မာတိကာသို့ ခုန်သွားရန်

သစ္စတ္ထဒီပနီကျမ်း

ဝီကီရင်းမြစ် မှ

သစ္စတ္ထဒီပနီကျမ်း

သစ္စာအနက် ၁၆-ချက်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

စတုသစ္စဝိနိမုတ္တာ ဒေသနာနာမ နတ္ထိ” ဟူသည်နှင့်အညီ ဘုရားမြတ်စွာ၏ ဒေသနာဟူသမျှသည် သစ္စာလေးပါးမှ လွတ်သော မည်သည်မရှိ၊ သစ္စာလေးပါးသို့သာ ကိုင်းကြရှိုင်းကြရကား သာသနာ တော်မြတ်၌ သစ္စာလေးပါးတရားသည် အထွတ်အမြတ် အချက် အချာဖြစ်ခဲ့၍ အလွန်စွဲမြဲခြင်းငှါထိုက်လှသော သစ္စာအနက် တစ်ဆယ့် ခြောက်ချက်ကို အနက်အဓိပ္ပါယ်နှင့်တကွ သိသာရုံသာ ပြဆိုအံ့။

၁။ ဒုက္ခဿ ပီဠနဋ္ဌော၊ သင်္ခတဋ္ဌော၊ သန္တာပဋ္ဌော၊ ဝိပရိဏာမဋ္ဌော

၂။ သမုဒယဿ အာယူဟနဋ္ဌော၊ နိဒါနဋ္ဌော၊ သံယောဂဋ္ဌော၊ ပလိဗောဓဋ္ဌော

၃။ နိရောဓဿ နိဿရဏဋ္ဌော၊ ပဝိဝေကဋ္ဌော၊ အမတဋ္ဌော၊ အသင်္ခတဋ္ဌော

၄။ မဂ္ဂဿ နိယျာနဋ္ဌော၊ ဟေတုဋ္ဌော၊ ဒဿနဋ္ဌော၊ အာဓိပတေယျဋ္ဌော


(၁) ဒုက္ခအနက် ၄-ချက်

* ဒုက္ခဿ=ဒုက္ခသစ္စာ၏၊ ပီဠနဋ္ဌော=နှိပ်စက်အပ်သော သဘော, နှိပ်စက်တတ်သောသဘော, နှိပ်စက်ခြင်းသဘော လည်းတစ်ပါး။

* သင်္ခတဋ္ဌော=အဖန်ဖန်ပြုစု ပျိုးထောင်အပ်သော သဘော လည်း တစ်ပါး၊

* သန္တာပဋ္ဌော=အဖန်ဖန် ပူလောင်စေတတ်သောသဘော, ပူပန်စေ အပ်သောသဘော, ပူပန်ခြင်းသဘောလည်း တစ်ပါး၊

* ဝိပရိဏာမဋ္ဌော=ဖရိုဖရဲ ဖောက်လှဲဖောက်ပြန်ဖြစ်တတ်သော သဘောလည်း တစ်ပါး။

ဒုက္ခအနက် ၄-ချက်ပြီး၏။


-----------------


(၂) သမုဒယအနက် ၄-ချက်

* သမုဒယဿ=သမုဒယသစ္စာ၏၊ အာယူဟနဋ္ဌော=ဒုက္ခဝတ္ထု ဒုက္ခမှုတို့ကို စုဆောင်းဆည်းပူးတတ်သော သဘောလည်း တစ်ပါး။

* နိဒါနဋ္ဌော=ဒုက္ခဝတ္ထု ဒုက္ခမှုတို့ကို တစ်ရံမစဲ အမြဲပေးအပ် ဆောင်နှင်းတတ်သော သဘောလည်းတစ်ပါး။

* သံယောဂဋ္ဌော=ဒုက္ခဝတ္ထု ဒုက္ခမှုတို့နှင့်သာ လွန်စွာယှဉ်တွဲ တတ်သော သဘောလည်းတစ်ပါး။

* ပလိဗောဓဋ္ဌော=ဒုက္ခလက်မှ မထွက်ရအောင် နှောင့်ယှက် တားမြစ်တတ်သော သဘောလည်းတစ်ပါး။

သမုဒယအနက် ၄-ချက်ပြီး၏။


------------


(၃) နိရောဓအနက် ၄-ချက်

* နိရောဓဿ=နိဗ္ဗာန်၏၊ နိဿရဏဋ္ဌော=ဒုက္ခဝဋ်မှ ကျွတ် လွတ် ထွက်မြောက်သော သဘောလည်းတစ်ပါး၊

* ပဝိဝေကဋ္ဌော=ဒုက္ခအနှောင့်အယှက်မှ ဆိတ်ငြိမ်သော သဘောလည်း တစ်ပါး၊

* အသင်္ခတဋ္ဌော=ပြုစုပျိုးထောင်မှုမှ ကင်းလွတ်သော သဘော လည်းတစ်ပါး၊ အမတဋ္ဌော=အိုခြင်း နာခြင်း သေခြင်းမှ ကင်းလွတ်သော သဘောလည်းတစ်ပါး။

နိရောဓအနက် ၄-ချက်ပြီး၏။


-------------


(၄) မဂ္ဂအနက် ၄-ချက်

* မဂ္ဂဿ=မဂ္ဂင်ရှစ်ပါး၏၊ နိယျာနဋ္ဌော=ဝဋ်မှ ဆန်တက် နိဗ္ဗာန်ဘက်သို့ ထွက်ကြောင်းရောက်ကြောင်း လမ်းကောင်း အစစ်အမှန်ဖြစ်သော သဘောလည်း တစ်ပါး။

* ဟေတုဋ္ဌော=လောကုတ္တရာ မြတ်စွာအထူး ဂုဏ်ကျေးဇူး အပေါင်းတို့၏ ကောင်းစွာခိုင်ကြည် တည်ကြည်ခြင်းကိစ္စကို ပြီးစေနိုင်သောသဘောလည်း တစ်ပါး။

* ဒဿနဋ္ဌော=အနမတဂ် ဘဝစက်ဝယ် အိပ်မက်တွင်မျှ မမြင် စဖူး အထူးအချွန် အလွန်မြတ်လှ နိဗ္ဗာနကို လဝန်းနေဝန်း ပေါ်တက်ထွန်းသို့ ရွှန်းရွှန်းမြိုင်မြိုင် မြင်စွမ်းနိုင်သော သဘောလည်းတစ်ပါး။

* အာဓိပတေယျဋ္ဌော=အဓိသီလ စိတ္တ ပညာ သိက္ခာသုံးခု ရဟန်းမှုတွင် သူ့ပြင်မရှိ ကြီးဘိတုလွတ် အထွတ်အထိပ် ဖြစ်သော သဘောလည်း တစ်ပါး။

မဂ္ဂအနက် ၄-ချက်ပြီး၏။


---------------

အာယတန ၁၂-ပါး၌ သစ္စာလေးပါးဖွဲ့ပုံ

စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မနော, အဇ္ဈတ္တိကာယတန ခြောက်ပါး။

ရူပ, သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗ, ဓမ္မ, ဗာဟိရာယတန ခြောက်ပါး။

ဓမ္မမှာ စေတသိက် ဒွေပညာသ, သုခုမရုပ်သောဠသ, နိဗ္ဗာန်ကို ယူ။

စေတသိက် ဒွေပညာတွင် လောဘသည် သမုဒယသစ္စာမည်၏။

လောကုတ္တရာမဂ်စိတ် လေးခုမှာရှိသော ပညာ, ဝိတက်, သမ္မာ ဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယမ, သမ္မာသတိ, သမ္မာသမာဓိ ဤ စေတသိက်ရှစ်ခုသည် မဂ္ဂသစ္စာမည်၏။

နိဗ္ဗာန်သည် နိရောဓသစ္စာမည်၏။

ကြွင်းသော လောကီဓမ္မစုနှင့်တကွ အာယတနတစ်ဆယ့်နှစ်ပါး သည် ဒုက္ခသစ္စာ မည်၏၊

အာယတနကို မူတည်၍ သစ္စာလေးပါး အကျဉ်းခွဲနည်း

ဤ၌ကား လူများတို့ သိနိုင်ရန် စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မနောနှင့် ဒါန သီလ ဘာဝနာသုံးပါးကို ဒုက္ခသစ္စာအခန်းတွင် ဖော်ဆို မည်။


အရိယသစ္စာ

အရိယသစ္စာ ဆိုသည်ကား တစ်ခါတစ်ရံမှ ဖောက်ပြန်ခြင်းမရှိ သော အမှန်ချည်းဆိုလိုသည်။


အမှန် နှင့် အမှား

နှိပ်စက်, ပြုပြင်, ပူပင်, ဖောက်လှဲ, ဒုက္ခမြဲ

ဤသဘော လေးချက်ရှိသော တရားဖြစ်ခဲ့လျှင် ဒုက္ခသာအမှန်၊ သုခဆိုလျှင် အမှား။

ကျွတ်လွတ်, ဆိတ်ကွေ, မသေ, မပြု, သုခအမှန်

ဤသဘော လေးချက်ရှိသော တရားသည်သာ ဒုက္ခငြိမ်းမှု သုခအမှန်၊ သည်မှတစ်ပါး ဒုက္ခငြိမ်းမှု သုခအမှန်ဟူ၍ မရှိ။

