါတယ်ဘုရား။

မေး။ ။ ကိုယ်ဝတ်ချင်တာ မဖြစ်ဘူးလား။

ဖြေ။ ။ ဖြစ်ပါတယ်ဘုရား။

မေး။ ။ ဒိပြင်လူတွေကကော ကိုယ်ကြိုက်တာကိုယ် ဝတ်ကြတာပဲမဟုတ်လား။

ဖြေ။ ။ တင်ပါ့ဘုရား။

မေး။ ။ ဒကာကြီးကို ဘယ်ဟာလှပါတယ်၊ အဲဒါကို ဝတ်သွားစမ်းပါဆိုရင် ဒကာကြီး ဝတ်မလား။ ဘာပဲဖြစ်ဖြစ် ဒါပဲကောင်းမှာပဲလို့ လုပ်မှာဗျာ့။ (တင်ပါ့ဘုရား)။ အေး ဒါဖြင့် ကောင်းပြီ။ ကိုယ်ကြိုက်တာသာ ဝတ်ကြဗျာ့။ ရှိတော့ရှိပြီးသားချည်းပဲ မဟုတ်လား။ ပွဲသွားမယ် ဆိုရင် ကိုယ်ကြိုက်တာသာ ဝတ်ပြီးသွားကြပါဗျာ။ ပွဲရောက်ပြီးတာပဲ မဟုတ်လား။ (တင်ပါ့ဘုရား)။

မေး။ ။ ကြိုက်တာရှိရင် ဖြစ်အောင်လုပ်ကြ ဖြစ်မှာပေါ့။ မှန်းထားတဲ့အတိုင်း ဖြစ်မှာ မဟုတ်လား

ဖြေ။ ။ ဖြစ်ပါတယ်ဘုရား။

မေး။ ။ အဲဒါက ဘာနှင့်ပေးဝယ်မလဲ။

ဖြေ။ ။ ဘာနှင့်မှ ပေးမဝယ်ရပါဘုရား။ အဝတ်ကတော့ ပိုက်ဆံပေးဝယ်ရပါတယ် ဘုရား။

ယခုလည်း ဘယ့်နှယ်တုန်း ဆိုတော့ ကိုယ်ကြိုက်တဲ့ ဥစ္စာကို ပီရိယတွေနှင့် ထူထောင်ပြီး ယူလိုက်ကြဝီရိယ ပိုက်ဆံနှင့် ပေးဝယ်ရင် ရတာပေါ့ဗျာ။ ဘာကြိုက်ကြိုက် အဲဒါနှင့်ဝယ်။ ရပါတယ်ဗျာ။

မေး။ ။ ဒါတော့ မရှိဘူးလား။

ဖြေ။ ။ ဝီရိယတော့ ရှိပါတယ်ဘုရား

မေး။ ။ မရှိရင် ယူသုံးပါဗျာ။ ပြန်မပေးပါနှင့်။ မဟုတ်လား။

ဖြေ။ ။ ဒါဖြင့် အရှင်ဘုရားဆီက ရွှေဒင်္ဂါး တည်းဟူသော ဝီရိယနှင့်ယူသွားမှ ထင်ပါရဲဘုရား။

ယူသွားပါဗျာ။ ဘယ်လောက်ယူယူ ပြန်မပေးပါနှင့်။ အေး၊ ဒါကြောင့်မို့ ဘုရား ရွှေလက်ထက်တော်က ရှေးအရှင်တွေဟာ ကိုယ်နှစ်သက်တာတွေကို ဝီရိယတွေနှင့် ထူထောင်ပြီး ယူလိုက်ကြတာ အချိန်တိုင်း အချိန်တိုင်းမှာတွင်ပဲ လိုချင်တာတွေ ပြီးစီး အောင်မြင်သွားကြတာဟာ အချိန်တစ်ခုမှာတွင်ပဲ မရေမတွက်နိုင်ပါဘူးဗျာ။ အဲဒီလို အသီးသီး ရကြတယ်။

မေး။ ။ အဲဒီလို ရကြတာဟာ ဘယ့်နှယ်တုန်းဗျာ့၊ ရေတွက်နိုင်မလား။

ဖြေ။ ။ မရေတွက်နိုင်ပါဘုရား

မေး။ ။ ယခုတော့ ဒီလိုယူရင် မရဘူးလား။

ဖြေ။ ။ ရပါတယ်ဘုရား

အ၊ အဲဒါကြောင့်မို့ ယခုလည်းပဲ ရှေးကအရှင်တွေကဲ့သို့ တောင့်တ ရည်ရွယ်ချက် အသီးသီး ပြီးသလို ကိုယ်မှန်းထားချက်တွေ ပြီးအောင်ဟာ ဒီလို ဝီရိယတို့နှင့် ယူဆောင်ပြီးတော့ ကြိုးစားကြ။ အားထုတ်ကြဗျား

(ဝေဘူဆရာတော်)

စာညွှန်း -

ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိနှင့် ကျင့်စဉ် -
မောင်ကျော်ညွန့် (မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ)

သည်းခံလျှင် လိုသောဆု ပြည့်မည် အပိုင်း (၁/၂)

▬▬ஜ۩۞۩ஜ▬▬▬

[၁၉၅၅-ခု မေလ ၁၀-ရက်နေ့ည ၇နာရီခွဲတွင် ရန်ကုန်တက္ကသိုလ် ဓမ္မာရုံ၌ ဝေဘူဆရာတော် အရှင်မြတ် ဟောကြား တော်မူသော တရားတော်မှာ မြတ်စွာဘုရား ၏ အဆုံးအမပေါင်း များစွာသည် ဆင်းရဲမှ လွတ်မှု တစ်ခုတည်းသာ ဖြစ်သည်။ ဘုရား အဆုံးအမတွေကို မှတ်သားပြီး ရှေး အရှင်တွေ လိုက်နာသဖြင့် ချမ်းသာသုခ ရကြသည်။ ယခုဘ၀ ကောင်းတုန်းမှာ ဝီရိယ ထူထောင်ပြီး ကျင်ကြံအားထုတ်လျှင် ရှေးအရှင်များကဲ့သို့ ချမ်းသာသုခ ရကြမည်။ ကျင့်ကြံ အားထုတ်ရာမှာ အရာရာကို သည်းခံနိုင်မှ ပေါက်မြောက်မည် ဖြစ်ကြောင်း၊ ဘူရိဒတ်နဂါးမင်းနှင့် အလမ္ပာယ် ဆရာကို လည်းကောင်း၊ သိကြားမင်းနှင့် အသူရာ မင်းကြီးကို လည်းကောင်း နှိုင်းယှဉ်၍ ပုံပြဟောတော်မူသည်။]

ဝေဘူဆရာတော် အရှင်မြတ်သည် ပထမ ရှေးဦးစွာ ရှစ်ပါးသီလပေးပြီးနောက် တစ်ဘက်ပါအတိုင်း တရားတော်ကို ချီးမြှင့်ပါသည်။
တရားနာခံအဖြစ် ဦးလှက ဆောင်ရွက်ပါသည်။

သီလကို ဆောက်တည်လို့ ပြီးကြပြီ။ ဆောက်တည်ပြီးရင် ပြည့်စုံအောင် ဖြည့်ကြ၊ ကျင့်ကြ။ ဖြည့်ကျင့်လို့ ပြည့်စုံပြီ ဆိုမှဖြင့် စိတ်နှလုံးအလို တောင့်တ ရည်ရွယ်ချက် တို့ဟာ အသီးသီး ပြီးစီးအောင်မြင်ကြရော။ ထိုသို့ဖြစ်သောကြောင့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာ တောင့်တ ရည်ရွယ်ချက် အသီးသီးတို့ကို ပြီးစီးခြင်းငှာ အလိုရှိပါတဲ့ သူတော်ကောင်း အစားစားတို့သည် ပစ္စုပ္ပန် သံသရာ နှစ်ဖြာ တင့်တရည်ရွယ်ချက် အသီးသီးတို့ကို ပြီးစီးနိုင်ပါတယ်။

သည်လို ကြိုးစားပြီးတော့ ဖြည့်ကြ၊ ကျင့်ကြ။ သီလ၌တည်ပြီးတော့ ပြုရတဲ့ ကုသိုလ် ပုည သမ္ဘာရအစုစုတွင် အလိုရှိတဲ့ အတိုင်းဟာ ဧကန္တဆိုက်အောင်၊ ရောက်အောင် ဆောင်တော့၊ ပို့တော့တာပဲဗျာ။ ဒါကြောင့် သီလ၌တည်ပြီးတော့ ကောင်းမွန်စွာ စီမံပြီးလျှင် သူတကာကို မစေမပန်မခိုင်းဘဲနှင့် ကိုယ်ပိုင်ကိုယ်တိုင် အလှူခံကို ရိုသေလို့၊ အလှူဝတ္ထုကို ရိုသေလို့၊ စိတ်ကို ဖြောင့်မတ်စွာ ထားပြီးတော့ အတုအတူ မရှိပါတဲ့ ဘုရားရှင်သာသနာကို ကိုယ်ပိုင် ကိုယ်တိုင် ဆည်းကပ်လှူဒါန်းပြီး ကိုယ် နှစ်သက်တဲ့ ဗောဓိဆုနှင့်နိဗ္ဗာန်ကို စံဝင်ရပါလို၏လို့ အဲသည်လို ဆုယူ ဆုတောင်းကြ ရတယ်။

ဘဝကောင်း

▬▬▬▬▬

ဗောဓိဆိုတာ သစ္စာလေးပါးကို ထိုးထွင်းပြီး သိတာ မြင်တာကို ဗောဓိလို့ ခေါ်တယ်။ ဗောဓိသည် သမ္မာသမ္ဗုဒ္ဓဗောဓိပစ္စေကဗောဓိသာဝကဗောဓိသာဝက တွင်မှ အဂ္ဂသာဝကမဟာသာ၀ကပကတိသာဝက ရယ်လို့ အသီးသီးရှိတယ်။ ဧတဒဂ် ရာထူး ဌာနန္တရမှာလည်း ကိုယ်နှစ်သက်တဲ့ ဧတဒင်္ဂ ရာထူးဌာနန္တရနှင့် နိဗ္ဗာန်ကို စံဝင်ရပါလို၏။ အဲသည်လို ဆုယူ ဆုတောင်းကြ။

တောင့်တတဲ့အတိုင်း ပြီးစီးအောင်မြင်ကြလို့ နိဗ္ဗာန်ကို စံဝင်ကြွသွားတော်မူကြပါတဲ့ သူတော်ကောင်း အစားစားတို့ဟာ ရေတွက်ခြင်းငှာ မစွမ်းနိုင်အောင် များပြား ပါတယ်ဗျာ။ ဘာကြောင့် စိတ်နှလုံးအလို တောင့်တတဲ့အတိုင်း အကြွင်းအကျန်မရှိ ပြီးစီးကြပါသလဲဆိုရင် အခါကောင်းလို့၊ ဘဝကောင်းလို့၊ ဝီရိယ ကောင်းကြသည် ဖြစ်သောကြောင့် ဤကဲ့သို့ ပြီးစီးအောင်မြင်ကြတယ်။

ဘုရားပွင့်တော်မူတဲ့အခါ ဘုရားသာသနာ ရှိတဲ့အခါဟာ အခါကောင်း မည်တယ်။ လူ့ဘဝ နတ်ဘ၀ ဤကဲ့သို့ သုဂတိကို ရကြတာဟာ ဘဝကောင်း မည်တယ်။

ကိုယ် လိုအပ် မှန်းထားတဲ့ ဗောဓိအသီးသီးကို ပြီးစီးအောင်မြင်အောင်ဟာ ဝီရိယ ထူထောင်ပြီးတော့ ရှေးအရှင် သူတော်ကောင်းများတို့ဟာ ဖြည့်ကြ ကျင့်ကြတယ်။ ဤကဲ့သို့ ဖြည့်ကျင့်တာဟာ ဝီရိယကောင်းတယ် မည်တယ်။ အခါကောင်းတာ၊ ဘဝကောင်းတာကို သိပြီးတော့ လိုအပ်တဲ့ တောင့်တချက် ပြီးအောင်ဟာ ဝီရိယ ထူထောင်ပြီးတော့ ယူကြတဲ့ သူတော်ကောင်း အစားအစားတို့ဟာ အခုလို ပြီးစီး အောင်မြင်ကြတာဗျ။

တစ်ဘဝစာ မဟုတ်

▬▬▬▬▬▬▬

ဘုရားရွှေလက်ထက်တော်က ဘုရားပွင့်တော်မူတဲ့အခါ၊ ဘုရားသာသနာ ရှိတဲ့အခါ ဖြစ်တော့ မြင့်မြတ်တဲ့အချိန်အခါ ဘဝကို ရကြပြီဆိုပြီးတော့ ဘုရားထံမှောက်သို့ အစဉ်အတိုင်း များစွာသော လူနတ်ဗြဟ္မာတို့ ရောက်လာကြတယ်။ ဘုရားရှင်ရဲ့ အသရေတော်ကို မျက်မှောက်အားဖြင့် ကြည်ညိုကြတဲ့အခါမှာ ဘယ် လူ ဘယ်နတ် ဘယ်ဗြဟ္မာမှ အားမရ မာရောင့်ရဲနိုင်ကြဘူးတဲ့ဗျ။

စိတ်အားဖြင့် ကြည်ညိုပြီးတော့ နှစ်သက်ဖွယ်ဖြစ်တဲ့ ပူဇော်မှုတို့နှင့် အသီးသီး မြတ်နိုး ပူဇော်ခြင်းကို ပြုကြတယ်။ အတုအတူ မရှိတဲ့ ဘုရားရှင်သည် ကိုယ်တော်တိုင် ထိုး ထွင်းပြီး သိပါတဲ့အတိုင်း သဗ္ဗညုတ ရွှေဉာဏ်တော်ဖြင့် သိစေတော်မူတယ်။

ဤကဲ့သို့ သိစေတော်မူသဖြင့် ဘုရားဆုံးမတဲ့ အဆုံးအမကို ရသည့်အချိန်က စပြီးတော့ မချတဲ့ဝီရိယနှင့် ထူထောင်ပြီး ဣရိယပုထ်လေးဖြာမှာ တစ်ဆက်တည်း ပါအောင်ဟာ ယူကြတော့တာပါပဲဗျ။ အဲသည်လို ယူကြတဲ့အခါကျပြီ ဆိုတော့ အခါမလင့် ချမ်းသာ သုခတွေ ဆိုက်ရောက်လာလို့မို စိတ်နှလုံး အလိုအတိုင်း ပြီးကြတယ်။ ပြီးကြပြီ ဆိုတော့ ဝမ်းမြောက်ကြရတယ်။ ဘယ်လို ဝမ်းမြောက်ကြရပါသလဲ ဆိုတော့ တစ်ခဏစာ တစ်ဘဝစာ မဟုတ်ဘူး။ သံသရာ တစ်လျှောက်လုံးအတွက် လုံလောက် ပြီလို့ အဲသည်လိုဝမ်းမြောက်ကြရပါတယ်။

သည်တော့ အဲဒါတွေဟာ ဘယ်လောက်များများ ပါသလဲဆိုတော့ ဘုရားပွင့်တော် မူတဲ့အချိန်ကစပြီး ဆက်ကာ ဆက်ကာ များစွာသော လူနတ် ဗြဟ္မာတို့ဟာ အချိန်တိုင်း၌ လိုအပ်တဲ့ တောင့်တချက်ကို ယူကြဝယ်။ ယူကြတဲ့ လူနတ်ဗြဟ္မာတို့ဟာ အသီးသီး တစ်ဆက်တည်း တသီတတန်းကြီးဗျာ။ တစ်ခါတည်း စိတ်နှလုံးအလို ပြီးကြတာပဲတဲ့ဗျာ။

ဒါဟာ တို့ဘုရား ရွှေလက်ထက်တော်ကသာလား ဆိုတော့ မဟုတ်သေးဘူး။ ဘုရားရှင် ပရိနိဗ္ဗာန်စံကြပြီးတဲ့နောက် ဘုရားဆုံးမတဲ့ အဆုံးအမကို ကောင်းမွန်စွာမှတ်သား ပြီးတော့ လိုက်နာကြပါတဲ့ များစွာသော လူနတ် ဗြဟ္မာတို့ဟာ ထပ်တူညီမျှ လုံ့လဝီရိယ စိုက်ကြသည် ဖြစ်သောကြောင့် အချိန်တိုင်း အချိန်တိုင်းမှာ ပင်လျှင်ပဲ အစီးအပွားတွေဟာ များကြပါတယ်။ ဘယ်လောက် များသတုန်းဆိုတော့ မရေမတွက် နိုင်တောင် များပါသတဲ့ဗျ။

မေတ္တာမိုးစွေ

▬▬▬▬▬

သည်တော့ ဘုရားရှင် ဆုံးမတဲ့ အဆုံးအမတွေဟာ ဘယ်ဒင်း ဘယ်ဒင်းတွေလဲလို့ ဆိုရင် အားလုံးသော ဒကာကြီး ဒကာမကြီးတွေသည် မေတ္တာရှင် ကရုဏာရှင် ဖြစ်ပါတဲ့ သံဃာတော်ကောင်း အရှင်ကောင်းတို့က မေတ္တာတည်း ဟူသော မိုးစွေပြီး သကာလ သုံးဖြာသော ပိဋကတ်တို့ကို အစဉ်အားဖြင့် သနားပြီးတော့ ပိုချလို့ ဟောလို့ ပြောလို့ သွန်သင်ဆုံးမပြီးတော့ အခါအခွင့် ရတိုင်း ရတိုင်း ဤကဲ့သို့ ချီးမြှောက်တော် မူကြတယ်။

ချီးမြှောက်တော်မူကြသည် ဖြစ်သောကြောင့် အားလုံးသော ဒကာကြီး ဒကာမကြီး တွေဟာ ဘုရားဆုံးမတဲ့ အဆုံးအမဖြစ်တဲ့ သုံးဖြာသော ပိဋကတ်တို့ကို ကိုယ်နှင့် တန်သလိုကတော့ သွက်လက်ဖျတ်လတ်ပြီး ကျွမ်းနှီးလိမ်မာ သိရှိနားလည်ပြီးသား ရှိကြပါတယ်။ အေး အဲသည် ဘုရားဆုံးမပါတဲ့ အဆုံးအမတွေဟာ သာသနာခေါ်တယ်။

ဘုရားရှင် ဆုံးမတဲ့ အဆုံးအမတော်တွေဟာ ဘယ်လောက် များပါသတုန်းလို့ ဆိုရင် မမှတ်မိအောင်ကိုပဲ များပြားပါတယ်။ ဒီတော့ သည်လိုများပြီး နေပင် နေငြား သော်လည်း အားလုံး ဘုရားရှင် ဆုံးမပါတဲ့ အဆုံးအမသည် ဘယ်ဒင်းတုန်းဆိုတော့ စင်စစ်မှာ ဆင်းရဲမှ လွတ်မှုတစ်ခုတည်းပါပဲဗျာ။

သည်တော့ ဤကဲ့သို့ ဘုရားဆုံးမပါတဲ့ အဆုံးအမတော်တို့ကို မှတ်သားပြီး ရှေးအရှင်တွေဟာ လိုက်နာလို့ ချမ်းသာသုခတွေ ရကြတယ်။ အခုကော ဆိုတော့၊ အခုလည်း ကိုယ်မှတ်ပြီး ထားတာတွေက များများကြီး ရှိတယ်။ အဲသည် များများကြီး ထဲက အကုန်လုံး မဟုတ်ပါဘူး။ ကိုယ်မှတ်ထားတဲ့ အထဲက ကိုယ်အနှစ်သက်ဆုံး သဘောအကျဆုံးဟာ ရှိတယ်။ ဘုရား ဆုံးမတာတွေဟာ တူတယ်ဆိုပေမယ့် စိတ်က သည်လိုရှိဦးမှာဗျာ့။

အဲသည်လို ကိုယ်နှစ်သက်ရာ ဘုရားဆုံးမတဲ့ အဆုံးအမ မှန်မှန်တစ်ခုကို မချွတ် မတိမ်းပါးရအောင် မှတ်သားပြီးပြီဆိုတော့ ဝီရိယသန်သန်နှင့် ရှေးအရှင်တို့ရဲ့ ဝီရိယကို အမှီအညီ ငါတော့ဖြင့် ထူထောင်မယ်လို့။ ဘာကြောင့်လဲဆိုရင် မှန်းထားတဲ့ မှန်းထားချက်နှင့်ပြီးချင်လို့ ဆိုက်ချင်လို့ဗျာ။ ဝီရိယထူထောင်ပြီးတော့ စိုက်စိုက်စူးစူး ထားရမယ့်နေရာမှာ ထားရင်နေမယ်။

မေး။ ။ အဲသည်လိုနေတဲ့ အချိန်အခါကျတော့ ကိုယ်ဆင်းရဲကို ဖြစ်စေတတ်ပါတဲ့ လောဘဟာ ရှိပါဦးမလား။ (မရှိပါဘုရား)
မေး။ ။ ဒေါသကော၊ (မရှိပါဘုရား)
မေး။ ။ မောဟကော။ (မရှိပါဘုရား)
မေး။ ။ အဲသည်အချိန်မှာ ဘယ့်နှယ်တုန်းဗျ ။ စိုးရိမ်ကြောင့်ကြ ပူပန်ရမှုဟာ ရှိပါဦးမလား။ (မရှိပါဘုရား)
မေး။ ။ စိုးရိမ်ကြောင့်ကြပူပန်မှု မရှိဘူးဆိုတော့ ဘယ်နှယ်လဲ။
ဖြေ။ ။ ချမ်းသာပါတယ်ဘုရား။
မေး။ ။ ဒါဖြင့် စိုးရိမ်ကြောင့်ကြ ပူပန်ရမှုဟာ ဘာလဲ။
ဖြေ။ ။ ဆင်းရဲပါဘုရား။
မေး။ ။ သည်တော့ ဘုရားရှင်ဆုံးမတဲ့ အဆုံးအမတွေကို ကောင်းမွန်စွာမှတ်သားပြီး ဖြည့်ကျင့်တယ်၊ ဆည်းကပ်တယ်၊ ကိုးကွယ်တယ်၊ ဆိုရင် ဒါဟာ ပစ္စုပ္ပန် ဆင်းရဲ၊ သံသရာဆင်းရဲက ထုတ်နုတ်ပြီး ဆောင်တာ မဟုတ်လား။ (ဟုတ်ပါတယ်ဘုရား)

ဝီရိယထူထောင်

▬▬▬▬▬▬

သည်လို ပစ္စုပ္ပန်ဆင်းရဲ သံသရာဆင်းရဲက ထုတ်နုတ်ပြီး ဆောင်တယ် ဆိုတာကတော့ ကျေကျေပွန်ပွန်ကြီးကို ငယ်ငယ်ကတည်းက မေတ္တာရှင် ကရုဏာရှင်တွေက အစဉ် သနားပြီး ဆုံးမ ညွှန်ကြားထားတာဖြစ်လို့ နားလည်လိုက်တာကတော့ ပြောလို့ မကုန်နိုင်အောင် ဖြစ်ပါတယ်။ အဲဒါ ဘာလဲဆိုရင် ပြောထားတာကို မှတ်ထားပြီး ပြောတတ်၊ ဟောတတ်၊ ကိုယ်မှာ ဒီလိုသိတာဗျ။ အဲဒီလိုသိတဲ့ အတိုင်းဟာလဲ အစီးအပွားတွေဟာ မြင့်မြတ်လှပြီ။ များလှပြီ။

သို့သော်လည်းပဲ အချိန်တိုင်းမှာဆိုရင် မြင့်မြတ်တာ ဆင်းရဲတာကို ထုတ်နုတ်ပြီး ဆောင်တယ် ဆိုတာကတော့ သည်လိုပြောရုံဆိုရုံနဲ့ ကိုယ်မှာ နားလည်ချင်မှလည်မှာ။ အေး အခုနလို ဆုံးမပါတဲ့ အဆုံးအမ မှန်မှန်ကို သန်သန်ဝီရိယနှင့် ထိုထို၊ ထိုထိုတစ်ပါး အာရုံမသွားရအောင် ဤကဲ့သို့ ဝီရိယထူထောင်တော့၊ နေတယ် ဆိုတာ ထာဝရ ဣဒ္ဓိပါဒ်ပါပဲ။

ဤကဲ့သို့ နေတဲ့အချိန်မှာ ယခုနပြောတဲ့ လောဘ၊ ဒေါသ၊ မောဟတို့ဟာ သန့်ပြန့် စင်ကြယ်တော့ စိုးရိမ်ကြောင့်ကြ ပူပန်မှုမရှိပါဘူး။ အခုရော နောက်ရောဆိုတာဟာ ဆုံးမပါတဲ့ အဆုံးအမကို ရထားသည့် အားလျော်စွာ လိုက်တဲ့အခါမှာ ဆင်းရဲက ထုတ်နုတ်၍ ဆောင်ပုံတဲ့ဗျ။ နောက်အတွက် ဆင်းရဲမှ လွတ်ရမယ် ဆိုတဲ့ဟာကို သေသေချာချာ ကိုယ်ပိုင် သိတယ်ဆိုတာ၊ ဒါကတော့ ကိုယ့်ဝီရိယ ရှိသလောက် ဝီရိယိဒ္ဓိပါဒ် ပေါ်လာရင် အဲဒါအခြေရတာပဲ။ အခုတစ်ခဏကလေး ကိုပင်လျှင်ပဲ ဤကဲ့သို့ ပစ္စုပ္ပန်သံသရာ အတွက် ငြိမ်းအေးရတယ်၊ လုံလောက်တယ်။

မေး။ ။ ဒါကြောင့် စိတ်မှာအခုတွင်က ဘုရားဆုံးမတဲ့ အဆုံးအမကို ထားလိုက်တဲ့ အခါမှာ ဤကဲ့သို့ ဖြစ်ပါတယ်ဆိုတာက သူတကာတို့ ပြောတာကို မှတ်သားပြီးတော့ ပြန်ဖြေရတဲ့ အဖြေလား၊ ကိုယ်တိုင်ကို အခုန ထားစမ်းကြပါဆိုလို့ ထားနေတဲ့အခါ တည်တဲ့အခါမှာ သိလို့ ဖြေတာလားဗျ။
ဖြေ။ ။ ကိုယ်တိုင် တွေ့သိလို့ ဖြေတာပါ ဘုရား။
မေး။ ။ အေး၊ ဒီလိုဟာကတော့ ယုံမှား သံသယ ကင်းပြီးတော့ ကိုယ်နှင့် တန်သလောက်တော့ ရှင်းတယ် မဟုတ်လား။
ဖြေ။ ။ ရှင်းပါတယ်ဘုရား။
မေး။ ။ အေး အဲသည်လိုဗျ။ သည့်ထက်ကြာကြာ ထားလိုက်ရမယ်ဆိုရင် အခုလောက် ကပါ့မလား။
ဖြေ။ ။ အခုလောက် မကပါဘုရား။

သည်တော့ ဆင်းရဲက လွတ်မြောက်၍ နိဗ္ဗာန်ကို လိုချင်သည် ဖြစ်သောကြောင့် ရှေးအရှင်များတို့လို ကိုယ်နှစ်သက်ရာ ဗောဓိနှင့် အသီးသီးဟာ ငါဘယ်ဗောဓိနှင့် နိဗ္ဗာန်ကို စံဝင်ပယ်လို့ အဲသည်လို မှန်းထားချက်တွေရှိတယ်။

မဖြစ်ဘဲ မနေပေါင်

▬▬▬▬▬▬▬

မေး။ ။ ဤကဲ့သို့ မှန်းထားသည့် အားလျော်စွာ ဝီရိယနှင့် ထူထောင်တဲ့အခါကျတော့ ငါမှန်းတဲ့အတိုင်း ပြီးမှပြီးပါ့မလား၊ အောင်မှအောင်မြင် ပါ့မလားလို့ သည်လိုများ စိတ်ထဲမှာ နှစ်ခုသံသယ ဖြစ်နိုင်ဦးမလား။
ဖြေ။ ။ ယုံမှားသံသယ မဖြစ်နိုင်ပါဘူးဘုရား။

မဖြစ်ဘူးဗျ။ ဘယ်လိုဖြစ်မလည်းဆိုရင် ငါမှန်းထားတဲ့ ဗောဓိနှင့် ပြီးမယ် ဧကန္တ မှန်းသလောက်တောင် မကဘူး ပြီးနိုင်တယ်ဆိုတဲ့ဟာ အသီးသီးတို့မှာ သေသေ ချာချာကိုဖြစ်မှာဗျ။ မဖြစ်ဘဲ မနေပေါင်ဗျာ။ သည်တော့ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗောဓိအဖြာဖြာကိုပဲ သေချာနိုင်တယ်။ ပြီးစီးနိုင်တယ်။ ရှေးကအရှင်တွေဟာ သည်လို အောင်မြင်ပြီးစီးကြတယ်ဗျ။

မေး။ ။ အခုလည်း ဝီရိယနှင့်ထူထောင်ပြီးတော့ ဘုရားဆုံးမတဲ့ အဆုံးအမကို သိပြီး ပြည့်အောင် ဖြည့်မယ်၊ ဖြည့်လိုတဲ့ဆန္ဒနှင့် ပေါင်းပြီး သည်လို ယူမယ်ဆိုရင် ရတာတွေကိုသိတော့ ပိုကောင်းတဲ့ အချိန်အခါဘဝ၊ သည့်ထက် သာတဲ့အချိန်အခါ ဘ၀များဟာ ရှိပါဦးမလား။
ဖြေ။ ။ မရှိနိုင်ပါဘုရား။

အေး၊ ဒါကြောင့်မို့လို့ အမြင့်ဆုံး အမြတ်ဆုံးဖြစ်တဲ့ မှန်းထားချက် တွေကိုလှမ်းပြီးတော့ သာသာကလေး ယူရုံပဲတဲ့ဗျ။ သည်တော့ ခုနလို စိတ်ထဲမှာ ထားတာကတော့ ဘယ်နှယ်လဲ၊ ထိုင်ပြီးတော့ သာသာကလေး ထားတယ်။

မေး။ ။ အဲသည်လို ထားရတာဟာ ပင်ပန်းသလား။
ဖြေ။ ။ မပင်ပန်းပါဘူး ဘုရား။
မေး။ ။ ဆင်းရဲသလား။
ဖြေ။ ။ မဆင်းရဲပါဘူး ဘုရာ။
မေး။ ။ ပစ္စည်းကော ကုန်သလား။
ဖြေ။ ။ ပစ္စည်းလည်း မကုန်ပါဘူးဘုရား။
မေး။ ။ အလုပ်အကိုင်ကော ပျက်သလား။
ဖြေ။ ။ အလုပ်အကိုင်လည်း မပျက်ပါဘူးဘုရား။
မေး။ ။ အေးဗျာ၊ အဲဒါ သက်သာတာဗျ၊ သူတကာကော သိသေးသလား။
ဖြေ။ ။ သူတကာလည်း မသိပါဘူးဘုရား။

ယူချင်ရင် ရနိုင်

▬▬▬▬▬

အေးအေး .... ပစ္စည်းလည်း မကုန်ဘူး။ အလုပ်အကိုင်လည်း မပျက်ဘူး။ သူတကာလည်း မသိဘူးဆိုတော့ ကိုယ်လိုအပ်တဲ့ မှန်းထားချက်တွေဟာ မအောင်မြင် နိုင်စရာ မပြီးစီးနိုင်စရာ မရှိဘူးပေါ့ဗျာ။

သက်သာလိုက်တာ၊ ဟင် ... ရှေးက အရှင်တွေဟာလည်း အဲသည်လို တောင့်တချက် ပြီးမှုအတွက် ဘုရားရှင် ပွင့်တော်မူတဲ့အခါ ဘုရားရှင် သာသနာတော်ကို တွေ့အောင် ဆည်းပူးတော်မူကြတယ်။

တွေ့ကြသည်နှင့် တစ်ပြိုင်နက် ဘုရားပွင့်တော်မူတဲ့အခါနှင့် သိတဲ့အခါမှာ သူတို့ လိုချင်တာတွေ အကုန်လုံးရတာဗျာ။ အခုလည်းပဲ ကိုယ်အလိုရှိတဲ့ တွေဟာ ရနိုင်တဲ့ အချိန်အခါ ဘဝပါပဲ။ ယူရုံကလေးပါဗျာ။ ရှေးအရှင်တွေဟာ သည်လိုအချိန်မျိုးနှင့် ကြုံကြိုက်ကြပြီဆိုတော့ စိတ်နှလုံးအလို တောင့်တတဲ့အတိုင်း အရယူကြတာဗျာ။

အနည်းငယ်မျှသော အချိန်ကိုမှ အချည်းနှီး မဖြုန်းဘူးဗျာ။ အခုလည်း အချိန်ဟာ ဘယ်လို လိုက်ပါသလဲဆိုရင် အသီးသီးတို့ဟာ ယူမယ်ဆိုလို့ ရှိရင် ဘယ်ဗောဓိမဆို အချိန်တိုင်း အချိန်တိုင်းမှာ ရနိုင်တယ်။

ဣရိယာပုထ်မှာလည်း လေးပါးရှိတယ်။ ဘယ်ဣရိယာပုထ်နှင့် မဆို ဝီရိယထူထောင် ပြီးတော့ ယူမယ်ဆိုရင် ရတယ်။ နေရာကကော၊ ဘယ်နေရာ မဆို။ တောထဲမှာဖြစ်ဖြစ်၊ မြို့ထဲမှာဖြစ်ဖြစ်၊ အဲသည်လိုယူရင် ဖြစ်နိုင်တာ ချည်းပဲ။

မေး။ ။ သည်တော့ တစ်ယောက်တည်းဟာ ဘုရားဆုံးမတဲ့အတိုင်း ဘုရား အလိုတော် ကျအောင် ဝီရိယ ထူထောင်ယူရင် မဖြစ်ဘူးလား။
ဖြေ။ ။ ဖြစ်ပါတယ်ဘုရား။
မေး။ ။ အများကြီးနဲ့ကော။
ဖြေ။ ။ အများကြီးနဲ့လည်း ဖြစ်တယ်ဘုရား။
မေး။ ။ သူတကာတို့က စကားတွေပြောနေရင် ကိုယ့်ဟာကိုယ် ထူထောင်မယ်ဆိုရင် မဖြစ်ဘူးလား။
ဖြေ။ ။ ဖြစ်နိုင်ပါတယ်ဘုရား။
ဆရာတော်။ ။ ဖြစ်နိုင်ပါတယ်ဗျ၊ လွယ်လိုက်တာဟင်။

လျှောက်။ ။ သို့ပေတဲ့ တပည့်တော် သည်နေ့ငွေစာရင်းကလေး လုပ်ကြည့်ပါတယ် ဘုရား။ ငွေစာရင်းကလေး လုပ်ကြည့်တဲ့ အခါကျတော့ အချက်ကလေးကလည်း တော်တော် များတယ်ဘုရား၊ နှစ်ကျပ်ခွဲက တစ်ခု ဆယ့်သုံးကျပ် တစ်မတ်က တစ်ခု စသဖြင့် အတော်များတော့ ဒါကလေးပေါင်း နေရင်း ထိသိကို မလုပ်နိုင်ဘူးဘုရား၊
ထိသိကို လုပ်ကြည့်တော့လည်း ပေါင်းတာတွေ မှားလိုက်တာ ပေါင်းလို့ကို မဖြစ်ဘူး ဘုရား။ ဒါကြောင့် ငွေစာရင်း ကလေးလည်း ပေါင်းလို့ ဖြစ်အောင် ထိသိလည်း မလွတ်တဲ့ နည်းကလေး သနားပါဦးဘုရား။

မေး။ ။ ဒကာကြီး စာရင်းပေါင်းတယ် ဆိုတာက ဒါဟာ ပေါင်းနေကျပဲဗျ။ ဒါကို လေ့ကျင့်ရတာ မဟုတ်ဘူး။ လုပ်ငနကျ အလုပ်ပဲ မဟုတ်လား။
ဖြေ။ ။ လုပ်နေကျ အလုပ်ပေမယ့် စိတ်အင်မတန် စိုက်ရပါတယ်ဘုရား။
မေး။ ။ လုပ်နေကျ အလုပ်ဆိုတော့ ဝန်မလေးဘူးဗျာ။ အဲသည်လို လုပ်နေကျ အလုပ်ကိုလုပ်ရင်း ကိုယ်အလိုရှိတဲ့ဟာကို ထားတော့ မဖြစ်ဘူးလားဗျ။
ဖြေ။ ။ တပည့်တော်ကတော့ ခြံထဲမှာ မော်တော်ကားတို့ ဘာတို့ မရှိတဲ့နေရာမျိုး ရောက်ရင်တော့ ရပါတယ်ဘုရား။
မေး။ ။ ထိုင်နေရင်းကော။
ဖြေ။ ။ ရပါတယ်ဘုရား။
မေး။ ။ စကားပြောရင်းကော။
ဖြေ။ ။ အခုပဲစကားပြောရင်း လွတ်နေပါတယ်ဘုရား။
မေး။ ။ စကားပြောတာနှင့် ဒကာကြီးက ထားမှမထားဘဲ။ မထားလို့ လွတ်တာဗျာ။ ထားရင် လွတ်ပမလား။
ဖြေ။ ။ ထားတော့ထားပါတယ်ဘုရား။ ဒါပေမယ့် လွတ်တာက များနေပါတယ် ဘုရား။
မေး။ ။ အစတုန်းက ဒကာကြီးဟာ ခုလို ဘယ်အခါမှ မထားတော့ ဘယ်တော့မှ မနေဘူး မဟုတ်လား။
ဖြေ။ ။ အရင်တုန်းကတော့ သတိကို မရပါဘူးဘုရား။
မေး။ ။ အခုတော့ ဘယ်နှယ်လဲ။ တစ်နေ့လုံးနေရင်း အခုလို လောဘ ဒေါသ မောဟ ဘယ်လောက်များ စင်ကြယ်သတုန်းဗျ။
ဖြေ။ ။ရှေးတုန်းကတော့ စင်ကြယ်တဲ့အခါ ရယ်လို့ မရှိပါဘူးဘုရား။
မေး။ ။ သည်တော့ ဘုရားဆုံးမတဲ့ အဆုံးအမကို ထားရမယ်ဆိုရင် လိုက်နာပြီး အခုထား၊ အခုစင်ကြယ်နိုင်တယ် မဟုတ်လား။
ဖြေ။ ။ စင်ကြယ်နိုင်ပါတယ်ဘုရား။
မေး။ ။ ဒါဖြင့် ဒကာကြီး ရှေးတုန်းကဟာက ထားလျက်သားနှင့် မစင်ကြယ်တာလား၊ မထားလို့ မစင်ကြယ်တာလား။
ဖြေ။ ။ ရှေးကမထားလို့ မစင်ကြယ်တာပါဘုရား။
မေး။ ။ အခုအဟုတ် ထားလိုက်တော့ အဟုတ်စင်ကြယ်တယ် မဟုတ်လား။
ဖြေ။ ။ အဟုတ်ထားပေမယ့် လွတ်လွတ်သွားပါတယ်ဘုရား။
မေး။ ။ အဟုတ်ထားတော့ မလွတ်ဘူးဗျ။ လွတ်လွတ် သွားတာဟာ အဟုတ် မထားလို့ဗျ။
မေး။ ။ အဟုတ်ထားတယ် ဆိုတာက တစ်ခါတစ်ခါ စကားပြောရင်း မလွှတ်အောင် ဘယ်လိုအဟုတ် ထားရမလဲဘုရား။
ဖြေ။ ။ ဒကာကြီးများတို့ အဟုတ်အလေး ဂရုပြုပြီး ထားရင်း သွားရင်း ဖြစ်တယ် မဟုတ်လား။
မေး။ ။ အဟုတ် အလေးမပြုတတ်အောင် ဖြစ်နေပါတယ်ဘုရား။
ဖြေ။ ။ ဒကာကြီးများ ပြုတတ်ပါတယ်ဗျာ။ သည့်ပြင်ဟာ မပြောနှင့် အဖိုး ထိုက်တန်ကြီး မဟုတ်ပါဘူး။

မေး။ ။ ကဲ၊ ဒကာကြီး ဒကာမကြီးများတို့ အသီးသီးကို ဆီပေးမယ်၊ ယူခဲ့ကြဆိုရင် ဒကာကြီး ဒကာမကြီးတွေဟာ ထည့်စရာ အသီးသီး ယူခဲ့ကြရမယ်မဟုတ်လား။
ဖြေ။ ။ ယူခဲ့ရမှာပဲ ဘုရား။
မေး။ ။ အေး-ယူခဲ့တော့ ပါသလောက် ခွက်တွေကို အကုန်ပြည့်အောင် ထည့် ပေးလိုက်မယ်၊ ယူကြမယ် မဟုတ်လား။
ဖြေ။ ။ယူမှာပါ ဘုရား။
မေး။ ။ အဲသည်လို ယူတဲ့အခါကျတော့ မဖိတ်အောင် ယူကြမှာပဲမဟုတ်လား။
ဖြေ။ ။ မဖိတ်အောင် ယူမှာပါဘုရား။
မေး။ ။ သည်တော့ တို့ကပြောရဦးမလား။ ထည့်ပေးလိုက်တာ ကလေးတွေ မဖိတ်ကောင် ယူကြလို့ ပြောရဦးမလား။
ဖြေ။ ။ မပြောဘဲနှင့်ကို မဖိတ်အောင် ယူမှာပါဘုရား။
မေး။ ။သည်တော့ ဘယ်လိုယူမလဲ၊ ယူရမှာက လူတွေ အများကြီး၊ အလယ်ကယူရမှာ မဟုတ်လား။
ဖြေ။ ။ ဟုတ်ပါတယ်ဘုရား။
မေး။ ။ သည်တော့ သတိဆောင်ပြီး မဖိတ်အောင် ယူရမယ် မဟုတ်လား။ သည်လို ယူတော့ လူတွေက ဖယ်ပေးကြမှာလား။
ဖြေ။ ။ တပည့်တော်က ရှောင်ပြီး သွားရမှာပါဘုရား။
မေး။ ။ သည်တော့ လူတွေကိုလည်း ရှောင်ရသေးတယ်။ ဆီကိုလည်း အဟုတ် မဖိတ်စေရအောင် စိတ်ကတော့ ဘယ့်နှယ်လဲ။
ဖြေ။ ။ အဟုတ် မဖိတ်ပါဘူး ဘုရား။
မေး။ ။ ရှောင်တယ်ဆိုတာက ဘယ်လိုလဲ၊ ကျော်တန် ကျော်ရမယ်၊ ကွေ့တန် ကွေ့ရမယ်၊ ကောက်တန် ကောက်ရမယ် မဟုတ်လား။ သည်နေရာမှာ တို့က ပြောရဦးမလား။ ဒီနေရာမှာ ကျော်လိုက်ဦး၊ ဟိုနေရာကျတော့ ကွေ့လိုက်ဦး၊ ဒီနေရာ ကျတော့ ဒီဘက်ကို ကောက်လိုက်ဦးလို့ ပြောရဦးမလား။
ဖြေ။ ။ မပြောရပါဘူး ဘုရား။
မေး။ ။ ခြေလှမ်းကကော ပကတိ လှမ်းတာထက် တစ်ခါတလေကျရင် ခပ်များများ ပိုလှမ်းရတဲ့အခါလည်း မရှိဘူးလား။
ဖြေ။ ။ ရှိပါတယ်ဘုရား။
မေး။ ။ တိမ်းတတ် ရှောင်တတ် ဆိုတာကလည်း ကိုယ်အခါခပ်သိမ်း လှမ်းနေကျ အတိုင်း မဟုတ်ဘဲ၊ နည်းနည်းလှမ်းရတဲ့အခါ ကြဲကြဲလှမ်းရတဲ့ အခါကော မရှိဘူးလား။
ဖြေ။ ။ ရှိပါတယ်ဘုရား။
မေး။ ။ ဒါတွေကိုလည်း ပြုပြင်ရမယ် မဟုတ်လား။
ဖြေ။ ။ ဒါတွေကိုလည်း အကုန်လုံး ရှောက်ပြုရမှာပါဘုရား။
မေး။ ။ သည်တော့ စိတ်ကဘယ်လို ထားရမလဲ ဆိုတော့ အခုန ထည့်ပေးလိုက်တဲ့ ဆီလည်း မဖိတ်စေရဘူး ဆိုတဲ့စိတ်လည်း ထားရမယ် မဟုတ်လား။
ဖြေ။ ။ ဆီမဖိတ်အောင် အင်မတန် လုံ့လဝီရိယ စိုက်သွားရမှာပါဘုရား။
မေး။ ။ သည်လို စိတ်ကစိုက်ပြီး သွားတော့ အခုနက ကွေ့ရမယ့် နေရာကို စောစောက တင်ကြိုပြီး ကွေ့ဖို့ မသိဘူးလား။
ဖြေ။ ။ စောစောက တင်ကြိုပြီး သိတယ်ဘုရား။
မေး။ ။ သိတော့ ဆီဖိတ်သေးလား။
ဖြေ။ ။ ဆီမဖိတ်အောင် ထားတာလဲစိတ်ပဲ၊ လူကို ဖယ်ရ ရှောင်ရ ကွေ့ရတာလဲ စိတ်ပဲဘုရား။
မေး။ ။ သည်တော့ စိတ်က တစ်ပြိုင်နက်တည်း တစ်ခုလား နှစ်ခုလားဗျ။
ဖြေ။ ။ တစ်ခုပြီးမှ တစ်ခုပါဘုရား။
မေး။ ။ အေး - သို့သော်လည်း ဝီရိယထား သွားပြီဆိုတော့ စိတ်က အင်မတန် မြန်တယ်ဗျ၊ စိတ်မြန်ပုံဟာ ဘယ်လိုလဲဆိုတော့ လျှပ်တစ်ပြက်မှာကိုပဲ ကုဋေတစ်သိန်း ဆိုတာ မှန်တယ်ဟုတ်လား။
ဖြေ။ ။ မှန်ပါတယ်ဘုရား။
မေး။ ။ သည်တော့ ဒကာကြီးလည်း အလုပ်လုပ်ရင်း သည်လိုလုပ်ပါ။
ဖြေ။ ။ သည်လိုမှတ်ပြီး လုပ်ပါမယ်ဘုရား။
မေး။ ။ အခုနလို ကြားထဲ လပ်သွားမှာလား။
ဖြေ။ ။ မလပ်ပါဘူးဘုရား။
မေး။ ။ အခုန ထားတယ် ဆိုတာက ဒကာကြီးက အဟုတ်ထားလျက်နှင့် မဖြစ်တာလား၊ မထားလို့လား။
ဖြေ။ ။ မထားလို့ ဆီဖိတ်တာပါဘုရား။
မေး။ ။ အခုတော့ ထားလျက်နှင့် မဖြစ်ဘူးလို့ ပြောတယ်။ အခုတော့ အဟုတ်ထားလို့ အဟုတ်သိပြီ မဟုတ်လား။
ဖြေ။ ။ နားလည်ပါပြီဘုရား။
မေး။ ။ အဟုတ်သိတော့ အဟုတ်လုပ်ဖြစ်တယ် မဟုတ်လား။
ဖြေ။ ။ ဖြစ်ပါတယ်ဘုရား။

အခုန ဆီယူသွားရတာလို ဆီလည်း မဖိတ်ရအောင် စိတ်ကထားပြီး သွားရတယ်။ အသွားလည်း မပျက်ဘူး။ သည်နေရာကျတော့ ခြေလှမ်းကြဲကြဲ လှမ်းရဦးမယ်။ ဟိုနေရာကျတော့လည်း ကိုယ်လှမ်းချင်သလို လုပ်လို့ မဖြစ်ဘူး။ ဟိုရှေ့ကို သိပ်လှမ်းလို့ မဖြစ်ဘူး။

သည်လောက်ကလေး လှမ်းမှာနှင့် ပြီးတော့ ဟိုနေရာကျရင် ကွေ့ရဦးမယ်၊ သည်နေရာ ကျတော့ ကျော်ရဦးမယ်နှင့် စိတ်က သည်လိုထားပြီး သွားရတယ်မဟုတ်လား။

အဲဒါ ဘာလဲဆိုရင် စိတ်ကို အားတင်းထားပြီး ကိုယ်လိုချင်တဲ့ ဆီကိုလည်း မဖိတ်အောင်၊ လူတွေကိုလည်း ရှောင်လို့ လွတ်အောင် အတင်းထားတာဗျ။

မေး။ ။ အေး၊ အခုလည်း ဘုရား ဆိုဆုံးမတဲ့ဟာနှင့် ဆီဟာ ဘယ်ဒင်းက အဖိုးထိုက်တန်သလဲဗျ။
ဖြေ။ ။ ဘုရား ဆိုဆုံးမတဲ့ဟာက အဆမတန် အဖိုးထိုက်တန်ပါတယ်ဘုရား။
မေး။ ။ ဆီကိုယူသွားတဲ့အခါကျတော့ မဖိတ်စေနှင့် ဘာနှင့်လို့ မှာရဦးမလား၊ ကွေ့ တန်ကွေ့၊ ကောက်တန်ကောက်၊ ကွင်းတန်ကွင်းလို့ မှာရဦးမလား၊ ကွင်းပုံက ဘယ်လို လုပ်ရမှာလို့ သည်လို ရှောက်ပြောရမယ် ဆိုရင် ဘယ်လောက်ကြာကြာ မှာရမလဲ။
ဖြေ။ ။ အကြာကြီးပါဘုရား။
မေး။ ။ စာအုပ်ရေးရင် ဘယ်လောက်ရေးရမလဲ။
ဖြေ။ ။ စာအုပ်ရေးရင် စက္ကူမလောက်ပါဘူးဘုရား။
မေး။ ။ ရှောက်ဖတ်ရင်ကောဗျာ။
ဖြေ။ ။ တစ်နေ့လုံး တစ်ညလုံးဖတ်လည်း အတော်ကြာကြာကြီး ဖတ်ရမှာပါ ဘုရား။

ဟုတ်တယ်ဗျ၊ သို့သော်လည်း စင်စစ်မှာတော့ ဘယ်လိုတုန်းဆိုရင် ဒါဟာ ဆီမဖိတ်ဖို့ ကလေးပါပဲဗျ။ (တင်ပါ့ဘုရား)

မေး။ ။ အေး၊ ဆီမဖိတ်အောင်ဟာ သည်လိုလည်း မပြောလိုက်ဘူး။ မပြော လိုက်ပေမယ့် မဖိတ်အောင် ယူရမှာမဟုတ်လား။
ဖြေ။ ။ မဖိတ်အောင်ယူရမှာဘုရား။
မေး။ ။ အေး၊ ဒကာကြီး ဒကာမကြီးတွေကိုလည်း အခု သတိပေးတယ်။ ဘုရား ဆုံးမတဲ့ အဆုံးအမကိုရပြီး ဒါကို မလွတ်စေနှင့်၊ တစ်ဆက်တည်းသာ ယူကြလို့ ဆိုရင် ဒီကပြီးလို့ အိပ်ပြန်တော့။ အိပ်ရောက်အောင် တစ်ဆက်တည်း ပါရဲ့လား။
ဖြေ။ ။ မပါပါဘူးဘုရား။
မေး။ ။ ဒါဖြင့် ဆီနှင့် ဘုရားဆုံးမတဲ့ အဆုံးအမဟာ ဘယ်ဒင်းက အဖိုးတန်သလဲဗျ။
ဖြေ။ ။ ဘုရားရှင်မတဲ့ အဆုံး အမဟာ အဆပေါင်း မရေမတွက်နိုင်အောင် သာလွန် အဖိုးထိုက်တန်ပါတယ် ဘုရား။
မေး။ ။ ဆီကိုမဖိတ်ဝင် ဧရာမခွက်ကြီးနဲ့ ထည့်ပြီးရင် ဘယ်လောက် ပါသလဲ။
ဖြေ။ ။ နှစ်ပိဿာအပြင် တိုးမပါပါဘူးဘုရား။
မေး။ ။ မဖိတ်အောင် ယူသွားရင် ဆီနှစ်ပိဿာရဲ့ တန်ဖိုးဟာ ဘယ်လောက် ရှိမလဲ။
ဖြေ။ ။ သုံးကျပ် လေးကျပ်လောက် တန်ပါတယ်ဘုရား။
မေး။ ။ ဒီသုံးကျပ် လေးကျပ်တန်ကို မဖိတ်အောင် ယူသွားလို့ မမှာဘဲနှင့် မဖိတ်အောင် ယူမှာဗျ၊ ဟုတ်ကဲ့လား။
ဖြေ။ ။ တင်ပါ့ဘုရား၊ ဒါက လောဘကလေးနှင့်ကိုး ဘုရား။
မေး။ ။ ကဲ ဒါဖြင့် ဒါကို တစ်ဆက်တည်းပါအောင် ဆောင်ကြ ဆိုတော့ တစ်ဆက်တည်း ပါရဲ့လားဗျာ။
ဖြေ။ ။ မပါပါဘူးဘုရား။
မေး။ ။ ဘယ်ကျန်ရစ်ခဲ့သလဲ။
ဖြေ။ ။ ကားပေါ် အတက်မှာ ကျန်ရစ်ခဲ့ပါတယ်ဘုရား ကားပေါ်ကို အတက်မှာ လူတွေက ကျိတ်ကျိတ်တိုးပြီးနေတော့ တပည့်တော်က မစ္ဆရိယစိတ်ကြီးနှင့် နင်တို့ မတက်နှင့်ဦး၊ ငါ့ဦးဆုံး တက်ဦးမယ်ဆိုတဲ့ စိတ်ကြီးနှင့် ဆိုတော့ ကျန်ရစ်ခဲ့ပါတယ် ဘုရား။
မေး။ ။ ဆီလိုယူရင် ဖိတ်ပါ့မလား။
ဖြေ။ ။ မဖိတ်ပါဘူးဘုရား။
မေး။ ။ ဒါဖြင့် ဘုရားဟောတာနှင့် ဆီနှင့် ဘယ်ဟာက တန်ဖိုးရှိသလဲဗျ။
ဖြေ။ ။ ဘုရားဟောတာက အဆမတန် တန်ဖိုးရှိပါတယ် ဘုရား။
မေး။ ။ အေး၊ သည်လောက်သိရင် တော်ပါပြီ၊ ဒါကတော့ မမှန်တတ်စရာ မလုပ်တတ်စရာ မရှိပါဘူးဗျ။ ဆီကတော့ ယူနေကျမဟုတ်လား။
ဖြေ။ ။ ယူနေကျပါဘုရား။
မေး။ ။ ရေတွင်းထဲက ရေခပ်မယ်ဆိုရင် ရေခပ်တဲ့အခါမှာ မဖိတ်ရအောင် ယူရတယ် မဟုတ်လား၊ သည်လိုယူတော့ မဖိတ်မယိုဘဲနှင့် ဘယ်လောက်ထိအောင် ပါသလဲဗျ။
ဖြေ။ ။ မဖိတ်မယိုဘဲနှင့် ကိုယ်လိုချင်တဲ့အထိ ရောက်အောင်ပါပါတယ်ဘုရား။
မေး။ ။ မြတ်စွာဘုရားရဲ့ တရားတော်တော့ကော။
ဖြေ။ ။ မြတ်စွာဘုရားရဲ့ တရားတော်ကတော့ တယ် မကြာဘူး ဘုရား။ အဟုတ်ကို မလိုချင်လို့ပါဘုရား။
မေး။ ။ ဒါပေမယ့် ဆုတောင်းတော့ ဘယ်လိုတောင်းသလဲ။
ဖြေ။ ။ ဒါကတော့ အမေသင်ပေးတဲ့ ဩကာသကို လျှောက်ဆိုတာပဲဘုရား။
မေး။ ။ လိုတော့ မလိုချင်ဘူးလား။
ဖြေ။ ။ လိုတော့ လိုချင်ပါတယ်ဘုရား၊ ဒါပေမယ့် နိဗ္ဗာန်ဆိုတာလည်း သေသေ ချာချာ မသိတော့ လိုချင်တယ်ဆိုတာလည်း ပါးစပ်ပြောပါဘုရား။
(ကဲ လိုချင်တာ မလိုချင်တာ နေပေစေ၊ လိုချင်သည်ဖြစ်ဖြစ်၊ မလိုချင်သည်ဖြစ်ဖြစ် ဒါ လုပ်ဆိုရင် လုပ်သာလုပ်၊ အဲသည်အတိုင်းဆိုရင် ရမှာပါပဲဗျ။ လိုချင်လည်း လုပ်၊ မလိုချင်လည်း လုပ်၊ ကြားလား။)
ဖြေ။ ။ မလိုချင်လို့ လုပ်ရင် ရလိမ့်မယ် မထင်ပါဘူးဘုရား။
(ဒါတွေကို စဉ်းစားမနေနှင့် အခုန လုပ်ဆိုတာသာ လုပ်ဗျာ။)
ဖြေ။ ။ အဲသည် အဟုတ် တကယ်လုပ် ဆိုတဲ့နည်းကို မယ်မယ်ရရ မသိတာနှင့် ပျင်းတာနှင့် သည်လိုဖြစ်နေပါတယ် ဘုရား။
မေး။ ။ အခုန သည်လိုထားဆိုလို့ ထားတယ်မဟုတ်လား။
ဖြေ။ ။ ချက်ချင်း ထားလိုက်ပါတယ်ဘုရား။
မေး။ ။ ထားတော့ နေတယ် မဟုတ်လား။
ဖြေ။ ။ ထိုင်နေတုန်းတော့ အတော် အတန်လောက် နေပါတယ် ဘုရား။ ဒါပေမယ့် လွတ်လွတ် သွားတယ် ဘုရား။
မေး။ ။ အဲဒါ ဘာလိုလို့ လဲ။
ဖြေ။ ။ ဝီရိယ လိုလို့ပါဘုရား။
(လိုတာသိရင် မလိုအောင် လုပ်ဗျာ့၊ လွယ်ပါတယ် ၊ ဝီရိယ များများထားရင် နည်းနည်း ကလေး ကုသိုလ်ရတာပဲဗျာ။)
ဖြေ။ ။ တပည့်တော်တို့ကတော့ သိပ်ကုသိုလ်ရမှာဘဲဘုရား။
မေး။ ။ ဘာဖြစ်လို့လဲ။
ဖြေ။ ။တပည့်တော်တို့ များများလွတ်လို့ပါ ဘုရား။
(များများလွတ်ရင် များများထားဗျ။ များများထားဖို့ဟာက အခုန ပြောသလို ဘယ်ဒင်း မဆို များများလုပ်ရင် နေရာကျတာကြီးပဲဗျာ့။
မေး။ ။ ဘယ်အပိုင်းထဲကဖြစ်ဖြစ် များရင် နေရာကျတာကြီးပဲ မဟုတ်လား။
ဖြေ။ ။ တင်ပါ့ဘုရား။
မေး။ ။ ဒါကြောင့် ကိုယ်လိုချင်တဲ့ဟာကို လုပ်တော့မယ်ဆိုရင် မဖြစ်ကိုသိရင် ဝီရိယ ထူထောင်ဖို့ရာကြီးပဲ ဖြစ်တယ်မဟုတ်လား။

ဒါကြောင့် စတဲ့အခါမှာ ဘယ်ဟာမျိုးမဆို သီလဘက်၊ သမာဓိဘက်၊ ပညာဘက် အကုန်လုံးမှာ များများကြီး လုပ်သွားလျှင် အကောင်းဆုံးပဲဗျာ။ အဲဒါ အမျိုးမျိုး အဖြာဖြာတို့မှာ အသာဆုံး အကောင်းဆုံး ဖြစ်တာပဲဗျ။ ပစ္စုပ္ပန်ရော၊ သံသရာရော၊ ပစ္စုပ္ပန်ဆိုတာက ရွှေငွေရတနာ အမျိုးမျိုး အဖြာဖြာ များများကြီး ရနိုင်မယ်ဆိုရင် မောတာ ညောင်းတာ အမျိုးမျိုး အဖြာဖြာတိုကို ဘယ်လိုတုန်းဗျာ့၊ သည်းခံရမယ် မဟုတ်လား။

မေး။ ။ သည်းခံတဲ့ နေရာမှာလဲ အကုန်လုံး သူများထက် ပိုသည်းခံပြီး ဝီရိယ ထူထောင်နိုင် သွားပြီဆိုရင် ဘယ့်နှယ်လဲ။
ဖြေ။ ။ သူများထက် ပိုက်ဆံတိုးရပါတယ် ဘုရား။
မေး။ ။ နေရာတိုင်းမှာ ရကြမယ် မဟုတ်လား။ အလတ်စား သည်းခံနိုင်တဲ့ လူကကော။
ဖြေ။ ။ အလတ်စားပဲ ရပါတယ်ဘုရား။
မေး။ ။ ညံ့သေး ဖျင်းသေး ဆိုတဲ့လူကကာ။
ဖြေ။ ။ သူကတော့ ငတ်ငတ်ပြတ်ပြတ် ဖြစ်နေပါတယ်ဘုရား။
မေး။ ။ အကုန်လုံးမရှိတဲ့ လူကကော။
ဖြေ။ ။ သူကတော့ ဓားပြကလေး ဘာကလေး တိုက်စားရပါတယ်ဘုရား။

အေး- ဒါကိုသိရင် နေရာတိုင်းမှာ အသာဆုံးဖြစ်အောင် လုပ်ကြပါ။ အကုန်လုံး သည်းခံချင်အောင် မေတ္တာရော လုံ့လဝီရိယရော သာထက်သာ ချည်းပဲဖြစ်အောင် လုပ်ကြ။ သည်လိုလုပ်ရင် အသာသုံးက အားလုံးတို့ထက် လွှမ်းမိုးသွားပါလိမ့်မယ်ဗျာ့။

(ဝေဘူဆရာတော်)

စာညွှန်း

ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိနှင့် ကျင့်စဉ် -
မောင်ကျော်ညွန့် (မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ)

သည်းခံလျှင် လိုသောဆု ပြည့်မည် အပိုင်း (၂/၂)

▬▬ஜ۩۞۩ஜ▬▬▬

သာချင်လျှင်

▬▬▬▬

ဒါကြောင့်မို့ ကိုယ်ကသာချင်လျှင် အသာဆုံးချည်းပဲ ဖြစ်အောင် လုပ်ပါ။ အခုန တဏှာဘက် သည်ဘက် အကုန်လုံးတွေပေါ့ဗျာ။ အဲဒါမှာလည်း သည်းခံခြင်း မေတ္တာနှင့် အားလုံးတို့ထက် အသာဆုံးဖြစ်အောင် လုပ်ကြပါ။ အဲဒီလို အသာဆုံးတွေ ချည်းပဲ ဖြစ်အောင်ဆိုလျှင် ပစ္စုပ္ပန်ရော သံသရာရောဟာ အားလုံးတို့ထက် လွှမ်းမိုးပြီး အဿာသုံးချည်းပဲဖြစ်မှာဗျာ့။ (တင်ပါ့ဘုရား)

သည်လိုဖြစ်ချင်ရင် သည်လိုလုပ်ရုံပဲရှိပါသဗျာ့။ သည်းခံခြင်းဆိုတာမှာလည်း ဘယ့်နှယ်တုန်း နည်းနည်း သည်းခံနိုင်ရင် နည်းနည်းဗျာ့။ များများ သည်းခံနိုင်ရင် များများဗျာ့။ သူတကာနှင့် မတူအောင် သည်းခံနိုင်ရင် ဘယ်သူနှင့်မှ မတူအောင် အစီး အပွားတွေဟာ ရပါတယ်ဗျာ့။ သည်လိုဟုတ်ကဲ့လား။ (ဟုတ်ပါတယ်ဘုရား)

ဤကဲ့သို့ ဘုရားအဆုံးအမကို လိုက်နာမိကြပြီဆိုမှဖြင့် အဲဒါတွေကလည်း အကျိုး အာနိသင်တွေကို သိလာကြတဲ့ အခါကျပြီဆိုတော့ နောက်မဆုတ်ကြတော့ဘူး။ အကုန်လုံးတို့ဟာ ထူထောင်ပြီးတော့ တစ်ခါတည်းပဲ သာသည်ထက် သာချည်းပဲ။ သာတော့တဝပဲတဲ့ဗျာ။ သူတို့ ဒါကိုမစွန့်တော့ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ နေရာ ကျမှန်း သိနေတာကိုးဗျာ့။ သူများမေးရမှာမဟုတ်ဘဲ ကိုယ်တိုင်ကို နားလည်တာကိုး။ အဲသည်လိုဗျာ့။ (တင်ပါ့ဘုရား)။

ဒါကြောင့်မို့ အခု အကုန်လုံး နေထိုင်သွားလာရာမှာ အကုန်လုံးသည်းခံပါ

မေး။    ။ ခုန ဒကာကြီးက လွတ်လွတ်သွားတယ်ဆိုတော့ သည်းခံတာလုံလောက်လို့ လား၊ မလုံလောက်လို့လား။

ဖြေ။    ။ သည်းခံဟာ မလုံလောက်လို့ပါဘုရား။

မေး။    ။ ဒါဖြင့် လုံလောက်အောင်လုပ်ဗျာ။ သည်လို နောက်ကိုသွားနေတော့ ဘယ့်နှယ်တုန်းဗျ။ အမှုမပြီးစေတာ ရှိသေးလား။

ဖြေ။    ။ အမှုမပြီးစေတာ မရှိပါဘူးဘုရား။

မေး။    ။ အကုန်လုံး နေရာတိုင်းမှာ၊ အချိန်တိုင်းမှာ အစီးအပွားတွေ၊ ရစရာ ရှိတာတွေ ဆက်ကာဆက်ကာ မလပ်အောင် အချိန်တိုင်းမှာရှိတယ်။ ဟုတ်ကဲ့လားဗျာ။ (ရှိပါတယ် ဘုရား)။

မေး။    ။ ဘာတုန်းဆိုတော့ အချိန်တိုင်း အချိန်တိုင်း၊ နေရာတိုင်း နေရာတိုင်း၊ ဣရိယာပုထ်တိုင်း ပြောလို့ မကုန်နိုင်ဘူးတဲ့ဗျာ။ ရနိုင်တဲ့ အစီးအပွားတွေဟာ ဘာကြောင့်လဲ ဆိုလျှင် ချမ်းသာနှင့် ဆင်းရဲဆိုတာ နှစ်ခုမှာတော့ သည်ချမ်းသာ ဆင်းရဲ မရှိတဲ့ အချိန်ရယ်လို့ ရှိသလားဗျာ့။

ဖြေ။    ။ မရှိတဲ့အချိန်ရယ်လို့ မရှိပါဘူးဘုရား။

မေး။    ။ တစ်ခုခုကဖြင့် ရှိနေတော့တာပဲဗျာ့။ သည်တော့ ဆင်းရဲဖို့ရာ သဘော မကျဘဲနှင့် ဆင်းရဲဖို့ရာကို တွေ့တော့ ဘယ့်နှယ်လဲ။

ဖြေ။    ။ ဆင်းရဲဖို့ရာနှင့် တွေ့တော့လည်း သည်းခံရမှာပဲဘုရား။

မေး။    ။ ပြီးတော့ ကုသိုလ်ထောက်မသည် ဖြစ်သောကြောင့် လေးစားကြည်ညို ပူဇော်ခြင်းနှင့် အမျိုးမျိုး အဖြာဖြာ လုံလုံလောက်လောက်နှင့် ဘာမျှ မလိုရအောင် အဲသည်လိုဟာတွေနှင့် တွေ့ရင်ကော။

ဖြေ။    ။ ဝမ်းမြောက်ရမှာပဲ ဘုရား။

မေး။    ။ အဲသည်လို ဝမ်းမြောက်နေရင်းနှင့် ဝမ်းမြောက်နေတာကို နှစ်သက်နေရင် ကောင်းပါ့မလား။

ဖြေ။    ။ အာရုံထဲကဆိုလျှင် ဘာမှ မကောင်းပါဘူးဘုရား။

မေး။    ။ ဒါဖြင့် ဘယ့်နှယ်လုပ်မလဲ။

ဖြေ။    ။ လောကီဘက်ကတစ်ပါး အာရုံတွေကတော့ ကောင်းပါတယ်ဘုရား။

မေး။    ။ ဒကာကြီးကို အိမ်က သားသမီးတွေ ဒကာမကြီးတွေက ကောင်းကောင်း မွန်မွန် လေးလေးစားစားနှင့် ကိုယ်နှင့်ပြု၊ နှုတ်နှင့်ပြုသည်လို့ ဆိုရင်ကော။

ဖြေ။    ။ အာရုံထဲကဆိုလျှင် ဘာမှ မကောင်းပါဘူး ဘုရား။

မေး။    ။ ဘယ့်နှယ်ဖြစ်ဖြစ် ကောင်းကောင်း မကောင်းကောင်း တစ်ခုခုနှင့် တွေ့နေရင်ကော။

ဖြေ။    ။ သူတို့ကို မေတ္တာစိတ်နှင့်ဆိုရင် ကုသိုလ်ဖြစ်ပါတယ် ဘုရား။ သူတို့ကို ကြည့်ပြီး ကာမဂုဏ်မျက်စိနှင့်၊ နားနှင့်၊ နှာခေါင်းနှင့် ကာမဝဋ္ဋ ကာမအာရုံတွေနှင့် နှစ်သက်ရင် အကုသိုလ် ဖြစ်ပါတယ်ဘုရား။

မေး။    ။ ကိုယ်ရော၊ စိတ်ရော၊ နှုတ်ရော ဒကာကြီးကို မတည့်အောင်၊ သဘော မကျအောင်ချည်း လုပ်ရင်ကော။

ဖြေ။    ။ သည်တော့လည်း ဒေါသထွက်ပြီး ဒေါသစိတ်တွေဖြစ်ပြီး အကုသိုလ်တွေ ဖြစ်ပါတယ်ဘုရား။

မေး။    ။ နို့ - အခုန သည်းခံစိတ် ထားတာက အကောင်းဆုံးဆိုပြီး အခုလို ဆိုတော့ ဘယ့်နှယ်လဲ။

ဖြေ။    ။ သည်းခံတာက မိုးမရွာခင်သာ လုံတာပါဘုရား။ တပည့်တော်မှာ သည်းမခံနိုင်တဲ့ သတိကလေးက ရှိပါတယ်ဘုရား။

မေး။    ။ ဘယ့်နှယ်လုပ်လို့ သည်းမခံနိုင်တာလဲ။

ဖြေ။    ။ သည်းမခံနိုင်တာက သည်းခံနိုင်အောင် မိမိစိတ်ကို မဆုံးမရသေးလို့ သည်းမခံ နိုင်တာပါဘုရား။

မေး။    ။ အခုနတော့ လုပ်ပါတော့မယ်ဆိုပြီးတော့ အခုဘယ်နှယ် ဖြစ်ကုန်ပြီလဲ။

ဖြေ။    ။ လုပ်မယ်ဆိုတာက သည်လို ဒေါသထွက်စရာ ဖြစ်တော့ ကိုယ်မနိုင်တဲ့ အခါမှာသာ သည်းခံလိုက်တာပါဘုရား။

မေး။    ။ ဘယ့်နှယ် မနိုင်တာလဲ။

ဖြေ။    ။ သူငယ် ခပ်သန်သန်နှင့် တွေတော့ တပည့်တော်ကို သူက ရိုက်ပေမယ့် လက်သီးနှင့် ပြန်မထိုးဝံ့ပါဘုရား။ ခေါင်းငုံ့ ခံရပါတယ်ဘုရား။ နုံချာပြီးလူမမာကြီး ကိုတော့ တပည့်တော်က ထိုးလွှတ်လိုက်တာပါပဲ ဘုရား။

မေး။    ။ အဲတာက သည်းခံတာလား။

ဖြေ။    ။ သည်းခံတာမဟုတ်ပါဘူးဘုရား။ မနိုင်လို့ ငုံ့ခံတာ ဖြစ်ပါတယ် ဘုရား။

မေး။    ။ ကိုယ်မှန်းထားတဲ့ ဟာတွေကိုတော့ သေသေချာချာ လိုချင်တာ။ ပြီးချင်တာပဲ မဟုတ်လား။

ဖြေ။    ။ လွယ်လွယ်နှင့် ရရင်တော့ ပြီးချင်တာပဲ ဘုရား။

မေး။    ။ ဒါဖြင့် အခုနဟာတွေက ခက်သလား။

ဖြေ။    ။ ခက်တော့ မခက်ပါဘူးဘုရား။ ဒါပေမယ့် အတော်လုပ်ရမှာပဲဘုရား။

မေး။    ။ ဒါဖြင့် ဘာလိုသလဲ။

ဖြေ။    ။ ကိုယ့်ကိုကိုယ် ဆုံးမဖို့ဘဲ ရှိပါတယ်ဘုရား။

မေး။    ။ ဘာကုန်သေးသလဲ။

ဖြေ။    ။ ဘာမှမကုန်ပါဘူးဘုရား။

မေး။    ။ ဘာမှမကုန်ဘဲနှင့် ဘယ့်နှယ်ကြောင့် ခက်ရသလဲ။

ဖြေ။    ။ မိမိကိုယ်ကိုမိမိ မနိုင်သည်အတွက် သည်လို ဖြစ်ရပါတယ်ဘုရား။

မေး။    ။ လိုချင်တာက ဘယ်သူလိုချင်တာလဲ။

ဖြေ။    ။ တပည့်တော်ပဲ လိုချင်တာပါဘုရား။

မေး။    ။ ဒါဖြင့် တပည့်တော်ဆိုတာက သည်လိုဖြစ်လည်းလိမ်၊ ဟိုလို ဖြစ်တာလည်း လိမ်နှင့် ဘယ့်နှယ်ဖြစ်တာလဲ။

ဖြေ။    ။ တပည့်တော်ဟာ စိတ်ပျက်စရာ ကောင်းနေတဲ့ တပည့်တော် ဖြစ်နေပါတယ် ဘုရား။

မေး။    ။ သည်လို စိတ်ပျက်နေမှန်း သိရင် စိတ်ကောင်းအောင်လုပ်ဗျာ့။ အခု စိတ်ပျက်နေသလား။ ဘယ်တုန်းက ပျက်သလဲ။

ဖြေ။    ။ အနမတဂ္ဂ အစမရှိတဲ့ သံသရာက စပြီး ပျက်တာ အခုထက်ထိ ပျက်တုန်းပါပဲ ဘုရား။

မေး။    ။ အခု အပျက်ကြီးအတိုင်း ထားမှာလား၊ ပြင်မှာလား။

ဖြေ။    ။ အခု ပြင်ပါတော့မယ်ဘုရား။

မေး။    ။ ဘယ့်နှယ်ပြင်မလဲ။ အခု အိမ်ပြန်မယ်မဟုတ်လား။ အိမ်ပြန်ရင် နှစ်သက် ဖွယ်ရာ၊ မနှစ်သက်ဖွယ်ရာရော ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံ တစ်ခုခုနှင့်တော့ တွေ့မှာပဲဗျာ့။ တွေ့ရင် ဘယ့်နှယ်လုပ်မှာလဲ။

ဖြေ။    ။ နှစ်သက်ဖွယ်နှင့်တွေ့ရင် လောဘစိတ် မဖြစ်အောင်၊ မနှစ်သက်ဖွယ်နှင့် တွေ့ရင် ဒေါသစိတ် မဖြစ်အောင် မိမိစိတ်ကို မိမိဆုံးမရမှာပါဘုရား။

မေး။    ။ သည်းခံတော့မယ် ဆိုတာက ဘယ်လိုလဲ။ မတည့်အောင် လုပ်ရင်ကောဗျာ့။

ဖြေ။    ။ မတည့်အောင်လုပ်ပေမယ့် တပည့်တော်က နည်းရနေပါပြီဘုရား။

မေး။    ။ ဘယ်လိုလဲဗျာ့။

ဖြေ။    ။ နှာသီးဝမှာ တိုးတာကလေးကို အမြဲစိတ်စိုက်ထားရင် သူဆဲတာကို မသိတော့ပါဘူး ဘုရား။

မေး။    ။ နှစ်သက်ဖွယ် အမျိုးမျိုး အဖြာဖြာတွေနှင့် ဝတ္တရားတွေ ကျေပွန်အောင် သဘောကျအောင် ဆီးလုပ်ကြရင်ကောဗျာ။

ဖြေ။    ။ သည်လို ဆီးလုပ်တော့ တပည့်တော်က အခုနည်းအတိုင်းပဲ နှာသီးဝမှာ ထွက်လေ၊ ၀င်လေကလေးတွေ တိုးနေတာကို သိအောင်လုပ်တော့ လောဘတွေ ဖြစ်ရင် အကုသိုလ် ဖြစ်လိမ့်မယ်လို့ မိမိစိတ်ကို ဆုံးမပြီး ထိသိ မလွတ်အောင် လုပ်ပါမယ် ဘုရား။

မေး။    ။ အဲသည်တော့ သည်းခံတာ ဘယ်နေရာမှာလဲ။

ဖြေ။    ။ သည်းခံတာက ထိသိကို စိတ်မှာစွဲနေရင်း သည်းခံပြီးသား ဖြစ်နေပါတယ် ဘုရား။

မေး။    ။ ကောင်းပါ့ဗျာ့။ အခု သည်လို လုပ်တော့မှာလား။

ဖြေ။    ။ အခုသည်လို ပြောတော့နေတာပဲဘုရား။

မေး။    ။ မခံချင်အောင် ပိုလုပ်တော့ ဘယ့်နှယ်လဲ။
(ပြင်ဆင်မှု: ဤမေးခွန်းသည် ယခင် "ဖြေ" ပြီးမှ ထပ်မံမေးခြင်းဖြစ်ပြီး ၎င်းနောက်တွင် အောက်ပါ "ဖြေ" ရှိနေသဖြင့် "မေး" သာဖြစ်နိုင်ပါသည်။ သို့သော် စာသားပုံစံအတိုင်း ပြန်ပြင်ပေးပါသည်။)

ဖြေ။    ။ မခံချင်အောင်ပိုလုပ်တော့ နည်းနည်းတော့ သည်းခံမှာပဲဘုရား။

မေး။    ။ များများကြီး လုပ်တော့ကော။

ဖြေ။    ။ များများကြီးလုပ်တော့ တပည့်တော် မဆိုနိုင်သေးပါဘူးဘုရား။

မေး။    ။ အခုနတော့ ဘုရားဆုံးမတဲ့ အဆုံးအမကို ရပြီးသားလို့ ဆိုတယ်။ အခု ဘယ်ချထားတော့မှာလဲ။

ဖြေ။    ။ သည်ကျတော့ လစ်လစ်သွားပါတယ်ဘုရား။

မေး။    ။ အေး-ခုနဟာက ကိုယ်လုပ်ရမှာချည်းပဲ ပိုထားရမှာပဲ မဟုတ်လား။

ဖြေ။    ။ ပိုထားဖို့ ဘာဝနာဆိုတဲ့ဟာကို အမြဲပွားဖို့က လိုနေသေးလို့ပါ ဘုရား။ များများပွားရင်တော့ဖြင့် ဖြစ်ကောင်း ဖြစ်စရာ ရှိပါတယ် ဘုရား။

မေး။    ။ အေး- ဒါဖြင့် သည်အတိုင်းတိုင်း ထူထောင်ယူသွားလို့ ရှိလျှင် ခက်တာ မပါပါဘူးဗျာ့။

ဖြေ။    ။ ခက်တာ မပါပါဘူးဘုရား။

မေး။    ။ ခက်တာမပါဘဲနှင့် ဒကာကြီးဟာ ခုမဖြစ်တာက ဘာကြောင့်လဲ။

ဖြေ။    ။ ဝီရိယနှင့် သတိနှင့် ဆန္ဒနှင့် လိုနေပါတယ်ဘုရား။

မေး။    ။ အခုန ဖြစ်တယ်ဆိုတာက ဘာဖြစ်ဖြစ် သည်းခံမှုမရှိလို့ဗျာ့။ ရှေးအရှင်တွေက သည်လိုမဟုတ်ဘူး။ ဘယ်လိုတုန်းဆိုတော့ အခုနလိုမဖြစ်ဘူး ဆိုတာဟာ သည်းခံမှု လိုတာလား၊ မလိုတာလား။

ဖြေ။    ။ သည်းခံမှု သိပ်လိုနေပါတယ် ဘုရား။

မေး။    ။ များများကြီး ဖြစ်လာတဲ့ အခါကျတော့ ဘယ့်နှယ်လုပ်သလဲ။

ဖြေ။    ။ များများကြီး သည်းခံတဲ့ဘက်က ကျင့်ပေးရမှာပါဘုရား။

မေး။    ။ အေး-ဟုတ်တယ်ဗျာ့။ များများကြီး သည်းခံမှုပြုတဲ့အခါကျတော့ ကိုယ်ရှာတဲ့ဟာ ဘယ့်နှယ်လဲ။

ဖြေ။    ။ များများကြီး သည်းခံမှုရှိရင် ကိုယ်ရှာတဲ့ ချမ်းသာ အများကြီး ဖြစ်ပါတယ် ဘုရား။

အသူရာနှင့် သိကြားစစ်ပွဲ

▬▬▬▬▬▬▬▬▬

ဖြစ်ဖို့ရာအလုပ်ကတော့ အကုန်လုံး အစီးအပွားများတာချည်းပဲဗျာ့။ ရှေးအရှင်တွေက အဲသည်လို လုပ်သွားတာဗျာ့။ သည်ဟာကို ဘယ်နေရာမှ ချမထားခဲ့ဘူးဗျာ။ အကုန်လုံးပါအောင် ယူသွားတော့ လုံလုံလောက်လောက် ရကြတာဗျာ့။

ဒါကြောင့်မို့ သူတို့မှာပဲ ကတိအားဖြင့်လည်း တည်တယ်။ ရှေ့ကိုလည်း အကုန်လုံး အစဉ်အတိုင်းသာ တိုးတက်နေတော့တာပဲဗျာ့။ ဘာတုန်းဆိုတော့ သူတို့ဟာ သည်ဟာ တွေကို အမြဲသုံးစွဲနေတော့ သည်ဟာတွေရဲ့ အစီးအပွားကို မြင်သလောက်မြင်တယ်။ သည်တော့ သူတို့ဟာ ဒါကိုဘယ်နေရာမှ လွှတ်မပစ်ခဲ့ဘူး။ အခုအထက် သိကြားများ ရှိတယ်။ သူတို့ကလည်း သည်ဟာကို ဘယ်အချိန်မှ မစွန့်ဘူးတဲ့။

ဘာကြောင့်လဲဆိုရင် တစ်နေ့သ၌တော့ ဟို အသူရာနှင့် သိကြားမင်းနှင့် စစ်တိုက် ကြတယ်။ စစ်တိုက်တော့ အသူရာတွေရှုံးပြီး အသူရာမင်းကြီးကို ဖမ်းပြီးတော့ သူတို့ နတ်စစ်သည်တွေက ဓမ္မာရုံဇရပ်၌ လည်ပင်းကို ကြိုးငါးခုနှင့်ချည်ပြီး ချုပ်နှောင်ထား တယ်ဗျာ့။

သည်တော့ သည်အသူရာမင်းကြီးက စိတ်တိုနေတာပေါ့ဗျာ။ မတည့်နေတာပေါ့ဗျာ့။ အဲသည် အသူရာမင်းကြီးဟာ သိကြားမင်းက မိမိရဲ့ ဝေဇယန္တာ ပြာသာဒ်ဘုံနန်းကို ဝင်တာ မြင်ပြီဆိုရင် သူက သည်ကနေပြီး ကြိမ်းလိုက်၊ မောင်းလိုက်၊ ဆဲလိုက် နှင့်ပေါ့ဗျာ။ ထွက်တာမြင်ရင်လည်း ရိပ်ကနဲ မြင်လိုက်တာနှင့် ဆဲလိုက်၊ ဆိုလိုက်၊ ကြိမ်းလိုက်၊ မောင်းလိုက်နှင့် မပြတ်တော့ဘူးတဲ့ဗျာ့။ မခံချင်အောင် လုပ်တာ။

ဒါပေသည့် သိကြားမင်းကတော့ သာသာကလေး နေတယ်ဗျာ့။ ဒါကို မာတလိက မြင်တော့ သိကြားမင်းကို မေးတယ်။ “အရှင် သိကြားမင်း၊ အသူရာမင်းကြီးက ဆဲတယ်၊ ဆိုတယ်၊ ကြိမ်းတယ်၊ မောင်းတယ်၊ အဲတာကို အရှင်သိကြားမင်းက အခုလို သာသာကလေး သည်လို နေတာဟာ သည် အသူရာမင်းကြီးကို ကြောက်လို့လား။ ဘာကြောင့် သာသာကလေး နေသလဲ”လို့ မေးတယ်။

သည်တော့ သိကြားမင်းက ပြန်ပြီးတော့ ပြောသတဲ့။ “အမောင်မာတလိ၊ သည်အသူရာ နတ်မင်းကြီးဟာ ငါ့လက်တွင်းကို ရောက်နေတာ ငါပြုချင်သလို ပြုလို့ဖြစ်တယ်။ ငါမကြောက်ပါဘူး။ အမောင် မာတလိရဲ့”။

သည်တော့ မာတလိက “မကြောက်ရင် ဘယ့်နှယ်ကြောင့် သည်လို နေတာတုန်း” ဆိုတော့ သိကြားမင်းက “ကိုယ်ပြုချင်သလို ပြုလို့ ဖြစ်တယ်။ သည်အသူရာမင်းကြီးက လက်တွင်းမှာ ရှိနေတာ။ နောက်ပြီး ငါပြုနိုင်တဲ့ဟာတွေလည်း အကုန် ရှိတယ်။ အဲသည်လို ပြုနိုင်တဲ့ ဟာတွေ ရှိလျက်သားနှင့် သည်လိုသည်းခံတာ” တဲ့ဗျာ့။

အမြင့်မြတ်ဆုံး

▬▬▬▬▬

သည်အစီးအပွားတွေကို သိမြင်ပြီးတော့ မြင့်မြတ်တာဗျာ့။ ဘာကြောင့်လဲဆိုရင် သည်းခံတာဟာ ကိုယ်မှာ ဘယ်လိုပဲ နိုင်တဲ့ အင်အားတွေ သေငသချာချာ ရှိပြီး နေပေမယ့်လည်း သူက ဘယ်လိုပြုပြု ကိုယ်ကဘယ်လိုမှ ပြန်မပြုဘဲနှင့် မြင့်မြတ်တဲ့ အမြင့်အမြတ်ကို သိထားပြီးတော့ သူက သည်လို ပြုတာဗျာ့။ မတတ်နိုင်လို့ မဟုတ်ဘူး။ တတ်နိုင်လည်းပဲ သည်လိုပြုတာဗျာ့။

ဒါကြောင့် ဘုရားရှင်က ဘယ်လိုလဲဆိုရင် သည်လို တတ်နိုင်ပါလျက်သားနှင့် ကိုယ်က အင်အားရှိပြီး တတ်နိုင်လျက်နှင့် သည်းခံပြီး သည်လိုနေတာက အကောင်းဆုံးလို့ ဟောတာဗျာ့။ ကိုယ်က မတတ်နိုင်လို့ သည်းခံတာလည်း ကောင်းတော့ ကောင်းပါရဲ့။ ကောင်းပေမယ့် ကိုယ်တတ်နိုင်ပေမယ့် ကိုယ်က နိုင်လျက်နှင့် သည်းခံတာကမှသာ ကောင်းတာ အမြတ်ဆုံးတဲ့ဗျာ့။ (တင်ပါ့ဘုရား)

မေး။    ။ နို့ မနိုင်လို့ သည်းခံတာကကော။ အဲတာက ကောင်းတော့ကောင်းတာပဲဗျာ၊ မနိုင်ပေမယ့်လို့ သည်းမခံနိုင်ဘူးဆိုရင်ပဲ ဒါကတိုးပြီး အမှုမရောက်ပေဘူးလားဗျာ။ ဟုတ်ကဲ့လားဗျာ့။

ဖြေ။    ။ အမှုရောက်တာပေါ့ ဘုရား။

မေး။    ။ သူက ဘုန်းတန်ခိုး ကြီးနေတယ်။ သည်တော့ မနိုင်မှန်း သိလျက်နှင့် သည်းမခံနိုင်ဘဲ လုပ်လို့ရှိလျှင် ဘယ့်နှယ်လဲ။

ဖြေ။    ။ အခုန အသူရာမင်းကြီးလို သူကလည်း စစ်ရှုံးပြီး အချုပ်အနှောင် ခံနေ ရသေးတယ်။ သူကပဲ ဒေါပွနေတယ်။ သူ့မှာသာ နစ်နာတာပါ ဘုရား

မေး။    ။ ဟုတ်တာပေါ့ဗျာ၊ အများကြီး နေရာမကျတာဗျာ။ မတုရမည့်ဟာကို တုလိုက်လျှင် သူ့မှာမနည်းဘူးကို နစ်နာသွားမယ် မဟုတ်လား။

ဖြေ။    ။ ဟိုက သည်းခံတတ်တဲ့ သိကြားနှင့် တွေ့လို့ ဘုရား။ သည်းမခံတတ်တဲ့ သိကြားနှင့်တွေ့ရင် သည်ထက် ဆင်းရဲမှာပါဘုရား။

သည်းခံခြင်း မေတ္တာ

▬▬▬▬▬▬▬

ဒါကြောင့် အခုန ပြောတဲ့ဟာ ဘာလဲဆိုရင် သူ့ကိုမပြိုင်ဆိုင်နိုင်သည် ဖြစ်သောကြောင့် သူ့တော့ မဖြစ်ဘူးဆိုပြီး သူ့လို သာသာကလေးနေရင် သည်လို သည်းခံတာလည်း ကောင်းတာပဲ။ သည်လိုမဟုတ်ဘဲ ဒင်းတော့ဆိုပြီး အမျိုးမျိုး အဖုံဖုံ အကုန်စလုံး စွမ်းနိုင်တယ်။ စွမ်းနိုင်ပေမယ့် သူတော်ကောင်းတို့ ထုံးစံရှိသည် အားလျှော်စွာ သည်းခံခြင်း ဆိုတဲ့စိတ်နှင့် နေမည့်နေလျှင် ဒါကအမြတ်ဆုံးကိုးဗျာ့။

အမြတ်ဆုံးဆိုတာက လိုချင်တာ အထွတ်အထိပ်ဖြစ်အောင် ရတာဗျာ့။ ရှေးက သူတော်ကောင်းတွေ လောကကြီးတစ်ခုလုံးမှာ အားလုံးတို့ထက် အသာဆုံးချည်းပဲ ဖြစ်နေတယ်။ လောကကြီးတစ်ခုလုံးမှာ အားလုံးတို့ဟာက ဘာလဲဆိုရင် သည်းခံခြင်း မေတ္တာနိဝါတ မရှိဘူး။ နေရာမကျအောင်ချည်းဘဲ လျှောက်လုပ်တာပဲ။ အခုမှ အရှင်သခင်တွေက ဒါတွေကို ဘယ့်နှယ်မှမလုပ်ဘူး မဟုတ်လား။ သူတို့လုပ်မှာက သူတို့အမြတ်ဆုံးနှင့် သူတို့လုပ်ယူသွားတာပဲ။ ဘယ့်နှယ်မှ မလုပ်ဘူး။ (တင်ပါ့ဘုရား။)

ဘူရိဒတ် နဂါးမင်း

▬▬▬▬▬▬▬

ကိုယ့်ဟာကို လုပ်ယူသွားတာပဲ။ ခုန သိကြားမင်းလည်း သည်လိုပဲတဲ့ဗျာ။ အလာင်းတော် တွေဟာလည်း သည်လိုပဲ မဟုတ်လား။ တို့မှတ်မိတဲ့ ဟာတွေကို ကြည့်ပါလား။ လူ့ပြည်မှာ သီတင်းသီလ ဆောက်တည်ချင်တယ် ဆိုပြီးတော့ ဘူရိဒတ် နဂါးမင်းဟာ သူ့မှာ စည်းစိမ်ချမ်းသာ အင်မတန်မြင့်မြတ်တယ်။ သိကြားမင်းနှင့် ထပ်တူညီမျှပဲ မဟုတ်လား။ (ဟုတ်ပါတယ်ဘုရား)။

ဒါတွေကို ပစ်ထားခဲ့ပြီး ဥပုသ်စောင့်တာဗျာ့။ ဥပုသ်စောင့်တဲ့ အခါကျတော့ အလမ္ပာယ်ဆရာက လာတယ်။ လာတော့ တို့ဘုရားအလောင်းကို တွေ့တယ် မဟုတ်လား တွေ့တော့ သူက ဘာမျှ တန်ခိုးရှိတာ မဟုတ်ဘူး။

မေး။    ။ တို့ဘုရားအလောင်းတော် ကတော့ ဘယ့်နှယ်လဲ တန်ခိုးရှိသလား မရှိ ဘူးလား။

ဖြေ။    ။ သည်ဇာတ်ကို တပည့်တော်မသိပါဘူးဘုရား။

မသိဘူးဆိုတာ မဟုတ်ပါဘူးဗျာ။ သူတို့မောမှာစိုးလို့ မပြောရအောင် ကြံတာဗျာ့။ သူတို့သိပါတယ်။ သူဘယ်လို တန်ခိုးရှိသလဲဆိုရင် နည်းနည်း ကလေး မျက်စောင်း ငြိမ့်လိုက်ရင် အားလုံးကိုဟာ ဖွဲပြာဖြစ်သတဲ့။ အဲဒါကို သည်အလမ္ပာယ်ဆရာက လူစွမ်းကောင်းကြီး လုပ်ပြီးတော့ သူ့ မန္တာန်ဆိုတာကလဲ ဘာအသုံးကျသလဲ။ သူဟာ ဘာမှမဟုတ်ဘူး၊

သည်က သည်းခံခြင်းနှင့် သူ့သီလပျက်မှာစိုးလို့ သာသာကလေး နေလိုက်တာ။ မျက်စိ ဖွင့်တောင် မကြည့်ဘူးတဲ့ဗျာ့။ အဲဒါ သူက လူစွမ်းကောင်းကြီးလုပ်ပြီး ဖမ်း။ ဖမ်းပြီးပြီ ဆိုတော့မှ အမျိုးမျိုးအဖုံဖုံ ပြုတယ်မဟုတ်လားဗျာ့။

မေး။    ။ သူမခံချင်လို့ ရှိရင် ဘာခက်သလို ကောင်းကင်ပြန်သွားလဲဖြစ်တယ်လား။ မြေလျှိုးသွားလည်း ဖြစ်တယ် မဟုတ်လား။ နောက်ဆုံး မျက်စောင်းကို သာသာ ကလေး ငြိမ့်လိုက်ရင် ဘယ့်နှယ်လဲ။

ဖြေ။    ။ ဖွဲပြာဖြစ်သွားမှာပါပဲဘုရား။

မေး။    ။ သည်လိုမှ မဟုတ်ဘဲ သိကြားမင်း အသွင်အပြင်ဗြဟ္မာမင်း အသွင်အပြင် သည်လိုနေလိုက်ရင်လည်း ဖြစ်တယ်မဟုတ်လား။

ဖြေ။    ။ ဖြစ်ပါတယ်ဘုရား။

ဒါပေမယ့် သူက ဘာမှမလုပ်ဘူးတဲ့ဗျာ့။ သည်တော့မှ သူကအနိုင်ယူပြီး သကာလ အလွန်သန့်ပြန့် စင်ကြယ်တဲ့ နတ်သုဒ္ဓါတွေကိုသာ သုံးစွဲနေတဲ့ တို့ဘုရား အလောင်းတော်ကို သူက လူစွမ်းကောင်းတယ်ဆိုပြီး တံတွေးနှင့် ခံတွင်းထဲကို ထည့် ဆိုပဲဗျာ။ သည်တော့လည်းပဲ ဘာသာကလေး နေတာပဲဗျာ့။

မေး။    ။ ဒါဟာ သူ့ကိုမနိုင်လို့လား၊ သူ့မှာဘာမှ မရှိလို့လား။

ဖြေ။    ။ ရှိပါတယ်ဘုရား။ ဒါပေသည့် သည်းခံနေပါတယ်ဘုရား။

မေး။    ။ ဒါဘာကြောင့်လဲ။

ဖြေ။    ။ ဘုရားဆုပန်တဲ့ယောက်ျားမြတ် ပါရမီဖြည့်တာပါဘုရား။

မေး။    ။ ဒကာကြီး ဥပုသ်စောင့်တဲ့အခါ သည်လိုလုပ်ရင် ခံမှာလား။

ဖြေ။    ။ တပည့်တော်တော့ မခံပါဘူးဘုရား။ အခုနလို နိုင်မည့်လူဆိုရင်တော့ ဖိထိုးမှာပဲဘုရား။

မေး။    ။ သည်လိုများ တန်ခိုးတွေ ဘာတွေနှင့် ဆိုရင်ကော။

ဖြေ။    ။ ဘယ်လောက် ကောင်းလိုက်မလဲလို့။

မေး။    ။ မျက်လုံးကသာ နေမှာလားဗျာ့။

ဖြေ။    ။ မျက်လုံးကသာ နေမှာမဟုတ်ပါဘူးဘုရား။ မျက်လုံးကို ချာချာလည် နေမှာပဲ ဘုရား။

မေး။    ။ သည်လိုနေရင် ကိုယ်လိုချင်တဲ့ဟာ ရမလား။

ဖြေ။    ။ မရပါဘူးဘုရား။

အေး ဟိုကတော့ ဒီလိုလုပ်တာဗျာ့။ ဒါပေမယ့် မရပ်သေးဘူး။ ခဝါသည်များ အဝတ်ဖွတ်သလို ရှိသေးသကိုးဗျာ့။ သို့သော်လည်း သူကတော့ သာသာကလေးပဲ မဟုတ်လား။ တော်တော်ကြာ အလမ္ပာယ်ပြရမယ် ဆိုပြန်တော့လည်း သူခိုင်းတာ လုပ်တယ်မဟုတ်လား။

အဲဒါမတတ်နိုင်လို့လား၊ တတ်နိုင်ရဲ့သားနှင့် ခိုင်းတာကို သည်းခံပြီး လုပ်ပါတယ်ဗျာ့။ သူခိုင်းတာထက်တောင် ပိုလုပ်တယ်။ ဒါဘာကြောင့်လဲ ဆိုရင် သူလိုချင်တာ ပြီးအောင်ဗျာ့။ ဟုတ်ကဲ့လား။ (ဟုတ်ပါတယ်ဘုရား)။

မေး။    ။ အဲဒါ ဘယ်လိုကြောင့်လဲဗျာ့။ ဘူရိဒတ်နဂါးမင်းဟာ မတတ်နိုင်လို့လား။

ဖြေ။    ။ တတ်နိုင်ပါတယ်ဘုရား။

မေး။    ။ အေး အဲဒါ ပါရမီဖြည့်နေတာဗျာ့။ များများကြီး လုပ်တာဗျာ့။ များများကြီး လုပ်တော့ ဘယ့်နှယ်လဲ သူများထက် နည်းရသလား။

ဖြေ။    ။ သူများထက် ထိပ်တန်းက ရပါတယ်ဘုရား။

မေး။    ။ အဲဒါ များများကြီး လုပ်တာဗျာ့။ ကြားလား၊ ဘာမှ မတတ်နိုင်လို့ သည်းခံနေလည်း တော်သေးတာပဲ။ ဘာမှ မတတ်နိုင်ဘဲနှင့် သည်းမခံဘူး ဆိုရင် ဘယ့်နှယ်လဲ။

ဖြေ။    ။ သာနာတော့မှာပေါ့ ဘုရား။

သံသရာ နှစ်ဖြာမှာ

▬▬▬▬▬▬▬

အေး ဒါကြောင့် သည်းခံခြင်းကို အခု နည်းနည်းကလေးလောက် ပြောတာ ပြောမည် ဆိုရင် မဆုံးနိုင်ဘူးဗျာ့။ သည်းခံခြင်းဆိုဟာက နေရာတိုင်းမှာ ပစ္စုပ္ပန် သံသရာ နှစ်ဖြာမှာ နေရာတိုင်းမှာ နေရာတကာကျတာဗျာ့၊

ဒကာကြီး၊ ဒကာမကြီးများဟာ အခုလည်း ချမ်းသာချင်ရင် သည်ဟာလုပ်ကြ။ နောင် ချမ်းသာချင်ရင်လည်း သည်ဟာလုပ်ကြ။ ယခု လောကမှာလည်း ဘာပြီးချင်သလဲ၊ ဘာလုပ်ချင်သလဲ၊ လုပ်ချင်ရင် ဒီဟာကိုပဲ သည်းခံခြင်းကိုပဲလုပ်။ နောင် သံသရာမှာပဲ ပြီးချင်ရင် ဒါကိုပဲ လုပ်ကြ။

မေး။    ။ ခုနဟာတစ်ခုတည်းနှင့် အကုန်မပြီးဘူးလား။

ဖြေ။    ။ အကုန်ပြီးပါတယ်ဘုရား။

ဟုတ်တယ်ဗျာ့။ အခုန ဘူရိဒတ် နဂါးမင်းဟာလည်း သီလ ဆောက်တည်တာဗျာ့။

မေး။    ။ တကယ်လို့သာ သူ တိမ်းရှောင်သွားရင် သူ ရပါ့မလား။

ဖြေ။    ။ မရပါဘူးဘုရား။

မေး။    ။ သည်အကောင်လာပြီ၊ ငါ မြေလျှိုး သွားမှပဲဆိုပြီး သွားရင် သည် ကောင်နှင့်ကော တွေ့ပါ့မလား။

ဖြေ။    ။ မတွေ့ပါဘူးဘုရား။

မေး။    ။ ကောင်းကင် ပျံသွားတော့ကော သည်အလမ္ပာယ်နှင့် တွေ့ပါ့မလား။

ဖြေ။    ။ မတွေ့ပါဘူးဘုရား။

မေး။    ။ အဲသည်လိုမတွေ့တော့ သူလိုချင်တာကော ရပါ့မလား။

ဖြေ။    ။ မရနိုင်ပါဘုရား။

မေး    ။ ။ သိကြားမင်းယောင် ဖန်ဆင်းနေရင်ကော။

ဖြေ။    ။ မရနိုင်ပါဘုရား။

မေး။    ။ သို့သော်လည်း သူက ဒါတွေ ဘယ်တော့မှ မသုံးဘူး။ ငါ့ကို နေရာမကျအောင် လုပ်တဲ့အကောင်ပဲဆိုပြီး မျက်စောင်းကလေး ပြစ်လိုက်ရင် ဘယ့်နှယ်လဲ။

ဖြေ။    ။ အလမ္ပာယ် ပြာဖြစ်သွားမှာပဲဘုရား၊

ဒါပေမယ့် သူက မလုပ်ဘူးဗျာ့။ သေသေချာချာလုပ်ရင် သည်လိုလုပ်တာ ဘာမှတန်ခိုး မရှိဘဲ လုပ်တဲ့ဟာကို သူလိုချင်တာကလေး ရအောင်ဟာ အခုလို သာသာကလေး နေတာဗျာ့။ မရွှေ့ပေါင်ဗျာ။ သူက ဥပုသ်စောင့်မလို့ သွားတာဗျာ့။ ဥပုသ်စောင့်တဲ့ အခါကျတော့ သူ့ကိုပြုချင်သလို ပြုပေစေဆိုပြီး အကုန်လုံး သည်လို ဆောက်တည်ပြီး ထားတာဗျာ့။ အဲဒါဟာ ဒါတွေ အဟုတ် လုပ်ပြီးတဲ့ အခါကြတော့ အဟုတ်ကို သည်လို နေတာဗျာ့။ (တင်ပါ့ဘုရား)။

မေး။    ။ ဒကာကြီး ဥပုသ်စောင့်တော့ ကနေ့ ဥပုသ်ယူမယ် ဆိုပြီး စောင့်တယ် မဟုတ်လား။

ဖြေ။    ။ ဥပုသ်တော့ စောင့်ပါတယ်ဘုရား။

မေး။    ။ သီလဆောက်တည်ပြီးတော့ တစ်ရက်ပြည့်ပြည့် စောင့်မယ်ဆိုပြီး စောင့်တယ် မဟုတ်လား။

ဖြေ။    ။ စောင့်ပါတယ်ဘုရား။

မေး။    ။ သီလဆောက်တည်ပြီးတော့ တစ်ရက်ပြည့်အောင်ဟာ အခုလို ဘယ်လို ဟာနှင့် တွေ့တွေ့ ကိုယ်က အရယူသလား။

ဖြေ။    ။ အရချည်း မယူပါဘူးဘုရား။

မေး။    ။ ဘယ့်နှယ်လုပ်သလဲ။

ဖြေ။    ။ ဘယ်သင်းမှ မရပါဘူးဘုရား။

မေး။    ။ တစ်ရက်ပြည့်အောင်ရော ရသလား။

ဖြေ။    ။ တစ်ရက်ပြည့်အောင် မရပါဘူးဘုရား။

မေး။    ။ တစ်ရက်မှာ ဘယ်လောက်ရသလဲ။

ဖြေ။    ။ တစ်ရက်မှာ တစ်ရက်ထက်တောင် ရော့တာက ပိုပါသေးတယ်ဘုရား။

မေး။    ။ ဘယ်လောက်ထိအောင် ပိုသွားသလဲ။

ဖြေ။    ။ တစ်ရက်ခွဲလောက် ဖြစ်မယ် ထင်ပါတယ်ဘုရား။

မေး။    ။ စောင့်တာကတစ်ရက်၊ ရော့တာက တစ်ရက်ခွဲဆိုရင် ကမှကပါ့မလား။

ဖြေ။    ။ မကပါဘူးဘုရား။

သည်းခံခြင်းနှင့်ယူလျှင်

▬▬▬▬▬▬▬▬

အဲဒါ ဝီရိယနှင့် လူထောင်ပြီး သည်းခံခြင်းနှင့် ယူသွားကြမည်ဆိုလျှင် အကုန်လုံး ပြီးစီး အောင်မြင်တာဗျာ့။ သည်တော့ နေရာတိုင်းမှာ အခုနဟာတွေနှင့် မဖြစ်ဘူးလား။ အခု သည်ကနေပြီး အိမ်ပြန်သွားရင် အိမ်ကျတော့ ဣဋ္ဌာရုံအနိဋ္ဌာရုံ နှစ်ခုရှိတယ်။ သည့်ပြင်ဟာတွေက နေပေ့စေ။ အဲသည်နှစ်ခုမှာ တစ်ခုခုနှင့်တော့ မတွေ့ဘဲ မနေဘူး။၊ ဣဋ္ဌာရုံနှင့် အနိဋ္ဌာရုံမှာ တစ်ခုခုတော့ တွေ့ရမှာပဲဗျာ့။

မေး။    ။ မတွေ့ရတဲ့အခါရှိပါ့မလား။

ဖြေ။    ။ ဣဋ္ဌာရုံနှင့် အနိဋ္ဌာရုံ တစ်ခုခု တွေ့နေရမှာပဲဘုရား။

မေး။    ။ မတွေ့ရတဲ့အချိန် ရှိပါ့ပလား။

ဖြေ။    ။ မရှိပါဘူးဘုရား။

မေး။    ။ အဲဒါတွေနှင့် တွေ့တဲ့အခါမှာ သည်းခံခြင်းနှင့်ချည်းပဲသွား။ သည်းခံခြင်းနှင့် သွားလို့ရှိရင် ဒါတွေ နည်းနည်းနှင့်တွေရင် ဘယ့်နှယ်လဲ။

ဖြေ။    ။ ဣဋ္ဌာရုံ နည်းနည်းနှင့်တွေ့ရင် သူ့ကိုလည်း ဝီရိယနှင့် ပယ်မှာပဲ ဘုရား။ အနိဋ္ဌာရုံကိုတွေ့ရင်လည်း သူ အားသန်သည်ထက် ဝီရိယနှင့် သည်းခံပြီးတော့ ပယ်ပစ် ရမှာပဲ ဘုရား။

မေး။    ။ ဟုတ်ကဲ့လားဗျာ့။ ဣဋ္ဌာရုံနှင့် တွေ့လို့ ရှိလျှင်လည်း အပြစ်တွေက လာဦးမှာလား။

ဖြေ။    ။ ဒါကြောင့် သူ မလာအောင် သည်းခံပြီးတော့ ဝီရိယနှင့် ထူထောင်ရမှာပါ ဘုရား။

မေး။    ။ များများကြီး ဆိုရင်ကောဗျာ့။

ဖြေ။    ။ များများကြီး သည်းခံရမှာပဲ ဘုရား။

မေး။    ။ နည်းနည်းတွေ့ရင်ကော။

ဖြေ။    ။ နည်းနည်းသည်းခံရမှာပါ ဘုရား။

မေး။    ။ အနိဋ္ဌာရုံနှင့်တွေလျှင် နည်းနည်းရင် ဘယ့်နှယ်လဲ။

ဖြေ။    ။ နည်းနည်းဝီရိယနှင့် သည်းခံရမှာပါဘုရား။ များများတွေ့လျှင်လည်း များများ ဝီရိယနှင့် သည်းခံရမှာပါဘုရား။

မေး။    ။ အဲ-အခု ဒကာကြီးအိမ်ကျတော့ သားသမီးတွေက နည်းနည်းကလေးမှ မခံသာအောင် ဆိုကြမယ်၊ ပြောကြမယ်ဆိုရင် ဘယ့်နှယ်လဲဗျာ။

ဖြေ။    ။ ဒါဆိုရင် ခပ်များများ ဝီရိယနှင့် သည်းခံရမှာပါ ဘုရား။

မေး။    ။ အဲသည်တော့ ဘယ့်နှယ်လဲ ပိုမရဘူးလား

ဖြေ။    ။ ပိုရပါတယ်ဘုရား။

မေး။    ။ သည့်ထက်ပိုပြီး မခံနိုင်အောင် လုပ်ပြန်ရင်ကော။

ဖြေ။    ။ သည်တော့ တပည့်တော်က အင်မတန်များများ ဝီရိယနှင့် သည်းခံမှာဘုရား။

မေး။    ။ ဟုတ်ကဲ့လားနော်၊ အဟုတ်လုပ်မှာလား။

ဖြေ။    ။ ဒါ အဆင်ပြေအောင် ပြောတာပါဘုရား။

ဟော-အိမ် မရောက်သေးဘူး အခု ကတည်းက လုပ်နေပြီ။ အေး - ဒါပေမယ့် ဆောင်ရွက်ရမည့် နေရာမှာ အားတွေရှိပါတယ်။ ပင်ပန်းစရာမရှိဘူးဗျာ့။

မေး။    ။ ဘယ့်နှယ်လဲ သည်လိုလုပ်ရတာ ပင်ပန်းမှာလား။

ဖြေ။    ။ မပင်ပန်းပါဘူး ဘုရား။

မေး။    ။ ပစ္စည်းရော ကုန်သလားဗျာ့။

ဖြေ။    ။ ပစ္စည်းလည်း မကုန်ပါဘူး ဘုရား။

မေး။    ။ ဘာများ လျော့စရာရှိသလဲ၊ အကျိုးယုတ်စရာများ ရှိသလား။

ဖြေ။    ။ အကျိုးယုတ်စရာ မရှိပါဘူးဘုရား၊ အကျိုးများစရာသာ ရှိပါတယ် ဘုရား၊ သို့သော် သဒ္ဓါနှင့်၊ ဝီရိယနှင့်၊ အလိမ္မာနှင့်၊ ပညာနှင့် လိုနေလို့ပါ ဘုရား။

တစ်ခုတည်းနှင့်သွား

▬▬▬▬▬▬▬▬

အဲဒါတွေနှင့် ရှုပ်နေရင် ဟိုဟာလုပ်ရမလား၊ သည်ဟာလုပ်ရမလားနှင့် ရှုပ်နေမယ်။ သည်တော့ သည်းခံတာ တစ်ခုပဲမှတ်ထား။ ဟိုဟာသုံးရမလား။ သည်ဟာသုံးရလား။ ပြီးတော့ ဟိုဟာ ရှာရဦးမယ်။ သည်ဟာ ရှာရဦးမယ်။ ဟိုဟာ မပါဘဲနေမယ်နှင့် အကုန်လုံး ပျက်ကုန်မယ်။ သည်တော့ အခုနပြောတဲ့ဟာ တစ်ခုတည်းနှင့်ပဲ သွားဗျာ့။

မေး။    ။ သည်းခံရမယ် ဆိုတာလားဘုရား။

ဖြေ။    ။ ဟုတ်တယ်။ အကုန်လုံးဟာ တစ်ခါတည်း အဲဒါနှင့် ဆိုရင် အကုန်လုံး နေရာကျသွားမှာပဲ။ ဘာဖြစ်ဖြစ် နေရာကျမှာပဲ။

တယ်နေရာမကျ

▬▬▬▬▬▬

တို့ငယ်ငယ်တုန်းက လျှောက်ပြီး ဆွမ်းခံတော့ကို မြန်မာလူမျိုးတွေကတော့ တစ်နေရာ မကျဘူး၊ ကုလားကြီးတွေက တော်တော် နေရာကျတယ်ဗျာ့။ တို့က လျှောက်ဆွမ်းခံ တာဗျာ့။ အဲသည်မှာ ကုလားအဖိုးကြီးဗျာ့။ တို့ကိုမြင်တော့ ပြေးပြေး လောင်းလိုက် သေးတယ်ဗျာ့။ ဧရာမ အရွယ်ကြီးနှင့် ယိုင်တိုင် ယိုင်တိုင်နှင့် သည်ကုလားကြီးဟာ လျှောက်ရောင်းတာဗျာ့။

တို့မြင်ရင် အဝေးကြီးက ပြေးလာပြီး လောင်းလိုက်သေးတယ်။ ပြီးပြီးဆိုတော့ ဘာတုန်းဆိုရင် တို့မြန်မာလူမျိုးဆိုတဲ့ ဟာကလည်း တယ်နေရာကျတာ မဟုတ် ဘူးဗျာ့။ ဘာနေရာ မကျသလဲဆိုရင် သည်အဖိုးကြီးကို ဘယ်လိုခေါ်ရသလဲ ဆိုရင် သူတို့မိဘများက နည်းနည်းကလေးတွေ ပေးထားတော့ သူတို့က မုန့်ဝယ်တာကိုးဗျာ့။

သည်အဖိုးကြီးကလည်း သူတို့ဝယ်တတ်တဲ့မုန့် ရောင်းကိုးဗျာ့။ အဲဒါ ဘယ်လိုခေါ်သလဲ ဆိုရင် ဟေ့ - ခွေးကုလား၊ လာတဲ့ဗျာ့။ သည်လို ခေါ်တာဗျာ့။ ကြားရဲ့လား။ ခေါ်တဲ့ အခါကျတော့ ကလေးတွေဆိုတော့ ဟိုကခေါ် သည်ကခေါ် ၊ သူက ဘယ့်နှယ်လဲဆိုရင် ပြုံးပြုံးကြီးနဲ့ လာမယ်။ လာမယ်လို့ ပြုံးပြုံးကြီး လုပ်ထားပြီး အရင်ခေါ်တဲ့လူဆီကို အရင်သွားရတယ်။ သည်ကျတော့လဲ လာမယ်။ လာမယ်နှင့် ဟိုကခေါ်တာက ခွေးကုလားတဲ့ဗျာ။

အဲသည်လို ခေါ်တဲ့ဆီလည်း ပြေးသွားတာပဲဗျာ့။ သည်ကောင်ကလေးတွေဟာ ငါ့လို အဘိုးကြီးကို ပိုက်ဆံတစ်ပြားနှင့် သည်လိုခေါ်ရမလားလို့ သည်လို မဟုတ်ဘူး။ သူကတော့ ပြေးလာတာပဲ။ အဲသည် ကလေးတွေဆီ ရောက်အောင် ပြေးတာပဲဗျာ့။ တစ်ခါတလေ အခေါ်ဆုံနေတဲ့ အခါကျတော့ သည်ကိုလည်းလာမယ်။ လာမယ်နှင့် ပြေးတာပဲ ဟိုကိုလည်း ပြုံးပြုံးကြီးလုပ်ပြီး အခုနလို သွားလိုက်ပဲ။

မေး။    ။ အခု ဒကာကြီး၊ ဒကာမကြီးကို သည်အဘိုးကြီးအိုကြီးကို ခေါ်သလိုသာ ငယ်ငယ်ကလေး တွေကခေါ်ရင် ဘယ့်နှယ်လဲ။

ဖြေ။    ။ တပည့်တော်ဆိုရင် စိတ်ဆိုးမှာပေါ့ ဘုရား။

မေး။    ။ စိတ်ဆိုးရုံလား၊ သာသာ တိတ်နေမှာလား။

ဖြေ။    ။ တိတ်တိတ် မနေပါဘူးဘုရား။ သည်ကလေးတွေကို ရိုက်ချင်ရိုက်မှာပဲ ဘုရား။

မေး။    ။ သည်လိုဆိုရင် သူ့ဆီက ပိုက်ဆံတစ်ပြား ရပါ့မလား၊ မရတဲ့အပြင် ဘယ့်နှယ်လဲ။

ဖြေ။    ။ တပည့်တော်ကို မြန်မာတွေက ဝိုင်းရိုက်မှာပါ ဘုရား။

အေး သူ့ မှာတော့ သည်လိုမဟုတ်ဘူး အဲသည်လို လုပ်တာဗျာ့။ သူ့မှာ အပြစ်လဲရှိမှာ မဟုတ်ဘူး။ စိတ်ကလည်း မဆိုးပေါင်ဗျာ။ အဲဒါ တို့ငယ်ငယ်တုန်းက ဆွမ်းခံတော့ မြင်တာဗျာ့။ သူ့ကို သည်လိုခေါ်တာ စိတ်မဆိုးဘူးဗျာ့။

မေး။    ။ သည်လိုစိတ်မဆိုးရင် ဘယ့်နှယ်လဲ၊ ကုသိုလ်လား၊ အကုသိုလ်လား။

ဖြေ။    ။ ကုသိုလ်ပါဘုရား။

မေး။    ။ အခု တကာကြီး၊ ဒကာမကြီးများ ဘုရားဆုံးမတာကို သည်းခံလိုက်တဲ့ ဟာက လုပ်ပါဆိုတော့ လိုတော့လိုချင်တယ် မဟုတ်လား။

ဖြေ။    ။ ဒါကလေး လုပ်နေပေမယ့် တပည့်တော်တို့က ဆတ်ဆတ်ထိ မခံပါဘူး ဘုရား။

သို့သော်လည်း ရတာတွေ အကုန် လျှောက်လုပ်မနေနှင့် သည်းခံမယ် ဆိုတာ တစ်ခုတည်းကိုပဲလုပ် ကြားလား။ အိမ်သူများက မတည့်အောင် ဘယ်လိုလုပ်လုပ် ကိုယ့်ဟာကိုယ်သာ မဲလုပ်၊ ဟုတ်ကဲ့လားဗျာ။ (ဟုတ်ပါတယ် ဘုရား)။

မေး။    ။ သူတို့တစ်တွေက ကောင်းကောင်းမွန်မွန် လုပ်ရင်ရော။

ဖြေ။    ။ သဘောကျအောင်ကြီးပဲ လျှောက်လုပ်နေရင်လဲ သာယာပြီးတော့ လောဘ တဏှာဖြစ်သွားရင် အကုသိုလ်ဖြစ်ပါတယ်ဘုရား။

မေး။    ။ အဲသည်တော့ မဝင်သာအောင် ဘယ့်နှယ်လုပ်မလဲ။

ဖြေ။    ။ သည်းခံရမှာပဲဘုရား။

အေး အဲဒါသာမှတ်ထားဗျာ့။ သည့်ပြင်ဟာတွေနှင့် လျှောက်လုပ်မနေနှင့် ဟိုစာက ဘယ်လို၊ သည်ဟာက ဘယ်လိုနှင့် တော်တော်ကြာ ကိုယ့်ဟာတွေ ပျက်သွားမယ်။ အဲ့ဒါကြောင့် သည်းခံမှု တစ်ခုတည်းနှင့်ပဲ လုပ်သွားပါဗျာ။ အဲဒါတစ်ခုတည်းနှင့်လုပ်ရင် အကုန်ဖြစ်ပါပြီ။ (ဟုတ်ပါတယ်ဘုရား)။

မေး။    ။ တော်တော်ကြာ တစ်ခါတစ်ခါ ညောင်းလာဦးမှာလား။

ဖြေ။    ။ ညောင်းနေရင်လည်း သည်းခံပေးရမှာပဲဘုရား။

မေး။    ။ သည်းခံပြီး ဘယ့်နှယ်လုပ်မှာလဲ။

ဖြေ။    ။ သည်းခံပြီး သည်ညောင်းလာတဲ့ အာရုံကို မရောက်အောင် အာရုံ တစ်ခုခုကို စူးစိုက်နေရမှာပါ ဘုရား။

မေး။    ။ ဟုတ်ကဲ့လားဗျာ့။ ဒါဖြင့် နေရာကျပြီနော်၊ အိပ်ချင်တယ် ဖြစ်တော့ကော။

ဖြေ။    ။ အိပ်ချင်တယ်ဖြစ်တော့ ထိသိကို မလွတ်အောင် အင်မတန် ဝီရိယစိုက်ပြီး နေရမှာပဲဘုရား။

မေး။    ။ နေရာကျတော့မှာပဲ ထင်ပါရဲ့။

ဖြေ။    ။ နေရာကျမှာပါဘုရား။

မေး။    ။ ကြပ်ကြပ်ကြီး အိပ်ချင်တော့ကော။

ဖြေ။    ။ ကြပ်ကြပ်ကြီး ဝီရိယ တိုးပေးရမှာပါဘုရား။

မေး။    ။ ဟုတ်ကဲ့လား။ တစ်ယောက်ယောက်က မတည်အောင်တွေ လုပ်ရင် ဘယ့်နှယ်လဲ။

ဖြေ။    ။ သည်လိုပဲ တိုးတိုးပြီး လုပ်ရမှာပဲဘုရား။

မေး။    ။ တိုးတိုးပြီး ဘယ့်နှယ်လုပ်ရမှာလဲ။

ဖြေ။    ။ စိတ်ကိုမလွတ်အောင်လုပ်ပြီး ဝီရိယတိုး လုပ်ရမှာပါ ဘုရား။

မေး။    ။ ကောင်းပြီ အခုနပြောတော့ များများလာတော့ များများသည်းခံ။ နည်းနည်း မတည့်အောင်ဖြစ်တော့ ဘယ့်နှယ်လဲ။

ဖြေ။    ။ အိမ်က သားတို့သမီးတွေက ဘာပြောပြော သည်းခံရမှာပဲဘုရား။

မေး။    ။ နည်းနည်းကလေး သဘော မကျအောင်ပြောမယ် ဘယ့်နှယ်လုပ်မလဲ။

ဖြေ။    ။ နည်းနည်းလေး သည်းခံရမှာပဲဘုရား။

မေး။    ။ များများ သည်းခံရတာ ကောင်းတယ်မဟုတ်လား။ သည့်ထက်များ ငါ့ကို မခံချင်အောင် လုပ်စမ်းပါလို့ သည်လိုပြောရ မကောင်းဘူးလား။

ဖြေ။    ။ သည်လိုပြောရတာထက် မပြောဘဲနေတာက ကောင်းပါတယ်ဘုရား။

မေး။    ။ ဘာဖြစ်လို့လဲ။

ဖြေ။    ။ သိပ်ကဲလာမှာ စိုးရပါတယ်ဘုရား။ သူတို့က သိပ်ကဲလာရင် တပည့်တော်က မခံနိုင်ရင် ငရဲကြီးကုန်မှာပါ ဘုရား။ တပည့်တော်က သည်လို အဆင့်အတန်း မရောက်သေးပါဘူး ဘုရား။

မေး။    ။ ဒါက ဘယ့်နှယ်လဲ ခက်လား။

ဖြေ။    ။ ခက်တော့ မခက်ပါဘူးဘုရား။

သူတို့မှာ ဘုရားရှင် အဆုံးအမတွေကို မှတ်ထားတာ အများကြီးရှိတယ်။ အဲသည် မှတ်ထားတာ အများကြီးထဲက တစ်ခုကို ပြောတာဗျာ့။

မေး။    ။ ဒါကလေး တစ်ခုတည်းနှင့် လုပ်ရင်လည်း မှတ်ထားတာ အကုန်လုံး မပါဘူးလား။
(ပါပါတယ် ဘုရား)

သည်တစ်ခုတော့ မမှတ်မိစရာလည်း မရှိပါဘူး။ ခက်လည်း မခက်ပါဘူး။ မခက်ရင် ဝီရိယ ထူထောင်ပြီး အရှင်တွေ ပြုကြသလို ပြုကြ။ ရှေးအရှင်တွေသည် ဤကဲ့သို့ ဝီရိယတွေနှင့် ထူထောင်ပြီးတော့ သွားကြသည် ဖြစ်သောကြောင့် သူတို့ရည်ရွယ်ချက် အတိုင်း ပြီးစီးကြပါတယ်ဗျာ့။

