သသင်္ခါရ, အသင်္ခါရဝိနိစ္ဆယကျမ်း
သသင်္ခါရ, အသင်္ခါရဝိနိစ္ဆယကျမ်း
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ပဋိညာဉ်
ရူပစျာန်စိတ်, အရူပစျာန်စိတ်, လောကုတ္တရ စျာန်စိတ်များသည် သသင်္ခါရိကပင် ဖြစ်မည်၊ အသင်္ခါရိကပင် ဖြစ်မည်၊ နှစ်ပါးစုံပင် ဖြစ်မည်၊ နှစ်ပါးစုံမှ အလွတ်ပင်ဖြစ်မည်ကို အသေအချာ မှတ်သားလိုပါကြောင့်နှင့် လှေကူးရွာ တရုပ်တန်းရပ်နေ တကာ ငတောက်က လျှောက်ထား တောင်းပန်သည်ဖြစ်၍ ကျမ်းဂန်အဆို ကိုယ်သဘောကျ နှစ်ဌာနကို ထုတ်ပြ ဆုံးဖြတ်လိုက် ပေအံ့သတည်း။
---
ဋီကာဝါဒပြဆိုချက်
ရူပစျာန်စိတ်, အရူပစျာန်စိတ်, လောကုတ္တရ စျာန်စိတ်များသည် သသင်္ခါရိကပင်ဖြစ်သည် ဟူ၍၎င်း၊ နှစ်ပါးစုံပင်ဖြစ်သည် ဟူ၍၎င်း၊ နှစ်ပါးစုံမှ အလွတ်ပင် ဖြစ်သည်ဟူ၍၎င်း အဘိဓမ္မပါဠိတော်, သုတ္တန် ပါဠိတော်, အဘိဓမ္မအဋ္ဌကထာ, သုတ္တန်အဋ္ဌံကထာတို့၌ တိုက်ရိုက် အားဖြင့် အလာမရှိ။
သိင်္ဃီုဠ်ကျွန်းတွင် အရှင်သုမင်္ဂလသာမိ မထေရ် စီရင်သော အဘိဓမ္မတ္ထဝိဘာဝနီခေါ်သော ဋီကာကျော် ကျမ်း၌ကား
သဗ္ဗဿာပိ စျာနဿ ပရိကမ္မသင်္ခါတပုဗ္ဗာဘိသင်္ခါ ရေန-ဝိနာ ကေဝလံ အဓိကာရဝသေန အနုပ္ပဇ္ဇနတော အသင်္ခါရိကန္တိပိ, အဓိကာရေနစ ဝိနာ ကေဝလံ ပရိကမ္မာဘိသင်္ခါရေ နေဝ အနုပ္ပဇ္ဇတော သင်္ခါရိကန္တိပိ နသက္ကာ ဝတ္တုန္တိ။ အထဝါ၊၊ ပုဗ္ဗာ ဘိသင်္ခါရဝသေနေဝ ဥပ္ပဇ္ဇမာနဿ၊ နကဒါစိ အသင်္ခါရိကဘာဝေါသမ္ဘဝတီတိ အသင်္ခါရိကန္တိစ ဗျဘိစာရာ ဘာဝတောသသင်္ခါရကန္တိစ နဝုတ္တန္တိ။။ ဤသို့လာ၏၊
အနက်ကား။။ သဗ္ဗဿပိ=အလုံးစုံလည်းဖြစ်သော၊ စျာနဿ= စျာန်စိတ်၏၊ ပရိကမ္မသင်္ခါတ ပုဗ္ဗာဘိသင်္ခါရေန= ပထဝီ ပထဝီစသည် ဖြင့်စီးဖြန်းအားထုတ်ခြင်း ပရိကံဟုဆိုအပ်သော ပုဗ္ဗာဘိသင်္ခါရနှင့်၊ ဝိနာ=ကင်း၍၊ ကေဝလံ=သက်သက်၊ အဓိကာရ ဝသေန=ရှေးရှေးသော ဘဝတို့၌ သမထကမ္မဋ္ဌာန်းကိုကြိုးပမ်းအား ထုတ်ခဲ့ခြင်းဟူသော အဓိကာရ၏အစွမ်းဖြင့်၊ အနုပ္ပဇ္ဇနတော=မဖြစ်နိုင်ခြင်းကြောင့်၊ အသင်္ခါရိကန္တိပိ=အသင်္ခါရိကဟူ၍လည်း၊ ဝတ္တုံ=ဆိုခြင်းငှါ၊ နသက္ကာ= မတတ်ကောင်း၊ အဓိကာရေန=ဆိုခဲ့ပြီးသော အဓိကာရနှင့်၊ ဝိနာစ= ကင်း၍လည်း၊ ကေဝလံ=သက်သက်၊ ပရိကမ္မာဘိသင်္ခါရေနေဝ= ဆိုခဲ့ပြီးသော ပရိကံဟုဆိုအပ်သော ပုဗ္ဗာ ဘိသင်္ခါရဖြင့်သာလျှင်၊ အနုပ္ပဇ္ဇနတော=မဖြစ်နိုင်ခြင်းကြောင့်၊ သသင်္ခါရိကန္တိပိ=သသင်္ခါရိက ဟူ၍လည်း၊ ဝတ္တုံ=ဆိုခြင်းငှါ၊ နသက္ကာ= မတတ်ကောင်း၊ ဣတိ=ဤကားတနည်းအဖြေတည်း။
ဤအဖြေ၏အလိုစကားကျ ပိဏ္ဍတ္ထကား- သသင်္ခါရိက, အသင်္ခါရိကဟူရာတို့၌ သင်္ခါရဟူသည်ကား-ပုဗ္ဗာဘိသင်္ခါရကို ဆိုသတည်း၊ ပုဗ္ဗဘိသင်္ခါရနှင့်ပုဗ္ဗပ္ပယောဂအတူတူပင်၊ ဤစျာန်အရာ၌ ပထဝီ ပထဝီစသည်ဖြင့် ကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ် ခြင်းပယောဂသည် သင်္ခါရပင်တည်း၊ စျာန်စိတ်ဟူက ထိုသင်္ခါရနှင့် ကင်း၍ဖြစ်သည် မရှိလေသောကြောင့် အသင်္ခါရိကဆိုခွင့်မရှိ၊ ထိုသင်္ခါရနှင့်တကွသာဖြစ် သောကြောင့် သသင်္ခါရိကဆိုရမည်လည်း ထိုသင်္ခါရအစွမ်း သက်သက် နှင့်ဖြစ်နိုင်သည်မဟုတ်၊ ရှေးရှေးသောဘဝတို့၌ ဘုရား သာသနာ၌ သော်၎င်း၊ ရသေ့တို့သာသနာ၌သော်၎င်း၊ ကြုံကြိုက်၍ သမထကမ္မဋ္ဌာန်း ကိုကြိုးပမ်းအားထုတ်ခဲ့ဘူးသော အဓိကာရ ဥပနိဿယ ခံရှိမှဖြစ်နိုင် သောကြောင့် သသင်္ခါရိက ဆိုခွင့်လည်း မရှိ။
စင်စစ်မူကား-ဤစျာန်စိတ်သည် သသင်္ခါရိက, အသင်္ခါရိက နှစ်ပါးစုံမှ အလွတ်သာတည်းဟူလိုသည်။။ဤကား-ပိဏ္ဍတ္ထ။
အထဝါ=တစ်နည်းမူကား၊ ပုဗ္ဗာဘိသင်္ခါရသသေနေဝ= ဆိုခဲ့ပြီး သောပရိကံဟုဆိုအပ်သော ပုဗ္ဗာဘိသင်္ခါရ၏ အစွမ်းဖြင့်သာလျှင်၊ ဥပ္ပဇ္ဇမာနဿ=ဖြစ်နိုင်သော စျာန်စိတ်၏၊ ကဒါစိ=တရံတဆစ်၌၊ အသင်္ခါရိကဘာဝေါ= အင်္သါရိကန္တိစ=အသင်္ခါရိကဟူ၍လည်း၊ နဝုတ္တံ= အရှင်အနုရုဒ္ဓါ ဆရာဆိုတော်မမူအပ်၊ ဗျဘိစာရာဘာဝတော= အသင်္ခါရိကဟူ၍လည်း၊ နဝုတ္တံ=အရှင်အနုရုဒ္ဓါဆရာ ဆိုတော် မမူအပ်၊ ဣတိ=ဤကား-တစ်နည်း အဖြေတည်း။
