မာတိကာသို့ ခုန်သွားရန်

သရုပ်ပြဓမ္မပဒကျမ်း/သရုပ်ပြဓမ္မပဒကျမ်း နိဒါန်း

ဝီကီရင်းမြစ် မှ
သရုပ်ပြဓမ္မပဒကျမ်း (၁၉၈၃)
by ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ
သရုပ်ပြဓမ္မပဒကျမ်း နိဒါန်း
5416သရုပ်ပြဓမ္မပဒကျမ်း — သရုပ်ပြဓမ္မပဒကျမ်း နိဒါန်း၁၉၈၃ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်၌ ရိုက်နှိပ်သည်။

သာသနာ ၂၅၂၇
ကောဇာ ၁၃၄၅
၁၉၈၃

သရုပ်ပြဓမ္မပဒကျမ်း နိဒါန်း

ကျေးဇူးကြီးမားသည့် တရားဂါထာ

(က) ဤတရားတော် တဂါထာကြောင့် ကမ္ဘာကြီးအတွင်း အလင်းရောင် ရရှိနေသည်။
(ခ) ဤတရားတော် တဂါထာကြောင့် မြန်မာပြည်အတွင်း အလင်းရောင် ရရှိနေသည်။

နိဒါန်း၏ အစပကတည်း အဦးဆုံးမှာပင် ကြီးကျယ်မြင့်မားလှစွာသော စကားနှစ်ခွန်းကို ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား ရေးသားတင်ပြလိုက်ပါသည်။

ယင်းရေးသားချက်ကို လွန်ကျွံများသွားလေမည်လားဟူ၍ နည်းနည်းကလေးမျှ သံသယမဖြစ်မိပါ။ တကယ်ဖြစ်ခဲ့သည့် အစစ်အမှန် အကြောင်းအရာဖြင့် နှိုင်းစာဆင်ခြင်ကြည့်လိုက်လျှင် မလွန်ကျွံသည့်ပြင် လိုပင်လိုလိမ့်မည်ဖြစ်ပါသည်။ စာရှုသူများ စဉ်းစားနှိုင်းချိန်နိုင်စေရန် အကြောင်းအရာပြည့်စုံစွာ ရှင်းလင်းရေးသားတင်ပြပါမည်။

အသက်ငင်နေသူ လူနာကြီးကဲ့သို့ သာသနာ့အားနည်းနေချိန်

မြတ်ဗုဒ္ဓရှင်တော်ဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး နှစ်ပေါင်းသုံးရာ့ငါးဆယ်ခန့် အခါကဆိုလျှင် ဗုဒ္ဓ၏အဆုံးအမ သာသနာတော်ကြီးသည် ပျောက်သုဉ်းလုနီးနီး ပျက်စီးယိမ်းယိုင်နေပါသည်။

တိုင်းပြည်အုပ်ချုပ်နေသည့် ရှင်ဘုရင်က ဗြာဟ္မဏဝါဒကို သက်ဝင်ယုံကြည်ကိုးကွယ်နေသူ ဖြစ်သည်။ ဗုဒ္ဓသာသနာတော် အတွင်းမှာလည်း လူသေပြီး ဘာမျှမဖြစ်တော့ ပြတ်စဲသွားသည်-စသည်ဖြင့် ယူဆသည့် ဥစ္ဆေဒဝါဒများလည်း ဝင်နေသည်။ လူပင်သေသော်လည်း အသက် အတ္တကောင်ကလေးက ဘယ်လိုမှမသေနိုင်၊ ဘယ်အခါမှ မသေနိုင်၊ ဟိုခန္ဓာပြီး ဤခန္ဓာ, ဤခန္ဓာပြီး ဟိုခန္ဓာများသို့ ပြောင်းရွှေ့ကျင်လည်နေကာ လှည့်လည်ဖြစ်နေရသည်-စသည်ဖြင့် ယူဆသော သဿတဝါဒများလည်း ဝင်နေသည်။ လူဖြစ်ရန် နတ်ဖြစ်ရန် ခွေးဖြစ်ရန် နွားဖြစ်ရန် ဖန်ဆင်းနေသည့် ထာဝရတည်နေသူ အရှင်သခင်ကြီးရှိသည်ဟု ယူဆသော ဣဿရနိမ္မာနဝါဒများလည်း ဝင်နေသည်။

ဤသို့စသည်ဖြင့် မိစ္ဆာဝါဒအမျိုးမျိုး ဝင်ရောက်စွဲကပ်နေပေရာ ဗုဒ္ဓသာသနာတော်ကြီးသည် ရောဂါအမျိုးမျိုးစွဲကပ် နှိပ်စက်ခံနေရသည့် လူနာကြီး အသက်ငင်နေသကဲ့သို့ ပျက်တော့မည့်ဆဲဆဲ ဖြစ်နေပေသည်။ သာသနာတွင်းမှာသာ ဝါဒအမျိုးမျိုး ကြီးစိုးနေသည်မဟုတ်ပါ၊ သာသနာပမှာလည်း မိစ္ဆာဝါဒများက စိုးမိုးလျက်နေပါသည်။ တိုင်းပြည်အုပ်စိုးရှင်ဘုရင်ကလည်း သာသနာတော်ကို ကျောခိုင်းကာ မိစ္ဆာဝါဒီတို့ကို ကြည်ညိုကိုးကွယ်နေသူ ဖြစ်ပါသည်။

သာသနာ့အသက်သခင် ကိုရင်ကလေး

ယင်းသည့် ဗာလုဿုက္ကဖြင့် ရှုပ်ပွနေချိန်တွင် တိုင်းပြည်သခင် ဘုရင်အသောကမင်းတရားကြီးသည် စိတ်ပြေလက်ပျောက် လေသောက်တံခါးကို ဖွင့်ကာ အပြင်လောက သွားလာလှုပ်ရှားနေကြပုံကို ကြည့်ရှုနေစဉ်မှာ လွန်စွာထူးဆန်းအံ့မခန်းသည့် ရှုကွက်တခုကို ရုတ်တရက်တွေ့မြင်လိုက်ရသည်။

ဗုဒ္ဓဘာသာ ကိုရင်သာမဏေကလေးတပါးဖြစ်သည်။ ကိုရင်ကလေးမှာ အသက်အရွယ်အားဖြင့် ခုနစ်နှစ်ခန့်မျှသာဖြစ်သည်။ ဝတ်ပုံဆင်ပုံမှာလည်း သင်္ကန်းကို အညီအညွတ် ကောင်းစွာဖုံးအုပ် ဝတ်ဆင်ထားသည်။ သွားဟန် လာဟန်မှာ လက်ခြေဦးခေါင်းများကို ငြိမ်သက်စွာထား၍ ရွှေလေးတောင်ခန့်မျှကိုသာ သေခိယသိက္ခာပုဒ်တော်နှင့်အညီကြည့်ရှုလျက် မမြန်လွန်း မနှေးလွန်း ဖြည်းညင်းစွာ လှမ်းကြွ၍သွားသည်။ ယင်းကိုရင်ကလေးမှာ သာသနာ့ကျက်သရေဆောင် နိဂြောဓသာမဏေ ဖြစ်ပေသည်။

ဤသည်ကို မြင်လိုက်ရသော အသောကဘုရင်ကြီးသည် ဤပုဂ္ဂိုလ်ငယ်၏ သန္တာန်၌ တရားထူး တရားမြတ်ကိန်းဝပ် တည်ရှိနေပေရာ၏ဟု တွေးကာ ပင့်ခေါ်စေသည်။ သာမဏေငယ်သည် ရှင်ဘုရင်က ပင့်ခေါ်သည်ဟု မူလသွားလာဟန်ကို ပြောင်းလဲခြင်းမဖြစ်စေပဲ ပကတိ သွားဟန်လာဟန်အတိုင်းပင် နန်းတော်ပေါ်သို့ ကြွလာသည်။ ရှင်ဘုရင်က စားဖွယ်သောက်ဖွယ်များကို လှူသောအခါ၌လည်း ငြိမ်သက်တည်ကြည်စွာပင် ခံယူ၍ မျှတလောက်ရုံမျှကိုသာ သေခိယသိက္ခာပုဒ်တော်များနှင့်အညီ ဘုဉ်းပေးသုံးဆောင်တော်မူသည်။

အသောကဘုရင်ကြီးလည်း သွားလာဝတ်ဆင်ပုံကို ကြည်ညိုနေသည့်အထဲမှာပင် စားသောက် ဘုဉ်းပေးသုံးဆောင်ပုံကိုလည်း ထပ်မံကြည်ညိုခြင်း ဖြစ်ပေါ်ကာ စေတနာသဒ္ဓါဘရား တဖွားဖွား ဖြစ်ရလေသည်။ “အရှင်ဘုရား သိမြင်သည့်တရားကို ဟောတော်မူပါ”ဟု တောင်းပန်လျှောက်ထားသောအခါ

အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။

မမေ့လျော့ခြင်းသည် မသေရာ နိဗ္ဗာန်ရောက်ကြောင်းဖြစ်သည်၊ မေ့လျော့ခြင်းသည် သေခြင်းအကြောင်းဖြစ်သည်၊ မမေ့လျော့ပါက မသေနိုင်ကြကုန်၊ မေ့လျော့နေပါမူ သေသူနှင့် တူကုန်၏-

ဟူသော ဂါထာကို ရွတ်ဆိုဟောပြီးသောအခါ မိစ္ဆာဒိဋ္ဌိ အသောကရှင်ဘုရင်ကြီးသည် ဗုဒ္ဓဘာသာဝင်ကြီးတယောက် ဖြစ်လာခဲ့လေသည်။ သာသနာတော်ကို သက်ဝင်ကြည်ညိုစွာဖြင့် လှူဒါန်းပေးကမ်းသည်။

ရေတွင်းပေါင်း ရှစ်သောင်းလေးထောင်၊
ရေကန်ပေါင်း ရှစ်သောင်းလေးထောင်၊
ကျောင်းပေါင်း ရှစ်သောင်းလေးထောင်၊
စေတီပေါင်း ရှစ်သောင်းလေးထောင်-

ပေးလှူပူဇော်ကြောင်း အစဉ်အလာ ပြောစမှတ်ရှိခဲ့သည်။ မိစ္ဆာဒိဋ္ဌိများကို ပယ်ရှား၍ သာသနာ၌ မိစ္ဆာဝါဒများကို ရှင်းလင်းသုတ်သင်ကာ တတိယသံဂါယနာသဘင်ကို ဆင်ယင်ကျင်းပခဲ့သည်။ ကိုးတိုင်း ကိုးဌာနသို့ သာသနာပြုရဟန်းတော်များ ကြွသွားရန် လျှောက်ထား၍ သာသနာတည်ထွန်းစေခဲ့လေသည်။

ဤသည့်ဖြစ်ရပ်များကြောင့် ကမ္ဘာမှာ ဗုဒ္ဓသာသနာတော် ပွင့်လင်းထွန်းပခဲ့ပေသည်။ သာသနာ့အလင်းရောင်ကို တောက်ပစေခဲ့သည်။ ဤသည်ကိုပင်လျှင် ရည်ရွယ်၍

(က) ဤတရားတစ်ဂါထာကြောင့် ကမ္ဘာကြီးအတွင်း အလင်းရောင် ရရှိနေသည်--

ဟူ၍ ဤနိဒါန်းအစ၌ ဖော်ပြခဲ့ခြင်းဖြစ်သည်။

အမှောင်လွှမ်းနေခဲ့သော မြန်မာပြည်

မြတ်ဗုဒ္ဓရှင်တော်ဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူပြီး သာသနာတော်နှစ် တစ်ထောင့်ငါးရာ ခြောက်ဆယ့်တစ် (၁၅၆၁) နှစ်ခန့်သို့ ရောက်သောအချိန်အထိ ရှေးအခါကမူကား ဤမြန်မာပြည်ကြီး၌ သူတော်ကောင်းတရား မထွန်းမပ မှောင်အတိကျလျက်ရှိပေသည်။ ပုဂံပြည် သမထီးအရပ်၌နေသော အရည်းကြီးခေါ် မဟာယာနဗုဒ္ဓဘာသာ ဘုန်းကြီးများ မင်းမူလျက်ရှိသည်။

အရည်းကြီးတို့သည် “မကောင်းမှုအကုသိုလ်မှ လွတ်လိုသော် ဤသို့သော ပရိတ်ကိုရွတ်လျှင် ပျောက်ကင်းသည်၊ အမေအဖေကို သတ်မိလျှင် ဤသို့သော ပရိတ်ကိုချွတ်လျှင် ပျောက်ကင်းသည်” စသည်ဖြင့် မဟုတ်မတရား ဟောကြပြောကြသည်။ အရက်သောက်သည်၊ ညစာစားသည်၊ တောလိုက်သည်၊ ပန်းဦးဆက်ကပ်ရသည်၊ ပန်းဦးကို အလှူခံကြသည်။

ပန်းဦးဆက် ဟူသည် အမျိုးသားနှင့် အမျိုးသမီး ချစ်ကြိုက်၍ မင်္ဂလာဆောင်သောအခါ ပထမဦးဆုံးည၌ အမျိုးသမီးကို အရည်းကြီးဆရာတော်ထံသို့ ပို့ဆက်ရသည်။ ထိုည၌ အမျိုးသမီးကို အရည်းကြီးက မတော်မတရားကျင့်ကြံ၍ ပန်းဦးကို ဘုန်းပေးတော်မူသည်။ ဤသို့ ပန်းဦးမဆက်ကပ်လျှင် အရေးယူသည်။ အုပ်ချုပ်သူ ရှင်ဘုရင်က အပြစ်ဒဏ်ပေးသည်။

ဤသို့ လူသားများအတွက် ရင်နင့်ဖွယ်ရာ အဖြစ်အပျက်များကို ကြုံတွေ့ခံစားနေကြရကာ မြန်မာပြည်၌ အမှောင်ထုကြီးဖုံးလွှမ်းပြီး တရားအလင်းရောင် ကင်းမဲ့နေချေသည်။

အလင်းရောင်ဖြစ်ပေါ်လာခြင်း

သာသနာနှစ် (၁၆၁) နှစ်သို့ ရောက်သောအခါ အနော်ရထာမင်း နန်းတက်သည်။ ဖော်ပြခဲ့သည့် အရည်းကြီးရဟန်းတို့၏ မသင့်မလျော် ဖောက်ပြန်မှားယွင်းသည့် အကျင့်ယုတ်များကို တွေ့မြင်ရသောအခါ ဘုန်းကံပါရမီရင့်သန်သူဖြစ်သောကြောင့် မကြည်ညို မနှစ်သက်နိုင် ရှိနေခဲ့သည်။

