မာတိကာသို့ ခုန်သွားရန်

သက္ကပဥှသုတ် တရားတော်

ဝီကီရင်းမြစ် မှ
6125သက္ကပဥှသုတ် တရားတော် — မဟာစည်ဆရာတော်

သက္ကပဥှသုတ် တရားတော်

▬▬▬ஜ۩۞۩ஜ▬▬▬

မဟာစည်ဆရာတော်

မာတိကာ

တရားပလ္လင်ခံ
သိကြားမင်း၏ မေးခွန်း
ဘုရားရှင်၏ အဖြေ
မူလဆောင်ပုဒ်
သုတ်၏ နိဒါန်း
အခြွေအရံများစွာနှင့် သွားဖို့ စီမံခြင်းအကြောင်း
ပုဗ္ဗနိမိတ်ငါးပါးထင်ပုံ
ပဉ္စသိခနတ်သားနှင့် တကွ ဘုရားရှင်ထံလာပုံ
ကွေးဆန့်တဲ့လက်ဥပမာ ရှင်းပြချက်
နတ်တို့၏ အရောင်အဝါနှင့် လူတို့၏ သဒ္ဓါ
ပဉ္စသိခနတ်သားကို ခွင့်တောင်းစေပုံ
ပသာဒေယျာသိ - ၏ ရည်ရွယ်ချက်
ပဉ္စသိခနတ်သားက ဘုရားကို ပူဇော်ပုံ
သီချင်းတရား မဟောသင့် မနာသင့်ကြောင်း
ဘုရားပွဲတွေလဲ သတိပြုသင့်ကြောင်း
ပဉ္စသိခနတ်သား၏ သီချင်းဂါထာများ
အာရမ္မဏူပနိဇ္ဈာန်နှင့် လက္ခဏူပနိဇ္ဈာန် ရှင်းပြချက်
ပဉ္စသိခကို ချီးကျူးသောအားဖြင့် ဖူးမြော်ခွင့် ပြုတော်မူပုံ
သိကြားမင်း၏ ကိုယ်စားရှိခိုးကန်တော့ပုံ
ဘုရားရှင်က ဆုပေးတော်မူပုံ
ရှိခိုးကန်တော့ပုံနှင့် ဆုပေးပုံ စိစစ်ချက်
သိကြားမင်း ဘုရားထံ ကပ်ရောက်ပုံ
ဘုရားရှင်၏ နှုတ်ဆက်မိန့်ခွန်းတော်
သိကြားမင်းက လျှောက်ပုံ
ဘုရားပွင့်တော်မူတဲ့အခါ နတ်ပြည်တိုးတက်ကြောင်း
ဂေါပကဝတ္ထု
နောက်ဘဝ၌ နတ်ဖြစ်ပြီး တရားထူးရနိုင်ပုံ
ပြဿနာမေးရန် သိကြားမင်းက ခွင့်တောင်းပုံ
ဘုရားရှင်က ခွင့်ပြုတော်မူပုံ
သိကြားမင်း၏ အမေး
ဘုရားရှင်၏ အဖြေ
ဣဿာ ဆိုတာ
ဣဿာ၏ အပြစ်
မုဒိတာ၏ အကျိုး
မစ္ဆရိယ ဆိုတာ
လောသကတိဿဝတ္ထု
ဣဿာမစ္ဆရိယကြောင့်ဆိုတာ သိကြားမင်းနဲ့လဲ ဆိုင်သည်
ဒုတိယအမေး
ဣဿာမစ္ဆရိယ၏အကြောင်း ဖြေကြားချက်
ချစ်ဖွယ် မုန်းဖွယ်၏ အကြောင်း ဖြေကြားချက်
ဆန္ဒ၏ အကြောင်း ဖြေကြားချက်
ဝိတက်၏ အကြောင်း ဖြေကြားချက်
အကြောင်းအကျိုးအဆက်ဆက်ဖြစ်ပုံ
အကြောင်းအကျိုး အဆက်ဆက် ဆောင်ပုဒ်
ပပဉ္စသညာချုပ်ငြိမ်းအောင် ကျင့်ပုံ အမေး
ဝိပဿနာနှင့် အရိယမဂ်အကျင့်ကို ဟောတော်မူပုံ
မှီဝဲသင့် မမှီဝဲသင့် သော မနဿ အကျယ်ပြဆိုချက်
အကုသိုလ်ပွားစေတတ်တဲ့ ဝမ်းသာမှု
မမှီဝဲအပ်တဲ့ ဝမ်းသာမှု
မမှီဝဲအပ်တာကို ပယ်ပုံ
အခြေခံရှုမှတ်ပုံ
မှီဝဲအပ်တဲ့ ဝမ်းသာမှု
သိလွယ်သော မှီဝဲသင့်တဲ့သောမနဿ
ဝိပဿနာရှုပုံ အကျဉ်းချုပ်
ဝိပဿနာဉာဏ်များဖြစ်ပုံ
မှီဝဲသင့် မမှီဝဲသင့် ဒေါမနဿ
မဟာသီဝတ္ထေရဝတ္ထု
လိုရင်းမှတ်ဖွယ်
မှီဝဲသင့် မမှီဝဲသင့် ဥပေက္ခာ
မမှီဝဲသင့်တဲ့ ဂေဟသိတဥပေက္ခာ
အာဂမသုတနှင့် အဓိဂမသုတအကြောင်း
မှီဝဲသင့်တဲ့ နေက္ခမ္မသိတဥပေက္ခာ
ဝိပဿနာနှင့် အရိယမဂ်အကျင့် ဒေသနာနိဂုံးချုပ် န္တ
သိကြားမင်း သောတာပန်ဖြစ်ပြီး စုတေ၍ သိကြား အသစ်တဖန် ဖြစ်သည်
ပီတိကိုရှု၍ ရဟန္တာအထိ ဖြစ်နိုင်ကြောင်း
ပါတိမောက္ခသံဝရသီလ
ဣန္ဒြိယသံဝရသီလ
အခြားသုတ်များ၌ ဣနြ္ဒိယသံဝရဟောပုံ
မဟာတိဿမထေရ် ဝတ္ထု
စိတ္တဂုတ္ထမထေရ်ဝတ္ထု
မထေရ်သုံးပါး၏ စောင့်စည်းပုံ
သတိပဋ္ဌာန်ဟာ ကုသိုလ်အစုပဲ
အားလုံး အယူဝါဒစသည် တူကြပါသလား
သဿတအယူနှင့် ဗုဒ္ဓတရားတော် ကွဲပြားပုံ
ဥစ္ဆေဒအယူနှင့်လဲ ကွဲပြားပုံ
ယခုခေတ် ဘာသာရေးအယူကြီးများ ကွဲပြားနေပုံ
မဟာယာနဝါဒ
ထေရဝါဒ
အလိုအကြိုက် ကွဲနေကြပုံ
စင်စစ်ပြီးဆုံးခြင်း စသည်
သိကြားမင်း၏ တင်ပြလျှောက်ထားပုံ
သိကြားဖြစ်ရေး ကျင့်ဝတ် (၇)ပါး
သိကြားမင်းအလောင်းလျာ မဃလုလင်ဝတ္ထု
သိကြားမင်း၏ အထူးဝမ်းမြောက်ပုံ
မြတ်စွာဘုရား၏ မေးခွန်းတော်
သိကြားမင်း၏ ဖြေကြားချက်
မူလဆောင်ပုဒ်
ခက်ဆစ်မှတ်ဖွယ် ဆောင်ပုဒ်များ
ဝိပဿနာမဂ် အရိယမဂ်အကျင့် မေးဖြေဆောင်ပုဒ်များ
ပါတိမောက္ခသံဝရ မေးဖြေ ဆောင်ပုဒ်များ
ဣန္ဒြိယသံဝရမေးဖြေ ဆောင်ပုဒ်များ
နိဂုံးချုပ် အာသီသကထာ

သက္ကပဥှသုတ် တရားတော်

▬▬▬▬▬▬▬▬▬▬

(သိကြားအမေး ချမ်းသာရေး)

၁၃၂၆ - ခုနှစ်၊ ပြာသိုလကွယ်နေ့က စ၍ ဟောသည်။

တရားပလ္လင်ခံ

▬▬▬▬▬

ဒါယကာများက သက္ကပဥှသုတ်ကို ဟောဖို့ လျှောက်ထားတောင်းပန်တဲ့အတွက် ဒီကနေ့ကစပြီး သက္ကပဥှသုတ် တရားတော်ကို ဟောရမယ်၊ သက္က - ဆိုတာ သိကြားမင်းပဲ၊ ပဥှ - ဆိုတာ အမေးပြဿနာပဲ၊ ဒါကြောင့် သက္ကပဥှ - ဆိုတာ သိကြားမင်း၏ အမေးပြဿနာကို ဖြေကြားထားတဲ့ တရားတော်ပါပဲ၊

အဲဒီမှာ သိကြားမင်းက သတ္တဝါတို့၏ ချမ်းသာရေးကို မေးတယ်၊ မြတ်စွာဘုရားရှင် ကလဲ အဲဒီ ချမ်းသာရေးကို ထုတ်ဖော် ဟောကြားတော်မူတယ်၊ ဒါကြောင့် အဲဒီ သက္ကပဥှသုတ် တရားကို ဘုန်းကြီးက သိကြားအမေး ချမ်းသာရေးတရားတော် လို့ အမည်ပေးထားပါတယ်။

ဒီသုတ်တရားတော်မှာ နိဒါန်းက တော်တော်ရှည်လျား ကျယ်ဝန်းတယ်၊ ဒါကြောင့် နိဒါန်းက စပြီးဟောရင် ဒီကနေ့ တရားသားကို ဟောဖို့ အချိန်ရမှာ မဟုတ်ဘူး၊ အဲဒီတော့ တရားနာသူတွေက တရားသားကို မနာရတဲ့အတွက် အားမလို အားမရ ဖြစ်နေဖွယ် ရှိပါတယ်၊ ဒါကြောင့် သိကြားမင်း၏ အမေးက စပြီး ဟောရမယ်။

သိကြားမင်း၏ မေးခွန်း

▬▬▬▬▬▬▬▬▬

ကိံ သံယောဇနာ နုခေါ မာရိသ ဒေဝါ မနုဿာ အသုရာ နာဂါ ဂန္ဓဗ္ဗာ ယေ စညေ သန္တိ ပုထုကာယာ၊ တေ “အဝေရာ အဒဏ္ဍာ အသပတ္တာ အဗျာပဇ္ဈာ ဝိဟရေမု အဝေရိနော”တိ ဣတိ စ နေသံ ဟောတိ၊ အထ စ ပန သဝေရာ သဒဏ္ဍာ သသပတ္တာ သဗျာပဇ္ဈာ ဝိဟရန္တိ သဝေရိနောတိ။

မာရိသ - ဆင်းရဲကင်းတော်မူသော အရှင်ဘုရား၊

(မာရိသ-ပုဒ်က ငါလိုပုဂ္ဂိုလ် ကျွန်ုပ်လိုပုဂ္ဂိုလ်လို့ သဒ္ဒါအနက် ရှိတယ်၊ နတ်အချင်းချင်း ချစ်ဖွယ် စကားအနေနဲ့ခေါ်ဝေါ် ပြောဆိုနေကျစကားဖြစ်ကြောင်း၊ နိဒ္ဒုက္ခ - ဆင်းရဲ ကင်းသူလို့လဲ အနက်ရှိကြောင်း အဋ္ဌကထာ၌ ဖွင့်ပြထားတယ်၊ ဒါကြောင့် “ဆင်းရဲကင်းတော်မူသော အရှင်ဘုရား” လို့ အနက်ပြန်လိုက်တယ်၊ နောက်အပိုဒ် များကျတော့ ရိုသေမှု ပေါ်လွင်အောင် “အရှင်ဘုရား၊ မြတ်စွာဘုရား”လို့ပဲ ပြန်သွားမယ်။)

ဒေဝါ - နတ်တို့သည်လည်းကောင်း၊
မနုဿာ - လူတို့သည်လည်းကောင်း၊
အသုရာ - နတ်တို့သည် လည်းကောင်း၊
နဂါ - နဂါးတို့သည်လည်းကောင်း၊
ဂန္ဓဗ္ဗာ - ဂန္ဓဗ္ဗနတ်တို့သည်လည်းကောင်း၊
အညေ - ဆိုအပ်ခဲ့ပြီးမှ တစ်ပါးကုန်သော၊
ယေ စ ပုထုကာယာ - အကြင်များစွာသော သတ္တဝါတို့သည် လည်းကောင်း၊
သန္တိ - ရှိနေကြပါသည်၊
နေသံ - နတ်လူစသော ထိုသတ္တဝါအများတို့မှာ၊
ဣတိ စ - ဤသို့သော လိုလားတောင့်တခြင်းသည်လည်း၊
ဟောတိ - ဖြစ်လျက်ရှိနေပါသည်၊
မယံ - ငါတို့သည်၊
အဝေရာ - ခိုက်ရန် ဒေါသ ကင်းပကုန်သည်ဖြစ်၍၊
အဒဏ္ဍာ - လက်နက် ဥစ္စာ ဒဏ်ဘေးကင်းဝေး ကုန်သည်ဖြစ်၍၊
အသပတ္တာ - ရန်သူဟူသမျှ ကင်းပကုန်သည်ဖြစ်၍၊
အဗျာပဇ္ဈာ - စိတ်ဆင်းရဲကင်းကွာ နှလုံးမသာ မရှိကြကုန်ပဲ၊
အဝေရိနော - ခိုက်ရန်ဒေါသ အနည်းငယ် မျှမရှိကြကုန်ဘဲ၊
ဝိဟရေမုတိ - နေလိုကြပါသည်ဟု လိုလား တောင့်တလျက် ရှိကြကုန်၏၊
အထ စ ပန - ထိုသို့ပင် လိုလားတောင့်တလျက် ရှိနေကြပါသော်လည်း၊
တေ - ထိုနတ်လူစသော သတ္တဝါအများတို့သည်၊
သဝေရာ - ရန်ခိုက်ဒေါသ ရှိကြကုန်လျက်၊
သဒဏ္ဍာ - လက်နက်ဥစ္စာ ဘေးဒဏ်ထိမှန်ကြရောက်ကြကုန်လျက်၊
သသပတ္တာ - ရန်သူတွေလဲ မကင်းပဲ ရှိနေကြကုန်လျက်၊
သဗျာမဇ္ဈာ - နှလုံးမသာဘဲ စိတ်ဆင်းရဲကုန်လျက်၊
သဝေရိနော - ခိုက်ရန်ဒေါသ မကင်းပဘဲ ရှိနေကြ ကုန်လျက်၊
ဝိဟရန္တိ - အလိုမကျပဲ နေကြရသည်မှာ၊
ကိံ သံယောဇနာ နုခေါ - အဘယ်သို့သော သံယောဇဉ်နှောင်ကြိုး ရှိနေကြ၍ပါနည်း အရှင်ဘုရား၊
ဝါ - အဘယ်သို့သော သံယောဇဉ်နှောင်ကြိုး ရှိနေကြသောကြောင့် ဤသို့ အလိုမကျပဲ နေကြရပါကုန်သနည်း အရှင်ဘုရား -

လို့ မေးလျှောက်ပါတယ်။

တယ်ကောင်းတဲ့ မေးခွန်းပဲ၊ နတ်က မေးတာဖြစ်တဲ့အတွက် ဒေဝါ - နတ်တို့သည်လို့ နတ်ကိုအစပြုဖော်ပြပြီးတော့ မေးတာပဲ၊ စတုမဟာရာဇ် နတ်တွေနှင့်တကွ တာဝတိံသာ နတ်တွေကို ရည်ရွယ်ဟန်တူပါတယ်၊ အဲဒီနတ်တွေက သိကြားမင်း၏ မျက်မှောက်မှာ ထင်ရှားတွေ့နေရတဲ့ နတ်တွေပါဘဲ၊ နောက်ပြီးတော့ လူတွေလဲ ရှိပါတယ်၊ အသုရာ ဆိုတဲ့နတ်တွေလဲ ရှိပါတယ်တဲ့၊ အဲဒီ အသုရာနတ်တွေကတော့ တာဝတိံသာ နတ်တွေရဲ့ ရန်သူတွေပဲ၊ ဓဇဂ္ဂသုတ်စသည်မှာ ပြထားတဲ့ အတိုင်း တာဝတိံသာနတ်တွေက စစ်တိုက်ကြရတယ် ဆိုတာဟာ ဒီအသုရာနတ်တွေနဲ့ တိုက်ကြရတာပဲ၊

မူလကတော့ ဒီအသုရာနတ်တွေလဲ တာဝတိံသာမှာပဲ နေကြတယ်၊ သူတို့က အရက်မူးနေတုန်း သိကြားမင်းက သူတို့ကို ပစ်ချလိုက်လို့ သူတို့ဟာ မြင်းမိုရ် တောင်ခြေ ရောက်နေကြတယ် - လို့လဲ ဆိုပါတယ်၊ နောက်ပြီးတော့ နဂါးတွေ ဆိုတာလဲ ရှိပါတယ်တဲ့၊ နဂါးဆိုတာ တန်ခိုးဖန်ဆင်းနိုင်တဲ့ မြွေမျိုးပါပဲ၊

နောက်ပြီးတော့ ဂန္ဓဗ္ဗဆိုတဲ့ နတ်မျိုးလဲ ရှိပါတယ်၊ သူတို့ကတော့ အတီးအမှုတ် အကအခုန်ဖက်ကနတ်မျိုးတွေပါပဲ၊ အဆင့်အတန်းအားဖြင့်တော့ စတုမဟာရာဇ် နတ်မျိုးထဲကပါပဲ၊ နတ်လောက၌ ယဉ်ကျေးမှုဘက်က နတ်တွေလို့ ဆိုရမှာပေါ့၊ ဒါတွင်ပဲလားလို့ဆိုတော့ ဒါလောက်တွင် မကသေးပါဘူး၊ ဒိပြင်လဲ ယက္ခ ခေါ်တဲ့ ဘီလူးနတ်မျိုးစသည်တွေ, တိရ စ္ဆာန် စသည်တွေ အများကြီး ရှိပါသေးတယ်တဲ့။

အဲဒီနတ်တွေ လူတွေစသော ကာမဘုံသား သတ္တဝါအများမှာ ကောင်းသော လိုလားတောင့်တခြင်း ရှိနေကြတယ်တဲ့၊ လိုလားတောင့်တပုံကတော့ ခိုက်ရန်ဒေါသ ဆိုတဲ့ ကိုယ်တွင်းရန်လဲကင်းနေချင်ကြတယ်၊ ဒီအလိုဖြင့် ကိုယ်က ရန်ငြိုးအာဃာတ ထားပြီးသူတစ်ပါးကို နှိပ်စက်ရန်, သူတစ်ပါး၏ ရန်သူဖြစ်ရန် မလိုဘူး ဆိုတာကိုလဲ သိစေပါတယ်၊

လက်နက်ဖြင့် အနှိပ်စက် ခံရတဲ့ ဘေးဒဏ်, ငွေကြေးပေးဆပ်ရတဲ့ ဘေးဒဏ် ဆိုတာလဲ ကင်းနေချင်ကြတယ်၊ ရန်သူလဲကင်းနေချင်ကြတယ်၊ စိတ်နှလုံး မသာခြင်း, စိတ်ဆင်းရဲခြင်း ကင်းနေချင်ကြတယ်၊

(ဒေါမနဿဆိုတဲ့ စိတ်ဆင်းရဲသည် နှိပ်စက်တတ်သောကြောင့် ဗျာဗာဓ မည်၏၊ ယင်း ဗျာဗာဓ ပုဒ်ကပင် ဗျာပဇ္ဈဟု ဖြစ်လာသည်၊ ထို့ကြောင့် အဗျာပဇ္ဈာ ပုဒ်ကို စိတ်ဆင်းရဲကင်းကွာ နှလုံးမသာ မရှိကြကုန်ပဲဟု အနက်ပြန်ထားသည်၊ ယင်း ဗျာပဇ္ဈ, အဗျာပဇ္ဈ - သဒ္ဒါပြီးပုံ အဆုံးအဖြတ်ကို ဝိသုဒ္ဓိမဂ် မဟာဋီကာနိဿယ ဒုတိယအုပ် နှာ ၃၂၉၊ ၃၃၄ - တို့၌ ကြည့်ရှု နိုင်ပါသည်။)

အတွင်းရန်သူဆိုတဲ့ စိတ်ဆိုးခြင်းလဲ ကင်းနေချင်ကြတယ်၊ အဲဒီလို ကောင်းသော လိုလားတောင့်တခြင်း ရှိနေကြပါတယ်တဲ့။

(ဤအရာ၌ အဝေရာနှင့် အဝေရိနော ပုဒ်တို့၏ အနက်ထူးခြားပုံကို ဋီကာ၌ ဤသို့ဖွင့်ပြထား၏၊ အဝေရာ - ဖြင့် ခိုက်ရန် ပြုနိုင်လောက်အောင် အားကြီးသော ပဋိဃဆိုတဲ့ ဒေါသကင်းခြင်းကို ပြသည်၊ အဝေရိနော-ဖြင့် အမျက်ထွက်ရုံ အသေးအဖွဲ ဒေါသကင်းခြင်းကို ပြသည်ဟူ၏။ ထို့ကြောင့် အဝေရိနော ရန်ခိုက် ဒေါသ အနည်းငယ်မျှ မရှိကြကုန်ပဲ - ဟု အနက်ပြန်ထားသည်။)

အတိုချုပ် ထပ်ပြောပါဦးမယ်၊ ဘယ်သူနဲ့မျှ ရန်ခိုက်ဒေါသလဲ မဖြစ်ချင်ကြဘူး၊ ဘေးဒဏ်လဲ ကင်းချင်ကြတယ်၊ ရန်သူလဲ ကင်းချင်ကြတယ်၊ နှလုံးမသာမှု စိတ်ဆင်းရဲလဲ ကင်းချင်ကြတယ်၊ မိမိတို့ကလဲ သူတစ်ပါး၏ ရန်သူမဖြစ်ချင်ကြဘူး၊ မိမိတို့၏ ဘာသာရေးအရ ဘေးရန်ကင်းရပါလို၏၊ ဆင်းရဲကင်းရပါလို၏၊ ချမ်းသာစွာ နေရပါလို၏ စသည်ဖြင့် ဆုတောင်းပြီး နေကြတယ်၊

အဲဒီလို ဘေးရန်အန္တရာယ် ကင်းပြီး, ကိုယ်ကလဲ သူတစ်ပါးအား ရန်မပြုဘဲ ချမ်းသာစွာ နေလိုကြသော်လဲ ဘေးရန် အန္တရာယ်တွေ ဆင်းရဲတွေနဲ့ တွေ့ကြုံ ခံစားနေ ကြရပါတယ်၊ အဲဒါဟာ ဘယ်လိုသံယောဇဉ် အနှောင်အဖွဲ့ ရှိနေလို့ပါလဲ - လို့ မေးလျှောက်ပါတယ်။

အင်မတန် ကောင်းတဲ့ မေးခွန်းပါပဲ၊ ယနေ့အခါမှာလဲ ကမ္ဘာလောကမှာ ဒီလို ကြွေးကြော်နေလေ့ ရှိကြပါတယ်၊ အများကောင်းစားရေး, ချမ်းသာရေး, ကမ္ဘာ့ ငြိမ်းချမ်းရေး စသည်ဖြင့် ကြွေးကြော်လေ့ရှိနေကြပါတယ်၊ အဲဒီလို ကြွေးကြော်တဲ့ အတိုင်း ဆောင်ရွက်နိုင်ကြမယ် ဆိုရင်တော့ အင်မတန်ကောင်းမှာပါပဲ၊

အဲဒီလို ကြွေးကြော်ကြတဲ့အတိုင်း တကယ်ဖြစ်တာ မဖြစ်တာကတော့ ကမ္ဘာတစ်ဝှမ်း လုံးက လူအများမှာ ကိုယ်တွေ့ ဖြစ်နေကြတာပဲ၊ အဲဒါလဲ ဘာသံယောဇဉ်ကြောင့်လဲလို့ မေးမယ်ဆိုရင် မေးသင့်တာပါပဲ၊ သိကြားမင်း၏ အလွန်ကောင်းတဲ့ မေးခွန်းကိုတော့ မြတ်စွာဘုရားက ဒီလို ဟောကြားတော်မူပါတယ်။

ဘုရားရှင်၏ အဖြေ

▬▬▬▬▬▬▬

ဣဿာမ စ္ဆရိယသံယောဇနာ ခေါ ဒေဝါနမိန္ဒဒေဝါ မနုဿာ အသုရာ နာဂါ ဂန္ဓဗ္ဗာ ယေ စညေ သန္တိ ပုထုကာယာ၊ တေ “အဝေရာ အဒဏ္ဍာ အသပတ္တာ အဗျာပဇ္ဈာ ဝိဟရေမု အဝေရိနော”တိ ဣတိ စ နေသံ ဟောတိ၊ အထ စ ပန သဝေရာ သဒဏ္ဍာ သသပတ္တာ သဗျာပဇ္ဈာ ဝိဟရန္တိ သဝေရိနောတိ။

ဒေဝါနမိန္ဒ - နတ်တို့၏ အရှင်ဖြစ်သော သိကြားမင်း၊
ဒေဝါ - နတ်တို့သည်လည်းကောင်း၊
မနုဿာ - လူတို့သည်လည်းကောင်း၊
အသုရာ - အသုရာနတ်တို့သည် လည်းကောင်း၊
နာဂါ - နဂါးတို့ သည်လည်းကောင်း၊
ဂန္နဗ္ဗာ - ဂန္ဓဗ္ဗနတ်တို့သည်လည်းကောင်း၊
အညေ - ဆိုအပ်ခဲ့ပြီးမှ တစ်ပါးကုန်သော၊
ယေ စ ပုထုကာယာ အကြင်များစွာသော သတ္တဝါတို့သည် လည်းကောင်း၊
သန္တိ - ရှိကြကုန်၏၊
နေသံ - နတ်လူစသော ထိုသတ္ဝါ အများတို့မှာ၊
ဣတိ - စ - ဤသို့သော လိုလားတောင့်တခြင်းသည်လည်း၊
ဟောတိ - ဖြစ်လျက်ရှိ၏၊
မယံ - ငါတို့သည်၊
အဝေရာ - ခိုက်ရန်ဒေါသ ကင်းပကုန်သည်ဖြစ်၍၊
အဒဏ္ဍာ - လက်နက် ဥစ္စာဒဏ်ဘေးကင်း ဝေးကုန်သည်ဖြစ်၍၊
အသပတ္တာ - ရန်သူဟူသမျှ ကင်းပကုန်သည်ဖြစ်၍၊
အဗျာပဇ္ဈာ စိတ်ဆင်းရဲကင်းကွာ နှလုံးမသာ မရှိကုန်သည်ဖြစ်၍၊
အဝေရိနော - ခိုက်ရန်ဒေါသ အနည်းငယ်မျှမရှိကြကုန်ပဲ၊
ဝိဟရေမုတိ - နေလိုကြပါကုန်သည်ဟု လိုလားတောင့်တလျက် ရှိနေကြကုန်၏၊
အထ စ ပန - ထိုသို့ပင် လိုလားတောင့်တလျက် ရှိနေကြသော်လည်း၊
တေ - နတ်လူစသော ထိုသတ္တဝါအများတို့သည်၊
သဝေရာ - ရန်ခိုက်ဒေါသ ရှိကြကုန်လျက်၊
သဒဏ္ဍာ - လက်နက်ဥစ္စာဘေးဒဏ် ထိမှန်ကျရောက်ကုန်လျက်၊
သသပတ္တာ - ရန်သူတွေလဲ မကင်းဘဲရှိကြကုန်လျက်၊
သဗျာပဇ္ဈာ - နှလုံးမသာဘဲ စိတ်ဆင်းရဲ ရှိကုန်လျက်၊
သဝေရိနော - ခိုက်ရန်ဒေါသ မကင်းပဘဲရှိနေကုန်လျက်၊
ဝိဟရန္တိ - အလိုမကျပဲ နေကြရသည်မှာ ဣဿာမစ္ဆရိယ၊
သံယောဇနာ - မနာလိုခြင်း, ဝန်တိုခြင်းတည်းဟူသော သံယောဇဉ်နှောင်ကြိုး ရှိနေကြသောကြောင့် ပေတည်း၊
ဝါ - မနာလိုခြင်း ဝန်တိုခြင်းတည်းဟူသော သံယောဇဉ် နှောင်ကြိုး ရှိကြသည်ဖြစ်၍၊ တေ - နတ်လူစသော ထိုသတ္တဝါအများတို့သည်၊
ဝိဟရန္တိ - မိမိတို့အလိုအတိုင်း မဖြစ်ပဲ ရန်ခိုက်ဒေါသရှိခြင်း ဘေးဒဏ်သင့်ခြင်း စသည်ဖြင့် နေကြရကုန်သတည်းလို့ မြတ်စွာဘုရားက ဖြေကြားတော်မူပါတယ်။

ကိုယ့်ထက်သာတာကို မနာလိုတာက ဣဿာပဲ၊ ကိုယ်လို သူတစ်ပါး မကောင်းစား စေချင်တာက မစ္ဆရိယပဲ၊ အဲဒီ မနာလိုခြင်း ဝန်တိုခြင်းဆိုတဲ့ သံယောဇဉ်နှောင်ကြိုး ရှိနေကြသောကြောင့် ရန်ခိုက်ဒေါသ မဖြစ်ချင်ပေမယ့် ရန်ခိုက်ဒေါသ ဖြစ်နေကြ ရတယ်၊ ဘေးဒဏ် မသင့်ချင်ပေမယ့် ဘေးဒဏ်သင့်နေကြရတယ်၊ ရန်သူမရှိချင် ပေမယ့် ရန်သူရှိနေကြရတယ်၊ နှလုံးမသာမှု စိတ်ဆင်းရဲ မရှိချင်ပေမယ့် စိတ်ဆင်းရဲ ရှိနေကြရတယ်၊

သူတစ်ပါး ကောင်းစား ချမ်းသာတာ, စီးပွားဥစ္စာ ပြည့်စုံကြွယ်ဝတာ, အခြွေအရံ များတာ, ရာထူးအဆင့်အတန်း မြင့်တာကို မလိုလားတဲ့ ဣဿာရှိနေတဲ့ သူဟာ အေးချမ်းစွာ နေချင်ပါတယ်လို့ ဘယ်လိုပင် ပြောနေစေကာမူ အဲဒီ မနာလိုတဲ့ ဣဿာကြောင့်လဲ ဆင်းရဲနေရတာပဲ၊ မနာလိုတဲ့အတွက် သူတစ်ပါးအား အကျိုးမဲ့ ဖြစ်အောင် ကြံစည်ပြုလုပ်သောကြောင့်လဲ ဆင်းရဲနေရတာပဲ၊

သူတစ်ပါးအား အကျိုးမဲ့ဖြစ်အောင် ကြံစည်ပြုလုပ်ရင် အဲဒီ သူတစ်ပါးက မိမိရန်သူ ဖြစ်တော့တာပဲ၊ မိမိက သူတစ်ပါး၏ ရန်သူဖြစ်တယ်ဆိုတာတော့ အထူးပြောစရာ မလိုပါဘူး၊ အဲဒီ မနာလိုမှု ဣဿာကြောင့် ဆင်းရဲဒုက္ခရောက်နေကြတာတွေဟာ လောကမှာ မျက်မြင်တွေ့ နေကြရတာပဲ၊ အဲဒီ မနာလိုမှုကြောင့် နောင်သံသရာ တစ်လျှောက် လုံးမှာလဲ နလန်မထူနိုင်အောင် ဆင်းရဲဒုက္ခရောက်သွားကြမှာ သေချာပါတယ်။

နောက်ပြီးတော့ ဝန်တိုစေးနှဲမှု မစ္ဆရိယရှိနေရင်လဲ ရန်ခိုက်ဒေါသ မဖြစ်ချင်ဘူးလို့ ဆိုပေမယ့် ရန်ခိုက်ဒေါသ ဖြစ်နေရတတ်တာပဲ၊ ဘယ်လိုလဲဆိုတော့ မိမိပိုင်တဲ့ ပစ္စည်းကို အခြားသူမရစေလို မသုံးစွဲစေလိုတဲ့အတွက်လဲ ဒေါသ ဖြစ်ရတတ်တယ်၊ မိမိ ချစ်ကျွမ်းဝင်နေတဲ့သူနဲ့ မနီးစပ်စေချင်လို့လဲ ဒေါသဖြစ်ရတတ်တယ်၊ အဲဒါကတော့ ဇနီးမောင်နှံတွေနဲ့ စပ်ပြီး အင်မတန် ထင်ရှားတတ်ပါတယ်၊

အကြီးအကဲ အရာရှိဖြစ်သူတွေမှာ မိမိတို့ပိုင်နက်တွေ သူတစ်ပါးပိုင် ဖြစ်သွားမှာကို စိုးရိမ်ပြီး ကြောင့်ကြစိုက်နေရတဲ့အတွက် အလွန်ပင် ဆင်းရဲနေကြရ တတ်ပါတယ်၊ ဒါကြောင့် ဝန်တိုမှု မစ္ဆရိယရှိနေရင် ရန်ခိုက် ဒေါသလဲ ဖြစ်ရတာပဲ၊ ဘေးဒဏ် အမျိုးမျိုးလဲ သင့်ရောက်တတ်တာပဲ၊ ရန်သူလဲ ရှိနေတော့တာပဲ၊ စိုးရိမ်ကြောင့်ကြပြီး စိတ်ဆင်းရဲလဲရှိနေတတ်တာပဲ။

ဒါကြောင့် ကိုယ့်ထက်သာ မနာလိုဆိုတဲ့ ဣဿာနဲ့ ကိုယ်လို သူတစ်ပါး မကောင်းစား စေလိုတဲ့ ဝန်တိုမှု မစ္ဆရိယ ရှိနေရင် အေးချမ်းစွာ နေလိုပါတယ်လို့ ဆိုပေမယ့် အေးချမ်းစွာ မနေရဘဲ ဆင်းရဲ အမျိုးမျိုးနဲ့ တွေ့နေကြရတာပဲ၊ အဲဒီ အနက် အဓိပ္ပာယ်ကို ဒီလို ဆောင်ပုဒ် စီထားတယ်။

မူလဆောင်ပုဒ်

▬▬▬▬▬

ကာမဘုံသား, နတ်လူများတို့,
ကောင်းစားပြည့်ဝ, ဘေးရန်ပလျက်,
အေးမြချမ်းသာ, နေလိုပါလဲ,
ဣဿာ, မစ္ဆေ သူရှုပ်ပွေ၍,
ထင်ခြေမကျ, ဆင်းရဲရတည့် -

လို့အစပိုင်းအနေဖြင့် စီထားပါတယ်၊ နောက် - ဆက်ပြီးဟောထားတဲ့ အပိုင်းများ အတွက်လဲ မူလဇစ်မြစ်, သူ့အကြောင်းစစ်သော်, မုန်းချစ်အပ်သား, အာရုံများနှင့်, လိုလားတလီ, ကြံစည်တတန်, ချဲ့ရန်မှတ်စွဲ, ခြေတည်လွဲ၍, ဆင့်ကဲဆင့်ကာ, ဖြစ်ရိုးပါတည်း၊ ခြောက်ဖြာ ဒွါရ, ထင်သမျှကို, မှတ်ကြသဖြင့်, မမှီသင့်ရှောင် မှီသင့်ဆောင်၍, မှန်အောင်ပြင်က, လမ်းမှန်ရသည်, မုချချမ်းသာရေးပေတည်းတဲ့။

အင်မတန်ကောင်းတဲ့ အမေးအဖြေ တရားတော်ပါပဲ၊ အဲဒီ ဆောင်ပုဒ်ကို လိုက်ဆို ကြရမယ်၊

ကာမဘုံသား, နတ်လူများတို့,
ကောင်းစားပြည့်ဝ, ဘေးရန်ပလျက်,
အေးမြချမ်းသာ, နေလိုပါလဲ,
ဣဿာ, မစ္ဆေ သူရှုပ်ပွေ၍,
ထင်ခြေမကျ, ဆင်းရဲရတည့်
မူလဇစ်မြစ်, သူ့အကြောင်းစစ်သော်,
မုန်းချစ်အပ်သား, အာရုံများနှင့်,
လိုလားတလီ, ကြံစည်တတန်,
ချဲ့ရန်မှတ်စွဲ, ခြေတည်လွဲ၍,
ဆင့်ကဲဆင့်ကာ, ဖြစ်ရိုးပါတည်း၊
ခြောက်ဖြာ ဒွါရ, ထင်သမျှကို,
မှတ်ကြသဖြင့်, မမှီသင့်ရှောင်
မှီသင့်ဆောင်၍, မှန်အောင်ပြင်က,
လမ်းမှန်ရသည်, မုချချမ်းသာရေးပေတည်း။

ယခု ပြောခဲ့တာဟာ လိုရင်းတရားသားတွေပါပဲ၊ အဲဒီ တရားသားတွေကိုတော့၊ နောက်မှ အသေးစိတ် အကျယ်ဖွင့်ပြ ဟောကြားရမယ်၊ ယခုတော့ ဒီသုတ်ကို ဟောရခြင်း၏ အကြောင်းဖြစ်တဲ့ နိဒါန်းစကားကို ဟောရမယ်။

သုတ်၏နိဒါန်း

▬▬▬▬▬

ဧဝံ မေ သုတံ ဧကံ သမ ယံ ဘဂဝါ မဂဓေသု ဝိဟရတိ ပါစိနတော ရာဇဂဟဿ အမ္ဗသဏ္ဍာ နာမ ဗြဟ္ဗဏဂါမော၊ တဿုတ္တရတော ဝေဒိယကေ ပဗ္ဗတေ ဣန္ဒသာလဂုဟာယံ။

ဒါက ပထမသင်္ဂါယနာတင်စဉ်က မှတ်တမ်း တင်ထားခဲ့တဲ့ ဒီ သုတ်နိဒါန်းရဲ့ အစဝါကျပဲ၊ နိဒါန်း အပြည့်အစုံကတော့ ပါဠိလို ၉ - မျက်နှာတောင်ရှိပါတယ်၊ အဲဒီ နိဒါန်းပါဠိတွေကိုတော့ တချို့သာ ထုတ်ပြပြီး တချို့တော့ ဗမာလို အတိုချုပ် ပြောသွားရမှာပဲ။

နိဒါန်း ဆိုတာ ဟောရာဌာနရယ်၊ ဟောတဲ့ ပုဂ္ဂိုလ်ရယ်၊ ဟောခြင်း၏ အကြောင်းရယ်၊ နာကြားရတဲ့ ပုဂ္ဂိုလ်ရယ် - ဒီလို အကြောင်းအရာတွေကို ဖော်ပြထားတဲ့ စကားရပ် ပါပဲ၊ အဲဒီလို ဖော်ပြထားပါမှ ဘုရားဟောဖြစ်ကြောင်း ခိုင်လုံတယ်၊ အဲဒီလို နိဒါန်းမရှိရင် ဘုရားဟော ဟုတ်, မဟုတ် သံသယဖြစ်ဖွယ် ရှိတတ်ပါတယ်၊

ဘယ်ဟာလိုတုန်း ဆိုတော့ အဘိဓမ္မာ ဒေသနာတော်လိုပေါ့၊ အဘိဓမ္မာ ဒေသနာတော်မှာ ဒီလို နိဒါန်းက မရှိဘူး၊ တာဝတိံသာနတ်ပြည်မှာ မြတ်စွာဘုရားက ဟောတော်မူတယ်၊ အဲဒီတုန်းက နေ့စဉ်နေ့တိုင်း မြတ်စွာဘုရားဟာ တာဝတိံသာ နတ်ပြည်မှ ဟိမဝန္တာတောအရပ်သို့ ကြွရောက်ပြီး နေ့ခင်းကာလ အနားယူတော် မူတယ်၊

တာဝတိံသာမှာတော့ နိမ္မိတဘုရားက ဆက်လက်ပြီး မပြတ်ဟောနေတယ်၊ အဲဒီ အခါတုန်းက အရှင်သာရိပုတ္တရာမထေရ်က မြတ်စွာဘုရားထံ ကြွရောက်ပြီး နေ့စဉ်နေ့တိုင်း ဝတ်ပြုတယ်၊ အဲဒီအခါ မြတ်စွာဘုရားရှင်က ဒီကနေ့ ဘယ်ကစပြီး ဘယ်အထိအဘိဓမ္မာတရားကို ဟောခဲ့တယ်ဆိုတာကို အကျဉ်းချုပ် အရိပ်အမြွက်မျှ နေ့စဉ်နေ့တိုင်း အရှင်သာရိပုတ္တရာအား ဟောကြားတော်မူခဲ့တယ်၊

အရှင်သာရိပုတ္တရာမထေရ်က လင်းနို့သားဘဝမှ ဖြစ်လာခဲ့တဲ့ ရဟန်းတော် ငါးရာ တပည့်တို့အား အဘိဓမ္မာတရားကို မကျဉ်းမကျယ် အလယ်အလတ် ဟောတော်မူ ခဲ့တယ်၊ ယခုလက်ရှိ အဘိဓမ္မာတရားတော်ဟာ အဲဒီ အရှင်သာရိပုတ္တရာ ဟောထားတဲ့ တရားတော်ဖြစ်တယ်၊ ဒါပေမယ့် မြတ်စွာဘုရားထံမှ ကြားနာရပြီး တစ်ဆင့် ဟောတဲ့ တရားတော်ဖြစ်သောကြောင့် မြတ်စွာဘုရားရှင် ဟောတော်မူတဲ့ တရားတော်ပဲလို့ အဋ္ဌကထာက ပြဆိုထားတယ်၊

အဘိဓမ္မာဒေသနာတော်မှာတော့ ဧဝံ မေ သုတံ၊ ဧကံ သမယံ စသည်ဖြင့် နိဒါန်း မရှိဘူး၊ ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာ - စသည်ဖြင့် တရားသားသက်သက်မှ စပြီး ထင်ရှားရှိနေတယ်၊ ဒါကြောင့် တစ်ချို့က အဘိဓမ္မာကို ဘုရားဟောမဟုတ်ဘူးလို့ ပြောဆိုနေကြကြောင်း အဋ္ဌကထာမှာပဲ ထင်ရှား ဖော်ပြထား တယ်၊ ဘာ့ကြောင့် အဲဒီလို ပြောဆိုကြပါသလဲ ဆိုတော့ အဘိဓမ္မာ ဒေသနာတော်မှာ နိဒါန်းမရှိလို့ ပါပဲတဲ့။

ဒါကြောင့် မြတ်စွာဘုရား ဟောတော်မူတဲ့ တရားတော်တွေကို နောင်လာ နောက်သားတွေ သံသယမဖြစ်ရအောင် ပထမသင်္ဂါယနာ တင်စဉ်ကတည်းက မေးဖြေပြီး နိဒါန်းအဖြစ်ဖြင့် မှတ်တမ်းတင်ခဲ့တဲ့ သုတ်တွေကပဲ များပါတယ်၊ ဓမ္မပဒလို ဂါထာသက်သက်မျှ အချို့သုတ်အနည်းငယ်လောက်သာ နိဒါန်းမပါဘဲ ရှိနေပါတယ်၊ ဒီသုတ်မှာတော့ နိဒါန်းက အင်မတန် ခမ်းနားကျယ်ဝန်းပါတယ်၊ အဲဒီ နိဒါန်းနှင့် စပ်ယှဉ်ပြီး ကြည့်လိုက်ရင် အင်မတန်လဲ ကြည်ညိုစရာ ကောင်းပါတယ်၊ အနှစ်သာရတွေလဲ ပိုပြီးထင်ရှားပေါ်ပါတယ်၊

အဲဒီလို အကျိုးများတဲ့ နိဒါန်းကို မှတ်တမ်းတင်ရအောင် အရှင်မဟာကဿပ မထေရ်မြတ်ကြီးက “ငါ့ရှင်အာနန္ဒာ သက္ကပဥှသုတ်တရားတော်ကို ဘယ်အရပ်၌ ဘယ်ပုဂ္ဂိုလ်က ဘယ်သူအား ဘယ်လို အကြောင်းကြောင့် ဟောခဲ့ပါသလဲ”လို့ မေးတော်မူပါတယ်၊ အဲဒီအမေးကို အရှင်အာနန္ဒာ မထေရ်မြတ်က ဧဝံ မေ သုတံ ဧကံ သမယံ စသည်ဖြင့် ခုတင်က ရွတ်ပြခဲ့တဲ့အတိုင်း ဖြေကြားတော်မူပါတယ်၊ ယခု အဲဒါကို မြန်မာပြန်ပြမယ်။

ဘန္တေ - အရှင်မဟာကဿပ၊
မေ - အကျွန်ုပ် အာနန္ဒာသည်၊
ဧဝံ - ဤသို့၊ ဝါ - ဤဆိုလတ္တံ့သော အခြင်းအရာဖြင့်၊
သုတံ - ကြားနာမှတ်သားရဘူးပါသည်တဲ့၊

ဒါက ပလ္လင်ခံစကားပဲ၊ ကြားခဲ့ရပုံကိုတော့ ဒီလို ဆက်ပြီး လျှောက်ထားပါတယ်။

ဧကံသမယံ - အခါတစ်ပါး၌၊
ဘဂဝါ - ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည်၊
မဂဓေသု - မဂဓတိုင်းတို့၌၊

မဂဓတိုင်း ဆိုတာ အိန္ဒယပြည်နယ်ထဲက တိုင်းပြည်တစ်ခုမျှပါပဲ၊ ဒါပေမယ့် အဲဒီ တိုင်းပြည်ကို အုပ်စိုးပိုင်ဆိုင်တဲ့ မင်းသားတွေက များတဲ့အတွက် ပါဠိနည်းအရဖြင့် မဂဓေသုလို့ ဗဟုဝုစ်ဖြင့် ဆိုထားပါသတဲ့၊ ဗမာလို ဆိုရင်တော့ မဂဓတိုင်းပြည်၌ - လို့ ဧကဝုစ်ဖြင့်သာ ဆိုမှ ရှင်းလင်းပြတ်သားပါတယ်၊ ဒါကြောင့် -

ဧကံ သမယံ - အခါတစ်ပါး၌၊
ဘဂဝါ - ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည်၊
မဂဓေသု - မဂဓတိုင်းပြည်၌၊
ပါစိနတော ရာဇဂဟဿ - ရာဇဂြိုဟ်မြို့၏ အရှေ့ဘက်၌၊
အမ္ဗသဏ္ဍာ၊ နာမ ဗြဟ္မဏဂါမော - အမ္ဗသဏ္ဍာမည်သော ပုဏ္ဏားရွာ ရှိပါသည်၊
တဿ ဥတ္တရတော - ထိုရွာ၏ မြောက်ဘက်၌၊ ဝေဒိယကေပဗ္ဗတေ ဝေဒိယက တောင်ပေါ်တွင်၊
ဣန္ဒသာလဂုဟာယံ - ဣန္ဒသာလလိုဏ်ဂူ၌၊
ဝိဟရတိ - သီတင်းသုံး စံနေတော်မူပါသည်တဲ့။

အခါတစ်ပါးမှာ မြတ်စွာဘုရားဟာ မာဂဓတိုင်းပြည်ထဲက ရာဇဂြိုဟ်မြို့ရဲ့ အရှေ့ဘက် အမ္ဗသဏ္ဍာခေါ် သရက်ပင်တန်း ပုဏ္ဏားရွာရဲ့ မြောက်ဘက်က ဝေဒိယက တောင်ပေါ်မှာ ဣန္ဒသာလ (နှံပဲပင်) လိုဏ်ဂူ၌ သီတင်းသုံးနေတော် မူပါတယ်တဲ့။

တေန ခေါပန သမယေန သက္ကဿ ဒေဝါနမိန္ဒဿ ဥဿုက္ကံ ဥဒပါဒိ ဘဂဝန္တံ ဒဿနာယ။

တေန ခေါ ပန သမယေန - ဣန္ဒသာလလိုဏ်ဂူမှာ မြတ်စွာဘုရား သီတင်းသုံး နေတော်မူစဉ် ထိုအခါ၌၊
ဒေဝါနမိန္ဒဿ - နတ်တို့၏ အရှင်ဖြစ်သော၊
သက္ကဿ - သိကြားမင်းအား၊
ဘဂဝန္တံ ဒဿနာယ - မြတ်စွာဘုရားကို ဖူးမြော်ရန်အလို့ငှါ၊
ဥဿုက္ကံ ဥဒပါဒိ - ကြောင့်ကြစိုက်ခြင်း, ကြံစည်ခြင်းဖြစ်ခဲ့လေသည်တဲ့။

မြတ်စွာဘုရားက ဣန္ဒသာလလိုဏ်ဂူမှာ သီတင်းသုံးနေတဲ့အခါ သိကြားမင်းက မြတ်စွာဘုရားကို ဖူးမြော်ရန် ကြံစည် အားထုတ်ပါတယ်တဲ့၊ အဲဒီလိုကြံစည် အားထုတ်ခြင်း အကြောင်းကိုတော့ အဋ္ဌကထာမှာ ဖော်ပြထားတာရှိပါတယ်၊ အဲဒါကို တော်တော်ကြာမှ ပြောရမယ်၊ ပါဠိတော်မှာ တိုက်ရိုက်ပြထားတာကတော့ ဘုရား ဖူးရန် ကြံစည်အားထုတ်ပုံလောက်ပဲ ရှိပါတယ်၊

အဲဒီလိုအကြံအစည်ဖြစ်တဲ့အခါ သိကြားမင်းက မြတ်စွာဘုရား ဘယ်အရပ်မှာ သီတင်း သုံးသလဲလို့ နတ်မျက်စိဖြင့် ကြည့်တယ်၊ ကြည့်ရှုတဲ့အခါ ခုတင်က ထုတ်ပြခဲ့တဲ့ အတိုင်း ဣန္ဒသာလလိုဏ်ဂူမှာ သီတင်းသုံးနေကြောင်း တွေ့မြင်ရတယ်၊ အဲဒီတော့ ဘုရားဖူးသွားဖို့ တာဝတိံသာနတ်တွေကို စီမံပြင်ဆင်စေပါတယ်တဲ့။

အခြွေအရံများစွာနှင့် သွားဖို့စီမံခြင်းအကြောင်း

▬▬▬▬▬▬▬▬▬

နတ်ပရိသတ်တွေအများနဲ့ တခမ်းတနားကြီး ဘုရားဖူးသွားဖို့ ပြင်ဆင်စေတယ် ဆိုတော့ တော်တော်ကြာအောင် စုဝေး ပြင်ဆင်ရမည့် လက္ခဏာရှိပါတယ်၊ သိကြားမင်းဟာ မြတ်စွာဘုရားကို မဖူးဘူးတာတော့ မဟုတ်ပါဘူး၊ ဘုရားအဖြစ်သို့ ရောက်တော်မူခါနီး ဗောဓိပင်အောက် အပရာဇိတပလ္လင်ပေါ်မှာ ထက်ဝယ်ဖွဲ့ခွေ လျက် သီတင်းသုံးနေစဉ်တုန်းက မဟာဝိဇယုတ္တရခေါ် အောင်ပွဲခံ ခရုသင်းကြီး မှုတ်ပြီး သိကြားမင်းက ပူဇော်ခဲ့တယ်လို့ ဆိုပါတယ်၊ အဲဒီတုန်းကတော့ ဘုရား အဖြစ်သို့ မရောက်သေးဘူး၊ ဘုရားအလောင်းတော်အဖြစ်ပဲ ရှိသေးတယ်။

တော်တော်ကြာရင် ဒီသုတ်မှာပင် ဖော်ပြထားတာလဲ ရှိပါတယ်၊သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတိုက်ထဲက သလဠာဂါရလို့ ခေါ်တဲ့ ထင်ရှူးသား ဂန္ဓကုဋိမှာ သီတင်းသုံးနေစဉ်က မြတ်စွာဘုရားထံ အဖူးမြော် သွားရောက်ခဲ့ဖူးပါတယ်၊ အဲဒီတုန်းက သိကြားမင်းမှာ ဣန္ဒြေက မရင့်ကျက်သေးလို့ မြတ်စွာဘုရားက အဖူးမြော်မခံဘဲ ဖလသမာပတ်ကို ဝင်စားနေတော်မူခဲ့တယ်၊

အဲဒါကို သိကြားမင်းက “မကျွတ်ထိုက်တဲ့ ငါတစ်ယောက်တည်း သွားတဲ့အတွက် မြတ်စွာဘုရားက တရားမဟောဘဲ ရှိခဲ့တယ်လို့” အထင်ရောက်ပြီးတော့ ဒီတစ်ကြိမ်တော့ မိမိက မကျွတ်ထိုက်ပေမယ့် ကျွတ်ထိုက်တဲ့ သူတွေလဲပါအောင်, အဲဒီ ကျွတ်ထိုက်တဲ့ သူတွေကို အကြောင်းပြုပြီး ဟောတဲ့ တရားကိုလဲ နာခွင့်ရအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ စတုမဟာရာဇ်, တာဝတိံသာ အခြွေအရံ နတ်တွေပါ ဘုရားဖူးသွားဖို့ စီမံပြင်ဆင်စေတာပါတဲ့။

ဒီလို အရေးတကြီး စီမံပြင်ဆင်ရခြင်း၏ အကြောင်းကတော့ သိကြားမင်းမှာ အသက်တမ်းကုန်လို့ ပုဗ္ဗနိမိတ် ငါးပါးကို တွေ့မြင်ရတဲ့အတွက် သေရမှာကို ကြောက်ပြီး အားကိုးရာရအောင်လို့ စီမံပြင်ဆင်တာပါတဲ့။

ပုဗ္ဗနိမိတ် ငါးပါးထင်ပုံ

▬▬▬▬▬▬▬▬

နတ်များမှာ စုတေခါနီး လူတို့၏ ရက်ဖြင့် ၇-ရက်လောက်သာ ရှိတော့တဲ့ အချိန် ကာလ၌ ပုဗ္ဗနိမိတ်ငါးပါးကို တွေ့မြင်ကြရတယ်၊

၁ - မာလာ မိလာယန္တိ - ပန်ဆင်ထားတဲ့ ပန်းတွေကညှိုးနွမ်းကုန်တယ်၊ နတ်များမှာ ပန်ဆင်ထားတဲ့ ပန်းတွေဟာစောစောပိုင်းက ဆိုရင် ညှိုးနွမ်းတယ်လို့ မရှိဘူး၊ လန်းလန်းဆန်းဆန်း ရှိနေတာပဲ၊ ဒါပေမယ့် စုတေခါနီးကျတော့ အဲဒီပန်းတွေက ညှိုးနွမ်းကုန်ကြတယ်တဲ့။

နောက်ပြီးတော့ ၂ - ဝတ္ထာ ကိလိဿန္တိ - ဝတ်ထားတဲ့ အဝတ်တွေကလဲ ရှေးက ညစ်နွမ်းခြင်း မရှိခဲ့ပဲ စုတေခါနီးကျတော့ ညစ်နွမ်းကုန်ကြတယ်တဲ့။

နောက်ပြီးတော့ ၃ - ကစ္ဆေဟိ သေဒါ မုစ္စန္တိ - ဘယ်တော့ကမှ ချွေးမထွက်ဖူးပဲ စုတေခါနီးကျတော့ လက်ကတီးကြားတို့မှ ချွေးတွေထွက်ကြတယ်တဲ့။

နောက်ပြီးတော့ ၄ - ကာယေ ဒုဗ္ဗဏ္ဏိယံ ဩက္ကမတိ - နတ်ဘဝ ရောက်ကတည်းက ပျိုပျိုနုနု ရုပ်အဆင်းနဲ့သာ ရှိနေခဲ့ပါတယ်၊ ဒါပေမယ့် စုတေခါနီးကျတော့ အိုမင်း ရုပ်တွေပေါ်လာသတဲ့။

နောက်ဆုံးတစ်ခုကတော့ ၅ - သကေ ဒေဝေါ ဒေဝါသနေ နာဘိရမတိ - ဘယ်တော့ကမှ ပျင်းတယ်လို့မရှိဘဲ အမြဲတမ်း ပျော်နေခဲ့တယ်၊ ဒါပေမယ့် စုတေခါနီး ၇-ရက်လောက်ကျတော့ ဘယ်နေရာမှာမျှ မပျော်တော့ဘဲ ပျင်းနေပါသတဲ့။

အဲဒီ ပုဗ္ဗနိမိတ်ငါးပါးကို တွေ့မြင်ရတဲ့ နတ်ဟာ ၇-ရက်လောက်ကြာရင် အဲဒီ နတ်ဘဝမှ စုတေရတော့တာပဲတဲ့။

ဒါကြောင့် သိကြားမင်းလဲ အဲဒီ ပုဗ္ဗနိမိတ်ငါးပါးကို တွေ့မြင်ရတဲ့အတွက် ၇-ရက် အတွင်း သိကြားဘဝမှ စုတေရတော့မယ်၊ သိကြားမင်းစည်းစိမ်ကို စွန့်သွားရ တော့မယ် ဆိုတာကို ဆင်ခြင်ပြီး အကြီးအကျယ် စိတ်ဆင်းရဲခြင်း ဖြစ်ရပါတယ်၊ အဲဒီ စိတ်ဆင်းရဲကို ကျော်လွန်နိုင်အောင် မြတ်စွာဘုရားကို ဖူးမြော်ဖို့, မြတ်စွာဘုရား တရားကို နာကြားဖို့ ရည်ရွယ်ချက်ဖြင့် အခြွေအရံ နတ်ပရိသတ်တွေကို စုဝေး စေတာပါပဲ။

အဲဒီလို သိကြားမင်းက အခြွေအရံ နတ်တွေကို ဘုရားဖူး သွားဖို့ စုဝေးတဲ့အခါ အခြွေအရံ နတ်တွေက ဧဝံ ဘဒ္ဒန္တာ - ကောင်းပါပြီ အရှင်သိကြားမင်းလို့ ဝန်ခံ သဘောတူပြီး အသင့်ပြင်ဆင်စုဝေးကြပါတယ်။

ပဉ္စသိခနတ်သားနှင့်တကွ ဘုရားရှင်ထံ လာပုံ

▬▬▬▬▬▬▬▬▬▬▬▬▬▬▬

နောက်ပြီးတော့ ဦးစွန်းဖုတ် ငါးခုရှိလို့ ပဉ္စသိခ ခေါ်တဲ့ ဂန္ဓဗ္ဗ နတ်သားကိုလဲ ဘုရားဖူးသွားရာမှ ရှေ့ဆောင်အနေဖြင့် အတူလိုက်ပါဖို့ ညွှန်ကြားတယ်၊ အဲဒီ ပဉ္စသိခနတ်သားကလဲ ဧဝံ ဘဒ္ဒန္တာ - ကောင်းပါပြီ အရှင်သိကြားမင်းလို့ ဝန်ခံ သဘောတူပြီးတော့ ဥသျှစ်သီးမှည့်လို့ အဝါနုရောင်ရှိလို့ ဗေလုဝပဏ္ဍုဝီဏ ခေါ်တဲ့ စောင်းကြီးကိုလဲ တီးလျက် သီချင်းများကိုလဲ သီဆိုလျက် အသင့်ပြင်ကာ နှိုးဆော်နေပါတယ်၊

အဲဒီ သီချင်းသံ စောင်းသံဖြင့် နတ်တွေစုဝေးမိတဲ့အခါ သိကြားမင်းက အဲဒီ နတ်ပရိသတ်တွေနှင့်တကွ မြတ်စွာဘုရား သီတင်းသုံးရာ အနီးအရပ်ဖြစ်တဲ့ ဝေဒိယက တောင်ပေါ်သို့ တစ်ခဏချင်း လာရောက်နေပါသတဲ့၊ အဲဒီအကြောင်းကို -

အထ ခေါ - ထိုအခါ၌၊
သက္ကော ဒေဝါနမိန္ဓော - သိကြားနတ်မင်းသည်၊
ဒေဝေဟိ တာဝတိံသေဟိ ပရိဝုတော - တာဝတိံသာနတ်များ ခြံရံလျက်၊
ပဉ္စသိခေန ဂန္ဓဗ္ဗဒေဝပုတ္တေန ပုရက္ခတော - ပဉ္စသိခ ဆိုတဲ့ တီးမှုတ်သီဆိုနတ်က ရှေ့ကဆောင်လျက်၊

(သေယျထာပိ နာမ ဗလဝါ ပုရိသော သမိဥ္ဇိတံ ဝါ ဗာဟံ ပသာရေယျ ပသာရိတံ ဗာဟံ သမိဥ္ဇေယျ - ဥပမာဖြင့် ပြရလျှင် အင်အားပြည့်သည့် လူသည် ကွေးထား သည့်လက်ကို ဆန့်သလို ဆန့်ထားသည့်လက်ကို ကွေးသလို၊
ဧဝမေဝ - ဤအတူပင် လျင်မြန်စွာ၊)

ဒေဝေသု တာဝတိံ သေသု အန္တရဟိတော - တာဝတိံသာနတ်ပြည်၌ ကွယ်ခဲ့၍၊ မဂဓေသု။ပ။ ဝေဒိယကေပဗ္ဗတေ ပစ္စုဋ္ဌာတိ - မဂဓတိုင်းပြည်ထဲက။ပ။ ဝေဒိယက တောင်ပေါ် ရှေးရှုတည်လျက် ရှိလေသည် - လို့ ပြဆိုထားပါတယ်။

ကွေးဆန့်တဲ့လက်ဥပမာ ရှင်းပြချက်

▬▬▬▬▬▬▬▬▬▬▬

အဲဒီမှာ ကွေးထားတဲ့လက်ကို ဆန့်သလို၊ ဆန့်ထားတဲ့လက်ကို ကွေးသလို ဆိုတဲ့ ဥပမာဖြင့် လက်တစ်ကွေးလောက်, တစ်ဆန့်လောက်အတွင်းမှာပဲ နတ်ပြည်မှ ဝေဒိယကတောင်သို့ ချက်ချင်းအလျင်အမြန် ရောက်လာတယ်ဆိုတာ သိစေတာပါပဲ၊
အဲဒီ ဥပမာကို ဝိသုဒ္ဓိမဂ် မဟာဋီကာ (ဒု- နှာ ၃၃)၌ ဥပမေယျအနက်နှင့် ထပ်တူထပ်မျှ တူညီကြောင်း ပြဆိုထားပါတယ်၊

လက်ကို ကွေးတဲ့အခါ ဆန့်တဲ့အခါမှာ ကွေးချင် ဆန့်ချင်တဲ့ စိတ်ကြောင့် ကွေးရုပ် ဆန့်ရုပ်တွေ အဆင့်ဆင့်များစွာ ဖြစ်ပျက်ပြီးကွေးမှု ဆန့်မှု ပြီးသွားသလိုပင်၊ နတ်တန်ခိုးဖြင့်ဖြစ်စေ၊ အဘိညာဉ်တန်ခိုးဖြင့်ဖြစ်စေ ယူဇနာပေါင်း သိန်းသောင်း များစွာ ဝေးကွာသောအရပ်သို့ တစ်ခဏချင်း ရောက်သွားရာမှာလဲ သွားချင်တဲ့စိတ် အဆင့်ဆင့်ကြောင့် သွားရုပ်အဆင့်ဆင့် ဖြစ်ပျက်ပြီး အလျင်အမြန် ရောက်သွား ကြောင်း သိရမယ်လို့ ဆိုထားပါတယ်၊ အဲဒီမှာ -

ယတ္ထ ယတ္ထ စ ဓမ္မာ ဥပ္ပဇ္ဇန္တိ၊ တတ္ထ တတ္ထေဝ ဘိဇ္ဇန္တိ၊ နတ္ထိ ဒေသန္တရသင်္ကမနံ။

လို့လဲ ပြဆိုထားတယ်။

ဓမ္မာ - ပရမတ္ထ သဘာဝတရားတို့သည်၊
ယတ္ထ ယတ္ထ - အကြင် အရပ် အကြင်အရပ်၌၊
(စ, ကား ဝါကျသမုစ္စည်း)
ဥပ္ပဇ္ဇန္တိ - ဖြစ်ပေါ်လာကုန်၏၊
တတ္ထ တတ္တေဝ - ထိုထိုဖြစ်ပေါ်ရာဖြစ်ပေါ်ရာ အရပ်၌သာလျှင်၊
ဘိဇ္ဇန္တိ - ပျက်ကုန်၏၊
ဒေသန္တရသင်္ကမနံ - အရပ်တစ်ပါးသို့ ပြောင်းသွားခြင်းသည်၊
နတ္ထိ - မရှိပေ၊

ရုပ်နာမ်တရားတွေဟာ သူဖြစ်ရာ ဖြစ်ရာအရပ်၌သာလျှင် ချုပ်ပျက်ကြတယ်၊ အရပ်တစ်ပါးသို့ ပြောင်းရွှေ့သွားခြင်း မရှိပါဘူးတဲ့၊ သတိပဋ္ဌာန်ဒေသနာတော်နှင့် အညီ ကွေးတယ် ကွေးတယ်စသည်ဖြင့် ရှုမှတ်နေတဲ့ယောဂီမှာ တစ်ရွေ့မှ တစ်ရွေ့သို့ မရောက်ဘဲ တစ်ကွေး တစ်ဆန့်အတွင်းမှာပင် အကြိမ်ပေါင်းများစွာ ပျက်ပျက် သွားတာကို တွေ့သိရတယ်၊

အဲဒါဟာ ဒီမဟာဋီကာနှင့် အညီ နာမ်ရုပ်တရားတို့၏ အပျက်ကို သိပုံပါပဲ၊ ကွေးချင် ဆန့်ချင်တဲ့စိတ် အဆင့်ဆင့်နဲ့ ကွေးရုပ် ဆန့်ရုပ် အဆင့်ဆင့် ဖြစ်ပုံ ဖြစ်ပုံကို သိတာပါပဲ၊ နောက်ပြီးတော့ ရှုသိတဲ့စိတ် အဆင့်ဆင့် ပျက်သွားပုံကိုလဲ တစ်ပါတည်း သိသွားတာပဲ၊

အဲဒီ တစ်ကွေး တစ်ဆန့်အတွင်း နာမ်ရုပ်အဆင့်ဆင့် ဖြစ်ပျက်သွား သလိုပင် ကမ္မဇိဒ္ဓိခေါ်တဲ့ နတ်တန်ခိုးဖြင့် တာဝတိံသာမှ ဝေဒိယကတောင်သို့ နာမ်ရုပ် အဆင့်ဆင့်ဖြင့် ချက်ချင်း အလျင်အမြန် ရောက်လာတယ်လို့ ဆိုတာပါပဲ၊ ယခုနေ အခါမှာ အင်မတန် မြန်တဲ့ ဒုံးပျံတွေ, အာကာသယာဉ်တွေတောင် ဒါလောက် မမြန်ဘူး၊ ကမ္မဇိဒ္ဓိ နတ်တန်ခိုးဟာ သိပ်အံ့ဩစရာကောင်းတာပဲ။

နတ်တို့ အရောင်အဝါနှင့် လူတို့၏ သဒ္ဓါ

▬▬▬▬▬▬

အဲဒီလို အခြွေအရံ နတ်များနှင့်တကွ သိကြားမင်းဟာ ဝေဒိယက တောင်ပေါ်ရောက်ပြီး ရပ်တည်နေတဲ့အခါ အဲဒီ တောင်တစ်ဝိုက်မှာ နတ်တို့၏ အရောင်အဝါဖြင့် အလွန်လင်းပြီး နေပါသတဲ့၊ အချိန်က ညဉ့်ဦးယံ မှောင်နေတဲ့ အချိန်မှာ အဲဒီ အလင်းရောင်တွေကို မြင်ကြရတဲ့အတွက် အဲဒီ တောင် ပတ်ဝန်းကျင်က လူတွေဟာ အံ့ဩပြီး စိတ်တက်ကြွ ဝမ်းမြောက်နေကြပါသတဲ့၊

ဘယ့်နှယ်လဲဟ - အရောင်အလင်းတွေ တောက်ပလှပါကလား၊ မြတ်စွာဘုရားကို မေးလျှောက်ရန်, တရားနာရန် တန်ခိုးကြီးတဲ့ဘယ်လိုနတ် ဘယ်လိုဗြဟ္မာ လာနေ ပါလိမ့်မလဲ၊ မြတ်စွာဘုရားက အမေးပြဿနာကို ဘယ်လိုများ ဖြေတော်မူ ပါလိမ့်မလဲ၊ တရားကို ဘယ်လိုများ ဟောတော်မူပါလိမ့်မလဲ၊

နတ်တို့၏ ယုံမှားကို ပယ်ဖျောက်နိုင်တဲ့ မြတ်စွာဘုရားရှင် ငါတို့၏ အနီးအရပ်မှာ သီတင်းသုံး နေတော်မူတာ ငါတို့အတွက် အင်မတန် ကံကောင်းတာပဲ ငါတို့ဟာ တက်နိုင်သမျှ ဆွမ်းကိုလဲ လှူကြပါပေတယ် စသည်ဖြင့် ဆင်ခြင်ပြောဆိုကြလျက် အံ့ဩဝမ်းမြောက်ကာ လက်အုပ်များချီပြီး ရှိခိုးကြတယ်လို့လဲ အဋ္ဌကထာမှာ ပြဆို ထားတယ်။

အဲဒါဟာ အဲဒီအခါတုန်းက ဘုရားကိုလဲကြည်ညိုပြီး နတ်ကိုလဲ ယုံကြည်တဲ့ သဒ္ဓါစိတ်ရှိကြလို့ပါပဲ၊ ဘုရားကိုလဲ မယုံ နတ်တန်ခိုးကိုလဲ မယုံတဲ့လူတွေအနေနဲ့ ဆိုရင်တော့ ဓာတ်သဘာဝတစ်ခုခုရဲ့ အရောင်အနေဖြင့် ယူဆကောင်း ယူဆကြ ပါလိမ့်မယ်။

ပဉ္စသိခနတ်သားကို ခွင့်တောင်းစေပုံ

▬▬▬▬▬▬▬▬▬▬

အဲဒီလို ဘုရားရှင်၏ အနီးအပါး ရောက်နေပေမယ်လို့ သိကြားမင်းက ဘုရားရှင်ထံသို့ ရုတ်တရက် ချည်းကပ် မသွားသေးဘူး၊ အခွင့် ပြုတော်မူတဲ့အခါကျမှ သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပဉ္စသိခနတ်သားကို ဒီလို ပြောကြား တိုက်တွန်းပါတယ်၊

တာတပဉ္စသိခ - ချစ်သား ပဉ္စသိခ၊
မာဒိသေန - ငါသို့သော ပုဂ္ဂိုလ်သည်၊
တထာ ဂတာ - ဘုရားရှင်တို့ကို၊
ဒုရုပသင်္ကမာ - ချဉ်းကပ်ရန် မလွယ်ကူကြပေ၊
တထာဂတာ - ဘုရားရှင်တို့သည်၊
ဈာယီ - ဈာန်ကို ဝင်စားနေလေ့ရှိကုန်၏၊
ဈာနရတာ - ဈာန်ဖြင့် မွေ့လျော်နေလေ့ရှိကုန်၏၊

(မြတ်စွာဘုရားများ ဈာန်ဝင်စားတယ် ဆိုတာက အာရမ္မဏူပနိဇ္ဈာန်ခေါ်တဲ့ ရူပဈာန်နဲ့ အရူပဈာန်တွေလဲ ရှိတယ်၊ လက္ခဏူပနိဇ္ဈာန်ခေါ်တဲ့ ဝိပဿနာဈာန်, ဖလသမာပတ် ဈာန်တွေလဲ ရှိတယ်၊ အများအားဖြင့် ဖလသမာပတ်ဈာန်ကို ဝင်စားနေလေ့ ရှိတာပါပဲ၊)

တဒန္တံ - ယခုချဉ်းကပ်မည့် ထိုအချိန်အတွင်း၌၊
ပဋိသလ္လိနာ - ဈာန်သမာပတ်ဖြင့် ကိန်းနေကြသည်လည်းရှိတတ်၏၊
(တသ္မာ - ထိုကြောင့်)
တာတ ပဉ္စသိခ - ချစ်သား ပဉ္စသိခ၊
တွံ - သင်သည်၊
ဘဂဝန္တံ - မြတ်စွာဘုရားကို၊
ပဌမံ - ရှေးဦးစွာ၊
ယဒိ ပန ပသာဒေယျာသိ - ကြည်လင်စေပါမူ ကောင်းပါလိမ့်မည်၊

(ဤအရာ၌ ကြည်လင်စေတယ် ဆိုတာ ဟိုခေတ်က ပါဠိဝေါဟာရ အားဖြင့် ခွင့်ပြုစေတာကိုပင် ဆိုသည်၊ မူလက မကြည်လင်တာကို ကြည်လင်စေသည် ဟူ၍ကား ဆိုလိုသည် မဟုတ်ပေ၊ ထို့ကြောင့် အဋ္ဌကထာ၌ “ဩကာသံ မေ ကာရေတွာ ဒဒေယျာသီတိ ဝဒတိ - ငါ့အား အခွင့်ပြုစေ၍ ပေးပါဟုဆိုကြောင်း” ဖွင့်ပြထားပါသည်၊)

တာတ - ချစ်သား ပဉ္စသိခ၊
တယာသင်က၊ ပဌမံ ပသာဒိတံ - ရှေးဦးစွာ ကြည်လင်စေအပ်, ခွင့်ပြုစေ အပ်ပြီးသော၊
တံဘဝန္တံ အရဟန္တံ သမ္မာသမ္ဗုဒ္ဓံ - ထိုမြတ်စွာဘုရားကို၊
ဒဿနာယ - ဖူးမြင်ရန်အတွက်၊
မယံ - ငါတို့သည်၊
ပစ္ဆာ - နောက်ကာလကျမှ၊
ဥပသင်္ကမေယျာမ - ချဉ်းကပ်ကြလိုပါသည် -

လို့ ခွင့်တောင်းပေးဖို့ ပြောကြားတိုက်တွန်းပါတယ်။

ပသာဒေယျာသိ၏ ရည်ရွယ်ချက်

▬▬▬▬▬▬▬▬▬▬

အဲဒီ တိုက်တွန်းပုံ စကားရပ်ထဲမှာ ပသာဒေယျာသိ - ကြည်လင်စေရာ၏ - ကြည်လင်နိုင်ပါစေမူ - ဆိုတဲ့ စကားဟာ ယခုခေတ်အသုံးနဲ့ဆိုတော့ မကြည်မလင် ဖြစ်နေတာကို ကြည်လင်အောင် လုပ်ပေးရမှာလိုလို ဖြစ်နေတယ်၊ ဒါကြောင့် တစ်ခါ ကသတင်းစာထဲမှာ လူတစ်ယောက်က “ဘုရားကို ကြည်လင်စေတယ်” ဆိုတာ ဘယ်လိုဟာလဲလို့ မေးဖူးတယ်၊

အဲဒီ အမေးကို ဖြေတဲ့ လူကလဲ ကျကျနန မသိဘဲနဲ့ ဖြေတာကို တွေ့ရဖူးတယ်၊ “မြတ်စွာဘုရားမှာ တစ်ခါတစ်ရံတော့ မကြည်လင် ဘဲရှိမှာပေါ့၊ အဲဒီလိုအခါ ကြည်လင်စေတာပါ” လို့ ဖြေထားတယ်၊ တော်တော်နေရာမကျတဲ့ အဖြေပဲ၊ ဘာမဆို မသိရင် မဖြေတာ ကောင်းတယ်၊ “မသိရင်မေး” ဆိုတဲ့အတိုင်း သိနားလည် လောက်တဲ့ သူကို မေးရန်သာသင့်ပါတယ်၊ရမ်းပြီး မသိဘဲနဲ့ ဖြေတာကတော့ မတော်ပါဘူး။

ဒီနေရာမှာ ကြည်လင်စေတယ် ဆိုတာဟာ အားရကျေနပ်ပြီး ခွင့်ပြုအောင် ဆောင်ရွက်ပေးပါလို့ ဆိုလိုတာပဲ၊ ဒါကြောင့် ရှေ့နားက ပြောခဲ့တဲ့အတိုင်း အဋ္ဌကထာ၌ -

ပသာဒေယျသီတိ - ကြည်လင်စေငြားအံ့ ကြည်လင်စေပါမူ ဟူသည်မှာ၊
အာရာဓေယျာသိ - အားရကျေနပ်စေနိုင်ငြားအံ့ အားရကျေနပ်စေနိုင်ပါမူဟု ဆိုလို၏၊
မေ - ငါ့အား၊
ဩကာသံ ကရေတွာ တဒေယျာ - သီတိ - အားရကျေနပ်သဖြင့် အခွင့်ပြုစေ၍ ပေးနိုင်ပါမူဟူ၍၊
ဝဒတိ - ဆိုတာပါ လို့ ဖွင့်ပြထားပါတယ်၊

အဲဒါဟာ ဟိုခေတ်ကာလတုန်းက ပါဠိဘာသာ ယဉ်ကျေးမှုစကားလုံး တစ်မျိုးပါပဲ၊ ဒါမျိုးက ဟိတောပဒေသ ဆိုတဲ့ သက္ကတကျမ်းမှာ မြေခွေးက ဆင်ကြီးထံသွားပြီး လျှောက်ပုံမျိုးပါပဲ၊ ယင်းမြေခွေးက ဆင်ကြီးထံသွားပြီး ရိုသေစွာ ဒီလိုလျှောက်သတဲ့၊

ဒိဋ္ဌိပသာဒံ ကုရု ဒေဝ - တဲ့၊
ဒေဝ - အရှင် ဆင်မင်းကြီး၊
ဒိဋ္ဌိ ပသာဒံ - မျက်စိအမြင် ကြည်လင်ခြင်းကို၊
ကုရု - ပြုတော်မူပါတဲ့၊

အဲဒီမှာ မျက်စိအမြင် ကြည်လင်ခြင်းကို ပြုပါလို့ ဆိုတာဟာ ကျွန်ုပ်ကို မျက်စိဖြင့် ကြည့်ပြီးချီးမြှောက်ပါလို့ ဆိုတာပါပဲတဲ့၊ ဒါကြောင့် အဲဒီစကားကို အဖွင့်ကျမ်းဆရာက “ဒိဋ္ဌိယာ - ကြည့်ရှုခြင်းဖြင့်၊ အနုဂ္ဂဟံ - ချီးမြှောက်ခြင်းကို၊ ကရောတု - ပြုတော်မူပါ” လို့ ဖွင့်ပြထားတယ်၊

မြေခွေးက ဆင်ကြီးအား မျက်စိအမြင် ကြည်လင်ခြင်းကို ပြုပါလို့ ဆိုတာဟာ ကျွန်ုပ်ကို မျက်စိဖြင့် ကြည့်ပါဦးလို့ ခွင့်တောင်းတာပါပဲ၊ အဲဒီလို ကြည့်တဲ့အခါကျမှ မြေခွေးက သူပြောလိုတာတွေ လျှောက်ပြောဖို့ ခွင့်တောင်းတဲ့ စကားပါပဲ၊ အဲဒါလဲ ယဉ်ကျေးမှု စကားလုံး တစ်မျိုးပါပဲ။

ပဉ္စသိခနတ်သားက ဘုရားကို ပူဇော်နေပုံ

▬▬▬▬▬▬▬▬

ဒီမှာလဲ ပသာဒေယျသိ - ကြည်လင်စေငြားအံ့ - ကြည်လင်စေပါမူ - ဆိုတဲ့ စကားဟာ အားရကျေနပ်ပြီး ချဉ်းကပ်ခွင့်ပြုအောင် ဆောင်ရွက်ပေးနိုင်ပါမူလို့ ဆိုလိုရင်းပါပဲ၊ အဲဒါကို ဟိုခေတ်တုန်းက ပါဠိ ယဉ်ကျေးမှု စကားလုံးလို့လဲ မှတ်ထားဖို့ပါပဲ၊

အဲဒီလို သိကြားမင်းက ခွင့်တောင်းခိုင်းတော့ ပဉ္စသိခနတ်သားက ကောင်းပါပြီ အရှင်သိကြားမင်းလို့ ဝန်ခံပြီးတော့ မြတ်စွာဘုရား နေတော်မူရာအရပ်နှင့် မလှမ်းမကမ်း သင့်တော်လောက်တဲ့ နေရာသို့သွားပြီး ဥသျှစ်သီးလိုအဝါနုရောင်ရှိတဲ့ သူ့စောင်းကိုလဲ တီးတယ်၊ ပါဠိဂါထာ သီချင်းတွေကိုလဲ ရွတ်ဆိုတယ်၊ အဲဒီလို တီးမှုတ်သီဆိုခြင်းဖြင့် မြတ်စွာဘုရားကို ပူဇော်နေပါသတဲ့။

ဒါကြောင့် ပါဠိတော်မှာ ဒီလို ပြထားပါတယ်၊

ဧတ္တာဝတာ - ဤမျှဖြင့်၊
ဝါ - ဤမျှ အနီးအဝေးရှိသော အရပ်ဖြင့်၊
ဘဂဝါ - မြတ်စွာဘုရားသည်၊
မေ - ငါ၏၊၊
နေဝ အတိဒူရေ ဘဝဿတိ နာစာသန္နေ - မဝေးလွန်း မနီးလွန်းသော အရပ်၌ ဖြစ်လတ္တံ့၊
သဒ္ဒဉ္စ မေ သောဿတိ - ငါ၏ သီဆိုတီးမှုတ်သံကိုလည်း ကြားလတ္တံ့၊
ဣတိ - ဤသို့ ဆင်ခြင်၍၊
ဧကမန္တံ အဋ္ဌာသိ - သင့်လျော်သောအရပ်၌ တည်နေလေသည်၊
ဧကမန္တံ ဌိတော - သင့်လျော်သောအရပ်၌ တည်နေပြီးလတ်သော်၊
ပဉ္စသိခေါ ဒေဝပုတ္တော - ပဉ္စသိခနတ်သားသည်၊
ဗေလုဝပဏ္ဍုဝီဏံ - ဥသျှစ်သီးလို အဝါနုအရောင်ရှိသော စောင်းကို၊
အဿာဝေသိ - တီးလျက်ကြားစေ၏၊
ဗုဒ္ဓူပသဥှိတာ - ဘုရားနှင့်စပ်ကုန်သော၊
ဓမ္မူပသဥှိတာ - သံဃူပသဥှိတာ အရဟန္တူပသဥှိ တာ - တရား သံဃာ ရဟန္တာနှင့် စပ်ကုန်သော၊
ကာမူပသဥှိတာ - ကာမဂုဏ်နှင့် စပ်ကုန်သော၊
ဣမာ စ ဂါထာယော - ဤသီချင်းဂါထာတို့ကိုလည်း၊
အဘာသိ - သီဆိုလေ၏

လို့ ပြဆိုထားပါတယ်။

အဲဒီမှာ ပဉ္စသိခနတ်သားက သီဆိုတဲ့ဂါထာတွေဟာ ဘုရား တရား သံဃာ ရဟန္တာများနဲ့လဲ စပ်ဆိုင်ပါတယ်၊ ကာမဂုဏ်နဲ့လဲ စပ်ဆိုင်ပါတယ်တဲ့၊ ဒါပေမယ့် သူ့သီချင်းတွေမှာ ကာမဂုဏ်နဲ့ စပ်ဆိုင်တာက လိုရင်းပါပဲ၊ ဘုရားစသည်နဲ့ စပ်ဆိုင်တယ်ဆိုတာကတော့ မလွှဲမကင်းသာ အနေလောက်ပါပဲ၊ ဒါကြောင့် ဒီလို ကမ္မဋ္ဌာန်းဌာနမှာ တရားနာသူတွေကလဲ ယောဂီတွေဆိုတော့ အဲဒီသီချင်းဂါထာ တွေကို ရွတ်ဆိုပြဖို့ရာ မသင့်လျော်ဘူးလို့ပဲ ယူဆပါတယ်၊

ဒါပေမယ့် သူ့အကြောင်းအရာလဲ စေ့ငစုံလင်သင့်သမျှ စုံလင်အောင်၊ ဗဟုသုတလဲ ပွားရအောင် အချို့အနည်းငယ်လောက်တော့ ရိုးရိုးရွတ်ဆိုပြီး ဟောပြရဦးမှာပဲ၊ ပါဠိဂါထာသီချင်းကို သီဆိုတတ်တဲ့သူ သီဆိုရင်တော့ သီချင်းကြိုက်တဲ့သူများ အတွက် အခြား ဂါထာများလိုပင် တရားသံသာ ထွက်ပေါ်နေမှာပါပဲ။

သီချင်းတရား မဟောသင့် မနာသင့်ကြောင်း

▬▬▬▬▬▬▬▬▬▬

ဗမာသီချင်းတွေလဲ ရိုးရိုးအသံအနေအထားနဲ့ ရွတ်ဆိုရင် သီချင်းသံ မပေါ်ပါဘူး၊ အဲဒါလိုပါပဲ၊ ဒါပေမယ့် တချို့ကတော့ ပါဠိကို သီချင်းသံလို ရွတ်ဆိုတာလဲ ရှိပါတယ်၊ အဲဒါကတော့ ဝိနည်းနဲ့လဲ ဆန့်ကျင်တယ်၊ တရားနာသူတွေ မှာလဲ ကိလေသာ ပွားစေတယ်၊ ဒါကြောင့် ပါဠိကို သီချင်းလိုဖြစ်အောင် ရွတ်ဆိုတာလဲ နေရာမကျဘူး၊ မသင့်ဘူး၊

အဲဒီလို ဟောတဲ့ တရားကို ကောင်းတယ်လို့လဲ မချီးမမွမ်းရ အားမပေးရဘူး၊ နောက်ပြီးတော့ တချို့ ဓမ္မကထကများက တရားဟောရင်း သီချင်းတွေကို ဆိုပြတာလဲ ရှိတယ်လို့ ကြားသိရတယ်၊ အဲဒါကတော့ သာသနာပြုတာမဟုတ်ဘူး၊ သာသနာ ဖျက်ရာရောက်တယ်၊ အဲဒီလို သီချင်းဆိုတဲ့ ပုဂ္ဂိုလ်လဲ ရဟန်းဆိုရင် အာပတ်တွေ များစွာသင့်တယ်၊ တရားနာသူတွေမှာလဲ အကုသိုလ်တွေ များစွာ ဖြစ်ပွားတယ်၊ အဲဒီလို သီချင်းတရားကိုနာပြီး အားပေးတဲ့ သူတွေဟာ သာသနာပျက်အောင် အားပေးရာလဲ ရောက်တယ်၊ ဒါကြောင့် အဲဒီလို သီချင်းတရား ကိုတော့ ရှောင်ကြဉ်ဖို့ လိုပါတယ်။

ဘုရားပွဲတွေလဲ သတိပြုသင့်ကြောင်း

▬▬▬▬▬▬▬▬▬▬

နောက်ပြီးတော့ တချို့ဌာနတွေမှာ ဘုရားပူဇော်ပွဲဆိုပြီး ပွဲလမ်းသဘင်တွေနဲ့ အကြီးအကျယ် ကျင်းပတာရှိတယ်၊ အဲဒီလို ပွဲလမ်းသဘင်တွေကို မြတ်စွာဘုရားသာ သက်တော်ထင်ရှားရှိရင် ခွင့်ပြုမှာမဟုတ်ပါဘူး၊ နောက်ပြီးတော့ ဈေးပွဲကြီးတွေနဲ့ ဘုရားပူဇော်ပွဲတွေဟာလဲ ဘုရားအလိုတော်ကျ ဖြစ်ပုံမရပါဘူး၊

ရွှေဘိုအနောက် ရေဦးနယ်ဘက်မှာ တန်ခိုးကြီး ဘုရားသုံးဆူ ရှိသတဲ့၊ အဲဒီ သုံးဆူထဲက တန်ခိုးအကြီးဆုံး စေတီတော် ဘုရားပူဇော်ပွဲမှာ နွားသားတွေ ရောင်းဝယ် စားသုံးကြတဲ့အတွက် နွားအကောင်ရေ တစ်ထောင်ကုန်သတဲ့၊ တန်ခိုး အလတ်စား ဘုရားပွဲတော်မှာ နွားအကောင်ရေ ၇၅၀-ကုန်သတဲ့၊ တန်ခိုးအငယ်စား ဘုရား ပွဲတော်မှာ နွားအကောင်ရေ ၅၀ဝ-ကုန်သတဲ့၊ * (၁၃၁၁-ခုနှစ်က တဆင့် ကြားဖူးသော စကားအရ ပြဆိုခြင်း ဖြစ်ပါသည်။)

အင်မတန် ကြောက်စရာ ကောင်းတာပဲ၊ ဒီလို ဘုရားပွဲတော်တွေ အကြောင်းပြု ပြီးတော့ ဆိတ်တွေ ကြက်တွေ ဘဲတွေ သေတာလဲ အများကြီးနေမှာပဲ၊ မြတ်စွာဘုရား သာ သက်တော်ထင်ရှား ရှိနေရင် ဒီလိုပွဲတော်တွေကို ခွင့်ပြုမှာ မဟုတ်ပါဘူး။

ယခုပြောနေတဲ့ ပဉ္စသိခ နတ်သားက စောင်းတီးပြီး သီချင်းနဲ့ ပူဇော်တယ်ဆိုတာလဲ မြတ်စွာဘုရားက အလိုရှိမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် သိကြားမင်း၏ မေးခွန်းကို ဖြေရင်း တရား ဟောရာမှာ နာကြားပြီး တရားထူး ရကြမည့် အရေးကြောင့် မြတ်စွာဘုရားက မတားမြစ်ဘဲ ရှိနေတာ ဖြစ်မှာပါပဲ၊ ယခု ပဉ္စသိခနတ်သား၏ သီချင်းဂါထာအချို့ကို ရွတ်ဆိုပြမယ်၊ ဘုန်းကြီးကတော့ တရားသံမျိုးနဲ့ ရွတ်ပြရမှာပဲ။

ပဉ္စသိခနတ်သား၏ သီချင်းဂါထာများ

▬▬▬▬▬▬▬▬▬▬

၁။ ဝန္ဒေ တေ ပိတရံ ဘဒ္ဒေ၊
တိမ္ဗရုံ သူရိယဝ စ္ဆသေ။
ယေန ဇာတာသိ ကလျာဏီ၊
အာနန္ဒဇနနီ မမ။

ဘဒ္ဒေ သူရိယ ဝ စ္ဆသေ - ရှင်မသူရိယဝစ္ဆသာ (နတ်သမီး) ရေ၊
ဝါ - အားနည်းသော နေရောင်ပမာ တောက်ပစွာ ရှိသောကြောင့် သူရိယဝစ္ဆသာ မည်သော ရှင်မ နတ်သမီးရေ၊
တေ - သင်၏၊
ပိတရံ - ဖခင်ဖြစ်သော၊
တိမ္ဗရုံ - တိမ္ဗရု နတ်မင်းကြီးကို၊
အဟံ - ငါသည်၊
ဝန္ဒေ - ဝန္ဒာမိ - ရှိခိုးကန်တော့လိုက်ပါသည် တဲ့။

အဲဒါဟာ ပဉ္စသိခနတ်သားက သူရိယဝစ္ဆသာဆိုတဲ့ နတ်သမီးကို ချစ်ကြိုက်နေတာနဲ့ အဲဒီနတ်သမီးကို ဖွဲ့နွဲ့ထားတဲ့ သီချင်းဂါထာများရဲ့ အစပိုင်းပါပဲ၊ သူက အဲဒီ နတ်သမီးကို ချစ်ကြိုက်စွဲလမ်းပြီး ပိုးပန်းနေတယ်လို့ ဆိုပါတယ်၊ ဒါပေမယ့် သူ့အလိုအတိုင်း မဖြစ်ပဲရှိနေတယ်လို့လဲ ဆိုပါတယ်၊

အဲဒီသီချင်းတွေနဲ့ စောင်းတီးပြီး ဖျော်ဖြေတဲ့အတွက် တစ်ရက်လောက်သာ အဲဒီ နတ်သမီးက အတူနေခွင့်ပြုခဲ့တယ်၊အဲဒီနောက်တော့ အတူနေခွင့်မရခဲ့ဘူးလို့လဲ ဆိုပါတယ်၊ ဒီလိုဆိုတော့ နတ်ပြည် ရောက်သွားပေမယ့် ကိုယ့်အလိုအတိုင်း မပြည့်တာလဲ ရှိတယ်ဆိုတာ သိရတယ်၊

ဒါကြောင့် နတ်ဖြစ်ရတိုင်းလဲ ကောင်းတယ်လို့ မဆိုနိုင်ဘူး၊ ပဉ္စသိခနတ်သားဟာ အဲဒီတုန်းက ဖွဲ့နွဲ့သီကုန်းထားတဲ့ သီချင်းတွေကို သီဆိုပြီး ပူဇော်နေတာပါပဲ၊ တိမ္ဗရုနတ်မင်းကြီးရဲ့ သမီးတော်ကို ချစ်ကြိုက်တာနဲ့ အဲဒီနတ်မင်းကြီးကို ရှေးဦးစွာ အရိုအသေပြုလိုက်တာပါပဲ၊ ဒါကြောင့် -

ဘဒ္ဒေ သူရိယဝစ္ဆသေ - ရှင်မ သူရိယဝစ္ဆသာရေ၊
တေပိတရံ - သင်၏ ဖခင်ဖြစ်သော၊
တိမ္ဗရုံ - တိမ္ဗရုနတ်မင်းကြီးကို၊
အဟံ - ငါသည်၊
ဝန္ဒေ-ဝန္ဒာမိ - ရှိခိုး ကန်တော့လိုက်ပါသည်၊
ယေန - ယင်း တိမ္ဗရုနတ်မင်းကြီးဟူသော ဖခင်ကြောင့်၊
တွံ - သင်သည်၊
ကလျာဏီ - ကောင်းခြင်းငါးဖြာ အလှအပလက္ခဏာနှင့် ပြည့်စုံသည်ဖြစ်၍၊
မမအာနန္ဒဇနနီ - ငါ၏ နှစ်သက်မြတ်နိုးခြင်း, ချစ်ခင်ခြင်းကို ဖြစ်စေနိုင်သည်၊
ဇာတာ အသိ - ဖြစ်ပါပေသည် တဲ့။

ရှင်မ သူရိယဝစ္ဆသာရေ၊ သင်မှာ ကောင်းခြင်းငါးဖြာ အလှအပ လက္ခဏာတွေနဲ့ ပြည့်စုံပြီးတော့ ငါက ချစ်ခင် မြတ်နိုးလောက်အောင် လှပတင့်တယ် နေတာဟာ သင့်ဖခင်ကို အကြောင်းပြုပြီး ပြည့်စုံနေတာပဲ၊ ဒါကြောင့် ငါက သင့်ဖခင်ကို ကျေးဇူးတင်သောအားဖြင့် ရှိခိုးကန်တော့ လိုက်ပါတယ်ကွယ် - လို့ ဆိုလိုတာပါပဲ၊ ဒီလိုဆိုတော့ သူ့နတ်သီချင်းကလဲ လူ့ပြည်က သီချင်များနဲ့ တူနေတယ်လို့ ဆိုရမှာပဲ၊ နောက်တစ်ပုဒ်ကတော့

၂။ ဝါတောဝ သေဒတံ ကန္တော၊
ပါနီယံဝ ပိပါသတော။
အင်္ဂီရသီ ပိယာ ပေသိ၊
ဓမ္မော အရဟာတာမိဝ။

သေဒတံ - ချွေးတဒီးဒီး ယိုစီးနေအောင် ပူလောင်အိုက်လျက် အနေခက်နေသော သူတို့သည်၊
ဝါတော - လေအေးကလေးကို၊
ကန္တောဣဝ - နှစ်သက်လိုလားသကဲ့သို့ လည်းကောင်း၊
ပိပါသတော - ရေဆာရေငတ်နေသော သူသည်၊
ပါနီယံ - အေးမြကြည်လင် သောက်ရေစင်ကို၊
ကန္တံ ဣဝ - နှစ်သက်လိုလားသကဲ့သို့ လည်းကောင်း၊
အရဟတံ - ကိလေသာ ကင်းစင် ရဟန္တာအရှင်တို့သည်၊
ဓမ္မော - နိဗ္ဗာန်တရားကို၊
ကန္တော ဣဝ - လိုလားသကဲ့သို့လည်းကောင်း၊
အင်္ဂီရသီ - ကိုယ်အင်္ဂါမှ တဖြာဖြာ တလက်လက် ရောင်လျှံထွက်နေသော သူရိယဝစ္ဆသာရေ၊
မေ - ငါသည်၊
တွံ - သင့်ကို၊
ပိယာ - နှစ်သက်လေးမြတ် ချစ်ခင်အပ်သည်၊
အသိ - စင်စစ်မသွေ ဖြစ်ပါပေသည် တဲ့။

ပဉ္စသိခနတ်သားက သူရိယဝစ္ဆသာကို ချစ်တာဟာ ချွေးတစ်ဒီးဒီး ယိုစီး ထွက်နေအောင် ပူအိုက်နေတဲ့သူတွေက လေအေးကလေးကို နှစ်သက်လိုလား သလိုပါပဲတဲ့၊ နတ်များမှာ စုတေခါနီး ချွေးထွက်တာကို ပုဗ္ဗနိမိတ်လို့ဆိုတယ်၊ အဲဒီ အဆိုအရအားဖြင့် စောစောပိုင်းကတော့ ချွေးမထွက်ကြောင်း သိရတယ်၊ ဒါကြောင့် ချွေးထွက်လောက်အောင် ပူအိုက်နေတဲ့ သူကို ဥပမာအဖြစ် ပြတာဟာ လူသားများရဲ့ အခြေအနေကို ယူပြီးပြတာ ဖြစ်ပါလိမ့်မယ်။

နောက် ဥပမာတစ်ခုကတော့ ရေဆာ ရေငတ်နေတဲ့သူက ရေကို နှစ်သက်သလိုပင် သူရိယဝစ္ဆသာကို သူက အလွန် ချစ်မြတ်နိုးပါတယ်တဲ့၊ ဒါလဲ သူ့အခြေအနေကို ယူပြီးပြတာ ဖြစ်မှာပါပဲ၊ နောက်တစ်ခုကတော့ ရဟန္တာက နိဗ္ဗာန်ကို လိုလားသလိုပင် သူက သူရိယဝစ္ဆသာကို လိုလားမြတ်နိုးပါတယ်တဲ့၊

ဒီဥပမာမျိုးကို အကြောင်းပြ ပြီးတော့ သူ့သီချင်းတွေဟာ တရားနဲ့လဲ စပ်ဆိုင်တယ်၊ သံဃာနဲ့လဲ စပ်ဆိုင်တယ်၊ ရဟန္တာနဲ့လဲ စပ်ဆိုင်တယ်လို့ ဂုဏ်တင်ပြီး ပြဆိုထား တာပါပဲ၊ နောက်ဂါထာများထဲကျတော့ ဘုရားကိုလဲ ဥပမာပြုပြီး စပ်ဆိုထား ပါသေးတယ်၊ ဒါပေမယ့် သူ့သီချင်း၏ လိုရင်းကတော့ ကာမဂုဏ်မျှသာ ဖြစ်ပါတယ်၊ ဒါကြောင့် ယခုတရားထဲမှာ အချို့ကိုသာ ဖော်ပြရတာပါပဲ။

(မူလဟောစဉ်က အမှတ် ၃ - ဂါထာမှ အမှတ် ၁၀ - ဂါထာအထိ ချန်ထားခဲ့သည်၊ စာအုပ်အဖြစ် ထုတ်ဝေရန်မူချော ပြုစုသောအခါ၌ ပြည့်စုံစေရန် ယင်း ဂါထာတို့ကို ဖြည့်စွက်လိုက်သည်။)

၃။ အာတုရဿေဝ ဘေသဇ္ဇံ၊
ဘောဇနံဝ ဇိဃ စ္ဆတော။
ပရိနိဗ္ဗာပယ မံ ဘဒ္ဒေ၊
ဇလန္တမိဝ ဝါရိနာ။

အာတုရဿ ဣဝ ဘေသဇ္ဇံ - မကျန်းမာသူ၏ ရောဂါကို ဆေးက ငြိမ်းစေသကဲ့သို့ လည်းကောင်း၊
ဘောဇနံ ဣဝ ဇိဃစ္ဆတော - အစာဆာနေသောသူ၏ ဆာလောင်ခြင်းကို အစာက ငြိမ်းစေသကဲ့သို့လည်းကောင်း၊
ဇလန္တံ ဣဝ ဝါရိနာ - တောက်လောင်နေသော မီးကို ရေဖြင့် ငြိမ်းစေသကဲ့သို့ လည်းကောင်း၊
ဘဒ္ဒေ - ရှင်မသူရိယဝစ္ဆသာ ရေ၊
မံ - ငါ့ကို၊
ဝါ - ငါ၏အချစ်မီးပူကို၊
ပရိနိဗ္ဗာပယ - ငြိမ်းစေပါလော့။

၄။ သီတောဒကံ ပေါက္ခရဏိံ၊
ယုတ္တံ ကိဉ္ဇက္ခရေဏုနာ။
နာဂေါ ဃမ္မာဘိတတ္တောဝ၊
ဩဂါဟေ တေ ထနူဒရံ။

ဃမ္မာဘိတတ္တော - နွေရာသီအပူဖြင့် ပူလောင် ခံနေရသည့် ကိုယ်ရှိသော၊
နာဂေါ - ဆင်သည်၊
ကိဉ္ဇက္ခရေဏု ယုတ္တံ - ကြာဝတ်မှုန်ရှိနေသော၊
သီတောဒကံ ပေါက္ခရဏိံ - အေးမြသော ရေရှိသည့် ရေကန်ကြီးသို့၊
ဩဂါဟေ ဣဝ - ဆင်းသက်ဘိသကဲ့သို့၊
တေ - သင်၏၊
ထနူဒရံ - သားမြတ်တို့၏ အလယ်အရပ် ရင်ဘတ် ရင်ခွင်ထဲသို့၊
ဩဂါဟေ - ဝင်ရောက်နေလိုပါသည်။

၅။ အစ္စင်္ကုသောဝ နာဂေါဝ၊
ဇိတံ မေ တုတ္တတောမရံ။
ကာရဏံ နပ္ပဇာနာမိ၊
သမ္မတ္တော လက္ခဏူရုယာ။

ဘဒ္ဒေ - ရှင်မ သူရိယဝစ္ဆသာရေ၊
အစ္စင်္ကုသော - ချွန်းလက်နက်ကိုကျော်လွန်ပြီးသော၊
ဝါ - ချွန်းလက်နက်ဖြင့် ထိုးဆွ နှိပ်သည်ကို မကြောက်သော၊
နာဂေါ - ဆင်ပြောင်ကြီးသည်၊
တုတ္တတော-မရံ - နှင်တံနှင့် လှံကို၊
ဇိတံ မေတိ ဣဝ - ငါ အောင်နိုင်ပြီဟု ထင်ဘိသကဲ့သို့၊
အဟံ - ငါသည်၊
သမ္မတ္တော လက္ခဏူရုယာ - လှပညီစွာ ပေါင်တံလက္ခဏာနှင့် ပြည့်စုံသော သင့်ရုပ် ကိုယ်၌ စွဲမက်ယစ်မူးသည်ဖြစ်၍၊
ကာရဏံ နပ္ပဇာနာမိ - အပြစ်ဖြစ်မည့် အကြောင်းအရာကိုပင် မသိနိုင်ပဲ ရှိပါတော့သည်။

၆။ တယိ ဂေဓိတစိတ္တောသ္မိ၊
စိတ္တံ ဝိပရိဏာမိတံ။
ပဋိဂန္တုံ န သက္ကောမိ၊
ဝင်္ကဃသ္တော ဝ အမ္ဗုဇော။

ဘဒ္ဒေ - ရှင်မ သူရိယဝစ္ဆသာရေ၊
အဟံ - ငါသည်၊
တယိ - သင်၌၊
ဂေဓိတစိတ္တော အသ္မိ - မက်မော စွဲလမ်းတဲ့စိတ် ရှိနေပါသည်၊
စိတ္တံ - ငါ၏ စိတ်ကို၊
ဝိပရိဏာမိတံ - ပကတိအတိုင်း မဟုတ်တော့ဘဲ ရူးသွပ်စေသလို ဖြစ်စေမိပါပြီ၊
ဝင်္ကဃသ္တော ဣဝ အမ္ဗုဇော - ငါးမျှားချိတ်ကို မျိုမိသောငါးသည် ပြန်၍ မဆုတ်နိုင် သလိုပင်၊
ပဋိဂန္တုံ န သက္ကောမိ - ငါလဲ သင့်ကို မချစ်ပဲ ပြန်မဆုတ်နိုင်တော့ပါ၊
ဝါ - မချစ်ပဲ မနေနိုင်တော့ပါ။

၇။ ဝါမူရု သဇ မံ ဘဒ္ဒေ၊
သဇ မံ မန္ဒလောစနေ။
ပလိဿဇ မံ ကလျာဏိ၊
ဧတံ မေ အဘိပတ္ထိတံ။

ဝါမူရု - တင့်တယ်သည့် ပေါင်ရှိသော၊
ဘဒ္ဒေ - ရှင်မသူရိယ ဝစ္ဆသာရေ၊
မံ - ငါ့ကို၊
သဇ - ပွေ့ဖက်စမ်းပါကွယ်၊
မန္ဒလောစနေ - မခို့ တရို့ ကြည့်တတ်သော ရှင်မရေ၊
မံ - ငါ့ကို၊
သဇ - ပွေ့ဖက်လှည့်စမ်းပါကွယ်၊
ကလျာဏီ - ကောင်းခြင်းငါးဖြာ လက္ခဏာနှင့် ပြည့်စုံသော ရှင်မသူရိယဝစ္ဆသာ ရေ၊
မံ - ငါ့ကို၊
ပလိဿဇ - လက်နှစ်ဖက်ဖြင့် ဝန်းကျင်ယှက်၍ ပွေ့ဖက်လှည့်စမ်းပါကွယ်၊
ဧတံ - ဤသို့ပွေ့ဖက်ခြင်းကို၊
မေ - ငါသည်၊
အဘိပတ္တိတံ - အလွန်ပင် လိုလားတောင့်တအပ်ပါသည်၊

(ဂါထာတွေက ကာမဂုဏ်နှင့်စပ်ပြီး သီကုံးထားတဲ့အတွက် တရားစာအုပ်နှင့်တော့ မသင့်လျော်လှဘူး၊ သို့သော်လဲ ပါဠိရင်း၌ပင် ရှိနေတော့ ခြွင်းချန်ထားရန်လဲ မသင့်ဘူး၊ ဒါကြောင့် သူ့ဆိုလိုရင်း သရုပ်လဲပေါ်အောင် အနက်ပြန်လိုက်ရပါသည်။)

၈။ အပ္ပကော ဝတ မေ သန္တော၊
ကာမော ဝေလ္လိတ ကေသိယာ။
အနေကဘာဝေါ သမုပ္ပာဒီ၊
အရဟန္တေဝ ဒက္ခိဏာ။

