မာတိကာသို့ ခုန်သွားရန်

သိမ်အောင် ဩဘာစာ

ဝီကီရင်းမြစ် မှ

သိမ်အောင် ဩဘာစာ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဇယတု။ သက္ကရာဇ် ၁၂၀၄-ခုနှစ်တွင် မန္တလေးရတနာပုံ ရွှေပြည်တော်ကြီးကို အာဒိကမ္မိက အစလက်မွန် တည်ထောင် ဖန်ဆင်း တော်မူသော ဆဒ္ဒန်ဆင်မင်းသခင် လက်နက်စင်္ကြာရှင် ဘဝရှင် ပဉ္စမ သံဂါယနာတင် နတ်ပြည်စံ ခမည်းတော်မင်းတရားကြီး, သက္ကရာဇ် ၁၂၄၀-ပြည့်နှစ် မန္တလေးရတနာပုံ ဒုတီယမြို့တည် နန်းတည် သားတော် မင်းတရား မင်း၂-ပါးတို့သည် လက်ရုံးတဆူယုံမှတ်တော်မူကြ၍ (မည်သည့်မြို့ခရိုင်ကို၊ အပိုင်အပ်လွှဲ၊ ကြီးကဲ စိုးအုပ်သော၊ မည်သည့်မြို့ သူကြီးသည်) သာသနာတော်မြတ်၏ အကျိုးစီးပွားကို အလိုဆန္ဒရှိလှ ပါသည်ဖြစ်၍ (မုံရွာမြို့ လယ်တီဆရာတော်, မည်သည့်မြိ့ု ဆရာတော် တို့ကို ) ပင့်ဆောင်ပြီးလျှင် ၎င်းဆရာတော်တို့၏ ဝိနည်းဓမ္မကံနှင့်အညီ စီမံကြီးကြပ်ချက်ဖြင့် (မည်သည့်သက္ကရာဇ်. .လ..ရက်.. နေ့ အချိန်တွင် ) “ သာသနသောဘဏီ “ အမည်ရှိသော ဤသိမ်ကြီးကို အပြီးတိုင် သမုတ်လှူဒါန်းပါသည်။

ဤဘဝမှစ၍ ဖြစ်လေရာဘဝတို့၌ ဓမ္မာသောကမင်း, ဒေဝါနံပီယ တိဿမင်းတို့ကဲ့သို့ တန်ခိုးတေဇာဖြင့် သာသနာတော်မြတ်၏ ဘေး အန္တရာယ်ကို စင်ကြယ်စွာပယ်ရှား၍ သာသနာတော်မြတ်၏ အကျိုးစီး ပွားကို အားထုတ်ရွက်ဆောင်နိုင်သည်ဖြစ်စေသော်၊ အဆုံးဘဝနောက် ကာလ၌ ပညာအရာလွန်ကဲစွာသော ပညာဓိက ဗောဓိဆုကို ရစေသော်၊ မိဘဆရာ၊ ညာတကာနှင့်၊ နရာသနင်း၊ နှစ်ပါးမင်းက၊ အရင်းစ၍၊ သဗ္ဗသတ္တာ၊ သတ္တဝါကို၊ ငါလျှင်အမျှဝေ၏သော်။

တိတ်စေ။ ပရမေစိုးဆောင် တန်ခိုးရောင်ဖြင့်၊ မိုဃ်းခေါင်ဗြဟ္မာ၊ အရွာရွာလည်း၊ ပဏ္ဏာဦးခိုက်၊ ရှိဖြာစိုက်လျှက်၊ မကိုဋ်ပတ္တမြား၊ ပြရိုးရာလည်း၊ ရွှေဘဝါးတော်အောက်၊ စက်တော်မောက်သို့၊ အရောက် ဆက်သွင်း၊ အသက်နှင်း၏၊။ သီတင်းတောက်ထိန်၊ ဘုန်းတော်ရှိန် ကြောင့်၊ ဒေဝိန်တရိုး၊ နတ်အမျိုးလည်း၊ တန်ခိုးပေါ်မောက်၊ အရောက် ရှိပြောင်း၊ နေ့စဉ်ငြောင်း၏၊ သောင်းလောကဓာတ်၊ အနတ်နတ်နှင့်၊ အမြတ်လူတွင်၊ ဘုရင်အဆူဆူ၊ ရိပ်ဖြူထီးဆောင်း၊ မင်းအပေါင်းလည်း၊ ခငြောင်းဝပ်တွား၊ အသက်လား၏၊ ငါးပါးမာရ်အောင်၊ လျှံတပြောင်လျှင်၊ အခေါင်လူလူ၊ အောင်လံထူလျက်၊ ငါးဆူဘုန်းမီး၊ တောက်ထိန်ညီး၍၊ အသီးကြေညာ၊ ပွင်းလင်းသာသည်၊ ကမ္ဘာဘဒ္ဒ အံ့ဘွယ်သော်။

အံ့ဖွယ်ထွေလာ၊ ဤကမ္ဘာသည်၊ မဟာသမ္မတ၊ မင်းမှစ၍၊ ရာဇတွက်ကိန်း၊ ၃-သိန်း, ၃-သောင်း, ရှစ်ထောင်,ငါးရာ, ခြောက်ကျိပ်ငါး၊ ထင်ရှားနွယ်ရိုး၊ နေနတ်မျိုးတွင်၊ တန်ခိုးထင်ပေါ်၊ အဆုန်းမြှော်သည်၊ သုံးပေါ်အထွတ်၊ သာကီနတ်ဟု၊ သိဒ္ဓတ်မည်တွင်၊ ဘုရင်တစ်ဆူ၊ ဇမ္ဗူ ကျော်ဟိုး၊ ရွှေနန်းစိုးလှ၊ လေးမျိုးနိမိတ်၊ သံဝေစိတ်ဖြင့်၊ ဗဟိုရ်မြေလွင်၊ ရွှေပလ္လင်၌၊ အောင်မြင်မာရ်စစ်၊ ရွှေဉာဏ်လှစ်က ခေတ်ဇာတိလုံး၊ သိမ့်သိမ့်အုန်းလျှင်၊ ရိုက်ချုံးဝှန်းဆူ၊ ပွင့်တော်မူ၍၊ သုံးလူမကိုဋ်၊ သုံး တိုက်လုံးနတ်၊ သုံးရပ်ဘုရင်၊ သုံးခွင်လုံးထည်း၊ ထိန်ထိန်ညီးလျှင်၊ ဘုန်းမီး လျှံတောက်၊ မြောက်ကြီးမြောက်မှာ၊ ကျွတ်လောက် သသူ၊ နတ်လူဗြဟ္မာ၊ သတ္တဝါကို၊ မဟာအမတ၊ ဓမ္မရွှေနန်း၊ တင်ဆောင်မြန်း၍၊ အောင်ခမ်းနိဗ္ဗူ၊ စံတော်မူသည်၊ နတ်လူ သောင်းသောင်း၊ ညံ၏သော်။

သောင်းသောင်းနတ်လူ၊ ထိန့်ထိန့်ဆူလျှင်၊ နိဗ္ဗူပြည်ကြီး၊

စံကုန်ပြီးလျှင်၊ ခရီးလမ်းစဉ်၊ စခန်းယဉ်ဟု၊ မဂ္ဂင်တံခါး၊ ဖွင့်သောသားဖြင့်၊ အများဗိုလ်လူ၊ ပါစိမ့်ဟူ၍၊ သုံးလူ့သာသနာ၊ မြတ်ရိုက်ရာကို၊ နှစ်ကြာ ရှည်လျှား၊ ဗျာဒိတ်ထား၏၊ ဘုရားမိန့်ချက်၊ ဓမ္မစက်အာဏာ၊ သာသနာသည်၊ တည်ရာမူလ၊ ထာဝရကား၊ သီမအပြား၊ သိမ်နှစ်ပါးတွင်၊ အများသံဃာ၊ ထေရ်မဟာတို့၊ ညီညာဖြဖြ၊ သမုတ်ကြသည်၊ ဗဒ္ဓသိမ်လျှင်၊ အရင်းပင်တည်း၊ ပဉ္စင်းရဟန်း၊ ခံခမ်းတသီး၊ ကံကြီးကံငယ်၊ အသွယ် သွယ်လည်း၊ ဤဝယ်ပြုမှ၊ ပြီးမြောက်ရ၏၊ မုချမြှော်မြင်၊ ပညာယှဉ်လျက်၊ သခင်မြတ်စွာ၊ သာသနာကို၊ ငါလျှင်တစ်ယောက်၊ သဒ္ဓါမောက်လျက်၊ ချီးမြှောက်သသူ၊ ဖြစ်စိမ့်ဟူ၍၊ စင်ဖြူမနော၊ ကြံရည်စောသည်၊ သဘော ဖိတ်ဖိတ်ကြည် စေသော်။

ဤမြို့ဌာနာ၊ ဤရွာသူတို့၊ ကြည်ဖြူစိတ်ဝမ်း၊ ဘိတ်ဘိတ် လျှမ်းလျက်၊ ကျမ်းဂန်အရာ၊ ဋ္ဌကထာနှင့်၊ ဋီကာကြီးငယ်၊ အသွယ် သွယ်ကို၊ တစ်ကယ်နိုင်နင်း၊ ဂုဏ်ရောင်လင်းသော၊ (မည်သည့်မြို့ ဆရာတော်) ဤရွေ့ထင်ပေါ်၊ ဆရာတော်တို့၊ ရှုမြှော်တိုင်ပင်၊ ဉာဏ် အမြင်ဖြင့်၊ စီရင်ကြီးကြပ်၊ ဆောင်နှင်းအပ်၍၊ ဝိပတ္တိအတွက်၊ မညငိလျက်ပင်၊ ပြီးအောင်မြင်သည်၊ သိမ်တွင်သိမ်ထူး၊ သိမ်မြတ်သော်။

ဤသည့်ပုည၊ ကုသလကြောင့်၊ ဘဝမသွေ၊ မြေနှင့်ရေကို၊ ကုန်စေတျင်းတျင်း၊ စိုးပိုင်နင်း၍၊ ရှင်ရင်းမြတ်စွာ၊ သာသနာကို၊ ဓမ္မာသောက၊ မြှောက်ချီးပသို့၊ ဘဝထိုထို၊ ချီးမြှောက်လို၏၊ အဟို နောင်လာ၊ မေတ္တေယျာဟု၊ မဟာမုနိ၊ မာရဇိဝယ်၊ အသိပညာ၊ လွန်ကဲ စွာ၌၊ အရာဧတဒဂ်၊ မိန့်တော်ချက်ကို၊ ထိပ်ထက်အပြင်၊ ပန်ယူဆင်၍၊ ပြည်တွင်နိဗ္ဗူ၊ သောင်ဆိပ်ငူသို့၊ လွယ်ကူရောက်ရပါလိုသော်၊ ပုည ကုသိုလ်၊ အဖို့ကိုလည်း၊ မြင်းမိုရ်ကျေးဇူး၊ ရှိတင်ဘူးသည့်၊ နှစ်ဦး ဂုဏ်ရှင်၊ ဘမိခင်နှင့်၊ သခင်ဆရာ၊ ဉာတကာက၊ ရာဇာနေနတ်၊ နှစ်ထွေ မြတ်နှင့်၊ သဗ္ဗသတ္တာ၊ သတ္တဝါကို၊ ငါနှင့်အမျှ၊ ရကြပါစေ၊ ပေးငှဝေသည်၊ ကောင်းထွေသာဓုခေါ်စေသော်။

မန္တလေးရတနာပုံ ပထမမြို့နန်းတည် နတ်ပြည်စံ ခမည်းတော် မင်းတရားကြီး, ဒုတိယမြို့နန်းတည် ဣန္ဒိယနိုင်ငံပါ သားတော်မင်းတရား မင်းတရားတို့သည်၊ ဆပွါးကြည်ဖြူ သဒ္ဓါတော်မူကြ၍၊ ဇမ္ဗူဒီပေ၊ ဤမြေဋ္ဌာနေ၊ ရပ်ဒေသနယ်ခရိုင်ကို၊ အပိုင်အပ်နှင်း၊ စိုးပိုင်းနင်း၍ သတင်းကြေညာ၊ တောဇာတန်ခိုး၊ တက်ဝေဖြိုးသော (ဤမြို့သူကြီးသည်) သာသနာတော်မြတ်၏၊ အခြပါဒ၊ မူလသမုဋ္ဌာန်၊ မြဲမြံခိုင်ခံ့သော အဆောက်အအုံ ကတူပအနှုန်းကို၊ နှလုံးဉာဏ်ရည်၊ ကြံစည်ထောက် ထားလျက်၊ ဘုရားသာသနာတော်ထမ်း၊ ရဟန်းသံဃာတော်မြတ်တို့၏၊ အနှစ် ၅၀၀၀-များမြောင် ရှည်ကြာ၊ သာသနာတော်ထင်ပေါ် တည်ထွန်း သမျှကာလပတ်လုံး ရဟန်းပြုလုပ် ဥပုသ်ပဝါရဏာ၊ လေးဖြာ-လေးသွယ် ကံငယ်ကံကြီး၊ အသီးသီး-အခန်းခန်းတို့ကို၊ ချမ်းချမ်းသာသာ ကာယစိတ္တ၊ အမျှနှစ်လီ၊ သာမဂ္ဂီတို့ဖြင့်၊ အညီအညွတ် ဆောင်ရွက်တော်မူကြရန်။