ဆည်းပူး, နှင်းဆောင်, ဖွဲ့နှောင်, နှောင့်ယှက်, အချက် လေးပါး, ဒုက္ခပွါး

ဤသဘော လေးချက်ရှိသော တရားသည် ဒုက္ခကိုသာ ပွါးစေတတ်သည် အမှန်၊ သုခကို ပွားစေတတ်သည်ဆိုလျှင် အမှား။ “ထွက်မြောက်, တည်ခိုင်, မြင်နိုင်, ကြီးကဲ, သူ့လမ်းမြဲ

ဤသဘော လေးချက်ရှိသော တရားသည်သာ ဒုက္ခငြိမ်းလမ်း သုခ ဆိုက်လမ်း အမှန်၊ သည်မှတစ်ပါး ဒုက္ခငြိမ်းလမ်း ဟူ၍မရှိ။

ဤကဲ့သို့သောအရာ၌ စက္ခုဆိုလျှင် ပသာဒစက္ခုနှင့်တကွ သမ္ဘာရ စက္ခုကို သိလေ။

ဒုက္ခသစ္စာအနက် ၄-ချက် ရှင်းချက်

စက္ခုသည် ဘယ်သဘောရှိသနည်း စစ်။

နှိပ်စက်, ပြုပြင်, ပူပင်, ဖောက်လှဲ, ဒုက္ခမြဲ” ဤသဘောရှိ၏ ဤသဘော ရှိခဲ့လျှင် စက္ခုကို ဒုက္ခဟုမြင်မှ အမှန်၊ ခင်ဖွယ် မက်ဖွယ် မြင်လျှင် အမှား။

နှိပ်စက်, ပြုပြင်, ပူပင်, ဖောက်လှဲ”ဟူသော ဒုက္ခသဘော လေးချက်တွင် စက္ခုမှာ နှိပ်စက်မှုအဘယ်နည်း။

စက္ခု၏ နှိပ်စက်မှုဒုက္ခ။ ။ဆင်းရဲသူမ တစ်ယောက်မှာ ကိုယ်တွင်းရောဂါ ကြီးလှစွာသော သားငယ် နှစ်ယောက် ပြိုင်ဖွား၏၊ ရောဂါက သားငယ်တို့ကို နှိပ်စက်၏၊ သားငယ်တို့က အမိဆင်းရဲသူမကို နှိပ်စက်၏၊ ရောဂါသည် ထိုဆင်းရဲသူမ၏ ဝမ်းတွင်း၌ ပဋိသန္ဓေ ကပ်ခြင်းသည် ဆင်းရဲသူမကို နှိပ်စက်ခြင်းပင်ဖြစ်၏၊ ဤအတူ ဇာတိဘေး က စက္ခုကိုနှိပ်စက်၏၊ စက္ခုက မိမိမှီရာပုဂ္ဂိုလ်ကို နှိပ်စက်၏၊ ဇာတိဒုက္ခ ရှိသော စက္ခု၏ ပုဂ္ဂိုလ်သန္တာန်၌ ဖြစ်ပေါ်လာခြင်းသည် ပုဂ္ဂိုလ်ကို နှိပ်စက်ခြင်းပင်ဖြစ်၏။

ဆင်းရဲသူမမှာ အမြွာမွေး သားငယ်နှစ်ယောက်ကို သုတ်သင်မှု, ပြုစုမှု, ကျွေးမွေးမှု, စောင့်ရှောက်မှုနှင့် နေ့စဉ်အတိုင်း ပူပန်ပင်ပန်းရသည် ကို နှိပ်စက်မှု ဆိုသည်၊ စက္ခုမှာလည်း သုတ်သင်မှု, ပြုစုမှု, ကျွေးမွေးမှု, စောင့်ရှောက်မှုနှင့် ပူပန်ပင်ပန်းရသည်ကို နှိပ်စက်မှုဆိုသည်။

စက္ခုမှာ ဇာတိဘေး ဆိုသည်ကား မျက်လုံးမှာရှိသော သလိပ် သည်းခြေ သွေးလေပျက်မှုကြောင့် မျက်လုံးမှာ ရောဂါအမျိုးမျိုး ဖြစ်ပေါ်မှု သည်လည်းကောင်း၊ ဗဟိဒ္ဓမှ နာလောက် ကျင်လောက် ဖောက်ပြန် ပျက်စီးလောက်သော ဥပဒ်ဒဏ်ချက်ထိပါး၍ မျက်လုံးမှာ အနာဥပဒ် ဖြစ်ပေါ်မှုသည်လည်းကောင်း စက္ခုမှာ ဇာတိဘေးမည်၏။

အဇ္ဈတ္တမှလည်းကောင်း၊ ဗဟိဒ္ဓမှလည်းကောင်း၊ လှုံ့ဆော်သော ဝိရောဓိ အကြောင်းဆိုက်တိုက်လာခဲ့သည်ရှိသော် စက္ခုမှာ ထိုဇာတိဘေး မဖြစ်နိုင်သော နာရီဟူ၍ မရှိ၊ ခဏဟူ၍ မရှိ၊ ဘယ်နာရီမှာမဆို ဘယ် ခဏမှာမဆို ထိုဇာတိဘေး ဖြစ်နိုင်သည်သာ ဖြစ်၏၊ ဖြစ်ခွင့်ဖြစ်လမ်းစုကို ရှောင်ကြဉ်မှု စောင့်ရှောက်မှုတို့ဖြင့် စက္ခုအတွက်များစွာ ကျဉ်းမြောင်း ကျပ်တည်းကြ၏၊ စက္ခုကို ကိုယ်အင်္ဂါတစ်ခုပြု၍ နေကြသမျှ ကာလ ပတ်လုံး ဆိုခဲ့ပြီးသော စက္ခုဇာတိဘေးကိုလည်း ကိုယ်အင်္ဂါပြု၍ နေကြသည်သာဖြစ်၏။

ဤကား ဇာတိဘေးအတွက်နှင့် စက္ခု၏ နှိပ်စက်မှု မြဲပုံတည်း။

ဇရာဘေးအတွက်, မရဏဘေးအတွက်, သောကဘေးအတွက်, ပရိဒေဝဘေးအတွက်, ဒုက္ခဘေးအတွက်, ဒေါမနဿဘေးအတွက်, ဥပါယာသဘေးအတွက်နှင့် စက္ခု၏နှိပ်စက်မှုတို့ကိုလည်း နေရာကျ ဆိုလေ။

ကြည်လင်ရွှင်လန်း အေးချမ်းစွာနေသော စက္ခုမှာ ပြဆိုခဲ့ပြီးသော ဝိရောဓိ အကြောင်းဆိုက်တိုက်လာလျှင် ဘယ်အခါမဆို ကြည်လင်မှု ရွှင်လမ်းမှု အေးချမ်းမှု ဆုတ်ယုတ် ကွယ်ပျောက်နိုင်သည်ကား ဇရာဘေး မရဏဘေး သင့်ချက်ပေတည်း။

စက္ခုအတွက်နှင့် စိတ်ပူခွင့်ဆိုက်၍ စိတ်ပူမှု, ငိုခွင့်ဆိုက်၍ ငိုရမှု, ကျင်နာခွင့် ဆိုက်၍ ကြင်နာရမှု, နှလုံးမသာခွင့်ဆိုက်၍ နှလုံးမသာရမှု, အရှိုက်တငင် ပင်ပန်းခွင့်ဆိုက်၍ ပင်ပန်းရမှုသည် စက္ခုမှဖြစ်သော ဘေးစု သည်သာတည်း။

ပီဠနဋ္ဌအမြွက်ပြပြီး၏။


စက္ခု၌ပြုပြင်မှု ဒုက္ခ။ ။။ သဘောလေးချက်တွင် စက္ခုမှာ ပြုပြင်မှု အဘယ်နည်း။

စက္ခုသည် အနိစ္စမျိုးဖြစ်ခဲ့၏၊ ဘဝများစွာ ကမ္ဘာအဆက်ဆက် ဆည်းပူး သော်လည်း အပျက်အဆုံးမရှိသော နိစ္စစက္ခုဟူ၍ ပေါ်လာရိုး မရှိ၊ ဗြဟ္မာ့စက္ခုကို ရလို၍ စျာန်သမာပတ်ကိစ္စနှင့် တစ်ဘဝအပင်ပန်းခံ နိုင်ပါလျှင် ဗြဟ္မာ့စက္ခုကို တစ်ဘဝသာ ရ၏။

ဗြဟ္မာ့စက္ခု ပြုပြင်မှု ဒုက္ခ။ ။ထိုဗြဟ္မာ့ဘဝဆုံးလျှင် ထိုစက္ခုလည်း ပျက်ဆုံးလေ၏၊ ရှေးဘဝ၌ တောထွက်၍ စျာန်ကို ရအောင် အပင်ပန်းခံမှု ရပြီးသောစျာန်ကို ပွားများမှု, မပျောက် မပျက်အောင် စောင့်ရှောက်မှုတို့နှင့် တစ်ဘဝလုံး အပင်ပန်းခံခဲ့ရသော သင်္ခါရဒုက္ခမှုတို့သည် ထိုဘဝဗြဟ္မာ့ စက္ခုပျက်ဆုံးရာတွင် တစ်လုံးတည်း ပါလေကုန်၏။

နေ့တွက်နှင့်လုပ်သော ကူလီမှုနှင့်တူ၏၊ တစ်နေ့လုံး အပင် အပန်းခံနိုင်လျှင် ပိုက်ဆန်တစ်မတ် သုံးမူးရ၏၊ တစ်နေ့လုံး အပင်ပန်း ခံရသော ဗျာပါရမှုတို့သည် ထိုပိုက်ဆန်ကို သုံးစွဲ၍ ကုန်ဆုံးရာတွင် တစ်လုံးတည်းဆုံးလေ၏၊ ပိုက်ဆန်ကို လိုချင်ပြန်လျှင် တစ်ဖန်လုပ်ပြန်မှ ရတော့သည်။

တေဘူမက သုခအကျိုးငှါ အားထုတ်သော အမှုတို့မည်သည် ဤကူလီမှုတို့ကဲ့သို့ တစ်နပ်စာမှုတို့သာတည်း၊ ထိုကြောင့်အနမတဂ္ဂ သံသရာတွင် စျာန်သမာပတ်ကို ရသောဘဝလည်း အနန္တ၊ ဗြဟ္မာဖြစ်ခဲ့ သော ဘဝလည်းအနန္တ ထိုစျာန် ထိုဘဝတို့ကို ယခုအိပ်မက်မက်ဖို့မျှ စမ်းထားရှာဖွေမရ ရှိကြလေသည်၊ ထိုဗြဟ္မာ့စက္ခုသည် ရှေးဘဝ၌ တင်ကူး၍ စျာန်သမာပတ်ကို အထမြောက်အောင် လုပ်ဆောင်နိုင်မှသာ နောက်ဘဝ၌ ဖြစ်ပေါ်လာမြဲဖြစ်၍ သင်္ခတဓမ္မ မည်၏၊ ပြုပြင်မှု ဒုက္ခမြဲ၏။

စျာန်သမာပတ်ကို အထမြောက်အောင် လုပ်ဆောင်အားစိုက် ရခြင်းဟူသော သင်္ခါရဒုက္ခဘေးနှင့် ထိုပုဂ္ဂိုလ်ကို အမြဲနှိပ်စက်၏၊ ထို စက္ခုကို အလိုရှိလျှင် ထိုသင်္ခါရဒုက္ခဘေးကို ရှေးတစ်ဘဝလုံး မချိမဆံ့ ခံရ၏။

စျာန်ကုသိုလ်လည်း အနိယတဓမ္မ ထိုစက္ခုလည်း အနိယတဓမ္မ ဖြစ်ခဲ့ကြ၍ စျာန်ကို အားထုတ်မှုတစ်ဘဝ ထိုစက္ခုကို ရမှုတစ်ဘဝ ဤသို့ အနမတဂ္ဂပင် ဘဝများသော်လည်း နိစ္စစက္ခုဟူ၍ ပေါ်လာရိုးမရှိ၊ ဤ ကဲ့သို့ နိစ္စမရှိသော တရားတို့အတွက်နှင့် ထိုတရားတို့၏အကျိုးငှါ ပြုပြုသမျှသော ကာယကံမှု ဝစီကံမှု မနောကံမှုတို့သည် သင်္ခါရဒုက္ခမှု သက်သက်တို့သာတည်း။

လောကီကုသိုလ်စျာန် အနိစ္စမျိုး။။ထိုစက္ခု၏ အကြောင်း ဖြစ်သော ကုသိုလ်စျာန်သည်လည်း ရရှိသော လူ့စည်းစိမ် လူ့သုခ ဉာတိ မိတ္တတို့ကို စွန့်မှုဒုက္ခ, တောတောင်အရပ်တွင် ငြိုငြင်စွာ ခြိုးခြံ၍ နေမှုဒုက္ခ, နေ့နေ့ညဉ့်ညဉ့်မနေမနား အားထုတ်မှုဒုက္ခ ဤဒုက္ခတို့ကို ခံနိုင်မှ စျာန် တရားကိုရသည်။

ရပြန်လျှင်လည်း စျာန်တရားမည်သည် အနည်းငယ်မျှ အခွင့်နှင့်ပင် လွင့်ပါးပျောက်ကွယ်တတ်သော အနိစ္စဓမ္မဖြစ်ခဲ့၍ မရမီကာလက ထက်ပင် အသက်ထက်ဆုံး ကောင်းစွာစောင့်ရှောက်ရသော ပရိဟရဏ ဒုက္ခ ဤကဲ့သို့ ဒုက္ခများစွာကိုခံနိုင်မှ ချောမောသောတရားဖြစ်သည်။ ချောမောပါမှ ဗြဟ္မာ့စက္ခုကို ပေးနိုင်သည်။ ပေးပြီးနောက် ထိုစက္ခု ပျက်ဆုံးရာတွင် ထိုစျာန်၏ အာနိသင်လည်း ကုန်ဆုံးလေ၏၊ ထိုပုဂ္ဂိုလ် သည် အပါယ်နခမ်းမှာ တည်မြဲတည်ပြန်၏၊ ထိုစျာန်ကို အသစ်တဖန် အားထုတ်ခွင့် ဆိုက်ပြန်၏၊ အားမထုတ်ခဲ့လျှင် အပါယ်သို့ မြုပ်မြဲ မြုပ်ပြန်၏။

ဤသို့လျှင် ထိုစျာန်ကုသိုလ်သည် တဒင်္ဂ တစ်နပ်စာမျှသော ချမ်း သာကိုပေး၍ ပျောက်ဆုံးခြင်းအလားရှိသောကြောင့် ထိုစျာန်တရားသည် လည်း နိစ္စမျိုး မဟုတ်၊ အနိစ္စမျိုးသာ အမှန်ဖြစ်၏၊ အားထုတ်၍ရ သော်လည်း အကျိုးမဲ့ ပျောက်ပျက်ခြင်းလျှင်အဆုံးရှိ၏၊ ရလိုရောက် လိုလျှင် တစ်ဖန်အားထုတ်ရပြန်၏၊ ရပြန်ရောက်ပြန်သော်လည်း အကျိုးမဲ့ ပျက်ဆုံးပါးလတ္တံ့သာ အမှန်ဖြစ်၏။

ထိုတရားကိုအားကိုး၍ ထိုတရားအကျိုးငှါ အားထုတ်သမျှ ကြောင့်ကြစိုက်ကြသမျှသော ကာယကံမှု ဝစီကံမှု မနောကံမှု ကုသိုလ်မှု အကုသိုလ်မှုတို့ကို အချည်းနှီး ပူပန်ပင်ပန်းရသော သင်္ခါရဒုက္ခဘေး ဆိုသည်။

တစ်နေ့ ပင်ပန်းစွာ လုပ်ဆောင်လျှင် ကုဋေတစ်ရာတန်သော အလုပ်တစ်ခုလည်း ရှိ၏၊ တစ်နေ့စာ တစ်မတ်ငွေမျှကိုရသော အလုပ် တစ်ခုလည်းရှိ၏။

တစ်နပ်စာ တစ်မတ်ငွေကို သာယာအားရ၍ ထိုအလုပ်နှင့်သာ နေခဲ့လျှင် တစ်သက်လုံး နေ့ရှိသမျှ ထိုအလုပ်ခွင်က ထွက်ရငြိမ်းရရန် စခန်းမရှိ။

ကုဋေတစ်ရာတန်သော အလုပ်ကိုရခဲ့လျှင် တစ်နေ့အပင်ပန်းခံ သည့်အတွက် တစ်သက်လုံးချမ်းသာ၏၊ ထိုအခါ နေ့ရက်စုသည် လိမ်မာ သောသူမှာ ငွေကုဋေတစ်ရာ တစ်ရာစီတန်၏၊ မလိမ်မာသောသူမှာ တစ်မတ်ငွေသာ တန်၏၊ တစ်မတ်ငွေကို သာယာ၍ ကုဋေ တစ်ရာ တစ်ရာတန်သောနေ့တွေကို အကုန်ဖြုန်း၏၊ တစ်မတ်ငွေ နေ့စဉ်ရသည့် အတွက် ကုဋေတစ်ရာငွေ နေ့စဉ် ဆုံးရှုံး၏။

အကြင်သူသည် တစ်မတ်ငွေကို သာယာ၏၊ ထိုသူကို တစ်မတ် ငွေသည် ကူလီလုပ်မှု သင်္ခါရဒုက္ခနှင့် တစ်ဘဝလုံးနှိပ်စက်၏၊ ကုဋေတစ်ရာ ငွေကို နေ့စဉ်အတိုင်း ဆုံးရှုံးစေ၏။

ကူလီအမှု ပမာပြု။ ။။အနိစ္စမျိုးဖြစ်သော စက္ခုသည် တစ်မတ်ငွေနှင့်တူ၏၊ ထိုစက္ခုကို သာယာ၍ အားထုတ်ကြသော ကာယကံမှု ဝစီကံမှု မနောကံမှု ကုသိုလ်မှု အကုသိုလ်မှုစုသည် ထိုကူလီ အလုပ်ငယ်မှုနှင့်တူ၏။

နိဗ္ဗာန်သည် ကုဋေတစ်ရာ ငွေချမ်းသာသော သူဌေးစည်းစိမ် နှင့်တူ၏။

ထိုနိဗ္ဗာန်ကို ရောက်စေနိုင်သော ကာယကံမှု ဝစီကံမှု မနောကံမှု ကုသိုလ်ဘာဝနာမှုသည် ထိုကူလီအလုပ်ကြီးနှင့်တူ၏၊ သံသရာ၌ ဘဝအဆက်ဆက်တွေသည် ထိုနေ့ရက်တွေနှင့်တူ၏၊ စက္ခုစသော အဇ္ဈတ္တခန္ဓာ၏ အကျိုးငှါအားထုတ် ကြိုးပမ်းမှုနှင့် ကုန်ခဲ့သော ဘဝအဆက်ဆက်တို့သည် မလိမ်မာသူ ကူလီယောကျ်ား ဖြုန်း၍ ပစ်သော နေ့ရက်တွေနှင့် တူကုန်၏။

ကြိုးပမ်းမှု အနမတဂ္ဂ ရှိပြီးဖြစ်ပါလျက် တစ်နပ်စာမှုတွေသာ ဖြစ်ခဲ့၍ ယခုလည်း နှလုံးအိမ်တွင်းမှာ ဒိဋ္ဌိ ဝိစိကိစ္ဆာဟူသော အပါယ်မျိုး ကြီးပွား စည်ပင်လျက် အပါယ်ဘေးတန်းလမ်း အဝီစိဘေးတန်းလန်း ရှိနေကြသော အမှုသည် တစ်မတ်တန်အလုပ်နှင့်သာလာခဲ့၍ အနှစ် တစ်ရာရှိသော်လည်း ကူလီအလုပ် မလွတ်မကျွတ်ရသည်နှင့်တူ၏၊ ထိုကူလီမှာ နေ့စဉ်ပင်ပန်း၍ အနှစ်တစ်ရာရှိသော်လည်း တစ်မူး တစ်မတ်မျှ အဖတ်ရှာ၍ မရသကဲ့သို့ အနမတဂ္ဂဘဝ အစဉ်ကြိုးပမ်းခဲ့ ပါလျက် ယခု သာသနာတွင် ကျွတ်ခွင့်မရသော ထိုကူလီယောက်ျား၏ တစ်သက်လုံး အားထုတ်လုပ်ဆောင်မှုတွေသည် အကျိုးမကြီး အချည်းနှီး သော သင်္ခါရဒုက္ခမှုစုသာတည်း။

ထို့အတူ စက္ခုစသော အနိစ္စဓမ္မတို့၏အကျိုးငှါ ပင်ပန်းကြရသော အမှုစုသည် အနမတဂ္ဂဘဝသံသရာ ကြာကြီးကြာသော်လည်း အပါယ ဒုက္ခမှ မလွတ်ရ ခွေးဖြစ်မှုမှ မလွတ်ရ, ဝက်ဖြစ်မှုမှ မလွတ်ရ, အဝီစိကျမှုမှ မလွတ်ရ, နူမှုမှ မလွတ်ရ, ရွှဲမှုမှ မလွတ်ရ, မိုက်မှု ရူးမှုမှ မလွက်ရသည် ဖြစ်၍ အကျိုးမကြီး အချည်းနှီးသော သင်္ခါရဒုက္ခစုသာတည်း။

အထက်နတ်ဗြဟ္မာတို့၏ စက္ခုမှာရှေးရှေးဘဝ၌ ကံကိုအား ထုတ်ရသော သင်္ခါရဒုက္ခမှုသည် ကြီးကျယ်၏၊ စက္ခုကိုရသော နောက် ဘဝ၌ ဆောင်ရွက် မွေးမြူရသော သင်္ခါရဒုက္ခ မကြီးလှ။

လူတို့စက္ခုပြုပြင်မှု ဒုက္ခ။ ။။။လူတို့၏စက္ခု၌ကား ရှေးဘဝ ၌ ကံကို အားထုတ်ရသော သင်္ခါရဒုက္ခထက် စက္ခုကိုရသော နောက်ဘဝ၌ ထိုစက္ခုကို ဆောင်ရွက်မွေးမြူရသော သင်္ခါရဒုက္ခသည် အလွန်ကြီး ကျယ်၏၊ မီးကိုလုပ်ကြွေးသော ပုဏ္ဏား၏အမှုနှင့်တူ၏။

မိမိဖွားမြင်စဉ်အခါ မိဘတို့ယူ၍ မသေရအောင်မွေးမြူ၍ ထားသောမီးကို တစ်ဆယ့်ခြောက်နှစ်အရွယ် ရောက်သောအခါ ထိုမီး ကိုယူ၍ အသက်ထက်ဆုံး မသေရအောင် လုပ်ကျွေးနိုင်ပါလျှင် ဗြဟ္မာ ပြည်သို့ လားရသည်ဟု မိစ္ဆာအယူရှိ၏၊ မိစ္ဆာအယူမျှသာတည်း။ ထို အယူကို အမြဲယူ၍ မီးကိုလုပ်ကျွေး၍ သေလွန်လျှင် အပါယ်သို့ကျ၏၊ မီးမည်သည် မီးစာရှိမှ မိုးလေစသော အန္တရာယ်လည်း လွတ်ကင်းမှ တည်နေသည်။

ညောင်ပင်ပမာ လူ့ခန္ဓာ။။ညောင်ပင်တို့မှာ မျိုးစေ့၏အမှုကား အညွန့် အညှောက် ပေါက်ရုံမျှသာ ပြဋ္ဌာန်းသည်။ အညွှန့်အညှောက်ဖြစ် ပြီးနောက် ထိုညောင်ပင်၏ ကြီးပွားမှု စည်ကားမှု နှစ်လ အရှည်တည်မှုမှာ မြေဥတု ရေဥတုတို့၏အတွက် တာဝန်ပေးသည်။

ဂဗ္ဘသေယျက သတ္တဝါ၌ ညောင်ပင်နှင့် လူ့ခန္ဓာတူ၏၊ မျိုးစေ့နှင့်ကံ တူ၏၊ မြေဓာတ်နှင့် အဇ္ဈတ္တဥတု တူ၏၊ မိုးရေနှင့် နေ့စဉ်မျိုအပ်သော အာဟာရ တူ၏။

အသက်ဆက်မှု။ ။။ဆီ ရေနံ အသစ်သစ် အယဉ်ဆက်လက် အောင် လောင်း၍ပေးမှ မီးတောက်အသစ်သစ် အယဉ်ဆက်လက်ပွား၍ နေသည်ကို တည်နေသည်ဟု ဆိုရသည်။

ဆီ ရေနံ အသစ်အယဉ်ပြတ်၍ မီးတောက်သစ်ပွားမှု ပြတ်စဲ သည်ကို မီးတောက်သေသည်ဟု ဆိုသည်။

မျက်တောင် တစ်ခတ်မျှ ကာလအတွင်းမှာပင် အသစ်အဟောင်း ကူး ပြောင်းဆက်လက်မှု အထောင်မက များ၏၊ ထိုအဟောင်းအသစ် ကူးပြောင်း လဲလှယ်ရာ အချက်အချက်စုသည် မီးတောက်၏ သေဆုံးရန် အချက်စုချည်း သာတည်း။ ဆီ ရေနံအသစ်မရှိလျှင် ဘယ်အချက်မှာမဆို သေ၏၊ အသစ်ဖြစ်မှု ပြတ်စဲသည်ကို သေသည်ဟု သမုတ်ရသည်။ အဟောင်း အသစ်အယဉ်မပြတ် ဆက်လက်၍ နေသည်ကို မသေဟု သမုတ်ရသည်။

ခဏိကအားဖြင့် အဟောင်းဟောင်းချုပ်ကွယ်ပျက်ဆုံးမှုမှာ ပြတ်စဲ တော့သည် မဟုတ်။ မိုးကြောင့်သေလျှင်လည်း ထိုအချက်စုမှာ သေရ သည်။ ရေကြောင့် လေကြောင့်တစ်ပါးသော အန္တရာယ်ကြောင့် သေလျှင် လည်း ထိုအချက်စုမှာ သေရသည်။ သေခွင့်ဆိုက်လာလျှင် ဘယ်အခါမှာ မဆို သေဖို့ သေကိန်း သေချက် အမြဲပါ၍နေ၏။