မေ - ငါ၏၊
ကာမော - ပကတိဖြစ်နေကျ လိုချင်ခြင်း ချစ်ခင်ခြင်းသည်၊
အပ္ပကော သန္တော - အနည်းငယ်သာဖြစ်ပါလျက်၊
ဝေလ္လိတ ကေသိယာ - ဆံပင်တွန့်ကောက်သော သူရိယဝစ္ဆသာ အပေါ်၌၊
ကာမော - ဖြစ်သော လိုချင်ခြင်း ချစ်ခင်ခြင်းသည်၊
ဝတ - စင်စစ်၊
အနေကဘာဝေါ - များပြားကြီးကျယ်သည်ဖြစ်၍၊
ဝါ - များပြားကြီးကျယ်စွာ၊
သမုပ္ပာဒိဖြစ်လာပေသည်၊
ကိမိဝ - ဥပမာပုံဆို ဘယ်လိုလဲဆိုလျှင်၊
အရဟန္တေဝ ဒက္ခိဏာ - ရဟန္တာ၌ လှူသော ဒါနကုသိုလ်သည် အလွန် အကျိုးများပြား ကြီးမားသလိုပင်တည်း။

၉။ ယံ မေ အတ္ထိ ကတံ ပုညံ၊
အရဟန္တေသု တာဒိသု။
တံ မေ သဗ္ဗင်္ဂကလျာဏိ၊
တယာ သဒ္ဓံ ဝိပစ္စတံ။

ဘဒ္ဒေ - ရှင်မ သူရိယဝစ္ဆသာ ရေ၊
တာဒိသု - အကောင်းအဆိုး နှစ်ခုကို အတုပြု၍ရှုနိုင်သည့် တာဒိဂုဏ်နှင့် ပြည့်စုံ ကုန်သော၊
အရဟန္တေသု - ရဟန္တာတို့၌၊
မေ ကတံ - ငါပြုထားသော၊
ယံပုညံ - အကြင်ကောင်းမှုသည်၊
အတ္ထိ - ရှိပါသည်၊
သဗ္ဗင်္ဂကလျာဏီ - ကိုယ်အင်္ဂါဟူသမျှ လှပကောင်းမွန်သော သူရိယဝစ္ဆသာ ရေ၊
တံ မေ - ငါ၏ ထိုကောင်းမှုအပေါင်းသည်၊
တယာ သဒ္ဓိံ - သင်နှင့် အတူတကွ၊
ဝိပစ္စတံ - ကောင်းကျိုးကို ပေးပါစေသတည်း။

၁၀။ ယံ မေ အတ္ထိ ကတံ ပုညံ၊
အသ္မိံ ပထဝိမဏ္ဍလေ။
တံ မေ သဗ္ဗင်္ဂကလျာဏိ၊
တယာ သဒ္ဓိံ ဝိပစ္စတံ။

သဗ္ဗင်္ဂကလျာဏိ - သူရိယဝစ္ဆသာရေ၊
အသ္မိံ ပထဝိမဏ္ဍလေ ဤမြေပြင်တစ်လျှောက်လုံး၌၊
မေ ကတံ - ငါပြုထားသော၊
ယံ ပုညံ - အကြင်ကောင်းမှုသည်၊
အတ္ထိ - ရှိပါသည်၊
တံ မေ - ငါ၏ ထိုကောင်းမှု အပေါင်းသည်၊
တယာသဒ္ဓိ - သင်နှင့်အတူတကွ၊
ဝိပစ္စတံ - ကောင်းကျိုးကို ပေးပါစေသတည်း။

၁၁။ သကျပုတ္တောဝ ဈာနေန၊
ဧကောဒိ နိပကော သတော။
အမတံ မုနိ ဇိဂီသာနော၊
တမဟံ သူရိယဝစ္ဆသေ။

သူရိယဝစ္ဆသေ - သူရိယဝစ္ဆသာရေ၊
သကျပုတ္ထော - သာကီဝင်မင်သားဖြစ်သော၊
မုနိ - ရဟန်းမြတ်သည်၊ (ဝါ) ဘုရားရှင်၏ အလောင်းလျာ ရဟန်းမြတ်သည်၊
ဈာနေန - ရှုမှုဈာန်ဖြင့်၊
ဧကောဒိ - တစ်ခုတည်းသော အာရုံ၌ တည်သည်ဖြစ်၍၊
နိပကော - ရင့်ကျက်သော ပညာရှိသည်ဖြစ်၍၊
သတော - အမြဲပင် အမှတ်ရလျက်၊
အမတံ - သေခြင်းကင်းသော အမြိုက်နိဗ္ဗာန်ကို၊
ဇိဂီသာနော ဣဝ - ရှာမှီးနေသလိုပင်၊
အဟံ - ငါသည်၊
တံ - သင့်ကို၊
ဇိဂီသာနော - မမေ့မလျော့ပဲ အမြဲအမှတ်ရကာ ရှာမှီးလျက် ရှိနေပါသည်။

ဒီအမှတ် ၁၁ - သီချင်းဂါထာဖြင့် ဘုရားအလောင်းတော် ရဟန်းမြတ်က တစ်ခုတည်းသော အာရုံ၌သာ စိတ်တည်ပြီး ရှုနေသလို၊ မမေ့မလျော့ပဲ အမြဲသတိရပြီး နိဗ္ဗာန်ကို ရှာနေသလို သူကလဲ သူရိယဝစ္ဆသာကိုသာ အမြဲအာရုံပြုလျက် အမှတ်ရပြီး ရှာကြံနေကြောင်း ဖော်ပြတာပါပဲ၊ အဲဒါကို ဘုရားဂုဏ်နဲ့ စပ်ဆိုင်တယ်လို့ ဆိုတာပါပဲ၊ ဒါပေမယ့် သူ့ဟာက သူရိယဝစ္ဆသာကို အမြဲအာရုံပြုပြီး စွဲလမ်း နေကြောင်း ဖော်ပြတာကသာ လိုရင်းဖြစ်နေပါတယ်။

ဘုန်းကြီးတို့ကတော့ တရားကို အလေးပြုနေတာ ဖြစ်တဲ့အတွက် ဒီဂါထာမှာ ပါလာတဲ့ တရားစကားလုံးများကို ဖွင့်ပြဟောကြားရဦးမှာပဲ၊ အဲဒီမှာ ဈာန်ဆိုတာက ရှုတာပဲ၊ အဲဒီ ရှုတာက သမထ အာရုံနိမိတ်ကို ရှုတာလဲရှိတယ်၊ ရုပ်နာမ် သဘောတရားကို ရှုတာလဲ ရှိတယ်၊ ပထဝီ ကသိုဏ်းစသော သမထအာရုံ နိမိတ်ရှုတာကို အာရမ္မဏူပနိဇ္ဈာန် လို့ ခေါ်တယ်၊ ရုပ်နာမ် အနိစ္စလက္ခဏာစသည် ရှုတာကိုတော့ လက္ခဏူပနိဇ္ဈာန်လို့ ခေါ်တယ်၊

ဘုရားအလောင်းတော်ဟာ ၆-နှစ်တိုင်တိုင် ဒုက္ကရစရိယာအကျင့်ကို ကျင့်ခဲ့ရတယ်၊ အဲဒီဒုက္ကရစရိယာ အကျင့်ဖြင့် တရားထူးကို မရနိုင်ကြောင်း သိမြင်တဲ့အခါ အဲဒီ ဒုက္ကရ စရိယာအကျင့်ကို ပယ်စွန့်ပြီးတော့ အာနာပါနကိုရှုပြီး ဈာန်တရားများကို ရခဲ့ပါတယ်၊ အဲဒီ ဈာန်သမာပတ် တရားတွေဟာ တစ်ခုတည်းသော အာရုံကိုသာရှုပြီး ၁-နာရီ ၂-နာရီ စသည်ဖြင့် ကြာရှည်စွာလဲ တည်နေနိုင်တယ်၊ ဒါကြောင့် အဲဒီ ဈာန်ဖြင့် ဧကောဒိ - တစ်ခုတည်းသော အာရုံ၌ တည်သည်ဖြစ်၍ - လို့ ဆိုတာပဲ။

ဘုရားအလောင်းတော်ဟာ ဗောဓိပင်အောက် အပရာဇိတပလ္လင်ထက်၌ ထက်ဝယ် ဖွဲ့ခွေ ထိုင်နေတော်မူလျက် ရှေးဦးစွာ အဲဒီဈာန်၏ အစွမ်းဖြင့် ညဉ့် ဦးယံမှာ ရှေးဘဝ တွေကို ပြန်လည်ဆင်ခြင်ပြီး သိနိုင်တဲ့ ပုဗ္ဗေနိဝါသဉာဏ်ကို ရတော်မူခဲ့တယ်၊ သန်းခေါင်ယံမှာ တစ်လောကလုံးနှင့် သတ္တဝါတွေ သေကြပုံ ဘဝသစ်၌ ဖြစ်ကြပုံ တွေကို မြင်နိုင်တဲ့ ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူခဲ့တယ်၊

သန်းခေါင်ယံမှ နောက် နံနက်ပိုင်းယံမှာ ပဋိစ္စသမုပ္ပာဒ်ကို ဆင်ခြင်တော်မူပြီးနောက် ဥပါဒါနက္ခန္ဓာ ငါးပါးဆိုတဲ့ မြင်မှု ကြားမှု နံမှု စားသိမှု ထိသိမှု ကြံသိမှုဆိုင်ရာ ရုပ်နာမ် ၂-ပါး၏ အဖြစ်အပျက်ကို ရှုသိတော်မူခဲ့တယ်၊ အဲဒီ ရုပ်နာမ် အဖြစ်အပျက် ရှုသိတာကို လက္ခဏူပနိဇ္ဈာန် လို့ခေါ်တာပဲ၊ အဲဒီလက္ခဏူပနိဇ္ဈာန်ဖြင့် မမေ့မလျော့ အမှတ်ရပြီး ရှုသိနေတာကို နိပကော - ရင့်ကျက်သော ပညာရှိသည်ဖြစ်၍၊ သတော - အမြဲပင် အမှတ်ရလျက်လို့ဆိုတာပဲ၊

ဒါပေမယ့် ပဉ္စသိခနတ်သားကတော့ ယခု ပြောခဲ့တဲ့ ရှုပုံ အမှတ်ရပုံ သိပုံတွေကို ကျကျနနတော့ သိပုံ မရသေးပါဘူး၊ ဘုရားအလောင်းဟာ မပြတ်ရှုဆင်ခြင်ပြီး အမတခေါ်တဲ့ နိဗ္ဗာန်ကို ရှာကြံနေတယ်ဆိုတာလောက်သာ သိမှာပါပဲ။

အဲဒီမှာ အမတ - ပုဒ်ကို အမြိုက်လို့ မြန်မာပြန်ကြတာကတော့ ပထမက မွန်ဘာသာ အသံနဲ့ အမရိုက်လို့ ပြန်ခဲ့ဟန် တူပါတယ်၊ အမတ - ပုဒ်ဟာ သက္ကတဘာသာ အမ်ရိတ - မှဖြစ်လာတယ်၊ မွန်ဘာသာအသံနဲ့ ဆိုတော့ ရိ - ကို ရိုက်လို့ အသံ ထွက်တယ်၊ ဒါကြောင့် သက္ကတပုဒ် အမြိတ - ကို မွန်အသံဖြင့် အမြိုက်(အမရိုက်) လို့ အသံ ထွက်တယ်၊ ဗမာအသံကျတော့ အမြိုက်လို့ဖြစ်လာတယ်၊ အဲဒီ အမြိုက်ဆိုတာ သေခြင်းကင်းတဲ့ တရားလို့ အနက်ရတယ်၊ အဲဒါဟာ နိဗ္ဗာန်ပဲ၊ ဒါကြောင့် အမတံ - သေခြင်းကင်းသော အမြိုက်နိဗ္ဗာန်လို့ မြန်မာပြန်ရပါတယ်။

အတိုချုပ် ဆိုလိုတာကတော့ ဘုရားအလောင်းတော်ဟာ အမြိုက်နိဗ္ဗာန်ကို သဲသဲမဲမဲ အမြဲမပြတ်ရှုမှတ်ပြီး ရှာနေသလိုပင် ပဉ္စသိခနတ်သားက သူလဲ သူရိယဝစ္ဆသာကို သဲသဲမဲမဲ အမြဲမပြတ် ရှာကြံနေပါတယ်လို့ ဆိုလိုတာပါပဲ၊ အဲဒီဂါထာဖြစ် ဘုရားဂုဏ်နှင့် စပ်ဆိုင်တယ်လို့ ဆိုလိုတာပါပဲ၊

ယခု ထုတ်ဖော်ဟောပြခဲ့တာ ဂါထာ သုံးပုဒ်ရှိသွားပါပြီ၊ ရှေးကလဲ ဂါထာ ၈-ပုဒ် မဟောဘဲ ချန်ထားခဲ့တယ်၊ နောက်လဲ ၃-ပုဒ်ရှိပါသေးတယ်၊ ဒါပေမယ့် ထုတ်ပြခဲ့တဲ့ ဂါထာ ၃-ပုဒ်ဖြင့်ပင် သင့်တော်လောက်ပါပြီ။

(ဤမှနောက် ၃-ဂါထာကိုလည်း စာမူချောပြုစုသောအခါ ဖြည့်စွက် ထည့်လိုက်သည်။)

၁၂။ ယထာပိ မုနိ နန္ဒေယျ၊
ပတွာ သမ္ဗောဓိမုတ္တမံ။
ဧဝံ နန္ဒေယျံ ကလျာဏိ၊
မိဿီဘာဝံ ဂတော တယာ။

ကလျာဏိ - ကိုယ်အင်္ဂါဟူသမျှ အချိုးကျ၍ လှပတင့်တယ်ပေသော သူရိယဝစ္ဆသာရေ၊
မုနိ - မြတ်စွာ ဘုရားရှင်သည်၊
ပတွာ သမ္ဗောဓိမုတ္တမံ - ဘုရားဖြစ်ကြောင်း ကောင်းမြတ်လှသော အရဟတ္တ မဂ်ဖိုလ်ဉာဏ်, သဗ္ဗညုတဉာဏ်သို့ ရောက်ပြီး၍၊
နန္ဒေယျ ယထာ - အလိုတော်ပြည့်ဝ အားရ ဝမ်းမြောက်တော်မူသလို၊
ဧဝံ - ဤအတူပင်၊
အဟမ္ပိ - ငါသည်လည်း၊
တယာ - သင်သူရိယဝစ္ဆသာနှင့်၊
မိဿီဘာဝံ - ရောယှက် ပေါင်းသင်းရခြင်းသို့၊
ဂတော - ရောက်သည်ဖြစ်၍၊
နန္ဒေယျံ - အလိုပြည့်ဝ အားရဝမ်းမြောက်လိုပါသတည်း။

၁၃။ သက္ကော စေ မေ ဝရံ ဒဇ္ဇာ၊
တာဝတိံသာန မိဿရော။
တာဟံ ဘဒ္ဒေ ဝရေယျာဟေ၊
ဧဝံ ကာမော ဒဠှော မမ။

အဟေ ဘဒ္ဒေ - ဟေ့ရှင်မ သူရိယဝစ္ဆသာရေ၊
တာဝတိံသာ န မိဿရော - တာဝတိံသာနတ်တို့၏ အရှင်ဖြစ်သော၊
သက္ကော - သကြားနတ်မင်းသည်၊
မေ - ငါအား၊
စေဝရံ ဒဇ္ဇာ - အကယ်၍ ဆုပေးငြားအံ့၊
အဟံ - ငါသည်၊
တံ - အသင် သူရိယဝစ္ဆသာကို၊
ဝရေယျံ၊ လက်ခံတောင်းယူလိုပါသည်၊
မမ - ငါ၏၊
ကာမော - လိုချင်ချစ်ခင်ခြင်းသည်၊
ဧဝံ ဒဠှော - ဤသို့ဆုကို တောင်းယူလိုသည်အထိ မြဲမြံထက်သန်လှပါတော့သည်။

၁၄။ သာလံဝ န စိရံ ဖုလ္လံ၊
ပိတရံ တေ သုမေဓသေ။
ဝန္ဒမာနော နမဿာမိ၊
ယဿာသေ တာဒိသီ ပဇာ။

သုမေဓသေ - အသိဉာဏ်ကောင်းစွ သူရိယဝစ္ဆသာရေ၊
နစိရံဖုလ္လံ သာလံ ဣဝ - မကြာမီက ပွင့်နေသော အင်ကြင်းပင်ကြီးကို အလေးပြု သလိုပင်၊
ပိတရံ တေ - သင်၏ဖခင် တိမ္ဗရုမည်သော ဂန္ဓဗ္ဗနတ်မင်းကြီးကို၊
အဟံ - ငါသည်၊
ဝန္ဒမာနော - အလိုဆန္ဒ ပြည့်ဝပါစေဆိုတဲ့ ဆုမွန်ကောင်းတောင်းလျက်၊
နမဿာမိ - လက်အုပ်မိုး၍ ရှိခိုးကန်တော့လိုက်ပါသည်၊
ကသ္မာ - အဘယ်ကြောင့် ဤလိုရှိခိုးရသနည်းဆိုလျှင်၊
ယဿ - ယင်းနတ်မင်းကြီး၏၊
ပဇာ - သမီးတော်သင်သည်၊
ဧတာဒိသီ အသိ- ဤသို့ချစ်ခင်လောက်အောင် လှပတင့်တယ်ပါပေသည်၊
ဝါ - တင့်တယ်လှပသော သမီးတော် ဖြစ်ထွန်းလျက် ရှိသောကြောင့်ပါတည်း။

ယခု ထုတ်ဆောင်ပြခဲ့တဲ့ နတ်သီချင်းဂါထာတွေဟာ အချိုးတကျ အသံနေ အသံထားနဲ့ ရွတ်ဆိုမယ်ဆိုရင်၊ အနက်ကိုလဲ ထိထိရောက်ရောက် ဆွဲပြီး ပြန်ဆိုမယ် ဆိုရင် အင်မတန် နှစ်သက်သာယာဖွယ်ကောင်းမည့် ဂါထာတွေပါပဲ၊

ဘုန်းကြီးတို့ကတော့ နှစ်သက်သာယာတဲ့ ရာဂစသော ကိလေသာတွေကို ပယ်နိုင်အောင် ဝိပဿနာတရားကို ဟောနေရတာကလဲ တစ်ကြောင်း၊ ရဟန်းများမှာ သီချင်းသံမျိုးကို မရွတ်မဆိုကောင်းတာကလဲ တစ်ကြောင်း၊ အဲဒီအကြောင်း များကြောင့် ရိုးရိုးတရားသံအနေနဲ့ ရွတ်ဆိုလိုက်တော့ အခြား တရားဂါထာများလိုပဲ ဖြစ်နေမှာပေါ့။

ပဉ္စသိခနတ်သားက အဲဒီသီချင်းဂါထာတွေကိုလဲ သီဆိုပြီး စောင်းသံဖြင့်လဲ မြတ်စွာဘုရားကို ပူဇော်နေတယ်၊ အဲဒီ သီချင်းဂါထာ ၁၄ - ပုဒ် ပြီးဆုံးသွားတဲ့အခါ မြတ်စွာဘုရားက ပဉ္စသိခ နတ်သားကို ဒီလို ချီးကျူးပြီး မေးတော်မူပါသတဲ့။

ပဉ္စသိခကို ချီးကျူးသောအားဖြင့် ဖူးမြော်ခွင့်ပြုတော်မူပုံ

ပဉ္စသိခ - ပဉ္စသိခနတ်သား၊
တေ - သင်၏၊
တန္တိဿရော - စောင်းသံသည်၊
ဂီတဿရေန - သီဆိုသည့် သီချင်းသံနှင့်၊
သံသန္ဒတိ - ကိုက်ညီလျက် နှီးနှောမိပေ၏၊
ဂီတဿရော စ တန္တိဿရေန - သီချင်းသံကလဲ စောင်းသံနှင့် ကိုက်ညီလျက် နှီးနှောမိပေ၏၊
ပဉ္စသိခ - ပဉ္စသိခနတ်သား၊
တေ - သင်သည်၊
ဣမာ ဂါထာ - ဘုရား တရား သံဃာ ရဟန္တာနှင့်လဲ စပ်ဆိုင်, ကာမဂုဏ်နှင့်လဲ စပ်ဆိုင်သော ဤသီချင်းဂါထာတို့ကို၊
ကဒါ သံယူဠှာ - ဘယ်အခါက သီကုံးခဲ့ပါသနည်းလို့ မြတ်စွာဘုရားက မေးတော်မူတယ်၊

အဲဒီမှာ မြတ်စွာဘုရားက ဒီလိုချီးကျူးပြီး မေးတာဟာ ဘာ့ကြောင့်လဲဆိုတော့ ဒီလိုချီးကျူး မမေးလို့ရှိရင် မြတ်စွာဘုရားက ဆည်းကပ်ခွင့် မပြုဘူးထင်ပြီး သိကြားမင်းနှင့်တကွ နတ်တွေ အကုန်ပြန်သွားကြလိမ့်မယ်၊ အဲဒီလို ပြန်သွားရင် တရားထူးရဖို့ အခွင့်အရေး ဆုံးရှုံးသွားမယ်၊

ဒါကြောင့် အဲဒီ အခွင့်အရေး မဆုံးရှုံးရအောင် ဒီလို ချီးကျူးပြီး မေးတော်မူတာ ဖြစ်ကြောင်း အဋ္ဌကထာက ဖွင့်ပြထားပါတယ်၊ အဲဒီတော့ ပဉ္စသိခနတ်သားက မြတ်စွာဘုရားအား ဒီလိုလျှောက်ထားပါတယ်။

မြတ်စွာဘုရားဟာ ဘုရားဖြစ်တော်မူပြီးခါစ အဇပါလ ညောင်ပင်အောက်မှာ သီတင်းသုံးနေစဉ်အခါတုန်းက သီကုံးခဲ့တဲ့သီချင်းများ ဖြစ်ပါတယ်၊ အဲဒီလို သီကုံး ရခြင်းအကြောင်းကတော့ တိမ္ဗရုမည်သော ဂန္ဓဗ္ဗနတ်မင်းကြီး၏ သမီးတော် သူရိယဝစ္ဆသာကိုတပည့်တော်က ချစ်ကြိုက်နေပါတယ်၊ သူရိယဝစ္ဆသာကတော့ မာတလိနတ်၏ သားကို ချစ်ကြိုက်နေပါတယ်၊

အဲဒီနတ်သမီးကို ဘယ်လိုနည်းနဲ့မှ မြှူဆွယ်လို့ မရသောကြောင့် ဘုရား တရား သံဃာ, ရဟန္တာဂုဏ်များနဲ့လဲ စပ်ဆိုင်, ကာမဂုဏ်နဲ့လဲ စပ်ဆိုင်တဲ့ ဒီသီချင်းတွေကို သီကုံးပြီးတော့ တိမ္ဗရုနတ်မင်းကြီး၏ အိမ်တော်ကို သွားပြီး စောင်းလဲတီး ဒီ သီချင်းတွေကိုလဲ သီဆိုခဲ့ပါတယ်၊ အဲဒီအခါ သူရိယဝစ္ဆသာ နတ်သမီးက ကျွန်မတော့ မြတ်စွာဘုရားကို မဖူးမြင်ဘူးပါ၊ သို့ပေမယ့် တာဝတိံသာနတ်ပြည်က သုဓမ္မာနတ် သဘင်သွားပြီး ကပြစဉ်က အဲဒီ မြတ်စွာဘုရားအကြောင်းကို ကြားသိခဲ့ရဖူးပါတယ်၊

ယခုသင်က အဲဒီဘုရားအကြောင်းကို သီဆိုပြောကြားတဲ့အတွက် ဒီကနေ့ တစ်ရက်တော့ သင်နှင့်ကျွန်မ အတူ ပေါင်းသင်းနေဖို့ ခွင့်ပြုပါတယ်လို့ ဆိုပါတယ်၊ အဲဒီတစ်ကြိမ်မျှသာ အဲဒီ နတ်သမီးနှင့် အတူနေခဲ့ရပါတယ်၊ အဲဒီ ကနောက်တော့ တစ်ခါမျှ အတူမနေရတော့ပါဘူးလို့ ပဉ္စသိခနတ်သားက သူ့အတွင်းရေးတွေပါ ထုတ်ဖော်ပြီးလျှောက်ပါတယ်၊

(အဲဒီလိုလျှောက်ပုံဟာ ပါဠိတော်၌ တိုက်ရိုက်ရှိသည်၊ စကားမကျယ်စေရန် ပါဠိမပါဘဲ တချို့ကိုလဲ ချုံးပြီး ဤ၌ ဖော်ပြထားသည်။)

သိကြားမင်း၏ ရည်ရွယ်ချက်ကတော့ နတ်ပရိသတ်များနှင့်တကွ သိကြားမင်းဟာ ဘုရားထံသို့လာကြောင်းလျှောက်ပြီး ခွင့်တောင်းဖို့ စေလွတ်လိုက်တာပါပဲ၊ ဒါပေမယ့် ပဉ္စသိခ နတ်သားက တူရိယာသမားလဲ ဖြစ်နေတယ်၊ သူ့မှာ သူရိယ ဝစ္ဆသာကို ချစ်ကြိုက်တဲ့ ရာဂနဲ့ အလိုမပြည့်တဲ့အတွက် စိတ်ပျက်တဲ့ ဒေါသတွေကလဲ ဖြစ်ပွားနေတယ်၊ ဒါကြောင့် ဘုရားထံမှာ သီချင်းလဲဆို, စောင်းလဲ တီးသည့်အပြင် သူ့အတွင်းရေးတွေကိုလဲ ထုတ်ဖော်ပြီး လျှောက်နေတာပဲ၊ အဲဒါဟာ -

လုဒ္ဓေါ အတ္ထံ န ဇာနာတိ၊
လုဒ္ဓေါ ဓမ္မံ န ပဿတိ။
အန္ဓတမံ တဒါ ဟောတိ၊
ယံ လောဘော သဟတေ နရံ။

လုဒ္ဓေါ - လောဘအနှိပ်စက်ခံရသော သူသည်၊
အတ္ထံ - အကျိုးကို၊
နဇာနာတိ - မသိပေ၊
လုဒ္ဓေါ - လောဘ အနှိပ်စက်ခံရသော သူသည်၊
ဓမ္မံ - အကြောင်းမှန်ကို၊
န ပဿတိ - မမြင်ပေ၊
ယံယဒါ - အကြင်အခါ၌၊
နံရံ - လူကို၊
လောဘော - လိုချင်မက်မောတဲ့ လောဘက၊
သဟတေ - နှိပ်စက်၏၊
တဒါ - ထိုအခါ၌၊
အန္ဓတမံ - အမိုက်မှောင်သဖွယ်၊
ဟောတိ - ဖြစ်၏။

လို့ ဆိုတဲ့အတိုင်း မပြောသင့်တာ ပြောသင့်တာကို မသိတဲ့အတွက် စိတ်ကူးထဲ ပေါ်ရာကို ပြုမိ ပြောမိတာပါပဲ။

တစ်ခါက အလွန်ထင်ရှားတဲ့ ဆရာတော်ကြီးတစ်ပါး၏ ထင်ရှားတဲ့ ဓမ္မကထိက တစ်ပါးက မာတုဂါမတစ်ယောက်နဲ့ ဆက်စပ်ပြီး လူထွက်သွားပါသတဲ့၊ အဲဒီတော့ သီတင်းသုံးဖော်တွေကရော သက်ဆိုင်ရာ ဒကာ ဒကာမတွေကရော အဲဒီ ဓမ္မကထိကကို ကဲ့ရဲ့ အပြစ်တင်ကြတယ်၊ အဲဒီ မာတုဂါမကိုလဲ ကဲ့ရဲ့ကြ အပြစ်တင် ကြတယ်၊ အဲဒါကို အကြောင်းပြုပြီး သူတို့၏ ဆရာတော် ဘုရားကြီးက ဒီလို ဩဝါဒ ပေးပါသတဲ့၊

လူထွက်တဲ့ ပုဂ္ဂိုလ်လဲ အပြစ်မတင်ကြနဲ့၊ ဟိုဒကာမလဲ အပြစ်မတင်ကြနဲ့၊ သူတို့မှာ လောဘ-က ခိုင်းလို့ လောဘအလိုလိုက်ပြီး လူထွက်ချင်အောင် ဆွယ်သူကဆွယ်၊ ထွက်သူကလဲ ထွက်ကြရတာပဲ၊ အဲဒီတော့ အပြစ်တင်ချင်ရင် သူတို့သန္တာန်မှာ ရှိနေတဲ့ လောဘကိုသာ အပြစ်တင်ကြလို့ ဩဝါဒပေးပါသတဲ့၊ အဲဒါဟာ သဘာဝ ကျတဲ့ ဩဝါဒပါပဲ၊

ယခု ပြောနေတဲ့ ပဉ္စသိခ နတ်ဟာလဲ သူ့ခမျာ လောဘနဲ့ ဒေါသက နှိပ်စက်နေလို့ အဲဒီ လောဘ ဒေါသအလိုလိုက်ပြီး သီဆိုတီးမှုတ် လျှောက်ထားရရှာတာပဲ။ အဲဒီလို လျှောက်နေတဲ့အခါ မြတ်စွာဘုရားက ခွင့်ပြုတော်မူပြီဆိုတာ သိရတဲ့အတွက် သိကြားမင်းက -

အဘိဝါဒေဟိ မေ တွံ တာတ ပဉ္စသိခ “သက္ကောဘန္ေတ ဒေဝါန မိန္ဒော သာမစ္စော သပရိဇနော ဘဂဝတော ပါဒေ သိရသာ ဝန္ဒတီ”တိ။

တာတ ပဉ္စသိခ - ချစ်သား ပဉ္စသိခ၊
တွံ - သင်သည်၊
မေ - ငါ၏ကိုယ်စား၊
ဘဂဝန္တံ - မြတ်စွာဘုရားကို၊
အဘိဝါဒေဟိ - ရှိခိုးကန်တော့လိုက်ပါလော့၊
ဘန္တေ - မြတ်စွာဘုရား၊
သက္ကော ဒေဝါနမိန္ဒော - နတ်တို့၏ အရှင်သိကြားမင်းသည်၊
သာမစ္စောသပရိဇနော - အမတ်အခြွေအရံ ပရိတ်သတ်များနှင့်တကွ၊
ဘဂဝတော ပါဒေ - မြတ်စွာဘုရား၏ ခြေတော်တို့ကို၊
သိရသာ - ဦးခေါင်းဖြင့်၊
ဝန္ဒတီတိ - ရှိခိုးနေပါသည်ဟု လျှောက်ထား၍ ရှိခိုးကန်တော့လိုက်ပါလော့ -

လို့ ပြောကြားလိုက်ပါတယ်၊ အဲဒီတော့မှ ပဉ္စသိခနတ်သားက သိကြားမင်း၏ ကိုယ်စားအနေဖြင့် မြတ်စွာဘုရားကို ဒီလို လျှောက်ထားပြီး ကန်တော့ပါတယ်။

သိကြားမင်း၏ကိုယ်စား ရှိခိုးကန်တော့ပုံ

သက္ကော ဘန္တေ ဒေဝါနမိန္ဒော သာမစ္စော သပရိဇနော ဘဂဝတော ပါဒေ သိရသာ ဝန္ဒတိ။

ဘန္တေ - မြတ်စွာဘုရား၊
သက္ကော ဒေဝါနမိန္ဒော - နတ်တို့၏ အရှင်, သိကြားမင်းသည်၊
သာမစ္စော သပရိဇနော - အခြွေအရံ ပရိသတ်များနှင့်တကွ၊
ဘဂဝတော ပါဒေ - မြတ်စွာဘုရား၏ ခြေတော်တို့ကို၊
သိရသာ - ဦးခေါင်းဖြင့်၊
ဝန္ဒတိ - ရှိခိုးကန်တော့နေပါသည် အရှင်ဘုရား။

လို့ လျှောက်ထားပြီး ရှိခိုးကန်တော့လိုက်ပါတယ်၊ အဲဒီတော့ မြတ်စွာဘုရားက ဒီလို ဆုပေးတော်မူပါတယ်။

ဘုရားရှင်က ဆုပေးတော်မူပုံ

ဧဝံ သုခီ ဟောတု ပဉ္စသိခ သက္ကော ဒေဝါနမိန္ဒော သာမစ္စော သပရိဇနော၊ သုခကာမာ ဟိ ဒေဝါ မနုဿာ အသုရာ နာဂါ ဂန္ဓဗ္ဗာ ယေ စညေ သန္တိ ပုထုကာယာ။

ပဉ္စသိခ - ပဉ္စသိခနတ်သား၊
သာမစ္စော သပရိဇနော - အခြွေအရံ နတ်ပရိသတ်များနှင့်တကွသော၊
သက္ကော ဒေဝါနမိန္ဒော - နတ်တို့၏ အရှင်သိကြားမင်းသည်၊
ဧဝံ - ဤသို့ ဆုပေးစေလိုသည့်အတိုင်း၊
သုခီ - ချမ်းသာနှင့်ပြည့်စုံသည်၊
ဝါ - ကိုယ်စိတ်နှစ်ဖြာ ချမ်းသာသည်၊
ဟောတု - ဖြစ်စေသတည်း၊
ဟိ - ဤသို့ဆုပေးရခြင်း၏ အကြောင်းကား၊
ဒေဝါ မနုဿာ အသုရာ နာဂါ ဂန္ဓဗ္ဗာ - နတ်တို့, လူတို့, အသုရာနတ်တို့, နဂါးတို့, ဂန္ဓဗ္ဗခေါ် ကချေသည် နတ်တို့သည်လည်းကောင်း၊
ယေ စညေ သန္တိ ပုထုကာယာ - အခြားတစ်ပါး များစွာသော သတ္တဝါတို့သည် လည်းကောင်း၊
သုခကာမာ - ချမ်းသာကို အလိုရှိကြကုန်၏၊
ဝါ - ချမ်းသာကို အလိုရှိကြသောကြောင့်ပေတည်း တဲ့။

ရှိခိုးကန်တော့ပုံနှင့် ဆုပေးပုံစိစစ်ချက်

အဲဒါဟာ ရှိခိုးကန်တော့တဲ့အခါ မြတ်စွာဘုရားကိုယ်တိုင်က ဆုပေးတော်မူပုံပါပဲ၊ သိကြားမင်း၏ရှိခိုးကန်တော့တဲ့ စကားထဲမှာ ဆုတောင်းမပါဘူး မဟုတ်လား၊ အဲဒီလို ဆုတောင်းစကား မပါပေမယ့် (အဘိဝါဒေတိ၊ အဘိဝန္ဒတိ၊ ဝန္ဒတိ) ဆိုတဲ့ စကားဖြင့်ပင် ချမ်းသာပါစေလို့ ဆုပေးစေလိုတယ်လို့ ပါဠိဝေါဟာရ အရအားဖြင့် သိရပါတယ်၊

ဒါကြောင့် မြတ်စွာဘုရား၏ ဆုပေးစကားရပ်ထဲမှ ဧဝံ - ဆိုတဲ့ပုဒ်ကို ဤသို့ ဆုပေးစေလိုသည့်အတိုင်းလို့ လိုရင်းကို ဖော်ပြီး အနက် ပြန်လိုက်ပါတယ်၊ ဘယ်လို ဆုပေးစေလိုသလဲ ဆိုတော့ ချမ်းသာပါစေလို့ ဆုပေးစေလိုတာပါပဲ။

အခြားပုဂ္ဂိုလ်တွေ မြတ်စွာဘုရားကို ရှိခိုးကန်တော့ကြတဲ့ အခါများမှာလဲ ချမ်းသာနှင့် ပြည့်စုံပါစေ, ချမ်းသာပါစေ လို့သာ ဆုပေးတော်မူပါတယ်၊ ယခုကာလမှာ ရှိခိုး ကန်တော့ရုံနဲ့ ဆုတွေ အများကြီး အရှည်ကြီးပေးတာကို စဉ်းစား ဆင်ခြင်စရာပါပဲ၊

နောက်ပြီးတော့ ရှိခိုးကန်တော့တဲ့သူက သူအလိုရှိရာ ဆုတွေ များစွာ တောင်းတာရယ်၊ ဆုပေးသူကလဲ ဆုတောင်းတဲ့ အတိုင်းမဟုတ်ပဲ များပြား ကျယ်ပြန့်စွာ ဆုတွေကို ပေးတာရယ်၊ အဲဒါတွေကိုလဲ စဉ်းစားစရာပါပဲ၊

ဘုန်းကြီး ကတော့ အဲဒီလို ဆုတောင်းနဲ့ ဆုပေးတခြားစီ မဖြစ်ရအောင် ရည်ရွယ်ပြီးတော့ ဆုပေးမည့်သူရှိရင် ကန်တော့ပါ၏ - ဆိုတဲ့ စကားတွင် ရပ်ဖို့ ညွှန်ကြားပါတယ်၊ အဲဒီညွှန်ကြားချက်ကို ကဲ့ရဲ့လိုတဲ့ဆရာတော်ကြီးတစ်ပါးကတော့ ဆုမတောင်း ကောင်းတာ ရယ်လို့ မရှိဘူး၊ တောင်းသာ တောင်းကြလို့ ပြောဆိုပါသတဲ့၊

ဘုန်းကြီးကလဲ ဆုမတောင်းကောင်းဘူးလို့ မပြောပါဘူး၊ ဆုပေးမည့် ပုဂ္ဂိုလ်က ရှိနေတဲ့အခါမှာ ဆုတောင်းကတစ်မျိုး၊ ဆုပေးတာကတစ်မျိုး ကွဲပြားမနေရအောင်လို့ ညွှန်ကြားတာပါပဲ၊ နောက်ပြီးတော့ ဆုပေးတဲ့ ပုဂ္ဂိုလ်က ဆုပေးတဲ့အခါမှာ ပဏာမ ကုသိုလ်နှင့်စပ်ပြီး ရသင့်ရထိုက်တဲ့ အကျိုးတွေကို လိုလေသေးမရှိ ဖော်ပြပြီး ဆုပေးမှာချည်းပါပဲ၊ အဲဒီလို ဆုပေးတဲ့အခါ ပေးတဲ့ဆုများနှင့် ပြည့်စုံရပါလို၏ - လို့ နိဂုံးချုပ် ဆုတောင်း လိုက်ရင် ဘာမျှလိုနေစရာလဲမရှိဘူး၊

ယခုထုတ်ပြခဲ့တဲ့ သိကြားမင်း စသည်တို့က ရှိခိုးကန်တော့ရာမှာ ဆုတောင်း မပါပေမယ့် မြတ်စွာဘုရား ပေးတဲ့ဆုဖြင့် ပြည့်စုံတာလိုပင် ပြည့်စုံတယ်ဆိုတာ ထင်ရှားပါတယ်၊ ရှိခိုးခြင်းဖြင့် ရနိုင်တဲ့အကျိုးတွေကို -

(အဘိဝါဒနသီလဿ၊ နိစ္စံ ဝုဒ္ဓါ ပစာယိနော။ စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။)

ဆိုတဲ့ ဂါထာဖြင့် ပြထားတာပဲ၊ အဲဒီအကျိုးတွေကို ဆုမတောင်းလဲ ရနိုင်တာပါပဲ၊ ဒါကြောင့် ဘုန်းကြီးက ရှိခိုးကန်တော့တဲ့ စကားထဲမှာ (အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှ မင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှါလို့) ထည့်သွင်း ဆိုဖို့လဲ ညွှန်ကြားထားပါတယ်၊ နောက်ပြီးတော့ ဆုပေးတဲ့အခါလဲ - - -

ရတနာမြတ် ၃-ပါး ဆရာသမားတို့ကို ရိုသေမြတ်နိုး လက်အုပ် မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော ပဏာမကုသိုလ်ကံ စေတနာတို့၏ အစွမ်း အာနုဘော်ကြောင့် ဘေးရန် အန္တရာယ်ဟူသမျှတို့မှ အခါခပ်သိမ်း ကင်းလွတ် ငြိမ်းကြသည် ဖြစ်၍ အသက်ရှည်ခြင်း, အနာကင်းခြင်း, ကျန်းမာခြင်း, ချမ်းသာ များခြင်း အစရှိသော အလိုရှိအပ် တောင့်တအပ်သော လောကီ လောကုတ္တရာ ကောင်းကျိုးချမ်းသာ မင်္ဂလာ အပေါင်းတို့ဖြင့် ပြည့်စုံကြပါစေလို့၊

တိုတိုကျဉ်းကျဉ်းနဲ့ လိုရင်းဟူသမျှ ပြည့်စုံအောင် ဖော်ပြပြီး ဆုပေးပါတယ်၊ အဲဒီလို ဆုပေးရာမှာလဲ စေတလုံးပိုင် သဘောနဲ့ ပြည့်စုံကြသည် ဖြစ်စေ - လို့တော့ မဆိုပါဘူး၊ ဆုတောင်းပေးသည့် အနေဖြင့် ပြည့်စုံကြပါစေ-လို့သာ ဆိုပါတယ်။

မြတ်စွာဘုရားကို ရှိခိုးကန်တော့ရင် မြတ်စွာဘုရားက “ချမ်းသာပါစေ”လို့ ဆုပေး စေလိုတဲ့သဘောဟာ ပါဝင်နေပါတယ်၊ ဒါကြောင့် မြတ်စွာဘုရားက “အခြွေအရံ ပရိသတ်များနှင့်တကွ သိကြားမင်းချမ်းသာပါစေ”လို့ ဆုပေးတော်မူလိုက်ပါတယ်၊ အဲဒါဟာ မြတ်စွာဘုရားရှင်တို့၏ ပေးရိုးပေးစဉ် ဆုပေးစကားပါပဲ၊ ဒါကြောင့် ပါဠိတော်မှာ ဒီလိုလဲဆက်ပြီး ပြဆိုထားပါတယ်။

ဧဝဉ္စ ပန တထာဂတာ ဧဝရူပေ မဟေသက္ခေ ယက္ခေ အဘိဝဒန္တိ။

စ ပန - ဆက်လက်၍ မှတ်ဖွယ်အထူးကို ပြရလျှင်၊
တထာဂတာ - ဘုရားရှင်တို့သည်၊
ဧဝရူပေ - ဤသို့ သဘောရှိကုန်သော၊
မဟေသက္ခေ - အခြွေအရံများ၍ တန်ခိုးကြီးမားကုန်သော၊
ယက္ခေ - နတ်တို့ကို၊
ဧဝံ - ဤဆိုခဲ့သော အခြင်းအရာအားဖြင့်၊
အဘိဝဒန္တိ - ချမ်းသာပါစေဟူသော ဆုပေးမင်္ဂလာ စကားကို မိန့်ကြားတော်မူကြမြဲ ဖြစ်ပေသည် တဲ့။

သိကြားမင်း ဘုရားထံ ကပ်ရောက်ပုံ

အဲဒီလိုမြတ်စွာဘုရားရှင်က မင်္ဂလာဆုပေးစကား မိန့်ကြားတော်မူလိုက်တဲ့အခါ သိကြားမင်းက မြတ်စွာဘုရား သီတင်းသုံးနေတော်မူရာ ဣန္ဒသာလခေါ်တဲ့ နှံပဲပင် လိုဏ်ဂူထဲ ဝင်ပြီးတော့ မြတ်စွာဘုရားကို ရိုသေစွာရှိခိုးပြီး သင့်လျော်တဲ့ နေရာ၌ ရပ်တည်နေပါတယ်၊ အခြွေအရံပရိသတ်ဖြစ်တဲ့ တာဝတိံသာနတ်တွေရော ပဉ္စသိခ နတ်သားရော အဲဒီလိုဏ်ဂူထဲ ဝင်ပြီးတော့ မြတ်စွာဘုရားကို ရိုသေစွာရှိခိုးပြီး သင့်လျော်တဲ့ နေရာ၌ ရပ်တည်နေကြပါတယ်။

အဲဒီ ဣန္ဒသာသလိုဏ်ဂူဟာ မူလက မညီမညွတ်ရှိနေပေမယ်လို့ နတ်ပရိသတ်တွေ ဝင်ရောက်သွားတဲ့အခါ၊ နတ်တို့၏ တန်ခိုးဖြင့် ညီညီညာညာ သန့်သန့်ရှင်းရှင်း ဖြစ်သွားတယ်၊ တောင်ခေါင်းလိုဏ်ဂူဆိုတော့ မူလက ခပ်ကျဉ်းကျဉ်း ပေမယ့် နတ်တွေ ထောင်သောင်းများစွာ ချောင်ချောင်ချိချိ နေလောက်အောင် ကျယ်ပြန့် သွားပါသတဲ့၊ မူလကမှောင်နေ ပေမယ်လို့ နတ်တွေဝင်သွားတဲ့အခါ နေ့အခါများ လိုပင် လင်းသွား ပါသတဲ့၊ အဲဒါဟာ ဒေဝါနံ ဒေဝါနုဘာဝေနလို့ ဆိုထားတဲ့ အတိုင်း နတ်တို့၏ တန်ခိုးကြောင့်ပါပဲ။

ဘုရားရှင်၏ နှုတ်ဆက်မိန့်ခွန်းတော်

အဲဒီအခါမှာ မြတ်စွာဘုရားကစပြီး သိကြားမင်းအား နှုတ်ဆက်စကား မိန့်ကြားတော် မူပါတယ်၊ “သိကြားမင်း၊ သင့်မှာ ကိစ္စတွေ အလွန်များပြားနေပါလျက် ယခုလို လာရောက်နိုင်တာဟာ အံ့ဖွယ်ပဲ မဖြစ်စဖူး အထူးဖြစ်တာပဲ”လို့ မိန့်ကြားတော် မူတယ်။

သိကြားမင်းက လျှောက်ပုံ

အဲဒီတော့ သိကြားမင်းက ဒီလို ပြန်ပြီးလျှောက်ပါတယ်၊ “တပည့်တော်ဟာ မြတ်စွာဘုရားကို ဖူးမြော်ရန် လာချင်တာကြာပါပြီ၊ သို့ပေမယ့် နတ်တို့၏ ကိစ္စတွေမှာ ကြောင့်ကြစိုက်နေရတဲ့အတွက် မလာနိုင်ပဲ ဖြစ်နေခဲ့ပါတယ် ဘုရား တဲ့၊

နတ်တို့၏ ကိစ္စတွေက ဘယ်လိုဟာတွေလဲဆိုတော့ သူဆိုင်တယ် ငါဆိုင်တယ်ဆိုတဲ့ အငြင်းအခုံတွေကို ဆုံးဖြတ်ပေးနေ ရတဲ့ ကိစ္စတွေပါပဲ၊ နတ်ပြည်မှာ သူ့ကံနဲ့သူ ဘုံဗိမာန် အခြွေအရံတွေ သီးသန့်ဖြစ်နေကြတာကတော့ အရှုတ်အထွေးမရှိပါဘူး၊ နတ်တွေမှာ သားတို့ သမီးတို့ဆိုတာက ရင်ခွင်ထဲမှာ ဖြစ်တယ်၊ အလုပ်အကျွေး ဇနီးသည်ဆိုတာကလဲ အိပ်ရာထဲမှာ ဖြစ်တယ်၊ အဲဒီဇနီးသည်၏ အလုပ်အကျွေး အခြွေအရံ ဆိုတာတွေကလဲ အိပ်ရာပတ်ဝန်းကျင်မှာ ဖြစ်တယ်၊ အဲဒါတွေ အတွက်တော့ အရှုပ်အထွေး မရှိပါဘူး။

ပိုင်နက်နယ်စပ်မှာ ဖြစ်ကြတဲ့ နတ်သမီးများကို သူပိုင်တယ်၊ ငါပိုင်တယ်လို့ မဆုံးဖြတ်နိုင်ကြတဲ့အတွက် သိကြားမင်း၏ အဆုံးအဖြတ်ကို ခံယူကြရတယ်၊ အဲဒီလိုဟာတွေကို နီးရာဗိမာန်၏ ပိုင်ရှင်နဲ့ဆိုင်တယ်လို့ ဆုံးဖြတ်ပေးရတယ်၊ ဘယ်ဘက်နဲ့မျှ မနီးပဲ၊ အလယ်တည့်တည့်မှာ ဖြစ်နေရင်တော့ မျက်နှာပြု နေရာဘက်က နတ်အား ပိုင်ရှင်အဖြစ် ဆုံးဖြတ် ပေးရတယ်၊ ဘယ်ဘက်ကိုမျှ မျက်နှာမမူပဲ အခြားကို မျက်နှာမူနေတဲ့ နတ်သမီးကိုတော့၊ အငြင်းအခုံ ပြတ်စဲရအောင် သိကြားမင်းက သိမ်းယူရပါသတဲ့၊

ဘုရားလက်ထက်တော်ကာလတုန်းက ကုသိုလ်ရှိတဲ့သူတွေ သေသေသွားတဲ့အခါ နတ်ပြည်ရောက်တာကပဲ များတယ်၊ အချို့က အတော်အသင့် ကုသိုလ်ဖြင့် နတ်ဖြစ်သွားတဲ့အခါ ဗိမာန်မရှိ အခြွေအရံ မရှိတာတွေလဲ ရှိမှာပဲ၊ အဲဒီလို ပုဂ္ဂိုလ်တွေအတွက် အဆုံးအဖြတ်ပေးနေရတဲ့ ကိစ္စတွေက နည်းပုံမရပါဘူး၊ နောက်ပြီးတော့ နတ်တွေမှာ ပျော်ပွဲရွှင်ပွဲတွေ ဆိုတာကလဲ နည်းလှမယ် မဟုတ်ပါဘူး၊ အဲဒီလိုကိစ္စတွေ များနေတဲ့အတွက် မြတ်စွာဘုရားထံ ဖူးမြော်ရန် မလာနိုင်ဘဲ ရှိနေကြောင်း လျှောက်တာပါပဲ။

တစ်ချိန်ကတော့ မြတ်စွာဘုရားက သာဝတ္ထပြည် (မြို့) ဇေတဝန်ကျောင်းတိုက် အတွင်း သလဠဂါရက ခေါ်တဲ့ ထင်းရှူးဂန္ဓကုဋိ၌ သီတင်းသုံးနေစဉ်မှာ တပည့်တော်က ဖူးမြော်ဖို့ လာခဲ့ပါတယ်၊ အဲဒီတုန်းက မြတ်စွာဘုရားဟာ သမာဓိ တစ်ပါးဖြင့် ဝင်စားနေတော်မူပါတယ်၊

ဝေဿဝဏ်နတ်မင်း၏ အလုပ်အကျွေးဖြစ်တဲ့ ဘူဇတိဆိုတဲ့ နတ်သမီးက မြတ်စွာဘုရားကို လက်အုပ်ချီ ရှိခိုးလျက် ရှိနေပါတယ်၊ ဒါကြောင့် ဘူဇတိရေ - ငါ့အတွက် မြတ်စွာဘုရားရှိခိုးကန်တော့ လိုက်စမ်းပါကွယ်လို့ ပြောလိုက်ပါတယ်၊ အဲဒီတော့ ဘူဇတိက အရှင်သိကြားမင်း “မြတ်စွာဘုရားဟာ ယခု သမာပတ်ဖြင့် ကိန်းနေဆဲ ဖြစ်ပါတယ်၊ ဖူးမြော်ရန် အချိန်အခါ မဟုတ်ပါဘူး”လို့ ပြန်ကြား လိုက်ပါတယ်၊

ဒါဖြင့် သမာပတ်မှ ထတော်မူတဲ့အခါ ငါ့စကားဖြင့် မြတ်စွာဘုရားကို ရှိခိုးကန်တော့ ရစ်ပါလို့ မှာထားခဲ့ပါတယ်၊ အဲဒီ နတ်သမီးက မြတ်စွာဘုရားကို ရှိခိုးကန်တော့ ပါရဲ့လား၊ အဲဒီ နတ်သမီးလျှောက်တဲ့ စကားကို မှတ်မိပါရဲ့လားလို့ မေးလျှောက်တယ်၊ အဲဒီနတ်သမီးက ရှိခိုးကြောင်း, အဲဒီနတ်သမီးက လျှောက်တဲ့ စကားကိုလဲ မှတ်မိကြောင်း မြတ်စွာဘုရားက မိန့်တော်မူပြီးတော့ အဲဒီအခါတုန်းက သင် သိကြားမင်း၏ ရထားဘီးအကွပ်သံကို ကြားပြီး သမာပတ်မှ ထခဲ့ကြောင်းကိုလဲ မိန့်တော်မူပါတယ်၊

အဲဒီမှာ အသံကြားပြီး သမာပတ်မှထတယ် ဆိုတာကတော့ အဓိဋ္ဌာန်ပြုထားတဲ့ အတိုင်း သမာပတ်မှထချိန်နဲ့ အသံကြားတဲ့အချိန် တိုက်ဆိုင်နေလို့ မိန့်ကြားတာပါပဲ၊ မြတ်စွာဘုရားတို့၏ သမာဓိဟာ မိုးကြိုးသံကြောင့်လဲ ပျက်ပြယ်ခြင်းမရှိကြောင်း အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။

အဲဒီတုန်းက မြတ်စွာဘုရားက ဖူးခွင့်မပြုဘဲ သမာပတ်ဝင် စားတာဟာ ဘာကြောင့် ပါလဲဆိုလျှင် သိကြားမင်းမှာ ပညိန္ဒြေဆိုတဲ့ ဉာဏ်မရင့်ကျက်သေးလို့ ဖြစ်ကြောင်း အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်၊ အဲဒီကနောက် ကာလအတော်အတန် ကြာတဲ့အခါ သိကြားမင်းမှာစုတေရတော့မည့် အကြောင်းကို ထင်ရှားစေသည့် ပုဗ္ဗနိမိတ်ငါးပါးကို တွေ့ရတယ်၊

အဲဒီအခါကျတော့ သိကြားမင်းဘဝမှ စုတေရတော့မည့် အရေးကို မျှော်တွေးပြီး ထိတ်လန့်တဲ့ သံဝေဂဉာဏ်တွေဖြစ်ပြီး ဉာဏ်ရင့်ကျက်လာတယ်၊ ဒါကြောင့် အဲဒီ အခါကျမှ မြတ်စွာဘုရားက ဖူးမြော်ခွင့်ပြုတော်မူပါတယ်တဲ့။

ယခု ပြောခဲ့တဲ့အတိုင်း ဖူးမြော်ခွင့်ရလို့ ဖူးမြော်လျက် အချို့အကြောင်းအရာများကို လျှောက်ပြီးတဲ့အခါ သူကြားဖူးတာနဲ့ ကိုယ်တွေ့ကိုက်ညီနေပုံကိုလဲ ဒီလို လျှောက်ပြန်ပါတယ်၊ လျှောက်ပုံကတော့ တပည့်တော်ထက် ရှေးကျတဲ့ တာဝတိံသာ နတ်များထံမှ -

“မြတ်စွာဘုရားများ ပွင့်တော်မူတဲ့အခါ နတ်အပေါင်းတွေ တိုးပွားပြည့်တင်း လာကြတယ်၊ အသုရကာယဆိုတဲ့ အသုရကာယ်ဘုံသားတွေ, အပါယ်ဘုံသားတွေ ဆုတ်ယုတ်နည်းပါးသွားတယ်”

ဆိုတာကို ကြားဖူးပါတယ်၊ ယခုတော့ အဲဒါကိုမျက်မှောက်တွေ့နေရပါတယ်လို့ လျှောက်ကြားပြီး ဂေါပကနတ်သားအကြောင်းကိုလဲ လျှောက်တယ်၊ အဲဒီ ဂေါပက ဝတ္ထုကိုတော့ တော်တော်ကြာမှ ပြောရမယ်၊ ယခု ဘုရားပွင့်လာတဲ့အခါ နတ်တွေ တိုးပွားပြီး နတ်ပြည်စည်ကားပုံကို ဗဟုသုတအဖြစ် မှတ်သားရအောင် နည်းနည်း ပြောရဦးမယ်။

ဘုရားပွင့်တော်မူတဲ့အခါ နတ်ပြည်တိုးတက်ကြောင်း

မြတ်စွာဘုရား ပွင့်တော်မူလာပြီးနောက် ဓမ္မစကြာတရားကို ဟောတော်မူသည်မှ နောက်ကာလ၌ ဗုဒ္ဓသာသနာတော်မှာ တချို့က သရဏဂုံတည်တယ်၊ တချို့က သရဏဂုံနဲ့ ငါးပါးသီလတည်တယ်၊ တချို့က ဒါနကုသိုလ်တွေလဲ ပြုကြတယ်၊ တချို့က သောတာပန် စသည်ဖြစ်ကြတယ်၊

အဲဒီလို ပုဂ္ဂိုလ်တွေထဲမှာ သောတာပန်, သကဒါဂါမ် ဖြစ်တဲ့သူတွေက နတ်ပြည် ရောက်ဖို့ဟာ သေချာနေတာပါပဲ၊ ဒါနကုသိုလ်ကြောင့် နတ်ပြည်ရောက်တဲ့သူတွေလဲ အလွန်များပါတယ်၊ ငါးပါးသီလလုံခြုံတဲ့ သူတွေကလဲ နတ်ပြည်ရောက်ဖို့ရာ သေချာနေတာပါပဲ၊

အောက်ထစ်ဆုံး သရဏဂုံလောက်တည်ပြီး ဗုဒ္ဓသာသနာဝင် ဖြစ်တဲ့ သူတွေလဲ နတ်ပြည်ရောက်တာ များမှာပါပဲ၊ ဒါကြောင့် ဗြဟ္မာကြီး တစ်ဦးက မြတ်စွာဘုရားထံမှာ သူ့ထင်မြင်ချက်ကို တင်ပြပါတယ်၊ မြတ်စွာဘုရားကလဲ အဲဒီ တင်ပြချက်ကို မပယ်ပါဘူး၊ တင်ပြပုံကတော့ -

ယေ ကေစိ ဗုဒ္ဓံ သရဏံ ဂတာသေ၊
န တေ ဂမိဿန္တိ အပါယဘူမိံ။
ပဟာယ မာနုသံ ဒေဟံ၊
ဒေဝကာယံ ပရိပူရေဿန္တိ - တဲ့။

ယေ ကေစိ - အမှတ်မရှိ အလုံးစုံသော ပုဂ္ဂိုလ်တို့သည်၊
ဗုဒ္ဓံ - မြတ်စွာဘုရားကို၊
သရဏံ - ကိုးကွယ်ရာဟူ၍၊
ဂတာသေ - ဆည်းကပ်ကုန်၏၊
တေ - မြတ်စွာဘုရားကို ကိုးကွယ်ရာဟု ဆည်းကပ်ကြသော ထိုပုဂ္ဂိုလ်တို့သည်၊
အပါယဘူမိံ - အပါယ်ဘုံသို့၊
နဂမိဿန္တိ - မလားမရောက်ကြကုန်လတ္တံ့၊
မာနုသံ ဒေဟံ - လူ့ဘဝ လူ့ခန္ဓာကိုယ်ကို၊
ပဟာယ - စွန့်ရ ကုန်သည်ရှိသော်၊
ဒေဝကာယံ - နတ်အပေါင်းကို၊
ဝါ - နတ်ပြည်ကို၊
ပရိပူရေဿန္တိ - ပြည့်စေကြကုန်လတ္တံ့။

ဗုဒ္ဓမြတ်စွာဘုရားကို သံသရာတစ်လျှောက်လုံး ကောင်းစားရေးအတွက်ရော, သံသရာ ဆင်းရဲမှ လွတ်မြောက်ရေး အတွက်ရော အားကိုးရာအစစ် အမြတ်ဆုံး အနေဖြင့် ကိုးကွယ်ဆည်းကပ်နေတဲ့ ပုဂ္ဂိုလ်ဟာ သရဏဂုံတည်တဲ့ ဗုဒ္ဓသာသနာဝင်ပုဂ္ဂိုလ် ဖြစ်တယ်၊ ဗုဒ္ဓဘုရားကို ကိုးကွယ်ရင် တရားတော်နဲ့ သံဃာတော်လဲ ကိုးကွယ်တာပါပဲ၊

အဲဒီလို ဘုရားအစစ်ကို ကိုးကွယ်နေတဲ့သူဟာ အပါယ်လေးပါးကို မကျရောက် နိုင်ဘူး၊ ရုပ်ကိုယ်ကြီးက အိုလို့ နာလို့ဖြစ်စေ၊ ဘေးဒဏ်သင့်လို့ ဖြစ်စေ, ပျက်စီးသွားတဲ့အခါ အဲဒီရုပ်ကိုယ်ကြီးကို စွန့်ပြီး ဘဝတစ်ပါးပြောင်းသွားကြရတယ်၊ အဲဒီရုပ်ကိုယ်ကြီးကို စွန့်ရတဲ့အခါမှာ နတ်ပြည်ကိုရောက်ပြီးတော့ နတ်ဦးရေကို တိုးစေတယ်၊ နတ်ပြည်ကို ပြည့်စေပါတယ်တဲ့၊

သရဏဂုံတည်တဲ့ အမျိုးသား တစ်ယောက် သေသွားရင် နတ်ပြည်မှာ ဘုန်းကံနဲ့ ပြည့်စုံတဲ့ နတ်သားတစ်ယောက် တိုးသွားတယ်၊ အမျိုးသမီးတစ်ယောက် သေသွားရင် နတ်သမီး တစ်ယောက် တိုးသွားတယ်၊ ငါးပါးသီလပြည့်စုံရင်တော့ သေတဲ့အခါ နတ်ပြည်ရောက်ဖို့ ပိုပြီးသေချာတာပဲ၊ ဒါနကုသိုလ်နဲ့ ပြည့်စုံတဲ့သူလဲ နတ်ပြည် ရောက်နိုင်တာပဲ၊

သစ်သီးတစ်လုံး ပန်းတစ်ပွင့်, မုန့်တစ်ခု, ဆွမ်းတစ်ဇွန်းလောက် လှူရုံနဲ့လဲ နတ်ပြည် ရောက်နိုင်တာပဲ၊ သာသနာတွင်းမှာ လှူတဲ့ဒါနက သာသနာပကဒါနထက် အဆပေါင်း များစွာသာပါတယ်၊ မြတ်စွာဘုရား လက်ထက်က ရာဇဂြိုဟ်မြို့က ဣန္ဒက ဆိုတဲ့လူဟာ အရှင်အနုရုဒ္ဓါအား ဆွမ်းတစ်ဇွန်းမျှ လှူတဲ့ ကုသိုလ်ကြောင့် တာဝတိံသာနတ်ပြည်မှာ တန်ခိုးကြီးတဲ့ နတ်သားကြီး ဖြစ်သွားတယ်။

ကဋစ္ဆုဘိက္ခံ ဒတွာန၊
အနုရုဒ္ဓဿ ဣန္ဒကော။
သော ဟိတွာ မာနုသံ ဒေဟံ၊
တာဝတိံ သုပဂေါ အဟု။
ဒသဟိ ဌာနေဟိ အင်္ကုရံ၊
ဣန္ဒကော အတိရောစတိ။

ဣန္ဒကော - ဣန္ဒကဆိုတဲ့လူသည်၊
အနုရုဒ္ဓဿ - အရှင်အနုရုဒ္ဓါအား၊
ကဋစ္ဆုဘိက္ခံ - ဆွမ်းတစ်ဇွန်းကို၊
ဒတွာန - လှူပြီး၍၊
သော - ထိုဣန္ဒကသည်၊
မာနုသံ ဒေဟံ - လူ့ဘဝ လူ့ခန္ဓာကိုယ်ကို၊
ဟိတွာ - အသက်တမ်းစေ့၍ စွန့်ရသောအခါ၌၊
တာဝတိံသုပဂေါ - ဘာဝတိံသာ နတ်ရွာသို့ ရောက်သည်၊
အဟု - ဖြစ်လေ၏၊
ဣန္ဒကော - ဣန္ဒကနတ်သည်၊
အင်္ကုရံ - သာသနာပက အကြီးအကျယ်လှူခဲ့၍ တာဝတိံသာသို့ ရောက်နေသော အင်္ကုရနတ်ကို၊
ဒသဟိ ဌာနေဟိ - ကာမဂုဏ်ငါးမည် သက်ရှည် အစိုးရ လှပချမ်းသာ များစွာခြွေရံ ဆယ်တန်သော ဂုဏ်တို့ဖြင့်၊
အတိရောစတိ - ကျော်လွန်ထူးခြား တင့်တယ်သွားပေသတည်း။

အင်္ကုရဆိုတဲ့လူဟာ သာသနာပကာလမှာ အကြီးအကျယ် ချက်ပြုတ်ကျွေးမွေး လှူဒါန်းခဲ့တယ်၊ ဘယ်လောက်ကြီးကျယ် သလဲဆိုတော့ ချက်ပြုတ်ရေး ခေါင်းဆောင် အမျိုးသားတွေက သုံးထောင်ရှိသတဲ့၊ ထင်းခွဲသမားက ခြောက်သောင်း၊ ချက်ပြုတ် စရာကို ကြိတ်ချေပြုပြင်ပေးတဲ့ အမျိုးသမီးက ခြောက်သောင်း၊ ယောင်းမကိုင် အမျိုးသမီးက ခြောက်သောင်းရှိသတဲ့၊ အဲဒီလောက် များပြားတဲ့ အလုပ်သမားတွေနဲ့ လာလာသမျှ လူတွေကို နေ့စဉ် အနှစ်တစ်သောင်း ကာလ ပတ်လုံး ချက်ပြုတ် ကျွေးမွေး လှူဒါန်းခဲ့တယ်၊ အဲဒီကောင်းမှုကြောင့် တာဝတိံသာမှာ နတ်ဖြစ်နေတယ်၊

အဲဒီ အင်္ကုရနတ်သားနှင့် ဣန္ဒကနတ်သားတို့ဟာ အဘိဓမ္မာ တရားဟောခါနီး၌ မြတ်စွာဘုရား၏ မျက်မှောက်အနီးမှာ ရိုသေစွာထိုင်နေကြတယ်၊ တန်ခိုးကြီးတဲ့ နတ်များလာတဲ့အခါ အင်္ကုရနတ်သားကနောက်သို့ ဆုတ်ဆုတ်ပြီး နေရာပေးရတဲ့ အတွက် မြတ်စွာဘုရားနှင့် ၁၂-ယူဇနာဝေးတဲ့ အရပ်ရောက်သွားတယ်၊ ဣန္ဒက နတ်သားကတော့ မြတ်စွာဘုရားအနီး မူလနေမြဲနေရာမှာပဲ ရှိနေပါသတဲ့၊

ဒါဟာ သူ့ထက်တန်ခိုးကြီးသူ မရှိလို့ ဖယ်မပေးရတာပဲ၊ သာသနာပ၌ အင်္ကုရက အကြီးအကျယ်ပေးလှူခဲ့ပေမယ့် သာသနာတွင်း၌ ဆွမ်းတစ်ဇွန်းမျှ လှူတဲ့ဣန္ဒက လောက် တန်ခိုးမကြီးဘဲ တန်ခိုးသေးငယ်နေရရှာတယ်၊ ဒါကြောင့် ပေးလှူတဲ့အခါမှာ သီလစသောဂုဏ်နှင့် ပြည့်စုံတဲ့ အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူသင့်ကြောင်း မြတ်စွာဘုရားက ဟောကြားတော်မူပါတယ်၊

ဒီဣန္ဒကဝတ္ထုဖြင့် သာသနာတော်တွင်းမှာ နတ်ပြည်တိုးတက်ကြောင်း, တန်ခိုးကြီးတဲ့ နတ်တွေတိုးပွားကြောင်း သိရပါတယ်။

ဘုရားလက်ထက်တော် ကာလက အိန္ဒိယအလယ်ပိုင်း ဗုဒ္ဓသာသနာ ထွန်းကာရာ အရပ်မှာ လူဦးရေ သန်းတစ်ရာလောက်ရှိတယ် ဆိုဦးတော့ သန်းရှစ်ဆယ်လောက် ကတော့ ဗုဒ္ဓသာသနာဝင်တွေ နေမှာပဲ၊ အဲဒီ ဗုဒ္ဓသာသနာဝင် ပုဂ္ဂိုလ်တွေဟာ အနာဂါမ် ရဟန္တာမှတစ်ပါးဆိုရင် သေတဲ့အခါ နတ်ပြည်ကို ရောက်ဖို့ကပဲ အတိုင်းထက် အလွန်များမှာပါပဲ၊

အဲဒီတော့ နတ်ပြည်မှာ နေ့စဉ်နေ့တိုင်း နတ်ဦးရေ ရာပေါင်းများစွာ တိုးတက် နေမှာပါပဲ၊ ဘုန်းကံကြီးတဲ့ နတ်တွေဖြစ်တဲ့အတွက် ဗိမာန်တွေလဲပဲ အလွန်လှပ ကြီးကျယ်တာတွေချည်း ဖြစ်မှာပဲ၊ လူ့လောက၌ စီးပွားရေးကောင်းတဲ့ အရပ် ဒေသများမှာ အဆောက်အအုံကောင်းတွေ တိုးပွားနေသလို ရှိမှာပါပဲ၊ အဲဒီလို သာသနာတွင်းကာလ၌ နေ့စဉ် နတ်ဦးရေတွေ တိုးပွားနေတာကို မျက်မြင်ဖြစ်နေ သောကြောင့် သိကြားမင်းက -

ဘန္တေ - မြတ်စွာဘုရား၊
မေ - တပည့်တော်သည်၊
တံဣဒံ - ထိုရှေးဟောင်း နတ်များထံမှ ကြားဖူးသော “သာသနာတွင်းကာလ၌ နတ်ပြည်တိုးတက်ခြင်း, နတ်ဦးရေတိုးပွားခြင်းဟူသော” ဤအကြောင်း အရာကို၊
သက္ခိဒိဋ္ဌံ - မျက်မြင်ကိုယ်တွေ့ ဖြစ်နေပါတော့သည်။

လို့ လျှောက်ပါတယ်၊ အဲဒီလို လျှောက်ပြီးတော့ ဂေါပကနတ် သားဝတ္ထုကို ဆက်လက်ပြီး လျှောက်ပါတယ်။

ဂေါပကဝတ္ထု

ကပိလဝတ်ပြည် (မြို့)မှ ဂေါပိကာဆိုတဲ့ သာကီဝင် မင်းသမီးဟာ ဘုရား, တရား, သံဃာ၌ ကြည်ညိုယုံကြည်တဲ့ သဒ္ဓါတရားနဲ့လဲ ပြည့်စုံပါတယ်၊ ငါးပါးသီလကိုလဲ လုံြုခံစွာ စောင့်ထိန်းပါတယ်၊ အဲဒီဂေါပိကာဟာ မိန်းမဘဝကို ရွံ့ရှာပြီးတော့ ယောက်ျားဘဝကို လိုလားတောင့်တပြီး သေတဲ့အခါမှာ တာဝတိံသာ နတ်ပြည်၌ သိကြားမင်း၏ သားတော် ဖြစ်လာတယ်၊ သူ့ကို ဂေါပကနတ်သားလို့ ခေါ်ကြတယ်၊

အလျင်ဘဝတုန်းက မိန်းမဖြစ်တဲ့အတွက် ပါဠိဝေါဟာရဖြင့် ဂေါပိကာလို့ ခေါ်တယ်၊ ယခုတော့ နတ်သား ယောက်ျားဖြစ်တဲ့အတွက် ဂေါပကလို့ ခေါ်တယ်။

အခြားရဟန်းသုံးပါးလဲ ဂန္ဓဗ္ဗခေါ်တဲ့ သဘင်သည် ကချေသည် နတ်မျိုး၌ လာဖြစ်ကြတယ်၊ အဲဒီဂန္ဓဗ္ဗနတ် သုံးယောက်က သိကြားမင်းထံ ကပြဖြေဖျော်ဖြေရန် လာကြတယ်၊ အဲဒီအခါ ဂေါပက နတ်သားက အဲဒီဂန္ဓဗ္ဗနတ်သုံးယောက် ကို မြင့်တွေ့ ရတော့ အဲဒီသုံးယောက်က အခြား ဂန္ဓဗ္ဗနတ်တွေထက် အရောင်အဝါ တောက်ပ တင့်တယ်နေတာကို တွေ့ရတဲ့အတွက် ဘယ်ဘဝက ဖြစ်လာကြသလဲဆိုတာ ဆင်ခြင်ကြည့်တယ်၊

အဲဒီလို ဆင်ခြင်ကြည့်တဲ့အခါ လူ့ဘဝတုန်းက သူကိုးကွယ် လှူဒါန်းနေတဲ့ ရဟန်းသုံးပါးမှ ဖြစ်လာကြောင်း, အဲဒီ ရဟန်းများဟာ ရူပါဝစရဈာန်ကိုလဲ ရခဲ့ကြကြောင်း သိရတယ်၊ အဲဒီတော့ ရဟန်းလဲဖြစ်ပါလျက် ဈာန်လဲရပါလျက် အောက်ကျ ယုတ်ညံ့တဲ့ ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်နေတာကို အားမရ မကျေနပ်တဲ့အတွက် သူက အဲဒီ ဂန္ဓဗ္ဗ နတ်သုံးယောက်ကို ဒီလို သတိပေးစကား ပြောကြားပါတယ်။

မာရိသာ - အမောင်ကချေသည် နတ်တို့၊
တုမှေ - သင်တို့သည်၊
တဿ ဘဂဝတော ဓမ္မံ - ထိုမြတ်စွာဘုရား၏ တရားတော်ကို၊
ကုတောမုခါ အဿုတ္ထ - ရှေးဘဝတုန်းက ဘယ်ဘက်ကို မျက်နှာမူ၍ နာကြား လာခဲ့ကြပါကုန်သနည်း - တဲ့၊

ဒါဟာ မာန်မဲပြီး သတိပေးတဲ့စကားပါပဲ၊ မြတ်စွာဘုရားက တရားတော်ကို သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့ နိဗ္ဗာန်ရောက်ဖို့ ဟောတော်မူခဲ့တယ်၊ အဲဒီ နိဗ္ဗာန် မရောက်သေးတောင် မြင့်မြတ်တဲ့ဘဝသို့ ရောက်ဖို့ ဟောတော်မူခဲ့တယ်၊

သင်တို့ဟာ ဟိုအလျင်ဘဝတုန်းက မြင့်မြတ်တဲ့ ရဟန်းအဖြစ်သို့ ရောက်ပြီးတော့ မြင့်မြတ်တဲ့ ရဟန်းတရားကို ကျင့်လာခဲ့ကြတယ်၊ အဲဒီလို ကျင့်ရာမှာ ဘယ်ဘက်ကို ရှေးရှုရည်သန်ပြီး နာယူလာကြပါသလဲ, ကျင့်လာကြပါသလဲ၊ မြတ်စွာဘုရားက အမြင့်အမြတ် ရောက်ဖို့ ဟောတဲ့တရားကို သင်တို့က ယုတ်ညံ့တဲ့ ဂန္ဓဗ္ဗနတ်မျိုးထဲ ဖြစ်ဖို့လောက် သိနားလည်ခဲ့ကြပါ သလားလို့ ကြိမ်းမောင်း ပြောဆိုလိုက်တာပါပဲ။

အဟံ ဟိ နာမ ဣတ္ထိကာ သမာနာ ဗုဒ္ဓေ ပသန္နာ ဓမ္မေ ပသန္နာ သံဃေ ပသန္ဒာ သီလေသု ပရိပူရကာရိနီ ဣတ္ထိတ္တံ ဝိရာဇေတွာ ပုရိသတ္တံ ဘာဝေတွာ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပန္နာ၊ ဒေဝါနံ တာဝတိံ သာနံ သဟဗျတံ သက္ကဿ ဒေဝါနမိန္ဒဿ ပုတ္တတ္တံ အဇ္ဈုပဂတာ။

ဟိ - ဒီလိုကြိမ်းမောင်း၍ ပြောဆိုရခြင်း၏အကြောင်းကား၊
အဟံ - ငါသည်၊
အဟံနာမ - ငါသို့သောသူသည်ပင်၊
ဣတ္ထိကာ သမာနာ - ရှေးဘဝက မိန်းမသားဖြစ်ပါလျက်၊
ဗုဒ္ဓေ ပသန္နာ ဓမ္မေ ပသန္နာ သံဃေ ပသန္နာ - ဘုရား၌, တရား၌, သံဃာ၌ ကြည်ညိုသည် ဖြစ်၍၊
သီလေသု ပရိပူရကာရိနီ - ငါးပါး သီလတို့၌ ပြည့်စုံစွာကျင့်သည်ဖြစ်၍၊

(ဒီဂုဏ် လေးပုဒ်ဖြင့် ဓမ္မာဒါသတရားလေးပါးဖြင့် ပြည့်စုံကြောင်း ပြဆိုတာပါပဲ၊)

ဣတ္ထိတ္တံ ဝိရာဇေတွာ - မိန်းမအဖြစ်ကို စက်ဆုပ်ရွံရှာကာ သာယာမှု ကင်းစေ၍၊
ပုရိသတ္တံဘာဝေတွာ - ယောက်ျား အဖြစ်ကို လိုလားသောအားဖြင့် ဖြစ်စေ၍၊

(ဒီဂုဏ်နှစ်ပုဒ်ဖြင့် မိန်းမ အဖြစ်နဲ့ဆိုရင် လူ့လောက၌ အမြတ်ဆုံးဖြစ်တဲ့ စကြဝတေးမင်း မဖြစ်နိုင်ဘူး၊ နတ်လောက၌လဲ သိကြားမင်းစသည် မဖြစ်နိုင်ဘူး၊ ပစ္စေကဗုဒ္ဓါလဲ မဖြစ်နိုင်ဘူး၊ ဘုရားလဲမဖြစ်နိုင်ဘူး၊ ယောက်ျားအဖြစ်နဲ့သာ အဲဒီ အမြင့် အမြတ်တွေ အကုန်ဖြစ်နိုင်တယ် စသည်ဖြင့် မိန်းမအဖြစ်ကို မလိုလားတော့ဘဲ ယောက်ျားအဖြစ်ကိုသာလိုလားတောင့်တခဲ့ခြင်းကို ပြဆိုတာပါပဲ၊)

ကာယဿဘေဒါ ပရံမရဏာ - လူ့ဘဝ ရုပ်ကိုယ်ပျက်ပြီး သေသည်မှနောက်၌၊
သုဂတိံ သဂ္ဂံလောကံ - သုဂတိ နတ်ပြည်လောက သို့၊ ဥပပန္နာကပ်ရောက်၍ ဖြစ်ခဲ့ပါသည်၊
ဒေဝါနံ တာဝတိံ သာနံ - တာဝတိံ သာနတ်တို့၏၊
သဟဗျတံ - အပေါင်းအဖော် အမျိုးတူနတ်အဖြစ်သို့၊
သက္ကဿ ဒေဝါနမိန္ဒဿ ပုတ္တတ္တံ - သိကြား နတ်မင်းကြီး၏ သားတော်အဖြစ်သို့၊
အဇ္ဈုပဂတာ - ရောက်ခဲ့ပါသည်တဲ့။

ဒီစကားကတော့ ဂေါပကနတ်သားက သူဟာ အရင်ဘဝက ဂေါပိကာဆိုတဲ့ မိန်းမ ဖြစ်ခဲ့ပါလျက် သဒ္ဓါသီလနှင့် ပြည့်စုံခဲ့တဲ့အတွက် အထက်တန်းကျတဲ့ တာဝတိံသာ နတ်လဲ ဖြစ်တယ်၊ နတ်သားလဲဖြစ်တယ်၊ သိကြားမင်း၏ သားတော်လဲ ဖြစ်တယ် ဆိုတာကို ဖော်ပြပြီးတော့ အဲဒီဂန္ဓဗ္ဗနတ် သုံးယောက်ဟာ ရှေးဘဝက မြင့်မြတ်တဲ့ ရဟန်း ဖြစ်ခဲ့တယ်၊ ဈာန်လဲ ရခဲ့တယ်၊

ဒီလို မြင့်မြတ်တဲ့ အခြေအနေတွေနဲ့ ပြည့်စုံနေပါလျက် ယုတ်ညံ့တဲ့ ကချေသည် သဘင်သည်နတ်မျိုး ဖြစ်နေတာ မသင့်တော်ဘူး၊ ရှက်ဖွယ်ကောင်းတယ်လို့ သိစေတဲ့ စကားပါပဲ၊ ဟုတ်ပေတယ်၊ တပည့်မ ဒကာမက အမြင့်မြတ်နတ်မျိုး ဖြစ်နေပါလျက် ဆရာရဟန်းတွေက အောက်တန်းစား ကချေသည်ဖြစ်ပြီးတော့ ကိုယ့်တပည့်မ နတ်သားအား သီဆိုကပြ ဖျော်ဖြေနေရတယ်ဆိုတော့ တကယ့်ကို ရှက်ဖွယ် ကောင်းနေတာပါပဲ၊ ဒါကြောင့် ဒီလိုလဲ ဆက်ပြီးပြောဆိုပြန်တယ်။

တုမှေ ပန မာရိသာ ဘဝဂတိ ဗြဟ္မစရိယံ စရိတွာ ဟီနံ ဂန္ဓဗ္ဗ ကာယံ ဥပပန္နာ၊ ဒုဒ္ဒိဋ္ဌရူပံ ဝတတော အဒ္ဒသာမ၊ ယေ မယံ အဒ္ဒသာမ သဟဓမ္မိကေ ဟီနံ ဂန္ဓဗ္ဗကာယံ ဥပပန္နေ။

မာရိသာ - အမောင် ဂန္ဓဗ္ဗနတ်သားတို့၊
တုမှေ ပန - သင်တို့သည်ကား၊
ဘဝဂတိ - မြတ်စွာဘုရား၏ သာသနာတော်၌၊
ဗြဟ္မစရိယံ စရိတွာ - မြတ်သောရဟန်းသိက္ခာ အကျင့်ကို ကျင့်ကြပြီး၍၊
ဝါ - ကျင့်ကြပါလျက်၊
ဟီနံ ဂန္ဓဗ္ဗကာယံ - ယုတ်ညံ့သော ကချေသည် သဘင်သည်နတ်မျိုးသို့၊
ဥပပန္နာ - ကပ်ရောက်လျက် ဖြစ်နေကြရတုံဘိ၏၊
ဘော - အို အချင်းတို့၊
ယေ မယံအကြင် ငါတို့သည်၊
သဟဓမ္မိကေ - ဘုရားသာသနာတော်၌ အတူတရားကျင့်ဖက် ဖြစ်ကုန်သော သူတို့ကို၊
ဟီနံ ဂန္ဓဗ္ဗကာယံဥပပန္နေ - ယုတ်ညံ့သော ဂန္ဓဗ္ဗနတ်မျိုးသို့ ကပ်ရောက်နေ ကြသည်တို့ကို၊
အဒ္ဒသာမ - တွေ့မြင်ကြကုန်၏၊
တေ မယံ - ထိုငါတို့သည်၊
ဒုဒ္ဒိဋ္ဌရူပံ - မကောင်းသဖြင့် မြင်ရသောသဘောကို၊
ဝါ - မမြင်သင့် မမြင်ထိုက်သည်ကို၊
အဒ္ဒသာမဝတ - တွေ့မြင်ကြရလေကုန်စွတကားတဲ့။

အဲဒီလို ဂေါပနကနတ်သားက ကြိမ်းမောင်း ရှုတ်ချပြီး သတိပေးစကား ပြောကြား လိုက်တော့ အဲဒီ ဂန္ဓဗ္ဗနတ် သုံးယောက်က ဒီလိုစဉ်းစား ဆင်ခြင်မိကြပါသတဲ့၊

ဘယ့်နှယ်လဲ ငါတို့က သီဆိုကပြ ဖျော်ဖြေနေတာကို ဆုမွန်လာဘ်ကောင်း ပေးသင့်ပါလျက် ဒီနတ်သားက ဘာ့ကြောင့်ဒီလို ကြိမ်းမောင်း ရှုတ်ချပြောဆို နေပါလိမ့်မလဲလို့ စဉ်းစားကြည့်တဲ့အခါ၊ ဪ … ငါတို့ဟာ ရှေးဘဝတုန်းက မြတ်စွာဘုရား သာသနာတော်က မြင့်မြတ်သော ရဟန်းတွေဖြစ်ခဲ့တယ်၊ ဈာန်ကိုလဲ ရခဲ့တယ်၊ ဂေါပကဆိုတဲ့ ဒီနတ်သားက ငါတို့အား ထောက်ပံ့ လှူဒါန်းနေတဲ့ သာကီဝင် မင်းသမီး ဂေါပိကာပဲ၊ ယခု သူက သိကြားမင်း၏ သားတော်ဖြစ်နေတယ်၊

ငါတို့ကရရှိထားတဲ့ ဈာန်ကုသိုလ်၏ အစွမ်းဖြင့် နတ်တွေထက် မြင့်မြတ်တဲ့ ဗြဟ္မာတောင် ဖြစ်နိုင်တာပဲ၊ သို့ဖြစ်ပါလျက် ငါတို့က ရှေးကပြုဖူးတဲ့ ဒီဂန္ဓဗ္ဗနတ်မျိုးမှာ သာယာစွဲလမ်းတဲ့ သံယောဇဉ်ကြောင့် ယုတ်ညံ့တဲ့ ဒီဂန္ဓဗ္ဗ နတ်မျိုးထဲ ဖြစ်နေကြရတာပဲ၊

ဒါကြောင့် ဂေါပကနတ်သားက ငါတို့ကို သတိပေးစကား ပြောကြားတာပဲလို့ စဉ်းစား ဆင်ခြင်ပြီးတော့ အဲဒီနတ်သား သုံးယောက်ထဲက ၂-ယောက်က သံဝေဂ ဖြစ်ပွားပြီးတော့ ရှေးဘဝက နှလုံးသွင်းခဲ့တဲ့တရားကို ရှုမှတ်နှလုံးသွင်းကြတဲ့ အတွက် ထိုအခိုက် တစ်ခဏကလေးအတွင်းမှာပင် ဈာန်ကိုလဲ ပြန်ရတယ်၊ ဈာန်ရပြီး ဝိပဿနာ ရှုသဖြင့် ချက်ချင်းပင် အနာဂါမိမဂ်ဖိုလ်အထိ ပေါက်ရောက်ပြီး အနာဂါမ် ဖြစ်သွားကြတယ်၊

အနာဂါမ်ဖြစ်ပြီးတော့ အဲဒီနတ်ဘဝမှ စုတေပြီး ချက်ချင်းပင် ဗြဟ္မပုရောဟိတာ ခေါ်သည့် ပထမဈာန် ဗြဟ္မာသုံးမျိုးထဲက အလတ်စားဗြဟ္မာဖြစ်ပြီး နတ်တွေကို ကျော်လွန်ကာ ဗြဟ္မာ့ဘုံသို့ တက်သွားကြတယ်၊ နတ်တစ်ဦးကတော့ ကာမ ကိလေသာအစွဲကို မပယ်နိုင်လို့ မူလရင်းအတိုင်းပဲ တည်ရှိနေပါသတဲ့။

အဲဒီစကားရပ်ထဲမှာ ရှေးက ဖြစ်ဖူးတဲ့ ဂန္ဓဗ္ဗနတ်မျိုးမှာ သာယာစွဲလမ်းတဲ့ သံယောဇဉ်ကြောင့် အဲဒီယုတ်ညံ့တဲ့ နတ်မျိုးထဲ ဖြစ်ရတယ်ဆိုတာ အထူး သတိပြုစရာပဲ၊ ယခု လူတွေဟာ မိမိတို့ မွေးဖွားရာ ဇာတိအရပ်ကို အထူး အမြတ်အနေနဲ့ သာယာစွဲလမ်းတာမျိုးကြောင့် ဖြစ်ဖွယ်ရှိတာပါပဲ၊

အဲဒီရဟန်း သုံးပါးသာ မဟုတ်ဘူး၊ ဗိမ္ဗိသာရမင်းကြီးဟာ သောတာပန်ပဲ၊ ဝေဠုဝန် ဥယျာဉ်ကြီးကို လှူတဲ့ ကျောင်းအရံ ဒါယကာကြီးလဲဖြစ်တယ်၊ ဘုရားအမှူးရှိသော သံဃာတော်အပေါင်းအား လှူဒါန်းတဲ့ ဒါယကာကြီးလဲ ဖြစ်တယ်၊ မြတ်စွာဘုရားကို ဝါအလွန်မှ စပြီး ၃၇-ဝါအထိ ဆည်းကပ် ပူဇော်လာခဲ့တဲ့ ကောင်းမှုရှင်ကြီးလဲ, ဖြစ်တယ်၊

ဒါပေမယ့် ရှေးဘဝများက ၇-ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးတဲ့ နေရာဖြစ်တဲ့အတွက် အဲဒီမှာ သာယာစွဲလမ်းတဲ့ သံယောဇဉ်ကြောင့် စတုမဟာရာဇ် နတ်မျိုးထဲက ဝေဿဝဏ် ဆိုတဲ့ စတုမဟာရာဇ်နတ်မင်းကြီး၏ လက်အောက်ခံ ဇနဝသဘဆိုတဲ့ နတ် ဖြစ်နေရတယ်၊

အဲဒီ ဗိမ္ဗိသာရမင်းကြီးဟာ အထက်နတ်ပြည်တွေမှာလဲ ဖြစ်နိုင်တယ်၊ နတ်မင်းကြီးလဲ ဖြစ်နိုင်တယ်၊ ဒါပေမယ့် အဲဒီ စတုမဟာရာဇ်နတ်ပြည်မှ လူ့ပြည်ရောက်လိုက်၊ လူ့ပြည်က အဲဒီစတုမဟာရာဇ် နတ်ပြည် ရောက်လိုက်နဲ့ ခုနစ်ဘဝတိုင်တိုင် ဖြစ်ခဲ့ဖူးတဲ့ ဌာနဖြစ်နေလို့ သံယောဇဉ် ရှိနေသောကြောင့် အဲဒီ စတုမဟာရာဇ် နတ်မျိုး၌သာ ဖြစ်နေရပါသတဲ့၊ ဒါကြောင့် ဇာတိအရပ် အစွဲအလမ်းကို ပယ်နိုင်ရန် အထူးသတိပြုကြရမယ်။

နောက်ဘဝ၌ နတ်ဖြစ်ပြီး တရားထူးရနိုင်ပုံ

ဂန္ဓဗ္ဗနတ်သား ၂-ဦးဟာ သံဝေဂရပြီးတော့ လူ့ပြည်မှာ ရဟန်းဘဝက အားထုတ်ခဲ့တဲ့ တရားကို နှလုံးသွင်းတဲ့အခါ ချက်ချင်းပင် ရှေးက ရဖူးတဲ့ ဈာန်ကိုရပြီး ဝိပဿနာ ရှုလိုက်တော့လဲ တစ်ခဏချင်းပင် အနာဂါမိမဂ်ဖိုလ်အထိ ရသွားတယ် ဆိုတာကို အထူးသတိပြုကြရမယ်၊
ယခုဘဝမှာ တရားအားထုတ်လို့ မဂ်ဖိုလ်မရသေးပေမယ့် စိတ်အားငယ်စရာမရှိပါဘူး၊ တရားကို မပြတ် အားထုတ်နေရင်း နောက်ဘဝ နတ်ပြည်ရောက်ဖို့လဲ သေချာနေတာပဲ၊ အဲဒီ နတ်ပြည်ရောက်တော့ ယခုဘဝက အားထုတ်ခဲ့တဲ့ တရားကို သတိရပြီး နှလုံးသွင်းအားထုတ်လိုက်ရင် ချက်ချင်းပင်တရားထူးကို ရဖို့ရာလဲ သေချာပါတယ်၊
ဘာကြောင့်လဲဆိုတော့ နတ်ခန္ဓာကိုယ်ရုပ်တွေက ကြည်လင် သန့်ရှင်းပြီး သုခနဲ့ ပြည့်စုံနေသောကြောင့်ပါပဲ၊ အဲဒီ အကြောင်းအရာကို စတုကင်္ဂုတ္တရ သောတာနုဂတသုတ် ၅၀၅ - မှာ ဒီလိုဟောထားပါတယ်။

တဿ တတ္ထ သုခိနော ဓမ္မပဒါလိဝန္တိ၊ ဒန္ဓော ဘိက္ခဝေ သတုပ္ပါဒေါ၊ အထ သော သတ္တော ခိပ္ပံ ယေဝ ဝိသေသဘာဂီ ဟောတိ။

တတ္ထ - ထိုနတ်ပြည်၌၊
သုခိနော - ချမ်းသာသုခနှင့်ပြည့်စုံနေသော၊
တဿ - ထိုသတ္တဝါအား၊
ဓမ္မပဒါ - တရားပုဒ်တို့သည်၊
လိဝန္တိ - ထင်ပေါ်ကုန်၏၊
ဘိက္ခဝေ - ရဟန်းတို့၊
သတုပ္ပါဒေါ - ရှေးဘဝက လေ့လာခဲ့သော တရားကို သတိရခြင်းသည်၊
ဒန္ဓော - နှေးသော်နှေးရာသေး၏၊
အထ - စင်စစ်အားဖြင့်သော်ကား၊
သောသတ္တော - ရှေးဘဝက လေ့လာခဲ့သောတရားကို သတိရသော ထို သတ္တဝါတို့သည်၊
ခိပ္ပံယေဝ - လျင်မြန်စွာသာလျှင်၊
ဝိသေသဘာဂီ - တရားထူးကို ရခြင်းအဖို့ရှိသည်၊
ဟောတိ - ဖြစ်ပေ၏တဲ့။

လူ့ဘဝတုန်းက တရားကျမ်းဂန်တွေ ကျက်မှတ်လေ့လာထားရင် ဖြစ်စေ၊ ကျင့်သုံး အားထုတ်လာခဲ့ရင် ဖြစ်စေ၊ နတ်ပြည်ရောက်တဲ့အခါကျတော့ ကိုယ်ချမ်းသာ စိတ်ချမ်းသာနဲ့ ပြည့်စုံနေသောကြောင့် အဲဒီ လေ့လာခဲ့တဲ့ တရားက ထင်ရှား ပေါ်လွယ်ပါတယ်၊ နတ်စည်းစိမ်တွေကြောင့် သတိမရပဲ နောက်ကျနေရင်သာ နေရမယ်၊ တရားနာရလို့ ဖြစ်စေ၊ သူတစ်ပါးက သတိဖော်ပေးလို့ဖြစ်စေ၊ ကိုယ့်ဟာကိုယ် ဆင်ခြင်မိလို့ဖြစ်စေ သတိရရင်တော့ ချက်ချင်းပဲ တရားတွေက ပေါ်လာပြီးတော့ တရားထူးကို ချက်ချင်းပဲရသွားနိုင်ပါတယ်တဲ့၊

အဲဒီတော့ ယခုနေအခါ တရားအား ထုတ်နေကြရတာဟာ အင်မတန်အားရဖွယ် ကောင်းပါတယ်၊ ယခုဘဝမှာ အကြောင်း မညီညွတ်လို့ တရားထူးကို မရသေးတောင်မှ နောက်ဘဝ နတ်ပြည်ကျတော့ တရားထူးရဖို့ဟာ သေချာနေတာပဲ -
ခုတင်ကပြောခဲ့တဲ့ ဂန္ဓဗ္ဗနတ် ၂-ဦးဟာလဲ ရှေးဘဝက အားထုတ်ခဲ့တဲ့ တရားကို ပြန်လည်သတိရတာနဲ့ တစ်ခဏအတွင်းမှာပင် ဈာန်လဲ ရတယ်၊ အနာဂါမိ မဂ်ဖိုလ် တိုင်အောင် လောကုတ္တရာ တရားထူးတွေလဲ ရသွားကြတယ်၊ နတ်ပြည်မှာ အနာဂါမ် ဖြစ်ရင် ကာမဂုဏ် အာရုံတွေက အလွန်များပြား လွှမ်းမိုးနေတဲ့အတွက် ကြာရှည်စွာ မတည်နိုင်ဘူး၊ ချက်ချင်းပင် စုတေပြီး ဗြဟ္မာ့ဘုံရောက်သွားကြရမြဲ ဖြစ်တယ်၊

ဒါကြောင့် အဲဒီ နတ်သား ၂-ဦးဟာ အနာဂါမ်ဖြစ်ပြီး ချက်ချင်းပင် စုတေပြီး ဗြဟ္မပုရောဟိတာဆိုတဲ့ ဗြဟ္မာလဲ ဖြစ်သွားတယ်၊ နတ်တွေပေါ်ကျော်ပြီး အထက် ဗြဟ္မာ့ပြည်သို့ တက်သွားတာကိုလဲ သိကြားမင်းနှင့် နတ်တွေ အားလုံးပဲ မြင်လိုက်ကြရတယ်၊ အဲဒီလို တာဝတိံသာ နတ်တွေပေါ် ကျော်သွားတာကို မြင်ရတော့ သိကြားမင်းက သံဝေဂဖြစ်ပြီး “ဘယ့်နှယ်လဲ ယုတ်ညံ့တဲ့ဂန္ဓဗ္ဗ နတ်သား ၂-ဦးက တာဝတိံသာ နတ်တွေပေါ် ကျော်တက်သွားပါကလား၊ ဘယ်လိုဖြစ်တာလဲ” လို့ မေးလိုက်ပါတယ်။

အဲဒီတော့ ဂေါပကနတ်သားက ဒီလို ပြောကြားပါတယ်၊ ဒီဂန္ဓဗ္ဗနတ်သုံးဦးဟာ လူ့ဘဝတုန်းက မိမိကိုးကွယ်ခဲ့တဲ့ ရဟန်းသုံးပါးဖြစ်ပါတယ်၊ သူတို့ဟာ ရှေးဘဝက ပဌမဈာန်ကိုလဲရခဲ့ပါတယ်၊ ဒါပေမယ့် သံယောဇဉ်အစွဲအလမ်းကြောင့် ဂန္ဓဗ္ဗနတ်မျိုး ထဲမှာ ဖြစ်နေကြပါတယ်၊

ယခုအခါမှာ မိမိက သတိပေးစကား ပြောကြားလိုက်တဲ့ အတွက် ၂-ဦးက သံဝေဂသတိတရားရပြီး နှလုံးသွင်းကြသောကြောင့် ဈာန်ကိုလဲရ မဂ်ဖိုလ်တရားထူး ကိုလဲရပြီး တာဝတိံသာနတ်တွေ အပေါ်ကျော်ကာ ဗြဟ္မာ့ပြည်သို့ တက်သွား ကြပါတယ်၊ တစ်ဦးကတော့ ကာမရာဂသံယောဇဉ် အစွဲကြောင့် ရှိမြဲပင် ရှိနေရစ်ပါတယ်လို့ ပြောကြားလိုက်ပါတယ်။

အဲဒီတုန်းကတည်းက အဲဒီအကြောင်းအရာများကို သိခဲ့ရတဲ့အတွက် အဲဒီဂန္ဓဗ္ဗနတ် ၂-ဦးလို တရားထူးရရင် ကောင်းမှာပဲလို့ သိကြားမင်းက မျှော်လင့်တောင့်တ ခဲ့ပါတယ်၊ ဒါကြောင့် အဲဒီ အကြောင်းအရာကို လျှောက်ထားပြီးတော့ မေးမြန်း လျှောက်ထားခွင့်ကို ဒီလို လျှောက်တောင်းပါတယ်။

ပြဿနာမေးရန် သိကြားမင်းက ခွင့်တောင်းပုံ

ယံ တေ ဓမ္မံ ဣဓညာယ၊
ဝိသေသံ အဇ္ဈဂံသု တေ။
ကာယံ ဗြဟ္မပုရောဟိတံ၊
ဒုဝေ တေသံ ဝိသေသဂူ။
တဿ ဓမ္မဿ ပတ္တိယာ၊
အာဂတမှာသိ မာရိသ။
ကတာဝကာသာ ဘဂဝတာ၊
ပဉှံပုစ္ဆေမု မာရိသ။


မာရိသ - မြတ်စွာဘုရား၊
တေသံ - ထို ၂-ဦးသော ဂန္ဓဗ္ဗနတ်တို့တွင်၊
ယေ ဒုဝေ - အကြင် ၂-ဦးသော နတ်တို့သည်၊
တေ - အရှင်ဘုရား၏၊
ယံ ဓမ္မံ - အကြင်တရားကို၊
ဣဓ - ဤနတ်ပြည်လောက၌၊
အညာယ - သိကြကုန်ပြီး၍၊
ယံ ဝိသေသံ - အကြင်တရားထူးကို၊
အဇ္ဈဂံသု - ရသွားကြပါသည် အရှင်ဘုရား၊
ဝိသေသဂူ - တရားထူးကို ရသွားကုန်သော၊
တေဒုဝေ - ထို ၂-ဦးသော နတ်တို့သည်၊
ဗြဟ္မပုရောဟိတံ ကာယံ - ဗြဟ္မပုရောဟိတာ နတ်ကိုယ်ကို၊
အဇ္ဈဂံသု - ရသွားကြပါသည် အရှင်ဘုရား။

မာရိသ - မြတ်စွာဘုရား၊
တဿ ဓမ္မဿ - ထိုနတ်သား ၂-ဦးရသွားသော အရှင်ဘုရား ဟောထားသည့် တရားကို၊
ပတ္တိယာ - ရောက်ရန် ရရန်အလို့ငှါ၊
မယံ - တပည့်တော်တို့သည်၊
ဣဓ - ဤအရပ်သို့၊
အာဂတာ - လာခဲ့ကြသည်၊
အမှ - ဖြစ်ကြပါသည် အရှင်ဘုရား၊

(ဤ၌ သိ-သည် သေ-ဟူသော နိပါတ်၊ သို့မဟုတ် အာဂုမ်မှ ဖြစ်လာသည်။)

သိကြားမင်းက မြတ်စွာဘုရားကို ရှည်လျားစွာ လျှောက်ထားလာခဲ့တာဟာ ဒီစကားက လိုရင်းပါပဲ၊ ဟို ဂန္ဓဗ္ဗနတ်သား ၃-ဦးထဲက နတ်သား ၂-ဦးဟာ အရှင်ဘုရား ဟောကြားထားသည့် တရားတော်ကို ယခုမျက်မှောက် နတ်ဘဝမှာပဲ နတ်ပွဲသဘင်ကြီး ကျင်းပနေစဉ် တစ်ခဏကလေးအတွင်း ချက်ချင်းပင် ရပြီးတော့ ဗြဟ္မပုရောဟိတာဆိုတဲ့ ဗြဟ္မာဖြစ်သွားကြပါတယ်၊ အဲဒီနတ်သား ၂-ဦးရသွားတဲ့ တရားထူးကို ရချင်လို့ မြတ်စွာဘုရားထံ လာခဲ့ကြပါတယ်တဲ့။

အဲဒါဟာ တကယ်အရေးကြီးတဲ့ အချက်ပါပဲ၊ လူတွေက နတ်တွေကို မှန်းဆပြီး ကိုးကွယ်နေကြတယ်၊ နတ်တွေကလဲ ဗြဟ္မာကို ကိုးကွယ်နေကြတာပဲ၊ လူက နတ်ဖြစ်သွားတာကို မြင်ရမယ်ဆိုရင် သိပ်အံ့ဩစရာကောင်းမှာလိုပင် နတ်က သိကြားမင်း၏ မျက်မှောက်မှာပင် ဗြဟ္မာဖြစ်သွားတာကို မြင်ရတော့ အလွန် အံ့ဩစရာဖြစ်နေမှာပေါ့၊

နောက်ပြီးတော့ သေရမည့် ပုဗ္ဗနိမိတ်ကို မြင်ထားတဲ့အတွက် လက်ရှိထက် မြင့်မြတ်တဲ့ အဲဒီဗြဟ္မာဘဝကို ရမယ်ဆိုရင် သာပြီး ကောင်းတယ် လို့လဲ ထင်မြင်မှာပေါ့၊ နတ်များမှာ သေခါနီး ဆေးကုတဲ့နည်းက တရားနာတာပဲလို့ ဆိုပါတယ်၊
ပုဗ္ဗနိမိတ်ထင်ပြီးတဲ့နောက် နတ်များမှာ အခြားနည်းဖြင့် ဆေးကုလို့ မရနိုင်တော့ဘူး၊ အချိန်စေ့တဲ့အခါ သေဖို့ပဲရှိတော့တယ်၊ တရားနာရင်တော့ တရားထူးရပြီး မြင့်မြတ်တဲ့ဘဝကို ရောက်နိုင်တယ်၊ တရားထူးကို မရတောင်မှ အဲဒီ တရားနာတဲ့ ကုသိုလ်ကြောင့် မြင့်မြတ်တဲ့ ဘဝကိုရောက်နိုင်တယ်၊ ဒါကြောင့် နတ်များမှာ သေခါနီး တရားနာရတာဟာ အကောင်းဆုံး ဆေးကုတာပဲတဲ့။

ဒါကြောင့် သိကြားမင်းက သူ့မျက်မှောက်မှ တရားထူးများရပြီး ဗြဟ္မလောက တက်သွားကြတဲ့ နတ်သား ၂ - ဦးလို အဲဒီတရားထူးကို ရချင်လို့ မြတ်စွာဘုရားထံ လာရောက်ကြပါတယ်တဲ့၊ အဲဒီလို တရားထူးရအောင် တရားနာဖို့ မေးမြန်း လျှောက်ထားခွင့် ပြုပါရန် ဒီလိုဆက်ပြီး လျှောက်ပါတယ်။

မာရိသ - မြတ်စွာဘုရား၊
ဘဂဝတာ - မြတ်စွာဘုရားသည်၊
ကတာဝကာသာ - ပြုအပ်သော အခွင့်ကိုရကြပါလျှင်၊
ဝါ - အခွင့်ပြုတော်မူပါလျှင်၊
မယံ - တပည့်တော်တို့သည်၊
ပဉှံ - အမေးပြဿနာကို၊
ပုစ္ဆေမု - မေးမြန်း လျှောက်ထားလိုကြပါသည် အရှင်ဘုရားလို့ အခွင့်တောင်းပါတယ်။

မြတ်စွာဘုရားက အခွင့်ပြုရင် မေးလျှောက်ချင်ပါတယ်၊ မေးပါရစေ အရှင်ဘုရားလို့ ခွင့်တောင်းတာပါပဲ၊ အဆင့်အတန်းမြင့်တဲ့ ယဉ်ကျေးမှု ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်က မေးချင်ရင် ဒီလို အခွင့်တောင်းပြီးမှ မေးလေ့ရှိပါတယ်၊ အဆင့်အတန်း နိမ့်တဲ့ လူယဉ်ကျေးမှု မပြည့်စုံတဲ့ လူကတော့ မေးချင်ရင် အခွင့်မတောင်းဘဲ တဲ့တိုးကြီး မေးလိုက်တော့တာပဲ၊ သိကြားမင်းကတော့ အဆင့်အတန်းလဲ မြင့်၊ ယဉ်ကျေးမှုလဲ ပြည့်စုံနေတဲ့အတွက် မေးဖို့ရာ ရှေးဦးစွာ ခွင့်တောင်းတာပါပဲ။