ယင်းသို့ ဖြစ်နေစဉ်အတွင်းမှာပင် တောလိုက်မုဆိုးတစ်ယောက်သည် ထူးဆန်းသည့် အဝတ်အစားများကို ဆင်ယင်ထားသည့် ပုဂ္ဂိုလ်တစ်ဦးကို နန်းတော်သို့ ခေါ်ဆောင်လာသည်။ ယင်းပုဂ္ဂိုလ်မှာ အရှင်ဓမ္မဒဿီ ဘွဲ့တော်ရှိ ရှင်အရဟံ ဖြစ်သည်။ သင်္ကန်းများ သပ်သပ်ရပ်ရပ် ညီညီညာညာ ဝတ်ဆင်ထားပြီး ငြိမ်သက်တည်ကြည်သော ဣန္ဒြေကိုဆောင်လျက် ကြည်ညိုဖွယ် ကြည့်ရှုသွားလာလှုပ်ရှားမှုရှိသူ ထေရဝါဒ ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါး ဖြစ်ပေသည်။ အနော်ရထာမင်းကြီးသည် အရှင်သူမြတ်ကိုမြင်လျှင်ပင် မိမိနိုင်ငံမှာ တွေ့မြင်နေကျ မျက်စိကလည်း ဟိုကြည့်သည်ကြည့် ဣန္ဒြေမရဘဲ လက်လှုပ်လှုပ် ခေါင်းလှုပ်လှုပ် အပေါ်ရုံသင်္ကန်းမဲမဲနက်နက်ကို မညီမညာ ဝတ်ဆင်ထားကာ ပါးစပ်မှလည်း တွေ့ရာမြင်ရာ ပရမ်းပတာ အော်ကြီးဟစ်ကျယ် ပြောတတ်သည့် နှုတ်ခမ်းမွေး လက်နှစ်သစ် မုတ်ဆိတ်မွှေး ဗရပစ်ရှိသူ အရည်းကြီးရဟန်းများနှင့် ထူးခြားကွဲလွဲသည်ကို သိရသောအခါ အလွန်တရာ ကြည်ညိုမှုသဒ္ဓါတရား ဖြစ်ပွားကာ အရှင်မြတ်အား ပင့်ဖိတ်လျက် အကျိုးအကြောင်း လျှောက်ထားမေးမြန်းသည်။

အရှင်မြတ်၏ဆရာ ဘုရားသခင်၏တရားကို ဟောကြားတော်မူပါဟု တောင်းပန်သောအခါ--

အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ၊
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။

မမေ့လျော့ခြင်းသည် မသေရာ နိဗ္ဗာန်ရောက်ကြောင်း ဖြစ်သည်၊ မေ့လျော့ခြင်းသည် သေခြင်းအကြောင်းဖြစ်သည်။ မမေ့လျော့ပါက မသေနိုင်ကြကုန်၊ မေ့လျော့နေပါမူ သေနေသူနှင့်တူကုန်၏-

ဟူ၍ ဟောတော်မူသည်။ ယင်းတရားကို နာကြားလိုက်ရလျှင်ပင် အနော်ရထာမင်းကြီးသည် သာသနာတော်ကို သက်ဝင်ယုံကြည် သရဏဂုံတည်ကာ ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့လေသည်။ မိမိတိုင်းသူပြည်သားများကိုလည်း ထေရဝါဒ ဗုဒ္ဓဘာသာကို ဆည်းကပ်ကိုးကွယ်စေသည်။ မူလရှိရင်း ရဟန်းတုရဟန်းယောင် အရည်းကြီးရဟန်းများကိုလည်း ပယ်ရှားသုတ်သင်စင်ကြယ်စေလေသည်။

ဤသို့လျှင် မြန်မာပြည်တွင် မိစ္ဆာဒိဋ္ဌိအမှောင်ကင်း၍ အလင်းရောင်ဖြစ်ပေါ်ခဲ့ပေသည်။ ဤသည်ကိုရည်ရွယ်၍

(ခ) ဤတရားတော် တဂါထာကြောင့် မြန်မာပြည်တွင်း၌ အလင်းရောင်ရရှိနေသည်

ဟု ဤနိဒါန်းအစ၌ ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။

စိစစ်တင်ပြခြင်း

(က) ကမ္ဘာ၌ သာသနာထွန်းတောက်လာပုံ၊ (ခ) မြန်မာပြည်၌ သာသနာထွန်းတောက်လာပုံ-ဟူသောအကြောင်းနှစ်ရပ်ကို ဤနိဒါန်း၌အဦးတည်၍ အစချီရေးပြခဲ့ပါသည်။ ယင်းသို့သာသနာထွန်းတောက်ရခြင်း အကြောင်းရင်းကို စိစစ်လေ့လာမည် ဆိုပါမူ-

(က) ကြည်ညိုဖွယ်ပုဂ္ဂိုလ်၊
(ခ) ကြည်ညိုဖွယ်တရား-

ဟူသော အဓိကအချက်ကြီးနှစ်ရပ်ကို တွေ့ရှိရပါသည်။ ယင်းအချက်များသည် ယခုအခါ ဗုဒ္ဓဘာသာဝင် ရှင်လူအများ ကြိုးစားလုပ်ဆောင်နေကြသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးနှင့် များစွာသက်ဆိုင်ကာ အထူးကျေးဇူးပြုနိုင်မည် ဖြစ်သောကြောင့် အနည်းငယ်မျှ ထင်ရှားစေရန် ကောက်ချက်ချ၍ တင်ပြလိုပါသည်။

(က) ကြည်ညိုဖွယ်ပုဂ္ဂိုလ်။ ။ဖော်ပြခဲ့သည့် သာသနာ့အောင်ပွဲနှစ်ရပ်လုံးကို ပဓာနကျကျ ဆောင်ရွက်သွားသည့် ပုဂ္ဂိုလ်မြတ်နှစ်ပါးမှာ ရှင်နိဂြောဓနှင့် အရှင်အရဟံတို့ဖြစ်သည်။

အရှင်မြတ်တို့သည် မြတ်စွာဘုရားညွှန်ကြား ဆုံးမတော်မူသည့်အတိုင်း သင်္ကန်းကို အချိုးကျကျ ညီညီညာညာ ဝတ်ဆင်တော်မူကြသည်။ မြတ်စွာဘုရား ပညတ်တော်မူသည့်အတိုင်း မျက်စိကြည့်ပုံ စသော ဣန္ဒြေတရားများကို မြင်လိုက်သူများ သဒ္ဓါတရား ဖြစ်ပွားအောင် ငြိမ်သက်တည်ကြည်စွာ စောင့်ထိန်းတော်မူကြသည်။ ဦးခေါင်းလက်ခြေ ကိုယ်နေကိုယ်ထားသွားဟန်လာဟန်များသည်လည်း တရားထူးတရားမြတ် ကိန်းဝပ်တည်ရှိနေကြောင်း မြင်သူအပေါင်းက သိရှိနိုင်အောင် သိမ်မွေ့နူးညံ့မှုဖြင့် ဖော်ပြလှုပ်ရှားတော်မူကြသည်။

ဤသည်လျှင် မိစ္ဆာဒိဋ္ဌိရဟန်းတု ရဟန်းယောင်များ အရည်းကြီးရဟန်းများနှင့် ထူးခြားကွဲလွဲချက် ဖြစ်တော့သည်။ သီရိဓမ္မာသောကမင်းကြီးနှင့် အနော်ရထာမင်းကြီးတို့ကို ကြည်ညိုမှုသဒ္ဓါတရား တဖွားဖွားဖြစ်ပေါ်စေနိုင်သည့် အစွမ်းသတ္တိများဖြစ်တော့၏။ ဤအစွမ်းသတ္တိသည် အလိုအလျောက် ပေါ်လတတ်သည်မဟုတ်၊ မြတ်စွာဘုရား ဆုံးမတော်မူသည့်အတိုင်း လိုက်နာကျင့်သုံးမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးတရားများဖြစ်ချေသည်။ ယင်းအကျိုးတရားများကား သေးသေးမွှားမွှား မဟုတ်ပါချေ၊ ကမ္ဘာကြီးတခုလုံးနှင့် မြန်မာပြည်တပြည်လုံး၌ ဗုဒ္ဓသာသနာ့အလင်းရောင် ယနေ့တိုင် တောက်ပြောင်စေနိုင်သည့် ကြီးမားလှသည့် အကျိုးတရားကြီးဖြစ်နေပါသည်။

(ခ) ကြည်ညိုဖွယ်တရား။ ။ပိဋကသုံးသွယ်နိကာယ်ငါးရပ်ထဲမှ အရေးအပါဆုံး တရားကို ထုတ်ပြပါဆိုလျှင် “အပ္ပမာဒ” တရားကိုထုတ်ပြရပေလိမ့်မည်။ အပ္ပမာဒတရားဟူသည်မှာ “အပ္ပမာဒေန သမ္ပာဒေထ=မေ့လျော့ပေါ့ဆမနေကြပဲ အကျိုးတရားနှင့်ပြည့်စုံစေကြ” ဟူသည့် တရားပင်ဖြစ်သည်။

မြတ်ဗုဒ္ဓရှင်တော်ဘုရားသည် ယင်းအပ္ပမာဒတရားကို နေ့စဉ်နေ့တိုင်း ဆွမ်းဘုန်းပေးပြီး ဂန္ဓကုဋိတိုက်ခန်းတွင်းသို့ ဝင်ခါနီး၌ ဟောတော်မူသည်။ အခြားတရားတော်များကို တကြိမ်သော်လည်းကောင်း နှစ်ကြိမ်သော်လည်းကောင်း အကြိမ်သတ်မှတ်ရနိုင်အောင် ဟောတော်မူပေလိမ့်မည်။ သို့သော် အကြိမ်သတ်မှတ်မရအောင် နေ့စဉ်နေ့တိုင်းကား ဟောတော်မူမည်မဟုတ်ပါလေ။ ဤအပ္ပမာဒတရားတော်ကိုမူကား အကြိမ်ပိုင်းခြားသတ်မှတ်၍ မရအောင် နေ့စဉ်နေ့တိုင်းဟောတော်မူသည်။

ဤအချက်ကိုထောက်ဆ၍ အပ္ပမာဒတရားသည် မည်မျှအရေးပါ အရာရောက်သည့်တရား ဖြစ်ကြောင်းသိနိုင်ပေသည်။

ထို့ပြင် ဤအပ္ပမာဒတရားတော်ကို ပရိနိဗ္ဗာန်ဝင်စံတော်မူခါနီး၌ မိမိတပည့်သား ရဟန်းများအား အရေးပါသည့် နောက်ဆုံး မှာတမ်းအဖြစ် ဟောကြားတော်မူခဲ့သည်။ ဤအချက်သည်လည်း အပ္ပမာဒတရားသည် မည်မျှအရေးပါအရာရောက်ကြောင်းကို သိသာထင်ရှားစေပေသည်။

မှန်လှ၏၊ လူကြီးမိဘဆရာသမားများသည် မိမိတို့သိရှိထားသည့် အရေးကြီးသည့် အကြောင်းအရာများကို လူငယ်သားသမီး တပည့်များအား မိမိတို့သေဆုံးခါနီး၌ ပြောဆိုမှာထားလေ့ရှိတတ်ကြသည်။ လူငယ်သားသမီးတပည့်များကလည်း ယင်းသို့ သေခါနီးကာလ မှာတမ်းစကားများကို လေးလေးစားစား လိုက်နာကျင့်သုံး ဆောင်ရွက်ကြရပေသည်။

“မမေ့လျော့ မပေါ့မဆပဲ အကျိုးတရားကို ပြည့်စုံအောင် ကျင့်သုံးကြပါ” ဟူသောမှာတမ်းသည် လောကီရေး လောကုတ္တရာရေး အရေးအမျိုးမျိုး၌ လိုအပ်သောအကြောင်းတရပ် ဖြစ်ပေသည်။ မေ့လျော့ပေါ့ဆနေလျှင် မည်သည့်အလကား တရားမျှ ရနိုင်ကြမည်မဟုတ်ချေ။

ပညာပါရမီ ဓာတ်ခံရင့်သန်သူများသည် ယင်းအပ္ပမာဒတရားကို ကြားလိုက်ရလျှင်ပင် “တယ်ပြည့်ဝကောင်းမွန်သည့် တရားပေတကား” ဟု ဘွားကနဲ ထိုးထွင်းသိမြင်နိုင်ကြပေသည်။ သီရိဓမ္မာသောကမင်းနှင့် အနော်ရထာမင်းတို့သည် သာသနာပြုနိုင်မည့် သာသနာ့ဒါယကာလောင်းများ ဖြစ်သောကြောင့် အပ္ပမာဒတရားတော် တဂါထာကိုမျှ ကြားလိုက်ရလျှင်ပင် တရားသိမြင် ဗုဒ္ဓဘာသာဝင်များ ဖြစ်သွားကြလေသည်။ ဓမ္မပဒအဋ္ဌကထာ၌လည်း ဤ အပ္ပမာဒဂါထာကို ကြားနာရသောကြောင့် သတ္တဝါပေါင်းများစွာ သောတာပန် တည်ခြင်း စသောအရိယာပုဂ္ဂိုလ်များ ဖြစ်သွားကြပေသည်။ (ဓမ္မ၊ဋ္ဌ၊၁၊ နှာ-၁၄၇။ ဤသရုပ်ပြဓမ္မပဒကျမ်း နှာ-၃၆)

ဤသည်မှာ ပါဠိမြန်မာသမိုင်း မှတ်တမ်းများအရ အပ္ပမာဒဂါထာတော်၏ ကြည်ညိုဖွယ်ရာဖြစ်သည့် ထင်ရှားသောသာဓကမျှသာ ဖြစ်သေးသည်။ ယင်းအပ္ပမာဒဂါထာတော်ကား ဓမ္မပဒပါဠိဘော်ဂါထာနံပါတ် (၂၁)ဖြစ်သည်။ ဤကျမ်းစာမျက်နှာ (၃၆)၌ ပါရှိပေသည်။ သမိုင်းမှတ်တမ်း မတင်နိုင်ခဲ့သည့် ဖြစ်ရပ်များသည်လည်း များစွာပင် ရှိနိုင်ပေလိမ့်ဦးမည်။ အခြား အခြားသော အပ္ပမာဒဂါထာကဲ့သို့ပင် စွမ်းရည်ထက်မြက်သည့် ဂါထာပေါင်း လေးရာနှစ်ဆယ့်နှစ် (၄၂၂)ဂါထာ ရှိပေသေးသည်။ ယင်းဂါထာများကလည်း ကြည်ညိုဖွယ်ကို ဆောင်၍ သတ္တဝါပေါင်းများစွာ လူပေါင်းများစွာကို အကျိုးတရားကြီးမားစွာ ပြုခဲ့ကြောင်းကို ဓမ္မပဒအဋ္ဌကထာကျမ်း၌ မှတ်တမ်းတင်ထားခဲ့ပေသည်။