အသီးသီးသော ဗောဓိတွေဟာ ပြီးပြီဆိုတော့မှ အဲသည်မှာ စိတ်ဆန္ဒအတိုင်း ပြီးစီး အောင်မြင်ကြမို့လို့ တောင့်တတဲ့အတိုင်း အကြွင်းအကျန်မရှိ အကုန်ပြီးပါတယ်ဗျာ့။ သည်တော့ ရှေးအရှင်တွေရဲ့ သည်းခံမှုတွေကို သိပြီးတော့ ငါတို့လည်း ဤကဲ့သို့ ပြုမယ်လို့၊ အမီဆောင်ရွက်မယ်လို့ စိတ်ဆန္ဒကို ဖြစ်စေပြီး သကာလ မီအောင် ညီအောင် ကြိုးစားကြ၊ အားထုတ်ကြဗျာ။

(ဝေဘူဆရာတော်)

စာညွှန်း -

ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိနှင့် ကျင့်စဉ် -
မောင်ကျော်ညွန့် (မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ)

ထားတတ်ရင် အပါယ်မကျ အပိုင်း (၁/၂)

▬▬▬ஜ۩۞۩ஜ▬▬▬

[၁၉၅၅-ခု၊ မေလ ၁၁-ရက်ည၊ ရန်ကုန်တက္ကသိုလ် ဓမ္မာရုံတွင် ဝေဘူဆရာတော် အရှင်မြတ် ဟောကြားတော်မူသည်။ ရှေးဦးစွာ ရှစ်ပါးသီလပေးတော် မူပြီးနောက် ဘုရားအလိုတော်အတိုင်း ကျင့်ကြံအားထုတ်ရန် မိန့်တော်မူသည်။ ထို့နောက် အလှူခံ ပုဂ္ဂိုလ်များ ဆောင်ရမည်များကို လည်းကောင်း အလှူပစ္စည်းများ သင့်လျော်စွာ အသုံးချရန်ကို လည်းကောင်း ဟောကြားပါသည်။ ထို့ပြင် ဒါန သီလနှင့် စပ်လျဉ်း၍ ကောသမ္ဘီပြည်မှ ကျွန်မကြီး ခုဇ္ဇုတ္တရာအကြောင်း၊ ဇီဝက ဆေးကုသပေးသော သူဌေးမကြီး အကြောင်း၊ သာမာဝတီနှင့် မာဂဏ္ဍီ တို့ အကြောင်းများ ဥပမာ ဆောင်၍ ဟောကြားတော်မူပါ၏။]

ဝေဘူဆရာတော် အရှင်မြတ်သည် ပထမဦးစွာ ရှစ်ပါးသီလတော်ကို ပေးပြီးနောက် အောက်ပါအတိုင်း တရားတော်ကို ချီးမြှင့်တော်မူပါသည်။

တရားနာခံအဖြစ် ဦးလှက ဆောင်ရွက်သည်။

သီလကို ဆောက်တည်၍ ပြီးကြပြီ။ ဆောက်တည်ပြီးကြရင် ပြည့်စုံအောင် ဖြည့်ကြ၊ ကျင့်ကြ၊ ပြည့်စုံပြီ ဆိုမှဖြင့် စိတ်နှလုံး အလို တောင့်တ ရည်ရွယ်ချက် အသီးသီးတို့ဟာ အကုန်လုံး ပြီးစီး အောင်မြင်ကြရော။ ထိုသို့ဖြစ်သောကြောင့် ပစ္စုပ္ပန် သံသရာနှစ်ဖြာ တောင့်တ ရည်ရွယ်ချက် အသီးသီးတို့ ပြီးစီးခြင်းငှာ အလိုရှိကြပါတဲ့ သူတော်ကောင်း အစားစားတို့သည် သီလကိုကြိုးစားပြီး ဖြည့်ကြ၊ ကျင့်ကြတယ်။

သီလ၌ တည်ပြီးတော့ ပြုရတဲ့ကုသိုလ် အဖြာဖြာတို့သည် တောင့်တတဲ့အတိုင်း အပြီးအဆုံး တိုင်မြောက်အောင် ဆောင်တယ်။ ပို့တယ်။ သီလ၌ တည်ပြီးတော့ နှစ်သက်ဖွယ်ဖြစ်တဲ့ ပူဇော်မှုတို့ကို စိတ်ထဲ၌ သဘောကျသလို ကောင်းမွန်စွာ စီမံပြီး သူတကာတို့ကို မစေမပန် မခိုင်းဘဲနှင့် အလှူဝတ္တုကို ရိုသေလို့၊ အလှူခံကို ရိုသေလို့ ၊ စိတ်ကို ဖြောင့်မတ်စွာ ထားပြီးတော့ အတုအတူ မရှိပါတဲ့ ဘုရားရှင် ဘုရား သာသနာတော်ကို ကိုယ်ပိုင်ဖြစ်တဲ့ ပစ္စည်းကို ကိုယ်တိုင် ဆက်ကပ် လှူဒါန်းပြီး ကိုယ်အလိုရှိရာ နှစ်သက်တဲ့ ဗောဓိနှင့်နိဗ္ဗာန်သို့ စံဝင်ရပါလို၏လို့ အဲဒီလို ဆုယူ ဆုတောင်းကြ။

အခါကောင်း ဘဝကောင်း

▬▬▬▬▬▬▬▬▬

ဗောဓိဆိုတာ သစ္စာလေးပါးကို ထိုးထွင်းပြီးတော့ သိတာ မြင်တာကို ဗောဓိလို့ ခေါ်တယ်။ ဗောဓိသည် သမ္မာသမ္ဗုဒ္ဓ ဗောဓိပစ္စေက ဗောဓိသာဝက ဗောဓိရယ်လို့ အသီးသီး ရှိတယ်။ ဒီတော့ သာဝကတွင်မှာလည်း အဂ္ဂသာဝကမဟာသာဝကပကတိသာဝကရယ်လို့ အသီးသီးရှိတယ်။

ဧတဒင်္ဂရာထူးဌာနန္တရ တို့မှာလည်း ကိုယ်အလိုရှိတဲ့ ဧတဒဂ်ရာထူး ဌာနန္တရဖိုနှင့် နိဗ္ဗာန်ကို စံဝင်ရပါလို၏လို့ အဲဒီလို ဆုယူ ဆုတောင်းကြ။ တောင့်တတဲ့ အတိုင်းဟာ အသီးသီး ပြီးစီး အောင်မြင်၍ နိဗ္ဗာန်သို့ စံဝင်ကြွသွားတော်မူကြတဲ့ သူတော်ကောင်း အစားစား တို့ဟာ ရေတွက်ခြင်းငှာ မစွမ်းနိုင်အောင် များပြားကြပါတယ်။

ဤကဲ့သို့ စိတ်နှလုံးအလို တောင့်တတဲ့အတိုင်း ပြီးစီး အောင်မြင်ကြတာဟာ ဘာကြောင့်လဲဆိုရင် အခါကောင်းဘဝကောင်းဝီရိယ ကောင်းကြလို့ပဲ။

ဘုရားပွင့်တော်မူတဲ့အခါ ဘုရားသာသနာ ရှိတဲ့အခါက အခါကောင်း မည်တယ်။

လူ့ဘဝ၊ နတ်ဘဝ၊ သုဂတိဘဝကို ရကြတဲ့ သူတော်ကောင်း အစားစားတို့ဟာ ဘဝကောင်း မည်တယ်။

ကိုယ်လိုချင်တဲ့ နှစ်သက်ဖွယ် ဗောဓိကို ပြီးမြောက်အောင် ဝီရိယ ထူထောင်ပြီး အအား အနား မထားဘဲနှင့် သွက်လက် ဖျတ်လတ်ပြီးတော့ ဆည်းပူး အားထုတ်တာက ဝီရိယကောင်း မည်တယ်။

အခါဘဝကောင်းတာကို သိပြီးတော့ လိုအပ်တဲ့ မှန်းထားချက် အသီးသီးပြီးအောင် ဝီရိယထူထောင်ပြီး ယူကြတော့ အကုန်လုံး အသီးသီးတို့ဟာ စိတ်နှလုံး အလိုအတိုင်း ပြီးစီးကြတယ်။

ဘုရားရွှေလက်ထက်တော်က ဘုရားထံမှောက်သို့ များစွာသော လူနတ်ဗြဟ္မာတို့ ရောက်ကြတယ်။ အဲဒီလို ရောက်တဲ့အခါမှာ ဘုရားရှင်ရဲ့ အသရေတော်ကို မျက်မှောက် အားဖြင့် ကြည်ညိုကြတဲ့အခါမှာ ဘယ်လူ ဘယ်နတ်ဗြဟ္မာမှ အားမရနိုင်။ မရောင့်ရဲ နိုင်ကြပါဘူးဗျာ။

စိတ်အားဖြင့် ကြည့်ပြီးတော့ နှစ်သက်ဖွယ်ဖြစ်တဲ့ အမျိုးမျိုး အဖြာဖြာသော ပစ္စည်း တို့ကို လှူဒါန်းဆက်ကပ် ပူဇော်ကြတဲ့အခါကတော့ အတုအတူ မရှိတဲ့ ဘုရားရှင် သည် အစဉ်သနားပြီးတော့ ကိုယ်တော်တိုင် ထိုးထွင်းပြီး သိတဲ့အတိုင်း သဗ္ဗညုတ ရွှေဉာဏ်တော်ဖြင့် သိစေတော်မူတယ်။

မချတဲ့ ဝီရိယဖြင့်

ဤကဲ့သို့ ဘုရားအဆုံးအမကို ရကြပြီ ဆိုမှဖြင့် မချတဲ့ ဝီရိယဖြင့် လေးဖြာသော ဣရိယာပုထ်တို့မှာ တစ်ဆက်တည်း ဖြစ်အောင် ယူကြတယ်။ အဲသည်လို ယူကြသည် ဖြစ်သောကြောင့် ဆိုက်သင့် ဆိုက်ထိုက်တဲ့ အချိန်မှာ အခါမလင့် ဆိုက်လာပါတယ်။ ဆိုက်လာပြီဆိုတော့ ဝမ်းမြောက်ရကြရပါသတဲ့ဗျာ။

ဝမ်းမြောက်ရမှုမှာလည်း တစ်ခဏစာ၊ တစ်ဘဝစာ မဟုတ်ဘူး။ သံသရာ တစ်လျှောက်လုံးအတွက် လုံလောက်သည် ဖြစ်သောကြောင့် သံသရာ တစ်လျှောက် လုံးအတွက် လုံလောက်ပြီး လူ့ဘဝ တစ်ဘဝရယ်လို့ ပြောစလောက်ပြီလို့ ဤကဲ့သို့ ဝမ်းမြောက်ကြရတယ်။

ဒီတော့ ဤကဲ့သို့ ဘာကြောင့် ဝမ်းမြောက်နေကြရပါသလဲ ဆိုရင် အခါဘဝ ကောင်းတာကို သိပြီးတော့ ဝီရိယကို ထူထောင်ပြီး ယူကြတဲ့ သူတော်ကောင်း အစားစားတို့ဟာ ဤကဲ့သို့ ဝမ်းမြောက်ကြရပါတယ်ဗျာ့။ ဘယ်အချိန် ဘယ်အခါ တွေမှာလဲဆိုရင် ဘုရားပွင့်တော်မူတဲ့ အချိန်ကစပြီး သကာလ များစွာသော လူနတ် ဗြဟ္မာတို့ဟာ ရောက်ကြတယ်။

ရောက်ကြသည့် အချိန်တိုင်း အချိန်တိုင်းမှာတွင်ပဲ တောင့်တရည်ရွယ်ချက် အသီးသီး တို့ဟာ မှန်းထားတဲ့ အတိုင်းဟာလည်းပဲ အကုန်လုံးသော လူနတ်ဗြဟ္မာတို့ဟာ စိတ်နှလုံး အလို ပြီးကြပါတယ်။ အချိန်တိုင်း အချိန်တိုင်းပါပဲဗျာ့။ ဘုရားပွင့်တော်မူတဲ့ အချိန်ကစပြီး များစွာသော လူနတ်ဗြဟ္မာ အပေါင်းတို့ဟာ ဘုရား ထံမှောက်မှာ ဘယ်အခါများ ပူဇော်ခြင်း၊ မြတ်နိုးခြင်းတို့ကိုမပြုတဲ့ အချိန်အခါများ ရှိပါသေးသလဲ။ (မရှိပါဘူးဘုရား)။

အေး၊ ဘုရားထံမှောက်မှာ အမြဲပဲ များစွာသော လူနတ်ဗြဟ္မာတို့ဟာ များပါ့ဗျာ။ အဲဒီလို များပြားတော့ကို အကုန်လုံးသော လူနတ်ဗြဟ္မာတို့ဟာ တောင့်တ ရည်ရွယ်ချက် အသီးသီးတို့ဟာ၊ အချိန်တိုင်း အချိန်တိုင်းမှာတွင်ပဲ ပြီးကြပါတယ်။ ဒီတော့ အလုပ် တစ်ခုရယ် ဘာရယ် ဆိုတာကတော့ ရေတွက်တဲ့အခါမှာ တောက်လျှောက် အချိန်ကြီး မဟုတ်ပါ။ ခဏတစ်မုဟုတ်ခြင်း ကလေးတွင်ပဲ ဘုရားအဆုံးအမကို ရကြတယ်။

သူတော်ကောင်း အစားစားတို့မှာ ကုဋေပေါင်း တစ်ရာ၊ တစ်ထောင်၊ တစ်သောင်းမက တစ်ခါ တစ်ခါ ကုဋေပေါင်း အသင်္ချေ၊ ဤကဲ့သို့ များပြားတယ်ဗျာ့။ အလုပ်တစ်ခု တစ်ခုမှာ နေရာတစ်ခုခုမှာ ဆိုတာ သူတို့နေဖို့ မဆံ့ပါဘူးတဲ့ဗျာ။ ဒါပေမယ့် တန်ခိုးကြီးလို့သာ နေထိုင်ကြတာ။ တစ်နေရာစာ လောက်ကလေးမှာပဲ နေစရာ မရှိသည် ဖြစ်သောကြောင့် တန်ခိုးကြီး နတ်သိကြား ဗြဟ္မာတွေဟာ အဲဒီလို နေရာကလေးမှာပဲ နေလောက်အောင် ဖန်ဆင်းပြီး ဘုရားဆုံးမတဲ့ အဆုံးအမကို ယူကြတာတဲ့ဗျာ့။ အဲဒီလို နေရာမရလောက်အောင် လူတွေ နတ်တွေ ဗြဟ္မာတွေဟာ များပြားပါသတဲ့ဗျာ။

ဟိုကတစ်မျိုး သည်ကတစ်ဖြာ

▬▬▬▬▬▬▬▬▬▬▬

အဲဒီလို နေရာကလေးတွေကနေပြီး ဘုရား အဆုံးအမကို ရကြတယ်။ ရကြသည်နှင့် တစ်ပြိုင်နက်တည်း မချတဲ့ ဝီရိယနှင့် ဣရိယာပုထ် လေးဖြာမှာပဲ ဒီလိုဆောင်ပြီးတော့ ထားကြတော့ ယခုနလို ပြီးကြတာဗျာ့။ ယခုလို ခဏ တစ်မဟုတ်ကလေးတွင်ပဲ ရာပေါင်း ထောင်ပေါင်း သိန်းပေါင်း တစ်ခါတလေ ကုဋေပေါင်း အသင်္ချေပေါင်း ကမှာ မဟုတ်ပါဘူးဗျာ့။

သည့်ပြင် သိကြား နတ်တွေ၊ ဗြဟ္မာတွေဟာ ဆက်ကာ ဆက်ကာ ဘယ်တော့မှ မပြတ် ပါဘူးဗျာ့။ အဲဒါ အချိန်အခါ ဘဝကောင်းကြတော့ ဝီရိယ ထူထောင်ယူကြလို့ အကုန်လုံး ဒီလို ပြီးကြတာဗျာ့။ အခုလည်း အားလုံးသော သံဃာတော် အရှင်ကောင်း တို့ဟာ မေတ္တာတည်း ဟူသော မိုးစွေပြီး အမြဲတမ်းအားဖြင့် သွန်သင် ဆုံးမပြီး နေကြတယ်။

အဲဒါတွေဟာ သုံးဖြာသော ပိဋကတ်တွေပါပဲ။ သည်သုံးဖြာသော ပိဋကတ်တွေ ဟာလည်း ဘုရားရှင် ဆုံးမတော်မူတာတွေပဲ။ သာသနာတော် ထားတော်မူခဲ့တယ် ဆိုတာ ဒါကိုခေါ်တာဗျာ့။

အဲဒါကို အခု မပျက်ပြားရအောင် ဆိုပြီး ဆက်ကာ ဆက်ကာနှင့် ဘုရားရှင် ဟောတော်မူတာတွေကို မပျောက်ပျက်ရအောင် တပည့်သား တပည့်သမီး များစွာ တို့ဟာ တစ်ခါတစ်ခါ ကျပြီဆိုတော့ ဟိုကတစ်မျိုး သည်ကတစ်ဖြာ ဖြစ်မှာစိုးသည့် အတွက် သံဃာတော် အရှင်ကောင်းတို့က မေတ္တာ ကရုဏာ မိုးစွေပြီး စုပြီးတော့ တစ်ပြိုင်နက်တည်း ထပ်တူညီမျှ ရွတ်ကြတယ်။

အဲဒါကို သင်္ဂါယနာတင်လို့ ခေါ်တယ်။ ဘုရားရှင် ဟောတော်မူတာတွေ ချွတ်ယွင်းမှာ စိုးလို့ သူကတစ်ဖုံ ကိုယ်ကတစ်မျိုး မဖြစ်ရအောင် လုပ်တာပဲ။

ဘုရားဟောတော်မူတာ တစ်ခုတည်းကိုပဲ တစ်မျိုးစီဖြစ်နေရင် ဘယ်တော့မှ တည့်မှာ မဟုတ်ဘူး။ မတည့်လို့ရှိရင် လိုချင်တဲ့ ခရီးကိုလည်း ရောက်မှာ မဟုတ်ဘူး။ ဒါကြောင့် ခရီးမမှားရအောင် အမှန်တစ်ခုတည်းကိုပဲ အမျိုးမျိုးတွေ ဖြစ်ပြီး နေမှာစိုးလို့ အဲသည်လို ပြုကြရတာ။ ဘုရား ဆုံးမတော်မူတာတွေဟာ ဆက်ကာ ဆက်ကာ မပျက်ဘဲ တည်အောင် ထားကြတာကိုး။

အဲဒီလို ဆောင်ထားပြီးပြီဆိုတော့ မှတ်ပြီးပြီဆိုတော့ မမှားအောင် ရှေးအရှင်တွေ သွားတဲ့ခရီးကို မှတ်ပြီးပြီ ဆိုတော့၊ အဲသည်လို သွားကြရမှာဗျာ့။ မသွားဘဲနှင့် မရောက်ဘူးဗျာ့။

မေး။ ။ ကိုယ့်မှာ ကား ရထားရှိတယ် မဟုတ်လား။ အဲသည်အပေါ်မှာ စီးသွားလို့ ရှိရင် ကိုယ်လိုချင်တဲ့ခရီးကို မရောက်ဘူးလား။
ဖြေ။ ။ ရောက်ပါတယ်ဘုရား။

မေး။ ။ ကား ရထားတော့ ရှိပါရဲ့ သည်အတိုင်း စီးပြီး မသွားဘဲနှင့် ကိုယ်လိုချင်တာကို ရောက်ပါ့မလား။
ဖြေ။ ။ မရောက်ပါဘူးဘုရား။

မေး။ ။ ပါးစပ်က ဆိုနေရုံနှင့် ရောက်သလား။
ဖြေ။ ။ မရောက်ပါဘူးဘုရား။

မေး။ ။ လမ်းတော့သိပါရဲ့ဗျာ၊ ဘယ်စေတီဆိုရင် ဘယ်လမ်းက သွားရတာဗျာဆိုပြီး သိနေတယ်။ ဒါပေမယ့် မသွားဘဲနှင့် ရောက်မလား။
ဖြေ။ ။ မသွားဘဲနှင့် မရောက်ပါဘူးဘုရား။

မေး။ ။ အေး၊ သိတော့ရောက်ပါဗျာ့၊ ပြီးတော့ ကိုယ်မသွားချင် နေပေစေ။ ကား ရထား အရှင်တွေက သိပြီးနေတော့ ဒါလည်း သွားပို့ရမှာပဲ ဆိုပြီး ပို့တာကို တက်သာစီး။ ဟိုမသွားပေမည့် ပို့တဲ့လူက သိနေတော့ ရောက်တာပဲ မဟုတ်လား။
ဖြေ။ ။ ရောက်ပါတယ်ဘုရား။

သူများမပြောနှင့် တို့ဟာဘယ်မှ မသိဘူးဗျာ့။ သူတို့က မနက်ဆွမ်းခံ သွားမယ်လို့ ပြောရင် သွားရတာပဲ။ ဆွမ်းခံသွားမယ်ဆိုရင် သာသာ ကားပေါ်တက်ပါလို့ ဆိုတော့ တက်လိုက်သွားတာပဲ။ ပြီးတော့ ဆွမ်းခံဖို့ရာအရပ် ရောက်သွားတာပဲ မဟုတ်လား။ (ဟုတ်ပါတယ်ဘုရား။)

အေး၊ တို့တော့ ဘယ်မှ မသိဘူးဗျာ့။ အရပ်ကို မသိဘူးဗျာ့။ ဒါပေမယ့် ရောက်တာပဲဗျာ။ အဲဒါ တစ်ရက်မဟုတ်ဘူး။ နေ့တိုင်းပဲဗျာ့။ အဲဒါကြောင့်မို့ တို့ဆွမ်းစားနေရတာဗျာ့။ တို့လာတုန်းကဆိုရင် သပိတ်ကလေးသာ ပါလာတာဗျာ။ ဒါတောင်မှ အဲသည်သပိတ် က မကောင်းဘူး ဆိုပြီး သူတို့မြို့က လှူတဲ့ သပိတ်နှင့် ဆွမ်းခံရတာဗျာ့။

ဆွမ်းခံသွားရာလမ်းလည်း တို့ကတော့ မသိပေါင်ဗျာ။ ဒါပေမယ့် ကားစီးပါဆို တက်စီး လိုက်တာပဲ။ ဆွမ်းခံတဲ့ နေရာရောက်ပြီ ဆိုတော့ ဆင်းပြီး ဆွမ်းခံလိုက်တာပဲ အဲဒါ ဆွမ်းရတာပဲဗျာ့။

အခုလည်းပဲ ဘုရားရှင် ဆိုဆုံးမပါတဲ့ အဆုံးအမတွေက ဘာလဲဆိုတော့ ကိုယ် တောင့်တတဲ့ ရည်ရွယ်ချက် အတိုင်းဟာ ရောက်နိုင်တဲ့ ဟာတွေပါပဲ။ အဲဒါ တွေကို မှတ်သားပြီးပြီဆိုတော့ သည်အတိုင်း လိုက်နာနေပြီ ဆိုတော့ ရှေးအရှင်တွေလို ချမ်းသာသုခ အသီးသီး တွေဟာ ပြီးစီး အောင်မြင်ကြလိမ့်မယ်ဗျာ။ ဆိုက်ကြ ရောက်ကြပါလိမ့်မယ်။

အခု ကားပေါ်တက်စီးလို့ တစ်ပါတည်း ကားသွားကတည်းက ဟိုနေရာကို ရောက်တော့မှာပဲဗျာ့။ အခုလည်းပဲ ဘုရား ဆုံးမတာတွေကို ရှိတယ်။ အဲသည်လို ရှိတာကို သိတယ်။ ပိဋကတ်သုံးပုံ ဆိုတာလည်း သုတ်ဝိနည်းအဘိဓမ္မာ အဲဒါတွေကိုလည်း သိက္ခာတော် အရှင်ကောင်းတွေက မေတ္တာတည်း ဟူသောမိုးစွေ့ပြီး ပို့ချ၊ ချကြနှင့် အခါအခွင့် ရတိုင်း ထပ်ပြန်တလဲလဲ အမျိုးမျိုး အဖြာဖြာတွေကို သိအောင် အဲသည်လို သွန်သင် ဆုံးမထားကြတော့ အားလုံးတို့ဟာလည်း အသီးသီး မှတ်သားပြီးသား ရှိကြပါတယ်။

ဘုရားရှင် ရွှေလက်တော်ကစပြီးတော့ တစ်ခါ တစ်ခါမှာ ယခုတွင်ကလို တစ်ခုတည်း ဥစ္စာကိုပဲ ဆင်းရဲမှလွတ်မှု တစ်ခုတည်းကိုပဲ တစ်မျိုးစီ ဖြစ်ပြီးတော့၊ ကွဲပြီးတော့ နေကြမှာစိုးလို့ သင်္ဂါယနာတင်ကြရတာဗျာ့။

လျှောက်။ ။ တပည့်တော်ကိုတော့ တစ်ခုတည်းသော နေရာကို သိချင်လှပါပြီ ဘုရား။

မေး။ ။ အံမယ် သူတို့မှာ ကားတွေပေါလိုက်တာ ဘယ်ကားစီးစီး ရတာဗျာ့။ ကားတစ်ခုတွင် ကမှကပါ့မလား။ ဘယ်နှစ်ခုလောက်ရှိသလဲ။
ဖြေ။ ။ သုံးလေးစီး ရှိပါတယ်ဘုရား။

မေး။ ။ တချို့က သည်ထက် ကပါ့မလား။
ဖြေ။ ။ တချို့ကတော့လည်း လေးငါး ခြောက်စီး ရှိပါတယ်ဘုရား။

မေး။ ။ အဲသည်ကားတွေ တက်သာစီးဗျာ့။ ဘယ်ကားစီးစီး လိုချင်တဲ့နေရာကို သွားနိုင်မဟုတ်လား။ (တင်ပါ့ဘုရား)။

မေး။ ။ အခုလည်း ဘုရားဆုံးမတဲ့ အဆုံးအမတွေဟာ သူတို့မှာ သုံးဖြာ ပိဋကတ် ဆိုတာကို မေတ္တာရှင် ကရုဏာရှင်တွေက သွန်သင် ဆုံးမထားတော့ သုတ်အဘိဓမ္မာဝိနည်းဆိုတာ အသီးသီးမှတ်ထားတာရှိတယ် မဟုတ်လား။
ဖြေ။ ။ ဒါကလည်း ပါးစပ်မှာ ဖြစ်နေပါတယ် ဘုရား။

ဆရာတော်။ ။ အဲသလို မှတ်ထားတဲ့ဟာကို ကိုယ်က သာသာကလေး တက်စီးရုံ ပါပဲဗျာ။

လျှောက်။ ။ ဘယ်ကား တက်စီးရမလည်း မသိပါဘူးဘုရား။ ကားတွေ ထွက်သွား တော့ကာ မော့ပြီး ကျန်ရစ်ခဲ့ပါတယ်ဘုရား။

ဆရာတော်။ ။ ကိုယ်ပိုင်ကားဆိုတော့ ကိုယ်စီးချင်တဲ့ကား တက်စီး။ သည်ကား ကတော့ လိုချင်တဲ့နေရာကိုသိတဲ့ ကားတွေပါပဲဗျာ။

လျှောက်။ ။ တပည့်တော်တို့က လိုချင်တဲ့နေရာ မသိတတ်လို့ သိတတ်တဲ့ကားကို စီးချင်လှပါပြီဘုရား။

ဆရာတော်။ ။ အံမယ်မင်း သူတို့ကားတွေ ရှိသားနှင့်ဗျာ။ တက်သာစီး ဘယ်ဟာ ဖြစ်ဖြစ် ရောက်မှာချည်းပဲရယ်။ မှတ်ထားလိုက်တဲ့ဟာတွေ အဲသည်အထဲက တစ်ခု မှန်မှန် ကိုယ်သဘောကျ နှစ်သက်တဲ့ဟာ တစ်ခုခုကို ဝီရိယသန်သန်နှင့် ထိုထိုအာရုံ မသွားရအောင် အဲသည်လို ထားဗျာ့။ ထားပြီဆိုတော့ အဲဒါ ကားတက်စီးတာပါပဲဗျ။

လျှောက်။ ။ တပည့်တော်တို့ တရားနာပုဂ္ဂိုလ်တွေ အားလုံးက ဟိုကား သည်ကား မစီးဘဲနှင့် တစ်မျိုးတည်းသော ကားတစ်စီးတည်းကိုပဲ စုသွားချင်ပါတယ်ဘုရား၊ တစ်ယောက်နှင့် တစ်ယောက် မလွဲဘဲနှင့် တစ်ကားကည်းကိုပဲ စီးချင်ပါတယ်ဘုရား။

သူတို့ဟာ အကုန်လုံး ဆင်းရဲမှ လွတ်မှုကြီးပဲဆိုတာ နားလည်ထားပါတယ်ဗျာ့။

လျှောက်။ ။ တစ်မျိုးစီ ဖြစ်ကုန်မှာစိုးလို့ပါဘုရား။

တစ်မျိုးစီ မဟုတ်ပါဘူးဗျာ့။ ဘာဖြစ်ဖြစ် အတူတူ တစ်ခုတည်းပဲ ကိုယ်ကသာတက်စီး၊ စီးရင် ကိုယ်ရောက်ချင်တဲ့ နေရာကို သေသေချာချာ ဆိုက်မှာချည်းပဲ။ အဲသည်ကို သွားတဲ့ကားချည်းပဲဗျာ့။

အခုလည်း ဘုရားရှင် ဆိုဆုံးမတဲ့ အဆုံးအမတွေ ရထား ကြတယ်။ ပြောတတ်တယ်။ အဲသည် မှတ်ထားတဲ့ တစ်ခုခုကိုသာလျှင် ထိုထိုတစ်ပါးအာရုံ မသွားရအောင် ဘုရား အလိုတော်ကျ ဝီရိယ သန်သန်နှင့်သာ သည်လို အာရုံပြုပြီးထားကြ။

မေး။ ။ အဲသည်လိုထားတော့ မနေဘူးလား။
ဖြေ။ ။ နေပါတယ်ဘုရား။

မေး။ ။ အေး .. နေတယ်ဆိုရင် နေတဲ့အချိန်မှာ ဆင်းရဲကို ဖြစ်စေတတ်တဲ့ လောဘဒေါသမောဟတို့ဟာ ရှိသေးသလား။
ဖြေ။ ။ မရှိပါဘူးဘုရား။

မေး။ ။ မရှိဘူးဆိုရင် အကုသိုလ် စင်ကြယ်တာပေါ့ဗျာ့။
ဖြေ။ ။ တင်ပါ့ဘုရား။

မေး။ ။ စင်ကြယ်တယ် ဆိုတော့ သည်အချိန်မှာ စိုးရိမ်ကြောင့်ကြ ပူပန်ရမှု ရှိသေးသလား။
ဖြေ။ ။ မရှိပါဘူး ဘုရား။

မေး။ ။ ဒါဟာ အခုအာရုံပြုရင် အခုချက်ချင်း မဟုတ်လား။
ဖြေ။ ။ အခုချက်ချင်းပါဘုရား။

မေး။ ။ အခုလို စိတ်ကလေးကို စူးစူးစိုက်စိုက်ထားလို့ နေတဲ့ အချိန်ကလေးမှာ သက်တမ်းစေ့လို့ စုတိကျတယ်ဆိုရင် ဘယ့်နှယ်လဲ။ စိုးရိမ်ကြောင့်ကြ ပူပန်ရဦးမလား။
ဖြေ။ ။ မပူပန်ရပါဘုရား။

မေး။ ။ ဒါဟာ ခဏလေး ရှိသေးတယ်ဗျာ့။ သည့်ထက် အချိန်များများကြီး ထားမယ်ဆိုရင် ဤမျှ ကပါ့မလား။
ဖြေ။ ။ မကပါဘူးဘုရား။

မကြောက်ရဘူး

▬▬▬▬▬▬

ရှေးအရှင်တွေဟာ အဲသည်လို သွားတာဗျာ့၊ ဒါကြောင့် သူတို့မှန်းထားတဲ့ ရည်ရွယ်ချက် အတိုင်း အသီးသီး အကုန်ပြီးတာပါဗျာ့။ ဘုရားရှင် ဆုံးမတဲ့ သုံးပုံသော ပိဋကတ် အကုန်လုံးဟာ ဆင်းရဲမှ လွတ်မှု တစ်ခုတည်းပါပဲဗျာ့။ ဘုရားရှင်ကလည်း သည် ဆင်းရဲမှ လွတ်မှုတစ်ခုတည်းကိုသာလျှင် အမြဲအားဖြင့် ညွှန်ကြားဆုံးမတာ။

ဒါကြောင့် အခုန ထားဆိုတဲ့ နေရာကလေးမှာသာ နေအောင် ထားကြဗျာ့။ အဲသည်လို ထားလို့ တော်တော်ကလေး နေပြီးနေတော့ ရိပ်မိလာကြလိမ့်မယ်။ အဲသည်မှာ ခုနလို အခုလည်း မကြောက်ရဘူး။ နောင်လည်း မကြောက်ရဘူး။ အခုလည်း မစိုးရိမ်ရဘူး၊ နောင်လည်း မစိုးရိမ်ရဘူး။

မေး။ ။ သက်တမ်းစေ့လို့ သေရင်လည်း မင်းဘယ်သွားမလဲဆိုရင် ဘယ့်နှယ်လဲ။ သည်အတိုင်း နေရင်တော့ မပြောနိုင်ဘူးထင်တယ်။
ဖြေ။ ။ မပြောနိုင်ပါဘူး ဘုရား။

မေး။ ။ ဥပုသ်စောင့်ရင်ကော ပြောနိုင်ပါ့မလား။
ဖြေ။ ။ ဥပုသ်စောင့်ရင်လည်း မပြောနိုင်ပါဘူးဘုရား၊ ဥပုသ်စောင့်ရင်လည်း ထားဆိုတဲ့ နေရာ မထားတတ်တာနှင့် လောဘဖြစ်လိုက်၊ ဒေါသဖြစ်လိုက်တာပဲဘုရား။

ပြောလို့ မကုန်နိုင်

▬▬▬▬▬▬

မေး။ ။ မထားတတ်တာ မဟုတ်ပါဘူးဗျာ့။ မထားလို့ မနေတာပါဗျာ။
ဖြေ။ ။ မထားတတ်သေးပါဘူးဘုရား။ ဘယ်လိုထားရမယ်ဆိုတာ ချီးမြှင့်တော်မူပါဦး ဘုရား။

ဒါကတော့ သူတို့အားလုံး သိပြီးသားတွေပါဗျာ့။ ပြောစမ်းကြပါဆိုရင် ပြောလို့ မကုန်နိုင်အောင် များပါတယ်ဗျာ။

မေး။ ။ သို့့သော်လည်း သူတို့အားလုံး တစ်မျိုးစီ၊ တခြားစီ ဖြစ်ချင်ဖြစ်နေမယ် မဟုတ်လား။
ဖြေ။ ။ တစ်မျိုးစီ တခြားစီ ဖြစ်နေပါတယ်ဘုရား။

အေး၊ ဒါကြောင့် အားလုံး တစ်ပြိုင်နက်တည်း တူတဲ့ဟာ ဆိုရင်တော့ အဲဒါကတော့ အကုန်လုံး တူကြ တန်ကြပါရဲ့။

မေး။ ။ အခု ဒကာကြီး၊ ဒကာမကြီးတွေဟာ အသက်မရှူကြဘူးလား။
ဖြေ။ ။ ရှူကြပါတယ် ဘုရား။

မေး။ ။ အသက်မရှူတဲ့ ဒကာကြီး၊ ဒကာမကြီးတွေ ပါသေးသလား။
ဖြေ။ ။ မပါပါဘူး ဘုရား။

မေး။ ။ အသက်ရှူတဲ့အခါ ဘာနှင့်ရှူရသလဲ။
ဖြေ။ ။ နှာခေါင်းနှင့် ရှူရပါတယ်ဘုရား။

မေး။ ။ ဒါကတော့ တညီတညာတည်း ဖြစ်ရဲ့လား။
ဖြေ။ ။ တညီတညာတည်းပါ ဘုရား။

ထွက်လေ ဝင်လေ

▬▬▬▬▬▬

မေး။ ။ အသက်ရှူတာက ဘယ်လိုလဲ ဆိုတော့ လေနှစ်ရပ်တို့ဟာ အေးအေး အေးအေးနှင့် တိုက်ဝင်တယ်။ ပြီးတော့ အေးအေးနှင့် တိုက်ပြီး ပြန်ထွက်တဲ့ဟာကို ခေါ်ထင်ပါရဲ့ ဟုတ်ကဲ့လား။
ဖြေ။ ။ ဟုတ်ပါတယ်ဘုရား။

ဒါကြောင့် လေနှစ်ရပ်တို့ဟာ ဘယ်နေရာကလေးမှာ အေးအေး အေးအေးနှင့် တိုက်ထွက်တယ်၊ တိုက်ဝင်တယ်၊ ဘယ်နေရာကလေးမှာ ထင်ထင်ရှားရှား တိုက်ပြီး ဝင်တယ်၊ ထွက်တယ်ဆိုတာ အခု စဉ်းစားကြစမ်းပါဗျာ့။

မေး။ ။ စဉ်းစားတော့ သိတယ်မဟုတ်လား။
ဖြေ။ ။ သိပါတယ်ဘုရား။

မေး။ ။ ဘယ်နေရာကလေးမှာ အေးအေး အေးအေးနှင့် တိုက်ပြီးတော့ ထွက်သတုန်းဗျာ့။
ဖြေ။ ။ နှာသီးဝမှာ အေးအေး အေးအေးနှင့် တိုက်ထွက်တာ ထင်ရှားပါတယ်ဘုရား။ ဝင်တော့လည်းပဲ နှာသီးဝမှာ အေးအေး အေးအေးနှင့် တိုက်ပြီး ဝင်ပါတယ်ဘုရား။

မေး။ ။ သည်တော့ ဘယ်နေရာကလေးမှာ ထင်ရှားသတုန်းဗျာ။
ဖြေ။ ။ နှာသီးဝမှာပဲ ထင်ရှားပါတယ်ဘုရား

မေး။ ။ အဲသည်နေရာမှာ လက်တစ်ခုနှင့် သာသာကလေး တို့ထိပြီး ထားရင် မသိပေဘူးလား။
ဖြေ။ ။ လက်နှင့်ထိတော့ သိနေပါတယ်ဘုရား။

မေး။ ။ သည်တော့ ကိုယ့်စိတ်မှာ၊ ကိုယ့်ကိုယ်မှာ စိုက်စိုက်စူးစူး တည်ပြီး နေသလား။
ဖြေ။ ။ မနေပါဘူးဘုရား။

မေး။ ။ မနေတော့ တခြားတစ်ပါးကို သွားနေသလား။
ဖြေ။ ။ သွားနေပါတယ်ဘုရား။

မေး။ ။ သည်လိုသွားတော့ ကုသိုလ် အကုသိုလ် နှစ်ခုရှိတဲ့နေရာမှာ ကုသိုလ်လား၊ အကုသိုလ်လား။
ဖြေ။ ။ တခြားသွားတာက အကုသိုလ်ချည်းပါပဲ ဘုရား။

မေး။ ။ အကုသိုလ်ဆိုတော့ ကိုယ်အလိုရှိတဲ့ နှစ်သက်တဲ့ တောင့်တချက်တွေကို ရပါ့မလား။
ဖြေ။ ။ မရပါဘူးဘုရား။ လွဲသွားပါတယ်ဘုရား။

မေး။ ။ အေး ... အကုသိုလ်တွေနှင့် တခြားသွားနေရင် သက်တမ်းစေ့လို့ စုတိကျရမယ် ဆိုရင် ဘယ်ရောက်မလဲ။
ဖြေ။ ။ အပါယ်ရောက်မှာပဲ ဘုရား။

မေး။ ။ အပါယ်ဆိုတာ ဘယ်ဒင်းလဲ။
ဖြေ။ ။ ငရဲတိရစ္ဆာန်ပြိတ္တာအသူရကယ်ပါဘုရား။

မေး။ ။ ငရဲကိုကော ဘယ်သူရောက်ချင်သလဲ။
ဖြေ။ ။ ဘယ်သူမှ မရောက်ချင်ပါဘူး ဘုရား။

မေး။ ။ တိရစ္ဆာန်ကိုကော ဘယ်သူ ရောက်ချင်သလဲ။
ဖြေ။ ။ မရောက်ချင်ပါဘူး ဘုရား။

မေး။ ။ ပြိတ္တာရော။
ဖြေ။ ။ မဖြစ်ချင်ပါဘူးဘုရား။

မေး။ ။ အသူရကယ်ရော။
ဖြေ။ ။ မဖြစ်ချင်ပါဘူးဘုရား။

မေး။ ။ အဟုတ် မဖြစ်ချင်တာလား၊ လိမ်ပြောတာလား။
ဖြေ။ ။ အဟုတ်ကို မဖြစ်ချင်တာပါဘုရား။

ကောင်းပါ့ဗျာ၊ မဖြစ်ချင်ရင်ဖြင့် လေးပါးသော အပါယ်ကို မသွားနှင့်ဗျာ့၊ သွားရင်တော့ ရောက်မှာပဲ။

မေး။ ။ မရောက်ချင်ဘူး ဆိုပြီးတော့ အဟုတ် မရောက်ချင်တဲ့လူဟာ အဲသည်ကို သွားမလား။
ဖြေ။ ။ မရောက်ချင်တဲ့ လူကတော့ မသွားပါဘူးဘုရား။

မေး။ ။ အခု ဒကာကြီး၊ ဒကာမကြီးတွေဟာ မရောက်ချင်ဘူးလို့ ပြောကြတယ် မဟုတ်လား။ ဒါပေမယ့် အဲသည်ကော မသွားဘဲ နေ့ရဲ့လား။
ဖြေ။ ။ မသွားဘဲတော့ နေလို့ မဖြစ်ဘူးထင်ပါတယ်ဘုရား။

မေး။ ။ ဘာဖြစ်လို့လဲ၊ သွားချင်လို့လား၊ ရောက်ချင်လို့လား။
ဖြေ။ ။ တပည့်တော်တို့က ချွတ်ယွင်းနေပါတယ် ဘုရား။

ဆရာတော်။ ။ မရောက်ချင်လို့ ရှိရင်တော့ မသွားဖို့ရှိတာပဲ။ အေး-ဒါပေမယ့် အခုနလို ထိုတစ်ပါးအာရုံ သွားနေတာဟာ တခြားသွားသည်မဟုတ်။ အပါယ်လေးပါး ရှိသည့် အနက် တစ်နေရာရာကို သူသွားတာပဲဗျာ့။

လျှောက်။ ။ တစ်နေရာရာကတော့ သေချာတယ်ဘုရား။

ဆရာတော်။ ။ လေးပါးလုံးတော့ တစ်ပြိုင်နက်တည်း မရောက်ပါဘူး။

လျှောက်။ ။ တစ်လှည့်စီ ရောက်နေမှာ ထင်ပါရဲ့ဘုရား။

ဆရာတော်။ ။ သည်အတိုင်း နေရင်တော့ တစ်နေရာရာကတော့ သေချာတယ်။ (သေချာပါတယ်ဘုရား။)

ဘယ်သူမှ ပို့တာမဟုတ်

▬▬▬▬▬▬▬▬

အဲသည်လို သွားတာက ဘယ်သူကမှ ပို့တာမဟုတ်ဘူး။ ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာကမှ ပို့တာ မဟုတ်ဘူး၊ ဒါကြောင့် အဲသည်နေရာကို မရောက်ချင်ရင် မသွားနှင့်၊ ဒါကို ဘာဖြစ်လို့ ပြောရသလဲဆိုရင် အခုန လက်နှင့်ထိတော့ သိတယ်လို့ ပြောကြတယ် မဟုတ်လား။

ပြောသည့်အတိုင်း ကိုယ့်စိတ်ဟာ အဲ့သည်လို အကုသိုလ်တွေ ငြိမ်းစေရအောင်၊ အဲသည် အပါယ်လေးပါးကို မသွားရအောင် သည်နေရာမှာ လက်နှင့်ထိတော့ သိလို့ စိတ်ကလေးကို အဲသည်လို ထားကြဗျာ။ ထားတော့ကို ဘယ်မှမသွားဘဲ နေတယ် မဟုတ်လား။

ဘယ်မှ မသွားဘဲနှင့် နေတာက အဟုတ်ထားတော့ အဟုတ်နေတယ် မဟုတ်လား။ (နေပါတယ်ဘုရား)။ ထိုင်ထားရင်ကော မဖြစ်ဘူးလား။ (ဖြစ်ပါတယ်ဘုရား)။ အဲသည်လို ထားတဲ့အချိန်မှာ အကုသိုလ်တွေ စင်ကြယ်ပြီးတော့၊ ကြည်ပြီးတော့ တည်ပြီးနေတယ်။ ဒါကြောင့် စိုးရိမ်ကြောင့်ကြမှု အဖြာဖြာတို့ဟာ ဘာမှမရှိဘဲနှင့် ချမ်းသာသကိုးဗျာ့။

မေး။ ။ သည်တော့ သည် ချမ်းသာကလေးကို မပျက်ရအောင်၊ သည်ဟာကို မလွတ်ရအောင် စိတ်ကဆောင်ပြီးပြီ ဆိုတော့ ထိုင်ရာက မတ်တတ်ရပ်ချင်လည်း ဖြစ်တယ် မဟုတ်လား။
ဖြေ။ ။ ဖြစ်ပါတယ်ဘုရား။

မေး။ ။ လမ်းခရီးသွားမယ် ဆိုရင်လည်း တစ်ဆက်တည်း မပျက်ဘဲနှင့်သွားရင် မဖြစ်ပေဘူးလား။
ဖြေ။ ။ ဖြစ်ပါတယ်ဘုရား။

မေး။ ။ ခန္ဓာဝန်အတွက် စားဖို့သောက်ဖို့ ဆောင်ရွက်တဲ့ နေရာမှာကော ထိထား ပြီးတော့ ဆောင်ရွက်ရင် ဖြစ်တယ်မဟုတ်လား။
ဖြေ။ ။ အဟုတ်ထားရင် ဖြစ်ပါတယ်ဘုရား

အဟုတ်ထားရင် ရတာပေါ့ဗျာ၊ စိတ်ထားဖို့ဆိုတာ လွယ်တာပေါ့ဗျာ။ မော်တော်ကား ပါတယ် ဆိုတာကမှ လျှောက်သွားပြီး ဟိုရောက်မှ တက်ရတာဗျာ့၊ အခုဟာကတော့ လွယ်လိုက်တာဗျာ။

မေး။ ။ စိတ်ကလေးကို အခုဆိုရင် အခုဖြစ်တယ် မဟုတ်လား။ နေရာက ရွှေ့ရသေး သလား။
ဖြေ။ ။ မရွှေ့ရပါဘူး ဘုရား။

မေး။ ။ အေး အဲဒါလွယ်တာပေါ့ဗျာ့၊ ကားပေါ်တက်ရတာလောက် ခက်ပါ့မလား။
ဖြေ။ ။ မခက်ပါဘူးဘုရား။

ဒကာကြီး ဒကာမကြီးတွေက သူ့ကို မခိုင်းဘူးဗျာ့။ သည်တော့ သူက သူတို့ကမှ မခိုင်းဘဲနှင့်ဆိုပြီး လျှောက်သွားနေတာဗျာ့။

မေး။ ။ သူသွားတတ်တာ ဘယ်နေရာတွေလဲဗျာ့။
ဖြေ။ ။ အပါယ်ဘက် သွားပါတယ်ဘုရား။

မေး။ ။ အေးပါ အပါယ်လေးရွာဘက်ကို သွားတတ်တာဗျာ။ ဘယ်ရွာတွေလဲဗျာ့။
ဖြေ။ ။ ငရဲတိရစ္ဆာန်ပြိတ္တာ အသူရကယ်ပါဘုရား။

အဲသည် ရွာတွေကို သွားတတ်တာဗျ။ ဒကာကြီး ဒကာမကြီးတွေက အခု ဘုရား ဆုံးမတဲ့ အဆုံးအမတွေကို ရတော့ သည်မှာနေဟဲ့ ဆိုရင် အဟုတ်သာ ထားနေလိမ့်မယ်ဗျ၊ အဟုတ်မထားလို့ ရှိရင်တော့ ငါ့ကို ကောင်းကောင်းလည်း မထားဘူး၊ အဖက်လည်း မလုပ်ဘူး။ သည်တော့ ငါသွားတတ်တဲ့နေရာ သွားမယ်ဆိုပြီး သွားတာဗျာ့။ သူက အအားမနေဘူးဗျာ့။ သည်တော့ ငါသွားတတ်တဲ့နေရာ သွားမယ် ဆိုပြီး သွားတာပဲဗျာ့။

မေး။ ။ သူဟာ နားနေသလား။
ဖြေ။ ။ အနားမနေပါဘူး ဘုရား။

ဆရာတော်။ ။ သူက အင်မတန် အလုပ်ကောင်းတာဗျာ့။ ဒကာကြီးက သူ့ကို မခိုင်းဘဲကိုး။

လျှောက်။ ။ နေဟဲ့လို့ ပြောလည်း မနေဘူးဘုရား။

ဆရာတော်။ ။ ဒကာကြီးက အဟုတ်ခိုင်းတာမှ မဟုတ်ဘဲကိုးဗျာ့။

လျှောက်။ ။ တပည့်တော်ကတော့ အဟုတ် ခိုင်းတာပါပဲဘုရား။

ဆရာတော်။ ။ ဒကာကြီးမှာ သားတွေသမီးတွေ ရှိတယ်မဟုတ်လား။ အဲသည်လို သားတွေသမီးတွေကို ခေါ်ခိုင်းတယ် မဟုတ်လား။ အဲသည်လို ခိုင်းတော့ကို သူတို့ကလည်း သိတယ်ဗျာ့၊ ငါ့ကို အဟုတ်ခိုင်းတာ မဟုတ်ဘူး ဟုတ်တယ် ဆိုတာ သိတယ်၊ သိတော့ ငါတို့ တော်သလို နေလိုက်မယ်ဆိုပြီး မလုပ်ဘဲ နေတယ် မဟုတ်လား။

ဒါပေမယ့် အဟုတ်ခိုင်းတော့ ဘယ်နေလဲ။
လျှောက်။ ။ အဟုတ် လုပ်ပါတယ်ဘုရား။

ဆရာတော်။ ။ ဒါက ရိုက်ခိုင်းတာဗျာ့။

လျှောက်။ ။ ဒါကတော့ လုပ်အောင်ခိုင်းရမှာပေါ့ ဘုရား။

ဖြစ်အောင် ခိုင်းရင်တော့ ဖြစ်ပါတယ်။ မရိုက်ပေါင်ဗျာ။ သားငယ် သမီးငယ်တွေဟာ သူတို့ ဘာကြိုက်သလဲ။ သူတို့က ထမင်း ကြိုက်လိမ့်မယ်။ အဝတ်အစား ကြိုက်လိမ့်မယ်။ အဲဒါက ကိုယ့်သားသမီးတွေ ဘာကြိုက်တယ်ဆိုတာလဲ သိတယ်ဗျာ့။

မေး။ ။ အဲသည်တော့ သူတို့ကြိုက်တာကို ပေးမယ်ဆိုရင် ကိုယ်ခိုင်းချင်တာ ခိုင်းလို့ မဖြစ်ဘူးလား။
ဖြေ။ ။ ဖြစ်ပါတယ်ဘုရား။

မေး။ ။ အေးဗျ။ ပိုတောင်ဟုတ်ဦးမယ်။ အဲသည်တော့ ရိုက်ရသေးသလား။
ဖြေ။ ။ မရိုက်ရပါဘူးဘုရား။

မေး။ ။ ကဲ ဒါဖြင့် ကနေ့ သည်လိုဆိုရင် နက်ဖြန်ခါ ဘယ့်နှယ်လဲ။
ဖြေ။ ။ နက်ဖြန်ခါတော့ သူတို့ လိုချင်တဲ့ဟာ ပေးရင် လုပ်မှာပါပဲဘုရား။

အေး၊ ဖြစ်ပါတယ်ဗျ။ အခုလည်း ဒကာကြီး ဒကာမကြီးတွေက ခိုင်းကို မခိုင်းတာဗျ။ သားသမီးတွေကို သည်လို ခိုင်းလို့ ဖြစ်ရင် ကိုယ့်စိတ်ကိုတော့ သည်လို ခိုင်းလို့ မဖြစ်ဘူးလား။ လူတောင် ခိုင်းလို့ ဖြစ်ရင် စိတ်ကို ခိုင်းလို့ မဖြစ်ဘူးလား။ ဒကာကြီးက စိတ်ကို မခိုင်းဘူးဗျာ့။

မေး။ ။ မခိုင်းတော့ ငါသွားတတ်တဲ့နေရာ သွားမှပဲ ဆိုပြီး သွားတာပဲဗျာ့။ ဟုတ်ကဲ့လားဗျာ့။
ဖြေ။ ။ ဟုတ်ပါတယ်ဘုရား။

မည်မည်ရရ မခိုင်းလို့ပါ

▬▬▬▬▬▬▬▬▬

မေး။ ။ ဒါကြောင့် ကောင်းကောင်း ခိုင်းထားဗျာ့။ ပြီးတော့ အဲသည်လို အလုပ်ခိုင်းရင် ဘယ့်နှယ်လဲ။
ဖြေ။ ။ အိပ်ချိန်တန်ပြီဆိုပြီး အိပ်တာပဲဘုရား။

ကောင်းကောင်းသာ ခိုင်းထားရင် မအားဘူး၊ မအားဘူးနှင့် ငါ့ကို ခိုင်းထားတယ်ဆိုပြီး မအိပ်ဘဲနေမှာဗျ။ ဒါကြောင့် ကိုယ်ကသာ ခိုင်းဖိုလိုတာဗျာ့။ စိတ်ကလေးကိုမေးရင် သူတို့က သည်လိုပြောမှာဗျာ့။ မင်း ဘာကြောင့် ဟိုဟိုသည်သည် သွားရသလဲဆိုရင် ဒကာမကြီး ဒကာကြီးတွေက မခိုင်းဘူးလို့ ပြောမှာဗျာ့။ ဒကာကြီး ဒကာမကြီးတွေ ကလည်း မည်မည်ရရ မခိုင်းသေးလို့ပါဗျာ့။

သူတို့က အင်မတန် ချမ်းသာကြိုက်တာဗျာ့ ကြားလား။ အဲ့သည်လို ချမ်းသာကို မနှစ်သက်တဲ့လူ မရှိဘူးဗျာ့။ နှစ်သက်ကြတာချည်းပဲဗျာ့။ သို့သော်လည်း သည် စိတ်ကလေးကို ချမ်းသာကြိုက်တယ်၊ ကြိုက်တယ်။ ကြိုက်ပေတဲ့ ဟိုသွား သည်သွား သွားတယ် ဆိုတာက သူ ခမျာများမှာ ချမ်းသာ မလာဘူး။

သွားရတာဗျာ့၊ သို့သော်လည်း သူမသိတဲ့ ချမ်းသာတရားကို မသိတတ်ဘူး။ သူ သွားနေကျ နေရာကိုပဲ သွားတာပဲဗျာ့။ တကယ့်ကို ထားရင်တော့ ဘယ်မှ မသွားတော့ဘူးဗျာ့။

ဒါ့ကြောင့် ဘုရားရှင် ရွှေလက်ထက်တော်က ဘုရားထံမှောက်ရောက်၊ ဘုရားရှင်က သည်လိုသည်လို ဆိုတာကို မှတ်ထား၊ မှတ်ထား ပြီးတော့ကာ ဆိုက်လာ ရောက်လာတော့ သူတို့သွားသေးသလား။
ဖြေ။ ။ မသွားတော့ပါဘူး ဘုရား။

မေး။ ။ အဲဒါ အဟုတ်လုပ်တာဗျာ့။ အဲသည်မှာ အရင်ကလို လုပ်ပါဆိုတော့ကော လုပ်သေးလား။
ဖြေ။ ။ မလုပ်ပါဘူး ဘုရား။

မေး။ ။ မလုပ်နှင့်လို့ ပြောသေးသလား။
ဖြေ။ ။ မပြောရပါဘူးဘုရား။

ခုဇ္ဇုတ္တရာ

▬▬▬▬

အေး-ရှေးက အရှင်တွေက အဲသည်လို သွားတာဗျာ။ ဘုရားဆုံးမတဲ့ အဆုံးအမကို ရတယ်၊ ရတာကို လွှင့်မပစ်ဘူး။ ရတယ်ဆိုရင် သည်ဟာကို ဘယ်တော့မှ စွန့်မပစ်ရဘူး။ တောက်လျှောက်ကြီး ရထားတာဗျာ့။ ရှေးကလည်း သည်လိုယူကြတာ ရှိတယ်မဟုတ်လား။

ကောသမ္ဘီပြည်မှာ အရှင်ဘုရား ကြွရောက် ချီးမြှင့်တော်မူတော့ သာမာဝတီဆိုတဲ့ ရှင်ဘုရင်မကြီး ရှိတယ်။ သည်ရှင်ဘုရင်မကြီးကို ဝတ်ကြီးဝတ်ငယ် ပြုနေတာက ဘယ်သူလဲ။ သူ့ကျွန်ဟာလေ၊ ခုဇ္ဇုတ္တရာတဲ့ဗျာ့။ သူက အကုန်လုံး ဆောင်နေတာဗျာ့။ သူနှင့်ဆိုရင် အတည့်ဆုံး အချစ်ဆုံး အကြည်ညိုဆုံးဗျာ့၊ ဘယ်အခါမှ မခွဲဘူးဗျာ့။

ရှင်ဘုရင်မကြီး မဖြစ်ခင်ကလည်း သူနှင့်နေတာပဲ၊ ရှင်ဘုရင်မကြီး ဖြစ်တော့လည်း သူနှင့် အတူလိုက်ပြီး နေတာပဲ၊ နည်းနည်းကလေးမှ ခွဲမနေဘူး။ ချစ်လိုက်တာ၊ လိုလားလိုက်တာ။ အဲသည် အချိန်မှာ သူက ရှင်ဘုရင်မကြီး ပန်းပန်ဖို့ ဆိုပြီး သွားသွားပြီး ပန်းဝယ်တယ်။ သည်တော့ ပန်းဖိုးတွေကို အကုန်မဝယ်ပဲ သူက တစ်ဝက် တစ်ဝက် ဖြတ်ဖြတ်ထားလိုက်တာတဲ့ဗျာ့။

အဲသည်လိုပဲ သူသွားပြီး ပန်းဝယ်ရာမှာ တစ်နေ့တော့ ဘုရားရှင် ကြွရောက်ချီးမြှင့်တဲ့ အချိန်အခါနှင့် တိုက်ဆိုင်နေပါသတဲ့ဗျာ။ သူသွားတဲ့နေရာက ဘုရား အမှူးရှိတဲ့ သံဃာတော်တွေကို လှူဒါန်း ပူဇော်နေတာနှင့် ကြုံကြိုက်တော့ သူက ဝင်ပြီး ဘုရားရှင်ရဲ့ အကုန်လုံးသာ ပြုဖွယ်ကိစ္စတွေပြု၊ ဘုရားရှင် ဆုံးမတဲ့ အဆုံးအမတွေကို ကြားရ၊ အဲသည်လိုကြားရသည်နှင့် တစ်ပြိုင်နက်တည်း သူဟာ နေရာကျသွားတယ်

အဲသည်လို နေရာကျတော့ သူ့မှာပျော်လို့ဗျာ့၊ ရွှင်လို့ဗျာ့၊ ဟိုတုန်းကဆိုရင်တော့ သူဟာ ပန်းဖိုးရှစ်သပြာ ပေးသော်လည်း လေးသပြာကို ယူယူထားပြီး အဲသည်လိုပဲ တစ်သက်လုံး လုပ်နေတာဗျာ့။ ရှင်ဘုရင်မကြီးကတော့ သူဝယ်လာတဲ့ ပန်းတွေ ပေးလိုက်တယ်ဆိုရင်ပဲ ဒါအကုန်လုံးပဲလို့ မှတ်နေတာပဲ။

ဒါပေမယ့် သည်တစ်နေ့တော့ သူဟာ အကောင်းဆုံး အမြင့်မြတ်ဆုံး ကြားရလို့ လိုက်နာလိုက်တဲ့အခါ သူ့မှာ အကောင်းဆုံး ရွှင်ရပျော်ရလို့ ဖြစ်တဲ့အခါကျတော့ အဲဒါ မလုပ်တော့ဘူးတဲ့ဗျ။

ပေးလိုက်တဲ့ပန်းဖိုး ရှစ်သပြာ အကုန်လုံးဝယ်ပြီး ယူသွားတော့သတဲ့ဗျာ့။ အဲသည်တော့ ရှင်ဘုရင်မကြီးက စစ်ပါရောတဲ့ဗျာ့။ စစ်တော့ ပန်းတွေကို နေ့တိုင်းတော့ သူက တစ်ဝက် တစ်ဝက် ယူထားတာ။ ဒါပေမယ့် သည်ကနေ့တော့ ပန်းတွေက များနေတာဗျာ့။

သည်တော့ ရှင်ဘုရင်မကြီးက ဘယ့်နှယ်လဲ မိခင်၊ ပန်းတွေက များလှပါကလား၊ ရှေးကထက်မကဘဲ ပန်းဖိုးတွေ တိုးပေးသလားလို့ မေးတော့ သူက မဟုတ်ပါဘူး ဘုရား၊ နေ့တိုင်းလိုပဲ ပေးတာပါပဲဘုရားလို့ ဆိုတော့ ရှင်ဘုရင်မကြီးက သည်ကနေ့ တော့ နေ့တိုင်းထက် များပါကလား၊ ဘာဖြစ်လို့လဲလို့ မေးတော့၊

ဘုရားကျွန်မက နေ့တိုင်းတော့ ပေးတဲ့ပန်းဖိုးကို အကုန်မှမဝယ်ဘဲ တစ်ဝက်သာ ဝယ်ခဲ့တာပါဘုရား၊ တစ်ဝက်တော့ ဘုရားကျွန်တော်မ ယူယူ ထားပါတယ်ဘုရား။ ဒါပေမယ့် သည်ကနေ့တော့ ပေးလိုက်တဲ့ပန်းဖိုး ရှစ်သပြာဖိုး အကုန်လုံး ဝယ်ခဲ့ပါတယ် ဘုရားလို့ သံတော်ဦးတင်တော့ ဘုရင်မကြီးက မိခင်က နေ့တိုင်းလိုပဲ လေးသပြာ ယူပါလား၊ ဘာဖြစ်လို့ မယူသလဲ ဆိုတော့၊

အခုမယူတာက တခြားကြောင့် မဟုတ်ပါဘူး။ သည်နေ့ ကောသမ္ဘီပြည်မှာ ဘုရားရှင် ကြွရောက် ချီးမြှောက်တော်မူတယ်။ သည်တော့ ဘုရားရှင်ရဲ့ အသရေတော်ကို ဖူးမြော်ခဲ့ရတဲ့ အကြောင်း၊ ဘုရားရှင် ဟောတော်မူတဲ့ တရားတော်ကို နာရလို့ အဲဒါကြောင့် သူ့မှာ ချမ်းသာသုခ ရတဲ့အကြောင်း၊ ဒါကြောင့် အခု မယူချင် တော့ပါဘုရားလို့ သံတော်ဦးတင်သတဲ့ဗျာ။ အဲဒါ မကောင်းမှန်းသိလို့ မလုပ်တာဗျာ့။

မေး။ ။ အရင်တုန်းက အခုလို တစ်ဝက်တစ်ဝက် ယူနေတာဟာ အကောင်းပဲလို့ ဆိုပြီး လုပ်နေတာ မဟုတ်လား။
ဖြေ။ ။ ဟုတ်ပါတယ်ဘုရား။

မေး။ ။ အဲသည်လို သူယူနေတာကိုပဲ ပျော်နေတယ် မဟုတ်လား။
ဖြေ။ ။ ပျော်နေပါတယ်ဘုရား။

အဲသည်လို သာသာကလေး ယူနေတာကလည်း သူ့ကို ဟိုကအကုန်လုံး ယုံကြည်တော် မူထားတာ။ သည်တော့ သည်လေးအသပြာ ကလည်းသူ့မှာ ဘာမှလုပ်တာ မဟုတ်ဘူး။ သည့်ပြင်ကလည်း ဘယ်လောက်ခိုးသလဲ မသိသေးဘူး။ အခု လေးသပြာက ပန်းဖိုးတင်ဗျာ့။

ဒါပေမယ့် အခုတော့ သူ့မှာ အကောင်းဆုံး အမြင့်မြတ်ဆုံးကို ရလို့ ပြုံးပြုံးနှင့် ပျော်နေတာဗျာ့။ ပျော်နေပြီး သည်ဟာကို မလုပ်တော့ဘူးဗျာ့။ ဘယ်သူကမှ သူ့ကို မလုပ်နှင့်လို့ မပြောရဘူး၊ တရားရလို့ပါဗျာ့။ ဒါကြောင့် ယခုနပြောတဲ့ မြင့်မြတ်တာကို ရပြီးဆိုမှဖြင့် ဘယ်သူကမှ လုပ်ပေးတာ မဟုတ်ဘူး။ သူ့ဟာသူ အပါယ်ကို လားစေတာ ဟူသရွေ့တော့ မလုပ်တော့ဘူးဗျာ။ သေသေချာချာ မလုပ်တာဗျာ့။

မေး။ ။ ဘယ်သူက မလုပ်နှင့်လို့ ပြောရသေးသလဲ။
ဖြေ။ ။ မပြောရပါဘူးဘုရား။

အဲဒါ တရားရလို့ဗျာ့။ သေသေချာချာကြီးကို ချက်ချင်း မလုပ်တော့တာဘဲဗျာ့။ ဒါကြောင့် ဘုရားဆုံးမတဲ့ အဆုံးအမကိုရပြီး ဆိုက်လာလို့ရှိရင် အားလုံးတို့ဟာ သည်လို မလုပ်ဘဲ နေမှာပဲဗျာ့။ အခု ဒကာကြီးတွေ ဒကာမကြီးတွေ အပါယ် မရောက်ချင်ဘူးလို့ ပြောတယ်။

မေး။ ။ တစ်နေ့တစ်နေ့မှာ အပါယ်ရောက်ဖို့ ဘယ်နှစ်မျိုး လုပ်သလဲ။
ဖြေ။ ။ မရေမတွက်နိုင်ပါဘူးဘုရား။

မေး။ ။ တစ်နေ့ တစ်နေ့တည်းကို ပြောတာပါဗျာ့။
ဖြေ။ ။ တစ်နေ့တည်းလည်း မရေမတွက်နိုင်ပါဘူးဘုရား။

အခုလုပ် အခုစင်ကြယ်

▬▬▬▬▬▬▬▬

မေး။ ။ ရောက်တော့ မရောက်ချင်ဘူး မဟုတ်လား။
ဖြေ။ ။ မရောက်ချင်ပါဘူး ဘုရား။

အဲဒါ ဘာကြောင့်လဲ ဆိုရင် နေရာမကျသေးဘူးဗျာ့။ ဘုရားဆုံးမတဲ့ အဆုံးအမ ရထားပြီးတော့ ခုန လိုချင်တဲ့အတိုင်း ရအောင် ရောက်အောင် သွားမှ၊ အဲသည်လို မသွားလို့ အခုနပြောတဲ့ ချမ်းသာသုခ မဆိုက်တာဗျာ့။ မဆိုက်လို့ပဲ အဲဒါ လုပ်နေတာ။ ဆိုက်လာရင် အခုနပြောတဲ့ ဒကာမကြီးလို မလုပ်ဘဲ နေတော့မှာဗျာ့။

အခုန ပန်းဖိုးကို အကုန်လုံး မဝယ်ဘူး ဆိုတာကလည်း ခိုးတာဗျာ့။ ခိုးတာ။ အဲဒါကို ဟိုက မသိအောင်ဗျာ့၊ စစ်လည်းမစစ်ဘူး။ သူ့ အစီးအပွားကိုပဲ ဆောင်နေတယ်လို့ ထင်နေတာဗျာ့။ သူ့ကိုမေးလည်း မေးမှာ မဟုတ်ဘူး။ ဘာမှုမှလည်း မရောက်ဘူး။ ဟိုတစ်ခုတည်းတော့ မရောက်မှာဘဲ။

သည်အတိုင်းသေရင် ရှင်ဘုရင်မကြီးက မသိပေမယ့် သူလုပ်တာက တော်တော် ကြာတော့ ဆောင်သွား သွားမှာဗျာ့။ ဟိုက မစစ်ပေမယ့် သူ့ဟာနှင့်သူ သွားမှာဗျာ့။ သို့သော်လည်း ဘုရားဆုံးမတဲ့ အဆုံးအမကို ကြားရတဲ့ အခါကျတော့ သည်ဟာကိုက ဘယ်လိုလဲ ဆိုရင် သီလဆိုတာက အခု လုပ်လိုက်ရင် အခု စင်ကြယ်သွားတာ။ အခုန တရားနာတယ် ဆိုတာ သီလစောင့်တည်ပြီးသား ဖြစ်တယ်ထင်ပါရဲ့။

မေး။ ။ ဘုရားဆုံးမတဲ့ အဆုံးအမကို မှတ်သားလိုက်တော့ နေရာကျသွားတာ မဟုတ်လား။
ဖြေ။ ။ တပည့်တော်တို့လည်း သည်လို နေရာကျချင်လှပါပြီ ဘုရား။

မေး။ ။ သူကတော့ နေရာကျ ကတည်းက ထိုင်ရာ မထ လုပ်သွားတာဗျာ့။

ဒကာကြီးက ယခုတည်းက အိမ် ဘယ်နှစ်ခေါက် ရောက်သလဲ။
ဖြေ။ ။ လေးငါး ခြောက်ခေါက် ရောက်နေပါတယ်ဘုရား။

မေး။ ။ အိမ်က ဘယ်အိပ်လဲဗျာ့။
ဖြေ။ ။ တပည့်တော်နေတဲ့အိမ်ပါ ဘုရား။

မေး။ ။ သည်အိမ်က သည်တစ်ဘဝမှာ နေတဲ့အိမ်၊ သည်ဘဝမှာ သည်အိမ်နှင့် နေတာက ဘယ်နှစ်နှစ်ရှိပြီလဲ။
ဖြေ။ ။ ဆယ်နှစ်လောက် ရှိပါသေးတယ် ဘုရား။

မေး။ ။ သည်အိမ်က သည်လောက် မကြာသေးပါဘူး။ နေနေကျ အိမ်ကတော့ ဘယ်နှစ်ခေါက် ရောက်သလဲ။
ဖြေ။ ။ နေနေကျအိမ်ကတော့ သံသရာ လဆန်းတစ်ရက်ကတည်းက နေလာတာပါ ဘုရား။

မေး။ ။ နေလာတာ မဟုတ်ဘူး၊ အချိန်တစ်ခုမှာပဲ ဘယ်နှစ်ခေါက် ရောက်သလဲ။
ဖြေ။ ။ အခေါက် နှစ်ဆယ်လောက် ရောက်ပါတယ်ဘုရား။

မေး။ ။ အဲသည်က ပြန်မှ ပြန်လာရဲ့လားဗျာ့။
ဖြေ။ ။ အဲသည်အိမ်က မပြန်ဘဲနှင့်ကို ဟိုမှာနေတာပါဘုရား။

ဒါနှင့် အခုန လေးငါးခြောက်ခေါက် လုပ်နေသေးတယ်။ (တင်ပါဘုရား)။

မေး။ ။ ဒကာကြီး၊ ဒကာမကြီးများက ဟိုလိုတော့ သိကြတယ်။ သိပေမယ့် သည်လိုတော့ မစကြသေးဘူး၊ ဒါတည့်ရဲလား။
ဖြေ။ ။ မတည့်ပါဘူးဘုရား။

မေး။ ။ ဒါနှင့် အပါယ်လေးပါးကို မရောက်ချင်ဘူးဆို ဟုတ်ကဲ့လား။
ဖြေ။ ။ တပည့်တော်တို့က အမေ သင်-သင်ထားတဲ့အတိုင်း ဘုရားရှိခိုးတဲ့ဟာ လျှောက်ဆိုတာပါဘုရား။

ဆရာတော်။ ။ ဟိုက အဟုတ်သင်ထားတာဗျာ့။

လျှောက်။ ။ ဆိုတဲ့လူက ပါးစပ်ဖျားတင် ဆိုလို့ပါဘုရား။

ဆရာတော်။ ။ ဒါနဲ့များ မေတ္တာရှင် ကရုဏာရှင်များဟာ သည်လောက်ပဲ သင်တာလို့ ပြောချင်သေးတယ်။

လျှောက်။ ။ တပည့်တော်တို့က သင်ထားပေမယ့် သင်ထားတဲ့အတိုင်း မလုပ်ဘူး ဘုရား။

ဆရာတော်။ ။ ဒါနှင့် အမေမိဘများကိုသွားပြီး သည်လောက် သင်တာပါလို့ ပြောနေတယ်။ သင်ထားတဲ့အတိုင်း မလုပ်တာတော့ မပြောဘူး။

လျှောက်။ ။ သင်တော့ သင်ပါတယ်ဘုရား။ တပည့်တော်တို့က ပါးစပ်ဖျားတင် သိနေတာပါဘုရား။

(ဝေဘူဆရာတော်)

စာညွှန်း -
ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိနှင့် ကျင့်စဉ် -
မောင်ကျော်ညွန့် (မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ)

ထားတတ်ရင် အပါယ်မကျ အပိုင်း (၂/၂)

▬▬▬ஜ۩۞۩ஜ▬▬▬

မလိမ်ချင်တော့ဘူး

▬▬▬▬▬▬▬

အေး အခုတွင်ကဟာကိုကြည့်ပါ။ ခဏကလေးဗျာ့။ သည်အတိုင်းတိုင်း ပန်းတွေဝယ် လာတဲ့အခါမှာ နောက်တုန်းက ခိုးလာတဲ့ဟာတွေကို အကုန်လုံး ပြောလိုက်တာပဲ။ မမေးရဘူးဗျာ့။ သူကလည်း မလိမ်ချင်တော့ဘူး။ မခိုးချင်တော့ဘူး။ နင်ခိုးရမလား ဆိုပြီး သတ်မှာကိုလည်း မကြောက်တော့ဘူး။ ဟိုလိုဟာသာ ကြောက်တော့တာဗျာ့။ သူ နေရာမကျတာကိုသာ နေ့တိုင်း တစ်ဝက်တစ်ဝက် ခိုးနေတာ တစ်သက်လုံးပါဗျာ့။

မေး။ ။ အခု- ဒကာကြီး ဒကာမကြီးများဟာ ကိုယ် နေရာမကျတာကို အကုန်လုံး လျှောက်ပြောမှာလား။

ဖြေ။ ။ မပြောပါဘူးဘုရား။

မေး။ ။ အဟုတ်ပြောမယ် ဆိုပေမယ့် အကုန်တော့ ပြောမှာလား။

ဖြေ။ ။ မပြောပါဘူးဘုရား။

မေး။ ။ ဘယ်လောက် ချန်ထားမှာလဲ။

ဖြေ။ ။ အကုန်လုံး ချန်ထားမှာပဲဘုရား။

မေး။ ။ လုပ်တာ မြင်တာတောင် ဟုတ်တယ် ဟုတ်ပါတယ်လို့ ပြောမှာလား။

ဖြေ။ ။ လိမ်ပြောမှာပါဘုရား။ မြင်တာတောင်မှ လွဲလို့ပါ၊ ကျွန်တော် မယူပါဘူးလို့ ပြောမှာပါဘုရား။

ကြည့်ဗျာ့။ သူတော်ကောင်းများကတော့ သည်လိုမဟုတ်ဘူး။ အဲဒါ ကောင်းမှန်းသိပြီး ဆိုတော့ အသက်ကို စွန့်ပါတယ်ဗျာ့။ ဟိုဒကာမကြီး ရှင်ဘုရင်ပါဗျား။ သူ အယုံကြီး ယုံနေတာဗျာ့။ ဒါပေမယ့် မမြင်သလို လုပ်ရမလားဆိုပြီး သတ်ပစ်ရင် ခံရမှာပဲ။

သို့သော်လည်း အဲဒါကို မကြောက်ဘူးဗျာ့။ ဒါမပြောဘဲ နေရင်လည်း ဖြစ်တာ မဟုတ်ဘဲကိုး။ သည်တော့ ဖြောင့်ဖြောင့်ကြီး သေချင်သေပါစေဆိုပြီး ပြောလိုက် တာပဲ။ အဲသည်လို သူက အသက်ကိုစွန့်တာဗျာ့။

မေး။ ။ သည်လို လိမ်နေမယ်ဆိုရင် ယခုတွင်က အရိယာဆိုတဲ့ဟာက ဘယ့်နှယ်လဲ။

ဖြေ။ ။ အရိယာ မဟုတ်တော့ပါဘုရား။

မေး။ ။ တစ်ခါတလေ အားထုတ်တဲ့အခါ ငါ ဘာတင်းလို့များ ဆိုပြီး ထင်နေသေး သလား။

ဖြေ။ ။ ထင်နေပါတယ်ဘုရား။

မေး။ ။ သည်လိုဟာ လုပ်သလား။

ဖြေ။ ။ မလုပ်ပါဘူးဘုရား။

ကဲ- ဒါဖြင့် ထင်ချင်ထင် မထင်ချင်နေ တို့ကတော့ ဟုတ်တယ် ပြောနေလည်း မဖြစ်ဘူး။ မဟုတ်ဘူးပြောလို့လည်း မဖြစ်ဘူး။ ဘယ်လိုမှ ပြောလို့ မဖြစ်ဘူး။ ကြည့်ပါ သူ့ကို ဘယ်သူက စစ်ရသလဲ၊ ဘယ်သူကမှမစစ်ဘဲ ရှင်ဘုရင်မကြီးကို သွားပြီး သံတော်ဦး တင်လိုက်တာဗျာ့။

နေ့တိုင်းတော့ ခိုးနေတာတဲ့။ သည်ပြင် ဟာတွေလည်း ပြောမှာပဲ။ ဒါက သည်လောက်တင် ပြောတာဗျ။ ဒါကတော့ သူ့မှာ သီလရဲ့ဂုဏ်များ ကြည့်စမ်းဗျာ့။ အပြစ် ဘယ်လိုမှ မဆိုဘူးတဲ့ဗျာ။ ဘာဖြစ်လို့ ခိုးတာလဲ၊ ဘာကြောင့်လဲ၊ အခု ဘာဖြစ်လို့ နေ့တိုင်းလို မလုပ်သလဲ။ အဲသည်လို မေးတော့တာဗျာ့။

ဒီတော့ သူရခဲ့တဲ့အကြောင်း ပြောတယ်။ သည်တော့မှ ကြည်ညိုပြီးတာရရင်ဆိုပြီး လက်ဝါးကလေးနှင့် တောင်းတယ်ဗျာ့။ သည်တော့မှ သည်လိုမဟုတ်ဘူး။ သူရခဲ့တဲ့ ဟာက ဘယ်ဟာလဲဆိုတော့ ဘုရားရှင် ဆိုဆုံးမတော်မူတဲ့ အဆုံးအမကို နားအားဖြင့် ကောင်းမွန်စွာ ပန်ဆင်ပြီး စိတ်မှာ အဲသည်လိုမှတ်သားပြီး သည်လို ပွားများ အားထုတ် တော့မှ ရတာလို့ ပြောတယ်။ ချမ်းသာသုခကလည်း သည်လိုတဲ့ဗျာ့။

အဲသည်လို ပြောတော့မှ ဒါဖြင့်ရင် ဘုရားဆုံးမတဲ့ အဆုံးအမကို ရခဲ့တယ်ဆိုရင် ဘုရား ဟောတော်မူတဲ့အတိုင်း အခုပြောတတ်ပါရဲ့လားဆိုတော့ ပြောတတ်တယ် တဲ့။ ပြောတတ်တယ်ဆိုရင် ရှင်ဘုရင်မကြီးက ဟောပါဆိုပြီး သူ့ကို ရာဇပလ္လင် ပေါ်မှာ ထားတယ်။

ထားပြီးတော့ လေးလေးစားစားကြီး ယခုတွင်က ကျွန်မကြီးကို ရှိခိုးပြီး ရှင်ဘုရင်မကြီး က တရားနာတယ်တဲ့ဗျာ့။ သူဟောတဲ့ဟာကို နာရတော့ သေသေချာချာ သူတို့မှာ အရိယာတွေ ဖြစ်ကုန်တယ်တဲ့ဗျာ။ အဲဒါ လေးစားတာဗျာ့။

မေး။ ။ အခု ဘုရားဆိုဆုံးမတာတွေကို ရကြတဲ့အခါကျလို့ ရှိရင် သည်လို လေးစား သလားဗျာ့။

ဖြေ။ ။ မလေးစားပါဘူးဘုရား။

မေး။ ။ ရကောရရဲ့လား။

ဖြေ။ ။ မရပါဘူးဘုရား။

အဟုတ် လိုက်နာရင်

▬▬▬▬▬▬▬

လေးမှမလေးစားဘဲ ရပါ့မလားဗျာ့။ သက္ကစ္စဆိုတာဟာ သည်လိုဟာဗျာ။ ဘုရားဆုံးမ တဲ့ဟာကို သည်ဒကာမကြီးက ဟောတတ် ပြောတတ်တော့ သူလိုပဲအတူတူ ရတာဗျာ့။ အခုကောဆိုလျှင် သည်လိုရလို့ရှိရင် စင်ကြယ်သွားတာပဲ။

လေးစားတာဆိုတာ အခု ဘုရားအဆုံးအမကို လိုက်နာ။ အဟုတ် လိုက်နာလို့ ရှိရင် အဟုတ် ဆိုက်လာလိမ့်မယ်။ ဆိုက်လာတော့ အကောင်းနှင့် တွေ့တော့ ဟိုဟာတွေ ဘယ့်နှယ်လဲ အရင်ကလို လုပ်ချင်သေးသလား။ သူဟာ သာသာကလေး လေးသပြာ ယူခဲ့ရတာကို မယူဘဲနေလိုက်တာဗျာ့။

မေး။ ။ အရင်ကလိုလုပ်ပါလား ဆိုတော့ကော ဘယ့်နှယ်လဲ။

ဖြေ။ ။ မလုပ်တော့ပါဘူးဘုရား။

မေး။ ။ မလုပ်ဘူးတဲ့ဗျာ့၊ အခုလည်း ဒကာကြီးများ တစ်နေ့တစ်နေ့ လုပ်နေ ကြတာတွေ ဘယ်လောက် များသလဲ။

ဖြေ။ ။ မရေမတွက်နိုင်ဘူးဘုရား။

ခုတွင်က တစ်ယောက်နှစ်ယောက် ပြောနေတယ်။ အခုတော့ မရေမတွက်နိုင်ဘူးတဲ့။ အဲဒါ ဘုရားဆုံးမတဲ့ အဆုံးအမတော်ကို လိုက်နာရင် ဒါမျိုးချည်း ဖြစ်မှာပဲ။

မေး။ ။ ယခုတွင်ကလို လုပ်ဦးမလား။

ဖြေ။ ။ မလုပ်တော့ပါဘူးဘုရား။

သည်တော့ သူဟာလည်း သီလကိုတော့ မစွန့်ဘူးဗျာ့၊ အသက်ကိုသာ စွန့်တာဗျာ့။ ဤကဲ့သို့ သူတန်ခိုး ကြီးသွားလိုက်တာ အစက ကျွန်မဗျာ့။ ဒါဆောင်လိုက်တော့ ရာဇပလ္လင်ပေါ်မှာ သူ့ကိုတင်ထားပြီးတော့ အဲသည်မှာ ပူဇော်ကြတယ်တဲ့ဗျာ။ သူရဲ့ တရားကို တစ်ဆင့်နာရတဲ့ အခါမှာ သူ့ကို ကျွန်မအရာကနုတ်ပြီး အမိအရာ၌ ထားတယ်တဲ့ဗျာ့။

သူ ဘာမှ မလုပ်ရတော့ဘူးတဲ့ဗျာ့။ သူက နေရာမကျတာတွေ အကုန်စွန့်လိုက် တာကိုဗျာ့။ နေရာ မကျတာတွေ စွန့်လိုက်တော့ နေရာမကျတာတွေ ကုန်သွားရော သူဟာ နေရာကျ ဖြစ်သွားလိုက်တာဗျာ့။ နဂိုကုန်းက သူ့မှာ ဉာဏ်ကောင်းတယ်။ ဉာဏ်ကောင်းလို့ ယခုတွင်က ဘုရားတစ်ကြိမ် ဟောတော်မူတာနှင့် သူရတာဗျာ့။ ပြီးတော့ ဘုရား ဆုံးမတဲ့အတိုင်း နည်းနည်းကလေးမှ မချွတ်ယွင်းရအောင် ဘုရား ဆုံးမတဲ့အတိုင်း ပြန်ဟောတတ်တယ်ဗျာ့။

သည်လိုလည်း အမြင့်အမြတ်ဉာဏ်တွေလည်း ကောင်းတယ်။ ဘုရားဆုံးမတဲ့အတိုင်း ဟောတတ်တယ်။ နို့ ဘာဖြစ်လို့ ကျွန်မ ဖြစ်တာလည်း ဆိုတော့ အစတုန်းကတော့ အကောင်းဘွေချည်းပဲ။ သည်အကောင်းတွေမှာ သတိမထားမိဘဲ အပြစ်တစ်ခုမှာ ပြုမိလို့ သည်လို ဖြစ်သွားတာဗျာ့။ သည်လိုပြုမိလို့ သည်လိုဖြစ်တာ။ ဒါကြောင့် သူ့မှာ အခုလာပြီး ကျွန်ဖြစ်ရတာဗျ။

ဘာအတွက်ကြောင့်လဲဆိုရင် ရှေးကတော့ သူဟာ အမြင့်မြတ်တွေချည်းပဲဖြစ်တာ။ တစ်ခါတည်း နေရာမကျတာဗျာ့။ သူ သူဌေးသမီးကိုဗျာ့။ သူဌေးသမီး ဆိုတော့ သဒ္ဓါတရားနှင့်လည်း ပြည့်စုံတယ်။ သည်တော့ မထေရ်ကြီးများက သူ့ဆီ၌ ယခုတွင် ကလို အချိန်မျိုးမှာ ဆွမ်းခံလျှောက်တာနှင့် တူပါရဲ့။ သည်လိုပြောကြပါစို့ဗျာ။

သူကအလှပြင်နေတဲ့ အချိန်နှင့် တွေ့တာကိုး။ သည်လို အချိန်အခါမျိုးမှာပဲ သည်လို ပူဇော်နေကျ ထင်ပါရဲ့ဗျာ့။ ဒါပေမယ့် သူ့မှာက အလှပြင်လို့ မပြီးသေးဘူးနှင့် တူပါရဲ့။ အနားရောက်လာတော့ အဲသည် အရှင်မြတ်ကို သည်လို ဆိုတာတဲ့ဗျာ့။ သူပြင်ဖို့ ထည့်ထားတဲ့ ဟာကလေးကို ပေးစမ်းပါလို့ ဆိုတာဗျာ့။

သည်အခါမှာ အရှင်မြတ်က မပေးဘဲနေရင် သူ သဘောကျမှာ မဟုတ်ဘူး။ သည်တော့ သူစိတ်ဆိုးမှာ။ စိတ်ဆိုးရင် သူ အပါယ်ကျမှာဗျာ့။ သည်တော့ သူအပါယ်ကျမှာစိုးလို့ သူခိုင်းတာကို လုပ်ရင်တော့ဖြင့် အပါယ်တော့ကျမှာ မဟုတ်ဆိုပြီး လုပ်ပေးလိုက် တယ်ဗျ။ အဲသည်လို ခိုင်းတဲ့အတွက် သူ အပါယ်တော့မကျဘူး။

နောက် ဘယ်လိုဖြစ်သလဲဆိုရင် အဲသည်က စပြီး အောက်တန်းကျတဲ့ အမျိုးအနွယ်ချည်းပဲ ဖြစ်တာပဲဗျာ့။ အခု သည်မှာလည်း ကျွန်လာဖြစ်တယ်။ အဲဒါ ခိုင်းမိတာဗျာ့၊ ကြားလား။ လုပ်တာကတော့ အင်မတန် အကျိုးများခဲ့တယ်။ ခိုင်းတယ်ဆိုတာ ရိုသေလို့လား၊ မရိုသေလို့လား။ (မရိုသေလို့ ပါဘုရား)

ဟိုလိုကတော့ ရိုသေနေတယ်။ ဒါပေမယ့် တောက်လျှောက်ကြီး မရိုသေဘူး။ တောက်လျှောက်သာ ရိုသေနေမယ်ဆိုရင် မခိုင်းဘူး။ ကိုယ်တိုင် လုပ်မှာပါဗျာ့။ သည်အရှင်မြတ်ကိုလည်း နှုတ်နှင့် စိတ်နှင့် ရိုသေနေမယ်ဆိုရင် သည်လို မခိုင်းဘူး။ သူကသာလျှင် ယုယုယယ အကုန်လုပ်မှာဗျာ့။

ဒါပေမယ့်လည်း လုပ်သလောက်တော့ လုပ်တယ်ထင်ပါရဲ့။ ဒီအချိန်မှာက သူ အလှပြင် နေတဲ့ အချိန်နှင့်တွေ့တာကို သည်လိုအချိန်မှာပဲ သည်လို ပူဇော်နေကျ ထင်ပါရဲ့ဗျား။

ဒါပေမယ့် သူ့မှာက အလှပြင်လို့ မပြီးသေးဘူးနှင့် တူပါရဲ့။ အနားရောက် လာတော့ အဲဒီ အရှင်မြတ်ကို ဟိုသည်လို ဆိုတာတဲ့ဗျာ့။ အလှပြင်နေတဲ့ အချိန်မှာဆိုတော့ အလှပျက်မှာစိုးလို့ သူက အဲဒါကလေး ပေးစမ်းပါဆိုပြီး လုပ်လိုက်တာထင်ပါရဲ့။

မေး။ ။ ဒကာကြီးဆိုရင်လည်း လုပ်မှာထင်ပါရဲ့။

ဖြေ။ ။ လုပ်မှာထင်ပါရဲဘုရား။

မေး။ ။ သူက ပြင်တုန်း ဆင်တုန်းဆိုတော့ ပြီးချင်လှပြီထင်ပါရဲ့။ ဒါယူနေရင် အလှပျက်သွားမှာ စိုးလို့နှင့် တူပါရဲ့ဗျာ။ ဒကာကြီးတွေကော သည်လိုလုပ်သလား။

ဖြေ။ ။ လုပ်ပါတယ်ဘုရား။

အခုလည်း အဲသည်လို ခိုင်းမိလို့ဗျာ့။ အဲသည်လို သူ့မှာ တစ်ခါခိုင်းပြီးတာနှင့်ပဲ ပြီးပါရောဗျာ။ ဒါပေမယ့် အပယ်တော့ မကျဘူးတဲ့။ အဲဒါဟာ ဘာလဲဆိုရင် သက္ကစ္စနိဝါတ လိုလို့ဗျား။ သူက သူဌေးသမီးဆိုပြီး ခိုင်းတာဗျာ။

ဒါတကယ်လို့ ဆိုရင် သူဟာ သည်လို သက္ကစ္စနိဝါတရှိရင် ယခုတွင်က မထေရ်ကြီးကို မခိုင်းဘူးဗျာ့။ အဲဒါ မရှိလို့ ခိုင်းတာဗျာ့။ အဲဒါ သက္ကစ္စနိဝါတ လိုတာဗျာ့။ သို့သော်လည်းပဲ နည်းနေတာနှင့်တူပါရဲ့။ နည်းနေလို့ သည်လိုဖြစ်တာနှင့် တူပါရဲ့။

လျှောက်။ ။ မထေရ်ကြီးကို မတော်တဆ ခိုင်းမိလို့လားဘုရား။

သည်လို ခိုင်းမိလို့ မဟုတ်ဘူး။ ဝတ်ဖို့ ဆင်ဖို့ကလေးကိုခိုင်းတာဗျာ့။ သည့်အတွက် ပါပဲ။ သည့်ပြင် ကုသိုလ်တွေ နည်းနေတာနှင့် တူပါရဲ့။ အဲဒါကြောင့် ကျွန်ဖြစ်တာဗျ။ သက္ကစ္စနိဝါတ ရှိတဲ့လူဆိုရင် မြင့်မြတ်တဲ့ အမျိုးအနွယ်မှာ ဖြစ်မယ်။ သူဌေးမျိုး၊ ရှင်ဘုရင်မျိုး၊ စကြဝတေးမျိုး ဖြစ်တယ်။

နတ်ဖြစ်တယ် ဆိုရင်လည်း၊ နတ်ပြည် အစားစားမှာ အောက်တန်းစား မဟုတ်ဘူး။ အထက်တန်းကျ တန်ခိုးကြီးတဲ့ အနွယ်ဇာတ်မှာဖြစ်တယ်။ နတ်ပြည်သွားဖြစ်တယ် ဆိုပေမယ့် နတ်ချင်းမတူဘူးဗျာ့။ လူ့ပြည်လည်း လူဆိုပေမယ့် လူခြင်းမဘူဘူးဗျာ့။ သက္ကစ္စနိဝါတတွေနှင့် များတဲ့ဟာက များတဲ့နေရာမှာ ဖြစ်တယ်။

သက္ကစ္စနိဝါတ ချွတ်ထွင်းပြီး နေတယ်ဆိုရင် ယခုတွင်ကလို အောက်တန်းကျတာ ဖြစ်တာဗျာ့။ အဲ့ဒါ ဘုရား ဆိုဆုံးမတာဗျာ့။ အခု နတ်ပြည်မှာ သွားဖြစ်တယ် ဆိုပေမယ့် သက္ကစ္စနိဝါတ ချွတ်ယွင်းနေရင် နတ်ပေမယ့် ဝေါထမ်း ယာဉ်ထမ်း နတ်သား ဖြစ်တာဗျာ့။

မေး။ ။ နတ်ပြည်မှာ တိရစ္ဆာန်မရှိဘူးလားဘုရား။

ဖြေ။ ။ နတ်ပြည်မှာ တိရစ္ဆာန်မရှိဘူး။

မေး။ ။ နတ်ပြည်မှာ မြင်းတွေရောဘုရား။

ဖြေ။ ။ မြင်းတွေဆိုတာက နတ်ပြည်မှာ နတ်သားသွားဖြစ်တော့ တန်ခိုးဘုန်းကံ ကြီးတဲ့ နတ်သား နတ်သမီးတွေ သွားမယ်လမယ်ဆိုရင် တချို့က မြင်းဆင်လုပ် တတ်တဲ့နတ်က အဲသည်လို လုပ်တာဗျာ့။ ဝေါထမ်း ယာဉ်ထမ်းက ဝေါထမ်း ယာဉ်ထမ်း လုပ်ရတာဗျာ့။

ဥယျာဉ်သွားမယ်ဆိုရင် ကတာက က၊ တီးတာက တီး၊ တူရိယာ အဖြာဖြာနှင့် လုပ်ရတာဗျာ့။ သိကြားမင်းစီးတဲ့ဆင် ရထားတွေလည်း နတ်သားတွေပဲ လာပြီး အသွင်မှာ ထင်ထင်ရှားရှားနှင့် သူတို့စိတ်နှင့် မွေ့လျော်သလို သည် နတ်သားတွေက လုပ်ရတာ။

ဥယျာဉ်ဝင်မယ် ဆိုရင်လည်း သူတို့စိတ်နှင့် မငြီးငွေ့ရအောင်ဆိုပြီး သည်နတ်သား နတ်သမီးတွေက တချို့ကလည်း ဇင်ရော်ယောင်၊ ကရဝိက်ယောင်၊ ပိတုန်းယောင် ဖန်ဆင်းပြီး ဝဲပြရတယ်။ ပိတုန်းဆိုရင်လည်း ပျားဝတ်ရည်ဝတ်လွှာ အကြားမှာ ပိတုန်းကြီးမျိုး ဖန်ဆင်းပြီး ရစ်ပြရ၊ ဝဲပြရနှင့် အဲသည်လို လုပ်ရတာ။

သက္ကစ္စ ချွတ်ယွင်းတယ်ဆိုလျှင် အောက်တန်းစားမှာ အားလုံးတို့ရဲ့ အစေအပါးအဖြစ် လုပ်ရတာ။ သို့ပေမယ့် သည့်ပြင်နေရာ ဖြစ်တာထက်တော့ တော်သေးတာပေါ့လေ။

မေး။ ။ အခုဒကာကြီး၊ ဒကာမကြီးများဟာ အခုလို တစ်ဆက်တည်းပါအောင် အချိန်တိုင်း အချိန်တိုင်း လုပ်ကြရဲ့လား။

ဖြေ။ ။ အချိန်တိုင်း အချိန်တိုင်း ပါအောင် လုပ်ကြပါပြီဘုရား။

မေး။ ။ ဘယ်နေရာမှ မလပ်ဘူးလား။

ဖြေ။ ။ လပ်တဲ့နေရာလည်း ရှိပါလိမ့်မယ်ဘုရား။

မေး။ ။ ဘယ်လောက်များ လိုနေပါလိမ့်မလဲ။

ဖြေ။ ။ လိုနေတာကတော့ဖြင့် အများကြီးထင်ပါရဲ့ ဘုရား။

မေး။ ။ အခုနတော့ လုပ်ကြပြီဆိုပြီးတော့ လိုနေတာက အများကြီး ဆိုပြန်ပြီ။ ကဲဗျာ တစ်ပိဿာမှာ ဘယ်လောက် လိုနေသလဲ။

ဖြေ။ ။ တပ်ပိဿာမှာ တစ်ပိဿာပဲ လိုနေပါတယ်ဘုရား။

မေး။ ။ ဒါဖြင့် နည်းနည်းပဲ လိုပါတော့လား။

ဖြေ။ ။ တပည့်တော်တို့က ပါးစပ်ကသာ လုပ်တာပါဘုရား။

လုပ်ကြဗျာ့။ ဘယ်က စလုပ်ရမလဲဆိုရင် ကိုယ့်အိမ်က စပြီးလုပ်ကြ။ အိမ်နားနီးချင်း မပါချင်နေပေ့စေ။ ကိုယ့်အိမ်ကစပြီး လုပ်ကြ။ ဟုတ်ကဲ့လား။
(လုပ်ပါတော့မယ်ဘုရား)။

ပစ္စည်းဖြုန်းတာမျိုး

▬▬▬▬▬▬▬

ဟုတ်ကဲ့လားနော်၊ တော်တော်ကျပြီ ဆိုမှဖြင့် အကုန်လုံး အမိဖြင့်လည်း အမိ၊ အဖဖြင့်လည်း အဖ၊ သားဖြင့်လည်း သား၊ သမီးဖြင့်လည်း သမီး၊ ဒါတွေဟာ လုပ်ဖြစ် တာကြီးပဲ။ သက္ကစ္စနိဝါတဟာ သား၊ သမီး၊ မြေး၊ မြစ်တွေ ရှိလည်း ရနိုင်တယ် မဟုတ်လား။

သူတို့တစ်တွေနှင့် ပြုသင့်ပြုထိုက်တာ၊ ဆောင်သင့် ဆောင်ထိုက်တာတွေ သိပြီး အဲသည်လို ဆောင်ကြတာဗျာ့။ မထီမဲ့မြင် ဆိုတာက တစ်မျိုးကြီးပဲ ဘယ်ဟာ ငါ့သား၊ ငါ့သမီးပဲ။ ငါ့မြေးပဲရယ်လို့ အဲသည်လိုမဟုတ်ဘူး။ သက္ကစ္စနိဝါတဆိုတာ ခုနပြောတဲ့ အမိ၊ အဖ၊ ပြုရသလို ပြုရတာမဟုတ်ပါဘူး။ ရတနာသုံးပါး ပြုရသလိုပြုရတာ မဟုတ်ပါဘူး။

သူနှင့် သူနှင့်တန်သလို ရှိတယ်မဟုတ်လား။ သားသမီး ဆိုရင်လည်း သားသမီးနှင့်တန် သလို၊ အဲသလို ဌာနာဌာနကောသလ္လဉာဏ်က အင်မတန်လိုတာ။ ဥပမာ၊ ဒကာ၊ ဒကာမတွေက ဖယောင်းတိုင်တို့ ဘာတို့ လှူလိုက်တယ်ဗျာ့။ အဲသည်လို လှူလိုက် တာက အလင်းရောင် ရဖို့အတွက် လှူလိုက်တာပဲဗျာ့။

ဒါပေမယ့် နေ့ခင်းကြီးမှာ ထွန်းထားတယ်ဆိုရင် အားလုံးမြင်ရင် ဘယ်လိုတုန်းဆိုတော့ ဒါဟာ ကိုယ့်အရှက်ကွဲတာ ဘာမှမသိတဲ့ ရဟန်းဗျာ့၊ ဒါဟာ သက်သက်မဲ့ ကုန်တာ ဟုတ်ကဲ့လား။ ဒကာကြီး ဒကာမကြီးများ မှတ်ကြနော်။ အဲသည်လို ဟာတွေ အများကြီး ရှိတယ်။ ငါ့ပစ္စည်း ငါ့လုပ်ချင်သလို လုပ်မယ်ဆိုရင်လည်း ဖြစ်တော့ ဖြစ်တာပေါ့။ ဒါပေမယ့် သက်သက်မဲ့ ပစ္စည်းဖြုန်းတာဗျာ့။

လျှောက် ။ ။ ရွှေတိဂုံဘုရားမှာတော့ နေ့ခင်းလည်း မီးထွန်းပဲ ဘုရား။

ဆရာတော်။ ။ အဲဒါကတော့ သူ့ခမျာများမှာ ခရီးသည်ဗျာ့။ ဘုရားကိုလည်း လှူချင်တယ်။ လှူချင်ပေမယ့် ညကိုလာပြီး မီးမထွန်းနိုင်ဘူး။ ပြီးတော့ သူများကို တစ်ဆင့် လှူလိုက်ပါ ဆိုရင်လည်း စိတ်မချရဘူး၊ ဒကာကြီးလည်း ကိုယ်လုပ်နေကျ ဆိုတော့ သူများအပ်ရင် ငါ့လိုလုပ်မှာပဲဆိုပြီး ထင်မှာပဲ။ ဒါကြောင့် မအပ်တာဗျာ့။

လျှောက်။ ။ ။တပည့်တော်လည်း သည်လိုပဲ လုပ်နေကျကိုဘုရား။

ဟုတ်တယ်ဗျာ့။ အခုလို လုပ်တတ်တဲ့လူကို သွားအပ်ထားလိုက်ရင်လည်း ကုသိုလ်ရမှာ မဟုတ်ဘူး။ ဒါကလေးက ဘာမှမဖြစ်လောက်ဘူး။ မဖြစ်လောက်ပေမယ့် ဝါသနာ ပါတာက ယူတတ်တဲ့ ဝါသနာ ပါတယ်။ တစ်ခါ ယူမိရင်လည်း ဘယ်တော့မှ ရပ်မှာ မဟုတ်ဘူး။

အဲသည်တော့ သူမအပ်ချင်တာက အကယ်၍ အပ်လိုက်ရင် သူ့ကို အပါယ်ချလိုက် တာနှင့် အတူတူပဲ။ နင်အပါယ်က မတက်နှင့်တော့လို့ အဲသည်လို ခိုင်းတာနှင့် အတူတူပဲ။ ဒါကြောင့် သူတို့ကို မအပ်ဘဲလုပ်တာနှင့် တူတယ်။ တချို့လည်း ရမ်းလုပ်တာနှင့် တူတယ်။

မေး။ ။ ရမ်းလုပ်တာနှင့် အခုလိုလုပ်တာ ဘယ်သင်းက များသလဲ။

ဖြေ။ ။ ရမ်းလုပ်တာက များပါတယ်ဘုရား။

ဒါ အပိုပြောတာ မဟုက်ဘူး။ ကိုယ့်ပစ္စည်းကို သုံးတာပေါ့လို့ သုံးပေမယ့် ဒါဟာ မသုံးသင့်ဘူး။ သည်လို သုံးတာကိုမြင်တော့ သုံးတာမြင်တဲ့ လူတကာက ဘာဖြစ်လို့ သုံးတယ်ဆိုတာ မြင်မှာပဲ။ သက်သက်မဲ့ ကိုယ့်ပစ္စည်းလည်း ကုန်သေးရဲ့ မြင်တဲ့လူက ဘယ်လိုမှတ်သွားမလဲ။

ဘာမှ နားလည်တဲ့ အကောင် မဟုတ်ဘူး။ ပြီးတော့ သူဟာ တစ်ခုမြင်တာနှင့် သည်နေရာမှသာလျှင် မဟုတ်ဘူး။ သည့်ပြင်နေရာမှာလည်း ဒါမျိုးကြီးပဲ လုပ်မှာပဲ ဆိုပြီး တစ်ခါတည်း မှတ်လိုက်မှာပဲ။ ဟုတ်လည်းဟုတ်တယ်။ ဟုတ်တဲ့အတိုင်းပဲ ဒါမျိုးကြီးသုံးမှာပဲ။

သည်နေရာမှာတွင် လွဲမှာမဟုတ်ဘူး။ သည့်ပြင်နေရာ လွဲစရာရှိတဲ့နေရာ အကုန် လွဲမှာဗျာ့။ တစ်ခုကို သေသေချာချာ တတ်သွားရင် သည်နေရာသာ မဟုတ်ဘူး။ နေရာတိုင်းမှာ တတ်သွားတယ်။ သို့သော်လည်း ဒါကိုလေ့ကျင့်ကြနော်။ ကြားကြလား၊ အဲဒါ ဘုရားဟောတော်မူတာတွေကို ပြောတာ။

သုံးရမည့်နေရာမှာသုံး

▬▬▬▬▬▬▬▬

ဒါကြောင့် သဒ္ဓါတရားနှင့် လှူလိုက်တဲ့ ပစ္စည်းကို ဘုရားရှင် ဟောတော်မူတာက နည်းနည်းကလေးမှ မပျက်စီးစေရဘူးတဲ့၊ တစ်လုံးတစ်ခြမ်းမှ မကျန်ဘဲ ဒါတွေ အကုန် တတ်ရတယ်။ သုံးတဲ့နေရာမှာ ခရီးရောက်သွားအောင် သုံးရမယ်။ သည်လိုသုံး တော့မှလည်း သာသနာ ထွန်းတောက် သင့်သလောက် ထွန်းတောက်မယ်။

အသုံးလိုတဲ့နေရာ မနည်းဘူးရှိတယ်။ အဲသည်နေရာမှာ သုံးရမယ်။ အလကား ကုန်သွားမယ့် နေရာမှာ မသုံးရဘူး။ အလှူရှင်က ငါလှူလိုက်တာက သည်လို လုပ်ရအောင် လှူတာ။ သင်းတို့တစ်တွေက ခုလိုနေရာ မကျတာကြီး လုပ်ထားတော့ အလကား ပစ္စည်းကုန်တာပဲ။

တကယ်လို့ အခုလို သုံးရမည့် နေရာမှာသုံးရင် များများကြီး နေရာကျမယ်။ အခုတော့ သက်သက်မဲ့ အချည်းနှီး ဖြုန်းတာပဲ။ သည်လို ဌာနာဌာနကောသလ္လဉာဏ်က အင်မတန် နည်းတယ်ဗျာ့။ အခုဟာက နည်းနည်းကလေး ပြောတာ၊ အများကြီး ရှိသေးတယ်။ သည်တစ်ခုတည်းပဲ အများကြီးရှိတယ်။ ဒကာ ဒကာမကြီးများက သဒ္ဓါတရားနှင့် လှူလိုက်တဲ့ ပစ္စည်းတွေကို အခုလို မဖြစ်ရအောင် လုပ်ရမယ်။

ဘုရားဟောတာလည်း အားလုံး သိပြီးသား ဖြစ်တယ်။ သည် အဆုံးအမကိုလည်း မှတ်သားပြီးသားရှိတယ်။ မှတ်ပြီးတော့ ထားတာထဲက သည်အလုပ်ကို ကောင်းမွန်စွာ ကျေပွန်အောင် လုပ်တတ်ရမယ်။ အကုန် မှတ်ရမယ်၊ ကြားလား။ ကိုယ့်ပစ္စည်းကို ကိုယ်သုံးတယ် ဆိုပေမယ့် အခုလိုပိုင်း ခြားပြီး မှတ်ရမယ်။

နည်းနည်းကလေးမှ မပျက်စီးရဘူး။ တစ်လုံးတစ်စေ့၊ တစ်ခြမ်းမှ မပျက်စီးရဘူး။ အဲဒါကို အသုံးကျအောင် အသုံးချရမယ်၊ ဒါတွေကို အသုံးချစရာကလည်း အများကြီး ရှိတယ်။ အကျိုးမရှိတာ နည်းနည်း ကလေးမှ မလုပ်ရဘူး။ ဘုရားဆုံးမတော်မူတာ တွေဟာ အင်မတန် ကောင်းတယ်။ သူတို့လည်း ပြောတတ်ပါတယ်ဗျာ။

ရှေးက သူဌေးမကြီး လုပ်တာကို ကြည့်စမ်းပါ။ ဇီဝက ဆေးကုတဲ့ နေရာမှာ ကြည့်စမ်း၊ သည်ဒကာမကြီးက သူဌေးမကြီးပါဗျာ့။ သူ့မှာ ဝေဒနာ တစ်ခုဖြစ်တော့၊ ဇီဝကနှင့် ကုမယ်ဆိုပြီး ဆေးကုတယ်။ ကုတော့ သူရဲ့ဝေဒနာ အတွက် ထောပတ်ကလေး တစ်လက်ဆွမ်းတဲ့ဗျာ့။

မေး။ ။ တစ်လက်ဆွမ်းဆိုတာ ဘာလောက် များမလဲ။

ဖြေ။ ။ တစ်ဇွန်းလောက် ရှိပါလိမ့်မယ်ဘုရား။

မေး။ ။ ဘယ်ဇွန်းနှင့် တစ်ဇွန်းလဲ။

ဖြေ။ ။ လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက် ရှိပါလိမ့်မယ်ဘုရား။

အဲသည်လောက်ရှိတဲ့ ထောပတ်ကလေးနှင့် သူ့ဆေးနှင့် ရောနှောစီမံပြီး နှာနှပ်တာ ဗျာ့။ အဲသည်လို နှာနှပ်တော့ သူဌေးမကြီးက နှာချေလိုက်တဲ့ အခါမှာ သည်ထောပတ် ကလေးများက ပြန်ထွက်လာတယ်ဗျာ့။

အဲသည်လို ပြန်ထွက်လာတော့ ထောပတ် ကလေးကို သူဌေးမကြီးက သူ ကျွန်မတွေ ခေါ်ပြောသတဲ့ဗျာ။ ဟဲ့ သမီးတို့ သမီးတို့ ဂွမ်းနှင့် တို့ယူထားကြဆိုပြီး ထောပတ်ကို ဂွမ်းနှင့်တို့ပြီး ယူခိုင်းတယ်ဗျာ့။ ထောပတ်ကလည်း အခုနလို လက်ကလေးနှင့် ယူပြီး ဆရာရဲ့ ဆေးနှင့်ကလည်း ရောနှောထားသေးတယ်။

မေး။ ။ သည်တော့ နှာနှပ်လို့ ချေလိုက်တဲ့အခါ ပြန်ထွက်လာတဲ့ထောပတ် ဆိုတော့ ဘယ်လောက်များ ရှိမှာလဲ။

ဖြေ။ ။ တစ်ဝက် တစ်စိတ်လောက်ပဲ ရှိပါတော့တယ်ဘုရား။

အေး ... အဲသည်လို ချေလိုက်လို့ ကျလာတဲ့ ထောပတ်ကလေးကို ဟဲ့ သမီးတို့ ဂွမ်းနှင့်တို့ပြီး ယူထားကြတဲ့ ခိုင်းသတဲ့။ ဟိုလိုတော့ ယူလို့မှ မရဘဲ၊ ဂွမ်းကလေးနှင့် တို့ပြီး ယူမှရလို့ အဲဒါကို ဂွမ်းကလေးနှင့် တို့ပြီး ယူထားလို့ ပြောသတဲ့ဗျာ။ အဲဒါ သူဌေးမကြီးက ခိုင်းတာဗျာ့။

မေး။ ။ တို့ အခု သည်နေရာမှာ သူဌေးတွေ၊ သူဌေးမကြီးတွေ ပါကြရဲ့လား။

ဖြေ။ ။ ကြပါတယ်ဘုရား။

မေး။ ။အဟုတ်ကို သူဌေးကြီးလို့ ခေါ်နေတာ ပါသလားဗျာ့၊ ဒကာကြီးက သူဌေးကြီးလား။

ဖြေ။ ။ တပည့်တော်တော့ သူဌေးကြီး မဟုတ်ပါဘူးဘုရား။ သည့်ပြင် ဒကာ သူဌေးကြီးတွေ၊ ဒကာမ သူဌေးကြီးတွေပါ ပါတယ် ဘုရား။

မေး။ ။ အေး-အဲ့သည် သူဌေးကြီးကတော့ သည်လို လုပ်ကြမှာလား။

ဖြေ။ ။ မလုပ်ပါဘူးဘုရား။

မေး။ ။ ဟိုလိုသူဌေးမို့ မလုပ်တာထားပါဦး ၊ အခု ဒကာကြီးရော လုပ်သလား။

ဖြေ။ ။ မလုပ်ပါဘူးဘုရား။

မေး။ ။ သည်လို ထောပတ်ကလေး ထွက်လာတဲ့ဟာကိုမြင်တော့၊ ဘယ့်နှယ်လဲ ဟဲ့ သမီးတို့ ဂွမ်းကလေးနှင့် တို့ယူထားဟဲ့ လို့ ခိုင်းမှာလား။

ဖြေ။ ။ မခိုင်းပါဘူးဘုရား။ လွှင့်ပစ်လိုက်မှာပါပဲ ဘုရား။

ဇီဝက အထင်လွဲ

▬▬▬▬▬▬

အေး-အခုန သူဌေးမကြီးကတော့ သည်လို မဟုတ်ဘူးဗျာ့။ ဂွမ်းကလေးနှင့် တို့ယူထားလိုက်လို့ ခိုင်းသတဲ့ဗျာ့။ အဲသည်လို လုပ်တာကို ဆေးကုတဲ့ ဆရာ ဇီဝကက တွေသတဲ့ဗျ။ တွေတော့ အင်း- ငါ့မှာတော့ ပညာက အဖိုးထိုက်ပါတယ်။ သို့ပေမယ်လို့ အခု ဆေးကုရတာဖြင့် ပညာနှင့် ထိုက်သလောက် တန်သလောက် ရမှာမဟုတ်ဘူး ဆိုပြီး စိတ်ထဲက သည်လိုပြောတာတဲ့ဗျာ့။

သည်လို ဇီဝက ဖြစ်တာကို သူက သိတယ်ဗျာ့။ သည်တော့ ပြောလိုက်တာတဲ့ဗျာ့။ ဘယ်လိုပြောသလဲဆိုရင် ဆရာရဲ့ ကုပါတဲ့၊ ဆရာရဲ့ကျေးဇူးကို သိပါတယ်တဲ့။ အရာရာမှာ သူနားလည်ပါသတဲ့။ သူ့ကို ကုသာကုပါ။ သည်ဟာကလေးတော့ အချည်းနှီး မဖြစ်စေရအောင် ပစ္စည်းဆိုတာမျိုးဟာ အလကား မကုန်ရဘူးတဲ့။

ဒါကလေးကို သည်လိုတို့ယူထားတော့ အသုံးကျတယ်။ ဘယ်လို အသုံးကျသလဲ ဆိုတော့ ကြောင်တို့ ခွေးတို့ အနာဖြစ်တဲ့အခါမှာ ဒါကလေးနှင့် သုတ်လိုက်လို့ ခိုင်းရတယ်တဲ့။ နောက်ပြီး မီးတို့ ဘာတို့ ညှိချင်တယ် ဆိုရင်လည်း ဒါနှင့် ညှိလိုက်လို့ ခိုင်းရတယ်တဲ့။ ဒါကြောင့်မို့ ဆရာရဲ့ ပစ္စည်းဆိုတာ အလကား အချည်းနှီး မဖြစ်စေရဘူးတဲ့။

ဆရာရဲ့ကျေးဇူးကို သိပါတယ်လို့ ပြောသတဲ့ဗျာ့။ သည်တော့ ဇီဝက စိတ်အေး သတဲ့ဗျာ့။ ဆေးကုလို့ ပျောက်တဲ့ အခါကျတော့ ဘယ်လောက်များ ပေးသလဲ ဆိုရင် ပေးလိုက်တာ အတော်များများကြီးကို ပေးလိုက်ပါသတဲ့ဗျာ့။ ကျေးပေါင်း၊ ကျွန်ပေါင်း၊ သတို့သမီးကညာ၊ ရထား၊ ကျေးနှင့် ကျွန်နှင့် ဘာမှမလိုဘူးဗျာ့။ သည်တစ်ခါတည်း ဆေးကုလိုက်တာ ဒါတွေအကုန်ရသတဲ့ဗျား။ အဲသည်ကျတော့ သည်လိုမဟုတ်ဘူးဗျာ့။ သူ့နေရာနှင့် သူကိုး ။

ဒါကြောင့်မို့ အကုန်လုံးတို့ဟာ သည်လိုတတ်ရမယ်၊ သည်လိုမှတ်ရမယ် ကြားလား။ အခုပြောတာ ရတနာသုံးပါးနှင့် ပတ်သက်ပြီး ပြောတာ။ အထွတ် အထိပ်တွေကို များများ တတ်ရမယ်၊ များများကြီး တတ်ပြီဆိုတော့ အစီးအပွားတွေက သည်လို မကဘူး။ ဆက်ကာ ဆက်ကာ အကုန်လုံးတို့ဟာ အသုံးချသလို အသုံးဝင်သွားပြီ ဆိုတော့ မြင်တဲ့လူများ မပြောဘူး။ သူများမြင်တာ မမြင်တာ နေပေစေ၊ ကိုယ့်ဟာ ကိုယ်သိတယ်။

ဒကာကြီးက အခုန ရွှေတိဂုံဘုရားကြီးကို ပြောတယ်။ အဲဒါကလည်း မြင်တဲ့လူတွေ ရှိတယ်။ သူ့ခမျာများမှာ ခရီးသည်တွေ ဖြစ်လေတော့ ပူဇော်ချင်တာကလည်း သည်လိုမှ ဖြစ်တယ်။ ဒါကြောင့် သည်လိုလုပ်တာ။

သည်လိုမလုပ်ဘဲ အခုတွင်က ပြောသလို ခိုင်းရင်လည်း သူများကိုသွားပြီး အပါယ်ချ တာနှင့် မတူဘူးလား။ ကိုယ့်အတွက်နှင့် သည်လို မဖြစ်ရအောင်ဆိုပြီး သည်လို လုပ်တာနှင့် တူတယ်။ (နားလည်ပါပြီဘုရား)။ အပါယ်ကျမည့်ဟာကို မခိုင်းရဘူး ဟုတ်ကြလား။ (ဟုတ်ပါပြီဘုရား)။

အခု ဒကာကြီးများမှာ သား၊ သမီး၊ မြေး၊ မြစ်တွေရှိတယ်။ စိန်တွေ၊ ရွှေတွေကလည်း ပေါများတယ်။ သား၊ သမီးတွေကလည်း စိန်တွေရွှေတွေ ဆွဲချင် ဝတ်ချင်လိမ့်မယ်။

မေး။ ။ ကိုယ်က ချီးမြှောက်တာကို သားတို့သမီးတို့ ခံနိုင်မယ်၊ မခံနိုင်ဘူး ဆိုတာကို ပြန်မကြည့်ဘူးလား။

ဖြေ။ ။ ကြည့်ပါတယ်ဘုရား။

မေး။ ။ အေး-ကိုယ်က ဆင်ခြင်ပေမယ့် မခံနိုင်ဘူးဆိုရင် ဘယ့်နှယ်လဲ။

ဖြေ။ ။ ဆင်ခြင်ပေမယ့် မဆင်ပါဘူး ဘုရား။

မေး။ ။ မခံနိုင်သေးရင် သည်အတိုင်းပဲ ထားရတယ် မဟုတ်လား၊ ပစ္စည်းတွေရော မဆင်ခြင်ဘူးလား။ ဘာဖြစ်လို့ မအပ်သလဲ။

ဖြေ။ ။ မတော်သေးလို့ပါ ဘုရား။

မေး။ ။ အဲဒါဟာ မြင်ပြီးသားမို့ ၊ ဒါအပ်လိုက်ရင် သူတို့မှာ အစီးအပွား များတော့မှာ မဟုတ်ဘူး၊ ဟုတ်ကဲ့လား။

ဖြေ။ ။ သူတို့မှာ အန္တရာယ်ဖြစ်သွားမှာပါ ဘုရား။

မေး။ ။ ပြီးတော့ အန္တရာယ်ဖြစ်တော့ သူတို့ဖြစ်ချင်ဖြစ်ဆိုပြီး လွှတ်ထားမလား။

ဖြေ။ ။ မလွှတ်ပါဘူး ဘုရား။

အလဟဿ မဖြစ်စေနဲ့

▬▬▬▬▬▬▬▬

အေး အဲဒါဘာဖြစ်လို့လဲ ဆိုတော့ အခုန ဌာနာဌာန ကောသလ္လဉာဏ် မရှိလို့ နောက်တော့ အရေးအခွင့် မသိရာရောက်တယ်။ သည်လိုလုပ်လိုက်ရင် ဒင်းကလေး ဆင်းရဲပြီး ဒင်းကလေး အမှုရောက်ရတယ်လို့ ဝိုင်းပြီး ဆိုကြမှာပဲ။ ခုနလို စိတ်နှစ်မျိုး ရှိနေလျှင် နောက်ကျတော့ သူတို့ဘာသာသူတို့ သိလိမ့်မယ်။ အခုတော့ သူတို့ကို မအပ်လိုလို့တော့ မဟုတ်ဘူး။ အခုလိုအပ်လိုက်ရင် သူတို့လည်း အမှုရောက်မယ်။ ကိုယ်လည်းအမှုရောက်မယ်။

ဘယ်တော့မှ မဆုံးနိုင်အောင် သံသရာတစ်ခွင်မှာ နေရာကျမယ် မဟုတ်ဘူး။ ဘုရား ဆုံးမတော်မူတာတွေက အင်မတန် ကျယ်ဝန်းတယ်။ အခုလည်း ဘုရားဆုံးမတော် မူတာတွေကို ရှောက်ပြောရတာ။ ဒါဟာ သီလပိုင်းကပြောတာ။ ပြောတာက နည်းနည်း ကလေးရယ်၊ အစီးအပွား ပြောရတာ၊ နေရာမကျတာတွေ နေရာကျအောင် လုပ်ပေးရမယ်။

အဲဒါမှ ဘုရားရှင်ရဲ့ သာသနာ တည်တံအောင်၊ ရှင် လူ ရဟန်းများဟာ သိနေအောင် နားလည်ရမယ်။ အပါယ်ကျမည့်ဟာ မကျအောင် သည်လိုလုပ်ရမယ်။ ဆွမ်းတစ်စေ့ တစ်လုံးကအစ အလကား မဖြစ်ရဘူး။ ဥပမာ - ဒကာကြီး၊ ဒကာမကြီးများ ဆွမ်းကပ်ရော၊ ဆွမ်းကပ်တော့ တို့ကစားရော။ စားတဲ့နေရာမှာ အခုလိုချွတ်ယွင်း နေတာကိုမြင်ရင် ဒကာကြီးက သဘောကျပါ့မလား၊ သဘောမကျရင် ပစ္စည်းလည်း ကုန်သေးတယ်။

မေး။ ။ သည်လို သဘောမကျဘဲ သေသွားရင် ဘယ်ရောက်မလဲ။

ဖြေ။ ။ အပါယ် ရောက်မှာပါ ဘုရား။

သာမာဝတီနှင့် မာဂဏ္ဍီ

▬▬▬▬▬▬▬▬

အဲသည်လို မဖြစ်ရအောင် တို့ကဆောင်ရမယ်ဗျာ့။ အေး-ရှေးက အရှင်တွေက သည်လို ဆောင်တာဗျာ့။ သည်လို ဆောင်သွားပြီဆိုတော့ များများကြီး အစီးအပွား ရှိတော့ တာပဲ။ အခုန သာမာဝတီတို့ကိုပဲ ပြောကြပါစို့ရဲ့။ သာမာဝတီဟာ ဘုရားနှင့်ကင်း၍ မနေနိုင်ဘူးတဲ့ဗျာ့။ ဘုရားရှင်ကို အမြဲဆည်းကပ် ပူဇော်နေသတဲ့။