ဤအဖြေ၏အလိုစကားကျ ပိဏ္ဍတ္ထကား-စျာန်စိတ်သည် စီးဖြန်း ခြင်း ပရိကံဟုဆိုအပ်သောသင်္ခါရရှိမှ ရကောင်းသောကြောင့် သသင်္ခါရိက ချည်းသာ စင်စစ်တည်း၊ အသင်္ခါရိကမသိသာ၊ သို့သော် သသင်္ခါရိကဟု အရှင်အနုရုဒ္ဓါ ဆရာဆိုပါတော့ လောဟူမူဆိုခွင့်မရှိ။
ကျီးဟူက အနက်သာရှိ၏၊ ကျီးဖြူဟူ၍မရှိ၊ ထို့ကြောင့် ကျီးနက် ပျံလေ၏၊ ကျီးနက်နားလေ၏ဟု အထူးဖော်၍ ဆိုခွင့်မရှိ ရကားကျီးပျံလေ၏၊ ကျီးနားလေ၏၊ ဤသို့သာဆိုကြရသတည်း၊ ထိုသို့ပင် ဆိုသော်လည်း ကျီးဆိုလျှင် အနက်သာတည်းဟု ဧကန်စင်စစ်သိ ရတော့ သည်၊ ထို့အတူ စျာန်ဆိုလျှင် သသင်္ခါရိကသာတည်းဟု ဧကန်စင်စစ် သိကြရကား-သသင်္ခါရိကစျာန်ဟူ၍ ဖော်၍ ဆိုခွင့်မရှိ၊ ထို့ကြောင့် အရှင် အနုရုဒ္ဓါဆရာ ဖော်၍မဆိုပေသတည်း။
စင်စစ်မူကား-ဤစျာန်စိတ်ဟူသမျှသည် သသင်္ခါရိကသာ အမြဲ တည်းဟူလိုသည်။။ဤကား-ပိဏ္ဍတ္ထ။
ဤဋီကာအလိုအားဖြင့် ဒကာငတောက်မေးလျှောက်သောစကား ၄-ခွန်းတွင် အသင်္ခါရိကပင်ဖြစ်မည်၊ ၂-ပါးစုံပင်ဖြစ်မည် ဟူသောအမေး ၂-ခွန်းကိုပယ်၍ သသင်္ခါရိကပင်ဖြစ်မည်၊ ၂-ပါးစုံမှအလွတ်ပင် ဖြစ်မည် ဟူသော အမေး ၂-ခွန်းကို ခွင့်ပြုသည်၊ ၂-ပါးစုံမှ အလွတ်သော် လည်း ဆိုတော့၊ တစ်နည်း သသင်္ခါရိကသာဟူ၍သော်လည်း ဆိုတော့ ဟူလို သည်။။ဤကား-ကျမ်းဂန် အဆိုတည်း။
ဤဋီကာရှင်အဆုံးဖြတ်သည် အချို့ကျမ်းဂန်တစ်ပါးနှင့်မညီ၊ အချို့ သဘောယုတ္တိမရှိသောကြောင့် မသင့် မြတ်လေ။
အချို့ကျမ်းဂန်တစ်ပါးနှင့် မညီဆိုရာ၌ မညီပုံကား-မဂ်ဖိုလ်ကို ရခြင်းသည် ရှေးရှေးသောဘဝတို့က ဖြည့်ကျင့်ပြီးသော ပါရမီအဓိကာရ ဥပနိဿယရှိမှရထိုက်သည်၊ အဓိကာရဥပနိဿယမရှိမူ မရထိုက်ဟူရ သကဲ့သို့ ဤရူပစျာန်, အရူပစျာန်များသည်လည်း အဓိကာရဥပနိဿယ အစုံရှိမှ ရထိုက်သည်ဟူသော စကားသည် အဋ္ဌကထာကြီးများနှင့်မညီ၊ အဋ္ဌကထာကြီးတို့၌ကား- မဂ်ဖိုလ်မှာသာ ပါရမီအဓိကာရရှိမှ ရထိုက် သည်၊ မရှိလျှင် မရထိုက်၊ စျာန် အဘိညာဏ်သမာပတ် တို့မှာမူကားရှေးအဓိကာရ ဥပနိဿယမလို၊ အဓိကာရမရှိသော်လည်း အန္တရာယိက ဓမ္မကင်းရှင်းသူဖြစ်၍ ရလောက်အောင် အားထုတ်နိုင်ပါမူ သာသနာတွင်း ဖြစ်စေ, သာသနာပဖြစ်စေ ရထိုက်၏၊ ဧကန်ဟု ကျမ်းဂန်တိုက်ရိုက် လာသတည်း။
---
အဓိကာရကိုပြဆိုချက်
ယော စ သမေထေ အကတာဓိကာရော၊ တဿ ဒုက္ခာပဋိပဒါ ဟောတိ၊ ကတာဓိကာရဿ သုခါ။
[အဋ္ဌသာလိနီ ဝိသုဒ္ဓိမဂ်နှစ်ကျမ်း။]
အဓိပ္ပါယ်ကား-ရှေးရှေးဘဝတို့၌ သမထကမ္မဋ္ဌာန်းကို အားထုတ်ခဲ့ ဘူးသည်ဖြစ်၍ အဓိကာရဥပနိဿယ အခံမရှိသောပုဂ္ဂိုလ်သည် ဒုက္ခာပဋိပဒါ စျာန်, အဘိညာသမာပတ်တို့ကိုရသည်ဟူလိုသည်။
၁။ ထိုမှတစ်ပါး အဓိကာရဥပနိဿယ အခံရှိဖူးသော ပုဂ္ဂိုလ် တို့မှာ အကတကသိုဏ်း၌ပင် နိမိတ်ထင်၍ စျာန်ရ ကြောင်း။
၂။ အဓိကာရဥပနိဿယအခံမရှိဖူးသော ပုဂ္ဂိုလ်တို့မှာမူကားထုံးနည်းကျကျ စီရင်ပြုလုပ်အပ်သော ကတကသိုဏ်း၌ သာ နိမိတ်ထင်၍ စျာန်ရကြောင်း။
မှတ်ချက်။။ အဓိကာရ ဥပနိဿယအခံရှိဖူးသော ပုဂ္ဂိုလ်တို့မှာ စုဒ္ဒသာကာရိစိတ္တဒမန အစီအရင်နှင့်ကင်း၍ အဘိညာဖြစ်ကြောင်း၊ အဓိကာရ ဥပနိဿယအခံမရှိဖူးသော ပုဂ္ဂိုလ်တို့မှာမူကား- ထိုအစီအရင် နှင့်အားထုတ်မှ အဘိညာဖြစ်ကြောင်းများကို ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၌ တိုက်ရိုက်လာသောကြောင့် အဓိကာရရှိမှ စျာန်ကိုရသည်ဟူသော ဋီကာကျော်ဆရာစကားသည် မသင့်ပုံသေတည်း။
တစ်နည်းကား- အဓိကာရသည် ဝေးသောအဓိကာရ, နီးသော အဓိကာရဟူ၍ ၂-ပါးရှိ၏၊ ထိုတွင် ရှေးဒုတိယဘဝ, တတိယဘဝ အစရှိသော နီးသောဘဝတို့၌ အားထုတ်ခဲ့သော အဓိကာရရှိ, မရှိကိုသာ အစွဲပြု၍ အဓိကာရရှိသူ,မရှိသူဟု ကွဲပြားရသည်၊ အလုံးစုံသော သတ္တဝါ တို့သည် တစ်ခုတစ်ခုသောမဟာကမ္ဘာကို ၄-ဘို့ ဘို့၍ ၃-ဘို့ခန့်ကာ လပတ်လုံးဗြဟ္မာ့ပြည်၌သာ နေကြရသည်၊ တစ်ဘို့ခန့် ကာလ၌သာ ကာမ ၁၁-ဘုံ၌ဖြစ်ကြရကုန်သည်။
ဤကိုထောက်၍ ဝေးသောအဓိကာရကို အစွဲပြု၍ဆိုရသော် သတ္တဝါတိုင်းပင် စျာန်အဘိညာသမာပတ်နှင့် နေရသော ကာလသာများ လေရကား-အဓိကာရမရှိဖူးသော သတ္တဝါဟူ၍ပင် မရှိသည်ကိုရည်၍ ဋီကာရှင်ဆိုပေသည် ဟူမူ ဆိုတန်သေး၏၊
သာသနာတော်တွင်း၌ လောကီစျာန်ကိုမရနိုင်ဟူသော စကား သည်ကား-အလွန်တွေဝေလှသော အန္ဓဗာလတို့ စကားသာတည်း၊ အရာမဟုတ်လှ၍အကျယ်မဆိုလိုက်ပြီ။။ [တစ်ရပ်။]
---
ပုဗ္ဗာဘိသင်္ခါရကိုပြဆိုချက်
ဋီကာရှင်အဆုံးအဖြတ်သည် အချို့သဘောယုတ္တိမရှိဟူရာ၌ သဘောယုတ္တိမရှိပုံကား-စျာန်မဂ်ဖိုလ်မှုကို မဆိုထားနှင့် ဒါနမှု၌ပင် ယေဘုယျအားဖြင့် တစ်မတ်တန်ပြုသော ဒါနမှုထက် တစ်ကျပ်တန်ပြု သောဒါနမှုမှာ ပုဗ္ဗာဘိသင်္ခါရ ပုဗ္ဗပ္ပယောဂအားကြီးသည်၊ တစ်ကျပ် တန်ပြုသော ဒါနမှုထက် တစ်ဆယ်တန်ပြုသောဒါနမှု၏ ပုဗ္ဗပ္ပယောဂ အားကြီးသည်၊ တစ်ဆယ်တန်ထက် တစ်သောင်းတန်၊ တစ်သောင်း တန်ထက် တစ်သိန်းတန်ပြုသော ဒါန၏ပုဗ္ဗာဘိသင်္ခါရ ပုဗ္ဗပ္ပယောဂသည် အလွန်အားကြီးသည်၊ ပုဗ္ဗာဘိသင်္ခါရပုဗ္ဗပ္ပယောဂနှင့် ကင်းသော ဒါနမှုမည်သည် မရှိ၊ ထိုဒါနမှုထက် အဆအသိန်း, အသန်းမကဖြစ်ခဲလှ သော စျာနဘာဝနာ- မဂ္ဂဘာဝနာမှု များမှာမူကား-ဆိုဖွယ်ပင်မရှိ။
ထို့ကြောင့် ဋီကာရှင်အလိုအားဖြင့် ပုဗ္ဗာဘိသင်္ခါရနှင့်မကင်းသမျှကို သသင်္ခါရိကချည်းဆိုခဲ့သော် အလုံးစုံသော ကုသိုလ်စုသည် သသင်္ခါရိက ချည်းသာဖြစ်၍ကုန်ရာ၏၊ အသင်္ခါရိကဟူ၍ပင်မရှိရာ။
သည်သာမကသေး။။သသင်္ခါရိကချည်းဖြစ်၍ကုန်ရာတွင်မှလည်း တစ်မတ်တန်ပြုသော ကုသိုလ်အောက် တစ်ကျပ်တန် ပြုသောကုသိုလ် သည်ယုတ်ညံ့၏၊ တစ်ကျပ်တန်အောက် တစ်ဆယ်တန်သည်ယုတ်ညံ့၏၊ လ။တစ်သိန်းတန်အောက် တစ်သန်းတန် သည်ယုတ်ညံ့၏၊ ထိုအောက် စျာန်မဂ် ကုသိုလ်စုသည် အလွန်ပင်ယုတ်ညံ့ သည်ဟု ဆိုခွင့်ရှိရာသည်။
အဘယ့်ကြောင့်နည်း၊ လွယ်သောအမှုထက် ခဲယဉ်းသော အမှု၌သသင်္ခါရိကဖြစ်ကြောင်း အဆင့်ဆင့် အားကြီးလေသောကြောင့် ၎င်း၊ သသင်္ခါရိကဖြစ်ကြောင်းအားကြီးရာ ယုတ်ညံ့ခြင်းအားကြီး သင့်လေသောကြောင့် ၎င်းတည်း။
(က) ဒါနကုသိုလ်မှု၏ ရှေး၌မကင်းနိုင်သောအမှုကား-ဒါန ဝတ္ထုကို စီရင်ခြင်းစသော ပုဗ္ဗာဘိသင်္ခါရကိစ္စတည်း။
(ခ) သီလကုသိုလ်မှု၏ ရှေး၌မကင်းနိုင်သောအမှုကားဇာတိဂေါတ္တစသည်ကိုဆင်ခြင်ခြင်း, ဓိဋ္ဌာန်ခြင်း သိက္ခာ ပုဒ်ကိုခံယူဆောက်တည်ခြင်း စသော ပုဗ္ဗာဘိသင်္ခါရ ကိစ္စတည်း။
(ဂ) စျာနဘာဝနာကုသိုလ်မှု၏ရှေး၌ မကင်းနိုင်သော အမှုကား-ပထဝီ ပထဝီစသည်ဖြင့် စီးဖြန်းပွားများခြင်း ပုဗ္ဗာဘိသင်္ခါရကိစ္စတည်း။
(ဃ) မဂ်ကုသိုလ်မှု၏ရှေး၌မကင်းနိုင်သောအမှုကား-အနိစ္စ, ဒုက္ခ, အနတ္တဟူ၍ စီးဖြန်းပွားများခြင်း ပုဗ္ဗာဘိသင်္ခါရ ကိစ္စတည်း။
ဋီကာရှင်ကား-ကုသိုလ်အမှုအားလျော်စွာ မကင်းနိုင်သော ပုဗ္ဗာဘိသင်္ခါရမှုတွေကို သသင်္ခါရိကအင်္ဂါပြု၍ ရူပစျာန်, အရူပ စျာန်, လောကုတ္တရစျာန်တွေကို သသင်္ခါရိကချည်းပြုလေသည်ကား-ပါဠိ အဋ္ဌကထာ ဋီကာကြီးတို့၌လည်း အရိပ်မျှပင် မထင်၊ ဆိုခဲ့ပြီးသော အမှုတွေနှင့်လည်းမကင်းနိုင်သောကြောင့် သဘောယုတ္တိလည်း မရှိသည် ဧကန်စင်စစ်ဖြစ်၏၊ [တစ်ရပ်။]
---
ပါဠိတော်အဋ္ဌကထာဝါညှိနှိုင်းချက်
ယခုအခါ ပါဠိအဋ္ဌကထာကျမ်းဂန်တို့၌ အရိပ်အမြွက်အားဖြင့်၎င်း, အထင်အလင်းအားဖြင့်၎င်း လာသော ငါတို့အလို ကိုယ်သဘောကျကို အလင်းပြလိုက်အံ့။
သဟ သင်္ခါရေနာတိ သသင်္ခါရော၊ တေနသသင်္ခါရေန သပ္ပယောဂေန သဥပါယေန။
[အဋ္ဌသာလိနီအဋ္ဌကထာ၊ မဟာကုသိုလ်သသင်္ခါရိကစိတ်အဖွင့်။] ယော အာဒိတော ကိလေသေ ဝိက္ခမ္ဘေန္တော ဒုက္ခေန သသင်္ခါရေန သပ္ပယောဂေန ကိလမန္တော ဝိက္ခမ္ဘေတိ၊ တဿ ဒုက္ခာ ပဋိပဒါ ဟောတိ၊ ယော ကိလေသေ ဝိက္ခမ္ဘေန္တော သုခေန အကိလမန္တော ဝိက္ခမ္ဘေတိ၊ တဿသုခါ ပဋိပဒါနာမ။
[၎င်းအဋ္ဌကထာ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ရူပါဝစရစျာန်ဖွင့်။] တတ္ထ ကတမာ ဒုက္ခာ ပဋိပဒါ ဒန္ဓာဘိညာ ပညာ၊ ကိစ္ဆေန ကသိရေန သမာဓိံ ဥပ္ပါဒေန္တဿ။လ။ တတ္ထ ကတမာ သုခါ ပဋိပဒါ ခိပ္ပါဘိညာ ပညာ၊ အကိစ္ဆေန အကသိရေန သမာဓိံ ဥပ္ပါဒေန္တဿ။
[အဘိဓမ္မဉာဏဝိဘင်းပါဠိတော်။]
ကိစ္ဆေန ကသိရေန သမာဓိံ ဥပ္ပါဒေန္တဿတိ လောကုတ္တရသမာဓိံ ဥပ္ပါဒေန္တဿ၊ ပုဗ္ဗဘာဂေ အာဂမနကာလေ ကိစ္ဆေန ကသိရေန ဒုက္ခေန သသင်္ခါရေန သပ္ပယောဂေန ကိလမန္တဿ ကိလေသေ-ဝိက္ခမ္ဘေတွာ အာဂတဿ။
[၎င်းဝိဘင်းအဋ္ဌကထာ။]
ဤအဋ္ဌကထာကြီးတို့၌ သသင်္ခါရအဖွင့်နှင့် ဒုက္ခာပဋိပဒါစျာန် အဖွင့်သည် တစ်ထပ်တည်းတစ်သံတည်းကျရောက် သောကြောင့် ဒုက္ခာပဋိပဒါဖြစ်သော ရူပစျာန်စိတ်, အရူပစျာန်စိတ်, လောကုတ္တရစျာန် စိတ်ဟူသမျှသည် သသင်္ခါရ ချည်းဖြစ်သည်၊ ဗျတိရေကနည်းအားဖြင့် သုခါပဋိပဒါဖြစ်သော ရူပစျာန်စိတ်, အရူပစျာန်စိတ်, လောကုတ္တရ စျာန်စိတ်ဟူသမျှသည် အသင်္ခါရိက ချည်းဖြစ်သည်ဟု အနက်အားဖြင့် ပြီးသတည်း။။ ဤကား-အရိပ်အမြွက်အားဖြင့် သိသာပုံတည်း။
အထင်အလင်းအားဖြင့်ပြီးပုံကား-ရူပါဝစရစျာန်, အရူပါဝစရစျာန်, လောကုတ္တရစျာန်တို့၏အပြားကိုပြသော နေတ္တိပါဠိတော် အဓိဋ္ဌာနာဟာရ ဝိဘင်း၌သသင်္ခါရော သမာဓိ၊ အသင်္ခါရော သမာဓိဟူ၍ဟော တော်မူသည်။
နေတ္ထိအဋ္ဌကထာ၌။။ သသင်္ခါရောသမာဓီတိ ဒုက္ခာပဋိပဒေါ ဒန္ဓာဘိညော ဒုက္ခာပဋိပဒေါ ခိပ္ပါဘိညောစ၊ သော ဟိ သသင်္ခါရေန သပ္ပယောဂေန စိတ္တေန ပစ္စနီကဓမ္မေ ကိစ္ဆေန ကသိရေန နိဂ္ဂဟေတွာ အဓိဂန္တဗ္ဗော၊ ဣတရော အသင်္ခါရောသမာဓိ။ ဟူ၍လာသည်။
နေတ္တိဋီကာ၌။။ ဣတရောတိ သုခါမဋိပဒေါ ဒန္ဓာဘိညော သုခါပဋိပဒေါ ခိပ္ပါဘိညော-ဟူ၍လာသည်။။ဤသို့ လာသော ပါဠိတော်အဋ္ဌကထာဋီကာများကိုမြင်၍ ဒုက္ခာပဋိပဒါဒန္ဓာဘိည ခိပ္ပါဘိညဖြစ်သော ရူပစျာန်စိတ်, အရူပစျာန်စိတ်, လောကုတ္တရစျာန်စိတ် ဟူသမျှသည် သသင်္ခါရိကချည်းဖြစ်သည်ဟူ၍၎င်း၊ ဧကန္တအားဖြင့် ယုံကြည် လေးမြတ်မှတ်သားအပ်၏၊ ဤကား-အထင်အမြင်အားဖြင့် သိသာပုံတည်း။။[တစ်ရပ်။]
---
တနည်းထုတ်ဆိုညှိနှိုင်းချက်
အမေး။ ထိုသို့ဖြစ်ခဲ့သော် သင်္ဂြီုဟ်၌ ရူပ, အရူပ, လောကုတ္တရာစိတ်တို့၌ သသင်္ခါရိက ဘေဒ၊ အသင်္ခါရိက ဘေဒကို အဘယ့် ကြောင့် မဆိုသနည်း။။မေးရန်။
အဖြေ။ ဓမ္မသင်္ဂဏီပါဠိတော်ရင်း၌ပင် သသင်္ခါရိက, အသင်္ခါရိကအသံနှင့် မဟောသောကြောင့် သင်္ဂြီုဟ်၌မဆိုပါသည်။။ ဖြေရန်။
အမေး။ ဓမ္မသင်္ဂဏီပါဠိတော်၌ကား-သသင်္ခါရိက, အသင်္ခါရိကအသံနှင့် အဘယ့်ကြောင့်မဟောသနည်း။။မေးရန်။
အဖြေ။ ရူပ, အရူပ, လောကုတ္တရာစိတ်စသည်သည် ဘာဝနာမယတရား စင်စစ်ဖြစ်ပေ၍ ဘာဝနာမယ တရားစုနှင့်ထိုက် တန်သော ပဋိပဒါဟူသောအသံနှင့်သာ ဟောသင့်သောကြောင့် သင်္ခါရသံနှင့် မဟောပါသည်။။ ဖြေရန်။
ထိုစကားမှန်၏၊ ကာမာဝစရတရားစုသည်ကား-အချို့ကာယကံ, အချို့ဝစီကံ, အချို့မနောကံ, အချို့ဒါနမယ, အချို့သီလမယ, အချို့ ဘာဝနာမယတွေဖြစ်လေ၍ ပဋိပဒါနှင့်ဟောခြင်းငှါ မထိုက်၊ သင်္ခါရနှင့် သာဟောခြင်းငှာ ထိုက်သတည်း။
ရူပ, အရူပ, လောကုတ္တရာတရားအစုမှာမူကား-ဘာဝနာမယ စင်စစ်သာဖြစ်သည်၊ ဘာဝနာနှင့်အကျင့်ကို ဟောသော ပဋိပဒါသည် သဘောတူလှသောကြောင့် ပဋိပဒါဟူသော ဝေါဟာရ အသံနှင့် ဟော ရလေသည်၊ ပဋိပဒါကိုလည်း သုခါပဋိပဒါ, ဒုက္ခာပဋိ ပဒါနှစ်ထွေ ခွဲ၍ဟောပြန်သောကြောင့်
သသင်္ခါရိကစျာန်စုသည် ဒုက္ခာပဋိပဒါ၌ ပါဝင်လေသတည်း။
အသင်္ခါရိကစျာန်စုသည် သုခါပဋိပဒါ၌ပါဝင်လေသတည်း။
ဤကား-ပါဠိအဋ္ဌကထာကျမ်းဂန်တို့၌ အရိပ်အမြွက်အားဖြင့်၎င်း, အထင်အလင်းအားဖြင့်၎င်း လာသော ငါတို့အလို ကိုယ်သဘောကျကို အလင်းပြလိုက်သော စကားရပ်တည်း။ [တစ်ရပ်။]
---
နိဂုံးချုပ်
က။ ဤသို့လျှင်ပဌမ ပဋိညာစကားတစ်ရပ်။
ခ။ ဒုတိယ ဋီကာဝါဒကိုပြသည်တစ်ရပ်။
ဂ။ တတိယ ဋီကာဝါဒတွင် အဓိကာရကို ဆုံးဖြတ်သည်
တစ်ရပ်။
ဃ။ စတုတ္ထ ဋီကာဝါဒတွင် ပုဗ္ဗာဘိသင်္ခါရကို ပယ်သည်တစ်ရပ်။
င။ ပဉ္စမ အဋ္ဌသာလိနီဝိသုဒ္ဓိမဂ် ဝိဘင်းပါဠိတော် ဝိဘင်း အဋ္ဌကထာတို့ကို ထုတ်ပြညှိနှိုင်း၍ ငါတို့အလို ကိုယ် သဘောကျကို ဆုံးဖြတ်သည်တစ်ရပ်။
စ။ ဆဋ္ဌ၊ နေတ္တိပါဠိတော်, နေတ္တိအဋ္ဌကထာ, နေတ္တိဋီကာ တို့ကိုထုတ်ပြ၍ ငါတို့အလို ကိုယ်သဘောကျကို ဆုံးဖြတ် သည် တစ်ရပ်။
ဤသို့လျှင်၊ ၆-ရပ်၊ ၆-ခန်းတို့ဖြင့်ခြားနားကန့်ကွက်၍ မယှက် မထွေးရအောင် ဖြေဆိုဆုံးဖြတ်လိုက်သည် တကာ ငတောက်။ သသင်္ခါရ, အသင်္ခါရဝိနိစ္ဆယကျမ်းပြီး၏၊
ဤတွင်ရွေ့ကား-မဟာသယနဒီပနီ, ဒီဃာသနဝိနိစ္ဆယ, သသင်္ခါရ, အသင်္ခါရဝိနိစ္ဆယ
၃-ကျမ်းတွဲ ပြီးပြီ။
--------- * --------