ဓမ္မပဒပါဠိတော်

ဖော်ပြခဲ့သည့် ကြည်ညိုဖွယ်ကို ဆောင်နိုင်၍ သတ္တဝါပေါင်းများစွာ လူပေါင်းများစွာအား အကျိုးတရားကြီးမားများပြားစွာ ရစေနိုင်သည့် အပ္ပမာဒဂါထာတော်အပါအဝင် ဂါထာပေါင်း (၄၂၃)ဂါထာတို့၏ တည်ရာ မူရင်းကျမ်းမှာ ဓမ္မပဒပါဠိတော်ကျမ်းဖြစ်ပါသည်။

ဓမ္မပဒပါဠိတော်သည် ပိဋကတ်သုံးသွယ် နိကာယ်ငါးရပ်တွင် သုတ္တန္တပိဋက ခုဒ္ဒကနိကာယ်တွင် အပါအဝင်ဖြစ်ပါသည်။ ခုဒ္ဒကနိကာယ်၌ ကျမ်းပေါင်း (၁၉)ကျမ်း ရှိရာတွင် ဒုတိယကျမ်းစာဖြစ်ပါသည်။

ဓမ္မပဒ-ဟူသည် (ဓမ္မ=တရားတော်တို့၏+ပဒ=အပေါင်းအစု)တရားတော် အပေါင်းအစုဟု အဓိပ္ပာယ်ရပါသည်။ တရားပဒေသာ တရားညွန့်ပေါင်းကျမ်း ဟူ၍လည်း ခေါ်ဆိုသင့်ပါသည်။ မှန်ပါသည်၊ ဤဓမ္မပဒကျမ်းကြီး၌ လောကုတ္တရာ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားများဆိုင်ရာ တရားများလည်း ပါဝင်ဟောကြားထားပါသည်။ ယင်း လောကုတ္တရာတရားတော်ကို ဦးတည်၍ လူမှုရေး ကြီးပွားရေး စီးပွားရေး ပညာရေး ကျန်းမာရေးစသည့် လောကီရေးရာ အကျိုးကျေးဇူးများစွာ ဖြစ်နိုင်သည့် တရားတော်များကိုလည်း ထည့်သွင်းဟောကြားထားပါသည်။ ထို့ကြောင့် “ဓမ္မပဒ”ဟူသော ပါဠိဘာသာအမည်ကို

၁။ တရားတော်အစုအပေါင်းကျမ်းကြီး၊
၂။ တရားတော်အစုအပုံကျမ်းကြီး၊
၃။ တရားတော်ပဒေသာပင်ကျမ်းကြီး၊
၄။ တရားတော်ညွန့်ပေါင်းကျမ်းကြီး၊
၅။ တရားတော်ပေါင်းချုပ်ကျမ်းကြီး၊
၆။ တရားတော်ဘဏ်တိုက်ကျမ်းကြီး-

ဟူ၍ မြန်မာပြန်အမည်ပေး၍ လေးလေးနက်နက် ခေါ်ဆိုသင့်ပါသည်။

ယင်းသို့ အမည်ပေးရန် သင့် မသင့်ကို စာရှုသူတို့ ဝေဖန်နိုင်စေရန်အတွက် အချို့ အနက် အနည်းအကျဉ်းမျှကို မြည်းကြည့်ရုံကလေးအဖြစ် တင်ပြပါအံ့။

၁။ စိတ်သာရှင်စောဘုရားဟော

စိတ်သာရှင်စောဘုရားဟော-ဟူ၍ မြန်မာ့ရိုးရာအစဉ်အလာ ပြောဆိုသုံးစွဲခဲ့သည့် စကားတခွန်းရှိသည်။ ယင်းစကားမှာ ကိုယ်ကဘာလုပ်လုပ်၊ နှုတ်ကဘာပြောပြော စိတ်သဘောကသာ အဓိကဖြစ်သည်ဟု ပြောဆိုလိုရင်း ဖြစ်သည်။

အဘိဓမ္မာနည်းအရဆိုလျှင် ကောင်းသည့်စိတ်နှင့် မကောင်းသည့်စိတ်များ ဖြစ်ပေါ်လာပြီးလျှင် ယင်းစိတ်များ၏ ဇောအရှိန်အဟုန်ကြောင့် ကာယဝိညတ်ရုပ်များနှင့် ဝစီဝိညတ်ရုပ်များ ဖြစ်ပေါ်လာကြရသည်။ ကာယဝိညတ်ရုပ်များ ဝစီဝိညတ်ရုပ်များမှ တဆင့်တက်၍ စတုဇမဟာဘုတ်လေးပါး, ဥပါဒိန္နက အနုပါဒိကရုပ်များ အဆင့်ဆင့်ဖြစ်ပေါ်လာရသည်။ ယင်းရုပ်များမှတဆင့် အခြားလူများမြင်ရသည့် ကောင်း မကောင်းသော ကိုယ်အမူအရာရုပ် ကြားရသည့် ကောင်းမကောင်းသော အသံအမူအရာရုပ်များဖြစ်ပေါ်လာရသည်။ ယင်း ကောင်း မကောင်းသော ကိုယ်အမူအရာရုပ်နှင့် ကောင်း မကောင်းသော အသံအမှုအရာရုပ်များကို မြင်ကြရမှသာ ကြားကြရမှသာ “ဤလူ ကောင်းရာကို လုပ်သည်၊ မကောင်းရာကိုလုပ်သည်၊ ကောင်းရာကိုပြောသည်၊ မကောင်းရာကို ပြောသည်”ဟူ၍ အခြားလူများ ဆုံးဖြတ်နိုင်ကြသည်။

ယင်းကောင်း မကောင်းလုပ်မှ ကောင်း မကောင်းပြောမှုများသည် မူလအခြေခံပဓာနအားဖြင့် ကောင်းသောစိတ်နှင့် မကောင်းသောစိတ်များက အရင်းခံစတင်လာသည်ကို ဤနည်းအရ မှန်းဆသိမြင်နိုင်ကြသည်။ ဤနည်းမှာ အဘိဓမ္မာနည်းဖြစ်သည်။ ယင်းသို့ အဘိဓမ္မာနည်းအရလည်း စိတ်သာရှင်စော ဘုရားဟောဟူသော မြန်မာ့ရိုးရာစကား မှန်ကန်ပုံကို သိနိုင်သည်။

သုတ္တန်နည်းအရ ပြပါဆိုလျှင် ဓမ္မပဒပါဠိတော် ဂါထာနံပါတ် (၁)နှင့် ဂါထာနံပါတ်(၂) မနောပုဗ္ဗင်္ဂမာချီဂါထာနှစ်ပုဒ်ကို ထုတ်ပြရမည် ဖြစ်ပေသည်။ မှန်ပါသည်၊ ယင်း မနောပုဗ္ဗင်္ဂမာချီဂါထာနှစ်ပုဒ်တို့တွင်-

(၁) နံပါတ်ဂါထာဖြင့်“နာမ်တရားတို့တွင် စိတ်သည်သာလျှင် ဦးဆောင်သည်၊ စိတ်သည်သာလျှင် ကြီးမှူးသည်၊ စိတ်ကြောင့်သာဖြစ်သည်၊ ပြစ်မှားဖျက်ဆီးလိုသောစိတ်ဖြင့် ပြောဆိုလျင် လုပ်ကိုင်လျှင် လှည်းဆွဲနွားနောက်သို့ လှည်းဘီးလိုက်သကဲ့သို့ ထိုပြစ်မှားပြောဆို လုပ်ကိုင်သူနောက်သို့ မကောင်းကျိုးဆင်းရဲတားများ လိုက်တတ်သည်” ဟု ပြဆိုသည်။

(၂) နံပါတ်ဂါထာဖြင့် “နာမ်တရားတို့တွင် စိတ်သည်သာလျှင် ဦးဆောင်သည်၊ စိတ်သည်သာလျှင် ကြီးမှူးသည်၊ စိတ်ကြောင့်သာဖြစ်သည်၊ ကြည်လင်သောစိတ်ဖြင့် ပြောဆိုလျှင် ပြုလုပ်လျှင် လူကောင်၏ နောက်သို့ လူရိပ်လိုက်သကဲ့သို့ ထိုကြည်လင်စွာ ပြောဆိုပြုလုပ်သူ၏ နောက်သို့ ကောင်းကျိုးချမ်းသာတရားများ လိုက်တတ်သည်” ဟု ပြဆိုသည်။

ဤသို့ စိတ်သာရှင်စော ဘုရားဟော ဟူသော မြန်မာ့ဆိုရိုးစကားသည် အဘိဓမ္မာနည်းအရ ဖြစ်စေ သုတ္တန်နည်းအရဖြစ်စေ မှန်ကန်နေကြောင်း သိမြင်နိုင်ကြပေသည်။ ယင်းသို့သိရခြင်းကြောင့် စိတ်သာရှင်စော ဘုရားဟောဟူသော မြန်မာ့ဆိုရိုးစကားအရ စိတ်ချလက်ချ လိုက်နာကျင့်သုံးနိုင်ကြပေသည်။

ဓမ္မပဒ ပါဠိတော်လာ ယင်းဂါထာနှစ်ပုဒ်ကို ဤသရုပ်ပြ ဓမ္မပဒကျမ်း (စာမျက်နှာ ၃-မှ ၉-အထိ) တွင် အကျယ်လေ့လာဖတ်ရှု နိုင်ပါသည်၊

၂။ ဘေးရန်ကင်းဝေးနေနိုင်ရေး

ကျမ်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးကင်းပါစေ၊ ရန်ရှင်းပါစေ ဟူ၍ ရှေးအစဉ်အလာအားဖြင့် လူကြီးသူမများ ဆုမွန်ကောင်း ပေးလေ့ရှိကြသည်။ ဤစကားရပ်များတွင် ရန်ရှင်းစေရန်မှာ ရန်ကိုရန်ချင်း မတုံ့လျှင်းနှင့် ဟူ၍ လည်းကောင်း၊ ရန်မလိုမှ ရန်ပြိုသည်, ရန်လိုလျှင် ရန်ပိုကတ်သည် ဟူ၍ လည်းကောင်း ရှေးမြန်မာလူကြီးသူမများ၏ ပြောဆိုဆုံးမချက် စကားများအရ လိုက်နာကျင့်သုံးနိုင်ကြပါလျှင် ရရှိခံစားနိုင်သည့် အကျိုးတရားဖြစ်ပေသည်။

ယင်း ရန်ကို ရန်ချင်း မဘုံလျှင်းနှင့် ဟူသောစကားနှင့် ရန်မလိုမှ ရန်ပြိုသည် ရန်လိုလျှင် ရန်ပိုတတ်သည် ဟူသောစကားတို့မှာ ရန်စတခု ဖြစ်ပေါ်လာလျှင် ပြန်၍ ရန်မမူခြင်းဖြင့် ယင်းရန်စ ငြိမ်းအေးသွားနိုင်ကြောင်း ညွှန်ပြသည့် အဓိပ္ပာယ်ကို ဆောင်ပေသည်။ ဤသို့ရှေးလူကြီးများ ညွှန်ပြဆုံးမသည်မှာ ဓမ္မပဒကျမ်းလာ (ဂါထာနံပါတ် ၃-၄ ၅-ဂါထာဘို့)နှင့် တပြေးတည်း ညီညွတ်လှပေသည်။

ယင်းဂါထာလေးပုဒ်တို့မှာ-

၃။ ဤသူသည် ငါ့ကိုစိတ်ဆိုးပြီ၊ ငါ့ကိုညှဉ်းဆဲပြီ၊ ငါ့ကိုအနိုင်ယူပြီ ငါ့ပစ္စည်းကို ယူပြီဟူ၍ ရန်ငြိုးဖွဲ့နေလျှင် ရန်မငြိမ်းနိုင်။

၄။ ဤသူသည် ငါကိုစိတ်ဆိုးပြီ၊ ငါ့ကိုညှဉ်းဆဲပြီ၊ ငါ့ကိုအနိုင်ယူပြီ၊ ငါ့ပစ္စည်းကိုယူပြီဟု ရန်ငြိုးမထားမှသာ ရန်ငြိမ်းသည်။

၅။ ရန်သူကို ရန်လိုလျင် ရန်ပိုသည်။ ရန်မလိုမှ ရန်ပြိုသည်၊ ဤသည်မှာ ရှေးသူတော်စင်တို့၏ လမ်းစဉ်ဖြစ်သည်-

ဟူသော အဓိပ္ပာယ်ကို ပြဆိုသည့် ဂါထာများဖြစ်သည်။

ယင်း ဂါထာသုံးပုဒ်ကို အနက်ပြန်၊ စကားပြေ မြန်မာပြန်၊ ခက်ဆစ်ပုဒ်ပါဌ် ရှင်းချက်၊ ခက်ဆစ်အဓိပ္ပာယ် ရှင်းချက်များနှင့်တကွ ဤသရုပ်ပြ ဓမ္မပဒကျမ်း (စာမျက်နှာ ၉-မှ-၁၄-အထိ) ၌ အကျယ်ရှင်းလင်းရေးပြထားသည်ကို လေ့လာ ဖတ်ရှုနိုင်ပေသည်။

၃။ ကြီးပွားချမ်းသာရေး

လောက၌ ကြီးပွားချမ်းသာရန် လိုအပ်လှပါသည်။ ယင်းသို့လိုအပ်သော ကြောင့်ပင်လျှင် ကြီးပွားချမ်းသာရန်အတွက် ပုပုရွရွ ကြီးကြီးငယ်ငယ် အရွယ်မရွေး လှုပ်ရှားသွားလာနေကြပါသည်။ လောကီကြီးပွားချမ်းသာသူများသည်သာ အများအားဖြင့် လောကုတ္တရာချမ်းသာသုခကို ရရှိကြသည်ကများပေသည်။ မြတ်စွာဘုရားလက်ထက်တော်အခါက သာဝတ္ထိပြည်၌ လူပေါင်း (၇) ကုဋေ ရှိရာတွင် ကြီးပွားချမ်းသာနေသူ လူပေါင်း(၅)ကုဋေက တရားထူး တရားမြတ် ရနေကြောင်းကို ဓမ္မပဒအဋ္ဌကထာ စာမျက်နှာ (၄)၌ ပြဆိုထားပါသည်။