အဲသည်လို နေတဲ့အခါမှာ သူတို့နှင့် မတည့်တဲ့ မာဂဏ္ဍီ ဆိုတာက ရှိသေးတယ်။ သူကလည်း ရှင်ဘုရင်မကြီးဘဲ။ သူက ဘာကြောင့် မတည့်သလဲဆိုရင် သူ့ဟာသူ မတည့်တာ။ အဲဒါကလည်း ဘုရားရှင်က မတည့်အောင်လုပ်တာ မဟုတ်ဘူး။

သူနောက်တုန်းက ဆည်းပူးခဲ့တဲ့ ပရိစယက လွန်လွန်းလို့ ခုနဟာ မတတ်လို့ ဖြစ်သွားတာဗျာ့။ သူက သူများထက် ပိုလှသတဲ့ဗျာ။ သည်တော့ သူ့မိဘများက မှန်းထားတာက သူဌေးသမီးဆိုတော့ မိဘတွေက အကုန်ကြည့်ရတာ ထင်ပါရဲ့ဗျာ။ သားနှင့်သမီးနှင့် တန်ရုံလောက်တော့ သူတို့က မှန်းထားတာဗျာ့။ သမီး မာဂဏ္ဍီနှင့် သင့်တော်မည့် ယောက်ျားကို ကြည့်နေတာဗျာ့။ မတွေ့ဘူးတဲ့ဗျာ။

နောက်ကျတော့မှ ဘုရားရှင် ကြွလာတာကို တွေ့ရတော့မှ အဖပုဏ္ဏားကြီးက သမီးမာဂဏ္ဍီဟာ ဘယ်သူနှင့်မှ မထိုက်တန်ဘူး။ သည်ယောက်ျားမြတ် နှင့်မှပဲ ထိုက်တန်တယ် ဆိုပြီးတော့ တစ်ခါတည်း အိမ်ပြန်ပြီး ပြေးတယ် မဟုတ်လား။ အိမ်ရောက်တဲ့ အခါကျတော့တဲ့ တစ်ခါဖြင့် နေရာကျပြီ။ မြန်မြန်လုပ်ကြတဲ့။ ဟဲ့ သမီးကို တင့်တောင့် တင့်တယ် ဖြစ်အောင်လုပ်။ အပ်ဖို့ နှံ့ဖို့ မြန်မြန် လုပ်ကြဟဲ့ လို့ ပြောတယ်။ သူက အလုပ်အကျွေး မှန်းထားတာကိုးဗျာ့။

သူက ပျာယိပျာယာနှင့် ဘုရားရှင်ရှိရာကို ပြန်လာတဲ့ အခါကျတော့ သည်ကျတော့ ဘုရားရှင်ကို မတွေ့တော့ဘူး။ မမြင်ရတော့မှ သူက ဆူပူတာပေါ့ဗျာ။ နင်တို့နှေးလို့ အခု မရှိတော့ဘူးဆိုပြီး ဆူတာပေါ့ဗျာ။ ဒါပေမယ့် ဘယ်သင်းတွေ ရှိသလဲဆိုတော့ မြတ်စွာဘုရားရဲ့ စက်တော်ရာ ချထားခဲ့တာကို တွေ့သတဲ့ဗျာ။

တွေ့တော့မှ အဲ့သည်မှာ ကြည့်တဲ့။ ယောက်ျားမြတ်ရဲ့ ခြေရာ ကြည့်ကြဆိုတော့မှ ကြည့်ဗျာ့။ သည်အခါမှာ ပုဏ္ဏေးမ ဒကာမကြီးက အမယ်မင်း မောင်နားမလည်လို့ သည်လိုပြောတာ။ ဒကာမကြီးက မြင့်မြတ်တာ သိသတဲ့ဗျာ။ ဤကဲ့သို့ အရှင်သခင်ကို သည်လို မဟုတ်ဘူး။ မောင့်သမီး မောင်မှန်းသလို မဖြစ်နိုင်ဘူး။ အဲသည်လို ဆိုတော့မှ နင် ဘာပြောပြော မဟုတ်ဘူးတဲ့။

မာဂဏ္ဍီ ရန်ငြိုးဖွဲ့

▬▬▬▬▬▬

တော်တော်ကြာ ဘုရားရှင် ဆွမ်းခံသွားလို့ ပြန်လာတော့မှ ခုနက သူ မှန်းတဲ့အတိုင်း ရောက်တော့တာပဲဗျာ့။ သည်အခါကျတော့မှ ဘုရားရှင်က ဆုံးမတော်မူသတဲ့ဗျာ။ သည်အခါကျတော့မှ သူတို့ဟာ အားလုံး နေရာကျသွားရောဗျာ့၊ ဒါပေမယ့် မာဂဏ္ဍီ ကတော့ ဘယ်လိုမှတ်သလဲ ဆိုတော့ ဘုရားရှင်က မနှစ်သက် မမြတ်နိုးဘဲနေတော့ သူက နေပေ့စေ။ အခုလို ငါ့ကို ကဲ့ရဲ့ ရှုတ်ချမှုဟာ နောင်ကို သိစေမယ်ဆိုပြီး ရန်ငြိုး ဖွဲ့တာဗျာ့။

သူ့မိဘတွေကတော့ နေရာကျသွားကြတယ်။ သူ့မှာသာ နေရာမကျတာနှင့် အခု သည်မှာလာပြီး ရှင်ဘုရင်မကြီး ဖြစ်တော့ ဘုရားရှင် ကြွလာတဲ့အခါ သာမာဝတီတို့ ကတော့ ကြည်ညို ပူဇော်လို့။ သူကတော့ အခုလို ဘုရားရှင်ကို ကြည်ညိုရမလားဆိုပြီး ရန်ငြိုးဖွဲ့တာဗျာ့။ ဒါပေမယ့် သူလုပ်လို့တော့ မဖြစ်ဘူး။ နောက်ဖြစ်သွားတာက သူ လုပ်ထားလိုတဲ့အတိုင်း ဖြစ်သွားတာပဲဗျာ့။ သူက အမျိုးမျိုးအဖုံဖုံတွေ ချွတ်ချော်အောင် ရှင်ဘုရင်ကို ပြောတယ်။

တစ်နေ့သ၌ ကျတော့ ရှင်ဘုရင်ကလည်း ထင်ရောင်ထင်မှား ဖြစ်ပြီး သေသေချာချာကို သာမာဝတီကိုခေါ်ပြီး မြားနှင့်ပစ်သတ်တာပဲ မဟုတ်လား။ အဲသည်လို မြားနှင့်ပစ်တဲ့ အခါကျတော့ သာမာဝတီကို မြားမရောက်ဘူးတဲ့ဗျာ။ သူ့မှာတော့ မောလို့တဲ့ဗျာ့။ သည်ကျတော့မှ ရှင်ဘုရင်က ငါကတော့ အသက်ရှိတဲ့မင်း။ ငါဟာ အသက်မရှိတဲ့ မြားလောက်မှ ကျေးဇူးဂုဏ်ကို မသိဘူးဆိုပြီး သာမာဝတီကို တောင်းပန်ရတာဗျာ့။

သည်တော့မှ သာမာဝတီက ကျေးဇူးဂုဏ် သိဖို့ရာ ဘာမျှမလိုပါဘူး။ အရှင်မင်းကြီးဟာ ဘုရားရှင်ကို ဆည်းကပ်တော်မူပါ။ ကိုးကွယ်တော်မူပါလို့။ အဲသည်လို သံတော်ဦး တင်သတဲ့ဗျာ။ သည်တော့မှ ရှင်ဘုရင်ကလည်း ဘုရားရှင်ကို ကြည်ညိုလေးစားပြီး ဘုရားရှင်ကို ပင့်ပြီးတော့ ဘုရားရှင် ဟောတော်မူတဲ့ အဆုံးအမတွေကို ခံယူပြီး ကြည်ညိုတာဗျာ့။ အရင်လိုတော့ မဟုတ်တော့ဘူး။

ပြီးတော့ ဘုရားရှင်ရဲ့ အဆုံးအမတွေကို ဆုံးမတတ် ညွှန်ကြားတတ်တဲ့ ရဟန်းများ ကိုလည်း နေ့စဉ်နှင့်အမျှ၊ နန်းတော်သို့ ကြွရောက်ချီးမြှောက်ဖို့ရာ ရဟန်းသံဃာတော် ပေးပါဆိုတော့မှ သူ့အလိုလိုက်ပြီး ရဟန်းတော်တစ်ပါး ပေးရတယ်။ ပြီးတော့ သံဃာတော်နှင့်တကွ အခြွေအရံ ငါးရာကို အဝတ်အထည်တွေ တစ်စုံ ပေးသတဲ့ဗျာ။

ညီတော်အာနန္ဒာ

▬▬▬▬▬▬

သည်လိုပေးလိုက်တဲ့ အ၀တ်အထည်တွေကို သံဃာတော်တွေကို သူတို့က အကုန် လှူလိုက်ကြတာဗျာ့။ သည်လိုလှူလိုက်တော့ ရှင်ဘုရင်က သူ့ဆီဝတ်ပြီး လာတာ မမြင်တော့ နင်တို့ တစ်နေ့တုန်းက ဝတ်ဖို့ဆင်ဖို့ ပေးလိုက်တာ ဘယ်မှာလဲ မေးတော့ ဘုရားကျွန်မများ ညီတော် အာနန္ဒာကို လှူလိုက်ပါတယ် ဆိုတော့မှ ရှင်ဘုရင်က စိတ်ထဲမှာ ဘယ်လိုလဲဆိုတော့ ပြောတော့ မပြောဘူး။

ညီတော် အာနန္ဒာ တစ်ပါးတည်းရယ်။ သည်မောင်းမငါးရာ ဝတ်ဖို့ ပုဆိုးအစုံ ငါးရာ ဆိုတော့ များလွန်းတယ်။ ဒါတွေကို သူဘယ့်နှယ် လုပ်မလို့ပါလဲ။ သူ အလှူခံတာ များလွန်းတယ်လို့ သဘောမကျဘူး။သဘောမကျပေမယ့် ဘာသာပဲ နေတယ်။

နောက်တော့မှ ညီတော် အာနန္ဒာ ကြွလာတဲ့အခါကျမှ ဆည်းကပ်ပူဇော် ပြီးတော့ လျှောက်သတဲ့။ အရှင်ဘုရား။ သာမာဝတီတို့ကပြောတယ်။ ပုဆိုး အစုံငါးရာ လှူတယ် ဆိုပါတယ်။ အရှင်ဘုရားကတော့ တစ်ပါးတည်းပါလား ဆိုတော့မှ ညီတော် အာနန္ဒာက ငါကတော့ တစ်ပါးတည်းပဲ။ သို့သော် အခု ငါ့မှာတော့ မရှိဘူး။

ဘယ်လိုတုန်းဆိုတော့ အ၀တ်သင်္ကန်း ဆွေးမြေ့နေတဲ့ တခြားသံဃာတော်ဟွေ အများကြီး ရှိတယ်။ အဲသည်လို သင်္ကန်းဆွေးမြေ့နေတဲ့ သံဃာတွေကို လှူလိုက် ရတယ်လို့ ပြောတယ်။ သည်လို ဆိုတော့မှ ဒါဖြင့် အရင်တုန်းက သင်္ကန်းတွေ ဘယ်ရောက်သွားသလဲ။ အရင်က သင်္ကန်းက ရှိတယ်။ အဲဒါက ဆွေးမြေ့နေပြီ။

အဲဒါကြောင့် သည်ဟာကို လဲရမယ်။ လဲလိုက်တဲ့ သင်္ကန်းကကော ဆိုတော့ အဲဒါက အိပ်ရာခင်း ပြုရတယ်တဲ့ဗျာ။ ဒါဖြင့် အရင်က အိပ်ရာခင်းက ဘယ်ရောက်သွားသလဲ၊ အဲဒါက ဆွေးမြေ့နေပြီ။ အဲဒါက ဆွေးမြေ့နေပေမယ့် အချည်းနှီး မဖြစ်ရအောင် ဒါကို ခြေသုတ် ကြိုး၀န်း လုပ်ရတယ်၊ ခြေသုတ်ကြိုး၀န်းဆိုဟာ ရှေးကတော့ ရှိတယ်။ ဒကာကြီးများ မသိဘူးလား။

(မသိပါဘူးဘုရား)။

မသိဘူးဆိုတာ မဟုတ်ဘူး။ သင်္ကန်းစုတ်တဲ့ ဟာတွေကို ဆုတ်ပြီးတော့ ကြိုး လုပ်ရတယ်။ ကြိုးလုပ်ပြီး အဝိုင်းကြီး လုပ်ရတယ်။ အဲသည် သင်္ကန်းတွေ စုတ်နေတာ ဝတ်လို့ လည်းမဖြစ်ဘူး။ ခင်းလို့ လည်းမဖြစ်ဘူး။ သည်တော့ ခြေသုတ် ကြိုးဝန်း လုပ်ရတယ်။

မေး။ ။ ဒါကတော့ သင်္ကန်းစုတ်နေတာကို နောက်ဆုံးပိတ် အသုံးပြုတာပေါ့ ဘုရား။

အဲ့ဒါနောက်ဆုံး မပိတ်သေးဘူး၊ အဲဒီသင်္ကန်းစုတ်တွေကို အခွေကြီး ခွေပြီး ကျောင်း အတက်အဆင်းမှာ ထားရတယ်။ အဲသည်လို ထားတာက ကျောင်းပေါ်တက်လာ တဲ့အခါ အဲဒီနေရာမှာ ခြေသုတ်ရတယ်၊ ခြေသုတ်တာ ကလည်း သန့်ပြန့်စင်ကြယ် စေချင်လို့ မဟုတ်ဘူး၊ ကျောင်းတွေ ဘာတွေ မပျက်စီးရအောင်လို့၊ မြူတွေ ဘာတွေ တက်လာရင် ကျောင်းတွေ ကြမ်းတွေ ပေမှာစိုးလို့ မပျက်စီးရအောင် ဒါကိုလုပ်ရတာ၊

ဒါဖြင့် အရင်က ခြေသုတ်ကြိုးဝန်း ကကောဘုရားလို့ မေးတော့ အရင်က ခြေသုတ် ကြိုးဝန်းကလည်း ဆွေးမြေ့ကုန်တော့ သုတ်လို့ မဖြစ်တော့ဘူး၊ ခြေသုတ် ကြိုးဝန်း ဆိုတာကို ဒကာကြီးတို့ သတိထားမိရင် မြင်ပါလိမ့်မယ်၊ အရင်က သင်္ကန်းတွေ ဝတ်မဖြစ်၊ ရုံမဖြစ်တဲ့ဟာကို ခြေသုတ်ကြိုးဝန်း လုပ်တာပဲဗျာ့။

အရင်က ခြေသုတ်ကြိုးဝန်းက ဆွေးမြေ့ကုန်တော့ သည်ဟာကို ဘယ်နှယ်လုပ်ရသလဲ ဆိုရင် သဒ္ဓါတရားနှင့် လှူတဲ့ပစ္စည်းကို အချည်းနှီး မဖြစ်စေရအောင် ဆိုပြီး ပဲကွပ်နှင် တောက်တောက် စင်းပြီးတော့ မြေကြီးနှင့်နယ်ပြီး ထရံကို လိမ်းကျံရသတဲ့ဗျာ့။

ရှေးက အခုလိုလုပ်ရတယ်၊ အင်္ဂတေမရှိတော့ အခုလိုပဲ ရွံ့နှင့်မံရတယ်။ သည်အတိုင်းထားတော့ ကြာကြာမခံဘဲ ကွဲတယ်၊ အက်တယ်။ အခုလို သင်္ကန်း စုတ်နှင့်တွဲတော့ မအက်ဘူး။ မြဲမြံခိုင်ခံ့အောင် သည်လိုလုပ်ရတယ်လို့ ပြောတော့မှ အသုံးအင်မတန် စေ့စပ်လှပါကလားဆိုပြီး သူကထပ်ပြီးတော့ လှူသတဲ့ဗျာ့။

ဟိုတုန်းကတော့ သူက အလှူခံတာ များလွန်တယ်လို့ ဆိုပြီးတော့ စိတ်ထဲမှာ ဖြစ်သတဲ့ဗျာ့။ သို့သော်လည်း ဘယ်နှယ်တုန်း ဆိုတော့ နောက်တစ်ခါ ကျတော့မှ ဘုရားသာသနာမှာ အင်မတန်မြင့်မြတ်တဲ့ ဟာတွေနှင့် ဆင်းရဲမှ လွတ်ဖို့ရာ အကြောင်းတွေ၊ ပြီးတော့သဒ္ဓါတရားနှင့် လှူလိုက်တဲ့ ပစ္စည်းကို အချည်းနှီး မဖြစ်စေ ရအောင် ဆောင်ပုံတွေ၊ အဲဒါတွေကို သိရသတဲ့၊ အဲသည်လို သိရတော့မှ အရင်တုန်းက ဟာတွေ ဘယ်မှာလဲလို့ မေးစရာရှိသေးသလား။ (မရှိတော့ပါဘူးဘုရား)

မင်္ဂလာတစ်ပါး

▬▬▬▬▬

အေး-အဲ့သည်တော့မှ သူကြည်ညိုပြီးတော့ လှူတာဗျာ့၊ ဒါကြောင့် ဘုရားဆုံးမတော် မူတာတွေက မကြည်ညိုသေးတဲ့လူကို ကြည်ညိုဖို့ ကြည်ညိုနေတဲ့ သူတော်ကောင်း အစားစားတို့မှာဆိုရင် အတိုင်းထက် အလွန်တဲ့ဗျာ့။

အခုလည်း ရှင်ဘုရင်က အလှူခံတာ များတယ်ဆိုပြီး တယ်မတည့်ဘူးဗျာ့၊ အခုန ရှင်ဘုရင်မကြီးက သံတော်ဦး တင်လိုက်တော့ သည်ရှင်ဘုရင်မကြီးက လှူတာက ဟုတ်ပြီ။ ဒါပေမယ့် အလှူခံတဲ့ အရှင်က တစ်ပါးတည်း ဆိုတော့ များလွန်းတယ်ဆိုပြီး တယ် သဘောမကျဘူးဗျာ့။

သဘောမကျပေမယ့် သူက သာသာကလေး နေတယ်။ နောက်တော့မှ အရှင်မြတ် ကြွတော်မူတော့မှ အနားနားကပ်ပြီး လျှောက်သတဲ့ဗျ။ သည်လိုသာ အနားနား ကိုလည်း မလာဘဲ သဘောမကျတဲ့အတိုင်း နေမယ်ဆိုရင် သူ နေရာမကျတော့ဘူးဗျာ့။

အေး-ဒါကလည်း မင်္ဂလသုတ်ထဲမှာ ပါပါတယ်ဗျာ့။ ရဟန်း သံဃာတော်များကို ဆည်းကပ်ရတယ်၊ ပူဇော်ရတယ်ဆိုတာ မင်္ဂလာတစ်ပါးပဲဗျာ့။ ဒါတွေလည်း သူတို့ အားလုံး သိပြီးသားတွေပါဗျာ။ အခု သူဟာ နဂိုတုန်းက ကြည်ညိုလို့ မဟုတ်ဘူး။ ဟိုဟာကြောင့် မေးတာ။ မတည့်လို့ လို့ပြောမှ တော်မယ်။ သဘောမကျလို့ဗျာ့။ သို့သော်လည်း ဘုရားဆုံးမတော်မူတာ မှတ်ပြီးတော့ သည်အတိုင်း လိုက်နာပြီး ပြုလိုက်တဲ့ အခါကျတော့ မကြည်ညိုတဲ့ဟာ ကြည်ညိုလာတယ်။ သူကတောင် ထပ်လှူလိုက်သေးတယ်ဗျာ့။

အဲသည်လိုဗျာ့။ အခုနပြောတဲ့ ဘုရားဆုံးမတာရယ်။ ပြီးတော့ အခုန သုံးသွားလိုက်ပုံ ကလည်း အချည်းနှီး မဖြစ်အောင် သာသနာအတွက် နေရာတိုင်းမှာ သည်လို လုပ်ရတယ်။ သည်လို အသုံးတတ်ရတယ်။ အဲဒါဟာ ဘုရားဆုံးမတာတွေပဲ။ သီလ ဘက်ကရော သာသနာဘက်ကရော တစ်ပြိုင်နက်တည်း ပါတယ်။

မေး။ ။ သည်အတိုင်း သွားကြတဲ့ အရှင်တွေဟာ အခုရှိသေးရဲ့လား။ ဆင်းရဲတဲ့ နယ်တစ်ခွင်မှာ ရှိသေးရဲ့လား။

ဖြေ။ ။ မရှိတော့ပါဘူးဘုရား။

မေး။ ။ ထင်မိထင်ရာလုပ်တဲ့ လူတွေက ဘယ့်နှယ်လဲ။

ဖြေ။ ။ အပါယ်က မတက်ပါဘူး ဘုရား။

မေး။ ။ အခုလို နေရာမကျဘူးဆိုရင် နောက် ဘယ်ထိအောင် မျှော်ရဦးမလဲ မပြောတတ်ဘူး။ နောက် သတင်း ကြားထားတဲ့ ဘုရားတစ်ဆူက ဘယ်လောက်မှ ပွင့်မှာလဲ။

ဖြေ။ ။ အင်မတန်ကြာမှ ပွင့်မှာပါ ဘုရား။

အေး-သည်ကြားမှာတော့ ပွင့်မှာပဲဗျာ့။ ဘယ်လောက်လဲဆိုရင် သူ့အချိန်ကျရင် ပွင့်မှာပဲ။ ဘုရားသာသနာ ကုန်ဆုံးသွားပြီဆိုရင် နောက်ကို မြေကြီးတစ်ယူဇနာ ကျော်ကျော် တက်လာတဲ့အခါကျမှ ပွင့်မှာဗျာ့။ဒါကတော့ ဧကန္တပွင့်မှာပဲဗျာ့။

မေး။ ။ အခု ဒကာကြီး၊ ဒကာမကြီးတွေ သည်ကပြီး ဘယ်သွားမလဲ ဆိုတာ သိပါ့မလား။

ဖြေ။ ။ မသိပါဘူး ဘုရား။

မေး။ ။ ဘုရားပွင့်တော်မူမှလို့ မှန်းထားတယ် မဟုတ်လား။ ဘုရားပွင့်တော်မူတော့ ဘယ်သွားပြီး ဘယ်ကစောင့်မှာလဲ။

ဖြေ။ ။ တပည့်တော်တို့ နေရာတော့ ရနေပါပြီ ဘုရား။

မေး။ ။ ဘယ်မှာလဲ။

ဖြေ။ ။ အပါယ်က စောင့်နေမှာပါ ဘုရား။

မေး။ ။ အဲသည်အခါကျတော့ ဘယ့်နှယ်လဲ၊ ဘုရားရှင်ကို တွေ့ပါမလား။

ဖြေ။ ။ မတွေ့နိုင်ပါဘူး ဘုရား။

အေး ... ဒါကြောင့် အခုန ထားဆိုတဲ့ နေရာကလေးမှာ ထားကြ။ အဲသည်လိုထားလို့ စူးစူးစိုက်စိုက်ကလေး နေပြီဆိုရင်တော့ အပါယ်တော့ ဧကန္တ မကျတော့ဘူးလို့ မှတ်ရမယ်။ သို့ပေမယ့် အခု ဒကာကြီး ဆေးလိပ်သောက်တဲ့ အခါမှာ အခုန ထားတဲ့ နေရာကလေးမှာ ရှိသေးရဲ့လား။

ဖြေ။ ။ မရှိပါဘူးဘုရား။

မေး။ ။ အဲသည်လို ဆေးလိပ်သောက်ရင်း သေသွားရင် ဘယ်ရောက်မလဲ။

ဖြေ။ ။ အပါယ်ရောက်မှာပါဘုရား။

မေး။ ။ ကောင်းလိုက်လေရဲ့ဆိုပြီး လောဘစိတ်နှင့် သေသွားရင်ကော။

ဖြေ။ ။ အပါယ်ရောက်သွားမှာပါ ဘုရား။

မေး။ ။ အဲသည်လို ရောက်သွားတာဟာ ဆေးလိပ်ကချတာ မဟုတ်ဘူးဗျာ့။ သည်ဟာ သည်ရဟန်းက အလကားပြောတာ၊ ဘယ်ပိဋကတ် သုံးပုံမှာမှ သည်ဆေးလိပ် မပါဘူးလို့ ပြောချင်ပြောမှာ၊ အခုပြောနေတာက သည်ဆေးလိပ်မှာ စွဲနေတဲ့ လောဘ၊ ဒေါသ၊ မောဟကိုပြောတာ။

ဖြေ။ ။ သိပါပြီဘုရား၊ သည်ဆေးလိပ်သောက်ရင်လည်း အပါယ်ကျတယ် ဆိုတာ နားလည်ပါပြီ ဘုရား။

မေး။ ။ ဒကာကြီး ဆေးလိပ်မသောက်ဘူး မဟုတ်လား။

ဖြေ။ ။ သောက်ပါတယ်ဘုရား၊ ဒါပေမယ့် သည်တစ်ခါတော့ ဆေးလိပ်သောက်ရင်း နှာသီးဝမှာ ထိသိမလွတ်အောင် သောက်ပါတော့မယ် ဘုရား။

မေး။ ။ ဒါဖြင့် အဲသည်နေရာကလေးမှာ ထားတုန်းရော ဆေးလိပ်သောက်ပါဦး လားလို့ ဆိုတော့ ခုနဟာကလေးကို သိပါဦးမလား။

ဖြေ။ ။ နှာသီးဝမှာ အဟုတ်ထားရင် ဆေးလိပ်သောက်ချင်တဲ့စိတ် မရှိတော့ပါဘူး ဘုရား။ ။

မေး။ ။ ပြီးတော့ အခုလို ဆေးလိပ်သောက်ရင်း ထားရတာက နှစ်ခု ဒုက္ခ ရောက်နေတယ်။ သည်တော့ မသောက်ဘဲနှင့်ထားရင် မဖြစ်ဘူးလား။

ဖြေ။ ။ ဖြစ်ပါတယ်ဘုရား။

အေး၊ ဒါကြောင့် အခုန ထားဆိုတဲ့နေရာမှာ စူးစူးစိုက်စိုက် ထားကြဗျာ့။ ဆင်းရဲက လွတ်အောင် ဘယ်လိုများ ဘုရားဆုံးမတော်မူသလဲ ဆိုရင်၊ အပ္ပမာဒေနသမ္ပာဒေထ၊ လို့ ဘုရားဆုံးမတော်မူတယ် မဟုတ်လား၊ ဒါဟာ ဘုရားအလိုတော်ကျ အကောင်းဆုံး ဆုံးမတော်မူတာပဲ။

မေး။ ။ အခုနတုန်းက အပ္ပမာဒေနသမ္ပာဒေထ ဆိုတော့ ဒကာကြီး၊ ဒကာမကြီးတွေက ဘယ်လိုဆိုလဲ။

ဖြေ။ ။ အာမဘန္တေလို့ ဆိုပါတယ်ဘုရား။

အဲဒါဆို တို့သိတာကတော့ ဘုရားဆုံးမတော်မူတဲ့အတိုင်း ထားရမည့် နေရာကလေးမှာ စူးစူးစိုက်စိုက်ကလေး မလွတ်အောင် တစ်ဆက်တည်း ပါအောင် ထားပါ့မယ် ဘုရားလို့ အဲသည်လို သိတာပဲ။

မေး။ ။ ဒကာကြီးတွေ အပ္ပမာဒေနသမ္ပာဒေထ က ဘယ်လိုလဲ။

ဖြေ။ ။ ပါးစပ်က ဆိုနေကျမို့ ဆိုလိုက်တာပဲဘုရား။

မေး။ ။ ဒါဖြင့် အခုနလိုတော့ မဟုတ်ဘူးပေါ့။

ဖြေ။ ။ မဟုတ်ပါဘူး ဘုရား။

ရှေးအရှင်တွေကတော့ သည်လို မဟုတ်ဘူးဗျာ့၊ အဟုတ်ကို အာမဘန္တေ လိုက်တာဗျာ့။ ဒါကြောင့် သူတို့မှာ အလိုရှိရာ နှစ်သက်တဲ့ ဗောဓိတွေ အသီးသီးဟာ ပြီးစီး အောင်မြင်ပြီး နိဗ္ဗာန်ကို စံဝင်သွားကြတာ၊ ဒါကြောင့် အခုလည်း သည်လို ရှေးအရှင် တွေလို မှန်းထားတဲ့အတိုင်း ပြည့်အောင်ဟာ ရှေး အရှင်တွေဆောင်တာကို သိနေတော့ သည်အတိုင်းပြည့်အောင် ဝီရိယထူထောင်ပြီး ကြိုးစားကြ အားထုတ်ကြဗျား။

(ဝေဘူဆရာတော်)

စာညွှန်း -

ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိနှင့် ကျင့်စဉ် -
မောင်ကျော်ညွန့် (မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ)

မြင့်မြတ်တာ သိပြီးရင် အချိန်မဖြုန်းနှင့် အပိုင်း (၁/၂)

▬▬▬ஜ۩۞۩ஜ▬▬▬

[၁၉၅၅-ခု မတ်လ ၁၂-ရက်နေ့ည ရန်ကုန်တက္ကသိုလ် ဓမ္မာရုံ၌ ဝေဘူဆရာတော် ဘုရားကြီး ဟောကြားသည့် ဤတရားသည် မိမိမျှော်မှန်း တောင့်တသော ဗောဓိဆုကို မမေ့မလျော့သော လုံ့လဝီရိယဖြင့် ယခုလို အလွယ်ဆုံး အချိန်အခါ၌ ကြိုးစားကျင့်ကြံ အားထုတ်ကြရန် ကျောင်းအစ်မကြီး ဝိသာခါနှင့် မိဂါရသူဌေးကြီးကို လည်းကောင်း၊ သာတာဂီရိနှင့် ဟေမ၀တ မိတ်ဆွေနှစ်ဦးကို လည်းကောင်း ဥပမာ ပုံဆောင်၍ ဟောတော်မူ၏။]

ဝေဘူဆရာတော် အရှင်မြတ်သည် ပထမဦးစွာ ရှစ်ပါးသီလတော်ကို ပေးပြီးနောက် အောက်ပါအတိုင်း တရားတော်ကို ချီးမြှင့်တော်မူပါသည်။

တရားနာခံအဖြစ် ဦးလှက ဆောင်ရွက်သည်။

သီလ ဆောက်တည်လို့ ပြီးကြပြီ။ ဆောက်တည်၍ ပြီးလျှင် ပြည့်စုံအောင် ဖြည့်ကြ ကျင့်ကြ။ ဖြည့်ကျင့်လို့ ပြည့်စုံပြီဆိုမှဖြင့် စိတ်နှလုံးအလို တောင့်တ ရည်ရွယ်ချက် အသီးသီးတို့ဟာ အကြွင်းအကျန်မရှိ အလုံးစုံ ပြီးစီးအောင် မြင်ကြတယ်။ ထိုသို့ ဖြစ်သောကြောင့် ပစ္စုပ္ပန်သံသရာနှစ် တောင့်တ ရည်ရွယ်ချက် အသီးသီးတို့ကို ပြီးစီးခြင်း အလိုရှိကြပါတဲ့ သူတော်ကောင်း အစားစားတို့ သည်လိုဖြည့်ကြကျင့်ကြတဲ့ သီလ၌ တည်ပြီးတော့ပြုတဲ့ ကုသိုလ် အဖြာဖြာတို့သည် စိတ်နှလုံးအလို တောင့်တ ရည်ရွယ်ချက် အသီးသီးတို့က အထွတ်အထိပ် အပြီးအဆုံးတိုင် ရောက်အောင် ဆောင်နိုင် ပို့နိုင်တယ်။

သီလ၌ တည်ပြီးတော့ နှစ်သက်ဖွယ်ဖြစ်တဲ့ ပူဇော်မှုတို့ကို စိတ်သဘောကျသလို ကောင်းမွန်စွာ စီမံပြီး သူတကာကို မစေမပါး မခိုင်းဘဲ အလှူဝတ္ထုကို လိုသလို၊ အလှူ အတန်းကိုလိုသလို စိတ်ကို ဖြောင့်မတ်စွာထားပြီး အတုမရှိပါတဲ့ ဘုရားရှင်၊ ဘုရား သာသနာတော်ကို ကိုယ်ပိုင် ကိုယ်တိုင် ဆက်ကပ်လှူဒါန်းပြီး အလိုရှိရာ နှစ်သက်တဲ့ ဗောဓိနှင့် နိဗ္ဗာန်ကို စံဝင်ရပါလို၏လို့ အဲသည်လို ဆုယူဆုတောင်းကြ။ ဗောဓိဆိုတာ သစ္စာလေးပါးကို ထိုးထွင်းပြီး သိတာမြင်တာကို ခေါ် တယ်။

ဗောဓိသည် သမ္မာသမ္ဗုဒ္ဓဗောဓိပစ္စေကဗောဓိသာဝကဗောဓိရယ်လို့ အသီးသီး ရှိတယ်။ သာဝကတွင်မှ အဂ္ဂသာဝကမဟာသာဝကပကတိသာဝက ရယ်လို့ ရှိကြတယ်။ ဧတဒဂ်ရာထူးဌာနန္တရမှာလည်း ကိုယ်အလိုရှိရာ နှစ်သက်တဲ့ ဧတဒဂ် ရာထူးဌာနန္တရနှင့် နိဗ္ဗာန်ကို စံဝင်ရပါလို၏လို့ ဆုယူဆုတောင်းကြ။

တောင့်တတဲ့ အတိုင်းသာ ပြီးစီးအောင်မြင်၍ နိဗ္ဗာန်ကို စံဝင်ကြွ သွားတော်မူကြတဲ့ သူတော်ကောင်း အစားစားတို့ဟာ ရေတွက်ခြင်းငှာ မစွမ်းနိုင်အောင် များပြားကြ ပါတယ်။

ဘာကြောင့်မို့ ဤကဲ့သို့ စိတ်နှလုံး အလို တောင့်တတဲ့အတိုင်း အသီးသီး ပြီးစီး အောင်မြင် ကြပါသတုန်းလို့ ဆိုတော့ အခါကောင်းလို့ ဘဝကောင်းလို့ ဝီရိယကောင်းလို့ ဘုရားပွင့်တော်မူတဲ့အခါ ဘုရားသာသနာ ရှိတဲ့အခါ အဲဒါဟာ အခါကောင်း မည်တယ်။ လူ့ဘဝ၊ နတ်ဘဝ၊ သုဂတိဘဝကို ရကြပါတဲ့ သူတော်ကောင်းအားတို့သည် ဘဝကောင်းမည်တယ်။ ကိုယ်အလိုရှိတဲ့ သင့်တဲ့ ဗောဓိကို ပြီးမြောက်အောင် ဝီရိယ ထူထောင်ပြီးတော့ ပိုမိုကျမှုကို အဲဒါကို ဝီရိယကောင်းတဲ့ ပီရိယတဲ့။

အခါ ဘဝကောင်းတာကို သိပြီးတော့ ကိုယ်မှန်းထားတဲ့ အသီးသီးသော ဗောဓိတို့ကို ဝီရိယထောင်ပြီးတော့ ပြီးစီးအောင် ဖြည့်ကြ ကျင့်ကြတဲ့ သူတော်ကောင်း အစားစား တို့သည် အခါမလင့် စိတ်နှလုံး အလိုအတိုင်းဟာ ပြီးစီးဆိုက်လာကြတယ်။ အဲဒီအခါကျတော့ ဝမ်းမြောက်ရတယ်။

သည်လို ဝမ်းမြောက်မှုမှာလည်း တစ်ခဏစာ တစ်ဘဝစာ မဟုတ်ဘူး။ သံသရာ တစ်လျှောက်လုံး အတွက် လုံလောက်သည် ဖြစ်သောကြောင့် လူဘ၀ တစ်ဘဝဟူ၍ ပြောစလောက်ပြီး သံသရာ တစ်လျှောက်လုံး အတွက် တောင့်တတဲ့ ရည်ရွယ်ချက် အတိုင်းဟာ ပြီးစီးလိုမှု၊ စိုးရိမ်မှု၊ ကြောင့်ကြမှု၊ ပူပန်မှု မရှိဘူးလို့ ယခုလို သံသရာ တစ်လျှောက်လုံးအတွက် ဝမ်းမြောက်ကြရတာပါ။

ဤကဲ့သို့ မြင့်မြတ်တဲ့ အချိန်အခါကို သိပြီးတော့ ဘုရားပွင့်တော်မူတဲ့အခါမှာ များစွာသော လူ နတ် ဗြဟ္မာတို့သည် ဘုရားထံမှောက်သို့ အစဉ်အတိုင်းသာ ထက်မြက်တဲ့ သဒ္ဓါတွေနှင့် ရောက်ကြတယ်။ ဘုရားရှင်အသရေတော်ကို မျက်မှောက် အားဖြင့် ကြည်ညိုကြရတဲ့ အခါကျတော့ ဘယ်လူ၊ ဘယ်နတ်၊ ဘယဗြဟ္မာမှ အားမရနိုင်ပါဘူးဗျ။

ဤသို့ အားမရနိုင်ဘဲ စိတ်အားဖြင့် တည်ပြီးပြီဆိုတော့ ဘုရားရှင်ကို ပူဇော် လေးစား ကြည်ညိုကြတော့ အတူတူမရှိပါတဲ့ ဘုရားရှင်သည် ကိုယ်တော်တိုင် ထိုးထွင်းပြီး သိတဲ့အတိုင်း သဗ္ဗညုတ ရွှေဉာဏ်တော်ဖြင့် သိစေတော်မူတယ်။ ဤကဲ့သို့ သိစေတော် မူတဲ့အခါမှာ ဘုရားရှင် ဆုံးမပါတဲ့ အဆုံးအမကို ကောင်းမွန်မှတ်သားပြီး မချတဲ့ ဝီရိယနှင့် လေးပါးသော ဣရိယာပုထ်တို့မှာ တစ်ဆက်တည်းပါအောင် ယူကြတယ်။

အဲသည်လို ယူကြတဲ့ အခါကျတော့ စိတ်နှလုံး အလိုတောင့်တတဲ့အတိုင်း အသီးသီး ပြီးကြတဲ့တစ်ခဏ တစ်မုဟုတ်ကလေး မှာပင်လျှင်ပဲ များစွာသော လူနတ်၊ ဗြဟ္မာ တို့ဟာ စိတ်နှလုံး အလိုအတိုင်း အသီးသီး ပြီးကြတယ်။ ဘယ်လိုပြီးပါသလဲဆိုရင် ရာပေါင်း ထောင်ပေါင်း သောင်းပေါင်း သိန်းပေါင်း မရေမတွက်နိုင်အောင် ပြီးကြ တယ်။

တစ်ခါတလေ ကုဋေပေါင်း အသင်္ချေမျှ ဤကဲ့သို့ စိတ်နှလုံးအလို တောင့်တတဲ့ အတိုင်းဟာ ပြီးကြပါသဗျ။ အဲသည်တော့ တစ်ခဏလေးမှာပဲ လုံးဝ ဝီရိယနှင့် ထူထောင်ပြီးတော့ ပြီးကြတဲ့ လူ၊ နတ်၊ ဗြဟ္မာတို့ဟာ စိတ်နှလုံး အလို ဤကဲ့သို့ ပြီးတယ်။

သည်တော့ ဘုရားရှင်ပွင့်တော်မူတဲ့ အချိန်ကစပြီးတော့ များစွာသော လူနတ်ဗြဟ္မာ တို့ဟာ အစဉ်အတိုင်း ဆက်ကာဆက်ကာ တောင့်တတဲ့ရည်ရွယ်ချက် အသီးသီးတို့ဟာ မှန်းထားတဲ့အတိုင်း အရယူကြတယ်။ သည်တော့ ဆက်ကာ ဆက်ကာ ပင်လျှင်ပဲ များစွာသော သူတော်ကောင်း အပေါင်းတို့ဟာ ဘယ်အခါမှ မပြတ်အောင် တောင့်တချက်တွေကို အရယူကြတော့ ပြီးကြပါတယ်ဗျ။

သည်လို ဘုရားထံမှောက်သို့ ရောက်ကြတာဟာ အချိန်တိုင်း အချိန်တိုင်း ဘယ် အချိန်မှ မပြတ်ဘူးဗျ။ လေးစားပူဇော် ကြည်ညိုကြပြီ ဆိုတော့မှ မပြောင်းလဲနိုင်သော မြတ်နိုးခြင်းကို ပြုပြီးတော့ အလိုဆန္ဒရှိပါတဲ့ ဆုတွေယူကြတာဗျ။ သည်တော့ အခါဘဝကောင်းတာ သိပြီးတော့ ဤကဲ့သို့ ဝီရိယနှင့် ယူကြတာဟာ တို့ဘုရား ရွှေလက်ထက်တော်ကသာလား ဆိုလျှင် ပဟုတ်သေးဘူး။

ဘုရား ပရိနိဗ္ဗာန် စံပြီးတဲ့နောက် ဘုရားရှင် သာသနာတော် ထားတော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ အဆုံးအမ သာသနာတော်ကို ကောင်းမွန်စွာ ရရှိတဲ့ သူတော်ကောင်း အစားစားတို့သည် ဝီရိယထူထောင်ပြီးတော့ ဘုရား ရွှေလက်ထက်တော်က များစွာသော လူ၊ နတ် ဗြဟ္မာတို့သည် အခါဘ၀ ကောင်းသည့် အားလျော်စွာ ဘုရားရှင် တပည့်သား၊ တပည့်သမီးပီပီ စိတ်နှလုံးအလို တောင့်တချက် ပြည့်အောင် ယူကြတယ်။

ငါတို့လည်း ဘုရားရှင်ရဲ့ တပည့်သား၊ တပည့်သမီးတွေပဲ။ သည်တော့ စိတ်နှလုံး အလိုတောင့်တ ရည်ရွယ်ထားတာတွေ ရှိတယ်။ ဤကဲ့သို့ အရယူလို့ ဆန္ဓကို ဖြစ်စေပြီးတော့၊ ရှေးအရှင်တွေရဲ့ လုံ့လ ဝီရိယ သဒ္ဓါကို မီအောင် ညီအောင် ထူထောင်ပြီးတော့ ယူကြတဲ့ များစွာသော လူနတ်ဗြဟ္မာ တို့တွေမှာ အချိန်တိုင်း အချိန်တိုင်းမှာပင်လျှင် ဣရိယာပုထ် လေးပါးတို့၌ အခါမလင့် ယူလာကြသည် ဖြစ်သောကြောင့် စိတ်နှလုံးအလို ပြီးကြတာတွေဟာ ဆက်ကာ ဆက်ကာ မရေမတွက် နိုင်အောင်ပဲ များပြားသတဲ့ဗျ။

တို့ဘုရားဆုံးမတဲ့ အဆုံးအမဟာ ဘယ်သင်းကို ခေါ်ပါသလဲဆိုလျှင်၊ ယခုအားလုံးသော သံဃာကောင်း၊ အရှင်ကောင်းတို့ဟာ မေတ္တာတည်းဟူသော မိုးစွေပြီး သုံးဖြာသော ပိဋကတ်တို့ကို ဆုံးမပြီးတော့ အချိန်တိုင်း အချိန်တိုင်း အခါမလင့်ရအောင် ဤကဲ့သို့ လိမ္မာစွာဆုံးမပြီး ထားကြပါတယ်။ သည်တော့ သည်ကဲ့သို့ အဆုံးအမကို ရကြတဲ့ များစွာသော တပည့်သား တပည့်သမီးတွေမှာ ဤကဲ့သို့ မှတ်ထားပြီး ထားတာ တွေဟာ အားလုံး ကျွမ်းနှီးလိမ္မာကြတယ်။

ဘယ်လို ကျွမ်းနှီးလိမ္မာကြပါသတုန်း ဆိုလျှင် သည်သင်းကသုတ်၊ သည်သင်းက အဘိဓမ္မာ၊ သည်သင်းက ဝိနည်းရယ်လို့ ဆိုပြီး မသိတာရယ်လို့ တယ်မရှိပါဘူး။ ပြောစမ်းပါဆိုလျှင် မှတ်ထားတဲ့ဟာကိုပဲ ပြောလို့ မကုန်နိုင်အောင် များပြားပါတယ်။ ဤကဲ့သို့ အကြားအမြင် ဗဟုသုတတွေကိုလည်း ဆည်းပူးတော့ ထားကြတာ များပါတယ်။

သည်တော့ ဘုရားဆုံးမပါတဲ့ အဆုံးအမတို့ဟာ ဤကဲ့သို့ သုံးဖြာသော ပိဋကတ်နှင့် အကျဉ်း သင်္ခေပ၊ အကျယ် ဝတ္ထာရအားဖြင့် အဲဒီလို များပြား ပြီးတော့ မှတ်ထားဖို့ ပို့လို့ ချလို့၊ ဟောလို့ ပြောလို့ မကုန်နိုင်အောင် ရှိသော်လည်း ဆင်းရဲမှ လွတ်မှုတစ်ခုပါပဲ။ ဒါကြောင့်မို့ ဆင်းရဲမှလွတ်မှု တစ်ခုတည်း ဆိုတာကို အားလုံးက နားလည်ကြတယ်။

အဲသည်လို ကောင်းမွန်စွာ မှတ်သားပြီး နားလည်ထားတဲ့ အထဲက ဘုရားအဆုံးအမ မှန်မှန်ကို ဝီရိယ သန်သန်နှင့် ဤကဲ့သို့ ပြုကြမည် ဆိုလို့ရှိလျှင် တစ်ပါးအာရုံတွင် မသွားစေဘဲ ယခုလို ထားမည်ဆိုလျှင် ထားတဲ့အတိုင်းတာနေ။ ဤကဲ့သို့ နေတဲ့ အခါကျတော့ ဆင်းရဲကို ဖြစ်စေတတ်ပါတဲ့၊ လေးပါးသော အပါယ်ကို ဆောင်တတ် ပေးတတ်ပါတဲ့ လောဘ ဒေါသ မောဟတို့ မရှိဘူးဆိုတော့ အကုသိုလ် စင်ကြယ် ကြတာပေါ့ဗျာ။

မေး။ ။ အဲသည်လို စင်ကြယ်ပြီး စူးစူးစိုက်စိုက် တည်နေတဲ့အချိန်မှာ စိုးရိမ် ကြောင့်ကြ ပူပန်ရတာရော ရှိပါဦးမလား။
ဖြေ။ ။ မရှိပါဘူးဘုရား။

မေး။ ။ စိုးရိမ်ကြောင့်ကြ ပူပန်ရတယ်ဆိုတာ ဆင်းရဲလား ချမ်းသာလား။
ဖြေ။ ။ ဆင်းရဲပါဘုရား။

မေး။ ။ ဒီတော့ ကြောင့်ကြ စိုးရိမ်ပူပန်မှု မရှိဘူးဆိုတော့ ဒါဟာ ဆင်းရဲက ထုတ်နှုတ်ပြီး ဆောင်တာ မဟုတ်လားဗျ။ ။
ဖြေ။ ။ တင်ပါ့ဘုရား။

မေး။ ။ အခုချက်ချင်း ဝီရိယနှင့် ထူထောင်လိုက်သည်ရှိသော် ဝိရိယိဒ္ဓိပါဒ်ဟာ ဆိုင်းငံ့ပြီး နေပါဦးမလား။
ဖြေ။ ။ မနေပါဘူး ဘုရား။

မနေဘူးဗျ။ အခုချက်ချင်းဖြစ်တယ်။ ဒါဟာ ပစ္စုပ္ပန်သံသရာ ဆင်းရဲက ထုတ်နုတ်ပြီး ဆောင်တယ် ဆိုတာဟာ ယခုလို ထားတဲ့အတိုင်း နေရမယ်လားလို့ မေးတဲ့အခါ ပါနေတယ်လို့ ပြောတယ်။

မေး။ ။ ဤကဲ့သို့ ပြောတာဟာ သူတာကို မေးပြီးတော့မှ သူတကာတို့ ပြောတာကို မှတ်ပြီးတော့ အတုယူပြီးတော့ ဖြေရတာလား။ ကိုယ်ပိုင်ကိုယ်တိုင်သိလို့ ဖြေတာလား။
ဖြေ။ ။ ကိုယ်ပိုင်ကိုယ်တိုင် ဒိဋ္ဌသိလို့ ဖြေတာပါဘုရား။

သည်တော့ ဘုရားဆုံးမတဲ့ ဘုရားအဆုံးအမကို လိုက်နာကြပြီဆိုမှဖြင့် ဝိရိယိဒ္ဓိပါဒ်ဟာ ပေါ်လာတာကို နားလည်ပါသဗျ။ သည်တော့ ပစ္စုပ္ပန်၌သာလား၊ သံသရာရဲ့ အတွက် ကောဗျ။ ဤကဲ့သို့ လောဘ၊ ဒေါသ၊ မောဟတရားတွေ ကင်းပြီး စင်ကြယ်လို့ တည်နေတဲ့အချိန်မှာ သက်တမ်းစေ့လို့ သေမည်ဆိုလျှင် စိုးရိမ်ကြောင့်ကြ ပူပန်ရပါဦး မလား။

ဖြေ။ ။ စိုးရိမ်ကြောင့်ကြ ပူပန်ရခြင်း မဖြစ်တော့ပါဘုရား။

မေး။ ။ အေး၊ ဒါဟာ သံသရာဆင်းရဲက ထုတ်နုတ်ပြီး ဆောင်တယ်ဆိုတာဟာ မှန်ရဲလား။
ဖြေ။ ။ မှန်ပါတယ်ဘုရား။

ဤမျှ အချိန်ခဏလေးကိုပင် ဤကဲ့ကို ပစ္စုပ္ပန်ဆင်းရဲ၊ သံသရာဆင်းရဲမှ ထုတ်နုတ်ပြီး ဆောင်သည် ဖြစ်သောကြောင့် ချမ်းသာသုခ အဖြာဖြာ အသီးသီးတို့ဟာ ရပါသတဲ့ဗျ။ သည့်ထက် အချိန်ကြာကြာ ဘုရား ဆုံးမပါတဲ့ အဆုံးအမကို လိုက်နာသောအားဖြင့် ထားကြမည်ဆိုလျှင် ဤမျှလောက်ကပါ့မလား။

ဖြေ။ ။ ဤမျှ မကပါဘူးဘုရား။

ယုံမှား သံသယ

▬▬▬▬▬▬

ဤကဲ့သို့ ထားကြည့်လိုက်ပြီဆိုတော့ ကိုယ်အလိုရှိရာ နှစ်သက်တဲ့ ဗောဓိကို သံသရာ တစ်လျှောက်လုံးက ပြီးအောင်သာ ယူမည်လို့ မှန်းထားတာ ရှိတယ်။ ဤကဲ့သို့ မှန်းထားချက်တွေကို ဝီရိယထူထောင်ကြတဲ့ ဝီရိယအရှင်သခင်ဖြစ်တဲ့ သူတော်ကောင်း အစားစားတို့ဟာ ငါမှန်းထားတဲ့ ဗောဓိအသီးသီးတို့ဟာ ပြီးမှပြီးပါ့မလား။ ပြည့်စုံမှ ပြည့်စုံပါ့မလား လို့ အဲသည်လို ယုံမှားသံသယ ဖြစ်နိုင်ဦးမလား။

ဖြေ။ ။ ယုံမှားသံသယ ကင်းပါတယ်ဘုရား။

ဒါဟာ ဘာကြောင့်လဲဆိုရင် ဘဝဝီရိယကောင်းကြတဲ့ သူတော်ကောင်း အပေါင်းတို့ဟာ တောင့်တ ရည်ရွယ်ချက်ပြီး အသီးသီးတို့ဟာ ပြီးစီးအောင် ပြုပြင်ကြပုံတဲ့ဗျ။ ဒါကြောင့် သည်အချိန် ဘဝအထွတ်အထိပ် မြင့်မြတ်တဲ့ဘဝဗျ၊ အဲသည် အချိန်အခါများဟာ ရှိနိုင်ပါဦးမလား။ (မရှိနိုင်ပါဘုရား)

အေး၊ ရှေးအရှင်တွေဟာ အခါဘဝကောင်းတာ သိပြီးတော့ သည်အချိန်အခါ ဘဝကို သိကြ တွေ့ကြ ကြုံကြပြီးတော့ လုံ့လဝီရိယနှင့် ထူထောင် ပြီးတော့ အစဉ်အတိုင်း မပြတ်အောင် သည်လိုယူကြတယ်။ ရတဲ့အခါကျပြီဆိုတော့ မြင့်မြတ်တဲ့ အချိန်အခါ ဘဝကို ငါတို့မှာ တောင့်တလို့ ရပြီ၊ အဲသည်လို သိပြီးပြီဆိုတော့ အအား အနား မထားဘဲ စိတ်နှလုံးအလိုပြီးအောင်ဟာ ယူကြ ဆောင်ကြတာဗျ။

အားလုံးတို့မှာလည်း မြင့်မြတ်တဲ့ အချိန်အခါ ဘဝရတာ သိပြီးပြီဆိုတော့ ရှေးအရှင် သူတော်ကောင်းများလို ဤကဲ့သို့ ဝီရိယထူထောင် ပြီးတော့ ယူကြ၊ ဤကဲ့သို့ လေးပါးသာ ဣရိယာပုတ်တို့နှင့် ထူထောင်ပြီး ယူတဲ့နေရာမှာ ယခုန ထိုင်ပြီး ဘုရား ဆုံးမတာနှင့် စိုက်စိုက်စူးစူးထားတယ်။

မေး။ ။ ဤကဲ့သို့ စူးစူးစိုက်စိုက်နှင့် ထားရတာဟာ ပင်ပန်းသလားဗျ။
ဖြေ။ ။ မပင်ပန်းပါဘူးဘုရား။

မေး။ ။ ပစ္စည်းရော ကုန်သေးသလား။
ဖြေ။ ။ မကုန်ပါဘူးဘုရား။

မေး။ ။ အလုပ်အကိုင်ရော ပျက်သေးသလား။
ဖြေ။ ။ မပျက်ပါဘူးဘုရား။

မေး။ ။ သူတစ်ပါးရော သိလား။
ဖြေ။ ။ မသိပါဘူး ဘုရား။

အေး - ဘုရားဆုံးမတဲ့ အဆုံးအမရကြပြီဆိုလျှင် ဤကဲ့သို့ ချမ်းသာသုခတွေနှင့် ပြည့် ကြပါတယ်ဗျ။ ဒါကြောင့်မို့ ရှေးကအရှင်တွေဟာ ဤအချိန် အခါကိုသိလို့ မျှော်ကြ၊ တောင့်တကြတယ်။ တောင့်တပြီးပြီဆိုမှဖြင့် တွေ့ကြပြီ ဆိုမှဖြင့် အအား အနား မထားဘဲ သည်လို ဆောင်ကြ ယူကြတာဗျ။

သည်တော့ ရှေးအရှင်တွေကဲ့သို့ မီအောင် ညီအောင် ထူထောင်ကြမည် ဆိုလျှင် အားလုံးသော သူတော်ကောင်း အစားစားတို့သည် တောင့်တ ရည်ရွယ်ချက် အသီးသီး တို့ဟာ အလုံးစုံ ပြီးစီး အောင်မြင်ကြပါလိမ့်မယ်ဗျ၊ ထိုသို့ ဖြစ်သောကြောင့် အချိန် အခါတွေ မြင့်မြတ်တာ သိပြီးတော့ မဖြုန်းကြနှင့်၊ ကိုယ်အလိုရှိတဲ့ ချမ်းသာ သုခတွေဟာ ပိုင်ပိုင်ကြီးရအောင် ကြိုးစားကြ။

အခွင့်အခါတွေရော သည်လို ရကြတာဗျ၊ သည်အချိန်အခါကလေးမှာ သည်ကဲ့သို့ အခွင့်အရေးရှိနေတဲ့ အချိန်ကလေးအတွင်းမှာ ခံယူလိုက်ဘူးဆိုရင် ရှေးအခါကကဲ့သို့ပဲ သံသရာတစ်ခွင်မှာ နစ်မယ်၊ မြှုပ်မယ်ဗျ။

သည်လို ဝီရိယနဲ့ တူတောင်နေပြီဆိုတော့ တစ်ခါတည်း အစဉ်အတိုင်း တိုးတက် ပါလိမ့်မယ်ဗျ၊ အဲဒီလိုမြင့်မြတ်တာဗျ၊ အဲဒီလိုကောင်းတာဗျ၊ သည်တော့ သာသာ ကလေးသာထား၊ ထားပြီဆိုမှဖြင့် သီလသမာဓိပညာတွေဟာ အစဉ်တိုင်းလျှင် တစ်ခါတည်း ရပ်ခြင်း ဆိုင်းခြင်း မရှိအောင်တဲ့ဗျ။ တိုးတက်တော့တာပဲဗျ။

အဲဒီလို တိုးတက်ပြီ ဆိုတော့ကာ အားမရနိုင်ကြ၊ မရောင့်ရဲနိုင်ကြဘဲ အားလုံးတို့ဟာ ရွှင်ကြ ပျော်ကြရပါသတဲ့ဗျ။ အခုကော ဆိုတော့ လိုက်နာကြတဲ့ သူတော်ကောင်း အစားစားတို့ဟာ သည်အရှင်များကဲ့သို့ ထပ်တူညီမျှ ချမ်းသာသုခတွေဟာ ဆုတ်ယုတ်ခြင်း မရှိဘဲ တိုးတက်တော့မှာ ဧကန္တ။ တိုးတက်တဲ့အခါမှာ ဧကန္တ ရွှင်ကြ၊ ပျော်ကြရမှာပဲ။

အားပါနားပါ ဆိုပေမယ့် အအားအနား ရှိကြမယ် မဟုတ်ဘူးဗျ။ ယခုလို အားရ ရောင့်ရဲနိုင်ကြမှာ မဟုတ်ဘူး။ ယခုလည်းပဲ ဝီရိယနှင့်ထူထောင်ပြီး အဆုံးအမတွေ ကျတော့ကို စိတ်ဆန္ဒတွေနှင့်တကွ ပျော်သင့်သလောက်တော့ ပျော်ကြရပါ တယ်မဟုတ်လား။ ပျော်ကြရပါတယ်။

ဒါကြောင့်မို့လို့ အချိန်တိုင်းမှာ ယခုလို ဝီရိယတွေနှင့် ထူထောင်ပြီးတော့ယူက ရကြပြီဆိုမှဖြင့်ရင် ကိုယ်တွင်မှ မကပါဘူး၊ ငါဟာ ဝီရိယနှင့်ထူထောင်ပြီး ဆိုပေမယ့် ကိုယ်တွင်မှ မကပါဘူးဗျ။ နီးရာဖြစ်တဲ့ အားလုံးတို့ဟာ မြင်တာ ကြားတာတို့ဟာ အစီးအပွားတွေ တောက်လျှောက်ချည်း လာကြပါတယ်ဗျ၊ အားလုံးတို့တွင်မှာလည်း ရွှင်ကြ၊ ပျော်ကြရပါတယ်။

ဤကဲ့သို့ ကိုယ့်ဝီရိယနှင့်ကိုယ် ထူထောင်မယ်ဆိုလျှင် ကိုယ်တွင်မှမက အဲသည်လို ချမ်းသာ သုခတွေဟာ ရကြတယ်ဗျ။ ဘာကြောင့်လဲဆိုရင် သီလ၊ သမာဓိ၊ ပညာ အရှိန်တွေက လွှမ်းမိုးပြီးတော့ ယခုတွင်ကလို ချမ်းသာကြရောဗျ၊ ဒါကြောင့် အတ္တဟိတပရဟိတတို့ကို လိုလားတောင့်တကြတဲ့ သူတော်ကောင်း အစားစား တို့ဟာ ဤကဲ့သို့ ဝီရိယတွေ ထူထောင်ပြီးတော့ အသီးသီးယူကြတယ်။

ယူကြတော့ကို အစဉ်အတိုင်းဟာ မြင့်မြတ်ကြတော့တာပဲဗျ။ ချမ်းသာ သုခ ဆိုတာမျိုးဟာ ပြောလို့ ဆုံးနိုင်တာမဟုတ်ဘူး။ သို့သော် အကျိုးအာနိသင်ကို ပြောစမ်းပါ ဆိုတော့ ပြောလို့ ဖြစ်ပါရဲ့။ သိလည်း သိပါရဲ့။ သို့ပေမယ့် ပြောလို့ သိမယ့်ဥစ္စာဟာ သည်လောက် နားလည်တာ မဟုတ်ဘူး။ ဆုံးအောင်လည်း ပြောနိုင်တာ မဟုတ်ဘူး။ နည်းနည်းကလေးရယ်ဗျ။

ဆောင်ရွက်လို့ ချမ်းသာဆိုက်လာတဲ့ အခါကျတော့မှ သူတော်ကောင်း အစားစား တို့ဟာသိကြမယ်။ အဲသည်လို သိတဲ့အခါကမှ အဟုတ်သိတာ ဖြစ်ပါလိမ့်မယ်။ အခုလို နားလည်တာကမှ အဟုတ်အစစ် နားလည်တာ ဖြစ်ပါလိမ့်မယ်။ အဲသည်အခါ ကျတော့ အားလုံးတို့ပင်လျှင် ဘယ်လိုဖြစ်မလဲဆိုတော့ သည်ဟာကတော့ အစီးအပွား ပြည့်စုံလုံလောက်တယ်။ သို့သော်လည်း ဘယ်လိုတုန်းဆိုတော့ ပြည့်စုံ လုံလောက် တာက ကုန်စင်အောင် မပြောနိုင်ဘူး။

ဤသို့သာလျှင် တောင်းတဲ့ရည်ရွယ်ချက် အသီးသီး ပြီးတော့ကို ပိုမိုပြီးတော့ ရတဲ့ချမ်းသာသုခက ဘယ်သင်းလဲဆိုရင် ဘုရားဆုံးမတဲ့ အဆုံးအမကို လိုက်နာကြ၊ ဘယ်လို လိုက်နာကြမလဲဆိုရင် ယခုနလို ရှေးသူတော်ကောင်းတွေ သိကြတဲ့ ကိုယ် နှုတ် စိတ်ပေါ့ဗျာ။ အဲဒါကိုနားလည်အောင် သည်အတိုင်း လိုက်နာကြရမယ်။ လိုက်နာကြတဲ့ အခါကျပြီဆိုတော့ ဆိုက်လာတဲ့အခါမှာ အားလုံးတို့ပင်လျှင်ပဲ ရွှင်ကြ၊ ပျော်ကြ အဲသည်လို ဖြစ်မှာပေါ့ဗျာ။

သို့သော်လည်း အသီးသီး ကုသိုလ်တွေပြုတဲ့နေရာမှာ ဘာကြောင့် သတိပေးရသလဲ ဆိုရင် လိုလား နှစ်သက်တဲ့ ဗောဓိဖြစ်တဲ့ဟာကို ယူကြဆိုတော့ ကုသိုလ်မှာတော့ ဒါနဖြစ်ဖြစ် သီလဖြစ်ဖြစ် ဘာဝနာဖြစ်ဖြစ် ဒါတွေက တောင့်တချက် ဘယ်လိုရှိသလဲ ဆိုရင် ဝဋ္ဋနိဿိတ နှင့် ဝိဝဋ္ဋနိဿိတ နှစ်မျိုးရရှိတယ်။

ဒါနပြုရင် နှစ်သက်ရာဖြစ်တဲ့ ဗောဓိကို မှန်းထားတယ်။ သည်မှန်းထားတဲ့ ဗောဓိကို လှမ်းယူကြဗျ။ လှမ်းယူကြပါဆိုတာက ဒါက သံသရာတစ်ခွင် ကျင်လည်တာဟာ ဆင်းရဲသည် ဖြစ်သောကြောင့် သည်ဆင်းရဲမှုတွေ မခံချင်လို့ သည်ဆင်းရဲက လွတ်အောင် လှမ်းယူကြလို့ ပြောတာဗျ။ ဒါက ဝဋ္ဋနိဿိတ လား။

ဖြေ။ ။ နှစ်သက်တဲ့ ဗောဓိနှင့် ဆုတောင်းတာက ဝိဝဋ္ဋနိဿိတပါဘုရား၊ ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိကို မမျှော်လင့် မတောင့်တဘဲနှင့် နိဗ္ဗာန် ချမ်းသာ သက်သက် ကိုသာလျှင် တောင့်တ၍ပြုသော ဒါနကုသိုလီ၊ သီလကုသိုလ်၊ ဘာဝနာ ကုသိုလ်တို့ကို ဝိဝဋ္ဋနိဿိတ ခေါ်ပါတယ် ဘုရား။

အဲဒါကြောင့်မို့ သူတို့မှာ ဒါတွေကတော့ သိပြီးသားချည်းပဲ ဖြစ်ပါတယ်။ သို့သော်လည်း ပြုတဲ့အချိန်မှာ သည်လိုအားလုံးပြုကြပြီး လိုသည်ထက် သန်သည်ထက် သန်အောင် သည်လို သကိပေးရတာဗျ ။ ဟုတ်ကဲ့လား။
ဖြေ။ ။ တင်ပါ့ဘုရား။

သည်လိုမလုပ်ရင် အခုနပြောတဲ့ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ ဆိုတာ ကတော့ အဟုတ်ချမ်းသာတာ အစစ်မဟုတ်ဘဲ သည်ဒုက္ခတွေက လွန်မြောက်အောင် ဆုမတောင်းဘဲ ဖြစ်နေတာမျိုး အိုလိုက်၊ နာလိုက်၊ ငသလိုက်နှင့် ဒုက္ခတွေက မရေမတွက်နိုင်ဘူးဗျ၊ အဲဒါကတော့ ဘာလဲဆိုလျှင် ကုသိုလ်ပြုတဲ့အခါမှာ သည်လို ထင်တာဖြစ်နေတာ၊ ဒါကတော့ ဝဋ်ကိုမှတ်ပြီး ပြုတာမို့ ဝိဝဋ္ဋနိဿိတတဲ့။

တော်တော်ကြာ ဆင်းရဲဒုက္ခတွေနှင့် မပြီးဆုံးနိုင်ပါဘူး၊ သည်ဆင်းရဲဒုက္ခတွေထဲမှာ ကျွံလို့ နစ်လို့ဗျာ့။ ဒါကြောင့်မို့ ကုသိုလ်ပြုပြီဆိုတော့ ဆုတောင်းတာက အဲသည် အခါမှာ ဘာတုန်းဆိုရင် အမြဲသတိပေးတာဗျ။ သတိပေးသည့် တစ်ခါတစ်ခါ သူတို့က အဲဒါမဟုတ်ဘူးဗျာ။ ဘယ်ဟာတွေ ရောက်ရောက်သွားမှန်း မသိဘူး။

ဖြေ။ ။ တပည့်တော်က လူ့ရွာ၊ နတ်ရွာ၊ နတ်စည်းစိမ်ချမ်းသာကို ကောင်းကောင်း အတည့်ဆိုပြီး ဒါတွေပဲ မျှော်လင့်နေတာပဲဘုရား။

မေး။ ။ အဲဒါက ဘယ်လိုလဲဆိုတော့ လူမမာတွေနှင့် တူတယ်။ လူမမာဟာ ကျန်းမာမှု မရကြ၊ လူမကျန်းမာတော့ ကိုယ့်ဝေဒနာနှင့် မတည့်တဲ့ အစာတွေဟာ မရှိဘူးလား။
ဖြေ။ ။ ရှိပါတယ်ဘုရား။

မေး။ ။ ဝေဒနာ တိုးတက်စေတတ်တဲ့ အစာကို စားတာနှင့် ထူးခြားသတဲ့ဗျာ၊ ဝေဒနာရှိနေတယ် မပျောက်သေးဘူး၊ မပျောက်တော့ ဝေဒနာ တိုးစေတတ်တဲ့ အစာ တွေကို သည်ဝေဒနာသည်ဟာ နားမလည်တော့ သူ့ဝေဒနာပျောက်အောင် ဒါကိုစား၊ ဘယ်သင်း ဘယ်သင်းကိုမစားနှင့် ရှောင်လိုက်၊ ကြဉ်လိုက် သည်လိုပြောထားတယ်။

မေး။ ။ ပြောထားပေမယ့် နားမထောင်ဘဲနှင့် မတည့်တာတွေချည်းပဲ စားတော့ သည်ဝေဒနာဟာ ပျောက်ပမလား။
ဖြေ။ ။ ဝေဒနာမပျောက်တဲ့အပြင် တိုးပါတယ်ဘုရား။

မေး။ ။ တိုးလာတော့ ဘယ့်နှယ်ဖြစ်မလဲ၊ ချမ်းသာပါမလား။
ဖြေ။ ။ တိုးလေလေ ဆင်းရဲလေလေပါဘုရား။

မေး။ ။ တိုးတော့ကို ခံရတဲ့ဝေဒနာဟာ မသက်သာတော့ ဆင်းရဲတယ်။ ပြီး သေသွားတော့ ဘယ်ရောက်မလဲ။
ဖြေ။ ။ သေသွားတော့ သွားနေကျအိမ် ပြန်သွားပါတယ် ဘုရား။

မေး။ ။ အိမ်ဆိုတာ ခု ဒကာကြီးဆောက်ထားတဲ့အိမ်လား။
ဖြေ။ ။ တပည့်တော်ဆောက်ထားတဲ့ အိမ်ဆိုလည်း မမှားပါဘူး ဘုရား။

မေး။ ။ အဲဒါက ဘယ်မှာလဲ။
ဖြေ။ ။ အပါယ်မှာပါ ဘုရား။

မေး။ ။ ဘယ်နေရာမှာလဲ၊ ဗိမာန်ပဲထင်ပါရဲ့။
ဖြေ။ ။ ဗိမာန်လေးမျိုး ရှိပါတယ်ဘုရား၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ပါ ဘုရား။

မေး။ ။ အေး အဲဒါ သွားချင်သလား။
ဖြေ။ ။ ပါးစပ်ကတော့ မသွားချင်ပါဘူးဘုရား၊ ချမ်းသာကိုလိုလား တောင့်တကြပြီး လုပ်တော့ဖြင့် အိမ်ပြန်တဲ့အလုပ်ချည်း လုပ်နေပါတယ် ဘုရား။

အေး၊ အဲဒါကြောင့်မို့ ကုသိုလ်ပြုတာကတော့ အအားအနား မထားကြဘူး။ သို့သော်လည်း အဲသည်လိုပြုကြတာကြောင့်မို့ သတိပေးရတာ၊ သီလ ဆောက်တည်ပြီး ပြည့်စုံအောင် ဖြည့်ကြ၊ ကျင့်ကြဗျာ။ နှစ်သက်ဖွယ်ဖြစ်တဲ့ ပစ္စည်းတို့ကို ကိုယ် သဘောကျစီမံပြီး နှစ်သက်ရာဗောဓိဟာလည်း မှန်းပြီးသား ရှိတယ်။

အဲသည် နှစ်သက်ရာဖြစ်တဲ့ ဗောဓိကို ဝီရိယသန်သန်နဲ့ မရွှေ့ရအောင် မှန်းယူကြပါလို့ ဆိုတော့ ဝိဝဋ္ဋနိဿိတ အလုပ်တွေကို သည်အချိန်ကလေးမှာ နားလည်တော့ အဲဒီလိုဗျာ၊ အဲသည်လိုပြုတော့ကို ယခုနလို ဆင်းရဲပြီး နေကြတဲ့ အားလုံးတို့ဟာ ဆင်းရဲကို လွတ်စေတတ်ပါတယ်။

ယခုတွင်က အစာ အာဟာရ စားတာနှင့် တူပါတယ်။ ဝေဒနာသည်တွေမှာ ဝေဒနာဟာ ကောင်းမွန် သန့်ပြန့်စင်ကြယ်ပြီးတော့ ပျောက်သွားတော့ လူမမာဖြစ်တာပေါ့ဗျာ။ (တင်ပါ့ဘုရား)။

အေး၊ အဲသည်လိုဗျာ့၊ ဒါကြောင့် လူမမာတွေဗျာ့၊ စားတဲ့သောက်တဲ့ အခါဟာ ဒါနပြုတာပါပဲဗျာ့၊ သို့ပေမယ့် မတည့်တာကလေး ထည့်လိုက်ရင် ဝေဒနာ တိုးပါရောဗျာ့။ (တင်ပါဘုရား။)

သည်တော့ ယခုလို မှန်မှန်ပြုသွားရန်ရှိတဲ့ ဝေဒနာတွေဟာ သန့်ပြန့် စင်တယ်လို့ ချမ်းသာကြပါရောဗျာ့။ သိုသော် ယခုလိုအချိန်မှာ ကုသိုလ်ပြုတဲ့ နေရာမှာ လျှောက်သတိပေးတာဗျာ့။ သတိပေးတဲ့အတိုင်းလည်း ဖြစ်မှ သို့မဟုတ်ရင် ဘယ်လိုတုန်း ဆိုတော့ ဝေဒနာသည်တွေ ဆိုကဲ့ဟာက ကိုယ်တည့်တာတော့ တယ်မစားချင်ဘူးတဲ့ဗျာ။

ဖြေ။ ။ မတည့်တာမှ စားချင်ပါတယ်ဘုရား။

သို့သော်လည်း အဲဒါကတော့ ဝေဒနာခံရတယ်ဆိုတာ ဆင်းရဲတယ်။ ဒီလို ဆင်းရဲတယ် ဆိုတာကို သေသေချာချာ အဟုတ်ခံရတာကို မသိလို့ဗျာ့။ အဟုတ်ခံရတာသိရင် အဟုတ်ပျောက်ချင်လာလိမ့်မယ်။ အဟုတ်ပျောက်ချင်ရင်လည်း ပျောက်ပါလိမ့်မယ် ဗျာ့။ ဒီဆေးပဲစား၊ ဘယ်လိုဟာဖြစ်ဖြစ် ပျောက်တော့ သည်ဟာစားတာပဲဗျာ့။ (တင်ပါ့ဘုရား။)

ခုတော့ သူတို့ဝေဒနာကျတော့ ခံစားနေရတာပဲ။ ဆင်းရဲဒုက္ခတွေ ခံနေပေမယ့် ဆင်းရဲဒုက္ခခံရတာကို မသိဘူး။ ဘာကြောင့်လဲဆိုရင် ဝေဒနာများကို မသိတာဗျာ့။ တစ်ခါတစ်ခါ ဝေဒနာသည်တွေဟာ ဝေဒနာများကြတယ်။ များကြတော့ အစကတော့ အများအားဖြင့် ခေါင်းကိုက်တာ၊ ခေါင်းမူးတာ ဆိုပြီး ညည်းသေးသလား။ (ညည်းပါတယ်ဘုရား)။

မေး။ ။ သည့်နောက် ဝေဒနာတွေ ကျပ်ကျပ်များလာတော့ ဘယ့်နှယ်လဲ ညည်းသေး သလား။ အဟုတ် သည့်ထက်သည်များတော့ သူ မေ့ပါရော။
ဖြေ။ ။ မညည်းနိုင်ပါဘူးဘုရား။

မေး။ ။ နေမကောင်းခါစ ဝေဒနာဟာ အဲသည်လောက် ရှိသလား။ ဘာကြောင့် မေ့သွားသလဲ။
ဖြေ။ ။ ဝေဒနာကြီးလွန်းတော့ မအော်နိုင်ပါဘူးဘုရား။

ယခုလည်း ဆင်းရဲတာဟာ မသိသာပါဘူးလို့၊ မသိတာက ဘာကြောင့်လဲဆိုရင် မတည့်တဲ့ အစာတွေ စားတာဗျာ့။ ကုသိုလ်ပြုရင် ဘယ်လိုဖြစ်ရပါလို၏နှင့် ဆုတောင်း တယ်။ ဒါကတော့ ဖျားအောင်၊ နာအောင်၊ နေရာမကျအောင် လုပ်ရတာမဟုတ်ဘူး။

မေး။ ။ ဖျားမှုနာမှုဟာ လုပ်မှဖြစ်သလား။
ဖြေ။ ။ ဖျားနာမှုဟာ အလိုလိုဖြစ်လာပါတယ်ဘုရား။

မေး။ ။ မဖြစ်မှာက စောင့်ရှောက်ရတာမျိုး။ ဖြစ်လာတဲ့အခါကျတော့ ပျောက်အောင် လုပ်ရတာကတစ်မျိုး၊ ဝေဒနာဖြစ်အောင် ဝေဒနာတိုးအောင် အမျိုးမျိုးလုပ်ရသလား။
ဖြေ။ ။ မလုပ်ရပါဘူးဘုရား။

ကိုယ်တိုင်ပြုကြ

▬▬▬▬▬▬

သို့သော်လည်း သည်အချိန်အခါမှာ ကုသိုလ်ပြုကြတယ်။ ပြုကြတဲ့ အခါမှာ ယခုနလို ပြုရပါတယ်ဗျာ့။ ဒါကြောင့်မို့လို့ ဆုတောင်းဆိုတာက ဒါခေါ်တယ်ဗျာ့။ နားလည်သလို သည်လို လျှောက်ပြောရတာကိုးဗျာ့။ ပြီးတော့ပြုတဲ့ အခါမှာလည်း ကိုယ်စိတ်သီလ၌ တည်ပြီး သန့်ပြန့်စင်ကြယ် စေပြီးတော့မှ ကိုယ်စိတ်သဘောကျသလို ဆန္ဒပေါ်လို့ သည်လို ပြုရတာဗျာ့။ နှစ်သက်သလိုပြုကြ။

သူတကာများကို မစေမမခိုင်းဘဲနှင့် ကိုယ်ပိုင် ကိုယ်တိုင် ပြုကြဗျာ့။ ပြီးတော့မှ နှစ်သက်ရာဗောဓိကို ယူကြဗျာ။ ဒါတွေကတော့ သူတို့မှတ်မိပြီး သူများတောင် ပြောနေရတာဗျာ့။ ပြောပေမယ့် သေသချာချာ အလှူဝတ္ထု အလှူခံကို ရိုသေပြီး သက္ကစ္စနိဝါတတွေနှင့် ရှိကြပါလို့ ဆိုပေမယ့် ဒါတွေကတော့ အချိန်တိုင်းမှာ အဟုတ်ပြုသွားပြီဆိုတော့ အချိန်တိုင်း အချိန်တိုင်း အကုန်ရတာကိုးဗျာ့။
(တင်ပါ့ဘုရား။)

မေး။ ။ အဲသလိုပြုတိုင်း အချိန်တိုင်း အချိန်တိုင်းမှာ ဒါတွေအကုန် တစ်ဆက်တည်း လိုချင်တယ်။ တောင့်တတယ်။ ပြီး တတ်ထားလို့ သိပြီးတော့ သည်လိုကြရဲ့လား။
ဖြေ။ ။ သည်လိုယူတဲ့ပုဂ္ဂိုလ် နည်းနေပါသေးတယ်ဘုရား။

မေး။ ။ မပြတ်အောင်ယူရဲ့လား။
ဖြေ။ ။ မပြတ်အောင် မယူကြသေးပါဘူး ဘုရား။

အေး၊ ဒါက ဘာမှ အရှာခက်တာ မဟုတ်ဘူးဗျာ့။ သည့်ပြင်ဟာတွေ နေပါစေ။ အားလုံး သူတို့အတည့်ဆုံးတွေ အချစ်ဆုံးတွေနှင့်နေတယ်။ ကိုယ်နေတဲ့နေရာမှာ အမိနှင့်၊ အဖနှင့်၊ သားနှင့်၊ သမီးနှင့်၊ အတည့်ဆုံး နေတယ်။ အတည့်ဆုံးတွေဟာ ဘုရား ဆုံးမတဲ့အတိုင်း မမှားရအောင် တည့်ရမယ်။ သည်လို တည့်တာက မတည့်သေးဘူးဗျာ့။

ဖြေ။ ။ ဟိုလိုတည့်ဟာက ကာမဂုဏ်နှင့် တည့်တာပါဘုရား။

မေး။ ။ အဲဒါက ချမ်းသာဖို့ရာ တကယ်တည့်တာ မဟုတ်ဘူးဗျာ့။ ဒီလို မဟုတ်လား။
ဖြေ။ ။ ဆင်းရဲ့ဖို့ရာ တည့်တာပါဘုရား။

မေး။ ။ ဘယ်လဲ ....
ဖြေ။ ။ အပါယ်တည့်နေတာပါဘုရား။

အကုန်လုံး အရယူ

▬▬▬▬▬▬▬

ဟိုတည့်တာကတော့ ချမ်းသာတာတွေနှင့် မဆိုက်မရောက်ဘဲ အထက် ဆန်တက်အောင် ပြောရတာဗျာ့။ ဒါကြောင့်မို့ အချိန်တိုင်းမှာ သည့်ပြင်ဟာက တစ်မျိုး။ ဘာမှမဟုတ်ဘဲ အခုန အမိအဖတွေနှင့် အတူတကွ နေကြတာတွေ ရှိတယ်။ ရှိတော့ ကိုယ်ကလည်း သက္ကစ္စနိဝါတ ရှိတယ်။ စိတ်ကလည်း သက္ကစ္စနိဝါတကို မပြတ်အောင် အဲသည်လို သွားနေရင်ပဲ မနည်းဘူးဗျာ့။ ပြီးတော့ ကိုယ်ပြုတဲ့ သီလ၊ သမာဓိရဲ့ အရိုအသေ သက္ကစ္စနိဝါတ။ ပညာရဲ့ အရိုအသေ သက္ကစ္စနိဝါတ သည်လို အရိုအသေ သက္ကစ္စနိဝါတ ရှိပြီဆိုတော့ ဒါတွေဟာ အကုန်လုံး အရယူရင် သက္ကစ္စနိဝါတ ဖြစ်တာပဲ။ (ဟုတ်ပါတယ်ဘုရား။)

မေး။ ။ အေး၊ ဒါကို သက္ကစ္စနိဝါတ ခေါ်တာဗျာ့။ သီလဘက်က အရိုအသေ သက္ကစ္စနိဝတ။ ပညာဘက်ကလည်း သက္ကစ္စနိဝါတ။ သမာဓိဘက်မှာလည်း အဲသည်လိုဆိုတော့ အချိန်တိုင်းမှာ ဘယ့်နှယ်တုန်းဗျာ့။
ဖြေ။ ။ အထက်ဆန်ချင်လေလေပါဘုရား။

အခုတော့ အစတုန်းက သည်လိုမစားတာနှင့် သူတို့ဟာ သည်လိုဖြစ်နေတာဗျာ့။ သည်တော့ နည်းနည်းကလေးသာ စပြီးထူထောင်ကြပြီဆိုရင် သူ့ဟာနှင့်သူ့ဆန္ဒများ တက်လာပါလိမ့်မယ်ဗျာ့။

ဖြေ။ ။ ပညာဘက်က သက္ကစ္စနိဝါတ ဆိုတာ အကျယ်တဝင့် ဟောပါဦးဘုရား။

အခု ဘယ်လိုတုန်းဆိုတော့ အားလုံးတို့ဟာ အိမ်ကိုပဲ ပြောကြပါစို့ရဲ့။ သည့်ပြင် ဟာတော့ မပြောပါနှင့်။ အခုလို အတူတူနေတာတွေနှင့် ပြောတော့မယ်။

မေး။ ။ အမိ အဖ သား သမီး မြေး မြစ်ဆိုတဲ့ အတည့်ဆုံးတွေနှင့် အတူနေတယ် မဟုတ်လား။
ဖြေ။ ။ အတူနေပါတယ်ဘုရား။

မေး။ ။ အတူမနေချင်တဲ့စိတ်များ ဘယ်အခါ ရှိသလဲဗျာ့။
ဖြေ။ ။ ဘုရား တရား စိတ်ဝင်စားနေတဲ့ အခါမှာ တစ်ခါတလေ သူတို့နှင့် ရှောင်နေ ချင်တဲ့ စိတ်ကလေး မကြာခဏ ပေါ်လာပါတယ်ဘုရား။

မေး။ ။ အဟုတ်ဆင်းရဲရင် ဘယ်ရှောင်နေချင်လိမ့်မလဲ။ သားသမီးတွေကို ကိုယ်လို ဖြစ်စေချင်လို့ တခြားသွားမှာတောင် မစိုးဘူးလား။
ဖြေ။ ။ စိုးပါတယ်ဘုရား။

ဒါက ကိုယ်နေရာကျရင်ပြောတာ။ အဟုတ်တည့်ပြီဆိုတော့ မိဘက ချမ်းသာသုခ ရပါတယ်ဆိုရင် သားတွေ သမီးတွေကိုလည်း ရစေချင်တယ်ဗျာ့။ သားသမီးကွေက ရပါတယ် ဆိုရင်လည်း အမိအဖတွေကို သည်လိုလည်း ချမ်းသာရစေချင်တယ်ဗျာ့။ ကိုယ်ကရတယ်ဆိုရင် သည့်ပြင်မိတ်ဆွေ သင်္ဂဟတွေနှင့် ကိုယ်နှင့် အကျွမ်းဝင်တဲ့ လူတွေကိုလည်း ရစေချင်တယ် မဟုတ်လား။ (ရစေချင်ပါတယ်ဘုရား။)

သာတာဂီရိနှင့် ဟေမဝတ

▬▬▬▬▬▬▬▬▬

အဲဒါ ဘာလဲဆိုရင် အဟုတ်ဆိုတော့ အဲသည်လို ဖြစ်တာဗျာ့။ ဘယ် ကွင်းချင် ရှောင်ချင် လိမ့်မလဲ။ တို့ဘုရားရှင်ဟာ ပထမဦးဆုံး ဤကဲ့သို့ သတ္တဝါ အများကို တရား ဟောတော်မူပါတယ်။ ဆင်းရဲမှလွတ်မှုကို ဆုံးမတော် မူပါတယ်။ သည်အချိန်မှာ အားလုံးတို့၏ ရှေးဦးစွာဆိုတော့ နတ်၊ သိကြား၊ ဗြဟ္မာတွေ ရောက်ကြတယ်။

သည့်ပြင် ဘယ်သူရှိသလဲဆိုရင် သာတာဂီရိနှင့် ဟေမဝတ တို့ကလည်း ရှိတယ်။ သာတာဂီရိနှင့် ဟေမဝတတို့ဟာ အင်မတန် ချစ်ကျွမ်းဝင်တယ်။ ကတိကဝတ်တွေ ကလည်းရှိတယ်။ သည်တော့ ဟေမဝတဟာ ဘုရားရှင် ပွင့်တော်မူလို့ တရားဟော ပါတယ်ဆိုတော့ ပထမဦးဆုံးကြီး သူရောက်တော့ သည့်ပြင်က နတ်၊ သိကြား၊ ဗြဟ္မာ တွေဟာ သူတို့ပရိသတ်၊ သူတို့ အခြံအရံတွေနှင့် လာလိုက်ကြတာ မနည်းဘူး။

သည်တော့ သူ့မှာ ဘုရားရှင်ရဲ့ အသရေတော်ကို မျက်မှောက်အားဖြင့် ကြည်ညို ရတယ်။ ဘုရားဆုံးမတဲ့ အဆုံးအမတွေကို နာရတယ်ဆိုတော့ ချမ်းသာတယ်။ သည်လောက် ထင်ရှားပြီး သည်လောက် မြင့်မြတ်တဲ့ အချိန်အခါမှာ ငါ့အဆွေတော် လည်း ဘုရားပွင့်တော်မူတဲ့ အကြောင်းကို သိပါလိမ့်မယ်။

သူ့မှာကတော့ ဘုရားရှင်ကို မျက်မှောက်အားဖြင့် ဖူးမြော်ရတော့ ရွှင်ရ၊ ပျော်ရ၊ ဆုံးမတာ နာရတော့လည်း ရွှင်ရ ပျော်ရတယ်။ သည်အခါမှာ သူ့ရဲ့အဆွေတော် သာတာဂီရိလည်း လာပါလိမ့်မယ်လို့ မျှော်။ ဟိုကလည်း ပေါ်မလာ သည်လိုတဲ့ဗျာ့။ သူတို့ဟာ အတည့်ဆုံး အချစ်ဆုံးတွေဗျာ့။

သည့်ပြင် ဟာတွေကတော့ ပေါ်လာတာ သူ့ အခြံအရံတွေနှင့်။ အဲသည်လို လာတာ သူကတော့ ဘာလုပ်နေပါလိမ့်မတုန်းနှင့်။ သူ့မှာ နေရာတော်တော်နှင့် မကျဘူး။ သည်လိုနေရင်း မလာတော့ဘူး သွားခေါ်မှပဲဆိုပြီး သွားခေါ်တာဗျာ့။ သည်တော့ အဟုတ်ဆိုရင် ဘယ်ကွင်းချင် ရှောင်ချင်နေပါလိမ့်မလဲ။ အတူ ဖြစ်ချင်တာဗျာ့။ (ဟုတ်ပါတယ်ဘုရား)

အဟုတ် ဒကာကြီးဖြစ်မယ်ဆိုရင် သားတွေ သမီးတွေနှင့် ချစ်ကျွမ်းဝင်တဲ့ လူတွေ ဆိုရင် နင့်ဘာသာနေပါ ငါ့နားမလာနှင့်လို့ ပြောမှာ မဟုတ်ဘူး လုပ်လုပ်နှင့် ပြောမှာဗျာ့။ ဘယ်လိုမှ ကျယ်ကျယ်ဝန်းဝန်းကြီး တရားဟောနေဖို့ မဟုတ်ဘူး။ လုပ်မှ ဖြစ်မှာကိုး။ နေရာကျမှာကို နားလည်လည် မလည်လည် လုပ်ဟဲ့ဆိုပြီးတော့ သူ့ နေရာမှာ သူလုပ်မှာဆိုရင် သည်လိုမလုပ်နှင့်။ နင်မဖြစ်ဘူး ငါသိတယ်။ ငါ့ဆီလာ ဆိုပြီး သည်လိုမခေါ်ဘူးလား။ (ခေါ်မှာဘုရား။)

မေး။ ။ ငါ့လို သည်လိုနေ၊ ငါပြီးမှပြီး၊ ငါလုပ်သလိုလုပ် ဆိုပြီး အဟုတ်ကို ခိုင်းမှာ မဟုတ်လား။
ဖြေ။ ။ တင်ပါ့ဘုရား။ အဟုတ်ကို ခိုင်းမှာပါဘုရား။

အဟုတ်ခိုင်းရင် ပျင်းပျင်းပျော်ပျော် လုပ်မှာပဲ။ အေး၊ အခုလည်းပဲ ယခုနလိုဆောင်ကြ။ ဘယ်နည်းတုန်းဆိုတော့ ခုန သူပြောတာ ဘာတဲ့။ (ပညာပိုင်းကပါဘုရား)

ပညာပိုင်းက ပြောပေမယ့်လို့ ဘယ်လိုတုန်း ဆိုလို့ရှိရင် စိန်ဖူးတို့ ဘာတို့ ဆိုတာ အမြတ်ဆုံး မဟုတ်လား။ စိန်ဖူးကြီးကို သည်အတိုင်းတိုင်း ကောင်းကင်မှာထားလို့ ရသလားဗျာ့။
မေး။ ။ ဘယ့်နှယ်လုပ်မလဲ။
ဖြေ ။ ။ ပြာသာဒ်ကြီးမှာ တတ်ရမှပါ ဘုရား။

မေး။ ။ ပြသာဒ်ကြီး ဆိုရင် တိုင်တွေက စရမှာပါဗျာ့။ ဘာတွေ ထားရမလဲ။
ဖြေ။ ။ အောက်က အနည်းဆုံး ဝါးတိုင်လောက် ထားရမှာပါဘုရား။

မေး။ ။ ဘယ်ပေါ် ထားရမလဲ။
ဖြေ။ ။ မြေကြီးပေါ်မှာ ထားမှာပါဘုရား။

မေး။ ။ သည်အတိုင်းတိုင်း မြေကြီးပေါ်မှာ မလုပ်ဘဲ မဖြစ်ဘူးလား။
ဖြေ။ ။ မြေကြီးပေါ်မှာမလုပ်ဘဲ ဘယ်နည်းနှင့်မှ မဖြစ်ပါဘူးဘုရား။

မေး။ ။ အေး။ ဒါကြောင့် သည်ကစရမှာ။ သည်တော့ သူတို့တစ်တွေနှင့် ကိုယ်နှင့် အမူအရာက ဘယ့်နှယ်ပြုရမလဲ။
ဖြေ။ ။ မြေကြီးသဖွယ်ဖြစ်သော သီလနှင့် အမှီဖြည့်ကျင့်ရမှာပါပဲဘုရား။

သားသမီးတွေကို ပြုရတဲ့ ကျင့်၀တ်တရားတွေနှင့် ပြည့်စုံအောင် ပြုရပါ့မယ်ဗျာ့။ ဘယ်ဟာမှ မချွတ်ယွင်းဘဲ မေတ္တာတွေ အလုံးစုံနှင့် ဖြည့်ရ ကျင့်ရမယ်ဗျာ့။ (တင်ပါ့ဘုရား)။

မေး။ ။ အေး၊ အဲဒါတွေ လုံလောက်ပြီဆိုတော့ ကိုယ်နှင့် နှုတ်နှင့်၊ စိတ်နှင့် ကိုယ်ကလည်း သူတို့ကိုရိုသေရမယ်။ နှုတ်ကကော။
ဖြေ။ ။ နှုတ်ကလည်း ရိုသေတန်သလောက် ရိုသေရမယ်ဘုရား။

မေး။ ။ စိတ်ကကော။
ဖြေ။ ။ စိတ်ကလည်း ဖြောင့်စင်းနေရမယ်ဘုရား။

မေး။ ။ အဲသည်လိုပြုရမယ်ဗျာ့။ သားသမီးတို့ အကုန်လုံးအပေါ်မှာ သည်လိုပြုရမယ် မဟုတ်လားဗျာ့။
ဖြေ။ ။ သည်လို ပြုရမှာပါဘုရား။

သည်လိုပြုပြီးမှ အကုန်လုံးပြည့်စုံ လုံလောက်ပြီ ဆိုတော့မှ ကိုယ်ကလည်းအားရ။ ဒင်းတို့အပေါ်မှာစားမှု၊ သောက်မှု၊ ၀တ်မှု၊ နေမှု၊ ထိုင်မှု အဲဒါတွေ အကုန်လုံး လုံလောက်လို့ ပြီးတော့။

ချမ်းသာမှုကြီး

▬▬▬▬▬

မေး။ ။ ကိုယ်က ကိုယ်နှင့်၊ နှုတ်နှင့် စိတ်နှင့်ကလည်း အကုန်လုံး ချမ်းသာမှုကြီးပဲ။ အလေးဂရုပြုပြီးတော့ သူတို့တစ်တွေ သဘောကျပလား၊ မကျဘူးလား။
ဖြေ။ ။ သဘောကျပါတယ်ဘုရား။ သဘောကျတဲ့ အခါကျတော့ သူတို့က ဘယ့်နှယ် ပြုမလဲ။ သည်လိုပေးတာကမ်းတာ ဘာမှမလိုရအောင် သူတို့ လိုချင်သလို အဲသည်လို ပြည့်စုံအောင် ပြုထားတယ်။

မေး။ ။ သူတို့စိတ်ထဲက သဘောကျမလား၊ မကျဘူးလား။
ဖြေ။ ။ သဘောကျပါတယ်ဘုရား။

အဲသည်လို ထားပြီးတော့မှ ကိုယ်နှင့်နှုတ်နှင့် စိတ်နှင့် သူတို့သဘောကျ သူတို့အပေါ်မှာ မထီမဲ့မြင်မပြုဘဲ သည်လိုဆောင်တယ်ဆိုရင် သူတို့က ပြန်ပြီး ဤကဲ့သို့ပဲ လူကြီးမိဘ များကို ပြန်ပြုပါလိမ့်မယ်ဗျာ့။

မေး။ ။ သည်တော့ သူတို့ သည်လို သဘောကျနေတာကိုမြင်တော့ မိဘက ဘယ့်နှယ်လဲ။ ဆင်းရဲမှာလား၊ ချမ်းသာမှာလား။
ဖြေ။ ။ ချမ်းသာပါတယ်ဘုရား။

မေး။ ။ အဲသည်လို ကိုယ်နှုတ် စိတ်ချမ်းသာပြီဆိုတော့ ထားရမယ်ဆိုတဲ့ နေရာ ကလေးမှာ ထားတယ်။ ထားတော့မနေဘူးလား။
ဖြေ။ ။နေပါတယ်ဘုရား။

မေး။ ။ အဲဒါ စရဏဗျ။ ပြီးတော့ သားတွေ၊ သမီးတွေ၊ မြေးတွေ၊ မြစ်တွေ နှင့် အတူတူနေရင်း အခုန ထားရမယ်ဆိုတဲ့ နေရာ ကလေးမှာ စိုက်စိုက် စူးစူးကလေးထားတာဟာ ချမ်းသာမှုရှိတော့ မနေဘူးလား။
ဖြေ။ ။ နေပါတယ်ဘုရား။

မေး။ ။ ထိုင်နေရင်ကော ထားလို့ မနေဘူးလား။
ဖြေ။ ။ နေပါတယ်ဘုရား။

မေး။ ။ မတ်တတ်ရပ်ရင်ကော။
ဖြေ။ ။ နေပါတယ်ဘုရား။

မေး။ ။ လမ်းသွားရင်ကောဗျာ။
ဖြေ။ ။ နေပါတယ်ဘုရား။

မေး။ ။ ပြီးတော့ ခန္ဓာဝန်အတွက် ပြုဖွယ်ကိစ္စတွေ၊ အခုန သားသမီး မြေး မြစ်တွေရဲ့ ပြုသင့်ပြုလိုက်တဲ့ ကိစ္စတွေကို ပြုရင်းကောဗျာ။
ဖြေ။ ။ ပြုရင်းလည်း ထားတော့ နေပါတယ် ဘုရား။

မေး။ ။ အဲသည်လို အမှန်ကို သိပြီးနေတာက ဘာလဲဗျ။ စရဏလား၊ ဝိဇ္ဇာလား။
ဖြေ။ ။ ဝိဇ္ဇာပါဘုရား။

မေး။ ။ ဝိဇ္ဇာဆိုတော့ အခုနပြောတဲ့ အချိန်တွေ အကုန်လုံးမှာ သားတွေ၊ သမီးတွေ၊ မြေးတွေ၊ မြစ်တွေနှင့် အတူတူနေရင်းမှာ စရဏရော ဝိဇ္ဇာရော တစ်ပြိုင်နက်တည်း အတူတူဖြည့်လျက် ကျင့်လျက် မနေဘူးလား။
ဖြေ။ ။ တစ်ပြိုင်နက်တည်း စရဏဝိဇ္ဇာနှစ်ခုစလုံး ပါသွားပါတယ် ဘုရား။

မေး။ ။ သည်တော့ ဘယ့်နှယ်လဲ။ တစ်ခါတည်းပဲ ဆောက်လိုက်တဲ့ ပြာသာဒ် ဘုံနန်းကြီးဟာ တစ်ခါတည်း ထိုးတက်သွားလိုက်တာ အထက်က စိန်ဖူးကြီးဟာ ဝင်းဝင်း ဝင်းဝင်းနှင့်၊ ပြာသာဒ်ကြီးကလည်း ထင်းထင်းလင်းလင်းကြီး ဖြစ်တော့ကို သည်ပြာသာဒ်ဆောင်ကြီးကို အသုံးမပြုနိုင်ဘူးလား။
ဖြေ။ ။ အသုံးပြုနိုင်ပါပြီ ဘုရား။

မေး။ ။ ဒါဖြင့် အခုနပြောတဲ့ ပညာဘက်ကပြောပါဆိုတာ၊ ဒါ ပညာဖြစ်ပါ သလားဗျာ။
ဖြေ။ ။ ပညာဖြစ်သွားပါပြီ ဘုရား။

မေး။ ။ သည်လိုပြုဖို့ရာဟာ ခက်သလားဗျ။
ဖြေ။ ။ မခက်ပါဘူး ဘုရား။

မေး။ ။ အဲသည်လိုဖြစ်လို့ ရှိရင် သားတွေ၊ သမီးတွေ၊ မြေးတွေ၊ မြစ်တွေဟာ ဘယ့်နှယ်လဲ၊ ဆင်းရဲဖြစ်ဦးမှာလား။
ဖြေ။ ။ ဆင်းရဲမဖြစ်ရပါဘူး ဘုရား။

မေး။ ။ ကိုယ့်အတွက်ရောဗျာ။
ဖြေ။ ။ ကိုယ့်အတွက်လည်း မဖြစ်ရပါဘူး ဘုရား။

မေး။ ။ နောက်သံသရာ အတွက်ကောဗျာ။
ဖြေ။ ။ နောက်သံသရာအတွက်လည်း မဖြစ်ရပါဘူး ဘုရား။

မေး။ ။ ဘုရားဆုံးမတဲ့ အဆုံးအမကို ကောင်းမွန်စွာ မှတ်သားလို့မို့ ရကြပြီဆိုမှဖြင့် ဤကဲ့သို့ ဝီရိယတွေနဲ့ ထူထောင်ပြီး သွားကြပြီဆိုတော့ အကုန်လုံးဟာ မိမိပညာရပ် တွေနှင့် ဘယ်ဟာမှ မလိုဘဲနှင့် တစ်ခါတည်း တစ်ရွှင်တည်းရွှင်၊ တစ်ပျော်တည်း ပျော်ရကယ်မဟုတ်လား။
ဖြေ။ ။ ပျော်ရတယ် ဘုရား။ နောက်သံသရာတစ်ခွင်မှာ ပျော်ရတယ်ဆို အပါယ်ကို မကျတော့ဘူးလား ဘုရား။

မေး။ ။ အခု သည်ဟာကလေးနှင့် လာနေမယ်ဆိုရင် ဒကာကြီးရယ် ကျပါဦးမလား။
ဖြေ။ ။ ဒါကလေးနှင့်ချည်းနေမှ မကျမှာပါဘုရား။

ဒါကလေးနှင့်ချည်းနေမှ မကျမှာဗျ။

မေး။ ။ ရံဖန်ရံခါ ပြတ်သွားရင်ကောဗျ။
ဖြေ။ ။ အဲဒါကတော့ လှေနှင့် သင်္ဘောနှင့် သွားတဲ့အခါမှာ သင်္ဘောပေါ်က မဆင်းရင် ရေမြုပ်ပါ့မလား။
ဖြေ။ ။ မမြုပ်ပါဘူး ဘုရား။

မေး။ ။ သင်္ဘောပေါ်က ဆင်းလိုက်ရင်ကောဗျာ။
ဖြေ။ ။ ရေမြုပ်သွားပါတယ် ဘုရား။

မေး။ ။အဲဒါက ဘာကြောင့်လဲဗျ။
ဖြေ။ ။ ထိသိကို လွတ်သွားလို့ ပါဘုရား။

ဒါကြောင့် သင်္ဘောပေါ်က မဆင်းနှင့်ဗျ။ ဆင်းရင်တော့ မြုပ်မှာဗျ။ ကြားလား၊ (တင်ပါ့ဘုရား)။

မေး။ ။ အခုနပြောတဲ့ ရေဆင်းလို့ မြုပ်တာက သည်တစ်ခါ ရေထဲကျလို့ သေတယ် ဆိုရင် ဘယ်နှစ်ခါ ဘယ်နှစ်ဘ၀သေမှာလဲ။
ဖြေ။ ။ သည်တစ်ခါ ရေထဲကျလို့ သေရင်တော့ နောက်အဆုံးအစ မရှိအောင် သေမှာပါဘုရား။

မေး။ ။ အခု ကူးသန်းနေတဲ့ သင်္ဘောနှင့်လေ။
ဖြေ။ ။ သင်္ဘောပေါ်မှာနေရင်တော့ ဘယ်တော့မှ ရေထဲမကျပါဘူး ဘုရား။

မေး။ ။ ရေထဲခုန်ဆင်းလိုက်ရင်တော့။
ဖြေ။ ။ ခုန်ဆင်းလိုက်ရင် နောက်တစ်ဆင်းတည်း ဆင်းပြီးတော့ တနစ်တည်း နစ်နေမှာပါဘုရား။

(ဝေဘူဆရာတော်)

စာညွှန်း -

ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိနှင့် ကျင့်စဉ် -
မောင်ကျော်ညွန့် (မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ)

မြင့်မြတ်တာ သိပြီးရင် အချိန်မဖြုန်းနှင့် အပိုင်း (၂/၂)

▬▬▬ஜ۩۞۩ஜ▬▬▬

သင်္ဘောလှေဖောင်နှင့်

▬▬▬▬▬▬▬▬

သေရင်ကော ဘယ်နှစ်ခါ ရေနစ်ပြီး သေရမလဲ။ တစ်ခါပဲသေမှာ မဟုတ်လား။ အဲဒါကို ဆင်းရင်ဆင်း၊ မမောင်းရင်နေ ကိစ္စမရှိဘူး။ အခုသံသရာ တစ်ခွင်မှာ ဘုရားရှင် ပွင့်တော်မူတော့ သင်္ဘောလှေဖောင်နှင့် အခုလို ဆောင်တဲ့ပို့တဲ့ အခါမှာ ဒီသင်္ဘော ပေါ်က တက်ပြီးတော့ လိုက်သွား။

တစ်ခါတည်း ဘယ်တော့မှ မနစ်မြုပ်ဘူးဗျ။ တောက်လျှောက်ကြီး ချမ်းသာမယ်။ သည်တစ်ခါ အခုလို ဆောင်ပို့တဲ့ သင်္ဘောပေါ်မှာ နေပါကိုတာမနေဘဲ ဆင်းရင်တော့ နောက်ကို စခန်းလည်း မြင်ပါဦးမလား။

ဖြေ။ ။ နောက်စခန်းလည်း မမြင်ပါဘုရား။

မေး။ ။ ဘယ်နှစ်ခါလောက် သေဦးမလဲ။

ဖြေ။ ။ တပည့်တော်တို့က အသေတော်တော့ ကြိုက်နေတယ်ဘုရား။ သင်္ဘောကြီး လာပေမယ့် ခဏနေပါဦး။ နောက်တစ်ခေါက်မှ လိုက်ပါရစေ အရိမေတ္တယျလာမှ လိုက်ပါရစေဆိုပြီး ဆုတောင်းနေပါတယ်ဘုရား။

အေး အဲဒါကဟုတ်ပြီ။ အရိမေတ္တယျ ဘုရား ပွင့်တော်မူမှာကတော့ ဧကန္တပဲဗျ။ ဘယ်လိုတုန်းဆိုတော့ ယခု ဘုရားရှင်သာသနာ ကုန်ဆုံးလို့မို့ တစ်ခါတည်းပဲ ပြီးလွယ်အောင် ပြောရမယ်ဆိုရင် သူတို့ နားလည်သိပြီးသား နေမှာပါပဲ။ အစဉ်အတိုင်း
မြေကြီးတွေဟာ တစ်ယူဇနာ ကျော်ကျော်လောက် တက်တဲ့အခါကျမှ ဘုရားရှင် ပွင့်တော်မူမယ်။ သည်တော့ ဘဝပေါင်း ဘယ်နှစ်ပြန်လောက် သံသရာတစ်ခွင်မှာ နေရဦးမလဲ

ဖြေ။ ။ ဘဝပေါင်း မရေမတွက်နိုင်အောင်ပါဘုရား။

သုဂတိဘုံက စောင့်ရင်

▬▬▬▬▬▬▬▬

သည်တော့ မရေမတွက်နိုင်တဲ့ ဘ၀တွေ နေပေစေ။ ဒါပေမယ့် အပါယ်ခွင်မှာ မနစ်မြုပ် ဘဲနှင့် သုဂတိခွင်မှာနေရင် ဘုရားရှင် ပွင့်တော်မူတာနဲ့ သေသေ ချာချာတွေ့မယ်။ တွေ့ရင် ဖူးမြော်ရမယ်။ ပြီးတော့ ဘုရားဆုံးမတဲ့ အဆုံးအမကို လိုက်နာပြီဆိုရင် ချမ်းသာသုခမှာ ဧကန္တပဲ။

သို့သော်လည်းပဲ ဘယ်နှစ်ဘဝ နေရမှန်း မသိသေးဘူး။ အဲဒါ မမြုပ်ဘဲနေမှ၊ မြုပ်ပြီးသွားမယ်ဆိုရင် အပါယ်ခွင်မှာဆိုရင် ဘယ့်နှယ်မှ ဘုရားရှင်ကို ဖူးမြော်နိုင်မှာ မဟုတ်ဘူး။

ဖြေ။ ။ အပါယ်ခွင်မှာဆိုရင် မဖူးနိုင်ပါဘူးဘုရား။ အရိမေတ္တယျ ပွင့်တော်မူတဲ့အခါမှာ တပည့်တော်က တိရစ္ဆာန်ကြီး ဖြစ်နေရင် အလကားပါပဲ ဘုရား။

အဲဒါကတော့ ဘ၀အတန်တန်ကို မျှော်ကြည့်နေသေးတယ်။ အခု သေသေချာချာ လူ့ဘဝ ရနေကြတယ်ဗျ။ ရနေပေမယ့် အခု သက်တမ်းစေ့အောင် နေရမယ်ဆိုရင် တစ်ရာကျော်ကျော် နေရမယ်။ သည်တော့ ကိုယ့်အသက် ဘယ်လောက်ရှိပြီ ဆိုတာ သိတယ်။ သိတော့မှ မှန်မှန်နေရတယ်ရင် ဘယ်လောက် နေရတော့မှာလို့ ဆိုတာ တွက်ကြည့်ရင် မသိဘူးလား။ (သိပါတယ်ဘုရား)။

မေး။ ။ သည်တော့ ကိုယ့်ဝင်းခြံ ကိုယ့်ဗိမာန်နှင့် နေတယ်။ ငါအသက် ဘယ်လောက်ရှိပြီး ဘယ်လောက်ကြာရင် သေမှာဆိုတာ သေသေချာချာ သိတယ်။ သည်တော့ကာ ဒါ ဒါ ကိုယ့်ဗိမာန် ဟုတ်ရဲ့လား။ ရွှေတွေ ငွေတွေ ရှိတာကကော ကိုယ့်ဥစ္စာ ဟုတ်ရဲ့လား။

ဖြေ။ ။ မဟုတ်ပါဘူးဘုရား။

မေး။ ။ ကိုယ့်သား ကိုယ့်သမီး တွေကကော။

ဖြေ။ ။ ဒါလည်း ကိုယ့်ဟာ မဟုတ်ပါဘူးဘုရား။

မေး။ ။ မဟုတ်ပေမယ့် အခုတော့ ဟုတ်နေတာပဲ မဟုတ်လား။

ဖြေ။ ။ ဟုတ်နေပါတယ်ဘုရား။

မေး။ ။ ဟုတ်နေတော့ ဘုရားဆုံးမတဲ့ ဆုံးအမနှင့် မညီညွတ်ဘူးဗျ။ အဲဒါတွေနှင့် နေပြီး၊ အဲဒါတွေနှင့် သေမယ်ဗျာ၊ ဘယ့်နှယ်လဲ။

ဖြေ။ ။ အပါယ်ကျမှာပါဘုရား

မေး။ ။ အခုဟာက ဘဝကောင်းတယ်။ အခါကောင်းတယ်ဗျ။ သည်အခါကောင်း ဘဝကောင်းက သက်တမ်းစေလို့ သေတဲ့အခါ အပါယ် ကျမယ်ဆိုရင် ဘုရားသာသနာ မရှိတဲ့အခါမှာ ဘယ်လိုလုပ်မလဲ။

ဖြေ။ ။ ဘုရားသာသနာ မရှိတဲ့အခါကျတော့ အခုန သင်္ဘောကြီး မလာတော့ပါဘူး ဘုရား။

မေး။ ။ အခုလာတုန်းကော ဘယ်သွားမှာလဲ။

ဖြေ။ ။ အပါယ်သွားမှာပဲဘုရား

မေး။ ။ အခုလာတုန်းတောင် သင်္ဘောကို တက်မစီးဘူးဆိုရင်၊ နို့ သင်္ဘောကြီး ကတော့ အချိန်ကျရင် လာတော့မှာပဲ။ သည်လိုလာတော့ ကိုယ်က ဘယ်ကနေ စောင့်မလဲ။

ဖြေ။ ။ တပည့်တော်က အပါယ်ကနေမှာပါဘုရား

မေး။ ။ ဒီသင်္ဘောကြီး လာမှာကို တွေ့ဦးမလား။

ဖြေ။ ။ ဒီသင်္ဘောကြီးကို မြင်တောင် မမြင်ရတော့ပါဘူးဘုရား

ဒါကြောင့် အခုလိုချင်တယ်ဆိုရင် သင်္ဘောပေါ်က မဆင်းကြနှင့် ကြားရဲ့လား။ နောင်ကို အရိမေတ္တေယျဘုရားရှင် ပွင့်တော်မူတဲ့ အခါလည်း အဲသည်ကျမှ ချမ်းသာ သုခ မှန်းတဲ့အတိုင်း လိုချင်ရင်လည်း သင်္ဘောပေါ်က မဆင်းနှင့် ဒါမှသာလျှင် အခုလိုချင်လည်းရမယ်။ နောင်အတွက်လည်း ဒါမှသာလျှင် တွေ့မယ်ဗျ။

ဒါကြောင့် အခု သည်လိုစီးကြဗျား။ အခု သက်တမ်းစေ့ပြီဆိုရင် သေသေချာချာ ရွှေ့ရလိမ့်မယ်။ သည်တော့ ဘယ်သွားမယ်ဆိုတာ လုံလုံ လောက်လောက်နှင့် ငါတော့ ကိုဆိုပြီး မှန်းနိုင်တယ်မဟုတ်လား။

ဖြေ။ ။ မှန်းနိုင်ပါတယ်ဘုရား။

မေး။ ။ ဘယ်ကိုတုန်းဗျ။

ဖြေ။ ။ သေတော့ သေချာပါတယ်ဘုရား။ အခုန သင်္ဘောကြီးနှင့် လွဲသွားပါပြီ ဘုရား။

ဟုတ်ကဲ့လားဗျ။ အဲဒါကတော့ အခုလိုထားရင် မလွဲဘူးပေါ့ဗျ။ လျှော့လျှော့ပေါ့ပေါ့ကြီး နေမယ် ဆိုရင်တော့ သေသေချာချာပဲဗျ။

ဖြေ။ ။ လျှော့လျှော့ပေါ့ပေါ့ နှင့်နေရင် သင်္ဘောပေါ်ကို တက်မိရင်တောင်မှ လိမ့်ကျမှာပါ ဘုရား။

ဒါကြောင့် အခုနဟာက မြန်မြန်ကြီး နားလည်လွယ်တယ်။ ဟိုလိုကတော့ ပြောရတာ ကြာလို့ဗျ။ ဒါကြောင့် ဘယ်တော့မှ အခုရော နောက်ရော နေရင်မကြောက်ရဘူး။ မနေဘဲနှင့်ဆိုရင်တော့ သေချာသဗျ။

မေး။ ။ အခုန အရှင်ဘုရား အမိန့်ရှိသွားပါတယ် ဘုရား။ နှာသီးဝမှာ ထိသိ ကလေးကို ခေတ္တကလေး အာရုံစိုက်လိုက်တာနှင့် ပစ္စုပ္ပန်ရော သံသရာရော ချမ်းသာမယ်ဆိုတော့ ခေတ္တလောက်ပဲ၊ စိတ်ကလေးကို စူးစိုက် လိုက်တာနှင့် သံသရာတစ်ခွင်လုံးမှာ အတော် စိတ်ချရပြီလို့၊ သည်လို ဖြစ်ပါသလား ဘုရား။

ဖြေ။ ။ ခဏကလေးဆိုတာ သည်လိုပြောကြစို့ရဲ့။ နေပူကြီးမှာ အရိပ်အေးအေးကြီး ရှိတယ်ဗျ။ နေပူမခံချင်တော့ အရိပ်အေးကြီးထဲ ၀င်လိုက်တော့ နေပူသေးသလားဗျာ။

ဖြေ။ ။ မပူပါဘူးဘုရား။

မေး။ ။ ထွက်လိုက်တယ်ဆိုတော့ကော။

ဖြေ။ ။ နေပြန်ပူပါတယ် ဘုရား။

ဟုတ်ကဲ့လားဗျာ။ သာသာကလေးသာ အရိပ်အေးကြီးထဲ ဝင်နေရင် အေးနေမှာပဲဗျ။ ဒါ အပူမကြောက်ရင်တော့ ထွက်'ဗျ။ ဟုက်ကဲ့လား။ နောက်ပြီး ဒကာကြီးရဲ့ ၀င်းအိမ်ခြံကို သွားချင်တယ်ဆိုတော့ ကဲ-ကားနှင့် လိုက်ပို့မယ်ဗျာ။ ဘယ့်နှယ်တုန်းဗျ။ တကယ်ရောက်ချင်ရင် ကားပေါ်က ဆင်းကြဦး မှာလား

ဖြေ။ ။ မရောက်ပါဘူး ဘုရား။

မေး။ ။ ရောက်တော့ ရောက်ချင်တယ်ဆိုပြီး ကားပေါ်ကဆင်းရင် ရောက်ပါ့မလား။

ဖြေ။ ။ ကားပေါ်ကဆင်းနေရင် မရောက်ပါဘူးဘုရား

မေး။ ။ အခုလည်း ပို့တော့ပို့မှာပဲ၊ ပို့တဲ့အခါ သည်ကားပေါ်က မဆင်းကြနှင့်။ အဲ သည်လို မဆင်းဘဲနှင့်ဆိုရင် တစ်ယောက်တည်းကော ထားလို့ မဖြစ်ဘူးလား။

ဖြေ။ ။ ထားလို့ ဖြစ်ပါတယ်ဘုရား။

မေး။ ။ အများနှင့်ကော။

ဖြေ။ ။ ထားလို့ ဖြစ်ပါတယ်ဘုရား။

မေး။ ။ စားရင်း သောက်ရင်းကော။

ဖြေ။ ။ ဖြစ်ပါတယ်ဘုရား။

မေး။ ။ ကိုယ့် သား သမီး မြေး မြစ်တွေနှင့် စားဖို့ သောက်ဖို့ အလုပ်တွေ လုပ်ရင်းကောဗျာ။

ဖြေ။ ။ ဖြစ်ပါတယ်ဘုရား။

အေး၊ ရှေးကအရှင်ကောင်းတွေက သည်လိုလုပ်ကြတာဗျ။ ဒါကြောင့် မမြုပ်ဘူးဗျ။ ဒါကြောင့် ကိုယ့်ဟာကို ဝီရိယတွေနှင့် ထူထောင်ပြီးပြီဆိုတော့ အခုလို လွယ်တဲ့အချိန် အခါမှာ ထူထောင်ပြီးတော့ ယူကြ။ တကယ်လို့ သုဂတိခွင်မှာ ဆက်မိလို့ လူ့ခွင်မှာပဲ ပြန်ဖြစ်ဦးတော့ ခုလို လွယ်ချင်မှလွယ်မယ်။

အခုတော့ ကိုယ့်ဟာကို ဘုရားဆုံးမတာတွေ နားလည်တော့ ကိုယ်တွင်မကဘူး၊ သား သမီး မြေး မြစ်တွေကို လာကြဟေ့ ဆိုပြီး လုပ်ရင် ဖြစ်နိုင်တယ်။ အဲသည်လိုပြီးတော့ တစ်ခါ သားသမီးတွေတော့ တော်တော်ကလေး စိတ်ချရပြီ။ အိမ်နီးနားက ဆွေမျိုးတွေ ခေါ်ဦးမှ တော်မယ်ဆိုပြီးတော့ ခေါ်ဦးမှာ။ ဒါတွင် မကသေးဘူး။ တစ်မြို့လုံး ခေါ်ဦးမယ် ဆိုရင်လည်း လာပါတယ်ဗျ။ ကိုယ်ကသာ အဟုတ် လုပ်နေ။ မလာပါနှင့် ဆိုလို့ မဖြစ်ဘူးဗျ။

ဝိသာခါ သခင်မကြီး

▬▬▬▬▬▬▬

ဘာကြောင့် အဟုတ်လုပ်ရင် ဖြစ်သလဲဆိုတော့ တို့ဘုရား ရွှေလက်ထက်တော်က ကျောင်းအစ်မကြီး ဝိသာခါဗျ။ သူကတော့ သူ့ဟာသူလည်း အဟုတ် လုပ်တာဗျ။ သူက နောက်တုန်းကလည်း အဟုတ်လုပ်။ အခုလည်း အဟုတ်လုပ်တာဗျ။ အဟုတ်လုပ် နေတော့ ဘယ့်နှယ်များ ဖြစ်ပါသလဲ ဆိုတော့ ဝီရိယကလည်း သူ့ဟာသူ ရတနာ သုံးပါးရဲ့ ကိစ္စတော့ကို အအားအနား မထားဘဲ ကိုယ်ရော၊ နှုတ်ရော၊ စိတ်ရောတို့ဟာ အမြဲလုပ်နေတာဗျ။ သူ့မှာ အားချိန် မရှိဘူးတဲ့ဗျ။

သည်တော့ အားလုံး တို့ဟာက သူ့ကိုကြည့်ရတာဟာ၊ ကြည်ညိုလိုက်တာဟာ၊ အားမရနိုင်ဘူးတဲ့။ ဘယ်လိုတုန်း ဆိုတော့ ဝိသာခါ ထိုင်နေတယ် ဆိုရင် တို့အရှင်သခင်မကြီးဟာ အခုလိုထိုင်နေတာ အင်မတန်မှ ကြည်ညိုစရာ ကောင်းတယ်။ ကြည့်လို့ ကောင်းတယ်။ မထပါစေနဲ့။ သည်လို တစ်ထိုင် တည်း ထိုင်နေပါစေ ထိုင်ပြီး သည်လိုပဲ မလှုပ်ဘဲ နေပါစေနဲ့ ကြည့်လို့ အားမရနိုင်ဘူးတဲ့ဗျ။

လှုပ်လိုက်ပြန်ပြီ ဆိုတော့လည်း အမယ်မင်း သည်လိုသာ အမြဲလှုပ်နေပါစေနှင့်၊ လှုပ်တာကလည်း ကြည့်ကောင်းသတဲ့ဗျ။ လမ်းသွား ပြန်ရင်လည်း အမယ်မင်း ဟိုအရှင်မကြီး သည်လိုသာ တစ်သွားတည်း သွားနေပါစေ။ မရပ်ပါစေနှင့်ဆိုပြီး ကြည့်လို့ကို အားမရနိုင်ဘူးတဲ့ဗျ။ ငဲ့ငဲ့ စောင်းစောင်း နေပြန်ရင်လည်း ဟန်မပျက် ပါစေနှင့်တဲ့။ စကားပြောပြန်ရင်လည်း မရပ်လိုက်ပါစေနှင့် နားထောင်ကောင်းလို့ တဲ့ဗျ။

သူ့ဟာ အကောင်းချည်းပဲဗျ။ ဘယ်လိုလုပ်နေနေ သူ့ဟာက ကောင်းမှာပေါ့။ ယခုနပြောတဲ့ သီလနှင့်၊ သမာဓိနှင့်၊ ပညာနှင့် ဘယ်အခါမှ မပြတ်ဘူး။ မေတ္တာတွေနှင့် အကုန်လုံး၊ သက္ကစ္စနိဝါတတွေနှင့် မပတ်သက်တာ ဘာမှမရှိဘူး။

စိတ်ကလည်း ယခုနဟာတွေနှင့် အလုပ်ကလည်းကောင်း၊ အလုပ်ကောင်းတော့ လုပ်နေတုန်းလည်း ကောင်းတာပဲ။ ကိုယ်လုပ်တာတွေ ပြုတာတွေ ကလည်း အကောင်းပဲ။ အဲသည်လိုတဲ့ဗျာ။ အဲဒါ ဘာလဲဆိုရင် ယခုနဟာ ကောင်းတာဗျာ့။ (တင်ပါ့ဘုရား)

အဲဒီလိုပြုတဲ့အခါ ကိုယ်တွင်မျှမကဘူး။ သူ့ကို နှစ်သက်ကြည်ညို ကြတာနှင့် ဒီအာရုံနှင့် သွားလိုက်ကြတာ၊ မနည်းပေါင်တဲ့ဗျာ။ တသီတတန်းကြီးတဲ့ဗျာ့။ ဒါပေမယ့် သူဟာ သာဝတ္ထိပြည် သာကေတရောက်တော့ လိမ်လိမ်မာမာနှင့် အိမ်ရောက်သလား။

