မာတိကာသို့ ခုန်သွားရန်

သာသနဝိသောဓနီ (တတိယတွဲ)

ဝီကီရင်းမြစ် မှ

သာသနဝိသောဓနီ (တတိယတွဲ)

မာတိကာ

နိဒါန်း
၁။ ဘွဲ့တံဆိပ်နှင့် စပ်၍ ဆရာတော်ကြီး မိန့်ဆိုချက်
၂။ ကမ္မဝါစာဖတ်မှု, သရဏဂုံပေးမှုတို့၌ အရေးကြီးသော အချက်များ
၃။ ဥပဇ္ဈာယဂဟဏ ဝိနိစ္ဆယ
၄။ ထေနက ဝိနိစ္ဆယ
၅။ ဥပသမ္ပဒ ဝိနိစ္ဆယ
၆။ ဘာတရင်ရာဆယ်၏ စကားလေးခွန်း အဖြေ
၇။ မြတ်စွာဘုရား ဝိဘဇ္ဇဝါဒီ ဟုတ်-မဟုတ်အဖြေ
၈။ ကျောက်မြောင်းအတွင်းဝန်မင်းသို့ ပေးစာ
၉။ မောင်ရောင်နီပုစ္ဆာ ၅-ချက် အဖြေ
၁၀။ မောင်ရောင်နီပုစ္ဆာ ၄-ရပ် အဖြေ
၁၁။ ဦးတောက်က ဦးရောင်နီထံ ပေးစာ
၁၂။ နာမ်ဇီဝိတိန္ဒြေ အဆုံးအဖြတ်
၁၃။ မင်းကင်းပုစ္ဆာ အဖြေ
၁၄။ ဗုဒ္ဓစုတိစိတ္တာရမ္မဏ ဝိနိစ္ဆယ
၁၅။ လယ်တီစာစစ်နည်းနှင့် စာသင်နည်း
၁၆။ ဣန္ဒဝဇီရ အဖြေ
၁၇။ ကံ-ဒွါရ အဆုံးအဖြတ်
သာသနဝိသောဓနီကျမ်း တတိယတွဲ မာတိကာ ပြီးပြီ။

နိဒါန်း

သာသနာ ပျက်စီးကြောင်း

ပရိယာယ ဒေသိတဉ္စာပိ၊ အထော နိပ္ပရိယာယဒေသိတံ၊ နီတတ္ထေဉ္စဝ နေယျတ္ထံ၊ အဇာနိတွာန ဘိက္ခဝေါ။ အညံ သန္ဓာယ ဘာသိတံ၊ အညံ အတ္ထံ ထပယိံသု တေ၊ ဗျဉ္စနစ္ဆာယာယ တေ ဘိက္ခူ၊ ဗဟုံ အတ္ထံ ဝိနာသယုံ။

ဟူ၍ “ဒီပဝံသကျမ်း” ၌ မိန့်ဆိုတော်မူအပ်သည်နှင့်အညီ ---

အချို့အချို့သော သူတို့သည် မြတ်စွာဘုရားသခင် ဟောတော်မူအပ်သော “ဓမ္မဝိနယ” ခေါ် “ပိဋကတ်တော်” တို့၌ --

၁။ ပရိယာယ ဒေသနာတော်,
၂။ နိပ္ပရိယာယ ဒေသနာတော်,
၃။ နီတတ္ထ ဒေသနာတော်,
၄။ နေယျတ္ထ ဒေသနာတော်,
၅။ သန္ဓာယဘာသိတ ဒေသနာတော်,

များကို မသိကြ -- အနက်အဓိပ္ပါယ်, ရှေ့စကား နောက်စကားများကို မဆင်ခြင် မိမိတို့အထင် အမြင်ဖြင့် “သဒ္ဒါရေး အရိပ်အရောင်” ကိုလည်းကောင်း, တစ်စွန်းတစ်စသော ပါဠိစုကို လည်းကောင်း ကြည့်ရှု ဝေဖန်ကြကာ ဖေါက်ဖေါက် ပြန်ပြန် မမှန်မကန် ယူမှားကြ, ရေးသားကြ, ဆုံးဖြတ်ကြ, ပြောဟောကြကုန်ပြီ။

[ဘာသာခြား များကလည်း တစ်စွန်း တစ်စသော ဒေသနာ ပါဠိစုကို မဟုတ် မမှန် လုပ်ကြံကာ အဓိပ္ပါယ်မှားကို ပြဆိုကြကုန်လျက် ဗုဒ္ဓသာသနာတော်ကြီးကို ဖျက်ဆီးကြကုန်ပြီ။]

သတိ သံဝေဂ ရတော်မူခြင်း

ယင်းသို့လျှင် ပိဋကတ်တော်ကြီး ပျက်စီးမည့်ဘေး, ဗုဒ္ဓသာသနာတော်ရောင်ကြီး သေးသိမ် မှေးမှိန်မည့် ဘေးများကို မျက်ဝါး ထင်ထင် တွေ့မြင်တော်မူသော “ကျေးဇူးတော်ရှင် လယ်တီ ဆရာတော်ဘုရားကြီး” သည် --

“ဟန္ဒ မယံ အာဝုသော ဓမ္မဉ္စ ဝိနယဉ္စ သင်္ဂါယေယျာမ, ပုရေ အဓမ္မော ဒိဗ္ဗဟိ ဓမ္မော ပဋိဗာဟိယျတိ”

ငါ့ရှင်တို့ -- သူယုတ်တရား မထွန်းကားမကြီးပွါးမီ, သူတော်တရား မကွယ်ပ-မပျက်စီးမီ “ဓမ္မဝိနယ” ကို “သင်္ဂါယနာ” ငါတို့ တင်ကြစို့ဟု အရှင်မဟာကဿပထေရ်မြတ် မိန့်မှတ်တော်မူအပ်သော စကားတော်မြတ်ကို “သတိသံဝေဂ” ရတော်မူရကား --

သာသနဿ မလံ သာသနမလံ၊ ဝိသောဓေတိ ဧတ္ထ, ဧတေနာတိ ဝါ ဝိသောဓနီ၊ သာသနမလဿ ဝိသောဓနီ သာသနဝိသောဓနီ မဇ္ဈေလောပဝသေန ---

ဟူသော ဝိဂြိုဟ်ဝစနတ် ဗျုပ္ပတ်ဖွင့်နှင့်အညီ -- အဆိုပါ သာသနာ့ အညစ်အကြေး ဘေးရန်များကို သုတ်သင်ရှင်းလင်း ကာကွယ်ခြင်းဖြစ်ပေသော ဤ “သာသနဝိသောဓနီ” ကျမ်းစာအုပ်ကြီးကို ရေးသား ထုတ်ဝေတော်မူခဲ့ပါကြောင်း။

ကျေးဇူးရှင် ဆရာတော်ဘုရားကြီး ပြန်လွန်တော် မူပြီးနောက်၌ စီရင်တော်မူခဲ့သော ဤ “သာသနဝိသောဓနီ” ကျမ်းစာအုပ်ကြီးကို မတိမ်ကော မပပျောက်စေရန် လည်းကောင်း , တပည့် နောက်သား လူအများတို့ မှတ်သားကြည့်ရှု သတိပြုသဖြင့် ဉာဏ်စဉ်တိုးပွါး နိဗ္ဗာန်တိုင် အကျိုး များစေရန် လည်းကောင်း , ရည်သန် ရိုးရင်း နှလုံးသွင်း ရှိရကား ဓမ္မာစရိယ ပါဠိဆရာကြီး ဦးခင်စိုး အမှူးရှိသော ဟံသာဝတီ ပါဠိဆရာကြီးများက အက္ခရာပုဒ်ရင်း မချွတ်ယွင်းစေရအောင် သုတ်သင် ပြင်ဆင်လျက် ဤ သာသနဝိသောဓနီကျမ်း တတိယတွဲကို စက်တင် ပုံနှိပ်အပ်ပါကြောင်း။

သာသနဝိသောဓနီ (တတိယတွဲ)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဘွဲ့တံဆိပ်နှင့် စပ်၍ ဆရာတော်ကြီး မိန့်ဆိုချက်

၁၂၇၄-ခု၊ တန်ခူးလဆန်း ၁၅-ရက်။

မြန်မာပြည် အစိုးရမင်းတို့က မြန်မာပြည် ပိဋကတ်စာပေပညာ တတ်မြောက်ကြသူ ရဟန်း, ရှင်, လူတို့အား ပညာ အရည်အချင်း အလိုက် ရွေးချယ် ညှိနှိုင်းပြီး ဘွဲ့တံဆိပ်နှင့် ငွေတော်များကို ထောက်ပံ့ လှူလိုပါ၍ မည်သည့်ပညာ အတန်းအဆင့်မှာ မည်သည့် ဘွဲ့တံဆိပ်မျိုးနှင့် သင့်လျော် သည်ဟု ဆရာတော် သဘောရှိရာ စီမံချက်ကို လိုက်နာပါမည့်အကြောင်းနှင့် လျှောက်လွှာများ ရောက်ရှိလာရာ အောက်ပါအချက်ကြီးများကို ရွေးချယ်၍ ရေးသား ပေးပို့တော်မူသည် ဖြစ်ကြောင်း။

အစိုးရမင်းတို့ ရည်ရွယ်ချက်

၁-အချက်။ ။ ဤမြန်မာနိုင်ငံတော်တွင် ရှေးအခါကစ၍ နိုင်ငံ ရင်းသားတို့ သင်ကြား လေ့ကျက်၍ လာခဲ့ကြသော စာပေကျမ်းဂန်များကို မတိမ်မမြုပ်စေဘဲ တိုးတက်သင်ကြား ကြစေရန်အကျိုးငှါ မြန်မာပြည် ဘုရင်ခံမင်းမြတ်က အားပေး အားမြှောက် ပြုလို၍အောက်ပါ အချက်များကို ပြုလုပ် စီမံချထားသော် သင့်, မသင့်စဉ်းစားဆင်ခြင်လျက် ရှိနေပါသည်။

ဆရာတော်ဘုရားကြီး၏ ထင်မြင်ချက်

ဤ ၁-အချက်မှာ။ ။ အလွန် ဝမ်းမြောက်ဖွယ်ရှိ၏၊ ဘုရင်ခံမင်းမြတ် ကြံရွယ်သည့်အတိုင်း ထမြောက်အောင်မြင်ပါစေဟု ဆရာတော် ဆုတောင်း၏၊ အကြောင်းကို ဆိုသော် ပါဠိဘာသာ ကျမ်းဂန်များသည် လောက, ဓမ္မလိမ္မာကြရန် အလင်းနယ်များ ဖြစ်ပေသတည်း။

သို့ရာတွင် ပါဠိဘာသာကျမ်းဂန် ကောင်းကောင်း တတ်မြောက်နိုင်ရန် အခြေခံမှာ-
၁။ သဒ္ဒါအရေးအရာ၌ တတ်ကျွမ်းခြင်း,
၂။ အဘိဓမ္မာ အရေးအရာ၌ တတ်ကျွမ်းခြင်း,
ဟူ၍ နှစ်ပါးရှိ၏၊ ထိုနှစ်ပါးတို့တွင်-

၁။ သဒ္ဒါအရေး အရာ၌ တတ်ကျွမ်းမှုသည် ပါဠိဘာသာ ကျမ်းဂန်တို့၌ မျက်စိအလင်းပေါက်ဖို့ ဖြစ်၏။

၂။ အဘိဓမ္မာ အရေးအရာ၌ တတ်ကျွမ်းမှုသည် ပါဠိဘာသာ ကျမ်းဂန်တို့၌ ဉာဏ်အလင်းပေါက်ဖို့ ဖြစ်၏။

ဤသို့အခြေခံကို သိရှိကြသည့်အတိုင်း သဒ္ဒါအရေးအရာ, အဘိဓမ္မာ အရေးအရာများကို ကြိုးစား အားထုတ် သင်ကြားလေ့လာကြပါ သော်လည်း လွယ်ကူစွာနှင့် တတ်မြောက်နိုင်သော နည်းလမ်းမျိုး မဟုတ်၊ အလွန်ခက်ခဲ ဆင်းရဲငြိုငြင် ပင်ပန်း ကြာညောင်းမှ တတ်မြောက်နိုင်သော နည်းလမ်းမျိုး ဖြစ်နေကြ၏၊ သဒ္ဒါတတ်မြောက်ရေး, အဘိဓမ္မာ တတ်မြောက်ရေးကို မဆိုထားဘိဦး၊ မြန်မာ သင်ပုန်းကြီးမှာပင် လွယ်ကူစွာနှင့် တတ်မြောက်နိုင်သော နည်းလမ်း မရှိကြ၊ နည်းသစ်, လမ်းသစ် လုပ်ကြံလေ့ မရှိကြ။

သင်ပုန်းကြီးသင်နည်း - နှင့်တကွ ပါဠိဘာသာ ဆိုင်ရာ သဒ္ဒါရေး, အဘိဓမ္မာရေးများကို အလွန် လွယ်ကူစွာနှင့် တတ်မြောက်နိုင်ကြရန် ဆရာတော် လုပ်ကြံအားထုတ်သဖြင့် အလွန်လွယ်ကူစွာ တတ် မြောက်နိုင်ကြောင်း ယခုအခါ နိုင်ငံမှာ ထင်ရှားလျက် ရှိပါသော်လည်း အစိုးရစာသင် ကျောင်းများသို့ မရောက်သေး သည့်အတွက် မတွင်ကျယ်နိုင် ရှိနေသည်၊ အစိုးရ စာသင်ကျောင်း များ၌ အချိန်နာရီအနည်းငယ် သင်ကြားရန် အခွင့် ရရှိသော်လည်း ဆုလာဘ်ရရန် ဖက်သို့သာ ပါရှိ၍နေကြသဖြင့် သင်ကြား၍ ပေးမည့်သူ ဆရာမရှိ ဖြစ်နေကြလေသည်။

[ပါဠိဘာသာကျမ်းစာကို ရွာထဲ,မြို့ထဲက တတ်မြောက်သူများ၍ လာမှ ဘုန်းကြီးကျောင်းများက ပါလာနိုင်ကြမည်။]

၁-အချက်၌ ဆရာတော်ထင်မြင်ချက် ပြီး၏。

၂-အချက်။ ။ မြန်မာနိုင်ငံတော်တွင် ပါဠိဘာသာ စာပေကျမ်းဂန်၌ အထူးသဖြင့် ထင်ရှား တတ်မြောက် လိမ္မာသော လူ, ရှင်, ရဟန်းတို့အား ဘွဲ့အမည်နှင့် တစ်နှစ်လျှင် ပင်စင်ငွေ တစ်ရာကျ ပေးလှူချီးမြှောက်ရန် ဘုရင်ခံမင်းမြတ် စီမံကြံရွယ်လျက် ရှိသည်မှာလည်း ဝမ်းမြောက်ဖွယ်ရှိ၏၊ စီမံကြံရွယ်သည့် အတိုင်း ထမြောက်အောင်မြင်ပါစေဟု ဆရာတော် ဆုတောင်း၏။

သို့ရာတွင်။ ။ ဤမြန်မာနိုင်ငံတော်မှာ ပါဠိဘာသာကျမ်းဂန်ကို ကောင်းစွာ တတ်မြောက်ခဲ့ပါလျှင် ၎င်းအစိုးရ ဆုငွေမျှမက ဘုန်းတန်း လာဘ်လာဘ ကြီးကြောင်းကို သိကြ၍ ပါဠိဘာသာကို ကောင်းစွာတတ်မြောက်လိုကြ ပါသော်လည်း ရဟန်း, သံဃာတို့မှာ သင်နည်းကြားနည်းအလွန် ညံ့ဖျင်းသဖြင့် ကောင်းစွာ တတ်မြောက်နိုင်ရန် အလွန်ခဲယဉ်းလျက် ရှိနေကြလေသည်။

အစိုးရ စာသင်ကျောင်းများက လွယ်ကူသော နည်းသစ်, လမ်းသစ်နှင့် သင်ကြားလေ့ ရှိသည့်အတိုင်း သင်ကြား၍ မြို့ထဲ, ရွာထဲက တတ်မြောက်သူ ပေါများ၍ လာခါမှ ဘုန်းကြီးကျောင်းများက ညံ့ဖျင်း သော နည်းလမ်းများကို စွန့်ပယ်၍ လွယ်ကူသော နည်းသစ်, လမ်းသစ်သို့ ပါလာကြရန်ရှိသည်။

၂-အချက်၌ ဆရာတော် ထင်မြင်ချက် ပြီး၏。

၃-အချက်။ ။ ၂-အချက်၏ အခြေမူလ အကျိုးကျေးဇူးမျှကို ပြဆိုသည်ဖြစ်၍ ထင်မြင်ချက် ထုတ်ဆိုဖွယ် အထူးမရှိ။

၄-အချက်။ ။ ဦးထုပ်, ခေါင်းပေါင်း, ကိုယ်တင် တဘက် များနှင့် “ခေလ်လပ်” ခေါ် ဘွဲ့တံဆိပ်များသည် မြန်မာလူမျိုးတို့ အသုံး အဆောင်မျိုး မဟုတ်၊ မြန်မာတို့မှာ -

၁။ လူဖြစ်ခဲ့လျှင် သက္ကလပ်အင်္ကျီ, ဖဲအင်္ကျီတွင် ရင်ဖုံးတပ်၍ ၎င်းရင်ဖုံးပေါ်မှာ ၎င်းတံဆိပ် တပ်ထား၍ မင်းပွဲသဘင် ဝင်ရာမှာ ဝတ်ဆင်စေရန် သင့်လျော်လိမ့်မည် ထင်၏။
၂။ ရဟန်းတော် ဖြစ်ခဲ့လျှင် ခရီးသွား မျက်မှန်တစ်ခုမှာ ၎င်း တံဆိပ်ကို ဖွဲ့ထား၍ မင်းပွဲသဘင် ဝင်ရာမှာ ၎င်းမျက်မှန်ကို စွပ်၍ ဝင်စေရန် သင့်လျော်လိမ့်မည် ထင်၏။

မင်းပွဲသဘင် ဝင်ရာမှာ။ ။ လူဖြစ်ခဲ့လျှင် ရာဇဘွဲ့ခံများ၏ နောက်က သင့်လျော်၏၊ ရဟန်းတော် ဖြစ်ခဲ့လျှင် ရာဇဘွဲ့ခံများနှင့် နေရာတန်းတူသော် လည်းကောင်း, ရှေ့ကျသော် လည်းကောင်း သင့်လျော်၏။

၅။ အချက်။ ။ အစိုးရများ ကိုယ်တိုင် သိအောင် စုံစမ်းလိမ့်မည် ဟူသော အရာ သင့်လျော်လှပေ၏။

၆။ အချက်။ ။ ဘွဲ့ရသူ အင်္ဂါလေးချက် မျက်မှန်ပုံ သင့်လျော်လှပေပြီ၊ မြန်မာတို့အကြိုက် ဘွဲ့အမည်မှာ-

ရဟန်းဖြစ်လျှင် “တိပိဋကဝိဒူ အဂ္ဂမဟာပဏ္ဍိတတ္ေရ
လူဖြစ်လျှင် “တိပိဋကဝိဒူ အဂ္ဂမဟာပဏ္ဍိတဓဇ

၇။ အချက်။ ။ “မဟာမဟိုပဓာယ” အဓိပ္ပါယ်မှာ “မဟာ မဟော ပဓာယ” ဆိုလိုသည်၊ မဟောပဓာယကို “မဟာ ဥပဓာယ” ပုဒ်ဖြတ်၊ ဥပဓာယ သဒ္ဒါသည် ရှေ့ဆောင် ရှေ့သွားကို ဟောသည်။

[ကြီးမြတ်သော ရှေ့ဆောင် ရှေ့သွားကြီး ဆိုလိုသည်။]

တြိပိဋကဝါစီ ဝရာစရိယ မဟာမဟိုပဓာယ - သီဟိုဠ်။
တိပိဋကဝါစီ ဝရာစရိယ မဟာမဟောပဓာယ - ပါဠိ။

[ပိဋကတ်သုံးပုံကို ချပို့နိုင်သော မြတ်သောဆရာ မဟာရှေ့ဆောင်ကြီး ဆိုလိုသည်။]

လျှောက်လွှာနှင့် ပူးတွဲပါရှိသည့် စာလွှာမှာ-
၁။ မဟို ဥပါဓာယ ..... တစ်ချက်။
၂။ မဟာ မဟိုဥပါဓယာ ..... တစ်ချက်။
၃။ မဟို ဥပါဓာယာ ..... တစ်ချက်။

ဤသုံးချက်တွင် ဥအက္ခရာ ပိုလွန်သည်၊ ပါဠိဘာသာအလို “မဟာမဟောပဓာယ” ဆိုလိုသည်။

သီဟိုဠ်အကြိုက်မှာ မဟာသဒ္ဒါတစ်ခုကို ဝရသဒ္ဒါနှင့် လဲလှယ်၍ “ဝရာစရိယ မဟောပဓာယ” ဆိုသည်။

မြန်မာတို့အကြိုက်မှာ မဟာ သဒ္ဒါတစ်ခုကို အဂ္ဂသဒ္ဒါနှင့် လဲလှယ်၍ “အဂ္ဂမဟာ” ဆိုသည်။

မြန်မာနိုင်ငံ၌။ ။ ပါဠိဘာသာ ကောင်းစွာ တတ်ကျွမ်းသူ ရဟန်း, ရှင်, လူတို့အား ပြည်ပိုင် အစိုးရမင်းတို့က ဘွဲ့တံဆိပ် ပေးလှူ ချီးမြှောက်လိုရာ မြန်မာဘုန်းကြီး, ရဟန်း, သာမဏေများနှင့် သင့်လျော်သည့် အမည် သညာ ဘွဲ့တံဆိပ်များကို သိလိုပါကြောင်းနှင့် ဆရာတော်ထံသို့ ပေးပို့ ရောက်ရှိသည့် လျှောက်လွှာစုမှာ -

၁။ ဣန္ဒြိယနိုင်ငံတွင် ပေးသော ဘွဲ့တံဆိပ် အမည်သညာမျိုး,
၂။ သီဟိုဠ်နိုင်ငံတွင် ပေးသော ဘွဲ့တံဆိပ် အမည်သညာမျိုး,

များကိုလျှောက်လွှာတွင် တင်ပြပါရှိကြရာ ဣန္ဒြိယဘွဲ့တံဆိပ်ကို အင်္ဂလိပ် အက္ခရာမှ မြန်မာအက္ခရာ သို့ ပြန်ဆို ရေးသားကြရာ၌ အက္ခရာ ကောက်ယူပုံချင်း မတူ ကွဲလွဲရှိနေကြသည့်အတွက်-

လျှောက်လွှာများမှာ-
၁။ မဟာ မဟို ဥပါဓာယ,
၂။ မဟာ မဟို ဥပါဓယာ,
၃။ မဟာ မဟို ဥပါဓာယာ,
[ဟူ၍ မြန်မာအက္ခရာနှင့် ရေးသား ပါရှိကြသည်။]

မုံရွာမြို့လျှောက်လွှာမှာ-
၄။ မဟာ မဟို ပါဒရရာ,
[ဟူ၍ ရေးသား ပါရှိသည်။]

မန္တလေးမြို့လျှောက်လွှာမှာ-
၅။ မဟာ မဟို ပဓျာယ,
[ဟူ၍ ရေးသား ပါရှိသည်။]

သီဟိုဠ်ဘွဲ့တံဆိပ်မှာလည်း-
၆။ တြိပိဋကဝါစီ ဝရာစရိယ မဟို ဥပါဓယာ,
[ဟုရေးသား ပါရှိသည်။]

ထိုသို့ အက္ခရာ ပြန်ဆိုပုံချင်း မတူကွဲလွဲရှိနေကြရာ “မဟာမဟို ပဓျာယ”ဟူ၍ ရေးသား ပါရှိသော မန္တလေး ပြန်ဆိုချက်သည်သာ အမှန် ဖြစ်သည်၊ ပါဠိဘာသာ အလိုအားဖြင့် “မဟာမဟောပဇ္ဈာယ” ဆိုလိုသည်၊ ၎င်းကို ပုဒ်ဖြတ်လျှင် “မဟာ မဟာ ဥပဇ္ဈာယ” ဖြစ်လာသည်၊ ထိုတွင် ဥပဇ္ဈာယပုဒ်ကို မြန်မာဘာသာမှာ ဥပဇ္ဈာယ်ဆရာ ဟူ၍ ခေါ်သည်၊ ကြီးကြပ် ကြည့်ရှု၍ ဆုံးမသွန်သင်သူ ဆိုလိုသည်၊ “မဟော ပဇ္ဈာယ- ဥပဇ္ဈာယ် ဆရာကြီး၊ မဟာမဟောပဇ္ဈာယ - ဥပဇ္ဈာယ်ဆရာကြီး ပြုလုပ်ကြသူ အများတို့ထက် ကြီးကဲသော ဥပဇ္ဈာယ် ဆရာကြီး” ဟူ၍ ကြီး-နှစ်လုံး ထပ်ဆင့်ရန် “မဟာ မဟာ” ဟု မဟာနှစ်ခု ရှေ့ထားလေသည်။

သီဟိုဠ်ဘွဲ့မှာ။ ။ မဟာတစ်ခုကို ဝရ-သဒ္ဒါနှင့်လဲလှယ်၍ “ဝရာစရိယ” ဟုထည့်ပြီးလျှင် ပါဠိဘာသာနှင့် လျော်စွာ ပိဋကတ် သုံးပုံကို ချပို့နိုင်သော သူဟု ထုတ်ဖော်ခြင်းငှါ “တြိပိဋကဝါစီ” ဟု ထည့်လေသည်။

မြန်မာနိုင်ငံမှာ။ ။ ဂုဏ်ထူးရ ကျက်သရေဆောင် ဘွဲ့တံဆိပ် အရာ၌ လည်းကောင်း ဥပဇ္ဈာယ-ဟူသော အမည်ကို အသုံးပြုရိုး မရှိ၊ တံဆိပ်ခံယူသူ၏ ရှိရင်းဘွဲ့အမည်ကို အစ၌ထားပြီးလျှင် ၎င်းနောက်၌ ဗုဒ္ဓဘာသာ သာသနာနှင့်စပ်လျဉ်းသော ဂုဏ်ကျက်သရေပုဒ်တို့ကို ခြယ်လယ်မြဲ ဖြစ်၏။

ယခု အစိုးရမင်းတို့ တံဆိပ်မှာမူကား။ ။ ဗုဒ္ဓဘာသာနှင့် ဆိုင်ရာ ဂုဏ်ထူးဝိသေသမျိုး မလို၊ ပါဠိဘာသာနှင့် ဆိုင်ရာဂုဏ်ထူး ဝိသေသကိုသာ လို၏၊ ထို့ကြောင့် မြန်မာရဟန်း, ရှင်, လူတို့အား ပေးလှူ ချီးမြှောက်ရန် တံဆိပ်မှာ သီဟိုဠ်တံဆိပ် နည်းလမ်းအတိုင်း တံဆိပ်အစ၌ ပါဠိဘာသာ သက်သက်ဖြစ်သော ပိဋကတ်သုံးပုံ တတ်မြောက်မှုကို ဦးတည်ထား၍ “တိပိဋကဝိဒူ အဂ္ဂမဟာ ပဏ္ဍိတ” ဟူသော ဘွဲ့တံဆိပ်သည် သင့်လျော်၏။

ရဟန်းတော်မှာ “တိပိဋကဝိဒူ အဂ္ဂမဟာပဏ္ဍိတတ္ေရ”။

လူဖြစ်ခဲ့လျှင် “တိပိဋကဝိဒူ အဂ္ဂမဟာပဏ္ဍိတဓဇ”။

ပါဠိဘာသာဖြစ်သော ပိဋကတ်သုံးပုံ တတ်မြောက် သူတို့တွင်လည်း အငယ်, အလတ်, အကြီး သုံးစားထားလိုပြန်လျှင်-

အငယ်ဖြစ်အံ့ “တိပိဋကဝိဒူပဏ္ဍိတ
အလတ်ဖြစ်အံ့ “တိပိဋကဝိဒူမဟာပဏ္ဍိတ
အကြီးဖြစ်အံ့ “တိပိဋကဝိဒူအဂ္ဂမဟာပဏ္ဍိတ
[ဟု သုံးစားထားရန်။]

၁။ ပိဋကတ်သုံးပုံ ပါဠိဘာသာကို မြန်မာဘာသာ အနက်ပြန်ဆိုနိုင်ရုံ တတ်လျှင် အငယ်,
၂။ မြန်မာဘာသာနှင့် ရှိနေသော ကျမ်းဂန်များကို ပါဠိဘာသာ ဖြစ်အောင် ပြန်ဆိုနိုင်လျှင် အလတ်,
၃။ ရှေးရှေးသော အဋ္ဌကထာကြီး, ဋီကာကြီးများနှင့် အလားတူ ပညာရှိတို့ ချီးမွမ်းလောက်သော ပါဠိဘာသာ ကျမ်းဂန်အသစ် ဖြစ်အောင် စီရင်နိုင်လျှင် အကြီး,

အစိုးရမင်းများ အလိုရှိရာ ရွေးကောက်ရန်။

[ဤကား ပါဠိဘာသာကို ကောင်းစွာတတ်မြောက်သူ ဖြစ်ရမည်ဟူသော ပဌမအင်္ဂါ အရတည်း။]

အချို့လျှောက်လွှာမှာ ပါဠိဘာသာကို ကောင်းစွာ တတ်မြောက်ရုံနှင့် အင်္ဂါမပြည့်စုံသေး၊ မိမိ တတ်သည့် အလိမ္မာပညာတို့နှင့် နိုင်ငံမြို့ရွာ တို့ကို တတ်သိလိမ္မာ တည်ကြည်ငြိမ်သက် ဖြစ်ကြ စေရန် ဆောင်ရွက်နိုင်ကြရမည်ဟု ပါရှိ၏၊ ဤအင်္ဂါနှင့် ပြည့်စုံသူ အလွန်ရှား၏၊ ယခုအခါ မြန်မာနိုင်ငံ ပေါ်မှာရှာကြံ၍ ပုဂ္ဂိုလ်လေးပါး, ငါးပါးရနိုင်ရန် ခဲယဉ်း၏။

လယ်တီ-ဆရာတော်။
မုံရွာမြို့။

ကမ္မဝါစာဖတ်မှု သရဏဂုံပေးမှုတို့၌ အရေးကြီးသော အချက်များ

ကမ္မဝါစာဖတ်မှု၌ လည်းကောင်း, သရဏဂုံပေးမှု၌ လည်းကောင်း, ကျွမ်းကျင် လိမ္မာကြစေခြင်းငှါ-

၁။ ဌာန်အချက်,
၂။ ကရိုဏ်းအချက်,
၃။ ပယတ်အချက်,
၄။ သိထိလ, ဓနိတစသော ဗျဉ္ဇနဗုဒ္ဓိ ဆယ်ပါး,
၅။ ဥပသမ္ပဒ ကမ္မဝါစာတို့၌ ပါရှိသော ပုဒ်ပါဌ် အက္ခရာတို့ကို စီစစ်ချက်။

ဤငါးချက်တို့ကို ပြဆိုပေအံ့။

ဌာန်အချက်

တိဋ္ဌန္တိ ပဝတ္တန္တိ ဝဏ္ဏာ ဧတ္ထာတိ ဌာနံ။

ဧတ္ထ - ဤအရပ်၌၊
ဝဏ္ဏာ - ဝဏ္ဏတို့သည်၊
တိဋ္ဌန္တိ ပဝတ္တန္တိ - ဖြစ်ကုန်၏၊
ဣတိတသ္မာ - ထို့ကြောင့်၊
တံ - ထိုအရပ်သည်၊
ဌာနံ - ဌာန မည်၏။

ထိုဌာန်သည် -

ဉာသ်ကျမ်းအလိုအားဖြင့် ကဏ္ဌဌာန်, တာလုဌာန်, မုဒ္ဓဌာန်, ဒန္တဌာန်, သြဋ္ဌဌာန်ဟူ၍ ၅-ပါး။

ရူပသိဒ္ဓိအလိုအားဖြင့် ကဏ္ဌဌာန်, တာလုဌာန်, မုဒ္ဓဌာန်, ဒန္တဌာန်, သြဋ္ဌဌာန်, နာသိကဌာန်ဟူ၍ ၆-ပါး။

သဒ္ဒနီတိအလိုအားဖြင့် ကဏ္ဌဌာန်, တာလုဌာန်, မုဒ္ဓဌာန်, ဒန္တဌာန်, သြဋ္ဌဌာန်, နာသိကဌာန်, ဥရဌာန်ဟူ၍ ၇-ပါး။

ဗီဇချာန်အလိုအားဖြင့် ကဏ္ဌဌာန်, တာလုဌာန်, မုဒ္ဓဌာန်, ဒန္တဌာန်, သြဋ္ဌဌာန်, နာသိကဌာန်, ဥရဌာန်, ဇိဝှါမူလဌာန်ဟူ၍ ၈-ပါး။

[ထိုရှစ်ပါးတို့တွင် ဥရဌာန်, ဇိဝှါမူလဌာန် နှစ်ပါးသည် ပါဠိအဋ္ဌကထာတို့၌ မလာဟု ဘေဒစိန္တာဋီကာ၌ ပယ်၏။]

ကဏ္ဌဌာန်

ကဏ္ဌဌာန် ဆိုသည်ကား။ ။ လည်ချောင်း၌ လည်သီး တည်ရာ အရပ်၏ အတွင်းဖြစ်သော လည်ချောင်းသားကို ဆိုသည်။

တေသု စ ကဏ္ဌကဋ္ဌာနံ၊ ကာကလဋ္ဌာန မုစ္စတေ။
ကာကလဋ္ဌာနကံနာမ၊ ဥဏ္ဏတဋ္ဌာန မုစ္စတေ။
ဧတဉ္စ ဥဏ္ဏတဋ္ဌာနံ၊ ယော ကဏ္ဌမဏိ မုစ္စတေ။
(ကာရိကာ။)

ဤကာရိကာပါဌ်၌ ကာကလဌာနသဒ္ဒါ, ဥဏ္ဏတဌာနသဒ္ဒါ, ကဏ္ဌမဏိသဒ္ဒါ တို့ဖြင့် ဆိုအပ်ခဲ့ပြီးသော လည်ချောင်းသားကို ပြသည်။

ကာကလသဒ္ဒါသည်လည်း-

၁။ ရွဲတန်းဆာ ဟူသောအနက်,
၂။ ဖြည်းညှဉ်း သာယာသောအသံ ဟူသောအနက်,
၃။ ငှက်တို့၏ အသံ ဟူသောအနက်,
၄။ ကျီးသတ္တဝါတို့၏ အသံ ဟူသောအနက်တို့၌ ဖြစ်၏။

ကျီးသတ္တဝါတို့အား သာယာစွာ ကျူးရင့်သောအခါ လည်ချောင်းသံပါ၏၊ ထိုအသံမျိုးကို လူတို့၌ “ကဏ္ဌမာဓူရိယ” အသံခေါ်၏၊ အလွန်ချိုသော လည်ချောင်းသံ ဆိုလိုသည်၊ ထိုကျီးသံနှင့် တူသော ချိုလှစွာသော အသံထွက်ရာ အရပ်ဖြစ်၍ ထိုလည်ချောင်းသားကို ကာကလဌာနဆိုသည်၊ အပြင် ဖက်၌ လည်သီးတည်ရှိသောကြောင့် ထိုလည်ချောင်းသားကို “ဥဏ္ဏတဌာန” ဟူ၍လည်းကောင်း, “ကဏ္ဌမဏိ” ဟူ၍လည်းကောင်း ဆိုသည်။

ဆောင်။ ။ ကဝဂ်-ပဉ္စ၊ အ-အာ-ဟ၊ အဋ္ဌ-ကဏ္ဌဇာ။

[၎င်းကဏ္ဌဌာန်၌ဖြစ်သော အက္ခရာ ၈-လုံး။]

ကဏ္ဌဌာန် ပြီး၏。

တာလုဌာန်

တာလုဌာန်ဆိုသည်ကား။ ။ လျှာရင်း၏ အနီးဖြစ်သော အထက်အာစောက် အပြင်ကို ဆိုသတည်း။

ဇိဝှါ မူလေန အာသန္နေ၊ ဇိဝှါယ ဥပရိတလေ။
(ကာရိကာ)

ဆောင်။ ။ စဝဂ်-ပဉ္စ၊ ဣ-ဤ-ယ၊ အဋ္ဌ-တာလုဇာ။

[၎င်းတာလုဌာန်၌ဖြစ်သော အက္ခရာ ၈-လုံး။]

တာလုဌာန် ပြီး၏。

မုဒ္ဓဌာန်

မုဒ္ဓဌာန်ဆိုသည်ကား။ ။ ခံတွင်း၌ အထက် ဦးခေါင်းအဖို့တွင် ပါဝင်သော ဘုရားလိုဏ်ခေါင်းတွင် အထက်အပြင်နှင့် တူသော -ကြီးကို လျှာလိပ်၍ ပြီပြင်စွာ ရွတ်ဆိုသောအခါ ထို-ကြီး၏ ဖြစ်ရာဖြစ်သော အရပ်သည် မုဒ္ဓဌာန်မည်၏။

မုခဗ္ဘန္တရမုဒ္ဓမှိ၊ မုဒ္ဓဋ္ဌာနံ ပကာသိတံ။
(ကာရိကာ)

ဆောင်။ ။ ဋဝဂ်-ပဉ္စ၊ ရနှင့်ဠ၊ သတ္တ-မုဒ္ဓဇာ။

[၎င်းမုဒ္ဓဌာန်၌ဖြစ်သော အက္ခရာ ၇ - လုံး။]

မုဒ္ဓဌာန် ပြီး၏。

ဒန္တဌာန်

ဒန္တဌာန်ဆိုသည်ကား။ ။ အထက်သွားအစဉ်၏ အတွင်း သွားရင်း အပြင်သည် ဒန္တဌာန် မည်၏။

ဥပရိဒန္တဌာနဿ၊ ပန္တိယာဗ္ဘန္တရမှိစ။
(ကာရိကာ)

ဆောင်။ ။ တဝဂ်-ပဉ္စ၊ လနှင့်သ၊ သတ္တ-ဒန္တဇာ။

[၎င်းဒန္တဌာန်၌ဖြစ်သော အက္ခရာ ၇-လုံး။]

ဒန္တဌာန် ပြီး၏。

သြဋ္ဌဌာန်

သြဋ္ဌဌာန်ဆိုသည်ကား။ ။ နှုတ်ခမ်းသားနှစ်ခုတို့၏ ထိခတ်ရာ ဖြစ်သော နှုတ်ခမ်းအရပ်ကို သြဋ္ဌဌာန် ဆိုသည်။

[ထင်ရှားသောဌာန်ဖြစ်၍ ကာရိကာ၌ အရပ်ဒေသပြဆိုချက် မလာပြီ။]

သြဋ္ဌဌာန် ပြီး၏。

နာသိကဌာန်

နာသိကဌာန်ဆိုသည်ကား။ ။ ခံတွင်း၏အတွင်းမှ နှာခေါင်းသို့ သွားသော အပေါက်သည် ရှိ၏၊ ထိုအပေါက် တစ်လျှောက်သည် နာသိကဌာန် မည်၏။

ဝိဝဋမုခဗ္ဘန္တရံ၊ ပဏဝစမ္မကံဝိယ။
တံ သမ္ဗန္ဓာစ ယာ လေခါ၊ သာ ဣဓ နာသိကာ မတာ။
(ကာရိကာ)

အနက်ကား

ဝိဝဋမုခဗ္ဘန္တရံ - ဟင်းလင်းပွင့်သော ခံတွင်း၏ အတွင်း၌၊
ပဏဝစမ္မကံဝိယ - ထက်စည်ကို ကြက်သော သားရေနှင့်တူသော၊
ယံစမ္မံ - အကြင်အရေသည်၊
အတ္ထိ - ရှိ၏၊
တံ သမ္ဗန္ဓာစ တံ သမ္ဗန္ဓာ ဧဝ - ထိုအရေနှင့်တစပ်တည်းတည်သော၊
ယာလေခါ - အကြင် အရေးအကြောင်းသည်၊
အတ္ထိ - ရှိ၏၊
သာ - ထိုအရေးအကြောင်းကို၊
ဣဓ - ဤဌာန်အရာ၌၊
နာသိကာ - နာသိကဌာန်ဟူ၍၊
မတာ - သိအပ်၏။

[ကာရိကာနိဿယ၌ စသဒ္ဒါကို နိပါတ်မကြံမိဘဲ နောက် ယာ-သဒ္ဒါနှင့်တွဲ၍ “စယာ - အပေါင်း အဆုံဖြစ်သော” ဟု ပေး၏၊ မသင့်။]

ဆောင် ... ဝဂ္ဂန်-ငါးခု၊ အံဗိန္ဓု၊ ခြောက်ခု-နာသဇာ။

နာသိကဌာန် ပြီး၏。

ဥရဌာန်

ရင်အရပ်သည် ဥရဌာန် မည်၏၊ ဝဂ္ဂန္တငါးလုံးနှင့် လည်းကောင်း, ယ-ရ-လ-ဝ-ဟူသော အန္တဋ္ဌလေးလုံးနှင့် လည်းကောင်း, ဤကိုးလုံးနှင့် ယှဉ်သော , အက္ခရာသည် ဥရဌာန်၌ ဖြစ်၏။

ဟကာရံ ပဉ္စမေဟေဝ၊ အန္တဋ္ဌာဟိစ သံယုတံ။ သြရသန္တိ ဝဒန္ေတၳ၊ ကဏ္ဌဇံ တဒသံယုတံ။
[ရူပသိဒ္ဓိ။]

ငှ၊ ဉှ ၊ ဏှ၊ နှ၊ မှ၊ ယှ၊ ရှ၊ လှ၊ ဝှ။ ။ကမ္မဝါစာ၌”တသ္မာ တုဏှိ, သော တုဏှဿ” တို့၌ တုဏှိသဒ္ဒါ နှစ်ခုသည် ဥရဌာန်၌ ဖြစ်၏။

ဥရဌာန် ပြီး၏。

ဇိဝှါမူလဌာန်

လျှာရင်းအရပ်သည် ဇိဝှါမူလဌာန်မည်၏၊ ဤဇိဝှါမူလဌာန်သည် အလုံးစုံသော ဝဏ္ဏတို့နှင့် ဆက်ဆံ၏။

သဗ္ဗေ ဝဏ္ဏာစ ဇိဝှဋ္ဌာ၊ ဇိဝှါမူလေသု ဇာယရေ။
[ဇာလိနီ။]

[ဤဇာလိနီ၌ကား မုဒ္ဓဌာန်ကို သိရဌာန်ဆို၏၊ သိရသဒ္ဒါ, မုဒ္ဓသဒ္ဒါ ဦးခေါင်းဟောချည်း ဖြစ်သည်၊ ဘေဒစိန္တာဋီကာသစ် ၌ကား ဥရဌာန်, ဇိဝှါမူလဌာန်နှစ်ခုသည် ပါဠိအဋ္ဌကထာတို့၌ မလာဟု ပယ်၏၊ ဤဌာန်နှစ်ခုသည်သာ မလာသည် မဟုတ်၊ ကြွင်းသောဌာန် တို့သည်လည်း ပါဠိအဋ္ဌကထာတို့၌ မလာကုန်၊ သဒ္ဒါကျမ်းတို့၌သာ လာကုန်သည်၊ သဒ္ဒါကျမ်းဂန် တို့နှင့်သာ ဆိုင်ရင်းလည်း ဖြစ်သည်၊ ထို့ကြောင့် ဤဥရဌာန်, ဇိဝှါမူလဌာန်များ ကိုလည်း ပြဆိုခဲ့ပြီးသော ကျမ်းဂန်များ အတိုင်း မှတ်သား ရမည်]

ဆင်ခြင်ရန်ကား။ ။ လျှာရင်းမှ အတွင်းကျသောဌာန်, အပကျသောဌာန် နှစ်ရပ်ရှိသည်တွင် အတွင်း ကျသောဌာန်စုမှ ဖြစ်သော ဝဏ္ဏစုသည် လျှာနှင့်မကင်း ရှိကြ၏၊ အပကျသော ဌာန်စုမှဖြစ်သော ဝဏ္ဏစုသည်မူကား လျှာရင်းနှင့် ကင်းရိပ်ရှိ၏၊ အရပ်ဒေသသို့ လိုက်၍လည်း ရွတ်မှု, ဖတ်မှု အထူးအထွေ ရှိကြ၏။

ဌာန်ပြီး၏。

ကရိုဏ်း အချက်

ကရီယန္တေ ဥစ္စာရီယန္တေ ဝဏ္ဏာ ဧတေနာတိ ကရဏံ။

ဧတေန - ဤအရပ်ဖြင့်၊
ဝဏ္ဏာ - ဝဏ္ဏတို့ကို၊
ကရီယန္တေ ဥစ္စာရီယန္တေ - ရွတ်ဆိုအပ်ကုန်၏၊
ဣတိတသ္မာ - ထိုသို့ရွတ်ဆိုကြောင်း ဖြစ်သော သတ္တိကြောင့်၊
ကရဏံ - ကရိုဏ်းမည်၏။

ထိုကရိုဏ်းသည် ဇိဝှါမဇ္ဈကရိုဏ်း, ဇိဝှေါပဂ္ဂကရိုဏ်း, ဇိဝှဂ္ဂကရိုဏ်း, သကဋ္ဌာနကရိုဏ်း, ဟူ၍ လေးပါး။

ဇိဝှါမဇ္ဈကရိုဏ်း

လျှာ၏ အလယ်အရပ်သည် ဇိဝှါမဇ္ဈကရိုဏ်း မည်၏၊ တာလုဇ ဝဏ္ဏရှစ်လုံးကို ရွတ်ဆိုသောအခါ ထို လျှာလယ်အရပ်ဖြင့် အာစောက် ဟူသော တာလုဌာန်ကို ရိုက်ခတ်မှ စ, ဆ, ဇ, ဈ, ဉ, ဣ, ဤ, ယ-ဟူသော တာလုဇဝဏ္ဏ ပြီသ-သည်။

ဇိဝှါမဇ္ဈကရိုဏ်း ပြီး၏。

ဇိဝှေါပဂ္ဂကရိုဏ်း

လျှာဖျား၏ အနီးဖြစ်သော လျှာအရပ်သည် ဇိဝှေါပဂ္ဂ ကရိုဏ်း မည်၏။

အဂ္ဂဿ သမီပံ ဥပဂ္ဂံ၊ ဇိဝှါယ ဥပဂ္ဂံ ဇိဝှေါပဂ္ဂံ။ [ရူပသိဒ္ဓိဋီကာ။]
ဇိဝှေါပဂ္ဂန္တိဇိဝှါယ အဂ္ဂဿ သမီပံ ဥပရိတလံ။ [ကာရိကာဋီကာ။]

အဂ္ဂဿ - အဖျား၏၊
သမီပံ - အနီးတည်း၊
ဇိဝှါယ - လျှာ၏၊
ဥပဂ္ဂံ - အဖျား၏ အနီးတည်း။

ဋီကာပါဌ်၌”ဥပရိတလံ”ဖြင့် အထက်ဖြစ်သော လျှာအပြင်ကိုယူ၊ မုဒ္ဓဇဝဏ္ဏ ခုနစ်လုံးကို ရွတ်ဆိုသော အခါ ထိုလျှာဖျား၏ အနီးဖြစ်သော လျှာအစိတ်ဖြင့် ဦးခေါင်းဟူသော မုဒ္ဓဌာန်ကို ရိုက်ခတ်မှ ဋ, ဌ, ဍ, ဎ, ဏ, ရ, ဠ-ဟူသော မုဒ္ဓဇဝဏ္ဏ ပြီသ-သည်။

ဇိဝှေါပဂ္ဂကရိုဏ်း ပြီး၏。

ဇိဝှဂ္ဂကရိုဏ်း

လျှာဖျားအရပ်သည် ဇိဝှဂ္ဂကရိုဏ်းမည်၏၊ ဒန္တဇဝဏ္ဏခုနစ်လုံးကို ရွတ်ဆိုသောအခါ ထိုလျှာဖျား အရပ်ဖြင့် အထက်သွား အစဉ်၏ အတွင်း အပြင်ဟူသော ဒန္တဌာန်ကို ရိုက်ခတ်မှ တ, ထ, ဒ, ဓ, န, လ, သ-ဟူသော ဒန္တဇဝဏ္ဏ ပြီသ-သည်။

[ဤကရိုဏ်း သုံးပါးတို့သည်ကား လျှာအစိတ် တို့ပေတည်း]

ဇိဝှဂ္ဂကရိုဏ်း ပြီး၏。

သကဋ္ဌာနကရိုဏ်း

သကဋ္ဌာန ကရိုဏ်း ဆိုသည်ကား တာလုဌာန်, မုဒ္ဓဌာန်, ဒန္တဌာန် သုံးပါးတို့မှ ကြွင်းသောဌာန်တို့ကိုပင် ဆိုသတည်း၊ ထိုကြွင်းသောဌာန်တို့၌ ကရိုဏ်းဟူ၍အသီးအခြား မရှိပြီ၊ မိမိတို့ ဌာန်သားချင်းချင်း ကြိတ်နှိပ်မှုနှင့်ပင် အက္ခရာဝဏ္ဏ ပြီသ-ကုန်တော့သည်။

သကဋ္ဌာနကရိုဏ်း ပြီး၏。

ကရိုဏ်း ပြီး၏。

ပယတ်အချက်

သံဝရဏာဒိနာ ပကာရေန ယတနံ ဥဿာဟကရဏံ ပယတနံ။

သံဝရဏာဒိနာ - ပိတ်ခြင်း အစရှိသော၊
ပကာရေန - အမူအရာ အထူးအပြားအားဖြင့်၊
ယတနံ ဥဿာဟကရဏံ - အားထုတ်မှုကို ပြုခြင်းတည်း၊
ပယတနံ - အထူးအပြားအားဖြင့် အားထုတ်ခြင်း။

[-ပုဗ္ဗ၊ ယတ-ဓာတ်၊ ယု-ပစ္စည်း၊ ယတ၊ ပတိယတနေ - ဟုဓာတ်နက်ဖော်၊ “ပတိယတနေ - အားထုတ်ခြင်း အနက်၌” ဟုပေး။]

ဝဏ္ဏုစ္စာရဏဥဿာဟော၊ ပယတနမုဒီရိတော။ (ကာရိကာ)

ထိုပယတနသည် သံဝုဋပယတ်, ဝိဝဋပယတ်, ဖုဋ္ဌပယတ်, ဤသံဖုဋ္ဌပယတ် ဟူ၍လေးပါး။

၁။ ဌာန်ကရိုဏ်းတို့ကို ပိတ်ဆို့သော အခြင်းအရာ အထူးသည် သံဝုဋမည်၏။
၂။ ဌာန်ကရိုဏ်းတို့ကို ဖွင့်လှစ်သော အခြင်းအရာအထူးသည် ဝိဝဋမည်၏။
၃။ ဌာန်ကရိုဏ်းတို့ကို အချင်းချင်း မိမိရရ ထိခိုက်သော အခြင်းအရာ အထူးသည် ဖုဋ္ဌမည်၏။
၄။ ဌာန်ကရိုဏ်းတို့ကို အနည်းငယ် ထိယောင်မူခြင်း အမူအရာ အထူးသည် ဤသံဖုဋ္ဌမည်၏။

[သံဝုဋကား -၏ပယတ်တည်း၊ ဝိဝဋကား ကြွင်းသောသရ ခုနစ်လုံး, သ, ဟ, နှစ်လုံး၊ ဤ ၉-လုံးတို့၏ ပယတ်တည်း၊ ဖုဋ္ဌကား ဝဂ် ၂၅-လုံးတို့၏ ပယတ်တည်း၊ ဤသံဖုဋ္ဌကား ယ, ရ, လ, ဝ-ဟူသော အန္တဋ္ဌလေးလုံးတို့၏ ပယတ် တည်း။]

အကျယ်ဖြန့်အံ့

၁။ -ကို ရွတ်ရာ၌ ကဏ္ဌဌာန်, ကဏ္ဌကရိုဏ်းတို့ကို ပိတ်စေခြင်းငှါ အားထုတ်မှုသည် သံဝုဋပယတ် မည်၏။

၂။ အာ-နှင့်-ကို ရွတ်ဆိုရာ၌ ကဏ္ဌဌာန် - ကဏ္ဌကရိုဏ်းတို့ကို ပွင့်ပွင့်ပြုခြင်း, -ကို ရွတ်ဆိုရာ၌ ကဏ္ဌဌာန် - တာလုဌာန်တို့ကို မိမိတို့ ကရိုဏ်းတို့နှင့် ပွင့်ပွင့်ပြုခြင်း, သြ-ကို ရွတ်ဆိုရာ၌ ကဏ္ဌဌာန် - သြဋ္ဌဌာန် တို့ကို အချင်းချင်း ပွင့်ပွင့်ပြုခြင်း, -ကို ရွတ်ဆိုရာ၌ ဒန္တဌာန်, ဇိဝှဂ္ဂကရိုဏ်းတို့ကို ပွင့်ပွင့်ပြုခြင်း၊ ဤပွင့်ပွင့်ပြုခြင်း ခြောက်ချက်သည် ဝိဝဋပယတ်မည်၏။

၃။ ကဝဂ်ငါးလုံးကို ရွတ်ဆိုရာ၌ ကဏ္ဌဌာန် - ကဏ္ဌကရိုဏ်းတို့ကို အချင်းချင်း ထိစေခြင်း, စဝဂ် ငါးလုံးကို ရွတ်ဆိုရာ၌ တာလုဌာန် - ဇိဝှါမဇ္ဈကရိုဏ်းတို့ကို ထိစေခြင်း, ဋဝဂ်ငါးလုံးကို ရွတ်ဆိုရာ၌ မုဒ္ဓဌာန် - ဇိဝှေါပဂ္ဂ ကရိုဏ်းတို့ကို ထိစေခြင်း, တဝဂ်ငါးလုံးကို ရွတ်ဆိုရာ၌ ဒန္တဌာန် - ဇိဝှဂ္ဂကရိုဏ်း တို့ကို ထိစေခြင်း, ပဝဂ်ငါးလုံးကို ရွတ်ဆိုရာ၌ သြဋ္ဌဌာန် - သြဋ္ဌကရိုဏ်းတို့ကို နာနာထိစေခြင်း၊ ဤထိစေခြင်းငါးပါးသည် ဖုဋ္ဌပယတ် မည်၏။

၄။ -ကိုရွတ်ဆိုရာ၌ တာလုဌာန်နှင့် ဇိဝှါမဇ္ဈကရိုဏ်းကို ထိယောင်မူစေခြင်း, -ကြီးကိုရွတ်ဆိုရာ၌ မုဒ္ဓဌာန်နှင့် ဇိဝှေါပဂ္ဂကရိုဏ်းတို့ကို အနည်းငယ်ထိစေခြင်း, -ကိုရွတ်ဆိုရာ၌ ဒန္တဌာန်နှင့် ဇိဝှဂ္ဂက ရိုဏ်းတို့ကို အတန်ငယ်ထိစေခြင်း, -ကိုရွတ်ဆိုရာ၌ ဒန္တဌာန် - သြဋ္ဌဌာန်တို့ကို မိမိတို့၏ ဆိုင်ရာကရိုဏ်းတို့နှင့် အတန်ငယ်ထိယောင်မူခြင်း၊ ဤအနည်းငယ်အတန်ငယ် ထိခြင်းလေးပါးသည် ဤသံဖုဋ္ဌပယတ် မည်၏။

အကျယ်ဖြန့်ချက် ပြီး၏。

ယုတ္တိပြအံ့

သံဝုဋဆိုသည်ကား အသံကို ချုပ်ခြင်းတည်း၊ ဝိဝဋ ဆိုသည်ကားအသံကို လွှတ်ခြင်းတည်း၊ ဖုဋ္ဌဆိုသည်ကား ဌာန်နှင့်ကရိုဏ်းကို နာနာထိ ခြင်းတည်း၊ ဤသံဖုဋ္ဌ ဆိုသည်ကား ဌာန်နှင့် ကရိုဏ်းကို စဉ်းငယ်မျှသာ ထိခြင်း, ထိယောင်မူခြင်းတည်း။

ဌာန်, ကရိုဏ်း တူကြကုန်ငြားသော်လည်း မိမိတို့ဆိုင်ရာ ဌာန်, ကရိုဏ်းတို့ကို ချုပ်အုပ်မှု, ဖွင့်လွှတ်မှု, နာနာထိမှု, စဉ်းငယ်ထိမှု ဟူသော ပယတ်မှု အထူးအပြား ရှိကြပြန်ကုန်သည်၊ ထို့ကြောင့် သြဋ္ဌဇဝဏ္ဏ ခုနစ်လုံးတို့တွင် ဥ, ဦ, ကို နှုတ်ခမ်းချင်း ထိအောင်ပြု၍ ဖုဋ္ဌပယတ်နှင့် ရွတ်လျှင် မပြီသ-ပြီ၊ နှုတ်ခမ်းချင်း ပွင့်ပွင့်ပြု၍ ဝိဝဋပယတ်နှင့်ရွတ်မှ ပြီသ-လေသည်။

ပဝဂ်ငါးလုံးကို နှုတ်ခမ်းချင်း ပွင့်ပွင့်ပြု၍ ဝိဝဋပယတ်နှင့် ရွတ်လျှင် မပြီသ-ပြီ၊ နှုတ်ခမ်းချင်း နာနာထိ၍ ဖုဋ္ဌပယတ်နှင့်ရွတ်မှ ပြီသ-လေသည်။

[ဤနည်းတူ ကြွင်းသော ဝဏ္ဏတို့၌လည်း ပယတ်၏ အချက်ကို နေရာကျသိလေ။]

ယုတ္တိပြီး၏。

ပုဒ်စစ်၌။ ။ နှုတ်ခမ်းတို့၏ ပိတ်ခြင်းသည် သံဝုဋမည်၏၊ နှုတ်ခမ်းတို့၏ ဖွင့်ခြင်းသည် ဝိဝဋမည်၏၊ နှုတ်ခမ်းတို့၏ ထိခြင်းသည် ဖုဋ္ဌမည်၏၊ နှုတ်ခမ်းတို့၏ စဉ်းငယ်ထိခြင်းသည် ဤသံဖုဋ္ဌမည်၏ဟု ဆိုခြင်းသည် ယုတ္တိလည်းမလှ၊ သာဓကလည်းမထင်၊ ဌာန်-ကရိုဏ်းတို့၏ ပိတ်ခြင်းသည် သံဝုဋ, ဌာန်-ကရိုဏ်းတို့၏ ဖွင့်ခြင်းသည် ဝိဝဋ, ဌာန်-ကရိုဏ်းတို့၏ ထိခြင်းသည် ဖုဋ္ဌ, ဌာန်-ကရိုဏ်းတို့၏ စဉ်းငယ်ထိခြင်းသည် ဤသံဖုဋ္ဌ၊ သို့ဆိုမှသာ ယုတ္တိလည်းလှသည်၊ သာဓကလည်း ထင်သည်၊ ယုတ္တိမှာ ဆိုခဲ့ပြီးသော ယုတ္တိပင်။

သာဓကကား ---

ဇိဝှါမဇ္ဈာဒိပယတနံ ပန ယထာရဟံ ဌာနကရဏာနံ သံဝုဋာဒိ ဂုဏော။ [ရူပသိဒ္ဓိဋီကာ။]

ဇာလိနီ၌ကား ---

၁။ ဝဂ်ဗျည်း ၂၅-လုံးသည် ဖုဋ္ဌပယတ်ရှိ၏။
၂။ အန္တဋ္ဌ-လေးလုံးသည် ဤသံဖုဋ္ဌပယတ်ရှိ၏။
၃။ ရဿသရသုံးလုံးသည် သံဝုဋပယတ်ရှိ၏။
၄။ ဒီဃသရ ငါးလုံးသည်လည်းကောင်း ခ, ဃ,၊ ဆ, ဈ၊ ဌ, ဎ၊ ထ, ဓ၊ ဖ, ဘ-ဟူသော ဒုတီယ, စတုတ္ထ ဗျည်းဆယ်လုံးသည် လည်းကောင်း ဝိဝဋပယတ်ရှိ၏

ဟုလာ၏။

[ဤဇာလိနီအလို ထိုဆယ်လုံးမှာ ဖုဋ္ဌပယတ်, ဝိဝဋပယတ် ၂-ခုထပ်၏၊ အဝုတ္တသိဒ္ဓိနည်းအားဖြင့် က, ဂ, င၊ စ, ဇ, ဉ၊ ဋ, ဍ, ဏ၊ တ, ဒ, န၊ ပ, ဗ, မ-ဟူသော ဝဂ်ကျန် ၁၅-လုံးမှာ ဖုဋ္ဌပယတ် သံဝုဋပယတ် ၂-ချက် ထပ်ကျ၏။]

ရဿသရသုံးလုံးသည် ရဿဖြစ်ပေ၍ အရှည်မလို အတိုချုပ်အုပ်မှုရှိပေသည်၊ ဒီဃသရငါးလုံး မှာလည်း အသံရှည်ဖြစ်လေအောင် ဖွင့်လှစ်မှုရှိပေသည်၊ ဝဂ်တွင် ဒုတီယငါးလုံး စတုတ္ထငါးလုံး တို့မှာလည်း ဓနိတဝဏ္ဏ ဖြစ်ကြကုန်၍ အပြင်းအထန် ပဲ့တင်သံထွက်အောင်ရွတ်ရသော ဝိဝဋမှု ရှိပေသည်၊ ဝဂ်ကျန်တစ်ဆယ့်ငါးလုံး တို့မှာလည်း သိထိလဝဏ္ဏ ဖြစ်ကြကုန်၍ မထန်မသည်း အောင်ချုပ်တည်း၍ ရွတ်ရသော သံဝုဋရှိပေသည်၊ ထို့ကြောင့် ဇာလိနီ အဆိုသည်လည်း ထို ပရိယာယ်အလျောက် သင့်မြတ်ပါ၏။

[ဤပယတနလေးပါးကိုပင် ကရိုဏ်းလေးပါးဟူ၍လည်း ခေါ်ကြရကုန်၏။]

သရနှင့်ဗျည်း တွဲခန်း

သရနှင့်ဗျည်းတွဲရာ၌။ ။ က, ကာ၊ ကိ, ကီ၊ ကု, ကူ၊ ကေ, ကော၊ ကံ ။ ပ ။ ဠ, ဠာ၊ ဠိ, ဠီ၊ ဠု, ဠူ၊ ဠေ, ဠော၊ ဠံ-ဟူရာတို့၌ က-ဗျည်းသည် ဖုဋ္ဌပယတ်ရှိ၏၊ အသရသည် သံဝုဋပယတ်ရှိ၏၊ ထို့ကြောင့် က-ကို ရွတ်ဆိုသောအခါ က-ဗျည်းအတွက် ကဏ္ဌဌာန်, ကဏ္ဌကရိုဏ်း တို့ကို အချင်းချင်း နာနာထိစေ ရမည်၊ အ-သရအတွက် ကဏ္ဌဌာန်, ကဏ္ဌကရိုဏ်းတို့ကို ချုပ်ရမည်။

[ကာ, ကိ, ကီ-စသည်တို့မှာလည်း ဤနည်းအတိုင်း ပယတ်နှစ်ပါးစီ ယူလေ။]

ဆိုဖွယ် အထူးကား

သ, သာ၊ သိ, သီ၊ ဟ, ဟာ၊ ဟိ, ဟီ-တို့၌ သ, ဟ-ကိုရွတ်ဆိုရာ သဗျည်း, ဟဗျည်းတို့သည် ဝိဝဋပယတ် ရှိကုန်ရာ၏၊ အသရသည် သံဝုဋ ပယတ် ရှိချေ၏၊ သံဝုဋနှင့် ဝိဝဋလည်း ဆန့်ကျင်ဖက် ဖြစ်၏ဟူမူ -

သ-မှာ ဒန္တဌာန်, ဇိဝှဂ္ဂကရိုဏ်းတို့ကို တ ဝဂ်ကိုရွတ်ဆိုသလောက် မထိပါးရသည်ကား ဝိဝဋ, တာ-တီတို့ကို ရွတ်ဆိုသလောက် မဖွင့်ရသည်ကား သံဝုဋ, ဟ၌လည်း ကဝဂ်ကိုရွတ်ဆိုသလောက် မထိပါးရသည်ကား ဝိဝဋ, ဟာ-ဟီတို့ကို ရွတ်ဆိုသလောက် မဖွင့်ရသည်ကား သံဝုဋ,

တစ်နည်းမှာ။ ။ သရရှစ်လုံးတို့ကို ဌာန်အသီးအသီး, ကရိုဏ်း အသီးအသီး, ပယတ် အသီးအသီးနှင့် ပြဆိုခြင်းသည် ဗျည်းတို့နှင့် မတွဲမဖက် သက်သက်သော သရတို့၌သာယူ၊ ဗျည်းတို့နှင့် တွဲကြကုန်မူ ကား သရတို့သည်မိမိတို့၏ ဌာန်, ကရိုဏ်း, ပယတ်တို့ကို ယေဘုယျအားဖြင့် စွန့်ကြကုန်၏။
ပ, ပါ၊ ပိ, ပီ၊ ပု, ပူ၊ ပေ, ပေါ၌ အ, အာ၊ ဣ, ဤ-တို့သည် ကဏ္ဌဌာန်, တာလုဌာန်တို့ကို စွန့်၍ သြဋ္ဌဌာန်၌ ဖြစ်ကြ ကုန်၏၊ ပေ-၌လည်း ဧ-သည် ကဏ္ဌ, တာလုဌာန်နှစ်ခုကို စွန့်ရ၏၊ ပု, ပူ, ပေါတို့၌ ဥ, ဦ, သြတို့သည်ကား ပ-ဗျည်းနှင့်ဌာန် တူကြ၍ မစွန့်ရကုန်ပြီ။

[ကျ, ကြွ, ကွ, ကျွ-စသည်တို့၌လည်း ဌာန်, ကရိုဏ်း, ပယတ်တို့ထွေးယှက်မှုကိုဆိုလေ။]

သရနှင့်ဗျည်းတွဲခန်းပြီး၏။

ဤလေးပါးသော ပယတ်တို့ကို ကရိုဏ်းလေးပါး ဟူ၍လည်း ခေါ်ကြကုန်၏။
လောကီကျမ်းတို့၌ကား။ ။ အဗ္ဘန္တရကရိုဏ်းလေးပါး, ဗာဟိရ ကရိုဏ်း တစ်ဆယ့်တစ်ပါး ဟူ၍ ကရိုဏ်း တစ်ဆယ့်ငါးပါး လာ၏။

အဗ္ဘန္တရကရိုဏ်း လေးပါး ဆိုသည်ကား -
ဆိုခဲ့ပြီးသော ပယတ်လေးပါး ပင်တည်း၊ အက္ခရာကို ရွတ်မည် ချီစ၌ ကြောင့်ကြစိုက်ရသော အမှုစုဖြစ်၍ ထိုလေးပါးကို အတွင်းကရိုဏ်း ဆိုသည်။

ဗာဟိရကရိုဏ်းတစ်ဆယ့်တစ်ပါး ဆိုသည်ကား ---

၁။ ဝိဝါရကရိုဏ်း,
၂။ သံဝါရကရိုဏ်း,
၃။ သာသကရိုဏ်း,
၄။ နာဒကရိုဏ်း,
၅။ ဃောသကရိုဏ်း,
၆။ အဃောသကရိုဏ်း,
၇။ အပ္ပပါဏကရိုဏ်း,
၈။ မဟာပါဏကရိုဏ်း,
၉။ ဥဒတ္တကရိုဏ်း,
၁၀။ အနုဒတ္တကရိုဏ်း,
၁၁။ သရိတကရိုဏ်း၊ ပေါင်း ၁၁-ပါး။

ဤတစ်ဆယ့်တစ်ပါးတို့သည်ကား အက္ခရာတိုင်း အက္ခရာတိုင်း၌ အဆုံးသတ်ပုံကို စွဲ၍ဖြစ်သော ကရိုဏ်းစု ဖြစ်ကြကုန်၍ အပကရိုဏ်း မည်ကုန်၏။

၁။ ဝိဝါရဟူသည်ကား ဖွင့်လွှတ်မှုတည်း။
၂။ သံဝါရဟူသည်ကား ချုပ်ထိန်းမှုတည်း။
၃။ သာသဟူသည်ကား အရှူပြင်းထန်မှုတည်း။
၄- ၅။ ပဲ့တင်စွန့်လွှတ်မှုသည် နာဒလည်းမည်၏၊ ဃောသလည်း မည်၏။
၆။ ပဲ့တင်မထပ် တိတိပြတ်မှုကား အဃောသတည်း။
၇။ အရှူအငင်ပျော့သည်ကား အပ္ပပါဏတည်း။
၈။ အရှူအငင်ပြင်းသည်ကား မဟာပါဏတည်း။
၉။ မြှင့်၍ ရွတ်မှုကား ဥဒတ္တကရိုဏ်းတည်း။
၁၀။ နှိမ့်၍ရွတ်မှုကား အနုဒတ္တကရိုဏ်းတည်း။
၁၁။ လျစ်လျူရွတ်မှုကား သရိတကရိုဏ်းတည်း။

ကခ၊ စဆ၊ ဋဋ္ဌ၊ တထ၊ ပဖ၊ သ-ဤ တစ်ဆယ့်တစ်လုံး တို့သည် ဝိဝါရကရိုဏ်း, သာသကရိုဏ်း, အဃောသကရိုဏ်း ရှိကုန်၏။
သရရှစ်လုံး, ဃောသ နှစ်ဆဲ့တစ်လုံး, ဥရဌာန်၌ ဖြစ်သော အက္ခရာစုတို့သည် သံဝါရကရိုဏ်း, နာဒကရိုဏ်း ဃောသကရိုဏ်း ရှိကုန်၏။
ဝဂ်၌ပဌမငါးလုံး, တတီယငါးလုံး, ပဉ္စမငါးလုံး, ယ, ရ, လ, ဝ- ဟူသော အန္တဋ္ဌလေးလုံး, သရရှစ်လုံး တို့သည် အပ္ပပါဏကရိုဏ်းရှိကုန်၏။
ဝဂ်၌ ဒုတီယငါးလုံး, စတုတ္ထငါးလုံး, သဗျည်း, ဟဗျည်း, ဗိန္ဓု, ဥရဇဝဏ္ဏတို့သည် မဟာပါဏကရိုဏ်း ရှိကုန်၏။ ။ တစ်ရပ်---

ဇာလိနီဋီကာ ၌ကား။ ။ စူဠနိရုတ္တိကျမ်းထွက် ဆို၍---

- အနာဒဝန္တော စာရုဠှော၊ ဝဂ္ဂါနံ ပဌမော မတော။
ဥဋ္ဌဝန္တောစ နာဒေါစ၊ ဝဂ္ဂါနံ ဒုတီယော မတော။

- အနာဒဝန္တော စာရုဠှော၊ တတီယောပိစ ပဉ္စမော။
ဥဋ္ဌောစ နာဒဝန္တောစ၊ တေသံယေဝ စတုတ္ထကော။

[ဟု ကရိုဏ်း ခြောက်ပါး လာ၏။]

နာဒကရိုဏ်း, အနာဒကရိုဏ်း, ရုဠှကရိုဏ်း, အရုဠှကရိုဏ်း, ဥဋ္ဌကရိုဏ်း, အနုဋ္ဌကရိုဏ်း၊ ဤခြောက်ပါးကား ဝဂ်နှစ်ဆယ့်ငါးလုံးတွင် ထင်၏။

[ကရိုဏ်းငါးပါး၏ အနက်ကိုကား ဋီကာရှင်မပြ၊ သဒ္ဒါရိပ်ကို ထောက်၍ ကြံလေ]

ဤတွင်ရွေ့ကား ဌာန်အချက်, ကရိုဏ်းအချက်, ပယတ်အချက် တို့ကို ပြဆိုသောစကားပြီး၏။

ဗျဉ္ဇနဗုဒ္ဓိ ဆယ်ပါး

ဗျဉ္ဇနဗုဒ္ဓိဆယ်ပါးဟူရာ၌။ ။ဝိနည်းဋီကာကြီးများ၌ ဗုဒ္ဓိသဒ္ဒါကို စိတ်ဟောယူ၏၊ ပွါးခြင်းအနက်ကို ယူလျှင်လည်း သင့်ပါ၏၊ အချို့အရာ၌ ဗျဉ္ဇနဝုတ္တိဟု ရှိ၏၊ သဒ္ဒါတို့၏ဖြစ်ခြင်း ဆိုလိုသည်၊ ဤပါဌ် သည်သာ အထူး သင့်မြတ်သည်။

- သိထိလ, ဓနိတ - ၂။
- နိဂ္ဂဟိတ, ဝိမုတ္တ - ၂။
- သမ္ဗန္ဓ, ဝ၀တ္ထိတ - ၂။
- ဒီဃ, ရဿ - ၂။
- ဂရုက, လဟုက - ၂။

[ဗျဉ္ဇနနဗုတ္တိ ဆယ်ပါး။]

ထိုဆယ်ပါးတို့တွင် -

၁။ ဝဂ်၌ပဌမငါးလုံး, တတီယငါးလုံး၊ ဤဆယ်လုံးသည် ဌာန်ကရိုဏ်းတို့ကို ချိုချိုလျော့လျော့ ပျော့ပျော့ ညှဉ်းညှဉ်း ပြု၍ ရွတ်အပ်သောကြောင့် သိထိလအက္ခရာ မည်၏။

သိထိလေန အဂါဠှေန၊ အထဒ္ဓေနေဝ သဗ္ဗဒါ။
ဝစီပယောဂမုဒုနာ၊ ဝတ္တဗ္ဗက္ခရဘာဝတော။
[ကာရိကာ။]

၂။ ဝဂ်၌ဒုတီယငါးလုံး, စတုတ္ထငါးလုံး၊ ဤဆယ်လုံးသည် ဌာန်, ကရိုဏ်းတို့ကို အတင်းအကြပ် အပြင်းအထန်ပြု၍ ရွတ်အပ်သောကြောင့် ဓနိတအက္ခရာမည်၏။

ဂါဠှဝစီပယောဂေန၊ ဝတ္တဗ္ဗက္ခရဘာဝတော။
[ကာရိကာ။]

၃။ ထိုထို ဌာန်ကရိုဏ်းတို့မှဖြစ်သော အသံနှင့် တကွသော လေကို ခံတွင်းပေါက်မှ အပသို့ မလွှတ်မူ၍ ခံတွင်းကိုပိတ်၍ ရွတ်အပ်သော ဗိန္ဓုသည် နိဂ္ဂဟိတ် မည်၏။

- နိဂ္ဂဟိတန္တိ ယံ ကရဏာနိ နိဂ္ဂဟေတွာ အဝိဿဇ္ဇေတွာ အဝိဝဋေန မုခေန သာနု နာသိကံ ကတွာ ဝတ္တဗ္ဗံ။
[ပရိဝါအဋ္ဌကထာ။]

ဤပါဌ်၌ “နိဂ္ဂဟေတွာ” ကို “အဝိဿဇ္ဇေတွာ” ဖွင့်သည်၊ “အဝိဿဇ္ဇေတွာ” ကို “အဝိဝဋေန မုခေန သာနုနာသိကံ ကတွာ” ဖွင့်သည်။

နိဂ္ဂဟိတ်သည်။ ။ ရဿသရသုံးလုံး တို့ကိုလည်းကောင်း, ထိုရဿသုံးလုံးနှင့် ယှဉ်သော ဗျည်း သုံးဆယ့်နှစ်လုံး တို့ကိုလည်းကောင်း, မှီရလေသောကြောင့် ဌာန်အကုန်, ကရိုဏ်းအကုန်တို့နှင့် ဆက်ဆံ၏၊ ထို့ကြောင့် ထို အလုံးစုံသောဌာန်, ကရိုဏ်းတို့ကို သိမ်းကျုံးလို၍ “ကရဏာနိ” ဟု ဗဟုဝုစ်နှင့် ဆိုလေသည်။

အဝိဿဇ္ဇေတွာ” မှာလည်း။ ။ အပဖြစ်သော ခံတွင်းပေါက်သို့ အသံထွက်၍ မသွားအောင် မလွှတ်မူ၍ ရွတ်ရမည်ဟူလိုသည်၊ ခံတွင်းပေါက်ကို ပိတ်လိုက်မှ နှာခေါင်းပေါက်သို့ လေသွားသည်၊ နှာခေါင်းပေါက်သို့ လေသွားမှ နာသိကဌာန်သို့ ရောက်သည်။

အချို့သူတို့ကား။ ။ကရဏာနိ၊ ဌာန်,ကရိုဏ်းတို့ကို၊ အဝိဿဇ္ဇေတွာ၊ မစွန့်မူ၍ဟု-အနက်ဆို၍ နိဂ္ဂဟိတ်၏ မှီရာ အက္ခရာတို့၏ ဌာန်, ကရိုဏ်းတို့ကို မစွန့်မလွှတ် ကောင်းစွာ ပြည့်စုံစေ ရမည် ဆိုလိုသည် ဟူကြကုန်၏၊ သို့ယူခဲ့သော်နိဂ္ဂဟိတ်၏ ပြန်ဖက်ဖြစ်သော ဝိမုတ္တကို ပြရာ၌ -

ဝိမုတ္တန္တိယံ ကရဏာနိ အနိဂ္ဂဟေတွာ ဝိဿဇ္ဇေတွာ” ဟူရာ၌ ဌာန်,ကရိုဏ်းတို့ကို ဖွင့်လွှတ်၍ မပြည့်မစုံစေမူ၍ ရွတ်ရမည်ဟု အဓိပ္ပါယ် ကျလိမ့်မည်၊ ဌာန်,ကရိုဏ်းတို့ကို မပြည့်မစုံပြု၍ ရွတ်အပ် သော အက္ခရာ ဟူ၍ မရှိ၊ ထို့ကြောင့် အသံနှင့် တကွသော ခံတွင်းလေကို ခံတွင်းပေါက်မှ အပသို့ မလွှတ်မူ၍ သွား, နှုတ်ခမ်းတို့ကို လုံလုံပိတ်သည်ကိုပင် “အဝိဿဇ္ဇေတွာ” ဆိုသည်ဟုမှတ်။

ဆရာတော် ဦးဗုဓ်ကား။ ။” အဝိဝဋေန” ၌ အ-သဒ္ဒါသည် အပ္ပကအနက်ဟော၊ “အနည်းငယ် ပွင့်သောဟု” အနက်ပေး၊ ခံတွင်းကို လုံးလုံးပိတ်ခဲ့လျှင် အက္ခရာမပြီမသ-သော အဗျတ္တ သဒ္ဒဖြစ်ရာ၏ ဟု ဆို၏။

[အပိတ် စောလျှင်သာ မပြီသသည်၊ အပိတ် အချက်ကျလျှင် ပြီသ-ပါ၏။]

၄။ နှုတ်ခမ်းကိုမပိတ်မူ၍ နှုတ်ခမ်းပေါက်မှ လေလွှတ်၍ ရွတ်အပ်သော အက္ခရာစုသည် ဝိမုတ္တမည်၏။

ဝိမုတ္တန္တိ ယံ ကရဏာနိ အနိဂ္ဂဟေတွာ ဝိဿဇ္ဇေတွာ
ဝိဝဋေန မုခေန သာနုနာသိကံ အကတွာ ဝတ္တဗ္ဗံ။

[ပရိဝါ အဋ္ဌကထာ။]

[နိဂ္ဂဟိတ်နှင့် မယှဉ်၊ ကြွင်းသော ဝဏ္ဏစုကိုယူ။]

၅။ ရှေ့ပုဒ် နောက်ပုဒ် သန္ဓိစပ်၍ ရွတ်မှုသည် သမ္ဗန္ဓမည်၏။

၆။ သန္ဓိမစပ် ပုဒ်ဖြတ်၍ရွတ်မှုသည် ဝ၀တ္ထိတမည်၏။

၇။ သက်သက်သော ဒီဃသရစုသည် လည်းကောင်း, ဒီဃသရနှင့် ယှဉ်သော ဗျည်းစုသည လည်းကောင်း ဒီဃမည်၏။

၈။ သက်သက်သော ရဿသရစုသည် လည်းကောင်း, ရဿသရ နှင့်ယှဉ်သောဗျည်းစုသည် လည်းကောင်း ရဿမည်၏။

၉။ ဆိုခဲ့ပြီးသော ဒီဃစုသည် လည်းကောင်း, သံယုဂ်နှောင်းသော ရဿစုသည် လည်းကောင်း, နိဂ္ဂဟိတ်နှောင်းသော ရဿစုသည် လည်း ကောင်း ဂရုမည်၏။

၁၀။ သံယုဂ်မှလည်းကောင်း, နိဂ္ဂဟိတ်မှလည်းကောင်း ကင်းသော ရဿစုသည် လဟုမည်၏။

[ဤကား ဗျဉ္ဇနဗုဒ္ဓိ ဆယ်ပါးခွဲခြမ်းမှုတည်း။]

ကံပျက်မှု ၄-ချက်

ဤ ဗျဉ္ဇနဗုဒ္ဓိ ဆယ်ပါးတို့တွင်-

၁။ သိထိလဝဏ္ဏကို ဓနိတဝဏ္ဏပြု၍ ရွတ်မိသော်လည်းကောင်း,
၂။ ဓနိတဝဏ္ဏကို သိထိလဝဏ္ဏပြု၍ ရွတ်မိသော်လည်းကောင်း,
၃။ နိဂ္ဂဟိတ်ကို ဝိမုတ္တပြု၍ ရွတ်မိသော်လည်းကောင်း,
၄။ ဝိမုတ္တကို နိဂ္ဂဟိတ်ပြု၍ ရွတ်မိသောလည်းကောင်း,

[ဤလေးချက်သည်ကံပျက်မှုပေတည်း။]

သိထိလေ ကတ္တဗ္ဗေ ဓနိတံ, ဓနိတေ ကတ္တဗ္ဗေ သိထိလံ, ဝိမုတ္တေ ကတ္တဗ္ဗေ နိဂ္ဂဟိတံ, နိဂ္ဂဟိတေ ကတ္တဗ္ဗေ ဝိမုတ္တန္တိ ဣမာနိ စတ္တာရိ ဗျဉ္ဇနာနိ အန္တောကမ္မဝါစာယံ ကမ္မံ ဒူသေန္တိ၊ဧဝံ ဝဒန္တော အညသိံ္မ အက္ခရေ ဝတ္တဗ္ဗေ အညံ ဝဒတိ၊ ဒုရုတ္တံ ကရောတီတိ ဝုစ္စတိ။

[ပရိဝါအဋ္ဌကထာ။]

ဝိမတိဝိနောဒနီ ဋီကာ၌ကား ---

သိထိလချင်းချင်းပင် ဖြစ်သော်လည်း ဋနှင့်တ, ဍနှင်ဒ, ဏနှင့်န, ပြောင်းလဲ၍ရွတ်မိလျှင် “ဒုရုတ္တံ ကရောတိ” ပင်ဖြစ်၏၊ ဓနိတချင်းချင်းပင် ဖြစ်သော်လည်း ဌနှင့်ထ, ဎနှင့်ဓ, ပြောင်းလဲ၍ ရွတ်မိလျှင် “ဒုရုတ္တံ ကရောတိ” ပင်ဖြစ်၏၊ ကံပျက်၏ဟုဆို၏။

ဝဂ္ဂန္တရေ သိထိလမေဝ ကတွာ သုဏာဋု မေတိ အာဒိနာ ဝဒန္တောပိ ဒုရုတ္တံ ကရောတိယေဝ ထပေတွာ အနုရူပံ အာဒေသံ၊ ယဉှိ သစ္စိကတ္ထ pရမတ္ထေနာတိ ဝတ္တဗ္ဗေ သစ္စိကဋ္ဌpရမတ္ထေနာ တိစ, အတ္ထကထာတိ ဝတ္တဗ္ဗေ အဋ္ဌကထာတိစ တတ္ထ တတ္ထ ဝုစ္စတိ၊ တာဒိသံ pါဠိအဋ္ဌကထာသု ဒိဋ္ဌပယောဂံ တဒနုရူပဉ္စ ဝတ္တုံ ဝဋ္ဋတိ၊ တတော အညံ န ဝဋ္ဋတိ။

[ဝိမတိဝိနောဒနီ ဋီကာ။]

အနက်ကား

ဝဂ္ဂန္တရေ - ဝဂ်တစ်ပါး၌၊
သိထိလမေဝ - သိထိလ ကိုပင်လျှင်၊
ကတွာ - ၍၊
သုဏာဋု မေတိ အာဒိနာ - သုဏာဋု မေ-အစရှိသည်ဖြင့်၊
ဝဒန္တောပိ - ရွတ်ဆိုသော သူသည်လည်း၊
အနုရူပံ - သင့်လျော်သော၊
အာဒေသံ - အပြုကို၊
ထပေတွာ - ထား၍၊
ဒုရုတ္တံ - မကောင်းသော ရွတ်ခြင်းကို၊
ကရောတိယေဝ - ပြုသည်သာလျှင်တည်း၊
ဟိ - ချဲ့အံ့၊
သစ္စိကတ္ထပရမတ္ထေနာတိ - သစ္စိကတ္ထပရမတ္ထေန ဟူ၍၊
ဝတ္တဗ္ဗေ - ဆိုအပ်လျက်၊
သစ္စိကဋ္ဌပရမတ္ထေနာတိစ - သစ္စိကဋ္ဌ ပရမတ္ထေန ဟူ၍လည်းကောင်း၊
အတ္ထကထာတိ - အတ္ထကထာဟူ၍၊
ဝတ္တဗ္ဗေ - ဆိုအပ်လျက်၊
အဋ္ဌကထာတိစ - အဋ္ဌကထာ ဟူ၍လည်းကောင်း၊
တတ္ထ တတ္ထ - ထိုထိုအရာ၌၊
ယံ - အကြင်အက္ခရာကို၊
ဝုစ္စတိ - ရွတ်ဆိုအပ်၏၊
တာဒိသံ - ထိုသို့သဘောရှိသော၊
ပါဠိအဋ္ဌကထာသု - ပါဠိ, အဋ္ဌကထာတို့၌၊
ဒိဋ္ဌပယောဂဉ္စ - တွေ့မြင်သော ပြယုဂ်ကို လည်းကောင်း၊
တဒနုရူပဉ္စ - ထိုအား လျော်သော ပြယုဂ်ကို လည်းကောင်း၊
ဝတ္တုံ - ရွတ်ဆိုခြင်းငှါ၊
ဝဋ္ဋတိ - သင့်မြတ်၏၊
တတော - ထိုဆိုခဲ့ပြီးသည်မှ၊
အညံ - တစ်ပါးသော ရွတ်ဆိုမှုသည်၊
နဝဋ္ဋတိ - မအပ်။

အဓိပ္ပါယ်ကား

သိထိလအချင်းချင်းပင် ဖြစ်သော်လည်း သုဏာတု, ဟု ဒန္တဇ နှင့်ရွတ်ရမည်ကို သုဏာဋု, ဟု မုဒ္ဓဇ-နှင့်ရွတ်မိချေလျှင် “ဒုရုတ္တ” ပင်ဖြစ်၏၊ သုဏာတု-ဟု မုဒ္ဓဇ-ကြီးနှင့် ရွတ်ရမည်ကို သုနာတု-ဟု ဒန္တဇ-ငယ်နှင့် ရွတ်မိချေလျှင်လည်း “ဒုရုတ္တ” ပင်ဖြစ်၏။

အဘယ့်ကြောင့်နည်း ဟူမူ ---

ကီ-ဓာတ်နောင် နာပစ္စည်းသက်၍ ပြီးသောရုပ်သည် ဝိက္ကိနာတိ ဟူ၍လည်းကောင်း, နာငယ်ကို ဏကြီးပြု၍ ဝိက္ကိဏာတိ ဟူ၍ လည်းကောင်း နှစ်ရုပ်ပင်သဒ္ဒါ ကျမ်းဆရာတို့လည်း ပြပေသည်၊ ပါဠိအဋ္ဌ ကထာမှာလည်း နှစ်မျိုးပင် မြင်ရသည်၊ ထို့ကြောင့် ဝိက္ကိနာတိ-ဟု နငယ်နှင့် ရွက်မိလျှင် လည်း အမှန်ပင် ကျသည်၊ ဝိက္ကိဏာတိ-ဟု ဏကြီးနှင့် ရွက်မိလျှင်လည်း အမှန်ပင်ကျ၏။
[ပဟိနာတိ, ပဟိဏာတိ၊ အာဒိန္နော, အာဒိဏ္ဏော စသည်တို့၌လည်း ဤအတူ။]

သုဏာတု, ဟူသော ရုပ်သည်မူကား နငယ်နှင့် ပြီးချက်သည် သဒ္ဒါကျမ်းတို့၌လည်း မရှိ၊ ပါဠိအဋ္ဌကထာ တို့၌လည်း မထင်၊ ထို့ကြောင့် သုဏာတု, ဟု ဏကြီးနှင့် ရွတ်ပေမှ အမှန်ကျသည်၊ သုနာတု, ဟုနငယ်နှင့် ရွတ်မိလျှင် ဒုရုတ္တပင်ဖြစ်သည်။

ဤအတူပဉ္စမီ တု-ဝိဘတ် သည်လည်း ဒန္တဇ-နှင့်သာ မြဲချေ သည်၊ မုဒ္ဓဇ-နှင့် မရှိ၊ ထို့ကြောင့် သုဏာတု-ဟု ဒန္တဇ-နှင့် ရွတ်မှ အမှန် ကျသည်၊ သုဏာဋု-ဟု မုဒ္ဓဇ-နှင့်ရွတ်မိလျှင် ဒုရုတ္တပင် ဖြစ်သည်။

ဏကြီး, နငယ်နှစ်ပါးသည် ကရိုဏ်းလည်း အသီးအခြား, ဌာန်လည်းအသီးအခြား, အသံသုတိ လည်းခြားနားလျက်ရှိသည်၊ ထို့အတူ မုဒ္ဓဇ”ဋ”နှင့် ဒန္တဇ”တ”နှစ်ပါးသည်လည်း ကရိုဏ်းလည်း အသီးအခြား, ဌာန်လည်းအသီးအခြား, အသံသုတိလည်း ခြားနားလျက်ရှိသည်၊ မုဒ္ဓဇ-ဌနှင့်ဒန္တဇ-ထနှစ်ပါး, မုဒ္ဓဇ-ဍနှင့် ဒန္တဇ-ဒနှစ်ပါး, မုဒ္ဓဇ-ဎနှင့်ဒန္တဇ-ဓနှစ်ပါး တို့၌လည်း ကရိုဏ်းလည်း အသီးအခြား, ဌာန်လည်းအသီးအခြား, အသံ သုတိလည်း ခြားနားလျက်ရှိသည်။

[ကရိုဏ်းခြားနားချက် ကိုလည်း မသိ၊ ဌာန်ခြားနားချက် ကိုလည်း မသိ၊ အသံသုတိ ခြားနားချက် ကိုလည်း မသိသော ရဟန်းသည် အဝါခြောက်ဆယ်ပင် ရငြားသော်လည်း သရဏဂုံပေး၍ ရှင်ပြုမှု, ကမ္မဝါဖတ်မှုတို့၌ အပပြုထိုက်သော “ဝဇ္ဇနီယအဘဗ္ဗ” ပုဂ္ဂိုလ်သာ ဖြစ်သတည်း။]

ထပေတွာ အနုရူပံ အာဒေသံ”ဟူသည်ကား။ ။ သစ္စိကဋ္ဌ ဟူသောပုဒ်, အဋ္ဌကထာဟူသော ပုဒ်တို့၌ သဒ္ဒါကျမ်းတို့၌ ဒန္တဇ-ကို မုဒ္ဓဇ-ပြုသည်ဟု လာသည်၊ ပါဠိ, အဋ္ဌကထာတို့၌လည်း မုဒ္ဓဇ-နှင့်သာ အမြင်များပေသည်၊ ထို့ကြောင့် ထိုပုဒ်တို့၌ အတ္ထသဒ္ဒါရင်းပင် ဖြစ်သော်လည်း မုဒ္ဓဇ-နှင့် ရွတ်သင့်သည်၊ ဒန္တဇ-နှင့် ရွတ်မိလျှင်လည်း နကိုယ် မူလ အတိုင်းကျ၍ သင့်ပြန်သည်။
[ဤသို့သော အက္ခရာများ၌ ဝဂ္ဂန္တရ ပြောင်းလဲ၍ ရွတ်မိသော်လည်း အပြစ်မရှိ ဆိုလိုသည်။]

တဒနုရူပဉ္စ ဝတ္တုံ ဝဋ္ဋတိ” ဆိုသည်ကား။ ။ ဒုက္ကဋံ၌ ကတသဒ္ဒါသည် သုကတံ စသည်တို့၌ ဒန္တဇနှင့်သာ အနေများ၏၊ ထို့ကြောင့် “ဒုက္ကတံ”ဟု ဒန္တဇ-နှင့် ရွတ်မိသော်လည်း ဒုရုတ္တ မဆိုရ၊ “ပဋိစ္ဆန္နာနဉ္စ အပ္ပဋိစ္ဆန္နာနဉ္စ” တို့၌ ပတိသဒ္ဒါသည် “ပတိရူပံ”စသည်တို့၌ ဒန္တဇနှင့်သာ အနေများ၏၊ ထို့ကြောင့် “ပတိစ္ဆန္နာနဉ္စ” ဟု ဒန္တဇ-နှင့် ရွတ်မိသော်လည်း ဒုရုတ္တမဆိုရ၊ ကြီးပွါးခြင်း အနက်ကို ဟောသော အရာ၌ “ဝုဎ္ဍို, ဝုဒ္ဓိ”ဟူ၍ နှစ်ထွေ နှစ်ရပ်ပင် ကျမ်းဂန်အမြင် ရှိသောကြောင့် ရွတ်ဆိုရာ ပင်သင့်၏။

တတော အညံ န ဝဋ္ဋတိ”ဆိုသည်ကား။ ။ သုဏာတု၌ ဒန္တဇ-နာ မုဒ္ဓဇ-ဋုတို့နှင့် ရွတ်မိသောအရာ, ပရိပုဏ္ဏဿ၌ ဒန္တဇ-နဒွေဘော်နှင့် ရွတ်မိသောအရာ, စိဏ္ဏမာနတ္တော၌ ဒန္တဇ-နဒွေဘော်နှင့် ရွတ်မိ သောအရာ၊ ဤသို့သော အရာများသည်ကား ဒုရုတ္တဖြစ်၏ ဟူလိုသည်။
[ဤဒုရုတ္တစုကား ကံပျက်သော ဒုရုတ္တစုပေတည်း။]

ဝိမတိအဓိပ္ပါယ် ပြီး၏။

ကံမပျက် ၆-ချက်

၁။ သမ္ဗန္ဓ ရွတ်ရမည်ကို ဝ၀တ္ထိတ ရွတ်မိအံ့။
၂။ ဝ၀တ္ထိတ ရွတ်ရမည်ကို သမ္ဗန္ဓ ရွတ်မိအံ့။
၃။ ဒီဃ ရွတ်ရမည်ကို ရဿ ရွတ်မိအံ့။
၄။ ရဿ ရွတ်ရမည်ကို ဒီဃ ရွတ်မိအံ့။
၅။ ဂရု ရွတ်ရမည်ကို လဟု ရွတ်မိအံ့။
၆။ လဟု ရွတ်ရမည်ကို ဂရု ရွတ်မိအံ့။

[ဤခြောက်ချက်သည် ကံပျက်အင်္ဂါ မဟုတ်။]

ဒီဃေ ဝတ္တဗ္ဗေ ရဿံ, ရေဿ ဝတ္တဗ္ဗေ ဒီဃံ ဝဒတိ၊ တထာ ဂရုကေဝါ ဝတ္တဗ္ဗေ လဟုကံ, လဟုကေဝါ ဝတ္တဗ္ဗေ ဂရုကံ ဝဒတိ၊ သမ္ဗန္ဓေ ဝါ ပန ဝတ္တဗ္ဗေ ဝ၀တ္ထိတံ, ဝ၀တ္ထိတေဝါ ဝတ္တဗ္ဗေ သမ္ဗန္ဓံ ဝဒတိ၊ ဧဝံ ဝုတ္တေပိ ကမ္မဝါစာ န ကုပ္ပတိ၊ ဣမာနိ ဟိ ဗျဉ္ဇနာနိ ကမ္မံ န ကောပေန္တိ။

[pရိဝါ အဋ္ဌကထာ။]

ဝိမတိဝိနောဒနီ ဋီကာ၌ကား- -

ဤသုံးစုံသော ဗျည်းတို့သည် အတိမ်းအပါး ခံပါကုန်၏ - ဟူငြား သော်လည်း သဒ္ဒါကျမ်းတို့၌ နှစ်ရုပ်သင့်ပြချက်ရှိသော “ဘိက္ခူနံ, ဘိက္ခုနံ” ပုဒ်တို့ကဲ့သို့သော ဒီဃ, ရဿ၊ “နက္ခမတိ, နခမတိ” “ဥပသမ္ပဒါပေက္ခော, ဥပသမ္ပဒါပေခေါ” ပုဒ်တို့ကဲ့သို့သော ဂရု, လဟု၊ “သော တုဏှဿ, သော တုဏှိအဿ” “ယဿာယသ္မတော, ယဿ အာယသ္မတော” ပုဒ်တို့ ကဲ့သို့သော သမ္ဗန္ဓ, ဝ၀တ္ထိတ - တို့၌သာလျှင် အချင်းချင်း အပြန်အလှန် ခံသည်။

နာဂေါဟူသော ဒီဃကို နဂေါဟုရဿ, ယဒိ သံဃဿဟူသော ရဿကို ယာဒိ သံဃဿဟုဒီဃ, သံဃော, တိဿော ဟူသော ဂရုကို သဃော, တိသော၏ ဟုလဟု, ဥပသမ္ပဒါပေက္ခော ဟူသော သမ္ဗန္ဓကို ဥပသမ္ပဒါ အပ ဣက္ခောဟု ဝ၀တ္ထိတ ပြု၍ ရွတ်ခြင်းငှါကား မသင့်လေ။

ဒီဃေ ဝတ္တဗ္ဗေ ရဿန္တိ အာဒီသု ဘိက္ခူနန္တိ ဝတ္တဗ္ဗေ ဘိက္ခုနန္တိဝါ, ဗဟူသူတိ ဝတ္တဗ္ဗေ ဗဟုသူတိဝါ, နက္ခမတီတိ ဝတ္တဗ္ဗေ နခမတီတိဝါ, ဥပသမ္ပဒါpေက္ခောတိ ဝတ္တဗ္ဗေ ဥပသမ္ပဒါpေခေါတိဝါ, ဧဝံ အနုရူpဌာနေသု ဧဝ ဒီဃရဿာဒိံ ရဿဒီဃာဒိဝသေန pရိဝတ္တေတုံ ဝဋ္ဋတိ၊ န pန နာဂေါတိ ဝတ္တဗ္ဗေ နဂေါတိ, သံဃော - တိဿောတိ ဝတ္တဗ္ဗေ သဃော - တိသောတိဝါ, ယာစတီတိ ဝတ္တဗ္ဗေ ယာစန္တီတိဝါ ဧဝံ အနနုရူpဌာနေသု ဝတ္တုံ၊ သမ္ဗန္ဓော pန ဝ၀တ္ထာနဉ္စ သဗ္ဗထာpိ ဝဋ္ဋတီတိ ဂဟေတဗ္ဗံ။

[ဝိမတိဝိနောဒနီ ဋီကာ။]

ဤဋီကာ၌ ---

သမ္ဗန္ဓော ပန ဝ၀တ္ထာနဉ္စ သဗ္ဗထာပိ ဝဋ္ဋတိ - ဆိုသည်ကား သန္ဓိစပ်မှုနှင့် ဆိုင်သမျှမှာ စပ်၍ ရွတ်လိုလျှင် စပ်၍ရွတ်၊ ပုဒ်ဖြတ်၍ ရွတ်လိုလျှင် ဖြတ်၍ရွတ် ဆိုလိုသည်၊ သို့သော်လည်း “ဥပသမ္ပဒါပေက္ခော” ကို ပုဒ်ဖြတ်၍ “ဥပသမ္ပဒါ အပ ဣက္ခော”ဟု, “ဥပသမ္ပါဒေတိ”ကို “ဥပသံ ပါဒ ဧတိ” ဟု ရွတ်ခြင်းငှါ မသင့်ရာ။

pရိpုဏ္ဏဿ pတ္တစီဝရံ, pရိpုဏ္ဏံ အဿ pတ္တ စီဝရံ” “သော တုဏှဿ, သော တုဏှိ အဿ” “ယဿာယသ္မတော, ယဿ အာယသ္မတော” တို့၌သာ နှစ်ချက်သင့်မှတ်ရမည်။

ဗျဉ္ဇနဝုတ္တိ ဆယ်ပါး ပြီး၏။

ဥပသမ္ပဒ ကမ္မဝါစာ၌ စီစစ်ချက်

ယခုအခါ ဥပသမ္ပဒကမ္မဝါစာ၌ အက္ခရာ, ပုဒ်, ဗျည်းတို့ကို ဆိုအံ့။ ဥပသမ္ပဒ ကမ္မဝါစာသည် ---

၁။ ဧကဝတ္ထုကကမ္မဝါစာ,
၂။ ဒွန်ကမ္မဝါစာ,
၃။ ဗဟုဝုစ်ကမ္မဝါစာ,
ဟူ၍ သုံးပါးရှိသည်တွင်---

ဧကဝတ္ထုကကမ္မဝါစာ၌ သုဏာတု, ၌---

သု, တု” တို့ကား ဒန္တဌာန်, ဇိဝှဂ္ဂကရိုဏ်း ရှိကုန်၏၊ လျှာဖျားကို အထက် သွားအစဉ်၏ အတွင်း၌ ခိုက်စေ၍ သွားသံပါအောင်ရွတ်၊ ပယတ်မှာ သု-ကား ဝိဝဋpယတ်, တု-ကား ဖုဋ္ဌpယတ်, သု-မှာ လျှာဖျားနှင့် ဒန္တဌာန်ကို ပွင့်ပွင့်ပြု၍ရွတ်၊ တု-မှာ နာနာထိအောင် ပြု၍ရွတ်။

ငါတို့လူမျိုးမှာ , ရွတ်ပုံ တစ်မျိုး၊ အနောက် နိုင်ငံသားတို့မှာ -ကို ယှ-ဟု ရွတ်ကုန်သည်၊ ပယတ်ခွဲချက်နှင့် ညီသကဲ့သို့ ရှိပေသည်၊ စ, ဆ, ဇ, ဈတို့ကိုလည်း ကျ, ချ, ဂျ, ဃျဟု ရွတ်ကုန်သည်၊ လျှာလယ် ကရိုဏ်း ထင်ရှား လှပေကုန်သည်၊ ငါတို့ရွတ်ပုံအလို စဝဂ်ငါးလုံးမှာ ဇိဝှဂ္ဂ ကရိုဏ်း အားကြီးသည်။

ယခုငါတို့နိုင်ငံရှိ သဒ္ဒါကျမ်းများ၌ ရှိနေသောဌာန်, ကရိုဏ်း, ပယတ် အစီအရင်များသည် အနောက်နိုင်ငံမှရောက်လာသော အစီအရင် များဖြစ်ခဲ့၍ အနောက် နိုင်ငံသားများ ရွတ်ဆိုပုံနှင့်သာ ညီညွတ် လေသည်၊ ငါတို့နိုင်ငံသားများ ရွတ်ဆိုပုံနှင့်မူကား အချို့မညီညွတ် ရှိလေသည်၊ မညီညွတ် ရှိနေသော်လည်း မညီမညွတ်တိုင်း အပြစ်မဆိုသာ၊ မာဂဓဘာသာ မှန်ပေ၍ ဌာန်ခြောက်ပါးကို ထိုဌာန်ခြောက်ပါး၌ ဖြစ်ကြသော အက္ခရာခြောက်မျိုး အသီးအသီး ကွဲပြားခြားနားအောင် ရွတ်ကြ လျှင် သင့်မြတ်တော့သည်။

သု, တုပြီး၏။

အလယ်၌ “ဏာ” အက္ခရာသည်။ ။ မုဒ္ဓဌာန်, ဇိဝှေါပဂ္ဂ ကရိုဏ်း ရှိ၏၊ ကြီး, ကြီးနှင့်ဖြစ်ရာ အရပ်တူ၏၊ ထို့ကြောင့် ဏာ-ကို ရွတ်ဆိုသောအခါ လျှာကို အထက်သို့ ပင့်ချီ၍ -ကြီး ဖြစ်ရာမှာ ဏာ, ဖြစ်အောင် ရွတ်၊ လျှာဖျားကို သွားမှာခိုက်၍ ရွတ်မိလျှင် နငယ်နာ-သာဖြစ်မည်၊ နငယ်နာနှင့် သုနာတု-ဟု သဒ္ဒါကျမ်းမှာလည်း မရှိ၊ ပါဠိ အဋ္ဌကထာတို့၌ လည်းမရှိ၊ နငယ်နာနှင့် ဏကြီးဏာသည် ဌာန်လည်း ခြားနားသည်, ကရိုဏ်းလည်းခြားနားသည်, အသံသုတိလည်း သိသာထင် ရှားခြား နားစေရမည်။

နငယ်သံ ဏကြီးသံ သိသာ ထင်ရှားခြားနားအောင် မရွတ်တတ်သေးလျှင် ကမ္မဝါခွင်သို့ ဝင်ခြင်းငှါ မထိုက်၊ ထို့အတူ တဝမ်းပူသံနှင့် ဋသံလျင်းချိပ်သံ, ထဆင်ထူးသံနှင့် ဌဝမ်းဘဲသံ, ဒထွေးသံနှင့် ဍသံကောက်သံ, ဓအောက်ချိုင့်သံနှင့် ဎရေမှုတ်သံ တို့ကိုလည်း သိသာ ထင်ရှား ခြားနားအောင် မရွတ်တတ် သေးလျှင် ကမ္မဝါခွင်သို့ ဝင်ခြင်းငှါ မထိုက်၊ ဝင်ခဲ့လျှင် ထိုကံကို ဖျက်ဆီးလို၍ ဝင်သည် မည်၏။

ပါဠိတော်၌လည်း -

ဗျတ္တေန ဘိက္ခုနာ ပဋိဗလေန သံဃော ဉာပေတဗ္ဗော - ဟုဟောတော်မူသည်။
[ဗျတ္တ, ပဋိဗလဖြစ်မှ ကမ္မဝါဖတ်ရမည် ဟူလိုသည်။]

ဗျတ္တ, ပဋိဗလအရမှာလည်း -

၁။ ဗျတ္တေန ဘိက္ခုနာ ပဋိဗလေနာတိ ဧတ္ထ ဗျတ္တော နာမ ယဿ သာဋ္ဌကထံ ဝိနယပိဋကံ ဝါစုဂ္ဂတံ ပဝတ္တတိ၊ တသ္မိံ အသတိ အန္တမသော ဣဒံ ဉတ္တိစတုတ္ထကမ္မဝါစာမတ္တံပိ သုဂ္ဂဟိတံ ဟောတိ၊ ဝါစုဂ္ဂတံ ပဝတ္တတိ၊ အယံ ဣမသ္မိံ အတ္ထေ ဗျတ္တော နာမ။

၂။ ယော ပန ကာသသောသသေမှာဒိနာဝါ ဂေလညေန သြဋ္ဌဒန္တဇိဝှါဒီနံဝါ အသမ္ပတ္တိယာ ပရိယတ္တိယံဝါ အကတpရိစ ယတ္တာ န သက္ကောတိ pရိမဏ္ဍလေဟိ pဒဗျဥှုဠနေဟိ ကမ္မဝါစံ သာဝေတုံ၊ ဗျဉ္ဇနံဝါ pဒံဝါ ဟာပေတိ၊ အညထာဝါ ဝတ္တဗ္ဗံ အညထာ ဝဒတိ၊ အယံ အp္ပဋိဗလော၊ တဗ္ဗိpရိတော ဣမသ္မိံ အတ္ထေ pဋိဗလောဟိ ဝေဒိတဗ္ဗော။

[ဟူ၍လာသော အဋ္ဌကထာ ပါဌ်ဖြင့် သိအပ်၏။]

အနက်

၁။ ဗျတ္တေနဘိက္ခုနာ ပဋိဗလေနာတိဧတ္ထ - ဗျတ္တေနဘိက္ခုနာ ပဋိဗလေန ဟူသော ဤပါဌ်၌၊
ဗျတ္တောနာမ - ဗျတ္တ မည်သည်ကား၊
ယဿ - အကြင်ရဟန်းအား၊
သာဋ္ဌကထံ - အဋ္ဌကထာနှင့်တကွသော၊
ဝိနယပိဋကံ - ဝိနည်းပိဋကတ်သည်၊
ဝါစုဂ္ဂတံ - နှုတ်တက်လှစွာ၊
ပဝတ္တတိ - ဖြစ်၏၊
တသ္မိံ - ထိုအင်္ဂါသည်၊
အသတိ - မရှိခဲ့သော်၊
အန္တမသော - အယုတ်ဆုံးအားဖြင့်၊
ဣဒံဉတ္တိစတုတ္ထ ကမ္မဝါစာမတ္တံပိ - ဤဉတ္တိစတုတ္ထ ကမ္မဝါစာမျှသည်လည်း၊
သုဂ္ဂဟိတံ - ကောင်းစွာ သင်ယူအပ်ပြီးသည်၊
ဟောတိ - ဖြစ်၏၊
ဝါစုဂ္ဂတံ - နှုတ်တက်လှစွာ၊
ပဝတ္တတိ - ဖြစ်၏၊
အယံ - ဤရဟန်းသည်၊
ဣမသ္မိံအတ္ထေ - ဤအရာ၌၊
ဗျတ္တောနာမ - ဗျတ္တ မည်၏။

[ “သုဂ္ဂတိတံဟောတိ ဝါစုဂ္ဂတံ ပဝတ္တတိ” ၌ ကောင်းကောင်း တတ်သော ဆရာ၏ အထံမှ ဌာန်, ကရိုဏ်း, ပယတ် အစီအရင် နှင့်တကွ ကျကျ နန ဖတ်နည်းရသည်ကို “သုဂ္ဂဟိတံ” ဆိုသည်၊ ဥတ်ကမ္မဝါစာတို့၌ ပါရှိသော ပုဒ်ပါဌ်အက္ခရာတို့ကို ရပြီးသည်နှင့် မခြား ညက်ညက်သွားအောင် နှုတ်တက်သည်ကို” ဝါစုဂ္ဂတံ ပဝတ္တတိ” ဆိုသည်၊ ဉတ်ကမ္မဝါစာကို အာဂုံရွရွ နှုတ်တက်ရ သည်ကိုလည်း ယူကြကုန်၏၊ ဤဗျတ္တအင်္ဂါနှင့် မပြည့်စုံဘဲ ကြားဖူးနားဝ ရှိရုံမျှနှင့် ကမ္မဝါဖတ်ခြင်းငှာ မထိုက်ဟု ပယ်တော်မူသည်။]

၂။ ယောပန - အကြင် ရဟန်းသည်ကား၊
ကာသသောသသေမှာ ဒိနာ - ချောင်းဆိုးနာ, ခရရုဇ်နာ, သလိပ်ကပ်နာ အစရှိသော၊
ဂေလညေနဝါ - အနာရောဂါကြောင့် လည်းကောင်း၊
သြဋ္ဌဒန္တဇိဝှါဒီနံ - နှုတ်ခမ်း, သွား, လျှာစသည်တို့၏၊
အသမ္ပတ္တိယာဝါ - မပြည့်စုံခြင်းကြောင့် လည်းကောင်း၊
ပရိယတ္တိယ - ကျမ်းဂန်သင်ကြားမှု၌၊
အကတpရိစ-ယတ္တာဝါ - ပြုဖူးသော အလေ့အကျက် မရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း၊
pရိမဏ္ဍလေဟိ - ပြည့်ဝန်းအောင်မြင်ကုန်သော၊
pဒဗျဉ္ဇနေဟိ - ပုဒ်ဗျည်းတို့ဖြင့်၊
ကမ္မဝါစာံ - ကမ္မဝါစာကို၊
သာဝေတုံ - ကြားစေခြင်းငှါ၊
နသက္ကောတိ - မတတ်နိုင်၊
ဗျဉ္ဇနံဝါ - အက္ခရာကိုသော် လည်းကောင်း၊
pဒံဝါ - ပုဒ်ကိုသော် လည်းကောင်း၊
ဟာpေတိ - ယုတ်စေ၏၊
အညထာဝါ - တစ်ပါးသော အခြင်းအရာ အားဖြင့်မူလည်း၊
ဝတ္တဗ္ဗံ - ရွတ်ဆိုရမည်ကို၊
အညထာ - တစ်ပါးသော အခြင်းအရာအားဖြင့်၊
ဝဒတိ - ရွတ်ဆို၏၊
အယံ - ဤရဟန်းသည်၊
အp္ပဋိဗလော - မစွမ်းနိုင်သောရဟန်း မည်၏၊
တဗ္ဗိpရိတော - ထိုမှပြန်ဖက်သော ရဟန်းသည်၊
ဣမသ္မိံ အတ္ထေ - ဤ အရာ၌၊
pဋိဗလော - စွမ်းနိုင်သောရဟန်း မည်၏၊
ဣတိ - ဤသို့၊
ဝေဒိတဗ္ဗော - သိအပ်၏။

[ရောဂါရှိ၍ မတတ်နိုင်သောသူ, နှုတ်-လျှာ လူတန်း မစေ့သောသူ, ပိဋကတ်သုံးပုံ အသင်အကြား အလေ့အကျက် နည်းသောသူ, ဤသုံးယောက်သည် အပ္ပဋိဗလ မည်၏၊ သလိပ် ရောဂါလည်း ကင်းရှင်းပါ၏၊ သွား, နှုတ်ခမ်း, လျှာစသည်တို့လည်း လူတန်းစေ့ပါ၏၊ ပိဋကတ်သုံးပုံ သင်ကြားအား လည်း ကောင်းပါ၏၊ ဤအင်္ဂါသုံးပါးနှင့် ပြည့်စုံပါမှ ပဋိဗလ ဆိုရသည်။]

သုဏာတု- ပုဒ် ပြီး၏။

အယံနာဂေါ” ၌ နာကိုနငယ်နှင့် နာ, သွားသံပါအောင်ရွတ်၊ , ကြီးနှင့် ဏာ, လိုဏ်သံပါအောင် မရွတ်နှင့်။

ပရိပုဏ္ဏဿ” ၌ ဏ္ဏကိုဏကြီးပြီစွာ လိုဏ်သံပါအောင်ရွတ်၊ နငယ်ပြီစွာ သွားသံပါအောင် မရွတ်နှင့်။

သော တုဏှဿ, တသ္မာ တုဏှိ” တို့၌ ဏှ, ဏှိတို့ကို ရင်သံနှင့် တကွ ဏကြီးပြီစွာ လိုဏ်သံ ပါအောင်ရွတ်၊ သွားသံပြ၍ နှ, နှိ မရွတ်နှင့်။

ဆိုဖွယ် အချက်ကား

တုဏှိဿတုဏှိသဒ္ဒါ , တသ္မာတုဏှိတုဏှိသဒ္ဒါကို-
၁။ ဣရဿနှင့် ရွတ်ကြသူ,
၂။ ဤဒီဃနှင့် ရွတ်ကြသူ,
၃။ ရဿ - ဒီဃနှစ်ထွေပြ၍ ရွတ်ကြသူ ဟူ၍ သုံးမျိုးရှိသည်။

ဤဒီဃနှင့်ရွတ်ကြသူတို့မှာ-
တုဏှောမောနံ ဧတဿာတိ တုဏှီ၊ အထဝါ တောဟတီတိ တုဏှီ၊ တုဟ- အဒနေ၊ အဒနံ ဟိံသာ၊ ဏီpစ္စယော၊ ဝဏ္ဏဝိpရိယာ ယော”။
ဟူသော အဘိဓာန်ဋီကာနှင့် ညီပေသည်။

နှစ်ထွေနှစ်ထပ် ဖတ်ကြသူတို့မှာ ---
ယဒိ တုဏှိသဒ္ဒေါ pါတိမောက္ခဂဏ္ဌိpဒေ ဝုတ္တနယေန အကထ နတ္ထေ နိpါတော သိယာ၊ ဒွိဓာpိ ယုဇ္ဇေယျ”။
ဟူသော ပါတိမောက္ခလေခနနှင့် ညီပေသည်။

ဣရဿနှင့် ရွတ်ကြသူတို့မှာ ---
သက်သေသာဓက မရှိ၊ ပကတိ မျက်မြင်မျှနှင့် ရွတ်ကြကုန်သည်။
[လေခန၌ “ရဿသရန္တံပိ သမ္ဘဝတိ” ဆိုသည်မှာ နာဝိဘတ်ကျေသော “တုဏှိ ဘဝိတဗ္ဗံ” တို့၌သာ ဆိုရင်းတည်း။]

သဒ္ဒါကျမ်းတို့၌ ထုတ်ပြသော ဒဏ္ဍီစသော ဤကာရန္တနာမ်ပုဒ် တို့၌လည်း မပါ၊ ပါဠိအဋ္ဌကထာ တို့မှာလည်း နာမ်ဝိဘတ်များ နှင့်တကွ ဤကာရန္တရုပ်ဟူ၍မရှိ၊ ထို့ကြောင့် ဤပစ္စည်း, ဏီပစ္စည်းနှင့် ဝိဂြိုဟ်ကြံသော အဘိဓာန်ဋီကာသည် သင့်မြတ်ရာသော ယုတ္တိမရှိ။

ထို့ကြောင့် သဒ္ဒနီတိစတုပဒမာလာ, ပါတိမောက္ခဂဏ္ဌိတို့၌ ပြဆိုသော အတိုင်း တုဏှိနိပါတ်သာ အမှန်ဖြစ်သည်။