မြတ်စွာဘုရား၏ထံတော်အနီး၌ အမြဲရှိနေသည့် အဂ္ဂသာဝကကြီးနှစ်ပါးဖြစ်သည့် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလ္လာန်တို့ကိုကြည့်ပါ၊ မြို့စားရွာစား သဌေးသားကြီးများ ဖြစ်တော်မူကြပါသည်။ အရှင်မဟာကဿပကို ကြည့်ပါ၊ သဌေးသားကြီး သဌေးကလေးဖြစ်ပါသည်။

ယခုမျက်မှောက်လောကကိုကြည့်ပါလျှင်လည်း မည်သည့်တန်ခိုးကြီးသည့် ဆရာတော်ကြီး ကြွလာသည်ဆိုလျှင် ပစ္စည်းဥစ္စာကြွယ်ဝ၍ ကြီးပွားချမ်းသာသူများက လှူနိုင်ကြ တန်းနိုင်ကြ၏၊ အနီးအပါးချဉ်းကပ်၍ တရားနာနိုင်ကြ၏၊ လွတ်လွတ်လပ်လပ် တရားကိုကျင့်သုံးပွားများနိုင်ကြ၏။

ဤသို့သော အကြောင်းများကြောင့် လောက၌ ကြီးပွားချမ်းသာရန် အလှန်လိုအပ်လှပေသည်။ ယင်း လိုအပ်သော ကြီးပွားချမ်းသာရေးကို ရရှိရန် နည်းကို ဓမ္မပဒပါဠိတော်ဂါထာ နံပါတ်(၂၄)၌ ဟောကြားထားပေသည်။ ယင်း ဂါထာမှာ-

(၁) လုံ့လဝီရိယရှိခြင်း၊
(၂) သတိရှိခြင်း၊
(၃) ကိုယ်နှင့်နှုတ် စင်ကြယ်မှုရှိခြင်း၊
(၄) ဉာဏ်ဖြင့် ဆင်ခြင်နှိုင်းဆပြုလုပ်ခြင်း၊
(၅) ကိုယ်နှင့်နှုတ်ကို စောင့်ထိန်းခြင်း၊
(၆) တရားနှင့်အညီ အသက်မွေးခြင်း၊
(၇) မေ့လျော့ ပေါ့ဆမှု မရှိခြင်း-

ဟူသော အင်္ဂါ ခုနစ်မျိုးနှင့် ပြည့်စုံလျှင် ကြီးပွားချမ်းသာ၍ အခြွေအရံနှင့် ပြည့်စုံ ကျော်စောနိုင်ကြောင်း ပြဆိုထားပေသည်။

ဤ ကြီးပွားချမ်းသာခြင်း လမ်းညွှန်ဂါထာကို ဤသရုပ်ပြ ဓမ္မပဒကျမ်း (စာမျက်နှာ ၄၄-၄၅တို့)၌ အကျယ် အနက် အဓိပ္ပာယ် ခက်ဆစ်ရှင်းချက်နှင့်တကွ လေ့လာဖတ်ရှုနိုင်ပါသည်။

၄။ မမေ့လျော့မပေါ့ဆခြင်းအကျိုး

ဤနိဒါန်း အစချီစဉ်ကပင် သီရိဓမ္မာသောကမင်းကြီး ဗုဒ္ဓဘာသာကို သက်ဝင် ကြည်ညိုသွားကာ ပျက်စီးပျောက်သုဉ်းလုနီးနီးဖြစ်နေသော သာသနာတော်ကြီးကို တတိယသံဂါယနာတင်၍ ထွန်းလင်းတောက်ပစေခဲ့ပုံနှင့် မြန်မာပြည် ပုဂံခေတ်တွင် ဗုဒ္ဓဘာသာ ရဟန်းတုရဟန်းယောင်များ မတရား မင်းမူနေမှုကို ဖြိုခွင်းကာ အနော်ရထာမင်းကြီးသည် ဗုဒ္ဓသာသနာတော်ကို ပြုစုတော်မူခဲ့သောကြောင့် ယနေ့အထိ ဗုဒ္ဓသာသနာတော်ကြီး တည်ရှိနေခြင်း ဖြစ်ပုံများကို ဖော်ပြပြီးလျှင်-

ယင်းသို့ သာသနာတော် ထွန်းလင်းတောက်ပလာရသည်မှာ နိဂြောဓသာမဏေနှင့် အရှင်အရဟံတို့ ဟောပြသည့် ဓမ္မပဒကျမ်းနံပါတ် (၂၁)အပ္ပမာဒဂါထာ၏ အစွမ်းထက်မြက်မှုကြောင့်ဖြစ်ကြောင်း နိဒါန်းစခဲ့သည်ကို စာရှုသူများ မှတ်မိလိမ့်ဦးမည်ဟု ထင်ပါသည်။

ယင်း အပ္ပမာဒ ဂါထာသည် ဓမ္မပဒပါဠိတော် အပ္ပမာဒဝဂ်လာ ပထမဆုံး ဂါထာမျှသာဖြစ်ပါသည်၊ ယင်းဂါထာကဲ့သို့ပင် မေ့လျော့ပေါ့ဆခြင်းအပြစ် မမေ့လျော့ မပေါ့ဆခြင်းအကျိုးတရားများကို နည်းအမျိုးမျိုးဖြင့် ပြဆိုသည့် ဂါထာများစွာပင် ရှိပါသေးသည်။ ဤနိဒါန်းအစမှာ ချီးကျူးဖော်ပြခဲ့သည့် အပ္ပမာဒတရားတော်ဂါထာနှင့် အခြား အပ္ပမာဒတရားတော်ဂါထာများကို အနက် မြန်မာပြန် ခက်ဆစ်ရှင်းလင်းချက်များနှင့်တကွ ဤသရုပ်ပြ ဓမ္မပဒကျမ်း (စာမျက်နှာ ၃၆မှ ၅ဂအထိ)၌ လေ့လာဖတ်ရှုနိုင်ပါသည်။

၅။ စိတ်ကိုနိုင်မှ ချမ်းသာရမည်

အခက်အခဲနှင့် ကြုံတွေ့နေရသည့် ရဟန်းတော်ကလေးတပါး ရှိခဲ့ဖူးသည်။ မြတ်စွာဘုရားလက်ထက်တော်အခါက ဖြစ်သည်။ ခက်ရပုံမှာ ဤသို့ဖြစ်သည်-

ကိုယ်တော်ကလေးနေသည့်ကျောင်း၏ ပစ္စည်းလေးပါး ဒါယိကာမကြီးသည် ကိုယ်တော်ကလေးစိတ်ထဲမှ “ဘာကိုစားချင်သည်”ဟု တောင့်တလိုက်လျှင် တောင့်တသည့်အစာကို လာ၍ဆက်ကပ်သည်။ “ဘာပစ္စည်းကလေးရှိလျှင် ကောင်းမှာပဲ”ဟု တောင့်တလိုက်လျင် လိုသောပစ္စည်းကို လာ၍ပို့သည်။ အစကတော့ ကိုယ်တော်ကလေးစိတ်ထဲမှာ “တယ်နိပ်ပါလား” ထင်မိသည်။ ကြာလာသောအခါ ကိုယ်တော်ကလေး စိတ်ကူးသမျှကို ဒါယိကာမကြီးက သိပြီး လာလာပို့နေ၍ ကိုယ်တော်ကလေး ကြောက်လာသည်။ “ဒီလိုသာ စိတ်ထဲတွေးတိုင်း ကြံတိုင်း သိမယ်ဆိုလျှင်တော့ ခက်ချေပြီ၊ စိတ်ဆိုသည်မှာ ဟိုတွေးဒီတွေး တွေးမိတတ်လှ၏။ ဒီလိုနေလို့တော့ မဖြစ်ဘူး ”ဟု တွေးပြီး မြတ်စွာဘုရားထံသွား၍ ဖူးမြော်ဦးချကာ မိမိကြုံတွေ့ရသည့် အခက်အခဲကို ရင်ဖွင့် လျှောက်ထားလိုက်တော့သည်။

ဤတွင် မြတ်စွာဘုရားက “ရဟန်း စိတ်ဟူသည်မှာ နှိမ်နင်းရန်ခက်၏၊ ဖြစ်လွယ် ရောက်လွယ်လျင်မြန်လှ၏၊ ကျချင်ရာကျ၊ရောက်ချင်ရာရောက်၊ ပေါက်ချင်ရာပေါက်-လိုသလို ကျရောက်နိုင်စွမ်းရှိ၏။ ဤသို့သဘောရှိသည့်စိတ်ကို နိုင်နင်းအောင် ဆုံးမနိုင်မှ ကောင်းသည်။ ဆုံးမ၍ ယဉ်ကျေးသည့်စိတ်သည် ချမ်းသာကို ဆောင်ရွက်နိုင်ပေသည်”ဟု ဓမ္မပဒဂါထာနိပါတ် (၃၅)ကို ဟောတော်မူသည်။ ရဟန်းငယ်ကလေးလည်း မြတ်စွာဘုရားဆုံးမချက်ကို နာကြားရသောကြောင့် မကြာမီ ရဟန္တာဖြစ်သွားလေသည်။

ဤသည်မှာ စိတ်ကို နိုင်၍ ချမ်းသာတွေ့ရခြင်းဖြစ်သည်။ ဤကဲ့သို့သော စိတ်သဘောပြ၍ စိတ်ကို ဆုံးမခြင်း အကျိုးပြတရားတော်များသည် ဓမ္မပဒပါဠိတော် စိတ္တဝဂ်၌ များစွာပင်ရှိပါသည်။

ယင်းသို့ စိတ်သဘောပြ၍ စိတ်ကိုဆုံးမသည့် နည်းများကို ဟောသည့် ဂါထာများကို ဤသရုပ်ပြ ဓမ္မပဒကျမ်း၌ အနက် မြန်မာ စကားပြေ ခက်ဆစ် အဓိပ္ပာယ်ရှင်းလင်းချက်များနှင့်တကွ (စာမျက်နှာ ၅၉မှ ၇၄-အထိ) ရေးသားထားပေသည်။ သုတေသီတို့ ဖတ်ရှု လေ့လာသင့်လှပေသည်။

၆။ အောင်မြင်သည့် ဆုံးမနည်း

နိဒါန်းရေးသူနှင့် ခင်မင်ရင်းနှီးသော မိတ်ဆွေတဦးရှိပါသည်။ သူသည်ထင်ပေါ်ကျော်ကြားသည့် စာရေးဆရာကြီးတဦး ဖြစ်ပါသည်။ ခေတ်မီသော အသိအမြင်လည်းရှိပါသည်။ ခေတ်မီသူ ပညာရှင်တဦးဖြစ်သောကြောင့် ဆေးလိပ်သောက်ခြင်း စီးကရက်သောက်ခြင်း အပြစ်ကို မြင်ပါသည်။ အခြား သာမန်လူများထက် အဆများစွာပို၍ သိမြင်ပါသည်။ ယင်းသို့သိမြင်သောကြောင့် မိမိ၏ရင်သွေးများကို ဆေးလိပ်မသောက်ရန် စီးကရက်မသောက်ရန် ဆုံးမသည်။ တားမြစ်သည်၊ သောက်လျှင် ဘာလုပ်မည် ညာလုပ်မည် ခြိမ်းခြောက်သည်။ သို့သော် မရ။ “အဖေကတော့ ဘာကြောင့် သောက်ရသလဲ”ဟု ထောက်ပြ ဆင်ခြေ ပေးသည်။

“ဟဲ့ငါက မသိတတ်သေးတဲ့ အရွယ်က သောက်ခဲ့လို့တဲ့၊ စွဲနေပြီ၊ ဖြတ်လို့ မရဘူး” ပြောသော်လည်း မရ၊ ကလေးများ သောက်မြဲ သောက်ကြသည်။ ရှူမြဲ ရှူကြသည်။ ယင်းသို့ အခက်အခဲ ဖြစ်နေပေရာ မိမိရင်သွေး ကလေးများ ကျန်းမာရေး ချမ်းသာရေးကို မျှော်တွေး၍ သူကိုယ်တိုင်ငယ်စဉ်က စွဲနေခဲ့သည့် ဆေးလိပ် စီးကရက် သောက်ခြင်းကို ဆင်းဆင်းရဲရဲ ခဲခဲယဉ်းယဉ်းဖြင့် ဖြတ်လိုက်ရသည်။ မိမိက ပထမဦးစွာ ဆေးလိပ်နှင့်စီးကရက်ကို ပြတ်ပြီးမှ ကလေးငယ်များကို ဆေးလိပ်နှင့်စီးကရက်မသောက်ရန် တားမြစ်သောအခါ ကျမှ ကလေးငယ်များလည်း ဆေးလိပ်နှင့်စီးကရက်ကို မသောက်ပဲ ဆုံးမသည့်အတိုင်းလိုက်နာကြောင်းကို မိတ်ဆွေစာရေးဆရာကပြောဆိုသည်ကို မှတ်သားမိဖူးသည်။

ဆုံးမသည့်အတိုင်း လိုက်နာစေနိုင်သည့်နည်းကို ဓမ္မပဒပါဠိတော်၌ မြတ်စွာဘုရား ဟောကြားတော်မူထားပါသည်။ မိတ်ဆွေစာရေးဆရာ သူ၏ရင်သွေးများကို ဆေးလိပ်နှင့် စီးကရက်မသောက်ရန် ဆုံးမ၍ မအောင်မြင်ခဲ့သည်မှာ ဓမ္မပဒလာဘုရား ဟောနည်းနှင့် မကိုက်ညီသောကြောင့် ဖြစ်ပါသည်။ အောင်မြင်ခဲ့သည်မှာ ဓမ္မပဒလာ ဘုရားဟောနှင့် ကိုက်ညီသောကြောင့် ဖြစ်ပါသည်။

ယင်း ပြောဆိုဆုံးမ၍ အောင်မြင်စေနိုင်သည့် နည်းကို ဓမ္မပဒဂါထာ နံပါတ် (၁၅၈)၌–

ရှေးဦးစွာ မိမိကိုယ်တိုင်က သင့်လျော်စွာ ကျင့်သုံးပြီးမှ အခြားသူများကို ဆုံးမညွှန်ကြားပါ၊ မိမိကတော့မကျင့်သုံးပဲ သူတပါးကို ဆုံးမခြင်းဖြင့် အပင်ပန်းမခံပါနှင့်’

ဟူ၍ ညွှန်ကြားထားပေသည်။

ဤညွှန်ကြားချက် ဂါထာနှင့်တကူ အခြားအဖိုးတန် ညွှန်ကြားချက်ဂါထာများကို ဤကျမ်း(စာမျက်နှာ ၂၂၀. စသည်)၌ အနက်အဓိပ္ပာယ် မြန်မာ စကားပြေ ခက်ဆစ်အဖြေများနှင့်တကူ လေ့လာဖတ်ရှု နိုင်ကြပါသည်၊