ဖြေ။ ။ လိမ်လိမ်မာမာနေကြတဲ့အိမ် မရောက်ဘူးဘုရား။ တခြားဘာသာ ကိုးကွယ်တဲ့ ယောက္ခမအိမ် ရောက်သွားပါတယ်ဘုရား

မေး။ ။ သူ့မှာ နေရာကျတာ ရှိသလား။

ဖြေ။ ။ နေရာမကျပါဘူးဘုရား။

မေး။ ။ သူ့ စိတ်ထဲမှာ နေရာကျသလား။

ဖြေ။ ။ နေရာမကျပါဘူးဘုရား။

မေး။ ။ လုပ်ပုံက နေရာကျ သလား။

ဖြေ။ ။ ယောက္ခမလုပ်ပုံက နေရာမကျပါဘူးဘုရား။

မေး။ ။ သူက ကိုယ်ရာ နှုတ်ရော စိတ်ရော အကုန်လုံးတွေဟာ နေရာကျရဲ့လား။

ဖြေ။ ။ ရောက်စက နေရာမကျပါဘူးဘုရား။

မိဂါရ သူဌေးကြီး

▬▬▬▬▬▬

အေးဗျာ၊ ဒါပေမယ့် သူကတော့ သူ့ဟာသူ လုပ်နေတာဗျ။ ရန်မဖြစ်ပါဘူးဗျ။ တော်တော်ကြာကျတော့ အဲဒီလိုလုပ်နေတာနှင့် မိဂါရနှင့် အခြံအရံတွေဟာ ဘယ်လို ဖြစ်သလဲ။ ဝိသာခါ တရားဟောတာ၊ သူ လုပ်ကိုင်တာ ပြတာနှင့်ပဲ မိဂါရသူဌေးကြီး သောတာပန် ဖြစ်ရောတဲ့ဗျ

အေး - သူကောင်းတာနှင့်ပဲ အကုန်ရှောက်ကောင်းသွားတာဗျ။ သူ့ဟာသူ ကောင်းတာနှင့် ဟိုက တစ်ပြုံလုံး ကောင်းသွားတာဗျ။ တစ်ယောက်ကစပြီး တစ်ရာ ပွားသွားပါတယ်ဗျ။ အခုန ဒကာကြီးကတော့ ဘယ့်နှယ်လဲ၊ အနားမလာနှင့်လို့ ပြောမှာလား။

ဖြေ။ ။ တပည့်တော်ကတော့ အစရှိသေးတာကိုးဘုရား၊ သူတိုလာတော့ ပျက်သွား ပါတယ်ဘုရား

သူတိုလာတော့ ဘယ်ပျက်သွားရမလဲ။ ကိုယ်ချည်းပဲဆိုရင် အိပ်ချင် အိပ်နေမှာ၊ သူတို့ တစ်တွေ အနားမှာနေတော့ အဘိုးလိမ် အဘိုးလိမ်တာ ဆိုပြီး တိုင်တော့မှာဗျ။

လျှောက်။ ။ တစ်ခါတလေ သူတို့ကို စမ်းကြည့်တယ်ဘုရား။ တပည့်တော် စိတ်ငြိမ် သလား၊ မငြိမ်သလားလို့ ၊ ရင်ဘတ်ပေါ်ကို တက်ခုန်လိုက်သေးတယ်

ဆရာတော်။ ။ အဲဒါဆို နေရာကျတာပဲဗျ

လျှောက်။ ။ နေရာကျမှာ မကျမှာတော့ မပြောတတ်ဘူးဘုရား၊ မြေးတွေက ရင်ဘတ်ပေါ် တက်ခုန်လိုက်တော့ တပည့်တော်က ခုန်ခုန်ဆင်း သွားတာပဲ ဘုရား။

ဒါဖြင့် ကျမှန်းသိရင် နောက်တစ်ခါ မကျအောင် ကြိုးစားတော့မှာပဲ။ နောက်တော့ တောက်လျှောက်ကြီး သည်လို သွားပါလိမ့်မယ်။ ရှေးက သူတော်ကောင်းတွေဟာ သည်လိုသွားတာဗျ။ (တင်ပါ့ဘုရား)

ဒါကတော့ ရှေးသူတော်ကောင်းတွေ အစီးအပွားများတာကို လျှောက်ပြောနေတာဗျ။ အခုလည်းပဲ သည်လိုသာလုပ် ဖြစ်မှာပဲ။ အခုတော့ ဘယ့်နှယ်လဲ သားတွေ သမီးတွေ ရှိနေတော့ သူတို့အတွက် လုပ်ရတာက တစ်မျိုး၊ အဲဒါတွေလုပ်လို့ ပြီးပြန်တော့ ကိုယ့်အာရုံကိုယ် ပြုမယ်ဆိုပြန်တော့လည်း ဒါတွေက ရှိနေလို့ မဖြစ်ဘူးဆိုပြီး သည်လိုပဲ လုပ်နေတယ်မဟုတ်လား။

ဖြေ။ ။ သည်လိုပဲ လုပ်နေပါတယ်ဘုရား။

အခုပြောတာက သူတို့ ဘယ်လိုပဲလုပ်လုပ် ဘယ်လိုပဲနေနေ အဲသလိုသာ လုပ်မှာပဲ။ ဘုရားရှင် ရွှေလက်ထက်တော် ကလည်း ဖြစ်တာပဲ။ အခုလည်းပဲ ဖြစ်တာပဲ။ တို့ကတော့ တော်သလို သာသိဘာသာ နေတာဗျ။ နေပေမယ့် တို့က ပြောစရာ မဟုတ်တဲ့ နေရာတွေမှာ သာသာနေတာဗျ။

အဲသည်မှာ သူတို့က ရောက်ရောက် လာတာဗျ။ သူတို့ချည်း မဟုတ်ဘူးဗျ။ တို့ ဒကာကြီး ဒကာမကြီးတွေမှာ အတည့်ကလေးတွေ ပါပါလာတယ်ဗျ။ သူတို့နဲ့လိုက်ပြီး သူတို့ ဘယ်လိုနေသလဲ။ သူတို့နေသလို အတူတူ နေတာဗျ။ လုပ်ကြဟဲ့ဆို ထိုင်တာပဲ။ လူကြီးတွေကတော့ ပျော်စရာမရဘူး။ သူတို့ကတော့ ပျော်စရာရတယ်ဗျ။

ဒါပေမယ့် သူတို့ချည်း လွှတ်လိုက်လို့ မဖြစ်ဘူးဗျ။ နောက်ကျ ဘယ်လိုလဲဆိုရင် သားတွေ သမီးတွေ မြေးတွေ မြစ်တွေက သူတို့တော်သလို လုပ်မယ့်နေရာ သွားမယ် ဆိုရင် အမယ်မင်း လိုက်ချင်လိုက်ကြတာဗျ။ သည်တော့ အကုန်လုံး မခေါ်နိုင်ရင်တော့ အလှည့်ကျ ခေါ်ရတယ်ဗျ။

ပြန်မယ် ဆိုရင်လည်း ငိုလိုက်ကြတာတဲ့ဗျ။ အဲဒါ တို့ဘုရား ရွှေလက်ထက်တော်က သည်လိုပဲ ဖြစ်တာကို လျှောက်ပြောတာဗျ။ အခုလည်း အားလုံးတို့ဟာ သည်လိုပဲ ဖြစ်မှာပါဗျ။ ဒကာကြီး ဒကာမကြီးများဟာလည်း သည်လိုလုပ်ဖို့ သေသေချာချာ ဖြစ်တယ်။

လျှောက်။ ။ သေသေချာချာ ဖြစ်တယ် ဆိုတာက သောတာပန် ဖြစ်တာလားဘုရား

ဆရာတော်။ ။ ဘာမှ မဖြစ်ချင်နေ၊ ဖြစ်ချင်ဖြစ်၊ အခုနဟာလောက်ဖြစ်ရင် တော်ပြီ။ သောတာပန်တွေ ဘာတွေ လုပ်မနေနှင့်

လျှောက်။ ။ တပည့်တော်က အရင်လိုတယ်ဘုရား။ အခုပဲ သောတာပန် ဖြစ်ချင်လှပြီ၊ သောတာပန်ဆိုရင် အပါယ်မလားဘူးလို့ သိရပါတယ် ဘုရား။

ဆရာတော်။ ။ အခုလောက်ဆိုရင်ပဲ ဆင်းရဲမသွားဘူး မဟုတ်လား။

လျှောက်။ ။ ခေတ္တ ခဏကလေး လုပ်လိုက်တာနှင့်ဆိုရင်လား ဘုရား။

ဆရာတော်။ ။ အေး၊ သည်လောက်ဆို တော်ပါပြီဗျ။ ငါ ဘာမှ မဖြစ်ချင်ဘူးလို့ လုပ်ဗျ။ ဘာဖြစ်ချင်တယ်၊ ညာဖြစ်ချင်တယ် ဆိုပြီး မော့မော့ကြီး နေရင် ဖြစ်မှာ မဟုတ်ဘူး။

လျှောက်။ ။ တပည့်တော်က စိတ်ကြီးဝင်နေတဲ့ ဒကာကြီးပါဘုရားသောတာပန် ဖြစ်ချင်နေပါတယ် ဘုရား။

မေး။ ။ သက္ကာယဒိဋ္ဌိဆိုတာက ငါပဲ၊ သူပဲ၊ ငါနှင့် သည်လိုပြောနေတာ မဟုတ်လား။

ဖြေ။ ။ သည်လို ပြောနေတာပါပဲ ဘုရား။

မေး။ ။ သည်လိုပြောနေတော့ ဒကာကြီးဟာ ရုပ်ရယ်၊ နာမ်ရယ် ဆိုတာ သိတယ် မဟုယ်လား။

ဖြေ။ ။ ရုပ်-၂၈၊ နာမ်-၅၃ ရှိပါတယ်ဘုရား။

မေး။ ။ ဒါမျိုးကတော့ ဒကာကြီး၊ ဒကာမကြီးတွေ သိပြီးသားပါဗျ။ အရှည် လျှောက်ပြောရင် အချိန်ကုန်နေမှာပါဗျ။ နှာသီးဖျားက ရုပ်၊ သိတာက နာမ်၊ အဲသည်တော့ အဟုတ် သိနေတဲ့ အချိန်ကလေးမှာ ငါဆိုတာ လာရဲ့လား

ဖြေ။ ။ အဟုတ်နေတဲ့ အချိန်မှာဆိုတာ စဉ်းစားစရာစိတ် မရှိပါဘူး ကုရား။ သိတာကို မှတ်နေတဲ့စိတ်ပဲ ရှိပါတယ်ဘုရား

မေး။ ။ သည်လို မလာဘူးဆိုတော့ ဘာတုန်းဗျ၊ အဲသည်အချိန်မှာ သက္ကာယဒိဋ္ဌိ ကပ်သလား၊ ကွာသလား

ဖြေ။ ။ သက္ကာယဒိဋ္ဌိ ကွာပါတယ် ဘုရား။

မေး။ ။ ကွာချင်ရင် အဲသည်လိုသာ ထားဗျ ၊ ကြားရဲ့လား။ အဲသည်အချိန်မှာ သေသွားရင် ဘယ့်နှယ်လဲ၊ သွားနေကျနေရာ အပါယ်သာ သွားပါရစေလို့ ဆုတောင်း၊ ဘယ့်နှယ်လဲ။

ဖြေ။ ။ ဘယ်လို ဆုတောင်းတောင်း မကျပါဘူးဘုရား၊ အထက်သွားမှာပဲ ဘုရား။

မေး။ ။ အဲဒါ တည့်တာပဲဗျ။ ဟုတ်ပါရဲ့လား။

ဖြေ။ ။ ဟုတ်ပါတယ် ဘုရား။

မေး။ ။ သူတကာတို့က ကြမ်းကြမ်းတမ်းတမ်း မခံချင်အောင် သည်ဆရာကြီးဟာ အလကားပါ၊ အပါယ် သေသေချာချာ ကျမှာပါလို့ ဆိုပေတဲ့ ဘယ့်နှယ်လဲ ကျမှာလား။

ဖြေ။ ။ မကျပါဘူး ဘုရား။

မေး။ ။ အေး ကိုယ်ကတော့ အခုလို မလွတ်စေနှင့် ကြားလား၊ ဘာမှမဖြစ်ချင် နေပေစေ သည်လိုသာနေ ကြားလား။

ဖြေ။ ။ ထိသိနေတဲ့ အချိန်ကလေးမှာ ငါဆိုတာ ပျောက်နေတဲ့ အတွက် သက္ကာယဒိဋ္ဌိ ကွာတယ်လို့ သည်လိုပဲ မှတ်ပါတော့မယ်ဘုရား

မေး။ ။ အေး ဒါဖြင့် အဲသည်လိုသာ မှတ်ထားဗျ၊ ဟုတ်ကဲ့လား။

ဖြေ။ ။ စာထဲမှာတော့ ခက်လိုက်တာ ဘုရား၊ သက္ကာယဒိဋ္ဌိ ဆိုသည်မှာ ပစ္စုပါဒါနက္ခန္ဓာ ဆိုတော့ ဘာမှမသိပါဘူး ဘုရား။

မေး။ ။ အခုဟာက ခန္ဓာငါးပါး မပါဘူးလား။

ဖြေ။ ။ ဘယ်လို ပါပါသလဲ ဘုရား။

မေး။ ။ ခန္ဓာငါးပါးဆိုတာ မပါဘူးလားဗျ။

ဖြေ။ ။ဘယ်လိုပါတယ်ဆိုတာ သနားပါဦး ဘုရား။

မေး။ ။ အဲဒါဖြင့် ခန္ဓာငါးပါးဆိုဟာ ဘယ်ဒင်း ဘယ်ဒင်းလဲ ပြောစမ်းပါဦးဗျ။

ဖြေ။ ။ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာနာက္ခန္ဓာပါ ဘုရား။ ဒါကတော့ ရလို့ ဒေါက်ဒေါက် ဒေါက်ဒေါက်နှင့် ပြောတာပါ ဘုရား။

မေး။ ။ ဒကာကြီးဟာ ရုပ်က ဘယ်လောက်လဲ။

ဖြေ။ ။ ရုပ်က ၂၈-ပါ ဘုရား။

မေး။ ။ နှာသီးဖျားဟာ အဲသည်ရုပ် ၂၈-ထဲမှာ မပါတာ ရှိသလား။

ဖြေ။ ။ မပါတာ ရှိပါသေးတယ် ဘုရား။

မေး။ ။ ဘယ်ဟာလဲ။

ဖြေ။ ။ ဣတ္ထိဘာဝရုပ် ကျန်နေပါတယ် ဘုရား။

မေး။ ။ အဲဒါ ဘာလဲ၊ ပြောလို့ သာ ပြောတာ၊ စင်စစ်တော့ ရုပ်ထဲမှာ ဘယ့်နှယ်လဲ၊ ဘာကိုများ ခေါ်တာလဲ ဣတ္ထိဘာဝရုပ် ဆိုပြီးတော့ တစ်မျိုး ရှိသေးသလား။

ဖြေ။ ။ ဟိုလိုဟာတွေနှင့်ဆိုရင် ယောက်ျား ၂၇၊ မိန်းမ ၂၇ ပါလို့ သည်လို အမှန် ထားပါတယ် ဘုရား။

မေး။ ။ အမှန်ထားပေမယ့် တစ်မျိုး ရှိသေးသလား။

ဖြေ။ ။ တစ်မျိုးမရှိပါဘူး ဘုရား။ ဣတ္ထိဘာဝလို့ ၊ ပုမ္ဘာဝတို့ ထားရုံပါပဲ ဘုရား။

မေး။ ။ ကျန်သေးသလား။

ဖြေ။ ။ မကျန်ပါဘူး ဘုရား။

မေး။ ။ နာမ်ကကော ဘယ်လောက်လဲ။

ဖြေ။ ။ စေတသိက် ၅၂ ပါ ဘုရား။

မေး။ ။ အခုန သိနေတယ်ဆိုတာ နာမ်မှာ ကျန်သေးသလား။

ဖြေ။ ။ ဘယ်နေရာမှ မကျန်ပါဘူး ဘုရား။

မေး။ ။ သည်တော့ တစ်ပြိုင်နက်တည်း မပါဘူးလားဗျ။

ဖြေ။ ။ ပါပါတယ် ဘုရား။ ။

မေး။ ။ ဒါဖြင့် အခုန ဘယ်ဟာများ လိုနေသေးသတုန်း။

ဖြေ။ ။ ဘယ်နေရာမှ မလိုပါဘူး ဘုရား။

မေး။ ။ အခုနတော့ လိုနေသလို ပြောတယ်မဟုတ်လား။

ဖြေ။ ။ ရုပ်နှင့် နာမ်တော့ သိပါပြီဘုရား၊ ခန္ဓာငါးပါးနှင့် ဘယ်လိုများ ဆက်ပါသလဲ ဘုရား။

မေး။ ။ အခုနဟာ ခန္ဓာငါးပါး မပါဘူးလား။

ဖြေ။ ။ ပါတော့ ပါပါတယ်ဘုရား။ ဒီလောက်ပြောရုံနှင့် မသိပါဘူးဘုရား။

မေး။ ။ ရုပ်ကတော့ ရုပ်နာမ် ကတော့ ဘယ်နှစ်ပါးလဲ၊ နာမ် ခန္ဓာ ဘယ်လောက်လဲ။

ဖြေ။ ။ နာမ်ခန္ဓာ လေးပါးပါ ဘုရား။

မေး။ ။ ဘာတွေလဲ။

ဖြေ။ ။ ဝိညာဏက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာပါဘုရား။

မေး။ ။ အဲဒါကလေး ထားလိုက်သည်ရှိသော် သည်အချိန်ကလေးမှာ ဘယ်ဟာ လပ်နေမှာလဲဗျ။

ဖြေ။ ။ ဘယ်ဟာမှ မလပ်ပါဘူး ဘုရား။ တစ်ချိန်တည်းမှာ လျှောက်ပြီးဖြစ် သွားတာပဲ ဘုရား။

မေး။ ။သည်တော့ အကုန်မပါဘူးလား။

ဖြေ။ ။ အကုန် ပါပါတယ် ဘုရား။

မေး။ ။ ဒါဖြင့် ရှင်းလင်းပြီလား။

ဖြေ။ ။ ရှင်းပေမယ့် ခပ်ရှုပ်ရှုပ်ပါပဲ ဘုရား။

မေး။ ။ နေပါဦးတော့ ဒကာကြီးရယ်၊ ဒကာကြီးအိမ်မှာ ကနေ့ ဘာဟင်းနှင့် စားသလဲ။

ဖြေ။ ။ ကနေ့ ငါးဟင်းနှင့် စားပါတယ်ဘုရား။

မေး။ ။ ငါးဟင်းဟာ ကောင်းသလား။

ဖြေ။ ။ ကောင်းပါတယ် ဘုရား။

မေး။ ။ အဲသည် ငါးဟင်းထဲမှာ ရေမပါဘူးလား။

ဖြေ။ ။ ရေ၊ ဆား၊ နနွင်း၊ ကြက်သွန်ဖြူ-နီ အစရှိသည်တို့ အကုန်ပါပါတယ် ဘုရား။

မေး။ ။ စားလိုက်သည်နှင့်တစ်ပြိုင်နက် ဘယ့်နှယ်လဲ ငါးဟင်းချည်းပဲလား၊ အခုနဟာတွေ မပါဘူးလား။

ဖြေ။ ။ ရေတို့ ဘာတို့ အကုန်ပါပါတယ် ဘုရား။

မေး။ ။ ဆီကော မပါဘူးလား။

ဖြေ။ ။ ဆီလည်း ပါပါတယ်ဘုရား။

မေး။ ။ ကောင်းလိုက်တာဆိုတော့ ဘယ်ဟာ ကျန်သေးသလဲ။

ဖြေ။ ။ ဘယ်ဟာမှ မကျန်ပါဘူးဘုရား

အေး၊ အဲသည်လို ကောင်းဗျ။ (တင်ပါ့ဘုရား)

မေး။ ။ ဒါကတော့ ထည့်သလောက် လျှောက်ကောင်းမှာချည်းပဲ၊ ဟုတ်ကဲ့လား။

ဖြေ။ ။ တင်ပါ့ဘုရား။

မေး။ ။ ဒါဖြင့် ရှင်းသွားပလား။

ဖြေ။ ။ ရှင်းသွားပြီလို့ ဆိုပေမယ့် တပည့်တော် နားမလည်သေးပါဘူး ဘုရား။

မေး။ ။ နားမလည်ရင် ဘာရယ်၊ ညာရယ်လုပ်မနေနှင့် အခုနလိုသာထားဗျ

ဖြေ။ ။ ထိ သိလား ဘုရား။

မေး။ ။ အေး အဲဒါပဲထားဗျ၊ နေရာကျလိမ့်မယ်၊ ဒါနှင့် ဒကာကြီးဟာ ကားတွေ ဘာတွေ လေယာဉ်ပျံတွေ စီးဖူးတယ် မဟုတ်လား။

ဖြေ။ ။ လေယာဉ်ပျံတော့ မစီးဖူးပါဘူး ဘုရား။

မေး။ ။ သင်္ဘောတွေ ဘာတွေတော့ စီးဖူးတယ် မဟုတ်လား။

ဖြေ။ ။ စီးဖူးပါတယ် ဘုရား။

မေး။ ။ သင်္ဘော မောင်းတတ်သလား။

ဖြေ။ ။ မမောင်းတတ်ပါဘူး ဘုရား။

မေး။ ။ မမောင်းတတ်ပေမယ့် တက်စီးတော့ ကိုယ်လိုချင်တဲ့နေရာ မရောက် ဘူးလား။

ဖြေ။ ။ ရောက်ပါတယ် ဘုရား။

အေး တက်သာစီး၊ မောင်းတတ်သည်ဖြစ်စေ၊ မမောင်းတတ်သည် ဖြစ်စေ တက်သာ စီးရင် ကိုယ်လိုချင်တဲ့နေရာ ရောက်မှာပဲဗျ၊ သင်္ဘောမှာပေါ်တဲ့ အခေါ်အဝေါ်တွေကို သိသလား။

ဖြေ။ ။ မခေါ်တတ်ပါဘူး ဘုရား။

မေး။ ။ ဒီပြင်ဟာတွေကော ပြောတတ်သလား။

ဖြေ။ ။ မပြောတတ်ပါ ဘုရား။

မေး။ ။ ဒါပေမယ့် တက်စီး မရောက်ဘူးလား။

ဖြေ။ ။ ရောက်ပါတယ် ဘုရား။

မကျအောင်သာ စီးသွား ရောက်မှာပဲဗျ၊ အဲဒီသင်္ဘောကြီး သွားနေရင် ဒီသင်္ဘောဟာ အကုန်ကောင်းလို့ပဲလို့ မှတ်ပေတော့၊ နားလည်လည် မလည်လည်၊ သိသိ မသိသိ ရပ်နေတယ်ဆိုရင်တော့ ဒီသင်္ဘောကြီး ကောင်းပါတယ်လို့ ဒကာကြီးကို ပြောမယ်၊ တကာကြီး ယုံမှာလား။

ဖြေ။ ။ ရပ်နေရင်တော့ သင်္ဘောကြီးပျက်လို့ ဆိုရမှာပဲ ဘုရား။

မေး။ ။ ပျက်တာ ဘာပျက်သလဲလို့ ဒကာကြီးကိုမေးရင် ပြောတတ်ပါ့မလား။

ဖြေ။ ။ မပြောတတ်ပါဘူး ဘုရား။

မေး။ ။ ဒါဖြင့် ဘာဖြစ်လို့ ပျက်တယ် ပြောသလဲ။

ဖြေ။ ။ မသွားလို့ ပျက်တယ်လို့ ပြောတာပါ ဘုရား။

မေး။ ။ အခုလည်း မှတ်ထား၊ နေရင် သင်္ဘောကြီးသွားတာပဲမနေရင်တော့ သင်္ဘောကြီး ပျက်တာပဲ၊ ဟိုလိုလျှောက်ရင် သိမှာမဟုတ်ဘူး၊ အခုပြောတာ မှတ်မိပြီ မဟုတ်လား။

ဖြေ။ ။ မှတ်မိပါတယ် ဘုရား၊ နေရင် သင်္ဘောကြီးသွားပြီမနေရင် သင်္ဘောကြီး ပျက်ပြီ

မေး။ ။ ပျက်လို့ နစ်ရင်တော့ ဘယ်နှယ်လဲ။

ဖြေ။ ။ ဟိုအောက်ထဲထိအောင် ရောက်မှာပဲဘုရား

မေး။ ။ တက်နိုင်ပါဦးမလား။

ဖြေ။ ။ မတက်နိုင်ပါဘူး ဘုရား။

အဲဒါကြောင့် ဘာရယ်ညာရယ် လုပ်မနေနှင့်၊ လွယ်လွယ်ဘဲ၊ အဲဒါကလေးသာ ထား ဆိုတဲ့နေရာမှာထား၊ မနေရင်တော့ သင်္ဘောပျက်တာပဲ၊ ပျက်ရင် ပြင်ဖို့ ခက်သလားဗျ။

ဖြေ။ ။ ပြင်တတ်ရင်တော့ မခက်ပါဘူးဘုရား၊ စက်ဆရာ ပြင်ရင်တော့ ရမှာပဲဘုရား။

စက်ဆရာတွေ ဘာတွေ ခေါ်မနေနှင့် အဲဒီနေရာမှာ မနေရင် နေအောင်ထားဗျ၊ ဟုတ်ကဲ့လား၊ မှတ်ထားနော်၊ စက်ဆရာတွေ ဘာတွေ ခေါ်နေရင် ရှုပ်နေဦးမယ်၊ တော်တော်ကြာ စက်ဆရာ ခေါ်မရလို့ ဘယ်နေရာမှန်း မသိလို့နှင့် လုပ်နေဦးမယ်၊ နေရင် ဘာတုန်းဗျ

ဖြေ။ ။ သင်္ဘောကြီး သွားတာပဲ ဘုရား။

မေး။ ။ မနေရင်ကော။

ဖြေ။ ။ သင်္ဘောကြီး ပျက်တာပဲ ဘုရား။

မေး။ ။ ပျက်ရင် ဘယ့်နှယ်လဲ။

ဖြေ။ ။ သင်္ဘောကြီး သွားအောင် ထိသိကိုပြန်ပြီး နေအောင် ထားရမှာပဲ ဘုရား။

မေး။ ။ တောက်လျှောက် သွားချင်တော့ကော။

ဖြေ။ ။ တောက်လျှောက်ကြီး ထိသိကို ထားရမှာပဲဘုရား

မေး။ ။ ဒါဟုတ်ပလား။

ဖြေ။ ။ ဟုတ်ပါပြီ ဘုရား။

မေး။ ။ ဘယ်နေရာ ခက်သေးသလဲ။

ဖြေ။ ။ မခက်ပါဘုရား။

မေး။ ။ ဘုရားရှင်က သည်လို ဆုံးမတော်မူတာတဲ့ဗျ။ ကြားလား။

ဖြေ။ ။ တင်ပါ့ဘုရား၊

ဘုရားရှင်ကတော့ အကုန်လုံး လူနတ်ဗြဟ္မာတွေ ကိုယ်လိုချင်တာရအောင် သိအောင် သည်လိုဆောင်ပြီး သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရအောင် ပါရမီဖြည့်ရတယ်။ သည်လို ဖြည်လို့ ဘုရားဖြစ်တော့မှ သည်လို ဟောနိုင်တာဗျ။ သည်တော့ ဒကာကြီးများရယ် နိဗ္ဗာန် လိုချင်တယ်ဆိုရင် ဘုရားဖြစ်ရမှာလား

ဖြေ။ ။ ဘုရားမဖြစ်လည်း ရပါတယ်ဘုရား

မေး။ ။ ဘယ်လိုရမှာလဲ၊ ဘုရားရှင် ပွင့်တော်မူတဲ့ အခါကျပြီဆိုတော့ ဘုရားရှင်က ဒါလုပ် ဒါလုပ်ဆိုရင် အဲဒါကိုနားထောင်ပြီး လုပ်သွားရင် ဘုရားမဖြစ်ပေမယ့် နိဗ္ဗာန် ရတာပဲမဟုတ်လား

ဖြေ။ ။ ရပါတယ်ဘုရား။ ။

မေး။ ။ အခုလည်း ဒကာကြီးဟာ သင်္ဘော တည်နိုင်သလား။

ဖြေ။ ။ မတည်နိုင်ပါဘူး ဘုရား။

မေး။ ။ မတည်နိုင်ပေမယ့် သူများတည်တဲ့သင်္ဘော တက်စီးရင် မရောက်ဘူးလား

ဖြေ။ ။ ရောက်ပါတယ်ဘုရား။

အေး - အခုနပြောတဲ့ သင်္ဘောကို တက်သာစီး ကြားလား။ မခက်ပါဘူးဗျ။ အဲသည် လိုသာ လုပ်ပါဗျ။ ဒကာကြီးတင်မကဘူး၊ သား သမီး မြေးမြစ်တွေ၊ ဆွေတွေ မျိုးတွေ၊ မြို့သူမြို့သားတွေ အကုန်လုံးလုပ် ဆိုရင် ဘယ့်နှယ်လဲ။ အကုန်လုံး မပါဘူးလား။

ဖြေ။ ။ ပါပါတယ်ဘုရား။ သင်္ဘောကြီးမှာ ပျော်စရာကြီး နေမှာပါဘုရား

မေး။ ။ အခုနလို အနားမလာနှင့်လို့ လုပ်နေရင် ဘယ့်နှယ်လဲ။

ဖြေ။ ။ တပည့်တော်က ထိသိကိုလုပ်နေရတာ အင်မတန် ဆိတ်ငြှိမ်တဲ့နေရာမှာ လုပ်နေတာတောင်မှ တပည့်တော်က သင်္ဘောပေါ်က ခုန်ဆင်းချင်နေတာကိုး ဘုရား။

မေး။ ။ ဒါက သက်သက်မဲ့ ခုန်ချနေတာဗျ။ အခုနလို ဆိုရင်ကော။

ဖြေ။ ။ မခုန်ချဘဲ တွယ်ကပ်နေရင်တော့ မကျပါဘူးဘုရား

မေး။ ။ အခု ဒကာကြီးတို့ ကားတွေ ဘာတွေနှင့် သွားကြတော့ ဥပမာ - ကိုယ့်ကားက ညံ့နေပြီး၊ သူများကားက ကျော်သွားရင် ဒကာကြီး ကြိုက်သလား။

ဖြေ။ ။ မကြိုက်ပါဘူးဘုရား။ တပည့်တော်က ထိပ်ကဝင်မှ ကြိုက်ပါတယ် ဘုရား။

မေး။ ။ အခုလို ထိပ်ကဝင်မှကြိုက်ရင် အခုနလိုသာ သွားဗျ။ အခု သည်လို သွားတော့မှာလား။

ဖြေ။ ။ သည်လိုသွားဖို့ ရည်ရွယ်ပါတယ်ဘုရား

တော်ပါပေ့ ဆိုတာ

▬▬▬▬▬▬▬

အင်း - သူ့ဟာက ရည်ရွယ်တုန်း ရှိသေးတာကိုးဗျ။ အေး - လွယ်ပါတယ်ဗျ။ အခုပြောတာ ပေါ့တော့တော့ ပြောတာမဟုတ်ဘူးနော်။ သည်လို ပြောမှ ဖြစ်မှာမို့ သည်လိုပြောတာ ကြားလား။ ဟိုလိုပြောတော့ နေရင် ကုသိုလ် မနေရင် အကုသိုလ်ဗျ။ ဒါနှင့်သွားမှ ကျော်ကြတယ်။

ဒါနှင့်မသွားရင် ဘယ်သူမှ မကျော်ဘူးဗျ။ လူရော နတ်ရောပါဗျ။ ရဟန်းတွေ ဘာတွေတော့ အားလုံးက တော်ပါပေတယ်လို့ ပြောမှာဗျ။ ဒါပေမယ့် ဘယ်သူဖြစ်ဖြစ် သည်နေရာမှ မနေဘဲ သေရင် တော်ပပေ့ဆိုတာ အလကားဗျ။ မနေရင် သည် တော်ပါပေ့ ဆိုတာ ဘယ်ရောက်ပလဲ။ (အပါယ်ရောက်မှာပါပဲဘုရား)။

အေး ဒါကြောင့် သည်လိုရွက်ဆောင်ကြဗျား။ လွယ်လိုက်တာဗျာ့။ ဒါကြောင့် အားလုံးတို့ဟာ သည်လို ရွက်ဆောင်ကြဗျ။ ဒါပေမယ့် အချိန်တိုင်း နေရာကျမှ စိတ် ချရမှာဗျ။ နေရာမကျတဲ့ အချိန်ရှိရင် စိတ်မချရဘူးဗျ။ တောက်လျှောက်ကြီးသာ နေရာကျရင်တော့ ဒကာကြီး ဒကာမကြီးတွေ ဘာမှမစိုးရိမ်ရတော့ဘူး။

ကိုယ့်သား ကိုယ့်သမီးတော့လည်း သည်လိုလုပ်နေရင် သူတို့နေရာကျပြီဆိုတော့ မနား ချင်တဲ့အဖြစ်မျိုး ဖြစ်ကုန်လိမ့်မယ်။ အဲသည်အခါကျရင် စိတ်ထဲ အားရနေလိမ့်မယ်။ သားတွေ သမီးတွေတော့ လုံလောက်နေပြီဆိုပြီး အခုလည်း အားရနေမယ်။ နောင်လဲ အားရနေမှာပဲ။ တောက်လျှောက်ကြီးကို အားရနေလိမ့်မယ်

သို့လိုမဟုတ်ဘဲ ငါဟာမမြဲဘူး။ ဘယ်အချိန် သေမယ်မှန်း မသိဘူး။ သည်တော့ သေတဲ့အချိန်များ သည်အဖြစ်မျိုးနှင့် သေသွားရင် အောက်ရောက်ကုန်ရော။ တက်မှာ မဟုတ်ဘူး။

မေး။ ။ တစ်သက်လုံး လုပ်ပြီး သေခါနီးကျမှ လွတ်သွားရင် ဘယ့်နှယ်လဲ ဘုရား။

ဖြေ။ ။ လွတ်သွားရင်တော့ ရောက်သွားမှာပေါ့ဗျ။ ရောက်ခါနီးကျမှ ခုန်ချရင် ဘယ့်နှယ်လဲ။ နစ်သွားမှာပေါ့ ဒကာကြီးရဲ့။ (တင်ပါ့ဘုရား။)

အေး - အဲဒါသာ မှတ်ထား၊ သည့်ပြင်ဟာ လျှောက်ပြောလို့ မဖြစ်ဘူး။ တော်တော်ကြာ အဲသည်လိုတဲ့ဆိုပြီး လျောတော့ကြီး လုပ်နေဦးမယ်။ အဲဒါသာ မှတ်သား (တင်ပါဘုရား။)

ရှေ့က အရှင်တွေက သည်လိုသွားတာဗျ။ ဒါကြောင့်မို့ သူတို့မှာ စောစောကတည်းက ကိုယ်အတွက် သူ့အတွက်တွေ စိတ်ချရတယ်။ တချို့ သားသမီးတွေကို ဆုံးမ ထားတယ်။ ဆုံးမပြီး သာယာကြည်ကြည် နေလိုက်တာပဲ။ မလုံလောက်ဘူး ဆိုရင် နည်းနည်း လုံလောက်အောင် သူ့ဟာနှင့်သူ ပြောလိုက်တာပဲ။

အားလုံး တစ်ပြိုင်နက်တည်း လုပ်ကြတာပဲ။ တချို့ တော်နေတယ်။ တော်နေတော့ သားသမီးတွေကလည်း လွန်ချင် လွန်သွားမှာပဲ။ အဲဒါအဟုတ် ဆောင်တာဗျ။ အခုလည်း အားလုံးတို့ဟာ ဘယ်သူမှ ကယ်နိုင်တာ မဟုတ်ဘူး။ ကြားရဲ့လား။ (မကယ်နိုင်ပါဘူးဘုရား။)

ဘုရားရှင်ကလည်း ဒါပဲဆောင်ပေးတာပဲ။ သည်တော့ တပည့်သားဖြစ်တဲ့ လူ နတ် ဗြဟ္မာတွေဟာ ဘုရားဆုံးမတဲ့အတိုင်း လိုက်နာလုပ်ရင် ဘုရားရှင်က ဘာတုန်း ဆိုတော့ အသီးသီး တောင့်တတဲ့အတိုင်း ပြီးအောင် ဆုံးမရုံပဲ။ ဒါဘုရား အလုပ်

တပည့်သား သာဝကတွေကသာ ကိုယ်မှန်းထားတဲ့ လိုချင်တဲ့ဟာကို ဟဲ့-ချစ်သား ချစ်သမီးတို့ လာဟဲ့ဆိုပြီး ဘာလုပ်လို့ ဆုံးမတာပဲ။ ဒါကိုမှတ်ထား ပြီးလုပ်ကြရတာပဲ။ ဒါဘုရားတာဝန်ပဲ။ လုပ်ရမယ့် တပည့်သားဖြစ်တဲ့ လူနတ် ဗြဟ္မာတွေဟာ လုပ်ရင် ဘုရားဖြစ်အောင် လုပ်ဖို့မလိုဘူး။ တိုတိုဖြစ်ချင်ရင်တော့ တိုတိုလုပ် ဟုတ်ကဲ့လား။ (တင်ပါဘုရား။)

သဗ္ဗညုတ ရွှေဉာဏ်တော်ကို လိုချင်ပြီး ဘုရားဖြစ်အောင် လုပ်ချင်ရင် အဲဟိုလိုလုပ် ဆိုပြီး ဘုရားက ဟောတာပဲ။ အခုနပြောတာတွေဟာ မဖြစ်နိုင်ဘူး မအောက်မေ့နှင့် သား သမီး မြေး မြစ်တွေအထိ ဖြစ်တယ်။ ရှေးကလည်း ဖြစ်တာပဲ။ အခုလည်း လုပ်ကြပါ၊ ဖြစ်မှာပါပဲ။

ဖြစ်တာကလည်း သည်လိုခိုင်းထားရုံနှင့် လိုတာ ဘယ်ဟာမှမဖြစ်ဘူး။ အခု ဒကာကြီး ဒကာမကြီးတွေဟာ ကလေးတွေကို ကျောင်းအပ်တယ်။ စာအံခိုင်းတယ်။ စာအံခိုင်း တောင်မှ အနားနားမှာ အံလို့ ပြောရတယ်ဗျ။ ဟုတ်ကဲ့လား။ အနားနား အံတာ တောင်မှ နားနားပြီး မော့မော့နေလို့ ဆိုရသေး ရိုက်ရသေးတယ် မဟုတ်လား။ (ဟုတ်ပါတယ်ဘုရား။)

' အေး အဲဒါကြောင့် သူတို့စာကျက်တာဗျ။ အခုလည်းပဲ ဒါမျိုးမှတ်ရတယ်။ သည်တော့ အခုတွင်ကလို အပါယ်မရောက်ချင်ဘူး ဆိုရင် ဘယ်လိုတုန်း၊ နေရင် အပါယ် မရောက်ဘူးမနေရင်တော့ သေသေချာချာ ရောက်မှာပဲ။ ဒါတွေဟာ ရပြီးသား ဆိုတော့ အမှတ်ရလွယ်ပါတယ်။

ဒါကြောင့် သေသေချာချာ ဖြည့်ကြ။ သူများပြောတာက တော်အောင် ပြောနေကြတာ။ အခု ဒကာကြီးတို့ ပြောကြတယ်မဟုတ်လား၊ ကျောင်းဒကာကြီး သီလရှိတယ်၊ သမာဓိ ရှိတယ်နှင့် မပြောကြဘူးလား။ (ပြောပါတယ်ဘုရား။)

အေး ဘယ်သူဘာပြောပြော အခုလိုနေရင် အခုလည်း ကောင်းတယ်နောင်လည်း ကောင်းတယ်။ မနေရင် ဘယ်တော့မှ မကောင်းဘူး။ အောက်ရောက်မှာချည်းပဲ။ ဒါ ဖြောင့်ဖြောင့်မဟုတ်လား။ (ဖြောင့်ဖြောင့်ပါဘုရား။)

ဒါသာ မှတ်ထားကြဗျ။ သူများအားကိုးလို့ မဖြစ်ဘူးဗျ။ ငါသိပါတယ်ဆိုရင် သည် အတိုင်းလုပ်ကြ။ သိပါတယ်ဆိုပြီး အလုပ် မလုပ်ဘဲနေရင် သည်လူကြီးဟာ ဘယ့်နှယ်လဲ၊ ဘယ်ရောက်မှာလဲ။ (အပါယ်ရောက်မှာပါဘုရား။)

အဲဒါ ဖြောင့်ဖြောင့်ပဲဗျ။ အေး ဒါကြောင့် အခုနလို သွားကြ။ ကိုယ့်အတွက် သည်လို ထူထောင်ပြီးယူကြ။ ဒါပဲ တတ်နိုင်တာပဲ။ ဘုရားရှင်လည်း အခုလိုပဲ ညွှန်ကြား ဆုံးမတော်မူမှာပဲ။ လုပ်ပါလို့ မပြောဘူးဗျ။ (မပြောပါဘူး ဘုရား။)

ဥပမာ အခုလို ပြောပါတယ်ဗျ။ တို့က ရေသောက်ချင်လိုက်တာလို့ ပြောတယ်။ သည်တော့ ဒကာကြီးများက သည်ရဟန်း သနားပါတယ်။ ရေသောက်ချင်လှပြီ။ သူလည်း မသောက်ဘူး။ သည်တော့ ငါတို့က သောက်ပေးပါ့မယ်ဆိုပြီး သောက်ပေးရင် ဒီရဟန်း ရေသောက်ချင်တာ ပျောက်မလား။ (မပျောက်ပါဘူးဘုရား။ သောက်တဲ့လူသာ ၀မှာပဲဘုရား။)

အေး မဖြစ်ဘူး။ သည်လိုလုပ်မယ်ဆိုရင် အခုနလို ပျင်းနေတယ် ဆိုရင် သာသာ ပျင်းချင်ပျင်းကြ ဆိုပြီး ဘုရားရှင်က ဝီရိယတွေ အများကြီးရှိတာ၊ သည်ကောင်ချည်းပဲ လုပ်ပေးမယ်ဆိုပြီး လုပ်ပေးမှာပေါ့။ သည်လိုလုပ်လို့ မဖြစ်ဘူးဗျ

ဒါကြောင့် ဝီရိယတွေနှင့် သည်လိုဆောင်ကြဗျလွယ်လိုက်တာဗျာ။ အခုအချိန် အခါထက် လွယ်တာ မရှိပါဘူးဗျ။ ဒါကြောင့် ကိုယ်တွင်မက အကုန်လုံးကို သည်လို ဖြစ်ပါတယ်ဗျ။

ဆောင်ရမည်ဆိုတာမှာလည်း မမေ့မလျော့ဘဲ အပ္ပမာဒ တရားဆိုတာ သည်ရုပ်နှင့် သည်နာမ်ကို လိုလားတော့ တစ်သိတည်း သိနေရင် ဒါမမေ့တာဘဲဗျဝိဇ္ဇာဆိုတာ သည်လိုထားရင်၊ ရုပ်နှင့် နာမ်ကိုသိနေရင် ဒါ ဝိဇ္ဇာခေါ်တာပဲ

သည်တော့ ကိုယ်လိုချင် နှစ်သက်တဲ့ ဗောဓိဟာ မှန်းထားတဲ့အတိုင်း ကြီးတာပဲဗျ။ ဒါကြောင့် ရှေးအရှင်တွေကဲ့သို့ အအားအနား မထားဘဲ ထူထောင်ကြ၊ ဆောင်ယူ ကြဗျား

(ဝေဘူဆရာတော်)

စာညွှန်း -
ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိနှင့် ကျင့်စဉ် -
မောင်ကျော်ညွန့် (မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ)

အပ္ပမာဒေန သမ္ပာဒေထ

▬▬ஜ۩۞۩ஜ▬▬

[ဤတရားတော်ကို ဝေဘူဆရာတော်ဘုရားကြီးသည် ၁၉၅၅ခု၊ မေလ ၁၃ ရက်နေ့ည၌ ရန်ကုန်တက္ကသိုလ် ဓမ္မာရုံတွင် ဟောကြားတော် မူသည်။ ဆရာတော်ဘုရားကြီးသည် ယခုတရားတွင် ဝိပဿနာကမ္မဋ္ဌာန်း ကျင့်ကြံ အားထုတ်နည်းကို အဓိကထား၍ ဟောကြားတော်မူပါသည်။ နှာသီးဖျားတွင် ဝီရိယနှင့် ထူထောင်ပြီး ထားမည်ဆိုလျှင် ဘုရား ပိဋကတ်သုံးဖြာ အကုန်လုံးပါဝင်မည် ဖြစ်ကြောင်း၊ ထိ, သိကို တစ်ဆက်တည်း မှတ်နေလျှင် စိုးရိမ်ကြောင့်ကြ ပူပန်မှုမရှိ၊ နာရမည်ကိုလည်း မကြောက်၊ သေရမည် ကိုလည်း မကြောက်၊ အပါယ်သို့လည်း မကျနိုင်ပုံများကို ပမာဆောင်၍ ဟောတော် မူပါသည်။]

ဝေဘူဆရာတော် အရှင်မြတ်သည် ပထမရှေးဦးစွာ ရှစ်ပါးသီလ ပေးပြီးနောက် အောက်ပါအတိုင်း တရားတော်ကို ချီးမြှင့်ပါသည်။

တရားနာခံအဖြစ် ဦးလှက ဆောင်ရွက်သည်။

မေး။   ။ နေရာလပ်ပြီး တိုးမှာလား။

ဖြေ။   ။ တစ်ဆက်တည်း တိုးမှာပါဘုရား။

မေး။   ။ တစ်ယောက်တစ်မျိုးလုပ်မှာလား။

ဖြေ။   ။ တစ်ယောက်တစ်မျိုး မဟုတ်ပါဘူးဘုရား။ ရှေးအရှင်ကောင်းများကတော့ တပည့်တော်တို့လို နားနားမနေပါဘူးဘုရား။

မေး။   ။ ဒကာကြီးကို ဘယ်သူက နားတယ်လို့ ပြောသလဲ။

ဖြေ။   ။ တပည့်တော်တို့က နားနားနေတော့ အရှင်ဘုရား ဟောလိုက်တာနှင့် လာကိုက်နေလို့ လျှောက်တာပါဘုရား။

ဘယ်သူမှ သူ့ကို နားတယ်လို့ မပြောဘူးဗျ။ အေး သည်တော့ ဘယ့်နှယ်လဲဆိုရင် မအားနိုင်ဘူးဗျ။ မျက်မှောက် ကြည်ညိုရတယ် ဆိုပြီးတော့ ဘုရားထံမှောက်ကို ရောက်တော့ အတုအတူမရှိတဲ့ ဘုရားရှင် အသရေတော်ကို ဖူးရ တွေ့ရတဲ့ အခါ ကျတော့ ဤမျှမကသေးဘူးကိုးဗျ။

တစ်ခါတည်းပဲ မပြောင်းချင်၊ မရွှေ့ချင်အောင်တဲ့ဗျ။ အဲသည်လိုတဲ့ဗျ။ သည်အခါ ကျတော့မှ ဘုရားရှင်သည် သဗ္ဗညုတ ရွှေဉာဏ်တော်ဖြင့် လျှော်တဲ့အချိန်မှာ ဆင်းရဲမှ လွတ်မှုကို ညွှန်ကြားဆုံးမပြီးတဲ့ အခါကျတော့ အဲသည်မှာ အကုန်လုံး မှန်းထား၊ ရည်ရွယ် ထားတဲ့ အတိုင်းတွေဟာ ခဏ တစ်မဟုတ်ချင်း ပြီးကြတာတဲ့ဗျ။ အဲဒါ ဘာ ကြောင့်လဲဆိုရင် သန့်ပြန့်စင်ကြယ်ပြီးသား ကတော့ကို ဘယ်လိုများ ပြုရသလဲဆိုရင် သန့်ပြန့်စင်ကြယ်နေတာ တစ်ဝက်ဗျ။

မေး။   ။ အညစ်အကြေး မရှိတဲ့ အဝတ်များဟာ ကိုယ်အလိုရှိတဲ့ အသွေး အရောင် အဆင်းဆိုတာ ဘယ်သင်းများလဲဗျ။

ဖြေ။   ။ အနီ၊ အဝါ၊ အညို ကြီးပါပဲ ဘုရား။

မေး။   ။ အဲဒီလို အများကြီးမှာ ကိုယ်နှစ်သက်တဲ့ အသွေးအရောင်ကို အညစ်အကြေး မရှိတဲ့၊ သန့်ပြန့်စင်ကြယ်နေတဲ့ အဝတ်ကို ဆိုးမယ်ဆိုရင် ဘယ့်နှယ်တုန်းဗျ။

ဖြေ။   ။ အဝတ်ဖြူနေရင် ကိုယ်လိုချင်တဲ့ အသွေးအရောင် ဆိုးလို့ ရပါတယ် ဘုရား။

မေး။   ။ အခုဆိုး ဘယ့်နှယ်လဲ။

ဖြေ။   ။ ချက်ချင်း အရောင်ရပါတယ်ဘုရား။

မေး။   ။ အေး - အဲဒီလိုပဲတဲ့ဗျ။ သန့်ပြန့်စင်ကြယ်နေတော့ သည်လိုဖြစ်လာတဲ့ဗျ။ တို့ ဟိုထမင်းဟင်းချက်ရာမှာ ဟိုဟာကိုဖြင့်လည်း လက်နှင့်ချီပြီးကိုင်၊ သည်ဟာကိုဖြင့် လက်နှင့် ချီပြီးကိုင်ဆိုတာ အဲဒီအ၀တ်က ဘာလဲဗျ။

ဖြေ။   ။ လက်နှီးစုတ်လို့ ခေါ်ပါတယ်ဘုရား။

မေး။   ။ အေး - အဲဒီလက်နှီးစုတ်ကို ယခုနလို ကိုယ်နှစ်သက်တဲ့ အသွေးအရောင် ဆိုးရင် ဘယ့်နှယ်လဲ။

ဖြေ။   ။ အဝါရောင်ဆိုးလို့လဲ မရဘူး ဘုရား။

မေး။   ။ ဘာဖြစ်လို့လဲ။

ဖြေ။   ။ အစကတည်းကိုက ညစ်နေတော့ အဝါရောင် ပေါ်မယ် မဟုတ်ပါဘူး ဘုရား။

မေး။   ။ သည့်ပြင်အသွေးကောဗျ။ အနီရောင်ကောဗျ။

ဖြေ။   ။ အနီလည်း ပေါ်မှာ မဟုတ်ပါဘူး ဘုရား။

မေး။   ။ အပြာကော။

ဖြေ။   ။ အပြာလည်း ပေါ်မှာ မဟုတ်ပါဘူးဘုရား။

မေး။   ။ အနက်ကောဗျ။

ဖြေ။   ။ အနက်တော့ဖြင့် ထပ်တူထပ်မျှ ပိုမိုပြီး နက်မယ်လို့ ထင်ပါတယ်ဘုရား။

မေး။   ။ အစိမ်းကောဗျ။

ဖြေ။   ။ အစိမ်းလည်း ပေါ်မယ် မဟုတ်ပါဘူးဘုရား။

မေး။   ။ ဘယ်လိုကြောင့်လဲဗျ။

ဖြေ။   ။ အောက်ခံကိုက မည်းညစ်နေလို့ပါ ဘုရား။

မေး။   ။ အဲသည်အ၀တ်ကို ကိုယ်ကြိုက်နှစ်သက်တဲ့ အသွေးအရောင်ကလေး ဆိုးချင်တယ်ဆိုရင် သည်အတိုင်းတိုင်း ဆိုးလို့ ရမလား။

ဖြေ။   ။ မရပါဘူးရား။

မေး။   ။ ဘယ့်နှယ်ပြုရမလဲ။

ဖြေ။   ။ ဆပ်ပြာနှင့်ဘာနှင့် တကယ့်ကို ဖြူသွားအောင် ပြုတ်ပစ်ရမှာပါ။

မေး။   ။ အဲသည်လို လျှော်လိုက် ဖွတ်လိုက်ရင် ယခုန ပြောသလို သန့်ပြန့် စင်ကြယ်ပြီး ဖြူမယ်၊ ဖွေးမယ် မဟုတ်လား။ ဖြူဖွေးလာမယ် မဟုတ်လား။ ဒီလို ထပ်တူထပ်မျှ ဖြူဖွေးလာတဲ့အခါကျတော့ ကိုယ်လိုချင်တဲ့ အသွေးအရောင် ဆိုးလို့ မရလာဘူးလားဗျ။

ဖြေ။   ။ ရပါတယ်ဘုရား။

ယခုလည်း ဘုရားဆုံးမတဲ့ အဆုံးအမကို လိုက်နာပြီဆိုတော့ သန့်ပြန့် စင်ကြယ် ကြတယ်။ ဘုရားရှင်ကို ကြည်ညိုပြီးတဲ့အခါမှာ အဲဒီလို ကြည်ညိုလို့ တည်တဲ့အခါမှာ ဘုရားရှင်သည် သဗ္ဗညုတ ရွှေဉာဏ်ရှင် ဖြစ်သောကြောင့် အဲသည်အချိန်မှာ ဆုံးမတော်မူတာကိုးဗျ။ အဲဒါကြောင့် ချမ်းသာသုခ ရကြတယ်။ ရကြတော့ စိတ်နှလုံး အလိုပြီးတာ သိတော့ ဝမ်းသာတာပေါ့လေ။

အဲဒီတော့ ငါတို့မှာတော့ ချမ်းသာသုခတွေ ရပြီးပြီ။ အားလုံးကိုလည်း ထပ်တူထပ်မျှ များစွာသော လူ နတ် ဗြဟ္မာ တွေကိုလည်း ရစေချင်တယ်။ ရအောင် ပြုမယ်ဆိုတော့ ရအောင်ကလည်း လုပ်တတ်တာကိုး။ သိတာကိုး။ ဘယ့်နှယ်ပြုသလဲ ဆိုတော့ ဘုရား သာသနာ တည်ပြီ ဆိုမှဖြင့် တည်တည်ကြောင်းကို ဘယ်လို ပြုရမလဲဆိုတာ ကျောင်း သင်္ကန်း ဆွမ်း ဆေးနှင့် အဲဒီလိုဟာတွေနှင့် ပြုရမယ်ဆိုတာ သိတယ်။

သိတော့မှ ခဏတစ်မုဟုတ်ချင်း မြင်တာပေါ့ဗျ။ သိတော့မှ ယခု ထန်းတော ဥယျာဉ် ထက်သာတဲ့ ဝေဠုဝန် ဥယျာဉ်ကြီးကို ဘုရားရှင်အား ပြည့်ပြည့်စုံစုံ လုံလုံ လောက်လောက် ပြုပြီး အမြတ်ဆုံးကို ပူဇော်သတဲ့ဗျ။

ပူဇော်တော့ သည်နေရာ၌ပင်လျှင် သီတင်းသုံးတော်မူတယ်။ သီတင်းသုံး တော်မူတဲ့ အခါကျတော့ လူရော၊ နတ်ရော အားလုံးတို့ဟာ ဘုရားရှင်ထံမှောက်မှာ မရှိတဲ့အချိန် ရယ်လို့ ရှိသလားဗျ။ (မရှိပါဘူးဘုရား)။

မေး။   ။ အဲဒီလို ရောက်ကြတဲ့ လူ နတ် ဗြဟ္မာ တွေဟာ တောင့်တတဲ့အတိုင်း စိတ်နှလုံး အလိုမပြီးတာများ ရှိသလားဗျ။

ဖြေ။   ။ အကုန်လုံး ပြီးပါတယ်ဘုရား။

မေး။   ။ အဲဒီလို အချိန်တိုင်း အချိန်တိုင်းမှာ များစွာသော လူနတ်ဗြဟ္မာတို့၏ အစီးအပွား များတာကို မြင်တော့မှ ယခုနလို ရာဇဂြိုဟ်ပြည်ကြီး ရဲ့ အရှင်သခင် ဘုရင် ဗိမ္ဗိသာရမင်းကြီးဟာ ဘယ့်နှယ်လဲ။ လောက်ပြီဆိုပြီးတော့ အားရမှာလား။

ဖြေ။   ။ အားမရ မတင်းတိမ်နိုင်ပါဘူး ဘုရား။

မေး။   ။ သည်လောက်တွင် မဟုတ်ဘူး၊ သည့်ထက်တိုး ရဦးမယ်ဆိုပြီး တောက် လျှောက်ကြီး တိုးတာပဲတဲ့ဗျ။ ဟုက်ကဲ့လားဗျ။

ဖြေ။   ။ ဟုတ်ပါတယ်ဘုရား။

မေး။   ။ တိုးလေလေ ဘယ့်နှယ်လဲ အားလုံးတို့ကလည်း မှန်းသလောက် မကဘဲ တိုးတိုး သွားတော့တာပဲဗျ။ အဲဒါ တစ်ဦး တစ်ယောက်တည်းက သည်လို ပြုတာ လားဗျ။ များလိုက်တဲ့ အစီးအပွားတွေဟာ ဒါတွေ အကုန်လုံးရတာတဲ့ဗျ။

(ရပါတယ်ဘုရား)။

ထပ်တူထပ်မျှ ရစေချင်

▬▬▬▬▬▬▬▬

ဒါဟာ အချိန်ဘဝ ကောင်းကြပြီဆိုတော့ ဝီရိယကောင်းတဲ့ လူနတ် ဗြဟ္မာအပေါင်း တို့ဟာလည်း ဒီလို တစ်ခါလောက် နေရာကျလိုက်ရင် အစီးအပွား များလိုက်ပြီဆိုရင် သူတော်ကောင်း အသီးသီးတို့ဟာ ကိုယ်တင်မျှမက အားလုံးတို့ကို ထပ်တူညီမျှ များစေချင်ပြီး အားရှိသလောက် တသီတတန်းကြီး အကုန် ဆောင်ကြတော့တာပဲဗျ။

အဲဒီလို ဆောင်ရွက်ကြတာချည့်ပဲလို့ ရွက်ဆောင်ပြီးပြီဆိုမှဖြင့် အကုန်လုံးကိုတော့ ထပ်တူထပ်မျှ အသီးသီးတို့ဟာ အစီးအပွား ရကြပြီဆိုတော့ အေးအေးနေတာ မဟုတ်ဘူး။ အားလုံးတို့ကို ထပ်တူထပ်မျှ ရစေချင်တယ်။ ရစေချင်ပြီးတော့ ရလောက် အောင် အစဉ် လိုက်နာအောင် ဆိုပြီးတော့ ဘုရားဆုံးမတာတော့ သိထားတယ်။

သိထားပြီးတော့ လိုက်နာကြရမယ်။ လိုက်နာရမှာ။ ဘယ်လို လိုက်နာရမှာလဲဆိုရင် မေးမနေရဘူး။ သည် အရှင်မြတ်တွေဟာ တစ်ခါတည်း ဆုံးမတဲ့အတိုင်းဟာ လိုက်နာ ပြီးတော့ ကိုယ်နှင့် နှုတ်နှင့် စိတ်နှင့်တွေ့ပြီးတော့ အဲလိုဖြစ်တာကိုးဗျ။ အဆုံးအမ ရကြတဲ့ အရှင်တွေက ဤကဲ့သို့ ကိုယ်နှုတ် ဝီရိယတို့ဟာ ရှေးက သွားတဲ့ အရှင်တွေ မြင်ရတော့ လိုက်တာပေါ့ဗျ။

အဲဒီလိုဆိုတော့ ရှင်သာရိပုတ္တရာထံ ရောက်တဲ့ အရှင်တွေကလည်း ရှင်သာရိပုတ္တရာ နှင့်အတူတူ ရှင်မဟာမောဂ္ဂလာန် ထံရောက်တဲ့ အရှင်တွေကလည်း ရှင်မောဂ္ဂလာန်နှင့် အတူတူ နေရာကျတာပဲဗျ။ ရှင်မဟာကဿပထံ ရောက်ကြတော့လည်း အတူတူ နေရာကျပါသတဲ့ဗျ။ ညီတော် ရှင်အာနန္ဒာဆီ ရောက်ရင်ကောဗျာ။

ဖြေ။   ။ သည်အတိုင်းပါပဲဘုရား။

အကုန်လုံးဗျ။ သူတို့ဟာ မြင်ရလို့ရှိရင် အားမရနိုင်သေးဘူးတဲ့ဗျ။ အဲဒါ အတုခိုးပြီး လိုက်ကြတာဗျ။ အမှန်ကိုးဗျ။ တို့ဥပါသကာ-ဥပါသကီ ဖြစ်တဲ့ အနာထပိဏ်တို့ထံ ရောက်တော့ကော။

ဖြေ။   ။ သည်အတိုင်းတိုင်းပါပဲဘုရား။

မေး။   ။ ဝိသာခါ ဒကာမကြီးထံ ရောက်ပြန်တော့ကော။

ဖြေ။   ။ သည်လိုပြီးမြောက်တာပဲဘုရား။

မေး။   ။ ဝိသာခါ ဒကာမကြီးဟာ ကိုယ်ရောနှုတ်ရော စိတ်ရော ဘုရားဆုံးမတဲ့ အဆုံးအမရပြီး အကုန်တည်နေတာကိုးဗျ။ သူ့အချိန်ဟာ ဘယ်အခါမှာ အအားအနား ရှိသေးသလဲ။

ဖြေ။   ။ အအား အနား မထားပါဘူး ဘုရား။

မေး။   ။ ဘုရားသခင်ကို လေးစားကြည်ညိုနေပြီး နေတာဗျ။ အဲဒီလိုကြည်ညို ပြီးနေတော့ သူ့မှာ အချိန်တိုင်း အချိန်တိုင်း ရတနာသုံးပါးရဲ့အမှု ကိစ္စကို မပြုတဲ့ အချိန်ရယ်လို့ ရှိရဲ့လားဗျ။

ဖြေ။   ။ မရှိပါဘူးဘုရား။

မေး။   ။ စိတ်ကလည်း အဲဒီလိုပြုရင်း နေတာဗျ။

ဖြေ။   ။ ဟုတ်ပါတယ်ဘုရား။

မေး။   ။ နှုတ်ကကော။

ဖြေ။   ။ နှုတ်ကလည်း ဖြူစင်ဖြောင့်မတ်နေပါတယ် ဘုရား။

မေး။   ။ ရတနာသုံးပါးရဲ့ အမှုကိစ္စကို စိတ်ကလည်း စီစဉ်နေတော့တာပဲ။ နှုတ်ကကောဗျာ။

ဖြေ။   ။ နှုတ်ကလည်း ဖြောင့်မတ်စွာ ပြောဆိုနေပါတယ်ဘုရား။

အဲသည်တော့ အကုန်လုံး ကြည့်လိုက်ရသည်ရှိသော် ဘယ်နည်းဖြစ်သလဲ ဆိုရင် အားလုံးတို့ဟာ ရပ်နေတုန်း ကြည့်လည်း အားမရပါဘူးတဲ့ဗျ။ ဘယ်လို အားမရသလဲ ဆိုတော့ တို့အရှင် သခင်မကြီးဟာ သည်လို မတ်တတ်ရပ်ပြီး နေပါစေတော့တဲ့။ ကြည့်ကောင်းလို့ တဲ့။ ကြည့်ကောင်းမှာပေါ့။ သူရပ်နေရင်းလည်း ဘုရားဆုံးမတဲ့ အဆုံးအမတို့ကို မလွတ်ဘူးဗျ။ (ဟုတ်ပါတယ်ဘုရား)။

မေး။   ။ ယခုန ဒကာကြီး ဒကာမကြီး ထားဆိုတော့ ထားလိုက်ကြတယ် မဟုတ်လား။

ဖြေ။   ။ ထားလိုက်ပါတယ်ဘုရား။

မေး။   ။ ထားလိုက်တော့ နေတာမဟုတ်လား။

ဖြေ။   ။ နေပါတယ်ဘုရား။

အဲဒီ အနေကလေးကို မလွတ်ရဘူးတဲ့ဗျ။ (တင်ပါ့ဘုရား)

အဲဒီလိုမလွတ်လို့ သာသာကလေး ထိုင်နေဖို့ မဟုတ်ဘူး။ ဘုရားရှင် သာသနာ တည်ရာ တည်ကြောင်းဖြစ်တဲ့၊ နှစ်သက်ဖွယ်၊ မြတ်နိုးဖွယ်ဖြစ်တဲ့ သူက တစ်ဦးတည်း ပြုမယ် ဆိုပြီးပြုတာဗျ၊ သည်တော့ စိတ်ကလည်း သည်လိုဆောက် တည်ထားပြီး အဲဒါတွေကို ပြုနေတာဖြစ်တော့ ယခုနဟာကလေး ပါရက်ပဲဗျ။

မတ်တတ်ရပ်လည်း သည်အတိုင်းတိုင်း ရှိတာ မဟုတ်ဘူး။ ယခုနပြောတဲ့ ရတနာ သုံးပါး အမှုကိစ္စတွေကို ဆောင်ဖို့ရာ ရပ်တာဗျ။ မတ်တတ်ရပ်ပြီး ဆောင်တာဗျ။ သည်တော့ ဟိုဟာလည်းပါ သည်ဟာပြုဆိုတော့ ပြုံးရွှင်ကြည်ပြီးနေတော့ ဘယ့်နှယ် နေလိမ့်မလဲ။ (ပျော်နေမှာပဲဘုရား။)

မေး။   ။ ဘေးနားက ကြည့်တဲ့လူကရော။

ဖြေ။   ။ ဘေးနားက ကြည်နေတဲ့လူကလည်း အားရတင်းတိပ်ခြင်း မရှိပါဘူး ဘုရား။

အေး၊ အဲဒါကြောင့် တို့အရှင်သခင်မကြီးဟာ မတ်တတ်ရပ်နေတာ သည်လိုသာ ရပ်နေပါစေလို့ ပြောတာဗျ။ လမ်းသွားနေရင်လည်း တို့အရှင်သခင်မကြီး သည်လိုသာ တသွားတည်း သွားနေပါစေတဲ့ဗျ။ အဲဒါကို ကြည့်လို့ ကောင်းလို့တဲ့ဗျ။

သူ့ကျေးကျွန်တွေနှင့် အကုန်လုံး စီမံခန့်ခွဲတဲ့အခါမှာ အသံကြားလိုက်တဲ့ အခါမှာလည်း သည်လိုသာ တခေါ်တည်း ခေါ်နေပါစေတဲ့။ ခိုင်းတဲ့နေရာမှာလည်း ငါ့ကိုသာပဲ တစ်ခါတည်း ခိုင်းနေပါစေတဲ့။ သည်လို စိတ်ဖြစ်နေတော့ ခိုင်းတဲ့နေရာမှာ မလုပ်ဘဲ နေမှာလား။

ဖြေ။   ။ အင်မတန် အားရဝမ်းသာနှင့် လုပ်မှာပါဘုရား။ သူတို့က ခိုင်းဖို့တောင် မျှော်နေမှာပဲဘုရား။

မေး။   ။ ခိုင်းလိုက်တဲ့အခါကျတော့ လုပ်ချင်နေတဲ့လူကို ခိုင်းတော့ ဘယ့်နှယ်လဲ။

ဖြေ။   ။ အင်မတန် ပြီးမြောက်အောင် အားရဝမ်းသာနှင့် လုပ်မှာပါပဲဘုရား။

မေး။   ။ သူတို့ တတ်သလောက် ချန်ထားဦးမလား။

ဖြေ။   ။ မချန်ပါဘူးဘုရား။

သူတို့လည်း မတတ်တာ ဘယ်ရှိမှာ မဟုတ်ပါဘူး။ အဲသည်တော့ ဘုရားရှင်လည်း ကြည်ညို၊ ဝိသာခါ ဒကာမကြီးကိုလည်း လေးစားကြည်ညိုစွာနှင့် လုပ်ကြတော့ သူတို့မှာ ဘယ်နှယ်လဲ့ ပန်းမှု၊ နွမ်းမှု ရှိပါဦးမလား။

ဖြေ။   ။ မရှိပါဘူးဘုရား။

မေး။   ။ ဘုရားရှင် ကြည်ညိုတာက တစ်မျိုး၊ ပြီးတော့ အနှစ်သာရနှင့် ပြည့်စုံတဲ့ လိုက်နာလို့ တိုးတက်တဲ့ဟာက တစ်မျိုးဆိုတော့ ဘယ့်နှယ်နေမလဲ။

ဖြေ။   ။ အင်မတန် ပြီးမြောက်သွားမှာပါဘုရား။

အဲသည်လို တပျော်တည်း ပျော်နေတာတဲ့ဗျ။ သူတို့မှာတော့ အကုန်လုံးဟာ မရပ်ပါစေနှင့်၊ သည်အတိုင်းပဲ နေပါစေ၊ ငဲ့ငဲ့စောင်းစောင်း နေရင်လည်း ငဲ့ငဲ့ စောင်းစောင်းကလေးပဲ အားမရနိုင်ဘူးတဲ့ဗျ။ ခိုင်းနေပြန်လည်း တစ်ခိုင်းတည်း ခိုင်းနေပါစေတဲ့။ ခေါ်ပြန်လည်း တခေါ်တည်း ခေါ်နေပါစေ။ ရပ်သွားမှာကိုပဲ စိုးရိမ်နေသတဲ့ဗျ။

ဘာကြောင့် သည်လိုဖြစ်သလဲဆိုရင် သူက ကိုယ်ကောင်း စိတ်ကောင်း၊ နှုတ်ကောင်း ဖြစ်နေတာကိုးဗျ၊ ပြီးတော့လည်း ဘုရားရှင်ကိုလည်း အကုန်လုံး ပူဇော်လိုတဲ့စိတ်၊ သူတို့တစ်တွေလည်း ထပ်တူညီမျှခြင်း ထားစေချင်တဲ့ စိတ်နဲ့ကိုး။ သူ့ဟာက ပြောလို့ မကုန်နိုင်ဘူးတဲ့ဗျ။ သည်တော့ သူတို့ဟာ ဘယ်တော့မှ အားမရနိုင်ဘူးတဲ့ဗျ။

အနာထပိဏ်တို့လည်း သည်လိုပဲတဲ့ဗျ။ အရှင်မြတ်တွေဖြစ်ကြတဲ့ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ကလည်း အခုလို ဘုရားရှင်ကို ကြည်ညိုလေးစားပြီး လိုက်နာလိုက် ကြတာ ဘာမှု မချို့ယွင်းဘူးတဲ့ဗျ။ ပြီးတော့လည်း သူတို့နှင့် ထပ်တူညီမျှ အားလုံးကို ရချင်တယ်။ သည်တော့ ဘယ်တော့မှ အားမရ မရောင့်ရဲနိုင်ဘူးတဲ့ဗျ။ ပြုလိုက်တာ ဟူသရွေ့ ကလည်း လူရောနတ်ရော အကုန်လုံး သဘောကျချည့်ပဲတဲ့ဗျ။

ညီတော်အာနန္ဒာတို့များ ဘုရားအနားမှာ အလုပ်အကျွေးအဖြစ်နှင့် အကုန်လုံး ဘုရားရဲ့ အမှုကိစ္စတွေကိုလုပ်တယ်။ ဘုရားရဲ့ အမှုကိစ္စတွေ ဆိုတာက ဘုရားရှင်ကို အမျိုးမျိုး အဖြာဖြာ မြတ်နိုးပြီးပြုတာ။ ဘုရားရှင် ထံမှောက်သို့ ရောက်လာကြတဲ့ အားလုံးသော လူတွေ၊ အရှင်တွေ၊ နတ်တွေ၊ ဗြဟ္မာတွေ အကုန်လုံး သဘောကျချည်းပဲ ပြုရတယ်။

ဒါတွေကို အကုန်လုံး သူပြုတတ်တယ်။ ပြောပုံ၊ ဆိုပုံ၊ ထားပုံ၊ သိုပုံ၊ ထိုင်ပုံ အကုန်လုံး ပေါ့ဗျာ။ ဘာကြောင့်လဲဆိုရင် ချမ်းသာ သုခတွေ ရစေချင်တာကိုးဗျ။ ဘုရားရှင်အပေါ် မှာလည်း ချစ်ခင်လေးစား ကြည်ညိုတာမှာ သူ့လို ဘယ်သူမှ မရှိဘူးတဲ့ဗျ။ အာနန္ဒာအပြင် မရှိဘူးတဲ့ဗျ။

ပြီးတော့ ဌာနာဌာနကောသလ္လဉာဏ်ကလည်း ရှိတယ်။ နေပုံ ထိုင်ပုံကလည်း ဘုရား အနားတော်မှာနေပြီး လုပ်ရတာ ကိုင်ရတာကိုပဲ နှစ်သက်လိုက်တာတဲ့ဗျ။ ပြီးတော့ ဘုရား အနားတော်မှာလည်း လူတွေ နတ်တွေ ဗြဟ္မာတွေ အစားစား ပရိသတ်တွေ ရှိတယ်။ အဲဒါ သူ တစ်ခွန်းပြောလိုက်ရင် အားလုံး လူ နတ် ဗြဟ္မာတွေ အကုန်လုံးက နှစ်သက်တာချည်းပဲဗျ။

ပရိသတ်တွေမှာလည်း အမြင့်အမြတ် အစားစားတွေ ရှိတယ်။ အဲသည် အစားစားတွေ အားလုံးဟာ တစ်ပြိုင်တည်း သဘောကျတာ ချည်းပဲဗျ။ သူလုပ်လိုက်တာ သူပြောလိုက်တာ၊ သူစီမံလိုက်တာ အဲသည်ကိစ္စတွေ အားလုံးမှာလည်း သူက သေသေချာချာကို တတ်ပြီးသားချည်ပဲကိုး။ သူ လုပ်လိုက်တာကလည်း ဘုရားရှင်ရဲ့ အလိုတော်ကျချည်းပဲတဲ့ဗျ။

အားလုံး သူတတ်တာချည်းပဲ။ မတတ်တာမရှိဘူး။ ဘယ်ဟာမှ မဖြစ်ဘူးဆိုတာမရှိဘူး။ အားလုံးတို့ထက် သာတာချည်းပဲဗျ။ ဒါကြောင့် ဘုရား အနားတော်မှာ ဧတဒဂ် ရပြီးတော့ ဘုရားရှင်ကတောင် ချီးမွမ်းရသေးတာဗျ။

သည့်ပြင် လူ နတ် ဗြဟ္မာတွေက မချီးမွမ်းဘဲ နေမလား။ မချီးမွမ်းတဲ့ လူ နတ် ဗြဟ္မာ ရယ်လို့ မရှိဘူးတဲ့ဗျ။ ဘုရားရှင်ကတော့ ဘယ်ဟာမှု အကြွင်းအကျန်မရှိ၊ အတုအတူ မရှိပါတဲ့ သဗ္ဗညု အရှင်သခင်ကပင်လျှင် နှစ်သက်တယ် ဆိုတော့ ဘာမှမလိုလို့ နှစ်သက်တာဗျ။ အခု ဒကာ ဒကာမကြီးများ သိထားတယ် ဆိုတာက ဘာမှ ပြောလောက်တာ မဟုတ်ဘူး။ (မပြောလောက်ပါဘူးဘုရား။)

တည့်တော့ ဒါလုပ်တယ်ဆိုရင် ဟိုကလို၊ သည်ကလိုဆိုရင် သူများမတည့်တာပဲဗျ။

ဖြေ။   ။ တပည့်တော်တို့က ဘာမှ သည်လောက် မသိသေးပါဘူးဘုရား။ နည်း မှန်မှန်ကို မရကြသေးပါဘူးဘုရား။

အခုနလို ဘုရားအလိုတော်ကျသာလုပ်ဗျ။ (တင်ပါ့ဘုရား။)

အေး၊ အဲသည်လိုသာ ဆောင်သွားမယ်ဆိုရင် ဖြစ်တာပေါ့။ ကိုယ်သိတာကိုလုပ်ပါဗျ။ မသိတာ နေပါစေ။

လျှောက်။   ။ ဘုရားရှင် လက်ထက်တုန်းက ပုထုဇဉ်၊ ဗုဒ္ဓဘာသာ မဖြစ်သေးတဲ့ ပုဂ္ဂိုလ်များကို မည်ကဲ့သို့ တရားစ ဟောပါသလဲ ဘုရား။

ဘုရားရှင်ထံမှောက် ရောက်ပြီဆိုတော့ ဘုရားရှင်ရဲ့ အသရေတော်ဟာ လူတွေ နတ်တွေ ဗြဟ္မာတွေမှာ မကြည်ညိုတဲ့သူ မရှိဘူးတဲ့ဗျ။ ကြည်ညိုတာမှာလည်း အားကိုး မရနိုင်ဘူးတဲ့ဗျ။ တစ်မျိုးခိုင်းရတာ တစ်မျိုးဆောင်ရတာ မဟုတ်ဘူး။ ကြည်ညိုပြီ ဆိုမှဖြင့် ဘုရားရှင်ကို ဖူးလို့မှ မရောင့်ရဲနိုင်တာ ဘယ်မှာ ထ သွားဦးမလဲ။

ဖြေ။   ။ သဒ္ဓါတရား အင်မတန် ပြည့်စုံကြပါတယ်ဘုရား၊

မေး။   ။ ဘုရားရှင်က ဘာတဲ့လို့ဆိုရင် ဘယ့်နှယ်လဲ၊ မလုပ်ချင်တာများ ရှိသေးသလား။

ဖြေ။   ။ သေသေချာချာလုပ်မယ့် ဒကာကြီး ဒကာမကြီးတွေပါ ဘုရား။

ရှေးတုန်းကတော့ ဟုတ်တယ်ဗျ။ တစ်မျိုးလုပ်ရတာ မဟုတ်ပါဘူး။ အဲသည် တိုင်းတိုင်းလုပ်တာဗျ၊ ပြီးတော့ ဘုရားရှင်ကလည်း ဘာလဲဆိုတော့ အားလုံးဘို့ ယခု ချမ်းသာ နောင်ချမ်းသာအောင် ကိုယ်တော်တိုင် ထိုးထွင်းပြီး သိတဲ့အတိုင်း သဗ္ဗညုတ ရွှေဉာဏ်ဖြင့် သည်လို ဆုံးမတာဖြစ်တော့၊ အဲသည်မှာ သည်လို ဖြစ်ကုန်တာပဲဗျ။ တစ်မျိုးလုပ်ရတာ မဟုတ်ပါဘူး။

မေး။   ။ အခု ဒကာကြီးများ ဘုရားရှင်ကို ကြည်ညိုလို့ တဲ့ပြီဆိုရင် ဘာလုပ်လိုက်လို့ ပြောရသေးသလား။

ဖြေ။   ။ မပြောရပါဘူးဘုရား။

မေး။   ။ ကဲပါဗျာ။ ဧည့်သည် ဒကာကြီးအိမ် ရောက်ပြီဆိုပါတော့။ ချစ်ခင်တဲ့ ဧည့်သည် ရောက်တော့ ဘာတုန်း၊ ဒကာကြီးက ဘယ့်နှယ်လဲ။

ဖြေ။   ။ ကျွေးမွေးဧည့်ခံပြီး သူ့အလိုဆန္ဒအတိုင်း အကုန်လုံး ပြည့်ဝသွားအောင် ဧည့်ခံပါတယ်ဘုရား။

မေး။   ။ မြင်ကတည်းက ဘယ့်နှယ်လဲ။ သူများ အလုပ်ရှုပ်နေရတဲ့ အထဲမှာ သူက လာပြန်ပြီလို့များ စိတ်ကဖြစ်သလား။

ဖြေ။   ။ သည်လို မဖြစ်ပါဘူးဘုရား။ အားရ၀မ်းသာနှင့် အလုပ်တွေ ချထားပြီး သူ့ရဲ့ အလိုဆန္ဒပြည့်အောင် ဖြည့်ရမှာဘဲ ဘုရား။

မေး။   ။ အိမ်မှာရှိတဲ့ အခင်းအကျင်းတွေ ကတော့ကော ဘယ်လိုလဲ။

ဖြေ။   ။ အိမ်မှာရှိတဲ့ အကောင်းဆုံးဟာတွေနှင့် ခင်းကျင်းပြီး ပြုစုမှာပဲ ဘုရား။

မေး။   ။ စားဖို့ သောက်ဖို့ရောဗျ။ ချန်ထားဦးမှာလား။

ဖြေ။   ။ မချန်ပါဘူး ဘုရား။ ရှိတဲ့ဟာ အကုန်ကျွေးမှာပါဘုရား။

မေး။   ။ အိမ်မှာမရှိတဲ့ဟာကော ဘယ့်နှယ်လဲ။

ဖြေ။   ။ အိမ်မှာမရှိဘူးဆိုရင် တခြားက ဝယ်ပေးမှာပါဘုရား။

မေး။   ။ အိမ်မှာမရှိတဲ့ဟာကို ဧည့်သည်က သိမလား။

ဖြေ။   ။ မသိပါဘူးဘုရား။

မေး။   ။ အိမ်မှာဟင်းက ဘယ်ဟာ အကောင်းဆုံးရှိတယ်၊ ဘာရှိတယ်၊ ညာရှိတယ် ဆိုတာကို ဧည့်သည်က သိပါ့မလား။

ဖြေ။   ။ မသိပါဘူးဘုရား။

မေး။   ။ သည်တော့ သူမှ မသိဘဲနှင့်၊ ဘာနှင့်ပဲ နေပေစေလို့ ဆိုပြီး ထားမလား။

ဖြေ။   ။ မထားပါဘူး ဘုရား။ အင်မတန်ချစ်ခင်လို့ အင်မတန် ပြုစုနေချင်တဲ့ အခါပါဘုရား။

မေး။   ။ သည်တော့ ဘယ့်နှယ်လဲ၊ သိမ်းထားတဲ့ အကောင်းဆုံးတွေ အကုန်ထုတ်ပြီး ဘယ့်နှယ်လုပ်မှာလဲ။

ဖြေ။   ။ သိမ်းထားတဲ့ အကောင်းဆုံးတွေ အကုန်ထုတ်ပြီး တည်ပါတယ် ဘုရား။

မေး။   ။ သူက အဲဒါ ရှိတယ်၊ အဲဒါယူခဲ့လို့ ပြောမလား။

ဖြေ။   ။ မပြောပါဘူးဘုရား။

မေး။   ။ ပြောမှမပြောဘဲ၊ ကိုယ်မစားဘဲ၊ ကိုယ်မခင်းဘဲ သိမ်းထားတဲ့ဟာကို ဘာကြောင့် ထုတ်ပြီးတော့ တည်ရသလဲ။

ဖြေ။   ။ မိမိစိတ်ကိုက အင်မတန် ကြည်ညိုတဲ့ သဒ္ဓါတရား ဖြစ်နေပါတယ် ဘုရား။

မေး။   ။ သူက မိတ်ဆွေရယ်၊ ဘာကလေးတော့ မရှိဘူးလားလို့ ဆိုလိုက်ရင် ဘယ့်နှယ်လဲ။ မတည့်သွားမှာလား။

ဖြေ။   ။ အင်မတန် တည့်ပါတယ်ဘုရား။

မေး။   ။ တည့်ပြီးတော့ကော ဘယ့်နှယ်လဲ။

ဖြေ။   ။ ဝမ်းသာအားရနဲ့ မရရအောင် ရှာပြီး ကျွေးမွေးမှာပါပဲဘုရား။

အေး၊ အဲသည်လိုဗျ။ ဘုရားရှင် ထံမှောက်သို့ ရောက်ကြတဲ့ လူ နတ် ဗြဟ္မာ တွေဟာ သည်လိုနေတာဖြစ်တော့ ဘုရားရှင်ကလည်း အားလုံးတို့အား ပစ္စုပ္ပန် သံသရာ ချမ်းသာအောင် အလွန်ကြီးမားတဲ့ မဟာကရုဏာတော်မေတ္တာတော် နှင့် ဆုံးမတာ ဖြစ်တော့ ဟိုကလည်း သည်လိုနေတော့ အကုန်ပြီးတာပေါ့ဗျာ့။ နားထောင်တာကိုး။

ဖြေ။   ။ နားထောင်တော့ ပြီးပါတယ်ဘုရား။

မေး။   ။ အခုလည်းပဲ ဘုရားရှင်ကို အားလုံးတို့ဟာ ကြည်ညိုကြတယ် မဟုတ်လား။

ဖြေ။   ။ ကြည်ညိုပါတယ်ဘုရား။

မေး။   ။ အဟုတ်ကို ကြည်ညိုလို့ ရှိရင် ဘုရားရှင်က သည်လိုသည်လိုဆိုရင် ဘယ့်နှယ်လဲ။ လုပ်တော့လုပ်ချင်တာပေါ့။ မအားသေးဘူးလို့ လုပ်မှာလား။

ဖြေ။   ။ အားပါးတရ လုပ်ဖို့တော့ အတော် စိတ်ဝင်စားနေကြပါပြီဘုရား။

မေး။   ။ စိတ်ဝင်စားတာ ဟုတ်ကဲ့လား။ အခုနလို ဟုတ်ကဲ့လား။

ဖြေ။   ။ အခုနဧည့်သည်ကို ပြုစုသလိုတော့ ချက်ချင်း ပြောလျှင် ပြောချင်း လုပ်ဖို့ နည်းနည်းနှေးပါတယ်ဘုရား။

မေး။   ။ ဒါဖြင့် ကြည်ညိုတာ ဟုတ်ကဲ့လား။

ဖြေ။   ။ ကြည်ညိုတာ အစစ်ကြီး မဟုတ်သေးဘူးလို့ အဖြေရှာမှာပဲဘုရား။

မေး။   ။ ပြီးတော့ လိုချင်တာက ဘယ်လိုလိုချင်တာပဲ။ အစစ်လိုချင်တာလား။ အတု လိုချင်တာလား။

ဖြေ။   ။ လိုချင်တာကတော့ အစစ်ချည်း လိုချင်ပါတယ်ဘုရား။

မေး။   ။နို့ တစ်ထောင်တန်တာကို ငါးရာပေးလို့ ရမလား။

ဖြေ။   ။ မရပါဘူးဘုရား။

မေး။   ။ငါးရာပေးလို့ မရရင် ရှစ်ရာကိုးရာ ပေးလို့ကော ရမလား။

ဖြေ။   ။ မရပါဘူးဘုရား။

မေး။   ။ တို့မှာ တစ်ထောင်တော့ မပြည့်ဘူး။ တစ်ပြားတစ်ချပ်လောက် လျော့ပေးရင် ရမလား။

ဖြေ။   ။ မရပါဘူးဘုရား။

မေး။   ။ ဘယ်လိုမှရလဲ။

ဖြေ။   ။ တစ်ထောင်အပြည့်ပေးရမှာပါဘုရား။

မေး။   ။ ကိုယ်လိုချင်တဲ့ အရာဝတ္ထုကို တစ်ထောင်တန်တဲ့ဟာကို တစ်ထောင် ပေးဝယ်ရင် ဘယ်အချိန်မဆို ရနိုင်တယ်မဟုတ်လား။

ဖြေ။   ။ ရနိုင်ပါတယ်ဘုရား။

အခုလည်း ဘယ်အချိန်မဆို ရနိုင်ပါတယ်ဗျ။ ကိုယ်လိုချင်တဲ့ စာကို ရအောင် ထိုက်သလောက် ကလေးသာ ဂရုစိုက်ပါဗျာ့။ (တင်ပါ့ဘုရား။)

ဟိုလိုလျှောက်ပြောရင် ကြာနေလိမ့်မယ်။ ဘုရားရွှေလက်ထက်တော်က ဘုရားရှင်ကို လူနတ်ဗြဟ္မာတွေက သည်လိုကြည်ညိုတာဗျ။ ဘုရားရှင်ကလည်း မဟာကရုဏာရှင်မို့ ပါရမီဖြည့်တုန်းကလည်း ကိုယ်ကပဲ ဘုရားရှင် ကိုယ်တော်ရဲ့အတွက် ဘာကိုမှ လုပ်တာ မဟုတ်ဘူး။ ဟုတ်ကြရဲ့လား၊ သတ္တဝါများ အတွက်ချည်းပဲ မဟုတ်လား။

ဖြေ။   ။ သတ္တဝါများအတွက်ချည်းပါဘုရား။

သည်တော့ သဗ္ဗညုတ ရွှေဉာဏ်တော်ကိုရလို့ ဘုရားဖြစ်လာတဲ့ အခါကျတော့ ဘယ်လို ပြောစရာရှိတော့မလဲဗျ။ ဒါကြောင့် ဘုရားရှင်ရဲ့ မဟာကရုဏာတော်က သည်လိုဗျ။ လူနတ်ဗြဟ္မာတွေ ကြည်ညိုတာကလည်း အခုလိုဗျ။ အခုလည်းပဲ ဒကာကြီး ဒကာမကြီးတွေဟာ အခုလိုကြည်ညိုပြီးတော့ ဘာများ ခိုင်းမှာပါလိမ့်လို့ လုပ်ချင်ပြီး မျှော်နေတာဟုတ်ရဲ့လား။

ဖြေ။   ။ မျှော်နေပါတယ် ဘုရား။

မေး။   ။ မျှော်နေရင် အခုနလို၊ တည့်တည့်လို့ ဆိုတော့ ဘယ့်နှယ်လဲ၊ လုပ်မှာလား။

ဖြေ။   ။ လုပ်ကြမှာပါဘုရား။

မေး။   ။ အခုနလို လုပ်မှာလား။

ဖြေ။   ။ ရှေးအရှင်ကောင်းများရဲ့ သဒ္ဓါတော့ မီလိမ့်မယ် မထင်ပါဘူးဘုရား။

မေး။   ။ လိုတော့ လိုချင်တယ် မဟုတ်လား။

ဖြေ။   ။ လိုချင်ပါတယ်ဘုရား။

အေး - မီတဲ့အချိန်မှာ သေသေချာချာ ရမှာပဲဗျ။ (တင်ပါ့ဘုရား။)

မေး။   ။ နေပါဦး၊ မီဖို့ရာ ဘယ်လောက်များ လိုနေသလဲ။

ဖြေ။   ။ သိပ်ပြီးတော့ ကွာနေတယ် ဆိုပါတော့ ဘုရား။

မေး။   ။ ဘယ်လောက်လဲ၊ အကနိဋ္ဌနှင့် အဝီစိလောက်လား။

ဖြေ။   ။ တင်ပါ့ဘုရား။

မေး။   ။ အေး အေး၊ ဘယ်လောက်ပဲဖြစ်ဖြစ်၊ ငါ အခုပြုမယ်ဆိုရင် ပြီးနိုင်တယ် မဟုတ်လား။

ဖြေ။   ။ ပြီးနိုင်ပါတယ်ဘုရား။

မေး။   ။ အေး - လိုတာသိရင် တော်ပါပြီ၊ လိုတာကို သိလို့ ဖြည့်လိုက်ရင် ပြည့်တာပဲ မဟုတ်လား။

ဖြေ။   ။ ပြည့်ပါတယ်ဘုရား။

မေး။   ။ မလိုဘူးလို့ ထင်နေရင်တော့ အခုနဟာ ရလိမ့်မယ် မဟုတ်ဘူး။

ဖြေ။   ။ တပည့်တော်တို့က လိုတာတော့ သိနေပါပြီဘုရား။

လိုတာသိရင် မလိုအောင် ဖြည့်ဖို့ရာက မခက်ပါဘူးဗျ။ ပြည့်အောင်သာ ဖြည့်ကြဗျာ။ ပြည့်အောင် ဖြည့်ပြီဆိုရင် ပြီးပါလိမ့်မယ်ဗျား။ အခုဟာမျိုးလို လုပ်ကြ ကြကြလား။ မသိတာ နေပေ့စေ၊ သိတာတွေကလည်း ဒကာကြီး၊ ဒကာမကြီးတွေမှာ မနည်းဘူး ရှိတယ်ဗျ။ သည်တော့ ကိုယ်ထင်တဲ့အတိုင်း ဘယ်ဟာမှ မလိုရအောင် လုပ်စမ်းကြ ပါဗျာ။ သိတဲ့အတိုင်းကတော့ သိနေကြပါပြီဗျ။

လျှောက်။   ။ နှာသီးဝမှာ ထွက်လေဝင်လေ တိုက်တဲ့နေရာကို အမြဲသတိထားပြီး နေဖို့ရာဟာ လုပ်လည်းလုပ်ကြပြီး ဘုရား။ တချို့လည်း အတော့်ကို စိတ်စူးစိုက်စွာနဲ့ တည်ကြည်နေပြီဘုရား။ သို့သော်လည်း ဒါကိုလုပ်တဲ့ အခါမှာ ဥဒယဗ္ဗယဉာဏ် ဆိုတာနှင့် မဆက်သွယ်တတ်သေးတဲ့ ပုဂ္ဂိုလ်တွေ ရှိပါသေးတယ်ဘုရား။

ဝီရိယ ထူထောင်လျှင်

ဪ - ဒါကလည်း ဘုရားဆုံးမတော်မူတာက ပိဋကတ်သုံးဖြာ ရှိပါတယ်။ သို့သော်လည်း ဆင်းရဲမှ လွတ်မှုတစ်ခုကိုတော့ ဘယ်ဟာပဲ မှတ်ထားထား၊ မှတ်ထား တာကလည်း အများကြီးရှိတယ်။ အဲသည် မှတ်ထားတဲ့အထဲက တစ်ခုခုသာလုပ်၊ အဲသည် တစ်ခုခုလုပ်လို့ ရှိရင် အကုန်လုံးပါမယ်။ အခုလို နှာသီးဖျားမှ ဝီရိယနှင့် ထူထောင်ပြီး ထားမယ်ဆိုရင် ပိဋကတ်သုံးဖြာ ဘယ်ဟာကျန်ဦးမလဲ။

ဖြေ။ ။ မကျန်ပါဘူးဘုရား။

မေး။ ။ ပါရမီ ၁၀-ပါးကော။

ဖြေ။ ။ မကျန်ပါဘူးဘုရား။

မေး။ ။ ပြီးတော့ ခန္ဓာ၊ အာယတန၊ ဓာတ်၊ ပညတ်၊ ပရမတ်၊ သစ္စာ ဆိုတာတွေကော၊ ရုပ်တို့ နာမ်တို့ ဆိုတာတွေကော။

ဖြေ။ ။ အကုန်လုံး ပါပါတယ်ဘုရား။

မေး။ ။ ဒါတွေကတော့ မှတ်သားပြီးသားမို့ လျှောက်ပြောရတာကိုးဗျ။ ရုပ်အဋ္ဌဝီသ၊ နာမ်တေပညာသ ဆိုတာ ရုပ်နာမ်ကိုပြောတဲ့ အပြောမဟုတ်လား။ အဲဒါတွေလည်း ပြောတယ်တယ် မဟုတ်လား။

ဖြေ။ ။ ပြောတတ်ပေမယ့် မသိသေးပါဘူး ဘုရား။

သိပါတယ်ဗျာ အကုန်လုံး မတ္တာရှင်၊ ကရုဏာရှင်ဖြစ်တဲ့ အရှင်မြတ်တို့က ဘယ်တော့မှ မပြတ်အောင် အခါအခွင့် ရတိုင်း ရတိုင်း အမြဲ နေ့နေ့ညည ဆုံးမနေတာပါဗျ။ အား အနားကို မထားပါဘူးဗျ။ ဒါကြောင့် နားလည်ပါတယ်။ သူတို့ မတတ်တာ မရှိပါဘူး။ စပြောကတည်းက သည်ကစတယ် ဆိုရင်ပဲ သူတို့က သိပြီးပါပြီ။ ဒါက သုတ်ပါဗျာ။ ဒါက အဘိဓမ္မာပါဗျာ။ ဒါကဝိနည်းပါဗျာနှင့် သိတယ် မဟုတ်လား။

ဖြေ။ ။ တချို့တော့ သိပါတယ် ဘုရား။

တချို့ မဟုတ်ပါဘူး၊ အကုန်လုံး သိပါတယ်ဗျ။ တို့ကတော့ တောထဲနေတော့ တော်သလိုကြီးဗျ။ ဖြည်းဖြည်းနှင့် လေးလေးကြီး လုပ်နေလိုက်တာ။ တို့လိုများ ပြောလိုက်ပါတော့၊ ဗြောင်းဗြောင်းနှင့် ပြောရောပေါ့လို သည်လိုများ စိတ်ထဲ မအောက်မေ့ဘူးလား။

အခု ဒို့ပြောတယ်ဆိုရင် ဟိုကမပါ သည်ကလည်းမပါနှင့် အစဉ်အတိုင်း သူတကာ မဝင်သာအောင် သည်လိုသည်လို လုပ်လိုက်ပါလို့များ မပြောချင်ဘူးလား ဒကာကြီးရဲ့။

ဖြေ။ ။ မပြောချင်ပါဘူး ဘုရား။ တပည့်တော်က မတတ်ပါဘုရား။

မေး။ ။ ဒကာကြီးတို့ကတော့ သည်လိုကို နေမှာပါဗျ။ သို့သော်လည်းပဲ အခုန ပြောတဲ့ မသိတာက ရုပ်၊ သိတာကနာမ် ဆိုတာ မရှင်းလင်းဘူးလား။ နှာသီဖျား ဆိုတာက ရုပ်လား-နာမ်လား။

ဖြေ။ ။ ရုပ်ပါ ဘုရား။

မေး။ ။ သိတာက ဘာလဲ။

ဖြေ။ ။ နာမ်ပါ ဘုရား။

သည်တော့ နှာသီးဖျားမှာ လက်နှင့်ထိတော့ သိသလို စိတ်ကလေးကို သာသာကလေး ထားလိုက်ပါ။ သည်တော့ ထိုထို ထို တစ်ပါး အာရုံတွေ မသွားနိုင်တော့၊ ထိတာကို သိနေမယ်။ သိတဲ့အခါ ရုပ်နှင့်နာပဲ နှစ်ခုစလုံးကို တစ်ခါတည်းပဲ သိနေတယ် မဟုတ်လား။

ဖြေ။ ။ တစ်ခါတည်း၊ တစ်ချိန်တည်း ရုပ်နှင့်နာမ်ကို သိပါတယ်။

မေး။ ။ အဲသည်လို ရုပ်နှင့်နာမ်ကို သိနေတဲ့အချိန်မှာ ဝိဇ္ဇာလား အဝိဇ္ဇာလား။

ဖြေ။ ။ ဝိဇ္ဇာပါ ဘုရား။

မေး။ ။ မသိတဲ့အခါမှာရော။

ဖြေ။ ။ အဝိဇ္ဇာပါဘုရား။

မေး။ ။ အေး - သည်လို သိနေတဲ့အချိန်မှာ ဘယ့်နှယ်လဲ။ စိုးရိမ်ကြောင့်ကြ ပူပန်ရမှု ရှိပါဦးမလား။

ဖြေ။ ။ ဝိဇ္ဇာနှင့် နေတဲ့အခါမှာ စိုးရိမ်ကြောင့်ကြ ပူပန်ရမှု မရှိပါဘူးဘုရား။

မေး။ ။ ဘာမှဖြစ်ပေစေ၊ ယခုလို လက်နှင့်ထိတော့ သိသလို သိနေရင် ရုပ်နှင့် နာမ်ကို သိတာတော့ မှန်ပြီ။ ဝိဇ္ဇာ ဖြစ်နေပြီ။ သည့်ထက်မတိုးရင် နေပေစေ သည်အတိုင်း သက်တမ်းစေလို့ သေရင် ဘယ့်နှယ်လဲ။ ကြောက်ရဦးမလား။

ဖြေ။ ။ မကြောက်ရပါဘူး ဘုရား။

မေး။ ။ နောက်တော့ သူ့ဟာသူ တိုးလိမ့်မယ်၊ ဒါသာ မှတ်ထား၊ ကြားရဲ့လား။ သည်တော့ နာရမှာ ကြောက်ဦးမလား။

ဖြေ။ ။ မကြောက်ပါဘူး ဘုရား။

မေး။ ။ ဒါဖြင့် သူသေချင်တဲ့အခါ သေပါစေ၊ ဒါကိုမလွှတ်ရင်ဘယ့်နှယ်လဲ။

ဖြေ။ ။ ဘယ်အချိန်သေသေ၊ အပါယ်ကိုတော့ ကျဖို့ စိုးရိမ်ကြောင့်ကြ ပူပန်ရခြင်း မရှိပါဘူးဘုရား။

အဲသည်လို နေရက်နှင့် ဆုတောင်းဦး၊ တပည့်တော်တို့ နေနေကျ အပါယ် လေးဘုံကိုပဲ ရောက်ပါရစေလို့ ဆုတောင်းဦး။ ဘယ့်နှယ်လဲ။

ဖြေ။ ။ ဘယ်လိုပဲ အပါယ်လေးဘုံကို ဆုတောင်းပေမယ့် မကျပါဘူး ဘုရား။

မေး။ ။ အဲဒါက ဒါနှင့် နေမှနော်၊ မနေရင် ဘယ့်နှယ်လဲ။

ဖြေ။ ။ အပါယ်ကို ကျမှာပဲ ဘုရား။

အေး - အဲဒါ သည့်ပြင် မပြောသေးဘူး။ သည်လောက်ပဲ ရှိသေးတယ်။

ဖြေ။ ။ ဒါဖြင့် ဘုရား၊ သေခါနီးကျမှ ထိသိကလေးကို မလွတ်အောင်ထားပြီး
တစ်သက်လုံး လွတ်လွက်လပ်လပ်နေလို့ မဖြစ်ဘူးလားဘုရား၊

မေး။ ။ နေပါဦး ဒကာကြီးရယ်၊ ဒကာကြီး ထမင်းစားရင် ဘယ်အချိန်မှာ စားသလဲ။

ဖြေ။ ။ ကိုးနာရီ ဆယ်နာရီ စားပါတယ် ဘုရား ။

မေး။ ။ ဒါဖြင့် အဲသည် ကိုးနာရီကျမှ ထမင်းချက်သလား။

ဖြေ။ ။ ထမင်းကတော့ စောစောကတည်းက ချက်ရပါတယ် ဘုရား။

မေး။ ။ ကိုးနာရီမှာ ထမင်းစားတယ်ဆိုတော့ အဲသည်အချိန်ကျမှ ထမင်းချက်ရင် ဘယ့်နှယ်လဲ။

ဖြေ။ ။ သည်အချိန်မှ ချက်ရင် မစားရတော့ပါဘူးဘုရား။

မေး။ ။ ဟုတ်ကဲ့လား။

ဖြေ။ ။ ဟုတ်ပါတယ် ဘုရား။

မေး။ ။အခု ဒကာကြီး ကိုးနာရီတိတိ ထမင်းစားချင်တော့ ဘယ်အချိန်ကစပြီး ထမင်းချက်ရသလဲ။

ဖြေ။ ။ ခုနစ်နာရီလောက်ကစပြီး ချက်ရပါတယ် ဘုရား။

မေး။ ။ အဲသည်က စပြီးချက်တော့ ပြီးရောလား။

ဖြေ။ ။ ပြီးပါတယ်ဘုရား။

မေး။ ။ အေး-အဲသည် ကိုးနာရီကျတော့ သေသေချာချာကို ပြီးပြီးသားဆိုတော့ စားရတယ် မဟုတ်လား။

ဖြေ။ ။ ပြီးပြီးသားဆိုတော့ စားရပါတယ်ဘုရား။

မေး။ ။ အေး- အခုလည်းပဲ အခုနအချိန် စားရအောင် သေသေချာချာ ချက်ထားဗျ ကြားရဲ့လား၊ ဟုတ်ပါရဲ့လား၊

ဖြေ။ ။ ဟုတ်ပါတယ် ဘုရား။

မေး။ ။ မှတ်မိပြီနော်။

ဖြေ။ ။ တပည့်တော် တစ်သက်လုံး လျော့လျော့ပေါ့ပေါ့နေ၊ သေကာနီး ပန်းဝင်ခါနီး ကျမှ ကြိမ်သွင်းပြီး ထိသိကလေးကို မမေ့အောင် ကြံနေတာကိုး ဘုရား။

မေး။ ။ ကြံနေရင် အခုနလို ကျန်နေခဲ့ဦးမှာပဲ။ ကျန်ချင်ရင် ကျန်နေဗျ။ မကျန်ချင်ရင် ဘယ့်နှယ်လုပ်ရမလဲ။

ဖြေ။ ။ မကျန်အောင် စောစောကတည်းက မအိုမီ၊ မနာမီ၊ မသေမီ အခု အချိန်ကစပြီး ထိသိကို မလွတ်အောင်သာ စူးစူးစိုက်စိုက်နှင့် နေမှ ဖြစ်မှာပါဘုရား။

မေး။ ။ အေး - ဒါဖြင့် အခုက စကြဗျာ၊ ဟို အချိန် ကျမှဆိုရင် ထမင်းတောင် ကိုးနာရီ စားချင်တယ်ဆိုရင် ဘယ်အချိန်က စပြီးချက်ရမလဲ။

ဖြေ။ ။ ခုနစ်နာရီလောက် စချက်ရပါတယ်ဘုရား။

မေး။ ။ ဒါမှ ကိုယ်စားချင်တဲ့ ကိုးနာရီအချိန်မှာ သေသေချာချာ စားရတယ် မဟုတ်လား။

ဖြေ။ ။ သေသေချာချာ စားရပါတယ်ဘုရား။

မေး။ ။ ဖြေးဖြေးနှေးနှေးဆိုရင် ကိုယ်စားချင်တဲ့ဟာ စုံအောင် ကျက်ပါ့မလား။

ဖြေ။ ။ နှေးရင်တော့ မစုံနိုင်ပါဘူး ဘုရား။

မေး။ ။ စားချင်လို့ ဆာလျှင် မကျက် ကျက်ကျက် ရှိတာ စားရတော့မှာပဲ။ အကုန် စုံပါ့မလား။

ဖြေ။ ။ အကုန်မစုံပါဘူးဘုရား။

ဒါဖြင့် ဝီရိယ သွက်သွက် လက်လက်နှင့် သည်လိုလုပ်ကြဗျာ။ (လုပ်ပါ့မယ်ဘုရား)။

မေး။ ။ အေး -သည်လောက်ပဲ မှတ်ထားကြဗျာ။ ဘာကြောင့် သည်လို ပြောရသလဲ ဆိုရင် နေပါဦး၊ ဒကာကြီး သိချင်တယ်ဆိုတာကဘာလဲ။

ဖြေ။ ။ ဥဒယဗ္ဗယဉာဏ် ၁၀-ပါးနှင့် ထိသိနှင့် ဘယ်လိုများ အဆက်အသွယ် အကူးအသန်း ရှိတယ်ဆိုတာကို မသိလို့ ပါဘုရား။

မေး။ ။ အခု မသိသော သိသော လုပ်မနေနဲ့၊ ပန်းပွင့်တွေဟာ ကုံးထားတယ် ဆိုပါတော့ဗျ။ သည်လို ကုံးထားလို့ ရှိရင် ဒကာကြီး ပန်းကုံးပေးပါလို့ ဆိုရင် ဘယ်က ယူမလဲ၊ တစ်နေရာ သာသာကလေးသာ ယူလိုက်ရင် ဘယ့်နှယ်လဲ။

ဖြေ။ ။ တစ်နေရာက ကြိုးကလေးကို ဆွဲလိုက်ရင် အကုန်လုံး ပါပါတယ်ဘုရား။

မေး။ ။ ပန်းပွင့်ပေါင်း ဘယ်လောက် ကုံးထားထား ပါမလား။

ဖြေ။ ။ ပန်းပွင့်ပေါင်း ကြိုးရှည် ရှည်သလောက် ပါပါတယ်ဘုရား။

မေး။ ။ အခုလည်းပဲ ဒကာကြီး ဉာဏ်စဉ်က ဘယ်လောက်လဲ။

ဖြေ။ ။ ဆယ်ပါးပါဘုရား။

မေး။ ။ အဲဒါသီကုံးထားတာနှင့် မတူဘူးလား။ သည်တော့ အခုနဟာကလေးက အစဖြစ်တယ်။ အဲသည်ကသာ ဆွဲလိုက်ပါ။ ဘယ်ဟာမှ ပြုတ်ကျမှာ မဟုတ်ပါဘူး။

ဖြေ။ ။ အကုန်လုံး ပါမှာလားဘုရား။

မေး။ ။ ပါမပါ ဆွဲကြည့်ပါလား၊ ဒါလည်း ကုံးထားတာပဲ။

ဖြေ။ ။ တပည့်တော်တို့ ပန်းလည်း မကုံးတတ်သေးဘူးဘုရား။ ဘယ်နေရာက ကုံးရမှန်းလည်း မသိပါဘုရား။

မေး။ ။ ဒါက ဒကာကြီး ကုံးရတာ မဟုတ်ဘူး။ ဘုရားရှင်က ကုံးတော်မူထားတာ။

ဖြေ။ ။ ဘယ်နေရာမှဆွဲရမှန်း မသိလို့ ပါဘုရား။

မေး။ ။ အဲဒါ မလွှတ်နှင့် အဲဒါ အစပဲ မှတ်ထားကြားလား။ အဲသည်ကနေသာ ဆွဲ အကုန်လုံးပါလိမ့်မယ်။ ဟုတ်ပါရဲ့လားဗျာ။

ဖြေ။ ။ ဟုတ်ပါတယ်ဘုရား။ ဒါဖြင့် ထိတဲ့နေရာကလေးက ကြိုးဆွဲပါတော့မယ် ဘုရား။

အားစိုက်လို့သာ ဆွဲကြည့်ပါဗျ။ ဘယ်ဟာက မပါဘဲနေဦးမှာလဲ။ အကုန်လုံးပါမှာပဲဗျ။ ကုံးပြီး သီပြီးသားတွေပဲဗျ။ သည့်ပြင်လည်းပဲ ကိုယ်ကြိုက်တဲ့ ဝေဒနာပျောက်တဲ့ ဆေးလို့လည်း ပြောချင်ပြောပါဗျာ။ ချောင်းဆိုးပျောက်ဖို့ လျက်ဆားတော့ ဖော်တတ်တယ် မဟုတ်လား။

မေး။ ။ ဒကာကြီးလျက်ဆားက ဘယ်နှစ်မျိုးလဲ။

ဖြေ။ ။ တပည့်တော်တော့ ဝယ်ဝယ်စားပါတယ်ဘုရား။

မေး။ ။ဝယ်စားတာလဲ ဘယ်သူ့ ဆိုင်ကလဲ။

ဖြေ။ ။ မိကျောင်းခေါင်းတံဆိပ် လျက်ဆားပါဘုရား။

မေး။ ။ အဲသည်ဆိုင်ကလည်း လျက်ဆားဆိုတော့ စားကြည့်တော့ ဘာပါသတုန်း။

ဖြေ။ ။ နွယ်ချို၊ ဇဝက်သာ၊ သိန္ဓော ပါပါတယ်ဘုရား။

မေး။ ။ သုံးခုတည်းလား။

ဖြေ။ ။ အများကြီး ပါပါတယ်ဘုရား။ တပည့်တော်မသိတဲ့ အမည်တွေလည်း ပါပါတယ် ဘုရား။

မေး။ ။ ချောင်းဆိုးတော့ ပျောက်တယ်မဟုတ်လား။ သူ့မေးရင် ဘယ်နှစ်မျိုးဆိုတာ သိပါတယ်။ စာရေးပေးပါဆိုရင် ပေးမှာပဲ။ အခု ဒကာကြီးဟာက မိကျောင်းခေါင်း လျက်ဆား ဆိုတော့ အဲဒါပဲ ပေးပါဆိုပြီး စားလိုက်တာပဲ မဟုတ်လား။

ဖြေ။ ။ စားလိုက်တာပါပဲဘုရား။ စားလိုက်တော့ နွယ်ချိုရယ်၊ ဇဝက်သာရယ်၊ သိန္ဓောရယ်၊ ဒါတွေကတော့ မပါဘဲ မနေဘူးဆိုပြီး နမ်းကြည့်တော့ ပါတယ်ထင်တယ်။ လျက်ကြည့်လိုက်ရင်ပဲ ပါတယ်ဘုရား။

မေး။ ။ သာသာကလေး စဉ်းစားလိုက်ရင် နွယ်ချိုတင် မကဘူး သည့်ပြင် ဟာတွေလည်း ပါမှာပဲဆိုပြီး စဉ်းစားလိုက်ရင် သိတယ်မဟုတ်လား။ ပြီးတော့ အနံ့ ကကော။

ဖြေ။ ။ အနံ့ ကလည်း ဘာပါတယ် ဘာပါတယ်ဆိုတာ သိပါတယ်ဘုရား။

မေး။ ။ အဲသည်လိုမှတ်။ ကြားလား၊ သည်လျက်ဆားကို သာသာကလေး စားရင် အခုပြောသလို ပါတာတွေကတော့ တစ်ခါတည်း စားလိုက်ရုံနှင့် နွယ်ချိုက ငါမပါပေါင်ဗျာ ဆိုပြီး မပါဘဲ နေမှာလား။

ဖြေ။ ။ တစ်ခါတည်းစားရင် အကုန်လုံးပါပါတယ် ဘုရား။

မေး။ ။ ခုနကပြောတဲ့ သိန္ဓောကော။

ဖြေ။ ။ သိန္ဓောလည်း ကျန်မနေပါဘူးဘုရား။

မေး။ ။ ဇဝက်သာကကော။

ဖြေ။ ။ သူလည်း အတူတူ လိုက်မှာပဲဘုရား။

မေး။ ။ သူက ငန်ရုံသာ ငန်စေမယ်၊ ငါ့အနံ့တော့ မသိစေရဘူးလို့ သူ့ အနံ့ကို ဖွက်ထားမှာလား။

ဖြေ။ ။ အနံ့ကတော့ ရှေ့ဆုံးက နေပါတယ်ဘုရား။

အေး အေး-သည်လို ပြောကြပါစို့ရဲ့။ ဒါက တခြားကို ပြောသည်မဟုတ် ရုပ်တို့နမ်တို့ လက္ခဏာသဘောဆိုတာ သိရှိပြီးသား။ အဲသည်လျက်ဆား စားတဲ့ အခါကျတော့ သိန္ဓောတော့ မပါစေနှင့်ဗျာလို့ ဆိုပြီး ချန်ထားပြီးစားလို့ ဖြစ်သလား။ နွယ်ချိုတော့ နေပါစေဆိုပြီး ရွေးစားလို့ ဖြစ်သလား၊ စားချင်လို့ စားရင် ဒါတွေမပါဘဲ နေဦးမှာလား။

ဖြေ။ ။ မပါဘဲ မနေပါဘူးဘုရား။

မေး။ ။ အကုန်စားရင် ဘယ့်နှယ်လဲ။

ဖြေ။ ။ အကုန်လုံးပါမှာပဲဘုရား။

မေး။ ။ နည်းနည်းကလေး စားဗျာ။

ဖြေ။ ။ နည်းနည်းကလေးစားလည်း အကုန်လုံးပါမှာပဲဘုရား။

မေး။ ။ သူလည်းပါတဲ့ဟာ အကုန်ပါမှာလား။

ဖြေ။ ။ အကုန်လုံး ပါမှာပါပဲဘုရား။

မေး။ ။ နည်းနည်းကလေး စားဗျာ။

ဖြေ။ ။ နည်းနည်းကလေးစားလည်း အကုန်ပါမှာပဲဘုရား။

မေး။ ။ သူ့ထဲ ပါတဲ့ဟာ အကုန်ပါမှာလား၊

ဖြေ။ ။ အကုန်ပါပါတယ်ဘုရား။

မေး။ ။ အရသာကတော့။

ဖြေ။ ။ အရသာကလည်း သူ့ သတ္တိနှင့်သူ အကုန်တွက်ပြမှာပဲဘုရား။

မေး။ ။ အနံ့ကတော့။

ဖြေ။ ။ အနံ့ကလည်း သည်လိုပဲပြမှာပဲဘုရား။

မေး။ ။ ချောင်းဆိုးပျောက်အောင်စားတဲ့ မိကျောင်းခေါင်း လျက်ဆား ကောင်းတယ် ကောင်းတယ်ဆိုတာမှာ နွယ်ချိုက အခုစားတဲ့အထဲမှာ မပါအောင်ဆိုပြီး ကပ်သီး ကပ်သတ် လုပ်နေမှာလား။

မေး။ ။ လုပ်မနေပါဘူးဘုရား။ နွယ်ချို ဆိုတာက သူက ပါစမြဲပါဘုရား။

အေး အဲသည်လိုသာ မှတ်ကြ။ သည်လိုပြောမှဖြစ်မယ်။ ဟိုလိုကတော့ အားလုံး ပြောတတ်ကြတယ်။ ဒါကြောင့်ဆိုရင် မေတ္တာရှင် ကရုဏာရှင်တွေက အခွင့်အခါ သင့်တိုင်း သင့်တိုင်း အရှင်ကောင်းတွေ ဒကာကြီး ဒကာမကြီးတွေ ပျင်းတာကို သိတယ် မဟုတ်လား။

ဖြေ။ ။ သိပါတယ်ဘုရား။

မေး။ ။ သိပေမယ့် ဖိဟောတာပဲ မဟုတ်လား။ တိုတိုဟောပါလို့ ဖြေပေမယ့် ရှည်ရှည်ကြီး ဟောတာပဲ မဟုတ်လား။

ဖြေ။ ။ ဟောပါတယ်ဘုရား။

မေး။ ။ သည်တော့ မနာချင်ပေမယ့်လည်း နာရတာပဲ မဟုတ်လား၊ နာချင်ရင်လည်း စိတ်လက် ပါပါ နာကြတာပဲ မဟုတ်လား။

ဖြေ။ ။ တရားနာပါများတော့ မှတ်မိနေပါတယ်ဘုရား။

အဲသည်လို အရှင်မြတ်တွေက အကုန်ဆုံးမထားတော့ အကုန်လုံး ကျွမ်း လိမ်မာတယ် မဟုတ်လား၊ အခု ဒကာကြီးတို့က မစားလို့ ချောင်းဆိုး မပျောက်တာဗျ။ ရှိတဲ့ဟာကို မစားလို့ဗျ။

အခုနဟာတွေတော့ မှတ်မိပြီ မဟုတ်လား၊ အဲသည်လို လက္ခဏာသဘော သတ္တိ ကလေး ရှိတယ်။ သတ္တိရှိတဲ့အတိုင်း စားသာစား၊ သတ္တိတော့ ပြမှာပဲ ချောင်းဆိုးတော့ ပျောက်မှာပဲ။ အခုလည်း ဘုရားဆုံးမတဲ့ အဆုံးအမကို လိုက်နာတယ်ဆိုတာ ဘာပျောက်ချင်လို့ လဲ။

လျှောက်။ ။ ဆင်းရဲမှ လွတ်ချင် ပျောက်ချင်လို့ ပါဘုရား။

ဆရာတော်။ ။ ဟုတ်တယ်ဗျ။

ဖြေ။ ။ သက္ကာယဒိဋ္ဌိဆိုတဲ့ အနာကြီးဟာ မနည်းပါဘူးဘုရား။ မပျောက်နိုင်ပါဘူး ဘုရား။

ဆရာတော်။ ။ အေး အဲဒါသာ စားပါဗျ၊ ပျောက်ပါလိမ့်မယ်။ ပျောက်သွားကြတဲ့ အရှင်တွေဟာ ရေတွက်နိုင်ရဲ့လား။

လျှောက်။ ။ မရေတွက်နိုင်ပါဘုရား။

ဆရာတော်။ ။ သူတို့လည်း သည့်ပြင်ဆေး မဟုတ်ဘူး၊ သည်ဆေးပါဗျ။

လျှောက်။ ။ သက္ကာယဒိဋ္ဌိ အနာဟောင်းကြီးကို မြတ်စွာဘုရား၏ ထိသိ ဆေးကို စားရင် ပျောက်မယ်ဆိုတာ သိနေပါပြီဘုရား။

ဆရာတော်။ ။ သိရင် သည်ဆေးကိုသာ စားဗျာ့။

လျှောက်။ ။ ဆေးမစားခင် တပည့်တော်က ဆေးအမယ်လေးကို ရေးမှတ်ပြီး တယ်ရွတ်ချင်သေးတာကိုး ဘုရား။

မေး။ ။အဲဒါ ရွတ်နေလို့ ပျောက်ကဲ့လား။

ဖြေ။ ။ တပည့်တော်က ရွတ်နေရုံနှင့် တော်လောက်ပြီလို့ ဆိုပြီး တစ်သက်လုံး ရွတ်ချင်တာပါ ဘုရား။

မေး။ ။ ဒကာကြီးဟာ ရွတ်ရုံမဟုတ်ဘူး၊ နိဗ္ဗာန် ရပါလို၏လို့ ဆုတောင်းတယ် မဟုတ်လား။

ဖြေ။ ။ ငယ်ငယ်ကတည်းက ဆုတောင်းနေတာပဲဘုရား။ တပည့်တော်က သည်လိုပဲ ရလိမ့်မယ်လို့ ထင်နေပါတယ်ဘုရား။

မေး။ ။ အခု ဒကာကြီး ရပြီလား။

ဖြေ။ ။ မရသေးပါဘူးဘုရား၊ တပည့်တော်က မြန်မြန်ကြီးတော့ မဟုတ်ပါဘူး။ နိဗ္ဗာန်ကို နောက်မှ ရောက်တဲ့အချိန်မှာ ရောက်မှာပဲ၊ ဒါပေမယ့် မရောက်ခင် လူ့ဘဝ နတ်ဘဝမှာ စုန်ချည်ဆန်ချည် လူးလာခေါက်တုံ့နှင့် ပျော်ချင်သေးတာကိုး ဘုရား။

မေး။ ။ ဒါဖြင့် အခုနဟာသာလုပ်၊ လွတ်လပ်နေရင်တော့ ဘယ်ရောက်မလဲ။

ဖြေ။ ။ ချမ်းသာ သုခ မရောက်ဘဲ ဆင်းရဲတဲ့အပါယ်ကို ရောက်မှာပဲဘုရား။

အေးဗျ၊ ဒါကြောင့် အခုနဟာသာ မှတ်ထားကြ၊ သည့်ပြင် အများကြီး လျှောက်ပြောရင် မကုန်နိုင်ဘူး ကြားလား။ အဲသည် များများကြီးထဲက ဒါကလေး တစ်ခုသာ မှတ်ထား။ ဒါတော့ မလုပ်ချင်ဘူး။ သည့်ပြင် ကောင်းတဲ့ဟာရှိတယ်။ ရှိရင်လည်း အဲဒါပဲလုပ်၊ အခုနပြောတဲ့ ဒကာကြီးရဲ့ မိကျောင်းခေါင်း လျက်ဆားဟာ ပုလင်းငယ်ကလေးနှင့် ရှိတယ်မဟုတ်လား။

ဖြေ။ ။ တင်ပါ။ ပုလင်းကြီးနှင့်လည်း ရှိပါတယ် ဘုရား။

မေး။ ။ ပုလင်းကြီးထဲကဟာကိုစားတော့ ချောင်းဆိုးပျောက်သလား။

ဖြေ။ ။ ပျောက်ပါတယ်ဘုရား။

မေး။ ။ အထုပ်ကလေးထဲကကော။

ဖြေ။ ။ ပျောက်ပါဘယ်ဘုရား။

မေး။ ။ပုလင်းငယ်ထဲကကော။ ဖြေ။ ။ငပျောက်ပါတယ်ဘုရား။

အေး၊ အခုလည်းပဲ ဘုရားဆုံးမတဲ့ သုံးဖြာသော ပိဋကတ် အသွယ်သွယ် အဝဝတွေ ဟာလည်း အကုန်လုံး မိကျောင်းခေါင်းချည်းပါပဲဗျ။ သူ လုပ်ချင်သလို လုပ်ထားတာဗျ။ စားသာစားဗျ။

စိတ်ထဲက တစ်ခုခု ဖြစ်နေမှာစိုးလို့ ပုလင်းကြီးထဲက စားချင်စား၊ ပုလင်းငယ်ထဲက စားချင်စား၊ အထုပ်ထဲက စားချင်စား။ ဘယ်ဟာ စားစား ပျောက်မှာပဲဗျ။ ဒကာကြီးက ဝယ်မစားချင်ရင် ဘယ်သူ့ဆီမှာ ဝယ်ထားတာ ရှိသလဲ။ တောင်းစားရင်လည်း ရပါ တယ်ဗျ။ ဒကာကြီးမှာ မိတ်ဆွေသင်္ဂဟ ဘယ်နှစ်ယောက်ရှိသလဲ။

