သာရဏီယတရားတော်
သာရဏီယတရားတော်
▬▬ஜ۩۞۩ஜ▬▬
မဟာစည်ဆရာတော်
မာတိကာ
▬▬▬
တရားပလ္လင်ခံ
သာရဏီယ တရားတော် ဥဒ္ဒေသပါဠိတော်
ညီညွတ်ရေးတရား ၆ - ပါး
မေတ္တာရှေ့သွား ကံသုံးပါး
တခြားသုံးဝ
(၁) မေတ္တာကာယကံ
(၂) မေတ္တာဝစီကံ
(၃) မေတ္တာမနောကံ
(၄) ဝေဖန်ပေးကမ်းခြင်း
(၅) အရိယာနှင့် ကိုယ်ကျင့်တူလျှင်
သီလဝိမံသန ဝတ္ထုဇာတ်
မကောင်းမှုပြုဖို့ ဆိတ်ကွယ်ရာမရှိ
(၆) အရိယနှင့်ဉာဏ်ဖြင့် တူလျှင်
ဆင်းရဲအမှားငြိမ်းပုံ
ဆင်းရဲအမှန်ငြိမ်းပုံ
ကျင့်သူကိုသာ ပညာက ထုတ်ဆောင်ကြောင်း
အရိယမဂ်ပညာရအောင် အားထုတ်ပုံ
သူရမ္မဋ္ဌဝတ္ထု
သာရဏီယ တရားတော် မာတိကာ ပြီး၏။
မူလပဏ္ဏာသပါဠိတော် ကောသမ္ဗိယသုတ္တန်လာ
သာရဏီယ တရားတော်
▬▬▬▬▬▬▬▬▬
ရန်ကုန်မြို့၊ ကမာရွတ်ဒေသ၊ မရမ်းတစ်ပင်ရပ်ကွက်၌ ၁၃၁၄-ခုနှစ်၊ ဦးတန်ခူး လဆုတ် ၁၂-၁၃ ရက် ညများတွင် ဟောသည်။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
တရားပလ္လင်ခံ
▬▬▬▬▬
ဒီ မရမ်းတစ်ပင်ရပ်ကွက် တရားပွဲမှာ ဟောဖို့ ရည်ရွယ်ထားတဲ့ တရားကတော့ မူလပဏ္ဏာသပါဠိတော် ကောသမ္ဗိယသုတ်မှာ မြတ်စွာဘုရား ဟောထားတဲ့ သာရဏီယ တရားတော်နှင့် မဟာဝစ္စဝေက္ခဏာ တရားတော်များပင် ဖြစ်တယ်၊ အဲဒီ တရား နှစ်ခုထဲက ဒီကနေ့ည သာရဏီယ တရားတော်ကို စပြီး ဟောရမယ်၊
သာရဏီယဆိုတာ အောက်မေ့ဖွယ်လို့ အနက်အဓိပ္ပါယ် ရှိတယ်၊ ဒါကြောင့် သာရဏီယ ဆိုတာ အောက်မေ့ဖွယ်ကောင်းတဲ့ ဂုဏ်တွေကို ပြဆိုတဲ့ တရားပါပဲ၊ ဒီသာရဏီယ တရားကို ဒီဃနိကာယ်ပါထိကဝဂ် သင်္ဂီတိသုတ်၊ မဇ္ဈိမနိကာယ် ဥပရိပဏ္ဏသပါဠိ သာမဂါမ သုတ်များမှာလဲ ဟောထားတယ်၊ အင်္ဂုတ္တရနိကာယ် ဆက္ကနိပါတ်မှာလဲ သာရဏီယ သုတ်ဆိုတဲ့ အမည်နဲ့ ဟောထားတယ်၊
ဒီသုတ်ဟာ ရဟန်းရှင်လူတိုင်း နာကြားပြီး ကျင့်သုံးစရာ အလွန်လျော်တဲ့ သုတ်ပါပဲ၊ ရှေးဦးစွာ မြတ်စွာဘုရား ဟောတော် မူတဲ့အတိုင်း ပါဠိဘာသာဖြင့် ရွတ်ဆိုပြီး ဟောမယ်၊ အဲဒါကို မြတ်စွာဘုရား ဟောနေတဲ့အနေနဲ့ အာရုံပြုပြီး ရိုသေစွာ နာကြရမယ်၊ ယခု စပြီး ဟောတော့မယ်။
သာရဏီယ တရားတော် ဥဒ္ဒေသပါဠိ
▬▬▬▬▬▬▬▬▬▬▬▬
ဆယိမေ ဘိက္ခဝေ ဓမ္မာ သာရဏီယာ ပိယကရဏာ ဂရုကရဏာ သင်္ဂဟာယ အဝိဝါဒါယ သာမဂ္ဂိယာ ဧကီဘာဝါယ သံဝတ္တန္တိ။
ဒီပါဠိကို မြန်မာပြန်ရင်း အဓိပ္ပါယ်ပြောသွားမယ်။
ဘိက္ခဝေ - ရဟန်းတို့၊
ဆ - ခြောက်ပါးကုန်သော၊
ဣမေ ဓမ္မာ - ယခုဟောပြမည့် ဤတရားတို့သည်၊
သာရဏီယာ - မမေ့နိုင်ဘဲ တအောက်မေ့မေ့နှင့် သတိရနေခြင်းကို ဖြစ်စေ တတ်ကုန်၏၊
ဝါ - အောက်မေ့ဖွယ် တရားတို့ပါပေတည်း၊
(ယခု ဟောပြမည့် ဂုဏ်ကျေးဇူးတရားတွေနဲ့ ပြည့်စုံနေလို့ရှိရင် အဲဒီ ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်ကို အတူနေဖူးသူတွေ သိကျွမ်းဖူးတဲ့ သူတွေက မမေ့နိုင်ဘဲ အစဉ်အမြဲ သတိရနေကြပါလိမ့်မယ်တဲ့ ဒကာကြွယ်ရ၊ မကောင်းဘူးလား၊ နောက်ပြီးတော့)
ပိယကရဏာ - ချစ်ခင်ခြင်းကိုလည်း ပြုတတ်ဖြစ်စေတတ်သော တရားတို့ပါပေ တည်း။
(အဲဒီသာရဏီယတရားတွေနဲ့ ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်တွေကို အတူနေပုဂ္ဂိုလ်တွေ သိကျွမ်းတဲ့ ပုဂ္ဂိုလ်တွေက ချစ်ခင်ကြ ကြည်ညိုကြပါလိမ့်မယ်တဲ့ ဒကာကြွယ်ရ၊ မကောင်းဘူးလား၊ နောက်ပြီးတော့)
ဂရုကရဏာ - ရိုသေလေးစားခြင်းကိုလဲ ဖြစ်စေတတ်ကုန်၏၊
ဝါ - ရိုသေလေးစားခြင်းကို ဖြစ်စေတတ်သော တရားတို့ပါပေတည်း၊
(အဲဒီ သာရဏီယတရားတွေနဲ့ ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်ကို ရိုသေလေးစားကြပါလိမ့်မယ် တဲ့၊ လူတွေဆိုတာ အများအားဖြင့် ကိုယ့်ကို ရိုသေလေးစားတာ ကြိုက်ကြတယ်၊ မရိုမသေ ပြုလုပ်တာကိုတော့ မကြိုက်ကြဘူး၊ မရိုမသေပြုလို့ ပြောလို့ရှိရင် ငါ့ကို ဒီအကောင်က မရိုမသေ ပြုရမလား၊ ပြောရမလားဆိုပြီး စိတ်ဆိုးတတ်ကြတယ်၊
ဒီနေရာမှာ စဉ်းစားဆင်ခြင်စရာကတော့ အရိုအသေ ခံချင်တဲ့ သူမှာ ရိုသေထိုက်တဲ့ ဂုဏ်ရှိဖို့က အရေးကြီးတယ် ရိုသေထိုက်တဲ့ ဂုဏ်ရှိမှ သူ့ဂုဏ်ရှိသလောက်ပဲ အများက ရိုသေကြပေလိမ့်မယ်၊ ရိုသေထိုက်တဲ့ဂုဏ် မရှိရင်တော့ သူများက မရိုသေကြပေဘူး၊ ဒီတော့ ရိုသေထိုက်တဲ့ ဂုဏ်တွေ ကိုယ့်သန္တာန်မှာ ပြည့်စုံဖို့ရာဟာ ကိုယ့်တာဝန်ပဲ မဟုတ်လား။ ဒကာကြွယ်ရ၊ အဲဒီ ပြည့်စုံသင့်တဲ့ ဂုဏ်တွေဟာ ဘာတွေလဲဆိုရင် ယခုဟောမည့် သာရဏီယ တရားတွေပါပဲ၊ ဒါကြောင့်)
ဘိက္ခဝေ - ရဟန်းတို့၊
ဆ - ခြောက်ပါးကုန်သော၊
ဣမေဓမ္မာ - ဤယခုဟောမည့် ဤဂုဏ်ကျေးဇူးတရားတို့သည်၊
သာရဏီယာ - အောက်မေ့ဖွယ်တရားတို့ပါပေတည်း၊
ပီယကရဏာ - ချစ်ခင် ကြည်ညိုဖွယ် တရားတို့ပါပေတည်း။
ကရုကရဏာ - ရိုသေလေးစားဖွယ် တရားတို့ပါပေတည်း၊
ဣမေ ဓမ္မာ - ဤဂုဏ်ကျေးဇူးတရားသည်၊
သင်္ဂဟာယ သံဝတ္တန္တိ - စည်းလုံးခြင်းငှါလည်း ဖြစ်ကြပေကုန်၏။
အဝိဝါဒါယ သံဝတ္တန္တိ - ငြင်းခုံမှု မရှိခြင်းငှါလည်း ဖြစ်ကြပေကုန်၏၊
သာမဂ္ဂိယာ သံဝတ္တန္တိ - ညီညွတ်ခြင်းငှါလည်း ဖြစ်ကြ ပေကုန်၏၊
ဧကီဘာဝါယ သံဝတ္တန္တိ - တစ်လုံးတစ်စည်း တစ်ပေါင်းတည်း ဖြစ်ခြင်းငှါလည်း ဖြစ်ကြပေကုန်၏။
အချင်းချင်း မငြင်းခုံရဘဲ တစ်ပေါင်းတည်း ညီညွတ်ဖို့ရာ တရားတွေဖြစ်ပါတယ်တဲ့ ဒကာကြွယ်ရ၊ ဒီသာရဏီယ တရားတွေနဲ့သာ ပြည့်စုံနေကြမယ်ဆိုရင် ငြင်းခုံခြင်း ကွဲပြားခြင်း မရှိဘဲ တစ်စိတ် တစ်ဝမ်းတည်းဖြစ်ပြီး ညီညွတ်နေကြမယ် အရေးကြီး တာကတော့ အတူနေပုဂ္ဂိုလ်တွေ နီးစပ်တဲ့ ပုဂ္ဂိုလ်တွေ အညီအညွတ်ဖြစ်ဖို့ရာ ပိုပြီး အရေးကြီးပါတယ်၊
ဒကာကြွယ်တို့ အရပ်ထဲက အိမ်တွေမှာ တစ်အိမ်တစ်အိမ် ဆိုလျှင် အနည်းဆုံး ၂-ယောက် ၂-ယောက်တော့ ရှိတာပဲမဟုတ်လား၊ သုံးယောက် လေးယောက်ရှိတဲ့ အိမ်တွေကပဲ များပါလိမ့်မယ်၊ ၂-ယောက်ရှိတယ်ဆိုရင် အဲဒီ ၂-ယောက်ဟာ ညီညွတ်နေဖို့၊ သုံးလေးယောက် စသည်ရှိရင်လဲ အဲဒီသုံးယောက် စသည်ဟာ ညီညွတ်နေဖို့ အရေးကြီးတယ် မဟုတ်လား၊
ဒီတော့ အတူနေ ပုဂ္ဂိုလ်တွေ အကုန်လုံး ညီညွတ်အောင် ဘာလုပ်ရမယ်ဆိုရင် ဒီသာရဏီယတရား တွေနဲ့ ပြည့်စုံအောင် လုပ်ရမယ်၊ ဒီသာရဏီယ တရားတွေနဲ့သာ ပြည့်စုံနေရင် အတူနေ ပုဂ္ဂိုလ်တွေ အိမ်သူအိမ်သားတွေ အကုန်လုံးဟာ ငြင်းခုံခြင်း ကွဲပြားခြင်း မရှိဘဲ တစိတ်တဝမ်းတည်း ဖြစ်ပြီးတော့ ညီညွတ်ပြီး ချမ်းသာနေကြ လိမ့်မယ်၊
တစ်အိမ်တည်းသာမဟုတ်ဘူး၊ ဒီသာရဏီယ တရားတွေနဲ့သာ ပြည့်စုံနေကြမယ် ဆိုရင် တစ်ရပ်ကွက်လုံး တစ်ရွာလုံးလဲ ညီညွတ်နေကြမှာပဲ၊ တစ်ြုမိ့လုံးလဲ ညီညွတ် နေမှာပဲ၊ တစ်နိုင်ငံလုံးလဲ ညီညွတ်နေမှာပဲ၊ ကမ္ဘာတစ်ဝှမ်းလုံးလဲ ညီညွတ်နေမှာပဲ၊ မကောင်းဘူးလား၊ ဒကာကြွယ်ရ၊
(ကောင်းပါတယ်ဘုရား)၊
ဒီတော့ ဒီသာရဏီယ တရားတွေကို လူမျိုးမရွေး ဘာသာမရွေး မကျင့်ထိုက် ပေဘူးလား၊
(ကျင့်ထိုက်ပါတယ်ဘုရား)။
ညီညွတ်ရေးတရား ၆-ပါး
▬▬▬▬▬▬▬▬▬
အဲဒီသာရဏီယ တရားတွေဟာ ညီညွတ်ကြောင်းလဲ ဖြစ်တဲ့အတွက် ညီညွတ်ရေး တရားတွေလို့လဲ ဆိုနိုင်ပါတယ်၊ အဲဒီ ညီညွတ်ရေးတရားတွေက ဘာတွေလဲဆိုလျှင် မေတ္တာရှေ့သွားတဲ့ အမှုကံကသုံးပါး နောက်ပြီးတော့ ဝေဖန်ပေးကမ်းမှု စာဂရယ်၊ သီလရယ်၊ ပညာရယ် ဒါကသုံးပါး၊ ပေါင်း ၆ - ပါးပါပဲ၊ အဲဒါကို တိုတိုနှင့် မှတ်ထား ရအောင် ခေါင်းစဉ် ဆောင်ပုဒ်ကလေး စပြီး ဆိုကြရမယ်၊ အဲဒီဆောင်ပုဒ်က -
“မေတ္တာရှေ့သွား ကံသုံးပါးနှင့်၊ တခြားသုံးဝ၊ စာဂ, သီလာ၊ မြတ်ပညာသည်၊ မှတ်ပါ သာရဏီယ တရားတည်း”
တဲ့၊ အဲဒါကို လိုက်ဆိုကြရမယ်။
မေတ္တာရှေ့သွား၊ ကံသုံးပါးနှင့်၊ တခြားသုံးဝ၊ စာဂ, သီလာ၊ မြတ်ပညာသည် မှတ်ပါ သာရဏီယတရားတည်း။
မေတ္တာရှေ့သွား ကံသုံးပါး
▬▬▬▬▬▬▬▬▬
မေတ္တာရှေ့သွား ကံသုံးပါးဆိုရာမှာ ကံဆိုတာက ပြုလုပ်တဲ့အမှုပဲ၊ အဲဒီအမှုကံ ဆိုတာက ကောင်းတဲ့ အပြစ်ကင်းတဲ့ ကံလဲ ရှိတယ်၊ မကောင်းတဲ့ အပြစ်ရှိတဲ့ ကံလဲရှိတယ်၊ လောဘ ဒေါသ ရှေ့သွားပြီး ပြုလုပ် ပြောဆို ကြံစည်တဲ့ အမှုကံက မကောင်းတဲ့ကံ အပြစ်ရှိတဲ့ကံပဲ၊
ဩကာသ ဘုရားရှိခိုးထဲမှာ ပါတဲ့ ကာယကံ ဝစီကံ မနောကံ ဆိုတာတွေကတော့ မကောင်းတဲ့ အပြစ်ရှိတဲ့ အကုသိုလ်ကံတွေပဲ၊ မရိုမသေပြုမိ ပြောမိ ကြံစည် ပြစ်မှားမိတဲ့ အကုသိုလ်ကံတွေပါပဲ၊
ဒါကြောင့် ဘုရား တရား သံဃာ ဆရာ မိဘတွေနဲ့ စပ်ပြီး အဲဒီလို ပြစ်မှားမိတဲ့ အကုသိုလ်ကံများ ရှိနေရင် ပပျောက် ပြေငြိမ်းဖို့ရာ ကန်တော့ တောင်းပန်ကြရတယ်၊
ဒါပေမယ့် ယခုလူတွေ ဘုရားရှိခိုးနေကြတာဟာ အပြစ်ရှိလို့ချည်းပဲလို့တော့ မဆိုနိုင်ပေဘူး ရတနာသုံးပါး ဆရာသမားများကို ရှိခိုးနေကြတာဟာလဲ အပြစ် ရှိလို့ချည်း မဟုတ်ပေဘူး၊ အမှန်ကတော့ ကုသိုလ်ကောင်းမှု ဖြစ်ပွားအောင် ရည်ရွယ်ပြီး ရှိခိုးကြတာပဲ များပါတယ်၊
ဒါကြောင့် ဩကာသ ကန်တော့ခန်းထဲမှာ -
“ကာယကံ ဝစီကံ မနောကံ တည်းဟူသော အပြစ်ခပ်သိမ်း ပပျောက်ငြိမ်း၍ အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေး ကင်းကြောင်း ကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှါ ရှိခိုးပါတယ်”
ဆိုတဲ့ ရည်ရွယ်ချက်ကို အပြည့်အစုံ ဖော်ပြသင့်ပါတယ်၊
အဲဒီလို ဖော်ပြပြီး ကန်တော့ ရင်တော့ အပြစ်ရှိရင်လဲ အဲဒီအပြစ်တွေ ပပျောက် ပြေငြိမ်းသွားအောင် အပြစ် မရှိရင်လဲ အသက်ရှည်ခြင်း အစရှိတဲ့ ကောင်းကျိုး တွေကို ဖြစ်စေနိုင်တဲ့ ကုသိုလ် ကောင်းမှုဖြစ်ပွားအောင် ရှိခိုးကန်တော့တယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ပြည့်စုံတဲ့ အတွက် သာပြီးကောင်းတယ်၊
ဒါကြောင့် ဘုန်းကြီးတို့က အဲဒီ ဩကာသ ကန်တော့ခန်းကို အဲဒီအတိုင်းပဲ ရည်ရွယ်ချက် အပြည့်အစုံနှင့် ရွတ်ဆိုပြီး ရှိခိုးဖို့ ညွှန်ကြားနေပါတယ်။
အလောဘ အဒေါသ မေတ္တာ ကရုဏာစသည် ရှေ့သွားပြီး ပြုလုပ်ပြောဆိုကြံစည်တဲ့ အမှုကံတွေကတော့ ကောင်းတဲ့ကံ အပြစ်ကင်းတဲ့ကံတွေပဲ၊ ယခု ဒီမှာပြထားတဲ့ ကံသုံးပါးဆိုတာဟာ အဒေါသ - မေတ္တာရှေ့သွားပြီး ပြုလုပ်ပြောဆို ကြံစည်တဲ့ ကုသိုလ် ကာယကံကုသိုလ် ဝစီကံကုသိုလ် မနောကံများပဲ ဖြစ်ပါတယ်၊
သူတစ်ပါးအား ချမ်းသာပါစေ ရည်ရွယ်ချက်နဲ့ ပြုတဲ့ ကာယကံ ပြောဆိုတဲ့ ဝစီကံ ကြံစည်တဲ့မနောကံ ဒီကုသိုလ်ကံသုံးပါးပါပဲ၊ ဒါကြောင့် မေတ္တာ ရှေ့သွား ကံသုံးပါးလို့ ဆိုထားတယ်၊ အဲဒီမှာ မေတ္တာဆိုတာ သူတစ်ပါးအား ချမ်းသာစေလိုတဲ့ သဘောတရား ကလေးပဲ၊ သူက အင်မတန် အေးချမ်း ကြည်လင်ပါတယ်၊
ဘာကြောင့်လဲ ဆိုတော့ သတ္တဝါတွေဟာ ချမ်းသာချင်ကြတာ ချည်းပဲ၊ ဆင်းရဲ ကင်းချင်ကြတာချည်းပဲ၊ အဲဒီလို ဆင်းရဲကင်းပြီး ချမ်းသာချင်ကြတဲ့ သတ္တဝါတွေကို သူတို့ အလိုရှိနေကြတဲ့ အတိုင်းပဲ ချမ်းသာကြပါစေလို့ အလိုက်သင့်ထားပြီး ကြည်သာအေးမြစွာ နှလုံးသွင်းကြရတဲ့ အတွက်ကြောင့်ပါပဲ၊
ဒါကြောင့် သူတစ်ပါးနှင့် စပ်ဆိုင်တဲ့ အမှုကိစ္စကို ပြုတိုင်း ပြုတိုင်း ချမ်းသာပါစေဆိုတဲ့ မေတ္တာစိတ်နဲ့ ပြုရမယ်၊ သူတစ်ပါးနှင့် စပ်ဆိုင်တဲ့ စကားကို ပြောတိုင်း ပြောတိုင်း ချမ်းသာပါစေဆိုတဲ့ မေတ္တာစိတ်နဲ့ ပြောရမယ်၊ သူတစ်ပါးနှင့်စပ်ပြီး ကြံတိုင်း ကြံတိုင်း ချမ်းသာပါစေဆိုတဲ့ မေတ္တာစိတ်နဲ့ ပြုတိုင်း ပြောတိုင်း, ကြံတိုင်း မေတ္တာရှေ့သွားတဲ့ ကာယကံ ဝစီကံ မနောကံတွေ ဖြစ်ပွားတယ်၊ အဲဒါတွေကိုပဲ မေတ္တာရှေ့သွား ကံသုံးပါးလို့ ဆိုထားပါတယ်။