အဲဒီတော့ မြတ်စွာဘုရားက ဆင်ခြင်တော်မူပြီး ခွင့်ပြုလိုက်ပါတယ်၊ ဆင်ခြင် ဆိုတာကလဲ စောစောကတည်းက သိထားပြီးကို ပြန်နှလုံးသွင်းမိရုံပါပဲ၊ အဲဒီ မြတ်စွာဘုရား၏ ဆင်ခြင်ပုံထဲမှာ -
“ဤသိကြားနတ်မင်းဟာ ဒီဃရတ္တံ ဝိသုဒ္ဓေါ - ရှည်စွာသော ကာလပတ်လုံး စင်ကြယ်ခဲ့တယ်”
ဆိုတဲ့ စကားအရ ရှည်မြင့်စွာသော ကာလမှ စင်ကြယ်ခဲ့ပုံကို အဋ္ဌကထာ၌ မဃဝတ္ထုဖြင့် ကျယ်ပြန့်ပြည့်စုံစွာ ပြထားပါတယ်၊ ဒါပေမယ့် ဒီမှာ သုတ် တရားတော်ကို ဟောပြဖို့ရာက လိုရင်းဖြစ်တဲ့အတွက် အဲဒီမဃဝတ္ထုကိုတော့ ဒီနေရာမှာ မပြသေးဘဲ ခြွင်းချန်ထားလိုက် ပါတယ်၊ နောက်ပိုင်းကျမှ ဖော်ပြပါမည်၊

အဲဒီလို ရှည်မြင့်စွာသော ကာလမှစ၍ စင်ကြယ်ခဲ့သောကြောင့် “သူမေးရင် အကျိုးရှိတာကိုသာ မေးမှာပဲ၊ ဖြေကြားတဲ့အခါလဲ အလွယ်တကူ အလျင်အမြန် သိနားလည်သွားမှာပဲ”လို့ ဆင်ခြင်တော်မူပြီးတော့ မြတ်စွာဘုရားရှင်က ဒီလို အခွင့်ပြုစကားကို မိန့်ကြားတော် မူပါတယ်။

ဘုရားရှင်က ခွင့်ပြုတော်မူပုံ

ပုစ္ဆ ဝါသဝ မံ ပဉှံ၊
ယံ ကိဥ္စိ မနသိ စ္ဆသိ။
တဿ တတ္တေဝ ပဥှဿ၊
အဟံ အန္တံ ကရောမိ တေ။


ဝါသဝ - သိကြားမင်း၊
ယံ ကိဥ္စိ - အမှတ်မရှိ တစ်စုံတစ်ခုကို၊
မနသာ - စိတ်ဖြင့်၊
ဣစ္ဆသိ - မေးခြင်းငှါ အလိုရှိ၏၊
တံ ပဉှံ - ထိုမေးလိုသမျှ ပြဿနာကို၊
မံ ပုစ္ဆ - ငါ့ကို မေးပါလော့၊
တေ - သင်၏၊
တဿ တဿေဝ ပဥှဿ - ထိုထိုမေးသမျှပြဿနာ၏ပင်လျှင်၊
အန္တံ - ပြေလည်အောင် ဖြေကြားခြင်းဟူသော အဆုံးကို၊
အဟံ ကရိဿာမိ - ငါဘုရားက ပြုပေးပါမည် လို့ ခွင့်ပြုတော်မူလိုက်ပါတယ်။

သိကြားမင်း၏ အမေး

အဲဒီလို မြတ်စွာဘုရားရှင်က ခွင့်ပြုတော် မူလိုက်တဲ့အခါ သိကြားမင်းက ဒီလို မေးပါတယ်။

ကိံ သံယောဇနာ နု ခေါ မာရိသ ဒေဝါ မနုဿာ အသုရာ နာဂါ ဂန္ဓဗ္ဗာ ယေ စညေ သန္တိ ပုထုကာယာ၊ တေ “အဝေရာ အဒဏ္ဍာ အသပတ္တာ အဗျာပဇ္ဈာ ဝိဟရေမု အဝေရိနော” တိ ဣတိစ နေသံ ဟောတိ၊ အထ စ ပန သဝေရာ သဒဏ္ဍာ သသပတ္တာ သဗျာပဇ္ဈာ ဝိဟရန္တိ သဝေရိနော။

မာရိသ - အရှင်ဘုရား၊
ဒေဝါ - နတ်တို့သည် လည်းကောင်း၊
မနုဿာ - လူတို့သည် လည်းကောင်း၊
အသုရာ - အသုရာနတ်တို့သည် လည်းကောင်း၊
နာဂါ - နဂါးတို့သည် လည်းကောင်း၊
ဂန္ဓဗ္ဗာ - ဂန္ဓဗ္ဗနတ်တို့သည် လည်းကောင်း၊
အညေ - ဆိုအပ်ခဲ့ပြီးမှ တစ်ပါးကုန်သော၊
ယေ စ ပုထုကာယာ - အကြင် များစွာသော သတ္တဝါတို့သည် လည်းကောင်း၊
သန္တိ - ရှိနေကြပါသည်၊
နေသံ - နတ်လူ စသော ထိုသတ္တဝါအများတို့မှာ၊
ဣတိ - စ - ဤသို့သော တောင့်တခြင်းသည်လည်း၊
ဟောတိ - ဖြစ်လျက် ရှိနေပါသည်၊
မယံ - ငါတို့သည်၊
အဝေရာ - ခိုက်ရန်ဒေါသ ကင်းပကုန်သည်ဖြစ်၍၊
အဒဏ္ဍာ - လက်နက် ဥစ္စာဒဏ်ဘေးကင်းဝေးကုန်သည် ဖြစ်၍၊
အသပတ္တာ - ရန်သူဟူသမျှ ကင်းပကုန်သည်ဖြစ်၍၊
အဗျာပဇ္ဈာ - စိတ်ဆင်းရဲကင်းကွာ နှလုံးမသာမရှိကြကုန်ပဲ၊
အဝေရိနော - ခိုက်ရန်ဒေါသအနည်းငယ်မျှမရှိကြပဲ၊
ဝိဟရေမူတိ - နေလိုကြပါသည်ဟု လိုလား တောင့်တလျက်ရှိကြပါကုန်၏၊
အထစ ပန - ထိုသို့ပင် လိုလားတောင့်တလျက် ရှိနေကြပါသော်လည်း၊
တေ - နတ် လူ စသော ထိုသတ္တဝါအများတို့သည်၊
သဝေရာ - ခိုက်ရန်ဒေါသရှိကြကုန်လျက်၊
သဒဏ္ဍာ - လက်နက် ဥစ္စာဘေးဒဏ် ထိမှန်ကျရောက်ကြကုန်လျက်၊
သသပတ္တာ - ရန်သူတွေလဲ မကင်းပဲရှိနေကြကုန်လျက်၊
သဗျာပဇ္ဈာ - နှလုံးမသာပဲ စိတ်ဆင်းရဲရှိကြကုန်လျက်၊
သဝေရိနော - ခိုက်ရန်ဒေါသ မကင်းပပဲ ရှိနေကုန်လျက်၊
ဝိဟရန္တိ - အလိုမကျပဲ နေကြရသည်မှာ၊
ကိံ သံယောဇနာ နုခေါ - အဘယ်သို့သော သံယောဇဉ် နှောင်ကြိုး ရှိနေကြ၍ပါနည်း အရှင်ဘုရား၊
ဝါ - အဘယ်သို့သော သံယောဇဉ်နှောင်ကြိုး ရှိနေသောကြောင့် ဤသို့အလိုမကျပဲ နေကြရပါကုန်သနည်း အရှင်ဘုရား -

လို့ မေးလျှောက်ပါတယ်။

ဆိုလိုတာကတော့ နတ်တွေ လူတွေ အစရှိတဲ့ ကာမဘုံက သတ္တဝါတွေဟာ ခိုက်ရန်ဒေါသ ဆိုတဲ့ ကိုယ်တွင်းရန်လဲ ကင်းပြီး နေချင်ကြတယ်၊ ဘယ်သူနဲ့မျှ ခိုက်ရန်ဒေါသ မဖြစ်ရပဲ နေလိုကြတယ်၊ လက်နက်ဖြင့် အနှိပ်စက်ခံရတဲ့ ဘေးဒဏ်က ကင်းချင်ကြတယ်၊ ငွေကြေးပေးလျော်ရတဲ့ ဥစ္စာဒဏ်လဲ မသင့်ချင်ကြဘူး၊ ရန်သူလဲ ကင်းချင်ကြတယ်၊ စိတ်ဆင်းရဲလဲ ကင်းချင်ကြတယ်၊ စိတ်ဆိုးတဲ့ ဒေါသလဲ အနည်းငယ်မျှမဖြစ်ပဲ နေလိုကြတယ်၊

မိမိတို့ ယုံကြည်အားကိုးတဲ့ ဘာသာရေးအရ “ဘေးရန်အန္တရာယ်ကင်းရပါလို၏၊ ဆင်းရဲကင်းရပါလို၏၊ ချမ်းသာစွာ နေရပါလို၏” စသည်ဖြင့် ဆုမွန်ကောင်းကိုလဲ တောင်းပြီး နေကြပါတယ်၊ ဒါပေမယ့် ဘေးရန်အန္တရာယ်တွေနဲ့ ဆင်းရဲတွေနဲ့ တွေ့နေကြရပါတယ်၊ အဲဒါဟာ ဘယ်လို သံယောဇဉ် နှောင်ကြိုး ရှိနေလို့ပါလဲ - လို့ မေးလျှောက်တာပါပဲ။

အင်မတန်ကောင်းတဲ့ မေးခွန်းပါပဲ၊ အဲဒီ မေးခွန်းအရ ပြေလည်အောင် ဆောင်ရွက်သွားနိုင်မယ်ဆိုရင် အလွန်ကောင်းမှာ ပါပဲ၊ အဲဒီ မေးခွန်းပြဿနာကို မြတ်စွာဘုရားရှင်က ဒီလို ဖြေကြားတော်မူပါတယ်။

မြတ်စွာဘုရားရှင်၏ အဖြေ

ဣဿာမစ္ဆရိယသံယောဇနာ ခေါ ဒေဝါနမိန္ဒ ဒေဝါ မနုဿာ အသုရာ နာဂါ ဂန္ဓဗ္ဗာ ယေ စညေ သန္တိ ပုထုကာယာ၊ တေ အဝေရာ အဒဏ္ဍာ အသပတ္တာ အဗျာပဇ္ဈာ ဝိဟရေမု အဝေရိနောတိ ဣတိ စ နေသံ ဟောတိ၊ အထ စ ပန သဝေရာ သဒဏ္ဍာ သသပတ္တာ သဗျာပဇ္ဈာ ဝိဟရန္တိ သဝေရိနော။

ဒေဝါနမိန္ဒ - နတ်တို့၏ အရှင်ဖြစ်သော သိကြားမင်း၊
ဒေဝါ - နတ်တို့သည်လည်းကောင်း၊
မနုဿာ - လူတို့သည်လည်းကောင်း၊
အသုရာ - အသုရာနတ်တို့သည် လည်းကောင်း၊
နာဂါ - နဂါးတို့သည်လည်းကောင်း၊
ဂန္ဓဗ္ဗာ - ဂန္ဓဗ္ဗနတ်တို့သည်လည်းကောင်း၊
အညေ - ဆိုအပ်ခဲ့ပြီးမှ တစ်ပါးကုန်သော၊
ယေ စ ပုထုကာယာ - အကြင်များစွာသော သတ္တဝါတို့သည်လည်းကောင်း၊
သန္တိ - ရှိကြကုန်၏၊
နေသံ - နတ်လူစသော ထိုသတ္တဝါ အများတို့မှာ၊
ဣတိစ - ဤသို့သော လိုလားတောင့်တခြင်းသည်လည်း၊
ဟောတိ - ဖြစ်လျက်ရှိ၏၊
မယံ - ငါတို့သည်၊
အဝေရာ - ခိုက်ရန်ဒေါသ ကင်းပကုန်သည်ဖြစ်၍၊
အဒဏ္ဍာ - လက်နက် ဥစ္စာဒဏ်ဘေး ကင်းဝေးကုန်သည်ဖြစ်၍၊
အသပတ္တာ - ရန်သူဟူသမျှ ကင်းပကုန်သည် ဖြစ်၍၊
အဗျာပဇ္ဈာ - စိတ်ဆင်းရဲကင်းကွာ နှလုံးမသာ မရှိကြကုန်ပဲ၊
အဝေရိနော - ခိုက်ရန်ဒေါသ အနည်းငယ်မျှ မရှိကြကုန်ပဲ၊
ဝိဟရေမူတိ - နေလိုကြပါသည်ဟု လိုလားတောင့်တလျက် ရှိကုန်၏၊
အထ စ ပန - ထိုသို့ပင် လိုလားတောင့်တလျက် ရှိနေကြသော်လည်း၊
တေ - နတ်လူစသော ထိုသတ္တဝါအများတို့သည်၊
သဝေရာ - ခိုက်ရန်ဒေါသ ရှိကြကုန်လျက်၊
သဒဏ္ဍာ - လက်နက်ဥစ္စာဘေးဒဏ် ထိမှန် ကျရောက်ကုန်လျက်၊
သသပတ္တာ - ရန်သူတွေလဲ မကင်းပဲ ရှိနေကုန်လျက်၊
အဗျာပဇ္ဈာ - နှလုံးမသာပဲ စိတ်ဆင်းရဲရှိကုန်လျက်၊
သဝေရိနော - ခိုက်ရန်ဒေါသ မကင်းပပဲ ရှိနေကုန်လျက်၊
ဝိဟရန္တိ - အလိုအကျပဲ နေကြရသည်မှာ၊
ဣဿာမစ္ဆရိယသံယောဇနာ - မနာလိုခြင်း, ဝန်တိုခြင်းတည်းဟူသော သံယောဇဉ် နှောင်ကြိုး ရှိနေသောကြောင့်ပေတည်း၊
ဝါ - သံယောဇဉ် နှောင်ကြိုး ရှိကြသည်ဖြစ်၍၊
တေ - နတ်လူ စသော ထိုသတ္ဝါအများတို့သည်၊
ဝိဟရန္တိ - မိမိတို့အလိုအတိုင်း မဖြစ်ပဲ ခိုက်ရန်ဒေါသရှိခြင်း, ဘေးဒဏ်သင့်ခြင်း စသည်ဖြင့် နေကြရကုန်သတည်း -

လို့ မြတ်စွာဘုရားရှင်က ဖြေကြားတော်မူပါတယ်။

နတ်လူစသော သတ္တဝါတွေက ဘေးရန်ကင်းပြီး ချမ်းသာစွာ နေလိုကြပေမယ်လို့ ဣဿာနဲ့ မစ္ဆရိယဆိုတဲ့ တရားဆိုး နှစ်ပါး နှောင်ကြိုး နှစ်ချောင်းနဲ့ ချည်နှောင်လျက်သား ရှိနေလို့ မိမိတို့အလိုအတိုင်း မဖြစ်ပဲ ဆင်းရဲနေကြရတယ်တဲ့။

ဣဿာ ဆိုတာ

ဣဿာ ဆိုတာက သူတစ်ပါး ကောင်းစား ချမ်းသာတာ ကြီးပွားတာကို မလိုလားတာ မနာလိုတာပဲ၊

ဣဿာ - ဣဿာသည်၊
ပရသမ္ပတ္ထိဥဿူယနလက္ခဏာ - သူတစ်ပါး၏ ပြည့်စုံခြင်း ကောင်းစား ချမ်းသာခြင်းကို ငြူစူခြင်းသဘော လက္ခဏာရှိသည် -

လို့ ဆိုထားတဲ့အတိုင်း ဣဿာရှိတဲ့သူက သူတစ်ပါးကောင်းစား ချမ်းသာတာကို အလိုမရှိတဲ့အတွက် သူတစ်ပါးကို ရန်မူချင်တယ်၊ သူတစ်ပါး စည်းစိမ်ချမ်းသာတွေကို ဖျက်ဆီးပစ်ချင်တယ်၊ အဲဒီလို မနာလိုတဲ့စိတ် ဖျက်ဆီးချင်တဲ့စိတ် ဖြစ်နေရင်ကို သူ့အတွက် ဆင်းရဲနေတော့တာပဲ၊

နောက်ဘဝတွေ ကျတော့လဲ အဲဒီမနာလိုတဲ့ သူမှာ အစစအရာရာ မပြည့်စုံဘဲ အဆင်မပြေဘဲ ဆင်းရဲဒုက္ခရောက်သွားတယ်၊ မနာလိုတဲ့သူက နှောင့်ယှက် ဖျက်ဆီးသောကြောင့် စီးပွားဥစ္စာပြည့်စုံနေတဲ့ သူမှာလဲ ဆင်းရဲ ဒုက္ခရောက်ရတယ်၊ ယခုနေအခါ တစ်ကမ္ဘာလုံးကို ဖြန့်ကြည့်လိုက်ရင် အဲဒီ မနာလိုမှု ဣဿာရှိနေတဲ့ သူတွေကြောင့် ဒုက္ခရောက်နေကြရတာကို များစွာ တွေ့နိုင်ပါတယ်။

နောက်ပြီးတော့ ပရသမ္ပတ္တိအနဘိရတိရသာ - သူတစ်ပါး၏ ပြည့်စုံခြင်း, ကောင်းစား ချမ်းသာခြင်း၍ မပျော်မွေ့ခြင်း ကိစ္စရှိသည်လို့ ဆိုတဲ့အတိုင်း မနာလိုတဲ့သူက သူတစ်ပါး ချမ်းသာတာကို မမြင်ချင်ဘူး မကြားချင်ဘူး မတွေ့မသိချင်ဘူး၊ မြင်ရ ကြားရ တွေ့ရ သိရရင် စိတ်မချမ်းသာဘဲ မနေသာဘဲ ဖြစ်နေတတ်တယ်။

နောက်ပြီးတော့ ပရသမ္ပတ္တိဝိမုခပစ္စုပဋ္ဌာနာ - သူတစ်ပါး၏ ပြည့်စုံခြင်း ကောင်းစား ချမ်းသာခြင်းမှ မျက်နှာလွှဲသည့် အနေအားဖြင့်, ဆင်ခြင်ကြည့်သူ၏ ဉာဏ်ထဲမှာ ထင်ပေါ်သော အခြင်းအရာရှိသည်လို့ ဆိုတဲ့အတိုင်းပင် မနာလိုတဲ့သူက သူတစ်ပါး ကောင်းစားတာကို မကြည့်လိုပဲ မျက်နှာလွှဲတဲ့ အနေဖြင့် ထင်ပေါ်နေပါတယ်။

ယခု ပြောခဲ့တဲ့အတိုင်း ဣဿာ၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန်ဆိုတာတွေဟာ အင်မတန်ပေါ်လွင် ထင်ရှားပါတယ်၊ သူတစ်ပါး ကောင်းစား ချမ်းသာတာကို ငြူစူတယ် မနာလိုဘူးဆိုတာ ဣဿာ၏ ပင်ကိုယ်ရင်း သဘောလက္ခဏာပဲ၊ အဲဒါဟာ ထင်ရှားပါတယ်၊ နောက်ပြီးတော့ သူတစ်ပါး ကောင်းစားချမ်းသာ ပြည့်စုံရာမှာ သူက မပျော်မွေ့ဘူးတဲ့၊ ဒါက ဣဿာ၏ အလုပ်ကိစ္စပဲ၊ ဒါလဲ ထင်ရှားပါတယ်၊

နောက်ပြီးတော့ သူတစ်ပါး ကောင်းစားချမ်းသာတာမှ မျက်နှာလွှဲတဲ့ အခြင်းအရာက သူ့ပစ္စုပဋ္ဌာန်ပဲ၊ ဒါလဲ ထင်ရှားပါတယ်၊ ဒီလက္ခဏာ ရသ ပစ္စုပဋ္ဌာန် ၃-ခုက တစ်ဆက်တည်း ဆက်စပ်ပြီး ထင်ရှားနေတာပဲ၊ သူတစ်ပါးကောင်းစား ချမ်းသာ တာကို မနာလိုရင် အဲဒီ သူတစ်ပါး ကောင်းစားချမ်းသာရာမှ မပျော်မွေ့ဘူး၊ မပျော်မွေ့တော့ အဲဒီ သူတစ်ပါး ကောင်းစားချမ်းသာရာဆီကို မရှုကြည့်လိုပဲ မျက်နှာလွှဲတာလဲ ထင်ရှားတာပဲ။

ဒါကြောင့် ဒီဣဿာ တရားဆိုးအားကြီးတဲ့ လူက သူတစ်ပါးတွေ လာဘ်လာဘ ရတယ်ဆိုတာ မကြိုက်ဘူး၊ စီးပွားဥစ္စာ ပေါများပြည့်စုံတာကို မကြိုက်ဘူး၊ အလုပ် ကိစ္စတွေ အောင်မြင်တာကိုလဲ မကြိုက်ဘူး၊ သူတစ်ပါးမှာ အခြွေအရံ အပေါင်း အသင်း ပေါများတာကိုလဲ မကြိုက်ဘူး၊ ရုပ်ရေအဆင်း လှပတယ်, ပညာတတ်တယ်, ရာထူးဌာနန္တရ ကြိုက်တယ် ဆိုတာလဲ မကြိုက်ဘူး၊ ကုန်ကုန်ပြောရရင် ကျန်းမာတယ် ဆိုတာတောင် မကြိုက်ပဲ ရှိတတ်သေးတာပဲ၊

အဲဒီလို သူတစ်ပါး ကောင်းစားနေတယ်ဆိုတာကို မမြင်ချင်ဘူး, မကြားချင်ဘူး၊ ဒီဣဿာက တော်တော်ဆိုးတဲ့တရားပဲ၊ သူတစ်ပါးကို မနာလိုတဲ့အတွက် ကိုယ့်မှာ ဘာမှလဲ ရတာမဟုတ်ဘူး၊ သက်သက်အချောင် အကုသိုလ် ပွားနေတာပဲ၊ အဲဒီ မနာလိုတဲ့ ဣဿာဖြစ်နေရုံနဲ့လဲ မိမိမှာ စိတ်ဆင်းရဲနေတာပဲ၊ အင်အားရှိတဲ့သူဆိုရင် အဲဒီမနာလိုမှု ဣဿာအားကြီးတဲ့ သူက သူတစ်ပါးအား အကျိုးမဲ့ဖြစ်အောင် ကြံစည် ပြုလုပ်တတ်တယ်၊

အဲဒီလို ပြုလုပ်ပြောဆိုရင် တစ်ဘက်သားက မိမိ၏ရန်သူ ဖြစ်တော့တာပဲ၊ အဲဒီ ရန်သူက အင်အားရှိသူဖြစ်ရင် တန်ပြန် ရန်ပြုမှုကိုလဲ ခံရတတ်တယ်၊ သူတစ်ပါးက အဲဒီလို တန်ပြန် ရန်မပြုနိုင်ပေမယ်လို့ ဒီမနာလိုမှု ဣဿာတရားဆိုးကြောင့် နောင်ဘဝသံသရာမှာ အခြွေအရံ နည်းပါးပြီးတော့ ဆင်းရဲဒုက္ခတွေကို ခံစားသွားဖို့ရာ ကတော့ သေချာနေတာပါပဲ၊ အဲဒီလို မကောင်းကျိုး ပေးတတ်ပုံကို စူဠကမ္မဝိဘင်္ဂသုတ်မှာ ဒီလိုအကျဉ်းချုပ် ဟောထားပါတယ်။

ဣဿာ၏ အပြစ်

အပ္ပေသက္ခသံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ ဣဿာမနကော ဟောတိ။

မာဏာဝ - သုဘလုလင်၊
ယဒိဒံ - ယောအယံ - အကြင်ပုဂ္ဂိုလ်သည်၊
ဣဿာမနကော - သူတစ်ပါး ချမ်းသာ ကောင်းစားသည်ကို မနာလိုသည်၊
ဟောတိ - ဖြစ်၏၊
တဿ - ထိုပုဂ္ဂိုလ်၏၊
ဧသာ ပဋိပဒါ - ဤမနာလိုသော အကျင့်သည်၊
အပ္ပေသက္ခသံဝတ္တနိကာ - အခြွေအရံနည်းပါး၍ တန်ခိုးနည်းခြင်းကို ဖြစ်စေတတ်၏ တဲ့။

အဲဒါက အကျဉ်းချုပ်ပဲ၊ အနည်းငယ် ချဲ့ပြောရရင်တော့ - မိန်းမဖြစ်ဖြစ်, ယောက်ျား ဖြစ်ဖြစ်, အချို့ ပုဂ္ဂိုလ်ဟာ သူတစ်ပါး ကောင်းစားချမ်းသာတာကို မနာလိုဘူး၊ မမြင်လို, မကြားလို, မတွေ့လိုဘူး၊ သူတစ်ပါးမှာ ပစ္စည်းဥစ္စာပြည့်စုံတာ လာဘ်လာဘ ရနေတာကို မကြိုက်ဘူး၊ သူတစ်ပါး ရုပ်အဆင်းလှပသတဲ့၊ လိမ္မာသတဲ့၊ ပညာတတ်သတဲ့၊ အဟောအပြော ကောင်းသတဲ့၊ ကျန်းမာသတဲ့၊ အခြွေအရံ များသတဲ့၊ ဘုန်းကြီးသတဲ့ စသည်ဖြင့် သူတစ်ပါး၏ကောင်းသတင်းကို မကြားချင်ဘူး၊

အဲဒီလို ပုဂ္ဂိုလ်က သူတစ်ပါးအား အကျိုးမဲ့ ဖြစ်အောင် ပြုလုပ်တတ်တယ်၊ မကောင်းသတင်းကိုလဲ ကြံဖန်ပြီး ပြောတတ်တယ်၊ ယခုနေအခါ တချို့က ဝါဒဖြန့်တာဟာ ဒီလို ဣဿာဖြင့် မနာလိုသောကြောင့် ဖြန့်တာတွေလဲရှိနေတာပဲ၊ အဲဒီလို မနာလိုမှု ဣဿာအားကြီးတဲ့ ပုဂ္ဂိုလ်ဟာ သေသည်၏အခြားမဲ့၌ ငရဲကို ကျရောက်ပြီး ငရဲဆင်းရဲတွေကို နှစ်ပေါင်းများစွာ ခံစားရတယ်၊

ငရဲမှလွတ်ပြီး ကုသိုလ်ကံကြောင့် လူဖြစ်လာတဲ့အခါ မနာလိုတဲ့ အကုသိုလ် ကံကြွင်းကြောင့် အခြွေအရံ မဲ့ပြီး ချီးမွမ်းဖွယ်ဂုဏ်သတင်း မရှိတဲ့ လူအညံ့စားဖြစ်နေရတတ်တယ်၊ အဲဒီလိုဖြစ်ပုံကို အပ္ပေသက္ခသံဝတ္တနိကာ - အခြွေအရံ နည်းပါး၍ တန်းခိုးမဲ့ခြင်းကို ဖြစ်စေတတ်သည်လို့ ဟောထားတာပါပဲ။

မနာလိုမှု ဣဿာမရှိဘဲ သူတစ်ပါး ကောင်းစား ချမ်းသာတာကို ကြည်ဖြူ ဝမ်းမြောက်နိုင်တဲ့ သူမှာတော့ ယထာလဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တု - ရပြီးသော စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြပါစေလင့် ကြီးပွားမြဲ ကြီးပွါးကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေလို့ ဝမ်းမြောက်ကြည်ဖြူစွာ နှလုံးသွင်းနိုင်တယ်၊ အဲဒီလို ပုဂ္ဂိုလ်ကတော့ သူတစ်ပါးကြီးပွားချမ်းသာတာကို မြင်ရ ကြားရ သိရတဲ့အခါလဲ စိတ်ချမ်းသာမှုကို ရနေတာပါပဲ၊ သူတစ်ပါးအား ချမ်းသာမြဲ ချမ်းသာအောင် စွမ်းနိုင်သမျှ အားပေးကူညီဆောင်ရွက်တယ်၊

ဒါကြောင့် ကုသိုလ်ကံတွေ ဖြစ်ပွားတယ်၊ အဲဒီ ကုသိုလ်ကံတွေကြောင့် သေသည်၏ အခြားမဲ့မှာ နတ်ပြည်လောက ရောက်ပြီး ချမ်းသာတွေကို ခံစားသွားရတယ်၊ အဲဒီနတ်ဘဝမှ စုတေပြီး လူ့ဘဝ ရောက်လာရင်လဲ အခြွေအရံတွေများပြီး ဘုန်းတန်ခိုးကြီးတယ်၊ အဲဒီလို ဖြစ်ပုံကို စူဠကမ္မဝိဘင်္ဂသုတ်မှာ -

မုဒိတာ၏ အကျိုး

မဟေသက္ခသံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ အနိဿာမနကော ဟောတိ။

မာဏဝ - သုဘလုလင်၊
ယဒိဒံ - ယော အယံ - အကြင်ပုဂ္ဂိုလ်သည်၊
အနိဿာမနကော - သူတစ်ပါး ကောင်းစားချမ်းသာသည်ကို ဝမ်းမြောက်ကြည်ဖြူ သဘောတူလေ့ရှိသည်၊
ဟောတိ - ဖြစ်၏၊
တဿ - ထိုပုဂ္ဂိုလ်၏၊
သော ပဋိပဒါ - ဝမ်းမြောက် ကြည်ဖြူ သဘောတူသော ဤအကျင့်သည်၊
မဟေသက္ခသံဝတ္တနိကာ - အခြွေအရံများ၍ ဘုန်းတန်ခိုး ကြီးမားခြင်းကို ဖြစ်စေတတ်၏ -

လို့ ဟောထားပါတယ်၊ ဒါကြောင့် ယခုမျက်မှောက်ရော, နောင်သံသရာ တစ်လျှောက်မှာရော ချမ်းသာများချင်ကြရင် မနာလိုတဲ့ ဣဿာတရားဆိုးကို ပယ်ပြီးတော့ သူတစ်ပါး ကြီးပွားချမ်းသာတာနဲ့စပ်ပြီး ဝမ်းမြောက်ကြည်ဖြူ သဘောတူတဲ့ မုဒိတာကို ပွားစေဖို့ပါပဲ။

အဲဒီ မနာလိုမှု ဣဿာနဲ့ ကြည်ဖြူ ဝမ်းမြောက်မှု မုဒိတာတို့၏ အကျိုးပေးပုံကို (မနာလိုမှာ၊ ခြွေရံကွာ၊ ကြည်သာ ခြွေရံစည် - လို့) ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

မနာလိုမှာ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။

မစ္ဆရိယဆိုတာ

မစ္ဆရိယ-ဆိုတာ ဝန်တိုစေးနှဲတဲ့ သဘောပဲ၊ အဲဒီမစ္ဆရိယက မိမိ၏ပိုင်နက်ကို သူတစ်ပါးမသိရအောင် လျို့ဝှက်ထားလိုသည်အထိ ဝန်တိုတဲ့သဘောလက္ခဏာ ရှိတယ်၊ သက်ရှိသက်မဲ့ မိမိပိုင်နက်ကို သူတစ်ပါးနှင့် မဆက်ဆံစေချင်တာ, ဆက်ဆံမည်ကို သည်းမခံနိုင်တာဟာ သူ့ကိစ္စ - သူ့အလုပ်ပဲ၊ သူတစ်ပါးအား ပေးကမ်းရေး, ဆက်ဆံစေရေးနဲ့စပ်ပြီး တွန့်ဆုတ်သည့် အနေဖြင့် ထင်ရှားတဲ့ အခြင်းအရာရှိတယ်၊ အဲဒီမစ္ဆရိယ-က ငါးမျိုးရှိတယ်၊

(၁) အာဝါသမစ္ဆရိယ - နေရာနှင့်စပ်ပြီး ဝန်တိုခြင်း၊
(၂) ကုလမစ္ဆရိယ - ချစ်ခင်ရင်းနှီးသူများနှင့် စပ်ပြီး ဝန်တိုခြင်း၊
(၃) လာဘမစ္ဆရိယ - လာဘ်လာဘ စီးပွားဥစ္စာနှင့်စပ်ပြီး ဝန်တိုခြင်း၊
(၄) ဝဏ္ဏမစ္ဆရိယ - ချီးမွမ်းဖွယ်ဂုဏ်နှင့် စပ်ပြီး ဝန်တိုခြင်း၊
(၅) ဓမ္မမစ္ဆရိယ - တတ်သိတဲ့ စာပေပညာနှင့် စပ်ပြီးဝန်တိုခြင်းဆိုတဲ့ ဒီငါးပါးပါပဲ။

အဲဒီ ငါးပါးထဲက ရဟန်းများမှာ သံဃာပိုင်ကျောင်း၌ သီလစသည်နှင့် ပြည့်စုံတဲ့ ရဟန်းကောင်းများကို မနေစေချင်တာဟာ နေရာနှင့်စပ်တဲ့ ဝန်တိုခြင်းပဲ၊ အဲဒီ ဝန်တိုမှုကြောင့် ဘီလူးသော်လည်းကောင်း, ပြိတ္တာသော်လည်းကောင်း ဖြစ်ပြီး အဲဒီကျောင်းက အမှိုက်အညစ်အကြေးတွေကို ခေါင်းနဲ့ရွက်ပြီး ဒုက္ခကို ခံစားနေရတတ်တယ်၊ မီးလောင်နေတဲ့ အိမ်ထဲမှာ ဖြစ်ပြီးတော့လဲ ဆင်းရဲနေရတတ်ပါသတဲ့၊

မိမိနဲ့ရင်းနှီးစပ်ဆိုင်တဲ့ ဒကာ ဒကာမတွေ အခြားရဟန်းများ ပေးလှူတာကို သည်းမခံနိုင်တဲ့ ဝန်တိုမှုကြောင့် သွေးအန်ပြီးတော့လဲ ဆင်းရဲရတတ်တယ်၊ ဝမ်းသွေး သွန်ပြီးတော့လဲ ဆင်းရဲ ရတတ်တယ်၊ လာဘ်လာဘ နည်းပါးပြီးတော့လဲ ဆင်းရဲရတတ်ပါသတဲ့၊

သံဃာ့ပစ္စည်း, ဂိုဏ်းပိုင်ပစ္စည်းများကို ဝန်တိုပြီးတော့ ကိုယ်ပိုင်နေဖြင့် သုံးဆောင်ရင် ဘီလူးသော် လည်းကောင်း, ပြိတ္တာသော် လည်းကောင်း, စပါးကြီးမြွေသော် လည်းကောင်း ဖြစ်တတ်တယ်၊ မစင်ဘင်ပုပ်ငရဲ၌လဲ ဖြစ်တတ်တယ်၊ အဲဒါဟာ လာဘ်လာဘဝန်တိုခြင်းကြောင့်ပါပဲတဲ့၊

မိမိလှပသလို သူတစ်ပါးအား မလှပစေချင်တာ, သူတစ်ပါးလှပကြောင်း မပြောလို မကြားလိုတာ, မိမိမှာ ချီးမွမ်းဖွယ် ဂုဏ်ရှိသလို သူတစ်ပါးအား ဂုဏ်မရှိစေချင်တာ အဲဒါတွေဟာ ဝဏ္ဏမစ္ဆရိယပဲ၊ အဲဒီမစ္ဆရိယကြောင့် အဆင်းမလှပဲ ရှိတတ်တယ်တဲ့၊

စာပေပညာအရာ၌ မိမိလိုသူတစ်ပါးမတတ်စေချင်တာ, သူတစ်ပါးမတတ်အောင် လျို့ဝှက်တာဟာ ဓမ္မမစ္ဆရိယပဲ၊ အဲဒီမစ္ဆရိယကြောင့် မသိမလိမ္မာတဲ့ အဆွံ့အအ ဖြစ်တတ်တယ်၊ ပြာပူငရဲ၌လဲ ကျတတ်ပါသတဲ့၊ အဲဒီ အကျိုးပေးပုံတွေဟာ အဋ္ဌကထာ၌ ပြထားတဲ့ ဟာတွေပါပဲ။

အဲဒီတော့ သူတော်ကောင်းတွေနဲ့စပ်ပြီး ဝန်မတိုသင့်ရာ၌ ဝန်တိုရင် မျက်မှောက် ဘဝမှာလဲ စိတ်ဆင်းရဲရတယ်၊ မိတ်ဆွေသင်္ဂဟ လာဘ်လာဘစသည်လဲ နည်းပါးတတ်တယ်၊ နောင်သံသရာဘဝတွေကျတော့ အကြီးအကျယ် ဆင်းရဲရတတ်တယ်၊ ဒါကြောင့် အဲဒီဝန်တိုမှု မစ္ဆရိယကိုလဲ ပယ်ပြီးတော့ ဖော်ဖော်ရွေရွေဆက်ဆံမှု, ပေးကမ်းမှုများကို စွမ်းနိုင်သမျှ ပွားစေဖို့ပါပဲ၊ ယခု ပြောခဲ့တဲ့ ဣဿာနဲ့ မစ္ဆရိယကို တိုတိုနဲ့ မှတ်ရအောင် (ဣဿာခေါ်ဆို၊ မနာလို ဝန်တိုမစ္ဆေရ-လို့) ဆောင်ပုဒ် စီထားတယ်၊ ဒါကို ဆိုကြရမယ်။

ဣဿာခေါ်ဆို၊ မနာလို၊ ဝန်တို မစ္ဆေရ။

ဣဿာ ဆိုတာ သူတစ်ပါး ကောင်းစားတာကို မနာလိုတဲ့ သဘောပဲ၊ ဝန်တို စေးနှဲတာက မစ္ဆေရတဲ့၊ မစ္ဆေရနဲ့ မစ္ဆရိယ ဆိုတာ အတူတူပါပဲ၊ အဲဒီ မစ္ဆရိယ ငါးပါးနဲ့ စပ်ပြီး နည်းနည်းထပ်ပြောဦးမယ်။

အာဝါသမစ္ဆရိယ ဆိုတာကတော့ ရဟန်းတွေနဲ့သာ ပိုပြီး ဆိုင်ပါတယ်၊ သံဃာအား လှူထားတဲ့ ကျောင်းမှာ သီလ စသည်နှင့် ပြည့်စုံတဲ့ရဟန်းကောင်းများကို လက်မခံဘဲ ကိုယ်ပိုင်လို သဘောထားပြီး သုံးစွဲနေထိုင်လျှင် အဲဒါဟာ အာဝါသ မစ္ဆရိယကြောင့်ပဲ၊ လူများမှာတော့ အများနဲ့ဆိုင်တဲ့ ဇရပ်တို့ တန်ဆောင်းတို့ တရားအားထုတ်စရာ ကမ္မဋ္ဌာန်း ကျောင်းတို့ ဒီလို အများဆိုင် အဆောက်အအုံကို ကိုယ်ပိုင်လို သဘောထားပြီး သူများမနေစေချင်ရင် အာဝါသမစ္ဆရိယပါပဲ။

ကုလ မစ္ဆရိယ ဆိုတာကတော့ ရဟန်းများမှာ မိမိအား ကြည်ညိုကိုးကွယ်နေတဲ့ ဒကာဒကာမတွေကို အခြားရဟန်းများနဲ့ မနီးစပ်စေချင်တာဟာ ကုလမစ္ဆရိယပါပဲ၊ တချို့ ရဟန်းက မိမိနဲ့စပ်ဆိုင်တဲ့ ဒကာ ဒကာမတွေကို အခြားရဟန်းတော်များနဲ့ မနီးစပ်ရအောင် ပိတ်ပင်ထားတတ်တယ်၊ တရားဟောဖို့ တရားနာဖို့ အခွင့်လဲ ပိတ်ပင်ထားတတ်တယ်၊ လူတွေဆိုရင် မိမိ၏ အခြွေအရံ ဖြစ်တဲ့သူတွေကို အခြား သူ၏ အခြွေအရံ အပေါင်းအသင်း မဖြစ်စေချင်တာဟာ မစ္ဆရိယပါပဲ၊ သို့ပေမယ့် အဲဒီ လူတွေရဲ့ မစ္ဆရိယကတော့ သိပ်အပြစ်ကြီးပုံ မရပါဘူး။

လာဘမစ္ဆရိယ ဆိုတာကတော့ ရဟန်းများမှာ အလှူအတန်းနဲ့စပ်ပြီး မိမိသာ ရချင်တယ်၊ အခြားရဟန်းများ မရစေချင်တဲ့အနေနဲ့ ဖြစ်တာပါပဲ၊ အဲဒီလို မရစေချင်တဲ့ တွက် သူတော်ကောင်းဖြစ်တဲ့ ရဟန်းအား လာဘ်မရအောင် ပြုမိတတ်တယ်၊ ဒီလိုပြုမိရင် သံသရာ တစ်လျှောက်လုံးမှာ အတိဒုက္ခ ရောက်သွား တတ်တယ်၊ အဲဒီလို ဖြစ်တတ်ပုံကို လောသကတိဿဝတ္ထုဖြင့် သိနိုင်ပါတယ်။

လောသကတိဿဝတ္ထု

ကဿပမြတ်စွာဘုရား လက်ထက်တော်ကာလက ရဟန်းတစ်ပါးဟာ တောရွာ တစ်ခုမှာ ဒကာတစ်ဦးကို အမှီပြုပြီး ကျောင်းထိုင်ဘုန်းကြီးအဖြစ်ဖြင့် နေတယ်၊ သီလကလဲ စင်ကြယ်တယ်၊ ဝိပဿနာတရားလဲ အားထုတ်သတဲ့၊ တစ်နေ့သောအခါ ရဟန္တာမထေရ်တစ်ပါးက ဒေသစာရီ ကြွချီနေရင်း အဲဒီရွာ ရောက်လာတယ်၊

အဲဒီဘုန်းကြီးရဲ့ဒကာက ရဟန္တာမထေရ်၏ သွားလာနေထိုင်ပုံကို ကြည်ညိုပြီးတော့ အိမ်သို့ပင့်ပြီး ဆွမ်းကပ်လှူတယ်၊ တရားစကားအနည်းငယ်ကိုလဲ နာကြားပြီးတော့ ရှိခိုးပြီး “တပည့်တော်တို့၏ အမြဲတမ်းကိုးကွယ်ရာ ကျောင်းသို့သာ ကြွတော်မူပါ၊ ညနေချမ်းအချိန်မှာ လာရောက် ဖူးမြော်ပါမယ်”လို့ လျှောက်လိုက်တယ်။

အဲဒီ ရဟန္တာမထေရ်က အဲဒီကျောင်းသို့ သွားပြီးတော့ ကျောင်းထိုင် မထေရ်ကို ရှိခိုးပန်ကြားပြီး သင့်လျော်တဲ့ နေရာမှာထိုင်နေတယ်၊ ကျောင်းထိုင်မထေရ်ကလဲ အဲဒီရဟန္တာ မထေရ်နှင့် နှုတ်ဆက်ပဋိသန္တာရစကားကို ပြောပြီးတော့ ငါ့ရှင် ဆွမ်းအာဟာရ ရခဲ့ပါပြီလားလို့ မေးတယ်၊ ရခဲ့ပါပြီလို့ လျှောက်တော့ ဘယ်က ရခဲ့ပါသလဲလို့ မေးပြန်တယ်၊ အရှင်ဘုရားတို့၏ ရွာက အရှင်ဘုရားတို့၏ ဒကာကြီး အိမ်မှ ရခဲ့ကြောင်း လျှောက်ထားပြီး မိမိအား ကျရောက်တဲ့ ကျောင်းနေရာမှာ ဈာန်သမာပတ် ဖိုလ်သမာပတ်များဖြင့် အချိန်ကုန်လွန်စေလျက် နေတယ်။

ကျောင်းထိုင်မထေရ်ကြီး၏ဒကာကလဲ ညနေချမ်းမှာပန်းနံ့သာနှင့်မီးထွန်းစရာများကို ယူစေခဲ့ပြီးတော့ ကျောင်းထိုင်မထေရ်ကို ရှိခိုးပြီး “အာဂန္တုတစ်ပါး ကြွလာပါရဲ့လား ဘုရား”လို့ မေးလျှောက်တယ်၊ လာပါတယ်လို့ ဖြေတယ်၊ ယခုဘယ်မှာ နေပါသလဲလို့မေးတော့ အာဂန္တုမထေရ်၏ နေရာကို ညွှန်ကြားလိုက်တယ်၊ အဲဒီ ဒကာက အာဂန္တုမထေရ် ထံသွားပြီး တရားနာတယ်၊ ညနေအေးချမ်းတဲ့ အချိန်မှာ စေတီနှင့်ဗောဓိပင်ကို ဆီမီးထွန်းပူဇော်ပြီးတော့ မထေရ်နှစ်ပါးလုံး အိမ်ကြွပြီး ဆွမ်းဘုဉ်းပေးဖို့ ပင့်ပြီး အိမ်ပြန်သွားတယ်။

အဲဒီအခါ ကျောင်းထိုင်မထေရ်က ဒီလိုတွေးတောမိတယ်၊ “ဒီဒကာဟာ ငါ့အပေါ် အကြည်ညိုလျော့ပျက်သွားပြီ၊ ဒီအာဂန္တုဟာ ဒီကျောင်း၌ ဆက်လက်နေထိုင်သွားရင် ငါ့ကို ဒီဒကာက ဘာလောက်မှ အလေးပြုမှာ မဟုတ်တော့ဘူး”လို့ တွေးတောမိပြီး စိတ်နှလုံးမသာ ဖြစ်သွားတယ်၊

ဒါကြောင့် ဒီကျောင်းမှာ အာဂန္တုရဟန်း မနေနိုင်အောင် ပြုလုပ်မှပဲလို့ အကြံဖြစ်တဲ့ အတွက် ဆည်းကပ်ချိန်၌ လာတဲ့အခါ အဲဒီအာဂန္တု ရဟန်းနဲ့ စကားမပြောဘဲနေသတဲ့၊ ရဟန္တာမထေရ်က သူ့အလို သိသောကြောင့် “ဒီကျောင်းထိုင်မထေရ်ဟာ သူ့ဒကာနဲ့ ဂိုဏ်းနဲ့ စပ်ပြီး ငါက မနှောက်ယှက်တတ်တဲ့ အကြောင်းကို မသိရှာဘူး” လို့ ဆင်ခြင်ပြီးတော့ မိမိ နေရာမှာပဲ ပြန်သွားပြီး ဈာန်သမာပတ်, ဖိုလ်သမာပတ်များဖြင့် အချိန်ကို ကုန်လွန် စေပါသတဲ့။

နောက်နေ့နံနက်ကျတော့ ကျောင်းထိုင်မထေရ်က ခေါင်းလောင်းထိုးစည်ကို လက်သည်းအပြင်ဖြင့် တီးခေါက်တယ်၊ အာဂန္တုမထေရ်အား ဆွမ်းဘုဉ်းပေး သွားချိန်ကျပြီလို့ နှိုးဆော်တဲ့အနေဖြင့် တီးခေါက်တာပါပဲ၊ အသံကတော့ ဘာမှ မြည်မှာ မဟုတ်ပါဘူး၊ ပြောစရာရှိတဲ့အခါ တာဝန်ဝတ္တရား ကျေပါတယ်လို့ ပြောရအောင် ဟန်ဆောင်လုပ်တဲ့ ကောက်ကျစ်မှုပါပဲ၊ နောက်ပြီးတော့ အာဂန္တု မထေရ်နေရာ အခန်းတံခါးကို လက်သည်းနဲ့ တို့ခေါက်ပြီး သူ့ဒကာအိမ်သို့ သွားပါသတဲ့။

အိမ်ရောက်တော့ ဒကာကြီးက “အာဂန္တုမထေရ်ဘယ်မှာလဲ ဘုရား”လို့ မေးတယ်၊ အဲဒီတော့ ကျောင်းထိုင်မထေရ်က “သင့် အာဂန္တုမထေရ်အကြောင်းကို ငါမသိပါဘူး ထိုးစည်လဲ တီးခေါက်ခဲ့တယ်, တံခါးကိုလဲခေါက်ခဲ့တယ်၊ ဒါပေမယ့် သူ့ကို အိပ်ပျော် ရာမှ မနိုးစေနိုင်ခဲ့ဘူး၊ ယမန်နေ့က သင့်အိမ်က ဆွမ်းဘောဇဉ် အကောင်းတွေစားပြီး အစာမကြေစေနိုင်လို့ အိပ်မောကျနေဟန်တူပါတယ်”လို့ ဆိုပါတယ်။

ရဟန္တာမထေရ်ကတော့ ဆွမ်းခံချိန်ကျတဲ့အခါ အဘိညာဉ်တန်ခိုးဖြင့် ကောင်းကင်သို့ ပျံတက်ပြီး အခြားအရပ်သို့ ကြွသွားပါသတဲ့။

ကျောင်းထိုင်မထေရ်ကို ကျွေးမွေးပြီးတဲ့အခါ အာဂန္တုမထေရ်အတွက်လဲ အဲဒီ ဒကာကြီးက လှူလိုက်တယ်၊ အဲဒါကို ယူဆောင်လာရင်းပင် ကျောင်းထိုင်မထေရ်က “ဒီနို့ဆွမ်းကို အာဂန္တုရဟန်း သုံးဆောင်ရလျှင် လည်ပင်းကိုင်ပြီး ဆွဲထုတ်တောင်မှ သွားမှာမဟုတ်တော့ဘူး” စသည်ဖြင့် စဉ်းစားပြီးတော့ အဲဒီနို့ဆွမ်းကို မီးလောင် နေရာတွင် မီးကျီးထဲမှာ သွန်ပစ်ထားခဲ့ပါသတဲ့၊

ကျောင်းပြန်ရောက်တဲ့ အခါကျတော့ အာဂန္တုရဟန်းကို မတွေ့ရတော့တဲ့အတွက် အဲဒီမထေရ်မှာ စိတ်နှလုံး ပူလောင်ပါသတဲ့၊ “ထိုရဟန်းဟာ ရဟန္တာဖြစ်ဟန်တူတယ်၊ ငါ၏စိတ် အလိုအကြံကို သိပြီး တခြားသို့ ကြွသွားဟန်တူတယ်၊ ဪ ငါဟာ ဝမ်းရေးအတွက်မတော်တာ ပြုမိလေခြင်း”လို့ ဆင်ခြင်ပြီး အကြီးအကျယ် စိတ်နှလုံး မသာခြင်း ဖြစ်ရပါသတဲ့၊

အဲဒီကစပြီး ဆင်းရဲဒုက္ခရောက်သွားပုံကို ဇာတ်အဋ္ဌကထာ (ပ၊ ၂၅၆)မှာ ဒီလို ပြဆိုထားပါတယ်။

- ဆက်၍ပြရလျှင်၊
တတော ပဋ္ဌာယေဝ - ထိုအခါမှစ၍သာလျှင်၊
မနုဿပေတောဟုတွာ - လူပြိတ္တာဖြစ်ပြီးလျှင်၊
နစိရဿေဝကာလံ ကတွာ - မကြာမီပင် ပျံလွန်၍၊
နိရယေ - ငရဲ၌၊
နိဗ္ဗတ္တိ - ဖြစ်လေသည်၊
သော - ထိုပုဂ္ဂိုလ်သည်၊ ဗဟူနိ ဝဿသတသဟဿာနိ - နှစ်သိန်းများစွာတို့ ပတ်လုံး၊
နိရယေ ပစိတွာ - ငရဲ၌ ပူလောင်ခံခဲ့ရပြီး၍၊
ပက္ကာဝသေသေန - ကံကြွင်းဖြင့်၊
ပဋိပါဋိယာ - အစဉ်အတိုင်း၊
ပဉ္စ ဇာတိသတေသု - ဘဝငါးရာ တို့၌၊
ယက္ခောဟုတွာ - ဘီလူးဖြစ်၍၊
ဧကဒိဝသမ္ပိ - တနေ့မျှသော်လည်း၊
ဥဒရပူရံ - ဝမ်းပြည့်အောင်၊
အာဟာရံ န လဘိ - အစာကို မရခဲ့ချေ၊
ပန - သို့သော်လည်း၊
ဧကဒိဝသံ - တစ်နေ့၌၊
ဂဗ္ဘမလံ - ကိုယ်ဝန်အညစ်အကြေးကို၊
ဥဒရပူရံ လဘိ - ဝမ်းပြည့်အောင် ရခဲ့ဘူးသည်တဲ့။

အဲဒီကနောက် ဘဝငါးရာ ခွေးဖြစ်ခဲ့ရသတဲ့၊ အဲဒီခွေးဘဝမှာလဲ တစ်နေ့မျှသာ လူ့အန်ဖတ်ထမင်းကို ဝအောင် စားရတယ်၊ တခြားနေ့တွေမှာ တစ်နေ့တစ်ရက်မျှ ဝအောင်မစားခဲ့ရဘူးတဲ့၊ အဲဒီ ခွေးဘဝမှ နောက်လူဖြစ်တဲ့အခါလဲ မိတ္တဝိန္ဒက ဆိုတဲ့ လူဖြစ်ပြီး ပဋိသန္ဓေနေကတည်းက မိဘတွေ နီးစပ်သူတွေပါ အကြီးအကျယ် အစာ အာဟာရချို့တဲ့ပြီး ဆင်းရဲခဲ့သတဲ့။

နောက်ဆုံးဘဝမှာ ကောသလတိုင်းပြည်ထဲက တံငါရွာမှာ ဖြစ်ရတယ်၊ ပဋိသန္ဓေ တည်နေကတည်းက အဲဒီရွာက အိမ်ထောင်စုတစ်ထောင်မှာ ငါးတစ်ကောင်တောင် မရဘဲ ရှိနေသတဲ့၊အဲဒီတော့ ရွာသူကြီးတွေက ငါတို့ရွာထဲမှာ ကာလကဏ္ဏိခေါ် လူယုတ်မာ လူကံဆိုးရှိနေလို့ ဒီလို ငတ်ပြတ်ဆင်းရဲ ကြရတာပဲ၊ ရွာကို ၂စု ခွဲကြစို့ ဆိုပြီးခွဲကြတယ်၊ လောသကတိဿ ကိုယ်ဝန်ရှင် မိဘများပါတဲ့ ရွာအစုမှာ ဆင်းရဲမြဲ ဆင်းရဲနေကြရတယ်၊

အဲဒီအစုကတစ်ဖန် ၂-ပိုင်းခွဲပြန်တယ်၊ ဒီနည်းဖြင့် ၂-ပိုင်းခွဲတိုင်း ခွဲတိုင်း လောကသကတိဿပါတဲ့အပိုင်းမှာ ငတ်ပြတ်မြဲ ငတ်ပြတ်နေပါသတဲ့၊ နောက်ဆုံး ကျတော့ သူ့မိဘအိမ်ထောင်စု တစ်ခုတည်းဆင်းရဲနေရသတဲ့၊ အဲဒီမှာလဲနောက်ဆုံး ကျတော့ သူ့ မိခင်တစ်ဦးတည်း ငတ်ပြတ် ဆင်းရဲနေရှာသတဲ့၊

အဲဒီ လောသကတိဿ သူငယ်ကလေး ပြေးလွှား သွားလာနိုင်တဲ့အခါကျတော့ မိခင်ဖြစ်သူကလဲ သည်းမခံနိုင်တော့ဘူး၊ အဲဒီသူငယ်ကလေးကို တောင်းစားဖို့ ခွက်တစ်ခုပေးပြီးတော့ အိမ်တစ်အိမ်သို့ သွားစေတယ်၊ သူငယ်က အဲဒီအိမ်သို့ သွားနေစဉ် မိခင်ဖြစ်သူက တခြားအရပ်သို့ ရှောင်တိမ်း ပြေးသွားပါသတဲ့၊ လောသကတိဿဟာ အဲဒီသူငယ် ကလေးဘဝကတည်းက ငတ်ငတ်ပြတ်ပြတ်နဲ့ ဆင်းရဲဒုက္ခခံလာခဲ့ရတယ်။

၇-နှစ်သားအရွယ်ရောက်တဲ့အခါ အိမ်တစ်အိမ်၏ တံခါးဝ ထမင်းအိုးဆေးရေသွန်ရာ အရပ်၌ ကျီးကန်းလိုပင် ထမင်းလုံး တစ်ခုတစ်ခုကို ကောက်ကောက်ပြီး စားနေ ရတယ်၊ အဲဒီအခါ အရှင်သာရိပုတ္တရာမထေရ်မြတ်က သာဝတ္ထိမြို့ထဲ ဆွမ်းခံ ကြွနေစဉ် တွေ့မြင်ရ၍ အလွန်သနားတော်မူသဖြင့် “ဟေ့လူကလေး လာခဲ့စမ်း” လို့ ခေါ်လိုက်တယ်၊

လောသကတိဿက လာပြီး ရှိခိုးလျက် ရပ်နေတဲ့အခါ “သင်ဟာ ဘယ်ရွာကလဲ၊ သင့်မိဘတွေက ဘယ်သူတွေလဲ”လို့ မေးတော်မူတယ်၊ “တပည့်တော်မှာ အားကိုး စရာ ထောက်ပံ့သူ မရှိပါ၊ မိဘများကလဲ သည်းမခံနိုင်လို့ တပည့်တော်ကို စွန့်ပြီး ပြေးကြပါတယ်ဘုရား”လို့ လျှောက်တယ်။

အဲဒီတော့ အရှင်သာရိပုတ္တရာ မထေရ်မြတ်က “သင် ရှင်သာမဏေပြုမလား” လို့ မေးတော်မူတယ်၊ “တပည့်တော်ကတော့ ရှင်ပြုနိုင်ပါတယ်၊ ဒါပေမယ့် တပည့်တော်လို လူစုတ်လူညံ့ကို ဘယ်သူက ရှင်ပြုပေးမှာလဲ၊ ရှင်ပြုပေးမည့်သူ မရှိပါဘူး”လို့ လျှောက်တယ်၊ ငါက ရှင်ပြုပေးမယ်လို့ မိန့်ဆိုပြီး အရှင်သာရိပုတ္တရာ မထေရ်မြတ်က ခဲဖွယ်ဘောဇဉ်ကိုလဲ ပေးပြီး ကျောင်းသို့ခေါ်ယူလာခဲ့တယ်၊ မိမိလက်ဖြင့်ပင် ရေချိုးပေးပြီး ရှင်ပြုပေးတယ်၊ အသက် ၂၀ - ပြည့်တဲ့အခါ ရဟန်းလဲ ပြုပေးတယ်၊

အရွယ်ကြီး၍ ဝါရင့်လာသောအခါ ဘုန်းကံလဲနည်း လာဘ်လာဘကလဲ နည်းတဲ့ လောသကတိဿထေရ်လို့ သူ့ကို ခေါ်ကြတယ်၊ အသဒိသဒါနခေါ်တဲ့ အလှူ ပွဲတော်ကြီးမှာတောင် လောသကတိဿဟာ ဝမ်းဝအောင်မစားရဘူး၊ အသက် ဆက်မိရုံမျှသာ စားရသတဲ့၊ သပိတ်ထဲ ယာဂုတစ်ဇွန်း တစ်ယောက်ချိုထည့်လိုက်ရင် သပိတ်ပြည့်နေသလို ထင်ရတယ်၊ ဒါကြောင့် လှူတဲ့သူတွေက နောက်ထပ် သူ့သပိတ်ထဲ မလောင်းတော့ဘဲ သူ့အောက်က အခြားရှင်ရဟန်းများ၏ သပိတ်ထဲသာ လောင်းလှူကြပါသတဲ့။ လာဘမစ္ဆရိယကြောင့် မကောင်းကျိုး ပေးတာဟာ အလွန်ကြောက်စရာ ကောင်းတာပဲ။

နောက်ကာလမှာ (ဝိပဿနံ ဝဍ္ဎေတွာ) ဝိပဿနာကို ပွားစေ၍ အရဟတ္တဖိုလ် ရောက်၍ ရဟန္တာဖြစ်ပြီးတဲ့ အခါလဲ သူ့မှာ လာဘ်လာဘ နည်းပါးနေတာပဲတဲ့၊ နောက်ဆုံး ပရိနိဗ္ဗာန်ဝင်စံရတော့မည့် နေ့မှာ အရှင်သာရိပုတ္တရာ မထေရ်မြတ်က သူ့အား ဝဝလင်လင် ဘုဉ်းပေးရအောင် ပေးလှူမယ်လို့ ရည်ရွယ်ပြီးတော့ သူ့ကိုခေါ်ပြီး သာဝတ္ထိမြို့ထဲ ဆွမ်းခံကြွတော်မူတယ်၊

အဲဒီအခါ အရှင်သာရိပုတ္တရာအား လှူမည့်သူ မဆိုထားဘိ လက်ကိုဆန့်ပြီး ရှိခိုးမည့်သူတောင် မရှိဘူးတဲ့၊ အဲဒီအခါ အရှင်သာရိပုတ္တရာက အရှင် လောသကတိဿကို ဆွမ်းစားကျောင်းဇရပ် သွားနေဖို့ စေလွှတ်လိုက်ရတယ်၊ အဲဒီတော့မှ ဒကာ ဒကာမတွေက အရှင်သာရိပုတ္တရာ ကြွလာပြီးဟေ့ လို့ ဆိုပြီးတော့ နေရာမှာ ထိုင်စေပြီး လှူဒါန်းကျွေးမွေးကြတယ်၊

အဲဒီက စားသောက်ဖွယ်ကို လောသကတိဿအား ပေးလိုက်ဖို့ အရှင် သာရိပုတ္တရာက စေလွှတ်လိုက်တယ် အဲဒါကို ယူဆောင်သွားတဲ့ သူတွေက လောသကတိဿထေရ်ကို သတိမေ့ပြီး သူတို့ကိုယ်တိုင်ပဲ စားလိုက်ကြပါသတဲ့။

အရှင်သာရိပုတ္တရာမထေရ် ကျောင်းသို့ ပြန်ရောက်သောအခါ အရှင် လောသကတိဿ မထေရ်ကလာပြီးရှိခိုး ကန်တော့တယ်၊ ငါ့ရှင်ဆွမ်းရပြီမဟုတ်လား လို့ မေးတယ်၊ နောင်တော့ရကောင်း ရပါလိမ့်မယ်၊ ယနေ့တော့ မရသေးပါလို့ အရှင် လောသကတိဿမထေရ်က လျှောက်တယ်၊ အရှင်သာရိပုတ္တရာက သံဝေဂဖြစ်ပြီး အချိန်ကို ကြည့်လိုက်တဲ့အခါ နေမွန်းလွဲနေကြောင်း သိရတာနဲ့ ငါ့ရှင် လောသကတိဿ၊ ဒီမှာပင် နေရစ်ပါလို့ပြောပြီးတော့ လောသကတိဿမထေရ်ကို ဆွမ်းစားကျောင်းဇရပ်မှာပင် နေစေပြီး ကောသလမင်း၏ နေအိမ်တော်သို့ ကြွသွားတယ်၊

ကောသလမင်းကြီးက မထေရ်၏ သပိတ်ကို ယူစေပြီးတော့ သပိတ်နှင့်အပြည့် စတုမဓူကို လှူစေတယ်၊ အရှင်သာရိပုတ္တရာမထေရ်က ထိုစတုမဓူကို ခံယူခဲ့၍ “ငါ့ရှင်တိဿလာပါ၊ ဒီစတုမဓူကို ဘုဉ်းပေးပါ”လို့ ပြောပြီး သပိတ်ကို ကိုင်ထားလျက် ရပ်တည်နေတယ်၊ လောသကတိဿ မထေရ်က အရှင်သာရိပုတ္တရာအား ရိုသေ လေးစားသဖြင့် ရှက်သည်ဖြစ်၍ မဘုဉ်းပေးဘဲနေတယ်၊

ထိုအခါ အရှင်သာရိပုတ္တရာက “လာပါ ငါ့ရှင် တိဿ၊ ငါက ဒီသပိတ်ကို ကိုင်လျက်သာ ရပ်တည်နေပါမည်၊ သင်က ထိုင်ပြီး ဘုဉ်းပေးပါ၊ ငါက အကယ်၍ လက်မှလွှတ်လိုက်ရင် တစ်စုံတစ်ခု နည်းနည်းမျှ မရှိဘဲ ဖြစ်သွားနိုင်ပါတယ်”လို့ ပြောဆိုတယ်၊ အဲဒီတော့မှ အရှင်လောသကတိဿက အရှင်သာရိပုတ္တရာ ကိုင်ထားတဲ့ သပိတ်ထဲမှ စတုမဓူကို အလိုရှိသလောက် ဝမ်းဝအောင် ဘုဉ်းပေးတယ်၊ အဲဒီနေ့မှာပင် ပရိနိဗ္ဗာန်စံတော်မူသတဲ့။

ဒီလောသကတိဿမထေရ်၏ မစ္ဆရိယကြောင့် ဆင်းရဲဒုက္ခရောက်ရပုံကို ဆင်ခြင် ကြည့်လျှင် ဝန်တိုမှုဟာ အလွန်ပင် ကြောက်စရာကောင်းတာပဲ၊ ယခုပြောခဲ့တဲ့ လာဘမစ္ဆရိယ က ရဟန်းများနှင့်ဆိုင်တဲ့ မစ္ဆရိယပဲ၊ လူများမှာလဲ စီးပွားရေး လုပ်ငန်းများနဲ့ စပ်ပြီး ကိုယ်သာရချင်တယ်၊ သူများရမှာကို အလိုမရှိရင် အဲဒါဟာ မစ္ဆရိယပဲ၊ သူတစ်ပါး၏ စီးပွားရေး အလုပ်တွေကို ပိတ်ပင်ရင် ဝန်တိုမှု မစ္ဆရိယပဲ။

ဝဏ္ဏမစ္ဆရိယဆိုတာကတော့ မိမိမှာ ပြည့်စုံနေတဲ့ ချီးမွမ်းဖွယ်ဂုဏ်ကို သူတစ်ပါးအား မပြည့်စုံစေချင်တဲ့ သဘောပါပဲ၊ မိမိမှာ ရုပ်ရေအဆင်းလှသလို သူတစ်ပါးအား မလှစေလိုရင်၊ မိမိမှာ အပြောအဆိုအနေအထိုင် လိမ္မာယဉ်ကျေး၍ အချီးမွမ်း ခံရသလို သူတစ်ပါးအား အချီးမွမ်း မခံရစေလိုရင် မိမိမှာ ရာထူး ဂုဏ်သိန် မြင့်သလို သူတစ်ပါးအား မမြင့်စေချင်ရင် အဲဒါ ဝဏ္ဏမစ္ဆရိယပဲ။

ဓမ္မမစ္ဆရိယဆိုတာကတော့ တရားကျမ်းဂန်စာပေနှင့်စပ်ပြီး ဝန်တိုတာပါပဲ၊ ဒါကတော့ အကျယ်ချဲ့ပြောစရာ မလိုပါဘူး၊ ယခုပြောခဲ့တဲ့ ဣဿာမစ္ဆရိယတို့နှင့် စပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိချင်လျှင် သလ္လေခသုတ် တရားတော်စာအုပ် ဒုတိယတွဲမှာ ကြည့်နိုင်ပါတယ်။

နတ်တွေ လူတွေစသော ကာမဘုံသားတွေဟာ ချမ်းသာစွာနေလိုကြပါလျက် မချမ်းသာဘဲ ဆင်းရဲတွေနဲ့ တွေ့ဆုံနေကြရတာဟာ ဣဿာနဲ့ မစ္ဆရိယကြောင့်ပဲလို့ မြတ်စွာဘုရားရှင်က ဖြေရှင်းဟောကြားတော်မူပါတယ်၊ အဲဒီ ဖြေရှင်းချက်ကို ဒီလို ဆောင်ပုဒ်စီထားပါတယ်။

ကာမဘုံသား၊ နတ်လူများတို့၊ ကောင်းစားပြည့်ဝ၊ ဘေးရန်ပလျက်၊ အေးမြချမ်းသာ - နေလိုပါလဲ၊ ဣဿာမေ စ္ဆ၊ သူရှုပ်ပွေ၍၊ ထင်ခြေမကျ၊ ဆင်းရဲရတည့် - တဲ့။ အဲဒါကို ဆိုကြရမယ်။

ကာမဘုံသား၊ နတ်လူများတို့။ပ။ သူရှုပ်ပွေ၍၊ ထင်ခြေမကျ၊ ဆင်းရဲရတည့်။

ဣဿာ မစ္ဆရိယကြောင့်ဆိုတာ သိကြားမင်းနဲ့လဲ ဆိုင်သည်

ဒီလိုဖြေရှင်းဟောကြားချက်ဟာ သိကြားမင်းနဲ့လဲ တိုက်ရိုက်သက်ဆိုင်နေပါတယ်၊ ဘယ်လိုလဲဆိုတော့ သိကြားမင်းမှာ ပုဗ္ဗနိမိတ်ထင်ပြီး စုတေရတော့မယ်ဆိုတာ သိရတဲ့အခါ မိမိပိုင်ဖြစ်တဲ့ သိကြားမင်းစည်းစိမ်တွေ စွန့်သွားရတော့မယ်ဆိုတာ တွေးကြည့်လိုက်တော့ မိမိ၏နတ်မိဖုရားတွေစသည်ကို သူတစ်ပါးပိုင်ဖြစ်သွားမည့် အရေးတွေးပြီး သည်းမခံနိုင်တဲ့ မစ္ဆရိယကြောင့်လဲ နှလုံးမသာပဲ ဆင်းရဲဖွယ် ရှိပါတယ်၊

နောက်မှ ဖြစ်လာမည့် သိကြားမင်းက မိမိထက်သာသွားမည့် အရေးကိုတွေးပြီး မနာလိုတဲ့ ဣဿာကြောင့်လဲ နှလုံးမသာပဲ ဆင်းရဲဖွယ် ရှိပါတယ်၊ ဒါကြောင့် ချမ်းသာစွာ နေလိုကြပါလျက် ဣဿာမစ္ဆရိယကြောင့် ဆင်းရဲနေကြရတယ် ဆိုတာကို ကိုယ်တွေ့အားဖြင့်လဲ ထင်ရှားသိရတဲ့အတွက် -

ဧဝ မေတံ ဘဂဝါ၊ ဧဝ မေတံ သုဂတ၊ တိဏ္ဏာ မေတ္ထ ကင်္ခါ ဝိဂတာ ကထံကထာ ဘဂဝတောပဥှ ဝေယျာကရဏံ သုတွာ။

ဘဂဝါ - ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊
ဧတံ - ဘုရားတပည့်တော်၏ ထိုအမေးသည်၊
ဧဝံ - မြတ်စွာဘုရား ဖြေကြားသော ဤအဖြေအတိုင်းပင် မှန်ပါပေသည်၊
သုဂတ - ကျိုးရှိဟုတ်မှန် နှစ်တန်သောစကား ကောင်းကိုသာ မြွက်ဆိုတော်မူတတ် ပေသော မြတ်စွာဘုရား၊
ဧတံ - ထိုအမေးသည်၊
ဧဝံ - ဤအဖြေအတိုင်းပင် မှန်ပါပေသည်၊
ဘဂဝတော - မြတ်စွာဘုရား၏၊
ပဥှဝေယျာ ကရဏံ - ပြဿနာ အဖြေကို၊
သုတွာ - ကြားနာရသောကြောင့်၊
ဧတ္ထ - ဤအရာ၌၊
မေ - ဘုရားတပည့်တော်သည်၊
ကင်္ခါ - ယုံမှားကို၊
တိဏ္ဏာ - ကျော်လွန်အပ်ပါပြီ၊
ကထံကထာ - သို့လော သို့လော တွေးတော ခြင်းသည်၊
ဝိဂတာ - ကင်းရှင်းသွားပါပြီလို့ လျှောက်ပါတယ်၊

အဲဒီလို လျှောက်ပြီးတော့ ဒီလိုလဲ ဆက်၍ မေးပြန်ပါတယ်။

ဒုတိယအမေး

ဣဿာမ စ္ဆရိယံ ပန မာရိသ ကိံ နိဒါနံ ကိံ သမုဒယံ ကိံ ဇာတိကံ ကိံ ပဘဝံ၊ ကိ သ္မိံ သတိ ဣဿာမစ္ဆရိယံ ဟောတိ၊ ကိ သ္မိံ အသတိ ဣဿာမ စ္ဆရိယံ န ဟောတိ။

မာရိသ - မြတ်စွာဘုရား၊
ဣဿာမစ္ဆရိယံ ပန - ဣဿာနှင့် မစ္ဆရိယသည်ကား၊
ကိံ နိဒါနံ - အဘယ် (နိဒါန်း) အကြောင်းရှိပါသနည်း၊
ကိံ သမုဒယံ - အဘယ်ဖြစ်ကြောင်းရှိပါသနည်း၊
ကိံ ဇာတိကံ - အဘယ် (ဇာစ်မြစ်) အကြောင်း ရှိပါသနည်း၊
ကိံ ပဘဝံ - အဘယ်အမွန်အကြောင်းရှိပါသနည်း၊

(ပါဠိမှာ အကြောင်းကို နိဒါန၊ သမုဒယ၊ ဇာတိ၊ ပဘဝ စသည်ဖြင့် ဝေါဟာရတွေ ဆယ်ခုရှိတယ်၊ အဲဒီ ဆယ်ခုထဲက ၄ - ခုဖြင့် ထပ်ကာ ထပ်ကာ မေးတာပါပဲ၊ ဗမာလို ဆိုရင်တော့ဘယ်အကြောင်း ရှိပါသလဲ ဘယ်အကြောင်းကြောင့် ဖြစ်ပါသလဲလို့ ဆိုလိုတာပါပဲ။)

ကိသ္မိံ သတိ - အဘယ်အကြောင်းရှိလျှင်၊
ဣဿာမစ္ဆရိယံ - မနာလိုခြင်းနှင့် ဝန်တိုခြင်းသည်၊
ဟောတိ - ဖြစ်ပါသနည်း၊
ကိသ္မိံ - အဘယ်အကြောင်းသည်၊
အသတိ - မရှိလျှင်၊
ဣဿာမစ္ဆရိယံ - မနာလိုခြင်းနှင့် ဝန်တိုခြင်းသည်၊
န ဟောတိ - မဖြစ်ဘဲ ကင်းရှင်းပါသနည်း တဲ့။

သတ္တဝါတွေက ချမ်းသာစွာနေလိုကြပေမယ့် ချမ်းသာစွာ မနေကြရဘဲ ဆင်းရဲ နေကြရတာဟာ မနာလိုမှု ဣဿာနှင့် ဝန်တိုမှုမစ္ဆရိယကြောင့်ဆိုတာသိရတော့ ဆင်းရဲပယ်ချင်ရင် ဆင်းရဲ၏အကြောင်း ဣဿာနဲ့ မစ္ဆရိယကို ပယ်ရလိမ့်မယ်၊ အဲဒီ ဣဿာနဲ့ မစ္ဆရိယကို ပယ်ချင်ရင် အဲဒီဣဿာနဲ့ မစ္ဆရိယတို့၏ အကြောင်းကို ပယ်ရလိမ့်မယ်၊ ဒီလိုအကြောင်းရင်းကို ပယ်လိုက်မှ အကျိုးတရားက လုံးလုံး ကင်းငြိမ်းသွားမယ်၊ ဒါကြောင့် အဲဒီ အကြောင်းကို ပယ်လိုတဲ့အတွက် ဣဿာနဲ့ မစ္ဆရိယ၏ အကြောင်းကို မေးတာပါပဲ။

အဲဒီလို အကျိုးကိုကင်းငြိမ်းစေလိုလျှင် သူ့အကြောင်းကို ရှာပြီး ပယ်ရတယ် ဆိုတာဟာ ဗုဒ္ဓသာသနာတော် အတွင်းကနည်းပဲ၊ အဲဒီလို အကြောင်းကို ပယ်တာဟာ ခြင်္သေ့များ၏ ပယ်ပုံမျိုးပါပဲတဲ့၊ ခြင်္သေ့များဟာ ရန်သူက လေးမြားတို့ဖြင့် ပစ်ခတ်နှိပ်စက်ရင် အကျိုးဖြစ်တဲ့ အဲဒီလေးမြားကို ဖျက်ဆီးဖို့ ကြောင့်ကြမစိုက်ဘူး၊ လေးမြားဖြင့် ပစ်ခတ်တဲ့သူကို ရှာပြီး အဲဒီလူကို ကိုက်သတ်ဖျက်ဆီးဖို့သာ ကြောင့်ကြစိုက်တယ်၊

အဲဒီလေးမြားပစ်ခတ်တဲ့ လူကို ကိုက်သတ်လိုက်ရင် အဲဒီ လေးမြားဘေးရန်မှ ကင်းသွားတော့တာပဲ၊ ဗုဒ္ဓသာသနာတော်တွင်းက နည်းလဲ ဒါမျိုးပါပဲ၊ အကျိုးဖြစ်တဲ့ ဆင်းရဲ ကင်းစေလိုလျှင် သူ့အကြောင်းကို ပယ်နိုင်အောင် ကျင့်ရတယ်၊ သာသနာပက မိစ္ဆာဒိဋ္ဌိနည်းတွေကတော့ ဆင်းရဲကို ကင်းစေလိုလျှင် အဲဒီဆင်းရဲကို ပယ်ဖျက်ဖို့သာ အားထုတ်တယ်၊

အဲဒါကတော့ ခွေးများ၏ ကျင့်ပုံနဲ့တူပါတယ်တဲ့၊ တူပုံကတော့ ခွေးများဟာ လူက ခဲနဲ့တုတ်နဲ့ ပစ်ခတ်ရင် မိမိအားထိခိုက်နာကျင်စေတဲ့ ခဲတို့, တုတ်တို့သာ ကိုက်တယ်၊ အကြောင်းရင်းဖြစ်တဲ့လူကိုတော့ မကိုက်ဘူး၊ အဲဒီတော့ လူက နောက်ထပ်လဲ ခဲတွေ, တုတ်တွေနဲ့ ပစ်ခတ်နိုင်တာပဲ၊ ခဲဘေး, တုတ်ဘေးမှ မကင်းလွတ်နိုင်ဘူးပေါ့။

ဗုဒ္ဓသာသနာတော်မှာတော့ ဆင်းရဲကို ငြိမ်းစေလိုလျှင် ဆင်းရဲကြောင်းကို ပယ်နိုင်အောင် အားထုတ်ရတယ်၊ အဲဒါဟာ ကျွမ်းကျင်တဲ့ ဆေးဆရာက အနာရောဂါ ပျောက်ကင်းအောင် အနာရောဂါ၏အကြောင်းကို ရှာပြီး အဲဒီအကြောင်းကို ပယ်ပျောက်လျက် အနာရောဂါကို ကုသတာနဲ့လဲ တူပါတယ်၊ ဒီလိုအကြောင်းကို ရှာပြီး အကြောင်းကိုပယ်နိုင်အောင် အားထုတ်မှ သူ့အကျိုးဖြစ်တဲ့ ဆင်းရဲက ကင်းငြိမ်းတယ်၊

ဒါကြောင့် သိကြားမင်းကလဲ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဆုံးအမ နည်းလမ်းအရဖြင့် ဆင်းရဲကို ပယ်နိုင်အောင် သတ္တဝါတွေ၏ ဆင်းရဲကြောင်းကို စပြီးမေးခဲ့တယ်၊ အဲဒီ အကြောင်းက ဣဿာနဲ့မစ္ဆရိယ ဖြစ်ကြောင်း သိရတော့ အဲဒီ ဣဿာနဲ့ မစ္ဆရိယကို ပယ်ဖို့ရာ အဲဒါတွေ၏ အကြောင်းကိုလဲ မေးလျှောက် ပြန်ပါတယ်၊ အဲဒီလို အမေးကို မြတ်စွာဘုရားက ဒီလို ဖြေကြားတော်မူပါတယ်။

ဣဿာ မစ္ဆရိယ၏အကြောင်း ဖြေကြားချက်

ဣဿာမစ္ဆရိယံ ခေါ ဒေဝါနမိန္ဒ ပိယာပ္ပိယနိဒါနံ ပိယာပ္ပိယ သမုဒယံ ပိယာပ္ပိယဇာတိကံ ပိယာပ္ပိယပဘဝံ၊ ပိယာပ္ပိယေ သတိ ဣဿာမစ္ဆရိယံ ဟောတိ၊ ပိယာပ္ပိယေ အသတိ ဣဿာမစ္ဆရိယံ န ဟောတိ။

ဒေဝါနမိန္ဒ - နတ်တို့၏အရှင်သိကြားမင်း၊
ဣဿာမစ္ဆရိယံ - မနာလိုခြင်းဝန်တိုခြင်းသည်၊
ပိယာပ္ပိယနိဒါနံ - ချစ်အပ်သော အာရုံပုဂ္ဂိုလ်, မုန်းအပ်သော အာရုံပုဂ္ဂိုလ်လျှင် အကြောင်းရှိ၏၊
ဝါ - ချစ်အပ် မုန်းအပ်သော အာရုံကြောင့်, ပုဂ္ဂိုလ်ကြောင့်ဖြစ်၏၊
ပိယာပ္ပိယေ သတိ - ချစ်အပ် မုန်းအပ်သော အာရုံနှင့် ပုဂ္ဂိုလ်ရှိလျှင်၊
ဣဿာမစ္ဆရိယံ - မနာလိုခြင်း, ဝန်တိုခြင်းသည်၊
ဟောတိ - ဖြစ်၏၊
ပိယာပ္ပိယေ အသတိ - ချစ်အပ် မုန်းအပ်သော အာရုံနှင့် ပုဂ္ဂိုလ်မရှိလျှင်၊
ဣဿာမစ္ဆရိယံ - မနာလိုခြင်း, ဝန်တိုခြင်းသည်၊
န ဟောတိ - မဖြစ်ပေတဲ့။

ယခု ရွတ်ပြခဲ့တဲ့ မြန်မာပြန်အနက်ထဲမှာ နိဒါနနှင့် အရတူတဲ့ သမုဒယ ဇာတိပ ဘဝဆိုတဲ့ပုဒ်အနက်တွေကို ချန်ထားလိုက်ပါတယ်၊ ဟိုးရှေးခေတ်က ပါဠိဝေါဟာရ တွေကတော့ ထပ်တူတွေလဲ ထပ်ကာ ထပ်ကာ အပြည့်အစုံပြောဆိုရတဲ့ အလေ့ ရှိခဲ့တယ်၊ အဲဒါကို ယခုခေတ်အနေနဲ့ ကြည့်လိုက်ရင် အချိန်တွေ အလဟဿ ကုန်နေတယ်လို့ ထင်စရာ ရှိပါတယ်၊ ဒါကြောင့် တချို့ကို ချန်ထားလိုက်တာပါပဲ၊ နောက်ကျတော့ ပါဠိတွေပါ ချန်သင့်တာကို ချန်ထားရမှာပဲ၊

ယခု ဖြေကြားတော်မူခဲ့တဲ့ စကားရပ်ကို ဗမာလို အတိုချုပ်ပြောရရင် သိကြားမင်း မနာလိုခြင်း ဝန်တိုခြင်းဟာ ချစ်စရာနဲ့ မုန်းစရာကြောင့် ဖြစ်တယ်၊ ချစ်စရာနဲ့ မုန်းစရာရှိရင် အဲဒါက ဖြစ်တယ်၊ မရှိရင်တော့ မဖြစ်ဘူး - လို့ ဆိုလိုတာပါပဲ။

ချစ်စရာ - ဆိုတာ ချစ်စရာကောင်းတဲ့ အဆင်း အသံ အနံ့ အရသာ အတွေ့ အစရှိတဲ့ သက်မဲ့အာရုံကောင်းတွေနဲ့ သက်ရှိပုဂ္ဂိုလ်တွေပါပဲ၊ မုန်းစရာ ဆိုတာကလဲ မုန်းစရာ ကောင်းတဲ့ အဆင်း အသံအစရှိတဲ့ သက်မဲ့ အာရုံဆိုးတွေနဲ့ သက်ရှိပုဂ္ဂိုလ် တွေပါပဲ၊ မလိုမုန်းထားတဲ့ ပုဂ္ဂိုလ်မှာ ချစ်စရာ အာရုံကောင်းတွေနဲ့ အခြွေအရံတွေ ပြည့်စုံနေရင် မုန်းတဲ့သူမှာ မနာလိုတဲ့ ဣဿာဖြစ်တယ်၊

ချစ်စရာအာရုံကောင်းတွေဆိုတာ စီးပွားဥစ္စာ ရတနာအသုံးအဆောင် ပစ္စည်းကောင်း တွေပါပဲ၊ မိမိမှာ ပြည့်စုံနေတဲ့ အဲဒီ ချစ်စရာအာရုံကောင်းတွေနဲ့ မိမိချစ်တဲ့ အခြွေအရံပုဂ္ဂိုလ်တွေကို မိမိကမုန်းတဲ့ ပုဂ္ဂိုလ်အား မရစေချင်တဲ့ မနီးစပ်စေချင်တဲ့ အနေဖြင့် ဝန်တိုခြင်း မစ္ဆရိယက ဖြစ်တတ်တယ်၊ အဲဒါဟာ မုန်းတဲ့သူကို အကြောင်း ပြုပြီးဖြစ်တဲ့ မနာလိုမှုပဲ၊ မိမိက ချစ်မြတ်နိုးနေတဲ့ ပစ္စည်းဥစ္စာ အသုံးအဆောင်တွေ အခြွေအရံတွေကိုလဲ အကြောင်းပြုပြီး ဖြစ်တဲ့ မစ္ဆရိယပဲ၊

အဲဒီ ဣဿာနဲ့ မစ္ဆရိယဟာ မုန်းတဲ့သူနဲ့ ချစ်စရာတွေကို မှီပြီး ဖြစ်တာပဲ၊ မုန်းတဲ့သူမဟုတ်လျှင် မနာလိုမှု ဖြစ်ဖွယ်မရှိဘူး၊ ချစ်မြတ်နိုးတဲ့ ပစ္စည်းဥစ္စာတို့ ချစ်မြတ်နိုးတဲ့ မိမိအခြွေအရံတို့ မရှိလျှင်လဲ ဝန်တိုမှု ဖြစ်ဖွယ်မရှိဘူး၊ ဒါကြောင့် မနာလိုမှု ဝန်တိုမှု မဖြစ်စေချင်လျှင် ချစ်မြတ်နိုးတတ်တဲ့ ရာဂနဲ့ မုန်းတတ်တဲ့ ဒေါသကို ပယ်ဖို့ပါပဲ၊ ကိုယ်တွင်းကိုယ်ပ ဘယ်အရာကိုမှ ချစ်လဲ မချစ်ဘူး၊ ဘယ်သူကိုမှ မုန်းလဲ မမုန်းဘူးဆိုရင်တော့ မနာလိုမှု ဝန်တိုမှုဟာ လုံးဝ ကင်းငြိမ်းသွားမှာ သေချာပါတယ်။

မုန်းတတ်တဲ့ ဒေါသကို မပယ်နိုင်ရင်တော့ မုန်းအပ်တဲ့သူ ရှိနေမှာပဲ၊ အဲဒီ မုန်းအပ်တဲ့သူမှာ ချစ်ဖွယ် ပစ္စည်းဥစ္စာ အသုံးအဆောင်တွေ ချစ်ဖွယ် အခြွေအရံတွေ မပြည့်စုံစေချင်တဲ့ မနာလိုမှုလဲ မုန်းတတ်တဲ့သူမှာ ဖြစ်မှာပဲ၊ အဲဒီ မုန်းအပ်တဲ့သူမှာ ကောင်းစားချမ်းသာတာ, ချီးမွမ်းဖွယ်နှင့် ပြည့်စုံတာကို မြင်ရတိုင်း ကြားရတိုင်း သိရတိုင်း မုန်းတတ်တဲ့သူမှာ မနာလိုမှု ဖြစ်နေမှာပဲ၊ ချစ်တတ်တဲ့ရာဂကို မပယ်နိုင်ရင် သက်ရှိ သက်မဲ့ အကောင်းတွေကို ချစ်ခင်မြတ်နိုးနေမှာပဲ၊ မိမိမှာပြည့်စုံနေတဲ့ အဲဒီ ချစ်မြတ်နိုးဖွယ်တွေကို အခြားသူမှာ မပြည့်စုံစေချင်တဲ့ ဝန်တိုမှု, မနီးစပ်စေချင်တဲ့ ဝန်တိုမှုတွေလဲ ထိုက်သည် အားလျော်စွာ ဖြစ်နေမှာပဲ။

ဣဿာဆိုတာ သူတစ်ပါးက ကိုယ့်ထက်သာရင် မနာလိုတာ မနှစ်သက်တာ သဘောမတူ မကြည်ဖြူတာပါပဲ၊ တချို့က ပါဠိဣဿာကို ဗမာအသံထွက်နဲ့ အိတ်သာလို့ယူပြီး ကိုယ့်အိတ်ထက် သူ့အိတ်က သာရင် မနာလိုတာပဲလို့တောင် ကြံကြံဖန်ဖန် ပြောကြသေးတယ်၊

အမှန်ကတော့ အစစအရာရာ ကိုယ့်ထက် သူတစ်ပါးက အကောင်းဘက်မှာ နေရင် မနာလိုတဲ့ သဘောကို ပါဠိလို ဣဿာလို့ဆိုတာပါပဲ၊ ကိုယ်က ချစ်မြတ်နိုးနေတဲ့ သူဆိုရင်တော့ ကိုယ့်ထက်သာပေမယ့် မနာလိုမှု မဖြစ်ပဲ ဝမ်းမြောက်ကြည်ဖြူ သဘောတူ တတ်ပါတယ်၊ ဘယ်လိုလဲဆိုတော့ မိမိက အလွန်ချစ်မြတ်နိုးနေတဲ့ သားကလေး သမီးကလေးဟာ ကိုယ့်ထက်သာနေလဲ မနာလိုခြင်း မရှိတတ်ပါဘူး၊

အဲဒီ သားကလေး သမီးကလေးက ကိုယ့်ထက် လှနေတယ်၊ ကျန်းမာနေတယ်၊ ပညာတတ်နေတယ်၊ ပစ္စည်းဥစ္စာတွေပေါများနေတယ်၊ အခြွေအရံများနေတယ် ဆိုပေမယ့် ချစ်မြတ်နိုးနေတဲ့ မိဘဖြစ်သူက ဝမ်းမြောက်ကြည်ဖြူ သဘောတူနေ တာပါပဲ၊ မနာလိုစိတ် မရှိပါဘူး၊ မလိုမုန်းထားတဲ့ သူက ကိုယ့်ထက် သာတယ် ဆိုရင်တော့ မနာလိုစိတ် ဖြစ်တတ်တယ်၊

ဒါကြောင့် ဣဿာဆိုတဲ့ မနာလိုမှုဟာ မုန်းတဲ့သူကို အကြောင်းပြုပြီးဖြစ်တယ်၊ အဲဒီလို ဖြစ်ရာမှာလဲ မုန်းတဲ့သူမှာ ချစ်ဖွယ်အကောင်းတွေ မိမိထက် ပြည့်စုံတာကို အကြောင်းပြုပြီး ဖြစ်တယ်၊ ဒါကြောင့် ချစ်အပ်တဲ့အရာကိုလဲ အကြောင်းပြုပြီး မနာလိုမှု ဖြစ်တယ်လို့ ဒီလိုလဲ ဆိုရပါတယ်။

မစ္ဆရိယ - ဝန်တိုမှုဆိုတာကတော့ မိမိမှာ ပြည့်စုံနေတဲ့ ချစ်ဖွယ်အကောင်းတွေ သူတစ်ပါးမှာ မပြည့်စုံစေလိုတဲ့ သဘောပါပဲ၊ မိမိမှာ ပြည့်စုံနေတဲ့ ပစ္စည်းဥစ္စာ အသုံးအဆောင်တွေနဲ့ သူတစ်ပါးမှာ မပြည့်စုံစေချင်ဘူး၊ မိမိသုံးစွဲနေတဲ့ ပစ္စည်းကို သူတစ်ပါး မသုံးစွဲစေချင်ဘူး၊ မိမိနဲ့ရင်းနှီးနေသူတွေကို သူတစ်ပါးနဲ့ မရင်းနှီး စေချင်ဘူး၊

ရဟန်းမှာဆိုရင် မိမိ၏ ဒကာ ဒကာမများကို အခြားရဟန်းများထံ မသွားစေချင်ဘဲ ရှိတတ်တယ်၊ မိမိ၏တပည့်က သူတစ်ပါးထံ တပည့်ခံတာလဲ မလိုလားဘဲ ရှိတတ်တယ်၊ လူများမှာတော့ အိမ်ထောင်ဘက် ဖြစ်သူကို အခြားသူတစ်ပါးနဲ့ မနီးစပ်စေချင်ဘဲ ရှိတတ်တယ်၊ အခြားသူနဲ့ ပြုံးရွှင်ပြီး စကားပြောနေတာကိုတောင် မကြိုက်ဘဲရှိတတ်တယ်၊ မိမိပိုင်ပစ္စည်း ဥစ္စာကို ပေးသင့်ပါလျက် သူတစ်ပါးအား ပေးကမ်းရမှာမလိုလားဘဲ ရှိတတ်တယ်၊

အတိုချုပ်အားဖြင့် ပြောရရင် မိမိပိုင်ဆိုင်တဲ့ သက်ရှိသက်မဲ့ ချစ်ဖွယ် ဟူသမျှကို သူတစ်ပါးနှင့် မနီးစပ်မပိုင်ဆိုင်စေချင်တာဟာ ဝန်တိုတဲ့ မစ္ဆရိယပါပဲ၊ အဲဒါဟာ ချစ်ဖွယ်ကိုယ့်ပိုင်နက်နဲ့လဲ စပ်ပြီးဖြစ်တယ်၊ မုန်းဖွယ် အခြားသူနဲ့လဲ စပ်ပြီးဖြစ်တယ်၊ ဒါကြောင့် မစ္ဆရိယတာ ချစ်ဖွယ် မုန်းဖွယ်ကို အကြောင်းပြုပြီး ဖြစ်တယ်လို့ ဟောတော်မူတာပါပဲ။

အဲဒီ အကြောင်းအရာကိုလဲ သိကြားမင်းက ကိုယ်တိုင်တွေ့ အားဖြင့်ပင် သဘော ကျပြီးတော့ ပိယနှင့် အပ္ပိယဆိုတဲ့ ချစ်ဖွယ်နှင့် မုန်းဖွယ်၏ အကြောင်းကိုလဲ ဆက်ပြီး မေးလျှောက်ပြန်ပါတယ်၊ အဲဒီအမေးကို မြတ်စွာဘုရားရှင်က -

ချစ်ဖွယ် မုန်းဖွယ်၏ အကြောင်း ဖြေကြားချက်

ဒေဝါနမိန္ဒ - နတ်တို့၏ အရှင်သိကြားမင်း၊
ပိယာပ္ပိယံ - ချစ်အပ်သောအရာနှင့် မုန်းအပ်သော အရာသည်၊
ဆန္ဒနိဒါနံ - လိုချင်နှစ်သက်တတ်သော တဏှာဆန္ဒလျှင် အကြောင်းရှိ၏၊
ဝါ - တဏှာ ဆန္ဒကြောင့်ဖြစ်၏၊

တဏှာဆန္ဒရှိလျှင် ချစ်အပ် မုန်းအပ်သော အရာရှိ၏၊ တဏှာဆန္ဒမရှိလျှင် ချစ်အပ် မုန်းအပ်သော အရာမရှိပေတဲ့။

ချစ်အပ်သောအရာ - ချစ်ဖွယ်နှင့် မုန်းအပ်သောအရာ - မုန်းဖွယ်ဟာ ဆန္ဒကြောင့် ဖြစ်တယ်၊ ဆန္ဒမရှိလျှင် မဖြစ်ဘူးတဲ့ အဲဒီမှာ ဆန္ဒဆိုတာ လိုလားကာမျှ ကုသိုလ် ဆန္ဒလဲ ရှိတယ်၊ တဏှာ ဆန္ဒလဲရှိတယ်၊ ဒီအရာမှာတော့ သာယာနှစ်သက်လျက် လိုလားသော တဏှာဆန္ဒပါပဲ၊ တဏှာကိုပင် ဆန္ဒလို့ ဆိုတာပါပဲ။

အဲဒီဆန္ဒ က
(၁) ရှာလိုတဲ့ဆန္ဒ၊
(၂) ရလိုတဲ့ဆန္ဒ၊
(三) သုံးစွဲလိုတဲ့ ဆန္ဒ၊
(၄) သိုမှီးထားလိုတဲ့ဆန္ဒ၊
(၅) ပေးစွန့်လိုတဲ့ ဆန္ဒ - လို့ ငါးမျိုးရှိတယ်၊

အဲဒါကို “ရှာ, ရ, သုံးချင်၊ သိမ်း, ပေးချင်၊ ငါးအင်လိုဆန္ဒ” လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

ရှာ, ရ, သုံးချင်, သိမ်း, ပေးချင်, ငါးအင် လိုဆန္ဒ။

၁။ ရှာလိုတဲ့ဆန္ဒဆိုတာ အဆင်း အသံ အနံ့ အရသာ အတွေ့ ဆိုတဲ့ ကာမဂုဏ် အာရုံဝတ္ထုတွေနဲ့ ပစ္စည်းဥစ္စာတွေကို ရှာလို့ အားမရနိုင်အောင် ရှာလိုတဲ့တဏှာပါပဲ၊ ယခု လူတွေကာမဂုဏ်အာရုံတွေရှာ လို့အားမရနိုင်ပဲ တရှာတည်း ရှာနေကြတာဟာ ဒီရှာလိုတဲ့ တဏှာဆန္ဒကြောင့်ပါပဲ၊ ဖြစ်ရာ ဖြစ်ရာဘဝမှာ သေသည်အထိ ဒီ တဏှာဖြင့် ရှာသွားကြရတာပဲ။

၂။ ရလိုတဲ့ဆန္ဒဆိုတာ ကာမဂုဏ်တွေနဲ့ ပစ္စည်းဥစ္စာတွေကို ရလို့ အားမရနိုင်တဲ့ တဏှာပါပဲ၊ မူလက တစ်ခုလောက် ရရင် တော်လောက်ပြီလို့ နှလုံးသွင်းထားပေမယ့် တစ်ခုကို ရပြီးတော့ ၂-ခုရချင်လာတယ်၊ ၂-ခုကို ရပြီးတော့လဲ သုံးခု လေးခု စသည်ဖြင့် တိုးတိုးပြီး လိုချင်လာပြန်တယ်၊ ဘယ်လောက်များများရလို့မှ အားရတယ် လို့မရှိဘူး၊ တိုးတိုးပြီး ရချင်နေပြန်တာပဲ၊ ယခုခေတ်မှာ အလွန်တိုးတက်ကြီးပွားနေတဲ့ နိုင်ငံတွေ၌ ကုဋေသိန်းသန်းများစွာရပြီး ကြွယ်ဝနေကြတဲ့ သေဋ္ဌေးကြီးတွေလဲ ရသမျှနဲ့ အားမရနိုင်ဘဲ ရချင်နေကြတာဟာ ဒီတဏှာကြောင့်ပါပဲ။

၃။ သုံးစွဲလိုတဲ့ ဆန္ဒဆိုတာ ကာမဂုဏ် အာရုံတွေနဲ့ ပစ္စည်းအမျိုးမျိုးတွေကို သုံးစွဲလို့ အားမရနိုင်တဲ့ တဏှာပါပဲ၊ ယခုခေတ်ကာလမှာ ပွဲကြိုက်တဲ့သူတွေဟာ ပွဲကြည့်လို့ အားမရနိုင်ဘူး၊ သီချင်းကြိုက်တဲ့ သူတွေက သီချင်းတွေ နားထောင်လို့ အားမရနိုင်ဘူး၊ အနံ့ကြိုက်တဲ့သူတွေက ပန်းနံ့, ရေမွှေးနံ့ စသည်တွေကို နမ်းရှူလို့ အားမရနိုင်ဘူး၊ အဲဒီလို အနံ့ကောင်းကို အားမရနိုင်အောင် ဆပ်ပြာခဲထဲမှာတောင် အမွှေးနံ့တွေ ထည့်ထားကြတယ်၊ အရသာကောင်း, အတွေ့ကောင်းတွေကို သုံးဆောင်လို့ အားမရတာကတော့ အလွန်ပင် ထင်ရှားနေတာပါပဲ၊ ပစ္စည်း အမျိုးမျိုးတွေ သုံးဆောင်လို့ အားမရနိုင်တာလဲ ထင်ရှားပါတယ်၊ အဲဒါဟာ ဒီတဏှာကြောင့်ပါပဲ။

၄။ သိမ်းထားလိုတဲ့ဆန္ဒဆိုတာ ရွှေ ငွေ ကျောက် ပတ္တမြားစသည်တွေကို သိမ်းထားလို့ အားမရနိုင်တဲ့ တဏှာပါပဲ၊ နောင်အရေးအကြောင်း ရှိတဲ့အခါ ထုတ်ပြီး သုံးဖို့ ရွှေငွေစသည်တွေကို သိုမှီးထားလေ့ရှိကြတယ်၊ ရှေးခေတ်ကတော့ မြေကြီးထဲ မြှုပ်ပြီး သိမ်းထားလေ့ရှိကြတယ်၊ ယခုခေတ်မှာတော့ ဘဏ်တိုက်တွေမှာ သွင်းပြီးတော့ပဲ သိမ်းထား လေ့ရှိကြပါတယ်၊ အဲဒီလို သိမ်းထားရာမှာလဲ မူလက တစ်သောင်းလောက်, တစ်သိန်းလောက် သိမ်းထားရုံနဲ့ တော်လောက်ပြီလို့ စိတ်ရှိခဲ့သော်လဲ နောက်ကျတော့ အဲဒါလောက်နဲ့ အားမရနိုင်ဘဲ သိန်းသန်းများစွာ သိမ်းထားလိုတတ်ကြတယ်၊ အဲဒါဟာ ဒီတဏှာကြောင့်ပါပဲ။

(၅) ပေးစွန့်လိုတဲ့ဆန္ဒဆိုတာ မိမိ၏ အလုပ်ကိစ္စတွေကို ဆောင်ရွက်နေတဲ့ အလုပ်သမားများအား ပေးလိုတဲ့ တဏှာပါပဲ၊ မူလက အလုပ်သမား လေးငါး ယောက်လောက် လခပေးပြီး အလုပ်ကိစ္စဆောင်ရွက်စေရလျှင် တော်လောက် ပါပြီလို့ စိတ်ရှိခဲ့သော်လဲ ကြီးပွားတိုးတက်လာတဲ့ အခါကျတော့ အလုပ်သမား များအား လခပေးဖို့ရာ အကန့်အသတ် မရှိအောင် များပြားလာတတ်တယ်၊ အဲဒါဟာ ပေးစွန့်ရန် အားမရနိုင်တဲ့ ဒီတဏှာကြောင့်ပါပဲ။

ဒီတဏှာဆန္ဒ ငါးပါးကြောင့် ချစ်ဖွယ် မုန်းဖွယ်ဖြစ်လာပုံကတော့ အားမရနိုင်အောင် ရှာမှီးနေရာမှာ အထောက်အပံ့ အကူအညီဖြစ်စေနိုင်တဲ့ အရာတွေနဲ့ ပုဂ္ဂိုလ်တွေကို ချစ်ဖွယ်အဖြစ်ဖြင့် ဒီတဏှာဆန္ဒက အသိအမှတ်ပြုထားတယ်၊ အကျိုးယုတ်စေမည့် အရာဝတ္ထုတွေနဲ့ ပုဂ္ဂိုလ်တွေကိုတော့ မုန်းဖွယ် အဖြစ်ဖြင့် အသိအမှတ်ပြုထားတယ်၊ အဲဒါဟာ ရှာမှီးလိုတဲ့ ဆန္ဒကြောင့် ချစ်ဖွယ် မုန်းဖွယ် ဖြစ်ပုံပဲ။

ရလိုတဲ့ဆန္ဒကြောင့် ချစ်ဖွယ် မုန်းဖွယ်ဖြစ်ပုံကတော့ - ရချင်တဲ့အရာတွေ, ရအောင် အကူအညီဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို ချစ်ဖွယ်လို့ အသိအမှတ်ပြုထားတယ်၊ မရချင်တဲ့ အရာတွေနဲ့ မရအောင် အနှောင့်အယှက်ပြုတဲ့ ပုဂ္ဂိုလ်တွေကို မုန်းဖွယ်လို့ အသိအမှတ် ပြုထားတယ်၊ အဲဒါဟာ ရလိုတဲ့ဆန္ဒကြောင့် ချစ်ဖွယ် မုန်းဖွယ်ဖြစ်ပုံပါပဲ။

သုံးစွဲလိုတဲ့ဆန္ဒကြောင့် ချစ်ဖွယ်မုန်းဖွယ် ဖြစ်ပုံကတော့ - သုံးစွဲလို့ ကောင်းတာတွေနဲ့ သုံးစွဲနိုင်အောင် အကူအညီပေးတဲ့ ပုဂ္ဂိုလ်တွေကို ချစ်ဖွယ်လို့ အသိအမှတ် ပြုထားတယ်၊ သုံးစွဲလို့ မကောင်းတာတွေနဲ့ အခွင့်မရအောင် အနှောင့် အယှက်ပြုတဲ့ ပုဂ္ဂိုလ်တွေကို မုန်းဖွယ်လို့ အသိအမှတ် ပြုထားတယ်၊ အဲဒါဟာ သုံးစွဲလိုတဲ့ ဆန္ဒကြောင့် ချစ်ဖွယ် မုန်းဖွယ် ဖြစ်ပုံပါပဲ။

သိုမှီးလိုတဲ့ ဆန္ဒကြောင့် ချစ်ဖွယ် မုန်းဖွယ် ဖြစ်ပုံကတော့ သိုမှီးထားသင့်တဲ့ အရာ တွေနဲ့ အားပေးကူညီတဲ့ ပုဂ္ဂိုလ်တွေကို ချစ်ဖွယ်လို့ အသိအမှတ်ပြုထားတယ်၊ မသိုမှီးသင့်တဲ့အရာတွေနဲ့ အကျိုးမဲ့ပြုနိုင်တဲ့ ပုဂ္ဂိုလ်တွေကို မုန်းဖွယ်လို့အသိအမှတ် ပြုထားတယ်၊ အဲဒါဟာ သိုမှီးထားလိုတဲ့ ဆန္ဒကြောင့် ချစ်ဖွယ်မုန်းဖွယ် ဖြစ်ပုံပါပဲ။

ပေးစွန့်လိုတဲ့ ဆန္ဒကြောင့် ချစ်ဖွယ် မုန်းဖွယ် ဖြစ်ပုံကတော့ စီးပွားဖြစ်မည့် အလုပ်အကိုင်များနှင့် ကူညီအားပေးနိုင်သည့် ပုဂ္ဂိုလ်များကို ချစ်ဖွယ်လို့ အသိအမှတ် ပြုထားတယ်၊ စီးပွားပျက်မည့်အမှုကိစ္စတွေနှင့် နှောက်ယှက်မည့် ပုဂ္ဂိုလ်များကို မုန်းဖွယ်လို့ အသိအမှတ်ပြုထားတယ်၊ အဲဒါဟာ ပေးစွန့်လိုတဲ့ ဆန္ဒကြောင့် ချစ်ဖွယ် မုန်းဖွယ်ဖြစ်ပုံပါပဲ။

