မာတိကာသို့ ခုန်သွားရန်

သူတော်ကောင်းလက္ခဏာ တရားတော်

ဝီကီရင်းမြစ် မှ
6000သူတော်ကောင်းလက္ခဏာ တရားတော် — အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်)

သူတော်ကောင်းလက္ခဏာ တရားတော်

အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)

မာတိကာ

ကိုယ့်ကိုယ်ကို စဉ်းစားရအောင်
ဓာတ်ကိုယ်ကြီးက ဓာတ်ခံတွေပါလာ
ဓာတ်ခံပါလာတာ မယုံဘူးလား
တစ်ကန့်စီ တစ်ကန့်စီ စဉ်းစား
ကမ္မသတ္တိအရ ဓာတ်ခံပါလျက်ရှိ
ဓာတ်မကျအောင် ရိုးဖြောင့်ရမယ်
ပထမ ဒုတိယ သူတော်ကောင်း ဂုဏ်အင်္ဂါ
အလောင်းတော် ခြင်္သေ့မင်း
ဓာတ်ခံကောင်းမှ တန်ဖိုးရှိ
တတိယ စတုတ္ထ ပဉ္စမ သူတော်ကောင်း ဂုဏ်အင်္ဂါ
ဆင်းရဲသူကို ငဲ့ညှာရင်
လှူလှူ ဆိုတိုင်း မကောင်း
ထမင်းဦးလေး ခူးလောင်းရုံနဲ့ မမွဲ
ကြီးပွားရေးအတွက် တရားတော်က ဖြေရှင်းပေးနိုင်
အရှင်အာနန္ဒာ စဉ်းစားချက်
ပြောင်းပြန် ပြန်ကြည့်ဦး
ဘုန်းကြီး အလေ့အထ
ကျေးဇူးသိသော ဆရာတော်ကြီးတွေ
သူတော်ကောင်းစစ် ဖြစ်အောင် ကြိုးစား
ဘုန်းကြီး ငယ်ငယ်က စဉ်းစားခဲ့ပုံ
လက်လှမ်းမီလျက်သားနှင့် မလိုက်မရှိရ
နိဂုံးချုပ် တိုက်တွန်းချက်
အရှင်ကုဏ္ဍလာဘိဝံသ၏ သြဝါဒကထာ

သူတော်ကောင်းလက္ခဏာ တရားတော်

ဘုန်းကြီး ဟောဖို့ စိတ်ကူးထားတာ "သူတော်ကောင်းဆိုတဲ့ လက္ခဏာ" ဟာ ဘယ်လိုလဲလို့ သူတော်ကောင်းရဲ့ အကြောင်းကို ဟောပေးမယ်။

ယော ဝေ ကတညူ ကတဝေဒီ ဓီရော,
ကလျာဏမိတ္တော ဒဠှဘတ္တိ ဟောတိ၊
ဒုက္ခိတဿ သက္ကစ္စံ ကရောတိ ကိစ္စံ,
တထာဝိဓံ သပ္ပုရိသံ ဝဒန္တိ။