ဤဒေသရပ်ခပင်းဝယ်၊ သီတင်းထင်ပေါ်၊ ဟိုးဟိုးကျော်လျက်၊ ရှင်တော်မြတ်ဘုရား၊ မိန့်ဖော်ကြားသည့်၊ သုံးပါးသော သာသနာမြတ် တို့၏၊တည်ထွန်းရာ၊ သညာနာမ၊ အနွတ္တမူ၊ ဤအမည်ရှိသော မြေတ လင်းဝယ်၊ အိပ်ခင်းတည်မှု၊ စီမံပြုလျက်၊ ဗဟုဿုတ၊ ဓမ္မတန္တီ၊ ကျမ်းဂန်မှီလျက်၊ လဇ္ဇီပေသလ၊ သိက္ခာကာမ၊ ဂဏာစရိယ၊ ဂဏပါမေက္ခ၊ ဖြစ်တော်မူသော၊ (မည်သည့်ဆရာတော်ကြီးကို) အကြီးအမှုးအဦးပြု၍၊ ၎င်းဆရာကြီးတို့ စီမံကြီးကြပ်သမုတ်အပ်သော “သာသနသောဘဏီ” အမည်ရှိသော ဤသိမ်ကြီးသည်။

ဧကာဒသဝိပ္ပတ္တိသီမာယော အတိက္ကမိတွာ တိဝိဓသမ္ပတ္တိယုတ္တာ၊ နိမိတ္တေန နိမိတ္တံ သမ္ဗိန္ဓိတွာ သမ္မတာ။ ဟူသော အဋ္ဌကထာပါဌ်နှင့်အညီ၊ အတိခုဒ္ဒကာ, အတိမဟတီ အစရှိသော ဝိပ္ပတ္တိအပြားဆယ့်တစ်ပါးတို့ကို ကောင်းစွာလွန်မြောက်၍၊ နိမိတ္တသမ္ပတ္တိ, ပရိသသမ္ပတ္တိ, ကမ္မဝါစာသမ္ပတ္တိတည်းဟူသော အောင်မြင်ရာအောင်မြင်ကြောင်း ကောင်းမြတ်သော သမ္ပတ္တိဂုဏ်တို့နှင့် ပြည့်စုံသည်ဖြစ်၍၊ ယူဇနာတွက်ကိန်း၊ နှစ်သိန်းလေးသောင်း (၂၄၀၀၀၀) ဓာတ်ပေါင်းအထု၊ ပံသုသီလာ၊ မြေလွှာတို့ကို၊ ကမ္မဝါမြတ်၊ ဉတ်၏တန်ခိုး၊ ဖျန်းဖျန်းကျိုးလျှင်၊ သက်လျှိုးထွင်းဖောက်၊ လင်းလင်းတောက်မျှ၊ အောက်ရေအပြင်၊ အစဉ်ထိဆိုက်၊ ချုန်းချုန်းရိုက်လျှင်၊ ဆူလှိုက်နှံ့မွှေ၊ တည်ထွန်းလေ၍၊ လူ့ပြည်နတ်ရွာ၊ ဗြဟ္မာခပင်း၊ ဘုံသုံးရပ်အတွင်းဝယ်၊ ရှင်ရင်းဥက္ကဌ်၊ ဝိသုဒ်နတ်၏၊ အမြတ်ပရမေ၊ လျှမ်းလျှမ်းဝေသည်၊ ဓာတ်မွေတော်ပေါင်း၊ အကုန်လုံးစုဆောင်း၍၊ သောင်းလောကစကြဝါကို၊ သွက်သွက်ခါတုံရိုက်လျက်၊ အမြိုက်မင်္ဂလာ၊ မဟာသဘင် ကျွတ်ပွဲကြီး ယဉ်လတ်၍၊ မြတ်ဓာတုနိဗ္ဗာန်၊ စံလွန်သည်ဆိုက်အောင်၊ (ဤနယ်မြို့ ခရိုင်ဝယ်) ဘုန်းခိုင်ထွတ်ထား၊ ဘုရားမြတ်စွာသာသနာတော်၏ ကြက်သရေအထွေထွေသော နည်းအတိတ်၊ နိမိတ်ဩဘာ၊ သောသော ညာလျက်၊ ပုဏ္ဏမီစက်၊ တိတီရက်တွင်၊ နရက်တုံဟီးအောင်မြင်ပြီးသည်၊ ကောင်းကြီးသာဓုခေါ်ကြစေ။

သိမ်အောင် ဩဘာစာပြီး၏၊

---*---