ဖြေ။ ။ အများကြီးပါဘုရား။

မေး။ ။ အိမ်နားမှာ ဘယ်သူရှိသလဲ။

ဖြေ။ ။ ဦးဖြူ ရှိပါတယ်ဘုရား။

မေး။ ။ ဦးဖြူဆီကဟာ တောင်းစားဗျ။ ခပ်ဝေးဝေးကကာ ဘယ်သူရှိသလဲ။

ဖြေ။ ။ ဦးနီ ရှိပါတယ်ဘုရား။

ဦးနီဆီကဟာ တောင်းစား၊ မိကျောင်းခေါင်းသာ မှန်ပါစေ၊ တောင်းစားရင် ချောင်းဆိုး ပျောက်မှာပဲ၊ ဟုတ်ကဲ့လား။ အဲဒါမှတ်ထားဗျ။ အိမ်မှာ ဝယ်ထားဘာ ရှိတယ် မဟုတ်လား။ အေးအေး ဘယ်ကဟာ စားစား ပျောက်မှာပဲ။

ဖြေ။ ။ တပည့်တော်က ပုလင်းဝယ်သားပြီး ကြည့်ကြည့် နေတာပဲ ဘုရား။

မေး။ ။ အခုလို လျှောက်ပြောတော့ ပေါ့ပေါ့တန် ပြောတယ်လို့ မမှတ်နှင့် ကြားလား။

ဖြေ။ ။ တပည့်တော်က ပုလင်း ကြည့်ကြည့်နေတယ် ဆိုတော့ အရှင်ဘုရား တရားကို ညစဉ်တိုင်း နာနေတော့ သိနေပါတယ်ဘုရား။

မေး။ ။ ဒါကတော့ ဘယ်အရှင်ရေးတာ၊ ဒါက ဘာစာအုပ် ဘယ်နံပါတ်မှာ မယုံရင် သွားကြည့်နှင့်၊ သည်လိုမလုပ်ကြနှင့်၊ မအောက်မေ့ကြနှင့်၊ ကြားလား။

ဖြေ။ ။ တပည့်တော်တို့က ငြင်းလှပေါ့ဘုရား၊

အေး၊ ဒါကြောင့် မပျောက်တယ် ပျောက်တယ်ဆိုတာ ခုနဟာသာ စားကြည့် ကြားလား။ ကနေ့ထိုင်စား၊ နက်ဖြန်ခါ ချောင်းဆုံး မပျောက်ဘဲ မနေပါဘူး။ ပျောက်မှာပဲ၊ ဆက်ပြီးတော့ စားလိုက်ရင် သေသေချာချာကို အမြစ် ပြတ်သွား ပါလိမ့်မယ်ဗျ။ နည်းနည်း သက်သာရုံနှင့် နားမထားနှင့်၊ မပြတ်သေးရင် ပေါ်လာဦးမယ်။

ဖြေ။ ။ တင်ပါ့ ဘုရား။ တစ်ဆက်တည်း စားပါတော့မယ်ဘုရား။

ကောင်းပါ့ဗျာ၊ ရှေးတုန်းက အပ္ပမာဒ တရားဆိုတာ ဘာလဲဆိုရင် သည့်ပြင်ဟာ မဟုတ်ဘူး။ အပ္ပမာဒေန သမ္ပာဒေထ ဆိုတာ အရှင်မြတ်တွေ အားလုံးဟာ ဘယ်နေရာ ဘယ်ဌာနမဆို ဆင်းရဲမှ လွတ်မှု ဘုရား အဆုံးအမကို ရကြပြီ ဆိုတော့ အပြီးအဆုံးမှာ အကောင်းဆုံးကို ထည့်ပေးတာပဲ၊ အပ္ပမာဒေန သမ္ပာဒေထ ဆိုပြီး။ သည်တော့ ဒကာကြီးတွေက ဘယ့်နှယ်လဲ။

ဖြေ။ ။ အာမဘန္တေ ဆိုပြီး ရဲရဲကြီး နှုတ်က ဆိုလိုက်တာပဲ ဘုရား။

ရှေးက အရှင်တွေကတော့ အခုနလို သိထားတယ်။ ပေးတဲ့အခါမှာ အာမဘန္တေ ဆိုပြီး တစ်ခါတည်း၊ တစ်ပြိုင်နက်တည်း ထားလိုက်တာ နည်းနည်းကလေးမှ မလွတ်တော့ ဘဲကိုးဗျ၊ အဲသည်လို အာမဘန္တေ လိုက်တာဗျ။

ဒါကြောင့် သည် အရှင်မြတ်တွေမှာတော့ မှန်းထားတဲ့ ဗောဓိတွေဟာ အသီးသီး အောင်မြင်ပြီးတော့ နိဗ္ဗာန်ကို စံဝင် ကြွသွားတော် မူကြတာဗျ။ ဒါကလည်း သူတို့ ပြောတာမှတ်ပြီးတော့ ပြောတာဗျ။

သည်တော့ အခုလို သတိပေးတာက ဘာလဲ ဆိုရင် အပ္ပမာဒေန သမ္ပာဒေထ ဆိုတာက အခုထားဆိုတဲ့ နေရာမှာ မရွှေ့အောင် နေကြလို့ ပြောတဲ့။ ရှေးအရှင်တွေ အာမဘန္တေ ဆိုတာက ဘယ်တော့မှ မဟုတ်ဘူးဗျ။ အဲသည်လို ဖြစ်သောကြောင့် နှစ်သက်တဲ့ အသီးသီး ဗောဓိတွေဟာသည် အာမဘန္တေ နှင့် အကုန်လုံး ပြီးတာတဲ့ဗျ။ ဒါဆောင်သွား ရင် သည့်ပြင်တွေက ဘယ်ကမှ မကျန်ခဲ့ပါဘူး ထင်ပါရဲ့။

ဖြေ။ ။ ကြိုးဆွဲလိုက်ရင် တသီတန်းကြီး ပါသွားမှာပဲ ဘုရား။

မေး။ ။ အရင်တုန်းကတော့ နှုတ်တိုက်ရတာ ဆိုလိုက်တာပဲ။ အဟုတ်ကို အာမဘန္တေလို့ မမှတ်မိလိုက်သေးဘူး ထင်တယ်။

ဖြေ။ ။ စိတ်ထဲက လျှော့လျှော့ပေါ့ပေါ့နှင့် သူများအတုခိုးပြီး ဆိုလိုက်တာပဲ ဘုရား။

အေး၊ ဒီတစ်ခါတော့ လှိုက်လှိုက်လှဲလှဲ ရှေးအရှင်တွေကဲ့သို့ ထပ်တူညီမျှ ကျသွားအောင် ပျော်ရွှင်ပြီး၊ အခုလို စိတ်ဆန္ဒ ဖြစ်စေပြီးတော့ အာမဘန္တေ ကြဗျား။

(ဝေဘူဆရာတော်)

စာညွှန်း -
ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိနှင့် ကျင့်စဉ် -
မောင်ကျော်ညွန့် (မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ)

လူလျော့လူပေါ့အဖြစ်က လွတ်အောင်ကြိုးစား

▬▬ஜ۩۞۩ஜ▬▬

[ဝေဘူဆရာတော်ဘုရားကြီးသည် ဤတရားတော်ကို ၁၉၅၅-ခု မေလ ၁၄-ရက်နေ့ ညတွင် ရန်ကုန်တက္ကသိုလ် ဓမ္မာရုံ၌ ဟောကြားတော်မူသည်။ ဘုရားရှင်၏ အဆုံးအမများကို ဝီရိယသန်သန်ဖြင့် ထူထောင်ပါက ဆင်းရဲမှုမှ ထုတ်နုတ်ပြီး ဖြစ်ကြောင်း၊ သံသရာတွင် သက်တမ်းစေ့ မလုပ်နိုင်သော်လည်း ယခုအချိန်မှစ၍ ကျင့်ကြံအားထုတ်မည်ဆိုလျှင် စိုးရိမ်ကြောင့်ကြ ပူပန်မှုကင်းပြီး ပစ္စုပ္ပန် ချမ်းသာကို ရမည်ဖြစ်ကြောင်း တစ်ဦးပေါ်တစ်ဦး ဗြဟ္မစိုရ်တရား ထားကြရန်လည်း အထူးလိုအပ်ချိန် ဖြစ်ကြောင်းဖြင့် ဟောကြားတော်မူသည်။]

ရှေးဦးစွာ ကျေးဇူးရှင် ဝေဘူဆရာတော် ဘုရားကြီးသည် ရှစ်ပါးသီလကို ချီးမြှင့်ပြီးနောက် အောက်ပါအတိုင်း ဆက်လက် ဟောကြားတော်မူသည်။

တရားနာခံအဖြစ် ဦးလှက ဆောင်ရွက်သည်။

သီလတော့ ဆောက်တည်လို့ ပြီးကြပြီ။ ဆောက်တည်လို့ပြီးလျှင် ပြည့်စုံအောင် ဖြည့်ကြ၊ ကျင့်ကြ။ ဖြည့်ကျင့်လို့ ပြည့်စုံပြီ ဆိုမှဖြင့် စိတ်နှလုံး အလိုတောင့်တ ရည်ရွယ်ချက် အသီးသီးတို့မှာ အကုန်လုံး ပြီးစီး အောင်မြင်ကြပါရောဗျ။

ထိုသို့ဖြစ်သောကြောင့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာမှာ တောင့်တ ရည်ရွယ်ချက် အသီးသီးတို့ကို ပြီးစီးခြင်းငှာ အလိုရှိကြပါတဲ့ သူတော်ကောင်း အစားစားတို့သည် ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော တောင့်တရည်ရွယ်ချက် အသီးသီးတို့ကို ပြီးစီးခြင်းငှာ ဆောင်နိုင်ပါတယ်။ သည်လိုကြိုးစားပြီး ဖြည့်ကြ၊ ကျင့်ကြ။ သီလ၌ တည်ပြီးတော့ ပြုပြီး ကုသိုလ် အဖြာဖြာတို့သည် အထွတ်အထိပ်၊ အပြီးအဆုံးတိုင်အောင် ဆောင်တယ်၊ ပို့တယ်။

ဒါကြောင့် သီလ၌ တည်ပြီးတော့ နှစ်သက်ဖွယ်ဖြစ်တဲ့ ပူဇော်မှုတို့ကို ကိုယ့်စိတ်ထဲမှာ သဘောကျသလို ကောင်းမွန်စွာ စီမံပြီးပြီဆိုတော့ ကိုယ်ပိုင်ဖြစ်တဲ့ ပစ္စည်းတွေကို ကိုယ်ပိုင်၊ ကိုယ်တိုင် သူတစ်ပါးကို မစေမပါး မခိုင်းဘဲနှင့် အလှူဝတ္ထုကို လိုသလို အလှူခံဖို့ လိုသလို စိတ်ကိုဖြောင့်မတ်စွာ ထားပြီးတော့ အတုအတူ မရှိ ဘုရားရှင်၊ ဘုရား သာသနာမှာ ကိုယ်ပိုင် ကိုယ်တိုင် ဆည်းကပ် လှူဒါန်းပြီးတော့ အလိုရှိရာ နှစ်သက်တဲ့ ဗောဓိနှင့် နိဗ္ဗာန်ကို စံဝင်ရပါလို၏။ အဲသည်လို ဆုယူ ဆုတောင်းကြ။

ဗောဓိဆိုတာ သစ္စာလေးပါးကို ထိုးထွင်းပြီး သိမြင်တာကို ဗောဓိလို့ ခေါ်တယ်။ ဗောဓိသည် သမ္မာသမ္ဗုဒ္ဓ ဗောဓိပစ္စေက ဗောဓိသာဝက ဗောဓိသာဝကတွင်မှ အဂ္ဂသာဝကမဟာသာဝကပကတိသာဝကရယ်လို့ အသီးသီး ရှိကြတယ်။ ဧတဒင်္ဂ ရာထူးဌာနန္တရတို့မှာလည်း ကိုယ်အလိုရှိတဲ့ ဧတဒဂ်ရာထူး ဌာနန္တရတို့နှင့် နိဗ္ဗာန်ကို စံဝင်ရပါလို၏လို့ အဲသည်လို ဆုယူ ဆုတောင်းကြ။

တောင့်တတဲ့အတိုင်းဟာ ပြီးစီးအောင်မြင်လို့ နိဗ္ဗာန်ကို ဝင်ကြွသွားတော်မူကြတဲ့ သူတော်ကောင်း အစားစားတို့ဟာ ရေတွက်ခြင်းငှာ မစွမ်းနိုင်အောင် များပြားကြတယ်။ ဘာကြောင့်မို့ ဤကဲ့သို့ စိတ်နှလုံးအလို တောင့်တတဲ့ အတိုင်း ပြီးရပါသတုန်း ဆိုလို့ရှိရင် အခါကောင်းလို့ ၊ ဘဝကောင်းလို့ ၊ ဝီရိယကောင်းလို့ ။ ဘုရားပွင့်တော်မူတဲ့အခါ ဘုရားသာသနာတော် ရှိတဲ့အခါ အခါကောင်းမည်တယ်။

လူ့ဘဝ၊ နတ်ဘဝ၊ သုဂတိဘဝ ရကြတဲ့ သူတော်ကောင်း အစားစားတို့သည် ဘဝကောင်းမည်တယ်။ အလိုရှိတဲ့ နှစ်သက်တဲ့ ဗောဓိကို ပြီးမြောက်အောင် ဝီရိယ ထူထောင်ပြီး ဖြည့်ကြ၊ ကျင့်ကြ။ ရှေးအရှင်ကောင်းတွေ့ရဲ့ ဝီရိယကို မီအောင်၊ ညီအောင် ထူထောင်ကြ။

အဲသည်လို ထူထောင်ကြတဲ့ သူတော်ကောင်း အစားစားတို့ဟာ ဝီရိယ ကောင်းကြတဲ့ ဝီရိယတဲ့။ အခါက ဘဝကောင်းတာ သိပြီးတော့ ဝီရိယကောင်းကြတဲ့ သူတော်ကောင်း အစားစားတို့ဟာ မှန်းထား ရည်ရွယ် တောင့်တကြတဲ့အတိုင်း အကြွင်းအကျန် မရှိ ပြီးစီးအောင်မြင်လို့ နိဗ္ဗာန်သို့ စံဝင်သွားကြတော်မူကြတာ မရေမတွက်နိုင်အောင် များပါတယ်။

ဘုရားရှင်လက်ထက်

▬▬▬▬▬▬▬▬

ဘုရားရွှေလက်ထက်တော် ဘုရားပွင့်တော်မူတာကို သိကြတဲ့ များစွာသော လူ နတ် ဗြဟ္မာများသည် ဘုရားရှင်၌ တည်ပြီးတော့ ဘုရားရှင် ထံမှောက်သို့ အစဉ်အတိုင်း လာရောက်ကြတယ်။ ရောက်ကြတဲ့ အခါကစပြီးတော့ ဘုရားရှင်ရဲ့ အသရေတော်ကို မျက်မှောက်အားဖြင့် ကြည်ညိုကြရပြီဆိုတော့ ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာမှ အားမရနိုင်၊ မရောင့်ရဲနိုင်ဘူးတဲ့ဗျာ့။

ပြီးတော့ ဘုရားရှင်ရဲ့ အာရုံ၌ တည်ပြီးတော့ နှစ်သက်ဖွယ်ဖြစ်တဲ့ ပူဇော်မှုတို့ကို လေးစား ကြည်ညို ပူဇော်ကြတယ်။ အတုအတူ မရှိပါတဲ့ ဘုရားရှင်သည် အစဉ် သနားပြီးတော့ ကိုယ်တော်တိုင် ထိုးထွင်းသိပါတဲ့အတိုင်း သဗ္ဗညုတ ရွှေဉာဏ်ဖြင့် သိစေတော်မူတယ်။

ဘုရားဆုံးမပါတဲ့ ဘုရားအဆုံးအမကို ရကြပြီ ဆိုမှဖြင့် မချတဲ့ ဝီရိယဖြင့် ဣရိယာပုထ် လေးပါးမှာ တစ်ဆက်တည်း ပါအောင် ထူထောင် ပြီးယူကြတယ်။ ယူကြပြီဆိုတော့ အခါမလင့် တောင့်တတဲ့ အတိုင်းဟာ ချမ်းသာသုခ ဆိုက်ပါတယ်။ ဆိုက်တဲ့အခါ ကျပြီဆိုတော့ ဝမ်းမြောက်ကြ ဝမ်းသာကြရတယ်။

ဘယ်လိုများ ဝမ်းမြောက်ကြ၊ ဝမ်းသာကြရပါသတဲ့ဆိုလျှင် လူ့ဘဝ လူ့ဘဝဟူ၍ ပြောစလောက်ပြီး သံသရာ တစ်လျှောက်လုံး အတွက်ဟာ ငြိမ်းရ အေးရပါပြီလို့ ဤကဲ့သို့ တစ်ခဏစာ၊ တစ်ဘဝစာမဟုတ်၊ သံသရာတစ်လျှောက်လုံးအတွက် ဝမ်းမြောက်ကြရ၊ ဝမ်းသာကြရပါသတဲ့ဗျ။

ဤကဲ့သို့ ဝမ်းမြောက်ကြ၊ ဝမ်းသာကြရတာဟာ ဘယ်အချိန်အခါမှာလဲဆိုတော့ ဘုရားရှင် ပွင့်တော်မူတဲ့အခါ ဘုရားသာသနာ ရှိတဲ့အခါ ဘုရားထံမှောက်သို့ ရောက်လိုမှု များစွာသော လူ၊ နတ်၊ ဗြဟ္မာတို့ဟာ ခဏတစ်မုဟုတ်ချင်းမှာ အသီးသီး တောင့်တချက် ပြီးကြတယ်။ ဘယ်လောက်များ ပြီးဆုံးကြပါသလဲဆိုတော့ ကုဋေပေါင်း၊ ရာပေါင်း၊ ထောင်ပေါင်း သောင်းပေါင်း၊ သိန်းပေါင်း တစ်ခါတစ်ခါ ကျပြီဆိုတော့ ကုဋေပေါင်း အသင်္ချေ။ ဤကဲ့သို့ စိတ်နှလုံးအလို တောင့်တချက် ပြီးကြသတဲ့ဗျ။

ပြီးတော့ ခဏတစ်မုဟုတ်ချင်းမှာ ဆိုရင်လည်း ဤကဲ့သို့ ဤကဲ့သို့ တောင့်တချက် အသီးသီးတို့ဟာ ပြီးစီးကြတယ်။ ဘုရားထံမှောက်သို့ ဤကဲ့သို့ ဆက်ကာဆက်ကာဖြင့် များစွာသော လူ၊ နတ်၊ ဗြဟ္မာတို့သည် ရောက်ကြတယ်။ ရောက်ကြသည် ဖြစ်သောကြောင့် ဆက်ကာဆက်ကာ ဘယ်အချိန်မှ မပြတ်အောင် လေးစား ကြည်ညိုကြတော့ ထိုအချိန်တိုင်းမှာပင်လျှင် စိတ်နှလုံးအလို တောင့်တတဲ့အတိုင်း များစွာသော လူ နတ် ဗြဟ္မာတို့ဟာ ပြီးကြပါသတဲ့ဗျ။

စိတ်နှလုံး အလို

▬▬▬▬▬▬

ဒါဘာကြောင့်လဲဆိုတော့ အချိန်အခါ ဘဝကောင်းကြတာ သိပြီးတော့ လိုအပ်တဲ့ ဆန္ဒပြီးအောင် အအားအနား မထားဘဲ အဲသည်လို ယူကြတာဗျာ့။ ဒါဟာ ဘုရားရှင် ရွှေလက်ထက်တော်ကသာ မဟုတ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးတဲ့နောက် ဘုရားရှင် သာသနာ ထားတော်မူခဲ့တယ်။ ထားတော်မူခဲ့ပါ အဆုံးအမကို ရကြပြီးတော့ မတဲ့ဗျ၊ ဝီရိယနှင့် ထူထောင်ကြတယ်။

အဲဒီလို မြဲမြဲမြံမြံ ခိုင်ခိုင်ခံ့ခံ့ အခါခပ်သိမ်း အချိန်တိုင်းမှာ ယူကြတော့ ရကြပါသတဲ့ဗျ။ ဒါဘာတုန်းဆိုရင် အခါ ဘဝကောင်းကြတာကို သိပြီးတော့ ယူကြတဲ့ များစွာသော လူ နတ် ဗြဟ္မာ အပေါင်းတို့ဟာ ပစ္စုပ္ပန် သံသရာ နှစ်ဖြာမှာ ကောင်းသော စိတ်နှလုံး အလိုအတိုင်း ဖြစ်ပြီးကြတာတဲ့ဗျ။

တို့ဘုရားရှင် ဆုံးမပါတဲ့ အဆုံးအမ သာသနာဆိုတာ ဘယ်သင်းခေါ်ပါသလဲဆိုလျှင် အားလုံးသော မေတ္တာရှင်၊ ကရုဏာရှင် ဖြစ်ကြတဲ့ သံဃာတော်ကောင်း၊ အရှင်ကောင်းတို့ဟာ သုံးပါးသော ပိဋကတ်တို့ကို ပို့ကြ၊ ချကြ၊ ဟောကြ၊ ပြောကြတာဟာ ဘယ်အချိန်အခါမှ မလပ်အောင် မေတ္တာတည်းဟူသော မိုးစွေပြီး အခွင့်အခါ သင့်တိုင်း သင့်တိုင်း ဘယ်အချိန်မှ မလပ်အောင်၊ ဘယ်နေရာမှ မလိုအောင် ချီးမြှောက်တော်မူကြတယ်။

ဒီလို ချီးမြှောက်တော်မူလို့ ရကြပါတဲ့ အားလုံးသော ဒါယကာ ဒါယိကာမတွေမှာလည်း ဘုရားဆုံးမတော်မူပါတဲ့ သုံးပါးသော ပိဋကတ်တို့ကို ကိုယ်နှင့်တန်သလို ကျွမ်းနှီးလိမ္မာလို့ သွက်လက်ဖျတ်လတ်ပြီး ရှိကြတယ်။ သည်တော့ ဒါတွေကို ပြောစမ်းပါလို့ ဆိုလျှင်ပြောလို့ မကုန်နိုင်အောင် များပါတယ်။

အေး၊ ဤကဲ့သို့ ဘုရားရှင် ဆုံးမတဲ့ ပိဋကတ် သုံးပါးတို့ဟာ ကျယ်ဝန်းများပြား နေပင် နေငြားသော်လည်း စင်စစ်မှာတော့ ဆင်းရဲမှ လွတ်မှု တစ်ခုပါတဲ့ဗျ။ ဒါကြောင့်မို့ ဆုံးမပါတဲ့ အဆုံးအမများစွာ ရပြီးတော့ထားကြတယ်။

သည်အဆုံးအမမှန်မှန်ကို ကိုယ်နှစ်သက်ရာ တစ်ခုခုကို ကောင်းမွန်စွာ စိစစ်ပြီးပြီဆိုတော့ ဝီရိယသန်သန်နှင့် လိုက်နာကြတဲ့ သူတော်ကောင်းများရဲ့ ဝီရိယကိုမီအောင် ညီအောင် ထူထောင်ကြ။ ထူထောင်ကြပြီးဆိုလျှင် ထိုထို တစ်ပါးအာရုံ မသွားဘဲနှင့် ဘုရားဆုံးမတဲ့ အဆုံးအမမှာ တည်မယ်။

တည်တဲ့ အခါကျပြီဆိုမှဖြင့် ဤကဲ့သို့ တော်အောင်ပြုတဲ့ ဝီရိယရှိပြီဆိုလျှင် ဝိရိယိဒ္ဓိပါဒ် ဟာ ပေါ်လာမယ်။ ဘယ်လိုဖြစ်သလဲဆိုလျှင် တည်နေတဲ့အချိန်မှာ ဘုရားဆုံးမပါတဲ့ အဆုံးအမကို စိုက်စိုက်စူးစူးနဲ့ တစ်ခါတည်း သက်ဝင်ပြီး တည်နေတဲ့အချိန်မှာ ဆင်းရဲကိုဖြစ်စေတဲ့ လောဘဒေါသမောဟတို့ဟာ ရှိနိုင်ပါဦးမလားဗျာ။ (မရှိပါဘူး ဘုရား။)

အဲဒီအချိန်မှာ လောဘဒေါသမောဟတို့ မရှိဘူးဆိုတော့ ဒါဟာ ကုသိုလ်တွေ စင်ကြယ်တာပေါ့ဗျ။ အဲဒီလို အကုသိုလ် စင်ကြယ်တဲ့ အချိန်မှာ စိုးရိမ်ကြောင့်ကြ ပူပန်မှုဟာ ရှိပါဦးမလား။
ဖြေ။ ။ မရှိပါဘူးဘုရား။
မေး။ ။ သည်လို စိုးရိမ်ကြောင့်ကြ ပူပန်ရတာက ဆင်းရဲတာလား၊ ချမ်းသာတာလား။
ဖြေ။ ။ ဆင်းရဲပါတယ်ဘုရား။
မေး။ ။ စိုးရိမ်ကြောင့်ကြ ပူပန်မှု မရှိဘူးဆိုတော့ ဘယ့်နှယ်လဲဗျာ။
ဖြေ။ ။ ချမ်းသာပါတယ် ဘုရား။
မေး။ ။ အဲသည်တော့ ဘုရားဆုံးမပါတဲ့ အဆုံးအမမှန်မှန်ကို ဝီရိယသန်သန်နှင့် ထူထောင်လိုက်ပြီ ဆိုတဲ့အခါကျတော့ ဒါဟာ ဆင်းရဲက ထုတ်နုတ်ပြီး ဆောင်တာ မဟုတ်ဘူးလား။
ဖြေ။ ။ တင်ပါ့ဘုရား ။

စိုးရိမ်ပူပန်မှုမရှိ

▬▬▬▬▬

ဒါဟာ အခု ချက်ချင်းကိုပဲ ဝီရိယ ထူထောင်ကြတဲ့ အရှင်တွေနှင့် ယခု ချက်ချင်း ဆင်းရဲက ထုတ်နုတ်ပြီး ဆောင်တာပါပဲဗျ၊ သံသရာမှာ ဆိုလျှင်လည်း သက်တမ်းစေ့လို့ များများမဟုတ်ပါဘူး။ ယခု အချိန်နောက်ကိုပဲ စိုက်စိုက်စူးစူးနှင့် ဘုရားဆုံးမပါတဲ့ အဆုံးအမ၌ သက်ဝင်ပြီးတော့နေရင် ဤကဲ့သို့ နေရင် သက်တမ်းစေ့လို့ စုတိ ကျရမယ်ဆိုလျှင် ဤကဲ့သို့ မြင့်မြတ်တဲ့ ဘုရား အဆုံးအမ၌ သက်ဝင်တည်နေတဲ့ သူတော်ကောင်းဟာ စိုးရိမ်ကြောင့်ကြ ပူပန်ခြင်း ဖြစ်မလား။ (မဖြစ်ပါဘူး ဘုရား။)

ဒါဟာ ခဏကလေးပါ၊ အချိန်ကြာကြာကြီး မဟုတ်ပါဘူး။ ခဏကလေးကိုပဲ သည်လို အာရုံပြုရုံနှင့် ဝီရိယထူထောင်သူနှင့် ပစ္စုပ္ပန်ချမ်းသာ အတွက်တို့ကို သေသေချာချာ လုံလောက်ပါသလားဗျ။ သည်တော့ သည်ထက် အချိန်များများကလေး ထားမယ်ဆိုရင် ဤမျှလောက် ကပါ့မလား။
ဖြေ။ ။ ဤမျှ မကပါဘူးဘုရား။

ဤမျှလောက် မကဘူးဆိုတာက ဘယ်လိုလဲ့၊ ဘုရားဆုံးမပါတဲ့ အဆုံးအမတွေကို အစဉ်အတိုင်း ရပြီးတော့ ပြောတတ်ကြတယ်၊ သည်လို ပြောတတ်တာဟာ တွေးပြီးတော့ မှန်းပြီးတော့ မှတ်ပြီးတော့ ပြောရတာလား။
ဖြေ။ ။ ကိုယ်တိုင် ဒိဋ္ဌ သိလို့ ပြောရတာပါဘုရား။

ဘုရားဆုံးမတာတွေကို မှတ်ပြီးတော့ အသီးသီး ထားပြတာတွေလည်း မေတ္တာရှင် ကရုဏာရှင်တွေရဲ့ ဆုံးမတော်မူခဲ့သည် ဖြစ်သောကြောင့် အဲဒါတွေကို မှတ်ထားတယ်၊ ဒါတွေလည်း ကျေးဇူးဂုဏ်တွေ ပါပါတယ်၊ အဲသည်လို မှတ်ပြီး စိတ်ထားကို သိရှိနားလည်တာတွေဟာ သည်ဟာတွေရဲ့ အကျိုး အထပ်ထပ်ကို ပြောစမ်းပါဆိုလျှင် ဒါဟာ မကုန်နိုင်အောင် ကြီးကျယ်ခမ်းနား မြင့်မြတ်ပါတယ်ဗျ။

ယခုလို ဘုရားဆုံးမတဲ့အတိုင်း လိုက်နာလို့ ဝီရိယ ထူထောင်လို့ ဝိရိယိဒ္ဓိပါဒ် ပေါ်သည် ဖြစ်သောကြောင့် ဝီရိယရှင်သခင်တွေဟာ သိတယ်ဆိုတော့ ဒါကမှ သာပြီးတော့ ရှင်းတာဗျ။ သည်တော့ ဤကဲ့သို့ အချိန်တွေ မြင့်မြတ်တာကို သိပြီး ဝီရိယ တိုးလိုက်တယ်။ တိုးလိုက်တဲ့ အခါကျတော့ ရှေးကအရှင်တွေဟာ အားမရ မရောင့်ရဲနိုင်အောင် အစဉ်အတိုင်းသာ တစ်ခါတည်း ဆောင်ရွက်ခဲ့ကြတော့တာပဲဗျ၊ အားလုံးတို့ဟာ သည်လို ရွက်ဆောင်ကြတယ်။ ရွက်ဆောင်တော့ ကိုယ့်တောင့်တချက် ပြီးတယ်။

ပြီးတဲ့အခါကျတော့လည်း သည်ထက်သာလျှင် ပိုပြီးတော့ ကိုယ်တိုင်မျှ မကဘဲ များစွာတို့ကိုလည်း ချမ်းသာသုခ ရစေလိုတဲ့ ဆန္ဒတွေ ဖြစ်ပြီးတော့ ရရာရကြောင်းတွေကိုလည်း သိပြီးပြီဆိုတော့ သိတဲ့အတိုင်းလည်း ဆောင်လိုတဲ့ ဆန္ဒများပြီး အဲဒီလို အစဉ်အတိုင်း ဆောင်ကြတော့တယ်ဗျ။

ဆောင်ကြပြီဆိုတော့ ဆောင်သည့်အားလျော်စွာ မှန်းထားသလောက်မကဘဲ များစွာ တိုးတက်တာတွေကို ကိုယ်တိုင်မြင်ရတယ်။ ကိုယ်တိုင် မြင်ရတော့ သိတော့ ဝမ်းမြောက်တဲ့ အားမရနိုင်ဘဲ သူတို့မှာ ဘုရားရှင် သာသနာ တည်ပြီဆိုမှဖြင့်လျှင် တောင့်တချက် အတိုင်း လူ နတ် ဗြဟ္မာတွေဖြစ်မှာ သိပြီဆိုတော့ တည်ရာ တည်ကြောင်း ပြုလိုပြုတဲ့ အခါကျတော့ မှန်းသလောက် မကအောင် ပိုပြီးတော့ အစီးအပွားများတာ သိပါတယ်။

သိပြန်တော့လည်း သည့်ထက် တိုးအောင် ဆောင်လို့ မြင့်မြတ်လိုက်ကြတာတွေကို မှန်းပြီးတော့သိတယ်။ သည်လို သိလေလေ၊ သည်လို မြင်လေလေ အစီးအပွားများ အောင်မြင်အောင် ဆောင်လိုတဲ့ မြင့်မြတ်တဲ့ဆန္ဒတွေ များလေလေ ဆောင်လေလေ အဲသည်လိုပါတဲ့ဗျ။

ဝီရိယသန်ကြ

▬▬▬▬▬

ဘုရားရှင် ရွှေလက်ထက်တော်က မြင့်မြတ်ကြတဲ့ သူတော်ကောင်း အစားစားတို့ဟာ ဤကဲ့သို့ အားမရ မရောင့်ရဲနိုင်ဘဲ ဖြစ်ကြသလားဆိုတော့ မဟုတ်ပါဘူးဗျ။ ယခုလည်း အားလုံးသော သူတော်ကောင်း အစားစားတို့ဟာ ဘုရားအဆုံးအမကို ရကြသည့် အားလျော်စွာ ရှေးအရှင်တွေကဲ့သို့ ထူထောင်ကြတယ်ဆိုလျှင် ရှေးအရှင်တွေလို ထပ်တူညီမျှ အားမရ မရောင့်ရဲနိုင်အောင် ဖြစ်ကြမှာပါပဲဗျ။

ဒါကြောင့်မို့ အချိန်အခါ ဘဝ မြင့်မြတ်တာကို သိပြီးပြီဆိုတော့ ကိုယ်အလိုရှိတဲ့ မှန်းထားချက်တွေ မြန်မြန်ကြီး ပြီးအောင် ဝီရိယသန်ကြဗျ။ ဝီရိယသန်ကြမည်ဆိုမှဖြင့် အလုံးစုံတို့ဟာ တစ်ခါတည်း တသီ တတန်းကြီးဟာ ချမ်းသာကြပါလိမ့်မယ်ဗျ။ ရှေးအရှင်တွေဟာ ဤကဲ့သို့ ပြီးစီးအောင်မြင်ကြပြီဆိုတော့ အားလုံးတို့ကို ထပ်တူညီမျှ ရကြစေချင်သည် ဖြစ်သောကြောင့် ဆုံးမတော်မူတဲ့ အဆုံးအမကတော့ မြင်ပါတယ်။

သည် အဆုံးအမကိုပဲ လိုက်နာမှ တောင့်တတဲ့ အတိုင်း ပြီးမှာကိုသိပြီး လိုက်နာမှုဆိုတာကလည်း ဘယ်လိုများ လိုက်နာရမလဲ ဆိုတာကို သိစေချင်သည် ဖြစ်သောကြောင့် အရှင်မြတ်များသည် ဘုရားဆုံးမတဲ့ အဆုံးအမကိုနာလို့ ဆိုလာပြီး ချမ်းသာသုခ ရပြီးတဲ့အရှင်မြတ်များက အားလုံးတို့ကို လိုက်သချင်၊ ရသချင် ဖြစ်သောကြောင့် ကြိုးစားပြီးတော့ မီရအောင်၊ တွေ့ရအောင်၊ ကြည့်ရအောင် ရှေ့က မားမားမတ်မတ်ကြီးပါဗျ။

ကိုယ်နှင့် နှုတ်နှင့် ရှေ့က မြင်သာအောင် ဆောင်တော်မူကြတာဗျ။ မြင်တော်မူကြတဲ့အခါကျတော့လည်း ချမ်းသာသုခ လိုလားတဲ့ အရှင်တွေဟာ ဘုရားဆုံးမတဲ့ အဆုံးအမ ရပြီးပြီဆိုတော့ စိတ်ထားဖြင့် တည်ပြီး ရောက်ကြတယ်။ ရောက်ကြတော့ တချို့ဆိုဆုံးမရသည် မဟုတ်ဘူး၊ သည်အရှင်တွေရဲ့ လုံ့လ ဝီရိယကို မီအောင်၊ ညီအောင်ဟာ ပျော်ပျော်ရွှင်ရွှင်ကြီး လိုက်နာတော့တာပဲ၊ လိုက်နာတော့လည်း အရှင်မြတ်တွေနှင့် ထပ်တူညီမျှ အကုန်လုံး တစ်ညီတည်း ဖြစ်ကြပါသတဲ့ဗျ။

ရှင်သာရိပုတ္တရာထံ ရောက်ကြတဲ့ ဘုရားရှင်ရဲ့ တပည့် သားသမီးတွေဟာ ရှင်သာရိပုတ္တရာလိုပဲ။
ရှင်မောဂ္ဂလာန်ထံ ရောက်ကြတဲ့ ဘုရားရှင်ရဲ့ တပည့် သားသမီးတွေလည်း ရှင်မောဂ္ဂလာန်လိုချည့်ပဲ။
ရှင်မဟာကဿပထံ ရောက်ကြတဲ့ ဘုရားရှင်ရဲ့ တပည့် သားသမီးတွေလည်း သည်လိုပါပဲတဲ့ဗျ။

အသီးသီး အရှင်မြတ်တွေဆီ ရောက်ကြတဲ့ဟာ အသီးသီး အရှင်မြတ်တွေနှင့် တူတာချည့်ပဲ။ ရှင်သာရိပုတ္တရာရှင်မောဂ္ဂလာန်ရှင်မဟာကဿပ တို့ဟာတူကြတယ်ဆိုတော့ ရှင်သာရိပုတ္တရာက တစ်မျိုး၊ ရှင်မောဂ္ဂလာန်ကတစ်မျိုး၊ ရှင်မဟာကဿပက တစ်မျိုး မဟုတ်ဘူးဗျ။

ဘုရားဆုံးမတာက ညီတယ်၊ တူတယ်၊ လုံ့လဝီရိယသဒ္ဓါကလည်း ညီတယ်။ အဲဒီတော့ ချမ်းသာသုခတွေကလည်း အတူတူချည်းပဲ။ တစ်ပြိုင်နက်တည်းပါတဲ့ဗျ။ အဲသည်လို တူကြတာဗျ။ ယခုလည်း လိုက်နာကြတဲ့အခါ ချမ်းသာသုခ ဆိုက်လာပြီဆိုတော့ သည်လို အင်အားတွေနှင့် သည်လိုဆောင်ခိုင်းကြမှာချည်းပဲဗျ။

ယခုလည်း အားလုံးတို့ဟာ ဘုရားဆုံးမပါတဲ့ အဆုံးအမတွေကို မှတ်ထားပြီး လိုက်နာကြတော့ အားလုံးတို့ဟာ အားမရ မရောင့်ရဲနိုင်အောင် ထူထောင်ကြတာပဲဗျ။

လေးပါးသော ပစ္စည်းနှင့်တကွ ချီးမြှောက်လို့ရှိလျှင် ဘုရားအဆုံးအမ သာသနာ တည်မယ်။ တည်ပြီဆိုမှဖြင့် အားလုံးတို့ဟာ အစီးအပွားတွေ များမယ်ဆိုတာ သိပြီးတော့ လေးပါးသော ပစ္စည်းတွေနှင့်တကွ ထူထောင်ပြီးပြီဆိုတော့ သာသနာ တည်အောင် ချီးမြှောက်ကြတာတွေပါဗျ။

ချီးမြှောက်တဲ့ နေရာမှာ ဘာမျှလိုတယ်လို့ မရှိပေါင်ဗျာ။ ကျောင်း၊ သင်္ကန်း၊ ဆေးအမျိုးမျိုး အပြားပြားတွေ ပြုလိုက်ကြတာ ဘယ်ဟာမှ လိုတာ မရှိပါဘူးတဲ့ဗျ။ လိုတာ မရှိသော်လည်း သည်လောက်နှင့် တော်ရောပေါ့လို့ (ဒကာကြီး) ကြီးတွေဟာ အားရမလားဗျ။ (အားမရပါဘူးဘုရား။)

သည်လောက်ကလေးများ အောင့်တဲ့တောင် မပြောချင်ပါဘူးလို့ အဲဒီလို ဖြစ်တာဗျ။ အဲဒါ ဘာကြောင့်လဲဆိုရင် ယခုနဟာတွေကိုမြင်လို့ သိလို့ဗျ။ ဟုတ်ကဲ့လား။ (ဟုတ်ပါတယ် ဘုရား။)

ပြုနေရင်းပင်လျှင် သည်လောက်ကလေးများတော့ အားမရပေါင်။ သည်တစ်ခါ ပေးလိုက်ဦးမယ်နှင့် ဟုတ်လားဗျ။ (ဟုတ်ပါတယ်ဘုရား။)

ရှေးက အရှင်တွေကလည်း သည်လိုပဲတဲ့ဗျ။ ပြီးတော့ အစဉ်အတိုင်းဟာ သည်လို ဝီရိယတွေ ထူထောင်ပြီးတော့ ယခုလို ထားကြတာဗျ။ ပစ္စည်း လေးပါးနှင့်တကွ သည်လို ချီးမြှောက်တော့ ဘာမှမလိုဘဲ အကုန်လုံး ဖြစ်နေတော့ သူတို့မှာ စိတ်ချမ်းသာတာကိုးဗျ။

ယခုလို ချမ်းသာတဲ့အခါကျတော့ စိတ်တို့ ဘာတို့ဟာ ချမ်းသာပြီဆိုလျှင် ဘာဖြစ်သလဲဆိုလျှင် ဘုရားဆုံးမတဲ့ အဆုံးအမကို လိုက်နာကြတယ်ဆိုမှဖြင့် စိတ်တို့ ဘာတို့ဟာ ငြိမ်လွယ်တယ်။ တည်လွယ်တယ်။ သည်လိုတည်တဲ့အခါကျတော့ ယထာဘူတတဲ့။ အမှန်ကို သိကြ၊ မြင်ကြ၊ ကြားရသတဲ့ဗျ။

အဲဒါသိတော့ သည်လိုချည်းပဲ ပြုတာဗျ။ ဘယ်လိုတုန်းဆိုတော့ ဘုရားရှင်ရဲ့ တပည့် သားသမီးတွေဟာ စိတ်နှလုံး အတိုင်း ပြီးအောင် ကိုယ်နှင့် နှုတ်နှင့်၊ စိတ်နှင့် အဲသည်လို ဆောင်ကြတယ်။ ဆောင်ကြလို့ ချမ်းသာတဲ့အခါကျတော့ သူတို့ တောင့်တတဲ့အတိုင်း ပြီးတာကိုးဗျ။

ခပ်မှောင်မှောင်ကလေး

▬▬▬▬▬▬▬▬

ဒါကြောင့်မို့ အတူတကွ နေတာ ထိုင်တာမှာလည်း အားလုံးတို့ဟာ ဘယ်လိုတုန်းဆိုတော့ ကိုယ်နှင့်၊ နှုတ်နှင့်၊ စိတ်နှင့် အလုံးစုံပြုမယ်ဆိုတော့ ရှေးအရှင်တွေသည် ဘယ်လိုလဲဆိုလျှင် ဥပမာ - ဘာသိဘာသာ ယခုလို နေရာမှာ နေတယ်။ နေတဲ့အခါက စပြီဆိုတော့ ယခုလို လင်းပြီးတော့ နေတာဗျ၊ အဲသည်လို လင်းပြီး နေတဲ့ဟာကို ကိုယ်က ခပ်မှောင်မှောင်ကလေးနှင့် နေချင်တယ်လို့ စိတ်ဆန္ဒ ဖြစ်တယ်။ အဲသည်လိုမှလည်း အစီးအပွားများမှာကို သေသေချာချာကို သိတယ်။

သိတော့လည်း လင်းတဲ့ဟာကို မှောင်အောင် လုပ်လို့ ကိုယ့်ဟာကိုယ် သည်လို မလုပ်ရဘူးတဲ့ဗျ။ ဘယ်လိုလုပ်ရမလဲဆိုလျှင် ကိုယ်နှင့်အတူရှိတဲ့ အားလုံးသော သီတင်းသုံးဖော် ရဟန်းသံဃာတော်တွေကို လျှောက်ဦးတဲ့။ ဘယ်လိုလဲဆိုတော့ ရဟန်းသံဃာတော်များ လင်းတာက ကောင်းတော့ ကောင်းပါတယ်၊ ဒါပေမယ့် သည့်ထက် ခပ်မှောင်မှောင်ကလေးမှ ပိုပြီး မကောင်းဘူးလား။ ဒါကြောင့် တပည့်တော် မလင်းအောင်ပြုလိုက်မယ်လို့ သည်လိုပြောရတယ်။

ကိုယ်ကတော့ မှောင်သွားလို့ရှိလျှင် သေသေချာချာ သဘောကျနေပြီ။ သို့သော်လည်း ကိုယ့်သီတင်းသုံးဖော်တွေက ဘယ်လိုမှန်း မသိသေးလို့ ကိုယ်က ဘယ်လိုဖြစ်ချင်သလဲဆိုလျှင် ကိုယ်ရဲ့ သီတင်းသုံးဖော်တွေရဲ့ စိတ်နှလုံး အလိုအတိုင်း သဘောကျအောင် ဆောင်စေတာကိုးဗျ။

သဘောကျတာကလည်း ကိုယ်လိုဟုတ်ချင်မှ ဟုတ်မှာကိုး။ သည်တော့ ကိုယ့်အကြိုက်ကို မစီမံရဘူး။ ကိုယ့်ဆန္ဒအတိုင်း မလုပ်ဘူး၊ အားလုံးသော သီတင်းသုံးဖော် အတွက် စိတ်ဆန္ဒအတိုင်း ဆောင်ချင်သည် ဖြစ်သောကြောင့် သေသေချာအတွေးနှင့် လုပ်လျှင်လည်း ကိုယ်တွေးနှင့် ကိုယ်မှားတာ မတည့်လို့ရှိရင် အားလုံးတို့ ဆင်းရဲသွားမှာကိုး။

ဒါကြောင့် အားလုံးတို့ရဲ့ စိတ်ဆန္ဒကို သိချင်သည်ဖြစ်သောကြောင့် ဘုရားတပည့်တော်သည် ခပ်မှောင်မှောင်ကလေး ဖြစ်အောင်ပြုပါရစေ။ အရှင်ဘုရားများ နှစ်သက်တော်မူရဲ့လားလို့ လျှောက်ရတယ်။ လျှောက်တဲ့အခါကျတော့ သီတင်းသုံးဖော်တွေက ငါ့ရှင်ရဲ့ သည်လိုပဲ လင်းလင်း ကောင်းပါတယ်ဆိုလျှင် ဒါကို ကိုယ်က သဘောကျလိုက်ရမှာ၊ ဘာဖြစ်လို့လဲဆိုရင် အားလုံးအရှင်တွေရဲ့ စိတ်နှလုံးအလို အတိုင်း ဆောင်ချင်တာကိုးဗျ။ သိလိုတာကိုးဗျ။

ယခု ပြန်ပြီး မိန့်တော်မူတဲ့ အခါကျတော့ သူ့စိတ်မှာ ချမ်းသာပြီး သည်အရှင်တွေ ချမ်းသာမှုကို ငါဆောင်လိုက်ရတယ်။ ကိုယ်ကတော့ ဥပမာအားဖြင့် ဘယ်လိုပဲ ယခုနလို မှောင်တာကို နေချင်နေချင် သည်အရှင်တွေ ချမ်းသာအောင် ပြုချင်သည် ဖြစ်သောကြောင့် သဘောကျလိုက်တာတဲ့ဗျ။

ပြီးတော့ ခပ်မှောင်မှောင်ကပဲ ကိုယ်က လင်းလင်းနေချင်လျှင်လည်း သည်လိုပဲတဲ့ဗျ။ ကိုယ်ကတော့ သည်လို လင်းလင်း နေချင်ပြီး သို့သော်လည်း သည့်ပြင် ကိုယ့်သီတင်းသုံးဖော်တွေကို အဲသည်လိုလျှောက်ဦး၊ အရှင်ဘုရားများ … ဘုရားတပည့်တော်ဟာ သည်လို မှောင်မှောင်နေတာကို မကြိုက်သေးပါဘူး ဘုရား။ တပည့်တော် လင်းလင်းကြီး ပြုပါရစေလို့ လျှောက်ရမယ်။

သည်တော့ သီတင်းသုံးဖော်တွေက ငါ့ရှင် သည်လို ခပ်မှောင်မှောင်ကပဲ ကောင်းပါတယ်လို့ ရှိလျှင် အရှင်ဘုရားများက မှောင်မှောင်ကြိုက်တာ ဘုရားတပည့်တော်က လင်းလင်း ကြိုက်တယ်လို့ သည်လိုမလုပ်ရဘူး။

ဘာကြောင့်လို့ဆိုလျှင် သူတော်ကောင်းများဟာ ဘယ်လိုလဲဆိုလျှင် အားလုံးသော သီတင်းသုံးဖော်တွေရဲ့ ချမ်းသာမှုကိုသာ ရှေးရှုပြီး ဆောင်နေတာကိုးဗျ။ အဲသည်တော့ ကိုယ်က သည်လို သဘောကျတယ်။ သည့်ပြင် အရှင်တွေက သည်လိုသဘောကျတာ အဲသည်လို မတူဘူး။ အဲသည်တော့ ငါက သဘောကျ သလိုလုပ်မယ်လို့ စိတ်ထဲမှာ မရှိဘူးတဲ့ဗျ။ အားလုံး၍ ချမ်းသာမှုကြီးကိုပဲ ရှေ့ရှုနေတာတဲ့။

အဟုတ် ချမ်းသာစေချင်

▬▬▬▬▬▬▬▬▬

ရှေးက သူတော်ကောင်း အစားစာတို့ဟာ သည်လိုချည်းပဲဗျ။ သူကလည်း သီတင်းသုံးတာဟာ ပရိယာယ်မဟုတ်ဘူး၊ အဟုတ်ကို ချမ်းသာစေချင်တာဗျ။ ကိုယ့်စိတ်ထဲ သဘောကျသလို ကိုယ်က သည်လိုဖြစ်ပေမယ့် သူတို့က ဖြစ်ချင်မှဖြစ်မှာ ဘာကြောင့် သည်လို လျှောက်ပြီးလုပ်ရမလဲ။ ချမ်းသာအောင် လုပ်တယ်ဆိုပေမယ့် ငါက ချမ်းသာအောင် လုပ်တာ သူမချမ်းသာတော့ ဘယ်တတ်နိုင်မလဲလို့ မလုပ်ရဘူး။

သည်တော့ ယခုန မှန်းတဲ့အတိုင်း ပြီးမြောက်မှာ မဟုတ်ဘူး။ အားလုံးတို့ကို ချမ်းသာစေချင်လျှင် ချမ်းသာအောင် ယခုရော၊ နောင်ရော သည်လို ဆောင်ရတယ်။ ဥပမာအားဖြင့် ယခုလို တံခါးတွေ ဘာတွေ ဖွင့်ပြီးတော့ နေတာကို ကိုယ်က မကြိုက်ဘူး။ ကိုယ်ကတော့ အကုန် ချမ်းသာအောင် ပိတ်မှ ချမ်းသာမှာ ထင်ပါရဲ့လို့. သည်လိုအတွေးနှင့် မလုပ်လိုက်နှင့်။

ကိုယ်က အားလုံး ချမ်းသာမယ်ထင်ပြီး မလုပ်လိုက်နှင့်၊ ဘယ်လိုလဲဆိုလျှင် လျှောက်ပါဦး၊ အရှင်ဘုရားများ … ယခုလိုဆိုတော့ လေကတိုက်လိုက်တာ ဘုရားတပည့်တော် သည်တံခါးများကို ပိတ်လိုက်မယ်ဘုရား၊ အရှင်ဘုရားများ နှစ်သက်တော်မူပါသလားလို့ လျှောက်ရမယ်။ သည်တော့ ငါ့ရှင် နေပါစေ၊ သည်လိုပဲ ကောင်းတယ်ဆိုရင် ဒါကိုဝမ်းသာပြီး ကိုယ်က ယခုနလို တံခါးပိတ်ထားတာကို ဘယ်လောက်ပဲ နှစ်သက်လို့ သဘောကျပါစေ၊ ယခုနဟာလိုပဲဗျ။

အဲဒါ ဘာလဲဆိုလျှင် အကုန်လုံးရဲ့အတွက်ကို ရွက်ဆောင်လိုလို့ တဲ့ဗျ။ ဥပမာ သည်လို သီတင်းသုံးဖော်တွေနှင့် အတူတကွ နေကြတယ်။ ကိုယ်က သွားချင်လာချင်တဲ့အခါမှာ အသွားကြမ်း အလာကြမ်း အဝတ်ကြမ်းနှင့် အဲသည်လို ဖြစ်သွားပြီဆိုလျှင် သီတင်းသုံးဖော်တွေဟာ အစီးအပွား ပျက်သွားလိမ့်မယ်။ ပျက်လည်း ပျက်မှာကိုးဗျ။

သည်တော့ အဲသည်လို သိပြီးပြီဆိုတော့ ယခုနပြောတဲ့ ကိုယ်တို့ နှုတ်တို့ဟာ အလွန် နူးညံ့ပြီး သွားတယ်။ မကျန်အောင်သွားတယ်။ ပြုတာပြုတယ် ဘာမှ မကြမ်းတမ်းရဘူးတဲ့ဗျ။ အဲ့သည်လို ပြုရတာတဲ့ဗျ။ သည်လိုအလုပ်လည်း သူတို့ဟာသူတို့ ဘယ့်နှယ်နေနေ၊ ငါကလည်း ကိုယ်သွားတတ်သလို သွားတယ်။ ကိုယ်ပြောတတ်သလိုပြောမှာလို့ သည်လိုမလုပ်ရဘူး။ သည်လိုပြုလျှင် ကိုယ့်အတွက်နှင့် ဆင်းရဲမှ လွတ်မှုအတွက် လုပ်နေတာဟာ ကိုယ့်အတွက်နှင့် ပျက်သွားရင် ကိုယ့်မှာ နစ်နာမယ်ဗျ။ ဒါကြောင့် အားလုံးတို့ဟာ သည်လိုချည်းပဲ ရှေးက ဆောင်တော်မူတာတဲ့ဗျ။

ကဲ သည့်ပြင်လူတွေက သူတို့ဟာနဲ့သူတို့ သွားဘယ်။ သွားတဲ့နေရာမှာ ကိုယ့်အမူအရာတွေ အသံတွေ ကြမ်းကြမ်း တမ်းတမ်းပြုလို့ ထိခိုက်လာလျှင်တော့ သူကတော့ ဘုရားအဆုံးအမအတိုင်း မတည်ဘူး။ အလွန်ယုတ်မာတယ်။ အလွန်ဆိုးတယ်လို့ စိတ်မဆိုးရဘူး။

ဘယ်လိုပြောရမလဲဆိုရင် အဲသည်လို အသံတွေကြားလျှင် သီတင်းသုံးဖော်တွေက အင်မတန် နူးညံ့သိမ်မွေ့တယ်။ ငါရဲ့ချမ်းသာမှုကို ကိုယ်ရော၊ နှုတ်ရော၊ စိတ်ရော ဆောင်နေတာ။ ယခု သည်ကဲ့သို့ တားရတာဟာ ဘယ်လိုဖြစ်သလဲဆိုလျှင် နင်ရောလို့၊ နင်ကောလို့ ၊ နင်းပျင်းလို့၊ နင်ဖျင်းလို့ပေါ့၊ သည်တော့ ဝီရိယ တိုးလိုက်ဦးလို့ အဲသည်လိုတိုး။

တိုးပြီဆိုတော့ သီတင်းသုံးဖော်တွေက သူ့ကို ပြုချင်တိုင်းပြုနေ၊ ကိုယ်က ဝီရိယ တိုးလိုက်ပြီဆိုတော့ ယခုနဟာတွေဟာ အကုန်လုံး ဘာမှမကြားဘဲ ဖြစ်သွားလိမ့်မယ်ဗျ။ သည်အခါကျတော့ ကျေးဇူးလည်း တင်ရမယ်။ ယခု သီတင်းသုံးဖော်တွေက သူတို့ပကတိ သွားတယ်ဆိုပေမယ့် ယခုလို အသံတွေကြားတော့ ငါသည်လို တိုးလိုက်တော့ ယခုနလို အစီးအပွား ရှိသကိုးလို့ အဲသည်လို သီတင်းသုံးဖော်တွေကို ကျေးဇူးတင်တတ်အောင် တင်ရမယ်ဗျ။ တည့်လဲ တည့်တယ်ဗျ။ (တည့်ပါတယ် ဘုရား။)

အဲသည်က ကိုယ့်အစီးအပွားနှင့် အကုန်လုံးရဲ့ အစီးအပွားတွေဗျ။ ဘုရားရွှေလက်ထက်တော်က သည်လို တစ်ဆောင်တည်း ဆောင်နေတာဗျ။ အဲသည်လို ဆောင်နေသည် ဖြစ်သောကြောင့် အချိန်တိုင်း အချိန်တိုင်းမှာ အဲသည်လို တိုးတက်တာတဲ့ဗျ။

တောင့်တ ရည်ရွယ်ချက် အသီးသီးတွေဟာ ယခုလို ကိုယ်နှုတ်တွေနှင့် ဥပမာ-တံမြက်စည်း လှည်းတာမြင်ရ၊ အမှိုက်ကျုံးတာ မြင်ရ သာတောင့်သာယာနှင့် နေကြရတဲ့ သီတင်းသုံးဖော်တွေက ယခုန ဘုရားရှင် ပူဇော်တာတွေကိုလည်း မြင်ရ၊ ကြည်ညိုရတယ်။

အဲသည်လို ကြည်ညိုရတဲ့ အခါကျတော့ ဒီလို ကိုယ်မှု နှုတ်မှုကို တစ်ခါမြင်ရပြန်တော့ ကိုယ့်မှာ ကြည်သွားတယ်ဆိုလျှင် ဒါဟာ သီတင်းသုံးဖော်တွေကို မီပြီး ကိုယ့်မှာ ဘာဖြစ်နိုင်သတုန်းဗျ။ စိတ်နှလုံး အလို တောင့်တချက်အသီးသီး ဗောဓိပြီးဖို့ရာ လာမီပြီး အထက်ကို ဆန်တက်တယ် မဟုတ်လား။ (ဆန်တက်ပါတယ် ဘုရား။)

သူတော်ကောင်း

▬▬▬▬▬▬

အဲဒီလို ဆန်တက်သွားတာဗျ။ ပြီးတော့ ကိုယ့်သီတင်းသုံးဖော်တွေဟာ ကိုယ်နှင့် နှုတ်နှင့်တကွ သောင်းကျန်းပြီး ဆဲရေး တိုင်းထွာပြုပါလျှင် ဘယ်လိုတုန်းဆိုတော့ ယခုန ကျေးဇူးဂုဏ်တွေကို အောင့်မေ့လိုက်တယ်။ သူ ငါ့ကို ပြောသင့်တယ် ဆိုသင့်တယ်။ ဆဲရေးတိုင်းထွာ ပြုသင့်တယ်။ ငါ့ကျေးဇူးရှင်ပါလားလို့ အဲဒီလို ပြုပေမယ့် ယခုနလိုပဲ သူ ငါ့ကို ပြုသင့်တယ်။ ပြုထိုက်တယ်။

ဘာကြောင့်လည်းဆိုလျှင် ငါ့ကျေးဇူးရှင်ပဲလို့ အဲသည်လိုတဲ့ဗျ။ အဲသည်လို နောက်ပြုတော့ တော်တော်မြင့်မြတ်တာကို မှတ်မိတော့ ကျေးဇူးတင်ပြီး ကိုယ်က ကျေးဇူးဆပ်ဖို့ရာဟာ အောက်မေ့ပြီး နေတယ်။ သူတို့က ဘယ်လိုကိုပြုပြုတဲ့ဗျ။ အဲဒါကို သူတော်ကောင်းလို့ ပြောတာတဲ့ဗျ။ (တင်ပါ့ဘုရား။)

သူ့ကျေးဇူးရှိတာ သိပြီးတော့ ယခုရော၊ နောင်ရောအတွက် အဲသည်လိုပဲ ဆောင်ပဲရာ သူတော်ကောင်းက အဲသည်လို စိတ်ထဲမှာ ထားာတဲ့ဗျ။ ယခု ဒါယကာကြီး ဒါယကာမကြီးများဟာ ထပ်တလဲလဲ ကိုယ်ကောင်း စိတ်ကောင်း နှုတ်ကောင်းတွေနှင့် အကုန်လုံး တစ်ခါတလေ ဒကာကြီးဟာ စိတ်ထဲ သဘောမကျလို့ တုတ်နှင့် ရိုက်မယ်ဆိုလျှင် ဘယ့်နှယ်လဲ။
ဖြေ။ ။ တပည့်တော်က ပြန်ရိုက်မှာပဲ ဘုရား။
မေး။ ။ သည်လိုလားဗျ။ ယခုဟာတွေ မမှတ်မိဘူးလား။
ဖြေ။ ။ ယခုဟာတွေဟာ တရားစနာတုန်းပဲ အမှတ်ရပါဘုရား။ တရားနာလို့ ပြီး မေ့သွားပါတယ် ဘုရား။

ဟုတ်ရဲ့လားဗျ။ ရှေးက အရှင်တွေက ယခုနလို အမှတ်ရပြီး ယခုနလို ကြည်ညိုကြတာဗျ။ ပြုတာတဲ့ ကျေးဇူးကို အဲဒီလို သတိရတာဗျ။ အဲဒီလို မြင်ပြီးတော့ သည်အရှင်ရဲ့ကျေးဇူးကို သိပြီဆိုတော့ သည်အရှင်အတွက် ယခုရော နောင်ရော အတွက် ချမ်းသာကြောင်းသာလျှင် ဆောင်နေတော့တာပဲတဲ့ဗျ။

အဲသည်လို ရှေးက အရှင်တွေက တောင့်တ ရည်ရွယ်ချက်အတိုင်း ပြီးအောင် ကတညုတ ကတဝေဒီ ဆိုတာ အစဉ်အားဖြင့် ဘယ်အခါမှ မစွန့်ဘဲ သည်လို သုံးစွဲတာတဲ့ဗျ။ ဟုတ်ကဲ့လားဗျ။ (တင်ပါ့ဘုရား။)
မေး။ ။ အဲဒီလိုမှတ်ပြီး အဲဒီလို သွားကြဗျာ။ အဲဒီလို သွားဖို့ရာဟာ ခက်သလားဗျ။
ဖြေ။ ။ မခက်ပါဘူး ဘုရား၊ ရှေးအရှင်ကောင်းများ၏ ထုံးစံဓလေ့ကို မှတ်သားထားပါမည်ဘုရား။

အဲဒီလို သွားကြရသဖြင့် အကုန်လုံးတို့ဟာ ညီညွတ်အောင်၊ သဘောကျအောင် လုပ်ဆောင်တာပဲတဲ့ဗျ။ အားလုံး သဘောကျအောင်ချည်းပဲ တစ်ခါတလေ ခေါ်လိုက်တဲ့အခါကျလျှင် သူကတော့ ကောင်းကောင်း ခေါ်တာပဲ။ ခေါ်ပေမယ့် အခေါ်ခံရတဲ့လူက သဘောမကျဘူးဆိုလျှင် ဘယ့်နှယ်ပြုမလဲဗျ။
ဖြေ။ ။ သဘောမကျလျှင် တောင်းပန်ရမှာပါ ဘုရား။
မေး။ ။ ငါကတော့ ကောင်းအောင် ပြုတာ ခေါ်တာတောင်မှ ငါ့ကို အကောင်း မထင်ဘူးလို့ ပြောပြီး ရန်ဖြစ်ရမလား။
ဖြေ။ ။ ယခုနတုန်းက သူတော်ကောင်းတရားတွေ မေ့နေလျှင်တော့ ရန်ဖြစ်မှာပဲ ဘုရား။

ရှေးက အရှင်တွေကတော့ သည်လို မဟုတ်ဘူး၊ ယခုနပြောတဲ့ အတိုင်း ပြုလိုက်တယ်ဆိုလျှင် ငါက သည်လိုပြုတာပဲ၊ သဘောကတော့ ချမ်းသာအောင် ခေါ်တာပဲ၊ ပြောတာပဲ။ သို့ပေမယ့် သဘောမကျဘူးဆိုလျှင် ငါရဲ့ သီတင်းသုံးဖော်ရဲ့ အပြစ်မဟုတ်ပါဘူး။ ငါနေရာမကျလို့ ဖြစ်တာပါဆိုပြီး တစ်ခါ သဘောမကျလျှင် နောင်ကိုသဘောကျအောင် သည်လိုပြောတာတဲ့ဗျ။

သဘောမကျသေးဘူးဆိုလျှင် သဘောကျအောင် သည်လိုပြောတာတဲ့ဗျ။ သဘောမကျသေးဘူးဆိုလျှင် သဘောကျအောင် နေရာတိုင်းမှာ မှတ်ထားတယ်ဗျ။ ကိုယ့်အပြစ်ကိုသာ မြင်ပြီးတော့ သူတို့ကို သင့်တော်သလို ပြုစုရမှာဗျ။ ကိုယ့်အပြစ် ဆိုတာက ဘာတုန်းဆိုရင် သေသေချာချာ မှတ်တာပဲဗျ။ ဟုတ်ကဲ့လားဗျ။ သူတို့ရဲ့ အပြစ် မရှိဘူးမဟုတ်လား။
ဖြေ။ ။ သူတို့အပြစ် မရှိဘူးလို့ ထားရမှာပဲ ဘုရား။
မေး။ ။ ကိုယ်က ချမ်းသာအောင်ပြုတယ် ဆိုပေမယ့် ဟိုကသဘောမကျလို့ ရှိလျှင် ဒါ ကိုယ်ညံ့လို့ပေါ့ဗျ။
ဖြေ။ ။ မိမိရဲ့ ညံ့ဖျင်းချက်ပါဘုရား။
မေး။ ။ ကိုယ်ပြုတာက သဘောကျအောင် ပြုလိုက်တာပဲ ဒါပေမယ့်လို့ အားလုံးက သဘောမကျလျှင် အဲဒါအားလုံး အပြစ်မဟုတ်ဘူး၊ ဘယ်သူ့အပြစ်လဲ။
ဖြေ။ ။ တပည့်တော် အပြစ်ပါ ဘုရား။
မေး။ ။ ကဲ-ဒါဖြင့် ကျွေးကြ မွေးကြတယ် ဆိုလျှင်လည်း အားလုံးလို ကျွေးမယ်၊ သူတို့က သဘောမကျလျှင် ဘယ့်နှယ်လဲဗျ။
ဖြေ။ ။ ဒါချက်တဲ့လူ အပြစ်ပါဘုရား။
မေး။ ။ အေး ကိုယ်က သဘောကျအောင် လုပ်တာပဲ သူတို့ သဘောမကျလျှင် ဒါဟာ ကိုယ်လိုနေတာပေါ့ဗျ။ မဟုတ်လား။
ဖြေ။ ။ ကိုယ်လိုတာပါဘုရား။
မေး။ ။ အဲဒါ အဟုတ် ဟုတ်တာဗျ၊ ဟုတ်ကဲ့လား။
ဖြေ။ ။ ဟုတ်ပါတယ် ဘုရား။

အဲဒီလို ကိုယ်လိုတာ ကြိုသိပြီးနောက် သည့်ထက်ကောင်းအောင် သူတို့စိတ်တိုင်းကျ ဖြစ်အောင် လုပ်တယ်။ ဒါပေမယ့် စိတ်တိုင်းကျမဖြစ်လျှင် ကိုယ်ညံ့လို့ပဲလို့ မှတ်ရမယ်။ အဲဒီလို တောင်းတောင်းပန်ပန်နှင့် လုပ်ရမယ်ဗျ။ အဲဒီလိုလုပ်ရင် နောက်တော့ အကုန်လုံး သဘောကျအောင် ဖြစ်မသွားပေဘူးလား။
ဖြေ။ ။ နောက်တော့ ဖြစ်သွားမှာပဲ ဘုရား။

အဲဒီဖြစ်သွားရင် ဘုရားရှင် အလိုတော်ကျတာပဲဗျ။ အဲဒါ အမြဲကိုယ်နှင့် နှုတ်နှင့် စိတ်နှင့်ဟာ အများသဘောကျချည်းပဲ။ အဲသည်လိုတောင် ရမှာပါတဲ့ဗျ။ သို့သော်လည်း ဘုရားဆုံးမတာကို နားလည်မယ်။ နားလည်ပြီးတော့ အဲဒီလိုပြုရမှာ။ ရမ်းပြီးတော့ လုပ်လျှင် နေကြတော့ လုပ်လေလေ၊ နေရာမကျလေလေ ဖြစ်ကောင်းဖြစ်လိမ့်မယ် ထင်တယ်။ (တင်ပါ့ဘုရား) ။

ရှေး အရှင်ကောင်းတွေတော့ သည်လိုသွားတာဗျ။ သည်တော့ ဘုရားဆုံးမတဲ့ အဆုံးအမကို ရထားပြီးသည့်အတိုင်း လိုက်နာကြတာပဲ။ လိုက်နာနေတဲ့ အခါမှာ တော်တော်ကြာ ကိုယ်က အကောင်းလုပ်ပေမယ့် တစ်ခါတလေ ဘုရားဆုံးမတာနှင့် မညီညွတ်တာ ဖြစ်ချင်ဖြစ်သွားမယ်။

အဲဒီလို ဖြစ်သွားတော့ မေတ္တာရှင် ကရုဏာရှင်တွေက သည်လိုနေရာကျ မဖြစ်တာကလေးတွေကို မြင်လျှင် အဟုတ် မေတ္တာရှင်၊ ကရုဏာရှင်နှင့် ဘုရားဆုံးမတာနှင့် မလျော်ညီတဲ့ နေရာမှာ ယခုလို မဟုတ်ဘူးလို့ သတိပေးရမှာလား။ အဲဒီလို သတိပေးရင်လည်း ကိုယ်ကအကောင်းချည်း ဖြစ်ချင်နေတော့ ကောင်းအောင် ပြောတာကို ဘာ ဘယ့်နှယ် မတည့်မှာလား၊ ကျေးဇူးတင်ရမှာလား။
ဖြေ။ ။ ကျေးဇူးတင်ရမှာပါဘုရား။
မေး။ ။ ရှေး အရှင်တွေက အဲဒီလိုပါဗျ ဒကာကြီး။ အကောင်းလုပ်တာပဲဗျ။ လုပ်ပေမယ့် ချွတ်ယွင်းတာကိုမြင်လို့ ၊ တစ်ဦးဦးကပြောလျှင် ဘယ့်နှယ်လဲ။
ဖြေ။ ။ သူ့ပြန် ကျေးဇူးတင်ရမှာပါ ဘုရား။
မေး။ ။ ယခုနဟာတွေကို မသိလျှင် ဘယ့်နှယ်လဲ။
ဖြေ။ ။ ငါကကောင်းအောင်လုပ်ထားတာ၊ သူက လာကဲ့ရဲ့ပြန်ပြီလို့ တံတောင်နဲ့ တွက်မိမလား၊ ဆဲမိမလား မသိပါဘူး ဘုရား။

ရှင်သာရိပုတ္တရာ

ရှေးအရှင်တွေကတော့ ယခုနလိုတဲ့ဗျ။ လောကမှာ အသာဆုံးပေါ့ဗျာ။ ဘုရားရှင်ဆိုတာ အတုအတူ မရှိဘူးဗျ။ သည်တော့ ဘုရားရှင် သာဝကထဲမှာလည်း ဘယ်သင်းလဲဆိုရင် ရှင်သာရိပုတ္တရာဟာ တပည့်သား သာဝကထဲမှာ အားလုံးတို့အနေမှာ သူအသာဆုံး မဟုတ်လား။ နေရာတိုင်းမှာ အသာဆုံး မဟုတ်လား။ ပြီးတော့ တို့ဘုရားရှင်မှတစ်ပါး သည်အရှင်ထက် သာတာ ရှိသေးသလား။

ဖြေ။ ။ လူ့ခွင်နတ်ရွာ တစ်လောကလုံးမှာ သည်အရှင်ထက် သာတာ မရှိပါဘူးဘုရား။

မေး။ ။ ဘုရား ဟောတာတွေမှာလည်း သည်အရှင်လောက် သိတာရှိသေးသလား။

ဖြေ။ ။ မရှိပါဘူးဘုရား ။

မေး။ ။ ဝီရိယကော။

ဖြေ။ ။ ဝီရိယမှာလည်း မရှိပါဘူး ဘုရား။

မေး။ ။ ပြီးမြောက်မှုကောဗျာ။

ဖြေ။ ။ ပြီးမြောက်မှုတွေမှာလည်း ရှင်သာရိပုတ္တရာက ထိပ်ပါဘုရား။

အကုန်လုံး အသာချည်းပါပဲ။ သို့ပေမယ့် တစ်နေ့သ၌မှာ အရှင်မြတ်သည် အကုန်လုံးသော ရွက်ဆောင်စရာ ကိစ္စများ ရွက်ဆောင်ပြီး အကြောင်း ညီညွတ်တဲ့ အခါကျတော့ ရပ်တုန်း၊ နားတုန်းမှာ သင်္ကန်းက နည်းနည်းတွဲနေတယ်တဲ့။

သည်လို တွဲနေတဲ့ဟာကို ရှင်သာမဏေလေးကမြင်တော့ အရှင်ဘုရား သာရိပုတ္တရာ သင်္ကန်း နည်းနည်း တွဲနေပါတယ်လို့ လျှောက်တော့ သူ့မှာ သဘောကျလွန်းလို့တဲ့ဗျ။ အခုလို လျှောက်တဲ့ အခါကျတော့ ချက်ချင်းပြင်တဲ့ပြီး ဘုရားအလိုတော်ကျ ပရိမဏ္ဍလဝတ်လဲပြီးတော့မှ ပြန်ပြီးတော့ ဆရာကလေး သာမဏေ၊ အခုလိုဆိုရင် တော်လောက်ပြီလားလို့ မေးသတဲ့ဗျ။

ဘုရား ဆုံးမတာက ရှိတယ် မဟုတ်လား။ အဲဒါနဲ့ ကိုက်အောင် ညီအောင် ဝတ်တဲ့ပြီး ငါ့ရှင်သာမဏေ .. အခုဆိုရင် တော်လောက်ပြီလားလို့ မေးသတဲ့ဗျ။ နောက်ကျေးဇူး တင်လွန်းလို့ ကျေးဇူးတင်စကား ပြောတယ်တဲ့ဗျ။ ဒါကြောင့်မို့ သည်ကျေးဇူးကို ချီးကျူးလို့ မကုန်နိုင်ဘူးတဲ့ဗျ။

ဘာကြောင့်လဲဆိုရင် သာမဏေကလေးဟာ သူ့အပြော ပြောတာမဟုတ်ဘဲ။ ဘုရားရှင် ဆုံးမတဲ့ အဆုံးအမ ပရိမဏ္ဍလဝတ်ကို ပြောတော့ ဒါဟာ ဘုရားရှင်ရဲ့ ကိုယ်စား မဟုတ်လား။ (ဟုတ်ပါတယ်ဘုရား။)

အေး၊ အဲဒါလို ပြောတာကို ချမ်းသာလွန်းလို့ ကျေးဇူးတင်လွန်းလို့ တဲ့ဗျ။ သည်တော့ ဘုရားဆုံးမတဲ့ အဆုံးအမ အတိုင်းပြောတော့ အခုလို အဟုတ်ကို ကျေးဇူးများပြီး အဟုတ်ကို ကျေးဇူးတင်တော့ နောက်တစ်ခါ သည်လိုမြင်ရင် အဟုတ် မပြောချင် ဘူးလား။ (ပြောချင်ပါတယ်ဘုရား။)

တကြည့်တည်းကြည့်

အေးဗျ၊ တကြည့်တည်း ကြည့်နေမှာဗျ။ သည်လိုမဟုတ်ဘဲ ဘုရားဆုံးမတဲ့ အဆုံးအမနှင့် မညီတဲ့အခါမှာ သည်လိုပါလို့ မေတ္တာနှင့် ပြောတဲ့အခါမှာ မသိလို့မို့ ဟာကို သူက ငါသည်လို ပြောရမလားဆိုရင် ဘယ့်နှယ်လဲ အစီးအပွား များပါဦး မလား။

ဖြေ။ ။ အစီးအပွား မရှိပါဘူးဘုရား။

မေး။ ။ နောက်ကော သည်အရှင်က ဘယ့်နှယ်လုံ။ ဘုရားဆုံးမတာကို တည်ဖို့ရာ သည်လိုစိတ် ဖြစ်ပါ့မလား။

ဖြေ။ ။ စိတ်သည် တည်လို့ မဖြစ်ပါဘူးဘုရား။

အဲသည်လို ဖြစ်ကုန်တာဗျ။ ဒါကြောင့် ဘုရားဆုံးမတဲ့ အဆုံးအမကို မှတ်လည်းမှတ်၊ ပြီးတော့ ပြုလည်းပြု။ ပြုတဲ့နောက် အခုန ပြောတဲ့ဟာတွေလည်း အားလုံးတို့ဟာ မချွတ်ချော် မတိမ်းပါးဘဲနေမှာ မဟုတ်ဘူး၊ လျော့တာ ပေါ့တာက အမှန်ဗျ။ (တင်ပါ့ဘုရား)။

မေး။ ။ အဲသည်လိုဆိုတော့ မေတ္တာတည်းဟူသော မိုးစွေပြီးသကာလ ပြောကြ၊ ဆိုကြပါ။ ဟုတ်ကဲ့လား။

ဖြေ။ ။ ဟုတ်ပါတယ်ဘုရား။

အဲသည်လို တဖိတ်တည်း ဖိတ်ထားတော့မှ အခုနလို ပြောကြပြီဆိုတော့ အင်မတန် ဝမ်းမြောက်ရပါတယ်ဗျ။ ကျေးဇူးတင်ရတယ်ဗျ။ အခုလည်းပဲ အားလုံးတို့ဟာ သည်လိုကိုပဲ စိတ်ဖြစ်နေပြီး နေကြမယ်ဆိုရင် တောင့်တတဲ့ အတိုင်းဟာ မပြီးလွယ်ဘူး လားဗျ။

ဖြေ။ ။ ပြီးလွယ်ပါတယ် ဘုရား။

မေး။ ။ တကယ်လို့ ဝီရိယနှင့် ထူထောင်နေရာမှာ မတော်တဆ ထိနမိဒ္ဓ မနိုင်သေးခင် လဲတဲ့၊ ယိုင်တဲ့လူရှိလျှင် ဘေးနားက မထူချင်ဘူးလား။

ဖြေ။ ။ ထူချင်ပါတယ်ဘုရား။

မေး။ ။ ထူချင်လျှင် အဟုတ်ထူမှဗျ။ အဟုတ် အစီးအပွား များချင်တာကိုးဗျ။ သူက သည်လိုထူတာကို တယ်မလိုချင်ဘူးလို့ သာသာပြောတောင် ဒါကို စိတ်တိုပြီး ပြန်ပြောမယ် ဆိုလျှင် နောက် သည်လို အကူအညီ ရပါဦးမလား ။

ဖြေ။ ။ နောက် သည်လို အကူအညီ မရပါဘူးဘုရား။

မေတ္တာ ထားလျှင်

အဲဒါ အခုပြောတဲ့ ဘုရား အဆုံးအမလည်း သိတယ်။ သိပြီးတော့ မေတ္တာတွေက လည်း ထပ်တူညီမျှ ချမ်းသာချင်ပြီး သွားထူတာတဲ့ဗျ။ ဒါကြောင့်မို့ သူတကာများက ဘယ်ကစသလဲဆိုရင် မေတ္တာ စိတ္တံ ပူရံကတ္တဝါတဲ့။ ကိုယ့်မှာ ချမ်းသာသုခရ တယ်။

သည်လို ချမ်းသာသုခ ထပ်တူညီမျှ ရအောင် သည်လို ဆောင်ကြတာတဲ့။ အကုန်လုံး ချည်း ချမ်းသာအောင် သည်လိုဆန္ဒတွေနှင့် သည်လို ဆောင်ကြတာဗျ။ မေတ္တာ ထားလျှင်ဖြင့် အကုန်လုံး အကောင်းချည်းလည်း ဖြစ်ကုန်တာဗျ။ သည်ဟာ မရှိဘဲ ကင်းနေပြီ ဆိုမှဖြင့် အကောင်းပြုပေမယ့် အကောင်းထင်သေးသလား။

ဖြေ။ ။ အကောင်းကို မကောင်း ထင်နေပါတယ်ဘုရား။

ဒါကြောင့်မို့ မေတ္တာများဟာ သည်လို နေရာကျတာဗျ။ ငမေတ္တာနှင့် ကိုယ့်ဆီမှာ လာဖြစ်တဲ့ သားသမီးဆိုရင် ကိုယ့်သား ကိုယ့်သမီးဆိုပြီး ချစ်တယ်၊ ခင်တယ်။

ဖြေ။ ။ ချစ်ပါတယ်ဘုရား။

မေး။ ။ သူတို့က ဘာမျှ နားမလည်ဘူး မဟုတ်လား။

ဖြေ။ ။ နားမလည်ပါဘူးဘုရား။

မေး။ ။ နားမလည်တော့ ဘာမှ မသိပေါင်ဗျာ။ မိဘက ရင်ခွင်မှာ မြင့်မြတ်တဲ့ နေရာမှာ မြင့်မြတ်တဲ့ အဝတ်အစားနှင့် ကြိုင်လှိုင်အောင် ထားတယ်။ သူတို့က ဘာတွေ ယိုစီးသလဲဗျ။

ဖြေ။ ။ သူတို့က အပေါ့ရော အလေးရော ယိုစီးပါတယ်ဘုရား။

မေး။ ။ နှစ်သက်ဖွယ်တွေလားဗျာ။

ဖြေ။ ။ မနှစ်သက်ဖွယ်တွေပါ ဘုရား။

မေး။ ။ မနှစ်သက်ဖွယ်တွေကိုတော့ ကိုယ်သား ကိုယ့်သမီးပဲဆိုပြီး စိတ်ထဲက ချစ်ကြည် လေးစားနေတော့ အင်မတန် မေတ္တာတွေနှင့်နေတဲ့ မိဘတွေက စိတ်ဆိုး သလားဗျာ။

ဖြေ။ ။ စိတ်မဆိုးပါဘူး ဘုရား။ ဝမ်းတောင် သာပါသေးတယ်။

မေး။ ။ ဘယ်လိုလဲဗျ။

ဖြေ။ ။ အမယ်ဟယ် ကျန်းမာတဲ့ ကလေးပဲလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရပါတယ် ဘုရား။

မေး။ ။ ကိုယ့်သား ကိုယ့်သမီး မဟုတ်ဘဲ မတည့်တဲ့လူက အဲသည်လို လုပ်လျှင် ကောဗျာ။

ဖြေ။ ။ တကတဲ ထပြီး ရိုက်မိ ဆဲမိ လုပ်မှာပါဘုရား။

အေး၊ အဲဒါ မေတ္တာမရှိတာဗျ။ အေး၊ မေတ္တာများ အင်မတန်ကောင်းပါ့ဗျာ။ ဒါကြောင့် ဘုရား ဆိုဆုံးမတဲ့ အဆုံးအမတွေ ကိုသာလျှင် လုံ့လဝီရိယတွေနှင့် ထူထောင်၊ ထူထောင်ပြီဆိုရင် ချမ်းသာသုခ ဆိုက်လာလိမ့်မယ်။ ဆိုက်လာတဲ့ အခါကျတော့ ဘယ်လိုဖြစ်မလဲဆိုလျှင် အားလုံးတို့ဟာ သံသရာတစ်ခွင်မှာ ကျင်လည်နေတာ ဆင်းရဲ တာကိုသိတယ်။

ချမ်းသာသုခ ဆိုက်လာတဲ့ အခါကျတော့ သည်ဆင်းရဲက လွတ်ပြီလို့ ဆိုတာ ရိပ်မိတယ်။ ရပ်မိတော့ အားလုံးတို့ကို ကိုယ်လို ထပ်တူညီမျှ ရသမျှ ရစေချင်တယ်။ ရှေးက သူတော်ကောင်းတွေဟာ ဆိုက်လာပြီဆိုမှဖြင့် အားလုံးတို့ကို သူတို့လို ထပ်တူ ညီ မျှ ဖြစ်သွားပါသတဲ့ဗျာ။ အဲဒါက မပျင်းရဘူးဗျ။ (တင်ပါဘုရား)။

အခုလည်းပဲ သည်လိုချည်းပဲ ထပ်တူညီမျှ ရစေချင်တော့တာပဲတဲ့ဗျ။ ရှေးက ဘယ်သူ တုန်းဗျ။ ဟိုဒကာမကြီးဟာ ပုထုဇဉ်ဓလေ့ဆိုပြီး အလကား နေရင်း မတည့် ပြီးတော့ ဟိုမှာ ထောပတ်ပူတွေနှင့် သေရောဟဲ့ ဆိုပြီး အသေ လောင်းတဲ့ ဒကာမကြီးလေ။

ဖြေ။ ။ လောင်းတာက မာဂဏ္ဍီ၊ အလောင်းခံရတာက သာမာဝတီပါ ဘုရား။

အဲဒါ သက်သက်မဲ့ဗျ။ သူက ဘာတုန်းဆိုတော့ သူဌေးရဲ့ စည်းစိမ်တွေနှင့်တကွ အကုန်လုံး အပ်နှင်းပြီးတော့ များများကြီး ပေးထား လိုက်တာဗျ။ (တင်ပါ့ဘုရား။)

ဒါကို သူက ငြူစူပြီးတော့ တကတဲပါမှပဲ မတည့်ပြီးတော့ သူက အသေ လုပ်တာတဲ့ဗျ။ သည်တော့ ဟိုက ဘုရားအမှူးရှိတဲ့ သံဃာတော်တို့ကို သီလ၌ တည်ပြီးတော့ လုပ်ကျွေးပူဇော်ပြီး နေတာဟာ ဘယ်လိုလည်းဆိုလျှင် ဘုရားရှင်ကို ကြည်ညိုလို့ ဘုရားရှင်နှင့်တကွ သံဃာတော်များကို အမျိုးမျိုး အဖြာဖြာ လျောက်ပတ်တာတွေကို စီမံပြီး နေလိုက်တာဟာ အအား မထားဘူးတဲ့ဗျ။

ပြီးတော့ စိတ်တွေကလည်း အခု ဒကာကြီးများ ဒကာမကြီးများ ထားသလို နေတာတဲ့ဗျ။ အကုန်လုံး သွက်လက် ဖျတ်လတ်နေတာဖြစ်တော့ သူ့ကို တစ်ခါတည်း တစ်ကြိမ်တည်းနှင့် သေအောင်လုပ်လို့ ယူလာတာလည်း သိတာပဲဗျ။ သူ့စိတ်မှာ ဖြစ်တာကိုလည်း သိတာပဲဗျ။

သိပေမယ့် သူက ဘယ်လို အောက်မေ့ သလဲဆိုလျှင် အခု မိမိ သီတင်း သီလ ဆောက်တည်ပြီး ဘုရားရှင် အမှူးရှိတဲ့ သံဃာတွေကို ကြည်ညိုချင်သလို ကြည်ညိုဖို့၊ ပူဇော်ချင်သလို ပူဇော်ဖို့ အခွင့်ရတာဟာ အခု ညီမဖြစ်တဲ့ သီရိမာရဲ့ ကျေးဇူးတွေ အင်မတန်ကြီးတယ်။

ဘယ်လိုကြီးပါသလဲဆိုလျှင် သီရိမာရဲ့ ကျေးဇူးဟာ မြင်းမိုရ်တောင်နှင့် သီရိမာရဲ့ ကျေးဇူးနှင့် နှိုင်းစာကြည့်လျှင် မြင်းမိုရ်တောင်က သေးငယ်ပါသေးတယ်။ ငါ့ညီမ သီရိမာရဲ့ ကျေးဇူးဟာ အင်မတန် ကြီးပါတယ်လို့ သူက အဲသည်လို ကျေးဇူးတင်ပြီး တော့ မေတ္တာတွေနှင့်ကိုးဗျ။ အခု ငါ့လောင်းမလို့ လာတာ၊ သူ ဘယ်လိုပြုပြု ငါ့ ဘယ်လိုမှ ပြန်မပြုဘူး။

ကျေးဇူးရှင်ဖြစ်တယ်လို့ ကျေးဇူးတင်ပြီးတော့ အဲဒီလို နေလိုက်တာတဲ့ဗျ။ သည်လို မေတ္တာနှင့် နေလိုက်တဲ့ အခါကျတော့ သူ့မှာ ဘယ့်နှယ်မှ မရှိဘူးတဲ့ဗျ။ ထောပတ်ပူနှင့် သေအောင် လောင်းလိုက်တာဟာ ဘယ်လိုလဲဆိုတော့ အင်မတန် အေးမြတဲ့ စန္ဒကူးနှင့် လောင်းလိုက်သလို ချမ်းသာသွားလိုက်တာတဲ့ဗျ။ သည်လိုဖြစ်တာတဲ့ဗျ။

သည် ကျတော့မှ ငါက မတည့်ဘဲ တစ်ခါတည်းသေအောင် မလောင်းလိုက်တာ သူ့မှာ ဘယ့်နှယ်မျှ မရှိဘူး။ ငါက ယူတာက နှေး၊ သွားတာက နှေးနေလို့ ထင်ပါရဲ့ ဆိုပြီး သူက လုပ်ပြန်တာတဲ့ဗျ။ ပထမ တစ်ခါတုန်းကတော့ ကျေးကျွန်တွေက မမြင်ဘူးတဲ့ဗျ။ နောက်တစ်ခါလုပ်တော့ ကျေးကျွန်တွေက မြင်ပြီး၊ ဟဲ့ အယုတ်မဆိုပြီး အတင်း ရိုက်ကြတာပဲတဲ့ဗျ။

အပြစ်ရှိ၍ တောင်းပန်

ဒီတစ်ခါကျတော့ သူက သူ့မေတ္တာရှင် ကရုဏာရှင်ကိုပဲ မြင်တော့မှ တစ်ခါတည်း သွက်လက်ဖျတ်လတ်ပြီး ပြောလည်းပြော ဆိုလည်းဆိုနှင့် ဟဲ့ဟဲ့ ဆိုပေမယ့် မရဘူးတဲ့ဗျ။ ဟိုက အကုန်လုပ်ကုန်တာပဲတဲ့။ သည်တော့မှ သူက မဟုတ်ဘူး။ ဒါငါ့ကျေးဇူးရှင်၊ ငါ့ညီမကို ဒီလိုမပြုကြနှင့် ဆိုပြီး ဟိုမှာ နည်းနည်းကလေး ထိခိုက်သွားတာကို အဟုတ်ကို ယုယုယယနှင့် ဆုပ်နယ် လုပ်ပေးတာတဲ့ဗျ။ အဲသည်လို လုပ်ပေးပြီးတော့မှ ဟိုက သူ့ဟာသူ စိတ်ထဲမှာအမှန်ကို ရတာတဲ့ဗျ။ အဲဒါမေတ္တာဗျ။

သည်ကျတော့မှ နေရာမကျတဲ့အဖြစ်မျိုးကနေပြီး အမှန်ကိုရတာတဲ့ဗျ။ သည်တော့မှ မဖြစ်ဘူး။ ဤကဲ့သို့ မြင့်မြတ်တဲ့အရှင်မကို ဤကဲ့သို့ငါပြုမိတယ်။ အပြစ်အားလျှော်စွာ သည်အတိုင်းတိုင်း လုပ်နေမယ် ဆိုရင် ဦးခေါင်းဟာ အစိတ်စိတ် အမြွှာမြွှာသာလျှင် ကွဲစရာရှိတယ်၊ သည်တော့ အပြစ်အလျောက် တောင်းပန်မှ တော်မယ်ဆိုပြီးတော့ တောင်းပန်တာဗျ။

တောင်းပန်တော့ ကြီးလိုက်တဲ့မေတ္တာဗျ။ သူ့မှာ ဘယ်နှယ်မှလည်း စိတ်ဆိုးတာ မဟုတ်ဘူး။ သူကမေတ္တာများပြီး ကျေးဇူးတင်လိုက်သေးတယ်။ သူက သည်လောက် တင်မကဘူး သူလို ထပ်တူထပ်မျှ ဖြစ်ချင်သေးတယ်ဗျ။ ဖြစ်စေချင်တော့ သူကအခုနလို တောင်းပန်တဲ့အခါမှာ သာသာကလေး အေးအေးနေမယ်ဆိုလျှင် ဖြစ်တယ်မဟုတ်လား။ (ဖြစ်ပါတယ်ဘုရား)။

သို့သော်လည်း သူ့မှာသည်လိုဆိုလျှင် အေးမှာမဟုတ်ဘူး။ သည်တော့ အေးရာ အေးကြောင်း ဖြစ်အောင် ဘယ်လိုပြောရသလဲဆိုလျှင် သူ့မှာအဖရှိတယ်၊ ဤကဲ့သို့ ဖြစ်လို့ အဖကို တောင်းပန်ပါလို့ ပြောသတဲ့။

ဘာဆိုတာ ဘယ်ဟာကို ပြောတာလဲ ဆိုလျှင် အခုန သံသရာ တစ်လျှောက်လုံး အတွက် ချမ်းသာအောင် ချီးမြှောက်ပါတဲ့၊ မွေးမြူပါတဲ့ အဖဟာ ဘယ်သူလဲ ဆိုတော့ ဘုရားရှင်ကို သူက အဖလို့ ပြောတာဗျ။

အဲသည်လို ပြောတဲ့အခါကျတော့ သီရိမာက သူ့မှာ ဘုရားရှင်နှင့်လည်း အကျွမ်း မဝင်ဘူး၊ မြင့်မြတ် ပူဇော်စရာကလည်း ဘုရားရှင်နှင့် ထိုက်ထိုက်တန်တန် သူ့မှာ စီမံထားတာ မရှိဘူးလို့ ပြောတော့၊ အေး - ကိစ္စမရှိဘူး၊ နက်ဖြန်ခါ သင်စွမ်းနိုင်တာသာ ယူခဲ့ပါ။ သည်အတိုင်းတိုင်း လာခဲ့ပါ။ ဘုရားရှင်ကိုပူဇော်ဖို့ ထိုက်ထိုက် တန်တန်တွေ ဘာမှအကြွင်းအကျန် မရှိအောင် သူစီမံထားတာရှိတယ်။ အဲဒါနဲ့ ပူဇော်ပါလို့ ပြောသတဲ့ဗျ။

သည်တော့ အခုနပြောတဲ့အတိုင်း လာတာဗျ။ လာပြီးတော့မှ ဘုရားရှင်ကို ကန်တော့စေတာဗျ။ သည်တော့ ဘုရားရှင်က အမှန်ကို ညွှန်ကြား ဆုံးမတဲ့အခါ ကျတော့ကို ဘယ်နှယ်တုန်းဗျ။ သူ့မှာ ပုထုဇဉ်နွယ်ကနေပြီးတော့ အရိယာဘုံသား ဖြစ်တယ်ဗျ။ ကြီးလိုက်တဲ့ မေတ္တာဗျ။

အဲသည်လို မေတ္တာ နေရာကျပြီဆိုတော့ ကိုယ့်ကို သေသေချာချာ သတ်တဲ့ဟာကို သူကသနားပြီးတော့ ကျေးဇူးတင်နေတာတော့ သူဟာ အတည့်တွေ မြင်နေတာဗျ။ ကတညုတ ကတဝေဒီ တဲ့။ အဲသည်လို မြင်ပြီးတော့မှ ထပ်တူညီမျှ ချမ်းသာသုခ ရအောင် ဆောင်ပေးလိုက်သတဲ့ဗျ။ (တင်ပါ့ဘုရား)။

အဟုတ်ပြုတော့
အဟုတ်သိမှာ

အခုလည်းပဲ ဘယ်လိုတုန်းဆိုတော့ သည်လိုသာ ဝီရိယ ထူထောင်ပြီးတော့ သည်လို ဖြည့်ကြမယ်ဆိုလျှင် အချိန်တစ်ခုနှင့်တစ်ခု မတူအောင် မြင့်မြတ်ကြလိမ့်မယ်ဗျ။ မြင့်မြတ်တာ ဘယ်လိုပါလဲဆိုရင် ဒကာကြီးက သည်လို လုပ်ဆောင်နေတာကို အားလုံးသော ဒကာကြီး၊ ဒကာမကြီးတွေက မြင်လိမ့်မယ်။

ဒကာကြီးကလဲ ဘုရားဆုံးမတဲ့ အဆုံးအမကို သေသေချာချာကို ကိုယ်နှင့် နှုတ်နှင့် စိတ်နှင့် လိုက်နာ။ အဲသည်လို လိုက်နာလျှင် မြင့်တဲ့လူရှိတယ်၊ မြင့်တော့ ဒကာကြီးကို သည်လိုအတိုင်း ပြစ်ထားလို့ မတော်ဘူးဆိုပြီး သေသေချာချာကို ချမ်းသာအောင် ပြုကြလိမ့်မယ်။ ကိုယ်ရော၊ နှုတ်ရော၊ သဘောကျတွေဗျ။ သူတို့မှာ မြင့်မြင့်မြတ်မြတ် စားစရာတွေ ရှိတယ်ဆိုရင် သူတို့မစားပဲ ဒကာကြီးကို ပေးချင်လိမ့်မယ်။ အဟူတ်ကို ပေးချင်မှာဗျ။ ကိုယ်ကလည်း အဟုတ်လုပ်မှနော်၊ အဟုတ်သာလုပ်။ အဲသည်လို ဖြစ်လိမ့်မယ်။

ကိုယ်ကရော ဆိုရင် သည့်ပြင် ဒကာကြီး၊ ဒကာမကြီးတွေ လုပ်နေတာကိုမြင်လျှင် ဒကာကြီးမှာ မြင့်မြင့်မြတ်မြတ် ထိုက်ထိုက်တန်တန် ပါလိမ့်မယ်။ ဒါကို ကိုယ်က မစားချင်ဘဲ ကိုယ့်သီတင်းသုံးဖော်တွေကို စားသချင်၊ ကျေးသချင်ဖြစ်လိမ့်မယ်။ ဒါဟန်လုပ်တာ မဟုတ်ဘူး။ အဟုတ်ဖြစ်မှာဗျ။ အဟုတ်ပြုတော့ အဟုတ်သိမှာဗျ။

ဒါပေမယ့် တို့တစ်တွေ အဲဒီလို ဖြစ်လိမ့်မယ် မထင်ဘူးလို့ သည်လိုက် အောက်မေ့လျှင် အောက်မေ့လိမ့်မယ်။ ဘယ့်နှယ်လဲဗျ။ (သည်လိုအောက်မေ့ဖို့ မသင့် ပါဘူးဘုရား)။

မသင့်ပေတဲ့ တစ်ခါတစ်ခါ အောက်မေ့ချင် အောက်မေ့မှာဗျ။ သူ့မှာတော့ ပါရမီရှိလို့ ဖြစ်တယ်၊ တို့မှာတော့ ပါရမီ မရှိဘူးလို့ အောက်မေ့လိမ့်မယ်၊ မဟုတ်ဘူး။ သည် အတိုင်းသာ ဆောင်ရွက်သွား၊ သူ့အချိန်ကျလျှင် ဖြစ်မှာပါ။ ဟုတ်ကဲ့လား။

ဖြေ။ ။ ဟုတ်ပါတယ်ဘုရား၊ အခုန သီရိမာတောင်မှ အင်မတန်ဆိုးသွမ်းတဲ့ ဒကာမ တောင်မှ အရိယာနွယ်ဝင် ဖြစ်သေးတာ။ တပည့်တော်တို့ သည်လောက် မဆိုးသေး ပါဘူးဘုရား။

မေး။ ။ ဒါကြောင့် အခုဟာတွေ ဘာလဲဆိုလျှင် အချိန်အခါ ဘဝမြင့်မြတ်ကြတယ်။ မြင့်မြတ်တာကို သိပြီးတော့ ဤကဲ့သို့ ထူထောင်သွားကြမယ် ဆိုလျှင် သည်လို ဖြစ်မယ်၊ ဟုတ်ကဲ့လားဗျ။

ဖြေ။ ။ ဟုတ်ပါတယ်ဘုရား။

သူတို့က ဖြစ်နိုင်လိမ့်မယ် မထင်ဘူးလို့ ပြောပြော၊ နောက် သည့်ထက် ဆိုးတာ တွေလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် ဘုရားဆုံးမတဲ့ အဆုံးအမကို လိုက်နာပြီး စိတ်က အာရုံပြုလျှင် ဖြစ်တာပဲ။ ဆိုးတာပေါ့ဗျ၊ အင်္ဂုလိမာလဆိုတာ။ သူက ဘာတွေလုပ် သလဲဗျ။

ဖြေ။ ။ လူတွေကို လျှောက်သတ်တာပဲဘုရား။

သို့သော်လည်း သူဟာ မြင့်မြတ်တော့ မြင့်မြတ်တယ်။ သူ့ဆရာက နေရာမကျအောင် လုပ်တာနှင့် သည်လို လျှောက်ဖြစ်နေတာဗျ။ ဟိုက လုပ်တာကို သူကမသိဘူး။ ဘာကြောင့်လုပ်တယ် ဆိုတာလည်း သူမသိဘူး။ သူကတော့ ဆရာကို ရိုသေ လေးစားပြီး ဆရာ အလိုရှိတဲ့ဟာကို ရအောင်လုပ်တာပဲဗျ။ ဒါပေမယ့် နောက်ကျတော့ ဘယ်နှယ်လဲ ။ ဘုရားရှင်နှင့် တွေ့ပြီဆိုတော့ ခဏကလေးတွေ့တာ ဘယ့်နှယ်လဲ။

ဖြေ။ ။ ခဏကလေးတွေ့ပြီး ခဏကလေးနှင့်ပဲ အရိယာအဖြစ် ကူးသွားပါတယ် ဘုရား။

မေး။ ။ စိတ်ကို အဲသည်လို ဆောက်တည်တာပဲ မဟုတ်လား။ အဲသည်လို ဆောက်တည်တော့ ခဏကလေးနဲ့ သည်လိုပြီးတယ် မဟုတ်လား။

ဖြေ။ ။ ခဏကလေးနှင့် အရိယာနွယ်ဝင် ဖြစ်သွားပါတယ်ဘုရား။

မေး။ ။ အခု ဒကာကြီး၊ ဒကာမကြီးတွေက ကိုယ့်ကိုယ်ကို နေရာမကျဘူးလို့ တစ်ခါတစ်ခါ တွေးနေကြတယ် မဟုတ်လား။

ဖြေ။ ။ တွေးနေပေမယ့် တစ်နေ့နေ့တော့ သောတာပန် ဖြစ်လိမ့်မယ်လို့ ထင်နေ ပါတယ် ဘုရား။ ။

မေး။ ။ အခု မဟုတ်သေးဘူးလား။

ဖြေ။ ။ အခုတော့ လုပ်ဖို့ ကြံနေပါပြီ ဘုရား။

မေး။ ။ သူ့ဟာက ကြံကြံမနေနဲ့၊ မြန်မြန်လုပ်ဗျ။ ဘုရားက ဘယ့်နှယ်ဟောသလဲ၊ ဖြည်းဖြည်းလုပ်လို့ ဟောသလား။

ဖြေ။ ။ ဖြည်းဖြည်း မဟုတ်ပါဘူး။ အခုလုပ်ဖို့ ဟောပါတယ်ဘုရား။

မေး။ ။ အေး - အဇ္ဇေဝကိစ္စံ ကာတဗ္ဗံ ဆိုတာဟာ နှေးနှေးလုပ်ဖို့ ဆုံးမတာလား။

ဖြေ။ ။ မဟုတ်ပါဘူးဘုရား။

အေး - ဒါကြောင့်မို့ ဝီရိယ နည်းနည်းနှင့် နှေးနှေး ဆိုတာမျိုးက ဘယ်ဟာမှ မကောင်းဘူးဗျ။ သွက်လက်ဖျတ်လတ်ပြီး ဝီရိယရှိတာဟာ အကောင်းဆုံးပဲ။

ဖြေ။ ။ နှေးတယ်ဆိုတာ ဝီရိယ နည်းတာပါဘုရား။

နှေးနှေးလုပ်ရင် အကျိုးပေးတော့လည်း နှေးနှေးကြီးပဲ အကျိုးပေးတယ်ဗျ။ ဥပမာ ကုသိုလ်တစ်ခုပြုတယ်၊ နှေးနှေးနှင့် ဖြည်းဖြည်းလုပ်လျှင် နှေးနှေးနှင့် ဖြည်းဖြည်း အကျိုးပေးမှာပဲ။

ဥပမာ - ရှင်ဘုရင်လုပ်ရမယ် ဆိုပါတော့၊ ရှင်ဘုရင်တော့ ဖြစ်မှာပဲ။ ရှင်ဘုရင်ဖြစ်ဖို့ရာ လူ့ဘောင်ကို ရောက်လာပြီး၊ ဒါပေမယ့် ရှင်ဘုရင် မဖြစ်ခင် မင်းသားလုပ်နေတာက အနှစ်က၊ ၉၀-လောက် လုပ်နေရမှာ ထင်ပါရဲ့။

ဖြေ။ ။ မှန်ပါတယ်ဘုရား။ သေခါနီးကျမှ ရှင်ဘုရင်ဖြစ်မှာပါ ဘုရား။

မေး။ ။ သည်တော့ ရှင်ဘုရင်ဖြစ်ဖို့ရာ မင်းသား မင်းသမီးအဖြစ် အကြာကြီး လုပ်နေရတာနဲ့ အခုချက်ချင်း ရှင်ဘုရင်ဖြစ်ရတာဟာ ဘယ်ဒင်းက ကောင်းသလဲဗျ။

ဖြေ။ ။ အခုချက်ချင်း ရှင်ဘုရင်ဖြစ်ရတာ ကောင်းပါတယ်ဘုရား။

မေး။ ။ ဒါဟာ အခုနတုန်းက ဘာကြောင့် နှေးနှေးလို့ ပြောရတာလဲ။

ဖြေ။ ။ သည်လိုဆိုရင်တော့ အခုကစပြီး လုပ်ပါတော့မယ်ဘုရား။

ဖြည်းဖြည်းလုပ်တယ် ဆိုတာဟာ ကုသိုလ်က အောင်မြင်သွားဦးတော့ အကျိုးပေးတဲ့ နေရာမှာ နှေးနှေးကြီး အကျိုးပေးတာဗျ။ အခုလည်း ဒကာကြီးဟာ မဂ်ဖိုလ် ရရာ ရကြောင်းကို လုပ်တဲ့နေရာမှာ စိတ်ထားက ဖြည်းဖြည်း ဆိုရင် ဖြည်းဖြည်း ဖြစ်မှာပဲ၊ ဒကာကြီး ငယ်ငယ်တုန်းကသာ ဘုရားဆုံးမတဲ့ အတိုင်း မေတ္တာရှင် ကရုဏာရှင်တွေရဲ့ စကားကို နားထောင်မယ်ဆိုရင် အခုလောက်ရှိ အတော်နေရာကျပြီထင်တယ်ဗျ။

မေး။ ။ အခု ဒကာကြီး အသက် ဘယ်လောက် ရှိပြီလဲ။

ဖြေ။ ။ တပည့်တော်အသက် ၆၆-နှစ် ရှိပါပြီဘုရား။ .