ယော ဓီရော - နဂိုမူလ, ဓာတ်ခံရသဖြင့်, ဘဝနောက်နှောင်း, ကောင်းထက်ကောင်းဖို့, လမ်းကြောင်းတီထွင်, အကြင်ပညာရှင်သည်။
ဝေ - စင်စစ်ဧကန်, အမှန်စိတ်ထား, ရိုးဖြောင့်သောအားဖြင့်။
ကတညူ - သူတစ်ပါးတို့, ပြုထားအပ်ဖူး, မြတ်ကျေးဇူးကို, အထူးရှိ သရွေ့, သိလေ့ရှိသည် လည်းကောင်း။
ကတဝေဒီ - သူများပြုအပ်, ကျေးဇူးရပ်ကို, တတ်သရွေ့ မှတ်သရွေ့, ဆပ်လေ့ရှိသည် လည်းကောင်း။
ဟုတွာ - ဖြစ်၍။
ကလျာဏမိတ္တော - မိကောင်းဖကောင်း, ဆရာကောင်းနှင့်, ဖော်ပေါင်းအတိ, မိတ်ကောင်းရှိသည်၊
ဒဠှ ဘတ္တိ - ထိုမိတ်ကောင်းလဲ, အသဲစွဲမျှ, အမြဲမပြတ်, ဆည်းကပ်လေ့ရှိ သည်၊
ဟောတိ - ဖြစ်၏။
ဒုက္ခိတဿ - မိမိမျက်မှောက်, ဒုက္ခရောက်သဖြင့်, ပံ့ထောက်မဲ့ဟူ, ဆင်းရဲသူ၏။
ကိစ္စံ - စားသောက်နေရေး, ဆေးဝါးပေးလျက်, လုပ်ကျွေးသမှု, ကိစ္စစုကို။
သက္ကစ္စံ ကရောတိ - ကိုယ်ချင်းစာနာ, သနားညှာလျက်, များစွာပုံသေ, ပြုစုတတ်ပေ၏။
တထာဝိဓံ - သို့ကလိုဂုဏ်အင်, စုံလင်ပေသည့်, ပညာရှိအပေါင်း, သူတော်ကောင်းကို။
သပ္ပုရိသံ - မြင့်ထက်မြင့်သည့်, အကျင့်အလွန် ကောင်း, သူတော်ကောင်းဟူ၍။
ဝဒန္တိ - ဘုရားစသား, ပုဂ္ဂိုလ်များက, လေးစားကြည်ဖြူ, ချီးမွမ်းတော်မူကြလေသတည်း။

ကိုယ့်ကိုယ်ကို စဉ်းစားရအောင်

တထာဝိဓံ - သို့ကလိုဂုဏ်အင်, စုံလင်ပေသည့်, ပညာရှိအပေါင်း သူတော်ကောင်းကို။
သပ္ပုရိသံ - ဘဝနောက်နှောင်း, ကောင်းထက်ကောင်းမည့်, လမ်းကြောင်းတီထွင်, သူတော်စင်ဟူ၍။
ဝဒန္တိ - ဘုရားစသား, ပုဂ္ဂိုလ်များက, လေးစားကြည်ဖြူ, ချီးမွမ်းတော်မူကြ ကုန်၏တဲ့။

"သပ္ပုရိသ" ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တုန်းဆိုတော့ -

ယော ဓီရော - ဘဝနောက်နှောင်, ကောင်းထက်ကောင်းဖို့, လမ်းကြောင်းတီထွင်, အကြင် ပညာရှင်သည်-

အားလုံး စိတ်တွေမှာလေ ကိုယ့်ကိုယ်ကို ပြန်သွင်းထားလိုက်၊ ဘုန်းကြီးက ဘုန်းကြီးကိုယ်ကို ပြန်ပြီးတော့ စိတ်ထားမယ်၊ ယခု အလှူရှင်ဖြစ်တဲ့ ဆရာဝန်တို့ - ဆရာဝန် ကတော်တို့က သပ္ပုရိသ ဂုဏ်အင်္ဂါနဲ့ ပြည့်စုံသလား, မပြည့်စုံဘူးလား၊ ပြည့်စုံရင် ဘယ်လောက် ပြည့်စုံတယ် ဆိုတာကို စဉ်းစားရအောင် ကိုယ့်ကိုယ်ကို ကိုယ့်စိတ်က အာရုံပြုထားလိုက်၊ ကိုယ့်ရဲ့ ဘဝတစ်သက်တာ လာခဲ့ တဲ့ အကြောင်းအရာတွေ ပြန်ပြီးတော့ စဉ်းစားရင် "အင်း ... ဒီဂုဏ်နဲ့ ဒီအင်္ဂါနဲ့တော့ ငါပြည့်စုံတယ်၊ ပြည့်စုံတာမှ ဘယ်လောက် ပြည့်စုံတယ်၊ သို့မဟုတ် ဒီအင်္ဂါတော့ ငါ ဘယ်လောက် လိုသေးတယ်" အဲဒါ စဉ်းစားရအောင်လေ။