၇။ အသက်ရှည်စွာ ကျန်းမာ ချမ်းသာရန်နည်း

လောကလူသားတိုင်းပင် အသက်ရှည်စွာ ကျန်းမာ ချမ်းသာလိုကြ၏။ ယင်းသို့ အသက်ရှည်စွာ ကျန်းမာရန်အတွက် နည်းအမျိုးမျိုးကို ငွေကုန်လူပန်းခံလျက် ရှာဖွေ စုဆောင်းကြသည်။ မှန်ပါသည်၊ လိုလည်းလိုအပ်သည့် တရားများဖြစ်ပါသည်။

လူ့လောက လူ့ဘဝ၌ပြုလုပ်ဆည်းပူးဖွယ်ရာလောကီကိစ္စအမျိုးမျိုးရှိပါသည်။ လောကုတ္တရာ ကိစ္စကလည်း အမျိုးမျိုးပင် ရှိကြပါသည်။ ယင်းကိစ္စအမျိုးမျိုးကို ပြည့်စုံအောင် စုဆောင်းဆည်းပူးပြုလုပ်နိုင်ရန်မှာ လူတို့၏ သက်တမ်းနှစ်ပေါင်း တရာရှိရာတွင် နှစ်သုံးဆယ် လေးဆယ်ခန့်မျှဖြင့် ပြည့်စုံရန်မလွယ်ကူပါ။ မမေ့မလျော့ မပေါ့မဆ သတိဝီရိယထား၍ နှစ်ပေါင်း ခုနစ်ဆယ် ရှစ်ဆယ်ခန့် ဆည်းပူးပြုလုပ်ရလျှင်ဖြင့် ပြည့်စုံကောင်း ပြည့်စုံလိမ့်မည်ဟု ထင်မှတ်ရပေသည်။

နှစ်ပေါင်းခုနစ်ဆယ် ရှစ်ဆယ်မျှဆိုသော်လည်း ယင်းနှစ်များအတွင်း ကိုယ်ရောစိတ်ပါကျန်းမာပါမှ ဆည်းပူးနိုင်မည်ဖြစ်သည်။ ခေါင်းခဲဆိုက်နာ ချူနာပါတ မကျန်းမာကြပါမူ ဘယ်လိုမှ ထိထိရောက်ရောက် ဆည်းပူးပြုလုပ်နိုင်မည် မဟုတ်ချေ။

ကျန်းမာပါသည် ဆိုပါမူလည်း စားရေးကကြပ်တည်း၊ ဝတ်ရေးကခက်ခဲဖြစ်နေ၍ ချမ်းသာသုခ မရှိကြပါလျှင်လည်း ပြည့်စုံအောင် ဆည်းပူးပြုလုပ်နိုင်မည် မဟုတ်၊ စားရေးဝတ်ရေး နေရေးထိုင်ရေး အဆင်ပြေ သင့်တင့်လှပါမှ ပြည့်ဝအောင် ဆည်းပူး ပြုလုပ်နိုင်ကြပေလိမ့်မည်။

ဤသို့ စသည့် အကြောင်းကြောင်းတို့ကြောင့် လုပ်သင့်လုပ်ထိုက်ဆည်းပူး စုဆောင်းထိုက်သည့် လောကီရေး လောကုတ္တရာရေးများကို ပြုလုပ်ဆည်းပူးနိုင်ကြရန်အတွက် အသက်ရှည်စွာ ကျန်းမာ ချမ်းသာရန်လိုအပ်လှပေသည်။

ယင်းသို့ လူ့လောကသားတို့အတွက် လိုအပ်သည့် အသက်ရှည်စွာ ကျန်းမာ ချမ်းသာရေးများကို ရနိုင်ရန်အတွက် ဓမ္မပဒပါဠိတော် ဂါထာနံပါတ်(၁၀၉)၌–

မိမိထက် အသက်ဂုဏ်သိက္ခာကြီးသူတို့အား အမြဲမပြတ် ရိုသေလေးစားမှု ပြုလုပ်လေ့ရှိသူတို့မှာ အသက်ရှည်ခြင်း အဆင်းလှပခြင်း ချမ်းသာခြင်း ကာယဗလဉာဏဗလရှိခြင်းဟူသော အကျိုးတရား လေးမျိုး တိုးပွားနိုင်ပေသည်…
ဟူ၍ နည်းပေးဟောကြားထားတော်မူပေသည်။

ယင်းဟောကြားတော်မူချက် ဂါထာနှင့်အခြားကောင်းမြတ်သည့် နည်းပေး ဟောကြားချက် ဂါထာများကို အနက် မြန်မာပြန် အဓိပ္ပာယ် ခက်ဆစ် ဂဏ္ဌိနှင့် တကွ ရေးသားပြဆိုသည်ကို သရုပ်ပြ ဓမ္မပဒကျမ်း (စာမျက်နှာ ၁၆၅-စသည်)၌ ဖတ်ရှုမှတ်သား၍ကောင်းမြတ်သည့် အကျိုးတရားများကိုအရယူနိုင်ကြပါသည်။

၈။ လောက သဘာဝမှတ်တမ်း

“လောကမှာ ရွှေပိုင်းရောက်နေသူ တချို့က ညသုံးလုံးတွေဗျ။”

ရင်းနှီးသူမိတ်ဆွေတယောက်က ပြောပြသည့်စကား ဖြစ်ပါသည်။ မိတ်ဆွေပြောပြသည့် ယင်းစကားသည် အဓိပ္ပာယ်ကျယ်ဝန်းနက်နဲလှပေရာ သိသာအောင် အကျဉ်းမျှရှင်းပြပါမည်။ ညသုံးလုံးဟူသည်မှာ-
၁။ ညစ်သောလူ၊
၂။ ညာသောလူ၊
၃။ ညံ့သောလူ-
ဟူ၍ ညသုံးလုံးဖြစ်ပါသည်။ ယင်းညသုံးလုံးတို့တွင် –

၁။ ညစ်သောလူဟူသည်မှာ ရိုးသားကောင်းမွန်သည့် လူများစုအပေါ် ညစ်ညမ်းယုတ်မာစွာ ဉာဏ်နီဉာဏ်နက်အမျိုးမျိုးကို သုံးစွဲတတ်သူများကို ဆိုလိုပါသည်။ ထိုညစ်သောလူသည် သူ၏ညစ်ညမ်းသော ဉာဏ်နီဉာဏ်နက်များ အစွမ်းဖြင့် လိုရာပစ္စည်းကိုရအောင် လုပ်နိုင်စွမ်းရှိသည်။ လိုရာနေရာသို့ ရောက်နိုင်စွမ်း ရှိကြသည်။ ပစ္စည်းများများ ရနေကြသည်။ နေရာကောင်းသို့ ရောက်နေကြသည်။

၂။ ညာသောလူဟူသည်မှာ ရိုးသားကောင်းမြတ်သည့် လူများစုအား မျက်လှည့်ဆရာက ပရိသတ်ကို မျက်လှည့်ပြသကဲ့သို့ ညာတတ်လိမ်တတ်သော လူမျိုးကို ဆိုလိုပါသည်။ ထိုလူမျိုးသည် ညာတတ်လိမ်တတ်သည့် အစွမ်းဖြင့် လိုရာပစ္စည်းကို ရအောင်ယူတတ်သည်။ လိုရာနေရာသို့ရောက်အောင် သွားတတ်သည်။ ပစ္စည်းများများ ရနေကြသည်။ နေရာကောင်းသို့ ရောက်နေကြသည်။

၃။ ညံ့သောလူဟူသည်မှာ လူ့အရည်အသွေး လူ့ကျင့်ဝတ် တခုမျှပင် မကောင်းပဲ အစစအရာရာတို့၌ မသင့်တော်သည့် စိတ်ထားသဘောထား ညံ့ဖျင်းသူများကို ဆိုလိုပါသည်။ ထိုသူမျိုးသည်လည်း မိမိ၏ညံ့ဖျင်းသော အပြုအမူကို သုံးစွဲပြီး လိုရာပစ္စည်းရအောင် လုပ်တတ်သည်၊ လိုရာနေရာသို့ ရောက်အောင် သွားတတ်သည်။ ပစ္စည်းများများ ရနေကြသည်၊ နေရာကောင်းကောင်းသို့ ရောက်နေကြသည်။

ဤသို့လျှင် ညသုံးလုံးလူမျိုးအချို့တို့သည် ပစ္စည်းရှိနေကြသည်၊ နေရာကောင်းရောက်နေကြသည်။ သူတို့သည်တော်သည်မတော်သည် မဆင်ခြင်၊ သင့်သည် မသင့်သည် မစဉ်းစားပဲ ကိုယ်ရလျှင်ပြီးရော ကိုယ်ရောက်လျှင်ပြီးရော သဘောထားကာ ညသုံးလုံးအစွမ်းဖြင့် ရွှေတန်းသို့ ရောက်နေခြင်းဖြစ်ကြောင်း မိတ်ဆွေ၏ ရှင်းလင်းပြောပြချက်အရ သိရှိရပေသည်။ ဖော်ပြပါ မိတ်ဆွေဆရာကြီး၏ စကား၌ ရွှေတန်းရောက်နေသူ အားလုံးဟုမပြောသည်ကို သတိထားရန်သင့်ပေသေးသည်။

ဤသို့သော မဘော်မလျော်ဖြစ်ရပ်မျိုး လောကသဘာဝသည် ဤခေတ် ဤကာလမျိုးမှာမှ ဖြစ်ပေါ်သည်မဟုတ်ပါ၊ မြတ်ဗုဒ္ဓရှင်တော်ဘုရား လက်ထက်တော်အခါကလည်း ရှိခဲ့ပုံရပါသည်။ ယင်းသို့သော မတော်မလျော်ဖြစ်ရပ်မျိုးကို ရည်ရွယ်တော်မူ၍ ဓမ္မပဒပါဠိတော် ဂါထာ နံပါတ် ၂၄၄-နှင့် ၂၄၅-တို့၌—
၁။ အရှက်မရှိသူ၊
၂။ ရဲတင်းသည့် ကျီးကဲ့သို့ အတင်းထိုး နှိုက်တတ်သူ၊
၃။ သူတပါးကို ထိခိုက် ပုတ်ခတ်တတ်သူ၊
၄။ ဟန်ရေးပြကောင်းသူ၊
၅။ ကိုယ်နှုတ် ကြမ်းတမ်းသူ၊
၆။ ညစ်ညမ်းယုတ်မာသူ-
တို့သည် အရာရာတွင်ကျယ် အသက်မွေးချောင်လည်ကြသည်၊

၁။ အရှက်ကြီးမားသူ၊
၂။ စင်ကြယ်သည့်အလုပ်ကိုသာ ရှာဖွေသူ၊
၃။ နှမြောတွန့်တိုခြင်း မရှိသူ၊
၄။ ကိုယ်နှုတ်နှစ်ပါး သိမ်မွေ့နူးညံ့သူ၊
၅။ စင်ကြယ်စွာ အသက်မွေး နေထိုင်လိုသူ

တို့သည် အောက်ကျနောက်ကျ နေထိုင်စားသောက်ရေး ခက်တတ်ကြသည် ဟူ၍ ဟောကြားမှတ်တမ်းတင်ထားသည်မှာ အလွန်မှတ်သားဖွယ်ကောင်းလှပေသည်။

ဤသို့ မှတ်သားဖွယ်ရာ တရားဒေသနာတို့ကိုလည်း ဓမ္မပဒပါဠိတော်၌ ဟောကြားထားသည်ကို ဤသရုပ်ပြ ဓမ္မပဒကျမ်း (စာမျက်နှာ ၃၁၀-မှ ၃၁၂အထိ) ၌ အကျယ်ရှင်းလင်းရေးပြထားပါသည်။

၉။ အနည်းစွန့်မှအများရ

“ချမ်းသာကြီးကြီးလိုချင်လျှင် ချမ်းသာကလေးတွေကို စွန့်ကြကွဲ့၊ဆင်းရဲကြီးတွေကြောက်လျှင် ဆင်းရဲကလေးတွေကို ခံကြကွဲ့”ဟူ၍ ရှေးမြန်မာပညာရှိ ဆရာတော်သမားတော်များက ဆုံးမတော်မူလေ့ရှိကြသည်။

ယင်းအဆုံးအမများသည် အလွန်မှန်ကန်လှပေသည်။ ဤလောက၌အမြတ်အစွန်းကို ရလို၍ ကုန်သည်လယ်လုပ် စီးပွားရှာကြရာ၌ အရင်းအနှီးငွေကြေး စိုက်ထုတ်စွန့်လွှတ်၍ စီးပွားရှာကြရသည်၊ သို့မှ အမြတ်အစွန်း ရ၍ကြီးပွားချမ်းသာကြသည်။ ဤ၌ငွေကြေးအရင်းအနှီး စိုက်ထုတ်စွန့်လွှတ်ရသည်။ လူအပင်ပန်းအဆင်းရဲခံ၍ သွားလာ လှုပ်ရှားရသည်။ ယင်းသို့ပြုလုပ်ခါမှသာလျှင် အမြတ်အစွန်းများရ၍ ကြီးပွားချမ်းသာ ကြရသည်။

လောကုတ္တရာ အကျိုးစီးပွားရှာရာ၌လည်း အစားအစာများကို ခြိုးခြံချွေတာစားသောက်၍ အဆင်းရဲခံရသည်၊ အအိပ်အနေခြိုးခြံ၍ အဆင်းရဲခံရသည်။ ညောင်းညာမှုဆင်းရဲခံ၍ တရားထိုင်ရသည်၊ ဤသည့် ချမ်းသာကလေးများကို စွန့်၍ မအိုမနာမသေရာ နိဗ္ဗာန် ချမ်းသာကိုရှာဖွေကြရသည်။ ဤသည့်ဆင်းရဲကလေးများကို ခံ၍ သံသရာဆင်းရဲကြီးမှ လွတ်အောင်လုပ်ကြရသည်။

ဤသို့သောအကြောင်းများကြောင့် ရှေးပညာရှိ ဆရာတော်သမားတော်ကြီးများ ဆုံးမချက်မှန်ကန်သည်ဟု ဆိုရမည်ဖြစ်သည်၊ ထိုထက်တိုး၍ ဓမ္မပဒပါဠိတော် ဂါထာနံပါတ် ၂၉၀-၌-

အနည်းငယ်မျှ ချမ်းသာကလေးကို စွန့်လွှတ်ခြင်းကြောင့် ကြီးမားများပြားသည့်ချမ်းသာကို ရမည်ကိုသိမြင်လျှင် အနည်းငယ်မျှသော ချမ်းသာကလေးများကို ပညာရှိသည် စွန့်လွှတ်ရမည်-