တခြားသုံးဝ
▬▬▬▬
အဲဒီ ကံသုံးပါးဆိုတဲ့ သာရဏီယ တရားသုံးပါးအပြင် အခြား သာရဏီယတရား သုံးပါးကလဲ ရှိသေးတယ်၊ ဒါကြောင့် တခြား သုံးဝ စာဂ သီလာ မြတ်ပညာလို့လဲ ဆက်ပြီး ဆိုထားပါတယ်၊
အဲဒီမှာ စာဂဆိုတာ ကိုယ်ပိုင်ပစ္စည်းကို စွန့်ကြဲပေးကမ်းခြင်းပါပဲ၊ ဒီသုတ် ပါဠိတော် ထဲမှာတော့ စာဂ ဆိုတဲ့အမည်ဖြင့် ဟောမထားပါဘူး၊ ဒါပေမယ့် တရားသဖြင့် ရလာတဲ့ မိမိပိုင် ပစ္စည်းတွေကို သီလရှိသူတွေနှင့် ဝေမျှပြီး သုံးဆောင်ရမယ်လို့ ပြဆိုထားတဲ့ အတွက် အနက်အဓိပ္ပါယ် အားဖြင့်တော့ စွန့်ကြဲ ပေးကမ်းရမယ် ဆိုတာနဲ့ သဘော တူပါတယ်၊ ဒါကြောင့် ဆောင်ပုဒ်မှာ စာဂလို့ပဲ စီထားပါတယ်၊
အဲဒီ စာဂရယ် သီလရယ် ပညာရယ် ဒီသုံးပါးကလဲ သာရဏီယတရားတွေပဲ၊ ဒီတော့ ရှေ့ကသုံးပါးနဲ့ ဒီနောက်သုံးပါးကို ပေါင်းလိုက်ရင် သာရဏီယတရား ၆-ပါးဖြစ်တယ်၊ ဒီ ၆-ပါးထဲမှာ ဘုန်းကြီးတို့ ဟောနေကျ ဝိပဿနာနှင့် သက်ဆိုင်တာကတော့ အရိယသီလနဲ့ အရိယပညာဆိုတဲ့ ဒီနှစ်ပါးပါပဲ၊
အဲဒီနှစ်ပါးထဲမှာလဲ အရိယပညာ ဆိုတာက လိုရင်းအကျဆုံးပါပဲ၊ အဲဒီ အရိယ ပညာနှင့် စပ်ပြီး များများ ဟောဖို့ပါပဲ၊ ဒါပေမယ့် အဲဒီအရိယပညာနှင့် ဆိုင်တဲ့ ဝိပဿနာ အလုပ်ထိအောင် မလိုက်နိုင်သေးတဲ့ ပုဂ္ဂိုလ်များအတွက် အကျိုးများသင့် သလောက် များကြပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှေ့ပိုင်းသာရဏီယ တရားလေးပါးကိုလဲ အခြေခံအဖြစ်ဖြင့် အစဉ်အတိုင်း ဝေဖန်ပြီး ဟောသွားရမယ်၊
မြတ်စွာဘုရားက အဲဒီ သာရဏီယတရား ၆-ပါးကို “ကတ မေ ဆ၊ သာရဏီယတရား ၆ - ပါးဆိုတာ ဘယ်ဟာတွေလဲ” လို့ ဒီလိုမေးခွန်းထုတ်ပြီးတော့ အဲဒီ ၆ - ပါးကို အစအတိုင်းဝေဖန် ဟောသွားပါတယ်၊ ဟောကြားတော်မူပုံကတော့ -
၁။ မေတ္တာကာယကံ
▬▬▬▬▬▬▬
ဣဓ ဘိက္ခဝေ ဘိက္ခုနော မေတ္တံ ကာယကမ္မံ ပစ္စုပဋ္ဌိတံ ဟောတိ သဗြဟ္မစာရီသု အာဝိ စေဝ ရဟော စ၊ အယမ္ပိဓမ္မော သာရဏီယော ပိယကရဏော ဂရု ကရဏော သင်္ဂဟာယ အဝိဝါဒါယ သာမဂ္ဂိယာ ဧကီဘာဝါယ သံဝတ္တတိ။
ဘိက္ခဝေ - ရဟန်းတို့၊
ဣဓ - ဤသာသနာတော်၌၊
ဘိက္ခုနော - ရဟန်း၏၊
သဗြဟ္မစာရီ တရားကျင့်ဖက် သီတင်းသုံးဖော်တို့၌ မေတ္တံ ကာယကမ္မံ - ချမ်းသာစေလိုသည့် မေတ္တာနှင့်ယှဉ်သော ကိုယ်အမှုသည်၊
အာဝိ စေဝ - မျက်မှောက်မှာရော၊
ရဟော စ - မျက်ကွယ်မှာရော၊
ပစ္စုပဋ္ဌိတံ - ရှေးရှုထင်သည်၊
ဟောတိ - ဖြစ်၏။
အဲဒီမှာ တရားကျင့်ဖက် သီတင်းသုံးဖော်တို့၌ မေတ္တာ ကာယကံ ပြုရမယ် ဆိုတာ ကတော့ ရဟန်းများကို အရင်းခံထားပြီး ဟောတော်မူတဲ့ အတွက်ကြောင့်ပါပဲ၊ လူများမှာဆိုရင်တော့ အတူနေပုဂ္ဂိုလ်တွေ နီးစပ်တဲ့ ပုဂ္ဂိုလ်တွေ အားလုံးအပေါ်မှာ မေတ္တာကာယကံ ပြုရပါတယ်၊
မေတ္တာကာယကံ ဆိုတာ အဲဒီအတူနေပုဂ္ဂိုလ်တွေ နီးစပ်တဲ့ ပုဂ္ဂိုလ်တွေ အကျိုး များမည့် အမှုကိစ္စတွေကို ကိုယ်ဖြင့် ဆောင်ရွက်ပေးမှုပါပဲ။ သာပြီး အရေးကြီးတာ ကတော့ တစ်ကြိမ်တည်း အတူနေပုဂ္ဂိုလ်တွေအတွက် ဆောင်ရွက်ဖို့ပါပဲ၊ ဒကာကြွယ်ရ၊
(ဇနီးမောင်နှံ အချင်းချင်းအတွက် သာပြီးအရေးကြီးပါတယ် ဘုရား)
ဒကာကြွယ်က တော်တော် သဘောပေါက်သွားတယ်၊ အဲဒီဇနီး မောင်နှံပဲဖြစ်ဖြစ်၊ သားအမိ သားအဖပဲဖြစ်ဖြစ်၊ ညီအစ်ကို မောင်နှမပဲဖြစ်ဖြစ်၊ ဆရာတပည့်ပဲဖြစ်ဖြစ်၊ မိတ်ဆွေ အချင်းချင်းပဲဖြစ်ဖြစ် မေတ္တာ ကာယကံဖြင့် ပြုလုပ်ဆောင်ရွက်ဖို့ အရေးကြီးတယ်၊ ဒကာကြွယ်ရ၊
စိတ်ဆိုးတဲ့ အမူအရာ ဒေါသကာယကံနဲ့ ဆောင်ရွက်ပြုလုပ်ရင် အချင်းချင်း စိတ်ဝမ်း ကွဲကုန်တတ်တယ်၊ အသင်းအဖွဲ့တွေမှာဆိုရင် သာပြီး ကွဲပြားတတ်သေးတယ် ဒကာကြွယ်ရ။ ဒါကြောင့် နီးစပ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ မျက်မှောက်မှာရော မျက်ကွယ် မှာရော ချမ်းသာပါစေဆိုတဲ့ မေတ္တာစိတ်ဖြင့် ကိုယ်အမူအရာကို ပြုရတယ်၊
တတ်နိုင်ရင် အဲဒီသူတစ်ပါး၏ အမှုကိစ္စတွေကိုလဲ ဆောင်ရွက်ရတယ်၊ လေးလံတဲ့ ပစ္စည်းကို ဆောင်ယူလာတာ မြင်ရင် ကူညီပြီး ဆောင်ရွက်ရတယ်၊ တစ်ယောက် တည်း မနိုင်နင်းတဲ့ အလုပ်ကိုလုပ်နေတာ မြင်ရရင် ကူညီပြီး လုပ်ရတယ်၊ နေမကောင်း ထိုင်မသာဖြစ်နေရင် တတ်နိုင်သမျှ ကူညီစောင့်ရှောက်ရတယ်၊ နှိပ်နယ်ပေးသင့်ရင် နှိပ်နယ်ပြီးတော့လဲ ပေးရတယ်၊
ဘာမဆို တတ်နိုင်ရင် အကူအညီ ပေးရတယ်၊ အယုတ်ဆုံးအားဖြင့် အခြားလူ အိပ်ပျော်နေခိုက်မှာ ကြမ်းပြင်ပေါ်မှာ နင်းတာမှစပြီး ညင်ညင်သာသာ နင်းသွား ရတယ်။ ဤပုံဤနည်းဖြင့် အတူနေပုဂ္ဂိုလ်အား အကျိုးများမည့်ကိစ္စကို မေတ္တာ ကာယကံဖြင့် ပြုလုပ်ဆောင်ရွက်ရတယ်၊ ဒါက မျက်မှောက်မှာ မေတ္တာ ကာယကံဖြင့် ပြုလုပ် ဆောင်ရွက်ပုံပဲ ဒကာကြွယ်ရ။
မျက်ကွယ်မှာ မေတ္တာကာယကံဖြင့် ဆောင်ရွက်ပုံကတော့ အတူနေပုဂ္ဂိုလ် တခြား သွားနေခိုက်မှာ အဲဒီပုဂ္ဂိုလ်၏ ပစ္စည်းများကို စောင့်ရှောက်ရမယ်၊ အလုပ်ကိစ္စများကို ဆောင်ရွက်သင့်က ဆောင်ရွက်ရမယ်၊ ဥပမာ အတူနေပုဂ္ဂိုလ်ရဲ့ ပစ္စည်းဟာ မလုံခြုံရင် လုံခြုံအောင် သိမ်းဆည်းပြီး စောင့်ရှောက်ရမယ်၊ မသင့်လျော်တဲ့နေရာမှာ တည်ရှိနေရင် သင့်လျော်တဲ့ နေရာသို့ ရွှေ့ပြောင်းထားရမယ်။ ပြီးပြတ်အောင် ဆောင်ရွက်ထားသင့်တဲ့ ကိစ္စကို ပြီးပြတ်အောင် ဆောင်ရွက်ထားရမယ်၊
အဲဒီလို မျက်မှောက်မှာရော မျက်ကွယ်မှာရော မေတ္တာ ကာယကံဖြင့် ဆောင်ရွက် ရမယ်၊ အဲဒီလို မျက်မှောက်မှာရော မျက်ကွယ်မှာရော မေတ္တာ ကာယကံဖြင့် ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်ကို အတူနေပုဂ္ဂိုလ်တွေ နီးစပ်တဲ့ပုဂ္ဂိုလ်တွေကို တစ်သက် ပတ်လုံး မမေ့နိုင်ဘူးတဲ့ ဒကာကြွယ်ရ၊ ဒါကြောင့် -
အယမ္ပိဓမ္မော - အတူနေ ပုဂ္ဂိုလ်တို့အား ချမ်းသာစေလိုသော စိတ်ဖြင့် ဆောင်ရွက်ခြင်း ဟူသော ဤမေတ္တာကာယကံသည်လည်း၊
သာရဏီယော - တအောက်မေ့မေ့နဲ့ သတိရခြင်းကို ဖြစ်စေတတ်သော တရား ပေတည်း၊
ဝါ - အောက်မေ့ဖွယ် တရားပေတည်း၊
ပိယကရဏော - ချစ်ခင်ကြည်ညိုခြင်းကို ပြုတတ်ဖြစ်စေတတ်သော တရားပေတည်း၊
ကရုကရဏော - လေးစားခြင်းကို ဖြစ်စေတတ်သော တရားပေတည်း။
သင်္ဂဟာယ - စည်းလုံး ညီညွတ်ခြင်းငှါ၊
အဝိဝါဒါယ - ငြင်းခုံရမှု ကင်းခြင်းငှါ၊
သာမဂ္ဂိယာ - မကွဲပြားဘဲ တစ်သားတည်း ညီညွတ်ခြင်းငှါ၊
ဧကီဘာဝါယ - တစ်လုံးတစ်စည်း တစ်ပေါင်းတည်း ဖြစ်ခြင်းငှါ၊
သံဝတ္တတိ - ဖြစ်ပါပေ၏ -
လို့ ဟောတော်မူပါတယ်။
အဲဒီ မေတ္တာ ကာယကံနှင့် ပြည့်စုံတဲ့သူကို အရပ်တစ်ပါး ရောက်နေပေမယ်လို့ အတူနေဖူးတဲ့ ပုဂ္ဂိုလ်တွေက အမြဲ သတိရနေမယ် သူ့ဂုဏ်ကျေးဇူးတွေကို နေ့ရော ညဉ့်ပါ ဆိုသလိုပဲ တအောက်မေ့မေ့နဲ့ အမှတ်ရနေမယ်တဲ့ ဒကာကြွယ်ရ၊ မကောင်းဘူးလား၊
အဲဒါကို ဘုန်းကြီးက ဒီလိုဆောင်ပုဒ်စီထားတယ် “မေတ္တာရှေ့ရှု၊ ကိုယ်မှုထင်လျှင်၊ သူ့ဂုဏ်အောက်မေ့ ညဉ့်နေ့အစဉ်”တဲ့၊ မေတ္တာဦးဆောင်ပြီး ကိုယ်ဖြင့် သူတစ်ပါးအား ဆောင်ရွက်ပြုလုပ်ပေးလျှင် အဲဒီပုဂ္ဂိုလ်ကို အတူနေဖူးတဲ့ ပုဂ္ဂိုလ်များက သူ့ဂုဏ် ကျေးဇူးကို အစဉ်မပြတ် အောက်မေ့ပြီး သတိရနေကြလိမ့်မယ်လို့ ဆိုလိုပါတယ်၊ အဲဒီအတိုင်း အောက်မေ့နေကြပေဘူးလား၊ ဒကာကြွယ်ရ၊
(သတိရပြီးလွမ်းတနေကြမှာပါဘုရား၊)
နောက်ပြီးတော့ အဲဒီမေတ္တာ ကာယကံနှင့် ပြည့်စုံတဲ့သူကို အများက ချစ်ခင်ကြည်ညို ကြပါလိမ့်မယ်၊ အလေးပြုကြပါလိမ့်မယ်၊ အဲဒီပုဂ္ဂိုလ်နဲ့ ငြင်းခုံရခြင်း ကွဲပြားခြင်း မရှိဘဲ တစ်လုံးတစ်စည်းတည်း ညီညွတ်နေပါလိမ့်မယ်တဲ့၊ အဲဒါကိုလဲ ဘုန်းကြီးက “ရိုသေလေးစား သနားခင်မင်၊ ညီညွတ်ရေး အားပေးထာဝစဉ်”လို့ စီထားတယ်၊
အဲဒီမှာ ဂရုကရဏ - ကို ရည်ပြီးတော့ ရိုသေလေးစားလို့ စီထားတယ်၊ ဝိယကရဏကို ရည်ပြီးတော့ သနားခင်မင်လို့ စီထားတယ်၊ ချစ်ခင်ကြည်ညိုအပ်တဲ့ ပုဂ္ဂိုလ် ဒုက္ခ ရောက်နေတဲ့အခါ သနားတတ်ကြပါတယ်၊ ဒါကြောင့် ရှေးစကားနှင့်လဲ ကာရန် ကိုက်ညီအောင် သနား - ဆိုတာကို ဖြည့်စွက် ထည့်ထားပါတယ်၊
သင်္ဂဟ - ပေါင်းစည်းတယ်၊
အဝိဝါဒ - ငြင်းခုံမှု ကင်းတယ်၊
ဧကီဘာဝ - တစ်ပေါင်းတည်း ဖြစ်တယ်
ဆိုတာ တွေကတော့ သာမန်ညီညွတ်ခြင်းနှင့် အရတူတွေပါပဲ၊ ဒါကြောင့် အဲဒါတွေကို ညီညွတ်ရေးဆိုတာထဲမှာ အတွင်းသွင်းပြီး စီထားပါတယ်၊ မေတ္တာကာယကံဟာ ရိုသေလေးစားခြင်းကိုလဲ ဖြစ်စေတတ်တယ်၊ ချစ်ခင် ကြည်ညိုခြင်းကိုလဲ ဖြစ်စေ တတ်တယ်၊ သနားခြင်းကိုလဲ ဖြစ်စေတတ်တယ်၊ တစ်လုံးတစ်စည်းတည်း ညီညွတ်အောင်လဲ အစဉ်ထာဝရ အားပေးနေတယ်လို့ ဆိုလိုပါတယ်၊ အဲဒါပေါ်လွင်နေပါတယ်၊ အဲဒါကြောင့် အဲဒီဆောင်ပုဒ်ကို ဆိုကြရမယ်။
မေတ္တာရှေးရှု ကိုယ်မှုထင်လျှင်၊
သူ့ဂုဏ်အောက်မေ့ ညဉ့်နေ့အစဉ်။
ရိုသေလေးစား သနားခင်မင်၊
ညီညွတ်ရေး အားပေးထားဝစဉ်။
ဒကာကြွယ်ရေ၊
(ဘုရား။)
လူတွေဟာ မိမိဂုဏ်ကို အောက်မေ့ပြီး အမှတ်ရနေတာကို ကြိုက်သလား၊ အမှတ်မရဘဲ မေ့ပျောက်နေတာကို ကြိုက်သလား၊
(အမှတ်ရနေတာကို ကြိုက်ကြပါတယ်ဘုရား။)
မိမိကို ချစ်ခင်ကြည်ညိုနေကြတာ ကြိုက်သလား၊ မုန်းနေကြတာ ကြိုက်သလား၊
(ချစ်ခင်ကြည်ညိုနေကြတာ ကြိုက်ပါတယ်ဘုရား။)
ဒါဖြင့် သူများတွေက ချစ်ခင် ကြည်ညိုပြီး အမှတ်ရနေအောင် ဘာလုပ်ရမလဲ မေတ္တာကာယကံ လုပ်ရမယ် မဟုတ်လား၊
(မှန်ပါဘုရား။)
မေတ္တာ ကာယကံနှင့်သာ ပြည့်စုံနေမယ်ဆိုရင် သူ့ဂုဏ်ကို အောက်မေ့ပြီး အမှတ် ရနေကြမှာပဲ၊ ချစ်ခင်ကြည်ညိုနေကြမှာပဲ၊ မကြည်ညိုပါနဲ့ ဆိုလို့တောင်ရမှာ မဟုတ်ဘူး၊ နောက်ပြီးတော့ သူတစ်ပါးက အလေးပြုတာကြိုက်သလား၊ မလေးမစား မရိုမသေပြုတာ ကြိုက်သလား၊
(အလေးပြုတာကိုသာ ကြိုက်ပါတယ်ဘုရား)
အဲဒီလို အလေးပြုခံချင်ရင်လဲ ဒီမေတ္တာကာယကံကို ပြုလုပ်ရလိ့မ်မယ် ဒကာကြွယ်ရ၊ နောက်ပြီးတော့ မငြင်းမခုံရဘဲ မကွဲမပြားဘဲ ညီညီညွတ်ညွတ် ဖြစ်နေတာကို ကြိုက်သလား။ ကွဲပြားနေတာကို ကြိုက်သလား၊
(ညီညီ ညွတ်ညွတ် ဖြစ်နေတာကို ကြိုက်ပါတယ်ဘုရား)။
ဒီလို ညီညွတ်ချင်ကြရင်လဲ ညီညွတ်ရေးကို အားပေးတဲ့ မေတ္တာကာယကံကို ပြုလုပ်ကြရမယ်၊ ဒကာကြွယ်ရ၊ သမီး ခင်ပွန်း နှစ်ဦးရှိတဲ့ အိမ်မှာဆိုရင် ခင်ပွန်း ဖြစ်သူကလဲ ဇနီးနှင့်စပ်ပြီး မေတ္တာကာယကံကိုသာ ပြုလုပ်ကြရမယ်၊ ဒေါသ ကာယကံကို မဖြစ်စေရဘူး၊ အယုတ်ဆုံးအားဖြင့် မျက်နှာပျက်သွားကာ မျက်နှာ ညိုသွားတာမျိုးတောင် မဖြစ်စေဘဲ တစ်ဘက်သား၏ အလိုလိုက်ပြီး နေရာတကာမှာ ပြုံးပြုံးရွှင်ရွှင်နဲ့ မေတ္တာကာယကံကို ပြုရမယ်၊
အဲဒီလိုပြုရင် ဇနီး ဖြစ်သူမှာ စိတ်ချမ်းသာမှု မရပေဘူးလား၊ တို့အိမ်ကလူဟာ စိတ်သဘောထား ပြည့်ဝပါပေတယ်၊ အိမ်ရှင်ဝတ်ကျေပွန်ပါပေတယ် စသည်ဖြင့် ချီးမွမ်းပြီး အမှတ်တရ မနေပေဘူးလား ချစ်ခင်ရိုသေမှုတွေ တိုးပွားမနေပေဘူးလား၊
(တိုးပွားမှာပါဘုရား)
အဲဒီတော့ ဇနီးဖြစ် သူကလဲ သူ့ခင်ပွန်းနဲ့စပ်ပြီး အစစ အရာရာမှာ မေတ္တာ ကာယကံနှင့် မတုံပြန်ပေဘူးလား၊ ဒီလို သမီးခင်ပွန်း နှစ်ဦးလုံး အပြန်အလှန် မေတ္တာကာယကံကိုချည်း ပြုလုပ်နေကြရင် တပြုံးပြုံး တရွှင်ရွှင်နဲ့ အစဉ်ထာဝရ ညီညွတ်ပြီး ချမ်းသာမနေကြပေဘူးလား၊