ဓာတ်ကိုယ်ကြီးက ဓာတ်ခံတွေပါလာ

ယော ဓီရော - နဂိုမူလ, ဓာတ်ခံရသဖြင့်, ဘဝနောက်နှောင်း, ကောင်းထက်ကောင်းဖို့, လမ်းကြောင်းတီထွင်, အကြင်သူတော် စင်သည်၊

"နဂိုမူလ ဓာတ်ခံရသဖြင့်" လို့ ဒါလေး စဉ်းစားရမယ်၊ ဘုန်းကြီးတို့တစ်တွေဟာ ဓာတ်တွေ စုပေါင်းနေတဲ့ ခန္ဓာကိုယ်၊ ဥပမာ-မျက်လုံးမှာ စက္ခုဓာတ်ရှိတယ်၊ နားထဲမှာ သောတဓာတ် သောတ ပသာဒ ရှိတယ်၊ နှာခေါင်းထဲမှာ ဃာနဓာတ် ဃာနပသာဒ ရှိတယ်၊ အဲဒီလို စသည်ဖြင့် ဟဒယထဲမှာ မနောဝိညာဏဓာတ် စိတ်ဝိညာဉ်တွေ ရှိတယ်၊ ဒီပြင် စိတ်ဝိညာဉ်မှ တစ်ပါး စေတသိက်ဆိုတဲ့ တရားတွေ တချို့သော ရုပ်တွေက ဓမ္မဓာတ်၊ အားလုံး ခန္ဓာကိုယ်ကြီးဟာ ဓာတ်ကောင်ကြီး

"ယော ဓီရော - နဂိုမူလ, ဓာတ်ခံရသဖြင့်" လို့ ဆိုတော့ အဲဒီ ဓမ္မဓာတ်ထဲက ဘုန်းကြီးတို့ ဓာတ်ခံတွေ ဘဝသံသရာမှာ ဓာတ်ကောင်ကြီး အဖြစ်နဲ့ လာခဲ့ရာက အဲဒီ ဓာတ်ခံပါလာတယ်၊ မကောင်းတဲ့သူက မကောင်းတဲ့ ဓာတ်ခံ ပါလာ၊ ကောင်းတဲ့သူက ကောင်းတဲ့ဓာတ်ခံ ပါလာတယ်၊ ဒါလေးကို ဘုန်းကြီးတို့ မယုံကြည် နိုင်ကြတဲ့ သူများအတွက် ထပ်ပြီးတော့ စဉ်းစားကြအုန်းစို့ရဲ့။

ဓာတ်ခံပါလာတာ မယုံဘူးလား

ကလေးတစ်ယောက် ဖွားမြင်လာတယ်ဆိုတော့ ဒီမိ-ဒီဖ အတူတူပဲ၊ သွေးသားတွေဖြစ်ပြီးတော့ ပေါက်ဖွားလာတဲ့ သားသမီး, စိတ်ချင်းတူရဲ့လား, မတူပါဘူး၊ ကောင်းပြီ အရည်အချင်း, ဉာဏ် ချင်း တူရဲ့လား, မတူဘူး၊ ကောင်းပြီ လုံ့လဝီရိယချင်း တူရဲ့လား, မတူဘူး၊ ထားစမ်း - ဒီတစ်မိ တစ်ဖထဲ ဆိုပေမယ့် အချိန်ချင်းက အကြီးနဲ့ အငယ်နဲ့ အသက်နဲ့ ဆိုတာတွေ ကွဲလို့ မတူတာ ထင်ပါရဲ့လို့ ဆိုတော့ အမွှာမွေး ယောက်ျားလေး နှစ်ယောက်, မိန်းကလေး နှစ်ယောက် အမွှာမွေးတယ်၊ တူဖို့ ကောင်းတယ်၊ မိသွေး ဖသွေး တစ်သွေးထဲ၊ တကတဲ ရှေ့ဆင့် နောက်ဆင့် မွေးလာတယ်၊ တူဖို့ ကောင်း၊ ရုပ်ချင်းကတော့ သွေးသားအကြောင်းတွေက အထောက် အပံ့ရတော့ ရုပ်ချင်းကတော့ အတော်တူတယ်၊ တစ်ခါတစ်ခါ ခွဲမရအောင် တူတယ်၊ စိတ်ချင်း ဘယ့်နှယ်နေတုန်း, မတူလိုက်တာ၊ ဉာဏ်ချင်း ဘယ့်နှယ်နေတုန်း, မတူလိုက်တာ၊ လုံ့လဝီရိယချင်း ဘယ့်နှယ်နေတုန်း, မတူလိုက်တာ၊ နောက်တော့ အကျိုးပေးချင် ကော အို ... မတူလိုက်တာ၊ နောက်ဆုံး ရောဂါဘယချင်းကော အို - မတူလိုက်တာ၊ သေတော့ကော မတူလိုက်တာ၊ ဪ … တစ်ယောက်နှင့် တစ်ယောက် မတူတာ ထောက်လို့ရှိရင် ဓာတ်ခံချင်း ကွဲလာပြီ။