တုဏှိနိပါတ်သည်---
တုဏှိ ဥတ္တရိကေ ဟောတိ၊ တုဏှိ ဟောဟိ ပုနဗ္ဗသု” စသည်တို့၌ ပဌမာဧကဝုစ်ကျေသည်။
တုဏှိ ယန္တိ မဟောဒဓိ” စသည်တို့၌ ပဌမာဗဟုဝုစ်ကျေသည်။ “တုဏှိဘဝိတဗ္ဗံ”၌ တတိယာ ဧကဝုစ်ကျေသည်။

[ဤကမ္မဝါအရာတွင် “သောတုဏှဿ, တသ္မာတုဏှိ” တို့၌ ပဌမာဧက ဝုစ်ကျေ သည်၊ “နိန္ဒန္တိ တုဏှိမာသိနံ” အစရှိသော ဂါထာများ၌ ဇဂိုဏ်းကြိုက်သော ရဿနေရာတွင် လာသောကြောင့် ရဿနှင့်သာမှန်ပေရာသည်။]

နငယ်, ဏကြီးစစ်တမ်း ပြီး၏။

မေးမြန်းဖွယ်

▬▬▬▬

မေး။ဘန္တေ-၌ ဘဗျည်း, သံဃော-၌ ဃဗျည်း, ဓမ္မေဟိ-၌ ဓဗျည်း, ဥပဇ္ဈာယေန-၌ ဈဗျည်း, ဤဝဂ္ဂစတုတ္ထ ဗျည်းစု၌ စတုတ္ထ-ဘ ကို တတိယ-ဗနှင့်, စတုတ္ထ-ဃကို တတိယ-ဂနှင့်, စတုတ္ထ-ဓကို တတိယ- ဒနှင့်, စတုတ္ထ-ဈကို တတိယ-ဇနှင့်, အဘယ်သို့ ထူးခြား ကွဲလွဲအောင် ရွတ်မည်နည်း။

ဖြေ။ ။ တတိယစုသည် သိထိလစုဖြစ်သည်၊ စတုတ္ထစုသည် ဓနိတစုဖြစ်သည်၊ ထို့ကြောင့် တတိယစုကို ပကတိသော ပယောဂနှင့် လျော့လျော့ ညှဉ်းညှဉ်း ရွတ်မည်၊ စတုတ္ထစုကို ပကတိသော ပယောဂထက် အလွန်အမင်း ပြင်းထန်သော ပယောဂနှင့် ရွတ်မည်။

ဆိုဖွယ်အထူးကား

က-ကြီးနှင့်-ခွေးမှာ ကြားနာသောသူတို့အား က-ကြီးသံ, ခ-ခွေးသံ ခြားနားလျှင်ပင် သိထိလ, ဓနိတ ပြီသခြားနားတော့သည်၊ ထို့အတူ လုံးနှင့် လိန်မှာလည်း စလုံးသံ, ဆလိန်သံ ခြားနားလျှင် သိထိလ, ဓနိတခြားနားလှပြီ၊ သံလျင်းချိတ်နှင့် ဝမ်းဘဲ, ဝမ်းပူနှင့် ဆင်ထူး, စောက်နှင့် ဦးထုပ် တို့မှာလည်း ပစောက်သံ, ဖဦးထုပ်သံ ခြားနားလျှင်ပင် သိထိလ, ဓနိတခြားနား လေတော့သည်။

အဘယ့်ကြောင့်နည်းဟူမူ --

က, စ, ဋ, တ, ပ--- -ဟူသော ပဌမက္ခရာ ငါးလုံးတို့၏ မူလသုတိသည် ပျော့လျော့နူးညံ့သော အခြင်းအရာရှိ၏၊ ထို့ကြောင့် ဟစ်အော်၍ပင် ရွတ်သော်လည်း ထိုမူလသုတိကို မစွန့်ပေလျှင် ထိုအက္ခရာ မှန်ပေပြီ။

ခ, ဆ, ဌ, ထ, ဖ-ဟူသော ဒုတီယက္ခရာ ငါးလုံးတို့၏ မူလသုတိသည် မာဆတ်တင်းထန်သော အခြင်းအရာ ရှိ၏၊ ထို့ကြောင့် တိုးတိုး သာသာပင် ရွတ်သော်လည်း ထိုမူလသုတိ ထင်ပေါ်လျှင်ပင် ထိုအက္ခရာ မှန်ပေပြီ၊ ထို့ကြောင့်--

ကနှင့်, နှင့်, နှင့်, နှင့်, နှင့်-တို့မှာ က-သံ, ခ-သံ, စ-သံ, ဆ-သံ, ဋ-သံ, ဌ-သံ, တ-သံ, ထ-သံ, ပ-သံ, ဖ-သံ, ခြားနားပေလျှင် သိထိလ, ဓနိတ ကွဲပြားပေတော့သည်။

နှင့်, နှင့် -- တို့မှာမူကား ဌာန်ကရိုဏ်း ကွဲပြားခြင်း ကြောင့် အသံသုတိလည်း ကွဲပြား အောင် လိုလှ၏။ ။တစ်ရပ်။

ပဌမက္ခရာနှင့် ဒုတိယက္ခရာသည် မူလသုတိခြားနားဘိသကဲ့သို့ တတိယက္ခရာနှင့် စတုတ္ထက္ခရာတို့မှာ မူလသုတိ မခြားနားကြ။

နှင့်အာ, နှင့်, နှင့်-တို့သည် အသံတို အသံရှည်မျှ ထူးခြားသကဲ့သို့ ထို့အတူ-

နှင့်, နှင့်, နှင့်, နှင့်, နှင့်--- -တို့၌လည်း ညှဉ်းညှဉ်းရွတ်ဆိုမှု, တင်းတင်းရွတ်ဆိုမှု ဟူသော ဝစီပယောဂမျှသာ ထူးကြကုန်သည်၊ အသံသုတိရင်းမှာ အထူးမရှိကြပြီ၊ အသံသုတိ ရင်းမထူး ကြလေသောကြောင့်ပင်လျှင် ကမ္မဝါသံမဖတ်ဘဲ ပကတိ ဖတ်နည်းအတိုင်း ဖတ်ရွတ်ရာ၌ နားထောင်သူတို့အား ဂ-ငယ်သံ, ဃကြီးသံ မကွဲပြီ။

[နှင့်လည်း မကွဲပြီ၊ နှင့်လည်း မကွဲပြီ၊ နှင့်လည်း မကွဲပြီ၊ “ဘန္တေ သံဃော” ဟုဆိုလျှင် နဂိုပကတိ ရေးထုံးကိုသိသူမှ ဘကုန်းမှန်း, ဃကြီးမှန်း သိတော့သည်။]

နှင့်အာ, နှင့်, နှင့်-တို့မှာ မူလသုတိတူကြ ကုန်ငြားသော်လည်း “ဇာလိနီ” မှာလာသည့် အတိုင်း--

အ, ဣ, ဥ-တို့မှာ သံဝုဋပယတ်ချုပ်သံ, အုပ်သံတို့ပေတည်း။ အာ, ဤ, ဦ--- -တို့မှာ ဝိဝဋပယတ် ဖွင့်သံ, မြှင့်သံ, လွှတ်သံ တို့ပေတည်း။

ဆယ်မတြာကြာအောင် ရွတ်သော်လည်း ချုပ်အုပ်၍ ရွတ်ခဲ့လျှင် “” သည် အာဒီဃမဖြစ်၊ တစ်မတြာမျှပင် ရွတ်သော်လည်း ဖွင့်မြှင့်၍ ရွတ်ခဲ့လျှင် အာ-သည် အ-ရဿမဖြစ်။

[နှင့်, နှင့်တို့၌လည်း ထို့အတူ။]

ဤသို့ အသံကြိယာ သိသာထင်ရှား ခြားနားခြင်းကြောင့် ပကတိ ဖတ်နည်းမှာပင် -သံ, အာ-သံ, -သံ, -သံ, -သံ, -သံ, ကွဲလွဲ ကြပါ၏။

ဂ-ဃ, ဇ-ဈ, ဍ-ဎ, ဒ-ဓ, ဗ-ဘ- တို့၌ကား ပကတိဖတ်မှု၌ အနည်းငယ်မျှ ကွဲလွဲခြင်းမရှိ။

[ဤကား ငါတို့နိုင်ငံ ရွတ်နည်း ဖတ်နည်းတို့၌ ထွေးယှက်ချက်တည်း။]

အနောက်နိုင်ငံသားတို့မှာမူကား။ ။ ပကတိစကား ပြောရာ မှာပင် သံနှင့်-သံကွဲပေသည်၊ -သံနှင့်-သံကွဲပေသည်၊ -သံနှင့်- သံကွဲပေသည်၊ -သံနှင်-သံကွဲပေသည်၊ -သံနှင့်-သံ ကွဲပေသည်။

ကွဲပုံကား

၁။ ကဏ္ဌဌာန်တွင် တတီယ -ကို လည်ပင်းအထက်အဖို့နှင့် ရွတ်သည်၊ စတုတ္ထ -ကို လည်ပင်းအောက်အဖို့နှင့်ရွတ်သည်၊ အသံနက်သည်၊ ဟိန်းသံ ပါသည်။

၂။ တာလုဌာန်တွင် -ကိုအပြင်အဖို့နှင့်ရွတ်သည်၊ - ကိုအတွင်း အဖို့နှင့်ရွတ်သည်၊ အသံနက်သည်၊ ဟိန်းသံ ပါသည်။

၃။ မုဒ္ဓဌာန်တွင် -ကိုအပြင်အဖို့နှင့်ရွတ်သည်၊ -ကိုအတွင်းအဖို့ နှင့်ရွတ်သည်၊ အသံနက်သည်၊ ဟိန်းသံ ပါသည်။

၄။ ဒန္တဌာန်တွင် -ကို သွားအဖျားအဖို့နှင့် ရွတ်သည်၊ -ကိုသွားရင်းအဖို့နှင့် ရွတ်သည်၊ အသံ နက်သည်၊ ဟိန်းသံ ပါသည်။

၅။ သြဋ္ဌဌာန်တွင် တတီယ -ကို အပြင်အဖို့နှင့် ရွတ်သည်၊ စတုတ္ထ-ကို အတွင်းအဖို့နှင့်ရွတ်သည်၊ အသံနက်သည်၊ ဟိန်းသံ ပါသည်။

ဤသို့ အနောက်နိုင်ငံသားတို့မှာ သူငယ်အခါ သင်ပုန်းကြီး သင်စဉ် ကပင် တတီယ, စတုတ္ထ ကွဲပြားကြသည်၊ ပကတိစကား ပြောရာမှာပင် ဂ-ငယ်သံ ဃ-ကြီးသံ သိသာခြားနား ကွဲပြားမှလည်း သင့်မြတ်ရာသည်။

ထို့ကြောင့် “ဘန္တေ သံဃော” ၌ ဘန်- ကို, ဃော-ကို ရွတ်ဆိုသော အခါ အတွင်းဌာန်နှင့် ဟသံ, ဟိန်းသံ အတန်ငယ်ပါအောင် ရွတ်ဆိုရမည်၊ သံသဒ္ဒါ၌ နိဂ္ဂဟိတ်ကို ရွတ်ဆိုသောအခါ ခံတွင်း ပေါက်ကို လုံစွာပိတ်မှနိဂ္ဂဟိတ်ပြီပြင်သည်။

[အပိတ်စောလွန်းလျှင် , ဗျည်းအပြီနဲ၍ ဝဆွဲသံဖြစ်တတ်သည်၊ အပိတ်နှောင်းလွန်းလျှင် နိဂ္ဂဟိတ်သံနောက်ကျ၍ မကာရန္တပုဒ် ဖြစ်နေတတ်သည်။]

မေးမြန်းဖွယ်

မေး။ ။ သရဏဂုံ ပေးရာ၌ “ဗုဒ္ဓံ ဓမ္မံ သံဃံ သရဏံ” တို့ သည် နိဂ္ဂဟိတန္တ ဖြစ်ကြကုန်လျက် မကာရန္တပေးလျှင်လည်း သင့်မြတ်ကုန်သကဲ့သို့ ဤဉတ်ကမ္မဝါစာတို့၌လည်း နိဂ္ဂဟိတန္တမြင်သမျှကို မကာရန္တနှင့် ချည်းဖတ်ခဲ့သော် မလျော်ပါလော-ဟူမူ -

ဖြေး။ ။သရဏဂုံအခန်း ဝဇီရဗုဒ္ဓိဋီကာ၌ “ဧဝံကမ္မဝါစာယပိ” ဟုလာ၏၊ ဉတ်ကမ္မဝါစာမှာလည်း နိဂ္ဂဟိတန္တပုဒ် တိုင်းမှာပင်မကာရန္တ ဖတ်လျှင် သင့်မြတ်ပါ၏ ဟူလိုသည်၊ မကာရန္တဖတ်ခဲ့လျှင် နောက်ပုဒ်နှင့် အသံမစပ် စဉ်းငယ်ဖြတ်၍ ဖတ်ရပေမည်။

ဆရာတို့ကား။ ။မကာရန္တဖတ်အပ်ကြောင်းကို သရဏဂုံ အရာ၌သာ အဋ္ဌကထာ ခွင့်ပြုချက်ရှိသည်၊ ဉတ်ကမ္မဝါစာအရာ၌ ခွင့်ပြုချက် မရှိ၊ ထို့ကြောင့် ဉတ်ကမ္မဝါစာတို့၌ မကာရန္တကို မဖတ်သင့်၊ နိဂ္ဂဟိတန္တ အတိုင်းသာ ဖတ်သင့်သည်ဟု ဆိုကြကုန်၏။

[အဋ္ဌကထာ၌ ခွင့်ပြုချက်မရှိငြားသော်လည်း သရဏဂုံမှာ အပ်လျှင် ကမ္မဝါစာတို့၌လည်း အပ်ရာပါ၏၊ သို့သော်လည်း သံဃံသံသဒ္ဒါ, သံဃောသံ-သဒ္ဒါများသည် ပဒန္တ မဟုတ်ကြ၍ သရဏဂုံမှာပင် မကာ ရန္တမရွတ်ရ။]

သံ-သဒ္ဒါပြီး၏။

အယံ နာဂေါ, ပတ္တစီဝရံ, သံဃံ, ဥပသမ္ပဒံ, သံဃဿ, ပတ္တကလ္လံ, သံဃော, နာဂံ” တို့၌လည်း နိဂ္ဂဟိတန္တ နေရာကျအောင်ဖတ်။

ပတ္တကလ္လံ,သည် ဒန္တဇပေတည်း၊ ထို့ကြောင့်လျှာဖျားနှင့် သွားကို ခိုက်၍ရွတ်၊ နိဂ္ဂဟိတ်ကို ပိတ်မည် အားထုတ်မှုကြောင့် လျှာဖျား ကြွ၍ မုဒ္ဓဇ-ကြီး ဖြစ်သွားတတ်၏။

[ကြီးနှင့် ငယ်သည် ဌာန်လည်း ကွဲကြသည်၊ ကရိုဏ်းလည်း ကွဲကြသည်၊ ထို့ကြောင့် အသံသုတိလည်းထင်ထင်ရှားရှား ကွဲစေရမည်။]

နိဂ္ဂဟိတ်စစ်တမ်း ပြီး၏။

သေက္ခာ-သေခါ, ဥပေက္ခာ- ဥပေခါ “ဟူသော ပုဒ်တို့သည် က-သံယုဂ် ရှိ-မရှိ ၂-ချက်ပင် သင့်သကဲ့သို့ “ဥပသမ္ပဒါပေက္ခာ, ဥပသမ္ပဒါ ပေခါ” ဟု က-သံယုဂ်ရှိ-မရှိ ၂-ချက်သင့်ကြောင်းကို ထုတ်ပြခဲ့သော ဝိမတိဝိနောဒနီ ဋီကာတွင် ပါလေပြီ။

ဥပသမ္ပဒါပုဒ်, အပပုဒ်, ဣက္ခပုဒ်-ပြီး၏။

အမှာ စကားချပ်

▬▬▬▬▬▬

အန္တရာယိကေဟိ၌- ကိုထွေးသံ ဆိုမိတတ်၏၊ မုဒ္ဓဇ-ကြီးနှင့် နီးသောကြောင့် -သံလျင်းချိတ် သံ ဖြစ်၍သွားတတ်၏၊ ဒန္တဇ-ဝမ်းပူသံ ပြီသအောင် ရွတ်။

ဓမ္မေဟိ၌-ဓမ်ကို မကာရန္တ ပြီသအောင် လှလှဖွင့်၍ ရွတ်၊ နာသိ ကဌာန်၌ဖြစ်သော အက္ခရာ နှောင်းသောကြောင့် ဓမ်သည်လည်း နိဂ္ဂဟိတန္တဖြစ်၍သွားတတ်၏။

ပရိပုဏ္ဏဿ၌-”ပရိပုဏ္ဏံ-အဿ”ဖြတ်၊ “အဿ - ထိုရဟန်းလောင်းအား၊ ဝါ- ထိုရဟန်းလောင်း၏” ဏ္ဏဿ-ကိုရွတ်ဆိုသော အခါ ဒန္တဇ-နှင့်နီး၍ -ကြီးမစစ် ငယ်ဖြစ်၍ သွားတတ်သည်။ ကြီးသံ ထင်ရှားအောင် အားထုတ်၍ဖတ်။

ပတ္တကလ္လံ၌ - ကလ်မှာ မကာရန္တ, လံမှာနိဂ္ဂဟိတန္တ, နိဂ္ဂဟိတ်ကို ကြောင့်ကြစိုက်မှုကြောင့် ငယ်မစစ် ကြီးဖြစ်၍ သွားတတ်သည်၊ ကြီးကား မုဒ္ဓဇ, ငယ်ကားဒန္တဇ, အသံချင်းမတူကြ၊ -ငယ်သံ ထင်ရှားအောင် သွားသံပြ၍ ဖတ်ရမည်။

ဥပသမ္ပာဒေယျ၌ - ယျဒွေးဘော်နှောင်းသောကြောင့် “ဒေကို ရဿ-သံဆိုရမည်ဟုလာ၏။

ကွစိသံယောဂပုဗ္ဗဧကာရောကာရာ ရဿာ ဣဝ ဝုစ္စန္တေ၊ ယထာ- ဧတ္ထ, သေယျော, သြဋ္ဌော, သောတ္ထိ၊ ကွစီ တိကိံ၊ မေဉ္စ တွံ နိက္ခဏံ ဝနေ၊ ပုတ္တော တျာဟံ မဟာရာဇ။
[ရူပသိဒ္ဓိ။]

မောဂ္ဂလာန်၌ကား။ ။သံယုတ်နှောင်းသော ဧ-သြကို ရဿ-, ရဿ-သြတို့၏ အသံအတိုအရှည် ကိုအစွဲပြု၍ ဒီဃ,ရဿခေါ်ဆိုရသည်၊ ထို့ကြောင့် -သုတိ, သြ-သုတိ ရှိသော်လည်း သံယုတ် နှောင်း၍ အသံတိုပေလျှင် ရဿ-ဆိုရမည်။
[ မောဂ္ဂလာန်အလို။ ]

ဧ, သြတို့သည် သုတိအားဖြင့် ဒီဃမျိုးသာဖြစ်သည်။ သံယုတ် နှောင်း၍အသံတိုပေသော်လည်း ရဿအစစ် မဆိုရ၊ ရဿကဲ့သို့သော ဒီဃသာ ဆိုရမည်။
[ ရူပသိဒ္ဓိ,သဒ္ဒနီတိတို့အလို။ ]

သံယုတ်မှာလည်း ဧကပဒ-သံယုတ်ကိုသာ လိုအပ်၏၊ ပုဂ်သီး ပုဂ်ခြားသံယုတ်ကို မလိုအပ်၊ ထို့ကြောင့် “မေဉ္စ တွံ” မှာ “တွံ”သည် ပုဒ်သီး ပုဒ်ခြားဖြစ်၍ သံယုဂ်နှောင်းရာမကျလေသောကြောင့် “စေတ်” ဟူ၍ ရဿမရွတ်ရ၊ “စေ” ဟူ၍ဒီဃအတိုင်းသာ ရွတ်ရမည်။ “ပုတ္တော တျာဟံ” မှာလည်း “တောတ်” ဟူ၍ ရဿမရွတ်ရ၊ တောဟူ၍ ဒီဃအတိုင်းသာ ရွတ်ရမည်။
[ ကွစိအလို။ ]

ဤကမ္မဝါ၌- “ဥပသမ္ပာဒေယျ၊ သောဘာသေယျ” တို့၌ကား ဧကပဒ- သံယုဂ်ဖြစ်ခဲ့၍ “ဒေ, သေ” တို့ကို ရဿ-သံဆိုရပေမည်။ အချို့ဆရာတို့ကား- ဝိသဇှုဠနီသံနှင့် “ဒေးယျ သေးယျ” ဟု ဖတ်ကုန်၏၊ အချို့ဆရာတို့ကား မာဂဓဘာသာမှာ ဝိသဇ္ဇနီ မရှိလေသောကြောင့် “ဒေးယျ, သေးယျ” ဟု ဖတ်မှုကို မကြိုက်ကြကုန်၊ “ဒေဝေါ သေနာသနံ” ပုဒ်တို့၌ကဲ့သို့ ပကတိ အတိုင်းသာ ဖတ်ကြကုန်၏၊ ထုတ်ပြခဲ့ပြီးသော သဒ္ဒါကျမ်းများကို မသိသူတို့၏ အကြိုက်သာတည်း။

[နှစ်နည်းလုံးသည်ပင် ရဿအရာ မရောက်လေ၊ မရောက်သော်လည်း ကံပျက်မှု မဟုတ်။]

အချို့ဆရာတို့ကား။ ။အောက်မြစ်သံနှင့်ဖတ်ကြကုန်၏၊ အချို့ ဆရာတို့သည်ကား သတ်, အောက်မြစ်သံ ဖတ်ကြကုန်၏၊ နှစ်ပါးလုံးသည်ပင် ရဿအရာ ရောက်ပေ၏။

[ဤကား ဉတ်၌ စီစစ်ချက်တည်း။]

ကမ္မဝါစာ

▬▬▬

ကမ္မဝါ၌။ ။ “နက္ခမတိ, နခမတိ “ နှစ်ချက်သင့်။
[ဝိမတိဋီကာ]

- ဗျည်း၌ကား ကမ္မရုပ်ဖြစ်ခဲ့၍ ဒွေးဘော်နှင့် လိုသည်ဟု ဆိုကြကုန်၏၊ အရပ်ရပ်သော ကမ္မဝါစာ တို့၌ လည်းကောင်း, ဝိနည်းပါဠိတော် သုတ္တန်ပါဠိတော် တို့၌ လည်းကောင်း, ဒွေးဘော်နှင့် မမြင်ဘူးရ။

သေက္ခာ - သေခါ, ဥပေက္ခာ - ဥပေခါ, ဥပသမ္ပဒါပေက္ခော - ဥပသမ္ပဒါပေခေါ” စသည်ဖြင့် -ဗျည်း နှင့်ယှဉ်ရာတို့၌ ရုပ်ဆန်း, ရုပ်ပြား အလွန်များချေသည်၊ ထို့ကြောင့် - တစ်လုံးရှိသော ပါဌ်သည် သာအစဉ် အလာဖြစ်ရာသည်၊ ,နှစ်လုံးဖတ်သော်လည်းအပြစ်ဆိုဖွယ်မရှိလှ။

သောဘာသေယျ”တွင် ပဌမကမ္မဝါပြီးဆုံးသည်၊ ရပ်နားလိုလျှင် ဤတွင်ရပ်နားရမည်၊ “ဒုတီယမ္ပိ ဧတမတ္ထံ ဝဒါမိ” ကား နောက် ဒုတီယ ကမ္မဝါ၏ အချီပေတည်း။

[ဒုတိယကမ္မဝါစာအဆုံး, တတိယကမ္မဝါ အဆုံးတို့မှာလည်းဤနည်းတူ]

တတိယကမ္မဝါအဆုံး “သော ဘာသေယျတွင်” ရဟန်းအဖြစ်သို့ ရောက်သည် “ဥပသမ္ပန္နော သံဃေန” ကိုကား အတိကရဏခေါ်သည်၊ ရဟန်းဖြစ်ပြီးသည် ကြွေးကြော်သော စကားရပ် ဆိုလိုသည်။

အချို့ဆရာတို့သည်။ ။ ထိုဝါကျကို တစ်ကြိမ်သာ ဖတ်ကြကုန်၏၊ အရိုးအစဉ်အတိုင်း သုံးကြိမ် ဖတ်လေ။

[ ဤကား ရဟန်းလောင်းတစ်ပါး၌ ဖတ်ရသော ဧကဝတ္ထုက ကမ္မဝါစာ၌ စီစစ်ချက်တည်း။ ]

ဒွိတိဝတ္ထုက ကမ္မဝါစာ

▬▬▬▬▬▬▬▬

ယခုအခါ၌ ရဟန်းလောင်းနှစ်ပါး, သုံးပါးတို့ကို တစ်ပေါင်းတည်း ဖတ်ရသော ဒွိတိဝတ္ထုက ကမ္မဝါစာ တို့ကို ဆိုပေအံ့။

၁။ “အယဉ္စ နာဂေါ အယဉ္စ နာဂေါ” ဟု ဝဂ္ဂန္တနှင့် ဖတ်ကြသူ တစ်ချို့,

၂။ “အယံစ နာဂေါ, အယံစ နာဂေါ” ဟု နိဂ္ဂဟိတန္တနှင့် ဖတ်ကြသူ တစ်ချို့,

၃။ “အယံ နာဂေါစ အယံ နာဂေါစ” ဟု နာဂေါနောင် - ကိုယှဉ်၍ ဖတ်ကြသူ တစ်ချို့,

[သုံးနည်းလုံးသည်ပင် အပြစ်အထူးဆိုဖွယ် မရှိ။]

အယဉ္စ ဝိတက္ကော အယဉ္စ ဝိစာရော သန္တာ ဟောန္တိ။
[ဈာနဝိဘင်းပါဠိတော်။]

ဣဒဉ္စ နာမံ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ နာမရူပံ။
[ပဋိစ္စသမုပ္ပါဒဝိဘင်းပါဠိတော်။]

ဤသို့အရပ်ရပ်သော ပါဠိတော်တို့မှာ တွေ့မြင်ရသောကြောင့် အယဉ္စ ဟူသော ပဌမနည်းသည်သာ အထူးသင့်မြတ်သည်။

ကမ္မဝါစာပါဠိတော်၌။ ။ “ဣတ္ထန္နာမောစ, ဣတ္ထန္နာ မော စ” ဟု နာမဒီပကပုဒ်နောင် -ယှဉ်ချက် ကိုမြင်ကြ၍ နာဂေါစ နာဂေါစ-ဟု ဖတ်ကြသည်၊ ထိုပါဠိတော်မှာ အယံသဒ္ဒါမပါ၍ “နာမောစ” ဟု ဟောရသည်၊ အယံသဒ္ဒါ ပါပေလျှင် “အယဉ္စ” ပင် ဟောပေမည်။

အယဉ္စ နာဂေါ အယဉ္စ နာဂေါ အာယသ္မတော တိဿ ဥပသမ္ပဒါပေက္ခော”ဟု သြကာရန္တဧကဝုစ်နှင့် ဖတ်ကြသည်ကား ဘိက္ခုဝိဘင်း ဘေဒါနုဝတ္တက သိက္ခာပုဒ်, ဘိက္ခုနီဝိဘင်း သံသဋ္ဌဝိဟာရ သိက္ခာ ပုဒ်ပါဠိတော်လာ ဒွန် ကမ္မဝါကြီးများနှင့် မညီလေ။

[ဤကား ဒွိတိဝတ္ထုကကမ္မဝါစာ၌ စီစစ်ချက်တည်း။]

ကမ္မဝါစာဖတ်မှု, သရဏဂုံ ပေးမှုတို့၌ အရေးကြီးသော အချက်များကို ပြဆိုချက် ပြီး၏။

ဥပဇ္ဈာယဂဟဏ ဝိနိစ္ဆယ

“သိမ်ပ၌နေသော ဥပဇ္ဈာယ်ဆရာထံမှာ ဥပဇ္ဈာယ်ယူ၍ သိမ်တွင်းမှာ ဥပဇ္ဈာယ်ဆရာ မပါဘဲနှင့် ဥပဇ္ဈာယ်ဆရာ ဘုန်းတော်ကြီး မည်သူကို တိဿဟူ၍ မှတ်ဟု အမည်ကိုကြား၍ ဥပသမ္ပဒကံရွက် ဆောင်ခြင်းငှါ အပ်-မအပ်, ကံပျက်-မပျက်” ဟူသော ပုစ္ဆာစကား၌ --

အနုပဇ္ဈာယကန္တိ ဥပဇ္ဈံ အဂါဟာပေတွာ သဗ္ဗေန သဗ္ဗံ ဥပဇ္ဈာယ ဝိရဟိတံ ဧဝံ၊ ဥပသမ္ပန္နာ နေဝ ဓမ္မတော န အာမိ သတော သင်္ဂဟံ လဘန္တိ၊ တေ ပရိဟာယန္တိယေဝ၊ နဝဎ္ဍုန္တိ၊ န ဘိက္ခဝေ အနုပဇ္ဈာယကောတိ ဥပဇ္ဈံ အဂါဟာ ပေတွာ နိရု ပဇ္ဈာယကော န ဥပသမ္ပာဒေတဗ္ဗော၊ ယော ဥပသမ္ပာဒေယျ, အာပတ္တိ ဒုက္ကဋဿာတိ သိက္ခာပဒ ပညတ္တိ တော ပဋ္ဌာယ ဧဝံ ဥပသမ္ပာဒေန္တေဿဝ အာပတ္တိ ဟောတိ၊ ကမ္မံ ပန န ကုပ္ပတိ၊ ကေစိ ကုပ္ပတီတိ ဝဒန္တိ၊ တံ န ဂဟေတဗ္ဗံ။

[မဟာဝါမဟာခန္ဓကအဋ္ဌကထာပါဌ်။]

ဤပါဌ်၌---

သဗ္ဗေန သဗ္ဗံ ဥပဇ္ဈာယ ဝိရဟိတံ” ဆိုသည်ကား ထိုပဉ္ဇင်းလောင်းမှာ ယခုသိမ်အပြင်၌ ယူသော ဥပဇ္ဈာယ်လည်း မရှိ၊ သိမ်တွင်းသို့ မရောက်မီ ရှေးအဖို့၌ ယူဖူးသော သိမ်တွင်း, သိမ်ပ, တိုက်တွင်း, တိုက်ပ, အနီးနေ, အဝေးနေ, ဥပဇ္ဈာယ်လည်း မရှိ၊ အချင်းခပ်သိမ်း ဥပဇ္ဈာယ်ဟူ၍ လုံးလုံး မရှိသည်ကို “သဗ္ဗေန သဗ္ဗံဥပဇ္ဈာယ ဝိရဟိတံ” ဟူ၍ ဆိုသတည်း။

ဧဝံ ဥပသမ္ပန္နာနေဝ ဓမ္မတော န အာမိသတော သင်္ဂဟံ လဘန္တိ၊ တေ ပရိဟာယန္တိယေဝ၊ န ဝဍ္ဎ န္တိ”။

ဟူ၍လာသော နောက်စကားကို ထောက်မြော်သဖြင့်လည်း သိမ်တွင်း, သိမ်ပ, တိုက်တွင်း, တိုက်ပ, အနီးနေ, အဝေးနေ, ဥပဇ္ဈာယ် ဟူ၍ လုံးလုံးမရှိသည်ကို “သဗ္ဗေန သဗ္ဗံ ဥပဇ္ဈာယဝိရဟိတံ” ဆိုသည် ဟု ထင်ရှားပါ၏။

အနက်ကား။ ။

ဧဝံ - ဤသို့ အချင်းခပ်သိမ်း ဥပဇ္ဈာယ် ကင်း၍၊
ဥပသမ္ပန္နာ - ပဉ္ဇင်းခံကြကုန်သော သူတို့သည်၊
ဓမ္မတော - ပရိယတ္တိ ဓမ္မ, သြဝါဒါနုသာသနီ ဓမ္မအားဖြင့်၊
သင်္ဂဟံ - ဥပဇ္ဈာယ်ဆရာ၏ ချီးမြှောက် ထောက်ပံ့မှုကို၊
နေဝလဘန္တိ - မရကြကုန်၊
အာမိသတော - ပစ္စည်း အာမိသ အားဖြင့်၊
သင်္ဂဟံ - ဥပဇ္ဈာယ်ဆရာ၏ ချီးမြှောက် ထောက်ပံ့မှုကို၊
နလဘန္တိ - မရကြကုန်၊
တေ - ထိုပဉ္ဇင်းငယ်တို့သည်၊
ပရိဟာယန္တိ ယေဝ - ဆုတ်ယုတ်ကြကုန်တော့သည် သာလျှင်တည်း၊
နဝဍ္ဎန္တိ - မကြီးပွါးကြလေကုန်။

ဤသို့ ဥပဇ္ဈာယ်မရှိသည့်အတွက်ကြောင့် ပစ္စယာနုဂ္ဂဟ, ဓမ္မာနုဂ္ဂဟတရား နှစ်ပါးတို့မှ ကင်းကြောင်းကို ဖွင့်ဆိုတော်မူသဖြင့် သိမ်တွင်း, သိမ်ပ, တိုက်တွင်း, တိုက်ပ, အနီးနေ, အဝေးနေ, ဥပဇ္ဈာယ် - ဟူ၍ အချင်းခပ်သိမ်း မရှိသည်ကို “အနုပဇ္ဈာယကံ” ဆိုသည်ဟု သိသာ ထင်ရှား၏၊ ပစ္စယာနုဂ္ဂဟ, ဓမ္မာနုဂ္ဂဟ တို့နှင့် ချီးမြှောက် ထောက်ပံ့မည့်သူ ဥပဇ္ဈာယ် ဆရာသည် ထိုသိမ်တွင်းမှာ မပါမူ၍ ထိုတိုက်တွင်း, ထိုတိုက်ပ, အနီး, အဝေးမှာပင် ရှိသော်လည်း “အနုပဇ္ဈာယက” မဆိုရပြီး၊ “သဥပဇ္ဈာ ယက” ရဟန်းလောင်း ဖြစ်ပေပြီ - ဟူသော အဓိပ္ပါယ်သည် ပြီးစီးလေ၏။

ဤ “အနုပဇ္ဈာယကံ” ဟူသော နိဒါန်းပုဒ်မှာ ထိုဓိပ္ပါယ်ပြီးစီးခဲ့သည်ရှိသော် --

၁။ “န ဘိက္ခဝေ အနုပဇ္ဈာယကော ဥပသမ္ပာဒေတဗ္ဗော၊ ယော ဥပသမ္ပာဒေယျ, အာပတ္တိဒုက္ကဋဿ” ဟူသော သိက္ခာပုဒ်၌ လည်းကောင်း,

၂။ “န ဘိက္ခဝေ အနုပဇ္ဈာယကောတိ ဥပဇ္ဈံ အဂါဟာပေတွာ နိရုပဇ္ဈာယကော” ဟူသော အဖွင့် အဋ္ဌကထာ ပါဌ်၌ လည်းကောင်း,

ထိုအဓိပ္ပါယ်သည် ဧကန္တပြီးစီး လေတော့သည်၊ ထိုသို့ပြီးစီးခဲ့သည်ရှိသော် ဥပဇ္ဈာယ် ဆရာသည် ရဟန်းခံရာ သိမ်အပြင်၌ မပါမူ၍ သိမ်ပ, တိုက်ပ, အဝေး, အနီး၌နေသော ဥပဇ္ဈာယ် ဆရာထံမှာ ဥပဇ္ဈာယ် ယူစေ၍ ကမ္မဝါဖတ်မည် ရှိသောအခါ၌ မည်သည့် ဘုန်းတော်ကြီးကို ဥပဇ္ဈာယ်ဆရာ ဟူ၍မှတ်၊ ထိုဘုန်းတော်ကြီး၏ အမည်ကို တိဿဟူ၍ မှတ်ဟု အမည်ပေး၍ ဖတ်ရွတ်ကြပေလျှင် ကမ္မဝါဆိုရာ ကာရကသံဃာ တို့၌လည်း အာပတ်သင့်ဖွယ်ကိစ္စ မရှိပြီ ဟူသော အဓိပ္ပါယ်သည်လည်း ဧကန္တ ပြီးစီးလေတော့သည်။

[ဤကား အဋ္ဌကထာ အဖွင့်နှင့် သိသာ ထင်ရှားသော အချက်တည်း။]

ဒိဋ္ဌာနုဂတိမှာမူကား။ ။ သက္ကရာဇ် ၁၂၃၃-ခုနှစ် တပို့တွဲလတွင် စစ်ကိုင်းချောင် ဗန်းမော်ဆရာတော် ကြီးတိုက်မှာ ထွဋ်ခေါင်ဆရာတော်ကြီး၏ တပည့်ရဟန်းလောင်းကို ဗန်းမော်ဆရာတော်ကြီး, သင်္ဂဇာဆရာတော်ကြီးတို့ ကြီးကြပ်၍ ဥပသမ္ပဒကံ ရွက်ဆောင်တော် မူကြစဉ်အခါ ထွဋ်ခေါင် ဆရာတော်ကြီး မကြွလာနိုင် ရှိသည်နှင့် ရဟန်းလောင်းကို စေလွတ်၍ ထွဋ်ခေါင်ဆရာတော်ကြီး ထံမှာ ဥပဇ္ဈာယ် ယူစေ၍ ပြန်ရောက်မှ ဗန်းမော်တိုက်တွင်းရှိ ခဏ္ဍသိမ်မှာ ဥပသမ္ပဒကံကို ရွက်ဆောင် တော် မူကြလေသည်ကို တွေ့ကြုံဖူးရသည်။

[ဤကား ဒိဋ္ဌာနုဂတိတည်း။]

ဝိမတိဝိနောဒနီ ဋီကာ၌ကား -

ကမ္မံ ပန န ကုပ္ပတီတိ ဣဒံ ဥပဇ္ဈာယာဘာဝေပိ ဣတ္ထန္နာ မဿ ဥပသမ္ပဒါပေက္ခော၊ ဣတ္ထန္နာမေန ဥပဇ္ဈာယေနာတိ မတဿဝါ ဝိဗ္ဘန္တဿဝါ ပုရာဏဥပဇ္ဈာယဿ အညဿဝါ ယဿကဿစိ အဝိဇ္ဇမာနဿ နာမေန သဗ္ဗတ္ထ ဥပဇ္ဈာယ ကိတ္တနဿ ကတတ္တာ ဝုတ္တံ။ [ဟူ၍လာ၏။]

အနက်ကား။ ။

ကမ္မံ ပန န ကုပ္ပတီတိ ဣဒံ - ကမ္မံ ပန နကုပ္ပတိ ဟူသောစကားကို၊
ဥပဇ္ဈာယာဘာဝေပိ - ဥပဇ္ဈာယ် မရှိသော်လည်း၊
ဣတ္ထန္နာမဿဥပသမ္ပဒါပေက္ခော ဣတ္ထန္နာမေန ဥပဇ္ဈာယေနာတိ - ဣတ္ထန္နာမဿ ဥပသမ္ပဒါပေက္ခော ဣတ္ထန္နာမေန ဥပဇ္ဈာယေန ဟူ၍၊
မတဿဝါ - သေပြီးလည်း ဖြစ်သော၊
ဝိဗ္ဘန္တဿဝါ - လူထွက်ပြီးလည်း ဖြစ်သော၊
ပုရာဏ ဥပဇ္ဈာယဿဝါ - ဥပဇ္ဈာယ်ဟောင်း၏ လည်းကောင်း၊
အညဿ - သေသူ, လူထွက်သူမှ တစ်ပါးသော၊
ယဿကဿစ - အမှတ် မရှိသော၊
အဝိဇ္ဇမာနဿ - ထိုသိမ်အပြင်၌ မရှိသော၊ ဝါ- ထိုတိုက်တာ အတွင်း၌ မရှိသော၊
ဥပဇ္ဈာယဿဝါ - ဥပဇ္ဈာယ်ဆရာ၏ လည်းကောင်း=
နာမေန - အမည်ဖြင့်၊
ဥပဇ္ဈာယကိတ္တနဿ - ဥပဇ္ဈာယ် ဖတ်ကြားခြင်း အမှုကို၊
ကတတ္တာ - ဉတ်, ကမ္မဝါတွင် ဖတ်ကြားလျက် ရှိလေသောကြောင့်၊
ဝုတ္တံ - အဋ္ဌကထာဆရာ မိန့်ဆိုအပ်ပေသတည်း။

[ဤဋီကာပါဌ်၌ “အညဿဝါ ယဿကဿစိ အဝိဇ္ဇမာနဿ” ပုဒ်၌ အနက် ၃-မျိုးပေးခဲ့သည်တွင် ဘယ်မှာမှ မရှိဟူသော အနက်သည် အထက်က ပြဆိုခဲ့ပြီးသော အဋ္ဌကထာစကား ဒိဋ္ဌာနုဂတိနည်း များနှင့် အညီတည်း။]

“ထိုသိမ်အပြင်၌ မရှိသော၊ ဝါ- ထိုတိုက်တာအတွင်း၌ မရှိသော” ဟူသော ရှေ့အနက် ၂-ချက်မှာ ရသင့်သေး၍ ဆိုလိုက်သော အနက်တည်း။

ရသင့်ပုံကား။ ။ ဤဝိမတိဋီကာ ၌ပင်လျှင် နောက်ကမ္မဝါစာ အဖွင့်၌ --

အယန္တိ ဥပသမ္ပဒါပေက္ခဿ ဟတ္ထပါသေ သန္နိဟိတ ဘာဝဒဿနံ၊ တေန စ ဟတ္ထပါသေ ဌိတေဿဝ ဥပသမ္ပဒါ ရုဟတီတိ သိဇ္ဈတိ၊ ဟတ္ထပါသတော ဗဟိ ဌိတဿ အယန္တိ န ဝတ္တဗ္ဗတော။

နနုစေတ္ထ ဥပဇ္ဈာယောပိ ဥပသမ္ပဒါပေက္ခော ဝိယ ဟတ္ထပါသေ ဌိတောဧဝ ဣစ္ဆိတဗ္ဗော၊ အထ ကသ္မာ အယံ ဣတ္ထန္နာမော ဣမဿ ဥပသမ္ပဒါပေက္ခောတိ ဧဝံ ဥပဇ္ဈာယ ပရာမသနေပိ ဣမသဒ္ဒပယောဂေါ န ကတောတိ။

နာယံ ဝိရောဓော ဥပဇ္ဈာယာဘာဝေပိ ကမ္မကောပါ ဘာဝတော၊ ကေဝလံ ဟိ ကမ္မနိပ္ဖတ္တိယာ သန္တပဒဝသေန အဝိဇ္ဇမာနဿပိ ဥပဇ္ဈာယဿ နာမကိတ္တနံ အနုပဇ္ဈာယဿ ဥပသမ္ပဒါသုပိ ကရိယတိ၊ တသ္မာ ဥပဇ္ဈာယဿ အသန္နိဟိတတာယပိ တပ္ပရာမသနမတ္တေနေဝ ကမ္မသိဒ္ဓိတော ဣမဿာတိ နိဒ္ဒိဿိတုံ န ဝဋ္ဋတိ။ [ဟူ၍ဆို၏။]

ပါဌ်လျှောက် အဓိပ္ပါယ်ကား

▬▬▬▬▬▬▬▬▬▬

သုဏာတု မေ ဘန္တေ သံဃော အယံ ဣတ္ထန္နာမော၊ ဣတ္ထန္နာ မဿ ဥပသမ္ပဒါပေက္ခော”ဟူသော ဉတ်, ကမ္မဝါစာပါဌ်တို့၌ “အယံ” ဆိုသည်ကား ပဉ္စင်းလောင်း၏ သံဃဟတ္ထပါသ်တွင်း အနီး၌ ထင်ရှားရှိ သည်ကိုပြသော ပုဒ်တည်း၊ ထိုသို့ အာသန္နပစ္စက္ခ အနက်ကို ပြတတ်သော ဣမ-သဗ္ဗ နာမ်ပုဒ် ဖြင့်ပြီးသော “အယံ” သဒ္ဒါကို ဆိုသောကြောင့် ရဟန်း လောင်းမည်သည် သံဃဟတ္ထပါသ် တွင်း၌ ရှိနေမှသာ ကံမြောက်၏- ဟူသော အနက်သည် ပြီးစီးလေသတည်း။

အဘယ့်ကြောင့်နည်းဟူမူ- သံဃဟတ္ထပါသ်မှ အပ၌တည်သော ပဉ္စင်းလောင်းကို “အယံ” ဟူ၍ အာသန္နပစ္စက္ခအနက်ကို ဟောသော ဣမ-သဒ္ဒါနှင့် မဆိုထိုက် လေသောကြောင့်တည်း။

ဤစကား၌ စောဒနာအံ့

▬▬▬▬▬▬▬▬

မေး။ ။ ပဉ္စင်းလောင်းကို သံဃဟတ္ထပါသ်၌ တည်ရှိနေသည်ကို အလိုရှိအပ် သကဲ့သို့ ဥပဇ္ဈာယ် ဆရာကိုလည်း သံဃဟတ္ထပါသ်၌ တည်ရှိသည်ကိုသာ အလိုရှိအပ်သည် မဟုတ်လော၊ ထိုသို့ အလိုရှိ သည်မှန်လျှင်လည်း ပဉ္စင်းလောင်းကို “အယံ ဣတ္ထန္နာမော” ဟု ဟောတော်မူ သကဲ့သို့ ဥပဇ္ဈာယ် ကိုလည်း “ဣမဿ ဣတ္ထန္နာမဿ” ဟု ဣမသဒ္ဒါနှင့် ဟောတော်မူသင့်သည် မဟုတ်လော။

ဖြေ။ ။ဤအပြစ်သည်မရှိ၊ အဘယ့်ကြောင့်နည်း ဟူမူ - ဥပဇ္ဈာယ်ဆရာ မရှိသော်လည်း ကံပျက်ခြင်း မရှိလေသောကြောင့်တည်း။

ထိုစကားမှန်၏၊ သက်သက်အားဖြင့် ကံပြီးခြင်းအကျိုးငှါ ကမ္မဝါစာ၌ထင်ရှားရှိသော ပုဒ်ပါဌ်ပါဠိ၏ အစွမ်းဖြင့်မရှိသော ဥပဇ္ဈာယ် ဆရာ၏အမည်ကို ဖတ်ကြားခြင်းကို ဥပဇ္ဈာယ် မရှိသော ပဉ္စင်းခံမှုတို့၌ လည်း ပြုအပ်သည်သာ ဖြစ်၏၊ ထို့ကြောင့် သိမ်အပြင် သံဃဟတ္ထပါသ်တွင်း၌ ဥပဇ္ဈာယ်ဆရာ မရှိ ငြားသော်လည်း ဥပဇ္ဈာယ်ဆရာကို သုံးသပ်ဖတ်ရွတ်ကာမျှ ဖြင့်ပင်လျှင် ကံမြောက်လျက် ရှိလေ သောကြောင့် “ဣမဿ” ဟူ၍ ညွှန်းပြခြင်းငှါ မသင့်လေပြီ ဟူလိုသည်။

[ဤ ဝိမတိဋီကာ၌ “ဥပဇ္ဈာယောပိ ဥပသမ္ပဒါပေက္ခော ဝိယ ဟတ္ထပါသေ ဌိတော ဧဝ ဣစ္ဆိတဗ္ဗော” ဟုဆိုသောကြောင့် အထက်ပါဌ်၌ “အဝိဇ္ဇမာ နဿ - ထိုသိမ်အပြင် သံဃဟတ္ထပါသ် တွင်း၌ ထင်ရှား မရှိသော” ဟူ၍ အနက်ဆိုသင့် လေသတည်း။]

ဤစကားသည်လည်း အထူးအလေးဂရု ပြုသောအားဖြင့်သာ ဆိုသောစကားဖြစ်သည်၊ ဥပဇ္ဈာယ် ဆရာ သံဃဟတ္ထပါသ်မှအပ, သိမ်မှ အပ, ထိုတိုက်တာမှ အပ၌ ရှိ၍နေသည်ရှိသော် အပြစ်ရှိ၍ ဆိုသော စကားမဟုတ်ဟု မှတ်ယူရမည်။

ထို့ကြောင့်ပင်လျှင်--

ကေဝလံ ဟိ ကမ္မနိပ္ဖတ္တိယာ သန္တပဒဝသေန အဝိဇ္ဇမာ နဿပိ ဥပဇ္ဈာယဿ နာမကိတ္တနံ၊ အနုပဇ္ဈာယဿ ဥပသမ္ပ ဒါသုပိ ကရိယတိ”။

ဟူ၍ သိမ်အပြင် သံဃဟတ္ထပါသ်တွင်း၌ ဥပဇ္ဈာယ်မရှိသော ပဉ္စင်းလောင်း၏ ဥပသမ္ပဒကံတို့၌လည်း ဥပဇ္ဈာယ်သုံးသပ် ဖတ်ရွတ်ခြင်းကို ပြုအပ်၏ဟူ၍ အလျော့အပေါ့ စကားကို ဋီကာအရှင် မိန့်ဆိုတော် မူလေသတည်း။

[ဤကား ဝိမတိဋီကာ၌ ရှင်းလင်းချက်တည်း။]

ဝဇီရဗုဒ္ဓိဋီကာ၌ကား--

ထိုသိမ်အပြင် သံဃဟတ္ထပါသ်၌ ဥပဇ္ဈာယ်ဆရာ ထင်ရှားမရှိလျှင် ကံပင်ပျက်အံ့သကဲ့သို့ ဆိုလေ၏။

ပါဌ်လျှောက် အဓိပ္ပါယ်ကိုသာ ပြဆိုအံ့

▬▬▬▬▬▬▬▬▬▬

၁။ ဝတ္ထုနိဒါန်း၌ ဥပဇ္ဈာယ်ဆရာမရှိသော ပဉ္စင်းလောင်းကို ကံဆောင်ကြကုန်သော ရဟန်းတို့သည် ဥပဇ္ဈာယ် မဟုတ်သောသူကို ဥပဇ္ဈာယ်ပြု၍ ဉတ်, ကမ္မဝါ ဖတ်ရွတ်ကြကုန်သလော။

၂။ သို့တည်းမဟုတ်မုသားဖြစ်ရန်ကို ကြောက်၍ ဥပဇ္ဈာယ်နှင့် စပ်သော ပုဒ်ပါဌ်တို့ကို ချန်လှပ်၍ ဖတ်ရွတ်ကြကုန်သလော။

၃။ ဥပဇ္ဈာယ် မရှိသောကြောင့် ဥပဇ္ဈာယ်နှင့် စပ်သော ပုဒ်ပါဌ် တို့ကို ချန်လှပ်၍ ဖတ်ရွတ်ကြ ကုန်ငြားအံ့၊ “ပုဂ္ဂလံ န ပရာမသတိ” ဟူသော ကမ္မဝိပ္ပတ္တိအင်္ဂါနှင့် ညီလေရာ၏။

၄။ ဥပဇ္ဈာယ်နှင့်စပ်သော ပုဒ်ပါဌ်တို့ကို ဖတ်ရွတ်ကြပါကုန်၏ ဟူငြားအံ့၊ ထိုသံဃာတို့အား မုသာဝါဒ အာပတ် သင့်ရာ၏။

[ဤကား စောဒနာ အကျယ်တည်း။]

ကံပျက်မည်ကိုကြောက်သောကြောင့် ဥပဇ္ဈာယ်နှင့်စပ်သော ပုဒ်ပါဌ်တို့ကို ဖတ်ရွတ်ကြကုန်သည်သာ ဖြစ်၏၊ ဥပဇ္ဈာယ် မရှိသော်လည်း ကံမပျက်ဟု အဋ္ဌကထာ၌ ဆိုသောကြောင့်လည်းကောင်း, ကံပြည့်စုံရုံမျှကိုငဲ့၍ ဖတ်ရွတ်ရာ၌ မုသာဝါဒပင် ဖြစ်သင့်လေ သောကြောင့်လည်းကောင်း, မုသာဝါဒ ပင် ဖြစ်ငြားသော်လည်း မုသာဝါဒအတွက်နှင့် ကံပျက်ခွင့် မရှိလေသောကြောင့် လည်းကောင်း ဥပဇ္ဈာယ်နှင့် စပ်သောပုဒ်ပါဌ် တို့ကို မချန်မလှပ် ဖတ်ရွတ်ကြကုန်သည်ဟု အဖြေတစ်ချက်။

[ဤအဖြေမှာ မုသာဝါဒပင်ဖြစ်ငြားသော်လည်း မုသာဝါဒ အတွက်နှင့် ကံမပျက် လေသောကြောင့် ဖတ်ရွတ်ကြကုန်သည်ဟု မုသာဝါဒအပြစ် ငြိလျက်ပင် ရှိပြန်၏။]

ထို့ကြောင့် ထိုနိဒါန်း စကား၌ အပြစ် ၂-ပါးမှ လွတ်သော အနက်ကို ရှာရမည်ဟု ဆိုပြီးလျှင် “အယေဉ္စတ္ထ ယုတ္တိ” ဟုဆို၍ ဤသို့သော ယုတ္တိကိုပြ၏။

ဥပဇ္ဈာယ်ဟူသော သိက္ခာပုဒ်၏ ဝတ္ထုနိဒါန်း၌။ ။ သာမဏေအခါ၌ ယူအပ်သော ပဗ္ဗဇ္ဇဥပဇ္ဈာယ်တွေ ရှိကြပါကုန်လျက် ရဟန်းခံရာ သိမ်အပြင်၌ ဥပဇ္ဈာယ်ယူသော အစဉ်ဖြင့် မယူခြင်းကြောင့် “တေနခေါ ပန သမယေန ဘိက္ခူ အနုပဇ္ဈာယကာ” အစရှိသည် ဆိုသကဲ့သို့ ထို့အတူ ဤ “အနုပဇ္ဈာယကံ” ဟူသော နိဒါန်းပုဒ်၌လည်း ဥပဇ္ဈာယ်ဆရာ ထင်ရှား ရှိပါလျက် ဥပဇ္ဈာယ်ယူမှုကို မပြုသောကြောင့် “အနုပဇ္ဈာယကံ ဥပသမ္ပာဒေန္တိ” ဟူ၍ ဆိုလေသည်။

ကမ္မဝါဖတ်သောအခါ၌မူကား။ ။ပဉ္စင်းလောင်းသည် ဥပဇ္ဈာယ်ယူပြီဟု မှတ်ထင်သောကြောင့် ဥပဇ္ဈာယ်ပုဒ်တို့ကို ဖတ်ကြား ကြကုန်သည်။

[ဤသို့ယူလျှင် ကံလည်းပျက်ခွင့် မရှိ၊ ဖတ်သူတို့အားလည်း မုသာဝါဒဖြစ်ခွင့် မရှိ။]

တစ်နည်းကား။ ။ တစ်စုံတစ်ခုသော အကြောင်းကိစ္စရှိ၍ ရဟန်းခံရာ သံဃအစည်းအဝေးသို့ မသွားမူ၍နေသော ဥပဇ္ဈာယ်ဆရာ ၏ဆန္ဒကို ဆောင်၍ ဖတ်ရွတ်ကြကုန်၏။

တစ်နည်းကား။ ။ ဥပဇ္ဈာယ်ဆရာသည် ပဉ္စင်းလောင်းအား ဥပဇ္ဈာယ်ကို ပေးပြီးမှ ပဉ္စင်းခံသောအခါ တစ်စုံတစ်ခုသော အမှုနှင့် အစစ်အကျောခံ၍ နေရသောကြောင့် သံဃအစည်းအဝေးသို့ မပါဘဲနေ၏။

တစ်နည်းကား။ ။ ဥပဇ္ဈာယ်ပေးသည်မှ ရှေ့အဖို့၌ ဥပဇ္ဈာယ်ဆရာ ပြုလုပ်သောသူသည် အကျွန်ုပ်သာမဏေ ဖြစ်ပါသည်ဟု ဝန်ခံ၍ ဥပဇ္ဈာယ် မမြောက်ဘဲ ရှိနေ၏။

တစ်နည်းကား။ ။ သိက္ခာကျဝန်ခံ၍ ဆန္ဒဟာရကရဟန်းကဲ့သို့ ဖြစ်၍နေ၏။

တစ်နည်းကား။ ။ ပါရာဇိကကျဝန်ခံ၍ ဆန္ဒဟာရကရဟန်း ကဲ့သို့ ဖြစ်၍နေ၏။

[ဤစကားရပ်စုကား”အနုပဇ္ဈာယကံ ဥပသမ္ပာဒေန္တိ”ပုဒ်၌ ကံပျက်မှု, မုသာဝါဒမှု ၂-ပါးမှ လွတ်အောင် ကြံဆောင်၍ယူသော ယုတ္တိစုတည်း။]

ဥပဇ္ဈာယ်ဆရာသည် သိမ်တစ်ပါး၌ တည်နေသော်လည်း ကမ္မဝါစာ၌ ဖတ်သော် ကံမြောက်ပါ၏ဟု ဆိုပြီးလျှင် -

အနုဇာနာမိ ဘိက္ခဝေ ပစ္စန္တိမေသု ဇနပဒေသု ဝိနယဓရ ပဉ္စ မေန ဂဏေန ဥပသမ္ပဒံ” ။

ဟူ၍ ဟောတော်မူသောကြောင့် ဝိနည်းဓိုရ်လျှင် ငါးယောက်မြောက်ဟု ဆိုအပ်သော ဥပဇ္ဈာယ်ဆရာ မည်သည် ရဟန်းခံရာ သိမ်အပြင် သံဃဟတ္ထပါသ်တွင်းမှ ထင်ရှား ရှိသည်သာ ဖြစ်သင့်ရာ၏ဟု ဆရာတို့ ဆိုကြကုန်၏ဟု ပေါရာဏဂဏ္ဌိပုဒ်၌ ဆို၏။

ထိုဂဏ္ဌိပုဒ်စကားကို ဝဇီရဗုဒ္ဓိဆရာ မကြိုက်၍ ပယ်၏။

ပယ်ပုံကား။ ။ထိုစကားတို့ အလိုသော် ရဟန်းခံရာ သိမ်အပြင် သံဃဟတ္ထပါသ်၌ ဥပဇ္ဈာယ်ဆရာ မရှိသော်လည်း ကံမြောက်၏ ဟု အဓိပ္ပါယ် ရောက်လျက်လည်းရှိ၏။

ထို့ကြောင့် မဇ္ဈိမဒေသ၌-

ထို “ ဝိနယဓရပဉ္စမေန ဂဏေန ဥပသမ္ပဒံ” ။

ဟူသောပါဌ်ကို မရအပ်သောကြောင့် ထိုပါဌ်သည် ရဟန်းခံရာ သိမ်အပြင် သံဃဟတ္ထပါသ်မှာ ဥပဇ္ဈာယ်ဆရာ ရှိမှသာ သင့်လျော်ရာ၌ ပမာဏမဟုတ်၊ ပရိဝါပါဠိတော် ကမ္မဝဂ် ကမ္မသမ္ပတ္တိအင်္ဂါ၌ “ပုဂ္ဂလံ ပရာမ သတိ” ဟူသော ပါဠိတော်သည်သာ ပမာဏဖြစ်၏၊ ဤ “ပုဂ္ဂလံပ ရာမ သတိ” ဟူသော ကမ္မသမ္ပတ္တိ အင်္ဂါလာရှိသည်ကို ထောက်၍ ရဟန်းခံရာ သိမ်အပြင် သံဃဟတ္ထပါသ်မှာ ဥပဇ္ဈာယ်ဆရာ ပါရှိမှသာ သင့်လျော်သည်။

ထိုစကားမှန်၏၊ ရဟန်းခံရာ သိမ်အပြင် သံဃဟတ္ထပါသ်၌ မရှိ၊ ဟတ္ထပါသ်မှအပ လွတ်ရာဌာန၌ ရှိသောဥပဇ္ဈာယ်သည် ဉတ်ကမ္မဝါစာ၌ သုံးသပ်ဖတ်ရွတ်ခြင်းငှါပင် မထိုက်၊ ထိုကြောင့် သိမ်အပြင်မှာ ရှိသော သံဃာကို သုံးသပ်မှသာ သံဃံပရာမသတိ ဟူသော ကမ္မသမ္ပတ္တိအင်္ဂါ မြောက်သကဲ့သို့ ရဟန်းခံရာသိမ်အပြင် သံဃာဟတ္တပါသ် ၌ရှိသော ဥပဇ္ဈာယ်ဆရာကို ဉတ်ကမ္မဝါစာ၌ သုံးသပ် ဖတ်ရွတ်မှသာ “ပုဂ္ဂလံ ပရာမ သတိ” ဟူသော ကမ္မသမ္ပတ္တိအင်္ဂါ မြောက်သည်ဟု သိအပ်သည်။

[ ဤကား ဝဇီရဗုဒ္ဓိဆရာအလိုတည်း။ ]

ဤအလိုသော် -

ဥပဇ္ဈာယ်ဆရာ သံဃဟတ္တပါသ်၌ မပါဘဲနှင့် သိမ်ပနေသော ဥပဇ္ဈာယ်ထံ ဥပဇ္ဈာယ်ယူ၍ နာမည်မှည့်၍ ဉတ်ကမ္မဝါစာ၌ ဖတ်ရွတ်သော်လည်း “ပုဂ္ဂလံ ပရာမသတိ” ဟူသော ကမ္မသမ္ပတ္တိအင်္ဂါ မမြောက် ပုဂ္ဂလံ နရောမသတိ - ဟူသော ကမ္မဝိပ္ပတ္တိ အင်္ဂါရောက်၏ ဟူသော အဓိပ္ပါယ်သည် ရောက်၏။

၁။ “ကမ္မံ ပန န ကုပ္ပတိ၊ ကေစိ ကုပ္ပတီတိ ဝဒန္တိ၊ တံ နဂဟေ တဗ္ဗံ” ဟူ၍ အဋ္ဌကထာဆရာ ပယ်ပြီးသော ကေစိဝါဒသို့ ကျရောက်လေသောကြောင့် လည်းကောင်း,

၂။ စူဠဝါပါဠိတော် ဘိက္ခုနီခန္ဓက၌ ဘိက္ခုနီမကို အဋ္ဌဝါစိကကမ္မ ဝါစာဖြင့် ရဟန်းခံရာ အခန်း၌ ဘိက္ခုနီသံဃာ၌ ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ရဟန်းခံပြီးနောက် ဘိက္ခုသံဃာ၌ ဉတ္တိစတုတ္ထ ကမ္မဝါစာဖြင့် တစ်ဖန် ရဟန်းခံရာမှာ ဥပဇ္ဈာယ်ဖြစ်သော ဘိက္ခုနီမသည် ဘိက္ခုသံဃာ၏ ဟတ္ထ ပါသ်၌ ပါရှိတော့သည် မဟုတ်၊ ထိုသို့ မဟုတ်ဘဲလျက်၊ “သုဏာတု မေ ဘန္တေ သံဃော၊ အယံ ဣတ္ထန္နာမာ ဣတ္ထန္နာမာယ ပဝတ္တိနိယာ ဥပသမ္ပဒါပေက္ခာ” အစရှိသည်ဖြင့် ဘိက္ခုနီမတို့၏ တိုက်တာ ဝေးရာ အရပ်၌ရှိနေသော ထေရီမကိုပင် ဉတ်ကမ္မဝါစာ၌ သုံးသပ်ဖတ်ရွတ်ရသော အချက်နှင့်လည်း မညီလေသောကြောင့် လည်းကောင်း,

၃။ ပြဆိုခဲ့လေပြီးသော ဝိမတိဝိနောဒနီဋီကာများနှင့်လည်း မညီ လေသောကြောင့် လည်းကောင်း ဝဇီရဗုဒ္ဓိဆရာ စကားကို အမှန်အားဖြင့် မယူအပ်။

ဥပဇ္ဈာယဂဟဏဝိနိစ္ဆယ ပြီး၏။

ထေနက ဝိနိစ္ဆယ ရှင်ကေတု လျှောက်လွှာ

တပည့်တော် ကေတု ရိုသေစွာ လျှောက်ထားပါသည် ဆရာတော်ဘုရားကြီး ဘုရား။

၁။ တပည့်တော်သည် ငယ်ရွယ်စဉ်အခါက သာမဏေများမှာ ဒဏ်သင့်လျှင် ဥပဇ္ဈာယ်ဆရာက များစွာအပြစ်ပေးမှ ကြောက်သောကြောင့် လိင်ကျသည်ထက် ခဲယဉ်းသည်ဟု မှတ်ထင်မှားပါသည်။

၂။ ရှင်ကျင့်ဝတ်စာအုပ်၌ သာမဏေများ လူ့အဖြစ်ကို တောင့်တလျက် သင်္ကန်းကို ခါးတောင်ကျိုက်၍ တင့်တယ်သည်, မတင့်တယ်သည် - ဟုစူးစမ်းလျှင် စောင့်သေး၏၊ တင့်တယ်ပြီဟု ဝန်ခံပြီး တစ်ဖန် အသွင်ကို သာယာလျှင် ထေယျသံဝါသက ဖြစ်သည်ဟု ဆိုသည်ကို လိင်ကျရုံသာ အောက်မေ့ အယူမှားပါသည်။

လျှောက်ထားလိုရင်းမှာ-

ဤကဲ့သို့ အယူရှိသည့်အတွက် တပည့်တော်သည် ညနေချမ်းအခါ ဆရာမရှိခိုက် လွန်စွာ ထမင်း ဆာသဖြင့် သာမဏေ အဖြစ်နှင့် စားခဲ့သော် ဒဏ်သင့်ရာ၏ဟု လိမ်ကြသည်။

ဒဏ်သင့်မှာစိုး၍ လိင်ကျအောင် ပြုလုပ်ပြီးမှ စားမည်၊ ပြီးမှ သီလခံမည်ဟု နှလုံးသွင်းလျက် ရှင်ကျင့်ဝတ်စာအတိုင်း ဧကသီကိုချထား၍ သင်းပိုင်ကို, ပုဆိုး အမှတ်ထား၍ ပုဆိုးကဲ့သို့ဆီး, ခါးတောင်းကျိုက်လျက် လူဝတ်နှင့် တင့်တယ်၏လား, မတင့်တယ်၏လား ကြည့်ရှုပြီး၊ တင့်တယ် ပြီဟု စိတ်အမှတ် ထား၍ လိင်ကျပြီဟု ထင်သောကြောင့် ထမင်းစားမိပါသည်၊ သင်္ကန်းကို မဝတ်တော့ပြီဟု မအောက်မေ့ပါ။

နောက် - ချထားသော ဧကသီကို ပြန်ဝတ်၍ သီလခံမည်ဟု ဆန္ဒရှိလျက် ဆရာကို မပြောဝံ့သဖြင့် နှစ်ရက်ကြာမှ ဤအကျိုးအကြောင်းကို ဆရာအား မပြောဘဲ သီလယူပါသည်၊ သီလမခံယူမီ နှစ်ရက်အတွင်း မှာလည်း အတူနေသော သာမဏေ နှစ်ပါးနှင့် အတူတကွ စားသောက်၍နေပါသည်၊ ယခု ရဟန်းခံပြီး၍ ခြောက်ဝါရရှိမှ-

သစေ ဂိဟိဘာဝံ ပတ္ထယမာနော ကာသာဝံ သြဝဍ္ဍိကံ ကတွာ”။

စသောအဋ္ဌကထာများကို တွေ့ရှိမှ တပည့်တော်မှာ ရဟန်းမှ ဖြစ်ပါမည်လောဟု တွေးတောလျက် များစွာ သံယယ ဖြစ်နေပါသည်၊ ပဉ္စင်းခံ၍ ပဉ္စင်းဖြစ်, မဖြစ်ကို တပည့်တော်အား ချီးမြှောက်တော် မူပါဘုရား။

ရှင်ကေတု လျှောက်ချက်ပြီး၏။

ဆရာတော်ဘုရားကြီး ဖြေဆိုတော်မူချက်

ထေယျသံဝါသက သိက္ခာပုဒ်နှင့် စပ်လျဉ်း၍ ရှင်ကေတုလျှောက်လွှာကို ကြည့်ရှုရာ ရှင်ကေတု ပြုလုပ်သောအမှုသည် ထေယျသံဝါသက မဖြစ်၊ ရဟန်းခံသောအခါ ရဟန်းကောင်းပင် ဖြစ်၏။

အထောက်ကား- ဝိနည်းမဟာဝါ အဋ္ဌကထာ မဟာခန္ဓက စာအုပ်နံပါတ် (၂၇၁)၌-

အပရော ဒဟရသာမဏေရော မဟန္တောဝါ ပန အဗျတ္တော၊ သော ပုရိမနယေနေဝ ဥပ္ပဗ္ဗဇိတွာ ဃရေ ဝစ္ဆဂေါ ရက္ခာဒီနိ ကမ္မာနိ ကာတုံ န ဣစ္ဆတိ၊ တမေနံ ဉာတကာ တာနိယေ ဝ ကာသာယာနိ အစ္ဆာဒေတွာ ထာလကံဝါ ပတ္တံဝါ ဟတ္ထေ ဒတွာ ဂစ္ဆ သမဏောဝ ဟောဟီတိ ဃရာ နီဟရန္တိ၊ သော ဝိဟာရံ ဂစ္ဆတိ၊ နေဝ နံ ဘိက္ခူ ဇာနန္တိ ဥပ္ပဗ္ဗဇိတွာ ပုန သယမေဝ ပဗ္ဗဇိတောတိ၊ နာပိ သယံ ဇာနာတိ ယော ဧဝံ ပဗ္ဗဇတိ, သော ထေယျသံဝါသကောနာမ ဟောတီတိ၊ သစေ တံ ပရိပုဏ္ဏဝဿံ ဥပသမ္ပဒေန္တိ သူပသမ္ပန္နော။ [ ဟုလာရှိ၏။ ]

ပါဌ်လျှောက် အဓိပ္ပါယ်ကား

တစ်ပါးသော သာမဏေငယ်သည် လည်းကောင်း, သာမဏေကြီး ဖြစ်သော်လည်း အသိအလိမ္မာ မရှိသေးသော သူသည် လည်းကောင်း ရှိ၏၊ ထိုသာမဏေသည် ရှေးနည်းအတိုင်း ဆွေမျိုးအိမ်သို့ သွား၍ လူဝတ် လဲပြီးလျှင် အိမ်၌ နွားကျောင်းခြင်း, နွားမ -ထိန်းခြင်း စသော အမှုတို့ကို ပြုခြင်းငှါ အလိုမရှိ၊ ထိုသာမဏေ လူထွက်ကို ဆွေမျိုးတို့သည် ထိုသင်္ကန်းကိုပင် ဝတ်ရုံစေ၍ ခွက်ကိုသော် လည်းကောင်း, သပိတ်ကိုသော်လည်းကောင်း လက်၌ပေး၍ ရဟန်းလုပ်၍ နေချေလော့ဟု အိမ်မှ နှင်ထုတ် ကြကုန်၏။

ထို သာမဏေယောင်သည် ကျောင်းသို့သွားလေ၏၊ ကျောင်းရှိ ရဟန်းတို့ကလည်း ဤသူသည် လူဝတ်လဲပြီး၍ တစ်ဖန် သင်္ကန်းကို ရောက်တတ်ရာရာ ဝတ်၍လာသည်ဟု မသိကြကုန်။

ထို သာမဏေယောင် ကလည်းအကြင်သူသည် ရဟန်းများက ပေးသည်မဟုတ်ဘဲလျက် သင်္ကန်းကို ရောက်တတ်ရာရာ ဝတ်၏၊ ထိုသူသည် ထေယျသံဝါသက ပုဂ္ဂိုလ် မည်သည်ဖြစ်၏ဟု မသိ။

အသက် ၂၀-ပြည့်သောအခါ ထို သာမဏေယောင်ကြီးကို ရဟန်း ခံ၍ပေးကြကုန်၏၊ “သူပသမ္ပန္နော - ရဟန်းကောင်း” ဖြစ်၏။

[ ဤကားပါဌ်လျှောက်အဓိပ္ပါယ်တည်း။ ]

ဤအဋ္ဌကထာ၌-

ထိုသာမဏေသည် လူဝတ်လဲပြီး၍ ရဟန်းများက ပေးသည် မဟုတ်ဘဲ သင်္ကန်း ရောက်တတ်ရာရာ ဝတ်သောသူသည် ထေယျသံဝါသက ဖြစ်၏ဟု မသိသည့်အတွက် ထေယျသံဝါသကမှ လွတ်၍ ရဟန်းခံသောအခါ ရဟန်းကောင်းဖြစ်သည် ဟူသော အချက်သည် လိုရင်းတည်း။

ဤအချက်နှင့် လျှောက်လွှာတွင် “ရှင်ကျင့်ဝတ် စာအုပ်၌ သာမဏေများ လူအဖြစ်ကို တောင့်တလျက် သင်္ကန်းကို ခါးတောင်းကျိုက်၍ တင့်တယ်သည်, မတင့်တယ်သည်ဟု စူးစမ်းလျှင် စောင့်သေး၏၊ တင့်တယ်ပြီဟု ဝန်ခံပြီး တစ်ဖန်အသွင်ကို သာယာလျှင် ထေယျသံဝါသကဖြစ်သည် ဟုဆိုသည်ကို လိင်ကျရုံသာဟု အောက်မေ့ အယူမှားပါသည်” ဟူသော စကားသည် ထေယျသံဝါသက ဖြစ်သည်ဟု မသိချင်း တူ၏။

မသိသည့် အတွက်ကြောင့် သင်္ကန်းဝတ်မှု အသွင်ကို သာယာသော်လည်း လိင်္ဂတ္ထေနက မဖြစ်၊ လိင်္ဂတ္ထေနက မဖြစ်သည့်အတွက်ကြောင့် သာမဏေနှင့် ပေါင်းသော်လည်း သံဝါသတ္ထေနက မဖြစ်ဟု မှတ်အပ်၏။

တစ်ကြောင်းမှာလည်း-

ရှင်ကေတု၏ ပြုလုပ်မှုသည် ထေယျသံဝါသက မဖြစ်၊ ရဟန်းခံသောအခါ ရဟန်းကောင်းပင် ဖြစ်၏။

အထောက်ကား- ဝိနည်းမဟာဝါ အဋ္ဌကထာ စာအုပ်နံပါတ် (၂၇၁)၌ပင်-

သစေပိ ဟိ ကာသာယေ သဥဿာဟော ကာသာယာနိ အပ နေတွာ မေထုနံ ပဋိသေဝိတွာ ပုန ကာသာယာနိ နိဝါ သေတိ၊ နေဝ ထေယျသံဝါသကော ဟောတိ။ [ဟုလာရှိ၏။ ]

ပါဌ်လျှောက် အဓိပ္ပါယ်ကား။ ။ အကယ်၍လည်း သင်္ကန်း၌ ဥဿာဟရှိလျက် သင်္ကန်းကို ပယ်ချွတ်၍, မေထုနသေဝန အမှုကို ပြု၍ တစ်ဖန် သင်္ကန်းကို မိမိအလိုအလျောက် ဝတ်၏၊ ထေယျသံဝါသက မဖြစ်။

အဘယ့်ကြောင့်မဖြစ်သနည်း၊ သင်္ကန်း၌ ဥဿာဟ ရှိသောကြောင့်တည်း။

သင်္ကန်း၌ ဥဿာဟ ဆိုသည်ကား။ ။ ရဟန်းများထံ သင်္ကန်းတောင်း၍ ရဟန်းများသင်္ကန်းပေး၍ ဝတ်ရုံမြဲအတိုင်း တစ်ဖန်ဝတ်ရုံမည် ဟု ဥဿာဟ - ရှိနေခြင်းတည်း။

ဤအဋ္ဌကထာစကားနှင့် လျှောက်လွှာတွင်---

“သင်္ကန်းကို မဝတ်တော့ပြီဟု မအောက်မေ့ပါ၊ နောက် - ချထားသော ဧကသီကိုပြန်ဝတ်၍ သီလခံမည်ဟု ဆန္ဒရှိလျက် ဆရာကို မပြောဝံ့သဖြင့် ၂-ရက် ၃-ရက်လောက်ကြာမှ ဤအကျိုး အကြောင်းကို မပြောဘဲ သီလယူပါသည်” ဟူသောစကားသည် သင်္ကန်း၌ ဥဿာဟရှိခြင်း ညီညွတ်ကြ၏။

သင်္ကန်း၌ ဥဿာဟရှိနေသည့် အတွက်ကြောင့် နောက်ချထားသော ဧကသီကိုပြန်၍ ဝတ်သော် လည်း လိင်္ဂတ္ထေနက မဖြစ်၊ လိင်္ဂတ္ထေနက မဖြစ်သည့် အတွက်ကြောင့် သာမဏေအသွင်ကိုပြု၍ သီလယူသော် သံဝါသတ္ထေနက မဖြစ်၊ ရဟန်းခံသောအခါ ရဟန်းဖြစ်၏ဟု မှတ်အပ်၏။

လိင်္ဂတ္ထေနက, သံဝါသတ္ထေနက အဆုံးအဖြတ်ပြီး၏။

ဥပသမ္ပဒ ဝိနိစ္ဆယ

ဥပသမ္ပဒကံကို ဆောင်ရွက်လိုသောဆရာသည် ဥပေါသထကံ၌ကဲ့သို့-

၁။ သံဃာမစည်းဝေးမီ ရှေးအဖို့ဝယ် သိမ်အပြင်၌ တံမြက်လှည်းခြင်း,
၂။ ညဉ့်အခါဖြစ်မူ ဆီမီးထွန်းခြင်း,
၃။ သောက်ရေ, သုံးဆောင်ရေတည်ခြင်း,
၄။ နေရာခင်းခြင်း

ဟူသော ပုဗ္ဗကရဏ လေးပါးတို့ကို ကိုယ်တိုင်သော်လည်း ပြုရာ၏၊ သူတစ်ပါးကို သော်လည်း ပြုစေရာ၏။

ထိုနောက်မှ --

၁။ ရဟန်းအဖြစ် ဆယ်နှစ်ပြည့်ပြီးသော ဒသဝဿဂုဏ်, ဥဘတော ဝိဘင်းကို လေ့လာခြင်းဟူသော ဗဟုသုတ ဂုဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ဥပဇ္ဈာယ် လုပ်ထိုက်သော မထေရ်ရဟန်းကို လည်းကောင်း,
၂။ ဌာန် ၅-ပါး, ဌာန် ၆-ပါး, ဌာန် ၇-ပါး, ကရိုဏ်း ၄-ပါး, ပယတ် ၄-ပါး အစီအရင်နှင့်တကွ ဗျဉ္ဇနဗုဒ္ဓိ ဆယ်ပါးတို့ကို ပိုင်းပိုင်းခြားခြား ကျွမ်းကျင်၍ ပြီပြင်ပြတ်သားအောင် ဖတ်ရွတ်နိုင်သော ကမ္မဝါစာပါဌက ရဟန်းတို့ကို လည်းကောင်း,
၃။ ဂဏပူရဏ ဖြစ်ထိုက်သော ၃-ပါး, ၃-ပါးထက် အလွန်ဖြစ်သော ကာရကရဟန်း တို့ကို လည်းကောင်း၊ သိမ်တွင်းသို့ ပင့်ဆောင် စည်းဝေးစေရာ၏။

ထိုနောက်မှ ပဗ္ဗဇ္ဇဒေါသ ကင်းရှင်းစင်ကြယ်သော ရဟန်းလောင်းကို သံဃာ့အလယ်သို့ သွင်း၍ ---

၁။ ဥပဇ္ဈာယ်ယူစေခြင်း,
၂။ ဥပဇ္ဈာယ်ပေးခြင်း,
၃။ သပိတ်သင်္ကန်းကိုကြားခြင်း,
၄။ သံဃာ့ဘောင်မှထုတ်ခြင်း,
၅။ အနုသာသကရဟန်းက ရဟန်းကို သမုတ်ခြင်း,
၆။ သမ္မုတိရသော ရဟန်းသွား၍ ရဟန်းလောင်းကို သင်ကြား ဆုံးမခြင်း,
၇။ သင်ကြားဆုံးမပြီးသော ရဟန်းလောင်းကို ဉတ်ဖြင့် သံဃာ့ဘောင်သို့ သွင်းခြင်း,
၈။ ရဟန်းအဖြစ်ကို တောင်းခြင်း,
၉။ အန္တရာယိကဓမ္မပုစ္ဆက ရဟန်းကို သမုတ်ခြင်း,
၁၀။ အန္တရာယိကဓမ္မကို မေးမြန်းခြင်း,

ဟူသော ပုဗ္ဗကိစ္စ ဆယ်ပါးကို အစဉ်အတိုင်း ပြုရာ၏။

ထိုနောက်မှ “သုဏာတု မေ ဘန္တေ သံဃော” အစရှိသော ဉတ္တိ စတုတ္ထကမ္မဝါစာကို အကြိမ်များစွာ ဖတ်ရွတ်၍ ပဉ္စင်းဖြစ်အောင် ပြုလုပ်ခြင်းဟူသော ပဓာနကိစ္စကို ပြုရာ၏။

ထိုနောက်မှ--

၁။ ပဉ္စင်းဖြစ်သော အခါသမယကို ကြားခြင်း,
၂။ နိဿယ လေးပါးကို ကြားခြင်း,
၃။ အကရဏီယ လေးပါးကို ကြားခြင်း,

ဟူသော အပရကိစ္စ သုံးပါးကို ပြုရာ၏။

ပုဗ္ဗကိစ္စ ၁၀-ပါး
ဥပဇ္ဈာယ် ယူစေခြင်းနှင့် ဥပဇ္ဈာယ် ပေးခြင်း

ထိုပုဗ္ဗကိစ္စ, ပဓာနကိစ္စ, အပရကိစ္စဟု ဆိုအပ်သော ကိစ္စသုံးပါးတို့တွင် ပုဗ္ဗကိစ္စဆယ်ပါး၌ အကျုံး ဝင်သော ဥပဇ္ဈာယ် ယူစေခြင်း, ဥပဇ္ဈာယ်ပေးခြင်း ဟူသော ပုဗ္ဗကိစ္စ နှစ်ပါးတို့ ပြည့်စုံစေခြင်းငှါ-

ပဌမံ ဥပဇ္ဈံ ဂါဟာပေတဗ္ဗော

ဟူသောဝါကျစကားကို ရှေးဦးစွာ ဟောတော်မူသည်။

အနက်ကား။ ။

ပဌမံ - သပိတ်သင်္ကန်းကိုကြားခြင်းကိစ္စ စသည် တို့မှ၊
ဝါ- တို့၏ ရှေးဦးစွာ၊
ဥပသမ္ပဒါပေက္ခော - ပဉ္စင်းလောင်းကို၊
ဥပဇ္ဈံ - ဥပဇ္ဈာယ်ကို၊
ဂါဟာပေတဗ္ဗော - ယူစေအပ်၏။

[“ဥပဇ္ဈာယော မေ ဘန္တေဟောဟိ” ဟု သုံးခေါက် ဆိုစေ၍ ဥပဇ္ဈာယ် ယူစေရမည်။]

ဥပဇ္ဈာယ် ပြုလုပ်မည့် မထေရ် ရဟန်းတော်ကလည်း-

သာဓု” ဟူ၍ လည်းကောင်း “သာဟု” ဟူ၍ လည်းကောင်း “သြပါယိကံ” ဟူ၍ လည်းကောင်း “ပတိရူပံ” ဟူ၍ လည်းကောင်း “ပါသာဒိကေန သမ္ပာဒေဟိ” ဟူ၍ လည်းကောင်း နှုတ်တက်ရာ နှစ်သက်ရာ တစ်ခုခုသောစကားကို သုံးခေါက် ဆိုရမည် ဟူလိုသည်။

ဤပုဗ္ဗကိစ္စနှစ်ပါးကို ပြုရသည်မှာ-

န ဘိက္ခဝေ အနုပဇ္ဈာယကော ဥပသမ္ပာ ဒေတဗ္ဗော၊ ယော ဥပသမ္ပာဒေယျ, အာပတ္တိဒုက္ကဋဿ

ဟူသော မဟာခန္ဓက ပါဠိတော်မြတ်နှင့်အညီ ဥပဇ္ဈာယ်မရှိသော ပဉ္စင်းလောင်းကို ပဉ္စင်းခံခဲ့သည် ရှိသော် ကမ္မဝါဆရာ, ကာရကသံဃာတော်တို့၌ ဒုက္ကဋ်အပြစ် စင်စစ် စွန်းငြိ ရာသောကြောင့် ထိုဒုက္ကဋ် အပြစ်မှ စင်စစ်လွတ်ကင်း သန့်ရှင်းစေခြင်းငှါ ဤပုဗ္ဗကိစ္စ နှစ်ပါးကို ပြုရသတည်း။

[ဥပဇ္ဈာယ်ယူစေခြင်း, ဥပဇ္ဈာယ်ပေးခြင်းဟူသော ပုဗ္ဗကိစ္စနှစ်ပါးပြီး၏။]

သပိတ်သင်္ကန်းကို ကြားခြင်း

ဥပဇ္ဈာယ် ယူစေခြင်း, ဥပဇ္ဈာယ်ပေးခြင်း ဟူသော ပုဗ္ဗကိစ္စကို ပြည့်စုံစေပြီး၍ သပိတ်သင်္ကန်းကို ကြားခြင်း ဟူသော ပုဗ္ဗကိစ္စကိုပြတော်မူခြင်းငှါ-

ဥပဇ္ဈံ ဂါဟာပေတွာ ပတ္တစီဝရံ အာစိက္ခိတဗ္ဗံ၊
အယံ တေ ပတ္တော၊ --- အာမ ဘန္တေ၊
အယံ သံဃာဋိ၊ --- အာမ ဘန္တေ၊
အယံ ဥတ္တရာသင်္ဂေါ၊ --- အာမ ဘန္တေ၊
အယံ အန္တရဝါသကော၊ အာမ ဘန္တေ

ဟူသော ဒေသနာဝါကျကို ဟောတော်မူသည်။

[ဤဒေသနာဝါကျ၌ “အာမဘန္တေ” ဟူသော ပဋိညာစကားသည် ပါဠိတော် ရင်း၌ မရှိ၊ နောက်မှ ထည့်သွင်းသော စကားသာဖြစ်၏၊ ထိုသို့ဖြစ်သော်လည်း လိုအပ်သော စကားပင်ဖြစ်၍ သင့်မြတ် သည်သာ ဖြစ်၏။]

အနက်ကား

ဥပဇ္ဈံ - ဥပဇ္ဈာယ်ကို၊
ဂါဟာပေတွာ - ယူစေ ပြီး၍၊
ပတ္တစီဝရံ - သပိတ်သင်္ကန်းကို၊
အာစိက္ခိတဗ္ဗံ - ကြားအပ်၏၊
ကိံအာစိက္ခိတဗ္ဗံ - အဘယ်သို့ ကြားအပ်သနည်းမူကား။

အာဝုသော - အမောင်၊
အယံ - အဓိဋ္ဌာန်လောက်သော အဆင်း အရောင်, သဏ္ဌာန်, ပမာဏနှင့် ပြည့်စုံသော ဤ သပိတ်သည်၊
တေ - အမောင်ပဉ္စင်းလောင်း၏၊
ပတ္တော - မရမ်းမငှါး အများမဆိုင် ကိုယ်ပိုင် သပိတ်ပေတည်း။

ဘန္တေ - အရှင်ဘုရား၊
အာမ - အရှင်မိန့်တိုင်း မှန်ပါ၏။

အယံ - အဓိဋ္ဌာန်လောက်သော အဆင်းအရောင်, သဏ္ဌာန်, ပမာဏနှင့် ပြည့်စုံသော ဤဒုဂုဏ် သင်္ကန်းသည်၊
တေ - အမောင်ပဉ္စင်းလောင်း၏၊
သံဃာဋိ - ဒုဂုဏ်သင်္ကန်းပေတည်း။

ဘန္တေ - အရှင်ဘုရား၊
အာမ - အရှင်မိန့်တိုင်း မှန်ပါ၏။

အယံ - အဓိဋ္ဌာန်လောက်သော အဆင်းအရောင်, သဏ္ဌာန်, ပမာဏနှင့်ပြည့်စုံသော ဤကိုယ်ရုံသည်၊
တေ - အမောင်ပဉ္စင်းလောင်း၏၊
ဥတ္တရာ သင်္ဂေါ - ကိုယ်ရုံပေတည်း။

ဘန္တေ - အရှင်ဘုရား၊
အာမ - အရှင်မိန့်တိုင်း မှန်ပါ၏။

အယံ - အဓိဋ္ဌာန် လောက်သော အဆင်းအရောင်,သဏ္ဌာန်, ပမာဏနှင့် ပြည့်စုံသော ဤ သင်းပိုင်သည်၊
တေ - အမောင်ပဉ္စင်းလောင်း၏၊
အန္တရဝါသကော - သင်းပိုင်ပေတည်း။

ဘန္တေ - အရှင်ဘုရား၊
အာမ - အရှင်မိန့်တိုင်း မှန်ပါ၏။

ဤသပိတ်သင်္ကန်းကို ကြားခြင်းဟူသော ပုဗ္ဗကိစ္စကိုပြုရသည်မှာ-

န ဘိက္ခဝေ ယာစိတကေန ပတ္တစီရေန ဥပသမ္ပာဒေတဗ္ဗော၊ ယော ဥပသမ္ပာဒေယျ, အာပတ္တိ ဒုက္ကဋဿ” ။

ဟူသော မဟာခန္ဓကပါဠိတော်မြတ် နှင့်အညီ ခဏခေတ္တ ငှါးရမ်းသော သပိတ်သင်္ကန်းဖြင့် ပဉ္စင်းခံခဲ့သည်ရှိသော် ဥပဇ္ဈာယ်ဆရာ, ကမ္မဝါဆရာ, ကာရက သံဃာတို့၌ ဒုက္ကဋ်အပြစ် စင်စစ် စွန်းငြိရာသောကြောင့် ထိုဒုက္ကဋ် အပြစ်မှ စင်စစ်လွတ်ကင်း သန့်ရှင်းစင်ကြယ်စေခြင်းငှါ ဤပုဗ္ဗ ကိစ္စကို ပြုရသတည်း။

[ထို့ကြောင့် သပိတ်သင်္ကန်းသည် ပဉ္စင်းလောင်း၏ ပုဂ္ဂလိက သန္တက ဖြစ်ပေမူ ဆိုဖွယ်မရှိပြီ၊ သူတစ်ပါးတို့က ချီးမြှင့်သော သပိတ်,သင်္ကန်းဖြစ်ပေမူကား ဤပုဗ္ဗကိစ္စကို မပြုမီ ရှေးအဖို့ကပင် ပဉ္စင်းလောင်း၏ ပုဂ္ဂလိက သန္တက ဖြစ်မြောက် လေအောင် ပေးလှူ ချီးမြှင့်၍ ထားအပ်၏၊ သင်္ကန်း သုံးထည်ကိုလည်း ကပ္ပဗိန္ဓု ထိုး၍ ထားအပ်၏၊ သတိရှိပါစေ။]

ဤပုဗ္ဗကိစ္စတိုင်အောင် ဥပဇ္ဈာယ် ဆရာ၏အမည်, ပဉ္စင်းလောင်း၏အမည်ကို သုံးသပ်သော စကား မပါရှိသေးသည်နှင့် တိဿဟူသော နာဂဟူသော အမည်များကို မမှည့်သော်လည်း သင့်မြတ် ပါသေး၏။

ဤမှနောက်၌မူကား ဥပဇ္ဈာယ်ဆရာအား တိဿ-ဟူသောအမည် ပဉ္စင်းလောင်းအား နာဂ-ဟူသော အမည်ကိုပေးရမည်။ [ သတိရှိပါစေ ]

ထိုသူတို့၏ပကတိအမည်များသည် နန္ဒ, သုမန- စသော ဖတ်လွယ် ရွတ်လွယ်သော အမည်ဖြစ်ပေမူ ထိုအမည်ရင်း အတိုင်း နှင့်-

သုဏာတု မေ ဘန္တေ သံဃော၊ နန္ဒော အာယသ္မတော သုမနဿ ဥပသမ္ပဒါပေက္ခော” ။

စသည်ဖြင့် ဖတ်ရွတ်ခြင်းငှါ သင့်မြတ်လှပါ၏။

သပိတ်သင်္ကန်းကို ကြားခြင်းဟူသော တတိယ ပုဗ္ဗကိစ္စပြီး၏။

သံဃာ့ဘောင်မှထုတ်ခြင်း

ယခုအခါ စတုတ္ထပုဗ္ဗကိစ္စကို ပြည့်စုံစေခြင်းငှါ-

ဂစ္ဆ အမုမှိ သြကာသေ တိဋ္ဌာဟိ” ။

ဟူသော ဒေသနာဝါကျကို ဟောတော်မူသည်။

အနက်ကား

အာဝုသော - အမောင်ပဉ္စင်းလောင်း၊
ဣတော - ဤသံဃာ့ဘောင်မှ၊
ဂစ္ဆ - သွားပါလေလော့၊
ဂန္တွာ - သွားပြီး၍၊
အမုမှိ သြကာသေ - ဤအမည်ရှိသော အရပ်၌၊
တိဋ္ဌာဟိ - ရပ်ဆိုင်းငံ့ထွေ နေလင့်ပါလော့။

ဤပုဗ္ဗကိစ္စကို မပညတ်မီ ရှေးကာလ၌ ရဟန်းလောင်းကို သံဃာ့ အလယ်၌ ဆုံးမကြသည်နှင့် သံဃာကိုရွံ့သဖြင့် ရဟန်းလောင်းသည် မဖြေ မကြားဝံ့ ရှိနေသောကြောင့်-

အနုဇာနာမိ ဘိက္ခဝေ ဧကမန္တံ အနုသာသိတွာ သံဃမဇ္ဈေ အန္တရာယိကေ ဓမ္ေ ပုစ္ဆိတုံ” ။

ဟု ဤပုဗ္ဗကိစ္စကို ခွင့်ပြုတော်မူပေရကား-

အမုမှိ သြကာသေ တိဋ္ဌာဟိ” ဟု သာမညအားဖြင့် ဟောတော်မူပါသော်လည်း သံဃာ့ဥပစာ လွတ်လေအောင် သံဃာမှ တစ်ဆယ့် နှစ်တောင်ထက် အလွန် ကွာဝေးသော အရပ်၌ နေလင့် ခြင်းသည် သင့်မြတ်ရာသတည်း။

ဂစ္ဆ” ဟူ၍ ဆိုခြင်းကြောင့် သွားလိုရာ အရပ်တိုင်အောင် သွားမည်စိုး၍ “အမုမှိ သြကာသေ တိဋ္ဌာဟိ” ဟု နေလင့်ရန် အရပ်ဒေသကိုပြ၍ တန့်စားသောစကား ဖြစ်ပေရကား “တိဋ္ဌာဟိ - ဆိုင်းလင့်လော့” ဟူသော အနက်သည်သာ သင့်ပေသည်၊ မတ်တတ်ရပ်၍ နေရမည် ဆိုလိုသည် မဟုတ်ပေ။

ဌာ-ဂတိနိဝတ္တိယံ၊ ဂတိနိဝတ္တိ ဂမနဿုပစ္ဆေဒေါ” ဟူသော ဓာတ်ကျမ်း စကားနှင့်အညီ “တိဋ္ဌာဟိ” ဖြင့် သွားခြင်း ကြိယာကိုသာ မြစ်ပေသည်၊ ထိုင်ခြင်း, လျောင်းခြင်း ကြိယာကို မမြစ်ပေ၊ ထို့ကြောင့် သင့်တင့်ရာ အရပ်၌ ရဟန်း နေရန်, ကမ္မဝါဆရာတို့ နေရန် ခင်းကျင်းစီမံ၍ ထားနှင့်ပြီးလျှင် ရဟန်းလောင်းက ကမ္မဝါဆရာတို့အား ရှိခိုး၍ ကမ္မဝါဆရာတို့က ဆောင့်ကြောင့်ထိုင်ခြင်း, ထက်ဝယ် ဖွဲ့ခွေခြင်းတို့ဖြင့် ချမ်းသာစွာ နေထိုင်၍ ဆုံးမခြင်း သည်သာလျှင် နေရသူတို့လည်း ချမ်းသာသည်၊ မြင်ရသူတို့လည်း ကြည်ညိုဖွယ် ရှိသည်၊ ပါဠိတော်နှင့်လည်း သင့်လျော်သည်။

[သပိတ်ပရိက္ခရာကို လွယ်စေ၍ ထွက်စေရမည်ဟု ကျမ်းဂန် အရိပ်မျှ မထင်၊ အကျိုးလည်း မထင်။]

သံဃဘောင်မှ ထုတ်ခြင်းဟူသော စတုတ္ထ ပုဗ္ဗကိစ္စပြီး၏။

အနုသာသကရဟန်းက ရဟန်းကို သမုတ်ခြင်း

ယခုအခါ ပဉ္စမပုဗ္ဗကိစ္စကို ပြည့်စုံစေခြင်းငှါ-

သုဏာတု မေ ဘန္တေ သံဃော၊ နာဂေါ အာယသ္မ တော တိဿ ဥပသမ္ပဒါပေက္ခော၊ ယဒိ သံဃဿပတ္တ ကလ္လံ၊ အဟံ နာဂံ အနုသာသေယျံ။

ဟူသော သမ္မုတိဉတ်ကို ထားတော်မူသည်။

ဤ သမ္မုတိ-ဟူသော ပုဗ္ဗကိစ္စကိုပြုရသည်မှာ-

န ဘိက္ခဝေ အသမ္မတေန ဥပသမ္ပဒါပေက္ခော အနုသာ သိတဗ္ဗော၊ ယော အနုသာသေယျ, အာပတ္တိ ဒုက္ကဋဿ” ။

ဟူသော မဟာခန္ဓက ပါဠိတော်မြတ် နှင့်အညီ သမ္မုတိမရဘဲ ဆုံးမမိချေလျှင် ဒုက္ကဋ်အပြစ် စင်စစ် စွန်းငြိရာသောကြောင့် ထိုအပြစ်မှ လွတ်ကင်းစေခြင်းငှါ ပြုရသော ပုဗ္ဗကိစ္စပေတည်း။

အနုသာသကရဟန်းက ရဟန်းကိုသမုတ်ခြင်းဟူသော ပဉ္စမ ပုဗ္ဗကိစ္စပြီး၏။

သမ္မုတိရသော ရဟန်းက ရဟန်းလောင်းကို ဆုံးမခြင်း

ယခုအခါ သမ္မုတိရသော ရဟန်းတို့၏ ရဟန်းလောင်း နေလင့်ရာ အရပ်သို့သွား၍ သင်ကြား ဆုံးမခြင်း ဟူသော ဆဋ္ဌမပုဗ္ဗ ကိစ္စကို ပြခြင်းငှါ -“သုဏသိနာဂ” အစရှိသော ဒေသနာ ဝါကျကို ဟောတော်မူသည်။

အနက်ကား

နာဂ - နာဂအမည်ရှိသော အမောင်ပဉ္စင်းလောင်း၊
သုဏသိ - ငါတို့နှစ်ပါး မိန့်စကားကို နားထောင်လော့၊
အယံ - ဤအခါသည်ကား၊
တေ - အမောင် ပဉ္စင်းလောင်း၏၊
သစ္စကာလော - မသွေမလှန် အမှန်ကိုသာ လျှောက်ထားရမည့် အခါပေတည်း၊
ဘူတ ကာလော - မပို မယုတ်အဟုတ်ကိုသာ လျှောက်ထားရမည့် အခါပေတည်း၊
ယံ - အကြင် ကုဋ္ဌ, ဂဏ္ဍ-စသော အန္တရာယိက ဓမ္မတို့၏ ရှိ မရှိသော သဘောသည်၊
ဇာတံ - သင့်ဝယ်ဖြစ်၏၊
တံ - ထိုကုဋ္ဌ, ဂဏ္ဍ-စသော အန္တရာယိက ဓမ္မတို့၏ ရှိ-မရှိသော သဘောကို၊
သံဃမဇ္ဈေ - သံဃာ့အလယ်သို့ ရောက်သောကာလ၌၊
ပုစ္ဆန္တေ - ပုစ္ဆကသမ္မုတိရသော မထေရ် ရဟန်းက မေးမြန်းစစ်ဆေး ပေသည်ရှိသော်၊
သန္တံ - ထင်ရှားရှိပေမူကား၊
အတ္ထီတိ - ရှိပါပေသည်ဘုရားဟူ၍၊
ဝတ္တဗ္ဗံ - လျှောက်ထားအပ်ပေသည်၊
အသန္တံ - ထင်ရှားမရှိပေမူကား၊
နတ္ထီတိ - မရှိပါဘုရားဟူ၍၊
ဝတ္တဗ္ဗံ = လျှောက်ထားအပ်ပေသည်၊
မာ ခေါ ဝိတ္ထာသိ - ကြောက်စိတ် ကွက်၍ ကိုယ်လက် အင်္ဂါ ခိုင်မာမလှုပ် သစ်သားရုပ်သို့ ငုတ်တုတ် မနေပါလင့်၊
မံကု - ကြောက်စိတ်ဝင်၍ မရွှင်ညှိုးချုံး နှလုံးမသာ မျက်နှာမလှ ရှိသည်၊
မာ ခေါ အဟောသိ - မဖြစ်ပါလင့်။

ဧဝံ - ဤဆိုလတ္တံ့သော နည်းဖြင့်၊
တံ - သင်အမောင် ပဉ္စင်းလောင်းကို၊
ပုစ္ဆိဿန္တိ - မေးမြန်း စစ်ဆေးကြကုန်လတ္တံ့၊
ကိံပုစ္ဆိဿန္တိ - အဘယ်သို့ မေးမြန်းစစ်ဆေး ကြကုန်လတ္တံ့နည်းဟူမူကား-

၁။ ကုဋ္ဌံ - နူနာမျိုး လည်းကောင်း၊
ဂဏ္ဍော - အိုင်းနာမျိုး လည်းကောင်း၊
ကိလာသော - ပွေးညှင်းတင်းတိတ် အနာမျိုး လည်းကောင်း၊
သောသော - ခယရုပ်ချောင်းဆိုးအနာမျိုး လည်းကောင်း၊
အပမာရော - ဝက်ရူး ကြက်ရူးအနာမျိုး လည်းကောင်း၊
ဧဝရူပါ - ဤသို့သဘော ရှိကုန်သော၊
အာဗာဓာ - အနာကြီး ငါးမျိုးတို့သည်၊
တေ - သင်ပဉ္စင်းလောင်းအား၊
သန္တိ - ရှိပါကုန်သလော၊
ဧဝံ - ဤသို့၊
ပုစ္ဆိဿန္တိ - မေးမြန်း စစ်ဆေးကြကုန်လတ္တံ့။

၂။ တွံ - သင်ပဉ္စင်းလောင်းသည်၊
မနုဿော အသိ - လူသား စင်စစ် မှန်ပါ၏လော၊
ဧဝံပိ - ဤသို့လည်း၊
ပုစ္ဆိဿန္တိ - မေးမြန်း စစ်ဆေးကြကုန်လတ္တံ့။

၃။ တွံ - သင်ပဉ္စင်းလောင်းသည်၊
ပုရိသော အသိ - ယောက်ျား စင်စစ်မှန်ပါ၏လော၊
ဧဝံပိ - ဤသို့လည်း၊
ပုစ္ဆိဿန္တိ - မေးမြန်း စစ်ဆေးကြကုန်လတ္တံ့။

၄။ ဘူဇိဿော - သူ့ကျွန်မဖြစ် စင်စစ်တော်လှန် သူကောင်းမှန်သည်၊
အသိ - ဖြစ်ပါ၏လော၊
ဧဝံပိ - ဤသို့လည်း၊
ပုစ္ဆိဿန္တိ - မေးမြန်း စစ်ဆေးကြကုန်လတ္တံ့။

၅။ အနဏော - သူ့မြီ သူ့ကြွေး ချေးငှါးမတင် သန့်ရှင်းစင်သည်၊
အသိ - ဖြစ်ပါ၏လော၊
ဧဝံပိ - ဤသို့လည်း၊
ပုစ္ဆိဿန္တိ - မေးမြန်း စစ်ဆေးကြကုန်လတ္တံ့။

၆။ ရာဇဘဋော - မင်းခယောက်ျား လစာစားသည်၊
နအသိ - မဖြစ်ဘဲရှိပါ၏လော၊
ဧဝံပိ - ဤသို့လည်း၊
ပုစ္ဆိဿန္တိ - မေးမြန်း စစ်ဆေးကြကုန်လတ္တံ့။

၇။ မာတာပိတူဟိ - အမိ, အဘတို့သည်၊
အနုညာတော - အခွင့် ပြုပြီးသောသူသည်၊
အသိ - ဖြစ်ပါ၏လော၊
ဧဝံပိ - ဤသို့လည်း၊
ပုစ္ဆိဿန္တိ - မေးမြန်း စစ်ဆေးကြကုန်လတ္တံ့။

၈။ ပရိပုဏ္ဏဝီသတိဝေဿာ - ပဋိသန္ဓေ တည်နေသည်မှ စ၍ရေတွက် အသက်နှစ်ဆယ် ပြည့်ဖြိုး ကြွယ်သည်၊
အသိ - ဖြစ်ပါ၏လော၊
ဧဝံပိ - ဤသို့လည်း၊
ပုစ္ဆိဿန္တိ - မေးမြန်း စစ်ဆေးကြကုန်လတ္တံ့။

၉။ တေ - သင်ပဉ္စင်းလောင်းအား၊
ပတ္တစီဝရံ - သပိတ်, သင်္ကန်းသည်၊
ပရိပုဏ္ဏံ - ပြည့်စုံပါ၏လော၊
ဧဝံပိ - ဤသို့လည်း၊
ပုစ္ဆိဿန္တိ - မေးမြန်း စစ်ဆေးကြကုန်လတ္တံ့။

၁၀။ တွံ - သင်သည်၊
ကိံနာမော - အဘယ်အမည် ရှိသည်၊
အသိ - ဖြစ်ပါသနည်း၊
ဧဝံပိ - ဤသို့လည်း၊
ပုစ္ဆိဿန္တိ - မေးမြန်း စစ်ဆေးကြကုန်လတ္တံ့။

၁၁။ တေ - သင်ပဉ္စင်းလောင်း၏၊
ဥပဇ္ဈာယော - ဥပဇ္ဈာယ်ဆရာသည်၊
ကောနာမော - အဘယ်အမည် ရှိပါသနည်း၊
ဧဝံပိ - ဤသို့လည်း၊
ပုစ္ဆိဿန္တိ - မေးမြန်း စစ်ဆေးကြကုန်လတ္တံ့။

အနုသာသနကိစ္စ ဆိုသည်ကား--

သံဃာ့ဘောင်သို့ တစ်ဖန်သွင်း၍ သံဃာ့ အလယ်သို့ ရောက်သော ကာလ ပုစ္ဆကသမ္မုတိရသော ထေရ်ရဟန်းတော်တို့က မေးမြန်းစစ်ဆေး လတံ္တ့သော အကြောင်းအရာစုကို ပဉ္စင်းလောင်း သိနှင့်ရန် သင်ကြားခြင်း ကိစ္စသာတည်း၊ မေးခန်း, ဖြေခန်း မဟုတ်သေးပေ၊ မေးခန်းဖြေခန်းမှာ သံဃာ့ အလယ်၌သာ ပြုထိုက်သည်၊ အပ၌ မပြုထိုက်။

အဟံ နာဂံ အနုသာသေယျံ” ဟု အနုသာသနသမ္မုတိကို ခံယူ၍ သွားလေသော ထိုမထေရ် ရဟန်းတော်တို့သည်လည်း သင်ကြားဆုံးမခြင်း - အနုသာသန အမှုကိုသာ ပြုထိုက်ပေကုန်သည်၊ မေးမြန်း စစ်ဆေးခြင်း ပုစ္ဆနအမှုကို မပြုထိုက်ပေကုန်။

ထိုပုစ္ဆနအမှုကိုကား--

အဟံ နာဂံ အန္တရာယိကေ ဓမ္မေ ပုစ္ဆေယျံ

ဟု ပုစ္ဆနသမ္မုတိကို ခံယူပြီးမှ သမ္မုတိရသော ရဟန်းတို့ သည်သာလျှင် ပြုထိုက်ကုန်သည်၊ ပုစ္ဆနသမ္မုတိ မရသော ရဟန်းတို့ မပြုထိုက်ကုန်။

ဤအကြောင်းကိုကား-

သံဃမဇ္ဈေ ပုစ္ဆန္တေ” ဟူသော စကားကို လည်းကောင်း “ ဧဝံ တံ ပုစ္ဆိဿန္တိ” ဟူ၍ အနာဂတ် ဝိဘတ်နှင့် လာသည်ကိုလည်းကောင်း ထောက်၍ သိသာ ထင်လင်းလှပါ၏။

[ထို့ကြောင့် ထိုအပသို့ လိုက်သွားသောရဟန်းတို့သည် မေးမြန်းခြင်းအမှုနှင့် အလျဉ်းပင် မဆိုင် လေရကား
အာဗာဓာ - အနာကြီး ငါးမျိုးတို့သည်၊
သန္တိ - ရှိကုန်သလော၊
ကုဋ္ဌံ - နူနာမျိုးသည်၊
အတ္ထိ - ရှိသလော၊
ဂဏ္ဍော - အိုင်းနာမျိုးသည်၊
အတ္ထိ - ရှိသလော ။ပ။
တေ - သင်ပဉ္စင်းလောင်း၏၊
ဥပဇ္ဈာယော - ဥပဇ္ဈာယ်ဆရာသည်၊
ကောနာမော - အဘယ်အမည် ရှိသနည်း”
ဟုမေးမြန်းသော အနေနှင့် ပေးကြ, ဆိုကြသောအနက်သည်လည်း မသင့်လွန်း၊ ဧဝံပုစ္ဆိဿန္တိ, ကို အသီးအသီးသော စကားဝါကျတို့၌ဖြစ်စေ, အဆုံးစွန်၌ဖြစ်စေ ယှဉ်၍ပေးမှသာ သင့်မြတ်သည်။ ]

သန္တိ တေ ဧဝရူပါ အာဗာဓာ” -- ဟူသောပုဒ်၌ ဧဝရူပါ အာဗာဓာ၏ သရုပ်ကို ကုဋ္ဌံ, ဂဏ္ဍော- စသည်ဖြင့် ထုတ်ပြကာမျှသာ ဖြစ်ပေသောကြောင့် ကုဋ္ဌံ-ကိုမေးခွန်းတစ်ခု, ဂဏ္ဍော-ကို မေးခွန်း တစ်ခု, ကိလာသော - သောသော - အပမာရော တို့ကိုလည်း မေခွန်းတစ်ခုစီ တစ်ခုစီ ပြုခြင်းသည်လည်း မသင့်လွန်း၊ ၎င်းတို့ကို “ဧဝရူပါ အာဗာဓာ” နှင့်ပေါင်း၍မေးခွန်း တစ်ခုသာ ဖြစ်သင့်ပေသည်။

ဧဝံ တံ ပုစ္ဆိဿန္တိ” -- ၌ ဧဝံ၏အရသာ ဖြစ်သော ပုစ္ဆိနာကာရ သရုပ်ကို “သန္တိ တေ ဧဝရူပါ အာဗာဓာ ကုဋ္ဌံ ။ပ။ ကော နာမော တေ ဥပဇ္ဈာယော” ဟု ထုတ်ပြခြင်းမျှသာ ဖြစ်ပေရကား ဤစကားတို့၏ အတွင်း၌ ရှိသော-

၁။ “နတ္ထိ ဘန္တေ” ငါးပုဒ်,
၂။ “အာမ ဘန္တေ” ရှစ်ပုဒ်,
၃။ “အဟံ ဘန္တေ နာဂေါ နာမ” ပုဒ်,
၄။ “ဥပဇ္ဈာယော မေ ဘန္ေ အာယသ္မာ တိဿတ္ထေရော နာမ” ပုဒ်

ဤအဖြေပုဒ်များသည် အရာမဟုတ်သည် စင်စစ်ပေတည်း။

ထို့ကြောင့် ပဉ္စင်းလောင်းနေရာအပ၌ နာဂေါ - ဟူသောအမည်, တိဿော - ဟူသော အမည်များကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ချဲ့ချဲ့ထွင်ထွင် တန်းဆာဆင်၍ လူ, ရှင်အများ ကြားစေသမှု ပြုလုပ်ကြသောအမှုသည် အရာမဟုတ် ရာ၌ ပြုလုပ်ခြင်း သက်သက်သာ ဖြစ်သတည်း။

[ပြုလုပ်လိုလျှင် သံဃအလယ်သို့ရောက်၍ ပုစ္ဆနသမ္မုတိကို ရပြီးမှ လုပ်သင့်သည်၊ ပညာရှိတို့ သတိပြုရန်။]

ဤသင်ကြားဆုံးမခြင်း ပုဗ္ဗကိစ္စကို ပြုရသည်မှာ အချို့သော ရဟန်းလောင်းတို့သည် သံဃာ့အပြင်၌ အလျှင် မနှူးနှပ်နှင့်မူ၍ သံဃာ့ အလယ်၌ မေးမြန်း စစ်ဆေးလေရာ မဖြေဝံ့ကြရှိသည်နှင့် သံဃာ့ အလယ်၌ ရဲရဲ ဖြေဆို လျှောက်ထားဝံ့စေခြင်းငှါ နှူးနှပ်နှင့်ရသော ကိစ္စပေတည်း။

အပ၌သင်ကြားဆုံးမခြင်းဟူသော ဆဋ္ဌမ ပုဗ္ဗကိစ္စပြီး၏။

ဉတ်ဖြင့် သံဃာ့ဘောင်သို့ ပြန်သွင်းခြင်း

ယခုအခါ ဆုံးမသင်ကြား၍ နူးနပ် လိမ္မာပြီးသော ရဟန်းလောင်းကို သံဃာ့ဘောင်သို့ တစ်ဖန် သွင်းခြင်း ဟူသော သတ္တမ ပုဗ္ဗကိစ္စကို ပြခြင်းငှါ--

သုဏာတု မေ ဘန္တေ သံဃော၊ နာဂေါ အာယသ္မ တော တိဿဿ ဥပသမ္ပဒါပေက္ခော၊ အနုသိဋ္ဌော သော မယာ၊ ယဒိ သံဃဿ ပတ္တကလ္လံ နာဂေါ အာဂစ္ဆေယျ” ။

ဟူသောဉတ်နှင့်တကွ “အာဂစ္ဆာဟီတိ ဝတ္ထဗ္ဗော” ဟူသော ဝိဓိကို ဟောတော်မူသည်။

ဤပုဗ္ဗကိစ္စကို ပြုရသည်မှာ ရှေးအခါ သံဃာ့ဘောင်သို့ အနုသာသက ရဟန်းနှင့်တကွ ရဟန်းလောင်း လိုက်မလာသည်နှင့် မလိုက်လာစေဘဲ သံဃာကို ဉတ်ဖြင့် သိစေပြီးမှ ခေါ်ခြင်းငှါ ပြုရသည်။

ထို့ကြောင့်--

န ဧကတော အာဂန္တဗံ္ဗ၊ အနုသာသကေန ပဌမတရံ အာဂန္တွာ သံဃော ဉာပေတဗ္ဗော” ။

[ ဟူ၍ ဟောတော်မူသည်။ ]

ဉတ်ဖြင့်သံဃဘောင်သို့ သွင်းခြင်းဟူသော သတ္တမ ပုဗ္ဗကိစ္စ ပြီး၏။

ရဟန်းအဖြစ်ကို တောင်းခြင်း

ယခုအခါသံဃာ့ အလယ်သို့ရောက်၍ ရဟန်းအဖြစ်ကို သံဃာအား တောင်းပန်ခြင်းဟူသော ပုဗ္ဗကိစ္စ ကိုပြခြင်းငှါ-

သံဃံ ဘန္တေ ဥပသမ္ပဒံ ယာစာမိ၊ ဥလ္လုမ္ပတု မံ ဘန္တေ သံဃော အနုကမ္ပံ ဥပါဒါယ”။

ဒုတီယမ္ပိ သံဃံ ဘန္တေ ဥပသမ္ပဒံ ယာစာမိ၊ ဥလ္လုမ္ပတု မံ ဘန္တေ သံဃော အနုကမ္ပံ ဥပါဒါယ”။

တတီယမ္ပိ သံဃံ ဘန္တေ ဥပသမ္ပဒံ ယာစာမိ၊ ဥလ္လုမ္ပတု မံ ဘန္တေ သံဃော အနုကမ္ပံ ဥပါဒါယ”။

ဟူသော ဒေသနာဝါကျကို ဟောတော်မူသည်။

အနက်ကား

ဘန္တေ - အရှင်ဘုရားတို့၊
အဟံ - အကျွန်ုပ်သည်၊
သံဃံ - သံဃာတော်ကို၊
ဥပသမ္ပဒံ - ပဉ္စင်းအဖြစ်ကို၊
ယာစာမိ - တောင်းပန်ပါ၏၊
ဘန္တေ - အရှင်ဘုရားတို့၊
သံဃော - သံဃာတော်သည်၊
မံ - အကျွန်ုပ်ကို၊
အနုကမ္ပံ - သနားစောင့်ရှောက် ချီးမြှောက် ကယ်မခြင်းကို၊
ဥပါဒါယ - အစွဲပြု၍၊
ဥလ္လုမ္ပတု - သီလသိက္ခာ သေးငယ်စွာသော သာမဏေ အဖြစ်မှ နှစ်ရာ့နှစ်ဆယ် ခုနစ်သွယ် သိက္ခာ ကြီးမြတ်စွာသော သာသနာထမ်း ရဟန်းတော် အဖြစ်သို့ ထုတ်ဆယ် ကယ်တင်တော်မူပါလော့။