မေး။ ။ အသက် ၆၆ -နှစ်ဆိုရင် သည်မြို့ပေါ်မှာ ဆရာတော်ကြီး ဖြစ်နေမှာပဲ။

ဖြေ။ ။ ဆရာတော်တောင် ကြီးကြီး ဖြစ်နေမှာပါဘုရား။

မေး။ ။ အေး-ဗျ၊ ငယ်ငယ်တောင် မဟုတ်ဘူး။ ကြီးကြီးတောင် ဖြစ်နေမှာဗျ။ အခုန မေတ္တာရှင် ကရုဏာရှင်တွေက ကောင်းအောင်တော့ ပြောတယ်မဟုတ်လား။

ဖြေ။ ။ ပြောပါတယ်ဘုရား။

မေး။ ။ အဲဒါ နားထောင်ရဲ့လား။

ဖြေ။ ။ နားမထောင်လို့ အခုသည်လိုပဲ ဖြစ်နေပါတယ်ဘုရား။

မေး။ ။ အဲဒါ နားမထောင်တာဗျ ။ အဲဒါ ကောင်းတယ်။ ဘဝကောင်းတယ်ဗျ။ ပြီးတော့ မေတ္တာရှင် ကရုဏာရှင် တွေကလည်း ကောင်းကောင်းကြီးကို ဆုံးမတယ် မဟုတ်လားဗျ။

ဖြေ။ ။ ဆုံးမပါတယ်ဘုရား။ သည်လို ဆုံးမတာကို နားထဲမဝင်လို့ အခုလို လူ့ဘောင်မှာ အင်မတန် ကျဉ်းကျဉ်းကြပ်ကြပ်နှင့်နေရပါတယ်ဘုရား။

အဲဒါဟာ ဘာကြောင့်လဲဆိုလျှင် ဘုရားဆုံးမတဲ့အတိုင်း မလိုက်နာလို့ဗျ။ ဒါကြောင့် အခု သည်လိုဖြစ်တာဗျ။ ငယ်ငယ်တုန်း ကသာ စမယ်ဆိုလျှင် အခု သူ ဆရာတော်ကြီး အကြီးဆုံး ဖြစ်နေမှာဗျ။

ဖြေ။ ။ တပည့်တော်က ဟိုတုန်းကသာ ဆရာတော်ကြီး ဖြစ်လာလျှင် ဆရာတော်ကြီး နှင့်တောင် တင်းတိမ်မှာ မဟုတ်ပါဘူး ဘုရား။ အရိယာတွေ ဘာတွေတော့ ဖြစ်နေ မှာပါ ဘုရား။

ဒါပေမယ့် ဒကာကြီးက မလုပ်ဘဲ နေတာကိုးဗျ။ အေး ဟိုတုန်းက မလုပ်ခဲ့တာ နေပေစေ။ ဒါက နောက်ဆုံးက နားမထောင်တာ နေပေစေ။ အခု နားမထောင်ရင် တစ်ခါ ဘယ်ထိအောင် သွားမှာလဲဗျ။

ဖြေ။ ။ အဝီစိ ထိအောင် သွားမှာပါ ဘုရား။

မေး။ ။ အရင်တုန်းက အသက်ပိုင်းက တော်တော် ကျန်သေးတာကိုးဗျ။ အခုကော အသက်ပိုင်းက တော်တော် ကျန်သေးသလား။

ဖြေ။ ။ မကျန်တော့ပါဘူးဘုရား။

မေး။ ။ ၆၆-နှစ်တော့ ဘယ်နည်းနှင့်မျှ မနေရတော့ဘူး မဟုတ်လား။

ဖြေ။ ။ ဟုတ်ပါတယ်ဘုရား။

မေး။ ။ အဲဒါ ဘယ့်နှယ်လုပ်မလဲ။

ဖြေ။ ။ အခုကတည်းက စပြီးတော့ ကြိုးစားပါတော့မယ် ဘုရား။

မေး။ ။ ဖြည်းဖြည်းနှင့် လုပ်ဦးမှာလား။

ဖြေ။ ။ လုပ်ပါမယ် ဆိုတော့လည်း မုသားများ ပါနေမလား မသိဘူးဘုရား။ ဖြည်းဖြည်းပဲ တက်ပါစေဦး ဘုရား။ အရှင်ဘုရားကိုလည်း မလိမ်ဝံ့ဘူး ဘုရား။ ကြိုးစားပါ့မယ်လို့ အရှင်ဘုရားကို လျှောက်ထားပြီး အိမ်ကျ မေ့နေရင်လည်း လိမ်ရာ ကျလိမ့်မယ် ဘုရား။

မေး။ ။ အဟုတ်လုပ်မယ်လို့ ပြောလိုက်တော့ ဘယ့်နှယ်လဲ။ မဖြစ်ဘူး၊ မဖြစ်ဘူး။ ငါ အဟုတ် လုပ်တော့မယ် လို့ ပြောထားတာ ဆိုပြီး အဲဒါကမှ ဆောက်တည်ရာ ရောက်လိမ့်မယ်။

ဖြေ။ ။ အပြစ်မရှိဘူးဆိုရင် တပည့်တော် ရဲရဲကြီး အာမခံရဲပါတယ်ဘုရား။

ဒကာကြီးရယ် အပြစ် မရှိဘူးလို့ပဲ ပြောသည်ဖြစ်စေ၊ မပြောသည် ဖြစ်စေ မလုပ်ဘဲနေ ရင် ဘယ့်နှယ်တုန်းဗျ။ အကျိုးရှိသွားတာလား။ အပြစ် ရှိသွားတာလား။

ဖြေ။ ။ မလုပ်ဘဲနေရင်တော့ အကျိုးမဲ့သွားပါတယ်ဘုရား။

မေး။ ။ ဘယ်သူက အကျိုးမဲ့ တယ်လို့ ပြောမှာလဲ။ အကျိုးမဲ့တယ် ဆိုတာနှင့် အကျိုးမဲ့သလားဗျ။

ဖြေ။ ။ တပည့်တော်က အရှင်ဘုရားကို ရဲရဲကြီး အာမခံရော။ အိမ်ကျတော့ မလုပ်ဖြစ်ဘူး။ မလုပ်ဖြစ်တော့ ကုသိုလ်လည်း မရတဲ့အပြင် အကုသိုလ် ဖြစ်သွား ပါပါတယ်ဘုရား။

မေး။ ။ သည်လိုမဖြစ်ဘဲ လျော့နေတော့ကော။

ဖြေ။ ။ လျော့နေတော့လည်း အကုသိုလ် ဖြစ်တာပါပဲဘုရား။ ပြောပြီးမှ လျော့တော့ တပည့်တော်မှာ မုသားက တစ်ခါထပ်ပြီးတော့ ဝင်လာပါတယ် ဘုရား။

မေး။ ။ ပြောလိုက်တာက ပြောခရသေးတယ်ဗျ။

ဖြေ။ ။ ပြောခရရင် ပြောပါ့မယ် ဘုရား။

မေး။ ။ လိမ်ရင် အပြစ်ရှိမှာလို့ ထင်ရင် မကြောက်ဘူးလား။

ဖြေ။ ။ ကြောက်ပါတယ်ဘုရား။

မေး။ ။ ဒါဖြင့် လျော့ချင်ပြီး လုပ်မှာလား၊

ဖြေ။ ။ တပည့်တော်က တပည့်တော်စိတ်ကို တပည့်တော်သိတယ်ဘုရား။ အိမ်ကျရင် လျော့မှာဘုရား။ အခု သည်လိုဆိုတော့ မလျော့ပါဘူး ဘုရား။ ဒီလို တင်းတင်း ကျပ်ကျပ် အာမခံထားရင် မလျော့ဝံ့ပါဘူး ဘုရား။

မေး။ ။ ဒါဖြင့် ဒီလိုလုပ်ပါလား။ လုပ်မှာလားဗျ။

ဖြေ။ ။ လုပ်ပါ့မယ်ဘုရား။

ကောင်းပါ့ဗျာ၊ လျော့တာ ပေါ့တာကို သိတယ်။ သိပြီဆိုမှ ဖြစ်လျှင်ပဲ နေရာကျပြီဗျ။ ဒကာ ဒကာမကြီးများရဲ့၊ လျော့တာ ပေါ့တာသိတော့ ဘယ့်နှယ်လဲဆိုလျှင် လျော့လို့ ပေါ့လို့တော့ မဖြစ်ဘူးဆိုပြီး သည်လိုဖြစ်ပါလိမ့်မယ်။

လျော့တာ ပေါ့တာ မသိဘူးဆိုလျှင် သူ့ဟာသူ အတော် ဝီရိယကောင်းနေပြီလို့ ထင်ရင် ဘယ့်နှယ်လဲ၊ ရှေ့တိုးပါဦးမလား။

ဖြေ။ ။ တပည့်တော်က စိတ်ကြီးဝင်နေရင် ရှေ့မတိုးတော့ပါဘူး ဘုရား။

အေး၊ အခုနလို လျော့တယ် ပေါ့တယ်လို့ အမှန်သိနေရင် နေရာကျလှပြီဗျ။ လျော့မှန်း ပေါ့မှန်း သိရင် လူလျော့ လူပေါ့ အဖြစ်က တစ်ခါတည်း လွတ်အောင် ကြိုးစားပြီး ထူထောင်ကြ၊ အားထုတ်ကြဗျား။

(ဝေဘူဆရာတော်)

စာညွှန်း -

ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိနှင့် ကျင့်စဉ် -
မောင်ကျော်ညွန့် (မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ)

သူများအားကိုး မလုပ်နှင့် ဖြစ်တဲ့နည်းနှင့်လုပ်

▬▬ஜ۩۞۩ஜ▬▬

[ဝိသာခါ ကျောင်းအစ်မကြီးသည် မြေးရှစ်ရာ၊ မြစ်ရှစ်ထောင်နှင့် ကျေးကျွန်များ ကြားမှာပင် ကျင့်ကြံ အားထုတ်ခဲ့ကြောင်း၊ ဘုရင်နှင့် သူဌေးများ ကုသိုလ်ပြုမည် ဆိုလျှင် အနာထပိဏ်နှင့် ဝိသာခါမပါလျှင် အထမမြောက်သလို ဖြစ်နေကြောင်း၊ လူ့ဘ၀သို့ အတူတူ ရောက်လာကြ သည်ချည်းဖြစ်၍ တန်းတူရည်တူ ရှိအောင် ဝီရိယ သန်သန်ဖြင့် ကြိုးစားရှာကာ သူများနည်းတူ နေနိုင်မည် ဖြစ်ကြောင်းဖြင့် လောကီ လောကုတ် နှစ်ဝ ကိစ္စများကို ဆိုဆုံးမတော်မူခဲ့သော တရားတော်ဖြစ်၏။ ထို တရားတော်ကို ဝေဘူဆရာတော်အရှင်မြတ်သည် ရန်ကုန်တက္ကသိုလ်ဓမ္မာရုံ၌ ၁၉၅၅-ခု မေလ-၁၅ ရက်နေ့ညတွင် ဟောကြားတော်မူခဲ့သည်။]

ဝေဘူဆရာတော် အရှင်သူမြတ်သည် ပထမရှေးဦးစွာ ရှစ်ပါးသီလ ပေးပြီးနောက် အောက်ပါအတိုင်း တရားတော်ကို ချီးမြှင့်ပါသည်။
တရားနာခံ အဖြစ် ဦးလှက ဆောင်ရွက်ပါသည်။

ဒါကြောင့် ရှင်ဘုရင်လုပ်ရင်လည်း ကိုယ်တောင့်တ ရည်ရွယ်ချက် ပြီးတာဗျ။ သူဌေး လုပ်ရင်လည်းပဲ ကိုယ့်တောင့်တ ရည်ရွယ်ချက်တွေ ပြီးပါတယ်။ တချို့ ရှင်ဘုရင် သူဌေး မဟုတ်ကြဘဲ ခန္ဓာဝန်အတွက် စားဖို့ သောက်ဖို့တွေကို မပြုဘဲနေလို့ မဖြစ်ဘူး။ ဒါတွေကိုပြုရင်းလည်းပဲ သည်လို ဆောင်ကြရတာပဲဗျ။

ဆောင်ကြတော့ တောင့်တတဲ့အတိုင်း ပြီးလိုက်ကြတာဗျ။ ဘယ်လိုများ ပြီးသလဲ ဆိုလျှင် ရှင်ဘုရင်ကလည်း ရှင်ဘုရင်လုပ်ရင်း၊ သူဌေးကလည်း သူဌေးလုပ်ရင်း ကိုယ် တစ်ယောက်တည်းရယ်လို့ မဟုတ်ဘူး။ တော်တော်ကြာတော့ အကုန်လုံး အခြံအရံများနှင့်တကွ တစ်ပြိုင်နက်တည်း အစီးအပွားတွေဟာ များပါတယ်။

ရှင်ဘုရင်လည်း သူ့ မှူးမတ်ဗိုလ်ပါ မောင်းမမိဿံ အခြေအရံ အသင်းအပင်းတွေနှင့် အကုန်လုံး ချမ်းသာသုခတွေဟာ တစ်ညီတည်း ရကြပါတယ်ဗျ။ သူဌေးတွေလည်း သည်လိုပဲဗျ။ အထက်က သိကြား၊ ဗြဟ္မာ၊ နတ်တွေလည်း သည်လိုပဲဗျ။ ရှေ့က ဝီရိယ သွက်လက် ဖျတ်လတ်ပြီး ရွက်ဆောင်တဲ့လူတွေက သွားပါတယ်ဆိုလျှင် နီးရာနီးရာ ဖြစ်တဲ့ အခြွေအရံတွေကလည်း ပျော်ရွှင်ပြီး လိုက်ကြတော့တာပဲဗျ

ဒါကြောင့် အချိန်တစ်ခုတည်း၊ တစ်ပြိုင်တည်း တောင့်တ ရည်ရွယ်ချက်တွေဟာ ပြီးပြီး သွားကြတာဗျ။ တစ်ယောက်တည်း မဟုတ်ပါဘူး။ သည်တော့ တစ်ယောက်တည်း ပြုလည်း ဖြစ်တာပဲ။ များစွာသော ပရိသတ်တွေထဲမှာ အာရုံပြုလျှင်ကော မဖြစ်ဘူးလား၊ (ဖြစ်ပါတယ်ဘုရား)။
သားတွေ သမီးတွေ မြေးတွေနှင့်ကော။ (ဖြစ်ပါတယ်ဘုရား)

အေး၊ ရှေးက အရှင်တွေကတော့ သည်လို ဆောင်ကြတာပဲဗျ။ သို့ပေမယ့် ရှေးက အရှင်တွေ ဆောင်တာလည်း သူတို့ပြောတတ်တယ်။ မှတ်ထားတာ တွေလည်းရှိတယ်။ မှတ်ထားပေမယ့် စိတ်က ဘယ်လိုလဲဆိုရင် ရှေးကသာဖြစ်တာ အခုတော့ မဖြစ်ဘူး လိုလိုနှင့် သူတို့ပြောလို့သာ ပြောတာ သူတို့အကုန် နားလည်ပြီး သိထားတာချည်းပါပဲ။

သူတို့မှာ အလုပ်ရှုပ်လို့ သားတွေ သမီးတွေ မြေးတွေ မြစ်တွေနှင့် သည့်ပြင်အလုပ်တွေ ဆောင်စရာရှိသေးလို့ ဒါကြောင့် မဖြစ်သေးဘူး။ အားလပ်တဲ့အချိန် ရောက်မှပဲပြုမယ် လို့ စိတ်ကဖြစ်တယ်၊ စိတ်က ဖြစ်ရုံမကဘူး။ ပြောစရာရှိလည်း မိတ်ဆွေသင်္ဂဟ တွေကိုပဲ ပြောလိုက်တာပဲ ထင်ပါရဲ့ဗျာ။

ဖြေ။ ။ တပည့်တော်တို့ လုပ်နေတာကတော့ ဟိုကိစ္စ ရှိသေးတယ်။ မနက်ကိစ္စ ရှိသေးတယ်၊ ဆွမ်းလောင်းစရာကိစ္စ ရှိသေးဘယ်။ နေ့ခင်းလည်းပဲ သည်လိုပဲ ကိစ္စတွေ ရှိသေးတယ်နှင့်၊ ဘယ်နှစ်နာရီက ဘယ်နှစ်နာရီ ကျမှပဲ ဘုရားဆုံးမတဲ့ အလုပ်ကို လုပ်မယ်ဆိုပြီး တစ်နေ့ကို နာရီနှင့် လုပ်ပါတယ်ဘုရား)။

ဝိသာခါ ကျောင်းအစ်မ

▬▬▬▬▬▬▬▬

ရှေးအရှင်တွေကတော့ တစ်ဆက်တည်း မပြက်အောင် သည်လို ထူထောင်တာဗျ။ ဒါကြောင့် သူတို့မှာ အစီးအပွားဟာ ပြီးကြတာဗျ။ ဝိသာခါ ဒကာမကြီးများဆိုလျှင် သူရဲ့ အခြွေအရံ အသင်းအပင်းတွေဟာ အကုန်လုံး မရေမတွက်နိုင်ဘူးတဲ့ဗျ။ သူ့မှာ အစစ်ကို မြေးတွေ မြစ်တွေရှိတယ်ဗျ။ ဘယ်လောက်များ များသလဲဆိုလျှင် မြေးက ရှစ်ရာတဲ့ဗျ။ အဲဒါဟာ မြေးအရင်း ချည်းပဲဗျ။ မြစ်က ရှစ်ထောင်တဲ့ဗျ၊ အဲဒါလည်း အရင်းချည်းပဲတဲ့ဗျ။

အခုတော့ သူတို့မှာ မြေးဆိုပေမယ့် မြေးတော့ ဟုတ်ပါရဲ့။ ဟိုလိုမြေး သည်လိုမြေး တွေက အတော် များသေးတာဗျ။ ဟိုကတော့ အဲသည်လိုဟာတွေ မပါဘူးဗျ။ အရင်းချည်းပဲတဲ့ဗျ။ အဲဒါတွေနဲ့ ရွက်ဆောင်တာဗျ။ ကျေးတွေ ကျွန်တွေ အတွက်လည်း အကုန်လုံး ပြုရသေးတယ်။ ကျေးကျွန်တွေ နေထိုင် စားသောက်ဖို့ အလုံး အစုံတွေကို လုံလောက်အောင်လည်း ပြုရတယ်ဗျ။ အဲဒါတွေနှင့် သည်လို ဆောင်တာဗျ။

သူ သာဝတ္ထိ ရောက်လာတဲ့ အခါကျတော့ သည့်ပြင် ရှင်ဘုရင်၊ သူဌေးတွေက ကုသိုလ်ပြုတယ်ဆိုရင် အနာထပိဏ်တို့ ဝိသာခါတို့ဟာတော့ သူတို့က အလုံးစုံ အကုန် နားလည်ပြီးကြတယ်ဆိုတော့ သူတို့အကြောင်းချည်းပဲကိုဗျ။ အဲဒါကို သူတို့က သိကြတယ်။

သိကြတော့ သူတို့က သဒ္ဓါတရားနှင့် ကုသိုလ်ပြုမယ်ဆိုလျှင် ဘယ်လိုလဲဆိုတော့ အနာထပိဏ်တို့ ဝိသာခါတို့ ပြုသလို အလုံးစုံ နေရာတကာ ဖြစ်ချင်ကြတယ်ဗျ။ ဖြစ်ချင်တော့ သူတို့ကို ဖိတ်ကြတာပဲဗျ။ အဲသည်လိုဖိတ်လို့ သူတို့က မအားမလပ်တဲ့ အခါ ဖြစ်နေလျှင် သူတို့အားလပ်တဲ့ အချိန်ကျတော့မှ သည်အမှုတို့ ဘာတို့ကို လုပ်ကြတော့တာပဲတဲ့ဗျ။

သည်လို လုပ်တာ ဘယ်လောက် များသလဲဆိုရင် သာဝတ္ထိမှာ ခုနစ်ကုဋေကျော် ဆိုတော့ တစ်ရက် တစ်ရက်မှာ ဘယ့်နှယ်လဲ။ ပြုလိုက်ကြတာတွေ၊ ဘုရားရှိစဉ်အခါက ဘယ်အချိန်များ အားလပ်တဲ့အချိန် ရှိဦးမလဲ။

ဖြေ။ ။ အားလပ်တဲ့အချိန် မရှိပါဘူးဘုရား။

အဲဒါတွေ အကုန်လုံးမှာ ပါဝင်ပြီး ဆောင်တာတဲ့ဗျ။ သည်တော့ ကိုယ့်ဟာကိုယ် ပြုတဲ့ဟာမှာ ဘယ့်နှယ်ကြောင့် သည်လိုဖြစ်ပါလိမ့်မလဲ ဆိုတော့ အခု ဒကာ ဒကာမကြီးတွေဟာ ကုသိုလ်တစ်ခု ပြုမယ်ဆိုရင် ဆွမ်းခဲဖွယ် ဘောဇဉ်တွေကို အရသာ မြင့်မြင့်မြတ်မြတ်ကြီး ပြုချင်တယ်။ ကိုယ်က အားလုံးထက် အသာဆုံး ဖြစ်ချင်တယ်။ ဒီတော့ ဘယ်သူဟာ အချက်အပြုတ် ကောင်းတယ် ဆိုတာကို သူတို့ ကြည့်ထားတယ်ဗျ။

မေး။ ။ သိကော သိမထားဘူးလား။

ဖြေ။ ။ သိပါတယ်ဘုရား။

မေး။ ။ အဟုတ်ပြုချင်တဲ့ အခါကျတော့ ကိုယ့်ဟာကို ချက်မလား၊ သူတို့က ငါ့ထက်သာတယ်၊ ငါက သူတို့လို မဖြစ်ဘူး။ ပြုချင်က သူတို့လို ပြုချင်တာ။ သည်တော့ ကိုယ့်ထက် သာတဲ့လူကို လာပါ လာပါနှင့် ခေါ်တယ် မဟုတ်လား။

ဖြေ။ ။ သည်လိုပဲ တတ်သိလိမ္မာတဲ့လူကို ခေါ်ရပါတယ်ဘုရား။

မေး။ ။ သူတို့က အခု မအားဘူးဆိုလျှင် ဘယ့်နှယ်ပြုမလဲ။

ဖြေ။ ။ စောင့်တန်းစောင့်ပြီး ပြုရမှာပါပဲဘုရား။

အေး၊ ကိုယ်က သူတို့လိုဖြစ်ချင်တာကိုး။ ကိုယ် ကိုယ်တိုင်ကလည်း သူတို့လို မလုပ်တတ်ပဲကိုးဗျ။ အဲသည်တော့ ကိုယ်ဟာ့ကိုယ် သိတယ်။ ဘယ်ဒကာကြီးက ဘာလုပ်တတ်တယ် ဆိုတာ သိတယ်ဗျ။ သို့ပေမယ့် ငါလည်း သည်လောက်တော့ လုပ်တတ်တယ် ဆိုပေမယ့် သူလိုတော့ မဖြစ်ဘူး။

ပြုချင်တာက သူ့လို ပြုချင်တာဆိုရင် ဘယ့်နှယ်လည်း၊ သူနှင့်မှ ဖြစ်မယ်။ အခုလည်းပဲ အဲသည်လိုဗျ။ သူတို့က အသာဆုံးဖြစ်နေတော့ သူတို့မှာ ဘယ်နေရာမှ မလပ်ဘူးဗျ။ မလပ်တော့ သူတို့ မပါလို့ ရှိလျှင် ဘယ်ဟာမှ နေရာမကျဘူးတဲ့ဗျ။ ဒါကြောင့် ကုသိုလ်ပြုတဲ့အခါမှာ အဲသည်နေရာမှာ ဘယ်လိုလဲဆိုလျှင် အနာထပိဏ်တို ဝိသာခါ တို့ ပါသလား။ မပါဘူးဆိုလျှင် အလကားပါကွာလို့ ပြောကြသတဲ့ဗျ။ စိတ်ထဲမှာ မနှစ်သက်ဘူးတဲ့ဗျ။

သူတို့က အဲသည်လို တတ်တယ်ဗျ။ သူတို့အိမ်မှာလည်း ဘုရားအမှူးရှိတဲ့ သံဃာတော် တွေကို နိစ္စပါတ်တွေနှင့် ထားတာရှိတယ်။ ဒါတွေကိုတော့ ကိုယ်နှင့်ထပ်တူညီမျှ ဆောင်တတ်တဲ့ သားများ သမီးများတွေနှင့် ထားလိုက်ရတာတဲ့ဗျ။ သူတို့မှာ အားချိန် မရှိဘူးတဲ့ဗျ။ ဒါပေမယ့် သူတို့မှာ အဲသည်လို ဟာတွေကို လုပ်ရင်းပဲ ဘုရားဆုံးမတဲ့ အဆုံး အမတွေကိုလည်း လိုက်နာတာပဲ။

ပြီးတော့ ဘုရားသာသနာ တည်ရာတည်ကြောင်းဖြစ်တဲ့ ကျောင်း သင်္ကန်း ဆွမ်း၊ ဆေး အမျိုးမျိုးအဖြာဖြာ နှစ်သက်ဖွယ်ရာ တွေကိုလည်း ပြုတယ်။ အဲသည်လို ပြုတာက စရဏ၊ အဲသည်လို နေရာတိုင်းမှာ ပြုရင်းပင် အမှန် ယထာဘူတ သိဖို့ရာ ဘုရား ဆုံးမတဲ့ အဆုံးအမကို မလွတ်ရအောင်လည်း ဆောင်နေတာဗျ။

ရှေးက အရှင်တွေ ဟာလည်း သည်လိုဆောင်တာဗျ။ သည်လို ဆောင်သည် ဖြစ်သောကြောင့် အစဉ်အတိုင်းဟာ သူတို့မှာ မြင့်မြတ်ကြ၊ တိုးတက်ကြတာဗျ။ အားလုံးတို့ဟာ သူတို့ရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာကို မြင်တယ်ဆိုလျှင်် ဘယ်တော့မှ အားမရ မရောင့်ရဲနိုင်ပေါင်တဲ့ဗျား။

ပြီးတော့ သူတို့ စီမံပြုပြီးတာတွေကို မြင်ရရင်လည်း ဝမ်းမြောက်ကြ ဝမ်းသာလိုက်ကြ တာတဲ့ဗျာ။ အဲဒါ ဘာလဲဆိုလျှင် အခုနပြောတဲ့ အချိန်တစ်ခုတည်းမှာ သည်လောက် များနေတဲ့ အလုပ်တွေနှင့် အားချိန် နားချိန်မထားဘဲ လုပ်နေရပေမယ့် အခုနလို တစ်ဆက်တည်းပါအောင် ထူထောင်ပြီးတော့ ယူတာဗျ။

တသိတည်း သိဖို့လို

▬▬▬▬▬▬▬

အခုနလို ပြုဖွယ်ကိစ္စရှိသမျှ သာသနာတည်ရာ တည်ကြောင်းတွေကို အအား အနား မထားဘဲ ပျော်ရွှင်ပြီးတော့ ပြုရတာ စရဏ၊ စိတ်ကို တစ်ပါး မသွားရအောင် စိုက်စိုက် စူးစူးနှင့် တည်ထောင်ထားလို့ နေတာက ဝိဇ္ဇာ၊ ဘယ်မှာနေတာလဲဆိုလျှင် ရုပ်နှင့်နာမ်တို့က တသိတည်း သိနေတာပေါ့ဗျာ။ အဲသည်လို ရုပ်နှင့် နာမ်ဆိုတော့ ဟိုလိုရုပ်က ဘယ်ဒင်း၊ နာမ်ကဘယ်ဒင်းလို့ ဘုရားဟောတော်မူတာ မှတ်ထားတယ်။

အဲသည်လို ဟိုဟာသည်ဟာ အစားစားဖြစ်နေကို သိတယ် ဆိုပေမယ့် ဟိုလို တင်လျှောက်သိနေတာ တစ်ပြိုင်နက်တည်း မသိဘူး။ တစ်ပြိုင်နက်တည်း သိအောင် ကတော့ ထားဆိုတဲ့နေရာမှာထား၊ ထားလို့ တည်နေပြီ ဆိုတော့ ရုပ်နှင့်နာမ်နှစ်ခုကို အဲဒီနေရာမှာ သေသေချာချာ သိတာတဲ့ဗျ။

ဒါကတော့ နည်းနည်းကလေးမျှ သာလျှင် မှတ်သားပါစေလို့ နားလည်အောင် လျှောက်ပြောတာ၊ ဘုရားဟောတော်မူတာကတော့ အားလုံး သိပြီးသားတွေဗျာ။ ဘုရားဆုံးမတဲ့ အဆုံးအမတွေကတော့ အားလုံးတို့ဟာ မှတ်သားပြီးသား မှတ်ရုံ မကဘူး၊ လိုက်နာနေကြတယ် ပီရိယရှိတော့။ ဝီရိယ ဣဒ္ဓိပါဒ်ဟာ ကိုယ်ဝီရိယ ရှိသလောက်တော့ ပေါ်ပေါက်လာလို့ သိသင့် သလောက်ဆိုလျှင် အဲဒါကို လွှင့်မပစ်ချင်လောက်အောင် ဖြစ်တော့တာပဲ။ လွင့်မပစ်ချင်လောက်အောင် ဖြစ်တာက ဝီရိယဆိုလျှင် အဲသည်လို ဖြစ်တာဗျ။

ဖြစ်တဲ့အခါမှာ ဘယ့်နှယ်များ ထင်နေသလဲဆိုရင် ငါ အားလဲမထုတ်ဘဲနှင့် ဖြစ်နေ တယ်လို့ ဆောင်တတ်သတဲ့ဗျာ။ ဘယ့်နှယ်ကြောင့် ထင်ပါသလဲဆိုရင် မသိချင်လို့သာ သည်အတိုင်းတိုင်း မသိဘဲနေတာကိုး၊ ဘုရားဆုံးမတဲ့ အဆုံးအမတွေကတော့ အရှိတွေ ဖြစ်နေတာကိုးဗျာ

အရှိတွေဆိုတော့ ရှာရတာမှမဟုတ်တော့ သိရမှာကို တသိတည်း သိနေပြီး မြင်ရမှာကို တပြင်တည်း မြင်နေတာကိုး။ သူက ရှာရတာမှ မဟုတ်ဘဲ၊ အခု အားလုံးတို့ ပြောဆိုနေတာတွေက ရှိလည်းမရှိဘဲနှင့် ဟာတွေဗျား။ ဟုတ်ကဲ့လား ရှိလည်းမရှိဘဲ နှင့်တွေကို ပြောနေကြတာဗျ။ (တင်ပါ ဘုရား)

ဟိုစာကတော့ အရှိဗျ၊ သည်တော့ သေသေချာချာ အရှိကို လုပ်တဲ့အခါကျတော့ သည်ဟာက ရှာရတာ မဟုတ်တော့ သိနေတာပေါ့။

ဖြေ။ ။ အရှိကို နည်းနည်းလင်းပဦးဘုရား။

မေး။ ။ အရှိဆိုတာက ရုပ်နှင့်နာမ် အမှန်ရှိတာမဟုတ်လား။

ဖြေ။ ။ ရှိမှန်းတော့ သိပါပြီဘုရား၊ ဘယ်နေရာမှာရုပ်၊ ဘယ်နေရာမှာနာမ် ဆိုတာ ခွဲခြား၍ စိုက်စိုက်စူးစူးနှင့် ဣရိယာပုထ် လေးဖြာမှာ တရားနာ ပရိသတ်တို့ တစ်မျိုးတည်းဖြစ်အောင် သနားတော်မူပါဦးဘုရား။

အဲဒါက ဘုရားဟောတော်မူတဲ့ ပိဋကတ်သုံးပုံဆိုတာ သုက် အဘိဓမ္မာ ဝိနည်း ဆိုတာတော့ နားလည်တယ်၊ နားလည်တာကို၊ ကျယ်ဝန်းတယ် ဆိုတာ မှာလည်း ပြောလို့ မကုန်နိုင်အောင် များတယ် ဆိုတာလည်း သိတယ်။ သိပြီး ဆိုတော့ ဒီ ပိဋကတ်သုံးပုံ ဆိုတာဟာ ဆင်းရဲမှလက်မြောက်အောင် ဆုံးမတော်မူတဲ့ အဆုံးအမ ဆိုတာကို သံဃာတော်ကောင်းတွေက ထပ်ခါတလဲလဲ အမျိုးမျိုး အဖြာဖြာ ယုံမှား သံသယ ဘယ်နေရာမှ မရှိအောင် ခွဲခြမ်းစိတ်ဖြာပြီး မပြတ်အောင် ပြောဟောနေတော့ သည်လိုကလည်း သူတို့က တတ်ပြီးသားဗျာ။ (တင်ပါ့ဘုရား)

သည်တော့ ဆင်းရဲက လွတ်မှုတစ်ခု ဆိုတာဟာ ဘယ်ကဟာကိုပဲ ဖြစ်ဖြစ်၊ ဘုရားဆုံးမတဲ့ အဆုံးအမ မှန်မှန်ကို သန်သန်ဝီရိယနှင့် ထူထောင်ပြီဆိုလျှင် အခုနလို ပြုရမယ့်ဟာကိုပြုတယ်။ သန့်ပြန့်စင်ကြယ်ရမယ် ဆိုတာကလည်း အဟုတ်ပြုလျှင် အဟုတ် စင်ကြတယ်တဲ့။ သည်တော့ စိတ်ထဲမှာ ဘယ်လိုလဲဆိုလျှင် ဘုရား ဆုံးမ တော်မူတဲ့ အဆုံးအမတွေဟာ များပေမယ့် ဆင်းရဲမှလွတ်မှုတစ်ခု ဆိုတာ မှန်တယ်လို့ စိတ်ထဲမှာ အဲသည်တော့မှ နားလည်မယ်။ (တင်ပါ့ဘုရား)

သို့သော်လည်း ဘယ်ဟာဘဲလို့ အမည်တတ်ပေမယ့် ဒါလည်း ဖြစ်တာပဲ။ တို့ဟာ ကတော့ သည်ဟာမဟုတ်လို့ တစ်မျိုးလို့ ထင်ချင်ထင်မယ်။ မဟုတ်ဘူး။ ဘယ်ကပဲ မှတ်ထားထား၊ အဲသည်မှတ်ထားတာက ဝီရိယ ထူထောင်လိုက်လို့ ရှိလျှင် သန့်ပြန့် စင်ကြယ်တာချည်းပဲ

ဖြေ။ ။ မှတ်ထားတာက တစ်ယောက်တစ်မျိုးစီ ဖြစ်နေပါတယ်ဘုရား။

မေး။ ။ တစ်မျိုးစီဖြစ်နေတယ်ဆိုလျှင် အားလုံးတို့ဟာ အသက်တော့ မရှူဘူးလားဗျာ။

ဖြေ။ ။ အသက်တော့ ရှူပါတယ်ဘုရား။

မေး။ ။ အသက်မရှူတဲ့လူ ရှိသေးသလား။

ဖြေ။ ။ မရှိပါဘူးဘုရား။

မေး။ ။ အသက်ရှူတော့ ဘာနှင့်ရှူသလဲ။

ဖြေ။ ။ နှာခေါင်းနှင့် ရှူပါတယ်ဘုရား။

မေး။ ။ အသက်ရှူတယ်ဆိုတာ လေနှစ်ရပ်တို့ ဝင်တာ ထွက်တာကို ခေါ်တာပဲ မဟုတ်လား။

ဖြေ။ ။ ဟုတ်ပါတယ်ဘုရား။

မေး။ ။ လေဟာ ဘယ်နေရာကလေးကို တိုက်ပြီး ဝင်တယ်ဆိုတာ အားလုံးတို့ တစ်ပြိုင်နက်တည်း စဉ်းစားလိုက်လျှင် မသိဘူးလား။

ဖြေ။ ။ တစ်ပြိုင်တည်း သိပါတယ်ဘုရား။

မေး။ ။ သည်တော့ ဘယ်နေရာကလေးကို တိုက်ပြီး ထွက်သလဲ၊ ဝင်တော့လည်း ဘယ်နေရာကလေးကို တိုက်ပြီး ဝင်သလဲ။

ဖြေ။ ။ တပည့်တော်မှာ တစ်ခါတလေ နှုတ်ခမ်းဖျားမှာ၊ တစ်ခါတလေ နှာသီးဝမှာ၊ တစ်ခါတလေ နှာခေါင်း အထဲမှာ၊ အေးအေး အေးအေးနှင့်။ တစ်ခါနှင့် တစ်ခါ မတူအောင် ဖြစ်နေတယ်ဘုရား။

သို့သော်လည်း ဘယ်မှာဖြစ်ဖြစ် တစ်နေရာရာမှာသာ ထားဗျာ။ တစ်နေရာမှာ ထားလျှင် မမှားဘူး။ စဉ်းစားကြပါ ဆိုတာက အဲဒီလို သေသေချာချာ သိစေချင်လို့ သည်လို မေးရတာဗျာ။ ဒကာကြီးက ဘယ်နေရာမှာ ထိသလဲ။ အဲသည် ထိတဲ့ နေရာမှာပဲ လက်နှင့် ထိတော့သလို သိနေဗျာ။

ဖြေ။ ။ တပည့်တော်က နှာခေါင်း နှစ်ဘက်မှာ၊ ဟိုနေရာထိလိုက်၊ သည်နေရာ ထိလိုက်နှင့် နှစ်ခွဖြစ်နေပါတယ် ဘုရား။

နှစ်ခွ ဖြစ်မနေနှင့်။ တစ်ခုတည်းသာ ထား။ ဒကာကြီးဟာက စိတ်ထင်နေတာဗျာ့။ စိတ်ဟာ နှစ်ခုလုပ်လို့ မဖြစ်ဘူး။ စိတ္တက္ခဏ တစ်ချက်မှာ နှစ်ခုလုပ်လို့ မဖြစ်ဘူး၊ မဖြစ်တော့ အခုနပြောတဲ့ဟာက ဘယ်လိုကြောင့်လဲ ဆိုလျှင် သူထင်သလို ထင်နေလို့ စိတ်က မြန်လွန်းလို့သာ ထင်နေတာ။

သည်တော့ စိုက်စိုက်စူးစူးနှင့် ထားရမယ့် အတိုင်းသာထား။ ထားလို့ တည်နေပြီ ဆိုတော့ အကုသိုလ်တွေ စင်ကြယ်တယ်၊ သည်တော့ ထားရမယ် ဆိုတဲ့ နေရာမှာ ထိုင်ပြီးတော့ စိုက်စိုက်စူးစူးထားလျှင် မဖြစ်ဘူးလား။ (ဖြစ်ပါတယ်ဘုရား။)

မေး။ ။ မတ်တတ်ရပ်ရင်း လမ်းသွားရင်ကော။

ဖြေ။ ။ ဖြစ်ပါတယ် ဘုရား။

မေး။ ။ စားဖို့ သောက်ဖို့ အလုပ်တွေ လုပ်ရင်းကော။

ဖြေ။ ။ ဖြစ်ပါတယ် ဘုရား။

မေး။ ။ တစ်ယောက်တည်း သွားရင်ကော။

ဖြေ။ ။ ဖြစ်ပါတယ် ဘုရား။

မေး။ ။ ပရိသတ် အများကြီးနဲ့ကော။

ဖြေ။ ။ ဖြစ်ပါတယ် ဘုရား။

မေး။ ။ သူတကာ စကားပြောနေရင်းကော။

ဖြေ။ ။ ဝင်မပြောလျှင် ဖြစ်ပါတယ် ဘုရား။ ဝင်ပြောလျှင် ထွက်ထွက် သွားပါတယ် ဘုရား

မေး။ ။ လွတ်သွားတယ် ဆိုတာ ဘာကြောင့်လဲ၊ ရှေ့က အရှင်ကောင်း ဝီရိယကို မီလို့လား။

ဖြေ။ ။ နည်းနည်းလေးမှ မမီလို့ပါ ဘုရား

မမီလို့ လွတ်တာဟာ မဖြစ်သင့် မဖြစ်ထိုက်လို့ မဟုတ်ဘူးဆိုတာ သိသွားရော။ သိသွားတော့ ကိုယ်ကလည်း ရှေးက အရှင်ကောင်းကဲ့သို့ ချမ်းသာသုခ ရချင်တာ ဖြစ်တော့ အရှင်ကောင်းတို့ကဲ့သို့ ဝီရိယကို မီအောင် ထူထောင်မယ် ဆိုပြီးတော့ သည်နေရာမှာ ဝီရိယကို တိုးလိုက်ရုံပေါ့ဗျာ။

လိုမှန်းသိလျှင် တိုးလိုက်ရုံပါပဲဗျာ။ သည်လို တိုးလိုက်လျှင် ရှေးအရှင်များရဲ့ ဝီရိယ ကို မီမယ် ညီမယ်။ မမီဘူးလို့ သိနေလျှင် မှီအောင်တိုး။ ကိုယ့်မှာ ဝီရိယတွေကတော့ ရှိပြီးသားချည်းပဲ မဟုတ်လား။

ဖြေ။ ။ ရှိပြီးသားတွေချည်းပါပဲ ဘုရား။

မေး။ ။ သည်ဝီရိယတွေကို အခုလို အသုံးမချဘူးလားဗျာ။

ဖြေ။ ။ မချပါဘုရား။

နို့ သည်ဝီရိယတွေကို အသုံးချမယ်ဆိုလျှင် အခုလိုအချိန် ဘဝကောင်းတဲ့အခါမှာ သည် ဝီရိယတွေကို အသုံးချလိုက်မယ်ဆိုလျှင် သံသရာ တစ်လျှောက်လုံး အတွက် သေသေ ချာချာ ပြီးစီး အောင်မြင်သွားမယ် မဟုတ်လား။

ဖြေ။ ။ ပြီးစီးအောင်မြင်သွားမှာပါပဲ ဘုရား။

ရှေးအရှင်တွေကတော့ သည်လို ဝီရိယကို သည်လို အသုံးချပြီး ကိုယ်လိုချင်တဲ့ဟာကို အပြီးအဆုံးတိုင်မြောက်အောင် ယူကြတာဗျာ။ သည်တော့ ဒကာကြီး၊ ဒကာမကြီး တွေက ဝီရိယတော့ ရှိပါတယ်။ သည် ဝီရိယတွေကို အသုံးမချဘဲနှင့် ဘာလုပ်ဖို့ ထားတာလဲဗျာ။ (အသုံးမချတတ်လို့ပါဘုရား။)

သည်တစ်ခါတော့ အခုနလို ဂရုစိုက်ပြီး အဟုတ်သာထား။ နေလိမ့်မယ်၊ မနေဘူး ဆိုတော့ ဗီရိယ နည်းသေးလို့ပါ ဆိုပြီး ဝီရိယ တိုးလိုက်ရုံပဲဗျာ။ ကိုယ့်မှာ ဝီရိယတွေ ကတော့ အဆင်သင့်ရှိတယ် မဟုတ်လား။ (ရှိပါတယ် ဘုရား။)

မေး။ ။ အသာတိုးလိုက်ရုံပါပဲဗျာ။ နောက်တစ်ခါ ဟိုမှာ မနေသေးဘူး ဆိုလျှင်ကော။

ဖြေ။ ။ မနေသေးဘူးဆိုလျှင် ဝီရိယ ထပ်တိုးရဦးမှာပဲ ဘုရား

မေး။ ။ သည်လို ဝီရိယ တိုးရတာ ခက်သလားဗျာ။ ကဲဟဲ့ဆိုလိုက်လျှင် ဖြစ်တယ် မဟုတ်လား။

ဖြေ။ ။ သည်လို အားခဲလျှင် ဖြစ်ပါတယ် ဘုရား

သို့သော်လည်း သူများအားထုတ်နေတုန်းမှာ ကဲဟဲ့လို့ မလုပ်နှင့်လား၊ အလုပ်လုပ် တာကို ပြောတာဗျ။ ကဲဟဲ့လို့များ လုပ်နေလျှင် သူများက အားထုတ်နေတာ ပျက်သွားမှာဗျာ။ သည်တော့ သူများ စိတ်မတိုဘူးလား။ သူများ စိတ်တိုတာ မတိုတာ ဖယ်ထား။ ကိုယ်မှာ အပြစ်မရောက်ဘူးလား၊ (ရောက်ပါတယ် ဘုရား)

အဲသည်လို အပြစ် မရောက်အောင် ဘုရားရှင်က အားလုံးတို့ကို ဘယ်ကိစ္စ ပြုပြု ကိုယ်ပြုချင်သလို မပြုရဘူး။ ဘယ်လိုတုန်းဆိုတော့ ဥပမာ ဟိုနေရာက ရေအိုးကို သည်နေရာကလေးကို ချချင်တယ်ဆို သွားမလုပ်နှင့်။ သူတို့က သည်အတိုင်းတိုင်း ထားတာ ကြိုက်ချင် ကြိုက်နေမယ်။ သဘောကျချင် ကျနေမယ်။ သည်နေရာကို ပြောင်းလိုက်တော့ သဘောကျချင်မှကျမယ်။ ကိုယ်ကတော့ ဘယ်လိုလဲ ဆိုလျှင် ဟိုနေရာမှာထားတာ မကောင်းပါဘူး။ သည်နေရာကမှ ကောင်းမှာပါလို့ ဆိုပြီး တစ်ခါတစ်ခါ မဖြစ်ဘူးလား။ (ဖြစ်ပါတယ်ဘုရား။)

အဲဒါကို သွားပြောင်းလိုက်လျှင် သည့်ပြင်အရှင်တွေက ဟိုမှာကောင်းလျက်သားနဲ့ ဒကာကြီးက အလကား သွားပြောင်းတယ်လို့ စိတ်ထဲမှာဖြစ်ချင် ဖြစ်နေမှာ။ အဲသည်လို ပြောင်းချင်တာက ဘာကြောင့်လဲ ဆိုလို့ရှိရင် အများ ချမ်းသာချင်လွန်းလို့။ အများသဘောကျ စေချင်လွန်းလို့။ အများကိစ္စ ဆောင်တာကိုး။ ကိုယ်မှာဆင်းရဲတာ၊ ပင်ပန်းတာကို အရေးမစိုက်ဘူး။

သူတော်ကောင်းများတို့ဟာက အဲသည်လိုပဲ။ အားလုံးရဲ့ စိတ်သဘော အကြိုက် ကိုသာလျှင် ဆောင်ကြတာဗျ။ ကိုယ်နှင့်နှုတ်နှင့် ဘုရားအဆုံးအမ တည်အောင် အဲသည်လို လျှောက်လုပ်တာဗျာ။ ဘုရားဆုံးမတဲ့ အဆုံးအမတွေက ရှိသေးတယ်။ သည်တော့ ရမ်းလုပ်လို့ မဖြစ်ဘူး။ ကိုယ်လုပ်ချင်သလိုလုပ်လို့ မဖြစ်ဘူး

မဖြစ်ပုံကို ပြောမယ် ကိုယ်က အင်မတန် ပျင်းတယ်။ သည်တော့ သား သမီး တွေရဲ့ဝတ်။ မြေးမြစ်တွေ့ရဲ့ ဝတ္တရားတွေကို အကုန်လုံး လုံလောက်အောင် လုပ်ချင် ရဲ့လား။

ဖြေ။ ။ လုပ်ချင်ပါတယ်ဘုရား။

မေး။ ။ အကုန်လုံးစုံအောင် လုပ်သလား။

ဖြေ။ ။ အကုန်လုံးစုံအောင် လုပ်ချင်ပေမယ့် မပြည့်စုံပါဘူးဘုရား

မေး။ ။ မပြည့်စုံတာဟာ စုံအောင် မလုပ်တာဗျာ။ ဘယ်လိုလဲဆိုလျှင် သားတွေ၊ သမီးတွေ၊ မြေးတွေ၊ မြစ်တွေက ဘာဝတ်ချင်၊ စားချင်သလဲ။

ဖြေ။ ။ အခုကာလပေါ် အ၀တ်အစားတွေ ဝတ်ချင်ပါတယ်ဘုရား။

မေး။ ။ သည့်ပြင်ကော ဘာတွေလဲဗျ။ သည့်ပြင် လူတွေနှင့် မီအောင် ညီအောင် မဝတ်ချင်ဘူးလား။

ဖြေ။ ။ ဝတ်ချင်ပါတယ် ဘုရား။

မေး။ ။ ဒကာကြီးက အဲသည်လို မီအောင်၊ ညီအောင် သားသမီး၊ မြေးမြစ်တွေ သဘောကျအောင် ပေးနိုင်ရဲ့လား။

ဖြေ။ ။ မပေးနိုင်ပါဘူး ဘုရား။

မေး။ ။ မပေးနိုင်တာက ဘာကြောင့် မပေးနိုင်တာလဲ။

ဖြေ။ ။ သူတို့လိုချင်တဲ့ အဝတ်အစားတွေက အင်မတန်အဖိုးတန်တယ် ဘုရား။

မေး။ ။ အဖိုးတန်ပေမယ့် သူများတွေတောင် သူတို့သားသမီးတွေကို ဆင်နိုင်သေးရင် ဒကာကြီးက ဘာကြောင့် မဆင်နိုင်သဗျာ။

ဖြေ။ ။ ဥစ္စာပစ္စည်းက သူတို့အဆင့်အတန်း မီအောင် မပေးနိုင်ပါဘူး ဘုရား။

မေး ။ မပေးနိုင်တာက ဘာကြောင့် မပေးနိုင်တာလဲ။

ဖြေ။ ။ ရှေးဘဝကုသိုလ်ကံ နည်းလို့ပါဘုရား

မေး။ ။ ရှေးကုသိုလ်ကံ လှည့်ချနေပြန်ပြီ။ ရှေးကုသိုလ်ကံက နည်းလို့လား၊ ဒကာကြီး ပျင်းလို့လား

ဖြေ။ ။ ပျင်းလို့တော့ မဟုတ်ပါဘူးဘုရား။ လုပ်လည်း မလုပ်တတ်၊ လုပ်ဖို့ အချိန်ကလည်း ကုန်နေတော့ သည်အတိုင်းပဲ နေရပါတယ် ဘုရား။

မေး။ ။ အခု သူတို့ သားတွေ သမီးတွေကို လုံလုံလောက်လောက် ပေးနိုင်တာ ဘယ်မြို့သားတွေလဲ။

ဖြေ။ ။ ရန်ကုန်မြို့သားတွေပါ ဘုရား။

မေး။ ။ ဒကာကြီးက ဘယ်မြို့သားလဲဗျာ။

ဖြေ။ ။ ရန်ကုန်မြို့သားပါပဲဘုရား။

မေး။ ။ ဟုတ်ပါရဲ့၊ ရန်ကုန်မြို့သားပါပဲ။ အခုသုဂတိခွင် ရောက်အောင် မြှောက်တင် လိုက်တာက ဘယ်သူက မြှောက်တင်လိုက်တာလဲ။

ဖြေ။ ။ ရှေးက ကုသိုလ်ကံက မြှောက်တင်လိုက်ပါတယ် ဘုရား။

မေး။ ။ လူ့ပြည်ကို အတူတူ ရောက်လာတာဗျာ။ လူ့ခွင်မှာလည်း ဘယ်နေရာလဲ ဆိုလျှင် ရန်ကုန်မြို့ချည်းပဲ တစ်ပြိုင်နက်တည်းဗျာ။ အဲဒါ ကုသိုလ်မတူသေးဘူးလား။

ဖြေ။ ။ မတူသေးပါဘူး ဘုရား။

မေး။ ။ ဘာကြောင့် မတူသလဲ။ ရန်ကုန်မှာချည်းပဲ လာဖြစ်တာပေါ့။ ပြီးတော့ ဒကာကြီးကလည်း လူ၊ သူတို့ကလည်း လူပဲ မဟုတ်လား။

ဖြေ။ ။ ဒါပေမယ့် ပစ္စည်းဥစ္စာ၊ အဆင့်အတန်း၊ အပုံကြီး ကွာနေပါတယ် ဘုရား

မေး။ ။အခု ဒကာကြီးထက် သာတယ်ဆိုတဲ့ လူတြေဟာ လူ့ဘဝ ရောက်လာတုန်းက စိန်တွေ၊ ရွှေတွေဝတ်လျက် အကုန်ပါသလား။

ဖြေ။ ။ သူတို့ အမေမိဘတွေမှာ ရှိပြီးသားပါ ဘုရား။

မေး။ ။ သူတို့မိဘတွေကော မွေးကတည်းက ပါလာတာလား။

ဖြေ။ ။ မွေးတုန်းက မရှိပါဘူး ဘုရား။ အခု ပစ္စုပ္ပန်ဘဝကျတော့မှ လုံ့လ ဝီရိယ အစွမ်းကြောင့် ပစ္စည်းဥစ္စာ တိုးတက်လာပါတယ် ဘုရား

မေး။ ။ သည်တော့ ဝီရိယချင်းအတူတူ များများရထားတယ် ဆိုတာက ဘာကြောင့်လဲ။

ဖြေ။ ။ ဝီရိယ ကောင်းလို့ပါ ဘုရား

မေး။ ။ များများ မရတာကကော။

ဖြေ။ ။ ဝီရိယ နည်းလို့ပါ ဘုရား

မေး။ ။ သည်တော့ သူတို့က ဝီရိယများကြတော့ သူတို့သားသမီးတွေကို သူတို့ လိုချင်တာတွေ အကုန်လုံး ဆင်နိုင်၊ ပြင်နိုင်၊ ပေးနိုင်ကြတယ် မဟုတ်လား။ အခု ဒကာကြီးက ဘာကြောင့် မပေးနိုင်တာလဲ။

ဖြေ။ ။ တပည့်တော်က ဝီရိယနည်းလို့ပါ ဘုရား

မေး။ ။ အခုနတော့ သည်လို မပြောဘဲ ကတ်သီးကတ်သတ်လျှောက်ပြောနေတယ်။

ဖြေ။ ။ တပည့်တော်မှာက အသက်ကြီးနေတော့ ဝီရိယရှိပေမယ့် မလုပ်နိုင်ပါဘူး ဘုရား။ ဒါကြောင့် လခတွေ ဘာတွေ ပေးပြီးတော့ ဘယ်သူကမှ မငှားတော့ပါဘူး ဘုရား။

မေး။ ။ မငှားရင် ကိုယ်ပိုင်လုပ်ငန်း လုပ်ပါလားဗျ။

ဖြေ။ ။ ကိုယ်ပိုင်လုပ်တဲ့ ပညာကလည်း မတတ်ပါဘူး ဘုရား။

ဘာကြောင့် မတတ်ရမှာလဲ။ ဘုရား ဆုံးမတဲ့ဟာတွေ ရှိတယ် မဟုတ်လား။ ဘယ်လိုဟာ လုပ်မလဲဆိုလျှင် ဘာဖြစ်ဖြစ်လုပ်၊ ဝီရိယ ရှိပြီးတော့ကို အလုပ်လုပ် ရမယ်။ ဘယ့်နှယ်လုပ်ရမလဲ ဆိုလျှင် မနားမနေ လုပ်ရမှာတဲ့ဗျာ၊ ဟုတ်ကဲ့လားဗျာ။

မေး။ ။ အခု ဒကာကြီးက သည်လိုလုပ်ရဲ့လား။

ဖြေ။ ။ မနားမနေဆိုတော့ အခု အသက်အရွယ်ကျမှတော့ လောကီဘက်က မလုပ်နိုင်ပါဘူး ဘုရား။ အခုန အရှင်ဘုရား အမိန့်ရှိတဲ့ နှာသီးဝ ထိသိတော့ဖြင့် မနေမနား လုပ်ဖို့ ကြံရွယ်ပါပြီဘုရား။

မေး။ ။ အေး- အခုနဟာလည်းလုပ်၊ ဒါလည်းလုပ်မှာဗျ။ ရှေးက လုပ်ပုံက ဘယ်လို လုပ်ရသလဲဆိုလျှင် ဝီရိယထူထောင်ကြပုံက ညမှာ အခိုးလွှတ်ရတယ်ဗျာ။ နေ့မှာတော့ အလျှံတဲ့ဗျ။ အားချိန် နားချိန် မရှိဘူး။ ဘယ်လိုများ လုပ်ရမလဲ ဆိုလျှင် အခိုး လွှတ်တယ် ဆိုတာက ဘယ်လောက် ဘယ်လောက်ရအောင် ဘာလုပ်ရမယ် ဆိုတာကို စီစဉ်လိုက်တာဗျ ။ ဟုတ်ကဲ့လား။ နောက် လင်းသည်နှင့် တစ်ပြိုင်နက်တည်း ညက စီစဉ်ထားတဲ့အတိုင်း တောက်လျှောက်ကြီး လုပ်တာပဲတဲ့ဗျာ။ အဲဒါ အလျှံ လွှတ်တာ တဲ့ဗျာ။

မေး။ ။ အခု ဒကာကြီးများ သည်လိုလုပ်ရဲ့လား။

ဖြေ။ ။ သည်လို မလုပ်ပါဘူး ဘုရား။

မေး။ ။ ညမှာဘာလုပ်သလဲ။

ဖြေ။ ။ အိပ်တာပါပဲ ဘုရား။

မေး။ ။ နေ့တော့ကော။

ဖြေ။ ။ နေ့ခင်းလည်း တစ်ခါ အိပ်တာပဲ ဘုရား။

မေး။ ။ ဒါတောင် ပစ္စည်းမရှိသေးဘူးလား။ ဒါကုသိုလ်ကံလားဗျာ။

ဖြေ။ ။ တပည့်တော်က တပည့်တော် အပြစ်လွတ်အောင် ကုသိုလ်ကံ ချတာပါ ဘုရား။

မေး။ ။ ဟိုကပြုထားတဲ့ ကုသိုလ်ကံက ဘယ့်နှယ်ပြောမလဲ။

ဖြေ။ ။ ဒကာကြီးက ကျုပ်ချည်း အပြစ်ချနေတယ်။ သူတော့ဘာမှ မလုပ်ဘူးလို့ ပြန်ပြီး ရန်တွေ့မှာပါ ဘုရား

အေး၊ ဒါကြောင့် ဝီရိယဆိုတာ အခုနလို ပြုရတာတဲ့ဗျ။ သူတို့ အခု အလုပ်လုပ်တယ် ဆိုပေမယ့် ညကျတော့ ဖိအိပ်ကြတော့လည်း ဘာလုပ်ရမယ် ဆိုတာ စိတ်ကူးတာနှင့် အချိန်ကုန်တာပေါ့ဗျာ။

ဖြေ။ ။ မနက်လည်း ဘာလုပ်ရမယ်ဆိုတာ စိတ်ကူး၊ နေ့ခင်း ကျတော့လည်း ခဏ တစ်ရေး အိပ်ပါသေးတယ် ဘုရား။

မေး။ ။ ဒါဖြင့် အခုနလို ဖြစ်ပါ့မလား။

ဖြေ။ ။ မဖြစ်ပါဘူး ဘုရား။

ရှေးက အရှင်တွေကတော့ သည်လိုလုပ်တာဗျာ။ ညကျတော့ အခိုးလွှတ်တယ်တဲ့ဗျ။ ညမှာ မနက်ကို ငါဘာလုပ်ရမယ်ဆိုပြီး တစ်သိန်းလောက် လိုချင်ရင် တစ်သိန်းပေါ့ဗျာ။ အဲသည်လို အချိန်တစ်ခုမှာ ဘယ်လောက် ရအောင်ဆိုပြီး ကြံစည်စိတ်ကူး စီစဉ် တာဟာ အဲဒါ အခိုးလွှတ်တာဗျ။ အဲသည်လို စီစဉ်လို့ စီစဉ်ပြီးသား ရှိနေတော့ မနက်လင်းသည်နှင့် တစ်ပြိုင်နက် တစ်ခါတည်း လျှောက်လုပ်တာတဲ့ဗျ။

သည်တော့ အကုန်ရတာဗျ။ ပြီးတော့ ရလာတဲ့အခါ ကျတော့လည်း သူဟာနှင့်သူ တန်သလို သုံးစွဲတာတဲ့ဗျ။ ဥပမာ ကနေ့ ကိုယ် အလုပ်လုပ်လို့ ရတာကို ဘယ်လို လုပ်ရမလဲဆိုလျှင် အကုန်လုံး မသုံးရဘူး။ ဘယ်လိုလဲဆိုလျှင် ရတဲ့ဟာကို လေးပုံပုံ၊ အဲသည်လေးပုံမှာ တစ်ပုံကို စားတဲ့ဗျနှစ်ပုံကတော့ အရင်းအနှီး ထားတဲ့ဗျဟို တစ်ပုံကတော့ အသုံးရှိလျှင် သုံးရအောင် သေသေချာချာ သိမ်းထားတဲ့ဗျ။

သုံးစရာ ရှိလျှင် သုံးရအောင်ဆိုတာက အခုနပြောတဲ့ အဝတ်အစားဆင်ဖို့ မဟုတ်ဘူး။ စားဖို့ သောက်ဖို့လည်း မဟူတ်ဘူး။ အိုတဲ့ နာတဲ့အခါမှာလည်း သုံးဖို့မဟုတ်ဘူး။ လှူဖို့ တန်းဖို့ဟာက စားတဲ့အထဲက လှူရတယ်။ အသုံးရှိလျှင် သုံးဖို့ ဆိုတာဟာက တစ်ခါ တလေ ရှောင်မရ တိမ်းမရတဲ့ သုံးစရာအခွင့်ဟာ ပေါ်လာတတ်တယ် မဟုတ်လား။

ပေါ်လာတတ်ပါတယ် ဘုရား။

အေး၊ အဲသည်လိုအခါမှာ သုံးဖို့အတွက် ထားတာဗျ။ သုံးစရာဆိုတာက ဟိုဟာသုံး၊ သည်ဟာသုံး၊ ဟိုဟာဝယ်ချင်၊ သည်ဟာဝယ်ချင်တာဟာ အသုံး မဟုတ်ဘူး။ အသုံး ပေါ်လာတယ် ဆိုတာက အခုနလို မရှောင်သာ၊ မတိမ်းသာ မမျှော်လင့်ပဲနှင့် သုံးစရာ ပေါ်လာတဲ့အခါ အဲသည်လို အခါမျိုးဟာ အားလုံးတို့မှာ မရှိတတ်ဘူးလား။

(ရှိပါတယ်ဘုရား။)

အေး၊ အဲသည်လိုအခါမှာ သုံးဖို့ဗျ။ သည့်ပြင်ဟာအတွက် ဘယ်တော့မှ မသုံးရဘူး။ အဲဒါအတွက်က တစ်ပုံ၊ စားဖို့သောက်ဖို့အတွက်က တစ်ပုံ၊ အရင်းအနှီးအတွက်က နှစ်ပုံ၊ အဲသည်လို အမြဲထားပြီး လုပ်ရတယ်။ တစ်နေ့ လုပ်လို့ ရလျှင် အဲသည်လို ထားလိုက်ဗျ။

ဖြေ။ ။ အဲသည်လို ထားလိုက်ရင် စားဖို့မလောက်ပါဘူး ဘုရား

မေး။ ။ ဒကာကြီး အခု ဘယ်လောက်ရသလဲ။

ဖြေ။ ။ လေးရာ ရပါတယ်ဘုရား။ လေးရာလေးပုံပုံ တစ်ပုံ စားမယ် ဆိုတော့ တစ်ရာဆိုတာ အခုအခါမှာ ထင်းဖိုး၊ ရေဖိုးလောက်ပဲ ရှိပါတယ် ဘုရား၊ ဆန်ဖိုး မပါသေးပါ ဘုရား။

မေး။ ။ ဒါပေမယ့် အဲဒါနှင့်ပဲဖြစ်အောင်စား

ဖြေ။ ။ ဆန်နှင့်ဆားလောက်တော့ စားလောက်ပါတယ်ဘုရား။

မေး။ ။ ဆားမပါပဲနှင့်ကော စားလို့ မဖြစ်ဘူးလား။

ဖြေ။ ။ ဆားမပါဘဲနှင့်စားရင် ဒူးခေါင်းကြီးတယ်လို့ ဆိုကြပါတယ်ဘုရား။

မေး။ ။ ဆန်ချည်းပဲစား၊ ဆားမပါရင် နေပေစေ။ အဲဒါ ထမင်းဖြစ်အောင် မချက်လောက်ဘူးလား။

ဖြေ။ ။ ထမင်းဖြစ်အောင် ထင်းကတော့ အတော်ရှားပါတယ်ဘုရား

မေး။ ။ ရှားချင်ရှားပေစေ။ သည်တစ်ရာနှင့် ထမင်းမဖြစ်ရင် နေပေစေ။ ထမင်း မဖြစ်ရင် ဘာလုပ်ရမလဲဆိုလျှင် များများရတဲ့ အလုပ်မျိုး၊ ဆန်ပြုတ်ဆိုလျှင် ရပါတယ်ဗျ။

မေး။ ။ ဒကာကြီးအိမ်မှာ လူဘယ်နှစ်ယောက်ရှိသလဲ။

ဖြေ။ ။ ဆယ်ယောက်ရှိပါတယ်ဘုရား

မေး။ ။ ဆယ်ယောက်ရှိလျှင် ရေဆယ်မှုတ် ထည့်လိုက်လျှင် လောက်ပါတယ်ဗျ။ ဧည့်သည်နှစ်ယောက် လာလျှင်ကော။

ဖြေ။ ။ နောက်နှစ်မှုတ် ထပ်ထည့်လိုက်ရုံပါပဲဘုရား။

မေး။ ။ ဧည့်သည်ကို ဖိတ်ကျွေးချင်လျှင်ပဲ ကျုပ်ဆီမှာ ဒါပဲရှိတယ်။ အဲသည်တော့ ဒါပဲတိုက်၊ ကိုယ့်သားသမီး တွေလည်း ဒါပဲတိုက်။ အဲဒါဟာ ဘုရားဆုံးမတဲ့ အဆုံးအမကို ပြောတာဗျ။ သည်လိုဆိုလျှင် မဖြစ်ဘူးလား။

ဖြေ။ ။ သိပ်ပြီးတော့ မဖြစ်ဘူးဘုရား။ သားသမီးတွေက ဆန်ပြုတ်မို့လို့ ငိုတယ် ဘုရား

မေး။ ။ အဲဒါ သူတို့က ရလိမ့်မလားလို့ ငိုတာဗျ။ သူကလည်း ဒါစား၊ ကိုယ်ကလည်း ဒါစားဆိုရင် စားမှာပဲဗျ။ မဖြစ်ဘူးလား။

ဖြေ။ ။ ဖြစ်အောင်လုပ်လျှင်တော့ ဖြစ်မှာပဲဘုရား

မေး။ ။ ဒါဟာ ဖြစ်အောင်လုပ်ရမှာဗျ၊ အလှူအတွက်လည်း လှူဆိုလျှင် မဖြစ်ဘူးလား။

ဖြေ။ ။ တပည့်တော်က ဆန်ပြုတ်လှူခံပုဂ္ဂိုလ် တော်တော်ရှားပါတယ်ဘုရား

မေး။ ။ လှူပဲလှူစမ်းပါဦးဗျာ။ လာပြီး အလှူခံတယ်ဆိုလျှင် ကိုယ့်မှာ ဒါပဲရှိတော့ ဒါပဲ လှူ၊ တိုးပြီးတော့ မကုန်ဘူး။ အခုနလို ရေတိုးလိုက်လျှင် ပြီးတာပဲ။ ဟုတ်ကဲ့လား။

ဖြေ။ ။ ဟုတ်ပါတယ်ဘုရား။

မေး။ ။ အေး သည်လိုလုပ်ရတယ်ဗျ။ ဒါဖြစ်တဲ့ဟာ လျှောက်ပြောရတာကိုးဗျ၊ အဲသည်တော့ သည်လိုဆိုလျှင် လောက်သွားတာပဲဗျ။ တစ်နေ့ လုပ်လိုက်တာ ဘယ်လောက်ရသလဲ။ လေးရာရတယ်ဆိုလျှင်.... ။

ဖြေ။ ။ တပည့်တော်ရတဲ့ လေးရာက တစ်လကို ပြောတာပါဘုရား

မေး။ ။ အေး၊ ဒါဖြင့်လည်း အခုန ပြောသလိုသာလုပ်။ ဖြစ်တယ် မဟုတ်လား။

ဖြေ။ ။ လုပ်လျှင် ဖြစ်ပါတယ်ဘုရား။

မေး။ ။ သည်လိုဆိုလျှင် နက်ဖြန်ခါရတာက သည်လောက်ပဲ ရတယ် ထားပါဦး။ နောက် အရင်းအနှီးက ဘယ်လောက်တုန်း။

ဖြေ။ ။ နှစ်ရာပါဘုရား။

မေး။ ။ အဲဒီ အရင်းအနှီးနှစ်ရာ မြတ်ဦးမှာ ရှိသေးတယ်။

ဖြေ။ ။ ရှုံးမှာလည်း ရှိသေးတယ် ဘုရား

မေး။ ။ မရှုံးဘဲ မြတ်အောင်လုပ်ဗျ။ အဲသည်တော့ သည်အရင်းအနှီး နှစ်ရာမှာ ဘယ်လောက် မြတ်မလဲ။

ဖြေ။ ။ နှစ်ရာဆိုတော့ နှစ်ကျပ်ထားပါတော့ ဘုရား။

မေး။ ။ မနေ့ကတော့ ဘာမှမရှိသေးဘူး။ ကနေ့တော့ တိုးလာပြီ၊ ကနေ့ထက် နက်ဖြန်ခါ တိုးပြီမဟုတ်လား။

ဖြေ။ ။ တိုးပါတယ်ဘုရား။

မေး။ ။ အခုနအမြတ်က နှစ်ကျပ်ဆိုတော့ လေးပုံပုံ ဘယ်လောက်လဲ။

ဖြေ။ ။ ငါးမူးစီပါဘုရား။

မေး။ ။ ငါးမူးစီဆိုတော့ စားဖို့ရာ ဘယ်လောက်ဖြစ်လာသလဲ။

ဖြေ။ ။ ပထမ သုံးကျပ်ဆိုတော့ အခုဆိုလျှင် သုံးကျပ်ခွဲလောက် ဖြစ်လာပါပြီ ဘုရား။

မေး။ ။ သုံးကျပ်ခွဲလောက်တော့ ဘယ့်နှယ်လဲ။ ထမင်းဖြစ်မလား။

ဖြေ။ ။ ဆားတော့ထည့်နိုင်ပါပြီဘုရား

မေး။ ။ ထမင်းတော့ မဖြစ်သေးဘူးထင်တယ်။ ပြီးတော့ တစ်နေ့ထည့်လိုက်တော့ အရင်းအနှီးကရော တိုးမသွားဘူးလား။

ဖြေ။ ။ နောက်တစ်ရက်ကျတော့ ငွေချေးတဲ့လူက မချေးတော့ဘူးဘုရား

မေး။ ။ သူများအားကိုးနှင့်မလုပ်နှင့်၊ ဖြစ်တဲ့နည်းနှင့်လုပ်

ဖြေ။ ။ ဖြစ်တဲ့နည်းကလည်း အင်မတန် သေချာတဲ့နည်းတော့ ရှိပါတယ် ဘုရား။ အစိုးရဘဏ် အပ်ထားလျှင် အတိုးက ငွေတစ်ရာ တစ်နှစ်ကို နှစ်ကျပ်နှင့် နှစ်ဆယ့် ငါးပြား ပေးပါတယ်ဘုရား။

မေး။ ။ ဒါကတော့ ဒကာကြီးတွေ လုပ်တတ်ပါတယ်။ ဘယ့်နှယ်ပဲ လုပ်လုပ်၊ တိုးသွားမှာကတော့ အမှန်ပဲဗျ။ အဲသည်လို အရင်းအနှီး တိုးတိုး သွားလျှင် စားဖို့ သောက်ဖို့ကလည်း တိုးတိုးလာမယ် မဟုတ်လား။ တော်တော်ကြာတော့ တစ်ရက်ရတဲ့ ဥစ္စာဟာ တစ်ရက်စားလို့ မကုန်အောင် မဖြစ်ဘူးလား။ (ဖြစ်ပါတယ်ဘုရား)

မေး။ ။ အဲသည်လို မှန်မှန်လုပ်သွားရင် နေ့တိုင်းနေ့တိုင်း တိုးသွားမှာပါဗျ။ အခု ဒကာကြီး သည်လိုလုပ်ရဲလား။

ဖြေ။ ။ သည်လိုလုပ်မှပဲ စနစ်ကျမှာပါဘုရား

အဲဒါ ဘုရားဆုံးမတာ မဟုတ်လား၊ လုပ်ရမှာက အခုနလိုလုပ်၊ ပစ္စည်း ရှာရမှာက အခုနလိုရှာ၊ ရလာတဲ့ဟာက သုံးစွဲရမှာက သည်လိုသုံးစွဲ၊ သည်တော့ ဘယ်လောက် ကြာအောင် လုပ်ရမလဲ။ မကြာပါဘူးဗျ။ သည်လို လုပ်သွားလျှင် ပိုလျှံလာပြီး အများကြီး ဖြစ်ပါတယ်ဗျ။ သည်လိုပိုလျှံလာလျှင် ဘုရားရှင် သာသနာ တည်ရာ တည်ကြောင်းတွေနှင့် သားတွေ၊ သမီးတွေ၊ မြေးတွေ၊ မြစ်တွေအတွက် မပေးနိုင် ဘူးလား။ မလှူနိုင်ဘူးလား။ (ပေးနိုင် လှူနိုင်ပါပြီဘုရား။)

ဘုရားသာသနာ တည်အောင်ကလည်း အဟုတ်လုပ်မယ်ဆိုလျှင် မလုပ်နိုင်ဘူးလား။ အဲသည်လို သာသနာ တည်လာတဲ့ အခါကျတော့ အားလုံးသော သတ္တဝါတွေ အစီးအပွားများရာ များကြောင်း အတွက် ကိုယ်က အခုလို မလွတ်အောင် ထားသွားမယ်ဆိုလျှင် နေရာတိုင်း နေရာတိုင်းမှာ ဘယ့်နှယ် ဖြစ်ကုန်မလဲ။

ဖြေ။ ။ နေရာတိုင်းမှာ အထမြောက်ပါလိမ့်မယ်ဘုရား။

မေး။ ။ ဘုရားရှင်ကပဲ သည်လိုဆုံးမတာဗျ။ ရှေးကအရှင်တွေက သည်လိုလုပ်တာဗျ။ အခုဒကာကြီးတွေ သည်လိုလုပ်သလား။

ဖြေ။ ။ လုပ်ဆဲလုပ်လတ္တံ့ပါပဲဘုရား။

အေး တချို့တွေဟာ အပိုတွေ အင်မတန်သုံးတယ်ဗျ။ တို့ဒကာကြီး တစ်ယောက် ပြောဖူးတယ်။ သူက ဘာတုန်းဆိုတော့ ငါတော့ အပိုတွေမလုပ်ဘဲ နေမယ်ဆိုပြီး သူများဆေးလိပ်သောက်တာ တစ်နေ့ ဘယ်လောက်ကုန်သလဲ။ ငါ မသောက်ဘူး ဆိုပြီး နေတာပဲဗျ။

တော်တော်ကြာတော့ များများကြီး စုမိပြီ ဆိုတော့မှ ဧရာမကျောင်းကြီး ဆောက်တာ ကဲ့ဗျ။ သူများဖြန်းတာကို မဖြုန်းဘူးဆိုပြီး လုပ်လိုက်တာဗျ။ ဆေးလိပ်သောက်တာက ဘာအကျိုးရှိသလဲဗျ။

ဖြေ။ ။ ဆေးလိပ်သောက်နေလျှင် ဘာမှ အကျိုးမရှိပါဘူးဘုရား။ သောက်သည့် အတွက် အကျိုးယုတ်ပါသေးတယ် ဘုရား။

မေး။ ။ ဒကာကြီး ဆေးလိပ်မသောက်ဘူးလား။

ဖြေ။ ။ သောက်ပါတယ်ဘုရား။

မေး။ ။ ဆေးလိပ်သောက်ချင်တာက ကုသိုလ်ရသလား။

ဖြေ။ ။ ဆေးလိပ်သောက်ချင်နေတာက လောဘတဏှာပါဘုရား

မေး။ ။ ဆေးလိပ်သောက်ချင်တာ။ သောက်ချင်လျက်နှင့် သေသွားလျှင် ဘယ်ရောက်မလဲ။

ဖြေ။ ။ အပါယ်ရောက်မှာပဲဘုရား။ ဒါကြောင့် တပည့်တော်က အပါယ်မကျအောင် ဆေးလိပ်သောက်ချင်လျှင် မြန်မြန် သောက်လိုက်တာပဲဘုရား။

မေး။ ။ သောက်ရင်းနှင့်သေလျှင် လောဘတဏှာ သမုဒယနှင့် သေတာပဲဗျ။ ဘယ်ရောက်မလဲ။

ဖြေ။ ။ အပါယ်ကျမှာပဲဘုရား

မေး။ ။ ဆေးလိပ်သောက်တာ ကောင်းလိုက်တာဆိုပြီး သေရင်ကော။

ဖြေ။ ။ လောဘစိတ်ဖြစ်ပြီး အပါယ်ကျမှာပဲဘုရား။

မေး။ ။ မကောင်းလိုက်တာဆိုပြီး သေရင်ကော။

ဖြေ။ ။ အပါယ်ကျမှာပဲဘုရား

မေး။ ။ ဒကာကြီးဟာက ဘာမှအသုံးမကျပဲ အပါယ်ကျ ကြီးပါပဲလားဗျ။

ဖြေ။ ။ ချမ်းသာလိမ့်မလားလို့ လုပ်တာပဲဘုရား။ ဆင်းရဲနှင့်ချည်း တွေ့နေရပါတယ် ဘုရား။

မေး။ ။ ဥပုသ်စောင့်ရင်း၊ ဆေးလိပ် သောက်ချင်လျက်နှင့် သေသွားလျှင်ကော။

ဖြေ။ ။ အပါယ်ကျမှာပဲဘုရား

မေး။ ။ ဆေးလိပ်သောက်ရင်း ကောင်းလိုက်လေဗျနှင့် သေလျှင်ကော။

ဖြေ။ ။ အပါယ်ကျမှာပါပဲဘုရား။

မေး။ ။ မကောင်းလိုက်လေဗျနှင့် သေရင်ကော။

ဖြေ။ ။ ဒေါသစိတ်ဖြစ်ပြီး အပါယ်ကျပြန်မှာပဲ ဘုရား

မေး။ ။ ဆေးလိပ်သောက်ရင်း စိတ်က ဟိုရောက် သည်ရောက်နှင့် သေရင်ကော။

ဖြေ။ ။ မောဟဖြစ်ပြီး အပါယ်ကျမှာပဲ ဘုရား

မေး။ ။ ဒကာကြီးဟာ ကောင်းတာတစ်ချက်မှ မရှိပါလား။ ဒါဖြင့် ဘယ့်နှယ်လုပ်မလဲ။

ဖြေ။ ။ ထိသိကို အာရုံမပြတ် ထားမှပါဘုရား

မေး။ ။ သည်လိုဆိုလျှင် ဆေးလိပ် သောက်ချင်လိုက်တာနှင့်များ လာဦးမှာလား။

ဖြေ။ ။ ထိသိကို ဝီရိယကောင်းနှင့်ထားလျှင် ဆေးလိပ် သောက်ချင်တဲ့စိတ် ပျောက်သွားမှာပဲဘုရား

မေး။ ။ ဆေးလိပ်ကကော ကုန်ဦးမလား။

ဖြေ။ ။ မကုန်ပါဘူး ဘုရား။

မေး။ ။ ဒီတော့ ဆေးလိပ်သောက်ချင်တဲ့ အချိန်မှာ ဘာရမလဲ။

ဖြေ။ ။ အပါယ်ရပါတယ် ဘုရား

မေး။ ။ မသောက်ဘဲနေတော့ ဘာရမလဲ။ ထိသိမပါဘဲ နေလျှင်လေ။

ဖြေ။ ။ ဘုရားဆုံးမတဲ့ အဆုံးအမနှင့် နေလျှင်တော့ ကုသိုလ်ဖြစ်ပြီး ကိုယ်လိုချင်တဲ့ ဗောဓိကို ချက်ချင်းရပါတယ်ဘုရား

မေး။ ။ အချိန်တိုင်း အချိန်တိုင်း ဘာတွေ တိုးသလဲ။

ဖြေ။ ။ အချိန်တိုင်း အချိန်တိုင်း ရွက်ဆောင်နေလျှင် ကုသိုလ်တွေနှင့်ချည်း တိုးနေပါတယ်ဘုရား

မေး။ ။ အေး သီလ သမာဓိပညာတွေလည်း တိုးတက်နေတော့တာပဲ။ မတိုးချင်ပါဘူး ဆိုလို့ ဖြစ်သလား။

ဖြေ။ ။ မဖြစ်ပါဘူးဘုရား။ တိုးနေမှာပဲဘုရား။

မေး။ ။ အချိန်ရလာတဲ့ အခါကျတော့ လျော့ချင်ပါတယ် ဆိုတောင် မလျော့ပါဘူးဗျ။ ပါးစပ်က လျော့ချင်ပါတယ်လို့ ပြော၊ အလုပ်က လုပ်နေမယ်ဆိုလျှင် လျော့ပါ့မလား။

ဖြေ။ ။ မလျော့ပါဘူးဘုရား။

မေး။ ။ ရှေးက အရှင်တွေက အဲသည်လို သွားတာတဲ့ဗျ။ ရှေးက သူတို့ဥပုသ်စောင့် သွားမယ်ဆိုလျှင် အခုနဟာတွေ ပါတယ်လို့ ကြားဖူးသလား။

ဖြေ။ ။ မကြားဖူးပါဘူး ဘုရား။

မေး။ ။ ဝတ်ပြုရာမှာ ဆေးလိပ်သောက် မပါလျှင် ချွတ်ယွင်းတယ်လို့ ပါသလား။

ဖြေ။ ။ မပါပါဘူးဘုရား။

မေး။ ။ ဘာသာပါသလဲ။

ဖြေ။ ။ ဘုရားဆုံးမတဲ့ အဆုံးအမကို သမာဓိတည်အောင် လုပ်ရမယ်လို့သာ ပါပါတယ် ဘုရား။

ဟုတ်တယ်ဗျ၊ သီလဘက်က အဘိသမာစာရိကဝတ်၊ ပြုသင့် ပြုထိုက်တာကို ပြုရင်း ကိုယ့်မလွတ်အောင်ထားဖို့ ဒီလိုသာဆုံးမတယ် မဟုတ်လား။ အဲဒါတွေတော့ ရတယ် မဟုတ်လား။

သီလအားဖြင့် သမာဓိ တည်အောင်လုပ် ရမယ်။ တဏှာဒိဋ္ဌိကို ကြာအောင် လုပ်ရမယ်လို့ ဆိုပြီး သီလ ဆောက်တည်ခိုင်းတာဗျ။ ဝီရိယ ထူထောင်ရမှာကလည်း မရသေးတာကို ဘယ်နှယ်လုပ်ရမလဲ။

ဖြေ။ ။ မရသေးတဲ့ ကုသိုလ်ကိုရအောငရပြီးသားကုသိုလ်ကို ပွားများရမယ်လို့ ဆိုပါတယ် ဘုရား။

မေး။ ။ ဒါဖြင့် တစ်မျိုးလုပ်ရသေးသလား။

ဖြေ။ ။ ထိသိမှာ အကုန်လုံးပါပြီဘုရား

မေး။ ။ အဲသည်လို လုပ်ရင်း အခုနပြောတဲ့ ဟာကိုပါလုပ်လျှင် ပစ္စည်းပိုင်းကကော မတိုးဘူးလား။

ဖြေ။ ။ ပစ္စည်းပိုင်း ကလည်း တိုးနေပါတယ်ဘုရား။

မေး။ ။ နောက် ဒီဟာကို စိတ်ကထားရင်း စားလို့ ရှိရင်လည်း များများ စားမလား၊ နည်းနည်း စားမလား။

ဖြေ။ ။ သည်ဟာကိုမလွတ်အောင် စားနိုင်ပါတယ် ဘုရား။

မေး။ ။ နည်းနည်းစားမှာလား။

ဖြေ။ ။ နည်းနည်း စားမှာပါဘုရား။ ထိသိကို အာရုံရောက်နေတော့ အစား လျော့သွားပါတယ်ဘုရား။

မေး။ ။ အစားလျော့သွားတော့ အနေခက်သလား။

ဖြေ။ ။ အနေသက်သာသွားပါတယ်ဘုရား

မေး။ ။ ဗိုက်မလေးတော့ ညကော အိပ်ချင်ဦးမလား။

ဖြေ။ ။ မအိပ်ချင်ပါဘူးဘုရား။

မေး။ ။ သည်တော့ ထိနမိဒ္ဓ လာသေးသလား။

ဖြေ။ ။ လာတော့ လာပါတယ်ဘုရား။

မေး။ ။ ဒါပေမယ့် ဗိုက်ထဲမှာ ဟာနေတော့ အနားတောင်ကပ်မှာ မဟုတ်ဘူး။ ဘုရားဆုံးမတဲ့ အဆုံးအမတွေကို အကုန်လုံးဟာ သည်ကစပြီး မလုပ်ကြတာဗျ။ ပြီးပြီဆိုတော့ သူတို့ဟာ ဘယ်အပေါ်မှာချည်း ပစ်ချတာလဲဆိုလျှင် ဘာမှ ပြန်မပြော နိုင်တဲ့ ရှေးက ကုသိုလ်ကံအပေါ်မှာချည်း အပြစ်ဖို့နေတာဗျ။ (တင်ပါ့ဘုရား)

အေး၊ ဒါကြောင့် အခုနလို အစက စပြီးထား၊ ပြုဖို့ရာတွေကို ဝီရိယ ထူထောင်ပြီး ပြုမယ် လုပ်မယ်ဆိုလျှင် ကိုယ်လိုချင်တဲ့ တောင့်တချက်တွေ ပြီးပါတယ်ဗျ။ ရှေးအရှင် တွေကတော့ သည်လို ဝီရိယတွေနှင့်ထူထောင်ပြီး ယူကြတာဗျ။ စည်းကမ်းနှင့်ဘာနှင့် သုံးမယ်ဆိုလျှင် သူတို့ ဒါတွေတော့ မှတ်ထားပါတယ်ဗျ။

ခတ္တိယသာလဗြဟ္မဏသာလ ဆိုတာတွေ ရှိတယ် မဟုတ်လား။ အလုပ်လုပ်လို့ ဝင်လာရတာရယ်၊ သုံးတာရယ်ဟာ အချိုးကျအောင် အခုန အတိုင်း လုပ်တယ်ဗျ။ အခု ဒကာကြီးများ သည်လို စည်းကမ်း ထားသလား။

ဖြေ။ ။ စည်းကမ်းလွတ်တာ များပါတယ်ဘုရား

မေး။ ။ အလုပ်လုပ်တဲ့ နေရာမှာလည်း အခုန ဘုရားဆုံးမတဲ့အတိုင်း ဖြစ်သလားဗျ။

ဖြေ။ ။ မေ့လျော့နေပါတယ်ဘုရား

ရှေးအရှင်များ လမ်းအတိုင်း

အေး၊ အဲဒါကြောင့်မို့ဗျ။ ဘုရားဆုံးမတဲ့ အဆုံးအမတွေဆိုတာက သေသေချာချာ မှတ်ထား။ မှတ်ထားပြီး သည်အတိုင်းကို ဖြည့်ကျင့်ပြီဆိုတော့ အကုန်လုံးတို့ဟာ ဝီရိယတွေနှင့် ထူထောင်ပြီဆိုတော့ ဘယ်အခါမှ မချွတ်ယွင်းတော့ပါဘူးဗျ။ ရှေးအရှင် တွေက သည်လိုသွားကြတာဗျ။

ကိုယ့်အတွက်တွင်မကဘူး။ အားလုံးတို့ အတွက်တွေတောင် ဆောင်သွားသတဲ့ဗျ။ အဲ့သည်လို ဝီရိယဘွေနှင့် ထူထောင်ကြပြီဆိုလျှင် မလိုချင်ဘဲနှင့် ရတာတွေလည်း အများကြီးရှိတယ်။ ဘယ်လိုလဲဆိုလျှင် နိဗ္ဗာန်မရသေးမီ စပ်ကြားမှာ ရှင်ဘုရင် ဖြစ်အောင်၊ စကြဝတေးမင်း ဖြစ်အောင်၊ သူဌေးဖြစ်အောင်၊ အထက်က သိကြား ဗြဟ္မာ တွေဖြစ်အောင် ဖြစ်တဲ့အခါမှာလည်း ဘယ်သူမှ မတုနိုင် မပြိုင်နိုင်အောင်ဟာ နဂိုက မှန်းသလား။ မမှန်းပေမယ့် လောကကြီးတစ်ခုလုံးမှာ တုနိုင် ပြိုင်နိုင်တဲ့လူ ရှိသလား။

ဖြေ။
တုနိုင်ပြိုင်နိုင်တဲ့လူ မရှိပါဘူး ဘုရား။

အဲဒါတွေဟာ မလိုချင်ဘဲနှင့်ရတာဗျ။ မလိုချင်ပေမယ့် သည်ဘဝတွေဟာ ရမှာပဲဗျ။ မလိုချင် မတောင့်တဘဲနှင့် နိဗ္ဗာန်မရမီ စပ်ကြားမှာ သည်ဘဝတွေကတော့ ရမှာဗျ။ ဒါကြောင့် ကုသိုလ်များ ပြုလုပ်တဲ့အခါမှာ မပျင်းနှင့်။ အပျင်းကို လက်သင့်မခံရင် အကုန်လုံး အဆင့်အတန်း တက်တော့တာပဲ။

ကုသိုလ်ပြုတဲ့အခါမှာ ပျင်းပျင်းနှင့်ပဲလုပ်လုပ်၊ ပျော်ပျော်နှင့်ပဲလုပ်လုပ်၊ လုပ်လျှင် မလုပ်ဘဲနှင့် နေတာထက် ကောင်းတယ်။ သာသနာအတွင်းမှာ အဟုတ်ကို မလုပ်ချင် ဘဲနှင့် လုပ်လိုက်ဦးဗျာ။ လုပ်တဲ့အကျိုးကတော့ ပေးတော့တာပဲ။ ဘာကြောင့်လဲ ဆိုလျှင် အခုလို မြင့်မြင့်မြတ်မြတ်ဟာတွေကို ပြုတာ မဟုတ်ပါဘူး။

ကြံတောနတ် ဒုက္ခ

ရှေးအခါတုန်းက ရှင်သာရိပုတ္တရာ အရှင်မြတ် ခရီးစဉ် ကြွတဲ့အခါက ဟိုမှာ ကြံတောကြီးကို အစိုးရတဲ့ နတ်ဟာ အရှင်မြတ်ကို လျှောက်သတဲ့ဗျ။ ဘယ်လို လျှောက်သလဲဆိုလျှင် သူဟာ ကြံတောကြီးကို အစိုးရတဲ့ နတ်ဖြစ်ပါတယ်။ သည် ကြံတောကြီးကို အစိုးရပေမယ့် ငါ့ကြံတော ငါပိုင်တာပဲ ဆိုပြီးတော့ သုံးဖို့ စွဲဖို့ ယူဖို့ ဝင်လာတဲ့အခါမှာ မဝင်နိုင်ဘူးတဲ့ဗျ။

သူဝင်လာလိုက်တယ် ဆိုလျှင် ကြံရွက်ကြံလက်တွေက ဆီးပြီးတော့ အတင်း ထိုးကြ ခုတ်ကြသတဲ့ဗျ။ အဲသည်တော့ သည်နတ်ဟာ အထဲကို မဝင်နိုင်ဘူးတဲ့ဗျ။ သူ့ကြံတော တော့ သူ့ကြံတောပဲ။ သူ့ရဲ့ရှေးကုသိုလ်ကြောင့် ယူလို့တော့ မရဘူးတဲ့ဗျ။ ဘာလို့ ယူလို့ မရသလဲဆိုလျှင် သူက သည်အတိုင်းတိုင်း ယူတာကိုး။ သည်အတိုင်းတိုင်း ယူတော့ ကြံရွက် ကြံလက်တွေက ထိုးကြ ခုတ်ကြသတဲ့ဗျ။

အရှင်မြတ် ကြွလာတဲ့အခါ ကျတော့မှ ရှိခိုးပူဇော်ပြီး။ မှန်လှပါဘုရား၊ ဘုရား တပည့်တော်သည် သည်ကြံတောကို အစိုးရတဲ့အကြောင်း၊ ဒါပေမယ့် အသုံးမပြုနိုင်တဲ့ အကြောင်း၊ ဘုရား တပည့်တော် ဝင်တဲ့အခါ ကြံရွက်တွေဟာ အတင်း ထိုးကြ၊ ခုတ်ကြတဲ့အတွက် တပည့်တော် မဝင်နိုင်ကြောင်း လျှောက်တဲ့အခါမှာ အရှင်မြတ်က နင်အခုလို ဖြစ်ရတာဟာ ရှေးဘဝက ဘယ်လိုကုသိုလ် ပြုလိုက်လည်းဆိုလျှင် သေသေချာချာ သဒ္ဓါတရားနှင့် ပြုတာမဟုတ်ဘူးတဲ့။

ဘယ်လိုလဲဆိုလျှင် သူက ကြံစည်းကြီးကို ထမ်းလာတာတဲ့ဗျ။ အဲသည်လို ထမ်းလာ တာကို သူငယ်တွေကမြင်တော့ ဝိုင်းပြီး တောင်းကြတာတဲ့ဗျ။ သည်တော့ သူကလည်း မပေးချင်ဘူးတဲ့ဗျ။ မပေးချင်တော့ ဘယ်နှယ်လုပ်သလဲဆိုလျှင် သူက ကြံစည်းကြီးကို မပေးရအောင် အတင်းပြေးတာတဲ့ဗျ။

အဲသည်လိုပြေးတော့ ကလေးတွေကလည်း နောက်က အတင်း လိုက်တာတဲ့ဗျ။ ကြံတစ်ပိုင်းပေးပါခင်ဗျာ၊ ကြံတစ်ပိုင်း ပေးပါခင်ဗျာနှင့် အတင်း လိုက်တောင်းတာတဲ့။ ကလေးတွေက လိုက်ကောင်းလေ၊ သူလည်း ပြေးလေပဲဗျ။ သူက မပေးချင်တော့ သည်ကလေးတွေ တောင်းကတည်းက သည်ကလေးတွေနှင့် တည့်ပါ့မလား။
(မတည့်ပါဘူးဘုရား)

နောက်ကျတော့ သူပြေးရင်း ပြေးရင်းနှင့် လွတ်အောင် မပြေးနိုင်ဘူးတဲ့ဗျ။ အဲသည်လို လွတ်အောင် မပြေးနိုင်တော့မှ ကလေးတွေနှင့်လည်း မတည့်ပြီး၊ တစ်ခါတည်း နောက်ပြန်ထိုးပစ်ပြီး ပေးခဲ့တာပဲတဲ့ဗျ။ တစ်သက်လုံး သည့်ပြင် ဘာကုသိုလ်မှ မလုပ်ခဲ့ဘူး၊

အခုနလို ကလေးတွေက ဝိုင်းတောင်းတဲ့ အခါကျတော့မှ သူက မပေးချင်ဘဲနှင့် ပေးလိုက်တာ နောက်ဆုံး ရှောင်မရ တိမ်းမရဖြစ်တော့မှ ကြံစည်းကြီးကို စိတ်တိုတိုနှင့် နောက်ပြန် ပစ်ပေးခဲ့တာတဲ့ဗျ။ ဒါကြောင့် အခုလိုလာဖြစ်တာတဲ့ဗျ။

သူက အခုလို လျှောက်တော့မှ အရှင်မြတ်က ဘယ်လို မိန့်တော်မူသလဲဆိုရင် အသင့်အား သည်ကြံရွက်တွေက မထိုး မခုတ် စေချင်လျှင် နောက်ပြန်ဝင်လို့ မိန့်တော်မူသတဲ့ဗျ။ အဲသည်လို နောက်ပြန်ဝင်တော့ ကြံရွက်တွေက ဘယ့်နှယ်မှ မလုပ်တော့ဘူးတဲ့ဗျ။ သည်တော့မှ သူလိုချင်တာ ယူလို့ ရသတဲ့ဗျ။

အဲသည်လိုယူလို့ရတဲ့ ကြံတွေကို အရှင်မြတ်အား သေသေချာချာ ဆက်ကပ် လှူဒါန်း လိုက်တော့မှ အခုနလို နောက်ပြန် မဟုတ်တော့ဘဲ ရှေ့နှင့်ပဲ ဝင်လို့ ရသွားသတဲ့ဗျ။ အခုလည်းပဲ နေရာမကျတာရှိလျှင် ပြင်လိုက်လျှင် ဖြစ်ပါတယ်ဗျ။ အခု ဒကာကြီး တို့ဟာ ဘယ်လို လုပ်နေလို့မှ ရသလဲ။

ဖြေ။
တပည့်တော်က ရှေ့နှင့်ချည်း ဝင်နေလို့ပါဘုရား။

မေး။
။ ဝီရိယနည်းကကို ဝီရိယ နည်းအောင် ပြောတာဗျ။ ဝီရိယနည်းမှန်း သိရင် မနည်းအောင် ထူထောင်ကြ၊ ဝီရိယဆိုတာဟာ နေရာတိုင်း ပိုတယ်လို့ ရှိသလား။

ဖြေ၊
ပိုတယ်လို့ မရှိပါဘူးဘုရား။ တပည့်တော်တို့က ပစ္စုပ္ပန်ရော၊ သံသရာရော အခုဘဝလောက် တစ်ခါမှ ဝီရိယ မထူထောင်ဘူးသေးတဲ့ ဘဝတူချည်ပဲဘုရား

မေး။
။ အခုတော့ ဒကာကြီး လုပ်ပုံကို အားရရဲ့လား

ဖြေ၊
။ အခုလည်း တပည့်တော်ကိုယ် တပည့်တော် အားမရသေးပါဘူး ဘုရား။ သည်ထက် တိုးပါဦးမယ်ဘုရား

မေး။
။ အလုပ်ကတော့ မလုပ်တာ တယ်မရှိပါဘူး။ အလှူလည်း လှူတာပဲ မဟုတ်လား။ အဲသည်လို လှူတဲ့အခါမှာ အကုန်လုံး နေရာကျအောင် လှူရဲ့လား

ဖြေ။
အကုန်လုံး နေရာမကျတကျတွေပါပဲ ဘုရား။

မေး။
။ အလှူ လှူတဲ့နေရာမှာလည်း အကုန်လုံး သဘောကျချည်းဘဲ ဖြစ်အောင် လုပ်ရမှာ မဟုတ်ပါဘူး။ ဟုတ်ကဲ့လား။

ဖြေ။
။ မဟုတ်သေးပါဘူးဘုရား။ ဒါပေမယ့် အခုတော့ လုပ်တတ်ပါပြီ ဘုရား

မေး။
။ အခုလိုပြောနေပေမယ့် သူတို့က လျှောက်ပြီးတော့တာ မှတ်ထားထား ဟိုလိုကတော့ လုပ်ကို မလုပ်သေးဘူး ထင်တယ်။ နေတိုင်းတော့ လှူနေတာပဲ မဟုတ်လား။

ဖြေ။
နက်ဖြန်ခါကစပြီး လုပ်မယ်ဘုရား။

မေး။
။ သူတို့ လုပ်လိုက်တာတွေကတော့ အကောင်းချည်းပဲ။ အကောင်းချည်း ပေမယ့် အခုနလိုတော့ မဖြစ်ဘူး။ ပြီးတော့ သားတွေ သမီးတွေ မြေးတွေ မြစ်တွေ နှင့်လည်း အခုနပြောသလို ဖြစ်သလား။
(ဖြစ်အောင် ကြိုးစားပါ့မယ်ဘုရား။)

မေး။
သက္ကစ္စနိဝါတကော ဖြစ်သလား။

ဖြေ။
မဖြစ်သေးဘူးဘုရား။

အေး၊ အဲဒါတွေကို သိပြီးပြီဆိုတာ့ ကိုယ်လိုချင်တဲ့ ဟာကလည်းရှိတော့ ရှေးအရှင်တွေရဲ့ ဝီရိယကို မီအောင်၊ ညီအောင်ပြုကြ၊ ပြုဖို့ရာကလည်း မခက်ပါဘူး။ ဒါကြောင့် ဝီရိယတွေနှင့်ထူထောင်ပြီး ကြိုးစားကြ အားထုတ်ကြဗျား

(ဝေဘူဆရာတော်)

စာညွှန်း

ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိနှင့် ကျင့်စဉ် -
မောင်ကျော်ညွန့် (မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ)

သိသလောက်ကလေးကို မချွတ်ယွင်းအောင် ထူထောင်ကြ

▬▬▬▬ஜ۩۞۩ஜ▬▬▬▬

[မမေ့မလျော့ဘဲနှင့် ဝီရိယ ထူထောင်ဖို့ရာ သိပြီးဆိုလျှင် သိသည့်အတိုင်း အကုန်သုံး ဂရုစိုက်ပြီး သွားကြရန်နှင့် သက္ကစ္စနှင့် သည်းခံခြင်းကို တိုးမြှင့်၍ မချွတ်ယွင်းအောင် ကြိုးစားသွားကြမည်ဆိုလျှင် တောင့်တတဲ့အတိုင်း အားလုံး ပြီးမြောက်သွားမည် ဖြစ်ကြောင်း ဝေဘူဆရာတော် အရှင်မြတ်သည် ၁၉၅၅-ခု၊ မေလ ၁၆-ရက်ညတွင် ရန်ကုန်တက္ကသိုလ်ဓမ္မာရုံ၌ ဟောကြားတော်မူခဲ့ပါသည်။]

ဝေဘူဆရာတော် အရှင်မြတ်သည် ပထမရှေးဦးစွာ ရှစ်ပါးသီလပေးပြီး နောက် အောက်ပါအတိုင်း တရားတော်ကို ချီးမြှင့်ပါသည်။

တရားနာခံအဖြစ် ဦးလှက ဆောင်ရွက်သည်။

မေး။

သည်တော့ကို သည်အရှင်တွေလို ချမ်းသာသုခကို လိုချင်ပါတယ်ဆိုလျှင် သည်အရှင် တွေရဲ့ ဝီရိယ မီအောင် ညီအောင်ဟာ ဘယ်လောက်လိုတယ် ဆိုတာက ဘယ်သူ့ မေးရဦးမှာလဲ။

ဖြေ။

ဘယ်သူ့မှ မမေးဘဲ ကိုယ်တိုင်သိပါတယ်ဘုရား။

မေး။

သိတော့ သည်အရှင်တွေရဲ့ ဝီရိယကို မီအောင် ညီအောင်ဟာ ဝီရိယ တိုးတိုးသွားဖို့ မဟုတ်လားဗျာ့။

ဖြေ။

တင်ပါ့ဘုရား၊ တပည့်တော်တို့ ဝီရိယကတော့ ရှေးအရှင်တို့ ဝီရိယထက် အောက်တန်းကျနေပါတယ် ဘုရား။

အဲသည်လို လိုမှန်းသိလျှင် လိုမှန်းသိတာကိုပင်လျှင်ပဲ မြင့်မြတ်လှပြီဗျာ့။ လိုတော့ လိုနေတယ်။ လိုမှန်းမသိလို့ ဖြစ်နေလျှင်တော့ အခုလို သူ့ဟာက မလိုဘူးလို့ စိတ်က ထားနေတယ်။

မေး။

အခုန အရှင်တွေရဲ့ ဝီရိယကိုမီအောင် ဘယ်နှယ်လဲ။ ဝီရိယဟာ ထူထောင် ဦးမှာလား။

ဖြေ။

ဝီရိယ မထူထောင်ပါဘူးဘုရား။

မေး။

ဟူတ်တယ်ဗျာ့။ သူက မလိုပါဘူးလို့ စိတ်က အောက်မေ့နေမှာ၊ သည်တော့ မထူထောင်တော့ဘူး။ သည်တော့ လိုတယ်လို့ သိပြီဆိုတော့ ဘယ့်နှယ်လဲ။

ဖြေ။

လိုတယ်ဆိုတာတော့ ကိုယ်တိုင် သိနေပါတယ်ဘုရား။ စမ်းကြည့်တဲ့အခါမှာ နှာသီးဝမှာ ထွက်လေ၊ ၀င်လေ ထိခိုက်တယ်။ ထိခိုက်ချက် ကလေးကို စူးစိုက်ပြီး မှတ်နေတဲ့အခါမှာ တော်တော်ကြာလျှင် လွတ်သွားရင်း ဝိတက်ဝိစာရနှင့်လိုက်ဖမ်း။ လိုက်ဖမ်းပြီး ဝိစာရက ဖမ်းချုပ်ထားလျှင် စိတ်ကလေးက လွတ်လွတ် သွားတဲ့အတွက် တပည့်တော်တို၏ ဝီရိယသည် ရှေးအရှင်များ၏ ဝီရိယထက် အင်မတန် အောက်တန်းကျ ဖြစ်နေတာ သိပါတယ် ဘုရား။

လိုမှန်း သိပြီးပြီဆိုတော့ ဝီရိယမလိုအောင် ထူထောင်ကြဗျာ့။ ထူထောင်ပြီဆိုတော့ မလိုဘူးဗျာ့။ ဝီရိယများဟာက ဘယ်လိုတုန်းဆိုတော့ ရှိပြီးသားဗျာ့။ အားလုံးတို့ဟာ ဝီရိယ ရှိပြီးသားဗျာ့။ ရှိပြီးသား သည်ဝိရိယကို အသုံးမချကြဘူးဗျာ့။ အသုံးကို မချလို့ ပါဗျာ။

ဖြေ။

သည်ဝီရိယတွေကို တပည့်တော်က တွေးကြည့်တာ ဘယ်ဆီရောက်နေမှန်း မသိပါဘုရား။

မေး။

ရှိမှာပဲဗျာ့။ အကုန်မသုံးလို့ပါဗျာ့။ ဟုတ်ကဲ့လား။

ဖြေ။

ဝီရိယကိုတော့ အကုန်လွှတ်ပြီလို့ ထင်တာပဲဘုရား။ ဝိတတ်ဝိစာရ ကြားထဲက ဘယ်လိုလွတ်သွားမှန်း မသိပါဘူးဘုရား။ တပည့်တော်တို့ကလဲ သည်စိတ် ကလေးနောက်ကို လိုက်သွားတာပေါ့ ဘုရား။

မေး။

အဲသည်လို လိုက်သွားတာ ဝီရိယလိုလို့လား။ မလိုလို့ လား။

ဖြေ။

လိုလို့ပါဘုရား။

လိုမှန်းသိလျှင် သူတို့မဝင်သာအောင် သည်က ဝီရိယ ထားလိုက်ရုံပါတဲ့ဗျာ့။ ဘယ်လို ထူထောင်မလဲဆိုလျှင် သည်နေရာမှာ သည်လို ဖြစ်တတ်မှန်းသိလျှင် သည်နေရာကို ဤကဲ့သို့ မဝင်နိုင်အောင် စိတ်ကသည်လို ထူထောင်ပြီဆိုလျှင် နောင်ကို သည်နေရာ ကတော့ မလာဘူးဗျာ့။ သည်နေရာမှာ တစ်ခါတည်း လုံလောက်သွားတယ်။

နောက်ကို သည်လိုချည်းပဲ ထူထောင်ဗျာ့။ ထူထောင်ပြီ ဆိုမှဖြင့် လိုတဲ့နေရာမှာ တိုးဦးမယ်။ တိုးတဲ့အခါ သည်နေရာ လိုတယ်ဆိုရင် သည်နေရာမှာ မလိုအောင် စိတ်ကထား။ ထားလို့ ရှိလျှင် သည်လိုနှင့်ကြီး ထူထောင် ထူထောင်သွားလို့ရှိလျှင် နောင်လိုတဲ့နေရာ မရှိဘဲ ဖြစ်ကုန်ပါလိမ့်မယ်။ ရှေးအရှင်တွေဟာ သည်လိုသိတာ။
(တင်ပါ့ဘုရား)

ဒကာကြီးများ စာအံ၊ စာကျက် သည်လိုပြောလည်း ဖြစ်တာပေါ့။ စာအံ စာကျက်တာ ကတော့ ငယ်ငယ်တုန်းက လုပ်လာတာဖြစ်တော့ ဘယ်သူမှ မလုပ်ဖူးဘူးလို့ ပြောမှာ မဟုတ်ဘူး။

ဖြေ။

အကုန်လုံး လုပ်ဖူးပါတယ်ဘုရား။

မေး။

သည်တော့ ကိုယ်ရပြီးသား စာကတော့ ချောချောမောမော ဖြစ်သွားတယ် မဟုတ်လား။

ဖြေ။

ရပြီးသား လူများကတော့ ချောချောမောမောပါပဲ ဘုရား။

မေး။

မရသေးတဲ့ လူများကကော။

ဖြေ။

မရသေးတဲ့ လူများကတော့ ဟိုကမေ့၊ သည်ကမေ့နှင့် ထစ်ထစ် ငေါ့ငေါ့ ပါပဲဘုရား။

မေး။

သည်လို မရတဲ့နေရာကို သည်အတိုင်းတိုင်း ထားသလား။

ဖြေ။

သည်အတိုင်းတိုင်း မထားပါဘူးဘုရား။ ပြန်ပြန်ဆိုပါတယ်ဘုရား။

မေး။

နောက်ရတော့ ဘယ့်နှယ်လဲ။ သည်နေရာမှာ ယခုနလို မဆိုတတ်ဘဲ ဖြစ်နေသလားဗျာ့။

ဖြေ။

အင်မတန် ကောင်းကောင်းမွန်မွန် ဖြစ်သွားပါတယ်ဘုရား။

မေး။

နောက် ယခုနလို မရသေးလို့ ဆိုလို့ မဖြစ်တဲ့နေရာ ရှိပြန်တော့ကော။

ဖြေ။

သည်လိုပဲ ထပ်ကာထပ်ကာ ပြန်ပြီးတော့ဆိုသွားလျှင် ချောမောသွားမှာပဲ ဘုရား။

မေး။

နောက်တော့ အကုန်လုံးကို ဘယ့်နှယ်လဲ။

ဖြေ။

အကုန်လုံး ချောမောသွားပါတယ်ဘုရား။

မေး။

အေး- အခုလည်းပဲ ဝီရိယထူထောင်ပြီးတော့ ဒကာကြီးများ ငယ်ငယ်တုန်းက ဘာတုန်းဗျာ့ မတ်တတ်ရပ်နိုင်ရဲ့လား။

ဖြေ။

မတ်တတ် မရပ်နိုင်ပါဘူး ဘုရား။

မေး။

မတ်တတ်ရပ်ချင်တဲ့ အခါကျတော့ သည်ကလေးဟာ ဘယ်နှယ်လဲ။

ဖြေ။

မတ်တတ်ရပ်ချင်တဲ့ အခါမှာ လေးဘက် ထောက်ပါတယ်ဘုရား။

မေး။

ပြီးတော့ ဘယ့်နှယ်လဲ။

ဖြေ။

မတ်တတ် စမ်းရပ်ကြည့်ပါတယ်ဘုရား။

မေး။

ရပ်စမ်းကြည့်တော့ ယိုင်ယိုင်လဲတယ် မဟုတ်လား။

ဖြေ။

လဲပါတယ်ဘုရား။

မေး။

အဲသည်လို လဲသွားတော့ သူမတ်တတ်ရပ်ချင်တာ အခုလိုပဲ လဲပေစေဆိုပြီး သာသာကလေး နေသလား။

ဖြေ။

မနေပါဘူးဘုရား။ လဲရာကထပြီး မတ်တတ်စမ်းကြည့်ပါတယ်။

မေး။

တော်တော်ကြာ လဲပြန်ရော၊ အဲသည်တော့ တော်ပြီလေ လဲပြန်ပြီလို့ သည်လို သာသာကလေး နေမလား။

ဖြေ။

မနေပါဘူးဘုရား။ ထပ်ပြီးရပ်တာပဲ ဘုရား။

မေး။

နောက်တော့ ဘယ်နှယ်လဲ။

ဖြေ။

မတ်တတ်ရပ်နိုင်သွားပါရောဘုရား။

မေး။

လဲသေးသလား။

ဖြေ။

မလဲတော့ပါဘူး ဘုရား။

မေး။

အဲသည်လို မလဲဘဲ မတ်တတ်ရပ်နိုင် သွားပြီးတော့ အားသန်လာတဲ့အခါ သူ့ကို ဖြည်းဖြည်း သွားပါဆိုလို့ ဖြစ်သလား။

ဖြေ။

မဖြစ်ပါဘူးဘုရား။ သည်အခါ မြန်မြန်သွားပါတယ်ဘုရား။

မေး။

မြန်မြန်သွားတော့ တစ်ခါတည်း သွက်လက်ပြီး အားရှိနေပြီ ဖြစ်သောကြာင့် တစ်ခါတစ်ခါမှာ ခြေနှစ်ခုဟာ မြေတွင်မနေဘဲ အထက်ကို ခုန်တက်ပြီး နေတယ် မဟုတ်လား။

ဖြေ။

နေပါတယ်ဘုရား။

မေး။

အထက်ကို ခုန်တက်ပြီးနေတော့ မြေကြီးနှင့် ခြေနှင့် ထိသလား။

ဖြေ။

မထိပါဘူးဘုရား။

မေး။

သူက ခြေနှစ်ခုများ လိမ်ပြုများ နေလိုက်သေး မဟုတ်လား။

ဖြေ။

တင်ဘုရား။

မေး။

အလေ့အကျင့် ရပြီဆိုမှဖြင့် အစတုန်းကတော့ မသွားနိုင် မလာနိုင်သူ၊ လေ့ကျင့်ခါစ သည်လို ဖြစ်သလား။

ဖြေ။

လေ့ကျင့်ခါစ မဖြစ်ပါဘူး ဘုရား။

မေး။

နောက်ကျတော့ ဘယ်နှယ်လဲ။

ဖြေ။

နောက်ကျတော့ အင်မတန် သွက်လက်ပြီး နေရာကျပါတယ်ဘုရား။

မေး။

သည်တော့ သူ့ကို ဖြည်းဖြည်းသွားဆိုလို့ ဖြစ်သေးသလားဗျာ့။

ဖြေ။

မဖြစ်ပါဘူးဘုရား။

ဖြည်းဖြည်းသွား ဆိုတာတောင် မဖြစ်တော့ဘူး၊ မြန်မြန် သွားချင်တယ်။ ခုန်ချင် တယ်ဗျာ။ အေးဗျာ့၊ အခုလည်း ခုနကလေးများဟာ ထိုင်ရာက ထတာလိုဗျာ့။

မေး။

သည်လိုပဲ စိတ်ကိုထားတယ်။ ထားလို့ မနေဘူးဆိုလျှင် ဘယ့်နှယ်လဲ။

ဖြေ။

မနေဘူးဆိုလျှင် ထပ်ပြီးနေအောင် ဝီရိယတွေ တိုးပေးရမှာပဲဘုရား။

မေး။

သည်ကျတော့လည်း ခုတင်ခု၊ ခုတင်ခု မဟုတ်ဘူးတဲ့ဗျာ။ ဘယ့်နှယ်လဲ။

ဖြေ။

ခုတင်ခု ခုတင်ခုပဲ ဝီရိယကို တိုးတက်ရမှာပါပဲဘုရား။

မေး။

နောက်ကျတော့ ဘယ့်နှယ်လဲ၊ သည်လို လွတ်လွတ်သွားတာ ဖြစ်ဦးမလား။

ဖြေ။

နောက်ကျတော့ မလွတ်ဘဲ နေမှာပါဘုရား။

အေး၊ အရှင်တွေဟာ သည်လို ထူထောင်ကြတာတဲ့ဗျာ့။ အခုလည်းပဲ စိတ်တခြား သွားပါတယ်ဆိုလျှင် ကဲ...ဟဲ့ ဆိုပြီးတော့ ကိုယ်က သည်လိုသာ လုပ်ကြဗျာ၊ ကြားလား။
(တင်ပါ့ဘုရား)

မေး။

စိတ် တခြားသွားလေလေ၊ ကိုယ်က ဘယ့်နှယ်လုပ်မှာလဲ။

ဖြေ။

စိတ် တခြား သွားလေလေ ဝီရိယသုံးပြီး ထားခဲပြီး တလဲလဲ ပြန်ပြီးတော့ သည်လျော့တဲ့ နေရာမှာ ပြုရန်ဖြစ်ပါလဲ ဘုရား။

အေး ... အရှင်ကောင်းတွေဟာ အဲသည်လို ထူထောင်ပြီး သွားကြတာဗျာ့။ အဲသည်လို ထူထောင်သွားတဲ့ အခါကျတော့ သူတို့မှာ အကုန်လုံး မှန်းထားသည်ထက် တိုးကြရ ပါတယ်ဗျာ့။ ဘာကြောင့်လည်းဆိုလျှင် အခုအခါ ကောင်းကြလို့၊ ဘာကောင်းကြလို့ ယခုလို ဘုရားပွင့်တော်မူတဲ့အခါ၊ သာသနာ ရှိတဲ့အခါမျိုးမှာ သုဂတိဖြစ်ကြတဲ့ လူ့ဘဝ၊ နတ်ဘဝ ရကြပြီဆိုတော့ သည်ကပဲ အကုန်လုံး လိုချင်တာတွေကို ဝီရိယ ထူထောင်ပြီးတော့ အရယူကြတာချည်းပဲ မဟုတ်လား။
(ဟုတ်ပါတယ်ဘုရား)

မေး။

သည်တော့ သည်အချိန် အခါမျိုးမှာ ကိုယ်မှန်းထားတဲ့အတိုင်း မရတာ၊ မပြီးတာ ရှိသေးသလားဗျာ့။

ဖြေ။

မရှိပါဘူးဘုရား။

ဘယ်သူမှ မမေ့ရဘူး

▬▬▬▬▬▬▬

ရှေးအရှင်တွေဟာ နှစ်သက်တဲ့ အသီးသီး ဗောဓိတွေကို ဒီအချိန်အခါ တွေမှာ ယူကြတာချည်းပဲဗျာ့။ သည်အချိန်အခါ မရခင်သာ မျှော်လင့် တောင့်တပြီးတော့ သည်အချိန်အခါ ရောက်အောင် တောင့်တပြီး နေကြပါတယ်။ ရသည်ဆိုသည်နှင့် တစ်ပြိုင်နက် ကိုယ်မှန်းထားတဲ့ တောင့်တချက်တွေဟာ အခုလို ပြီးကြပါတယ်။

သည်တော့ သည်အချိန်အခါ ဘဝကောင်းတာ သိပြီး ဝီရိယ ကောင်းကြလျှင် မှန်းထားတဲ့အတိုင်း ပြီးတာပဲ။ ဘယ်သူ့မှ မမေးရဘူး။ အခု အားလုံးတို့ဟာ တရားနာ လာကြတယ် မဟုတ်လား။ သူတို့မှာ ရောက်လေရာရာမှာ တရားဟော ဓမ္မကထိက လုပ်နေကြတာပါဗျာ့။ ဟုတ်ပါရဲ့လားဗျာ။ ဟုတ်ပါတယ်ဗျာ။

သူများထက်တောင်မှ သူတို့က ပိုပြီး ဟောတတ်တယ်။ ပြောတတ်တယ်တဲ့ဗျာ။ ဘယ်လိုတုန်းဆိုတော့ သိထားတာက အများကြီး။ သည်တော့ ကိုယ်သိထားတာတွင် ပင်လျှင်ပဲ သိသလောက်ကလေးကို မချွတ်ယွင်းရအောင် ထူထောင်ကြပါဗျာ့။

သည့်ပြင်က များများ မလိုသေးပါဘူး။ သူတို့ သိထားတာက ဘာတုန်းဆိုလျှင် မမေ့ မလျော့ဘဲနှင့် ဝီရိယထူထောင် ဖို့ရာတွေသိတယ်။ ပြီးတော့ သည်းခံခြင်းနှင့် ဘာတုန်း၊ နိဝါတ သက္ကစ္စဆိုတာတွေ အကုန်လုံး သိတယ် မဟုတ်လား။
(အကုန်သိပါတယ် ဘုရား။)

မေး။

သိတဲ့အတိုင်းသာ အကုန်လုံး ဂရုစိုက်ပြီး အဲသည်လို သွားပါဗျာ့။ သည်တော့ သက္ကစ္စနှင့် အလုံးစုံတို့ဟာ ဘယ်ဟာမှ မချွတ်ယွင်းရအောင် သွားမည် ဆိုလျှင် သည်းခံခြင်းတွေနှင့် အဲသည်လိုသာ တိုးမြှင့်သွားမည် ဆိုလျှင် အချိန်တိုင်းတို့မှာ ဘယ်ဟာများ တောင့်တတဲ့အတိုင်း မပြီးဖို့ အချိန်ရာ ရှိသေးသလဲဗျာ့။

ဖြေ။

အချိန်မရှိတော့ပါဘူးဘုရား။

ရှေးအရှင်တွေကတော့ သည်လို သွားတာဗျာ့။ ဥပမာ ဘယ်လိုတုန်း ဆိုလျှင် သည်းခံခြင်းနှင့် မေတ္တာနှင့် ကိုယ်အလိုရှိတဲ့ဟာကို သက္ကစ္စနှင့် ပြုသွားတယ်ဆိုတော့ သက္ကစ္စမျိုးဟာ ဘယ်ဒင်းများလဲဆိုလျှင် ဥပမာ သည်လိုပြောကြပါစို့ ။ ရွှေတို့ငွေတို့ဟာ သူတို့ အသုံးကျမှန်းသိတော့ ကြိုးစား ရှာကြတယ်။ ရှာတော့ ရရောဗျာ့။ ဥပမာ ငွေတစ်သိန်းစီ၊ ငွေတစ်ကုဋေစီ ဆိုပြီးတော့ အားလုံးကို ဝေမယ်ဗျာ့။ ဝေတော့ ရကြရော။ ရကြတော့ ဘယ်နှယ်လဲဗျာ့။ ယူလှည့်ကြဆိုလျှင် ဘယ်နှယ်လဲ၊ ပျော်ရွှင် ယူမလား၊ ပျင်းပြီးယူမှာလား။

ဖြေ။

ပျော်ရွှင်ပြီး ယူမှာပါ ဘုရား။

မေး။

အဲဒါ နှစ်သက်တာဗျာ့။ ဟုတ်ကဲ့လား။

ဖြေ။

တင်ပါ့ဘုရား။

မေး။

နှစ်သက်တော့ သည်ဟာရသည်နှင့် တစ်ပြိုင်နက်တည်း ဘယ့်နှယ်လဲ မထေမဲ့မြင်နှင့် တော်သလို နေရာမှာ ထားမှာလား။

ဖြေ။

အင်မတန် သေသေချာချာ သိမ်းထားမှာပါ ဘုရား။

မေး။

ဆောင်ရာ ပြုရာမှာရော။

ဖြေ။

အင်မတန် သေချာမှာပါ ဘုရား။

မေး။

သည်ဟာကိုတော့ အဲသည်လို ရသည်နှင့် တစ်ပြိုင်နက်တည်း ဤကဲ့သို့ အရိုအသေ သက္ကစ္စနှင့် သည်လိုပြုကြတော့ သွားတဲ့ အခါသည် သောင်း၊ သိန်း၊ ကုဋေ အထုပ်ကြီးကို ထားပစ်ခဲ့မှာလား။

ဖြေ။

ယူသွားမှာပါ ဘုရား။

မေး။

ခဏကလေးများ ထားပစ်ခဲ့မှာလား။

ဖြေ။

မထားခဲ့ပါဘူး ဘုရား။

မေး။

တခြားတစ်ပါး သွားတဲ့အခါ နေခဲ့ပေစေဆိုပြီး ထားပစ်ခဲ့မလား။

ဖြေ။

မထားခဲ့ပါဘူးဘုရား။

မေး။

ဘာဖြစ်လို့လဲ။

ဖြေ။

တခြားလူ ယူသွားမှာ စိုးလို့ပါ ဘုရား။

မေး။

သည်မှာ တခြားလူမှမရှိဘဲ နေပေ့စေ။ သီတင်း သုံးဖော်တွေ နှင့်ပဲဆိုပြီး အဲသည်လိုထားပြီး တခြားသွားမှာလား။

ဖြေ။

သီတင်းသုံးဖော်တွေလည်း မယုံ့တယုံပါ ဘုရား။

မေး။

ဟုတ်ကဲ့လားဗျာ။ ပြီးတော့ အမှတ်တမဲ့နှင့် သွားတဲ့အခါမှာ သည်နေရာ ကလေးမှာ မေ့နေခဲ့တယ်။ မေ့နေလို့ အမှတ်ရတဲ့ အချိန်ကျတော့လည်း နေပေ့စေ ဆိုပြီး သည်လိုသွားမှာလား။

ဖြေ။

သည်လို မသွားပါဘူး ဘုရား။ ချက်ချင်းပြန်ပြီး ရှာမှာပါ ဘုရား။

မေး။

ဘာကြောင့်လဲ။

ဖြေ။

အင်မတန် နှမြောစုံမက်လို့ပါ ဘုရား။ သည်လိုလည်း မေ့ထားခဲ့မှာ မဟုတ်ပါဘူး ဘုရား။ အင်မတန် သတိဝီရိယနှင့်လက်က တစမ်းတည်း စမ်းနေမှာပါ ဘုရား။

ဟုတ်တယ်ဗျာ့။ အဲဒါ ဘာလဲဆိုလျှင် ရွှေငွေ အသုံးကျမှန်းသိလို့ ရွှေငွေကို သည်လို အလေးဂရု ပြုတာဗျာ့။

မေး။

သည်ရွှေငွေနှင့် ယခု ဒကာကြီး ဒကာမကြီးများဟာ ဘုရားဆုံးမတဲ့ တရားရတနာနှင့် ဘယ်သင်းက အဖိုးထိုက်တန်ပါသလဲဗျာ့။

ဖြေ။

တရားရတနာက အင်မတန် မနှိုင်းယှဉ်လောက်အောင် အဖိုး ထိုက်တန်ပါတယ် ဘုရား။

မေး။

သည်လို အဖိုးထိုက်တန်တော့ အခုလို ဘုရား အဆုံးအမ ရတယ်။ ရတော့ အချိန်ကျလျှင် ကိုယ့်နေရာကိုယ် ပြန်တယ်။ ပြန်ကြတော့ ဒါကို တစ်ခါတည်း သည်နေရာမှာ မနေရစ်ခဲ့ဘဲ မထားခဲ့ဘဲနှင့် တစ်ခါတည်း ပါအောင် ဆောင်သွား သလားဗျာ့။

ဖြေ။

တပည့်တော်တိုဖြင့် ဓမ္မာရုံတွင်ပဲ ကျန်နေပါတယ် ဘုရား။

မေး။

ဘယ်လောက်ကြာတော့ အမှတ်ရသလဲ။

ဖြေ။

ထွက်ကတည်းက အမှတ်ရတာပဲ ဘုရား။

မေး။

အမှတ်ရတော့ ပြန်ယူသလား။

ဖြေ။

နေပေ့စေ ကားမမီဘဲ နေလိမ့်မယ်ဆိုပြီး သုတ်သုတ်နှင့် သွားတာပါပဲ ဘုရား။

မေး။

နို့ - ခုန ရွှေငွေနှင့် ဘုရားဆုံးမတဲ့ အဆုံးအမတွေဟာ ဘယ်သင်းက မြင့်မြတ်ပါသလဲဆိုတော့ ဘယ်လိုပြောသလဲ။

ဖြေ။

ဘုရားအဆုံးအမက အဆမတန် မြင့်မြတ်ပါတယ် ဘုရား။

မေး။

အခုန ရွှေငွေ တစ်သိန်းလောက် ကျန်နေလို့ အမှတ်ရတဲ့ အချိန်မှာ ယခုန ကားမမီဘဲ နေလိမ့်မယ်ဆိုပြီး ပြန်မယူဘဲ ကားစီးပြီး သွားမှာလား။

ဖြေ။

ငွေတစ်သိန်းဘက်ကို ပြန်လာမှာပဲ ဘုရား။ မမီလည်းဘဲ မသကာ သည် ငွေတစ်သိန်းနှင့် သည်နေရာမှာပဲ အိပ်နေမှာပဲ ဘုရား။

မေး။

ယခုနတော့ တရားရတနာက အဖိုးထိုက်တန်တယ်ဆိုပြီး ယခုတော့ ဘယ့်နှယ် ဖြစ်ပြန်လဲ။

ဖြေ။

ယခုတော့ ငွေ တစ်သိန်းက ထိုက်တန်နေပါတယ် ဘုရား။ ဒါက လောဘနှင့် အင်မတန် ပနာစားနေပါတယ် ဘုရား။

မေး။

အဲသည်လို ပနာစားနေရင်း အဲသည် ငွေတစ်သိန်း ရပြီးတော့ သည်ဟာနှင့် ပြုံးပြုံးကြီး သေမယ်ဆိုလျှင် ဘယ်ရောက်မလဲ။

ဖြေ။

အပါယ်ကျမှာပါဘုရား။

မေး။

ဟုတ်ကဲ့လားဗျာ့။ သည်ဟာနှင့်လေ ဒါနှင့်ပျော်ပြီးသေရင်ကော။

ဖြေ။

ဒါနှင့်ပျော်ပြီသေရင်လည်း အပါယ်ကျမှာပဲဘုရား။

မေး။

နို့ … သည်ဟာနှင့် အပါယ်မကျခင် သူ့ရတော့ ချမ်းချမ်းသာသာ ဖြစ်သလား။

ဖြေ။

သူ့ ရတဲ့နေ့ကစပြီးတော့ အင်မတန် ဆင်းရဲပါတယ်ဘုရား။

မေး။

အိပ်လို့ ပျော်မှ ပျော်ပါ့မလား။

ဖြေ။

မပျော်ပါဘူး ဘုရား။

မေး။

ဒါဖြင့် ဘယ်မှာလဲ။

ဖြေ။

သူ အသုံးကျတာက မျက်စိအာရုံ၊ နားအာရုံ၊ နှာခေါင်းအာရုံတွေ ကိုတော့ဖြင့် ဖြည့်စွက်လိမ့်မယ်လို့ ဝမ်းသာပြီး ချမ်းသာနေပါတယ် ဘုရား။

မေး။

ယခုန ဘုရားအဆုံးအမကို အာရုံပြုတာကတော့ ဘယ့်နှယ်လဲ။ ယခု အာရုံပြုရင် ဘယ့်နှယ်လဲ။

ဖြေ။

ယခု မြတ်စ္စာဘုရား အာရုံပြုတဲ့ ချမ်းသာက လောဘ၊ ဒေါသ၊ မောဟ လွတ်ပြီးတော့ ကင်းတဲ့ ချမ်းသာပါ ဘုရား။ ဟိုဘက်က ငွေတစ်သိန်းကတော့ ကာမ တရားတွေနှင့်ဆက်သွယ်ပြီးတော့နေတဲ့ ချမ်းသုခပါဘုရား။

မေး။

သို့ကြောင့် အခု အာရုံပြုရမယ်ဆိုလျှင် အားလုံး စူးစူးစိုက်စိုက် နေတဲ့အခါမှာ အခု ချက်ချင်း ဆင်းရဲဖြစ်သေးသလားဗျာ့။

ဖြေ။

မြတ်စွာဘုရား တရားတော်ကို အာရုံ စူးစူးစိုက်စိုက် တည်နေတော့ အင်မတန် ငြိမ်းချမ်းတဲ့သုခကို ခံစားနေရပါတယ်ဘုရား။

မေး။

ဒါ အခုအတွက် နောင်အတွက် သည်လို ဖြစ်စေချင်လျှင် နောင်အတွက် လျှောက်ဗျာ့။

ဖြေ။

နောင်အတွက်လည်း သံသရာတစ်လျှောက်လုံး အင်မတန် လောဘ၊ ဒေါသ၊ မောဟ ကင်းတဲ့ချမ်းသာကို ခံစားရပါတယ် ဘုရား။

မေး။

ခုနဟာတော့ ရကတဲက ဘယ့်နှယ်လဲ။

ဖြေ။

ရကတဲက တပည့်တော်တို့၏ ပုထုဇဉ်မှာတော့ဖြစ်လျှင် အင်မတန် ချမ်းသာ သုခကြီးတစ်ခုဟူ၍ အားလုံးသော ကမ္ဘာသားများက မျက်စိအာရုံ၊ နားအာရုံ အစ ရှိသည်တို့မှာ ချမ်းသာသုခပဲလို့ အမြဲမှတ်ပြီးတော့ ထားတော့ ဒါနှင့်ပဲ သံသရာ တစ်လျှောက်လုံး ဖြစ်ပြီးတော့ ယခုထက်ထိ နစ်နေသေးတယ်ဘုရား။

မေး။

သည်တော့ စိုးရိမ်ကြောင့်ကြမှု ငြိမ်းသလားဗျာ့။

ဖြေ။

မငြိမ်းပါဘူးဘုရား။ သို့ပေမယ့် တပည့်တော်တို့က ဒါကို ချမ်းသာပဲလို့ ဆိုပြီး အင်မတန် နှစ်နှစ်ခြိုက်ခြိုက်ကြီး လိုက်ရှာနေကြပါတယ် ဘုရား။

မေး။

ယခုကတည်းက စိုးရိမ်ကြောင့်ကြ နှစ်နှစ်ခြိုက်ခြိုက်နှင့် ပူပန်ရပြီး ဒါကို နှစ်နှစ်သက်သက်နဲ့ သေသွားလျှင် ဘယ့်နှယ်လဲ။

ဖြေ။

အပါယ်ကျမှာပဲဘုရား။

မေး။

ဒါဖြင့် ဘယ်မှာလဲ ချမ်းသာတာ။

ဖြေ။

ပုထုဇဉ်များ သည်ဟာကို ချမ်းသာလို့ ထင်ပြီး အရိယာများကတော့ ဒါကို ဒုက္ခ၊ ဒုက္ခလို့ ထင်ပါတယ်ဘုရား။ ဒါပေမယ့် တပည့်တော်တို့က ဒုက္ခလို့ မထင်ပါဘူး ဘုရား၊ ချမ်းသာတယ်၊ ချမ်းသာတယ်နှင့် မျက်စိ အင်မတန် လည်နေပါတယ် ဘုရား။

မေး။

လည်နေလျှင်၊ အခုနလိုထားလျှင် သည်စိတ်တွေ မပျောက်ဘူးလား။

ဖြေ။

ပျောက်ပါတယ်ဘုရား။

မေး။

ဒါဖြင့် အခုနလိုထား၊ အဟုတ်လုပ်လျှင် အခုနလို စိတ်က ဖြစ်နေဦးမလား။

ဖြေ။

မဖြစ်ပါဘူးဘုရား၊ အဟုတ်လုပ်လျှင် တကယ် ချမ်းသာမှန်း သိပါတယ်ဘုရား။ လောဘ၊ ဒေါသ၊ မောဟလွတ်ကင်းပြီး တကယ့်အစစ် ချမ်းသာမှန်း သိပါတယ် ဘုရား။

ဟိုက လောဘရံတဲ့ ချမ်းသာဟာ ချမ်းသာ မဟုတ်ဘူး။ ဒုက္ခရယ်လို့ အဲသည် အခါမှာ သိပါရောဗျာ့။ အေး၊ ရှေးအရှင်တွေဟာ ဘုရားဆုံးမတဲ့ အဆုံးအမကို ရကြတဲ့အခါ ကောင်းမွန်စွာ မှတ်သားပြီး လိုက်နာ၊ လိုက်နာပြီဆိုလို့ ဆိုက်လာတော့ အခုနပြောတဲ့ ပစ္စည်းတို့ ဘာတို့ဟာ ဘယ့်နှယ်လဲ၊ လိုချင်သေးသလား။

ဖြေ။

မလိုချင်ပါဘူး ဘုရား။ ရှိတဲ့ပစ္စည်းတွေတောင် စွန့်ပစ်ချင်တဲ့ဆန္ဒ ပေါ်ပေါက်ပါတယ် ဘုရား။

ရှေးအရှင်တွေက သည်လို ဆောင်ရွက်သွားကြတော့ သည်လို ချမ်းသာတွေနှင့် ပစ္စုန်ပ္ပန်ရော သံသရာရော လုံလောက်ပြီး သွားပါတယ်ဗျာ့။ ဒီအခါ ဘဝကောင်း ကြတာ သိပြီးတော့ ဝီရိယနှင့် ထူထောင်ကြတဲ့ သူတော်ကောင်း အစားစားတို့မှာ ဤကဲ့သို ပြီးစီးကြပါသတဲ့ဗျ။

အခုလည်းပဲ အားလုံးသော သူတော်ကောင်း အစားစားတို့မှာ သည်ရှင်တွေကဲ့သို့ သာသနာနှင့် ဘုရား အဆုံးအမကို မှတ်သားပြီးတော့ သည်အရှင်တွေရဲ့ ဝီရိယ မီအောင် ညီအောင် ထူထောင်လို့ရှိရင် သည်အရှင်တွေ ကဲ့သို့ပင်လျှင်ပဲ ချမ်းသာသုခ တွေဟာ အခါမလင့် ဆိုက်ပါလိမ့်မယ်ဗျာ့။ ဆိုက်လာတဲ့ အခါကတော့ ထပ်တူညီမျှ ဤကဲ့သို့ သူတော်ကောင်းအစားစားတို့မှာ တောင့်တတဲ့အတိုင်း ပြီးကြပါလိမ့်မယ်။

ထိုသို့ဖြစ်သောကြောင့် သည်အရှင်တွေကဲ့သို့ အခါဘဝတို့ကလည်း တပ်တူ ညီမျှ၊ အခါကောင်းပုံ ဘဝကောင်းပုံကလည်း ထပ်တူညီမျှ၊ သည်တော့ ဘုရားအဆုံးအမကို မှတ်သားပြီးသားကလည်း ရှိနေတော့ ဘယ်လောက်သာ လိုပါသလဲဆိုလျှင် သည် အရှင်တွေကဲ့သို့ ဝီရိယကို မီအောင်ညီအောင် ငါတို့သည် ထူထောင်မည်လို့ စိတ်ဆန္ဒ ပေါ်ပေါက်လာအောင် ပြုရုံပါပဲ။

ဤကဲ့သို့ ဆန္ဒပေါ်ပေါက်လာပြီ ဆိုမှဖြင့် ဗီရိယက ထက်ကြပ်မကွာ ပါလာလိမ့်မယ်။ ပါလာလျှင် ဝီရိယ ဣဒ္ဓိပါဒ်က ချက်ချင်း အဲသည်လိုဖြစ်တဲ့ အခါကျတော့ လျှော့ပါ ပေါ့ပါဆိုလို့ သူတစ်ပါးတို့က ပြောပေမယ့် လျှော့ကြ ပေါ့ကြမယ် မဟုတ်ပါဘူး။ ရှေးအရှင်တွေက အားမရ မရောင့်ရဲနိုင်ဘဲ ရွှင်ကြ ပျော်ကြရသလို ရွှင်မှာ ပျော်မှာပါပဲ။

ဒါကြောင့် အချိန်အခါ ဘဝကောင်းတာ သိပြီးပြီဆိုတော့ ရှေးအရှင်များတို့ တောင့်တ ချက်ပြီးသလို ပြီးအောင် ဝီရိယကို ထူထောင်ပြီး ကြိုးစားကြ၊ အားထုတ်ကြဗျာ့။


(ဝေဘူဆရာတော်)

စာညွှန်း

ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိနှင့် ကျင့်စဉ် -
မောင်ကျော်ညွန့် (မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ)

ဗောဓိဆုကို ရအောင်ယူကြ

▬▬▬ஜ۩۞۩ஜ▬▬▬

[ဘုရားရှင် အဆုံးအမကို နာခံမှတ်သားပြီး ဆားငန်တာကို သိသလို တမှတ်ထဲမှတ် တရစပ်သိနေအောင် ကြိုးစားကြရန် ဝေဘူဆရာတော်ဘုရားကြီးသည် ၁၉၅၅-ခု မေလ ၁၇-ရက်နေ့ညတွင် ရန်ကုန်တက္ကသိုလ် ဓမ္မာရုံ၌ ဤတရားတော်ကို ဟောကြားတော်မူပါသည်။]

ဝေဘူဆရာတော် အရှင်မြတ်သည် ပထမရှေးဦးစွာ ရှစ်ပါးသီလ ပေးပြီးနောက် အောက်ပါအတိုင်း တရားတော်ကို ချီးမြှင့်ပါသည်။

တရားနာခံအဖြစ် ဦးလှက ဆောင်ရွက်ပါသည်။

ရှေးအရှင်တွေကတော့ အအားအနားမထားပဲ ကိုယ်မှန်းထားတဲ့ ဗောဓိကို ပြီးအောင် ယူကြတာတဲ့ဗျ။

လျှောက်။ ။ တစ်ဆက်တည်းဆိုတာ အမိန့်ရှိပါဦးဘုရား။

ဣရိယာပုထ် လေးပါးမှာပေါ့ဗျာ။ တစ်ဆက်တည်း အချိန်တိုင်း အချိန်တိုင်းဟာ အရှိကို ဆောင်ပါတဲ့။ ဘယ်လိုတုန်းဆိုလျှင် ဘယ် ဣရိယာပုထ်ပဲ ဖြစ်ဖြစ် ဘယ်အချိန်အခါ ဖြစ်ဖြစ်၊ ဣဋ္ဌာရုံနှင့် အနိဋ္ဌာရုံဆိုတဲ့ နှစ်သက်ဖွယ်နှင့်တွေ့လျှင် တွေ့မယ်။ မနှစ်သက် ဖွယ်တွေနှင့် တွေ့လျှင် တွေ့မယ်။

အဲသည်လို တွေ့တဲ့အခါမှာ ဘယ်အချိန်မဆို အစီးအပွားဟာ အရှိချည်း ဆောင်ကြတာ တဲ့ဗျ။ တစ်ဆက်တည်း တသီတတန်းကြီးပဲဗျာ။ ဘယ်လိုတုန်းဆိုလျှင် စန္ဒကူး နံ့သာ အနှစ်များလိုပဲဗျ၊ စန္ဒကူးနံ့သာ အနှစ်များဟာ ဘယ့်နှယ်တုန်း ဆိုလျှင် ရှုတ်ချကဲ့ရဲ့ ကြတဲ့ လူတွေကောဗျ။ စန္ဒကူးနံ့သာ ဆိုတာဟာ အနံ့ ကောင်းတာလား၊ မကောင်း တာလား။