တစ်ကန့်စီ တစ်ကန့်စီ စဉ်းစား

“ယော ဓီရော - နဂိုမူလ, ဓာတ်ခံရသဖြင့် ဘဝနောက်နှောင်း, ကောင်းထက်ကောင်းဖို့၊ လမ်းကြောင်းတီထွင်, အကြင်ပညာရှင်သည်” - စဉ်းစားရမယ်။ဘုန်းကြီးက မစဉ်းစားဘဲနဲ့ နမော်နမဲ့ ကြီးလာတဲ့သူတွေကို တယ်မကျေနပ်ဘူး။ စဉ်းစဉ်းစားစား နဲ့ဆိုတဲ့ စကားကို ပြောရ အုံးမယ်။ ဒီဘုန်းကြီးတို့ဟာ တစ်ကန့်စီ တစ်ကန့်စီ စဉ်းစားတာဟာ အင်မတန် ကောင်းတယ်။

ဟိုဘက် ဘဝက တစ်ကန့်၊ ယခုဘဝက တစ်ကန့်၊ နောက်လာမယ့် ဘဝက တစ်ကန့်၊ အဲဒီတော့ တစ်ကန့် တစ်ကန့်မှာလေ အင်မတန် ကောင်းအောင် ကြိုးစားလိုက်လို့ ရှိရင်ဖြင့် အို တစ်ခါတည်း တက်ပြီးတော့ ဘဝပေါင်းများစွာ သွားပြန်ရော။ ဒီတော့ ဘုန်းကြီးက ဒီဘဝကို တစ်ကန့်လို့ ယူထားတယ်၊ ဟိုလွန်ခဲ့တဲ့ ဘဝပေါင်းများစွာက တစ်ကန့်၊ အဲဒီ ဓာတ်ခံတွေက ယခု ပါလာတယ်။ ငါ့မှာ ပါလာတယ်၊ ယခု အလှူ့ဒကာမှာ ရဟန်းအမမှာ ပါလာတယ်၊ ဟိုဘက် ဘဝက ဓာတ်တွေဟာ ဒီအကန့်ထဲ ပါလာ၊ ဒီဘ၀ ဒီအကန့်ထဲ ပါလာ၊ ဒါလေးကို မြတ်စွာဘုရားက ဘယ်လိုများ အမိန့် ရှိတုန်း။

ကုသလာကုသလံ - ကုသိုလ် အကုသိုလ်ဖြစ်တဲ့၊
ကမ္မံ - ကမ္မ စေတနာသည်၊
ဝိပါကာနံ - အကျိုး ဝိပါက်တို့အား၊
ကမ္မပစ္စယေန - ကမ္မပစ္စယသတ္တိဖြင့်၊
ပစ္စယော - ကျေးဇူးပြုသည်၊
ဟောတိ - ဖြစ်၏ တဲ့။