ဘန္တေ - အရှင်ဘုရားတို့၊
ဒုတီယမ္ပိ - နှစ်ကြိမ်မြောက်လည်း၊
အဟံ - အကျွန်ုပ်သည်၊
သံဃံ - သံဃာတော်ကို၊
ဥပသမ္ပဒံ - ပဉ္စင်းအဖြစ်ကို၊
ယာစာမိ - တောင်းပန်ပါ၏၊
ဘန္တေ - အရှင်ဘုရားတို့၊
သံဃော - သံဃာတော်သည်၊
မံ - အကျွန်ုပ်ကို၊
အနုကမ္ပံ - သနားစောင့်ရှောက် ချီးမြှောက် ကယ်မခြင်းကို၊
ဥပါဒါယ- အစွဲပြု၍၊
ဥလ္လုမ္ပတု - ကိလေသာဟု တဏှာမြှေးရစ် မြူအညစ်မှ အသစ်စဲစဲ ပုလဲအသွင် ဖြူစင်သန့်ရှင်းသော ကုသိုလ်အဖို့သို့ ထုတ်ဆယ် ကယ်တင်တော်မူပါလော့။

ဘန္တေ - အရှင်ဘုရားတို့၊
တတီယမ္ပိ - သုံးကြိမ်မြောက်လည်း၊
အဟံ - အကျွန်ုပ်သည်၊
သံဃံ - သံဃာတော်ကို၊
ဥပသမ္ပဒံ - ပဉ္စင်းအဖြစ်ကို၊
ယာစာမိ - တောင်းပန်ပါ၏၊
ဘန္တေ - အရှင်ဘုရားတို့၊
သံဃော - သံဃာတော်သည်၊
မံ - အကျွန်ုပ်ကို၊
အနုကမ္ပံ - သနားစောင့်ရှောက် ချီးမြှောက် ကယ်မခြင်းကို၊
ဥပါဒါယ - အစွဲပြု၍၊
ဥလ္လုမ္ပတု - သံသရာသမုဒ် ဝဲဇလုပ်မှ ဝိမုတ္တိခေါ် သောင်ကျွန်းပေါ်သို့ ထုတ်ဆယ် ကယ်တင်တော် မူပါလော့။

[ဤတောင်းပန်ခြင်းဟူသော ပုဗ္ဗကိစ္စကို ပြုရသည်မှာ တောင်းပန်၍ ဖြစ်စေရသော အမှုမည်သည် အလေးအမြတ် ပြုသည်၊ ချီးမြှင့်ပေးသော သံဃာတို့၏ ကျေးဇူးကိုမြင်သည်၊ ဆိုလွယ် ဆုံးမ လွယ်သည်၊ ထို့ကြောင့် ပြုရသည်။]

တောင်းပန်ခြင်းဟူသော အဋ္ဌမ ပုဗ္ဗကိစ္စပြီး၏။

အန္တရာယိကဓမ္မကို မေးမြန်းစစ်ဆေးရန် သမုတ်ခြင်း

▬▬▬▬▬▬▬▬▬▬▬

ယခုအခါ အန္တရာယိကဓမ္မကို မေးမြန်းစစ်ဆေးရန် သမုတ်ခြင်း ဟူသော ပုဗ္ဗကိစ္စကိုပြခြင်းငှါ--

သုဏာတု မေ ဘန္တေ သံဃော၊ အယံ နာဂေါ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခော၊ ယဒိသံဃဿ ပတ္တကလ္လံ၊ အဟံ နာဂံ အန္တရာယိကေ ဓမ္မေ ပုစ္ဆေယျံ” ။

ဟူသော ဉတ္တိကံကို ဟောတော်မူသည်။

ဤသမုတ်ခြင်း ဟူသော ပုဗ္ဗကိစ္စကို ပြုရသည်မှာ အမှတ်မရှိသော ပုဂ္ဂိုလ်တို့သည် ရဟန်းလောင်း တို့အား အန္တရာယိကဓမ္မကို မေးမြန်းခွင့် မရစေခြင်းငှါ ပြုရသည်၊ ထို့ကြောင့် ဤပုစ္ဆကသမ္မုတိကို ခံယူသော ပုဂ္ဂိုလ် သည်သာလျှင် မေးမြန်းထိုက်ပေသည်။

မေးမြန်း စစ်ဆေးရန် သမုတ်ခြင်း ဟူသော နဝမ ပုဗ္ဗကိစ္စ ပြီး၏။

အန္တရာယိကဓမ္မကို မေးမြန်း စစ်ဆေးခြင်း

▬▬▬▬▬▬▬▬

ယခုအခါ မေးမြန်း စစ်ဆေးခြင်းဟူသော ပုဗ္ဗကိစ္စကိုပြခြင်းငှါ သုဏသိ နာဂ-အစရှိသော အစီအရင် ကို ဟောတော်မူသည်။

အနက်ကား

နာဂ - အာဂုံ န ကရောတိ အစရှိသော ဗျုပ္ပတ္တိ ဝေါဟာအလွန်သာ၍ မင်္ဂလာပညတ် ဘွဲ့မည် တပ်သည် သူမြတ်ပြီလှ မောင်နာဂ၊
မေ-မမ - ငါ၏၊
ဝစနံ - စကားကို၊
သုဏသိ - စေ့စေ့ နာပါလော့၊
အယံ - ဤအခါသည်ကား၊
တေ - အမောင်၏၊
သစ္စကာလော - မသွေမလှန် အမှန်ကိုသာ လျှောက်ထားရာသော အခါကာလ ဖြစ်ပေသည်၊
ဘူတကာလော - မပိုမယုတ် အဟုတ်ကိုသာ လျှောက်ထားရာသော အခါကာလ ဖြစ်ပေသည်၊
ယံ - အကြင်ကုဋ္ဌ, ဂဏ္ဍစသော အန္တရာယိက ဓမ္မတို့၏ ရှိမရှိဟူသော သဘောသည်၊
ဇာတံ - သင့်ဝယ်ဖြစ်၏၊
တံ - ထိုကုဋ္ဌ, ဂဏ္ဍစသော အန္တရာယိကဓမ္မတို့၏ ရှိမရှိဟူသော သဘောကို၊
ပုစ္ဆာမိ - မေးမြန်းပါ၏၊
သန္တံ - ထင်ရှားရှိပါမူကား၊
အတ္ထီတိ - ရှိပါပေသည်ဘုရား ဟူ၍၊
ဝတ္တဗ္ဗံ - အမောင် လျှောက်ထားရချိမ့်မည်၊
အသန္တံ - ထင်ရှားမရှိ ပါမူကား၊
နတ္ထီတိ - မရှိပါဘုရား ဟူ၍၊
ဝတ္တဗ္ဗံ - အမောင်လျှောက်ထား ရချိမ့်မည်။

၁။ တေ - အမောင်အား၊
ဧဝရူပါ - ဤသို့သဘော ရှိကုန်သော၊
အာဗာဓာ - အနာကြီး ငါးမျိုးတို့သည်၊
သန္တိ - ရှိပါကုန်သလော။

(က) ကုဋ္ဌံ - ကိုယ်အင်္ဂါလက် အကုန်ပျက်သော သမင်လျက် နူနာမျိုးသည်၊
အတ္ထိ - ရှိပါသလော။
ဘန္တေ - အရှင်ဘုရား၊
နတ္ထိ - မရှိပါ။

(ခ) ဂဏ္ဍော - နှစ်ရှည်ကြာ၍ ဆေးမတွေ့ဘဲ ယနေ့ထက်တိုင် ပြည်အိုင်သွေးပွက် မစဲထွက်သော အိုင်းပျက်အနာမျိုးသည်၊
အတ္ထိ - ရှိပါသလော။
ဘန္တေ - အရှင်ဘုရား၊
နတ္ထိ - မရှိပါ။

(ဂ) ကိလာသော - နွားပြောက် နွားကျား အလားတူလျက် အရေပျက်၍ အကွက်အကွင်း ထင်တုံ လျှင်းသော ပွေး ညှင်း တင်းတိတ် အနာမျိုးသည်၊
အတ္ထိ - ရှိပါသလော။
ဘန္တေ - အရှင်ဘုရား၊
နတ္ထိ - မရှိပါ။

(ဃ) သောသော - တဖြေး တဖြေး အသွေးအသား ကုန်ခန်းငြား၍ ခေါင်းပါးဆုတ်ယုတ် ခယရုဂ် ချောင်းဆိုး ပန်းနာမျိုးသည်၊
အတ္ထိ - ရှိပါသလော။
ဘန္တေ - အရှင်ဘုရား၊
နတ္ထိ - မရှိပါ။

(င) အပမာရော - ဝက်ရူး ကြက်ရူး သည်းခြေရူးနှင့် မေ့မူး ချွတ်ယွင်း သတိကင်းသော အနာ မျိုးသည်၊
အတ္ထိ - ရှိပါသလော။
ဘန္တေ - အရှင်ဘုရား၊
နတ္ထိ - မရှိပါ။

သန္တိ တေ ဧဝရူပါ အာဗာဓာ” အစရှိသည်ဖြင့် အနာမျိုး ငါးပါး ထင်ရှားရှိသည်, မရှိသည်ကို ငါတို့နှစ်ပါးက မေးမြန်းသည်ရှိသော် “နတ္ထိ ဘန္တေ”ဟူ၍ သင်ပဉ္စင်းလောင်းက လျှောက်ထားပေ သောကြောင့်-

န ဘိက္ခဝေ ပဉ္စဟိ အာဗာဓေဟိ ဖုဋ္ဌောပဗ္ဗာဇေတဗ္ဗော၊ ယော ပဗ္ဗာဇေယျ, အာပတ္တိ ဒုက္ကဋဿ

ဟူသော မဟာခန္ဓက ပါဠိတော်မြတ်နှင့်အညီ အနာမျိုးငါးပါး ထင်ရှားရှိသော ပဉ္စင်းလောင်းကို ရဟန်းခံ၍ ပေးသည်ရှိသော် ဥပဇ္ဈာယ်ဆရာ, ကမ္မဝါဆရာ, ဂိုဏ်းသံဃာ တို့အား စွန်းငြိရာသော ဒုက္ကဋ် အပြစ်မှ စင်စစ်လွတ်ကြောင်း သူကောင်းအမှန် ဖြစ်ပေသည် ဟုမှတ်။

၂။ တွံ - သင်ပဉ္စင်းလောင်းသည်၊
မနုဿော - ဗြဟ္မာ, သိကြား, နဂါး, ဂဠုန်, ကုမ္ဘဏ်မဖြစ် လူစင်စစ်သည်၊
အသိ - မှန်ပါ၏လော၊
ဘန္တေ - အရှင်ဘုရား၊
အာမ - လူသားစင်စစ် မှန်ပါ၏၊

မနုဿောသိ” ဟူသော ပါဌ်ဖြင့် လူသားစင်စစ် ဖြစ်သည် ဧကန် မှန်ပါ၏လောဟု ငါတို့က မေးမြန်းသည်ရှိသော် “အာမဘန္တေ” ဟု သင် ပဉ္စင်းလောင်းက လျှောက်ထားပေသောကြောင့်-

တိရစ္ဆာနဂတော ဘိက္ခဝေ အနုပသမ္ပန္နော၊ န ဥပသမ္ပာဒေတဗ္ဗော - ဥပသမ္ပန္နော နာသေတဗ္ဗော

ဟူသော မဟာခန္ဓက ပါဠိတော်မြတ်နှင့်အညီ တိရစ္ဆာန် အပါအဝင်ဖြစ်သော ဗြဟ္မာ, သိကြား, နဂါး, ဂဠုန်, ကုမ္ဘဏ်, ယက္ခ, ဂန္ဓဗ္ဗနတ် စသည် တို့ကို ပဉ္စင်းခံ၍ ပေးသည်ရှိသော် ဥပဇ္ဈာယ်ဆရာ, ကမ္မဝါ ဆရာ, ဂိုဏ်း သံဃာတို့အား စွန်းငြိရာသော ဒုက္ကဋ်အပြစ်မှ စင်စစ်လွတ်ကြောင်း လူကောင်းအမှန် ဖြစ်ပေသည်ဟုမှတ်။

၃။ တွံ - သင်ပဉ္စင်းလောင်းသည်၊
ပုရိသော - ယောက်ျားစင်စစ်သည်၊
အသိ - မှန်ပါ၏လော၊
ဘန္တေ - အရှင်ဘုရား၊
အာမ - ယောက်ျားစင်စစ် မှန်ပါ၏၊

ပုရိသောသိ” -- ဟူသောပါဌ်ဖြင့် ဥဘတောဗျည်းနှစ်ပါး, ပဏ္ဍုက် ငါးပါးမဟုတ်ငြားဘဲ ယောက်ျား စင်စစ် မှန်ပါ၏လော, ဟု ငါတို့က မေးမြန်းသည်ရှိသော် “အာမ ဘန္တေ” ဟု သင်ပဉ္စင်းလောင်းက လျှောက်ထားပေသောကြောင့်-

ပဏ္ဍကော ဘိက္ခဝေ, ဥဘတောဗျဉ္ဇနကော ဘိက္ခဝေ အနုပသမ္ပန္နော၊ န ဥပသမ္ပာဒေတဗ္ဗော၊ ဥပသမ္ပန္နော နာသေတဗ္ဗော”။

ဟူသော မဟာခန္ဓက ပါဠိတော်မြတ်နှင့် အညီ ပဏ္ဍုက်, ဥဘတော ဗျည်းတို့ကို ပဉ္စင်းခံ၍ ပေးခဲ့ သည်ရှိသော် ဥပဇ္ဈာယ်ဆရာ, ကမ္မဝါဆရာ, ဂိုဏ်း သံဃာတို့အား စွန်းငြိရာသော ဒုက္ကဋ်အပြစ်မှ စင်စစ် လွတ်ကြောင်း ယောက်ျားကောင်း အမှန် ဖြစ်ပေသည်ဟုမှတ်။

၄။ တွံ - သင်ပဉ္စင်းလောင်းသည်၊
ဘူဇိဿော - သူ့ကျွန်မဖြစ် စင်စစ် တော်လှန် သူကောင်းမှန်သည်၊
အသိ - ဖြစ်ပါ၏လော။
ဘန္တေ - အရှင်ဘုရား၊
အသိ - သူကောင်းမှန်ပါ၏။

ဘူဇိဿောသိ”- ဟူသောပါဌ်ဖြင့် သူ့ကျွန်မဖြစ် စင်စစ်တော်လှန် သူကောင်း မှန်ပါ၏လောဟု ငါတို့ကမေးမြန်းသည်ရှိသော် “အာမ ဘန္တေ” ဟု ပဉ္စင်းလောင်းက လျှောက်ထားပေသောကြောင့်-

န ဘိက္ခဝေ ဒါသော ပဗ္ဗာဇေတဗ္ဗော၊ ယောပဗ္ဗာ ဇေယျ, အာပတ္တိ ဒုက္ကဋဿ”။

ဟူသော မဟာခန္ဓက ပါဠိတော်မြတ်နှင့်အညီ အန္တောဇာတကျွန် ဓနက္ကီတကျွန်, ကရမရာနီတကျွန်, ဥပဂတကျွန် ဤကျွန်လေးယောက်တို့ကို ရဟန်းခံ၍ ပေးခဲ့သည်ရှိသော် ဥပဇ္ဈာယ်ဆရာ, ကမ္မဝါ ဆရာ, ဂိုဏ်း သံဃာတို့အား စွန်းငြိရာသော ဒုက္ကဋ်အပြစ်မှ စင်စစ် လွတ်ကြောင်း သူကောင်းအမှန် ဖြစ်ပေသည်ဟုမှတ်။

၅။ တွံ - သင်ပဉ္စင်းလောင်းသည်၊
အနဏော - သူ့မြီ သူ့ကြွေး ချေးငှားမတင် သန့်ရှင်းစင်သည်၊
အသိ - ဖြစ်ပါ၏လော။
ဘန္တေ - အရှင်ဘုရား၊
အာမ - သူ့မြီ သူ့ကြွေး ချေးငှားမတင် သန့်ရှင်းစင်သည် မှန်ပါ၏။

အနဏောသိ” ဟူသောပါဌ်ဖြင့် သူ့မြီ သူ့ကြွေး ချေးငှားမတင် သန့်ရှင်းစင်ပါ၏လောဟု ငါတို့က မေးမြန်းသည်ရှိသော် “အာမ ဘန္တေ” ဟု သင်ပဉ္စင်းလောင်းက လျှောက်ထားပေသောကြောင့်-

န ဘိက္ခဝေ ဣဏာယိကော ပဗ္ဗာဇေတဗ္ဗော၊ ယော ပဗ္ဗာဇေယျ, အာပတ္တိဒုက္ကဋဿ”။

ဟူသော မဟာခန္ဓက ပါဠိတော်မြတ်နှင့်အညီ သူ့မြီ သူ့ကြွေး ချေးငှား မတင် သန့်ရှင်းစင်သောသူကို ပဉ္စင်းခံ၍ ပေးခဲ့သည်ရှိသော် ဥပဇ္ဈာယ် ဆရာ, ကမ္မဝါဆရာ, ဂိုဏ်းသံဃာတို့အား စွန်းငြိရာသော ဒုက္ကဋ်အပြစ်မှ စင်စစ်လွတ်ရှင်း ကြွေးမြီကင်းသော သူအမှန်ဖြစ်ပေသည် ဟုမှတ်။

၆။ တွံ - သင်ပဉ္စင်းလောင်းသည်၊
ရာဇဘဋော - မင်းခယောက်ျား လစာ စားသည်၊
နအသိ - မဟုတ်ဘဲ ရှိပါ၏လော။
ဘန္တေ - အရှင်ဘုရား၊
အာမ - မင်းခယောက်ျား လစာစား မဟုတ်သည် မှန်ပါ၏။

နသိရာဇဘဋော- ဟူသောပါဌ်ဖြင့် မင်းစိုးရာဇာတို့၏ လခရိက္ခာ စားသောသူ မဟုတ်ဘဲရှိပါ၏ လောဟု ငါတို့က မေးမြန်းသည် ရှိသော် “အာမ ဘန္တေ” ဟု သင်ပဉ္စင်းလောင်းက လျှောက်ထားပေ သောကြောင့်-

န ဘိက္ခဝေ ရာဇဘဋော ပဗ္ဗာဇေတဗ္ဗော၊ ယော ပဗ္ဗာဇေယျ, အာပတ္တိ ဒုက္ကဋဿ”။

ဟူသောမဟာခန္ဓကပါဠိတော်မြတ်နှင့်အညီ မင်းစိုးရာဇာတို့ လခရိက္ခာနှင့် မကင်းသောသူကို ပဉ္စင်း ခံ၍ ပေးခဲ့သည်ရှိသော် ဥပဇ္ဈာယ် ဆရာ, ကမ္မဝါဆရာ, ဂိုဏ်းသံဃာတို့အား စွန်းငြိရာသော ဒုက္ကဋ် အပြစ်မှ စင်စစ်လွတ်မှု သူ့ရိက္ခာစားမဟုတ် အမှန်ဖြစ်ပေသည်ဟုမှတ်။

၇။ တွံ - သင်ပဉ္စင်းလောင်းသည်၊
မာတာပိတူဟိ - အမိအဖတို့သည်၊
အနုညာတော - အနူးအညွတ် အခွင့်လွှတ်အပ်သော သူသည်။
အသိ - ဖြစ်ပါ၏လော။
ဘန္တေ - အရှင်ဘုရား၊
အာမ - အမိ အဖ ခွင့်ရသောသူ မှန်ပါ၏။

အနုညာတောသိ မာတာပိတူဟိ” - ဟူသောပါဌ်ဖြင့် အမိ, အဖတို့သည် အခွင့်ပြုပါ၏လောဟု ငါတို့က မေးမြန်းသည် ရှိသော် “အာမဘန္တေ” ဟု သင် ပဉ္စင်းလောင်းက လျှောက်ထားပေ သောကြောင့်--

န ဘိက္ခဝေ အနနုညာတော မာတာပိတူဟိ ပုတ္တော ပဗ္ဗာဇေတဗ္ဗော၊ ယော ပဗ္ဗာဇေယျ, အာပတ္တိ ဒုက္ကဋဿ”။

ဟူသော မဟာခန္ဓက ပါဠိတော်မြတ်နှင့်အညီ အမိ, အဖတို့ ခွင့်မပြုသောသူကို ပဉ္စင်းခံ၍ ပေးခဲ့သည်ရှိသော် ဥပဇ္ဈာယ်ဆရာ, ကမ္မဝါဆရာ, ဂိုဏ်းသံဃာတို့အား စွန်းငြိရာသော ဒုက္ကဋ်အပြစ်မှ စင်စစ်လွတ်ကြောင်း ကောင်းစွာခွင့်လွှတ်အပ်သူ အမှန်ဖြစ်ပေသည်ဟုမှတ်။

၈။ တွံ - သင်ပဉ္စင်းလောင်းသည်၊
ပရိပုဏ္ဏဝီသတိဝေဿာ - ပဋိသန္ဓေ တည်နေသည်မှ စ၍ရေတွက် နှစ်, လ, ရက်ဖြင့် အသက် နှစ်ဆယ် ပြည့်ဖြိုး ကြွယ်သည်၊
အသိ - ဖြစ်ပါ၏လော။
ဘန္တေ - အရှင်ဘုရား၊
အာမ - အသက်နှစ်ဆယ် ပြည့်ဖြိုး ကြွယ်သည် မှန်ပါ၏။

ပရိပုဏ္ဏဝီသတိဝေဿာ” - ဟူသော ပါဌ်ဖြင့် အသက်နှစ်ဆယ် ပြည့်ပါ၏လောဟု ငါတို့က မေးမြန်း သည်ရှိသော် “အာမ ဘန္တေ”ဟု သင်ပဉ္စင်းလောင်းက လျှောက်ထားပေသောကြောင့်-

န ဘိက္ခဝေ ဦနဝီသတိ၀ဿော ပုဂ္ဂလော ဥပသမ္ပာ - ဒေတဗ္ဗော၊ ယော ဥပသမ္ပာဒေယျ, ယထာဓမ္မော ကာရေတဗ္ဗော”။

ဟူသော မဟာခန္ဓက ပါဠိတော်မြတ်နှင့်အညီ အသက်နှစ်ဆယ်မ ပြည့်သောသူကို ပဉ္စင်းခံ၍ ပေးခဲ့ သည်ရှိသော် ဥပဇ္ဈာယ်ဆရာ, ကမ္မဝါဆရာ, ဂိုဏ်းသံဃာတို့အား စွန်းငြိရာသော ပါစိတ်အပြစ် ဒုက္ကဋ် အပြစ်တို့မှ စင်စစ်လွတ်ချက် အသက်နှစ်ဆယ်ပြည့်သောသူ အမှန် ဖြစ်ပေသည် ဟုမှတ်။

၉။ တေ - သင်ပဉ္စင်းလောင်းအား၊
ပတ္တစီဝီဝရံ - သပိတ်သင်္ကန်းသည်၊
ပရိပုဏ္ဏံ - ပြည့်စုံပါ၏လော။
ဘန္တေ - အရှင်ဘုရား၊
အာမ - သြော် ပြည့်စုံ၏။

ပရိပုဏ္ဏံတေပတ္တစီဝရံ” ဟူသောပါဌ်ဖြင့် သင်ပဉ္စင်းလောင်းအား သပိတ်သင်္ကန်း ပြည့်စုံပါ၏လောဟု ငါတို့က မေးမြန်းသည် ရှိသော် “အာမ ဘန္တေ” ဟုသင်ပဉ္စင်းလောင်းက လျှောက်ထားပေ သောကြောင့်-

န ဘိက္ခဝေ အပတ္တစီဝရော ဥပသမ္ပာဒေတဗ္ဗော၊ ယော ဥပသမ္ပာဒေယျ အာပတ္တိဒုက္ကဋဿ။

ဟူသော မဟာခန္ဓက ပါဠိတော်မြတ်နှင့်အညီ သပိတ်သင်္ကန်း မရှိသောသူကို ပဉ္စင်းခံ၍ ပေးခဲ့သည် ရှိသော် ဥပဇ္ဈယ်ဆရာ, ကမ္မဝါဆရာ, ဂိုဏ်းသံဃာတို့အား စွန်းငြိရာသော ဒုက္ကဋ်အပြစ်မှ စင်စစ် လွတ်ကြောင်း ကောင်းစွာ ပြည့်စုံသော သပိတ်သင်္ကန်း ရှိသောသူ အမှန်ဖြစ်ပေသည် ဟုမှတ်။

၁၀။ တွံ - သင်ပဉ္စင်းလောင်းသည်၊
ကိန္နာမော - အဘယ်အမည် ရှိသည်၊
အသိ - ဖြစ်သနည်း။
ဘန္တေ - အရှင်ဘုရား၊
အဟံ - တပည့်တော်သည်၊
နာဂေါနာမ - နာဂ ဟူသော အမည် ရှိပါ၏။

ကိံနာမောသိ”- ဟူသောပါဌ်ဖြင့် သင်ပဉ္စင်းလောင်းသည် အဘယ်အမည် ရှိပါသနည်းဟု ငါတို့က မေးမြန်းသည် ရှိသော် “အဟံ ဘန္တေ နာဂေါနာမ”ဟု သင်ပဉ္စင်းလောင်းက လျှောက်ထား ပေသောကြောင့်-

အာဂုံ န ကရောတီတိ နာဂေါ

ဟူသော မဟာနိဒ္ဒေသ ပါဠိတော်မြတ်နှင့်အညီ သာသနာတော်ထမ်း ရဟန်းတော်ဖြစ်သည်မှစ၍ အဝါခြောက်ဆယ် ပြည့်ကြွယ် စွန်းမြောက် အရွယ်ရောက်သည်တိုင်အောင် သဗ္ဗညုမြတ်စွာဘုရား မြစ်တား ကဲ့ရဲ့တော်မူအပ်သော ဒုက္ကဋ်, ဒုဗ္ဘာသီ - စသော အပြစ်ငယ်တို့ကိုပင် မြင့်မိုရ်မေရု နှိုင်းစံ တု၍ မပြုမကျင့် အသင့်ရှောင်ကြဉ် ကင်းလွတ်စင်လျက် လေးအင်သီလ မြတ်ဓမ္မဖြင့် နေလတစ်ဆူ ဖြစ်ဖို့ဟူသော ဗျုပ္ပတ္တိ ဝေါဟာ မင်္ဂလာအတိတ် နိမိတ်ကောင်း တစ်ခု ဖြစ်စေခြင်းငှါ နာဂ-ဟူသော အမည်သည် သင်ပဉ္စင်းလောင်း၏ အမည်ဟုမှတ်။

တစ်နည်းကား။ ။ “နာဂစ္ဆတီတိ နာဂေါ “ ဟူသော မဟာနိဒ္ဒေသ ပါဠိတော်မြတ်နှင့်အညီ အနာဂါရိယ ပဗ္ဗဇ္ဇအမှု ရဟန်းပြုသော နေက္ခမ္မတရားဖြင့် ပယ်ရှား ပစ်စွန့်အပ်ပြီးသော ဃရာဝါသ သမ္ဗာဓအစု မကောင်းမှုတို့ကို အသစ်တစ်ဖန် မကပ် ရှင်းရှင်း ဖြတ်ပေသော အနက်ကြောင့် လည်းကောင်း,

အမြဲမပြတ် စောင့်ထိန်းအပ်သော ပါတိမောက္ခသံဝရ, ဣန္ဒြိယ သံဝရ, ပစ္စယသန္နိဿိတ, အာဇီဝပါရိသုဒ္ဓိသီလ တရားတို့ဖြင့် ပယ်ရှား ပစ်ခွါအပ်ပြီးသော အာပတ် ခုနစ်ပုံဟု ဆိုအပ်သော အပြစ်, အက္ခန္တိ - သည်းမခံခြင်း၊ အညာဏ - မသိခြင်း၊ ကောသဇ္ဇ - ပျင်းရိခြင်း၊ မုဋ္ဌဿတိ -သတိ လွတ်ကင်းခြင်း ဟူသောအပြစ်, ပစ္စည်းလေးပါးတို့၌ မက်မော တွေဝေခြင်း ဟူသောအပြစ်, ပစ္စည်း လေးပါးတို့ကို ရှာမှီးခြင်း၌ မစင်ကြယ်ခြင်း ဟူသောအပြစ် ဤသို့သော အပြစ်စု မကောင်းမှုတို့ကို အသစ်တစ်ဖန် ပြန်၍မကပ် ရှင်းရှင်း ဖြတ်ပေးသော အနက်ကြောင့် လည်းကောင်း သင် ပဉ္စင်း လောင်းကို နာဂ - ဟူ၍မှတ်။

တစ်နည်းကား။ ။ “နာဂစ္ဆတီတိ နာဂေါ “ ဟူသော မဟာနိဒ္ဒေသ ပါဠိတော်မြတ်နှင့်အညီ ဆန္ဒာဂတိ, ဒေါသာဂတိ, မောဟာ ဂတိ, ဘယာ ဂတိ-ဟူသော အဂတိလေးပါးသို့ လိုက်စား စောင်းငဲ့ခြင်း မရှိဘဲ ပကတိ နှလုံးသွင်း ဖြောင့်စင်း တည့်မတ် ပေသောအနက်ကြောင့် သင်ပဉ္စင်း လောင်း၏အမည်ကို နာဂ-ဟူ၍မှတ်။

၁၁။ တေ - သင်ပဉ္စင်းလောင်း၏၊
ဥပဇ္ဈာယော - ဥပဇ္ဈာယ်ဆရာသည်၊
ကောနာမော - အဘယ်အမည် ရှိပါသနည်း။

ဘန္တေ - အရှင်ဘုရား၊
မေ - အကျွန်ုပ်၏၊
ဥပဇ္ဈာယော - ဥပဇ္ဈာယ် ဆရာသည်၊
အာယသ္မာ တိဿတ္ထေရောနာမ - အရှင်တိဿမထေရ် အမည်ရှိပါ၏။

ကော နာမော တေ ဥပဇ္ဈာယော” ဟူသော ပါဌ်ဖြင့် သင်၏ ဥပဇ္ဈာယ်ဆရာသည် အဘယ်အမည် ရှိသနည်းဟု ငါတို့က မေးမြန်းသည် ရှိသော် “ဥပဇ္ဈာယော မေ ဘန္တေ အာယသ္မာ တိဿတ္ထေရော နာမ” ဟု သင်ပဉ္စင်းလောင်းက လျှောက်ထားပေသောကြောင့်-

ဝဇ္ဇာဝဇ္ဇံ ဥပနိဇ္ဈာယတီတိ ဥပဇ္ဈာယော

ဟူသော ဝစနတ္ထနှင့်အညီ တပည့်သားတို့ သန္တာန်ဝယ် ငြိတွယ် ရောက်တတ် ကဲ့ရဲ့အပ်သော ဒုက္ကဋ်, ဒုဗ္ဘာသီ - စသော အပြစ်ကြီးငယ်တို့ကို ပညာစက္ခုဖြင့် ကြည့်ရှုကြပ်မတ် ဆုံးမတတ်ပေသောကြောင့် လည်းကောင်း,

ဒွီဟိ အနုဂ္ဂဟေဟိ အနုဂ္ဂဟေတွာ အတ္တနော နိဿိတကေ တောသေသီတိ တိဿော။

ဟူသော ဝစနတ္ထ နှင့်အညီ ပစ္စယာဓမ္မာ နှစ်ဖြာသော ချီးမြှောက်ခြင်းတို့ဖြင့် ထောက်ဆင့် ချီးမြှောက် လျက် မိမိကိုမှီကုန်သော တပည့်သား အပေါင်းတို့ကို ကောင်းစွာနှစ်သက် ရွှင်လန်းစေတတ်သော သတ္တိကြောင့် လည်းကောင်း သင်ပဉ္စင်းလောင်း၏ ဥပဇ္ဈာယ်ဆရာကို တိဿ-အမည်ရှိသော မထေရ် - ဟူ၍မှတ်။

[ ဤမေးမြန်းခြင်း ဟူသော ပုဗ္ဗကိစ္စကို ပြုရသည်မှာ အန္တရာယိက ဓမ္မတို့မှ မစင်ကြယ်သော ပဉ္စင်း လောင်းကို ရဟန်းခံ၍ ပေးခဲ့သည်ရှိသော် ဥပဇ္ဈာယ်ဆရာ, ကမ္မဝါဆရာ, ဂိုဏ်းသံဃာတို့၌ စွန်းငြိ ရာသော အပြစ်တို့သည် ထင်ရှား ရှိကုန်သည် ဖြစ်၍ ထိုအပြစ်တို့မှ ကင်းလွတ်စင်ကြယ် စေခြင်းငှါ ပြုရသော ပုဗ္ဗကိစ္စ ပေတည်း၊ အန္တရာယိကဓမ္မကို မေးမြန်းသော စကား အစဉ်၌ “နတ္ထ ဘန္တေ၊ အာမ ဘန္တေ” အစရှိသော အဖြေစကားစုသည် ပါဠိတော်ရင်း၌ မရှိ၊ နောက်စကားပင် ဖြစ်သော်လည်း သင့်မြတ်ပေ၏။]

အန္တရာယိကဓမ္မတို့ကို မေးမြန်းစစ်ဆေးခြင်းဟူသော ဒသမပုဗ္ဗကိစ္စ ပြီး၏။

ဤတွင်ရွေ့ ပုဗ္ဗကိစ္စဆယ်ပါး ပြီး၏။

ရဟန်းအဖြစ်ကို ပြုခြင်း ဟူသော ပဓာနကိစ္စ

▬▬▬▬▬▬▬

ဤသို့လျှင် ပုဗ္ဗကရဏလေးပါး, ပုဗ္ဗကိစ္စ ဆယ်ပါးတို့ကို အစဉ်အတိုင်း ပြည့်စုံစေပြီး၍ ယခုအခါ ပဉ္စင်းအဖြစ်ကိုပြုခြင်း ဟူသော ပဓာနကိစ္စကို ပြီးစေခြင်းငှါ-

၁။ သုဏာတု မေ ဘန္တေ သံဃော၊ အယံ နာဂေါ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခော ပရိသုဒ္ဓေါ အန္တရာယိကေဟိ ဓမ္မေဟိ၊ ပရိပုဏ္ဏဿ ပတ္တစီရံ၊ နာဂေါ သံဃံ ဥပသမ္ပဒံ ယာစတိ အာယသ္မတာ တိဿေန ဥပဇ္ဈာယေန၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော နာဂံ ဥပသမ္ပာဒေယျ။ ဧသာ ဉတ္တိ။

[ဟူသော ပဌမဉတ် အစီအရင်။]

၂။ သုဏာတု မေ ဘန္တေ သံဃော၊ အယံ နာဂေါ အာယသ္မတော တိဿဿ ဥပသမ္ပဒါပေက္ခော ပရိသုဒ္ဓေါ အန္တရာယိကေဟိ ဓမ္မေဟိ၊ ပရိပုဏ္ဏဿ ပတ္တစီဝရံ၊ နာဂေါ သံဃံ ဥပသမ္ပဒံ ယာစတိ အာယသ္မတာ တိဿေန ဥပဇ္ဈာယေန၊ သံဃော နာဂံ ဥပသမ္ပာဒေတိ အာယသ္မတာ တိဿေန ဥပဇ္ဈာယေန၊ ယဿာယသ္မတော ခမတိ နာဂဿ ဥပသမ္ပဒါ အာယသ္မတာ တိဿေန ဥပဇ္ဈာယေန၊ သော တုဏှဿ။ ယဿ နက္ခမတိ သောဘာသေယျ။

[ဟူသော ဒုတီယကမ္မဝါစာ အစီအရင်။]

၃။ ဒုတီယမ္ပိ ဧတမတ္ထ ဝဒါမိ။ သုဏာတု မေ ဘန္တေ သံဃော ။ပ။ သောဘာသေယျ။

[ဟူသော တတီယကမ္မဝါစာ အစီအရင်။]

၄။ တတီယမ္ပိ ဧတမတ္ထံ ဝဒါမိ။ သုဏာတု မေ ဘန္တေ သံဃော ။ပ။ သောဘာသေယျ။

[ဟူသော စတုတ္ထကမ္မဝါစာ အစီအရင်။]

၅။ ဥပသမ္ပန္နော သံဃေန နာဂေါ အာယသ္မတာ တိဿေန ဥပဇ္ဈာယေန။ ခမတိ သံဃဿ၊ တသ္မာ တုဏှိ။ ဧဝမေတံ ဓာရယာမိ။

[ဟူသော ကမ္မနိဋ္ဌာန အချုပ်စကား။]

ဤသို့လျှင် ငါးရပ်ငါးချက်သော အစီအရင်တို့ကို ဟောတော်မူသည်။

အကျယ်ဖြန့်အံ့

▬▬▬▬▬

ဤငါးရပ်ငါးချက်သော အစီအရင်တို့ကို ဖတ်ရွတ်မည် ပြုသောအခါ သိမ်အပြင်၌ ရှိသမျှသော သံဃာတို့ကို တစ်ပါးနှင့်တစ်ပါး နီးသည်ထက် နီးအောင် ချဉ်းကပ်စေရာ၏။

အဘယ့်ကြောင့်နည်း ဟူမူ --

ထိုသံဃာတို့၏ အတွင်း၌ ရဟန်း မဖြစ်ခဲ့သောသူ, ရဟန်း အဖြစ်မှ လျောကျသောသူ ပါခဲ့သော် ထိုသူအတွက်နှင့် ဟတ္ထပါသ် ကွာခြင်း ဖြစ်ရာသောကြောင့်တည်း။

ဖတ်ရွတ်ရာ၌လည်း - ပုဂ္ဂိုလ်သာမန်ကို ဖတ်ရွတ်စေခြင်းငှါ မအပ်။

ဗျတ္တေန ဘိက္ခုနာ ပဋိဗလေန သံဃော ဉာပေတဗ္ဗော။

ဟူ၍ ဟောတော်မူသောကြောင့် မာဂဓဘာသာ အက္ခရာ, ပဒကို တစ်တစ်ခွခွ ပြီသ-အောင်မြင်အောင် ရွတ်စွမ်းရှိသော ပုဂ္ဂိုလ်ကိုသာ ဖတ်ရွတ်စေရာ၏။

ထိုပုဂ္ဂိုလ်သည်လည်း - ဌာန်အထူးအပြား, ကရိုဏ်းအထူး အပြား, ပယတ်အထူးအပြား, သိထိလ - ဓနိတ - ဒီဃ - ရဿ - ဂရု - လဟု - နိဂ္ဂဟိတ - ဝိမုတ္တ - သမ္ဗန္ဓ - ဝ၀တ္ထိတ ဟူသော ဗျဉ္ဇနဗုဒ္ဓိ ဆယ်ပါးတို့၏ အထူး အပြားတို့ကို သိ၍ တစ်လုံး တစ်လုံးသော အက္ခရာကို ရွတ်မည်ရှိသော အခါ တစ်ခုတစ်ခုသော မြင့်မိုရ်တောင်ကို ချီကြွအံ့သော အခါကဲ့သို့ လွန်စွာ အားထုတ်၍ ရွတ်ဖတ်ရမည်။

အားထုတ်ပုံကား--

သုဏာတု - ကို ရွတ်မည်ရှိရာ သုအက္ခရာ၏ ဌာန်ကို လည်းကောင်း, ကရိုဏ်းကို လည်းကောင်း, ပယတ်ကို လည်းကောင်း, ဗျဉ္ဇနဗုဒ္ဓိ အပိုင်းအခြားကို လည်းကောင်း သိ၍ရွတ်ရမည်။

သု-အက္ခရာ၏-ဌာန်ကား ဒန္တဌာန်တည်း၊ ဒန္တဌာန် ဟူသည်ကား အထက်သွားအစဉ်၏ အတွင်းအရပ် တည်း၊ သု-အက္ခရာ၏ ကရိုဏ်း ဟူသည်ကား ဇိဝှဂ္ဂကရိုဏ်းတည်း၊ ဇိဝှဂ္ဂကရိုဏ်း ဟူသည်ကား လျှာဖျား အရပ်တည်း၊ သု-အက္ခရာ၏ ပယတ်ဟူသည်ကား ဝိဝဋပယတ် တည်း၊ ဝိဝဋပယတ် ဟူသည်ကား ၎င်းသု-အက္ခရာ၏ ဌာန်, ကရိုဏ်းတို့၏ ဖွင့်ခြင်း တည်း၊ သု-အက္ခရာ၏ ဗျဉ္ဇနဗုဒ္ဓိ အပိုင်းအခြားဟူသည်ကား သု-အက္ခရာသည် သိထိလ, ဓနိတနှစ်ပါးတို့တွင် အလျော်အားဖြင့် သိထိလ၌ သွင်းရသည်၊ ဂရု, လဟု နှစ်ပါးတို့တွင် လဟုပေတည်း၊ နိဂ္ဂဟိတ, ဝိမုတ္တ နှစ်ပါးတို့တွင် အလျော်အားဖြင့် ဝိမုတ္တ၌ဝင်သတည်း၊ သမ္ဗန္ဓ, ဝ၀တ္ထိတ နှစ်ပါးတို့တွင် အလျော်အားဖြင့် ဝ၀တ္ထိတ၌ ဝင်သတည်း။

ထို့ကြောင့် ထိုသု-အက္ခရာကို သေးသေး သိမ်သိမ် ပိန်ပိန် ညပ်ညပ် မရှိစေမူ၍ စကြာမင်းတို့ အသုံးအဆောင်ဖြစ်သော ပြည်တန် ပတ္တမြား အလုံးကဲ့သို့ လုံးဝန်းမဏ္ဍလ ပြည့်ဝအောင်မြင်သဖြင့် ပရိမဏ္ဍ လပဒဗျဉ္ဇန ဖြစ်စေခြင်းငှါ ဌာန်ကိုလည်း အတတ်သိ၍ ဌာန်စွန်း ဌာန်ဖျား၌ မဖြစ်စေဘဲ ဌာန်လယ် ဝမ်းလိုဏ်၌ ဖြစ်အောင် အားထုတ်ရမည်၊ ဌာန်စွန် ဌာန်ဖျား၌ ဖြစ်ခဲ့သော် တောင်သူ လူရိုင်းတို့ ရွတ်သော သုအက္ခရာကဲ့သို့ သေးသေး သိမ်သိမ် ပိန်ပိန်ညပ်ညပ်သာ ဖြစ်သည်၊ လုံးဝန်း မဏ္ဍလ ပြည့်ဝအောင်မြင်စွာ မဖြစ်။

[ကရိုဏ်းကိုလည်း အတတ်သိ၍, ပယတ်ကိုလည်း အတတ်သိ၍, ဗျဉ္ဇနဗုဒ္ဓိ အပိုင်း အခြားကိုလည်း အတတ်သိ၍ လုံးဝန်းမဏ္ဍလ ပြည့်ဝ အောင်မြင်စွာ ရွတ်ရမည်။]

ဏာ-အက္ခရာသည်- မုဒ္ဓဌာန်၌ ဖြစ်၏၊ မုဒ္ဓဌာန် ဟူသည်ကား အာခေါင်အရပ်ကို ဆိုသတည်း၊ ၎င်းဏာ-အက္ခရာသည် ဇိဝှေါပဂ္ဂကရိုဏ်း ဖြင့်ဖြစ်၏၊ ဇိဝှေါပဂ္ဂကရိုဏ်း ဟူသည်ကား လျှာဖျား၏ အနီးအပါး ဖြစ်သော လျှာအရပ်ကို ဆိုသတည်း၊ ဏာ-အက္ခရာကို ရွတ်မည် ရှိသောအခါ ဌာန်, ကရိုဏ်းကိုသိ၍ ရွတ်ရမည်၊ ဌာန်, ကရိုဏ်းကိုမသိမူ၍ ရွတ်ခဲ့သော် ဒန္တဌာန်, ဇိဝှဂ္ဂကရိုဏ်းများနှင့် ရွတ်မိလျှင် နငယ်နာ-အက္ခရာသာ ဖြစ်မည်၊ ဏကြီးဏာ-အက္ခရာ မဖြစ်၊ နငယ်နာ- အက္ခရာနှင့် သုနာတု- ဟုဖြစ်လျှင် သဘာဝနိရုတ္တိ လက္ခဏာ ပျက်သောကြောင့် ကံပျက်သည်။

တု- အက္ခရာသည်လည်း- သု-အက္ခရာနှင့် ဌာန်, ကရိုဏ်း, ဗျဉ္ဇနဗုဒ္ဓိ တူ၏၊ ပယတ်သာကွဲ၏၊ တု-အက္ခရာမူကား ဖုဋ္ဌပယတ် ပေတည်း၊ ထို့ကြောင့် ဇိဝှဂ္ဂကရိုဏ်းကို ဒန္တဌာန်၌ နာနာခိုက်အောင် အားထုတ်၍ ရွတ်၊ ထို့ကြောင့်ထို တု-အက္ခရာကို ရွတ်မည်ရှိသောအခါ ဌာန်,ကရိုဏ်းကို သိ၍ ရွတ်ရမည်၊ ဌာန်, ကရိုဏ်းကို မသိမူ၍ရွတ်ခဲ့သော် မုဒ္ဓဌာန်, ဇိဝှေါပဂ္ဂ ကရိုဏ်းများနှင့် ရွတ်မိလျှင် ဋသံလျင်းချိတ် ဋု-အက္ခရာသာ ဖြစ်မည်၊ တဝမ်းပူတု-အက္ခရာမဖြစ်၊ ဋသံလျင်းချိတ် ဋု-အက္ခရာနှင့် သုဏာဋု-ဟု ဖြစ်လျှင်လည်း သဘာဝ နိရုတ္တိ လက္ခဏာ ပျက်သောကြောင့် ကံပျက်မည်။

ထိုသို့ရွတ်မိလျှင် ကံပျက်ကြောင်းကို ဝိမတိဝိနောဒနီ ဋီကာ၌ ဝဂ်တစ်ပါး၌ သိထိလကို ရွတ်သင့် လျက် ဝဂ်တစ်ပါး၌ သိထိလ ရွတ်ခြင်းသည်လည်း “အညသ္မိံ ဝတ္တဗ္ဗေ အညံ ဝဒတိ” ပင်ဖြစ်သည် ဟုဆိုသည်။

[နောက်တစ်ပြင်လုံး၌လည်း ဤ့အတူ အလုံးတိုင်းအလုံးတိုင်း သတိပညာ ကြီးစေရမည်]

သတိထားရန်

▬▬▬▬▬

ဗုဒ္ဓုပ္ပါဒ သမယမည်သည်။ ။ ကမ္ဘာ အသင်္ချေကြာမှ တစ်ခါ တစ်ခဏသာ ဖြစ်နိုင်သည်၊ ထိုခဏနှင့် ကြုံကြိုက်ကြသော သူတစ်သောင်း, တစ်သိန်းတွင် တစ်ယောက် တစ်လေမျှသာ ပဗ္ဗဇိတ သမယကို ရနိုင်သည်၊ သို့ဖြစ်၍ သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသား တစ်ယောက်သည် ရပြီး, ရဆဲ, ရလတံ္တ့သော မနုဿသမ္ပတ္တိတို့ကို အကုန်လုံးစွန့်၍ ပဗ္ဗဇိတ ဒုလ္လဘကိုရခြင်းငှါ ရဟန်းပြုပါသည်ကို ကမ္မဝါစာဖတ်ရွတ်သော ဆရာက အထည်အဝါသာ ကြီး၍ ဌာန်, ကရိုဏ်း, ပယတ်, ဗျဉ္ဇနဗုဒ္ဓိ အခြင်းအရာများကို မသိလေသောကြောင့်-

တဝမ်းပူနှင့် ဋသံလျင်းချိတ်၊
ထဆင်ထူးနှင့် ဌဝမ်းဘဲ၊
ဒထွေးနှင့် ဍသံကောက်၊
ဓအောက်ချိုင့်နှင့် ဎရေမှုတ်၊
နငယ်နှင့်ဏကြီး၊
ယငယ်နှင့်ရကြီး၊
လငယ်နှင့်ဠကြီး တို့ကို …

ဌာန်, ကရိုဏ်း ကွဲပြား ကြသည့်အတိုင်း အသံကွဲအောင် ဖတ်နည်း, ရွတ်နည်းကို မသိမလိမ္မာ သောကြောင့် ရတနာ အပြည့်တင်သော သုံးပင်တိုင် သင်္ဘောကြီးကို မှောက်စေဘိ သကဲ့သို့ သုဏာတု - တစ်ခွန်းနှင့် ပဗ္ဗဇိတ ဒုလ္လဘအချက်ကြီးကို ဖျက်ဆီး၍ ပစ်တတ်သည်။

[ သတိမူပါကုန်။ ]

ဋ, ဌ, ဍ, ဎ, ဏ, ရ, ဠ,- ဤခုနစ် လုံးတို့သည် အာခေါင် အရပ်၌ ဖြစ်ကုန်၏၊ ဇိဝှေါပဂ္ဂကရိုဏ်းရှိကုန်၏၊ ထို့ကြောင့် လျှာဖျား၏ အနီးဖြစ်သော လျှာအရပ်နှင့် စေ့ဆော်၍ လိုဏ်သံ ပါအောင် ရွတ်ရမည်။

တ, ထ, ဒ, ဓ, န, သ, လ- ဤခုနစ်လုံးတို့သည် သွား အရပ်၌ ဖြစ်ကုန်၏၊ ဇိဝှဂ္ဂကရိုဏ်းရှိကုန်၏၊ ထို့ကြောင့် လျှာဖျားအရပ်နှင့် စေ့ဆော်၍ သွားသံပါအောင် ရွတ်ရမည်။

သဒ္ဒါကျမ်းဂန်, အဋ္ဌကထာ, ဋီကာကျမ်းဂန်တို့၌လည်း ကျွမ်းကျင်ပါမှ, ဆရာကောင်း - ဆရာမြတ် တို့၏ နည်းဥပဒေသကိုလည်း လက်ထက် လက်ငင်း ရဖူးပါမှ ကမ္မဝါစာကို ဖတ်ခြင်းငှါ ထိုက်သည်၊ သို့မဟုတ်မူ၍ သိထိလ, ဓနိတ, နိဂ္ဂဟိတမျှကို မှတ်မိရုံနှင့် ကမ္မဝါဆရာ လုပ်ပေလျှင် သုဏာတု - တစ်ခွန်းနှင့်ပင် ဥပသမ္ပဒကံ, ပရိဝါသ်ကံ, မာနတ်ကံ, အဗ္ဘာနကံတို့သည် ပျက်စီး၍ ကုန်ရှာ တော့သည်။

[ သတိမူပါကုန်။ ]

ဉတ်ကမ္မဝါစာ ဖတ်ရွတ်စဉ် အခါ၌လည်း အမှားအတိမ်း မရှိစေမူ၍ ဖြည်းညင်း သာယာစွာ ဖတ်ရွတ်ရမည်၊ အဆောတလျင် မဖတ်မရွတ်ရ၊ မိမိ ဖတ်ရွတ်လိုက်သော အက္ခရာကို အပြီအသ နည်းအံ့ထင်၍ အားမရ - ရှိပါလျှင် ထပ်၍ဆိုရမည်၊ သူတစ်ပါးကို အမှီမလိုက်ရ၊ ဖတ်ရွတ် စဉ်အခါ ၌လည်း ဖတ်ရွတ်ပြီး ပုဒ်, ပါဌ်, အက္ခရာနှင့်စပ်လျဉ်း၍ အပျက်အချော် စကားကိုမျှ မပြောမဆိုအပ်၊ ယုတ်စွအဆုံး ဖတ်ရွတ်သောသူ မကြားရာ ပရိသတ် အစွန်အဖျား၌ နေသော ရဟန်းတို့ အချင်းချင်း နားရင်းအပ်၍ တိုးတိုးစကားကိုမျှ မပြောမဆိုအပ်၊ ပြောဆိုမိလျှင် ဖတ်ရွတ်ပြီး သော ကမ္မဝါစာသည် အချည်းနှီး ဖြစ်လေတော့သည်၊ အရင်းကပြန်၍ ဖတ်ရမည်။

[ ဤကား ဉတ်၌ လည်းကောင်း, ကမ္မဝါသုံးချက်၌ လည်းကောင်း, ကမ္မနိဋ္ဌာန် နိဂုံး၌ လည်းကောင်း ဤငါးချက်သော ဌာနသည် လိုရင်းပဓာနဖြစ်၍ သတိထားရန် ဆိုလိုက်သော စကားရပ်ပေတည်း။ ]

အမှာစကားချပ်

▬▬▬▬▬

အချို့သော ဆရာတို့သည်ကား-

စတုတ္ထကမ္မဝါစာ၌ “သော ဘာသေယျ” တွင် ရဟန်းဖြစ်ခြင်းကိစ္စ ပြီးပြီဖြစ်၍-

ဥပသမ္ပန္နော သံဃေန နာဂေါ အာယသ္မတာ တိဿေန ဥပဇ္ဈာယေန။ ခမတိ သံဃဿ၊ တသ္မာ တုဏှိ။ ဧဝံမေတံ ဓာရယာမိ “။

ဟူသော ကမ္မနိဋ္ဌာန်, နိဂုံးစကားကို မဖတ်မရွတ်သော်လည်း ကံပျက်ရန် အခွင့်မရှိသောကြောင့် ထိုနိဂုံးစကားကို တစ်ခေါက် တစ်ကြိမ်မျှ ဖတ်ရွတ်လျှင် ပြီးတော့သည်၊ သုံးခေါက် သုံးကြိမ် ဖတ်ဖွယ် ကိစ္စ မရှိ။

တစ်ခေါက်တစ်ကြိမ် ဖတ်ရွတ်သော အခါ၌လည်း သိထိလ, ဓနိတ - စသောအမှုကို ဉတ်ကမ္မဝါစာ တို့၌ကဲ့သို့ လွန်စွာအားထုတ်ခွင့် မရှိ၊ ပကတိ ဖတ်ရိုးဖတ်စဉ် ရွတ်ရိုး ရွတ်စဉ်နှင့်ပင် သင့်မြတ် တော့သည်။

ဝုဋ္ဌာနကံ ကမ္မဝါစာတွင် “ဒိန္နော သံဃေန၊ ဒိန္နံ သံဃေန၊ အဗ္ဘိတော သံဃေန” ဟူသော နိဂုံးတို့၌လည်း ထို့အတူပင်တည်းဟု ပြောဆိုလေ့ ရှိကြကုန်၏။

ပရိဝါ ပါဠိတော်၌။ ။ အတီတ ကတကမ္မသင်္ဂဟိတ- အဖြစ်ဖြင့် ဟောတော်မူသောကြောင့် “သော ဘာသေယျ” တွင်ရွေ့ ရဟန်းကိစ္စ ပြီးပေသည် မှန်ငြားသော်လည်း ထိုနိဂုံးကိုလည်း အရိုအသေ ပြု၍ ဖတ်ခြင်းသည်သာ သင့်မြတ်ပါသတည်း။

[ ဤဉတ်ကမ္မဝါစာ နိဂုံးစကားတို့၏ အနက် အဓိပ္ပါယ်ကို မဆိုပြီ။ ]

ရဟန်းအဖြစ်ကိုပြုခြင်း ဟူသော ပဓာနကိစ္စ ပြီး၏။

အပရကိစ္စ ၃-ပါး

ပဉ္စင်းဖြစ်သော အခါသမယကို ကြားခြင်း

▬▬▬▬▬▬▬▬▬

ယခုအခါ ရဟန်းဖြစ်သော သက္ကရာဇ်, လ, ရက်, အချိန်ကာလကိုကြားခြင်း ဟူသော အပရကိစ္စကို ပြခြင်းငှါ-

တာဝဒေဝ ဆာယာ မေတဗ္ဗာ၊ ဥတုပ္ပမာဏံ အာစိက္ခိတဗ္ဗံ၊ ဒိဝသ ဘာဂေါ အာစိက္ခိတဗ္ဗော၊ သင်္ဂီတိ အာစိက္ခိတဗ္ဗာ။

ဟူသော စကားကို ဟောတော်မူသည်။

အနက်ကား

တာဝဒေဝ - ထိုပဉ္စင်း အဖြစ်သို့ရောက်ပြီး ဟူ၍ဆိုထိုက်သော ဉတ္တိစတုတ္ထကမ္မဝါစာ ပြီးဆုံးသော ခဏ၌သာလျင်၊
ဆာယာ - အရိပ်ကို၊
မေတဗ္ဗာ - နှိုင်းယှဉ် တိုင်းတာအပ်၏၊
ဥတုပ္ပမာဏံ - ဥတု အတိုင်းအရှည်ကို၊
အာစိက္ခိတဗ္ဗံ - ကြားအပ်၏၊
ဒိဝသဘာဂေါ - ပုဗ္ဗနှ မဇ္ဈနှစသောနေ့တို့ကို၊
အာစိက္ခိတဗ္ဗေါ - ကြားအပ်၏၊
သင်္ဂီတိ - ပေါင်းရုံး သိမ်းအုပ် အချုပ်စာတမ်းကို၊
အာစိက္ခိတဗ္ဗေါ - ကြားအပ်၏။

သင်္ဂီတိသဒ္ဒါသည်။ ။ သံရှေးရှိသော ဂေ-ဓာတ်, တိ-ပစ္စည်းဖြင့် ပြီးသော ပေါင်းဖွဲ့သီကုံးခြင်း အနက်ကိုဟောသော သဒ္ဒါပေတည်း။

ထို့ကြောင့် ရှေး၌ ကြားခဲ့ပြီးသော အရိပ်, ဥတု, နေ့, ရက်စု နှင့် တကွ ကြွင်းသမျှသော ကောဇာခုနှစ်, သာသနာခုနှစ်, ဥတု, ရာသီ, မာသ, ပက္ခ, ဒိဝသ, ပဟာရ, နာရီ, ဖဝါး, ပါဒ်, ဗီဇနာ, ပြန်, ခရာ, နက္ခတ်, ပါဒ်, နဝင်းတို့ကို လည်းကောင်း၊ သိမ်, ဥပဇ္ဈာယ်ဆရာ, ကမ္မဝါဆရာ, ဂိုဏ်း သံဃာ အရေအတွက်တို့ကို လည်းကောင်း သင်္ဂီတိ - ဟူသော ဤပုဒ်ဖြင့် အကုန်သိမ်းကျုံး၍ ယူတော် မူသည်။

ထို့ကြောင့် ကောဇာသက္ကရာဇ် ၁၂၅၃-ခု သာသနာသက္ကရာဇ် ၂၄၃၅-ခု ဂိမှန္တဥတု မေထုန်ရာသီ ပဌမဝါဆိုလဆန်း ၁-ရက်၊ နံနက် တစ်ချက်တီး အရိပ်ဖဝါး မည်မျှအချိန် မည်သည့်မြို့ရွာ မည်သည့် ကျောင်းတိုက် ခဏ္ဍသိမ်တွင်-

ဥပဇ္ဈာယ်ဆရာမည်သူ, ပဌမကမ္မဝါဆရာ မည်သူ - မည်သူ, ဒုတိယ ကမ္မဝါဆရာ မည်သူ - မည်သူ, တတိယကမ္မဝါဆရာ မည်သူ - မည်သူ, ကြွင်းဂဏပူရဏ ကာရကသံဃာ မည်မျှတို့နှင့် မြင့်မြတ်သော ရဟန်းတော် အဖြစ်သို့ ရောက်သည်ဟူ၍ အပြည့်အစုံ ပေါင်းဖွဲ့ သီကုံး၍ ကြားရမည် ဆိုလိုသည်။

[ဤသင်္ဂီတိ အာစိက္ခဏ - ဟူသော အပရကိစ္စကို ပြုရသည်မှာ အခါကာလ ကိုမှတ်မိမှ ထေရ်ကြီး, ထေရ်ငယ် - စသည်စစ်ဆေး၍ ပြုရသောအခြေ၌ အကြီး, အငယ်ကိုသိနိုင်သည်၊ ပဉ္စဝဿ, ဒသဝဿ, ဝီသတိဝဿ အပိုင်း အခြားနှင့် စပ်သော နိဿယ မုစ္စက, ပရိသုပဋ္ဌာပက, ဘိက္ခုနောဝါဒက အရာတို့၌လည်းကောင်း, ဥပဇ္ဈာယမတ္တ - အာစရိယမတ္တနှင့် စပ်သော အထူးရိုသေ ရသော အရာတို့၌ လည်းကောင်း, သမာနာသနိက - အသမာနာသနိကနှင့် စပ်သော နေရာတူနေသင့် - မနေသင့် ဟူရာ တို့၌ လည်းကောင်း, ပိုင်းခြားနိုင်သည်။]

ပဉ္စင်းဖြစ်သောအခါသမယကို ကြားခြင်းဟူသော ပဌမအပရ ကိစ္စပြီး၏။

နိဿယ ၄-ပါးကို ကြားခြင်း

▬▬▬▬▬▬▬▬▬▬

ယခုအခါ မှီရာလေးပါး အကရဏီယ လေးပါးတို့ကို ကြားခြင်း ဟူသော အပရကိစ္စ နှစ်ပါးကို အစဉ် အတိုင်းပြတော်မူခြင်းငှါ-

စတ္တာရော နိဿယာ အာစိက္ခိတဗ္ဗာ”။

အစရှိသော ဒေသနာတော်ကို ဟောတော်မူသည်။

အနက်ကား

စတ္တာရော - လေးပါးကုန်သော၊
နိဿယာ - သာသနာထမ်း ရဟန်းပြုလုပ်သောသူတို့ အားကိုးအားထား ကိုးစား မှီတင်းရာတို့ကို၊
အာစိက္ခိတဗ္ဗာ - ပြောကြားအပ်ကုန်၏၊
စတ္တာရိ - လေးပါး ကုန်သော၊
အကရဏီယာနိ - မပြုမကျင့်အပ်သော အမှုတို့ကို၊
အာစိက္ခိ တဗ္ဗာနိ - ပြောကြားအပ်ကုန်၏။

ပဌမနိဿယ

▬▬▬▬

ယခုအခါ မှီရာလေးပါးကို ကြားသော အစီအရင်ကို အကျယ်ပြတော် မူလိုသည်ဖြစ်၍ - “ပိဏ္ဍိယာလောပဘောဇနံ” အစရှိသော ဒေသနာတော်ကို ဟောတော်မူသည်။

အနက်ကား

၁။ အာဝုသော - ငါ့ရှင် ပဉ္စင်းသစ်၊
တေ - သင်ပဉ္စင်းသစ်၏၊
ပဗ္ဗဇ္ဇာ - ရှင်ရဟန်း အဖြစ်သို့ ကပ်ရောက်ရခြင်းသည်၊
ပိဏ္ဍိယာလောပ ဘောဇနံ - သလုံးသားဖြင့် အားထုတ်၍ ရအပ်သော တစ်လုပ်စာ တစ်လုပ်စာမျှ သောဆွမ်းကို၊
နိဿာယ - အားကိုးသမှု အမှီပြု၍၊
ပဝတ္တာ - ဖြစ်ရချေ၏၊
တသ္မာ - ထို့ကြောင့်၊
တတ္ထ - ထိုသပိတ်လက်စွဲ၍ ဆွမ်းခံခြင်းအမှု၌၊
တေ-တယာ - သင်ပဉ္စင်းသစ်သည်၊
ယာဝဇီဝံ - အသက်ထက်ဆုံး၊
ဥဿာဟော - အားထုတ်ခြင်း အမှုကို၊
ကရဏီယော - ပြုအပ်၏။

အတိရေကလာဘော - ရှေးဘုန်းရှေးကံ ဆော်ဖန်ချီးမြှင့်သော အခွင့်အလမ်းနှင့် ကြိမ်သဖြင့် ပိဏ္ဍိယာလောပဆွမ်းထက် ဘုန်းတန်ပိုလျှံ လာဘ်များပြန်မူကား၊
သံဃဘတ္တံ - တိုက်ရှိသံဃာ အကုန်ပါသော သံဃဘတ်မှ ရအပ်သောဆွမ်းကို လည်းကောင်း၊
ဥဒ္ဒေသဘတ္တံ - တိုက်ရှိသံဃာ အချို့ပါသော ဥဒ္ဒေသဘတ်မှ ရအပ်သော ဆွမ်းကို လည်းကောင်း၊
နိမန္တနံ - တတ်နိုင်သလောက် ပင့်ဖိတ်လျှောက်၍ ကြွရောက်သံဃာ လှူဒါန်းပါသော နိမန္တနဘတ်မှ ရအပ်ပါသော ဆွမ်းကို လည်းကောင်း၊
သလာကာဘတ္တံ - စာရေးတံကျရာ လှူဒါန်းပါသော သလာကဘတ်မှ ရအပ်သော ဆွမ်းကို လည်းကောင်း၊
ပက္ခိကံ - ဆန်း, ဆုတ်ပက္ခ နှစ်ကာလ၌ ကြည်ဆွ သဒ္ဓါ လှူဒါန်းပါသော ပက္ခိကဘတ်မှ ရအပ်သော ဆွမ်းကို လည်းကောင်း၊
ဥပေါသထိကံ - လကွယ်လပြည့် ဥပုသ်နေ့၌ ကြည်မွေ့သဒ္ဓါ လှူဒါန်းပါသော ဥပေါသထိကဘတ်မှ ရအပ်သောဆွမ်းကို လည်းကောင်း၊
ပါဋိပဒိကံ - ဥပုသ်ကျော်တက် နောက်တစ်ရက်၌ ထက်မြက်သဒ္ဓါ လှူဒါန်းပါသော ပါဋိပဒိကဘတ်မှ ရအပ်သောဆွမ်းကိုလည်းကောင်း၊
ဣမေ - ဤခြောက်ပါးသော သံဃိကဘတ် အပိုလာဘ်တို့ကို၊
သာဒိတဗ္ဗာ - သာယာ အပ်ကုန်သေး၏။

အဓိပ္ပါယ်ကား

အနမတဂ္ဂသံသရာ၌ ဂင်္ဂါသဲလုံးမျှမက ပွင့်တော် မူကြကုန်သော ဘုရားရှင်တို့သည် လည်းကောင်း, တစ်ဆူတစ်ဆူသော ဘုရားရှင် လက်ထက်၌ နှစ်ဆယ့်လေး သင်္ချေနှင့် ကုဋေခြောက်ဆယ် ဗိုလ်ခြေ တစ်သိန်း ကျွတ်ကိန်း ပါဝင်ကြကုန်သော ရဟန်းတော်တို့သည် လည်းကောင်း ရှေးဦးစွာ ရဟန်း ပြုကြကုန်သော ကာလ လေးကျွန်းကို အစိုးရတော်မူသော စကြာမင်းပင် ဖြစ်ပါသော်လည်း ရဟန်းတော် တစ်သက်၌ အသက်မွေးရန် ကြံဖန် ကြောင့်ကြ၍ ဓနဥစ္စာ အရင်းအနှီး အပြီး စီမံ၍ ရဟန်းပြုရိုး မရှိ၊ သလုံးမြင်းခေါင်းကိုသာ အရင်းအနှီး ထား၍ ပြုမြဲ ပေတည်း။

[ထိုသို့ပြုရာ၌လည်း မည်သူ မည်ဝါက တစ်ထပ်စာ, နှစ်ထပ်စာ လှူပေ, လောင်းပေလိမ့်မည်ဟု အားကိုး၍လည်း ပြုကြသည် မဟုတ်၊ တစ်အိမ်လျှင် တစ်လုပ်စာ, တစ်လုပ်စာ ရှာကြံ ခံယူ၍ အသက်မွေးမည်ဟု ပြုကြမြဲ ထုံးစံပေတည်း။]

ထို့ကြောင့် ငါတို့ဘုရား လက်ထက်တော်၌လည်း မဟာကပ္ပိနမင်း, ဘဒ္ဒိယမင်း - စသော တိုင်းရှင်ပြည်ရှင် တို့သည်လည်းကောင်း, ဇောတိကသူဌေး - ဇဋိလသူဌေး - သောဏသူဌေး စသော သူဌေးကြီးတို့သည် လည်းကောင်း, ဥပတိဿ - ကောလိတစသော သူဌေးပုဏ္ဏား တို့သည် လည်း ကောင်း တိုင်းကြီး ပြည်ကြီး စည်းစိမ်ကြီးကို စွန့်ပစ်၍ ရဟန်းပြု ကြပြီးနောက် အသက်ထက်ဆုံး ဤ ပိဏ္ဍိယာလောပ ဆွမ်းဖြင့်သာ မျှတတော်မူကြကုန်သတည်း။

မေးမြန်းဖွယ်

▬▬▬▬▬

မေး။ ။ အဘယ့်ကြောင့် ပိဏ္ဍိယာလောပဆွမ်းသည်သာ အထူး အားပြုထိုက်ပါသနည်း ဟူမူ-

အဖြေကား --

၁။ ဤဆွမ်းသည် သုဘိက္ခကာလ, ဒုဗ္ဘိက္ခကာလ မရွေး အခါခပ်သိမ်းလည်း ရလွယ်သည်။

၂။ အရပ်ဒေသတိုင်း အိမ်မြင်တိုင်းလည်း ရလွယ်သည်။

၃။ ဆွမ်းတစ်လုပ်စာအတွက်ကြောင့် လောင်းသူ ဒါယကာ တို့ကလည်း ရဟန်းတော်အပေါ်၌ ကျေးဇူးဟူသော - မြီမထား။

၄။ ရဟန်းတော်ကလည်း ဒါယကာတို့အပေါ်၌ ငဲ့ခြင်း, ညှာတာခြင်းကို မပြုရ။

၅။ ဆွမ်းတစ်လုပ်စာမျှ အတွက်နှင့် ကုလဒူသန အနေသနများကိုပြု၍ လည်းကောင်း, သားငယ် မြေးငယ်များကို ထိန်းကျောင်း၍ လည်းကောင်း, ပင့်တိုင်း ခေါ်တိုင်း လိုက်ပါ၍ လည်းကောင်း, လောကဝတ် ပျူငှါစကားကို အလိုက်အလျော ပြောဟော၍ လည်းကောင်း ဒါယကာ တို့စိတ်နှလုံးကို စောင့်ရှောက်ဖွယ် မရှိ။

၆။ လူတို့နှင့်စပ်ယှဉ်သော တဏှာ သံယောဇဉ်လည်း ကင်း၏။

၇။ ကြောင့်ကြစိုးရိမ်ခြင်းလည်း ကင်း၏။

၈။ ကုလမစ္ဆေရ, လာဘမစ္ဆေရ တို့မှလည်း ကင်း၏။

၉။ ကိုယ်ခန္ဓာကို မင်္ဂလာ ကျက်သရေကြီး ထင်မှတ်သော ဝိပ္ပလ္လာသ တရားကို နှိပ်နင်းရ၏။

၁၀။ ဥစ္စာပစ္စည်း နည်းပါးသော လူ, ဇရာဒုဗ္ဗလဖြစ်သော လူတို့ကို အပါယဒုက္ခမှ စောင့်ရှောက်ရ၏။

၁၁။ နောက်နောက်ဘဝတို့၌ ချမ်းသာရန် အရင်းအနှီးတို့ကို လည်းကောင်း, သာဝကဗောဓိဉာဏ် ပစ္စေကဗောဓိဉာဏ်၊ သမ္မာသမ္ဗောဓိ ဉာဏ်ကိုရရန် အရင်းအနှီး တို့ကိုလည်းကောင်း လှည့်လည် ဝေငှခြင်း ဖြစ်၏။

၁၂။ သဒ္ဓါတရား နည်းပါးသော သူတို့ကို သဒ္ဓါအရင်းအနှီး ကြီးပွါးစေရခြင်း ဖြစ်၏။

၁၃။ နောက်ဖြစ်သော ရဟန်းတို့အား ဒိဋ္ဌာနုဂတိကို ပေးရခြင်း။

၁၄။ “ဣတရီတရေန ပိဏ္ဍပါတေန သန္တုဋ္ဌော ဟောတိ” ဟူသော ဘုရားအနန္တတို့ ချီးမွမ်းတော်မူသော ပဌမအရိယဝံသဓမ္မ၌ တည်ရခြင်း။

၁၅။ မိဿကဘတ်ဖြင့် မျှတ၍ ဒုက္ကရစရိယာ တရားကို အားထုတ်တော်မူသော မြတ်စွာဘုရားတို့၏ မဟာပဓာန အကျင့်တော်မြတ်ကို ပူဇော်ရခြင်း။

၁၆။ “ဥတ္တိဋ္ဌေ နပ္ပမဇ္ဇေယျ “ ဟူသောစကားတော်ကို ပူဇော်ရခြင်း။

၁၇။ ပိဏ္ဍာစာရိကဝတ်၌ လာသော အရာမကသော သိက္ခာ သီလတို့ကို နေ့စဉ်ဆည်းပူးရခြင်း။

၁၈။ အာဟာရေပဋိကူလ- အစီအရင်တို့ကို ပြည့်စုံစွာ နှလုံးသွင်းရခြင်း။

၁၉။ အာဟာရပရိယေသန မူလဒုက္ခ - ဟူသော ဝီရိယာရမ္ဘဝတ္ထုကို ကိုယ်တိုင် မျက်မှောက် တွေ့မြင်ရခြင်း။

၂၀။ လူအများတို့နေရာ ရွာတွင်းမြို့တွင်းဖြစ်၍ ဝိပတ္တိ အမျိုးမျိုး တို့ကို အမြင်အကြား များရသဖြင့် တေဘူမက သင်္ခါရ ဓမ္မတို့၏ အနိစ္စသဘော, ဝိပရိဏာမ သဘောတို့ကို အထူး နှလုံးမသွင်းဘဲပင် မပြတ်မစဲ ထင်မြင်ရခြင်း။

၂၁။ ထင်မြင်တိုင်းလည်း ဘုရားကို အထူးကြည်ညို အားကိုးသောစိတ်, တရားကို အထူးကြည်ညို အားကိုးသော စိတ်တို့၏ မပြတ် မစဲဖြစ်ရခြင်း။

၂၂။ အနာရောဂါကင်းခြင်း စသော စင်္ကြံသွားခြင်း၏ အကျိုး ငါးပါး တို့ကိုရခြင်း။

၂၃။ လူ, နတ်တို့၏ စိတ်နှလုံးကို ကြည်စေရခြင်း။

၂၄။ ဝီရိယတရားကို ပွါးများစေရခြင်း။

ဤသို့အစရှိသည်ဖြင့် ပိဏ္ဍိယာလောပဆွမ်း၏ အကျိုးတို့သည် အလွန်များစွာကုန်၏၊ ထို့ကြောင့် ဤ ပိဏ္ဍိယာလောပ ဆွမ်းသည်သာလျှင် အထူးအား ပြုထိုက်ပေသတည်း။

အပိုလာဘ်ကို ခွင့်ပြုတော်မူခြင်း အကြောင်း

▬▬▬▬▬▬▬▬▬▬

၁။ ကာယဗလ အားနည်းလှသည် ဖြစ်၍ လည်းကောင်း။

၂။ ခြေ၌ဖြစ်သော အနာရောဂါ, လက်၌ဖြစ်သော အနာရောဂါရှိသည်ဖြစ်၍ လည်းကောင်း။

၃။ မျက်စိအားနည်းခြင်း, နားအားနည်းခြင်း, ကိုယ်တွင်းရောဂါ ရှိ၍ အချမ်းအပူမခံနိုင်ခြင်း။

၄။ အလွန်နူးညံ့သော ကိုယ်ရေကိုယ်သား ရှိသည်ဖြစ်၍ ဆွမ်း ကိစ္စကြောင့် ကာယိကဒုက္ခများသဖြင့် စိတ္တသုခကို မရခြင်း။

၅။ ဒုဗ္ဘိက္ခသမယ ဖြစ်၍ ဆွမ်းခံ လှည့်လည်၍ မပြည့်စုံသောအခါ, တတ်နိုင်သူလူတို့က သံဃဘတ်, ဥဒ္ဒေသဘတ် စသော သံဃိကဘတ်တို့ကို အားထုတ်ခြင်းစသော အကြောင်းနှင့် ယှဉ်သောအခါ ထိုသို့သော အကြောင်းထူးရှိသော ပုဂ္ဂိုလ်တို့ကို ရည်တော်မူ၍-

အတိရေက လာဘော” အစရှိသည်ဖြင့် သံဃိကဘတ် - စသော ခြောက်ပါးကို ခွင့်ပြုတော်မူသည်။

[ဤအကြောင်းကိုကား သံဃဘေဒက သိက္ခာပုဒ်၏နိဒါန်းတွင် ဒေဝဒတ်ဝတ္ထုအဖွင့် အဋ္ဌကထာ များကို ထောက်၍ မြတ်စွာဘုရား၏ အလိုတော်နှင့် ကျ-နအောင် ဆိုလိုက်ပေသတည်း။]

ပဌမနိဿယ ပြီး၏။

ဒုတိယ နိဿယ

▬▬▬▬▬▬

၂။ အာဝုသော - ငါ့ရှင် ပဉ္စင်းသစ်၊
တေ - သင်ပဉ္စင်းသစ်၏၊
ပဗ္ဗဇ္ဇာ - ရှင်ရဟန်းအဖြစ်သို့ ကပ်ရောက်ရခြင်းသည်၊
ပံသုကူလစီဝရံ - လူတွင် လုံးလုံးအသုံးမကျ စွန့်ပစ်ရသော ပံသုကူသင်္ကန်းကို၊
နိဿာယ - အားကိုးသမှု အမှီပြု၍၊
ပဝတ္တာ - ဖြစ်ရချေ၏၊
တသ္မာ - ထို့ကြောင့်၊
တတ္ထ - ထိုပံသုကူကို ကောက်ယူဆည်းစု ဝတ်ရုံမှု၌၊
တေ-တယာ - သင် ပဉ္စင်းသစ်သည်၊
ယာဝဇီဝံ - အသက်ထက်ဆုံး၊
ဥဿာဟော - အားထုတ်ခြင်း အမှုကို၊
ကရဏီယော - ပြုအပ်၏။

အတိရေကလာဘော - ရှေးဘုန်းရှေးကံ ဆော်ဖန် ချီးမြှင့် အခွင့်ထောက်ကူ၍ ပံသုကူ သင်္ကန်းထက် ဘုန်းတန်း ပိုလျှံ လာဘ်များပြန်မူကား၊
ခေါမံ - ခေါမနိုင်ငံ, ရောမနိုင်ငံ၌ဖြစ်သော သင်္ကန်းကို လည်းကောင်း၊
ဝါ - ခေါမ မည်သော လျှော်အထူးဖြင့် ယက်သောသင်္ကန်းကို လည်းကောင်း၊
ကောသေယျံ - ပိုးချည်ဖြင့်ယက်သော သင်္ကန်းကို လည်းကောင်း၊
ကမ္ဗလံ - သားမွေးဖြင့်ပြီးသော ကမ္ဗလာသင်္ကန်းကို လည်းကောင်း၊
သာဏံ - ပိုက်ဆံလျှော်ဖြင့်ယက်သော သင်္ကန်းကို လည်းကောင်း၊
ဘင်္ဂံ - ဘန်ချည်ဖြင့်ယက်သော သင်္ကန်းကို လည်းကောင်း၊
ဝါ - ခေါမစသော ချည်ငါးမျိုးတို့ကို ရော၍ယက်သော သင်္ကန်းကို လည်းကောင်း၊
ဣမာနိ - ဤခြောက်မျိုးသော သင်္ကန်းတို့ကို၊
သာဒိတဗ္ဗာနိ - သာယာအပ်ကုန်သေး၏။

[ဤသင်္ကန်းအရာ၌လည်း ဂင်္ဂါသဲလုံးမျှမက ပွင့်ကြကုန်သော ဘုရား, ပစ္စေကဗုဒ္ဓါ, သာဝကတို့၏ အရိုးအစဉ်ကို ပိဏ္ဍိယာလောပဆွမ်းအတိုင်း ဆိုလေ။]

ပံသုကူသင်္ကန်း၏ အကျိုး အာနိသင်

▬▬▬▬▬▬

ပံသုကူသင်္ကန်းဖြင့်မျှတသော ရဟန်းမှာ

၁။ လူ့တို့က တင်ထားသော ကျေးဇူးဟူသော မြီကင်းသည်။

၂။ လူ့တို့ကိုငဲ့ခြင်း ညှာတာခြင်းလည်း ကင်းသည်။

၃။ ဒါယကာတို့စိတ်နှလုံးကို စောင့်ရှောက်ရခြင်းလည်း ကင်းသည်။

၄။ လူ့တို့နှင့်စပ်သော တဏှာသံယောဇဉ် အစိုးအရိမ် အကြောင်းကြ ကုလမစ္ဆေရ - စသည်မှလည်း ကင်းသည်။

၅။ အသုဘသုဘဟူ၍ဖြစ်သော ဝိပ္ပလ္လာသတရား ကိုလည်း နှိပ်နင်းရသည်။

၆။ အဝတ်တန်းဆာကို အစွဲပြု၍ဖြစ်သော တဏှာ - မာန တရား၊ ကိုယ်ခန္ဓာ အင်္ဂါကြီးငယ်ကို လည်းကောင်း, အဝတ်တန်ဆာ ပရိက္ခရာတို့ကို လည်းကောင်း, အပြောင်အလက် ကြိုက်သော စာပလျတရား တို့မှလည်း ကင်းသည်။

၇။ နောက်ဖြစ်သော ရဟန်းတို့အား ဒိဋ္ဌိနုဂတိကို ပေးရခြင်း။

၈။ “ဣတရီတရေန စီဝရေ သန္တုဋ္ဌော ဟောတိ” ဟူသော ဒုတိယ အရိယဝံသဓမ္မ၌တည်ရခြင်း။

၉။ မြတ်စွာဘုရား၏ မဟာပဓာန အကျင့်တော်မြတ်ကို ပူဇော်ရခြင်း။

၁၀။ “ပံသုကူလဓရံ ဇန္တုံ၊ ကိသံ ဓမနိသန္တတံ။ ဧကံ ဝနသ္မိံ ဈာယန္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ”။

ဟူသော စကားတော်ကို ပူဇော်ရခြင်း - အစရှိသော များသော အကျိုးအာနိသံသ ရှိသည်။

[အကြွင်းမှာ ရှေ့နည်းကို မှီ၍ဆိုလေ]

ဒုတိယနိဿယပြီး၏။

တတိယ နိဿယ

▬▬▬▬▬▬

၃။ အာဝုသော - ငါ့ရှင်ပဉ္စင်းသစ်၊
တေ - သင်ပဉ္စင်းသစ်၏၊
ပဗ္ဗဇ္ဇာ - ရှင်ရဟန်းအဖြစ်သို့ ကပ်ရောက်ရခြင်းသည်၊
ရုက္ခမူလသေနာသနံ - သစ်ပင်တောချုံရင်းတည်းဟူသော အိပ်ရာနေရာ အရိပ်အာဝါသကို၊
နိဿာယ - အားကိုးသမှု အမှီပြု၍၊
ပဝတ္တာ - ဖြစ်ရချေ၏၊
တသ္မာ - ထို့ကြောင့်၊
တတ္ထ - ထိုသစ်ပင် တောချုံရင်း တည်းဟူသော အိပ်ရာနေရာကို သုံးဆောင်ခြင်းအမှု၌၊
တေ-တယာ - သင်ပဉ္စင်းသစ်သည်၊
ယာဝဇီဝံ - အသက်ထက်ဆုံး၊
ဥဿာဟော - အားထုတ်ခြင်းအမှုကို၊
ကရဏီယော - ပြုအပ်၏။

အတိရေကလာဘော - ရှေးဘုန်းရှေးကံ ဆော်ဖန် ထောက်ကူသဖြင့် ရုက္ခမူ ကျောင်းသင်္ခမ်းထက် ဘုန်းတန်း ပိုလျှံ လာဘ်များပြန်မူကား၊
ဝိဟာရော - နှစ်ဖက်အမိုးရှိသော ကျောင်းကို လည်းကောင်း၊
အဍ္ဎယောဂေါ - တစ်ဖက်သာ အမိုးရှိသောကျောင်းကို လည်းကောင်း၊
ပါသာဒေါ - ပြာသာဒ်ရှည်ကို လည်းကောင်း၊
ဟမ္မိယံ - ပြာသာဒ် ဦးပြည်းကို လည်းကောင်း၊
ဂုဟာ - ဂူကို လည်းကောင်း၊
ဣမေ - ဤအရိပ်အာဝါသတို့ကို၊
သာဒိတဗ္ဗာနိ - သာယာအပ်ကုန်၏။

အဓိပ္ပါယ်ကား

▬▬▬▬▬

အသိန်းအသန်း မျှသော ရန်သူတို့ကို တစ်ယောက်အားနှင့် ဖြိုဖျက် လိုသောသူသည် ထိုရန်သူတို့၏ အလယ်၌နေ၍ လုပ်ကြံခြင်းငှါ မတတ်ကောင်း၊ ထိုရန်သူတို့၏ အလယ်မှထွက်၍ လွတ်ရာအရပ်၌ နေမှသာ လက်နက်ကြိယာ ရိက္ခာစားနပ် ဗိုလ်ခြေ တပ်ခြေတို့ကို လုံလောက်အောင် စုရုံးခြင်းငှါ အခွင့် ရသည်၊ ထိုအခွင့်ကိုရ၍ အလုံးစုံအားပြည့်မှသာ ထိုရန်သူတို့ကို အကြွင်းမဲ့ ဖြိုဖျက်ခြင်းငှါ ထမြောက် အောင် ကြံနိုင်သည်။

ထို့အတူ အသိန်းအသန်း မကသော ကိလေသာ ရန်သူတို့ကို လုပ်ကြံတော်မူကြကုန်သော အလုံးစုံသော ဘုရား, ပစ္စေကဗုဒ္ဒါ, သာဝက, ရသေ့, ရဟန်းဟူသမျှတို့သည် ကိလေသာ ကာမဂုဏ် တို့၏ ပေါင်းရုံးစုဝေးရာ မြို့ရွာနိဂုံး အလယ်၌နေ၍ လုပ်ကြံခြင်းငှါ မတတ်ကောင်း၊ မြို့ရွာနိဂုံးမှခွါ၍ တောတောင် သစ်ပင် ချုံနွယ် ပိတ်ပေါင်းတို့ကို ခံမြို့ပြု၍ နေမှသာ သတိပဋ္ဌာန်, သမ္မပ္ပဓာန် စသော လက်နက်ကြိယာ ရိက္ခာစားနပ် ဗိုလ်ခြေတပ်ခြေတို့ကို လုံလောက်အောင် ရုံးစုခြင်းငှါ အခွင့်ရသည်၊ ထိုအခွင့်ကိုရ၍ အလုံးစုံ အားပြည့်မှသာ ထိုရန်သူတို့ကို အကြွင်းမဲ့ ဖြိုဖျက်ခြင်းငှါ ထမြောက်အောင် ကြံနိုင်ကြကုန်သည်။

ထို့ကြောင့် သစ်ပင် တောချုံတို့သည် အလုံးစုံသော ဘုရား, ပစ္စေကဗုဒ္ဓါ, အရိယာသူမြတ်တို့၏ အောင်တပ် တည်ရာ မင်္ဂလာခံမြို့ကြီးတွေ ဖြစ်ကုန်၏၊ မြို့ရွာ နိဂုံးတို့သည် အသိန်းအသန်းမက များလှစွာသော ကိလေသာရန်သူတို့၏ အောင်တပ်တည်ရာ မဟာခံမြို့ကြီးတွေဖြစ်ကုန်၏။

ထို့ကြောင့် ဗုဒ္ဓဒါယဇ္ဇ - ဘုရားအမွေတော်ဖြစ်သော ရန်အောင် မင်္ဂလာ မဟာခံမြို့တော်ကြီးကို ပဉ္စင်းလောင်းအား နှင်းအပ်တော်မူလိုသည်ဖြစ်၍-

ရုက္ခမူလသေနာသနံ နိဿာယ ပဗ္ဗဇ္ဇာ”။

ဟူသောဒေသနာတော်မြတ်ကို ဟောတော်မူသည်၊ ထိုသို့ နှင်းအပ်တော်မူသော ရုက္ခမူလသေနာသန- ဟူသော ရန်အောင်မင်္ဂလာ ခံမြို့တော်ကြီးကို စွန့်ပစ်၍ မြို့ရွာနိဂုံးအနီး ဥပစာ၌ ရွာသူတို့၏ အခက် အနက် စနုတ် စပေါက်ကိုမြော်၍ ပျော်ရွှင်ချမ်းမြေ့ မေ့ကြီး မေ့လျက် နေကြကုန်သော ပုထုဇဉ် ရဟန်းတို့သည် မြို့သူရွာသူ လူဂဟဋ္ဌတို့နှင့် မခြားမနား အဖျားအရင်းမျှသာ ဖြစ်ကြ၍ ကိလေသာ ရန်သူတို့၏ လက်တွင်း၌ သေခြင်းမလှ သေကြကုန်၏။

[သတိမူကြပါကုန်]

[အကြွင်းမှာ ရှေ့နည်းကိုမှီ၍ ဆိုလေ။ ]

တတိယနိဿယပြီး၏။

စတုတ္ထ နိဿယ

▬▬▬▬▬▬

၄။ အာဝုသော - ငါ့ရှင် ပဉ္စင်းသစ်၊
တေ - သင်ပဉ္စင်းသစ်၏၊
ပဗ္ဗဇ္ဇာ - ရှင်ရဟန်းအဖြစ်သို့ ကပ်ရောက်ရခြင်းသည်၊
ပူတိမုတ္တဘေသဇ္ဇံ - အနံ့မကောင်းသော ဂေါမုတ်ဖြင့် ထုံအပ်စိမ်အပ်သော ဆီးဖြူ, သျှစ်ရှား, သဖန်းခါး စသော ဆေးကို၊
ဝါ- ကာလကြာညောင်း ဟောင်းနွမ်းပုပ်ဆွေးသည်ဖြစ်၍ လူတို့သည် စွန့်ပစ်အပ်သော ဓာတ်စာ ဆေးဝါးကို၊
နိဿာယ - အားကိုး သမှုအမှီပြု၍၊
ပဝတ္တာ - ဖြစ်ရချေ၏၊
တသ္မာ - ထို့ကြောင့်၊
တတ္ထ - ထိုအနံ့မကောင်းသော ဂေါမုတ်ဖြင့် ထုံအပ်စိမ်အပ်သော ဆီးဖြူ, သျှစ်ရှား, သဖန်းခါး စသော ဆေးကိုသာ သုံးဆောင်ခြင်း အမှု၌၊
ဝါ - ကာလကြာညောင်း ဟောင်းနွမ်း ပုပ်ဆွေးသည်ဖြစ်၍ လူတို့ စွန့်ပစ်အပ်သော ဓာတ်စာဆေးဝါး ကိုသာ သုံးဆောင်ခြင်း အမှု၌၊
တေ-တယာ - သင် ပဉ္စင်းသစ်သည်၊
ယာဝဇီဝံ - အသက်ထက်ဆုံး၊
ဥဿာဟော - အားထုတ်ခြင်း အမှုကို၊
ကရဏီယော - ပြုအပ်၏။

အတိရေကလာဘော - ရှေးဘုန်းရှေးကံ ဆော်ဖန်သမှု အကြောင်းပြု၍ ပူတိမုတ္တဆေးထက် လွန်ကဲ ပိုလျှံ လာဘ်များပြန်မူကား၊
သပ္ပိ - ထောပတ်ကို လည်းကောင်း၊
နဝနီတံ - ဆီဦးကို လည်းကောင်း၊
တေလံ - ဆီကို လည်းကောင်း၊
မဓု - ပျားကို လည်းကောင်း၊
ဖာဏိတံ - တင်လဲကို လည်းကောင်း၊
ဣမာနိ - ဤဆေး ငါးပါးတို့ကို၊
သာဒိတဗ္ဗာနိ - သာယာအပ်ကုန်သေး၏။

အဓိပ္ပါယ်ကား။ ။လောကီဖြစ်သော လူတို့၌ အထွတ်အမြတ် ပြု၍ တောင့်တ အားကိုးရိုး ထုံးစံမူကား အဖိုးလည်း ထိုက်မည်၊ ရှားလည်း ရှားပါးမည်၊ ဤသို့သော အသုံးအဆောင်မျိုးကို အထွတ်အမြတ် ထား၍ အားကိုးကြကုန်သည်၊ ရဟန်းတို့၌မူကား--

- အပ္ပဂ္ဃာနိ - တစ်ချင်ရွေးမျှအဖိုး မထိုက်ကုန်သည်၊
ဟောန္တိ - ဖြစ်ကုန်အံ့၊
အနဝဇ္ဇာနိ - လောကအပြစ်, ဓမ္မအပြစ်ကင်းရှင်း ကုန်သည်၊
ဟောန္တိ - ဖြစ်ကုန်အံ့၊
တာနိစ - ထိုသို့သဘော ရှိကုန်သော အသုံး အဆောင် တို့သည်လည်း၊
သုလဘရူပါနိ - အခါမရွေး, အရပ်ဒေသမရွေး လွယ်ကုန် သည်လည်း၊
ဟောန္တိ - ဖြစ်ကုန်အံ့။

ဟူ၍ အင်္ဂုတ္တိုရ် ပါဠိတော်၌ ဘုရားချီးမွမ်းတော်မူသော--

၁။ အဖိုးမထိုက် အဖိုးမရှိသော ဂုဏ်တစ်ပါး,
၂။ လောကပြစ်, ဓမ္မပြစ်ကင်းသော ဂုဏ်တစ်ပါး,
၃။ အခါမရွေး, အရပ်ဒေသမရွေး အလွယ်တကူ အလိုရှိတိုင်းရနိုင်သော ဂုဏ်တစ်ပါး

ဤဂုဏ်သုံးပါနှင့် ပြည့်စုံသော ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး အစရှိသော အသုံးအဆောင် အမျိုးမျိုး တို့ကို အထွတ်အမြတ်ထား၍ အားကိုး ပြုကြကုန်မြဲ ဓမ္မတာဖြစ်သည်၊ ထို့ကြောင့် ရှေး၌ဟောတော် မူခဲ့သော ပိဏ္ဍိယာလောပဆွမ်း, ပံသုကူသင်္ကန်း, ရုက္ခမူလကျောင်းတို့နှင့် ဤ ပူတိမုတ္တဆေးသည် ဂုဏ်သုံးပါးနှင့်ပြည့်စုံပေသော အသုံးအဆောင်မျိုး စင်စစ်ဖြစ်ပေ၍ “ပူတိမုတ္တဘေသဇ္ဇံ နိဿာယ ပဗ္ဗဇ္ဇာ” ဟူသော ဒေသနာတော်မြတ်ကို ဟောတော်မူသည်။

[အကြွင်းမှာ ရှေ့နည်းကိုမှီ၍ ဆိုလေ။]

စတုတ္ထနိဿယပြီး၏။

နိဿယ ၄-ပါးကို ဟောတော်မူရခြင်း အကြောင်း

▬▬▬▬▬▬▬▬▬▬▬

ဤနိဿယလေးပါးကို ရဟန်းဖြစ်စ ကာလ၌ ပြောကြားရ သည်မှာ - ဘုရားလက်ထက်တော်၌ ရဟန်းတစ်ပါးသည် လူအများကဲ့သို့ လုပ်ကိုင်၍ အသက်မွေးရမည်ကို ကြောက်သည်ဖြစ်၍ ရဟန်း ပြုရမူကား မလုပ်မကိုင်ဘဲနှင့် အကောင်းအမွန်ကို သုံးဆောင်၍ အသက်မွေးချမ်းသာမည်ဟု အကြံ ရ၍ ရဟန်းပြုလေ၏၊ ဆွမ်းခံဝင်အချိန်ကျ၍ ဆရာဥပဇ္ဈာယ်တို့က ဆွမ်းခံခေါ်ပေ သောအခါ ဆွမ်းခံ၍ စားရမည်ဖြစ်လျှင် လူထွက်တော့မည်ဆို၍ ထွက်သွားလေ၏၊ ထိုအကြောင်းကို ဘုရားသိ တော်မူ၍ ရဟန်းဖြစ်စ ကာလ၌ နိဿယလေးပါးကို ပြောကြားစေဟု ဟောတော်မူသည်။

ထို့ကြောင့် မိမိတို့သည် ---

၁။ သီလဝိသောဓန,
၂။ စိတ္တဝိသောဓန,
၃။ ဒိဋ္ဌိဝိသောဓန,
၄။ ကင်္ခါဝိသောဓန,
၅။ မဂ္ဂါမဂ္ဂဝိသောဓန,
၆။ ပဋိပဒါဝိသောဓန,
၇။ ဉာဏဒဿနဝိသောဓန,

တည်းဟူသော အဆင့်ဆင့်တက်ရသော ရဟန်းကိစ္စခုနစ်ပါးတို့တွင် သီလဝိသောဓန - ဟူသော ပဌမကိစ္စ တစ်ခုတွင်ရွေ့မျှ မပြည့်မစုံ အကြောင်အကျားတွေ ဖြစ်ကြကုန်သည်နှင့် မိမိတို့ပုံပန်းမှာ ရဟန်းအမှု တစ်ခု လုံးလုံးပြစရာ, ပြောစရာ မရှိကြကုန်သည် ဖြစ်ပါလျက် မူလနိဿယကြီး လေးပါး ကို ရှောင်ရှား၍ အတိရေကလာဘဖက်၌ သက်ဝင် ကြကုန်ပြီးလျှင် သုံးပင်တိုင် သင်္ဘောကြီးတို့သာ ဆောင်နိုင်သောဝန်ကို လှေငယ်လောင်းငယ်ရှင် တို့သည် ဥစ္စာခင်၍ တင်မှားကြသဖြင့် လူရော လှေပါ လာဘ - သမုဒ္ဒရာ အလယ်၌ အိုးတည်နစ် နစ်ကြလေကုန်ဘိသကဲ့သို့ မင်းဆရာ, စိုးဆရာ, မြို့ဆရာ, ရွာဆရာအဖြစ်၌ တည်ကုန်၍ မင်းစိုးရာဇာ မြို့ရွာနိဂုံးသူတို့ ပူဇော်သက္ကာရ တို့ကို တစ်သောင်းတန်, တစ်ထောင်တန်, တစ်ရာတန်, တစ်ဆယ်တန် ရတိုင်းခံပြီးလျှင် လေလုံ မိုးလုံ ကျောင်းဘုံ ဆောင်တွင်းဝယ် မင်းစား မင်းအိပ် မင်းဟိတ် မင်းဟန် မင်းသဏ္ဌာန်အမူနှင့် လူတစ်ပိုင်း ရှင်တစ်ပိုင်း ရိုင်းပြညစ်ညမ်းသော နီဝရဏတရားတို့၏ အလိုတူအလိုပါ ရွာစောင့် မြို့စောင့် အမှောင့် သဘက် လူပျက်ရှင်ယောင်ကြီးတွေ ဖြစ်ကြကုန်၍ ကိလေသာတုံး ဘုရား မုန်းလှသော လူသုဉ်း လူသွမ်း မာရ်မင်းကျွန်တွေ မဖြစ်ရအောင် လေးထွေ သောနိဿယ ဘုရား အမွေတော်မြတ်ကို အသက် ထက်ဆုံး နှလုံးသွင်းကြ စေကုန်သတည်း။

မှီရာ ၄-ပါးကို ပြေကြားခြင်းဟူသော ဒုတိယအပရကိစ္စပြီး၏။

အကရဏီယ ၄- ပါး

▬▬▬▬▬▬▬

နိဿယလေးပါကို ကြားခြင်းဟူသော အပရကိစ္စကို ပြပြီး၍ ယခုအခါ အကရဏီယ လေးပါးကို ကြားခြင်း ဟူသော အပရကိစ္စကို ပြခြင်းငှါ-

ဥပသမ္ပန္နေန ဘိက္ခုနာ

အစရှိသော စကားကို ဟောတော်မူသည်။

အနက်ကား။ ။

ဥပသမ္ပန္နေန - မြင့်မြတ်သော အဖြစ်သို့ ရောက်ပြီးသော၊
ဘိက္ခုနာ - ရဟန်းသည်၊
အန္တမသော - ယုတ်သော အပိုင်းအခြားအားဖြင့်၊
တိရစ္ဆာနဂတာယပိ - တိရစ္ဆာန်မ၌သော်လည်း၊
မေထုနော ဓမ္မော - မိန်းမ ယောက်ျား နှစ်ပါး အမှု တပ်ခြင်း တူကုန်သော လူတို့၏ဥစ္စာ ဖြစ်သော အကျင့်ကို၊
နပဋိသေဝိတဗ္ဗော - မမှီဝဲအပ်၊
ယောဘိက္ခု - အကြင် ရဟန်းသည်၊
မေထုနံဓမ္မံ - မိန်းမ ယောက်ျား နှစ်ပါးအမူ တပ်ခြင်းတူကုန်သော လူတို့၏ဥစ္စာဖြစ်သောအကျင့်ကို၊
ပဋိသေဝတိ - မှီဝဲမိချေအံ့၊
သောဘိက္ခု - ထိုရဟန်းသည်၊
အသမဏော - ရဟန်း မဟုတ်သည်၊
(ဝါ) ရဟန်းတု ရဟန်းယောင်, ရဟန်းကြောင် ရဟန်းယုတ်, ရဟန်းစုတ် ရဟန်းပျက်သည်၊
ဟောတိ - ဖြစ်၏၊
အသကျပုတ္တိယော - သာကီဝင်မင်းသား ဖြစ်တော်မူသော မြတ်စွာဘုရား၏ သားတော် မဟုတ်၊
(ဝါ) သားဆိုး သားယုတ်, သားစုတ် သားညစ်သည်၊
ဟောတိ - ဖြစ်၏၊
သေယျထာပိနာမ - နှိုင်းခိုင်းစရာ ဥပမာ မည်သည်ကား၊
သီသစ္ဆိန္နော - ဦးခေါင်း ပြတ်ပြီးသော၊
ပုရိသော - ယောက်ျား သည်၊
တေန - ထိုပြတ်လေပြီးသော ဦးခေါင်းနှင့် တကွ၊
သရီရဗန္ဓနေန - ကိုယ်ကို စပ်ဆက်ပြန်သဖြင့်၊
ဇီဝိတုံ - အသက် တစ်ဖန် ရှင်ပြန်ခြင်းငှါ၊
အဘဗ္ဗော - မထိုက်လေသကဲ့သို့၊
ဧဝမေဝ - ဤအတူသာလျှင်၊
ဘိက္ခု - ရဟန်းသည်၊
မေထုနံဓမ္ံ - မိန်းမ, ယောက်ျား နှစ်ပါးအမှု တပ်ခြင်းတူကုန်သော လူတို့၏ဥစ္စာဖြစ်သော အကျင့်ကို၊
ပဋိသေဝိတွာ - မှီဝဲ၍၊
(ဝါ) မှီဝဲသည် ရှိသော်၊
(ဝါ) မှီဝဲသောကြောင့်၊
အသမဏော - ရဟန်း မဟုတ်သည်၊
(ဝါ) ရဟန်းတု ရဟန်းယောင်, ရဟန်းကြောင် ရဟန်းယုတ်, ရဟန်းစုတ် ရဟန်းပျက်သည်၊
ဟောတိ - ဖြစ်၏၊
အသကျပုတ္တိယော - သာကီဝင်မင်းသား ဖြစ်တော်မူသော မြတ်စွာဘုရား၏ သားတော် မဟုတ်သည်၊
(ဝါ) သားဆိုး သားယုတ်, သားစုတ်သား ညစ်သည်၊
ဟောတိ - ဖြစ်၏၊
တံ - ထိုမေထုန်အကျင့်ကို၊
တေ-တယာ - သင်ပဉ္စင်းသစ်သည်၊
ယာဝဇီဝံ - အသက်ထက်ဆုံး၊
အကရဏီယံ - မပြုမကျင့်အပ်၊
(ဝါ) မပြုမကျင့်ထိုက်၊
(ဝါ) ပြုခြင်းငှါ မတတ်ကောင်း၊
(ဝါ) မပြုမကျင့်လင့်၊
(ဝါ) ပြုကျင့်ကောင်းသော အမှု မဟုတ်ပေ၊
(ဝါ) မပြုမကျင့်ရမည့် ပဗ္ဗဇ္ဇဒုလ္လဘ အခါပေတည်း။

မေထုနဓမ္မ ခုနစ်ပါးကို သတ္တနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်၌ ဟောတော်မူသည်၊ ခုနစ်ပါးဟူသည်ကား-

၁။ ကိုယ်အင်္ဂါအချင်းချင်း တွေ့ထိသည်ကို သာယာသော မေထုန် တစ်ပါး,
၂။ နှစ်ယောက်ချင်းချင်း ပြုံးပြုံးရယ်ရယ် ကြည်စယ်စကား ပြောဆို၍ နေရသည်ကို သာယာသော မေထုန် တစ်ပါး,
၃။ တဏှာပေမ - စိတ်ဖြင့် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းချင်း တစိမ့်စိမ့် တစိုက်စိုက် ကြည့်ရှု ရသည်ကို သာယာသော မေထုန် တစ်ပါး,
၄။ အသံကြားသည်ကို သာယာသော မေထုန် တစ်ပါး။
၅။ ရှေး၌တွေ့ခဲ့ကြုံခဲ့ဘူးသော အပြုအမူကို အမှတ်ရတိုင်း ရတိုင်း သာယာသော မေထုန် တစ်ပါး,
၆။ တစ်ပါးသောသူတို့ခံစား၍ နေသည်ကို သိရ, ကြားရ, တွေ့ရ, မြင်ရ၍ ရာဂဖြစ်ပွါးသည်ကို သာယာသော မေထုန် တစ်ပါး,
၇။ ယခုဘဝ ကျင့်ဆောင်ရသော ဒါနကုသိုလ်, သီလကုသိုလ်, ဘာဝနာကုသိုလ်နှင့် နောက်နောက် ဘဝ၌ လူ့ချမ်းသာ, နတ်ချမ်းသာကို သာယာရည်မှတ်သော မေထုန် တစ်ပါး,

ဤသတ္တမ မေထုန်၌ မေထုန် မည်ကြောင်းကား-

နောက်ဘဝသို့ညွတ်၍ ပြုအပ်သော ရဟန်းအဖြစ်, ရဟန်းသိက္ခာသည် မေထုန်ကြီးပွါးရန် ပြုသည်သာဖြစ်၏၊ လောဘအကြံ ကြီးမားသော ယောက်ျား တစ်ယောက်သည် ကြီးထွားရင့်မာသော အုန်းသီးကိုခဲယဉ်းစွာ ရလေ၏၊ ဤအုန်းသီးသည် အလွန်ခဲယဉ်း၏၊ ယခုခွဲလေသော် တစ်ခါစား နှင့်ပြီး တော့မည်၊ မစားသေးပြီ၊ အပင်ဖြစ်အောင် စိုက်ပျိုးပြုစုမည်၊ ကြီးသောအခါ တစ်နှစ် တစ်နှစ် လျှင် အသီးတစ်ရာ အသီးသုံးရာ နှစ်စဉ် သီးမည်၊ ထိုအခါမှ စိတ်ရှိတိုင်းလည်း ငါစားမည်၊ သား, မယားစသည်ကိုလည်း ဝေခြမ်းမည်၊ ဥစ္စာစီးပွါလည်း ပြုမည်ဟု အကြံပြု၍ အစ၌ အုန်းအရသာကို ရှောင်၍ ပေးလိုက်သကဲ့သို့ ထို့အတူ ယခုဘဝသည် အလွန်ခေါင်းပါးသည်၊ မေထုန်အမှု မဖြန့်ဖြူး မခံစားသေးပြီ၊ ရဟန်းပြု၍ ရဟန်းသိက္ခာနှင့် ရင်းဦးမည်၊ နောက်ဘဝ၌ လူဖြစ်လျှင်လည်း လူ အလျောက်, နတ်ဖြစ်လျှင်လည်း နတ်အလျောက် ငါးရာအခြံအရံ, တစ်ထောင်အခြံအရံနှင့် စိမ်ပြေ နပြေ ခံစားတော့မည်ဟု ပြုသည်ပင် မည်သတည်း။

ထို့ကြောင့် ပါဠိတော်၌---

၁။ အပိစ ခေါ အညတရံ ဒေဝနိကာယံ ပဏိဓာယ ဗြဟ္မစရိယံ စရတိ ဣမိနာဟံ သီလေနဝါ ဝတေနဝါ တပေနဝါဗြဟ္မစရိယေနဝါ ဒေဝေါဝါ ဘဝိဿာမိ ဒေဝညတ ရောဝါတိ။

၂။ သော တံ အဿာဒေတိ၊ တံ နိကာမေတိ၊ တေနစ ဝိတ္တိံ အာပဇ္ဇတိ၊ ဣဒံပိ ခေါ ဗြာဟ္မဏ ဗြဟ္မစရိယဿ ခဏ္ဍံပိ ဆိဒ္ဒံပိ သဗလံပိ ကမ္မာ သံပိ၊ အယံ ဝုစ္စတိ ဗြာဟ္မဏ အပရိ သုဒ္ဓံ ဗြဟ္မစရိယံ စရတိ။

၃။ သညုတ္တော မေထုနေန သညောဂေန န ပရိမုစ္စတိ ဇာတိယာ ဇရာယ မရဏေန သောကေဟိ ပရိဒေဝေဟိ ဒုက္ခေဟိ ဒေါမနေဿဟိ ဥပါယာသေဟိ၊ န ပရိမုစ္စတိ ဒုက္ခသ္မာတိ ဝဒါမီတိ။

အနက်ကား

▬▬▬▬

၁။ အပိစခေါ - စင်စစ်သော်ကား၊
အဟံ - ငါသည်၊
ဣမိနာသီလေနဝါ - ဤယခု ကျင့်ဆောင်သော သီလကြောင့် လည်းကောင်း၊
ဣမိနာဝတေနဝါ - ဤယခု ကျင့်ဆောင်သော ဓုတင် ပဋိပတ်ကြောင့် လည်းကောင်း၊
ဣမိနာတပေနဝါ - ဤယခု အားထုတ်သော ဝီရိယကြောင့် လည်းကောင်း၊
ဣမိနာ ဗြဟ္မစရိယေနဝါ - ဤယခုစောင့်ရှောက် ကြဉ်ရှောင်သော မေထုနဝိရတိ ကုသိုလ်ကြောင့် လည်းကောင်း၊
ဒေဝေါဝါ - ဘုန်းတန်ခိုးကြီးသော နတ်မင်းသည် လည်းကောင်း၊
ဒေဝညတရောဝါ - မထင်မရှားသောနတ် သာမညသည် လည်းကောင်း၊
ဘဝိဿာမိ - ဖြစ်ရပေလတံ့၊
ဣတိ - ဤသို့၊
အညတရံ - အမှတ်မထား တစ်ပါးပါးသော၊
ဒေဝနိကာယံ - ရုက္ခစိုး, ဘူမစိုး စသောနတ်မျိုးကို၊
ပဏိဓာယ - တောင့်တ၍၊
ဗြဟ္မစရိယံ - မြတ်သော ပဋိပတ်အကျင့်ကို၊
စရတိ - ကျင့်၏။

၂။ သော - ထိုအကျင့်သီလနှင့် ပြည့်စုံသော ရဟန်းသည်၊
တံ - ထိုမိမိ ကျင့်သမျှသော သီလပဋိပတ်ကို၊
အဿာဒေတိ - သာယာ၏၊
တံ - ထိုမိမိကျင့်သမျှသော သီလပဋိပတ်ကို၊
နိကာမေတိ - နှစ်သက်၏၊
တေနစ - ထိုမိမိပြုသမျှသော ကောင်းမှုဖြင့်၊
ဝိတ္တိံ - နှစ်သက်ခြင်းသို့၊
အာပဇ္ဇတိ - ရောက်၏၊
ဗြာဟ္မဏ - ပုဏ္ဏား၊
ခေါ - စင်စစ်၊
ဣဒံပိ - ဤမိမိ အကျင့်ကို သာယာခြင်း, နတ်အဖြစ်ကို တောင့်တခြင်းသည်လည်း၊
ဗြာဟ္မစရိယဿ - မြတ်သော အကျင့်သီလ၏၊
ခဏ္ဍံပိ - ကျိုးခြင်းလည်း ဖြစ်၏၊
ဆိဒ္ဒံပိ - ပေါက်ခြင်း, ပြတ်ခြင်း, စုတ်ခြင်း, ပဲ့ခြင်းလည်းဖြစ်၏၊
ကမ္မာသံပိ - ကြောင်ခြင်း, ကျားခြင်းလည်းဖြစ်၏၊
ဗြာဟ္မဏ - ပုဏ္ဏား၊
အယံ - ဤနောက်၌ ဘဝအမြော်နှင့် ပြုသောရဟန်းကို၊
အပရိသုဒ္ဓံ - မစင်မကြယ်သည်ကိုပြု၍၊
ဗြဟ္မစရိယံ - ရဟန်းတရားကို၊
စရတိ - ကျင့်သော ရဟန်း ဟူ၍၊
ဝုစ္စတိ - ဆိုအပ်၏။

၃။ သော - ထိုရဟန်းသည်၊
မေထုနေန သညောဂေန - မေထုန် သံယောဇဉ်နှင့်၊
သညုတ္တော - ဖွဲ့နှောင်လျက်နေသည်၊
ဟောတိ - ဖြစ်၏၊
သော - ထိုနှလုံး၌ မေထုန်သံယောဇဉ်ကြိုး ချည်တုပ်ဖွဲ့နှောင်လျက်ရှိသေးသော ရဟန်းသည်၊
ဇာတိယာ - ဇာတိဒုက္ခမှ လည်းကောင်း၊
ဇရာယ - ဇရာဒုက္ခမှ လည်းကောင်း၊
မရဏေန - မရဏဒုက္ခမှ လည်းကောင်း၊
သောကေဟိ - သောကဒုက္ခတို့မှ လည်းကောင်း၊
ပရိဒေဝေဟိ - ပရိဒေဝ ဒုက္ခတို့မှ လည်းကောင်း၊
ဒုက္ခေဟိ - ကာယိကဒုက္ခတို့မှ လည်းကောင်း၊
ဒေါမနေဿဟိ - စေတသိကဒုက္ခတို့မှ လည်းကောင်း၊
ဥပါယာသေဟိ - ဥပါယာသဒုက္ခတို့မှ လည်းကောင်း၊
နပရိမုစ္စတိ - မလွတ်နိုင်သေး၊
ဒုက္ခသ္မာ - အပါယဒုက္ခ စသောဒုက္ခ အမျိုးမျိုးမှ၊
အပရိမုတ္တောဣတိ - မကျွတ်နိုင်, မလွတ်နိုင်သေးသော ရဟန်းဟူ၍၊
အဟံ - ငါဘုရားသည်၊
ဝဒါမိ - ဟောတော်မူ၏။

ဤသို့ဟောတော်မူသော သတ္တနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်ကို မြင်သဖြင့် နောက်၌ ဘဝအမြော်ထား၍ ကျင့်သောရဟန်း၏ အကျင့်သည် မေထုန်အလို့ငှါပင်ဖြစ်ရကား နောက်ဖြစ်လတံ့သော လူ့ချမ်းသာ, နတ်ချမ်းသာကို တောင့်တ သာယာခြင်း အမှုသည်လည်း မေထုန်တစ်ပါး မည်သတည်း။

ဤသတ္တနိပါတ် ပါဠိတော်လာ မေထုနဓမ္မခုနစ်ပါးနှင့် မဂ်ချင်းချင်း အတွေ့ကို သာယာခြင်း ဟူသော မဂ္ဂေနမဂ္ဂပ္ပဋိပတ္တိအဓိဝါသန မေထုန်ကြီးကို ပေါင်းသည်ရှိသော် မေထုနဓမ္မ ရှစ်ပါး ဖြစ်၏။

ထိုရှစ်ပါးတို့တွင်-

ဥပသမ္ပန္နေန ဘိက္ခုနာ”မှစ၍” အန္တမသော တိရစ္ဆာနဂတာယပိ” တိုင်အောင်သော ပါဌ်တို့၌ ထိုမေထုန်ရှစ်ပါးလုံး တို့ကိုပင် ယူအပ်ကုန်၏။ “ယောဘိက္ခု” အစရှိသော အလယ်စကားရပ် တို့၌မူကား အန္တိမဝတ္ထုဖြစ်သော မဂ္ဂေန မဂ္ဂပ္ပဋိပတ္တိအဓိဝါသန မေထုန်တစ်ခုကိုသာ ယူအပ်၏။

နောက် သိက္ခာပုဒ်၌ ရှေးဦးစွာ တိဏသလာကအဒိန္နာဒါန်ကို ဟောပြီးမှ “ယောဘိက္ခု” စသည်၌ အန္တိမဝတ္ထု လောက်သော ပါဒ, ပါဒါရဟအဒိန္နာဒါန်ကို ဟောသည်ကိုမြော်ပါ၊ “တံ တေ ယာဝဇီဝံ အကရဏီယံ” ဟူသော နောက်ဆုံးစကားရပ်၌ကား မေထုန်ရှစ်ပါး လုံးကိုပင် ယူအပ်၏။

[နောက်သိက္ခာပုဒ် သုံးပါးတို့၌လည်း ဤနည်းအတိုင်း သိရမည်။]

အသမဏော အသကျပုတ္တိယော” ဟူရာ၌ ရဟန်းသည် ပရမတ္ထ ရဟန်း, သမ္မုတိရဟန်း ဟူ၍ နှစ်ပါး ရှိသည်၊ ဘုရား၏ သားတော်သည်လည်း ပရမတ္ထသားတော်, သမ္မုတိသားတော် ဟူ၍ နှစ်ပါး ရှိသည်။

၁။ အရိယာပုဂ္ဂိုလ် ရှစ်ယောက်သည် ပရမတ္ထရဟန်း မည်၏, ပရမတ္ထသားတော် မည်၏။
၂။ မြတ်စွာဘုရား၏ ဉတ္တိစတုတ္ထ ကမ္မဝါစာဖြင့် ဖတ်ရွတ် သမုတ်၍ဖြစ်သော ပုထုဇဉ် ရဟန်းစုသည် သမ္မုတိရဟန်း, သမ္မုတိသားတော်သာ မည်၏။

ထိုပုထုဇဉ် ရဟန်းသည် အရိယာအဖြစ်သို့ ရောက်ပေမူကား - ပရမတ္ထ, သမ္မုတိ နှစ်ဖက်၌ပင် ဝင်ပေ၏။