(ချမ်းသာနေကြမှာပါ ဘုရား)
သုံးယောက်ရှိတဲ့အိမ်, လေးယောက်ရှိတဲ့အိမ် စသည်မှာလဲ အိမ်မှာရှိတဲ့လူတွေ အချင်းချင်း မေတ္တာကာယကံဖြင့် ဆက်ဆံနေကြရမယ်ဆိုရင် အားလုံး ညီညွတ်ပြီး ချမ်းသာနေကြမှာပဲ၊ ဒါကြောင့် “မိမိတို့နှင့် နီးစပ်တဲ့ သူများအပေါ်မှာ မေတ္တာ ကာယကံကိုသာ ပြုမယ်, ဖြစ်စေမယ်”လို့ နှလုံးသွင်းဆောက်တည်ပြီး ကျင့်သုံး သွားကြဖို့ပါပဲ ဒကာကြွယ်ရ၊
မေတ္တာကာယကံ အကြောင်းကတော့ တော်လောက်ပါပြီ ရှေ့ကိုသွားကြစို့။
၂။ မေတ္တာဝစီကံ
▬▬▬▬▬▬
ပုန စ ပရံ ဘိက္ခဝေ ဘိက္ခုနော မေတ္တံ ဝစီကမ္ံ ပစ္စုပဋ္ဌိတံ ဟောတိ သဗြဟ္မစာရီသု အာဝိ စေဝရဟော စ။ အယမ္ပိ ဓမ္မော သာရဏီယော ပီယကရဏော ဂရုကရဏော ဘင်္ဂဟာယ အဝိဝါဒါယ သာမဂ္ဂိယာ ဧကီဘာဝါယ သံဝတ္တတိ။
ဘိက္ခဝေ - ရဟန်းတို့၊
ပုန စ - တစ်ဖန်လည်း၊
အပရံ - တစ်ပါးသော သာရဏီယတရားကား၊
ဘိက္ခုနော - ရဟန်း၏၊
သဗြဟ္မစာရီသု - တရားကျင့်ပတ် သီတင်းသုံးဖော်တို့၌၊
မေတ္တံဝစီကမ္မံ - ချမ်းသာစေလိုသည့် မေတ္တာနှင့် ယှဉ်သော နှုတ်ဖြင့် ပြောဆိုမှုသည်၊
ဘာဝိ စေဝ - မျက်မှောက်မှာရော၊
ရဟော စ - မျက်ကွယ်မှာရော၊
ပစ္စုပဋ္ဌိတံ - ရှေးရှုထင်သည်၊
ဟောတိ - ဖြစ်၏။
တရားကျင့်ဖက် သီတင်းသုံးဖော်များ, အတူနေ ပုဂ္ဂိုလ်များနှင့်စပ်ပြီး၊ မေတ္တာဝစီကံ ဖြစ်စေရမယ်တဲ့၊ မေတ္တာဝစီကံ ဆိုတာ တစ်ဖက်သား ပုဂ္ဂိုလ်အား ချမ်းသာစေလိုတဲ့ စိတ်ဖြင့်ပြောတဲ့စကားပါပဲ၊ ဒါကြောင့် စကားပြောဆိုတဲ့ အခါမှာ အဲဒီ စကားကို ကြားရတဲ့ သူတွေ စိတ်ချမ်းသာပါစေ၊ အဲဒီစကားနှင့် စပ်ဆိုင်တဲ့ သူတွေမှာ စိတ်ချမ်းသာပြီး အကျိုးရှိပါစေဆိုတဲ့ မေတ္တာစိတ်ဖြင့် နားဝင်ချိုတဲ့ စကားကိုသာ ပြောရမယ်၊
အကျိုးရှိမည့် စကားကိုသာ ပြောရမယ်၊ အပြစ်ရှိလို့ ဆိုဆုံးမတဲ့ အခါပေမယ့် ဒေါသစိတ်ဖြင့် ကြမ်းတမ်းတဲ့စကားကို မပြောရဘူး၊ ဒေါသထွက်နေတုန်းဆိုရင် ရုတ်တရက် မပြောနဲ့ဦး၊ အဲဒီ ဒေါသစိတ်ကို ပြေငြိမ်းသွားအောင် ရှုဆင်ခြင်ရမယ်၊ ရှုဆင်ခြင်ပြီး ဒေါသပြေငြိမ်းသွားတဲ့ အခါကျမှ ပြောသင့်တဲ့စကားကို ချိုချိုသာသာ ပြောရမယ် အတူနေ ပုဂ္ဂိုလ်အချင်းချင်းဆိုတာ ချွတ်ယွင်းချက်ကတော့ ရှိတတ်တာပဲ၊
အဲဒီလိုချွတ်ယွင်းချက် ရှိတဲ့အခါလဲ သူ့အပြစ်ကို သူ့ဟာသူသိပြီး ရှောင်ကြဉ် နိုင်အောင် မေတ္တာစိတ်ဖြင့် ချိုချိုသာသာ ပြောရမယ်၊ အတူနေ ပုဂ္ဂိုလ်ရဲ့ အပြစ်ကို သူတစ်ပါးက ပြောလာရင် အတူနေပုဂ္ဂိုလ်ဘက်က ကွယ်ကာပြီး ပြောရမယ်၊ မျက်ကွယ်မှာ ရှိနေတဲ့ မိတ်ဆွေရဲ့ အကျိုးမဲ့ကို တစ်စုံတစ်ယောက်က ပြုလုပ် ပြောဆိုရင်လဲ အဲဒါကို ကာကွယ်ပြီး ဖြေရှင်းပြောဆိုရမယ်၊ အဲဒါက အလွန် အရေးကြီးပါတယ်။
တချို့က မျက်မှောက်မှာတော့ သူ့အကျိုး လိုလားသယောင်ယောင် ဟန်ဆောင်ပြီး မျက်ကွယ်ကျတော့ အကျိုးမဲ့ စကားကို ပြောတတ်ကြတယ်၊ အဲဒီလို ဟန်ဆောင်မှု မဟုတ်ဘဲ တကယ့်မေတ္တာအစစ်အမှန်ဖြင့် မျက်မှောက်မှာရော မျက်ကွယ်မှာရော အကျိုးရှိမည့် စကားကိုသာ ပြောရမယ်၊ တစ်ဖက်သား ပုဂ္ဂိုလ်မဆောင်ရွက်နိုင်တဲ့ ကိစ္စကိုလဲ မိမိကရှေ့ဆောင်ပြုပြီး ပြောဆိုဆောင်ရွက်ပေးရမယ်၊
စိတ်သဘောထားကွဲပြားနေတဲ့ သူတွေကိုလဲ ညီညွတ်ညွတ် သင့်သင့်မြတ်မြတ် ဖြစ်အောင် ဟောပြော ဆောင်ရွက်ပေးရမယ်၊ အကျိုးစီးပွားဖြစ်မည့် အမှုကိစ္စများ ကိုလဲ ညွှန်ကြားပေးရမယ်၊ အကျိုးမဲ့အမှုများမှ တားမြစ်ပေးရမယ်၊ အဲဒီ ပြောဆိုမှု တွေထဲမှာ ချိုချိုသာသာ ပြောတဲ့စကားကတော့ အလွန်အရေးကြီးပါတယ်၊
နေရာတကာမှာ ကြမ်းကြမ်း တမ်းတမ်း မပြောမိစေဘဲ ချိုချိုသာသာ ပြောမိအောင် အထူးသတိပြုရမယ်၊ အဲဒီလို အကျိုးရှိတဲ့စကား ချိုချိုသာသာ စကားဆိုတဲ့ မေတ္တာဝစီကံကို မျက်မှောက်မှာရော မျက်ကွယ်မှာရော ပြောဆိုနေရင် အဲဒီပုဂ္ဂိုလ်ကို အတူနေဖူးတဲ့ သူတွေ သိကျွမ်းတဲ့သူတွေက မမေ့နိုင်ဘူး၊ သူ့ဂုဏ်ကျေးဇူးတွေကို တအောက်မေ့မေ့နဲ့ သတိရနေပါလိမ့်မယ်တဲ့ ဒကာကြွယ်ရ၊
မကောင်းဘူးလား၊ အဲဒီလို မမေ့နိုင်အောင် အမှတ်ရကြောင်း ဖြစ်တဲ့အတွက် ဒီ မေတ္တာဝစီကံကိုလဲ သာရဏီယတရားလို့ ဆိုပါတယ် နောက်ပြီးတော့ ဒီမေတ္တာ ဝစီကံဟာ ချစ်ခင်ကြည်ညိုဖို့ရာ လေးစားဖို့ရာလဲ ဖြစ်ပါတယ်၊ ချစ်ကြောက်ရိုသေ ဆိုတဲ့အတိုင်း ချစ်ခင်ကြည်ညိုပြီး ရိုသေ လေးစားစေတတ်တဲ့ ဂုဏ်ပါပဲ၊ ဒေါသ ဝစီကံကို မုန်းကြောက်ပြီး ရိုသေတာမျိုး မဟုတ်ဘူး၊ အင်မတန် ကောင်းပါတယ် နောက်ပြီးတော့ ငြင်းခုန်ရခြင်း၊ ကွဲပြားခြင်း မရှိပဲ တစ်စိတ် တစ်ဝမ်းတည်း ညီညွတ် သွားဖို့လဲ ဖြစ်ပါတယ်၊ ဒါကြောင့် -
အယမ္ပိ ဓမ္မော - အတူနေ ပုဂ္ဂိုလ်တို့အား ချမ်းသာစေလိုသော စိတ်ဖြင့်ပြောဆိုခြင်း ဟူသော ဤမေတ္တာဝစီကံသည်လည်း၊
သာရဏီယော - တအောက်မေ့မေ့နဲ့ သတိရခြင်းကို ဖြစ်စေတတ်သော တရား ပါပေတည်း၊
ပိယကရဏော - ချစ်ခင်ကြည်ညိုခြင်းကို ဖြစ်စေတတ်သော တရားပါပေတည်း၊
ကရုကရဏော - လေးစားခြင်းကို ဖြစ်စေတတ်သော တရားပါပေတည်း၊
သင်္ဂဟာယ - စည်းလုံးညီညွတ်ခြင်းငှာ၊
အဝီဝါဒါယ ခြင်းခုံမှုကင်းခြင်းငှာ၊
သာမဂ္ဂိယာ - မကွဲပြားဘဲတစ်သားတည်း ညီညွတ်ခြင်းငှာ၊
ဧကီဘာဝါယ - တစ်လုံးတစ်စည်း တစ်ပေါင်းတည်း ဖြစ်ခြင်းငှာ၊
သံဝတ္တတိ - ဖြစ်ပါပေ၏လို့ ဟောတော်မူပါတယ်။
ချိုချိုသာသာ ပြောဆိုခြင်း, အကျိုးများအောင် ဆောင်ရွက် ပြောဆိုခြင်းဆိုတဲ့ အဲဒီ မေတ္တာဝစီကံနှင့် ပြည့်စုံတဲ့သူကို အရပ်တစ်ပါး ရောက်နေပေမယ့်လို့ အတူနေတဲ့ ပုဂ္ဂိုလ်တွေက အမြဲသတိရနေမယ်၊ သူ့ကျေးဇူးတွေကို နေ့ရောညဉ့်ပါ ဆိုသလိုလဲ၊ တအောက်မေ့မေ့နဲ့ အမှတ်ရနေမယ့်တဲ့ ဒကာကြွယ်ရ၊ မကောင်းဘူးလား၊
အဲဒါကို ဘုန်းကြီးက “မေတ္တာရှေ့သွား စကားချိုလျှင် သူ့ဂုဏ်အောက်မေ့ ညဉ့်နေ့ အစဉ်” လို့ ဆောင်ပုဒ်စီထားတယ်၊ ချမ်းသာစေလိုတဲ့ မေတ္တာစိတ်ဖြင့် သူတစ်ပါးအား ချိုချိုသာသာ ပြောလျှင် သူ့အကျိုးကို ဆောင်ရွက်ပြောဆိုလျှင် အဲဒီပုဂ္ဂိုလ်ကို အတူ နေဖူးတဲ့ ပုဂ္ဂိုလ်များက သူ့ဂုဏ်ကျေးဇူးကို အစဉ်မပြတ် အောက်မေ့ပြီး သတိရနေ လိမ့်မယ်လို့ ဆိုလိုပါတယ်၊
နောက်ပြီးတော့ အဲဒီပုဂ္ဂိုလ်ကို ရိုသေလေးစားကြလိမ့်မယ် ချစ်ခင်ကြည်ညိုကြ လိမ့်မယ်၊ အဲဒီပုဂ္ဂိုလ်နှင့် ငြင်းခုံရခြင်း ကွဲပြားခြင်းမရှိဘူး၊ တလုံးတည်း ညီညွတ် နေပါလိမ့်မယ်တဲ့၊ အဲဒီအနက်ကို “ရိုသေလေးစား သနားခင်မင်၊ ညီညွတ်ရေး အားပေးထာဝစဉ်” လို့ ရှေးနည်းအတူပဲ စီထားပါတယ်၊ အဲဒါကို ဆိုကြရမယ်။
မေတ္တာရှေ့သွား၊ စကားချိုလျှင်၊
သူ့ဂုဏ်အောက်မေ့ ညဉ့်နေ့အစဉ်။
ရိုသေလေးစား သနားခင်မင်၊
ညီညွတ်ရေး အားပေးထာဝစဉ်။
ဒေါသဝစီကံကို ပယ်ပြီး မေတ္တာဝစီကံကို ဖြစ်ပွားစေဖို့ကတော့ အလွန်ပင် အရေးကြီးပါတယ်၊ အချင်းချင်း မသင့်မတင့် ဖြစ်ကြတယ်၊ ကွဲပြားကြတယ် ဆိုတာ တွေဟာ ဒီမေတ္တာ ဝစီကံချွတ်ယွင်းပြီး ဒေါသဝစီကံကြောင့် ဖြစ်တာပဲ များပါတယ်၊ ဒါကြောင့် အချင်းချင်း မေတ္တာဝစီကံ မြောက်တဲ့စကားကိုသာ ပြောမယ်လို့ အဓိဋ္ဌာန် ပြုပြီး ချိုသာတဲ့စကားကိုသာ ပြောဆိုကြရမယ်၊
အဲဒီလိုကိုယ်က မေတ္တာဝစီကံနဲ့ချည်း၊ ပြောနေရင် တစ်ဖက်သား ပုဂ္ဂိုလ်ကလဲ မေတ္တာဝစီကံနဲ့ပြန်ပြီး ချိုချိုသာသာ မပြောပေဘူးလား၊ အဲဒီလို အချင်းချင်း အပြန် အလှန် ချိုချိုသာသာချည်း ပြောနေကြရင် အမြဲတမ်း ချမ်းသာမနေကြပေဘူးလား ဒကာကြွယ်ရ၊
(အမြဲတမ်းချမ်းသာနေကြမှာပါ ဘုရား)၊
ဒါကြောင့် ဒီမေတ္တာ ဝစီကံကို အထူးသဖြင့် အလေးပြုပြီး လေ့လာ ကျင့်သုံး သွားဖို့ပါပဲ၊ မေတ္တာဝစီကံ အကြောင်းကတော့ တော်လောက်ပါပြီ၊ မေတ္တာမနောကံကို ပြောကြပါစို့။
၃။ မေတ္တာ မနောကံ
▬▬▬▬▬▬▬
ပုန စ ပရံ ဘိက္ခဝေ ဘိက္ခုနော မေတ္တံ မနောကမ္မံ ပစ္စုပဋ္ဌိတံ ဟောတိ သဗြဟ္မစာရီသု အာဝိစေဝ ရဟောစ၊ အယမ္ပိ ဓမ္မော သာရဏီယော ပိယကရဏော ဂရုကရဏော သင်္ဂဟာယအဝိဝါဒါယ သာမဂ္ဂိယော ဧကီဘာဝါယ သံဝတ္တတိ။
ဘိက္ခဝေ - ရဟန်းတို့၊
ပုန စ - တစ်ဖန်လည်း၊
အပရံ - တစ်ပါးသော သာရဏီယ တရားကား၊
ဘိက္ခုနော - ရဟန်း၏၊
သဗြဟ္မစာရီသု - တရားကျင့်ဖက် သီတင်းသုံးဖော်တို့၌၊
မေတ္တံ မနောကမ္မံ - ချမ်းသာစေလိုသည့် မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ကြံစည်မှုသည်၊
အာဝိ စေဝ - မျက်မှောက်မှာရော၊
ရဟော စ - မျက်ကွယ်မှာရော၊
ပစ္စုပဋ္ဌိတံ - ရှေးရှုထင်သည်၊
ဟောတိ - ဖြစ်၏။
သီတင်းသုံးဖော် အတူနေ ပုဂ္ဂိုလ်များ -
(အဝေရာဟောန္တု) ဘေးရန် ကင်းကြပါစေ၊
(အဗျာပဇ္ဈာ ဟောန္တု) စိတ်ဆင်းရဲ ကင်းကြပါစေ၊
(အနီဃာ ဟောန္တု) ကိုယ်ဆင်းရဲ ကင်းကြပါစေ၊
(သုခီ အတ္တာနံ ပရိဟရန္တု) ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာနှင့် မိမိခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ -
လို့ စိတ်သက်သက်ဖြင့် ဒီလို မေတ္တာပို့နေတာကို မေတ္တာမနောကံလို့ ခေါ်တယ်၊
အတိုချုပ်အားဖြင့် ဆိုရင်တော့ အခြားသူ တစ်ယောက်အားဖြစ်စေ, အများ အားဖြစ်စေ “ချမ်းသာပါစေ ချမ်းသာကြပါစေ” လို့ တကယ့် ချမ်းသာစေလိုတဲ့ စိတ် ဖြစ်နေတာဟာ မေတ္တာမနောကံပါပဲ ဒီနေရာမှာ အထူးသတိပြုစရာကတော့ ပါးစပ်က ချမ်းသာပါစေ - ချမ်းသာပါစေလို့ ဆိုနေပေမယ့်လို့ စိတ်ထဲက သူတစ်ပါး ဆင်းရဲ တာကို မြင်ချင်နေရင်တော့ မေတ္တာမနောကံ မဖြစ်ဘူး၊
ကိုယ်ဖြင့် သူတစ်ပါး ဆင်းရဲအောင် ပြုလုပ်နေရင်လဲ မေတ္တာမနောကံ အစစ် ဖြစ်တယ်လို့ မဆိုနိုင်ဘူး၊ အကြောင်းရှိတဲ့အခါ သူတစ်ပါးအား ဆင်းရဲအောင် ပြောဆိုနေရင်လဲ “မေတ္တာပို့နေတယ် ဆိုပေမယ့် မေတ္တာလို့ မဆိုနိုင်ပါဘူး၊ သူတစ်ပါး အား တကယ်ချမ်းသာစေလိုတဲ့ မေတ္တာမနောကံအစစ် ရှိနေရင်တော့ သူတစ်ပါးအား ကိုယ်ဖြင့်လဲ ဆင်းရဲအောင် မလုပ်ရဘူး၊ နှုတ်ဖြင့်လဲ ဆင်းရဲအောင် မပြောဆိုရဘူး၊ မေတ္တာကာယကံ, မေတ္တာဝစီကံတွေရော ပြည့်စုံသွားတော့တာပါပဲ၊
ဒါကြောင့် သူတစ်ပါးအား တကယ်ချမ်းသာစေလိုတဲ့ မေတ္တာအစစ်အမှန်ဖြင့် “ချမ်းသာပါစေ ချမ်းသာကြပါစေ” လို့ မေတ္တာမနောကံကို သင့်လျော်တဲ့ အချိန် အခါတိုင်းမှာ ပွားများနေဖို့ လိုပါတယ်၊ အထူးအားဖြင့် သူတစ်ပါးနှင့်စပ်ပြီး ပြောစရာရှိတဲ့အခါ, ပြုလုပ်စရာရှိတဲ့ အခါများမှာ “ချမ်းသာပါစေ - ချမ်းသာပါစေ” လို့ လေးလေးနက်နက် နှလုံးသွင်းဖို့ လိုပါတယ်၊
အဲဒီလို မေတ္တာမနောကံနှင့် ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်ကို အတူတူနေဖူးတဲ့လူတွေက မျက်မှောက်မှာရော မျက်ကွယ်မှာရော အမြဲ သတိရနေကြမယ်၊ ချစ်ခင်ကြည်ညို နေကြမယ်၊ အလေးပြုကြမယ် အဲဒီလို ပုဂ္ဂိုလ်နှင့် ငြင်းခုံခြင်း, ကွဲပြားခြင်းမရှိဘဲ အမြဲတမ်း ညီညွတ်နေမယ်တဲ့၊ မကောင်းဘူးလား ဒကာကြွယ်ရ၊
(ကောင်းလှပါတယ် ဘုရား)
ဒါကြောင့် မြတ်စွာဘုရားက -
အယမ္ပိဓမ္မော - အတူနေ ပုဂ္ဂိုလ်အား ချမ်းသာကြစေရန်စိတ်ဖြင့် ကြံခြင်းဟူသော ဤမေတ္တာ မနောကံသည်လည်း၊
သာရဏီယော - တအောက်မေ့မေ့နှင့် သတိရခြင်းကို ဖြစ်စေတတ်သော တရား ပါပေတည်း၊
ပိယကရဏော - ချစ်ခင်ကြည်ညိုခြင်းကို ဖြစ်စေတတ်သော တရားပါပေတည်း၊