ကမ္မသတ္တိအရ ဓာတ်ခံ ပါလျက်ရှိ

ဟိုဘဝက ကုသိုလ်ပြုပြု၊ အကုသိုလ်ပြုပြု အဲဒီ ကုသိုလ် အကုသိုလ်ကံက ဓာတ်ခံ အဖြစ်နဲ့ ခန္ဓာကိုယ်မှာ သတ္တိကျန်ရစ်တယ်။ ဘာသတ္တိလဲ ကမ္မပစ္စည်းသတ္တိ ကျန်ရစ်တယ်၊ အဲဒီ ကမ္မပစ္စည်း သတ္တိက သင့်တော်တဲ့ အချိန်ကျရင် အကျိုးပေးပါရော။ ဒါကြောင့် အဲဒီ ဓာတ်ခံလေးဟာ ပြန်ပြီးတော့ စဉ်းစားရမယ်၊ ကိုယ့်ကိုယ်ကို ဒီအကန့်ကနေပြီးတော့ လွန်ခဲ့တဲ့ ဘဝသံသရာကို မှန်းကြည့်လို့ ရှိရင် ငါ ဘယ်လို ဓာတ်ခံ ပါလာသလဲ။ ငါ ဒီဘ၀ အကျိုးပေးတဲ့ မျိုးရိုး ဘယ်လို ဓာတ်ခံကြောင့် ဘယ်လို အမျိုးအရိုး လာပေးတယ်။ ငါ ဒီဘဝမှာ ရုပ်အဆင်းက ဘယ်လိုကုသိုလ် ဓာတ်ခံကြောင့် ဘယ်လို ရုပ်အဆင်းမျိုး လာပေးတယ်၊ ငါ ဒီဘဝမှာ စည်းစိမ် ဥစ္စာက ဘယ်လို ဓာတ်ခံကြောင့် စည်းစိမ်ဥစ္စာ လာပေးတယ်၊ ဒါ လေးတွေ ဒီကံနဲ့ ကံရဲ့ အကျိုးပေးပုံတွေ ကြည့်ရင် ငါဘယ်လို ဓာတ်ခံ ပါလာတယ်။

ငါ့ စိတ်နေ စိတ်ထားဟာလေ ဘယ်လို သဘောရှိတယ်၊ ကောင်းတယ် မကောင်းဘူး၊ ကိုယ့်ဟာကို အသိဆုံး၊ အဲဒီ သိတဲ့ ဥစ္စာကောင်းလဲ ရှေးဘဝက ဓာတ်ခံပဲ, မကောင်းလဲ ရှေးဘဝက ဓာတ်ခံပဲ၊ အဲဒီ ဓာတ်ခံဟာ ဒီအကန့် ရောက်လာတယ်၊ ဒီအကန့် ရောက်လာတော့ ဒီအကန့် နောင်လာမယ့် ဘဝသံသရာ လှမ်းမျှော်လိုက်တဲ့ အခါကျတော့ “ဟာ ဒီဘဝဓာတ်တွေဟာ နောင်လာမယ့် ဘဝ သံသရာတွေမှာ ဆက်အုံးမှာပါလား။ နိဗ္ဗာန် မရမချင်း ဆက်အုံးမှာပါလား” ဟော ဒီလို သဘောပေါက်တော့ အို - ဒီဘဝမှာလေ သိပ်ကောင်းအောင် ကြိုးစားချင်လာတဲ့စိတ် ဖြစ်လာတယ်၊ အလွန် ကောင်းတယ်၊ အလွန် ကောင်းတယ်။ဒါ မစဉ်းစားလို့ မဖြစ်ဘူး။

ယော ဓီရော - နဂိုမူလ, ဓာတ်ခံရသဖြင့် ...