မြတ်စွာဘုရား၏ ရင်၌ဖြစ်သော တရားဒေသနာကို ကြားနာ၍ ကျင့်၍ အရိယာအဖြစ်သို့ ရောက် သော ပရမတ္ထရဟန်း, ပရမတ္ထ သံဃာသည် “သြရသပုတ္တ” မြတ်စွာဘုရား၏ ရွှေရင်တော်နှစ် သားတော်စစ် ဖြစ်ပေသကဲ့သို့ ထို့အတူ မြတ်စွာဘုရား၏ ရင်၌ဖြစ်သော ဉတ္တိစတုတ္ထ ကမ္မဝါစာဖြင့် ဥပသမ္ပန္န အဖြစ်သို့ ရောက်သော ပုထုဇဉ်သမ္မုတိ ရဟန်း သံဃာများလည်း “သြရသပုတ္တ” မြတ်စွာဘုရား၏ ရွှေရင်တော်နှစ် သားတော်စစ်ပင် ဖြစ်ပေသည်ဟု မှတ်အပ်၏။

အဘယ့်ကြောင့်နည်းဟူမူ-

အရိယာဖြစ်ကြောင်းဖြစ်သော စတုသစ္စဒေသနာ တရားတော် သည်လည်း ဘုရားမြတ်စွာ၏ ရင်၌ ဖြစ်သည် မှန်သကဲ့သို့ ဥပသမ္ပန္န ဖြစ်ကြောင်းဖြစ်သော ဉတ္တိစတုတ္ထကမ္မဝါစာတော်သည်လည်း ဘုရားမြတ်စွာ၏ ရင်၌ဖြစ်သည် အမှန်ပင် ဖြစ်သတည်း။

ထို့ကြောင့် ဤဉတ္တိစတုတ္ထကမ္မဝါစာတော်ဖြင့် ဥပသမ္ပန္နအဖြစ်သို့ရောက်သော ယခုရှိကြသော ပုထုဇဉ်သမ္မုတိ ရဟန်းတို့ကို မြတ်စွာဘုရား၏ သားတော်အစစ် မဟုတ်ဟု မဆိုထိုက်၊ သားတော် အစစ်တစ်မျိုး ဖြစ်ပေသည် ဟူ၍သာ ဆိုထိုက်ပေသည်ဟု မှတ်အပ်၏။

[သီတင်းငယ်သော အရိယာရဟန်းသည် သီတင်းကြီးသော ပုထုဇဉ် ရဟန်း၏ နောက်နေရသည်၊ နိမ့်ရာ၌နေရသည်၊ ရှိခိုးခြင်း စသည်ကို ပြုရသည်များကို မြော်လေ]

အဆုံး၌ “အကရဏီယံ” ဟူသောပုဒ်ကို အနက်ခြောက်ချက် ပေးသည်မှာ အနီယပစ္စည်းသည် ကိစ္စပစ္စည်းဖြစ်ပေ၍ ကံအနက်, အရဟ အနက်, သက္ကအနက်, ပေသအနက်, အတိသဂ္ဂအနက်, ပတ္တကာလ အနက်တို့ကို အစဉ်အတိုင်း ပေးလိုက်သည်။

ပဌမအကရဏီယပြီး၏

ဒုတိယအကရဏီယ

▬▬▬▬▬▬▬

ဥပသမ္ပန္နေန - မြင့်မြတ်သော အဖြစ်သို့ရောက်ပြီးသော၊
ဘိက္ခုနာ - ရဟန်းသည်၊
အန္တမသော - ယုတ်သော အပိုင်းအခြားအားဖြင့်၊
တိဏ သလာကံ - မြက်ဝါးခြမ်းကို၊
ဥပါဒါယ- အစပြု၍၊
အဒိန္နံ - အရှင်သည်ကိုယ် နှုတ်ဖြင့် မပေးအပ်သော သူတစ်ပါးဥစ္စာကို၊
ထေယျသင်္ခါတံ - ခိုးတတ် စဉ်းလဲတတ်သော အမှုဟု ဆိုအပ်သော ဇောစိတ်အစုဖြင့်၊
နအာဒါတဗ္ဗံ - မယူအပ်၊
ယောဘိက္ခု - အကြင် ရဟန်းသည်၊
ပါဒံဝါ - ဆယ်မူးရေ ရွှေစင် တစ်မတ်ကို လည်းကောင်း၊
ပါဒါရဟံဝါ - ဆယ်မူးရေ ရွှေစင်တစ်မတ် ထိုက်တန်သော ကပ္ပိယဘဏ္ဍာကို လည်းကောင်း၊
အတိရေကပါဒံဝါ - ဆယ်မူး ရေရွှေစင် တစ်မတ်ထက် လွန်သော အကပ္ပိယဘဏ္ဍာ, ဆယ်မူး ရေရွှေစင် တစ်မတ်ထိုက်သော ဘဏ္ဍာထက် လွန်သော အဖိုးထိုက်တန်သော ကပ္ပိယ ဘဏ္ဍာကို လည်းကောင်း၊
အဒိန္နံ - အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော သူတစ်ပါးဥစ္စာကို၊
ထေယျသင်္ခါတံ - ခိုးတတ် စဉ်းလဲတတ်သော သူ၏အမှုဟု ဆိုအပ်သော ဇောစိတ်အစုဖြင့်၊
အာဒိယတိ - ခိုးယူမိအံ့၊
သော ဘိက္ခု - ထိုရဟန်းသည်၊
အသမဏော - ရဟန်း မဟုတ်သည်၊
ဝါ- ရဟန်းတု ရဟန်းယောင်, ရဟန်းကြောင် ရဟန်းယုတ်, ရဟန်းစုတ် ရဟန်းပျက်သည်၊
ဟောတိ - ဖြစ်၏၊
အသကျပုတ္တိယော - သာကီဝင် မင်းသား ဖြစ်တော်မူသော မြတ်စွာဘုရား၏ သားတော် မဟုတ် သည်၊
ဝါ- သားဆိုး သားယုတ်, သားစုတ် သားညစ်သည်၊
ဟောတိ - ဖြစ်၏။

သေယျထာပိနာမ - နှိုင်းခိုင်းစရာ ဥပမာကား၊
ဗန္ဓနာ - အညှာ အဖွဲ့မှ၊
ပဝုတ္တော - ကြွေကျလေပြီးသော၊
ပဏ္ဍုပလာသော - သစ်ရွက်လျော်သည်၊
ဟရိတတ္ထာယ - စိမ်း, ရှင်ပြန်ခြင်း အကျိုးငှါ၊
အဘဗ္ဗော - မထိုက်လေသကဲ့သို့၊
ဧဝမေဝ - ဤအတူပင်လျှင်၊
ဘိက္ခု - ရဟန်းသည်၊
ပါဒံဝါ - ဆယ်မူးရေ ရွှေစင်တစ်မတ်ကို လည်းကောင်း၊
ပါဒါရဟံဝါ - ဆယ်မူးရေ ရွှေစင် တစ်မတ် ထိုက်တန်သော ကပ္ပိယဘဏ္ဍာကို လည်းကောင်း၊
အတိရေ ကပါဒံဝါ - ဆယ်မူးရေ ရွှေစင်တစ်မတ်ထက် လွန်သော အကပ္ပိယဘဏ္ဍာ, ဆယ်မူးရေ ရွှေစင်တစ်မတ် ထိုက်သော ဘဏ္ဍာထက် လွန်သောအဖိုး ထိုက်တန်သော ကပ္ပိယဘဏ္ဍာကို လည်းကောင်း၊
အဒိန္နံ - အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော သူတစ်ပါးဥစ္စာကို၊
ထေယျသင်္ခါတံ - ခိုးတတ် စဉ်းလဲတတ်သောသူ၏ အမှုဟုဆိုအပ်သော ဇောစိတ် အစုဖြင့်၊
အာဒိယိတွာ - ခိုးယူမိသည်ဖြစ်၍၊
ဝါ- ခိုးယူမိသည်ရှိသော်၊
ဝါ- ခိုးယူမိသောကြောင့်၊
အသမဏော - ရဟန်း မဟုတ်သည်၊
ဝါ- ရဟန်းတု ရဟန်းယောင်, ရဟန်းကြောင်, ရဟန်းယုတ်, ရဟန်းစုတ် ရဟန်းပျက်သည်၊
အသကျပုတ္တိယော - သာကီဝင် မင်းသားဖြစ်တော်မူသော မြတ်စွာ ဘုရား၏ သားတော် မဟုတ်သည်၊
ဝါ- သားဆိုး သားယုတ်, သားစုတ် သားညစ်သည်၊
ဟောတိ - ဖြစ်၏၊
တံ - ထိုသူတစ်ပါး ဥစ္စာကို ခိုးယူခြင်း အမှုများကို၊
တေ-တယာ - သင်ပဉ္စင်းသစ်သည်၊
ယာဝဇီဝံ - အသက်ထက်ဆုံး၊
အကရဏီယံ - မပြုမကျင့်အပ်၊
ဝါ- မပြုမကျင့်ထိုက်၊
ဝါ- ပြုကျင့်ခြင်းငှါ မတတ်ကောင်း၊
ဝါ- မပြုမကျင့်လင့်၊
ဝါ- ပြုကျင့်ကောင်းသော အမှု မဟုတ်ပေ၊
ဝါ- မပြုမကျင့်ရမည့် ပဗ္ဗဇ္ဇဒုလ္လဘ အခါပေတည်း။

အဒိန္နာဒါန်သည်။ ။ လေးပါးရှိကြောင်းကို ဒသကနိပါတ် အင်္ဂုတ္တိုရ်၌ ဟောတော်မူသည်၊ လေးပါး ဟူသည်ကား ---

၁။ မိမိကိုယ်တိုင် ယူခြင်း တစ်ပါး,
၂။ သူတစ်ပါးကို တိုက်တွန်းနှိုးဆော်ခြင်း တစ်ပါး,
၃။သူတစ်ပါးယူသည်, ရသည်ကိုဝမ်းမြောက်ခြင်း တစ်ပါး,
၄။ အဒိန္နာဒါန်နှင့်ရသည်ကို ချီးမွမ်းခြင်း တစ်ပါး,

အသမဏော, အသကျပုတ္တိယော --- တို့၌ အသဒ္ဒါ၏ သဒိသအနက်, ဂရဟအနက် တို့ကိုရည်၍ ဆိုခဲ့ပြီးသော အနက်တို့ကိုပေးသည်။

အသမဏော - ရဟန်းကောင်းတို့နှင့် ဆန့်ကျင်ဖက်ဖြစ်သော ရဟန်းသည်။ [ဝိရုဒ္ဓအနက်။]

[ဥပုသ်ပဝါရဏာ စသော ကံကြီး, ကံငယ်တို့ကို လည်းကောင်း, အာမိသသမ္ဘောဂ, ဓမ္မသမ္ဘောဂ အမှုတို့ကို လည်းကောင်း ရဟန်းကောင်းတို့နှင့် အတူတကွ ပြုခြင်းငှါ မထိုက်ပေရကား ရဟန်း ကောင်းတို့နှင့် ဆန့်ကျင် ဖက်ဖြစ်သည် မည်၏။]

အသမဏော - ရဟန်းအဖြစ်မှ တားမြစ်အပ်သော သူသည်။ [ပဋိသေဓအနက်။]

အသမဏော - ရဟန်းကောင်း အဖြစ်မှ ဆိတ်သောသူသည်။ [သုညအနက်။]

အသမဏော - သိက္ခာသီလမရှိ အသွင်အပြင်မျှသာ ရှိသည်ဖြစ်၍ သေးနုတ်သော ရဟန်းသည်။ [အပ္ပကအနက်။]

အသမဏော - ရဟန်းသိက္ခာမှကင်းသောသူသည်။ [ဝိရဟအနက်။]

အသမဏော - ရဟန်းသိက္ခာ မရှိသောသူသည်။ [အဘာဝအနက်။]

အသမဏော - ရဟန်းကောင်းတို့မှ အသီးအခြား တစ်ပါး တစ်ပုံဖြစ်သော သူသည်။ [အညအနက်။]

[အသကျပုတ္တိယော၌လည်း ထို့အတူ။]

ဒုတိယအကရဏီယ ပြီး၏။

တတိယ အကရဏီယ

ဥပသမ္ပန္နေန - မြင့်မြတ်သော အဖြစ်သို့ ရောက်ပြီးသော၊
ဘိက္ခုနာ - ရဟန်းသည်၊
သဉ္စိစ္စ - ဝဓကစေတနာ နှင့်တကွ စေ့ဆော်အားထုတ်၍၊
အန္တမသော - ယုတ်သောအပိုင်းအခြားအားဖြင့်၊
ကုန္ထကိပိလ္လိကံ - ခြပုံးပိုးရွက်ကို၊
ဥပါဒါယ- အစပြု၍၊
ပါဏော - သတ္တဝါကို၊
ဇီဝိတာ - ဇီဝိတိန္ဒြေမှ၊
နဝေါရောပေတဗ္ဗော - မချအပ်၊
ယောဘိက္ခု - အကြင် ရဟန်းသည်၊
သဉ္စိစ္စ - ဝဓကစေတနာ နှင့်တကွ စေ့ဆော်အားထုတ်၍၊
အန္တမသော - ယုတ်သော အပိုင်းအခြားအားဖြင့်၊
ဂဗ္ဘပါတနံ - ကိုယ်ဝန်ချခြင်း အမှုကို၊
ဥပါဒါယ- အစပြု၍၊
မနုဿဝိဂ္ဂဟံ - လူဇာတ်ရှိသောသူ၏ ကိုယ်ကောင်ကို၊
ဇီဝိတာ - ဇီဝိတိန္ဒြေမှ၊
ဝေါရောပေတိ - ချမိအံ့၊
သော ဘိက္ခု - ထိုရဟန်းသည်၊
အသမဏော - ရဟန်းမဟုတ်သည်၊
ဝါ- ရဟန်းတု ရဟန်းယောင်, ရဟန်းကြောင် ရဟန်းယုတ်, ရဟန်းစုတ်, ရဟန်းပျက်သည်၊
ဟောတိ - ဖြစ်၏၊
အသကျပုတ္တိယော - သာကီဝင်မင်းသားဖြစ်တော်မူသော မြတ်စွာဘုရား၏ သားတော် မဟုတ်သည်၊
ဝါ- သားဆိုး သားယုတ် သားစုတ် သားညစ်သည်၊
ဟောတိ - ဖြစ်၏။

သေယျထာပိနာမ - နှိုင်းခိုင်းစရာ ဥပမာကား၊
ဒွေဓာ - နှစ်ဖို့ နှစ်ဖြာ၊
ဘိန္နာ - ကွဲပြီးသော၊
ပုထုသိလာ - ကြီးစွာသော ကျောက်ဖျာ ကျောက်လုံးသည်၊
အပ္ပဋိသန္ဓိကာ - အသစ်တစ်ဖန် စေ့စပ်ပြန်ခြင်းငှါ မတတ်ကောင်းသည်၊
ဟောတိ - ဖြစ်လေဘိသကဲ့သို့၊
ဧဝမေဝ - ဤအတူပင်လျှင်၊
ဘိက္ခု - ရဟန်းသည်၊
သဉ္စိစ္စ - ဝဓကစေတနာနှင့်တကွ စေ့ဆော်အားထုတ်၍၊
မနုဿဝိဂ္ဂဟံ - လူဇာတ်ရှိသောသူ၏ကိုယ်ကောင်ကို၊
ဇီဝိတာ - ဇီဝိတိန္ဒြေမှ၊
ဝေါရောပေတွာ - ချမိသည်ဖြစ်၍၊
ဝါ- ချမိသည်ရှိသော်၊
ဝါ- ချမိလေသောကြောင့်၊
အသမဏော - ရဟန်း မဟုတ်သည်၊
ဝါ- ရဟန်းတု ရဟန်းယောင်, ရဟန်းကြောင် ရဟန်းယုတ်, ရဟန်းစုတ် ရဟန်းပျက်သည်၊
ဟောတိ - ဖြစ်၏၊
တံ - ထိုဇီဝိတိန္ဒြေမှ ချခြင်းအမှုများကို၊
တေ-တယာ - သင် ပဉ္စင်းသစ်သည်၊
ယာဝဇီဝံ - အသက်ထက်ဆုံး၊
အကရဏီ-ယံ - မချအပ်၊
ဝါ - ချခြင်းငှါ မတတ်ကောင်း၊
ဝါ- မချထိုက်၊
ဝါ- မချလင့်၊
ဝါ- ချကောင်းသောအမှုမဟုတ်ပေ၊
ဝါ- မချရမည့် ပဗ္ဗဇ္ဇဒုလ္လဘ အခါပေတည်း။

ပါဏာတိပါတတို့ကိုလည်း လေးပါးပင် ဟောသည်၊ လေးပါး ဟူသည်ကား-

၁။ မိမိကိုယ်တိုင်သတ်ခြင်း တစ်ပါး,
၂။ သူတစ်ပါးကို နှိုးဆော်တိုက်တွန်းခြင်း တစ်ပါး,
၃။ သူတစ်ပါးသတ်၍ သေသည်ကိုလျှင် ဝမ်းမြောက်ခြင်း တစ်ပါး,
၄။ သေအောင် သတ်နိုင်ပေသည်ကို ချီးမွမ်းခြင်း တစ်ပါး,

မိမိကိုယ်ကို မိမိသတ်ခြင်း အမှုသည်ကား။ ။ရဟန်းမှာလည်း ပါရာဇိကကျသော အမှုပင် မဟုတ်၊ လူမှာလည်း ပါဏာတိပါတ ကမ္မပထ မြောက်သောအမှုပင် မဟုတ်၊ မသင့်သော အကြောင်းနှင့် သတ် လေလျှင် ရဟန်းမှာ ဒုက္ကဋ် သင့်၏၊ လူမှာ အပြစ်မဆိုလောက်၊ သင့်သော အကြောင်းနှင့် မိမိကိုယ်ကို မိမိသတ်ပေလျှင် ရဟန်းမှာပင် အပြစ်မရှိ။

[သို့ဖြစ်၍ ပါဏော - ဟူသောပုဒ်၌ မိမိမှတစ်ပါးသော သတ္တဝါကိုဟု ပေးသင့်ငြားသော်လည်း မသင့်သောအကြောင်းနှင့် သတ်သည်ဖြစ်သော ဒုက္ကဋ်အာပတ်ကိုလည်း ပါစေခြင်းငှာ “ပါဏော၊ သတ္တဝါကို” ဟု သာမညသာပေးသည်]

တတိယ အကရဏီယ ပြီး၏။

စတုတ္ထ အကရဏီယ

ဥပသမ္ပန္နေန - မြင့်မြတ်သော အဖြစ်သို့ ရောက်ပြီးသော၊
ဘိက္ခုနာ - ရဟန်းသည်၊
အန္တမသော - ယုတ်သော အပိုင်းအခြားအားဖြင့်၊
သုညာဂါရေ - ဆိတ်ငြိမ်သော ကျောင်း၌၊
အဘိရမာမိ - အလွန်မွေ့လျော်၏၊
ဣတိ - ဤသို့ သောစကားကို၊
ဥပါဒါယ- အစပြု၍၊
ဥတ္တရိမနုဿဓမ္မော - ဈာနလာဘီ, အဘိညာလာဘီဖြစ်သော ပုထုဇဉ်ပုဂ္ဂိုလ်, အရိယာ ပုဂ္ဂိုလ်ဟု ဆိုအပ်သော မြင့်မြတ်သောလူတို့၏ ဥစ္စာဖြစ်သော ဂုဏ်ကျေးဇူးများကို၊
ဝါ- ပကတိလူတို့၌ ဖြစ်နိုင်သော ဒါန, သီလစသော ကာမာဝစရ ကုသိုလ်တို့ထက် မြင့်မြတ်သော မဟဂ္ဂုတ်, လောကုတ္တရာ တရားများကို၊
နဥလ္လပိတဗ္ဗော - ငါရသည်, ငါ၌ရှိသည်, ငါမျက်မှောက်ပြုနိုင်သည်ဟု ဝါဝါကြွားကြွား မပြော ကြားအပ်၊
ယောဘိက္ခု - အကြင်ရဟန်းသည်၊
ပါပိစ္ဆော - ယုတ်မာသော အလိုရမက် ရှိသည်ဖြစ်၍၊
ဣစ္ဆာပကတော - အလိုရမက်သည် နှိပ်စက်ဖိစီးအပ်သည်ဖြစ်၍၊
အသန္တံ - မိမိကိုယ်၌ ထင်ရှားမရှိသော၊
အဘူတံ - မိမိသန္တာန်၌ တစ်ရံတစ်ဆစ်မျှ မဖြစ်စဘူးသော၊
ဥတ္တရိမနုဿဓမ္မံ - ဈာနလာဘီ, အဘိညာလာဘီဖြစ်သော ပုထုဇဉ် ပုဂ္ဂိုလ်, အရိယာပုဂ္ဂိုလ်ဟု ဆိုအပ်သော မြင့်မြတ်သော လူတို့၏ ဥစ္စာဖြစ်သော ဂုဏ်ကျေးဇူးများကို၊
ဝါ- ပကတိလူတို့၌ ဖြစ်နိုင်သော ဒါန, သီလ-စသော ကာမာဝစရကုသိုလ် တို့ထက် မြင့်မြတ်သော မဟဂ္ဂုတ်, လောကုတ္တရာတရားများကို၊
ဥလ္လပတိ - ငါရသည်, ငါ၌ရှိသည်, ငါမျက်မှောက် ပြုနိုင်သည်ဟု ဝါဝါ ကြွားကြွား ပြောကြားမိအံ့၊
ဈာနံဝါ - ဈာန်လေးပါး, ဈာန်ငါးပါးကို လည်းကောင်း၊
ဝိမောက္ခံဝါ - လောကီဝိ မောက္ခဈာန်ရှစ်ပါး, လောကုတ္တရာဝိမောက္ခသုံးပါးကိုလည်းကောင်း၊
သမာဓိံဝါ - လောကီသမာဓိ,လောကုတ္တရာသမာဓိကို လည်းကောင်း၊
သမာပတ္တိံဝါ - လောကီသမာပတ်, လောကုတ္တရာသမာပတ်ကို လည်းကောင်း၊
မဂ္ဂံဝါ - လောကုတ္တရာ မဂ်လေးပါးကို လည်းကောင်း၊
ဖလံဝါ - လောကုတ္တရာဖိုလ်လေးပါးကို လည်းကောင်း၊
ဥလ္လပတိ - ငါရသည်, ငါ၌ရှိသည်, ငါမျက်မှောက်ပြုနိုင်သည်ဟု ဝါဝါ ကြွားကြွား ပြောကြားမိအံ့၊
သောဘိက္ခု - ထိုရဟန်းသည်၊
အသမဏော - ရဟန်းမဟုတ်သည်၊
ဝါ- ရဟန်းတု ရဟန်းယောင်, ရဟန်းကြောင် ရဟန်းယုတ်, ရဟန်းစုတ် ရဟန်းပျက်သည်၊
ဟောတိ - ဖြစ်၏၊
အသကျပုတ္ထိယော - သာကီဝင်မင်းသား ဖြစ်တော်မူသော မြတ်စွာဘုရား၏ သားတော်မဟုတ်သည်၊
ဝါ- သားဆိုး သားယုတ်, သားစုတ် သားညစ်သည်၊
ဟောတိ - ဖြစ်၏။

သေယျထာပိနာမ - နှိုင်းခိုင်းစရာ ဥပမာကား၊
မတ္ထကစ္ဆိန္နော - လည်ဆစ် လည်သီး ပြတ်လေပြီးသော၊
တာလော - ထန်းပင်သည်၊
ပုနဝိရုဠှိယာ - တစ်ဖန် ပေါက်ရောက် စည်ပင်ပြန်ခြင်းငှါ၊
အဘဗ္ဗော - မထိုက်သကဲ့သို့၊
ဧဝမေဝ - ဤအတူပင်လျှင်၊
ဘိက္ခု - ရဟန်းသည်၊
ပါပိစ္ဆော - ယုတ်မာသောအလိုရမက်ရှိသည်ဖြစ်၍၊
ဣစ္ဆာပကတော - အလိုရမက်သည် နှိပ်စက်ဖိစီးအပ်သည်ဖြစ်၍၊
အသန္တံ - မိမိကိုယ်၌ ထင်ရှားမရှိသော၊
အဘူတံ - မိမိသန္တာန်၌ တစ်ရံတစ်ဆစ်မျှ မဖြစ်စဖူးသော၊
ဥတ္တရိမနုဿဓမ္မံ - ဈာနလာဘီ, အဘိညာလာဘီ ဖြစ်သော ပုထုဇဉ်ပုဂ္ဂိုလ်, အရိယာပုဂ္ဂိုလ်ဟု ဆိုအပ်သော မြင့်မြတ်သော လူတို့၏ ဥစ္စာဖြစ်သော ဂုဏ်ကျေးဇူးများကို၊
ဝါ- ပကတိလူတို့၌ ဖြစ်နိုင်သော ဒါန၊ သီလ-စသော ကာမာဝစရ ကုသိုလ်တို့ထက် မြင့်မြတ်သော မဟဂ္ဂုတ်, လောကုတ္တရာ တရားများကို၊
ဥလ္လပိတွာ - ငါရသည်, ငါ၌ရှိသည်, ငါမျက်မှောက်ပြုနိုင် သည်ဟု ဝါဝါ ကြွားကြွား ပြောကြားမိ၍၊
ဝါ - ငါရသည်, ငါ၌ရှိသည်, ငါမျက်မှောက်ပြုနိုင်သည်ဟု ဝါဝါ ကြွားကြွား ပြောကြားမိ သည်ရှိသော်၊
ဝါ- ငါရသည်, ငါ၌ရှိသည်, ငါမျက်မှောက် ပြုနိုင်သည်ဟု ဝါဝါ ကြွားကြွား ပြောကြား မိသောကြောင့်၊
အသမဏော - ရဟန်း မဟုတ်သည်၊
ဝါ- ရဟန်းတု ရဟန်းယောင်, ရဟန်းကြောင် ရဟန်းယုတ်, ရဟန်းစုတ် ရဟန်းပျက်သည်၊
ဟောတ - ဖြစ်၏၊
အသကျပုတ္တိယော - သာကီဝင် မင်းသား ဖြစ်တော်မူသော မြတ်စွာဘုရား၏သားတော် မဟုတ်သည်၊
ဝါ - သားဆိုး သားယုတ်, သားစုတ်, သားညစ်သည်၊
ဟောတိ - ဖြစ်၏၊
တံ - ထိုဈာန်မဂ်ဖိုလ်တရားကို ပြောကြားခြင်းအမှုများကို၊
တေ-တယာ - သင်ပဉ္စင်းသစ်သည်၊
ယာဝ ဇီဝံ - အသက်ထက်ဆုံး၊
အကရဏီယံ - မပြုမကျင့်အပ်၊
ဝါ- မပြုမကျင့်ထိုက်၊
ဝါ- ပြုကျင့်ခြင်းငှါ မတတ်ကောင်း၊
ဝါ- မပြုမကျင့်လင့်၊
ဝါ- ပြုကျင့်ကောင်းသော အမှုမဟုတ်ပေ၊
ဝါ- မပြုကျင့်ရမည့် ပဗ္ဗဇ္ဇဒုလ္လဘအခါပေတည်း။

[“ပုဗ္ဗာပရ၊ သမာနနှင့်၊ လက္ခဏဟေတု၊ ငါးခုအတ္ထ၊ သက်အပ်စွ၊ တုန-တွာန-တွာ” ဟူသောရှေးဆရာတို့စကားနှင့်အညီ “ပဋိသေဝိတွာ, အာဒိယိတွာ, ဝေါရောပေတွာ, ဥလ္လပိတွာ” ဟူသော လေးပုဒ်တို့၌ အနက်သုံးချက်စီ ပေးလိုက်သည်။]

အကရဏီယ - လေးပါးကိုကြားခြင်းဟူသော အပရကိစ္စကို ပြုရသည်မှာ-

ရဟန်းပြုစ- ကာလ၌ ရဟန်းသိက္ခာတို့ကို မသိနိုင်သေးသည်နှင့် တစ်ပါးသော သိက္ခာတို့ကို လွန်ကျူးမိသည်ရှိသော် ကုစား၍ ပကတိဖြစ်အောင် တတ်ကောင်းသေး၏၊ ဤလေးပါးကို လွန်ကျူး မိသည်ရှိသော် ကုစားခြင်းငှါ မတတ်ကောင်း၊ တစ်ပါးသောအမှုတို့ထက် ဤလေးပါး သောအမှုတို့ကို အလျင်သိနှင့်မှ သင့်မြတ်မည် ဖြစ်သောကြောင့်လည်းကောင်း, တစ်ပါးသော အာပတ်အပြစ်တို့ အငြိအစွန်း ရှိသော်လည်း ဤလေးပါး လုံခြုံခဲ့သည်ရှိသော် သဒ္ဓါဒေယျ - လှူဒါန်းသော ပစ္စည်းဝတ္ထု များကို ခံယူသုံးဆောင်ခြင်းငှါ ထိုက်သော သီလဝန္တပုဂ္ဂိုလ်ပင် ဖြစ်ပေသည်၊ ဒုဿီလပုဂ္ဂိုလ် မဆိုရပေ၊ ဤအကြောင်းကြောင့် လည်းကောင်း, ဤလေးပါးကိုသာ ရှေးဦးစွာ ကြားအပ်သတည်း။

အကရဏီယလေးပါးကို ကြားခြင်းဟူသော အပရကိစ္စ ပြီး၏။

[ရဟန်းခံခြင်းကိစ္စ၌ အကြီးအမှူးပြုသောသူတို့ သိကျွမ်း လိမ်မာရန် ပုဗ္ဗကရဏလေးပါး, ပုဗ္ဗကိစ္စဆယ်ပါး, ပဓာနကိစ္စ တစ်ပါး,အပရကိစ္စ အကျဉ်းသုံးပါး, အကျယ်ကိုးပါးတို့ကို အနက် အဓိပ္ပါယ် အကျိုးအပြစ် နှင့်တကွ ပြဆိုအပ်သော ဤစာတမ်းကို ကောဇာသက္ကရာဇ် ၁၂၅၃-ခု သာသနာ-နှစ်၂၄၃၅-ခု ပဌမဝါဆိုလဆန်း ၄-ရက်တွင် မုံရွာမြို့ လယ်တီတောကျောင်း ဆရာငါသည် စီရင်ပြီးစီး စေအပ်သတည်း။]

ဥပသမ္ပဒဝိနိစ္ဆယ ပြီး၏။

ဘာတရင်ရာဆယ်၏ စကားလေးခွန်း

လန်ဒန်ပါဠိဒေဝီ၏ မှာစာတွင် ပါရှိသည့် ဘာတရင်ရာဆယ်၏ ပြောဟောချက်များ ဖြစ်သည်။

၁။ အဘိဓမ္မာတွင် ပစ္စည်း, ပစ္စယုပ္ပန်ဆက်ဆံခြင်းသည် အထူး အရေးကြီးသော အချက်ကြီး ဖြစ်သည် - တစ်ရပ်။

၂။ ၎င်းပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံခြင်း သဘောများသည် နာမ်တရားလည်း မဟုတ်၊ ရုပ်တရားလည်း မဟုတ်၊ သို့သော်လည်း ၎င်းဆက်ဆံခြင်း သဘောတရားသည် နာမ်တရား, ရုပ်တရား တို့ထက်ပင် သာ၍ အရင်းကျသော တရားများ ဖြစ်ပေသည် - တစ်ရပ်။

၃။ ၎င်းဆက်ဆံခြင်း သဘောတရားများသည် ဂရိတ်လူမျိုး “ပရမတ် ဆရာကြီး - ပလေတိုး” ပြောဟောသော သဒ္ဒ ပညတ် အတ္ထပညတ်များနှင့် အလားတူ၏ - တစ်ရပ်။

၄။ ၎င်းဆက်ဆံခြင်း သဘောတရားများသည် နာမ်တရား လည်းမဟုတ်, ရုပ်တရားလည်း မဟုတ် ဘဲလျက် အစဉ်အမြဲ တည်၍ နေသောတရားများ ဖြစ်ကြသည်- တစ်ရပ်။

[ဤကား ဘာတရင်ရာဆယ်၏ စကား လေးခွန်းတည်း။]

ပဌမစကားခွန်း အဖြေ

အထက်က ထုတ်ပြအပ်ပြီးသော ဘာတရင်ရာဆယ်၏ ပြောဟောချက် ၄-ရပ်တွင်-

၁။ “အဘိဓမ္မာတွင် ပစ္စည်း, ပစ္စယုပ္ပန်ဆက်ဆံခြင်းသည် အထူး အရေးကြီးသော အချက်ကြီး ဖြစ်သည်” ဟူသော စကားသည် အလွန် ကောင်းမြတ်ပေ၏။

ဤစကား၌-

၁။ ပစ္စည်းဆိုသည်ကား အကြောင်းတရားကို ဆိုသည်။
၂။ ပစ္စယုပ္ပန် ဆိုသည်ကား အကြောင်းတရားမှ ဖြစ်ပွားသော အကျိုး တရားကို ဆိုသည်။
၃။ ဆက်ဆံခြင်း ဆိုသည်ကား အကြောင်းတရား ရှိလျှင် အကျိုးတရား ဖြစ်မြဲ - ဟူသော သာမည လက္ခဏာ သဘောကိုဆိုသည်။
၄။ သာမညလက္ခဏာဆိုသည်ကား ရုပ်တရား, နာမ်တရား အများတို့နှင့် ဆက်ဆံသော သဘောမျိုး ဆိုလိုသည်။

ထို သာမညလက္ခဏာသည်-

၁။ အနိစ္စလက္ခဏာ,
၂။ ဒုက္ခလက္ခဏာ,
၃။ အနတ္တလက္ခဏာ,
၄။ သင်္ခတလက္ခဏာ,
၅။ ဣဒပ္ပစ္စယတာ လက္ခဏာ - စသည်ဖြင့် များပြား၏။

အနိစ္စလက္ခဏာ ဆိုသည်ကား -
“ဤတရားကား မမြဲတတ်သော တရားတည်း” ဟု အတတ်သိနိုင်ကြောင်း ဖြစ်သော အနိစ္စတရား မျိုး၌ ပါရှိနေသော ဇာတိအချက်, ဇရာအချက်, မရဏအချက် များပေတည်း။

ဒုက္ခလက္ခဏာ ဆိုသည်ကား -
“ဤတရားကား ဖြစ်ခြင်း ပျက်ခြင်းတို့ဖြင့် နှိပ်စက်အပ်သောကြောင့် ကြောက်မက်ဖွယ် ကောင်းသော တရားတည်း” ဟု အတတ် သိနိုင်ကြောင်း ဖြစ်သော အနိစ္စတရားမျိုး ဖြစ်သော ပထဝီဓာတ် စသည်၌ ပါရှိနေသော ဇာတိအချက်, ဇရာအချက်, မရဏအချက် များပေတည်း။

အနတ္တလက္ခဏာ ဆိုသည်ကား-
“ဤတရားကား အမာခံအနှစ်သာရမရှိ၊ မိမိကိုယ်မဟုတ်၊ မိမိအလိုသို့ မလိုက်မပါ၊ သူ့သဘော အတိုင်းသာ ဖြစ်နေသော တရားတည်း” ဟု အတတ် သိနိုင်ကြောင်းဖြစ်သော အနိစ္စ, ဒုက္ခတရားမျိုး ဖြစ်သော ပထဝီဓာတ် စသည်၌ပါရှိသော ဇာတိအချက်, ဇရာအချက်, မရဏ အချက်များပေတည်း။

သင်္ခတလက္ခဏာ ဆိုသည်ကား-
တီဏိမာနိ ဘိက္ခဝေ သင်္ခတဿ သင်္ခတလက္ခဏာနိ၊ ကတမာနိ တီဏိ၊ ဥပ္ပါဒေါ ပညာယတိ, ဝယော ပညာယတိ၊ ဌိတဿ အညထတ္တံ ပညာယတိ”။
ဟူသော ပါဠိတော်အရ သင်္ခတတရားတို့၏ ဖြစ်မှု, ပျက်မှု, ဖောက်ပြန်မှု များပေတည်း။

[ထိုအမှုများသည် အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တ လက္ခဏာ တို့ကဲ့သို့ သင်္ခတတရား အများနှင့် ဆက်ဆံသော အမှုများဖြစ်၍ သာမညလက္ခဏာ ဆိုသည်၊ သာမညသဒ္ဒါသည် ဆက်ဆံခြင်း အနက် ရှိ၏။]

ဣဒပ္ပစ္စယတာ ဆိုသည်ကား -
ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမဿ ဥပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ
ဟူသောပါဠိတော်အရ ဤအကျိုးမှာ ဤအကြောင်း ရှိသည်၊ ဤအကျိုးမှာ ဤအကြောင်း ရှိသည်ဟု ဆိုရသော အကြောင်း, အကျိုး ဆက်ဆံမှုကို ဆိုသည်၊ ထို ဣဒပ္ပစ္စယတာ - ဟူသော သာမည လက္ခဏာကြီး တစ်ပါးကို ဘာတရင်ရာဆယ်က ပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံခြင်းဟူ၍ ဆိုပေသည်။

[ ထိုဣဒပ္ပစ္စယတာ - ဟူသော ပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံခြင်း သဘောသည် အဘိဓမ္မာတွင်သာ အထူးအရေးကြီးသည် မဟုတ်၊ သုတ္တန်၌ လည်းကောင်း, ဝိနည်း၌ လည်းကောင်း, ခပ်သိမ်းသော လောကအရေးအရာ တို့၌လည်းကောင်း, အထူး အရေးကြီးသော အချက်ကြီး ဖြစ်၏၊ လောကဓမ္မ တို့၌ ပညာရှိတို့၏ လက်ကိုင် လက်စွဲကြီး ဖြစ်သော အချင့်အချိန် အတိုင်းအတာ ချိန်ကြီးတစ်ခု ဖြစ်၏။ ]

ချင့်ချိန်ပုံ

ပစ္စည်း, ပစ္စယုပ္ပန် အကြောင်း အကျိုး ဆက်ဆံခြင်း၌ လိမ္မာသော သူသည် အကြောင်းတစ်ခုကို တွေ့မြင်ရလျှင် ဤအမှုကြောင့် ရှေ့သို့ အကျိုး မည်ရွေ့မည်မျှ ဖြစ်ထွန်း လိမ့်မည်ကို သိနိုင်၏၊ အကျိုးတစ်ခုကို တွေ့မြင်ရလျှင် အဘယ် အကြောင်းကြောင့် ဤအကျိုး ဖြစ်လာသည်ဟု ရှေးအကြောင်းကို သိနိုင်၏။

မိုးကောင်းစွာ ရွာလျှင် သစ်ပင်, ကောက်ပင်တို့သည် ဖြစ်ထွန်းကုန်၏၊ မိုးကောင်းစွာ မရွာလျှင် သစ်ပင်ကောက်ပင် တို့သည် မဖြစ်ထွန်းနိုင်ကုန်ဟု သိနိုင်၏၊ သစ်ပင်, ကောက်ပင် ဖြစ်ထွန်းလျှင် သတ္တဝါတို့သည် ချမ်းသာဝပြော ကြကုန်၏၊ သစ်ပင်, ကောက်ပင် မဖြစ်ထွန်းလျှင် သတ္တဝါတို့ ဆင်းရဲ ငတ်မွတ် ကြကုန်၏ဟု သိနိုင်၏။

ယုတ်စွအဆုံး ထမင်းရှိလျှင် ထမင်းရှိသည့်အတွက် ချမ်းသာ သုခရ၏၊ ထမင်းမရှိလျှင် ထမင်း မရှိ သည့်အတွက် ဆင်းရဲဒုက္ခ ရ၏-ဟု သိနိုင်၏၊ တိရစ္ဆာန်သတ္တဝါ တို့ပင်သော်လည်း အကြောင်း, အကျိုး ဆက်ဆံမှုကို သိကောင်းသိရာ သိကြ၏။

[လောကကြီး တစ်ခွင်လုံး၌ မျက်မြင်ဒိဋ္ဌ ရှိနေကြကုန်သော ပစ္စည်း, ပစ္စယုပ္ပန် အကြောင်း, အကျိုး ဆက်ဆံမှုတွေကို အကုန်မြော်မြင်လေ။]

သညာသိနှင့် ပညာသိ အထူး

၁။ သညာဖြင့် သိနိုင်သော အကြောင်းအကျိုး ဆက်ဆံမှု,
၂။ ပညာဖြင့်သာ သိနိုင်သော အကြောင်းအကျိုး ဆက်ဆံမှု -

ဟူ၍ ၂-မျိုး ရှိ၏။

ထိုနှစ်မျိုးတို့တွင်--

၁။ “သညာဖြင့် သိနိုင်သော အကြောင်းအကျိုး ဆက်ဆံမှု” ဆိုသည်ကား အတွေ့အကြုံများလှ၍ ဘယ်လိုပြုလျှင် ဘယ်လိုဖြစ်တတ်သည်ဟု သိခြင်းတည်း၊ ထိုသညာသိကို သတ္တဝါ အများတို့ပင် အနည်းအများ သိကြ၏။

၂။ ပညာဖြင့်သာ သိနိုင်သော အကြောင်းအကျိုးကို မူကား ပညာရှိမှ သိ၏၊ အနာရောဂါ, အစာ, ဆေးဝါးနှင့် စပ်ယှဉ်သော အကြောင်းအကျိုးမျိုးကို ဆေးပညာရှိမှ သိ၏၊ ဗေဒင်နှင့်စပ်ယှဉ်သော အကြောင်း အကျိုးမျိုးကို ဗေဒင်ပညာရှိမှ သိ၏၊ ဓာတ်သတ္တုနှင့် စပ်ယှဉ်သော အကြောင်းအကျိုး မျိုးကို ဓာတ်သတ္တုပညာရှိမှ သိ၏။

[ဤသို့ စသည်ဖြင့် ပညာသိ၏ ဆိုင်ရာသည်လည်း အလွန် များပြား၏။]

ထိုပညာသိသည်လည်း-

၁။ တိမ်သောအရာ,
၂။ နက်သောအရာ,
၃။ အလွန်နက်သောအရာ,
၄။ အလွန်ထက် အလွန်နက်သော အရာ - ဟူ၍ အမျိုးမျိုး ရှိ၏။

အဆုံးတိုင်ပြောသည်ရှိသော်။ ။ ဤ ပဋ္ဌာန်းကျမ်းကြီးသို့ ရောက်လျှင် လောကသုံးပါး၌ အကြောင်း အကျိုး ဟူသမျှသည် အလုံးစုံ ကုန်လေ၏၊ သို့ရာတွင် လောက ဝေါဟာရနှင့် ဟောတော်မူသည် မဟုတ်၊ ဓမ္မဝေါဟာရနှင့် ဟောတော်မူသောကြောင့် လောကဝေါဟာရ နှင့် ထုတ် ဖေါ်ပြောပြရန် အလွန်ခက်ခဲ၏။

[ဤသို့လျှင် ပစ္စည်း, ပစ္စယုပ္ပုန်, ဆက်ဆံခြင်းမည်သည် လောကအရေးအရာ တို့၌ပင် အထူး အရေးကြီးသော အချက်ဖြစ်ပေ၏။]

ဤပစ္စည်းပစ္စယုပ္ပုန် ဆက်ဆံခြင်း သဘောသည် --

၁။ ပဋိစ္စသမုပ္ပါဒ်နည်း,
၂။ ပဋ္ဌာန်းနည်း-

ဟူ၍ နည်းနှစ်ပါး ရှိ၏၊ ထိုနှစ်ပါးတို့တွင်-

၁။ “ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ “ အစရှိသည်ဖြင့် ဟောတော်မူသောနည်းသည် ပဋိစ္စသမုပ္ပါဒ်နည်း မည်၏။

၂။ “ ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော “ အစရှိသည်ဖြင့် ဤပဋ္ဌာန်းကျမ်းတွင် ဟောတော်မူသော နည်းသည် ပဋ္ဌာန်းနည်း မည်၏။

ထိုနည်းနှစ်ပါးတို့တွင်--

၁။ သာဝက ပုဂ္ဂိုလ်တို့မှာ ပဋိစ္စသမုပ္ပါဒ် နည်းအတိုင်း အသိဉာဏ် ပေါက်ရောက် နိုင်လျှင် ကိစ္စပြီး၏၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ပေါက် ရောက်နိုင်၏။

၂။ ပဋ္ဌာန်းနည်းမှာမူကား သက်သက်အားဖြင့် သဗ္ဗညုတဉာဏ်တော်ကို အသုံးချရန် ဟောတော် မူခြင်းသာ ဖြစ်၏။

[သာဝကတို့မှာမူကား ပဋိသမ္ဘိဒါဉာဏ် ပွါးစီးရန်အကျိုးရှိ၏၊ ပုထုဇဉ် သတ္တဝါတို့မှာလည်း နောင် ပဋိသမ္ဘိဒါဉာဏ်ကို ရနိုင်ရန် အကြီးဆုံးသော ပညာပါရမီကြီး ဖြစ်၏။]

ပဌမစကားခွန်း အဖြေ ပြီး၏။

ဒုတိယစကားခွန်း အဖြေ

၂။ ၎င်း ပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံခြင်း သဘောများသည် နာမ်တရားလည်း မဟုတ်၊ ရုပ်တရား လည်း မဟုတ်၊ သို့သော်လည်း ၎င်းဆက်ဆံခြင်း သဘောတရားများသည် နာမ်တရား၊ ရုပ်တရား တို့ထက်ပင် သာ၍ အရင်းကျသော တရားများဖြစ်ပေ၏ - ဟူသော စကား၌-

ပစ္စည်းတရားသည် -

၁။ နာမ်ပစ္စည်းတရား,
၂။ ရုပ်ပစ္စည်းတရား,
၃။ နိဗ္ဗာန်ပစ္စည်းတရား,
၄။ ပညတ်ပစ္စည်းတရား- ဟူ၍ လေးမျိုးရှိ၏။

ပစ္စယုပ္ပန်တရားသည် မူကား-

၁။ ရုပ်ပစ္စယုပ္ပန်တရား,
၂။ နာမ်ပစ္စယုပ္ပန်တရား- ဟူ၍ နှစ်ပါးသာ ရှိ၏။

[ဖြစ်ပေါ်ခြင်း ဟူသော ဇာတိတရားမှ ရှင်းရှင်း လွတ်ကင်းကြသော နိဗ္ဗာန်တရား, ပညတ်တရား နှစ်ပါးသည် ပစ္စယုပ္ပန် မထိုက်။]

ထိုနှစ်ပါးတွင် နာမ်ဖြစ်သော ပစ္စည်းတရား၏ မိမိ၏ဆိုင်ရာ ပစ္စယုပ္ပန်တရားနှင့် ဆက်ဆံခြင်း သဘောသည် နာမ်တရား မဟုတ်ဟု မဆိုရ၊ နာမ်တရား၏ အရှိန်အဝါဖြစ်၍ နာမ်တရား၌ ပါဝင်၏၊ နာမ်တရား ဟူ၍ပင် ဆိုရ၏။

ဥဒါဟရုဏ်ကား။ ။ ရပ်ရွာထဲမှာ လူတစ်ယောက်သည် ဒေါသအမျက် အလွန်ထန်၏၊ ထိုသူကို တစ်ရပ်လုံး တစ်ရွာလုံး မုန်းကြ၏၊ ထိုသူ၏ ဒေါသသည် ပစ္စည်းတရား, ရပ်သူ ရွာသားတို့၏ မုန်းမှုသည် ပစ္စယုပ္ပန်တရား။

လူတစ်ယောက်သည်ကား မေတ္တာတရား အလွန်ကောင်း၏၊ ထိုသူကို တစ်ရပ်လုံး တစ်ရွာလုံး ချစ်ခင်ကြ၏၊ ထိုသူ၏ မေတ္တာသည် ပစ္စည်းတရား၊ ရပ်သူရွာသားတို့၏ ချစ်ခင်မှုသည် ပစ္စယုပ္ပန် တရား။

ဤဝတ္ထုတို့၌။ ။ ဒေါသ၏ အရှိန်အဝါသည် တစ်ရပ်လုံး တစ်ရွာလုံးပျံ့နှံ့၏၊ ရပ်သူရွာသားတို့၌ မုန်းစိတ် ဖြစ်ပွါးအောင် လှုံ့ဆော်၏၊ ထိုသူသည် ကာယကံ, ဝစီကံဖြင့် ရပ်သူရွာသားတို့ကို မထိပါး သော်လည်း မုန်းကြရမည် အမှန်ဖြစ်၏၊ ထိပါးခဲ့လျှင် ဆိုဖွယ်မရှိ၊ ထိုဒေါသ၏အရှိန် အဝါသည် ပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံမှုနှင့် တစ်ခုတည်း ဖြစ်၏၊ ဒေါသသည် နာမ်တရား အစစ်ဖြစ်၏၊ ထိုဒေါသ ၏ အရှိန်အဝါ ဟူသော ဆက်ဆံမှုသည် နာမ်တရား မဟုတ်ဟု မဆိုရ၊ ဒေါသ ဟူသော စကား၌ ပါဝင်၏၊ ဒေါသဟူ၍ပင် ဆိုရ၏။

[မေတ္တာဝတ္ထုမှာလည်း ဤနည်းတူ သိလေ။]

ဥပမာ။ ။”သူရိယော-နေ” ဟူ၍ ဆိုလျှင် ထိုနေမှထွက်သော အရောင်အဝါ, ထိုနေမှထွက်သော အပူရှိန်များသည် နေမဟုတ် - ဟူ၍ မဆိုရ၊ နေဟူသော စကား၌ ပါဝင်၏၊ နေ-ဟူ၍ပင် ဆိုရ၏။

[“စန္ဒော-လ” ဟူသော စကား၌ ထိုလမှထွက်သော အရောင်အဝါ, ထိုလမှ ထွက်သော အအေးရှိန် တို့မှာလည်း ထိုနည်းတူ သိလေ။]

ဤမျှသော စကားရပ်တို့ဖြင့်-

၁။ နာမ်ပစ္စည်း၏ ဆက်ဆံမှုသည် နာမ်တရားပင် ဖြစ်၏။
၂။ ရုပ်ပစ္စည်း၏ ဆက်ဆံမှုသည် ရုပ်တရားပင် ဖြစ်၏။
၃။ နိဗ္ဗာန်ပစ္စည်း၏ ဆက်ဆံမှုသည် နိဗ္ဗာန်တရားပင် ဖြစ်၏။
၄။ ပညတ်ပစ္စည်း၏ ဆက်ဆံမှုသည် ပညတ်တရားပင် ဖြစ်၏။

[ဟူ၍ ဖြေဆိုပေသည်။]

“၎င်းဆက်ဆံခြင်း သဘောတရားသည် နာမ်တရား, ရုပ်တရား တို့ထက်ပင် သာ၍အရင်းကျသော တရားများ ဖြစ်ပေ၏” ဟူသော စကားမှာလည်း-

သံသရာလည်း အစ - ဟူ၍မရှိ၊ သတ္တဝါသည်လည်း အစ - ဟူ၍မရှိ၊ ကမ္ဘာအစဉ်မှာလည်း အစ - ဟူ၍မရှိ၊ နာမ်တရား အစဉ်မှာလည်း အစ - ဟူ၍မရှိ၊ ရုပ်တရား အစဉ်မှာလည်း အစ ဟူ၍မရှိ၊ ပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံမှုမှာလည်း အစ-ဟူ၍ မရှိလေရကား-

နာမ်တရား, ရုပ်တရားတို့က နောက်ကျ၍ ထိုဆက်ဆံမှုက အလျင်ကျသည်ဟု ဆိုဖွယ်မရှိပေ။

ဒုတိယ စကားခွန်းအဖြေ ပြီး၏။

တတိယစကားခွန်း အဖြေ

၃။ “၎င်းဆက်ဆံခြင်း သဘောတရားများသည် ဂရိတ်လူမျိုး ပရမတ်ဆရာကြီး ပလေတိုး ပြောဟော သော သဒ္ဒပညတ်, အတ္ထပညတ်များနှင့် အလားတူ၏” ဟူသောစကား၌ -

သဒ္ဒပညတ်, အတ္ထပညတ် ဆိုသည်ကား “ဃဋော-ရေအိုး” ဟူသော သဒ္ဒပညတ်, အတ္ထပညတ် နှစ်ပါးသည် ရှိ၏။

ရှိပုံကား။ ။အိုးမြေရှိရာ မြေနီတွင်းမှ မြေစိုင်ခဲတို့ကို ယူပြီးလျှင် ရွှံ့မြေလုပ်၍ ၎င်းရွှံ့လုံးကို အိုးထိန်းစက် ပေါ်သို့တင်၍ စက်ကိုလှည့်ပြီးလျှင်လက်ဖြင့် အလိုရှိရာ အိုးမျိုးသဏ္ဌာန် ဖြစ်စေရန် ပြုပြင်လေရာ ထိုရွှဲ့ခဲသည် ရေအိုးသဏ္ဌာန် ဖြစ်လာ၏၊ ထိုသဏ္ဌာန်သည် အတ္ထပညတ် မည်၏၊ ထိုသဏ္ဌာန်ဟူသော အတ္ထပညတ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုသဏ္ဌာန်မှာ ဃဋ-ဟူသော သဒ္ဒ ပညတ် သည်လည်း ကပ်ရောက်လာ၏၊

ထိုအိုးသည် မြေမှုန့်ပကတိ ပြန်၍ မဖြစ်သမျှ ကာလပတ်လုံး ထိုသဏ္ဌာန်သည် မပျက်၊ ထိုသဏ္ဌာန် မပျက်သမျှ ကာလပတ်လုံး ထိုအိုးမှာ ထိုသဒ္ဒပညတ် မပျက်။

အကြင်အခါ၌ ထိုအိုးကိုခွဲ၍ မြေမှုန့်မြေခဲ ပကတိ ပြန်၍ဖြစ်စေရန် ပြုလုပ်သဖြင့် ထိုမြေမှုန့်မှာ အိုးလုပ်သမား၏ ပြုပြင်ချက်သည် ကွယ်ပျောက်၏၊ မြေမှုန့်ပကတိ ပြန်၍ဖြစ်၏၊ ထိုအခါ ထိုအိုး သဏ္ဌာန် ဟူသော အတ္ထပညတ်သည် ကွယ်ပျောက်၏၊ ထိုအတ္ထပညတ် ကွယ်ပျောက်သည်နှင့် တစ်ပြိုင်နက် ဃဋ-ဟူသော သဒ္ဒပညတ် သည်လည်း ထိုမြေမှုန့်မှာ ကွယ်ပျောက်လေ၏၊ မည်သူ တစ်ယောက်မျှ ထိုမြေမှုန့်ကို ဃဋ-ဟူ၍ မထင်ကြကုန်ပြီ၊ မခေါ်ကြကုန်ပြီ။

ဤဝတ္ထု၌။ ။မြေမှုန့်သည် အိုးသဏ္ဌာန်မဟုတ်၊ အိုးသဏ္ဌာန်သည်မြေမှုန့် မဟုတ်၊ မြေမှုန့်သည်ကား တစ်ခြား၊ အိုးသဏ္ဌာန်သည်ကား တစ်ခြား၊ မြေမှုန့်သည် အိုးထိန်းသမားလုပ်၍ ဖြစ်လာသည် မဟုတ်၊ မဟာပထဝီ မြေကြီးမှ ဖြစ်လာ၏၊ အိုးသဏ္ဌာန်သည် မဟာပထဝီမြေကြီးမှ ဖြစ်လာသည် မဟုတ်၊ အိုးထိန်းသမားလုပ်၍ ဖြစ်လာ၏။

မြေမှုန့်သည် အိုးထိန်းသမား လက်သို့ မရောက်မီ ကလည်း မြေမှုန့်ပင် ဖြစ်၏၊ အိုးထိန်းသမား လက်သို့ ရောက်၍ ပြုပြင်စဉ် အခါ၌လည်း မြေမှုန့်ပင် ဖြစ်၏၊ ပြုပြင်ပြီးနောက် အိုးသဏ္ဌာန် ရှိနေစဉ် အခါ၌လည်း မြေမှုန့်ပင် ဖြစ်၏ တစ်ဖန် ထိုအိုးကိုခွဲ၍ ထိုသဏ္ဌာန် ကွယ်ပျောက်သည့် အခါ၌လည်း မြေမှုန့်ပင်ဖြစ်၏။

မြေမှုန့်သည် ပကတိ သဘာဝမျိုးဖြစ်၏၊ အိုးသဏ္ဌာန်သည် ပကတိ သဘာဝမျိုး မဟုတ်၊ စိတ်သညာတွင် မြေမှုန့် အပေါင်းအဖွဲ့ကို မှီကပ်၍ ထင်မြင်အပ်သော ပညတ်မျိုးသာ ဖြစ်၏၊ အိုးထိန်း သမား မပြုပြင်မီကလည်း ထိုမြေမှုန့်မှာ ထိုသဏ္ဌာန် ရှိနေသည်မဟုတ်၊ အိုးကိုစွဲ၍ မြေမှုန့် ပကတိ ဖြစ်ပြန်သော အခါ၌လည်း ထိုမြေမှုန့်မှာ ထိုသဏ္ဌာန်ရှိနေသည် မဟုတ်၊ ဃဋ-ဟူသော သဒ္ဒပညတ် သည်လည်း ထိုမြေမှုန့်မှာ ထို သဏ္ဌာန် ရှိခိုက်၌သာလျှင် ကပ်ရောက်လာ၏။

ဤမြေမှုန့်ကိုပင် တစ်ဖန်မြေခွက် လုပ်ပြန်လျှင် မြေခွက်သဏ္ဌာန် ပေါ်ပြန်၏၊ အမှုန့်ပြုလုပ်ပြန်လျှင် မြေခွက်သဏ္ဌာန် ကွယ်ပျောက်ပြန်၏၊ မြေမှုန့်အတိုင်း ပြန်၍ ဖြစ်ပြန်၏၊ ထိုမြေမှုန့်ကိုပင် လူရုပ် လုပ်ပြန်လျှင် လူရုပ်သဏ္ဌာန် ပေါ်ပြန်၏၊ အမှုန့် ပြုလုပ်ပြန်လျှင် လူရုပ်သဏ္ဌာန်ကွယ် ပျောက်ပြန်၏၊ မြေမှုန့်အတိုင်း ပြန်၍ဖြစ်ပြန်၏။

[ဤနည်းအတိုင်း ထိုမြေမှုန့်ကိုပင် အဆင့်ဆင့် အရုပ်မျိုးတစ်ရာ အရုပ်မျိုး တစ်ထောင်လုပ်၍ကြည့်။]

အဆုံး၌ မြေမှုန့်အတိုင်း ပြန်၍ဖြစ်လျှင် ထိုမြေမှုန့်ကို မြေကြီး အတွင်းသို့ ပြန်၍ပို့ထားက မြေကြီး ပကတိအတိုင်း အတည် ကျပြန်လေ၏၊ အလယ်၌ ပြုလုပ်သမျှသော အိုးသဏ္ဌာန်, ခွက်သဏ္ဌာန်, လူရုပ်သဏ္ဌာန် စသည်တို့သည် မျက်လှည့်ပြရာတွင် ထင်မြင်ရသော အထည်ဝတ္ထု တွေနှင့် တူလှ လေကုန်၏။

[ထို့ကြောင့်ပင်လျှင် စိတ်ဝိညာဏ်ကို မျက်လှည့်သည်ကြီးများနှင့် တူကြောင်း မြတ်စွာဘုရားကြီး ဟောတော်မူပေ၏။]

စိတ်ဝိညာဏ်သည် မျက်လှည့်သည်ကြီးများနှင့် တူပုံ

မျက်လှည့်သည်ကြီးများသည် မြင့်ရာ၌နေသော သူတို့အား အောက်၌ ကောင်းကင်ကို မြေပြင် ထင်ရအောင် ပြုလုပ်တတ်၏၊ ထိုသူတို့သည်မြေပြင်ထင်၍ ဆင်းကြကုန်ရာ တည်ရာမရ အောက်သို့ ကျ၍ သေဆုံးတတ်ကြကုန်၏၊ ရေပြင်ကို မြေပြင် ထင်ရအောင် ပြုလုပ်တတ်ကြ ကုန်၏၊ မြေပြင် ထင်၍ ဆင်း-နင်း ကြကုန်ရာ ရေနစ်၍ သေဆုံးတတ်ကြကုန်၏။

သတ္တဝါတို့၏ စိတ်ဝိညာဏ်သည် ထိုမျက်လှည့်သည်ကြီးများနှင့် အလွန်တူလှ၏၊ ထိုအိုးဝတ္ထု သဏ္ဌာန် ပညတ်သည် ကောင်းကင်နှင့်တူ၏၊ ကောင်းကင်ကို မြေပြင် ထင်ရအောင် ပြုလုပ် တတ်သော မျက်လှည့်သည်ကြီး ကဲ့သို့ သတ္တဝါတို့၏ စိတ်ဝိညာဏ်သည် ထိုသဏ္ဌာန်ပညတ်ကိုပင် အထည်ဝတ္ထုကြီး ထင်ရအောင် ပြတတ်ကုန်၏။

စိတ်ဝိညာဏ်၏ အကြီးအကျယ် လှည့်စားမှုကြီးကို မသိကြကုန်သော သူတို့သည် ဘာမျှမှ မရှိသော ကောင်းကင်ကို မြေပြင်ကြီး ထင်မြင်ကြသောသူတို့ကဲ့သို့ လောက၌ စိတ်ဝိညာဏ်၏ လှည့်စားမှုနှင့် ထင်ပေါ်ထင်ရှား၍ နေကုန်သော သက်ရှိသက်မဲ့ ဝတ္ထုကြီးငယ် အထည်ဒြဗ် ပညတ်သဏ္ဌာန်တို့ကို အဟုတ်အမှန် ထင်မှတ် စွဲလမ်း၍ နေကြကုန်၏။

[ဤကားပရမတ်သဘောမှ အလွတ်ဖြစ်သော သဒ္ဒပညတ်နှင့် အတ္ထပညတ်ကို ပြဆိုခြင်းတည်း။]

ပရမတ်သဘောမှ မလွတ်သော သဒ္ဒပညတ်နှင့် အတ္ထပညတ်

စိတ္တ, ဝိညာဏ, ဖဿ, ဝေဒနာ, ပထဝီ, အာပေါ, စက္ခု, သောတ, ရူပ, သဒ္ဒ-အစရှိသော သဒ္ဒပညတ် တို့သည်မူကား ကြံခြင်း, သိခြင်း, တွေ့ခြင်း, ခံစားခြင်း, ခက်မာခြင်း, ဖွဲ့စေးခြင်း, မျက်စိမှာရှိသော အကြည်ဓာတ်, နားမှာရှိသော အကြည်ဓာတ်, အဆင်းဓာတ်, အသံဓာတ် - အစရှိကုန်သော သဘော အားဖြင့် ထင်ရှားရှိကုန်သော ပရမတ္ထသဘာဝ အနက်တို့ကိုပြဆို ကြပေကုန်သော သဒ္ဒပညတ် တို့ပေတည်း။

၁။ အနက်တို့ကား ပရမတ်တို့ပေတည်း။
၂။ သဒ္ဒါတို့ကား ပညတ်တို့ပေတည်း။

သဒ္ဒါဆိုသော်လည်း ဤ “ပလေတိုး” ၏စကား၌ နားဖြင့်ကြားကောင်းသော ပရမတ်သဒ္ဒါရုံကို ဆိုသည်မဟုတ်၊ စိတ်သညာထဲတွင် သိမှတ်၍နေကြသော နာမပညတ်ကို သဒ္ဒပညတ် ဆိုသတည်း၊ ထိုအတ္ထပညတ် သဒ္ဒပညတ်များသည် နိစ္စမျိုးဖြစ်၍ မြဲသည်ဟု ဆိုရ၏။

အဘယ့်ကြောင့် နိစ္စမျိုး ဖြစ်သနည်း ဟူမူ-

ဖြစ်သည်, ရင့်သည်, ပျက်သည် ဟူ၍ဆိုရန် ဓာတ်သား ဝတ္ထုမျှ မရှိမူ၍ မျက်လှည့်အတတ်၏ အစွမ်းဖြင့် ကောင်းကင်ကို မြေပြင်ကြီး ထင်သကဲ့သို့ စိတ်ဝိညာဏ် မျက်လှည့်၏ အစွမ်းဖြင့် ထင်ရသော အရာမျိုး ဖြစ်ချေ၍ ကောင်းကင်ကဲ့သို့ မြဲသည်ဟု ဆိုရလေသတည်း။

မြဲပုံကား။ ။အိုးတစ်ခုကွဲပျက်၍ ထိုအိုးအတွက် ဃဋ-သဒ္ဒါ ကွယ်ပျောက် သော်လည်း ရှိနေကြသော အိုးများအတွက် လူတို့၏စိတ် သညာထဲမှာ ဃဋ-ဟူသော နာမပညတ် အမှတ်အသိ ရှိမြဲရှိကြ သည်သာ ဖြစ်၏။

[ဤကဲ့သို့ ရှိမြဲရှိသည်ကို မြဲသည်ဟု ဆိုပေသည်။]

ပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံခြင်း သဘောသည် မူကား ထိုသဒ္ဒ ပညတ်, အတ္ထပညတ်များကဲ့သို့ နိစ္စမျိုး မဟုတ်ပေ၊ အကြောင်းမူကား အထက်က ထုတ်ပြခဲ့သော ဒေါသဝတ္ထု, မေတ္တာဝတ္ထုတို့၌ ဒေါသ ဟူသော ပရမတ် အစစ်မှ ဖြစ်ပွါးသော ဆက်ဆံမှုသည် ထိုဒေါသ ချုပ်ပျောက်ကင်း ငြိမ်း၍သွားလျှင် ထိုဆက်ဆံမှု သည်လည်း ချုပ်ပျောက်သည်သာ ဖြစ်၏။

[မေတ္တာဝတ္ထု၌လည်း ထို့အတူတည်း။]

ကြွင်းသော နာမ်ပစ္စည်း, ရုပ်ပစ္စည်း တို့မှာလည်း ထိုထို နာမ် ပစ္စည်း, ရုပ်ပစ္စည်းတို့မှ ဖြစ်ပွါးကြသော ဆက်ဆံမှုတို့သည် အရင်းခံဖြစ်သော ထိုထို နာမ်ပစ္စည်းတရား, ရုပ်ပစ္စည်းတရား ချုပ်ဆုံး၍ သွားကြလျှင် ချုပ်ဆုံးကြကုန်၏။

သို့သော် အာရမ္မဏပစ္စည်း, ဥပနိဿယပစ္စည်း, ကမ္မပစ္စည်းတို့မှ ဖြစ်ပွါးကြကုန်သော ဆက်ဆံမှု တို့သည်မူကား ပစ္စည်းတရားရင်း ချုပ်၍ သွားသော်လည်း ကာလမြင့်ကြာ တည်ရှိသည်လည်း ရှိကြ ကုန်၏။

ပညတ်ပစ္စည်း, နိဗ္ဗာန်ပစ္စည်းတို့မှ ဖြစ်ပွါးသော ဆက်ဆံမှုတို့သည် မူကား ထိုပညတ်တရား, နိဗ္ဗာန် တရားတို့ကို သိကြသူတို့ ရှိနေခိုက်၌သာ တည်ရှိနိုင်ကြကုန်၏၊ သိကြသူတို့ မရှိကြလျှင် ကွယ်ပျောက် ကြရကုန်၏။

တတီယ စကားခွန်းအဖြေ ပြီး၏။

စတုတ္ထစကားခွန်း အဖြေ

၄။ “၎င်းဆက်ဆံခြင်း သဘောတရားသည် နာမ်တရားလည်း မဟုတ်၊ ရုပ်တရားလည်း မဟုတ် ဘဲလျက် အစဉ်အမြဲ တည်၍နေသော တရားဖြစ်ကြသည် “ ဟူသော စကား၌ ---

တတီယအဖြေတွင် နာမ်ပစ္စည်းမှ ဖြစ်ပွါးသော ဆက်ဆံခြင်းကို နာမ်တရား၌ ထည့်သွင်းခဲ့ပြီ၊ ရုပ်ပစ္စည်းမှ ဖြစ်ပွါးသောဆက်ဆံခြင်းကို ရုပ်တရား၌ ထည့်သွင်းခဲ့ပြီ၊ နိဗ္ဗာန်ပစ္စည်း, ပညတ်ပစ္စည်း တို့မှ ဖြစ်ပွါးသော ဆက်ဆံခြင်း သဘောတို့မှာလည်း ထိုနည်းအတူ ထည့်သွင်းရမည်။

[“ပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံခြင်း” ဟူသောစကား၌ ပစ္စယုပ္ပန် ဆိုသည်ကား ရုပ်တရားမျိုးနှင့် သင်္ခတဖြစ်သော နာမ်တရားမျိုး ဟူ၍ နှစ်မျိုးသာ ရှိကြောင်းကို ပြဆိုခဲ့ပြီ။]

သင်္ခတတရားတို့၏ အထဲမှာ ပစ္စည်းတရား များသည်လည်း အနိစ္စ ဖြစ်ကြ၏၊ ပစ္စယုပ္ပန် တရား များသည်လည်း အနိစ္စဖြစ်ကြ၏၊ ပစ္စည်းနှင့် ပစ္စယုပ္ပန် အလယ်၌ ဆက်သွယ်ရသော ဆက်ဆံခြင်း သဘောသည် အဘယ်မှာ အစဉ်အမြဲ တည်နိုင်ချေအံ့နည်း။

စတုတ္ထ စကားခွန်းအဖြေ ပြီး၏။
ဘာတရင်ရာဆယ်၏ စကားလေးခွန်း အဖြေ ပြီး၏။

မြတ်စွာဘုရား ဝိဘဇ္ဇဝါဒီ ဟုတ် - မဟုတ် အဖြေ

ဝန်ထောက်မင်း ဦးရွှေစံအောင်က မြန်မာသက္ကရာဇ် ၁၂၇၆-ခု တန်ခူးလဆန်း ၈-ရက် မော်လမြိုင်မြို့ လယ်တီဆရာတော်ဘုရားကြီးထံ လျှောက်လွှာ-

မြောင်းမြမြို့ အခွန်ဝန် - ရွှေစံအောင် ရိုသေစွာ လျှောက်ပါသည် ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီး ဘုရား။

ကထာဝတ္ထုကျမ်းတွင် မြတ်စွာဘုရားကိုယ်တော်တိုင် “ဝိဘဇ္ဇဝါဒီ “ ဟု ဝန်မခံဘဲနှင့် အဋ္ဌကထာဆရာ ရှင်ဗုဒ္ဓဃောသ နိဒါန်းတွင် ဓမ္မာသောကမင်းကြီးက မေးလေရာ ---

ရဟန်းတော်များက မြတ်စွာဘုရားသည် “ဝိဘဇ္ဇဝါဒီ” ဖြစ်တော်မူသည်ဟု ဖြေကြရာ၊ မင်းကြီးက တိဿမထေရ်အား မြတ်စွာဘုရားသည် “ဝိဘဇ္ဇဝါဒီ” ဖြစ်တော်မူသည် ဟုတ်ပါသလော ဟု လျှောက်ထားပြန်သောအခါ “အာမ မဟာရာဇ” ဟူ၍ “ဝိဘဇ္ဇဝါဒီ” ဖြစ်တော်မူသည် မှန်၏ ဟု တိဿမထေရ်က သက်သေခံပေ၏။

ထိုစကားနှစ်ရပ် ထွေးယှက်လျက်ရှိပါသည်၊ မြတ်စွာဘုရားသည် “ဝိဘဇ္ဇဝါဒီ” ဟုတ်ပါသလော, မဟုတ်ပါသလော၊ ရှင်းလင်း ဖြေကြားတော်မူပါ ဘုရား။

ဦးရွှေစံအောင် လျှောက်ချက်ပြီး၏။

လယ်တီဆရာတော်ဘုရားကြီး ဖြေကြားတော်မူချက်

မောင်ရွှေစံအောင်၏ လျှောက်လွှာပါစကား၌ “မြတ်စွာဘုရားသည် ကိုယ်တော်တိုင် “ဝိဘဇ္ဇဝါဒီ” ဟု ဝန်မခံသော်လည်း “ဝိဘဇ္ဇဝါဒီ” ပင် အမှန်ဖြစ်တော်မူ၏”။

ဝါဒီ-သဒ္ဒါကို “အယူရှိသည်” ဟု ပြန်ကြသော အနက်သည် သဒ္ဒါ၏ အနက်ရင်း မဟုတ်၊ ပေါ့လျှံစွာ ပြန်ကြသော ရူဠှီဝေါဟာရ အနက်မျှသာ ဖြစ်၏၊ သဒ္ဒါ၏ အနက်ရင်းမှာမူကား “ဟောလေ့ရှိသည်” ဟူ၍ ပြန်ကြသော အနက်သည်သာလျှင် သဒ္ဒါ၏အနက်ရင်း ဖြစ်၏။

[“ဝိဘဇ္ဇဝါဒီ - ဝေဖန်ထိုက်သော တရားတို့ကို ဝေဖန်၍ ဟောတော်မူလေ့ ရှိတော်မူ၏”ဟု ပြန်ဆို ရမည်။]

မောင်ရွှေစံအောင်ဉာဏ်၌မူကား။ ။ တိတ္ထိတို့နှင့် ဖက်စပ်၍ မေးရာတွင် လာရှိသည့် အတွက်ကြောင့် ထွေးယှက်၍ သွားလေသည်၊ ထိုးထွင်း၍ သိတတ်သော ဉာဏ်ပညာ ဖြင့်သာလျှင် ပရမတ် ဆတ်ဆတ်ကို သိနိုင်သည်။

“ခွဲခြမ်းဝေဖန်၍ သိတတ်သော ဉာဏ်ပညာမျိုးနှင့် မူကား ပရမတ် ဆတ်ဆတ်ကို မသိနိုင်၊ လောကီအရာ သမ္မုတိသစ္စာကိုသာ သိစွမ်းနိုင်သည်” ဟူသော ပြင်သစ်ဆရာ “ ဘာဂ်ဆင် “ ၏ စကားမှာလည်း-

၁။ ထိုးထွင်း၍ သိရုံမျှသာ သိတတ်၏၊ ခွဲခြမ်းဝေဖန်၍မူကား မသိတတ်သော ဉာဏ်မျိုးလည်း ရှိ၏။

[ပစ္စေကဗုဒ္ဓါတို့၏ ဉာဏ်မျိုးပေတည်း။]

၂။ ထိုးထွင်း၍လည်း သိတတ်၏၊ ခွဲခြမ်းဝေဖန်၍လည်း သိတတ်သော ဉာဏ်မျိုးလည်း ရှိ၏။

[မြတ်စွာဘုရားတို့၏ သဗ္ဗညုတဉာဏ်, ပဋိသမ္ဘိဒါဉာဏ်တော်များ ပေတည်း။]

ဗောဓိမဏ္ဍိုင်အနီး ရတနာဃရ သတ္တာဟတွင် အဘိဓမ္မာ ၇-ကျမ်းကို သုံးသပ်တော်မူသောအခါ၌ သဗ္ဗညုတဉာဏ်တော်၏ ထိုးထွင်းခြင်းကိစ္စ, ခွဲခြမ်းဝေဖန်ခြင်း ကိစ္စသည် ထင်ရှား၏၊ ထိုအဘိဓမ္မာ ၇-ကျမ်းကို တာဝတိံသာမှာ ဟောတော်မူသော အခါ၌ ပဋိသမ္ဘိဒါ ဉာဏ်တော်၏ ၎င်းကိစ္စနှစ်ပါး သည် ထင်ရှား၏။

[သဗ္ဗညုတ ဉာဏ်တော်ဖြင့် ဟောတော်မူသည် ဟူ၍လည်း လာရှိ၏၊]

ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့ကို အကျဉ်းအားဖြင့် ပြဆိုမည်

▬▬▬▬▬▬▬▬▬▬

ပဋိသမ္ဘိဒါ ဟူသောစကား၌ -

ပဋိ သဒ္ဒါသည်။ ။ ဝိသုံဝိသုံ အနက် ရှိ၏၊ အသီးအသီး ဆိုလိုသည်။

သံ သဒ္ဒါသည်။ ။ သမ္မာ အနက်, သုဋ္ဌု အနက်ရှိ၏၊ ကောင်းစွာ, ဖြောင့်မှန်စွာ ဆိုလိုသည်။

ဘိဒ သဒ္ဒါသည်။ ။ ခွဲခြမ်းဝေဖန်ခြင်း အနက်ရှိ၏။

ပဋိ ဝိသုံ ဝိသုံ သံ သုဋ္ဌု ဘိန္ဒန္တိ ဝိဘာဇေန္တိ အရိယာ ဇနာ ဧတာယာတိ ပဋိသမ္ဘိဒါ “ ။

အရိယာဇနာ - အရိယာ ပုဂ္ဂိုလ်တို့သည်၊
ဧတာယ - ဤပညာဖြင့်၊
ပဋိ ဝိသုံ ဝိသုံ - အသီးအသီး၊
သံ-သုဋ္ဌု - ကောင်းစွာ၊
ဘိန္ဒန္တိ ဘာဇေန္တိ - ခွဲခြမ်း ဝေဖန်နိုင်ကြကုန်၏၊
ဣတိတသ္မာ - ထိုသို့အသီးအသီး ကောင်းစွာ ခွဲခြမ်းဝေဖန်နိုင်ကြောင်း ဖြစ်သောကြောင့်၊
ပဋိသမ္ဘိဒါ - ပဋိသမ္ဘိဒါ မည်၏။

ထိုပဋိသမ္ဘိဒါဉာဏ်သည်-

၁။ အတ္ထပဋိသမ္ဘိဒါဉာဏ် တစ်ပါး,
၂။ ဓမ္မပဋိသမ္ဘိဒါဉာဏ် တစ်ပါး,
၃။ နိရုတ္တိပဋိသမ္ဘိဒါဉာဏ် တစ်ပါး,
၄။ ပဋိဘာနပဋိသမ္ဘိဒါဉာဏ် တစ်ပါး,
ဟူ၍ လေးပါးရှိ၏။

(၁) အတ္ထပဋိသမ္ဘိဒါ

▬▬▬▬▬▬

အတ္ထပဋိသမ္ဘိဒါ - ဟူသောစကား၌ အတ္ထသည် ငါးပါး ရှိ၏။

၁။ ဘာသိတတ္ထ တစ်ပါး,
၂။ ပစ္စယုပ္ပန္နတ္ထ တစ်ပါး,
၃။ ဝိပါကတ္ထ တစ်ပါး,
၄။ ကိရိယတ္ထ တစ်ပါး,
၅။ နိဗ္ဗာနတ္ထ တစ်ပါး,

ထိုငါးပါးတို့တွင်-

၁။ “ဘာသိတတ္ထ” ဆိုသည်ကား ဘုရားစကားတော်ဖြစ်သော မာဂဓဘာသာ သဒ္ဒါသည် ဟောအပ် သော အနက်တည်း။

၂။ “ပစ္စယုပ္ပန္နတ္ထ” ဆိုသည်ကား ပဋိစ္စသမုပ္ပါဒ်နည်း, ပဋ္ဌာန်းနည်းတို့၌ ပစ္စည်း, ပစ္စယုပ္ပန် အစုံအစုံ ရှိကြသည်တွင် ပစ္စယုပ္ပန် တရားစုကို ဆိုသတည်း။

၃။ “ဝိပါကတ္ထ” ဆိုသည်ကား ကံကြောင့်ဖြစ်သော ဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ် တရားစုကို ဆိုသတည်း။

၄။ “ကိရိယတ္ထ” ဆိုသည်ကား အာဝဇ္ဇန်းဒွေ- အစရှိသော ကြိယာ စိတ်, စေတသိက် တရားစုကို ဆိုသတည်း။

၅။ “နိဗ္ဗာနတ္ထ” ဆိုသည်ကား အသင်္ခတ ဓာတ်မြတ်ဖြစ်သော နိဗ္ဗာန်တရားကို ဆိုသတည်း။

[ဤသို့လျှင် အတ္ထငါးပါး ရှိသောကြောင့် အတ္ထပဋိသမ္ဘိဒါ ဉာဏ်သည်လည်း ငါးပါးပင်ရှိ၏။]

ထို ငါးပါးတို့တွင် -

၁။ “ ဘာသိတတ္ထ ပဋိသမ္ဘိဒါဉာဏ် “ ဆိုသည်ကား ပိဋကတ်သုံးပုံ ပါဠိတော်စကားကို ကြားခဲ့လျှင် မသင်ဘူးဘဲနှင့်ပင် ကြားကြား သမျှသော ပါဠိတော်၏ အနက်ကို ဖြစ်ထိုက်သော နည်းအမျိုးမျိုးနှင့် ဝေဖန်နိုင်သည့်တိုင်အောင် သိနိုင်သော ဉာဏ်ပေတည်း။

၂။ “ပစ္စယုပ္ပန္နတ္ထ ပဋိသမ္ဘိဒါဉာဏ် “ ဆိုသည်ကား ပစ္စည်း စကားကို ကြားခဲ့လျှင် မသင်ဘူး ဘဲနှင့်ပင် ကြားကြားသမျှသော ပစ္စည်း၏ ပစ္စယုပ္ပန်ကို သိနိုင်သော ဉာဏ်ပေတည်း။

၃။ “ ဝိပါကတ္ထ ပဋိသမ္ဘိဒါဉာဏ် “ ဆိုသည်ကား ထိုထိုကုသိုလ် ကံ အကုသိုလ်ကံ စကားကို ကြားခဲ့လျှင် မသင်ဘူး ဘဲနှင့်ပင် ထိုထိုကံ၏ အကျိုးကို အမှန်သိနိုင်သော ဉာဏ်ပေတည်း။

၄။ ကိရိယတ္ထပဋိသမ္ဘိဒါဉာဏ် ဆိုသည်ကား ကောင်းကျိုး မကောင်းကျိုး မျိုးလည်း မဟုတ်၊ ကောင်းကျိုး, မကောင်းကျိုးကို ဖြစ်စေတတ်သည်လည်း မဟုတ်၊ အလွတ်ဖြစ်သော အာဝဇ္ဇန်းဒွေ အစရှိသော ကြိယာမျိုးကို မသင်မကြားဘဲနှင့်ပင် သိနိုင်သော ဉာဏ်ပေတည်း။

၅။ နိဗ္ဗာနတ္ထပဋိသမ္ဘိဒါဉာဏ် ဆိုသည်ကား မဂ်တရားကို ကြားခဲ့လျှင် ထိုမဂ်အား ထိုက်တန်သော ဖိုလ်တရား, နိဗ္ဗာန်တရားကို သိနိုင်၏။

[ထိုနှစ်ပါးတို့တွင် ဖိုလ်တရားကိုသိမှုသည် ဝိပါကတ္ထပဋိသမ္ဘိဒါတွင် ပါဝင်လေပြီ။]

အတ္ထပဋိသမ္ဘိဒါ ငါးပါး ပြီး၏။

(၂) ဓမ္မပဋိသမ္ဘိဒါ

▬▬▬▬▬

ဓမ္မပဋိသမ္ဘိဒါ ဟူသောစကား၌ ဓမ္မသည် ငါးပါးရှိ၏။

၁။ ဘာသိတဓမ္မ တစ်ပါး,
၂။ ပစ္စယဓမ္မ တစ်ပါး,
၃။ ကုသလဓမ္မ တစ်ပါး,
၄။ အကုသလဓမ္မ တစ်ပါး,
၅။ အရိယမဂ္ဂဓမ္မ တစ်ပါး

ထိုငါးပါးတို့တွင်

၁။ ပိဋကတ်သုံးပုံပါဠိတော်သည် “ဘာသိတဓမ္မ” မည်၏။

၂။ ပဋ္ဌာန်းနည်း, ပဋိစ္စသမုပ္ပါဒ်နည်းတို့၌ ပစ္စည်း, ပစ္စယုပ္ပန် အစုံအစုံရှိကြသည်တွင် ပစ္စည်းတရားစုကို ပစ္စယဓမ္မ ဆိုသည်။

[ကျန်ရှိသော ဓမ္မသုံးပါး ထင်ရှားပြီ။]

ဤသို့လျှင် ဓမ္မ ငါးပါး ရှိသောကြောင့် ဓမ္မပဋိသမ္ဘိဒါ ဉာဏ်သည်လည်း ငါးပါး ရှိ၏။

ထိုငါးပါးတို့တွင်-

၁။ ဘာသိတဓမ္မ ပဋိသမ္ဘိဒါဉာဏ် ဆိုသည်ကား အတ္ထသဘာဝကို ကြားသိရလျှင် မသင်မကြား ဘူးဘဲနှင့်ပင် ထိုအတ္ထသဘာဝ အားလျော်ကန်သော ပါဠိဓမ္မဝေါဟာရကို ထုတ်ဖော်၍ သိနိုင်ခြင်း, ဟောနိုင်ခြင်းတည်း။

၂။ ပစ္စယဓမ္မ ပဋိသမ္ဘိဒါဉာဏ် ဆိုသည်ကား ပစ္စယုပ္ပန် ခေါ်သော ထိုထိုအကျိုးကို ကြားသိရလျှင် ထို အကျိုးတရား၏ ဟုတ်မှန်သော အကြောင်းတရားကို အလုံးစုံအားဖြင့်သော် လည်းကောင်း တစ်စိတ် တစ်ဒေသအားဖြင့်သော်လည်းကောင်း သိနိုင်ခြင်းတည်း ။

၃။ ကုသလဓမ္မပဋိသမ္ဘိဒါဉာဏ် ဆိုသည်ကား ကောင်းသောအကျိုးကို တွေ့မြင်ကြားသိရသည်ရှိသော် ထိုအကျိုး၏ အကြောင်း ဖြစ်သော ကုသိုလ်ဓမ္မကို သိနိုင်ခြင်းတည်း။

၄။ အကုသလဓမ္မပဋိသမ္ဘိဒါဉာဏ် ဆိုသည်ကား မကောင်းသော အကျိုးကို တွေ့မြင်ကြားသိရသည် ရှိသော် ထိုအကျိုး၏ အကြောင်းဖြစ်သော အကုသိုလ်ဓမ္မကို သိနိုင်ခြင်းတည်း။

၅။ အရိယမဂ္ဂဓမ္မ ပဋိသမ္ဘိဒါဉာဏ် ဆိုသည်ကား နိဗ္ဗာန်ဟူသော အတ္ထကို သိရသည်ရှိသော် ထိုနိဗ္ဗာန် သို့ရောက်ကြောင်းဖြစ်သော အရိယမဂ္ဂဓမ္မကို သိနိုင်ခြင်းတည်း။

ဓမ္မပဋိသမ္ဘိဒါ ငါးပါး ပြီး၏။

(၃) နိရုတ္တိပဋိသမ္ဘိဒါ

▬▬▬▬▬▬

နိရုတ္တိပဋိသမ္ဘိဒါ - ဟူသောစကား၌-

နိရုတ္တိ ဆိုသည်ကား။ ။ သဒ္ဒါဗျာကရိုဏ်းကျမ်း အစီအရင်မျိုးပေတည်း။

ဓမ္မပဋိသမ္ဘိဒါဉာဏ် တွင် ဘာသိတဓမ္မဟု ဆိုအပ်သော ပိဋကတ် သုံးပုံ ပါဠိဘာသာ စကားမျိုးတို့၌ သဒ္ဒါဗျာကဝရိုဏ်း ကျမ်းများကို မသင်မကြား ဘူးဘဲနှင့်ပင် သန္ဓိပုဒ်, နာမ်ပုဒ်, ကာရကပုဒ်, သမာသ်ပုဒ်, တဒ္ဓိတ် ပုဒ်, အာချာတ်ပုဒ်, ကိတ်ပုဒ်, ဥပသာရပုဒ်, နိပါတ်ပုဒ် - တို့ကို နေရာတကျ ရွတ်ဆိုနိုင်ခြင်းသည် နိရုတ္တိပဋိသမ္ဘိဒါ မည်၏။

နိရုတ္တိပဋိသမ္ဘိဒါ ပြီး၏။

(၄) ပဋိဘာနပဋိသမ္ဘိဒါ

▬▬▬▬▬▬▬

ပဋိဘာနပဋိသမ္ဘိဒါ - ဟူသောစကား၌-

ပဋိဘာန ဆိုသည်ကား။ ။ဉာဏ်ကိုပင်ဆို၏၊ ရှေးဉာဏ် သုံးပါး၏အလားကို သိနိုင်သောဉာဏ်သည် ပဋိဘာနပဋိသမ္ဘိဒါ မည်၏။

ဈာနသမာပတ္တိဝီထိ, မဂ္ဂဝီထိ, ဖလသမာပတ္တိဝီထိ တို့၏ နောက်၌ လိုက်ပါမြဲဖြစ်သော ပစ္စဝေက္ခဏာ ဉာဏ်ကဲ့သို့ ရှေးဉာဏ်သုံးပါးတို့၏ နောက်၌ လိုက်ပါမြဲဖြစ်သော ပဋိသမ္ဘိဒါ ဉာဏ်ပေတည်း။

ပဋိဘာနပဋိသမ္ဘိဒါဉာဏ် ပြီး၏။

ပဋိသမ္ဘိဒါဉာဏ် လေးပါးသည် အရိယာပုဂ္ဂိုလ်တို့မှာ အရိယာမဂ်ဉာဏ်ကို ရသည်နှင့်တစ်ပြိုင်နက် တစ်ချက်တည်း ပြီးစီးသော ဉာဏ်မျိုးပေတည်း၊

ပုထုဇဉ်ပုဂ္ဂိုလ် တို့မှာမူကား ထိုကဲ့သို့သော ဉာဏ်မျိုး သည် သင်ကြား မှတ်နာမှု ပြည့်စုံလုံလောက် ရှိမှသာ ဖြစ်နိုင်သည်၊ သင်ကြား မှတ်နာမှုနှင့် ဖြစ်သည်ကို ပဋိသမ္ဘိဒါဉာဏ်ဟူ၍ မဆိုရ၊ သုတမယ ဉာဏ်မျှသာ ဖြစ်၏။

ထို့ကြောင့် အဋ္ဌကထာ၌-

ဗဟုမ္ပိ ဥဂ္ဂဟေတွာ ပန ပုထုဇ္ဇနဿ ပဋိသမ္ဘိဒါပတ္တိနာမနတ္ထိ

[ဟူ၍ဆိုပေ၏။]

အရိယာပုဂ္ဂိုလ် ဖြစ်ခဲ့လျှင် လူဖြစ်စေ, ရှင်ဖြစ်စေ ပဋိသမ္ဘိဒါသို့ မရောက်သော ပုဂ္ဂိုလ် မရှိဟူ၍လည်း ဆို၏။

၁။ အရောက် သာမည တစ်ပါး,
၂။ အထူးရောက် တစ်ပါး, ဟူ၍ ၂-ပါးရှိ၏။

ပစ္စေကဗုဒ္ဓါများသည် သစ္စာလေးပါး အရာ၌ အကျဉ်းချုပ်အားဖြင့်

၁။ ပဋိသမ္ဘိဒါပတ္တ ချည်းဖြစ်ကြ၏၊သာဝကတို့တွင် အညံ့စားဖြစ်သော သာဝက တို့သည်လည်း ထို့အတူ။

[ဤကား ပဋိသမ္ဘိဒါပတ္တသာမည တည်း။]

၂။ ပဋိသမ္ဘိဒါပတ္တဝိသေသ ကိုမူကား အဋ္ဌကထာ၌ ပြဆိုလျက်ရှိ၏။

ဣမာ ပန စတေဿာ ပဋိသမ္ဘိဒါ ဒွီသု ဌာနေသု ပဘေဒံ ဂစ္ဆန္တိ သေက္ခဘူမိယဉ္စ အသေက္ခဘူမိယဉ္စ၊ ပဉ္စဟိ ကာရဏေဟိ ဝိသဒါ ဟොန္တိ အဓိဂမေနစ ပရိယတ္တိယာစ သဝနေနစ ပရိပုစ္ဆာယစ ပုဗ္ဗယောဂေနစ

၁။ အဓိဂမောနာမ အရဟတ္တံ

၂။ ပရိယတ္တိနာမ တေပိဋကဗုဒ္ဓဝစန ပရိယာပုဏနံ

၃။ သဝနံနာမ ဓမ္မသဝန ဗဟုလတာ

၄။ ပရိပုစ္ဆာနာမ တေပိဋကဋ္ဌကထာပရိစယနံ

၅။ ပုဗ္ဗယောဂေါနာမ အတီတဘဝေ ဗုဒ္ဓသာသနေ ခန္ဓာဒိဓ မ္မေသု သဝနဥဂ္ဂဟဓာရဏာဒိစ ဝိပဿနာ ကမ္မဋ္ဌာနေ ဗလဝဝိပ ဿနာပတ္တိစ

[ဤကား အကျဉ်းချုပ် ပြချက်တည်း။]

အကျယ်ကိုမူကား။ ။ အဘိဓမ္မာတွင် ပဋိသမ္ဘိဒါဝိဘင်း အဋ္ဌကထာ, သုတ္တန်တွင် ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ တို့၌ ယူလေ။

မြန်မာသက္ကရာဇ် ၁၂၇၆-ခု တန်ခူးလဆန်း ၈-ရက် လယ်တီဆရာတော် မော်လမြိုင်မြို့။ မြတ်စွာဘုရား ဝိဘဇ္ဇဝါဒီ ဟုတ်မဟုတ် အဖြေ ပြီး၏။

ကျောက်မြောင်း အတွင်းဝန်မင်းသို့ ပေးစာ

▬▬▬▬▬▬▬▬▬

မုံရွာမြို့ လယ်တီဆရာတော် အမိန့်ရှိလိုက်သည် ကျောက်မြောင်း အတွင်းဝန်မင်း။

ကင်းဝန်မင်းကြီးအိမ်ပေါ်တွင် --

“တစ်ခု တစ်ခုသော ကိလေသာတို့၏ ဝီတိက္ကမဘူမိ, ပရိယုဋ္ဌာနဘူမိ, အနုသယဘူမိ - ဟု ဆိုအပ်သော အဝတ္ထာဘူမိ - သုံးမျိုး ရှိသည်နှင့် အဓိသီလ, အဓိစိတ္တ, အဓိပညာ - တည်းဟူသော သာသနာတော်မြတ်ကြီး သုံးပါးကို တွဲဖက်၍ ပြောဟောရာ ကိလေသာတို့၏ အနုသယ အသိုက်အအုံ မူလဘုံကြီးကို သီလ, သမာဓိ လက်နက်တို့ဖြင့် ဖြိုဖျက်ခြင်းငှါ မတတ်ကောင်း၊ ဝိပဿနာပညာ လက်နက်ဖြင့်သာ ဖြိုဖျက်ခြင်းငှါ တတ်ကောင်းကြောင်းကို ပြောဆို၍ ဖြိုဖျက်ပုံ နည်းလမ်းကို မူကား မပြောမဆို ချန်လှပ်ခဲ့ရသည်”

ချန်လှပ်ခြင်း၏ အကြောင်းကား။ ။ ဖြိုဖျက်ပုံ နည်းလမ်း ဆိုသည်မှာ တစ်ခုခုသော ရုပ်ဓာတ်, တစ်ခုခုသော နာမ်ဓာတ်ကို မြန်မာစကားနှင့် ဉာဏ်အမြင် ပေါက်အောင် အထပ်တလဲလဲ ပြောဟော မှုကို ဆိုသည်၊ ထိုကဲ့သို့သော ပြောဟောနည်းများသည် မြန်မာနိုင်ငံတွင် အစဉ်အဆက် ဖြစ်ပေါ်ခဲ့ ဖူးသည် မထင်၊ သို့အတွက်ကြောင့် နားရိုင်းတွေ အလယ်မှာ ပြောခြင်းငှါ မတတ်ကောင်း ရှိသည်နှင့် ချန်လှပ်ခဲ့ပေသည်။

မတတ်ကောင်းကြောင်းကား။ ။ပရမတ္ထသဘာဝကို အကျိုး ဖြစ်ထွန်းရန် ကြံဖန်နည်းသည် အကြမ်းနည်း, အလတ်နည်း, အနုနည်း, အနုထက် အနုနည်း ဟူ၍ လေးထွေလေးရပ် ရှိ၏။

၁။ လောကဓာတ် ပညာအရာနှင့် ပေါက်ရောက်စွာ ကြံဖန်နည်းသည် အကြမ်းနည်း မည်၏။

၂။ အနာရောဂါ ဆေးပညာအရာနှင့် ပေါက်ရောက်စွာ ကြံဖန်နည်းသည် အလတ်နည်း မည်၏။

၃။ ဝေနေယျသာဝကတို့၏ ဝိပဿနာ ဉာဏ်ပညာအရာ ဖြစ်သော သုတ္တန်ဒေသနာ နည်းတို့နှင့် ပေါက်ရောက်စွာ ကြံဖန်နည်းသည် အနုနည်း မည်၏။

၄။ အဘိဓမ္မာခုနစ်ကျမ်း ပါဠိ, အဋ္ဌကထာ, ဋီကာနည်းလမ်းတို့နှင့် အလွန်ကျယ်ဝန်းစွာ စိတ်ဖြာ ဝေဖန်နည်းသည် အနုထက် အနုနည်း မည်၏။

ထို လေးနည်းပါးတို့တွင်--

၁။ အကြမ်းနည်း ၏ အရာမှာ အကြမ်းနည်းမှ နေရာကျသည်၊ အလတ်နည်း စသည်ကို တတ်သော် လည်း လောကဓာတ်ပညာမျိုးကို မကြံနိုင်။

၂။ အလတ်နည်း ၏ အရာမှာ အလတ်နည်းမှ နေရာကျသည်၊ အကြမ်းနည်း, အနုနည်းစသည်ကို တတ်သော်လည်း အနာရောဂါ ဓာတ်စာဆေးဝါးမျိုးကို မကြံနိုင်။

၃။ အနုနည်း ၏အရာမှာ အနုနည်းမှ နေရာကျသည်၊ အကြမ်းနည်း, အလတ်နည်း, အနုထက် အနုနည်းကို တတ်သော်လည်း သုတ္တန်နည်းမျိုးဖြစ်သော ဝိပဿနာလမ်းကို မကြံနိုင်။

၄။ အနုထက်အနုနည်း ၏ အရာမှာ အနုထက် အနုနည်းမှ နေရာကျသည်၊ အကြမ်းနည်း စသည်ကို တတ်သော်လည်း အဘိဓမ္မာ ခုနစ်ကျမ်း ပါဠိ, အဋ္ဌကထာ, ဋီကာနည်းလမ်းကို မကြံနိုင်။

[နည်းလမ်း လေးမျိုးတို့မှာ အသီးအသီး သူ့လမ်းစဉ်နှင့်သူ သူ့ဥပဒေနှင့်သူ ဖြစ်ကြသည်]

ဥပမာကား-- သံ - ဟူသောပထဝီဓာတ် တစ်မျိုးကို လောက၌ သူ့အမျိုးအစား အတိုင်းအတာ ပုံစံ စံနစ် နည်းလမ်းနှင့် သူအိမ်ရာတိုက်တာ ကိရိယာ, ရထား လှည်း လှေကိရိယာ, သမ္ဗန်, သင်္ဘော ကိရိယာ, စက်ကြီး စက်ငယ် ဟူသောကိရိယာ အကြမ်းမှုတို့မှစ၍ ဝိဇ္ဇာမယ- အာယုဝဍ္ဎနမှု တိုင်အောင် အကြမ်းနည်း, အလတ်နည်း, အနုနည်း, အနုထက် အနုနည်းတို့ဖြင့် ဉာဏ်စွမ်းရှိသမျှ လုပ်ကြံကြသကဲ့သို့တည်း။

ပရမတ္ထ ဓာတ်သဘာဝတို့ကို အတ္တဟိတ, ပရဟိတ အကျိုးစီးပွား ဖြစ်ထွန်းရန် လုပ်ကြံကြရာ၌--

ဥရောပတိုက် ပညာရှိတို့သည်။ ။လောကဓာတ်ပညာ အမျိုးမျိုးဟူသော အကြမ်းနည်း, အနာရောဂါ ဆေးပညာဟူသော အလတ်နည်းတို့ကို အကျိုးများစွာ ဖြစ်ထွန်းအောင် ကြံဆောင်နိုင်ကြ ပေကုန်၏၊ ဝိပဿနာ ဉာဏ်အရာဖြစ်သော အနုနည်း, အဘိဓမ္မာဉာဏ် အရာဖြစ်သော အနုထက် အနုနည်း, တို့ကိုမူကား ယခုကြံစပြုကာ ရှိကြကုန်သေးသည်။

ငါတို့မြန်မာ ကျမ်းတတ်ဆရာ ပညာရှိတို့သည်။ ။အဘိဓမ္မာ ဉာဏ်အရာ ဖြစ်သော အနုထက် အနုနည်းကိုသာ နိုင်နင်းစွာ ပေါက်ရောက် တတ်မြောက်အောင် ကြံဖန်နိုင်ကြကုန်၏၊ သုတ္တန် ဒေသနာတော် အရာဖြစ်သော ဝိပဿနာ အနုနည်း, အနာရောဂါ ဆေးပညာ အရာဖြစ်သော အလတ် နည်း, လောကဓာတ် ပညာအရာဖြစ်သော အကြမ်းနည်း တို့ကိုမူကား မကြံနိုင်ကြကုန်။

နည်းလေးပါးတို့တွင်---

တတီယနည်းနှင့် စတုတ္ထနည်းတို့၏ အထူးကား---

အလုံးစုံသော ပရမတ္ထဓမ္မတို့ကို အဘိဓမ္မာ ဒေသနာ နည်းအားဖြင့် ဟောတော်မူသည်မှာ သဗ္ဗညု ဘုရားတို့၏ သဗ္ဗညုတဉာဏ် အစွမ်းရှိတိုင်း လွှတ်၍ ဟောတော်မူသော နည်းသာတည်း၊ ကျွတ်ထိုက် သော ဝေနေယျတို့၏ ဉာဏ်နှင့် တိုင်းတာ၍ ချွေချွတ်ဖို့ရာ ဟောတော်မူသောနည်း မဟုတ်။

အဘိဓမ္မာ ခုနစ်ကျမ်းလုံးသည် ဥဒ္ဒေသမာတိကာ တစ်ခုသာ ဖြစ်၏၊ တစ်ခုတည်းသော ဣရိယာပုထ် ဖြင့် သုံးလပတ်လုံး ထိုင်နေ၍ ဒေသနာအစဉ် မပြတ်အောင်ဟောမှ ဥဒ္ဒေသ, နိဒ္ဒေသ, ပဋိနိဒ္ဒေသ ပြည့်စုံ ပြီးစီး၏၊ လူ့ပြည်၌ ထိုမျှလောက် နေထိုင်၍ နာနိုင်သူ မရှိ၊ နတ်, ဗြဟ္မာတို့သာ နာနိုင်ကုန်၏၊ ထို့ကြောင့် အဘိဓမ္မာဒေသနာ မည်သည် နတ်ပြည်၌သာ ဟောရိုးဖြစ်၏၊ လူ့ပြည်၌ဟောရိုး မဟုတ်။

ဒီဃနိကာယ်, မဇ္ဈိမနိကာယ်, သံယုတ္တနိကာယ် စသည်တို့၌ ပရမတ္ထ ဓမ္မတို့ကို သုတ္တန်ဒေသနာ နည်းအားဖြင့် ဟောတော်မူသည်မှာမူကား ကျွတ်ထိုက်သော ဝေနေယျတို့၏ ဉာဏ်နှင့် တိုင်းတာ၍ ချွေချွတ်ဖို့ရာ ဟောတော်မူသော နည်းသာတည်း၊ သဗ္ဗညုတဉာဏ် အစွမ်းရှိတိုင်း လွှတ်၍ ဟောတော်မူသော နည်းမဟုတ်။

[ဤမျှသော စကားရပ်တို့ဖြင့် သုတ္တန် ပိဋကတ်သည် ဝေနေယျတို့၏ ဉာဏ်နှင့်တန်ရုံ နေရာကျ တိုင်းတာ၍ ဝေနေယျတို့ကို ချွေချွတ်ဖို့ သက်သက် ဟောတော်မူသော ဒေသနာ ဖြစ်သည်ဟု သိသာ ထင်ရှား၏။]

ဥပမာကား

▬▬▬▬

၁။ အဘိဓမ္မာ ပိဋကတ်သည် ရန်ကုန်မြို့ ဘင်္ဂလားမြို့တို့၌ ကြေးငွေ အသိန်းများစွာနှင့် ဝယ်ယူ ဆိုင်တည်၍ ထားသော ဘယဆေး တိုက်ဆိုင် ကြီးနှင့်တူ၏။

၂။ အဘိဓမ္မာ လက်သန်း ကျမ်းငယ်များသည် ထိုတိုက်ဆိုင်ကြီးမှ တဆင့် ဝယ်ယူဆိုင်တည်၍ ထားသော မန္တလေး, မုံရွာ စသည်တို့၌ ရှိကြသော ဘယဆေး တိုက်ဆိုင်များနှင့် တူ၏။

၃။ အဘိဓမ္မာ ကျမ်းတတ် ဆရာများသည် ဘယဆေးကုန်သည်ကြီးများနှင့် တူ၏။

၄။ သုတ္တန်ပိဋကတ်သည် ဘေသဇ္ဇမဉ္ဇူသာကျမ်း, သာရကောမုဒိကျမ်း စသည်တို့မှ လာရှိသော နည်းလမ်းအတိုင်း လေးပါးစု, ငါးပါးစု စသည် စုပေါင်း, ထောင်းထု, ကြိုချက်၍ ဗူး, ပုလင်းတို့၌ ထည့်သွင်း၍ ဆေးအမည်, ထိုဆေးဖြင့် ပျောက်ငြိမ်းရာသော အနာအမည်, စာတမ်း နံပါတ် အသီးသီး တို့နှင့်တကွ အရာမက အထောင်မက ရှိနေကြသော ဆေးရုံကြီးငယ်တွေနှင့် တူ၏။

အနာရောဂါရှိကြသော သူတို့ကား ဘယဆေး ဆိုင်ကြီးငယ်သို့ သွား၍ အနာပျောက်ငြိမ်းခွင့် မရ၊ ဆေးရုံကြီး ငယ်သို့သွားမှ ပျောက်ငြိမ်းခွင့် ရကုန်သကဲ့သို့တည်း။

ဝေနေယျတို့၏ ဉာဏ်နှင့် တိုင်းတာ၍ ဟောတော်မူသည်ဆိုရာ၌လည်း-

ပဓာနဖြစ်သော တစ်ခုခုသောရုပ်, တစ်ခုခုသော နာမ်တရား၌ အသိဉာဏ်, အမြင်ဉာဏ်, အထင် ဉာဏ် ပေါက်ခဲ့လျှင် အပဓာန ဖြစ်သော ရုပ်, နာမ်တရားတို့သည် အတွင်းဝင်ဖြစ်၍ ပါလေကုန် တော့သည်၊ ခုခံ၍နေနိုင်တော့သည် မဟုတ်ကုန်။

ထို့ကြောင့် နိဒါနဝဂ္ဂသံယုတ် ပါဠိတော်မြတ်၌-

ကဗဠီကာရေ ဘိက္ခဝေ အာဟာရေ ပရိညာတေ အရိယ သာဝကဿ နတ္ထိ တံ သံယောဇနံ၊ ယေန သံယောဇနေန သညုတ္တော အရိယသာဝကော ပုန ဣမံ လောကံ အာဂစ္ဆေယျာ တိ ဝဒါမိ

[ဟူ၍ဟောတော်မူသည်။]

[ကဗဠီကာရ အာဟာရရုပ် တစ်ခု၌ ဉာတ, တိရဏ, ပဟာန-ဟူသော ပရိညာ သုံးပါးကို ပိုင်နိုင်စွာ သိလျှင် အနာဂါမိဖိုလ်သို့ ဆိုက်နိုင်၏ ဟူလို။]

ဖဿေ ဘိက္ခဝေ အာဟာရေ ပရိညာတေ တိဿော ဝေဒနာ ပရိညာတာ ဟောန္တိ၊ တီသု ဝေဒနာသု ပရိညာတာသု အရိယသာဝကဿ နတ္ထိ ကိဉ္စိ ဥတ္တရိ ကရဏီယန္တိ ဝဒါမိ

[၎င်းပါဠိတော်။]

ပရိညာတာ - အလိုလို ပိုင်နိုင်ကုန်တော့သည်၊ ဟောန္တိ - ဖြစ်ကုန်၏။

[ဖဿစေတသိက် တစ်ခု၌ ပရိညာသုံးပါး ပိုင်နိုင်လျှင် အရဟတ္တဖိုလ်သို့ ဆိုက်နိုင်၏ ဟူလို]

မနောသေဉ္စတနာယ ဘိက္ခဝေ အာဟာရေ ပရိညာတေ တိဿော တဏှာ ပရိညာတာ ဟောန္တိ၊ တီသုတဏှာသု ပရိညာ တာသု အရိယသာဝကဿ နတ္ထိ ကိဉ္စိ ဥတ္တရိ ကရဏီယန္တိ ဝဒါမိ

[၎င်းပါဠိတော်။]

ပရိညာတာ - အလိုလို ပိုင်နိုင်ကုန်တော့သည်၊ ဟောန္တိ - ဖြစ်ကုန်၏။

[စေတနာ စေတသိက်တစ်ခု၌ ပရိညာသုံးပါး ပိုင်နိုင်လျှင် အရဟတ္တဖိုလ်သို့ ဆိုက်နိုင်၏ ဟူလို။]

ဝိညာဏေ ဘိက္ခဝေ အာဟာရေ ပရိညာတေ နာမရူပံ ပရိညာတံ ဟောတိ၊ နာမရူပေ ပရိညာတေ အရိယသာဝကဿ နတ္ထိ ကိဉ္စိ ဥတ္တရိ ကရဏီယန္တိ ဝဒါမိ

[၎င်းပါဠိတော်။]

နာမရူပံ - ဝိညာဏ် မှကြွင်းသော နာမ်ဟူသမျှ, ရုပ်ဟူသမျှသည်၊
ပရိညာတံ - အလိုလို ပိုင်နိုင်ပြီး ဖြစ်လေတော့သည်၊
ဟောတိ - ဖြစ်၏။

[စိတ်တည်းဟူသော ဝိညာဏာဟာရ တစ်ခု၌ ပရိညာသုံးပါး ပိုင်နိုင်လျှင် အရဟတ္တဖိုလ်သို့ ဆိုက်နိုင်၏ ဟူလို။]

ထိုမှတစ်ပါး --

၁။ ဝေဒနာသံယုတ် စသည်တို့၌ ဝေဒနာစေတသိက် တစ်ခုပိုင်နိုင်လျှင် ပြီးစီးနိုင်သော ပါဠိတော်,

၂။ သုတ္တနိပါတ် ပါဠိတော်၌ “သညံ ပရိညာ ဝိတရေယျ သြဃံ” ဟူ၍ သညာစေတသိက် တစ်ခု ပိုင်နိုင်လျှင် ပြီးစီးနိုင်သော ပါဠိတော်,

ထိုမှတစ်ပါး---

၃။ နှစ်ခု ပိုင်နိုင်လျှင် ပြီးစီးနိုင်သော ပါဠိတော်,

၄။ သုံးခု ပိုင်နိုင်လျှင် ပြီးစီးနိုင်သော ပါဠိတော်,

၅။ လေးခု ပိုင်နိုင်လျှင် ပြီးစီးနိုင်သော ပါဠိတော်,

၆။ ငါးခု ပိုင်နိုင်လျှင် ပြီးစီးနိုင်သော ပါဠိတော်,

၇။ ခြောက်ခု ပိုင်နိုင်လျှင် ပြီးစီးနိုင်သော ပါဠိတော်,

ဤသို့လျှင် ပဓာနဖြစ်သော အချို့အချို့သော တရားတို့၌ ပရိညာ သုံးပါး ပိုင်နိုင်လျှင် အရဟတ္တ ဖိုလ်တိုင် ပြီးစီးနိုင်သော သုတ္တန် ပါဠိတော်များသည် ပြီးစီးကြသူ လူရှင်အစုစု ဝတ္ထု, နိဒါန်း အသီး အသီး တို့နှင့်တကွ သရဒဝယ် ကောင်းကင်လယ်၌ မိုးကြယ်အသွင် အလွန်ပင် ပေါများ ထင်ရှား လျက်ရှိ၏။

[ယင်းသို့ အချို့အချို့သော ပဓာနတရား၌ ပိုင်နိုင်လျှင်ပင် ကျွတ်လွတ် နိုင်သော သဘောသတ္တိ ထင်ရှားရှိလေသောကြောင့် မြတ်စွာဘုရား သည်လည်း ဝေနေယျ သတ္တဝါတို့၏ ဉာဏ်နှင့် လျော်စွာ တိုင်းတာ၍ ဟောတော်မူပေသတည်း။]

ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ပညာဘာဝနာဌာန ခန္ဓနိဒ္ဒေသ စသည်တို့၌ မူကား---

ဝိပဿနာ၏ ဘူမိဖြစ်သော ခန္ဓာငါးပါး စသည်တို့ကို အဘိဓမ္မာဒေနာ နည်းအားဖြင့် အကြွင်း အကျန် မရှိ အကုန်အစင် ထုတ်ဖော်ပြဆိုလျက်ရှိသည်မှာ ယောဂီပုဂ္ဂိုလ်တို့အား မိမိတို့ ဉာဏ်နှင့် သင့်လျော် ရာ ပဓာနဓမ္မကို ရွေးချယ် ကောက်ထုတ်၍ ယူကြစေခြင်းငှါ စုံလင်စွာ ထုတ်ဖော်ပြ ဆိုတော်မူသည်ဟု မှတ်ယူရမည်။

[ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ၌ ပြဆိုတိုင်းသော စိတ်တစ်ခု ယုတ်ကိုးဆယ်, စေတသိက် ဒွေပညာသ, ရုပ် အဋ္ဌဝီသတို့ကို လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန် ကိုယ်စီနှင့်တကွ အကုန်အစင်သိမှသာ ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်နိုင်သည်ဟု မမှတ် မယူအပ်။]

သင်္ဂြိုဟ် အဘိဓမ္မာ ကို ကောင်းစွာ တတ်သိသော အဘိဓမ္မာကျမ်းပြု ဆရာပင်ဖြစ်သော်လည်း မိမိသန္တာန်၌ရှိနေသော တစ်ခုခုသော ပဓာန ရုပ်ဓာတ်, ပဓာနနာမ်ဓာတ်တို့၌ ဒဿနဉာဏ် အမြင် မပေါက်သည် ရှိသော် ဒိဋ္ဌိဝိသုဒ္ဓိ ဉာဏ်မျှသို့ပင် မရောက်၊ ဝိပဿနာ ဉာဏ်နှင့်မူကား အလွန်ကွာ ဝေးလျက်ရှိ၏။

သင်္ဂြိုဟ်အဘိဓမ္မာ ပင် မတတ်သော်လည်း ပြဆိုခဲ့ပြီးသော သုတ္တန် ဒေသနာ နည်းအားဖြင့် ပဓာနဖြစ်သော တစ်ခုသောရုပ်, တစ်ခုသော နာမ်၌ ဉာဏ်အမြင် ပေါက်ခဲ့သည်ရှိသော် ဒိဋ္ဌိဝိသုဒ္ဓိ ဉာဏ်မှ စ၍ အရဟတ္တဖိုလ် ဉာဏ်တိုင်အောင် ပေါက်ရောက်နိုင်၏ဟု သန္နိဋ္ဌာန်ကျ မှတ်ယူရမည်။

[ယခုအခါ၌မူကား ဝိသုဒ္ဓိမဂ် အဋ္ဌကထာ, သင်္ဂြိုဟ် အဘိဓမ္မာ တို့ကို အကုန်အစင် တတ်သိမှ ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်နိုင်မည်ဟူ၍ မှတ်ယူလျက် ရှိကြကုန်၏၊ တတ်သိသူတို့မှာလည်း ပါရမီ မပြည့်သေး၍ လက္ခဏာ ရေးများကို မထင်နိုင်, မမြင်နိုင် ရှိကြသည်ဟု ပါရမီကို ချ၍ နေကြကုန်၏။]

၁။ ပရိယတ္တိဓမ္မ သုတမယ ဉာဏ်လမ်းကား တစ်လမ်း,

၂။ ပဋိပတ္တိဓမ္မ စိန္တာမယ ဉာဏ်လမ်းကား တစ်လမ်း,

စိန္တာမယ ဉာဏ်လမ်းကို ဉာဏ်အမြင်ပေါက်လမ်းဆိုသည်၊ အဘိဓမ္မာကျမ်းဂန်တို့ကို တတ်သိလိမ္မာ၍ ကျမ်းပြုဆရာပင် လုပ်နေသော်လည်း သုတမယ နယ်၌သာ မင်းဆရာ, စိုးဆရာ အဖြစ်နှင့် သေလွန် ကြ၍ စိန္တာမယနယ်သို့ မရောက်ကြသည့်အတွက် ဉာဏ်အမြင် မပေါက်သည်ကို သတိမမူမိကြကုန်။

စိန္တာမယနယ် ဆိုသည်ကား။ ။ အရညဂတ, ရုက္ခမူလဂတ, သုညာဂါရဂတ ပြုလုပ်၍ ပဓာနဓမ္မတို့ကို ဉာဏ်အမြင်ပေါက်ရောက်အောင် အားထုတ်သော အခွင့်ပေတည်း၊ ပဋိသန္ဓေဉာဏ်နုံ့နှေး၍ နေပြန် လျှင် အရညဂတပြုလုပ်၍ နှစ်ရှည်လများ အားထုတ်သော်လည်း စိန္တာမယဉာဏ်မပေါက်။

[ဤကား ဝေနေယျတို့၏ ဉာဏ်နှင့်လျော်ကန်လှသော သုတ္တန်ဒေသနာ နည်းများကို အလေးမပြု၊ တစ်ခုသောပဓာန ရုပ်ဓာတ်, တစ်ခုသော ပဓာနနာမ် ဓာတ်များကို ဉာဏ်အမြင် ပေါက်အောင် အားမထုတ်၊ ဝေနေယျတို့၏ ဉာဏ်အားနှင့်မတန် သဗ္ဗညုတဉာဏ်၏အရာ အဘိဓမ္မာဒေသနာနည်း ကိုသာ အလေးဂရုပြု၍ ဥသေးပေါက်ပြ မကျန်ရအောင် ဓမ္မအကျယ် မဆိုဖွယ်ကို ဉာဏ်ကြွယ်တိုင်း လိုက်စားမှုကြောင့် သုတမယနယ်က မတတ်နိုင်ကြသဖြင့် စိန္တာမယလမ်း အစဉ်အဆက် တိမ်မြုပ်၍ လာခဲ့ပုံကို ပြဆိုလိုက်သောအချက်တည်း။]