ဂရုကရဏော - လေးစားခြင်းကို ဖြစ်စေတတ်သော တရားပါပေတည်း၊
သင်္ဂဟာယ - စည်းလုံးညီညွတ်ခြင်းငှာ၊
အဝိဝါဒါယ - ငြင်းခုံရမှုကင်းခြင်းငှာ၊
သာမဂ္ဂိယာ - မကွဲပြားဘဲ တစ်သားတည်း ညီညွတ်ခြင်းငှာ၊
ဧကီတာဝါယ - တစ်လုံးတစ်စည်း တစ်ပေါင်းတည်း ဖြစ်ခြင်းငှာ၊
သံဝတ္တတိ - ဖြစ်ပါပေ၏ -
လို့ ဟောတော်မူပါတယ်။
အဲဒီအနက် အဓိပ္ပါယ်ကိုယူပြီး ဘုန်းကြီးက - “မေတ္တာရှေ့သွား စိတ်ထားဖြူလျှင်၊ သူ့ဂုဏ် အောက်မေ့ ညဉ့်နေ့အစဉ်၊ ရိုသေလေးစား သနားခင်မင်၊ ညီညွတ်ရေး အားပေးထာဝစဉ်” လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။
မေတ္တာရှေ့သွား စိတ်ထားဖြူလျှင်၊
သူ့ဂုဏ်အောက်မေ့ ညဉ့်နေ့အစဉ်။
ရိုသေလေးစား သနားခင်မင်၊
ညိညွတ်ရေး အားပေးထာဝစဉ်။
မေတ္တာရှေ့သွား ကံသုံးပါးအကြောင်းကတော့ စုံသွားပြီ မေတ္တာရှေ့သွားပြီးပြုတဲ့ ဒီကံသုံးပါးကတော့ အများညီညွတ်ရေး, အများချမ်းသာရေးမှာ အလွန်အရေးကြီး ပါတယ်၊ လူတိုင်းလူတိုင်းလဲ ကျင့်သုံးရမယ်ဆိုရင် ကျင့်သုံးနိုင်ပါတယ်၊ အလွန် ခက်ခဲတဲ့ အလုပ်တွေလဲ မဟုတ်ပါဘူး၊ ကျင့်လဲကျင့်သုံး သင့်ပါတယ်၊
ဒီမေတ္တာကာယကံ, မေတ္တာဝစီကံ, မေတ္တာမနောကံများကို အိမ်တိုင်းအိမ်တိုင်းမှာ ကျင့်သုံးနေမယ်ဆိုရင် အိမ်တိုင်းအိမ်တိုင်းမှာ ညီညွတ်ပြီး ချမ်းသာနေကြမှာ ကိန်းသေ ပါပဲ၊ ကျောင်းတိုင်း ကျောင်းတိုင်း ကျင့်သုံးနေကြရင်လဲ ကျောင်းတိုင်း ကျောင်းတိုင်း ညီညွတ်ပြီး ချမ်းသာနေကြမယ် တစ်ရွာလုံး ကျင့်သုံးရန် တစ်ရွာလုံး ညီညွတ်ပြီး ချမ်းသာနေကြမယ် တစ်ြုမိ့လုံး တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံး ကျင့်သုံးနေကြရင် တစ်ကမ္ဘာလုံး ညီညွတ်ပြီး ချမ်းသာနေကြမှာပဲ၊ ဒကာကြွယ်ရ၊ မကောင်းပါဘူးလား၊
(ကောင်းလှပါတယ်ဘုရား)
ဒါကြောင့် သူများတွေက မကျင့်သုံးနိုင်ကြပေမယ့် ငါတို့ကတော့ ဒီမေတ္တာကံ သုံးပါးကို ကျင့်သုံးမယ်လို့ အဓိဋ္ဌာန်ပြုပြီး ကျင့်သုံးသွားကြဖို့ပါပဲ၊ ကံသုံးပါးအကြောင်း ကတော့ တော်လောက်ပါပြီ၊ ယခု ၄-နံပါတ် ဝေဘန် ပေးကမ်းမှု အကြောင်း ပြောတော့မယ်။
၄။ ဝေဘန် ပေးကမ်းခြင်း
▬▬▬▬▬▬▬▬▬
ပုနစ ပရံ ဘိက္ခဝေ ဘိက္ခု ယေ တေလာဘာ ဓမ္မိကာ ဓမ္မလဒ္ဓါ အန္တမသော ပတ္တပရိယာပန္နမတ္တမ္ပိ၊ တထာရူပေဟိ လာဘေဟိ အပ္ပဋိဘတ္တဘောဂီ ဟောတိ သီလဝန္တေဟိ သဗြဟ္မစာရီဟိ သာဓာရဏ ဘောဂီ အယမ္မိဓမ္မော သာရဏီယော ပိယကရဏော ဂရုကရဏော သင်္ဂဟာယအဝိဝါဒါယ သာမဂ္ဂိယာ ဧကီဘာဝါယ သံဝတ္တတိ။
ဘိက္ခဝေ - ရဟန်းတို့၊
ပုန စ - တစ်ဖန်လည်း၊
အပရံ - တစ်ပါးသော သာရဏီယတရားကား၊
ဓမ္မိကာ ဓမ္မလဒ္ဓါ - မိစ္ဆာဇီဝကင်းလျက် တရားနှင့်အညီ ရှာမှီးခြင်း သက်သက်ဖြင့် ရလာကုန်သော၊
ယေ တေ လာဘာ - အကြင် အစွမ်းအစ ရှိသောပစ္စည်းတို့သည်၊
သန္တိ - ရှိကုန်၏၊
(ရဟန်းများမှာ ဗေဒင်ဟောခြင်း ဆေးကုခြင်း တောင်းရမ်းခြင်း စသော မိစ္ဆာဇီဝဖြင့် ရှားမှီးလို့ ရလာတဲ့ ပစ္စည်းကို မိမိကိုယ်တိုင်လဲ မသုံးဆောင်ကောင်းဘူး၊ သီလကို ရိုသေ စောင့်ရှောက်နေတဲ့ အခြားရဟန်းများလဲ မသုံးဆောင်ကောင်းဘူး၊ ယခု သာရဏီယဝတ်ကို ကျင့်တဲ့ရဟန်း ရလာတဲ့ ပစ္စည်းတွေကတော့ အဲဒီလို မိစ္ဆာဇီဝဖြင့် ရလာတဲ့ ပစ္စည်းမဟုတ်ဘူး၊
ဝိပဿနာ တရားတော်နှင့်အညီ စင်စင်ကြယ်ကြယ် ရလာတဲ့ ပစ္စည်းသာ ဖြစ်တယ်၊ ကိုယ်တိုင်ဘဲ သုံးဆောင်ကောင်းတဲ့ ပစ္စည်း, သီလရှိသော အခြားရဟန်းတို့ဘဲ သုံးဆောင်ကောင်းတဲ့ ပစ္စည်းသာ ဖြစ်တယ်ဆိုတဲ့ အကြောင်းကို သိစေလိုတဲ့ အတွက် ဓမ္မိကာ ဓမ္မလဒ္ဓါ - တရားနှင့် အညီ ရလာတဲ့ ပစ္စည်းတွေလို့ ဖော်ပြထား ပါတယ်)
အန္တမသော - အယုတ်ဆုံး အောက်ထစ်ဆုံးအားဖြင့်၊
ပတ္တပရိယာပန္နမတ္တမ္ပိ - သပိတ်ထဲမှာ ပါဝင်တဲ့ပစ္စည်း သော်လည်း၊
အတ္ထိ - ရှိ၏၊
ဘိက္ခု - ရဟန်းသည်၊
တထာရူပေဟိ - ထိုသို့ တရားနှင့်ညီစွာ ရလာသမျှ လာဘ်လာဘ ပစ္စည်းတို့ဖြင့်၊
အပ္ပဋိဝိဘတ္တယောဂီ - အသီးအခြား ကန့်သတ်ခြင်း မရှိဘဲ သုံးဆောင်လေ့ရှိသည်၊
ဟောတိ - ဖြစ်၏၊
(ဒီပစ္စည်းကို ငါသုံးမယ်၊ မည်သူအားပေးမယ် စသည်ဖြင့် မကန့်သတ်ဘဲ အများဆိုင် ဘုံဆိုင် သံဃိက သဘောထားပြီး သုံးဆောင်တယ်လို့ ဆိုလိုပါတယ်၊ ဒါကြောင့်)
သီလဝန္တေဟိ သဗြဟ္မစာရီဟိသာဓာရဏဘောဂီ - သီလရှိသော သီတင်းသုံးဖော် တို့နှင့် ဆက်ဆံသော သုံးဆောင်ခြင်းသည်၊
ဝါ - သီလရှိသော သီတင်းသုံးဖော်တို့နှင့် ဝေငှလှူဒါန်း၍ သုံးဆောင်သည်၊
ဟောတိ - ဖြစ်၏
လို့ ဆက်ပြီး ဖွင့်ပြတော်မူပါတယ်။
ဝေဖန်ပေးကမ်းမှုဆိုတဲ့ ဒီသာရဏီယ ကျင့်ဝတ်ကို ကျင့်တဲ့ရဟန်းဟာ ဆွမ်းခံခြင်း, စေတနာရိုးဖြင့် တရားဟောခြင်း, ဓူတင်ကျင့်ခြင်းစသော ကျင့်ဝတ်ဖြင့် ရလာတဲ့ ဆွမ်းအစရှိသော ပစ္စည်းများကို သီလဝန္တသံဃာတော် အရှင်မြတ်တို့အားလှူပြီးမှ ကျန်တဲ့ ပစ္စည်းကို သုံးဆောင်ရတယ်၊
အဲဒီလို ကျင့်ပုံကို အဋ္ဌကထာမှာ ပြထားတာကတော့ ဆွမ်းခံလို့ ရလာတဲ့ ဆွမ်းကို ဂိလာနရဟန်း ဂီလာနပြုစုတဲ့ရဟန်း, အာဂန္တုရဟန်း, ခရီးသွားဆဲ ရဟန်းအား ပေးလှူရတယ်၊ သင်္ကန်းသပိတ် ကိုင်မှု ရုံမှု၌ မကျွမ်းကျင်သေးတဲ့ ရဟန်းသစ်များ အားလဲ ပေးလှူရတယ်၊
အဲဒီလို ပေးလှူပြီး ကျန်သေးလို့ရှိယင် မထေရ်ကြီးမှစပြီး အစဉ်အတိုင်း အလိုရှိ သလောက် ယူရန် ပေးလှူရတယ်၊ ကုန်သွားရင် တစ်ဖန် ဆွမ်းခံသွားပြီးတော့ ရလာတဲ့ ဆွမ်းအကောင်း အမြတ်တွေကို မထေရ်ကြီးမှစပြီး နည်းတူပင် အစဉ် အတိုင်း လှူရတယ်၊ အဲဒီလို လှူပြီးတော့ ကျန်တဲ့ဆွမ်းကိုမှ မိမိစားသုံးရတယ်၊ ပါဠိတော်မှာ သီလဝန္တေဟိ - လို့ ဆိုထားတဲ့အတွက် သီလမရှိတဲ့ ရဟန်းကိုတော့ မပေးလှူဘဲ ထားနိုင်ပါတယ်။
ယခု ပြောခဲ့တဲ့အတိုင်း ရလာသမျှကို မထေရ်ကြီးမှ စပြီး အစဉ်အတိုင်း ပေးလှူ ပြီးတော့ အကြွင်းအကျန်ကိုသာ စားရမယ်ဆိုတော့ အလိုက်မသိတတ်တဲ့ ရဟန်းများ ရှိနေရာမှာ ကျင့်ဖို့ အလွန်ခက်ပါလိမ့်မယ်၊ ဒါကြောင့် အဋ္ဌကထာမှာ -
“အယံပန သာရဏီယဓမ္မော - ရဟန်းသံဃာအား ပေးလှူပြီးမှ အကျန်ကိုသာ သုံးဆောင်ရသော ဤသာရဏီယ အကျင့်သည်၊
သုသိက္ခိတာယ ပရိသာယာ - ကောင်းစွာ သင်ကြားထားပြီး၍ အလိုက်သိတတ်သော ရဟန်းပရိသတ်၌ သူပူရော ဟောတိပြည့်ဝစေရန် လွယ်ကူပေ၏၊
အသိက္ခိတာယ ပရိသာယ - သင်ကြားမှုမရှိ၍ အလိုက်မသိတတ်သော ရဟန်း ပရိသတ်၌၊
နသုပူရော - ပြည့်စေရန် မလွယ်ပေဘူး”
လို့ ပြဆိုထားပါတယ်၊ အဲဒီလို အကျင့်က ဘယ်လောက်ကြာမှ ပြည့်စုံသလဲလို့ ဆိုတော့ ၁၂-နှစ်ကြာမှ ပြည့်စုံပါသတဲ့၊ ၁၂-နှစ်ပြည့်မည့် နောက်ဆုံးရက်မှာတောင် သံဃ မထေရ်က သူ့ဆွမ်းကိုယူပြီး ဘုဉ်းပေးလို့ ကုန်သွားတဲ့အတွက်, စိတ်နှလုံး မသာဖြစ်ရင် အဲဒီ သာရဏီယ ကျင့်ဝတ်ပျက်သွားသတဲ့၊ တစ်ဖန် ကျင့်ချင်ရင် နောက်ထပ်လဲ ၁၂-နှစ်ကြာအောင် ကျင့်ရမယ်တဲ့၊ အလွန်ခဲယဉ်းတဲ့ ကျင့်ဝတ်ပါပဲ၊
၁၂-နှစ်ပတ်လုံး တစ်ရက်မျှ နှလုံးမသာ မဖြစ်ဘဲ ပြီးစီး အောင်မြင်သွားရင်တော့ အဲဒီပုဂ္ဂိုလ်ဟာ အကောင်းမြတ်ဆုံး ပစ္စည်းတွေကို ရတတ်တယ်၊ အငတ်ဘေး သင့်နေတဲ့ အရပ်မှာပေမယ့် ဆွမ်းခံသွားရင် နတ်များက ဆွမ်းလောင်းပါသတဲ့၊ တောထဲမှာလဲ နတ်များက ဆွမ်းလောင်းပါသတဲ့၊ သူ့သပိတ်ထဲက ဆွမ်းကို ရာ ထောင် သိန်း သန်း များစွာတို့အား ပေးလှူသော်လဲ ကုန်သွားတယ်လို့ မရှိဘူးတဲ့၊
သာရဏီယကျင့်ဝတ် အောင်မြင်လို့ ယခု ပြောခဲ့တဲ့အတိုင်း အကျိုးရပုံ ဝတ္ထုများ ကိုလဲ အဋ္ဌကထာမှာ ပြထားပါသေးတယ်၊ ဒါပေမယ့် အဲဒီ ကျင့်ဝတ်ကို ဘုန်းကြီး တို့လဲ မကျင့်နိုင်ဘူး၊ ဒကာကြွယ်တို့လဲ မကျင့်နိုင်ဘူး၊ ကျင့်နိုင်ပါ့မလား၊
(မကျင့်နိုင်ပါ ဘုရား)
ဒါကြောင့် အဲဒီ မကျင့်နိုင်တာကို ချန်ထားပြီးတော့ ကျင့်နိုင်မည့် ကျင့်ဝတ်ကို ဘုန်းကြီးက ပြောသွားမယ်။ အဲဒါက ဘာလဲဆိုရင် ကိုယ်ပိုင် ပစ္စည်းကို အတူနေ ပုဂ္ဂိုလ်တွေနဲ့ ဝေမျှပေးကမ်းပြီး သုံးစွဲဖို့ပါပဲ၊ ဒကာကြွယ်တို့ အရပ်ထဲက အိမ်မှာပဲ ဖြစ်ဖြစ် ဘုန်းကြီးတို့ သာသနာတော်ဘက်က ကျောင်းမှာပဲဖြစ်ဖြစ် တစ်ကိုယ်ကောင်း မကြံဘဲနဲ့ ဝေမျှသင့်သမျှကို ဝေငှသုံးဆောင်ဖို့လိုပါတယ်၊
အဲဒီလို ဝေငှ သုံးဆောင်တဲ့သူကို အတူနေဖူးတဲ့ ပုဂ္ဂိုလ်တွေက ချစ်ခင်ကြည်ညို ကြပါလိမ့်မယ်၊ ရိုသေလေးစားကြပါလိမ့်မယ်၊ အရပ်တစ်ပါး ရောက်နေပေမယ့် မမေ့နိုင်ဘဲ အမှတ်ရနေကြပါလိမ့်မယ်၊ ငြင်းခုံခြင်း, ကွဲပြားခြင်းမရှိဘဲ အမြဲတမ်း ညီညွတ်ပြီး ချမ်းသာစွာ နေကြပါလိမ့်မယ်၊
ဒကာကြွယ်တို့ အရပ်ထဲမှာ အလှူငွေ ကောက်ခံတဲ့အခါ နှမြောတွန့်တိုခြင်း မရှိဘဲ ရက်ရက်ရောရော အလှူငွေ ထည့်တဲ့သူကို အများက ရိုသေလေးစားကြတယ်၊ ချီးမွမ်းကြတယ် မဟုတ်လား၊ အဲဒီရပ်ရေးရွာရေး ကိစ္စတွေမှာ ပေးလှူတာလဲ ဒီ သာရဏီယကျင့်ဝတ်နဲ့ ဆိုင်ပါတယ်၊
ဒါကြောင့် ရပ်ရွာကိစ္စအတွက်ပဲဖြစ်ဖြစ်၊ ဘာသာရေး သာသနာရေးကိစ္စအတွက်ပဲ ဖြစ်ဖြစ်၊ ကယ်ဆယ်ရေးအတွက်ပဲ ဖြစ်ဖြစ်၊ အတိဒုက္ခ ရောက်နေသူ တစ်ဦး တစ်ယောက်အတွက်ပဲ ဖြစ်ဖြစ်၊ အများအတွက်ပဲဖြစ်ဖြစ် - မိမိထိုက်တန်သမျှကို ရက်ရက်ရောရောပေးလျှင် အဲဒီလိုပုဂ္ဂိုလ်ကို အများက ချစ်ခင်ကြည်ညိုကြတယ်၊ ရိုသေလေးစားကြတယ်၊ အဲဒီ ပုဂ္ဂိုလ်နှင့် ငြင်းခုံရခြင်း, ကွဲပြားခြင်း မရှိဘဲ အမြဲညီညွတ်ပြီး ချမ်းသာနေကြတယ်၊ ဒါကြောင့် -
အယမ္ပိ ဓမ္မော - ဝေဖန် ပေးကမ်းခြင်းဟူသော ဤကျင့်ဝတ်တရားသည်လည်း၊
သာရဏီယော - တအောက်မေ့မေ့နဲ့ သတိရခြင်းကို ဖြစ်စေတတ်သော တရား ပေတည်း၊
ပိယကရဏော - ချစ်ခင်ကြည်ညိုခြင်းကို ဖြစ်စေတတ်သော တရားပါပေတည်း၊
ဂရုကရဏော - လေးစားခြင်းကို ဖြစ်စေတတ်သော တရားပါပေတည်း၊
သင်္ဂဟာယ - စည်းလုံးညီညွတ်ခြင်းငှါ၊
အဝိဝါဒါယ - ငြင်းခုံမှုကင်းခြင်းငှါ၊
သာမဂ္ဂိယာ - မကွဲပြားဘဲ တစ်သားတည်း ညီညွတ်ခြင်းငှါ၊
ဧကီဘာဝါယ - တစ်လုံး တစ်စည်း တစ်ပေါင်းတည်း ဖြစ်ခြင်းငှါ၊
သံဝတ္တတိ - ဖြစ်ပါပေ၏ -
လို့ ဟောတော်မူပါတယ်။
အဲဒါကို ဘုန်းကြီးက ဝေဖန်ပေးစွန့် မတွန့်တိုလျှင် - စသည်ဖြင့် ဆောင်ပုဒ်စီထား ပါတယ် အဲဒါကို ဆိုကြရမယ်၊
ဝေဖန်ပေးစွန့် မတွန့်တိုလျှင်၊
သူ့ဂုဏ်အောက်မေ့ ညဉ့်နေ့အစဉ်။
ရိုသေလေးစား သနားခင်မင်၊
ညီညွတ်ရေး အားပေးထာဝစဉ်။
နှမြောတွန့်တိုခြင်း မရှိဘဲ ပေးကမ်းသင့်သမျှကို ရက်ရက်ရောရော ဝေဘန် ပေးကမ်းလျှင် အဲဒီပေးကမ်းတဲ့ သူကို အများက တအောက်မေ့မေ့နဲ့ အမှတ်ရ နေကြတယ် စသည်ဖြင့် အနက်အဓိပ္ပါယ်ဟာ ပေါ်လွင်ထင်ရှားနေပါတယ်၊ စာတွေ့ အားဖြင့်သာ မဟုတ်ဘဲ လက်တွေ့ ကိုယ်တွေ့အားဖြင့်လဲ ထင်ရှားနေပါတယ်၊ ဒါကြောင့် ဒီ ၄ - နံပါတ် ဝေဖန် ပေးကမ်းခြင်း ဆိုတဲ့ သာရဏီယ တရားကတော့ တော်လောက်ပါပြီ၊ ၅ - နံပါတ် သာရဏီယကို ပြောကြစို့။
၅။ အရိယာနှင့် ကိုယ်ကျင့်တူလျှင်
▬▬▬▬▬▬▬▬▬
ပုန စ ပရံ ဘိက္ခဝေ ဘိက္ခု ယာနိ တာနိ သီလာနိ အခဏ္ဍာနိ အစ္ဆိဒ္ဒါနိ အသဗလာနိ အကမ္မာသာနိ နဘုဇိဿာနိ ဝိညုပ္ပသတ္တာနိ အပရာမဋ္ဌာနိ သမာဓိသံဝတ္တနိ ကာနိ၊ တထာ ရူပေသု သီလေသု သီလသာမည ဂတော ဝိဟရတိ သဗြဟ္မစာရိဟိ အာဝိ စေဝ ရတော စ၊ အယမ္ပိ ဓမ္မော သာရဏီယော ပိယကရဏော ကရုကရဏော သင်္ဂဟာယ အဝိဝါဒါယ သာမဂ္ဂိယာ ဧကီဘာဝါယ သံဝတ္တတိ။