လူတို့၌ စက္ခုဇီဝိတစသော ဓာတ်နုအကြည်သည် မီးတောက် အယဉ်နှင့် တူ၏၊ အဇ္ဈတ္တဥတုဇရုပ်သည် အဝတ်ကျစ်မီးစာနှင့်တူ၏၊ တစ်နေ့တစ်နေ့လျှင် အခါများစွာမျိုအပ်သော အာဟာရဓာတ်ဆီ အယဉ်သည် ဆီရေနံနှင့်တူ၏။

လောင်းသမျှသော ဆီရေနံစုသည် ဆီမီးစာကိုမှီ၍ တောက်သော မီး တောက်နှင့်တကွ ခဏအစဉ်အတိုင်းကုန်ခန်း၏သို့ မျိုမျိုသမျှသော အာဟာရ ဓါတ်ဆီစုသည် မိမိနှင့်စပ်သော တစ်ကိုယ်လုံးရှိ ဇီဝိတစုနှင့် တကွ ခဏအစဉ်အတိုင်း ကုန်ဆုံး၏။

ကျန်ရှိသော ဆီ ရေနံ အသစ်လောင်းသော ဆီ ရေနံ၌ အသစ် အသစ် အဆင့်ဆင့် ဖြစ်ပွားသော မီးလျှံအယဉ်သည် တစ်နာရီမှ တစ်နာရီသို့ ရောက်သကဲ့သို့ ကျန်ရှိသော အာဟာရ အသစ်အသစ် မျိုသောအာဟာရတို့မှ တစ်ကိုယ်လုံး၌ အသစ်အသစ်အဆင့်ဆင့် ဖြစ်ပွားသော ဇီဝိတအယဉ်သည် တစ်နေ့မှ တစ်နေ့သို့ရောက်လေ၏၊ အာဟာရကို နေ့စဉ်မျိုမှုကား အသက်ဆက်မှု အသက်မွေးမှုပေတည်း၊ အသက်ဟောင်း ချုပ်ဆုံးသော နေရာစုမှာ အသက်သစ် စိုက်ပျိုးမှုပေ တည်း။

စိုးရိမ်ဖွယ် ကင်းသော ခဏမရှိ။။မျက်တောင်တစ်ခတ်ခန့် ကာလအတွင်းမှာ အသစ်အဟောင်း ပြောင်းလဲ ဆက်ကူးမှုဟု ဆိုအပ် သော အဆက်ပေါင်း အထောင်မက များ၏၊ အစာအယဉ် ပြတ်ခဲ့သော် လည်းကောင်း၊ သေလောက်သော အဇ္ဈတ္တဘေး ဗဟိဒ္ဓဘေး ထိပါးခဲ့ သော်လည်းကောင်း အသစ်ဖြစ်ပေါ်မှု ပြတ်စဲ၏၊ ရောက်ရာ အသက်တွင် သေရ၏။

ဤသို့လျှင် အလွန်တိုနှောင်းလှစွာသော အသက်ကလာပ်မှုန့်စုကို ပုတီးစီ သကဲ့သို့ နေ့စဉ်နာရီစဉ် အယဉ်ဆက်ကူး၍ ယူရသော အမှုသည် အလွန်ကြပ်တည်း၏၊ ကြပ်တည်းကြောင်းကို လောက၌ ရေသတ္တဝါ ကုန်းသတ္တဝါတို့၏ အသက်မွေးမှု ကြပ်တည်းပုံ အသက်ကိုစောင့်ရှောက်မှု ကြပ်တည်းပုံကို မြင်၍ သိအပ်၏။

အလွန်လှိုင်းလေ ထူထပ်လှစွာသော ကမ်းမမြင်သော ပင်လယ် ကြီး၌ ရေမြှုပ်ခဲကို ဖေါင်စီး၍လိုက်ရသော ယောက်ျား၏သို့ ကြောင့်ကြ စိုးရိမ်ဘွယ် ကင်းရသော ခဏဟူ၍ မရှိသည်ကို မြင်၍သိအပ်၏။

ဤကား လူတို့စက္ခုမှာ ရှေးဘဝ၌ ကံကိုပြုရသော သင်္ခါရ ဒုက္ခမှု ထက် စက္ခုကိုရသော နောက်ဘဝ၌ ထိုစက္ခုကို ဆောင်ရွက်မွေးမြူရသော သင်္ခါရ ဒုက္ခမှုကြီးကျယ်ပုံတည်း။

စက္ခုသည် ဒုက္ခသစ္စာသာ အမှန်။။ဤသို့ကြီးကျယ် ကြပ်တည်းလှစွာသော ဆောင်ရွက် မွေးမြူမှုတို့ဖြင့် မွေးမြူပါသော်လည်း အသက် တစ်ရာတမ်းဖြစ်ခဲ့အံ့၊ အနှစ်တစ်ရာပြည့်ရုံမျှသာ ပါနိုင်သည်၊ အနှစ်တစ်ရာပြည့်လျှင် ထိုစက္ခုသည် ဆွေးမြေ့၍ ပျက်ဆုံးမြဲဓမ္မတာ ပေတည်း။ စက္ခုပျက်ဆုံးလျှင်လည်း ထိုစက္ခုအကျိုးငှါ ရှေ့ဘဝ၌ အား စိုက်ခဲ့သော ကမ္မသင်္ခါရမှု ယခုတစ်ဘဝလုံး အားထုတ်သမျှသော ဆောင် ရွက်မွေးမြူမှုစုသည်။ ထိုစက္ခုပျက်ဆုံးရာတွင် အကုန်ပျက်ဆုံး၍ပါလေ၏။

အနမတဂ္ဂသံသရာမှာ ကံပေါင်းအနမတဂ္ဂ, စက္ခုပေါင်း အနမတဂ္ဂ, သင်္ခါရမှုပေါင်း အနမတဂ္ဂ, ကုန်ခဲ့လှပြီ၊ နောက်ကိုလည်း ဤနည်း အတိုင်း ကုန်လတ္တံ့။

ထိုကြောင့် ဤစက္ခုသည် မိမိကိုမလွှတ်သောသူကို နှစ်ပါးသော သင်္ခါရ ဒုက္ခမှုတို့ဖြင့် နှိပ်စက်ခြင်းအမှုမြဲလေသောကြောင့် ဒုက္ခသစ္စာသာ အမှန်ဖြစ်လေသတည်း။

ထိုစက္ခုအကျိုးငှါ ပြုအပ်သောဒါနကုသိုလ် သီလကုသိုလ် ဘာဝနာ ကုသိုလ်များသည်လည်း ထိုအတူ နှိပ်စက်ခြင်းမြဲသော ဒုက္ခသစ္စာ အမှန်သာတည်း။

ပြုစု၍ ထမြောက်ပြီးသည့်နောက် ပျက်ဆုံးပြန်၍ မပြုမီကအတိုင်း ကျပြန်သမျှသည် သင်္ခါရဒုက္ခမှုချည်း မှတ်။

မဂ်ဖိုလ်နှိပ်စက် မဆိုထိုက်။။မဂ်ကုသိုလ်သည် ပါရမီ သမ္ဘာရမှုနှင့် လေးသင်္ချေ ရှစ်သင်္ချေ တစ်ဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပင်ပန်းရ၏၊ နောက်ဆုံးဘဝ၌လည်း ပဋိပဒါမှုနှင့် များစွာ ပင်ပန်းရ၏၊ ထိုသို့ပင်ပန်းရသော်လည်း မဂ်ကိုတစ်ခါရပြီးနောက် ထိုမဂ်၏ အာနိသင်ကုန်ဆုံးပြန်၍ ထိုမဂ်ကိုပင် တစ်ဖန်အားထုတ်ရ ပြန်သည်ဟူ၍ မရှိ၊ ထိုအခါ အထမြောက်လျှင် အနမတဂ္ဂဝဋ်ဒုက္ခကြီး အပြီးငြိမ်းပေသည်ဖြစ်၍ လေးသင်္ချေ ရှစ်သင်္ချေ တစ်ဆယ့်ခြောက် သင်္ချေမျှ အပင်ပန်းခံရသော သင်္ခါရမှုသည် မဂ်ဖိုလ် နှိပ်စက်မှု မဆို လောက်။

တစ်ရက်အပင်ပန်းခံ၍ ငွေကုဋေ တစ်ရာကြွယ်ဝလျက် တစ်သက် လုံး ချမ်းသာသောသူမှာ အပင်ပန်းခံရသော တစ်ရက်မှုသည် ဒုက္ခ မဆိုလောက်၊ သုခမှုသာ ဆိုထိုက်သကဲ့သို့တည်း။

သင်္ခတဋ္ဌအမြွက်ပြပြီး၏။


-----------


နှိပ်စက်, ပြုပြင်, ပူပင်, ဘောက်လှဲ”ဟူသော သဘောလေး ချက်တွင် စက္ခုမှာပူပင်မှု အဘယ်နည်း။

စက္ခု၌ ပူပင်မှုဒုက္ခ။ ။။“စက္ခု အာဒိတ္တံ၊ ကေန အာဒိတ္တံ၊ ရာဂဂ္ဂိနာ အာဒိတ္တံ” အစရှိသော အာဒိတ္တသုတ်နှင့်အညီ ရာဂမီး, ဒေါသမီး, မောဟမီး, ဇာတိမီး, ဇရာမီး, မရဏမီး, သောကမီး, ပရိဒေဝမီး, ဒုက္ခမီး, ဒေါမနဿမီး, ဥပါယာသမီး ဟူ၍ မီးတစ်ဆယ့်တစ်ပါးရှိ၏။

ပကတိသော မီးသည် အမှိုက်ကို လောင်သကဲ့သို့ ထိုဆယ့်တစ် ပါးသော မီးသည် စက္ခုကိုလောင်၏၊ စက္ခုသည် မီးစာဖြစ်၏၊ စက္ခုသည် ရာဂမီး၏ ပွားစီးရာဌာနဖြစ်၏၊ ဒေါသမီး၏ပွားစီးရာ, မောဟမီး၏ ပွားစီးရာ, ဇာတိမီး စသည်တို့၏ ပွားစီးရာဌာနဖြစ်၏။

စက္ခုကို ငါဟူ၍လည်းကောင်း, ငါ၏ဥစ္စာဟူ၍လည်းကောင်း, ငါ၏ ကိုယ်ဟူ၍လည်းကောင်း စွဲလမ်းသော ရာဂသည် စက္ခု၌ပွားစီးသော ရာဂမီး မည်၏၊ ငါ၏စက္ခုကို ထိပါးဘိသည်ဟု အမျက်ထွက်သော ဒေါသသည် စက္ခု၌ပွားစီးသော ဒေါသမီးမည်၏၊ စက္ခုကို နိစ္စဓုဝစသော အနေနှင့် တွေဝေသော မောဟသည် စက္ခု၌ ပွားစီးသော မောဟမီး မည်၏၊ ဇာတိစသည်တို့မှာ အောက်၌ဆိုခဲ့ပြီ။

ဤသို့မီးဆယ့်တစ်ပါး အမြဲပွားရာဖြစ်သော စက္ခုသည် အမြဲလျှင် ပူပန် စေအပ်သောသဘောရှိ၏၊ ထိုမီးဆယ့်တစ်ပါး တောက်လောင်၍ နေသော ထိုစက္ခုကို ကိုယ်အင်္ဂါတစ်ခုပြု၍ သံသရာ၌ကျင်လည်သော သူကို ထိုစက္ခုသည် အမျိုးမျိုးသော ဒုက္ခတို့ဖြင့် ပူပန်စေ၏။

စက္ခုရှိနေသည့်အတွက်ကြောင့် အဆင်း သဏ္ဌာန်လျှင် အာရုံရှိ သော လောဘမှု ဒေါသမှု မောဟမှုတို့သည် နေ့စဉ်အတိုင်း ဖြစ်ပွား ကုန်၏၊ ထိုလောဘမှု ဒေါသမှု မောဟမှုတို့ကြောင့် ယခုဘဝ၌လည်း ကောင်း၊ နောက်ဘဝ အဆက်ဆက်တို့၌လည်းကောင်း, ဖြစ်လတ္တံ့သော ဇာတိမှု, ဇရာမှု, မရဏမှု စသည်တို့လည်း နေ့စဉ်အတိုင်း ဖြစ်ပွားကုန်၏၊ ဤသို့ ဖြစ်ပွားမှုသည်လည်း စက္ခုရှိနေသော ပုဂ္ဂိုလ်ကို စက္ခု၏ပူပန်စေမှု ပေတည်း။ ပုဂ္ဂိုလ်က ပူမှန်းမသိသော်လည်း ပူမှုရောက်ပြီးပင် ဖြစ်သ တည်း။

သန္တာပဋ္ဌအမြွက်ပြပြီး၏။


နှိပ်စက်, ပြုပြင်, ပူပင်, ဘောက်လှဲ” ဟူသော သဘောလေး ချက်တွင် စက္ခုမှာ ဖောက်လှဲမှု အဘယ်နည်း။

စက္ခု၌ဖောက်လှဲမှု ဒုက္ခ။ ။။။ကျင်နာကိုက်ခဲခြင်း, ကျိန်းစပ် ပူလောင်ခြင်း, သလိပ်သည်းခြေသွေးလေ လွှမ်းမိုး၍ စက္ခုကိစ္စကို မဆောင်နိုင်ခြင်း, ဆုတ်ယုတ်ခြင်း, ပျက်ဆုံးခြင်း ဤအလုံးစုံသည် ဖောက်လှဲမှု ပေတည်း။

ထိုဖောက်လှဲမှုသည် အဇ္ဈတ္တသန္တာန်မှ ဓာတ်လေးပါးချောက်ချားမှု ဗဟိဒ္ဓ သန္တာန်မှ အန္တရာယ်အမျိုးမျိုး ထိပါးမှုတို့နှင့် ကြုံကြိုက်ခဲ့သည် ရှိသော် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်ခန့် ကာလအတွင်း၌ပင် ခဏချင်း ဖောက်ပြန် ပြောင်းလဲခြင်းသဘော ရှိ၏။

ဖောက်ပြန်ခွင့် ဆိုက်သော်လည်း ဤရွေ့ဤမျှသော ခဏကာလ အတွင်း ကား ဖောက်ပြန်ခြင်း မရှိဟု စိတ်ချရသော ခဏကာလဟူ၍ မျက်တောင် တစ်ခတ်မျှမရှိ၊ မကျင် မနာနိုင်သော ခဏဟူ၍ မျက်တောင် တစ်ခတ်မျှ မရှိ၊ မဆုတ်မယုတ်နိုင်သော ခဏဟူ၍ မျက်တောင် တစ်ခတ်မျှ မရှိ၊ မပျောက်မဆုံးနိုင်သော ခဏဟူ၍ မျက်တောင်တစ် ခတ်မျှ မရှိ။

ရေမြှုပ်ခဲပမာ ရုပ်နာမ်ခန္ဓာ။။လှိုင်းကြမ်း လေကြမ်း သားရဲအမြဲထူထပ်သော ကမ်းမမြင် ပင်လယ်ပြင်မှာ ရေမြှုပ်ခဲကြီးကို ဖောင်စီး၍နေရသော ယောက်ျားအား မိမိမှီတွယ်သော ရေမြှုပ်ခဲ၏ ခိုင်မြဲခြင်း မရှိသော အတွက်ကြောင့် လှိုင်းလေအစရှိသော အလုံးစုံသည် ကြောက် ဖွယ် လန့်ဖွယ် ထိတ်ဖွယ် ရွံ့ဖွယ် စိုးရိမ်ဖွယ် ကြောင့်ကြဖွယ်ချည်း ဖြစ်ကုန်၏၊ သိကြားမင်း ဖန်ဆင်းသော မဟာပစ္စရိတ်ဖောင်ကြီး သင်္ဘောကြီးမှာ စီးရသော သူတို့အား လှိုင်းလေအစရှိသော အလုံးစုံ တို့သည် ကြည့်ရှုဖွယ် စိတ်နှလုံးကြည်ဖွယ် ပျော်ရွှင်ဘွယ်ချည်း ဖြစ်ကုန်၏။

ဤဥပမာဖြင့် လှိုင်းလေအစရှိသည်သည် ကြောက်မက်ဖွယ် အစစ်မဟုတ်။ မိမိ၏မှီရာ ရေမြှုပ်ခဲ၏ ဖောက်ပြန်လွယ်မှုသည်သာ ကြောက်မက်ဖွယ်အစစ် ဖြစ်ကြောင်းကို သိစေသည်။

သတ္တဝါတို့၌ ကိုယ်အင်္ဂါပြု၍ ဆောင်ရွက်ရသော ရုပ်တရား နာမ်တရား စုသည် အလွန်ဖောက်ပြန်မှုလွယ်လှ၏၊ အနည်းငယ်သော အပူထိပါးလျှင်ပင် ခဏချင်းအနေပျက်၍ ထိုနေရာမှာ ရှိရင်း ရုပ်ဟောင်း နာမ်ဟောင်း ခဏချင်း ကွယ်ဆုံး၏၊ အနိဋ္ဌရုပ်သစ်နာမ်သစ် ခဏချင်း ပြောင်းလဲ၏၊ အနည်းငယ် တောင်လေ မြောက်လေ ထိပါးရုံမျှနှင့်ပင် ထိုနေရာမှာ ရှိရင်းရုပ်နာမ်စု ခဏချင်း ပျက်ဆုံးပျောက်ကွယ်လေ၏၊ အနိဋ္ဌ ရုပ်သစ်နာမ်သစ် ခဏချင်း ပြောင်းလဲ၏ သန်းငယ် ကြမ်းပိုးငယ် ထိပါးကိုက်ခဲသော အတွက်နှင့်ပင် ပြိုပျက် ပြောင်းလဲ၏။

ဤသို့လျှင် ရေမြှုပ်ခဲကဲ့သို့ ဖောက်လွဲဖောက်ပြန် အလွန်မြန်လှ သောအတွက် ပျက်မှုဆုံးမှုအလွန်မြန်လှသော ရုပ်ခဲနာမ်ခဲတို့ကို ကိုယ်အင်္ဂါပြု၍ ဆောင်ရွက်ရသောအတွက်ကြောင့် အဇ္ဈတ္တသန္တာန် ဖြစ်သော ရောဂါဆိုး အနာဆိုးအစရှိသော ကြောက်ဖွယ်လန့်ဖွယ် စိုးရိမ်ကြောင့်ကြဖွယ်ပေါင်းအနန္တ, အယုတ်အားဖြင့် ကိုယ်အင်္ဂါဖြစ်သော ရုပ်အစိတ်နာမ်အစိတ်ကို ဖျက်ဆီးနိုင်သော သန်းငယ်, ကြမ်းပိုးငယ်, ဖြုတ်ငယ်, ခြင်ငယ်, ခြ ပရွက်ငယ်တို့မှစ၍ ဗဟိဒ္ဓသန္တာန်၌ဖြစ်သော ကြေက်ဖွယ် လန့်ဖွယ် စိုးရိမ်ဖွယ်ပေါင်းအနန္တ များပြားလျက် ရှိနေကြရ သည်။

ထိုဘေး အန္တရာယ်တို့ ထိပါးလာခဲ့လျှင် မဖောက်မပြန်နိုင်သော အခါဟူ၍ မျက်တောင်တစ်ခတ်မျှမရှိ၊ မသေနိုင်သောအခါဟူ၍ မျက်တောင်တစ်ခတ်မျှမရှိ၊ ပဋိသန္ဓေနောင် ဘဝင်တစ်ဆယ့်ခြောက် ချက်မှနောက်၌ အသက်ထက်ဆုံး သေကွက်ချင်း သေချက်ချင်းစပ်၍ သွားတော့သည်။

ဖောက်ပြန်လိမ့်မည်ကို မစိုးရိမ်ရသော ခဏဟူ၍ မရှိ၊ သေလိမ့် မည်ကို မစိုးရိမ်ရသောအခါဟူ၍မရှိ၊ ဖောက်ပြန်ရန် အကြောင်းဆိုက် တိုက်ခဲ့သည်ရှိသော် အပြင်းအထန် ပူခြင်း အေးခြင်း ကျင်နာခြင်းဒုက္ခကို ခံရကုန်၏၊ အနာအမျိုးမျိုး ရောဂါအမျိုးမျိုး နှိပ်စက်သည်ကို ခံရကုန်၏၊ မျက်စိအင်္ဂါပျက်ခြင်း နားအင်္ဂါ ပျက်ခြင်းစသော အရုပ်ပျက် အဆင်းပျက် ဒုက္ခကို ခံရကုန်၏၊ လက်ပြတ်ခြင်း ခြေပြတ်ခြင်းစသော ဒုက္ခကိုခံရ ကုန်၏။

ဖြစ်ဆဲသောဒုက္ခကို ပျောက်ငြိမ်းရန် ကြောင့်ကြစိုက်မှုဖြစ် လတ္တံ့သော အလားကို မြော်၍ မဖြစ်စေခြင်းငှါ ကြောင့်ကြစိုက်မှု တို့သည်လည်း အကျဉ်းအားဖြင့် လောက၌ ကြောက်ရခြင်းဟူသမျှ, လန့်ရခြင်းဟူသမျှ, ထိတ်ရခြင်းဟူသမျှ, ရွံ့ရခြင်းဟူသမျှ ကြဉ်ရှောင်ရ ခြင်း, တိမ်းဖယ်ရခြင်း, ပုန်းအောင်းရခြင်း, ကိုးကွယ်ရာပြုရခြင်း, အဘော်အပေါင်းနှင့် သွားလာနေထိုင်ရခြင်း, မြို့တည်ထောင်၍ နေရခြင်း, ရွာတည်ထောင်၍နေရခြင်း, အမိုးအကာ အိမ်ယာဝင်းခြံနှင့် နေရခြင်း, တုတ်ဓား လက်နက်စွဲရခြင်း, ဆေးဝါး အစောင့်အရှောက် မကင်းရခြင်း, အစာရေစာအတွက် ကြောင့်ကြစိုက်ရခြင်း အစရှိသော အလုံးစုံသော ဒုက္ခမှုတို့သည် ဝိပရိဏာမ သဘောရှိသော ရုပ်တရား နာမ်တရားတို့ကို ကိုယ်အင်္ဂါ ပြုမှုကြောင့် ဖြစ်ရသော ဒုက္ခမှုတို့သာတည်း။

စက္ခုဝိပရိဏာမဋ္ဌ အမြွက်ပြပြီး၏။

သောတ, ဃာန, ဇိဝှါ, ကာယ, မနောတို့ကိုလည်း စက္ခုနှင့်ထပ်တူ သိလေ။

ဒုက္ခသစ္စာအနက် ၄-ချက် ရှင်းချက် ပြီး၏။


------- * ------

သမုဒယသစ္စာအနက် ၄-ချက် ရှင်းချက်

“ဆည်းပူး, နှင်းဆောင်း, ဖွဲ့နှောင်, နှောင့်ယှက် အနက်လေးပါး, ဒုက္ခပွါး” ဟူသော သမုဒယသစ္စာ၏ အနက်လေးချက်တွင် တဏှာမှာ ဆည်းပူးခြင်းဟူသည် အဘယ်နည်း။

ဆည်းပူး။ အဆောက်အဦးနှင့်တကွသော မျက်စိအင်္ဂါ နားအင်္ဂါ အစရှိသော ဒုက္ခသစ္စာတရားတို့ကို အနမတဂ္ဂသံသရာ တွင် အစဉ်ဖြစ်ပွားစေခြင်းအမှုသည် ဆည်းပူးခြင်းမည်၏၊ ဖြစ်ပွားခြင်းကို အလိုရှိသော တဏှာကြောင့် ဖြစ်ပွားရသည်ဖြစ်၍ တဏှာသည် ထိုတရားတို့ကို ဆည်းပူးသည် မည်၏။

အာယူဟန အမြွက်ပြပြီး။

တဏှာမှာ နှင်းဆောင်ခြင်းဟူသည် အဘယ်နည်း။

နှင်းဆောင်။ တစ်ခုတစ်ခုသော ဘဝဆုံးပြန်လျှင် စုတိ၏ အခြားမဲ့မှာ မျက်တောင် တစ်ခတ်စာမျှ ခဏအလပ်မရှိရအောင် ဘဝတစ်ခုကို အမြဲဆက်လက် ထူထောင် နှင်းဆောင်ခြင်းတည်း။ ဘဝကို သာယာသော တဏှာနုသယတန်းလန်းနှင့် စုတိကျလျှင် ဘဝသစ် အမြဲပေါ်သည်ကို “နှင်းဆောင်“ဆိုသည်။

နိဒါနဋ္ဌပြီး၏။

တဏှာမှာ ဖွဲ့နှောင်ခြင်းဟူသည် အဘယ်နည်း။

ဖွဲ့နှောင်။ သတ္တဝါတို့၏ ဘဝခန္ဓာတို့၌ အကြပ်အတည်း အမြဲ ဖွဲ့နှောင်ခြင်းတည်း။ နွားကို ချည်တိုင်၌ ခိုင်လှစွာသော ကြိုးဖြင့် ချည် နှောင်၍ ထားသကဲ့သို့တည်း။


  • နွားနှင့် သတ္တဝါ၏စိတ်။
  • ချည်တိုင်နှင့် ဘဝခန္ဓာ။
  • ခိုင်လှစွာသောကြိုးနှင့် တဏှာ။

သံယောဂဋ္ဌပြီး၏။

တဏှာမှာ နှောင့်ယှက်ခြင်းဟူသည် အဘယ်နည်း။

နှောင့်ယှက်။ ရံခါရံဖန် သူတော်ကောင်းတို့၏ တရားကို ကြားနာရ၍ ဘဝသံသရာမှ ထွက်မြောက်ရန် အကြံဖြစ်ပေါ်၍ လာခဲ့ သည်ရှိသော် ထိုအကြံအစည်ကို ပျက်အောင် နှောင့်ယှက်ခြင်းတည်း။

ထောင်၌နေရသော အကျဉ်းသားသည် ထောင်မှထွက်သွား မည်ကြံစည် လှုပ်ရှားရာ ထောင်မှူး ထောင်ကြပ်သိ၍ မလှုပ်ရှားနိုင်အောင် ရိုက်လှဲ ထောင်းထုခြင်းကို ပြုသကဲ့သို့တည်း။

ပလိဗောဓဋ္ဌပြီး၏။

တစ်ခုတစ်ခုသော ဘဝ၌လည်း ဖွားမြင်သည်မှစ၍ အစဉ်အတိုင်း တစ်နှစ် ထက်တစ်နှစ် လောဘအာရုံ ဒုက္ခအသိုက်အအုံ ပွားများမှုကား အာယူဟနဋ္ဌ တည်း။

စိတ်နှလုံး အားလပ်ခွင့်မရအောင် တစ်ခုပြီးလျှင်တစ်ခု ဒုက္ခ ဝတ္ထုဒုက္ခမှုတို့ကို အမြဲဆက်လက်တည်ထောင်မှုကား နိဒါနဋ္ဌတည်း။

စိတ်ကို ဒုက္ခဝတ္ထု ဒုက္ခမှုတို့၌ အကြပ်အတည်းဖွဲ့စည်း၍ ထား သည်ကား သံယောဂဋ္ဌ တည်း။

ဒုက္ခဝတ္ထုဒုက္ခမှုတို့မှ ထွက်မြောက်ရန်ဖြစ်သော အကြံအစည်တို့ကို ထမြောက်ခွင့်မရဘဲ ခဏချင်းပျက်အောင် နှောင့်ယှက်သည်ကား ပလိ ဗောဓဋ္ဌ တည်း။

သမုဒယသစ္စာ အနက် ၄-ချက် ရှင်းချက်ပြီး၏။


နိရောဓသစ္စာအနက် ၄-ချက် ရှင်းချက်

“ကျွတ်လွတ်, ဆိတ်ကွေ, မသေ, မပြု, ဤလေးခု, သုခအမှန်ထား” ဟူသော နိရောဓသဘော လေးချက်တွင် နိဗ္ဗာန်မှာ ကျွတ်လွတ်မှု အဘယ်နည်း။

ကျွတ်လွတ်။ သမုဒယသစ္စာတဏှာ၏ ချုပ်ငြိမ်းမှုပင်တည်း။ တဏှာ ချုပ်ငြိမ်း၍ ဒုက္ခသစ္စာ၌ ပြဆိုခဲ့သောဒုက္ခစုမှ ကျွတ်လွတ် သည်ကို “ကျွတ်လွတ်” ဆိုသည်။

နိဿရဏဋ္ဌ ပြီး၏။

ဆိတ်ကွေ။ တဏှာနှင့်တကွ ထိုဒုက္ခပလိဗောဓ အရှုပ်အထွေး အချင်း ခပ်သိမ်း ကင်းရှင်း ကွင်းကွေသည်ကို “ဆိတ်ကွေ” ဆိုသည်။ ဝိဝေကဋ္ဌပြီး၏။

မသေ။ စက္ခုစသော သင်္ခတတရားတို့မှာသာ သေခြင်း ဟူသော မရဏဘေး ထက်ကြပ်ရှိနေသည်။ ထိုသင်္ခတတရားတို့ကို မိမိကိုယ်ပြု၍ ကျင်လည်သောသူတိုမှာ မရဏဘေးကို မစိုးရိမ်ရသော အခါဟူ၍ မျက်တောင်တစ်ခတ်မျှ မရှိ၊ အသင်္ခတဖြစ်သော နိဗ္ဗာန်မှာမှု ကား မရဏဘေးဟူ၍ မရှိ၊ ထိုသို့ မရှိသည်ကို “မသေ“ဆိုသည်။

အမတဋ္ဌပြီး၏။

မပြု။ စက္ခုစသော သင်္ခတတရားတို့၌သာ အထက်က ပြဆိုခဲ့ပြီးသော သင်္ခါရဒုက္ခမှုရှိနေသည်၊ နိဗ္ဗာန်မှာ သင်္ခါရဒုက္ခ မရှိ၊ ကံဖြစ်ပေါ်ခြင်း မရှိသောကြောင့် ဖြစ်ပေါ်အောင် လုပ်ဆောင် ရခြင်း လည်း မရှိ၊ နိစ္စတရားဖြစ်သောကြောင့် တည်နေရန် ပြုပြင်ဘွယ်လည်း မရှိ၊ ဖောက်ပြန်ခြင်း မရှိသောကြောင့် စိုးရိမ်မှုနှင့် ကြောင့်ကြစိုက်ဖွယ် လည်း မရှိ၊ ထိုကြောင့် “မပြု“ကို အသင်္ခတဋ္ဌ ဟူ၍ ဆိုသည်။

အသင်္ခတဋ္ဌ ပြီး၏။

နိရောဓသစ္စာ အနက် ၄-ချက် ရှင်းချက်ပြီး၏၊


မဂ္ဂသစ္စာအနက် ၄-ချက် ရှင်းချက်

“ထွက်မြောက်, တည်ခိုင်, မြင်နိုင်, ကြီးကဲ, ဤလေးနဲ, ဆင်းရဲငြိမ်း လမ်းထား” ဟူသော မဂ္ဂသစ္စာ၏ အနက်လေးချက်တွင် ထွက်မြောက်ကား အဘယ်နည်း။

ထွက်မြောက်။ သမုဒယသစ္စာ တဏှာကို ချုပ်ငြိမ်းအောင် လုပ်ဆောင် အားထုတ်သော ပယောဂမှုပေတည်း။ တဏှာသည် ရုပ်နာမ် ခန္ဓာတရားကို သုခထင်မှတ်၍ တွယ်တာ၏၊ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ် ဖြင့် ခန္ဓာနာမ်ရုပ်၏ ဒုက္ခအစစ်ဖြစ်ကြောင်း ထင်ရှားပေါ်သောအခါ တဏှာချုပ်ငြိမ်း၏၊ ဝဋ္ဋဒုက္ခ ကျွတ်လွတ်၏။

ချမ်းသာသုခ အစစ်အမှန်ကား တဏှာချုပ်ငြိမ်းမှု တစ်ခုသာရှိ၏၊ တဏှာချုပ်ငြိမ်းမှုမှတစ်ပါး အမြဲတည်သော ချမ်းသာသုခဟူ၍ တစ်ခုမျှ မရှိ။ ထိုကြောင့် ဝိပဿနာသမ္မာဒိဋ္ဌိအလုပ်သည် ဒုက္ခမှထွက်မြောက်ရန် လမ်းမှန်အစစ် ဖြစ်သတည်း။

နိယျာနဋ္ဌပြီး၏။

မဂ္ဂင်ရှစ်ပါးမှာ တည်ခိုင်ဟူသည် အဘယ်နည်း။

တည်ခိုင်။ ညောင်ပင်၏ ရေသောက်မြစ်တို့သည် ညောင် ပင်ကို ကြီးပွါးစည်ကား ခိုင်မြဲအောင် ကောင်းစွာတည်ရာ၏အဖြစ်ကို ပြီးစေနိုင်သကဲ့သို့ မဂ္ဂင်ရှစ်ပါးတို့သည် အလုံးစုံသော အရိယသီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့ကို ကြီးပွါး စည်ကားခိုင်မြဲအောင် ကောင်းစွာ တည်ရာ၏ အဖြစ်ကို ပြီးစေနိုင်သည်၊ ဤသို့ အရိယဂုဏ်ကျေးဇူးတို့၏ ကောင်းစွာ တည်ရာ၏အဖြစ်ကို ပြီးစေနိုင်သည်ကို “တည်ခိုင်” ဆို သတည်း။

ဟေတွဋ္ဌပြီး၏။

မြင်နိုင်။ ဒိဗ္ဗစက္ခုဉာဏ်ကို ရသည်ရှိသော် ရှေး၌ တစ်ကြိမ် တစ်ခါမျှ မမြင်ဖူးရသော နတ်ဘုံနတ်နန်းတို့ကို မျက်မှောက်ထင်ထင် အလင်းမြင်ရသကဲ့သို့ နိဗ္ဗာန်ကို အလင်းမြင်ရသည်ကို “မြင်နိုင်“ဆိုသည်။

ဒဿနဋ္ဌပြီး၏။

ကြီးကဲ။ လောကီဖြစ်သော သီလသမာဓိပညာတို့သည် တဏှာ၏ အုပ်စိုးချက်ကို ခံရကုန်၏၊ တဏှာလျှင် အကြီးအကဲ ရှိကြ ကုန်၏၊ မဂ္ဂင်ရှစ်ပါးဟုဆိုအပ်သော လောကုတ္တရာသီလ သမာဓိ ပညာ တို့သည်ကား တဏှာကို အကြွင်းမဲ့ သတ်နိုင်ကြကုန်သည်ဖြစ်၍ တဏှာ ၏နယ်မှ ကျွတ်လွတ်ကြကုန်သည်ဖြစ်၍ မိမိလျှင် အကြီးအကဲ ရှိကြ ကုန်၏၊ မိမိကိုယ်ကို မိမိတို့ အစိုးရကြကုန်၏၊ ဤသို့ မိမိကိုယ်ကို မိမိတို့ အစိုးရသည်ကို “ကြီးကဲ“ဆိုသည်။

အာဓိပတေယျဋ္ဌပြီး၏။

သစ္စတ္ထဒီပနီကျမ်းပြီး၏၊