ယင်းသို့တိမ်မြုပ်၍ လာခဲ့သည့်အတွက်ကြောင့် ယခုအခါများ၌ ဤသည်ပင် ပထဝီဓာတ်တည်း, ဤသည်ပင် အနိစ္စလက္ခဏာ တည်းဟု အတတ်ကြီး ပြောဟောရန် အခွင့်များသည် နားရိုင်း၍ နေကြ လျက်ရှိ၏။

ပြောဟောရာ၌လည်း မြန်မာလူမျိုးဖြစ်ခဲ့လျှင် မြန်မာစကားနှင့် ရှမ်းလူမျိုးဖြစ်ခဲ့လျှင် ရှမ်းစကားနှင့် တစ်ခုသောဓာတ်ကို အထပ်တစ်လဲလဲ ပြောဟောမှ နေရာကျနိုင်သည်၊ ပထဝီ, ဖဿ - အစရှိသော ပါဠိဘာသာ အတိုင်းနှင့် ပြောဟော၍ နေရာမကျနိုင်၊ နားရိုင်းတွေ အလယ်မှာ မြန်မာစကားနှင့် အထပ်တစ်လဲလဲ ပြောဟောခြင်းငှါ မတတ်ကောင်းရှိသည်နှင့် ကိလေသာတို့၏ အနုသယ အသိုက် အအုံ မူလဘုံကြီးကို ဓမ္မဝဝတ္ထာန အစီအရင်နှင့်တကွ ဝိပဿနာ ဉာဏ်ပညာ လက်နက်ဖြင့် ဖြိုဖျက်ပုံ သဘောများကို မပြောသာလှ၍ ချန်လှပ်ခဲ့ရသည် အတွင်းဝန်မင်း---

[အလိုရှိလျှင် ဆရာတော်ရေးသား ရိုက်ထုတ်သည့် စာအုပ်များကို ရှာယူ၍ နှံ့စပ်စွာ ကြည့်ရှု ကြံစည်ပါလျှင် ဉာဏ်ပညာ ပါရမီအထူး ရှိသူဖြစ်၍ မကြာ မတင် အလျင်အမြန် ဉာဏ်အမြင် ပေါက်လိမ့်မည်ဟု ထင်မိပေသည်။]

မဂ်ကိစ္စ ၄-ပါး တစ်ပြိုင်နက် ပြီးစီးပုံ

▬▬▬▬▬▬▬

မဂ်ကိစ္စ ၄-ပါးတစ်ပြိုင်နက်ပြီးစီးပုံကို ဆီမီးတောက်ဥပမာဖြင့် ကျမ်းဂန်တို့၌ ပြပေ၏၊ ဆီမီးတောက် ဥပမာဆိုသည်ကား ဆီမီးတောက်သည် ၄-ပါးသောကိစ္စတို့ကို တစ်ပြိုင်နက် ပြီးစေနိုင်၏။

၄-ပါးသောကိစ္စတို့ ဆိုသည်ကား ---

၁။တိုက်ခန်းတွင်း၌ အလင်း၏ဖြစ်ပေါ်ခြင်းကိစ္စ တစ်ပါး,

၂။တိုက်ခန်းတွင်း၌အမိုက်မှောင်၏ ပျောက်ကင်းခြင်းကိစ္စ တစ်ပါး,

၃။ မီးစာ၏လောင်ကျွမ်းခြင်းကိစ္စ တစ်ပါး,

၄။ ဆီ၏ကုန်ခန်းခြင်းကိစ္စ တစ်ပါး,

[ဤလေးပါး တို့ပေတည်း။]

ဆီမီးသည် တောက်ထ၍လာသည်ရှိသော် ထိုကိစ္စ ၄-ပါးတို့ကို တစ်ပြိုင်နက် တစ်ချက်တည်း ပြီးစေနိုင်၏။

ပြီးစေပုံကား ---

၁။ ဆီမီးတောက် ထသည်နှင့်တစ်ပြိုင်နက် အလင်းကို ဖြစ်စေနိုင်၏။

၂။ အမိုက်မှောင်တို့ကို ကင်းပျောက်စေနိုင်၏။

၃။ မီးစာကို ကျွမ်းစေမှု။

၄။ ဆီကုန်ခန်းစေမှုတို့ကိုလည်း တစ်ပြိုင်နက်ပင် ပြီးစေနိုင်၏။

မဂ်ဉာဏ်သည်လည်း ကိစ္စ ၄-ပါးတို့ကို တစ်ပြိုင်နက် ပြီးစေနိုင်၏။

ကိစ္စ ၄-ပါးတို့ဆိုသည်ကား---

၁။ မဂ္ဂသစ္စာ ၏ ဖြစ်ပေါ်ခြင်းကိစ္စ တစ်ပါး,

၂။ သမုဒယသစ္စာ ၏ ပျောက်ကင်းခြင်းကိစ္စ တစ်ပါး,

၃။ ဒုက္ခသစ္စာ ၏ ထင်ရှားခြင်းကိစ္စ တစ်ပါး,

၄။ နိရောဓသစ္စာ ကို တွေ့မြင်ခြင်းကိစ္စ တစ်ပါး,

ဥပမာ ဥပမေယျ စပ်ဟပ်ပြချက်

▬▬▬▬▬

၁။ မဂ်ဉာဏ်သည် ပုဂ္ဂိုလ်သန္တာန်မှာ မဂ္ဂသစ္စာ ၏ ဖြစ်ပေါ်ခြင်း ကိစ္စကို ပြီးစေနိုင်၏၊ ဆီမီးတောက် သည် တိုက်ခန်းတွင်း၌ အလင်းရောင်ကို ဖြစ်ပေါ်စေသကဲ့သို့တည်း။

[ဤကား မဂ္ဂသစ္စာဘာဝနာကိစ္စ တည်း။]

၂။ မဂ်ဉာဏ်သည် ပုဂ္ဂိုလ်သန္တာန်မှာ မဂ္ဂသစ္စာ ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သမုဒယသစ္စာ ၏ ပျောက်ကင်းခြင်း ကိစ္စကိုလည်း ပြီးစေနိုင်၏၊ ဆီမီးတောက်သည် တိုက်ခန်းတွင်း၌ အမိုက်မှောင်ကို ပျောက်ကင်းစေသကဲ့သို့တည်း။

[ဤကား သမုဒယသစ္စာပဟာနကိစ္စ တည်း။]

၃။ မဂ်ဉာဏ်သည် ပုဂ္ဂိုလ်သန္တာန်မှာ သမုဒယမှောင် ပျောက်ကင်းသည်နှင့်တစ်ပြိုင်နက် ဒုက္ခသစ္စာ ၏ ထင်ရှားခြင်းကိစ္စကို ပြီးစေနိုင်၏၊ ဆီမီးတောက်သည် မီးစာကို ကျွမ်းစေသကဲ့သို့တည်း။

[ဤကား ဒုက္ခသစ္စာပရိညာကိစ္စ တည်း။]

၄။ မဂ်ဉာဏ်သည် ပုဂ္ဂိုလ်သန္တာန်မှာ သမုဒယမှောင် ပျောက်ကင်းသည်နှင့် တစ်ပြိုင်နက် နိရောဓ သစ္စာ ကို တွေ့မြင်ခြင်း ကိစ္စကိုလည်း ပြီးစေနိုင်၏၊ ဆီမီးတောက်သည် ဆီကိုကုန်ခန်းစေ သကဲ့သို့ တည်း။

[ဤကား နိရောဓသစ္စာသစ္ဆိကရဏကိစ္စ တည်း။]

လိုရင်းအဓိပ္ပါယ်ကား

▬▬▬▬▬▬▬

၁။ မဂ္ဂသစ္စာ ကို ဖြစ်ပေါ်စေမှုသည် အရင်းခံဖြစ်၏၊ သီလဝိသုဒ္ဓိကို ဖြည့်ကျင့်သည်မှစ၍ ရှေးဦးစွာ ဒိဋ္ဌိ, ဝိစိကိစ္ဆာ အကြွင်းမဲ့ ချုပ်ငြိမ်းခြင်းသို့ ဆိုက်အောင် ပြုလုပ်အားထုတ်မှု အလုံးစုံသည် မဂ္ဂသစ္စာ ကိုဖြစ်စေမှု ပွားများစေမှု ဖြစ်၏၊ သောတာပတ္တိ မဂ်ဉာဏ်ဖြစ်ပေါ်မှ ထိုကိစ္စသည် ထမြောက် အောင်မြင်၏၊ နောင် ဒိဋ္ဌိ, ဝိစိကိစ္ဆာ အတွက်နှင့် မဂ္ဂဘာဝနာကိစ္စကို ကြောင့်ကြ စိုက်ထုတ်ဖွယ် မရှိပြီ။

[ဤကား မဂ္ဂဘာဝနာကိစ္စ တည်း။]

၂။ သောတာပတ္တိမဂ်ဉာဏ် ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် ဒိဋ္ဌိ, ဝိစိကိစ္ဆာ မှောင်ကြီးသည် နောင် တစ်ဖန်ဖြစ်ပေါ်ရန် အနုသယမျှ အကြွင်းအကျန်မရှိဘဲ တစ်ခါတည်းချုပ်လေ၏။

[ဤကား သမုဒယပဟာနကိစ္စ တည်း။]

၃။ (က) ဒိဋ္ဌိ, ဝိစိကိစ္ဆာ အကြွင်း အကျန်မရှိဘဲ တစ်ခါတည်း ချုပ်လေသည်နှင့် တစ်ပြိုင်နက် နောင် ဒိဋ္ဌိ, ဝိစိကိစ္ဆာဖြစ်ပေါ်မှု တစ်ခါတည်းချုပ်ငြိမ်းလေ၏။

(ခ ) နောင် ဒိဋ္ဌိ, ဝိစိကိစ္ဆာဖြစ်ပေါ်မှု ချုပ်ငြိမ်းသည်နှင့် တစ်ပြိုင်နက် နောင် အပါယဂါမိကံဟောင်း, ကံသစ် အလုံးစုံ အကုန်ပဋိသန္ဓေ အကျိုးပေးမှု တစ်ခါတည်းချုပ်ငြိမ်းလေ၏။

(ဂ ) အပါယဂါမိကံဟောင်း, ကံသစ် ပဋိသန္ဓေအကျိုးပေးမှု ချုပ်ငြိမ်းသည်နှင့် တစ်ပြိုင်နက် နောင်မိမိသန္တာန် အစဉ်မှာ အပါယ်ဘဝ ဖြစ်ပေါ်မှု, မိမိအပါယ်သို့ ကျရောက်မှု တစ်ခါတည်း ချုပ်ငြိမ်းလေ၏။

[ဤချုပ်ငြိမ်းခြင်းသုံးပါးသည် နိရောဓသစ္စာ မည်၏၊ ဗုဒ္ဓဘာသာ၌ ပဌမနိဗ္ဗာန်ကြီး မည်၏။]

ဤချုပ်ငြိမ်းခြင်းသုံးပါး၏ မိမိစိတ်သန္တာန်၌ ဆိုက်ရောက်ခြင်း, မိမိသည် ဤချုပ်ငြိမ်းခြင်းသုံးပါးသို့ နာမကာယဖြင့် ဆိုက်ရောက်ရခြင်း, မဂ်ဉာဏ်ဖြင့် တွေ့မြင်ရခြင်းသည် သစ္ဆိကရဏကိစ္စ မည်၏။

[ဤကား နိရောဓသစ္ဆိကရဏ ကိစ္စတည်း။]

၄။ ထို နိရောဓသစ္ဆိကရဏ ကိစ္စသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ကိုယ်ခန္ဓာ၏ အနတ္တအဖြစ် ဟူသော အနတ္တသဘောသည် တစ်ခါတည်း ပွင့်လင်းလေ၏၊ ဒုက္ခသစ္စာအဖြစ်သည် တစ်ခါတည်း ပွင့်လင်းလေ၏။

[ဤကား ဒုက္ခသစ္စာပရိညာကိစ္စ တည်း။]

ဤကိစ္စလေးပါးသည် သောတာပတ္တိမဂ်ဉာဏ် ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် တစ်ချက်တည်း ပြီးမြောက်လေ၏၊ သောတာပတ္တိမဂ်ဉာဏ်သည် ချုပ်ငြိမ်းခြင်း သုံးပါးဟူသော နိရောဓသစ္စာ ကိုသာ အာရုံပြု၏၊ ကြွင်းသောသစ္စာသုံးပါးကို အာရုံမပြု။

ကြွင်းသော သစ္စာသုံးပါးကို အာရုံမပြုသော်လည်း ထိုပုဂ္ဂိုလ်အား ထိုသစ္စာသုံးပါး၌ ဘယ်အခါမှ မဖောက်မပြန်နိုင်သော သမ္မာဒိဋ္ဌိဉာဏ်၏ ပွင့်လင်းခြင်းကို ထူထောင်၍ အားပေးပေ၏။

ထိုပုဂ္ဂိုလ်သည် ထိုခဏ၌ ထိုသစ္စာသုံးပါးကို အာရုံမပြုသော်လည်း အနုပါဒိသေသ နိဗ္ဗာန်သို့ ရောက်သည်တိုင်အောင် ထိုအလင်းပေါက်မှုကြီးသည် အပြီးပေါ်၍ နေပေ၏၊ အာရုံပြုလိုသောအခါ ထိုသုံးပါးကို အလိုရှိတိုင်း အာရုံပြုနိုင်၏။

[ဤသို့ အလင်းရောင်ကြီး အပြီးရ၍ နေသည့်အတွက် ထိုပုဂ္ဂိုလ်သည် ထိုခဏ၌ သစ္စာ ၄-ပါးကို တစ်ပြိုက်နက် မြင်သည်ဟူ၍ ဆိုသတည်း။]

ဥပမာကား။ ။ လူတစ်ယောက်မှာ မျက်စိ ၂-ဖက်၌ တိမ်သလာ လွှမ်းသဖြင့် စုံလုံးကန်းဖြစ်နေ၏၊ ထိုသူသည် အလွန်ကောင်းသော ဝိဇ္ဇာမယ မျက်စဉ်းဆေးကိုရ၍ မျက်စိထဲ၌မျက်စိကို စုံမှိတ်လျက် ထိုဆေး၏ အေးမြလှသော သုခအတွေ့ကို ခံစား၍နေလေ၏၊ မျက်စိမဖွင့်မီပင် တိမ်သလာအကုန် ကင်းရှင်း၍ ပကတိ အလင်းအတိုင်း ရပြီးဖြစ်လေ၏၊ ထိုသူသည် အပ၌ရှိသမျှသောဝတ္ထုတို့ကို မကြည့်သေးသောလည်း မျက်စိအလင်းရပြီ, မျက်စိမြင်ရပြီဟုဆိုရ၏။

ဤဥပမာအတိုင်း။ ။ ထိုသစ္စာသုံးပါးကို ထိုခဏ၌ အာရုံမပြု သေးသော်လည်း ထိုသူသည် ထိုအခါ မှစ၍ ထိုသစ္စာသုံးပါးကို အမြင်ပေါက်ပြီ, မြင်နိုင်ပြီဟုဆိုရ၏။

[ဤဥပမာအတိုင်း ယူလေ၊ ဝိသုဒ္ဓိမဂ် စာမျက်နှာ နံပါတ် ၅၉၈-၌မူကား အထက် ဆီမီးဥပမာနှင့် တကွ နေထွက် ဥပမာ, လှေကား ဥပမာ အကျယ်လာ၏၊ ယခု ပြခဲ့ပြီးသော ဆီမီးဥပမာ၌ သစ္စာလေးပါး, ကိစ္စလေးပါး ဖက်စပ်ပုံချင်း မတူတတ်ကြရှိ၏]

ကျောက်မြောင်းအတွင်းဝန်မင်းသို့ပေးစာပြီး၏။

မောင်ရောင်နီ ပုစ္ဆာ ၅-ချက် အဖြေ

ပဌမပုစ္ဆာ အဖြေ
▬▬▬▬▬▬

ဆရာအမိန့်ရှိလိုက်သည် ဒကာငရောင်နီ---

ဒကာလျှောက်ထားလိုက်သော ပုစ္ဆာငါးချက်တို့တွင် ပဌမ ပုစ္ဆာ၌-

၁။ “ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာ လေးပါးတို့သည် မိမိနှင့် အတူ ဥပါဒ်သော ကမ္မဇရုပ်တို့အား ထိုက်သည် အားလျော်စွာ ဟေတု, သဟဇာတ, အညမည, နိဿယ, ကမ္မ, ဝိပါက, အာဟာရ, ဣန္ဒြိယ, ဈာန, မဂ္ဂ, ဝိပ္ပယုတ္တ, အတ္ထိ, အဝိဂတ - ဤ တစ်ဆယ့်သုံး ပစ္စည်းတို့ဖြင့် ကျေးဇူးပြု ကုန်သည်။

၂။ ပဋိသန္ဓေ ဟဒယဝတ္ထုသည် မိမိနှင့်အတူ ဥပါဒ်သော ပဋိသန္ဓေ နာမက္ခန္ဓာတို့အား သဟဇာတ, အညမည, နိဿယ, ဝိပ္ပယုတ္တ, အတ္ထိ, အဝိဂတ - ဤ ခြောက်ပစ္စည်းတို့ဖြင့် ကျေးဇူးပြု ကုန်သည်။

၃။ ပဝတ္တိအခါ၌ကား ပဌမဘဝင် စသော ကုသိုလ်, အကုသိုလ်, ဝိပါက်, ကြိယာနာမက္ခန္ဓာတို့သည် မိမိတို့နှင့်အတူ ဥပါဒ်ကြသော ကမ္မဇရုပ်တို့အား တစ်ခုတစ်ခုသောပစ္စည်းဖြင့် ကျေးဇူးပြုခြင်း မရှိကုန်၊ မိမိတို့နှင့်အတူ ဥပါဒ်ကြသော စိတ္တဇရုပ်တို့အား သာလျှင် ဆိုခဲ့ပြီးသော တစ်ဆယ့်သုံး ပစ္စည်းတို့တွင် အညမညကိုပယ်, အဓိပတိကိုထည့်၍ တစ်ဆယ့်သုံး ပစ္စည်းတို့ဖြင့် ကျေးဇူးပြု ကုန်သည်။

ဤသို့ နာမက္ခန္ဓာတို့သည် ပဋိသန္ဓေ အခါ၌သာ ဥပါဒ်တူ ကမ္မဇရုပ်တို့နှင့် ပစ္စည်း, ပစ္စယုပ္ပန် ဆက်ဆံကုန်၏၊ ပဝတ္တိသို့ ရောက်သောအခါ ဥပါဒ်တူ ကမ္မဇရုပ်တို့နှင့် ပစ္စည်း, ပစ္စယုပ္ပန် မဆက်ဆံ ရခြင်း၌ သဘောအထူးကို မထင်မမြင်နိုင်ပါ ဟူသော စကား၌---

ပဋိသန္ဓေအခါ, ပဝတ္တိအခါ နှစ်ပါးတွင် ပဝတ္တိအခါ၌ ပဋိသန္ဓေစိတ်၏ ဌီမှစ၍ ခဏတိုင်း ခဏတိုင်း ဖြစ်ကုန်သော ကမ္မဇရုပ်တို့သည် ပစ္စုပ္ပန် နာမက္ခန္ဓာတို့ကို အလျဉ်းပင် ငဲ့ခြင်းမရှိကုန်မူ၍ ဖြစ်ချင် တတ်တိုင်း ဖြစ်နိုင်ကြကုန်သော အရာသည် ထင်ရှားပါ၏။

ထင်ရှားပုံကား။ ။ ပစ္စုပ္ပန်နာမက္ခန္ဓာ တို့ကိုငဲ့၍ နာမက္ခန္ဓာတို့၏ ကျေးဇူးပြုကိုခံရမှ ဖြစ်နိုင်ကြ ကုန်သော စိတ္တဇရုပ်တို့သည် ထိုနာမက္ခန္ဓာတို့၏ ဥပါဒ်ခဏ၌သာ ဖြစ်ကုန်သည်၊ ဌီခဏ, ဘင်ခဏ၌ မဖြစ်နိုင်ကုန်၊ နာမက္ခန္ဓာကင်းသော နိရောဓသမာပတ်ကို ဝင်စားသော အခိုက်များ၌လည်း မဖြစ် နိုင်ကုန်၊ နာမက္ခန္ဓာ အားပျော့လျှင် စိတ္တဇရုပ်တို့လည်း အားပျော့ကုန်သည်၊ နာမက္ခန္ဓာ အားသန်လျှင် စိတ္တဇရုပ်တို့လည်း အားသန်ကုန်သည်။

နာမက္ခန္ဓာကိုမငဲ့ကုန်သော ကမ္မဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ် တို့မှာမူကား နာမက္ခန္ဓာတို့၏ ဥပါဒ်ခဏ၌လည်း ဖြစ်ကုန်သည်၊ ဌီခဏ၌လည်း ဖြစ်ကုန်သည်၊ ဘင်ခဏ၌လည်း ဖြစ်ကုန်သည်၊ နာမက္ခန္ဓာကင်းသော နိရောဓသမာပတ်ကို ဝင်စားသော ခဏ၌လည်း ဖြစ်ကုန်သည်၊ နာမက္ခန္ဓာတို့ အားပျော့ကုန်သော်လည်း အားပျော့သည်သာ မဟုတ်ကုန်၊ ပျော့သည်လည်း ရှိ၏၊ မပျော့သည်လည်း ရှိ၏၊ နာမက္ခန္ဓာတို့ အားသန်ကုန်သော်လည်း အားသန်သည်လည်း ရှိ၏၊ အားမသန်သည်လည်း ရှိ၏။

[ထို့ကြောင့် ပဝတ္တိအခါ၌ ကမ္မဇရုပ်တရားတို့သည် နာမက္ခန္ဓာတို့နှင့် ပစ္စည်း ပစ္စယုပ္ပန် မဆက်ဆံ ကြကုန်ဟု အလွန် ထင်ရှားပါ၏။]

ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏဟု ဆိုအပ်သော ပဋိသန္ဓေအခါ၌ ဥပါဒ်ကုန်သော ကမ္မဇရုပ်တို့သည် စိတ္တဇရုပ် တို့ကဲ့သို့ နာမက္ခန္ဓာတို့ကို ငဲ့၍ နာမက္ခန္ဓာတို့၏ ကျေးဇူးပြုကိုခံရမှ ဖြစ်နိုင်သောအရာသည် မထင်ရှား၊ မထင်ရှားသော်လည်း နာမက္ခန္ဓာတို့နှင့် စပ်ဆက်၍ နာမက္ခန္ဓာတို့အား လျော်စွာဖြစ်ရသော ပဝတ္တိစိတ္တဇရုပ်တို့ကို အတပ်သိမြင်သဖြင့် ပစ္စည်းတပ်ပုံချင်း အလားတူကြသောကြောင့် ပဋိသန္ဓေ ကမ္မဇရုပ်တို့ သည်လည်း စိတ္တဇရုပ်တို့ ကဲ့သို့ပင် နာမက္ခန္ဓာတို့နှင့် ဖက်စပ်၍ နာမက္ခန္ဓာတို့ အားလျော် စွာသာလျှင် ဖြစ်ကြကြောင်းကို ဉာဏ်ဖြင့်ဆ၍ သိရမည်ဟု

[“ပဋိစ္စသမုပ္ပါဒ ဝိဘင်းအဋ္ဌကထာ, ဝိသုဒ္ဓိမဂ်အဋ္ဌကထာ”တို့၌ ဆိုပေသည်။]

ဉာဏ်ဖြင့်ဆ၍သိရပုံကား။ ။ ပဋိသန္ဓေ နာမက္ခန္ဓာသည် အဟိတ်ဖြစ်၍ အားနည်းသည်ဖြစ်အံ့၊ ထိုနှင့် အတူ ဥပါဒ်သောကမ္မဇရုပ် တို့သည်လည်း အားနည်းသည်သာ ဖြစ်ကုန်၏၊ ပဋိသန္ဓေ နာမက္ခန္ဓာသည် ဒွိဟိတ်ဖြစ်၍ အားရှိသည်ဖြစ်အံ့၊ ပဋိသန္ဓေ ကမ္မဇရုပ်တို့လည်း အားရှိကုန်၏၊ ဒွိဟိတ်သည်လည်း မနုဿ ဒွိဟိတ်ထက် ဘုမ္မဇိုဝ်း ဒွိဟိတ် အားရှိသည်၊ ထို့ထက် အထက် စာတုမဟာရာဇ် ဒွိဟိတ် အားရှိသည်၊ ထို့ထက် တာဝတိံသာဒွိဟိတ်, ယာမာဒွိဟိတ်, တုသိတာဒွိဟိတ်, နိမ္မာနရတိဒွိဟိတ်, ပရနိမ္မိတဝသဝတ္တိဒွိဟိတ် ပဋိသန္ဓေ နာမက္ခန္ဓာတို့သည် အလွန် အားရှိကုန်သည် ဖြစ်၍ ထိုနှင့်အတူ ဥပါဒ်သော ကမ္မဇရုပ်တို့သည်လည်း အလွန်အား ရှိကုန်၏။

[တိဟိတ် ပဋိသန္ဓေ နာမက္ခန္ဓာတို့မှာ မူကား မနုဿတိဟိတ်မှစ၍ အကနိဋ္ဌ တိဟိတ်တိုင်အောင် အဆင့်ဆင့် အားရှိအားမဲ့ကို ဝေဖန်လေ။]

ပဋိသန္ဓေ - ပဝတ္တိကမ္မဇရုပ်နှင့် စိတ္တဇရုပ် အထူး
▬▬▬▬▬▬▬

၁။ ပဋိသန္ဓေ ကမ္မဇရုပ်တို့မည်သည် ကံ၏အာနုဘော်, ပဋိသန္ဓေ နာမက္ခန္ဓာတို့၏ အာနုဘော်၊ ဤအာနုဘော် နှစ်ပါးကို အစွဲပြု၍ ဖြစ်ရကုန်၏။

၂။ ပဝတ္တိကမ္မဇရုပ်တို့သည် ကံ၏အာနုဘော် သက်သက်ကိုသာ အစွဲပြု၍ ဖြစ်ရကုန်၏၊ ပစ္စုပ္ပန် နာမက္ခန္ဓာတို့၏ အာနုဘော်နှင့် မစပ်ယှက်ကုန်။

၃။ စိတ္တဇရုပ်တို့သည် ပစ္စုပ္ပန် နာမက္ခန္ဓာတို့၏ အာနုဘော်ကိုသာ အစွဲပြု၍ ဖြစ်ကုန်၏၊ ကံ၏ အာနုဘော်နှင့် မစပ်ယှက်ကုန်။

[ဤကား အထူးတည်း။]

ဤသို့ ထူးကြောင်းကိုလည်း ပဋ္ဌာန်းပါဠိတော်၌ ပစ္စည်း, ပစ္စယုပ္ပန် အနေအထားကို မြင်၍ သိအပ်သည်၊ ပဋိသန္ဓေ အခါ၌လည်း အလွန် သိမ်မွေ့လှသော အခါဖြစ်သည်နှင့် အလွန် ထင်ရှားအောင် ပြသာသော အခါပင် မဟုတ်ချေ၊ မြတ်စွာဘုရား ဉာဏ်တော်၌ကား လက်ဝယ် တင်ထား ပတ္တမြားကဲ့သို့ အလွန် ထင်ရှားပေလိမ့်မည်ဟု ဉာဏ်တော်ကို ကြည်ညိုအံ့သြ၍ နေရမည့် အရာသာ ဖြစ်ချေသည်။

ပထမပုစ္ဆာ အဖြေပြီး၏

ဒုတီယ ပုစ္ဆာအဖြေ
▬▬▬▬▬▬▬

ဒုတိယပုစ္ဆာ၌-

အရူပဘုံမှစုတေ၍ ကာမဘုံ၌ဖြစ်သော ပုဂ္ဂိုလ်၏ ပဋိသန္ဓေသည် အရူပကုသိုလ် ဈာန်၏ ရှေး၌ကျသော ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ - ဟူသော ဥပစာရ ဈာန်၏ အကျိုး ပစ္စယုပ္ပန် ဖြစ်သော ကာမတိဟိတ် ဝိပါက်သည်သာလျှင် ဖြစ်သင့်ကြောင်းကို ကျမ်းဂန် တိုက်ရိုက်လာ၏။

ရူပဘုံမှ စုတေ၍ ကာမဘုံ၌ဖြစ်သော ပုဂ္ဂိုလ်၏ ပဋိသန္ဓေမှာ မူကား ဥပစာရဈာန်၏ အာနုဘော် ကြောင့် ဒွိဟိတ် အောက်ယုတ်၍ မဖြစ်နိုင်ကြောင်းကိုသာ လာပေသည်၊ ဥပစာရဈာန်၏ အကျိုး ပစ္စယုပ္ပန် ဖြစ်သော ဝိပါက်သာ ဖြစ်သင့်သည်ဟု ကျမ်းဂန်၌ မလာပေ။

ဥပစာရဈာနဿ ပန ဗလဝဘာဝတော တဿ ဝိပါကဘူတာ ကာမေ တိဟေတုကပဋိသန္ဓိယော ဟောန္တိ၊ ရူပါဝစရစုတိယာ ပရံ အဟေတုကရဟိတာ ဥပစာရဈာနာနု ဘာဝေန ဒွိဟေတုက တိဟေတုကပဋိသန္ဓိယော သိယျုံ”။ [ဋီကာကျော်။]

ဤစကား၌ -

အရူပပက္ခ၌ “ဥပစာရဈာနဿ ပန ဗလဝဘာဝတော” ဟုဆိုသည့်ပြင် “တဿ ဝိပါကဘူတာ” ဟု ဆိုပြန်သည်။

ရူပပက္ခ၌ကား “ဥပစာရဈာနာနုဘာဝေန” ဟူ၍သာ ဆိုသည်၊ “တဿဝိပါကဘူတာ” ဟုမဆို။

ထို့ကြောင့် ရူပစုတိနောင် ဒွိဟိတ်ပဋိသန္ဓေ နှောင်းသည်မှာ ဥပစာရဈာန်စေတနာ ကမ္မပစ္စည်း တပ်သည်မဟုတ်၊ ရှေးရှေးသော အခါကပြုခဲ့သော အမှတ်မရှိသော တိဟိတ်သြမကစေတနာ, ဒွိဟိတ်ဥက္ကဋ္ဌ စေတနာသည်သာ ကမ္မပစ္စည်းတပ်သည်ဟု မှတ်ရမည်။

ထိုသို့တပ်ရာ၌လည်း ဥပစာရဈာန်၏ အရှိန်အဝါကြောင့် ဒွိဟိတ်ဥက္ကဋ္ဌ ကံအောက် ယုတ်ညံ့သော ကုသိုလ်ကံ, အကုသိုလ်ကံတို့သည် ထိုအခါအခွင့် မရကုန်ဟု မှတ်ယူရမည်။ (ကျမ်းဂန်အလို)

တစ်နည်းကား-

ရူပဈာန်သည် ဟီနဈာန်, မဇ္ဈိမဈာန်, ပဏီတဈာန်ဟူ၍ သုံးပါး ရှိသကဲ့သို့ ဥပစာရဈာန်သည်လည်း ဟီန, မဇ္ဈိမ, ပဏီတဟူ၍ သုံးပါး ရှိပြန်သည်။

ထိုသုံးပါးတို့တွင်-

အလွန်ယုတ်ညံ့လှသော ဆန္ဒ, စိတ္တ, ဝီရိယ, ဝိမံသနှင့် ယှဉ်သော ဥပစာရဈာန်သည် ဟီနမည်၏၊ ထိုဟီနဖြစ်သော ဥပစာရဈာန် ကုသိုလ်သည် တိဟိတ်သြမကပင် ဖြစ်၏၊ ထို့ကြောင့် အလွန် အညံ့ဆုံးသော တိဟိတ်သြမက ဥပစာရဈာန် စေတနာသည် ကာမဘုံ၌ ဒွိဟိတ်ပဋိသန္ဓေကို ဖြစ်စေသည်။

အရူပဈာန်အရာ၌ ဟီန, မဇ္ဈိမ, ပဏီတ သုံးပါး ရှိသော်လည်း အလွန် အထက်ကျ၍ ပဋိပက္ခ ကိလေသာတို့နှင့် ဝေးသည်ထက် ဝေးသဖြင့် အလွန် အားကောင်းသော ဘာဝနာစု ဖြစ်လေရကား ဟီနပင်ဖြစ်သော်လည်း ဒွိဟိတ်ပဋိသန္ဓေကို ပေးရလောက်အောင် အလွန်ယုတ်ညံ့ ခြင်းမဖြစ်ပေ၊ ဤသို့ယူသော်လည်း သင့်ရာတော့သည်။

ဒုတိယပုစ္ဆာ အဖြေပြီး၏။

တတိယပုစ္ဆာ အဖြေ
▬▬▬▬▬▬▬

တတိယပုစ္ဆာ၌ မရဏကာလသည်-

သာမညမရဏကာလ, ပစ္စာသန္နမရဏကာလ ဟူ၍ နှစ်ပါးပင် ရှိသည်။

ထိုနှစ်ပါးတို့တွင်-

တထာစ မရန္တာနံ မရဏကာလေ ပဋိသန္ဓိဇနကံ ကမ္မံဝါ”။

ဟူသောပါဌ်၌ မရဏကာလ ဟူသည်မှာ-

ကံ, ကမ္မနိမိတ်, ဂတိနိမိတ် ထင်လာသော ခဏမှစ၍ တစ်နာရီ - နှစ်နာရီ, တစ်ပဟိုရ် - နှစ်ပဟိုရ်, တစ်ရက် - နှစ်ရက်ပတ်လုံး ထိုကံ, ကမ္မနိမိတ်, ဂတိနိမိတ်လျှင် အာရုံရှိသော ဝီထိဝါရတို့ မပြတ် မလပ် ဖြစ်၍ နေသမျှကာလကို ယူရသည်၊ ထိုကာလကို သာမည မရဏကာလ ဆိုသည်၊ ဇာတိဒုက္ခ, ဇရာဒုက္ခ, ဗျာဓိဒုက္ခ, မရဏဒုက္ခ - ဟူရာ၌လည်း ထိုသာမည မရဏကာလ အတွင်း၌ ဖြစ်ဖြစ် သမျှသော ဒုက္ခစုကို မရဏဒုက္ခဟု အဋ္ဌကထာတို့၌ လာသည်။

မန္ဒပ္ပဝတ္တိယံ ပန မရဏကာလာဒီသု” ၌ အာဒိအရကိုကား မုဉ္ဆာကာလ, ဝိသညီဘာဝကာလ တို့ကို ယူရမည်။

မုဉ္ဆာကာလ ဟူသည်ကား-

၁။ သေငယ်ဇောနှင့် မြော၍နေသည်ဟု လောက၌ ခေါ်ကြသော သစ်ပင်, ချောက်ကမ်း စသည်တို့မှ ကျ၍ လူမှန်းမသိတုံးဖြစ်၍ နေသော ကာလ,
၂။ သုဝဏ္ဏသာမတို့ကဲ့သို့ မြားဆိပ်မွှန်၍ နေသော ကာလ,
၃။ မဏ္ဍဗျပုတ္တတို့ကဲ့သို့ မြွေဆိပ်မွှန်၍နေသော ကာလ,
၄။ မာတင်္ဂလုလင်တို့ကဲ့သို့ သူတစ်ပါးတို့ အပြင်းအထန် ရိုက်နှက်ထောင်းထု၍ မြောနေသော ကာလ,
၅။ ကုလားဆေးသမားတို့က မေ့ဆေးတိုက်၍ မေ့မောခါ နေသော ကာလ,
၆။ ရေမွန်း၍ နေသော ကာလ,
၇။ ရောဂါ ဝေဒနာ အပြင်းအထန်ဖမ်း၍ လူမှန်းမသိနေသော ကာလ,
၈။ ဘီလူးသံဘက် ဖမ်း၍ လူမှန်းမသိနေသော ကာလ,
၉။ ပဋာစာရီတို့ကဲ့သို့ ဉာတိဗျသနဒုက္ခ သောကပြင်းထန်စွာ နှိပ်စက်သော ကာလစသည်ကို “မုဉ္ဆာကာလ” ဟုခေါ်သည်။

ဝိသညီဘာဝကာလ ဟူသည်ကား-

၁။ အနာထပိဏ်သူဌေး, မဟာကပ္ပိနမင်းကြီး, သေလပုဏ္ဏားတို့သည် “ဘုရားပွင့်တော်မူသည်” ဟူသောစကားကို ကြား၍ ပီတိ၏အစွမ်းကြောင့် လူမှန်းမသိဖြစ်သော ကာလ,
၂။ ဣသိသိင်္ဂ ရသေ့သည် အလမ္ဗုသာ နတ်သ္မီး၏ ဖဿကို တွေ့ရ၍ လောဘမူပီတိ၏ အစွမ်းဖြင့် လူမှန်းမသိ သုံးနှစ်ပတ်လုံး တုံးဖြစ်၍ နေသော ကာလ,
၃။ မန္တလေး ရွှေမြို့တော်တွင် သောင်းထီပေါက်၍ လူမှန်းမသိဘဲ အတန်ငယ်တုံးဖြစ်၍ နေသော ကာလ,
၄။ ဝင်္ကပါတောင်တွင် မဒ္ဒီမိဖုရား သားတော်, သမီးတော်တို့နှင့် အတွေ့ တုံးဖြစ်၍ နေသော ကာလ,
၅။ အလွန်အမင်း အိပ်ခြင်း နှိပ်စက်၍ နေသောကာလ - စသည်များသည် “ ဝိသညီဘာဝကာလ” မည်၏။

ထိုမုဉ္ဆာကာလ, ဝိသညီဘာဝကာလတို့၌လည်း နှလုံးအိမ်တွင်း၌ တည်နေသော မဟာဘုတ်တို့သည် ဝိကာရ အထူးသို့ ရောက်သဖြင့် ဟဒယဝတ္ထုရုပ်သည် ဒုဗ္ဗလသဘော, မန္ဒပ္ပဝတ္တိ သဘောသို့ရောက် လေ၏၊ ထို့ကြောင့် ထိုအခါ ဇောတို့သည် အပြည့်အစုံ မကျနိုင်ကုန်၊ ခြောက်ကြိမ်,ငါးကြိမ်မျှသာ ကျနိုင်ကုန်သည်။

ထိုနှစ်မျိုးတို့တွင်-

၁။ အလွန် မပြင်းထန်လွန်းသော မုဉ္ဆာကာလ, ဝိသညီဘာဝကာလတို့၌ ခြောက်ကြိမ်။
၂။ အလွန်ပြင်းထန်လွန်းသော ကာလတို့၌ ငါးကြိမ်။

ထိုနှစ်မျိုးတို့တွင်-

၁။ ခြောက်ကြိမ်ကျသော မုဉ္ဆာကာလ, ဝိသညီဘာဝကာလတို့ကို ပကတိကာလနှင့် အတူထား၍ ဝီထိသင်္ဂဟ ဇဝနနိယမ၌-
ပရိတ္တ ဇဝန ဝီထိယံ ကာမာဝစရဇဝနာနိ သတ္တက္ခတ္တုံ ဆက္ခတ္တု မေဝဝါ ဇဝန္တိ
ဟုဆိုလေသည်။

၂။ ငါးကြိမ်ကျသော မုဉ္ဆာကာလ, ဝိသညီဘာဝကာလတို့ကို မရဏာသန္နနှင့် အတူထား၍ -
မန္ဒပ္ပဝတ္တိယံ ပန မရဏကာလာဒီသု ပဉ္စဝါရမေဝ”။ ဟု အာဒိသဒ္ဒါကိုဆိုပေသည်။

[ဓမ္မသင်္ဂဏီ အနုဋီကာကျမ်း၌ လေးကြိမ်ကျပင် လာသေး၏။]

သေခါနီးကာလ၌လည်း။ ။ရောဂါဥပဒ် အလွန်အမင်း အပြင်းအထန် ဖိစီး၍ မုဉ္ဆာအဖြစ်နှင့် သေရသောသူ, ကြည်ကြည်လင်လင်နှင့် သေရသောသူ နှစ်မျိုးပင် ရှိ၏၊ ပြင်းထန်စွာ မုဉ္ဆာကြီးဖြစ်၍ သေရသော သူမှာမူကား စုတိနှင့်တကွသော မရဏာသန္န ဝီထိမတိုင်မီ ရှေးရှေးသော ဝီထိတို့ကပင် ဇောတို့သည် ခြောက်ကြိမ်, ခြောက်ကြိမ် ငါးကြိမ်, ငါးကြိမ် ကျကုန်၏။

[ပစ္စာသန္နမရဏကာလပင် မဟုတ်သော်လည်း ဟဒယဝတ္ထု အားနည်းသော အကြောင်းတရား များစွာပင် ရှိသည်၊ စုတိနှင့်တကွသော မရဏာသန္နဝီထိ၌သာ ဟဒယဝတ္ထု အားနည်းကောင်းသည် မဟုတ်။]

တတိယပုစ္ဆာအဖြေပြီး၏။

စတုတ္ထပုစ္ဆာ အဖြေ
▬▬▬▬▬▬▬

စတုတ္ထပုစ္ဆာ၌ -

ကံ, ကမ္မနိမိတ်, ဂတိနိမိတ်တို့သည်သာ ပစ္စာသန္နမရဏဝီထိသို့ မရောက်မီ တစ်နာရီ, နှစ်နာရီ, တစ်ပဟိုရ်, နှစ်ပဟိုရ်, တစ်ရက်, နှစ်ရက် ကပင် ထင်နိုင်ကုန်၏။

၁။ ဘုရားလက်ထက်တော်၌ နန္ဒမည်သော နွားသတ် ယောက်ျားတို့မှာ မသေမီ ခုနစ်ရက်ကပင် ထင်သည်။
၂။ အဇာတသတ်မင်းမှာ မသေခင် နှစ်ဆယ့်လေးရက်ကပင် ထင်သည်။
၃။ ထိုအဇာတသတ်မင်းအလောင်း ဗာရာဏသီမင်းမှာ ထိုထက် အနှစ်များစွာကပင် ထင်သည်။

အဇာတသတ်မင်းမှာ ဘုရားကို ဆည်းကပ်သောအခါ ပျောက်ငြိမ်း၍ နေသေး၏၊ ဗာရာဏသီမင်းမှာ ဘုရားအလောင်းတော် သံကိစ္စရသေ့ကို ဆည်းကပ်သောအခါ ပျောက်ငြိမ်း၍နေသေး၏၊ သေခါနီး အခါမှ ထင်မြဲထင်လာ၍ ငရဲ၌ ဖြစ်ကြကုန်၏။

[ထိုကံ, ကမ္မနိမိတ်, ဂတိနိမိတ် - အာရုံတို့သည် ပြောင်းသင့်, ရွှေ့သင့်သော အကြောင်းရှိလျှင် ပြောင်းကြောင်း, ရွှေ့ကြောင်းကို ဝတ္ထု သက်သေနှင့်တကွ သမ္မောဟ ဝိနောဒနီအဋ္ဌကထာ ဉာဏဝိဘင်း အဖွင့်တွင် အသေအချာ ဆုံးဖြတ်တော်မူသည်၊ ယုံမှားရန် မရှိ။]

စတုတ္ထပုစ္ဆာ အဖြေပြီး၏

ပဉ္စမပုစ္ဆာ အဖြေ
▬▬▬▬▬▬

ပဉ္စမပုစ္ဆာ၌ -

ကတ္တုကမျတာ လက္ခဏော ဆန္ဒော

ဟူသောပါဌ်နှင့်အညီ ဆန္ဒသည် ပြုလိုကာမတ္တသာ လက္ခဏာရှိ၏ ဟူသော စကား၌ “မတ္တသာ” ဟူသောအသံကို လောဘ၏ သဘောနှင့် မရောမ ယှက်ခြင်းငှါသာ ဆိုသည်၊ ဆန္ဒ၏ အားနည်း ကြောင်းကို သိစေလို၍ ဆိုသည် မဟုတ်၊ ဆန္ဒသည် အလွန် အားခွန်ဗလ ကြီးမားလှသော တရား တစ်ခုဖြစ်၍ ဆန္ဒာဓိပတိ - ဆန္ဒိဒ္ဓိပါဒ်ဖြစ်နိုင်သည်။

၁။ မြတ်စွာဘုရားအလောင်းတော် နိယတဗျာဒိတ်ရရာသော အင်္ဂါရှစ်ပါး,
၂။ ပစ္စေကဗုဒ္ဓါတို့ နိယတဗျာဒိတ်ရရာသော အင်္ဂါငါးပါး,
၃။ သာဝကတို့ နိယတဗျာဒိတ်ရရာသော အင်္ဂါသုံးပါး,

တို့တွင် ဆန္ဒသည် အင်္ဂါတစ်ပါးဖြစ်၍ပါပေသည်၊ ထိုဆန္ဒကို ပေါ့ပေါ့စားစား မထင်နှင့်။

လောဘနှင့်ဆန္ဒ အထူး
▬▬▬▬▬▬▬▬

၁။ လောဘသည် အာရုံကိုလိုချင်သည်။
၂။ ဆန္ဒလည်း အာရုံကိုလိုချင်သည်။

ထိုနှစ်ပါးတို့တွင်-

၁။ ဆန္ဒမှာ အိုးကင်းပူ၌ ထည့်လိုက်သော ကျောက်ခဲကဲ့သို့ အာရုံ၌ကပ်ငြိခြင်းမရှိ။
၂။ လောဘမှာ အိုးကင်းပူ၌ထည့်လိုက်သော သားတစ်ကဲ့သို့ အာရုံ၌ ကပ်ငြိ၏။

[သားတစ်သည် အားပျော့၍ အိုးကင်း၌ အကျမနာနိုင်၊ ကျောက်ခဲမှာ အားကောင်းလှ၍ အိုးကင်း၌ အကျနာသည်။]

တစ်နည်းလည်း။ ။ ငါတို့အရပ်မှာ လယ်ကို ဆင်ဖျက်သောအခါ အချို့သောသူတို့သည် ပွဲလျက်လုံး ကို သေနတ်တွင်ထည့်၍ ပစ်သည်၊ မှန်ရာအရပ်တွင် မီးလောင်၍ ပွဲလျက်ကုန်သည် တိုင်အောင် လောင်လေ၏၊ အချို့ကား ခဲလုံးကိုထည့်၍ ပစ်သည်၊ ပွဲလျက်လုံးနှင့် လောဘ, ခဲလုံးနှင့်ဆန္ဒ တူသည်ဟူ၍ မုံရွာမြို့လယ်တီဆရာတော်ဘုရား ဖြေဆိုလိုက်သည်။

ပဉ္စမပုစ္ဆာအဖြေပြီး၏။

မောင်ရောင်နီပုစ္ဆာ ၅-ချက်အဖြေပြီး၏။

မောင်ရောင်နီပုစ္ဆာ ၄-ရပ်အဖြေ

ပဌမပုစ္ဆာအဖြေ
▬▬▬▬▬

ဆားတုံးရွာနေ ဒကာ မောင်ရောင်နီ ဒုတီယလျှောက်ချက်ပုစ္ဆာ လေးရပ်တွင်-

၁။ “စိတ္တဇကလာပ် ခြောက်စည်းတို့သည် တစ်ပြိုင်နက်အားဖြင့် အရေအတွက်မရှိ ဖြစ်ကုန်မည်။
၂။ သို့တည်းမဟုတ် သုံးစည်း, လေးစည်းတို့သည်သာ တစ်ပြိုင်နက်အားဖြင့် အရေအတွက်မရှိ ဖြစ်ကုန်မည်။
၃။ သို့တည်းမဟုတ် တစ်စည်း တစ်စည်းသာ အရေအတွက် မရှိ ဖြစ်ကုန်မည်”။

ဟူသောပဌမပုစ္ဆာ၌ ---

စိတ္တဇကလာပ်တို့သည် သင်္ဂြိုဟ်၌ဆိုတိုင်း ခြောက်စည်းသာ ရှိသည် မဟုတ်ကုန်၊ သမ္မောဟဝိနောဒနီ အဋ္ဌကထာ, ဝိသုဒ္ဓိမဂ် အဋ္ဌကထာ, ပဋိစ္စသမုပ္ပါဒ နိဒ္ဒေသတို့၌ စိတ္တဇသဒ္ဒနဝက ကလာပ်ဟူ၍ လာသည်၊ ထိုကလာပ် လာသဖြင့်လည်း လဟုတာဒိတ္တယနှင့်တကွ သဒ္ဒ လဟုတာဒိ ဒွါဒသက ကလာပ်ကိုလည်း သိအပ်တော့သည်၊ ထို့ကြောင့် စိတ္တဇကလာပ်တို့သည် ရှစ်စည်း ရှိကုန်သည်ဟု မှတ်ရမည်။

ဤကလာပ်နှစ်စည်း တို့ကိုကား အက္ခရာလည်း မပီ, အနက်လည်း မရ, အလိုဆန္ဒ အဓိပ္ပါယ်နှင့်လည်း မယှဉ်သော ငိုခြင်း, ရှိုက်ခြင်း, ရယ်ခြင်း, သမ်းခြင်း, ချေခြင်း, ချောင်းဆိုးခြင်း, ကြို့ထိုးခြင်း, အော့အန်ခြင်း, တုန်ဖျား-ဖျား၍ ညည်းခြင်း စသော စိတ္တဇအသံနှင့် ယှဉ်သောအရာတို့၌ ရအပ်ကုန်၏။

ဝစီဝိညတ်ပါသော စိတ္တဇကလာပ် နှစ်စည်းတို့ကိုကား အက္ခရာ ပီသ၍ အနက်အဓိပ္ပါယ်နှင့် ယှဉ်သော စကားသံတို့၌ ရအပ်ကုန်၏ဟု မှတ်ရမည်။

ကာယဝိညတ်နှင့် ဝစီဝိညတ် တို့သည် တစ်ခုသော ဇောဝီထိဖြင့် တစ်ပြိုင်နက် မဖြစ်ကြောင်းကို ဝိနည်းဋီကာတို့၌ လာသည်၊ လဟုတာဒိတ္တယတို့သည်၊ ဓာတ်လေးပါး ညီညွတ်သော ကိုယ်အင်္ဂါ တို့၌သာ ဖြစ်ကုန်သည်၊ ဓာတ်လေးပါး မညီညွတ်သော ကိုယ်အင်္ဂါတို့၌ မဖြစ်ကုန်။

သို့ဖြစ်၍ ---

၁။ ဝိညတ်ဒွေ သဒ္ဒရုပ်မပါသော ကလာပ် နှစ်စည်း,
၂။ ကာယဝိညတ်ပါသော ကာယဒွါရကလာပ် နှစ်စည်း,
၃။ ဝစီဝိညတ်ပါသော ဝစီဒွါရကလာပ် နှစ်စည်း,
၄။ ဝစီဝိညတ်မပါသော အဗျတ္တသဒ္ဒကလာပ်နှစ်စည်း,

ဟူ၍ စိတ္တဇကလာပ် ရှစ်စည်း ရှိသည်တွင် ---

ကိုယ်အင်္ဂါ, နှုတ်အင်္ဂါလှုပ်ရှားခြင်း ကင်းသောအခါ ပဌမ ကလာပ် နှစ်စည်း တို့သည်သာလျှင် အရေအတွက်မရှိ ဖြစ်ကုန်သည်၊ နောက်ကလာပ် ခြောက်စည်းတို့သည် မဖြစ်ကုန်။

ထိုပဌမကလာပ်နှစ်စည်း တို့တွင်လည်း-

၁။ တစ်ကိုယ်လုံး၌ ဓာတ် ၄-ပါး မညီညွတ်သောအခါ သုဒ္ဓဋ္ဌက ကလာပ်တစ်စည်း သည်သာလျှင် အရေအတွက်မရှိ ဖြစ်သည်။
၂။ တစ်ကိုယ်လုံး၌ဓာတ် ၄-ပါး ညီညွတ်သောအခါ လဟုတာ ဒေကာဒသက ကလာပ်တစ်စည်း သည်သာ အရေအတွက်မရှိ ဖြစ်သည်။

အချို့သော ကိုယ်အင်္ဂါ၌ ဓာတ် ၄-ပါး မညီညွတ်မူ၍ အချို့သော ကိုယ်အင်္ဂါ၌ ဓာတ် ၄-ပါး ညီညွတ်သောအခါ---

၁။ မညီမညွတ်သော ကိုယ်အစိတ်၌ သုဒ္ဓဋ္ဌကကလာပ်,
၂။ ညီညွတ်သော ကိုယ်အစိတ်၌ လဟုတာ ဒေကာဒသက ကလာပ်,

ဟူ၍ ပဌမကလာပ် ၂-စည်းတို့သည် တစ်ခုသော စိတ်ဖြင့် အရေအတွက်မရှိ ဖြစ်ကုန်သည်။

[ဤကား ကိုယ်အင်္ဂါ,နှုတ်အင်္ဂါ လှုပ်ရှားခြင်းကင်းသောအခါ၌ ရထိုက်သော စိတ္တဇကလာပ် ၂-စည်း တို့ဖြစ်ပုံ အထူးအပြားတည်း-တစ်ရပ်။]

ကိုယ်အင်္ဂါလှုပ်ရှားသောအခါသည်လည်း -

၁။ တစ်ကိုယ်လုံး လှုပ်ရှားသောအခါ,
၂။ တစ်စိတ်တစ်ပိုင်းတွင် လှုပ်ရှားသောအခါဟူ၍ ၂-ပါး ရှိသည်။

ထို နှစ်ပါးတို့တွင် - တစ်ကိုယ်လုံး ချီ၍ လှုပ်ရှားသောအခါ တစ်ကိုယ်လုံး၌ ကာယ ဝိညတ်နှင့် တကွသော ကာယဒွါရ ကလာပ် ၂-စည်းတို့ သည်သာလျှင် အရေအတွက်မရှိ ဖြစ်ကုန်သည်။

ထိုနှစ်စည်းတို့တွင်လည်း-

၁။ ကိုယ်မခန့်ကျန်းဘဲ လှုပ်ရှားရသောအခါ ကာယဝိညတ္တိ နဝကကလာပ်,
၂။ ခန့်ခန့် ကျန်းကျန်း လှုပ်ရှားရသောအခါ ကာယဝိညတ္တိ လဟုတာဒိဒွါဒသက ကလာပ်,

ဤတစ်ကိုယ်လုံး ချီ၍လှုပ်ရှားရာ၌လည်း---

၁။ အလယ်ကိုယ်ထည်ကို ချီသော ဝီထိတွေလည်း တစ်ခြား,
၂။ ဦးခေါင်းအင်္ဂါကို ချီသော ဝီထိတွေလည်း တစ်ခြား,
၃။ လက်ယာမောင်းကို ချီသော ဝီထိတွေလည်း တစ်ခြား,
၄။ လက်ယာလက်ကို ချီသော ဝီထိတွေလည်း တစ်ခြား,
၅။ လက်ဝဲမောင်းကို ချီသော ဝီထိတွေလည်း တစ်ခြား,
၆။ လက်ဝဲလက်ကို ချီသော ဝီထိတွေလည်း တစ်ခြား,
၇။ လက်ယာပေါင်ကို ချီသော ဝီထိတွေလည်း တစ်ခြား,
၈။ လက်ယာခြေကို ချီသော ဝီထိတွေလည်း တစ်ခြား,
၉။ လက်ဝဲပေါင်ကို ချီသော ဝီထိတွေလည်း တစ်ခြား,
၁၀။ လက်ဝဲခြေကို ချီသော ဝီထိတွေလည်း တစ်ခြား,

တစ်စိတ်တစ်ပိုင်းတွင် လှုပ်ရှားသောအခါ ---

၁။ မလှုပ်ရှားသောအပိုင်းအစိတ်၌ ပဌမကလာပ် ၂-စည်း,
၂။ လှုပ်ရှားသော အပိုင်းအစိတ်၌ ကာယဒွါရကလာပ် ၂-စည်း,

မလှုပ်ရှားသော အပိုင်းအစိတ်မှာလည်း---

၁။ ဓာတ်ညီညွတ်သော အစိတ်,
၂။ ဓာတ်မညီညွတ်သော အစိတ်,

လှုပ်ရှားသော အပိုင်းမှာလည်း---

၁။ ဓာတ်ညီညွတ်သော အစိတ်,
၂။ ဓာတ်မညီညွတ်သော အစိတ်-ဟူ၍ခွဲလေ။

[ဤကား စိတ္တဇကလာပ် ၂-စည်းသော် လည်းကောင်း ၃-စည်းသော် လည်းကောင်း, ၄-စည်းသော် လည်းကောင်း ပြိုင်ပုံ-တစ်ရပ်။]

နှုတ်အင်္ဂါလှုပ်ရှားသောအခါသည်လည်း---

၁။ စကားဖြစ်အောင်အားထုတ်၍ အက္ခရာပီသအောင် လှုပ်ရှားသောအခါ,
၂။ မပီမသသောအခါ - ဟူ၍ ၂-ပါး။

ထိုနှစ်ပါးတို့တွင် ပီသသောအခါ၌ အက္ခရာဖြစ်ရာ - ရင်, လည်ချောင်း, အာစောက်, အာခေါင်, သွား, နှုတ်ခမ်း, နှာခေါင်း-ဟူသော ဌာန် ၇-ပါးတို့၌ အက္ခရာ အားလျော်စွာဖြစ်သော ဝစီဒွါရကလာပ် ၂- စည်း နှင့်တကွ တစ်ကိုယ်လုံး၌ဖြစ်သော ပဌမကလာပ် ၂-စည်း၊ နှစ်ဌာန၌ပင် ခန့်ကျန်းသည်, မခန့်ကျန်းသည် ခွဲလေဦး။

[ဤသည်လည်း စိတ္တဇကလာပ် ၂-စည်းသော် လည်းကောင်း, ၃-စည်းသော် လည်းကောင်, ၄-စည်းသော် လည်းကောင်း, ပြိုင်ပုံ-တစ်ရပ်။ အက္ခရာ မပီသသော ငိုခြင်း စသည်တို့၌လည်း ၂-စည်း, ၃-စည်း, ၄-စည်းပြိုင်ပုံကို သိနိုင်လောက်ပြီ - တစ်ရပ်။]

အက္ခရာပြီပြင်အောင် ဖြစ်ရာ၌ ---

၁။ အ, ဣ, ဥ-ဟူသော ရဿသရ ၃-လုံးကို လက်ဖျစ်တစ်တွက်, လျှပ်တစ်ပြက်, မျက်တောင် တစ်ခတ်စီ ရွတ်ရသည်။
၂။ က, ကိ, ကု-စသောဗျည်းနှင့် တကွသော ရဿတို့ကို လက်ဖျစ် တစ်တွက်ခွဲ - ရွတ်ရသည်။
၃။ အာ, ဤ, ဦ, ဧ, သြ, သြော်, အဲ, အို - ဟူသော မြန်မာ ဒီဃသရ ရှစ်လုံးကို လက်ဖျစ် ၂-တွက်, လျှပ် ၂-ပြက်, မျက်တောင် ၂-ခတ်-ရွတ်ရသည်။
၄။ ကာ, ကီ, ကူ, ကေ, ကဲ, ကော့, ကော်, ကို-အစရှိသော ဗျည်းနှင့် တကွသောဒီဃသရတို့ကို လက်ဖျစ် ၂-တွက်ခွဲ-ရွတ်ရသည်။

ဟူသော သဒ္ဒါကျမ်း စကားများသည် အဋ္ဌကထာ, ဋီကာတို့နှင့်လည်း ညီညွတ်သည်၊ မျက်မြင် လက်တွေ့နှင့်လည်း ကိုက်သည်။

မျက်တောင်တစ်ခတ်, လျှပ်တစ်ပြက်, လက်ဖျစ်တစ်တွက်ခန့် ကာလ၌ စိတ္တက္ခဏပေါင်း ကုဋေ တစ်သိန်းမက, ခဏပေါင်း ကုဋေ သုံးသိန်းမက ဖြစ်နိုင်ကြောင်းကိုလည်း အဋ္ဌကထာ, ဋီကာအရပ်ရပ် တို့၌လာသည်။

ကုဋေတစ်သိန်းကိုပင် အမှန်ပြု၍ ထားဦး၊ ၎င်းစိတ္တက္ခဏပေါင်း ကုဋေတစ်သိန်းကို တည်၍ သဒ္ဒရုပ်သက် ၁၇-ချက်နှင့် စားသည်ရှိသော် ကုဋေငါးထောင် - ရှစ်ရာ့ - ရှစ်ဆဲ့ - နှစ်ကုဋေ, သုံးသန်း, ငါးသိန်း, နှစ်သောင်း, ကိုးထောင်, လေးရာ, တစ်ဆဲ့တစ်- သာသာရသည်။

ထို့ကြောင့် လက်ဖျစ်တစ်တွက်ခန့်ကာလဖြင့် အ-ဟူသော အက္ခရာ တစ်လုံး ပြီပြင်အောင် ဖြစ်ရာ၌ သဒ္ဒကလာပ် အဆက်ပေါင်း ကုဋေ ငါးထောင့် - ရှစ်ရာ - ရှစ်ဆယ့် နှစ်ကုဋေ, သုံးသန်း, ငါးသိန်း, နှစ်သောင်း, ကိုးထောင့်, လေးရာ, တစ်ဆဲ့တစ်ခန့် ဖြစ်မှ အက္ခရာတစ်လုံး ပီပြင်သည် ဟု မှတ်အပ်၏။

[ဗျည်းနှင့်တကွသော က-ဟူသော ရဿကို ရွတ်ရာ၌ ထိုအ-ကို ရွတ်သည်ထက် တစ်ဆခွဲတိုးလေ၊ အာ-ဟူသောဒီဃကို ရွတ်ရာ၌ ထို့ထက် ၂-ဆ၊ ဗျည်းနှင့် တကွသော ကာ-ဟူသောဒီဃကို ရွတ်ရာ၌ ထို့ထက် ၂-ဆခွဲတိုးလေ။]

ထိုမျှလောက်သော ကာလအတွင်း၌ သဒ္ဒကလာပ်ချင်း ဆက်မိအောင်ဆက်၍ တစ်လုံးသော အက္ခရာကို ရွတ်ရာ၌ မနောဒွါရ ဇောဝီထိပေါင်း ဘယ်မျှလောက် များမည်၊ တစ်ခုတစ်ခုသော မနော ဒွါရ အကြား အကြား ခဏ၌ ဘဝင်ဘယ်လောက် များမည်၊ ပဉ္စဒွါရဝီထိ များလည်း ဘယ်ရွေ့ဘယ်မျှ ကြားချပ်မည်၊ ထိုဘဝင်တွေ ပဉ္စဒွါရဝီထိတွေကျ၍ နေစဉ်အခါ၌ သဒ္ဒကလာပ် အစဉ်ပြတ်ခြင်း ရှိဦးမည်၊ မရှိမည်များကို ကြံပါလေ။

ကြံပုံကား။ ။ အ-အက္ခရာကို ရွတ်ခြင်း အမှု၌ ရှေးရှုအားထုတ်ခြင်း ဗျာပါရနှင့်တကွ ဖြစ်ကြ ကုန်သော မနောဒွါရဝီထိတို့၏ အကြား အကြားဘဝင်တွေ, ပဉ္စဒွါရဝီထိတွေ ကျ၍ နေစဉ်အခါ မှာလည်း သဒ္ဒကလာပ် မပြတ်ပြီ။

ရှေးရှေးမနောဒွါရ ဇောကြောင့်ဖြစ်သော ဝစီဝိညတ်နှင့်တကွသော စိတ္တဇကလာပ်တို့မှ ဆက်လက်၍ စိတ္တပစ္စယ ဥတုဇသဒ္ဒကလာပ်တို့သည် အမျှင်မပြတ်မူ၍ အဆက်ပေါင်း အရာအထောင် မကပင်ဖြစ် သင့်ကုန်သည်။

ထိုစိတ္တပစ္စယ ဥတုဇသဒ္ဒကလာပ် တို့မည်သည် မူလဖြစ်သော စိတ္တဇသဒ္ဒ ကလာပ်ရင်းတို့နှင့် အသံသုတိ အဆင်တူသာ ဖြစ်ကုန်မြဲ၊ အဆင်ကွဲ မဖြစ်နိုင်ကုန်။

ထို့ကြောင့် ဘဝင်တွေကျစဉ်, ပဉ္စဒွါရဝီထိတွေကျစဉ် အခါတို့၌ ထိုဥတုဇသဒ္ဒကလာပ်တို့သည် အမျှင် မပြတ်မူ၍ပင် ဖြစ်ကုန်၏ဟုမှတ်။

ဝစီဝိညတ်ကိုဖွင့်ကြသော အဋ္ဌကထာ, ဋီကာ, အက္ခရာဖြစ်ပုံကို ပြကြသော သဒ္ဒါကျမ်းဂန်တို့၌ကား တစ်ဝီထိတည်းနှင့်ပင် အက္ခရာ တစ်လုံး ပြည့်စုံစွာဖြစ်သကဲ့သို့ ဆိုကြကုန်၏၊ ကြံလေ။

[ဤကား အက္ခရာတစ်လုံးကို ရွတ်ဆိုရာ၌ ဝစီဒွါရကလာပ်တွေ အကုဋေမက ဆက်နွယ်ဖြစ်ပွါး ပုံတည်း။]

အမေ, အဖေ-စသော အက္ခရာ ၂-လုံးရှိသော ပုဒ်ကိုရွတ်ဆိုရာ - စသည်တို့၌လည်း ဝီထိများပုံ ကိုသိလေ၊ ရွတ်ဆိုသော ဝဒန္တပုဂ္ဂိုလ်သည် အက္ခရာတစ်လုံးကို လက်ဖျစ် တတွက်ကာလ အကုဋေ မကသော မနော ဒွါရဇောတို့ဖြင့် ရွတ်ဆိုမှ ပြည့်စုံပြီးစီးသည်ကို ထောက်၍ ကြားနာသော သုဏန္တ ပုဂ္ဂိုလ်မှာလည်း အက္ခရာတစ်လုံးကို ပီပီသသ ကြားရသိရသောအခါ ဝီထိပေါင်း ဘယ်လောက် များလိမ့်မည်ဟု နှိုင်းယှဉ်၍ကြံလေ။

ပစ္စည်းပိုင်း အဆုံးတွင် လာသော သင်္ဂြိုဟ် - ဋီကာကျော် စသည် တို့၌ကား လက်ဖျစ် ၂- တွက်ခွဲ ကာလရွတ်အပ်သော ဂေါ-သဒ္ဒါကိုကြား၍ နွားဟူသော အနက်ကိုသိရာ၌-

၁။ ရှေးဦးစွာပစ္စုပ္ပန်ဖြစ်သော ပရမတ်သဒ္ဒါကို အာရုံပြု၍ သောတဒွါရဝီထိ,
၂။ ထိုနောက် ချုပ်ပြီးသော အတိတ်ပရမတ်သဒ္ဒါကို အာရုံပြု၍ တဒနုဝတ္တကမနောဒွါရဝီထိ,
၃။ ထိုနောက် နာမပညတ်ခေါ်သော ပညတ်သဒ္ဒါကို အာရုံပြု၍ မနောဒွါရဝီထိ,
၄။ ထိုနောက် နွားဒြဗ်ဟူသော အနက်ကိုအာရုံပြု၍ မနောဒွါရ ဝီထိ,

ဤသို့လျှင် ၄-ဝီထိနှင့် အနက်ကို သိနိုင်သကဲ့သို့ ဆို၏၊ ယင်းကိုပင် ပြောရိုးဆိုရိုး ပြုကြကုန်၏။

[လက်ဖျစ် ၂-တွက်ခွဲကာလ ရွတ်ဆိုရသော ဂေါသဒ္ဒါကို ၄-ဝီထိနှင့်ကြားခြင်း အနက်ကို သိခြင်းဖြစ်၏ ဟူသည်ကို ကြံလေ - တစ်ရပ်။]

ဝစီဒွါရကလာပ်အရာ၌ လက်ဖျစ်တစ်တွက်ခန့် ကာလ၌ပင် အကုဋေမကအောင် ရုပ်ကလာပ် အဆက်အလက် များပုံကို ထောက်၍ ကာယဒွါရကလာပ် အရာ၌လည်း လက်ဖျစ်တစ်တွက်, လျှပ်တစ်ပြက်, မျက်တောင်တစ်ခတ်ခန့် ကာလအတွင်း၌ ရုပ်ကလာပ် အဆက်များပုံကိုလည်း သိနိုင် ရာသည်။

အကျဉ်းမျှဆိုအံ့

လက်ဖျစ်တစ်တွက်ခန့် ကာလ၌ စိတ်ပေါင်း ကုဋေတစ်သိန်း, ရုပ်အဆက်ပေါင်း ကုဋေငါးထောင့် ရှစ်ရာ့ ရှစ်ဆယ့် နှစ်ကုဋေ, သုံးသန်း, ငါးသိန်း, နှစ်သောင်း, ကိုးထောင့်, လေးရာ့, တစ်ဆယ့် တစ်ဆက် - ဆက်နိုင်သည်ကို သိလင့်ဦး။

ကမ္မဇကလာပ်, စိတ္တဇကလာပ်, အာဟာရဇ ကလာပ် တို့မည်သည် အဇ္ဈတ္တရုပ် သန္တာန်မှ တစ်ဆံဖျား ခန့်မျှ အပ၌ ဖြစ်ခြင်း မရှိသည်ကို သိလင့်ဦး။

ဝိသုဒ္ဓိမဂ်မဟာဋီကာ ဓာတုဝ၀တ္ထာန် ကမ္မဋ္ဌာန်းအဖွင့်၌ ရုပ်ကလာပ် တစ်ခု၏ ပမာဏသည်၊ ပရမာနုမြူ တစ်လုံးခန့်ရှိ၏ ဟူသည်ကိုလည်း သိလင့်ဦး။

ပရမာနုမြူ ၃၆-လုံးသည် အနုမြူ တစ်လုံး,
အနုမြူ ၃၆-လုံးသည် တဇ္ဇာရီမြူ တစ်လုံး,
တဇ္ဇာရီမြူ ၃၆-လုံးသည် ရထရေနုမြူ တစ်လုံး,
ရထရေနုမြူ ၃၆-လုံးသည် ကညစ်ချေး တစ်ခု,
ကညစ်ချေး ခုနှစ်ခုသည် သန်း တစ်ခု,
သန်းခုနစ်ခုသည် မုယောစပါး တစ်ခု,
မုယောစပါးခုနစ်ခုသည် လက်တသစ်,
၁၂-သစ်သည် တစ်ထွာ,
၂-ထွာသည် တစ်တောင်,
ခုနစ်တောင်သည် တစ်တာ,
တာ ၂၀-သည် တစ်ဥသဘ,
ဥသဘ ရှစ်ဆယ်သည် တစ်ဂါဝုတ်,
၄- ဂါဝုတ်လျှင် တစ်ယူဇနာ,

ဟူသော ခရီးအဓွန့် ပမာဏကိုလည်း သိလင့်ဦး။

လှုပ်ရှား သွားလာရာ၌ သတ္တမဇောနောင် ဖြစ်သော ကလာပ်စု သည်သာလျှင် နေရာရွေ့သည်ဟု မှတ်လင့်ဦး။

ကိုယ်အင်္ဂါကို ချီ ကြွ လှုပ်ရှားသွားလာ ပြောင်းရွေ့သော အခါ၌ မနောဒွါရဝီထိကြောင့်ဖြစ်သော ကာယဒွါရကလာပ်တို့သည် နေမြဲတိုင်း နေရာမှ ပရမာမြူ တစ်လုံးစာဖြစ်သော ကလာပ်တစ်ခု ပမာဏသာ ရွေ့သည်၊ ထို့ထက်လွန်၍ မရွေ့နိုင်၊ အကယ်၍ လွန်၍ရွေ့သည် ဖြစ်အံ့၊ ရှေးဦးတည် ဖြစ်သော စိတ္တဇကလာပ်စုသည် အဇ္ဈတ္တသန္တာန်မှ လွတ်၍ ဖြစ်ရာ၏၊ ထိုသို့လည်း မဖြစ်ကောင်း၊ စိတ္တဇကလာပ်ရွေ့၍ ဖြစ်သည် ရှိသော် ကိုယ်အင်္ဂါ အလုံး၌ အလုံးစုံသော ကမ္မဇကလာပ်, ဥတုဇကလာပ်, အာဟာရဇကလာပ် - တို့သည်လည်း ထို စိတ္တဇကလာပ် ရွေ့ရာသို့ ရွေ့၍ ဖြစ်ကြ ကုန်၏၊ စတုဇကလာပ်ဟောင်းတို့မှာမူကား ရှေးရှေး နေရာ၌သာ ချုပ်ကြကုန်၏။

ကိုယ်အင်္ဂါ ချီ ကြွ လှုပ်ရှားသွားလာပြောင်း၍ခြင်းဗျာပါရနှင့် တကွဖြစ်သော မနောဒွါရတို့၏ အကြားအကြား၌ တစ်ခြားကို အာရုံပြုသော မနောဒွါရတွေ, ဘဝင်တွေ, ပဉ္စဒွါရ ဝီထိတွေကျ၍ နေစဉ်အခါ၌လည်း ထိုဗျာပါရနှင့် တကွဖြစ်သော မနောဒွါရဇော တို့ကြောင့်ဖြစ်သော ကာယ ဝိညတ်နှင့် တကွဖြစ်သော စိတ္တဇကလာပ်တို့မှ ဆက်လက်၍ စိတ္တပစ္စယ ဥတုဇကလာပ်တို့သည် သွားခြင်း ရွေ့ရှားခြင်း အလျဉ်မပြတ်မူ၍ အရာအထောင် မကပင် ဖြစ်ကြကုန် သောကြောင့် တစ်ကလာပ်စာ, တစ်ကလာပ်စာစီ တိုး၍တိုး၍ အဆင့်ဆင့် ရွေ့ကြကုန်၏။

ထိုသို့ ရွေ့ပါများသဖြင့် -

၁။ ကလာပ်ဆက်ပေါင်း ကုဋေ ငါးဆယ့် ခုနစ်ကုဋေ, ခြောက်သန်း, တစ်သိန်း, ရှစ်ထောင့်, နှစ်ရာ့, ရှစ်ဆယ့် ရှစ်ဆက် - ရှိသောအခါ လက်တစ်သစ် ရွေ့၏။

၂။ ထိုလက်တစ်သစ် ကလာပ်ပေါင်းကို ရှစ်ခုနှင့် မြှောက်၍ ကလာပ်ဆက်ပေါင်း ကုဋေလေးရာ့ ခြောက်ဆယ်, ရှစ်သန်း, ရှစ်သိန်း, ခြောက်သောင်း, ခြောက်ထောင့်, သုံးရာ့, လေး - ဆက်ရှိသော အခါ တစ်မိုက် ရွေ့၏။

၃။ လက်သစ် ကလာပ်ပေါင်းကို ၁၂- ခုနှင့်မြှောက်၍ ကလာပ်ဆက်ပေါင်း ကုဋေခြောက်ရာ့ ကိုးဆယ့် တစ်ကုဋေ, သုံးသန်း, နှစ်သိန်း, ကိုးသောင်း, ကိုးထောင့်, လေးရာ့, ငါးဆယ့်ခြောက် - ဆက်ရှိသော အခါ တစ်ထွာ ရွေ့၏။

ကလာပ်ဆက်ပေါင်း ဟုဆိုခဲ့သော စကားရပ်တို့၌ ရှေးရှေးကလာပ် ချုပ်မှဖြစ်သော နောက်နောက် သော ကလာပ်စုကိုသာ တစ်ဆက် ယူပါ။

ဝစီဒွါရကလာပ်၌ ဆိုအပ်ပြီးသော နည်းအားဖြင့် မျက်တောင် တစ်ခတ်ခန့်ကာလ၌ ဖြစ်ထိုက်သော ကလာပ်ပေါင်း ကုဋေငါးထောင်ကျော်ကို အဓွန့်ခရီး အားဖြင့် ဖြန့်လိုက်သည်ရှိသော် သုံးတောင် ထွာခန့် ရောက်၏။

ထိုသို့ဖြစ်သည်ရှိသော် မျက်တောင်တစ်ခတ်ခန့် ကာလဖြင့် သုံးတောင့်ထွာခန့် ခရီးရောက်အောင် သွားနိုင် ရွေ့နိုင်မည်လောဟု -

မစောဒနာသင့်၊ ဆိုခဲ့ပြီးသော အပိုင်းအခြားတို့ကို ကလာပ်ဖြစ်စဉ်အားဖြင့် ရသင့်ရောက်သင့်သော အရာကို ရည်၍သာ ဆိုပေသည်။

၁။ ဥဿာဟ မပြုသောသူ,
၂။ ဥဿာဟကိုပင် ပြုသော်လည်း ကိုယ်အင်္ဂါ၌ ပထဝီညံ့၍ ဝါယော ပျော့သောသူ,
၃။ မကျန်းမာ၍ ဓာတ်လေးပါး မညီညွတ်သောသူ,
၄။ ဝန်လေးသောသူ,
၅။ ခြေလက်စသည် ရှည်ရှည်လျားလျား မပြည့်စုံသောသူ,
၆။ အလွန်ငယ်သော - သတ္တဝါစသည်တို့၌ကား သွားခြင်းအမှုကို ရှေးရှုအားထုတ်သော စိတ်ကြောင့် ဖြစ်သော စိတ္တဇဝါယောသည် အဟုန်ပျော့သည်ဖြစ်၍ မိမိမှဖြစ်သော ဥတုဇ ကလာပ်တို့ကို အဆက်များစွာ အဟုန်နှင့်တကွ ပြေးအောင် မတတ်နိုင်၊ ထိုဥတုဇကလာပ်တို့သည် အတန်ငယ်သာ ဆက်လက်၍ ကျကုန်၏။

ပျော့လှစွာသော လေးကိုင်း၌တပ်သော လေးညှို့၏ အဟုန်သည် ပျော့လှသည်ဖြစ်၍ မြားသည် ပျော့ပျော့သွား၍ အဝေးကိုမသွား၊ အပါးအနီး၌ ကျလေသကဲ့သို့မှတ်။

[ဤသို့ဝါယော အလွန်ပျော့ရာ၌ ရှေ့သို့မတိုး မရွေ့သော ကလာပ် တို့သာလျှင် အလွန် များကုန်၏၊ တိုးသော ရွေ့သော ကလာပ်နည်း၏၊ ဇာတ်အဋ္ဌကထာ၌ တစ်နေ့လုံးသွားမှ လက်တသစ် လက် နှစ်သစ်သာ ရွေ့သည်ဟူသော သတ္တဝါကဲ့သို့ ဖြစ်၏။]

၁။ လွန်စွာလည်း အားထုတ်သည်။
၂။ တစ်ပါးဝန်လည်း မရှိ။
၃။ အင်္ဂါလည်း ပြည့်စုံသည်။
၄။ မာလည်း မာကျန်းသည်။
၅။ စိတ်စွမ်းလည်း ထက်သည်။
၆။ ပထဝီလည်းအားကောင်း၍ ဝါယောလည်း အလွန်သန်သည်။

ဤကဲ့သို့သောသူ ဖြစ်ပေမူကား စိတ္တဇဝါယောသည် အလွန်အဟုန် အားသန်၏၊ ထိုမှဆက်၍ သွားသော ဥတုဇဝါယော တို့သည်လည်း အဟုန် ပြင်းထန်ကုန်၏၊ အဆက်အလက် မဆုံးနိုင်အောင် သွားကုန်၏။

[အလောင်းတော် သိဒ္ဓတ်မင်းသား၏ လေး၌ လေးကိုင်းသည် အလွန်သန်၏၊ ညှို့ဟုန်သည် အလွန် ပြင်းထန်၏၊ မြားသည် တစ်ယူဇနာ တိုင်အောင်သွား၏၊ ဤအတူမှတ်]

ဤသို့ အတုမရှိသော အဟုန်နှင့် ယှဉ်ရာ၌ကား မတိုးမရွေ့သော ကလာပ်ပင် မရှိ၊ အသစ်အသစ်သော ကလာပ်တို့ တိုးရုံ ရွေ့ရုံတွင်မျှ မက အဟောင်းဖြစ်သော ရှေးရှေးသော ကလာပ်တို့လည်း ဥပါဒ်ရာ အရပ်၌ မချုပ်ကုန်မူ၍ ရှေးရှုရာ အရပ်တစ်ပါးသို့ ပြောင်းရွှေ့ပြီးမှ ချုပ်နိုင်ကုန်၏။

ရုပ်တို့သည် ဖြစ်ရာအရပ်မှ တစ်ဆံဖျားခန့် ပြောင်းရွှေ့၍ ချုပ်ခြင်း မရှိကုန်ဟူသော ကျမ်းဂန် စကားများကို ပကတိ အခါကို ရည်၍ ဆိုသည်။ အဘိညာဉ်ဖြင့် အလျင်အမြန် သွားရာ၌ အရပ် တစ်ပါးသို့ ရောက်မှ ချုပ်ကြောင်းကို အဆိုရှိသည်ပင်။

[နေမင်းကို လိုက်သော ဇဝနဟင်္သာမင်းတို့၏ သွားခြင်း, စကြာမင်းတို့၏ လေးကျွန်းကို လှည့်လည်၍ နံနက်စာစားမီ ပြန်နိုင်သော ဆင်ရတနာ, သိန္ဓောမြင်းရတနာတို့၏ သွားခြင်းကဲ့သို့မှတ်။]

တန်ခိုးအဘိညာဉ် ရသော ရသေ့, ရဟန်း, နတ်, ဗြဟ္မာတို့၏ လျင်မြန်စွာ သွားခြင်းများ၌ကား ဥပါဒ်သော ရုပ်တို့သည် သတ္တရသာယုက မစေ့ကုန်မီ တစ်ယူဇနာလည်း ရောက်နိုင်၏၊ နှစ်ယူဇနာ, ဆယ်ယူဇနာ, ယူဇနာတစ်ရာ, တစ်ထောင်, တစ်သောင်း, တစ်သိန်းလည်း ရောက်နိုင်၏၊ ထို့ထက် အလွန်လည်း ရောက်နိုင်၏။

ဤသို့ ရောက်ရာ၌ စိတ္တဇဝါယော လွန်သော ရုပ်ကလာပ်တို့သည် ရုပ်ဟောင်းတို့ကို ပါအောင် ဆောင်ကြဉ်း၍ သွားကုန်၏၊ ရောက်ရာမှ သတ္တာရသာယုကစေ့၍ ချုပ်ရကုန်၏၊ ဤကား အလွန်တည်း။

[ဤအလွန်နှင့် ယခင်ဆိုခဲ့သော တစ်နေ့လုံးမှ လက်တစ်သစ်သာ သွားသည်ဟူသော အယုတ်ညံ့ ဆုံးကို အစွန်းနှစ်ခုထား၍ အလယ်၌ အနှေး အဆင့်အဆင့် အမြန် အဆင့်အဆင့်တို့ကို ဝေဖန်၍ ကြည့်လေ - တစ်ရပ်။]

မေးမြန်းဖွယ်

မေး။ ။ ဝိညတ်ဒွေသည် ပြိုင်၍ မဖြစ်ကောင်း ဟူရာ၌ -

အဘယ့်ကြောင့် မဖြစ်ကောင်းဘဲ ရှိပါအံ့နည်း၊ သွားရင်း, လာရင်း, လုပ်ရင်း, ကိုင်ရင်း စကား ပြောဆိုကြသည် မဟုတ်လော၊ စကားပြောစဉ်လည်း မေးလှုပ်ရသည်၊ လျှာ, နှုတ်ခမ်း လှုပ်ရသည် မဟုတ်လော-ဟူမူ။

ဖြေ။ ။ ဟုတ်ပါ၏၊ ဟုတ်သော်လည်း ဇောဝီထိမှာမူကား တစ်ခြားစီသာ ယူရမည်၊ စိတ်သည် မျက်တောင် တစ်ခတ်၌ ကုဋေတစ် သိန်းကျော် ဖြစ်နိုင်သည်ဟူသော သဘောနှင့် ချင့်ချိန်၍ကြည့်။

တစ်နည်းမှာ-

မေး။ ။ ဖြစ်သင့်သောအချက်၌ ဝိညတ်ဒွေတို့သည် တစ်ခုသော စိတ်ကြောင့်ပင် ပြိုင်၍ဖြစ်ပါကုန် သေး၏ဟူသော် အဘယ်အပြစ် ရှိမည်နည်း။

ဖြေ။ ။ ဖြစ်သင့်သောအချက် ဟူသည်ကား တစ်ခုတည်းသော အလိုဆန္ဒ ကိစ္စအမှုကို ကိုယ်အင်္ဂါ, နှုတ်အင်္ဂါ နှစ်ပါးနှင့် တစ်ပြိုင်နက် ပြုလိုပြလိုသော အခါတည်း၊ အမှုကိုတွေ့အောင်ရှာလေ။

[အလိုအမှုကွဲရာမပြိုင်နိုင် - တစ်ရပ်။]
ပဌမပုစ္ဆာအဖြေ ပြီး၏။

ဒုတိယပုစ္ဆာ အဖြေ

ဒုတိယပုစ္ဆာ အဖြေ၌ -

၁။ “ဝိဘူတံ” ကိုလည်း “ထင်သော” ဟု အနက်ပေးသည်။
၂။ “အာပါတံ” ကိုလည်း “ထင်ခြင်းသို့” ဟု အနက်ပေးသည်။

အထူးကား

၁။ ဝိဘူတသဒ္ဒါ၏ အနက်ဖြစ်သော “ထင်” ဆိုသည်မှာ အညစ်အကြေးစင်သော ကောင်းကင်၌ တက်ထွန်းသော နေဝန်း, လဝန်းများကဲ့သို့ ပြက်ပြက် ကွက်ကွက် ထင်ရှားသော အာရုံဆိုလိုသည်၊ ထိုသို့မထင်ရှားဘဲ မှိန်လှမှုန်လှသောအာရုံကို အဝိဘူတ ဆိုသည်။

၂။ အာပါတသဒ္ဒါ၏ အနက်ဖြစ်သော “ထင်ခြင်း” ဆိုသည်မှာ အာရုံဖြစ်သော ဓာတ်၏ ဒွါရဖြစ်သော ဓာတ်၌ ခိုက်တိုက်ထိပါးခြင်း ကိုဆိုသည်၊ ပသာဒငါးပါး, ဘဝင်ဟူသော အကြည်ဓာတ် - ခြောက်ပါး၌ ရူပါရုံ စသော အာရုံဓာတ်ရိပ် ဟပ်သည်ကို “အာပါတ-ထင်ခြင်း” ဆိုသည်၊ ထင်ရှားသည်ကို ဆိုသည် မဟုတ်။

ထို့ကြောင့် ဝိဘူတ - ဟူသော ထင်ရှားသော အာရုံပင်ဖြစ်စေ, အဝိဘူတ - ဟူသော မထင်မရှား မှုန်လှသော အာရုံပင်ဖြစ်စေ, အကြည်ဓာတ် ခြောက်ပါး၌ အာပါတ - ခေါ်သော ဟပ်ခြင်းသို့ ရောက်မှ ဝီထိကျနိုင်သည်၊ သိလောက်ပြီ။

[ဒုတိယပုစ္ဆာအဖြေ ပြီး၏။]

တတိယပုစ္ဆာ အဖြေ

တတိယပုစ္ဆာ၌ “ကာမဘုံ၌ပဋိသန္ဓေနေလတ္တံ့သော ကာမပုဂ္ဂိုလ်၏ မရဏာသန္နဇောသည် ပညတ်ကိုအာရုံပြုနိုင်မည်, မပြုနိုင်မည်” ဟူရာ၌ - မရဏာသန္နဇော ဟူသောအာရုံကို နောက် အနန္တရဘဝ၌ ပဋိသန္ဓေစိတ်သည် ပရမတ္ထအစစ် ဖြစ်သော ကာမအာရုံကိုသာ အာရုံပြု နိုင်သောကာမ ဝိပါက်စိတ် ဖြစ်ပေရကား ထိုပဋိသန္ဓေကာမ ဝိပါက်စိတ်နှင့် သင့်မြတ်လေအောင် မရဏာသန္နဇော သည်လည်း ပညတ်ကို အာရုံမပြု၊ ကာမပရမတ်ကိုသာ အာရုံပြုရမည်ဟု ပြောရိုး, ဆိုရိုးရှိသည်။

ကြံဖွယ် အထူးကား

စက္ခုံ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ၊
ကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။

ဟူသော ပဋ္ဌာန်းပါဠိတော်၌ ဝိပဿနာ ဇောနောင် တဒါရုံကျသည်ကို ဟောတော်မူသည်။

ဝိပဿနာဇောဟူသည်။ ။ အနိစ္စတော, ဒုက္ခတော, အနတ္တတော - လက္ခဏာ ပညတ်ကို အာရုံ ပြုသည်၊ ထိုသို့ လက္ခဏာပညတ်ကို အာရုံပြုငြားသော်လည်း ထိုလက္ခဏာ ပညတ်သည် ပရမတ် ဖြစ်သော ခန္ဓာကိုပင် လွှတ်၍ အသီးအခြား ယူအပ်သော ပညတ်မဟုတ်၊ ပရမတ် ဖြစ်သောခန္ဓာ တို့၌သာ ထိုခန္ဓာတို့နှင့် မကွဲမပြားပြု၍ ယူအပ်သည်။

ထို့ကြောင့် လက္ခဏာပညတ်ကို အာရုံပြုသော ဝိပဿနာဇောသည် ခန္ဓာကိုလည်း အာရုံပြုရ လျက်ပင် ဖြစ်သည်၊ ထိုဇောနောင် ကျသော တဒါရုံကာမဝိပါက် မှာမူကား ထိုဇောပြုသော ခန္ဓာ လက္ခဏာ ပညတ်နှစ်ပါးတွင် လက္ခဏာပညတ်ကို လွှတ်၍ ခန္ဓာသက်သက်ကိုသာ အာရုံပြုသည်။

ကာမဝိပါက်ဖြစ်၍ လက္ခဏာ ပညတ်ကိုပင် သော်လည်း အာရုံ မပြုနိုင်၊ ထိုသို့ဖြစ်သော်လည်း ဇောနှင့် တဒါရုံသည် အာရုံကွဲကြသည် မဆိုသာ၊ ဇောပြုသမျှကို အကုန် မပြုနိုင်ရုံမျှသာ ရှိသည်၊ အခြားတစ်ပါးသော အာရုံကို ယူတော့သည်မဟုတ်။

ဤကဲ့သို့ပင် ကာမာဝစရဇောသည် ပရမတ္ထဓမ္မနှင့် မကွဲမပြား သကဲ့သို့ဖြစ်သော မိန်းမ- ယောက်ျား- ကျွဲ- နွား- ဆင်- မြင်း- ဟူသော ပညတ် အဝတ်ပုဆိုး- ရွှေအိုး- ကျောက်သံ- စသော ပညတ်, ခြေ- လက်- ဦးခေါင်း- မျက်စိ- မျက်နှာ- နား- နှာခေါင်း- စသောပညတ်, သား- သ္မီး- မယား- လင်- စသော ပညတ်များကို အာရုံပြုရာ၌ ရူပါရုံစသော ပရမတ္ထဓမ္မတို့နှင့်တကွ ဖက်စပ်၍သာ အာရုံပြု ရသည်၊ ပရမတ္ထကိုလွှတ်၍ ပညတ် သက်သက်ကို အာရုံပြုသည်မဟုတ်။

ထိုဇောတို့ နောင်ကျသော တဒါရုံမှာမူကား ထိုဇောပြုသော ဥပါဒါပညတ် ပရမတ္ထအာရုံတို့တွင် ဥပါဒါပညတ်ကို လွှတ်၍ အဆင်းအရောင် စသော ပရမတ္ထ သက်သက်ကိုသာ အာရုံပြုသည်၊ မိမိ တို့သည် ကာမဝိပါက်ဖြစ်၍ ဥပါဒါပညတ်ကို အာရုံ မပြုနိုင်၊ ထိုသို့ ဖြစ်သော်လည်း ဇောနှင့်တဒါရုံ အာရုံကွဲကြသည် မဆိုသာ၊ ဇောပြုသမျှကို အကုန်မပြုနိုင်ရုံ မျှသာရှိသည်၊ တစ်ခြားတစ်ပါးကို ပြုတော့သည်မဟုတ်။

ထို့ကြောင့် မရဏာသန္နအခါ -

နိမိတ္တဿာဒဂဓိတံဝါ ဘိက္ခဝေ ဝိညာဏံ တိဋ္ဌမာနံ တိဋ္ဌတိ အနုဗျဉ္ဇနဿာဒဂဓိတံဝါ၊ တသ္မိံ စေ သမယေ ဘိက္ခဝေ သတ္တော ကာလင်္ကရေယျ၊ ဌာနမေတံ ဝိဇ္ဇတိ, ယံ ဒွိန္နံ ဂတီနံ အညတရံ ဂတိံ ဥပပဇ္ဇေယျ နိရယံဝါ တိရစ္ဆာနယောနိံဝါ။

ဟူသော ဒေသနာတော်မြတ်ဖြင့် သား, မယား စသည်တို့၏ တင့်တယ်သည်ဟု သာယာကြသော ကိုယ်အင်္ဂါကြီးငယ် ဟူသော နိမိတ္တပညတ်, ဖွဲ့ဖွဲ့နွဲ့နွဲ့ ကနွဲ့ကရပြောဆို ပြုံးရယ်ခြင်းစသော အနုဗျဉ္ဇနပညတ် များကို အာရုံပြု၍ စုတိကျခဲ့သည်ရှိသော် သေသည်၏ အခြားမဲ့ဘဝ၌ တိရစ္ဆာန် သော်လည်းဖြစ်ရမည်၊ ငရဲ၌သော်လည်း ဖြစ်ရမည်ဟု ဟောတော်မူသောကြောင့် မရဏာသန္နဇော သည် ထိုကဲ့သို့ ပညတ်များကိုလည်း အာရုံပြုပါသေး၏။ပြုသော်လည်း အဆင်းအရောင် အသံပလံ - စသော ပရမတ္ထဓမ္မကို လွှတ်၍ပြုသည် မမဟုတ်၊ ပရမတ္ထနှင့် မကွဲမပြားသည်ကို အာရုံပြုသည်၊

ထိုမရဏာသန္နဇောနောင် ကျသော တဒါရုံ, နောက်ဘဝ၌ဖြစ်သော ကာမပဋိသန္ဓေ တို့မှာမူကား ပညတ်ကို လွှတ်၍ ပရမတ် အာရုံကိုသာ ယူကြကုန်သည်၊ ထိုသို့ ယူသော်လည်း ထိုတဒါရုံ, ထို ပဋိသန္ဓေဝိပါက် တို့သည် မရဏာသန္နဇောနှင့် အာရုံကွဲသည် မဆိုသာ၊ ငါတို့သဘောကျ အယူ။

[ပကတိအခါ မိန်းမ, ယောက်ျား, ကျွဲ, နွား, ဆင်, မြင်း, လက်, ခြေ, သဏ္ဌာန် စသော သဝိညာဏက - အဝိညာဏကသမူဟ ပညတ်, သဏ္ဌာနပညတ်, သန္တာနပညတ် ဒြဗ်ဝတ္ထုတို့ကို အာရုံပြု၍ သာယာ ခြင်း, ပြစ်မှားခြင်း စသည်ဖြစ်၍ နေကြရာ၌လည်း ဤနည်းအတိုင်းပင် မှတ်လေ။]

ဤကဲ့သို့သော အရာတို့၌ ပရမတ္ထဓမ္မကို အာရုံပြုသည် ဟူငြားသော်လည်း မိမိအာရုံပြုသော ပရမတ္ထဓမ္မ၏ နက်နဲသိမ်မွေ့သော သဘော လက္ခဏာရင်းကို ထိအောင်ပြုနိုင်သည် မဟုတ်၊ အလွန် တိမ်လှစွာသော ဣဋ္ဌ, အနိဋ္ဌ, သုဘ, အသုဘ အခြင်းအရာမျှကိုသာ ယူ၍ပြုလေသည်၊ ထို့ကြောင့် ပရမတ္ထဓမ္မကို အာရုံပြုသော်လည်း ပရမတ္ထဓမ္မကို သိသည် မဟုတ်။

တတိယပုစ္ဆာအဖြေ ပြီး၏။

စတုတ္ထပုစ္ဆာ အဖြေ

စတုတ္ထပုစ္ဆာ၌ ယုံမှားခြင်း တစ်ဆဲ့ခြောက်ပါး ဟူသည်ကား-

၁။ “အဟောသိံ နုခေါ အဟံအတီတမဒ္ဓါနံ
ငါသည် အတိတ်အဓွန့်၌ ဖြစ်ဖူးလေပြီလော့။

၂။ “န နုခေါအဟောသိံ အဟံ အတီတမဒ္ဓါနံ
ငါသည် အတိတ်အဓွန့်၌ မဖြစ်ဖူးလေသလော့

၃။ “ကိံ နုခေါ အဟောသိံ အဟံ အတီတမဒ္ဓါနံ
ငါသည် အတိတ်အဓွန့်၌ အဘယ်သို့ ဖြစ်ဖူးလေသနည်း၊

၄။ “ကထံ နုခေါ အဟောသိံ အဟံ အတီတမဒ္ဓါနံ
ငါသည် အတိတ်အဓွန့်၌ အဘယ်သို့သော အခြင်းအရာ အားဖြင့် ဖြစ်ဖူးလေသနည်း၊

၅။ “ကိံ ဟုတွာ ကိံ အဟောသိံ နုခေါ အဟံ အတီတမဒ္ဓါနံ
ငါသည် အတိတ်အဓွန့်၌ အဘယ်သို့ ဖြစ်ပြီးမှ အဘယ်သို့ ဖြစ်ရသနည်း

(အတိတ် အဓွန့်၌ ငါးပါး)

၁။ “ဘဝိဿာမိ နုခေါ အဟံ အနာဂတမဒ္ဓါနံ
ငါသည် အနာဂတ်အဓွန့်၌ ဖြစ်ရလတံ့လော၊

၂။ “န နုခေါ ဘဝိဿာမိ အဟံ အနာဂတမဒ္ဓါနံ
ငါသည် အနာဂတ်အဓွန့်၌ မဖြစ်တော့လတံ့လော။

၃။ “ကိံ နုခေါ ဘဝိဿာမိ အဟံ အနာဂတမဒ္ဓါနံ
ငါသည် အနာဂတ်အဓွန့်၌ အဘယ်သို့ဖြစ်လတံ္တ့နည်း။

၄။ “ကထံ နုခေါ ဘဝိဿာမိ အဟံ အနာဂတမဒ္ဓါနံ
ငါသည် အနာဂတ်အဓွန့်၌ အဘယ်သို့သော အခြင်းအရာ အားဖြင့် ဖြစ်လတံ္တ့နည်း။

၅။ “ကိံ ဟုတွာ ကိံ ဘဝိဿာမိ နုခေါ အဟံ အနာဂတမဒ္ဓါနံ
ငါသည်အနာဂါတ်အဓွန့်၌ အဘယ်သို့ဖြစ်ပြီးမှ အဘယ်သို့ ဖြစ်ရလတံ္တ့နည်း။

[အနာဂတ် အဓွန့်၌ ငါးပါး။]

၁။ “အဟံ နုခေါသ္မိ
ငါ ဟုတ်၏လော။

၂။ “နော နုခေါသ္မိ
ငါ မဟုတ်လေသလော။

၃။ “ကိံ နုခေါသ္မိ
ငါ အဘယ်သို့ ဖြစ်၍နေသနည်း။

၄။ “ကထံ နုခေါသ္မိ
ငါအဘယ်သို့သော အခြင်းအရာအားဖြင့် ဖြစ်၍နေသနည်း။

၅။ “အဟံ နုခေါ သတ္တော
ငါသတ္တဝါကောင် ဟုတ်မည်လော။

၆။ “ဣတော အာဂတော သော ကုဟိံ ဂါမိ ဘဝိဿတိ
အဘယ်ဘဝက လာ၍ အဘယ်ဘဝသို့ ဤသတ္တဝါကောင် သွားရလတံ္တ့နည်း။

[ပစ္စုပ္ပန်အဓွန့် ခြောက်ပါး။]

ပေါင်း --- ယုံမှားခြင်း ၁၆-ပါးဖြစ်၏။

[ဤယုံမှားခြင်း ၁၆-ပါး၏ အသီးအသီးသော အဓိပ္ပါယ် အကျယ်ကို သုတ္တန်အဋ္ဌကထာ, သာရတ္ထဒီပနီ ဋီကာတို့၌ ဖွင့်သည်၊ အကျိုးလည်း မရှိလွန်း၊ များလည်းများလှ၍ အကျယ်ကို မရေးလိုက်ပြီ။]

ပဋိစ္စသမုပ္ပါဒ်ကို ကောင်းကောင်းမြင်၍ အဓွန့်သုံးပါးနှင့်ပင် အတ္တ, ဇီဝ, ပုဂ္ဂလ, သတ္တဟူ၍ အဏုမြူမျှ မရှိ၊ ပရမတ္ထဓမ္မ တို့သည်သာလျှင် အကြောင်းကိစ္စ အကျိုးကိစ္စနှင့် ဖြစ်ပွား ဆက်နွှယ်၍ အစဉ်မပြတ် အမျှင်မပြတ် ရှိနေကုန်သည်ဟု ယုံကြည်စွာ ဆုံးဖြတ်နိုင်သော သူတို့အား ယုံမှားခြင်း ၁၆-ပါးသည် မဝင်လာနိုင်၊ မိမိကိုယ်ကို သက်သက်သော နိဿတ္တ, နိဇ္ဇီဝ, ပရမတ္ထဓမ္မသန္တာန် အစည်းအစုသာဟု ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်နိုင်သော ယထာဘူတ သမ္မာဒိဋ္ဌိဉာဏ် နှင့်လည်း အလွန်ဝေး၊ နတ္ထိကဒိဋ္ဌိ, အကိရိယဒိဋ္ဌိ - စသော ဒိဋ္ဌိကြီးတို့နှင့် ယှဉ်၍ ထင်မိထင်ရာ မြင်မိမြင်ရာ အမှားကိုပင် ပြတ်ပြတ် တောက်တောက် ဆုံးဖြတ်သော မိစ္ဆာဓိမောက္ခသို့လည်း မရောက်၊ စပ်ကြိုစပ်ကြားတွင် အတ္တာနုဒိဋ္ဌိ, အတ္တဝါဒုပါဒါန် အလွန် အားကြီးလှ၍ မောဟ, ဝိတက်တို့ဖြင့် ကြံမိ ကြံရာသော အန္ဓ ဗာလ တို့အား ဖြစ်လာတတ်သော ဝိစိကိစ္ဆာ ၁၆- ပါးတည်းဟု မုံရွာမြို့ လယ်တီဆရာတော် ဖြေဆိုလိုက်သည်။

စတုတ္ထပုစ္ဆာအဖြေ ပြီး၏။
မောင်ရောင်နီပုစ္ဆာလေးရပ်အဖြေ ပြီး၏။

ဦးတောက်က ဦးရောင်နီထံ ပေးစာ

သင်္ဂြိုဟ်ဆရာ, ဋီကာကျော်ဆရာတို့၏ အယူကို ကျေးဇူးရှင် ဆရာတော်ဘုရားကြီး ဆုံးဖြတ်တော် မူချက်။

ထိုအဆုံးအဖြတ်ကို မုံရွာမြို့တရုပ်တန်း အဘိဓမ္မာ တရားဟောဆရာ ဦးတောက်က ဆားထုံးရွာနေ မိတ်ဆွေတော် အဘိဓမ္မာဆရာ ဦးရောင်နီထံသို့ ရေးသားပေးပို့သော ပုရပိုက်မူ လက်ခံစာ။

မှာကြားလိုက်ပါသည် ကိုရောင်နီ။

“သင်္ဂြိုဟ်နှင့်စပ်သော ပရမတ်သဘောအရာ၌ အများတကာ မှတ်သားပြောဆို၍ နေကြသည့် အရာ ထဲက ယခုအထူးသစ်လင်း၍ လာသော အဘိဓမ္မာ စကားများကို ကြားနာရပါလျှင် အသေအချာ မှတ်သား၍ ပေးလိုက်ပါ “ ဟု မှာထားသည်ဖြစ်၍ အထူးကြားနာရသောအချက်ကြီးများမှာ အလွန် များပြားပါ၏၊ ကိုယ်စိတ်နှစ်ပါး မအားမလပ် ရှိသည်နှင့် ကြားကြားသရွေ့ကို အစေ့အစုံ အကုန်အင ရေးသား၍ မပေးလိုက်နိုင် ရှိပါသည်။

ယခုမှာ ဆရာတော်ဘုရားကြီး အဆုံးအဖြတ် ရေးသားပြောဟော၍ လတ်တလော ကြားနာရ, သဘောသကန် အမှန်ကြားနာရသော အထူးတစ်ချက်ကို အထက်စကား ရှိကြသည့်အတိုင်း မှတ်နာ ရေးသား၍ ပေးလိုက်ပါသည်။

ရောက်လျှင် တစ်ဦးနှင့်တစ်ဦး နူးနူးနပ်နပ် လေးမြတ် ယုံကြည်ရင်း ရှိကြသည့်အတိုင်း နှလုံးမရှုပ် ဉာဏ်စွမ်းထုတ်၍ ဟုတ်မှန်သလောက် သဘောပေါက်အောင် အလျောက်လျင်မြန် ကြံဖန် အားထုတ် ပါလေ။

သင်္ဂြိုဟ်ဝီထိပိုင်း တဒါရမ္မဏနိယမ၌-

၁။ တတ္ထာပိ သောမနဿသဟဂတကြိယ ဇဝနာဝသာနေ သောမနဿ သဟဂတာနေဝ တဒါရမ္မဏာနိ ဘဝန္တိ၊ ဥပေက္ခာ သဟဂတကြိယဇဝနာဝသာနေစ ဥပေက္ခာသဟ ဂတာနေဝ ဟောန္တိ။

ဟူသောသင်္ဂြိုဟ်စကား,

၂။ ခီဏာသဝါနံ စိတ္တဝိပလ္လာသာဘာဝေန ကြိယဇဝနာနိပိ ယထာရမ္မဏမေဝ ပဝတ္တန္တီတိ ဝုတ္တံ သောမနဿသဟဂတ ကြိယဇဝနာ ဝသာနေတိ အာဒိ။

ဟူသောဋီကာကျော် စကားများ၌-

ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာ အရှင်မြတ်တို့မှာ အနိဋ္ဌကိုပင် ဣဋ္ဌ, ဣဋ္ဌကိုပင် အနိဋ္ဌဟု ဖောက်လဲ ဖောက်ပြန် ကြံဖန်ယူစွဲတတ်သော စိတ္တဝိပလ္လာသ တရားမှ ကင်းရှင်းစင်ကြယ်တော် မူကြကုန်ပြီး ဖြစ်ပေ၍ ကာမ ကြိယာဇော ကိုးခုတို့သည် ကာမဝိပါက်ကဲ့သို့ပင် အာရုံသဘောကိုသာ လိုက်လျော ညီထွေ ဖြစ်သင့်လေရကား-

၁။ အတိဣဋ္ဌာရုံဖြစ်အံ့ သောမနဿကြိယာဇော ငါးခုသာ ဖြစ်မြဲ,
၂။ ဣဋ္ဌမဇ္ဈတ္တာရုံ, အနိဋ္ဌာရုံဖြစ်အံ့ ဥပေက္ခာကြိယာဇော လေးခုသာ ဖြစ်မြဲဖြစ်၏။
၃။ သောမနဿကြိယာဇော ငါးခုနောင်လည်း သောမနဿ တဒါရုံငါးခုသာ ဖြစ်မြဲ,
၄။ ဥပေက္ခာကြိယာဇော လေးခုနောင်လည်း ဥပေက္ခာတဒါရုံ ခြောက်ခုသာ ဖြစ်မြဲဖြစ်၏။

ဟူသော ဧကန္တနိယမကို သင်္ဂြိုဟ်ဆရာ, ဋီကာကျော်ဆရာတို့ ပြကြကုန်၏။

ထိုဆရာတို့စကားသည် သုတ္တန်ပါဠိတော်, သုတ္တန်အဋ္ဌကထာ များနှင့်မညီ, သဘောသကန် အားဖြင့် လည်း မသင့်မြတ်လေ။

အဘယ်သုတ္တန်ပါဠိတော်များနှင့် မညီသနည်းဟူမူ ---

၁။ သော သစေ အာကင်္ခတိ ပဋိကူလေ အပ္ပဋိကူလသညီ ဝိဟရေယျန္တိ အပ္ပဋိကူလသညီ တတ္ထ ဝိဟရတိ။

၂။ သစေ အာကင်္ခတိ ပဋိကူလေ ပဋိကူလသညီ ဝိဟရေယျန္တိ အပ္ပဋိကူလသညီ တတ္ထ ဝိဟရတိ။

၃။ သစေ အာကင်္ခတိ ပဋိကူလေစ အပ္ပဋိကူလေစ အပ္ပဋိကူလ သညီ ဝိဟရေယျန္တိ အပ္ပဋိကူလသညီ တတ္ထ ဝိဟရတိ။

၄။ သစေ အာကင်္ခတိ ပဋိကူလေစ အပ္ပဋိကူလေစ တဒုဘယံ အဘိနိ၀ဇ္ဇေတွာ ဥပေက္ခကော ဝိဟရေယျံ သတော သမ္ပဇာ နောတိ ဥပေက္ခကော တတ္ထ ဝိဟရတိ သတော သမ္ပဇနော။

[ဟူ၍လာသော ပါဠိတော်များနှင့် မညီ။]

အနက်ကား

၁။ သော - ထိုရဟန်းသည်၊
ပဋိကူလေ - စက်ဆုပ်ဖွယ်ရှိသော အနိဋ္ဌာရုံ၌၊
အပ္ပဋိကူလသညီ - စက်ဆုပ်ဖွယ် မရှိသော ဣဋ္ဌာရုံဟူသော အမှတ်ရှိသည်ဖြစ်၍၊
ဝိဟရေယျံ - နေတော့အံ့၊
ဣတိ - ဤသို့၊
သစေ အာကင်္ခတိ - အကယ်၍ အလိုရှိသည်ဖြစ်အံ့၊
တတ္ထ - ထိုအနိဋ္ဌာရုံ၌၊
အပ္ပဋိကူလသညီ - ဣဋ္ဌာရုံ ဟူသော အမှတ်ရှိသည်ဖြစ်၍၊
ဝိဟရတိ - နေနိုင်၏။

၂။ အပ္ပဋိကူလေ - စက်ဆုပ်ဖွယ်မရှိသော ဣဋ္ဌာရုံ၌၊
ပဋိကူလ သညီ - စက်ဆုပ်ဖွယ် ရှိသော အနိဋ္ဌာရုံ ဟူသော အမှတ်ရှိသည် ဖြစ်၍၊
ဝိဟရေယျံ - နေတော့အံ့၊
ဣတိ - ဤသို့၊
သစေ အာကင်္ခတိ - အကယ်၍ အလိုရှိသည်ဖြစ်အံ့၊
တတ္ထ - ထိုဣဋ္ဌာရုံ၌၊
ပဋိကူလသညီ - အနိဋ္ဌာရုံ ဟူသော အမှတ်ရှိသည်ဖြစ်၍၊
ဝိဟရတိ - နေနိုင်၏။

၃။ ပဋိကူလေစ - စက်ဆုပ်ဖွယ် ရှိသော အနိဋ္ဌာရုံ၌ လည်းကောင်း၊
အပ္ပဋိကူလေစ - စက်ဆုပ်ဖွယ် မရှိသော ဣဋ္ဌာရုံ၌ လည်းကောင်း၊
အပ္ပဋိကူလသညီ - ဣဋ္ဌာရုံဟူသော အမှတ်ရှိသည်ဖြစ်၍၊
ဝိဟရေယျံ - နေတော့အံ့၊
ဣတိ - ဤသို့၊
သစေ အာကင်္ခတိ - အကယ်၍ အလိုရှိသည်ဖြစ်အံ့၊
တတ္ထ - ထိုဣဋ္ဌာရုံ, အနိဋ္ဌာရုံနှစ်ပါးစုံ၌၊
အပ္ပဋိကူလသညီ - ဣဋ္ဌာရုံဟူသော အမှတ် ရှိသည် ဖြစ်၍၊
ဝိဟရတိ - နေနိုင်၏။

၄။ ပဋိကူလေစ - အနိဋ္ဌာရုံ၌ လည်းကောင်း၊
အပ္ပဋိကူလေစ - ဣဋ္ဌာရုံ၌ လည်းကောင်း၊
တဒုဘယံ - ထိုဣဋ္ဌသဘော, အနိဋ္ဌသဘော နှစ်ပါးစုံကို၊
အဘိနိ၀ဇ္ဇေတွာ - လွတ်လွတ်ကြဉ်ရှောင်၍၊
ဥပေက္ခကော - လျစ်လျူရှု၍၊
သတော - သတိနှင့်ပြည့်စုံသည်ဖြစ်၍၊
ဝိဟေရေယျံ - နေတော့အံ့၊
ဣတိ - ဤသို့၊
သစေအာကင်္ခတိ - အကယ်၍ အလိုရှိသည် ဖြစ်အံ့၊
တတ္ထ - ထိုဣဋ္ဌာရုံ, အနိဋ္ဌာရုံ နှစ်ပါးစုံ၌၊
ဥပေက္ခကော - လျစ်လျူရှု၍၊
သတော - သတိနှင့် ပြည့်စုံသည်ဖြစ်၍၊
သမ္ပဇာနော - ပညာနှင့်ပြည့်စုံသည်ဖြစ်၍၊
ဝိဟရတိ - နေနိုင်၏။

[အဓိပ္ပါယ် ပေါ်၏။]

ဤတရားငါးပါးသည် သမ္ပသာဒနီယသုတ်အရိယိဒ္ဓိတရား ငါးပါးဟု လာ၏၊ ဣန္ဒြိယဘာဝနာ သုတ်၌ကား အာရုံခြောက်ပါး, ဒွါရ ခြောက်ပါးနှင့် အသီးအသီးခွဲ၍ ဣန္ဒြိယဘာဝနာ တရားသုံးဆယ် လာ၏။

[ပဋိကူလေ-ကို အနိဋ္ဌ, အပဋိကူလေကို ဣဋ္ဌဟု အဋ္ဌကထာ ဖွင့်သည်၊ ကျယ်အံ့စိုး၍ အဋ္ဌကထာကို မထုတ်လိုက်ပြီ။]

ဤ သုတ္တန်ပါဠိတော်, အဋ္ဌကထာများနှင့် မညီသောကြောင့် ထို သင်္ဂြိုဟ်စကား, ဋီကာကျော် စကား များကို အမှန်အားဖြင့် မယူသာ။

အဘယ်သို့ သဘောသကန်အားဖြင့် မသင့်မြတ်လေသနည်းဟူမူ-

သဘောသကန် မသင့်မြတ်ပုံမှာလည်း ယခင်ပါဠိတော်အရနှင့် သိသာပါ၏၊ သို့သော်လည်း ထင်ရှား အောင် ဆိုလိုက်ဦးအံ့။

ဣဋ္ဌ, အနိဋ္ဌဟူသော ဝေါဟာရ၌ ကမ္ဘာစဉ်ဆက် သုံးဆောင်ကြသော လောကီ လူများတို့၏ နှလုံးနှင့် သင့်မြတ်သော အာရုံ ၆- ပါးသည် ဣဋ္ဌ, မသင့်မြတ်သောအာရုံ ၆- ပါးသည် အနိဋ္ဌဟူ၍ လောကီ လူတို့နှလုံးနှင့် သင့်မြတ်သည်, မသင့်မြတ်သည်ကို အစွဲပြု၍ ဖြစ်ရင်းတည်း။

ထို့ကြောင့် အာရုံ ၆-ပါးတို့၏ ဣဋ္ဌသဘော, အနိဋ္ဌသဘောသည် အလွန်တိမ်၏၊ ပဉ္စဝိညာဏ်စသော ကာမဝိတက် တို့ပင် ယူနိုင်ကုန်၏၊ အကန်း သက်သက် ဖြစ်သော ကုသိုလ်စိတ်, အကုသိုလ် စေတသိက်တို့ပင် ယူနိုင်ကုန်၏၊ သူငယ်တို့ပင် သိနိုင်ကုန်၏။

ဒေသနာဓမ္မကို မကြားဖူးမသိဖူးကုန်သော အန္ဓပုထုဇဉ်တို့သည်လည်း ထိုအာရုံ ၆-ပါးတို့၌ နက်နဲ ဖုံးကွယ်၍နေသော သဘော အထူးထူး အထွေထွေကို သက်သက် မသိကုန်မူ၍ တိမ်လှစွာသော ဣဋ္ဌသဘော, အနိဋ္ဌ သဘောကိုသာ သိနိုင်ကုန်၏။

ထိုသူတို့ သန္တာန်၌ဖြစ်သော ကုသိုလ်စိတ်, အကုသိုလ်စိတ်တို့သည်-

၁။ စိတ္တဝိပလ္လာသကြောင့် လည်းကောင်း,
၂။ ဓာတ်ချောက်ချားခြင်းကြောင့် လည်းကောင်း,
၃။ ရူးသွပ်ခြင်းကြောင့် လည်းကောင်း,
၄။ ကမ္မဒေါသ - ယောနိဒေါသကြောင့် လည်းကောင်း,
၅။ ဣန္ဒြေတို့၏ ဖောက်ပြန်ခြင်းသို့ရောက်ခြင်းကြောင့် လည်းကောင်း,
၆။ ပုဗ္ဗာဘိသင်္ခါရကြောင့် လည်းကောင်း,
၇။ အကျိုးအာနိသင်ကို မြင်ခြင်းကြောင့် လည်းကောင်း,
၈။ အပြစ်ဒေါသကို မြင်ခြင်းကြောင့် လည်းကောင်း,