ဒါက ဓာတ်ကောင်း ရလာလို့ အသိဉာဏ်တွေ ဘာတွေက ရှိလာလို့၊ မိကောင်း ဖကောင်းတွေက အဆုံးအမတွေ ပေးလာလို့၊ ဆရာသမားကောင်းတွေက ညွှန်ပြလို့, ဆုံးမလို့၊ ကိုယ်ကလဲ လိုက် နာလို့, နားထောင်လို့ အဲဒီ ဓာတ်ကောင်း ပါလာတာ။ ဓာတ်ကောင်း ပါလာတာ၊ ဓာတ်ကောင်း ပါမလာတဲ့ သူကို မိကောင်း ဖကောင်းက အဲဒီ ဓာတ်ကောင်းပါဖို့ ဆုံးမပေမယ့် နားမထောင်ပေါင်။ ဆရာကောင်း သမားကောင်းက ဆုံးမပေမယ့် နားမထောင်ပေါင်၊ ဒါ ဓာတ်ကောင်း ပါမလာလို့ သိပ်ကြောက်စရာ ကောင်းတာ ဒီဓာတ်က -

ယော ဓီရော - နဂိုမူလ, ဓာတ်ခံရသဖြင့် ...

ကိုင်း ဘုန်းကြီးတို့ ဓာတ်ကောင်း အထိုက်အလျောက် ရကြပြီပဲ၊ ရလို့ ဒီအခြေအနေ ရောက်နေကြပြီ။ ဒါ လွန်ခဲ့တဲ့ ဘ၀ အကန့်ကို ကြည့်ရင် အလွန် အားရစရာ ကောင်းတယ်၊“အို - တို့ အဆင့် အတန်း မနိမ့်သော ဘဝမှာ စိတ်နေ စိတ်ထား မညံ့တဲ့ ပုဂ္ဂိုလ်တစ်ယောက် အဖြစ်နဲ့ တို့ ရောက် နေတယ်၊ ဒီအကန့်မှာ ရောက်နေတယ်။ အတော် အားရစရာ ကောင်းပါလားလို့” ကိုယ့်ကိုယ်ကို အင်မတန် ကျေကျေနပ်နပ် ဖြစ်ပြီးတော့ လာမယ့်ဘဝကို မျှော်လိုက်ရတယ်။

“ယော ဓီရော - နဂိုမူလ၊ ဓာတ်ခံရသဖြင့်, ဘဝနောက်နှောင်း၊ ကောင်းထက်ကောင်းဖို့၊ လမ်းကြောင်းတီထွင်, အကြင်ပညာရှင်သည်”ငါ ဒီဘ၀ ဒီအကန့်က ကြိုးစားလို့ရှိရင် သေသေ ချာချာ ဒီထက် မြင့်သွားမယ်၊ ခံစားဖို့လား မဟုတ်ဘူးလေ၊ ဒီထက် ဉာဏ်တွေ မြင့်သွားမယ်၊ ခံစားဖို့လား မဟုတ်ဘူးလေ၊ လုံ့လ ဝီရိယတွေ ထက်သန်လာမယ်။ ဘာလုပ်ဖို့လဲ မဂ်ဖိုလ်နိဗ္ဗာန် မျက်မှောက် ပြုဖို့၊ မဂ်ဖိုလ်နိဗ္ဗာန် မျက်မှောက်ပြုဖို့၊ နိဗ္ဗာနပစ္စယော - နိဗ္ဗာန်ရဲ့ အထောက်အပံ့ ဖြစ်ဖို့။

“ယော ဓီရော - နဂိုမူလ, ဓာတ်ခံရသဖြင့်၊ ဘဝနောက်နှောင်း၊ ကောင်းထက်ကောင်းဖို့၊ လမ်းကြောင်းတီထွင်, အကြင်ပညာရှင်သည်”ဒါလေး ရပ်ပြီးတော့ ဘုန်းကြီးတို့ တစ်တွေ အခု တရား နာလာတဲ့ ဒကာတို့တစ်တွေအားလုံး တပည့်ဒကာမတွေအားလုံး စဉ်းစားရမယ်။

