သိမ်မျိုးစုံမဟာဋီကာ/ဥဒကုက္ခေပ၌ နာနာဝါဒ ဝိစာရဏကို ပြခန်း
ထိုဇာတသာရအိုင်၌ ဥဒကုက္ခေပအဖြစ်ဖြင့် ကံ ရွက်ဆောင်လိုသော ရဟန်းတော်တို့သည် တပါးသော ဥဒကုက္ခေပသိမ်၌ ကံပြုဆဲ ရဟန်းတို့ဖြစ်လျှင် အကြားသီမန္တရာဇ်အကျိုးငှာ ဥဒကုက္ခေပစာ တစ်ခုထားရခြင်း၊ ကံပြုဆဲ သံဃာမရှိပဲ ပြင်ပရဟန်းရှိခဲ့လျှင် မိမိဥဒကုက္ခေပသိမ်မှ အပ၌နေစေခြင်း၊ ဂါမနှင့်မူကား မိမိနိဿယ မဟုတ်သောကြောင့် ထိုဥဒကုက္ခေပနှင့် ထိုဂါမမှာ တစ်ထွာ,တစ်တောင် ကွာစေခြင်း၊ ဂါမအတွင်းရှိသော ခဏ္ဍ,မဟာ,ဗဒ္ဓသိမ်တို့နှင့်မူကား ကြိုး ဝါး, နွယ် စသည်တို့ဖြင့် အယှက်အတင် မရှိစေခြင်း စသည်ဖြင့် ကံပြုကြကုန်ရာ၏။ အချို့ဆရာတော်တို့ကား ဥဒကုက္ခေပနှင့် ဂါမမှာဥဒကုက္ခေပတစ်ခု ကွားခြားရမည်ဟု၊ ဆုံးဖြတ်ကြ၏။ ပါဠိ အဋ္ဌကထာမရှိ၍ မသင့်။
ထို့ကြောင့် ဝိနည်းမဟာဝါ အဋ္ဌကထာ(၃၃၅ ) ၌-
အန္တောနဒိယံ ဗဒ္ဓအဋ္ဋကေပိ အန္တောနဒိယံ ဇာတရုက္ခေပိ ဌိတေဟိ ကာတုံ ဝဋ္ဋတိ။
သစေ ပန ရုက္ခဿ သာခါ ဝါ တတော နိက္ခန္တပါရောဟော ဝါ ဗဟိနဒီတီရေ ဝိဟာရသီမာယ ဝါ ဂါမသီမာယ ဝါ ပတိဋ္ဌိတော, သီမံ ဝါ သောဓေတွာ သာခံ ဝါ ဆိန္ဒိတွာ ကမ္မံ ကာတဗ္ဗံ။
သစေ အန္တောနဒိယံယေဝ သေတု ဝါ သေတုပါဒါ ဝါ, သေတုမှိ ဌိတေဟိ ကမ္မံ ကာတုံ ဝဋ္ဋတိ။ သစေ ပန သေတု ဝါ သေတုပါဒါ ဝါ ဗဟိတီရေ ပတိဋ္ဌိတာ, ကမ္မံ ကာတုံ န ဝဋ္ဋတိ, သီမံ သောဓေတွာ ကာတဗ္ဗံ။
အစရှိသော စကားကို မိန့်တော်မူသတည်း။ ထိုစကားမှန်၏၊ ရေနှင့်ကမ်းအရပ်သည် ဘာမျှမဆိုင်လေ။ နဒီ သမုဒ္ဒ ဇာတဿရ တို့၌တည်သော လှေ သင်္ဘော စသည်တို့၌ ကြိုးလွန်စသည် ဂါမကို လည်းကောင်း ဗဒ္ဓကိုလည်းကောင်း သွား၍ချည်က ဂါမ ဗဒ္ဓတို့သာ ဖြစ်ကုန်သတည်း။ ရေနှင့်တကွ ရေ၌တည်သော ပစ္စည်းသည် ဂါမဗဒ္ဓတို့နှင့် မစပ်က မြစ် သမုဒ္ဒရာ ဇာတဿရ တစ်ခုခုသာ ကံပြုဆဲအခါ ဥဒကုက္ခေပသိမ်ဖြစ်၏၊ ဤသို့သော အဓိပ္ပာယ်အကျဉ်းကို သိအပ်၏။ ဋီကာတို့၌ တစ်မျိုးဖွင့်၏။ အဋ္ဌကထာသွားနှင့် မညီ၊ ကြပ်ကြပ်ဉာဏ်ကူ၍ ကြည့်ရှုကြလေ။
၎င်းဥဒကုက္ခေပအရာမှာ ခင်မကန် ဆရာတော်ကြီးကား ဥဒကုက္ခေပနှင့်ဂါမမှာ လက်တစ်သစ်နှစ်သစ် ခြားစေကာမူအပ်ကြောင်း၊ သီမဝိနိစ္ဆယ တစ်ခု -ပါဠိဘာသာ မြန်မာနိဿယတစ်စုံရေး၏။ ထိုဝိနိစ္ဆယလည်း ငါတို့လက်တွင်ရှိ၏။ စလင်း ဦးကေတု၊ ကျီဝန်တို့က လက်တစ်သစ် နှစ်သစ်ခြားလျှင် အပ်ကြောင်း နှစ်သက်၏။ အဋ္ဌကထာ နှင့်ညီ၍ သင့်လှ၏။ ယင်းဥဒကုက္ခေပအရာ၌ ရေတစ်ကျ သဲတစ်ကျ ဟူရာမှာလည်း ရေတစ်ကျ သဲတစ်ကျ ပစ်နေဖွယ်မရှိ၊ သိမ်ပမာဏ ပြရုံသာတည်း၊ အချို့က ရေ သဲတစ်ခုခု ပစ်မှအပ်ကြောင်း ဆိုကြသေး၏၊ ပါဠိ အဋ္ဌကထာ မလာရကား မသင့်လေ။ ဂါမပဝေသန သိက္ခာပုဒ်၌ ထင်ရှားရှိသော ရဟန်းကို မပန်ကြားပဲ ရွာဝင်လျှင် ခဲတစ်ကျထိုက်ရာအရပ်ကို လွန်ကအာပတ်သင့်၏။ ခဲတစ်ကျ ချ မချကို မစောင့်လေ။ (ကျီဝန်မိန့်။) ပရိစ္ဆန္နံ - ပိုင်းခြားထိုက်။ (သဗ္ဗန်) ရေသဲ မပစ်ပဲ အပ်၏၊ (ကျီဝန်ဆရာတော် )။ သီမဝိသောဓနီ၌၊ ပစ်မှအပ်သည်ဆို၏ မသင့်၊ (ကျီဝန်)။ သို့သော် သိမ်ပမာဏသိအောင် ပစ်မှုကို မတားမြစ်ပေ။ ပစ်မှအပ်သည်ဟူ၍ အထင်မလွဲကြရာ။ ၎င်းဥဒကုက္ခေပသိမ်ခန်း၌ ပုရိသဿကို ဥဒကုက္ခေပ ၌သာစပ်ရမည်။ သမန္တတော မှာ မစပ်ရ။ သမန္တတော၏ သမ္ဗန်ကား သံဃာကံပြုလျှင် သံဃဿ၊ ဂိုဏ်းကံပြုလျှင် ဂဏဿ၊ ပုဂ္ဂိုလ်ကံပြုလျှင် ပုဂ္ဂလဿထည့်။ (ကျီဝန်)။