ဤသို့စသောအကြောင်းတို့ကြောင့် ဣဋ္ဌကို အနိဋ္ဌ, အနိဋ္ဌကို ဣဋ္ဌပြု၍ ယူကုန်သည်။

ပိဋကတ်ကျမ်းဂန် တတ်ကျွမ်း လိမ်မာလှသော ပုဂ္ဂိုလ်, “သဗ္ဗေ သင်္ခါရာ အနိစ္စာ ဒုက္ခာ” စသော ဒေသနာဓမ္မကို ကြားနာရဖူးသော ဉာဏ်ထက်လှသော ပုဂ္ဂိုလ်တို့၏ ဉာဏ်၌မူကား--

အာရုံ ခြောက်ပါးတို့၏ တိမ်လှစွာသော ဣဋ္ဌသဘော, အနိဋ္ဌသဘော များသည် မပြောစလောက် ကွယ်ပျောက်ရလေ၏။

ဝသဝတ္တီ နတ်မင်းကြီး၏ နတ်သမီး, ဘုံဗိမာန်, ပဒေသာပင်တို့၌ ရှိသော ဣဋ္ဌသဘောများ သော်မှ လည်း ဣဋ္ဌအနေနှင့် ခုခံ၍မနေနိုင်၊ အသုဘသဘော, ဇေဂုစ္ဆသဘော, ပဋိကူလသဘော, အနိစ္စ သဘော, ဒုက္ခသဘော, ယောဂသဘော, ဂဏ္ဍသဘော, သလ္လသဘော - အစရှိသော နက်နဲဖုံးကွယ်၍ နေသော ကြောက်ဖွယ်လန့်ဖွယ် ငြီးငွေ့ဖွယ်သော သဘော အထူးအထွေ တို့သည်သာလျှင် ထင်လှ စွာပေါ်ကုန်ရကား ထိုဝသဝတ္တီ နတ်မင်းကြီး၏ နတ်သမီး, ဘုံဗိမာန်, ပဒေသပင်တို့သည် မစင်စုတွေ, ဘင်စုတွေ, ပြာပုံစုတွေ, မီးကျီးစုတွေ အနေသာ ထင်ရကုန်၏။

[ဝသဝတ္တီ နတ်မင်းကြီး စည်းစိမ်၌ သောမနဿဇော ဖြစ်ရန်အခွင့် အဘယ်မှာ ရှိနိုင်တော့အံ့နည်း၊ ကြွင်းသော နတ်စည်းစိမ်, လူ့စည်းစိမ် တို့၌ကား ဆိုဖွယ်မရှိ။]

ခွေးကောင်ပုပ်တွေ, လူကောင်ပုပ်တွေကို မြင်သောအခါ မြင်သည်နှင့် တစ်ပြိုင်နက် ထိုခွေးကောင် ပုပ်တွေ, လူကောင်ပုပ်တွေ ဖြစ်၍နေသော ဓာတ်စုတွေနှင့် သဝိညာဏကဖြစ်သော လူကောင်, နတ်ကောင်, ဗြဟ္မာကောင်တွေဖြစ်၍နေသော ဓာတ်စုတွေကို ထပ်တူ ထပ်မျှ နိဿတ္တ, နိဇ္ဇီဝဟု အတပ်မြင်၍ သွားသောကြောင့် အလွန်ဝမ်း မြောက်ခြင်းဖြစ်၍ သွားသောအခါ ထိုခွေးကောင် ပုပ်တွေ, လူကောင်ပုပ်တွေ အနိဋ္ဌသဘောများသည် အနိဋ္ဌအနေနှင့် ခုခံ၍မနေနိုင်၊ သောမနဿဇော တွေသာ ဖြစ်လေ၏။

မေတ္တာဈာန်ဝသီဘာဝဖြစ်ပြီးသော ပုဂ္ဂိုလ်သည်-

မိမိကို ခြောက်လှန့်၍နေသော ဘီလူးတွေ, သံဘက်တွေ၌ ကြောက်ဖွယ် လန့်ဖွယ်ရှာ၍ မရ၊ သောမနဿဈာန် ဝင်စားရန်ဖို့သာ ဖြစ်၍ကုန်သည်၊ ကရုဏာဈာန်ဝသီဘာဝ ဖြစ်ပြီးသော ပုဂ္ဂိုလ် သည် ရွှဲရွှဲစို,ကျိုက်ကျိုက်ဆူသော လူနူကြီးတွေ၌ စက်ဆုပ်ဖွယ်ရှာ၍ မရ၊ သောမနဿ ဈာန်ဝင်စား ရန်ဖို့သာ ဖြစ်၍ကုန်သည်။

အသုဘဈာန်ဝသီဘာဝဖြစ်ပြီးသော ပုဂ္ဂိုလ်သည်-

ဥဒ္ဓုမာတက - စသော လူကောင်ပုပ်တွေ၌ လှုပ်ရှားရန်ရှာ၍ မရ၊ သောမနဿ ပဌမဈာန် ဝင်စား ရန်ဖို့သာ ဖြစ်၍ကုန်သည်။

စတုဓာတုဝ၀တ္ထာန်ကမ္မဋ္ဌာန်းဝသီဘာဝဖြစ်ပြီးသော ပုဂ္ဂိုလ်သည်-

ဝသဝတ္တီနတ်မင်း, နတ်သမီး, ခွေးကောင်ပုပ်, လူကောင်ပုပ်, ဘီလူး, သံဘက်, လူနူ, လူရွှဲ - စသည် တို့၌ နှစ်သက်စရာ ဣဋ္ဌသဘောလည်းရှာ၍ မရ၊ ကြောက်စရာ, လန့်စရာ, စက်ဆုပ်စရာ-အနိဋ္ဌ သဘောလည်း ရှာ၍ မရ၊ နိဿတ္တ, နိဇ္ဇီဝ, ဓာတုပဉ္ဇ၊ ဓာတ်မှုန့်, ဓာတ်နု, ဓာတ်ခဲ, ဓာတ်ကောင် တွေသာ ဖြစ်၍ကုန်သည်။

ပဋိကူလကမ္မဋ္ဌာန်းဝသီဘာဝ ဖြစ်ပြီးသော ပုဂ္ဂိုလ်သည်-

နတ်သုဒ္ဓါဘုတ်နှင့် တူသော ဘောဇဉ် ခဲဘွယ်တို့၌ နှစ်သက်သာယာဖွယ် ရှာ၍မရ၊ မျို၍မကျ နိုင်အောင် စက်ဆုပ်ဖွယ်တွေသာ ဖြစ်ကုန်သည်။

[ဘုံသုံးပါးကို မီးတပြောင်ပြောင် တဟုန်းဟုန်း လောင်သော နှောင်အိမ်ကြီး သုံးခု ထင်၍နေသော ဝိပဿနာ ယောဂီပုဂ္ဂိုလ်၌ကား ဆိုဖွယ်မရှိ။]

မေးမြန်းဖွယ်

သို့သော် ထိုယောဂီ ဝိပဿနာပုဂ္ဂိုလ်မှာ သောမနဿဇောပင် ဖြစ်နိုင်ရန် မရှိပြီတကား ဟူငြားအံ့။

အလွန်ပင် ဖြစ်နိုင်ပါ၏၊ ထိုစကားမှန်၏၊ အလွန် သည်းထန်စွာ ပင်ပန်းလှသော ဒုက္ခိတ သတ္တဝါ၌ ကရုဏာ ကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂီ, အလွန် သည်းထန်စွာ ဆိုးဝါးလှသော ဥဒ္ဓုမာတက အကောင်ပုပ်၌ အသုဘကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂီ, ဘုံ ၃-ပါးကို မီးကျီးစု အနေထင်လာသော ယောဂီ ပုဂ္ဂိုလ်တို့အား အာရုံ၏ အစွမ်းဖြင့် သောမနဿဇော ဖြစ်ခွင့်မရှိသော်လည်း မိမိ သန္တာန်၌ ဘာဝနာဉာဏ် အထင်အမြင် အထူးအထူး တိုးတက်၍ တိုးတက်၍လာသော အရိပ်နိမိတ်တွေကို အစွဲပြု၍ အတိုင်းထက် အလွန် မွန်မြတ် ထက်သန်လှစွာသော သောမနဿဇော တွေသည် မိုးကြီးရွာသကဲ့သို့ ဖြစ်လေသတည်း။

သစ္စာလေးပါးကို အတပ်မြင်ပြီးသော အရိယာပုဂ္ဂိုလ်ပင် မဟုတ်ပါသေးဘဲနှင့် ပါရမီ ဉာဏ်စွမ်း, ဗဟုဿုတ ဉာဏ်စွမ်း, ဘာဝနာ အားအစွမ်း, ဝိပဿနာဉာဏ် စွမ်းများနှင့်ပြည့်စုံသော ပုထုဇဉ် ပုဂ္ဂိုလ်တို့ ပင်သော်လည်း ဉာဏ်ပညာ, ဘာဝနာတို့၏ အစွမ်းကြောင့် ဣဋ္ဌအာရုံ, အတိဣဋ္ဌအာရုံကြီး တွေကိုပင် အနိဋ္ဌအာရုံတွေ ဖြစ်၍ကုန်အောင် တတ်နိုင်သည်၊ အနိဋ္ဌအာရုံ, အတိအနိဋ္ဌအာရုံကြီးတွေကိုပင် ဣဋ္ဌအာရုံဖြစ်၍ ကုန်အောင် တတ်နိုင်သည်။

သစ္စာလေးရပ်ကို အတပ်မြင်ပြီးသော သောတာပန်,သကဒါဂါမ်, အနာဂါမ် ပုဂ္ဂိုလ်တို့မူကား ထိုပုဂ္ဂိုလ်တို့ထက် အဆအရာ အဆအထောင် မက စွမ်းနိုင်တော့သည်သာတည်း။

သို့ဖြစ်လျက် သောတာပန် ဖြစ်ပြီးသော ဗိမ္ဗိသာရမင်း, ဝိသာခါ ဒါယိကာမ, သိကြားမင်း စသော အရိယာတို့သည် ဣဋ္ဌအာရုံ နောက်သို့ လိုက်ပါ၍ ကာမဂုဏ် အရသာကို ခံစား စံစားခါ နေကြသေး သည်မှာ-

ငါသည် အပါယ်လေးပါး မှလည်း လွတ်လေပြီ၊ လူ့ဘဝ, နတ်ဘဝ တို့၌လည်း လူဆင်းရဲ, နတ်ဆင်းရဲ မဖြစ်နိုင်ပြီဟု ဤမျှနှင့် အားရ၍ ရပြီး ထင်ပြီးသော ဝိပဿနာဉာဏ် ပညာများကို တစ်ဖန် အားထုတ်၍ အသုံးမချ ခြင်းကြောင့် ဣဋ္ဌအာရုံနောက်သို့ လိုက်ပါ၍ ကာမဂုဏ် အရသာများကို ခံစား စံစားခါ နေနိုင်ကြသည်။

သစ္စာလေးရပ် ကမ်းဆုံးခတ်သဖြင့် အရိယိဒ္ဓိတရား အကျဉ်းငါးပါး, အပြားသုံးဆယ်နှင့် ပြည့်စုံ ပြီးသော ရဟန္တာပုဂ္ဂိုလ် တို့မှာမူကား ဣဋ္ဌနယ် အနိဋ္ဌနယ်များကို အဘယ် မူတော့အံ့နည်း၊ ဣဋ္ဌကို အနိဋ္ဌ, အနိဋ္ဌကိုဣဋ္ဌ လုပ်ချင်တိုင်း ဖြစ်တော့သည်၊ ပစ္စေကဗုဒ္ဓါ, သဗ္ဗညုဘုရားတို့၌ ပြောဖွယ် မရှိ။

ဤသို့လုပ်ချင်တိုင်း ဖြစ်နိုင်သည်ကိုပင် အရိယိဒ္ဓိဂုဏ်တော် ခေါ်သည်၊ ဘုရားမြတ်စွာတို့၏ ဘုန်းတော် ၆-ပါးတွင်လည်း ဣဿရိယဘုန်းတော် အပါအဝင် ဖြစ်သည်၊ သို့ဖြစ်ပါလျက် ကြိယာဇော တို့သည် ဣဋ္ဌအာရုံ, အနိဋ္ဌအာရုံ အားလျော်စွာ သောမနဿ, ဥပေက္ခာဖြစ်ရမည် ဆိုကြသော “သင်္ဂြိုဟ် ဆရာ, ဋီကာကျော်ဆရာ” တို့စကားသည် ဘုရားရဟန္တာတို့၏ အရိယိဒ္ဓိ တန်ခိုးကြီး, ဣဿရိယ ဘုန်းတော်ကြီးများကိုဖျက်ဆီး၍ ပစ်ဘိသည်ဟု ဆိုခွင့် ဆိုက်ချေသည်။

ထို့ကြောင့်-

၁။ ကာမကြိယာဇော ကိုးခုတို့သည်လည်း ကုသိုလ်ဇော တို့ကဲ့သို့ပင် ဣဋ္ဌကို အနိဋ္ဌ, အနိဋ္ဌကို ဣဋ္ဌဟု ယူ၍ ဖြစ်ကုန်၏။
၂။ ဣဋ္ဌအာရုံ, အတိဣဋ္ဌအာရုံ တို့၌လည်း ဥပေက္ခာကြိယာဇော ကျနိုင်ကုန်၏
၃။ အနိဋ္ဌအာရုံ, အတိအနိဋ္ဌအာရုံတို့၌လည်း သောမနဿကြိယာဇော ကျနိုင်ကုန်၏။
၄။ ဥပေက္ခာကြိယာဇောနောင်လည်း သောမနဿ တဒါရုံ ကျနိုင် ကုန်၏။
၅။ သောမနဿကြိယာဇောနောင်လည်း ဥပေက္ခာတဒါရုံ ကျနိုင်ကုန်၏။

ဟူသော သဘောအမှန်ကိုသာ သန္နိဋ္ဌာန်ကျ မှတ်သားရမည်ဟု ဆရာတော်ဘုရားကြီး ဟောပြော သည်များကို အထူးကြားနာရ, သဘောကျရ, ဝမ်းမြောက်လှသည်ဖြစ်ပါ၍ “ကလျာဏ” ဖြစ်သူ “ဆရာ ကိုရောင်နီ” တို့အားလည်း ကြားနာစေချင်, သဘောကျစေချင်, ဝမ်းမြောက် ဝမ်းသာရှိစေချင် ပါ၍ အသေအချာ ရေး၍ ပေးလိုက်ပါသည် သဘောထားပါလေ။

သင်္ဂြိုဟ်ဆရာဦးတောက်
လယ်တီဆရာတော်ဘုရားတပည့်
တရုပ်တန်း၊ မုံရွာမြို့။

နာမ်ဇီဝိတိန္ဒြေ အဆုံးအဖြတ်

မုံရွာမြို့ လယ်တီဆရာတော်ဘုရားကြီး ဆုံးဖြတ်တော်မူသည်။

“နာမ်ဇီဝိတိန္ဒြေသည် နာမ်ကိုသာ စောင့်သလော၊ နာမ်, ရုပ် နှစ်ပါးကိုပင် စောင့်သလော” ဟူသော အမေးမှာ- နာမ်ကိုသာ စောင့်သည်ဟု မှတ်ရမည်။

ထို့ကြောင့် ဓမ္မသင်္ဂဏီ ပါဠိတော်၌-
ကိံ တသ္မိံ သမယေ ဇီဝိတိန္ဒြိယံ ဟောတိ၊ ယော တေသံ အရူပီနံ ဓမ္မာနံ အာယု ဌိတိ ယပနာ ယာပနာ ဣရိယနာ ဝတ္တနာ ပါလနာ ဇီဝိတံ ဇီဝိတိန္ဒြိယံ၊ ဣဒံ တံ ရူပံ ဇီဝိတိန္ဒြိယံ။
[ဟူ၍ ဟောတော်မူသည်။]

တေသံအရူပီနံဓမ္မာနံ - ထိုနာမ်တရားတို့၏၊
ယောအာယု - အကြင် အသက်သည်၊
ယာဌိတိ - အကြင် တည်ကြောင်း တရားသည်၊
ယာ ယပန - အကြင် မျှတကြောင်း တရားသည်၊
ယာယာပနာ - အကြင် အဓွန့်ရှည်လျား အစဉ်သွားကြောင်း တရားသည်၊
ယာ ဣရိယနာ - အကြင် ဣရိယာပုထ် အခိုက်စည်ရှည် လည်ကြောင်း တရားသည်၊
ယာဝ တ္တနာ - အကြင် ဖြစ်ကြောင်း တရားသည်၊
ယာပါလနာ - အကြင် စောင့်ရှောက်ပေသော တရားသည်၊
ယံဇိဝိတံ - အကြင် အသက်မည်သော တရားသည်၊
ယံ ဇိဝိတိန္ဒြိယံ - အကြင် အသက်ရှည်မှု၌ အစိုးရသော တရားသည်၊
အတ္ထိ - ရှိ၏၊
ဣဒံ တံရူပံ - ဤရုပ်သည်၊
ဇိဝိတိန္ဒြိယံ - ဇိဝိတိန္ဒြေ မည်၏။

ဤပါဠိတော်၌ “အရူပီနံ ဓမ္မာနံ” ဟူ၍ နာမ်တရားတို့ကို စောင့်ကြောင်းကိုသာ ဟောတော်မူသည်။

အဋ္ဌကထာ၌လည်း-
ယော တေသံ အရူပီနံ ဓမ္မာနန္တိ တေသံ သမ္ပ ယုတ္တကာ နံ အရူပ ဓမ္မာနံ
ဟူ၍ သမ္ပယုတ်ဖြစ်သော နာမ်တရားဖြင့် ဖွင့်တော်မူသည်။

ထို့ကြောင့် နာမ်ဇိဝိတိန္ဒြေသည် နာမ်တရားတို့ကိုသာ စောင့်ပေသည်၊ ရုပ်တရားတို့ကို စောင့်သည် မဟုတ်ဟု မှတ်ရမည်။

လက္ခဏာမှာလည်း-
အတ္တနာ အဝိနိဘုတ္တာနံ ဓမ္မာနံ အနုပါလနလက္ခဏံ။
[ဟူ၍လာသည်။]

အနက်ကား။ ။
အတ္တနာ - မိမိနှင့်၊
အဝိနိဘုတ္တာနံ - ခွဲခြမ်း၍ မရကုန်သော၊
ဓမ္မာနံ - တရားတို့ကို၊
အနုပါလနလက္ခဏံ - စောင့်ရှောက်ခြင်း လက္ခဏာရှိ၏။

ဆိုဖွယ်အချက် ရှိသည်ကား

သဟဇာတာနုပါလနေ - သဟဇာတ်တရားတို့ကို အစဉ်စောင့်ခြင်း ကိစ္စ၌၊
အာဓိပ္ပစ္စယောဂေန - အစိုးရခြင်း ကိစ္စနှင့် ယှဉ်ခြင်းကြောင့်၊
ဣန္ဒြိယံ - ဣန္ဒြေမည်၏၊
ဣတိ - ထို့ကြောင့်၊
ဇီဝိတိန္ဒြိယံ - ဇီဝိတိန္ဒြေ မည်၏။

ဟု သဟဇာတ်တရား တို့ကို ဆိုပါသည်၊ စိတ္တဇရုပ်, ပဋိသန္ဓေ ကမ္မဇ ရုပ်တရား တို့သည်လည်း သဟဇာတ်ပင် ဖြစ်ပါကုန်သည် - တစ်ရပ်။

ယထာသကံ ပစ္စယုပ္ပန္နေ စ ဓမ္မေ ပါလေတိ၊ ဓာတိ ဝိယ ကုမာရံ
ဟူ၍လည်း အဋ္ဌကထာမှာ ဆိုပါသည်။

အနက်ကား။ ။
ယထာသကံ - အကြင်အကြင် မိမိတို့၏ ဥစ္စာဖြစ်ကုန်သော၊
ပစ္စယုပ္ပန္နေဓမ္မေစ - ပစ္စယုပ္ပန်တရား တို့ကိုလည်း၊
ပါလေတိ - စောင့်ပေ၏၊
ဓာတိ - အထိန်းသည်၊
ကုမာရံ - မင်းသားကို၊
ပါလေတိဝိယ - စောင့်သကဲ့သို့တည်း။

ဤစကား၌- ရုပ်တရားတို့သည်လည်း ပစ္စယုပ္ပန်ပင်ဖြစ် လျက်ရှိပြန်သည်၊ ထို့ကြောင့် ရုပ်, နာမ်တရား နှစ်ပါးကိုပင် စောင့်သည်ဟု ဆိုခွင့်ရှိ ပါသည်။
[ဤကား - ဆိုဖွယ်တစ်ချက်။]

ထိုစကားစုတွင်-
ယထာသကံ ပစ္စယုပ္ပန္နေစ ဓမ္မေ” ဟူသောပါဌ်၌ ထိုစကားနှင့် ဆက်၍
န ဘင်္ဂတော ဥဒ္ဓံ ပဝတ္တယိ၊ အတ္တနောစ ပဝတ္တယိတဗ္ဗာနဉ္စ အဘာဝါ”- ဟုလာသည်။

အနက်ကား။ ။
ဘင်္ဂတော - ဘင်မှ၊
ဥဒ္ဓံ - အထက်၌၊
နပဝတ္တယိ - မဖြစ်စေ မတည်စေနိုင်၊
ကသ္မာ - အဘယ့်ကြောင့်နည်း ဟူမူ၊
အတ္တနောစ - မိမိ၏လည်းကောင်း၊
ပဝတ္တယိတဗ္ဗာနဉ္စ - ဖြစ်စေအပ်သော တရားတို့၏ လည်းကောင်း၊
အဘာဝါ - မရှိခြင်းကြောင့်တည်း။

ဤစကား၌ နာမ်ဇီဝိတသည် ချုပ်သည်မှနောက်၌ မစောင့်နိုင်ပြီ။ အဘယ့်ကြောင့်နည်းဟူမူ- ချုပ်ပြီးသည်မှ နောက်၌ မိမိလည်းမရှိ၊ စောင့်ရှောက်အပ်သော တရားစုလည်း မရှိသောကြောင့် တည်း ဟုဆိုသောကြောင့် သမ္ပယုတ်ဖြစ်သော နာမ်တရားတို့ကိုသာ ပစ္စယုပ္ပန်အရကို ယူလိုသည်။

ရုပ်တရားတို့ကို ယူလိုသည် မှန်လျှင် မိမိချုပ်ပြီးသော နောက်၌ သဟဇာတ် တရားစုလည်း မရှိ သောကြောင့်ဟု ဆိုခွင့် မရှိ၊ နာမ်ဇီဝိတ ချုပ်ပြီးနောက် ထိုနာမ်ဇီဝိတနှင့် သဟဇာတ်ဖြစ်သော စိတ္တဇရုပ်, ပဝတ္တိပဋိသန္ဓေ ကမ္မဇရုပ် တို့သည် တစ်ဆယ့်ခြောက်ချက် အသက်စေ့အောင် ကျန်ရှိ ရစ်သေး သောကြောင့်တည်း။

ထို့ကြောင့် စောင့်ခြင်းဟူသော အနုပါလနမှုနှင့် စပ်ဆိုင်ရာ ဌာန၌မူကား အထက်က ထုတ်ပြခဲ့သော ဓမ္မသင်္ဂဏီ ပါဠိတော်ကြီး အတိုင်း သမ္ပယုတ် ဖြစ်သော နာမ်တရားစု ကိုသာ ယူရမည်၊ ပစ္စယုပ္ပန် ဖြစ်ကာမျှသော စိတ္တဇရုပ်, ပဋိသန္ဓေ ကမ္မဇရုပ်များကို မယူသင့်။

ပဋ္ဌာန်းပစ္စည်း, ပစ္စယုပ္ပန် ဆိုသည်မှာ ထိုတရားကြောင့် ဖြစ်ပေါ်လျှင် ထိုတရား၏ ပစ္စယုပ္ပန်ဟူ၍ပင် ဆိုရသည်၊ စောင့်သည်, မစောင့်သည်ကို ပဓာနပြုလိုရင်း မဟုတ်။

ဥပမာကား။ ။ အာရုံသို့ကပ်၍ ရှုခြင်းကိစ္စနှင့် ကျေးဇူးပြုသည်ကို ဈာနပစ္စည်းဆိုသည်၊ ထိုသို့ ဆိုရသော်လည်း ထိုဈာနပစ္စည်း တရားတို့သည် သဟဇာတ်ရုပ်တို့ကို အာရုံသို့ကပ်၍ ရှုခြင်းကိစ္ စဖြစ်အောင် ကျေးဇူးပြုနိုင် ကြကုန်သည်မဟုတ်၊ ဈာန်တရားတို့ကြောင့် ဖြစ်ပေါ်ကြလျက် ရှိကြ ၍သာ သဟဇာတ်ရုပ်တရားတို့ကို ဈာနပစ္စည်း၏ပစ္စယုပ္ပန်ဟု ဆိုရကုန်သည်။
[ဟေတုပစ္စည်း, မဂ္ဂပစ္စည်း စသည်တို့၌လည်း ဤနည်းအတူတည်း၊ ဤဥပမာကဲ့သို့ နာမ်ဇီဝိတ ကြောင့်ဖြစ်သော သဟဇာတ်ရုပ်တို့ကိုလည်း သိရမည်။]

နာမ်ဇီဝိတိန္ဒြေ အဆုံးအဖြတ် ပြီး၏။

မင်းကင်းပုစ္ဆာ အဖြေ

မင်းကင်းမြို့သားတို့ လျှောက်လွှာ ကောက်နှုတ်ချက်။

၁။ ရုပ်ပွါး ဆင်းတုတော်များကို သက်တော်ထင်ရှား ဘုရားထင်မှတ်၍ ရှိခိုးပူဇော်မိလျှင် မဟာအဝီစိ ငရဲကြီး၌ ကျလိမ့်မည်ဟု ဘုတ်အုပ်စာငယ်မှာပါရှိသည်။
၂။ အပါယ်ပဋိသန္ဓေကို ပေးနိုင်သည်။
၃။ သဒ္ဓါမိုက်ဖြင့် ဘုရား၌ရှိသော ကေသာ - စသည်ကို လောကုတ္တရာတရား ကိုးပါးထင်မှတ်၍ ရှိခိုးလျှင် ဘုရားကို စွပ်စွဲ ဆဲရေးရာ ရောက်သည်ဟု ပါရှိသည်။
၄။ ဘုရားသည် ပရမတ်ဘုရား, ပညတ်ဘုရား နှစ်ပါး ရှိသည်ဟု ဟောပါသည်၊ ဟုတ်မည်, မဟုတ်မည်။
၅။ ဉာဏ်တော်သာ ဘုရားဟုတ်သည်၊ ခန္ဓာတော်သည်ဘုရား မဟုတ်၊ ဉာဏ်တော်သာ ပစ္စေကဗုဒ္ဓါ ဖြစ်သည်၊ ခန္ဓာတော်သည် ပစ္ဓေကဗုဒ္ဓါ မဟုတ်၊ ဉာဏ်တော်သာ ရဟန္တာဖြစ်သည်၊ ခန္ဓာတော်သည် ရဟန္တာမဟုတ် - ဆိုပါသည်။
၆။ မြတ်စွာဘုရား ဆွမ်းစား, မစား, စကားဖြစ်ရာ ဉာဏ်တော်ကို ရည်လျှင် မစား, ခန္ဓာတော်ကို ရည်လျှင် စားပါ၏ဟု ဖြေသောစကား သင့်, မသင့်။
၇။ အလှူပေးသည့်အတွင်း “ကိလေသေ ဟနတိ ဟိံသတီတိ သံဃော” ဟူသောစကားနှင့် လျော်ညီစွာ မိမိကိုယ်ကို သံဃာ ပြုလုပ်၍ လှူနိုင်မှအကျိုးရသည်ဟု ဆိုပါသည်၊ အဘယ်သို့ သံဃာ ပြုပါရမည်။
၈။ ယခုဖြစ်ပွားသော ဝိဝါဒ စကားများကို ပြောဆိုသောသူတို့အား အကျိုးရှိ - မရှိ သိလိုပါသည်။
၉။ ဘုရားကို ပန်းပူဇော်၍ အကျိုးမရှိ ဆိုပါသည်။
[ဤကား ကောက်နှုတ်ချက်တည်း။]

ဆရာတော်ဘုရားကြီး ဖြေတော်မူချက်

၎င်းကောက်နှုတ်ချက် ကိုးရပ်တွင် “ဘုရားသည် ပရမတ်ဘုရား, ပညတ်ဘုရား နှစ်ပါးရှိသည်ဟု ဟောပါသည်၊ ဟုတ်မည်, မဟုတ်မည်” ဟူသော စတုတ္ထပုစ္ဆာကို ဖြေလိုက်လျှင် ပုစ္ဆာအများပင် ပြေပေမည်ဖြစ်၍ ၎င်းစတုတ္ထပုစ္ဆာကို ရှေးဦးစွာ ဖြေပေအံ့။

ပရမတ်ဘုရား - ပညတ်ဘုရား

ဗုဒ္ဓေါ၊ ဘုရား” ဟူရာ၌-
၁။ ဗုဓ-ဓာတ်နှင့် , ပစ္စည်းကိုစပ်၍ “ဗုဒ္ဓေါ”ဟု ဖြစ်လာသည်။
၂။ ဗုဓ-ဓာတ်မှာ သဗ္ဗညုတဉာဏ်တော်ကို ကောက်ရသည်။
၃။ -ပစ္စည်းမှာ ခန္ဓာတော်နှင့်တကွ သဏ္ဌာန်ပညတ်ကို ကောက်ရသည်။
၄။ သဒ္ဒါမှာ ဗုဓနှင့် , ပေါင်းမိကြမှ ဗုဒ္ဓဖြစ်လာသည်။
၅။ အနက်မှာလည်း သဗ္ဗညုတဉာဏ်တော်နှင့် ခန္ဓာဒြဗ်နှစ်ပါး စပ်မှ ဘုရားဖြစ်လေသည်။

ထို့ကြောင့် မဟာနိဒ္ဒေသ ပါဠိတော်, ပဋိသမ္ဘိဒါမဂ် ပါဠိတော်တို့၌-
သဟ သဗ္ဗညုတညာဏဿ ပဋိလာဘာ သစ္ဆိကာ ပညတ္တိ၊ ယဒိဒံ ဗုဒ္ဓေါတိ
ဟူ၍ ဟောတော်မူသည်။

အနက်ကား။ ။
ယဒိဒံ-ယာ အယံ ဗုဒ္ဓေါတိ - အကြင် ဗုဒ္ဓဟူသော ပညတ်သည်၊
အတ္ထိ - ရှိ၏၊
ဧတံ-ဧသာ - ဤဗုဒ္ဓဟူသော ပညတ်သည်၊
သဟသဗ္ဗညုတညာဏဿ ပဋိလာဘာ - သဗ္ဗညုတဉာဏ်ကို ရတော်မူသည်နှင့် တစ်ပြိုင်နက်၊
သစ္စိကာ - မှန်ကန်စွာဖြစ်သော၊
ပညတ္တိ - ပညတ်ပေတည်း။

ပညတ်အမျိုးမျိုးတို့တွင်လည်း ဥပါဒါပညတ်, သဏ္ဌာနပညတ်, သန္တာနပညတ် ပေတည်း။

ထို့ကြောင့် ခုဒ္ဒကပါဌ အဋ္ဌကထာ၌ -
သဗ္ဗဓမ္မေသု အပ္ပဋိဟိတဉာဏနိမိတ္တာနုတ္တရဝိမောက္ခပရိဘာ ဝိတခန္ဓသန္တာနမုပါဒါယ ပဏ္ဏတ္တိတော၊ သဗ္ဗညုတညာဏပဒဋ္ဌာနံ ဝါ သစ္စာဘိသမ္ဗောဓိမုပါဒါယ ပဏ္ဏတ္တိတော သတ္တ ဝိသေသော ဗုဒ္ဓေါ
ဟူ၍ မိန့်တော်မူသည်။
[သီလက္ခန်ဋီကာ, သာရတ္ထဒီပနီဋီကာ, မဏိသာရမဉ္ဇူသာ ဋီကာ စသည်တို့၌လည်း ဤအတိုင်းပင် လာသည်။]

အနက်ကား။ ။
သဗ္ဗဓမ္မေသု - အလုံးစုံသော တရားတို့၌၊
အပ္ပဋိဟတဉာဏနိမိတ္တာနုတ္တရ- ဝိတမောက္ခပရိဘာဝိတခန္ဓသန္တာနံ - အဆီး အတား မရှိသိစွမ်း နိုင်သော သဗ္ဗညုတ ဉာဏ်လျှင် အကြောင်း နိမိတ်ရှိသော မြင့်မြတ်သော ဝိမောက္ခတို့ဖြင့် ထုံအပ် သော ခန္ဓာငါးပါး အစဉ်ကို၊
ဥပါဒါယ - အစွဲပြု၍၊
ပဏ္ဏတ္တိတော - ပညတ်အားဖြင့်၊
သတ္တဝိသေသော - သတ္တပညတ်အထူးသည်၊
ဗုဒ္ဓေါ - ဗုဒ္ဓမည်၏၊
ဝါ - ဘုရားမည်၏။

ဝါ- တစ်နည်းကား၊
သဗ္ဗညုတညာဏပဒဋ္ဌာနံ - သဗ္ဗညုတဉာဏ်၏ ပဒဋ္ဌာန်ဖြစ်သော၊
သစ္စာဘိသမ္ဗောဓိံ - အရဟတ္တမဂ်ဉာဏ်ကို၊
ဥပါဒါယ - အစွဲပြု၍၊
ပဏ္ဏတ္တိတော - ပညတ်အားဖြင့်၊
သတ္တဝိသေသော - သတ္တပညတ် အထူးသည်၊
ဗုဒ္ဓေါ - ဗုဒ္ဓမည်၏၊
ဝါ=ဘုရားမည်၏။

ဇိနာလင်္ကာရကျမ်း၌လည်း-
၁။ ဗုဒ္ဓေါတိ ကော
၂။ ဗုဒ္ဓဂုဏောတိ ကော
သော အစိန္တိယာ ဒိတ္တ မုပါဂတောယော
ဟုအမေးပုစ္ဆာ နှစ်ခွန်းကို ထုတ်တော်မူပြီးလျှင်-
၁။ “ဝိသုဒ္ဓခန္ဓသန္တာနော၊ ဗုဒ္ဓေါတိ နိယမော ကတော
၂။ ခန္ဓသန္တာနသုဒ္ဓိ ဂုဏောတိ နိယမော ကတော
ဟူ၍ ဖြေတော်မူသည်။

၁။ ဗုဒ္ဓေါတိ - ဗုဒ္ဓဟူ၍၊
ဝုတ္တော - ရှေးစကား၌ဆိုခဲ့သော၊
သော - ထိုဘုရားဟူသည်၊
ကော - အဘယ်နည်း။
[ဘုရားဟူသည် ပရမတ်လော, ပညတ်လောဟု မေးသည်။]

၂။ ယောဂုဏော - အကြင် ဂုဏ်တော်မြတ် အပေါင်းသည်၊
အစိန္တိယာဒိတ္တံ - အစိန္တေယျစသည် အဖြစ်သို့၊
ဥပါဂတော - ရောက်တော်မူ၏၊
သောဂုဏော - ထိုဂုဏ်တော်မြတ် အပေါင်းဟူသည်၊
ကော - အဘယ်နည်း။
[ဘုရားဂုဏ်တော် ဟူသည် ပရမတ်လော, ပညတ်လောဟု မေးသည်။]

၁။ ဝိသုဒ္ဓခန္ဓသန္တာနော - ကိလေသာတို့မှ စင်ပြီးသော ခန္ဓာငါးပါး၏အစဉ်ကို၊
ဗုဒ္ဓေါတိ - ဘုရားဟူ၍၊
နိယမော - အမြဲမှတ်သည်ကို၊
ကတော - ပြုအပ်၏။
[ခန္ဓာငါးပါး၏ အစဉ်ဖြစ်သော သတ္တပညတ်, သန္တာနပညတ်ကို ဘုရားဟူ၍ မှတ်ရမည်ဟု ဖြေသည်။]

၂။ ခန္ဓသန္တာနသုဒ္ဓိ - ခန္ဓာငါးပါးအစဉ်၏ ဖြူစင်သန့်ရှင်းခြင်းကို မူကား၊
ဂုဏောတိ - ဘုရားဂုဏ်တော်ဟူ၍၊
နိယမော - အမြဲမှတ်သည်ကို၊
ကတော - ပြုအပ်၏။
[ကိလေသာတို့မှ သန့်ရှင်းစင်ကြယ်သော သဗ္ဗညုတဉာဏ် အစရှိသော ပရမတ်, သဗ္ဗညုတ အစရှိ သောပညတ်များကို ဘုရားဂုဏ်တော် ဟူ၍ မှတ်ရမည်ဟု ဖြေသည်။]

ဤသို့လျှင် ပါဠိတော်ကြီးတို့၌ လည်းကောင်း, အဋ္ဌကထာတို့၌ လည်းကောင်း, ဋီကာတို့၌ လည်းကောင်း, ဂန္ထန္တရတို့၌ လည်းကောင်း, ဝါသနာနှင့် တကွသော ကိလေသာတို့မှ စင်ကြယ်ပြီး သော ခန္ဓာငါးပါး၊ ထိုခန္ဓာငါးပါးကို မှီ၍ ခေါ်ဝေါ်အပ်သော သဏ္ဌာနပညတ် ဒြဗ်ဝိသေသကို ဘုရား ဆိုသည်ဟု ဖြေဆိုပေသည်။

ကိလေသာတို့မှ အတုမရှိ စင်ကြယ်သော ခန္ဓာငါးရပ် ပရမတ်သည်လည်း ဘုရား မည်ပါ၏၊ ထိုခန္ဓာငါးရပ် ပရမတ်တို့၏ မြစ်ရေအယဉ်ကဲ့သို့ အစဉ်တွေတွေ ဆက်ကာနေသော သန္တာနပညတ် သည်လည်း ဘုရားမည်ပါ၏ ဟုဆိုလိုသည်။

မဂ်ဉာဏ်, ဖိုလ်ဉာဏ်, သဗ္ဗညုတဉာဏ် အစရှိသော အစိတ်စိတ်သော ဉာဏ်တော် တန်ခိုးတော် စသည်ကိုမူကား ဘုရား၏ ဂုဏ်တော်ဟူ၍သာ ဆိုရမည်၊ ဘုရားဟူ၍ မဆိုရဟူလိုသည်။

ဤပါဠိ, အဋ္ဌကထာ, ဋီကာ, ဂန္ထန္တရ စကားရပ်တို့ဖြင့်ပင်-
၁။ ဉာဏ်တော်သာ ဘုရားဟုတ်သည်၊ ပစ္စေက ဗုဒ္ဓါဟုတ်သည်၊ ရဟန္တာဟုတ်သည်၊ ခန္ဓာသည်ဘုရား မဟုတ်၊ ပစ္စေကဗုဒ္ဓါ မဟုတ်၊ ရဟန္တာ မဟုတ် - ဟူသော ဘုတ်အုတ်စာငယ်စကား,
၂။ ဘုရား ဆွမ်းမစားဟူသော စကား,
၃။ သဒ္ဓါမိုက်ဖြင့် ဘုရား၌ရှိသော ကေသာ - စသည်ကို လောကုတ္တရာ တရားကိုးပါး ထင်မှတ်၍ ရှိခိုးလျှင် ဘုရားကို စွပ်စွဲ ဆဲရေးရာရောက်သည် ဟူသော စကားများကိုလည်း နင်းနယ် ချေပွတ် လိုက်သည်။

ဤစကားရပ်စုတွင်-
၁။ ဘုရား ဆွမ်းစားကြောင်း,
၂။ ကေသာ-စသည်ကို လောကုတ္တရာတရား ကိုးပါး ထင်မှတ်၍ ရှိခိုးထိုက်ကြောင်း,
၃။ သဒ္ဓါမိုက်ဟူ၍လည်း ကျမ်းဂန်၌ရှိကြောင်း,
၄။ ၎င်းကေသာ - စသည်ကို လောကုတ္တရာတရားကိုးပါး ထင်မှတ်၍ ရှိခိုးကြည်ညိုခြင်းသည် သဒ္ဓါမိုက်မဟုတ်၊ အလွန်လိမ္မာသော သဒ္ဓါဖြူဖြစ်ကြောင်းများကို နောက်မှ ဆိုမည်။

“ဉာဏ်တော်သာ ဘုရား၊ ခန္ဓာတော် ဘုရားမဟုတ်” ဟူသော စကားကို နင်းနယ်ချေပွတ်ပြီး ဖြစ်ပါသော်လည်း အကျကောက်၍ နောက်ဆွယ်ရှိပြန်သေးသည်ကို ဆိုလိုက်ဦးအံ့။

ဗုဇ္ဈတိ - သိတော်မူတတ်၏၊
ဣတိတသ္မာ - ထို့ကြောင့်၊
ဗုဒ္ဓေါ - ဗုဒ္ဓမည်တော်မူ၏” ဟူရာ၌-

”သိတော်မူတတ်သည်” ဟူသောအလုံးကို အဘိဓမ္မာခုနစ် ကျမ်းတွင်ရှာသော် ပညိန္ဒြေစေတသိက် တစ်ခုသာ ရှိသည်၊ ပညိန္ဒြေစေတသိက်မှ ကြွင်း သော ဖဿ, ဝေဒနာ - အစရှိသော နာမက္ခန္ဓာ လေးပါး၊ ပထဝီ, အာပေါ - အစရှိသော ရူပက္ခန္ဓာတစ်ပါး၊ ဤခန္ဓာငါးပါးထဲမှာ သိခြင်း လက္ခဏာ ရှိသော တရားဟူ၍ တစ်ခုမျှမပါ၊ ပညတ်တရား ဟူသည်မှာ တရားကိုယ်အားဖြင့် ရှိသောတရားပင် မဟုတ်၊ သိတတ်မည် ဝေးစွ၊ သိတတ်သော တရား မဟုတ်ကလည်း မသိတတ်သော တရားပင် ဖြစ်၏။

ထို့ကြောင့် သိတတ်မှ ဘုရား ဆိုရလျှင် မသိတတ်သော ဖဿကို, ဝေဒနာကို, သညာကို, သင်္ခါရစုကို, ဝိညာဉ်ကို, ပထဝီကို, အာပေါကို, တေဇောကို, ဝါယောကို ဘုရားဟူ၍ ဆိုခွင့်မရှိ၊ မရှိပါဘဲနှင့် ဘုရားဆိုလျှင် အပိုအမှားသာ ဖြစ်လေ၏ဟု သုတ္တန်, အဘိဓမ္မာ, သဒ္ဒါဝေါဟာရ သုံးပါးကို သူ့နေရာနှင့်သူ အစေ့အစပ် မသိတတ်သော ပရမတ် ယောင်ဝါး လှုပ်တိုင်းမှားတို့က ဆိုဖွယ်ရှိပြန်၏၊ ဧကန်ဆိုမည်ပင်ဖြစ်၏။ ဤသို့သော ဆိုဖွယ်ကိုလည်း နင်းနယ် ချေပွတ်ရမည်။

အဘယ်သို့ နင်းနယ် ချေပွတ် ရမည်နည်း ဟူမူကား -
ဗုဒ္ဓေါ - သိတော်မူတတ်သော ဘုရား” ဟူရာ၌-
၁- (က) သိတော်မူကား ဗုဓ-ဓာတ်၏အနက်။
(ခ) တတ်သောဘုရားကား -ပစ္စည်း၏အနက်။
၂- (က) သိတော်မူကား သဗ္ဗညုတဉာဏ်၊ ဝါ - အရဟတ္တမဂ်ဉာဏ်၊
(ခ) တတ်သောဘုရားကား ခန္ဓာတော်။
၃- (က) သိတော်မူကား ဝိသေသန။
(ခ) တတ်သောဘုရားကား ဝိသေသျ။
၄- (က) သိတော်မူကား ဂုဏ်တော်မြတ်။
(ခ) တတ်သောဘုရားကား ဂုဏီဒြဗ်။
၅- (က) သိတော်မူကားကြိယာ။
(ခ) တတ်သောဘုရားကား ကာရက။

ဤသို့ဗုဒ္ဓဟူသော စကားတစ်ခွန်း၌ ဗုဓ-တစ်ခြား, -ပစ္စည်း တစ်ခြား၊ နှစ်ပါးစပ်မှ “ဗုဒ္ဓ-သိတော် မူတတ်သော ဘုရား” ဖြစ်သည်၊ သိတော်မူအရ ဉာဏ်တော်သည်- ဗုဓ, တတ်သော ဘုရားအရ ဒြဗ်တော်သည်-, နှစ်ပါးစပ်မှ “ဗုဒ္ဓ-သိတော်မူတတ်သောဘုရား” ဖြစ်သည်။

ဗုဓ-အရဖြစ်သော ဉာဏ်တော်သည် ဘုရား၏ ဂုဏ်တော်သာ ဖြစ်သည်၊ ဘုရား မဟုတ်၊ -ပစ္စည်း အရ ခန္ဓာဒြဗ်တော်သည် ဘုရားသာ ဖြစ်သည်၊ ဉာဏ်တော်မဟုတ်၊ ဉာဏ်နှင့်ဒြဗ် နှစ်ပါးစပ်မှ “ဗုဒ္ဓအရ - သိတော်မူတတ်သောဘုရား” တစ်ဆူသာဖြစ်သည်။

ဗုဒ္ဓ-သဒ္ဒါကား ဉာဏ်တော်ကိုအစွဲပြု၍ ခန္ဓာငါးပါးဘုရား ဒြဗ်ကိုသာ မုချအားဖြင့် ဟောသည်၊ ဉာဏ်တော်ကို မုချအားဖြင့် မဟော၊ ဉာဏ်တော်ကိုမူကား အကြောင်းအနေမျှသာ ဟောသည်။

နိမိတ္တော တွပ္ပဓာနေန၊ တဗ္ဗိသေသျောပဓာနတော။
[သဒ္ဒတ္ထဘေဒစိန္တာ။]

အနက်ကား။ ။
နိမိတ္တောတု - အကြောင်းဖြစ်သော အနက်ကို မူကား၊
သဒ္ဒေန - ဗုဒ္ဓ အစရှိသော သဒ္ဒါသည်၊
အပ္ပဓာနေန - အပဓာန အားဖြင့်သာလျှင်၊
ဝုတ္တော - ဟောအပ်၏၊
တဗ္ဗိသေသျော - ထိုအကြောင်းတရားသည် အထူးပြုအပ်သော ဒြဗ်အနက်ကိုသာလျှင်၊
ပဓာနတော - မုချအားဖြင့်၊
ဝုတ္တော - ဟောအပ်၏။

ထို့ကြောင့်ပင်လျှင် အထက်ကထုတ်ပြခဲ့ပြီးသော ပါဠိ, အဋ္ဌကထာ ဋီကာကျမ်းတို့၌လည်း ဗုဒ္ဓ-အရကို သန္တာနပညတ်နှင့်တကွ ခန္ဓာဒြဗ်တော်ကိုသာ လိုရင်း ကောက်ပြကြကုန်သည်။ ။

[ဤကား သဒ္ဒါကျမ်းဂန်များနှင့် စစ်ဆေးလျှင်လည်း ခန္ဓာတော်သာ မုချဗုဒ္ဓ, မုချဘုရား မည်ကြောင်း၊ ဉာဏ်တော်သည်ကား ဘုရားမဟုတ်, ဘုရား ဂုဏ်တော်သာ ဖြစ်ကြောင်းကို ထင်လင်းစွာ ပြလိုက် သော စကားရပ်စုပေတည်း။]

ဤစကားရပ်တို့ဖြင့် သဒ္ဒါလည်း မတတ်, ကျမ်းဂန်လည်း မနှံ့စပ်ရှာကြကုန်သော ပရမတ်ကောင် လူယောင်ယောင်တို့သည် “ဗုဒ္ဓေါ - သိတော်မူတတ်သည်” ဟူသော အသံအရိပ်ကိုဖမ်း၍ ဉာဏ်တော် သည်သာ ဘုရား ဟုတ်သည်၊ ခန္ဓာတော် ဘုရားမဟုတ်ဟု ပြောင်းပြန် ပြောဆိုသောစကားများကို နင်းနယ် ချေပွတ်လိုက်သည်။

ပရမတ်ဘုရား, ပညတ်ဘုရား ပြဆိုချက်ပြီး၏။

ဉာဏ်တော်, ခန္ဓာတော်

ဉာဏ်တော်, ခန္ဓာတော်ဟု ခွဲခြမ်းရာ၌လည်း-
၁။ ဉာဏ်တော်ဟူသည်မှာ ပညိန္ဒြေစေတသိက် တစ်ခုကိုသာ ရသည်။
၂။ ခန္ဓာတော်ဟူသည်မှာ ၎င်းပညိန္ဒြေစေတသိက်နှင့်တကွ ခန္ဓာငါးပါး ဘုရားဒြဗ်တော်ကိုရသည်-တစ်ရပ်။

ဗုဒ္ဓေါ - သိတော်မူတတ်သောဘုရား “ ဟူရာ၌- သိတော်မူ ဟူသော ရှေ့ပိုင်းကိုပင် မုချထားပါဦးတော့၊ ထိုသို့သိတော်မူ ဟူသော အသံရှေးရှိရာ ဗုဒ္ဓ-သဒ္ဒါစသည်တို့၌သာလျှင် ဉာဏ်တော်ကို ဘုရားဆိုနိုင်မည်။

သိတော်မူ - ဟူသော အနက်မထွက်နိုင်ပေမူ၍ တစ်ခြားတစ်ပါးသော အနက်သာ ထွက်နိုင်သော “ အရဟံ - ပူဇော်ကို ခံတော်မူထိုက်သော ဘုရား” ဟူရာ၌- သိတော်မူ - ဟူသော အသံကိုဖမ်းရန် မရှိ၊ ပူဇော်ကို ခံတော်မူထိုက်သော အသံကို ဖမ်းရလိမ့်မည်၊ ပူဇော်ကို ခံတော်မူထိုက်သော ဂုဏ်တော် သည်သာလျှင် အရဟံ မည်၏၊ ဘုရားမည်၏၊ ခန္ဓာတော် သည် ဘုရား မဟုတ်ဟု ဆိုရလိမ့်မည်။

ပူဇော်ကို ခံတော်မူထိုက်သော ဂုဏ်တော် ဟူသည်လည်း- အတုမရှိ မြင့်မြတ်သော သီလတော်, သမာဓိတော်, ပညာတော်, ဝိမုတ္တိတော်, ဝိမုတ္တိဉာဏဒဿန ဉာဏ်တို့ပင် ဖြစ်ချေသည်၊ အကျဉ်းအားဖြင့် သီလ, သမာဓိ, ပညာ သုံးပါး ဖြစ်ချေသည်။ ထို့ကြောင့် အရဟံ - ပုဒ်က ထွက်သောဘုရားမှာ သီလဂုဏ်တော်သည်လည်း ဘုရားပင် ဖြစ်သည်၊ ရူပဈာန်တရား, အရူပဈာန်တရား,လောကုတ္တရာဈာန် တရားများသည်လည်း ဘုရားပင်ဖြစ်သည်။
[ဤကား အရဟံ - ပုဒ်ထွက်သော ဘုရားတည်း။]

ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာသုံးပါး, ဝိဇ္ဇာရှစ်ပါး, စရဏတစ်ဆယ့် ငါးပါးနှင့် ပြည့်စုံတော်မူသော ဘုရား” ဟူရာ၌လည်း- ဂုဏ်တော်ကိုသာ ဘုရားဟူ၍ယူပါမူ ဝိဇ္ဇာသုံးပါး, ဝိဇ္ဇာရှစ်ပါး သည်လည်း ဘုရားပင်၊ ဝိဇ္ဇာဟူသည် ဉာဏ်တော်ပင်ဖြစ်ပေသည်။
၁။ သီလသံဝရ,
၂။ ဣန္ဒြိယသံဝရ,
၃။ ဘောဇနေမတ္တညူတာ,
၄။ ဇာဂရိယာနုယောဂ,
၅။ သူတော်ကောင်းဥစ္စာခုနစ်ပါး,
၆။ ဈာန်လေးပါး,
ဟူသော စရဏဂုဏ်တော် တစ်ဆယ့်ငါးတွင် ဉာဏ်တော် အနည်းငယ်မျှသာပါသည်၊ ဉာဏ်တော် မဟုတ်သော ဂုဏ်တော်သာ များပေသည်။

ပရိသုဒ္ဓကာယသမာစာရော၊ ကိလေသာတို့မှစင်ကြယ်သော ကိုယ်တော် အကျင့်ရှိတော်မူသော ဘုရား” ဟူရာ၌ - ကိလေသာတို့မှစင်ကြယ်သော ကိုယ်အကျင့် ရှိတော်မူသည်ကား ကိုယ်အင်္ဂါတို့ကို လှုပ်ရှားသော အခါ၌ ပညာရှိတစ်ပါးတို့ ကဲ့ရဲ့ဖွယ်မရှိသော ကိုယ်တော် အမူအရာ တည်းဟူသော ကာယဝိညတ် နှင့်တကွသော စိတ္တဇရုပ်ကလာပ်, ထိုစိတ္တဇရုပ်ကလာပ်နှင့် အတူတကွ လှုပ်ရှားကြသော ကမ္မဇရုပ်ကလာပ် - ဥတုဇရုပ်ကလာပ် - အာဟာရဇရုပ် ကလာပ်စုသည် လည်းကောင်း, စိတ္တဇရုပ် ကလာပ်ကို ဖြစ်စေတတ်သော မဟာကြိယာဇော နာမက္ခန္ဓာ လေးပါးသည် လည်းကောင်း ဤခန္ဓာ ငါးပါးသည် ပရိသုဒ္ဓကာယသမာစာရ ဂုဏ်တော် မည်၏။

ဂုဏ်တော်ကိုသာ ဘုရားဆိုလိုသော သူတို့သည် ဤပရိသုဒ္ဓကာယသမာစာရ ဂုဏ်တော်သို့ကျလျှင် ကာယဝိညတ် နှင့်တကွသော ခန္ဓာငါးပါးကိုပင် ဘုရားဆိုရမည် ဧကန်ဖြစ်ကုန်၏၊ ပရိသုဒ္ဓဝစီ- သမာစာရ ဂုဏ်တော်သို့ ကျလျှင်လည်း ဝစီဝိညတ် နှင့်တကွသော ခန္ဓာငါးပါးကိုပင် ဘုရား ဆိုရမည် ဧကန်တည်း။

ဗျမပ္ပဘော - တစ်လံမျှလောက် အထူးတောက်သော ရောင်ခြည်တော် ခြောက်ပါးရှိတော်မူသော ဘုရား” ဟူရာ၌- ဂုဏ်တော်ကိုဘုရားဆိုလျှင် ရောင်ခြည်တော်ခြောက်ပါးကိုပင် ဘုရားဆိုရမည် ဧကန်တည်း။

ဗြဟ္မုဇ္ဇုဂတကာယော - ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို့ ဖြောင့်မတ်သောကိုယ် ရှိတော်မူသော ဘုရား” ဟူရာ၌ - အလွန်ဖြောင့်မတ်သော ရူပကာယတော်ကိုပင် ဘုရားမဆိုသော် အဘယ်ကို ဆိုမည်နည်း။

ဥဏှီသသီသော - ရွှေသင်းကျစ်ဖျား ရစ်၍ ထားသို့ လုံးသော ဦးခေါင်း ရှိတော်မူ၏” ဤပုဒ်မှ ထွက်သော ဘုရားကို ဦးခေါင်းတော်ကို မဆိုလျှင်အဘယ်ကို ဆိုမည်နည်း။

[ဤအတူ သုတ်ပါထေယျပါဠိတော် လက္ခဏသုတ်၌ ဟောတော်မူအပ်သော သုံးဆယ့် နှစ်ပါးသော ယောကျာ်းမြတ်တို့၏ လက္ခဏာတော်ကြီးကို ပြတတ်သော ဂုဏ်တော်ပုဒ်တို့ကို ထုတ်၍ ချဲ့လေ။]

ဤသို့လျှင် ဘုရားဂုဏ်တော်ပုဒ်သည် ဉာဏ်တော်နှင့်စပ်သော “ဗုဒ္ဓေါ” တစ်ပုဒ်သာ ရှိသည်မဟုတ်။ စင်စစ်မူကား- ဘုရား၏နာမက္ခန္ဓာတို့နှင့်စပ်သော ဂုဏ်တော်ပုဒ်တို့လည်း အသင်္ချေမက များလှပါကုန်၏၊ ရူပက္ခန္ဓာ ရူပကာယနှင့် စပ်သောဂုဏ်တော်ပုဒ်တို့လည်း အလွန် များပါကုန်၏၊ အလုံးစုံသော ဂုဏ်တော်ပုဒ် တို့၌ပင် ပုဒ်က ထွက်လာသော အနက်သံနှင့် လျော်စွာ ဂုဏ်တော်ကို ကောက်ရသည်။

အချို့ပုဒ်က သီလဂုဏ်တော် ထွက်သည်၊ အချို့ပုဒ်က ဈာန် သမာဓိ ဂုဏ်တော် ထွက်သည်၊ အချို့ ပုဒ်က ဝီရိယဂုဏ်တော် ထွက်သည်၊ အချို့ပုဒ်က အဆင်းအရောင် ဂုဏ်တော် ထွက်သည်၊ အချို့ ပုဒ်က အသံ ဂုဏ်တော် ထွက်သည်၊ ဤသို့စသည်ဖြင့် ဉာဏ်တော်မှ တစ်ပါး မရေတွက် နိုင်သော ဂုဏ်တော်တို့လည်း ထင်ရှား ရှိပေကုန်သည်။

ဝိသုဒ္ဓိမဂ်အဋ္ဌကထာ- ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း အဖွင့်၌လည်း- ဉာဏ်တော်ကိုသာ အာရုံပြု၍စီးဖြန်းမှ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း မြောက်သည်ဟု မလာပေ၊ သီလ ဂုဏ်တော်, သမာဓိ ဂုဏ်တော် - စသည်တို့တွင် ထင်နိုင်ရာ, မြင်နိုင်ရာကို အာရုံပြု၍ စီးဖြန်းရ မည်ပင် ဖြစ်သည်၊ သီလဂုဏ်တော်ကို စီးဖြန်းလျှင်လည်း ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း မြောက်တော့သည်၊ သမာဓိဂုဏ်တော် စသည်ကို စီးဖြန်းလျှင်လည်း ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း မြောက်တော့သည်။

ဉာဏ်တော်ကိုသာ ဘုရားဆိုခဲ့လျှင် ဉာဏ်တော် မဟုတ်သော သီလဂုဏ်, သမာဓိဂုဏ်တော် စသော ဂုဏ်တော်အနန္တတို့ကို ဖျက်ပယ်ရာ ကျသည်၊ ခန္ဓာတော်ကို ဘုရားဆိုလျှင် ထိုဂုဏ်တော်အနန္တ, ဉာဏ်တော် အနန္တတို့သည် ခန္ဓာတော်မှာ အကုန်ပါပေကုန်သည်၊ ဘယ်ဟာ ကျန်သည်ဟု ဆိုဖွယ် မရှိပေ။

ထိုသို့ဖြစ်ပါလျက် ဉာဏ်တော်ကို အထူးမှတ်၍ ဆိုရာ၌ ဥပမာ ဆိုသည်ရှိသော်- အလွန်ကောင်းသော ဝိဇ္ဇာမယဆေးဖြင့် ပြဒါးကိုစီရင်၍ သေလေရာ ပြဒါးခဲကို ခဲအခွက် တစ်ဆယ် အရည်လင်မှာပစ်၍ ဇမ္ဗူရာဇ် ရွှေတုံးဖြစ်သည် ဟူရာ၌ကဲ့သို့ မှတ်ရမည်၊ ပြဒါးခဲပြာခဲသည် ရွှေတုံးကြီး ဖြစ်၍ သွားသည် မဟုတ်၊ ခဲဘာသာလည်း ရွှေတုံးကြီး ဖြစ်နိုင်သည် မဟုတ် ပြဒါးပြာတစ်ပဲနှင့် ပေါင်းမိသည်နှင့်တစ်ပြိုင်နက် ခဲဇာတိကို အကုန်စွန့်၍ ရွှေစင်အစစ် ရွှေတုံးကြီး ဖြစ်ရလေသတည်း၊ ရွှေစင် ရွှေတုံးကြီးဖြစ်ပြီးနောက် ခဲဟူ၍ မလေးမစား မပြုထိုက်။

ဥပမာ ဥပမေယျ စပ်ဟပ်ပြချက်

၁။ ခန္ဓာငါးပါး အပေါင်းနှင့် ရွှေတုံးကြီး တူသည်။
၂။ ပြဒါးပြာနှင့် သဗ္ဗညုတဉာဏ်၊ ဝါ- အရဟတ္တမဂ်ဉာဏ် တူသည်။
၃။ အလွန်ကောင်းသောဆေးကိုစုဆောင်းရှာမှီးရသည်နှင့် ပါရမီကိုဖြည့်ရခြင်း တူသည်။
၄။ နဂိုခဲလုံးကြီးနှင့် ပုထုဇဉ်ခန္ဓာ တူသည်။
၅။ ခဲလုံး၌ရှိသောအညစ်အကြေးနှင့် ကိလေသာ တူသည်။
၆။ အရည်လင်အောင် ပြုသည်နှင့် တရားကို အားထုတ်တော်မူခြင်း တူသည်။
၇။ မီးနှင့် ဝီရိယ တူသည်။
၈။ အရည်လင်ရာတွင် ပြာကိုပစ်၍ ရွှေစင်အစစ် ဖြစ်သည်နှင့် ဈာန်သမာပတ်ကို ရတော်မူရာတွင် ဘုရားဖြစ်ခြင်းငှါ ပဋိစ္စသမုပ္ပါဒ်ကို သုံးသပ်တော်မူသည်၊ မိုးသောက်ယံ၌ အရဟတ္တမဂ်ဉာဏ် ဖြစ်သည်နှင့် တစ်ပြိုင်နက် ကိလေသာ အာသဝေါ ကုန်၍ ခန္ဓာငါးပါး ဘုရားဖြစ်ခြင်း တူသည်။

ပစ္စည်းဥစ္စာ ချမ်းသာလိုသော သူတို့သည် ထိုရွှေတုံးကြီးကို အလွန်ရိုသေရသကဲ့သို့ လောကီ, လောကုတ္တရာ ချမ်းသာကို လိုသောသူတို့သည် ထိုခန္ဓာငါးပါးကို အလွန်ရိုသေ ထိုက်လှပေသတည်း။
[ဤမျှသောစကားရပ်တို့ဖြင့် “ခန္ဓာကို ဘုရားမဟုတ်၊ ခန္ဓာကို ပစ္စေကဗုဒ္ဓါ မဟုတ်” ခန္ဓာကို ရဟန္တာမဟုတ်ဟုဆိုသော ထိုဘုတ်အုပ် စာငယ်ကို နင်းနယ် ချေပွတ်လိုက်သည်]

ထိုသို့ ဖြစ်သော် --
မေး။ ။ “ဗုဒ္ဓေါ သဗ္ဗညုတညာဏံ၊ ဓမ္မော လောကုတ္တရော မတော” ဟူသော ပါဌ်များကို အဘယ်သို့ ဆိုမည်နည်းဟူမူ။
ဖြေ။ ။ မဏိသာရမဉ္ဇူသာ - စသော ကျမ်းဆရာတို့ ထိုပါဌ်ကို ဆိုပေပြီးဖြစ်၍ ယခုမှ ဆိုနေဖွယ် မရှိ။

သဗ္ဗညုတဉာဏံ - သဗ္ဗညုတဉာဏ်တော်ကို၊
အဓိဂတော - ရတော်မူသော ခန္ဓာတော်သည်၊
ဗုဒ္ဓေါ - ဗုဒ္ဓမည်၏၊
ဝါ - ဘုရားမည်၏။
[မဏိသာရမဉ္ဇူသာ ဆရာတော် ဆိုပုံ။]

ဉာဏ်တော်, ခန္ဓာတော် ဘုရားပြဆိုချက်ပြီး၏။

စေတီလေးပါး

(က) စေတိယမှိစ သံဃေဝါ၊ ပုဂ္ဂလေ အတိထီသုဝါ။
မာတရိ ပိတရိစာပိ၊ အထော ဇေဋ္ဌမှိ ဘာတရိ။

(ခ) ဧသော နိဓိ သုနိဟိတော၊ အဇေယျော အနုဂါမိယော။
ပဟာယ ဂမနိယေသု၊ ဧတံ အာဒါယ ဂစ္ဆတိ။
(ခုဒ္ဒကပါဌပါဠိတော် နီဓိကဏ္ဍသုတ်)

(ဂ) တတ္ထ စေတယိတဗ္ဗန္တိ စေတိယံ၊ ပူဇေတဗ္ဗန္တိ ဝုတ္တံ ဟောတိ၊ စိတတ္တာဝါ စေတိယံ၊ တံပနေတံ တိဝိဓံ ဟောတိ ပရိဘောဂစေတိယံ ဥဒ္ဒိဿကစေတိယံ သဓာတုက စေတိယန္တိ၊ တတ္ထဗောဓိရုက္ခော ပရိဘောဂစေတိယံ၊ ဗုဒ္ဓပဋိမာ ဥဒ္ဒိဿကစေတိယံ၊ ဓာတုဂဗ္ဘထူပါ သဓာတု ကာ သဓာတုကစေတိယံ။
[၎င်းအဖွင့် ခုဒ္ဒကပါဌအဋ္ဌကထာ။]

အနက်ကား

(က) စေတိယမှိဝါ - စေတီသုံးပါး၌ လည်းကောင်း၊
သံဃေဝါ - သံဃာ၌ လည်းကောင်း၊
ပုဂ္ဂလေဝါ - ပုဂ္ဂိုလ်၌ လည်းကောင်း၊
အတိထီသုဝါ - လူဧည့်သည်, ရှင်ဧည့်သည်တို့၌ လည်းကောင်း၊
မာတရိစာပိ - အမိ၌ လည်းကောင်း၊
ပိတရိစာပိ - အဖ၌ လည်းကောင်း၊
အထော - ထိုမှတစ်ပါး၊
ဇေဋ္ဌမှိဘာတရိ - အစ်ကိုကြီး အစ်မကြီး၌ လည်းကောင်း။

(ခ) သုနိဟိတော - ကောင်းစွာ မြှုပ်ထားအပ်သော၊
ဧသောနိဓိ - ဤကုသိုလ်ဟူသော ရွှေအိုးသည်၊
အဇေယျော - ရန်သူငါးပါးတို့သည် အောင်မြင်ခြင်းငှါ မတတ်ကောင်း၊
အနုဂါမိ ယော - သွားလေရာရာ သံသရာ၌ အစဉ်လိုက်၏၊
ပဟာ ယဂမနိယေသု - သေလျှင် စွန့်ပစ်၍သွားရမည့် အရာစုတို့၌၊
ဧတံ - ဤကုသိုလ် ရွှေအိုးကိုသာ၊
အာဒါယ - ယူ၍၊
ဂစ္ဆတိ - သွားနိုင်၏။

[ရှေ့ဂါထာဖြင့် ကုသိုလ်ရွှေအိုး မြှုပ်နှံထိုက်ရာ ဌာနကို ဟောပြပေသည်။]

(ဂ) တတ္ထ - ထိုဂါထာဒေသနာ၌၊
စေတယိတဗ္ဗံ - ပူဇော်အပ်၏၊
ဣတိ - ထို့ကြောင့်၊
စေတိယံ - စေတီမည်၏၊
ပူဇေတဗ္ဗံ - ပူဇော်အပ်၏၊
ဣတိ - ဤသို့၊
ဝုတ္တံ - ဆိုလိုသည်၊
ဟောတိ - ဖြစ်၏၊
ဝါ - တစ်နည်းကား၊
စိတတ္တာ - ပွါးစေအပ်, ဆည်းပူးအပ်သည်၏ အဖြစ်ကြောင့်၊
စေတိယံ - စေတီမည်၏၊
တံပနေတံ - ထိုစေတီသည်၊
ပရိဘောဂ စေတိယံ - ပရိဘောဂစေတီ လည်းကောင်း၊
ဥဒ္ဒိဿက စေတိယံ - ဥဒ္ဒိဿကစေတီ လည်းကောင်း၊
သဓာတုက စေတိယံ - သဓာတုကစေတီ လည်းကောင်း၊
ဣတိ - ဤသို့၊
တိဝိဓံ - သုံးပါးအပြား ရှိ၏၊
တတ္ထ - ထိုသုံးပါးတို့တွင်၊
ဗောဓိရုက္ခော - ဗောဓိပင်သည်၊
ပရိဘောဂစေတိယံ - ပရိဘောဂစေတီ မည်၏၊
ဗုဒ္ဓပဋိမာ - ဘုရာရုပ်ပွါး, ဘုရားဆင်းတုတော်များသည်၊
ဥဒ္ဒိဿကစေတိယံ - ဥဒ္ဒိဿကစေတီ မည်၏၊
သဓာတုကာ - ဓာတ်တော်နှင့် တကွသော၊
ဓာတုဂဗ္ဘထူပါ - ဓာတ်တော်ကြုတ်, ဓာတ်တော်တိုက်, ဓာတ်တော် တည်ရာ စေတီပုထိုးများသည်၊
သဓာတုက စေတိယံ - သဓာတုကစေတီ မည်၏။

[ရှေးအထက် ပေးလိုက်သော စာ၌လည်း စေတီသုံးပါး လေးပါး အခွဲ ပါလေပြီ]

မေးမြန်းဖွယ်

မေး။ ။ စေတီသုံးပါး, လေးပါးကို လှူဒါန်းပူဇော်ပါလျှင်အကျိုး ကြီးပါမည်လော - မေးရန်ရှိ၏။

ဖြေ။တိဋ္ဌန္တေ နိဗ္ဗုတေစာပိ၊ သမေ စိတ္တေ သမံ ဖလံ။
စေတောပဏိဓိ ဟေတူဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။
[ဝိမာနဝတ္ထု ပါဠိတော်။]

ရာဇဂြိုဟ်ပြည်တွင် စေတီတော်ကို သပွတ်, ခဝဲပွင့်လှူဒါန်း၍ သေသည့်နောက် တာဝတိံသာ၌ ထင်ရှားစွာဖြစ်လေသော သူငယ်မ ဝတ္ထုတွင် လာသည်။

တိဋ္ဌန္တေစ - သက်တော် ထင်ရှားရှိသော မြတ်စွာဘုရား၌ လည်းကောင်း၊
နိဗ္ဗုတေစ - နိဗ္ဗာန်စံငြား ကိုယ်တော်စား ဖြစ်သော စေတီသုံးပါး၌ လည်းကောင်း၊
စိတ္တေ - ကြည်ညိုသော စိတ်သည်၊
သမေ - တူမျှကြပေမူကား၊
သမံဖလံ - အကျိုးတူမျှ၏၊
ဟိသစ္စံ - မှန်၏၊
စေတောပဏိဓိဟေတု - စိတ်ထား ကောင်းသောကြောင့်သာလျှင်၊
သတ္တာ - သတ္တဝါတို့သည်၊
သုဂ္ဂတိံ - သုဂတိသို့၊
ဂစ္ဆန္တိ - လားကြကုန်၏။

[“စေတောပဏိဓိဟေတူတိ အတ္တနော စိတ္တဿ သမ္မဒေဝ ထပနနိ မိတ္တံ၊ အတ္တနော သမ္မာ ပဏိဓာနေနာတိ အတ္ထော” ဟူ၍ ဝိမာနဝတ္ထု အဋ္ဌကထာ ဖွင့်သည်နှင့် အညီ ပေးလိုက်သော အနက်။]

ဤပါဠိတော်၌ “တိဋ္ဌန္တေနိဗ္ဗုတေစာပိ၊ သမေ စိတ္တေသမံဖလံ” ဟူသော ရှေ့ပိုင်းကို ကြားနာသောအခါ သက်တော် ထင်ရှားရှိသော ဘုရားနှင့် ဗောဓိ, ရုပ်ပွါး, ဓာတ်တော်များသည် အကျိုးပေး တူနိုင် မည်လော၊ အကြံဖြစ်ဖွယ် ရှိ၍ “စေတောပဏိဓိဟေတူဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ” ဟု နောက်ပိုင်းကို ထပ်ရသည်။

ဗောဓိ, ရုပ်ပွါး, ဓာတ်တော်များကိုပင် ဘုရားကိုယ်တော်မြတ်နှင့် မထူးမခြား နှလုံးထားနိုင်ပေမူ အကျိုးပေး တူပါ၏။

အဘယ့်ကြောင့်နည်းဆိုသော်--

ဘုရားစေတီတို့က အကျိုးပေးရင်း မဟုတ်၊ အာရုံမျှသာ ဖြစ်ပေသည်၊ စိတ်ကသာ အကျိုးပေးရင်း ဖြစ်ပေသည်၊ ထို့ကြောင့် စိတ်ထား တူပေလျှင် အကျိုးပေးချင်း တူနိုင်ပါ၏ ဆိုလိုသည်။

ထို့ကြောင့်ပင်လျှင် ကျမ်းဂန်တို့၌ ဗောဓိပင်, ရုပ်ပွါးတော်, ဓာတ်တော်, မွေတော်, စေတီတော်များကို ရှိခိုး ပူဇော်သောအခါ သက်တော် ထင်ရှား ရှိသောဘုရားကို ရိုသေလေးမြတ် သကဲ့သို့ ရိုသေ လေးမြတ်စွာ စိတ်နှလုံးထားရမည်ဟု များစွာလာပေသည်။

မေးမြန်းဖွယ်

မေး။ ။ဗောဓိညောင်တော်, ရုပ်ပွါးဆင်းတုတော်, ဓာတ်တော်, မွေတော်, စေတီတော်များသည် အဝိညာဏက ဝတ္ထုရုပ် အဗျာကတ တစ်ခုသာ ဖြစ်ပါလျက် အဘယ်သို့ မြတ်စွာဘုရား ကိုယ်တော်မြတ်နှင့် ထပ်တူထပ်မျှ ဖြစ်အောင် စိတ်နှလုံး ထားပါမည်နည်း - မေးရန်။

ဖြေ။ ။ မြတ်စွာဘုရားကို ရှိခိုးပူဇော်ခြင်းကို ပြုကြရသည်လည်း ဂုဏ်တော်ကို ကြည်ညို လေးမြတ်၍ ပြုကြရသည်၊ ဗောဓိညောင်တော်, ရုပ်ပွါးဆင်းတုတော်, ဓာတ်တော်, မွေတော်, စေတီတော်များကို ရှိခိုးပူဇော်ရခြင်းသည်လည်း ဂုဏ်တော်တွေကို ကြည်ညို လေးမြတ်၍ ဗောဓိ ရုပ်ပွါး, ဓာတ်တော် များကိုပင် လောကုတ္တရာတရား ကိုးပါးစသော ဂုဏ်တော် အတုံးအခဲတွေ, ဂုဏ်တော်တို့၏ တည်နေရာတွေကဲ့သို့ ရိုသေလေးမြတ်နိုင်ခြင်းသည် ပညာဉာဏ်ကြီးသော ပုဂ္ဂိုလ်တို့မှာသာ၍ ဖြစ်နိုင်ပေသည်၊ ရုပ်ပွါး ဆင်းတုတော်ကို မဆိုထားဘိဦး၊ သီဟိုဠ်ကျွန်း၌ ရဟန်းတော်ကြီး တစ်ပါး သည် မာရ်နတ် ဖန်ဆင်း၍ပြသော ဘုရား အသွင်တော်ကို ဖူးမျှော်၍ ထိုနေရာတွင် ရဟန္တာ ဖြစ်လေသည်။

မာရ်နတ်သည် အလွန်ယုတ်မာသော သူတစ်ယောက် ဖြစ်ပေသည်၊ ထိုမာရ်နတ်သည် မိမိကိုယ်ကို လက္ခဏာကြီး-ငယ်, ရောင်ခြည် ခြောက်သွယ် နှင့်တကွ ဘုရားအသွင် ဖန်ဆင်း၍ ပြရာ၌ပင်လျှင် ဘုရားလျှင် အာရုံရှိသော ပီတိကိုရ၍ ထိုပီတိကိုခွါပြီးလျှင် ဝိပဿနာရှု၍ ရဟန္တာဖြစ်လေသည်။

[ပရိဝါအဋ္ဌကထာ တံမြက်လှည်းခြင်း၏ အကျိုးတွင် ပါလာသော ဝတ္ထု။]

ဤမျှသောစကားရပ်တို့ဖြင့် ဘုရားကို ပန်းပူဇော်၍ အကျိုးမရှိဟူသော စကားနှင့်တကွ ရုပ်ပွားတော် ကို သက်တော်ထင်ရှား ဘုရားထင်မှတ်၍ ကိုးကွယ်ပူဇော်လျှင် မဟာအဝီစိ ငရဲကြီး၌ ကျလိမ့်မည်၊ အပါယ်ပဋိသန္ဓေကို ပေးသည်ဟုဆိုသော ထိုဘုတ်အုပ် စာငယ်ကို နင်းနယ် ချေပွတ်လိုက်သည် - တစ်ရပ်။

မန္ဒပညော - ပညာနည်းသော သူသည်၊
အဝတ္ထုသ္မိံ - မကြည်ညိုထိုက်သော အရာ၌၊
ပသီဒတိ - ကြည်ညိုမိတတ်၏”။

ဟူ၍ ကျမ်းဂန်လာသောကြောင့် သဒ္ဓါမိုက်လည်း ရှိပါ၏၊ ထိုသဒ္ဓါမိုက်ကို ကျမ်းဂန်တို့၌ မုဓာသဒ္ဓါ ခေါ်ပေသည်၊ မုဓာသဒ္ဓါလည်း အမိုက်အမဲကိုခေါ်သည်၊ ထိုသဒ္ဓါမိုက်ကို တရားကိုယ် ကောက်သော် ကား မောဟပင်တည်း၊ ဝါ- အားကြီးသော မောဟနှင့်ယှဉ်သော မိစ္ဆာဓိမောက္ခ ပေတည်း။

မေးမြန်းဖွယ်

မေး။ ထိုသဒ္ဓါမိုက်ဟု ဆိုအပ်သော မောဟ, မိစ္ဆာဓိ မောက္ခ နှစ်ပါးသည် အဘယ်နေရာများမှာ ဖြစ်တတ်လေသနည်း - ဟူမူ။

ဖြေ။အသဒ္ဓေယျဝတ္ထုပသန္နော” ဟူ၍၎င်း, “အဝတ္ထုသ္မိံ ပသီဒတိ” ဟူ၍၎င်း, အဋ္ဌကထာတို့၌ လာသောကြောင့် -

၁။ ရှေးအခါပုရာဏကဿပ, မက္ခလိဂေါသာလ - အစရှိသော မိစ္ဆာဒိဋ္ဌိကြီးတို့ကို ဘုရားဟူ၍ ကြည်ညိုလေးမြတ် ကိုးကွယ်သောသူ၊

၂။ ထိုမိစ္ဆာဒိဋ္ဌိကြီးတို့ ဟောသော တရားကို သူတော်ကောင်း တရားအစစ်ဟု ယုံကြည်သောသူ၊

၃။ ထိုမိစ္ဆာဒိဋ္ဌိကြီးတို့တပည့် ဂိုဏ်းအပေါင်းတို့ကို သုပ္ပဋိပန္န သံဃာဟူ၍ ကြည်ညိုကြ, ကိုးကွယ်ကြ, လှူဒါန်း ပူဇော်ကြသော သူတို့အား ကြည်ညိုနိုင်သော အမှုသည် သဒ္ဓါမိုက် ဧကန်စင်စစ် ဖြစ်လေ သတည်း။

ယခုအခါ၌ကား -

၁။ ထာဝရဘုရား, ယေရှုခရစ်ဘုရား - စသည်တို့ကို၎င်း၊

၂။ ထိုသူတို့၏တရားဆိုသော စာပေတို့ကို၎င်း၊

၃။ ထိုသူတို့၏ တပည့်ဖြစ်သော ကုလားဘုန်းကြီး တို့ကို၎င်း, ကြည်ညိုနိုင်သော အဖြစ်သည် သဒ္ဓါမိုက် စင်စစ် ဖြစ်ပေသတည်း။

ထို့ကြောင့်အနီးအနား ထင်ရှားရာကို ဆွဲငင်၍ ပြောပေလျှင် ရုပ်ပွားတော်ကို သက်တော်ထင်ရှား ဘုရားထင်မှတ်၍ ရှိခိုးလျှင် အဝီစိငရဲကြီး၌ ကျလိမ့်မည် ဆိုသော ထိုဘုတ်အုပ် စာအမိုက်ကိုပင် လှိုက်လှိုက်လှဲလှဲ စွဲမြဲယုံကာ သဘောပါကြကုန်သော ဗာလအန္ဓတို့၏ အမှုသည် ယခုလက်ငင်း ထင်လင်းဆွဲပြရန် သဒ္ဓါမိုက်ကြီး တစ်ခုပင် ဖြစ်လေသတည်း။

ဘုရား၏ ဆံတော်, သွားတော် - စသော သမ္ဘိန္နဓာတ်, အသမ္ဘိန္န ဓာတ်တော်များကို လောကုတ္တရာ တရားကိုးပါးပင် ထင်မှတ်၍ ကိုးကွယ်ခြင်းမှာ မူကား ပညာရှိ သူတော်ကောင်းတို့ အလေ့ပင်ဖြစ်ပေ၍ သဒ္ဓါမိုက်နှင့် မဆိုင်ပေ။

ထိုစကားမှန်၏၊ ဆံတော်သည် အဗျာကတဝတ္ထု ဥတုဇရုပ်ကလာပ်မျှသာ ဖြစ်သည်ဟု သိကြသည် ပင်ဖြစ်၏၊ သို့သော်လည်း ဆံတော်ကို ရှိခိုးသောအခါ သဒ္ဓါပွားများ၍ အကျိုးကြီးစေခြင်းငှာ, ပါမောဇ္ဇ-ပီတိ ပဿဒ္ဓိဖြစ်လာ စေခြင်းငှာ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, သဗ္ဗညုတဉာဏ် - စသော ဂုဏ်တော်တို့ကို ထိုဆံတော်မှာ ဉာဏ်ဖြင့် သည်ပိုး၍ ရှိခိုးပူဇော်ခြင်းသည် အလွန် ကောင်းမြတ်သော အမှုပေတည်း - တစ်ရပ်။

မြတ်စွာဘုရား ဆွမ်းစား,မစား

မြတ်စွာဘုရား ဆွမ်းစားမစား စကားဖြစ်ရာမှာ-

၁။ ဘုရားဖြစ်ပြီး၍ သတ္တသတ္တာဟ ၄၉-ရက် စေ့တွင် တဖုဿ, ဘလ္လိကတို့ လှူသော မုန့်ကို ဘုဉ်းပေးတော်မူသည်။

၂။ မိဂဒါဝုန်တော၌ ဝါကပ်စဉ်အခါ ဗာရာဏသီမှာ ဆွမ်းမှီဝဲတော်မူသည်။

၃။ ဥရုဝေလတောသို့ ရောက်သောအခါ ဥရုဝေလကဿပက ကျွေးသောဆွမ်းကို ဘုဉ်းပေးတော် မူသည်။

၄။ ရံခါလည်းမြောက်ကျွန်းသို့ ကြွ၍ ဆွမ်းခံတော်မူသည်။

၅။ ရာဇဂြိုဟ်ပြည်သို့ ရောက်သောအခါ ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံ၍ ဘုဉ်းပေးတော်မူသည်။

၆။ ၎င်းရာဇဂြိုဟ်ပြည်မှ ကပိလဝတ်ပြည်သို့ ကြွရာ တပေါင်းလပြည့်ကျော် ၁-ရက်နေ့မှစ၍ ကဆုန်လပြည့်နေ့တိုင် ၂-လပတ်လုံး ကာလုဒါယီထေရ် ယူဆောင်၍ ပေးသော ခမည်းတော်ဆွမ်း ကိုသာ ဘုဉ်းပေးတော်မူသည်- ဟုလာသည်။

ဤသို့စသည်ဖြင့် အဆုံးစွန် ပရိနိဗ္ဗာန် စံယူတော်မူသော နေ့၌ ပါဝါမြို့နေ ရွှေပန်းတိမ်သည် သူဌေး စုန္ဒလှူသော ဆွမ်းကို ဘုဉ်းပေးတော်မူရ၍ ထိုနေ့အထူးအားပြည့်ကြောင်း, မကျန်းမမာ တော်မူ လျက်နှင့်ပင် အလွန်သြဇာကြီးလှသော ဆွမ်း၏အာနုဘော်ကြောင့် သုံးဂါဝုတ်ကွာသော ကုသိနာရုံမြို့ တိုင်အောင် ခြေလျင်ကြွတော်မူနိုင်ကြောင်းများကို ကျမ်းဂန် အရပ်ရပ်တို့၌ ထင်ရှားစွာလာသည်။

သို့ဖြစ်၍ ဆွမ်းစား မစားမေးလျှင် သဗ္ဗညုတဉာဏ်တော်ကို ရည်လျှင် မစားဟု ညှာတာ၍ ဖြေထိုက် သော အမှုပင် မဟုတ်၊ နင်းနယ်ချေပွတ်ရမည့် အရာသာ ဖြစ်သတည်း - တစ်ရပ်။

သန္တတိအမတ်ကြီးသည် ဘုရားရှေ့တော်တွင် ကောင်းကင် အရပ်၌ မင်းမြောက်တန်းဆာ ဆင်ယင် လျက်ပင် ကောင်းကင်၌ ပရိနိဗ္ဗာန် စံရာတွင် ထိုအမတ်ကြီးကို လူဆိုရမည်လော၊ သမဏ, ဗြာဟ္မဏ, ဘိက္ခုဆိုရမည်လောဟု ဘုရားကို လျှောက်ကြရာ-

အလင်္ကတောပိ စေ သမံ စရေယျ၊
သန္တော ဒန္တော နိယတော ဗြဟ္မစာရီ။
သဗ္ဗေသု ဘူတေသု နိဓာယ ဒဏ္ဍံ၊
သ သမဏော သ ဗြာဟ္မဏော သ ဘိက္ခု။
[ဟူ၍ ဓမ္မပဒ၌ ဟောတော်မူပေသည်။]

ကိလေသာငြိမ်း၍ သန္တဒန္တနိယတဗြဟ္မစာရီ ဂုဏ်နှင့် ပြည့်စုံသောသူ ဖြစ်ပေမူကား လူဝတ် လူစား ဝတ်ဆင်လျက်ပင် ဖြစ်သော်လည်း သမဏပင်ဆိုရပေမည်၊ ဗြာဟ္မဏပင်ဆိုရပေမည်၊ ဘိက္ခုပင် ဆိုရပေမည် ဟူလိုသည်။

[အနက်မှာ ဓမ္မပဒနိဿယများမှာ ကြည့်လေ။]

သတိပဋ္ဌာန ဝိဘင်းအဋ္ဌကထာ - စသည်တို့၌လည်း ပဋိပတ္တိဓမ္မကို ကျင့်ပေလျှင် လူပင်ဖြစ် သော်လည်း ဘိက္ခုဆိုထိုက်ကြောင်း လာပေသည်။

သို့ဖြစ်၍ လူပင်ဖြစ်သော်လည်း တဒင်္ဂပဟာန်အားဖြင့်ပင် ကိလေသာကို ငြိမ်းစေနိုင်ပေမူ-

၁။ ကိလေသေ သမေတီတိ သမဏော။
၂။ ကိလေသေ ဗာဟတီတိ ဗြာဟ္မဏော။
၃။ ကိလေသေ ဆိန္ဒတီတိ ဘိက္ခု။
၄။ ကိလေသေ ပဗ္ဗာဇယတီတိ ပဗ္ဗဇိတော။

ဟုဆိုသင့်သော ပရိယာယ် ကျမ်းဂန်၌ လာပေသသည်။

ကိလေသေ သံသုဋ္ဌုံ ဟနတီတိ သံဃော” ဟူသောဝိဂြိုဟ် ရိပ်ပင် ရငြားသော်လည်း သံဃသဒ္ဒါသည် အယူသီလ တူမျှသော အပေါင်းကို အကြောင်းပြုရင်း ဖြစ်၍ ကိလေသာကို တဒင်္ဂပဟာန်ဖြင့် ခွါနိုင် သော်လည်း သံဃာ ဆိုထိုက်သော အခွင့်မရှိသည်နှင့် ပါဠိတော်တို့၌လည်းကောင်း, အဋ္ဌကထာတို့၌ လည်းကောင်း, လူကို သံဃာဆိုနည်း မလာပေ။

“ မိမိကိုယ်ကို သံဃာပြုလုပ်၍ လှူမှအကျိုးရသည်” ဟုဆိုသော သူသည်ကား သံဃသဒ္ဒါ၏ အမြစ်အချေကို နေရာကျ မသိ၍ ဟုတ်လိမ့်နိုးနိုး ဆင်ကန်းတောတိုး ဆိုမိလေသည်၊ မိမိကိုယ်ကို သမဏပြု၍, ဗြာဟ္မဏပြု၍, ဘိက္ခုပြု၍, ပဗ္ဗဇိတပြု၍ လှူနိုင်မှ အကျိုးသာ၍ ကြီးသည် ဟူ၍သာ ဆိုလိုလျှင်ဆိုရမည်၊ ဝစနတ်ဝိဂြိုဟ် အတိုအနှောင်းကလေးများနှင့် နှုတ်ကောင်း လျှာပါး စကားသစ် မသစ်ချင်ကြနှင့်ဟု မုံရွာမြို့ လယ်တီဆရာတော် ဖြေဆိုလိုက်သည်။

မင်းကင်းလျှောက်လွှာ ကောက်နှုတ်ချက် အဖြေပြီး၏။

ဗုဒ္ဓစုတိစိတ္တာရမ္မဏ ဝိနိစ္ဆယ

ကုသိနာရုံပြည်၌ ပရိနိဗ္ဗာန်စံတော်မူသော မြတ်စွာဘုရား၏ စုတိစိတ်တော်သည် အဘယ်ကို အာရုံ ပြုပါသနည်းဟု မေးလျှောက်သော စကားကို ဖြေဆိုချက်။

နာဟု အဿာသပဿာသာ၊ ဌိတစိတ္တဿ တာဒိနော။
အနေဇော သန္တိမာရဗ္ဘ၊ ယံ ကာလ မကရီ မုနိ”။

ဟူ၍လာသော မဟာပရိနိဗ္ဗာနသုတ္တန် အသံနိမိတ်ကို ရိပ်ဖမ်း သံဖမ်းမှန်း ရမ်းဆဝါးလျက် ဘုရား စုတိစိတ်သည် နိဗ္ဗာန်ကို အာရုံပြုသည် ဟုဖြေဆိုရေးသား ကြကုန်သည်။

အနေဇော - တဏှာ ကင်းတော်မူပြီးသော၊
မုနိ - မြတ်စွာဘုရားသည်၊
ယသ္မာ - အကြင့်ကြောင့်၊
သန္တိံ - နိဗ္ဗာန်ကို၊
အာရဗ္ဘ - ရည်ရွယ်၍၊
ကာလံ - သေခြင်းကို၊
အကရီ - ပြုတော်မူပြီ၊
တသ္မာ - ထို့ကြောင့်၊
ဌိတစိတ္တဿ - တည်တံ့သောစိတ် ရှိတော်မူသော၊
တာဒိနော - တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား၊
အဿာသ ပဿာသာ - ထွက်သက် ဝင်သက်တို့သည်၊
နာဟု - မဖြစ်ကုန်သတည်း။

[ဤဂါထာဖြင့် အရှင်အနုရုဒ္ဓါ မထေရ်မြတ်သည် ယခုမှ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံကြောင်းကို ပရိသတ်အများတို့အား ထင်ရှားဖွင့်တော်မူသည်။]

ဤဂါထာ၌ “သန္တိမာရဗ္ဘ” ဟူသော စကားကို -

၁။ ဘုရားစုတိစိတ်၏ အာရုံပြုကိုပင် ဆိုသည်ဟု ထင်မှတ်ရန် တစ်ချက်။

၂။ ဘုရား မရဏာသန္နဇောစိတ်တို့၏ အာရုံပြုကိုဆိုသည်ဟု ထင်မှတ်ရန် တစ်ချက်။

ထိုနှစ်ချက်တို့တွင် စုတိစိတ်၏ အာရုံပြုကိုပင် ဆိုပါသည်ဟု ယူခဲ့သော် အဘိဓမ္မာပါဠိတော် - ၎င်း အဖွင့် အဋ္ဌကထာကြီးများနှင့် ကန့်လန့်နေ၏။

နေပုံကား

ပရိနိဗ္ဗာနစိတ်ဟူသည် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာဝိပါက်စိတ် ပေတည်း၊ ထေရာဝါဒ အလိုအားဖြင့် ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာဝိပါက်စိတ်ပေတည်း။

ထိုကာမဝိပါက်စိတ်၏ အာရုံကို ဓမ္မသင်္ဂဏီ ပါဠိတော်၌ -

ကတမေ ဓမ္မာ ပရိတ္တာရမ္မဏာ၊ သဗ္ဗော ကာမာဝစရ ဝိပါကော, ကိရိယာမနောဓာတု, ကိရိယာ- ဟေတုမနောဝိညာဏ ဓာတု သောမနဿ သဟဂတာ၊ ဣမေ ဓမ္မာ ပရိတ္တာရမ္မဏာ

ဟူ၍ ကာမအာရုံ ဧကန်စု၌သာ ဟောတော်မူသည်၊ လောကုတ္တရာ ဧကန်စု၌ လည်းကောင်း, အနေကန်စု၌ လည်းကောင်း, ကာမဝိပါက် သက်သက် မပါလေ။

“ဘုရားဒကာလှည်းမှာ ဝါပိုသည်” ဆိုသကဲ့သို့ ဤ ဓမ္မသင်္ဂဏီ ပါဠိတော်ကြီးသည် စိတ်မချသာ ကြံမိကြံရာ အကြွင်းအကျန် ရှိရာပါသေးသည် ဆိုငြားအံ့။

ဓမ္မသင်္ဂဏီအဋ္ဌကထာ, ဝိဘင်းအဋ္ဌကထာ, ပဋ္ဌာန်းအဋ္ဌကထာ, ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ဟူသော အဋ္ဌကထာကြီး အရပ်ရပ်၊ အဘိဓမ္မာဝတာရ အဋ္ဌကထာ, အဘိဓမ္မတ္ထသင်္ဂဟ အဋ္ဌကထာ - စသော အဋ္ဌကထာငယ် အရပ်ရပ်တို့၌ ကာမဝိပါက်မှန်က ကာမအာရုံသာ ဧကန်ဖြစ်ကြောင်းကို တင်းတင်း ကြပ်ကြပ် မိန့်တော်မူကြသည်ဖြစ်၍ ထိုဓမ္မသင်္ဂဏီပါဠိတော်မြတ်ကို ကပ်ဖဲ့ လှုပ်ရှားခြင်းငှါ မထိုက်ပေ။

အဋ္ဌ ပန သဟေတုကဝိပါကစိတ္တုပ္ပါဒါ ဧတ္ထ ဝုတ္တနယေ နေဝ တဒါရမ္မဏဝသေန ပဋိသန္ဓိဘဝင်္ဂစုတိဝသေနစ ပရိတ္တ ဓမ္မေသွေဝ အာရဗ္ဘ ပဝတ္တန္တိ။
[အဋ္ဌသာလိနီ။]

ဧဝံ ဣမေ ပဉ္စဝီသတိ စိတ္တုပ္ပါဒါ ဧကန္တေနေဝ ပရိတ္တာရမ္မ ဏာတိ ဝေဒိတဗ္ဗာ။
[၎င်း။]

တာ သတ္တာရမ္မဏတ္တာ ဝိပါကေသု န သန္တိ၊ ဧကန္တပရိတ္တာ ရမ္မဏာနိ ဟိ ကာမာဝစရဝိပါကာနိ။
[၎င်း။ ။ ဝိသုဒ္ဓိမဂ်၌လည်း သည့်အတိုင်းပင်။]

တာ သတ္တာရမ္မဏတ္တာ ဝိပါကေသု နုပ္ပဇ္ဇန္တိ၊ ကာမာဝစရ ဝိပါကာနံ ဧကန္တပရိတ္တာရမ္မဏတ္တာ။
[အဘိဓမ္မာဝတာရအဋ္ဌကထာ။]

ဤသို့စသည်ဖြင့် ကာမဝိပါက်တို့၏ ကာမအာရုံသာ ဧကန္တ ဖြစ်ကြောင်းကို မိန့်ဆိုကြသော အဋ္ဌကထာ အမျိုးမျိုး, ဋီကာအမျိုးမျိုးတို့သည် ကောင်းကင်ပြင်ဝယ် နက္ခတ်ကြယ် တို့ကဲ့သို့ ထင်လည်း ထင်ရှားလှပါကုန်၏၊ ပေါလည်း ပေါများလှပါကုန်၏၊ ကာမအာရုံမှတစ်ပါး တစ်ခြားသော ပညတ်အာရုံ, မဟဂ္ဂုတ်အာရုံ, မဂ်ဖိုလ်အာရုံ, နိဗ္ဗာန်အာရုံများကို ကြံဆ ထည့်သွင်းရန် အဘိဓမ္မာ ကျမ်းဂန်တွင် အသံနိမိတ် အရိပ်အမြွက်မျှ မရှိပေ၊ ထို့ကြောင့် ဘုရားစုတိစိတ်သည် နိဗ္ဗာန်ကို အာရုံ ပြုသည်ဟု ဆိုကြသော ပုဂ္ဂိုလ်ကျော်တို့၏ စကားသည် ဗုဒ္ဓုပ္ပါဒနဝမ၌ မှားရ နိုင်ခဲလှသော အတိ ဒုလ္လဘ အမှားအံ့ဖွယ်ကြီး ဖြစ်ပေသတည်း။

[ဤကား “သန္တိမာရဗ္ဘ” ဟူသော သုတ္တန်၌ နိဗ္ဗာန်ကိုအာရုံပြု၍ စုတိစိတ်တော်မြတ် ဖြစ်သည်ဟု ယူခဲ့လျှင် ဓမ္မသင်္ဂဏီပါဠိ, အဘိဓမ္မာကျမ်း အရပ်ရပ်တို့နှင့် ကပ်ဖဲ့နေပုံတည်း - တစ်ရပ်။]

သန္တိမာရဗ္ဘ” ဟူသော စကားကို ဘုရားကိုယ်တော်၏ မရဏာသန္န မဟာကြိယာဇောစိတ်တို့၏ အာရုံပြုကို ဆိုပါသည် - ယူခဲ့ပြန်လျှင် သုတ္တန်နှင့် ကန့်လန့်နေပြန်၏။

နေပြန်ပုံကား

မြတ်စွာဘုရားသည် စတုတ္ထဈာန်မှထ၍ ပစ္စဝေက္ခဏာဝီထိ အဆုံး၌ စုတိကျကြောင်းကို သုတ္တန် အဋ္ဌကထာ၌ ဆိုပေသည်၊ ပစ္စဝေက္ခဏာဇောစုတိ သည်ပင် မရဏာသန္နဇော ဖြစ်ရသတည်း၊ ပစ္စဝေက္ခဏာဇော ဟူကလည်း ဈာန်အင်္ဂါ တို့ကိုသာ အာရုံပြုမြဲတည်း၊ နိဗ္ဗာန်နှင့်မဆိုင်ပေ။

[ဤကား သုတ္တန်နှင့် ကန့်လန့်နေပုံတည်း။]

တစ်နည်း။ ။ စတုတ္ထဈာန် ဟူသောစကား၌ အရဟတ္တဖိုလ် စတုတ္ထဈာန်ကိုယူ၍ ထိုစတုတ္ထဈာန် မှထ၍ ဆင်ခြင်သော ပစ္စဝေက္ခဏာ ဇောမှာမူကား-

၁။ ဖိုလ်ကိုဆင်ခြင်သည် တစ်ဝီထိ၊
၂။ နိဗ္ဗာန်ကိုဆင်ခြင်သည် တစ်ဝီထိ၊

နှစ်ဝီထိ ကျသင့်ပေသောကြောင့် နိဗ္ဗာန်ကို ဆင်ခြင်သော ဝီထိနှင့် စုတိတော်မူသည်ဟု ယူလိုက်လျှင် သုတ္တန်ဋီကာကြီးနှင့်လည်း ညီညွတ်၏၊ ဘုရားမရဏာသန္နဇောစုသည် နိဗ္ဗာန်ကို အာရုံပြု၏၊ သည်ကို ရည်၍ “သန္တိမာရဗ္ဘ” ယူပါသည်ဆိုသော် သုတ္တန်နှင့် မကန့်လန့်။

သုတ္တန်အဋ္ဌကထာကြီး၌ကား-

သန္တိမာရဗ္ဘာတိ သန္တိံ နိဗ္ဗာနံ အာရဗ္ဘ ပဋိစ္စ သန္ဓာယ

ဟူ၍ ဖွင့်သည်၊ “အာရဗ္ဘ အာရမ္မဏံ ကတွာ” ဟူ၍ မဖွင့်ပေ၊ ဘုရားကိုယ်တော်၏ မရဏာသန္န- ပစ္စဝေက္ခဏာဇောစုသည် နိဗ္ဗာန်ကိုပင် ဆင်ခြင်သမှု အာရုံပြုသည်မှန်ခဲ့အံ့ “အာရဗ္ဘ”ကို “အာရမ္မဏံ ကတွာ”ဟု ဖွင့်ပေရာသည်၊ ထိုသို့ကား မဖွင့်ပါခဲ့၊ “ပဋိစ္စ သန္ဓာယ” ဟုအာရုံပြုကို ရှောင်ခွါ၍ ဖယ်သာ လှယ်သာ ကျယ်ရာပြင်ပကို ညွှန်းပြ၍ ဖွင့်ပြန်သောကြောင့် ဘုရား မရဏာသန္နဇောစု သည်လည်း နိဗ္ဗာန်ကိုပင် အာရုံမပြုဟု လုသာ ယက်သာ ဆွဲတိုင်း ပါပြန်သတည်း။

ထို့ကြောင့် အဘိဓမ္မာမဟုတ်, သုတ္တန်အမူ ပရိယာယ် ထူလှသော “နာဟု အဿာသပဿာသာ ။ပ။ ယံ ကာလမကရီ မုနိ”ဟူသော အရှင်အနုရုဒ္ဓါ၏ ဂါထာစကားမျှနှင့် ဘုရားမုခပါဌ် ပရမတ်အစစ် ပုတ်လေးပစ် မှန်လှသော အဘိဓမ္မာ ကျမ်းဂန်တွေကို တွန်းလှန်၍ ပစ်ရမည့် အရေးသည် အလွန် ခက်လှ၏။

[“ပဋိစ္စသန္ဓာယ” ဟူသည်မှာ အာရုံပင် မပြုသော်လည်း အမှုသွား သန္တာန်က နိဗ္ဗာန်သို့ စိုက်စိုက်တည့် ဦးတဲ့ရွယ်၍ တိုက်သဖြင့် ဆိုက်တော့မည် အမှန်ကြောင့် “သန္တိံ - နိဗ္ဗာန်ကို၊ အာရဗ္ဘ - အကြောင်းပြု၍၊ ပဋိစ္စ - စွဲလမ်း၍၊ သန္ဓာယ - ရည်ရွယ်၍” ယူပါသတည်း - တစ်ရပ်]

ကတ္ထစိ ပန အနုပ္ပဇ္ဇမာနဿ ခီဏာသဝဿ ယတော ပဋ္ဌိတံ နာမရူပါဒိကမေဝ စုတိပရိယော- သာနာနိ ဂေါစရဘာဝံ ဂစ္ဆန္တိ”။

ဟူသောဋီကာကျော်စကားမှာ မဏိမဉ္ဇူ ဆရာတော်, အဖေဂ္ဂုသာရဒီပနီဆရာတော် ပုဂ္ဂိုလ်ကျော် သူမြတ်တို့ ဖြောင့်မတ်စွာ ဖွင့်ကြသော သဘာဝအနက်ကို နှစ်သက်အားရ စိတ်ချကာနေကြလျှင် ကိစ္စပင်မရှိရာ၊ သို့လျက်ပါကို သင်္ဂြိုဟ်ဂဏ္ဍိဆရာ, သင်္ဂြိုဟ်နိဿယသစ်ဆရာ, ဝီထိချရိုး တစ်စုပြုလုပ် စီရင်သော ဆရာတို့သည် ဖွေရှာလောက်လက် ဉာဏ်ဆော့သည့် အတွက်ကြောင့် သက်သက်သား အမှုပိုဖြစ်ပြန်သည်ကား-

“ဘုရားရဟန္တာတို့၏ စုတိစိတ်သည် ပဋိသန္ဓေစိတ်၏ အာရုံဖြစ်သော ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ကို အာရုံမပြု၊ ထင်တိုင်းသော တေဘူမကတရား နိဗ္ဗာန် ပညတ်များကိုသာ အာရုံပြုရမည်” ဟု ယူလိုရာ ပါရာသော ဋီကာကျော် စကားကိုပင် ဘုရားဟော ပါဠိတော်ကဲ့သို့ အမော်ကြီး ထင်မှတ်၍ ရောက်တတ်ရာရာ ပြောကြပြန်သတည်း။

ဘယ်ပါဠိ, ဘယ်အဋ္ဌကထာ, ဘယ်ဋီကာ တစိတ်မှာမှ အရိပ်အမြွက် အသံမျှ မထွက်ပါပဲနှင့် ရေခွက်မှာ မိကျောင်းပေါ်သကဲ့သို့ ဋီကာကျော်နှယ်မျှနှင့် အဆပင် မတန်ပါသော အာရုံပြု အချက် ကြီးကို ရီးတီးရားတား ယုတ္တိတု စကားတွေနှင့် နောက်သားတို့ စိတ်ရှုပ်အောင် လုပ်ကြသည့် အခင်းကို ထင်လင်းအောင် ဖျက်လိုက်အံ့။

၎င်းဂဏ္ဌိသစ်, နိဿယသစ်တို့၌ အာဂန္တုက ဘဝင်ကို စံပြု၍ ရဟန္တာတို့ စုတိသည် မိမိတို့ ပဋိသန္ဓေနှင့် အာရုံမတူ ဖြစ်သင့်၏ ဟူရာ၌ ဥပေက္ခာသန္တီရဏ အာဂန္တုက ဘဝင်စိတ်သည် ပဋိသန္ဓေနှင့် အာရုံမတူ ရှိရသည်မှာ မိမိပဋိသန္ဓေ နေခဲ့ရင်းစိတ် မဟုတ်သောကြောင့် ထိုအာဂန္တုက ဘဝင်စိတ်သည် ပဋိသန္ဓေစိတ်၏ နိမိတ်အာရုံ တက်တက်မှုံကို ကြက်ကန်းနှင့် ဆန်အိုးကဲ့သို့ တိုးမိ စွပ်မိရန်အခွင့် အဘယ်မှာ ရှိပချေအံ့နည်း။

သည်နေ့, ရှေ့နေ့ အနီးတွင်တွေ့ခဲ့၍ အလေ့အကျက် များလှသဖြင့် အလကားပင် ထင်ရှားပေါ်လွင်၍ လယ်ပြင်မှာ ဆင်ပြေးသကဲ့သို့ မတွေးရ မဆရ ပါကဋတရ ပရိစိတပုဗ္ဗဖြစ်သော အတစ်အတုံးအလုံး အခဲကိုသာ ထိုဘဝင်စိတ် ယူနိုင်လေသတည်း၊ ဒေါသဇောနှင့် သောမနဿ မူလဘဝင် အဆင်မသင့် အခွင့်မတော်လှ၍ တခဏမျှ အငှါးကျရသော အာဂန္တုက ဘဝင်စုတ်ကလေးကို အရေးတစ်ခု စံကြီးပြု၍ မှုမှုရရ တုပပြိုင်ယှဉ်ခြင်းငှါ မထိုက်ပေ။

ဘုရား, ရဟန္တာတို့ စုတိစိတ်မှာ မိမိ ပဋိသန္ဓေစိတ်နှင့် နိမိတ်အာရုံ မတူကြရာ၌ အဘယ်အကြောင်း ချို့တဲ့သနည်း၊ မတူဘဲနှင့် ထိုအာရုံကို မယူဘဲ တခြားအာရုံကို ယူရာ၌ အဘယ်အကြောင်းထူး ရှိသနည်း၊ ဘုံဘဝ တစ်ပါးသို့ သွားတော့မည့် ပုဂ္ဂိုလ် မဟုတ်သည်နှင့် ကံ, ကမ္မနိမိတ်, ဂတိနိမိတ် ဆိုရသည့် အာရုံကို အာရုံပြုခွင့် မသင့်လေသောကြောင့် တခြားအာရုံကိုသာယူပါသည်ဟု ပြောဆို ကြသော အကြောင်းမှာလည်း ကောင်းကောင်း မမြင်၍ အထင်နှင့် ရမ်းကာမျှသာ ဖြစ်သည်။

ဘုံဘဝတစ်ပါးသို့ သွားရသော ပုဂ္ဂိုလ်မှာပင် စုတိစိတ်မှာရှိသော ကံ, ကမ္မနိမိတ်, ဂတိနိမိတ်နှင့် သွားသည်မဟုတ်၊ စုတိစိတ်အာရုံ ဖြစ်ကာမျှသာ အသုံးကျသည်၊ သည့်ထက်အသုံးမရှိ၊ စုတိ၏ ရှေးမရဏာသန္နဇော မှာရှိသော ကံ, ကမ္မနိမိတ်, ဂတိနိမိတ်မှသာ ဘုံဘဝတစ်ပါးသို့သွားရာ၌ အသုံး ကျသည်၊ ဘုရား, ရဟန္တာတို့၏ စုတိစိတ်၌ရှိသော ကံ, ကမ္မနိမိတ်, ဂတိနိမိတ်မှာမူကား ဆိုဖွယ်ပင် မရှိ၊ အသုံးမကျ သက်သက်သာတည်း ဟူ၍ မုံရွာမြို့ လယ်တီဆရာတော် ဖြေဆိုလိုက်သည်။

ဗုဒ္ဓစုတိစိတ္တာရမ္မဏဝိနိစ္ဆယပြီး၏။

လယ်တီ စာစစ်နည်းနှင့် စာသင်နည်း

သက္ကရာဇ် ၁၂၆၁-ခုနှစ် နယုန်လ အတွင်း၌ ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီးက မန္တလေးမြို့ အရှေ့ပြင် ကျေးဇူးရှင် မဟာဝိသုဒ္ဓါရာမိက ဆရာတော် ဘုရားကြီးသို့ လျှောက်ထားသော စာစစ်နည်းနှင့် စာသင်နည်း ဥပဒေသကြီး ဖြစ်သည်။

သသဒ္ဓမ္မ ဂဏုတ္တမံ”ပုဒ် သမဝါယအဖွင့် ပရမတ္ထဒီပနီဋီကာမှာ ကြိယာသမဝါယကိုပယ်၍ ဂုဏသမဝါယကို အသင့်ဆိုဘိသည်ဟု ပါရှိပါသည်၊ ၎င်း ဋီကာမှာမူကား ဂုဏသမဝါယ ဖြစ်၍ နေသော ဋီကာကျော် အဆိုကိုပယ်၍ ကြိယာသမဝါယကို အသင့်ဆိုရင်း ဖြစ်ပါသည်။

ဋီကာကျော်အဆိုမှာ ဂုဏသမဝါယဖြစ်၍ နေပုံကား-

ဂုဏီဘူတာနံပိ ဟိ ဓမ္မသံဃာနံ အဘိဝါဒေတဗ္ဗ ဘာဝေါ သဟယောဂေ န ဝိညာယတိ၊ ယထာ သပုတ္တဒါရော အာဂတောတိ-”

၌ “အဘိဝါဒေတဗ္ဗ” သဒ္ဒါသည် ကြိယာသဒ္ဒါမျိုးဖြစ်ငြားသော်လည်း အရဟံအနက်ကို ပဓာနအားဖြင့် ထွန်းပြသော တဗ္ဗ-ပစ္စည်း အဆုံးရှိခြင်းကြောင့် “အဘိဝါဒေတဗ္ဗဘာဝေါ” ၌ ဘာဝအရသည် အဘိဝါဒနာရဟဘော ဂုဏ်ကိုသာ ပဓာနအားဖြင့် ရနိုင်လေရကား ဋီကာကျော် အဆိုမှာ ဂုဏသမဝါယ သည်သာ ဖြစ်၍နေ၏။

ပြီးပြီးသော ရှင်အနုရုဒ္ဓါ ဆရာ၏ ရှိခိုးမှုကို ပြဆိုသော အရာဌာန ဖြစ်၍လည်း ၎င်းဂုဏသမဝါယ သင့်လည်းမသင့်၊ မိမိထုတ်ပြအပ်သော “သပုတ္တဒါရော အာဂတော” ဟူသော ဥဒါဟရုဏ်နှင့်လည်း မညီ။

ထို့ကြောင့် ပြီးပြီးသော ရှင်အနုရုဒ္ဓါ ဆရာ၏ ရှိခိုးခြင်းကြိယာကို ပဓာနအားဖြင့်ရ၍ ကြိယာသမဝါယ ဖြစ်စေခြင်းငှါ အတိတ်, ကမ္မတ္ထ တ-ပစ္စည်းနှင့် “အဘိဝါဒိတဘာဝေါ” ဟုဆိုမှ နေရာကျသည်ဟု ပရမတ္ထဒီပနီဋီကာမှာ ဆိုရင်းဖြစ်သည်။

[ဋီကာကျော်မှာ သာဓကပါဌ်ကို ထောက်သော် ကြိယာသမဝါယကိုပင် ဆိုလိုရင်း ဖြစ်ပါလျက် တဗ္ဗ-ပစ္စည်းနှင့်ရေးမိသည့်အတွက် ဂုဏသမဝါယ ဖြစ်၍ သွားသည်။]

ယခုလောကမှာလည်း အတိတ်ကမ္မတ္ထ တ-ပစ္စည်း အနက်သွားနှင့် တဗ္ဗ-ပစ္စည်း၏ အနက်သွား ခြားနားပုံကို သတိမပြုမိကြကုန်သော သူတို့သည် ဆန္ဒအဖွင့်-

ဒါနဝတ္ထုဝိဿဇ္ဇနဝသပဝတ္တကာလေပိ စေ ဝိဿဇ္ဇိ တဗ္ဗေန တေန အတ္ထိကောယေဝ၊ ခိပိတဗ္ဗဥသူနံ ဂဟနေ အတ္ထိကော ဣဿာသော ဝိယ”။

ဟူသော ဝါကျမှာ ထွေထွေလာလာ နေရာမကျ ပြောဆိုကြကုန်၏။

ဆရာတော်ထံမှ “မာလာ” ဆိုသူ ပဉ္စင်းငယ် လယ်တီတိုက်သို့ လာရောက်၍ ဆန္ဒအဖွင့် ၎င်းဝါကျ၏ အဓိပ္ပါယ်ကို မေးလျှောက်ရာ တဗ္ဗ-ပစ္စည်း၏ အနက်သွားကို သိမှနေရာကျယူနိုင်သည်ဟု ပြောဆိုရာ
ဟုတ်ပါပြီဘုရား မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီးလည်း သည့်အတိုင်း အမိန့်ရှိ၍ တဗ္ဗ-ပစ္စည်း ၏ အနက်သွား ခြားနားစွာ ပြောဆိုသည်ကို ကြားနာခဲ့ပါသည်ဟု လျှောက်ဖူး၏။

ပရမတ္ထဒီပနီ၌ “ဒူရတောဟံ နမဿိဿံ၊ သသံဃံ လောကနာ ယကံ” ကို ထုတ်ဆိုသည်မှာ ကြည်ညိုဖွယ်ရှိသော ပါဠိဖြစ်၍ ထုတ်ဆိုလိုက်မိပါသည်၊ သမဝါယမှာ “သပုတ္တဒါရော အာဂတော” နှင့် ကြိယာသမဝါယချင်း အတူတူပင် ဖြစ်ပါသည်။

တူပုံကား။ ။ ကြိယာသည် ကတ္တုဋ္ဌကြိယာ, ကမ္မဋ္ဌကြိယာဟူ၍ ၂-မျိုးရှိ၏။

ကတ္တုဒဗ္ဗေ တိဋ္ဌတီတိ ကတ္တုဋ္ဌာ၊ ကမ္မဒဗ္ဗေ တိဋ္ဌတီတိ ကမ္မဋ္ဌာ၊ ကတ္တုဋ္ဌာစ သာ ကြိယာစာတိ ကမ္မဋ္ဌကြိယာ၊ ကမ္မဋ္ဌာစ သာ ကြိယာစာတိ ကမ္မဋ္ဌကြိယာ” ဟုပြု။

ဤကား... “ကတ္တာစ ကမ္မဉ္စ တေသု တိဋ္ဌတီတိ ကတ္တု ကမ္မဋ္ဌာ” ဟူသော သမ္ဗန္ဓစိန္တာနှင့် အညီတည်း။

ထိုနှစ်ပါးတို့တွင် ကတ္တုဋ္ဌကြိယာသည် ခပ်သိမ်းသောဝါကျနှင့် ဆက်ဆံ၏၊ ကမ္မဋ္ဌကြိယာ တို့မှာမူကား “ပုရိသော သြဒနံ ပစတိ, ရုက္ခံ ဆိန္ဒတိ, ပါကာရံ ဘိန္ဒတိ” စသောအချို့ချို့သော ကြိယာပုဒ်တို့၌သာ ရအပ်၏။

ရပုံကား။ ။ “ပုရိသော သြဒနံ ပစတိ” ၌-
၁။ ချက်ခြင်းကြိယာ,
၂။ ကျက်ခြင်းကြိယာ - ဟူ၍ နှစ်ပါးရှိ၏။

၁။ ထမင်းအိုးတည်ခြင်း, မီးထိုးခြင်း, မွှေနှောက်ခြင်းစသည် အစိတ်ရှိသော ယောက်ျား၏ ဗျာပါရ သည် ချက်ခြင်း ကြိယာမည်၏၊ ထိုချက်ခြင်းကြိယာသည် ယောက်ျား တည်းဟူသော ကတ္တားဒြဗ်၌ တည်ခြင်းကြောင့် ကတ္တုဋ္ဌ ကြိယာမည်၏။