ဓာတ်မကျအောင် ရိုးဖြောင့်ရမယ်

ဝေ-စင်စစ်ဧကန် အမှန်စိတ်ထား ရိုးဖြောင့်သောအားဖြင့်၊ အို - မလွယ်လိုက်တာ၊
ဝေ-စင်စစ်ဧကန် အမှန်စိတ်ထား ရိုးဖြောင့်သောအားဖြင့်၊
ကတညူ - သူတစ်ပါးတို့ ပြုထားအပ်ဖူး မြတ်ကျေးဇူးကို အထူးရှိသရွေ့ သိလေ့ရှိသည် လည်းကောင်း”။

အားလုံး လုပ်ရမယ့် သူတော်ကောင်း လက္ခဏာတွေဟာ ရိုးရိုး သားသား စိတ်ဖြောင့်ဖြောင့် ပရိယာယ် မပါဘူး၊ ဟန် မဟုတ်ဘူး၊ သူများ အထင်ကြီးအောင်၊ ဂုဏ်ရှိအောင်၊ ချီးမွမ်းခံရအောင်၊ နာမည်ကျော်အောင် ဒီလို မဟုတ်ဘူး။ ရိုးရိုးကလေး ကိုယ့်စိတ်ဓာတ်ကို ကိုယ်မြှင့်တင်နေတာ။ ကိုယ့်ဓာတ်ကို ကိုယ်ကောင်း သထက် ကောင်းအောင် မြှင့်တင်နေတာ၊ ဒီဓာတ်ဟာ ဘယ်ထိ အောင် သွားရမှာတုန်းလို့ ဆိုတော့ မဂ်ဓာတ်၊ ဖိုလ်ဓာတ်၊ အရိယာဓာတ်၊ ရဟန္တာဓာတ် ထိအောင် သွားရမှာ။ ဓာတ်မြင့်သွားရအောင်။

“ဝေ - စင်စစ်ဧကန် အမှန်စိတ်ထား ရိုးဖြောင့်သော အားဖြင့်” နည်းနည်းကလေး ကောက်ပေး လိုက်စမ်း၊ အို - ဓာတ်တွေကို လွဲလို့၊ တကတဲ ဓာတ်မတိုးတဲ့ပြင် ဓာတ်မှားတွေ ဖြစ်ပြီး ဓာတ်ကျသွားမှာ၊ မရိုးလို့ရှိရင် ဓာတ်ကျသွားမှာ၊ ဘာ မရိုးသလဲ၊ အလုပ်တစ်ခု လုပ်လို့ရှိရင် ဂုဏ်လိုချင်တယ် အဲဒါ မရိုးတာ၊ ဂုဏ်လိုချင်တယ် ဆိုတဲ့ ဥစ္စာဟာ တရားကိုယ်က (လောဘ ပါလာတယ်၊) အဲဒီ ကတဲက ဓာတ်နည်းနည်း ညံ့သွားပြီ၊ အဲ ဘုန်းကြီးက အခု တရား ဟောနေတယ်၊ တရားဟောတဲ့ ဥစ္စာ အို - အရှင်ဘုရား ဘယ်လို ညာလို စသည်ဖြင့် နာမည် လိုချင်တယ် ဆိုရင် လောဘ ပါလာတယ်။ အဲဒီ လောဘဟာ - ဓာတ်ကျသွားတယ်၊ အဲ - ပရိယာယ် မာယာနဲ့ သူများ အထင်ကြီးအောင် ဟန်ပန်လေသံနဲ့ လုပ်နေသရွေ့ ဓာတ်တွေကျပြီးတော့ လောဘ ဖြစ်တယ်။ ဒါကြောင့် -