ဘိက္ခဝေ - ရဟန်းတို့၊
ပုန စ - တင်ဖန်လည်း၊
အပရံ - တစ်ပါးသော သာရဏီယ တရားကား၊
ယာနိတာနိ - အကြင်သို့ သဘောရှိကုန်သော၊
အခဏ္ဍာနိ သီလာနိ - အစွန်းအနား၌ ပြတ်ခြင်း, ကျိုးခြင်း, မရှိသော သီလတို့သည်၊
(ငါးပါးသီလဆိုလျှင် အစဖြစ်တဲ့ ပါဏာတိပါတ သိက္ခာပုဒ်နှင့် အဆုံးဖြစ်တဲ့ သုရာမေရယ သိက္ခာပုဒ် မပျက်လျှင် အခဏ္ဍ အစွန်းအနား မပြတ်တဲ့ ပုဆိုးလိုပင် အစွန်းအနားမပြတ်တဲ့ မကျိုးတဲ့ သီလလို့ ဆိုရတယ်၊ ရဟန်းများ၏ အာပတ်အစု ခုနစ်ပါးထဲက အစဖြစ်တဲ့ ပါရာဇိကနှင့် အဆုံးဖြစ်တဲ့ ဒုဗ္ဘာသီ အာပတ်အစုဆိုင်ရာ သိက္ခာပုဒ်များ မပျက်လျှင် အခဏ္ဍ အစွန်း အနား မပြတ်တဲ့ မကျိုးတဲ့ သီလလို့ ဆိုရတယ်)
အစ္ဆိဒ္ဒါနိ - အလယ် သိက္ခာပုဒ် တစ်ပါးပါး မပျက်သဖြင့် အပေါက်ကင်းသော သီလတို့သည်၊
အသဗလာနိ - သိက္ခာပုဒ် နှစ်ပါးသုံးပါး တစ်စပ်တည်းမပျက်သဖြင့် ကြောင်ကျားခြင်း ကင်းသော သီလတို့သည်၊
အကမ္မာသာနိ - အကြားအမြင်၌ သိက္ခာပုဒ် တစ်ပါး တစ်ပါး ပျက်စီးခြင်း မရှိသဖြင့် အပြောက်အပြောက် စွန်းကွက်ခြင်းကင်းသော သီလတို့သည်၊
သုဇိဿာနိ - တဏှာ၏ ကျွန်အဖြစ်မှ လွတ်သဖြင့် လွတ်လပ်စိုးပိုင်သော သီလတို့သည်၊
ဝိညုပ္ပသတ္ထာနိ - ဘုရားအစရှိသော ပညာရှိတို့ ချီးမွမ်းအပ်သော သီလတို့သည်၊
အပရာမဋ္ဌာနိ ငါ, ငါသီလဟု မှားယွင်းစွာ မသုံးသပ်အပ်, မစွဲလမ်းအပ်သော သီလတို့သည်၊
သမာဓိသံဝတ္တနိကာနိ ခဏိက, ဥပစာအပ္ပနာ သမာဓိကို ဖြစ်စေနိုင်သော သီလတို့သည်၊
သန္တိ - ရှိကြကုန်၏၊
ဘိက္ခု - ရဟန်းသည်၊
တထာရူပေသု သီလေသု - ထိုသို့ သဘောရှိသော သီလတို့၌၊
သဗြဟ္မစာရီဟိ - သီတင်းသုံးဖော်တို့နှင့်၊
အာဝိစေဝ ရဟောစ - မျက်မှောက်မှာရော မျက်ကွယ်မှာရော၊
သီလသာမညဂတော - သီလအားဖြင့် ကူညီခြင်းသို့ ရောက်လျက်၊
ဝိဟရတိ - နေ၏။
ဆိုလိုရင်း အတိုချုပ်ကတော့ အရိယာ ပုဂ္ဂိုလ်များမှာ လူဝတ်ကြောင်ဆိုရင် ငါးပါး သီလ ရဟန်းဆိုရင် ပါတိမောက် သီလ ညစ်နွမ်းပျက်စီးခြင်း မရှိဘဲ လုံးဝစင်ကြယ် နေတယ်၊ အခြားအရိယာများ၏ မျက်မှောက်မှာပဲဖြစ်ဖြစ် အခြားအရိယာများ မမြင်နိုင်တဲ့ မျက်ကွယ်မှာပဲဖြစ်ဖြစ် အဲဒီ သီလစင်ကြယ်နေတယ် အဲဒါကလဲ လွန်ကျူး လိုတဲ့ စိတ်ကို ချုပ်တည်းပြီး စင်ကြယ်ခြင်း မဟုတ်ဘဲ သူ့ပင်ကိုယ် သဘောရင်း အတိုင်း စင်ကြယ်နေခြင်းသာ ဖြစ်တယ်၊
အဲဒီလို သီလစင်ကြယ်ခြင်းအားဖြင့် အခြားအရိယာများနှင့် မျက်မှောက်မှာရော, မျက်ကွယ်မှာရော သီလ စင်ကြယ်ပုံချင်း တူနေပါတယ်တဲ့၊ အဲဒါကို “အရိယာနှင့် ကိုယ်ကျင့်တူလျှင်”လို့ ဘုန်းကြီးက ဆောင်ပုဒ်စီထားတယ်၊
အဲဒီလို အရိယာနှင့် တစ်ထပ်တည်း ကိုယ်ကျင့်သီလ တူညီပုံ ကတော့ မိမိ ကိုယ်တိုင်က အောက်ထစ်ဆုံးအားဖြင့် သောတာပန်ဖြစ်မှ ပြည့်စုံနိုင်ပါတယ်၊ ဒါကြောင့် ဒီဂုဏ်နှင့် ပြည့်စုံချင်ရင် အောက်ထစ်ဆုံးအားဖြင့် သောတာပန်ဖြစ်အောင် အားထုတ်ရမယ်၊ သောတာပန်အစစ် ဖြစ်ရင်တော့ အရိယကန္တသီလဆိုတဲ့ ငါးပါးသီလဟာ ညစ်နွမ်းပျက်စီးခြင်း မရှိဘဲ သူ့အလိုလိုပင် စင်ကြယ်နေပါလိမ့်မယ်၊
ရဟန်းဆိုရင်လဲ သိလျက် လွန်ကျူးလို့ သင့်တဲ့ အာပတ်အပြစ် မရှိဘဲ ပါတိမောက် သီလ စင်ကြယ်နေပါလိမ့်မယ်၊ ဒါကြောင့် မျက်မှောက်မှာရော, မျက်ကွယ်မှာရော အခြားအရိယာများနှင့် သီလစင်ကြယ်ပုံချင်း တူညီနေပါလိမ့်မယ်၊ အဲဒီလို အခြား အရိယာများနှင့် တူညီပြီး သီလစင်ကြယ်နေတဲ့ ပုဂ္ဂိုလ်ကို အတူနေဖူးတဲ့ သူတွေက မမေ့နိုင်ဘဲ အမှတ်ရနေကြမယ်၊ ချစ်ခင်ကြည်ညိုနေကြမယ်၊ ရိုသေ လေးစားကြမယ်၊ အဲဒီလို ပုဂ္ဂိုလ်နှင့် ငြင်းခုံရခြင်း, ကွဲပြားခြင်းမရှိဘဲ အမြဲညီညွတ်ပြီး ချမ်းသာ နေကြမယ်တဲ့ ဒကာကြွယ်ရ ဒါကြောင့် -
အယမ္ပိ ဓမ္မော အရိယာ - သီတင်းသုံးဖော်တို့နှင့် မျက်မှောက်မျက်ကွယ် သီလစင်ကြယ်ပုံချင်း တူညီလျက် နေခြင်း ဟူသော ဤဂုဏ်သည်လည်း၊
သာရဏီယော - တအောက်မေ့မေ့နှင့် သတိရခြင်းကို ဖြစ်စေတတ်သော တရားပါ ပေတည်း။
ပိယကရဏော ချစ်ခင် ကြည်ညိုခြင်းကို ဖြစ်စေတတ်သော တရားပါပေတည်း၊
ဂရုကရဏေါ - လေးစားခြင်းကို ဖြစ်စေတတ်သော တရားပါပေတည်း၊
သင်္ဂဟာယ - စည်းလုံးညီညွတ်ခြင်းငှါ၊
အဝိဝါဒါယ - ငြင်းခုံမှု ကင်းခြင်းငှါ၊
သာမဂ္ဂိယာ - မကွဲမပြားဘဲ တစ်သားတည်း ညီညွတ်ခြင်းငှါ၊
ဧကီဘာဝါယ - တစ်လုံးတစ်စည်း တစ်ပေါင်းတည်း ဖြစ်ခြင်းငှါ၊
သံဝတ္တတိ ဖြစ်ပေ၏ -
လို့ ဟောတော်မူပါတယ်။
ကောသမ္ဗိယသုတ်မှာ ဒီသာရဏီယ တရားတွေကို ဟောတော်မူတာဟာ အဲဒီ အခါတုန်းက ကောသမ္ဗီရဟန်းတော်များ သီလသိက္ခာပုဒ်နှင့်စပ်ပြီး စွပ်စွဲကြ, ငြင်းခုံကြ, ကွဲပြားကြတာကို အကြောင်းပြုပြီး ဟောတော်မူခဲ့တာ ဖြစ်တယ်၊
ဒါကြောင့် အချင်းချင်း ငြင်းခုံခြင်း, ကွဲပြားခြင်း မရှိဘဲ ညီညွတ်ပြီး ချမ်းသာစွာ နေကြရအောင်လို့ အရိယသီလနှင့် ပြည့်စုံအောင် ကျင့်သုံး အားထုတ်ကြရမယ်လို့ သိစေလိုရင်း ရှိပါတယ်၊ ဒါကြောင့် မြတ်စွာဘုရား၏ အလိုတော်အတိုင်း အရိယာ သီလနှင့် ပြည့်စုံအောင် အားထုတ်ကြဖို့ပါပဲ၊
အရိယာမဖြစ်သေးပေမယ့် အရိယကန္တ ခေါ်တဲ့ ငါးပါးသီလကို ရိုရိုသေသေ စင်စင်ကြယ်ကြယ် စောင့်ရှောက်နေရင်လဲ အဲဒီလို ပုဂ္ဂိုလ်ကို သီတင်းသုံးဖော်တွေ အတူနေဖူးတဲ့ သူတွေကမမေ့နိုင်ဘဲ အမှတ်တရ ဖြစ်နေတတ်ကြပါတယ်၊ ချစ်ခင် ကြည်ညိုတတ်ကြပါတယ်၊ ရိုသေလေးစား တတ်ကြပါတယ်၊ အဲဒီပုဂ္ဂိုလ်နှင့် ငြင်းခုံ ရခြင်း, ကွဲပြားခြင်းမရှိဘဲ ညီညွတ်နေတတ်ကြပါတယ်၊
ဒါကြောင့် အရိယာမဖြစ်သေးပေမယ့် အရိယာတို့မြတ်နိုးအပ်တဲ့ အရိယကန္တသီလကို မျက်မှောက်မျက်ကွယ် အချင်းခပ်သိမ်း စင်ကြယ်နေအောင် စောင့်ရှောက် သင့်ပါတယ်၊ အဲဒီစကားထဲမှာ မျက်ကွယ် ဆိုတာကလဲ တကယ်စင်စစ်တော့ မရှိပါဘူး၊ လူတွေက မမြင်နိုင်ပေမဲ့ နတ်တွေကတော့ မြင်နေမှာပဲ၊ ဘယ်သူကမျှ မမြင်ဘူး ဆိုတာတောင်မှ မိမိကိုယ်တိုင်ကတော့ ထင်ရှားမြင်တွေ့နေတာပါပဲ၊
ဒါကြောင့် ဘယ်သူကမှ မသိပေမယ့် မိမိကိုယ်တိုင် ပြုထားတဲ့ မကောင်းမှုဟာ သေခါနီးကာလမှာ ထင်ရှားပေါ်လာတတ်ပါတယ်၊ အဲဒီလို မျက်ကွယ်မရှိပုံကို သီလဝီမံသနဇာတ်ဖြင့် ထင်ရှားသိနိုင်ပါတယ်။
သီလဝိမံသနဇာတ်ဝတ္ထု
▬▬▬▬▬▬▬▬▬
တစ်ခုသော ဘဝတုန်းက အရှင်သာရိပုတ္တရာ၏ အလောင်းဟာ ဒိသာပါမောက္ခ ဆရာကြီး ဖြစ်ခဲ့တယ်၊ တပည့်ငါးရာကိုပညာ သင်ပေးနေတယ်၊ အဲဒီ ဆရာကြီးမှာ အချိန်အရွယ် ရောက်နေတဲ့ သမီးတစ်ယောက်ရှိတယ်၊ ရုပ်ရည်ကလဲ အလွန်လှပ တင့်တယ်တယ်၊ အသိအလိမ္မာ အတတ်ပညာနှင့်လဲ ပြည့်စုံတယ်၊ အဲဒီသမီးကို သီလနှင့်ပြည့်စုံတဲ့ လူတော်လူကောင်းနဲ့ ထိမ်းမြားပေးရန် ရည်ရွယ်ပြီး သူ့တပည့် ငါးရာထဲက အသင့်တော်ဆုံးလူကို ရွေးချယ်ရန် စုံစမ်းရေး လုပ်တယ်၊
သူလုပ်ပုံက ဒီလိုတဲ့ - သူ့တပည့်တွေကို ခေါ်ပြီးတော့ တပည့်တို့ ငါ့မှာ အချိန်အရွယ် ရောက်နေတဲ့ သမီးတစ်ယောက် ရှိတယ်၊ သင်တို့ သိတဲ့အတိုင်းပဲ ရုပ်ရည်လဲ လှတယ်၊ လိမ္မာတယ်၊ ပညာလဲ တတ်တယ်၊ အဲဒီသမီးကို တပည့်တို့ထဲက သင့်တော်တဲ့ လူတစ်ယောက်နဲ့ ထိမ်းမြားပေးချင်တယ်၊ ဒါပေမယ့် ငါ့သမီးမှာ ဝတ်ဆင်ဖို့ သုံးစွဲဖို့ ပစ္စည်းက လိုနေတယ်၊ ဒါကြောင့် ငါ့သမီးကို အလိုရှိကြရင် မောင်တို့အိမ်က လက်ဝတ်လက်စား အဆင်းတန်ဆာ ပစ္စည်းဥစ္စာများကို ဘယ်သူမှ မသိစေဘဲ တိတ်တဆိတ် ခိုးယူလာခဲ့ကြရမယ်လို့ ပြောကြားလိုက်ပါသတဲ့။
အဲဒီတော့ အများစု ကျောင်းသားတွေက သူတို့အိမ်က ပစ္စည်းဥစ္စာတွေကို သူတစ်ပါးထက် သာအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိတ်တဆိတ် ခိုးယူခဲ့ပြီး ဆရာကြီးထံ ပေးကြတယ်၊ ဘုရားအလောင်းတော်ဖြစ်တဲ့ ကျောင်းသားကတော့ ဘာတစ်ခုမှ ခိုးယူမလာခဲ့ဘူးတဲ့၊ အဲဒီတော့ ဆရာကြီးက အဲဒီကျောင်းသားကို ဘာကြောင့် ခိုးယူမလာလဲလို့ မေးတယ်၊ ဘုရားအလောင်း ကျောင်းသားက ဒီလို ဖြေပါတယ်၊
ဆရာကြီးက ဘယ်သူမှမသိ မမြင်အောင် တိတ်တိတ် ခိုးယူလာခဲ့ရမယ်လို့ ဆိုတဲ့အတိုင်း ဘယ်သူမှ မသိမမြင်အောင် ခိုးဖို့ရာ ကျွန်တော်စဉ်းစား ကြည့်ပါတယ်၊ အဲဒီလို စဉ်းစားကြည့်တဲ့အခါ ဘယ်သူမှ မသိမမြင်ဘူး ဆိုပေမယ့် ကျွန်တော်က ခိုးရင် ကျွန်တော် ကိုယ်တိုင်ကတော့ သိမြင်နေမှာပဲ၊ ဒါကြောင့် ဘယ်သူမှ မသိမမြင်အောင် ခိုးဖို့ ဆိတ်ကွယ်ရာ အရပ်ကို ရှာမတွေ့တဲ့အတွက် ကျွန်တော် မခိုးခဲ့ခြင်း ဖြစ်ပါတယ်လို့ ဖြေကြားလိုက်ပါတယ်၊
အဲဒီတော့ ဆရာကြီးက ဘုရားအလောင်းတော် ကျောင်းသားကို သီလနှင့်ပြည့်စုံတဲ့ လူတော် လူကောင်းအစစ်ပဲလို့ သိပြီးတော့ သမီးကို အဲဒီ ဘုရားအလောင်းတော် ကျောင်းသားနှင့် ထိမ်းမြားလက်ထပ် ပေးလိုက်ပါတယ်၊ အခြားကျောင်းသားများ ခိုးယူလာတဲ့ ပစ္စည်းတွေကိုလဲ အသီးအသီး ပြန်ပေးလိုက်ပါသတဲ့။
မကောင်းမှုပြုဘို့ ဆိတ်ကွယ်ရာမရှိ
▬▬▬▬▬▬
အဲဒီဇာတ်ဝတ္ထုထဲမှာ ပြထားတဲ့အတိုင်းပဲ ဘယ်သူမှ မသိမမြင်ဘူးလို့ ထင်ပြီး ပြုတဲ့သူမှာလဲ ပြုတဲ့သူ ကိုယ်တိုင်ကတော့ သိနေတာပဲ၊ ငါပြုတယ်၊ ငါပြုတယ်လို့ မဆိုသော်လဲ ဆိုသကဲ့သို့ စိတ်ထဲက သက်သေခံနေတာပဲ၊ ဒါကြောင့် သေခါနီး ကာလမှာ အဲဒီ မကောင်းမှုကံက ထင်ရှားပေါ်လာတတ်တယ်၊ အဲဒီ မကောင်းမှုကို စွဲလမ်းပြီး သေသွားရင် အပါယ်လေးပါးကို ကျရောက်သွားနိုင်တယ်၊
ဒါကြောင့် ကံနှင့် ကံ၏အကျိုးကို ယုံကြည်တဲ့ သဒ္ဓါတရားနှင့် ပြည့်စုံသူဆိုရင် ကာယကံ ဝစီကံ ဒုစရိုက် မကောင်းမှု ဟူသမျှကို ကြဉ်ရှောင်ပြီး သီလ စင်ကြယ်အောင် အပြစ်ကင်းအောင် ထိန်းသိမ်း စောင့်ရှောက်နေသင့်ပါတယ်၊ အဲဒီလို ရိုရိုသေသေနဲ့ သီလကို စောင့်ရှောက်နေရင် အဲဒီပုဂ္ဂိုလ်ကိုလဲ အတူနေ ပုဂ္ဂိုလ်တွေက ယုံကြည် အားကိုးနေကြတယ်၊ သူ့ဂုဏ်ကို မမေ့နိုင်ဘဲ အမှတ်ရ နေကြတယ်၊ ချစ်ခင်ကြည်ညို ကြတယ်၊ ရိုသေလေးစားကြတယ်၊ အဲဒီပုဂ္ဂိုလ်နှင့် အငြင်းအခုံ အကွဲအပြားမရှိပဲ တစ်စိတ်တစ်ဝမ်းတည်း ညီညွတ်နေတယ်၊
ဒါကြောင့် “အရိယာနှင့် ကိုယ်ကျင့်တူလျှင်” စသည်ဖြင့် ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။
အရိယာနှင့် ကိုယ်ကျင့်တူလျှင်၊
သူ့ဂုဏ်အောက်မေ့ ညဉ့်နေ့အစဉ်၊
ရိုသေလေးစား သနားခင်မင်၊
ညီညွတ်ရေး အားပေးထာဝစဉ်။
အရိယာနှင့် ကိုယ်ကျင့်တူရမယ် ဆိုတဲ့ ၅-နံပါတ် သာရဏီယ တရားအကြောင်း ကတော့ တော်လောက်ပါပြီ။ ယခု နောက်ဆုံးဖြစ်တဲ့ ၆ - နံပါတ် သာရဏီယ တရားကို ဟောရမယ်။
၆။ အရိယာနှင့် ဉာဏ်ဖြင့်တူလျှင်
▬▬▬▬▬▬▬▬▬
ပုန စပရံ ဘိက္ခဝေ ဘိက္ခု ကာယံ ဒိဋ္ဌိ အရိယာ နိယျာနိကာ နိယျာတိ တက္ကရဿ သမ္မာ ဒုက္ခက္ခယာယ၊ တထာ ရူပါယ ဒိဋ္ဌိယာ ဒိဋ္ဌိသာမညဂတော ဝိဟရတိ သဗြဟ္မစာရီဟိ အာဝိစေဝ ရဟော စ၊ အယမ္ပိ ဓမ္မော သာရဏီယော ပိယကရဏော ဂရုကရဏော သင်္ဂဟာယ အဝိဝါဒါယ သာမဂ္ဂိယာ ဧကီဘာဝါယ သံဝတ္တတိ။
ဘိက္ခဝေ - ရဟန်းတို့၊
ပုန - တစ်ဖန်လည်း၊
အပရံ - တစ်ပါးသော သာရဏီယ တရားကား၊
နိယျာနိကာ - ထုတ်ဆောင်တတ်သော၊
ဝါ - သူ့ကိစ္စတာဝန် ကျေပွန် ပြီးမြောက်စေတတ်သော၊
အရိယာ - ဖြူစင်မြင့်မြတ်သော၊
ဝါ - အရိယာတို့၏ ဥစ္စာဖြစ်သော၊
ယာအယံ ဒိဋ္ဌိ - အကြင် အသိအမြင်ဉာဏ်ပညာသည်၊
တက္ကရဿ - ထိုအသိအမြင် ဉာဏ်ပညာဖြစ်အောင်ပြုကျင့်သောသူအား၊
သမ္မာ - မှန်ကန်စွာ၊
ဒုက္ခက္ခယာယ - ဆင်းရဲကုန်ငြိမ်းရာအတွက်၊
နိယျာတိ - ထွက်သွားတတ် ထုတ်ဆောင်တတ်၏၊
ဝါ - ပြီးမြောက်စေတတ်၏၊
ဘိက္ခု - ရဟန်းသည်၊
တထာရူပါ ဒိဋ္ဌိယာ - ထိုသို့ သဘောရှိသော အသိအမြင် ဉာဏ်ပညာဖြင့်၊
သဗြဟ္မစာရီဟိ - သီတင်းသုံးဖော်တို့နှင့်၊
အာဝီ စေဝ ရဟော စ - မျက်မှောက်မှာရော မျက်ကွယ် မှာရော၊
ဒိဋ္ဌိသာမညဂတော - အသိအမြင် ဉာဏ်ပညာဖြင့် တူညီခြင်းသို့ ရောက်လျက်၊
ဝိဟရတိ - နေ၏။
ဗုဒ္ဓသာသနာတော်မှာ ကျင့်သုံးပြီးရနိုင်တဲ့ မြင့်မြတ်သော လောကုတ္တရာ အသိအမြင် ပညာတွေဆိုတာရှိတယ်၊ ဘာတွေလဲဆိုရင် မဂ်လေးပါး ပညာနှင့် ဖိုလ်လေးပါး ပညာတွေပါပဲ၊ မဂ်ပညာနှင့် ဖိုလ်ပညာဆိုတာ သဘောအားဖြင့်တော့ အတူတူပါပဲ၊ အကြောင်းအကျိုးအဖြစ်မျှသာ ကွဲပြားပါတယ်။
ဒါကြောင့် ဒီနေရာမှာ အကြောင်းလဲဖြစ်, ပဓာနလဲဖြစ်တဲ့ မဂ်ပညာလေးပါးကိုပဲ - ဆိုလိုပါတယ်၊ အဲဒီအရိယမဂ်ပညာ လေးပါးဟာ ကိလေသာပယ်ခြင်း, သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်စေခြင်းဆိုတဲ့ သူ့ကိစ္စကို ပြီးမြောက်စေနိုင်တဲ့ အတွက် နိယျာနိက ဒိဋ္ဌိလို့လဲ ဆိုရပါတယ်၊ အဲဒီမဂ်ပညာကို ရအောင် ကျင့်တဲ့ ပုဂ္ဂိုလ်ကို အဲဒီမဂ်ပညာက ဆင်းရဲဟူသမျှ ကုန်ခန်း ကင်းငြိမ်းသွားအောင် ရွက်ဆောင် ပြီးမြောက် စေတတ်ပါတယ်၊
အဲဒီမှာ သမ္မာဒုက္ခက္ခယာယလို့ ဆိုထားတဲ့အတိုင်း ဆင်းရဲကုန်ငြိမ်းတယ် ဆိုရာမှာ အမှန်ငြိမ်း အမှားငြိမ်း ၂ - မျိုးရှိတဲ့ အနက်က အမှန်အတိုင်း ကုန်ငြိမ်းစေတယ်လို့လဲ ဆိုလိုပါတယ်၊ ဒီနေရာမှာ အမှား ငြိမ်းဆိုတာက ဘယ်ဟာလဲ အမှန်ငြိမ်းဆိုတာက ဘယ်လိုဟာလဲဆိုရင် ခေတ္တခဏမျှ ငြိမ်းတာကို အမှားငြိမ်းလို့ ဆိုလိုပါတယ်။ အစဉ် ထာဝရ အပြီးပြတ်ငြိမ်းတာကို အမှန်ငြိမ်းလို့ ဆိုလိုပါတယ်၊ ဆင်းရဲ အမှားငြိမ်းပုံကို ယခု ရှင်းပြမယ်။
ဆင်းရဲအမှားငြိမ်းပုံ
▬▬▬▬▬▬▬
လက်ခြေများကို ကွေးထားတာ ကြာတဲ့အခါ ညောင်းလာတယ်၊ ဆန့်လိုက်တော့ အဲဒီညောင်းတဲ့ဆင်းရဲ ငြိမ်းသွားတယ်၊ ဆန့်ထားတာ ကြာပြန်ရင်လဲ တစ်ဖန် ညောင်းလာပြန်တယ်၊ အဲဒါမျိုးဟာ တစ်ခဏမျှသာ ငြိမ်းတဲ့အတွက် အငြိမ်းမှန် မဟုတ်ဘူး၊ ထို့အတူပင် ထိုင်နေတာ ကြာရင် ညောင်းတယ် ပူတယ် ပြင်လိုက်ရင် ငြိမ်းသွားတယ် တော်တော်ကြာရင်လဲ တစ်ဖန် ညောင်းပူလာပြန်တာပဲ၊ ဒါလဲ အငြိမ်းမှန်မဟုတ်ဘူး၊
ဒီပုံဒီနည်းဖြင့် ဣရိယာပုထ် အနေအထိုင်တစ်မျိုးမျိုးမှာ ကြာလို့ ညောင်းလာ ပူလာရင် ပြင်ပေးရတယ်၊ ပြင်လိုက်တဲ့အခါ အဲဒီ အညောင်းအပူ ငြိမ်း သွားတယ်၊ ဒါပေမယ့် တော်တော်ကြာပြန်ရင် တစ်ဖန် ညောင်းပူလာပြန်တာပါပဲ၊ ဒီလို ခေတ္တ ခဏလောက်သာ ငြိမ်းတာမျိုးဟာ အငြိမ်းမှန်မဟုတ်ဘူး၊
နောက်ပြီးတော့ ပူအိုက်နေတဲ့အခါ ယပ်လေးခပ်လိုက်ရင် ရေချိုးလိုက်ရင် အဲဒီအပူ အအိုက် ငြိမ်းသွားတယ်၊ ဒါပေမယ့် တော်တော်ကြာရင် တစ်ဖန် ပူပြန်အိုက်ပြန်တာပဲ၊ ချမ်းအေးတဲ့ အခါ မီးပူနဲ့ ကင်ပေးရင် နေပူစာလှုံရင် အဲဒီအချမ်း ပျောက်သွားတယ်၊ ဒါပေမယ့် မီးပူနေပူနှင့် ဝေးကွာသွားတဲ့အခါ တစ်ဖန်ချမ်းပြန်တာပဲ၊ ယားနေတဲ့အခါ လက်နဲ့ ကုပ်ခြစ်ပြီး ဖျောက်လိုက်ရင် အဲဒီအယား ပျောက်သွားတယ်၊ ဒါပေမယ့် တော်တော်ကြာရင် တစ်ဖန် ယားပြန်တာပဲ၊ အဲဒီလို ပျောက်တာ ငြိမ်းတာတွေလဲ အငြိမ်းမှန် မဟုတ်ဘူး။
ဆာလောင်နေတဲ့အခါ ထမင်း မုန့် စသည် တစ်ခုခုကို စားလိုက်ရင်အဲဒီ ဆာလောင်မှု ပြေငြိမ်းသွားတယ်၊ ဒါပေမယ့် တော်တော်ကြာရင် ဆာပြန်တာပဲ၊ ဒါကြောင့် တစ်နေ့မှာ အနည်းဆုံး တစ်ကြိမ်တော့ အစာကို စားနေကြရတယ် အများအားဖြင့် တစ်နေ့မှာ ၂-ကြိမ် ၃-ကြိမ်သာ စားနေကြရတယ်။ လေးငါးကြိမ် စားနေရတဲ့ လူတွေလဲ ရှိတာပဲ၊ အဲဒီလို စားနေပေမယ့် နေ့စဉ်နေ့တိုင်း ဆာပြန်နေတာပဲ၊ ဆာလောင်မှုကတော့ လုံးဝပျောက်တယ်လို့ မရှိဘူး၊ မကြာမကြာ ဆာနေပြန်တာပဲ၊
လူတွေသာ မဟုတ်ဘူး၊ ဆင် မြင်း ကျွဲ နွားအစရှိတဲ့ မြေပြင်မှာ တည်နေတဲ့ သတ္တဝါတွေ ကျီး ငှက် အစရှိသော ကောင်းကင် ပျံနိုင်တဲ့ သတ္တဝါတွေ ငါးလိပ် အစရှိသော ရေထဲက သတ္တဝါတွေ၊ အဲဒီလို တိရစ္ဆာန် သတ္တဝါတွေလဲ နေ့စဉ်ရှာပြီး စားနေကြရတာပဲ၊ ဒီလို မပြတ်စားနေပေမယ်လို့ ဆာလောင်မှုကတော့ လုံးဝ ပျောက်တယ်လို့ မရှိဘူး၊ တော်တော်ကြာရင် ဆာလောင်ပြန်တာပဲ၊ ဒါကြောင့် မြတ်စွာဘုရားက ဇိဃစ္ဆာပရမာရောဂါလို့ ဟောတော်မူပါတယ်၊
ရောဂါနာကျင်စေလျက် နှိပ်စက်တတ်သော အနာရောဂါဟူသမျှတို့သည် ဇိဃစ္ဆာပရမာ - ဆာလောင်ခြင်းလျှင် အလွန်အကဲရှိကုန်၏၊ အနာရောဂါထဲမှာ ဆာလောင်မှုဟာ အကြီးဆုံး အလွန်ကဲဆုံး ရောဂါဖြစ်ပါတယ်တဲ့၊
ဟုတ်တယ်၊ အခြား ရောဂါများကိုတော့ သင့်တော်တဲ့ ဆေးနဲ့ ကုလိုက်ရင် အမြစ်ပြတ်လဲ ပျောက်တတ်တယ်၊ အမြစ်မပြတ် မပျောက်တောင်မှ ရက်ပိုင်း လပိုင်း နှစ်ပိုင်းနဲ့ တော်တော်ကြာအောင် ပျောက်နေတတ်တယ်၊ တစ်ဘဝလုံး မပျောက် နိုင်ဘူး ဆိုတောင်မှ နောက်ဘဝကျတော့ အဲဒီရောဂါ မရှိတော့ဘူး၊ လုံးဝ ကင်းသွားနိုင်တယ်၊
ဒီဆာလောင်မှုရောဂါကတော့ တစ်နေ့ တစ်ရက်မျှတောင် ကင်းပျောက်ခဲပါတယ်၊ တစ်ဘဝက သေပြီးတဲ့နောက် နောက်ဘဝမှာလဲ ဆာလောင်ပြန်တာပဲ၊ ဒါကြောင့် လူများမှာ မွေးပြီး မကြာခင်ဘဲ နို့တိုက်ပေးရတယ်၊ ဒါကြောင့် အဲဒီ ဆာလောင်မှု ဆင်းရဲဟာ အစာစားလို့ ပြေငြိမ်းသွားပေမယ်လို့ အဲဒီလို ငြိမ်းတာဟာ အငြိမ်းမှန် မဟုတ်ဘူး။
နောက်ပြီးတော့ ရှေးကပြုခဲ့တဲ့ ကုသိုလ်ကံနည်းလို့ အောက်တန်းကျပြီး ဒုက္ခ ရောက်နေကြတဲ့ သူတွေ ဆင်းရဲ နွမ်းပါး နေတဲ့သူတွေ အနာရောဂါများတဲ့ သူတွေ အဲဒီလို အဆင်မပြေတဲ့ သူတွေက သတိသံဝေဂရပြီး ကုသိုလ် ကောင်းမှုတွေကို ပြုကြတယ်၊ နောက်ဘဝတွေမှာ လက်ရှိဆင်းရဲမျိုးက လွတ်မြောက်ဖို့ ရည်ရွယ်ပြီး ပြုကြတယ်၊
အဲဒီ ကုသိုလ်ကောင်းမှုများကြောင့် နောက်နောက် ဘဝတွေမှာ လူ့လောက နတ်လောကမှာ အထက်တန်းကျတဲ့ ဘဝတွေရောက်ပြီး ကြီးပွားချမ်းသာ နေကြတယ်၊ ဒါပေမဲ့ အဲဒီကုသိုလ်တွေက အစွမ်းကုန်တဲ့အခါ ဆင်းရဲရတဲ့ ဘဝကို ပြန်ရောက် ရတာပဲ၊ ဒါကြောင့် ဒါန သီလ ကုသိုလ်ကံဖြင့် လူ့ချမ်းသာ နတ်ချမ်းသာ ရပြီး ဆင်းရဲငြိမ်းတယ်ဆိုတာလဲ အစဉ်ထာဝရငြိမ်း မဟုတ်ဘူး၊ အခိုက်အတန့်မျှသာ ငြိမ်းခြင်းဖြစ်တယ်၊ ဒါကြောင့် အငြိမ်းမှန်မဟုတ်သေးဘူး။
နောက်ပြီးတော့ ဗြဟ္မာ့ဘုံတွေ ရောက်ပြီး ချမ်းသာနေရန် ရည်ရွယ်ပြီးတော့ ဈာန်သမာပတ် ကုသိုလ်တွေကို ပွားများတယ်၊ ပထမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန် ကုသိုလ်များကို ဖြစ်ပွားစေတယ်၊ အရူပဈာန်များကို ဖြစ်ပွားစေတယ်၊ အဲဒီလို ဈာန်သမာပတ် ကုသိုလ်တရားတွေကို ဖြစ်ပွားစေတဲ့သူဟာ ဗြဟ္မာ့ဘုံ, အရူပ ဗြဟ္မာ့ဘုံတွေကို ရောက်ပြီးတော့ ကမ္ဘာပေါင်းများစွာ ချမ်းသာပြီးနေနိုင်ပါတယ်၊
အထက်ဘဝဂ်ဆိုတဲ့ နေဝသညာ နာသညာယတနဘုံ ရောက်နေရင် ကမ္ဘာပေါင်း ရှစ်သောင်း လေးထောင်ပတ်လုံး ဗြဟ္မာ့ချမ်းသာဖြင့် ချမ်းသာနေနိုင်ပါတယ်၊ ဒါပေမယ်လို့ အဲဒီဈာနကုသိုလ် အဟုန် ကုန်တဲ့အခါမှာ အဲဒီဘုံမှ စုတေရွလျောပြီး လူ့ဘဝကို ရောက်လာမယ်၊ အဲဒီအခါကျတော့ အခြားလူတွေကိုပဲ ဆင်းရဲ ချမ်းသာ များကို ခံစားရမယ်၊ အကုသိုလ်ကံတွေကို ပြုမိရင် အပါယ်လေးပါးသို့လဲ ရောက်သွားရဦးမယ်။ ဒါကြောင့် မြတ်စွာဘုရားက ဒီလိုဟောထားတယ်။
ဥက္ခိတ္တာ ပုညတေဇေန၊
ကာမရူပဂတိံ ဂတာ။
အဝဂ္ဂန္တမ္ပိ သမ္ပတ္တာ၊
ပုန အာယန္တိဒုဂ္ဂတိံ။
ပုညတေဇေန - ကောင်းမှု၏ အစွမ်း အာနုဘော်က၊
ဥက္ခိတ္တံ - မြှင့်တင် ပေးလိုက်သောကြောင့်၊
ကာမရူပဂတိံ - လူ့ဘဝ နတ်ဘဝ ဟူသော ကာမသုတ်နှင့် ရူပဗြဟ္မာဘဝဟူသော ရူပဂတိသို့၊
ဂတာ - ရောက်နေကြသော လူနတ်ဗြဟ္မာတို့သည် လည်းကောင်း၊
ဘဝဂ္ဂမ္ပိ - ဘဝဂ်ဟု ခေါ်သော အထက်ဆုံးဘုံသို့လည်း၊
သမ္ပတ္တာ - ကောင်းစွာ လှလှရောက်နေကြသော အရူပဗြဟ္မာတို့သည် လည်းကောင်း၊
ပုညက္ခယေန - ကောင်းမှု အဟုန် ကုန်ခြင်းကြောင့်၊
ဒုဂ္ဂတိံ - အပါယ်လေးဝ ဆင်းရဲရာဌာနသို့၊
ပုနအာယန္တိ - တစ်ဖန် ရောက်ကြရလေတော့သည် တဲ့။
ဒါကြောင့် ဒါန သီလစသော ကာမကုသိုလ် ဈာန်ကုသိုလ်များဖြင့် လူ့ဘဝ နတ်ဘဝ ဗြဟ္မာဘဝကိုရောက်ပြီး ဆင်းရဲငြိမ်းတာဟာလဲ အစဉ်ထာဝရ ငြိမ်းခြင်း မဟုတ်တဲ့ အတွက် အငြိမ်းမှန်လို့ မဆိုရသေးဘူးတဲ့ ဒကာကြွယ်ရ။
ဆင်းရဲအမှန်ငြိမ်းပုံ
▬▬▬▬▬▬▬
ဘယ်လိုငြိမ်းတာမှ အငြိမ်းမှန် ခေါ်သလဲလို့ ဆိုရင်တော့ အရိယမဂ်လေးပါးဖြင့် နိဗ္ဗာန်ကို မျက်မှောက်တွေ့ပြီး ဆင်းရဲခပ်သိမ်း အကုန်ငြိမ်းမှ အငြိမ်းမှန်လို့ ဆိုရပါတယ်၊ အဲဒီလို ငြိမ်းရာမှာ အောက်ထစ်ဆုံး သောတာပတ္တိမဂ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်တွေ့သွားရင် အဲဒီပုဂ္ဂိုလ်မှာ အပါယ်လေးပါး ဆင်းရဲတွေ အကုန် ငြိမ်းတယ်၊ ခုနစ်ဘဝထက် ပိုပြီး ဖြစ်ရမည့် ဘဝ ဆင်းရဲတွေလဲ အကုန်ငြိမ်းတယ်၊
ဒါကြောင့် သောတာပန် ပုဂ္ဂိုလ်ဟာ အပါယ်လေးပါးသို့လဲ မကျရတော့ဘူး၊ အလွန်ဆုံး အားဖြင့် လူ့လောက နတ်လောကမှာ ခုနစ်ဘဝမျှသာ ဖြစ်ပြီးတော့ အဲဒီနောက်ဆုံး ဘဝမှာ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်ဝင်စံရမယ်၊ သကဒါဂါမိမဂ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက် တွေ့သွားရင် လူ့လောက, နတ်လောကမှာ နှစ်ဘဝမျှသာ ဖြစ်ပြီး ပရိနိဗ္ဗာန် ဝင်စံရမယ်၊
အနာဂါမိမဂ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်တွေ့သွားရင် ရူပဘဝမှာ ဖြစ်စေ အရူပဘဝမှာ ဖြစ်စေ ဘဝတစ်မျိုးတည်းမှာသာ ဖြစ်ပြီးတော့ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်ဝင်စံရမယ်၊ အရဟတ္တမဂ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက် တွေ့သွားရင်တော့ အဲဒီ မျက်မှောက်ဘဝ မှာပင် အာယုသင်္ခါရ ကုန်တဲ့အခါ ပရိနိဗ္ဗာန် ဝင်စံရမယ်။
ပရိနိဗ္ဗာန် ဝင်စံတယ်ဆိုတာ နောက်ဆုံးဖြစ်တဲ့ ပရိနိဗ္ဗာန်စုတိစိတ် ချုပ်သွားတဲ့နောက် ဘဝသစ်ရုပ်နာမ် ခန္ဓာတွေ မဖြစ်လာတော့ပဲ ရုပ်နာမ်နှင့်စပ်တဲ့ ဆင်းရဲတွေ အကုန်ငြိမ်း သွားတာကို ဆိုတာပါပဲ၊ အဲဒီလို ပရိနိဗ္ဗာန် ဝင်စံသွားတဲ့အခါမှာ အိုတတ်, နာတတ်, သေတတ်တဲ့ ရုပ်နာမ်ခန္ဓာတွေ လုံးဝ မရှိတဲ့ အတွက် အိုရခြင်း ဆင်းရဲလဲ မရှိတော့ဘူး၊ နာရခြင်း ဆင်းရဲလဲ မရှိတော့ဘူး၊သေရခြင်း ဆင်းရဲလဲ မရှိတော့ဘူး၊ စိုးရိမ် ပူဆွေးရခြင်း ငိုကြွေးရခြင်း အစရှိတဲ့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတွေဟူသမျှလဲ ဘာမျှမရှိတော့ဘူး၊ ဆင်းရဲခပ်သိမ်း အကုန်ငြိမ်းသွားတယ်၊
ဘယ်တော့မှ မပေါ်လာတော့ဘဲ အပြီးတိုင် ထာဝရလုံးဝငြိမ်းသွားတယ်၊ အဲဒီလို အပြီးတိုင် ထာဝရ လုံးဝငြိမ်းတာဟာ အငြိမ်းမှန်ပဲ၊ အဲဒီ အငြိမ်းမှန်ကို ရည်ပြီးတော့ မြတ်စွာဘုရားက “သမ္မာဒုက္ခက္ခယာယ - မှန်စွာ ဆင်းရဲကုန်ငြိမ်းရန်အတွက် ဆင်းရဲ ဟူသမျှ အပြီးတိုင် ကုန်ငြိမ်းသွားအောင် အရိယမဂ်ပညာက ဆောင်သွားတယ်” လို့၊ ဟောတော်မူတာပဲ၊ ဒကာကြွယ်ရ၊ အရိယမဂ်ပညာက ကျင့်တဲ့ ပုဂ္ဂိုလ်ကို ဆင်းရဲကုန်ငြိမ်းအောင် ထုတ်ဆောင်သွားတယ်နော်၊ ဆင်းရဲတွေ ဘာဖြစ်သွားအောင် ထုတ်ဆောင်သွားသတဲ့လဲ၊ ဒကာကြွယ်ရ၊
(ဆင်းရဲတွေ ကုန်ငြိမ်းသွားအောင် ထုတ်ဆောင်သွားပါတယ် ဘုရား)
ဘာက ဆောင်သွားသတဲ့လဲ
(အရိယမဂ်ပညာက ဆောင်သွားပါတယ် ဘုရား)
ဘယ်လိုပုဂ္ဂိုလ်ကို ဆောင်သွားသတဲ့လဲ၊
(ကျင့်တဲ့ပုဂ္ဂိုလ်ကို ဆောင်သွားပါတယ် ဘုရား)၊
ဟုတ်ပြီ ဒကာကြွယ် ကျင့်တဲ့သူကိုသာ ဆောင်တယ်နော်၊ မကျင့်တဲ့ သူကိုတော့ မဆောင်ဘူးပေါ့၊ ဆောင်ပါ့မလား၊
(မဆောင်ပါ ဘုရား)၊
ဒီနေရာမှာ ဆောင်ပုံ မဆောင်ပုံကို ဥပမာဖြင့် ပြောကြစို့ရဲ့။
ကျင့်သူကိုသာ ပညာက ထုတ်ဆောင်ကြောင်း
ယခုလောကမှာ မော်တော်ကားကို ရထားတို့ သင်္ဘောတို့ လေယာဉ်တို့ ဆိုတာ တွေဟာ လူတွေသွားလိုရာ အရပ်ကို ဆောင်သွားတယ်မဟုတ်လား၊ ဒါပေမယ့် သူ့အပေါ်တက်စီးတဲ့သူကိုသာ ဆောင်တယ်၊ မစီးဘဲနဲ့ ဘေးက ရပ်ကြည့်နေတဲ့ သူကို ဆောင်ပါ့မလား၊
(မဆောင်ပါဘုရား)၊
ဒါလိုပဲ အရိယမဂ် အသိအမြင်ဉာဏ်ပညာကလဲ အဲဒီပညာဖြစ်အောင် ကျင့်တဲ့ သူကိုသာ ဆောင်တယ်၊ မကျင့်တဲ့သူကိုတော့ မဆောင်ဘူး ရှင်းရဲ့မဟုတ်လား၊ ဒကာကြွယ်ရ၊
(ရှင်းပါတယ်ဘုရား)၊
ဒီတော့ ဒကာကြွယ်ရ ဆင်းရဲငြိမ်းချင်ရင် အရိယမဂ်ပညာ ရထားကိုရလိမ့်မယ်၊ ယခု ဗုဒ္ဓမြတ်စွာ သာသနာတော်နှင့် တွေ့ကြုံနေတဲ့ အခါမှာ အရေးအကြီးဆုံး အလုပ်က ဘာလဲဆိုရင် ဆင်းရဲခပ်သိမ်း ငြိမ်းတဲ့နိဗ္ဗာန်ကို ရောက်အောင် ကျင့်ဖို့အလုပ်ပဲ မဟုတ်လား၊ အောက်ထစ်ဆုံးအားဖြင့် အပါယ်ဆင်းရဲက လုံးဝလွတ်မြောက်တဲ့ သောတာပတ္တိမဂ်ဖိုလ်ဉာဏ် ရအောင်ကျင့်ဖို့ အရေးကြီးတယ် ဒကာကြွယ်ရ။
အပါယ်လေးပါးက လုံးဝလွတ်မြောက်မှ ဘုရားသာသနာနှင့် တွေ့ရကျိုးနပ်တယ်၊ သာမန် ကုသိုလ်လောက် ပြုပြီးတော့ လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ ရရုံလောက်နဲ့တော့ ဘုရားသာသနာနှင့် တွေ့ရတယ်လို့ မပြောလောက် မချီးမွမ်း လောက်သေးဘူး၊ ဘာကြောင့်လဲ ဆိုတော့ လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာကို ရစေနိုင်တဲ့ သာမန် ဒါနသီလ ဘာဝနာကုသိုလ်တွေဆိုတာ သာသနာပမှာလဲ ပြုနိုင်တာပဲ၊
ဒါကြောင့် အဲဒီ သာမန် ကုသိုလ်ကို ပြုရရုံနဲ့ အားရကျေနပ် မနေသင့်ဘူး၊ နောက်တစ်ခုကတော့ မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ရတဲ့ ဘုရား တပည့် ဖြစ်ပါလျက်နဲ့ နောင်တစ်ချိန်မှာ အပါယ်လေးပါး ရောက်နေရဦးမယ်ဆိုရင် ဘုရား သာသနာနှင့် တွေ့ရတာဟာ ဘာမှ အကျိုးထူးမရှိသလို ဖြစ်နေပါတယ်၊
ဒါကြောင့် ဘုန်းကြီးတို့က အောက်ထစ်ဆုံးအားဖြင့် အပါယ်လေးပါးမှ လုံးဝ လွတ်မြောက်စေနိုင်တဲ့ ဉာဏ်အဆင့်ကို ရောက်အောင် အားထုတ်ဖို့ တိုက်တွန်း ဟောကြားနေပါတယ်၊ ဒါပေမယ့် ရွှေငွေ စိန်ကျောက်အစရှိတဲ့ အဖိုးတန် ရတနာ တွေကို သာမန်လူတွေမှာ မသုံးရဘဲ ဘုန်းကံရှိတဲ့လူတွေသာ သုံးရသလိုပင် အပါယ်လေးပါးမှ လုံးဝလွတ်မြောက်စေနိုင်တဲ့ တရားဆိုတာလဲ သာမန်လူတွေက လက်မခံနိုင်ဘူး၊ ပါရမီထူးရှိတဲ့ လူများသာ လက်ခံနိုင်တယ်၊
သို့သော် ယခု ပါရမီထူးနှင့် မပြည့်စုံသေးရင်လဲ ပြည့်စုံသွားအောင် ကျင့်သုံး အားထုတ်ဖို့ကတော့ လိုပါတယ်၊ ဒါကြောင့် ဘုန်းကြီးက အဲဒီ အဖိုးတန် တရား ရတနာကို ဟောပြောပြီး ပေးကမ်းနေပါတယ်။ .
အရိယမဂ်ပညာ ရအောင် အားထုတ်ပုံ
ဒီနေရာမှာ အရိယမဂ်ပညာကိုရအောင် အရိယမဂ်ပညာကပဲ စပြီး အားထုတ်ရပါ သလားလို့ မေးစရာရှိတယ်၊ အရိယမဂ်ပညာကတော့ စပြီးအားထုတ်လို့ မဖြစ်ဘူး၊ အရိယမဂ်ပညာရဲ့ ရှေ့သွားဖြစ်တဲ့ ပုဗ္ဗဘာဂမဂ်လို့ခေါ်တဲ့ ဝိပဿနာပညာက စပြီး အားထုတ်ရတယ်။
ဘယ်လို အားထုတ်ရသလဲ ဆိုရင် ဒွါရ ၆ - ပါးမှာ ထင်ရှားဖြစ်ပေါ်, ထင်ပေါ်လာတဲ့ ရုပ်နာမ်တရားတွေကို ဖြစ်တိုင်းဖြစ်တိုင်းလိုက်ပြီး ရှုရတယ်၊ မြင်တိုင်း ကြားတိုင်း နံတိုင်း စားသိတိုင်း ထိသိတိုင်း ကြံသိတိုင်း လိုက်ပြီး ရှုရတယ်၊ ဒါပေမယ့် ရှုကာစပုဂ္ဂိုလ်ကတော့ အဲဒီမြင်တိုင်း ကြားတိုင်း စသည်တွေကို အကုန်လုံး လိုက်ပြီး မရှုနိုင်သေးဘူး။
တွေ့ထိရာက အထူးထင်ရှားတဲ့ရုပ်ကို စပြီး ရှုရတယ်၊ သွားနေဆဲမှာဆိုရင် တောင့်တင်း တွန်းကန်လှုပ်ရှားတဲ့ ဝါယောရုပ်က၏ ထင်ရှားနေတယ်၊ အဲဒါကို သွားတယ်လို့ ရှုပြီး သိရတယ်၊ ဒါကြောင့် သတိပဋ္ဌာနသုတ် ပါဠိတော်မှာ -
“ဂစ္ဆန္တော ဝါ - သွားသည်ရှိသော်မူလည်း၊
ဂစ္ဆာမီတိ - သွားသည် ဟူ၍၊
ပဇာနာတိ - သိ၏”
လို့ ဟောထားပါတယ်၊ ထို့အတူပင် ရပ်တဲ့အခါ ထိုင်တဲ့အခါ လျောင်းတဲ့အခါ များမှာလဲ တောင့်တင်းထောက်ကန်တဲ့ ဝါယောရုပ်က ထင်ရှားနေတယ်၊ ဒါကြောင့် အဲဒီအခါများမှာလဲ အဲဒီ ဝါယောရုပ်ကို ရပ်တယ်, ထိုင်တယ်, လျောင်းတယ်လို့ ရှုပြီး သိရတယ်၊ ဒါကြောင့် သတိပဋ္ဌာနသုတ် ပါဠိတော်မှာ -
“ဌိတော ဝါ - ရပ်သည်ရှိသော်မူလည်း၊
ဌိတောမှီတိ - ရပ်သည်ဟူ၍၊
ပဇာနာတိ - သိ၏၊
နိသိန္နော ဝါ - ထိုင်သည်ရှိသော်မူလည်း၊
နိသိန္နော မှီတိ - ထိုင်သည်ဟူ၍၊
ပဇာနာတိ - သိ၏၊ သယာနော၊ ဝါ - လျောင်းသည်ရှိသော်မူလည်း၊ သယာနောမှီတိ - လျောင်းသည် ဟူ၍၊
ပဇာနာတိ - သိ၏”လို့ ဟောထားပါတယ်။
ပဌမစပြီး အားထုတ်တဲ့အခါမှာ ထိုင်ပြီး အားထုတ်ရတာကပဲ များပါတယ်၊ ဒါကြောင့် တစ်ကိုယ်လုံး ထိုင်ရုပ်ကို စူးစိုက်ပြီး ထိုင်တယ်, ထိုင်တယ်လို့လဲ ရှုနေနိုင်ပါတယ်၊ အဲဒီ ထိုင်နေဆဲမှာ ထင်ရှားပေါ်လာတဲ့ အခြားကိုယ်အမူအရာ ရုပ်များကိုလဲ ရှုနိုင်ပါတယ်၊ အဲဒီလိုအခါမှာ အသက်ရှူလေကြောင့် ဝမ်းဗိုက်က ဖောင်းလိုက် ပိန်လိုက်နဲ့ တောင့်တင်းလှုပ်ရှားတဲ့ ဝါယောရုပ်ဟာ အထူးထင်ရှားနေပါတယ်၊ အဲဒါကိုလဲ ဖောင်းတယ် ပိန်တယ်လို့ ရှုပြီး သိနိုင်ပါတယ်၊ အဲဒီလို ကိုယ်အမူအရာ ဟူသမျှကိုလဲ ရှုပြီးသိအပ်ကြောင်းကို -
“ယထာ ယထာဝါ ပနဿ ကာယော ပဏီဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ”
(တစ်နည်းသော်ကား အကြင်အကြင် အခြင်းအရာဖြင့် ထိုယောဂီ၏ ကိုယ်သည် တည်နေလျှင် ထိုအခြင်းအရာဖြင့် ထိုကိုယ်ကိုသိ၏)
လို့ အဲဒီ သတိပဋ္ဌာနသုတ် ပါဠိတော်မှာပဲ ဆက်ပြီး ညွှန်ပြ ဟောကြားထားပါတယ်၊ ဒါကြောင့် ဘုန်းကြီးတို့က ထိုင်နေဆဲမှာ အဲဒီ ဖောင်းရုပ်ပိန်ရုပ်ကိုပဲ စပြီးရှုဖို့ ညွှန်ကြားနေပါတယ်၊ ညွှန်ကြားတဲ့အတိုင်း ရှုမှတ်လို့ ဝိပဿနာဉာဏ်တွေ ပြည့်စုံ သွားတဲ့ ပုဂ္ဂိုလ်တွေဟာလဲ ရာပေါင်းများစွာ ရှိနေပါပြီ။ ဒါပေမယ့် ဖောင်းတာ ပိန်တာ ၂-ခုတည်း ရှုမှတ်ရတာတော့ မဟုတ်ဘူး၊ ဖောင်းတာ ပိန်တာကို ရှုမှတ်နေရင်း စိတ်ကူးကြံစည်မှု တစ်စုံတစ်ခု ဖြစ်ပေါ်လာရင် အဲဒီစိတ်ကိုလဲ ရှုပြီး သိရတယ်၊
ညောင်းမှု ပူမှု နာကျင်မှုစသော ဝေဒနာ တစ်စုံတစ်ခု ဖြစ်ပေါ်လာရင် အဲဒီ ဝေဒနာကိုလဲ ရှုပြီးသိရတယ်၊ မြင်မှုကြားမှု စသည် တစ်စုံတစ်ခု ပေါ်လာရင် အဲဒါကိုလဲရှုပြီး သိရတယ်၊ ကွေးမှုဆန့်မှု လုပ်ရှားမှုစသော ကိုယ်အမူအရာ အထူး ပေါ်လာရင် အဲဒီကိုယ်အမူအရာကိုလဲ ရှုပြီး သိရတယ်၊ အဲဒီလို ကိုယ်အမူအရာအထူး စိတ်အမူအရာ အထူး ဝေဒနာအထူး မရှိတဲ့အခါ များမှာတော့ ဖောင်းတာ ပိန်တာ ကိုသာ ရှုမှတ်နေရတယ်။
အဲဒီလို ရှုမှတ်နေရင်းပင် မှတ်သိရတဲ့ ရုပ်နှင့် မှတ်သိတဲ့ နာမ် ဒီရုပ်နာမ်နှစ်ပါးကို ပိုင်းခြားပြီး သိလာတယ်၊ အကြောင်းအကျိုး ဆက်စပ်ပြီး ဖြစ်နေပုံကိုလဲ သိလာတယ်၊ မှတ်တိုင်း မှတ်တိုင်း ပေါ်လာတဲ့ အာရုံနဲ့ အသိစိတ်ဟာ ချက်ခြင်း ပျောက်ပျောက် သွားတာကို တွေ့ရလို့ မမြဲဘူးလို့လဲ သိလာတယ်၊
ဖြစ်လိုက် ပျက်လိုက်နဲ့ ဆင်းရဲကြီးပဲလို့လဲ သိလာတယ်၊ သူ့သဘောအတိုင်း သူ့ဟာသူ ဖြစ်နေတဲ့ သဘောတရားမျှပဲလို့လဲ သိလာတယ်၊ နောက်ကျတော့ မြင်တိုင်း ကြားတိုင်း စသည်ကို အကုန်လုံး လိုက်ပြီး ရှုနိုင်သိနိုင်တယ်၊ အဲဒီလို ပေါ်လာသမျှကို ရှုမှတ်ပြီး အနိစ္စ ဒုက္ခ အနတ္တဟု သိနေရင်း ဉာဏ်ရင့်တဲ့ အခါမှာ အရိယ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို တွေ့မြင်သွားတယ်၊
အဲဒီလို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို တွေ့မြင်သွားရင် အနိစ္စ ဒုက္ခ အနတ္တ အသိအမြင်ဟာ မပျက်နိုင်အောင် ခိုင်မြဲသွားတယ်၊ ရှုမှတ်နေတဲ့အခါဖြစ်စေ၊ ဆင်ခြင်ကြည့်တဲ့ အခါဖြစ်စေ ခဏမစဲ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်သဘောမျှပဲ၊ အနိစ္စ ဒုက္ခ အနတ္တ သဘောမျှပဲလို့သာ ဉာဏ်ထဲမှာ ရှင်းနေတယ်၊
အဲဒါဟာ အခြား အရိယာတို့၏ အသိဉာဏ်ပညာနှင့် တူညီနေပုံပါပဲ၊ အခြားအရိယာ များနှင့် အတူနေခိုက် မျက်မှောက်မှာပဲ ဖြစ်ဖြစ် ဝေးကွာနေခိုက် မျက်ကွယ်မှာပဲ ဖြစ်ဖြစ် အဲဒီ အနိစ္စ ဒုက္ခ အနတ္တ အသိအမြင်ဟာ ပြောင်းလဲခြင်း မရှိဘဲ ခိုင်မြဲနေ တော့တာပဲ ဒါကြောင့် မြတ်စွာဘုရားက -
တထာရူပါယ ဒိဋ္ဌိယာ - ထိုသို့ သဘောရှိသော အရိယမဂ် အသိအမြင် ဉာဏ်ပညာဖြင့်၊
သဗြဟ္မာစာရီဟိ - အရိယာသီတင်း သုံးဖော်တို့နှင့်၊
အာဝိ စေဝ ရဟော စ - မျက်မှောက်မှာရော မျက်ကွယ်မှာရော၊
ဒိဋ္ဌိသာမညဂတော - အသိအမြင်ဉာဏ်ပညာဖြင့် တူညီခြင်းသို့ရောက်လျက်၊
ဝိဟရတိ - နေသည်”
လို့ ဟောတော်မူပါတယ်၊ အဲဒါကို ဘုန်းကြီးက အရိယာနှင့် ဉာဏ်ဖြင့်တူလျှင် - လို့ ဆောင်ပုဒ်စီထားပါတယ်၊
အဲဒီလို အရိယာတို့၏ အသိအမြင် ဉာဏ်ပညာကို ရှုပြီးတော့ အရိယာတို့နှင့် တူညီနေလျှင် အဲဒီပုဂ္ဂိုလ်ကို အတူနေဖူးတဲ့ ပုဂ္ဂိုလ်များက တအောက်မေ့မေ့နဲ့ အမှတ်ရနေကြမယ်၊ ချစ်ခင် ကြည်ညိုကြမယ်၊ လေးစားကြမယ်၊ အဲဒီ ပုဂ္ဂိုလ်နှင့် ငြင်းခုံရခြင်း, ကွဲပြားခြင်းမရှိဘဲ ညီညွတ် ချမ်းသာနေကြမယ်၊ ဒါကြောင့် မြတ်စွာဘုရားက -
အယမ္ပိဓမ္မော - အရိယာတို့နှင့် အသိအမြင် ဉာဏ်ပညာဖြင့် တူညီခြင်းဟူသော ဤဂုဏ်သည်လည်း၊
သာရဏီယော - တအောက်မေ့မေ့နှင့် သတိရခြင်းကို ဖြစ်စေတတ်သော တရား ပေတည်း၊
ပိယကရဏော - ချစ်ခင်ကြည်ညိုခြင်းကို ဖြစ်စေတတ်သော တရားပါပေတည်း၊
ဂရုကရဏော - လေးစားခြင်းကို ဖြစ်စေတတ်သော တရားပါပေတည်း၊
သင်္ဂဟာယ - စည်းလုံးညီညွတ်ခြင်းငှါ၊
အဝိဝါဒါယ - ငြင်းခုံရမှု ကင်းခြင်းငှါ၊
သာ မဂ္ဂိယာ - မကွဲပြားဘဲ တစ်သားတည်း ညီညွတ်ခြင်းငှါ၊
ဧကီဘာဝါယ - တစ်လုံးတစ်စည်းတည်း တစ်ပေါင်းတည်း ဖြစ်ခြင်းငှါ၊
သံဝတ္တတိ - ဖြစ်ပါပေ၏ -
လို့ ဟောတော်မူပါတယ်။
အဲဒီ အနက်အဓိပ္ပါယ်များကို ဘုန်းကြီးက သူ့ဂုဏ် အောက်မေ့ ညဉ့်နေ့အစဉ် - စသည်ဖြင့် ရှေးနည်းတူပဲစီထားတယ်၊ အဲဒါကို ဆိုကြရမယ်။
အရိယာနှင့် ဉာဏ်ဖြင့်တူလျှင်၊
သူ့ဂုဏ်အောက်မေ့ ညဉ့်နေ့အစဉ်၊
ရိုသေလေးစား သနားခင်မင်၊
ညီညွတ်ရေး အားပေးထာဝစဉ်။
ဒီ သာရဏီယတရား ၆-ပါးကို ဥပရိပဏ္ဏာသ ပါဠိတော် သာမဂါမသုတ်မှာ ဟောတော်မူတာကတော့ နိဂဏ္ဌနာဋပုတ္တ ဆိုတဲ့ ဂိုဏ်းဆရာကြီးကွယ်လွန်တဲ့အခါ သူ့တပည့်တွေ ကွဲပြားကြခြင်းကြောင့် ဖြစ်တယ် အဲဒီအခါတုန်းက နိဂဏ္ဌနာဋပုတ္တ ဂိုဏ်းသားတွေ အယူဝါဒ အကြောင်းပြုပြီး ကွဲပြားကြသလို မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူတဲ့အခါလဲ ရဟန်းတော်တွေ အယူအဆ အကြောင်းပြုပြီး ကွဲပြားမှုကို အရှင်အာနန္ဒာက စိုးရိမ်လို့ မြတ်စွာဘုရားအား လျှောက်တယ်၊