ဟူ၍ မိန့်ဆိုချက်နှင့် ကိုက်ညီလှသည်ကို တွေ့ရပြန်သောကြောင့် ရှေးမြန်မာပညာရှိများ၏ စကားတော်ကိုလိုက်နာကျင့်သုံး ထိုက်လှပေသည်၊ ဤသရုပ်ပြ ဓမ္မပဒကျမ်း စာမျက်နှာ(၃၅၂)၌ အနက်မြန်မာပြန် အဓိပ္ပာယ်ရှင်းလင်းချက်နှင့်တကွ ပြည့်ပြည့်ဝဝလေ့လာနိုင်ကြပေသည်။

ဤသည်တို့ကား ဓမ္မပဒပါဠိတော်ကြီး၌ ပါဝင်တည်ရှိနေသော မှတ်သားဖွယ် လိုက်နာကျင့်သုံးဖွယ်ရာ တရားဒေသနာ များစွာတို့အထဲမှ နိဒါန်းရေးသူ လက်လှမ်းမီသမျှ အနည်းအကျဉ်းမျှကို စာရှုသူတို့အား စာမြည်းအဖြစ် အကဲခပ် လေ့လာနိုင်ကြစေရန် ထုတ်ပြခြင်း ဖြစ်ပါသည်။ ဤမျှဖတ်ရှုရလျှင် ဤဓမ္မပဒပါဠိတော်၏အမည်ကို-
၁။ တရားတော် အစုအပေါင်းကျမ်းကြီး၊
၂။ တရားတော်အစုအပုံကျမ်းကြီး၊
၃။ တရားတော် ပဒေသာပင်ကျမ်းကြီး၊
၄။ တရားတော် ညွန့်ပေါင်းကျမ်းကြီး၊
၅။ တရားတော်ပေါင်းချုပ် ကျမ်းကြီး၊
၆။ တရားတော် ဘဏ်တိုက်ကျမ်းကြီး-
ဟု သတ်မှတ်၍ မြန်မာပြန်ဆို ခေါ်ဝေါ်ထိုက်ကြောင်း စာရှုသူတို့လက်ခံနိုင်လောက်ပြီဟု ယုံကြည်ပါသည်။

ဓမ္မပဒအဖွင့်နှင့် ဘာသာပြန်ကျမ်းများ

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း တရားဘဏ်တိုက်ကျမ်းကြီး တဆူဖြစ်ခြင်း စသည့် ဂုဏ်ပေါင်းစုံလင်သည့် ဓမ္မပဒပါဠိတော်ကို ဘာသာဝေါဟာရ အမျိုးပေါင်းများစွာဖြင့် ဖွင့်ဆိုရေးသားပါသည်။ ယင်းဖွင့်ဆို ရေးသားထားသည်တို့မှာ လမင်းကြီး ထွန်းပ သာယာနေတုန်းတွင် ကြယ်တာရာများ စုရုံးဝန်းရံ နေကြသည့် ပုံတမျှ တင့်တယ်လှပစွာ တွေ့မြင်ရပါသည်။

ဓမ္မပဒအဋ္ဌကထာ

အထင်ရှားဆုံး ပါဠိဘာသာအဖွင့်ကျမ်းမှာ အရှင်ဗုဒ္ဓဃောသ ပြုစီရင်သည့် ဓမ္မပဒအဋ္ဌကထာ ကျမ်းကြီးဖြစ်ပါသည်။ ဓမ္မပဒတရားတော် ဂါထာတိုင်းကို ဟောရသည့်အကြောင်း နိဒါန်းဝတ္ထုကို အကျယ်တ၀င့် ဖွင့်ဆိုရေးသား၍ ပါဝင်သင့်သည့် အတိတ်ဝတ္ထုများကိုလည်း အလျဉ်းသင့်သလို ထည့်သွင်းဖွင့်ဆိုပါသည်။ ဂါထာတိုင်းရှိ ခက်ခဲသည့် ပုဒ်များကိုလည်း သဒ္ဒတ္ထ အဓိပ္ပာယတ္ထ ဝေါဟာရတ္ထ စသည်ဖြင့် ဖွင့်ဆိုထားသည်ကို တွေ့ရပါသည်။ ဆဋ္ဌသံဂါယနာ အရွယ်ဖြင့်ပထမတွဲ ဒုတိယတွဲ နှစ်တွဲရှိပါသည်။

ဓမ္မပဒဟာဋီကာ

ဓမ္မပဒပါဠိတော်နှင့် ဓမ္မပဒအဋ္ဌကထာကျမ်းကို ခြုံ၍ ဖွင့်ဆိုသည့် ဓမ္မပဒမဟာဋီကာကျမ်းကို ရေစကြိုဆရာတော်ဟု ထင်ပေါ်ကျော်ကြားသည့် အရှင်ဝရသမ္ဗောဓိက ရေးသားစီရင်တော်မူပါသည်။ ဓမ္မပဒအဋ္ဌကထာ လိနတ္ထပကာသိနီဟု အမည်ပေးပါသည်။

ပါဠိဘာသာဖြင့် ဓမ္မပဒအဖွင့်ကျမ်းမှာ ဤနှစ်ဆူသာ နိဒါန်းရေးသူ တွေ့ရဖူးပါသည်။

အခြားဘာသာပြန် ဓမ္မပဒကျမ်းများ

ဓမ္မပဒပါဠိတော်ကျမ်းမှာ ဖော်ပြခဲ့သည့်အတိုင်း လေ့လာဖတ်ရှုဖူးသူများက မိမိတို့ဘာသာ မိမိတို့အမျိုးသားများကိုလည်း ဖတ်ရှုစေချင်သောကြောင့် ကမ္ဘာအရပ်ရပ် လူမျိုးများစွာတို့က မိမိတို့ဆိုင်ရာ ဘာသာသို့ ပြန်ဆိုခဲ့ကြလေရာ သက္ကတ၊ ဟိန္ဒီ၊ အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ် စသည့် ဘာသာပြန်ကျမ်းများ ရှိကြောင်း သိရှိရပေသည်။

သီဟိုဠ်၊ ယိုးဒယား၊ ကမ္ဘောဒီးယား၊ လာအို-ထေရဝါဒဗုဒ္ဓဘာသာ နိုင်ငံတို့ကလည်း မိမိတို့ဘာသာ အသီးသီး ပြန်ဆိုပြီးဖြစ်ကြောင်း သိရှိရသည်။

မြန်မာဘာသာပြန် ဓမ္မပဒကျမ်းများ

ထေရဝါဒ ဗုဒ္ဓဘာသာ သီဟိုဠ်၊ ယိုးဒယား၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ ဟူ၍ ငါးနိုင်ငံရှိပေရာ ယခုမျက်မှောက်ခေတ်တွင် မြန်မာနိုင်ငံက ဗုဒ္ဓသာသနာတော် အထွန်းကားဆုံး ဖြစ်သည်ကို လေ့လာတွေ့ရှိနိုင်ပေသည်။

ယင်းပြဆိုချက်ကို မြန်မာပြည်၌ နှစ်စဉ် အဘိဓဇနှင့် အဂ္ဂမဟာပဏ္ဍိတ ပုဂ္ဂိုလ်ကြီးများ၊ တိပိဋကဓရ ပုဂ္ဂိုလ်များ ပေါ်ထွက်နေခြင်း၊ သကျသီဟနှင့် စေတိယင်္ဂဏ စာအောင်ပုဂ္ဂိုလ်များ၊ ပထမပြန်နှင့် ဓမ္မာစရိယစာအောင် ပုဂ္ဂိုလ်များ၊ အဘိဓမ္မာစာအောင် ပုဂ္ဂိုလ်နှင့် မင်္ဂလာစာအောင် ပုဂ္ဂိုလ်များ ပေါ်ထွက်နေခြင်း၊ ပဋိပတ္တိဌာန သာသနာ့ရိပ်သာများ ရှိနေခြင်း၊ ဆဋ္ဌသံဂါယနာ တင်နိုင်ခြင်း၊ ဂိုဏ်းပေါင်းစုံ သံဃာ့ညီညွတ်ရေး၊ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး လုပ်ကိုင်ဆောင်ရွက် အောင်မြင်ကာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးနှင့် သံဃနာယကအဖွဲ့အစည်း အဆင့်ဆင့် ဖွဲ့စည်းနိုင်ခြင်းတို့က ထင်ရှားဖော်ပြနေပေသည်။

ယင်းသို့ ဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပနေသော မြန်မာပြည်၌ ပါဠိမြန်မာ ရဟန်းပညာရှိ လူပညာရှိကြီးများသည် ဓမ္မပဒပါဠိတော်ကို ဗုဒ္ဓဘာသာဝင် ရှင်လူအများ ဖတ်ရှုနားလည်ကြစေရန် နည်းအမျိုးမျိုးဖြင့် ရေးသား ဖွင့်ဆိုတော်မူခဲ့ကြပေသည်။ ပုရပိုက်စာ ပေစာများကိုထား၍ နိဒါန်းရေးသူ တွေ့ရှိရသမျှ စာအုပ်မူ ဓမ္မပဒ မြန်မာပြန်ကျမ်းများကို အကျဉ်းမျှ ဖော်ပြပါအံ့။

၁။ ဓမ္မပဒနိဿယ

ဓမ္မပဒပါဠိတော်ကို နိဿယနည်းဖြင့် မြန်မာပြန်၍ ဝတ္ထုနိဒါန်းအကျဉ်းချုပ်နှင့်အတူ “အဂ္ဂဓမ္မာလင်္ကာရ ကဝိဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ်တော်ရ သင်္ဂဇာ ဆရာတော်က ရေးသားစီရင်တော်မူသည်။

နိဂုံး၌ သက္ကရာဇ် ၁၂၀၈ ခုနှစ် ကျမ်းပြီးကြောင်း ဖော်ပြသည်။ ဒီမိုင်းအရွယ် တအုပ်တည်းဖြင့် ကျမ်းပြီးဆုံးသည်။

၂။ ဓမ္မပဒ ပါဠိတော် မြန်မာပြန်

ဆဋ္ဌသံဂါယနာတင် ရဟန်းပညာရှိ လူပညာရှိများ ပြန်ဆိုတည်းဖြတ်သည့် ကျမ်းစာဖြစ်သည်။ ခုဒ္ဒကနိကာယ်ဝင် ခုဒ္ဒကပါဌစသော ကျမ်းများနှင့် တွဲ၍ ရိုက်နှိပ်သည့် မြန်မာပြန် သက်သက်ဖြစ်သည်။ ဆဋ္ဌသံဂါယနာတင် အရွယ် စာအုပ်ကြီးလည်း ရှိသည်။

ရှင်လူအများ လွယ်ကူစွာ ဝယ်ယူဖတ်ရှုနိုင်စေရန် သာသနာရေး ဦးစီးဌာန ပုံနှိပ်တိုက်က ကရောင်းဆယ့်ခြောက်ချိုး အရွယ် ဓမ္မပဒ ပါဠိတော်နှင့် တွဲဖက် ရိုက်နှိပ်ထားသည့် စာအုပ်ငယ်လည်း ရှိပေသည်။

၃။ တရားပေါင်းချုပ်ခေါ် ဓမ္မပဒ ဝတ္ထုတော်ကြီး

ဓမ္မပဒ ဝတ္ထုတော်ကြီးကို ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်၏ အင်္ဂါထောင့်ရှိ အောင်မြေဘုံစံကျောင်းတိုက်ကြီး၌ သီတင်းသုံးနေထိုင်တော်မူသော ဆရာတော် အရှင်စန္ဒိမာ ရေးသားပြုစုတော်မူသည်။

ဓမ္မပဒ ပါဠိတော်ကို အဋ္ဌကထာလာအတိုင်း နိဒါန်း ပစ္စုပ္ပန်ဝတ္ထု၊ အတိတ်ဝတ္ထုတို့ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဖွင့်ဆိုရေးသားတော်မူသည်။ အချို့သော ဝတ္ထုဇာတ်လမ်းတို့၌ ဓမ္မပဒ အဋ္ဌကထာမှ တပါးသော အဋ္ဌကထာကြီးများလာ အကြောင်းအရာများကိုလည်း ထည့်သွင်း၍ ပြည့်ပြည့်စုံစုံ ရေးသားစီရင်ထားသည်ကို တွေ့ရပေသည်။

မူရင်းဂါထာများကိုလည်း နိဿယနည်းဖြင့် ခန့်ညားစွာ မြန်မာပြန်ထားတော်မူသည်။ ရွိုင်အရွယ် စာအုပ်ကြီး (ပ-ဒု-တ-စ-မ) ငါးတွဲရှိသည်။

၄။ သုဓမ္မဝတီ ဓမ္မပဒဝတ္ထုတော်ကြီး

ညောင်လေးပင်မြို့ တောရကြီးဆရာတော် အရှင်အရိယ ရေးသားစီရင်တော်မူသည်။ ဤကျမ်းကို စီရင်ရေးသားရာ၌ အဋ္ဌကထာ ပါဠိရှိသည့်အတိုင်း ပြန်ဆိုသည်ဖြစ်သောကြောင့် ဓမ္မပဒ အဋ္ဌကထာ မြန်မာပြန်ကျမ်းဟုပင် အမည်ခံယူသင့်ကြောင်း ကျမ်းနိဒါန်း၌ ဖော်ပြချက်ရှိသည်။ ကျမ်းပြီးသည်အထိ ရွိုင်အရွယ် စာအုပ်ဖြင့် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဟု လေးတွဲရှိသည်။

ကျမ်းပြီး နိဂုံး၌ ခုနှစ် သက္ကရာဇ် အမှတ်အသား မပါရှိချေ။ ရိုက်နှိပ်သည့် သက္ကရာဇ်မှာ ၁၃၃၀ ပြည့်နှစ်ဖြစ်သည်။

၅။ ပဒေသာ ဓမ္မပဒဝတ္ထုတော်ကြီး

မန္တလေးမြို့ ဝိဇိတာရုံတိုက် စာချဆရာတော် အရှင်ဝိစာရိန္ဒ ပြုစီရင်သည့် ကျမ်းဖြစ်သည်။ ပစ္စုပ္ပန်ဝတ္ထု ပါဠိတော်ဂါထာ နိဿယ၊ မြန်မာလင်္ကာ ဝတ္ထုနှင့် ဆီလျော်သည့် ပန်းချီပုံတို့ဖြင့် မွမ်းမံခြယ်လှယ်ထားသည်။

ရွိုင်အရွယ် စာအုပ်၊ ပထမတွဲ၊ ဒုတိယတွဲ နှစ်တွဲနှင့် ကျမ်းပြီးသည်။ နိဂုံး၌ ၁၃၃၁ ခုနှစ်၌ ကျမ်းပြီးကြောင်း ပြဆိုထားသည်။