ဖြေ။ ။ အနံ့ ကောင်းပါတယ်ဘုရား။

မေး။ ။ အနံ့ကောင်းတယ်ဆိုတာ အကုန်လုံး နှစ်သက်တာမဟုတ်လား။

ဖြေ။ ။ အကုန်လုံး နှစ်သက်ပါတယ်ဘုရား။

မေး။ ။ အဲသည်လို အနှစ်ဖြစ်တဲ့ စန္ဒကူး နံ့သာများဟာ ဘယ့်နှယ်လဲ။ ဆဲရေး တိုင်းထွာပြီး ရှုတ်ချကဲ့ရဲ့နေတဲ့ သူများကော ကြိုင်သလား၊ လှိုင်သလားဗျ။

ဖြေ။ ။ သူလည်း ကြိုင်လှိုင် မွှေးပါတယ်ဘုရား။

မေး။ ။ ချီးမွမ်းပြီးတော့ ကျေးဇူးဂုဏ်တွေကို ပြောဆိုနေတဲ့ သူများကောဗျာ။

ဖြေ။ ။ သည်လိုပဲ မွှေးကြိုင်တာပါပဲဘုရား။

မေး။ ။ ပြီးတော့ ကျေးဇူးဂုဏ်တွေကို ချီးမွမ်းလေးစား ပြုနေတဲ့သူများကို ပိုပြီး မွှေးသလား ကြိုင်သလားဗျာ။

ဖြေ။ ။ အတူတူ မွှေးကြိုင်ပါတယ်ဘုရား။

မေး။ ။ ဆဲရေးတိုင်းထွာပြီးနေတဲ့ သူများကို ဟိုလောက်မမွှေးဘဲ သူ့တော့ နည်းနည်းကလေးပဲ မွှေးမှာလားဗျာ။

ဖြေ။ ။ ထပ်တူညီမျှ မျက်နှာမလိုက်ပဲ မွှေးမှာပါဘုရား။

မေး။ ။ သည် စန္ဒကူးနံ့သာဟာ တကြိုင်ကြိုင် တလှိုင်လှိုင်နှင့် နေတာဟာ ဘယ် အချိန်များ မကြိုင်မလှိုင်တဲ့အချိန် ရှိသေးသလဲ။

ဖြေ။ ။ မရှိပါဘူးဘုရား။

အဲသည်လိုပဲ ဘုရားဆုံးမတဲ့ အဆုံးအမ ရကြပြီ ဆိုမှဖြင့် မြင့်မြတ်ကြတဲ့ သူတော်ကောင်း အပါးပါးတို့ဟာ အစီးအပွားတွေကို ဘယ်အချိန်မှ နည်းနည်း ကလေးမျှ မလွတ်ပါဘူးတဲ့ဗျ။

အနိဋ္ဌာရုံနှင့် တွေ့လည်းပဲ ကိုယ်လိုချင်တာကို ရအောင် မချတဲ့ ဝီရိယနှင့် အရယူထား။ ဣဋ္ဌာရုံနှင့်တွေ့လည်း ကိုယ်လိုချင်တဲ့ဟာကို အရယူတာပဲတဲ့ဗျ။ အစဉ်အတိုင်း သည်လိုပဲတဲ့ဗျ။ ပြီးတော့ အခု ကြံများတို့လိုတဲ့ဗျ။ ကြံများဟာ အရသာ ဘယ်လိုနေ သလဲဗျ။

ဖြေ။ ။ ချိုပါတယ်ဘုရား။

မေး။ ။ အရသာ ချိုတာဟာ ရှုတ်ချကဲ့ရဲပြီး စားကြ သောက်ကြတဲ့ သူတွေကျ တော့ကောဗျာ။

ဖြေ။ ။ ချိုပါတယ်ဘုရား။

မေး။ ။ ချီးမွမ်းပြီးတော့ အမျိုးမျိုးအဖြာဖြာသော ကျေးဇူးဂုဏ်တွေကို ပြောဆိုနေတဲ့ သူတွေကောဗျာ။

ဖြေ။ ။ ချိုပါတယ်ဘုရား။

မေး။ ။ အချိန်ကောဗျာ။

ဖြေ။ ။ ဘယ်အချိန်စားစား ချိုတာပါပဲဘုရား။

မေး။ ။ ဣရိယာပုထ်ကကောဗျာ။

ဖြေ။ ။ ဘယ်ဣရိယာပုထ်မဆို ချိုတာပါပဲဘုရား။

အေး၊ ရှေးကအရှင်တွေဟာ သည်လိုပဲဗျ။ ဘုရားအဆုံးအမကို ရကြပြီဆိုတော့ ကဲဟဲ့ ဆိုပြီး ကိုယ်အလိုရှိတဲ့ မှန်းထားချက် ပြီးအောင် ဆောင်တာဗျ။ တစ်ခါတည်း တစ်ချိန်တည်း ချိုနေတာတဲ့ဗျ။ (တင်ပါ့ဘုရား။)

အဲဒါကြောင့် သည်အရှင်တွေဟာ အကုန်လုံး ပြီးတာဗျ။ ဣရိယာပုထ် လေးမှာ သည်လိုပဲ ဣဋ္ဌာရုံနှင့် အနိဋ္ဌာရုံဆိုတဲ့ နှစ်သက်ဖွယ်၊ မနှစ်သက်ဖွယ် ဆိုတာတွေကို လျှောက်ပြောစမ်းပါ ဆိုလျှင် အချိန်တစ်ခုမှာတင်ပဲ အကုန်လုံး စေ့အောင် ပြောနိုင် မလား။

ဖြေ။ ။ မပြောနိုင်ပါဘူး ဘုရား။

မေး။ ။ နှစ်သက်ဖွယ်ဖြစ်၊ မနှစ်သက်ဖွယ် ဖြစ်နှင့်ဟာ နောက်က ပြုထားတဲ့ အကြောင်းအားလျော်စွာ ဘယ်တော့မှ မဖြစ်တော့ပါဘူးဗျ။ ဒါတွေကို ရှိနေကြတဲ့ အခါမှာ ပကတိအတိုင်း နှစ်သက်ဖွယ်နှင့်တွေ့လျှင် ဘယ်လိုဖြစ်မလဲ။

ဖြေ။ ။ နှစ်သက်ဖွယ်နဲ့တွေ့ရင် လောဘဖြစ်သွားပါတယ်ဘုရား။

မေး။ ။ မနှစ်သက်ဖွယ်နှင့်ကောဗျ။

ဖြေ။ ။ ဒေါသ ဖြစ်သွားပါတယ်ဘုရား။

မေး။ ။ အဲသည်လိုဖြစ်နေလျှင် ဣဋ္ဌာရုံနှင့် အနိဋ္ဌာရုံဟာ ဘယ်တော့မှ မပြတ်အောင် တစ်ဆက်တည်း တွေ့ပြီးနေတာကို သည်အတိုင်းတိုင်းသာ ဖြစ်နေမယ်ဆိုလျှင် ပစ္စုပ္ပန် သံသရာနှစ်ဖြာကို စိတ်နှလုံး အလို တောင့်တတဲ့ အတိုင်းဟာ သဘောကျ ပြီးနိုင်ပါ့မလား။ ဖြစ်နိုင်ပါမလား။

ဖြေ။ ။ မဖြစ်နိုင် မပြီးနိုင်ပါဘူးဘုရား။

မေး။ ။ အခုနလို ရှေးသူတော်ကောင်း မြင့်မြတ်ကြတဲ့ အရှင်ကောင်းများသည် စန္ဒကူး နံ့သာအနှစ်နှင့် တူတယ်ဆိုတော့ အဲသည်လိုများ တူသွားလျှင်ကောဗျာ။

ဖြေ။ ။ အဲဒီလို တူသွားလျှင် ကိုယ်လိုချင်တဲ့ ဗောဓိကို ရနိုင်ပါတယ်ဘုရား။

မေး။ ။ အေးဗျ၊ အဲဒီအချိန်အခါ ဘဝက လွယ်တာဗျ။ သည်ထက်လွယ်တဲ့ အချိန်ဟာ ရှိပါသေးသလားဗျ။

ဖြေ။ ။ သည်ထက် လွယ်တဲ့အချိန် မရှိပါဘူး ဘုရား။ တပည့်တော်တို့မှာ သံသရာ အစက စပြီးတော့ သည်လိုဉာဏ်မျိုး၊ သည်လိုသတိမျိုး တစ်ခါမှ မရစဘူး ဖြစ်လို့ အခုထက်တိုင် ကိလေသာထဲမှာ မျောနေလျက်ပါပဲ ဘုရား။

မေး။ ။ အေး၊ သည်တော့ ရှေးအရှင်တွေကဲ့သို့ စန္ဒကူးနံ့သာ ဖြစ်ဖို့ရာ ခက်သလားဗျ။

ဖြေ။ ။ မခက်ပါဘူး ဘုရား။

မေး။ ။ တမွှေးထဲ မွှေးရုံပါပဲဗျ။ ဒါဖြင့် တမွှေးတည်း မွှေးဖို့ကတော့ ခက်သလားဗျာ။

ဖြေ။ ။ မခက်ပါဘူး ဘုရား။

မေး။ ။ အခုနလို ထားလိုက်လျှင် တကြိုင်တည်း ကြိုင်၊ တမွှေးထဲ မွှေးတော့မှာပဲဗျ။ အဲ အစက သည်လိုထားလျှင် နောက် လျော့စရာ ရှိသေးသလား။

ဖြေ။ ။ နောက် လျော့စရာ မရှိပါဘူး ဘုရား။

မေး။ ။ ဘယ်လို ဖြစ်မလဲ။

ဖြေ။ ။ ရှေ့ကို တိုးတက်သွားဖိုရာသာ ရှိပါတယ် ဘုရား။

မေး။ ။ သည်အချိန်မှ၊ ဟိုအချိန်မှ မွှေးသထက်မွှေး၊ ကြိုင်သထက်ကြိုင်၊ လှိုင် သထက် လှိုင် ဖြစ်သလား။

ဖြေ။ ။ အချိန်မရွေး မွှေးနေတာပဲ ဘုရား။

မေး။ ။ ကြိုင်ဖို့ လှိုင်ဖို့ရာ လိုက်လုပ်ရသေးသလား။

ဖြေ။ ။ မလုပ်ရပါဘူး ဘုရား၊ တပည့်တော်တို့ရဲ့ လုံ့လ ဝီရိယ အပေါ်မှာ တည်နေပါတယ် ဘုရား။

မေး။ ။ လုံ့လ ဝီရိယ ဆိုတာလည်း ရှိသင့်တယ် မဟုတ်လား။

ဖြေ။ ။ အဆင်သင့် ရှိပါတယ် ဘုရား။

အေး၊ ရှိတဲ့ ဝီရိယကို ကိုယ်လိုချင်တဲ့ တောင့်တချက်ပြီးအောင် အသုံးချရုံပါပဲဗျ။ (တင်ပါ့ဘုရား)

ဝီရိယ ရှိပြီ ဆိုမှဖြင့် အကုန်လုံးဟာ ပြီးတာပါပဲဗျ။ ဒါကြောင့်မို့ -

ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ

ဝီရိယဝတော - ဝီရိယ ရှိသော သူအား။
ကိံနာမ ကမ္မံ - အဘယ် အမှုမျိုးသည်။
န သိဇ္ဈတိ - မပြီးဘဲ ရှိအံ့ နည်း။

သည်တော့ အဘယ်အမှုမျိုးမဆို ဝီရိယနှင့် ဆောင်ရွက်လျှင် မဖြစ်ဘဲ နေပါမလား။ (ဖြစ်မှာပါပဲ ဘုရား။) ဖြစ်တာပေါ့ဗျ။ သည့်ထက် လွယ်တဲ့ အချိန်ကော ရှိပါသေး သလား။ (မရှိပါဘူး ဘုရား)

အဲတာ ပျင်းလည်းပဲ လုပ်၊ ပျော်လည်းပဲလုပ်ဗျ။ ပျင်းလည်းပဲ အစီးအပွားများမှန်း သိလျှင် လုပ်သာလုပ်၊ ပျော်လည်းပဲ လုပ်သာလုပ်။ (တင်ပါ့ဘုရား)

မေး။ ။ ယခု ဝီရိယ ထူထောင်ပြီဆိုလျှင် ထိန မိဒ္ဓ ကောသဇ္ဇ တို့ဟာ လာလိမ့်မယ်။ လာပေမယ့် မအိပ်ဘူးဆိုပြီး အတင်းလုပ်လျှင် မရဘူးလား။

ဖြေ။ ။ အင်မတန် သန်သော ဝီရိယနှင့် လုပ်လျှင် ရပါတယ် ဘုရား။

မေး။ ။ ဘယ် အချိန်ကျမှ အဟုတ် လုပ်ရမလဲ။ ယခုတော့ မအိပ်ချင်သေးဘူး။ ကိစ္စ မရှိသေးဘူး။ ဘယ်အချိန်ကျမှ အဟုတ် လုပ်ရမလဲ။

ဖြေ။ ။ နာရီပြန်နှစ်ချက် သုံးနာရီလောက်ကျတော့ အတော်ပန်းလာပြီဘုရား။

ဒီတော့ ဘယ့်နှယ် လုပ်မလဲ။ ဒီတော့ အပါယ်ငရဲနှင့် ထိနမိဒ္ဓက လာပြီး စစ်တိုက်မှာ၊ သူနှင့် တိုက်ရမှာ မလာခင် တိုက်နေလို့ မဖြစ်ဘူး။ ရန်သူဆိုတာ သူ မလာလျှင် လိုက်တောင် ရှာရမှာဗျ၊ သူ့ကို တိုက်ပြီးတော့ အနား မကပ်ဝံ့အောင် ချောက်ပစ်မှ တော်တာဗျ။ ယခုဆိုလျှင် နေရာကျလိုက်တာ၊ ဒကာကြီးတွေက သာသာကလေး ထိုင်နေလျှင် သူက ကိုယ်ရှိရာ လာမှာဗျ။

လျှောက်။ ။ သူက ချောင်းနေမှာပါ ဘုရား။

မေး။ ။ လာလျှင် မလွယ်ဘူးလား။

ဖြေ။ ။ လာလျှင်တော့ တပည့်တော်တို့က အသင့် လက်ခံလိုက်ပါတယ်ဘုရား။

မေး။ ။ လာတဲ့အခါမှာ ရန်သူမှန်းသိလျှင် ဘယ်လိုလဲဆိုတော့ မုဆိုးများဟာ လက်နက် စွဲကိုင်ပြီး တောထဲမှာ ဘာရှာသလဲ။

ဖြေ။ ။ အမဲလိုက် ရှာပါတယ် ဘုရား။

မေး။ ။ ဘာကောင်တွေလဲဗျ။

ဖြေ။ ။ သမင်၊ ဒရယ် အစရှိသည်တို့ပါဘုရား။

မေး။ ။ အေးဗျ၊ ရှာတော့တွေ့ရော၊ တွေ့တော့ ဘယ့်နှယ်လုပ်သလဲ။

ဖြေ။ ။ ဖမ်းပါတယ်ဘုရား။

မေး။ ။ ယခုလည်း ရန်သူမှန်းသိနေတယ်ဗျ။ ထိနမိဒ္ဓကတော့ တို့ဟာ ကိုယ်က ဝီရိယနှင့် ထူထောင် အားထုတ်နေတော့ သူတို့ လာမယ်ဆိုလျှင် ဘယ့်နှယ်လဲဗျ။

ဖြေ။ ။သူတို့ကို သမင် ဒရယ်များ ပစ်သလို အသေ သတ်ပစ်ရမှာပါ ဘုရား။

မေး။ ။ လက်နက်လည်း ရှိတယ် မဟုတ်လား။

ဖြေ။ ။ လက်နက်ကလည်း ရှိပါတယ်ဘုရား။

အေး အေး၊ ဒါဖြင့်လည်း သည်လိုလုပ်ရုံရှိတာပဲဗျ။ အဲသည်လိုမှန်း သိလျှင် ငါတော့ အားထုတ်တော့မယ်ဆိုလျှင် သူတို့က တိမ်းရှောင် နေမလား။ ကိုယ့်ဆီ လာမလား။

ဖြေ။ ။ သူတို့ကတော့ ချောင်းနေမှာပါပဲဘုရား။ သည်ဒကာကြီးက ပါးစပ်ကပြောသာ ပြောနေတာပဲ၊ တို့ဝင်လျှင် ရမှာပဲလို့ လာလျှင် လာမှာပါဘုရား။

မေး။ ။ အဲသည်လိုလာတော့ ဘယ့်နှယ်လဲ။

ဖြေ။ ။ သည်တစ်ခါတော့ သမင်၊ ဒရယ်ပစ်သလို ပစ်သတ်လိုက်မှာပါပဲ ဘုရား။

မေး။ ။ ကောင်းပါဗျာ။ အဲဒါ ဒကာကြီး တစ်ယောက်တည်းလား။ အားလုံးကလား။

ဖြေ။ ။ တပည့်တော်နှင့် ထပ်တူထပ်မျှ သိမှ လက်နက် အတော်များများစုပြီး လာကြပါတယ် ဘုရား။

မေး။ ။ ဟုတ်ကဲ့လား။ အေး သည်လိုပြောဖော်ရတာဖြင့် ကောင်းမှာပါ့ဗျ။

ဖြေ။ ။ သည် ပရိသတ်တွေဟာ အတော် ဝီရိယရှိတဲ့ ပရိသတ်တွေပါဘုရား။ မိုးတွေ လေတွေနှင့်၊ မိုးရွာလျှင် ရွာပေစေဆိုပြီး အင်မတန် လုံ့လ ဝီရိယ ကဲပြီးတော့ လာကြပါတယ်ဘုရား။ သည်လောက် ဝီရိယရှိတော့ ထိနမိဒ္ဓလာလျှင် အသေသတ်မယ့် တရားနာ ပရိသတ်ချည်းပါပဲ ဘုရား။

ကောင်းပါ့ဗျာ။ အဟုတ်လုပ်ကြဗျာ။ ဟိုလိုဆိုလျှင်တော့ မဖြစ်သေးဘူးဗျ။ (တင်ပါ့ ဘုရား) ပါးစပ်ပြောပြောနေလို့ မဖြစ်ဘူး။ တစ်ခါတည်းပဲ အဟုတ် လုပ်စမ်းကြပါဗျာ။

လျှောက်။ ။ တပည့်တော်တို့ ရန်ကုန်မှာက ဆရာဝန်တွေက တယ်ကောင်းတယ် ဘုရား။ မအိပ်လျှင် အိပ်ဆေး ပေးတာနှင့်။ တစ်ခါတလေများ အိပ်ဆေးကို တင်ပါးတောင် ထိုးသွားလိုက်သေးတယ်။ အဲသည်လိုထိုးပြီး သူတို့လည်းသွားရော ဒီမှာလည်း အိပ်ပျော်သွားလိုက်တာ သတိတောင် မရဘူး။

တပည့်တော်တို့ ရန်ကုန်မှာက ထိနမိဒ္ဓ ဆရာဝန်တွေ သိပ်များနေပါတယ် ဘုရား။ တပည့်တော်တို့ကတော့ ထိနမိဒ္ဓကို တိုက်ပါတယ်ဘုရား။ ဘာကြောင့် တိုက်သလဲ ဆိုလျှင် တစ်သက်လုံး အနမတဂ္ဂ အစမရှိသော သံသရာကနေပြီး လုပ်လာတဲ့ အပါယ် ကျစေတတ် ငရဲတွေဟာ အများကြီးရှိနေပါတယ်။

နောက် လာလတ္တံ့သော ကာလ၌ ပြုလုပ်မည့် ငရဲတွေလည်းပဲ အများကြီး ရှိနေတာကို အခု ထိသိကို သတိမူပြီးတော့ စိုက်စိုက်စူးစူး ခဏကလေး လုပ်လိုက်တာနှင့်ပဲ ဒါတွေ ပပျောက်တယ်လို့ ဆိုတာနှင့် သည် ထိသိ အတော် ဝီရိယ စိုက်နေပါတယ်ဘုရား။

သို့သော်လည်း မည်ကဲ့သို့သော အဆင့်အတန်းလောက်ကျမှု ပြုခဲ့ပြီးသော အကုသိုလ်၊ ပြုဆဲပြုလတ္တံ့သော အကုသိုလ်တွေဟာ ဘယ်အဆင့် အတန်းလောက်ကျမှ ပျောက်ပါမလဲ ဘုရား။

ဒါကတော့ ဘယ်လိုတုန်း ဆိုလို့ရှိလျှင် ကိုယ်အလိုရှိတဲ့လမ်းကို မေးပါတော့ဗျာ။ မေးတော့လည်း လမ်းမှန်ကို ပြောရောဗျာ။ ပြောတော့ သိရော၊ သိပြီဆိုမှဖြင့် သွားရုံ လိုတော့တာပဲဗျ။ သွားပြီဆိုမှဖြင့် တစ်လှမ်းသွားလျှင် တစ်လှမ်း ရောက်လိမ့်မယ်။ နှစ်လှမ်း သွားလျှင်တော့။ (နှစ်လှမ်းရောက်မှာပါ ဘုရား)

အေးဗျ၊ သည်လမ်းဟာ ကိုယ်အလိုရှိရာ ရောက်မယ့် ခရီးလမ်း ဖြစ်တော့ သွားသလောက် ရောက်ပါလိမ့်မယ်ဗျ။ ဟိုရောက်တော့ မသိဘဲ နေပါ့မလား။ ရောက်တဲ့ နေရာကျတော့ သိမှာပါဗျ။ (သိမှာပါပဲဘုရား)။

အခု သည်လို သွားဗျ ဆိုတော့ အခု ဒကာကြီးများလည်း ကဲပါဗျဆိုပြီး ထားလိုက်စမ်း ဆိုလျှင် ဝီရိယနှင့် ထူထောင်ပြီး ထားလိုက်ရော။ သည်တော့ ဝီရိယ ပေါ်လာမယ်။ ပေါ်လာပြီဆိုတော့ အခါခပ်သိမ်း လောဘ ဒေါသ မောဟ တွေဟာ ဘယ်အချိန်များ သည်မီးလျှံဟာ ငြိမ်းတဲ့ အေးတဲ့အချိန် ရှိရဲ့လား။

ဖြေ။ ။ သတိလွတ်နေလျှင်တော့ ငြိမ်းတဲ့ အေးတဲ့အချိန် မရှိပါဘူးဘုရား။

မေး။ ။ ကဲ... ဘုရားဆုံးမတဲ့ အဆုံးအမကို သည်လို အာရုံပြုပါဆိုတော့ အခုချက်ချင်း အာရုံပြုလိုက်တော့ လောဘ ဒေါသ မောဟ ဆိုတာဟာ ရှိသေးသလား။

ဖြေ။ ။ ချက်ချင်း အာရုံပြုပြီး ချက်ချင်း စူးစူးစိုက်စိုက်နေလျှင် လောဘ ဒေါသ မောဟမှ လွတ်ပါတယ်ဘုရား။

မေး။ ။ သည် လောဘ ဒေါသ မောဟတွေဟာ ဘယ်လိုသွား ဘယ်လိုလာကော မြင်ရသေးလား။

ဖြေ။ ။ မမြင်ရပါဘူးဘုရား။

အေးဗျ၊ ဘုရားအဆုံးအမကတော့ အင်မတန် အားကောင်းတယ်။ သည့်ထက် များ အချိန် ကြာကြာထားလိုက်လျှင် သူတို့ ဘယ်နှယ်နေမလဲ။

ဖြေ။ ။ သည့်ထက် အချိန်ကြာသွားလျှင် ဝေးသထက်ဝေးပြီး ရှောင်သွားပါလိမ့်မယ် ဘုရား။

မေး။ ။ အေး၊ သည်လောက် အားကောင်းတာဗျ။ အကုသိုလ်ဆိုတာ ဘာမှ အားမရှိပါဘူးတဲ့ဗျ။ ဟုတ်ကဲ့လား။

ဖြေ။ ။ ဟုတ်ပါတယ်ဘုရား။

ဒါ ဘုရားအဆုံးအမဗျ။ သာသနာဆိုတာ ဘုရားရှင်က ကိုယ်တော်တိုင် ထိုးထွင်းသိတဲ့ အတိုင်း သေသေချာချာ ဆုံးမထားတာ ဖြစ်တော့ ဘယ်မှာ မှားနိုင်လိမ့်မလဲဗျ။ (တင်ပါ့ဘုရား)။

ဘုရားရှင်ကတော့ ဘုရားရှင်အလုပ် လုပ်၊ သာဝကများက သာဝက အလုပ်လုပ်ရုံပဲဗျ။ ဘုရားရှင်ကတော့ ချစ်သား၊ ချစ်သမီးတို့ … ဤကဲ့သို့ ဆင်းရဲတွေက ရှိတယ်။ ကဲ-သည်ဆင်းရဲတွေက လွတ်မြောက်အောင် ဤကဲ့သို့ ကိုယ်နှင့် နှုတ်နှင့် စိတ်နှင့် တည်တာတွေကို ဖြည့်ကြကျင့်ကြ၊ ဝီရိယ ထူထောင်ကြလို့ အဲသည်လို ဆုံးမတော် မူတာကိုး။

သည်အဆုံးအမကို ရထားတဲ့ အားလုံးသော လူ နတ် ဗြဟ္မာတွေဟာ ဆင်းရဲမှလွတ်ဖို့။ ဆင်းရဲမှ ဘယ်လို လွတ်မလဲဆိုလျှင် အသီးသီး မှန်းထားတဲ့ ဗောဓိတွေရှိတယ်။ ကိုယ် အလိုရှိတဲ့ ဗောဓိနှင့် လွတ်မယ်။ အဲသည်လို ဆုံးမတော်မူတော့ ဘယ်ဗောဓိကို ဆိုတာကတော့ အားလုံး နားလည်ကြပါတယ်တဲ့။ အဲ့ဒါ ဘုရားရှင်ရဲ့ အလုပ်ပဲဗျ။

ရအောင်ပြုရမှာကတော့ ဘယ်သူတွေတုန်းဆိုလျှင် အသီးသီး ကိုယ့်ဗောဓိနှင့် ကိုယ် မှန်းထားတဲ့ ဗောဓိ အရှင်သခင်တွေပေါ့ဗျာ။ ကိုယ်လိုချင်တဲ့ ဗောဓိ ရအောင်ဟာ သာသာကလေး ယူရုံပါပဲဗျ။ (တင်ပါ့ဘုရား)။

မေး။ ။ သည်တော့ ခက်သေးသလားဗျ။

ဖြေ။ ။ မခက်ပါဘူးဘုရား။ တပည့်တော်တို့မှာ ခက်နေတာက ထိသိကို စိတ် စူးစိုက် နေတဲ့အခါမှာ လောဘ ဒေါသ မောဟကင်းတယ်။ သက္ကာယဒိဋ္ဌိ သတ်တယ်လို့ ဆိုတော့ တပည့်တော်တို့မှာ လတ်တလောအားဖြင့် သက္ကာယဒိဋ္ဌိကြီးက အင်မတန် ထင်ရှား ဖြစ်နေပါတယ်ဘုရား။

ဘယ်လို ထင်ထင်ရှားရှား ဖြစ်နေသလဲဆိုလျှင် တပည့်တော်တို့ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေဟာ သေတဲ့အခါကျလျှင် သက္ကာယဒိဋ္ဌိကြီးကို စံပြနမူနာအဖြစ်နှင့် တော်တော် ယုံယုံကြည်ကြည် လုပ်နေပါတယ်ဘုရား။

တကယ်လို့ ဥပမာ တပည့်တော် သေပြီဆိုပါတော့။ ကျန်တဲ့လူများက တပည့်တော် ခေါင်းကြီးပေါ်မှာ သည်ဒကာကြီး ဆေးတံ ကောက်ကောက်ကြီး ကြိုက်တယ်ဆိုပြီး အဲသည် ဆေးတံ ကောက်ကောက်ကြီးကို တင်ထားပါတယ်ဘုရား။ အဲဒါ ဘယ်သူ သောက်လဲ။ သေသွားတဲ့ တပည့်တော်ပဲ သောက်ဖို့လား။ ကျန်တဲ့ ဝိညာဉ်ကလေးက သည်ဆေးတံကြီးကို သောက်ဖို့လား။

အဲဒါတွင် မကသေးပါဘူး။ သည့်ထက်ကဲတာ ရှိပါသေးတယ်။ သင်္ချိုင်းရောက်တော့ သရဏဂုံ တင်ခါနီးလာလျှင် နီးစပ်တဲ့ ဆွေမျိုးများက ခေါင်းကြီးကိုဖွင့်ပြီး ထထ တရားနာရအောင်လို့ ခေါ်တာ ဘယ်သူ့ကို ခေါ်တာလဲ။ တပည့်တော် အလောင်း ကောင်ကြီးကို ခေါ်တာလား။

တပည့်တော်က သေသွားတော့ ကျန်ခဲ့တဲ့ ဝိညာဉ်ကလေးက ခေါင်းထဲမှာလိုလို၊ အပြင် မှာလိုလို ဖြစ်နေပါတယ် ဘုရား။ ပြီးတော့ တပည့်တော်က ဘေးကလူတွေကို မေးစမ်း ကြည့်ပါတယ်။ အခုလို သရဏဂုံတင်တာဟာ ဘာဖြစ်လို့လဲလို့ မေးတော့၊ သူတို့က ဒါဟာ ကျန်ရစ်ခဲ့တဲ့ လူတွေကို တင်တာလို့ ပြောတယ်ဘုရား။ ဟိုက အသေကောင် ကြီးကိုတင်တာ မဟုတ်ဘူးတဲ့ဘုရား။

ပြီးတော့ ခုနစ်ရက် လည်တဲ့ အခါကျတော့လည်း တပည့်တော်ကို တပည့်တော် ဆောက်ထားတဲ့ အိမ်ကနေ နှင်ပစ်ပါတယ် ဘုရား။ သည်နေရာမှာ အင်မတန် ဝမ်းနည်းစရာ ကောင်းပါတယ်ဘုရား။ အဲသည်လို သက္ကာယဒိဋ္ဌိကြီးကို စွဲလမ်းပြီး လုပ်နေကြပါတယ် ဘုရား။

သည်တော့ သည်သက္ကာယဒိဋ္ဌိ မလွတ်သမျှ ကာလပတ်လုံး ပြုခဲ့ပြီးသော ကုသိုလ် တို့မှလည်းကောင်း ပြုဆဲပြုလတ္တံ့သော အကုသိုလ်တို့မှလည်းကောင်း သည်သက္ကာယ ဒိဋ္ဌိကိုစွဲ၍ မပြတ်ဘူးလို့ ကြားဖူးပါတယ် ဘုရား။ သည်တော့ သည်သက္ကာယဒိဋ္ဌိ လွတ်အောင် ထိသိနှင့်ဆက်ပြီး သနားပါဦးဘုရား။

သည်ဟာကတော့ ပုဂ္ဂိုလ်ပဲ လူပဲ နတ်ပဲရယ်လို့တော့ ရှိတာ မဟုတ်ဘူးဗျ။ ဘာသာ ရှိသလဲဆိုလျှင် ရုပ်နှင့်နာမ်သာ ရှိတာဗျ။ သည်တော့ သည်ကဲ့သို့ ဖြစ်နေတဲ့ ဥစ္စာက ဘာကြောင့်လဲဆိုလျှင် ရုပ်နှင့်နာမ်ကို မသိလို့ဗျ။

ဖြေ။ ။ ရုပ်အကြောင်း နာမ်အကြောင်းကို ဟုတ်မှန်သော ယထာဘူတဉာဏ်နှင့် မသိလို့ပါ ဘုရား။

မေး။ ။ သည်တော့ ရုပ်နှင့်နာမ်အကြောင်း အမှန်ကို သိပြီဆိုတော့ ဘာလဲ။

ဖြေ။ ။ ဝိဇ္ဇာပါဘုရား။

မေး။ ။ ရုပ်နှင့်နာမ် မသိတာက ဘာလဲ။

ဖြေ။ ။ အဝိဇ္ဇာပါဘုရား။

မေး။ ။ သည်တော့ နှာသီးဖျားကလေးကို သိပြီးနေဆိုတော့ နှာသီးဖျား ကလေးက ရုပ်၊ သိတာကလေးက နာမ်၊ သည်လို နှာသီးဖျားကလေးကို စိုက်စိုက်စူးစူး သိနေတဲ့အခါမှာ ဘယ့်နှယ်တုန်းဗျ။ လူပဲလို့ စိတ်ထဲမှာက အထင်မှားသေးသလားဗျ။

ဖြေ။ ။ လူပဲလို့ အထင်မမှားပါဘူးဘုရား။

မေး။ ။ နတ်ပဲလို့ ကောဗျာ။

ဖြေ။ ။ မမှားပါဘူးဘုရား။

မေး။ ။ သူပဲ ငါပဲလို့ ကောဗျာ။

ဖြေ။ ။ အထင်မမှားပါဘူးဘုရား။

မေး။ ။ ဒကာကြီး ဒကာမကြီးပဲလို့ ကောဗျာ။

ဖြေ။ ။ အထင်မမှားပါဘူးဘုရား။

မေး။ ။ သားရယ် သမီးရယ် မြေးရယ် မြစ်ရယ်လို့ကော လာသေးသလား။

ဖြေ။ ။ မလာပါဘူးဘုရား။

မေး။ ။ အဲဒီအချိန်မှာ ဘယ်နှယ်လဲ။ အခုပြောတဲ့ သက္ကာယဒိဋ္ဌိ ရှိသေးသလား။

ဖြေ။ ။ သက္ကာယဒိဋ္ဌိ ကင်းကွာနေပါတယ်ဘုရား။

မေး။ ။ အခု သည်လိုစွဲလမ်းချင်တိုင်း စွဲလမ်းနေပေမယ့် အခု ဘုရားဆုံးမတဲ့ အဆုံးအမအတိုင်း လိုက်နာလိုက်တော့ သည်ဟာတွေ ဘယ့်နှယ်တုန်းဗျ၊ ရှိသေး သလား။

ဖြေ။ ။ မရှိပါဘူးဘုရား။

မေး။ ။ အဲသည်လိုသိရမှာကို သိနေတော့ သက္ကာယဒိဋ္ဌိဟာ ကွာတယ်မဟုတ်လား။

ဖြေ။ ။ ကွာပါတယ်ဘုရား။

မေး။ ။ ဒါက အခုလား၊ အခုကွာတယ် မဟုတ်လား။ သည့်ထက်ကြာကြာ ထားတော့ကောဗျာ။

ဖြေ။ ။ သည့်ထက် ကြာကြာထားတော့ သည့်ထက် အဆပေါင်း များစွာ ကွာသွားပါတယ်ဘုရား။

မေး။ ။ အေး၊ ဥပမာစကားဖြင့်တစ်ခုပဲ၊ သက်တမ်းစေတဲ့ အဘိုးအိုကြီးကိုပဲ ပြောကြပါစို့၊ သည်အချိန်ကလေးမှာ ဒါကလေးကို သိရက်နှင့် စုတိကျလို့ သေသွားလျှင် ယခုန ဘေးတွေ သင့်ပါဦးမလား။

ဖြေ။ ။ အပါယ်ဘေးတွေက လွတ်ပါရောဘုရား။

မေး။ ။ အဝိဇ္ဇာ ကောသဇ္ဇတွေကော လာဦးမလား။

ဖြေ။ ။ မလာပါဘူး ဘုရား။

အေး၊ တောက်လျှောက်ကြီးကို ချမ်းသာသွားတာ။ ဒါကြောင့် ဟိုလိုပြောတော့ ကြာနေဦးမယ်၊ အဝိဇ္ဇာနှင့် ဝိဇ္ဇာ သည်လိုပဲ ပြောကြပါစို့။

လျှောက်။ ။ ဒါဖြင့် တပည့်တော် သေတော့ ဝိညာဉ်ကလေး လေး ငါး ခြောက်ရက် လောက် အိမ်နားမှာ ဝေ့လယ် ဝေ့လယ်နှင့် နေတယ်ဆိုတာ လုံးလုံးကြီး မှားတာပေါ့ ဘုရား။

ဒါကတော့ ယခုနလို ငါ့အိမ်ဟဲ့ ဆိုပြီးသေလျှင်တော့ အိမ်နားနေ လိမ့်မယ်ထင်ပါရဲ့။ အဲဒါကြောင့်မို့ သူ ဒုက္ခရောက်တာဗျ။ ငါ့သားပါ ငါ့သမီးပါနှင့် သည်လိုသေလျှင် ကောဗျာ။

ဖြေ။ ။ ဒါနှင့်သေလျှင်တော့ သည်လိုပဲ ရစ်ဝဲရစ်ဝဲနှင့် ဆေးတံတို့ ဘာတို့တောင် ဝင်သောက်လျှင် သောက်နေမှာပါ ဘုရား။

မေး။ ။ အေး၊ ဒါကတော့ အခုနဟာနှင့်သေလျှင် ပြောတာဗျ ။ အဲ- ငါ လုပ် ထားလိုက်တာတွေကလည်း မနည်းဘူးထင်တယ်။

ဖြေ။ ။ ငါလုပ်တာက ငါ့အိမ်၊ ငါ့သား၊ ငါ့သမီး၊ ငါ့ပစ္စည်း ဒီလိုဟာတွေ တန်းလန်းနှင့် သေမယ့်သူက များပါတယ်၊ ထင်ပါရဲ့ဘုရား။

အဲသည်လို တန်းလန်းကိုဖယ်ထား၊ တစ်ခုတန်းလန်းနှင့် ဆိုလျှင်တောင် အဲ့သည်လို နေမှာဗျာ့၊ ကြားလား။ (တင်ပါ့ဘုရား။)

အဲဒါကြောင့် သည်လိုမဖြစ်ရအောင် လုပ်ဗျာ့။ ကိုယ်ကသာ တန်းလန်း ဖြစ်နေတာ၊ ဟိုကတော့ ဝေယူလို့ ကုန်ပြီဗျာ့။ (တင်ပါ့ဘုရား။)

မေး။ ။ သည်တော့ ကိုယ့်မှာတော့ ဘာဖြစ်နေသလဲ။

ဖြေ။ ။ ကိုယ့်မှာတော့ ငါ့ဟာ ငါ့ဟာနှင့် နေမှာဘုရား။

မေး။ ။ ချမ်းသာသလား။

ဖြေ။ ။ မချမ်းသာပါဘူးဘုရား။ အမှန်ဆင်းရဲပါတယ် ဘုရား။

အဲသည်လို မဖြစ်ရအောင် ယခုကတည်းက ဒီလိုပြုကြ၊ ဒါကလေးကို မလွတ်နှင့်၊ ရှေ့တိုးပြီး မြင့်မြင့်မြတ်မြတ် ပြုသည်ဆိုမှဖြင့် သံသရာ တစ်လျှောက်လုံးအတွက် ခုနလို မလွဲတော့ဘဲ အမှန်ကိုသိတော့မှာဗျာ့။

လျှောက်။ ။ တပည့်တော် လျှောက်တာက သည်ဝိညာဉ်ကလေးဟာ နိစ္စ-မသေ မပျောက် ဖြစ်နေပြီး လူကောင်းကြီးကသာ သေသွားတယ်။ သည်ဝိညာဉ်ကောင် ကလေးကတော့ တန်းလန်းပဲ အဆက်မပြတ် ရှိနေတယ်လို့များ၊ တပည့်တော်တို့ မြန်မာ ဗုဒ္ဓဘာသာ လူမျိုးတို့ရဲ့ အယူဝါဒကြီးကို အင်မတန်စွဲတဲ့ဟာကို တပည့်တော် လျှောက်ထားတာပါဘုရား။

ဒါကတော့ ယခုနဟာကလေးထားတော့ သိနေတယ် ဆိုလျှင်တော့ သည်ဟာက ယခုလို ရုပ်တို့နာမ်တို့ သဘောဟာက တစ်ခါတည်းပဲ သူ့လက္ခဏာနှင့်သူ ရှိတယ် ဟုတ်ကဲ့လား။ (တင်ပါ့ဘုရား)။

သူ့လက္ခဏာက ဘယ်လိုတုန်းဆိုလျှင် ဖြစ်ပြီးတော့ ပျက်တယ်။ ဒါတော့ သည်နေရာ ကလေးမှာ ထားတယ်၊ ထားပြီဆိုတော့ ဟိုဟာက မပြောလည်းသိဖို့ရာ ရှိတယ်။ ရုပ်နှင့်နာမ်မှာ စိတ်သည်လို သိအောင်ထား၊ ထားတော့ သည်ရုပ်နှင့် နာမ်ဟာ ဖြစ်ပြီးလျှင် ပျက်နေတာပဲ မဟုတ်လား။ ဒါက နားလည်ပြီးသား ဖြစ်နေပြီး လျှပ်တစ်ပြက်မှာ ဘယ်လောက်ရှိတယ်။

ဖြေ။ ။ ကုဋေတစ်သိန်းပါဘုရား။

အဲသည်လို ဖြစ်ပျက်နေတဲ့ဟာကို အမြဲလို့ ထင်နေတာ။ အဲဒါ ဘာကြောင့်လဲဆိုလျှင် မကြည့်လို့ မမြင်တာ မမြင်လို့ မသိတာ။

လျှောက်။ ။ တပည့်တော်တို့ကို ထိသိနှင့်အနိစ္စတွဲပြီးတော့ ဘယ်လိုသိရမလဲ ဘုရား။

သည်နေရာမှာထား ထားတာတော့ နေလိမ့်မယ်။ နေပြီဆိုတော့ ဖြစ်တယ်။ ဖြစ်တယ် ဆိုတော့ သူကပြောလိမ့်မယ်။ သူက ဘယ့်နှယ်ပြောမလဲဆိုလျှင် ဆားငန်တယ်လို့ ဒကာကြီးကပြောတော့ ဆားကို မစားဘူးသေးတဲ့သူက အားငန်တယ် ဆိုတာ အကုန်လုံး မှတ်ထားမှာပဲ။

ဆားငန်တယ် ဆိုတာ ဆား မစားဖူးသေးတဲ့ တို့ကတော့ မှတ်မိပြီ။ သည်တော့ ဆားကော သိသလား ဆိုတော့ တို့ကတော့ သိတယ်လို့ ပြောလိုက်မယ်၊ ဆားဆိုတာ ငန်တယ်လို့ ပြောနေလိုက်မယ်။ ဒကာကြီးကတော့ စားဖူးလို့ သိနေပြီ။ အဲဒါ တို့ကပြောမယ်၊ ဒီဒကာကြီးတွေ ဆားငန်တာသိသလို တို့လည်းသိတာပဲလို့ ပြောမယ် ဘယ့်နှယ်လဲ။

ဖြေ။ ။ ဒါဟာ မသိသေးဘဲနှင့် ပြောခြင်းသာဖြစ်ပါတယ်ဘုရား။ ငါပြော စာပြောပါပဲ ဘုရား။

မေး။ ။ ဆားငန်တယ် ငန်တယ်လို့ တို့က မအိပ်မနေ ပြောနေမယ်ဗျာ၊ ဒကာကြီးလို သိပြီးနေတယ်လို့ ထင်မယ်ဗျာ၊ ဘယ့်နှယ်လဲ။

ဖြေ။ ။ ထင်နေလည်း စိတ်ကြီးဝင်ပြီး ထင်နေတာပဲ ရှိပါတယ်ဘုရား။

မေး။ ။ သည်တော့ ယခုနလို ဆားငန်တယ် ဆိုတဲ့ဟာကို တစ်လပြောနေမယ်၊ တစ်နှစ်ပြောနေမယ်၊ အနှစ်တစ်ရာပြောနေ ရွတ်နေမယ်ဆိုလျှင် ဒကာကြီးလို သိပါ့မလား

ဖြေ။ ။ စားမကြည့်ဘူးတဲ့ လူကတော့ မသိပါဘူးဘုရား။

မေး။ ။ ဒါဖြင့် ဘယ်တော့မှသိမလဲ။

ဖြေ။ ။ တကယ်ကိုယ်တိုင် စားကြည့်မှ သိမှာပါဘုရား။

မေး။ ။ ဘယ်ဟာကို စားရမလဲ။

ဖြေ။ ။ ဆားကို ကိုယ်တိုင်စားကြည့်မှ တကယ်ငန်တဲ့ဟာကို သိပါလိမ့်မယ် ဘုရား။

မေး။ ။ ပါးစပ်ထဲက ဆားကိုစားမှ သိမှာလား။

ဖြေ။ ။ ပါးစပ်ထဲကဆားကို ပြောတာ မဟုတ်ပါဘူး ဘုရား။ တကယ့်ဆားကို ပြောတာပါ ဘုရား။

မေး။ ။ စာနှင့်ရေးထားတဲ့ဆားကို စားရမှာလား။

ဖြေ။ ။ စာနှင့်ရေးထားတဲ့ဆား မဟုတ်ပါဘူး၊ ဈေးထဲက တကယ့်ကို စားရမှာပါ ဘုရား။

မေး။ ။ အဲဒါ ဆားမှန်မှန်ကို ကိုင်နေ ရွယ်နေရုံနှင့် ဘယ့်နှယ်လဲဗျ။

ဖြေ။ ။ ကိုင်နေရွယ်နေရုံနှင့် မငန်သေးပါဘူးဘုရား။

မေး။ ။ ဘယ်လိုလုပ်မှ ငန်မှာလဲ။

ဖြေ။ ။ လျှာပေါ်ရောက်မှ ငန်မှန်း သိပါလိမ့်မယ်ဘုရား။

အခုနပဲ ရုပ်နှင့် နာမ်ဆိုတာဟာ ရုပ်စကား နာမ်စကား ပြောဆိုပြီး ရုပ်နာမ်တို့ ဖြစ်ပျက်နေတဲ့ လက္ခဏာနှင့်တကွ သဘောတွေကိုလည်း ပြောတတ်နေကြပြီ။ အဲဒါ ဘာလို့မို့ ယခုနလို လုပ်နေကြသလဲဆိုလျှင် ယခုနလို မစားလို့ဗျ။

စားပြီဆိုတော့ တကယ်ငန်မှန်း သိပါလိမ့်မယ်ဗျ။ သည်အခါ ကျတော့လည်း ဒကာကြီးက ဘေးနားကနေပြီး အရှင်ရဟန်း ငန်ပြီငန်ပြီလို့ ပြောရဦးမလား။

ဖြေ။ ။ မရပါဘူးဘုရား။ စားကဲ့ပုဂ္ဂိုလ် ကိုယ်တိုင်က ငန်ကြောင်း ဒိဋ္ဌ သိပါလိမ့်မယ် ဘုရား။

မေး။ ။ အဲဒါဘာကြောင့်လဲ။

ဖြေ။ ။ ဒိဋ္ဌစားကြည့်လို့ပါဘုရား။

မေး။ ။ အေး၊ အခုလည်းပဲ ယခုန ရုပ်တို့ နာမ်တို့ဟာ မမြဲဘူး။ သူ့လက္ခဏာ သူ့ သဘောတွေလည်း ပြောတတ်ကြပြီး၊ ဒါတွေဟာ အမှန်တွေပေါ့။ ဖြစ်ပြီးတော့ ပျက်တယ်ဆိုတာ မြဲတာကို ပြောတာလား၊ မမြဲတာကိုပြောတာလား။

ဖြေ။ ။ မမြဲတာကို ပြောတာပါဘုရား။

မေး။ ။ အဲဒါ အနိစ္စပဲဗျ။ ပြီးတော့ ပျက်နေတဲ့ဥစ္စာဟာ ဆင်းရဲသလား၊ ချမ်းသာသလား။

ဖြေ။ ။ဆင်းရဲပါဘုရား။

မေး။ ။ အဲဒါဘာလဲ။

ဖြေ။ ။ ဒုက္ခပါဘုရား။

မေး။ ။ အဲဒါကို မပျက်အောင် ထားနိုင်သလား။

ဖြေ။ ။ မထားနိုင်ပါဘူးဘုရား။

မေး။ ။ အဲဒါ အစိုးရသလား။

ဖြေ။ ။ အဲဒါ အစိုးမရတော့ပါဘုရား။

မေး။ ။ အဲဒါ ဘာခေါ်သလဲ။

ဖြေ။ ။ အနတ္တပါ ဘုရား။

မေး။ ။ ဒါတွေတော့ ဆိုတတ် ပြောတတ်တယ် မဟုတ်လား။

ဖြေ။ ။ ဆိုတတ်ပါတယ် ဘုရား။ ဒါကတော့ တစ်သက်လုံး ဆိုလာတာပါ ဘုရား။

မေး။ ။ ပြီးတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုပြီး ပုတီးစိပ်ဖူးတယ် မဟုတ်လား။

ဖြေ။ ။ စိပ်ဖူးပါတယ်ဘုရား။

မေး။ ။ ငယ်ငယ်တုန်းက ပုတီးကော အခု ရှိသေးတယ် မဟုတ်လား။

ဖြေ။ ။ မရှိပါဘူးဘုရား။ မနေ့တနေ့က စိပ်တဲ့ ပုတီးတော့ ရှိပါတယ်ဘုရား။

မေး။ ။ ငယ်ငယ်တုန်းက ပုတီး ဘယ်ရောက်သွားသလဲ။

ဖြေ။ ။ ပျောက်သွားပါတယ်ဘုရား။

မေး။ ။ ပျောက်တာ ပုတီး ဘယ်နှစ်ကုံး ရှိပြီလဲ။

ဖြေ။ ။ မရေတွက်နိုင်ပါဘူးဘုရား

မေး။ ။ ပုတီးစိပ်တာ အလုံးကြီးကြီးနဲ့ စိပ်ဖူးသလား။

ဖြေ။ ။ စိပ်ဖူးပါတယ်ဘုရား။

မေး။ ။ အလုံးငယ်နှင့်ကော။

ဖြေ။ ။ စိပ်ဖူးပါတယ်ဘုရား။

မေး။ ။ အလတ်စားနဲ့ကော။

ဖြေ။ ။ စိပ်ဖူးပါတယ်ဘုရား။

မေး။ ။ အနိစ္စ၊ ဒုက္ခ၊ အနတ္တသိလျှင် နေရာကျတာပဲ မဟုတ်လား။

ဖြေ။ ။ သို့ပေမယ့် အရင်တုန်းက အနိစ္စ ဒုက္ခ အနတ္တဟာ သန္တတိ အနိစ္စလို့ ထင်နေပါတယ် ဘုရား။

မေး။ ။ ဘုရားဟောတော် မူတာတွေကတော့ အမှန်တွေချည်းပဲ။ ဒါပေမယ့် အနိစ္စ ဒုက္ခ အနတ္တ ဆိုတာတွေကို သည်လို ဆိုနေရုံနှင့် မဖြစ်ဘူး။

ဖြေ။ ။ တပည့်တော်တို့ကတော့ သည်လိုပဲ ပါးစပ်နှင့် အမှားသိနှင့်နေတာပါပဲ ဘုရား။ ရူပက္ခန္ဓာ အနိစ္စဆိုပြီး ဒီလိုပဲ ရွတ်နေတာပဲ ဘုရား။

မေး။ ။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုပြီးတော့ ခန္ဓာငါးပါး ဆိုတာကော။

ဖြေ။ ။ ခန္ဓာငါးပါးလည်း အကုန်လုံး တစ်လုံးတည်းကို ဆိုတာပဲဘုရား။

ရူပက္ခန္ဓာ အနိစ္စ၊ ဝေဒနက္ခန္ဓာ အနိစ္စ၊ ဝိညာဏက္ခန္ဓာ အနိစ္စ၊ သင်္ခါရက္ခန္ဓာ အနိစ္စ၊ သညာက္ခန္ဓာ အနိစ္စ ဆိုပြီး သည်လိုပဲ အလွတ်ရထားတာကို ငေးငေးမောမောနှင့် စိပ်ပုတီးတစ်လုံးပြီး တစ်လုံးကျ၊ စိတ်ကဟိုရောက် သည်ရောက်၊ ကြောင် ငါးကင် စားနေတာ တွေ့တော့လည်း ဓားနှင့်ကောက်ပစ်လိုက်။ မြေးကလေး ထချီနှင့် သည်လို နှင့်ပဲ ပြီးခဲ့ကြတာပါပဲ ဘုရား။ စိတ်တခြား၊ စိပ်ပုတီး တခြားပါပဲ ဘုရား။

မေး။ ။ သည်တော့ ဆားကို ကိုယ်တိုင် စားပြီဆိုတော့ အသင် ရဟန်း ငန်ပြီ ငန်ပြီလို့ ပြောရဦးမလား။

ဖြေ။ ။ မပြောရပါ ဘုရား။

မေး။ ။ ဘာဖြစ်လို့လဲ။

ဖြေ။ ။ ငန်တာကို ကိုယ်တိုင် သိနေလို့ပါ ဘုရား။

မေး။ ။ အခုလည်းပဲ အခုနလိုသာထား၊ ထားလျှင် နေပါလိမ့်မယ်။ နေပြီဆိုလျှင် ဆားဟာ သူ့ သဘောကိုက ငန်တာဖြစ်လို့ စားတဲ့သူ ငန်ရတာ မဟုတ်လား။

ဖြေ။ ။ ငန်ပါတယ် ဘုရား။

အခုလည်းပဲ သေသေချာချာ ရုပ်နှင့်နာမ်တို့ကို ကြည့်ရှုလို့ နေပြီ ဆိုတော့ အခုန ရုပ်ရဲ့သဘော၊ နာမ်ရဲ့သဘော လက္ခဏာတို့ကို သေသေချာချာကိုပဲ မြင်တော့ သိပါလိမ့်မယ်ဗျ။

လျှောက်။ ။ ရုပ်နှင့်နာမ်ကိုတော့ သိပါပြီ ဘုရား၊ ဒါပေမယ့် အနိစ္စလက္ခဏာကို ဘယ်လို အောက်မေ့ရမလဲ ဘုရား။ လက်ဖျစ်တစ်တွက် ကုဋေ တစ်သိန်း ဆိုတာကို ကုဋေတစ်သိန်း ထိအောင် လိုက်ပြီးသိရမှာလား ဘုရား၊ သုံးလေးသောင်း၊ သုံးလေးရာ၊ သုံးလေးခုပဲသိလျှင် တော်လောက်ပြီလို့၊ သည်လို အနိစ္စ လက္ခဏာကို သိအောင် ပြုရမလား။ သို့မဟုတ် သန္တတိ အနိစ္စ ဆိုတဲ့ လက်ဖျစ်တစ်တွက် လျှပ်တစ်ပြက်မှာ အခု နှာသီးဖျားမှာ ဝင်လေဟာ ထိသွားပြီ။ ဆုံးသွားပြီ။ အခု ထွက်လာပြန်ပြီ။ ဆုံးသွားပြီလို့ သည်လို သန္တတိ အနိစ္စကိုပဲ သိအောင် လုပ်ရမလား။ လက်ဖျစ်တစ်တွက် ကုဋေတစ်သိန်းထဲက သုံးလေးခုလောက်ပဲ လုပ်ရမလား။ ဘယ်လောက်ထိအောင် စိတ်စိုက်ရမှာလည်း ဘုရား။

မေး။ ။ ဒကာကြီးက ဆားငန်တယ်လို့ ပြောတယ်။ ငန်တယ်လို့ ပြောတော့ အခု ဒကာကြီးများ ဈေးတွေဘာတွေ ရောက်ဖူးတယ် မဟုတ်လား။

ဖြေ။ ။ ရောက်ဖူးပါတယ်ဘုရား။

မေး။ ။ သည်ဈေးထဲမှာ ဆားဘယ်လောက်ရှိသလဲ။

ဖြေ။ ။ တောင်းကြီးနှင့် ပုတ်ကြီးနှင့် အများကြီးကြီးပဲ ရှိပါတယ်ဘုရား။

ဖြေ။ ။ တချို့ ဂိုဒေါင်ကြီးနှင့်တောင် ရှိပါတယ်ဘုရား။

မေး။ ။ သည်တော့ ဆားငန်တယ် ဆိုတာဟာလဲ သည်လို တစ်ဈေးလုံးမှာရှိတဲ့ ဆားကို စားရမှာလား။

ဖြေ။ ။ မဟုတ်ပါဘူးဘုရား။ ဆားတစ်ပွင့်လောက် မြည်းရုံနှင့် ငန်တာကို သိပါတယ် ဘုရား။

မေး။ ။ သည်တော့ သူများက ဆားကို လိမ်ပြောလို့ ဖြစ်သေးသလား။

ဖြေ။ ။ လိမ်ပြောလို့ မဖြစ်ပါဘူးဘုရား။ သကြား လိမ်ကျွေးပေမယ့် ဒါဆား မဟုတ်ဘူး ဆိုတာ ချက်ချင်းသိပါတယ် ဘုရား။

မေး။ ။ သည်တော့ ဆားငန်တာကို သိချင်တဲ့လူဟာ အခုလို အားကိုစားရင်ပဲ ဆားငန်တယ် သိမယ်မဟုတ်လား။

ဖြေ။ ။ သိပါတယ်ဘုရား။

မေး။ ။ နောက် မှားဦးမလား။

ဖြေ။ ။ မမှားပါဘူးဘုရား။

အေး၊ ယခုလိုပဲ သေသေချာချာ ဘုရားဆုံးမအတိုင်း လိုက်နာလို့မို့ သေသေချာချာ ရုပ်နှင့်နာမ်မှာ သည်လိုထား နေရော၊ နေတော့ ရုပ်နှင့်နာမ် လက္ခဏာ တို့ဟာ သူ့ဟာသူ ဖြစ်တာပျက်တာ တွေကိုမြင်ရော၊ မြင်တော့ သိရော၊ နောက်ကို ဘယ့်နှယ်တုန်း၊ သူများက လိမ်ပြောတယ်ဆိုလျှင် ယုံဦးမလား။

ဖြေ။ ။ မယုံပါဘူးဘုရား။ ကိုယ်တိုင်သိပါပြီဘုရား။

အေး၊ အဲ့ဒါကတော့ အပြောမဟုတ်ဘူးဗျ။ အခုခု ဆား စားတော့ ငန်တယ် သိသလိုဗျ ။ တစ်ဈေးလုံး ဆားတွေကို စားမှမဟုတ်ဘူး၊ ဒကာကြီးများအိမ်မှာ ဆားမရှိဘူးလား။

ဖြေ။ ။ ရှိပါတယ်ဘုရား။

မေး။ ။ ဘယ်လောက်ရှိသလဲ။

ဖြေ။ ။ တစ်အိုးလောက် ရှိပါတယ်ဘုရား။

မေး။ ။ အဲသည် တစ်အိုးလုံး ကုန်အောင် စားရမလား။

ဖြေ။ ။ မစားရပါဘူးဘုရား။ လက်နှင့်တစ်တို့လောက်စားလျှင် သိပါတယ် ဘုရား။

မေး။ ။ အဲဒါ သိချင်တဲ့သူဟာ ဒါနှင့်ပဲမဖြစ်ဘူးလား။

ဖြေ။ ။ ဒါနှင့်ပဲ ဖြစ်ပါတယ်ဘုရား။

မေး။ ။ သည်လောက်နှင့်တော့ မဖြစ်သေးဘူးတဲ့ဗျာ။ ငါ့ဆီမှာ တစ်အိုးလုံးရှိတယ်။ အဲသည် တစ်အိုးလုံးကို စားဆိုပြီး ကုန်အောင် ကျွေးမှာလား။

ဖြေ။ ။ မကျွေးပါဘူးဘုရား။ လက်တစ်တို့လောက်ပဲ ကျွေးမှာပါဘုရား။

မေး။ ။ သည်လိုကျွေးလိုက်တော့ ဒီဆေးကိုပဲ ငန်တာသိမှာလား။ သည့်ပြင်တွေ တော့ကော ငန်တာမသိဘူးလား။

ဖြေ။ ။ သည်တွင် မဟုတ်ပါဘူးဘုရား။ သည့်ပြင် ဆားတွေပါ သည်အတိုင်း သိပါတယ်ဘုရား။

မေး။ ။ ဒကာကြီးဟာက ထစ်အိုးလုံးမှမဟုတ်ဘဲ၊ နည်းနည်းကလေး ပေးတာ။

ဖြေ။ ။ နည်းနည်းကလေးနှင့်ပွဲ အကုန်လုံး ဆားငန်တဲ့အကြောင်း အကုန်လုံး သိနိုင်ပါတယ်ဘုရား။

မေး။ ။ ဒါပေမယ့် ဟိုအိုးထဲကဆားက တစ်မျိုးထင်တယ်လို့ သည်လိုကော တွေးဦးမလား။

ဖြေ။ ။ မတွေးပါဘူးဘုရား။ အကုန်လုံး ငန်တာကို သေသေချာချာ ယုံပါတယ်ဘုရား။

မေး။ ။ သည်က သည်အိုးထဲက ဆားမို့လို့ အတူတူဖြစ်တာ။ ဈေးထဲက ဆားက တစ်မျိုးလို့များ မထင်ဘူးလား။

ဖြေ။ ။ မထင်ပါဘူးဘုရား။

မေး။ ။ ပြီးတော့ ရန်ကုန်ကားကသာ ငန်တာ။ မန္တလေးကားက တစ်မျိုးထင်တယ်လို့ သည်လိုကော မတွေးဘူးလား။

ဖြေ။ ။ မန္တလေးကလည်း သည်ဆားပါပဲဘုရား၊ အတူတူပါဘုရား။ သည်ဆားကို တစ်တို့ကြည့်လျှင် ငန်တာကို ကိုယ်တိုင် ဒိဋ္ဌသိမယ့်ပုဂ္ဂိုလ် ချည်းပါပဲဘုရား။

အေး၊ အခုနလို မှတ်ရမယ်။ ဟိုလိုကတော့ ဘုရားရှင်က သဗ္ဗညုတ ရွှေဉာဏ်တော်ဖြင့် လျှပ်တစ်ပြက်မှာ ဖြစ်တာ ပျက်တာက ကုဋေတစ်သိန်းလို့ ဆိုပြီး အမှန်သိတာဗျ။ ဘုရားရှင်သိတာက ဒီလိုသိတာဗျ။ တို့တစ်တွေကတော့ ဆားငန်တာ သိရင်ပဲ မမှား ပါဘူးဗျ။ တော်လောက်ပြီ။

လျှောက်။ ။ ဆားငန်တာနှင့် လေထွက်လေဝင် သိတာကလေးကို ဆက်ပြပါဦးဘုရား။

ဒါကတော့ စိတ်ကလေးကို အခုနလိုထား။ ထားတော့ နေလိမ့်မယ်။ နေလျှင် သည်ဟာက တစ်ဆက်တည်း မနားဘဲ ဖြစ်ပျက်ပြီး နေမယ်။ အဲဒါကို မြင်မယ်။ မြင်တဲ့ အခါကျတော့ ဆားငန်တာကို သိသလိုပေါ့ဗျာ။ ဖြစ်ပျက်နေတာတွေဟာ ဖြစ်ပြီးတော့ ပျက်နေတာပွဲမဟုတ်လား။

လျှောက်။ ။ အဲသည်လို ဖြစ်ပျက်နေတာဟာ လက်ဖျစ်တစ်တွက် ကုဋေတစ်သိန်း သိအောင် မြင်နိုင်ပါ့မလားဘုရား။

မေး။ ။ ဒကာကြီး သိချင်တာက ငန်တာကို သိချင်တာလား။ ဆားပွင့်ပေါင်းကို သိချင်တာလား။

ဖြေ။ ။ ငန်တာကို သိချင်တာပါ ဘုရား။

ငန်တာကို သိချင်လျှင် တော်လောက်ပြီ။ သည်လောက်ကလေး ဖြစ်ပြီးတော့ ပျက်နေတာကို စိတ်ငြိမ်ပြီဆိုတော့ သမာဟိတော ယထာဘူတံလို့ ဘုရားရှင်က ဟောတော်မူတယ်။ ဒါကတော့ ငယ်ငယ်တုန်း ကတည်းက သွက်လက် ဖျတ်လတ်တယ် မဟုတ်လား။ ဒါပေမယ့် အခုနလိုတော့ နေအောင် မထားဘူး။ မထားဘဲနှင့် အခုနလို ဆိုနေတာဗျ။ သူ့ဟာက ပုတီး ဘယ်နှစ်ပတ် မြန်မြန်ပြီး ချင်တော့ ဘယ့်နှယ်လဲ။

ဖြေ။ ။ မြန်မြန်ပြီးချင်တော့ ဖြုတ်ဖြုတ်နှင့် စိပ်တာပဲဘုရား။ တချို့လည်း စကား တပြောပြောနှင့် လက်ကတော့ ဖြုတ်ဖြုတ်နှင့်။ အဲဒါ ပုတီး အပတ်ပေါင်း ၈၄ ပတ် ရလျှင် အမြင်တောင် ရသလိုလို၊ မန္တလေးက ပြောတာကို ကြားသလိုလို၊ မနက်ဖြန် ထီပေါက်တော့မလိုလို၊ ရတဲ့ ဂဏန်း ထိုးလို့ ဆိုပြီး ပုတီးအပတ် ၈၄ ပတ် ပြည့်အောင် စိပ်တာပါဘုရား။

အေး ၊ ဒါလည်း ကောင်းတော့ ကောင်းပါရဲ့၊ ဘယ်လို ကောင်းသလဲဆိုလျှင် အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုနေတဲ့ အခိုက်အတန့်မှာ ဘာကျေးဇူးများ ရှိသလဲဆိုတော့ အခုနလို မဟုတ်ဘဲ ဝစီကံတို့ ဘာတို့တော့ မဖြစ်ဘူး ထင်တယ်။ (မဖြစ်ပါဘူးဘုရား)။

ဒါမလုပ်ခင် စပ်ကြားတော့ အဲဒါပဲ ဆိုနေကြ၊ ကြားလား၊ မဆိုပဲ မနေနှင့်။ ဘာဖြစ်လို့ လဲဆိုလျှင် ဒါဆိုနေလျှင် အခုနပြောတဲ့ဟာတော့ မဖြစ်ဘူး။ ဒါကြောင့်မို့ အဲဒါသာ ဆိုနေ၊ ဆားငန်တယ်ဆိုတာ သူများပြောတာကို မှတ်ထားပြီး ဟိုလိုတော့ မသိသေးဘူး။ ဒါကြောင့် ခုနလို လုပ်တာကတော့ များလှပြီ။ ဒါကြောင့် အခုနလို လုပ်မည့်အစား အခုလိုထား၊ ကြားလား၊ ထားလျှင် နေလိမ့်မယ်။ နေလျှင် အခုန ဖြစ်ပျက်နေတာတွေ သိမှာပေါ့။ မသိချင်လို့ မဖြစ်ဘူး။

လျှောက်။ ။ တပည့်တော်စိတ်ထဲ တွေးနေတာက သန္တတိအနိစ္စနှင့် မလုံလောက်ဘူး လို့လဲ သံသယ ရှိနေပါတယ်ဘုရား။

မေး။ ။ ဒကာကြီးရယ်၊ ဖြစ်ပြီးတော့ ပျက်နေတယ်ဆိုတာဟာ တဖြစ်တည်း ဖြစ်ပြီး တစ်ပျက်တည်း ပျက်နေတာပဲ မဟုတ်လား။

ဖြေ။ ။ ဖြစ်တာ ပျက်တာနှင့် ကုဋေတစ်သိန်း ဆိုတာလည်း ယုံပါပြီဘုရား။ သို့သော်လည်း လက်ဖျစ်တတွက်မှာ ကုဋေတစ်သိန်းဆိုတော့ ဒါတွေကို အကုန်လုံး မီအောင် ပါးစပ်က မဆိုနိုင်ပါဘူးဘုရား။

မဆိုနိုင်ရင် နေပါစ။ ဒါက ဆိုဖို့မဟုတ်ပါဘူး။ ဆားငန်တာ သိဖို့လဲ ဖြစ်တာ ပျက်တာကို မြင်တော့သိမယ်။ အဲဒါ သိနေလျှင်ပဲ နေရာကျပြီ။ တိုတောင်းသော အချိန်ကလေးမှာပင်လျှင်ပဲ လက်ဖျစ်တတွက် လျှပ်တစ်ပြက်မှာ ဖြစ်ပြီး ပျက်တာကို သိလျှင်၊ အဲဒါကို စဉ်းစားလိုက်ရင် ရုပ်တွေ နာမ်တွေဟာ ငြိမ်ငြိမ်မနေဘဲ ဖျောက်ဖျောက်နှင့် နေတာကို အခုလို စိတ်ထားလိုက်လျှင် သည်လို သိတယ်၊ ကြားလား။ (တင်ပါ့ဘုရား)။

ဒါက ရှာရတာ မဟုတ်ဘူး၊ အရှိတွေဗျ။ တခြား သွားရှာရတာ မဟုတ်ဘူး၊ နှာခေါင်းနှင့် လေနှင့်တင်ပဲ အနိစ္စကို သိနိုင်ပါတယ်ဗျ။ လေကို မမှတ်ချင်နေပါစေ၊ ဘာဖြစ်လို့လဲဆိုတော့ ဟိုဟာက သိပ်မွေ့သွားလျှင် ဒုက္ခ ရောက်နေဦးမယ်။ သိမ်မွေ့ သွားတော့ ထင်ရှားအောင် လုပ်ရမယ်ဆိုပြီး လုပ်နေဦးမယ်။

သည်ဟာကတော့ လက်နှင့်ထိတော့ သိသလိုကလေး စိုက်စိုက် စူးစူးနေလျှင် တော်ပြီ။ အဲသည်လိုနေလျှင် ဖြစ်ပျက်နေတာကို သိမယ်။ အဲသည်လိုနေလျှင် တော်ပါပြီ။ အဲသည်လို ရုပ်နှင့်နာမ် ဖြစ်ပြီးပျက်တယ်၊ မမြဲဘူးလို့ ဟောတော်မူတာဟာ အနိစ္စပဲ။

ဖြစ်ပျက်နေတာကို မြင်လျှင် ဘာတုန်း။ ဖြစ်ပြီးတော့ ပျက်တာကို မဖြစ်အောင်၊ မပျက်အောင် ဘယ်နှယ်မှ မတတ်နိုင်ဘူး မဟုတ်လား။ အဲဒါကိုပဲ သိမှာပဲ။ အခု အသိမျိုးသာသိလျှင် အနိစ္စ ဆိုတာလဲ ဘယ်ဟာမှ မဟုတ်ဘူး၊ ဒုက္ခဆိုတာကော ဖြစ်ပြီး ပျက်တာပဲ။ အစိုး မရတာ၊ အစိုးမရတာလဲ ဖြစ်ပြီးပျက်တာပဲ။ ဟုတ်ကဲ့လား။ (သိပါပြီဘုရား)။

အေး၊ ဒါကြောင့် အခုနလိုထားကြ၊ အဲဒီလို ထားနေလျှင် သိသင့် သိထိုက်တဲ့ဟာတွေကို တိုးတိုးသိလိုက်ဦးမယ်။ (တင်ပါဘုရား)။

အသိ တိုးတိုး သိလိုက်တာကို စဉ်းစားလိုက်တော့ သည်လို ပြောကြပါစို့။ ဟိုဟာ လည်းပဲ သိလွယ်ပါတယ်။ သည့်ပြင် လွယ်တဲ့ဟာကို ပြောမယ်။ အခုန သင်္ကန်းဗျာ။ အဝတ်ဗျာ။ ခေါ်တော့ ဘယ့်နှယ်ခေါ်သလဲ။

ဖြေ။ ။ လုံချည် အင်္ကျီလို့ ခေါ်ပါတယ်ဘုရား။

မေး။ ။ သည်တော့ ကိုယ်မှာ ဖြူဖြူမြင်တော့ ဘာခေါ်သလဲ။

ဖြေ။ ။ အင်္ကျီခေါ်ပါတယ်ဘုရား။

မေး။ ။ ဘာအင်္ကျီလဲ။

ဖြေ။ ။ ပိတ်ပါ ဘုရား။

မေး။ ။ အဲသည်ဖြူဖြူကို မြင်တော့ ဘာခေါ်သလဲ။

ဖြေ။ ။ အကျီဖြူ လို့ ခေါ်ပါတယ်ဘုရား။

မေး။ ။ ဝါဝါမြင်တော့ကော။

ဖြေ။ ။ အင်္ကျီဝါလို့ ခေါ်ပါတယ်ဘုရား။

မေး။ ။ အဝတ်ကို မြင်နေရင်တော့ အဝတ်ပဲ မြင်နေတယ်။ ဒါကိုသေသေချာချာ ကြည့်လိုက်တော့ အမျှင်အမျှင်နှင့် ရက်ထားတာ မဟုတ်လား။ ကိုင်ကြည့်တော့ ဘယ့်နှယ်လဲ။

ဖြေ။ ။ တစ်ဆက်တည်းပါ ဘုရား။

အေး-တစ်ဆက်တည်းဗျ။ အဲဒါကို ကိုယ်တိုင်မြင်ပြီးလျှင် အမျှင်တွေပဲဆိုတာ သိပြီး အဲသည်တော့ ဒါတွေဟာ အမျှင်ကလေးတွေပဲလို့ ပြောဦးမလား။

ဖြေ။ ။ မပြောရပါဘူးဘုရား။ သေသေချာချာ ကြည့်လျှင် မြင်နိုင်ပါတယ် ဘုရား။

မေး။ ။ ထိုနည်းတူစွာပဲ သဲတွေဘာတွေစုပုံပြီး အလုပ်လုပ်ဖို့ ပုံထားတာ မြင်တယ် မဟုတ်လား။

ဖြေ။ ။ မြင်ပါတယ်ဘုရား။

မေး။ ။ အဲဒါ သွားကြည့်တော့ ဘယ်နှယ်လဲ။

ဖြေ။ ။ သဲကလေးတွေ တစ်လုံးစီပါဘုရား။

အေး-အဲသည်လို ပြောတာဗျ။ အဲဒါက ဘုရား ဟောတော်မူတာကို လျှောက်ပြော တာဗျ။ တို့သိတာ မဟုတ်ဘူး။ ဘုရား ဟောတော်မူတာက အမှန်တွေဗျ။ ဘုရားရှင် ဆုံးမတဲ့အတိုင်းနေရင် ဘယ့်နှယ်လဲ။ နေလျှင် အနိစ္စရော၊ ဒုက္ခရော၊ အနတ္တရော ဆားငန်တာက သိသလို ကိုယ်တိုင် သိပါလိမ့်မယ်။ အရှိတွေကို သိပါလိမ့်မယ်။ ရှာရတာ မဟုက်ပါဘူး။

လျှောက်။ ။ ပညတ်က မရှိတာ၊ ပရမတ်က ရှိတာပါ ဘုရား။

အေး - အဲသည်လိုတော့ ဒကာကြီးတို့ ပြောတတ်ပါတယ်။ ဒါကြောင့် ဘုရားဆုံးမတဲ့ အဆုံးအမကို သည်လိုထားပြီဆိုတော့ သည်လိုသိပြီး အမြဲနေတယ် ဆိုတာကို အပ္ပမာဒ ခေါ်တာဗျ။

သည်အပ္ပမာဒနှင့် သွားကြပြီ ဆိုမှဖြင့် လိုချင်တဲ့ နိဗ္ဗာန်ကို စံဝင်ကြတယ်ဆိုတာ အသီးသီး နှစ်သက်ဖွယ်ဖြစ်တဲ့ ဗောဓိနှင့် နိဗ္ဗာန် စံဝင်ရတယ်။ အဲသည်လို အသီးသီး သော ဗောဓိနှင့် ပြီးချင်ကြတယ် ဆိုလျှင် ဘုရား ဆုံးမတဲ့အတိုင်း အဆုံးအမကို မှတ်ထားပြီး ဣရိယာပုထ်လေးဖြာမှာ ဘယ်ဟာမှ မပြတ်အောင် ထူထောင်ပြီး အားထုတ်ကြ၊ ကြိုးစားကြဗျား။

(ဝေဘူဆရာတော်)

စာညွှန်း -
ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိနှင့် ကျင့်စဉ် -
မောင်ကျော်ညွန့် (မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ)

အချိန်တိုင်း အချိန်တိုင်း ယူကြ

▬▬▬ஜ۩۞۩ஜ▬▬▬▬

[အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ရချင် ယူချင်လျှင် ချက်ချင်း ရက်မဆိုင်းဘဲ ကြိုးစား ကြရန် ခေမာမိဖုရားကြီးကို ပမာဆောင်၍ ဝေဘူဆရာတော်ဘုရားကြီးသည် ၁၉၅၅-ခု မေလ ၁၈-ရက်နေ့ ညတွင် ရန်ကုန်တက္ကသိုလ် ဓမ္မာရုံ၌ ဟောကြားတော်မူခဲ့ပါသည်။]

ဝေဘူဆရာတော် အရှင်မြတ်သည် ပထမ ရှေးဦးစွာ ရှစ်ပါးသီလပေး ပြီးနောက် အောက်ပါအတိုင်း တရားတော်ကို ချီးမြှင့်ပါသည်။

တရားနာခံ အဖြစ် ဦးလှက ဆောင်ရွက်ပါသည်။

အဆုံးအမ ရသည့် အချိန်ကစပြီး တစ်ဆက်တည်း ဆောင်ရွက်တာတဲ့ဗျ၊ ဘာတွေ ပြုရသလဲဆိုတော့ ခန္ဓာဝန် အတွက်ကတော့ ပြုရတာပဲဗျ။ သည့်ပြင်ဟာတွေလည်း ရွက်ဆောင်ရတယ်။ အဲသည်လိုဟာတွေ အသီးသီးဟာ ဘာဟာမှ မပြတ်ရအောင် ဆောင်တာဗျ။

ဘုရားဆုံးမတော်မူတဲ့ အဆုံးအမတွေကိုသိတဲ့ အသီးသီးတို့ဟာ ဒါတွေကို မချွတ်ယွင်း ရအောင် ပြုရပါတယ်ဗျ။ ဒီလိုပြုပြီဆိုတော့ ဒါတွေနှင့် ပြည့်စုံမှသာ သီလနှင့် ပြည့်စုံ တာကိုးဗျ။ ဒါတွေကိုမပြုဘူးဆိုမှဖြင့် သီလနှင့် မပြည့်စုံဘူးတဲ့ဗျ။ အဘိသမာ စာရိကဝတ်နှင့် ချွတ်ယွင်းနေပြီ မပြည့်စုံလျှင် ဘယ်လိုပါလဲဆိုလျှင် တောင့်တတဲ့ အတိုင်းဟာ မပြီးပေါင်တဲ့ဗျ။

ဒါကြောင့် ရှေး အရှင်ကောင်းတွေဟာ စိတ်နှလုံး အလိုတောင့်တတဲ့အတိုင်း ပြီးအောင် အကုန်လုံးကိုဟာပဲ ဘာမှ မလပ်ရအောင် ယခုလို ပြုရပါတယ်ဗျ။ ဒါတွေမပြုလျှင် မပြည့်စုံဘူး။ မပြည့်စုံလျှင် သီလနှင့် မပြည့်စုံဘူး၊ သီလကျိုးတယ်။ သီလ ပြောက်တယ်။ သီလကျားတယ်။ သီလကွာတယ် လို့ ဆိုကြတယ်။ ဒါကြောင့် အဲဒါတွေနှင့် မပြည့်စုံလျှင် သီလနှင့် မပြည့်စုံဘူး။ သီလနှင့်ပြည့်စုံလျှင် မှန်းထားတဲ့ နှစ်သက်တဲ့ ဗောဓိအသီးသီးတို့ဟာ ဘယ်ဟာမှမပြီးဘူးတဲ့ဗျာ။ မဆိုက်လာဘူးတဲ့ဗျာ။

ဒါကြောင့် သည်အရှင်များတို့သည် စိတ်နှလုံးအလို တောင့်တတဲ့ အတိုင်းဟာ မြင့်မြတ်တဲ့ အချိန်အခါ ဘဝကို ရပြီးတော့ ဘုရားဆုံးမတဲ့ အဆုံးအမကိုလည်း ရကြတော့၊ ဝီရိယထူထောင်ပြီး ငါတို့သည်ကားဆိုလျှင် တောင့်တရည်ရွယ်ချက် အသီးသီး ပြီးစီးအောင် ဆောင်မယ်လို့ အဲဒီလို-ဆန္ဒပြင်းပြတဲ့ အရှင်တွေ ဖြစ်တော့ ဒါတွေကို ဆောင်တာပဲ။

အဲဒီလို ဆောင်ရင်း ထားဆိုတဲ့နေရာမှာ ထားတာဗျ။ ထားတော့ ဣရိယာပုထ် လေးဖြာမှာ တစ်ဆက်တည်း ပါအောင်ပြုတာတဲ့ဗျ။ ဒီအရှင်တွေဟာ ပြုဖွယ်ကိစ္စ ရှိသမျှတွေ အကုန်လုံးကိုလည်း ပြုရတာပဲဗျ။ မပြုရင် ဘာတုန်းဆိုတော့ သီလနှင့် မပြည့်စုံဘူး။ ဒါကြောင့် ပြုရတာဗျ။

အခုပြုကြတဲ့ဟာက ဘယ်လိုလဲဆိုလျှင် ရှေးအရှင်တွေများမြင်လျှင် ဘယ်လောက်များ ရယ်ချင်လိမ့်မလဲလို့ဗျာ။ လုပ်ပုံတွေက ဘာမှ ဝီရိယ မရှိဘူးဗျ။ ဒါဟာ တို့ကိုပြောတာ ပါဗျ။ ဒကာကြီးတွေ ဒကာမကြီးတွေကို မဆိုပေါင်ဗျာ။ ဒီပြင် အရှင်ကောင်းတွေ ကတော့ ဝီရိယ ကောင်းတယ်ဗျ။ တို့ပျင်းတာ ဖျင်းတာကို ပြောတာပါဗျ။ တို့ တံမြက်စည်း လှည်းလျှင်လည်း ကောင်းကောင်းလှလှ လှည်းတာ မဟုတ်ဘူး၊ အမှိုက် ကျုံးတာလည်း မကျုံးပေါင်ဗျာ။ ဘာမှ ကောင်းကောင်း မွန်မွန် လုပ်တာ မရှိဘူး။

ရှေးအရှင်တွေ ပြုတာက ဘယ်လိုပြု သလဲဆိုလျှင်တော့ စေတီရင်ပြင်၊ ဗောဓိ ရင်ပြင်မှာ ယခုနလို ဝီရိယတွေနှင့် ထူထောင်ပြီး ဣရိယာပုထ်လေးဖြာမှာ ဘယ်လိုလဲ ဆိုတော့ စေတီရင်ပြင် ဗောဓိရင်ပြင်မှာ ဥပမာ နံနက်ဆွမ်းခံ မသွားခင် ပြုသင့် ပြုထိုက်တဲ့ အားလုံးသော ပြုဖွယ်ကိစ္စတွေ၊ ဥပဇ္ဈာယ်ဆရာကို ပြုရမယ့် ပြုဖွယ် ဝတ္တရားတွေ၊ သေနာသနတွေကို အချိန်တိုင်း အချိန်တိုင်း ပြုရတယ်ဗျ။

ပြီးတော့မှ စေတီရင်ပြင် ဗောဓိရင်ပြင်တွေမှာ ဘာတွေ ရှိသလဲဆိုလျှင် သဲတွေရှိတယ်။ အဲဒီ သဲဟောင်းတွေကို ထမ်းပြီး ထုက်လိုက်သေးတယ်။ ပြီးတော့မှ သဲအသစ်တွေကို ထမ်းသွင်းတာတဲ့ဗျ။ သွင်းပြီးပြီဆိုတော့မှ အညီအညွတ်ပြုတာဗျ။ ဘယ်လိုပါသလဲ ဆိုလျှင် ငွေပြားများကို ကြဲသည့်အသွင် ညီအောင်တဲ့ဗျ။

အဲသလိုဟာတွေ သွက်လက် ဖျတ်လတ်ပြီးတော့ ဘုရားရှင်ကို တည်ပြီးတော့ အမြဲ ပြုတာတဲ့ဗျ။ အဲဒီလိုပြုပြီးတော့ ဒါကလည်း ပြုလျက်ပဲ။ ဟိုဟာက သီလဘက်၊ အခုန ဒကာကြီး ဒကာမကြီးများလို ထိုင်ပြီးတော့ ထားတော့ စိုက်စိုက်စူးစူး တည်နေတယ်။ အဲဒီလို တည်မှုကလေးဟာ ဘယ်အချိန်မှမပြတ်အောင် အဲဒီလိုဖြစ်တာဗျ။

ရှေးအရှင်တွေ အကုန်လုံးတို့ဟာ ဆွမ်းခံသွားလည်း ဖြစ်တာပဲဗျ။ ဆွမ်းခံပြန်လည်း ပါတာပဲဗျ။ ဆွမ်းစားလည်းပဲ ဒါကတော့ မလွတ်ဘူးတဲ့ဗျ။ အဲဒီလိုပြုကြသည် ဖြစ်သောကြောင့် ရှေးအရှင်တွေမှာ ဘယ်လိုများ ပြီးကြပါသတုန်း ဆိုတော့၊ တောင့်တ ချက်ဟာ တချို့အရှင်တွေမှာ ဆွမ်းစားကျောင်း၊ ဆွမ်းစားဇရပ်တွေဟာ အများကြီး ရှိတယ်။ ဆွမ်းဘုန်းပေးတဲ့ နေရာတွေဗျာ။ အဲဒီလို ဆွမ်းစားကျောင်း ဆွမ်းစားဇရပ် တွေမှာ မှန်းထားတဲ့အတိုင်း မပြီးစီးဘူးတဲ့ ဆွမ်းစားကျောင်း ဆွမ်းစားဇရပ်ရယ်လို့ မရှိပါဘူးတဲ့ဗျာ။

အရှင်ကောင်းတွေဟာ ဆွမ်းစားရင်း နေရာကျတာဗျာ့။ ဘာကြောင့် နေရာကျသလဲ ဆိုလျှင် သူတို့မှာ အစဉ်အားဖြင့် အရိယာ ထူထောင်တယ်။ ထူထောင်တဲ့အခါမှာ ဆွမ်းစားတဲ့အချိန်မှာ ဆိုက်သင့် ဆိုက်ထိုက်တယ်ဆိုလျှင် ဆွမ်းစားနေလျှင်လည်းပဲ ချမ်းသာသုခတွေဟာ ဆိုက်လာတာပဲဗျ။

ဘာကြောင့် ချမ်းသာသုခတွေဟာ အဲဒီလို ဆိုက်ပါသလဲဆိုလျှင် ဘုရား အဆုံးအမကို တစ်ဆက်တည်း ပါအောင်ဟာ ယူဆောင်နေတော့ ဒီဆွမ်းစားတဲ့အချိန်မှာ ဆိုက်သင့် ဆိုက်ထိုက်တဲ့အဖြစ်ကို ဖြစ်တာဗျာ့။ ဒီအတိုင်းတိုင်းတော့ မဆိုက်ဘူးတဲ့ဗျ။

လျှောက်။  ။ ဆွမ်းစားတုန်းမှ ဆိုက်သလားဘုရား။

ဆရာတော်။ ။ အချိန်တိုင်းတဲ့ဗျ။ ဆွမ်းစားနေတုန်း ဆိုက်သင့် ဆိုက်ထိုက်တယ် ဆိုလျှင် ဆွမ်းစားပြီးမှ ဆိုက်မယ်လို့ အချိန်အခါကို ဆိုင်းငံ့ မထားဘူးတဲ့ဗျ။ ဒါ ဘာကြောင့်လဲ ဆိုလျှင် ရွက်ဆောင်တာက အချိန်တိုင်း အချိန်တိုင်း မပြတ်ဘဲ တစ်ဆက်တည်း ဆောင်တာ ကိုဗျ။ ဥပမာ ဘယ်လိုတုန်း ဆိုတော့၊ အခု ဒကာကြီးအိမ် သွားကြပါစို့ရဲ့။ ဒကာကြီး အိမ်က ဘယ်နားမလဲ။ ဘယ့်နှယ်သွားရလဲ။ ကားစီးသွားရမလား။

ဖြေ။    ။ ခြေလျင် သွားမှာပါဘုရား။

မေး။    ။ ခြေလျင်သွားတော့ ဒကာကြီးက ဝီရိယနှင့် ဒီအတိုင်းတိုင်း ဘယ်တော့မှ မပြတ်အောင် ထူထောင်ပြီးသွားလျှင် တစ်လှမ်းနှင့်တစ်လှမ်း တူပါ့မလား။

ဖြေ။    ။ တစ်လှမ်းနှင့်တစ်လှမ်း မတူပါဘုရား။

ဆရာတော်။ ။ အေး တစ်လှမ်းနဲ့ တစ်လှမ်း မတူအောင် မြင့်မြတ် တိုးတက်တယ်ဗျ။ ဒီတော့ ဥပမာ နာရီဝက်လောက် သွားတယ်ဆိုလျှင် ဒီအချိန်မှာထားတော့ ဒီလောက် ရှိတယ်။ နာရီဝက်လောက် ကြာတော့ကို ဒီအချိန်လောက် ဘယ့်နှယ်တုန်းဗျ။ ဒီအချိန်မှာ ကိုယ် ထူထောင်လို့ ရိပ်မိပြီးသားကလေးတွေရှိတယ်။ ဒီလိုရိပ်မိပြီးသားတွေ ရှိသလောက်ပင် ကပါ့မလား။

ဖြေ။    ။ နာရီဝက်လောက် ကြာတော့ အစတော့ဖြင့် တပည့်တော်က ထွက်လေ ဝင်လေတို့ကို နှာသီးနှင့် စိတ် စိုက်ပြီးတော့ သွားပါတယ်ဘုရား။ အစတော့ မသိတသိ ဖြစ်နေပါတယ်ဘုရား။ နောက် နာရီဝက်လောက် ကြာတော့ အတော်သိလာပါတယ် ဘုရား။ အဆင့်အတန်း မြင့်လာပါတယ်ဘုရား။

မေး။    ။ အိမ်ရောက်တော့ ဒီထက် တိုးမနေဘူးလား။

ဖြေ။    ။ တိုးလာပါတယ် ဘုရား။

မေး။    ။ အေး အဲဒါဘာလဲဆိုလျှင် အိမ်ရောက်ပြီး မတိုးသေးဘူး။ ဘယ်အချိန်ကျမှ သူထိုင်မှာလဲ။ ဒီတော့မှ တိုးမယ်။ ဘာသိဘာသာ လွတ်လွတ်လပ် လုပ်နေမှပဲ တိုးမလားလို့ ဖြစ်သလား။

ဖြေ။    ။ အခါမလင့် ပြီးစီးသင့်တဲ့အချိန်မှာ ပြီးစီးသွားမှာပါဘုရား။

ဆရာတော်။ ။ အခုလည်း အဲဒီအရှင်တွေမှာ မပြတ်အောင် ထူထောင်နေတော့ ယခုနလို ဆိုက်သင့် ဆိုက်ထိုက်တဲ့အချိန်မှာ ဆွမ်းစားရင်း ကိုယ်ပဲဆိုက်တာပဲဗျ။ (တင်ပါ့ဘုရား။)

မေး။    ။ တချို့ ဘယ်လိုတုန်းဆိုတော့ ဥတုသပ္ပါယ မမျှဘူး။ မမျှတော့ တစ်ခါတလေ ချေကြ မွှန်ကြ။ အဲဒီလို ချေရင်းတဲ့ဗျ။ ချေတာကော နားလည်သလား။

ဖြေ။    ။ နားလည်ပါတယ်ဘုရား။ ဟပ်ချိုးလို့ ချေတာပါဘုရား။

ဆရာတော်။ ။ အဲဒီလို ချေတဲ့အချိန်အခါမှာ အခုချေနေတုန်း ဆိုပြီး မဆိုက်ဘဲ မနေဘူးဗျ။ ဒီလို ချေနေတုန်း အချိန်မှာပင်လျှင်လည်း ဆိုက်သင့် ဆိုက်ထိုက်တယ်ဆိုလျှင် ဆိုက်တာ ပဲဗျ။ အခုရွက်ဆောင်နေကြတဲ့ ဒကာကြီးတွေဟာ မပြတ်အောင် ဆောင်နေတယ် ဆိုပေမယ့် တစ်ခါတစ်ခါ ဥတုသပ္ပါယ ဓမျှဘူးဆိုလျှင် ကိုယ်က လုပ်တာ မဟုတ်ဘူး။ အခုနလို ချေတဲ့အခါလည်း ချေတယ် မဟုတ်လား။

ဖြေ။    ။ ချေပါတယ်ဘုရား။ ချေတဲ့အခါကျတော့ ထိသိ လွတ်သွားပါတယ် ဘုရား။

ဆရာတော်။ ။ ဒကာကြီးများက လျော့လျော့ လုပ်ထားလို့ ဖြစ်မှာပဲ။ မလုပ်လျှင် ချေတဲ့အခါမှာ ချေလျှင်ပင်ပဲ ခုနလို သူ့ဟာနှင့်သူ ဖြစ်မှာပဲဗျ။

လျှောက်။  ။ တပည့်တော်ဖြင့် ထမင်းစားတုန်းတော့ တော်တော်ကလေး ရသေးတယ်။ သို့သော်လည်း ငရုတ်သီး ကိုက်မိတဲ့အခါ စပ်တာနှင့် ထိသိပြတ်သွားရော ဘုရား။

မေး။    ။ ဒကာကြီးဟာက ဒီလို ပြောကြပါစို့ရဲ့။ လုံအောင် မမိုးတဲ့အိမ် မိုးမရွာခင်တော့ မယိုဘူးမဟုတ်လား။

ဖြေ။    ။ မိုးမရွာခင်တော့ လုံနေပါတယ်ဘုရား။

မေး။    ။ မိုးရွာလျှင်ကော။

ဖြေ။    ။ မိုးရွာလျှင် ယိုပါရောဘုရား။

မေး။    ။ အေး၊ အခုန ငရုတ်သီးစားတော့ စပ်ပါတယ်ဆိုတော့ အိမ်လုံတာလား၊ မလုံတာလား။

ဖြေ။    ။ မလုံလို့ပါဘုရား။

မေး။    ။ မလုံလျှင် အဲဒါ မိုးရုံပဲဗျ။ ဒကာကြီးက ထပ်မိုးရဲ့လား။

ဖြေ။    ။ ထပ်ပြီးတော့ မမိုးရသေးပါဘုရား။

မေး။    ။ အေးဗျ၊ ဒီနေရာက ဒီလို ယိုတယ်ဆိုလျှင် ဒီနေရာကိုမိုးဗျ။ ဒီနေရာကို အဟုတ် ဖာလိုက်လျှင် နောက် ဒီနေရာက မိုးမယိုဘူး မဟုတ်လား။

ဖြေ။    ။ မယိုပါဘုရား။ ငရုတ်သီး စပ်တာကတော့ စိတ်ချရပါပြီဘုရား။

ဆရာတော်။ ။ မိုးဆိုတဲ့ဟာမျိုးက ဒီနေရာမှာ ဒီလိုဖြစ်တတ်တယ်ဆိုလျှင် နောက်တစ်ခါ မဖြစ်အောင် ဒီလိုဝီရိယ ထူထောင်လိုက်လျှင် ဒီနေရာက နောက်တစ်ခါ ဖြစ်မယ် မဟုတ်ဘူး။ နောက်သည်လိုပဲ ယိုတဲ့ဟာ ရှိသေးတယ်ဆိုလျှင် သိမှာပဲ။ အဲဒါ မယိုအောင်လုပ်ဗျ။

ဆရာတော်။ ။ ရှေးအရှင်တွေဟာ ဒီလို ထူထောင်တာဗျ။ ဆွမ်းခံသွားတဲ့ အခါမှာ ထူထောင်ကာစ ဆိုတော့ တစ်ခါတလေ ထိုင်ပြီးတော့ ထားတော့ စူးစူးစိုက်စိုက် နေတယ်။ အဲဒီ အခါတိုင်း ပါအောင် ထူထောင်သွားတဲ့အခါ တစ်ခါတလေကျတော့ တစ်လှမ်း တစ်လှမ်းမှာ ထားတဲ့နေရာ မနေပဲ လပ်နေတယ်။ အဲဒီလို လပ်နေတော့ ဒီအရှင် တွေဟာ သိတယ်။ သိတော့ နေအောင် ထားပြီးမှ လှမ်းတယ်။

ဆရာတော်။ ။ အခု ဒီနေရာမှာ မနေဘဲနှင့် ခြေလှမ်းတစ်လှမ်း လပ်နေပါပကောဆိုပြီး ဒီနေရာမှာ တစ်ခါတည်းနေအောင် ထားထားတာတဲ့ဗျ။ နေပြီဆိုတော့မှရှေ့ကို ဆက်လက်လှမ်း တာတဲ့ဗျ။ အခုနလို လပ်နေလျှင်ရှေ့ဆက် မလှမ်းဘဲ လပ်နေတဲ့ ခြေလှမ်းကို နောက်ပြန်ဆုတ်ပြီး နေပြီဆိုမှ တဆက်တည်း ရှေ့ကိုဆက်လှမ်းတာတဲ့ဗျ၊

ဆရာတော်။ ။ ဘာဖြစ်လို့လဲဆိုရင် ဒီတစ်ခါ မနေတဲ့ဟာကို ရှေ့ဆက်ပြီးတော့ မမေ့အောင်ဗျ။ ဒီအတိုင်း တိုင်းသွားမယ်ဆိုလျှင် နောက်ကို အကျင့်ဖြစ်နေမှာဗျ။ သည်အကျင့်ဟာ ကောင်းတဲ့အကျင့် မဟုတ်ဘူး။ လျော့တဲ့ပေါ့တဲ့ အကျင့်ဗျ။ ဒါကြောင့် သည်အကျင့် ပါမှာစိုးလေတော့ မပါအောင်လို့ဗျ။ ရှေ့ဆွမ်းခံသွားမယ်ဆိုလျှင် နည်းနည်းလေးမှ မတွေဝေအောင်လို့ တွေဝေပြီးသွားမိတာကို နည်းနည်း ကလေးမှ မပါစေချင်ဘူးတဲ့ဗျ။

မေး။    ။ ဒါကြောင့်မို့ အခုနလို မေ့လှမ်းလိုက်တော့ သိတယ်ဆိုတော့ကို ဒီ နေရာတွင်လည်း မမေ့အောင် ပြုလိုက်တာပဲ။ သည်တော့ ထားဆိုတဲ့ နေရာမှာ နေတာပေါ့ဗျာ။ အဲဒီလို နေပြီဆိုတော့မှ ဒီအတိုင်းတိုင်း တစ်ဆက်တည်း ပါအောင် လှမ်းသွားတာဗျ။ ဒီတော့ ဒီနေရာမှာ မေ့တတ်တဲ့ဟာ နောက် ပါဦးမလား။

ဖြေ။    ။ နောက်မမေ့ပါဘူးဘုရား။

ထမင်း ချက်ရင်း

▬▬▬▬▬▬

အေးဗျ၊ ရှေးက သူတော်ကောင်းများက အဲဒီလိုရွက်ဆောင်သွားဘာဗျ။ ဒီလိုချည်းပဲ ရွက်ဆောင်သွားတော့ အချိန်တစ်ခုနှင့်တစ်ခု မတူအောင် သီလသမာဓိ၊ ပညာတို့ဟာ တိုးတက်ပြီးတော့ ဆွမ်းစား အချိန်မှာပင်လျှင်ပဲ အဲဒီ ဆွမ်းစားအချိန်မှာ ဆိုက်သင့် ဆိုက်ထိုက် အချိန်ဖြစ်တော့ ဆွမ်းစားရင်း အဲဒီမှာ ချမ်းသာသုခ ဆိုက်လာတာပဲဗျ။

တချို့ သပိတ်ထားရင်း၊ တချို့ သင်္ကန်း ဝတ်ရင်း၊ ရုံရင်းဗျ။ အဲသည်လိုဟာတွေ အများကြီးဗျ။ တချို့ ဒကာမကြီးတွေဆိုလျှင် ဟင်းချက်ရင်း ထမင်းချက်ရင်းဆို။ အဲဒါကြောင့်လဲဆိုလျှင် မပြတ်အောင် ထားလို့ဗျ။ အခုတော့ သူတို့မှာ တစ်ခါတစ်ခါ ကျလျှင် လုပ်မှာဗျ။ ဘယ်လိုလဲဆိုတော့ အခုအချိန်မှာ ချက်ရပြုတ်ရဦးမည်။ ဒီအချိန် မှာ မဖြစ်သေးဘူး။ ဘာလုပ်ရဦးမယ် ဆိုပြီး နေတာဗျ။ အခုနလို ဆောင်လျှင် မဖြစ်ဘူးလားဗျ။ (ဖြစ်ပါတယ် ဘုရား။)

အေး၊ ဖြစ်လျက်နှင့် ဒီအတိုင်းတိုင်း နေကြတာဗျ။ ရှေးက အရှင်တွေကျတော့ ဒီလို မဟုတ်ဘူး။ နားတာ မဟုတ်ဘူး။ တစ်ဆက်တည်း ရွက်ဆောင်တာဗျ။ ဒါကြောင့်မို့ သူတို့မှာ ထမင်းချက်ရင်း ဟင်းချက်ရင်း ဖြစ်တာဗျ။ နေရာကျတာဗျ။ ဒါကြောင့် အခု အရှင်တွေကတော့ သည်လိုတဲ့၊ သည်လို ဆောင်ကြတာဗျ။

တကယ်လို့ ထိနမိဒ္ဓ လာမယ်ဆိုလျှင် သည်အတိုင်းတိုင်း နေလျှင် သူက ဝင်ချင် ဝင်လာမှာဗျ။ ထိုင်ရင်းလည်း အိပ်လို့ ရပါတယ်၊ အေး၊ ဒါကြောင့် အခုနလိုထားပြီး နေမယ်ဆိုလျှင် အိပ်ချင်လာဦးမလား။ ကမင်းချက်ရင်း အိပ်ပျော်ဖူးသလားဗျ။

ဖြေ။    ။ အိပ်မပျော်ဘူးပါဘူး ဘုရား။ ထမင်းချက်ရင်း အိပ်ပျော်သွားလျှင် လက်မီးလောင်မှာ ဘုရား။

မေး။    ။ အေး၊ ဒါဖြင့် နေရာကျတာပေါ့ဗျ။ ဣရိယာပုထ်က ထိန မိဒ္ဓ လာနိုင်တဲ့ ဣရိယာပုထ် မဟုတ်ဘူး။ သည်တော့ ငါ မတော်လို့များ ထိန မိဒ္ဓ လာလျှင် အိပ်ပျော်သွားဦးမလားလို့ စိုးရိမ်ရဦးမလား။

ဖြေ။    ။ မစိုးရိမ်ရပါဘူး ဘုရား။

မေး။    ။ အေး၊ သည်တော့ ထမင်းလည်းချက်၊ ဟိုဟာလည်း လုပ်ဆိုတော့ မအိပ်ချင်တော့ဘူး ထင်ပါရဲ့။

ဖြေ။    ။ မအိပ်ချင်တော့ပါဘူး ဘုရား။

မေး။    ။ အေး အေး၊ နေရာကျလိုက်တာ။ အဲဒါ ပေါ့ဗျ။

ဖြေ။    ။ လွယ်ပါတယ် ဘုရား။

မေး။    ။ ဒါဖြင့် ဒကာကြီးက ဒီလို တစ်ဆက်တည်း ပါအောင် လုပ်ရဲ့လား။

ဖြေ။    ။ မပါသေးပါဘူး ဘုရား။ အိပ်ပျော်သွားတဲ့အခါ လွတ်နေပါတယ်ဘုရား။

မေး။    ။ အိပ်ပျော်တာက ဝီရိယ ကောင်းလို့လား၊ ဝီရိယ မကောင်းလို့လား

ဖြေ။    ။ ဝီရိယ မကောင်းလို့ အိပ်ပျော်သွားတာပါ ဘုရား။

မေး။    ။ ဝီရိယကောင်းလို့ လား။ ဝီရိယ ရှိလျက်နှင့် ဒကာကြီး မသုံးလို့လား။

ဖြေ။    ။ တပည့်တော်က မသုံးလို့ပါဘုရား။

မေး။    ။ သည်လိုပြောလျှင်တော့ ဟုတ်ပြီ။ နို့မဟုတ်လျှင် ဝီရိယက ခံချင်မှာ မဟုတ်ဘူး။ သူမခိုင်းလို့ပါဗျ။ လုပ်မှာဗျ။

အခုလည်းပဲ အားလုံးတို့ဟာ ဒီပြင်ဟာကတော့ လိုလှမယ် မဟုတ်ဘူး။ သူဟိုမှာ မှတ်ထားလိုက်တာ တွေကလည်း အများကြီး။ အကုန်လုံး နားလည်ပြီးသား၊ တွေချည်းပဲ။ အဲဒါတွေကတော့ ပြောဆိုဖို့ မလိုဘူး။ ဘာကြောင့်လဲ ဆိုလျှင် သုတ်က ဘယ်သင်း၊ အဘိဓမ္မာက ဘယ်သင်း၊ ဝိနည်းက ဘယ်သင်း၊ ခန္ဓာ အာယတန ဓာတ်၊ ပရမတ် သစ္စာ။ ဒါတွေ လျှောက်ပြောနေလျှင် သူတို့က တတ်ပြီးသား၊ နားလည်ပြီးသား တွေပါဗျာ။

ဒါပေမယ့် ဒါတွေ အကုန်ဟုတ်ဘူးဗျ။ ဒါတွေထဲက ကိုယ်နှစ်သက်တာ တစ်ခုခုဗျ။ အဲသည် ကိုယ်နှစ်သက်ရာ တစ်ခုခုကို အဟုတ်သာ ဝီရိယ ထူထောင်ကြဗျ။ ဝီရိယ ထူထောင် ကြပြီဆိုလျှင် ဘယ်ဟာက စလုပ်ရလဲဆိုလျှင် ရှေး အရှင်တွေက သည်လို ဆောင်ကြတာ။ တို့လည်းပဲ ထပ်တူထပ်မျှ သည်လိုဆောင်မယ်။ တိုလည်းပဲ ဝီရိယ ရှိ တယ်။ ဘုရား အဆုံးအမတွေလဲ ရပြီးသား။

သည်တော့ သည်လို အဆုံးအမ၌ တည်ပြီးသား ဖြစ်တော့ ချမ်းသာသုခတွေ ထပ်တူညီမျှ ရလိုတဲ့ ဆန္ဒတွေ ဖြစ်ပေါ်ပေါက်လာ။ ဖြစ်ပေါ်ပေါက်လာလျှင် ဝီရိယ ထက်ကြပ်ပါလာ။ ဝီရိယ ထက်ကြပ်ပါလာလျှင် အဲသည်လိုဟာတွေ ဆောင်တော့မှာပဲ။

ဆောင်တဲ့ နေရာမှာလည်း အရှင်တွေ ဘယ်လို ဆောင်တယ်။ ဘယ်လို ဖြစ်တယ် ဆိုတာလဲ သိနေပြီ။ ရှေးအရှင်တွေ သည်လိုဆောင်လို့ သည်လိုရတာ။ တို့လည်း သည်လို ဆောင်မယ်။ ဆိုတဲ့ ဆန္ဒတွေ ပေါ်လာမှာဗျ။ ဟုတ်ကဲ့လား။

ဖြေ။    ။ ဆန္ဒတော့ ပေါ်လာပါတယ် ဘုရား။

မေး။    ။ အဲသည်ဆန္ဒကိုရော မွေးထားရဲ့လား။

ဖြေ။    ။ မွေးထားပါတယ်ဘုရား။

မေး။    ။ တောက်လျှောက် မွေးရဲ့လား။

ဖြေ။    ။ တောက်လျှောက်တော့ မမွေးနိုင်သေးပါဘူး ဘုရား။

မေး။    ။ ဘာဖြစ်လို့လဲ။

ဖြေ။    ။ ဣဋ္ဌာရုံနှင့်တွေ့တော့ စိတ်က ကာမတရားတွေနှင့် ဆက်စပ်နေတော့ ဟိုဘက် လိုက်သွားပါတယ်ဘုရား။ အဲသည်အခါမှာ မေ့သွားပါတယ် ဘုရား။

မေး။    ။ ဒကာကြီး ရပ်ထားဆိုတဲ့ နေရာမှာထားတော့ ဘာပေါ်မှာ ထားရသလဲ ဆိုလျှင် ထားဆိုတဲ့ နေရာကလေးဟာ ရုပ်ပေါ် နာမ်ပေါ်မှာ ထားတာမဟုတ်လား။

ဖြေ။    ။ ရုပ်ပေါ် နာမ်ပေါ်မှာ ထားပါတယ်ဘုရား။ နှာသီးဝ ဆိုတာလည်း အများ သိအောင်သာ ပြောတာပါဘုရား။ ရုပ် ၂၈ ထဲမှာ ကာယပသာဒရုပ်နှင့် ဖောဋ္ဌဗ္ဗဓာတ်နှင့် ထိတဲ့အခါမှာ သိဆိုတဲ့ နာမ်တရား ကလေးဟာ ထိထိချင်း သိတယ်။ အဲသည်လို သိပျက် သိပျက် ဆိုတာကလေးကို အာရုံစိုက်ရင်း နေပါတယ်ဘုရား။

မေး။    ။ အဲသည်လိုဆိုတော့ အခုန ထားဆိုတဲ့ နေရာကလေးမှာ ထားလို့ နေတယ် ဆိုလျှင် ရုပ်နာမ်နှစ်ခုဟာ ဖြစ်ပြီးတော့ တပျက်တည်း ပျက်နေတာကို တသိတည်း သိမနေဘူးလား

ဖြေ။    ။ တစ်ဆက်တည်း သိနေပါတယ်ဘုရား။

မေး။    ။ သိနေလျှင် ဘယ့်နှယ်လဲဗျ။ အကုန်လုံးဟာ ရုပ်နှင့်နာမ်အပြင် ရှိသေးသလား။

ဖြေ။    ။ ရုပ်နာမ်အပြင် တစ်လောကလုံး ဘာမှ မရှိပါဘူးဘုရား။

မေး။    ။ သည်တော့ ဖြစ်ပြီးတော့ ပျက်နေတယ် ဆိုတာကို ဆိုပြီးတော့ မြင်နေတဲ့ အခါကျတော့ကော ဘယ်နှယ်လဲ။ အခုလိုဖြစ်ပျက်နေတဲ့ဟာကို နှစ်သက်ပါရဲ့လား။

ဖြေ။    ။ ဖြစ်ပျက်နေတဲ့ ဟာတွေက အနိစ္စမှန်း အစဉ်သိလျှင် မနှစ်သက်ပါဘုရား။

မေး။    ။ သည်လိုတော့ ထားတယ်မဟုတ်လား။

ဖြေ။    ။ ထားတော့ ထားပါတယ်ဘုရား၊ အနိစ္စမှန်းလည်း သိတယ်။ ဒါကို နိစ္စ ထင်ပြီး နှစ်သက်နေတာပါဘုရား။ အနိစ္စ လွတ်သွားတဲ့ အခါမှာ နိစ္စဟာ အင်မတန် ကောင်းတယ်လို့ ဆိုပြီး အာရုံကို စုံမက်တဲ့အခါမှာ သမုဒယဖြစ်ပြီးတော့ ဆင်းရဲဒုက္ခ ပြန်ဖြစ်ပြန်ပါရောဘုရား။

မေး။    ။ အဲဒါကတော့ ဒကာကြီးရယ်။ သူတို့ဟာ သည်နေရာကလေးမှာ သိတဲ့အချိန် ထားတဲ့အချိန်မှာ မဟုတ်ပါဘူး။ မထားတဲ့အချိန်မှာ ဖြစ်တာပါဗျ။

ဖြေ။    ။ တင်ပါ့ဘုရား၊ မထားတဲ့အချိန်မှာပါ ဘုရား။ ထားတဲ့အချိန်မှာတော့ အနိစ္စ လက္ခဏာကို မြင်လေတော့ နှစ်သက်ခြင်း တပ်မက်ခြင်း၊ လိုချင်ခြင်းတို့ ကင်းပါတယ် ဘုရား။

မေး။    ။ သည်တော့ အခုမလိုချင်တာ၊ မနှစ်သက်တာဟာ တော်တော်ကလေး ကြာတော့ ဘယ့်နှယ်လဲ။

ဖြေ။    ။ သည်လို အနိစ္စဉာဏ် ရင့်သန်လာလျှင် အနတ္တဉာဏ်လည်း ပေါ်လာ ပါလိမ့်မယ်ဘုရား။

မေး။    ။ သည်တော့ ဘယ်နှယ်လဲ ဒါတွေကို နှစ်သက်ပါဦးမလား။ လိုချင်ပါဦးမလား။

ဖြေ။    ။ မလိုချင်ပါဘူးဘုရား။ အနိစ္စလက္ခဏာကို အစဉ်အတိုင်း တဆက်တည်း သိနေခဲ့လို့ ရှိလျှင် အနိစ္စဖြစ်နေတာ ဒုက္ခပဲလို့ ဆိုပြီး ဒုက္ခသစ္စာကို တစ်ခါတည်း သိနေပါတယ်ဘုရား။ တပည့်တော်တို့ ရုပ်နာမ်ကို မသိလို့ ဆိုတာကတော့ သမုတိနယ်က ဒုက္ခပါဘုရား အမြဲတစေ ဖြစ်တဲ့ အနိစ္စကို အာရုံစိုက်နေတဲ့အခါမှာ ဒုက္ခသစ္စာကို ထင်မြင်ပြီးသား ဖြစ်နေပါတယ်ဘုရား။

မေး။    ။ သည်လိုဖြစ်နေတဲ့ အခါကျတော့ အခုဟာတွေ လာဦးမလား။

ဖြေ။    ။ မလာပါဘူး ဘုရား။

မေး။    ။ ဒါဖြင့် အခုလို သူ့အတိုင်းတိုင်း ထူထောင်သွားမယ် ဆိုလို့ရှိလျှင် မိုးလုံတော့ မိုးမယိုဘူးဗျ။ လွယ်လိုက်တာဗျာ။ ခက်သလားဗျာ။

ဖြေ။    ။ မခက်ပါဘူးဘုရား။

မေး။    ။ အဲဒါကြောင့်မို့ ရှေးအရှင်တွေဟာ ဘုရားအဆုံးအမကို ရကြပြီဆိုတော့ ရသည့် အချိန်ကစပြီး တို့တော့ စိတ်နှလုံးအလို တောင့်တတဲ့အတိုင်း ပြီးအောင်ဆိုပြီး သည်အတိုင်းတိုင်း မပြတ်ဘဲ ဆောင်တာဗျ။

ဆရာတော်။ ။ အဲသည်လို ဆောင်တဲ့အခါမှာ ဆောင်သည်အလျောက် ဝီရိယရှိတော့ ဝီရိယဣဒ္ဓိပါဒ်တွေ ပေါ်ပေါက်လာပြီး မြင့်မြတ် တိုးတက်လာတော့ အဲသည်အခါမှာ ပျော်ကြ ရွှင်ကြနှင့် အားမရ မရောင့်ရဲနိုင်ကြနှင့် အဲသည်လို ဖြစ်တာပဲဗျ။

ဆရာတော်။ ။ အဲဒါ ဘုရားရွှေလက်ထက်တော်ကသာ သူတော်ကောင်းတွေ သည်လို ဖြစ်တာ မဟုတ်ပါဘူး။ အခုလည်း သူတော်ကောင်း အစားစားတို့ဟာ သည်လို ဝီရိယ ထူထောင်ကြမယ်ဆိုလျှင် အဲသည်လိုပဲ ဖြစ်ပါလိမ့်မယ်ဗျ။ ဘယ်လို ဖြစ်မှာတုန်း ဆိုတော့ အခုနဟာတွေလိုပေါ့လေ။

ဆရာတော်။ ။ မြင်ရပြီ သိပြီ ဆိုတော့ ဥပမာ ဒကာကြီးများကို အထုပ်ကြီး တစ်ခု၊ အဝတ် လှလှ ကလေးနှင့် ထုပ်ပြီး လမ်းမှာ ချထားတယ်။ သည်အထုပ်ကြီးက အတွင်းမှာ မစင်တွေ ထည့်ထားတယ်ဗျ။ အဲဒါကြီးကို မြင်တော့ ဒကာကြီး ကောက်မှာလား။

ဖြေ။    ။ အထုပ်ကြီးက မျက်စိအမြင်မှာ အင်မတန်လှနေလျှင်တော့ ကောက်မှာပဲ ဘုရား။

မေး။    ။ ကောက်မိတော့ သည်အတိုင်း ထားမှာလား။ အတွင်းက ဘာရှိသလဲလို့ ဆိုပြီး ဖွင့်ကြည့်မှာလား။

ဖြေ။    ။ ဖွင့်ကြည့်မှာပါ ဘုရား။

မေး။    ။ အေး၊ အထဲက ရွှေတွေ စိန်တွေလား ဆိုပြီး ဖွင့်ကြည့်တော့ အတွင်းက မစင်ပုပ်တွေကို တွေ့ရော၊ တွေ့တော့ ဘယ့်နှယ်လဲ။

ဖြေ။    ။ လွှင့်ပစ်ချင်ပါတယ် ဘုရား။

မေး။    ။ အခုန လှလှကလေးကို တွေတုန်းကလို ပြုံးချင်သေးသလား။

ဖြေ။    ။ မပြုံးနိုင်ပါဘူး ဘုရား။

မေး။    ။ သည်တော့ ဒါကြီးကို ယူထားမှာလား။

ဖြေ။    ။ မယူထားပါဘူး ဘုရား။ တစ်ခါတည်းကို လွှင့်ပစ်လိုက်မှာပါဘုရား။

မေး။    ။ အဲသည်ဟာကို ယူမိတာ သူများကို ပြောဦးမှာလား။

ဖြေ။    ။ မပြောပါဘူးဘုရား။ သူများ မမြင်အောင် ကသီလင်တ ပစ်လိုက်မှာပါ ဘုရား။

မေး။    ။ အဲဒါ နှမြောလျက်နှင့် ပစ်မှာလား။

ဖြေ။    ။ မနှမြောပါဘူး ဘုရား၊ အင်မတန် ရွံရှာပြီး ပစ်ချင်လို့ ပစ်လိုက်တာပါ ဘုရား။

မေး။    ။ ဘယ်သူက ပြောရဦးမလဲ။ ဒါမကောင်းဘူး ပစ်လိုက်လို့ သူများက ပြောရဦး မလား။

ဖြေ။    ။ အပြော မစောင့်တော့ဘဲ ချက်ချင်း ပစ်လိုက်မှာပါ ဘုရား။

မဟာကရုဏာတော်

▬▬▬▬▬▬▬

မေး။    ။ အခုနတော့ နှစ်သက်ဖွယ် လှလှကလေးလို့ ဒကာကြီး ပြောတယ် မဟုတ်လား။ အဲ ဒကာကြီးက ဖြေမကြည့်လို့ ထင်ပါရဲ့။

ဖြေ။    ။ မကြည့်လို့ပါ ဘုရား။ တပည့်တော်ကို ပညတ်အမြင်မှာ အင်မတန် သဘောကျနေလို့ အနိစ္စ ဒုက္ခ အနတ္တလက္ခဏကို မမြင်သည့်အတွက် မျက်စိလှည့်စား တာကို ခံနေရပါတယ် ဘုရား။

ရှေးအရှင်တွေကတော့ ဒီလိုချည်းပဲဗျ။ ဘုရားပွင့်တော်မူတဲ့အခါ ကျပြီ ဆိုတော့ ဘုရား ထံမှောက်သို့ များစွာသော လူနတ်ဗြဟ္မာတို့ ရောက်ကြတယ်။ ရောက်ကြတဲ့အခါ ကျတော့ အတုအတူမရှိပါတဲ့ မဟာကရုဏာတော် အရှင်သခင်ကိုယ်တိုင် ထိုးသွင်းပြီး သိပါတဲ့အတိုင်း သိစေတော်မူတယ်

သိစေတော်မူတဲ့အခါမှာ ဘုရားအဆုံးအမကို မှတ်သားပြီးတော့ ဒါကတော့ လိုချင် လွန်းလို့တော့ အပြီးနာကြတာကိုဗျ။ အဲဒီလို မှတ်သားပြီးပြီဆိုတော့ မချတဲ့ ဝီရိယနှင့် တစ်ဆက်တည်းကြီးပါအောင် ဣရိယာပုထ် လေးဖြာမှာ ဒီလိုဆောင်ကြတာပဲဗျ

အဲဒီလို ဆောင်တဲ့အခါကျတော့ ဒါတွေက ဘယ်လိုလဲ ဆိုတော့ အမှန်တွေ မြင်ပြီးတော့ အမှန်တွေ သိကြတာတဲ့ဗျ။ သိတဲ့အခါ ကျပြီဆိုတော့ အခုနလို မစင်ပုပ်တွေကို မြင်ရသလောက် က, ပါ့မလား။

ဖြေ။    ။ မစင်ဘင်ပုပ်ကို ရတာထက် အနိစ္စ၊ ဒုက္ခ၊ အနတ္တကို မြင်တဲ့ ရှေး အရှင်ကောင်းများက သာပြီးတော့ စွန့်ပယ်ချင်ပါတယ် ဘုရား။

မေး။    ။ ဒါကို ဒကာကြီးက သာသာလေး ယူထားမလား။

ဖြေ။    ။ ယူမထားပါဘူးဘုရား၊ ချက်ချင်း ပယ်လိုက်မှာပါ ဘုရား။

မေး။    ။ အဲ့ဗျာ သိသည်နှင့်တစ်ပြိုင်နက် ဘယ့်နှယ်လုပ်မလဲ။

ဖြေ။    ။ သိသည်နှင့် တစ်ပြိုင်တည်း ပယ်မှာပါ ဘုရား။

ဆရာတော်။ ။ အခုလည်းပဲ ဘုရားဆုံးမတဲ့ အဆုံးအမတွေကို လိုက်နာ၊ လိုက်နာပြီ ဆိုမှဖြင့် မြင်မယ်။ မြင်ပြီဆိုမှဖြင့် သိမယ်။ သိလျှင် အဲဒီလိုဖြစ်တာပဲဗျ။ ဒါကြောင့် ဘုရားရွှေလက်ထက် တော်က အရှင်မြတ်တွေဟာ ရှင်ဘုရင်တွေ၊ သူဌေးတွေ အစားစားတွေဟာ ဒီလိုပါပဲဗျ။ ဘုရား ဆုံးမတဲ့အတိုင်း မှတ်ပြီးတော့ လိုက်နာ လိုက်နာတဲ့ အခါကျတော့ ဒီလို ဟာတွေနှင့် နေသေးရဲ့လား။

ဖြေ။    ။ မနေတော့ပါဘူး ဘုရား။

မေး။    ။ အေး၊ ဘုရားရွှေလက်ထက်တော်က ပညာအရာမှာ ဧတဒင်္ဂ ရတဲ့ သူဌေးမကြီး ဘယ်သူလဲဗျ။

ဖြေ။    ။ ဓမ္မဒိန္နလား ဘုရား။

ခေမာအရှင်မ

▬▬▬▬▬

မဟုတ်ဘူးဗျ။ ခေမာရှင်ဘုရင်မကြီးဗျ။ သူမှာက ပါရမီ ရှိပြီးသားဗျ။ ဘုရားရှင် ကြွလာတော်မူတော့ သူက ပါရမီရှိပြီးသားဖြစ်တော့ ဘုရားရှင်က ဘယ်လို ဆုံးမတော်မူတယ်။ ဘယ်ကဲ့သို့ ဆိုတာကတော့ သူများပြောလို့ သိထားတာကိုးဗျ။ ဒီတော့ သူက တော်သလို ဟောတာလေးကိုတောင် ဘုရားရှင်က ကဲ့ရဲတော်မူတယ်။

ငါ့ဆိုလျှင်ဖြင့် ပိုပြီး ကဲ့ရဲ့တော်မူမှာပဲလို့ စိတ်က ထင်နေတာကိုးဗျ ။ ဒီတော့ သူက ဘုရားထံမှောက်သို့ မသွားဘူးတဲ့။ သူ မသွားက ဒါကြောင့် မသွားတာ၊ သူက အလှဆုံး မို့လို့ဗျ။ နောက်ကျတော့မှ ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးဟာ သူလို ထပ်တူညီမျှ ဖြစ်စေချင်တာကိုးဗျ။

သို့သော်လည်း ဘုရားရှင်ထံကို သွားဖို့အကြောင်း ဟိုလိုခိုင်းလို့ နင်သွားဟဲ့ မသွားဘူးလား ဆိုလျှင်ကော ဖြစ်တော့ဖြစ်မှာပဲ သို့သော်လည်းပဲ ဒီလိုဆိုလျှင် ရှင်ဘုရင်မကြီးကို ဒီလိုပြောမယ်ဆိုလျှင် ခပ်ရိုင်းရိုင်း ဖြစ်မှာစိုးလို့ သွားချင်အောင် လုပ်ရသတဲ့ဗျ။