ဒီ တဏှာဆန္ဒ ငါးပါးထဲက သိုမှီးလိုတဲ့ ဆန္ဒနှင့် ပေးစွန့်လိုတဲ့ ဆန္ဒဆိုတာ ၂-ပါး ကတော့ နတ်များနှင့် သက်ဆိုင်ပုံ မရဘူး၊ နတ်များအားဟောတဲ့ တရားထဲမှာ မသက်ဆိုင်တဲ့ အဲဒီဆန္ဒ ၂-ပါးကို နိဒ္ဒေသမှ ယူပြီး အဋ္ဌကထာဆရာက ဘာကြောင့် ပြရပါသလဲလို့ မေးစရာရှိပါတယ်၊ နတ်များနှင့် မဆိုင်သော်လဲ အပြည့်အစုံကို သိထားသင့်သောကြောင့် အဋ္ဌကထာဆရာများက အဲဒီဆန္ဒ ၂-ပါး ကိုလဲ ထည့်သွင်း ဖွင့်ပြတော်မူကြတယ်လို့ မှတ်ယူသင့်ပါတယ်။

မြတ်စွာဘုရား၏ အဲဒီအဖြေအရ ချစ်ဖွယ်နှင့်မုန်းဖွယ်ဟာ တဏှာဆန္ဒကြောင့် ဖြစ်တယ်ဆိုတာကို သဘောကျ နားလည်၍ သာဓုခေါ်ပြီးတော့ အဲဒီဆန္ဒက ဘာ့ကြောင့် ဖြစ်ပါသလဲလို့ မေးလျှောက်ပြန်ပါတယ်၊ အဲဒီအမေးကို မြတ်စွာဘုရား ရှင်က ဒီလို ဖြေရှင်းဟောကြားတော်မူပါတယ်။

ဆန္ဒ၏အကြောင်း ဖြေကြားချက်

▬▬▬▬▬▬▬▬▬▬▬▬

ဒေဝါနမိန္ဒ - နတ်တို့၏အရှင် သိကြားမင်း၊
ဆန္ဒော - လိုချင်နှစ်သက်မှု တဏှာဆန္ဒသည်၊
ဝိတက္ကနိဒါနော - ကြံစည်ဆုံးဖြတ်မှု ဝိတက်လျှင် အကြောင်းရှိ၏၊
ဝါ - ဝိတက်ကြောင့်ဖြစ်၏၊

ဝိတက်ရှိလျှင် လိုချင်နှစ်သက်မှု တဏှာဆန္ဒ ဖြစ်သည်၊ ဝိတက်မရှိလျှင် တဏှာဆန္ဒ မဖြစ်ဘူးတဲ့။

ဒီ ဝိတက္က၏ အဖွင့်အဋ္ဌကထာမှာ ကြံစည်ဆုံးဖြတ်ခြင်းလို့ ဖွင့်ပြထားတယ်၊ အဲဒီ ကြံစည်ဆုံးဖြတ်ခြင်းကလဲ တဏှာဖြင့် ကြံစည်ဆုံးဖြတ်ခြင်း, ဒိဋ္ဌိဖြင့် ကြံစည် ဆုံးဖြတ်ခြင်းလို့ ၂ - မျိုးရှိကြောင်း ပြဆိုထားတတ်၊ ဗမာလို ရှင်းရှင်း ပြောရရင် လိုချင်နှစ်သက်စရာအနေဖြင့် ထင်မြင်တာနဲ့ ပုဂ္ဂိုလ်သတ္တဝါအနေဖြင့် ထင်မြင် တာပါပဲ၊

ဒါကြောင့် မြင်ပြီးလျှင် လိုချင်နှစ်သက်စရာအနေဖြင့် ထင်မြင်တာဟာ တဏှာဖြင့် ကြံစည်ဆုံးဖြတ်မှုပဲ၊ ပုဂ္ဂိုလ်သတ္တဝါအနေဖြင့် ထင်မြင်တာဟာ ဒိဋ္ဌိဖြင့်ကြံစည် ဆုံးဖြတ်မှုပဲ၊ ထို့အတူပင် ကြားပြီးလျှင်နံသိပြီးလျှင် စားသိပြီးလျှင် ထိသိပြီးလျှင် ကြံသိပြီးလျှင် လိုချင်နှစ်သက်စရာ အနေဖြင့် ထင်မြင်တာဟာ တဏှာဖြင့် ကြံစည်ဆုံးဖြတ်မှုပဲ၊ ပုဂ္ဂိုလ်သတ္တဝါအနေဖြင့် ထင်မြင်တာဟာ ဒိဋ္ဌိဖြင့်ကြံစည် ဆုံးဖြတ်မှုပဲ၊ မြင်ခိုက် ကြားခိုက် စသည်၌ မရှုမမှတ်နိုင်ရင် ဒီကြံစည် ဆုံးဖြတ်မှု ဖြစ်တော့တာပဲ၊ ဒီကြံစည်ဆုံးဖြတ်မှုဖြစ်ရင် လိုချင်နှစ်သက်မှု ဆန္ဒကလဲ ဖြစ်တော့တာပဲ။

ဒါကြောင့် အဲဒီ ဖြေရှင်းဟောကြားချက်ကို သဘောကျနားလည်ပြီးတော့ အဲဒီ ကြံစည်ဆုံးဖြတ်မှု ဝိတတ်က ဘာ့ကြောင့် ဖြစ်ပါသလဲလို့ သိကြားမင်းက မေးလျှောက်ပြန်ပါတယ်၊ အဲဒီ အမေးကို မြတ်စွာဘုရားရှင်က ဒီလို ဖြေကြားတော် မူပါတယ်။

ဝိတက်၏အကြောင်း ဖြေကြားချက်

▬▬▬▬▬▬▬▬▬▬▬▬▬

ဒေဝါနမိန္ဒ - နတ်တို့၏ အရှင်သိကြားမင်း၊
ဝိတက္ကော - ကြံစည်ဆုံးဖြတ်မှုသည်၊
ပပဉ္စသညာ သင်္ခါနိဒါနော - ပပဉ္စ သညာတရားအဖို့လျှင် အကြောင်းရှိ၏၊
ဝါ - ပပဉ္စသညာ တရားအဖို့ကြောင့်ဖြစ်သည်၊

ပပဉ္စသညာ တရားအဖို့ရှိလျှင် ကြံစည် ဆုံးဖြတ်မှုဖြစ်သည်၊ မရှိလျှင် မဖြစ်ဘူးလို့ ဖြေရှင်းဟောကြားတော်မူပါတယ်။

ပပဉ္စဆိုတာက ချဲ့တယ်လို့ အနက်ရှိတယ်၊ သညာ ဆိုတာက မှတ်သားတယ်လို့ အနက်ရှိတယ်၊ ဒါကြောင့် ပပဉ္စသညာဆိုတာ ချဲ့ဖို့ မှတ်သားတဲ့ သဘောတရားလို့ အနက်ရတယ်၊ အဲဒီ ချဲ့ဖို့ မှတ်သားမှု ပပဉ္စသညာဟာ တဏှာရယ်, မာနရယ် ဒိဋ္ဌိရယ် - ဒီလို သုံးမျိုးရှိတယ်၊ အဲဒီသုံးမျိုးကို “ဒိဋ္ဌိ တဏှာ, မာနပါ, သုံးဖြာပပဉ္စ”လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

ဒိဋ္ဌိ တဏှာ, မာနပါ, သုံးဖြာ ပပဉ္စ။

ဆောင်ပုဒ်လင်္ကာမှ ကာရန်ရအောင်လို့ ဒိဋ္ဌိမှစပြီး စီထားတာပါ၊ ဒေသနာ အစဉ်အားဖြင့်တော့ တဏှာ မာန ဒိဋ္ဌိ - လို့ မှတ်ကြရမယ်၊ မြင်ပြီးလျှင်၊ ကြားပြီးလျှင်၊ တွေ့ပြီးလျှင် သိပြီးလျှင် ချက်ချင်း ရှုမှတ်ပြီး မသိနိုင်တဲ့သူမှာ အဲဒီနယ်ချဲ့တရား သုံးပါးထဲက တစ်ပါးပါးဖြစ်တော့တာပဲ၊ မြင်ရ ကြားရ တွေ့ရ သိရတာကို သာယာနှစ်သက်ပြီး ပုံကြီးချဲ့ဖို့ရာ၊ သို့မဟုတ် မာန်ထောင်လွှာပြီး ပုံကြီးချဲ့ဖို့ရာ၊ သို့မဟုတ် ပုဂ္ဂိုလ်သတ္တဝါအနေဖြင့် အမြင်မှားပြီး ပုံကြီးချဲ့ဖို့ရာ အဆင်သင့် မှတ်စွဲထားပြီး ဖြစ်နေတော့တာပဲ၊ ဥပမာအားဖြင့် ဓာတ်ပုံကလေး ရိုက်ကူးပြီးရ ဒါကို ပုံကြီးချဲ့ဖို့ အဆင်သင့်ဖြစ်နေတာလိုပါပဲ။

အကြောင်းအကျိုး အဆက်ဆက်ဖြစ်ပုံ

▬▬▬▬▬▬▬▬▬▬▬▬▬

မြင်ဆဲခဏတုန်းက အဆင်းမျှကိုသာ မြင်ရတယ်၊ အဲဒါကို ပြန်လည်ဆင်ခြင်သော အားဖြင့် တဏှာကသာယာ နှစ်သက်ဖွယ် အနေနဲ့ ပုံကြီးချဲ့ဖို့ အဆင်သင့် စွဲမှတ်ထားတယ်၊ မာနကလဲ ဂုဏ်ယူပြီး မာန်တက်ဖွယ်အနေနဲ့ ပုံကြီးချဲ့ဖို့ အဆင်သင့် စွဲမှတ်ထားတယ်၊ ဒိဋ္ဌိကလဲ အသက်ရှင်နေတဲ့ အတ္တကောင်အနေနဲ့ ပုံကြီးချဲ့ဖို့ အဆင်သင့် စွဲမှတ်ထားတယ်။

ဒါကြောင့် နောက်ကာလ၌ အဲဒီ မြင်ရတာကို ပြန်လည်ဆင်ခြင်တိုင်း လိုချင်နှစ်သက် စရာအနေနဲ့ ကြံစည်ဆုံးဖြတ်မှု ဝိတက် ဖြစ်ပွားတယ်၊ မာန်တက်စရာအနေနဲ့လဲ ကြံစည်ဆုံးဖြတ်မှု ဝိတက် ဖြစ်ပွားတယ်၊ အတ္တကောင်အနေနဲ့လဲ အထင် အမြင်မှားပြီး ကြံစည်ဆုံးဖြတ်မှု ဖြစ်ပွားတယ်၊ အဲဒီ ကြံစည်ဆုံးဖြတ်မှုကြောင့် လိုချင်နှစ်သက်တဲ့ ဆန္ဒဖြစ်တယ်၊

အဲဒီဆန္ဒကြောင့် ချစ်ဖွယ် မုန်းဖွယ်လို့ ထင်ရတယ်၊ အဲဒီ ချစ်ဖွယ် မုန်းဖွယ် ထင်သောကြောင့် ဣဿာမစ္ဆရိယ ဖြစ်တယ်၊ အဲဒီ ဣဿာမစ္ဆရိယကြောင့် သတ္တဝါတွေမှာ မိမိတို့အလိုမကျဘဲ ဆင်းရဲနေကြရတယ်၊ ကြားဆဲခဏစသည်မှာလဲ နည်းတူပါပဲ၊ ဒါဟာ ပပဉ္စသညာမှ ဆင်းရဲကြရသည်အထိ အကြောင်းအကျိုး အဆက်ဆက် အစဉ်ပါပဲ၊ အဲဒါကို -

ကာမဘုံသား, နတ်လူများတို့,
ကောင်းစားပြည့်ဝ, ဘေးပ-လျက်,
အေးမြချမ်းသာ, နေလိုပါလဲ,
ဣဿာမစ္ဆေ, သူရှုပ်ပွေ၍,
ထင်ခြေမကျ, ဆင်းရဲရတည့်,
မူလဇာစ်မြစ်, သူ့ကြောင်းစစ်သော်,
မုန်းချစ်အပ်သား, အာရုံများနှင့်,
လိုလားတလီ, ကြံစည်တတန်,
ချဲ့ရန်မှတ်စွဲ, ခြေတည်လွဲ၍,
ဆင့်ကဲဆင့်ကာ, ဖြစ်ရိုးပါတည့် -

လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

ကာမဘုံသား, နတ်လူများတို့,
ကောင်းစားပြည့်ဝ, ဘေးပ-လျက်,
အေးမြချမ်းသာ, နေလိုပါလဲ,
ဣဿာမစ္ဆေ, သူရှုပ်ပွေ၍,
ထင်ခြေမကျ, ဆင်းရဲရတည့်,
မူလဇာစ်မြစ်, သူ့ကြောင်းစစ်သော်,
မုန်းချစ်အပ်သား, အာရုံများနှင့်,
လိုလားတလီ, ကြံစည်တတန်,
ချဲ့ရန်မှတ်စွဲ, ခြေတည်လွဲ၍,
ဆင့်ကဲဆင့်ကာ, ဖြစ်ရိုးပါတည့် -

အဲဒီမှာ အကြောင်းအကျိုး အဆက်ဆက်ဖြစ်ပုံက ပပဉ္စသညာကြောင့် ကြံစည်မှု - ဝိတက်ဖြစ်သည်၊ အဲဒီ ဝိတက်ကြောင့် လိုလားတဲ့ ဆန္ဒဖြစ်သည်၊ အဲဒီဆန္ဒကြောင့် ချစ်စရာ မုန်းစရာ အာရုံတွေရှိရသည်၊ အဲဒီ ချစ်စရာ မုန်းစရာတွေကြောင့် ဣဿာ၊ မစ္ဆရိယ ဖြစ်ရသည် အဲဒီ ဣဿာမစ္ဆရိယကြောင့် ဆင်းရဲဒုက္ခ ရောက်နေကြသည် - ဆိုတာ ထင်ရှားတွေ့ရတယ်၊ ဒါကြောင့် ဆင်းရဲဒုက္ခ လုံးဝကင်းချင်ရင် မူလ အကြောင်းဖြစ်တဲ့ ပပဉ္စ - သညာကို ပယ်နိုင်အောင် ကျင့်ရမယ်ဆိုတာလဲ ထင်ရှား နေပါတယ်၊ အဲဒီအကြောင်းကို မှတ်သားရအောင် လိုက်ဆိုကြရမယ်။

အကြောင်းအကျိုး အဆက်ဆက် ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬▬▬▬▬

ချဲ့နိုင်အောင် မှတ်စွဲထားမိ၍ ကြံစည်နိုင်သည် ကြံစည်မိ၍ လိုလားနှစ်သက်သည်၊ လိုလားနှစ်သက်၍ ချစ်စရာ မုန်းစရာ ရှိရသည်၊ ချစ်စရာ မုန်းစရာတွေရှိနေ၍၊ မနာလိုမှု ဝန်တိုမှုများ ဖြစ်ပေါ်လာသည်၊ မနာလိုမှု ဝန်တိုမှုများရှိနေ၍ ဘေးရန် မကင်းဘဲ ဆင်းရဲဒုက္ခရောက်နေကြရသည်၊ သို့ဖြစ်၍ ဆင်းရဲဒုက္ခ မုချကင်းလိုလျှင် ချဲ့နိုင်အောင် မှတ်စွဲထားမှု (ပပဉ္စသညာ) ချုပ်ငြိမ်းသွားအောင် ကျင့်ရမည်။

အဲဒီ ပပဉ္စသညာ ချုပ်ငြိမ်းပါမှ ဆင်းရဲငြိမ်းမယ်ဆိုတာကို သိကြားမင်းက သဘောပေါက် သိနားလည်ပြီးတော့ အဲဒီ ပပဉ္စသညာချုပ်ငြိမ်းအောင် ဘယ်လို ကျင့်ရပါမည်လဲ ဆိုတာကို ဒီလို မေးလျှောက်ပါတယ်။

ပပဉ္စသညာ ချုပ်ငြိမ်းအောင် ကျင့်ပုံအမေး

▬▬▬▬▬▬▬▬▬▬▬▬▬

မာရိသ - မြတ်စွာဘုရား၊
ဘိက္ခု - သံသရာဘေးကို မြင်၍ သံသရာဘေးမှ လွတ်မြောက်ရန် ကျင့်နေသော ရဟန်းသည်၊
ကထံပဋိပန္နော - အဘယ်သို့ကျင့်လျှင်၊
ပပဉ္စသညာသင်္ခါနိရောဓသာရုပ္ပဂါမိနိံ ပဋိပဒံ - ပပဉ္စသညာ ချုပ်ခြင်းနှင့် သင့်လျော်၍
ထိုချုပ်ခြင်းသို့ ဆိုက်ရောက်သော အကျင့်ကို၊
ဝါ - ဆိုက်ရောက်စေနိုင်သော အကျင့်ကို၊
ပဋိပန္နော - ကျင့်သည်၊
ဟောတိ - ဖြစ်ပါသနည်း အရှင်ဘုရား

လို့ မေးလျှောက်ပါတယ်။

ဆိုလိုရင်းကတော့ တဏှာ မာန ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားတို့ကိို ချုပ်ငြိမ်းစေနိုင်တဲ့ အကျင့်ကဘယ်လိုဟာပါလဲ၊ ဘယ်လိုကျင့်ရင် အဲဒီ ပပဉ္စတရားတွေ ချုပ်ငြိမ်း ပါသလဲလို့ ဆိုလိုတာပါပဲ၊ အဲဒီမေးခွန်းဖြင့် ဝိပဿနာနှင့် အရိယမဂ်ကို မေးကြောင်း အဋ္ဌကထာက ဖွင့်ပြထားတယ်၊ အဲဒီအမေးပြဿနာကို မြတ်စွာဘုရားရှင်က ဒီလို ဖြေကြားတော်မူပါတယ်။

ဝိပဿနာနှင့် အရိယမဂ်
အကျင့်ကို ဟောတော်မူပုံ

▬▬▬▬▬▬▬▬▬

သောမနဿံပါဟံ ဒေဝါနမိန္ဒ ဒုဝိဝေန ဝဒါမိ သေဝိတဗ္ဗံပိ အသေဝိတဗ္ဗံပိ၊ ဒေါမနဿံပါဟံ ဒေဝါနမိန္ဒ ဒုဝိဓေန ဝဒါမိ သေဝိတဗ္ဗံပိ အသေဝိတဗ္ဗံပိ။ ဥက္ခေပါဟံ ဒေဝါနမိန္ဒ ဒုဝိဝေန ဝဒါမိ သေဝိတဗ္ဗံပိ အသေဝိတဗ္ဗံပိ။

ဒေဝါနမိန္ဒ - နတ်တို့၏ အရှင်သိကြားမင်း၊
သောမနဿံပိ - ဝမ်းသာမှုကိုလည်း၊
အဟံ - ငါသည်၊
ဒုဝိဓေန ဝဒါမိ - နှစ်ပါးအပြားအားဖြင့် ဟောသည်၊
သေဝိတဗ္ဗံပိ - မှီဝဲအပ်သည်ကိုလည်း ဟောသည်၊
အသဝိတဗ္ဗံပိ - မမှီဝဲအပ်သည်ကိုလည်း ဟောသည် တဲ့၊

ဝမ်းသာတာကိုလဲ မှီဝဲအပ် မှီဝဲကောင်းတာက တစ်မျိုး၊ မမှီဝဲအပ် မမှီဝဲကောင်း တာကတစ်မျိုး၊ ဒီလို နှစ်မျိုးခွဲခြားပြီး ဟောတယ်လို့ ဆိုလိုပါတယ်၊ နောက်ပြီးတော့ -

ဒေဝါနမိန္ဒ - သိကြားမင်း၊
ဒေါမနသဿံပိ - နှလုံးမသာမှုကိုလည်း၊
အဟံ - ငါသည်၊
ဒုဝိဓေနဝဒါမိ - နှစ်ပါး အပြားအားဖြင့် ဟောသည်၊
သေဝိတဗ္ဗံပိ - မှီဝဲအပ်သည်ကိုလည်း ဟောသည်၊
အသေဝိသဝိတဗ္ဗံပိ - မမှီဝဲအပ်သည်ကိုလည်း ဟောသည် တဲ့၊

နှလုံးမသာတာကိုလဲ မှီဝဲအပ် မှီဝဲကောင်းတာက တစ်မျိုး၊ မမှီဝဲအပ် မမှီဝဲကောင်း တာကတစ်မျိုး၊ ဒီလို နှစ်မျိုးခွဲခြားပြီး ဟောတယ်လို့ ဆိုလိုတာပါပဲ၊ နောက်ပြီးတော့ -

ဒေဝါနမိန္ဒ - သိကြားမင်း၊
ဥပေက္ခံပိ - ဝမ်းသာ, မသာအလယ်အလတ် ဥပေက္ခာကိုလည်း၊
အဟံ - ငါသည်၊
ဒုဝိဓေနဝဒါမိ - နှစ်ပါးအပြားအားဖြင့် ဟောသည်၊
သေဝိတဗ္ဗံပိ - မှီဝဲအပ်သည်ကိုလည်း ဟောသည်၊
အသေဝိတဗ္ဗံပိ - မမှီဝဲအပ်သည်ကိုလည်း ဟောသည်တဲ့၊

ဝမ်းသာတာလဲမဟုတ်၊ နှလုံးမသာတာလဲ မဟုတ်၊ အလယ်အလတ် ဥပေက္ခာဝေဒနာ ဆိုတာ ရှိတယ်၊ အဲဒါကတော့ ဝမ်းသာတာလို့, နှလုံးမသာတာလို့ မထင်ရှားဘူး၊ ဒါပေမယ့် များသောအားဖြင့် အဲဒီ ဥပေက္ခာဝေဒနာ ဖြစ်နေတဲ့ အချိန် ကာလက အများဆုံးပါပဲ၊

ဝမ်းသာတဲ့ အနေ နှလုံးမသာတဲ့ အနေဖြင့် စိတ်ထဲမှာ မထင်ရှားရင် အဲဒီအခိုက်မှာ ဥပေက္ခာဝေဒနာဖြစ်နေတာပဲ၊ အဲဒီ ဥပေက္ခာကိုလဲ မှီဝဲအပ် မှီဝဲကောင်းတာက တစ်မျိုး၊ မမှီဝဲအပ် မမှီဝဲကောင်းတာက တစ်မျိုး၊ ဒီလို နှစ်မျိုးခွဲခြားပြီး ဟောတယ်လို့ ဆိုလိုတာပါပဲ။

အဲဒီ အမေးအဖြေနှင့်စပ်ပြီး ဆောင်ပုဒ်စီထားတယ်၊ အဲဒါတွေကို ရွတ်ဆိုပြီး အတိုချုပ် ရှင်းပြသွားမယ်၊ အမေးအတွက် ဆောင်ပုဒ်က - “ဘယ်သို့ကျင့်က, ပပဉ္စ, လုံးဝ ချုပ်သနည်း” တဲ့၊ အဲဒါကို ဆိုကြရမယ်။

ဘယ်လိုကျင့်က, ပပဉ္စ, လုံးဝချုပ်သနည်း။

ဒါက သိကြားမင်းက မေးလျှောက်ပုံပဲ၊ ဘယ်လိုကျင့်ရင် ပပဉ္စတရား လုံးဝ ချုပ်ငြိမ်းပါသတဲ့၊ ပပဉ္စတရား ချုပ်ငြိမ်းအောင် ဘယ်လိုကျင့်ရပါသလဲလို့ မေးလျှောက်တယ်၊ အဲဒီ အမေးဖြင့် ဝိပဿနာနှင့် အရိယမဂ်အကျင့်ကို မေးကြောင်း အဋ္ဌကထာက ဖွင့်ပြထားတယ်ဆိုတာကို ရှေ့နားကပြောခဲ့ပြီ၊ အဲဒါကိုလဲ အထူး သတိပြုကြရမယ်၊

နောက်ပြီးတော့ ဝေဒနာသုံးမျိုးကို မှီဝဲသင့် မမှီဝဲသင့်အားဖြင့် ၂ - ပါးစီ - ခွဲခြားပြီး ဟောကြောင်း မြတ်စွာဘုရားက ဖြေကြားတော်မူတယ်၊ အဲဒီအဖြေကို ဆောင်ပုဒ် ၄ - ပုဒ် စီထားတယ်၊ အဲဒါကို လိုက်ဆိုကြရမယ်။

မှီဝဲသင့်တာ, မသင့်တာ, ဝမ်းသာနှစ်မျိုးတည်း။

သောမနဿဆိုတဲ့ ဝမ်းသာမှုကို မှီဝဲသင့်တာနှင့် မမှီဝဲသင့်တာ အားဖြင့် နှစ်မျိုးခွဲခြားပြီး ဟောထားတယ်လို့ ဆိုလိုပါတယ်၊ ဒုတိယဆောင်ပုဒ်ကို ဆိုကြရမယ်။

နှလုံးမသာ, ဥပေက္ခာ, ခွဲပါနည်းတူတည်း။

ဒေါမနဿ ဆိုတဲ့ နှလုံးမသာတာရယ်၊ ဥပေက္ခာ ဆိုတဲ့ အလယ်အလတ် ခံစားမှုရယ်၊ အဲဒီ ဝေဒနာ ၂ - ပါးကိုလဲ သောမနဿလိုပင် မှီဝဲသင့်တာနှင့် မမှီဝဲသင့်တာ ၂ - မျိုး စီပင် နည်းတူ ခွဲပြီးသိပါလို့ ဆိုလိုပါတယ်၊ အဲဒါဟာ ယခုရွတ်ပြခဲ့ပြီး ဖြေကြားချက်အတွက် ဆောင်ပုဒ် ၂-ပုဒ်ပါပဲ၊

နောက်ပြီးတော့ မှီဝဲသင့်တာ မမှီဝဲသင့်တာကို အကျယ်ဝေဖန်ပြတဲ့ စကားတော် များလဲ ရှိပါသေးတယ်၊ အဲဒါတွေကို တော်တော် ကြာမှ ရွတ်ပြပြီး ဟောရမယ်၊ ယခု အဲဒီအကျယ် ဝေဖန်ချက်အတွက်နှင့် နိဂုံးချုပ်အတွက် ဆောင်ပုဒ် ၂-ခုကို ဆိုကြရမယ်။

အကုသိုလ်များ, ပယ်ရှောင်ရှား, ကုပွားမှီဖို့တည်း။

ဝမ်းသာတာ ဖြစ်ဖြစ်၊ နှလုံးမသာတာ ဖြစ်ဖြစ်၊ ဥပေက္ခာဖြစ်ဖြစ်၊ အကုသိုလ်ဖြစ်ပွား စေတတ်တဲ့ ဝေဒနာကို ရှောင်ရမယ်၊ မမှီဝဲရဘူး၊ ကုသိုလ်ဖြစ်ပွားစေတတ်တဲ့ ဝေဒနာကို မှီဝဲရမယ်တဲ့။ ဒါဟာ မှီဝဲသင့် မမှီဝဲသင့် ဆိုတာ သိဖို့ အကျယ်ဖွင့်ပြတဲ့ စကားပါပဲ၊ ယခု နိဂုံးချုပ်အတွက် ဆောင်ပုဒ်ကို ဆိုကြရမယ်။

ဤသို့ကျင့်က, ပပဉ္စ, လုံးဝချုပ်သတည်း။

ယခုပြောခဲ့တဲ့အတိုင်း မမှီဝဲသင့်တာကို ရှောင်ဖယ်ပြီးတော့ မှီဝဲသင့်တာကို မှီဝဲရင် ပပဉ္စတရားတွေ လုံးဝ ချုပ်ငြိမ်း ကင်းပြတ်သွားပါလိမ့်မယ်တဲ့၊ အဲဒါဟာ အဖြေ စကားတော်ပဲ၊ အမေးက ဝိပဿနာနှင့် အရိယမဂ်အကျင့်ကို မေးတယ်လို့ အဋ္ဌကထာ အဆိုအရအားဖြင့် မမှီဝဲသင့်တဲ့ ဝေဒနာကို ရှောင်ပယ်ပြီး မှီဝဲသင့်တဲ့ ဝေဒနာကို မှီဝဲတာဟာ ဝိပဿနာအကျင့်နှင့် မဂ်အကျင့်ဖြစ်တယ်လို့ ဆိုရမှာပဲ၊

ဒါလောက်နဲ့တော့ ရုပ်နာမ် အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တ ဆိုတာတွေသိတဲ့ ဝိပဿနာဟာ ဘယ်လိုဖြစ်တယ်၊ ဘယ်လိုရှုရတယ်ဆိုတာ သိနားလည်ဖို့ မလွယ် ပါဘူး၊ ခက်ပါတယ်၊ ဒါပေမယ့် သိကြားမင်း နှင့်တကွ ဟိုတုန်းက ပုဂ္ဂိုလ်တွေကတော့ နားလည်နိုင်လို့ ဒီလိုဟောကြားတော်မူတယ်လို့ ဆိုရမှာပဲ။

ယခု မှီဝဲသင့်တာနဲ့ မမှီဝဲသင့်တာ ဖွင့်ပြပုံ ပါဠိတော်ကို ရွတ်ဆိုဟောပြမယ်၊ ပထမ စကားတစ်ရပ်ကိုတော့ မူရင်းအတိုင်း အာရုံပြုနိုင်အောင် အပြည့်အစုံပဲ ရွတ်ပြ ဟောကြားပါမယ်။

မှီဝဲသင့် - မမှီဝဲသင့်
သောမနဿ အကျယ်ပြဆိုချက်

▬▬▬▬▬▬▬▬▬▬▬

“သော မနဿံပါဟံ ဒေဝါနမိန္ဒ ဒုဝိဓေန ဝဒါမိ သေဝိတဗ္ဗံ အသေဝိတဗ္ဗံပီ”တိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ ကိေဉ္စတံ ပဋိစ္စ ဝုတ္တံ။ တတ္ထ ယံ ဇညာ သောမနဿံ “ဣမံ ခေါ မေ သောမနဿံ သေဝတော အကုသလာ ဓမ္မာ အဘိဝဍ္ဎန္တိ၊ ကုသလာ ဓမ္မာ ပရိဟာယန္တီ” တိ၊ ဧဝရူပံ သောမနဿံ န သေဝိတဗ္ဗံ။ တတ္ထ ယံ ဇညာ သောမနဿံ “ဣမံ ခေါ မေ သောမနဿံ သေဝတော အကုသလာ ဓမ္မာ ပရိဟာယန္တိ၊ ကုသလာ ဓမ္မာ အဘိဝဍ္ဎန္တီ” တိ၊ ဧဝရူပံသောမနဿံ သေဝိတဗ္ဗံ။ တတ္ထ ယံ စေ သဝိတက္ကံ သဝိစာရံ၊ ယံ စေ အဝိတက္ကံ အဝိစာရံ၊ ယေ အဝိတက္ကေ အဝိစာရေ၊ တေ ပဏီတတရေ။ “သောမနဿံပါဟံ ဒေဝါနမိန္ဒ ဒုဝိဓေန ဝဒါမိ သေဝိတဗ္ဗံပိ အသေပိ တဗ္ဗံပီ” တိ ဣတိ ယံ တံ ဝုတ္တံ၊ ဣဓမေတံ ပဋိစ္စ ဝုတ္တံ။

ဒေဝါနမိန္ဒ - သိကြားမင်း၊
သောမနဿံပိ - ဝမ်းသာမှုကိုလည်း၊
အဟံ - ငါသည်၊
ဒုဝိဓေန ဝဒါမိ - နှစ်ပါးအပြားအားဖြင့်ဟောသည်၊
သေဝိတဗ္ဗံပိ - မှီဝဲအပ်သည်ကိုလည်း ဟောသည်၊
အသေဝိတဗ္ဗံပီတိ - မမှီဝဲအပ်သည်ကိုလည်း ဟောသည်ဟူ၍၊
ဣတိ ခေါ - ဤသို့လျှင်၊
ဧတံ - ထိုအကျင့်နည်းပြစကားကို၊
ဝုတ္တံ - ဟောတော်မူခဲ့ပြီ၊
ဧတံ - ထိုအကျင့်နည်းပြစကားကို၊
ကိဉ္စပဋိစ္စ - အဘယ်အနက်ကို စွဲမှီရည်ရွယ်၍၊
ဝုတ္တံ - ဟောအပ်ခဲ့ပါသနည်း ဆိုလျှင်၊
တတ္ထ - ထိုဝမ်းသာမှုတို့တွင်၊
ယံ သောမနဿံ - အကြင်ဝမ်းသာမှုကို၊
ဇညာ - သိရငြားအံ့၊
(ဘယ်လို သိရမှာလဲဆိုတော့)

ဣမံသော မနဿံ - ဤဝမ်းသာမှုကို၊
သေဝတော - မှီဝဲသော၊
မေ - ငါ့အား၊
အကုသလာ ဓမ္မာ အဘိဝဍ္ဎန္တိ - အကုသိုလ်တရားတို့ တိုးပွားကုန်၏၊
ကုသလာ ဓမ္မာ ပရိဟာယန္တိ - ကုသိုလ်တရားလို့ ဆုတ်ယုတ်ကုန်၏၊
ဣတိ - ဤသို့ သိရငြားအံ့၊
ဧဝရူပံ သောမနဿံ - ဤသို့သော ဝမ်းသာမှုကို၊
နသေဝိတဗ္ဗံ - မမှီဝဲအပ်၊
တတ္ထ - ထိုဝမ်းသာမှုတို့တွင်၊
ယံ သော မနဿံ - အကြင်ဝမ်းသာမှုကို၊
ဇညာ - သိရငြားအံ့၊
(သိပုံကတော့)

ဣမံ သောမနဿံ - ဤဝမ်းသာမှုကို၊
သေဝတော - မှီဝဲသော၊
မေ - ငါ့အား၊
အကုသလာဓမ္မာ ပရိဟာယန္တိ - အကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏၊
ကုသလာ ဓမ္မာ အဘိဝဍ္ဎန္တိ - ကုသိုလ်တရားတို့ တိုးပွားကုန်၏၊
ဣတိ - ဤသို့ သိရငြားအံ့၊
ဧဝရူပံ သောမနဿံ - ဤသို့သော ဝမ်းသာမှုကို၊
သေဝိသဗ္ဗံ - မှီဝဲအပ်၏၊
တတ္ထ - ထိုဝမ်းသာမှုတို့တွင်၊
ဝါ - ထိုမှီဝဲအပ်သော ဝမ်းသာမှုတို့တွင်လည်း၊
ယံစေသဝိတက္တံ သဝိစာရံ - ကြံမှုလဲရှိ ဆင်ခြင်မှုလဲ ရှိသော အကြင်ဝမ်းသာမှုလဲ ရှိ၏၊
(စေ-ကား အနက်ထူး မရှိ နိပါတ်မျှသာဟု ဋီကာ၌ ဆို၏၊)

ယံ စေ အဝိတက္ကံ အဝိစာရံ - ကြံမှုလဲမရှိ ဆင်ခြင်မှု လဲမရှိသော အကြင်ဝမ်းသာမှုလဲ ရှိ၏၊
(တတ္ထ - ထို ၂-ပါးတို့တွင်)
ယေ အဝိတက္ကေ အဝိစာရေ - ကြံမှုလဲမရှိ ဆင်ခြင်မှု လဲမရှိသောအကြင် ဝမ်းသာမှု ရှိ၏၊
တေ - ထိုဝမ်းသာမှုသည်၊
ပဏီတတရေ - သာ၍ မြတ်ပေသည်၊
“သောမန ဿံပါဟံ ဒေဝါနမိန္ဒ။ပ။ အသေဝိတဗ္ဗံပီ” တိ - သိကြားမင်း ဝမ်းသာမှုကို ငါသည် နှစ်ပါးအပြားအားဖြင့် ဟောသည် မှီဝဲအပ်သည်ကိုလဲ ဟောသည်၊ မမှီဝဲအပ်သည်ကိုလည်း ဟောသည်ဟူ၍၊
ဣတိ - ဤသို့၊
ယံ တံ - အကျင့်နည်းပြ အကြင်စကားကို၊
ဝုတ္တံ - ဟောအပ်ခဲ့ပြီး၊
ဧတံ - အကျင့်နည်းပြ ထိုစကားကို၊
ဣဒံ ပဋိစ္စ - ဤသို့သော အနက်ကို စွဲမှီရည်ရွယ်၍၊
ဝုတ္တံ - ဟောအပ်ခဲ့ပါသတည်း - တဲ့။

ဒါက မှီဝဲအပ်, မမှီဝဲအပ်တဲ့ ဝမ်းသာမှုကို ဖွင့်ပြတဲ့ စကားပါပဲ၊ ပါဠိမကျွမ်းကျင်တဲ့ လူများ အတွက်ကတော့ စကားတွေ ကျယ်ဝန်းပြီး ယခုခေတ် ဗမာစကားနဲ့ မတူသောကြောင့် သိနားလည်ဖို့ ခပ်ခက်ခက် ဖြစ်နေမှာပဲ၊ ဒါပေမယ့် ပါဠိမူရင်း အတိုင်း နားကြားသိရအောင်လို့ ပုဒ်စေ့ ပါဌ်စေ့ အစဉ်အတိုင်း ထုတ်ဖော်ပြီး မြန်မာပြန် ဟောကြားလိုက်ရတာပါပဲ၊ အဲဒီမှာပထမပိုင်း၌ ဆိုလိုရင်း အတိုချုပ် ကတော့ အကုသိုလ်ဖြစ်ပွားစေတတ်တဲ့ ဝမ်းသာမှုကို မမှီဝဲရဘူးကုသိုလ် ဖြစ်ပွားစေတတ်တဲ့ ဝမ်းသာမှုကိုသာ မှီဝဲရမယ်လို့ ဆိုလိုတာပါပဲ၊ ဒါကြောင့် “အကုသိုလ်ပွား, ပယ်ရှောင်ရှား, ကုပွားမှီဖို့တည်း” လို့ ဆောင်ပုဒ်စီထားတာပါပဲ။

အကုသိုလ်ပွားစေတတ်တဲ့ ဝမ်းသာမှု

▬▬▬▬▬▬▬▬▬▬▬▬▬

အဲဒီမှာ အကုသိုလ်ပွားစေတတ်တဲ့ ဝမ်းသာမှုက ဘယ်လိုဟာလဲ ဆိုတော့ ကာမဂုဏ်အာရုံတွေကို မှီပြီး ဖြစ်တဲ့ ဝမ်းသာမှုပါပဲ၊ ယခု လူတွေမှာ အိပ်ရာမှ နိုးလာကတည်းက ဘာတွေကို အာရုံပြု ကြံစည်နေကြသလဲဆိုယင် ကာမဂုဏ် အာရုံတွေကို အာရုံပြု ကြံစည်နေကြကြောင်း အလွန်ပင် ထင်ရှားပါတယ်၊

မိန်းမယောက်ျားနဲ့ စပ်တဲ့အာရုံတွေ၊ စားသောက် နေထိုင်ရေးနဲ့စပ်တဲ့ အာရုံတွေ၊ စီးပွားဥစ္စာ အသုံးအဆောင်နဲ့ စပ်တဲ့အာရုံတွေ - အဲဒီလို အာရုံတွေကို အမြဲ မပြတ်လိုပင် အာရုံကို ကြံစည်နေကြတာပဲ၊ အဲဒီလို ကြံစည်ရာမှာ ကိုယ့်အလိုအတိုင်း ပြည့်စုံရင် ဝမ်းသာကြတာပဲ၊ အဲဒီလို ဝမ်းသာနေရင် သာယာနှစ်သက် ချစ်ခင် တပ်မက်တဲ့ လောဘလဲ ပွားနေတာပဲ၊ အဲဒီလို လောဘနဲ့ ဝမ်းသာနေရတာကို ချမ်းသာလို့ ခေါ်နေကြတာပဲ၊

နောက်ပြီးတော့ အဲဒီလို ဝမ်းသာနေရာက ကိုယ့်အလိုအတိုင်း မဖြစ်တာကို တွေ့ရတော့ နှလုံးမသာမှု ဖြစ်ရတယ်၊ ဒေါသစသည်လဲ ဖြစ်ရတယ်၊ အဲဒါဟာ အကုသိုလ်တွေ ပွားနေတာပဲ၊ အဲဒီလို လောဘအကုသိုလ်ပွားနေရင် တဏှာဆိုတဲ့ ပပဉ္စ - နယ်ချဲ့တရားလဲ ဖြစ်ပွားတော့တာပဲ၊ မာနဆိုတဲ့ နယ်ချဲ့တရားလဲ ဖြစ်ပွား တာပဲ၊ ဒိဋ္ဌိဆိုတဲ့ နယ်ချဲ့တရားလဲ ဖြစ်ပွားတတ်တာပဲ၊

ဒါကြောင့် အဲဒီ နယ်ချဲ့ - ပပဉ္စတရားကို ချုပ်ငြိမ်းစေချင်ရင် ကာမဂုဏ်အာရုံနဲ့စပ်တဲ့ ဝမ်းသာမှုကို မမှီဝဲရဘူးတဲ့၊ မိမိသန္တာန်မှာ မဖြစ်စေရဘူး၊ ဖြစ်ပေါ်လာရင်လဲ လက်ခံ မထားရဘူး၊ ရှုမှတ်ပြီး ပယ်လိုက်ရမယ်လို့ ဆိုလိုတာပါပဲ။

အဲဒီ မမှီဝဲအပ်တဲ့ ဝမ်းသာမှုကို အဋ္ဌကထာမှာ ဥပရိပဏ္ဏာသ ပါဠိတော် သဠာယတနဝိဘင်္ဂသုတ်မှ ထုတ်ဆောင်ပြီး ဒီလိုပြထားပါတယ်၊ အချိန်မကုန် ရအောင် ပါဠိနှင့် မြန်မာတစ်ပါတည်း တွဲပြီး နိဿယနည်းဖြင့် ပြသွားပါမည်။

မမှီဝဲအပ်တဲ့ ဝမ်းသာမှု

▬▬▬▬▬▬▬▬

ဂေဟဿိတာနိ - နေအိမ်သဖွယ် ကာမဂုဏ်ကို မှီ၍ဖြစ်ကုန်သော၊
ဆ သောမနဿာနိ - ဝမ်းသာမှု ၆ - မျိုးတို့သည်၊
ကတမာနိ - အဘယ်သည်တို့နည်းဟူမူ၊
ဣဋ္ဌာနံ ကန္တာနံ မနာပါနံ - လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ်ဖြစ်ကုန်သော၊
မနောရမာနံ - နှလုံးမွေ့လျော်ဖွယ် ဖြစ်ကုန်သော၊
လောကာမိသပဋိသံ ယုတ္တာနံ - လူတို့၏ ခံစားသုံးဆောင်ဖွယ်နှင့် စပ်ဆိုင်ကုန်သော၊
ဝါ - လူတို့၏ သုံးဆောင်ဖွယ် ခံစားဖွယ်ဖြစ်ကုန်သော၊
စက္ခုဝိညေယျာနံ ရူပါနံ - ရူပါရုံမျက်စိဖြင့် မြင်ရသော အလှအပအဆင်းတို့ကို၊

(အဆင်းသက်သက်ကိုသာ ဆိုလိုတာမဟုတ်ဘူး၊ အဲဒီအဆင်းနဲ့စပ်တဲ့ သက်ရှိ သက်မဲ့ နှစ်သက်စရာ အကုန်လုံးကို ဆိုလိုတယ်၊)

ပဋိလာဘံ - ရသည်ကို၊
ပဋိလာဘတော - ရသည့်အနေဖြင့်၊
သမနုပဿတော ဝါ - ရှုဆင်ခြင်သော သူအားလည်းကောင်း၊
ပုဗ္ဗေ - ရှေးကာလက၊
ပဋိလဒ္ဓပုဗ္ဗံ - ရဖူးသော၊
အတီတံ နိရုဒ္ဓံဝိပရိပရိဏတံ - လွန်ခဲ့ပြီးချုပ်ခဲ့ပြီး ဖောက်ပြန်ခဲ့ပြီးဖြစ်၍ ရှိဆဲ မဟုတ်သော အလှအပအဆင်းကို၊
သမနုဿရတော ဝါ - ပြန်လည်၍ အောက်မေ့ ဆင်ခြင်သော သူအားလည်းကောင်း၊
သောမနဿံ - ဝမ်းသာမှုသည်၊
ဥပ္ပဇ္ဇတီ - ဖြစ်ပေါ်၏၊
ဧဝရူပံ - ဤသို့သော၊
ယံ သောမနဿံ - အကြင် ဝမ်းသာမှု သောမနဿသည်ရှိ၏၊
ဣဒံ - ဤဝမ်းသာမှု သောမနဿကို၊
ဂေဟဿိတံ သောမနဿံ - နေအိမ်သဖွယ် ကာမဂုဏ်ကို မှီ၍ဖြစ်သော ဝမ်းသာမှု ဟူ၍၊
ဝုစ္စတိ - ဆိုအပ်၏တဲ့။

လူတွေရဲ့ စိတ်ဟာ ကာမဂုဏ်အာရုံတွေမှာ အာရုံပြုပြီး ဖြစ်နေတာကပဲများတယ်၊ ဒါကြောင့် ကာမဂုဏ် အာရုံကောင်းတွေဟာ အမြဲနေရာ နေအိမ်နဲ့တူတယ်၊ နေအိမ်နဲ့တူတဲ့အတွက် ကာမဂုဏ်အာရုံကောင်းတွေကို ဂေဟ - လို့ ဆိုထားတယ်၊ အဲဒီ ကာမဂုဏ်တွေကို မှီပြီး ဖြစ်တဲ့ ဝမ်းသာမှုကို ဂေဟဿီတဿောမနဿလို့ ပါဠိလိုခေါ်တယ်၊ အဲဒီ ဝမ်းသာမှုဟာ ဒွါရ ၆ - ပါး၌ ဖြစ်သောကြောင့် ၆ - ပါးရှိတယ်၊

ဘယ်လိုဟာတွေလဲလို့ဆိုတော့ ချစ်ခင်နှစ်သက်ဖွယ် သက်ရှိ သက်မဲ့အဆင်းကို လက်ရှိရနေဆဲဖြစ်လျှင် ရနေတဲ့အတွက် အဲဒီ အဆင်းအာရုံဝတ္ထုကို အာရုံပြုလျက် ဝမ်းသာတယ်၊ ရှေးကရဖူးတဲ့ အဆင်းအာရုံဝတ္ထုတွေကိုလဲ ပြန်လည်ဆင်ခြင်ပြီး ဝမ်းသာတယ်၊ အဲဒီဝမ်းသာမှုက တစ်ပါး၊ ထို့အတူပင်လက် ရှိရနေဆဲဖြစ်တဲ့ အသံ, အနံ့, အရသာ အတွေ့သဘောအာရုံတွေကို အာရုံပြုပြီးတော့ ဝမ်းသာတယ်၊ ရှေးက ရခဲ့ဖူးတာတွေကိုလဲ အာရုံပြုပြီး ဝမ်းသာတယ်၊ အဲဒီ ဝမ်းသာမှုတွေက ငါးပါး၊ အားလုံးပေါင်း ၆ - ပါး၊ အဲဒီ ၆ - ပါးကို ဂေဟဿိတသောမနဿ ၆ - ပါးလို့ ဆိုတာပါပဲ၊

အတိုချုပ်ပြောရရင် ရှိဆဲဖြစ်တဲ့ အာရုံကောင်းတွေကို သုံးဆောင်ခံစားနေရင်း ဝမ်းသာတာရယ်၊ ရှေးက သုံးဆောင် ခံစားခဲ့ဖူးတာကို ပြန်လည်ဆင်ခြင်ပြီး ဝမ်းသာ တာရယ်၊ အဲဒီလိုဝမ်းသာမှုပါပဲ၊ အဲဒီ ကာမဂုဏ်နဲ့စပ်တဲ့ ဝမ်းသာမှုကို မမှီဝဲရဘူး ပယ်ရမယ်တဲ့။

မမှီဝဲအပ်တာကို ပယ်ပုံ

▬▬▬▬▬▬▬▬

ဘယ်လိုလုပ်ပြီး ပယ်ရမှာလဲ ဆိုတော့ မြင်ဆဲ ကြားဆဲ စသည်မှာ ထင်ရှားပေါ်လွင်တဲ့ မြင်မှု ကြားမှု နံမှု စားသိမှု ထိသိမှု ကြံသိမှုတွေကို မြင်တယ်, ကြားတယ်စသည်ဖြင့် မပြတ် ရှုမှတ်နေရတယ်၊ အဲဒီလို သိရုံမျှ သိရုံမျှတွင် တည်နေအောင် မပြတ်ရှုနေရင် ကာမဂုဏ်တွေကို အာရုံပြုပြီး ဝမ်းသာမှု မဖြစ်တော့ဘူး၊ တစ်ရံတစ်ခါ စိတ်ကူး ကြံစည်ပြီး ဝမ်းသာမှုဖြစ်ရင်လဲ အဲဒီ ဝမ်းသာမှုကိုလဲ ဝမ်းသာတယ်, ဝမ်းသာတယ်လို့ ရှုမှတ် ပြီးပယ်ရတယ်၊

သို့ပေမယ့် အားထုတ်ခါစ ပုဂ္ဂိုလ်မှာတော့ မြင်မှု ကြားမှု စသည်ကို သူ့ဖြစ်စဉ် အတိုင်းလိုက်ပြီး ရှုမှတ်ရန် မစွမ်းနိုင်သေးဘူး၊ ဒါကြောင့် ထင်ရှားတဲ့ အတွေ့အထိ တစ်ခုခုက စပြီး ထိတယ် ထိတယ် စသည်ဖြင့် မပြတ်ရှုမှတ်နေရတယ်၊ အဲဒီလို ရှုမှတ်နေရင် ပထဝီ, အာပေါ, တေဇော, ဝါယောဆိုတဲ့ ဓာတ် ၄-ပါးထဲက တစ်ပါးပါးကို သိသိသွားတာပါပဲ။

သတိပဋ္ဌာန်ပါဠိတော်မှာ (ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ) သွားနေဆဲသော်လဲ သွားသည်ဟု သိ၏ - စသည်ဖြင့် ဟောထားတာဟာ သွားဆဲမှာ ထင်ရှားသိသိနေတဲ့ တောင့်တာ တင်းတာ လှုပ်ရှားတာဆိုတဲ့ ဝါယောဓာတ် ရှုသိပုံကို ပြတာပဲ၊ ဒါပေမယ့် အဲဒီသွားတယ်လို့ ရှုမှတ်ရာမှာ တစ်ရံတစ်ခါတော့ ခြေထဲကိုယ်ထဲက ကြမ်းတမ်း နူးညံ့တဲ့ ပထဝီကိုလဲ သိတယ်၊ ပူနွေး အေးတဲ့ တေဇောကိုလဲသိတယ်၊ ပေါ့ပါးတဲ့ တေဇောကိုလဲ သိတယ်၊ လေးတဲ့ စိုထိုင်းတဲ့ အာပေါကိုလဲ သိတယ်၊ အာပေါဓာတ်ကို မတွေ့မထိကောင်းပေမယ့် သူနဲ့ တစ်ပေါင်းတည်းဖြစ်တဲ့ အခြားဓာတ်များကို တွေ့ထိပြီး အဲဒီအာပေါကိုလဲ သိတာပဲ၊ အဲဒီလို သိပုံကို ရည်ပြီးတော့ အဋ္ဌကထာများမှာ ပဒဋ္ဌာန်ဖြင့် ရှုပုံကိုပါ ဖော်ပြထားတာပဲ။

အခြေခံ ရှုမှတ်ပုံ

▬▬▬▬▬▬

ဘုန်းကြီးတို့ကတော့ ထိုင်နေဆဲမှာ အထင်ရှားဆုံးဖြစ်ပြီး ရှုမှတ်လို့လဲ လွယ်တဲ့ ဝမ်းဗိုက်ထဲက တွေ့ထိ လှုပ်ရှားမှုက စပြီး ရှုမှတ်ဖို့ ညွှန်ကြားနေပါတယ်၊ ဝမ်းဗိုက်က တောင့်တင်းလှုပ်ရှားတာဟာ ဝါယောဓာတ်ပဲ၊ အဲဒီ ဝါယောဓာတ်ကို အရပ်သုံး စကားဖြင့် ဖောင်းတယ် ပိန်တယ်လို့ မှတ်ဖို့ ညွှန်ကြားနေပါတယ်၊

ညွှန်ကြားတဲ့အတိုင်း ရိုသေစွာ ရှုမှတ်ကြတဲ့ ယောဂီတွေဟာ ၇-ရက်အတွင်း လောက်မှာပင် သမာဓိ အားရှိပြီး စိတ္တဝိသုဒ္ဓိလဲ ပြည့်စုံသဖြင့် ရုပ်နာမ် ၂-ပါးကလဲ ကိုယ်ပိုင်ဉာဏ်ဖြင့်ပင် ပိုင်းခြားသိသူတွေ ထောင်သောင်းများစွာ ရှိနေပါပြီ၊ ဒါလောက်တွင်လဲ မကသေးပါဘူး၊ အကြောင်းနဲ့ အကျိုးကို ကိုယ်ပိုင်ဉာဏ်ဖြင့် ပိုင်းခြားသိပြီးတော့ အဖြစ်အပျက် အနိစ္စ, ဒုက္ခ, အနတ္တသဘောတွေကိုလဲ ကိုယ်ပိုင်ဉာဏ်ဖြင့်ပင် ပိုင်းခြားသိသူတွေ ထောင်သောင်းများစွာ ရှိနေပါပြီ၊

ဝိပဿနာဉာဏ် ရင့်သန်တဲ့အခါ ဒွါရ ၆ - ပါးက ထင်ရှားပေါ်လာသမျှ ရုပ်နာမ်တွေကို ဖြစ်စဉ်အတိုင်း လိုက်၍ ရှုသိနိုင်တဲ့အပြင် ဝိပဿနာဉာဏ်ပြည့်စုံလို့ အရိယမဂ်ဖိုလ် ဉာဏ်ပါ ပြည့်စုံပြီလို့ ယုံကြည် စိတ်ချရလောက်တဲ့ ယောဂီတွေလဲ ထောင်ပေါင်း များစွာ ရှိနေပါပြီ။

ဒါကြောင့်အားထုတ်ခါစမှာ အခြေခံအနေဖြင့် ဝမ်းဗိုက် ဖောင်းတက်လာတာ ပိန်ကျသွားတာကို ဖောင်းတယ် ပိန်တယ်လို့ စူးစူးစိုက်စိုက် မပြတ်ရှုနေရတယ်၊ အဲဒီလို ရှုနေရင်း စိတ်ကူး ကြံသိမှုပေါ်လာရင် အဲဒါကိုလဲ စိတ်ကူးတယ် ကြံတယ် သိတယ် စသည်ဖြင့် ထင်ရှားတဲ့ အမည်နဲ့ပဲ ရှုသိရတယ်၊ ဂေဟဿိတ သောမနဿလို့ ခေါ်တဲ့ ဝမ်းသာမှု ဖြစ်ပေါ်လာရင်လဲ အဲဒါကို ဝမ်းသာတယ်, ဝမ်းသာတယ်လို့ ရှုမှတ်ရတယ်၊ အဲဒီလို ရှုမှတ်လိုက်ရင် အဲဒီဝမ်းသာမှုဟာ ရပ်စဲသွားတယ်၊ ပယ်ပြီး ဖြစ်သွားတော့တာပါပဲ၊

အဲဒီက နောက်လဲ ဖောင်းတယ် ပိန်တယ်လို့ မှတ်နေကျအတိုင်းပဲ မပြတ် ရှုမှတ်နေရတယ်၊ အဲဒီလို မပြတ်ရှုမှတ်နေရင် ဂေဟဿိတသောမနဿခေါ်တဲ့ ဝမ်းသာမှုဟာ မဖြစ်ပေါ်လာပဲ ကင်းငြိမ်း နေတာကပဲ များပါတယ်၊ အဲဒီလို ဝိပဿနာဖြင့် ရှုမှတ်ပြီး ပယ်ပုံကို ရည်ရွယ်ပြီးတော့ မမှီဝဲအပ်တဲ့ ဝမ်းသာမှုကိုလဲ ဟောတယ်”လို့ မိန့်ဆိုတော်မူတာပါပဲ၊

အဲဒါဟာ “ကာမဂုဏ်နှင့်စပ်တဲ့ ဝမ်းသာမှု ဖြစ်ခွင့်မရအောင် ထင်ပေါ်ဆဲ ရုပ်နာမ် တရားကို မပြတ်ရှုသိနေရမယ်၊ အဲဒီ ဝမ်းသာမှု ဖြစ်ပေါ်လာရင်လဲ မမှီဝဲရဘူး, လက်မခံထားရဘူး၊ ရှုမှတ်ပြီး ချက်ချင်းပဲ ပယ်လိုက်ရမယ်” လို့ သိစေတာပါပဲ၊ သာမန်ပုဂ္ဂိုလ်တွေ အနေအားဖြင့်တော့ သိနားလည်ဖို့ မလွယ်လှပါဘူး၊ ဒါပေမယ့် သိကြားမင်းနှင့်တကွ အဲဒီတုန်းက တရားနာပရိသတ်ကတော့ နားလည်ကြပါတယ်၊ ဒါကြောင့် သိကြားမင်းနှင့်တကွ အဲဒီတုန်းက နတ်ပရိသတ်တွေဟာ အဲဒီ တရားကို နာနေရင်း ရှုသိပြီးတော့ တရားထူးကို ရသွားကြတာပဲ။

မမှီဝဲအပ်တဲ့ ဝမ်းသာမှုကိုတော့ နားလည်လောက်ပါပြီ၊ ယခု မှီဝဲအပ်တဲ့ ဝမ်းသာမှုကို ဟောရမယ်၊ အဲဒါကိုလဲ အဋ္ဌကထာမှာ ခုတင်က ပြောခဲ့တဲ့ သဠာယတနဝိဘင်္ဂသုတ် မှာပဲ ဒီလို ထုတ်ဆောင်ပြထားပါတယ်။

မှီဝဲအပ်တဲ့ ဝမ်းသာမှု

ရူပါနံတွေဝ - မြင်ရသော အဆင်းရုပ်တို့၏သာလျှင်၊
အနိစ္စတံ - မမြဲခြင်းကို၊
ဝိပရိဏာမ - ဝိရာဂနိရောဓံ - ပြောင်းလဲဖောက်ပြန်ခြင်း ပျက်ပြယ်ခြင်း ချုပ်ခြင်းကို၊
ဝိဒိတွာ - သိပြီး၍၊
(ဒီစကားရပ်ဖြင့် မြင်တယ်လို့ ရှုမှတ်ရင်း မျက်မှောက်တွေ့အားဖြင့် သိသည်ကို ပြသည်၊)

ပုဗ္ဗေ စေဝ ရူပါ - ရှေးက မြင်ခဲ့ရသော အဆင်းတို့သည်လည်းကောင်း၊
ဧတရဟိ စ - ယခုအခါ၌ မြင်ရသော အဆင်းတို့သည်လည်းကောင်း၊
သဗ္ဗေ တေ ရူပါ - ထိုအလုံးစုံသော အဆင်းတို့သည်၊
အနိစ္စာ - မမြဲကုန်၊
ဒုက္ခာ - ဆင်းရဲတို့တည်း၊
ဝိပရိဏာမဓမ္မာ - ပြောင်းလဲ ဖောက်ပြန်သော တရားတို့တည်း၊
ဣတိ - ဧဝံ ဤသို့၊
ဧတံဤအဆင်းရုပ်၏ မမြဲ ဆင်းရဲပြောင်းလဲ ဖောက်ပြန်ခြင်း သဘောကို၊
ယထာဘူတံ - ဟုတ်တိုင်း မှန်စွာ၊
သမ္မပ္ပညာယ - မှန်စွာသိသော ဝိပဿနာပညာဖြင့်၊
ပဿတော - မြင်သော သူအား၊
သောမနဿံ - ဝမ်းသာမှုသည်၊
ဥပ္ပဇ္ဇတိ - ဖြစ်၏၊
ဧဝရူပံ - ဤသို့သော၊
ယံ သောမနဿံ - အကြင် ဝမ်းသာမှုသည်ရှိ၏၊
ဣဒံ - ဤဝမ်းသာမှုကို၊
နေက္ခမ္မဿိတံ သောမနဿံ - ကာမဂုဏ်မှ ထွက်မြောက်ခြင်းကို မှီသော ဝမ်းသာမှု ဟူ၍၊
ဝုစ္စတိ - ဆိုအပ်၏တဲ့။

အဲဒါဟာ ထုတ်ဆောင်ပြတဲ့ ပါဠိတော် တစ်စိတ်တစ်ပိုင်းပဲ၊ အဲဒီလိုပြပြီးတော့ အဋ္ဌကထာမှာ ဒီလိုလဲ ဆက်ပြီး ပြဆိုပါသေးတယ်၊ ယခုပြဆိုခဲ့သည့်အတိုင်း အဆင်း အသံ အနံ့ အရသာ အတွေ့ သဘောဆိုတဲ့ အာရုံ ၆ - ပါး ထင်ပေါ်တိုင်း ရှုမှတ်ပြီး မမြဲစသည်ဖြင့် သိမြင်သော ဝိပဿနာကို ဖြစ်စေပြီးလျှင် တိုးတက်စေနိုင်သော ယောဂီမှာ ဝိပဿနာကို တိုးတက်စေအပ်ပေပြီလို့ နှလုံးသွင်းလျက် ဝမ်းသာမှု ဖြစ်တယ်၊ အဲဒီ ဝမ်းသာမှုဟာ မှီဝဲအပ်သော ဝမ်းသာမှုပါပဲတဲ့။

အဲဒီ နေက္ခမ္မသိတ - ကာမဂုဏ်မှ ထွက်ခွာခြင်းကို မှီတဲ့ ဝမ်းသာမှုလို့ ဆိုရာမှာ ကာမဂုဏ်မှ ထွက်ခွာပုံကို အဋ္ဌကထာ၌ -

၁။ နေက္ခမ္မဝသေန - လူ့ဘောင်မှ ထွက်ခွာခြင်း၏ အစွမ်းဖြင့်လဲ မှီဝဲအပ်သည့် ဝမ်းသာမှု တစ်မျိုးဖြစ်တယ်၊
၂။ ဝိပဿနာဝသေန - ဝိပဿနာ၏ အစွမ်းဖြင့်လဲ မှီဝဲအပ်သည့် ဝမ်းသာမှု တစ်မျိုး ဖြစ်တယ်၊
၃။ အနုဿတိဝသေန - အနုဿတိ၏ အစွမ်းဖြင့်လဲ မှီဝဲအပ်သည့် ဝမ်းသာမှုတစ်မျိုး ဖြစ်တယ်၊
၄။ ပဌမ မဇ္ဈာနာဒိဝသေန - ပဌမဈာန်စသည်၏ အစွမ်းဖြင့်လဲ မှီဝဲအပ်သည့် ဝမ်းသာမှုတစ်မျိုးဖြစ်တယ်လို့ ခွဲခြားပြထားတယ်၊

အဲဒီ မှီရာ ၄-ပါးကို မှီပြီးဝမ်းသာမှု ၄-မျိုးဖြစ်ပုံကို ဒီလို ဆောင်ပုဒ်စီထားတယ်၊ “ထွက်ခွာ, ရှုသိ၊ နုဿတိ တစ်တန်၊ အောက်သုံးဈာန်၊ မှီရန် ဝမ်းသာမှု” တဲ့၊ အဲဒါကို ဆိုကြရမယ်။

ထွက်ခွာ, ရှုသိ၊ နုဿတိတစ်တန်၊ အောက်သုံးဈာန်၊ မှီရန်ဝမ်းသာမှု။

၁။ ထွက်ခွာဆိုတာက လူ့ဘောင်မှ ထွက်ခွာတာကို ဆိုတယ်။
၂။ ရှုသိ ဆိုတာကတော့ ဝိပဿနာကို ဆိုတာပဲ။
၃။ နုဿတိ ဆိုတာက ဗုဒ္ဓါနုဿတိ, ဓမ္မာနုဿတိ, သံဃာနုဿတိ, သီလာနုဿတိ, စာဂါနုဿတိ, ဒေဝတာနုဿတိတို့ကို ဆိုတာပဲ၊
၄။ အောက် သုံးဈာန် ဆိုတာကတော့ ပဌမဈာန် ဒုတိယဈာန် တတိယဈာန် ဒီသုံးပါးကို ဆိုတာပါပဲ။

သံသရာဝဋ်ဆင်းရဲမှ တကယ်ထွက်မြောက်အောင် ကျင့်လိုသော စိတ်ဆန္ဒဖြင့် အိမ်မှ ထွက်ခွာလာရတာ၊ ရှင်ရဟန်း ပြုရတာ၊ ရဟန်းသီလကို ကျင့်သုံးရတာ၊ ဓုတင်ကျင့်ဝတ်ကို ကျင့်ရတာ၊ ကသိုဏ်းပရိကံကို ပြုရတာ ဒါတွေကို အာရုံပြုပြီး ဝမ်းသာမှု ဖြစ်တတ်တယ်၊ အဲဒါဟာ လူ့ဘောင်မှ ထွက်ခွာမှု နေက္ခမ္မကိုမှီပြီးဖြစ်တဲ့ ဝမ်းသာမှုပဲ၊ မှီဝဲအပ်တဲ့ ဝမ်းသာမှုပဲ၊ နောက်ပြီးတော့ တရားကျင့်သုံးဖို့ တရား နာရတာကို မှီပြီးဖြစ်တဲ့ ဝမ်းသာမှုလဲ မှီဝဲအပ်တဲ့ ဝမ်းသာမှုပဲ၊ နောက်ပြီးတော့ တရားကျင့်ဖို့ ကမ္မဋ္ဌာန်းကျောင်း ထွက်လာရတာကို မှီပြီး ဝမ်းသာတာလဲ မှီဝဲအပ်တဲ့ ဝမ်းသာမှုပဲ။

ဝိပဿနာကို မှီပြီး ဝမ်းသာမှုကတော့ ဝိပဿနာရှုမှတ်နေရလို့ ဝမ်းသာတာလဲ ရှိတယ်၊ ရှုမှတ်ကောင်းလို့ ဝမ်းသာတာလဲ ရှိတယ်၊ အထူးအားဖြင့် ဥဒယဗ္ဗယဉာဏ် ရောက်တဲ့ အခါ ဝမ်းသာတာကတော့ အထူးမြတ်ဆုံးပါပဲ၊ အဲဒါတွေဟာ အကုန်လုံး မှီဝဲအပ်တဲ့ ဝမ်းသာမှုချည်းပါပဲ။

ဗုဒ္ဓါနုဿတိ စသည်ကို မှီပြီးဖြစ်တဲ့ ဝမ်းသာမှုကတော့ ထင်ရှားပါတယ်၊ အဲဒီအနုဿတိ ၆-ပါးကို မှီပြီး ဝမ်းသာတဲ့အခါ အဲဒီဝမ်းသာမှုကို ရှုမှတ်ခြင်းဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့လဲ ရောက်နိုင်ကြောင်း အဋ္ဌကထာများမှာ ပြဆိုထားပါတယ်၊

အဲဒီ အဋ္ဌကထာများ၌ ပီတိံ ခယတော ဝယတော သမ္မသိတွာ အရဟတ္တံ ပါပုဏာတိ - ဘုရားဂုဏ် စသည်ကို အာရုံပြုပြီးဖြစ်တဲ့ ဝမ်းမြောက်မှု - ပီတိကို ကုန်သွားသည်, ပျက်သွားသည်ဟု သုံးသပ်ရှုမှတ်၍ အရဟတ္တဖိုလ် ရောက်တတ်တယ်လို့ ပီတိကို ပဓာနပြုပြီး ပြထားပါတယ်၊ ပီတိဖြစ်ရင် သောမနဿလဲ ဖြစ်တာပါပဲ၊ ဒါကြောင့် အနုဿတိကို မှီပြီးဖြစ်တဲ့ ဝမ်းသာမှုဟာ မှီဝဲအပ်ကြောင်း ထင်ရှားပါတယ်။

ဈာန်သုံးပါး၌ အတွင်းဝင်သော ဝမ်းသာမှုဖြစ်စေ၊ ယင်းတို့၏ ဥပစာဈာန်၌ ပါဝင်သော ဝမ်းသာမှုဖြစ်စေ - အဲဒါဟာ မှီဝဲအပ်တဲ့ ဝမ်းသာမှုပါပဲ၊ အဲဒီ နေက္ခမ္မ ၄-မျိုးထဲမှာ ရှင်ရဟန်းပြုတာဟာ အိမ်ထောင်မှုအနှောင်အဖွဲ့မှ ထွက်မြောက်မှု ဖြစ်သောကြောင့် နေက္ခမ္မလို့ ဆိုတယ်၊

ဝိပဿနာ စသည်ကတော့ အဲဒီ အိမ်ထောင်မှုနှင့်ရော, ကာမဂုဏ် အာရုံ ဟူသမျှနှင့်ရော ဆန့်ကျင်ဘက်ဖြစ်သောကြောင့် နေက္ခမ္မ - ထွက်မြောက်မှုလို့ ဆိုရတယ်၊ ဒါကြောင့် ဣတိဝုတ်အဋ္ဌကထာမှာ နေက္ခမ္မအရကို ဒီလို ပြဆိုထားပါတယ်၊

ပဗ္ဗဇ္ဇာ ပဌမံ ဈာနံ၊
နိဗ္ဗာနဉ္စ ဝိပဿနာ။
သမ္ဗေပိ ကုသလာ ဓမ္မာ၊
နေက္ခမ္မန္တိ ပဝုစ္စရေ။

ပဗ္ဗဇ္ဇာ - တောထွက်ခြင်း ရှင်ရဟန်းပြုခြင်းကို လည်းကောင်း၊
ပဌမဈာနံ - ပဌမဈာန်ကိုလည်းကောင်း၊
နိဗ္ဗာနဉ္စ - နိဗ္ဗာန်ကိုလည်းကောင်း၊
ဝိပဿနာ - ဝိပဿနာကိုလည်းကောင်း၊
သမ္ဗေပိ - အလုံးစုံလည်းဖြစ်ကုန်သော၊
ကုသလာဓမ္မာ - ကုသိုလ်တရားတို့ကိုလည်းကောင်း၊
နေက္ခမ္မန္တိ - နေက္ခမ္မဟူ၍၊
ပဝုစ္စရေ - ခေါ်ဆိုအပ်ကုန်၏။

ဒီဂါထာမှာ ပြဆိုထားတဲ့ နေက္ခမ္မ ၅-မျိုးထဲမှ ပဗ္ဗဇ္ဇာ, ဈာန်ဝိပဿနာဆိုတဲ့ ဒီသုံးမျိုးကို ဒီအရာ၌ နေက္ခမ္မလို့ တိတိကျကျ ပြထားတယ်၊ ကုသိုလ်တရားတွေ ထဲကတော့ အနုဿတို့ကိုသာ နေက္ခမ္မလို့ ပြထားတယ်၊ ကျန်တဲ့ ကုသိုလ်နဲ့ နိဗ္ဗာန်ကိုတော့ ဒီနေက္ခမ္မသိတသောမနဿအရာမှာ ပြမထားပါဘူး၊

ဝိပဿနာရှုနေဆဲ ယောဂီမှာတော့ ရှုသိလို့ကောင်းတဲ့ ဝိပဿနာကို မှီပြီးဖြစ်တဲ့ ဝမ်းသာမှုက မှီဝဲအပ်တဲ့ အကောင်းဆုံး ဝမ်းသာမှုပါပဲ၊ အဲဒီ ဝမ်းသာမှုဖြစ်အောင်ရှုဖို့ (သေဝိတဗ္ဗံပိ) မှီဝဲအပ်သည့် ဝမ်းသာမှုကိုလဲ ဟောသည်လို့ ဟောကြားတော် မူတာပါပဲ။

မမှီဝဲအပ်တဲ့ ဝမ်းသာမှုနဲ့ မှီဝဲအပ်တဲ့ ဝမ်းသာမှုတို့ကို ဝေဖန်ပြတဲ့ ပါဠိတော် စကားရပ်၏ အစပဌမပိုင်းအရ ဖွင့်ပြ ဟောကြားလာတာကတော့ ပြည့်စုံသွားပါပြီ၊ အတိုချုပ်ကတော့ အကုသိုလ်ပွားစေတဲ့ ဝမ်းသာမှု မမှီဝဲရဘူးတဲ့၊ အဲဒါက ကာမဂုဏ်မှီပြီး ဝမ်းသာတာကို ပယ်ဖို့ ပြောတာပဲ၊ ကုသိုလ်ပွားစေတဲ့ ဝမ်းသာမှုကို မှီဝဲရမယ်တဲ့၊ အဲဒါက ကာမဂုဏ်မှ ထွက်မြောက်မှုမှီပြီး ဖြစ်တဲ့ ဝမ်းသာတာကို မှီဝဲရမယ်, ဖြစ်စေရမယ်လို့ ပြောတာပါပဲ။

အဲဒီ မမှီဝဲအပ် ပယ်စွန့်အပ်တဲ့ ဝမ်းသာတာနဲ့ မှီဝဲအပ်တဲ့ ဝမ်းသာတာကို အတိုချုပ် မှတ်ရအောင် (ကာမဂုဏ်မှီကာ၊ ဝမ်းသာတာ၊ ပယ်ခွာစွန့်ရမည်၊ နေက္ခမ္မမှီကာ၊ ဝမ်းသာတာ၊ ကောင်းစွာ မှီရမည် - လို့) ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြ ရမယ်။

ကာမဂုဏ်မှီကာ, ဝမ်းသာတာ, ပယ်ခွာစွန့်ရမည်။
နေက္ခမ္မမှီကာ, ဝမ်းသာတာ, ကောင်းစွာမှီရမည်။

ယခု မှီဝဲအပ်တဲ့ ဝမ်းသာမှုထဲမှ သာပြီး မြင့်မြတ်တယ်လို့ ပြဆိုထားတဲ့ စကားရပ်ကို ဖွင့်ပြပြီးဟောရမယ်၊ ကြံမှု ဆင်ခြင်မှု (ဝိတက် ဝိစာရ) ရှိတဲ့ သောမနဿ - ဝမ်းသာမှုဆိုတာ ဥပစာရ သမာဓိနှင့် ယှဉ်တဲ့ စိတ်ချမ်းသာမှု သုခရယ်၊ ပဌမဈာန်၌ ပါဝင်တဲ့ စိတ်ချမ်းသာမှု သုခရယ်၊ ဒီလို လောကီဈာန်ဆိုင်ရာ သောမနဿက ၂-ပါးရှိတယ်၊

နောက်ပြီးတော့ တောထွက်ခြင်း, ရှင်ရဟန်းပြုရခြင်းကို မှီ၍ ဖြစ်တဲ့ ဝမ်းသာမှုလဲ ရှိတယ်၊ အနုဿတိ ၆-ပါး၏ အစွမ်းဖြင့် ဖြစ်တဲ့ ဝမ်းသာမှုလဲ ရှိတယ်၊ ဝိပဿနာ၏ အစွမ်းဖြင့်ဖြစ်တဲ့ ဝမ်းသာမှုလဲ ရှိတယ်၊ ဒါတွေကတော့ လောကီဆိုင်ရာ မှီဝဲသင့်တဲ့ သောမနဿတွေပဲ၊

ပဌမဈာန် မဂ်လေးပါးနှင့် ယှဉ်တွဲပြီးဖြစ်တဲ့ သုခလေးပါးလဲ ဝိတက်ဝိစာရရှိတဲ့ မှီဝဲသင့်သော သောမနဿတွေပါပဲ၊ ဒါတွေကတော့ လောကုတ္တရာ သောမနဿ တွေပေါ့၊ အဲဒီ ဝိတက် ဝိစာရရှိတဲ့ သောမနဿတွေထက် ဝိတက်ဝိစာရမရှိတဲ့ သောမနဿတွေက သာပြီး မြတ်တယ်လို့ ဟောထားပါတယ်၊ အဲဒီ သောမနဿ တွေက ဘယ်ဟာတွေလဲဆိုရင် ပီတိ သုခ ဧကဂ္ဂတာ ဆိုတဲ့ ဒုတိယဈာန်၊ သုခ ဧကဂ္ဂတာ ဆိုတဲ့ တတိယဈာန်တွေထဲမှာ ပါဝင်သော သုခဆိုတဲ့ ဈာန်အင်္ဂါပါပဲ၊ အဲဒီ သုခဆိုတဲ့စိတ်ချမ်းသာမှုက လောကီသောမနဿပဲ။

ထို့အတူပင် လောကုတ္တရာ မဂ်လေးပါး ဒုတိယ တတိယဈာန်ထဲမှာ ပါဝင်သော သုခဆိုတဲ့ ဈာန်အင်္ဂါများလဲ ဝိတက် ဝိစာရမရှိတဲ့ မှီဝဲအပ်တဲ့ သောမနဿတွေပါပဲ၊ အဲဒီ ဒုတိယဈာန်, တတိယဈာန် သောမနဿတွေကို ပထမဈာန် သောမနဿ, ကာမာဝစရ ကုသိုလ်သော မနဿတွေ ထက်မြက်တယ်လို့ ဟောတော်မူတာပါပဲ၊ ဝိပဿနာ အနေနဲ့ ဆိုရင် ပဌမဈာန်သော မနဿကို ရှုသိတဲ့ သောမနဿထက် ဒုတိယ တတိယဈာန် သောမနဿကို ရှုသိတဲ့ ဝိပဿနာ သောမနဿက သာပြီး မြတ်တယ်လို့ ဆိုရမှာပါပဲ။

ဒီဝိတက်ရှိမရှိ သောမနဿတွေကို ဝေဖန် ပြဆိုတာကတော့ အလွန်နက်နဲပါတယ်၊ ပရိယတ္တိသုတ မရှိတဲ့ ပုဂ္ဂိုလ်တွေ အတွက်တော့ သိနားလည်ဖို့ သဘောကျဖို့ ခဲယဉ်းပါတယ်၊ သုတရှိပေမယ့် ဈာန်မရတဲ့ ပုဂ္ဂိုလ်တွေဆိုရင် ကျကျနန သိနားလည်ဖို့ မလွယ်ပါဘူး၊ ဈာန်ရတဲ့ ပုဂ္ဂိုလ်တွေသာ ကောင်းကောင်း နားလည်ကြမှာပါပဲ၊ ဒါပေမယ့် သုတ် တရားတော်ထဲမှာ၊ ထင်ရှားရှိနေတာကို ချန်ထားရန်မသင့်လို့ အပြည့်အစုံရှင်းပြီး ဟောရတာပါပဲ၊ ယခုယောဂီတွေ နားလည် လွယ်တဲ့ မှီဝဲအပ်သော ဝမ်းသာမှုကို ထပ်ပြောပါဦးမယ်။

သိလွယ်သော မှီဝဲသင့်တဲ့ သောမနဿ

“ဘယ်သို့ ကျင့်က၊ ပပဉ္စ၊ လုံးဝချုပ်သနည်း”လို့ ပြဆိုခဲ့တဲ့ ဆောင်ပုဒ်အတိုင်းပင် သိကြားမင်းက ပပဉ္စတရားတွေ ချုပ်ငြိမ်းအောင် ဘယ်လိုကျင့်ရပါသလဲလို့ မေးလျှောက်တယ်၊ အဲဒါဟာ ဝိပဿနာနှင့် အရိယာမဂ်အကျင့်ကို မေးတာ ဖြစ်ကြောင်း အဋ္ဌကထာမှာ ဖွင့်ပြထားတယ်။

မြတ်စွာဘုရားရှင်ကအဲဒီအမေးကို မှီဝဲအပ်တဲ့ သောမနဿ, ဒေါမနဿ, ဥပေက္ခာ ဆိုတဲ့ ဝေဒနာသုံးပါးကို မှီဝဲရမယ်၊ အဲဒီလိုကျင့်ရင် ပပဉ္စတရားလုံးဝ ချုပ်ငြိမ်းတယ်လို့ ဖြေရှင်းဟောကြား တော်မူပါတယ်၊ သာမန်ပုဂ္ဂိုလ်တွေ အနေအားဖြင့် အဲဒီအမေးနှင့် အဖြေကို ဆက်စပ်ပြီး နားလည်ဖို့ အင်မတန် ခဲယဉ်းပါတယ်။

ဒါကြောင့် အဋ္ဌကထာမှာ မြတ်စွာဘုရားက သိကြားမင်းမေးတာကို ဖြေတာ ဟုတ်ပါရဲ့လား၊ အမေးနှင့် စပ်မိတာမှ ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ပြပြီးတော့ မေးတာကိုသာ ပြောတာပါပဲ၊ အမေးနှင့် စပ်မိတဲ့အဖြေပါပဲလို့ အကျဉ်းချုပ် ရှင်းပြပါတယ်၊ အဲဒီ အကျဉ်းချုပ်ကို ဒီလို ထပ်ပြီး ဖွင့်ပြထားပါတယ်။

နတ်များမှာ ရုပ်ထက် နာမ်ကပိုပြီး ထင်ရှားတယ်၊ နာမ်ထဲမှာလဲ ဝေဒနာကပိုပြီး ထင်ရှားတယ်၊ ဒါကြောင့် ဝေဒနာ ရှုဖို့ ဟောတော်မူပါတယ်တဲ့၊ နောက်ပြီးတော့ သုတ်ပေါင်းများစွာတို့၌ ဟောရိုး ဟောစဉ်က ရုပ်ကိုရှုပုံ ရုပ်ကမ္မဋ္ဌာန်း ဟောပြီးမှ နာမ်ကိုရှုပုံ နာမ်ကမ္မဋ္ဌာန်း ဟောတော်မူမြဲပါပဲတဲ့၊ ဒီသုတ်မှာလဲ အဲဒီလိုပဲ ဟောတော်မူပါတယ်တဲ့။

ဒါပေမယ့် ဝေဒနာရှုရင်း ဝေဒနာ၏ အာရုံရုပ်ကို ရှုပြီး သိပြီး ဖြစ်သွားနိုင်သောကြောင့် ဒီသုတ်မှာ ရုပ်ရှုပုံကို သီးခြားပြထားခြင်း မရှိဘူးလို့လဲ အဋ္ဌကထာက ပြဆိုသွားပါတယ်၊ ဒါပေမယ့် ဘုန်းကြီးတို့ ဟောပြောနေတာက လူပုဂ္ဂိုလ်တွေကို ဟောနေတာ ဖြစ်တယ်၊ လူပုဂ္ဂိုလ်တွေမှာတော့ ရုပ်ကပိုပြီး ထင်ရှားတဲ့အတွက် ရုပ်ရှုပုံက စပြီးဟောမှ သမာဓိဉာဏ်ဖြစ်လွယ်တယ်၊ ဒါကြောင့် ရုပ်ရှုပုံကစပြီး ဟောရမယ်၊

အဲဒီ ရှုပုံကိုလဲ (နှာ-၁၃၂) မှာ သတိပဋ္ဌာန် ဒေသနာတော်နှင့်အညီ ဝါယောဓာတ် ရှုပုံကို အစပြုပြီး ဓာတ်လေးပါးရှုပုံကို အကျဉ်းအားဖြင့် ပြခဲ့ပါပြီ၊ အခြား စာအုပ်တွေမှာလဲ အကျယ်ပြထားပြီးတွေက ရှိနေပါပြီ၊ ဒါကြောင့် ဒီနေရာမှာတော့ အကျဉ်းချုပ်လောက် ပြရမှာပဲ။

ဝိပဿနာရှုပုံ အကျဉ်းချုပ်

ဝိပဿနာရှုတယ်ဆိုတာ မြင်တိုင်း, ကြားတိုင်း, တွေ့တိုင်း, သိတိုင်း ဒွါရ ၆ - ပါးမှာ ထင်ရှားပေါ်လာသမျှ ရုပ်နာမ်တွေကို သူ့ပင်ကိုယ်သဘောအားဖြင့် ထင်ရှားသိပြီး အနိစ္စစသော အခြင်းအရာအားဖြင့် အမှန်အတိုင်း ကိုယ်ပိုင်ဉာဏ်ဖြင့် သိအောင် ရှုမှတ်ရတာပဲ၊ ဒါပေမယ့် ရှုမှတ်ခါစမှာတော့ မြင်မှု, ကြားမှု စသည်တွေကို သူ့ဖြစ်စဉ်အတိုင်း စေ့ငအောင် လိုက်ပြီး မရှုနိုင်သေးဘူး။

ဒါကြောင့် အထူးထင်ရှားတဲ့ ရုပ်နာမ်တရား အနည်းငယ်မှစပြီး ရှုရတယ်၊ သွားနေဆဲ ဆိုရင် သွားတာကို သွားတယ် စသည်ဖြင့် မပြတ်ရှုမှတ်ရတယ် ရပ်နေဆဲ, ထိုင်နေဆဲ, လှဲအိပ်နေဆဲဆိုရင်လဲ ရပ်တယ်, ထိုင်တယ်, အိပ်တယ် စသည်ဖြင့် မပြတ် ရှုမှတ်ရတယ်၊ ကိုယ်အမူအရာ တစ်စုံတစ်ခုပြုလုပ်တိုင်း, ဖြစ်တိုင်းလဲ အဲဒီ ကိုယ်အမူအရာကို မပြတ်ရှုမှတ်ရတယ်။

အဲဒီလို ရှုမှတ်နေလျှင် အများအားဖြင့် ဝါယောဓာတ်ကို အမှန်အတိုင်း သိတယ်၊ တစ်ရံတစ်ခါ အခြား ဓာတ်သုံးပါးလဲ သိတယ်၊ ဒါကြောင့် အဲဒီလိုရှုသိပုံကို (ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ) သွားနေလျှင်မူလည်း သွားသည်ဟု သိ၏ စသည်ဖြင့် သတိပဋ္ဌာနသုတ် ပါဠိတော်မှာ ဟောထားတာပါပဲ။

အဲဒီမှာ ဂစ္ဆာမီတိ - သွားသည်ဟု သွားတယ်ဟု သိ၏လို့ အရပ်သုံးစကားနှင့်ပင် ရှုပုံပြထားတာကို အလေးအနက် သတိပြုရ ဆင်ခြင်ကြည့်ရမယ်၊ ဒါကြောင့် ဘုန်းကြီးတို့ကလဲ မြတ်စွာဘုရား၏နည်းကို မှီပြီးတော့ သွားတယ်, ရပ်တယ်, ထိုင်တယ်, အိပ်တယ်, ဖောင်းတယ်, ပိန်တယ်, ကွေးတယ်, ဆန့်တယ် စသည်ဖြင့် အရပ်သုံးစကားနဲ့ပဲ ရှုမှတ်စေပါတယ်။

ထိုင်နေစဉ်မှာထိုင်တယ်, ထိုင်တယ်လို့ တစ်မျိုးတည်း အကြာကြီးရှုမှတ်နေလျှင် ဝီရိယ ပေါ့လျော့သွားတတ်တယ်၊ ဝမ်းဗိုက်က ဖောင်းတက်လာတိုင်း, ပိန်ကျ သွားတိုင်း ဖောင်းတယ်, ပိန်တယ်လို့ စူးစူးစိုက်စိုက် ရှုမှတ်နေရင် ဝီရိယလဲ - မလျော့ပဲ သမာဓိလဲ ဖြစ်လွယ်တယ်၊ သမာဓိဖြစ်ရင် ရုပ်နာမ်ပိုင်းခြား သိတဲ့ဉာဏ်မှ စပြီး အကြောင်းအကျိုး အဖြစ်အပျက် အနိစ္စလက္ခဏာစသည်ကို သိတဲ့ ဉာဏ်လဲ ဖြစ်တော့တာပဲ။

ဒါကြောင့် ဝမ်းဗိုက် ဖောင်းတာ ပိန်တာမှ စပြီး ဖောင်းတယ် ပိန်တယ် စသည်ဖြင့် ရှုမှတ်စေပါတယ်၊ သမာဓိ အတော်အတန် အားရှိလာတဲ့အခါကျတော့ ဖောင်းတယ် ပိန်တယ်လို့ ရှုမှတ်တိုင်း ရှုမှတ်တိုင်း ဝမ်းဗိုက်ထဲမှ တောင့်တင်းတွန်းကန် လှုပ်ရှားတဲ့ ဝါယောဓာတ်ကို ထင်ရှားသိသိသွားတော့တာပဲ။

ဝိပဿနာဉာဏ်များ ဖြစ်ပုံ

အဲဒီက နောက်မှာ ဖောင်းတာက တခြား+ရှုသိတာက တခြား၊ ပိန်တာက တခြား+ရှုသိတာကတခြား ဒီလို ပိုင်းခြားပြီး သိသိသွားတယ်၊ ကွေးတယ် ဆန့်တယ်လို့ ရှုမှတ်ရာမှာလဲ ကွေးတာကတခြား+ရှုသိတာကတခြား၊ ဆန့်တာက တခြား+ရှုသိတာ ကတခြား ဒီလို ပိုင်းခြားပြီး သိသိသွားတယ်။

သွားနေစဉ်မှာလဲ ကြွတာက တခြား+ရှုသိတာက တခြား၊ လှမ်းတာကတခြား+ ရှုသိတာကတခြား၊ ချတာက တခြား+ရှုသိတာကတခြား ဒီလို ပိုင်းခြားပြီး သိသိ သွားတယ်၊ ကိုယ်အမူ အရာကို ရှုမှတ်တိုင်း ရှုမှတ်တိုင်း ရှုသိရတာက တခြား+ ရှုသိတာက တခြား ဒီလို ပိုင်းခြားပြီး သိသိသွားတယ်၊ အဲဒီလို ပိုင်းခြားပြီး ကိုယ်ပိုင်ဉာဏ်ဖြင့် သိသိသွားတာဟာ ရုပ်နဲ့ နာမ်ကို ပိုင်းခြား သိတဲ့ (ရူပါရူပပရိစ္ဆေဒလို့လဲ ခေါ်ရတဲ့) နာမရူပ ပရိစ္ဆေဒဉာဏ်ပဲ။

အဲဒါထက် သမာဓိဉာဏ် အားကောင်းလာတော့ ကွေးချင်တဲ့စိတ်ကြောင့် ကွေးရုပ်ဖြစ်တယ်၊ ဆန့်ချင်တဲ့ စိတ်ကြောင့် ဆန့်ရုပ်ဖြစ်တယ်၊ မျက်စိရှိလို့ မြင်တယ်၊ မြင်စရာရှိလို့ မြင်တယ်၊ သိစရာရှိလို့ သိတယ်၊ မရှုမိလို့မသိဘူး၊ မသိလို့ နှစ်သက်တယ်၊ နှစ်သက်လို့ စွဲလမ်းတယ်၊ စွဲလမ်းလို့ အလိုပြည့်အောင် ပြုလုပ်တယ်၊ ပြုလုပ်မှုကံကြောင့် အဆိုးအကောင်း ဖြစ်ရတယ် စသည်ဖြင့် အကြောင်းနဲ့အကျိုးမျှ ရှိတယ် ဆိုတာကိုလဲ ပိုင်းခြားပြီး သိတယ်၊ အဲဒါက ပစ္စယပရိဂ္ဂဟဉာဏ်ပဲ။

အဲဒီကနောက်ရှုမှတ်နေရင်း ရှုမှတ်စရာတွေက အသစ်အသစ်ပေါ်လာပြီး ပျောက်ဆုံး ပျောက်ဆုံး သွားတာကို တွေ့ရတဲ့အတွက် မမြဲတာတွေချည်းပဲ၊ ကြောက်ဖွယ် ဆင်းရဲတွေချည်းပဲ၊ အလိုအတိုင်း မဖြစ်လို့ အစိုးမရတဲ့ အနတ္တသဘောတရားတွေ ချည်းပဲလို့ သုံးသပ် ဆင်ခြင်မှု ဖြစ်ဖြစ်လာတယ်၊ အဲဒါက သမ္ပသနဉာဏ်ပဲ။

အဲဒီကနောက် အလွန်လျင်မြန်စွာ ဖြစ်ဖြစ်ပြီး ပျောက်ပျောက်သွားတာကို အလွယ်တကူနဲ့ သိသိနေတယ်၊ အသိကလဲ မြန်တယ်၊ မမှတ်နိုင် မသိနိုင်တာ မရှိဘူးလို့ ထင်ရလောက်အောင် အမှတ်အသိက မြန်နေတယ်၊ အဲဒီအခါ အရောင်အလင်းတွေကိုလဲ တွေ့ရတတ်တယ်၊ ဝမ်းမြောက်တက်ကြွတဲ့ ပီတိနဲ့ တစ်ပါးတည်းတွဲပြီး ဝမ်းသာမှုကလဲ အလွန်အကဲ ဖြစ်တယ်၊

အဲဒါဟာ ရုပ်နာမ်၏ အဖြစ်အပျက်ကို ထူးခြားစွာသိတဲ့ ဥဒယဗ္ဗယဉာဏ်နဲ့ တစ်ပေါင်းတည်းဖြစ်တဲ့ ဝမ်းသာမှု သောမနဿပဲ၊ အဲဒါဟာ မှီဝဲအပ်တဲ့ သေဝိတဗ္ဗသောမနဿပဲ၊ အဲဒီ ဝမ်းသာမှု သောမနဿ ဖြစ်အောင်ရှုဖို့ မြတ်စွာဘုရားက ဒီသက္ကပဥှသုတ်မှာ (သေဝိတဗ္ဗံပိ) မှီဝဲအပ်သော ဝမ်းသာမှုကိုလဲ ဟောသည်လို့ ပြဆိုတော်မူတာပါပဲ၊ အဲဒီဝမ်းသာမှုဟာ လောကဘက်က ဘယ်ဝမ်းသာမှုမျိုးနှင့်မျှ မတူအောင် အလွန့်လွန်ကောင်းတဲ့ ဝမ်းသာမှုပဲ၊ ဒါကြောင့် ဒီဝမ်းသာမှုကို ဓမ္မပဒပါဠိတော်မှာ ဒီလို ချီးကျူး ဖော်ပြထားပါတယ်။

သုညာဂါရံ ပဝိဋ္ဌဿ၊ သန္တစိတ္တဿ ဘိက္ခုနော။
အမာနုသီ ရတိ ဟောတိ၊ သမ္မာ ဓမ္မံ ဝိပဿတော။
ယတော ယတော သမ္မသတိ၊ ခန္ဓာနံ ဥဒယဗ္ဗယံ။
လဘတေ ပီတိပါမောဇ္ဇံ၊ အမတံ တံ ဝိဇာနတံ။

သုညာဂါရံ - ဆိတ်ငြိမ်သောကျောင်း ဆိတ်ငြိမ်သော အရပ်သို့၊
ပဝိဋ္ဌဿ - ဝင်လျက်၊
သန္တစိတ္တဿ - ငြိမ်သက်သောစိတ်ရှိသည်ဖြစ်၍၊
ဓမ္မ္မံ - ခဏမစဲ လျင်မြန်စွာ ဖြစ်ပျက်နေသော ရုပ်နာမ်တရားကို၊
သမ္မာ - မှန်ကန်စွာ၊
ဝိပဿတော - ရှုမြင်နေသော၊
ဘိက္ခုနော - ရဟန်းအား၊
ဝါ - သံသရာဘေးကို ရှုမြင်၍ ရှုမှတ်အားထုတ်နေသော ယောဂီအား၊
အမာနုသီ - လူတို့၏ ပျော်မွေ့မှုထက် သာလွန်သော၊
ဝါ - နတ်တို့၏ ပျော်မွေ့မှုထက်လဲ သာလွန်သော၊
ရတိ - နှစ်သိမ့်ဝမ်းမြောက်မှု ပီတိသည်၊
ဟောတိဖြစ်ပေါ်၏။

ယတော ယတော - အကြင် အကြင် ရုပ်အဖို့ နာမ်အဖို့မှ၊
ခန္ဓာနံ - ခန္ဓာတို့၏၊
ဥဒယဗ္ဗယံ - အဖြစ်အပျက်ကို၊
သမ္မသတိ - သုံးသပ်ရှုမြင်၏၊
တတော တတော - ထိုထိုရှုအပ်တိုင်းသော ရုပ်အဖို့, နာမ်အဖို့မှ၊
ပီတိပါမောဇ္ဇံ - အနည်းငယ် ဝမ်းမြောက်မှု အကြီးအကျယ် ဝမ်းမြောက်မှုကို၊
လဘတေ - ရလေ၏၊

(တီ-ဟု ဆန္ဒာနုရက္ခဏဒီဃနှင့် ရှိသည်ထက် တေ-ဟု အတ္တနောပုဒ်နှင့် ရှိသောပါဌ်က သာ၍ ဂုဏ်မြောက်သည်၊)

တံ - ထိုဝမ်းမြောက်မှုသည်၊
ဝိဇာနတံ - ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိမြင်ကုန်သော ဝိပဿနာယောဂီ ပညာရှင်တို့၏၊
အမတံ - အသေကင်းရာ နိဗ္ဗာန်အစစ်ကို ရကြောင်းဖြစ်၍ အမြိုက်နိဗ္ဗာန်ပါပေတည်း၊

(အမြိုက်နိဗ္ဗာန်အစစ်ကို ရကြောင်းဖြစ်သောကြောင့် ထိုဝမ်းမြောက်မှုကိုပင် ဖလူပစာ အားဖြင့် တင်စား၍ အမတဟုဆိုသည်၊ ထိုသို့သော ဝမ်းမြောက်မှုကို တွေ့ရလျှင် ထက်သန်သော သဒ္ဓါ ဆန္ဒ ဝီရိယဖြင့် ဆက်လက် အားထုတ်၍ မကြာမီပင် အရိယမဂ်ဖြင့် နိဗ္ဗာန်အစစ်ဖြစ်သော အမတကိုလဲ ရမည်မှာ သေချာသလောက် ပင်ဖြစ်၍ ထိုသို့ ဟောကြားတော်မူပေသည်။)

ပါမောဇ္ဇ - ဆိုတာက သမ္မသနဉာဏ်ကတည်းက စပြီးဖြစ်တတ်တဲ့ အနည်းငယ် ဝမ်းမြောက်မှုပဲ၊ ပီတိဆိုတာကတော့ အဖြစ်အပျက်တွေကို အလွန်လျင်မြန်စွာသိတဲ့ ဥဒယဗ္ဗယဉာဏ် ဖြစ်ခိုက်မှာ ဖြစ်ပေါ်တဲ့ အလွန်အကဲ ဝမ်းမြောက်မှုပဲ၊ ဒီပီတိက ဖောင်းတယ် ပိန်တယ်လို့ရှုမှတ်နေရင်း ဖောင်းတာ အဆင့်ဆင့်ပိန်တာ အဆင့်ဆင့် ဖြစ်ပျက်နေတာကို သိသိနေဆဲမှာလဲ ဖြစ်ပေါ်တယ်၊ ကိုယ်ထဲက ပေါ်ရာပေါ်ရာ အတွေ့အထိ အဖြစ်အပျက်တွေကို လျင်မြန်စွာ သိသိနေဆဲမှာလဲ ဖြစ်ပေါ်တယ်။

ကွေးတယ်ဆန့်တယ်စသည်ဖြင့် လှုပ်ရှားရုပ်ကို မှတ်နေစဉ် လျင်မြန်စွာ အပိုင်းအပိုင်း ပြတ်ပြတ်သွားသော လှုပ်ရှားရုပ်၏ အဖြစ်အပျက်ကို သိသိနေဆဲမှာလဲ ဖြစ်ပေါ်တယ်၊ ကြွတယ်, လှမ်းတယ်, ချတယ်လို့ ရှုမှတ်နေစဉ် ကြွရုပ်အဆင့်ဆင့်, လှမ်းရုပ် အဆင့်ဆင့်, ချရုပ်အဆင့်ဆင့် အပိုင်းအပိုင်း ပြတ်ပြတ်သွားတာကို သိသိနေဆဲမှာလဲ ဖြစ်ပေါ်တယ်။

အဲဒီအခါမှာ မခံသာတဲ့ ဒုက္ခဝေဒနာကတော့ ဖြစ်ခဲပါတယ်၊ တစ်ခါတစ်ရံဖြစ်ရင်လဲ ရှုမှတ်လိုက်တာနဲ့ ချက်ချင်းပင်ပျောက်သွားတာပဲ၊ အဲဒီလို အခါမှာလဲ ဒီဝမ်းမြောက်မှု ပီတိက အကြီးအကျယ်ဖြစ်တာပဲ၊ ပေါ်လာသမျှ စိတ်ကူးရော၊ ကြားသိမှု, ထိသိမှု စသည်တွေရော၊ ရှုသိမှုတွေရော လျင်မြန်စွာဖြစ်ပြီး ပျက်ပျက်သွားတာကို သိသိ နေဆဲမှာလဲ ဒီပိတိက ထက်သန်စွာ ဖြစ်နေတာပဲ၊ ဒါကြောင့် ထိုထို ရှုအပ်တိုင်းသော ရုပ်အဖို့, နာမ်အဖို့မှ ပီတိ ပါမောဇ္ဇကိုရတယ်လို့ ဆိုထားတာပါပဲ။

အဲဒီ ဝမ်းမြောက်မှု ဖြစ်တိုင်း သုခ, သောမနဿ ဆိုတဲ့ စိတ်ချမ်းသာမှု ဝမ်းသာမှု ကလဲ အလွန်ထက်သန်စွာ ဖြစ်နေတာပဲ၊ ပဌမ, ဒုတိယ, တတိယဈာန်များမှာ စိတ်ရွှင်လန်း ချမ်းသာမှု အားကောင်းသလိုပင် ဒီဥဒယဗ္ဗယဉာဏ် ဖြစ်ခိုက်မှာ စိတ်ရွှင်လန်း ချမ်းသာမှုကလဲ အလွန်ပင် အားကောင်းပါတယ်၊

ဒါကြောင့် ဒီဉာဏ်ရောက်တဲ့ ယောဂီများက ဘယ်လိုချမ်းသာတယ်လို့ မပြောနိုင်အောင် အလွန်ပင် ချမ်းသာနေကြောင်း၊ လောကဘက်က ပျော်ခဲ့ဖူးတဲ့ ပျော်မွေ့ဝမ်းသာမှု ချမ်းသာမှုတွေထက် သာလွန်ကြောင်းများကို ပြောတတ်ကြ ပါတယ်၊ အဲဒီ စိတ်ရွှင်လန်းချမ်းသာမှု ဝမ်းသာမှုကို ဒီသက္ကပဥှသုတ်မှာ သေဝိတဗ္ဗသောမနဿ - မှီဝဲအပ်သော သောမနဿလို့ ဟောထားပါတယ်၊

အဲဒါဟာ ဥဒယဗ္ဗယဉာဏ်ရောက်အောင် ရှုမှတ်ပြီး ကိုယ်တိုင်တွေ့အားဖြင့် မှီဝဲဖို့ ညွှန်ကြားတော် မူတာပါပဲ၊ ကျန်းမာရေးဆေးများကို စားသုံးပြီးတော့ ဖြစ်စေ၊ လိမ်းကျံ ထိုးသွင်းပြီးတော့ ဖြစ်စေ မှီဝဲရသလိုပင် ကိုယ်ထဲမှာ တကယ်ဖြစ်အောင် အားထုတ်ပြီး မှီဝဲဖို့ပါပဲ။

မှီဝဲသင့် မမှီဝဲသင့် ဒေါမနဿ

ယခု မှီဝဲသင့် မမှီဝဲသင့်တဲ့ ဒေါမနဿအကြောင်းကို ပြောရမယ်၊ ဒီသက္ကပဥှသုတ်မှာ ဝေဖန်ဖွင့်ပုံကတော့ သောမနဿ ဖွင့်ပြပုံလိုပါပဲ၊ အကျဉ်းချုပ်အားဖြင့်တော့ “အကုသိုလ်ပွား, ပယ်ရှောင်ရှား, ကုပွားမှီဖို့တည်း” လို့ ပြခဲ့တဲ့ ဆောင်ပုဒ်အတိုင်း ပါပဲ၊ အဲဒါကို ထပ်ပြီးဆိုကြရမယ်။

အကုသိုလ်ပွား, ပယ်ရှောင်ရှား, ကုပွားမှီဖို့တည်း။

အကုသိုလ်ဖြစ်ပွားကြောင်း ဖြစ်ရင် အဲဒီလို နှလုံးမသာမှု ဒေါမနဿကို မမှီဝဲရဘူး၊ ပယ်ရမယ်၊ ကုသိုလ် ဖြစ်ပွားကြောင်း ဖြစ်ရင်တော့ မှီဝဲရမယ်လို့ ဆိုလိုတာပါပဲ၊ ဒီနေရာမှာ ဒေါမနဿကို မှီဝဲသင့်တယ်ဆိုတာက အဲဒီမှီဝဲသင့်တဲ့ ဒေါမနဿကို အကြောင်းပြုပြီး ဈာန်ဝိပဿနာ မဂ်ဖိုလ်တရားများ ဖြစ်တတ်သောကြောင့် မှီဝဲသင့်တယ်လို့ ဆိုတာပါပဲ၊ အဲဒီ ဒေါမနဿ ဖြစ်အောင် တမင်အားထုတ်ရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။

အဋ္ဌကထာမှာ မမှီဝဲအပ်သည့် ဒေါမနဿနှင့်မှီဝဲအပ်သည့် ဒေါမနဿတို့ကို သဠာယတနဝိဘင်္ဂသုတ်မှာ ထုတ်ဆောင်ပြီး ပြထားပါတယ်၊ ဒီမှာတော့ အတိုချုပ် ပြောရမှာပဲ။

လိုချင်နှစ်သက်ဖွယ် မြတ်နိုးဖွယ်ဖြစ်တဲ့ အဆင်း, အသံ, အနံ့, အရသာ, အတွေ့ သဘောဆိုတဲ့ အာရုံဝတ္ထုကောင်းတွေ အသုံးအဆောင်ကောင်းတွေ ပစ္စည်းဥစ္စာ တွေကို မရတဲ့သူမှာ အကောင်းတွေကို မရလေခြင်းလို့ နှလုံးသွင်းရင် နှလုံးမသာမှု ဝမ်းနည်းမှု ဒေါမနဿ ဖြစ်တတ်တယ်၊

အဲဒီလို အာရုံဝတ္ထုကောင်းတွေ အသုံးအဆောင်ကောင်းတွေနှင့် ရှေးက မပြည့်စုံ ခဲ့တာကို ပြန်လည်ဆင်ခြင်မိရင်လဲ နှလုံးမသာမှု ဝမ်းနည်းမှု ဒေါမနဿ ဖြစ်တတ်တယ်၊ ဘေးရန်အန္တရာယ်တွေ, အာရုံဝတ္ထုဆိုးတွေနဲ့ ယခုတွေ့ပြီး ဆင်းရဲနေတာ, ရှေးကတွေ့ပြီး ဆင်းရဲခဲ့တာများကို အကြောင်းပြုပြီးတော့လဲ နှလုံးမသာမှု ဝမ်းနည်းမှု ဒေါမနဿ ဖြစ်တတ်တယ်၊

နောင်ကာလအတွက် ဆင်းရဲဒုက္ခရောက်မှာ, ဘေးရန်အန္တရာယ်နဲ့ တွေ့ရမှာကို တွေးတောပြီးတော့လဲ နှလုံးမသာမှု, စိုးရိမ်ပူပန်မှု, ဒေါမနဿဖြစ်တတ်တယ်၊ အဲဒီနှလုံးမသာမှု ဒေါမနဿဟာ ဘာမျှ အကျိုးမရှိဘူး၊ ပင်ပန်းဆင်းရဲရုံမျှပဲ၊ အဲဒီ နှလုံးမသာမှုနဲ့ တွဲပြီး ဒေါသ အကုသိုလ်တွေလဲ ပွားနေတာပဲ၊ ကာမဂုဏ် အာရုံ တွေနဲ့ စပ်ပြီး ဖြစ်လို့ ဒီနှလုံးမသာမှုကို ဂေဟဿိတ ဒေါမနဿလို့လဲခေါ်တယ်၊ ကာမဂုဏ်အာရုံဆိုတဲ့ နေအိမ်ကို မှီဖြစ်တဲ့ နှလုံးမသာမှုလို့ ဆိုလိုတာပါပဲ။

ဒီနှလုံးမသာမှုဖြစ်နေရင် ကုသိုလ်တရားတွေလဲ ဆုတ်ယုတ်နေတာပဲ၊ ဘုရားရှိခိုး နေကျ ကုသိုလ်အလုပ်ကိုလဲ မလုပ်နိုင်ဘဲရှိတတ်တယ်၊ ရှိခိုးသော်လဲ အဲဒီနှလုံး မသာမှုတွေကနှောင်ယှက်နေသောကြောင့် စင်စင်ကြယ်ကြယ် ထက်ထက် သန်သန် မဖြစ်ရဘူး၊ မူလက စိတ်ကြည်ကြည်လင်လင်နဲ့ ဘုရားအားရုံပြုနေရင်း, ဘုရား ရှိခိုးနေရင်, တရားနှလုံးသွင်းနေရင် အင်မတန် ကောင်းတာပဲ၊ အဲဒီအနေမှာ စိတ်ညစ်စရာတစ်ခု ဝင်လာရင် စိတ်ညစ်ပြီး နှလုံးမသာဖြစ်ပြီး ကုသိုလ်ဘက်က ဆုတ်ယုတ်သွားတော့တာပဲ၊ အကုသိုလ်ဘက်ကတော့ ဒေါသတွေ မပြတ် ဖြစ်ပွား နေတော့တာပဲ၊

ဒါကြောင့် အဲဒီလို နှလုံးမသာမှုဟာ လက်မခံသင့် ပယ်သင့်တဲ့တရားပဲ၊ ဒါပေမယ့်လို့ အဲဒီလို စိတ်ညစ် စိတ်ပျက်နေတဲ့သူကတော့ အဲဒီလို စိတ်ညစ်နေရတာကိုပင် အကောင်းလို့ ထင်နေတာလဲ ရှိတတ်တယ်၊ အင်မတန် ချစ်ခင်ရင်းနှီးတဲ့သူ သေကြေပျက်စီး သွားတာကို အကြောင်းပြုပြီး စိုးရိမ်ပူဆွေး နေတဲ့သူကို စိုးရိမ် ပူဆွေးမှုပယ်ဖို့ ဟောပြောပေးရင် တကယ် မကြိုက်ပဲ ရှိတတ်တယ်၊ စိုးရိမ် ပူဆွေးသင့်တဲ့အနေဖြင့် သူ့ဘက်ကလိုက်ပြီး ပြောရင်တော့ သဘောကျတတ်တယ်။

အဲဒီ နှလုံးမသာမှု စိုးရိမ်ပူဆွေးမှုဆိုတာတွေဟာ မြတ်စွာဘုရားအလိုတော် အရအားဖြင့် လက်မခံဘဲ ပယ်သင့်တာတွေပဲ၊ ကမ္မဿကာ - ကံသာလျှင် ကိုယ်ပိုင် ဥစ္စာရှိသည်လို့ ဟောထားသည့်အတိုင်း ကိုယ်တိုင်ပြုထားတဲ့ အမှုကံအားလျော်စွာ ဖြစ်နေတာပဲ စသည်ဖြင့် သင့်လျော်စွာ နှလုံးသွင်းပြီး အစစအရာရာ သည်းခံနေရတယ်၊

အကောင်းဆုံးကတော့ သမထဖြစ်စေ၊ ဝိပဿနာဖြစ်စေ တစ်ပါးပါးကို ဒီလိုအခါမှာ မပြတ်နှလုံးသွင်းနေရင် အကောင်းဆုံးပါပဲ၊ အဲဒီလို နှလုံးသွင်း ရှုမှတ်နေရင် နှလုံးမသာမှု, စိတ်ညစ်မှု, စိုးရိမ်ပူဆွေးမှု ဖြစ်လာရင် အဲဒါကို ရှုမှတ်ပြီးပယ်ရမယ်၊

ဒါကြောင့် မြတ်စွာဘုရားရှင်က မဟာသတိပဋ္ဌာနသုတ်မှာ -

အယံ မဂ္ဂေါ - ဤရှုမှတ်မှု သတိပဋ္ဌာန်လမ်းသည်၊
သောကပရိဒေဝါနံ သမတိက္ကမာယ - စိုးရိမ်ပူဆွေးမှု ငိုကြွေးမှုတို့ကို ကျော်လွန်ရန် အတွက်၊
ဒုက္ခဒေါမနဿာ နံ - ကိုယ်ဆင်းရဲနှင့် နှလုံးမသာမှု စိတ်ဆင်းရဲတို့၏၊
အတ္ထင်္ဂမာယ - ချုပ်ငြိမ်းရန်အတွက်၊
ဧကာယနော မဂ္ဂေါ - တစ်ခုတည်းသောလမ်း, တစ်ကြောင်းတည်းသောလမ်း ပေတည်း -

လို့ ဟောတော်မူတာပါပဲ၊ အဲဒီ သတိပဋ္ဌာန်ဒေသနာတော်အရ မပြတ်ရှုမှတ်နေရင် နှလုံးမသာမှု စိတ်ဆင်းရဲဟာ လုံးဝမဖြစ်ဘဲလဲ ကင်းငြိမ်းနေတတ်တယ်၊ ဖြစ်ပေါ် လာရင်လဲ ရှုမှတ်လိုက်ရင် ပျောက်ကင်းသွားတတ်ပါတယ်၊ အဲဒီလို ရှုမှတ်ပြီး ပယ်တာဟာ မမှီဝဲသင့်တာကို မမှီဝဲဘဲ ပယ်ခြင်းပါပဲ။

လောကမှာ နှလုံးမသာ ဖြစ်စရာအကြောင်းတွေက များပါတယ်၊ မိမိအလိုအတိုင်း မပြည့်စုံတာ မရတာတွေလဲ ရှိမယ်၊ မအောင်မြင်တာတွေလဲ ရှိမယ်၊ ရပြီးသားတွေ ပျက်စီးဆုံးရှုံး သွားတာတွေလဲ ရှိမယ်၊ အဲဒါတွေကို စဉ်းစားမိရင် နှလုံးမသာမှု, ဝမ်းနည်းမှု ဖြစ်တတ်တာပဲ၊ အဲဒီလို စဉ်းစားတာ, နှလုံးမသာတာ, ဝမ်းနည်းတာတွေ ဖြစ်ပေါ်လာရင် လက်မခံဘဲ ရှုမှတ်ပြီး ပယ်ရတယ်၊

အဲဒါတွေကို ရှုမှတ်ပြီးတော့ မူလက ရှုမှတ်နေကျအတိုင်းပဲ မပြတ်ရှုမှတ်နေရတယ်၊ ဘုန်းကြီးတို့ ညွှန်ကြားချက် အရဆိုရင် ဖောင်းတာ, ပိန်တာ, ထိုင်တာ, ထိတာ စသည်တွေကို ရှုမှတ်နေရုံပါပဲ၊ မြင်မှု, ကြားမှု စသည်တွေကို သူ့ဖြစ်စဉ်အတိုင်း ရှုမှတ်နိုင်တဲ့ ပုဂ္ဂိုလ်ကတော့ သူ့ဖြစ်စဉ်အတိုင်း မပြတ်ရှုမှတ်သွားရုံပါပဲ။

ဒီနှလုံးမသာမှု စိတ်ဆင်းရဲကို ရှုမှတ်ပြီး ပယ်ရမယ်၊ မမှီဝဲရ လက်မခံရဘူးဆိုတာ ကတော့ သိကြားမင်းနဲ့လဲ သက်ဆိုင်နေပါတယ်၊ သိကြားမင်းမှာ ပုဗ္ဗနိမိတ်တွေ မြင်ပြီး စုတေရတော့မယ်ဆိုတာကို သိရတော့ သိကြားဘဝ သိကြားစည်းစိမ် စွန့်ရတော့မယ် ဆိုတာကိုဆင်ခြင်ပြီးစိတ်ဆင်းရဲတွေ အကြီးအကျယ်ဖြစ်နေခဲ့တယ်၊ အဲဒါတွေဟာ မမှီဝဲသင့်တဲ့ ဒေါမနဿတွေပဲ၊

အဲဒါတွေကို လက်မခံဘဲရှုမှတ်ပြီး ပယ်ဖို့ မြတ်စွာဘုရားက တိုက်ရိုက်ညွှန်ကြားတော် မူတာပါပဲ၊ သိကြား ဘဝမှ စုတေရလျှင် နတ်မိဖုရား နတ်ဗိမာန် စသည်တို့၏ အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိဆိုတဲ့ ကာမဂုဏ်တွေကို စွန့်လွှတ် ရတော့မယ်၊ အဲဒါတွေ အကုန်လုံး လက်မဲ့ဖြစ်ပြီး ဆုံးရှုံးရတော့မယ်လို့ ဆင်ခြင်မိတိုင်း (ဂေဟသိတ ဒေါမနဿ) ကာမဂုဏ်ကိုမှီတဲ့ နှလုံးမသာမှုတွေ ဖြစ်ပွားနေမှာပဲ၊ အဲဒါတွေကို လက်မခံဘဲ ရှုမှတ်ပြီး ပယ်သွားဖို့ပါပဲ။ ဒီညွှန်ကြားတော်မူချက်ဟာ အင်မတန် သဘာဝကျပါတယ်၊ အင်မတန်လဲ အရေးကြီးတဲ့ ညွှန်ကြားတော် မူချက်ပါပဲ။

မမှီဝဲသင့်တဲ့ ဒေါမနဿဝေဒနာ အကြောင်းကိုတော့ နားလည်လောက်ပါပြီ၊ ယခု မှီဝဲသင့်တဲ့ ဒေါမနဿအကြောင်းကို ပြောရမယ်၊ သဠာယတနဝိဘင်္ဂသုတ်မှ ပါဠိကို အနက်မြန်မာ ပြန်ပြီး ဟောရမှာပဲ။

ရူပါနံ - မြင်ရသောပစ္စုပ္ပန်အဆင်းရူပါရုံတို့၏၊
အနိစ္စတံ - မမြဲခြင်းကို၊
ဝိပရိဏာမဝိရာဂနိရောဓံ - ပြောင်းလဲ ဖောက်ပြန်ခြင်း ပျက်ပြယ်ခြင်း ချုပ်ကွယ် သွားခြင်းကို၊
ဝိဒိတွာတုဧဝ - ရှုမှတ်လျက် သိမြင်ပြီး၍သာလျှင်၊

(ဒီစကားဖြင့် မြင်ဆဲ၌ ရှုမှတ်လျက် သိမြင်ပြီးမှ သာလျှင် ဆင်ခြင်ဉာဏ်ဖြစ်ကြောင်း ပြတော်မူသည်။)

ပုဗ္ဗေစေဝ ရူပါ - ရှေးက အဆင်းရုပ်တို့သည် လည်းကောင်း၊
ဧတရဟိစ - ယခု လက်ရှိ အဆင်းရုပ်တို့သည် လည်းကောင်း၊
သဗ္ဗေတေ ရူပါ - ထိုအလုံးစုံသော အဆင်းရုပ်တို့သည်၊
အနိစ္စာ ဒုက္ခာဝိပရိဏာမဓမ္မာတိ - မမြဲဆင်းရဲပြောင်းလဲ ဖောက်ပြန်သော သဘောတို့ ဟူ၍၊
ဧဝံ - ဤသို့၊
ဧတံ - ဤသဘောကို၊
ယထာဘူတံ - ဟုတ်တိုင်းမှန်စွာ၊
သမ္မပ္ပညာယ - မှန်စွာသိသော ဝိပဿနာပညာဖြင့်၊
ဒိသွာ - မြင်ပြီး၍၊
အနုတ္တရေသု - အလွန်အကဲမရှိ၍ အမြတ်ဆုံးဖြစ်ကုန်သော၊
ဝိမောက္ခေသု - အရိယဖိုလ်ဟူသော လွတ်မြောက်တရားတို့၌၊
ပိဟံ - လိုလား တောင့်တခြင်းကို၊
ဥပဋ္ဌာပေတိ - ဖြစ်စေ၏

(ဖြစ်စေပုံကတော့)
အရိယာ - တို့သည်၊
ဧတရဟိ - ယခုအခါ၌၊
ယံအာယတနံဝ - အကြင် အရိယဖိုလ်ဟူသော တည်ရာကို၊
ဥပသမ္ပဇ္ဇ - ရောက်၍၊
ဝိဟရန္တိ - နေကုန်၏၊
အဟံ - ငါသည်၊
တဒါယတနံ - အရိယဖိုလ်ဟူသော ထိုတည်ရာကို၊
ကုဒါ - အဘယ်အခါ၌၊
ဥပသမ္ပဇ္ဇ - ရောက်၍၊
ဝိဟရိဿာမိ နာမ - နေရပါအံ့နည်း၊
ဣတိ - ဤသို့ တောင့်တ၏၊
ဣတိ - ဤပုံ ဤနည်းဖြင့်၊
အနုတ္တရေသုဝိမောက္ခေသု - အမြတ်ဆုံးဖြစ်သော လွတ်မြောက်တရားတို့၌၊
ပိဟံ ဥပဋ္ဌာပယတော - လိုလားတောင့်တခြင်းကို ဖြစ်စေသော ပုဂ္ဂိုလ်အား၊
ပိဟပစ္စယာ - တောင့်တမှုဟူသော အကြောင်းကြောင့်၊
ဒေါမနဿံ - နှလုံးမသာခြင်း ဝမ်းနည်းခြင်းသည်၊
ဥပ္ပဇ္ဇတိ - ဖြစ်၏၊
ယံ ဧဝရူပံ ဒေါမနဿံ ဣဒံ - ဤသို့သော နှလုံးမသာခြင်း ဝမ်းနည်းခြင်းကို၊
နေက္ခမ္မဿိတ ဒေါမနဿံ - ထွက်မြောက်ခြင်းကို မှီသော ဒေါမနဿဟူ၍၊
ဝုစ္စတိ - ခေါ်ဆိုအပ်၏တဲ့။

ဒွါရ ၆-ပါး၌ ထင်ပေါ်လာသော ရုပ်နာမ်တရားတို့ကို ဖြစ်ခိုက်ထင်ခိုက်၌ ရှုမှတ်၍ မမြဲ ဆင်းရဲ စသည်ဖြင့် သိမြင်ပြီး နောက် အရိယဖိုလ်တရားတို့၌ ကြားဖူးရုံမျှ အသိဖြင့် တောင့်တလျက် ရှုမြဲပင် ရှုမှတ်နေသော သူမှာ ရည်မှန်းထားသည့် ရက်, လ, နှစ်များ ကုန်သွားသော်လဲ အရိယဖိုလ်သို့ မရောက်ဘဲရှိနေလျှင် နှလုံးမသာ ဖြစ်တတ်တယ်၊ အဲဒီနှလုံးမသာမှု ဝမ်းနည်းမှုကို နေက္ခမ္မသိတဒေါမနဿလို့ ခေါ်တယ်၊ ထွက်မြောက်ရေးကို မှီပြီးဖြစ်တဲ့ နှလုံးမသာမှုလို့ ဆိုလိုတာပါပဲ။

ရှုပုံနဲ့ ဆင်ခြင်ဉာဏ် ဖြစ်ပုံစသည်တွေကို ပါဠိအနက်နှင့် နှီးနှောပြီး ပြောပြဦးမယ်၊ သမထဈာန် သမာဓိအခြေခံမရှိတဲ့ ပုဂ္ဂိုလ်ဟာ ဒွါရ ၆-ပါး၌ ထင်ရှားပေါ်တဲ့ ရုပ်နာမ်များကို စပြီး ရှုမှတ်ရတယ်၊ ဒါပေမယ့် စပြီးရှုမှတ်ခါစ ပုဂ္ဂိုလ်မှာ ရုပ်နာမ် တွေကို ထင်ရှားဖြစ်စဉ်အတိုင်း လိုက်ပြီး စေ့ငအောင် ရှုမှတ်ဖို့ရာ မလွယ်ပါဘူး မဖြစ်နိုင်ပါဘူး၊ ဒါကြောင့် ထင်ရှားတဲ့ တရားနည်းနည်းကစပြီး ရှုမှတ်ရတယ်၊

ဝိသုဒ္ဓိမဂ်မှာ ပြထားတဲ့ အတိုင်း မဟာဘုတ်ဓာတ်ကြီး ၄-ပါးကစပြီး ရှုမှတ်လျှင် အများအားဖြင့် သင့်လျော်တတ်ပါတယ်၊ ဒါကြောင့် ဘုန်းကြီးတို့က ထိုင်နေတဲ့အခါ ဝမ်းဗိုက်ထဲက တွေ့ထိပြီး ထင်ရှားသိရတဲ့ ဝါယောဓာတ်ကစပြီး ဖောင်းတယ်, ပိန်တယ်လို့ အရပ်သုံးစကားဖြင့် ရှုမှတ်ဖို့ ညွှန်ကြားနေပါတယ်။

ဒီလို ဖောင်းတယ် ပိန်တယ်လို့ ရှုမှတ်နေရင်း စိတ်ကူး ကြံစည်မှု ပေါ်လာရင် အဲဒါကို ရှုမှတ်ရနေတာပဲ၊ ညောင်းတာ ပူတာ နာတာစသည် ပေါ်လာရင် အဲဒါတွေလဲ ရှုမှတ်ရတာပဲ၊ အသံကြားမှု အဆင်းမြင်မှုစသည်တွေ ပေါ်လာရင် အဲဒါကိုလဲ ရှုမှတ်ရတာပါပဲ၊ ဒါပေမယ့် သမာဓိအားမရှိသေးရင် ရုပ်နာမ်တို့၏ သဘောမှန်ကို ထင်ထင်ရှားရှား မသိရသေးဘူး၊

သမာဓိအားရှိလာတဲ့ အခါကျတော့ ပျံ့လွင့်တဲ့ စိတ်တွေ မရှိသလောက် ကင်းပြီး နေတယ်၊တစ်ရံတစ်ခါကြံသိစိတ်ဖြစ်ရင်လဲ ချက်ချင်းပင် မှတ်သိနိုင်တယ်၊ မှတ်သိ လိုက်တာနဲ့ အဲဒီကြံသိစိတ်ဟာ ရပ်စဲကင်းငြိမ်းသွားတယ်၊ အဲဒီအခါ နီဝရဏတွေ ကင်းပြီး စိတ်စင်ကြယ်တယ်၊ စိတ္တဝိသုဒ္ဓိဖြစ်တယ်၊

အဲဒီလို ရှုမှတ်စိတ်ချည်း စင်ကြယ်နေတဲ့အခါ ရှုမှတ်တိုင်း, ရှုမှတ်တိုင်း ရှုသိရတဲ့ ရုပ်နဲ့ရှုသိတဲ့နာမ်ကို ပိုင်းခြားပြီး သိတယ်၊ အဲဒီအခါ နာမရူပ ပရိစ္ဆေဒဉာဏ်နဲ့ ဒိဋ္ဌိဝိသုဒ္ဓိ ပြည့်စုံသွားတယ်၊ အဲဒီက နောက် အကြောင်းနဲ့ အကျိုးကိုလဲ ပိုင်းခြားပြီး သိတယ်၊ အဲဒီအခါ ပစ္စယပရိဂ္ဂဟဉာဏ်နဲ့ ကင်္ခါဝိတရဏာဝိသုဒ္ဓိ ပြည့်စုံသွားတာပဲ။

အဲဒီကနောက် မှတ်သိရတဲ့ ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို သိပြီးတော့ မမြဲတာချည်းပဲ၊ ဖြစ်ချည်ပျက်ချည်နဲ့ ကြောက်စရာ ဆင်းရဲချည်းပဲ၊ သူ့သဘော အတိုင်းသူ ဖြစ်ပျက်နေလို့ အစိုးမရတဲ့ အနတ္တသဘောတရားချည်းပဲလို့ သိပြီး အတိတ် ရုပ်နာမ်စသည်တွေကိုလဲ အနိစ္စ ဒုက္ခ အနတ္တချည်းပဲလို့ သုံးသပ် ဆင်ခြင်တယ်၊ အဲဒါက သမ္မသနဉာဏ်ပဲ၊

အဲဒီကနောက် မှတ်တိုင်း မှတ်တိုင်း အသစ် အသစ် ဖြစ်ဖြစ်ပြီး ချက်ချင်းပင် ပျောက်ပျက်သွားတာကို လျင်မြန်စွာ သိသိသွားတယ်၊ အဲဒီလို လျင်မြန်စွာ သိသိ သွားတာက ဥဒယဗ္ဗယဉာဏ်ပဲ၊ အဲဒီလို သိမြင်ပုံကို ရည်ပြီးတော့ -

ရူပါနံ - မြင်ရသော ပစ္စုပ္ပန် အဆင်းရူပါရုံတို့၏၊

(ထို့အတူပင်၊
သဒ္ဒါနံ - ကြားရသော ပစ္စုပ္ပန်အသံ သဒ္ဒါရုံတို့၏၊
ဂန္ဓာနံ - နံရသော ပစ္စုပ္ပန်အနံ့ ဂန္ဓာရုံတို့၏၊
ရသာနံ - စားသိရသော ပစ္စုပ္ပန်အရသာ ရသာရုံတို့၏၊
ဖောဋ္ဌဗ္ဗာနံ - ထိသိရသော ပစ္စုပ္ပန်အတွေ့ ဖောဋ္ဌဗ္ဗာရုံတို့၏၊
ဓမ္မာနံ - ကြံသိရသော ပစ္စုပ္ပန်သဘောတရား ဓမ္မာရုံတို့၏၊)

အနိစ္စတံ - မမြဲခြင်းကို၊
ဝိပရိဏာမဝိရာဂ - နိရောဓံ - ပြောင်းလဲ ဖောက်ပြန်ခြင်း ပျက်ပြယ်ခြင်း ချုပ်ကွယ် သွားခြင်းကို၊

(မမြဲဆိုတာ မူလကအတိုင်း မတည်ရှိပဲပြောင်းလဲ ဖောက်ပြန်သွားခြင်းပဲ၊ အဲဒါကလဲ ပျက်ပြယ်သွားခြင်းပဲ၊ အဲဒါကလဲ ချုပ်ကွယ်သွားခြင်းပဲလို့ အနက်အရတူတဲ့ ပရိယာယ်စကားလုံး အထူးတို့ဖြင့် သိနားလည်အောင် ထပ်ပြီးဖွင့်ပြတာပါပဲ၊ အဲဒီမမြဲခြင်း ပြောင်းလဲ ဖောက်ပြန်ခြင်း ပျက်ပြယ်ခြင်း ချုပ်ကွယ်သွားခြင်းကို၊)

ဝိဒိတွာတု ဧဝ - ဖြစ်ဆဲမှာ ရှုမှတ်လျက် သိမြင်ပြီး၍သာလျှင်၊

(ဒီစကားဖြင့်ဖြစ်ဆဲ ရုပ်နာမ်ကို ရှုမှတ်၍ သိပြီးမှသာလျှင် သုံးသပ်ဆင်ခြင်တဲ့ဉာဏ် ဖြစ်ကြောင်းပြတော်မူပါတယ်၊)

ပုဗ္ဗေ စေဝရူပါ - ရှေးက အဆင်းရုပ်တို့သည် လည်းကောင်း၊

(ထို့အတူပင် ပုဗ္ဗေ စေဝ သဒ္ဒါ စသည်ဖြင့်၊ ရှေးကအသံရုပ်, အနံ့ရုပ်, အရသာရုပ်, အတွေ့ရုပ် သဘောတရားတို့သည် လည်းကောင်း ဆိုတဲ့ အနက်များကိုလဲ ပြထား ပါတယ်။)

ဧတရဟိ စ - ယခုလက်ရှိ အဆင်းရုပ်တို့သည်လည်းကောင်း၊

(ယခု လက်ရှိ အသံ, အနံ့, အရသာ အတွေ့ရုပ်တို့သည်လည်းကောင်း၊ ယခု လက်ရှိ သဘောတရားတို့သည် လည်းကောင်း၊ သဗ္ဗေ တေ ရူပါ - ထိုအလုံးစုံသော အဆင်းရုပ်တို့သည် လည်းကောင်း၊ ထိုအလုံးစုံသော အသံရုပ်, အနံ့ရုပ်, အရသာရုပ်, အတွေ့ရုပ်တို့သည် လည်းကောင်း၊ ထိုအလုံးစုံသော သဘောတရား တို့သည် လည်းကောင်း၊)

အနိစ္စာ, ဒုက္ခာ, ဝိပရိဏာမ ဓမ္မာတိ - မမြဲဆင်းရဲ ပြောင်းလဲဖောက်ပြန်သော သဘောတရားတို့ဟူ၍၊
ဧဝံ - ဤသို့၊
ဧတံ - ဤသဘောကို၊
ယထာဘူတံ - ဟုတ်တိုင်းမှန်စွာ၊
သမ္မပ္ပညာယ - မှန်စွာသိသော ဝိပဿနာပညာဖြင့်၊
ဒိသွာ - မြင်ပြီး၍ - လို့ ပြဆိုထားပါတယ်။

ယခုပြောခဲ့တဲ့အတိုင်း မြင်ဆဲစသည်မှာ မပြတ်ရှုမှတ်၍ ဖြစ်ပေါ်ပြီး ချက်ချင်း ပျောက်ပျောက်သွားတာကို တွေ့ရတော့ မမြဲတာတွေချည်းပဲ၊ ဖြစ်ချည်ပျက်ချည်နဲ့ ဆင်းရဲတွေချည်းပဲ၊ ခဏမစဲ ပြောင်းလဲ ဖောက်ပြန်နေတဲ့ တရားတွေချည်းပဲလို့ ကိုယ်ပိုင်ဉာဏ်ဖြင့် သိရတယ်၊

အဲဒီလို သိပြီးတော့ အဆင်း အသံ အနံ့ အရသာ အတွေ့ သဘောတရားတွေဟာ ရှေးကရော၊ ယခုရော၊ နောက်ကာလ၌ရော ဒီလို မမြဲတာချည်းပဲ၊ ဆင်းရဲချည်းပဲ၊ ပြောင်းလဲဖောက်ပြန်နေတာချည်းပဲလို့ သုံးသပ် ဆင်ခြင်ပြီး သိသိသွားတယ်၊ အဲဒီလို သိပြီးတော့ ထူးခြားတဲ့ ဥဒယဗ္ဗယဉာဏ်ဆိုတာလဲ ဖြစ်တယ်၊ အဲဒီ သမ္မသနဉာဏ် ဥဒဗ္ဗယဉာဏ် ဖြစ်တဲ့အခါ တရားထူးရတော့မှာပဲလို့ မျှော်လင့်တောင့်တမှု ဖြစ်တယ်၊ အဲဒီလို ဖြစ်တတ်ပုံကို။

သမ္မပ္ပညာယ - မှန်စွာသိသော ဝိပဿနာပညာဖြင့်၊
ဒိသွာ - မြင်ပြီး၍၊
အနုတ္တရေသု - အလွန်အကဲမရှိ၍ အမြတ်ဆုံး ဖြစ်ကုန်သော၊
ဝိမောက္ခေသု - အရိယဖိုလ်ဟူသော လွတ်မြောက်တရားတို့၌၊
ပိတံ - လိုလားတောင့်တခြင်းကို၊
ဥပဋ္ဌာပေတိ - ဖြစ်စေ၏၊

(ဖြစ်စေပုံမှာ)
အရိယာ - တို့သည်၊
ဧတရတိ - ယခုအခါ၌၊
ယံအာယတနံ - အရိယဖိုလ်ဟူသော အကြင်တည်ရာကို၊
ဥပသမ္ပဇ္ဇ - ရောက်၍၊
ဝိဟရန္တိ - နေကုန်၏၊
တဒါယတနံ - အရိယဖိုလ်ဟူသော ထိုတည်ရာကို၊
အဟံ - ငါသည်၊
ကုဒါ - အဘယ်အခါ၌၊
ဥပသမ္ပဇ္ဇ - ရောက်၍၊
ဝိဟရိဿာမိ နာမ - နေရပါအံ့နည်း၊
ဣတိ - ဤသို့ တောင့်တ၏ -

လို့ ပြဆိုထားပါတယ်။

တောင့်တပုံကတော့ ယခုနေအခါမှာ အခြားသူတွေက ရှုမှတ်အားထုတ်လို့ အချို့ သောတာပတ္တိဖိုလ် ရောက်နေကြတယ်၊ အချို့ သကဒါဂါမိဖိုလ်, အနာဂါမိဖိုလ် ရောက်နေကြတယ်၊ အချို့အရဟတ္တဖိုလ်ရောက်နေကြတယ်၊ ငါ့မှာ ဒီလို အရိယဖိုလ် တွေကို ရောက်ပါစေလို့ တောင့်တတယ်၊ မည်သည့် နေ့ရက်လောက်တော့ ရောက်ကောင်းပါရဲ့လို့လဲ မျှော်လင့်တတ်တယ်၊ အဲဒီလို မျှော်လင့်ထားတဲ့ ရက်, လ, တွေ ကုန်လွန်သွားသော်လဲ အရိယဖိုလ်တရားထူးကို မရတဲ့သူမှာ နှလုံးမသာမှု, ဝမ်းနည်းမှု ဖြစ်တတ်တယ်၊ အဲဒီလို ဖြစ်တတ်ပုံကိုလဲ ဒီလိုဆက်ပြီး ပြတော်မူပါတယ်။

ဣတိ - ဤပုံဤနည်းဖြင့်၊
အနုတ္တရေသု ဝိမောက္ခေသု - အမြတ်ဆုံးဖြစ်သော လွတ်မြောက်ရာတရားတို့၌၊
ပိဟံဥပဋ္ဌာပယတော - လိုလားတောင့်တခြင်းကိုဖြစ်စေသော ပုဂ္ဂိုလ်အား၊
ပိဟ ပစ္စယာ - တောင့်တမှုဟူသော အကြောင်းကြောင့်၊
ဒေါမနဿံ - နှလုံးမသာခြင်း, ဝမ်းနည်းခြင်းသည်၊
ဥပ္ပဇ္ဇတိ - ဖြစ်၏၊
ယံ ဧဝရူပံ ဒေါမနဿံ ဣဒံ - ဤသို့သော နှလုံးမသာခြင်း, ဝမ်းနည်းခြင်းကို၊
နေက္ခမ္မသိတ ဒေါမနဿံ - ထွက်မြောက်ခြင်းကို မှီသောဒေါမနဿဟူ၍၊
ဝုစ္စတိ - ခေါ်ဆိုအပ်၏တဲ့။

အရိယဖိုလ်တရားတွေကို မျှော်လင့် တောင့်တတဲ့အတိုင်း မပြည့်စုံတဲ့အခါ နှလုံး မသာမှု, ဝမ်းနည်းမှု ဖြစ်တတ်တယ်၊ သူများတွေကတော့ ရောက်ကြ, သိကြတယ်၊ ငါကတော့ မရောက်ဘဲမသိဘဲ ဖြစ်နေတယ်၊ ဘယ်တော့မှရောက်မှာပါလိမ့်မလဲ၊ ရောက်မှ ရောက်ပါတော့မလားလို့ စဉ်းစားဆင်ခြင်ပြီး ဝမ်းနည်းမှု ဖြစ်တတ်တယ်၊ ဒါကတော့ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေမှာ ကိုယ်ရည်မှန်းထားတဲ့အတိုင်း မဖြစ်ရင် ဒီလို ဝမ်းနည်းမှု ဖြစ်တတ်ကြတာချည်းပါပဲ၊

ယခု ဒီပါဠိမှာ ပြထားတာကတော့ သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ်အရာမှာ ဖြစ်တတ်ပုံပဲ၊ အထက် ဘင်္ဂဉာဏ် စသည်ရောက်နေတဲ့ ပုဂ္ဂိုလ်မှာလဲ ဖြစ်တတ် တာပါပဲ၊ သင်္ခါရုပေက္ခာဉာဏ် ရောက်နေတဲ့ ပုဂ္ဂိုလ်မှာလဲ မျှော်လင့်တဲ့အတိုင်း မြန်မြန်မပြည့်စုံရင် ဖြစ်တတ်သေးတာပါပဲ၊

ဒီလိုဖြစ်တဲ့ နှလုံးမသာမှု, ဝမ်းနည်းမှုကို အကြောင်းပြုပြီး ကြိုးစားအားထုတ်ခြင်းဖြင့် လိုအပ်တဲ့ တရားထူးသို့ ရောက်တတ်သောကြောင့် ဒီလို နှလုံးမသာမှုကို မှီဝဲအပ်တဲ့ ဒေါမနဿလို့ ဟောတော်မူတာပါပဲ၊ ဒီလို နှလုံးမသာမှုကို တမင် ဖြစ်အောင်တော့ အားထုတ်ဖို့ မဟုတ်ပါဘူး။

အကောင်းဆုံး ကတော့ အစကတည်းက အစဉ်အတိုင်း ဝိပဿနာဉာဏ်တွေ အဆင်သင့်ဖြစ်ပြီး ဝမ်းသာလျက် တရားထူး ရောက်သွားတာကတော့ အကောင်းဆုံး ပါပဲ၊ ဒါကြောင့် အဲဒီသဠာယတန ဝိဘင်္ဂသုတ်မှာပင် နေက္ခမ္မသိတဒေါမနဿကို ကျော်လွန်ပြီး နေက္ခမ္မသိတသောမနဿကို ဖြစ်ပွား စေရမယ်လို့လဲ ညွှန်ကြား ထားပါတယ်၊

ဒါပေမယ့် အဆင်မသင့်တဲ့ ပုဂ္ဂိုလ်မှာတော့ သူရည်ရွယ်ထားတဲ့ ရက်, လအတွင်းမှာ တရားမပြည့်စုံရင် နှလုံးမသာမှုက ဖြစ်တတ်တာပဲ၊ ဘုန်းကြီးတို့ ကမ္မဋ္ဌာန်းဌာနတွေ မှာတော့ ဝိပဿနာဉာဏ်အဆင့် အလုံးစုံ ပြည့်စုံလောက်ပြီလို့ ယုံကြည်ရတဲ့ ယောဂီတွေကို ဉာဏ်စဉ်တရား ဟောပါတယ်၊

ဒီလိုဟောတာကလဲ သူတို့မှာ ဖြစ်ဖူးတဲ့ဉာဏ်များကို ဟောတဲ့ ဉာဏ်စဉ်တရားနဲ့ တိုက်ဆိုင်ပြီး တိတိကျကျ သိနားလည်ဖို့ပါပဲ၊ ဉာဏ်စဉ်တွေ ပြည့်စုံနေရင်လဲ ဝမ်းမြောက်ဖို့၊ မပြည့်စုံသေးရင်လဲ ပြည့်စုံသည်အထိ ဆက်လက်အားထုတ် သွားဖို့ပါပဲ။

တချို့ မလိုလားတဲ့ ပုဂ္ဂိုလ်တွေက ဘုန်းကြီးတို့ ဉာဏ်စဉ်တရားဟောတာကို ရှုတ်ချပြီး ပြောဆို ရေးသားနေကြတယ်၊ ဉာဏ်စဉ်တရားဆိုတာ ဘယ်သူမဆို နာကောင်းတာပဲ၊ ဘာ့ကြောင့် လူတိုင်းကို နာခွင့်မပြုရသလဲ တဲ့၊ မြတ်စွာဘုရားက ဓမ္မာဒါသဆိုတဲ့ သုတ်တရားကို ဟောထားပါတယ်၊ အဲဒါဟာ အရိယာဖြစ်ပြီလို့ ယုံကြည်တဲ့ ပုဂ္ဂိုလ်များအတွက် နာယူပြီး ကိုယ့်အခြေအနေကို ဆုံးဖြတ်နိုင်ဖို့ ဟောတော်မူတာပဲ၊

တရားကို ဘာမျှ အားမထုတ်တဲ့ သူတွေမှာတော့ အဲဒီတရားကို နာရသော်လဲ ကိုယ့်အခြေအနေနဲ့ တိုက်ဆိုင်ကြည့်စရာ ဘာမျှမရှိပါဘူး၊ ကြားနာဖူးရုံမျှ ရှိတာပါပဲ၊ အဲဒါလိုပင် ဘုန်းကြီးတို့ ဟောပြောနေတဲ့ ဉာဏ်စဉ် တရားကလဲ တရားအားထုတ်လို့ ဉာဏ်စဉ်တရား ပြည့်စုံပြီလို့ ထင်ရတဲ့ သူတွေသာလျှင် သူတို့ကိုယ်တွေ့နှင့် တိုင်ဆိုင်ပြီး သိနားလည်ခြင်း, ဆုံးဖြတ်နိုင်ခြင်း အကျိုးရှိပါတယ်၊

ဉာဏ်မဖြစ်သေးတဲ့သူတွေ, အနည်းငယ်လောက်သာ ဖြစ်ဖူးတဲ့သူတွေ အတွက် ကတော့ အကျိုးမများပါဘူး၊ နောက်ပြီးတော့ ဉာဏ်ပြည့်စုံပြီလို့ ယုံကြည် ရတဲ့ သူများသာ နာခွင့်ပြုတဲ့အတွက် ဉာဏ်ပြည့်စုံပြီး ဉာဏ်စဉ်တရားကို နာခွင့်ရအောင် ကြိုးစားအားထုတ်ခြင်းဖြင့် အင်မတန် အကျိုးများပါတယ်။ ဉာဏ်က မပြည့်စုံသေးပဲ ဉာဏ်စဉ်တရားကို နာရလိမ့်မယ်လို့ မျှော်လင့်နေတဲ့ တချို့ ယောဂီများမှာတော့ ဉာဏ်စဉ်တရား နာခွင့်မရတာနဲ့ နှလုံးမသာခြင်း, ဝမ်းနည်းခြင်း ဖြစ်တာလဲ ရှိတယ်၊ အဲဒီလို နှလုံးမသာတာ ဝမ်းနည်းတာလဲ မှီဝဲသင့်တဲ့ နေက္ခမ္မသိတ ဒေါမနဿပါပဲ၊

အဲဒီလို နှလုံးမသာ ဖြစ်ပြီး ကြိုးစားအားထုတ်သဖြင့် မကြာမီပင် ဝိပဿနာဉာဏ် ပြည့်စုံပြီး ဉာဏ်စဉ်တရားကိုလဲ နာရတယ်၊ နာရတဲ့အခါလဲ သူကိုယ်တိုင် တွေ့ထားတာတွေကို ဖော်ပြ ပြောဆို နေသလိုပင် ဟောတဲ့ ဉာဏ်စဉ်တရားနဲ့ ကိုက်ညီတဲ့အတွက် အင်မတန်ပင် ဝမ်းမြောက်ဝမ်းသာစွာနဲ့ မိမိမှာ ပြည့်စုံ နေတဲ့ဉာဏ်ထူးကို ကိုယ်တိုင်ပင် ဆုံးဖြတ်နိုင်ပါတယ်။

တစ်ချို့ကတော့ သမ္မသနဉာဏ် စသည်ကို မရောက်သေးဘဲ အားထုတ်ခါစမှာလဲ သမာဓိဉာဏ်ကောင်းကောင်း မဖြစ်တာနဲ့ နှလုံးမသာဖြစ်တာလဲ ရှိတယ်၊ အဲဒီလို နှလုံးမသာဖြစ်ပြီး ကြိုးစားအားထုတ်သဖြင့် ဉာဏ်ထူး တရားထူးတွေကို ရတာလဲ ရှိပါတယ်၊ ဒါကြောင့် အဲဒီလို နှလုံးမသာမှုဟာလဲ မှီဝဲသင့်တဲ့ ဒေါမနဿပါပဲ၊

ဒါကြောင့် အဋ္ဌကထာမှာ

နေက္ခမ္မဝသေန - တောထွက်ခြင်း, ရဟန်းပြုခြင်း အလိုအားဖြင့်လည်းကောင်း၊
ဝိပဿနာဝသေန - ဝိပဿနာအလိုအားဖြင့် လည်းကောင်း၊
အနုဿတိဝသေန - အနုဿတိ အလိုအားဖြင့် လည်းကောင်း၊
ပဌမဇ္ဈာနာဒိဝသေန စ - ပဌမဈာန်စသည် အလိုအားဖြင့် လည်းကောင်း၊
ဥပ္ပဇ္ဇနကဒေါမနဿံ - ဖြစ်သော နှလုံးမသာမှုသည်၊
သေဝိတဗ္ဗံ နာမ - မှီဝဲအပ်သော နှလုံးမသာမှု မည်၏လို့ ဆိုထားပါတယ်၊ အဲဒါကို -

ထွက်ခွါ, ရှုသိ၊ နုဿတိတစ်တန်၊ မဂ်ဖိုလ်, ဈာန်၊ မှီရန် ဝမ်းနည်းမှု - လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒီမှာ ထွက်ခွာဆိုတာက အိမ်မှထွက်ပြီး ရဟန်းပြုချင်တဲ့ သူမှာ အကြောင်းမညီညွတ်လို့ အခွင့်မရတဲ့အတွက် နှလုံးမသာမှု, ဝမ်းနည်းမှု ဖြစ်ရတတ်တယ်၊ အဲဒါပါပဲ၊ ရှုသိ - ဆိုတာကတော့ ဝိပဿနာ အလုပ်ကို အားထုတ် ချင်ပါလျက် အားထုတ်ခွင့်မရလို့ ဝမ်းနည်းရတာရယ်၊ ပြည့်စုံစေချင်တဲ့ ဝိပဿနာဉာဏ် မပြည့်စုံလို့ ဝမ်းနည်းတာရယ်၊ ဒါတွေပါပဲ၊

အနုဿတိ - ဆိုတာကလဲ အနုဿတိ ၆-ပါးကို အားထုတ်ခွင့်မရတာရယ်၊ အားထုတ်နေသော်လဲ သမာဓိကောင်းကောင်း မဖြစ်တာရယ်၊ ဒါတွေကို အကြောင်း ပြုပြီးဖြစ်တဲ့ ဝမ်းနည်းမှုပါပဲ၊ တရားနာသွားချင်တာ ဘုရားဖူးသွားချင်တာ မသွားရလို့ “သူများတွေတော့ တရားနာကြရတယ်၊ ငါ့မှာတော့ မနာရဘူး၊ သူများတွေတော့ ဘုရားဖူးကြရတယ်၊ ငါ့မှာတော့ မဖူးရဘူး”လို့ ဒီလိုဆင်ခြင်ပြီး နှလုံးမသာတာ ဝမ်းနည်းတာလဲ မှီဝဲအပ်တဲ့ ဒေါမနဿပါပဲ၊ အဲဒါကို သီရိလင်္ကာ (သီဟိုဠ်ကျွန်း) ဂိရိကဏ္ဍက ကျောင်း၏ဆွမ်းခံရွာ၌ အမျိုးသမီးတစ်ဦး ဖြစ်ပုံဖြင့် ထင်ရှားသိရတယ်။

ဂိရိကဏ္ဍဆိုတဲ့ အဲဒီတောင်ပေါ်ကျောင်းမှာ ဘုရားပွဲ တရားပွဲကျင်းပတဲ့အခါ ဝတ္တကာလကဆိုတဲ့ အဲဒီတောင်ခြေရင်း ဆွမ်းခံရွာက အဲဒီအမျိုးသမီး၏ မိခင် ဖခင်များက “ချစ်သမီးသင့်မှာ လေးလံတဲ့ ကိုယ်ဝန်ရှိတယ်၊ ဒါကြောင့် ယခုလို ညဉ့် အချိန်မှာ အပြင်သို့သွားရန် မသင့်ဘူး၊ ငါတို့က သင့်အတွက် တရားနာ ယူခဲ့ကြပါမယ်” လို့ မှာထားပြီး တရားနာ ထွက်သွားကြတယ်၊

အဲဒီ အမျိုးသမီးက ဘုရားဖူးရန်, တရားနာရန် လိုက်ချင်ပါလျက်နဲ့ မလိုက်ရဘဲ အိမ်မှာ ပင်ပန်းနေရစ်ရတယ်၊ တောင်ပေါ်ကျောင်းကလဲ တယ်ဝေးပုံမရပါဘူး၊ အဲဒီ အမျိုးသမီးက အိမ်မျက်နှာသာကနေပြီး မျှော်ကြည့်လိုက်တဲ့အခါ စေတီတော်အား မီးပူဇော်ထားတာတွေကိုလဲ မြင်ရတယ်၊ စေတီတော်ရင်ပြင်မှာ ရဟန်းရှင်လူတွေ လှည့်လည်ပြီး ပူဇော်ကန်တော့ နေကြတာကိုလဲ လရောင်ဖြင့် မြင်ရတယ်၊ သံဃာတော်များက တပေါင်းတည်း ရွတ်ဆိုနေကြတဲ့ တရားသံကိုလဲ ကြားရတယ်၊

အဲဒီအခါ “ငါ့မှာတော့ ကံမကောင်းလို့ ဒီလိုပူဇော်ပွဲကို သွားရောက်ခွင့် မရဘူး”လို့ ဆင်ခြင်ပြီး နှလုံးမသာခြင်း ဝမ်းနည်းခြင်း ဖြစ်ရတယ်၊ အဲဒီကနောက် ဒီလို ဘုရားပွဲ, တရားပူဇော်ပွဲကို သွားရောက်ပြီး ပူဇော်ကြရ တရားတော်ကို နာကြားရတဲ့ သူတွေဟာ အင်မတန် ကံကောင်းတာပဲလို့ ဆင်ခြင်ပြီး စေတီတော်ကို အဝေးမှ ဖူးမြော်နေရင်း ဥဗ္ဗေဂါပီတိဆိုတဲ့ အလွန်အကဲ ဝမ်းမြောက်မှု ဖြစ်လာတယ်၊ အဲဒီ ဝမ်းမြောက်တဲ့ ပီတိအဟုန်ကြောင့် တစ်ကိုယ်လုံး ကြွတက်ပြီး အဲဒီစေတီတော် ရင်ပြင် ရောက်သွားပါသတဲ့။

အဲဒါဟာ မူလကတော့ ဘုရားဖူးရန်, တရားနာရန်သွားခွင့် မရလို့ ဝမ်းနည်းမှု ဖြစ်ခဲ့တယ်၊ အဲဒီဝမ်းနည်းမှုဟာ မှီဝဲသင့်တဲ့ ဒေါမနဿပဲ၊ အဲဒီ ဝမ်းနည်းမှု အကြောင်းရင်းခံပြီး ဆင်ခြင်တဲ့အတွက် ဘုရား တရားကို အာရုံပြုလျက် အလွန်အကဲ ဝမ်းမြောက်တဲ့ ဥဗ္ဗေဂါပီတိ ဖြစ်ပြီး စေတီရင်ပြင်သို့ သူ့အလိုလို ရောက်သွားတာပဲ၊

ယခု ရှုမှတ်နေကြတဲ့ ယောဂီတွေထဲမှာလဲ တချို့မှာ ဥဒယဗ္ဗယဉာဏ်ရောက်တော့ အဲဒီလို အလွန်အကဲ ဝမ်းမြောက်တဲ့ ဥဗ္ဗေဂါပီတိဖြစ်တတ်တယ်၊ အဲဒီ ပီတိကြောင့် ကိုယ်လက်လှုပ်ရှားတာလဲ ရှိတယ်၊ ယိမ်းယိုင်တာလဲ ရှိတယ်၊ အထက်သို့ ကြွကြွ တက်လာတာလဲ ရှိတယ်၊ တချို့မှာတော်တော်မြင့်သည် တိုင်အောင် ကြွတက် တာလဲ ရှိတယ်၊ ကြွမတက်တောင် အောက်မှာမထိရသလို အလွန် ပေါ့ပါး နေတာကိုလဲ တွေ့ကြရတယ်။

နောက်ပြီးတော့ မဂ်ဖိုလ်ရရန် ဈာန်ရရန် အားထုတ်နေပါလျက်၊ မရခြင်းကို အကြောင်းပြုပြီး နှလုံးမသာမှု ဝမ်းနည်းမှုလဲ ဖြစ်တတ်တယ်၊ အဲဒါလဲ မှီဝဲသင့်တဲ့ ဒေါမနဿပဲ၊ ဒါကြောင့် -

ထွက်ခွါ, ရှုသိ, နုဿတိ တစ်တန်, မဂ်ဖိုလ်, ဈာန်၊ မှီရန် ဝမ်းနည်မှုလို့ အတိုချုပ် ဆိုထားတယ်၊ အဲဒီအတိုချုပ် သက်သက်နဲ့တော့ ရည်ရွယ်ချက်ကို နားလည်ဖို့ မလွယ်လှပါဘူး၊ ရည်ရွယ်ချက်ကတော့ လူ့ဘောင်မှ ထွက်၍ ရဟန်းပြုခြင်း၊ ဝိပဿနာရှုခြင်း, ဗုဒ္ဓါနုဿတိစသည်, မဂ်ဖိုလ်, ဈာန်ဆိုတာတွေ လိုလားနေပါလျက် မိမိအလိုအတိုင်း မပြည့်စုံတဲ့ သူမှာ ဝမ်းနည်းမှု ဖြစ်တတ်တယ်၊ အဲဒီလို ဝမ်းနည်းမှုဟာ မှီဝဲအပ်သော ဒေါမနဿပဲလို့ ဆိုလိုပါတယ်၊

အဲဒီလို ဝမ်းနည်းမှုကို အကြောင်းပြုပြီး ပြည့်စုံအောင် အားထုတ်ခြင်းဖြင့် လိုအပ်သော ရဟန်းပြုခြင်းစသော အကျိုးထူးတွေကို ရသွားနိုင်တယ်၊ ဒါကြောင့် အဲဒီလို ဝမ်းနည်းမှုကို သေဝိတဗ္ဗဒေါမနဿ လို့ ခေါ်ဆိုရတာပါပဲ။

အရဟတ္တမဂ်ဖိုလ်နှင့် စပ်ပြီး ဖြစ်ပေါ်တဲ့ သေဝိတဗ္ဗ ဒေါ မနဿအကြောင်းကို ဒီသက္ကပဥှသုတ် အဖွင့် အဋ္ဌကထာမှာ မဟာသီဝမထေရ် ဝတ္ထုဖြင့် ဒီလို ပြဆို ထားပါတယ်။

မဟာသီဝတ္ထေရ ဝတ္ထု

သီရိလင်္ကာ (သီဟိုဠ်ကျွန်း) မှာ ဗုဒ္ဓသာသနာတော် ထွန်းကားစဉ်က အရှင် မဟာသီဝဆိုတဲ့ မထေရ်ကြီးတစ်ပါး ထင်ရှားရှိခဲ့တယ်၊ ခုနှစ်ကတော့ ခရစ်သက္ကရာဇ် ၁-ရာစုနှစ်လောက်ကလို့ ပညာရှိတွေ ခန့်မှန်းပြောဆိုကြပါတယ်၊ သာသနာခုနှစ်အရ ဆိုရင်တော့ ၆-ရာအတွင်းကလို့ဆိုရမှာပဲ၊ သာသနာနှစ် ၄-ရာ ၅-ရာအတွင်းကလဲ ဖြစ်နိုင်ပါတယ်၊

တည်ရာဌာနကတော့ သီဟိုဠ်ကျွန်းရဲ့ တောင်ဘက်အစွန်း၌ ဒုဋ္ဌဂါမဏိ မင်းကြီးရဲ့ စိုးစံရာ မဟာဂါမဆိုတဲ့ မြို့မှာပါပဲ၊ ယခုတော့ အဲဒီမြို့အရပ်ကို မာဂမလို့ ခေါ်နေကြတယ်၊ အဲဒီမာဂမရဲ့ မြောက်ဘက်၌ တိဿမဟာစေတီဆိုတာရှိပါတယ်၊ အဲဒီ စေတီ၏ တည်ရာမှာ တိဿ မဟာရာမဆိုတဲ့ ကျောင်းတိုက်ရှိတယ်၊ အဲဒီကျောင်းတိုက်ကို တိဿမဟာဝိဟာရလို့လဲ ခေါ်တယ်၊

အရှင်မဟာသီဝမထေရ်ဟာ အဲဒီကျောင်းတိုက်မှာ သီတင်းသုံးလျက် ၁၈-ပါးသော ဂိုဏ်းကြီးတို့ကို စာပို့ချ နေတယ်၊ သူ့ထံမှ ဩဝါဒကို ခံယူပြီး တရားအားထုတ် ကြသဖြင့် ရဟန်းတော် သုံးသောင်းရဟန္တာ ဖြစ်နေကြပါသတဲ့၊ အင်္ဂုတ္တရအဋ္ဌကထာ မှာတော့ ရဟန္တာ ၆-သောင်း ဖြစ်နေကြတယ်လို့, ဆိုပါတယ်။

အဲဒီအထဲက ရဟန်းတစ်ပါးက မိမိ၏ဂုဏ်တွေကို ဆင်ခြင်ပြီးတော့ ငါ့ဆရာ မထေရ်ကြီးမှာ ဘယ်လိုဂုဏ်ထူးတွေနဲ့ ပြည့်စုံနေပါလိမ့်မလဲလို့ ဆင်ခြင်ကြည့်လိုက် တဲ့အခါ ပုထုဇဉ်မျှသာ ဖြစ်နေကြောင်း သိရ၍ သတိပေးရန် အရှင်မဟာသီဝမထေရ် ထံသို့ လာရောက်တယ်၊

မထေရ်ကြီးက ဘာကိစ္စအတွက် လာသလဲလို့ မေးတယ်၊ အနုမောဒနာ တရား တစ်ပုဒ် သင်ယူချင်လို့ လာပါတယ်လို့ လျှောက်တယ်၊ သင်ပေးဖို့ရာ အချိန်အခွင့် မရှိဘူးလို့ မထေရ်ကြီးက မိန့်တယ်၊

ဆွမ်းခံသွားမည့် အရပ်ကို စဉ်းစားရန် ရပ်တည်ရာဌာန၌ မေးပါမည်ဘုရား၊
ထိုဌာန၌ အခြားရဟန်းတို့က မေးကြတယ်၊

ဆွမ်းခံရွာသို့ သွားတဲ့လမ်းမှာ မေးပါမည်၊
အဲဒီမှာလဲ အခြားသူတို့က မေးကြတယ်၊

နှစ်ထပ်သင်းပိုင်ကို ဝတ်ရာမှာ၊
နှစ်ထပ်သင်္ကန်းကြီးကို ရုံရာမှာ၊
အိတ်ထဲမှသပိတ်ကို ထုတ်ရာမှာ၊
ဆွမ်းစားဇရပ်၌ ယာဂုသောက်ပြီးတဲ့အခါ မေးပါမည်ဘုရား၊
အဲဒီမှာ အဋ္ဌကထာ လေ့လာသူတို့က သူတို့၏ ယုံမှားကို လွန်မြောက်အောင် မေးကြတယ်၊

ရွာမှ ဆွမ်းခံပြန်လာတဲ့အခါ မေးပါမည်၊
အဲဒီမှာလဲ အခြားသူတို့က မေးကြတယ်၊

ပြန်လာတဲ့လမ်းခရီးမှာ၊
ဆွမ်းဘုဉ်းပေးပြီးတဲ့ အခါမှာ၊
နေ့သန့်စင်ရာမှာ၊
ခြေဆေးတဲ့အခါမှာ၊
အိပ်ရာဝင်ခါနီး အိပ်ရာမှထပြီး မျက်နှာသစ်တဲ့အခါ မေးပါမည်၊
အဲဒီမှာလဲ အခြားသူတို့က မေးကြတယ်၊

မျက်နှာသစ်ပြီး ပြန်လာတဲ့အခါ၊ ကျောင်းခန်းထဲဝင်ပြီး ခေတ္တထိုင်နေတဲ့အခါ မေးပါမည်ဘုရား၊
အဲဒီမှာလဲ အခြားသူတို့က မေးကြတယ် - လို့ မိန့်ဆိုတယ်။

အဲဒီတော့ အခွင့်တောင်းတဲ့ ရဟန်းက ဒီလိုပြန်လျှောက်တယ်၊ အရှင်ဘုရား မျက်နှာ သစ်ပြီးတဲ့နောက် ကျောင်းခန်းထဲ ဝင်ပြီး သုံးလေးကြိမ်လောက် ထက်ဝက်ဖွဲ့ခွေ ထိုင်နေလျက် တရား ရှုမှတ်နှလုံးသွင်းတဲ့ အချိန်အခွင့် ရှိသင့်ပါတယ်၊ ယခု ပြောခဲ့တဲ့အတိုင်းဆိုရင် အရှင်ဘုရားမှာ သေဖို့အချိန်ကိုပင် မရဘဲရှိတော့မှာပဲ၊

အရှင်ဘုရားဟာ ပျဉ်ချပ်လိုပင် သူတစ်ပါး၏ မှီရာသာဖြစ်တယ်၊ မိမိ၏မှီရာတော့ မဖြစ်နိုင်ဘဲရှိနေပါတယ်၊ တပည့်တော်မှာ အရှင်ဘုရား၏ အနုမောဒနာဖြင့် အလိုမရှိတော့ပါဘူး - လို့ ဆိုပြီး ကောင်းကင်သို့ ပျံတက်လျက် ကြွသွားပါသတဲ့။

အဲဒီတော့မှ မထေရ်ကြီးက သတိသံဝေဂ ရလာတယ်၊ ဒီရဟန်းဟာ တရားစာ သင်ဖို့လာတာ မဟုတ်ဘူး၊ ငါ့ကို သတိပေးဖို့လာတာပဲလို့ သိပြီးတော့ သပိတ် သင်္ကန်းများကို အသင့်ပြင်လာပြီးတော့ အဲဒီနေ့မှာ တစ်နေ့လုံးလဲ စာပို့ချမြဲ ပို့ချနေတယ်၊ ညမှာလဲ ပို့ချမြဲပင် ပို့ချနေတယ်၊ အဲဒီည နောက်ဆုံးလာတဲ့ ကိုယ်တော်အား ပို့ချပြီးတဲ့အခါ အဲဒီကိုယ်တော် နှင့်အတူပင် သပိတ်သင်္ကန်းများကို ယူပြီး ကျောင်းမှ ထွက်ခွာသွားတယ်။

အရှင်မဟာသီဝမထေရ်က “ငါ့လိုပုဂ္ဂိုလ်မှာ အရဟတ္ထဖိုလ် ရောက်ဖို့ ဘာမျှ ခဲယဉ်းစရာ မရှိဘူး၊ ၂-ရက် ၃-ရက်အတွင်း ရောက်ပြီးတော့ ပြန်လာမယ်”လို့ ကြံစည်ပြီး အတွင်းနေတပည့်များကိုတောင် အသံမပေးခဲ့ဘဲ ထွက်လာခဲ့တယ်၊ အဲဒီနေ့က ဝါဆိုလဆန်း ၁၃ - ရက်နေ့ဖြစ်ပါသတဲ့၊

ဂါမန္တဂဗ္ဘရ (ရွာအနီးတောင်ချိုင့်) ဆိုတဲ့ နေရာမှာသွားရောက်ပြီးတော့ စင်္ကြံလျှောက် အားထုတ်နေတယ်၊ ဝါဆိုလပြည့်နေ့အထိ ၃-ရက်ကြာသော်လဲ တရားထူးကို မရသေးဘဲရှိနေတယ်၊ အဲဒီတော့ အဲဒီမှာပင်ဝါကပ်ပြီးတော့ သုံးလပတ်လုံး တရား အားထုတ်နေတယ်၊

သီတင်းကျွတ်လပြည့်နေ့တိုင်အောင်လဲ မိမိအလိုရှိတဲ့ တရားထူးကို မရသေးတဲ့ အတွက် ဒီလိုကြံတွေးမိတယ်၊ငါဟာ ၂-ရက် ၃-ရက်နဲ့ အရဟတ္တဖိုလ် ရောက်လိမ့်မယ် လို့ မျှော်လင့်ပြီးလာခဲ့တယ်၊ ယခုတော့ ၃-လကြာတောင်မှ မရောက်သေးဘူး၊ သီတင်းသုံးဖော်များကတော့ ရဟန္တာဖြစ်ပြီး ဝိသုဒ္ဓိပဝါရဏာကို ပြုကြလိမ့်မယ်လို့ ကြံတွေးမိတဲ့အခါ မျက်ရည်များ ကျလာပါသတဲ့။

အဲဒီကနောက် “ငါ့မှာ ခုတင်ညောင်စောင်းပေါ်မှာ လှဲအိပ်လျက် ဣရိယာပုထ် ၄-ပါးလုံးဖြင့် လျော့ရဲစွာ အားထုတ်နေလျှင် မဂ်ဖိုလ်တရားထူး ဖြစ်မှာမဟုတ်ဘူး၊ ဒီကနေ့က စပြီး အရဟတ္တဖိုလ်သို့ မရောက်မချင်း ညောင်စောင်း ပေါ်မှာ လှဲမအိပ်တော့ဘူး၊ ခြေတို့ကိုလဲ မဆေးတော့ဘူး”လို့ အဓိဋ္ဌာန်ပြုပြီး ညောင်စောင်းကို ထောင်ထားလိုက်တယ်၊ ထိုင်ခြင်း, ရပ်ခြင်း, သွားခြင်းဆိုတဲ့ ဣရိယာပုထ် ၃-ပါးဖြင့် တင်းတင်းကြပ်ကြပ် မပြတ်အားထုတ်နေပါသတဲ့၊

ဒါပေမယ့် နောက်တစ်ဝါ ကျွတ်တဲ့အခါလဲ အရဟတ္တဖိုလ်သို့ မရောက်သေးဘူးတဲ့၊ ဒီလို ဝါကျွတ်တဲ့အခါတိုင်း အရဟတ္တဖိုလ် မရောက်နိုင်တာကို ကြံတွေးပြီး မျက်ရည်များ ကျရပါသတဲ့၊ အဲဒီ ဝါကျွတ်တိုင်း ဝမ်းနည်းပြီး မျက်ရည်ကျရတာဟာ ၂၉-နှစ်၊ ၂၉-ကြိမ်တိုင်တိုင် ရှိပါသတဲ့။

အနှစ်သုံးဆယ်မြောက် ဝါကျွတ်တဲ့အခါကျတော့ နောက်မှီ ပျဉ်ချပ်ကိုမှီပြီး တည်နေရင်း “ယခု ငါ တရား အားထုတ်လာတာ အနှစ် ၃၀-ရှိပြီ၊ အရဟတ္တဖိုလ် ကိုတော့ မရောက်နိုင်သေးဘူး၊ ဒီဘဝမှာ မဂ်ဖိုလ်ကိုမရတော့ဘူး ထင်ပါရဲ့၊ သီတင်းသုံးဘော်တို့နှင့် ရဟန္တာအဖြစ်ဖြင့် ဝိသုဒ္ဓိ ပဝါရဏာ ပြုခွင့်ကို မရတော့ဘူး ထင်ပါရဲ့”လို့ ကြံတွေးမိတယ်၊ အဲဒီလို ကြံတွေးနေရင်း ဝမ်းနည်းမှု - ဒေါမနဿဖြစ်လာတယ်၊ မျက်ရည်တွေလဲ ကျလာပါသတဲ့။

အဲဒီအခါ နတ်သမီးတစ်ယောက်က အနီးအပါးမှာ ရပ်တည်နေလျက် ငိုနေပါသတဲ့၊ ဟဲ့ - ဒီမှာ ငိုနေတာဘယ်သူလဲလို့ မထေရ်ကြီးကမေးတယ်၊ တပည့်တော်မဟာ နတ်သမီးပါဘုရားလို့ လျှောက်တယ်၊ ဘာကြောင့် ငိုနေတာလဲလို့ မေးပြန်တယ်၊ ငိုနေရင် မဂ်ဖိုလ်ကို ဖြစ်စေနိုင်တယ် ထင်လို့ တပည့်တော်မလဲ မဂ်ဖိုလ်တစ်ခု နှစ်ခု ရအောင်လို့ ငိုနေတာပါလို့ လျှောက်တယ်။

အဲဒီတော့ အရှင်မဟာသီဝမထေရ်မြတ်က “ဟေ့ အမောင် မဟာသီဝ၊ နတ်သမီး ကတောင် သင်နှင့်ပြက်ရယ်ပြု ပြောင်လှောင်နေပြီ၊ တရားမရတာနဲ့ ဒီလို မျက်ရည် ကျနေတာဟာ သင့်မှာ သင့်တော်ပါ့မလား” စသည်ဖြင့် ဆင်ခြင်အားပေးပြီးတော့ ရှုမှတ်မှု ဝိပဿနာကို ပွားစေတယ်၊ အဲဒီလို ပွားစေလိုက်တဲ့အတွက် မကြာခင်ပဲ ဝိပဿနာဉာဏ်အစဉ်, အရိယမဂ်ဉာဏ် အစဉ်ဖြင့် အစဉ်အတိုင်း ဖြစ်ပွားပြီး အရဟတ္တမဂ်ဖိုလ်သို့ ရောက်သွားတယ်၊ ပဋိသမ္ဘိဒါဉာဏ် ၄-ပါးနဲ့လဲ ပြည့်စုံသွားတယ်၊

တရားထူးရတယ်ဆိုတာ အကြောင်းညီညွတ်ရင် မကြာခင် တစ်ခဏလောက် အတွင်းမှာလဲ ဖြစ်နိုင်တာပဲ၊ ဒီ မဟာသီဝမထေရ်ကြီးမှာ မူလက ပြင်းပြင်းထန်ထန် အားထုတ်နေပါလျက် ဉာဏ်ထူးတရားထူး မရောက်ဘဲရှိနေခဲ့တာဟာ အကြား အမြင်များသည် အားလျော်စွာ ဆင်ခြင်မှုတွေ များနေလို့နဲ့တူပါတယ်၊ ယခု နောက်ဆုံးအချိန်ကျတော့ မကြာခင်ပဲ ဝိပဿနာဉာဏ်တွေ အစဉ်အတိုင်း တက်ပြီး မဂ်ဉာဏ်လေးပါးလဲ အစဉ်အတိုင်းဖြစ်ပြီး အရဟတ္တဖိုလ်ရောက်လျက် ရဟန္တာ ဖြစ်သွားတာပဲ။

ဒီမဟာသီဝမထေရ်မှာ တရားစ၍ အားထုတ်သည်မှ စပြီး အနှစ်သုံးဆယ်မြောက် ပဝါရဏာ နေ့တိုင်အောင် “ယခုထက်တိုင် အရဟတ္တမဂ်ဖိုလ်သို့ မရောက်သေးဘူး၊ ဝိသုဒ္ဓိပဝါရဏာကို မပြုရဘူး” စသည်ဖြင့် နှလုံးသွင်းမိပြီးဖြစ်တဲ့ နှလုံးမသာမှု ဝမ်းနည်းမှုဟာ (သေဝိတဗ္ဗ) မှီဝဲသင့်တဲ့ ဒေါမနဿပါပဲ၊ အဲဒီဒေါမနဿကိုမှီပြီး ကြိုးစားအားထုတ်ခြင်းကြောင့် အရဟတ္တမဂ်ဖိုလ်ကိုရသွားတယ်၊ ဒါကြောင့် အဲဒီ နှလုံးမသာမှု ဝမ်းနည်းမှုကို မှီဝဲအပ် - မှီဝဲသင့်တဲ့ ဒေါမနဿလို့ ဆိုတာပါပဲ။

ဒီသက္ကပဥှသုတ်မှာ အဲဒီ ဒေါမဿကို ဝိတက် ဝိစာရရှိ-မရှိ အားဖြင့်လဲ ခွဲခြား ပြဆိုထားပါသေးတယ်၊ ဒါပေမယ့် မုချအားဖြင့်တော့ ဒေါမနဿဆိုတာ ဝိတက် ဝိစာရနှင့် တွဲဖြစ်တာချည်းပါပဲ၊ ဝိတက်ဝိစာရကင်းတဲ့ ဒေါမနဿရယ်လို့ မရှိပါဘူး၊ ဒါကြောင့် ဝိတက်ဝိစာရကင်းတဲ့ ဒေါမနဿဆိုတာကတော့ ပရိယာယ်အားဖြင့် တင်စားပြီး ဟောထားတာပါပဲ၊ အဲဒီလိုတင်စားပြီး ခေါ်ရပုံတွေကလဲ သုတနည်းတဲ့ ပုဂ္ဂိုလ်တွေမှာ သိနားလည်ဖို့ မလွယ်ပါဘူး၊ ဒါကြောင့် အဲဒီ ဝိတက်ဝိစာရ ရှိ-မရှိ ခွဲခြားပုံကိုတော့ ဒီမှာ မပြတော့ဘဲ ချန်ထားလိုက်ပါတယ်။

လိုရင်းမှတ်ဖွယ်

ဒီဒေါမနဿ ၂ - မျိုးနှင့်စပ်ပြီး သိမှတ်ထားဖို့ရာ လိုရင်းကတော့ - ကာမဂုဏ်ရေးရာ, လောကရေးရာနှင့် စပ်ပြီး ဖြစ်ပေါ်လာတဲ့ နှလုံးမသာမှုဟာ မမှီဝဲအပ်တဲ့ ဒေါမနဿပဲ၊ အဲဒီလို နှလုံးမသာမှု ဖြစ်အောင်လဲ မကြံမတွေးရဘူး၊ သူ့အလိုလို ဖြစ်ပေါ်လာရင်လဲ လက်ခံမထားရဘူး၊ ရှုမှတ်ပြီး ပယ်ရမယ်၊ ရှုမှတ်လို့ မပျောက်နိုင်ရင် သူ့ကို နှလုံးမသွင်းဘဲ အခြားအာရုံတွေကိုသာ မပြတ်ရှုမှတ်နေရမယ်၊

အဲဒီလို ရှုမှတ်နေရင် အဲဒီ နှလုံးမသာမှုဟာ သူ့အလိုလိုပင် ပျောက်သွားပါလိမ့်မယ်၊ သိကြားမင်းမှာ စုတေရတော့မည့်အရေးနှင့် စပ်ပြီးတော့ ဖြစ်ခဲ့တဲ့ နှလုံးမသာမှု ရှိခဲ့တယ်၊ အဲဒါကို ရှုမှတ်ပြီး ပယ်ရမယ်လို့ သိစေပါတယ်။

ရဟန်းပြုခွင့်မရလို့ ဖြစ်စေ၊ တရားနာခွင့် မရလို့ဖြစ်စေ၊ တရားအားထုတ်ခွင့်မရလို့ ဖြစ်စေ၊ မိမိအလိုရှိတဲ့ ဈာန်ဝိပဿနာ မဂ်ဖိုလ်တရားတို့ကို မရလို့ ဖြစ်စေ၊ ဖြစ်ပေါ်လာတဲ့ နှလုံးမသာမှု ဝမ်းနည်းမှုကတော့ မှီဝဲသင့်တဲ့ ဒေါမနဿပဲ၊ အဲဒီလို နှလုံးမသာတာ, ဝမ်းနည်းတာကို အကြောင်းပြုပြီး ဆက်လက် အားထုတ်ခြင်းဖြင့် ရဟန်းပြုခွင့်, တရားနာခွင့်, တရားအားထုတ်ခွင့်ကိုလဲ ရနိုင်တယ်၊ ဈာန်ဝိပဿနာ မဂ်ဖိုလ်တရားတွေကိုလဲ ရနိုင်တယ်၊ ဒါကြောင့် မှီဝဲသင့်တယ်လို့ ဆိုရတာပါပဲ၊

ဒါပေမယ့် အဲဒီလို နှလုံးမသာမှု ဖြစ်ပေါ်အောင် တမင်အားထုတ်ဖို့တော့ မလိုပါဘူး၊ အကောင်းဆုံးကတော့ အစစ အရာရာ အကြောင်းညီညွတ်လို့ လိုအပ်တဲ့အကျိုး ပြီးသွားသဖြင့် ဝမ်းသာရတဲ့ သောမနဿက ပိုပြီး ကောင်းတာပါပဲ၊ ဒါလောက်ဆိုရင် မှီဝဲသင့် မမှီဝဲသင့်တဲ့ ဒေါမနဿနှင့်စပ်ပြီး သိနားလည်လောက်ပါပြီ၊ ယခု ဥပေက္ခာ ဝေဒနာကို ဖော်ပြဟောကြားရမယ်။

မှီဝဲသင့် မမှီဝဲသင့် ဥပေက္ခာ

ဥပေက္ခာဆိုတာ ဝမ်းသာရွှင်ပြတာလဲ မဟုတ်၊ ဝမ်းနည်းတာ, နှလုံးမသာတာလဲ မဟုတ်ပဲ အလယ်အလတ် ခံစားမှုပဲ၊ မကောင်း မဆိုး အလယ်အလတ်ခံစားမှုပါပဲ၊ စိတ်ထဲမှာ ဒီအလယ်အလတ်ခံစားမှုက အဖြစ်များပါတယ်၊ ဝမ်းသာတယ် ဆိုတာက တစ်ခါတစ်ရံမှဖြစ်တာပဲ၊ ဝမ်းနည်းတယ် နှလုံးမသာဘူးဆိုတာကလဲ တစ်ခါတစ်ရံမှ ဖြစ်တာပဲ၊

မကောင်းမဆိုး အလယ်အလတ် ခံစားမှု - ဥပေက္ခာဆိုတာကတော့ အမြဲလိုပင် ဖြစ်နေတာပဲ၊ ဒါပေမယ့် ဒီဥပေက္ခာဝေဒနာက အသိခက်တယ်၊ သမာဓိဉာဏ် အားကောင်းလာတဲ့အခါကျမှ ဒီဥပေက္ခာကို ထင်ရှားသိရတတ်ပါတယ်၊ ဒီ ဥပေက္ခာကိုလဲ မှီဝဲသင့် မမှီဝဲသင့်အားဖြင့် သောမနဿလိုပင် နှစ်မျိုးခွဲခြားပြီးသိဖို့ ဒီသက္ကပဥှသုတ်မှာ ဟောထားပါတယ်၊

အဲဒါကို “နှလုံးမသာ၊ ဥပေက္ခာ၊ ခွဲပါနည်းတူတည်း”လို့ ဆောင်ပုဒ်က ဆိုထားပါတယ်၊ နှလုံးမသာတဲ့ ဒေါမနဿနဲ့ ဥပေက္ခာကို သောမနဿလိုပင် မှီဝဲသင့်တာနဲ့ မမှီဝဲသင့်တာအားဖြင့် နှစ်မျိုးခွဲခြားပြီး သိရမယ်တဲ့။

အဲဒီနှစ်မျိုးထဲမှ မှီဝဲသင့်တာက ဘယ်လိုဥပေက္ခာလဲ၊ မမှီဝဲသင့်တာ ဘယ်လို ဥပေက္ခာလဲဆိုတော့ အဲဒါကလဲ သောမနဿလိုပါပဲ၊ ကုသိုလ် ဖြစ်ပွားကြောင်းဖြစ်ရင် မှီဝဲသင့်တယ်၊ အကုသိုလ် ဖြစ်ပွားကြောင်း ဖြစ်ရင် မမှီဝဲသင့်ဘူး၊ ပယ်ရမယ်၊ ဒီလိုပါပဲ၊ ဒါကိုလဲ “အကုသိုလ်ပွား၊ ပယ်ရှောင်ရှား၊ ကုပွားမှီဖို့တည်း”လို့ ဆိုခဲ့တဲ့ ဆောင်ပုဒ်အတိုင်းပါပဲ၊

မကောင်းမဆိုး ရိုးရိုးနှလုံးသွင်းဆင်ခြင်မှု ကြံစည်မှုထဲမှာ ဥပေက္ခာ ပါဝင်နေတယ်၊ အဲဒီလို ဆင်ခြင်မှုကို အကြောင်းပြုပြီး အကုသိုလ် ဖြစ်ပွားရင် အဲဒီလို ဥပေက္ခာကို မမှီဝဲရဘူး၊ ပယ်ရမယ်၊ ဆက်လက်ပြီး မဆင်ခြင်တော့ဘဲ ပယ်ရမယ်၊ ရှုမှတ်ဖူးတဲ့ ပုဂ္ဂိုလ်အနေအားဖြင့် အဲဒီလို ဆင်ခြင်မှုကို ရှုမှတ်ပြီး ပယ်လိုက်ရုံပါပဲ၊ မကောင်းမဆိုး အလယ်အလတ် နှလုံးသွင်း ဆင်ခြင်မှု ကြံစည်မှုကို အကြောင်းပြုပြီး ကုသိုလ် ဖြစ်ပွားရင် အဲဒီလို နှလုံးသွင်း ဆင်ခြင်မှု ကြံစည်မှုကို မှီဝဲရမယ်၊

အဲဒါမျိုး မဖြစ်သေးရင်လဲ ဖြစ်အောင် အားထုတ်ရမယ်၊ ဖြစ်နေရင်လဲ ဆက်လက်ပြီး မပြတ်ဖြစ်နေအောင် အားထုတ်ရမယ်၊ အဲဒီ ဥပေက္ခာ ၂ - မျိုးကို အဋ္ဌကထာမှာ သဠာယတန ဝိဘင်္ဂသုတ်မှ ထုတ်ဆောင်ပြီး ဒီလို ပြဆိုထားပါတယ်။

ဂေဟသိတာ - နေအိမ်သဖွယ် ကာမဂုဏ်မှီ၍ ဖြစ်ကုန်သော၊
ဆ ဥပေက္ခာ - ၆-မျိုးသော ဥပေက္ခာတို့သည်၊
ကတမာ - အဘယ်သည်တို့နည်းဆိုလျှင်၊
စက္ခုနာ - မျက်စိဖြင့်၊
ရူပံ - အဆင်းကို၊
ဒိသွာ - မြင်ပြီး၍၊
ဗာလဿ - မသိမလိမ္မာသော၊
မူဠှဿ - တွေဝေသော၊
ပုထုဇ္ဇနဿ - ပုထုဇဉ် ပုဂ္ဂိုလ်အား၊
ဥပေက္ခာ - မကောင်းမဆိုး အလယ်အလတ် အညီအမျှ ခံစားမှု ဥပေက္ခာသည်၊
ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်၏တဲ့။

မမှီဝဲသင့်တဲ့ ဂေဟသိတဥပေက္ခာ

မျက်စိဖြင့် အဆင်းကို မြင်ပြီးတော့ ဥပေက္ခာဖြစ်တာလဲ ရှိပါတယ်၊ လှပတင့်တယ်တဲ့ အဆင်းကို မြင်ရတဲ့အခါ, ကိုယ်မြင်ချင်တာကို မြင်ရတဲ့အခါ နှစ်သက်သာယာပြီး ဝမ်းသာရွှင်လန်းမှု ဖြစ်တယ်၊ အဲဒါက ဂေဟဿိတ သောမနဿပဲ၊ မုန်းစရာ, ရွံစရာ, ကြောက်စရာကို မြင်ရတဲ့အခါ နှလုံးမသာမှု စိတ်ဆင်းရဲမှု ဖြစ်တတ်တယ်၊ အဲဒါက ဂေဟသိတ ဒေါမနဿ

အဲဒါတွေကိုတော့ ပြောခဲ့ပါပြီ၊ ယခုမြင်ရတာကတော့ မြင်နေကျ ရိုးရိုးအဆင်း အာရုံကို မြင်ရတဲ့အခါ ခံစားမှုဝေဒနာဖြစ်ပုံကို ပြောတာပဲ၊ မြင်နေကျ သာမန်လူကို မြင်ရတဲ့အခါ၊ မြင်နေကျ သာမန်အသုံးအဆောင်ကို မြင်ရတဲ့အခါ သာမန် မြေကြီး သစ်ပင်စသည်ကို မြင်ရတဲ့အခါ ဝမ်းလဲမသာဘူး၊ နှလုံးမသာလဲ မဖြစ်ဘူး၊ မကောင်းမဆိုး အလယ်အလတ် ခံစားမှုသာဖြစ်တယ်၊ ဘယ်လို ပုဂ္ဂိုလ်မှာ ဖြစ်တာလဲ ဆိုတော့ -

ပုထုဇ္ဇနဿ - ပုထုဇဉ်ပုဂ္ဂိုလ်မှာ ဖြစ်ပါတယ်တဲ့၊ ပုထုဆိုတာက အများလို့ အနက်ရှိတယ်၊ ဇန - ဆိုတာက လူ - တဲ့၊ ဒါကြောင့် ပုထုဇ္ဇန - ပုထုဇဉ်ဆိုတာ လူအများစု, အများလူထုလို့ ဆိုလိုတာပါပဲ၊ အရိယာပုဂ္ဂိုလ်တွေကတော့ လူများစု မဟုတ်ဘူး၊ လူနည်းစုပဲ၊ အဲဒီ အရိယာလူနည်းစုမှာ ဖြစ်တာကို မဆိုလိုဘူး၊ အရိယာမဟုတ်တဲ့ လူများစုမှာ ဖြစ်တာကိုသာ ဆိုလိုတယ်၊

အဲဒီ ပုထုဇဉ် လူများစုထဲမှာလဲ မြင်ရတဲ့ အဆင်းစသည်ကို အနိစ္စ, ဒုက္ခ, အနတ္တ, အခြင်းအရာဖြင့် ရှုသိနေတဲ့ ကလျာဏပုထုဇဉ်မှာ ဖြစ်တာကိုလဲ မဆိုလိုဘူး၊ ဒါကြောင့် ဗာလဿ - မသိမလိမ္မာတဲ့ ပုထုဇဉ်မှာ ဖြစ်တာပါတဲ့၊ မသိမလိမ္မာဆိုတာ ဘာကို မသိမလိမ္မာတာလဲ ဆိုရင် မြင်ရတဲ့ အဆင်းစသည်၏ သဘောမှန်ကို မရှုလို့ မသိမလိမ္မာတာကို ဆိုတာပါပဲ၊

အဲဒီ ဗာလ - မသိမလိမ္မာတဲ့ သူဟာ မူဠှ - တွေဝေတဲ့သူလဲ ဖြစ်တာပဲ၊ တွေဝေတယ် ဆိုတဲ့ စကားလုံးက ဘာကိုမျှမသိ မေ့မျောနေတာလို့လဲ အနက်ရှိတယ်၊ ဒီနေရာမှာတော့ အဲဒီလို မေ့မျောပြီး တွေဝေတာကို မဆိုလိုပါဘူး၊ မရှုမမှတ်လို့ အနိစ္စစသည်ကို မသိဘဲ မြဲတဲ့အနေစသည်ဖြင့် ထင်မှတ်ပြီး သိနေတာကိုသာ ဆိုလိုပါတယ်၊

ဒါကြောင့် ဒီသာမန်ဥပေက္ခာဟာ ဗာလဿ - မြင်ပြီးလျှင် မရှုမမှတ်သဖြင့် အမှန် အတိုင်းမသိသော၊ မူဠှဿ - မြဲတယ်, ချမ်းသာတယ်, ကောင်းတယ်စသည်ဖြင့် အသိမှားလျက် တွေဝေနေသော၊ ပုထုဇ္ဇနဿ - ရှုမှတ်ခြင်း မရှိတဲ့ သာမန်လူများစု ပုဂ္ဂိုလ်မှာ ဖြစ်ပါတယ်တဲ့၊ အဲဒီ ပုဂ္ဂိုလ်ဟာ အရိယာမဟုတ်တဲ့အကြောင်းကိုလဲ ဒီလို ပြထားပါသေးတယ်။

အနောဓိဇိနဿ - အစိတ်အပိုင်းအားဖြင့် ကိလေသာကို မအောင်နိုင်သေးတဲ့ ပုထုဇဉ်မှာဖြစ်တဲ့ ဥပေက္ခာပါတဲ့၊ သောတာပန်က သက္ကာယဒိဋ္ဌိစသော အပါယ် လားကြောင်း ကိလေသာကို အောင်နိုင်သွားပြီ၊ သကဒါဂါမ်က ကြမ်းတမ်းသော ကာမရာဂနဲ့ ဗျာပါဒကို အောင်နိုင်သွားပြီ၊ အနာဂါမ်က ကာမရာဂနဲ့ ဗျာပါဒ ဟူသမျှကို အကြွင်းမဲ့ အောင်နိုင်သွားပြီ၊

ဒါပေမယ့် ဒီသောတာပန်, သကဒါဂါမ်, အနာဂါမ်တွေမှာ မအောင်နိုင်သေး မပယ် ရသေးတဲ့ ကိလေသာတွေက ရှိနေသေးတယ်၊ ဒါကြောင့် ဒီအရိယာပုဂ္ဂိုလ်သုံးပါးကို ဩဓိဇိန - ကိလေသာကို အစိတ်အပိုင်း အကန့်အသတ်အားဖြင့် အောင်နိုင်တဲ့ ပုဂ္ဂိုလ်များလို့ ဆိုရတယ်၊ အဲဒီကိလေသာကို အစိတ်အပိုင်း အကန့်အသတ်အားဖြင့် အောင်နိုင်ပြီးဖြစ်တဲ့ သောတာပန်, သကဒါဂါမ် အနာဂါမ်လဲ မဟုတ်တဲ့ ပုထုဇဉ်မှာ ဖြစ်တဲ့ ဥပေက္ခာလို့ ဆိုလိုပါတယ်။

အဝိပါကဇိနဿ - အကျိုးဝိပါက်ကို မအောင်နိုင်သေးသော ပုထုဇဉ်မှာ ဖြစ်ပါတယ် တဲ့၊ ပဋိသန္ဓေဝိညာဏ်အစရှိသော အကျိုးဝိပါက် ဟူသမျှကို အောင်နိုင်သူ ဆိုတာ ရဟန္တာပဲ၊ အဲဒီ ရဟန္တာလဲ မဟုတ်သေးတဲ့ ပုထုဇဉ်မှာ ဖြစ်တဲ့ဥပေက္ခာပါတဲ့၊ အဲဒီ ဝိသေသန ၂ - ပုဒ်ဖြင့် အရိယာမဟုတ်တဲ့ ပုထုဇဉ်မှာ ဖြစ်တဲ့ ဥပေက္ခာပါလို့ သိစေပါတယ်၊

အင်း - ဘုရားဟော တရားတော်က အလွန်သေချာ စေ့စပ်တာပဲ၊ သေချာလွန်း အားကြီးတဲ့အတွက် သုတနည်းတဲ့ သူတွေမှာတော့ ကောင်းကောင်း မသိ နားမလည်နိုင်ဘဲ, မမှတ်သားနိုင်ဘဲလဲ ဖြစ်နေတတ်တယ်၊ နောက်ပြီးတော့ ပုထုဇဉ် ဆိုပေမယ့် ဝိပဿနာဉာဏ်နှင့် သုတရှိတဲ့ ပုထုဇဉ်ကိုသာ ဆိုလိုကြောင်း ဒီလို ပြဆိုပြန်ပါတယ်။

အနာဒီနဝဒဿာဝိနော - အပြစ်ကို မြင်လေ့မရှိသော ပုထုဇဉ်မှာ ဖြစ်တဲ့ ဥပေက္ခာ ပါပဲတဲ့၊ ဘယ်လိုအပြစ်ကို မမြင်တာလဲဆိုတော့ မောဟ၏အပြစ်ကို မမြင်တာလို့ ဋီကာတွေမှာ ဖွင့်ပြထားပါတယ်၊ မရှုမမှတ်ရင် အမှန်အတိုင်း မသိဘူး၊

အမှန်အတိုင်း မသိရင် မြဲတဲ့အနေ, ချမ်းသာတဲ့ကောင်းတဲ့ အနေ အတ္တကောင် အနေဖြင့် အထင်အသိမှားတယ်၊ အဲဒီ အသိမှားတာဟာ မောဟပဲ၊ အဲဒီ မောဟ - က အသိမှားတဲ့အတွက် အကောင်းထင်ပြီး နှစ်သက်သာယာတဲ့ တဏှာ ဖြစ်တယ်၊ တဏှာကြောင့် စွဲလမ်းတယ်၊ စွဲလမ်းသောကြောင့် ကိုယ့်အလိုပြည့်အောင် အားထုတ်တယ်၊

အဲဒီအားထုတ်တာဟာ အကုသိုလ်ကံ, ကုသိုလ်ကံပဲ၊ အဲဒီကံကြောင့် ဘဝအသစ် ဖြစ်တယ်၊ ဖြစ်ရာဘဝမှာ အိုရ, နာရ, သေရတယ်၊ ကိုယ်စိတ်ဆင်းရဲ အမျိုးမျိုးကို တွေ့ရတယ်၊ ဒါတွေဟာ အမှန်မသိပဲ အလွဲအမှားသိတဲ့ မောဟ၏ အပြစ်တွေပဲ၊ အဲဒီအပြစ်တွေကို မမြင်တဲ့ ပုထုဇဉ်လို့ ဆိုလိုပါတယ်၊

ဒါကတော့ အသိခက်တယ် နက်နဲတယ်၊ သိလွယ်တာကတော့ ဖြစ်ခိုက်ရုပ်နာမ်ကို မရှုသိတဲ့သူဟာ ရုပ်နာမ်၏ အဖြစ်အပျက်စသော အပြစ်ကို မမြင်ဘူး၊ အဲဒီလို အပြစ်မမြင်တဲ့ ပုထုဇဉ်လို့ဆိုရင် သိနားလည်လွယ်ပါတယ်၊ ဒါကြောင့် - -

အနာဒီနဝဒဿဝိနော - မောဟ၏အပြစ်, ရုပ်နာမ်၏ အပြစ်ကို မမြင်သော၊
အသုတဝတော - သုတမရှိသော၊
ပုထုဇ္ဇနဿ - ပုထုဇဉ် ပုဂ္ဂိုလ်အား၊
ဥပေက္ခာ - (အဆင်းကို မြင်ပြီးလျှင် မရှုမမှတ်သဖြင့် အထင်မှား အသိမှား မောဟနှင့် ယှဉ်သော) ဥပေက္ခာသည်၊
ဥပ္ပဇ္ဇတိ - ဖြစ်၏တဲ့၊

အဲဒီမှာ သုတ ဆိုတာက အာဂမသုတ, အဓိဂမသုတလို့ ၂ - မျိုးရှိတယ်၊ အာဂမသုတ ဆိုတာ ဘုရားဟော တရားတော်တွေကို ကြားနာပြီး သိမှတ်တာပါပဲ၊ အဲဒါကို အကြားလို့ ဆိုပါတယ်၊ အဓိဂမသုတ ဆိုတာကတော့ ဝိပဿနာဉာဏ် မဂ်ဉာဏ်တို့ဖြင့် ကိုယ်တိုင်တွေ့ပြီး သိတာပဲ၊ အဲဒါကို အမြင်လို့ ဆိုပါတယ်၊ ဒါကြောင့် သုတမရှိသူဆိုတာ အကြား အမြင် နှစ်ပါးလုံးမရှိတဲ့သူလို့ ဆိုလိုတာပါပဲ

ဒီနေရာမှာတော့ အကြားသုတ ရှိပေမယ့် အမြင်သုတမရှိရင် မြင်ရတဲ့ အဆင်း စသည်ကို မြဲတဲ့အနေ စသည်ဖြင့် အထင်မှား အသိမှား (မောဟ)နဲ့ ယှဉ်တဲ့ ဥပေက္ခာက ဖြစ်တာပါပဲ၊ ဒါကြောင့် မြင်ပြီးလျှင် မရှုမမှတ်သဖြင့် အထင်မှား အသိမှား မောဟနှင့် ယှဉ်တဲ့ အညာဏုပေက္ခာ ဆိုတဲ့ အလယ်အလတ်ခံစားမှု ဖြစ်တယ်လို့ ဆိုလိုပါတယ်၊ ဒါကြောင့် -

ဧဝရူပါ - ဤသို့ အထင်မှား အသိမှားလျက် ခံစားသော သဘောရှိသော၊
ယာ ဥပေက္ခာ - အလယ်အလတ် အညီအမျှရှုမှု ခံစားမှု ဆိုတဲ့ အကြင် ဥပေက္ခာသည်၊
အတ္ထိ - ရှိ၏၊
သာ - ထိုဥပေက္ခာသည်၊
ရူပံ - မြင်ရသော အဆင်းကို၊
(ကြားရတဲ့အခါ စသည်မှာတော့ ကြားရတဲ့အသံ စသည်ကို - လို့ ဆိုပါတယ်)

နာတိဝတ္တတိ - မလွန်မြောက်နိုင်၊
(မြင်ရတဲ့ အဆင်း စသည်ကို တပ်မက်သာယာတဲ့ ရာဂစသည် မကင်းသေးဘူးလို့ ဆိုလိုတာပါပဲ၊)

တသ္မာ - ထိုသို့ အဆင်းကို မလွန်မြောက်ခြင်း၊ အဆင်းကိုမှီ၍ ဖြစ်မည့် ရာဂစသော ကိလေသာ မကင်းသေးခြင်းကြောင့်၊
သာ ဥပေက္ခာ - ထိုဥပေက္ခာကို၊
ဂေဟသိတာတိ - ကာမဂုဏ်ဟူသော နေအိမ်ကို မှီသည့် ဥပေက္ခာဟူ၍၊
ဝုစ္စတိ - ခေါ်ဆိုအပ်၏ တဲ့။

မြင်ပြီးလျှင် ပြီးချင်း မရှုမှတ်နိုင်တဲ့သူမှာ အဲဒီ မြင်ရတဲ့ အဆင်းကို အာရုံပြု၍ (ဝမ်းသာခြင်း နှလုံးမသာခြင်း မရှိဘဲ) အလယ်အလတ်ခံစားတဲ့ ဥပေက္ခာဝေဒနာ ဖြစ်တယ်၊ အဲဒီလို အလယ်အလတ် ခံစားမှု ဖြစ်ပေမယ့် မြင်ရတဲ့ အဆင်းကို အနိစ္စစသော အခြင်းအရာဖြင့် အမှန်အတိုင်း မသိပဲ မြဲတဲ့အနေ စသည်ဖြင့် အထင်မှား အသိမှားသော မောဟနဲ့ ယှဉ်တွဲပြီး ဖြစ်သောကြောင့် အဲဒီ မြင်ရတဲ့ အဆင်းကို မလွန်မြောက်ဘူး၊ အဲဒီ မြင်ရတဲ့အဆင်း၌ ဖြစ်မည့် ရာဂ စသည် မကင်းဘူး၊ ဒါကြောင့် အဲဒီလို မောဟနဲ့ ယှဉ်တွဲပြီး ဖြစ်တဲ့ ဥပေက္ခာကို ကာမဂုဏ်နေအိမ်နဲ့ ဆက်စပ်နေတဲ့ ဥပေက္ခာလို့ ခေါ်ဆိုရပါတယ်တဲ့၊ မြဲတဲ့အနေ စသည်ဖြင့် ထင်မြင်ရတဲ့ အဆင်းက ကာမဂုဏ်အာရုံပဲ၊

အဲဒီကာမဂုဏ်ဟာ ပုထုဇဉ်တို့၏စိတ်က အမြဲ အာရုံပြုရာ တည်နေရာ ဖြစ်သောကြောင့် အဲဒီ အဆင်းအာရုံကို ဂေဟ - နေအိမ်လို့ ခေါ်တယ်၊ နေအိမ်သဖွယ် ဖြစ်တဲ့ အဲဒီအဆင်းကို အာရုံပြုပြီး ဖြစ်တဲ့ ဥပေက္ခာကို ဂေဟသိတဥပေက္ခာလို့ ဆိုရပါတယ်၊ အဲဒါဟာ မမှီဝဲသင့်တဲ့ ဥပေက္ခာပဲ၊

ထို့အတူပင် အသံကြားပြီးလျှင်၊ အနံ့ကို နံပြီးလျှင်၊ အရသာကို သိပြီးလျှင်၊ အတွေ့ကို ထိပြီးလျှင်၊ သဘောအာရုံကို ကြံသိပြီးလျှင် မရှုမမှတ်နိုင်တဲ့သူမှာ ဖြစ်တဲ့ ဥပေက္ခာတွေဟာလဲ ဂေဟသိတဥပေက္ခာတွေပဲ၊ မမှီဝဲသင့်တဲ့ ဥပေက္ခာတွေပဲ၊ ဝိပဿနာ ရှုနေဆဲ ယောဂီဆိုရင် အဲဒီ ဥပေက္ခာ ၆-မျိုးကို ဖြစ်ပေါ်လာတိုင်း ရှုမှတ်ပြီး ပယ်ပယ်သွားဖို့ပါပဲ။

ပါဠိကို အနက်ပြန်ပြရာမှာ အဓိပ္ပာယ်ကို ဖွင့်ပြ ဖွင့်ပြနေတာနဲ့ အနက်က မဆက်စပ် မိပဲ ဖြစ်သွားတယ်၊ တစ်စပ်ထဲ အာရုံပြုရအောင် ယခုထပ်ပြီး အနက်ပြန်ပြဦးမယ်။

စက္ခုနာ - မျက်စိဖြင့်၊
ရူပံ - အဆင်းကို၊
ဒိသွာ - မြင်ပြီး၍၊
(နားဖြင့် အသံကိုကြားပြီး၍ စသည်ဖြင့်လဲ နည်းတူပင် ဟောပြထားပါတယ်၊)

ဗာလဿ - မသိမလိမ္မာသော၊
မူဠှဿ - တွေဝေသော၊
ပုထုဇ္ဇနဿ - ပုထုဇဉ်ပုဂ္ဂိုလ်အား၊
ဥပေက္ခာ - မကောင်းမဆိုး အလယ်အလတ်ခံစားမှု ဥပေက္ခာသည်၊
ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်၏၊
အနောဓိဇိနဿ - အစိတ်အပိုင်း အားဖြင့် ကိလေသာကို မအောင်နိုင်သေးသော၊
အဝိပါကဇိနဿ - အကျိုးဝိပါက်ကို မအောင်နိုင်သေးသော၊
အနာဒီနဝဒဿာဝိနော - မောဟ၏အပြစ်ကို ရုပ်နာမ်၏အပြစ်ကို မမြင်သော၊
အသုတဝတော - အကြားအမြင် မရှိသော၊
ပုထုဇ္ဇနဿ - ပုထုဇဉ်ပုဂ္ဂိုလ်အား၊
ဥပေက္ခာ - အထင်မှား အသိမှားနှင့် ယှဉ်တွဲသော ဥပေက္ခာသည်၊
ဥပဇ္ဇတိ - ဖြစ်ပေါ်၏၊
ဧဝရူပါ - ဤသို့ သဘောရှိသော၊
ယာဥပေက္ခာ - အကြင်ဥပေက္ခာသည်၊
အတ္ထိ - ရှိ၏၊
သာ - ထိုဥပေက္ခာသည်၊
ရူပံ - မြင်ရသော အဆင်းကို၊
(သဒ္ဒံ - ကြားရသော အသံကို စသည်ဖြင့်လည်းကောင်း နည်းတူပင် ဟောထား ပြထားပါတယ်)

နာတိဝတ္တတိ - မလွန်မြောက်နိုင်၊
တသ္မာ - ထို့ကြောင့်၊
သာဥပေက္ခာ - ထိုဥပေက္ခာကို၊
ဂေဟသိတာတိ - ကာမဂုဏ်နေအိမ်ကို မှီသည့် ဥပေက္ခာဟူ၍၊
ဝုစ္စတိ - ခေါ်ဆိုအပ်၏တဲ့။

ဒီဥပေက္ခာက မကောင်းမဆိုး ရိုးရိုးခံစားတယ်ဆိုပေမယ့် မြင်ရတဲ့အဆင်း စသည်နဲ့ စပ်ပြီး ရာဂစသည်လဲ တပါတည်း ဖြစ်နေသောကြောင့် ကာမဂုဏ်နေအိမ်ကို မှီတဲ့ ဥပေက္ခာပဲ၊ မမှီဝဲအပ်တဲ့ ဥပေက္ခာပါပဲတဲ့၊ အဲဒီလို ဥပေက္ခာကို မြင်တယ် ကြားတယ် စသည်ဖြင့် ရှုမှတ်ပြီး ပယ်ပယ်သွားရမယ်။

မှီဝဲသင့်တဲ့ နေက္ခမ္မသိတဥပေက္ခာ

မှီဝဲသင့်တဲ့ ဥပေက္ခာကိုလဲ အဋ္ဌကထာမှာ သဠာယတနဝိဘင်္ဂ သုတ်မှပင် ထုတ်ဆောင်ပြီး ဒီလို ပြထားပါတယ်။

နေက္ခမ္မသိတ - ထွက်မြောက်ခြင်းကို မှီကုန်သော၊
ဆဥပေက္ခာ - ၆-ပါးသော ဥပေက္ခာတို့သည်၊
ကတမာ - အဘယ်သည်တို့နည်းဟူမူ၊
ရူပါနံ - မြင်ရသော ပစ္စုပ္ပန်ရူပါရုံတို့၏၊
အနိစ္စတံ - မမြဲခြင်းကို၊
ဝိပရိဏာမဝိရာဂနိရောဓံ - ပြောင်းလဲဖောက်ပြန်ခြင်း ပျက်ပြယ်ခြင်း ချုပ်ကွယ်သွား ခြင်းကို၊
ဝိဒိတွာ တုဧဝ - ရှုမှတ်လျက် သိမြင်ပြီး၍ သာလျှင်၊
ပုဗ္ဗေစေဝ ရူပါ - ရှေးက အဆင်းရုပ်တို့ သည်လည်းကောင်း၊
ဧတရဟိ စ - ယခုလက်ရှိ အဆင်းရုပ်တို့သည် လည်းကောင်း၊
သဗ္ဗေ တေ ရူပါ - ထိုအလုံးစုံသော အဆင်းရုပ်တို့သည်၊
အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာတိ - မမြဲဆင်းရဲ ပြောင်းလဲ ဖောက်ပြန်သော သဘောတို့ဟူ၍၊
ဧဝံ - ဤသို့၊
ဧတံ - ဤသဘောကို၊
ယထာဘူတံ - ဟုတ်တိုင်းမှန်စွာ၊
သမ္မပ္ပညာယ - မှန်စွာသိသော ဝိပဿနာပညာဖြင့်၊
ပဿတော - မြင်သော ပုဂ္ဂိုလ်အား၊
ဥပေက္ခာ - အညီအမျှ လျစ်လျူရှုမှု ခံစားမှု ဥပေက္ခာသည်၊
ဥပ္ပဇ္ဇတိ - ဖြစ်၏၊
ဧဝရူပါ - မြင်ပြီးလျှင်ပြီးချင်း ရှုမှတ်သဖြင့် အမှန်အတိုင်းသိ၍ အညီအမျှ လျစ်လျူရှုလျက် ခံစားသည့် ဤသို့ သဘောရှိသော၊
ယာဥပေက္ခာ - အကြင် ဥပေက္ခာသည်၊
အတ္ထိ - ရှိ၏၊
သာ - ထိုဥပေက္ခာသည်၊ ရူပံ - မြင်ရသော အဆင်းကို၊
(ကြားရတဲ့အခါ စသည်မှာတော့ ကြားရတဲ့အသံကို စသည်ဖြင့် ပြဆိုထားတယ်)

အတိဝတ္တတိ - လွန်မြောက်၏၊
(မြင်ရတဲ့အဆင်း စသည်ကို ရှုမှတ်ပြီး အမှန်အတိုင်း သိရသောကြောင့် ထိုမြင်ရတဲ့ အဆင်းစသည်ကို စွဲမှီပြီး နှစ်သက်မှုရာဂစသော ကိလေသာတွေ မဖြစ်နိုင်တော့ဘူး၊ အဲဒါကို လွန်မြောက်တယ်လို့ ဆိုတာပါပဲ၊)

တသ္မာ - ထို့ကြောင့်၊
သာ ဥပေက္ခာ - ထိုရှုသိမှုနှင့်ယှဉ်သော ဥပေက္ခာကို၊
နေက္ခမ္မသိတတာတိ - ထွက်မြောက်ခြင်းကို မှီသည့် ဥပေက္ခာဟူ၍၊
ဝုစ္စတိ - ခေါ်ဆိုအပ်၏၊
ဣတိ ဧဝံ - ဤသို့၊
ဆသု ဒွါရေသု - ဒွါရ ၆-ပါးတို့၌၊
ဣဋ္ဌာနိဋ္ဌအာရမ္မဏေ - အာရုံကောင်း အာရုံဆိုး အလယ်အလတ် အာရုံသည်၊
အာပါထဂတေ - ထင်ပေါ်လာလျှင်၊
ဣဋ္ဌေ အရဇ္ဇန္တဿ - အာရုံကောင်း၌ မတပ်မက်သော သူအား၊
အနိဋ္ဌေ အဒုဿန္တဿ - အာုံဆိုး၌ မပြစ်မှားသော သူအား၊
အသမပေက္ခဏေန, အသမ္မုယှန္တဿ - အလယ်အလတ် အာရုံ၌ မညီမမျှ ရှုသော အားဖြင့် မမေ့သော သူအား၊
ဥပ္ပန္နာ - ဖြစ်သော၊
ဝိပဿနာ ဉာဏသမ္ပယုတ္တာ - ရှုသိမှု ဝိပဿနာဉာဏ်နှင့် ယှဉ်သော၊
ဥပေက္ခာ - အညီအမျှ ရှုမှု ခံစားမှုသည်၊
နေက္ခမ္မသိတာ - လွတ်မြောက်ခြင်းကို မှီသော ဥပေက္ခာပေတည်းတဲ့။

မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း မပြတ်ရှုမှတ်နေတဲ့ ယောဂီမှာ သမာဓိဉာဏ် အားကောင်းလာတဲ့ အခါကျတော့ ပေါ်လာသမျှ ချက်ချင်းပင်ပျောက် ပျောက်သွား တာကိုသာ တွေ့ရတယ်၊ ဒေသနာ အစဉ်အရကတော့ မြင်ရတဲ့ အဆင်းကစပြီး ဟောပြလေ့ရှိပါတယ်၊ ပဋိပတ်အစဉ်အရ အားဖြင့်တော့ တွေ့ထိရာက ကြံသိရာက ကြားရတာက စပြီး ထင်ပေါ်တတ်ပါတယ်၊

ဖောင်းတယ် ပိန်တယ် စသည်ဖြင့် ရှုမှတ်နေရင်း စိတ်ကူးပေါ်လာရင် အဲဒါကို စိတ်ကူးတယ် ကြံတယ်စသည်ဖြင့် ရှုမှတ်နေရင်းပင် ကြံသိတာကလေးဟာ ချက်ချင်းကွယ်ပျောက်သွားတာကို တွေ့ရတယ်၊ အသံကြားတဲ့ အခါ ကြားတယ် ကြားတယ်လို့ မှတ်တိုင်း မှတ်တိုင်း ကြားသိတာရော ကြားသိရတဲ့ အသံရော ချက်ချင်းပင် ပျောက်ပျောက်သွားတာကို တွေ့ရတယ်၊

ကိုယ်ထဲက ညောင်းတာ ပူတာ နာတာကလေးတွေကို ညောင်းတယ် ညောင်းတယ်၊ ပူတယ် ပူတယ်၊ နာတယ် နာတယ် - လို့ မှတ်လိုက်ရင် ချက်ချင်းပင် ပျောက်ပျောက် သွားတာကို တွေ့ရတယ်၊ အဲဒီလိုပျောက်ပျောက်သွားတာကို တွေ့ရတာဟာ မမြဲတာကို ကိုယ်တွေ့အားဖြင့် သိရတာပဲ။

ဖောင်းတယ် ပိန်တယ်လို့ ရှုမှတ်နေရင်းလဲ သမာဓိဉာဏ် အားကောင်းလာတဲ့ အခါကျတော့ ဖောင်းတာက တစ်ပိုင်း, ပိန်တာကတစ်ပိုင်း ဒီလိုစပြီးတွေ့ရတယ်၊ ထို့ထက် သမာဓိဉာဏ် အားကောင်းလာတဲ့ အခါကျတော့ ဖောင်းတာကိုလဲ ၃-ပိုင်း ၃-ပိုင်း စသည်ဖြင့် အပိုင်းအပိုင်း ပြတ်ပြတ်ပြီး ကုန်ဆုံးပျောက်ကွယ်သွားသည့် အနေဖြင့် ထင်ရှားတွေ့ရတယ်၊ ပိန်တယ်လို့ မှတ်ရာမှာလဲ နည်းတူပဲ အပြတ်အပြတ်ဖြစ်ပြီး ထင်ရှားတွေ့ရတယ်၊

ဘင်္ဂဉာဏ်ရောက်တဲ့ အခါကျတော့ ဝမ်းဗိုက် လက်ခြေ ကိုယ် ပုံသဏ္ဌာန် အထည်ဒြပ်ကို မတွေ့ရတော့ဘဲ ခဏမစဲ လျင်မြန်စွာ ပျောက်ပျောက်သွားတာကိုချည်း တွေ့နေရတယ်၊ အဲဒီလို ပျောက်ပျောက် သွားတာကို ပါဠိမှာ အနိစ္စတာ မမြဲသည်၏ အဖြစ် - မမြဲခြင်းလို့လဲ ပြဆိုထားတယ်၊ ဝိပရိဏာမ ပြောင်းလဲခြင်း၊ ဝိရာဂ - ပျက်ပြယ်ခြင်း၊ နိရောဓ - ချုပ်ခြင်းလို့လဲ ပြဆိုထားတယ်။

ဘင်္ဂဉာဏ် သန်သန်ကြီး ဖြစ်နေတဲ့အခါကျတော့ မြင်ရတာ တွေလဲ တစ်ရိပ်ရိပ်နဲ့ ပျောက်ပျောက်သွားတာကို တွေ့ရတယ်၊ ထိသိရသမျှလဲ ချက်ချင်းပင် ပျောက်ပျောက် သွားတာကို တွေ့ရတယ်၊ ဘယ်ဟာမဆို ပုံသဏ္ဌာန် အထည်ဒြပ်လဲ မပေါ်ဘူး၊ မှတ်သိရတာရော မှတ်သိမှုရော ချက်ချင်းပင် ပျောက်ပျောက်သွားတာ ကိုချည်း တွေ့ရတယ်၊

အဲဒါကို ကိုယ်ပိုင်ဉာဏ်ဖြင့် မမြဲတာကို တွေ့ရတာပဲ၊ အဲဒီလို တွေ့ရတော့ “ငါတို့ဟာ အရင်က မရှုမသိတာပဲ၊ ရှေးကလဲ ဒီလို မမြဲတာချည်းပဲ၊ ယခုလဲ မမြဲတာချည်းပဲ၊ နောင်လဲ ဒီလို မမြဲတာချည်း ရှိမှာပဲ”လို့ ရုပ်နာမ်တရားတို့၏ သဘောမှန်ကို (ယထာဘူတံ) ဟုတ်တိုင်း မှန်စွာ သိရတယ်၊ အဲဒီလို သိရတော့ ပျောက်ကွယ်သွားပြီ မရှိတော့ဘူး၊ မမြဲဘူးလို့ သိရတဲ့ အဆင်း, အသံစသော အာရုံမှာ နှစ်သက်သာယာမှုလဲ မဖြစ်ဘူး၊ ဝမ်းသာခြင်း, နှလုံးမသာခြင်းလဲ မဖြစ်ဘူး၊ သိရုံမျှသိရုံမျှသာ ဖြစ်ဖြစ်သွားတယ်၊

အဲဒီလို သိရုံမျှ ဖြစ်တိုင်း ဖြစ်တိုင်း အညီအမျှရှုမှု, ခံစားမှုဆိုတဲ့ ဥပေက္ခာ ဝေဒနာလဲ ဖြစ်ဖြစ်သွားတယ်၊ ဒါက ဥဒယဗ္ဗယဉာဏ် အရင့်ပိုင်းမှ စပြီး ဖြစ်ပုံပဲ၊ ဘင်္ဂဉာဏ် ဖြစ်ခိုက် သင်္ခါရုပေက္ခာဉာဏ် ဖြစ်ခိုက်များမှာတော့ ဒီဥပေက္ခာဖြစ်ပုံက ပိုပြီး ထင်ရှားတယ်။

အဲဒီလိုအခါမှာ ဘယ်လို ကောင်းတဲ့ အာရုံတွေနဲ့ တွေ့ရပေမယ့် ဝမ်းသာရွှင်ပျခြင်း မဖြစ်ဘူး၊ ဘယ်လိုဆိုးတဲ့အာရုံနဲ့ တွေ့ရပေမယ့် စိတ်ညစ် စိတ်ပျက်ခြင်း, နှလုံး မသာခြင်း, ဝမ်းနည်းခြင်း မဖြစ်ဘူး၊ သိရုံသိရုံမျှသာ အညီအမျှ လျစ်လျူရှုလျက် ဖြစ်ဖြစ်နေတယ်၊ အဲဒီလို အညီအမျှ လျစ်လျူရှုလျက် ခံစားလျက်သာ ရှိသောကြောင့် မြင်ရတဲ့အဆင်းနဲ့ စပ်ပြီးတော့လဲ စွဲလမ်းတွယ်တာမှု မရှိဘဲ လွန်မြောက်နေတယ်၊

ကြားရတဲ့ အသံစသည်တို့နှင့် စပ်ပြီးတော့လဲ စွဲလမ်းတွယ်တာမှု မရှိဘဲ လွန်မြောက် နေတယ်၊ အဲဒါဟာ ဂေဟဆိုတဲ့ ကာမဂုဏ်နေအိမ်ကို ကျော်လွန်ပြီး နေက္ခမ္မ - ဆိုတဲ့ လွတ်မြောက်ခြင်းကို မှီတဲ့ ဥပေက္ခာပဲ၊ မှီဝဲသင့်တဲ့ ဥပေက္ခာပဲ၊ ဝိပဿနာ ရှုနေကြတာဟာ ဒီဥပေက္ခာနှင့် ပြည့်စုံအောင် ရှုနေကြရတာပဲ၊ ဒီဥပေက္ခာက မှီဝဲသင့်တဲ့ ဥပေက္ခာမို့ ဒီဥပေက္ခာဖြစ်ပြီး မှီဝဲရအောင်လို့ ဝိပဿနာအလုပ် အားထုတ်ကြရတာပဲ။

လောကမှာ အဝတ်အထည်ကောင်း, အသုံးအဆောင်ပစ္စည်း ကောင်းတွေဆိုတာ မှီဝဲသင့်တာတွေပဲ၊ ဒါပေမယ့် မိမိမှာ မရှိရင်တော့ အဲဒါတွေကို မမှီဝဲ မသုံးဆောင် ရဘူး၊ ရှိမှသာ မှီဝဲသုံးဆောင်ရတယ်၊ ဒါကြောင့် အဲဒီ မှီဝဲသုံးဆောင်သင့်တဲ့ ပစ္စည်းတွေကို ရအောင် ရှာကြံအားထုတ်ပြီး အဲဒါတွေကို မှီဝဲသုံးဆောင် နေကြရတယ်၊

အဲဒါလိုပဲ ဒီမှီဝဲသင့်တဲ့ ဝိပဿနာဥပေက္ခာကိုလဲ မှီဝဲရအောင်လို့ အားထုတ်ရတယ်၊ ယခု ပြောခဲ့တဲ့အတိုင်း ဥဒယဗ္ဗယဉာဏ် အရင့်ပိုင်းမှစပြီး ဒီဥပေက္ခာကို ကိုယ်တိုင် တွေ့ပြီး မှီဝဲရတယ်၊ ဘင်္ဂဉာဏ်ကျတော့ ပိုပြီး ထင်ရှားတယ်၊ သင်္ခါရုပေက္ခာ ဉာဏ်ကျတော့ အထင်ရှားဆုံးပဲ၊ ဒါကြောင့် အဲဒီ သင်္ခါရုပေက္ခာဉာဏ်နဲ့ ယှဉ်တွဲပြီး တပေါင်းတည်း ဖြစ်တဲ့ ဥပေက္ခာအထိ ဖြစ်ပွားအောင် အားထုတ်ပြီး မှီဝဲသွားဖို့ပါပဲ။

အဲဒီမှီဝဲသင့်တဲ့ ဥပေက္ခာကိုလဲ ဒီသက္ကပဥှသုတ်မှာ ဝိတက်ဝိစာရရှိတဲ့ ဥပေက္ခာနဲ့ ဝိတက်ဝိစာရကင်းတဲ့ ဥပေက္ခာအားဖြင့်နှစ်မျိုးခွဲခြားပြီးတော့ ပြဆိုထားပါသေးတယ်၊ ဝိပဿနာရှုဆဲ၌ ဖြစ်တဲ့ ဥပေက္ခာဟူသမျှကတော့ ဝိတက်ဝိစာရ ရှိတာချည်းပါပဲ၊

ဒါပေမယ့် ပရိယာယ်အားဖြင့်တော့ ဝိတက်ဝိစာရရှိတဲ့ ကာမစိတ် ပဌမဈာန်စိတ်ကို ရှုခိုက်၌ ပါဝင်တဲ့ ဥပေက္ခာကို ဝိတက် ဝိစာရရှိတဲ့ ဥပေက္ခာလို့ဆိုရတယ်၊ ဒုတိယဈာန် အစရှိတဲ့ ဈာန်စိတ်တွေကို ရှုခိုက်၌ ပါဝင်တဲ့ ဥပေက္ခာကိုတော့ ဝိတက်ဝိစာရ ကင်းတဲ့ ဥပေက္ခာလို့ ဆိုရတယ်၊

အဲဒါဟာ ရှုရတဲ့ အာရုံမှ ဝိတက်ဝိစာရ မရှိတဲ့အတွက် ဝိတက်ဝိစာရ ကင်းတဲ့ ဥပေက္ခာလို့ ပရိယာယ်အားဖြင့် ခေါ်ဆိုရတာပါပဲ၊ မုချအားဖြင့်တော့ အဲဒီဝိပဿနာ ဥပေက္ခာမှာ ဝိတက်ဝိစာရ ရှိနေတာပါပဲ၊ အဲဒီလို ဝိတက်ဝိစာရ ရှိ-မရှိ နှစ်မျိုးထဲမှာ ဝိတက်ဝိစာရရှိတဲ့ ဥပေက္ခာထက် မရှိတဲ့ ဥပေက္ခာက သာပြီး မြင့်မြတ်တယ်လို့ပဲ ဖော်ပြထားပါတယ်။

ဒါပေမယ့်လိုရင်းကတော့ အဲဒီ မှီဝဲသင့်တဲ့ သင်္ခါရုပေက္ခာ ဥပေက္ခာကို ဖြစ်ပွားစေပြီး မှီဝဲဖို့ကလိုရင်းပါပဲ၊ အဲဒီမှီဝဲသင့်တဲ့ ဥပေက္ခာဖြစ်အောင် အားထုတ်ပုံကိုလဲ သဠာယတန ဝိဘင်္ဂသုတ်မှာ ဣဒံ နိဿာယ - ဤအမြတ်ကိုမှီ၍၊ ဣဒံ ပဇဟထ - ဤအညံ့ကို ပယ်ကြလို့ ညွှန်ပြထားပါတယ်၊

ဘာကိုမှီပြီး ဘာကို ပယ်ရမှာလဲဆိုတော့ နေက္ခမ္မသိတသောမနဿ ၆ -ပါးကို မှီပြီး ဂေဟသိတသောမနဿ ၆-ပါးကို ပယ်ရမယ်တဲ့၊ ကုသိုလ်နှင့် စပ်ပြီး ဝမ်းသာမှု၊ ဝိပဿနာဆိုင်ရာ ဝမ်းသာမှုများကို ဖြစ်စေပြီးတော့ ကာမဂုဏ်နှင့်စပ်တဲ့ ဝမ်းသာမှုကို ပယ်ရမယ်လို့ ဆိုလိုတာပါပဲ၊ ကုသိုလ်ဆိုင်ရာ, ဝိပဿနာ ဆိုင်ရာ ဝမ်းသာမှုဖြစ်ရင် ကာမဂုဏ်ဆိုင်ရာ ဝမ်းသာမှုဟာ သူ့အလိုလို ပယ်ပြီးသား ဖြစ်သွားတာ, ကင်းသွား တော့တာပါပဲ။

ထို့အတူပင် မှီဝဲသင့်တဲ့ ဒေါမနဿကိုမှီပြီးတော့ မမှီဝဲသင့်တဲ့ ဒေါမနဿကို ပယ်ရမယ်တဲ့၊ ရဟန်းပြုလိုခြင်း, တရားနာလိုခြင်း တရားကျင့်လိုခြင်း, တရားထူး ရလိုခြင်း ရှိနေပါလျက် အကြောင်းမညီညွတ်တဲ့အတွက် အလိုမပြည့်သူမှာ နှလုံး မသာခြင်း, ဝမ်းနည်းခြင်းဖြစ်ရတယ်၊

အဲဒီလို မှီဝဲသင့်တဲ့ ဒေါမနဿဖြစ်ရင် ကာမဂုဏ်နှင့် စပ်ပြီးဖြစ်တဲ့ ဒေါမနဿဟာ မဖြစ်ဘဲကင်းနေပါတယ်၊ အဲဒီလို ကင်းတာကို ဆိုတာပါပဲ၊ နှလုံးမသာမှုဆိုရင် မှီဝဲသင့်တဲ့ နှလုံးမသာမှုကိုသာ ဖြစ်စေရမယ်၊ မမှီသင့်တဲ့ ကာမဂုဏ်ဆိုင်ရာ နှလုံးမသာမှုကိုတော့ မဖြစ်စေရဘူးလို့ ဆိုလိုတာပါပဲ။

ထို့အတူပင် မှီဝဲသင့်တဲ့ ဥပေက္ခာကို ဖြစ်ပြီးတော့ မမှီဝဲသင့်တဲ့ ကာမဂုဏ်ဆိုင်ရာ ဥပေက္ခာကို ပယ်ရမယ်တဲ့၊ ဒါလဲပဲ ခုတင်က ပြောခဲ့တဲ့အတိုင်း မှီဝဲသင့်တဲ့ ဝိပဿနာဥပေက္ခာကို ဖြစ်စေပြီးလျှင် မမှီဝဲသင့်တဲ့ ဥပေက္ခာတွေကို ပယ်ပြီး ဖြစ်သွားတာပါပဲ။

ထို့အတူပင် မှီဝဲသင့်တဲ့ သောမနဿကို မှီပြီးတော့ မှီဝဲသင့်တဲ့ နေက္ခမ္မသိတ ဒေါမနဿကိုလဲ ပယ်ရမယ်တဲ့၊ ဒါကတော့ တရားထူးမရနိုင်လို့ နှလုံးမသာခြင်း, ဝမ်းနည်းခြင်းဖြစ်နေလျှင် ဝိပဿနာဉာဏ်ထက်သန်အောင် အားထုတ် ပြီးတော့ အဲဒီနှလုံးမသာမှု, ဝမ်းနည်းမှုကို ပယ်ရမယ်၊ ကင်းစေရမယ်လို့ ဆိုလိုတာပါပဲ။

ထို့အတူပင်မှီဝဲသင့်တဲ့ ဥပေက္ခာကို မှီပြီးတော့ မှီဝဲသင့်တဲ့ သောမနဿကို ပယ်ရမယ် တဲ့၊ ဒါကတော့ ဝိပဿနာဥပေက္ခာကို ဖြစ်စေပြီးတော့ ဝိပဿနာ သောမနဿကို ပယ်ဖို့ ညွှန်ကြားတော်မူတာပါပဲ၊ ဒါက အမြင့်မြတ်ဆုံးအနေဖြင့် ညွှန်ကြားတော် မူတာပါပဲ၊ ဒါပေမယ့် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန် မဂ်ဖိုလ်များ ဖြစ်တဲ့အခါ သောမနဿနှင့်ယှဉ်တဲ့ ဝိပဿနာကိုမှီပြီး ဖြစ်ရတာပါပဲ၊

ဒါကြောင့် သောမနဿဝိပဿနာကို လုံးလုံးပယ်ဖို့တော့ မဟုတ်ပါဘူး၊ နောက်ပြီးတော့ စတုတ္ထဈာန် မရတဲ့ ယောဂီမှာဆိုရင် ဥပေက္ခာနှင့်ယှဉ်တဲ့ စတုတ္ထဈာန်မဂ်ကို မရနိုင်ပါဘူး၊ သောမနဿနှင့်ယှဉ်တဲ့ ပဌမ, ဒုတိယ, တတိယ ဈာန်မဂ်ကိုသာ ရနိုင်ပါတယ်၊

အဲဒီ ယောဂီမှာ သောမနဿနှင့်ယှဉ်တဲ့ အနုလုံဝိပဿနာဖြင့် မဂ်ဖိုလ်သို့ ရောက်ရမြဲပါပဲ၊ ဒါကြောင့် ဝိပဿနာသောမနဿကို ပယ်ဖို့ ညွှန်ကြားတာက ဖြစ်နိုင်တဲ့ပုဂ္ဂိုလ်အတွက် အမြင့်မြတ် ဆုံးအနေဖြင့် ညွှန်ကြားတော်မူတာလို့ မှတ်ယူရပါတယ်။

ဒါကြောင့် သောမနဿနှင့်ယှဉ်တဲ့ သင်္ခါရုပေက္ခာဝိပဿနာကို ဖြစ်စေ၊ ဥပေက္ခာနှင့် ယှဉ်တဲ့ သင်္ခါရုပေက္ခာ ဝိပဿနာကို ဖြစ်စေ ရောက်နေရင် မိနစ် စက္ကန့်ပိုင်းအားဖြင့် ဖြစ်စေ၊ နာရီပိုင်း ရက်ပိုင်းအားဖြင့် ဖြစ်စေ၊ မကြာခင်ပဲ အရိယမဂ်ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်သွားတတ်ပါတယ်၊ အဲဒီသင်္ခါရုပေက္ခာကို သာယာနေရင်တော့ ရုတ်တရက် မဂ်ဖိုလ် မရောက်ဘဲ ရက်ကြာနေတာလဲ ရှိပါတယ်၊ နှစ်သက် သာယာခြင်း မရှိရင်တော့ တစ်ရက်နှစ်ရက် အတွင်းများပါတယ်၊

ဒါကြောင့် သင်္ခါရုပေက္ခာဉာဏ်နှင့်ယှဉ်တဲ့ ဒီနေက္ခမ္မသိတသောမနဿနှင့် ဥပေက္ခာကို ဖြစ်အောင် ရှုမှတ်အားထုတ်ပြီး မှီဝဲရတာပဲ၊ အဲဒီလို မှီဝဲရင် ဝိပဿနာကုသိုလ်တွေလဲ ပွားတယ်၊ အရိယမဂ်ကုသိုလ်လဲ ဖြစ်ပွားတယ်၊ ဒါကြောင့် မှီဝဲသင့်တဲ့ အဲဒီ ဝေဒနာတွေကို မှီဖို့ ညွှန်ကြားတော်မူတာပါပဲ၊ အဲဒီ မှီသင့် မမှီသင့်တဲ့ ဝေဒနာများကို ဖော်ပြတဲ့ ဆောင်ပုဒ်များကို ထပ်ပြီး ဆိုကြရမယ်၊ လိုက်ဆိုကြ။

ဘယ်သို့ကျင့်က၊ ပပဉ္စ၊ လုံးဝချုပ်သနည်း။

ဒါက -
ကာမဘုံသား၊ နတ်လူများတို့၊
ကောင်းစားပြည့်ဝ၊ ဘေးရန်ပလျက်၊
အေးမြချမ်းသာ၊ နေလိုပါလည်း၊
ဣဿာမစ္ဆေ၊ သူရှုပ်ပွေ၍၊
ထင်ခြေမကျ၊ ဆင်းရဲရတည့်၊
မူလဇာစ်မြစ်၊ သူ့ကြောင်းစစ်သော်၊
မုန်းချစ်အပ်သား၊ အာရုံများနှင့်၊
လိုလားတစ်လီ၊ ကြံစည်တစ်တန်၊
ချဲ့ရန်မှတ်စွဲ၊ ခြေတည်လွဲ၍၊
ဆင့်ကဲဆင့်ကာ၊ ဖြစ်ရိုးပါတည့်၊
(၆)ဖြာဒွါရ၊ ထင်သမျှကို၊
မှတ်ကြသဖြင့်၊ မမှီသင့်ရှောင်၊
မှီသင့်ဆောင်၍၊ မှန်အောင် ပြင်က၊
လမ်းမှန်ရသည်၊ မုချ ချမ်းသာရေးပေတည်း - ဆိုတဲ့။

တရားဆောင်ပုဒ်အရ သတ္တဝါတွေ ဆင်းရဲနေကြရတာဟာ ပပဉ္စဆိုတဲ့ မူလ အကြောင်းရင်းကြောင့် ဆိုတာ သိရတော့ အဲဒီ ဆင်းရဲတွေမှ လွတ်မြောက်ဖို့ရာ ပပဉ္စတရား ချုပ်ငြိမ်းအောင် ကျင့်ရမယ် ဆိုတာကို ထင်ရှားသိရတယ်၊ အဲဒီတော့ ပပဉ္စချုပ်ငြိမ်းအောင် ဘယ်လိုကျင့်ရပါမည်လဲလို့ သိကြားမင်းက မေးလျှောက်ပုံပါပဲ၊ အဲဒီ မေးခွန်းအတွက် ဆောင်ပုဒ်ပါပဲ၊ ယခု အဲဒီမေးခွန်း၏ အဖြေဆိုင်ရာ ဆောင်ပုဒ်များကို ဆိုကြရမယ်။

မှီဝဲသင့်တာ၊ မသင့်တာ၊ ဝမ်းသာ နှစ်မျိုးတည်း။
နှလုံးမသာ၊ ဥပေက္ခာ၊ ခွဲပါနည်းတူတည်း။
အကုသိုလ်ပွား၊ ပယ်ရှောင်ရှား၊ ကုပွားမှီဖို့တည်း။
ဤသို့ကျင့်က၊ ပပဉ္စ၊ လုံးဝ ချုပ်သတည်း။

သောမနဿဝေဒနာ၊ ဒေါမနဿ ဝေဒနာ၊ ဥပေက္ခာဝေဒနာလို့ ၃ - မျိုးရှိတဲ့အနက်က သောမနဿဖြစ်ဖြစ်၊ ဒေါမနဿ ဖြစ်ဖြစ်၊ ဥပေက္ခာဖြစ်ဖြစ်၊ မမှီဝဲသင့်တာကို မမှီဝဲရဘူး၊ ကြဉ်ရှောင်ရ, ပယ်ရမယ်၊ မှီဝဲသင့်တာကိုတော့ မိမိသန္တာန်မှာ ဖြစ်အောင် အားထုတ်ပြီး မှီဝဲရမယ်၊ မမှီဝဲသင့်တဲ့ ဝေဒနာဆိုတာ အကုသိုလ်ကို ဖြစ်ပွားစေတဲ့ ဝေဒနာပဲ၊ အဲဒါကို မမှီဝဲရဘူး၊ ကြဉ်ရှောင်ရ ပယ်ရမယ်၊ မှီဝဲသင့်တဲ့ ဝေဒနာဆိုတာ ကုသိုလ်ကို ဖြစ်ပွားစေတတ်တဲ့ ဝေဒနာပဲ၊ အဲဒါကို မိမိသန္တာန်မှာ ဖြစ်စေပြီးတော့ မှီဝဲရမယ်။

မှီဝဲသင့်တာထဲမှလဲ ကောင်းသည်ထက် ကောင်းတာကို တစ်ဆင့်တက်ပြီး မှီဝဲရမယ်၊ ထွက်မြောက်ရေးနှင့်ဆိုင်တဲ့ နှလုံးမသာမှု ဒေါမနဿဟာ မှီဝဲသင့်တာပဲ၊ ဒါပေမယ့် အဲဒါထက် ကောင်းမြတ်တဲ့ ထွက်မြောက်ရေးဆိုင်ရာ စိတ်ချမ်းသာ ရွှင်ပျမှု သောမနဿကို ဖြစ်စေပြီးတော့ အဲဒီသောမနဿကို ပယ်ရမယ်၊ သောမနဿထက် ကောင်းမြတ်တဲ့ ထွက်မြောက်ရေးဆိုင်ရာ ဥပေက္ခာကို ဖြစ်စေပြီး အဲဒီ သောမနဿ ကိုလဲ ပယ်ရမယ်တဲ့၊

အဲဒါကတော့ ဥဒယဗ္ဗယဉာဏ်အရင့်ပိုင်း စသည်ကို ရောက်အောင် အားထုတ်ပြီး ဝိပဿနာဥပေက္ခာကို ဖြစ်စေဖို့ပါပဲ၊ နောက်ဆုံးမှာ သင်္ခါရုပေက္ခာ ဥပေက္ခာကို ဖြစ်စေဖို့ပါပဲ၊ ဒါပေမယ့် ရံခါမှာ သင်္ခါရုပေက္ခာနှင့်ယှဉ်တဲ့ သောမနဿကိုလဲ မှီဝဲရသေးတာပါပဲ၊ ဘာကြောင့်လဲဆိုတော့ စတုတ္ထဈာန်အခြေခံ မရှိတဲ့ ယောဂီမှာ ဆိုရင် သုခဝေဒနာနှင့် ယှဉ်တဲ့ သင်္ခါရုပေက္ခာ အနုလောမဉာဏ်များ၏ နောက်၌ သုခ - သောမနဿနှင့် ယှဉ်တဲ့ အရိယမဂ်ဖိုလ် ဖြစ်ရိုးရှိသောကြောင့်ပါပဲ။

ယခု ပြောခဲ့တဲ့ အတိုင်း မှီဝဲသင့်တဲ့ သင်္ခါရုပေက္ခာဝေဒနာ အထိဖြစ်အောင် ရှုမှတ်ပြီး မှီဝဲနေရင် အရိယမဂ်ဖိုလ် လေးဆင့်အထိ ရောက်ပြီးတော့ တဏှာ မာန ဒိဋ္ဌိ ဆိုတဲ့ နယ်ချဲ့ ပပဉ္စတရားတွေကို ချုပ်ငြိမ်း ကင်းပြတ် သွားစေနိုင်ပါတယ်၊ ဒါကြောင့် မြတ်စွာဘုရားရှင်က ဒီလို နိဂုံးချုပ် စကားကို မိန့်ကြားတော်မူပါတယ်။

ဝိပဿနာနှင့် အရိယမဂ်အကျင့် ဒေသနာနိဂုံး

ဧဝံ ပဋိပန္နော ခေါ ဒေဝါနမိန္ဒ ဘိက္ခု ပပဉ္စသညာသင်္ခါနိရောဓသာ ရုပ္ပဂါမိနိံ ပဋိပဒံ ပဋိပန္နော ဟောတိ။

ဒေဝါနမိန္ဒ - နတ်တို့၏ အရှင်သိကြားမင်း၊
ဧဝံ - ဤဆိုခဲ့သည့် အတိုင်း မမှီဝဲသင့်တာကို ရှောင်ပယ်၍ မှီဝဲသင့်တာကို မှီဝဲသော နည်းဖြင့်၊
ပဋိပန္နော - ကျင့်သော၊
ဘိက္ခု - ရဟန်းသည်၊
ဝါ - သံသရာဘေးကို ရှုမြင်သော သူသည်၊
ပပဉ္စသညာ သင်္ခါနိရောဓသာရုပ္ပဂါမိနိံ - ပပဉ္စသညာတရားစု၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ရန် သင့်လျော်မှန်ကန်သော လမ်းကောင်းဖြစ်သော၊
ပဋိပဒံ - မဇ္ဈိမ ပဋိပဒါခေါ်သော အကျင့်ကို၊
ပဋိပန္နော - ကျင့်သည်၊
ဟောတိ - ဖြစ်ပါသည်တဲ့။

ယခု ပြောခဲ့တဲ့အတိုင်း မမှီဝဲသင့်တဲ့ ကာမဂုဏ်ဆိုင်ရာ ဝေဒနာတွေကို ပယ်ပြီး မှီသင့်တဲ့ ထွက်မြောက်ရေးဆိုင်ရာ ဝေဒနာတွေကို မှီဝဲနေရင်၊ အထူးအားဖြင့် ဝိပဿနာဝေဒနာတွေကို ဖြစ်စေလျက် မှီဝဲနေရင် နယ်ချဲ့ ပပဉ္စတရားတွေ ချုပ်ငြိမ်းရာ နိဗ္ဗာန်ရောက်ရန် သင့်လျော်မှန်ကန်တဲ့ အကျင့်လမ်းကို ကျင့်နေသည် မည်ပါတယ်၊ အဲဒီလို ကျင့်နေရင် နယ်ချဲ့ပပဉ္စတရားတွေ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ရောက်ပါတယ်တဲ့။

သိကြားမင်း သောတာပန်ဖြစ်ပြီး စုတေ၍ သိကြား အသစ်တစ်ဖန်ဖြစ်သည်

သိကြားမင်းဟာ အဲဒီတရားကို နာနေရင်း ထိုအခိုက်မှာ မြင်ရ, ကြားရ, ကြံသိရ, ကြည်ညိုရ, ဝမ်းမြောက်ရမှု စသည်ကိုရပြီး မှီဝဲသင့်တဲ့ ဝိပဿနာသောမနဿ, ဥပေက္ခာဝေဒနာတွေကို ဖြစ်စေလျက် မှီဝဲခြင်းဖြင့် သင်္ခါရုပေက္ခာ အနုလောမ ဉာဏ်အထိ ဝိပဿနာဉာဏ်တွေကို ဖြစ်စေပြီး သောတာပတ္တိမဂ်ဖိုလ်ဉာဏ်သို့ ရောက်လျက် သောတာပန် ဖြစ်သွားပါသတဲ့၊သောတာပန်လဲဖြစ်ပြီးရော စုတိစိတ်လဲ ကျပြီးတော့ပဋိသန္ဓေဝိညာဏ်စသော နာမ်ရုပ်အသစ်များဖြစ်ပေါ်ပြီး သိကြားမင်း အသစ်လဲ ဖြစ်သွားပါသတဲ့။

မြတ်စွာဘုရားရှင်ကတော့ ဒီဒေသနာကို အရဟတ္တဖိုလ်အထိ ရောက်နိုင်အောင် ဟောတော်မူတာပါပဲ၊ ဒါပေမယ့် တရားနာသူတွေမှာတော့ သူ့ပါရမီအခြေခံ ရှိသလောက်ပဲ ရောက်ကြတယ်၊ ဒါကြောင့် သိကြားမင်းဟာလဲ သောတာပတ္တိဖိုလ် လောက်သာ ရောက်ပြီး သောတာပန်ဖြစ်သွားတယ်၊ သောတာပန် ဖြစ်ပြီးတော့ ဘဝဟောင်းမှစုတေပြီး သိကြားမင်းအခြေအနေ အတိုင်းပင် ဘဝသစ် ပြန်ဖြစ်သွားတယ်၊ အဲဒီလို ဘဝဟောင်း ဘဝသစ်ပြောင်းလဲပုံကို အခြားနတ်တွေက မသိကြဘူး၊ သိကြားမင်းနှင့် မြတ်စွာဘုရားသာ သိပါသတဲ့။

လူများမှာ သေလုနီးပါး ဖြစ်နေတဲ့ ရောဂါဝေဒနာကို ဆေးကုလို့ အဆင်သင့်ရင် သက်သာ တတ်ပျောက်တတ်သလိုပင်၊ နတ်များမှာ သေခါနီး တရားနာတာဟာ အကျိုးများပါတယ်တဲ့၊ ယခု သိကြားမင်းမှာ တရားနာလို့ အကျိုးများပုံကိုသာ ကြည့်ပေတော့၊ သိကြားမင်းဟာ မူလက စုတေရမည့် အရေးကို မျှော်တွေးပြီး အကြီးအကျယ် စိတ်ဆင်းရဲနေရတယ်၊ ယခုတော့ တရားနာနေရင်း သောတာပန်လဲ ဖြစ်သွားတယ်၊ စုတေပြီးတော့ သူအလိုရှိတဲ့အတိုင်း သိကြားမင်းလဲ တစ်ဖန်ပြန် ဖြစ်သွားတယ်၊ ဒါဟာ တရားနာလို့ ရတဲ့အကျိုးပဲ။

တရားနာရင်း သောတာပန်ဖြစ်ပုံကတော့ ခုတင်က ပြောခဲ့တဲ့အတိုင်း ထိုအခိုက်မှာ ထင်ရှားပေါ်နေတဲ့ မြင်မှု, ကြားမှု, မြင်သိမှု, ကြည်ညိုဝမ်းမြောက်မှု စသည်ကို ရှုမှတ်ပြီး ဖြစ်သွားတယ်လို့ မှတ်ယူရမှာပဲ၊ အဲဒီအထဲမှာ ကြည်ညိုပြီး ဝမ်းမြောက် တာကို ရှုသိတာက သောတာပန်ဖြစ်ရန် အနီးစပ်ဆုံးပါပဲ၊ သီဟိုဠ်ကျွန်း၌ ဖုဿဒေဝ မထေရ်ဆိုတာ မာရ်နတ်က ဖန်ဆင်းပြတဲ့ ဘုရားရုပ်ပုံတော်ကို မြင်ရတာနဲ့ ဝမ်းမြောက်မှု ပီတိဖြစ်ပြီးတော့ အဲဒီပီတိကို ရှုသိ၍ ရဟန္တာဖြစ်သွားတယ်၊

နောက်ပြီးတော့ သီရိဓမ္မာသောကမင်းကြီး၏ မိဖုရားကြီးဖြစ်တဲ့ အသန္ဓိမိတ္တာ (အသန္ဓိနိမိတ္တာ, လို့လဲ အချို့ ပါဌ်ရှိ၏၊ သာ၍သင့်ပေ၏၊) ဆိုတာလဲ မြတ်စွာဘုရား၏ အသံတော်နှင့်တူတယ်ဆိုတဲ့ ကရဝိက် ငှက်အသံကို ကြားရတာနဲ့ မြတ်စွာဘုရား၏ အသံတော်ဂုဏ်ကို ကြည်ညိုပြီး ပီတိဖြစ်တယ်၊ အဲဒီပီတိကို ရှုသိပြီး သောတာပန် ဖြစ်သွားတယ်၊ အဲဒီလို ပီတိကိုရှုပြီး တရားထူးရနိုင်ကြောင်းကို အဋ္ဌကထာမှာ ဒီလိုပြဆိုထားပါတယ်။

ပီတိကိုရှု၍ ရဟန္တာအထိ ဖြစ်နိုင်ကြောင်း

စေတိယံ ဝါ ဗောဓိံ ဝါ ဒိသွာပိ - စေတီတော်ကိုဖြစ်စေ, ဗောဓိပင်ကိုဖြစ်စေ ဖူးမြင်၍ သော်လည်း၊
(ဘုရားကိုယ်တော်တိုင်ကို ဖူးမြင်ရရင်တော့ အထူးပြောစရာ မလိုပါဘူးလို့ ဆိုလိုတယ်)
ဗုဒ္ဓါရမ္မဏံ ပီတိံ ဥပ္ပာဒေတွာ - ဘုရားလျှင် အာရုံရှိသော ဝမ်းမြောက်မှု ပီတိကို ဖြစ်စေပြီးလျှင်၊
သံဃဒဿနေန သံဃာရမ္မဏံ ပီတိံ ဥပါဒေတွာ - သံဃာတော်ကို ဖူးမြင်ရသဖြင့် သံဃာလျှင် အာရုံရှိသော ဝမ်းမြောက်မှုပီတိကိုဖြစ်စေပြီးလျှင်၊
တေဒဝ - ထိုပီတိကိုပင်လျှင်၊
ခယတောဝယတော - ကုန်သွားသည် ပျောက်ပျက်သွားသည်ဟု၊
သမ္မသန္တော - ရှုမြင်သုံးသပ်လျက်၊
အရဟတ္တံပါပုဏာတိ - အရဟတ္တဖိုလ်သို့ ရောက်တတ်ပါသည်တဲ့။

အဲဒါဟာ ဘုရားဂုဏ်, သံဃာဂုဏ်ကို အာရုံပြုပြီးဖြစ်ပေါ်တဲ့ ကြည်ညို ဝမ်းမြောက်မှုကို, ဝမ်းမြောက်တယ်, ဝမ်းမြောက်တယ်လို့ ရှုတိုင်း ရှုတိုင်း ကုန်ကုန် ပျက်ပျက် သွားတာကို တွေ့မြင်ပြီး အာရဟတ္တဖိုလ်အထိ ရောက်နိုင်တာကို ပြတာပါပဲ၊

ထို့အတူပင် မိမိ၏ဒါန, သီလများကို ဆင်ခြင်ပြီး ဖြစ်လာတဲ့ ပီတိကို သတိပဋ္ဌာန် ရှုမှတ်နည်းအရ ဝမ်းမြောက်တယ် ဝမ်းမြောက်တယ်လို့ ရှုမှတ်ရင်လဲ ရှုမှတ်တိုင်း ရှုမှတ်တိုင်း ကုန်ဆုံး ပျောက်ကွယ်သွားတာကို တွေ့သိပြီး အရိယာမဂ်ဖိုလ်သို့ ရောက်နိုင်တယ်ဆိုတာကိုလဲ အထူးသတိပြုပြီး မှတ်သားထားကြရမယ်၊ အဲဒီလို ကုသိုလ်ဆိုင်ရာ ပီတိဖြစ်တိုင်း ရှုမှတ်ဖို့လဲ အထူးသတိပြုကြရမယ်။

သိကြားမင်းဟာ မှီဝဲသင့်တာကို မှီဝဲရမည့် အကြောင်း သိနားလည်ပြီး မှီဝဲသင့်တဲ့ ဝိပဿနာ သောမနဿနှင့် ဥပေက္ခာကို ဖြစ်စေလျက် မှီဝဲပြီးတော့ သောတာပတ္တိ မဂ်ဖိုလ်ဉာဏ်ရောက်ပြီး သောတာပန် ဖြစ်သွားတယ်၊ အဲဒီတော့ သက္ကာယဒိဋ္ဌိနှင့် ဝိစိကိစ္ဆာဆိုတာ လုံးဝ ကင်းသွားတယ်၊ ဒါကြောင့် ပပဉ္စချုပ်ရာ နိဗ္ဗာန်သို့ ရောက်ပုံ တရားကို ကြားနာပြီးတော့ ဒီလိုလျှောက်ထားပါတယ်။

ဘဂဝါ - မြတ်စွာဘုရား၊
ဧတံ - ပပဉ္စသညာအစု ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ကို ဟောပြသော ဤစကားသည်၊
ဧဝံ - မှီဝဲသင့်သည် မှီဝဲရန်ဟောပြသည့် ဤအတိုင်းပင် မှန်ပါပေသည်ဘုရား၊
သုဂတာ - အကျိုးရှိ ဟုတ်မှန် နှစ်တန်သော စကားကောင်းကို မြွက်ဆိုတော်မူသော မြတ်စွာဘုရား၊
ဧတံ - ဤစကားသည်၊
ဧဝံ - ဤအတိုင်းပင် မှန်ပေသည်ဘုရား၊
ဘဂဝတော - မြတ်စွာဘုရား၏၊
ပဥှဝေယျာကရဏံ - ပြဿနာ အဖြေတရားတော်ကို၊
သုတွာ - ကြားနာရ၍၊
မေ - ဘုရားတပည့်တော်သည်၊
ဧတ္ထ - ပပဉ္စသညာ အစုချုပ်ရာ နိဗ္ဗာန်သို့ ရောက်အောင် ဘယ်လို ကျင့်ရပါသနည်း ဟူသော ဤအမေးပြဿနာ၌၊
ကင်္ခါ - ယုံမှားကို၊
တိဏ္ဏာ - လွန်မြောက်အပ်ပါပြီ၊
ဝိဂတာကထံကထာ - ယုံမှားကင်းသွားပါပြီတဲ့။

ရှေးရှေးပြဿနာ အဖြေများကို ကြားနာပြီး ယုံမှားကင်းကြောင်း လျှောက်ထားခဲ့ တာတွေလဲ ရှိပါတယ်၊ အဲဒါတွေကတော့ သုတမယ စိန္တာမယ အနုမာနဉာဏ်ဖြင့် ယုံမှားကင်းပုံကို လျှောက်ခဲ့တာတွေပါပဲ၊ ယခု ယုံမှားကင်း ပုံကတော့ သောတာပန် ဖြစ်တဲ့အတွက် ကိုယ်ပိုင် ဉာဏ်ဖြင့်ပင် တွေ့ရသိရပြီး ယုံမှားမှု လုံးဝကင်းပုံကို လျှောက်တာပါ၊ ဒီလို ထူးခြားပါတယ်။

အဲဒီလို ကိုယ်တိုင်တွေ့အားဖြင့် မြတ်စွာဘုရား၏ ဖြေကြားတော်မူချက်၌ ယုံမှား လုံးဝကင်းပြီး သဘောကျ နားလည်ကြောင်း ဝန်ခံပြီးတော့ သိကြားမင်းက ပဋိပတ်၏ မူလအခြေခံဖြစ်တဲ့ သီလအကြောင်းကို ဒီလို မေးလျှောက် ပြနိုင်ပါတယ်။

ပါတိမောက္ခသံဝရသီလ

မာရိသ - မြတ်စွာဘုရား၊
ကထံ ပဋိပန္နော - အဘယ်သို့ကျင့်လျှင်၊
ဘိက္ခု - ရဟန်းသည်၊
ပါတိမောက္ခသံဝရာယ - စောင့်သူကို အပါယ်စသည်မှ လွတ်စေတဲ့ ပါတိမောက် သီလဖြင့် အကုသိုလ်ကို ပိတ်ဆို့စောင့်စည်းရန် အလို့ငှါ၊
ပဋိပန္နော ဟောတိ - ကျင့်သူဖြစ်ပါသနည်းတဲ့၊

ဒီလို မေးလျှောက်ပါတယ်၊
အဲဒါကို မြတ်စွာဘုရားရှင်က ဒီလို ဖြေကြားတော်မူပါတယ်။

ဒေဝါနမိန္ဒ - သိကြားမင်း၊
အဟံ - ငါသည်၊
ကာယသမာစာရံပိ - ကိုယ်ဖြင့် ပြုလုပ်မှု အကျင့်ကိုလည်း၊
ဒုဝိဓေန - နှစ်ပါးအပြားအားဖြင့်၊
ဝဒါမိ - ဟောသည်၊
သေဝိတဗ္ဗံပိ - မှီဝဲအပ်သည်ကိုလဲ ဟောသည်၊
အသေဝိတဗ္ဗံပိ - မမှီဝဲအပ်သည်ကိုလဲ ဟောသည်။

အဟံ - ငါသည်၊
ဝစီသမာစာရံပိ - နှုတ်ဖြင့် ပြောဆိုမှုအကျင့်ကိုလည်း၊
ဒုဝိဓေန - နှစ်ပါး အပြားအားဖြင့်၊
ဝဒါမိ - ဟောသည်၊
သေဝိတဗ္ဗံပိ - မှီဝဲအပ်သည်ကိုလဲ ဟောသည်၊
အသေဝိတဗ္ဗံပိ - မမှီဝဲအပ်သည်ကိုလဲ ဟောသည်။

အဟံ - ငါသည်၊
ပရိယေသနံပိ - ပစ္စည်းရှာမှုကိုလည်း၊
ဒုဝိဓေန - နှစ်ပါးအပြားဖြင့်၊
ဝဒါမိ - ဟောသည်၊
သေဝိတဗ္ဗံပိ - မှီဝဲအပ်သည်ကိုလဲ ဟောသည်၊
အသေဝိတဗ္ဗံပိ - မမှီဝဲအပ်သည်ကိုလဲ ဟောသည်တဲ့။

ဒါကအကျဉ်းချုပ်ပဲ၊ အဲဒီကနောက် အကျယ်ကိုလဲ ဝေဒနာ သုံးပါးတုန်းကလိုပင် အကုသိုလ်ပွားကြောင်း ကိုယ်အမှု နှုတ်အမှု ရှားမှီးမှုများကို မမှီဝဲအပ်ကြောင်း၊ ကုသိုလ်ပွားကြောင်း ကိုယ်အမှု နှုတ်အမှု ရှားမှီးမှုများကို မှီဝဲအပ်ကြောင်း ဖွင့်ပြပြီးတော့လဲ ဟောတော်မူပါတယ်။

အဲဒီအမေးအဖြေ ၂-ရပ်အတွက် ဆောင်ပုဒ်များ စီထားတာရှိတယ်၊
လိုက်ဆိုကြရမယ်။
ပါတိမောက္ခ၊ သံဝရ၊ ကျင့်ရဘယ်သို့နည်း။

အဲဒါကတော့ သိကြားမင်းက မေးပုံပဲ၊ မြတ်စွာဘုရားရှင်က ဖြေပုံများကိုလဲ ဆိုကြရမယ်။
မှီသင့်တစ်ခု၊ မသင့်ဟု၊ ကိုယ်မှု နှစ်မျိုးတည်း။

ကိုယ်ဖြင့်ပြုတဲ့အမှု အကျင့်ဟာ နှစ်မျိုးရှိသတဲ့၊ ဝေဒနာတုန်းကလိုပါပဲ၊ အကုသိုလ် ဖြစ်ပွားကြောင်း အမှုလို မမှီဝဲရမပြုရဘူး၊ ကြဉ်ရှောင်ရမယ်၊ ကုသိုလ်ဖြစ်ပွားကြောင်း အမှုကိုတော့ မှီဝဲရမယ်၊ ပြုလုပ်ရမယ်တဲ့၊ အဲဒီမှာ မမှီဝဲသင့်တဲ့ အကုသိုလ် ပွားကြောင်း ကိုယ်အမှု ဆိုတာက ဘာတွေလဲဆိုရင် -
(၁) သူတစ်ပါးအသက်ကို သတ်ခြင်း
(၂) သူတစ်ပါးဥစ္စာကို လုယက်ခိုးယူခြင်း
(၃) မပိုင်မဆိုင်သော အမ အဖိုတို့နှင့် မေထုန်အမှု ကျူးလွန်ခြင်းဆိုတဲ့ ဒီကာယ ဒုစရိုက် ၃-ပါးပါပဲ၊

မှီဝဲသင့်တဲ့ ကုသိုလ်ပွားကြောင်း ကိုယ်အမှုဆိုတာက ဘာတွေလဲဆိုရင်
(၁) သတ်မှုမှ ရှောင်ကြဉ်ခြင်း၊
(၂) လုယက်ခိုးယူမှုမှ ကြဉ်ရှောင်ခြင်း၊
(၃) မပိုင်မဆိုင်တဲ့ မေထုန်မှုမှ ကြဉ်ရှောင်ခြင်းဆိုတဲ့ ဒီကာယသုစရိုက် ၃ - ပါးပါပဲ၊

ဒါက လှုဝတ်ကြောင်များအတွက် ကိုယ်အကျင့် သီလဆိုင်ရာ မမှီဝဲသင့်တာနဲ့ မှီဝဲသင့်တာတွေပါပဲ၊ ရဟန်းများအတွက် ဆိုရင်တော့ ဝိနည်းသိက္ခာပုဒ်များအရ မပြုသင့် မမှီဝဲသင့်တာတွေ၊ ပြုသင့် မှီဝဲသင့်တာတွေများစွာ ရှိပါသေးတယ်။

နောက်ပြီးတော့ နှုတ်ဖြင့် မပြောသင့်တာ ပြောသင့်တာတွေကိုလဲ ကိုယ်မှုလိုပင် မှီဝဲသင့်အားဖြင့် ၂-မျိုးပင် ခွဲခြားပြီး ဟောတော်မူပါတယ်၊ အဲဒီဆောင်ပုဒ်ကို ဆိုကြရမယ်။
နှုတ်မှုထို့တူ, သက်မွေးမြူ, နည်းတူ ၂-မျိုးတည်း။

နှုတ်ဖြင့် ပြောဆိုမှုကိုလဲ မှီဝဲသင့်တာနဲ့ မမှီဝဲသင့်တာလို့ ၂-မျိုးခွဲခြားပြီး ဟောထားတယ်၊ အသက်မွေးမှုဆိုတဲ့ ပစ္စည်းရှာမှုကိုလဲ မှီဝဲသင့်တာနဲ့ မမှီဝဲ သင့်တာလို့ ၂-မျိုးပင် ခွဲခြားပြီး ဟောထားတယ်၊ အဲဒီမှာ မမှီဝဲသင့်တဲ့ နှုတ်အမှု ဆိုတာက ဘာတွေလဲ ဆိုရင်
(၁) လိမ်ပြောခြင်း
(၂) ကုန်းတိုက်ခြင်း
(၃) ဆဲဆိုခြင်း
(၄) အနှစ်မဲ့ အကျိုးမဲ့စကားကို ပြောဆိုခြင်း ဆိုတဲ့ ဒီဝစီဒုစရိုက် ၄ - ပါးပါပဲ၊

မှီဝဲသင့်တဲ့ နှုတ်အမှုဆိုတာကတော့ အဲဒီ ဝစီဒုစရိုက် ၄ - ပါးမှ ကြဉ်ရှောင်တာပါပဲ၊ ဒါတွေဟာ လူဝတ်ကြောင်များအတွက် နှုတ်အကျင့်သီလဆိုင်ရာ မမှီဝဲတာနဲ့ မှီဝဲသင့်တာတွေပါပဲ၊ ရဟန်းများအတွက် ဆိုရင်တော့ ဝိနည်းသိက္ခာပုဒ်များအရ မပြောသင့် မမှီဝဲသင့်တာတွေ၊ ပြောသင့် မှီဝဲသင့်တာတွေ များစွာရှိပါသေးတယ်။

နောက်ပြီးတော့ အသက်မွေးမှု ပစ္စည်းရှာမှုမှာလဲ မမှီဝဲသင့် မပြုသင့်တာတွေက သတ်ခြင်း, ခိုးခြင်း စသော ကာယဒုစရိုက်ဆိုင်ရာ သုံးပါးဖြင့် ပစ္စည်းရှာမှု၊ လိမ်ခြင်း စသော ဝစီဒုစရိုက်ဆိုင်ရာ လေးပါးဖြင့် ပစ္စည်းရှာမှု ဆိုတာတွေပါပဲ၊

မှီဝဲသင့်တဲ့ ပစ္စည်းရှာမှု, အသက်မွေးမှု ဆိုတာကတော့ အဲဒီ ကာယဒုစရိုက် ဝစီဒုစရိုက်ဆိုင်ရာ မမှီဝဲသင့်တာတွေကို ကြဉ်ရှောင်ပြီး တရားသဖြင့် ရှာလို့ ရလာတဲ့ပစ္စည်းကို သုံးဆောင်လျက် အသက်မွေးတာပါပဲ၊

ဒါလောက်ဆိုရင် လူဝတ်ကြောင် များအတွက် ပစ္စည်းရှာမှု အသက်မွေးမှု စင်ကြယ်ပါပြီ၊ ရဟန်းများအတွက်ကတော့ ဝိနည်းသိက္ခာပုဒ်များအရ ရှောင်ကြဉ် သင့်တာတွေများစွာ ရှိပါသေးတယ်။

ယခု ပြောခဲ့တဲ့အတိုင်း မပြုသင့်, မပြောသင့်, မရှာသင့်တာတွေကို ကြဉ်ရှောင် ပြီးတော့ ပြုသင့်, ပြောသင့်, ရှာသင့်တဲ့ အမှုများကိုသာ ပြုလုပ် ပြောဆို ရှာမှီးနေရင် ပါတိမောက်သီလ ပြည့်စုံစင်ကြယ်တော့တာပါပဲ၊ အဲဒါနဲ့ ဆိုင်တဲ့ ဆောင်ပုဒ်ကိုလဲ ဆိုကြရမယ်။
မမှီသင့်ပယ်, သီလနယ်, စင်ကြယ်ပါသတည်း။

အတိုချုပ်ပြောရရင်တော့ လူဝတ်ကြောင်များမှာ ငါးပါးသီလကို ရိုရိုသေသေ စောင့်ထိန်းနေရင် ပါတိမောက်သီလ ပြည့်စုံစင်ကြယ်တော့တာပဲ၊

အဲဒီမှာ မေးစရာတော့ ရှိပါသေးတယ်၊ ငါးပါးသီလ ဆောက်တည်ရာမှာ ဝစီဒုစရိုက် ၄-ပါးထဲက မုသာဝါဒ - လိမ်ပြောခြင်းမှ ကြဉ်ရှောင်တာသာ ပါတယ်၊ ကျန်တဲ့ ဝစီဒုစရိုက် ၃-ပါးမှ ကြဉ်ရှောင်ဖို့ မပါဘူး၊ နောက်ပြီးတော့ မိစ္ဆာအာဇီဝမှ ကြဉ်ရှောင်ဖို့လဲ မပါဘူး၊ ဒါကြောင့် အဲဒီမပါတဲ့ ကျင့်ဝတ်များ အတွက် သီလ မပြည့်စုံဘဲ ရှိမနေပေဘူးလားလို့ မေးစရာရှိပါတယ်၊ အဖြေကတော့ -

လိမ်ပြောမှု မုသာဝါဒမှ ကြဉ်ရှောင်ရင် ကျန်တဲ့ ဝစီဒုစရိုက် ၃-ပါးမှလဲ ကြဉ်ရှောင် ရတာပါပဲ၊ ကြဉ်ရှောင်ရပုံကတော့ သပ္ဖပ္ပလာပ - အနှစ်မဲ့ စကားဆိုတာ အဟုတ် အမှန် မရှိတဲ့ အကြောင်းအရာကို မဟုတ်ရှိသလို ပြောဆိုတာပဲ၊ ဒီတော့ မုသာဝါဒ ဆိုတဲ့ လိမ်ပြောမှုထဲမှာ ပါဝင်သွားပါတယ်၊ ဒါကြောင့် လိမ်မပြောဘူးဆိုရင် သပ္ဖပ္ပလာပဆိုတဲ့ အနှစ်မဲ့ စကားကိုလဲ မပြောဘဲ ကြဉ်ရှောင်ရတာပါပဲ၊

ပိသုဏဝါစာ ကုန်းတိုက်တယ်ဆိုတာလဲ မဟုတ်မမှန်တာကိုပြောပြီး ကုန်းတိုက်ရတာ ကပဲ များပါတယ်၊ ဖရုသဝါစာ - ကြမ်းတမ်းသော စကားကို ပြောဆိုတယ် ဆိုတာကလဲ မဟုတ်မမှန်တဲ့ အပြစ်ဖြင့် နှိမ်ချပြီး ဆဲဆိုရတာပဲ များပါတယ်၊ ဒါကြောင့် မဟုတ်တာကို မပြောဘူးဆိုရင် အဲဒီမဟုတ်တာနဲ့ ကုန်းတိုက်ခြင်း, မဟုတ်တာနဲ့ဆဲ ဆိုခြင်းကိုလဲ ကြဉ်ရှောင်ရတာပဲ၊

နောက်ပြီးတော့ လိမ်မပြောတဲ့ သူတော်ကောင်းဟာ အဲဒီကုန်းတိုက်ခြင်း, ဆဲဆိုခြင်း ဆိုတဲ့ သူယုတ်မာအကျင့်ကိုလဲ ကြဉ်ရှောင်သင့်တာပါပဲ၊ ဒါကြောင့် လိမ်ပြောခြင်းမှ ကြဉ်ရှောင်ပါ၏လို့ ဆောက်တည်တဲ့ သူဟာ ကျန်တဲ့ဝစီဒုစရိုက် ၃-ပါးမှလဲ ကြဉ်ရှောင်ရတာပါပဲ၊

မိစ္ဆာအာဇီဝမှ ကြဉ်ရှောင်တာကတော့ သတ်ခြင်းစသည်မှ ကြဉ်ရှောင်တာထဲမှာ သူ့အလိုလို ပါဝင်သွားပါတယ်၊ ဘာကြောင့်လဲဆိုတော့ သတ်ခြင်းမှ ကြဉ်ရှောင်ရင် အသက်မွေးဝမ်းကျောင်းအတွက် သတ်ခြင်းရော, အသက်မွေးဝမ်းကျောင်း မဟုတ်တဲ့ သတ်ခြင်းရော, သတ်ခြင်းဟူသမျှအားလုံးမှ ကြဉ်ရှောင်ရတာပဲ၊ ခိုးခြင်း စသည်မှ ကြဉ်ရှောင်ရာတွေမှာလဲ နည်းတူပါပဲ

အသက်မွေးမှုနှင့် ဆိုင်သည်ဖြစ်စေ, မဆိုင်သည်ဖြစ်စေ ခိုးမှုဟူသမျှ၊ မတရား ကျင့်မှုဟူသမျှ လိမ်မှုဟူသမျှ အားလုံးမှကြဉ်ရှောင်ရတာ ချည်းပါပဲ၊ ဒါကြောင့် ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိစသည်ဖြင့် ငါးပါးသီလကို - ဆောက်တည်ပြီး ရိုရိုသေသေကျင့်နေရင် မမှီဝဲသင့်တဲ့ ဒုစရိုက် ဟူသမျှ မတရား ပစ္စည်းရှာမှု ဟူသမျှတို့မှ အကုန်လုံး ကင်းရှင်းပြီး သီလပြည့်စုံ စင်ကြယ်တော့တာပဲ။

ယခု ပြောခဲ့တာလောက်ဆိုရင် လူဝတ်ကြောင်များအတွက် ပါတိမောက်သီလ ကတော့ အကျဉ်းချုပ်အားဖြင့် ပြည့်စုံပြီလို့ ဆိုရမှာပဲ၊ အသေးစိတ် အကျယ်ချဲ့ ပြောစရာတွေကတော့ ရှိပါသေးတယ်၊ ရဟန်းများအတွက် ပါတိမောက်သီလ အကြောင်းကို တရားဟောစဉ်က သာမညဖလသုတ် စသည်မှာ ထုတ်ဆောင်ပြီး လူများ ကျင့်စရာတွေရော ဖော်ပြပြီး ဟောခဲ့တယ်၊

လက်နှိပ်စက်နဲ့ ရိုက်ထားတာ စာမျက်နှာ ၅၀-ကျော်ရှိပါတယ်၊ မှတ်သားစရာ အင်မတန်ကောင်းပါတယ်၊ ဒါပေမယ့် ဒီနေရာမှာ ဖော်ပြရရင် ကျမ်းစာအုပ်က အလွန်ကြီးသွားမှာကြောင့် အဲဒါတွေကို ဒီမှာ မပြတော့ပဲ ချန်ထားလိုက်ပါတယ်၊ နောင်အကြောင်းညီညွတ်ရင် သီလကျင့်ဝတ်အနေနဲ့ ထုတ်ဖော်ပြီးပြဖို့ စဉ်းစား ထားပါတယ်။

ပါတိမောက်သီလအကြောင်း ဖြေကြားချက်ကို ကြားနာပြီးတော့ သိကြားမင်းက ဣနြ္ဒိယသံဝရသီလ အကြောင်းကို ဒီလို မေးလျှောက်ပါတယ်။

ဣနြ္ဒိယသံဝရသီလ

မာရိသ - မြတ်စွာဘုရား၊
ကထံပဋိပန္နော - အဘယ်သို့ကျင့်လျှင်၊
ဝါ - အဘယ်သို့ကျင့်သော၊
ဘိက္ခု - ရဟန်းသည်၊
ဣနြ္ဒိယသံဝရာယ - ဣန္ဒြေတို့ကို ပိတ်ဆို့စောင့်ထိန်းရန်အလို့ငှါ၊
ပဋိပန္နော ဟောတိ - ကျင့်သူဖြစ်ပါသနည်းတဲ့၊

ဣနြ္ဒိယသံဝရ ဆိုတဲ့ သီလကို ဘယ်လို ကျင့်ရပါသလဲလို့ မေးတာပါပဲ၊ အဲဒါကို မြတ်စွာဘုရားရှင်က ဒီလို ဖြေရှင်း ဟောတော်မူပါတယ်။

ဒေဝါနမိန္ဒ - သိကြားမင်း၊
စက္ခုဝိညေယျံ ရူပံပိ - မျက်စိဖြင့် မြင်သိရသော အဆင်းကိုလည်း၊
ဒုဝိဓေန အဟံ ဝဒါမိ - နှစ်ပါးအပြားအားဖြင့် ငါဟောသည်၊
သေဝိတဗ္ဗံပိ - မှီဝဲအပ်သည်ကိုလဲ ဟောသည်၊
အသေဝိတဗ္ဗံပိ - မမှီဝဲအပ်သည်ကိုလဲ ဟောသည်တဲ့၊

မျက်စိဖြင့် မြင်ရတဲ့အဆင်းကိုလဲ မှီဝဲသင့်တာနဲ့ မမှီဝဲသင့်တာလို့ နှစ်မျိုး ဟောပါတယ်တဲ့။
ထို့အတူပင် -
နားဖြင့် ကြားရတဲ့အသံ
နှာခေါင်းဖြင့်နံရတဲ့ အနံ့
လျှာဖြင့် စားသိရတဲ့ အရသာ
ကိုယ်ဖြင့် ထိသိရတဲ့ အတွေ့
စိတ်ဖြင့် ကြံသိရ၍ သဘောအာရုံ

ဆိုတာတွေကိုလဲ မှီဝဲသင့်တာနဲ့ မမှီဝဲသင့်တာနဲ့ နှစ်မျိုးစီပင် ခွဲခြားပြီး ဟောပါတယ်တဲ့။

ရှေ့နားမှာ ပါတိမောက်သီလ ဟောတုန်းကလဲ ကိုယ်အမှု နှုတ်အပြော ရှာမှီးမှုဆိုတာတွေကို မှီဝဲသင့်တာ မမှီဝဲသင့်တာလို့ နှစ်မျိုးစီ ခွဲခြားပြီး ဟောတယ်လို့ ဆိုခဲ့တယ်၊ ပပဉ္စသညာအစု ချုပ်ရာ နိဗ္ဗာန်ရောက်အောင် ဝိပဿနာကျင့် ပုံကိုလဲ သောမနဿ ဒေါမနဿ, ဥပေက္ခာဆိုတဲ့ ဝေဒနာသုံးပါးကို မှီဝဲသင့်တာနဲ့ မမှီဝဲသင့် တာလို့ နှစ်မျိုးစီ ခွဲခြားပြီး ဟောတယ်လို့ ဆိုခဲ့တယ်၊

ယခု ဣန္ဒြေစောင့်စည်းပုံကိုလဲ အာရုံ ၆-ပါးကို မှီဝဲသင့် မမှီဝဲသင့် နှစ်မျိုးခွဲခြားပြီး ဟောတယ်လို့ပဲ ပြဆိုပါတယ်၊ အားလုံးတစ်ပုံစံတည်းပဲ၊ မှတ်လို့တော့ လွယ်ပါတယ်၊ ဒါပေမယ့် စနစ်တကျကျင့်ပုံကို သိဖို့ကတော့ တယ်မလွယ်လှဘူး ခတ်ခက်ခက်ပဲ၊ သိကြားမင်းကတော့ ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်မို့ ကျင့်ပုံကိုလဲ သဘောပေါက် သိနားလည် ပါတယ်၊ အဲဒီလို သိနားလည်နိုင်တဲ့အတွက် ဒီလိုတစ်ပုံစံတည်း ဟောတော်မူတာပါပဲ၊ အဲဒီအမေးနဲ့ အဖြေ ၂-ရပ်အတွက် ဆောင်ပုဒ်များကို ဆိုကြရမယ်။
ဣနြ္ဒိယ၊ သံဝရ၊ သူကဘယ်သို့နည်း။

ဒါက သိကြားမင်းမေးပုံပဲ၊ ဣနြ္ဒိယ - ဣန္ဒြေဆိုတာ အစိုးရတယ်လို့ အနက်ရှိတယ်၊ အဲဒီ ဣန္ဒြေက မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်အကြည်ရုပ်, စိတ်နှလုံးအားဖြင့် ၆-ပါးရှိပါတယ်၊ မျက်စိက မြင်မှုကို အစိုးရတယ်၊ မျက်စိကောင်းရင် ကောင်းသလောက် အမြင်သန်တယ်၊ မျက်စိက မကောင်းရင်တော့ အမြင်အားနည်းတယ်၊ အဲဒါဟာ မြင်မှု၌ မျက်စိက အစိုးရပုံပဲ၊ ထို့အတူပင် နားက ကြားမှုကို အစိုးရတယ်၊ နှာခေါင်းက နံသိမှုကို အစိုးရတယ်၊ လျှာက အရသာသိမှုကို အစိုးရတယ်၊ ကိုယ်အကြည်ရုပ်က ထိသိမှုကို အစိုးရတယ်၊ စိတ်နှလုံးက ကြံသိမှုကို အစိုးရတယ်၊ ဒါကြောင့် အဲဒီမျက်စိ စသော ဒွါရ ၆-ပါးကို ဣနြ္ဒိယ - ဣန္ဒြေလို့ ခေါ်တယ်၊ အဲဒီ ဣန္ဒြေ ၆-ပါးကို ဘယ်လို စောင့်ထိန်းရသလဲလို့ မေးလျှောက် တာပါပဲ။

အာရုံခြောက်ရပ်၊ မှီဝဲအပ်၊ ပယ်အပ် ကွဲသတည်း။

ဒါက မြတ်စွာဘုရား ဖြေရှင်းဟောကြားပုံ အကျဉ်းချုပ်ပဲ၊ မြင်ရတဲ့ အဆင်းစသော အာရုံ ၆-ပါးကို မှီဝဲအပ်တာနဲ့ မမှီဝဲအပ်တာ - ပယ်အပ်တာလို့ ဒီလို ၂-ပါးကွဲတယ်လို့ ဆိုလိုပါတယ်၊ အဲဒီ ၂-ပါး ၂-ပါးထဲက မှီဝဲသင့်တာ မှီဝဲရမယ်၊ မမှီဝဲသင့်တာ ပယ်ရမယ်၊ ဒီလိုကျင့်ရင် မျက်စိစသော ဣန္ဒြေ ၆-ပါးကို စောင့်ထိန်းခြင်းကိစ္စ ပြီးတော့တာပါပဲ၊ အဲဒါနဲ့ဆိုင်တဲ့ ဆောင်ပုဒ်ကို ဆိုကြရမယ်။
သင့်ရာမှီဘွယ်၊ မသင့်ပယ်၊ စောင့်ဖွယ်ကိစ္စပြီး။

ယခု ပြောခဲ့တဲ့အတိုင်း အာရုံ ၆-ပါးကို မှီဝဲသင့် မမှီဝဲသင့်အားဖြင့် ၂-ပါးစီခွဲခြား ဟောတယ်ဆိုတဲ့ အကျဉ်းချုပ် အဖြေကို ကြားနာရတော့ သိကြားမင်းက နည်းမှီပြီး သဘောပေါက်သောကြောင့် ဒီလို လျှောက်တယ်။

မြတ်စွာဘုရား အကျဉ်းချုပ်အားဖြင့် ဟောတော်မူတဲ့ ဒီစကားတော်ကို ဘုရား တပည့်တော်က အကျယ်အားဖြင့် ဒီလို သဘောပေါက်နားလည်ပါတယ်ဘုရား၊ မျက်စိဖြင့် မြင်သိရတဲ့ အကြင်အဆင်းကို မှီဝဲသူမှာ အကုသိုလ်ပွားတယ်၊ ကုသိုလ် ဆုတ်ယုတ်တတ်တယ် ဆိုရင် အဲဒီအဆင်းကို မမှီဝဲသင့်ပါ၊ အကုသိုလ် ဆုတ်ယုတ်တယ် ကုသိုလ်ပွားတယ်ဆိုရင်တော့ အဲဒီ အဆင်းကို မှီဝဲသင့်ပါတယ် စသည်ဖြင့် လျှောက်ပါတယ်၊

အဲဒါဟာ ရှေ့ပိုင်းက ဆိုခဲ့တဲ့ (အကုသိုလ်ပွား၊ ပယ်ရှောင်ရှား၊ ကုပွားမှီဖို့တည်းလို့) ဆိုတဲ့ ဆောင်ပုဒ်အတိုင်းပါပဲ၊ အဲဒီ ဆောင်ပုဒ်ကို ထပ်ပြီး ဆိုကြရဦးမယ်။
အကုသိုလ်ပွား၊ ပယ်ရှောင်ရှား၊ ကုပွားမှီဖို့တည်း။

နှစ်သက်သာယာမှု စိတ်ဆိုးမှုစသော အကုသိုလ်ဖြစ်ကြောင်း အဆင်းများကို မကြည့်ဘဲ ကြဉ်ရှောင်ရမယ်၊ မရှောင်သာလို့ မြင်ရရင်လဲ ဆက်လက်နှလုံးမသွင်းဘဲ ဘာဝနာတစ်ခုခုကိုသာ ဆက်ပြီး မပြတ်ပွားနေရမယ်၊ သို့မဟုတ်ရင်လဲ အဲဒီ မြင်တာကို ရှုမှတ်ပြီး ရှုနေကျကိုသာ မပြတ်ရှုမှတ်သွားရမယ်၊ ဒါက အကုသိုလ် ပွားကြောင်း အဆင်းကို မမှီဝဲဘဲ ပယ်ပုံပါပဲ၊ ကုသိုလ်ပွားကြောင်း အဆင်းကတော့ ဘုရားစေတီတော် ဆင်းတုတော် သံဃာတော် ကသိုဏ်း အသုဘ စသည် တွေပါပဲ၊ အဲဒီလို အဆင်းတွေကိုတော့ ကြည့်ရှုနှလုံးသွင်းပြီး မှီဝဲသင့်ပါတယ်တဲ့။

ထို့အတူပင် အကုသိုလ်ဖြစ်ပွားကြောင်း ဖြစ်တဲ့ သီချင်းသံတူရိယာသံ မိန်းမအသံ ယောက်ျားအသံ စသည်တွေကို နားမထောင်ရဘူး၊ မလွှဲသာလို့ ကြားရရင်လဲ ဆက်လက်နှလုံး မသွင်းဘဲ ဘာဝနာတစ်ခုခုကိုသာ မပြတ်ပွားနေရမယ်၊ ဝိပဿနာ ယောဂီဆိုရင်တော့ အဲဒီ ကြားရတာကို ရှုမှတ်ပြီး ရှုနေကျကိုသာ မပြတ်ရှုသွားရမယ်၊ ဒါက အကုသိုလ်ပွားကြောင်း အသံကိုမမှီဝဲဘဲ ပယ်ပုံပါပဲ၊

ကုသိုလ်ပွားကြောင်း အသံကတော့ ရိုးရိုး ရွတ်ဆိုဟောပြောတဲ့ တရားသံ ရှုမှတ်ရတဲ့ အသံများပါပဲ၊ တရားသံကိုကြားရလို့ ကုသိုလ်ဖြစ်ပွားတာကတော့ ထင်ရှားပါတယ်၊ မည်သည့်အသံမဆို ကြားတယ်, ကြားတယ်လို့ ရှုမှတ်ပြီး အဖြစ်အပျက် အနိစ္စ စသည်ကို သိသိသွားရင် အဲဒီအသံဟာ ဝိပဿနာကုသိုလ်ပွားကြောင်း ဖြစ်တယ်၊ အဲဒီအသံကို ရှုမှတ်ပြီး မှီဝဲသင့်တယ်။

အနံ့ကတော့ အကုသိုလ်ပွားကြောင်းချည်းပါပဲ၊ ကုသိုလ်ပွားကြောင်းဆိုတာ မရှိသလောက်ပါပဲ၊ ဘုရားပန်လှူတဲ့အခါ စသည်မှာတော့ ကုသိုလ်ဖြစ်တာ အနည်းငယ်မျှသာ ရှိပါတယ်၊ နံတယ်, နံတယ်စသည်ဖြင့် ရှုမှတ်ပြီး အဖြစ်အပျက် အနိစ္စ စသည်ကို သိရင်လဲ အဲဒါဟာ ကုသိုလ်ဖြစ်ပွားကြောင်းပဲ၊ အဲဒီလို အနံ့ကို ရှုမှတ်ပြီးတော့ မှီဝဲကောင်းပါတယ်။

အရသာကလဲ အနံ့လိုပါပဲ၊ ပေးလှူမှုနှင့်စပ်ပြီး ကုသိုလ်ဖြစ်တာလောက် ရှိပါတယ်၊ အများအားဖြင့်တော့ အကုသိုလ် ဖြစ်စရာချည်းပါပဲ၊ ဒါပေမယ့် အစာကတော့ မစားဘဲနေလို့ မဖြစ်ဘူး၊ စားသင့်တဲ့အချိန်အခါ စားရမှာပဲ၊ စားတဲ့အခါ တတ်နိုင်ရင် ပစ္စဝေက္ခဏာဖြင့် ဆင်ခြင်ပြီး စားရမယ်၊ အဲဒီလို ဆိုရင် အကုသိုလ်ဖြစ်ကြောင်း အရသာကို ရှောင်ပယ်ရာ ရောက်ပါတယ်၊ အလွန် သာယာဖွယ်ကောင်းတဲ့ အရသာမျိုးကို ရှောင်ရင်လဲ သင့်တာပါပဲ၊ မူးယစ်စေတတ်တဲ့ အရသာကိုတော့ လုံးဝ ရှောင်ပယ်သင့်ပါတယ်၊

သီလပျက်ကြောင်း မဟုတ်တဲ့ ဘယ်အရသာမဆို ရှုမှတ်ပြီး စားသုံးနေရင်တော့ ကုသိုလ်ဖြစ်ပွားကြောင်း ဖြစ်ပါတယ်၊ ဒါကြောင့် တတ်နိုင်ရင် အစာစားတိုင်း ရှုမှတ် စားသောအားဖြင့် ကုသိုလ်ဖြစ်ကြောင်း အရသာကိုမှီဝဲရမယ်။

အရသာကောင်းကလေးတွေ စားရပေမယ့် အဲဒီအရသာကို ဂရုမစိုက်ဘဲ, မစွဲလမ်းဘဲ ပြီးပြီးပျောက်ပျောက်ထားနိုင်ရင် လျှာဣန္ဒြေမှ ကိလေသာဖြစ်ပွားမှု စောင့်ထိန်းခြင်း ကိစ္စပြီးတယ်လို့ ဆိုနိုင်ပါတယ်၊ ဒါကတော့ ရှုမှတ်မှု မရှိတဲ့သူတွေမှာ ဖြစ်ခွင့်ရှိတဲ့ ဣန္ဒြိယသံဝရပဲ။

အတွေ့အထိဆိုတာကလဲ အကုသိုလ် ဖြစ်ပွားကြောင်းချည်းလိုပါပဲ၊ ဒါပေမယ့် အတွေ့အထိတွေကို အကုန်လုံး ရှောင်ပယ်ဖို့ကတော့ မဖြစ်နိုင်ဘူး၊ တပ်မက် သာယာမှုကို အလွန်အကဲဖြစ်စေတတ်တဲ့ မိန်းမအတွေ့ ယောက်ျားအတွေ့ စသည်ကို စွမ်းနိုင်သမျှ ပယ်ရှောင်နေဖို့ပါပဲ၊ သာမန်နှစ်သက်ဖွယ် အတွေ့များကို တွေ့ထိတဲ့အခါ နာကျင်စေတတ်တဲ့ အတွေ့အထိများကို တွေ့ထိရတဲ့အခါများမှာ အဲဒီအကောင်းအဆိုး အတွေ့များကို ဂရုမစိုက်ဘဲ ပြီးပြီးပျောက်ပျောက် ထားနိုင်ရင် ကာယိန္ဒြေကို စောင့်ထိန်းခြင်းကိစ္စ ပြီးတယ်လို့ ဆိုနိုင်ပါတယ်၊

အကောင်းဆုံးကတော့ ထိသိတိုင်း ရှုမှတ်ပြီး အဖြစ်အပျက် အနိစ္စ စသည်ကို သိသိသွားရင်တော့ ကာယိန္ဒြေ စောင့်ထိန်းခြင်းကိစ္စ ကောင်းကောင်းပြီးသွားတာပါပဲ၊ အဲဒီလို ရှုမှတ်ပြီး သိရတဲ့ အတွေ့အာရုံတွေဟာ ဝိပဿနာကုသိုလ် ပွားကြောင်းတွေပဲ၊ ဒါကြောင့် ထိသိတိုင်း ရှုမှတ်ပြီး မှီဝဲဖို့ပါပဲ။

ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ - စသည်ဖြင့် ဟောထားတဲ့ သတိပဋ္ဌာန် ဒေသနာတော်နှင့် အညီ သွားတယ်, ရပ်တယ်, ထိုင်တယ်, အိပ်တယ်, ကွေးတယ်, ဆန့်တယ်, ထိတယ်, ဖောင်းတယ်, ပိန်တယ်စသည်ဖြင့် ရှုမှတ်ပြီး သိနေကြတာဟာ အဲဒီ အတွေ့အာရုံကိုမှီပြီး ဖြစ်နေတဲ့ ကုသိုလ်တွေကို ပွားနေကြတာပါပဲ၊ မှီဝဲသင့်တဲ့ အတွေ့ကို မှီဝဲနေကြတာပါပဲ၊ အဲဒီလို ရှုမှတ်ခြင်းဖြင့် ကာယိန္ဒြေကို စောင့်ထိန်းတဲ့ ဣန္ဒြိယသံဝရသီလဟာ ကောင်းကောင်းကြီး ပြည့်စုံနေတာပါပဲ၊

မိန်းမ ယောက်ျား ရန်သူ စသည်ဖြင့် ကြံတွေးဆင်ခြင်ရင် ရာဂ ဒေါသစသော အကုသိုလ်တွေဖြစ်ပွားကြောင်း ထင်ရှားတယ်၊ အဲဒီလို အကုသိုလ်ဖြစ်ပွားကြောင်း တွေကို မကြံစည်မဆင်ခြင်ဘဲ ကြဉ်ရှောင်ရမယ်၊ အကယ်၍ ကြံစည်မိရင်လဲ ဆက်မကြံစည်ဘဲ ဘာဝနာတစ်ခုခုကို မပြတ်ပွားနေရမယ်၊ ဝိပဿနာ ယောဂီ ဆိုရင်တော့ အဲဒီလို စိတ်အကြံကို ရှုမှတ်ပြီး ပယ်ရမယ်၊

ဘုရားဂုဏ်စသည်ကို အာရုံပြုခြင်း၊ ဒါနသီလစသော ကုသိုလ်ကို ပြုလုပ်ပွားများရန် ကြံစည်ခြင်းစသည်၏ အာရုံဟာ ကုသိုလ်ဖြစ်ပွားကြောင်း အာရုံပဲ၊ အဲဒီလို ကုသိုလ် ဖြစ်ပွားကြောင်း အာရုံကိုဖြစ်ပွားစေပြီး မှီဝဲရမယ်၊ အဲဒီမှာလဲ စိတ်ကူးကြံစည်မိ သမျှအာရုံကိုရှုမှတ်ပြီး အဖြစ်အပျက် အနိစ္စစသည်ဖြင့် သိသိသွားတာဟာ မနိန္ဒြေကို စောင့်ထိန်းမှု အကောင်းဆုံးပါပဲ။

ဒါလောက်ဆိုရင် အကုသိုလ်ဖြစ်ပွားကြောင်း အာရုံကို မမှီဝဲရဘူး၊ ပယ်ရမယ်၊ ကုသိုလ်ဖြစ်ပွားကြောင်း အာရုံကို ဖြစ်ပွားစေပြီး မှီဝဲရမယ်၊ အဲဒီလို မမှီဝဲသင့်တာကို ပယ်ပြီး မှီဝဲသင့်တာကို မှီဝဲခြင်းဖြင့် ဣန္ဒြိယသံဝရသီလ ပြည့်စုံတယ်ဆိုတာ နားလည်လောက်ပါပြီ။

ယခု ပြောခဲ့တာက ဒီ သက္ကပဥှသုတ်မှာ ဟောထားတဲ့ ဒေသနာတော်အရ ဣနြ္ဒိယသံဝရ သီလကို ပြည့်စုံစေပုံပဲ၊ အခြားသုတ်ပေါင်း များစွာတို့မှာတော့ ဣနြ္ဒိယသံဝရအကြောင်းကို ဒီလို ဟောတော်မူပါတယ်။

အခြားသုတ်များ၌ ဣန္ဒြိယသံဝရ ဟောပုံ

စက္ခုနာ ရူပံ ဒိသွာ န နိမိတ္တဂ္ဂါဟီ ဟောတိ နာနုဗျဉ္ဇနဂ္ဂါဟီ၊ ယတွာဓိကရဏ မေနံ စက္ခုန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာ ဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာသဝေယျုံ၊ တဿ သံဝရာယ ပဋိပဇ္ဇတိ၊ ရက္ခတိ စက္ခုန္ဒြိယံ၊ စက္ခုနြ္ဒိယေ သံဝရံ အာပဇ္ဇတိ။

စက္ခုနာ - မျက်စိဖြင့်၊
ရူပံ ဒိသွာ - အဆင်းကို မြင်ပြီး၍၊
နိမိတ္တဂ္ဂါဟီ - မိန်းမပုံသဏ္ဌာန် ယောက်ျားပုံသဏ္ဌာန် နိမိတ်ကို စွဲယူထားသည်၊
န ဟောတိ - မဖြစ်၊
အနုဗျဉ္ဇနဂ္ဂါဟီ - အဖန်ဖန် ဆင်ခြင်၍ ကိလေသာကို ထင်ရှား ဖြစ်ပေါ်စေနိုင်သည့် မျက်လုံးမျက်ခုံးစသော အသေးစိတ် ကိုယ်အင်္ဂါကို စွဲယူမှတ်ထားသည်၊
န ဟောတိ - မဖြစ်တဲ့။

ဒါဟာ သုတ်ပေါင်းများစွာတို့၌ စက္ခုန္ဒြေ စောင့်ရှောက်ပုံစပြီး ပြဆိုချက်ပါပဲ၊ ဒီသုတ်များစွာ၌ ဟောပုံကတော့ စက္ခုနာ ရူပံ ဒိသွာ - လို့ အစချီပြီး ဟောထားတဲ့ အတွက် အဆင်းကို မြင်ပြီးမှ စောင့်ရှောက်ပုံကိုပြတာပဲ၊ ခုတင်က ရွတ်ဆို ဟောပြခဲ့တဲ့ သက္ကပဥှသုတ်မှာတော့ (ဧဝရူပံ စက္ခုဝိညေယျံ ရူပံ နသေဝိတဗ္ဗံ) ဤသို့ အကုသိုလ် ပွားစေတတ်သော မျက်စိဖြင့် မြင်နိုင်ကောင်းသော အဆင်းကို မမှီဝဲအပ်ဘူးလို့ ဆိုထားသောကြောင့် မမြင်ဖူးတဲ့ အဆင်းကို မကြည့်ရဘူးလို့ ဆိုသလိုလို ထင်ရတယ်၊

အဲဒီလိုတော့ မဟုတ်ပါဘူး၊ အကုသိုလ်ဖြစ်စေနိုင်တဲ့ မြင်ဖူးတဲ့ အဆင်းကို နောက်ထပ်မကြည့်ပဲ ကြဉ်ရှောင်ဖို့ မြင်ပြီးကို ထပ်ကာ ထပ်ကာ ဆင်ခြင်ပြီး မမှီဝဲဖို့ ဟောတာပါပဲ၊ မြင်ဖူးတာကို ထပ်ကြည့်ရင်လဲ မှီဝဲသည်မည်ပါတယ်၊ ဆင်ခြင်ရင်လဲ မှီဝဲသည် မည်ပါတယ်၊ ဒါကြောင့် ဒီသက္ကပဥှသုတ်က အဆိုနဲ့ သုတ်ပေါင်းများစွာက ဣန္ဒြေစောင့်ရှောက်ပုံ အဆိုဟာ တစ်ထပ်တည်းတူညီတယ်လို့ မှတ်ကြရမယ်။

မျက်စိဖြင့် မြင်ရတဲ့ မိန်းမပုံသဏ္ဌာန် ယောက်ျားပုံသဏ္ဌာန်ကို စွဲယူမှတ်သား မထားရဘူးတဲ့၊ ယောက်ျားမှာ မိန်းမပုံသဏ္ဌာန်ကို စွဲမှတ်ပြီး ဆင်ခြင်ရင် ရာဂတွေ ဖြစ်တတ်တယ်၊ မိန်းမမှာလဲ ယောက်ျားပုံသဏ္ဌာန်ကို စွဲမှတ်ပြီးဆင်ခြင်ရင် ရာဂတွေဖြစ်တတ်တာပဲ၊ ဒါကြောင့် အဲဒီလို အပေါင်းလိုက် ပုံသဏ္ဌာန်ကိုလဲ စွဲမှတ်ပြီး မဆင်ခြင်ရဘူး၊ ပြီးပြီး ပျောက်ပျောက် အနေဖြင့် ဂရုမစိုက်ဘဲ ထားလိုက်ရမယ်လို့ ဆိုလိုပါတယ်၊

အနုဗျဉ္ဇနဆိုတာကတော့ အသေးစိတ်ကိုယ်အင်္ဂါ တွေပဲ၊ မျက်လုံး မျက်ခုံး နှာတံ ပါးစပ် နား ရင်သား စသည်တွေပေါ့၊ အဲဒီအသေးစိတ် ကိုယ်အင်္ဂါတွေကို စူးစိုက် ကြည့်ပြီး စွဲမှတ်ထားရင် အဲဒါတွေကို အဖန်ဖန် စဉ်းစားကြည့်ရင် နှစ်သက် တပ်မက်တဲ့ ရာဂတွေ အထင်အရှား အကြီးအကျယ် ဖြစ်ပွားတတ်တယ်၊

ဒါကြောင့် အဲဒီအသေးစိတ် ကိုယ်အင်္ဂါတွေကို အနုဗျဉ္ဇနလို့ ခေါ်တာပဲ၊ မျက်လုံး ကလေးက ဘယ်လိုနေတယ်၊ မျက်ခုံးကလေးက၊ နှာတံကလေးက၊ ပါးစပ် ကလေးက၊ နားကလေးက၊ ရင်သားကလေးက ဘယ်လိုနေတယ်စသည်ဖြင့် စွဲမှတ်ပြီး ဆင်ခြင်ရင် နှစ်သက်တပ်မက်တဲ့ ရာဂတွေ အထင်အရှားဖြစ်တတ်တယ်၊

အဲဒီလို ရာဂတွေ မဖြစ်ရအောင် အသေးစိတ် ကိုယ်အင်္ဂါတွေကိုလဲ စွဲယူမှတ်သား ထားခြင်း မရှိစေရဘူး၊ ဂရုမစိုက်ဘဲ ပြီးပြီးပျောက်ပျောက် သဘောမျိုးသာ ဖြစ်စေ ရမယ်တဲ့၊ မြင်ပြီးရင် မြင်ရုံမျှတွင်ပဲ ရပ်တည်စေရမယ်၊ မိန်းမပဲ ယောက်ျားပဲ စသည်ဖြင့် အပေါင်းလိုက် ပုံသဏ္ဌာန် နိမိတ်ကိုလဲ စွဲမှတ်ခြင်း ဆင်ခြင်ခြင်း မရှိစေရဘူး၊

မျက်လုံးနေဟန်စသော အသေးစိတ် ကိုယ်အင်္ဂါတွေ ကိုလဲ စွဲမှတ်ခြင်း ဆင်ခြင်ခြင်း မရှိစေရဘူး၊ မြင်ရုံမျှတွင်ပဲ တည်စေရမယ်တဲ့၊ အဲဒီလို မစောင့်ရှောက်ရင် ဖြစ်ပေါ်လာနိုင်တဲ့ အပြစ်တွေကိုလဲ ဒီလို ပြတော်မူပါတယ်။

စက္ခုနြ္ဒိယံ အသံဝုတံ ဝိဟရန္တံ - မျက်စိ ဣန္ဒြေကို မစောင့်ရှောက်ဘဲနေသော၊
ဧနံ - ထိုပုဂ္ဂိုလ်ကို၊
ယတွာဓိကရဏံ - မစောင့်ရှောက်အပ်သော စက္ခုန္ဒြေ (မျက်စိဣန္ဒြေ) ဟူသော အကြင် အကြောင်းကြောင့်၊
အဘိဇ္ဈာဒေါမနဿာ - လိုချင်မှု အဘိဇ္ဈာနှင့် နှလုံးမသာယာမှု ဒေါမနဿတို့ ဟူသော၊
ပါပကာအကုသလာ ဓမ္မာ - ယုတ်မာသော အကုသိုလ်တရားတို့သည်၊
အနွာသဝေယျုံ - အစဉ်လိုက်ကာ ဖြစ်ပွားနေကုန်ရာ၏ - တဲ့။

မျက်စိဆိုတဲ့ စက္ခုန္ဒြေကို မစောင့်ရှောက်ပဲ နေရင်တဲ့၊ မစောင့်ရှောက်ဆိုတာ ကြည့်ချင်တာတွေကို ကြည့်ပြီးတော့ မြင်ရတဲ့အဆင်းတွေကို စွဲမှတ်ထားခြင်း၊ အဖန်ဖန် ပြန်လည်ပြီး ဆင်ခြင်ခြင်းတွေကို ဆိုတာပါပဲ၊ အဲဒီလို မစောင့်ရှောက်ဘဲ ကြည့်လိုရာကြည့်ပြီး စွဲမှတ်ထားရင် ထပ်ကာ ထပ်ကာ ဆင်ခြင်နေရင် အဲဒီ မစောင့်ရှောက်အပ်တဲ့ မျက်စိကြောင့် အဘိဇ္ဈာဆိုတဲ့ လိုချင်နှစ်သက်သာယာမှုနှင့် ဒေါမနဿကို ခေါင်းတပ်ပြီး ဆိုတဲ့ စိတ်ဆိုးပြစ်မှားမှု ဒေါသတည်းဟူသော ယုတ်မာတဲ့ အကုသိုလ်တရားတွေဟာ လိုက်ပါပြီး ဖြစ်ပေါ်နေလိမ့်မယ်၊ လွှမ်းမိုး နှိပ်စက်နေလိမ့်မယ်တဲ့၊

ယခုလူတွေ လိုချင်တာကြောင့် ဒုက္ခရောက်နေကြရတာ၊ စိတ်ဆိုးပြီး ဒုက္ခရောက် နေကြရတာဟာ အဲဒီမျက်စိစသည်ကို မစောင့်ရှောက်လို့ပဲ၊ အကယ်၍ နှစ်သက်ဖွယ် မုန်းဖွယ်တွေကို ဂရုစိုက်ပြီး မကြည့်ရင်၊ ကြည့်မိ၍ မြင်ရသော်လဲ စိတ်ထဲစွဲမထားရင် အဲဒီမြင်တာနဲ့စပ်ပြီး လိုချင်နှစ်သက်မှု စိတ်ဆိုးမှုတွေဟာ မဖြစ်ဘဲ ကင်းနေနိုင် ပါတယ်၊ ဒါကြောင့် အဲဒီလို လောဘ, ဒေါသ မဖြစ်ရဘဲ ချမ်းသာရအောင် အဲဒီ မျက်စိကို စောင့်ရှောက်ရတာပဲ၊ အဲဒီလို စောင့်ရှောက်ပုံကို -

တဿ - မစောင့်ရှောက်လျှင် လောဘ ဒေါသ ဖြစ်ပွားကြောင်းဖြစ်တဲ့ ထိုမျက်စိ ဣန္ဒြေကို၊
သံဝရာယ ပဋိပဇ္ဇတိ - စောင့်ရှောက်ခြင်းငှါ ကျင့်၏၊
စက္ခုန္ဒြိယံရက္ခတိ - မျက်စိဣန္ဒြေကို စောင့်ရှောက်၏။
စက္ခုန္ဒြိယေ - မျက်စိဣန္ဒြေ၌၊
သံဝရံအာပဇ္ဇတိ - စောင့်ရှောက်ခြင်းသို့ ရောက်၏ - လို့ ပြဆိုထားပါတယ်။

အဲဒီ စကားရပ်ထဲမှာ မျက်စိဣန္ဒြေကို စောင့်ရှောက်၏ဆိုတဲ့ စကားဟာ လိုရင်းပါပဲ၊ ဒိပြင် ရှေ့နောက်စကားနှစ်ရပ် ကတော့ ပါဠိအသုံးအနှုန်းအရ အခြံအရံအဖြစ်ဖြင့် ပြဆိုထားတာပါပဲ၊ အဲဒီမှာ မျက်စိကို ဘယ်လိုစောင့်ရှောက်ရသလဲဆိုတော့ မကြည့်သင့်တာတွေ မကြည့်ဘဲ ကြဉ်ရှောင်ရတတ်၊ ဒီလိုဆိုတော့ မြင်ပြီးမှ စောင့်ရှောက်ရတယ်ဆိုတာနဲ့ ကွဲလွဲမနေဘူးလားလို့ မေးစရာရှိတယ်၊ မကွဲလွဲပါဘူး၊

ချစ်ဖွယ်, မုန်းဖွယ် အဲဒီအာရုံမျိုးကို ရှေးက မြင်ဖူးပြီးသားပါပဲ၊ ဒါကြောင့် အဲဒါမျိုးကို မကြည့်သင့်ဘူးလို့ သိပြီး မကြည့်ဘဲ ကြဉ်ရှောင်ရတာပဲ၊ မမှီဝဲသင့်တဲ့အဆင်းကို မမှီဝဲရဘူးဆိုတာနဲ့လဲ အညီပါပဲ၊ အကယ်၍ ကြည့်မိလို့ဖြစ်စေ၊ တမင်မကြည့်ပေမယ့် တိုက်ဆိုင်လို့ ဖြစ်စေ မြင်သွားရင် အဲဒီအဆင်းကို ဂရုမစိုက်ရဘူး၊ စွဲမှတ်မထားရဘူး၊ ပြီးပြီးပျောက်ပျောက်အနေဖြင့်သာ ထားလိုက်ပြီးတော့ နှလုံးသွင်းသင့်တာကိုသာ နှလုံးသွင်း ဆင်ခြင်နေရမယ်၊

ဝိပဿနာယောဂီဆိုရင်တော့ အဲဒီမြင်ရတာကို မြင်တယ်, မြင်တယ်လို့ ရှုမှတ် ပြီးတော့ အခြားပေါ်ရာ ပေါ်ရာကို ဖြစ်စေ၊ ရှုနေကျကိုဖြစ်စေ မပြတ်ရှုမှတ်သွားရုံပါပဲ၊ ဒါဟာ မျက်စိကို စောင့်ရှောက်ပုံပါပဲ၊ ဒီလို စောင့်ရှောက်နေရင် အဲဒီ မြင်ရတာနဲ့ စပ်ပြီး ပြန်လည်ဆင်ခြင်လျက် လောဘ, ဒေါသစသော ကိလေသာတွေ မဖြစ်ဘဲ ကင်းငြိမ်းသွားတယ်၊ အဲဒီလို ကိလေသာတွေ ကင်းငြိမ်းအောင်လို့ စောင့်ရှောက် ရတာပဲ။

မျက်စိဣန္ဒြေကို စောင့်ရှောက်သလိုပင် နားစသော ဣန္ဒြေများ စောင့်ရှောက်ပုံကိုလဲ သောတေန သဒ္ဒံ သုတွာ စသည်ဖြင့် နည်းတူပင် ပြဆိုထားပါတယ်၊

နားဖြင့် အသံကို ကြားရင်၊
နှာခေါင်းဖြင့် အနံ့ကိုနံရင်၊
လျှာဖြင့် အရသာကိုသိရင်၊
ကိုယ်ဖြင့် အတွေ့ကို ထိသိရင်၊
စိတ်နှလုံးဖြင့် ကြံသိရင်၊

အဲဒီကြားရတဲ့အသံ၊ နံရတဲ့အနံ့၊ စားသိရတဲ့အရသာ၊ ထိသိရတဲ့အတွေ့၊ ကြံသိရတဲ့ စိတ်ကူး အာရုံတွေကိုလဲ ဂရုမစိုက်ဘဲ စွဲမှတ်မထားဘဲ ပြီးပြီးပျောက်ပျောက် အနေသာ ထားလိုက်ရတယ်၊

ရှုမှတ်တတ်သူဖြစ်ရင်တော့ အဲဒါတွေကို ကြားတယ်, ကြားတယ် စသည်ဖြင့် ရှုမှတ်ပြီး ပေါ်ရာပေါ်ရာ အခြားအာရုံများကိုသာ ရှုမှတ်သွားရတယ်၊ သို့မဟုတ် ရှုနေကျသာ ရှုမှတ်သွားရတယ်၊ အဲဒါဟာ နားဣန္ဒြေစသည်ကို စောင့်ရှောက်ပုံပါပဲ၊ အဲဒီလို မြင်တိုင်း, ကြားတိုင်း, နံတိုင်း, စားသိတိုင်း, ထိသိတိုင်း, ကြံသိတိုင်း စောင့်ရှောက်သွားရင် ဣန္ဒြိယသံဝရ ပြည့်စုံတော့တာပါပဲ၊

အဲဒီအထဲမှာ မြင်တယ်, ကြားတယ်စသည်ဖြင့် ရှုမှတ်ပြီး စောင့်ရှောက်ပုံကတော့ အကောင်းဆုံးပါပဲ၊ အဲဒီလို ရှုမှတ်ပြီး စောင့်ရှောက်နေရင်တော့ သမာဓိဉာဏ် အားရှိတဲ့ အခါမှာ မြင်ရုံမျှ, ကြားရုံမျှစသည်၌သာ တည်တယ်၊ မြင်ပြီးပျောက်သွား ကြားပြီးပျောက်သွား စသည်ဖြင့် ချက်ချင်းပင် ပျောက်ပျောက်သွားတာကို သိရတဲ့အတွက် အနိစ္စ, ဒုက္ခ, အနတ္တပဲလို့လဲ သိသိသွားတယ်၊

ဒါကြောင့် မြင်ရတဲ့အဆင်း, ကြားရတဲ့အသံစသည်နှင့်စပ်ပြီး လိုချင်နှစ်သက်မှုစသော ကိလေသာတွေဟာ လုံးလုံးဖြစ်ခွင့်မရှိတော့ဘဲ ကင်းငြိမ်းနေတယ်၊ အဲဒါဟာ ဣနြ္ဒိယ သံဝရကို အကောင်းဆုံးပြည့်စုံစေတဲ့နည်းပဲ၊ ဒါတွင်တောင် မကသေးဘူး၊ ဝိပဿနာ ဉာဏ်တွေ အစဉ်အတိုင်းတက်ပြီး အရိယမဂ်ဖိုလ်ကိုလဲ ရောက်သွားနိုင်ပါတယ်၊ ဒီလို ဣန္ဒြေကို စောင့်ရင်း ရဟန္တာဖြစ်သွားပုံကို ဝိသုဒ္ဓိမဂ်မှာ စေတီယတောင်၌ သီတင်း သုံးတဲ့ မဟာတိဿမထေရ်ဖြင့် ဖော်ပြထားပါတယ်။

မဟာတိဿမထေရ် ဝတ္ထု

▬▬▬▬▬▬▬▬▬

မဟာတိဿမထေရ်ဟာ စေတိယတောင်မှ အနုရာဓမြို့သို့ ဆွမ်းခံရန်ကြွသွားတယ်၊ လမ်းခရီးမှာ အမျိုးသမီး တစ်ယောက်နဲ့ ရင်ဆိုင်တွေ့ရတယ်၊ အဲဒီအမျိုးသမီးက သူ့ခင်ပွန်းနဲ့ ရန်ဖြစ်ပြီး အနုရာဓမြို့မှ စေတိယတောင်ဆီ သွားတဲ့ လမ်းဖြင့် သူ့မိဘအရပ်သို့ ထွက်ခွာလာတယ်၊ အဝတ်အဆင် တန်ဆာတွေလဲ နတ်သမီးလို လှနေအောင် ဝတ်ဆင်လာပါသတဲ့၊

အဲဒီအမျိုးသမီးက မဟာတိဿမထေရ်ကို မြင်တွေ့တဲ့အခါ ချစ်ကြိုက်တပ်မက်တဲ့ စိတ်ဖြစ်ပြီး ကျယ်လောင်စွာ ရယ်လိုက်ပါသတဲ့၊ မဟာတိဿမထေရ်က အဲဒီ ရယ်သံကို ကြားရတော့ လှမ်းပြီးကြည့်လိုက်တယ်၊ ကြည့်လိုက်တော့ အမျိုးသမီး၏ သွားတွေကို မြင်ပြီး အဲဒီသွားတွေမှာ စက်ဆုပ်ဖွယ် အသုဘအနေဖြင့် နှလုံးသွင်းလိုက်တယ်၊

မူလကလဲ အသုဘကမ္မဋ္ဌာန်းကို နှလုံးသွင်းနေကျဖြစ်တဲ့အတွက် အဲဒီအမျိုးသမီး တစ်ကိုယ်လုံးကို စက်ဆုပ်ဖွယ် အရိုးစုကြီးအနေဖြင့် နိမိတ်ထင်ပြီး ပဌမဈာန်ကို ရတယ်၊ အဲဒီဈာန်ကို ဝိပဿနာရှုပြီး အရဟတ္တမဂ်ဖိုလ် ရောက်လျက် ရဟန္တာ ဖြစ်သွားပါသတဲ့။

တဿာ ဒန္တဋ္ဌိကံ ဒိသွာ၊
ပုဗ္ဗသညံ အနုဿရိ။
တတ္ထေဝ သော ဌိတော ထေရော၊
အရဟတ္တံ အပါပုဏိ။

သော - ထိုမဟာတိဿမထေရ်သည်၊
တဿာ - ထိုရယ်သော အမျိုးသမီး၏။
ဒန္တဋ္ဌိကံ ဒိသွာ - သွားရိုးကို မြင်၍
ပုဗ္ဗသညံ - ရှေးကနှလုံးသွင်းလာခဲ့သော အရိုးစု အသုဘသညာကို၊
အနုဿရိ - အောက်မေ့မိလေ၏၊
သော ထေရော - ထိုမဟာတိဿမထေရ်သည်၊
တတ္ထေဝ - ထိုအရပ်၌ပင်လျှင်၊
ဌိတော - ရပ်တည်လျက်၊
အရဟတ္တံ - အရဟတ္တဖိုလ်သို့၊
အပါပုဏိ - ရောက်လေတော့သတည်းတဲ့။

ခင်ပွန်းဖြစ်သူက ထိုအမျိုးသမီးသွားရာ လမ်းသို့ လိုက်လာတယ်၊ မဟာတိဿ မထေရ်ကို တွေ့တဲ့အခါ “ဘယ့်နှယ်လဲ အရှင်ဘုရား၊ အမျိုးသမီးတစ်ယောက်ကို တွေ့ပါသလား” လို့ မေးတယ်၊ ထိုသူကို မဟာတိဿမထေရ်က ဒီလို ပြောကြား တယ်။

နာဘိဇာနာမိ ဣတ္ထီ ဝါ၊
ပုရိသော ဝါ ဣတော ဂတော။
အပိ စ အဋ္ဌိသင်္ဃာဋော၊
ဂစ္ဆတေသ မဟာပထေ။

ဣတော ဂတော - ဤလမ်း ဤအရပ်မှ သွားလေသောသူသည်၊
ဣတ္ထိ ဝါ - မိန်းမဖြစ်သည်ဟူ၍ သော်လည်းကောင်း၊
ပုရိသော ဝါ - ယောက်ျားဖြစ်သည်ဟူ၍ သော်လည်းကောင်း၊
နာဘိဇာနာမိ - ငါမသိပါ၊
အပိစ - စင်စစ်သော်ကား၊
အဋ္ဌိသင်္ဃာဋော - အရိုးစုဖြစ်သော၊
ဧသ - ထိုသူသည်၊
မဟာပထေ - လမ်းမကြီး၌၊
ဂစ္ဆတေ - သွားလေသတည်းတဲ့။

အဲဒါဟာ မဟာတိဿမထေရ်က သူ့စိတ်ထဲ ထင်ပေါ်ပုံအတိုင်း ပြန်ကြားတဲ့ စကားပါပဲ၊ အဲဒီမထေရ်အသုဘ နှလုံးသွင်းလာတာ ဘယ်လောက်ကြာပြီလဲလို့တော့ မသိရဘူး၊ တော်တော်ကြာခဲ့ဟန်တူပါတယ်၊ ဒါပေမယ့် အဲဒီအရင်ကတော့ တရားထူးကို မရခဲ့သေးဘူး၊ ယခုပြောခဲ့တဲ့အတိုင်း အမျိုးသမီး၏ သွားကို မြင်ရတဲ့ အခါကျမှ အသုဘဈာန်ကိုရပြီး ဝိပဿနာ ရှုသဖြင့် တစ်ခဏလေးအတွင်း ရဟန္တာဖြစ်သွားတယ်၊

အဲဒါကို ထောက်ဆပြီးတော့ ယခုတရားအားထုတ်နေကြတဲ့ သူတွေဟာလဲ တရားထူး မရသေးပေမယ့် စိတ်အားမငယ်ကြစေနဲ့၊ အကြောင်းညီညွတ်တဲ့အခါ တစ်ခဏကလေး အတွင်းမှာလဲ တရားထူး ရနိုင်တယ်လို့ အားပေးပြီး ကြိုးစား အားထုတ်ကြရမယ်။

ဒီဣန္ဒြေစောင့်ရှောက်မှုနှင့်စပ်ပြီး နည်းယူဖို့ရာ ဝိသုဒ္ဓိမဂ်မှာ မထေရ်ကြီးတစ်ပါး၏ ကျင့်ပုံကိုလဲ ဒီလို ပြဆိုထားပါတယ်။

စိတ္တဂုတ္တမထေရ် ဝတ္ထု

▬▬▬▬▬▬▬▬

သီဟိုဠ်ကျွန်း ကုရဏ္ဍကလိုဏ်မှာ သီတင်းသုံးနေတဲ့ စိတ္တဂုတ္တမထေရ်ဆိုတာ ရှိခဲ့တယ်၊ စိတ္တဂုတ္တ - စိတ်ကို စောင့်တယ်ဆိုတဲ့ အမည်ကတော့ ကျမ်းဆရာများ ကပေးတဲ့ အမည်နဲ့တူပါတယ်၊

အဲဒီမထေရ်၏ သီတင်းသုံးရာ လိုဏ်ဂူအထက်ပိုင်းမှာ ဘုရားအလောင်းတော်၏ ဇာတ်နိပါတ် အကြောင်းအရာတွေကို ပန်းချီးကားအနေဖြင့် ရေးထားတာရှိပါသတဲ့၊ အဲဒီမထေရ်ကြီးကတော့ အထက်ကို မော့ကြည့်လေ့မရှိဘူး၊ သွားလာရာမှာလဲ လေးတောင်ခန့်လောက်သာ ကြည့်လေ့ရှိတယ်၊ ဒါကြောင့် အဲဒီ ပန်းချီ ဆေးရေးတွေ ရှိမှန်းတောင် မသိဘူးတဲ့။

တစ်နေ့မှာတော့ အခြားဌာနမှ ရဟန်းငယ်များက အဲဒီလိုဏ်ဂူကို ရောက်လာတယ် ပန်းချီဆေးရေး ဇာတ်ကားတွေ မြင်ရတော့ အင်မတန်နှစ်သက် သဘောကျတယ်၊ အဲဒါကြောင့် အဲဒီမထေရ်ကြီးအား ဒီလိုလျှောက်ကြတယ်၊ ဆရာတော်ဘုရားကြီး၏ နေရာ လိုဏ်ဂူကြီးက သိပ်ကောင်းတာပဲ၊ ပန်းချီဆေးရေး ဇာတ်ကားတွေက သိပ်လှတာပဲလို့ လျှောက်ကြသတဲ့၊

အဲဒီတော့ မထေရ်ကြီးက ဒီလို ပြန်ပြောတယ်၊ မောင်ပဉ္စင်းတို့ ငါဟာ ဒီလိုဏ်ဂူ၌ နေလာတာ အနှစ်ခြောက်ဆယ်ကျော် ရှိပြီ၊ ပန်းချီဆေးရေး ရှိမှန်းတောင် မသိဘူး၊ ယခုမျက်စိကောင်းတဲ့ ငါ့ရှင်တို့ကို မှီပြီး သိရပေတယ်လို့ ပြောဆိုတယ်၊ အဲဒါဟာ ချီးမွမ်းသလိုလိုနဲ့ ရှုတ်ချပြောတာပဲ၊ မျက်စိဣန္ဒြေကို စောင့်ရှောက်ခြင်း မရှိတဲ့ ကိုယ်တော်တွေပါလို့ ဆိုလိုတာပါပဲ။

အဲဒီ လိုဏ်ဂူဝအနီးမှာ ကန့်ကော်ပင်ကြီးလဲ ရှိတယ်၊ အဲဒီအပင်ကြီးကိုလဲ မော့မကြည့်ဘူးတဲ့၊ ကြွေကျနေတဲ့ ပန်းဝတ်ဆံများကို တွေ့ရမှ အဲဒီကန့်ကော်ပင်ကြီး ပွင့်နေကြောင်း သိရသတဲ့၊ အဲဒီမထေရ်ကြီး၏ ဂုဏ်သတင်းကို ကြားရလို့ အဲဒီတုန်းက ရှင်ဘုရင်က ဖူးမြော်ရအောင် ပင့်တယ်၊ အကြိမ်ကြိမ်ပင့်ပေမယ့် မကြွသွားဘူးတဲ့၊

အဲဒီတော့ အဲဒီမထေရ်ကြီး၏ ဆွမ်းခံရွာက နို့စို့သူငယ်ရှိတဲ့ မိခင်တွေကို မထေရ်ကြီး ဘုရင့်ထံမကြွလာမချင်း နို့မတိုက်ရအောင် ချိပ်တံဆိပ်ပိတ်စေတယ်၊ အဲဒီတော့မှ ကလေးသူငယ်တွေ သနားသဖြင့် မထေရ်ကြီးက ဘုရင်မင်းထံ ကြွသွားတယ်၊ ဘုရင့်အိမ်တော်ရောက်တဲ့အခါ ဘုရင်က ရှိခိုးကန်တော့တယ်၊ အဲဒီတော့ မထေရ်ကြီးက (သုခီဟောတုမဟာရာဇ) မင်းကြီး ချမ်းသာပါစေလို့ ဆုပေးတယ်၊ မိဖုရားကြီးက ရှိခိုးကန်တော့တဲ့အခါလဲ မထေရ်ကြီးက မင်းကြီး ချမ်းသာပါစေလို့ပဲ ဆုပေးပါသတဲ့။

အဲဒီတော့ သူ့တပည့် ရဟန်းငယ်များက မထေရ်ကြီးကို ဒီလို လျှောက်ကြတယ်၊ ဆရာတော်ဘုရားကြီးဟာ မင်းက ရှိခိုး ကန်တော့သည်ဖြစ်စေ၊ မိဖုရားက ရှိခိုး ကန်တော့သည်ဖြစ်စေ မင်းကြီး ချမ်းသာပါစေလို့ချည်း ဆုပေးတာဟာ ဘယ်လိုပါလဲ လို့ လျှောက်ကြတယ်၊

ငါ့ရှင်တို့ ငါဟာ မင်းရယ် မိဖုရားရယ်လို့ ကြည့်ရှုခွဲခြားခြင်း မပြုဘူးလို့ ပြန်ကြား ပါသတဲ့၊ အဲဒါဟာ တတ်စွမ်းနိုင်ရင် ဣန္ဒြေစောင့်ရာမှာ နည်းယူဖို့ပါပဲ၊ အဲဒီအတိုင်း အတိအကျ ကျင့်ရမယ်လို့တော့ မဆိုလိုပါဘူး။

အရေးကြီးတာကတော့ ကိလေသာဖြစ်ကြောင်း အဆင်း အာရုံတွေကို တမင် မကြည့်ဖို့ မလွှဲသာလို့ မြင်ရရင်လဲ ဆံပင် မွေးညင်းစသည် နှပ် တံတွေး ချွဲသလိပ် ကျင်ကြီး ကျင်ငယ်စသည်ကို နှလုံးသွင်းပြီး အသုဘသညာကို ဖြစ်စေဖို့ သို့မဟုတ် ရင်လဲ မြင်တယ်မြင်တယ်လို့ ရှုမှတ်ဖို့ အရေးကြီးပါတယ်၊

ဒီနေရာမှာ မာတုဂါမကို ကြည့်မှု မြင်မှုနဲ့ စပ်ပြီး အရှင်အာနန္ဒာက မေးလျှောက်လို့ မြတ်စွာဘုရားက ဖြေကြားထားပုံကို သတိပြုသင့်ပါတယ်၊ ပရိနိဗ္ဗာန် စံခါနီး ညဉ့် ဦးယံ ညနေပိုင်းမှာ အရှင်အာနန္ဒာက မာတုဂါမနှင့်စပ်၍ ဘယ်လို ကျင့်ရပါမည်လဲ - လို့ မေးလျှောက်တယ်၊

မမြင်ရအောင် ကျင့်ရမယ်လို့ မြတ်စွာဘုရားက မိန့်ကြားတော်မူတယ်၊ မလွှဲသာလို့ မြင်ရတော့ ဘယ်လိုကျင့်ရပါမည်လဲလို့ မေးလျှောက်တယ်၊ စကားမပြောနဲ့လို့ မိန့်တော်မူတယ်၊ မလွှဲသာလို့ ပြောရရင်ကော ဘယ်လိုကျင့်ရပါမည်လဲလို့ မေးလျှောက်တယ်၊ သတိကို ထင်စေရမယ်လို့ မိန့်တော်မူပါတယ်၊

သတိထင်စေပုံကတော့ အမိအရွယ်ရှိသူကို အမိရင်းလို နှစ်လုံးသွင်းရမယ်၊ အစ်မ နှစ်မအရွယ်ရှိသူကို အစ်မရင်း နှမရင်းလို နှလုံးသွင်းရမယ် သမီးအရွယ်ရှိသူကို သမီးအရင်းလို နှလုံးသွင်းရမယ်တဲ့၊ ဒါက သံယုတ်ပါဠိ (ဒု၃၂၈-၉) ဘာရဒွါဇသုတ်၌ ရဟန်းပျိုကလေးများ ကာမရာဂကို ကျော်လွန်ပြီး တစ်သက်လုံးရဟန်းအဖြစ်နဲ့ သာသနာ့အကျင့်ကို ကျင့်နိုင်ခြင်း၏ အကြောင်းများ ပြထားရာမှ ပထမအကျင့် ဖြစ်တယ်။

အဲဒီသုတ်မှာ ဒုတိယအကျင့်ကတော့ ဆံပင် မွေးညင်းစသည်ဖြင့် အသုဘရှုတဲ့ အကျင့်ဖြစ်တယ်၊ တတိယ အကျင့်ကတော့ ယခုပြဆိုနေတဲ့ ဣန္ဒြိယသံဝရ အကျင့်ပါပဲ၊ ဒါကြောင့် သတိကို ထင်စေရမယ်လို့ ဆိုရာမှာ အသုဘရှုပုံနှင့် ဝိပဿနာ သတိဖြစ်စေပုံများကိုလဲ ယူသင့်ပါတယ်။

အသံအာရုံတွေမှာလဲ ကိလေသာ ဖြစ်ကြောင်း ဖြစ်တဲ့သီချင်းသံတို့ တူရိယာသံတို့ ဒီလိုအသံတွေကို တမင် နားမထောင်ဖို့ သူ့အလိုလို ကြားရရင်လဲ အဲဒီအသံကို ဂရုမစိုက်ဘဲထားဖို့ ဒီလိုမဟုတ်ရင်လဲ ကြားတယ်, ကြားတယ်လို့ ရှုမှတ်ဖို့ လိုပါတယ်၊ ဒီလိုစောင့်ရှောက်ဖို့ ဆိုတာကတော့ ရဟန်းတော်များ တရားအားထုတ်နေတဲ့ သူများနဲ့ ဆိုင်ပါတယ်၊

ဒါပေမယ့် ယခု မြတ်စွာဘုရား ဖြေရှင်း ဟောကြားနေတာကတော့ သိကြားမင်းနှင့် နတ်ပရိသတ်တွေအား ဟောနေတာပဲ၊ ဒီသိကြားမင်းနဲ့ နတ်ပရိသတ်တွေ ဆိုတာ ကတော့ လူများနှင့် နှိုင်းစာကြည့်ရင် ကာမဂုဏ် အာရုံတွေ အင်မတန် များပြား နေကြတာပဲ၊ သိကြားမင်းက ဣန္ဒြေ စောင့်စည်းပုံကို မေးလို့ မြတ်စွာဘုရားရှင်က သိကြားမင်းနှင့်တကွ နတ်တွေအား မြင်ရတဲ့အဆင်း, ကြားရတဲ့အသံ စသည်နှင့် စပ်ပြီး လောဘ, ဒေါသစသော ကိလေသာမဖြစ်ရအောင် စောင့်စည်းပုံကို ဟောနေတာပဲ၊

ဒါကြောင့် နတ်တွေလဲ တတ်နိုင်သမျှတော့ ဒီဣန္ဒြေစောင့်စည်းတဲ့ အကျင့်ကို ကျင့်ရမှာပဲ၊ လူတွေလဲ ဥပုသ်သီလ စောင့်တဲ့အခါ တရားအားထုတ်နေတဲ့ အခါတွေမှာတော့ ကျင့်ရမှာပဲ၊ အမြဲတမ်းရယ်လို့တော့ မဟုတ်ဘူး၊ စွမ်းနိုင်သမျှ စောင့်စည်းဖို့ပါပဲ၊ ယောက်ျားများမှာ မိန်းမအသံ၊ မိန်းမများမှာ ယောက်ျားအသံ ဒီလိုအသံတွေနဲ့ စပ်ပြီးတော့လဲ ကိလေသာ မဖြစ်ရအောင် စောင့်စည်းဖို့ပါပဲ၊ ဝိပဿနာရှုနေတဲ့ ယောဂီဆိုရင်တော့ ကြားတယ်, ကြားတယ်လို့ ရှုမှတ်ပြီး စောင့်ရှောက်သွားဖို့ပါပဲ။

အနံ့အာရုံတွေမှာလဲ တပ်မက်မှုရာဂ ဖြစ်ကြောင်း ဖြစ်တဲ့ ပန်းနံ့သာ ရေမွှေးနံ့ စသည်ကို ရှစ်ပါးသီလထဲက မာလာဂန္ဓ၊ ဝိလေပန သိက္ခာပုဒ်ဖြင့်ပယ်ပြီး ဖြစ်နေတယ်၊ ရှစ်ပါးသီလ မဆောက်တည်တဲ့ သူတွေလဲ တရားအားထုတ်ခိုက်ဆိုရင် အဲဒီလို အနံ့တွေကို မသုံးဘဲ ရှောင်သင့်ပါတယ်၊ သူ့အလိုလို နံရတဲ့အခါတော့ နံတယ်, နံတယ်လို့ ရှုမှတ်သွားဖို့ပါပဲ၊ အပုပ်နံ့ စသည်နံတဲ့အခါကျတော့ အသုဘ အနေဖြင့် နှလုံးသွင်း သွားဖို့ပါပဲ။

အရသာဆိုတာက ရှေ့နားက ပြောခဲ့တဲ့အတိုင်း မသုံးဆောင်ဘဲ နေလို့တော့ မဖြစ်ဘူး၊ သုံးဆောင်သင့်တဲ့ အခါ သုံးဆောင်ရမှာပဲ၊ အကုသိုလ်မဖြစ်ပွားရအောင်၊ ဖြစ်ပွားမှု နည်းပါးအောင် ပစ္စဝေက္ခဏာဖြင့် ဆင်ခြင်ပြီးဖြစ်စေ၊ အာဟာရေပဋိကူလ ကမ္မဋ္ဌာန်းအရ ဆင်ခြင်ပြီးဖြစ်စေ သုံးဆောင်ဖို့ပါပဲ၊ တတ်နိုင်ရင်တော့ ထမင်းပွဲ ကြည့်တာ မြင်တာကစပြီး အပြုအမူ အသိဟူသမျှတွေကို ရှုမှတ်ရမယ်၊ ဝါးတိုင်း, ဝါးတိုင်းလဲ ရှုမှတ်ရမယ်၊

ဒါတွေကတော့ အရသာသိမှု၏ ပုဗ္ဗကိစ္စတွေပါပဲ၊ အဲဒီလို ဝါးနေရင်း လျှာပေါ်မှာ အရသာသိမှုပေါ်လာရင် အဲဒါကို သိတယ်, သိတယ်လို့ ရှုမှတ်ပြီး ထင်ရှားပေါ်ရာ မပြတ်ရှုမှတ်သွားရုံပါပဲ၊ ဒီလိုရှုမှတ်သွားရင် အရသာ၌ သာယာတဲ့ ကိလေသာ မဖြစ်ဘဲ ကင်းငြိမ်းပါတယ်၊ ဒါကြောင့် အဲဒီလို စားနေရင်း မပြတ် ရှုမှတ်နေတာဟာ လျှာဣန္ဒြေကို စောင့်ရှောက်ရာ၌ အကောင်းဆုံးပါပဲ။

အတွေ့အထိထဲမှာလဲ တပ်မက်မှု စသော ကိလေသာဖြစ်ကြောင်းဖြစ်တဲ့ အတွေ့တွေကို တတ်နိုင်သမျှ ရှောင်ရမယ်၊ မလွှဲမရှောင်သာလို့ တွေ့ထိရင်တော့ အဲဒါကို ဓာတ်သဘောအနေဖြင့် ဆင်ခြင်ရုံပဲ၊ တတ်နိုင်ရင်တော့ ထိတယ်, ထိတယ် စသည်ဖြင့် ရှုမှတ်ရုံပါပဲ၊

ရှေ့နားက ပြောခဲ့တဲ့အတိုင်း သွားတယ်, ရပ်တယ်, ထိုင်တယ်, ကွေးတယ်, ဆန့်တယ်, ဖောင်းတယ်, ပိန်တယ်လို့ ရှုမှတ်တာတွေလဲ အဲဒီအတွေ့ကို ရှုသိနေတာပါပဲ၊ ဒါကြောင့် ကိုယ်အမူအရာတွေကို မပြတ်ရှုမှတ်နေတာဟာ မှီဝဲသင့်တဲ့ အတွေ့အထိကို မှီဝဲနေသည်မည်ပါတယ်။

ဒီနေရာမှာ အဋ္ဌကထာ နိသဇ္ဇိဓုတင် ကျင့်နေတာကိုလဲ မှီဝဲသင့်တဲ့အတွေ့ကို မှီဝဲမှုဖြစ်ကြောင်း ပြဆိုထားပါတယ်၊ အရှင်သာရိပုတ္တရာဟာ အနှစ် ၃၀-ပတ်လုံး အိပ်ရာမှာ လှဲမအိပ်ဘဲ နိသဇ္ဇိဓုတင်ကို ကျင့်နေပါတယ်တဲ့၊ ထို့အတူ အရှင် မဟာမောဂ္ဂလာန်လဲ အနှစ် ၃၀-ကျင့်တယ်၊ အရှင်မဟာကဿပကတော့ အနှစ် ၁၂၀-ကျင့်ပါသတဲ့၊ အဲဒါကတော့ အရှင်မဟာကဿပ၏ အသက်နဲ့တူညီနေလို့ စဉ်းစားဖွယ်ရှိပါတယ်၊

အရှင်အနုရုဒ္ဓါက အနှစ် ၅၀၊ အရှင်ဘဒ္ဒိယက အနှစ် ၃၀၊ အရှင်သောဏက ၁၈-နှစ်၊ အရှင်ရဋ္ဌပါလက ၁၂-နှစ်၊ အရှင်အာနန္ဒာက ၁၅-နှစ်၊ အရှင်ရာဟုလာက ၁၂-နှစ်၊ အရှင်ဗာကုလက အနှစ် ၈၀-ပတ်လုံး လှဲမအိပ်ဘဲ ကျင့်နေပါတယ်တဲ့၊ ဒီမထေရ်များ ကတော့ ရဟန္တာဖြစ်ပြီးမှ ကျင့်တာမို့ ကုသိုလ်ဖြစ်ပွားအောင် ကျင့်တာတော့ မဟုတ်ပါဘူး၊ နောင်လာနောက်သာများအား အတုလိုက်ပြီး ကျင့်ဖို့ ချီးမြှောက်ရုံမျှပဲ ရှိပါတယ်၊

အဲဒီလိုလှဲအိပ်ခြင်း မရှိဘဲ ရံခါထိုင် ရံခါရပ် ရံခါလမ်းလျှောက်နေတယ်ဆိုတော့ ကိုယ်ထဲမှာ ညောင်းခြင်း, ပူခြင်းစသော ကိုယ်အတွေ့ဆိုးများကို တွေ့ထိနေရတယ်၊ အဲဒီ အတွေ့အာရုံတွေဟာ ဓုတင်အကျင့်ဆိုင်ရာ စင်ကြယ်သော စိတ်ဓာတ်များ ဖြစ်ပွားကြောင်း ဖြစ်သောကြောင့် မှီဝဲအပ်သော အတွေ့အာရုံများဖြစ်ပါတယ်၊

အဲဒါလိုပင် ဝိပဿနာရှုနေတဲ့သူလဲ ကြာရှည်စွာထိုင်လျက် ရှုမှတ်နေတဲ့အခါ ညောင်းခြင်း, ပူခြင်းစသော အတွေ့ဆိုးများကို တွေ့ထိနေရတယ်၊ ဒါပေမယ့် မှီဝဲသင့်သော အတွေ့များဖြစ်သောကြောင့် အဲဒါတွေကို ရုတ်တရက် မပြင်ဘဲ သည်းခံပြီး ရှုမှတ်နေရတယ်၊ အဲဒီလိုရှုမှတ်နေတာဟာ မှီဝဲသင့်တဲ့ အာရုံကို မှီဝဲလျက် ဝိပဿနာကုသိုလ် ပွားစေတာပဲ၊

ဒါကြောင့် ကိုယ်ထဲမှာ ညောင်းခြင်း, ပူခြင်း, နာခြင်းအစရှိသော အတွေ့ဆိုးများဆိုင်ရာ ဒုက္ခဝေဒနာကို တွေ့နေတဲ့အခါ ရုတ်တရက် မပြုပြင်ဘဲ တတ်နိုင်သမျှ သည်းခံပြီး ရှုမှတ်နေရတယ်၊ မတတ်နိုင်တဲ့ အခါကျမှ ပြုပြင်ရတယ်၊ အဲဒါဟာ မှီဝဲသင့်တာကို မှီဝဲနေတာပဲ၊ မှီဝဲသင့်တာမှီဝဲရန် ညွှန်ကြားတဲ့ ဒီသက္ကပဥှသုတ် တရားတော်နှင့် အညီပါပဲ။

နောက်ပြီးတော့ စိတ်ကူးအာရုံတွေထဲမှာလဲ လောဘဖြစ်ကြောင်း အာရုံတွေ, ဒေါသဖြစ်ကြောင်း အာရုံတွေ ဒီလို အကုသိုလ်ဖြစ်ကြောင်း အာရုံတွေကို မကြံစည်ရဘူး၊ ရှေးက တွေ့ခဲ့ဖူးတဲ့ အာရုံတွေလဲ မကြံစည်ရဘူး၊ နောင်တွေ့ ဖို့ရာ တွေကိုလဲ မကြံစည်ရဘူး၊ အဲဒီလို မကြံသင့်တာကို ကြံမိရင် ရှုမှတ်ပြီး ပယ်သွားရမယ်၊ ဖောင်းတယ်, ပိန်တယ်, ထိုင်တယ်, ထိတယ်, စသည်ဖြင့် ရှုမှတ်နေရင်း အပြင်ထွက်တဲ့ စိတ်ကူးပေါ်လာရင် အဲဒီစိတ်ကူးကို ရှုမှတ်ပြီးတော့ ရှုမှတ်နေကြကိုသာ မပြတ်ရှုမှတ်သွားရမယ်။

မထေရ်သုံးပါး၏ စောင့်စည်းပုံ

▬▬▬▬▬▬▬▬▬▬▬

အဲဒီလို မမှီဝဲသင့်တဲ့ စိတ်ကူးအာရုံတွေကို ပယ်ပြီး ရှုမှတ်ရာမှာ အတုယူစရာ မထေရ်သုံးပါး အကြောင်းကို အဋ္ဌကထာမှာ ဒီလို ပြထားပါတယ်၊ မထေရ်သုံးပါးဟာ ဝါကပ်တဲ့နေ့မှာ အချင်းချင်း ဒီလိုဩဝါဒပေးပြီး ကတိကဝတ် ပြုကြပါသတဲ့၊ ပြုပုံကတော့ - ကာမဂုဏ်ကို ကြံသိတဲ့ဝိတက်၊ သူတစ်ပါးအား သေပျက်စေရန်ကြံတဲ့ ဝိတက်၊ နျိပ်စက် ညှဉ်းဆဲရန် ကြံတဲ့ ဝိတက်စသော အကုသိုလ်အကြံတွေကို မကြံရဘူးလို့ ကတိကဝတ် ပြုထားကြတယ်၊

ဝါကျွတ်တော့ ပဝါရဏာ ပြုတဲ့နေ့မှာ သံဃာ့မထေရ်ကြီးက အငယ်ဆုံးမထေရ်ကို မေးတယ် - ငါ့ရှင် ဒီဝါတွင်းသုံးလမှာ သင့်စိတ်ကို ဘယ်ဌာန၌ ပြေးသွားကျက်စား စေပါသလဲ - တဲ့၊ ကျောင်းတိုက်အတွင်းက အပြင်မထွက်စေပါ၊ ကျောင်းတိုက် အတွင်းမှာသာ ကျက်စားစေပါတယ်ဘုရားလို့ မထေရ်ငယ်က ပြန်ကြား လျှောက်ထားတယ်၊ အဲဒါဟာ တရားရှုမှတ်နေရင်း အပြင်ကို စိတ်ထွက်တောင်မှ ကျောင်းတိုက်အတွင်းသာ ထွက်တယ်၊ ကျောင်းတိုက်အပြင် မရောက်ဘူး၊ အရပ်ထဲရွာထဲစသည်သို့ စိတ်မရောက်ဘူးလို့ ဆိုလိုတာပါပဲ၊ အင်မတန် ချီးကျူးစရာ ကောင်းပါတယ်၊

ယခု ဒီမှာ တရားအားထုတ်နေကြတဲ့ ယောဂီတွေအနေနဲ့ဆိုရင် ချီးမွမ်းစရာ ကောင်းကြောင်း ထင်ရှားပါတယ်၊ ဘာ့ကြောင့်လဲဆိုတော့ လူက ကမ္မဋ္ဌာန်း ကျောင်းထဲမှာ ထိုင်ပြီး ဖောင်းတယ် ပိန်တယ်စသည်ဖြင့် ရှုမှတ်နေပေမယ့် သမာဓိအား မရှိသေးခင်မှာ ဆိုရင်စိတ်က အိမ်ရောက်သွားလိုက်, မြို့ထဲ, ရွာထဲ, ဈေးထဲ ရောက်သွားလိုက်၊ ဟိုလူနဲ့သွားတွေ့လိုက်, ဒီလူနဲ့သွားတွေ့လိုက်နဲ့ စိတ်ထွက်ထွက် သွားတာကို ခဏခဏ တွေ့နေရသောကြောင့်ပါပဲ။

အလတ်မထေရ်ကို မေးတော့ အဲဒီမထေရ်က “တပည့်တော်က ကျောင်းခန်းထဲမှာ အပြင်မထွက်စေပါဘုရား”လို့ လျှောက်ထားတယ်၊ ဒါက ပိုပြီး အံ့ဩစရာ, ချီးမွမ်းစရာကောင်းတာပဲ၊ တစ်ဝါတွင်းလုံး တရားရှုမှတ်နေရင်း ကျောင်းခန်း အပြင် စိတ်မထွက်ဘူးဆိုတော့ သာပြီး အံ့စရာ ချီးမွမ်းစရာ ကောင်းတာပေါ့။

အဲဒီမထေရ်ငယ် ၂-ပါးက သံဃမထေရ်ကြီးကို မေးလျှောက်ကြတယ်၊ ဆရာတော် ဘုရားကြီးကတော့ စိတ်ကို ဘယ်လောက်ထိန်းသိမ်းနိုင်ပါသလဲ ဘုရားလို့ မေးလျှောက်ကြတယ်၊ ငါကတော့ အဇ္ဈတ္တခန္ဓာငါးပါးမှ အပြင်ကို မထွက်စေဘူးလို့ ဖြေကြားတော်မူပါသတဲ့၊

အဲဒီစကားရပ်ဖြင့် မြင်တိုင်း, ကြားတိုင်း, တွေ့တိုင်း, သိတိုင်း ဒွါရ ၆-ပါး၌ ထင်ပေါ်သမျှ ရုပ်နာမ်ခန္ဓာတွေကိုသာ မပြတ်ရှုမှတ်နေနိုင်တယ်၊ အပြင်ထွက်ပြီး ကြံတဲ့စိတ် မရှိဘူးလို့ ဆိုလိုတာပါပဲ၊ ဒါကတော့ အံ့စရာ, ချီးမွမ်းစရာ အကောင်းဆုံးပါပဲ၊

ဝါတွင်းသုံးလပတ်လုံး ကိုယ်တွင်းသန္တာန်မှ အပြင်မထွက်အောင် စိတ်ထိန်းထား နိုင်တယ်ဆိုတော့ အင်မတန်ကို အံ့စရာပါပဲ၊ ရဟန္တာဖြစ်နေဟန် ရှိပါတယ်၊ ယခု တရားအားထုတ်နေကြတဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒီမထေရ် သုံးပါး၏ စိတ်ထိန်းပုံကို အတုယူပြီး မိမိတို့စိတ်ကို ထိန်းသွားကြဖို့ပါပဲ။

နောက်ပြီးတော့ အဋ္ဌကထာမှာ မေတ္တာစသည်၏ အစွမ်းအားဖြင့် သဘောအာရုံကို မှီဝဲအပ်ကြောင်း ပြဆိုထားတယ်၊ အဲဒါကတော့ သဗ္ဗေသတ္တာအဝေရာဟောန္တု - အားလုံးသတ္တဝါတွေ ဘေးရန်ကင်းကြပါစေ စသည်ဖြင့် မေတ္တာစသည်ကို ပွားစေရန် ညွှန်ပြတာပါပဲ၊ အဲဒီမေတ္တာစသည် ပွားစေပုံကိုတော့ ဗြဟ္မဝိဟာရတရားတော်ဆိုတဲ့ စာအုပ်မှာ အပြည့်အစုံ ဖော်ပြထားပြီး ရှိနေသောကြောင့် ဒီတရားစာအုပ်မှာ မပြတော့ဘဲ ချန်ထားလိုက်ပါတယ်။

နောက်ပြီးတော့ မေတ္တာစသည်လို့ အဋ္ဌကထာက ဆိုရာမှာ စသည်အရဖြင့် ကြံသိမှုစိတ်ကူးထဲမှာ ပေါ်လာသမျှ သဘောအာရုံတွေကို ဝိပဿနာရှုမှတ်ခြင်းဖြင့် မှီဝဲအပ်တယ်လို့ မှတ်ယူသင့်ပါတယ်၊ ဒါကြောင့် စိတ်ကူးကြံစည်မှုဖြစ်တိုင်း ဖြစ်တိုင်း ရှုမှတ်ပြီး မှီဝဲသွားဖို့ပါပဲ။

အချုပ်အားဖြင့် ပြောရရင်တော့ ကမ္မဋ္ဌာန်းတစ်ခုခုကို နှလုံးသွင်းရှုမှတ်နေတာဟာ မှီဝဲသင့်တာကို မှီဝဲနေသည် မည်တာချည်းပါပဲ၊ အဲဒီလို နှလုံးသွင်းရှုမှတ်ခြင်းဖြင့် ကုသိုလ်တရားတွေ ပွားနေတာချည်းပါပဲ၊ အဲဒီအထဲမှာ သတိပဋ္ဌာန် ဘာဝနာကိုတော့ မြတ်စွာဘုရားရှင်က ဒီလိုချီးကျူးပြီး ဟောထားပါတယ်။

သတိပဋ္ဌာန်ဟာ ကုသိုလ်အစုပဲ

▬▬▬▬▬▬▬▬▬▬▬

ကုသလရာသီတိ ဘိက္ခဝေ ဝဒမာနော စတ္တာရော သတိပဋ္ဌာနေ သမ္မာ ဝဒမာနော ဝဒေယျ၊ ကေဝလောဟာယံ ဘိက္ခဝေ ကုသလရာသိ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ။

ဘိက္ခဝေ - ရဟန်းတို့၊
ကုသလရာသီတိ ဝဒမာနော - ကုသိုလ်အစုဟု ဆိုသောသူသည်၊
စတ္တရော သတိပဋ္ဌာနေ-သတိပဋ္ဌာန် လေးပါးတို့ကို၊
ဝဒမာနော - ဆိုလျှင်၊
သမ္မာ ဝဒေယျ - မှန်စွာ ဆိုသည်ဖြစ်ရာ၏၊
ဟိ - မှန်ပါသည်၊
ဘိက္ခဝေ - ရဟန်းတို့၊
ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ - အကြင်လေးပါးသော သတိပဋ္ဌာန်တို့ ရှိကြသည်၊
ကေဝလော - အလုံးစုံသော၊
အယံ - ဤ သတိပဋ္ဌာန်လေးပါးသည်၊
ကုသလရာသိ - ကုသိုလ်အစုပေတည်းတဲ့။

ကုသိုလ်အစုပုံကြီးလို့ ပြောချင်ရင် သတိပဋ္ဌာန်လေးပါးကို ပြောပါတဲ့၊ သတိပဋ္ဌာန် လေးပါးကို ကုသိုလ်အစုအပုံကြီးလို့ ပြောရင် အစစ်အမှန်ပြောတာ ဖြစ်ပါတယ်တဲ့၊ ဘာ့ကြောင့်လဲဆိုတော့ သတိပဋ္ဌာန်လေးပါးဟာ အကုန်လုံးပင် ကုသိုလ်အစုအပုံ ဖြစ်သောကြောင့်ပါပဲတဲ့၊ ဒါနကုသိုလ်ဆိုတာလဲ များစွာပြုနေရင် ကုသိုလ်အစုအပုံ ကြီးလို့ ဆိုစရာပါပဲ၊

ဒါပေမယ့် ပေးလှူနေတဲ့အချိန်ပိုင်းအတွင်းမှာပင် တခြား တစ်ပါးစိတ်ကူးတွေက ဝင်ပြီးဖြစ်သေးတယ်၊ ပြီးတော့ နေ့ရော ညဉ့်ပါ မပြတ် ပေးလှူဖို့ကတော့လဲ မဖြစ်နိုင်ဘူး၊ ဒါကြောင့် ဒါနကုသိုလ်ကို ကုသိုလ်အစုအပုံကြီးလို့ ဆိုရင် အပြည့်အစုံ မှန်တယ်လို့ မဆိုနိုင်ဘူး၊ သီလကုသိုလ်ဆိုတာလဲ ကုသိုလ် အစုအပုံကြီးလို့ ဆိုစရာပါပဲ၊

ဒါပေမယ့် သီလကုသိုလ်စေတနာတွေက နေ့ရောညဉ့် ပါ မပြတ် ဖြစ်နေတာတော့ မဟုတ်ဘူး၊ ကြားထဲမှာ တခြားတစ်ပါး စိတ်ကူးတွေက ဝင်ပြီး ဖြစ်နေကြသေးတာပဲ၊ ဒါကြောင့် သီလကို ကုသိုလ်အစုအပုံကြီး လို့ဆိုရင် အပြည့်အစုံ မှန်တယ်လို့ မဆိုနိုင်ဘူး။

သတိပဋ္ဌာန် ကုသိုလ်ကတော့ ကိုယ်အမူအရာ ဖြစ်ပေါ်တိုင်းလဲ မပြတ်ရှုမှတ် နေရတယ်၊ ဝေဒနာတွေ ဖြစ်ပေါ်တိုင်းလဲ မပြတ်ရှုမှတ်နေရတယ်၊ စိတ်အကြံ ဖြစ်ပေါ်တိုင်းလဲ မပြတ်ရှုမှတ်နေရတယ်၊ မြင်မှု, ကြားမှုစသော သဘောတရားတွေ ဖြစ်ပေါ်တိုင်းလဲ မပြတ်ရှုမှတ်နေရတယ်၊ ညအချိန်လောက်သာ ချန်ပြီး နေ့ရော ညဉ့် ပါ မပြတ် ရှုမှတ်နေရတယ်၊ တစ်စက္ကန့်လျှင် အနည်းဆုံး ရှုမှတ်မှု တစ်ကြိမ်တော့ ဖြစ်တာပဲ၊ တစ်မိနစ်ဆိုရင် ရှုမှတ်မှု ကုသိုလ်ပေါင်း အနည်းဆုံး ၆၀-ရတယ်၊ တစ်နာရီဆိုတော့ ၃၆၀ဝ-ရတယ်၊ ညဉ့်အချိန် ၄-နာရီ လောက်ချန်ပြီး နာရီ ၂၀-ခန့် ရှုမှတ်နေသူမှာ တစ်ရက်အတွင်း၌ ၇၂၀ဝ၀-လောက်ရတယ်၊ ဒါကြောင့် ကုသိုလ်အစုအပုံကြီးလို့ ဆိုထိုက်ပါပေတယ်၊

ထိုင်နေရင်းလဲ ရှုမှတ်မှု ကုသိုလ်တွေ များစွာဖြစ်နေတယ်၊ ထိုင်ရာမှ ထတဲ့အခါ ရပ်နေတဲ့အခါလဲ ကုသိုလ်တွေဖြစ်နေတယ်၊ သွားတဲ့အခါ ခြေလှမ်းတိုင်းမှာလဲ ကုသိုလ်တွေဖြစ်နေတယ်၊ ထိုင်ရာက လှဲအိပ်ချလိုက်တဲ့အခါ လဲလျောင်းနေတဲ့ အခါ များမှာလဲ ကုသိုလ်တွေ ဖြစ်နေတာပဲ၊

မျက်စိမှတ်တဲ့အခါ ဖွင့်တဲ့အခါတွေမှာလဲ ရှုမှတ်မှုကုသိုလ်တွေ ဖြစ်နေတာပဲ၊ ကြည့်တဲ့အခါ, မြင်တဲ့အခါလဲ ရှုမှတ်မှု ကုသိုလ်တွေ ဖြစ်နေတာပဲ၊ နားထောင်တဲ့အခါ ကြားတဲ့အခါလဲ ဖြစ်နေတာပဲ၊ အနံ့နံတဲ့အခါလဲ ဖြစ်နေတာပဲ၊ အစာစားတဲ့အခါ မှာတော့ ထမင်းတစ်လုတ် တစ်လုတ်ကို ပြုပြင်တာ, ယူတာ, ဝါးတာ, စားသိတာ စသည်တွေ ရှုမှတ်ပြီး ကုသိုလ်တွေ အများကြီးဖြစ်နေတာပဲ၊

အတွေ့အထိတွေမှာတော့ ထိသိတိုင်း ရှုမှတ်ပြီး ကုသိုလ်တွေအများကြီး ဖြစ်နေတာပဲ၊ ကျင်ကြီး ကျင်ငယ်စွန့်ရာမှာလဲ ရှုမှတ်ပြီး ကုသိုလ်တွေ အများကြီး ဖြစ်နေတာပဲ၊ စိတ်ကူးတိုင်း, စဉ်းစားဆင်ခြင်တိုင်း, ကြံသိတိုင်းလဲ ရှုမှတ်ပြီး ကုသိုလ်တွေ အများကြီးဖြစ်နေတာပဲ၊ ဒါကြောင့် သတိပဋ္ဌာန်ကို ကုသိုလ်အစု အပုံကြီးလို့ ဆိုတာဟာ တစ်ကယ်ကို မှန်နေတာပါပဲ။

ကုသိုလ်အစုအပုံကြီးလို့ ဆိုထိုက်တဲ့ အဲဒီ သတိပဋ္ဌာန်ဟာ မှီဝဲအပ် မှီဝဲထိုက်တဲ့ တရားပဲ၊ ဒါကြောင့် သိကြားမင်းအား ဣန္ဒြိယသံဝရကို ဟောရာမှာ မှီဝဲသင့်တာကို မှီဝဲဖို့ ဟောကြားတော်မူတာပါပဲ၊ သိကြားမင်းကလဲ ကုသိုလ်ဖြစ်ကြောင်း အာရုံကို မှီဝဲသင့်တယ်ဆိုတာ သိနားလည်ပြီး မြတ်စွာဘုရားကို သူနားလည်တဲ့အတိုင်း လျှောက်ကြားတင်ပြတယ်၊ အဲဒီ ဣန္ဒြိယသံဝရအတွက် ဆောင်ပုဒ်များကို ထပ်ပြီး ဆိုကြရဦးမယ်။

ဣန္ဒြိယ, သံဝရ၊ သူက ဘယ်သို့နည်း။
အာရုံခြောက်ရပ်၊ မှီဝဲအပ်၊ မအပ် ကွဲသတည်း။
အကုသိုလ်ပွား၊ ပယ်ရှောင်ရှား၊ ကုပွားမှီဖို့တည်း။
သင့်ရာမှီတွယ်၊ မသင့်ပယ်၊ စောင့်ဖွယ် ကိစ္စပြီး။

သက္ကပဥှသုတ် တရားတော်မှာ ပယ်ရမယ့်တရား, မှီဝဲရ ကျင့်ရမယ့်တရားများနဲ့ စပ်ပြီး အမေးအဖြေတွေကတော့ ပြည့်စုံသွားပါပြီ၊

အစပထမက သတ္တဝါတွေမှာ ချမ်းသာချင်ကြပါလျက် ဘာ့ကြောင့် ဆင်းရဲနေ ကြပါသလဲလို့ သိကြားမင်းက မေးတယ်၊ မြတ်စွာဘုရားက (ဣဿာမစ္ဆရိယ) မနာလိုမှု ဝန်တိုမှုကြောင့်လို့ ဖြေတယ်၊

အဲဒီဣဿာ မစ္ဆရိယက ဘာ့ကြောင့် ဖြစ်သလဲလို့မေးတယ်၊ (ပိယ အပ္ပိယ) ချစ်ဖွယ်မုန်းဖွယ်ကြောင့်လို့ ဖြေတယ်၊ အဲဒီချစ်ဖွယ်မုန်းဖွယ်က ဘာ့ကြောင့်လဲလို့ မေးတယ်၊ နှစ်သက်ချစ်ခင်ခြင်တဲ့ ဆန္ဒကြောင့်လို့ ဖြေတယ်၊

အဲဒီဆန္ဒက ဘာ့ကြောင့်လဲလို့မေးတယ်၊ ဝိတက်ဆိုတဲ့ ကြံစည်မှုကြောင့်လို့ ဖြေတယ်၊ အဲဒီဝိတက်က ဘာ့ကြောင့်လဲလို့ မေးတယ်၊ ပပဉ္စသညာခေါ်တဲ့ တဏှာ မာန ဒိဋ္ဌိဖြင့် အကျယ်ချဲ့ပြီး ကြံနိုင်အောင် မှတ်စွဲထားမှုကြောင့် ဖြစ်တယ်လို့ ဖြေကြားတော် မူပါတယ်။

အဲဒီတော့ အကြောင်းအကျိုးအဆင့်ဆင့် ဖြစ်ပွားလျက် ဆင်းရဲနေကြရာမှာ မူလအရင်းခံဖြစ်တဲ့ ပပဉ္စသညာချုပ်ငြိမ်းအောင် ကျင့်မှ ဆင်းရဲကင်းပြီး ချမ်းသာမယ် ဆိုတာ သဘောပေါက်သိနားလည်ပြီးတော့ သိကြားမင်းက အဲဒီပပဉ္စသညာ ချုပ်ရာ ရောက်အောင် ဘယ်လို ကျင့်ရပါသလဲလို့ မေးတယ်၊

မြတ်စွာဘုရားက သောမနဿ ဒေါမနဿ ဥပေက္ခာဆိုတဲ့ ဝေဒနာသုံးပါးကို မှီဝဲသင့် မမှီဝဲသင့် နှစ်ပါးစီ ခွဲခြားပြီး ဟောကြားတော်မူပါတယ်၊ အဲဒီအဖြေဖြင့် မိမိသန္တာန်မှာ မှီဝဲသင့်တာတွေကို ဖြစ်ပွားစေပြီး မှီဝဲရမယ်၊ အဲဒီလိုကျင့်ရင် ပပဉ္စသညာချုပ်ရာသို့ ရောက်ပါလိမ့်မယ်လို့ သိစေတာပါပဲ၊ အဲဒီ အမေးအဖြေ အဆင့်ဆင့်အတွက် မူလဆောင်ပုဒ်ကြီးကို ဆိုကြရဦးမယ်။

ကာမဘုံသား နတ်လူများတို့ ကောင်းစားပြည့်ဝ ဘေးရန်ပလျက် အေးမြချမ်းသာ နေလိုပါလည်း ဣဿာမေ စ္ဆ သူရှုပ်ပွေ၍ ထင်ခြေမကျ ဆင်းရဲရတည့် ...

မူလဇာစ်မြစ် သူ့ကြောင်းစစ်သော် မုန်းချစ်အပ်သား အာရုံများနှင့် လိုလားတစ်လီ ကြံစည်တစ်တန် ချဲ့ရန်မှတ်စွဲ ခြေတည်လွဲ၍ ဆင့်ကဲဆင့်ကာ ဖြစ်ရိုးပါတည့် ....

ခြောက်ဖြာဒွါရ ထင်သမျှကို မှတ်ကြသဖြင့် မမှီသင့်ရှောင် မှီသင့်ဆောင်၍ မှန်အောင်ပြင်က လမ်းမှန်ရသည် မုချ ချမ်းသာရေးပေတည်း။

ပပဉ္စသညာချုပ်အောင် ကျင့်ပုံဆောင်ပုဒ်များလဲ ဆိုကြရမည်။

ဘယ်သို့ကျင့်က၊ ပပဉ္စ၊ လုံးဝချုပ်သနည်း။
မှီဝဲသင့်တာ၊ မသင့်တာ၊ ဝမ်းသာ နှစ်မျိုးတည်း။
နှလုံးမသာ၊ ဥပေက္ခာ၊ ခွဲပါ နည်းတူတည်း။
အကုသိုလ်ပွား၊ ပယ်ရှောင်ရှား၊ ကုပွားမှီဖို့တည်း။
ဤသို့ကျင့်က၊ ပပဉ္စ၊ လုံးဝချုပ်သတည်း။

သိကြားမင်းက အဲဒီတရားကို နာနေရင်း မှီဝဲသင့်သော သောမနဿဝေဒနာ ဥပေက္ခာဝေဒနာတို့ကို မိမိသန္တာန်မှာ ဖြစ်စေလျက် မှီဝဲပြီး သောတာပတ္တိမဂ်ဖိုလ်သို့ ရောက်လျက် သောတာပန်လဲ ဖြစ်သွားတယ်၊ ဘဝဟောင်းမှ စုတေပြီး ထိုနေရာမှာပင် ဘဝအသစ် သိကြားမင်းလဲ ပြန်ဖြစ်သွားတယ်၊

အဲဒီအခါ ပါတိမောက္ခသံဝရသီလကို မေးပြန်တယ်၊ မြတ်စွာဘုရားရှင်က ကိုယ်အမှု, နှုတ်အမှု, ရှာမှီးမှုများကို မှီဝဲသင့် မမှီဝဲသင့် ၂-ပါးစီခွဲခြားပြီး ဟောတော်မူတယ်၊ နောက်ပြီးတော့ သိကြားမင်းက ဣနြ္ဒိယသံဝရကို မေးပြန်တယ်၊ မြတ်စွာဘုရားရှင်က အာရုံ ၆-ပါးကို မှီဝဲသင့် မမှီဝဲသင့် နှစ်ပါးစီပင် ခွဲခြားဟောကြောင်း မိန့်တော်မူတယ်၊ အဲဒါ ပါတိမောက္ခသံဝရနှင့် ဣန္ဒြိယသံဝရဆိုင်ရာ ဆောင်ပုဒ်များကို ထပ်ပြီး ဆိုကြရမယ်။

ပါတိမောက္ခ၊ သံဝရ၊ ကျင့်ရ ဘယ်သို့နည်း။
မှီသင့်တစ်ခု၊ မသင့်ဟု၊ ကိုယ်မှု နှစ်မျိုးတည်း။
နှုတ်မှုထို့တူ၊ သက်မွေးမြူ၊ ထို့တူနှစ်မျိုးတည်း။
မမှီသင့်ပယ်၊ သီလနယ်၊ စင်ကြယ်ပါသတည်း။

ဣန္ဒြိယ, သံဝရ၊ သူက ဘယ်သို့နည်း။
အာရုံခြောက်ရုပ်၊ မှီဝဲအပ်၊ မအပ်ကွဲသတည်း။
အကုသိုလ်ပွား၊ ပယ်ရှောင်ရှား၊ ကုပွားမှီဖို့တည်း။
သင့်ရာမှီတွယ်၊ မသင့်တယ်၊ စောင့်ဖွယ်ကိစ္စပြီး၊

ယခု ပြောခဲ့တဲ့အတိုင်း သိကြားမင်းဟာ မှီဝဲသင့်တဲ့ သောမနဿနှင့်ဥပေက္ခာ ဝေဒနာကိုဖြစ်စေပြီး မှီဝဲလျက် သောတာပန်ဖြစ်ပြီးနောက် ကျင့်သင့်တဲ့ ပါတိမောက် သီလနှင့် ဣန္ဒြိယသံဝရအကြောင်းကို မေးမြန်းလျှောက်ထားတယ်၊ အဲဒီလို လျှောက်ထားပြီးတဲ့အခါ အကျင့်ဆိုင်ရာ ဖြေရှင်းချက်တွေကို ကြားနာပြီး အားရ ကျေနပ်သွားတယ်၊

အဲဒီအခါ တရားမှန်ကို မသိသေးခင် ရှေးတုန်းက ဟိုပုဂ္ဂိုလ်က ဟုတ်နိုးနိုး ဒီပုဂ္ဂိုလ်က ဟုတ်နိုးနိုးနဲ့ ထင်မှတ်ပြီး ပညာရှိလို့ ဝန်ခံနေတဲ့ ရသေ့သူမြတ်တွေကို ဆည်းကပ်ပြီး သိလိုရာတွေကို မေးခဲ့ဖူးတယ်၊ အဲဒီတုန်းက အယူဝါဒ အမျိုးမျိုး ကွဲလွဲနေကြတာ တွေ့ခဲ့ရတယ်၊

ယခုတော့ ဘုရားရှင်၏ တရားတော်ကို ကြားနာ ကျင့်သုံးပြီး သောတာပန် ဖြစ်ခဲ့တယ်၊ အဲဒီတော့ တရားမှန်ကို သိသောကြောင့် ဘုရားမှန်ကိုလဲ သိသွားပြီ၊ သံဃာမှန်ကိုလဲ သိသွားပြီ၊ ဒါကြောင့် ဟိုပုဂ္ဂိုလ်က ဟုတ်နိုးနိုး ဒီပုဂ္ဂိုလ်က ဟုတ်နိုးနိုး စသည်ဖြင့် မဝေခွဲနိုင်တဲ့ ယုံမှားမှု လုံးဝကင်းသွားပြီး အဲဒီလို ယုံမှားကင်းပုံကို တိုက်ရိုက် မလျှောက်ဘဲ ပြောင်းပြန်နည်းဖြင့် ဒီလို မေးလျှောက်ပြန်ပါတယ်။

အားလုံးအယူဝါဒ စသည် တူကြပါသလား

▬▬▬▬▬▬▬▬▬▬▬▬▬

မာရိသ - မြတ်စွာဘုရား၊
သမဏဗြာဟ္မဏာ - ရဟန်းသူမြတ်ဟု ဝန်ခံကြကုန်သော၊
သဗ္ဗေဝ - အားလုံးသော ပုဂ္ဂိုလ်တို့သည်ပင်လျှင်၊
ဝါ - ပုဂ္ဂိုလ်အားလုံးတို့ပင်လျှင်၊
ဧကန္တဝါဒါ - အယူဝါဒတူကြပါသလော၊
ဧကန္တသီလာ - ကိုယ်နှုတ် အကျင့်သီလ တူကြပါသလော၊
ဧကန္တဆန္ဒာ - အလိုဆန္ဒတူကြပါသလော၊
ဧကန္တ အဇ္ဈောသာနာ - အပြီးအဆုံး တစ်မျိုးတည်း တူကြပါသလော - တဲ့။

ဒါကတော့ သိကြားမင်းက သိပြီးဖြစ်ပါလျက် ဘာ့ကြောင့် ဆိုတာကို မေးချင်လို့ အခြေခံအနေဖြင့် မေးလျှောက်တာပါပဲ၊ အိန္ဒိယနိုင်ငံနယ်ပယ်တဝိုက်မှာ ဘုရား လက်ထက် ကာလတုန်းက ရသေ့ ရဟန်းပြုနေတဲ့ သူတွေက ကိလေသာငြိမ်းတဲ့ သမဏအဖြစ် ရဟန်းအဖြစ်ဝန်ခံနေကြတယ်၊ ပုဏ္ဏားလူမျိုးတွေကလဲ ပုဂ္ဂိုလ်မြတ် အဖြစ် ဝန်ခံနေကြတယ်၊

အဲဒီလို ရသေ့ရဟန်းအဖြစ် သူမြတ်အဖြစ် ဝန်ခံနေကြသော ပုဂ္ဂိုလ်တိုင်းပင် အယူဝါဒတူကြပါသလား၊ ကိုယ်နှုတ်စောင့်ထိန်းမှု အကျင့်သီလ တူကြပါသလား၊ အလိုဆန္ဒချင်းလဲ တူကြပါသလား၊ အပြီးအဆုံးသတ် တရားချင်းလဲ တစ်မျိုးတည်း တူကြပါသလားလို့ အချက် ၄ - ခုကို မေးမြန်းလျှောက်ထားတယ်၊

အဲဒီ အမေးကို လေးချက်လုံးပင် မတူဘဲ ကွဲလွဲနေကြောင်း မြတ်စွာဘုရားက ဖြေကြားတော်မူပါတယ်၊ အဲဒီတော့ သိကြားမင်းက ဘာ့ကြောင့်မတူဘဲ ကွဲလွဲနေကြ ပါသလဲလို့ မေးလျှောက်ပြန်ပါတယ်၊ အဲဒီအမေးကို မြတ်စွာဘုရားက ဒီလို ဖြေကြားတော်မူပါတယ်။

အနေကဓာတု နာနာဓာတု ခေါ ဒေဝါနမိန္ဒလောကော၊ တသ္မိံ အနေကဓာတု နာနာဓာတုသ္မိံ လောကေ ယံ ယဒေဝ သတ္တာ ဓာတုံ အဘိနိဝိသန္တိ၊ တံ တဒေဝ ထာမသာ ပရာမသာ အဘိနိဝိဿ ဝေါဟရန္တိ “ဣဒမေဝ သစ္စံ၊ မောဃမည” န္တိ။ တသ္မာ န သဗ္ဗေ သမဏ ဗြာဟ္မဏာ ဧကန္တဝါဒါ ဧကန္တသီလာ ဧကန္တဆန္ဒာ ဧကန္တ အဇ္ဈောသာနာ။

ဒေဝါနမိန္ဒ - သိကြားမင်း၊
လောကော - လူအပေါင်းသတ္တဝါ အပေါင်းဆိုတဲ့ လောကသည်၊
အနေကဓာတု - အလိုအဇ္ဈာသယာ ဓာတ်တစ်မျိုးတည်းရှိသည်မဟုတ်၊
နာနာဓာတု - အမျိုးမျိုးကွဲပြားသော အလိုအဇ္ဈာသယဓာတ် ရှိနေချေသည်၊
အနေကဓာတု နာနာဓာတုသ္မိံ - အလိုအဇ္ဈာသယတစ်မျိုးတည်း မရှိပဲ အမျိုးမျိုး ကွဲပြားနေသော၊
တသ္မိံ လောကေ - ထိုလူအပေါင်း သတ္တဝါအပေါင်းဆိုတဲ့ လောကထဲ၌၊
သတ္တာ - သတ္တဝါတို့သည်၊
ယံယဒေဝ ဓာတုံ - အကြင်အကြင် အလိုအဇ္ဈာသယဓာတ်ကိုသာလျှင်၊
အဘိနိဝိသန္တိ - ဝင်စားခံယူကုန်၏၊
တံ တဒေဝ - ထိုထိုအလို အဇ္ဈာသယဓာတ်ကိုသာလျှင်၊
ထာမသာ - ရှိသမျှအားစွမ်းဖြင့်၊
ပရာမသာ - မှားယွင်းစွာ သုံးသပ်ခြင်းဖြင့်၊
အဘိနိဝိဿ - မြဲမြံစွာယူကြ, စွဲလမ်းကြလျက်၊
ဣဒမေဝသစ္စံ မောဃမညန္တိ - ဤအယူသာ မှန်သည်၊ အခြားအယူဟာ အချည်းနှီး အလကား အမှားဟူ၍၊
ဝေါဟရန္တိ - ပြောဆိုနေကုန်၏၊
တသ္မာ - ထိုသို့ စွဲမိစွဲရာ ကိုယ့်အယူသာအမှန် သူများအယူအမှားဟု မြဲမြံစွာ ပြောဆိုလေ့ရှိကြသောကြောင့်၊
သဗ္ဗေ သမဏဗြာဟ္မဏာ - ရဟန်းသူမြတ်ဟု ဝန်ခံကြသူ အားလုံးတို့သည်၊
န ဧကန္တဝါဒါ - အယူဝါဒမတူကြကုန်၊
န ဧကန္တသီလာ - ကိုယ်နှုတ်စောင့်ထိန်းမှု အကျင့်သီလမတူကြကုန်၊
န ဧကန္တဆန္ဒာ - အလိုဆန္ဒမတူကြကုန်၊
နဧကန္တ အဇ္ဈောသာနာ - အဆုံးသတ်တရားချင်းလဲ မတူကြကုန် တဲ့။

လောကမှာ လူတွေ, နတ်တွေ, သတ္တဝါတွေဆိုတာ အဇ္ဈာသယဓာတ်ခေါ်တဲ့ အလိုအကြိုက်ချင်း မတူကြဘူး၊ ကွဲပြားနေကြတယ်၊ အင်မတန် သိမ်မွေ့တဲ့ ကိုယ်ကျင့်တရားတွေ ထားလိုက်ပါဦးတော့၊ အဆင်းအရောင်တောင်မှ တချို့က အဖြူရောင်ကြိုက်တယ်၊ တချို့က အဝါရောင်, အပြာရောင် စသည်ကို ကြိုက်တယ်၊ အသံတို့, အနံ့တို့မှာလဲ တစ်ဦးနဲ့တစ်ဦး အကြိုက်ချင်း မတူဘူး၊ ကွဲနေတတ်တယ်၊

စားသောက်ရေးမှာလဲ တချို့က အချို့ကြိုက်တယ်၊ တချို့ကတော့ အချဉ် အခါး စသည်ကို ကြိုက်တယ်၊ အတွေ့အထိအာရုံတွေလဲ ထို့အတူပင် အကြိုက်ချင်း မတူဘဲ ကွဲနေတတ်တယ်၊ အဝတ်အထည် စသည်တွေမှာလဲ အကြိုက်ချင်း မတူပဲ ကွဲနေတယ်၊ ဒါကတော့ အများသိလွယ်တဲ့ လောကရေးအရ အကြိုက်ချင်းမတူဘဲ ကွဲလွဲနေပုံပဲ။

တရားဘက်မှာလဲ ထို့အတူပင် ကိုယ်ကြိုက်ရာ ကြိုက်ရာကို ကြံဆယုံကြည်ပြီး ပြောဟောနေကြတာပဲ၊ တချို့က သဿတအယူကို ကြိုက်တယ်၊ အသက်ရှင်တဲ့ အတ္တကောင်ဟာ ဘယ်တော့မှ မပျက်ဘဲ အမြဲတည်ရှိနေတယ်လို့ ယူဆကြတယ်၊ ရုပ်ကိုယ်ကြမ်းကြီးက ပျက်စီးလို့ သေသွားတယ် ဆိုရပေမယ့် အတ္တကောင်ဆိုတဲ့ သိမ်မွေ့တဲ့ ကိုယ်ကလေးကတော့ မပျက်စီးဘူး၊ အခြားရုပ်ကိုကြမ်းထဲ သွားရောက်ပြီး တည်မြဲတည်ရှိနေတယ်လို့ ထင်မြင် ယူဆတာဟာ သဿတအယူပဲ၊

အများအားဖြင့် ဒီသဿတအယူကို ကြိုက်နေကြတာပဲ၊ သေပြီးနောက် ဘဝ အသစ် အသစ် ထပ်ကာထပ်ကာ မပြတ်ဖြစ်နေတယ် လို့ ဆိုတဲ့ဘာသာရေး၊ ဘုရားသခင်က ဖန်ဆင်းတယ်၊ သေပြီးနောက် ဘုရားသခင်၏ အလိုတော်ကျတဲ့ သူကို ကောင်းကင်ဘုံ ကယ်တင်တယ်၊ အလိုတော်မကျတဲ့သူကို ထာဝရငရဲဘုံသို့ ပစ်ချတယ်ဆိုတဲ့ ဘာသာရေး ဒီလို ဘာသာရေးတွေဟာ သဿတအယူထဲ ပါဝင်တယ်၊

နောက်ပြီးတော့ မသေခင်သာရှိတယ်၊ မသေခင်သာ အကောင်းအဆိုးတွေကို ခံစားရတယ်၊ သေသွားရင် ဘာမျှ မရှိတော့ဘူး၊ နောက်ထပ်ဘဝဆိုတာလဲ မရှိဘူးလို့ ထင်မြင်ယူဆတာဟာ ဥစ္ဆေဒအယူပဲ၊

ယခုပြောဟော နေကြတဲ့ ဘာသာရေးတွေဟာ ကိုယ်ကြိုက်ရာ ယုံကြည်စွဲလမ်းပြီး ပြောဟောနေကြတာချည်းပဲ၊ ပြောဟောနေကြပုံကတော့ ငါတို့ ပြောဟောနေတဲ့ ဒီအယူသာမှန်တယ်၊ အခြားအယူဟူသမျှ အချည်းနှီး အလကားချည်းပဲလို့ မိမိ အယူကို ချီးမြှောက် ပြောဟောနေကြတယ်၊ သူတစ်ပါးအယူကို ရှုတ်ချပြောဟော နေကြပါတယ် တဲ့။

အဲဒီလို အလိုအကြိုက်ချင်းမတူဘဲ ကွဲပြားပြီးတော့ ကိုယ်ကြိုက်ရာ အယူကိုသာ စွဲစွဲမြဲမြဲယူပြီး ကိုယ့်အယူသာ မှန်တယ်၊ တခြား အယူမှားတယ်လို့ အလေးအနက် ဟောပြောနေလေ့ရှိကြသောကြောင့် အယူဝါဒတွေမတူဘဲ ကွဲပြားနေကြတယ်၊

(အယူကွဲပုံကို တော်တော်ကြာမှ ချဲ့ပြောမယ်။)

အကျင့်သီလတွေလဲ ကွဲပြားနေကြတယ်၊
အလိုဆန္ဒတွေလဲ ကွဲပြားနေကြတယ်၊
အဆုံးသတ် တရားချင်းလဲ မတူဘဲ ကွဲပြားနေကြတယ်တဲ့၊

(အဲဒီ ကွဲပြားပုံတွေလဲ တော်တော်ကြာမှ ချဲ့ပြောရမယ်။)

အဿတအယူနှင့် ဗုဒ္ဓတရားတော်ကွဲပြားပုံ

ဒီနေရာမှာ မေးမြန်းစိစစ်စရာတွေ ရှိပါတယ်၊ ဘယ်လိုလဲဆိုတော့ ဗုဒ္ဓသာသနာ ဝါဒမှာလဲ ဘဝဟောင်းက သေပြီးတဲ့ နောက်တွင် ကံအားလျော်စွာ ဘဝအသစ် ဖြစ်တယ်လို့ဆိုထားသောကြောင့် သဿတအယူထဲ မပါဝင်ပေဘူးလားလို့ မေးမြန်း စိစစ်စရာ ရှိပါတယ်၊ ဖြေရှင်းဖို့ကတော့ မပါဝင်ပါဘူးလို့ ပြတ်ပြတ်သားသားပဲ ဖြေရှင်းရမယ်၊

ဘာ့ကြောင့်လဲဆိုတော့ ဗုဒ္ဓတရားတော်အားဖြင့် အတ္တကောင်ဆိုတာ မရှိ သောကြောင့်ပါဘဲ၊ တစ်ကယ်ထင်ရှား ရှိနေတာကတော့ ရှေးရှေးရုပ်နာမ်မှီပြီး နောက်နောက်ရုပ်နာမ်တွေ ဆက်ကာ ဆက်ကာ မပြတ်ဖြစ်နေတဲ့ ရုပ်နာမ် အစဉ်မျှသာ ရှိနေတာပဲ၊ မပြတ်ဆက်စပ်ပြီး ဖြစ်နေပုံကတော့ တစ်ဘဝ တစ်ဘဝ၌ အစဆုံး ပဋိသန္ဓေစိတ်ချုပ်သွားရင် ဘဝင်စိတ်ဖြစ်လာတယ်၊ အဲဒီ ဘဝင်စိတ် ချုပ်သွားရင် ဘဝင်စိတ်အသစ်တစ်ခု ဖြစ်လာပြန်တယ်၊

ဒီပုံဒီနည်းဖြင့် ဘဝင်စိတ်အစဉ်ဖြစ်နေရာက အဆင်း, အသံ စသည်ကို ဆင်ခြင်တဲ့ စိတ်ဖြစ်လာတယ်၊ အဲဒီ ဆင်ခြင်တဲ့ စိတ်ချုပ်သွားတော့ မြင်သိစိတ် ကြားသိစိတ် စသည်ဖြစ်လာတယ်၊ အဲဒီအသိစိတ် အစဉ်ပြတ်စဲသွားတော့ ဘဝင်စိတ်အစဉ် ဆက်ကာ ဆက်ကာ မပြတ်ဖြစ်နေပြန်တယ်၊

ဒီနည်းဖြင့် ဘဝင်အစဉ် တစ်လှည့် အသိစိတ်အစဉ် တစ်လှည့် ဖြစ်နေရာထဲက သေချိန်ကျတော့ ဘဝင်နှင့်အလားတူဖြစ်တဲ့ စုတိစိတ်ခေါ် နောက်ဆုံးစိတ်ကလေး ဖြစ်ပြီး ချုပ်သွားတယ်၊ အဲဒီစုတိစိတ်ချုပ်သွားတာကို သေတယ်လို့ ခေါ်တာပဲ၊ ပုဂ္ဂိုလ်အကောင်လိုက် သေတာမဟုတ်ဘူး၊ လက်ရှိ ရုပ်နာမ် အစဉ်ချုပ်သွားပြီး လက်ရှိသန္တာန်မှာ စိတ်အသစ် မဖြစ်လာဘဲ ရပ်စဲသွားရုံမျှပဲ။

အဲဒီစုတိစိတ် ချုပ်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ကံအားလျော်စွာ ဘဝသစ်မှာ ပဋိသန္ဓေစိတ် ဖြစ်ပေါ်လာတယ်၊ အဲဒီ ပဋိသန္ဓေစိတ် စ-ဖြစ်တာကို ဘဝအသစ် ဖြစ်တယ်လို့ ဆိုရတာပဲ၊ အတ္တအကောင်လိုက် ဖြစ်တာလဲ မဟုတ်ဘူး၊ ရှေးဘဝမှ ရုပ်နာမ်တွေက ရွှေ့လာတာလဲ မဟုတ်ဘူး၊ ကုသိုလ်ကံ အကုသိုလ်ကံကြောင့် အကျိုးစိတ်အသစ်ကလေးတွေ ဖြစ်လာတာပဲ၊

အဲဒီစိတ်ကလေး ချုပ်သွားတော့ ရှေးဘဝများကလိုပင် ဘဝင်စိတ် စသည်တွေ အဆက်မပြတ်ဖြစ်သွားပြန်ရော၊ အဲဒီလို ကံအားလျော်စွာ ရုပ်နာမ်အစဉ်မျှသာ အဆက်မပြတ် ဖြစ်နေတယ်၊ အတ္တကောင်ရယ်လို့တော့ မရှိဘူး၊ အဲဒါကို သေသေချာချာ သိချင်ရင် မြင်တိုင်း, ကြားတိုင်း, တွေ့တိုင်း, သိတိုင်း, ဝိပဿနာ ရှုမှတ်ကြည့်ပါ၊

အဲဒီလို ရှုမှတ်ကြည့်ရင် သမာဓိဉာဏ် အားရှိတဲ့ အခါကျတော့ ကိုယ်တိုင်တွေ့ပြီး သိနိုင်ပါတယ်၊ ယခု ပြောခဲ့တဲ့အတိုင်း ဗုဒ္ဓသာသနာဝါဒမှာ ကံအားလျော်စွာ ဘဝသစ်ဖြစ်တယ်ဆိုတာ ရုပ်နာမ်အသစ်မျှ ဖြစ်ဖြစ်သွားတာပဲ၊ အတ္တကောင် အနေဖြင့် တည်မြဲတည်နေတာ မဟုတ်ဘူး၊ တည်နေတဲ့ အတ္တကောင်ရယ်လို့ မရှိဘူး၊ ဒါကြောင့် ဗုဒ္ဓသာသနာဝါဒအရ “တဏှာမကင်းသေးရင် ဘဝအသစ်အသစ် ဖြစ်ဖြစ်သွားတယ်” ဆိုတာဟာ သဿတဝါဒထဲမှာ မဝင်ဘူးလို့သိရပါတယ်။

အဲဒီရုပ်နာမ်အစဉ်ကလဲ မပြတ်မစဲ အမြဲတည်နေတာမဟုတ်ပါဘူး၊ ဝိပဿနာရှုလို့ အရဟတ္တမဂ်ဖိုလ် ရောက်သွားရင် တဏှာစသော ကိလေသာတွေ အကုန် ကင်းသွားတယ်၊ ဒါကြောင့် ရဟန္တာမှာ ပရိနိဗ္ဗာန်စံခါနီး၌ ဘယ်လိုအာရုံကိုမှ စွဲလမ်းခြင်း မရှိဘူး၊ ဒါကြောင့် ပရိနိဗ္ဗာန်စုတိမှ နောက်ကာလ၌ ရုပ်နာမ် အသစ် မဖြစ်တော့ဘဲ ပြတ်စဲသွားတယ်၊ ဒါကြောင့် ရုပ်နာမ်အစဉ်ကလဲ အမြဲတည်နေတာ မဟုတ်လို့ သဿတအယူမှာလို အမြဲတည်နေတယ်လို့လဲ မဆိုရဘူး။

ဥစ္ဆေဒအယူနှင့်လဲ ကွဲပြားပုံ

ဒီလိုဆိုရင် ဥစ္ဆေဒအယူနှင့် မတူပေဘူးလားလို့ မေးစရာရှိပါတယ်၊ အဲဒါကိုလဲ မတူပါဘူးလို့ဘဲ ပြတ်ပြတ်သားသား ဖြေရမယ်၊

မတူပုံကတော့ ဥစ္ဆေဒအယူမှာ အကောင်းအဆိုး ခံစားနေရတဲ့ ငါဟာ မသေခင် ရှိနေတယ်, အကောင်းအဆိုးကို ခံစားနေရတယ်လို့ ဆိုပါတယ်၊ ဗုဒ္ဓသာသနာ ဝါဒမှာတော့ မသေခင်လဲ အတ္တကောင်ရယ်လို့ မရှိဘူး၊ ရုပ်နာမ်အစဉ်မျှသာ ရှိတယ်၊ ပရိနိဗ္ဗာန်စုတိဖြင့် သေတဲ့အခါလဲ ငါကောင်က ပြတ်စဲသွားတာမဟုတ်ဘူး၊

ရုပ်နာမ် အစဉ်အဟောင်း ပြတ်စဲချုပ်ကွယ်ပြီးတော့ အသစ်ရုပ်နာမ်အစဉ် မဖြစ်ရုံ မျှသာ ရှိပါတယ်၊ အဲဒီလို ရုပ်နာမ်အစဉ် ပြတ်စဲသွားတာကလဲ သူ့အလိုလို ပြတ်စဲတာ မဟုတ်ဘူး၊ ဝိပဿနာရှုမှတ်ပြီး ရဟန္တာဖြစ်သွားတဲ့အခါ ဘဝတဏှာ မရှိတော့သောကြောင့် ရုပ်နာမ် အသစ် မဖြစ်တော့ဘဲ ပြတ်စဲသွားတာပဲ၊ ဒါကြောင့် ဥစ္ဆေဒအယူနှင့် မတူဘူးဆိုတာလဲ ထင်ရှားပါတယ်။

ယခုခေတ် ဘာသာရေးအယူကြီးများ ကွဲပြားနေပုံ

ယခုနေအခါဆိုရင် ကမ္ဘာအနှံ့အပြား ထင်ရှားတဲ့ ဘာသာရေးအယူဝါဒကြီးတွေ လေးမျိုးလောက် ရှိတယ်၊ အဲဒီလေးမျိုး ကွဲနေတာလဲ အလိုအကြိုက်ချင်း မတူကြလို့ ကွဲနေတာပဲ၊ အဲဒီအယူဝါဒ တစ်မျိုး တစ်မျိုးထဲမှာလဲ အယူအဆ ကွဲပြားနေတာတွေ ရှိတာပဲ၊

အဲဒါတွေလဲ အလိုအကြိုက်ချင်း မတူလို့ ကွဲပြားနေကြတာပဲ၊ နောက်ပြီးတော့ ဗုဒ္ဓသာသနာတော်ထဲမှာလဲ ထေရဝါဒနဲ့ မဟာယာနရယ်လို့ ရှေးနှစ်ပေါင်း ၂-ထောင် ကျော်လောက် ကတည်းက ကွဲလာကြတယ်၊ အဲဒါလဲ အခုလို အကြိုက်ချင်းမတူလို့ ကွဲလာကြတယ်လို့ ဆိုရမှာပဲ။

မဟာယာန ဝါဒ

မဟာယာနဂိုဏ်း အယူဝါဒအခြေခံကတော့ သတ္တဝါတွေဟာ ဘုရားဆုပန်ပြီး ဘုရားဖြစ်မှ ဝဋ်ဆင်းရဲမှ လွတ်မြောက်တယ်၊ ရဟန္တာဖြစ်ရုံမျှ ပစ္စေကဗုဒ္ဓါ ဖြစ်ရုံမျှနဲ့ မလွတ်မြောက်သေးဘူးလို့လဲ ယူဆကြတယ်၊

ဘုရားဖြစ်ပြီးတော့လဲ မိမိတစ်ပါးတည်း နိဗ္ဗာန်ကို မဝင်ရသေးဘူး၊ သတ္တဝါတွေ အားလုံး ဘုရားဖြစ်ပြီးမှ အကုန်လုံး ပြိုင်တူဝင်ရမယ်လို့လဲ ဆိုထားတယ်၊ အဲဒါဟာ တစ်ကိုယ်ကောင်း မကြံဘူးဆိုတဲ့ အနေနဲ့ ကြံဆပြောဟောချက်ပါပဲ၊ အဲဒီ အချက်ကတော့ စဉ်းစားကြည့်ရင် ဘာမျှ အသင့်ယုတ္တိမရှိပါဘူး၊

ယုတ္တိ မရှိပုံကတော့ - ဘုရားဖြစ်ပြီး အရှင်မြတ်တွေက နိဗ္ဗာန်ကို မဝင်သေးဘဲ သတ္တဝါတွေ အကုန်လုံး ဘုရားဖြစ်အောင် စောင့်နေရဦးမယ်ဆိုတော့ အဲဒီ ဘုရားရှင်တွေဟာ ဘယ်လိုဘဝ ဘယ်လိုဌာနမှာ ဘယ်လိုအခြေအနေနဲ့ နေရမလဲ ဆိုတာစဉ်းစားကြည့်ရင် တော်တော်ကို ယုတ္တိမရှိတာပါဘဲ၊ ယခုနေအခါ အလွန် ယုတ်ညံ့တဲ့ အသေးအဖွဲ့ ပိုးမွှားကလေးတွေ ဆိုတာလဲ မရေမတွက်နိုင်အောင် အင်မတန်များပြားနေသေးတာပဲ၊

အဲဒီလို သတ္တဝါတွေ ဗုဒ္ဓဘုရားဖြစ်သည့် တိုင်အောင် အို, နာ, သေစသော သံသရာ ဆင်းရဲကင်းရာ မဝင်ရသေးဘူးဆိုတော့ အဲဒီလို စောင့်နေရတဲ့ ဘုရားရှင်တွေလဲ အို, နာ, သေစသော သံသရာဆင်းရဲတွေ ခံစားနေကြရဦးမယ် ဆိုတဲ့ အဖြေ ထွက်လာတယ်၊ တော်တော်ကို နေရာမကျတဲ့ အယူအဆပါပဲ၊ ဒါပေမယ့် အလို အကြိုက်တူတဲ့ သူတွေကတော့ အဲဒီအယူအဆကို လက်ခံကြတာပဲ။

ထေရဝါဒ

ထေရဝါဒ ဆိုတာကတော့ သီဟိုဠ်, မြန်မာ, ထိုင်း, လာအို, ကမ္ဘောဒီးယားနိုင်ငံများမှာ ယခု တည်ထွန်းလျက်ရှိတဲ့ ဗုဒ္ဓဘာသာတော်ပါပဲ၊ ဒါကတော့ ဗုဒ္ဓဘုရား ကိုယ်တော်တိုင် ဟောထားတဲ့ ပါဠိတော်တွေကို အရင်းခံပြုပြီး ဟောပြောနေတဲ့ တရားစစ် တရားမှန်တွေပါပဲ၊

ဒီထေရဝါဒ သာသနာတော် အရအားဖြင့်တော့ တရားအားထုတ်လို့ အရဟတ္တ မဂ်ဖိုလ်ရောက်ရင် သာဝကဆုပန်သူများမှာ ရဟန္တာဖြစ်တယ်၊ သမုဒယသစ္စာဆိုတဲ့ တဏှာကင်းသောကြောင့် ရဟန္တာပုဂ္ဂိုလ်မှာ ပရိနိဗ္ဗာန်စုတိမှ နောက်၌ ဘဝသစ် ရုပ်နာမ် မဖြစ်တော့ဘဲ ပြတ်စဲသွားတယ်၊

အဲဒီလို ဘဝသစ်ရုပ်နာမ်တွေ မဖြစ်ပေါ်ဘဲ ပြတ်စဲသွားရင် အို, နာ, သေ - စသော သံသရာဝဋ်ဆင်းရဲတွေ အကုန်လုံး ကင်းငြိမ်းတော့တာပဲ၊ ဘာမှမလိုပါဘူး၊ အဲဒီလို ငြိမ်းတာကို နိဗ္ဗာန်ရောက်တယ်လို့ ဆိုရတာပဲ၊ အဲဒီလို ရောက်ရာမှာ ဘယ်သူ့ကိုမှ ငံ့လင့်နေဖို့မလိုပါဘူး၊ ငံ့လင့်နေလို့လဲ မဖြစ်ပါဘူး၊ ဒါက သာဝကများ ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ဝင်ရောက်ပုံပါပဲ၊

ပစ္စေကဗုဒ္ဓါဆုပန်ထားတဲ့ ပုဂ္ဂိုလ်တွေလဲ အရဟတ္တမဂ်ဖိုလ် ရောက်ပြီး ပစ္စေကဗုဒ္ဓါ ဖြစ်သွားရင် ထို့အတူပင် သမုဒယတဏှာကင်းသွားသောကြောင့် ပရိနိဗ္ဗာန်စုတိမှ နောက်၌ ဘဝသစ်ရုပ်နာမ် မဖြစ်တော့ဘဲ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းသွားတော့တာပဲ၊ ဒါလဲ ဘာမှမလိုပါဘူး၊

သမ္မာသမ္ဗုဒ္ဓ ဘုရားအစစ်ဖြစ်ရင်လဲ ပရိနိဗ္ဗာန်စုတိမှ နောက်၌ ဘဝတစ်ရုပ်နာမ် မဖြစ်တော့ဘဲ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းသွားတာပဲ၊ အဲဒီဆင်းရဲ ငြိမ်းရာသို့ ရောက်ရန်အတွက် ဘယ်သူ့ကိုမှ ငံ့လင့်နေဖို့ မလိုပါဘူး၊ ငံ့လင့်နေလို့လဲ မဖြစ်ပါဘူး၊ ဒါဟာ ဘုရားရှင်များ နိဗ္ဗာန်ဝင်ပုံပဲ၊ အလွန်ထင်ရှားပါတယ်၊ အသင့်ယုတ္တိလဲ ရှိပါတယ်၊

မဟာယာန နိဗ္ဗာန်ကတော့ သုခဝတီဘုံလို့ ဆိုထားပါတယ်၊ အဲဒီဘုံက အင်မတန် သာယာကောင်းမြတ်တယ်လို့လဲ ချီးကျူးထားပါတယ်၊ သတ္တဝါတွေဟာ အားလုံး ဘုရားဖြစ်ပြီးတဲ့အခါ အဲဒီ သုခဝတီဘုံသို့ ရောက်ပြီး မအို, မနာ, မသေ ဆင်းရဲ ခပ်သိမ်းလဲ ငြိမ်းမယ်၊ အမြဲတမ်းလဲ ချမ်းသာနေရမယ်လို့ ဒီလိုလဲ ချီးကျူး ထားပါတယ်၊

အဲဒါဟာ သဿတအယူရှိတဲ့ သူတွေက ပြောဆိုချီးမွမ်းထားတဲ့ ကောင်းကင်ဘုံ ဆိုတာနဲ့ တူနေပါတယ်၊ ဒါကြောင့် သဿတ အယူရှိတဲ့သူတွေက ဗုဒ္ဓသာသနာတွင်း ဝင်ပြီးဟောကြားပြုစုထားခဲ့တဲ့ ကျမ်းဂန်အရ ယုံကြည်နေကြတာနဲ့ တူပါတယ်။

မဟာယာနဂိုဏ်းထဲ၌ နောက်ပိုင်းမှာ အယူဝါဒကွဲတွေများစွာ ဖြစ်ပေါ်လာပုံကိုလဲ အမျိုးသားပညာဝန် ဦးဖိုးကျားရေးထားတဲ့ မဟာယာနဂိုဏ်းအကြောင်း စာအုပ်ထဲမှာ တွေ့ရပါတယ်၊ အဲဒီလို အယူဝါဒကွဲကြတာတွေဟာလဲ ဒီသုတ်မှာ မြတ်စွာဘုရား ဟောပြထားတဲ့ အတိုင်း အလိုအကြိုက်ချင်း မတူလို့ကွဲကြတာပါပဲ၊

ထေရဝါဒထဲမှာလဲ ရှေးက ၁၈-ဂိုဏ်းကွဲခဲ့တဲ့အကြောင်း အဋ္ဌကထာများ၌ ဖော်ပြထားပါတယ်၊ အဲဒါတွေလဲ အလိုအကြိုက်ချင်း မတူလို့ ကွဲကြတာပါပဲ၊ ယခုနေအခါလဲ မြန်မာပြည်မှာပင် အယူဝါဒ အကွဲအပြားတွေ ရှိနေကြပါတယ်၊

မြတ်စွာဘုရားရှင်က သီလ သမာဓိ ပညာဆိုတဲ့ မဂ္ဂင်ရှစ်ပါး ပွားစေလျက် သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိအောင် ကျင့်သုံးအားထုတ်ဖို့ အထင်အရှား ဟောကြားတော်မူခဲ့ပါတယ်၊ ဒါပေမယ့် တချို့က သမထဝိပဿနာ ဘာဝနာ အလုပ်ကို အားမထုတ်ဘဲ အလွယ်တကူနည်းကို တီထွင်ပြီး ဟောပြောနေကြတယ်၊

တချို့ကတော့ သီလကိုတောင် ဆောက်တည်ကျင့်သုံးဖို့ မလိုတဲ့အနေနဲ့ ဟောပြောနေကြတယ်၊ အဲဒီလို ဝါဒကို သီလစသည် မကျင့်လိုတဲ့သူ အချို့က လက်ခံအားပေးနေကြတယ်၊ ဒါလဲ ဘုရားရှင်အလိုတော်နဲ့ သူတို့၏ အကြိုက်မတူလို့ ဝါဒကွဲနေကြတာပါပဲ၊

အမှန်ကတော့ ယခု ဒီသက္ကပဥှသုတ် တရားတော်, ဓမ္မစကြာ သုတ်တရားတော်, မဟာသတိပဋ္ဌာနသုတ်တရားတော်, မာလုကျပုတ္တသုတ်တရားတော် စသည်မှာ ပြဆိုထားတဲ့အတိုင်း ကျင့်ရင် မြတ်စွာဘုရားရှင်၏ အလိုတော်ကျဖြစ်ပြီး မှန်ကန်ကြောင်း အလွန်ပင် ထင်ရှားနေပါတယ်။

မြတ်စွာဘုရားရှင်က ပရိနိဗ္ဗာန်စံဝင်ခါနီး၌ သုဘဒ္ဒပရိဗိုဇ်အား ဟောတော်မူခဲ့တဲ့ မဟာပရိနိဗ္ဗာနသုတ်ကြီးထဲမှ တရားတော်မှာ ကိလေသာငြိမ်းရေးတရားစစ် မှန် မမှန် ဆုံးဖြတ်ရန် စံချိန်အနေအားဖြင့် ဒီလို ဟောပြတော်မူပါတယ်၊ ဟောပြပုံ အတိုချုပ်ကတော့ -

“မဂ္ဂင်ရှစ်ပါးမရှိတဲ့ ဘာသာဝါဒမှာ ကိလေသာငြိမ်းတဲ့ သောတာပန်စသည် မရှိဘူး၊ ငါဘုရား၏ သာသနာတော်မှာသာ မဂ္ဂင်ရှစ်ပါးရှိတယ်၊ ဒါကြောင့် ငါဘုရား၏ သာသနာတော်မှာသာ ကိလေသာငြိမ်းတဲ့ သောတာပန် စသည် ရှိတယ်”လို့ ဟောပြထားပါတယ်၊ အဲဒီစံချိန်နဲ့ တိုက်ဆိုင်ကြည့်ယင် ဘုရားအလိုတော်ကျ ဟုတ် မဟုတ် အထင်အရှား သိနိုင်ပါတယ်။

အလိုအကြိုက် ကွဲနေကြပုံ

ယခု ပြောခဲ့တဲ့အတိုင်း အလိုအကြိုက်ချင်းမတူလို့ အယူဝါဒတွေလဲ ကွဲနေကြတယ်၊ ဗုဒ္ဓသာသနာ အပြင်မှာဆိုရင် သီလကျင့်ပုံချင်းတောင် မတူဘဲ ကွဲနေကြတယ်၊ ဗုဒ္ဓသာသနာဝင်လို့ ဝန်ခံနေကြတဲ့ သူတွေထဲမှာလဲ အရိယသီလအနေဖြင့် ဆောက်တည်ရင် အရိယသီလပြည့်စုံတယ်လို့ ယုံကြည်နေသူတွေလဲ ရှိတာပဲ၊ အဘိဇ္ဈာ ဗျာပါဒ မိ စ္ဆာဒိဋ္ဌိမှ ကြဉ်ရှောင်ပါ၏လို့ ဒီလိုယုံကြည် ပြောဟောနေကြတာလဲ ရှိတယ်၊ ဒါလဲ အလိုအကြိုက်ချင်း မတူလို့ ကွဲပြားနေတာပါပဲ၊

နောက်ပြီးတော့ အချို့က လူ့ဘဝ နတ်ဘဝ စသည်မှာသာ မပြတ်ဖြစ်ပြီး ခံစားနေလိုကြတယ်၊ ရုပ်နာမ်အစဉ်ပြတ်ပြီး ဆင်းရဲခပ်သိမ်း ငြိမ်းတယ်ဆိုတာကို အလိုမရှိကြဘူး၊ တချို့ကတော့ ကာမဂုဏ်မခံစားရတဲ့ ဗြဟ္မာ့ဘုံများမှာတောင် မဖြစ်ချင်ကြဘူး၊ ကာမဘုံ၌သာ ဖြစ်ချင်နေကြတယ်၊ တချို့က ရုပ်နာမ် ၂-ပါးလုံး ရှိနေတာကို အလိုရှိကြတယ်၊

တချို့ကတော့ ရုပ်မရှိတာကို အလိုရှိကြတယ်၊ တချို့ကတော့ နာမ်မရှိတာကို အလိုရှိကြတယ်၊ သံသရာဝဋ်ဆင်းရဲ၏ အပြစ်ကို တကယ်မြင်တဲ့ ပညာရှိ သူတော်ကောင်း တွေကတော့ ရုပ်နာမ် ၂-ပါးလုံး ချုပ်ငြိမ်းတာကိုသာ အလိုရှိကြတယ်၊ ဒါတွေလဲ အကြိုက်ချင်း မတူလို့ အလိုဆန္ဒတွေ ကွဲနေတာပဲ။

နောက်ပြီးတော့ တချို့က ကောင်းကင်ဘုံရောက်ပြီး အမြဲတမ်း ချမ်းသာလျက် တည်နေတာကို အဆုံးသတ် အနေဖြင့် ယုံကြည်နေကြတယ်၊ တချို့ကတော့ သေပြီးနောက် ဘာမျှမရှိတော့ဘဲ ပြတ်စဲသွားတာကို အဆုံးသတ်အားဖြင့် ယုံကြည် နေကြတယ်၊ တချို့ကတော့ အမှတ်သညာမရှိ စိတ်မရှိတဲ့ အသညသတ် ဘုံရောက်ယင် အမြဲတမ်းဆင်းရဲ ကင်းတယ်လို့ အဆုံးသတ်အနေဖြင့် ယုံကြည်နေကြတယ်၊

တချို့က ရုပ်မရှိတဲ့ အရူပဘုံတွေကို အဆုံးသတ်အနေဖြင့် ယုံကြည်နေကြတယ်၊ တချို့က ရုပ်နာမ်ခန္ဓာနှင့် အတ္တကို ခွဲခြားသိမြင်ရင် လမ်းဆုံးရောက်တယ်လို့ ပြောဟောနေကြတယ်၊

အဲဒါတွေဟာ တကယ် အဆုံးသတ် တရားမဟုတ်ပါဘဲနဲ့ သူတို့၏ အလိုအကြိုက် အားဖြင့် အဆုံးသတ်တရားလို့ ယုံကြည်ဆုံးဖြတ် အသိအမှတ် ပြုထားကြတဲ့ အကွဲအပြားတွေပဲ၊ တကယ်အစစ်အမှန် အဆုံးသတ်တရားက ရဟန္တာပုဂ္ဂိုလ်များမှာ ကိလေသာအားလုံး ကင်းငြိမ်းသောကြောင့် ပရိနိဗ္ဗာန်စုတိမှ နောက်၌ ဘဝသစ် ရုပ်နာမ်တွေ မဖြစ်တော့ဘဲ ချုပ်ငြိမ်းခြင်းဆိုတဲ့ နိဗ္ဗာန်သာလျှင် အဆုံးသတ် အစစ်အမှန်ပဲ၊ ဗုဒ္ဓသာသနာတော်မှာ တရားကျင့်သုံးကြရတာဟာ အဲဒီအဆုံးသတ် နိဗ္ဗာန်ရောက်ဖို့ပါပဲ။

စင်စစ် ပြီးဆုံးခြင်း စသည်

အဲဒီလို အလိုအကြိုက်တွေ ကွဲနေသောကြောင့် အယူဝါဒမတူကြ၊ ကွဲပြားပုံ စသည်ကို မြတ်စွာဘုရားက ဖြေကြား ဟောပြတော်မူတာကို သိကြားမင်းက သဘောကျကြောင်း လျှောက်ပြီးတော့ ဒီလို မေးလျှောက်ပြန်ပါတယ်၊

သမဏဗြာဟ္မဏ အမည်ခံ ပုဂ္ဂိုလ်တွေအားလုံးပင် -

(အစ္စန္တနိဋ္ဌာ) စင်စစ်အပြီးအဆုံး ရှိကြပါသလား၊
(အစ္စန္တယောဂက္ခေမီ) စင်စစ်ယောဂကုန်ရာ ရှိကြပါသလား၊
(အစ္စန္တဗြဟ္မစာရီ) စင်စစ်အကျင့်မြတ်ကို ကျင့်ကြပါသလား၊
(အစ္စန္တပရိယောသာနာ) စင်စစ်အဆုံးသတ်တရား ရှိကြပါသလား

လို့ မေးလျှောက်တယ်၊

အဲဒီမှာ (၁) စင်စစ် အပြီးအဆုံး၊ (၂) စင်စစ်ယောဂကုန်ရာ၊ (၃) စင်စစ်အဆုံးသတ် တရားဆိုတဲ့အမည် ၃-ခုဟာ နိဗ္ဗာန်၏အမည်ချည်းပါဘဲ၊ (၃)စင်စစ်အကျင့်မြတ်ကို ကျင့်တယ် ဆိုတာကတော့ ဝိပဿနာမဂ္ဂင်, အရိယမဂ္ဂအကျင့်ကို ကျင့်တာပါပဲ၊

ဒါကြောင့် အဲဒီအမေး ၄-ချက်ဖြင့် သမဏဗြဟ္မဏ အမည်ခံ ပုဂ္ဂိုလ်တွေ အားလုံးဟာ ဝိပဿနာမဂ္ဂင် အရိယမဂ္ဂင် အကျင့်ကို ကျင့်ကြပါသလား၊ နိဗ္ဗာန် တွေ့မြင်ကြ သိကြပါပြီလားလို့ မေးတာပါပဲ၊

အဲဒါဟာ သူကိုယ်တိုင် သိပြီးဖြစ်ပါလျက် အများတို့ မှတ်ယူကြရအောင် မေးတာပါပဲ။ အဲဒီအမေးကို မြတ်စွာဘုရားက အဲဒီလို မဟုတ်ကြောင်း ဖြေကြားတော်မူပါတယ်၊ အဲဒီတော့ သိကြားမင်းက ဘာ့ကြောင့် အဲဒီလို မဟုတ်ရပါသလဲလို့ ဆက်ပြီး မေးလျှောက်ပြန်တယ်၊ အဲဒီအမေးကို မြတ်စွာဘုရားက ဒီလို ဖြေကြားတော် မူပါတယ်။

ဒေဝါနမိန္ဒ - သိကြားမင်း၊
ယေ ခေါ ဘိက္ခူ - အကြင်ရဟန်းတို့သည်၊
တဏှာသင်္ခါယ ဝိမုတ္တာ - တဏှာကုန်ကြောင်း မဂ်အကျင့်ဖြင့် လွတ်မြောက်ကုန်၏၊
ဝါ - တဏှာကုန်ရာ နိဗ္ဗာန်ရောက်၍ လွတ်မြောက်ကုန်၏၊
တေ - ထိုသို့ လွတ်မြောက်သော ပုဂ္ဂိုလ်တို့သည်သာလျှင်၊
အစ္စန္တနိဋ္ဌာ - စင်စစ်အပြီးအဆုံးရှိကြပေသည်၊
အစ္စန္တယောဂက္ခေမီ - စင်စစ် ယောဂကုန်ရာ ရှိကြပေသည်၊
အစ္စန္တဗြဟ္မစာရီ - စင်စစ်အကျင့်မြတ်ကို ကျင့်ကြပေသည်၊
အစ္စန္တပရိယောသနာ - စင်စစ် အဆုံးသတ်တရား ရှိကြပေသည်၊
တသ္မာ - ထိုသို့ (တဏှာသင်္خယဝိမုတ္တဖြစ်သော) ရဟန်းမြတ်တို့သာလျှင် စင်စစ် အပြီးဆုံးစသည်နှင့် ပြည့်စုံကြသောကြောင့်၊
သဗ္ဗေ သမဏဗြဟ္မဏာ - သမဏဗြဟ္မဏအမည်ခံမျှ ဖြစ်ကြသော ထိုပုဂ္ဂိုလ်အားလုံး တို့သည်၊
န အစ္စန္တနိဋ္ဌာ - စင်စစ် အပြီးအဆုံးရှိသူတို့ မဟုတ်ကြပေ၊
နအစ္စန္တယောဂက္ခေမီ - စင်စစ် ယောဂကုန်ရာရှိသူတို့ မဟုတ်ကြပေ၊
န အစ္စန္တဗြဟ္မစာရီ - စင်စစ်အကျင့်မြတ်ကို ကျင့်သူတို့ မဟုတ်ကြပေ၊
န အစ္စန္တပရိယောသာနာ - စင်စစ် အဆုံးသတ်တရား ရှိသူတို့ မဟုတ်ကြပေ

လို့ ဖြေကြားတော်မူပါတယ်။

(တဏှာသင်္خယဝိမုတ္တ) တဏှာကုန်ကြောင်း မဂ်အကျင့်ဖြင့် လွတ်မြောက်တဲ့ပုဂ္ဂိုလ်, တဏှာကုန်ရာ နိဗ္ဗာန်ရောက်၍ လွတ်မြောက်တဲ့ ပုဂ္ဂိုလ်ဆိုတာ ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာပုဂ္ဂိုလ်ပဲ၊ အကျဉ်းချုပ်ပြောရရင် ရဟန္တာပုဂ္ဂိုလ်ပါပဲ၊

အဲဒီ ရဟန္တာပုဂ္ဂိုလ်မှာ ဘဝသစ် ရုပ်နာမ် ခန္ဓာဖြစ်အောင် ယှဉ်စေတတ်တဲ့ ယောဂ ၄-ပါး ကုန်ပြီးဖြစ်သောကြောင့် ယောဂက္ခေမီလို့လဲ ဆိုရတယ်၊ အဲဒီလို ယောဂကုန်တာ ကလဲ ဘယ်တော့မှ ပြန်မဖြစ်အောင် စင်စစ်ကုန်တာ ဖြစ်သောကြောင့် အစ္စန္တယောဂက္ခေမီ လို့လဲ ဆိုရတယ်၊

ဘဝသစ်ဖြစ်အောင် ယှဉ်စေတတ်တဲ့ အဲဒီယောဂ စင်စစ်ကုန်မှ စင်စစ် အပြီးအဆုံး ရှိတဲ့ အစ္စန္တနိဋ္ဌာ ပုဂ္ဂိုလ်လဲဖြစ်တယ်၊ စင်စစ်အဆုံးသတ်ရှိတဲ့ အစ္စန္တပရိယောသာန ပုဂ္ဂိုလ်လဲဖြစ်တယ်၊ အဲဒီလို စင်စစ် ယောဂကုန်တာ စင်စစ်အပြီးအဆုံးရှိတာ စင်စစ် အဆုံးသတ်နိဗ္ဗာန်ဝင်စံရမှု ရှိတာကလဲ အရိယမဂ္ဂင်ရှစ်ပါးဆိုတဲ့ (ဗြဟ္မစရိယ) အကျင့်မြတ်ကို စင်စစ်ကျင့်ပြီး ဖြစ်လို့ပါပဲ။

အဲဒီလို အကျင့်မြတ်ကို ကျင့်ပြီးမဟုတ်လို့ ဘဝသစ်၌ ယှဉ်စေတတ်တဲ့ ယောဂ မကင်းသေးရင်တော့ စင်စစ် အပြီးအဆုံးဆိုတဲ့ နိဗ္ဗာန်ကို မရောက်သေးဘူး၊ ဘဝသစ် တွေမှာ ထပ်ကာ ထပ်ကာဖြစ်ပြီး ဆင်းရဲနေရဦးမှာပဲ၊ ဒါကြောင့် မြတ်စွာဘုရားက ဗကဗြဟ္မာကြီးအား ဒီလို ဟောကြားတော်မူခဲ့ပါတယ်။

ဘဝေ ဝါဟံ ဘယံ ဒိသွာ၊
ဘဝဉ္စ ဝိဘဝေသီနံ။
ဘဝံ နာဘိဝဒိံ ကိဉ္စိ၊
နန္ဒိဉ္စ န ဥပါဒိယိံ။

အဲဒါဟာ ဗကဗြဟ္မာကြီးက သူ့ဘုံကို မအို, မနာ, မသေ, အမြဲတည်နေတဲ့ ဌာနတင်ပြီး မြတ်စွာဘုရားအား သူ့ဌာနသို့ ကြွလာရန် ဖိတ်ကြားတဲ့အတွက် ဘဝ၌ ခင်မင်တွယ်တာနေရင် မပြီးမဆုံးသေးဘူး၊ ထပ်ကာ ထပ်ကာဖြစ်ဖြစ်ပြီး အိုရ, နာရ, သေရဦးမှာပဲ၊ ဒါကြောင့် ဘယ်လို ဘဝကိုမျှ မနှစ်သက် မသာယာသင့်ဘူးဆိုတာကို သိစေတဲ့ စကားတော်ပါပဲ၊

ဟောပုံအထူးကတော့ အဲဒီ ဗကဗြဟ္မာကြီးနဲ့ ဗြဟ္မာတွေအားလုံး မမြင်နိုင်အောင် မြတ်စွာဘုရားရှင်က တန်ခိုးဖြင့် ပုန်းကွယ်နေရင်း အနီးအပါးတွင်ပင် ရှိကြောင်းလဲ သိစေရန် ဟောပြတော်မူတာပါပဲ၊ အနက်ကတော့ -

ဘဝေ - လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာဘဝ, အပါယ်ဘဝ ဆိုတဲ့ ဘဝဟူသမျှ၌၊
ဘယံ - ကြောက်ဖွယ်ဘေးကို၊
ဒိသွာ - မြင်သောကြောင့်၊
အဟံ - ငါသည်၊
ဘဝံ - ဘဝဟူသမျှကို၊
န အဘိဝဒိံ - မချီးမွမ်းဘဲ ရှုတ်ချနေပါသတည်း - တဲ့၊

ဘယ်ဘဝမှာပဲဖြစ်ဖြစ် ဖြစ်ရာရာဘဝမှာ တစ်ဘဝလုံးနှင့်ဆိုင်တဲ့ ဆင်းရဲတွေကို ခံစားရမယ်၊ ပဋိသန္ဓေနေရတာလဲ ဆင်းရဲပဲ၊ အိုရတာ, နာရတာလဲ ဆင်းရဲပဲ၊ သေရတာလဲဆင်းရဲပဲ၊ မသေခင်အတွင်း စိုးရိမ်ပူဆွေးရတာလဲ ဆင်းရဲပဲ၊ ငိုကြွေးရတာလဲ ဆင်းရဲပဲ၊

ကိုယ်ထဲ စိတ်ထဲမှာ မခံသာတဲ့ ဆင်းရဲအမျိုးမျိုးတွေကိုလဲ ခံစားရမယ်၊ စားဝတ် နေရေးအတွက် ရှာကြံပြီးတော့လဲ ဆင်းရဲရမယ်၊ ငရဲဘဝမှာဆိုရင် တစ်ဘဝလုံး တစ်သက်လုံး တစ်စက္ကန့်မျှ မခြားဘဲ အမြဲမပြတ် ဆင်းရဲတွေကို ခံစားနေရမယ်၊ ပြိတ္တာဘဝမှာ ဆိုရင်လဲ ငတ်မွတ်ခြင်းစသော ဆင်းရဲတွေကို အကြီးအကျယ် ခံစားနေရမယ်၊ တိရ စ္ဆာန်ဘဝဆိုရင်လဲ အများအားဖြင့် တစ်သက်လုံး ဆင်းရဲနေကြ ရတာကပဲ များမယ်၊

လူ့ဘဝဆိုရင်လဲ ခုတင်ကပြောခဲ့တဲ့အတိုင်း အိုခြင်း, နာခြင်း, သေခြင်းစသော ဆင်းရဲအမျိုးမျိုးတွေကို ခံစားသွားရမယ်၊ ယခုလူတွေ မျက်မြင်အတိုင်းပါပဲ၊ နတ်ဘဝမှာလဲ အလိုမပြည့်တဲ့ဆင်းရဲ, အောက်ကျ နောက်ကျဖြစ်နေတာကို အကြောင်းပြုပြီးဖြစ်တဲ့ ဆင်းရဲ, သေရမည့်ဆင်းရဲ စသည်တွေကို ခံစားသွားရမယ်၊

ဗြဟ္မာ့ပြည်မှာ ဆိုရင်လဲ စိတ်ကူး ကြံစည်နေရတဲ့ ဆင်းရဲ, ခဏမစဲ ဖြစ်ပျက်နေတဲ့ သင်္ခါရဒုက္ခဆင်းရဲတွေကို ခံစားနေရတာပဲ၊ အဲဒီ ဆင်းရဲ ဟူသမျှတွေဟာ ကြောက်စရာ ဘေးတွေချည်းပဲ၊ အဲဒီကြောက်ဖွယ် ဘေးတွေကို မြင်သောကြောင့်လဲ ဘဝကို မချီးမွမ်းဘဲ ရှုတ်ချပြောဆိုနေတာပါပဲတဲ့။

ဘဝေ - ဘဝဟူသမျှ၌၊
ဘယံ - ကြောက်ဖွယ်ဘေးကို၊
ဒိသွာ - ဝါ - မြင်သောကြောင့်လည်းကောင်း၊
ဝိဘဝေသီနံ - ဘဝကင်းရာကို ရှာမှီးနေသော ပုဂ္ဂိုလ်တို့၏၊
ဘဝံ - အလိုမရှိဘဲ ဖြစ်ရသော ဘဝကို၊
ဒိသွာ - စ - မြင်သောကြောင့် လည်းကောင်း၊
အဟံ - ငါသည်၊
ဘဝံ - ဘဝဟူသမျှကို၊
န အဘိဝဒိံ - မချီးမွမ်းဘဲ ရှုတ်ချနေပါသတည်းတဲ့။

တချို့ ပညာရှိတွေက ဘဝဆင်းရဲတွေကို မြင်ပြီးတော့ ဘဝဆင်းရဲတွေမှ လွတ်မြောက်ရအောင် ရသေ့ရဟန်းပြုပြီး တရားကျင့်ကြတယ်၊ ဒါပေမယ့် သာသနာ ပမှာ ဘဝမှလွတ်မြောက်တဲ့ နိဗ္ဗာန်ကို မသိကြဘူး၊ နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ အရိယမဂ္ဂင်အကျင့်ကိုလဲ မသိကြဘူး၊ စိတ်တည်ငြိမ်ကြောင်း ဈာန်လောက်ပဲ သိကြတယ်၊

ဒါကြောင့် အဲဒီဈာန်ရကြောင်း သမာဓိအကျင့်ကိုသာ ကျင့်နိုင်ကြတယ်၊ တချို့က ရူပဈာန်လောက်သာရပြီး အဲဒီ ဈာန်ဖြင့် ရောက်နိုင်တဲ့ ရူပါဝစရဗြဟ္မာ့ဘုံများကို မအိုမနာမသေရာဌာနလို့ ထင်ကြတယ်၊ တချို့က အဲဒီရူပါဝစရဘုံတွေထဲက စိတ်အသိ သညာမရှိတဲ့ အသညသတ်ဘုံကို မအို မနာ မသေရာဌာနလို့ ထင်ကြတယ်၊ အချို့က အရူပဈာန်များကို ရပြီးတော့ အဲဒီ ဈာန်များဖြင့် ရောက်နိုင်တဲ့ အရူပါဝစရဘုံများကို မအို မနာ မသေရာဌာနလို့ ထင်နေကြတယ်၊ ဒါကြောင့် အဲဒီရထားတဲ့ ရူပဈာန် အရူပဈာန်များဖြင့် အားရကျေနပ်နေကြတယ်။

အဲဒီဈာန်ရပုဂ္ဂိုလ်တွေဟာ သူတို့ရထားတဲ့ ဈာန်အားလျော်စွာ ရူပဝစရ, အရူပါဝစရ ဘုံများကို ရောက်သွားကြတယ်၊ အဲဒီဘုံတွေကို ရောက်သွားတဲ့အခါ သူတို့ ထင်မြင်တဲ့အတိုင်း သေခြင်းကတော့ မကင်းဘူး၊ သူတို့၏ အသက်တမ်း စေ့တဲ့အခါ အဲဒီဘဝများမှ စုတေကြရ သေကြရတာပဲ၊

သေပြီးတော့ လူ့ဘဝ နတ်ဘဝဆိုတဲ့ ကာမလောက ပြန်ရောက်လာကြရပြန်တာပဲ၊ လူ့ဘဝ နတ်ဘဝမှ သေပြန်တော့လဲ ကံအားလျှော်စွာ ဖြစ်ကြရပြန်တာပဲ၊ အကုသိုလ်ကံက အကျိုးပေးတဲ့အခါ ငရဲဘဝ တိရစ္ဆာန်ဘဝ ပြိတ္တာဘဝ အသုရကာယ်ဘဝ ဆိုတာတွေမှာလဲ ဖြစ်ကြရပြန်တာပဲ၊