၆။ တိုးတက်ခြင်းနှင့် ငြိမ်းချမ်းခြင်း

ဓမ္မပဒပါဠိတော်မှ ကြီးပွားတိုးတက်ခြင်းပြတရားနှင့် ငြိမ်းချမ်းခြင်းပြတရားများကိုသာ ရွေးထုတ်၍ ပါဠိဘာသာမပါပဲ မြန်မာပြန်ချည်းသက်သက် ရိုက်နှိပ်၍ ဆေးတက္ကသိုလ်ကျောင်းသားများက ဓမ္မဒါနပြုသော အိတ်ဆောင်စာအုပ်ငယ်ဖြစ်သည်။

၇။ ဓမ္မပဒဂီတိကျမ်း

ဓမ္မပဒပါဠိတော်ကို ဝတ္ထုနိဒါန်းဇာတ်လမ်းအကျဉ်းနှင့် တွဲ၍ ကျက်မှတ်ဖွယ် မြန်မာလင်္ကာဖြင့် ပြန်ဆိုသည့် ကျမ်းဖြစ်သည်။ စိတ်ဝင်စားဖွယ် မြန်မာခေါင်းစီးများ တပ်ထားသည်။ ရန်ကုန်မြို့ ပုဇွန်တောင် ဆုတောင်းပြည့်ကျောင်းတိုက် နာယကချုပ်ဆရာတော် အရှင်ပညာရက္ခိတ ရေးသားစီရင်တော်မူသည်။ ဒီမိုင်းအရွယ် တအုပ်တည်းဖြင့် ပြီးစီးခဲ့သည်။

၈။ ဗုဒ္ဓဂီတိကာကျမ်း

ဓမ္မပဒပါဠိတော်ကို နိဒါန်းဝတ္ထု အကျဉ်းချုပ်နှင့်တကွ နိဿယပြန်နည်း၊ ကျက်မှတ်ဖွယ် ရှစ်လုံးဖွဲ့ကဗျာနည်း၊ မြန်မာစကားပြေနည်း၊ အင်္ဂလိပ်ဘာသာနည်းတို့ဖြင့် နည်းလေးပါး ပါဝင်ပြန်ဆိုထားသည်။ မုံရွာခရိုင် ယင်းမာပင်မြို့နယ် ရိုးမတိမ်ဆရာတော် အရှင်သီလာစာရ ရေးသားစီရင်တော်မူသည့်ကျမ်းဖြစ်သည်။

ပထမတွဲ၊ ဒုတိယတွဲ နှစ်တွဲရှိသည်။ ရွိုင်အရွယ်အားဖြင့် သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်မှ ရိုက်နှိပ်သည်။

၉။ ဓမ္မပဒ

ဓမ္မပဒပါဠိတော်ကို ဝတ္ထုနိဒါန်းနှင့် ဂါထာများကို မြန်မာစကားပြေ ပြန်ဆိုရေးသားသည်။ ဦးမြင့်ဆွေ မဟာဝိဇ္ဇာ (လန်ဒန်) ရေးသားပြုစုသည်။ ဒီမိုင်းအရွယ်ဖြင့် တအုပ်တည်း ပြီးဆုံးသည်။

၁၀။ ဗုဒ္ဓ၏ ကိုယ်တွေ့ဝတ္ထုများ

ဓမ္မပဒပါဠိတော်ကို နိဒါန်းဝတ္ထုနှင့် တွဲဖက်၍ ခေတ်မီမီ မြန်မာစကားပြေဖြင့် ရေးသားထားသည့် ကျမ်းဖြစ်သည်။ မြတ်ဗုဒ္ဓဘုရားရှင် လက်ထက်အခါ၌ ဖြစ်ပေါ်၍ ဗုဒ္ဓထံရောက်လာသော ဝတ္ထုဇာတ်လမ်းများကိုပင် ရည်ရွယ်၍ ကိုယ်တွေ့ဝတ္ထုဟု ဆိုခြင်းဖြစ်ပေသည်။ ပါဠိဂါထာများ မပါပဲ ဆိုလိုရင်း အဓိပ္ပာယ် မြန်မာပြန်ကိုသာ ရေးထားသည်။

ဦးမောင်မောင်လေး ပထမကျော်၊ ဓမ္မာစရိယ (သိရောမဏိ) ဘီအေ၊ အာရ်အယ်လ် ရေးသားပြုစုသည်။ ကရောင်း ၁၆-ချိုး ဝတ္ထုစာအုပ်အရွယ်ဖြင့် ပထမ၊ ဒုတိယ၊ တတိယ သုံးတွဲရှိသည်။

၁၁။ သရုပ်ပြ ဓမ္မပဒကျမ်း

သရုပ်ပြ ဓမ္မပဒကျမ်းမှာ ယခု ဤနိဒါန်းဖြင့် လမ်းခင်း ရေးသားနေသည့် စာရှုသူ၏ လက်ဝယ်ရှိ ဓမ္မပဒအဖွင့်ကျမ်းပင် ဖြစ်ပါသည်။

အထက်တွင် ပြဆိုခဲ့သည့်အတိုင်း ရဟန်းပညာရှိ လူပညာရှိကြီးများ အများအပြားက ပြုစုထားသည့် နေရောင်လရောင် ထွန်းပြောင်သည့် ဓမ္မပဒကျမ်း အများအပြားရှိနေပါလျက် ဤသရုပ်ပြ ဓမ္မပဒကျမ်းကို ပြုစုသည်ဖြစ်ပေရာ စာရှုသူတို့၏စိတ်၌ ကျမ်းပြုသူအား သို့လောသို့လော တွေးကာ ယုံမှားဖွယ်ရှိနေပေသောကြောင့် ဤနိဒါန်းမှ-

(က) ဤကျမ်းပြုသူ၏ အခြေအနေ၊
(ခ) ဤကျမ်းပြုစုရခြင်း အကြောင်း၊
(ဂ) ဤကျမ်းပြုစုထားပုံ၊
(ဃ) ဤကျမ်း၏ ထူးခြားချက်များ၊
(င) ဤကျမ်းမှ ရရှိနိုင်သည့် အကျိုးများ-

ကို သိသာရုံ ရေးသားဖော်ပြလိုပါသည်။

(က) ဤကျမ်းပြုစုသူ အခြေအနေ

ဤသရုပ်ပြ ဓမ္မပဒကျမ်း ရေးသားပြုစုသူမှာ ပထမကျော်၊ ဓမ္မာစရိယနှင့် ဘီအေဘွဲ့ရ သရုပ်ပြသင်္ဂြိုဟ်ကျမ်းပြု သီလရှင်ဆရာလေး ဒေါ်ဝိဇ္ဇေသီ ဖြစ်ပါသည်။

ဒေါ်ဝိဇ္ဇေသီသည် ပထမငယ်၊ ပထမလတ်၊ ပထမကျော်နှင့် ဓမ္မာစရိယဘွဲ့များရပြီးနောက် လောကီပညာ ဘီအေဘွဲ့ရအောင် ဆည်းပူးခဲ့ပါသည်။ စာပေပညာများကို မိမိအတွက် ဆည်းပူးပြီးသောအခါ တပည့်သီလရှင်များအား သင်ကြားပို့ချပေးခဲ့ပါသည်။

မိမိအတွက် ငယ်၊ လတ်၊ ကြီး၊ ကျော် ပထမပြန်စာမေးပွဲများ ဖြေဆိုစဉ်ကလည်း ဓမ္မပဒပါဠိတော်ကို မေးသမျှဖြေနိုင်စေရန် အဋ္ဌကထာနှင့် တွဲဖက်၍ လေ့လာသင်ယူခဲ့ပါသည်။ အခြားပညာရှင်များ၏ ကျမ်းများကိုလည်း လေ့လာပါသည်။ မပိုင်နိုင်သည့် အချက်အလက်များကို ဆရာသမားများထံ ဆည်းကပ်မေးမြန်းပါသည်။

မိမိ၏ တပည့်သီလရှင်များကို ပို့ချပေးသည့်အခါ၌လည်း ဓမ္မပဒပါဠိတော်ကို မေးသမျှဖြေနိုင်အောင် အဋ္ဌကထာနှင့် တွဲဖက်၍ ပို့ချပေးခဲ့ပါသည်။ တကြိမ်ကို တခါမျှမကပါ၊ အကြိမ်ကြိမ် ပို့ချခဲ့ပါသည်။ တနှစ်မျှမကပါ၊ အနှစ်နှစ်-နှစ်ပေါင်းများစွာ ပို့ချခဲ့ပါသည်။

သို့ဖြစ်သောကြောင့် ဒေါ်ဝိဇ္ဇေသီသည် ဓမ္မပဒဘာသာအတွက် အဓိပ္ပာယ်အနက် ကျေညက် တတ်ကျွမ်းနေသူတဦးဖြစ်ကြောင်းမှာ ထင်ရှားလှပါသည်။

(ခ) ဤကျမ်းကို ပြုစုရခြင်းအကြောင်း

ဒေါ်ဝိဇ္ဇေသီသည် အသက်အရွယ် ငါးဆယ်ကျော်မျှ အပိုင်းအခြားကာလသို့ ရောက်ခဲ့ပြီဖြစ်သည်။ ငယ်စဉ်က ဗုဒ္ဓစာပေ စာမေးပွဲအဆင့်ဆင့်၊ လောကီစာပေ စာမေးပွဲအဆင့်ဆင့်ကို နင်လား ငါလား အားသွန်ခွန်စိုက် ကြိုးစားခဲ့ရသည့် ဒဏ်ကလည်း အခံရှိခဲ့သည်။ ကြီးလာသောအခါ၌လည်း တပည့်သီလရှင်များအား နင်လားဟဲ့ ငါလားဟဲ့ဖြင့် တကယ့်ကို ကြိုးစားစာပေပို့ချခဲ့ရသည့် ဒဏ်ကလည်း ထပ်ဆင့်လာပြန်သည်။ သရုပ်ပြသဒ္ဒါကျမ်း ပြုစုရန်အလုပ်ကိုလည်း အားထုတ်နေရဆဲ ဖြစ်ပါသည်။

ဤသို့ အရွယ်ထောက်လာခြင်း၊ ဒဏ်အခံတွင် ဒဏ်တဖန်ဆင့်လာခြင်းဟူသော အကြောင်းတို့ကြောင့် သံသားကျောက်သားပမာ ခိုင်မာလှစွာသော ကိုယ်ခန္ဓာသည် မီးရှိန်နေရှိန်လှမ်းသည့် ကြာပန်းပမာ ညှိုးနွမ်းပျော့ခွေကာ ကျန်းမာရေး ချွတ်ယွင်းစ ပြုလာလေပြီ ဖြစ်သည်။ နောက်အချိန်ကြာကြာ ဆက်လက်၍ ပရိယတ္တိတာဝန် ဝတ္တရားကို အားထုတ်ပို့ချနိုင်ရန် မလွယ်ချေ။ ကံမမှန်ကန်သည့်အနေသို့ ရောက်နေသည်။ မိမိတတ်သိထားသည့် ဓမ္မပဒဆိုင်ရာ ပညာကလေးများ မှေးမှိန်ပျောက်ကွယ်၍ မသွားသေးမီ ရဟန်းတော်များကဲ့သို့ ဝိနည်းဘာသာကို မဖြေနိုင်ပဲ ဓမ္မပဒပါဠိတော်ဘာသာကိုသာ မဲ၍ ဖြေကြရသည့် တပည့်သီလရှင် စာသင်သားကလေးများအတွက် သရုပ်ပြ ဓမ္မပဒကျမ်းကို ပြုစုရန် စဉ်းစားတွေးတောမိသည်။

အခြားပညာရှင်များကလည်း အချိန်မီ စောစောက ကြိုတင်၍ ပြုစုရန် အားပေးတိုက်တွန်းကြသည်။

အခြားဓမ္မပဒအဖွင့်ကျမ်းများဖြစ်သော နေရောင်လရောင် ထွန်းပြောင်သည့် ကျမ်းကြီးကျမ်းခိုင်များ ရှိပါသော်လည်း ပထမပြန် စာမေးပွဲဖြေရန်အတွက် အကွက်သိပ်မဝင်လှသောကြောင့် ရှေးရှေးပညာရှိကြီးများ ရေးသားပြုစုသည့် ဓမ္မပဒအဖွင့်ကျမ်းကြီးများကို ကြည့်ရှုသုံးသပ်၍ မိမိတတ်သိထားပြီး ဓမ္မပဒပညာ အသိဉာဏ်များနှင့် ပေါင်းစပ်ကာ ဤသရုပ်ပြ ဓမ္မပဒကျမ်းကို ပြုစုခဲ့ခြင်းဖြစ်ပေသည်။ ရှေးရှေးဓမ္မပဒအဖွင့် ကျမ်းကြီးများကို ယှဉ်ပြိုင်အန်တု၍ ရန်ပြုကာ မာန်ခုပြီး ရေးသည်မဟုတ်ပါ။

(ဂ) ဤကျမ်းပြုစုထားပုံ

ယခုခေတ်မှ စာသင်သားဖြစ်လာကြသည့် သီလရှင်ငယ်ကလေးများ အသိဉာဏ်နှင့် အံဝင်ခွင်ကျဖြစ်ရုံ မှန်းဆ၍ ဓမ္မပဒပါဠိတော်ကို-

၁။ နိဒါန်းဝတ္ထု၊ အကျဉ်းချုပ်ရေးခြင်း၊
၂။ ဂါထာများကို အနက်ပေးခြင်း၊
၃။ ပါဠိသဒ္ဒါနည်း ခက်ဆစ်များကို ရှင်းပြခြင်း၊
၄။ ပါဠိအနက်နည်း ခက်ဆစ်များကို ရှင်းပြခြင်း၊
၅။ မှတ်သားဖွယ် အဓိပ္ပာယ်များကို အကျဉ်းထုတ်ပြခြင်း၊
၆။ မိမိပြဆိုသည့်အနက် အဓိပ္ပာယ်ရှိရာ အဋ္ဌကထာကို ညွှန်ပြခြင်း-

တို့ဖြင့် စာသင်သားများ၏ အသိဉာဏ်မြင်ကွင်း၌ ရှင်းသွားအောင် ရေးသားပြုစုထားပါသည်။ ယင်းရေးသားပြုစုပုံများကို စာရှုသူတို့၏ လက်ဝယ်ရှိသည့် သရုပ်ပြ ဓမ္မပဒကျမ်းမှာ လေ့လာဖတ်ရှုလျှင် ထင်ရှားသိသာပြီဖြစ်၍ နိဒါန်း၌ ဖော်မပြတော့ပါ။