ဘယ်လိုလဲဆိုလျှင် ဥယျာဉ်တော်များ သာယာပုံကို ကဗျာဖွဲ့တတ်တဲ့ လူတွေကို ခိုင်းတယ်။ ကဗျာကလည်း သွားချင်စိတ်တွေ ပေါ်လာအောင်ဖွဲ့ပြီးတော့ အဲဒါတွေကို နန်းတွင်းနန်းပြင်မှာ သီကုံးစေတယ်။

အဲဒီလို သီကုံးနေတာကို ကြားတော့ သူက အဟုတ် သွားချင်တာဗျ။ အရင်တုန်းကတော့ ရောက်နေကြပါပဲ။ အခု ဘုရားရှင် သီတင်းသုံးတော်မူနေလို့ မသွားတာဗျ။ ဒီတော့မှ ဘုရင်ကြီးကို သံတော်ဦးတင်တာဗျ။ ဒီလို သံတော်ဦး တင်တော့ ရှင်ဘုရင်က သဘောကျတာပေါ့ဗျ။ သူကတော့ သွားစေချင်တာကိုဗျ။

အဲဒီကိုသွားလျှင် နေရာကျမှာကို သိလို့ဗျ။ အေး အေး သွားဆိုပြီးတော့ သွားစေချင် တယ်ဗျ။ နောက်ကျမှု အမတ်တွေကို မှာလိုက်တယ်။ ဟဲ့ နင်တို့ ရှင်ဘုရင်မကြီးဟာ ဘုရားထံမှောက်သို့ ရောက်ပါစေ။ တကယ်လို့ မရောက်ဘဲနှင့် ဥယျာဉ်တော်ကတွင် လှည့်ပြန်လာလျှင် အာဏာ ဟဲ့လို့ မှာလိုက်တာဗျ။

ဒီကျတော့မှ မှူးမတ်တွေက မှန်လှပါ အရှင်မကြီး ဘုရား။ ဘုရင်မင်းမြတ်က အမိန်တော် မှတ်လိုက်ပါတယ်။ ဘုရားရှင်ထံမှောက်သို့ ရောက်ရပါမယ်။ မရောက်လျှင် အာဏာပါလို့ သံတော်ဦးတင်တော့မှ သွားတယ်ဗျ။ သွားတော့ သူနှင့်တည့်အောင် သူရားရှင်က ပြထားတယ်မဟုတ်လား။ ဒီကျတော့မှ ဘုရားရှင်က ချစ်သမီးရယ် ဆိုပြီး အမှန်ကို သိအောင် အခုန ရုပ်နာမ်ပေါ်ကို ရှုစေတာ မဟုတ်လား။ အစတော့ ဒီလိုလုပ်တာ၊ တော်တော်ကြာ ဒီလိုဖြစ်တာပဲမဟုတ်လား။

အဲသည်တော့ အခုနဟာတွေကို သေသေချာချာမြင်တဲ့ အခါကျတော့ အထမြောက် ပြီးစီးသွားတာဗျ၊ ခဏလေးရယ်ဗျ၊ အဲဒီကျတော့မှ ဒီလိုဖြင့် မဖြစ်ဘူးဆိုပြီး အရင်တုန်းကလို မဟုတ်တော့ဘူးဗျ၊ အဲသည်လို မြင့်မြတ်တဲ့ အဖြစ်ကို ဖြစ်ကြပြီ ဆိုမှဖြင့် ယုတ်ညံ့တဲ့ အသွင်က ခံနိုင်တာ မဟုက်တော့ဘူးဗျ။

ယုတ်ညံ့တဲ့ အသွင်အပြင်ဆိုတာ အခုန သူ့ရဲ့အသွင်အပြင်ပေါ့ဗျ။ ဒီလို အမြင့်အမြတ် တွေကို ဆိုက်လာတော့ မခံနိုင်ဘူး။ ဒီတော့ ဘယ့်နှယ်ပြုရသလဲ၊၊ မြင့်မြတ်တဲ့ အသွင် အပြင်နှင့်မှသာ တည်နိုင်တာဗျ၊ ဒါကြောင့် ထီးမွေနန်းမွေကို စွန့်ပြီး ဘုရင်မင်းမြတ်ထံ တောင်းပန်တာဗျ၊ ဘုရားကျွန်မသည် အရှင်မင်းကြီး ခွင့်ပြုမယ်ဆိုလျှင် သာသနာ ဘောင်ဝင်ပြီး သာသနာဝန်ကို ထမ်းချင်ပါတယ်ဘုရားလို့ လျှောက်တယ်တဲ့ဗျ။ သည်တော့မှ ဘုရင်မင်းမြတ်က ဝမ်းသာတာပေါ့ဗျာ။

လျှောက်။  ။ ဒီခေမာမိဖုရားကြီးဟာ တစ်ခါတည်းပဲ အရဟတ္တမဂ် ဖြစ်သွားသလား ဘုရား၊ သို့မဟုတ် သောတာပန်လောက် အဆင့်အတန်း ရောက်သလားဘုရား။

ဆရာတော်။ ။ သူကတော့ တစ်ဆက်တည်း၊ တစ်ပြိုင်နက်တည်း အရဟတ္တမဂ် ဖြစ်သွားတာဗျ။

လျှောက်။  ။ ရှေးအရှင်ကောင်းများကတော့ မျက်စိနှင့်မြင်တာကို ပဓာန မပြုဘဲ ရုပ် နာမ်၏ အနိစ္စလက္ခဏာကို စွဲစွဲမြဲမြဲ မပြတ် မြင်သောကြောင့် သောတာပန်၊ သကဒါဂမ်၊ အရဟတ္တမဂ် တစ်ဆက်တည်း ဖြစ်သွားပါသလားဘုရား။

မေး။    ။ ဒါကတော့ သူတို့ စပြီးသွားတာက အခုလိုဖြစ်တော့ အခုလိုဖြစ်တာပေါ့ဗျ။ ဒကာကြီး၊ ဒကာမကြီးတွေက ကုသိုလ်ပြုတုန်းက နှေးနှေး ပြုတော့ အခုလည်းပဲ နှေးနေတာ ထင်ပါရဲ့။

ဖြေ။    ။ တပည့်တော်တို့ကတော့ နှေးနှေးနေပါတယ် ဘုရား။

မေး။    ။ တစ်ဆက်တည်းပြုရင် ဘယ့်နှယ်လဲ။

ဖြေ။    ။ တစ်ဆက်တည်းပြုတော့ တစ်ဆက်တည်း တူသောအကျိုးပေးမှာပါ ဘုရား။

မေး။    ။ ဒကာကြီးက နှေးတဲ့ဟာကို သဘောကျသလား။ တစ်ဆက်တည်းကို သဘောကျသလား။

ဖြေ။    ။ တစ်ဆက်တည်းကို သဘောကျပါတယ်။

မေး။    ။ အဲသည်လို သဘောကျလျှင် အဲသလိုလုပ်ဗျ။

ဖြေ။    ။ အဲ့ဒါကတော့ မြင့်လွန်းအားကြီးလို့ မလှမ်းဝံ့ပါဘူးဘုရား။

မေး။    ။ အခုတော့ အဲဒါ ကြိုက်တယ်ဆိုပြီး ယခုတော့ ဘယ့်နှယ်ဖြစ်တာလဲ။

ဖြေ။    ။ ကြိုက်တော့ ကြိုက်ပါတယ် ဘုရား။ ဒါပေမယ့် နည်းနည်းတော့ သောတာပန် အဖြစ်နှင့် နတ်ပြည်တို့ဘာတို့မှာ အပျော်အပါးကသေးတော့ ခံချင်ပါသေးတယ်ဘုရား။

မေး။    ။ နေပါဦး ဒကာကြီးရဲ့ အိုရတာ၊ နာရတာ၊ သေရတာ ပျော်ပါ့မလား။

ဖြေ။    ။ တပည့်တော်ကတော့ နည်းနည်း အိုချင်သေးတယ် ဘုရား။ လေးငါး ခြောက်ခါ လောက်တော့ အိုချင်ပါသေးတယ်။ နာတာကတော့ နတ်များ မနာရဘူးလို့ ထင်ပါတယ် ဘုရား။

မေး။    ။ ကဲပါဗျာ၊ ဒါဖြင့် ဒကာကြီးများရဲ့ ရှင်ဘုရင်တွေ၊ သူဌေးတွေ၊ သိကြားတွေ၊ နတ်တွေ ဗြဟ္မာတွေ မရှိဘူးလား၊ သူတို့တစ်ယောက် တည်းလားဗျ။

ဖြေ။    ။ အများကြီးပါ ဘုရား။

မေး။    ။ အဲဒီ အများကြီးက ဘယ့်နှယ်တုန်းဗျ။ ခိုင်မြဲနေမှာလား။

ဖြေ။    ။ မမြဲပါဘူးဘုရား၊ သေမျိုးချည်းပါပဲဘုရား။

မေး။    ။ ဒီတော့ အခုနတည်ပြီးတော့ နေတဲ့ဥစ္စာတွေဆိုပြီး အဲဒါတွေ ချွတ်ချော် တိမ်းပါးလို့ သေတာမဟုတ်ဘူးလား။

ဖြေ။    ။ ဖြစ်ပါတယ်ဘုရား။

မေး။    ။ အဲသည်အခါမှာ ဒကာကြီးက ပြုံးပြုံးကြီး နေနိုင်မှာလား။

ဖြေ။    ။ အင်မတန် ဆင်းရဲမှာပါဘုရား။

မေး။    ။ ရှင်ဘုရင်မကြီး ဆိုပါတော့ဗျာ။ ဒကာကြီးက ဘယ့်နှယ်လဲ ပြုံးပြုံးကြီး နေမှာလား။

ဖြေ။    ။ မပြုံးပါဘူးဘုရား။ တော်ရုံလောက် ဝမ်းနည်းမှာပါဘုရား။

မေး။    ။ ဘယ့်နှယ်ကြောင့်လဲ။

ဖြေ။    ။ တပည့်တော်က ရှင်ဘုရင်ကြီးကို ဘုရား။ တခြား ရှင်ဘုရင်မတွေက အများကြီး ကျန်ရစ်ခဲ့ဦးမှာကိုးဘုရား။

မေး။    ။ ဒါဖြင့် ဒကာကြီးက ပြုံးပြုံးကြီး နေမှာလား။

ဖြေ။    ။ ပြုံးတော့ မပြုံးပါဘူးဘုရား။ နှမြောစုံမက်တော့ ဝမ်းနည်းမှာပါ ဘုရား။

မေး။    ။ ဝမ်းနည်းတော့ ဘယ့်နှယ်လဲ။

ဖြေ။    ။ ငိုတန်ငိုရမှာပါဘုရား။

မေး။    ။ ငိုတာ ဝမ်းနည်းလို့လား။ အဲဒါ ကောင်းသလားဗျ။

ဖြေ။    ။ မကောင်းပါဘူးဘုရား။

မေး။    ။ တစ်ခါတလေ အဲသည် သားသမီးတွေ နေမကောင်းလျှင် ဘယ့်နှယ်လဲ။ ဒကာကြီး ပြုံးပြုံးကြီး နေမှာလား။

ဖြေ။    ။ မနေပါဘုရား။ တပည့်တော် စိတ်ပူနေမှာပဲ ဘုရား။

မေး။    ။ အဲဒါ ကောင်းသလားဗျ။

ဖြေ။    ။ မကောင်းပါဘူးဘုရား။

မေး။    ။ မကောင်းလျှင် အခုနလို ရှင်ဘုရင်များ လုပ်ချင်သေးသလား။

ဖြေ။    ။ လုပ်ချင်ပါသေးတယ်ဘုရား။

မေး။    ။ အဲသည်လို ငိုနေသေးသလား။

ဖြေ။    ။ တပည့်တော်တို့က ငိုရတာကိုပဲ ပျော်နေပါတယ်ဘုရား။

မေး။    ။ ဒကာကြီးကကော အဖျားအနာ လွတ်မှာလား။

ဖြေ။    ။ မလွတ်ပါဘူးဘုရား။

မေး။    ။ ဖျားရတာ ကောင်းသလား။

ဖြေ။    ။ တပည့်တော်တို့က ဖျားနေတဲ့ အခါမှာလည်း ပျော်ပျော်ပဲ ဘုရား။ ငါပျောက်လျှင် ဘယ်ထမင်းစားပွဲ သွားလိုက်မယ်။ ဘယ်ရက်ချိန်းတော့ဖြင့် မီတန် ကောင်းရဲ့လို့ ဆိုပြီး ပြုံးပြုံးကြီး ပျော်ပျော်ပဲဘုရား။

မေး။    ။ အဟုတ်ဖျားနေတဲ့ အခါမှာရော။

ဖြေ။    ။ အဟုတ်ဖျားတော့လည်း အံမယ်လေး ဘာလေးနှင့် သည်းနေတာပါပဲဘုရား။

မေး။    ။ အဲဒါကတော့ ပျော်သလား။

ဖြေ။    ။ မပျော်ပါဘူးဘုရား။ သို့သော်လည်း တပည့်တော်တို့ ပုထုဇဉ်တွေ ပုပုရွရွ မှန်သမျှမှာ ဒီလိုဒုက္ခတွေနှင့် ပျော်ပျော်ပဲ နေကြတာဘုရား။

မေး။    ။ အဲသည်လို နေကြရင်းနှင့် သေသွားလျှင် ဘယ်ရောက်မယ်။

ဖြေ။    ။ အပါယ်ရောက်မှာပဲဘုရား။

မေး။    ။ ပြီးတော့ ပျော်ပျော်ကြီး ပြုံးပြုံးကြီးနှင့် သေသွားရင်ကော။

ဖြေ။    ။ ပျော်ပျော်ကြီး ပြုံးပြုံးကြီးစိတ် လောဘစိတ်တို့နှင့် သေသွားလျှင် အပါယ် ရောက်မှာပါပဲဘုရား။

မေး။    ။ အခုနလို စိတ်ထဲ သဘောမကျလို့ သေသွားရင်ကောဗျာ။

ဖြေ။    ။ ဒေါမနဿစိတ်နှင့် အပါယ်ရောက်မှာပဲဘုရား။

မေး။    ။ ဒီလိုမဟုတ်ဘဲ ဟိုရောက် သည်ရောက်စိတ်နှင့် သေသွားလျှင်ကော။

ဖြေ။    ။ မောဟစိတ်နှင့် အပါယ်ရောက်မှာပဲဘုရား။

မေး။    ။ ဒီတော့ ဒကာကြီးက ပြုံးချင်တာကို ပြုံးရပါဦးမလား။

ဖြေ။    ။ ပြုံးရမလားလို့ လုပ်လာတာ ဒုက္ခချည်း တွေ့နေပါတယ်ဘုရား။

မေး။    ။ တစ်ခါ နေရာမကျ ဘယ်လောက် ကြာနေမှာလဲ။

ဖြေ။    ။ အကြာကြီးဘုရား။

မေး။    ။ ဘယ်လောက်ကြာမလဲ။

ဖြေ။    ။ ကုဋေပေါင်း အတော်ကြာကြာကြီး ငရဲမှာ ခံမှာပါဘုရား၊ ဘယ်လောက်ကြာ မလဲဆိုလျှင် တချို့ ကမ္ဘာနှင့်ယှဉ်ပြီးတော့ ခံရပါတယ် ဘုရား။

မေး။    ။ အဲသည်လိုများ ခံချင်သေးသလား။

ဖြေ။    ။ မခံချင်ပေမယ့် ချမ်းသာတစ်ခုကို အာရုံပြုပြီး ဆင်းရဲကြီး ဖြစ်အောင် လုပ်တဲ့ ပုထုဇဉ်တွေပါဘုရား။

ဆရာတော်။ ။ အဲဒါဟာ အခုနလို မမြင်ချင်လို့ဗျ။ ဒါကြောင့် အခုနလိုဟာတော့ မလုပ်ကြနှင့်။ ဘာရယ်ညာရယ်လို့ ရွေးနေလို့ မဖြစ်ဘူး၊ အခုန ထားဆိုတဲ့ နေရာကလေးမှာသာ သံသရာ တစ်လျှောက်လုံးအတွက် အေးချင်တယ် ဆိုလျှင် အဲသည်လိုထားဗျ။

ဆရာတော်။ ။ ရှေး အရှင်တွေဟာ ခဏလေးရယ်ဗျ။ အစကတော့ ပြုံးပြုံးကြီးနှင့် နေရ ကောင်းမလားလို့ ဆိုပြီး နေတာပဲဗျ။ နောက်ကျတော့ ဘုရားရှင်နဲ့ တွေ့တဲ့အခါ သဗ္ဗညုတ အရှင်သခင်ဖြစ်တော့ ဒင်းတော့ ဒါနှင့်မှ ဖြစ်မှာဆိုပြီး သူ့ကို တရားတစ်မျိုး ဟောရတာ မဟုတ်ပါဘူးဗျာ့။

ဆရာတော်။ ။ အဲသည်ကျတော့မှ သူ နားလည်လောက်အောင် ပြုတော့မှ ဖြစ်တော့တာတဲ့ဗျ။ ချစ်သမီးရယ်ဆိုပြီး သာသာကလေးရယ်ဗျ။ ဒီတော့မှ တရားနေစဉ်မှာပဲ အရဟတ္တမဂ် ဖြစ်တာဗျ။

ဖြေ။    ။ အခု တပည့်တော်တို့ တရားနာတဲ့ အချိန်လောက်တောင် ကြာချင်မှကြာမှာပါ ဘုရား။

မေး။    ။ အေး၊ အဲဒါက ထားဆိုတဲ့နေရာမှာ ထားလိုက်တာကိုးဗျ။ ဒကာကြီးများက အဲသည်လို ထားရဲ့လား။

ဖြေ။    ။ တပည့်တော်တို့တော့ ထားတာပါပဲဘုရား။ ထားတော့လည်း နေတယ် ဆိုပေမယ့် လွတ်တာတွေကတော့ များပါတယ် ဘုရား။

မေး။    ။ လွတ်တာက တစ်ရက်မှာ ဘယ်လောက်များသလဲ။

ဖြေ။    ။ အတော်တော့ များပါတယ် ဘုရား။

မေး။    ။ ဘယ်လောက်လဲဗျ။ နာရီနှင့်ပြောစမ်းပါဗျ ။ တစ်ရက် ဘယ်နှစ်နာရီ ရှိသလဲ။

ဖြေ။    ။ နှစ်ဆယ့်လေးနာရီ ရှိပါတယ် ဘုရား။

မေး။    ။ အဲဒီမှာ လွတ်တာ ဘယ်နှစ်နာရီလဲ။

ဖြေ။    ။ နာရီနှစ်ဆယ်ကျော် ဆိုပါတော့ဘုရား။

မေး။    ။ နှစ်ဆယ်က ငါးနာရီ ကျော်တာလားဗျ။

ဖြေ။    ။ ဒါတောင် နည်းနေမလား မသိပါဘူး ဘုရား။

မေး။    ။ ဟုတ်ပါတယ်ဗျာ။ သို့သော်လည်းပဲ လိုတာကိုသိလျှင် နေရာကျလှပြီ မဟုတ်လားဗျ။

ဖြေ။    ။ တပည့်တော်တို့မှာ အင်မတန် လိုပါတယ်ဘုရား။ နှစ်ဆယ့်လေးနာရီမှာ နှစ်ဆယ်ကျော်ပါတယ်ဘုရား။

မေး။    ။ ခြောက်နာရီလောက်များ ကျော်လျှင်တော့ ကောင်းရောဗျ။

ဖြေ။    ။ သူများဆီကကို ချေးရမှာပါပဲဘုရား။

ဆရာတော်။ ။ အေးအေး လိုတာကိုသိလျှင် နေရာကျပါပြီ။ အခု ဒကာကြီးတို့မှာက ပါရမီကလည်း ရှိပြီးသားဗျ။ အဲ့ဒါ ယူရုံကလေးကို မယူတာဗျ၊ အခုန ခေမာဘုရင်မကြီးဟာ နေရာ တကာ အကုန်ပါပြီးသားဗျ။

လျှောက်။  ။ အဲဒီ ဘုရင်မကြီးဟာ မိဖုရားအဖြစ်နှင့် အရဟတ္တမဂ်နေလို့ မဖြစ်ဘူးလား ဘုရား။

ဆရာတော်။ ။ မဖြစ်ဘူးဗျ။ သူ့မှာ အခုနဟာ တူမှမတူနိုင်ဘဲကို။ ဒီတော့ ပရိနိဗ္ဗာန် စံဝင်ရမယ်

လျှောက်။  ။ ဒကာကြီးက ဒီအဝတ်အစားနှင့် လူ့ပြည်မှာနေလျှင် အရဟတ္တဖိုလ် မဖြစ်နိုင်ဘူးလား ဘုရား။

ဆရာတော်။ ။ တူလို့ မရဘူးဗျ ။ ဒီအတိုင်းနေလျှင် ပရိနိဗ္ဗာန် စံဝင်ရမယ်

လျှောက်။  ။ ချက်ချင်းပဲလားဘုရား။

ဆရာတော်။ ။ ချက်ချင်းဆို ရက်မဆိုင်းရဘူးဗျအရဟတ္တမဂ် အရဟတ္တဖိုလ် ဖြစ်လျှင် ခုနလို မကိုဋ်တွေ၊ သရဖူတွေနှင့် မနေနိုင်ဘူး။ ဒါကြောင့် အခုနလို ရှင်ဘုရင်ထံမှာ တောင်းပန် ပြီးတော့ မြင့်မြတ်တဲ့ အသွင်အပြင်နှင့်ဆိုတော့ အားလုံး အစီးအပွားတွေ ဘာတွေ ဆောင်နိုင်တာဗျ။

ဆရာတော်။ ။ အဲဒါ မြင့်မြတ်တဲ့ အသွင်ဗျ။ အဲဒီ အသွင်အပြင်ဟာ အင်မတန် မြင့်မြတ်တယ်ဗျ။ ဘယ်ထိအောင် မြင့်မြတ်သလဲဆိုလျှင် တို့ ယနေ့ ရဟန်းပြုတဲ့ ဥပသမ္ပဒကံဆောင်တဲ့ ရဟန်းများကို ရဟန္တာဖြစ်တဲ့ သာမဏေငယ်များက ဝတ်ကြီးဝတ်ငယ် ပြုနိုင်တယ်။ ရှိခိုးပူဇော်ခြင်း ခံနိုင်တယ်။ အရဟတ္တဇဆိုတာက ဒီလိုခံနိုင်တယ်။ အရဟတ္တမဂ် အရဟတ္တဖိုလ်ရတဲ့ ရဟန်းများက အင်မတန် မြင့်မြတ်တာဗျ။

ဆရာတော်။ ။ ဒါကြောင့် ကိုယ်က တောင့်တတဲ့ အတိုင်းဟာ အကုန် နေရာကျလာမှာဗျ။ တိုးမပြုရပါဘူးဗျ။ အရဟတ္တမဂ်ကိုရင်က ယနေ့ ပုထုဇဉ်ရဟန်းကို ရှိခိုးပူဇော်ရတယ်။ ယနေ့ပြုတဲ့ ရဟန်းကိုလည်း ခေမာမိဖုရားတို့လို ရဟန်း ဒကာမကြီးတွေက ရှိခိုးရတယ်။

လျှောက်။  ။ ယနေ့ပြုတဲ့ ရဟန်းကိုလည်း ခေမာမိဖုရားကြီးတို့လို ရဟန်း ဒကာမကြီးတွေက ရှိခိုးရမှာလားဘုရား။

ဆရာတော်။ ။ ရဟန္တာမကြီးတွေကတော့ ရဟန်းယောက်ျားကို ရှိခိုးရမှာပဲဗျ။ အဲဒီလို ကြီးကျယ် ခမ်းနားတာဗျ။ ဒီတော့ အင်မတန် ကျေးဇူးဂုဏ်တွေ များတယ်။

ဆရာတော်။ ။ ဒီတစ်ခါပဲ ကျေးဇူးဂုဏ်တွေ ရှိတဲ့ဟာကို ပူဇော်ကြရ ကြည်ညိုကြရတယ် ဆိုလျှင် ခဏကလေးဖြစ်ဦးတော့ စိတ်နှလုံးအလို တောင့်တတဲ့အတိုင်း ပြီးနိုင်တယ်ဗျ။ အဲဒီလို မြင့်မြတ်တာဗျ။

ဆရာတော်။ ။ ဒါကြောင့် အချိန်အခါ ဘဝက ကောင်းပါတယ်ဗျ။ အဲ့ဒီလို အချိန် ဘဝကောင်းတာ သိပြီးပြီဆိုတော့ ရှေးအရှင်တွေကတော့ ကိုယ်လိုချင်တာတွေကို ဝီရိယထူထောင်ပြီးတော့ ယူတော့ ရတယ်

ဆရာတော်။ ။ ဘယ်လို ယူသလဲဆိုတော့ အချိန်တိုင်း အချိန်တိုင်း ယူလို့ရပါတယ်။ ယခုလည်း မြင့်မြတ်တဲ့ အချိန်အခါ ဘာကို သိပြီးတော့ ပြည့်စုံအောင် ကြိုးစားကြ၊ အားထုတ်ကြဗျ။

 

(ဝေဘူဆရာတော်)

 

စာညွှန်း -
ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိနှင့် ကျင့်စဉ် -
မောင်ကျော်ညွန့် (မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ)

အာစာရနှင့် ဒဿနအရိယာ တည်အောင် ကြိုးစားကြ

▬▬▬ஜ۩۞۩ஜ▬▬▬

[ကြည်ညိုစရာတွေ အပုံရှိ၍ ကြည့်ပြီး ကြည်ညိုရမည် ဖြစ်ကြောင်း သီဟိုဠ်ကျွန်းတွင် မထေရ်ကြီးတစ်ပါးအပေါ် ရဟန်းငယ် တစ်ပါးက အထင်လွဲမိပုံကို ပမာဆောင်၍ အာစာရ အရိယာ၊ ဒဿန အရိယာတွေ ဖြစ်အောင် ကြိုးစားကြရန် ဝေဘူဆရာတော် ဘုရားကြီးက ၁၉၅၅ ခု၊ မလ ၁၉-ရက်နေ့ညက ရန်ကုန်တက္ကသိုလ်ဓမ္မာရုံ၌ တိုက်တွန်း ပြောတော်မူသော တရားတော် ဖြစ်ပါသည်။]

ဝေဘူဆရာတော်အရှင်မြတ်သည် ပထမဦးစွာ ရှစ်ပါးသီလ ပေးပြီးနောက် အောက်ပါအတိုင်း တရားတော်ကို ချီးမြှင့်ပါသည်။
တရားနာခံအဖြစ် ဦးလှက ဆောင်ရွက်သည်။

သိကြားမင်းဟာ ဝေဇယန္တာနန်းကနေပြီး ရထားနဲ့ သွားစရာ လာစရာရှိတဲ့ အခါမှာ ရထားပေါ်မတက်ခင် အောက်မျက်နှာကို ရှေးရှုပြီး တစ်ခါတည်းရှိခိုး ပူဇော် လိုက်သေးသတဲ့။ အောက်လူ့ဘုံရပ်ထံ ရှေ့ရှူပြီးတော့ အဲသည်လို ရှိခိုး ပူဇော်တဲ့ အခါကျတော့မှ ဘယ်လိုတုန်းဆိုတော့ မာတလိက သူရဲ့ရထားမှူး မဟုတ်လား။ သည်တော့မှ သိကြားမင်းကို မေးတာတဲ့ဗျ။

“အောက်မျက်နှာ အဖို့မှာ အရှင်သိကြားမင်း ရှိခိုး ပူဇော်ထိုက်တဲ့ လူအများ ရှိပါသေးသလား” လို့ မေးတဲ့ အခါကျတော့မှ “ရှိတယ် မောင်မာတလိရဲ့”တဲ့။ ဘယ်သူလဲဆိုလျှင် အခုနကပြောတဲ့ လူ့ခွင်၌တည်ပြီးတော့ တရားသဖြင့်တဲ့ဗျ။ တရား သဖြင့် ပစ္စည်းဥစ္စာ ရှာပြီးပြီဆိုတော့ အခုနကပြောတဲ့ သားသမီးအစ ရှိသည်တို့ကို ကျွေးမွေးကြ သူတွေဗျ။ တရားသဖြင့်တဲ့နော် ကြားလား “အဲသည် လူတွေကို ရှိခိုး မာတလိရဲ့”လို့ ပြန်ပြောတယ်တဲ့ဗျ။ အဲဒါ သူတော်ကောင်းတွေကို ရှိခိုးတာဗျ။

လျှောက်။ ။ ဒါဖြင့် တပည့်တော်တို့လည်း သိကြားမင်း အရှိခိုး အတော် ခံပြီးပြီ ထင်တယ်ဘုရား။

တဒင်္ဂပဟာန် ဆိုရင်တော့ ဖြစ်သွားမှာပဲ၊ အခု ဒကာကြီး ဒကာမကြီးတွေ လုပ်တာ ကိုတော့ ဟုတ်တယ် မဟုတ်ဘူးလို့ မပြောနိုင်ဘူးဗျ။ တရားသဖြင့် ရှာကြံပြီး သားသမီးများကို ကျွေးတဲ့နေရာမှာ ဘယ်လိုတုန်းဆိုတော့ နေရာတိုင်းမှာ ကိုယ်နှင့် နှုတ်နှင့် စိတ်နှင့် ဆောင်ကြတဲ့ အခါကျတော့ အခုလို ဟုတ်ကဲ့လား။ ဘယ်နေရာမှ စိတ်ကလေးကို မသွားရအောင် စူးစူးစိုက်စိုက်ထားသလား။

ဖြေ။ ။ သည်လိုတော့ မဟုတ်ပါဘုရား။ မောပန်းတကြီးရှာပြီးတော့ သားသမီးတွေကို ကျွေးမွေးတာပဲဘုရား။

အေးလေ … ဆိုထားတာက ဓမ္မေနဒါရံတဲ့ဗျ။ တရားသဖြင့် ရှာကြံပြီးတော့ ကျွေးမွေးတဲ့သူတွေ ရှိတယ်တဲ့ဗျ။ အဲသည်လူတွေကို ရှိခိုးတာ မာတလိရဲ့တဲ့ဗျ။ သည်တော့ အခုနက သိကြားမင်း ရှိခိုးတာမှာ ဒကာကြီး ပါတယ် မပါဘူးဆိုတာ ဒါနှင့်သာ ချိန်ကြည့်ပေတော့ဗျာ။

တို့ကတော့ ဒကာကြီး မပါဘူးလို့လည်း မပြောနိုင်ဘူး။ ပါတယ်လို့လည်း မပြော နိုင်ဘူး၊ အဲသည်တော့ အခုနဟာနှင့်သာ ချိန်ကြည့်ပေတော့။ တစ်ပိဿာလေး ဆိုတာ အခုနဟာပဲဗျ။ အဲသည်ကလေးနှင့် ဒကာကြီးဟာ ပြည့်တယ် မပြည့်ဘူး ဆိုတာ ချိန်ကြည့်ဗျ။ အဲဒါနှင့်ချိန်လို့ ပြည့်တယ်ဆိုလျှင် ဓမ္မေနဒါရံ ဆိုတာဟာ ဟုတ်ပါရောဗျ။

ဒါနှင့်မညီသေးလို့ရှိလျှင် ချိန်တယ် ဆိုတဲ့ ဟာမျိုးက အလေးကို တစ်ဖက်ကထည့်၊ တစ်ဖက်က သည့်ပြင်လိုချင်တဲ့ ပစ္စည်းကို ထည့်ချိန်တာပဲ ထင်ပါရဲ့။ သည်တော့ တို့ဟာနှင့် အလေးနှင့် ညီမျှလျှင် ဘယ့်နှယ်လဲ။

ဖြေ။ ။ အလေးနှင့် ညီမျှဖို့ သိပ်မလိုတော့ဘူး။ နည်းနည်းတော့ နီးလာပါပြီဘုရား

မေး။ ။ ဘယ်လောက် လိုသေးသလဲ။

ဖြေ။ ။ ရှစ်ဆယ် ကိုးဆယ်ကျော်လောက် လိုပါတယ်ဘုရား။

မေး။ ။ ကိုးဆယ်က ဘယ်လောက်ကျော်လို့လဲ ဒကာကြီးရဲ့ ကိုးဆယ်က ရှစ် ကိုး တစ်ဆယ် ဆယ့်တစ် လောက်များ လိုနေဦးမလား၊ တစ်ပိဿာ ပြည့်မှာ ကိုးဆယ် ကျော်ဆိုတော့ ဆယ့်ငါးလောက်များ လိုနေမှာလား။

ဖြေ။ ။ ကိုးဆယ်ရဲ့ ဟိုဘက်မှာ မလောက်လို့ သူများဆီ ချေးရပါသေးတယ် ဘုရား။

မေး။ ။ အေး … သည်လို လိုတာသိလျှင် တော်ပါပြီ လိုတာသိလျှင် ပြည့်အောင် ဖြည့်တော့မှာဗျ။

လျှောက်။ ။ အခုနပြောတဲ့ ဓမ္မေနဒါရံနှင့်ချိန်ပြီး တပည့်တော်တို့က သိကြားမင်းကို ပြန်ရှိခိုးရမှာ ထင်ပါရဲ့ဘုရား။

အေး-ဒါတော့ မသိဘူးလေ။ ကိုယ့်ဟာကိုယ် သိမှာပဲ။ အဲဒါ မအားဘူးဆိုပြီး နေလို့ဗျ။ ရှေးအရှင်တွေဟာဆိုလျှင် တောင့်တတဲ့အတိုင်း စိတ်နှလုံး အလိုပြီးသွားကြတာ ချည်းပဲဗျ။ ဘုရားရွှေလက်ထက်တော်က နိဗ္ဗာန်ကို စံဝင်ကြွသွားတဲ့ ပုဂ္ဂိုလ်တွေဟာ မရေမတွက်နိုင်ဘူးဗျ။ အဲဒါတွေဟာ ရဟန်းတွေလား၊ လူတွေလားဗျ။

ဖြေ။ ။ ရဟန်းကနည်းပြီး လူကများပါတယ်ဘုရား။

မေး။ ။ အဲဒါ ဓမ္မေနဒါရံတွေ ကြားလား။ လူတွေက ဘယ်နှစ်ဆလောက် များသလဲဗျ။

ဖြေ။ ။ ရဟန်းက နည်းနည်းပါဘုရား။ လူတွေက အဆတစ်ထောင် နှစ်ထောင်လောက် များပါတယ်ဘုရား။

သည့်ပြင်ဟာတွေ ထားစမ်းပါဦး။ သာဝတ္ထိမြို့သူမြို့သား တွေကိုပဲ ကြည့်စမ်းပါဦး။ အဲဒါတွေကလည်း သူတို့သိပြီးသား၊ နားလည်ပြီးသားတွေ နေမှာပါဗျာ။ သူတို့ ကတောင် သူများကို တရားဟောနေတဲ့ ပုဂ္ဂိုလ်တွေပဲဗျ။ (မဟောပါဘူး ဘုရား)။

ဟောပါသော်ကောဗျာ။ မေတ္တာရှင်၊ ကရုဏာရှင်တွေက ဘယ်တော့မှ မပြတ်ဘဲ အချိန်တိုင်း အချိန်တိုင်း ညွှန်ကြားဆုံးမနေတာ မဟုတ်လား။ အဲသည်တော့ ပျင်းလည်းပဲ နာရတာပဲ၊ ပျော်လည်းပဲ နာရတာပဲ။ အဲဒါနှင့် ဒါတွေကို အကုန် မှတ်မိနေတာဗျ။ (တင်ပါ့ဘုရား)။

မေး။ ။ သာဝတ္ထိပြည်ကို ဘုရားရှင် ကြွသွားတော်မူတော့ကို တောင့်တတဲ့အတိုင်း ပြီးကြတာဟာ ဘယ်လောက် များသလဲဗျ။

ဖြေ။ ။ လူ ခုနစ်ကုဋေ၊ အရိယာက ငါးကုဋေကျော် ရှိပါတယ်ဘုရား။

မေး။ ။ ရဟန်းထဲက ဘယ်နှစ်ကုဋေလောက် များပါသလဲ။

ဖြေ။ ။ သာဝတ္ထိမှာ တစ်ကုဋေတောင်ရှိမယ် မဟုတ်ပါဘူးဘုရား။

မေး။ ။ အားလုံး ပေါင်းလျှင်ကောဗျာ။

ဖြေ။ ။ အားလုံး ပေါင်းလျှင်တောင်မှ တစ်ကုဋေလောက်ပဲ ရှိပါလိမ့်မယ် ထင်တယ် ဘုရား။

အဲဒါ အခုနလိုပိုင်းက သွားကြဗျ။ အဲဒါ အလုပ်တွေကို လုပ်ရင်းဗျ။ သားတွေ သမီးတွေနှင့်ပဲ နိဗ္ဗာန်စံဝင်သွားကြတာဗျ။ အခုနပြောတဲ့ ဓမ္မေနဒါရံ ဆိုတာ ဘယ်လို လုပ်ရမှာလဲ ဆိုလျှင် အခုန ပြောတဲ့အတိုင်း စရဏရော၊ ဝိဇ္ဇာရော နှစ်ခုစလုံး တွဲလုပ်မှ သိကြားမင်း ရှိခိုးခံရမှာဗျ။

လျှောက်။ ။ တပည့်တော်က သိကြားမင်း ရှိခိုးခံရမှာကို သိပ်သဘောကျနေပါတယ် ဘုရား။

ဆရာတော်။ ။ အေး - သိကြားမင်းကတော့ ရှိခိုးတာပဲဗျ။ ကိုယ်ဆီရောက်တာ မရောက်တာတော့ မပြောတတ်ဘူး။ အခုနလိုဆိုလျှင် ရှိခိုးခံရမှာပဲဗျ။

လျှောက်။ ။ သူ့ ဟာက ရှိခိုးတယ်ဆိုပေမယ့် ဓမ္မေနဒါရံ ဆိုတော့ တပည့်တော်တို့ မပါသေးဘူး ထင်ပါတယ် ဘုရား။

မေး။ ။ ဒါကတော့ ဒကာကြီးပဲ သိမှာပဲ။ ဒကာကြီးတွေကကော။

ဖြေ။ ။ ဒကာမကြီးတွေကလည်း မနက်ဖြန်ကစပြီး သိကြားမင်း ရှိခိုးခံရမယ့် ဒကာမကြီးတွေ အများကြီး ပါပါတယ် ဘုရား။

မေး။ ။ ဒါဖြင့် သည်နေ့က သည်အတိုင်း နေမှာလား။

ဖြေ။ ။ ညတော့ ပြန်ပြီး အိပ်မှာပါဘုရား။

မေး။ ။ ဘယ့်နှယ်လဲ၊ ဒကာကြီးကတော့ သည်လို ပြောနေပြီဗျ။ အဲဒါ နှိမ့်ချ ပြောတာလား၊ အဟုတ်ပြောတာလား မသိဘူး။

ဖြေ။ ။ တပည့်တော်က ဒကာမကြီးများ မအိပ်ဘဲနှင့် ထိသိကို မလွတ်ဘဲ အာရုံ စိုက်ပါစေတော့လို့ ပြောတာပါ ဘုရား။

သူ့ဟာက ဒကာကြီးတွေကို ကြောက်ရသေးတာကိုးဗျ၊
အခုလို ပြောတာတောင်မှ လမ်းမှာ ဘယ့်နှယ်လုပ်မယ် မသိသေးဘူး ဘုရား။ ခဲနှင့် ပေါက်မလား၊ ရိုက်မလား မသိသေးဘူး ဘုရား။

မေး။ ။ အခုလို ပြောတာကို လျော့တော့တော့ ပေါ့တော့တော့ လျှောက်ပြောတယ်လို့ မမှတ်ကြနှင့်၊ ကြားလား။

ဖြေ။ ။ တင်ပါ့ တရား။

အခုလိုပြောမှ နားလည်လွယ်တယ် ဆိုပြီး လျှောက်ပြောတာဗျ။ ရှေးက အရှင်တွေဟာ ဆိုလျှင် သိကြားမင်း ရှိခိုးပါသော်ကောဗျ။ သူတို့မှာက လုံး၀ လုံလောက်နေပြီ၊ လုံလောက်ဖို့ရာ ဘယ်ကစရသလဲဆိုတော့ အရိယာဆိုတာက အာစာရ အရိယာ ဖြစ်ဖိုရာ ဘုရားအဆုံးအမတွေ ရှိတယ်။ အဲဒါကို ဖြည့်တယ်ကျင့်တယ်ဗျ။ အဲသည်လို ဖြည့်ကျင့်နေတဲ့ဟာ အာစာရ အရိယာဗျ။ ဖြည့်ကျင့်နေဆဲ၊ ဖြည့်ကျင့်နေတုန်း ဆိုတာ အတူတူပဲမဟုတ်လား။

သည်တော့ ဘုရားဆုံးမတဲ့ အတိုင်းမှတ်၊ မှတ်ပြီးပြီ ဆိုတော့ ဤကဲ့သို့ ပုထုဇဉ် အနွယ်က ဖြတ်ဖို့ရာ ဖြည့်ကျင့်တယ်။ အဲသည်လို ဖြည့်ကျင့်လျှင်ပဲ အရိယာဖြစ်ပါပြီဗျ။ အဲဒါက အာစာရ အရိယာ ဖြစ်တာနော်။ ဒါက အဟုတ်ကို စိုက်စိုက်စူးစူးနေမှ၊ မနေတဲ့အခါ ကျပြန်ပြီဆိုတော့ အာစာရ မဟုတ်ဘူးဗျ။ ဘာကြောင့်လဲ ဆိုတော့ အဲသည်လိုအခါမှာ သေသွားပြန်လျှင် ဘယ်ရောက်မလဲ။

ဖြေ။ ။ အပါယ်ရောက်သွားမှာပဲ ဘုရား။

အဲဒါက မဟုတ်သေးလို့ဗျ။ ပါးစပ်က ဟုတ်တယ် ဆိုပေမယ့် ဟိုဟာကလည်း ဟုတ်မှ ဖြစ်တာ၊ မှတ်ထားနော်။ အဲဒါ အာစာရပဲ။ ဘယ်သူမှ မမေးရပါဘူးဗျာ။ ကိုယ့်ဟာ ကိုယ်လည်း သိတာပဲဗျ။ နို့မဟုတ်လျှင် သူများမေးနေရဦးမယ်။ အာစာရ အရိယာ ဆိုတာ အမြဲတစေ ထိသိကို စိတ်က စိုက်စိုက်စူးစူး ထားလျှင် အာစာရပဲ။

ဒါကိုတော နားလည်ပြီ မဟုတ်လား။ အခုနလိုထား၊ ထားလျှင် နေမယ်။ နေလျှင် အဲဒါ အာစာရအရိယာ ဖြစ်တာပဲ။ အဲသည် နေရာမှာ မနေလျှင် အာစာရ မဟုတ်ဘူးတဲ့။ အဲဒီ အချိန်မှာ ဆက်နေလျှင် အပါယ်ကျမှာပဲ။ အပါယ်ကျတော့ ဆင်းရဲသလား၊ ချမ်းသာ သလား။

ဖြေ။ ။ ဆင်းရဲပါတယ် ဘုရား။

မေး။ ။ ဘာကြောင့်လဲ။

ဖြေ။ ။ လောဘ၊ ဒေါသ၊ မောဟတွေကြောင့် ဘုရား။

မေး။ ။ အေး၊ ဒါကြောင့် လူဆင်းရဲ ဖြစ်လျှင် အပါယ်ရောက်မှာပဲ။ လူချမ်းသာ ဖြစ်လျှင်တော့ အထက် ရောက်မှာပဲ။ သည်တော့ လူချမ်းသာ ဖြစ်အောင် ခက်သလားဗျာ။

ဖြေ။ ။ မခက်ပါဘူး ဘုရား။

အေး-အဲဒါ မှတ်ထား၊ ကြားလား။ ရှေး အရှင်ကောင်းတွေကတော့ တစ်ခါတည်း ပြောလိုက်လျှင် နောက်တစ်ခါ မပြောရတော့ပါဘူးဗျ။ ဟို ဒကာကြီး၊ ဒကာမကြီး တွေကတော့ ဘယ်လိုလဲ မပြောတတ်ဘူး။ ဘယ်နှစ်ခါပြောရမှာလဲဗျ။

ဖြေ။ ။ တပည့်တော် တို့ကတော့ တစ်သက်လုံး ပြောနေရမှာပါဘုရား။

မေး။ ။ သို့သော်လည်း အာစာရ အရိယာ ဖြစ်ချင်လျှင် သည်အချိန်ကစပြီး အခုနလို ထားလိုက်ကြဗျား။ သည်လိုထားလိုက်လျှင် ဆင်းရဲမှာလား။

ဖြေ။ ။ မဆင်းရဲပါဘူးဘုရား။

မေး။ ။ အဲဒါ လူချမ်းသာ ဖြစ်တာပဲဗျ။ ဒါဖြင့် စိန်တောင် ရွှေတောင်ကြီး ပေါက်တာနှင့် အဲဒါကလေးထားဆိုလို့ ထားလိုက်တာနှင့် ဘယ်ဟာက ချမ်းသာသလဲ။

ဖြေ။ ။ စိန်တောင် ရွှေတောင်ကြီးက မချမ်းသာပါဘူးဘုရား၊ အခုနက စိတ်ကို စိုက်စိုက်စူးစူး ကလေးထားတာက ချမ်းသာပါတယ်ဘုရား။

အေး၊ အဲသည် စိန်တောင် ရွှေတောင်ကြီးထက် ချမ်းသာပါတယ်ဗျ။ ဟိုဟာက ဘာမှ နေရာကျတာ မဟုတ်ဘူး။ ဒါကြောင့် အခုနလို လုပ်ကြဗျ။ အဲသည်လို မှန်မှန် လုပ်သွားပြီဆိုမှဖြင့် သေသေချာချာ အမှန်ကိုမြင်မယ်။ မြင်လျှင် သိမယ်။ အဲသည်လို သိပြီးလျှင် အာစာရနှင့်ဒဿနအရိယာ ဆိုတာကို သေချာပါပြီဗျ။

မေး။ ။ အဲဒါ ခက်သလားဗျာ။

ဖြေ။ ။ မခက်ပါဘူးဘုရား။

မေး။ ။ အင်မတန် လွယ်ပါတယ်ဗျ။ ဘာလိုသေးသလဲ။

ဖြေ။ ။ အခုနတုန်းက တစ်ခါတော့ ရပြီးပါပြီဘုရား။

မေး။ ။ ဘယ်တုန်းကလဲ။

ဖြေ။ ။ အခုန ဒကာကြီး စိတ် စူးစူးစိုက်စိုက်ကလေး ထားကြည့်လိုက်စမ်း ဆိုတုန်းက ရလိုက်ပါပြီ ဘုရား။

မေး။ ။ အခု စွန့်ပစ်လိုက်ပြီလား။

ဖြေ။ ။ အခုတော့ မေးရင်းစမ်းရင်း ထိသိ ပျောက်သွားပါပြီဘုရား။

မေး။ ။ ကောင်းပါ့ဗျာ့။ သည်အချိန်မှာများ သေသွားလျှင် ဘယ်ရောက်မလဲ။

ဖြေ။ ။ အပါယ်တော့ သေချာနေပါတယ် ဘုရား။

မေး။ ။ ဒါနှင့် အပါယ်ကျတော့ မရောက်ချင်ဘူးဆို၊ အခု သွားနေပြန်ပြီလား။

ဖြေ။ ။ မရောက်ချင်ပေမယ့် ထိသိ လွတ်သွားလျှင် ကျမှာပါပဲဘုရား။

မေး။ ။ အေး အေး၊ သေသေချာချာမှတ်ထား။ ဒါအမှန်ပဲ။ သူများတကာက သီလစောင့်ထိန်းတဲ့အခါ၊ ဥပုသ်စောင့်တဲ့အခါ၊ ကုသိုလ်ပြုတဲ့ အခါမှာ ကိုယ်က ဘယ့်နှယ် ခေါ်သလဲဗျ။ သာဓု သာဓုနှင့် ခေါ်တယ် မဟုတ်လား။

ဖြေ။ ။ ခေါ်ပါတယ်ဘုရား။

မေး။ ။ ကိုယ်က သာဓုခေါ်ပေမယ့် သူက ဟိုလို နေရဲလား။

ဖြေ။ ။ ဟိုလို မနေလျှင်တော့ သာဓုခေါ်တဲ့လူလည်း သက်သာမယ် မဟုတ်ပါဘူး ဘုရား။

မေး။ ။ ဘာဖြစ်လို့လဲ။

ဖြေ။ ။ အမျှပေးတဲ့ လူကိုက ဗလာဖြစ်နေတာကိုးဘုရား။

မေး။ ။ အေး၊ ဒါပေမယ့် သာဓုခေါ်တော့ လွတ်တယ် မဟုတ်လား။

ဖြေ။ ။ တပည့်တော်တို့ကတော့ ရတာ လျှောက်ဆိုတာပဲ ဘုရား။

မေး။ ။ သည်တော့ ခေါ်ချင်ရင် ဘယ့်နှယ်လုပ်ရမလဲ။

ဖြေ။ ။ သေသေချာချာ သာဓု မခေါ်ခင် လာကြစမ်းပါဦး၊ ခင်ဗျားတို့ကို စစ်စမ်းပါရစေဆိုပြီး စစ်ဆေးပြီးမှ သာဓုခေါ်မှ ဖြစ်မှာပါ ဘုရား။

မေး။ ။ သူရှိခိုးနေတာကို သေသေချာချာ မြင်နေရတယ် မဟုတ်လား။

ဖြေ။ ။ ရှိခိုးနေတာ မြင်နေပေမယ့် စိတ်က ဘယ်စိတ်ကူးနေမှန်းမှ မသိဘဲဘုရား။ တပည့်တော်တို့ ဘုရားရှိခိုးရင် ဣတိပိသောကို မေ့ပြီး ရှိခိုးနေလိုက်တာ နှစ်ပတ် သုံးပတ်ကိုလည်ပြီး ဆုံးမှန်းတောင် မသိလိုက်ဘူး ဘုရား။

မေး။ ။ အေး၊ အခုလိုလျှောက်ပြီး သတိပေးထားတော့ နားလည်လွယ်ပါတယ်ဗျာ။ သည်တော့ သည့်ပြင် အရိယာက နေပါစေဦး။ အာစာရ အရိယာဆိုတာ အခုချက်ချင်း လုပ်မယ်ဆိုလျှင် ဘယ့်နှယ်လဲ။

ဖြေ။ ။ ချက်ချင်းဖြစ်ပါတယ်ဘုရား။

မေး။ ။ သည်အတိုင်းသာ တည်သွားမယ်ဆိုလျှင် ဒဿန အရိယာကော။

ဖြေ။ ။ ဖြစ်ပါတယ်ဘုရား။

မေး။ ။ သည်လို အာစာရ အရိယာဆိုလျှင် အပါယ်ကျပါ့မလား။

ဖြေ။ ။ မကျပါဘူး၊ဘုရား။

မေး။ ။ ဒဿန အရိယာကော။

ဖြေ။ ။ အပါယ်မကျပါဘူးဘုရား။

မေး။ ။ အာစာရ အရိယာကို စပြီးလုပ်။ လုပ်လို့ တော်တော်ကြာပြီဆိုတော့ ဘာအရိယာဖြစ်မလဲ။

ဖြေ။ ။ ဒဿန အရိယာ ဖြစ်ပါတယ် ဘုရား။

မေး။ ။ အဲဒါက အိမ်မှာရှိတာနှင့် ညီညီညွတ်ညွတ် တိုင်ပင်ရဦးမလား

ဖြေ။ ။ မတိုင်ပင်ရပါဘူးဘုရား။ အာစာရ အရိယာ ဖြစ်ချင်တဲ့လူက အခုက စပြီး လုပ်သွားရမှာပါဘုရား။

မေး။ ။ အိမ်ရောက် ဆူပူပြီးနေတော့ ဘယ့်နှယ်လဲ ဖြစ်ပါဦးမလား။

ဖြေ။ ။ အိမ်က ဆူပူနေပေမယ့် တပည့်တော်အဖို့ ကြိုးစားရမှာပဲဘုရား။

မေး။ ။ တော်တော်ကြာ သူတို့က နေရာမကျလို့ ဘာဘာညာညာ လုပ်ရဦးမှာလား။

ဖြေ။ ။ မလုပ်ပါဘူးဘုရား၊ နားပိတ်နေမှာပါပဲဘုရား။

မေး။ ။ နားပိတ်နေရုံနှင့် ဖြစ်ပါ့မလား။

ဖြေ။ ။ သူတို့ပြောတာမကြားလျှင် ပြီးတာပဲဘုရား။

မေး။ ။ ဒါဖြင့်ရင် အရပ်ထဲမှာ နားမကြားတဲ့ ဒကာကြီးတွေ ရှိတယ်မဟုတ်လား။

ဖြေ။ ။ ရှိပါတယ်ဘုရား။

မေး။ ။ သူတို့ ဘာအရိယာ ဖြစ်သလဲ။

ဖြေ။ ။ သူတို့တော့ အော်ပြောတောင် မကြားပါဘူးဘုရား။

မေး။ ။ သူတို့ကော အခုနလို အရိယာ ဖြစ်သလား။

ဖြေ။ ။ မဖြစ်ပါဘူးဘုရား။

မေး။ ။ ဘာဖြစ်လို့လဲ။

ဖြေ။ ။ သူတို့စိတ်က လောဘ၊ ဒေါသ၊ မောဟနှင့် နေတော့ မဖြစ်ပါဘူး ဘုရား။

မေး။ ။ ဒါနဲ့ ဒကာကြီးက နားမကြားရင် ပြီးတယ်ဆို။

ဖြေ။ ။ ကြားရင် ထိသိ လွတ်သွားမှာစိုးလို့ မကြားအောင် ကြံတာပါဘုရား။

မေး။ ။ နားပိတ်ထားပေမယ့် အခုလိုဖြစ်ရဲ့လား။

ဖြေ။ ။ အရပ်ထဲက နားပင်းတဲ့ လူကြီးနှင့် နှိုင်းယှဉ်လျှင်တော့ အရပ်ထဲက နားပင်းတဲ့ လူကြီးနှင့် တစ်သားတည်း ဖြစ်မှာပါပဲဘုရား။

မေး။ ။ ဒါဖြင့် ဘယ့်နှယ်လုပ်မလဲ။

ဖြေ။ ။ နားပိတ်သည်ဖြစ်စေ၊ မပိတ်သည်ဖြစ်စေ၊ ထိသိမလွက်အောင် လုပ်မှ ဖြစ်မှာပါပဲဘုရား။

အေး အဲ့ဒါကမှ လုံတာဗျ။ ဟိုဟာက မလုံဘူးဗျ။ မကြားအောင်လုပ်တဲ့ နည်းဟာ အများကြီး ရှိပါတယ်ဗျ။ ဘယ်လောက်ပဲ များနေနေ စင်စစ်မှာတော့ အခုနပြောတဲ့ အမှန်ကို သိဖိုချည်းပဲ မဟုတ်လား။ သည်တော့ အမှန်ကို သိဖို့ရာ ငါ အခုလုပ်မယ် ဆိုပြီး ထားလိုက်လျှင် ဘာဖြစ်မလဲ။

ဖြေ။ ။ အာစာရ အရိယာ ဖြစ်ပါတယ်ဘုရား။

မေး။ ။ အဲသည်တော့ ကဲ့ရဲ့တာ ရှုတ်ချတာတွေ ကျောင်းသလား။

ဖြေ။ ။ မကောင်းပါဘူးဘုရား။ ဒါပေမယ့် ထိသိလွတ်လို့ ကဲ့ရဲတာပါ ဘုရား။

မေး။ ။ ကဲ့ရဲ့တာက သူ ကောင်းကောင်း နေတဲ့အခါမှာ ကဲ့ရဲလျှင် ဘယ်နှယ်လဲ။

ဖြေ။ ။ သည်လိုဆိုလျှင် ကဲ့ရဲတဲ့လူ အပယ်ဘုံကို တောက်လျှောက် သွားမှာပဲ ဘုရား။

မေး။ ။ ဒါဖြင့် ဒကာကြီးက ချီးမွမ်းမှာလား။

ဖြေ။ ။ ချီးမွမ်းမှ သက်သာမှာပဲဘုရား။

မေး။ ။ ချီးမွမ်းတော့ကော တစ်ယောက်မကျန် အကုန်လုံးကို ချီးမွမ်းမှာလား။

ဖြေ။ ။ ချီးမွမ်းမှာပါဘုရား။ သူက ထိသိကလေးကိုသာ သူ့ဘာသာ စိတ်စွဲနေတာကို သိမှ မသိနိုင်ပဲကိုး ဘုရား။

မေး။ ။ ဒကာကြီးတို့ ဒီလိုနေရဲ့လား။

ဖြေ။ ။ တပည့်တော် မနေဘူးဘုရား။ တခြားလူတွေတော့ နေကောင်း နေပါလိမ့်မယ် ဘုရား။

မေး။ ။ အခုလိုနေတဲ့ လူတွေကို ကဲ့ရဲမိလျှင် ဘယ့်နှယ်လဲ။ ကိုယ်လုပ်နေတဲ့ အလုပ်ဟာ ရှေ့ဆက်ရပါ့မလား။

ဖြေ။ ။ အဟုတ်ကို ကဲ့ရဲ့မိလျှင် ရှေ့ဆက်လုပ်လို့ မရပါဘူးဘုရား။

မေး။ ။ အေး၊ ဒါကြောင့် ဘယ်နည်းနှင့်မှ မကဲ့ရဲနှင့်။ ချီးမွမ်းလျှင်တော့ဖြင့် ရပါသေးတယ်။ ချီးမွမ်းတာလည်း မတော်တာကို သွားပြီး ချီးမွမ်းမိလျှင် ဘယ့်နှယ်လဲ။

ဖြေ။ ။ တပည့်တော် ချီးမွမ်းလို့ အားတက်လာတော့ တပည့်တော်က အလကား ကုသိုလ်ရပါတယ်ဘုရား။

မေး။ ။ အိပ်ပျော်နေတဲ့လူကို ချီးမွမ်းမိလျှင် အားတက်ပြီး ဖိအိပ်တော့မှာ မဟုတ်လား။

ဖြေ။ ။ တပည့်တော် ထိုင်ပြီးတော့ သည်ဒကာကြီး၊ ဒကာမကြီးတွေတော့ အာစာရ အရိယာဖြစ်ဖို စပြီလို့ ဆိုပြီး သာဓု သာဓုနှင့်ဆိုလျှင် သူတို့ သိပ်အားတက်လာမှာပါ ဘုရား။

မေး။ ။ ကဲ့ရဲ့မိလျှင် ဘယ့်နှယ်လဲ။

ဖြေ။ ။ တပည့်တော် ပြစ်မှားမိသည့်အတွက် အကုသိုလ် ဖြစ်သွားပါတယ် ဘုရား။

မေး။ ။ သည်တော့ ကိုယ်လိုချင်တာ အားထုတ်လို့ ရဦးမလား။

ဖြေ။ ။ မရတော့ပါဘူးဘုရား။

သီဟိုဠ်ကျွန်းက မထေရ်

▬▬▬▬▬▬▬▬▬

ဒါကြောင့် ကြည်ညိုဖို့သာလျှင် ကြည့်ပြီး ကြည်ညိုရမယ်ဗျ၊ ကြည်ညိုစရာတွေ အပုံပဲဗျ။ ဘာကြောင့် သည်လို ပြောရသလဲဆိုလျှင် တို့ဘုရား လက်ထက်က သီဟိုဠ်ကျွန်းမှာ မထေရ်ကြီးတစ်ပါး ရှိသတဲ့ဗျ။ သူတို့ မဇ္ဈိမဒေသမှာ ဘယ်လို ထုးစံရှိသလဲ ဆိုလျှင် မနက်စောစောမှာ ဝီရိယ ရှိကြတော့ မနက်တိုင်း မနက်တိုင်း အစောကြီးထပြီး ယာဂုဆွမ်း လောင်းဟန်တူပါရဲ့။ သံဃာများအတွက် တစ်မျိုး လုပ်ဟန်တူတယ်။

သည်တော့ အလိုရှိတဲ့ သံဃာတော်များဟာ စောစောကြွပြီး ယာဂုဆွမ်းခံကြတယ်။ ဆွမ်းခံပြီး ဘုဉ်းပေးတော် မူကြတယ်။ အဲ့သည်မှာ အခုနပြောတဲ့ မထေရ်ကြီး တစ်ပါးဟာ စောစောကြီး လေနာထတော့ ယာဂု ဆွမ်းခံရန် ကြွသွားတော်မူတာတဲ့ဗျ။ ယာဂု ဆွမ်းလောင်းတဲ့ နေရာရောက်တော့ ယာဂုဆွမ်းခံပြီး လေနာကလည်း ထတော့ကို ဆိုးဝါးနေတော့ အခြား အရပ်ကိုတောင် ရောက်အောင် မသွားနိုင်ဘူးတဲ့ ဗျ။

ယာဂုဆွမ်းနှင့်ကလည်း တည့်တော့ သည်နေရာမှာထိုင်ပြီး ဘုဉ်းပေးတော် မူရသတဲ့ဗျ။ သည်တော့ နောက်က ယာဂုဆွမ်းခံတဲ့ ရဟန်းငယ်က သည်လို အခြင်းအရာကို မြင်တာကိုးဗျ။ မြင်တော့ ဘယ့်နှယ်မှတော့ မလုပ်ပါဘူး။ ဒါပေမယ့် စိတ်က နည်းနည်း မှတ်လိုက်သတဲ့။

သည်အရှင်နှင့်နော် တကတဲ ဘာမှလည်း မိမိကိုယ်မိမိ သာရုပ်နှင့် မညီဘူး။ အခုပဲ လောင်းလိုက်တယ်။ အခုလည်း ချက်ချင်း သည်နေရာမှာ ထိုင်ပြီး ဘုဉ်းပေးတယ်လို့ သည်လို စိတ်ထဲက ထင်မှတ်လိုက်တာတဲ့ဗျ။ ထိုအရှင်ကတော့ ဘယ်လိုလဲဆိုလျှင် လေနာက ဆိုးနေတော့ အခြားအရပ်ကို ရောက်အောင်သွားဖို့ မလွယ်နိုင်လို့တဲ့ဗျ။ လေနာ ပျောက်ချင်လို့ ဗျ။ ဒါကြောင့်လည်း သည်နေရာမှာပဲထိုင်ပြီး ဘုဉ်းပေးတော် မူလိုက်တာဗျ။

ရှေးကတော့ သပိတ်ပဲ ရှိတာပဲ။ အခုလို မဟုတ်ပါဘူး၊ အခုတော့ ဇွန်းနှင့် ဘာနှင့်ဗျ။ အဲဒီလို ရဟန်းငယ်က စိတ်ထဲမှာ ခဏကလေး ဖြစ်လိုက်တာဗျ။ ဒီတော့ ဟို မထေရ်ကြီး ရဟန်းငယ်စိတ်မှာ အခုလို ဖြစ်တာကို သိတော်မူသတဲ့ဗျ။

ဒီတော့ ရဟန်းငယ်မှာ အပြစ် မဖြစ်ရအောင်လို့ ဒီလိုဆို မဖြစ်ဘူးဆိုပြီး ဘယ်လောက် မေတ္တာကရုဏာ ရှိပါသလဲဆိုလျှင် ဒင်း ဆွမ်းခံပြီး ဘယ်အရပ်ကို သွားမှာလဲ။ ဘယ်နေရာမှာ ဆွမ်းစားမှာလဲ။ ဘယ်အရပ်မှာလဲ ဆိုတာကို ကြည့်တော်မူတဲ့ အခါကျတော့ သိတာကိုးဗျ။

သိတော့မှ ဒီက ဆွမ်းဘုဉ်းပေးတော်မူပြီး အဲဒီရဟန်းငယ် ဆွမ်းစားမယ့်နေရာကို ကြွသွားတော်မူတာဗျ၊ အဲဒီလို ကြွသွားတော်မူလို့ ရောက်တဲ့အခါကျတော့ အခုန ရဟန်းငယ်က ခရီးဦးကြိုဆိုပြီး ပြုသင့် ပြုထိုက်တဲ့ ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်ကို ဘာမှ အကြွင်းအကျန် မရှိအောင် ပြုတာဗျ။

အဲဒီလို အဘိသမာ စာရိကဝတ်တွေကို ပြုတဲ့အခါကျတော့ မထေရ်ကြီးလည်း ချမ်းချမ်းသာသာ သီတင်း သုံးတော်မူနေတဲ့ အခါကျတော့မှ အနားသွားပြီး ဆည်းကပ် တာဗျ။ အဲဒီအခါကျတော့မှ အခုန မထေရ်ကြီးက ငါ့ရှင် ဘယ့်နှယ်လဲ။ ကိစ္စများ ပြီးပါရဲ့လားလို့ မေးတော့ ကြိုးစားပြီး အားထုတ်နေတုန်းပါ ဘုရားလို့ လျှောက်သတဲ့ဗျ။

ဒီတော့ မထေရ်ကြီးက ဆိုလိုက်တော့ ချက်ချင်းပဲ အခုန မထေရ်ငယ်ကလည်း သူမနက်က စိတ်ထဲမှတ်လိုက်မိတာကို သိသတဲ့ဗျ။ ဒီတော့မှ ငါတော့ မဖြစ်ဘူး ရှိခိုး တောင်းပန်မှပဲဆိုပြီး မှန်လှပါဘုရား၊ ဘုရား တပည့်တော်သည် မိုက်သည့် အလျောက်၊ ဆိုးသည့်အလျောက်၊ အခုလို အရှင်ကောင်းကို ပြစ်မှားမိပါတယ် ဘုရား။ နောက် တစ်ဖန် ဘုရားတပည့်တော်သည် ဤကဲ့သို့ မဖြစ်စေချင်ငှါ၊ သည်းခံတော်မူပါ ဘုရားလို့ ကန်တော့တာပဲတဲ့ဗျ။

အဲ့ဒီလို ကန်တော့လိုက်တော့ ပြီးတာပဲဗျ။ သူ့အပြစ်ကို လျှောက်ထားပြီး ဘုရား တပည့်တော် လိုပါသေးသည် ဘုရားလို့ ကန်တော့လိုက်လျှင် ပြီးတာပဲဗျ။ ကန်တော့ပြီးတော့ ဆက်လက် အားထုတ်သွားနိုင်တဲ့ဗျ။ ဆက်အားထုတ်တော့ မိမိရဲ့ တောင့်တချက် ပြီးတာပဲဗျ။ ဒီလိုပြစ်မှားမိပြီးတော့ အခုလို မကန်တော့လျှင် ဆက် အားထုတ်လို့ ဓရတော့ဘူးတဲ့ဗျ။ အဲဒါ အရိယာပိုင်း ကဟာကို လျှောက်ပြောတာဗျ။

မေး။ ။ အခုနလို အားထုတ်နေလျှင် ဘာဖြစ်မလဲ။

ဖြေ။ ။ အရိယာ ဖြစ်ပါတယ် ဘုရား။

မေး။ ။ အခုနလို စွပ်စွဲမိလျှင် ဘယ့်နှယ်လဲ။

ဖြေ။ ။ ရှေ့ဆက် အားထုတ်လို့ မရတော့ပါဘူး ဘုရား။

အေး၊ ဒါကြောင့် အခုနလို မဖြစ်အောင် သတိပြုရမယ်။ သူတို့ ဒီလို ပြုမိတယ် ဆိုလျှင်လည်း သည်လို ရှိခိုးပြီး တောင်းပန်မှာ မဟုတ်ဘူးထင်တယ်။ သူတို့ မတည့်နေလို့ ဟာကလည်း တစ်နေ့ ဘယ်နှစ်ခါလောက်များ မတည့်နေမှန်းမှ မသိဘဲ။

မေး။ ။ ဘယ်နှစ်ခါတုန်းဗျ။

ဖြေ။ ။ မရေတွက်နိုင်ပါဘူး ဘုရား။

မေး။ ။ အဲဒါတွေ ဖြစ်နေတာကို ကန်တော့ပြီး တောင်းပန်၍လားဗျ။

ဖြေ။ ။ မကန်တော့ပါဘူး ဘုရား။

အေး ဒါကြောင့် ဒါတွေကို နားလည်အောင် ပြောရတာဗျ။ ဥပမာ တစ်ယောက်နှင့် တစ်ယောက် စကားစပ်မိကြလျှင် ဘာပြောကြသလဲ။ ကိုယ် ပျင်းတာ၊ ကိုယ် ဖျင်းတာ၊ ကိုယ် နေရာ မကျတာကို ပြောကြရဲ့လား။ ဘယ်လို ပြောသလဲဗျ။

ဖြေ။ ။ တိုးတိုးနှင့် အတင်းပြောတာပါ ဘုရား။

မေး။ ။ ကျယ်ကျယ် ကျယ်ကျယ် ပြောတာကကော။

ဖြေ။ ။ ဒါလည်း အတင်း ကျယ်ကျယ် ပြောတာပါ ဘုရား။

မေး။ ။ အရပ်ထဲမှာ ပြောကြတာကကော။

ဖြေ။ ။ အရပ်အတင်းပါဘုရား။

မေး။ ။ စေတီရင်ပြင် ဗောဓိရင်ပြင်မှာကော။

ဖြေ။ ။ စေတီရင်ပြင် ဗောဓိရင်ပြင်မှာဆိုလျှင် အတင်းပြောလို့ တယ်ကောင်းပါတယ် ဘုရား။ တရားအားထုတ်ပြီးလို့ နားတဲ့အချိန်ကျတော့ လက်ဖက်ရည်ကြမ်းကလေးနှင့် အတင်းပြောလို့ တယ်ကောင်းတာပဲ ဘုရား။

ဒါကြောင့် ခုနာကို မှတ်ထားကြနော်၊ ကြားလား။ ပြောမယ်ဆိုလျှင် ဘာပဲဖြစ်ဖြစ် တစ်ယောက် တစ်ယောက်မှာ ပြောစရာ ဂုဏ်ကျေးဇူးတွေ အများကြီး ရှိပါတယ်ဗျ။ ဥပမာ တယောက်ယောက်က လမ်းမှာ ကိုးလို့ ကန့်လန့်ကြီး အိပ်နေမယ်။ အဲသည်လို အိပ်နေတာကိုမြင်တော့ ဘယ့်နှယ်လဲ။ အဲဒီလို အိပ်နေတာဟာ ကြည့်လို့ ကောင်းရဲ့လား။

ဖြေ။ ။ ကြည့်လို့ မကောင်းပါဘူးဘုရား။

ဒါပေမယ့် စိတ်က ဘယ်လို အောက်မေ့ရမလဲ။ အဲတစ်ခါတော့ နေရာကျပြီ။ သူက ပြောတာပဲ။ ဟိုလိုပြောနေမယ် ဆိုလျှင်တော့ ကြာနေမယ် ဆိုပြီး အခု ဒီမှာ ငါ့ကိုကြည့်။ ဒီလို အိပ်နေတာဟာ ကြည့်လို့ မကောင်းဘူး။ ဘုရား အဆုံးအမနှင့် မညီညွတ်ဘူး။ ဘုရားရှင်က ဒီလို မအိပ်ရဘူးလို့ ဆုံးမတာ။ ဒီလိုနေရင် အစီးအပွား ယုတ်တယ်။ ဒါကြောင့် မင်း ဒီလို မနေနှင့်လို့ ဆိုပြီး လုပ်ပြတာဗျ။ ဟုတ်လား။ ကိုယ့်ကိုယ်ကို တရားဟောတဲ့ ဓမ္မကထိကကြီးဗျ။ သူတရား ဟောနေတာဗျ။ ဒီလို စိတ်ထဲမှာ မှတ်ရမယ်ဗျ။

အဲဒီလို စိတ်ထဲမှာ မှတ်ပြီး ဓမ္မကထိကကြီးကို ကျေးဇူးတင်ပြီး ပူဇော်ဖို့ မကောင်းဘူးလားဗျ။ ဒကာကြီးစားမယ့် ကောင်းကောင်း ကလေးတွေကို ဓမ္မကထိက ကြီးကို နှိုးပြီး ကျွေးလိုက်ဗျ။ ဟုတ်လား။ အဝတ်ကောင်းကောင်းကလေးတွေ ရှိလျှင် လည်းပဲ အဲဒီ ဒကာကြီးကို ပူဇော်လိုက်ဗျ။ ဟုတ်ပါရဲ့လား။ အဲဒီလို စိတ်က ထားပြီး လုပ်လိုက်လျှင် ဟိုလို ဖြစ်ပါဦးမလားဗျာ။

ဖြေ။ ။ မဖြစ်ပါဘူးဘုရား။

အေ၊ အဲဒီလို ကျေးဇူးဂုဏ်တွေကိုကြည့်ပြီး ကျေးဇူးတင်ရမယ်ဗျ။ ဒီလိုမှမဟုတ်ဘဲ ဒီအကောင် ဒီနေရာမှာအိပ်နေတာ ဘယ်သူတုန်းဟ။ ဘယ်က အကောင်လဲနှင့် ဒကာကြီးတို့ ပြောတတ်ပါတယ်။ ဘယ့်နှယ်ပြောမှာလဲဗျ။

ဖြေ။ ။ ဒီအကောင် ဘယ်သူတုန်း။ ဘယ်သူ့သားလဲ၊ သူ့ အမေက ဘယ်သူ၊ သူ့ အဖေက ဘယ်သူပဲ။ ဘာဖြစ်လို့ ဒီအကောင်က ဒီနေရာမှာ အိပ်နေရတာလဲ ဆိုပြီး အပြစ်တင်စကား ပြောမှာပါဘုရား။

မေး။ ။ အဲဒီတော့ ဘယ်နှယ်လဲ။

ဖြေ။ ။ စိတ်ဆိုးပါရောဘုရား။

မေး။ ။ အေး၊ သူကတော့ မသိရှာဘူးဗျ။ ဒကာကြီးမှာသာ ဘယ့်နှယ် ဖြစ်မှာလဲ။

ဖြေ။ ။ တပည့်တော်မှာ အပြစ်ဖြစ်ပါရောဘုရား။

မေး။ ။ ဒါဖြင့် အခုနလို ဆက်ပြီး အားထုတ်သွားလျှင် ဘယ့်နှယ်လဲ။ သူက မတော်တဆ အိပ်ပျော်သွားတာတဲ့ဗျ။ အားထုတ်တာကတော့ အဟုတ်ကို အားထုတ် နေတဲ့ ဒကာကြီး မဟုတ်လား။

ဖြေ။ ။ ဒီလို အဟုတ် အားထုတ်နေတဲ့ သူကို သွားပြီးတော့ ပြစ်မှားမိရင် တပည့်တော် ရှေ့ ဆက်ပြီးလုပ်လို့ မရတော့ပါဘူးဘုရား။

မေး။ ။ အေး၊ ဒါကြောင့် သူ့ ဟာ ဘာရယ်လို့ မသိဘဲနဲ့ အခုနလို သွားပြီး လုပ်မိလျှင် ကိုယ့်အကျိုးစီးပွား ဘယ့်နှယ်ဖြစ်မလဲ။

ဖြေ။ ။ တပည့်တော်မှာ အကျိုးစီးပွား ဆုတ်ယုတ်သွားပါတယ်ဘုရား။

မေး။ ။ ဒါကြောင့် အခုနလို ဒါဟာ ငါတို့ကို ဒီလို မလုပ်နဲ့လို့ ပြောတာပဲ။ ငါတို့ကို တရားဟောနေတဲ့ ဓမ္မကထိကကြီးဆိုပြီး ကျေးဇူးတင်ရမယ်ဗျ။ ဒီလိုဆိုတော့ ကိုယ့်မှာ ဘယ်နှယ်လဲ။

ဖြေ။ ။ ကိုယ့်မှာလည်း အင်မတန် အကျိုးရှိသွားပါတယ်ဘုရား။

မေး။ ။ အဲဒါဖြင့် ဒကာကြီးက သည်လိုလုပ်မှာလားဗျ။

ဖြေ။ ။ သည်လိုတော့လည်း တပည့်တော်တို့မှာ ပုထုဇဉ်ဆိုတော့ စိတ်မှာ လုပ်နိုင်ဖို့ ခဲယဉ်းပါတယ်ဘုရား။

မေး။ ။ ဒါနှင့် အခုနတော့ သိကြားရှိခိုး ခံချင်တယ်ဆိုပြီး အခုတော့ မဟုတ်ပြန်ဘူးလား။

ဖြေ။ ။ သည်လောက်ထိအောင် ခက်ခဲမယ်မှန်း မသိလို့ ရှိခိုးခံချင်တာပါ ဘုရား။

မေး။ ။ ဒါလုပ်ရမှာ ခက်သလားဗျ။ အခုနလို အိပ်နေတာကို မြင်တော့ ကျေးဇူး တင်ရမှာ ခက်သလားဗျ။

ဖြေ။ ။ မခက်ပါဘူးဘုရား။

သည်လို အိပ်နေတာ မြင်တော့ဟာ သူကတရားဟောနေတာ မဟုတ်လားဗျ။ ဟိုလို ပြောနေလျှင် ကြာနေမှာစိုးလို့ သူဒကာကို သူက အကောင်အထည်နှင့်လုပ်ပြတာဗျ။ သည်တော့ သူက တရားဟောတဲ့ ဓမ္မကထိကကြီး မဟုတ်လား။ ဒါကြောင့် ဒကာကြီး ကြည်ညိုပြီး ပူဇော်မယ် မဟုတ်လား။

ဖြေ။ ။ ပူဇော်ထိုက်ပါတယ်ဘုရား။

မေး။ ။ ပူဇော်ထိုက်ရင် ပူဇော်မှာလားဗျ။

ဖြေ။ ။ ပူဇော်ပါမယ်ဘုရား၊ တပည့်တော်က သိကြားရှိခိုး ခံချင်တာကို ဘုရား။

မေး။ ။ ဒါဖြင့် သည်လို လုပ်မှာလား။

ဖြေ။ ။ လုပ်ပါတော့မယ်ဘုရား၊ ဒါမှ သိကြားရှိခိုးလည်းခံရ အရိယာလည်း ဖြစ်မှာပါ ဘုရား။

အေး၊ ဒါတော့ နည်းနည်းကျဉ်းကျဉ်း လျှောက်ပြောတာဗျ။ သည်တော့ အာစာရ အရိယာ ဒဿနအရိယာ ဖြစ်အောင် အခုနလို စိတ်လျင်မြန်ပုံတွေကို မဖြစ်အောင် ဘယ်လိုမှတ်ရမလဲဆိုလျှင် ဥပမာ အခု သည်နေရာမှာပဲ ပြောကြပါစို့။ အားလုံးက ကောင်းနေကြပြီး ကိုယ်တစ်ယောက်တည်းက အတော်ပဲ မကောင်းတဲ့ အမှုကို ကိုယ်နှင့် နှုတ်နှင့်ပြုတယ်။ လုပ်ပုံကိုင်ပုံ နေရာမကျဘဲ ဘုရားအဆုံးအမနှင့် မတည့်အောင် လုပ်နေတာဗျ။ သည်မှာ ကောင်းနေတာ ကတော့ အကုန်လုံးက ကောင်းနေကြတာဗျ။

သည်တော့ ကိုယ်တစ်ယောက်တည်းက အခုနလို လုပ်နေတာကို မြင်တဲ့လူတွေက ဘယ်လို အောက်မေ့သွားမလဲ။ တရားအလုပ် လုပ်နေတာဆိုပြီး မဟုတ်ပါဘူး၊ သေသေချာချာ မြင်ခဲ့တာပါလို့ ပြောမယ်မဟုတ်လား။ သည်လိုပြောတာကို သည့်ပြင် ဟာတွေ အကုန်လုံးက ကောင်းနေလျက်သားနှင့် ကိုယ့်ကိုမြင်သွားတာနှင့်ပဲ အကုန်လုံး ရောပါသွားရတယ်။ သည်တော့ သူ့ခမျာ ကိုယ်နေရာ မကျတာနှင့် ဘယ့်နှယ်ဖြစ်သလဲ။

ဖြေ။ ။ အပြစ်ဖြစ်သွားပါတယ်ဘုရား။

အဲဒါ ဘာကြောင့်လဲ အဲဒါ ကိုယ့်ကြောင့် သူ့ခမျာ အပြစ်ဖြစ်ရတာဗျ။ အဲသည်လို မဖြစ်ရအောင် သတိထားဖို့ လိုတယ်ဗျ။ ကိုယ့်အတွက်နှင့် သူများကို အပြစ် မဖြစ်စေချင်ဘူး။ ဘာဖြစ်လို့လည်း ဆိုလျှင် ငါနေရာမကျတာ ကိစ္စမရှိဘူး။ ပြီးတော့ ငါတစ်ယောက်တည်း မဟုတ်ဘူး။ သည်မှာရှိတဲ့ ဟာကွေက အကုန်လုံး အကောင်း တွေချည်းပဲ။ သည်တော့ ငါ့ကိုမြင်သွားလျှင်ဖြင့် သူ့ခမျာ အပြစ် ဖြစ်တော့မယ်။

သည်တော့ ငါ့အတွက်နှင့် သူ့ခမျာ အပြစ် မဖြစ်စေနှင့်လို့ ဆိုပြီး ကိုယ်နေရာ မကျတာကို မမြင်အောင် နေရမယ်။ ကိုယ့်နေရာ မကျလို့ ကိုယ်တစ်ယောက်တည်း အပါယ်ကျရမယ်ဆိုလျှင် တော်သေးတယ်။ ကိုယ်မကောင်းတာနှင့် ကိုယ့်ဟာတွေပါ တောက်လျှောက်ကြီး အပါယ်ကျ သွားမယ်။ ပြီးတော့ ဟိုကလည်း သည်လို အကြောင်းကို သိပြီး ပြစ်မှားမိပြီ ဆိုပြီး လာကန်တော့မှာ မဟုတ်ဘူးဗျ။

ဖြေ။ ။ မကန်တော့ပါဘူးဘုရား။

မေး။ ။ မကန်တော့လို့ ဆက်လုပ်နေလျှင် ဘယ်နှယ်လဲ။

ဖြေ။ ။ နစ်သထက် နှစ်မှာပဲဘုရား။

အေး သည်လိုဖြစ်တယ်ဗျ။ ဒါကြောင့် အားလုံးတို့ဟာ ဘုရားဆုံးမတဲ့ အဆုံးအမ တွေကိုမှတ်ပြီးတော့ တောင့်တတဲ့အတိုင်း ပြီးချင်လျှင် အခုနလို တစ်ဆက်တည်းပြု၊ အဲသည်လို ပြုပြီးဆိုတော့ အားလုံးတို့ဟာ အစီးအပွားများ ပြီးတော့ အပြစ်ခပ်သိမ်း ကင်းရှင်းချင်လို့ ရှိလျှင် အခုနလိုကတိပြု။ အဲသည်လို ဆိုလျှင် အတ္တဟိတ ပရဟိတ အကုန်လုံး ကောင်းသွားမယ် မဟုတ်လား၊

ဒါကြောင့် အခုနပြောတဲ့ အာစာရ အရိယာကို အခုကစပြီ ဆိုမှဖြင့် အကုန်လုံး တောက်လျှောက်ချည်း နေရာကျပါလိမ့်မယ်ဗျ။ ဒါကြောင့် ရှေးအရှင်တွေဟာ မမေ့ မလျော့ဘဲ သည်လိုသွားကြတော့ တောင့်တတဲ့အတိုင်း ပြီးကြတယ်ဗျ။ အခုလည်း အားလုံးသော သူတော်ကောင်း အစားစားတို့ဟာ ရှေး အရှင်တွေ တောင့်တတဲ့အတိုင်း ပြီးသလို ပြီးရအောင် ဝီရိယထူထောင်ပြီးတော့ ကြိုးစားကြ အားထုတ်ကြဗျား။

(ဝေဘူဆရာတော်)

စာညွှန်း

  • ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိနှင့် ကျင့်စဉ် -
  • မောင်ကျော်ညွန့် (မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ)

အကျိုးစီးပွား ရှိတာသာပြောကြ

▬▬▬▬ஜ۩۞۩ஜ▬▬▬▬

[ဝေဘူဆရာတော်ဘုရားသည် ပြုခြင်း၊ ပြောဆိုခြင်း အမှုတို့၌ သူတကာ အစီးအပွား မရှိတာ၊ ကိုယ်အစီးအပွား မရှိတာကို မပြောကြ မကျင့်ကြလျှင် ပစ္စုပ္ပန်ရော၊ သံသရာ ရော အကျိုးရှိမည် ဖြစ်ကြောင်း အပရာဇိတမင်းကို ပမာဆောင်၍ ၁၉၅၅-ခု မေလ ၂၀ ရက်နေ့ညတွင် ရန်ကုန်တက္ကသိုလ် ဓမ္မာရုံ၌ ဟောကြားတော်မူခဲ့ပါသည်။]

ဝေဘူဆရာတော် အရှင်မြတ်သည် ပထမရှေးဦးစွာ ရှစ်ပါးသီလ ပေးပြီးနောက် အောက်ပါအတိုင်း တရားတော် ချီးမြှင့်ပါသည်။

တရားနာခံအဖြစ် ဦးလှက ဆောင်ရွက်ပါသည်။

အခု ဒကာကြီး ဒကာမကြီးတွေ မြတ်စွာဘုရား သာသနာတော်တည်ရာ တည်ကြောင်း နှင့်တကွ သားသမီး မြေးမြစ်တွေရဲ့ တာဝန် ဝတ္တရားတွေ၊ ခန္ဓာကိုယ် အတွင်းအမှု ကိစ္စတွေကို နေ့စဉ်ပြုနေရတယ် မဟုတ်လား။

မေး။ ။ အဲဒီလိုဟာတွေကို ပြုရတာကဘာလဲ။

ဖြေ။ ။ စရဏပါဘုရား။

မေး။ ။ အေး၊ အဲဒါက သီလဘက်ကဗျ။ အခုနပြောသလို စိတ်ကလေးကို ထိုထို ထိုထို တစ်ပါးအာရုံ မသွားစေဘဲ စိုက်စိုက်စူးစူးကလေး ထားလို့ နေတာက ဘာလဲ။

ဖြေ။ ။ ဝိဇ္ဇာပါဘုရား။

မေး။ ။ သည်တော့ အခုနလို အမှုကိစ္စတွေကို လုပ်ရင်း သည်လို စိတ်ကလေးကို ထားလို့ မဖြစ်ဘူးလားဗျ။

ဖြေ။ ။ ဖြစ်ပါတယ်ဘုရား။

မေး။ ။ အဲသည်လိုထားလို့ နေတယ်ဆိုလျှင် ဒါဟာတစ်ချိန်တည်းမှာ စရဏရော၊ ဝိဇ္ဇာရော နှစ်ခုစလုံး ပြီးတယ်မဟုတ်လား။

ဖြေ။ ။ ပြီးပါတယ်ဘုရား။

မေး။ ။ အေး ဒါကြောင့် အခုနလို ခန္ဓာဝန်အတွက် အခုကိစ္စတွေလုပ်ရင်း စိတ်ကလေးကို ထားရမယ့်နေရာမှာ တစ်ပါးအာရုံတွေကို မသွားစေဘဲ စိုက်စိုက်စူးစူး ကလေးထား၊ ထားတော့ နေတယ်မဟုတ်လား။

ဖြေ။ ။ နေပါတယ်ဘုရား၊ သို့သော်လည်း အခု တရားနာ ပရိသတ်တွေထဲမှာ အရှင်ဘုရားရဲ့တရားကို မနာဘူးသေးတဲ့ လူတွေလည်း ပါပါတယ် ဘုရား။

ဒါကတော့ ဒကာကြီး ဒကာမကြီးတွေမှာ မေတ္တာရှင်၊ ကရုဏာရှင် တွေက အမြဲမပြတ် အခါအခွင့် ရတိုင်း ရတိုင်း သွန်သင်ဆုံးမထားလို့ သိပြီးသား တတ်ပြီးသားဟွေချည်း ပါပဲဗျ။ ဘုရားဆုံးမတော်မူတဲ့ ပိဋကတ်သုံးဖြာမှာ သုတ်က ဘယ်ဒင်း၊ အဘိဓမ္မာက ဘယ်ဒင်း၊ ဝိနည်းက ဘယ်ဒင်းဆိုတာ အားလုံးမှတ်သားပြီးသား ရှိကြပါတယ်ဗျ။

ဒါပေမယ့် ဘုရားရှင် ဆုံးမတော်မူခဲ့ တာတွေကတော့ ပြောလို့ မကုန်နိုင်အောင် များပြားပါတယ်။ သည်လို များပေမယ့် အားလုံးဟာ ဆင်းရဲမှလွတ်မှု တစ်ခုပဲဗျ။ သည်တော့ ကိုယ်နှုတ် ထားတာတွေ အများကြီးရှိတဲ့ အထဲက ကိုယ်နှစ်သက်တာ တစ်ခုခုကို ဝီရိယ သန်သန်နှင့် ထူထောင်၍ ဖြစ်တာချည်းပဲဗျ။

လျှောက်။ ။ တပည့်တော်တို့မှာ မူတ်ထားတာတွေကတော့ တစ်ယောက်နှင့် တစ်ယောက် မတူပါဘူးဘုရား။

မတူပေမယ့် အားလုံးက ဆင်းရဲမှလွတ်မှု တစ်ခုတည်းပါပဲဗျ။ ဘယ်ဟာကိုပဲ လုပ်လုပ် ဝီရိယရှိဖို့ လိုတာပါ။ ဥပမာတစ်ခု ဒကာကြီး ဒကာမကြီးတို့ရယ် အိပ်တိုင်း အိမ်တိုင်းမှာ ဆားတော့ရှိကြတယ်မဟုတ်လား။

ဖြေ။ ။ ရှိကြပါတယ်ဘုရား။

ဘုရားရှင်သာသနာ ထားခဲ့တယ်ဆိုတာ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန် တို့အတွက် ထားခဲ့တာ မဟုတ်ဘူး။ ပြီးတော့ အနာထပိဏ်တို့ ဝိသာခါတို့အတွက် ထားခဲ့တာ မဟုတ်ဘူး။ အားလုံးသော ဝေနေယျ သတ္တဝါတွေ အကုန်လုံးအတွက် ထားခဲ့တာဗျ။

သည်လို ထားခဲ့တဲ့ သာသနာ အနှစ်ငါးထောင် အတောအတွင်းမှာပဲ အားလုံးတို့ဟာ စိတ်နှလုံး အလိုအတိုင်း ပြီးစီး အောင်မြင်ကြလို့ ချမ်းသာသုခတွေ အသီးသီးနှင့် ပြည့်စုံသွားကြတာကို မနည်းပေါင် တဲ့ဗျာ။

သည်တော့ သည်လို ဘုရားရှင်ထားခဲ့တဲ့ သာသနာ ငါးထောင်ဟာ အားလုံးသော ကျွတ်ထိုက် ကျွတ်သင့်သော ဝေနေယျ သတ္တဝါတွေအတွက် ထားခဲ့တာဆိုတော့ သည်အထဲမှာ ဒကာကြီးတို့ရဲ့ ဝေပုံကော မပါဘူးလား။

ဖြေ။ ။ ပါပါတယ် ဘုရား။

မေး။ ။ သည်တော့ ကိုယ့်ဝေပုံဟာ ဘယ်အချိန်မှာ ယူရမယ်။ ဘယ်အချိန်မှာ ယူရမယ်လို့ ရှိသေးသလား။

ဖြေ။ ။ သည်လို မရှိပါဘူးဘုရား။ လိုချင်တဲ့အချိန် ရပါတယ်ဘုရား။

မေး။ ။ သည်လို ချမ်းသာသုခတွေ့တော့ ဘယ့်နှယ်လဲ မလိုချင်ဘူးလား။

ဖြေ။ ။ လိုချင်ပါတယ်ဘုရား။

မေး။ ။ လိုချင်လျှင် ယခုကဲ့သို့ ဘုရားရှင် ထားခဲ့တဲ့ သာသနာဝေပုံ ရှိတဲ့အခါမှာ အခု ဒကာကြီး လူ့ဂတိ လူ့ဘဝကို ရောက်လာတာ ဘယ်လောက် ကြာသွားပြီလဲ။

ဖြေ။ ။ အတော်ကြာပါပြီဘုရား။

မေး။ ။ အခု အသက်ဘယ်လောက်ရှိပြီလဲ။

ဖြေ။ ။ အသက် ၆ဝ ရှိပါပြီဘုရား။

နို့ အဲ့သည်လို အသက် ၆၀ ရှိတဲ့ ဒကာကြီးဟာ ကိုယ့်အတွက် ဝေပုံ ထားခဲ့မှန်း သိပြီးတော့ ဒါကိုအကြွင်းအကျန် မရှိအောင် ယူရဲ့လားဗျ။

ဖြေ။ ။ အခု အကုန်လုံးယူရအောင် ထားခဲ့ပြီး လာကြတဲ့ တရားနာ ပရိသတ်တွေပါ ဘုရား။

မေး။ ။ ရရခြင်း မယူထားသေးဘူးလား။

ဖြေ။ ။ အခု ယူဆဲ ယူလတ္တံ့၊ ယူတုန်းပါဘုရား။

အေး .. ဒါက ကိုယ့်ဝေပုံဗျ။ သည်တော့ ယူတဲ့အချိန်မှာ ရတာပဲဗျ။ သည်ဟာကို ယူကြပြီဆိုတော့ တစ်ခဏစာ တစ်ဘဝစာ မဟုတ်ဘူး။ ဘုရားရှင် ထားတော်မူခဲ့ တာက သံသရာ တစ်လျှောက်လုံး အတွက် လုံးလုံးကြီး ထားခဲ့တာဗျ။ သည်တော့ ကိုယ်သဘောကျသလို အကြွင်းအကျန် မရှိ ယူရုံပါတဲ့ဗျ။ ယူကြပြီ ဆိုမှဖြင့် အားလုံးတို့ အသီးသီးဟာ ရကြပါလိမ့်မယ်ဗျ။ အခုယူ အခုရတာဗျ။ (တင်ပါ့ဘုရား။)

ရှေးအရှင်တွေဟာလည်း သည်လိုအချိန် သည်လိုအခါ သည်လိုဘဝမှာပဲ ဝီရိယတွေနှင့် ထူထောင်ပြီး ယူကြသည် ဖြစ်သောကြောင့် ရကြတာပဲဗျ။

လျှောက်။ ။ တပည့်တော်တို့မှာတော့ ပါရမီများ လိုနေလို့ လားမသိပါဘူးဘုရား၊ ယူတော့ယူတာပဲ။ ယူပြီးတဲ့နောက် ပျောက်ပျောက် သွားပါတယ်ဘုရား။

မေး။ ။ ဒါကလည်း ဒကာကြီးရယ် အခု မိုးတွေဘာတွေ ရွာတယ်မဟုတ်လား။

ဖြေ။ ။ ရွာပါတယ်ဘုရား။

မေး။ ။ ရွာတဲ့အခါကျတော့ အိမ်က မိုးယိုရောဗျာ။ အဲ့သည်လို ယိုတာဟာလည်း အိမ်ကောင်းလို့လား၊ အိမ်မကောင်းလို့လား၊ ဘယ်ဟာ မကောင်းတာလဲ။

ဖြေ။ ။ မိုးယိုတာကတော့ အိမ်မကောင်းလို့ ပါဘုရား။ ဖားသံ ကြားတာကတော့ တပည့်တော် ဝီရိယနည်းလို့ပါဘုရား။

မေး။ ။ အိမ်ကညံ့လို့လား။ အိမ်ရှင်က မပြင်လို့လား။

ဖြေ။ ။ အိမ်ရှင်က မပြင်လို့ပါဘုရား။

မေး။ ။ ဒါနှင့် မိုးယိုတာ အိမ်ကို အပြစ်တင်သလားဗျ။

ဖြေ။ ။ အိမ်က ဘာမှ ပြန်မပြောတတ်တော့ အိမ်ကိုပဲ အပြစ်ချလိုက်ရတာပေါ့ဘုရား။

မေး။ ။ ဒါ အိမ်ရှင်အပြစ်လား အိမ်အပြစ်လားဗျ။

ဖြေ။ ။ အိမ်ရှင်အပြစ်ပါဘုရား။

မေး။ ။ ဒါဖြင့် အခုန ဖားသံကြားတာကကော ပါရမီလားဗျ။

ဖြေ။ ။ ပါရမီရှိတဲ့ လူတွေတော့ အခုနလို ထားလိုက်လျှင် နေတယ်လို့ မှတ်ထား ဘူးပါဘုရား။ တပည့်တော်တို့က ပါရမီနည်းတော့ စိတ်ထဲလည်း ထားလျက်၊ ဖားသံ ကလည်း ကြားလျက်နှင့် စိတ်က ဟိုရောက် သည်ရောက်၊ လိုတော့လည်း လိုချင် လိုက်တာ၊ တပည့်တော်ထက် လိုချင်တဲ့လူတောင် မရှိဘူးလို့ ထင်နေပါတယ်ဘုရား။

မေး။ ။ ကောင်းပါ့ဗျာ လိုချင်တယ်ဆိုလျှင် ဒကာကြီး ထမင်းစားချင်တယ် မဟုတ်လား။

ဖြေ။ ။ စားချင်ပါတယ်ဘုရား။

မေး။ ။ အဟုတ် စားချင်တဲ့ အခါကျတော့ ဒကာမကြီးက ပျင်းပျင်း ဖျင်းဖျင်းနှင့်၊ ခူးမကျွေးလျှင် ဘယ့်နှယ်လဲ။

ဖြေ။ ။ ကိုယ်တိုင်ဝင်ပြီး ခူးစားလိုက်တာပဲဘုရား။

မေး။ ။ ခူးမပေးလျှင် ငါတော့ မစားသေးဘူးလို့များ လုပ်သေးသလား။

ဖြေ။ ။ မလုပ်ပါဘူးဘုရား။

မေး။ ။ အခုလည်း အားထုတ်ပါဆိုတော့ ဖားသံတွေ ကြားတယ် ဆိုတာ အဟုတ် လိုချင်ရင် ကြားပါ့မလားဗျ။

ဖြေ။ ။ တပည့်တော် အဟုတ်တော့ လိုချင်ပါတယ်ဘုရား။ ပါရမီက ညံ့နေလို့ ထင်ပါတယ် ဘုရား။

မေး။ ။ အခုန ထမင်းတော့ အဟုတ်စားချင်တယ် မဟုတ်လား။

ဖြေ။ ။ စားချင်ပါတယ်ဘုရား။

မေး။ ။ အဟုတ်စားချင်တော့ သူတို့က မကျွေးတော့ နေပေစေဆိုပြီး နေသလားဗျ။

ဖြေ။ ။ နေပေစေလို့ မနေပါဘူးဘုရား၊ ကိုယ်တိုင် ခူးခပ် စားလိုက်တာပဲ ဘုရား။

မေး။ ။ အခုလည်း ဆင်းရဲက အဟုတ်လွတ်ချင်လျှင် ဘယ်နှယ်လဲ၊ သည် ဖားတွေကို လှည့်ချနေမှာလား။

ဖြေ။ ။ ဖားတွေကို လှည့်မချပါဘူးဘုရား၊ ဖားသံမကြားအောင်ကိုပဲ ကိုယ့်နားကို ဝီရိယတင်းပေးမှာပဲဘုရား။

မေး။ ။ ဒါဖြင့် သည်လိုလုပ်ဗျ။ ပါရမီက ရှိကြပါတယ် ။ ဘာက လိုနေတာလဲဗျ။

ဖြေ။ ။ ဝီရိယ လိုနေပါတယ် ဘုရား။

လိုမှန်းသိအောင် မလိုအောင် လုပ်ကြဗျ၊ ကြားလား။ အဲသည်လို ဂရုစိုက်ကြပြီဆိုမှဖြင့်၊ ဝီရိယကောင်းပြီဆိုမှဖြင့် အဲသည်လိုပဲဗျ။ အဲဒါကြောင့်မို့ ပါရမီရယ်၊ ဖားရယ်လို့ မဆိုနှင့်၊ ဘယ်လိုတုန်းဆိုတော့ အခွင့်အခါ နေရာကျပြီဆိုမှုဖြင့် အမှန်အတိုင်း တောင့်တတဲ့ အတိုင်းဟာ ယူကြပြီဆိုလျှင် ဧကန္တ ပြီးနိုင်တယ်ဆိုတာကို သိနိုင်တယ်။

သိပြီးပြီ ဆိုတော့ ဖြောင့်ဖြောင့်ချည်း သည်လို ယူကြ။ ကိုယ်လည်းယူ၊ သည့်ပြင် လူတွေလည်း ရစေချင်လျှင် ရအောင်လုပ်။ အကျိုးမရှိတဲ့ ပါရမီ မရှိဘူးဆိုတဲ့ စကားကို မပြောနှင့်။ ကိုယ်လည်း ပါရမီ မရှိဘူးဆိုပြီး သည်လိုမနေနှင့်။ တည့်တည့်ဖြောင့်ဖြောင့် လုပ်ဗျ။ အဲသည်လို လုပ်လျှင် ကိုယ်လည်း ရှေးအရှင်တွေလို တည့်တည့် ဖြောင့်ဖြောင့် သွားလျှင် နေရာကျမယ်။ သည့်ပြင် လူတွေကောဗျာ။

ဖြေ။ ။ သည့်ပြင်လူတွေလည်း သည်လို နေရာကျမှာပဲဘုရား။

အေး၊ ဒါကြောင့် အစီးအပွား ရှိတာကိုပြော၊ အစီးအပွား မရှိတာကို မပြောနှင့်။ ပါရမီရှိမှ ဖြစ်တယ်ဆိုတာ ဘုရားဟောတာ မဟုတ်ဘူး၊ ကိုယ့်ဟာကိုယ် တော်သလို ပြောတာဗျ။ ဘုရားဟောတာက ဝီရိယထူထောင်လျှင် မဖြစ်ဘူးလို့များ ဟောတော် မူသလား။

ဖြေ။ ။ ဝီရိယထူထောင်လျှင် ဘယ်ဒင်းမဆို ဖြစ်တယ်လို့ ဘုရားက ဟောပါတယ် ဘုရား။

မေး။ ။ ပါရမီရှိမှုနှင့်များ ရှိသေးသလား။

ဖြေ။ ။ သည်လို မတွေဘူးပါဘူးဘုရား။

အဲသည်လိုဆိုလျှင် ပစ္စုပ္ပန်ရော၊ သံသရာရော သည်လိုချည်းပဲ သွားမှာပဲ။ ဤကဲ့သို့ ဘုရားအဆုံးအမအတိုင်း သွားကြပြီဆိုလျှင် ဘယ်ဟာများ စိတ်နှလုံး အလိုမပြီး တာများ ရှိဦးမလဲ။

ဖြေ။ ။ မရှိပါဘူးဘုရား။

မေး။ ။ သည့်ပြင်လူတွေကော ချမ်းသာစေချင်တယ် မဟုတ်လား။

ဖြေ။ ။ ချမ်းသာစေချင်ပါတယ်ဘုရား။

မေး။ ။ ချမ်းသာစေချင်လျှင် အခုလို အခါခပ်သိမ်းအားဖြင့် စဉ်းစားပြီးတော့ ကိုယ်နှုတ်တို့နှင့်ပြုလျှင် အကုန်လုံး အစီးအပွား မရှိဘူးလား။

ဖြေ။ ။ အစီးအပွား ရပါတယ်ဘုရား။

အေး၊ အဲဒါကို မှတ်ထားကြ။ ပစ္စုပ္ပန်ရော၊ သံသရာရော ကိုယ်လည်း ချမ်းသာ ချင်တယ်။ သည့်ပြင် အားလုံးတို့လည်း ချမ်းသာချင်တယ် ဆိုလျှင် ကိုယ်နှင့် ပြုတော့မယ်ဆိုလျှင် အစီးအပွားများ ရှိသေးသလား။ အားလုံးရဲ့ အစီး အပွားရှိသလား ဆိုတာကို ပထမကြည့်။

ကြည့်တော့ ငါ့အစီးအပွားလည်း ရှိတယ်၊ သည့်ပြင်လူ အစီးအပွားလည်း ရှိတယ် ဆိုလျှင် ဒါကိုပြု။ ငါ့လဲ အစီးအပွား မရှိဘူး။ သည့်ပြင် အားလုံးလည်း အစီးအပွား မရှိဘူးဆိုလျှင် မပြုနှင့်။

ပြောပြန်တော့ကော ကိုယ့်အစီးအပွား ရှိသလား၊ သူ့အစီးအပွား ရှိသလား ဆိုတာကို ပထမ စဉ်းစား။ စဉ်းစားပြီးတော့ သူလည်း အစီးအပွားရှိတယ်။ ကိုယ်လည်း အစီး အပွားရှိတယ်ဆိုလျှင် ပြော။ သူလည်း အစီးအပွားမရှိဘူး၊ ကိုယ်လည်း အစီးအပွား မရှိဘူး ဆိုလျှင်လည်း ဒါကို မပြောနှင့်။

အခု ဒကာကြီးဟာ သည်လို စဉ်းစားပြီးတော့ မပြောဘူး ထင်တယ်။

ဖြေ။ ။ သည်လို မပြောပါဘူးဘုရား။

မေး။ ။ လုပ်တော့ကောဗျ။

ဖြေ။ ။ လုပ်တော့လည်း တလွဲချည်းပါပဲဘုရား။

မေး။ ။ အခုပြောတာက ခက်သလားဗျ။

ဖြေ။ ။ မခက်ပါဘုရား။

အေး၊ လွယ်လွယ်ကလေးပါဗျ။ သည်တော့ ခက်တာတွေတောင်မှ သူတို့ ကျက်ရ အံရ ပြောရ ဆိုရတာနှင့် ခက်လိုက်တာဗျာ။ အခုဟာ သည်လောက် မခက်ပါဘူးဗျ။ သည်တော့ တောင့်တချက်တွေဟာ လွယ်လွယ် ကလေးနှင့် မပြီးဘူးလား။

ဖြေ။ ။ ပြီးပါတယ် ဘုရား။

မေး။ ။ သည်လိုချည်း ဒါတွေကို ပြောလို့ ကုန်နိုင်ပါ့မလား။

ဖြေ။ ။ မကုန်နိုင်ပါဘူး ဘုရား။

မေး။ ။ အခု ဒကာကြီးတို့ဟာ သည်လိုနှင့် မပြု၊ မပြောသည် ဖြစ်သောကြောင့် သည့်လူတွေလည်း အစီးအပွားမရှိ၊ ကိုယ်လည်း အစီးအပွား မရှိတာတွေ ဖြစ်တာပဲ မဟုတ်လား။

ဖြေ။ ။ တင်ပါ့ ဘုရား။ သည်လို မစဉ်းစားဘူး၊ မစဉ်းစားတော့ အစီးအပွားတွေ အကုန်ယုတ်ကုန်ပါတယ်ဘုရား။

မေး။ ။ စိတ်ကော။

ဖြေ။ ။ စိတ်ကလည်း ယုတ်ပါတယ် ဘုရား။

ဒါတွေကို စဉ်းစား။ စဉ်းစားလို့ သိတော့မှ သည်လိုပြုကြ။ အဲသည်လို ပြုပြီးတော့ သွားကြသည် ဖြစ်သောကြောင့် အစီးအပွား များသည်လည်း ပြောလို့ မကုန်နိုင် ပါဘူးဗျ။ ကိုယ်နှင့် ပြုတာ နှုတ်နှင့်ပြုလို့ အစီးအပွား များတာတွေကော ပြောလို့ ကုန်နိုင်ပါမလား။

ဖြေ။ ။ မကုန်နိုင်ပါဘူး ဘုရား။

မေး။ ။ အဲသည်လို ပြုသွားမယ်ဆိုလျှင် ပစ္စုပ္ပန်၊ သံသရာရော အဲသည်လို ပြီးတာပါဗျ။ သည်လောက်ပါပဲဗျ။ များများကြီး မဟုတ်ပါဘူး။ သည်လိုပြုတာ ဘာများ လိုသေးသလဲ။

ဖြေ။ ။ ဘာမှမလိုပါဘူးဘုရား။

မေး။ ။ ပါရမီလိုသေးသလား။

ဖြေ။ ။ ပါရမီ မလိုပါဘူး ဘုရား။

မေး။ ။ ဒါနှင့် အခုနတော့ ပါရမီ မရှိလို့ ဖားကြောင့် နားကြောင့်နှင့် ဘာဖြစ်လို့ ပြောနေသလဲ။

ဖြေ။ ။ တပည့်တော်တို့လို ခပ်ပျင်းပျင်း လူတွေက ဟိုလွှဲချ သည်လွဲချနှင့်ပဲ အချိန် ကုန်လာတာပဲ ဘုရား။

မေး။ ။ ပြီးတော့ သားသမီးတွေနှင့်ကော။

ဖြေ။ ။ သားသမီးတွေကြောင့် ဆိုပြီး နေတဲ့ ဒကာကြီး ဒကာမကြီးတွေလည်း တပည့်တော်တို့နှင့် အတူတူ အချိန်ကုန်တာနှင့် ပြီးတာပဲ ဘုရား။

မေး။ ။ ရဟန်းသံဃာတွေအတွက် ဆွမ်းချက်ရဦးမယ်၊ ဆွမ်း လောင်းရဦးမယ်နှင့် လုပ်ချင်လုပ်ဦးမယ်၊ ဟုတ်လား။

ဖြေ။ ။ သည်လိုပဲ ပြောကြတာပဲ ဘုရား။

မေး။ ။ ဒါတွေနှင့်ပဲ လုပ်လျှင် သည်ဟာတွေမှာ မဖြစ်တာ ရှိသလား။

ဖြေ။ ။ မဖြစ်တာ မရှိပါဘူးဘုရား။

သို့သော်လည်း အခုနလိုလားဗျ။ တစ်ယောက်ယောက်က သည်လို ပြောလိုက်လျှင် ဒါကတော့ သူ့မှာ တတ်နေတာဗျ။ လုပ်ချင်တာပေါ့ဗျ။ ဟော - အတော်ကြာ ဆွမ်းခံ လာတော့ ဆွမ်းမလောင်းရလျှင် မခက်ဘူးလား။ ဒါကြောင့် လုပ်နေရတာဗျ။ ဘယ့်နှယ် ဘာညာလို့ ပြောမှာဗျ။ သည်လိုပြောတော့ကလည်း ကိုယ်ပျင်းပေမယ့် ပျင်းတယ်လို့ ပြောလိုက်လျှင် အကဲ့ရဲ့ ခံရမှာ စိုးလို့ ပိုတာ ထင်ပါရဲ့။

ဖြေ။ ။ ကိုယ့်ကိုယ်ကိုယ် ပျင်းတာကို မဖော်ဘဲ ဟိုလွှဲချ၊ သည်လွှဲချ၊ ဖားလွှဲချ ကားလွှဲချနှင့် ပြောနေတာပါ ဘုရား။

ဒါကြောင့် အားလုံးတို့ဟာ အခုနပြောသလို တည့်တည့် ဖြောင့်ဖြောင့် ပြုရမယ်။ သို့ပြုတော့ ကိုယ်အတွက်ရတယ်။ အားလုံးအတွက်ပြုတော့ အားလုံးအတွက်ရတယ်။ ဘုရားရွှေလက်ထက်တော်က ကြားဖူးတယ်။ အပရာဇိတမင်း ဆိုတာ ရှိတယ်။ သူ့ လက်ထက် လူတွေက ဘယ်လိုလဲဆိုလျှင် ဒကာကြီး ဒကာမကြီးများက ဆင်းရဲတော့ အကြံဖြစ်တယ်။

ဘယ်လိုအကြံဖြစ်သလဲဆို တစ်နေ့သ၌မှာ ဒကာကြီး တစ်ယောက် ရှင်ဘုရင် ပွဲတော် တည်တဲ့ အခါကို သူက စားချင်သတဲ့ဗျ။ စားချင်လိုက်တာတဲ့ဗျ၊ နေလို့ကို မဖြစ်တော့ ဘူးတဲ့ဗျ။ ရှင်ဘုရင် ပွဲတော်စာ စားဖို့ရာကလည်း မလွယ်ဘူးဗျ၊ ဘုန်းရှင် ကံရှင် ဆိုတော့ မလွယ်ဘူးဗျ။ ဘယ့်နှင့်မှ မဖြစ်နိုင်ဘူးတဲ့ဗျ။

သည်တော့မှ ဒကာမကြီးက အကြံရပြီး သူ့ဒကာကြီးကို ပြောတယ်ဗျ။ ဘယ်လိုလည်း ဆိုတော့ - မောင် ငါတော့ မနေနိုင်တော့ဘူးဆိုပြီး အကြံတစ်ခုကို ပြောတယ်။ ဘယ်လိုလဲဆိုတော့ ဆံပင် မုတ်ဆိတ်ကို ရိတ်ပြီး ပရိက္ခရာ ရှစ်ပါးကိုရအောင်ရှာ၊ ရှာပြီး အဲသည် သင်္ကန်းကို ရုံပြီး နန်းတော်ကို သွားပြီး ဘုရင်ပွဲတော်စာကို အလှူခံပါလို့ အကြံပေးတယ်။

အဲသည်တော့မှ ဒကာကလည်း သူ့ဒကာမကြီး ပြောတဲ့အတိုင်း ရဟန်းလုပ်သွားတာ ပေါ့ဗျာ။ သည်တော့မှ ပရိက္ခရာ ရှစ်ပါး၊ သပိတ် သင်္ကန်း နှင့် ရဟန်းရဲ့ကျင့်ဝတ် အကုန်လုံးပေါ့ဗျာ။ အဲဒါတွေနှင့် ဘုရားရှင် ဆုံးမတော်မူတဲ့ ဘယ်လိုသွား၊ ဘယ်လိုလား ဆိုတာကတော့ မသင်။ သင်လျှင် သိနေနေတော့ အခုန ပြောတဲ့ အတိုင်းဟာ ရဟန်း၍ သာရုပ္ပ၌ ဖြစ်အောင် ဆိုပြီး သည်အတိုင်း သူလုပ်သွားတာတဲ့ဗျ။

အဲသည်အချိန်မှာပင်လျှင်ပဲ ရှင်ဘုရင်ကို စားတော်ကဲက ပွဲတော်တည်ဖို့ ပွဲတော်စာကို လာဆက်တာကိုးဗျ။ ပွဲတော်ဆက်သည် ဆိုသောကြောင့် ပွဲတော်ပြင်ဖို့ရာ ပြင်ပြီးတော့ နေတာကိုးဗျ။ အဲသည်အခါမှာသူက အခုနလို ပရိက္ခရာ ရှစ်ပါးနှင့် ရဟန်းအမူအရာ အသွင်အပြင်နှင့် လာရပ်တာကိုးဗျ။

သည်လို လာရပ်တာကို မြင်တော့ ရှင်ဘုရင်ကလည်း ကြည်ညိုတာကိုဗျ။ ကြည်ညို တော့မှ အေး-တစ်ခါဖြင့် နေရာကျပြီ။ တကတဲ ဒါမှပဲဆိုပြီး ကြည်ညိုပြီးတော့ ငါ မစားတော့ဘူး၊ အကုန်လုံးတစ်ခါတည်းပဲ ပွဲတော်မတည်ဘူးဆိုပြီး လှူတာ တင်တာ တဲ့ဗျ။ ယနေ့အဖို့မှာ သည်လိုဖြစ်တာဟာ ငါ့ဘုန်း ငါ့ကံ ငါ့ကုသိုလ် ရှိလို့ပဲဆိုပြီး သူက ပျော်ရွှင်ပြီးတော့ လှူလိုက်တာတဲ့ဗျ။

အဲသည်လို လှူပြီး သည်နောက် သူက အားမရသေးပဲကိုးဗျ။ အားမရတော့ အမတ် တစ်ယောက်ကို ကြည့်ခိုင်းတာကိုးဗျ။ မောင်မင်း သည်အရှင်ကို လိုက်ပြီးစုံစမ်းဦး။ လိုက်ပြီးတော့ ကြည့်ပါဦးလို့ ခိုင်းလိုက်တော့ သည်အမတ်ကလည်း အစဉ်အတိုင်း လိုက်သွားတာကိုးဗျ။ အခုနရဟန်းဟာ သည်က သူလိုချင်တာရ နန်းတော်က ပြန်ထွက်လာတာကိုး။

မြို့အပြင်ရောက်တော့မှ သည်မှာ ချုံပိတ်ပေါင်း ထူထပ်တဲ့ နေရာကျပြီဆိုတော့မှ ဘာလုပ်သတုန်းဆိုတော့ သူ့သင်္ကန်းကို ဖယ်ရှားပြီး သူ့အဝတ်ကို သူဝတ်ဗျ။ အဲသည် တော့မှ သူရခဲ့တဲ့ ပွဲတော်စာကို တစ်ခါတည်းပဲ သူ့အိမ်က ဒကာမကြီးကို ပေးတာပေါ့ဗျာ။

အဲ့ဒါတွေကို အခုန အမတ်က မြင်ပါရောဗျ။ မြင်တော့မှ မှတ်ပြီးတော့ သွားတာဗျ။ ပြန် သွားပြီးတော့မှ သူကစဉ်းစားသတဲ့ဗျ။ သူလည်းအစီးအပွား မရှိတာ၊ ငါလည်း အစီးအပွား မရှိတာ၊ ရှင်ဘုရင်လည်း အစီးအပွား မရှိတာကိုတော့ ပြောလို့ မဖြစ်ဘူး၊ အစီးအပွားရှိတာကို ပြောမှပဲတော်မယ်။

ရှင်ဘုရင်လည်း အစီးအပွား ရှိအောင်၊ ဟိုသူလည်းပဲ အစီးအပွား ရှိအောင် ငါလည်းပဲ အစီးအပွား ရှိအောင် မပြောတတ်လျှင် ဘယ်သူမှ ကောင်းမှာမဟုတ်ဘူး။ အဲသည်လို ဟာတွေကို စဉ်းစားပြီး အကုန်လုံး အစီးအပွားရှိအောင် သံတော်ဦးတင်မှပဲ သူ သွားပြီး ခစားတယ်ဗျ။

သည်တော့ ရှင်ဘုရင်က ဘယ့်နှယ်လဲ မောင်မင်း သည်က ပူဇော်လိုက်တဲ့ အရှင်မြတ်။ အာဏာနှင့် စေခိုင်းလိုက်သည် ဖြစ်သောကြောင့် အစဉ်အတိုင်း လိုက်သွားပါတယ် ဘုရား။ သည်တော့ မြို့ပြင်ကို ရောက်ပါတယ်။ ရောက်တဲ့အခါကျပြီဆိုတော့ သစ်ပင် ချုံနွယ်များ ထူထဲတဲ့နေရာကို ရောက်ပြန်ပါတယ် ဘုရား။ အဲသည်နေရာကို ရောက်တဲ့ အခါကျတော့ ဘုရား ကျွန်တော်မျိုး ကြည့်နေစဉ်မှာပဲ ရဟန်းအသွင် ကွယ်သွားပါရော့ ဘုရားလို့ လျှောက်သတဲ့ဗျ။

အဲသည်လို သံတော်ဦးတင်သံကို ကြားတော့ သူက လှူလိုက်ကတည်းက ပျော်နေတာဗျ။ ကြည်ညိုလွန်းလို့ဗျ။ သည်ကျတော့မှ သူက တိုးပြီးတော့ ပျော်တာ ပဲဗျ။ ပြီးတော့လည်း ကြမ်းကို လက်ဝါးနှင့် ခတ်ပြီတော့ သည်ဇမ္ဗူ တစ်ခွင်မှာ ငါကဲ့သို့သောမင်း ရှိသေး၍လားဟဲ့ လို့ ဆိုခဲ့ပြီး အထက် ခုန်လိုက်တာတဲ့ဗျ။

အခုနလို လှူလိုက်ရတာကို စိတ်အားဖြင့် ရွှင်ပျော်နေပြီး သည်နေ့အဖို့မှာ ပွဲတော် မတည်ဘူးတဲ့ဗျ။ အဲဒါ အမတ်ကလည်း ခုနလို ပြောတာဗျ။ အပြစ်သင့်တော့မှာဗျ။ မင်းမှာကော။

ဖြေ။ ။ မင်းမှာလည်း အကျိုးယုတ်သွားမှာပဲဘုရား။

မေး။ ။ ဟိုမှာရော။

ဖြေ။ ။ ဟိုမှာလည်း အသတ်ခံရမှာပဲဘုရား။

မေး။ ။ သူ့မှာကော။

ဖြေ။ ။ သူ့မှာလည်း နေရာကျတော့မှာ မဟုတ်ပါဘူးဘုရား။

အေး၊ အဲဒါတွေကို သိလို့ အခုနလို အစီးအပွား ရှိတာကို ကြည့်ပြီး သံတော်ဦးတင်တော့ တစ်ခါတည်း ပျော်ရွှင်ပြီး ကြမ်းကို လက်ဝါးနှင့် ပုတ်ခတ်ပြီး သည်ဇမ္ဗူမှာ ငါကဲ့သို့သောမင်း ရှိသေး၍လားဆိုပြီး အထက်ခုန်လိုက်တာဗျ။ ခုန်လို့ ပြန်ကျ လာတော့ တစ်ခါတည်း ခြေနင်းစကြာ ရတာတဲ့ဗျ။ ဟုတ်ကဲ့လားဗျာ။ အဲဒါ သူကောင်းတာဗျ။ ဟုတ်ပါရဲ့လားဗျာ။

ဖြေ။ ။ ဟုတ်ပါတယ်ဘုရား။

မေး။ ။ အခုလည်းပဲ တည့်တည့် ဖြောင့်ဖြောင့်ဆိုတာ အခုလို ပြောမယ်ဆိုလျှင် ဘယ့်နှယ်တုန်းဗျ။

ဖြေ။ ။ တည့်တည့် ဖြောင့်ဖြောင့်ပြောလျှင် အကျိုးရှိပါတယ်ဘုရား။

မေး။ ။ ဘယ်လောက်ထိအောင် အကျိုးရှိမှာလဲ့ဗျ။

ဖြေ။ ။ အခုန ရှင်ဘုရင်ကဲ့သို့ ခြေနင်းစကြာရတဲ့အထိ ဖြစ်သွားပါတယ် ဘုရား။

မေး။ ။ ကပါ့မလား။

ဖြေ။ ။ အခုဟာကတော့ နိဗ္ဗာန်ပေါက်အထိ ဖြစ်သွားပါတယ်ဘုရား။

မေး။ ။ အဲသည်လို နိဗ္ဗာန်အထိ ပေါက်သွားအောင်လို့ကော လိုချင်တယ် မဟုတ်လား၊ (လိုချင်ပါတယ်ဘုရား။)

လိုချင်လျှင် ဘုရားဆုံးမတဲ့အတိုင်း မှတ်ပြီးတော့ ဝီရိယနှင့်တကွ ထားတယ်။ ထားတော့ အချိန်တိုင်း အချိန်တိုင်း ဘယ် ဣရိယာပုထ်မှာမဆို၊ ဘယ် အမှုကိစ္စကို ပြုလျှင်မဆို တစ်ယောက်တည်း ဖြစ်ဖြစ်၊ များစွာသော ပရိသတ် သတ်တွေနှင့်ပဲ ဖြစ်ဖြစ်၊ သားသမီး မြေးမြစ် ခြွေရံသင်းပင်း တွေနှင့်ပဲဖြစ်ဖြစ် ရပါတယ်ဗျ။ လုပ်သာ လုပ်ပါဗျ။

ရှေးအရှင်တွေဟာလည်း သည်လိုပဲပြုကြလို့ အသီးသီးတွေဟာ ကိုယ်မှန်းထား ရည်ရွယ်တဲ့အတိုင်း အသီးသီး ပြီးစီးသွားကြတာတွေဟာ ရေတွက်လို့ မကုန်ပါဘူးဗျ။ အခုလည်းဘဲ အားလုံးတို့ဟာ ကိုယ်နှစ်သက်တဲ့ ဗောဓိအသီးသီးတွေကို မှန်းထားတာ ရှိတယ်မဟုတ်လား။ (ရှိပါတယ်ဘုရား)။

အဲသည်လို ရှိတာကို ပြီးစီးအောင်ဟာ အခုနပြောတဲ့ ဟာတွေကို မမေ့မလျော့ဘဲ ဣရိယာပုထ် လေးဖြာမှာ ဘယ်အခါမှ မပြတ်အောင် ဝီရိယနှင့်ထူထောင်ပြီး ကြိုးစားကြ၊ အားထုတ်ကြဗျား။

(ဝေဘူဆရာတော်)

စာညွှန်း

ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိနှင့် ကျင့်စဉ် -
မောင်ကျော်ညွန့် (မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ)