သူငယ်တန်း မြန်မာသင်ပုန်းကြီး ဖတ်စာသစ်
သူငယ်တန်း
မြန်မာသင်ပုန်းကြီး
ဖတ်စာသစ်
ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရ ပညာရေးဝန်ကြီးဌာန ကျောင်းသုံးစာအုပ် ကော်မီတီ
သူငယ်တန်း
မြန်မာသင်ပုန်းကြီး
ဖတ်စာသစ်
၁၉၇၂ ခုနှစ်၊ အုပ်ရေ (၁,၆၀၀,၀၀၀)
ကုန်သွယ်ရေးကော်ပိုရေးရှင်း (စာအုပ် နှင့် စာရေးကိရိယာ) (မှတ်ပုံတင်အမှတ် ၁၂၆၂) ၅၅၀/၅၅၂ ကုန်သည်လမ်း၊ ရန်ကုန်မြို့ မှ ထုတ်ဝေသည်။
အလုပ်အမှတ် ၇၄၀၃
---
ကဗျာ
ကကညစ်၊ ပေမှာဖြစ်
ခခရာ၊ အသံသာ
ဂဂဏန်း၊ ရေမှာဖမ်း
ငငရုတ်စိမ်း၊ စပ်ရှိန်းရှိန်း
စစပါး၊ တို့အားထား
ဆဆရာ၊ ရိုသေပါ
ဇဇရပ်မှာ၊ တည်းခိုပါ
ညညအခါ၊ လသာသာ
တတလင်းဝယ်၊ စပါးနယ်
ထထမနဲ၊ တပို့တွဲ
ဒဒရယ်လေး၊ ဘေးမဲ့ပေး
ဓဓနိပင်၊ အသုံးဝင်
နနယုန်၊ လေရူးသုန်
ပပလောင်၊ တို့ညီနောင်
ဖဖရုံပေါ၊ တို့ယာတော
ဗဗလ၊ အင်အားပြ
ဘဘယက်၊ ရွှေဒေါင်းခွက်
မမမ၊ အဖေါ်ရ
ယယမင်း၊ ပပဝင်း
ရရထား၊ စီးလို့သွား
လလမင်း၊ ထိန်ထိန်လင်း
ဝဝကလေး၊ ဝိုင်းဝိုင်းရေး
သသမင်၊ အပြေးလျင်
အအလံ၊ အောင်ပွဲခံ
---
သင်ရိုးဗျည်း အစီအစဉ်
| ကခဂဃင |
| စဆဇဈည |
| ဋဌဍဎဏ |
| တထဒဓန |
| ပဖဗဘမ |
| ယရလဝသ |
| ဟဠအ |
| အအာဣဤဥဦ |
| ဧအဲဩဪအံအား |
ဩ — ဟုလည်းရေးသည် ။
---
လွယ်ရာမှ ခက်ရာသို့ စီစဉ်ထားသောဗျည်းများကို ရေးဆွဲပုံ
| ဝ |
| ဂငပ |
| ထကဘဟလ |
| တသယညဆ |
| မခစဇဒ |
| ဓဎဖဗအ |
| ရနဈဃဏ |
| ဌဋဠ |
| ဍ |
---
ပီပီသသ ရွတ်ဆိုကြ (Recite Clearly)
| တယတထထဒတ |
| ခဖစဆဆဇစ |
| ဂငပဖဖဗပ |
| ဇစငဂငညန |
| ဘဟတသလယရ |
| မပယရဈစဆ |
---
အိမ်လမ်း ရွာကျောင်း၊ သန့်ရှင်းကြောင်း၊ စုပေါင်း အမှိုက်သိမ်း။
ခြေလက်မျက်နှာ၊ ဆေးကြောပါ၊ ကျန်းမာ သန့်ရှင်း ရောဂါကင်း။
စောစောထ သွားတိုက်
မျက်နှာသစ် အိပ်ရာသိမ်း
အစာစား အဝတ်လဲ
ကျောင်းသွား
ဘိနပ်ချွတ် ထီးချိတ်
အဝတ်လဲ မိဘကူ
ကစား ရေချိုး
ညစာစား စာကြည့်
ထ
က
ဘဘ
မမ
အဘထ
မမက
---
သင်ခန်းစာ- ၁
အအာအား
ဝါးအစာဆရာ
စပါးကစားစရာ
ဖတ်စာ- ၁
ည အခါ
လ သာသာ။
ကစားမလား
နားမလား။
အစား အစာ၊
ဝါး စား ပါ၊
အသား ပါသလား
ငါး ပါသလား။
သားသား အပါ
အားကစားအရာ
ဝါသနာပါက
အားထားရ။
မရ မက
ခဏ ခဏ
လာသာ လာပါ။
ဆရာသမား
ပထမထား ။
---
သင်ခန်းစာ - ၂
အိအီအီး
အည့်အည်အည်
ဣဤ
ထီးမီးမာလကာသီး
နာရီသာလိကာ
ဖတ်စာ - ၂
ညတည လသာသာ
ကား စီးလာပါ။
မီးနီ အဆီးအတား
သတိ ထား။
တညီ တညာ
အနီး လာ၊
ဆရာ မိဘ
အားထားရ။
ညစာ စားသည်။
ငပိ ပါသလား။
အသီး စားပါ။
မဆာက မစားရ။
ဤခရီး နီးသလား။
ငါးနာရီ လာရ၏။
မီးရထား စီးလာပါ။
အလကား မစီးရ။
ဤအရာ သတိထားပါ။
ရွတ်ဆိုရန်
အ အာ အိ အီ
အ အာ အိ အီ
သားက သီ
က ကာ ကိ ကီ
သား မ ပီ
မ မာ မိ မီ
တ ခါ သီ
ပ ပါ ပိ ပီ
မ ကြာ မီ
တ တာ တိ တီ
သား က သည်။
ဟ ဟာ ဟိ ဟီ
အ မိ ရီ။
---
သင်ခန်းစာ- ၃
အုအူအူး
ဥဦဦး
အာလူးဗူးသီးမီးပူ
ငါးခုလူစု
ဖတ်စာ - ၃
မိသား တစု ဘုရား ဖူး၏။
ပုတီးပါသည်။
သီလ ယူပါ။
သာဓု သာဓု သာဓု
အလီ ရသလား။
စာ ကူးထားပါ။
အတူတူ ကူးပါ။
ကူးသူ စာရ၏။
ဆုပါ ရသည်။
ရာသီ ဥတု ပူသည်။
ဆားကူ စားပါ။
ထီး ယူလာပါ။
သီးသီး စားပါ။
မီးနား မလာရ။
စားစရာ လာယူပါ။
လူ စီလာပါ။
တဦးစီ လာပါ။
လု မယူရ။
အတူ စားပါ။
ရွတ်ဆိုရန်
တူတူရေ၀ါး
တူတူ ရေ ဝါး
သားအမိ ကစား။
တကု ကူ ကူး
သားအမိမြူး။
ပါပီကလေး
ပါ ပီ က လေး
ပုတုတု၊
သူ့စကားက
ဝု ဝု ဝု၊
သူ့စကား လူမသိ။
လူစကား သူမသိ။
သနားပါဘိ။
စည်းလုံးခြင်းသည် ခွန်အား
---
သင်ခန်းစာ - ၄
အေ့အေအေး
၍
ဖေဖေမေမေကလေး
ရေဗူးလေး
ဖတ်စာ - ၄
သားကလေး တီတာတာ
မေမေ့ အနားလာ၊
မပီကလာ သူ့စကား
တူ တူ ရေ ဝါး။
လူထုပညာ
အားပေးပါ။
အရေး အသား
လေ့လာထား။
ဖေဖေ မေမေ
မာပါစေ။
မေမေ့ စကား
အရေးထား၊
ဖေဖေ စကား
သား လေးစား။
လူနာ မေ့နေ၏။
ဆေးဆရာ ဆေးပေးသည်။
သတိ ရလာ၏။
လူနာ ရေပေးပါ။
အစား အစာ ပေးပါ။
နားနား နေနေ စားပါစေ။
ရွတ်ဆိုရန်
ပျိုလေးကို ငန်းဦး
ပျိုလေးတို့ ငန်းဦး
ယုန် ကူးလို့ ပြေး။
ကြည့်လိုက်ကြဟေ
တောခြေမှာ ရွှေယုန်နက်ကယ်
ထိပ်ကွက်နှင့် လေး။
ဆပ်သွားဖူး
ပျိုလေးတို့ အိမ်ဦး
ဆပ်သွားဖူးတဲ့ တရုံ နှစ်ရုံ
ကျေးတွေက အုံ။
မအုံပါနဲ့ ကိုရွှေကျေး။
ပျိုတိုမောင် ရှင်လိင်ပြန်တော့
နားပန်ဘို့ လေး။
---
သင်ခန်းစာ - ၅
အဲ့အယ်အဲ
ဖရဲသီးလယ်တဲဘဲကလေး
လယ်သမားပဲစေ့
ဖတ်စာ- ၅
ဘယ်က လာသလဲ။
ဘယ်နယ် ကလဲ။
အလယ်က လူ
စကား ဝဲ၏။
လဲနေသူ ထူပေးပါ။
အားငယ်သူ အားပေးပါ။
ရေထဲကလူ ဆယ်ယူပါ။
အကူအညီပေးပါ။
ဈေးနီး ပါသည်။
ဘာ စားခဲ့သလဲ။
အမဲသားငါး စားရဲ့လား။
ဘဲဥ ခဝဲသီး စားပါသည်။
လယ်သမား စပါးနယ်၏။
စပါး ဘယ်ဈေးလဲ။
သယ်ယူခ ပါသလား။
ဝယ် မဝယ် သိပါရစေ။
---
သင်ခန်းစာ- ၆
အော့အော်အော
ဪဩ
ရဲဘော်ကော်ဇောသော့
ဥဩမော်တော်ကား
ဖတ်စာ - ၆
ဇော်က ကနေသည်။
ခါး ကော့ထားသည်။
ရယ်ရယ် မောမော
ပေါ့ပေါ့ ပါးပါး
တော်တော် မောသလား။
ဆီမီးပူဇော်သည်။
တရားဟောနေသည်။
ဒေါသ မထားရ။
သာဓုခေါ်ပါ။
ကလေး ဆော့ပါစေ။
ကစားစရာ ဖောဖောသီသီ ပေးပါ။
ကော်ဇော မပေစေရ။
ဒေါ်ဒေါ် အော်သည်။
ဇာနည်ရဲဘော်
လူတော် လူမော်
အဖေါ် ရ၏။
တော်ပါပေသည်။
ရွတ်ဆိုရန်
ရွှေဥဩ
ရွှေဥသြ၊ ရွှေဥဩ
တွန်သံဃာတဲ့၊ ရွှေဥသြ
ရွှေဥဩ တွန်သံဃာ
နွေဦးသစ်စ ခါ
နွေဦးသစ်စပြိုင်တာ
တွန်သံသာတဲ့ ရွှေဥဩ။
သပြေသီးကောက်
ဝါဆို ဝါခေါင် ရေတွေကြီးလို့၊
သပြေသီးမှည့် ကောက်စို့ကွယ်။
ခရာဆူးချုံ ဟိုအထဲက၊
မျှော့နက်မည်းကြီး တွယ်တတ်တယ်။
မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့၊
မြွေနဂါးတောင် ကြောက်ဘူးကွယ်။
တို့လည်းကြောက်ပေါင် အတူ သွားစို့၊
အုန်းလက်နွားလေး ထားခဲ့မယ်။
သွားကွယ် သွားကွယ်။
မင်းသုဝဏ်
ရွှေခဲကြက်တူရွေး
ကြက်တူရွေး ကြက်တူရွေး
ရွှေခဲကြက်တူရွေး။
ညီပုလေးကို စာအံသင်
ရွှေခဲ စာအံသင်။
ညီလေးခင်က စာပြန်တုန်း
ရွှေခဲ စာပြန်တုန်း။
ဝလုံးရေးဘို ညီလေးထိုင်
ရွှေခဲ မရေးနိုင်။
ငေးမှိုင်ရှာပေါ့ ကြက်တူရွေး
ရွှေခဲကြက်တူရွေး။
မင်းသုဝဏ်
---
သင်ခန်းစာ - ၇
အံ့အံ
အန့်အန်အန်း
အမ့်အမ်အမ်း
အလံထူသည်စာအံသည်ရေခံသည်
အံ့ဩသည်ပန်းပန်သည်
ဖတ်စာ - ၇
ဘုရား တရား သံဃာ
မိဘ ဆရာ ကန်တော့ပါ။
ဦးလေး ဘာထမ်းလာသလဲ။
ခရမ်းသီး ပါသလား။
သံပုရာသီး ပါသလား။
မရန်းသီး ပါသလား။
တခုခု ပေးခဲ့ပါ။
ဆု ရလာသည်။
ဘယ်အတန်းကလဲ။
တာဝန် ထမ်းပါ။
လူတော်တော် အခေါ်ခံပါ။
ပန်းပန်ထားပါ။
ဘယ်က ပန်းလဲ။
ရေကန်နားက ပန်း
လန်းဆန်း၍လား။
လန်းလန်းဆန်းဆန်း ကံ့ကော်ပန်း
ရွတ်ဆိုရန်
ဗုံကြီးသံ
တီးလိုက်ပါတဲ့ ဗုံကြီးသံ
ထက်ကောင်းကင် ဝေယန်စွန်းမှာ
လွမ်းစေဘိုဖန်...လေ့။
သိကြားမင်းရယ်တဲ့ ဘုံဗိမာန်
အယူခံ ဗုံသံတက်တယ်
မိုးကျက်ကျက်ညံ...လေ။
ငါတိုကြက်ဖ
ငါတို့ကြက်ဖ နိုင်နိုင်
ရွှေဖလားနှင့် ကြက်သားကိုင်
ငါတို့ကြက်ဖ ရှုံးရှုံး
ကြေးဖလားနှင့် ကြက်သားတုံး။
---
သင်ခန်းစာ-၈
ကျားမြေပဲကျူထရံ
ကြာဖူးကြယ်
ဖတ်စာ -၈
မိသားစု လာပြီ။
အများအပြား လာကြသည်။
အားရ ဝမ်းသာ ခေါ်ပါ။
အစပြုစုပါ။ ။
ချမ်းချမ်းသာသာ နေပါစေ။
နေကျဲကျဲ ပူနေသည်။
နေပူထဲ မပြေးရ။
အဖျားရောဂါ ရ၏။
နေအေးသောအခါ ပြေးပါ။
လမ်းပေါ် မကစားရ။
သန့်သန့်ပြန့်ပြန့် နေပါ။
သားငါး စားပါ။
ငါးကြီးဆီ စားပါ။
အသီး စားပါ။
ကျန်းမာလာပြီ။
ကျားကြီး ခြေရာကြီး။
မေးပါများ စကားရ။
ပျော်ပျော်နေ သေခဲ။
ကျီစားသန်က ရန်များ၏။
---
သင်ခန်းစာ-၉
ကွ
နွားငွေကျွဲ
ပွဲပလွေ
ဖတ်စာ - ၉
လူကြီးများ ဆွေးနွေးပြီးပြီ။
အကျွေးအမွေးလည်း ပါမည်။
အတူတကွ တရားနာကြမည်။
ရွာတံခါးဝက
ဆရာတော်ဘုရား ကြွလာပြီ။
မြွေသံလား လေသံလား။
မြွေ သတိထားပါ။
မြွေထိက ဆေးသိရမည်။
ဆေး မြန်မြန်ကုပါ။
ဆေးပေးဌာန သွားပါ။
မယ်ငွေ သားကလေး
ဖြူဖြူဖွေးဖွေး
နွေးနွေး ထွေးထားပါ။
ကလေး ထွားသည်။
မိဘများ ကြွားစရာ။
ကျေးရွာကလေး သာယာသည်။
ရွာသားများ နွားမွေးမြူ၏။
လယ်ယာမြေ အအားမထားပါ။
ကြွားကြွားဝါဝါ မနေကြပါ။
နေရာတကာ ချွေတာ၏။
---
သင်ခန်းစာ - ၁၀
ငှမှ
မှန်နှဲလှံ
လှေလွှ
ဖတ်စာ - ၁၀
လွှသမားများ လွှဆွဲနေကြသည်။
ဗလ ကြီးလှ၏။
ခွဲစရာ များလှချည့်လား။
မျှမျှတတ ခွဲကြသည်။
ကြာရှည် မခွဲရပါ။
သူ ရေရွှဲနေသည်။
အအေးမိ၍ နှာစေးပြီ။
နှာ ရှူပါစေ။ ။
နွေးနွေးထား၍ အနားပေးပါ။
လူစည်သောနေရာ မသွားစေရ။
လူငယ်လူရွယ် တစု
စပါး လှေ့နေကြသည်။
အဆာပြေ ပဲလှော်ဝါးပါ။
ရေနွေးကြမ်းလည်း ရှိပါသည်။
အကြော်အလှော် တပန်းကန် ပေးပါ။
အသီးတရာ အညှာတခု။
မြန်မာပြည် ညီညာသည်။
မြေကြီးက ရွှေသီးရမည်။
ရေနံ အမြန်တူးဖေါ်မည်။
အပွဲပွဲမှာ နွှဲကြမည်။
---
သင်ခန်းစာ -၁၁
အို့အိုအိုး
ကိုယ့်ကိုယ်
ရေအိုးအမိုးကိုကို
စာပို့သမားသိုးကလေး
ဖတ်စာ - ၁၁
ကလေး နိုးပြီ။
လူကလေးကို မလှန့်ရ။
ငိုဘို့ မလိုပါ။
ရဲဘို့ လိုသည်။
ဆရာမ အတန်းထဲသို့လာပြီ။
တိုများ စာအံရတော့မည်။
ကိုယ့်အလှည့်ကျ ထပါ။
သတိထားဆိုပါ။
ကိုယ့်ကိုယ်ကို အားကိုးပါ။
ရိုးရိုးသားသား နေပါ။
ရိုသေရမည့် သူကို ရိုသေပါ။
အများ ကြည်ညိုမည်။ ။
မည်သူကိုမျှ မစော်ကားရ။
မိုး သည်းနေသည်။
မီးဖိုထဲမှာ မိုးယို၏။
အမိုးကို ဖါထေးပါ။
ရေ ခံထားပါ။ မိုးရေ သန့်၏။
ရွတ်ဆိုရန်
ဖိုးသာထူး၊
ဖိုးသာထူး ဖိုးသာထူး
အလွန်ဝတဲ့ ဖိုးသာထူး
ဖိုးသာထူး ဝမ်းပူပူ
ဖိုးဝကြီးနဲ့ တူ။
တူပါသကွဲ့ မယုံငြား
သည်မှာ ကြည့်ပါလား။
မိုး
ဟိုတောင်ဆီက ညိုတိုတိုရယ်
မိုးဆိုထင့်လေး၊
မိုးလေးရွာလျင် ဘာနဲ့မိုးရ
ပဒုမ္မာရွှေရိုးကို ထီးလုပ်လို မိုး။
---
သင်ခန်းစာ - ၁ ၂
အင့်အင်အင်း
အဉ့်အဉ်အဉ်း
ယင်ပင့်ကူတံစဉ်
မင်အိုးဗူးစင်
ဖတ်စာ - ၁ ၂
မိုးစင်စင် လင်းပြီ။
ပျင်း မနေရ။
သတင်းစာ နေ့စဉ်ကြည့်ပါ။
သတင်းထူး ပါလျှင် ပြောပါ။
စဉ့်အိုးထဲ ရေထည့်ရမည်။
ရေ ငင်နေသလား။
ရေအိုးကို ပင့်ပေးမည်။ ။
ခင်ခင် မင်မင် နေချင်သည်။
သားငါး အသည်း စားတော်ပဲ
စားချင်စဘွယ် ပြင်ဆင်ကွယ်။
ယင်လည်းမနား ပူပူစား။
ရောဂါမရ၊ ကျန်းမာစွ။
မိုး ဆင်လာသည်။
ပျိုမေတသင်း လယ်ထဲဆင်းမည်။
ထင်း စုထားပါ။
လယ်ထဲ ရေမတင်ပါ။
ရေ သွင်းသင့်ပါသည်။
---
သင်ခန်းစာ - ၁၃
အောင့်အောင်အောင်း
ဖောင်တောင်းစောင်း
ခေါင်းလောင်းနေရောင်
ဖတ်စာ - ၁၃
ပြည်ထောင်စုသား
ကောင်းစားစေကြောင်း
အားဖြည့်လောင်း၍
သောင်းသောင်းဖြဖြ ကြိုးပမ်းကြ။
နေ့စဉ်ခေါင်းဖီးပါ။
သန့်ရှင်းအောင် ထားရမည်။
ဆီလူးလျှင် ဆံပင်ကောင်းသည်။
အပေါင်းအဖေါ်၏ ဘီးကို မယူရ။
မိမိဘီးကို မကြာမကြာ ဆေးကြောပါ။
အများအကျိုး ဆောင်မှ
ကိုယ့်အကျိုး အောင်မည်။
ရိုးဖြောင့်စွာ ကျင့်ပါ။
လူတော်လူကောင်း ပီသမည်။
တဦးဆောင်သော် မရ။
တသောင်းဆောင်သော် ရ၏။
စုပေါင်းခေါင်းဆောင် အကြံအောင်။
အပေါင်းညီညာ အောင်ကြောင်းဖြာ။
---
သင်ခန်းစာ -၁၄
အိုင့်အိုင်အိုင်း
အကိုင်းအဝိုင်းရေအိုင်
မိုင်တိုင်ဖယောင်းတိုင်
ဖတ်စာ - ၁၄
ရေအိုင် တအိုင်။
သည်အိုင်က ခြင်လာသည်။
ခြင်ကို နိုင်ပါစေ။ ။
လူတိုင်းမှာ တာဝန်ရှိသည်။
မော်တော်ယာဉ် စီးပါ။
မျှမျှတတ ထိုင်ပါ။
တန်းကိုကိုင်လျှင် သတိထား။
ခိုင်မခိုင် စမ်းပါဦး။
ကြံ့ကြံ့ခိုင်ခိုင် နေပါ။
ထိုင်းထိုင်းမှိုင်းမှိုင်း မနေရ။
ကာယဗလ အားပေးပါ။
ဆိုင်ရာတာဝန် ထမ်းဆောင်ပါ။
သိုင်းသိုင်းဝိုင်းဝိုင်း ကူညီပါ။
ကိုင်းပင်ကို ရှင်းပါ။
မြေဩဇာ နိုင်နိုင်ထည့်ပါ။
ပဲဝါ နှမ်း အလှည့်ကျ ချပါ။
စုပေါင်း ကြိုးစားပါ။
အသီးအခိုင် ပေါမည်။
---
သင်ခန်းစာ - ၁၅
အိန့်အိန်အိန်း
အိမ့်အိမ်အိမ်း
အိမ်မိုးတိမ်ချိန်ခွင်
ပုဆိန်ကြိမ်ခြင်း
ဖတ်စာ - ၁ ၅
မိုးတိမ် ထူသည်။
လေငြိမ်မလား။ မိုးရွာမလား။
ရေဒီယို နားထောင်ပါ။
မိုးလေဝသသတင်း အကြိမ်ကြိမ် ကြားရမည်။
ဟိုကမ်းပါးက မီးထိန်ထိန်
သည်ကမ်းပါးက မီးထိန်ထိန်
ဆီမီးထိန်ထိန် လင်းပါတဲ့
မနှင်းတို့ အိမ်။
မီးစိမ်း မီးနီ သတိပြု။
မီးဝါလျင် အရှိန်ကို လျော့ရသည်။
ဘယ်ကို အရမ်း မတိမ်းရ။
ထိန်း၍ မောင်းရသည်။
ကထိန်ပွဲကြီး နီးလာပြီ။
ရက်ချိန်း သေချာပြီလား။
ပုသိန်းထီး ရပါစေမည်။
မစိုးရိမ်ပါနှင့်။
အဆင်သင့်ရှိသည်။
---
သင်ခန်းစာ - ၁၆
အုံ့အုံအုံး
အုန့်အုန်အုန်း
ခုံယုန်ပျားအုံ
ရေပုံးအုန်း
ဖတ်စာ - ၁ ၆
စပယ်ပန်း တကုံး
ဘယ်လို သုံးမလဲ။
ပြုံး၍ မေးသည်။
မယ်အုံးက ဆံထုံးမှာ ပန်မည်။
ဟင်းမျိုးစုံပြီ။
ပုန်းရည်ကြီးလည်း ပါသည်။
ခုံပေါ်မှာ အကုန် ချထားပါ။
အားလုံး လုံအောင် ဖုံးထားပါ။
မိုးအုန့်လျှင် အေးသည်။
တံခါး လုံအောင် စေ့ထားပါ။