အဲဒါကို အကြောင်းပြုပြီး မြတ်စွာဘုရားက ကွဲပြားခြင်း၏အကြောင်းဖြစ်တဲ့ ဝိဝါဒမူလ တရားတွေကိုလဲ ဟောတော်မူတယ်၊ အဲဒီတရားတွေကို ဟောပြီးတဲ့နောက် ဒီ သာရဏီယတရား ၆-ပါးကိုလဲ ညီညွတ်ရေး တရားအဖြစ်ဖြင့် ဟောတော်မူပါတယ်၊ ဒီသာရဏီယတရား ၆-ပါးထဲက နောက်ဆုံးဖြစ်တဲ့ အရိယာနှင့် ဉာဏ်ဖြင့်တူစေရမယ် ဆိုတဲ့ သာရဏီယ တရားအရ အရိယဉာဏ် အစစ်အမှန်နှင့် ပြည့်စုံနေတဲ့ အရိယာ ပုဂ္ဂိုလ် အချင်းချင်းဆိုရင် ရုပ်နာမ်သိပုံ အဖြစ်အပျက်သိပုံ အနိစ္စ ဒုက္ခ အနတ္တသိပုံ နိဗ္ဗာန်သိပုံချင်း တူနေရမယ်၊
အဲဒီလို တူနေတဲ့အတွက် အရိယာအစစ်ဖြစ်တဲ့ ပုဂ္ဂိုလ်အချင်းချင်း ဆိုရင် အဲဒီ ရုပ်နာမ် အဖြစ်အပျက် အနိစ္စသည် သိပုံချင်း မကွဲပြားဘဲ ညီညွတ်နေဖွယ်သာ ရှိပါတယ်၊ အဲဒီအသိဉာဏ်နှင့်စပ်ပြီး အငြင်းအခုံဖြစ်ဖွယ် မရှိဘူးလို့ ယူသင့်ပါတယ်၊ ဒါကြောင့် အဲဒီရုပ်နာမ် အဖြစ်အပျက် သိပုံစသည်ချင်း ကွဲပြားပြီး အငြင်းအခုံ ဖြစ်နေကြရင် တစ်ဘက်ဘက်က အရိယာ အစစ်မဟုတ်လို့ရင်လဲ ဖြစ်ပါလိမ့်မယ်၊ သို့မဟုတ် နှစ်ဖက်စလုံးကပင် အရိယာအစစ် မဟုတ်လို့ရင်လဲ ဖြစ်ပါလိမ့်မယ်။
အရိယာအစစ် ဖြစ်ရင်တော့ ရုပ်နာမ် အဖြစ်အပျက် အနိစ္စစသည်ကို သိပုံဟာ အရိယာအချင်းချင်းလဲ တူညီရမယ်၊ မြတ်စွာဘုရား၏ တရားတော်နှင့် ညီညွတ်ရမယ် အဲဒီ ရုပ်နာမ် အနိစ္စ ဒုက္ခ အနတ္တ အသိဟာ ခိုင်လဲ ခိုင်မြဲနေရမယ်၊ မြတ်စွာဘုရား၏ တရားတော်နှင့်လဲ ညီညွတ်ရမယ်၊ အဲဒီ ရုပ်နာမ် အနိစ္စ ဒုက္ခ အနတ္တ အသိဟာ ခိုင်လဲ ခိုင်မြဲနေရမယ်၊ အဲဒီလို ခိုင်မြဲပုံကို သူရမ္ဗဋ္ဌ ဝတ္ထုဖြင့် ထင်ရှားသိနိုင်ပါတယ်။
သူရမ္ဗဋ္ဌဝတ္ထု
မြတ်စွာဘုရား လက်ထက်တော် ကာလတုန်းက သာဝတ္ထိမြို့မှာ သူရမ္ဗဋ္ဌဆိုတဲ့ လူတစ်ယောက်ရှိတယ်၊ သူက ဗုဒ္ဓသာသနာတော်မှ အပြင်ပ တိတ္ထိတွေကို ကိုးကွယ် နေတယ်၊ တစ်နေ့သောအခါမှာ မြတ်စွာဘုရားက သူရမ္ဗဋ္ဌ တရားထူး သိမြင်မည့် အကြောင်း မြင်တော်မူတဲ့အတွက် သူရမ္ဗဋ္ဌအိမ်ကို ဆွမ်းခံကြွတော်မူတယ်၊
သူရမ္ဗဋ္ဌက မြတ်စွာဘုရားကို မကြည်ညိုသော်လဲ အလွန်ထင်ရှားကျော်စောနေတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်တော်မူတာကို ငဲ့ပြီး မလွှဲမရှောင်သာတဲ့ အနေဖြင့် မြတ်စွာ ဘုရားကို ပင့်ပြီး ဆွမ်းကပ်လှူတယ်၊ ဆွမ်းဘုဉ်းပေးပြီးတဲ့အခါမှာ မြတ်စွာဘုရားက အနုမောဒနာအနေဖြင့် သူနှင့်သင့်လျော်တဲ့ တရားကို ဟောတော်မူပါတယ်၊
တရားနာနေရင်း ရှုမှတ်နှလုံးသွင်းလာခဲ့တဲ့အတွက် ဒေသနာတော်၏ အဆုံးမှာ သူရမ္ဗဋ္ဌဟာ သောတာပန်ဖြစ်သွားတယ်၊ မြတ်စွာဘုရားလဲ ကျောင်းတော်သို့ ပြန်ကြွ သွားတော်မူပါတယ်။
အဲဒီအခါ မာရ်နတ်က စဉ်းစားတယ်၊ သူရမ္ဗဋ္ဌဟာ ငါတို့ဘက်သားပဲ၊ ဒါပေမယ့် ယနေ့ ဗုဒ္ဓဂေါတမက သူ့အိမ်ကို သွားတယ်၊ သူဟာ တရားနာပြီး အယူများ ပြောင်းသွား လေသလားမသိ၊ ငါသွားပြီး စုံစမ်းလိုက်ဦးမှပဲလို့ စဉ်းစားပြီးတော့ သူက ဘုရား ယောင်ဖန်ဆင်းပြီး သူရမ္ဗဋ္ဌအိမ်ကို သွားတယ်၊
မာရ်နတ်က ဉာဏ်နုတယ် ထင်ရတဲ့ သူတွေအား ထင်ယောင်ထင်မှားဖြစ်အောင် အင်မတန် လုပ်တတ်တယ်၊အမျိုးသမီးတွေများ သူက သိပ်အထင်သေးတယ်၊ သူပြောလိုက်ရင် ထင်ယောင်ထင်မှား ဖြစ်သွားမယ်လို့ သူကထင်ထားတယ်၊
ဒါကြောင့် သူက ဘိက္ခုနီမတွေ တစ်ပါးတည်း တရားနှလုံးသွင်း နေရာများမှာ သွားသွားပြီးတော့ “ဟဲ့ - ဘိက္ခုနီမ လောကမှ ထွက်မြောက်ရာ နိဗ္ဗာန်ဆိုတာ မရှိဘူး၊ ဆိတ်ငြိမ်ရာမှာ လာနေလို့ အကျိုး မရှိဘူး၊ အလကားပဲ၊ ဧရာမ ရသေ့ ရဟန်းမြတ် ကြီးတွေမှ ရနိုင်တဲ့ တရားထူးကို လက်နှစ်သက်လောက် ဉာဏ်ပညာရှိတဲ့ နင်တို့ မိန်းမတွေ မရနိုင်ဘူး” စသည်ဖြင့် စိတ်ပျက်ပြား ကျဆင်းသွားအောင် ပြောတတ် ပါတယ်၊
ဒါပေမယ့် အဲဒီ ဘိက္ခုနီမတွေက ရဟန္တာမတွေ ဖြစ်နေလို့ တော်ပါသေးရဲ့၊ သူပြောတာ ဘာမှ အရာမရောက်ပါဘူး။ ယခုခေတ်ကာလမှာလဲ တရား အားမထုတ်ချင်အောင် စိတ်ဓာတ် ပျက်ပြားအောင် ပြောတတ်တဲ့ ပုဂ္ဂိုလ်တွေရှိတယ်၊ သူတို့က ဘယ်လို ပြောသလဲဆိုတော့ “သတိပဋ္ဌာန်ဆိုတာ လူတွေအားထုတ်ရတာ မဟုတ်ဘူး၊ ပုထုဇဉ်တွေအားထုတ်ရတာ မဟုတ်ဘူး၊ အရိယာတွေသာ အားထုတ်ရတဲ့ တရားပဲ” စသည်ဖြင့်လဲ ပြောတတ်ကြတယ်၊
သောတာပန်ဆိုတာ တရားအားထုတ်လို့ ဖြစ်တာမဟုတ်ဘူး၊ တရားနာလို့သိရင် သောတာပန်ဖြစ်တယ်” စသည်ဖြင့်လဲ ပြောတတ်ကြတယ်၊ သွားတယ်, ရပ်တယ်, ထိုင်တယ်, ကွေးတယ်, ဆန့်တယ်, ဖောင်းတယ်, ပိန်တယ် စသည်ဖြင့် မှတ်တာဟာ တရားမဟုတ်ဘူး” စသည်ဖြင့်လဲ ပြောတတ်ကြတယ်၊ အဲဒီလိုပြောတဲ့ ပုဂ္ဂိုလ် တွေဟာ မာရ်နတ်၏ ဘက်တော်သားတွေလို့ ဆိုရမှာပဲ၊ ဒါမှမဟုတ်ရင်လဲ မာရ်နတ်က၊ သို့မဟုတ် မောဟ, ဒိဋ္ဌိ, မာန အစရှိတဲ့ ကိလေသမာရ်က ပူးကပ်ပြီး ပြောတာတွေလို့ ဆိုရမှာပဲ၊
အဲဒီလို ပြောကြတဲ့ ပုဂ္ဂိုလ်တွေထဲမှာ တရားအားမထုတ်ရဘူး၊ အားထုတ်ရင် မဂ်, ဖိုလ်, နိဗ္ဗာန်နဲ့ ဝေးသွားတယ်၊ အားမထုတ်ဘဲ စိတ်ကို အငြိမ်းစားထားမှ နိဗ္ဗာန်ရတယ်” စသည်ဖြင့် တရားအားမထုတ်ဖို့ ပိတ်ပင် ပြောဆိုတဲ့သူတွေက အဆိုးဆုံးပဲ၊ မာရ်နတ်အလိုနှင့် တစ်ထပ်တည်း ကိုက်ညီနေတာပဲ။
အဲဒီလို မာရ်နတ်က ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်လေ့ရှိတဲ့အတွက် ဘုရားအသွင် ဖန်ဆင်းပြီး သူရမ္ဗဋ္ဌအိမ်ကို သွားတယ်၊ သူရမ္ဗဋ္ဌက ဘုရားအစစ် ထင်မှတ်တဲ့အတွက် ဘာကိစ္စရှိလို့ ပြန်ကြွလာပါလိမ့်မလဲလို့ စဉ်းစားပြီး ဘုရားတု မာရ်နတ်ထံသို့ ချဉ်းကပ်သွားတယ်၊ ရိုသေစွာ ရှိခိုးပြီး ဒီလို မေးလျှောက်တယ်၊
“မြတ်စွာဘုရား အရှင်ဘုရားဟာ အခုတင်ပဲ ဒီအိမ်က ကြွသွားတယ်၊ ယခုပဲ ပြန်ကြွလာတယ်၊ ဘာအကြောင်းရှိပါသလဲ ဘုရား”လို့ မေးလျှောက်တယ်၊ ဒီတော့ ဘုရားတု မာရ်နတ်က “သူရမ္ဗဋ္ဌရေ - သင့်အား ငါတရားဟောစဉ်က မဆင်ခြင်မိဘဲ ขန္ဓာငါးပါး အကုန်လုံး အနိစ္စ, ဒုက္ခ, အနတ္တ ချည်းပဲလို့ ဟောခဲ့တယ်၊ အဲဒီအတိုင်းတော့လဲ မဟုတ်တတ်ဘူး၊ အချို့ခန္ဓာများကတော့ နိစ္စ ဓုဝ သဿတ ဖြစ်ပြီး မြဲတယ်, ခိုင်တယ်, အစဉ်ထာဝရ တည်နေတယ်၊ အဲဒီအချက်ကလေး ပြင်ချင်လို့ ပြန်လာခဲ့တယ်”လို့ ပြောတယ်။
ဒီတော့ သူရမ္ဗဋ္ဌက “ဒီစကားဟာ အလွန်ဝန်လေးတဲ့ စကားပဲ၊ ဗုဒ္ဓမြတ်စွာဘုရား များမှာ မစူးစမ်း မဆင်ခြင်ဘဲ ပြောဆိုရိုး မရှိဘူး၊ မာရ်နတ်ဆိုတာ မြတ်စွာဘုရား၏ ဆန့်ကျင်ဘက် ပြုလေ့ရှိတယ်လို့ ကြားရဖူးတယ်၊ ဒီမာရ်နတ်ပဲ ထင်ပါရဲ့လို့ ဆင်ခြင်ပြီး “သင်ဟာ မာရ်နတ်မဟုတ်လား”လို့ တည့်ထိုးမေးလိုက်တယ်၊
အဲဒီလို အရိယပုဂ္ဂိုလ်က မေးလိုက်တော့ မာရ်နတ်က ဟုတ်ပါတယ်လို့လဲ ဝန်ခံ ဖြေဆိုရတယ်၊ ဒီတော့ သူရမ္ဗဋ္ဌက “ဟေ့ - မာရ်နတ် သင်လို မာရ်နတ်တွေ တစ်ရာ, တစ်ထောင်လာပြီး လှုပ်ပေးမယ့် ငါ၏ ယုံကြည်မှု သဒ္ဓါတရားကိုတော့ မလှုပ်စေနိုင်ဘူးလို့ မှတ်ထားပါ၊
ဂေါတမ မြတ်စွာဘုရားက အားလုံးသော ရုပ်နာမ်သင်္ခါရ တရားတွေဟာ အနိစ္စ မမြဲတာတွေ ချည်းပဲလို့ ဟောသွားတယ်၊ ငါကိုယ်တိုင်လဲ အားလုံးပင် မမြဲဘူးလို့ သိမြင်နေတယ်၊ သင်ဟာ ငါ့အိမ်ဝမှာ လာမနေပါနဲ့ ချက်ခြင်းထွက်သွားပါ”လို့ လက်ဖျောက်တီးပြီး နှင်လိုက်တယ်၊
အဲဒါဟာ အနိစ္စ, ဒုက္ခ, အနတ္တ အသိအမြင်တွေ မဂ်ဉာဏ်ဖြင့် ခိုင်မြဲနေလို့ပါပဲ၊ အရိယမဂ်ဉာဏ်ဖြင့် မခိုင်မြဲသေးတဲ့သူဆိုရင် ဘုရားကိုယ်တော်တိုင်က လာပြီး ပြင်တယ်ဆိုတော့ ပယ်ဖို့ ခက်ပါလိမ့်မယ်။ ယခု ကာလမှာ နိုင်ငံခြား သွားနေပြီး ပြန်လာတဲ့ အခါ တစ်ချို့မှာ အယူအဆတွေ တစ်မျိုးဖြစ်လာတယ်၊ တစ်ချို့ကတော့ နိုင်ငံခြား သာသနာပြုအနေနဲ့ သွားတယ်၊ ပြန်လာတဲ့အခါ အယူအဆတွေဟာ ရှေးကလို မဟုတ်တော့ဘဲ ဖောက်ပြန်လာတယ်၊ ဒီလိုဟာမျိုးတွေလဲ ကြားရတယ်၊
အဲဒါဟာ အရိယမဂ်ဖြင့် ခိုင်မြဲတဲ့ အသိအမြင်ဉာဏ်ပညာ မပြည့်စုံသေးလို့ပါပဲ၊ အရိယ မဂ်ဉာဏ်အမြင်နှင့် မပြည့်စုံသေးရင် အနိစ္စ, ဒုက္ခ, အနတ္တ အသိအမြင် တွေဟာ ဘယ်လိုပဲ ကောင်းနေတယ် ဆိုပေမယ်လို့ စိတ်မချသေးဘူး၊ ယခုဘဝမှာ မပျက်တောင် နောက်ဘဝတွေကျတော့ ပျက်သွားနိုင်တယ်၊
ယခုနေအခါမှာ မြန်မာပြည်က ကုသိုလ်ကောင်းမှုနှင့် ပြည့်စုံတဲ့ သူတွေဟာ တိုးတက်နေတဲ့ အခြားနိုင်ငံတွေမှာ သွားဖြစ်နိုင်တယ်၊ အဲဒီလိုဖြစ်ရင် အဲဒီ ဖြစ်ရာ ဘဝက မိဘဆွေမျိုးတွေ၏ အယူအဆအတိုင်း ဖြစ်သွားဖို့ သေချာပါတယ်၊ အဲဒါဟာ အရိယာနှင့် ဉာဏ်ဖြင့် မတူတဲ့အတွက် စိတ်မချရတာ၊ မခိုင်မြဲတာပါပဲ။
ဒါကြောင့် အရိယနှင့် ဉာဏ်ဖြင့်တူအောင်လို့ အရိယမဂ်ဉာဏ်အမြင်ကို ရအောင် ကျင့်သုံးအားထုတ်ဖို့ရာ အလွန်ပင် အရေးတကြီးလိုပါတယ်၊ ခုတင်က ပြောခဲ့တဲ့ အတိုင်း ဖြစ်ခိုက်ရုပ်နာမ်ကို ရှုမှတ်လို့ အနိစ္စ ဒုက္ခ အနတ္တ သဘောတွေကို ပိုင်ပိုင် နိုင်နိုင် သိပြီး အရိယမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို တွေ့မြင်သွားရင်တော့ အဲဒီ အနိစ္စ ဒုက္ခ အနတ္တ အသိဟာ တစ်ခါတည်း ခိုင်မြဲသွားတယ်၊
မရှုမှတ် မဆင်ခြင်ဘဲနေတဲ့အခါ သူများလိုပင် မထူးခြားဘူး ထင်ရသော်လဲ ရှုမှတ်လိုက် ဆင်ခြင်လိုက်ရင် ခဏမစဲ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်သဘောမျှ အနိစ္စ ဒုက္ခ အနတ္တ သဘောမျှပဲဆိုတာ ဉာဏ်ထဲရှင်းနေတယ်၊ အဲဒါဟာ မျက်မှောက်မှာရော မျက်ကွယ်မှာရော အရိယာနှင့် အသိအမြင် ဉာဏ်ပညာချင်း တူနေပုံပါပဲ၊
ဒီအရိယာနှင့် ပြည့်စုံရင် ရှေ့နားက ပြောခဲ့တဲ့ အရိယာသီလနှင့်လဲ ပြည့်စုံတယ်၊ မေတ္တာ ကာယကံ, မေတ္တာဝစီကံ, မေတ္တာမနောကံများနှင့်လဲ ပြည့်စုံတယ်၊ သီလဝန္တ ပုဂ္ဂိုလ်များနှင့် မိမိပစ္စည်းကို ဝေငှသုံးဆောင်တယ်ဆိုတဲ့ ဂုဏ်နှင့်လဲ ပြည့်စုံတယ်။ ဒါကြောင့် ဒီအရိယပညာဆိုတဲ့ သာရဏီယ ဂုဏ်ကို သာရဏီယ တရားထဲမှာ အထွတ်အမြတ်ဆုံး ခေါင်ချုပ် ဖြစ်တယ်လို့လဲ ဟောတော်မူပါတယ်၊
နောက်ပြီးတော့ အဲဒီအရိယာပညာ ပြည့်စုံပုံနှင့်စပ်ပြီး စိစစ် ဆင်ခြင်ပုံများကိုလဲ ဒီကောသမ္ဗိယသုတ်မှာ အကျယ် ဟောတော်မူပါတယ်၊ အလွန်လဲ မှတ်သားဖွယ် ကြည်ညိုဖွယ်ကောင်းပါတယ်၊ အဲဒါကိုတော့ ဒီကနေ့ည ဟောဖို့ အချိန်မရှိပါဘူး၊ တစ်ညတည်း ဟောလို့လဲ ပြီးမှာ မဟုတ်ဘူး၊ သုံးညလောက် ဟောရပါလိမ့်မယ်၊
ဒါကြောင့် အဲဒီ စိစစ်ဆင်ခြင်ပုံများကို နက်ဖြန်ညကျမှစပြီး ဟောရမယ်၊ ဒီကနေ့တော့ ဒီတွင်ပဲ ရပ်နားကြပါစို့။ ယခု ဟောခဲ့သော သာရဏီယတရားများနှင့် ပြည့်စုံအောင် အားထုတ်နိုင်ကြပါစေ၊ ပြည့်စုံကြ၍ အတူနေဖူးသူများက တစ်အောက်မေ့မေ့နှင့် အမှတ်ရခြင်းကို ခံယူရရှိနိုင်ကြပါစေ။ အချင်းချင်း အငြင်းအခုံ အကွဲအပြားမရှိဘဲ တစ်သားတည်း ညီညွတ်ကြ၍ ကိုယ်စိတ်နှစ်ဖြာ အမြဲတမ်း ချမ်းသာလျက် ရှိကြပါစေ၊ ချမ်းသာစွာနှင့် တိုးတက် အားထုတ်နိုင်ကြ၍ မိမိတို့ အလိုရှိအပ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို လျင်မြန်စွာ ဆိုက်ရောက်ကြပါစေ။
သာဓု... သာဓု... သာဓု... ။
သာရဏီယ တရားတော် ဤတွင် ပြီး၏။