၂။ ဆန်ဒြဗ်၏ နူးညံ့ပျော့ပြောင်းသော ကြိယာသည် ကျက်ခြင်း ကြိယာမည်၏၊ ထိုကျက်ခြင်း ကြိယာသည်ကား ထမင်းဒြဗ် တည်းဟူသော ကံ၌တည်ခြင်းကြောင့် ကမ္မဋ္ဌကြိယာမည်၏။

ပုရိသော ရုက္ခံ ဆိန္ဒတိ” ၌ -
၁။ ဖြတ်ခြင်းကြိယာ တစ်ပါး,
၂။ ပြတ်ခြင်းကြိယာ တစ်ပါး-ဟူ၍ ကြိယာနှစ်ပါး။

ပုရိသော ပါကာရံ ဘိန္ဒတိ”၌ -
၁။ ဖြိုခြင်း ဖျက်ခြင်းကြိယာ တစ်ပါး,
၂။ ပြိုခြင်း ပျက်ခြင်းကြိယာ တစ်ပါး-ဟူ၍ ကြိယာနှစ်ပါး ရ၏။

[ကတ္တုဋ္ဌ, ကမ္မဋ္ဌခွဲဝေနည်း သိသာပြီ။]

ပုရိသော မဂ္ဂံ ဂစ္ဆတိ, ပုရိသော သပုတ္တဒါရော အာဂစ္ဆတိ, ပုရိသော ဗုဒ္ဓံ ဝန္ဒတိ, ဒူရတောဟံ နမဿိဿံ၊ သသံဃံ လောကနာ ယကံ”။

တို့၌ကား ကတ္တုဋ္ဌကြိယာ သက်သက်ကိုသာ ရအပ်၏၊ ကမ္မဋ္ဌကြိယာကို မရအပ်။

သဒ္ဒါငယ်ကျမ်း, ပုဒ်စစ်ကျမ်းတို့မှာ “ပုရိသော သြဒနံ ပစတိ” ကို ကမ္မဋ္ဌကြိယာ ဟုထုတ်ပြသည်ကား အသာဓာရဏ နည်းတည်း၊ ထိုပြယုဂ်မှာ ကတ္တုဋ္ဌကြိယာကို မရကောင်းသောကြောင့် ကမ္မဋ္ဌကြိယာ ဟု ထုတ်သည် မဟုတ်။

[ဤကား သဒ္ဒါငယ်ကျမ်း, ပုဒ်စစ်ကျမ်းတို့၌ ကတ္တုဋ္ဌကြိယာ - ကမ္မဋ္ဌကြိယာ နှစ်မျိုးလာရာ၌ နေရာ ကျ သိအပ်သော အဆုံးအဖြတ်အဓိပ္ပါယ်တည်း။]

မိုင်းခိုင်းဆရာတော်သည် -

ပစတိ” ပုဒ်၌ကား “ပစ-ပါကေ” ဟူသည်နှင့်အညီ “ပုရိသော - ယောက်ျားသည်၊ သြဒနံ - ထမင်းကို၊ ပစတိ - ချက်၏” ပေးရမည်၊ ချက်၏ ဟူသည်လည်း၊ ကျက်စေသည်ပင်တည်း၊ ကျက်အောင်ပြုသည် ပင်တည်း၊ ကျက်အောင်ပြုသည်ကိုပင် မြန်မာ၌ ချက်သည်ဟု ခေါ်သောကြောင့် “ပစတိ - ချက်၏” ဟုပေးရိုး ပြုကြလေသည်။

[ထိုပြယုဂ်၌ ကမ္မဋ္ဌကြိယာ တစ်ခုကိုသာ အရပြု၍ ဆုံးဖြတ်၏ ဆင်ခြင်။]

ပစ - ပစသဒ္ဒါသည်၊ ပါကေ - ချက်ခြင်း, ကျက်ခြင်းနှစ်ပါး၌ ဖြစ်၏” ပေး၊ ချက်ခြင်းကား ကတ္တား၏ ဗျာပါရတည်း၊ ကျက်ခြင်းကား ကံ၏ ဝိကာရတည်း။

[ဤသို့ချက်ခြင်း, ကျက်ခြင်းနှစ်ပါး တစ်ခြားစီယူ။]

တစ်နည်းကား -

ကြိယာမည်သည် မုချစင်စစ်အားဖြင့် ကတ္တုဋ္ဌကြိယာချည်းသာတည်း၊ ကမ္မဋ္ဌကြိယာ ဟူ၍လည်းမရှိ၊ မှန်၏၊ “ပုရိသော သြဒနံ ပစတိ” ဟူသော ဝါကျသည် ယောက်ျား တည်းဟူသော ကတ္တား၏ ဗျာပါရ ဖြစ်သော ချက်ခြင်းကြိယာကိုသာ ပဓာနအားဖြင့်ပြ၏၊ ကျက်ခြင်းကြိယာကို ပဓာနအားဖြင့် မပြ။

ကျက်ခြင်းကြိယာကို ပဓာနအားဖြင့် ပြဆိုရာ၌ကား “သြဒနော ပစ္စတေ” ဟူ၍ပြ၏၊ ထိုသို့ဖြစ်လျက် ကျက်ခြင်းကြိယာသည် ထမင်းတည်း ဟူသော ကတ္တားဒြဗ်၌ တည်သောကြောင့် ကတ္တုဋ္ဌသာဖြစ်၏။

ဤနည်းအတူ-
(က) “ပုရိသော ရုက္ခံ ဆိန္ဒတိ
(ခ) “ပုရိသော ပါကာရံ ဘိန္ဒတိ
တို့၌ ယောက်ျား၏ ဗျာပါရကိုသာ ပဓာနအားဖြင့် ရ၏။

သစ်ပင် တံတိုင်းတို့၏ ဝိကာရကို ပဓာနပြု၍ ဆိုလိုရာ၌ကား-
(က) “ရုက္ခော ဆိဇ္ဇတိ
(ခ) “ပါကာရော ဘိဇ္ဇတိ
ဟူ၍ သစ်ပင် တံတိုင်းသည် ကတ္တားသာဖြစ်၏၊ ပြတ်ခြင်း ကြိယာ, ပျက်ခြင်း-ပြိုခြင်း ကြိယာသည် ကတ္တုဋ္ဌသာ ဖြစ်၏။

[ဤသို့ ကြိယာဟူသမျှသည် ကတ္တုဋ္ဌချည်းသာတည်း၊ ကမ္မဋ္ဌဟူ၍ မရှိ။]

သဒ္ဒါငယ်ကျမ်း, ပုဒ်စစ်ကျမ်းတို့၌။ ။ ပုရိသော သြဒနံ ပစတိ”ကို ကမ္မဋ္ဌကြိယာ ဟူသည်မှာ “သြဒနံ” ဟူ၍ကံဖြစ်ခိုက်မှာ ချက်ခြင်း ကြိယာကိုလည်း ရလျက်ရှိသောကြောင့် ကမ္မဋ္ဌကြိယာ ဟူပါသတည်း။

အာဓာရပုဒ်, သြကာသပုဒ် - တို့၏ဝိဂြိုဟ်မှာ ကြိယာမည်သည် ကတ္တား, ကံတို့၌သာ မုချအားဖြင့် တည်၏၊ မုချအားဖြင့် ကြိယာ၏ တည်ရာဖြစ်သော ကတ္တား, ကံကို လွန်စွာ ဆောင်တတ်သည်ဖြစ်၍ ပရံပရူပစာရအားဖြင့် ကြိယာကို ဆောင်သည်မည်၏ ဟူရာတို့၌လည်း “သြဒနံ” ဟုကံဖြစ်ခိုက်မှာ ကျက်ခြင်းကြိယာရှိကာမျှကို ရည်၍ဆိုသည် ဟုယူ။

[အစဉ်ပြောနေကျ အတ္တနောမတိ။]

အတ္တနောမတိ ကိဉ္စာပိ၊ ကထိတာ သဗ္ဗဒုဗ္ဗလာ။
တထာပိ နယမာဒါယ၊ ကထိတတ္တာ အကောပိယာ။

[သဒ္ဒနီတိ။]

အနက်ကား။ ။
အတ္တနောမတိ - မိမိ၏အလိုကို၊
သဗ္ဗဒုဗ္ဗလာ - အလုံးစုံတို့အောက် အားနည်းသည်ဟူ၍၊
ကိဉ္စာပိ ကထိတာ - အကယ်၍ကား ဆိုအပ်၏ရှင့်၊
တထာပိ - ထိုသို့ပင် ဆိုအပ်ပါသော်လည်း၊
နယံ - အသင့်ယုတ္တိရှိသောနည်းကို၊
အာဒါယ - ယူဆောင်၍၊
ကထိတတ္တာ - ဆိုအပ်သည်၏ အဖြစ်ကြောင့်၊
အကောပိယာ - ပယ်ရှားအပ်သည် မဟုတ်ချေ။

အတ္တနောမတိ နာမေသာ၊ ကိဉ္စာပိ သဗ္ဗဒုဗ္ဗလာ။
ယုတ္တိယာ ပန သမ္ပန္နာ၊ ဂဟေတဗ္ဗာဝ ဝိညုနာ။
” ။
[ရစနာဂါထာ။]

အနက်ကား။ ။
ဧသာ အတ္တနောမတိနာမ - ထိုမိမိအလို မည်သည်ကား၊
သဗ္ဗဒုဗ္ဗလာ - အလုံးစုံတို့အောက် အားနည်းသည်၊
ကိဉ္စာပိ ဟောတိ - အကယ်၍ကားဖြစ်၏ရှင့်၊
ပန တထာပိ - ထိုသို့ပင် ဖြစ်ပါသော်လည်း၊
ယုတ္တိယာ - အသင့်ယုတ္တိနှင့်၊
သမ္ပန္နာ - ပြည့်စုံသည်ရှိသော်၊
ဝိညုနာ - ပညာရှိသည်၊
ဂဟေတဗ္ဗာဝ - မှတ်သားစွဲယူအပ်သည် သာလျှင်တည်း။

ဉာသ်ကောက်ဟောင်း ဉာသ်ကောက်သစ်, သန္ဓိပဏာမ အကောက်ဟောင်း အကောက်သစ် စသည် တို့၌ကား-
၁။ ကတ္တုတ္ထကြိယာ,
၂။ ကမ္မတ္ထကြိယာ,
၃။ ကရဏတ္ထကြိယာ,
၄။ သမ္ပဒါနတ္ထကြိယာ,
၅။ အပါဒါနတ္ထကြိယာ,
၆။ အာဓာရတ္ထကြိယာ,
ဟူ၍ အတ္ထသဒ္ဒါနှင့် ကြိယာခြောက်မျိုး ဆိုရိုးပြုကာ လာ၏။

အုဌ်ကျောင်းမူ သမ္ဗန္ဓစိန္တာနိဿယမှာလည်း -
၁။ ကာရကဗျာပါရကြိယာတစ်မျိုး,
၂။ ကာရကကြိယာတစ်မျိုး,
ဟူ၍ ကြိယာနှစ်မျိုး ဆို၏။

ယခုရောက်လာသော ဆရာတော်မှာစာမှာလည်း -
၁။ သား, မယားနှင့်တကွ လာလတ်ခြင်း ကတ္တုတ္ထကြိယာ။
၂။ တရားသံဃာနှင့်တကွ ရှိခိုးအပ်ခြင်း ကမ္မတ္ထကြိယာ။
၃။ ပါပုဏနသတ္တိ တည်းဟူသော အကျဉ်းပြအပ်ခြင်းကြိယာ။
၄။ ပုဂ္ဂိုလ်သာပြတတ်ခြင်း ကတ္တုတ္ထကြိယာသို့ ရောက်သည်။
၅။ သိက္ခာပုဒ်တို့ကား ပြအပ်ခြင်းကမ္မတ္ထကြိယာသို့ရောက်ကုန်သည်။

ရှိခိုးခြင်းကြိယာဖြင့် ရောက်အပ်သော ကြိယာပါပုဏန သတ္တိတည်းဟု ရှိခိုးအပ်ခြင်း ကမ္မတ္ထကြိယာ သည်၊ တရားသံဃာမှာလည်း ရှိသည်ဟူ၍ ကြိယာနိပ္ဖါဒကသတ္တိ တည်းဟူသော ကတ္တားကိုပင် ကတ္တုတ္ထ ကြိယာ, ကြိယာပါပုဏနသတ္တိ တည်းဟူသော ကံကိုပင် ကမ္မတ္ထ ကြိယာ ဆိုလျက်ပါ ရှိ၏။

ကတ္တုဋ္ဌပုဒ်၌ -
ကတ္တု ဒဗ္ဗေ တိဋ္ဌတီတိ ကတ္တုဋ္ဌာ
[ကတ္တုသတ္တိရ၏။]

မုချကတ္တုသင်္ခါတော အတ္ထောဧဝ ကြိယာ ကတ္တုတ္ထကြိယာ ကတ္တုဋ္ဌကြိယာဝါ၊ ကတွတ္ထကြိယာတိပိ ယုဇ္ဇတိ”။
[၎င်းသတ္တိကိုပင် ရ၏၊ ကမ္မတ္ထ စသည်နည်းတူ။]

ဒြဗ်ကတ္တား, သတ္တိကတ္တား နှစ်ပါးရှိသည်တွင် -
၁။ သတ္တိကတ္တားသည် ကြိယာလည်း မည်၏၊ ကာရကလည်း မည်၏၊ ဒြဗ်ကတ္တား၌ တည်သော ကြောင့် ကတ္တုဋ္ဌလည်း မည်၏။
၂။ ဒြဗ်ကတ္တားသည် ထိုသတ္တိကတ္တားဟု ဆိုအပ်သော ကြိယာကို ပြီးစေအပ်၏၊ ရောက်အပ်၏ ဟူလိုသည်။
[ကံစသည်တို့၌လည်း ဤနည်းတူ။]

[ဤသို့ပြဆိုခဲ့ပြီးသော အကောက်ဆရာ, သမ္ဗန္ဓစိန္တာနိဿယဆရာ, ယခုရောက် လာသော မှာစာဆရာတို့ အလိုတည်း။]

ဤအလုံးစုံကိုပင် ကျမ်းဂန်လည်းမရှိ၊ ယုတ္တိလည်း မရှိသောကြောင့် ဆင်ခြင်အပ်၏၊ မှန်၏။

သဒ္ဒါကျမ်းတို့၌-
ကတ္တုဒဗ္ဗေ တိဋ္ဌတီတိ ကတ္တုဋ္ဌာ၊ ကမ္မဒဗ္ဗေ တိဋ္ဌတီတိ ကမ္မဋ္ဌာ” ဟူ၍ပြီးသော-
၁။ ကတ္တုဋ္ဌကြိယာ,
၂။ ကမ္မဋ္ဌကြိယာ,
ဟူ၍ ကြိယာ နှစ်ပါးသာ လာသည်၊ ကရဏတ္ထကြိယာ မလာ၊ အတ္ထ သဒ္ဒါနှင့် ကတ္တုတ္ထကြိယာ စသည် လည်း မလာ။

ဘေဒစိန္တာ၌။ ။ ကာရကပုဒ်ကို ဘာဝသာဓ်ဝိဂြိုဟ်ဆို၍ -
၁။ သတ္တိကာရက,
၂။ ကြိယာကာရက,
နှစ်ပါးဆိုသည်မှာလည်း အာချာတ်ဘော, ကိတ်ဘောတို့ကို ကာရက၌ သင်္ဂြိုဟ်လို၍ ဆိုခြင်း မျှသာတည်း၊ ကတ္တားစသည်ကိုလည်း ကြိယာဆိုလို၍ ဆိုသည်မဟုတ်။

ထို့ကြောင့်-
ကာရကော သတ္တိ ကြိယာဘေဒေန ဒုဝိဓော

ဟူ၍ သတ္တိကာရက တစ်ခြား, ကြိယာကာရက တစ်ခြား နှစ်ပါးခွဲ လေသည်၊ ကတ္တားစသော ကာရကခြောက်ပါးသည် သတ္တိကာရက မည်၏၊ ကြိယာကာရကလည်း မည်၏၊ ဘောသည် ကြိယာ ကာရက မည်၏၊ သတ္တိကာရက မမည်၊ ထို့ကြောင့် ကာရကနှစ်ပါး ပြား၏ ဆိုလို သည်။

[သတ္တိကာရကကို ကြိယာဟူ၍ ယူကြသော ယခင်ဆရာတို့၏ အယူသည် ဤ ဘေဒစိန္တာနှင့်ပင် ဆန့်ကျင်၏။]

ယုတ္တိမရှိပုံကား

ခပ်သိမ်းသော ပရမတ္ထဓမ္မ ဟူသမျှသည် ကြိယာချည်းသာ ဖြစ်ငြားသော်လည်း အဘိဓမ္မာရေး တစ်လမ်း, သဒ္ဒါရေး တစ်လမ်းပေတည်း၊ သဒ္ဒါအရာမှာ သဒ္ဒါရေးသည်သာ ပဓာနဖြစ်၏၊ ထို့ကြောင့် ကတ္တု သတ္တိ, ကမ္မသတ္တိ စသည်ကို ကြိယာဆိုခြင်းငှါ မသင့်ဟူ၍သာ ဆိုအပ်၏၊ အကယ်၍” သတ္တိမုချေန ကာရကံ” ဟူသည်နှင့်အညီ မုချကာရကဟု ဆိုအပ်သော ကတ္တုသတ္တိ, ကမ္မသတ္တိ စသည်တို့ကိုလည်း ကြိယာဟူ၍ယူခဲ့အံ့၊ ဒြဗ်ကာရက ခြောက်ပါးသည် မိမိ၌တည်သော သတ္တိကြိယာ ခြောက်ပါးကို မုချအားဖြင့် ပြီးစေကြသည်ချည်း ဖြစ်သောကြာင့် ကတ္တား ကဲ့သို့ မုချကာရကချည်း မည်လေရာ၏၊ ကတ္တားသည်သာ မုချကာရက မမည်ရာ။

ပုရိသာ ဘူမိယံ စရန္တိ “ –
စသည်တို့၌လည်း “ဘူမိယံ” ပုဒ်ကို ပရံပရူပစာရအားဖြင့် ကြိယာ၏တည်ရာ ဖြစ်သည်ဟု မဆိုသင့်။

မေးမြန်းဖွယ်

မေး။ ။ သတ္တိကာရကကိုရည်၍ ဆိုသည်မဟုတ်၊ စရဏကြိယာကို ရည်၍ ပရံပရူပစာရကို ဆိုပါသည်-ဟူငြားအံ့။

ဖြေ။ ။ သတ္တိကို ကြိယာဆိုသော ကျမ်းဂန်မရှိ၊ ကရဏတ္ထကြိယာ စသည် အဘယ်ကြောင့် မရဘဲရှိအံ့နည်း။

မေး။ ။ “ပုရိသော ဟတ္ထေန အတ္တနော ကာယံ ပရာမသတိစက္ခုနာ အတ္တနော ဝဏ္ဏံ ပဿတိ “ စသည်၌ သုံးသပ်ခြင်း ကြိယာစသည် ဟတ္ထစသည်၌ တည်သည် မဟုတ်လော-ဟူငြားအံ့။

ဖြေ။ ။ အဘိဓမ္မာရေးတစ်လမ်း၊ သဒ္ဒါရေးတစ်လမ်းဆိုသည့် အတိုင်း သဒ္ဒပယောဂမည်သည် ဝဒန္တလောက၏ အစွမ်းဖြင့်ပြီး၏၊ ဝဒန္တလောကသည်လည်း ပုရိသဟုဆိုအပ်သော အပေါင်းအတ္ထကို ပဓာနပြု၍ ထိုပြယုဂ်ကို ဆိုကြလေရကား သုံးသပ်ခြင်း ကြိယာ, မြင်ခြင်း ကြိယာတို့ကို အပေါင်း ဖြစ်သော ပုဂ္ဂိုလ်အတ္ထ၌သာ တည်ကုန်၏ ဟု ယူအပ်ကုန်၏၊ ဟတ္ထစက္ခုတို့၌ တည်ကုန်၏ဟု မယူအပ်ကုန်။

ကြိယာကာရကခွဲ၍ မရကောင်းသော “ စိန္တေတီတိ စိတ္တံ “ ဟူသော ပရမတ္ထပဒဝိဂြိုဟ်များမှာပင် သဒ္ဒါရေးသဒ္ဒယုတ္တိ ဖြောင့်မှန်စေခြင်းငှါ သတ္တိတစ်ခြား, ကြိယာတစ်ခြား နှစ်မျိုးပြားအောင်တင်စား၍ ယူရသေး၏။

[ ဤသို့လျှင် သဒ္ဒါကျမ်းဂန်တို့၌ ကတ္တုဋ္ဌကြိယာ, ကမ္မဋ္ဌကြိယာ နှစ်မျိုးသာ လာရှိ၍ ကရဏတ္ထကြိယာ စသည်, ကတွတ္ထကြိယာ စသည် မလာမရှိသည် တစ်ကြောင်း, မုချကာရက ဆိုရသော ကတ္တုသတ္တိ, ကမ္မသတ္တိစသည်ကို ကြိယာဆိုသင့်သော ယုတ္တိမရှိသည် တစ်ကြောင်း၊ သို့အကြောင်းများကြောင့် ထို ဉာသ်ကောက်ဟောင်း ဉာသ်ကောက်သစ်, သန္ဓိပဏာမ အကောက်ဟောင်း အကောက်သစ် သမ္ဗန္ဓစိန္တာနိဿယ စသည် စကားများကို ပညာရှင်တို့ ဆင်ခြင် အပ်သတည်း။]

ကတ္တုဋ္ဌကြိယာ ကမ္မတ္ထကြိယာ နှစ်မျိုးတို့တွင် ကတ္တုဋ္ဌကြိယာသည် ခပ်သိမ်းသော ဝါကျနှင့် ဆက်ဆံ၏။

ဆိုခဲ့သောအထက် စကား၌ စောဒနာရန် ရှိသည်ကား

(က) ဝိသုဒ္ဓိမဂ်၌ “ ပဋိစ္စသမုပ္ပါဒေါ “ ပုဒ်၏ ဘာဝသာဓ်ကို သဒ္ဒယုတ္တိလည်း မရှိ၊ အတ္ထယုတ္တိလည်း မရှိဟု ဆို၏၊ ဘာဝသာဓ်ပြုခဲ့သော် ပုဗ္ဗကြိယာသည် သမာနကတ္တုက အဖြစ်ကို မရသည်ကား သဒ္ဒယုတ္တိ မရှိပုံတည်း။

ဘာဝသာဓ်ပြုခဲ့သော သမုပ္ပဇ္ဇနကြိယာမတ္ကိုသာ ရ၏၊ ထိုကြိယာမတ္တသည် အတိဥတ္တာန ဖြစ်လေ ရကား “ ဂမ္ဘီရောစာယံ အာနန္ဒ ပဋိစ္စသမုပ္ပါဒေါ “ စသည်နှင့် ဆန့်ကျင်သည်ကား အတ္ထယုတ္တိမရှိ ပုံတည်းဟု မိန့်၏။

(ခ) ဤဥပ္ပဇ္ဇနကြိယာမှာ ပဋိစ္စကြိယာ၏ ကတ္တားမှတစ်ပါး အခြားကတ္တားလည်း လာဖွယ်မရှိ၊ ပဋိစ္စကြိယာ၏ ကတ္တားသည်ပင် ထိုကြိယာ၏ ကတ္တားတည်းဟု ဆိုပြန်လျှင် သမာနကတ္တုက အဖြစ်ကို မရဟူသည်နှင့် ဆန့်ကျင်ပြန်၏၊ ထို့ကြောင့် ဤကဲ့သို့သော ဘာဝသာဓ် ကြိယာများကို ကတ္တုဋ္ဌကြိယာ မဆိုသင့်သည်ဟု သိအပ်၏။

(ဂ) “ပုဗ္ဗကာလေက ကတ္တုကာနံ တုန တွာန တွာဝါ” သုတ်၏ အဖွင့်ရူပသိဒ္ဓိ စသည်တို့၌လည်း-

ဧကကတ္တုကာနံ” ဆိုသောကြောင့် တုနာဒိပစ္စည်း, တုံ, တဝေ- ပစ္စည်းတို့၏ ကတ္တားကို ဟောကြောင်းကို ဆိုကြကုန်၏၊ ထိုကျမ်းတို့၏ အဆိုမှာလည်း ရှေ့ကြိယာ, နောက်ကြိယာနှစ်ပါး ကတ္တားဟောခြင်း တူကြ ရာ၌သာ ဧကကတ္တုက ဆိုရမည်ဟု စကားကျလေရကား ဤဘာဝသာဓ် မှာ ဧကကတ္တုကလက္ခဏာချို့၏ဟု ရောက်ပြန်၏၊ ကတ္တုဋ္ဌကြိယာမျိုး မဟုတ်ဟု စကားကျပြန်၏၊ ထို့ကြောင့် ကတ္တုဋ္ဌကြိယာသည် ခပ်သိမ်း သောဝါကျနှင့် ဆက်ဆံသည်ဟု မဆိုသင့်။

အဖြေကား။ ။ “ပဋိစ္စသမုပ္ပါဒေါ” ပုဒ်ကို ဘာဝသာဓ်ပြုသော်လည်း ရှေ့ကြိယာ နောက်ကြိယာ သမာန ကတ္တုကဖြစ်ကြသည် သာဖြစ်၏။

မှန်၏၊ ကြိယာမည်သည် ကတ္တား ဗျာပါရမျှသာ ဖြစ်၏၊ ကတ္တားနှင့် လွတ်၍ သက်သက်ဖြစ်သည် မရှိ၊ ထို့ကြောင့် ကတ္တားသည် သဗ္ဗကြိယာ ဗျာပိကာရ မည်ပေသတည်း။

ကတ္တားကို ပဓာနပြု၍ ဆိုလိုသော် “ပုရိသော သြဒနံ ပစတိ, သြဒနော ပစ္စတိ” ဟုဖြစ်၏၊ ကြိယာကို ပဓာနပြု၍ ဆိုလိုသော် “ပုရိသဿ ပါကော, သြဒနဿ ပါကော” ဟု ဖြစ်၏၊ “ပုရိသဿ - ယောက်ျား၏၊ ပါကော - ချက်ခြင်း၊ သြဒနဿ - ထမင်း၏၊ ပါကော - ကျက်ခြင်း”။

ဤ၌ “ပါကော” ၏ အရချက်ခြင်း ကြိယာ၏ ကတ္တားကား ယောက်ျားပင်တည်း၊ ကျက်ခြင်းကြိယာ၏ ကတ္တားကား ထမင်းပင်တည်း၊ ထို့ကြောင့် “ပါကော”ဟူသော ဘာဝသာဓနပုဒ်ကို ကတ္တားကင်းသည် ဟု မဆိုရ၊ ချက်ခြင်းကြိယာ, ကျက်ခြင်းကြိယာနှစ်ပါးသည် ကတ္တုဋ္ဌချည်းသာ ဖြစ်၏။

ပုရိသဿ, သြဒနဿ” တို့နှင့် မယှဉ်မူ၍ “ပါကော” ချည်းဆိုသော်လည်း ချက်တတ်သူ, ကျက်တတ် သော ဝတ္ထုတည်း ဟူသော ကတ္တား သာမညနှင့် ဆက်ဆံသော ကတ္တုဋ္ဌပင်ဖြစ်၏၊ ထို့ကြောင့် နောက် ကြိယာပုဒ်ကို ဘာဝသာဓ် ပြုသော်လည်း ရှေ့နောက် ကြိယာနှစ်ပါးသည် သမာနကတ္တုက လက္ခဏာ မပျက်သည်သာဖြစ်၏။

ထို့အတူ နောက်ကြိယာပုဒ်ကို ကမ္မသာဓ်ပြုသော်လည်း ကရဏသာဓ်, သမ္ပဒါနသာဓ်, အပါဒါနသာဓ်, အဓိကရဏသာဓ်ပြု သော်လည်း ရှေ့နောက်ကြိယာ နှစ်ပါးသည် သမာနကတ္တုက မချို့သည်သာ ဖြစ်၏၊ “ပစိတွာ ဘုဉ္ဇနံ၊ ပစိတွာ ဘုဉ္ဇိတဗ္ဗံ” စသည်ကိုထုတ်။

[ဤမျှသောစကားဖြင့် ပဋိစ္စသမုပ္ပါဒပုဒ်မှာ ဘာဝသာဓ်ပြုသည့် အတွက် ဗျဉ္ဇန ဝိရောဓိ မရှိကြောင်းကို ပြဆိုသတည်း။]

မှန်၏၊ ပဋိအယနကြိယာ၏ ကတ္တားသည်လည်း သင်္ခတဓမ္မစု ပေတည်း၊ သမုပ္ပဇ္ဇနကြိယာ၏ ကတ္တား သည်လည်း ၎င်းပင်တည်း။

[ဤကား ဗျဉ္ဇနဝိရောဓိ သုတ်သင်ချက်တည်း။]

ပုဗ္ဗကာလေကကတ္တုကာနံ” ဆိုခြင်းကြောင့် တုနာဒိပစ္စည်း, တုံ တဝေပစ္စည်းများ ကတ္တားကို ဟောသည်ဟု ဆိုကြခြင်းများသည် အလျဉ်းပင် မသင့်။

ပုဗ္ဗကြိယာပုဒ်သည် ဘောကိုဟောသော်လည်း ကတ္တားနှင့် မကင်းရာသောကြောင့် သမာနကတ္တုက လက္ခဏာ မချို့သည်သာလျှင် တည်း၊ ထို့ကြောင့် ပစ္စည်းတို့၏အဟောကို အကြောင်းယုတ္တိတစ်ပါး ဖြင့်သာ ဆိုရမည်၊ ဧကကတ္တုက စကားမျှနှင့်မဆိုထိုက်၊ အတ္ထဝိရောဓိလည်း မရှိ။

မှန်၏၊ သင်္ခတဓမ္မတို့၏ အနိစ္စတာ လက္ခဏာ, ဇာတိ ဇရာ မရဏ လက္ခဏာစုသည် သင်္ခတဓမ္မ တို့ထက် နက်နဲ၏၊ ဓမ္မဝ၀တ္ထာနဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်ကို ရပြီးနောက် ထိုလက္ခဏာစုကို ရခြင်းငှါ လွန်စွာအားထုတ်မှ သိနိုင်၏။

ထို့အတူ ပဋိစ္စသမုပ္ပဇ္ဇနကြိယာ ဟူသည်လည်း သင်္ခတဓမ္မ ပစ္စယတ္ထ ယုတ္တိသဘောရှိသော ဇာတိလက္ခဏာပင်ဖြစ်၍ လက္ခိတဗ္ဗ ဖြစ်သော အဝိဇ္ဇာစသော သင်္ခတဓမ္မတို့ထက် နက်နဲသည်သာ ဖြစ်၏၊ မောဟမူ မည်သည်ရှိ၏ဟု လောကိယဝိညူတို့ပင် သိကြ၏၊ မောဟ၏ ပစ္စယ ကိုလည်း ကောင်း, ပစ္စယာယတ္တဝုတ္တိက အဖြစ်ကိုလည်းကောင်း မသိနိုင်ကြ။

လောဘကိုသိကြ၏၊ ဒေါသကိုသိကြ၏၊ ဝေဒနာကိုသိကြ၏၊ သညာကိုသိကြ၏၊ စေတနာကိုသိကြ၏၊ ဝိတက်, ဝိစာရ, ပီတိ, ဝီရိယ, သဒ္ဓါ, သတိ, ပညာကိုသိကြ၏၊ ပညာ၏ပစ္စယကိုလည်းကောင်း, ပစ္စယာ ယတ္တ ဝုတ္တိကအဖြစ်ကိုလည်းကောင်း မသိနိုင်ကြ။

ထို့ကြောင့် ပဋိစ္စသမုပ္ပဇ္ဇနကြိယာသည် ဧကန္တ နက်နဲ၏၊ ဓမ္မဝ ဝတ္ထာ နဉာဏ်ကို ရပြီးနောက် ပစ္စယပရိဂ္ဂဟဉာဏ်ကို လွန်စွာအားထုတ်မှ သိနိုင်၏။

[ဤကား ဘာဝသာဓ်ပြုသော်လည်း အတ္ထဝိရောဓိ မရှိပုံတည်း။]

ပဋိစ္စသမုပ္ပါဒဉ္စ ဘိက္ခဝေ ဒေသိဿာမိ ပဋိစ္စသမုပ္ပန္နေစ ဓမ္မေ၊ ကတမောစ ဘိက္ခဝေ ပဋိစ္စသမုပ္ပါဒေါ၊ ဇာတိပစ္စယာ ဘိက္ခဝေ ဇရာမရဏံ ဥပ္ပါဒါဝါ တထာဂတာနံ အနုပ္ပါဒါဝါ တထာဂတာနံ၊ ဌိတာဝ သာ ဓာတု ဓမ္မဋ္ဌိတတာ ဓမ္မနိယာမတာ ဣဒပ္ပစ္စယတာ။ လ ။ ဘဝပစ္စယာ ဘိက္ခဝေ ဇာတိ။ လ ။ အဝိဇ္ဇာပစ္စယာ ဘိက္ခဝေ သင်္ခါရာ ဥပ္ပါဒါဝါ တထာဂတာနံ အနုပ္ပါဒါဝါ တထာ ဂတာနံ၊ ဌိတာဝ သာ ဓာတု ဓမ္မဋ္ဌိတတာ ဓမ္မနိယာမတာ ဣဒပ္ပစ္စယတာ။

သုတ်၌ “ဌိတာဝ သာ ဓာတု ဓမ္မဋ္ဌိတတာ ဓမ္မနိယာမတာ ဣဒပ္ပစ္စယတာ” ဟူသော နောက်စကား သည်သာလျှင် ပဋိစ္စသမုပ္ပါဒပုဒ် အနက် ပြလိုရင်းတည်း။

ထိုစကားဖြင့် ဘာဝသာဓ်ပြု၍ ဓမ္မနိယာမဖြစ်သော ပစ္စယာ ယတ္တဝုတ္တိကလက္ခဏာ - ဟူသော ဇာတိကို ပဋိစ္စသမုပ္ပါဒ်ဆိုသည်ဟု ပြတော်မူ၏၊ အဝိဇ္ဇာစသောဓမ္မကိုသာ ပဋိစ္စသမုပ္ပါဒ်ဆိုသည်ဟု ပြတော် မမူ။ “အဝိဇ္ဇာ ဘိက္ခဝေ သင်္ခါရာ”ဟူသော ရှေ့စကား စသည်ကား လက္ခိတဗ္ဗနှင့်ကွ ပစ္စယာ- ယတ္တဝုတ္တိက အခြင်းအရာကိုသာ ပဓာနပြသော စကားတည်း၊ ပစ္စယဓမ္မမျှကို ပြသောစကား မဟုတ်။

ဥပ္ပါဒါဝါ တထာဂတာနံ အနုပ္ပါဒါဝါ တထာဂတာနံ” ကား နိယာမ လက္ခဏာကို ပြသော စကားတည်း၊ သမုပ္ပါဒ အရကို ပြလိုရင်းဟု ယူ၍ အဝိဇ္ဇာစသော ပစ္စယဓမ္မကို ပဋိစ္စသမုပ္ပါဒ် ဆိုသည် ဟု ဖွင့်ကြကုန်၏၊ ဣဒပ္ပစ္စယတာ - ပုဒ်ကိုလည်း “ဣမေသံ ပစ္စယုပ္ပန္နဓမ္မာနံ ပစ္စယော ဣဒပ္ပစ္စယော၊ သောဧဝ ဣဒပ္ပစ္စယတာ”ဟု ပြုကြကုန်၏။

အယံ ပစ္စယော ဧတေသန္တိ ဣဒပ္ပစ္စယာ အဝိဇ္ဇာဒယော သဗ္ဗသင်္ခတဓမ္မာ၊ ဣဒပ္ပစ္စယာနံ ဘာဝေါ ဣဒပ္ပစ္စယတာ၊ ပစ္စယာယတ္တဝုတ္တိကလက္ခဏံ” ဟု ပြုမှသင့်သည်။

ကတမေစ ဘိက္ခဝေ ပဋိစ္စသမုပ္ပန္နာ ဓမ္မာ၊ ဇရာမရဏံ ဘိက္ခဝေ ပဋိစ္စသမုပ္ပန္နံ။ လ ။ အဝိဇ္ဇာ ဘိက္ခဝေ ပဋိစ္စသမုပ္ပန္နာ။ လ ။ အဝိဇ္ဇာ ဘိက္ခဝေ ပဋိစ္စသမုပ္ပန္နာ၊ ဣမေ ဝုစ္စန္တိ ဘိက္ခဝေ ပဋိစ္စသမုပ္ပန္နာ ဓမ္မာ။” ဟူ၍ ဟောပြန်၏။

ပစ္စယဓမ္မသည် ပဋိစ္စသမုပ္ပါဒ, ပစ္စယုပ္ပန္နဓမ္မသည် ပဋိစ္စသမုပ္ပန္နဓမ္မ၊ ဤကဲ့သို့ ဆိုလိုရင်း ဖြစ်ခဲ့သော် အဝိဇ္ဇာတိုင်အောင် ဟောခွင့်မရှိပြီ။

[ဤကား ဘာဝသာဓ်၏သာ သုတ္တာနုလောမဖြစ်ကြောင်းကို ပြဆိုချက်တည်း။]

ပဋိစ္စသမုပ္ပါဒပုဒ်၏ ဘာဝသာဓနဝိဂြိုဟ်၌ ဗျဉ္ဇနဝိရောဓိ, အတ္ထ ဝိရောဓိ, သုတ္တဝိရောဓိ သုတ်သင် ရှင်းလင်းခန်း ပြီး၏။

(က) သုဒုက္ကရမိဒံ ဌာနံ၊ ဉာဏီနံ ဉာဏဂေါစရံ။
တသ္မာ ဓီရာ စိန္တယန္တု၊ အတ္ထဗျဉ္ဇနကောဝိဒါ။

( ခ) အပိ ကိပ္ပိလိကော နာမ၊ ပဗ္ဗတံ ဘေတ္တု မုဿဟေ။
ဧဝံ သမ္ပဒမေဝေတံ၊ ယဒေတ္ထ မမ သောဓနံ။

အနက်ကား

(က) ဧတ္ထ ပဋိစ္စသမုပ္ပါဒပဒေ - ဤပဋိစ္စသမုပ္ပါဒ ဟူသောပုဒ်၌၊
ဣဒံဌာနံ - ဤပဋိစ္စသမုပ္ပါဒပုဒ်၌ သုတ်သင်စစ်ဆေးချက်သည်၊
သုဒုက္ကရံ - လွန်စွာ ခဲယဉ်းလှချေ၏၊
ဉာဏီနံ - တကဲ့ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့၏၊
ဉာဏဂေါစရံ - တကဲ့ဉာဏ်ဖြင့် ကျက်စားရာ ဌာနမျိုးပေတည်း၊
တသ္မာ - ထိုသို့ ခက်ခဲလှချေသောကြောင့်၊
အတ္ထဗျဉ္ဇနကောဝိဒါ - အနက်သဒ္ဒါတို့၌ လိမ္မာတော်မူကြပေကုန်သော၊
ဓီရာ - မယိမ်းမယိုင် တည်ခိုင်တုံဘိပညာရှိတို့သည်၊
စိန္တယန္တု - ပင်ကိုယ်ဉာဏ်ဖြင့် ကြံစည်တော်မူ ကြစေကုန်သတည်း။

(ခ) ကိပ္ပိလိကောနာမအပိ - ပိုးရွခြပုန်းကလေးပင် ဖြစ်သော် လည်း၊
ပဗ္ဗတံ - တောင်ကြီးကို၊
ဘေတ္တုံ - ပြိုအောင်ဖြိုခြင်းငှါ၊
ဥဿဟေ ယထာ - စွမ်းနိုင်လေသေးဘိသကဲ့သို့၊
ဧတ္ထ - ဤပဋိစ္စသမုပ္ပါဒ ဟူသောပုဒ်၌၊
မမ - အကျွန်ုပ်၏၊
ယံသောဓနံ - အကြင်သုတ်သင်ရှင်းလင်းချက်သည်၊
အတ္ထိ - ရှိ၏၊
ဧတံ - ထိုသုတ်သင်ရှင်းလင်းချက်သည်၊
ဧဝံ သမ္ပဒမေဝ - ဤဆိုခဲ့ပြီးသော ခြပုန်းဥပမာ အတိုင်းပင်လျှင်တည်း။

ကတ္တုဋ္ဌကြိယာ၏ သဗ္ဗကြိယာပဒဗျာပနကို ပြဆိုခန်း ပြီး၏။

ပရမတ္ထဒီပနီ၌ ပိုဒ်မကြီး များလွန်းသည်မှာ-

၁။ ငယ်စဉ်အခါက ပိုဒ်သေး, ပိုဒ်မ - မကျနချက်များလှသော အနုဋီကာပါဌ်, မဓုဋီကာပါဌ်များကို ကြည့်ရှုရသောအခါ ဝါကျအပိုင်း အခြား ရှေ့သွားနောက်ပြန် ကြံဖန်ရမှုနှင့် အလွန်ငြိုငြင်ခဲ့ဖူးပါသည် - တစ်ရပ်။

၂။ ဋီကာကျော် ချစဉ်အခါ အက္ခရာ တစ်လုံးပင် ဖြစ်သော်လည်း တစ်ဝါကျ ဖြစ်ထိုက်လျှင် ပိုဒ်မကြီး တစ်ခုစီနှင့် ရေးထားရှိနေသော မဏိမဉ္ဇူမူဟောင်း တစ်စောင်ကို ကြည့်ရှုရရာ ဝါကျအပိုင်းအခြား ရှေ့သွားနောက်ပြန် ကြံစည်ဖွယ်မရှိ ဆွဲကာငင်ကာ ပြောဆိုရ၍ အလွန် ချမ်းသာခဲ့ဖူးပါသည် - တစ်ရပ်။

၃။ ပိုဒ်သေး ဆိုသည်မှာ အလွန် ပျက်လွယ်သည်၊ ပိုဒ်မသာ ထာဝရ ဖြစ်နိုင်သည်၊ တရားကျမ်းဂန် မည်သည် ဉာဏ်မတွန့်ရပဲ ချောခနဲ ချောခနဲ ရှင်းခနဲ ရှင်းခနဲ မြန်မြန်ကြီး သိရ၍သွားမှ ကောင်းသည်ဟု စိတ်စွဲလမ်းခြင်းရှိပါသည် - တစ်ရပ်။

၄။ သို့အတွက်ကြောင့် ရေးရေးသမျှမှာပင် ပိုဒ်မကြီး များ၍ များ၍ သွားပါသည်၊ ပရမတ္ထဒီပနီ မှာလည်း စိတ်ပိုင်းတွင် အတန်ကြီးများ၍ သွားပါသည်၊ နောက်အခါ၌ အရှင့်မှာစာတွင် ပါရှိသော အပြစ်ဒေါသများကို ဆင်ခြင်မိပြန်သည်နှင့် စိတ်ပိုင်းနောက် အဖို့ဆီမှစ၍ နောက်၌ အလွန် မများ လှပါပြီ။

ပရိသမာပန-ဣတိ” သဒ္ဒါလည်း များလွန်း၍ သွားပါသည်၊ ယခုမှာ သီတင်းကျွတ်ကပင် ပါဌ်နိသျ မိတ်လင်စုံ စာအုပ်ရိုက်ထုတ်ရန် ရန်ကုန်မြို့ စာတိုက်ရုံးသို့ ပို့ရောက်ပြီးဖြစ်ပါ၍ မပြင်တဲ့သာ ရှိနေပါသည်၊ နောက်ထပ်မံ၍ တစ်ဖန် ရိုက်ဖြစ်လို့ရှိမှ ပြင်ဆင်နိုင်ရန်ရှိပါသည်၊ ၎င်းဋီကာ တည်ထွန်း လို့ရှိလျှင် ပိုဒ်မကြီးများသည်ကို အလိုမရှိသူတို့က ဖျက်ကြ ပြင်ကြသဖြင့်လည်း မကြာမီ ကုန်ပါ လိမ့်မည် - တစ်ရပ်။

မောဂ္ဂလာနဒီပနီကို ကရဏပ္ပကာရနှင့်တကွ တိုက်တွန်းတော်မူလိုက်သည်မှာ-

ရွှေပြည်ဝန်ကြီး စီရင်သည့် သဒ္ဒသင်္ဂဟကျမ်းကို ပေ-မတင်မီ ပုရပိုက်မူတွင် ကြည့်ရှုရစဉ် ပုဒ်, ပါဌ်ထား အရေးအသားကား နေရာမကျလှ၊ သို့သော်လည်း လောကီ ဗျာကရိုဏ်းကျမ်းစု စုံလင်စွာ ပါရှိပေလိမ့်မည်၊ မောဂ္ဂလာနဒီပနီကို စီရင်လိုသောအခါ အသုံးလှလှကျပေ လိမ့်မည်ဟု ကြံမိ၍ ယခုရေးထား ရှိနေပါသည်၊ ကြံမိသည့် အတိုင်းလည်း အတော်ကြီး စုံလင်ပုံရပါပေ၏၊ လိင်-အဆုံးအဖြတ် စသည်ဖြင့် ကျယ်လည်းကျယ် လွယ်လည်း လွယ်သော အရာစုလည်း အတန်ပါရှိ၏။

လိင် အဆုံးအဖြတ်မှာ သဒ္ဒနီတိအရိပ်ကိုဖမ်း၍ -

သတလိင်္ဂဿ အတ္ထဿ၊ သတလက္ခဏဓာရိနော။
ဧကင်္ဂဒဿီ ဒုမ္မေဓော၊ သတဒဿီစ ပဏ္ဍိတော။
” ။

အနက်ကား။ ။
သတလက္ခဏဓာရိနော - အရာမကသော မှတ်ကြောင်း လက္ခဏာရှိသော၊
သတလိင်္ဂဿ - အရာမကသော အကြောင်း ပဝတ္တနိမိတ်ရှိသော၊
အတ္ထဿ - အနက်သဘောကို၊
ဒုမ္မေဓော - ပညာမဲ့သောသူသည်၊
ဧကင်္ဂဒဿီ - တစ်စိတ်တစ်ဒေသကို မြင်လေ့ရှိ၏၊
ပဏ္ဍိတောစ - ပညာရှိသောသူသည်ကား၊
သတဒဿီ - အရာမကခွဲခြမ်း စိတ်ဖြာ၍ မြင်နိုင်၏။

[ဤပါဠိတော်ကို အစွဲပြု၍ သဒ္ဒပဝတ္တနိမိတ်ကို လိင်ဆိုသည်ဟု ဆုံးဖြတ်သည်ကား မသင့်လေ။]

သဒ္ဒဗျုပ္ပတ္တိနိမိတ်, သဒ္ဒပဝတ္တနိမိတ်, လိင်၊ ဤသုံးပါးတို့၏ အထူးကို ဆိုလိုက်အံ့။

အဘိဓမ္မာ တရားအရာ၌ ဥပ္ပတ္တိသဒ္ဒါနှင့် ဤသဒ္ဒါအရာ၌ ဗျုပ္ပတ္တိသဒ္ဒါ အနက်သွားတူကြ၏။
၁။ အဘိဓမ္မာမှာ ဥပါဒ်အခါ၌ အစစွာဖြစ်ပေါ်မှုကို ဥပ္ပတ္တိဆိုသည်။
၂။ သဒ္ဒါအရာမှာ ကမ္ဘာဦးအခါ၌သော် လည်းကောင်း, ထိုထို အနက်ဒြဗ် ဖြစ်ပေါ်ရာ ကာလ၌သော် လည်းကောင်း သဒ္ဒါတို့၏ ရှေးဦးစွာဖြစ်ပေါ်မှုကို ဗျုပ္ပတ္တိ ဆိုသတည်း။

အဘိဓမ္မာအရာ၌ ပဝတ္တိသဒ္ဒါနှင့် သဒ္ဒါအရာ၌ ပဝတ္တသဒ္ဒါ အနက် သွားတူကြ၏၊ ရှေးဦးစွာ ဖြစ်ပေါ်ပြီး သည်နောက် ဓမ္မသန္တတိ, သဒ္ဒသန္တတိ စသည် တည်၍ သွားသည်ကို “ပဝတ္တိ-ပဝတ္တ” ဆိုသတည်း။

အဘိဓမ္မာ၌ ဟောတော်မူသော လိင်္ဂ, နိမိတ္တ, ကုတ္တ, အာကပ္ပ-ဤ ၄-ပါးကို သဒ္ဒါအရာ၌ လိင်ဟု ဆိုသည်။

ချဲ့ဦးအံ့

သုတိ ဇာတိ ဂုဏော ဒဗ္ဗ၊ သမ္ဗန္ဓောစ ကြိယာ တထာ။
ကြိယာကာရကသမ္ဗန္ဓော၊ တျေဝံ သတ္တဝိဓောထဝါ။ ။

စသည်ဖြင့်လာသော သကတ်အနက် ၇-ပါး, သဒိသဘောနှင့် တကွ ရှစ်ပါးသည် သဒ္ဒဗျုပ္ပတ္တိနိမိတ် ၇-ပါး, ၈-ပါးလည်းမည်၏၊ သဒ္ဒပဝတ္တနိမိတ် ၇-ပါး, ၈-ပါးလည်း မည်၏။

ထိုထိုသဒ္ဒါ၏ ထိုထိုအနက်ဒြဗ်၌ အစစွာဖြစ်ပေါ်ခြင်း၏ အကြောင်းဖြစ်သော သကတ်အနက် ၇-ပါး ၈-ပါးကို သဒ္ဒဗျုပ္ပတ္တိနိမိတ် ဆိုသည်။

ထိုထိုသဒ္ဒါ, ထိုထိုအနက်ဒြဗ်၌ အစစွာဖြစ်ပေါ်ပြီးသည့်နောက် ထိုထိုအနက်မှာ ထိုထိုသဒ္ဒါ အစဉ် တည်၍ သွားခြင်း၏ အကြောင်းဖြစ်သော သကတ်အနက် ၇-ပါး ၈-ပါးကို သဒ္ဒပဝတ္တနိမိတ် ဆိုသည်။

ပါစကော သုက္ကော - အစရှိသော အနက်ရင်း မပျောက်နိုင်သော အချို့ အချို့သော သဒ္ဒါမျိုးတို့မှာ အစစွာ ဖြစ်ပေါ်ကြောင်း ဖြစ်သော ဗျုပ္ပတ္တိ နိမိတ်သည်ပင်လျှင် အစဉ်တည်ကြောင်း ပဝတ္တနိမိတ် ဖြစ်၏။

ပထဝီ, ပဗ္ဗတော, ပုရိသော, ဂေါ, တိဿော, ဖုဿော - အစရှိသော သဒ္ဒါမျိုးတို့မှာမူကား အစစွာဖြစ်ပေါ်စဉ်အခါ ဗျုပ္ပတ္တိနိမိတ် သကတ် အနက်တစ်မျိုး, ထိုသကတ် ကွယ်ပျောက် ပြီးနောက် အစဉ်ဖြစ်၍ တည်သည့်အခါ၌ သွားခြင်း ကြိယာသကတ်နှင့် ဖြစ်ပေါ်၏၊ နောက်၌ ထိုသကတ်ကွယ် ပျောက်သောအခါ နွားဇာတ်ဟူသော သကတ်ကိုစွဲ၍ နွားဒြဗ်တို့၌ တည်၏။

[ကြွင်းသောသဒ္ဒါစု၌လည်း ဤနည်းတူသိလေ။]

ထိုက်သည့်အားလျော်စွာ သမာသ်ပုဒ် တို့၌လည်း ဗျုပ္ပတ္တိနိမိတ် ၇-ပါး ၈-ပါးကို ရအပ်၏၊ တဒ္ဓိတ်ပုဒ်တို့၌လည်း ဗျုပ္ပတ္တိနိမိတ် ၇-ပါး ၈-ပါး၊ ပဝတ္တနိမိတ် ၇-ပါး ၈-ပါးကိုရအပ်၏၊ ကိတ်ပုဒ်တို့၌ လည်း ထို့အတူ ရအပ်၏၊ အာချာတ်ပုဒ်တို့၌ကား သုတိနှင့်ကြိယာ, ကြိယာ ကာရက သမ္ဗန်၊ ဤ သုံးပါးကိုသာ ရရန်ရှိသည်။

“ဝိဂြိုဟ်ဝစနတ်၊ ပြုတုံလတ်၊ ဗျုပ္ပတ်မြော်လေသင့်”
[ဟူသောနိယံမှာလည်း သမာသ်, တဒ္ဓိတ်, ကိတ်-ဝိဂြိုဟ် ၃-မျိုးလုံးကိုယူ။]

“ဗျုပ္ပတ္တိမှာ၊ အရရှာ၊ ကြိယာဖြစ်လေသင့်”
[ဟူသောနိယံကို ဥပလက္ခဏနည်းယူ။]

“ဝိဂ္ဂဟာဝိဂ္ဂဟတ္ထာ ယေ၊ နိမိတ္တာဟိ ဏျာဒယော”
[ဟူသော ဘေဒစိန္တာဂါထာ, ၎င်းအဖွင့် ဒီပနီများလည်း ဤနည်းအတိုင်း သိလေ။]

[ဤကားဗျုပ္ပတ္တိနိမိတ် ပဝတ္တနိမိတ် နှစ်ပါး အထူးတည်း။]

လိင်သည်-
၁။ အတ္ထလိင်,
၂။ သဒ္ဒလိင် - ဟူ၍ နှစ်ပါးရှိ၏။

အတ္ထလိင်သည်လည်း-
၁။ ဣတ္ထိလိင်,
၂။ ပုလ္လိင်,
၃။ နပုလ္လိင် - ဟူ၍ ၃-ပါးရှိ၏။

ထိုသုံးပါးတို့တွင်-

၁။ ဓမ္မသင်္ဂဏီရူပကဏ္ဍ၌ ဟောတော်မူသော ဣတ္ထိလိင်္ဂ, ဣတ္ထိနိ မိတ္တ, ဣတ္ထိကုတ္တ, ဣတ္ထာကပ္ပ၊ ဤလေးပါးသည် ဣတ္ထိလိင် မည်၏။

၂။ ပုရိသလိင်္ဂ, ပုရိသနိမိတ္တ, ပုရိသကုတ္တ, ပုရိသာကပ္ပ၊ ဤလေးပါးသည် ပုလ္လိင်မည်၏။

၃။ အဘိဓမ္မာ၌ မဟောသော်လည်း အဝုတ္တသိဒ္ဓိနည်းအားဖြင့် ပြီးသော ထိုဣတ္ထိ, ပုရိသ အခြင်းအရာ ၃-ပါးမှ လွတ်သော လိင်္ဂ, နိမိတ္တ, ကုတ္တ, အာကပ္ပ ၄-ပါးသည် နပုလ္လိင် မည်၏။

သဒ္ဒလိင်သည်လည်း-
၁။ သဒ္ဒဣတ္ထိမျိုး-
၂။ သဒ္ဒပုရိသမျိုး-
၃။ သဒ္ဒနပုံးမျိုး ဟူ၍ ၃-ပါး အပြားရှိ၏။

[သဒ္ဒါ မ မျိုး, သဒ္ဒါဖိုမျိုး-သဒ္ဒါထီးမျိုး, သဒ္ဒါနပုံးမျိုး ဆိုလိုသည်။]

မှန်၏၊ လူတို့၌ အထီးမျိုး, အမမျိုး, နပုံးမျိုး ခွဲခြမ်းမှုမှာ ဝိသဒါကာရ, အဝိသဒါကာရ, ဥဘယတ္ထာကာရ ၃-ပါးသည် အချုပ်ဖြစ်၏၊ သဒ္ဒါတို့မှာလည်း ထိုအခြင်းအရာ ၃-ပါး သည်သာ လျှင်တည်း။

၁။ သဒ္ဒရုပ်နေ သန့်ရှင်းသော ပုရိသ-စသော သဒ္ဒါမျိုးသည် သဒ္ဒပုရိသမျိုး မည်၏။

၂။ ရုပ်နေ မသန့်ရှင်းသော ကညာ-စသော သဒ္ဒါမျိုးသည် သဒ္ဒဣတ္ထိမျိုး မည်၏။

၃။ ထိုနှစ်မျိုးမှ လွတ်သော ရုပ်နေရှိသော ကုလ-စသောသဒ္ဒါမျိုးသည် သဒ္ဒနပုံးမျိုး မည်၏။

ပြဆိုခဲ့ပြီးသော အတ္ထလိင်မျိုးမှာ သတ္တဝါ သဏ္ဌာန်၌သာ ရအပ်၏၊ သတ္တဝါသဏ္ဌာန်နှင့် ဆက်ဆံသော သဒ္ဒါမျိုးတို့တွင် သဏ္ဌာန် တစ်ခုလုံးကို ဟောသော ပုရိသ, ဣတ္ထီ, ကုလ -စသော သဒ္ဒါမျိုး သည်သာလျှင် အတ္ထလိင်သို့ လိုက်၍ သဒ္ဒလိင်, အတ္ထလိင် နှစ်ပါးနှင့် ယှဉ်၏၊ သတ္တဝါ၏ သဏ္ဌာန် အစိတ်အစိတ်ကို ဟောသော ဟတ္ထ - ပါဒ- သီသ - စသော သဒ္ဒါမျိုး, စက္ခု - ကဏ္ဏ - စသော သဒ္ဒါမျိုး, ကေသ - လောမ - စသော သဒ္ဒါမျိုး, ပထဝီ - ဖဿ - စသောသဒ္ဒါမျိုး, တော - တောင် - ရေ - မြေ - စသော ဗဟိဒ္ဓ သဏ္ဌာန်ကို ဟောသော သဒ္ဒါမျိုးတို့၌မူကား စင်စစ် အားဖြင့် အတ္ထလိင် မရှိ၊ သဒ္ဒလိင်သာ ရှိ၏။

ပရိယာယ်အားဖြင့်ကား-

ပထဝီ ဇာတာ, ဖဿော ဇာတော, ဝနံ ဇာတံ” စသည်တို့၌ “ပထဝီ, ဖဿော, ဝနံ” တို့ကား ဝစ္စပုဒ်တို့တည်း၊ “ဇာတာ, ဇာတော, ဇာတံ” တို့ကား ဝါစကပုဒ်တို့တည်း၊ ဝစ္စပုဒ်တို့သည် အတ္ထပဒပုဒ် မည်ကုန်၏။

ဇာတာစသော ပုဒ်တို့သည် မိမိတို့၏ ဝစ္စပုဒ်လိင်ကို ယူကြရကုန်၏၊ ဤသို့ ယူသည်ကိုစွဲ၍ ထိုပုဒ်တို့မှာ သဒ္ဒလိင်, အတ္ထလိင် နှစ်မျိုးကို ဆိုအပ်၏။

ပဋော နီလော, ဝနရာဇိ နီလာ, ပုပ္ဖံ နီလံ” တို့မှာလည်း ဝိသေသိ တဗ္ဗပဒ၏ လိင်ကိုယူ၍ နီလသဒ္ဒါ၌ အတ္ထလိင်, သဒ္ဒလိင်ကို ဆိုအပ်၏။

ဘေဒစိန္တာမှာ လိင်္ဂဝိနိစ္ဆယကို မသေမချာ နဝေနဝါ ထွေထွေ လာလာ ဆို၍ထား၏။

[ဤကား သဒ္ဒဗျုပ္ပတ္တိနိမိတ်, သဒ္ဒါပဝတ္တနိမိတ်, လိင်သုံးပါးတို့၏ အထူးတည်း။]

[ဤကား တစ်ပါးသော ကျမ်းဂန်များမှာလည်း မသေမချာ၊ သဒ္ဒသင်္ဂဟကျမ်းမှာလည်း နေရာမကျ၊ လောက၌လည်း နဝေနဝါဖြစ်၍နေကြသော အရာဌာန သုံးချက်ကို ပြဆိုလိုက်သော အခန်းတည်း။]

ရူပသိဒ္ဓိ, သဒ္ဒနီတိကျမ်း - တို့ကို ကိုယ်ပြု၍ ထိုသဒ္ဒသင်္ဂဟကျမ်းမှာလည်း ပါဠိ, အဋ္ဌကထာ, ဋီကာ တို့၌ အသုံးကျလောက်သော ဝိနိစ္ဆယ, ပြယုဂ် ဥဒါဟရုဏ်တို့ကို ထုတ်နုတ်၍ သဒ္ဒါကျမ်းရုပ်ပြီးရိုးမှ ထူးသောပါဠိနည်း ဟူ၍ အသီး ဆိုလိုက်သော ပါဠိတော်ပြယုဂ် များကိုလည်း ဆိုင်ရာဆိုင်ရာ ထည့်သွင်း၍ မိန့်မှာတော်မူလိုက်သော ကရဏပ္ပကာရအတိုင်း “သဒ္ဒရုပ်ပြီးကျမ်း”ကို စီရင်ရသည် ရှိသော် အလွန် သင့်လျော် လျောက်ပတ် ရှိလိမ့်မည် ထင်ပါ၏။

သို့သော်လည်း ယခုလောကမှာ ရုပ်ပြီးပိုင်မှုသည်သာ သဒ္ဒါတတ်ကြောင်း, စာတတ်ကြောင်း, ကျမ်းတတ်ကြောင်းဟု မသိကြ၊ ထိုထို သဒ္ဒဝိနိစ္ဆယ, အတ္ထဝိနိစ္ဆယတို့ကို များများ တတ်လျှင် သဒ္ဒါ တတ်သည် စာတတ်သည်ဟု မှတ်ထင်ကြ၍ သဒ္ဒါတတ်ရန် စာတတ်ရန်-

၁။ သဒ္ဒါကြီးကို သံဝဏ္ဏနာလှည့်၍ ချသူချ,
၂။ ဉာသ်ကျမ်း, သံပျင်ကျမ်းများကို ချသူချ,
၃။ သဒ္ဒါငယ်ကျမ်းတို့ကို ချသူချ - ဆောင်သူဆောင်,
၄။ နိယံသံပေါက်အတိုအနှောင်းစုကို ဆောင်သူဆောင်,
၅။ သဒ္ဒါရုပ်ပြီးပိုင်နိုင်မှု မရှိကြပဲ ဋီကာကျော်, ကင်္ခါစသော ကျမ်းဂန် များကို ပုဒ်စေ့, ပါဌ်စေ့ စုဒ်စောဒနာတွေနှင့် နှစ်လရှည်ကြာ ဗလပွါတတ်တိုင်း အလှိုင်းတကြီး ပြောဆို၍ ချသူချ,

သို့ဖြစ်၍နေကြသော ဤလောကအလယ်မှာ-

၁။ ရုပ်ပြီး သဒ္ဒါကျမ်း ဘယ်လိုပင် ကောင်းသော်လည်း အသုံးတွင်ကျယ်ရန် အခွင့်ကို မမြင်ပါသည် တစ်ကြောင်း,
၂။ တောနေလိုသော စိတ်ဆန္ဒသန်လျက်ရှိနေပါသည်လည်း တစ်ကြောင်း,
၃။ စာပေပို့ချမှုကလည်း မကင်းတဲ့သာရှိနေပါသည် တစ်ကြောင်း,
၄။ စာချမှုနှင့် စာရေးမှု ဖက်စပ်၍ နေပြန်လျှင် စာချမှုလည်း မတွင်ကျယ်၊ စာရေးမှုလည်း အညီ အညွတ် အစေ့အစပ် မရှိနိုင် သည် တစ်ကြောင်း,

သို့အကြောင်းများကြောင့် ရေးမိ, စ-မိသော မောဂ္ဂလာနဒီပနီကိုပင် ဖြတ်လှပ် ရုပ်သိမ်း၍ ထားရ ပါသေးသည်။

သဒ္ဒါတတ်မှု, စာတတ်မှုမှာ။ ။ ရုပ်ပြီးလိမ္မာမှုသည်သာ မူလပဓာနဖြစ်၏၊ အကြီးအကျယ်ဆုံးသော အလုပ်ဖြစ်၏၊ ရုပ်ပြီးကောင်းကောင်း လိမ္မာခဲ့လျှင် ထိုထိုသဒ္ဒဝိနိစ္ဆယ, သဒ္ဒတ္ထဝိနိစ္ဆယ, ခက်ဆစ် ခက်ရပ်သည် ကြည့်ကာ, ရှုကာ, နာယူကာနှင့် ပြီး၏၊ သဒ္ဒဝိနိစ္ဆယ, အတ္ထ ဝိနိစ္ဆယ, ခက်ဆစ်ခက်ရပ် ဘယ်လိုပင် တတ်သော်လည်း ရုပ်ပြီးမစေ့စပ်မူ သဒ္ဒါ တတ်သည်, စာတတ်သည် မဆိုလောက်၊ ကျမ်းတတ်မှာ ဝေးစွ။

ပဋိသန္ဓေဉာဏ် ပညာရှိ၍ မိမိပင် သုတ်ပြီးရုပ်ပြီး အကြမ်းအားဖြင့် မြင်ကြသော်လည်း စာသင် သားငယ်တို့ကို အလွယ်တကူနှင့် သုတ်ပြီး ရုပ်ပြီး အနုစိတ်မြင်တဲ့အောင် ကြံဖန်၍မချတတ်သည်နှင့် မူလပဓာန ဖြစ်သော သဒ္ဒါမှုကြီးကိုပင် အလေးမပြုလောက် လေယောင်ယောင် ချောင်ကြို ချောင်ကြားမှာ ကုန်မှကုန်ပစေ နဝေနဝါနှင့် ပြီးစေကြ၏။

သဒ္ဒါကြီးအနေမှာ မသေမချာ နဝေနဝါ တွေဝေစရာ အလွန် များ၏၊ ဂိုဏ်းဂဏ ဖွဲ့စည်းမှုနှင့်တကွ သဒ္ဒါရုပ်ပြီး ဉာဏ်ဖြန့်ဖြူးမှု၌ ကျေးဇူး ပြုခြင်းမရှိပဲ သုတ်ထွက်, သုတ်တက်, ဆက္ကသံဝဏ္ဏနာ, ထွေထွေလာလာ စကားစုနှင့် အကျယ်တဝင့် ဖွင့်ဆို သိုင်းဝိုင်းကြသော ဉာသ်ကျမ်း, သံပျင်ကျမ်း, နိရုတ္တိမဉ္ဇူကျမ်း, သုတ္တနိဒ္ဒေသကျမ်း, ကစ္စာယနဝဏ္ဏနာကျမ်း များသည်လည်း သာသနာတော်၌ ပပဉ္စမှုကြီး သက်သက်ဖြစ်၏၊ မဏိမဉ္ဇူ, မဏိဒီပတို့ကဲ့သို့တည်း။

ရုပ်ပြီးမှု မည်သည်။ ။ သင်္ကေတမျှဖြစ်၍ အာကတိဂိုဏ်း, ပိသော ဒရာဒိဂိုဏ်း အဆုံးအဖြတ်မှာ ပါရှိသော လောကီကျမ်း စကားများ ကဲ့သို့ တိုနိုင်လေ ကောင်းလေ, ကျဉ်းနိုင်လေ ကောင်းလေ, ပြီးလွယ်လေ ကောင်းလေသာ ဖြစ်၏။

ထိုသို့ဖြစ်၍ သဒ္ဒါကြီးမှာ သင်ကြားသူ လူငယ်, ရှင်ငယ်, ရဟန်း ကလေးများနှင့် - အင်အား မတန်လှသော ပါဌသေသတွေနှင့် ကိန်းစွဲမှု, သုတ်လိုက်တွေနှင့် ရုပ်တွက်မှု, အရာမဟုတ်သေးပဲ ဘောတိ - စသည်တို့၌ ဓာတ်ရုပ် - သမာသ်ရုပ် - တဒ္ဓိတ်ရုပ်များကို တွက်ဆိုမှု, အထွေထွေ အလာလာ လျဉ်ပါးမှုများသည်လည်း ဤသာသနာ၌ နိဿယဆရာကြီးတို့၏ ပပဉ္စမှုကြီးစုသာတည်း။

ပပဉ္စံ ပရိဝဇ္ဇေယျ၊ သံပဿံ အတ္ထမတ္တနော။
အန္တရာယော ဟိ ပပေဉ္စာ၊ နိပ္ပပဉ္စဿ သာသနေ။ ။
(ရစနာ ဂါထာ)

အနက်ကား။ ။

အတ္တနော - မိမိ၏၊
အတ္ထံ - အကျိုးစီးပွါးကို၊
သံပဿံ-သံပဿန္တော - ကောင်းစွာဆင်ခြင် မြော်မြင်တုံဘိ အမြင်ရှိသော သူသည်၊
ပပဉ္စံ - အကျိုးမဲ့ အချိန်ဖြုန်းသော အကျယ်ချနည်းတွေကို၊
ပရိဝဇ္ဇေယျ - ဝေးစွာရှောင်ကြဉ်ရာသည် သာလျှင်တည်း၊
ဟိ - အကြောင်းကို ဆိုဦးအံ့၊
နိပ္ပပဉ္စဿ - အကျယ်မကြိုက် အကျဉ်းလိုက်တော်မူသော မြတ်စွာဘုရားသခင်၏၊
သာသနေ - သာသနာတော်မြတ်၌၊
ပပေဉ္စာ - အကျိုးမဲ့ အချိန်ဖြုန်းသော အကျယ်ချနည်းများသည်၊
အန္တရာယော - လောကီ, လောကုတ္တရာနှစ်သွယ် ဘေးအပေါင်းငြိတွယ်၍ အန္တရာယ်များ စေတတ် သော အလုပ်ပိုကြီးတွေသာတည်း။

ရှေးအခါ၌ ရုပ်ပြီးမှုကို ပဓာနမပြုပဲ ပါဠိရလျှင် တတ်သည်ထင်ကြ၍ သဒ္ဒါ-သဂြိုဟ်ပါဠိကုန်, ဆန်း - အလင်္ကာ - အဘိဓာန်ပါဠိကုန်, သည်တွင်မက မာတိကာ - ဓာတုကထာ - ယမိုက် - ပဋ္ဌာန်း - ကုသလတိက် ကုန်စာစုကို အသက်အရွယ် နုလှသေးသော ကုလပုတ္တကလေးတွေကို သုဓမ္မာဇရပ် ပရိသတ်ကြီးအလယ်မှာ ပြန်ဆိုစေမှု များသည်ကား ဤသာသနာမှာ အဋ္ဌာနနိယောဇနမှုကြီး သက်သက်သာတည်း။

ဟောန္တိ စေတ္ထ

၁။ န ဟေတေ ဟန္တာရော နာမ၊ ယေ မစ္ဆေ ဟန္တိ ယေ မဂေ။
ကုက္ကုဋေ သူကရေ ဂါဝေါ၊ အထော အဇေစ ဧဠကေ။ ။

၂။ တေယေဝ ဟန္တာရော နာမ၊ ဒုလ္လဘေ သတ္ထု သာသနေ။
အဋ္ဌာနေ ယေ နိယောဇေန္တိ၊ ကုလပုတ္တေ သုဒဗ္ဗကေ။ ။

၃။ နိယုတ္တာ ကေစိ မိယျန္တိ၊ အသယှ ဘာရပီဠိတာ။
ကေစိ ရောဂေဟိ သံဖုဋ္ဌာ၊ ယာဝဇီဝံ သုဒုဗ္ဗလာ။ ။

၄။ ကေစိ ဟီနာယာဝတ္တန္တိ၊ ဂန္ထဒုက္ခေန တာသိတာ။
အပ္ပကာဝ သေသာ ဟောန္တိ၊ ဒုလ္လဘေ သတ္ထုသာသနေ။ ။

အနက်ကား။ ။

ဧတ္ထ - ဤအရာ၌၊
ဂါထာယော - ရစနာဂါထာတို့သည်၊
ဟောန္တိ - ဖြစ်ကုန်၏။

၁။ ဣဓ - ဤလောက၌၊
ယေ - အကြင်သူတို့သည်၊
မစ္ဆေ - ငါးတို့ကို၊
ဟန္တိ - သတ်ကြကုန်၏၊
ယေ - အကြင်သူတို့သည်၊
မဂေစ - သားသမင်တို့ကို လည်းကောင်း၊
ကုက္ကုဋေစ - ကြက်တို့ကို လည်းကောင်း၊
သူကရေစ - ဝက်တို့ကို လည်းကောင်း၊
ဂါဝေါစ - นွားတို့ကို လည်းကောင်း၊
အထော - ထိုမှတစ်ပါး၊
အဇေစ - ဆိတ်တို့ကို လည်းကောင်း၊
ဧဠကေစ - သိုးတို့ကို လည်းကောင်း၊
ဟန္တိ - သတ်ကြကုန်၏၊
ဧတေ - ထိုသားသတ် သမားတို့သည်၊
ဟိ - စင်စစ်၊
ဟန္တာရောနာမ - အသတ်သမားတို့ မည်ကုန်သည်၊
နဟောန္တိ - မဖြစ်ကုန်။

၂။ ပန - စင်စစ်သော်ကား၊
ယေ - အကြင်သူတို့သည်၊
ဒုလ္လဘေ - ရခဲလှစွာသော၊
သတ္ထုသာသနေ - မြတ်စွာဘုရားသခင်၏ သာသနာတော်၌၊
သုဒဗ္ဗကေ - ပါရမီရင့်သန်၍ ပညာဓာတ်ခံ ပါလာကြကုန်သော၊
[သုဒဗ္ဗကေတိ သုဋ္ဌုပဏ္ဍိတဇာတိကေ။]
ကုလပုတ္တေ - အမျိုးကောင်းသားကလေးတို့ကို၊
အဋ္ဌာနေ - မသင့်မလျော်သော သင်ကြားနည်း၌၊
နိယောဇေန္တိ - အပူတပြင်း အတင်း တိုက်တွန်းကြကုန်၏၊
တေယေဝ - ထိုသို့အတင်း တိုက်တွန်းသော သူတို့သည်သာလျှင်၊
ဟန္တာရောနာမ - သူသတ်သမားကြီးတို့ မည်ကုန်သည်၊
ဟောန္တိ - ဖြစ်ကုန်၏။

၃။ နိယုတ္တာ - အတင်းတိုက်တွန်းခြင်း ခံရသဖြင့် ကြိုးစားအားထုတ်ကြကုန်သော အမျိုးကောင်းသား တို့သည်၊
အသယှ ဘာရပီဠိတာ - မနိုင်ဝန်ကြီး ဖိစီးနှိပ်စက် အပ်ကုန်သည်ဖြစ်၍၊
ကေစိ - အမျိုးကောင်းသား အချို့တို့သည်၊
မိယျန္တိ - ပုန်းကနဲလဲ၍ သေရှာကြကုန်၏၊
ကေစိ - အချို့သော အမျိုးကောင်းသားတို့သည်၊
ရောဂေဟိ - ထုံနာ, ကျင်နာ, လေရောဂါစသည်တို့ဖြင့်၊
သံဖုဋ္ဌာ - တွေ့ထိအပ်ကုန်သည်ဖြစ်၍၊
ယာဝဇီဝံ - အသက်ဆုံးသည့်တိုင်အောင်၊
သုဒုဗ္ဗလာ - အင်အားချိနဲ့ကာ အသုံးမကျပဲ နေရှာကြကုန်လေ၏။

၄။ ကေစိ - အချို့သော အမျိုးကောင်းသားတို့သည်၊
ဂန္ထဒုက္ခေန - ကျမ်းဂန် သင်ကြားရသော ဆင်းရဲဒုက္ခဖြင့်၊
တာသိတာ - ခြိမ်းခြောက်အပ်ကုန်သည်ဖြစ်၍၊
ဟီနာယာဝတ္တန္တိ - လူ့ဘောင်သို့ ပြန်၍ပြေးရှာကြလေကုန်၏၊
ဝါ - လူထွက်ကြလေကုန်၏၊
အပ္ပကာဝ - အနည်းငယ်ကလေးသော အမျိုးသားတို့သည်သာလျှင်၊
ဒုလ္လဘေ - ရခဲလှစွာသော၊ သတ္ထု
သာသနေ - မြတ်စွာဘုရားသခင်၏ သာသနာတော်၌၊
အဝသေသာ - ကြွင်းကျန်ရစ်ရှာကြကုန်သည်၊
ဟောန္တိ - ဖြစ်ကုန်၏။

သဒ္ဒါကြီးပါဠိကို ရသော်လည်း ရုပ်ကောင်းကောင်းကြီး မပြီးလျှင် အပင်ပန်းကြီး ပင်ပန်းရုံမျှသာ ရှိ၏၊ ပါဠိကို မရသော်လည်း သုတ်စဉ်ကိုရ၍ ပို့ချနည်း နေရာကျ၍ ဂိုဏ်းဂဏစဉ်မှုနှင့်တကွ ရုပ်လှလှ ပြီးစီးလျှင် သဒ္ဒါကိစ္စ ပြီး၏။

သင်္ဂြိုဟ်က ဝီထိနည်း, ပဋ္ဌာန်းသုံးချက်စု, ပစ္စည်းပြိုင်များနှင့် တကွ အညက်အညော ချောမော ကျေပွန်လျှင် မာတိကာ, ဓာတုကထာ, ယမိုက်, ပဋ္ဌာန်းတတ်ပြီး သကဲ့သို့ဖြစ်၏။

သင်္ဂြိုဟ်က မကျေလည်လျှင် ညဝါ ဆယ်ထပ်ပင် ကျသော်လည်း အဘိဓမ္မာ မတတ်၊ သဒ္ဒါတတ်ခဲ့ လျှင် ဆန်း, အလင်္ကာ, အဘိဓာန်များမှာ လက်ရှိထား၍ ကြည့်ကာ ရှုကာနှင့်ပြီး၏။

သဒ္ဒါရှစ်စောင် သုတ်ပြီး, ရုပ်ပြီးနှင့်တကွ သဒ္ဒါအသိုက် အအုံနှင့် ကောင်းစွာ လိမ္မာမှု သည်သာလျှင် သဒ္ဒါတတ်ဖို့, စာတတ်ဖို့, ကျမ်းတတ်ဖို့ မူလပဓာန အမှန်ဖြစ်၏၊ ရုပ်ပြီးမှုမှာလည်း နာမ်, အာချာတ်, ကိတ် အနိုင်အနင်းလိုလှ၏၊ ထိုကနိုင်နင်းခဲ့လျှင် အကြွင်းငါးစောင်မှာ ပြောကာဆိုကာ မျှနှင့်ပြီး၏။

ဝိနာ နိရုတ္တိဉာဏေန၊ ယော ဓမ္မံ ဣဓ သိက္ခတိ။
ပဒေ ပဒေ ဝိဟညေယျ၊ ဝနေ အန္ဓဂဇော ယထာ။ ။
[ရစနာဂါထာ။]

အနက်ကား။ ။

ယော - အကြင်သူသည်၊
ဣဓ - ဤသာသနာတော်၌၊
နိရုတ္တိဉာဏေန - သဒ္ဒါဉာဏ်နှင့်၊
ဝိနာ - ကင်း၍၊
ဓမ္မံ - ပိဋကတ် သုံးပုံတည်းဟူသော တရားကို၊
သိက္ခတိ - သင်ကြားကျင့်ကြံ၏၊
သော - ထိုသူသည်၊
ဝနေ - တောထဲ၌၊
အန္ဓဂဇောယထာ - ဆင်ကန်းကြီးကဲ့သို့၊
ပဒေပဒေ - ပုဒ်တိုင်းပုဒ်တိုင်း၊
ဝိဟညေယျ - ယောင်ယောင်စမ်းစမ်းနှင့် ပင်ပန်းလေရာသတည်း။

နာမ်လုပ်နည်း

ရုပ်ပြီးလွယ်အောင် သဒ္ဒါချနည်းကို အနည်းငယ် ပြဆိုလိုက်အံ့။

၁။ သဒ္ဒါကြီးကို ပုဒ်စေ့, ပါဌ်စေ့ရုံ အနက် လွယ်လွယ်ချ။
၂။ တစ်သုတ်မှာ တစ်ရုပ်တန်သည်, နှစ်ရုပ်တန်သည် ရုပ်ပြီးရုံ ကျဉ်းကျဉ်းကျေကျေချ။
၃။ နေ့ကိုစာကိုင်၍ အနက်သွက်သွက်လယ်အောင်လှည့်စေ။
၄။ ပါဠိမကျက်စေနှင့်။
၅။ အနက်, ရုပ်ညကိုပြန်နိုင်အောင် မလုပ်စေနှင့် ပင်ပန်းသည်။ စာကိုကြည့်၍ နေ့လှည့်မူကား မပင်ပန်း။

[အကျိုးမရှိ အကျိုးမများပဲနှင့် စာသင်သားပင်ပန်းခဲ့သော် လည်းကောင်း, အကျိုးပင်များသော်လည်း အင်အားနှင့် မတန်၍ စာသင်သားများ ပင်ပန်းခဲ့သော် လည်းကောင်း ဆရာ၏အပြစ်တည်း၊ ထို့ကြောင့် အကျိုးများမများ အရွယ်အင်အားနှင့် တန်မတန်ကို အလွန် သတိမူအပ်၏။]

ညအခါ၌မူကား။ ။ ဝိဘတ်သွယ်, သဒ္ဒါစစ်, ပုဒ်စစ်များကိုတွင် တတ်သမျှချ၍ ကျေကျေမွမွ အံစေ။

သဒ္ဒါကြီး ကုန်သောအခါ။ ။ နေ့၌နာမ်ရူပသိဒ္ဓိကိုချ၊ သုံးချပ်, လေးချပ်ပေါက်လျှင် နာမ်သုတ်နက် ညအခါ၌ချ၊ ည၌မချပဲ နေ့မှာချရုံနှင့် ရုပ်မမြင်၊ ရုပ်သို့ရောက်လျှင် ပုရိသသဒ္ဒါ၏ ရုပ်စဉ်တစ်ခုမှာ တစ်ပုဒ်လျှင် တစ်ရုပ်စီကျေကျေမွမွချ။

အစိတ်တွက်နည်း ပြီး၏။

အပေါင်းတွက်နည်း

၎င်းနောက် ပုရိသသဒ္ဒါနှစ်ခု သုံးခုတည်၊ “တတောစ ဝိဘတ္တိ ယော” ဖြင့် ဝိဘတ်အကုန်သက်၊ “သော” စသောသုတ်တို့နှင့် အစဉ်အတိုင်းစီရင်၊ “ပုရိသော, ပုရိသာ ။လ။ ပုရိသေသု” ပြီး၏-ဟုဆို၊ ရုပ်သုံးခု တစ်ခါတည်း တည်၍ပြီးစေ။

[ဤအပေါင်းတွက်နည်းမှာ ဝိဘတ်သွယ် မဆိုပြီ။]

အပေါင်းတွက်နည်း ပြီး၏။

၁။ မနောဂိုဏ်းမှာ “မနသာ, မနသော, မနသိ” သုံးရုပ်ကိုသာ အစိတ်တွက်ပြီးလျှင် နှစ်ဆဲ့ခြောက်ရုပ်ကို အပေါင်းတွက်။
၂။ ဂုဏဝါဒိဂိုဏ်းမှာ အကုန်လုံး အစိတ်ပြန်တွက်၊ ပြီးမှအပေါင်းတွက်၊ ဝိဘတ်သွယ်နှင့်တကွ အစိတ် အစိတ်ဆိုမှု ကျေ၍လိုက်အောင် အစိတ်တွက်ကို တစ်ခါတစ်ခါညှပ်ရသည်။

[တပည့်၏ ဉာဏ်စွမ်း, နှုတ်စွမ်းကိုကြည့်၍လုပ်။]

၃။ ဤနည်းသွားလေ၍ အကာရန္တအပြီးတွင် တစ်ရက်တန်သည်, နှစ်ရက်တန်သည်, သုံးရက် တန်သည် ရပ်ဆိုင်း၍ ပုရိသ-သဒ္ဒါ မှစ၍ ပုမ, မဃဝ, ယုဝ-တို့တိုင်အောင် အစီအစဉ် အပေါင်း တွက်နှင့် ရုပ်စိုင်းရသည်။

[နောက်ကိုဤနည်းတူ။]

၄။ ပုလ္လိင် အကုန်နိုင်နင်းရှင်းလင်းလျှင် နပုလ္လိင်ကိုချ၊ သိဝိဘတ်, ယောဝိဘတ်တို့မှာ ရုပ်စိတ်တွက်၊ ကြွင်းသော ဝိဘတ်တို့မှာ ရုပ်စီရုံသာစီ။

၅။ ၎င်းနောက် ဣတ္ထိလိင် သုတ်နက်ကိုချ၊ “ကညာ, ရတ္တိ, နဒီ” သုံးရုပ်တို့မှာ ရုပ်စိတ်, ရုပ်ပေါင်း နှစ်နည်းတွက်၊ နောက်ကို ရုပ်ပေါင်းကိုသာတွက်။

၆။ ဣတ္ထိလိင် အပြီးတွင် ရက်ဆိုင်း၍ ပုရိသော - မှစ၍ ဝဓူသု - တိုင်အောင် ရုပ်ပေါင်း တွက်နည်းနှင့် ရုပ်စိုင်း၊ လိင်စဉ်, အန္တစဉ်-အကုန် လင်းအောင်စိုင်း၊ အထက်, အောက်ထုတ်ချင်းပေါက်လင်းမှတန်။

၇။ ၎င်းနောက် သဗ္ဗနာမ် ၇-ပုဒ်ကို နှုတ်တက်ရစေ၊ “သဗ္ဗ, ယ, တ, ဧတ, ဣမ, အမု, ကိံ, ဒွိ, တိ, စတု, တုမှ, အမှ” သဒ္ဒါစုမှာ သုတ်နက်တွင် ရုပ်ထုတ်၊ အကြွင်းသဒ္ဒါစုမှာ ရုပ်စဉ် ဆိုသောအခါ အကုန် ထည့်၍ဆို။

၈။ သဗ္ဗနာမ် အကုန်ရက်ဆိုင်း၍ ပုရိသောမှစ၍ ရုပ်စိုင်း၊ လိင်စဉ်, အန္တစဉ်, ရုပ်စဉ်-အကုန်လုံး အထက်အောက် ထုတ်ချင်းပေါက်လင်းမှ တန်။

၉။ ဝိဘတ္တိပစ္စည်းမှာ ပစ္စည်းစုကိုထုတ်၍ နှုတ်တက်ရစေ၊ ပြီးမှ သုတ်နက်ချ၊ သုဒ္ဓနာမ်, သဗ္ဗနာမ် ရုပ်စဉ်ထဲမှာ ဝိဘတ္တိပစ္စည်း ရုပ်စုကို ဆိုင်ရာ အကုန်သွား၍ ရုပ်စိုင်း၊ ပုရိသောမှစ၍ အကုန်လုံး လင်းမှတန်။

[ဉာဏ်လေးလှသောသူ ဖြစ်ခဲ့သော် လည်းကောင်း, ကာယဗလ နည်းသော သူဖြစ်ခဲ့သော် လည်းကောင်း အသုံးနည်းလျက် ရုပ်ခက်များလှသော “သခ, ပုမ, သာ, ဂေါ, ပေါက္ခရ ဏီ” သဒ္ဒါ၊ ဤကဲ့သို့သော သဒ္ဒါစုကို လွှတ်၍ ထားခဲ့ရသည်၊ သည့်ပြင်ရုပ်စုကို ကျေပြီးမှ ထိုသဒ္ဒါစုကို ပြန်၍ လုပ်တန် လုပ်ရသတည်း။]

သုတ်နက်မှာ အနက်မထင်ရှားသော သုတ်စုကို ရွေးကောက်၍ ဆောင်၊ လိင်စဉ်, အန္တစဉ်, ရုပ်စဉ်မှာ ရုပ်စိုင်းရင်းမတ်တတ် ကျေညက် ရှင်းလင်း၍ ကုန်အောင် အထပ်ထပ် ဆို၍ ရုပ်စိုင်းရသည်။

အထပ်ထပ် ဆိုမှုသည် စာသင်သားမှာလည်း အလွန်လည်း သက်သာ၏၊ ကျေလည်းကျေ၏၊ ဆရာ လုပ်သူက နိုင်နင်း၍ မပျင်းမရိ အားထုတ်လေလေ တပည့်သက်သာလေလေဖြစ်၏။

ညဝါဟောမည့်အတွက် သဒ္ဒါကို ညဝါကြီးလုပ်၍ ချမှုတည်း၊ အဘိဓမ္မာညဝါမှာ အရွယ်ကြီးမှ ကုသိုလ်ဖြစ် သက်သက်သာ ဟောရသည်၊ စာတတ်ဖို့ အလုပ်မဟုတ်၊ သဒ္ဒါလုပ်ရမည့် အရွယ်မှာ ညဝါလုပ်၍ နေလျှင် စာမတတ်ပြီ။

နာမ်လုပ်နည်းပြီး၏။

အာချာတ် လုပ်နည်း

နာမ်ပြီးလျှင် အာချာတ်ကိုချ၊ ဓာတ်စဉ်ကိုထုတ်၍ ကျက်ဦး၊ ဝိဘတ်စဉ်ကို စက္ကူတွင် ကျေအောင် ရေးစေ၊ ရေးမှလိုရာ တစ်လုံးချင်း ကောက်ခါ ငင်ခါရသည်၊ နှုတ်မှာရရုံနှင့်မပြီး၊ နေ့ကိုရူပသိဒ္ဓိချ၊ အနက် ကျေကျေ လှည့်စေ၊ ၃-ချပ် ၄-ချပ် စ-ချမိ၍ ဓာတ်စဉ်လည်းရ, ဝိဘတ်လည်းမြင်လျှင် ညအခါသုတ်နက်ချ၊ ဝတ္တမာန် ဝိဘတ်တစ်ခုတွင် ရုပ်စိတ်တွက်၍ ကာရိုက်ပစ္စည်း သုတ်ရုပ်ကိုလည်း သွင်း၍ချ။

ဘဝတိ၊ ဘဝန္တိ-စသည်,
အနုဘူယတိ၊ အနုဘူယန္တိ-စသည်,
အနုဘုယျတိ၊ အနုဘုယျန္တိ-စသည်,
ဘာဝေတိ၊ ဘာဝေန္တိ-စသည်,
ဘာဝယတိ၊ ဘာဝယန္တိ-စသည်,
ဘာဝီယတိ၊ ဘာဝီယန္တိ-စသည်,
ဘာဝိယျတိ၊ ဘာဝိယျန္တိ-စသည်,
ဘာဝယီယတိ၊ ဘာဝယီယန္တိ-စသည်,
ဘာဝယိယျတိ၊ ဘာဝယိယျန္တိ-စသည်ဖြင့်-

ဓာတ်တစ်ခုတစ်ခုမှာ ဝိဘတ်တစ်ခုတစ်ခုတွင် သုဒ္ဓကတ္တုရုပ်, သုဒ္ဓကမ္မရုပ်, ဟေတုကတ္တုရုပ်, ဟေတု ကမ္မရုပ် ၄-မျိုး ၄-မျိုးစီ။

ထိုရုပ်စုမှာ နာမ, တုမှ, အမှ၊ ကံ, ကတ္တား၊ ဧကဝုစ်, ဗဟုဝုစ်၊ ဝုတ္တ, အဝုတ္တ၊ ဓာတ်ကံ, ဓာတ်ကတ္တား၊ ကာရိုက်ကံ, ကာရိုက်ကတ္တား - အနေအထားများကို ဝတ္တမာန် ဝိဘတ်တွင် ကွဲပြားအောင်လုပ်၊ သုတ်နက်မှာ ပြယုဂ်ထည့်၍ ချတန်ချ၊ ဝတ္တမာန်ဝိဘတ်တွင် စိန်ပြေနပြေလုပ်။

ရုပ် ၄-မျိုး ကျေလှပြီဆိုရမှ နောက်ဝိဘတ်များသို့ပြောင်း၊ ရုပ် ၄-မျိုးချည်းစီ၊ နောက်ဝိဘတ်များမှာ ရုပ်စိတ်မတွက်နှင့်၊ ဘူဓာတ်တည်၊ “အာဏတျာ သိဋ္ဌေ” ဖြင့် ပဉ္စမီဝိဘတ် ၁၂-လုံးသက်ဟုဆို၊ တစ်ခါတည်၍ တွက်လျှင် ရုပ်ပေါင်း ၁၂-ရုပ်၊ ၁၄-ရုပ်၊ ၃၀၊ ၄၀၊ ၁၀ဝ၊ ၂၀ဝ၊ ၃၀ဝ-ပြီးစေရမည်၊ ဉာဏ်လေးလှသူ ဖြစ်ခဲ့လျှင် ဟိယျတ္တနီသုတ်ရုပ်, ပရောက္ခာ သုတ်ရုပ်တို့ကို ချန်ထားခဲ့ဦး။

ဘူဓာတ်ပြီး၏။

နောက်ဓာတ်စုမှာ ပရဿပုဒ်ရုပ်စုသာစီ၊ ဝိဘတ်စဉ်, ရုပ်စဉ်မြင် ပြီးနောက် ပထမပုရိသ်တွင်စီ၊ အာချာတ်ရုပ်မည်သည် အလွန်ကျယ်ဝန်း များပြားသည်၊ နည်းလှလှရ၍ ကျေလယ်လျှင် တစ်ရုပ် ပြီးလျှင် ရုပ်တစ်ရာ, ရုပ်တစ်ထောင်မြင်နိုင်၏၊ နာမ်ရုပ်လိုမဟုတ်၊ ဂိုဏ်းရှစ်ပါးလည်း လှလှ ကွဲလေ အောင် တစ်ဂိုဏ်း, တစ်ဂိုဏ်းတွင်ရုပ် ၄-မျိုးလည်း လှလှကွဲပြီး ဖြစ်အောင်ချ။

အာချာတ်လုပ်နည်းပြီး၏။

ကိတ်လုပ်နည်း

ပြီးလျှင်ကိတ်ကိုချ၊ ဓာတ်စဉ်ထုတ်၊ ပစ္စည်းစဉ်ထုတ်၊ ဓာတ်တစ် ခုခုကိုမူတည်၍ ပစ္စည်းစဉ်နှင့်ရုပ်စိုင်း၊ ကိတ်ချမှုကို သာ၍ဆရာအကြံ လိုသည်၊ ဆရာကနိုင်လှမှ တော်သည်။

ကိတ်အမြွက်ပြီး၏။

[ကြွင်း ၅-စောင်မှာ ညဝါပြု၍ ချမှုမလိုပြီ၊ နေ့အခါချ၍ ပုဒ်စစ်နှင့် စပ်၍ပြော၊ သန္ဓိနှင့် ဥဏာဒ်၊ ဤ ၂-စောင်မှာ နေ့ကိုပင်မချသော်လည်း ပြီးပါ၏။]

လက်ထောက် စာချဆရာများ သတိရရန် လျှောက်လိုက်ပါသည်။

အာကတိဂိုဏ်း, ပိသောဒရာဒိဂိုဏ်း ၂-ဂိုဏ်းကို လျှောက်လိုက် သည်မှာ မောဂ္ဂလာန်၌ ၎င်း၂-ဂိုဏ်းအမြွက် ပါရှိသည်ဖြစ်၍ လျှောက်လိုက်ပါသည်၊ ဓာတ်, ပစ္စည်း, ဝိဂြိုဟ်ကြံဆိုမှု၌ သက္ကဋ ဗျာကရိုဏ်းကျမ်း တို့ကို တတ်ကျွမ်းပေလျှင် ဆိုဖွယ်ရာ မရှိပေပြီ။

သက္ကဋ ဗျာကရိုဏ်းကျမ်းတို့ပင် မကျွမ်းကျင်သော်လည်း ပိဋကတ် ကျမ်းဂန်သည် အလွန်ကျယ်ဝန်း များပြားလှသည်ဖြစ်၍ ပိဋကတ်ကျမ်းဂန်နှင့် များလှ၍ ရှိလျှင်လည်း ဓာတ်, ပစ္စည်း, ဝိဂြိုဟ် အမှန်အကန် ကြံနိုင်ဖွယ် များပါ၏။

မှန်၏၊ အာချာတ်ပုဒ်, ကိတ်ပုဒ် များထင်ရှားသော ပုဒ်စုမှာ ဓာတ် တစ်ခုခုတွင် အာချာတ်ရုပ် အကျဉ်းပြီး, အလတ်ပြီး, အကျယ်ပြီး ၃- မျိုးရှိ၏၊ ကိတ်ရုပ်လည်း ထိုနည်းတူ ၃-မျိုးရှိ၏။

၁။ ဆေတွာ, ဘေတွာ, ဘေတ္တုံ, ဆေတ္တုံ - တို့ကား အကျဉ်းပြီး။
၂။ ဘိဇ္ဇိတွာ, ဘိဇ္ဇိယ, ဆိဇ္ဇိတွာ, ဆိဇ္ဇိယ, ဘိဇ္ဇတိ, ဆိဇ္ဇတိ- တို့ကား အလတ်ပြီး။
၃။ ဘိန္ဒိတွာ, ဘိန္ဒိတုံ, ဆိန္ဒိတွာ, ဆိန္ဒိတုံ, ဘိန္ဒတိ, ဆိန္ဒတိ- တို့ကား အကျယ်ပြီး။

အကျဉ်းပြီး, အလတ်ပြီး ပုဒ်တို့မှာ ဓာတ်, ပစ္စည်း မသိမသာရှိခဲ့လျှင် အကျယ်ပြီး ပုဒ်နေကိုကြည့်၊ ဓာတ်မှန်ကိုသိ၏။

ဓမ္မံ ပရိယာပုဏန္တိ, ပရိယာပုဏိတဗ္ဗာ” ဟူသော ရုပ်ကျယ်ကို မြင်သဖြင့် “ပရိယတ္တိပုဒ်, ပရိယာပုဋာပုဒ်” ရုပ်ကြီးတို့၌ အာပ-ဓာတ်ဟု သိအပ်၏။

[မဏိမဉ္ဇူမှာ ယာဓာတ်, ယတဓာတ်ကြံသည်ကား မသင့် “]

ကာလဟော “ အဒ္ဓါ ” သဒ္ဒါ၌-

၁။ အဒ္ဓါကား အကျဉ်းပြီး။
၂။ အဒ္ဓါနံကား အကျယ်ပြီး။

အာရှေးရှိသော ဓာ-ဓာတ်အမှန်ဟု သိအပ်၏။

[ ဋီကာကျော်စသည်၌ အတ-ဓာတ်ဟူသည်ကား မသင့်။ ]

အနိစ္စတာ” ပုဒ်၌-

နိစ္စသဒ္ဒါထင်ရှားရှိသည်ကိုမြင်သဖြင့် “ပုဒ် + နိစ္စပုဒ်” ဟု အမှန် သိရ၏။

[ဋီကာကျော်၌ “ပုဒ် + ဣစ္စပုဒ်” ဟူသည်ကား မသင့်။]

အာဏာပုဒ်, အာဏတ္တိပုဒ်, အာဏတ္တော” ပုဒ်တို့ကားရုပ်ကျဉ်းတည်း။

အာဏာပေတိ, အာဏာပကော, အာဏာပေတဗ္ဗော” တို့ကား ရုပ်ကျယ်တည်း။

[ဓာတွန်မကျေပဲ တင်းလင်း ရှိနေသည်ကို ရုပ်ကျယ် ဆိုသည်။]

အာဏာပေတိ - အစရှိသော ရုပ်ကို မြင်သဖြင့် အာဏာ - စသော ရုပ်ကျဉ်းပုဒ်တို့၌ အာရှေးရှိသော ဏပ-ဓာတ်။ ဝါ ။ဏာပ-ဓာတ်ဟုအမှန် သိရ၏။

အာဏာပစ္စည်း, ကွိပစ္စည်းသက်၊ ဓာတွန်မကျေ၊ “အာဏတ္တိ, အာဏတ္တော” တို့ကား တိ-ပစ္စည်း, -ပစ္စည်းသက်၊ ဓာတွန်ကျေသော ဂုပါဒိရုပ်စုဟု သိရ၏။

ရူပသိဒ္ဓိ, သဒ္ဒနီတိတို့၌ အာဏ-ဓာတ်ဟု ဆို၏။

ဓာတွတ္ထသင်္ဂြိုဟ်၌လည်း “အာဏောတု ဘူစုပေသနေ” ဟု လာ၏။

နိဿယမှာလည်း “အာဏာပေတိ, အာဏတ္တိ, အာဏာ” သုဒ္ဓ ကတ္တုရုပ်, စုရာဒိဂိုဏ်းရုပ်မထင်။

အချို့ကား အာပုဗ္ဗ ဏပ-ဓာတ်ကြံ၏။

မတေ သတ္ထုဿ ပ-ဏ-ဠာ၊ ပဒါဒိမှိ နဒိဿရေ

ဟူသောသဒ္ဒနီတိနှင့်လည်းမညီ, သက္ကဋကျမ်းတို့၌လည်း မလာဟု အမှာနှင့်တကွ အာဏ-ဓာတ်ကို အမှန်ဆို၏။

ဆင်ခြင်ရန်ကား-

အာဏာပေတိ, အာဏာပယတိ, အာဏာပေတဗ္ဗော, အာဏာ ပေတွာ, အာဏာပေတုံ, အာဏာပနံ” စသည်ဖြင့် ဓာတွန်တင်းလင်းနှင့် အာချာတ်, ကိတ်-စုရာဒိရုပ်များသည် ကျမ်းဂန်တို့မှာ အလွန် ထင်ရှား၏။

အာဏတိ, အာဏေတိ, အာဏိတဗ္ဗော, အာဏေတဗ္ဗော” စသည်ဖြင့်ပြီးသော အာချာတ်, ကိတ်-ဘူဝါဒိဂိုဏ်းရုပ်ဟူ၍ ကျမ်းဂန်တို့၌ တစ်ခုမျှမရှိပေ။

[ထို့ကြောင့် ဓာတွတ္ထသင်္ဂြိုဟ်၌ “အာဏာပေတိ, အာဏတ္တိ, အာဏာ” သုဒ္ဓ ကတ္တုရုပ် စုရာဒိဂိုဏ်းမထင် ဟုပါရှိသည်မှာ ပုံရိုက်ရာတွင် စာကျသည် ဖြစ်ရာ၏၊ “အာဏာပေတိ, အာဏတ္တိ, အာဏာ” သုဒ္ဓကတ္တုရုပ်, စုရာဒိ၊ ဘူဝါဒိရုပ်မထင် ဟုစီရင်ရင်း အမှန်ဖြစ်ရာ၏။]

အကြောင်းမူကား-

အာဏာပေတိ-ဟု စုရာဒိသုဒ္ဓကတ္တုရုပ်ကို ထုတ်ပြခဲ့ပြီးဖြစ်၍ စုရာဒိရုပ် မထင်ဟု ဆိုခွင့်မရှိ လေသောကြောင့်တည်း။

အာဏာပေတိ - စေခိုင်း၏”ဟု စေခိုင်းခြင်း အနက်ထွက်သည်မှာ ဏာပ-ဓာတ်ရင်း၏ အနက်သာ တည်း၊ ကာရိုက်ပစ္စည်း၏ အနက် မဟုတ်။

[ထို့ကြောင့် နုဒါဒိသုတ်၌ ရူပသိဒ္ဓိစသည်တို့မှာ “အာဏာပကော, အာဏာပန နကော”တို့ကို ကာရိုက်ရုပ်ထုတ်သည်ကားမသင့်။]

သဒ္ဒနီတိစကားသည် အာဏ-ဓာတ်ကြံကြသည်နှင့်ပြီး၏၊ “အာဏာပေတိ” စသည်ရှိသော ကျမ်းဂန် များနှင့်မညီ၊ သက္ကဋကျမ်းတို့၌ မလာမှုသည်လည်း ပမာဏမဟုတ်၊ “အာဏာပေတိ” အစရှိသော ပုဒ်ပြီး,ရုပ်ပြီး ဆင်ကောင်ကြီးတွေကို တွေ့မြင်သည့်နောက် ဆင်ပျောက်မှုနှင့်ပင် မေးဖွယ်မရှိ။

မှန်၏၊ လောကီဆရာတို့သည် ပိဋကတ်တော်ကြီးကို မှီကြရသည် မဟုတ်၊ ပါကတိက မဟာဇန ဝေါဟာရမျှကို မှီကြရကုန်၏၊ ယခုပေါင်းစုဖွဲ့ စည်းလျက်ရှိသော ပိဋကတ်တော်ကြီးသည်ကား နိရုတ္တိပါရဂူ ဖြစ်တော်မူ ကုန်သော မဟာပုရိသ, ဥတ္တမပုရိသ, ပဋိသမ္ဘိဒါပတ္တ အရှင်တို့၏ စကားဖြစ်၍ အလွန်ပြည့်စုံ အလွန်အောင်မြင်သောပုဒ်, ရုပ်တို့နှင့်ပြည့်စုံ၏၊ မနုဿလောက - ဒေဝလောက - ဗြဟ္မလောက - အပါယလောက - ဝေါဟာရ, ကပ္ပပရမ္ပရဝေါဟာရနှင့်လည်း ပြည့်စုံ၏။

ထို့ကြောင့် အကြင်သူတို့သည် လိင်ပုဒ်, ဓာတ်ပုဒ်, ရုပ်ပြီးမှု၌ အရိုးကျကျ စေ့စပ်လှစွာ လိမ်မာကုန်၏၊ ပိဋကတ်တော်ကြီး၌လည်း စေ့စပ်နှံ့ပြားစွာ လိမ်မာကုန်၏၊ ထိုသူတို့သည် လောကီကျမ်းတို့မှ မလာ သော လိင်ရုပ်အထူး, ဓာတ်ရုပ် အထူးတို့ကို ထုတ်ဆိုခြင်းငှါ တတ်ကောင်းကုန်ရာ၏။

လိင်ရုပ်အထူးဆိုသည်ကား-

သတ္တမုနိနော အာဂါရိယမုနိနော အနာဂါရိယမုနိနော အသေခမုနိနော သဗ္ဗညုမုနိနော ပစ္စေက- မုနိနော သာဝက မုနိနော။ [မဟာနိဒ္ဒေသ။]

ဤ၌ “အာဂါရိယမုနိနော”စသည်မှာ သမာသ်ပုဒ်ဖြစ်ကြ၍ အထူး မဆိုရ၊ “သတ္တမုနိနော”သာ အထူးမှန်၏၊ ဤကာရန္တဖြစ်သော “မဟေသီ” ပုဒ်သည် နိစ္စသမာသ်ပုဒ်ဖြစ်၍ “နုပယန္တိမဟေသိနော၊ ဥပယန္တိ မဟေသိ နော” သံယုတ်ပါဠိတော်မှာ နောအပြုလည်းရသကဲ့သို့ “အာဂါရိယ မုနိနော”မှာ နောအပြုလည်းရသည်ကို အထူးမဆိုရ၊ အရိုးကျပင်။

ဤရသေ့, ရဟန်းဟော “မဟေသိ”ကား ပုလ္လိင်ဣကာရန္တ, မိဖုရားဟော “မဟေသီကား” ဣတ္ထိလိင် ဤကာရန္တ, အဆွေခင်ပွန်းဟော “ဗန္ဓု”သဒ္ဒါပုလ္လိင် ဥကာရန္တ, ပုဏ္ဏေးမဟော “ဗြဟ္မဗန္ဓူ”သဒ္ဒါ နိစ္စဣတ္ထိလိင် ဦကာရန္တဖြစ်ကြသကဲ့သို့တည်း။

[သမာသ်မှုကို သတိမပြု၍ အဋ္ဌသာလိနီဂဏ္ဌိဟောင်း, ဂဏ္ဌိသစ် တို့မှာ “မဟေသိ” ပုဒ်အဆုံးအဖြတ် နေရာမကျရှိနေကြ၏။ ဗန္ဓု, ဗန္ဓူသဒ္ဒါနှစ်ခုကို သတိမပြုကြ၍ “ဘာသိတပုမာတိ ဗြဟ္မဗန္ဓု ဘရိယာ”ပုဒ်မှာ အုဌ်ကျောင်း ဆရာတော်အဆုံးအဖြတ်, မိုင်းခိုင်း ဆရာတော် အဆုံးအဖြတ် နေရာ မကျ ရှိနေကြ၏။]

(က ) ဝနေ ဟတ္ထိနော စရန္တိ။

( ခ ) ဟံသာ ကောဉ္စာ မယူရာစ၊ ဟတ္ထယော ပသဒါ မိဂါ။
သဗ္ဗေ သီဟဿ ဘာယန္တိ၊ နတ္ထိ ကာယသ္မိ တုလျတာ။

[ဤ “ဟတ္ထယော”ပုဒ်များလည်း ဂါထာသို့ကျလျှင် ရုပ်ထူးပင်။]

ဓာတ်အထူးဆိုသည်ကား-

ဓာတ်ကျမ်းတို့၌ ကြောက်ခြင်းအနက်ဟော ဘီ-ဓာတ်သာလာ၏၊
ပါဠိကျမ်းဂန်းတို့၌ ကြောက်ခြင်းအနက် ဟော-ဘီဓာတ်သာလာ၏၊
ပါဠိကျမ်းဂန်တို့၌ ဘီ-ဓာတ်ရုပ်သည် ကိတ်ပုဒ်အနည်းငယ်မျှသာရှိ၏။

ဘီတိ, ဘယံ, ဘယာနကံ, ဘီတော, ဘီရု” စသည်တည်း။

ဧကာရန္တဘေဓာတ်ရုပ်သည်သာ အာချာတ်ပုဒ်, ကိတ်ပုဒ်အများ ထင်၏။

ဘာယတိ, ဘာယန္တိ, ဘာယိတဗ္ဗော, ဘာယိတွာ, ဘာယိတုံ” စသည်တည်း။

[ဘီဓာတ်, ဘေဓာတ် နှစ်ခုလိုသည်။]

ဓာတ်ရုပ်အထူးဆိုသည်ကား-

၁။ နိမိတ္တံ အဘိဘုယျတီတိ ဂေါတြဘူ။
၂။ ပဝတ္တံ အဘိဘုယျတီတိ ဂေါတြဘူ။
၃။ ပဋိသန္ဓိံ အဘိဘုယျတီတိ ဂေါတြဘူ။
၄။ စုတိံ အဘိဘုယျတီတိ ဂေါတြဘူ-စသည်,
[ပဋိသမ္ဘိဒါမဂ်။]

ရူပံ ဝိဘုယျတိ၊ သော ပဟီယေထဝါ၊ နော ပဟီယေထ၊ သော ပဟီယိဿတိ၊ သမာဒိယာမိ၊ ဝေဒိယာမိ ခိပ္ပံ သန္ဓီယရေ ပုန၊ ပစ္စတိ မုနိနော ဘတ္တံ။ ပ ။ တိဋ္ဌီယတိ။ စသော ကတ္တုရုပ်မျိုး စသည်တည်း။

သဒ္ဒါရုပ်ကား-ကံ, အနက်ကား ကတ္တားဟောဖြစ်၍ ကမ္မကတ္တု ရုပ်မျိုးလည်း ဆိုထိုက်၏၊ ကာရကကမ္မကတ္တား မှာကဲ့သို့ ပြုလွယ်သည်, မပြုလွယ်သည် ပဓာနမဟုတ်။

[သဒ္ဒနီတိမှာ “သော ပဟီယိဿတိ၊ ရူပံ ဝိဘုယျတိ” ရုပ်များကို ထောက်၍ အာချာတ်ဘော ဟောပုဒ်မှာ ပဌမာကတ္တား နေရကြောင်း, နာမ - တုမှ - အမှ - ကတ္တားသုံးပါး ရကြောင်းကို အလှိုင်းတကြီး ဆုံးဖြတ်သည်ကား မသင့်လေ။]

သမာဒိယာမိ, ပစ္စတိ”တို့ကို ဒိဝါဒိရုပ်ဆိုကြသည်မှာ- ဝတ္တိစ္ဆာ သင့်ရာသော်လည်း “အဘိဘုယျတိ, ပဟီယိဿတိ”စသည်ဖြင့် ရှိပြန်သောကြောင့် ဘူဝါဒိကမ္မကတ္တုရုပ်သာ သင့်သတည်း။

ဤကဲ့သို့ လိင်ရုပ်အထူး, ဓာတ်အထူး, ဓာတ်ရုပ်အထူးများသည် ပါဠိတော်တို့မှာ များစွာပင် ထင်သည်၊ ထိုအထူးတို့ကို အသီးထုတ်ဖော်၍ မထားကြသည့်အတွက်ကြောင့် သုတ်ရေး, ရုပ်ရေး - အလွန်ထွေးရှုပ်၍နေကြကုန်၏။

[ဓာတွတ္ထသင်္ဂြိုဟ်ကျမ်းသည် စာချဆရာ, စာသင်သားတို့အား အလွန်ကျေးဇူး များသည်ဖြစ်၍ အချို့ စောင်လုံးကုန်ရကြ, ဆောင်ကြပါသည်။]

ဂါထာဆန်းတို့နှင့်တကွ ဆန်းဋီကာကို လျှောက်ထား လိုက်သည်မှာလည်း မန္တလေးမြို့ပေါ်မှာ ဂါထာ ဆန်းကျမ်းဂန်စု အစုံအလင် ရှိပေလိမ့်မည်၊ လောကီဆန်းကျမ်း အဖွင့် ဆန်းဋီကာများလည်း ရှိပေ လိမ့်မည်၊ မန္တလေးမြို့တော်က ရေးဖို့လျော်ပေသည်ဟု အောက်မေ့မိသည် တစ်ကြောင်း, အသက် တော် အရွယ်တော် ခြောက်ဆယ်ကျော်ပြီဟု မသိသည် တစ်ကြောင်းများကြောင့် တောင်းပန် လိုက်မိပါသည်။

အသက်အရွယ် ခြောက်ဆယ်ကျော်မည်သည် ပြင်ကအရေအဆင်း ရွှန်းရွှန်းစိုပင်ဖြစ်သော်လည်း အတွင်းက တစ်နေ့တစ်ခြား အသား အသွေး အစေးအဆီ ခြောက်ခန်းပါသည်၊ ဝိသမဓာတ်တို့ အားရှိသောအခါ ဖြစ်ပါသည်။

ကျမ်းရေးမှု မည်သည်လည်း တစ်နေ့တစ်ခြား အသားအသွေး အစေးအဆီ ခန်းခြောက်စေတတ်သော အလုပ်ဖြစ်ပါသည်၊ ဝိသမဓာတ်တို့ကို ဖြစ်ပွါးစေတတ်ပါသည်၊ ကျမ်းရေးစဉ်အခါ မထောင်းတာ ရှိသော်လည်း ကျမ်းပြီး၍ တစ်စုံတရာ ရောဂါကပ်ရောက်ပါလျှင် ဆေးကု၍မရ မထတဲ့နိုင်ဘဲ ရှိတတ်ပါသည်။

သို့အတွက်ကြောင့် ကြီးကြီးမားမား ကျမ်းရေးမှုများကို လျစ်လျူ ရှုတော်မူ၍-

(က) ယောစ ဝဿသတံ ဇီဝေ၊ ဒုဿီလော အသမာဟိတော။
ဧကာဟံ ဇီဝိတံ သေယျော၊ သီလဝန္တဿ ဈာယိနော။ ။

(ခ) ယောစ ဝဿသတံ ဇီဝေ၊ ဒုပ္ပညော အသမာဟိတော။
ဧကာဟံ ဇီဝိတံ သေယျော၊ ပညဝန္တဿ ဈာယိနော။ ။

(ဂ) ယောစ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။ ။

ဟူသောဓမ္မပဒပါဠိတော်အရများကို နှလုံးထား၍ နေဖို့အရွယ် ဖြစ်ပါသည်၊ ဂါထာအဆန်းအပြားတို့ကို လျှောက်ထား တောင်းပန်လိုက် သည်မှာလည်း ကဝိလက္ခဏာကို စုံလင်စွာ လေ့လာလိုသူတို့ အကျိုး ငှါ လျှောက်ထားပါသည်။

မိမိသဘောမှာမူကား-

ကဗ္ဗနာဋကနိက္ခိတ္တ၊ နေတ္တခိတ္တာ ကဝိဇ္ဇနာ

အစရှိသော အလင်္ကာ ဂါထာနှင့်အညီ - ယမကပဟေဠိ - အစရှိသော ဂါထာသံဆန်းများသည် သက္ကဋ, မာဂဓ - ကဗျာသည်, ကချေသည်, သီချင်းသည် ကျမ်းတို့မှလာသော နည်းစုဖြစ်သည်၊ သဒ္ဒါ, ဆန်း, အဘိဓာန်, အလင်္ကာကျမ်းများမှာ အသုံးပြုခြင်းငှါ လျော်ရာ၏၊ သာသန ဓမ္မကိုပြဆိုသော ကျမ်းစုမှာ အသုံးပြုရန် မလျော်။

ထို့ကြောင့် ဆရာဗုဒ္ဓဒတ်ကြီးမှတစ်ပါး အဋ္ဌကထာ, ဋီကာဆရာမြတ်တို့ အသုံးမပြုကြလေသည်။

သန္တာ သန္တာပိ ဓီယဿ၊ နန္တာနန္တာဝ လမ္ဗတော။
ဒယာဒယာပိ တံ ဗုဒ္ဓံ၊ သုတံ သုတံ ဘိဝန္ဒိယ။ ။

[မဏိမဉ္ဇူ အဘိဓမ္မာအဖွင့်ကျမ်းနှင့်မတန်သော သံဆန်းသံထပ်ဂါထာစု]

ဆန္ဒောမဉ္ဇရီဋီကာကို တိုက်တွန်းတော်မူလိုက်သည်မှာ-

ဆန်းဋီကာဟောင်းစုနှင့် ထိုထိုကျမ်းဂန်စုမှ သင့်လျော်ရာ ဂါထာမျိုး များကို စုဆောင်း၍ ရေးခဲ့လျှင် ခဲယဉ်းဖွယ် မရှိ၊ ဖွယ်ရာ လျောက်ပတ်စွာ ပြီးစီးပါလိမ့်မည်၊ ယခုမှာမူကား အထက်မျက်နှာက လျှောက်ထားခဲ့သည့် အတိုင်း ကြီးကြီးမားမား စာရေးမှု၌ စိတ်မဝင်စား သာသေးသည်နှင့် မောဂ္ဂလာန ဒီပနီကိုပင် ဖြတ်လှပ်ရုပ်သိမ်း၍ ထားရပါသေးသည်ဘုရား။