အဲဒီလို ဖြစ်ကြရတာတွေဟာ အိုခြင်း နာခြင်း သေခြင်း မကင်းတဲ့ ဘဝထဲ ပြန်ရောက်နေကြရတာပဲ၊ ဘဝကင်းရာကို ဈာန်လမ်းအကျင့်ဖြင့် ရှာနေကြပါလျက် ရူပဘဝ အရူပဘဝ ကာမဘဝထဲပြန်ရောက်ပြီး အို နာ သေ ဆင်းရဲတွေကို ခံစားနေကြရတာပဲ၊ အဲဒီလို ဘဝကင်းရာကို ရှာနေကြပါလျက် ဘဝထဲပြန်ရောက်ပြီး ဆင်းရဲနေကြရတာတွေကို မြင်သောကြောင့်လဲ မည်သည့်ဘဝကိုမျှ မချီးမွမ်းဘဲ ရှုတ်ချဟောပြောနေကြပါတယ် - တဲ့။

နောက်ပြီးတော့ အဲဒီဘဝထဲမှာ ဖြစ်ဖြစ်နေကြရတာဟာ ဘဝ၌ နှစ်သက်ပျော်မွေ့တဲ့ တဏှာမှ မကင်းသေးလို့ပါဘဲ၊ အဲဒီတဏှာဟာ ကာမယောဂ ဘဝယောဂဆိုတဲ့ တရားပါပဲ၊ ဒါကြောင့် မြတ်စွာဘုရားက အဲဒီ ကာမယောဂ ဘဝယောဂဆိုတဲ့ တဏှာကိုလဲ လက်မခံဘဲ ပယ်စွန့်ပြီးဖြစ်ကြောင်းကို ဒီလို ဖော်ပြတော်မူပါတယ်။

နန္ဒိဉ္စ - ဘဝ၌ နှစ်သက်ပျော်မွေ့သော တဏှာကိုလည်း၊
န ဥပါဒိယိံ - မစွဲမယူဘဲ လက်မခံဘဲ ပယ်စွန့်ခဲ့ပြီး ဖြစ်ပါတော့သတည်း - တဲ့။

ဒီဂါထာဖြင့် ဗကဗြဟ္မာကြီးက သူ့ဗြဟ္မာ့ဘုံသို့ ဖိတ်မန်သော်လဲ မြတ်စွာဘုရားက မည်သည့်ဘဝမဆို အို နာ သေ ဆင်းရဲဘေးတွေ ရှိနေကြောင်း၊ မည်သည့်ဘဝကိုမျှ မချီးမွမ်းသင့်ကြောင်း၊ မနှစ်သက် လက်မခံသင့်ကြောင်းများကို သိစေပါတယ်၊

အဲဒီလို ဘဝ၌ နှစ်သက်သာယာပြီး ယှဉ်စေတဲ့ ကာမယာဂ ဘဝယောဂ တဏှာ အပြီးအပြတ် ကုန်ငြိမ်းနေတဲ့ ရဟန္တာ ပုဂ္ဂိုလ်သာလျှင် (အစ္စန္တနိဋ္ဌာ) စင်စစ် အပြီး အဆုံးရှိသူ (အစ္စန္တယောဂက္ခေမီ) စင်စစ်ယောဂကုန်ရာ ရှိသူစသည် မည်တယ်၊ ထို့ကြောင့် ယောဂဆိုတဲ့ ကိလေသာ မကင်းကြသေးတဲ့ အမည်ခံရုံမျှ သမဏ ဗြဟ္မာဏ အတုတွေဟာ စင်စစ် အပြီးအဆုံးရှိသူ စသည် မမည်ကြောင်းကို မြတ်စွာဘုရားက ရှင်းလင်းဖြေကြားတော်မူပါတယ်။

ဒီအထိ အမေးပြဿနာ ၁၄-ခုကို သိကြားမင်းက မေးကြောင်း အဋ္ဌကထာမှာ ပြဆိုထားပါတယ်၊ ဘာတွေလဲဆိုတော့ -

(၁) ဣဿာမစ္ဆရိယအမေး တစ်ခု၊
(၂) ပိယာပ္ပိယအမေးက တစ်ခု၊
(၃) ဆန္ဒအမေးက တစ်ခု၊
(၄) ဝိတက်အမေးက တစ်ခု၊
(၅) ပပဉ္စအမေးက တစ်ခု၊
(၆) သောမနဿအမေးက တစ်ခု၊
(၇) ဒေါမနဿအမေးက တစ်ခု၊
(၈) ဥပေက္ခာအမေးက တစ်ခု၊
(၉) ကာယသမာစာရအမေးက တစ်ခု၊
(၁၀) ဝစီသမာစာရအမေးက တစ်ခု၊
(၁၁) ပရိယေသနာ အမေးက တစ်ခု၊
(၁၂) ဣန္ဒြိယသံဝရအမေးက တစ်ခု၊
(၁၃) အနေကဓာတုအမေးက တစ်ခု၊
(၁၄) အစ္စန္တနိဋ္ဌာအမေးက တစ်ခု၊ ဒီ ၁၄ - ခုပါပဲ။

အဲဒီအမေးပြဿနာ ၁၄ - ခုအတွက် မြတ်စွာဘုရား၏ အဖြေများကို သိကြားမင်းက နာကြား၍ နှစ်သက်လက်ခံကာ ဝမ်းမြောက်ဝမ်းသာ အနုမောဒနာပြုပြီးလျှင် သူ့ဉာဏ်ထဲမှာ ထင်မြင်နေတဲ့ အကြောင်းအရာများကိုလဲ ဒီလိုတင်ပြ လျှောက်ထား ပါတယ်။

သိကြားမင်း၏ တင်ပြလျှောက်ထားပုံ

ဧဇာ ဘန္တေ ရောဂါ၊ ဧဇာ ဂဏ္ဍော၊ ဧဇာ သလ္လံ၊ ဧဇာ ဣမံ ပုရိသံ ပရိကဍ္ဎတိ တဿ တဿေဝ ဘဝဿ အဘိနိဗ္ဗတ္တိယာ၊ တသ္မာ အယံ ပုရိသော ဥစ္စာဝစ မာ ပဇ္ဇတိ။

ဘန္တေ - မြတ်စွာဘုရား၊
ဧဇာ - လှုပ်ရှားတတ်သောတဏှာသည်၊
ရောဂါ - အမြဲစွဲကပ်နေသော ရောဂါဆိုးကြီးပါ ဘုရားတဲ့၊

ကုစားလိုက်ရင် ခေတ္တမျှသာ သက်သာခွင့်ရပြီး အမြစ်ပြတ် မပျောက်နိုင်တဲ့ ရောဂါဆိုးကို ပါဠိလို ရောဂါလို့ဆိုတယ်၊ အဲဒါဟာ မူလအရင်းခံရောဂါလဲ ဖြစ်တယ်၊ သေလောက်အောင်လဲ မဟုတ်တဲ့အတွက် အဲဒီရောဂါမျိုးကို ဗမာလိုတော့ မတ်တတ်နာလို့လဲ ခေါ်တယ် ရပ်စောင့်နာလို့လဲ ခေါ်တယ်၊

တဏှာကို သိကြားမင်းက လှုပ်ရှားတဲ့အနေနဲ့မြင်လို့ ဧဇာလှုပ်ရှားတဲ့ သဘောလို့ ဆိုတာပါပဲ၊ ဟုတ်တယ် တဏှာက ဟိုဟာလိုချင် ဒီဟာလိုချင်နဲ့ လှုပ်ရှားနေတာပဲ၊ အာရုံ အကောင်းကလေးတွေဆီကို မကြာခဏသွားနေတယ်၊ ခံစားသုံးဆောင်ဖို့ မျှော်လင့်တောင့်တနေတယ်၊ လေတိုက်တဲ့အခါ သစ်ရွက်ကလေးတွေ အညွှန့် ကကလေးတွေ တလွန့်လွန့်လှုပ်နေသလိုပင် လိုချင်နှစ်သက်ပြီး တလှုပ်တည်း လှုပ်နေတဲ့ သဘောပါပဲ၊ တလှုပ်လှုပ်နဲ့ ဆာလောင် တောင့်တနေတဲ့ တဏှာပါပဲ။

အဲဒီ တဏှာဟာ အမြစ်ပြတ်မပျောက်နိုင်တဲ့ ရောဂါနဲ့တူပါတယ်၊ အမြဲတမ်း စွဲကပ်နေတဲ့ မတ်တတ်နာရောဂါဟာ သေလောက်အောင်လဲ မပြင်းထန်ဘူး၊ ဒါပေမယ့် ဆေးကုလို့လဲ အမြစ်ပြတ်မပျောက်ဘူး၊ အဲဒါလိုပါပဲ တဏှာကလဲ သူကြိုက်တာကို ခံစားရရင် နေသာထိုင်သာတော့ ဖြစ်သွားပါတယ်၊

ဒါပေမယ့် သူကြိုက်တဲ့အာရုံတွေနဲ့ ဘယ်လောက်ပဲ ပြုစုပေမယ့် လုံးဝ ပျောက်ကင်း သွားတယ်လို့တော့ မရှိဘူး၊ တော်တော်ကြာရင် သူကြိုက်တာ ကလေးတွေကို ခံစားချင်ပြန်တာပဲ၊ အဆင်းအာရုံအလှကလေးကို သူကကြည့်ချင်တယ်၊ ကြည့်ရတော့ ချမ်းသာတယ်လို့ ထင်ရတယ်၊ ဒါပေမယ့် အားရကျေနပ်တာတော့ မဟုတ်ဘူး၊ နောက်လဲ ထပ်ကာ ထပ်ကာ ကြည့်ချင်နေသေးတာပဲ၊ အသံကောင်းကလေး ကြားရရင်လဲ ထို့အတူပင် ထပ်ကာထပ်ကာ ကြားနေချင်သေးတာပဲ၊

အနံ့ကောင်းကလေးကို နံရတဲ့အခါ အရသာကောင်းကလေးကို စားရတဲ့အခါမှာလဲ အားမရဘူး၊ ထပ်ကာ ထပ်ကာ နမ်းချင် စားချင်နေသေးတာပဲ၊ အတွေ့ အာရုံကောင်းကို တွေ့ထိရတဲ့ အခါလဲ ထပ်ကာထပ်ကာ တွေ့ထိနေချင်သေးတာပဲ၊

အဲဒါတွေဟာ အာရုံကိုဆာတဲ့ တဏှာက အားမရနိုင်ဘဲ အထပ်ထပ် သုံးဆောင် ချင်ပြီး လှုပ်ရှားနေတာပဲ၊ ဒါကြောင့် ဆေးကုလို့ မပျောက်နိုင်တဲ့ ရောဂါဆိုးနဲ့ တူတယ်ဆိုတာ အင်မတန် ထင်ရှားပါတယ်၊ နောက်ပြီးတော့ -

ဧဇာ - လိုချင်တောင့်တလျက် လှုပ်ရှားတတ်သော တဏှာသည်၊
ဂဏ္ဍော - အဖုအလုံး အိုင်းအမာကြီးသဖွယ်ဖြစ်ပါတယ်ဘုရား တဲ့၊

သွေးစုနာအစရှိတဲ့ အဖုအလုံးအနာကို ပါဠိလို ဂဏ္ဍ-လို့ ခေါ်တယ်၊ အိုင်းအမာနာ ကြီးဟာ ပေါက်ကွဲပြီး သွေးပုပ် ပြည်ပုပ်တွေ ထွက်နေရင် ရွံစရာလဲကောင်းတယ်၊ ကြောက်စရာလဲ ကောင်းတယ်၊ အဲဒါလိုပဲ ဒီတဏှာကြောင့် ရွံစရာတွေလဲ ကြိုက်နေတယ်၊ ဟိုဟာလိုချင် ဒီဟာလိုချင်နဲ့ အမြဲလိုပင် စိတ်ဆင်းရဲနေတယ်၊ ဒါကြောင့် အိုင်းအမာ အနာအိုကြီးလိုပင် ရွံစရာကောင်းတယ်၊ ကြောက်စရာလဲ ကောင်းတယ်၊ နောက်ပြီးတော့ -

ဧဇာ - လိုချင်တောင့်တလျက် လှုပ်ရှားတတ်သော တဏှာသည်၊
သလ္လံ - ကိုယ်ထဲမှာ စူးဝင်နေသော မြားငြောင့်နှင့်လဲတူပါတယ်ဘုရား တဲ့၊

မြားစူးတယ်ဆိုတာကတော့ ယခုနေအခါမှာ မထင်ရှားဘူး၊ ငြောင့်စူးတာကတော့ လူတိုင်းမှာပင် ထင်ရှားတတ်ပါတယ်၊ လက်ထဲမှာ ငြောင့်စူးနေရင်၊ ခြေထဲမှာ ဆူးစူးနေရင် တမြက်မြက်နဲ့ နာနေတာပဲ၊ အဲဒီငြောင့်ဟာ အပြင်ဘက်မှာ အစွန်းအစ မပေါ်ဘဲ အသားထဲမှာ မြုပ်ကွယ်နေရင် ထုတ်ပစ်ဖို့ရာလဲ ခက်တယ်၊ အသားထဲမှာ တမြက်မြက်နဲ့ နာကျင်စေပြီး နှိပ်စက်နေတယ်၊ အဲဒါလိုပင် တဏှာကလဲ ဟိုဟာလိုချင် ဒီဟာလိုချင်နဲ့ အမြဲနှိပ်စက်နေတာပဲ၊ သူ့ကို ထုတ်ပယ်ပစ်ဖို့လဲ အလွန်ခက်ပါတယ်၊

ဒါကြောင့် တဏှာက ငြောင့်နဲ့တူတယ်ဆိုတာ တကယ်ဟုတ်တာပဲ၊ တစ်ခါတစ်ရံမှာ လိုချင်တာတွေကို ကြံစည်ကြောင့်ကြစိုက်မှု အားကြီးနေတာနဲ့ အိပ်မပျော်ပဲလဲ ရှိနေတတ်တယ်၊ အဲဒီတဏှာကြောင့် ဘဝသံသရာထဲမှာ ဆင်းရဲရပုံကိုလဲ ဒီလို ဆက်ပြီး တင်ပြလျှောက်ထားပါတယ်။

ဧဇာ - လိုချင်တောင့်တလျက် လှုပ်ရှားတတ်သော တဏှာသည်၊
တဿ တဿေဝ ဘဝဿ အဘိနိဗ္ဗတ္တိယာ - ထိုထိုဘဝ၏ သာလျှင်ဖြစ်ခြင်းငှါ၊
ဝါ - ထိုထိုဘဝ၌သာလျှင် ဖြစ်ရန်အတွက်၊
ဣမံပုရိသံ - ဤပုဂ္ဂိုလ်သတ္တဝါကို၊
ပရိကဍ္ဎတိ - ဆွဲငင်နေပါသည် အရှင်ဘုရား၊
တသ္မာ - ထိုသို့ဆွဲငင်နေသောကြောင့်၊
အယံ ပုရိသော - ဤပုဂ္ဂိုလ်သတ္တဝါသည်၊
ဥစ္စာဝစံ - ဘဝကောင်း, ဘဝဆိုးသို့၊
အာပဇ္ဇတိ - ရောက်နေရသည်ဟု ထင်မြင်ပါသည်အရှင်ဘုရား တဲ့၊

တဏှာက ဘဝကိုသာယာနှစ်သက်နေတယ်၊ ဘဝထဲမှာသာ ဖြစ်လျက် ရှိနေချင်တယ်၊ ဒါကြောင့် ကုသိုလ်ကံရှိသော သူတွေက ဗြဟ္မာဘဝ, နတ်ဘဝ, လူ့ဘဝဆိုတဲ့ ကောင်းမြတ်တဲ့ ဘဝသို့ ရောက်နေကြရတယ်၊ အကုသိုလ်ကံရှိသော သူတွေကတော့ ငရဲတိရ စ္ဆာန်, ပြိတ္တာ, အသူရကာယ် ဘဝဆိုးများသို့ ရောက်နေ ကြရတယ်၊ အဲဒီလိုဖြစ်နေကြရပုံကို သိကြားမင်းက သူကိုယ်တိုင်လဲ တွေ့မြင်သင့် သလောက် တွေ့မြင်ခဲ့ပြီး ဖြစ်မှာပါပဲ။

အဲဒီလို တင်ပြလျှောက်ထားပြီးတော့ မြတ်စွာဘုရားထံ ယခု မေးတဲ့ပြဿနာကို ရှေးက သမဏ ဗြာဟ္မဏအမည်ခံ ရသေ့ ရဟန်းများထံမှာ မေးခွင့်မျှတောင် မရခဲ့ကြောင်း၊ ယခုတော့ အဲဒီပြဿနာတွေကို မြတ်စွာဘုရားက ဖြေကြားပေး ပြီးတော့ သူ့မှာ ရှိနေတဲ့ ယုံမှားမှု ဝိစိကိစ္ဆာဆိုတဲ့ ငြောင့်ကိုလဲ မြတ်စွာဘုရားက နုတ်ပယ်ပေးခဲ့ပြီး ဖြစ်တဲ့ အကြောင်းများကိုလဲ လျှောက်ထားပါတယ်။

အဲဒီတော့ မြတ်စွာဘုရားက အဲဒီလို မေးခဲ့ဖူးတာတွေကို အမှတ်ရပါသေးရဲ့လား၊ ဝန်မလေးရင် အဲဒီမေးခဲ့ပုံ ဖြေကြားပြောဆိုကြပုံကို ပြောပြပါလို့ အမိန့်ရှိပါတယ်၊ အဲဒီအကြောင်းအရာများကိုလဲ သိကြားမင်းက ဒီလို တင်ပြလျှောက်ထားပါတယ်။

တောကျောင်းနေ သမဏ ဗြာဟ္မဏအမည်ခံ ပုဂ္ဂိုလ်များထံ ချဉ်းကပ်ပြီးတော့ ဒီပြဿနာများကို မေးခဲ့ပါတယ်၊ သူတို့က ပြေလည်အောင် မဖြေနိုင်ကြပါ၊ မဖြေနိုင်ကြသောကြောင့် သူတို့က “အရှင်ဟာ အဘယ်အမည်ရှိတဲ့သူပါလဲ”လို့ တပည့်တော်ကို မေးကြပါတယ်၊

တပည့်တော်က တာဝတိံသာ နတ်တို့၏ အရှင်သိကြားမင်းဖြစ်ကြောင်း ဖြေကြားပါတယ်၊ အဲဒီတော့ သူတို့က တပည့်တော်ကိုသာ တစ်ဆင့်တက်ပြီး မေးကြပါတယ်၊ “ဘယ်လိုကံကို ပြုသောကြောင့် သိကြားမင်း ဖြစ်ပါသလဲ”တဲ့၊ တပည့်တော်က သူတို့အား ကြားဖူး, သိဖူးသလောက် စွမ်းနိုင်သလောက် တရားကို ဟောကြားခဲ့ပါတယ်၊

အဲဒီ သမဏဗြာဟ္မဏအမည်ခံ ရသေ့ ရဟန်းတွေက အဲဒီလိုပြောပြတာ ကြားသိရတဲ့အတွက် “ငါတို့ဟာ သိကြားမင်းကိုလဲ တွေ့မြင်ရတယ်၊ ငါတို့၏ အမေးကိုလဲ သိကြားက ဖြေကြားပေးတယ်”လို့ နှလုံးသွင်းပြီး ဝမ်းမြောက်ကြပါတယ်၊

အဲဒီတုန်းက သမဏဗြာဟ္မဏအမည်ခံရသေ့ ရဟန်းတွေဟာ တပည့်တော်၏ အဖြေကို လက်ခံမှတ်သားကြရတဲ့အတွက် တပည့်တော်၏ တပည့်များ ဖြစ်သွားကြ ပါတယ်၊ တပည့်တော်ကတော့ သူတို့၏ တပည့်မဖြစ်ခဲ့ပါ၊ အခုတော့ တပည့်တော် ဟာ မြတ်စွာဘုရား၏ တပည့်အစစ် သောတာပန်ဖြစ်နေပါပြီ၊ အပါယ်လေးပါးသို့ ကျရောက်ကြောင်း တရားကင်းသွားပါပြီ၊ ဂတိနှင့်ဉာဏ် တည်မြဲသွားပါပြီ၊ အထက် မဂ်ဉာဏ်များကို ကိုယ်ပိုင်ဉာဏ်ဖြင့်ပင် ရောက်နိုင်ပါပြီလို့ သိကြားမင်းက လျှောက်ပါတယ်။

သိကြားဖြစ်ရေးကျင့်ဝတ် (၇) ပါး

အဲဒီလို လျှောက်ထားတဲ့ စကားထဲမှာ သိကြားမင်း ဖြစ်ကြောင်းတရားဆိုတာကို အဋ္ဌကထာမှာ သတ္တဝတပဒဆိုတဲ့ ကျင့်ဝတ် (ရ) ပါးဖြစ်ကြောင်း ဖွင့်ပြထားတယ်၊ အဲဒီကျင့်ဝတ်တွေဟာ သဂါထာဝဂ္ဂသံယုတ် ပါဠိတော်မှာ ဒီလို ပြဆိုထားလျက် ရှိနေပါတယ်။

(၁) တစ်သက်ပတ်လုံး မိဘတို့ကို ပြုစုလုပ်ကျွေးသူဖြစ်ပါမည်လို့ ဆောက်တည်ပြီး ကျင့်ခြင်းက တစ်ပါး။
(၂) တစ်သက်ပတ်လုံး ဆွေမျိုးထဲက အသက်ကြီးသူများကို အရိုအသေပြုသူ ဖြစ်ပါမည်လို့ ဆောက်တည်ပြီး ကျင့်သုံးခြင်းက တစ်ပါး။
(၃) တစ်သက်ပတ်လုံး နူးညံ့ချိုသာသော စကားကိုသာ ပြောပါမည်လို့ ဆောက်တည်ပြီး ကျင့်ခြင်းက တစ်ပါး။
(၄) တစ်သက်ပတ်လုံး ကုန်းချောစကား မပြောပါလို့ ဆောက်တည်ပြီး ကျင့်ခြင်းက တစ်ပါး။
(၅) တစ်သက်ပတ်လုံး ဝန်တိုခြင်း အညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်ရာကို အုပ်ချုပ်စောင့်ရှောက်နေပါမည်လို့ ဆောက်တည်ပြီး ကျင့်ခြင်းက တစ်ပါး။
(၆) တစ်သက်ပတ်လုံး အမှန်ကိုသာ ပြောဆိုပါမည်လို့ ဆောက်တည်ပြီး ကျင့်ခြင်းက တစ်ပါး။
(၇) တစ်သက်ပတ်လုံး စိတ်မဆိုးအောင် သတိပြုနေပါ့မည်၊ တစ်ရံ တစ်ခါ စိတ်ဆိုး မိရင်လဲ အဲဒီစိတ်ဆိုးမှုကို ချက်ချင်းပင် ပယ်ဖျောက်ပါမည်လို့ ဆောက်တည်ပြီး ကျင့်ခြင်းက တစ်ပါး၊

ဒီကျင့်ဝတ် (၇) ပါးပါပဲ။

ယခုလက်ရှိသိကြားမင်းကတော့ ဘုရားမပွင့်မီရှေးကာလက မဂဓတိုင်းမစလ ဆိုတဲ့ တောရွာမှာ မဃဆိုတဲ့ လုလင် ဖြစ်ခဲ့ကြောင်းကို ဒီသုတ်အဖွင့် အဋ္ဌကထာမှာ ဒီလိုပြထားတယ်။

သိကြားမင်း အလောင်းလျာ မဃလုလင် ဝတ္ထု

အဲဒီတုန်းက မဃလုလင်ဟာ တစ်နေ့သောအခါ အိပ်ရာမှ စောစောထပြီး ရွာအလယ်၌ ရွာမှုကိစ္စကို လုပ်ဆောင်ရာ ဌာနသို့ သွားပြီးတော့ မိမိ၏တည်ရာ ဌာနကို ခြေဖျားဖြင့်ပင် မြေမှုန့်တွေ အမှိုက်တွေ ဖယ်ရှားပြီး နေရာကောင်း နေရာသန့် ဖြစ်စေတယ်၊

အခြားလူက အဲဒီနေရာသို့ လာပြီးတည်နေတာကို မြင်ရတော့ သူ့မှာ ကုသိုလ်ပြုရန် သတိတရားရလာတယ်၊ ဒါကြောင့် ရွာအလယ်မှာ ကောက်နယ်တလင်းခန့် မြေကွက်ကို အညီအညွတ်ပြုပြီး သဲဖြူများလဲ ခင်းပေးတယ်၊ အေးတဲ့လ ရာသီဥတု ကျတော့ ထင်းများဖြင့် မီးဖိုများလဲ ပြုလုပ်ပေးတယ်၊ လူငယ်တွေရော လူကြီးတွေရော အဲဒီနေရာမှာ လာပြီး နေထိုင်ကြတယ်။

တစ်နေ့မှာတော့ သူ့မှာဒီလိုဆင်ခြင်မိတယ်၊ မင်းနှင့်မင်းအမတ် အစရှိတဲ့ အရာရှိ တွေကိုလဲ တွေ့ရတယ်၊ နေနတ်သား လနတ်သား စသည်ရှိကြောင်းကိုလဲ ကြားရဖူးတယ်၊ အဲဒီ ပုဂ္ဂိုလ်တွေဟာ ကောင်းမှုကံပြုလို့ အဲဒီ စည်းစိမ်ချမ်း သာတွေကို ရတာဖြစ်မှာပဲ၊ ဒါကြောင့် ငါလဲ ဒီလိုကောင်းမှုတွေကို ပြုသင့်တယ်လို့ ဆင်ခြင်လျက် ကြံစည်မိတယ်။

ဒါကြောင့် သူဟာ နံနက်စောစောအိပ်ရာမှထပြီး ယာဂုဆန်ပြုတ်ကို သောက်ပြီးတော့ ပေါက်တူးစသော ကိရိယာများကိုယူကာ လမ်းဆုံအရပ်မှာ မညီညွတ်တာတွေကို ညီညွတ်အောင်ပြုတယ်၊ တည်းခိုစရာမဏ္ဍပ်တဲကိုလဲ ပြုလုပ်တယ်၊ ရေကန်လဲ တူးတယ်၊ တံတားလဲ ခင်းတယ်၊ အဲဒီလိုလုပ်ရင်း ညနေအချိန်ကုန်မှ အိမ်သို့ ပြန်လာတယ်။

အဲဒီလို ပြန်လာတဲ့အခါ ဘာတွေသွားပြီး လုပ်နေသလဲလို့ အခြားသူက မေးတယ်၊ နတ်ပြည်ရောက်ကြောင်း ကောင်းမှုကို ပြုလုပ်နေကြောင်း ပြောပြတယ်၊ အဲဒီတော့ အဲဒီလူကလဲ မဃလုလင်နဲ့ အတူလိုက်ပါပြီး ကောင်းမှုအလုပ်ကို လုပ်တယ်၊ ဒီနည်းဖြင့် ကောင်းမှု အလုပ်သမားတွေ တိုးတက်လာတာ ၃၃-ယောက်တောင် ရှိသွားသတဲ့၊ မဃလုလင် အမှူးရှိတဲ့ အဲဒီလူ ၃၃-ယောက်ဟာ လမ်းပြုပြင်ခြင်း, တံတား ခင်းခြင်း, တည်းခိုဇရပ် ဆောက်ခြင်း, ရေကန်တူးခြင်း စသော ကောင်းမှုတွေကို အညီအညွတ် ဆောင်ရွက်ပြုလုပ်နေကြတယ်။

အဲဒီအခါ မစလရွာစား သူကြီးက “ရှေးတုန်းကတော့ ဒီလူငယ်တွေဟာ သေရည်အရက်သောက်ပြီး မတော်မသင့်တာတွေ ပြုလုပ်ကြတဲ့အတွက် သူတို့ထံမှ ဒဏ်ငွေ လာဘ်ထိုးငွေများကို ရနေခဲ့တယ်၊ ယခုတော့ သူတို့က အများသုံး ကောင်းမှုတွေကိုသာ လုပ်နေကြတဲ့အတွက် အဲဒီလို ဒဏ်ငွေ လာဘ်ထိုးငွေတွေကို မရဘဲ ဖြစ်နေတယ်၊ ဒီအကောင်တွေကို မင်းထံကုန်းတိုက်ပြီး နှောင့်ယှက်ဦးမယ်”လို့ အကြံပြုပြီးတော့ မင်းထံသွားပြီး စွဲချက်တင်တယ်၊

မင်းကလဲ သူ့စကား ယုံကြည်တာနဲ့ အဲဒီသူငယ်တွေကိုဖမ်းပြီး ဆောင်ယူလာဖို့ အမိန့်လဲ ပေးလိုက်တယ်၊ ဖမ်းဖို့ ရဲပုလိပ်များကိုလဲ ပေးလိုက်တယ်၊ အဲဒီရွာသူကြီးက မဃလုလင်နှင့်တကွ အဲဒီလူငယ် ၃၃- ယောက်ကို ဖမ်းစေပြီးတော့ မင်းထံ ပို့ပေးတယ်၊ မင်းကလဲ မမေးမစစ်ဘဲနဲ့ ဆင်ဖြင့် နင်းသတ်စေရန် အမိန့် ပေးလိုက်တယ်။

အဲဒီအခါ မဃလုလင်က သူ့အဖော်များကို ဒီလို အကြံပေးတယ်၊ မိတ်ဆွေတို့ ငါ့စကားကို လိုက်နာနိုင်ကြပါ့မလား၊ ခင်ဗျား၏စကားကို လိုက်နာလို့ ကျွန်ုပ်တို့ ယခု ဘေးသင့်နေကြတာပဲ၊ ဒါပေမယ့် ခင်ဗျား၏စကားကို လိုက်နာပါ့မယ်၊ ဘာလုပ်ရမလဲ ပြောပါလို့ သူတို့က ဆိုကြတယ်၊ သံသရာဝဋ်ထဲ ကျင်လည်နေကြရတဲ့ သူတွေမှာ ဒီလို ဘေးတွေ့ရတာကတော့ ဖြစ်မြဲပဲ၊ သင်တို့ဟာ သူခိုးဓားပြ ဟုတ်ကြပါသလား၊ မဟုတ်ကြပါဘူးဗျာ၊

သစ္စာပြုတာဟာ ဒီလောက၏ မှီခိုအားထားရာ အစစ်ပဲ၊ ဒါကြောင့် ခင်ဗျားတို့ အားလုံးပင် “ငါတို့ဟာ သူခိုးဓားပြတွေဟုတ်ရင် ဆင်ကြီးက နင်းပါစေ၊ မဟုတ်ရင်တော့ မနင်းပါစေနဲ့”လို့ သစ္စာပြုကြရန် မဃလုလင်က အကြံပေးတယ်၊ မိတ်ဆွေတွေက အဲဒီအတိုင်း သစ္စာပြုကြတယ်၊ ဆင်ကြီးက သူတို့အနီးသို့ ချဉ်းကပ် ဖို့တောင် မစွမ်းနိုင်ဘူး၊ ကျယ်လောင်စွာ ဟစ်အော်မြည်တမ်းပြီး ထွက်ပြေးတယ်၊

ဆင်ကြီးကို သံချွန်နားရင်း တုတ် လှံ -ချွန်းတို့ဖြင့် ထိုးဆွနှိပ်စက်၍ မောင်းနှင်သော်လဲ ချဉ်းကပ်စေရန် မစွမ်းနိုင်ဘဲ ရှိနေပါသတဲ့၊ အဲဒီအကြောင်းအရာကို မင်းထံ လျှောက်တင်တော့ မင်းက ဖျာဖြင့်ဖုံးပြီး နင်းစေဖို့ အမိန့်ပေးလိုက်တယ်၊ အဲဒီလို ဖျာဖြင့်ဖုံးပြီး နင်းစေတဲ့ သခါကျမှ ဆင်ကြီးက အလျင်ကထက် နှစ်ဆတိုးပြီး ကျယ်လောင်စွာ ဟစ်အော်လျက် အတင်းထွက်ပြေးပါသတဲ့။

အဲဒီတော့ ကုန်းချောပြီး စွဲချက်တင်တဲ့ ရွာသူကြီးကို မင်းက ခေါ်ပြီးမေးတယ်၊ ရွာသူကြီးက မဃလုလင်၏ မန္တာန်ကြောင့်ပါလို့ လျှောက်တင်တယ်၊ ဒီတော့ မင်းက မဃလုလင်ကို ခေါ်ပြီး မေးတယ်၊ အရှင်မင်းကြီး အကျွန်ုပ် မှာ မန္တာန်မရှိပါ၊ သစ္စာကိုသာ ပြုကြပါတယ်၊

မင်းကြီး၏ သူခိုး ဓားပြတွေဖြစ်ရင် ဆင်ကြီးက နင်းပါစေ၊ မဟုတ်ရင်တော့ မနင်းပါစေနဲ့လို့ သစ္စာပြုကြကြောင်း မဃလုလင်က လျှောက်တင်ပါတယ်၊ ဒါဖြင့် သင်တို့ဟာ ဘာတွေ လုပ်နေကြသလဲလို့ မေးတယ်၊ လမ်းကို ညီညွတ်အောင် ပြုပြင်ကြပါတယ်၊ လမ်းလေးခွမှာ တည်းခိုရန် ဇရပ်ကို ဆောက်လုပ်ကြပါတယ်၊ ရေကန် တူးကြပါတယ်၊ တံတားခင်းကြပါတယ်၊ ဒီလိုကောင်းမှုတွေကို ပြုလုပ်နေကြ ပါတယ်လို့ လျှောက်တင်တယ်။

ဒီရွာသူကြီးကဘာ့ကြောင့် ကုန်းတိုက်တာလဲလို့ မေးပြန်တယ်၊ကျွန်ုပ်တို့ မူးယစ် ပေါ့လျော့နေတဲ့အခါ ဒဏ်ငွေ လာဘ်ထိုးငွေများကို ရတယ်၊ မမေ့မပေါ့ဘဲ ကောင်းမှုတွေ ပြုလုပ်နေတဲ့အခါ သူ့မှာ ဒဏ်ငွေ လာဘ်ထိုးငွေများကို မရဘူး၊ ဒါကြောင့် ကုန်းတိုက်တာပါလို့ လျှောက်တင်တယ်၊ အဲဒီတော့ မင်းကြီးက -

“လူကလေးတို့ရေ၊ ဒီဆင်ဟာ တိရစ္ဆာန်ဖြစ်ပါလျက်တောင် သင်တို့၏ ဂုဏ်ကျေးဇူးကို သိပါပေတယ်၊ ငါက လူဖြစ်နေပါလျက်နဲ့တောင် မသိဘဲ ဖြစ်နေတယ်၊ သင်တို့၏ မစလရွာကို သင်တို့အား အမြဲတမ်း အပိုင်ပေးလိုက်ပါတယ်၊ ဒီဆင်ကြီးကိုလဲ ပေးလိုက်ပါတယ်၊ ကုန်းတိုက်တဲ့ ရွာသူကြီးလဲ သင်တို့၏ အစေခံကျွန်ဖြစ်ပါစေ၊ ဒီကနေ့မှစပြီး ငါ့အတွက်လဲ ကောင်းမှုကို ပြုကြပါ”လို့ ပြောပြီးတော့ ပစ္စည်းဥစ္စာ တွေလဲ ပေးပြီးလွှတ်လိုက်ပါသတဲ့။

အဲဒီတော့ မဃလုလင်နှင့်တကွ ၃၃-ယောက်သော လုလင်တွေဟာ မင်းက ပေးလိုက်တဲ့ ပစ္စည်းဥစ္စာတွေကို လက်ခံယူခဲ့ကြပြီး ဆင်ကိုလဲ တစ်လှည့်စီစီးလျက် ပြန်လာကြတယ်၊ ဒီလိုလဲ ဆွေးနွေးတိုင်ပင်ကြတယ်၊ “ကိုယ့်လူတို့၊ ကောင်းမှုဆိုတာ နောက်ဘဝအတွက် ပြုကြရတာပဲ၊ ဒါပေမယ့် ယခုဘဝတွင်ပဲ အကျိုးပေးနေပြီ၊ ဒါကြောင့် ယခင်ကထက် တိုးတက်ပြီး ပြုလုပ်ကြစို့” လို့ တိုင်ပင်ပြီးတော့ ကောင်းမှုတွေကို တိုးတက်ပြီး ပြုလုပ်ကြတယ်၊

လမ်းလေးခွ၌ အများ တည်းခိုရန် ကြီးကျယ်သော ဇရပ်ကြီးကိုလဲ ဆောက်လုပ်ကြတယ်၊ အဲဒီလို အများအတွက် ကောင်းမှုလုပ်ငန်းတွေကို လုပ်ဆောင်ကြပြီး တဲ့နောက် အသက်တမ်းကုန်လို့ စုတေ သေလွန်ကြတဲ့အခါ မဃလုလင်က သိကြားမင်းဖြစ်တယ်၊ သူ့အဖော် ၃၃- ယောက်လဲ သူနှင့်အတူပင် နတ်များ ဖြစ်ကြပါသတဲ့၊ အဲဒါဟာ သိကြားဖြစ်ကြောင်း ကောင်းမှုပြုပုံ အကျဉ်းချုပ်ပါပဲ။

အဲဒီ မဃဝတ္ထုထဲမှာ အထူးမှတ်စရာ အချက်တစ်ခုပါတယ်၊ ဘာလဲဆိုရင် မဃလုလင်နှင့်တကွ သူ့အဖော် ၃၃-ယောက်ဟာ ဘုရားတရားတော်ကို ကျကျနန ကြားနာရလို့ ကောင်းမှုကို ပြုခဲ့ကြတာ မဟုတ်ဘူး၊ ကုသိုလ်က ကောင်းကျိုး ပေးပုံ အကြောင်းကို အတော်အတန်လောက်သာ ကြားနာဖူးတဲ့ လက္ခဏာရှိတယ်၊ အဲဒီလို အတော်အတန်လောက် ကြားဖူးတာကိုမှီပြီး သူ့ဟာသူ စိတ်ကူးကြံစည်ကာ ပြုလုပ်ခဲ့တာပဲ၊

အဲဒီလို ကုသိုလ်ပြုရာမှာ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ ရည်ရွယ်ဆုတောင်းတာ မပါဘူး၊ ဒါပေမယ့် အဲဒီကောင်းမှုများကြောင့် သိကြားမင်းဖြစ်လာပြီးတဲ့ နောက် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရတဲ့အခါ သောတာပတ္တိမဂ်ဖိုလ်ကို ရောက်ပြီး သောတာပန် ဖြစ်သွားတယ်၊ အဲဒီလို သောတာပန်ဖြစ်ပုံကို ထောက်ဆ ကြည့်ရင် ကုသိုလ်ပြုစဉ်က မဂ်ဖိုလ်နိဗ္ဗာန်ကို ဆုမတောင်းခဲ့သော်လဲ ကံနှင့်ကံ၏ အကျိုးကို ယုံကြည်သိမြင်ပြီး ကုသိုလ်ကို ထက်ထက်သန်သန် ပြုခဲ့လျှင် အဲဒီကုသိုလ်ကြောင့် ထက်သန်တဲ့ တိဟိတ်ပဋိသန္ဓေဖြင့် နတ်ဘဝ, လူ့ဘဝ၌ ဖြစ်ပြီး ဘုရား၏တရားတော်ကို နာကြားကျင့်သုံး၍ တရားထူးကိုလဲ ရနိုင်တယ်ဆိုတာ အထူးသတိပြုပြီး မှတ်သား ထားကြဖို့ပါပဲ၊

အရေးကြီးတာကတော့ ကောင်းမှုကို ပြုလုပ်တဲ့အခါ ကံနှင့်ကံ၏အကျိုးကို ယုံကြည် သိမြင်တဲ့ဉာဏ်ဖြင့် ထက်ထက်သန်သန်ပြုဖို့ အရေးကြီးပါတယ်၊ မဂ်ဖိုလ် နိဗ္ဗာန်ကို ရည်သန်ဆုတောင်းပြီး ပြုရင်တော့ ပိုပြီးသေချာတာပဲ။

သိကြားမင်း၏ အထူးဝမ်းမြောက်ပုံ

ခုတင်ကပြောခဲ့တဲ့အတိုင်း သိကြားမင်းက မြတ်စွာဘုရား၏ တရားကိုနာရ၍ သောတာပန်ဖြစ်တဲ့အတွက် ဝမ်းမြောက်ကြောင်းကို လျှောက်တဲ့အခါ မြတ်စွာဘုရား က “ဒီလို ဝမ်းမြောက်တာကို ရှေးက ရဖူးပါသလား” လို့ မေးတော်မူပါတယ်။

အဲဒီတော့ သိကြားမင်းက ဒီလို လျှောက်ပါတယ်၊ ရှေးတုန်းက အသုရာနတ်တွေနဲ့ စစ်တိုက်ကြရာမှာ အနိုင်ရလို့ ဝမ်းမြောက်ခဲ့ဖူးပါသတဲ့၊ ဒါပေမယ့် အဲဒီလို အနိုင်ရလို့ ဝမ်းမြောက်ရတာကတော့ တုတ်ဓားစသော လက်နက်တွေ၏ ကျက်စားရာနယ်ပယ် ဖြစ်ပါတယ်၊ စင်စစ် ငြီးငွေ့ဖို့ တပ်မက်ကင်းဖို့လဲ မဖြစ်ပါဘူး၊ စင်စစ် ချုပ်ဖို့ ငြိမ်းဖို့လဲ မဖြစ်ပါဘူး၊ အထူးသိဖို့ ထိုးထွင်းသိဖို့လဲ မဖြစ်ပါဘူး၊ ဆင်းရဲငြိမ်းဖို့ နိဗ္ဗာန်ရောက်ဖို့လဲ မဖြစ်ပါဘူး၊

ယခု မြတ်စွာဘုရား၏ တရားတော်ကို နာရပြီး သောတာပန်ဖြစ်လျက် ဝမ်းမြောက် ဝမ်းသာရတာကတော့ တုတ်ဓားစသော လက်နက်တွေ၏ ကျက်စားရာ နယ်ပယ်လဲ မဟုတ်ပါဘူး၊ စင်စစ် ငြီးငွေ့ဖို့ တပ်မက်ကင်းဖို့လဲ ဖြစ်ပါတယ်၊ စင်စစ်ချုပ်ဖို့ ငြိမ်းဖို့လဲ ဖြစ်ပါတယ်၊ အထူးသိဖို့ ထိုးထွင်းသိဖို့လဲ ဖြစ်ပါတယ်၊ ဆင်းရဲငြိမ်းဖို့ နိဗ္ဗာန်ကို ရောက်ဖို့လဲ ဖြစ်ပါတယ်လို့ လျှောက်ပါတယ်၊ အဲဒီတော့ မြတ်စွာဘုရားက ဒီလို မေးတော်မူပါတယ်။

မြတ်စွာဘုရား မေးခွန်းတော်

ဒေဝါနမိန္ဒ - သိကြားမင်း၊
တွံ - သင်သည်၊
ကိံအတ္ထဝသံသမ္ပဿမာနော - အဘယ်သို့သော အကျိုးထူးကို မြော်မြင်သည်ဖြစ်၍၊
ဧဝရူပံ - ဤသို့သော၊
ဝေဒပဋိလာဘံ သောမနဿပဋိလာဘံ - ဝမ်းမြောက် ဝမ်းသာမှုရခြင်းကို၊
ပဝေဒေသိ - တင်ပြလျှောက်ထားပါသနည်းတဲ့။

သိကြားမင်း၏ ဖြေကြားချက်

အကျိုးထူး ၆-ပါးမြော်မြင်ပြီး ဝမ်းမြောက်ဝမ်းသာရကြောင်းကို ဒီလို လျှောက်ပါတယ်။

၁။ ဣဓေဝ တိဋ္ဌမာနဿ၊
ဒေဝဘူတဿ မေ သတော။
ပုနရာယု စ မေ လဒ္ဓေါ၊
ဧဝံ ဇာနာဟိ မာရိသ။

မာရိသ - မြတ်စွာဘုရား၊
ဣဓေဝ - ဤ - ဣန္ဒသာလလိုဏ်ဂူ၌ပင်လျှင်၊
တိဋ္ဌမာနဿ - တည်နေစဉ်၊
ဒေဝဘူတဿသတော - သိကြားနတ်အသစ် ဖြစ်လျက်၊
မေ - အကျွန်ုပ် သည်၊
ပုနရာယု စ - တစ်ဖန် နတ်အသက်အသစ်ကိုလည်း၊
မေ လဒ္ဓေါအကျွန်ုပ် ရအပ်ပါပြီ၊
ဧဝံ - ဤသို့ ဝမ်းမြောက်ခြင်း၏ မျှော်လင့်ဖွယ် အကြောင်းကို၊
ဇာနာဟိ - သိတော်မူပါ အရှင်ဘုရား - တဲ့။

သိကြားမင်းဟာ မြတ်စွာဘုရား၏ တရားကို နာနေရင်း သောတာပန်လဲဖြစ်တယ်၊ သိကြားဘဝဟောင်းမှ စုတေပြီး သိကြားဘဝအသစ်လဲဖြစ်တယ်၊ အဲဒါဟာ ဝမ်းမြောက်ခြင်း၏ ပထမအကြောင်းပါတဲ့၊

မဃလုလင်ဘဝက ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုကြောင့် သိကြားမင်းဖြစ်လာရတယ်၊ အဲဒါဟာ လူတို့၏ နှစ်အရေအတွက်အားဖြင့် ၃၆ - သန်း (သုံးကုဋေနဲ့ခြောက်သန်း) ရှိခဲ့ပြီ၊ ဒါကြောင့် တာဝတိံသာနတ်သက်က ကုန်နေတဲ့အတွက် ဘုရားထံမလာမီ ၆-ရက်ကျော်လောက် ကတည်းက ပုဗ္ဗနိမိတ်ငါးပါးကို တွေ့မြင်ရတယ်၊

ဒါကြောင့် ၇-ရက်တွင်းမှာ သေရတော့မယ်ဆိုတာကို သိမြင်ပြီး စိတ်ဆင်းရဲတွေ အလွန်အကဲဖြစ်နေရတာနဲ့ ဘုရားထံလာရောက်ပြီး တရားနာတာပါပဲ။

(အဲဒီ အကြောင်းအရာ တွေကိုတော့ စာမျက်နှာ၁၇ - စသည်မှာ ဖော်ပြခဲ့ပါပြီ။)

အဲဒီလို တရားနာနေရင်း မှီဝဲအပ်တဲ့ ဥပေက္ခာဝေဒနာ အကြောင်းကို နာကြားနေစဉ် ဝိပဿနာရှုလျက် သောတာပတ္တိမဂ်ဖိုလ်ရောက်ပြီး သောတာပန်လဲဖြစ်သွားတယ်၊ ဘဝဟောင်းမှ စုတေပြီး သိကြားဘဝအသစ်လဲ ဖြစ်သွားတယ်၊

အဲဒီတော့အပါယ်လေးပါးမှ အစဉ်ထာဝရ လွတ်မြောက်တဲ့အတွက်လဲ ဝမ်းမြောက် ရတယ်၊ သိကြားဘဝ အသစ်ဖြစ်ပြီး လူတို့၏ နှစ်အရေအတွက်အားဖြင့် နှစ်ပေါင်း ၃၆-သန်းပတ်လုံး သိကြားမင်းစည်းစိမ်ကို ခံစားမြဲ ခံစားသွားရမည့် အတွက်လဲ ဝမ်းမြောက်ရတယ်၊ အဲဒါဟာ ဝမ်းမြောက်ရခြင်း၏ ပထမအကြောင်းပါတဲ့၊

ဒုတိယအကြောင်းကတော့

၂။ စုတာဟံ ဒိဝိယာ ကာယာ၊
အာယုံ ဟိတွာ အမာနုသံ။
အမူဠှော ဂဗ္ဘမေဿာမိ၊
ယတ္ထ မေ ရမတီ မနော။

အာယုံ ဟိတွာ အမာနုသံ - နတ်အသက်ကိုစွန့်၍၊
ဒိဝိယာကာယာ - နတ်အပေါင်းနတ်ဘဝမှ၊
စုတာ - စုတေရသည်ရှိသော်၊
မေ မနော - အကျွန်ုပ် ၏ စိတ်သည်၊
ယတ္ထရမတီ - အကြင်အမျိုး၌ နှစ်သက်ပျော်မွေ့၏၊
တတ္ထ - ထိုနှစ်သက် ပျော်မွေ့ရာအမျိုး၌၊
အဟံ - အကျွန်ုပ် သည်၊
အမူဠှော - တွေဝေခြင်းမရှိဘဲ၊
ဂဗ္ဘမေဿာမိ - အမိဝမ်းသို့ ရောက်ရဖြစ်ရပါမယ် အရှင်ဘုရား တဲ့။

သိကြားမင်းအဖြစ်က အသက်တမ်းကုန်လို့ စုတေတဲ့အခါ သူဖြစ်လိုရာ အမျိုးထဲက အမိဝမ်းမှာ ပဋိသန္ဓေတည်နေပြီး လူဖြစ်ရပါလိမ့်မယ်တဲ့၊ အဲဒါကဘယ်တော့လဲဆိုရင် လူတို့၏နှစ်အရေအတွက်အားဖြင့်အနှစ်ပေါင်း ၃၆-သန်းခန့် ကြာသောအခါကျမှ ဖြစ်ရမှာပါပဲ၊

ယခု လူတို့၏ အသက်တမ်းဟာ နှစ်ပေါင်း တစ်ရာ, တစ်ရာမှာ တစ်နှစ်, တစ်နှစ် လျော့လျော့ သွားတယ်လို့ အစဉ်အဆက်ပြောတာကို ကြားဖူးတယ်၊ အဲဒီ အတိုင်းဆိုတော့ ဘုရားလက်ထက်တော်မှ ယခုအထိ နှစ်ပေါင်း (၂၅၀ဝ)ကျော် ရှိနေပြီးဖြစ်သောကြောင့် ၂၅-နှစ်လောက် လျော့နေပြီလို့ ဆိုရမှာပဲ၊

ယခုနေအခါ အသက် ၇၅-နှစ်အောက်မှာ အသေများနေသောကြောင့် အဲဒီယူဆ ပုံဟာ ဟုတ်သလိုပဲ ရှိနေပါတယ်၊ နောင် နှစ်ပေါင်း (၆၅၀ဝ) လောက်ရှိတဲ့ အခါ ၁၀-နှစ်တမ်း ရောက်ဖွယ် ရှိပါတယ်၊ အဲဒီအသက် ၁၀-နှစ်တမ်းရောက်တဲ့အခါကျတော့ လူ့လောက၌ ကောင်းမွန်တဲ့ အရသာတွေ အကုန်ပျောက်ကွယ်ကုန်မယ်တဲ့၊ ဘယ်လိုဟာတွေလဲဆိုတော့ - ထောပတ် ဆီဦး ပျားရည် တင်လဲ ဆားဆိုတာတွေလဲ ပျောက်ကွယ်သွားမယ်၊ ယခု စားသုံးနေကြတဲ့ ဆန်ကောင်းတွေလဲ ပျောက်ကွယ် ပြီးတော့ လူးဆန်သာ အကောင်းဆုံး ဖြစ်လိမ့်မယ်တဲ့။

သတ်မှုမှကြဉ်ရှောင်ခြင်းစသော ကုသိုလ်ကမ္မပထတရားတွေ အကုန်ကွယ်လိမ့်မယ်၊ သူတစ်ပါးအသက်သတ်ခြင်း, ခိုးခြင်းစသော အကုသိုလ် ကမ္မပထတရားတွေက အလွန်ပင် ထွန်းကားလိမ့်မယ်၊ ကုသိုလ်ဆိုတဲ့ စကားလုံးတောင် မရှိဘဲ ဖြစ်လိမ့်မယ် တဲ့၊ ကုသိုလ်ပြုသူကတော့ ဘယ်မှာရှိတော့မလဲ။

အဲဒီအခါမှာ မိဘကိုမရိုသေတဲ့ သူတွေ ရဟန်းသူမြတ်ကို မရိုသေတဲ့သူတွေ ဆွေမျိုးထဲက အသက်ကြီးသူကို မရိုသေတဲ့သူတွေ ဒီလိုကျင့်ဝတ်ပျက်တဲ့ သူတွေကို ပူဇော်ကြ, ချီးမွမ်းကြတဲ့ သူတွေ များလိမ့်မယ်တဲ့၊ အဲဒါဟာ ယခုလဲ တချို့ ဌာနတွေမှာ ဖြစ်ပေါ်စပြုနေပါပြီ၊ နောက်ပြီးတော့ အဲဒီအခါမှာ အမေ, အဒေါ် စသည်တို့ကိုလဲ ကြဉ်ရှောင်ရမှန်းမသိဘဲ ကာမဂုဏ် ကျူးလွန်မှုတွေ ဖြစ်လိမ့်မယ်၊ ဆိတ်, သိုးတို့ ကြက်, ဝက်တို့ ခွေး, မြေခွေးတို့လိုပင် အကျင့်ပျက်ကြလိမ့်မယ်တဲ့။

လူတွေမှာ အချင်းချင်းအပေါ် အလွန်အကဲ ရန်ခိုက်ဒေါသ ရန်ငြိုးအာဃာတတွေ ဖြစ်ကြလိမ့်မယ်၊ သတ်လိုသော စိတ်လဲ အပြင်းအထန်ဖြစ်လိမ့်မယ်၊ အမိ, အဘကလဲ သားသမီးအပေါ်မှာ, သားသမီးကလဲ အမိ, အဘ အပေါ်မှာ ရန်ခိုက် ဒေါသ ရန်ငြိုးအာဃာတ သတ်လိုသောစိတ် ပြင်းထန်စွာ ဖြစ်လိမ့်မယ်တဲ့၊

ထို့အတူပင် ညီအစ်ကို မောင်နှမ ညီမ အစ်မအချင်းချင်းလဲ ရန်ခိုက်ဒေါသ ရန်ငြိုး အာဃာတ သတ်လိုသောစိတ် ပြင်းထန်စွာ ဖြစ်လိမ့်မယ်၊ ဥပမာအားဖြင့် သားသတ် မုဆိုးမှာ သားကောင်ကို သတ်လိုသောစိတ် အပြင်းအထန် ဖြစ်နေသလိုပါပဲတဲ့။

အဲဒီ ၁၀-နှစ်တမ်းကာလ အချိန်မှာ ၇-ရက် အတွင်း လက်နက်ဖြင့် အချင်းချင်း သတ်ဖြတ်ကြတဲ့ (သတ္ထန္တရကပ်) ခေါ်တဲ့ လက်နက်ကပ်ဆိုးကြီး ဖြစ်လိမ့်မယ်၊ လူတွေဟာ အချင်းချင်းသားကောင်ထင်မှတ်ပြီး သတ်ကြလိမ့်မယ်၊ သူတို့၏ လက်ထဲမှာ အလွန်ထက်မြက်တဲ့ လက်နက်တွေ အလွယ်တကူ ဖြစ်ပေါ်လိမ့်မယ်၊ အဲဒီလူတွေဟာ အလွန်ထက်မြက်သော လက်နက်ဖြင့် “ဒါဟာ သားကောင်ပဲ, ဒါဟာ သားကောင်ပဲ” ဆိုပြီး အချင်းချင်း သတ်ကြလိမ့်မယ်တဲ့၊ ယခုခေတ်၌ လက်နက် အထူးအထွေ ပေါ်လာတာကို ထောက်ဆကြည့်ရင် အဲဒီအတိုင်း ကပ်သင့်ဖို့ရာ အလွန်နီးစပ်နေပါတယ်။

အဲဒီလို အချင်းချင်း သတ်ဖြတ်ကြသဖြင့် ၇-ရက်အတွင်းမှာ လူတွေ ကုန်သလောက်ပင် သေကြေပျက်စီး ကုန်ကြလိမ့်မယ်တဲ့၊ “ငါတို့ကလဲ သူများကို မသတ်ချင်ပါ၊ ငါတို့ကိုလဲ သူများက မသတ်ကြပါစေနဲ့” လို့ စိတ်နှလုံးကောင်း ရှိတဲ့ လူအနည်းငယ်သာလျှင် တောကြိုတောင်ကြား ရှောင်တိမ်းနေကြတဲ့အတွက် မသေဘဲကျန်နေကြမယ်၊

အဲဒီ မသေဘဲကျန်နေတဲ့ သူတွေဟာလဲ တစ်ဦးနှင့်တစ်ဦး တွေ့ဖို့ရာ မလွယ်ကူဘူး၊ ခရီးအတော်ဝေးကွာတဲ့ အရပ်ရောက်မှ တွေ့ကြရမယ်၊ အဲဒီလို တွေ့တဲ့အခါ ကျတော့ အချင်းချင်း မေတ္တာစိတ်သက်ဝင်ပြီး ချစ်ခင်ကြမယ်၊ သတ်ခြင်းအစရှိသော အကုသိုလ်ကို ကြဉ်ရှောင်ကြရမယ်၊ အဲဒီလို ကြဉ်ရှောင်ကြတဲ့အတွက် သူတို့၏ သားမြေး အဆက်ဆက်တွေဟာ အသက် ၁၀-နှစ်တမ်းမှ ၂၀၊ -မှ ၄၀၊ ၄၀-မှ ၈၀၊ စသည်ဖြင့် တိုးတက်ပြီး အသက်ရှည်လာကြမယ်လို့ ဆိုပါတယ်၊ အဲဒီလို အသက်တမ်း တက်ကပ်မှာတော့ လူကောင်း သူကောင်းတွေချည်း ဖြစ်ပါလိမ့်မယ်။

သိကြားမင်းက အနှစ်ပေါင်း ၃၆-သန်းကြာမှ လူ့ဘဝရောက်လာမယ်ဆိုတော့ အဲဒီ အခါမှာ အသက်တမ်းတက် ကပ်ထဲ ဖြစ်ဖွယ်ရှိပါတယ်၊ လူကောင်း သူကောင်း တွေနဲ့ချည်း ပေါင်းသင်းဆက်ဆံနေရဖွယ် ရှိပါတယ်။

အဲဒီမှာ “အမူဠှော ဂဗ္ဘမေဿာမိ - တွေဝေခြင်း မရှိဘဲ အမိဝမ်းသို့ရောက်ရပါမည်” ဆိုတဲ့ စကားဖြင့် သောတာပန်တို့ ဘဝကူးရာ၌ ဖြစ်ရိုးဖြစ်စဉ်ကို ပြတာပဲ၊ နတ်ဘဝမှ စုတေတဲ့အခါမှာတော့ ဆင်းရဲဒုက္ခခံစားရခြင်း မရှိသောကြောင့် မတွေမဝေဘဲ စိတ်ကြည်လင်စွာနဲ့ စုတေရတယ် ဆိုတာ ထင်ရှားပါတယ်၊

ထို့အတူပင် လူ့ဘဝ မိခင်၏ ဝမ်းဗိုက်ထဲ ရောက်တဲ့အခါလဲ မတွေမဝေပဲ ရှိပါလိမ့်မယ်တဲ့၊ လူ့ဘဝမှသေတဲ့ သောတာပန်လဲ သေခါနီးမှာ ထို့အတူပင် မတွေဝေပဲသေရမြဲပါပဲ၊ ရောဂါဝေဒနာကြောင့် ဆင်းရဲပင်ပန်းနေပုံရသော်လဲ အမှတ် သတိကတော့ ကြည်ကြည်လင်လင်နဲ့ ကောင်းပြီးနေတာပါပဲ၊

စကားမပြောနိုင်ပေမယ့် စိတ်ကတော့ မတွေဝေပဲ ကြည်ကြည်လင်လင်နဲ့ သေရမြဲ ပါပဲ၊ အဲဒီလို မတွေဝေပဲ စုတေပြီး လူ့လောက၌ ဖြစ်လိုရာ အမျိုးမြတ်ထဲမှာ ဖြစ်ရမည့် အကြောင်းကို မြော်မြင်ပြီးတော့လဲ ဝမ်းမြောက်ရပါ တယ်တဲ့၊ အဲဒါက ဝမ်းမြောက်ရခြင်း၏ ဒုတိယအကြောင်းပဲ၊ တတိယအကြောင်းကတော့ -

၃။ သွာဟံ အမူဠှပညဿ၊
ဝိဟရံ သာသနေ ရတော။
ဉာယေန ဝိဟရိဿာမိ၊
သမ္ပဇာနော ပဋိဿတော။

ဘန္တေ - မြတ်စွာဘုရား၊
သွာဟံ-သော အဟံ - သိကြားဘဝမှ လူ့ဘဝသို့ ရောက်နေသော ထိုအကျွန်ုပ် သည်၊
အမူဠှပညဿ - မတွေဝေသော ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသော အရှင်ဘုရား၏၊
ဝါ - မေးခွန်းပြဿနာဟူသမျှ၌ မတွေမဝေ ဖြေရှင်းတော်မူနိုင်သော အရှင်ဘုရား၏၊

(ဒီ ဒု-အနက်ကတော့ ပညဿ - အရာ၌ ပဥှဿ-လို့ရှိရင်လဲ သင့်လျော်တဲ့အတွက် ဖော်ပြတဲ့ အနက်ပါပဲ)

သာသနေ - အဆုံးအမ သာသနာတော်၌၊
ရတော - မွေ့လျော်လျက်၊
ဝါ - မွေ့လျော်စွာ၊
ဝိဟရံဝိဟရန္တော - နေသည်ဖြစ်၍၊
ဝါ - နေသော (သွာဟံ) ထိုကျွန်ုပ်သည် - တဲ့။

ခုတင်က ပြောခဲ့တဲ့အတိုင်း အနှစ်တစ်ရာမှာ အသက်တမ်းက တစ်နှစ်လျော့တဲ့ နည်းဖြင့် တွက်ကြည့်ရင် နှစ်ပေါင်း ၉၀ဝ၀ (ကိုးထောင်) လောက်ကြာတဲ့အခါကျမှ အသက်ဆယ်နှစ်တမ်း ရောက်မယ်၊ အဲဒီကနောက် အနှစ်တစ်ရာအတွင်း သတ္တန္တရ ကပ်ဆိုက်ပြီး လူတွေ အများ သေပျက်သွားကြတယ် ဆိုပါတော့၊

အဲဒီလိုဆိုရင် အဲဒီအခါမှာ သိကြားမင်း၏ ဘဝသစ်အသက်ဟာ ၉၀ဝ၀-ကျော် လောက်သာ ရှိသေး၍ အဲဒီကနောက် သုံးဆယ့် ငါးသန်းနှင့် ကိုးသိန်း ကိုးသောင်း ကျော်လောက်ကြာမှ သိကြားဘဝမှ စုတေဖို့ရှိတယ်၊

လူ့လောက အသက်တမ်းက အနှစ်တစ်ရာ, တစ်ရာမှာ တစ်နှစ်, တစ်နှစ်သာ တိုးမယ်ဆိုရင် အဲဒီအခါမှာ လူ၏သက်တမ်းဟာ အနှစ်သုံးသိန်း ငါးသောင်း, ကိုးထောင်, ကိုးရာကျော်လောက် ရှိနေပါလိမ့်မယ်၊ မိဘ၏ အသက်ထက် သားသမီးတို့ အသက်ကနှစ်ဆ နှစ်ဆဖြစ်ပြီး တိုးတိုးသွားရင်တော့ အနှစ်သန်းပေါင်း များစွာ အသက်တမ်းရှိနေမှာပါပဲ။

ယခု ဘုရားသာသနာက အနှစ်ငါးထောင်မျှ တည်ရှိမယ်လို့ ခန့်မှန်းထားချက်အားဖြင့် လည်းကောင်း၊ ဆယ်နှစ်တမ်းက သတ္တန္တရကပ်ဖြင့် လူအများ သေပျက်သွားကြသည့် အခြေအနေအရအားဖြင့်လည်းကောင်း၊ အဲဒီအခါမှာ ဗုဒ္ဓသာသနာတော် ကွယ်နေပြီ လို့ ဆိုရမှာပဲ၊ ဘုရား၏ တရားတော်ကို နှုတ်တက်ဆောင်သူလဲ ရှိမှာ မဟုတ်ပါဘူး၊

အနှစ်သုံးသိန်းကျော်မှ ဆိုတော့ တရားစာအုပ်တွေပေစာတွေလဲ ရှိမှာမဟုတ်ပါဘူး၊ မြန်မာပြည်က ပိဋကကျောက်စာတွေတော့ ရှိကောင်း ရှိပါလိမ့်မယ်၊ ဒါပေမယ်လို့ ဘုရား၏ တရားတော်ကို ဟောပြောနိုင်တဲ့လူတော့ ရှိမယ်မဟုတ်ပါဘူး၊ အဲဒီလို မြတ်စွာဘုရား၏ သာသနာတော် လူ့ပြည်မှာ ကွယ်နေပေမယ်လို့ သိကြားမင်း ကတော့ သောတာပန်ဖြစ်နေသောကြောင့် သူ့သန္တာန်မှာတော့ သာသနာ မကွယ်ပါဘူး၊ တည်လျက်ရှိနေပါတယ်၊

မည်သူမဆို အရိယာဖြစ်နေရင် သူ့သန္တာန်မှာ အမြဲတမ်း သာသနာ တည်ရှိနေတာပဲ၊ ဒါကြောင့် အဲဒီအခါ လူအများမှာ ဘုရားသာသနာကွယ်နေပေမယ်လို့ သိကြားမင်းမှ ဖြစ်လာတဲ့ အဲဒီလူမှာတော့ ဂေါတမမြတ်စွာဘုရား၏ အဆုံးအမသာသနာဟာ တည်ရှိနေတာပဲ၊ ငါးပါးသီလလဲ မပျက်ဘူး၊ တည်မြဲနေတာပဲ၊

သောတာပတ္တိမဂ်ဖိုလ်နှင့် ဆိုင်တဲ့ အနိစ္စ, ဒုက္ခ, အနတ္တ အသိအမြင်ဟာလဲ မပျက်ဘူး၊ တည်နေတာပဲ၊ အမှတ်ရပြီး ပယ်သင့်တာကိုလဲ ပယ်နေတာပဲ၊ ဒါကြောင့် ဂေါတမမြတ်စွာဘုရား၏ တပည့်သာဝက အဖြစ် တည်မြဲနေတာပဲ။ သောတာပန်ဟာ အရူပဘုံများ ရောက်နေပေမယ်လို့ မိမိရထားပြီးဖြစ်တဲ့ ရှုမှတ်မှု အကျင့် လမ်းစဉ် ကတော့ မပျက်ဘူး အဲဒီ အရူပဘဝမှာ မိမိသန္တာန်၌ ထင်ရှားတဲ့ စိတ်နာမ်တရားတို့၏ အဖြစ်အပျက်ကို ရှုပြီး အရဟတ္တမဂ်ဖိုလ်အထိ ရောက်လျက် ရဟန္တာ ဖြစ်ပြီးပရိနိဗ္ဗာန်စံသွားနိုင်တယ်၊

ရူပါဝစရဗြဟ္မာ့ဘုံတွေမှာ ဖြစ်နေပြီးနောက် ဘုရားရှင် လက်ထက်ရောက် နေပေမယ်လို့ မူလဘုရားရှင်၏ သာသနာဝင်တပည့်အဖြစ်ဖြင့် ရှုသိပြီး ရဟန္တာ ဖြစ်လျက် ပရိနိဗ္ဗာန်စံသွားမြဲပဲ၊ နောက် ဘုရားရှင်ထံမှာ တပည့်ခံပြီး ကျင့်ရိုးမရှိဘူး၊ အဲဒီအကြောင်းအရာဟာ တချိန်က သုဒ္ဓါဝါသဘုံသို့ မြတ်စွာဘုရား ကြွတော် မူတဲ့အခါ ဝိပဿီစသော ရှေးဘုရား ၆-ဆူတို့၏ တပည့်သာဝကများက သူတို့ဟာ ဝိပဿီစသော အသီးအသီးသော ဘုရားရှင်တို့၏ အသီးအသီးသော တပည့် သာဝကဖြစ်ကြောင်း လျှောက်ထားကြခြင်းဖြင့် ထင်ရှားသိရပါတယ်၊

ဒါကြောင့် ဘုရားတစ်ဆူ၏ သာသနာမှာ သောတာပန်ဖြစ်ပြီး နောက်ဘုရားရှင်၏ သာသနာမှာ ရဟန္တာဖြစ်ဖို့ ဆုတောင်းခြင်းဟာ သဘာဝမကျကြောင်းလဲ သိရပါတယ်။

ယခု ပြောပြနေတဲ့ သိကြားမင်းဟာ လူ့လောက၌ ဗုဒ္ဓသာသနာကွယ်နေတဲ့အခါ ဖြစ်ပေမယ့် သူ့မှာတော့ မကွယ်ပဲ ဒီဘုရားသာသနာ၌သာ ပျော်မွေ့စွာ ကျင့်သုံး နေရကြောင်း လျှောက်ထားပြီးတော့ သတိသမ္ပဇဉ် မကင်းပုံကိုလဲ ဆက်လက် လျှောက်ထားပါတယ်။

ဘန္တေ - မြတ်စွာဘုရား၊
သွာဟံ-သော အဟံ - သိကြားဘဝမှ လူ့ဘဝသို့ ရောက်နေသော ထိုအကျွန်ုပ် သည်၊
အမူဠှပညဿ - မတွေဝေသော ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသော အရှင်ဘုရား၏၊
ဝါ - မေးခွန်းပြဿနာဟူသမျှ၌ မတွေမဝေ ဖြေရှင်းတော်မူနိုင်သော အရှင်ဘုရား၏၊
သာသနေ - အဆုံးအမ သာသနာတော်၌၊
ရတော - မွေ့လျော်လျက်၊
ဝါ - မွေ့လျော်စွာ၊
ဝိဟရံ-ဝိဟရန္တော - နေသည်ဖြစ်၍၊
ဝါ - နေသော ထိုအကျွန်ုပ် သည်၊
ပဋိဿတော - မြင်မှု ကြားမှု စသည်ကို တစ်ဖန် အမှတ်ရလျက်၊
သမ္ပဇာနော - မမြဲသော အခြင်းအရာ စသည်ဖြင့် မှန်စွာသိလျက်၊

(ဒီနှစ်ပုဒ်ဖြင့် ယခု သိကြားဘဝ၌ ရှုမှတ်၍ မှန်စွာသိသလိုပင် လူ့ဘဝ ရောက်တဲ့အခါလဲ နည်းတူပင် ရှုမှတ်လျက် သိသွားပါမည်လို့ ဖော်ပြတာပဲ)

ဉာယေန - သင့်သောနည်းမှန် အကျင့်ဖြင့်၊
ဝိဟရိဿာမိ - နေသွားရပါမည် အရှင်ဘုရား - တဲ့။

ယခု သိကြားဘဝမှာ အမှတ်ရလျက်သိလျက် အကျင့်နည်းမှန်ဖြင့် နေသလိုပင် လူ့ဘဝမှာလဲ မြတ်စွာဘုရား၏ အဆုံးအမအတိုင်း အမှတ်ရလျက် မှန်စွာသိလျက် အကျင့်နည်းမှန်ဖြင့်ပင် နေသွားရမည့်အရေးကို မြော်မြင်ပြီးတော့လဲ ဝမ်းမြောက် ရပါတယ်တဲ့၊

အဲဒါဟာ ဝမ်းမြောက်ဝမ်းသာစရာ အင်မတန်ကောင်းတာပဲ၊ ဖြစ်ပေါ်လာသမျှ ထင်ပေါ်လာသမျှကို သတိဉာဏ်ဖြင့် ရှုမှတ်ပြီးသိတဲ့နည်းမှန်ကို ရတာဟာ သိပ်ကောင်းတာပဲ၊ ဒီနည်းမှန်ဖြင့် ရှုသိ ရှုသိပြီး ပါရမီဉာဏ်ကို ရင့်ကျက်စေလျက် မရသေးတဲ့ မဂ်ဖိုလ်များကို ရသွားမှာ သေချာပါတယ်၊ အဲဒီရှုနည်းမှန်ကို မမေ့ဘဲ အဲဒီရှုနည်းဖြင့် ရှုသိသွားရမည့် အရေးကို မျှော်တွေးပြီးတော့လဲ ဝမ်းမြောက်ရပါတယ် တဲ့၊ အဲဒါဟာ ဝမ်းမြောက်ရခြင်း၏ တတိယ အကြောင်းပဲ၊ စတုတ္ထအကြောင်းကတော့ -

၄။ ဉာယေန မေ စရတော စ၊
သမ္ဗောဓိ စေ ဘဝိဿတိ။
အညာတာ ဝိဟရိဿာမိ၊
သွေဝ အန္တော ဘဝိဿတိ။

ဘန္တေ - မြတ်စွာဘုရား၊
ဉာယေန - သင့်သော နည်းမှန်အကျင့်ဖြင့်၊
စရတော - ကျင့်သုံး နေထိုင်သော၊
မေ - အကျွန်ုပ် အား၊
သမ္ဗောဓိ - ကိုယ်တိုင်သိအပ်သော သကဒါဂါမိမဂ်ဉာဏ်သည်၊
စေ ဘဝိဿတိ - အကယ်၍ ဖြစ်ငြားအံ့။

သမ္ဗောဓိ ဆိုတာ အထက်မဂ်ဉာဏ် သုံးပါးလုံးနှင့် ဆိုင်ပါတယ်၊ ဒါပေမယ့် ပဉ္စမအကြောင်းကို ပြရာ၌ သိကြားနတ်မင်းပင် ပြန်ဖြစ်မည့်အကြောင်းကို ပြထား သောကြောင့် လည်းကောင်း၊ ဆဋ္ဌမအကြောင်းကို ပြရာ၌ သိကြားဘဝမှာ အနာဂါမ် ဖြစ်ခဲ့ပြီးတော့ သုဒ္ဓါဝါသဘုံသို့ ရောက်မည့်အကြောင်း၊ နောက်ဆုံး၌ အကနိဋ္ဌဘုံမှာ ရဟန္တာဖြစ်ပြီး အဆုံးသတ် ဘဝဖြစ်မည့် အကြောင်းများကို ပြထားသောကြောင့် လည်းကောင်းဒီနေရာမှာ သကဒါဂါမိမဂ်ကိုသာ ဆိုလိုကြောင်း အဋ္ဌကထာ၌ ဖွင့်ပြထားပါတယ်၊ အဲဒီလို သကဒါဂါမိမဂ် ရောက်ပြီး သကဒါဂါမ်ဖြစ်ရမည့် အရေးကိုလဲ မျှော်လင့်တဲ့ အကြောင်း ပြဆိုပါတယ်။

ဧဝံ သတိ - ဤသို့ သကဒါဂါမိမဂ်ဖြစ်၍ သကဒါဂါမ်ဖြစ်လတ်သော်၊
အညာတာ - အထက် မဂ်ဖိုလ်ဉာဏ်များကိုသိလိုလျက်၊
ဝါ - သိရအောင် နှလုံးသွင်းအားထုတ်လျက်၊
ဝိဟရိဿာမိ - နေပါအံ့၊

ဒါကတော့ အရိယမဂ်ဖိုလ်ကို ရသူတိုင်း အထက်မဂ်ဖိုလ်ဉာဏ်များ ရအောင် မျှော်လင့်လျက် အားထုတ်မြဲဖြစ်ကြောင်းကို ပြဆိုတာပါပဲ။

သွေဝ-သောဧဝ - သကဒါဂါမိမဂ်ဖိုလ်ကို ရသော ထိုလူ့ဘဝသည်ပင်လျှင်၊
မေ - အကျွန်ုပ် ၏၊
အန္တော - နောက်ဆုံးလူ့ဘဝသည်၊
ဘဝိဿတိ - ဖြစ်ပါလိမ့်မည်ဘုရား - တဲ့။

အဲဒီ လူ့ဘဝမှာ သကဒါဂါမ်ဖြစ်ဖို့လဲ ရှိပါတယ်၊ အဲဒီလို ဖြစ်ရင်လဲ လူ့ဘဝဆိုင်ရာ အို နာ သေ စသော ဆင်းရဲများကို ခံစားရမည့် နောက်ဆုံးဘဝ ဖြစ်ပါလိမ့်မည်၊ အဲဒီလို ဆင်းရဲခံစားရမည့် နောက်ဆုံးဘဝကို အကြောင်း ပြုပြီးတော့လဲ ဝမ်းမြောက်ရ ပါတယ် - တဲ့၊ အဲဒါက ဝမ်းမြောက်ရခြင်း၏ စတုတ္ထအကြောင်းပဲ၊

ပဉ္စမအကြောင်းကတော့

၅။ စုတာဟံ မာနုသာ ကာယာ၊
အာယုံ ဟိတွာန မာနုသံ။
ပုန ဒေဝေါ ဘဝိဿာမိ၊
ဒေဝလောကမှိ ဥတ္တမော။

ဘန္တေ - အရှင်ဘုရား၊
အဟံ - အကျွန်ုပ် သည်၊
မာနုသံအာယုံ - လူ့အသက်ကို၊
ဟိတွာန - စွန့်၍၊
မာနုသာ ကာယာလူ့ရုပ်နာမ် အပေါင်း လူ့ဘဝမှ၊
စုတော - ရွေ့လျော စုတေ သေရသည်ရှိသော်၊
ဝါ - သေရသောအခါ၌၊
ဒေဝလောကမှီတာဝတိံသာ - နတ်ပြည်လောက၌၊
ဥတ္တမော ဒေဝေါ - မြတ်သော သိကြားနတ်မင်းသည်၊
ပုန ဘဝိဿာမိ - တစ်ဖန် ဖြစ်ရပါမည်အရှင်ဘုရား တဲ့။

အဲဒီမှာ ဒေဝလောကမှိ - နတ်လောက၌၊ ဥတ္တမော ဒေဝေါ - မြတ်သောနတ် - လို့ သာမညဆိုထားသော်လဲ အဋ္ဌကထာမှာ တာဝတိံသာနတ်ပြည်၌ သိကြားနတ်မင်း တစ်ဖန် ဖြစ်လိမ့်မယ်လို့ ဖွင့်ပြထားပါတယ်၊

အဲဒီတော့ လူ့ဘဝမှာ တစ်ဘဝထဲဆိုရင် တာဝတိံသာ နတ်လောကလိုပင် အဲဒီအခါ လူ့အသက်ကလဲ အသက်ရှည်တယ်လို့ ယူရမှာလို ဖြစ်နေပါတယ်၊ ဘာ့ကြောင့်လဲ ဆိုတော့ ဒီသိကြားမင်းက စုတေပြီး လူ့ဘဝရောက်လာတဲ့အခါ နောက်ထပ် ဖြစ်လာတဲ့ သိကြားမင်းကလဲ လူတို့၏ နှစ်အရေအတွက်အားဖြင့် ၃၆-သန်း အသက်ရှည်ရမှာပဲ၊ အဲဒီ ဒုတိယ သိကြားမင်းစုတေတဲ့အခါနဲ့ ယခုပြောနေတဲ့ သိကြားမင်းက ဖြစ်လာတဲ့လူ သေတဲ့အခါ ကိုက်ညီနေသင့်သောကြောင့်ပါပဲ။

တစ်နည်းအားဖြင့် ဆိုရင်တော့ သောတာပန်သိကြားမင်းက ဖြစ်လာတဲ့ လူဟာ တစ်ဘဝတည်း မဟုတ်ဘဲ ဘဝပေါင်း များစွာရင်လဲ ဖြစ်သင့်ပါတယ်၊ အဲဒီလိုဆိုတော့ ခုနစ်ဘဝယူပုံက ဘယ်လိုလဲဆိုရင် - အနာဂါမ်မှာ တစ်ဘဝတည်း ဖြစ်တယ် ဆိုတာလို ယူဖို့ပါပဲ၊

အနာဂါမ်ဟာ သုဒ္ဓါဝါသငါးဘုံမှာ ငါးဘဝအထိ ပဋိသန္ဓေအားဖြင့် ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ကာမဘဝအရူပဘဝတို့နှင့် မရောဘဲ ရူပဘဝချည်းဖြစ်သောကြောင့် တစ်ဘဝတည်းလို့သာ ဆိုရပါတယ်၊ အဲဒါလိုပင် နတ်ဘဝနှင့် မရောဘဲ လူ့ဘဝ ချည်းသာ ဖြစ်သောကြောင့် ပဋိသန္ဓေအားဖြင့် ဘဝတွေများပေမယ့် တစ်ဘဝတည်း လို့သာ ဆိုသင့်ပါတယ်၊ အဲဒါဟာ ဒုတိယသိကြားမင်း၏ နတ်သက်နှင့် ကိုက်ညီအောင် လူ့ဘဝတွေကို များစွာယူသင့်ပုံပါပဲ။

ယခု ပြောခဲ့တဲ့အတိုင်း တောတာပန် သိကြားမင်းဟာ လူ့ဘဝက သကဒါဂါမ်လဲ ဖြစ်ခဲ့ပြီ၊ လူ့ဘဝက သေတဲ့အခါ သိကြားမင်းလဲ တစ်ဖန် ဖြစ်မယ်ဆိုတာကို သိရတဲ့အတွက်လဲ ဝမ်းမြောက်ရပါတယ်တဲ့၊ အဲဒါဟာ ဝမ်းမြောက်ရခြင်း၏ ပဉ္စမ အကြောင်းပါပဲ၊ ဆဋ္ဌမအကြောင်းကတော့

၆။ တေ ပဏီတတရာ ဒေဝါ၊
အကနိဋ္ဌာ ယသဿိနော။
အန္တိမေ ဝတ္တမာနမှိ၊
သော နိဝါသော ဘဝိဿတိ။

ယေ ဒေဝါ - အကြင်နတ်တို့သည်၊
ယသဿိနော - များသော အခြံအရံလဲ ရှိကုန်၏၊
အကနိဋ္ဌာ - မြင့်မြတ် ကြီးကျယ်သော အသက်ဘုန်းကံ စသည်တို့နှင့် ပြည့်စုံ သောကြောင့် အကနိဋ္ဌလည်း မည်ကုန်၏၊
တေ ဒေဝါ - ထိုနတ်တို့သည်၊
ပဏီတတရာ - အမြတ်ဆုံးလည်း ဖြစ်ကုန်၏၊
အန္တိမေ - အဆုံးစွန် ဘဝသည်၊
ဝတ္တမာနမှီ - ဖြစ်လတ်သော်၊
သော - ထိုအကနိဋ္ဌဘုံသည်၊
မေ - အကျွန်ုပ် ၏၊
နိဝါသော - နေရာသည်၊
ဘဝိဿတိ - ဖြစ်ပါလလ္လံ့တဲ့။

အကနိဋ္ဌဘုံဆိုတာ သုဒ္ဓါဝါသငါးဘုံထဲက အထက်ဆုံးဘုံပဲ၊ ဒါကြောင့် ဒေဝါ - နတ်တို့ လို့ ဆိုပေမယ့် ဗြဟ္မာတွေကို ဆိုတာပါပဲ၊ အဲဒီ အကနိဋ္ဌဗြဟ္မာတွေမှာ အခြံအရံ များတယ်ဆိုတော့ အဲဒီဘုံမှာ ဗြဟ္မာတွေ များစွာရှိနေတယ်လို့ ဆိုရမှာပဲ၊ သိကြားမင်းဟာ လူ့ဘဝက သကဒါဂါမ်ဖြစ်လာခဲ့တယ်၊ အဲဒီ သိကြားဘဝမှာ အနာဂါမ် ဖြစ်ပြီးတော့ သုဒ္ဓါဝါသငါးဘုံထဲက အောက်ဆုံးဖြစ်တဲ့ အဝိဟာဘုံမှာ ဖြစ်မယ်၊

အဲဒီကနောက် အတပ္ပါဘုံမှာ၊ အဲဒီကနောက် သုဒဿာဘုံမှာ၊ အဲဒီကနောက် သုဒဿီဘုံမှာဖြစ်မယ်၊ အဲဒီကစုတေတဲ့အခါ အကနိဋ္ဌဘုံ၌ ဖြစ်ရမယ်၊ အဲဒီဘုံမှာ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံဝင်ရမယ်၊ ဒါကြောင့် အဆုံးစွန်ဘဝမှာအကနိဋ္ဌဘုံဟာ သူ့နေရာဘဝဖြစ်ရမယ်ဆိုတာ သိမြင်ပြီး ဝမ်းမြောက်ရပါတယ်တဲ့၊ အဲဒီ အကြောင်း အရာဖွင့်ပြထားတဲ့ အဋ္ဌကထာက ဗဟုသုတအဖြစ် မှတ်သားရအောင် ပါဠိအနက် ဖော်ပြပါဦးမယ်။

ကိရ - တစ်ဆင့် ကြားသိရသည်မှာ၊
အယံ - ဤသိကြားမင်းသည်၊
တတော သက္ကတ္တဘာဝတော - ထိုသိကြားမင်း၏၊
အတ္တသော - သိကြားမင်းဘဝမှ၊
စုတေ - စုတေ လတ်သော်၊
တသ္မိံ အတ္ထဘာဝေ အနာဂါမိမဂ္ဂဿ ပဋိလဒ္ဓတာ - ယင်းကြားဘဝ၌ပင် အနာဂါမိ မဂ်ကို ရခြင်းကြောင့်၊
ဥဒ္ဓံသောတော အကနိဋ္ဌဂါမီဟုတွာ - ဥဒ္ဓံသောတအကနိဋ္ဌဂါမီ ပုဂ္ဂိုလ်ဖြစ်လတ်၍၊

အဝိဟာ အစရှိသော အောက်ဘုံများ၌ ရဟန္တာမဖြစ်သေးဘဲ အထက်ဘုံများသို့ ငါးဘဝအထိ အစဉ်အတိုင်း တက်ရောက်ဖြစ်လတ်ပြီး အကနိဋ္ဌဘုံကျမှ ရဟန္တာ ဖြစ်မည့်အနာဂါမ်ကို ဥဒ္ဓံသောတ (အထက်ဆန်ဘဝအယဉ်ရှိသော) အကနိဋ္ဌဂါမီ (အကနိဋ္ဌဘုံသို့ တက်သွားသူ) လို့ ဆိုပါတယ်၊

အဝိဟာဒီသု နိဗ္ဗတ္တန္တော - အဝိဟာ စသော အောက်လေးဘုံတို့၌ ဖြစ်လျက်၊
အဝသာနေ - နောက်ဆုံး၌၊
အကနိဋ္ဌေ - အကနိဋ္ဌဘုံ၌၊
နိဗ္ဗတ္တိဿတိ - ဖြစ်လတံ့၊
တံသန္ဓာယ - ထိုသို့ဖြစ်မည်ကို ရည်၍၊
ဧဝံ - နောက်ဆုံးဘဝ ဖြစ်လတ်သော် ထိုအကနိဋ္ဌဘုံသည် အကျွန်ုပ် ၏ နေရာ ဖြစ်ပါလတ္တံ့ ဟူ၍ ဤသို့၊
အာဟ - ဆိုပေသည်၊
ကိရ - တစ်ဆင့်ကြားသိရသည်မှာ၊
အဝိဟေသု - အဝိဟာဗြဟ္မာတို့၌၊
ဝါ - အဝိဟာဘုံ၌၊
ကပ္ပသဟဿံ ဝသိဿတိ - ကမ္ဘာတစ်ထောင်ပတ်လုံး နေရလတ္တံ့၊
အတပ္ပေသု - အတပ္ပာဘုံ၌၊
ဒွေ ကပ္ပသဟဿာနိ - ကမ္ဘာနှစ်ထောင်ပတ်လုံး နေရလတ္တံ့၊
သုဒဿေသု - သုဒဿာဘုံ၌၊
စတ္တာရိ ကပ္ပသယဿနိ - ကမ္ဘာလေးထောင်ပတ်လုံး နေရရလတ္တံ့၊
သုဒဿီသု - သုဒဿီဘုံ၌၊
အဋ္ဌ - ကမ္ဘာရှစ်ထောင်ပတ်လုံး နေရလတ္တံ့၊
အကနိဋ္ဌေသု - အကနိဋ္ဌဘုံ၌၊
သောဠသ - ကမ္ဘာတစ်သောင်းခြောက်ထောင်ပတ်လုံး နေရလတ္တံ့၊
ဣတိ - ဤသို့အားဖြင့်၊
ဧကတိံ သကပ္ပသဟဿာနိ - ကမ္ဘာ သုံးသောင်းတစ်ထောင်ပတ်လုံး၊
ဗြဟ္မအာယုံ - ဗြဟ္မာ့အသက်ကို၊
အနုဘဝိဿတိ - ခံစားရပါလတ္တံ့တဲ့၊
ဟိ - မှန်ပေ၏၊
သက္ကော ဒေဝရာဇာ အနာထပိဏ္ဍိကော ဂဟပတိ ဝိသာခါ မဟာဥပါသိကာတိ - သိကြားနတ်မင်း, အနာထပိဏ်သေဋ္ဌေးကြီး, ဝိသာခါ ဥပါသိကာမကြီးဟူသော၊
တယောပိ ဣမေ - ဤသုံးယောက်လုံးတို့ပင်၊
ဧကပ္ပမာဏာယုကာဧဝ - အသက်အတိုင်းအရှည် ပမာဏတူကြသည်သာတည်း၊
ဝဋ္ဋာဘိရတသတ္တာ နာမ - ဝဋ်ထဲ၌ ပျော်မွေ့နေကြသော သတ္တဝါတို့မည်သည်၊
ဧတေဟိ - ဤသုံးဦးတို့နှင့်၊
သဒိသာ သုခဘာဂိနော နာမ - ချမ်းသာအဖို့ တူညီသူတို့မည်သည်၊
နတ္ထိ - မရှိကြပေတဲ့၊

(ဝဋ်ထဲမှာ ပျော်မွေ့နေတဲ့ သူတွေထဲက သိကြားမင်းရယ် အနာထပိဏ် သေဋ္ဌေးကြီးရယ် ဝိသာခါရယ် ဒီသုံးဦးဟာ အချမ်းသာဆုံးပဲ၊ ဒီသုံးဦးလောက် ချမ်းသာတဲ့ အခြားသူမရှိဘူးတဲ့။)

ခုတင်က ရွတ်ဆိုပြခဲ့တဲ့ ဂါထာအတိုင်း နောက်ထပ်သိကြားမင်းဖြစ်ပြီး အဲဒီဘဝမှာပင် အနာဂါမိမဂ်ဖိုလ်ရတဲ့အတွက် အဝိဟာစသော သုဒ္ဓါဝါသငါးဘုံမှာ အစဉ်အတိုင်း ဖြစ်သွားရမယ်၊ နောက်ဆုံး အကနိဋ္ဌဘုံရောက်တော့ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန် ဝင်စံရမယ်ဆိုတဲ့ ဒီအကြောင်းအရာကို မြော်မြင်ပြီးတော့လဲ ဝမ်းမြောက်ရပါတယ်တဲ့၊ အဲဒါဟာ ဝမ်းမြောက်ရခြင်း၏ ခြောက်ခုမြောက် အကြောင်းပါပဲတဲ့၊

အဲဒီအကြောင်း ခြောက်ပါးကို လျှောက်ထားပြီးတော့ သူ့မှာ ဖြစ်နေတဲ့ ယုံမှားကို ပယ်နိုင်ရန် သမဏအမည်ခံ ပုဂ္ဂိုလ်တွေကို ချဉ်းကပ်၍ မေးခဲ့ဖူးကြောင်း၊ သို့သော်လဲ ယင်း သမဏအမည်ခံ ပုဂ္ဂိုလ်တွေက မဖြေနိုင်ကြသည့်ပြင် သူတို့၏ မေးခွန်းများ ကိုပင် မိမိက ဖြေခဲ့ရကြောင်း လျှောက်ထားတယ်၊ အဲဒီလို လျှောက်ပြီးတော့ မြတ်စွာဘုရားကို ဖူးတွေ့ရမှ မြတ်စွာဘုရား၏တရားကို ကြားနာပြီး ယုံမှား ကင်းပုံကိုလဲ လျှောက်ထားပါတယ်၊ နောက်ဆုံးမှာ အောက်ပါ ၂-ဂါထာဖြင့်လဲ လျှောက်ပါတယ်။

ယံ ကရောမသိ ဗြဟ္မုနော၊
သမံ ဒေဝေဟိ မာရိသ။
တဒဇ္ဇ တုယှံ ကဿာမ၊
ဟန္ဒ သာမံ ကရောမ တေ။

မာရိသ - မြတ်စွာဘုရား၊
ဗြဟ္မုနော - ဗြဟ္မာမင်းအား၊
ယံ - အကြင် အရိုအသေပြုခြင်း ရှိခိုးခြင်းကို၊
ဒေဝေဟိ သမံ - နတ်တို့နှင့်တကွ၊
ကရောမသိ - ကရောမသေ - ပြုနေကြပါ၏၊

လူတွေက နတ်တွေကို အရိုအသေပြုကြ ရှိခိုးပြီး ဆုတောင်း ပူဇော်နေကြသလိုပင် နတ်တွေကလဲ ဗြဟ္မာဆိုတဲ့ ဘုရားသခင်ကို ရှိခိုးနေကြပါတယ်တဲ့၊

တံ - ထိုအရိုအသေပြုခြင်း ရှိခိုးခြင်းကို၊
အဇ္ဇ - ယနေ့ယခုအခါ၌၊
တုယှံ - အရှင်ဘုရားအားသာလျှင်၊
ကဿာမ - ပြုပါကုန်တော့အံ့၊
ဟန္ဒ - ယခု၊
တေ - အရှင်ဘုရားအား၊
သာမံ - ကိုယ်တိုင်၊
ကရောမ - ရှိခိုးခြင်းကို ပြုကြပါသည် အရှင်ဘုရားတဲ့။

တွမေဝ အသိ သမ္ဗုဒ္ဓေါ၊
တုဝံ သတ္ထာ အနုတ္တရော။
သဒေဝကသ္မိံ လောကသ္မိံ၊
နတ္ထိ တေ ပဋိပုဂ္ဂလော။

မာရိသ - မြတ်စွာဘုရား၊
တွမေဝ - အရှင်ဘုရားသည်သာလျှင်၊
သမ္ဗုဒ္ဓေါ - ကိုယ်ပိုင်ဉာဏ်ဖြင့်သိသော ဘုရားအစစ်သည်၊
အသိ - ဖြစ်ပါပေ၏၊
တုဝံ - အရှင်ဘုရားသည်၊
အနုတ္တရော - သာလွန်သူမရှိ - အမြတ်ဆုံးဖြစ်သော၊
သတ္ထာ - နတ် လူတို့အား အကျိုးများအောင် ညွှန်ကြားဆုံးမဟောပြတတ်သည့် ဆရာမြတ်အစစ်ဖြစ်ပါပေ၏၊
သဒေဝကသ္မိံ - နတ်ဗြဟ္မာတွေနှင့်တကွ လောကထဲ၌၊
တေ - အရှင်ဘုရား၏၊
ဝါ - အရှင်ဘုရားနှင့်၊
ပဋိပုဂ္ဂလော - ယှဉ်ပြိုင်ဘက် ပုဂ္ဂိုလ်သည်၊
နတ္ထိ - မရှိပါအရှင်ဘုရားတဲ့။

အဲဒီလို မြတ်စွာဘုရားအား ချီးကျူးလျှောက်ထားပြီးတော့ သိကြားမင်းက ပဉ္စသီခနတ်သားကို ဒီလို ချီးမြှောက် ပြောကြားပါတယ်။

တာတ ပဉ္စသီခ - ချစ်သားပဉ္စသိခ၊
တွံ - သင်သည်၊
မေ - ငါ့အား၊
ဗဟူပကာရော - ကျေးဇူးများသည်၊
အသိ - ဖြစ်ပါပေ၏၊
တွံ - သင်သည်၊
ဘဂဝန္တံ - မြတ်စွာဘုရားကို၊
ယံ ပသာဒေသိ - အကြင် ကြည်လင်စေ၏၊
ဝါ - ဖူးမြော်ခွင့်ရအောင် အကြင်ဆောင်ရွက်မှုကို ပြုပေ၏၊
တေန - ထိုသို့ ဆောင်ရွက်ပေးခြင်းကြောင့်တည်း၊
တာတ - ချစ်သားပဉ္စသိခ၊
တယာ - သင်က၊
ပဌမံ - ရှေးဦးစွာ၊
ပသာဒိတံ - ကြည်လင်စေအပ် ခွင့်ပန်အပ်ပြီးသော၊
တံ ဘဂဝန္တံ - ထိုမြတ်စွာဘုရားကို၊
မယံ - ငါသည်၊
ပစ္ဆာ - နောက်အခါမှ၊
ဒဿနာယ - ဖူးမြော်ခြင်းငှါ၊
အရဟန္တံ - ပူဇော်အထူးကို ခံတော်မူထိုက်သော၊
သမ္မာသမ္ဗုဒ္ဓံ - မြတ်စွာဘုရားကို၊
ဥပသင်္ကမိမှာ - ချဉ်းကပ်ရပါကုန်၏၊
တံ - သင့်ကို၊
ပေတ္တိကေ ဝါ ဌာနေ - ဖခင်အရာ၌မူလည်း၊
ဌပယိဿာမိ - ထားပါမည်၊
ဂန္ဓဗ္ဗရာဇာ - ဂန္ဓဗ္ဗနတ်တို့၏ မင်းသည်၊
ဘဝိဿသိ - ဖြစ်ရပါလိမ့်မည်၊
ဘဒ္ဒဉ္စသူရိယဝ စ္ဆသံ - သူရိယဝ စ္ဆသာမည်သော နတ်သမီး ရှင်မကလေးကိုလည်း၊
တေ - သင့်အား၊
ဒမ္မိ - ပေးပါ၏၊
ဟိ - ပေးသင့်ခြင်း၏ အကြောင်းကား၊
သာ - ထိုသူရိယဝ စ္ဆသာကို၊
တေ - သင်သည်၊
အဘိပတ္တိကာ - အလွန်ပင် တောင့်တအပ်လျက် ရှိပေသည် - တဲ့။

အဲဒီလို ပဉ္စသိခနတ်သားကို ချီးမြှောက်ပြောကြားပြီးတော့ သိကြားမင်းက မြေပြင်ကို လက်ဖြင့် သုံးသပ်ပုတ်ခတ်ပြီးတော့ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿလို့ သုံးကြိမ်တိုင်တိုင်ဆိုပြီး မြတ်စွာဘုရားကို အားရဝမ်းသာနဲ့ ရှိခိုးကန်တော့ပါသတဲ့၊ အဲဒီ နမော တဿ - ၏ အနက်ကတော့ -

အရဟတော - နတ်လူဗြဟ္မာသတ္တဝါအပေါင်းတို့၏ တောင့်တလိုလားအပ်သော ချမ်းသာကို ရကြစေရန် ပူဇော်အထူးကို ခံတော်မူထိုက်သော၊
သမ္မာသမ္ဗုဒ္ဓဿ - သစ္စာလေးတန် တရားမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် မှန်ကန်စွာ သိတော်မူသော၊
တဿဘဂဝတော - ထိုမြတ်စွာဘုရားအား၊
နမော - ရှိခိုးပါ၏၊
ဝါ - ရိုသေမြတ်နိုး လက်အုပ်မိုးလျက်ရှိခိုးခြင်းဖြစ်ပါ စေသတည်း။

အဲဒီလိုရှိခိုးရာမှာ မြေကြီးကိုလက်ဖြင့် ပုတ်ခတ်ပြီး ရှိခိုးတာကတော့ ငါဟာ ဒီမြေကြီးပေါ်မှာ ထိုင်နေလျက် တရားတော်ကို ကြားနာနှလုံးသွင်းပြီးတော့ သောတာပတ္တိမဂ်ဖိုလ် ဆိုတဲ့ အံ့ဖွယ်တရားထူးကို ရပါပေတယ်လို့ နှလုံးသွင်းပြီး ဝမ်းသာရတယ်၊ အဲဒီလို ဝမ်းသာပြီးတော့ ဒီကမ္ဘာမြေကြီးပေါ်မှာပင် ဒါလောက် အံ့ဖွယ်ကောင်းတဲ့ ဘုရားရတနာ ပွင့်ထွန်း ပေါ်ပေါက်တော်မူလာပါတယ်လို့ မဖြစ်စဖူး အထူးအနေဖြင့် အံ့ဩလျက် မြေကြီးကို လက်ဖြင့် ပုတ်ခတ်တာပါတဲ့။

သက္ကပဥှသုတ် တရားတော်ကတော့ ပြည့်စုံပါပြီ၊

ဒီတရားတော်ကို ကြားနာရင်းနှလုံးသွင်းရှုမှတ်သောအားဖြင့် သိကြားနတ်မင်းမှာ သောတာပတ္တိမဂ်ဖိုလ်ဉာဏ်ဖြစ်ပြီး သောတာပန်ဖြစ်သွားပါတယ်၊ သိကြားမင်း၏ အခြွေအရံဖြစ်တဲ့ ရှစ်သောင်းသော နတ်တွေလဲ သောတာပန်ဖြစ်သွားကြပါသတဲ့၊

ဒါကြောင့် ဒီသက္ကပဥှသုတ်တရားတော်ဟာ တရားနာသူ ရှစ်သောင်းကျော်တို့အား တရားထူးရစေတဲ့ သုတ်တရားတော်ဖြစ်ပါတယ်၊ ယခု ဒီသုတ်တရားတော်ကို နာကြားရသူ ဖတ်ရှုရသူတွေမှာလဲ ဒီတရားတော်ထဲက ညွှန်ပြထားတဲ့အတိုင်း နှလုံးသွင်း ရှုမှတ်ကြသောအားဖြင့် အရိယာမဂ်ဖိုလ်တရားကို ရဖို့ရာ အလွန်ပင် နီးစပ်ပါတယ်၊

ယခု တရားသိမ်းတော့မယ်၊ ဆောင်ပုဒ်များကို လိုက်ဆိုကြရမယ်။

မူလဆောင်ပုဒ်

ကာမဘုံသား နတ်လူများတို့ ကောင်းစားပြည့်ဝ ဘေးရန်ပလျက် အေးမြချမ်းသာ နေလိုပါလည်း ဣဿာမစ္ဆေ သူရှုပ်ပွေ၍ ထင်ခြေမကျ ဆင်းရဲရတည့် မူလဇာစ်မြစ် သူ့ကြောင်းစစ်သော် မုန်းချစ်အပ်သား အာရုံများနှင့် လိုလားတစ်လီ ကြံစည် တစ်တန် ချဲ့ရန်မှတ်စွဲ ခြေတည်လွဲ၍ ဆင့်ကဲဆင့်ကာ ဖြစ်ရိုးပါတည့် - ခြောက်ဖြာဒွါရ ထင်သမျှကို မှတ်ကြသဖြင့် မမှီသင့်ရှောင် မှီသင့်ဆောင်၍ မှန်အောင်ပြင်က လမ်းမှန်ရသည် - မုချချမ်းသာရေးပေသတည်း။

ခက်ဆစ်မှတ်ဖွယ်ဆောင်ပုဒ်များ

၁။ ဣဿာခေါ်ဆို၊ မနာလို ဝန်တို မစ္ဆေရ
၂။ ရှာ, ရ, သုံးချင်၊ သိမ်း, ပေးချင်၊ ငါးအင်လိုဆန္ဒ။
၃။ ဒိဋ္ဌိ, တဏှာ၊ မာနပါ၊ သုံးဖြာ ပပဉ္စ
၄။ ချဲ့နိုင်အောင် မှတ်စွဲထားမိ၍ ကြံစည်နိုင်သည်၊ ကြံစည်မိ၍ လိုလား နှစ်သက်သည်၊ လိုလားနှစ်သက်၍ ချစ်စရာ မုန်းစရာ ရှိသည်၊ ချစ်စရာ မုန်းစရာ တွေရှိနေ၍ မနာလိုမှု, ဝန်တိုမှုဖြစ်သည်၊ မနာလိုမှု ဝန်တိုမှုများရှိနေ၍ ဘေးရန်မကင်းဘဲ ဆင်းရဲဒုက္ခ ရောက်နေကြရသည်၊ သို့ဖြစ်၍ ဆင်းရဲဒုက္ခ မုချကင်းလိုလျှင် ချဲ့နိုင်အောင် မှတ်စွဲထားမှု (ပပဉ္စသညာ) ချုပ်ငြိမ်းသွားအောင် ကျင့်ရမည်။

ဝိပဿနာမဂ်, အရိယမဂ်အကျင့် မေးဖြေ ဆောင်ပုဒ်များ

၅။ ဘယ်သို့ကျင့်က၊ ပပဉ္စ၊ လုံးဝချုပ်သနည်း။
၆။ မှီဝဲသင့်တာ၊ မသင့်တာ၊ ဝမ်းသာ နှစ်မျိုးတည်း။
၇။ နှလုံးမသာ၊ ဥပေက္ခာ၊ ခွဲပါနည်းတူတည်း။
၈။ အကုသိုလ်ပွား၊ ပယ်ရှောင်ရှား၊ ကုပွားမှီဖို့တည်း။
၉။ ဤသို့ကျင့်က၊ ပပဉ္စ၊ လုံးဝချုပ်သတည်း။

ပါတိမောက္ခသံဝရမေးဖြေ ဆောင်ပုဒ်များ

၁။ ပါတိမောက္ခ - သံဝရ၊ ကျင့်ရ ဘယ်သို့နည်း။
၂။ မှီသင့်တစ်ခု၊ မသင့်ဟု၊ ကိုယ်မှု နှစ်မျိုးတည်း။
၃။ နှုတ်မှု ထို့တူ၊ သက်မွေးမြူ၊ နည်းတူ နှစ်မျိုးတည်း။
၄။ မမှီသင့်ပယ်၊ သီလနယ်၊ စင်ကြယ်ပါသတည်း။

ဣန္ဒြိယသံဝရမေးဖြေ ဆောင်ပုဒ်များ

၁။ ဣန္ဒြိယ - သံဝရ၊ သူက ဘယ်သို့နည်း။
၂။ အာရုံခြောက်ရပ်၊ မှီဝဲအပ်၊ မအပ် ကွဲသတည်း။
၃။ အကုသိုလ်ပွား၊ ပယ်ရှောင်ရှား၊ ကုပွားမှီဖို့တည်း။
၄။ သင့်ရာမှီတွယ်၊ မသင့်ပယ်၊ စောင့်ဖွယ်ကိစ္စပြီး။

နိဂုံးချုပ် အာသီသကထာ

သက္ကပဥှသုတ် တရားတော်ကို ရိုသေစွာ နာယူမှတ်သား ကြရသော ဓမ္မသဝန ကုသိုလ်ကံစေတနာတို့၏ အစွမ်း အာနုဘော်ကြောင့် ဆင်းရဲကြောင်းတရားတို့ကို ပယ်နိုင်ကြသည့်ပြင် မမှီသင့်တာဟူသမျှကို ပယ်ခွာ ရှောင်ကြဉ်ကြလျက် မှီသင့်တာ တွေကို ပြည့်စုံစွာ ကျင့်သုံး မှီဝဲကြ၍ ဝိပဿနာဉာဏ် အစဉ်အတိုင်း ဖြစ်ပွားပြီးလျှင် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို လျင်မြန်စွာ ဆိုက်ရောက်လျက် မျက်မှောက် ပြုနိုင်ကြပါစေ။

သာဓု ... သာဓု ... သာဓု။

သက္ကပဥှသုတ်တရားတော် ဤတွင်ပြီး၏။