ဖေဖေ ခေါင်းအုံနေသည်။
တအုန်းအုန်း မဆူညံရ။
ယုန်ကလေးတကောင်
တောင်ကုန်းနားမှာ
ခုန်၍ ပြေးနေသည်။
မယုံလျှင် သွားကြည့်ပါ။
မကြုံစဘူး လှသည်။
ရွတ်ဆိုရန်
အဖိုးကြီးအို
အဖိုးကြီးအို
ခါးကုန်းကုန်း
မသေပါနှင့်အုံး။
နောင်နှစ်ခါ
တန်ဆောင်မုန်း
ပွဲကြည့်ပါအုံး။
---
ဂဏန်းများ (Numbers)
*၁ - တစ်
**၂ - နှစ်
***၃ - သုံး
****၄ - လေး
*****၅ -ငါး
******၆ - ခြောက်
*******၇ - ခုနှစ်
********၈ - ရှစ်
********* ၉- ကိုး
**********၁၀- တဆယ်
တစ် နှစ် ၊ စာကိုချစ်
သုံး လေး ၊ မသိတာမေး
ငါး ခြောက် ၊ နှစ်ချင်းပေါက်
ခုနစ် ရှစ် ၊ တပည့်သစ်
ကိုး တဆယ် ၊ ကြိုးစားမယ်
---
မရွှေဖဲ (ဒေါက်တာမောင်ဖြူး)
ဘယ်သွားနေလဲ မရွှေဖဲ
ဘုရားပွဲကို လှည်းနဲ့ဆို
ဘာဝယ်ခဲ့လဲ မရွှေဖဲ
ပင်နီအင်္ကျီ ယောထမီ
ဘာစားခဲ့လဲ မရွှေဖဲ
ကြာဇံလက်သုပ် မုံ့ဖက်ထုပ်
ဘယ်လောက်ကုန်လဲ မရွှေဖဲ
စက္ကူတကျပ် ငွေတမတ်
ဘာမြင်ခဲ့လဲ မရွှေဖဲ
စျေးသည် စျေးဝယ် စုံလို့ကွယ်
ဘာလုပ်သေးလဲ မရွှေဖဲ
ဘုရားရှင်တော် ဖူးပါသော်
အမည်ဘာလဲ မရွှေဖဲ
မကွေးမြို့စွန် မြသလွန်
ဘာဆုပန်လဲ မရွှေဖဲ
နိဗ္ဗာန်ရွှေပြည် ဆုပန်သည်။
---
မောင်ရေခဲ
ဘယ်သွားနေလဲ မောင်ရေခဲ
ကန်တော်ကြီးကို ကားနဲ့ဆို
သွားလုပ်လဲ မောင်ရေခဲ
လေညှင်းခံဘို ဆိုပါစို့
ဘာမြင်ခဲ့လဲ မောင်ရေခဲ
အများသူငါ စုံလိုဗျာ။
မြင်သေးလဲ မောင်ရေခဲ
အပျိုအအို၊ မြင်သဗျို
ဘာလုပ်သေးလဲ မောင်ရေခဲ
ကန်တော်တပတ် ခရီးထပ်
ဘယ်သွားသေးလဲ မောင်ရေခဲ
ညဈေးတန်းကို သွားသေးဆို
ဘာစားခဲ့လဲ မောင်ရေခဲ
ခေါက်ဆွဲဆန်ပြုတ် ကြက်သားသုပ်
ဘယ်ချိန်ပြန်လဲ မောင်ရေခဲ
ညဉ့်နက်သန်းခေါင် မနေပေါင်။
ပြီး၏။
စာပေဗိမာန်ပုံနှိပ်တိုက် (မှတ်ပုံတင်အမှတ် ၀၀၂) ၃၆၁ -ပြည်လမ်း၊ ရန်ကုန်မြို့တွင် ဦးကျော်အုံးက ရိုက်နှိပ်သည်။
အဖိုး - ၁ ကျပ်
ကုန်သွယ်ရေးကော်ပိုရေးရှင်း (စာအုပ်နှင့် စာရေးကိရိယာ) (မှတ်ပုံတင်အမှတ် ၁၂၆၂) ၅၅၀/၅၅၂ ကုန်သည်လမ်း၊ ရန်ကုန်မြို့ မှ ထုတ်ဝေသည်။