[ဤတွင်ရွေ့ကားကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးက မန္တလေးမြို့ အရှေ့ပြင်ကျေးဇူးရှင် မဟာဝိသုဒ္ဓါရာမိက ဆရာတော် ဘုရားသို့ လျှောက်ထားသော “စာစစ်နည်းနှင့် စာသင်နည်း” ဥပဒေသကြီးသည် သက္ကရာဇ် ၁၂၆၁- ခုနှစ်၊ နယုန်လ အတွင်းပြီးစီးပါသည်။]

လယ်တီစာစစ်နည်းနှင့် စာသင်နည်းပြီး၏။

ဣန္ဒဝဇီရ အဖြေ

၁။ ဣန္ဒဝဇီရ စာအုပ်မျက်နှာ ၁၀-နှင့် ၁၁၊ ဒွါရဝိဝါဒသုတ်သင်ခန်း၌-

စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ၊ စေတယိတွာ ကမ္မံ ကရောတိ၊ ကာယေန ဝါစာယ မနသာ။

ဟူသော ဆက္ကအင်္ဂုတ္တိုရ် ပါဠိတော်မြတ်၌ -

ဘိက္ခဝေ - ရဟန်းတို့၊
အဟံ - ငါဘုရားသည်၊
စေတနံ - ကုသိုလ် စေတနာ, အကုသိုလ်စေတနာကို၊
ကမ္မံ - ကံဟူ၍၊
ဝဒါမိ - ဟောတော်မူ၏၊
ကာယေန - ကိုယ်ဖြင့် လည်းကောင်း၊
ဝါစာယ - နှုတ်စကားဖြင့် လည်းကောင်း၊
စေတယိတွာ - စေ့ဆော်၍၊
ကမ္မံ - ကံကို၊
ကရောတိ - ပြု၏။

ဟု အနက်ယောဇနာတော်မူလိုက်ခြင်းကို မှားယွင်းဖောက်ပြန် မမှန်မကန် ချော်ချွတ်သောအားဖြင့် အမှန်းအတားအစမ်း သွား ယောဇနာတော် မူလိုက်ခြင်းပင်ဟု မှတ်ရာသည်”။

ဟူသော အပြစ်တင်ဆိုချက်၌ -

အဖြေကား။ ။ ထိုယောဇနာတော်မူလိုက်ခြင်းကို မှားယွင်း ဖောက်ပြန် မမှန်မကန် ချော်ချွတ်သောအားဖြင့် အမှန်းအတား အစမ်း သွားယောဇနာတော်မူလိုက်ခြင်းဟု မမှတ်ရာ၊ စင်စစ်မူကား ထိုယောဇနာတော်မူလိုက်ခြင်းကို မမှားမယွင်း မဖောက်မပြန် အမှန်အကန် မချွတ်မ ချော်သောအားဖြင့် ယောဇနာနည်း အမျိုးမျိုးကို အမှန်တတ်သိ၍ ယောဇနာတော်မူလိုက်ခြင်းဟု မှတ်ရမည်။

အကြောင်းမူကား ယောဇနာနည်းသည်-

၁။ သင်္ခေပနည်း၊
၂။ ဝိတ္ထာရနည်း၊
ဟူ၍ နှစ်မျိုးရှိသည်တွင် -

လူအများတို့ မှတ်လွယ်, ဆောင်လွယ်စေခြင်းငှါ အကျဉ်းနည်းအားဖြင့် ယောဇနာခြင်း ဖြစ်ပေသည်။

၁-အဖြေပြီး၏။

၂-အဖြေ

၂။ ဣန္ဒဝဇီရစာအုပ်မျက်နှာ ၁၁-၌ -

“ထိုယောဇနာ၌ “ကာယေန, ဝါစာယ” ဟူသော နှစ်ပုဒ်ကိုသာ ယောဇနာ၍ “မနသာ” ဟူသောပုဒ်ကို မယောဇနာ၊ အနက်မပါပဲ ချွင်းချန် ပစ်ခဲ့သည့် အတွက်လည်း ချွတ်ချော်ခြင်း - မှုပြစ်တစ်ခုပင် ဖြစ်လေသည်”။

ဟူသောအပြစ်တင်ဆိုချက်၌-

အဖြေကား။ ။ ကျမ်းဆရာ၏ ချွင်းချန်ချက်မဟုတ်၊ မူသစ် တင်ရာ၌ “ကျ” ၍ သော်လည်း ဖြစ်ရာသည်၊ စာလုံးစီရာ၌ “ကျ” ၍သော်လည်း ဖြစ်ရာသည်၊ ဤကဲ့သို့ “စာကျ” ခြင်းသည် ဘယ်စာအုပ်မှာမှ မကင်းနိုင်ရှိတတ်သည်၊ ကျမ်းဆရာကို အပြစ်တင်ရသော အရာမျိုး မဟုတ်။

ဣန္ဒဝဇီရစာအုပ်၌မူကား - ထိုပါဠိတော်ကို ဝိတ္ထာရနည်းအားဖြင့် အနက်ယောဇနာပေ၏၊ မူလဋီကာ, အနုဋီကာများနှင့် ညီညွတ်ပေ၏။

၂-အဖြေပြီး၏။

၃-အဖြေ

၃။ ဣန္ဒဝဇီရစာအုပ်မျက်နှာ ၁၆-၌ -

“ကျမ်းဂန်တို့၌ “စေတယိတွာ”၏ ကရိုဏ်းလည်း တစ်ကန့် တစ်သွား, ကံကိုပြုခြင်းအနက်ဟော “ကရောတိ” ကြိယာ၏ ကရိုဏ်းလည်း တစ်ပါး၊ သမ္ဗန္ဓလည်း ခြားနား လာရှိပါလျက် လယ်တီ ဆရာတော်မူ “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” ဟူသောအကျိုးပြပါဌ်ကို ပွဲဦးထွက် အနက်ယောဇနာ၍ “စေတယိတွာ ကမ္မံ ကရောတိ” ဟူသောအကြောင်းပြပါဌ်ကို အဟပ် ကင်းလျက် နောက်ဆက် ယောဇနာတော်မူခြင်း, “ကာယေန, ဝါစာယ”ဟူသောနှစ်ပုဒ်ကို “စေတယိတွာ” ၏ ကရိုဏ်းထားကာ ယောဇနာတော်မူခြင်းများကို ပြုတော်မူ၏”။

ဟူသော အပြစ်တင်ဆိုချက်၌ -

အဖြေကား။ ။ သာသနဝိသောဓနီ စာအုပ်၌ လူအများတို့ နားလည်နိုင်ရန်အတွက် “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ”ဟူသော အကျိုးပြပါဌ်သည်သာ လိုရင်းဖြစ်၍ ထိုပါဌ်ကို ပွဲဦးထွက်အနက် ယောဇနာပေသည်။

၁။ “စေတယိတွာ ကမ္မံ ကရောတိ”ဟူသော အကြောင်းပြပါဌ်သည် လူအများ နားလည်ရန်အတွက်မှာ လိုရင်းလည်း မဟုတ်လှသည် တစ်ကြောင်း၊
၂။ ယသ္မာ, တသ္မာ-ဟူသော အကြောင်းအကျိုး စပ်ဟပ်မှုနှင့် တကွ ဝိတ္ထာရနည်းအားဖြင့် အနက်ယောဇနာခဲ့သော် လူတို့ နားလည်နိုင်ရန် ခဲယဉ်းလှသည်တစ်ကြောင်း၊

သို့အကြောင်းများကြောင့် ပါဠိအစဉ်ရှိသည့်အတိုင်း သင်္ခေပ နည်းအားဖြင့် အနက်ယောဇနာ လိုက်ပေသည်။

ဣန္ဒဝဇီရစာအုပ်မှာ အကြောင်းအကျိုး စပ်ဟပ်ခြင်းနှင့်တကွ ဝိတ္ထာရနည်းအားဖြင့် ယောဇနာသည့် အတွက် လူအများတို့နားမလည် နိုင်ပဲ ရှုပ်ထွေးလျက်ရှိနေကြပေလိမ့်မည်။

၃-အဖြေပြီး၏။

၄-အဖြေ

၃။ ဣန္ဒဝဇီရ စာအုပ်မျက်နှာ ၁၇-၌-

ကာယေန, ဝါစာယ”ဟူသောနှစ်ပုဒ်ကို “စေတယိတွာ”၏ ကရိုဏ်း ထားကာ ယောဇနာခြင်းများကို ပြုတော်မူ၏၊ ထိုယောဇနာ အနက်ပေးခြင်းမျိုးသည် ပါဠိ, အဋ္ဌကထာ, ဋီကာကျမ်းရိုးတို့နှင့်မညီ၊ မည်သည့်ကျမ်းဂန်တွင်မျှ မရှိချေ”။

ဟူသော အပြစ်တင် ဆိုချက်၌ -

အဖြေကား။ ။ “စေတယိတွာ”ပုဒ်၌လည်း ကရိုဏ်းရှိရလိမ့်မည် ဖြစ်၍ “ကမ္မံ ကရောတိ”၌ရှိနေသော “ကာယေန, ဝါစာယ, မနသာ” ဟူသော ပါဠိတော်လာ ကရိုဏ်းပုဒ်တို့ကို “စေတယိတွာ” ၏က ရိုဏ်း, “ကမ္မံ ကရောတိ” ၏ကရိုဏ်းပြုလုပ်၍ ယောဇနာလိုက်ပေသည်။

မူလဋီကာ၌မူကား “စေတယိတွာ” ဟူသောပုဒ်၌ “ပုရိမစေ တနာယ” ဟုကရိုဏ်းပုဒ်ကိုပြဆို၏။

ကရိုဏ်းနှစ်ပါး အထူးကား

ကာယေန, ဝါစာယ, မနသာ” ဟူသော ဒွါရကရိုဏ်းများသည် ဥပစာရကရိုဏ်းများ ဖြစ်ကြ၏၊ မူလဋီကာ၌ပြဆိုသော “ပုရိမစေတနာယ” ဟူသော ကံကရိုဏ်းသည်ကား မုချကရိုဏ်းဖြစ်ပေ၏၊ ဤသို့ဥပစာရကရိုဏ်း, မုချကရိုဏ်း အနေမျှသာ ထူးကြ၏။

[ဘယ်ကရိုဏ်းကိုမှ လွတ်လွတ်မပယ်သာချေ၊ ဘယ်ပါဠိ, ဘယ်အဋ္ဌကထာ, ဋီကာကျမ်းရိုးတို့နှင့် မညီ ဟူ၍လည်း မဆိုသာချေ။]

ဤကဲ့သို့ ကရိုဏ်းပုဒ်ကို ထုတ်ဆောင်၍ ယောဇနာသောနည်းမျိုးသည် ကျမ်းဂန်တို့၌ အလွန် ပေါများ၏၊ ကျမ်းဦးအစ ဝန္ဒနာပဏာမ အရာတို့၌ “ဝန္ဒိတွာ” ဟူ၍လည်းကောင်း, “အဘိဝန္ဒိတွာ” ဟူ၍လည်းကောင်း, အဘိဝါဒိယ စသည်ဖြင့် လည်းကောင်း, ပါရှိသော အဋ္ဌကထာ ကျမ်းကြီး-ကျမ်းငယ်တို့ကို လည်းကောင်း, ဂန္ထန္တရကျမ်းကြီး ကျမ်းငယ်တို့ကို လည်းကောင်း ဖွင့်ဆိုကြသော ဋီကာကျမ်းကြီး ကျမ်းငယ်တို့၌ “တီဟိ ဒွါရေဟိ” ဟူသောဒွါရကရိုဏ်းပုဒ်ကို ထုတ်ပြ၍ ဖွင့်ကြသော အရာ အလွန်များပြား၏၊ ဤမျှသောဖြေဆိုချက်တို့ဖြင့် “စေတနာဟံ ဘိက္ခဝေ” အစရှိသော အင်္ဂုတ္တိုရ် ပါဠိ၏ အနက်ဆိုချက်, အဓိပ္ပါယ်ပြဆိုချက်တို့၌ အပြစ်တင်ဆိုချက်အလုံးစုံသည် အကုန်ပြေပျောက် လေသည်။

၄-အဖြေပြီး၏။

၅-အဖြေ

၅။ ဣန္ဒဝဇီရစာအုပ်မျက်နှာ ၁၉-၌ ကံဒွါရခွဲခန်းတွင်-

“စေတနာသည် စေ့ဆော်တတ်သည်ပင်-ဟူသော်လည်း သမ္ပယုတ္တဓမ္မတို့ကိုသာ စေ့ဆော်တတ်သည်၊ ရုပ်ကိုမစေ့ဆော်တတ်”ဟူသော အယူဝါဒ၌-

အဖြေကား။ ။ စေတနာသည် သမ္ပယုတ္တဓမ္မကိုလည်း စေ့ဆော်တတ်၏၊ သဟဇာတ်ဖြစ်သော ရုပ်တရားတို့ကိုလည်း စေ့ဆော်တတ်၏။

ထို့ကြောင့် ပဋ္ဌာန်းပါဠိတော်၌-

စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စ ယေနပစ္စယော။
[ဟူ၍ဟောတော်မူ၏။]

အနက်ကား။

စေတနာ - သဟဇာတစေတနာသည်၊
သမ္ပယုတ္တ ကာနံ - အတူတကွ ယှဉ်ဖော်ယှဉ်ဖက် ဖြစ်ကုန်သော၊
ဓမ္မာနဉ္စ - စိတ်,စေတသိက်တရား တို့အား လည်းကောင်း၊
တံသမုဋ္ဌာနာနံ - ထိုစေတနာလျှင် ဖြစ်ကြောင်းရှိကုန်သော၊
ရူပါနဉ္စ - သဟဇာတ်ရုပ်တို့အား လည်းကောင်း၊
ကမ္မပစ္စယေန - ကမ္မပစ္စယသတ္တိဖြင့်၊
ပစ္စယော - ကျေးဇူးပြုတတ်သည်၊
ဟောတိ - ဖြစ်၏။

ဤပါဠိတော်၌-

ကမ္မပစ္စယသတ္တိ ဆိုသည်ကား။ ။ စေ့ဆော်တတ်သော အစွမ်း သတ္တိကို ဆို၏၊ ထိုသတ္တိဖြင့် သဟဇာတ်ရုပ်တို့အား ကျေးဇူးပြုမှု ဆိုသည်ကား ရုပ်တရားတို့ကို စေ့ဆော်မှုပင်ဖြစ်သတည်း။

အဋ္ဌသာလိနီ၌မူကား-

စေတယတီတိ စေတနာ၊ သဒ္ဓိံ အတ္တနာ သမ္ပယုတ္တဓမ္မေ အာရမ္မဏေ အဘိသန္ဒဟတီတိ အတ္ထော။

ဟူ၍သာဆိုသည်မှာ “အာရမ္မဏေ”ဟူသော အာဓာရနှင့်လျော်စွာ ဆိုရလေသည်။

အာရမ္မဏေ”ဟူသော ပုဒ်အရာ၌ “တသ္မိံ တသ္မိံ ကမ္မေ”ဟု ဆိုလိုလျှင်ဆို သင့်သည်သာဖြစ်၏၊ “တသ္မိံ တသ္မိံ ကမ္မေ - ထိုထိုဒါန သီလအစရှိသောအမှု, ပါဏာတိပါတ အစရှိသောအမှု၌” ဟု အနက်ပေး။

ဤအာဓာရပုဒ်နှင့် လျော်စွာဆိုသော်-

စေတယတီတိ စေတနာ၊ သဒ္ဓိံ အတ္တနာ သဟဇာတဓမ္မေ တသ္မိံ တသ္မိံ ကမ္မေ အဘိသန္ဒဟတီတိ အတ္ထော။

ဟူ၍ဆိုသင့်သည်သာဖြစ်၏။

၅-အဖြေပြီး၏။

၆-အဖြေ

၆။ ဣန္ဒဝဇီရစာအုပ်မျက်နှာ ၂၀၊ သာသနဝိသောဓနီ မျက်နှာ နံပါတ် ၆၇-တို့၌-

“ဝိညတ် ၂-ပါးကို ကံမြောက်ကြောင်း ဟူသော စကားတွင်”။ ဟူသော အပြစ်တင်ဆိုချက်၌-

အဖြေကား။ ။ ဝိညတ် ၂-ပါးကို (ကံ) မြောက်ကြောင်းဟု ဆိုခြင်းသည် ဒွါရသဒ္ဒါ၏ အနက်ကို စွဲ၍ဆိုခြင်း ဖြစ်သည်၊ ဒွါရသဒ္ဒါသည် အကြောင်းဟူသော အနက်ကိုဟော၏၊ (ကံ) မြောက်ကြောင်း ဆိုသည်ကား ကာယဝိညတ် ပါသောကြောင့် ကာယကံ ဟူသော အမည်ထူး ဖြစ်နိုင်သည်၊ ဝစီဝိညတ် ပါသောကြောင့် ဝစီကံဟူသော အမည်ထူးဖြစ်နိုင်သည်ကိုယူလေ။

ဤကား--- “တမှိ ဒွါရေ သိဒ္ဓါ စေတနာ” ဟူသော အဋ္ဌကထာ ပါဌ်၏ အဖွင့်မူလဋီကာများနှင့် အညီတည်း။

၎င်းနံပါတ်တွင် -

“ကုသိုလ်, အကုသိုလ် ဇောစိတ်များသည် ကံမြောက်ကြောင်း ဖြစ်သော မနောဒွါရ မည်၏” ဟူသော စကား၌ ကြိယာအဗျာကတ စေတနာ ကျန်ရှိသည့်အတွက် အပြစ်တင်ဆိုရာ၌-

အဖြေကား။ ။ အဋ္ဌသာလိနီ၌--

ဧဝံ ပရဝါဒိမှိ သတိ ကာယော ဒွါရံ၊ တမှိ ဒွါရေ သိဒ္ဓါ စေတနာ ကာယကမ္မံ ကုသလံဝါ အကုသလံဝါ တိ ထပေတဗ္ဗံ”။

ဟူသောပါဌ်နှင့်အညီ - ကုသိုလ် အကုသိုလ် ၂-ပါးကိုသာ ဆိုပေ၏။

ဧဝံ - ဤသို့၊
ပရဝါဒိမှိ - ပရဝါဒီပုဂ္ဂိုလ်သည်၊
သတိ - ထင်ရှားရှိခဲ့သော်၊
ကာယော - ကာယဝိညတ်သည်၊
ဒွါရံ - ဒွါရမည်၏၊
တမှိ ဒွါရေ - ထိုဒွါရ၌၊
သိဒ္ဓါ - ထင်ရှားသော၊
စေတနာ - စေတနာသည်၊
ကာယကမ္မံ - ကာယကံ မည်၏၊
ကုသလံဝါ - ကုသိုလ်ကံလည်း ရှိ၏၊
အကုသလံဝါ - အကုသိုလ်ကံလည်း ရှိ၏၊
ဣတိ - ဤသို့၊
ထပေတဗ္ဗံ - အဆုံးသတ်၍ ထားအပ်၏။

ပရဝါဒီ ဆိုသည်ကား။ ။ ပညာရှိတို့၏ စိတ်နှလုံးကို တုန်လှုပ်စေတတ်သော ဝိတဏ္ဍဝါဒီပုဂ္ဂိုလ်ကို ဆို၏၊ ထိုပုဂ္ဂိုလ်မျိုးသည် ယခုအခါ အလွန်များပြားလျက်ရှိချေ၏။

၆-အဖြေပြီး၏။

၇-အဖြေ

၇။ “ဣန္ဒဝဇီရစာအုပ်မျက်နှာ ၂၂-၌-

“မူလဋီကာပါဌ်, အနုဋီကာပါဌ်များကို ထုတ်ပြ၍ သာသနဝိသောဓနီ၌ ဝိညတ်ကို (ကံ) မြောက် ကြောင်း” ဟု ဆိုသောစကားကို အပြစ်တင်ဆိုရာ၌-

အဖြေကား။ ။ ဝိညတ်ကို (ကံ) မြောက်ကြောင်းဟု ဆိုခြင်းသည် မူလဋီကာပါဠိများနှင့် အညီပင် ဖြစ်၏၊ ညီပုံကိုလည်း အဖြေနံပါတ် (၆) တွင် ပြဆိုခဲ့ပြီ။

ဤဋီကာပါဌ်တို့ဖြင့် အထူးဆိုဖွယ်ရှိသည်ကို ပြဆိုပေအံ့။

ကာရက ၆-ပါးတို့တွင် ဖြင့်-ဟူ၍ အနက်ဆိုရသော ကာရကသည် ကရဏကာရကမည်၏၊ ထိုကရဏကာရကကို ကရိုဏ်း ဟူ၍ဆို၏၊ ထိုကရဏကာရကသည် ကြိယာသာဓကတမသတ္တိ ရှိ၏၊ ကြိယာ သာဓက တမသတ္တိ ဆိုသည်ကား ကြိယာကို လွန်စွာပြီးစီး စေတတ်သော သတ္တိပေတည်း၊ ကြိယာပြီးစီးရာ၌ လွန်ကဲသောအကြောင်းထူးပေတည်း ဟု ဆိုလိုသည်။

၁။ ပုရိသော - ယောက်ျားသည်၊
ဟတ္ထေန - လက်ဖြင့်၊
ဒဏ္ဍံ - တုတ်လှံတံကို၊
ဂဏှာတိ - ကိုင်၏။

၂။ ပုရိသော - ယောက်ျားသည်၊
ပါဒေန - ခြေဖြင့်၊
မဂ္ဂံ - ခရီးသို့၊
ဂစ္ဆတိ - သွား၏။

ဆိုရာတို့၌ ယောက်ျားသည် လက်ရှိ၍သာ လှံတံကို ကိုင်နိုင်၏၊ ခြေရှိ၍သာ ခရီးသွားနိုင်၏၊ ထို့ကြောင့် လက်သည် လှံတံကိုင်ခြင်း ကြိယာ၌ လွန်ကဲသော အကြောင်းထူး ဖြစ်ပေ၏။

[ဤကား သဒ္ဒါနည်းအားဖြင့် ကရိုဏ်းအစွမ်းသတ္တိကို ပြဆိုချက်တည်း။]

အဘိဓမ္မာ နည်းအားဖြင့် ပြဆိုမှုကား-

ပဋ္ဌာန်း ၂၄-ပစ္စည်းတို့တွင် သင့်လျော်ရာပစ္စည်းတို့ဖြင့် ပြဆိုရာ၏၊ ပဋ္ဌာန်းပစ္စည်းနှင့်ကင်း၍ မုချကရိုဏ်းဟု ပြဆိုရန် အခွင့်မရှိ။

မူလဋီကာ၌-

တသ္မိံ ဒွါရေ သိဒ္ဓါတိ တေန ဒွါရေန ဝိညာတဗ္ဗဘာဝတော တေနေဝ ဒွါရေန နာမလာဘတော တသ္မိံ ဒွါရေ ပါကဋဘာဝ ဝသေန သိဒ္ဓါ။

[ဟုဖွင့်၏။]

အနက်ကား။

တသ္မိံ ဒွါရေ သိဒ္ဓါတိ - တသ္မိံ ဒွါရေ သိဒ္ဓါ ဟူသည်ကား၊
တေန ဒွါရေန - ထိုကာယဒွါရဖြင့်၊
ဝိညာတဗ္ဗဘာဝတော - ကံကိုသိအပ်သည်၏ အဖြစ်ကြောင့်၊
တေနေဝ ဒွါရေန - ထိုကာယဒွါရ ဖြင့်သာလျှင်၊
နာမလာဘတော - ကာယကံဟူသော အမည်ကို ရခြင်းကြောင့်၊
တသ္မိံ ဒွါရေ - ထိုကာယဒွါရ၌၊
ပါကဋဘာဝဝသေန - ထင်ရှားသည်၏ အဖြစ်၏ အစွမ်းဖြင့်၊
သိဒ္ဓါ - ပေါ်လွင်ထင်ရှားသော၊
စေတနာ - စေတနာသည်၊
ကာယကမ္မံ - ကာယကံ မည်၏။

အနုဋီကာ၌-

ကာယဝိညတ္တိယာ တထာ ပဝတ္တမာနာယ စေတနာ သင်္ခါတဿ ကမ္မဿ ကာယကမ္မဘာဝေါ နိပ္ပဇ္ဇတိ တာယ ဥပလက္ခိတဗ္ဗတ္တာ၊ န ပန စတုဝီသတိယာ ပစ္စယေသု ကေနစိ ပစ္စယဘာဝတောတိ ဒေဿန္တော တသ္မိံ ဒွါရေ သိဒ္ဓါတိ အာဒိမာဟ။ [ဟုဖွင့်၏။]

အနက်ကား။

ကာယဝိညတ္တိယာ - ကာယဝိညတ်သည်၊
တထာ - ထိုကိုယ်အင်္ဂါလှုပ်ရှားသော အခြင်းအရာအားဖြင့်၊
ပဝတ္တမာနာယ - ဖြစ်သည်ရှိသော်၊
စေတနာသင်္ခါတဿ - စေတနာဟု ဆိုအပ်သော၊
ကမ္မဿ - ကံ၏၊
ကာယကမ္မဘာဝေါ - ကာယကံ၏ အဖြစ်သည်၊
နိပ္ပဇ္ဇတိ - ပြီးစီး၏၊
ကသ္မာ - အဘယ့်ကြောင့်နည်း ဟူမူကား၊
တာယ - ထိုကာယဝိညတ်ဖြင့်၊
ဥပလက္ခိတဗ္ဗတ္တာ - ကာယကံဟု မှတ်အပ်သည်၏ အဖြစ်ကြောင့်တည်း၊
စတုဝီသတိယာ - ၂၄-ပါးသော၊
ပစ္စယေသု - ပဋ္ဌာန်းပစ္စည်းတို့တွင်၊
ကေနစိ - တစ်စုံတစ်ခုသော ပစ္စည်းဖြင့်၊
ပစ္စယဘာဝတော - ကျေးဇူးပြုတတ်သည်၏ အဖြစ်ကြောင့်၊
ကာယကမ္မ ဘာဝေါ - ကာယကံ၏အဖြစ်သည်၊
န ပန နိပ္ပဇ္ဇတိ - ပြီးစီးသည်မဟုတ်၊
ဣတိ - ဤသို့၊
ဒေဿန္တော - ပြတော်မူလိုသည်ဖြစ်၍၊
တသ္မိံ ဒွါရေ သိဒ္ဓါတိအာဒိံ - တသ္မိံ ဒွါရေ သိဒ္ဓါအစရှိသောစကားကို၊
အာဟ - မူလဋီကာဆရာ မိန့်အပ်ပေ၏။

ဤဋီကာပါဌ်တို့၌ ဆိုလိုရင်း အဓိပ္ပါယ်ကား-

၁။ ဘုရားရှိခိုးချိန်ကျ၍ ဘုရားရှိခိုးသောအခါ ဘုရားရှိခိုးရာသို့ ကိုယ်အင်္ဂါညွတ်ကိုင်းခြင်း, လက်အုပ် ချီခြင်းကိုလည်း ပြု၏။

၂။ “နမော တဿ” အစရှိသော ဘုရားရှိခိုးများကိုလည်း ရွတ်ဆို၏။

ထိုသူ၌-

၁။ ကိုယ်အင်္ဂါ ညွတ်ကိုင်းခြင်း, လက်အုပ်ချီခြင်းသည် ကာယဒွါရ မည်၏။
၂။ ဘုရားရှိခိုးများကို ရွတ်ဆိုခြင်းသည် ဝစီဒွါရ မည်၏။
၃။ ကိုယ်အင်္ဂါ ညွတ်ကိုင်းအောင် လက်အုပ်ချီအောင် လှုံ့ဆော်သောစေတနာသည် ကာယကံ မည်၏။
၄။ ဘုရားရှိခိုးများကိုရွတ်ဆိုအောင် လှုံ့ဆော်သော စေတနာသည် ဝစီကံ မည်၏။

အနီး၌ရှိသော သူများကလည်း ထိုသူ၌ရှိနေသော ကာယဒွါရ, ဝစီဒွါရတို့ကို စက္ခုဒွါရ, သောတဒွါရ တို့ဖြင့် မြင်ကြ ကြားကြသောအခါ၌ ထိုသူမှာ ဘုရားကိုကြည်ညိုသော စေတနာကံဖြစ်နေသည်ဟု သိကြ၏。

ဥပမာကား။ ။ စားဖိုအိမ်မှ ထွက်၍နေသောမီးခိုးကို အဝေးက မြင်ကြသဖြင့် စားဖိုအိမ်တွင်း၌ မီးရှိသည်ကို အဝေးကသိနိုင်ကြသကဲ့သို့တည်း။

ဤဥပမာ၌-

၁။ နှလုံးအိမ်တွင်း၌ရှိသော စေတနာကံသည် စားဖိုအိမ်တွင်း၌ ရှိသော မီးနှင့်တူ၏။
၂။ ကိုယ်အင်္ဂါလှုပ်ရှားမှု, နှုတ်အင်္ဂါလှုပ်ရှားမှု-ဟူသော ဒွါရ ၂- ပါးသည် စားဖိုအိမ်မှ ထွက်၍နေသော မီးခိုးနှင့်တူ၏။

အကျိုးဖြစ်သော အခိုးကိုအစွဲပြု၍ အကြောင်းဖြစ်သော မီးသည် “ဓူမသီခ”ဟူသောအမည်ကိုရ၏။

[အခိုးတည်းဟူသော ဦးစွန်းတံခွန် ရှိသောမီးဟု ဆိုလိုသည်။]

ထို့အတူ စေတနာကံသည် အကျိုးဖြစ်သောကာယဒွါရ, ဝစီဒွါရ တို့ကိုအစွဲပြု၍ ကာယကံ, ဝစီကံ ဟူသောအမည်ကိုရ၏။

ဤသို့လျှင် ဖြစ်ပေါ်မှု, တည်နေမှုကို အစွဲပြု၍ဆိုသော်-

၁။ စေတနာကံသည် အကြောင်းဖြစ်၏။
၂။ ဒွါရ ၂-ပါးသည် အကျိုးဖြစ်၏။

အမည်ရမှုကို အစွဲပြု၍ဆိုသော်-

၁။ ဒွါရသည် အကြောင်းဖြစ်၏။
၂။ စေတနာမှာ ကာယကံ, ဝစီကံဟူသော အမည်ရမှုသည် အကျိုးဖြစ်၏။

ပဋ္ဌာန်း ၂၄-ပစ္စည်းမည်သည် မဖြစ်သေးသော အကျိုးတရားကို ဖြစ်ပေါ်စေခြင်းငှါလည်းကောင်း, ဖြစ်ပြီးသောအကျိုးတရားကို တည်နေစေခြင်း ငှါလည်းကောင်း ထိုက်သည်အားလျော်စွာ ကျေးဇူး ပြုတတ်သော သတ္တိ ၂-ပါးရှိကြ၏၊ ကာယဒွါရ, ဝစီဒွါရတို့၌ ထိုသတ္တိမျိုးမရှိ၊ ထို့ကြောင့် ကာယဒွါရ, ဝစီဒွါရဟူသော ကရိုဏ်း ၂-ပါးသည် ရှေ့၌ပြဆိုခဲ့ပြီးသော ကြိယာသာဓကတမ သတ္တိနှင့် ပြည့်စုံသော မုချကရိုဏ်းမျိုး မဟုတ်၊ ဥပစာရ ကရိုဏ်းမျှသာ ဖြစ်သည်ဟု ဤဋီကာများအလိုအားဖြင့် အလွန် ထင်ရှား လေသတည်း။

[ဤသည်လည်း-တစ်ရပ်။]

၇-အဖြေပြီး၏။

၈-အဖြေ

၈။ “ဣန္ဒဝဇီရစာအုပ်မျက်နှာ ၂၄-နှင့် ၂၅-၌-

စက္ခုဒွါရရုပ်သည် စက္ခုဝိညာဏ်အား နိဿယပစ္စည်း, ပုရေဇာတပစ္စည်း, ဣန္ဒြိယပစ္စည်း, ဝိပ္ပယုတ္တ ပစ္စည်း, အတ္ထိပစ္စည်း, အဝိဂတပစ္စည်း ဟူကုန်သော ပဋ္ဌာန်းပစ္စည်းတို့ဖြင့် ကျေးဇူးပြုနိုင်, ပစ္စည်း တပ်ပိုင်သောကြောင့် လည်းကောင်း, ထိုစက္ခုဒွါရရုပ်ကား ထိုပစ္စည်း နည်းပေါင်းဖြင့် ကောင်းကောင်း ကြီး စက္ခုဝိညာဏ်ဖြစ်ကြောင်း တရားဖြစ်လေ၍ စက္ခုဝိညာဏ် စိတ်မူကား ထိုနည်းအားဖြင့် အကျိုး တရားဖြစ်ပါပေ၏၊ ဝိညတ်ဒွါရသည် ပဋ္ဌာန်းပစ္စည်း ၂၄-ပစ္စည်းတွင် တစ်ခုတည်းမျှပင် စေတနာကံ အား ကျေးဇူးမပြုတတ် လေသဖြင့် ကံဖြစ်ကြောင်း, ကံမြောက်ကြောင်းတရား မဟုတ်နိုင်ကောင်း သောကြောင့်လည်းကောင်း ပမာနှင့်ပမေး ကွာဝေးကြီး ကွာဝေးရ လေသည်”။

ဟူသောအပြစ်တင်ဆိုချက်၌-

အဖြေကား။ ။ ပမာ-ပမေးမည်သည် တစ်စိတ်တစ်ဒေသအားဖြင့် တူသည်ကိုစွဲ၍ ဆိုမြဲဖြစ်၏၊ မြတ်စွာဘုရား၏ မျက်နှာတော်သည် ရွှေလမင်းနှင့် တူသည်ဟု ဆိုကြရာ၌ အရောင် အသရေ တောက်ပခြင်း - ဟူသော ဂုဏ်တစ်စိတ်မျှတူကြသည်ကို အစွဲပြု၍ ဆိုပေ၏။

ရှေးဥပမာ၌ မြတ်စွာဘုရားမျက်နှာတော်သည် ရွှေလမင်းနှင့် မတူ၊ မြတ်စွာဘုရားမျက်နှာတော်မှာ စက္ခု, သောတ, ဃာန, ဇိဝှါ, မုခ, အင်္ဂါကြီးများ ထင်ရှားရှိ၏၊ ရွှေလမင်းမှာ ထိုအင်္ဂါများ မရှိသော ကြောင့် ထိုဥပမာ စကားသည် မှား၏ဟု မဆိုသင့်ပေ။

ထို့အတူ စက္ခုမှာ ပဋ္ဌာန်း ၆-ပစ္စည်းရ၍ ဝိညတ်မှာ ထို ၆-ပစ္စည်း မရသောကြောင့် ဥပမာစကားသည် မှားသည်ဟု မဆိုသင့်ပေ။

ဤစကား၌ ဆိုဖွယ်အထူးကား-

စက္ခုဒွါရရုပ်သည် စက္ခုဝိညာဏ်အား နိဿယ-စသော ပဋ္ဌာန်း ပစ္စည်းတို့ဖြင့် ကျေးဇူးပြု ပါလျက်နှင့်ပင် မုချကရိုဏ်းမဖြစ်ရ၊ ဥပစာရ ကရိုဏ်း မျှသာဖြစ်သည်ဟု အဋ္ဌကထာကြီးတို့၌ ဆိုသောကြောင့် ဝိညတ်ရုပ်သည် စေတနာကံအား ပဋ္ဌာန်းပစ္စည်း ၂၄-နည်းတွင် တစ်ခုတည်းဖြင့်မျှ ကျေးဇူးမပြုတတ်လေသဖြင့် ဥပစာရကရိုဏ်းဖြစ်သည်ဟု ဆိုခွင့်ပင်မရှိ။

မုချကရိုဏ်းဖြစ်ရန်မှာမူကား အဝေးကြီးဝေးလေတော့သည်ဟုဆိုရန် အခွင့်ကြီးရောက်၏၊ သို့သော် ဥပစာရနည်းမည်သည် အမျိုးမျိုး ရှိသောကြောင့် သင့်လျော်ရာ ဥပစာရနည်း၌ ထည့်သွင်း၍ယူလေ။

[ဤမျှသောအဖြေ စကားရပ်တို့ဖြင့် သာသနဝိသောဓနီ စာအုပ်ဉာဏ်သွားနှင့် ဣန္ဒဝဇီရစာအုပ် ဉာဏ်သွား ကွာခြားချက် ကြီးသည် လူရှင်အများတို့အား ထင်ရှားလောက်ပြီဖြစ်၍ ကျန်ရှိသောအပြစ် တင်ဆိုချက်တို့ကို ဖြေဆိုဖွယ် မရှိပြီ။]

၈-အဖြေပြီး၏။

အချုပ်အားဖြင့် ရှင်းလင်းတော်မူချက်

သြကာသဝန္ဒနာ၌ ကံကရိုဏ်း, ဒွါရကရိုဏ်း ၂-မျိုးအဆိုကွဲပြားကြရာမှာ-

ကံကရိုဏ်းလည်း အသင့်ပင်ဖြစ်၏၊ ဒွါရကရိုဏ်းလည်း အသင့်ပင် ဖြစ်၏၊ သင့်မသင့်ငြင်းခုံဖွယ်မရှိ။

ကံကရိုဏ်းကား မုချသင့်၊ ဒွါရကရိုဏ်းကား ဥပစာရသင့်၊ ဤမျှသာကွဲကြ၏။

ထို ၂-ပါးတို့တွင် ဥပစာရသင့်ကိုလည်း ကျမ်းဂန်တို့မှာ များစွာ အသုံးပြုလျက်ရှိ၏၊ ကာယဒွါရဖြင့် ရှိခိုးပါ၏ဆိုရာ၌လည်း အကြောင်းဖြစ်သော စေတနာကံပါရှိသည်ကိုသိအပ်၏၊ ကာယကံဖြင့် ရှိခိုး ပါ၏ ဆိုရာ၌လည်း ဒွါရသည်အပြီးပါလျက်ရှိ၏၊ ထိုကရိုဏ်းအဆို ၂-မျိုးသည် သြကာသဝန္ဒနာ ၌သာ ပါရှိ၏၊ ဘုရားရှေ့တော်၌ ဝတ်ချမှု, လက်အုပ်ချီမှုကိုပြုပြီးလျှင် သြကာသဝန္ဒနာကိုမဆိုမူ၍ “နမော တဿ” ကစ၍ ရရှိသော ဘုရားရှိခိုးများကိုရွတ်ဆို၍ ရှိခိုးကြရာ၌လည်း ဒွါရ ၃-ပါး, ကံ ၃- ပါးအပြီးပါရှိ၍နေ၏။

ပါရှိပုံကား။ ။ ဝတ်ချမှု, လက်အုပ်ချီမှုသည် ကာယကံ-ကာယ ဒွါရမှုပေတည်း၊ “နမော တဿ, ဣတိပိသော”စသည်တို့ကို ရွတ်ဆိုမှုသည် ဝစီကံ-ဝစီဒွါရမှုပေတည်း၊ မြတ်စွာဘုရားတည်းဟူသော အာရုံ၌ စိတ်မနော၏ ညွတ်ကိုင်းခြင်းသည် မနောကံ-မနောဒွါရမှု ပေတည်း။

[ဤသို့လျှင် ဘုရားကိုတစ်ကြိမ်ရှိခိုးရာ၌ ကံ ၃-ပါး, ဒွါရ ၃-ပါးတို့သည် အစ, အလယ်, အဆုံး ပါရှိမြဲဖြစ်၏၊ သြကာသ ဝန္ဒနာ၌ ကရိုဏ်း ၃-ပါးကို ထုတ်ဖော်၍ ဆိုခြင်းသည် အပိုကဲ့သို့ ဖြစ်၏။]

ဥပမာကား။ ။ မုဆိုး ၃-ယောက်သည် သမင်ကိုပစ်ကြရာ၌-

၁။ မုဆိုးတစ်ယောက်က လာလေ့ဟဲ့ လေး, နှင့်ပစ်လိုက်မည်ဟု ဆိုလေ့ရှိ၏။
၂။ မုဆိုးတစ်ယောက်က လာလေ့ဟဲ့ မြား, နှင့်ပစ်လိုက်မည်ဟု ဆိုလေ့ရှိ၏။
၃။ မုဆိုးတစ်ယောက်က တစ်စုံတစ်ခုကိုမျှ မဆိုမူ၍ ပစ်လေ့ရှိ၏။

ထိုသို့ပစ်ကြရာ၌ သမင်ကို မှန်မှု, မမှန်မှုမှာ လက်၏ဆိုင်ရာသာဖြစ်၏၊ လက်ဖြောင့်လျှင်မှန်၏၊ လက်မဖြောင့်လျှင် မမှန်၊ လေးနှင့်ပစ်လိုက်မည်, မြားနှင့်ပစ်လိုက်မည် ဟူသောအဆိုသည် အပို သက်သက်သာဖြစ်၏။

ဥပမာ-ဥပမေယျ စပ်ဟပ်ပြချက်

ဤဥပမာ၌-

၁။ ဒွါရကရိုဏ်းသည် လေးနှင့်တူ၏။
၂။ ကံကရိုဏ်းသည် မြားနှင့်တူ၏။
၃။စေ့ဆော်သော စေတနာသည် လေးကိုကိုင်သော လက်နှင့်တူ၏။

အကျိုးကြီးမှု, မကြီးမှုမှာ ထိုစေတနာ၏ ဆိုင်ရာဖြစ်၏၊ စေတနာ မကောင်းလျှင် အကျိုးမကြီး၊ စေတနာကောင်းလျှင် အကျိုးကြီး၏။

ထို့ကြောင့်-

၁။ ဒွါရကရိုဏ်းကို နှုတ်တက်သူတို့မှာ ဒွါရကရိုဏ်းကိုဆို၍ ရှိခိုးသင့်လှပေ၏။
၂။ ကံကရိုဏ်းကို နှုတ်တက်သူတို့မှာ ကံကရိုဏ်းကိုဆို၍ ရှိခိုးသင့်လှပေ၏။
၃။ ကရိုဏ်း ၂-ခုကိုမဆိုမူ၍ “နမော တဿ” စသည်တို့ကိုဆို၍ ရှိခိုးခြင်းသည်လည်း သင့်လှပေ၏။

[ဘယ်ရှိခိုးခြင်းကိုမျှ မသင့်ဟူ၍ မဆိုသာပေ။]

ဒွါရကရိုဏ်းသာ သင့်သည်၊ ကံကရိုဏ်း မသင့်ဟူ၍ လည်းကောင်း ကံကရိုဏ်းသာ သင့်သည်၊ ဒွါရကရိုဏ်း မသင့်ဟူ၍လည်းကောင်း ငြင်းခုံဖွယ်မရှိ၊ ငြင်းခုံဖွယ် မရှိပါဘဲလျက် ငြင်းခုံမှုဝိဝါဒကို ပြုခဲ့သော် ဝိဝါဒအတွက် အပြစ်ကြီးမှား၍ သွားတတ်၏။

ဥပမာကား။ ။လူ ၂-ယောက်သည် ဆေးလိပ်တိုတစ်ခုကို အစွဲပြု၍ သူ့ဆေးလိပ်, ငါ့ဆေးလိပ်ဟု ငြင်းခုံခြင်း ဖြစ်ကြရာ၌ နှုတ်ကျူး နှုတ်လွန် လက်ကျူး လက်လွန် ဖြစ်ပွါး၍ သွားကြသဖြင့် ငွေတစ်သောင်းစီ ကုန်ကျကြလေ၏။

ဥပမာ-ဥပမေယျ စပ်ဟပ်ပြချက်

ဤဥပမာ၌-

၁။ ကံကရိုဏ်း, ဒွါရကရိုဏ်း အဆို ၂-ပါးသည် ဆေးလိပ်တိုနှင့် တူ၏။
၂။ ငြင်းခုံမှုသည် ငွေတစ်သောင်းစီ ကုန်ကျသည်နှင့် တူ၏။

[ကံဒွါရ ဝိဝါဒပေါ်ပေါက်သည့်နေ့မှစ၍ ငြင်းခုံမှု ဖြစ်ပွါးသည့်အတွက် အပါယ် လေးပါးသို့ ကျရောက်ကြသူ အဘယ်မျှလောက် များလိမ့်မည်မသိ။]

ဣန္ဒဝဇီရစာအုပ်မျက်နှာ ၂၆-၌-

“ကံကရိုဏ်းထားဟန် အမှန်မုချဖြစ်ပါမူ ဓမ္မက္ခန္ဓာပေါင်း အားဖြင့်လည်း ရှစ်သောင်း လေးထောင်၊ သုတ်, ဝိနည်း, အဘိဓမ္မာ အားဖြင့်လည်း ပိဋကတ်တော် သုံးပုံသုံးသွယ် - စသည်ဖြင့် ပါဠိ, အဋ္ဌကထာ, ဋီကာ, အနု, မဓု, လက်သန်းကျမ်း အစောင်စောင်တို့တွင် တစ်ကျမ်းကျမ်း၌ပင် ဒွါရကရိုဏ်းသွားကဲ့သို့ ကံကရိုဏ်းထား တိုက်ရိုက်ကို နှိုက်ချွတ်ရှာဖွေ မရမရှိချေ” ဟုပြဆိုလျက် ပါရှိ၏။

ကံကရိုဏ်းထားဟန် ပါဠိတော်တိုက်ရိုက် စိုက်စိုက်ကြီးလာရှိသည်သာ အမှန်ဖြစ်၏။

လာရှိဟန်ကား-

ဒီဃရတ္တံ ခေါ တေ အာနန္ဒ တထာဂတော ပစ္စုပဋ္ဌိတော မေတ္တေန ကာယကမ္မေန ဟိတေန သုခေန အဒွယေန အပ္ပမာဏေန၊ မေတ္တေန ဝစီကမ္မေန ဟိတေန သုခေန အဒွယေန အပ္ပမာဏေန၊ မေတ္တေန မနောကမ္မေန ဟိတေန သုခေန အဒွယေန အပ္ပမာဏေန။

[သုတ်မဟာဝါပါဠိတော် မဟာပရိနိဗ္ဗာနသုတ် စာအုပ်မျက်နှာ နံပါတ်-၁၀၅။]

အနက်ကား။

အာနန္ဒ - အာနန္ဒာ၊
ခေါ - စင်စစ်၊
တေ-တယာ - သင်သည်၊
ဒီဃရတ္တံ - ရှည်မြင့်စွာသော ကာလပတ်လုံး၊
တထာဂတော - ငါဘုရားကို၊
ဟိတေန - အကျိုးများကြောင်း စီးပွားကောင်းဖြစ်သော၊
သုခေန - ချမ်းသာကြောင်း ဖြစ်သော၊
အဒွယေန - မျက်မှောက်တစ်သွယ် မျက်ကွယ်တစ်ခြား နှစ်ပါးကွဲလွဲခြင်း မရှိသော၊
အပ္ပမာဏေန - အတိုင်းအရှည် ပမာဏ မရှိသော၊
မေတ္တေန - မေတ္တာနှင့် ယှဉ်သော၊
ကာယကမ္မေန - ကာယကံဖြင့်၊
ပစ္စုပဋ္ဌိတော - ခစားဆည်းကပ် လုပ်ကျွေးပြုစု အပ်လှလေပြီ၊
ဟိတေန - အကျိုးစီးပွား ထွန်းကားကြောင်း ဖြစ်သော၊
သုခေန - ချမ်းသာကြောင်း ဖြစ်သော၊
အဒွယေန - မျက်မှောက်တစ်သွယ် မျက်ကွယ်တစ်ခြားနှစ်ပါးကွဲလွဲခြင်း မရှိသော၊
အပ္ပမာဏေန - အတိုင်းအရှည် ပမာဏ မရှိသော၊
မေတ္တေန - မေတ္တာနှင့်ယှဉ်သော၊
ဝစီကမ္မေန - ဝစီကံဖြင့်၊
ပစ္စုပဋ္ဌိတော - ခစားဆည်းကပ် လုပ်ကျွေးပြုစု အပ်လှလေပြီ၊
ဟိတေန - အကျိုးစီးပွား ထွန်းကားကြောင်းဖြစ်သော၊
သုခေန=ချမ်းသာကြောင်းဖြစ်သော၊
အဒွယေန - မျက်မှောက် တစ်သွယ် မျက်ကွယ်တစ်ခြား နှစ်ပါး ကွဲလွဲခြင်း မရှိသော၊
အပ္ပမာဏေန - အတိုင်း အရှည်ပမာဏ မရှိသော၊
မေတ္တေန - မေတ္တာနှင့်ယှဉ်သော၊
မနောကမ္မေန - မနောကံဖြင့်၊
ပစ္စုပဋ္ဌိတော - ခစား ဆည်းကပ် လုပ်ကျွေးပြုစု အပ်လှလေပြီ။

[ဤပါဠိတော်ကြီးဖြင့် ကံကရိုဏ်းထားအပ်ကြောင်း ကောင်းကောင်းကြီး ထင်ရှား၏။]

ဤပါဠိတော်၌ -

မေတ္တာကာယကံ ဆိုသည်ကား။ ။ မေတ္တာစိတ်၏ အစွမ်းဖြင့် ဖြစ်စေအပ်သော မျက်နှာသစ်ရေ ကပ်ခြင်း, ဒန်ပူကပ်ခြင်း, ခရီးဦးကြိုဆိုခြင်း, လက်အုပ်ချီခြင်း, ထိခြင်းငါးပါးဖြင့် ညွတ်တွား ကိုင်းရှိုင်း၍ ရှိခိုးခြင်း အစရှိသော အမှုကြီးငယ်တို့ကို ပြုလုပ်ကြောင်း ဖြစ်သော ကုသိုလ်စေတနာ များပေတည်း။

ထို့ကြောင့် ၎င်းအဋ္ဌကထာ စာအုပ်နံပါတ် ၁၅၉-၌ -

မေတ္တေန ကာယကမ္မေနာတိ မေတ္တစိတ္တဝသေန ပဝတ္တိ တေန မုခဓောဝနဒါနာဒိကာယကမ္မေန။
[ဟုဖွင့်အပ်ပြီ။]

အနက်ကား။

မေတ္တေန ကာယကမ္မေနာတိ - မေတ္တေန ကာယကမ္မေန ဟူသည်ကား၊
မေတ္တစိတ္တဝသေန - မြတ်စွာဘုရားကြီးကို ချစ်အားကြီးစွာ မေတ္တာနှင့်ယှဉ်သော စိတ်၏အစွမ်းဖြင့်၊
ပဝတ္တိတေန - ဖြစ်စေအပ်သော၊
မုခဓောဝနဒါနာဒိကာယကမ္မေန - မျက်နှာသစ်တော်ရေ ဆက်ကပ်ခြင်း အစရှိသော ကာယကံဖြင့်။

မေတ္တာဝစီကံ ဆိုသည်ကား။ ။ မေတ္တာစိတ်၏ အစွမ်းဖြင့်ဖြစ် စေအပ်သော မျက်နှာသစ်တော် မူရာကာလ, တရားဟောတော်မူရာ ကာလ, ဆွမ်းခံ ဝင်တော်မူရာကာလ - စသည်ကို အချိန်ကာလ အားလျော်စွာ လျှောက်တင်ပြောကြားခြင်း, နမောတဿ - အစရှိသော ဝန္ဒနာ ပါဠိတို့ကို ရွတ်ဆို မြွက်ကြားကာ ရှိခိုးခြင်းစသော ကြိယာတို့၏ အကြောင်း ဖြစ်သော ကုသိုလ်စေတနာ များကို ဆိုလိုသည်။

ထို့ကြောင့် ၎င်းအဋ္ဌကထာ၌ပင်-

မေတ္တေန ဝစီကမ္မေနာတိ မေတ္တစိတ္တဝသေန ပဝတ္တိတေန မုခဓောဝနကာလာရောစနာဒိနာ ဝစီကမ္မေန။ [ဟုဖွင့်အပ်ပြီ။]

အနက်ကား။

မေတ္တေန ဝစီကမ္မေနာတိ - မေတ္တေန ဝစီ ကမ္မေန ဟူသည်ကား၊
မေတ္တစိတ္တဝသေန - မြတ်စွာဘုရားကြီးကို ချစ်အား ကြီးစွာ မေတ္တာနှင့်ယှဉ်သော စိတ်၏အစွမ်းဖြင့်၊
ပဝတ္တိတေန - ဖြစ်စေအပ် သော၊
မုခဓောဝနကာလာရောစနာဒိနာ - မျက်နှာသစ်လွင် သန့်စင်ရာ ကာလကို လျှောက်ကြားခြင်း အစရှိသော၊
ဝစီကမ္မေန - ဝစီကံဖြင့်။

မေတ္တာမနော ကံဆိုသည်ကား။ ။ ကိုယ်ကို လှုပ်ရှားခြင်း, နှုတ်ကို လှုပ်ရှားခြင်းတို့နှင့်ကင်း၍ စိတ်မနော သက်သက်ဖြင့် လောကထွတ်ထား ဘုရားမြတ်စွာ စိန္တေယျာသည် များစွာသောင်းသောင်း ရန်အပေါင်း ကင်းကွာ၍ ချမ်းသာတော်မူပါစေသတည်း - အစရှိသော မေတ္တာဇော စေတနာများကို မေတ္တာမနောကံဆိုပေသည်။

ဤတွင်သာမဟုတ်သေး၊ မေတ္တာ တည်းဟူသော ဆီကြည် ဆွတ်ဖြန်း၍ အေးချမ်းကြည်လင်သော မျက်လုံးတို့ကိုဖွင့်လျက် မြတ်စွာ ဘုရားကြီးကို ကြည့်ရှုဖူးမြော်မှု သည်လည်း မေတ္တာမနောကံပင် မည်၏။

ထို့ကြောင့် ၎င်းအဋ္ဌကထာ၌ပင်-

မေတ္တေန မနောကမ္မေနာတိ ကာလေဿဝ သရီရပဋိဇဂ္ဂနံ ကတွာ ဝိဝိတ္တာသနေ နိသီဒိတွာ သတ္ထာ အရေဂေါ ဟောတု အဗျာပဇ္ဇော သုခီတိ ဧဝံ ပဝတ္တိတေန မနောကမ္မေန။ [ဟုဖွင့်အပ်ပြီ။]

အနက်ကား။

မေတ္တေန မနောကမ္မေနာတိ - မေတ္တေန မနောကမ္မေန ဟူသည်ကား၊
ကာလေဿဝ - စောစောစီးစီး ကသာလျှင်၊
သရီရ ပဋိဇဂ္ဂနံ - ကိုယ်လက်သုတ်သင်ခြင်းကို၊
ကတွာ - ပြု၍၊
ဝိဝိတ္တာသနေ - ဆိပ်ငြိမ်သောနေရာ၌၊
နိသီဒိတွာ - ထိုင်နေ၍၊
သတ္ထာ - မြတ်စွာဘုရားကြီးသည်၊
အရောဂေါ - ကိုးဆယ့်ခြောက်ဖြာ ဘေးရောဂါတို့ ကင်းကွာတော်မူသည်၊
ဟောတု - ဖြစ်တော်မူပါစေ၊
အဗျာပဇ္ဇော - ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းတော်မူသည်၊
ဟောတု - ဖြစ်တော်မူပါစေ၊
သုခီ - ကိုယ်စိတ်နှစ်ဖြာ ချမ်းသာတော်မူသည်၊
ဟောတု - ဖြစ်တော်မူပါစေ၊
ဣတိ ဧဝံ - ဤသို့၊
ပဝတ္တိတေန - ဖြစ်စေအပ်သော၊
မနောကမ္မေန - မနောကံဖြင့်။

ထေရဂါထာ ပါဠိတော်၌လည်း-

(က) ပဏ္ဏဝီသတိဝဿာနိ၊ ဘဂဝန္တံ ဥပဋ္ဌဟိံ။ မေတ္တေန ကာယကမ္မေန၊ ဆာယာဝ အနုပါယိနီ။

(ခ) ပဏ္ဏဝီသတိဝဿာနိ၊ ဘဂဝန္တံ ဥပဋ္ဌဟိံ။ မေတ္တေန ဝစီကမ္မေန၊ ဆာယာဝ အနုပါယိနီ။

(ဂ) ပဏ္ဏဝီသတိ ဝဿာနိ၊ ဘဂဝန္တံ ဥပဋ္ဌဟိံ။ မေတ္တေန မနောကမ္မေန၊ ဆာယာဝ အနုပါယိနီ။

[ဟုအရှင်အာနန္ဒာ မထေရ်မြတ် ဟောကြားအပ်ပြီ။]

အနက်ကား။

ပဏ္ဏဝီသတိဝဿာနိ - နှစ်ဆယ့်ငါးဝါ ပတ်လုံး၊
ဘဂဝန္တံ - မြတ်စွာဘုရားကြီးကို၊
မေတ္တေန - မေတ္တာစိတ်၏ အစွမ်းဖြင့် ဖြစ်စေအပ်သော၊ ဝါ- မေတ္တာနှင့်ယှဉ်သော၊
ကာယကမ္မေန - ကာယကံဖြင့်၊
အဟံ - ငါသည်၊
ဥပဋ္ဌဟိံ - မကွာထက်ချပ် လိုက်ပါလတ်၍ ဆည်းကပ် ခစား များစွာ လုပ်ကျွေးခဲ့ရပါပေပြီ၊
ကာဝိယ - ဥပမာ အဘယ်ကဲ့သို့နည်း ဟူမူကား၊
အနုပါယိနီ - သွားလေရာရာ မကွာစိုက်စိုက် အစဉ်လိုက်သော၊
ဆာယာဣဝ - အရိပ်ကဲ့သို့ပင်တည်း။

[နောက် ၂-ဂါထာတို့၌ “ဝစီကမ္မေန, မနောကမ္မေန” ၂- ပုဒ်သာ အထူးရှိ၏၊ အကြွင်းအလုံးစုံ အနက် တူပြီ၊ ဤ ပါဠိတော်ကြီးဖြင့်လည်း ကံကရိုဏ်းထား အပ်ကြောင်း ကောင်းကောင်းကြီး ပွင့်လင်း ထင်ရှား၏။]

ထိုပြဆိုအပ်ပြီးသော သုတ်မဟာဝါပါဠိတော်, ထေရဂါထာပါဠိ တော်တို့၌ ကံကရိုဏ်း ၃-ချက်တို့၏ အရ ကာယပဏာမ စေတနာဟု ဆိုအပ်သော ကံ ၃-မျိုးတို့ပါ သိမ်းရုံးကောက်ယူအပ်၏။

ကောက်ယူအပ်ကြောင်းကို-

၁။ ထေရာနံ ပန ပါဒဓောဝနဗီဇနဝါတဒါနာဒိဘေဒမ္ပိ သဗ္ဗံ သာမိစိကမ္မံ သမ္မုခါ မေတ္တံ ကာယကမ္မံနာမ။

၂။ မေတ္တာ ဝစီကမ္မန္တိ အာဒီသု ဒေဝတ္ထေရော တိဿတ္ထေရောတိ ဧဝံ ပဂ္ဂယှ ဝစနံ သမ္မုခါ မေတ္တံ ဝစီကမ္မံနာမ။

၃။ မေတ္တာသိနေဟ သိနိဒ္ဓါနိ ပန နယနာနိ ဥမ္မိလိတွာ ပသန္နေန မုခေန သြလောကနံ သမ္မုခါ မေတ္တံ မနောကမ္မံနာမ။

[ဟူသော ပရိဝါအဋ္ဌကထာပါဌ်ဖြင့် ဆတ်ဆတ်မုချ မှတ်ယူအပ်လှပေသည်။]

အနက်ကား

၁။ ထေရာနံ ပန - မထေရ်ကြီးတို့အားကား၊
ပါဒဓောဝနဗီဇန ဝါတဒါနာဒိဘေဒမ္ပိ - ခြေကိုရေဆေးခြင်း, ယပ်လေခတ်၍ ပေးခြင်း စသည်လည်း ဖြစ်သော၊
သဗ္ဗံ - အလုံးစုံသော၊
သာမိစိကမ္မံ - ရိုသေခံ့ညား လေးစားကြည်ဖြူ ပြုအပ်သော ကာယကံမှုသည်၊
သမ္မုခါမေတ္တံ ကာယ ကမ္မံနာမ - မျက်မှောက်၌ ပြုအပ်သော မေတ္တာကာယကံ မည်၏။

၂။ မေတ္တာ ဝစီကမ္မန္တိ အာဒီသု - မေတ္တာဝစီကမ္မံ အစရှိသော ပါဠိရပ်တို့၌၊
ဒေဝတ္ထေရော - အရှင်ဒေဝမထေရ်၊
တိဿတ္ထေရော - အရှင်တိဿမထေရ်၊
ဣတိ ဧဝံ - ဤသို့၊
ပဂ္ဂယှ ဝစနံ - ချီခေါ်မြှင့်မြှောက်၍ ပြောဆိုခြင်းသည်၊
သမ္မုခါ မေတ္တံ ဝစီကမ္မံနာမ - မျက်မှောက်၌ ပြုသော မေတ္တာဝစီကံ မည်၏။

၃။ မေတ္တာသိနေဟသိနိဒ္ဓါနိ - မေတ္တာ တည်းဟူသော ဆီကြည် ဆွတ်ဖြန်းသဖြင့် ရွှင်လန်းနူးညံ့ ကုန်သော၊
နယနာနိ - မျက်လုံးတို့ကို၊
ဥမ္မိလိတွာ - ဖွင့်၍၊
ပသန္နေန - ကြည်လင်သော၊
မုခေန - မျက်နှာဖြင့်၊
သြလောကနံ - ကြည့်ရှု ဖူးမြော်ခြင်းသည်၊
သမ္မုခါမေတ္တံ မနောကမ္မံနာမ - မျက်မှောက်၌ပြုသော မေတ္တာမနောကံ မည်၏။

[ဤသို့လျှင် ဝန္ဒနာအရာ စေတနာကံကရိုဏ်းကို ဟုတ်တိုင်း ကျကျ ဂနသေချာစွာ ပါဠိတော်ကြီး တို့ကို တွေ့ရှိပြီးဖြစ်တော်မူ သည့်အတိုင်း သာသနဝိသောဓနီကျမ်း၌ ခွဲခြမ်းကန့်သတ်၍ ဆုံးဖြတ် တော်မူသော ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီး၏ ကံဒွါရဝိနိစ္ဆယကို ယထာဘူတ- တန္တိနယာနုဂတ ပေါရာဏပဝေဏီ - ဟု ယုံကြည်လေးမြတ် မှတ်ယူထိုက်လှပေသတည်း။]

ဤအဆုံးအဖြတ်နှင့်ပင် ဝန္ဒနာအရာ ကံကို ကရိုဏ်းထား ခဲ့ပါလျှင် အဋ္ဌသာလိနီ ဒွါရကထာ ကမ္မဝ၀တ္ထာနအခန်း၌ ခွဲခြမ်းစိစစ်သော ကာယကံ, ဝစီကံ, မနောကံတို့နှင့် ဆန့်ကျင်လေတော့မည်-ဟူသော ဝိရောဓိသတင်းဆိုချက်ကိုလည်း ပယ်ဖျက်ဖြေရှင်းပြီး ဖြစ်တော့သည်။

[ဤကား အချုပ်အားဖြင့် ရှင်းလင်းတော်မူချက်တည်း။]

ဖြန်ဖြေတရား

ဗုဒ္ဓဘာသာ၌ ဝိဝါဒဘေးကြီး ပေါ်ပေါက်မှုသည် အလွန်ကြောက်မက်ဖွယ်ကောင်း၏။

ထို့ကြောင့် စရိယာပိဋကတ် ပါဠိတော်၌-

ဝိဝါဒံ ဘယတော ဒိသွာ၊ အဝိဝါဒဉ္စ ခေမတော။
သမဂ္ဂါ သခိလာ ဟောထ၊ ဧသာ ဗုဒ္ဓါနုသာသနီ။
[ဟုဟောတော်မူ၏။]

ဝိဝါဒံ - ငြင်းခုံမှုကို၊
ဘယတော - သာသနာတော်၏ ဘေးကြီး အနေအားဖြင့်၊
ဒိသွာစ - ရှုမြော်ကြကုန်၍ လည်းကောင်း၊
အဝိဝါဒံ - မငြင်းခုံမှုကို၊
ခေမတော - ဘေးကင်းသော အနေအားဖြင့်၊
ဒိသွာစ - ရှုမြော်ကြကုန်၍ လည်းကောင်း၊
သမဂ္ဂါ - ညီညွတ်ကြကုန်သည်၊
သခိလာ - ပြေပြစ်သော စကား, ပြေပြစ်သော စိတ်နှလုံး ရှိကြကုန်သည်၊
ဟောထ - ဖြစ်ကြကုန်လော့၊
ဧသာ - ဤသည်ကား၊
ဗုဒ္ဓါနုသာသနီ - ခပ်သိမ်းသော ဘုရားရှင်တို့၏ ဆုံးမရိုးကြီးပေတည်း။

[ဤ ဒေသနာတော်ကို အမြဲနှလုံးသွင်းကြကုန်၍ ဝိဝါဒဘေးကြီးကို လွတ်ကင်းအောင် ကြဉ်ရှောင်ကြ ကုန်ရာသတည်း။]

လယ်တီ ဦးဝိမလ၏ မှာထားချက်

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ရေးသားတော်မူသော “သာသနဝိသောဓနီကျမ်း” ပဌမတွဲ ၌ အချို့သော အချက်များကို ဣန္ဒဝဇီရ ကျမ်းဆရာက စွပ်စွဲအပြစ်တင်ဆို သည်များကို ထင်ယောင် ထင်မှား မရှိကြစေရန် ဦးပဉ္စင်းက ဤ “သာသနဝိသောဓနီကျမ်း” တတီယတွဲ၌ အမြွက်အားဖြင့် ပြန်ကြား ဖြေရှင်းလိုက်ပါသည်။

လယ်တီဦးဝိမလ
၁၂၈၂-ခု ကဆုန်လဆန်း ၁၅-ရက်။

ကံဒွါရ အဆုံးအဖြတ်

ဝန္ဒာပဏာမကို ပြုကြသောအရာ၌

၁။ ကာယဒွါရ, ဝစီဒွါရ, မနောဒွါရ - တည်းဟူသော သုံးပါးသော ဒွါရတို့ဖြင့် ရှိခိုးပူဇော်ပါ၏ဟု ရှိခိုးခြင်း ကြိယာဝယ် ဒွါရကို ကရိုဏ်းထား၍ဆိုကြသော ရှိခိုးနည်း တစ်မျိုး။

၂။ ကာယကံ, ဝစီကံ, မနောကံ - တည်းဟူသော ကံသုံးပါးတို့ဖြင့် ရှိခိုးပူဇော်ပါ၏ဟု ရှိခိုးခြင်း ကြိယာဝယ် ကံကိုကရိုဏ်း ထား၍ဆိုကြသော ရှိခိုးနည်း တစ်မျိုး။

၃။ ကာယပဏာမ, ဝစီပဏာမ, မနောပဏာမ - တည်းဟူသော သုံးပါးသော ပဏာမတို့ဖြင့် ရှိခိုး ပူဇော်ပါ၏ - ဟု ရှိခိုးခြင်း ကြိယာဝယ် ပဏာမကို ကရိုဏ်းထား၍ဆိုကြသော ရှိခိုးနည်း တစ်မျိုး။

၄။ ကာယဝစီ မနောချီလျက် သုံးလီသောကံ သုံးတန်စေတနာ သုံးဖြာဒွါရ ပဏာမဖြင့် ကြည်ဆွသဒ္ဓါ ရှိခိုးပါ၏ - ဟု ကံသုံးပါး, စေတနာသုံးပါး, ဒွါရသုံးပါး, ပဏာမသုံးပါးတို့ကို အကုန်ပါအောင်ဆို၍ ရှိခိုးကြသောနည်းလည်း တစ်မျိုး။

မေးမြန်းဖွယ်

မေး။ ။ဤလေးမျိုးတို့တွင် အဘယ်ရှိခိုးနည်းသည် သင့်မြတ်ပါသနည်း၊ အဘယ်ရှိခိုးနည်းသည် မသင့်မမြတ်ရှိပါသနည်း-ဟု မေးရန်ရှိသည်။

ဖြေ။တိဿော ဣမာ ဘိက္ခဝေ ဝန္ဒနာ၊ ကာယေန ဝန္ဒတိ ဝါစာယ ဝန္ဒတိ မနသာ ဝန္ဒတိ။

ဟူ၍ ဟောတော်မူသော ပါဠိတော်, ဝန္ဒိတွာတိ-တီဟိ ဒွါရေဟိ ဝန္ဒိတွာ။

အစရှိသည်ဖြင့် ထိုထိုကျမ်းဦး ပဏာမတို့၌ ဖွင့်ကြသောဋီကာ ကျမ်း အရပ်ရပ်တို့ကို ထောက်၍ ရှိခိုးခြင်း ကြိယာဝယ် ဒွါရကိုကရိုဏ်း ထား၍ဆိုကြသော ပဌမရှိခိုးနည်း သင့်မြတ်ကြောင်းကို သိအပ် လှပေသည်။

ကာယေန - ကာယဒွါရဖြင့်၊
ဝန္ဒတိ - ရှိခိုး၏၊
ဝါစာယ - ဝစီဒွါရဖြင့်၊
ဝန္ဒတိ - ရှိခိုး၏၊
မနသာ - မနောဒွါရဖြင့်၊
ဝန္ဒတိ - ရှိခိုး၏၊
ဘိက္ခဝေ - ရဟန်းတို့၊
ဝန္ဒနာ - ရှိခိုးခြင်းတို့သည်၊
ဣမာတိဿော - ဤသုံးပါးတို့တည်း။

[ပါဠိတော်အနက်။]

[ဤပါဠိတော်၌ “ဝန္ဒတိ” ဟူသောရှိခိုးခြင်းကြိယာမှာ “ကာယေန, ဝါစာယ, မနသာ”ဟု ဒွါရသုံးပါးကို ကရိုဏ်းထား၍ ဟောတော်မူသည်။]

ဝန္ဒိတွာတိ - ဝန္ဒိတွာ ဟူသည်ကား၊
တီဟိ ဒွါရေဟိ - သုံးပါးသော ဒွါရတို့ဖြင့်၊
ဝန္ဒိတွာ - ရှိခိုးပြီး၍။

[ဋီကာအနက်။]

[ဤ ဋီကာပါဌ်တို့၌ “ဝန္ဒိတွာ” ဟူသော ရှိခိုးခြင်းကြိယာမှာ “တီဟိ ဒွါရေဟိ” ဟု ဒွါရသုံးပါး ကရိုဏ်း ထား၍ ဖွင့်ကြပေသည် တစ်ရပ်။]

ကံသုံးပါးကို ကရိုဏ်းထား၍ ဆိုကြသော ဒုတီယရှိခိုးနည်းသည်လည်း သင့်မြတ်ပါ၏။

သင့်မြတ်ကြောင်းကိုဆိုအံ့။

ကျမ်းဂန်တို့၌ ကုသိုလ်အရာ၌ ကာယကံ, ဝစီကံ, အကိရိယ ကာယကံ, အကိရိယဝစီကံလည်း တစ်မျိုးလာသည်၊ ကိရိယ ကာယကံ, ကိရိယဝစီကံလည်း တစ်မျိုးလာသည်။

အဘယ်၌ ကိရိယကာယကံ, ဝစီကံလာသနည်းဟူမူကား။

အာဇီဝဋ္ဌမက သီလကိုဟောတော်မူရာ-

ပုဗ္ဗေဝ ခေါ ပနဿ ကာယကမ္မံ ဝစီကမ္မံ အာဇီဝေါစ သုပရိသုဒ္ဓေါ

ဟူသောပါဠိတော်, သုစရိုက်ဆယ်ပါး, ကုသလကမ္မပထတရား ဆယ်ပါးတို့ကို အကျယ်ဝေဖန်သော အဋ္ဌသာလိနီ ဒွါရကထာစသည်တို့၌ တိုက်ရိုက်လာသည်။

အနက်ကား။ ။

အဿ - ထိုအရိယာပုဂ္ဂိုလ်အား၊
ပုဗ္ဗေဝ - မဂ်သို့မရောက်မီ ရှေးကာလ၌ပင်လျှင်၊
ခေါပန - စင်စစ်၊
ကာယကမ္မဉ္စ - ကာယကံ သုံးပါးသည် လည်းကောင်း၊
ဝစီကမ္မဉ္စ - ဝစီကံလေးပါး လည်းကောင်း၊
သုပရိသုဒ္ဓံ - ကောင်းစွာ စင်ကြယ်သည်၊
ဟောတိ - ဖြစ်၏၊
အာဇီဝေါစ - အာဇီဝသည်လည်း၊
သုပရိသုဒ္ဓေါ - ကောင်းစွာ စင်ကြယ်သည်၊
ဟောတိ - ဖြစ်၏။

ကာယကံဆိုသည်ကား။ ။ ကိုယ်အင်္ဂါ လှုပ်ရှား၍ပြုသော အမှုဖြစ်၍ ကာယကံ ဆိုရသည်မဟုတ်၊ ပါဏာတိပါတ - အစရှိသော အကုသိုလ် ကာယကံသုံးပါးကို မပြုမိအောင် ကြဉ်ရှောင်သော ဝိရတိမှု, စေတနာမှုဖြစ်၍သာ ကာယကံဆိုရသည်၊ အကုသိုလ် ကာယကံမှုကို မပြုမိအောင် ကြဉ်ရှောင်မှု ဖြစ်၍လည်း အကိရိယကာယကံဆိုရသည်၊ အကိရိယ သဒ္ဒါသည် မပြုခြင်းအနက်ကို ဟောသည်။

ဝစီကံဆိုသည်ကား။ ။ နှုတ်အင်္ဂါ လှုပ်ရှား၍ ပြုသောအမှုဖြစ်၍ ဝစီကံဆိုရသည်မဟုတ်၊ မုသာဝါဒ - စသော အကုသိုလ်ဝစီကံ လေးပါးတို့ကို မပြုမိအောင် မပြောမဆိုမိအောင် ကြဉ်ရှောင်သော ဝိရတိမှု, စေတနာမှုဖြစ်၍သာ ဝစီကံဆိုရသည်၊ အကုသိုလ်ဝစီကံမှုကို မပြုမိအောင် ကြဉ်ရှောင်မှုဖြစ်၍လည်း အကြိယ-ဝစီကံ ဆိုရသည်၊ အကိရိယ-သဒ္ဒါသည် မပြုခြင်းအနက်ကိုဟောသည်။

[ဝိနည်း၌လည်း ပဌမပါရာဇိက စသောအာပတ်တို့၌ အကိရိယ ကာယကံ အာပတ်, အကိရိယဝစီကံ အာပတ်ဟူ၍ လာသည်နှင့် အတူတူမှတ်။]

အကိရိယနည်းပြီး၏။

မေးမြန်းဖွယ်

မေး။ အဘယ်၌ ကိရိယကာယကံ, ကိရိယဝစီကံ လာသနည်း- ဟူမူကား။

ဖြေ။ ဝိနည်းပရိဝါပါဠိတော်, ဒီဃနိကာယ်, မဇ္ဈိမနိကာယ်, သံယုတ္တနိကာယ်, အင်္ဂုတ္တရနိကာယ်တို့၌ အနှံ့အပြား လာသော-

(က) ဣဓ ဘိက္ခဝေ ဘိက္ခုနော သဗြဟ္မစာရီသု မေတ္တံ ကာယကမ္မံ ပစ္စုပဋ္ဌိတံ ဟောတိ အာဝီစေဝ ရဟောစ။

(ခ) ဣဓ ဘိက္ခဝေ ဘိက္ခုနော သဗြဟ္မစာရီသု မေတ္တံ ဝစီကမ္မံ ပစ္စုပဋ္ဌိတံ ဟောတိ အာဝီစေဝ ရဟောစ။

(ဂ) ဣဓ ဘိက္ခဝေ ဘိက္ခုနော သဗြဟ္မစာရီသု မေတ္တံ မနောကမ္မံ ပစ္စုပဋ္ဌိတံ ဟောတိ အာဝီစေဝ ရဟောစ။

ဟူ၍ ဟောတော်မူသော ပါဠိတော်တို့၌ ကိရိယကာယကံ, ကိရိယဝစီကံ တိုက်ရိုက်လာသည်။

အနက်ကား

(က) ဘိက္ခဝေ - ရဟန်းတို့၊
ဣဓ - ဤငါဘုရားသာသနာတော်၌၊
ဘိက္ခုနော - ရဟန်းအား၊
သဗြဟ္မစာရီသု - သီတင်းသုံးဖော်တို့၌၊
အာဝီစေဝ - မျက်မှောက်၌ လည်းကောင်း၊
ရဟောစ - မျက်ကွယ်၌ လည်းကောင်း၊
မေတ္တံ - မေတ္တာတရားနှင့်ယှဉ်သော၊
ကာယကမ္မံ - ကိုယ်အမှုသည်၊
ပစ္စုပဋ္ဌိတံ - အမြဲအစွဲ တည်သည်၊
ဟောတိ - ဖြစ်၏။

[နောက်နှစ်ဝါကျ သိသာလှပြီ။]

ဤပါဠိတော်၌-

၁။ ဆရာဥပဇ္ဈာယ်အစရှိသော အလုံးစုံသော သီတင်းသုံးဖော်တို့အား ကိုယ်ဖြင့်ပြုထိုက်သမျှသော အလုံးစုံသောဝတ်ကြီးဝတ်ငယ်မှု, ဝန္ဒနာပဏာမမှု, သက္ကစ္စဂါရဝမှုတို့ကို ချစ်ခင်ကြည်လင်လှစွာသော စိတ်နှင့် ပြည့်စုံစွာ ကိုယ်အင်္ဂါ လှုပ်ရှား၍ ပြုပြုသမျှသော အမှုကို မေတ္တာကာယကံ ဆိုသည်၊ ထို့ကြောင့် ကြိယကာယကံ ဆိုသတည်း။

၂။ သီတင်းသုံးဖော်တို့၏ ဂုဏ်ကျေးဇူးကို မျက်မှောက် မျက်ကွယ် ပြောဆိုမှု, အရှင်ကောင်း အရှင်မြတ် အရှင်ဘုရားတပည့်တော် အကျွန်ုပ် - စသည်ဖြင့် နှုတ်ဖြင့်ပြုအပ်သော အရိုအသေ အလေးအမြတ် အမှုတို့ကို ချစ်ချစ်ခင်ခင် ကြည်လင်လှစွာသော နှုတ်အင်္ဂါ လှုပ်ရှား၍ ပြုပြုသမျှသော ဝစီမှုစုသည် မေတ္တာဝစီကံ မည်၏။

၃။ အသက်ရှည်ပါစေ, အနာကင်းပါစေ - စသည်ဖြင့် စိတ်ထဲ၌ မေတ္တာဘာဝနာ ပွါးမှုသည် မေတ္တာမနောကံမည်၏။

[ရတနာသုံးပါးတို့ကို ရှိခိုးကြရာ၌ပါသော ကာယကံ, ဝစီကံ, မနောကံ-ဟူသော ကံသုံးပါးသည် ဤပါဠိတော်၌ ကံသုံးပါးပေတည်း။]

အာဝေဏိက ဂုဏ်တော်၌လည်း-

ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗံ ဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ။

ဟူ၍ ကိရိယကာယကံ, ကိရိယဝစီကံလာပေသည်။

အနက်ကား။ ။

ဣမေဟိတီဟိဓမ္မေဟိ - ဤသုံးပါးသော ဂုဏ်တော်တို့နှင့်၊
သမန္နာဂတဿ - ပြည့်စုံသော၊
ဘဂဝတော - ဘုန်းတော် ကြီးသော၊
ဗုဒ္ဓဿ - မြတ်စွာဘုရား၏၊
သဗ္ဗံ - အလုံးစုံသော၊
ကာယကမ္မံ - ကိုယ်အမှုသည်၊
ဉာဏပုဗ္ဗင်္ဂမံ - ဉာဏ်တော်လျှင် ရှေ့သွားရှိ၏၊
ဉာဏာနုပရိဝတ္တံ - ဉာဏ်တော်သို့အစဉ်လိုက်၏။

[နောက်နှစ်ဝါကျသိသာလှပြီ။]

၁။ မြတ်စွာဘုရား၏ ကိုယ်အင်္ဂါလှုပ်ရှားသော အမှုစုသည် ကာယကံမည်၏။

၂။ နှုတ်အင်္ဂါလှုပ်ရှားသော အမှုစုသည် ဝစီကံမည်၏။

၃။ စိတ်သက်သက်ကြံဖန်သော အမှုစုသည် မနောကံမည်၏။

[ကိလေသာ ကုန်ပြီးသော မြတ်စွာဘုရားအား မပြုမိအောင် ကြဉ်ရှောင်အပ်သော ကိလေသာနှင့် ယှဉ်သော ကာယကံမှု, ဝစီကံမှုမည်သည် အဏုမြူမျှ ရှိတော်မမူ၊ ထို့ကြောင့် အကိရိယ ကာယကံ, အကိရိယဝ စီကံဟူ၍ မရှိပြီ။]

အဋ္ဌသာလိနီ နဝကမ္မ ဒွါရကထာဝယ်-

ရတနာသုံးပါးတို့အား လှူဒါန်းပူဇော်မှုနှင့် လေးဆယ့်ငါးဝါရ တိုင်အောင် ကျယ်ဝန်းစွာလာသော-

တဒါ ကာယကမ္မံ ဟောတိ၊ တဒါ ဝစီကမ္မံ ဟောတိ၊ တဒါ မနောကမ္မံ ဟောတိ”။

ဟူသောဝါကျတို့၌ မဟာကုသိုလ်စိတ်ကိုပင် ကိရိယကာယကံ, ကိရိယဝစီကံ ပြု၍လာ၏။

[ကျယ်လှ၍ မရေးလိုက်ပြီ။]

ဝိနည်းဒေသနာတော်၌-

၁။ ပဌမ ပါရာဇိကအာပတ်သည် ကိရိယကာယကံတည်း။

၂။ ဒုတီယ, တတီယပါရာဇိက အာပတ်စုသည် ကိရိယကာယကံ, ကိရိယဝစီကံစုတည်း။

[ဤသို့စသည်ဖြင့် ကိရိယကာယကံ, ကိရိယဝစီကံတို့သည် အလွန်များစွာ အဋ္ဌကထာတို့၌ လာကုန် သကဲ့သို့ ကုသိုလ်ကိရိယ ကာယကံ, ကိရိယဝစီကံတို့သည်လည်း အလွန်များစွာပါဠိ အဋ္ဌကထာတို့၌ လာကုန်သည်။]

ဓမ္မသင်္ဂဏီပါဠိတော် နိက္ခေပကဏ္ဍတလျှောက်တွင်-

ကာယကမ္မံ ဝစီကမ္မံ မနောကမ္မံ” ဟူ၍လာသော ကာယကံ ဝစီကံတို့သည်ကား ကိရိယ, အကိရိယနှစ်ချက်နှင့် ဆက်ဆံကုန်သည်။

ထို့အတူ-

ပဒက္ခိဏံ ကာယကမ္မံ၊ ဝါစာကမ္မံ ပဒက္ခိဏံ။
ပဒက္ခိဏံ မနောကမ္မံ၊ ပဏီဓိတေ ပဒက္ခိဏေ။

ဟူသော ပုဗ္ဗဏှသုတ်ပါဠိတော်တို့၌လည်း ကိရိယ, အကိရိယ - နှစ်ချက်နှင့် ဆက်ဆံကုန်၏။

အကုသိုလ်ကာယကံ, ဝစီကံ, မနောကံတို့မှာလည်း ဝိနည်းတော်၌ သိက္ခာပုဒ် ဟူသောအမည်, အာပတ်ဟူသော အမည်နှင့်လာသော အကုသိုလ်ကာယကံ, ဝစီကံတို့ကဲ့သို့ ကိရိယ, အကိရိယ နှစ်ပါးစီ ရှိကြကုန်၏။

၁။ ပြုအပ်သောအမှုကို မပြုခြင်းကြောင့်ဖြစ်သော အကုသိုလ်ကံသည် အကိရိယ-မည်၏။

၂။ မပြုအပ်သောအမှုကို ပြုခြင်းကြောင့်ဖြစ်သော အကုသိုလ်ကံသည် ကိရိယ-မည်၏။

ဤဝန္ဒနာ ပဏာမအရာ၌ ကာယကံ, ဝစီကံ, မနောကံဆိုကြသောကံတို့သည် ပြဆိုခဲ့ပြီးသော ပါဠိတော်, အဋ္ဌကထာတို့၌ တိုက်ရိုက် လာရှိသော ကြိယကာယကံ, ဝစီကံ, မနောကံတို့သာတည်း၊ ဒုစရိုက် ဆယ်ပါးတွင် ထင်ရှားစွာလာသော ကာယကံ, ဝစီကံမျိုးမဟုတ်ပေကုန်။

ထုတ်ပြခဲ့ပြီးသော ပါဠိ, အဋ္ဌကထာတို့၌ လာလာသမျှသော ကုသိုလ်ကိရိယ ကာယကံ, ကိရိယဝစီကံ တို့ကို သုစရိုက် ဆယ်ပါး၌ ချလိုက်သည်ရှိသော် အနဘိဇ္ဈာ, အဗျာပါဒ, သမ္မာဒိဋ္ဌိ - ဟူသော မနောကံ သုံးပါး တို့၌သာ ထိုက်သည် အားလျော်စွာ ဝင်ကုန်၏။

[မနောကံ၌ကား ကိရိယ, အကိရိယမထင်ရှားလှ။]

၁။ ကံဟူသော ဝေါဟာရသည်လည်း “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ”၌ ကုသိုလ်စေတနာ, အကုသိုလ်စေတနာကိုသာဆိုသည်။

၂။ ပဋ္ဌာန်းကမ္မပစ္စည်း၌ အလုံးစုံသော ကုသိုလ်စေတနာ, အကုသိုလ်စေတနာ, ဝိပါက်စေတနာ, ကြိယာစေတနာကိုပင် ကံဆိုသည်။

၃။ အဋ္ဌသာလိနီ၌ ဗောဇ္ဈင်ခုနစ်ပါး, မဂ္ဂင်ရှစ်ပါးတို့နှင့် အဘိဇ္ဈာ, ဗျာပါဒ, မိစ္ဆာဒိဋ္ဌိ, အနဘိဇ္ဈာ, အဗျာပါဒ, သမ္မာဒိဋ္ဌိ-တို့ကို စေတနာ သမ္ပယုတ္တကံဆိုသည်။

၄။ အဋ္ဌသာလိနီ၌ နဝကမ္မဒွါရကထာ၌ မဟာကုသိုလ်စိတ်ကိုပင် ကာယကံ, ဝစီကံ, မနောကံဆိုသည်။

၅။ “သဗ္ဗံပိ ဘဝ ဂါမိကမ္မံ ကမ္မဘဝေါ” ဟူသော ဝိဘင်းပါဠိတော်, “ကမ္မဘဝေါ စတူဟိ ခန္ဓေဟိ သင်္ဂဟိတော” ဟူသောဓာတုကထာပါဠိတော်တို့၌ အလုံးစုံသော ကုသိုလ်စိတ်, စေတသိက်, အကုသိုလ်စိတ်, စေတသိက်စုကို တစ်ခု မကျန် အသီးအသီး ကံဆိုရသည်။

ထို့ကြောင့်-

ဤဝန္ဒနာပဏာမအရာ၌။ ။ ကာယကံ, ဝစီကံ, မနောကံ ဆိုသည်မှာ မဟာကုသိုလ်စိတ်ကိုလည်း ယူနိုင်၏၊ ထိုမဟာကုသိုလ်စိတ်နှင့်ယှဉ်သော ဖဿ, ဝေဒနာ-စသော အလုံးစုံသော စေတသိက်တို့ကို လည်း ယူလိုရာရာယူနိုင်၏။

သဒ္ဓါစိတ္တေ ပသန္နေန၊ ရတနာနံ ပုဇံကရေ။
ဗုဒ္ဓံ ဓမ္မဉ္စ သံဃဉ္စ၊ ဝိပ္ပသန္နေန စေတသာ။
ဝန္ဒိတွာ ဝန္ဒနာမာန၊ ပူဇာသက္ကာရဘာဇနံ။

ဟူသော ကင်္ခါဝိတရဏီများနှင့်အညီ - မဟာကုသိုလ်ကို ယူရမည်။

ထို့ကြောင့်-

ဤဝန္ဒနာပဏာမအရာ၌။ ။ ကာယကံ, ဝစီကံ, မနောကံ - သုံးပါးလုံးသည် မဟာကုသိုလ်စိတ်၏ အမည်ချည်းမှတ်ရမည်၊ ထိုကာယကံ ဝစီကံ, မနောကံ - သုံးပါးဟူသော အမည်သုံးပါးရသော မဟာကုသိုလ် စိတ်ကိုပင် ကင်္ခါဝိတရဏီဂါထာ၌-

ဝိပ္ပသန္နေန စေတသာ ဝန္ဒိတွာ

ဟု ရှိခိုးခြင်းကြိယာ၌ ကရိုဏ်းသုံးပါး ပြု၍ထားသည်၊

ဗုဒ္ဓဉ္စ - ဘုရားကို လည်းကောင်း၊
ဓမ္မဉ္စ - တရားကို လည်းကောင်း၊
သံဃဉ္စ - သံဃာကို လည်းကောင်း၊
ဝိပ္ပသန္နေန - အလွန် ကြည်လင်လှစွာသော၊
စေတသာ - မဟာကုသိုလ်စိတ်ဟု ဆိုအပ်သော ကာယကံ, ဝစီကံ, မနောကံ - တည်းဟူသော ကံသုံးပါးဖြင့်၊
ဝန္ဒိတွာ-ဝန္ဒာမိ - ရှိခိုးပါ၏

ဟု ကင်္ခါပဏာမဂါထာ အနက် အချက်ကျ သိရမည်။

၁။ ကာယဒွါရမှာဖြစ်သော မဟာကုသိုလ်စိတ်ကို ကာယကံယူ။

၂။ ဝစီဒွါရမှာဖြစ်သော မဟာကုသိုလ်စိတ်ကို ဝစီကံယူ။

၃။ မနောဒွါရသက်သက်ဖြစ်သော မဟာကုသိုလ်စိတ်ကို မနောကံယူ။

[ကံနှင့်ဒွါရ ထပ်မိကြ၏၊ ကိစ္စမရှိ။]

စေတသာ” ဟူသောပါဌ်၌-

၁။ ကာယဒွါရနှင့်ယှဉ်သော မဟာကုသိုလ်စိတ်၊

၂။ ဝစီဒွါရနှင့်ယှဉ်သော မဟာကုသိုလ်စိတ်၊

၃။ မနောဒွါရဟုဆိုအပ်သော မဟာကုသိုလ်စိတ်၊

သုံးပါးကိုယူရာ၌ သာဓကပါဠိကား-

မနသာ စေ ပသန္နေန၊ ဘာသတိဝါ ကရောတိဝါ”။

[ဟူသော ဓမ္မပဒပါဠိတော်ပင်တည်း။]

ဤပါဠိတော်၌-

၁။ “ဘာသတိ”ပုဒ်ကား ဝစီကံကြိယာပုဒ်တည်း။

၂။ “ကရောတိ”ပုဒ်ကား ကာယကံကြိယာပုဒ်တည်း။

ထိုကာယကံကြိယာပုဒ်, ဝစီကံကြိယာပုဒ်တို့မှာပင် “မနသာ”ဟု ကာယဒွါရကို ကရိုဏ်းထား ပေသည်။

၁။ “မနသာ”ပုဒ်ကို “ဘာသတိ” ကြိယာပုဒ်၌စပ်ခိုက် “မနသာ - ဝစီဒွါရနှင့်ယှဉ်သော မဟာကုသိုလ် စိတ်ဖြင့်” ဟုပေး။

၂။ “ကရောတိ” ပုဒ်နှင့်စပ်ခိုက် “မနသာ - ကာယဒွါရနှင့်ယှဉ်သော မဟာကုသိုလ်စိတ်ဖြင့်” ဟုပေး။

၃။ အဋ္ဌကထာဆရာထည့်သော “စိန္တေတိ” ကြိယာပုဒ်၌စပ်ခိုက် “မနသာ - မနောဒွါရဟုဆိုအပ်သော မဟာကုသိုလ်စိတ်ဖြင့်” ဟုပေး။

ဤဓမ္မပဒဂါထာ၌-

ကြိယာပုဒ် သုံးပါးအားလျော်စွာ မဟာကုသိုလ်စိတ်ကို ကရိုဏ်း သုံးပါးခြားနား၍ ယူရသကဲ့သို့ ကင်္ခါပဏာမဂါထာမှာလည်း ကြိယာ သုံးချက်နှင့် ဆက်ဆံသော “ဝန္ဒိတွာ” ကြိယာမှာ “စေတနာ” ပုဒ်ကို ကရိုဏ်း သုံးပါးခြားနား၍ ယူသင့်ကြောင်း သိသာလှတော့သည်။

[ဝိပ္ပသန္နေန - အလွန်ကြည်လင်လှစွာသော၊
စေတသာ - စိတ်နှင့် တကွ၊
တီဟိဒွါရေဟိ - သုံးပါးသော ဒွါရတို့ဖြင့်ဟု ပါဌသေသနှင့် ယောဇနာကြသော နည်းကို ပယ်သင့်လှ တော့သည်။]

အဋ္ဌသာလိနီ၌ကား-

ဒွါရသုံးပါး၌ဖြစ်သော စိတ်တစ်ခုကို ကရိုဏ်းသုံးခုပြု၍ ဆိုသော နည်းသည် တိုက်ရိုက်ပင်လာသည်။

အနဘိဇ္ဈာဒိ သဟဂတေဟိ ပန စိတ္တေဟိ ကာယင်္ဂံ စော ပေတွာ စေတိယင်္ဂဏသမ္မဇ္ဇန ဂန္ဓမာလာပူဇန စေတိယ ဝန္ဒနာဒီနိ ကရောန္တဿ ကမ္မံ မနောကမ္မံ ဟောတိ၊ ဒွါရံ ပန ကာယဒွါရံ။
[အဋ္ဌသာလိနီ။]

အကုသိုလ် မနောကံသုံးပါးတွင် တစ်ပါးပါး၌ ဒွါရသုံးပါးအတွက် သုံးဝါကျစီပြု၍ ကိုးဝါကျ, ထို့အတူ ကုသိုလ် မနောကံသုံးပါး၌ ကိုးဝါကျ၊ ပေါင်းတစ်ဆယ့်ရှစ်ဝါကျတို့၌ စိတ်သက်သက် ကရိုဏ်းထား၍ လာသည်။

[ကျယ်လှ၍အကုန် မထုတ်ပြီ။]

အနဘိဇ္ဈာဒိ သဟဂတေဟိ - ပြဋ္ဌာန်းသော အလောဘ စသည်နှင့် တကွဖြစ်ကုန်သော၊
စိတ္တေဟိ - မဟာကုသိုလ်စိတ်တို့ဖြင့်၊
ကာယင်္ဂံ - ကိုယ်အင်္ဂါကို၊
စောပေတွာ - လှုပ်ရှားစေ၍၊
စေတိယင်္ဂဏ သမ္မဇ္ဇန - စေတီပြင်၌ တံမြက်လှည်းခြင်း၊
ဂန္ဓမာလာပူဇန - စေတီတော်အား နံ့သာပန်းတို့ဖြင့်ပူဇော်ခြင်း၊
စေတိယဝန္ဒနာဒီနိ - စေတီတော်ကို ရှိခိုးခြင်းစသော အမှုတို့ကို၊
ကရောန္တဿ - ပြုသောသူအား၊
ကမ္မံ - ကံသည်၊
မနောကမ္မံ - မနောကံမည်သည်၊
ဟောတိ - ဖြစ်၏၊
ဒွါရံ ပန - ဒွါရသည်ကား၊
ကာယ ဒွါရံ - ကာယဒွါရသာတည်း။

[ဤသို့လာသောအဋ္ဌကထာကို ထောက်၍လည်း ကင်္ခါပဏာမ ဂါထာ၌ “စေတသာ” ဟူသော ပါဌ်ဖြင့် ဒွါရသုံးပါးနှင့် ယှဉ်သော မဟာကုသိုလ်စိတ်ကို ကရိုဏ်းသုံးပါး ယူသင့်ကြောင်း သိသာ လှတော့သည်။]

မဟာကုသိုလ်စိတ်လည်း ကံဟူသော အမည်ထင်ရှားသည်သာလျှင် ဖြစ်သောကြောင့် ဝန္ဒနာပဏာမ အရာ၌ ကာယကံ, ဝစီကံ, မနောကံ - တည်းဟူသော ကံသုံးပါးတို့ဖြင့် ရှိခိုးပါ၏ ဟုဆိုကြသော နည်း၌-

၁။ ကာယဝန္ဒနာနှင့်ယှဉ်သော မဟာကုသိုလ်စိတ်ကို ကာယကံ ဟူ၍,

၂။ ဝစီဝန္ဒနာနှင့်ယှဉ်သော မဟာကုသိုလ်စိတ်ကို ဝစီကံ ဟူ၍,

၃။ မနောဝန္ဒနာနှင့်ယှဉ်သော မဟာကုသိုလ်စိတ်ကို မနောကံ ဟူ၍,

ယူသည်ရှိသော် ယူထိုက်လှတော့သည်သာတည်း၊ ထိုကံသုံးပါး ဟူသည်လည်း မဟာကုသိုလ်စိတ်ပင် ဖြစ်ပေ၍ မနောဒွါရသာတည်း။

[ဤကား ကံသုံးပါးတို့ဖြင့် ရှိခိုးပါ၏ဟူသောရှိခိုးနည်း သင့်မြတ်ကြောင်း ယုတ္တိသာဓကပေတည်း။]

“သုံးပါးသော ပဏာမတို့ဖြင့် ရှိခိုးပါ၏” ဆိုကြသောနည်းသည်လည်း သင့်မြတ်သည်သာ ဖြစ်၏။

ယုတ္တိကား-

ရတနတ္တယ ပဏာမော နာမ အတ္ထတော ပဏာမကြိယာ ဘိနိပ္ဖာဒိကာ ကုသလ စေတနာ”။

ဟူသော ဋီကာပါဌ်နှင့်အညီ - ကုသိုလ်စေတနာကို ပဏာမ ဆိုသတည်း။

ထိုစေတနာသည် ရှိခိုးခြင်းကြိယာ၌ ကရိုဏ်းနေသင့်ကြောင်းကိုကား-

ယာ ပန တသ္မိံ ဒွါရေ သိဒ္ဓါ စေတနာ၊ ယာယ ပါဏံ ဟနတိ အဒိန္နံ အာဒိယတိ မိစ္ဆာစာရံ စရတိ ပါဏာတိပါတာဒီဟိ ဝိရမတိ၊ ဣဒံ ကာယကမ္မံ။ ယာ ပန တသ္မိံ ဝစီဒွါရေ သိဒ္ဓါ စေတနာ၊ ယာယ မုသာ ကထေတိ ပေသုညံ ကထေတိ သပ္ဖံ ပလပတိ မုသာဝါဒီဟိ ဝိရမတိ၊ ဣဒံ ဝစီကမ္မံနာမ။ ယာ ပန တသ္မိံ မနောဒွါရေ သိဒ္ဓါ စေတနာ၊ ယာယ အဘိဇ္ဈာဗျာပါဒ မိစ္ဆာဒဿနာနိစေဝ ဂဏှာတိ။ အနဘိဇ္ဈာ အဗျာပါဒ သမ္မာ ဒဿနာနိစ ဂဏှာတိ၊ ဣဒံ မနောကမ္မံနာမ။
[ဟူ၍လာသော အဋ္ဌသာလိနီကို မြင်၍သိအပ်၏။]

တသ္မိံ ဒွါရေ - ထိုကာယဒွါရ၌၊
သိဒ္ဓါ - ပြီးသော၊
ဝါ- ထင်ရှားသော၊
ယာပန စေတနာ - အကြင်စေတနာသည်၊
အတ္ထိ - ရှိ၏၊
ယာယ - အကြင် စေတနာ တည်းဟူသော ကရိုဏ်းဖြင့်၊
ပါဏံ - သတ္တဝါ၏ အသက်ကို၊
ဟနတိ - သတ်၏၊
အဒိန္နံ - အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးသော သူတစ်ပါးဥစ္စာကို၊
အာဒိယတိ - ခိုးယူ၏၊
မိစ္ဆာစာရံ - မှောက်မှားသောအကျင့်ကို၊
ရတိ - ကျင့်၏၊
ပါဏာတိပါတာဒီဟိ - သူ၏အသက်ကို သတ်ခြင်းစသည်တို့မှ၊
ဝိရမတိ - ကြဉ်ရှောင်၏၊
ဣဒံ - ဤကရိုဏ်းဖြစ် သောစေတနာသည်၊
ကာယကမ္မံ - ကာယကံမည်၏။

[နောက်နှစ်ဝါကျ အနက်ပေးလေ၊ ကံကိုပင် ကရိုဏ်းထားသည်၊ ထိုကရိုဏ်းသည်ပင် ကံဖြစ်သည်ဟု ယုတ္တိသာဓက။]

ဤ အဋ္ဌကထာပါဌ်ဖြင့် စေတနာ တည်းဟူသော ကံသည် ကမ္မပထ ကြိယာပုဒ်တို့၌ ကရိုဏ်း ဖြစ်သင့်ကြောင်းကို တိုက်ရိုက်သိရသည် ဖြစ်၍ ရှိခိုးခြင်းကြိယာ၌ ပဏာမစေတနာသည် ကရိုဏ်း နေသင့်ကြောင်း ထင်လင်းလှတော့သည်။

ဤအဋ္ဌကထာပါဌ်တို့၌-

စေတနာ - တည်းဟူသော ကံသည်ပင် ကမ္မပထကြိယာပုဒ်တို့၌ ကရိုဏ်းနေသည်ကို မြင်ရသဖြင့် ရှိခိုးခြင်းကြိယာ၌ မဟာကုသိုလ်စိတ် တည်းဟူသောကံကို ကရိုဏ်းထား၍ ဆိုကြသော ဒုတီယနည်း သည်လည်း အလွန်ပင်သင့်မြတ်ကြောင်းကို သိသာလှတော့သည်၊ ကံကို ကရိုဏ်းထား၍ မဆိုသင့် ဟူသောဝါဒကို လှလှပယ်သင့် လှတော့သည်။

တစ်ခုသော မဟာကုသိုလ်စိတ် ဥပါဒ်ရာ၌ အတူတကွဖြစ်ကြကုန်သော သုံးဆယ်ကျော်မျှလောက် သောစိတ်, စေတသိက် အပေါင်းတို့တွင် အရာဌာန အားလျော်စွာ ဘယ်တရားကိုမဆို ကရိုဏ်းထား လိုလျှင် ထားသင့်ကြောင်း ထင်ရှားလှတော့သည်။

ထို့ကြောင့်-

၁။ မုသာ ဝဒန္တိ ဧတေနာတိ မုသာဝါဒေါ။
၂။ ပိသုဏံ ဝဒန္တိ ဧတာယာတိ ပိသုဏဝါစာ။
၃။ ဖရုသံ ဝဒန္တိ ဧတာယာတိ ဖရုသဝါစာ။
၄။ သပ္ဖံ ပလပန္တိ ဧတေနာတိ သမ္ဖပ္ပလာပေါ။
၅။ သမ္မာ ဝဒန္တိ ဧတာယာတိ သမ္မာဝါစာ။
၆။ သမ္မာ ကရောန္တိ ဧတေနာတိ သမ္မာကမ္မန္တော။
၇။ သမ္မာ အာဇီဝန္တိ ဧတေနာတိ သမ္မာအာဇီဝေါ။
၈။ ပဏမန္တိ ဧတေနာတိ ပဏာမော။
၉။ ဝဒန္တိ ဧတာယာတိ ဝန္ဒနာ။
၁၀။ စိန္တေန္တိ သမ္ပယုတ္တကာ ဓမ္မာ ဧတေနာတိ စိတ္တံ။
၁၁။ ဖုသန္တိ ဧတေနာတိ ဖေဿာ။
၁၂။ သဒ္ဒဟန္တိ ဧတာယာတိ သဒ္ဓါ။

ဤသို့စသည်ဖြင့် ကာယကံကြိယာပုဒ်, ဝစီကံကြိယာပုဒ်တို့နှင့် စိတ်, စေတသိက်တို့ကို ကရိုဏ်း ထား၍ ဆိုမှုသည် အရိုးအစဉ် ထင်ရှားလေသတည်း။

[ဤကား သုံးပါးသော ပဏာမတို့ဖြင့် ရှိခိုးပါ၏ - ဟူသော ရှိခိုးနည်း သင့်မြတ်ကြောင်းကို ပြလိုက်သော သာဓကယုတ္တိပေတည်း။]

ဒွါရသုံးပါး, ကံသုံးပါး, ပဏာမသုံးပါး-ကရိုဏ်းထား၍ ဆိုမှုအသီး အသီး သင့်မြတ်ကြသည်ရှိသော် ဒွါရ, ကံ, ပဏာမ - အပေါင်းဖြစ်သော စတုတ္ထနည်းသည်လည်း သင့်မြတ်တော့သည်သာဖြစ်၏။

ဤတွင်ရွေ့ကား ရှိခိုးပါ၏ - ဟူသော ရှိခိုးခြင်း ကြိယာ၌ ကရိုဏ်း ထားနည်း လေးမျိုးလုံးပင် သင့်မြတ်ကြောင်းတို့ကို ဆိုရန်စကားရပ်ပြီး၏။

“ရှိခိုးပါ၏ဟုဆိုကြသောရှိခိုးခြင်းကြိယာ၌ ဒွါရကရိုဏ်း, ကံကရိုဏ်း, ပဏာမကရိုဏ်း ဟူ၍ ကရိုဏ်း သုံးပါးလုံးသည်ပင် သင့်မြတ် ပါ၏” ဟုဆိုရာ၌-

သဟဇာတပစ္စည်း - ပစ္စယုပ္ပန်, အညမညပစ္စည်း - ပစ္စယုပ္ပန် ဖြစ်ကြသော တရားစုဖြစ်ကြ၍ ကရိုဏ်း - ကြိယာ - အကြောင်း - အကျိုး ဆိုလိုရာ ရသဒ္ဒါနည်း, ပဋ္ဌာန်းနည်း - လိုက်လျောသည်ကိုရည်၍ “သင့်မြတ်ပါ၏” ဟု ဆိုပေသည်၊ ချီးမွမ်းလောက်သော နည်းမျိုးဖြစ်၍ ဆိုသည် မဟုတ်၊ ချီးမွမ်း လောက်သော နည်းစုပင်မဟုတ်။

မဟုတ်ကြောင်းကား ဘုရားလက်ထက်တော်၌-

၁။ နမော တေ ဗုဒ္ဓ ဝီရတ္ု။
၂။ နမော တေ ပုရိသာဇည။
၃။ နမော တဿ ဘဂဝတော။
၄။ ဇိနံ ဝန္ဒာမ ဂေါတမံ။
၅။ ဇိနံ ဝန္ဒထ ဂေါတမံ။

အစရှိသည်ဖြင့် ရှိခိုးကြသောဂါထာဗန္ဓစုဏ္ဏိယမျိုးတို့၌ ဒွါရကရိုဏ်း သာမညကို ထည့်ဆို၍ ရှိခိုးသော အရိုးအစဉ်မရှိ။

အာဋာနာဋိယ ပရိတ် ဂါထာတွင်

ဝစသာ မနသာစေဝ၊ ဝန္ဒာမေတေ တထာ ဂတေ။
သယနေ အာသနေ ဌာနေ၊ ဂမနေစာပိ သဗ္ဗဒါ”။

ဂါထာ၌ “ဝစသာ, မနသာ” ဟူ၍ ကရိုဏ်းလာသည်မှာလည်း ရှိခိုးဆဲအခါ၌ ထည့်ဆိုသည်နှင့် လာသည်ပင် မဟုတ်၊ ဣရိယာပုထ် လေးပါးတို့၌ပင် ကိုယ်ဖြင့်, နှုတ်ဖြင့်, စိတ်ဖြင့်ရှိခိုးခြင်း သုံးပါး တွင် သင့်ရာတစ်ပါးပါးဖြင့် လည်းကောင်း, နှစ်ပါးဖြင့် လည်းကောင်း, သုံးပါးလုံးဖြင့် လည်းကောင်း မြတ်စွာဘုရားတို့ကို အကျွန်ုပ် နတ်အများတို့ ရှိခိုးကြပါကုန်၏ဟု ပြောကြားသော စကားမျှ သာတည်း။

ထို့ကြောင့်- “သယနေ အာသနေ ဌာနေ၊ ဂမနေစာပိ သဗ္ဗဒါ”။

[ဟု ဣရိယာပုထ် လေးပါးကို ပြလျက်ရှိသည်။]

သီဟိုဠ်ဖြစ် အဋ္ဌကထာ, ဋီကာကျမ်းဦး ပဏာမ ဂါထာတို့၌လည်း “ကာယေန, ဝါစာယ, မနသာ”ဟူ၍ သာမည ဒွါရကရိုဏ်း မပါမလာ၊ သီဟိုဠ်နမက္ကာရကျမ်း, ရက္ခိုင်နမက္ကာရ ကျမ်းများမှာလည်း ဒွါရကရိုဏ်း သုံးပါးတို့၏ အပြားအားဖြင့် မပါမရှိ။

တိဿော ဣမာ ဘိက္ခဝေ ဝန္ဒနာ၊ ကာယေန ဝန္ဒတိ ဝါစာယ ဝန္ဒတိ မနသာ ဝန္ဒတိ”။

ဟူ၍ ဟောတော်မူသည်မှာလည်း ဒွါရကရိုဏ်းသုံးပါးတို့၏ အပြားအားဖြင့် ရှိခိုးခြင်း သုံးပါးအပြား ရှိကြောင်းကိုသာ ဟောတော်မူသည်၊ ရှိခိုးဆဲအခါ၌ ကရိုဏ်းသုံးပါးကို ထည့်၍ ရှိခိုးရမည်ဟု ဟောတော်မူသည်ပင် မဟုတ်။

ဝန္ဒိတွာတိ တီဟိ ဒွါရေဟိ ဝန္ဒိတွာ

အစရှိသည်ဖြင့် အဋ္ဌကထာကျမ်းဦး ပဏာမဂါထာ၌ ဋီကာအရပ်ရပ်တို့ကို ဖွင့်ကြသည်မှာလည်း အဋ္ဌကထာကျမ်းကို အားထုတ်စ ကာလ၌ အဋ္ဌကထာ ဆရာတို့ ရတနာသုံးပါးကို ရှိခိုးသောအမှုသည် ကာယုဝန္ဒနာ, ဝါစာ ဝန္ဒနာ, မနောဝန္ဒနာ- သုံးပါးအပြည့်အစုံ ရှိခိုးမှု ဖြစ်ကြောင်းကိုသာ ပြတော်မူကြသည်၊ အဋ္ဌကထာဆရာတို့ ရှိခိုးဆဲအခါ၌ ဒွါရသုံးပါးကို ထည့်ဆို၍ ရှိခိုးကြသည်ဟု ပြသည် မဟုတ်။

အဋ္ဌကထာဆရာတို့ ရှိခိုးကြဆဲအခါကပင် ဒွါရကရိုဏ်းသုံးပါးကို ထည့်ဆို၍ ရှိခိုးကြသည် ဖြစ်ကုန်မူကား ထိုကျမ်းဦး ဂါထာတို့မှာပင်ဒွါရကရိုဏ်းသုံးပါး ထင်ရှား ပါရှိရမည်၊ ဋီကာဆရာတို့ ပါဌသေသကရိုဏ်း ထည့်၍ ဖွင့်ဖွယ်ကိစ္စ မရှိလေရာ။

ရှိခိုးပုံကိုဟောသော ပရိဝါပါဠိတော် ဥပါလိပဉ္စကတို့၌လည်း ကာယ, ဝစီ, မနော-ဟူသော ဒွါရက ရိုဏ်းသာမညကို အလေးဂရုပြု၍ ဟောတော်မူသောနည်း မလာ။

ထို့ကြောင့် ကာယဒွါရ, ဝစီဒွါရ, မနောဒွါရ တည်းဟူသော သုံးပါးသော ဒွါရတို့ဖြင့် ရှိခိုးပါ၏ဟု သာမည ဆိုကြသောနည်း, သုံးပါးသော ဒွါရတို့ဖြင့် သာမညဆိုကြသော နည်းများသည် အထက် အထက် ကလာခဲ့သော နည်းပင်မဟုတ်၊ ငါတို့ မြန်မာနိုင်ငံတွင်မှ ဖြစ်ပေါ်လာသောနည်း သာလျှင် တည်း၊ ဟုဧကန်မုချ သိအပ်လှသတည်း။

သို့အတွက်ကြောင့်လည်း-

[ဒွါရသုံးပါးကို ကရိုဏ်းထား၍ ရှိခိုးကြသော နည်းသည် ချီးမွမ်းလောက်သော နည်းပင် မဟုတ်။]

ယုတ္တိအားဖြင့်လည်း-

အကောင်းအဆိုး အမျိုးမျိုးသော ကိုယ်အင်္ဂါကြီးငယ်နှင့် ဆက်ဆံသော ကာယဒွါရ သာမညကို ဆို၍ ရှိခိုးမှုသည် ချီးချီးကျူးကျူး ထူးထူး လယ်လယ် ကြည်ညိုဖွယ်မြောက်သော နည်းပင် မဟုတ်၊ ဝစီဒွါရ, မနောဒွါရ သာမညဆိုရာတို့၌လည်း ဤနည်းအတူပင်၊ သို့အတွက်ကြောင့်လည်း ချီးမွမ်း လောက်သောနည်းပင် မဟုတ်။

ကျမ်းဂန်တို့၌ ဒွါရကရိုဏ်း လာသည်မှာမူကား-

၁။ “သိရသာ - ဦးဖြင့်, ဦးခေါင်းဖြင့်၊
ဝန္ဒာမိ - ရှိခိုးပါ၏”။

၂။ “ဥတ္တမင်္ဂေန - ဦးခေါင်းဟူသော မြတ်သောအင်္ဂါဖြင့်၊
ဝန္ဒာမိ - ရှိခိုးပါ၏”။

[ကိုယ်အင်္ဂါဝိသေသ လာပုံ။]

ဝိပ္ပသန္နေန - အလွန်အကြူး အထူးကြည်လင်လှစွာသော၊
စေတသာ - စိတ်ဖြင့်”။
ပသန္နေန - ကြည်လင်လှစွာသော၊
မနသာ - စိတ်ဖြင့်”။

[စိတ်အင်္ဂါဝိသေသ လာပုံ။]

ဤသို့ ချီးချီးကျူးကျူး ထူးထူးလယ်လယ် ကြည်ညိုဖွယ်မြောက်သော ကာယဒွါရဝိသေသ, ဝစီဒွါရဝိသေသ, မနောဒွါရဝိသေသများကို ထည့်ဆို၍ ရှိခိုးနည်းသာ ကျမ်းဂန်တို့၌ လာပေသည်၊ ထို့ကြောင့် ဝန္ဒနာ ပဏာမကို ပြုကြရာ၌ ကရိုဏ်း ထည့်ဆိုလိုက်သည် ရှိသော် ကာယ ဒွါရ, ဝစီဒွါရ, မနောဒွါရ သာမည မထည့်ကြကုန်မူ၍ ချီးချီးကျူးကျူး ထူးထူး လယ်လယ် ကြည်ညိုဖွယ် ရှိလောက်သော ကာယဝိသေသ, ဝစီဝိသေသ, မနောဝိသေသကိုသာ ထည့်ဆိုရမည်။

ဆိုပုံကား။ ။ သြကာသ, သြကာသ, သြကာသ၊ သံသရာဝဋ် ဒုက္ခအပေါင်းတို့မှ ထွက်မြောက် ပါရခြင်း အကျိုးငှါ ဘုရားရတနာ, တရား ရတနာ, သံဃာရတနာ၊ ဤရတနာမြတ်သုံးပါး အပေါင်းကို မြင့်မြတ်သော ဦးခေါင်းအင်္ဂါဖြင့် ရိုသေစွာ ရှိခိုးပူဇော် ဖူးမျှော် ကန်တော့ပါ၏။

[ကာယဒွါရဝိသေသ ထည့်ဆိုပုံ။]

ဤရတနာမြတ်သုံးပါး အပေါင်းကို ကြည်ညိုလှစွာသော သဒ္ဓါစိတ်ဖြင့် ရိုသေစွာ ရှိခိုးပူဇော် ဖူးမျှော် ကန်တော့ပါ၏။

[မနောဒွါရဝိသေသ ထည့်ဆိုပုံ။]

ဝစီဒွါရကို ဝိသေသ ဆိုနည်းမရှိ၊ “ဤရတနာမြတ်သုံးပါး အပေါင်းကို အနက်သဒ္ဒါပြည့်စုံစွာသော ဝါစာစကားဖြင့် ရိုသေစွာရှိခိုးပါ၏” ဟုဆိုလေ။

အသံသာယာမှုကို ချီးမွမ်း၍ မသင့်လှ၊ ဒွါရကရိုဏ်း ထည့်ဆိုမှုကို လွှတ်၍ ရတနာသုံးပါး ဂုဏ်ပုဒ် များကို ထည့်ဆိုရမူသာ၍ ကောင်းမြတ်ရာသည်။

[ဤကား ဝန္ဒနာပဏာမ အရာ၌ ဒွါရကရိုဏ်းပါမှ နေရာကျ သည်ဟု စွဲလမ်းသူတို့၏ စွဲလမ်းချက်ကို ပယ်ဖျက်လိုက်သော စကားရပ်စု တည်း၊ ဒွါရကရိုဏ်းကို ပယ်သဖြင့် ကံကရိုဏ်း, ပဏာမကရိုဏ်း တို့ကိုလည်း ပယ်ခြင်းကိစ္ စပြီးတော့သည်။]

ကရိုဏ်းသုံးမျိုးလုံးပင် အပိုသက်သက်ကဲ့သို့ ဖြစ်ကြောင်းကို ပြဆိုသည်ကား ပြီး၏။

၁၂၅၈-ခု နတ်တော်လ မုံရွာလယ်တီ။

သာသနဝိသောဓနီကျမ်း တတီယတွဲ ပြီး၏။

ပဌမလယ်တီဆရာတော်