(ဃ) ဤကျမ်း၏ ထူးခြားချက်များ

ဤကျမ်းကို ပြုစုရခြင်းအကြောင်းကို ပြဆိုရာ၌ ‘“တပည့်သီလရှင် စာသင်သားကလေးများ ပထမပြန် ငယ်-လတ်-ကြီး စာမေးပွဲပြဋ္ဌာန်းချက်အရ ဓမ္မပဒ မေးခွန်းများကို ဖြေဆိုနိုင်စေရန် ရည်ရွယ်၍ ရေးသားကြောင်း”’ ကို ဖော်ပြခဲ့သည်ကို စာရှုသူများ မှတ်မိလိမ့်ဦးမည် ထင်ပါသည်။

ပထမပြန်စာမေးပွဲ ဖြေဆိုနိုင်ရန်အတွက် ရည်ရွယ်ရေးသားသည့် ကျမ်းဖြစ်သောကြောင့် ရှေးရှေးပညာရှိများ ပြုစုသည့် ဓမ္မပဒမြန်မာပြန်ကျမ်းများတွင် မပါဝင်ခဲ့ကြသော်လည်း ဤကျမ်း၌ စာမေးပွဲများ သဘာဝအတိုင်း မေးခွန်းထုတ်တတ်သည့် အကြောင်းအရာ အချက်အလက် ခက်ဆစ်ကလေးများကို အဋ္ဌကထာမှ သီးသန့်ထုတ်ဖော်၍ တိုတိုကျဉ်းကျဉ်း လိုရင်းကို ဖတ်ရှုသူများ နားလည်သဘောပေါက်သွားစေရန် ဖော်ပြထားသည်မှာ ဤကျမ်း၏ ထူးခြားချက်ပင် ဖြစ်ပါသည်။ အနည်းအကျဉ်းမျှ ထုတ်ပြပါအံ့။

၁။ ပါဠိသဒ္ဒါခက်ဆစ်။ ဤကျမ်း စာမျက်နှာ ၆ ၌ မနောပုဗ္ဗင်္ဂမာဟူသော ပါဠိသဒ္ဒါကို ရှင်းပြသည်မှာ-

“မနောပုဗ္ဗင်္ဂမော ဧကေသန္တိ မနောပုဗ္ဗင်္ဂမာ” ဟူ၍ ဗဟုဗ္ဗီဟိသမာသ် ဝိဂြိုဟ်ဆို၍ ပြသည်။ ထို့နောက်မှ “မန+ပုဗ္ဗင်္ဂမ+ဧတ” ဟူ၍ ပုဒ်ခွဲပြသည်။

ဤသို့ ပြလိုက်ခြင်းဖြင့် စာသင်သားကလေး တယောက်အတွက် မနောပုဗ္ဗင်္ဂမာ-ဟူသော ဓမ္မပဒလာပါဠိကို ဝိဂြိုဟ်ဆိုတတ်သွား၍ ပုဒ်ခွဲတတ်သွားပြီဖြစ်သည်။ သဒ္ဒါဉာဏ်ရင့်သန်သွားသည်။ အခြားပုဒ်များကိုလည်း ဤနည်းအတိုင်း အခွင့်သင့်တိုင်း ဝိဂြိုဟ်ဆို၍ ပုဒ်ခွဲပြသွားသည်ကို ဤကျမ်း၌ များစွာပင် ဖတ်ရှုရမည်ဖြစ်ပါသည်။

၂။ အဓိပ္ပာယ်ခက်ဆစ်။ မနောပုဗ္ဗင်္ဂမာ-ဟူသော ပုဒ်အရ စိတ်က ရွှေ့သွားခေါင်းဆောင်ဖြစ်ပုံကို လေ့လာသူ စာသင်သားများ သဘောပေါက်သွားစေရန်အတွက် မြို့ထဲ ရွာထဲစသည်၌ အသင်းအဖွဲ့များ တည်ထောင်၍ ကုသိုလ်ကောင်းမှု စသည်ပြုလုပ်ရာတွင် ဦးဆောင်ပုဂ္ဂိုလ် ရှိသည်ကို ဥပမာ့သာဓကထုတ်ပြကာ ရှင်းလင်း၍ ဤကျမ်း စာမျက်နှာ (၈)၌ ရေးသားထားသည်။ ဤသို့ စသည်ဖြင့် လိုအပ်ရာရာတို့၌ အဓိပ္ပာယ်ခက်ဆစ်များ ရေးသားထားပါသည်။

၃။ မှတ်သားဖွယ်ခက်ဆစ်။ စက္ခုပါလထေရ် မျက်စိကွယ်ရသည်မှာ ယခုဘဝမှာ အပြစ်မရှိ သန့်ရှင်းစင်ကြယ် ကောင်းမွန်ပါသော်လည်း လွန်ခဲ့သော အတိတ်ဘဝ ဆေးဆရာဖြစ်စဉ်အခါက မျက်စိရောဂါသည် တယောက်ကို မျက်စိကွယ်သွားစေသည့် ဆေးကို ပေးခဲ့ဖူးသော အကုသိုလ်ကံ ဝဋ်ကြွေးကြောင့်ဖြစ်ကြောင်း ဓမ္မပဒအဋ္ဌကထာ ပထမတွဲ စာမျက်နှာ-၁၃-၁၄ ကို ကိုးကား၍ ရေးသားထားသည်ကို ဤကျမ်း စာမျက်နှာ ၆-၌ ဖတ်ရှုနိုင်ပါသည်။

ဤသို့ ဖော်ပြသည်မှာ စာမေးပွဲ မေးခွန်းကို ဖြေဆိုနိုင်ရန်သာမက အကုသိုလ်ကို ရှောင်ကြဉ်စေရေးအတွက်လည်း သင်ခန်းစာဖြစ်ပါသည်။

၄။ ထုံးတမ်းစဉ်လာခက်ဆစ်။ မြန်မာပြည်အရပ်ရပ်ရှိ လယ်သမားတို့သည် စပါးများ ရိတ်သိမ်းပြီးသောအခါ မုန့်ကြွေများ ထမင်းဟင်းများဖြင့် လယ်ထဲသို့သွားပြီး ပုန်းမကြည်နတ် တင်မြှောက်ပူဇော်သည့် ထုံးစံဓလေ့ရှိသည်။ အိမ်နီးချင်း လယ်နီးချင်းများကိုလည်း တပျော်တပါး ကျွေးမွေးဧည့်ခံကြသည်။

ဤသည့်ထုံးစံဓလေ့ ဖြစ်လာပုံကိုလည်း ဓမ္မပဒအဋ္ဌကထာ ပထမတွဲ စာမျက်နှာ ၃၃-မှ ထုတ်နုတ်၍ ဤကျမ်း စာမျက်နှာ ၁၂-၌ ရေးသားဖော်ပြထားသည်ကို ဖတ်ရှုရပေသည်။

၅။ လူ့ကျင့်ဝတ်ခက်ဆစ်။ လောက၌ လူဟူ၍ဖြစ်လာလျှင် လူ့ကျင့်ဝတ်ကို လိုက်နာကျင့်သုံးကြရသည်မှာ လူ့တာဝန်ပင်ဖြစ်သည်။ သားသမီးဖြစ်လျှင် မိဘအပေါ်၌ ကျင့်သုံးရမည့် ဝတ္တရားရှိသည်။ မိဘဖြစ်လာလျှင် သားသမီးအပေါ်၌ ကျင့်သုံးရမည့် ဝတ္တရားရှိသည်။ တပည့်ဖြစ်လျှင် ဆရာအပေါ်၌ ကျင့်သုံးရမည့် ဝတ္တရားရှိသည်။ ဆရာဖြစ်လာလျှင် တပည့်အပေါ်၌ ကျင့်သုံးရမည့် ဝတ္တရားရှိသည်။ သို့မှသာ လူ့ကျင့်ဝတ်ကို ကျေပွန်သူ လူကောင်းလူတော် ဖြစ်နိုင်သည်။

ဤကျမ်း၌ ဓမ္မပဒအဋ္ဌကထာ ပထမတွဲ စာမျက်နှာ ၃၉-မှ ထုတ်နုတ်၍ ဆရာ၏ အိပ်ရာနေရာပေါ် တက်ရောက်နေထိုင်ရန်ကိုပင် မဆိုထားဘိ ဆရာ့အိပ်ရာနေရာပေါ်၌ပင် မိမိပစ္စည်းကို တင်မထားသည့် ဝတ္တရားသိသည့် တပည့်၏ အပြုအမူကို မှတ်တမ်းတင် ခက်ဆစ်ထုတ်ပြထားပေသည်။ ဤကျမ်း စာမျက်နှာ ၁၄ ၌ ဖတ်ရှုနိုင်ပါသည်။ ဤသို့ စသည်ဖြင့် စာမေးပွဲ၌ မေးနိုင်ဖွယ်လည်းဖြစ်၍ မှတ်သားဖွယ်လည်း ဖြစ်နိုင်သည့် ခက်ဆစ်များကို ရေးသားထားသည်မှာ ဤကျမ်း၏ ထူးခြားချက်ပင်ဖြစ်သည်။

(င) ဤကျမ်း၏ အကျိုးတရားများ

ဤသရုပ်ပြ ဓမ္မပဒကျမ်းကို လေ့လာကြည့်ရှုလျှင် တရားတော်ဂါထာတပုဒ် ပြီးဆုံးတိုင်း ယင်းဂါထာကို ဟောရခြင်းအကြောင်း နိဒါန်းဝတ္ထုအကျဉ်းချုပ်ကို တွေ့ရပါလိမ့်မည်။

နိဒါန်းဝတ္ထုပြီးလျှင် “ဤတရားဒေသနာတော် အဆုံး၌ သုံးသောင်းသော ရဟန်းတော်တို့သည် ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်ကြလေသည်” စသည်ဖြင့် တရားထူး တရားမြတ် သိမြင်ပုံ အကျိုးတရားများကို ရေးသားဖော်ပြထားသည်ကို ဂါထာတရားတော်များတိုင်းမှာပင် တွေ့ရမည်ဖြစ်ပါသည်။

သရုပ်ပြ ဓမ္မပဒကျမ်းကို ဖတ်ရှုလေ့လာသူတို့မှာလည်း ဓမ္မပဒ တရားတော်ဂါထာများကို အနက်မြန်မာပြန်စကားပြေ ခက်ဆစ်မှတ်သားဖွယ်များနှင့်တကွ ပြည့်ပြည့်စုံစုံ သိရှိကြရသည်ဖြစ်ပေရာ ထိုပုဂ္ဂိုလ်ကြီးများနည်းတူ တရားထူး တရားမြတ်ကို ရနိုင်ကြပါသည်။ ယခုချက်ချင်းမရစေကာမူ နောင်အခွင့်သင့်သောအခါ ရစေနိုင်မည့် အားကောင်းသည့် ပါရမီ အကြောင်းတရားဖြစ်နိုင်ပါသည်။

ယခုမျက်မှောက်ဘဝမှာလည်း ထူးမြတ်သည့်အသိဉာဏ် ဗဟုသုတ တရားများ ဖြစ်ပွားကာ လိုက်နာကျင့်သုံး၍ လောကီ လောကုတ္တရာ အကျိုးတရားများကို ရရှိနိုင်ကြပါသည်။

မိမိတို့အလိုရှိသည့် စာမေးပွဲဆိုင်ရာ ဓမ္မပဒမေးခွန်းပုစ္ဆာများကို ဖြေဆို၍ အောင်ပန်းကို ဆွတ်လှမ်းနိုင်ကြမည်ဖြစ်ပါသည်။

ဤမျှသောအစီအစဉ်ဖြင့် ရေးသားဖော်ပြလျှင် သရုပ်ပြဓမ္မပဒကျမ်းနှင့် စပ်ဆိုင်သည့်အကြောင်းအရာများနှင့် သရုပ်ပြဓမ္မပဒကျမ်းကို လေ့လာဖတ်ရှုထိုက်ကြောင်းကို စာရှုသူတို့ ပြက်ပြက်ထင်ထင် သိမြင်နိုင်လောက်ပြီ ဖြစ်ပါသည်။

သရုပ်ပြဓမ္မပဒကျမ်း၏ နိဒါန်းကမူ ‘“ဤသရုပ်ပြဓမ္မပဒကျမ်း ဘယ်လိုကောင်းပါသည်၊ ဘယ်လောက်ကောင်းပါသည်”’ ဟူ၍လည်း မိုးတလုံးလေတလုံး မပါ မကြွားလိုက်ချင်ပါ။

များစွာသော ဓမ္မပဒအဖွင့် ကျမ်းပြု အမျိုးသား ရဟန်းပညာရှိနှင့် လူပညာရှိကြီးများအထဲတွင် ‘“ဤသရုပ်ပြဓမ္မပဒကျမ်းပြုစုသူမှာ အသိဉာဏ်နုနယ်သည့် တဦးတည်းသော အမျိုးသမီးသီလရှင်ကလေး ဖြစ်သောကြောင့် မှားလျှင် သည်းခံ၍ မှန်လျှင် ချီးမြှောက်တော်မူကြပါ”’ ဟုလည်း လေချိုလေအေးကလေးဖြင့် မသွေးလိုက်ချင်ပါ။

ယင်းကိစ္စရပ်များမှာ ကျမ်းပြုသူနှင့် ကျမ်းရှုသူ စာဖတ်ပရိသတ်ကြီး၏ အကြောင်းအကျိုး ပဋ္ဌာန်းပစ္စည်းပစ္စယုပ္ပန် ဆက်သွယ်မှုအပေါ်မှာသာ တည်ပါသည်။

သို့သော် ဤသရုပ်ပြ ဓမ္မပဒကျမ်းနိဒါန်းကမူ စာရှုသူတို့အား ‘“ဤသရုပ်ပြဓမ္မပဒကျမ်းကို လေ့လာဖတ်ရှုပြီးလျှင် မြတ်ဗုဒ္ဓ၏ တရားဘော်သဘာဝကို မုချထင်ထင် သိမြင်ကျင့်သုံးနိုင်ကြကာ လောကီလောကုတ္တရာ အကျိုးတရားများကို ခံစားရရှိနိုင်လိမ့်မည်”’ ဟူ၍ ယုံကြည်ပါကြောင်းကို ရေးသားတင်ပြလိုက်ပါသတည်း။

ဦးထွန်းလှိုင် (ဝိနယပါရဂူ)
သကျသီဟ ဓမ္မာစရိယ ဝဋံသကာ
အစိုးရ ဓမ္မာစရိယ သိရောမဏိ
စေတိယင်္ဂဏ ဓမ္မာစရိယ ဂဏဝါစက