“ဝေ - စင်စစ်ဧကန်, အမှန်စိတ်ထား ရိုးဖြောင့်သောအားဖြင့်”နည်းနည်းများ ဂုဏ်လိုချင်တယ် ဆိုလို့ရှိရင် “ဟဲ့ - နင် ဂုဏ်မလိုချင်နဲ့ ကိုယ့်ဓာတ်ကို မြှင့်တင်ရမယ်”၊ နည်းနည်းလေးများ နာမည် ကြီးချင်တယ် ဆိုလို့ရှိရင်“အို - နာမည် မလိုချင်နဲ့၊ ကိုယ်က တကတဲ သူတစ်ပါးကို ကောင်းစားအောင် လုပ်နေတဲ့ ဥစ္စာပဲ၊ ဘာပြုလို့ ဒီကြားထဲ နာမည်လိုချင်တဲ့ လောဘ ပါနေရသလဲ၊ မေတ္တာဓာတ် ကရုဏာဓာတ် ဖြောင့်ဖြောင့်ကြီး နေပါစေလား” ဟောဒီလို ကိုယ့် ဓာတ်ကလေး ကိုယ်လေ ချိန်ပြီးတော့ စိတ်ဓာတ် နာမ်ဓာတ် ကလေးကို ချိန်ပြီးတော့ ကြည့်ရမယ်၊ သွားတဲ့ လာတဲ့ စားတဲ့ သောက်တဲ့ အခါမှာလဲ ပရိယာယ် မာယာ ဟန်တွေ ပါသလားလို့ ရုပ်ဓာတ်ကလေးကို ချိန်ကြည့်ရမယ်၊ ကိုယ့်ကိုကို ချိန်ကြည့်နေကြ ဆိုတော့ သူများကိုလေ ချိန်ကြည့်ရတာ သိပ် လွယ်လွယ် ကူကူနဲ့ နားလည်တာပဲ သိတာပဲ။

“ဝေ - စင်စစ်ဧကန် အမှန်စိတ်ထား ရိုးဖြောင့်သော အားဖြင့်” ဖြောင့်ဖြောင့် ဘာဖြစ်ဖြစ် ရိုးရိုး ဖြောင့်ဖြောင့်၊ အထက်လူကြီးက ငါ့ကို အထင်ကြီးအောင် ဒီလိုပါလားလို့ ရှိရင်ကို တကတဲ လောဘ ကလေးကလေ ဓာတ်ကို နှိမ်ပြီးတော့ ဓာတ်ကို ဖျက်ဖျက်ပစ်တယ်၊ တော်တော် မကျေနပ်စရာ ကောင်းတာ၊ ဒီ မရိုးမဖြောင့်တဲ့ ဥစ္စာတွေဟာ မဖြောင့်ဘူး ဆိုလို့ရှိရင် မှားပြီ၊ လမ်းလွဲပြီ၊ လမ်းလွဲတယ် ဆိုကတဲက ဟို - နိဗ္ဗာနဓာတ်ကို ရောက်ဖို့ရာကို အပုံကြီးခရီးတွေ ကွာသွားပြန်ပြီ၊ ဒါ့ကြောင့် ရိုးရိုး ဖြောင့်ဖြောင့် သွားမှ လမ်းဖြောင့်လို့ မဂ်ဓာတ်၊ ဖိုလ်ဓာတ်၊ နိဗ္ဗာနဓာတ်နဲ့ ကပ်သွားမယ်။

ပထမ သူတော်ကောင်း ဂုဏ်အင်္ဂါ

ယောဓီရော - နဂိုမူလ ဓာတ်ခံရသဖြင့် ဘဝနောက်နှောင်း ကောင်းထက် ကောင်းဖို့ လမ်းကြောင်း တီထွင် အကြင်ပညာရှင်သည်၊ ဝေ - စင်စစ်ဧကန် အမှန်စိတ်ထား ရိုးဖြောင့် သောအားဖြင့်၊ ကတညူ - သူတစ်ပါးတို့ ပြုထားအပ်ဖူး, မြတ်ကျေးဇူးကို အထူးရှိသရွေ့ သိလေ့ရှိသည် လည်းကောင်း။

ဟော - အင်္ဂါတစ်ပါး သူတော်ကောင်း အင်္ဂါတစ်ပါး၊ သူ တစ်ပါးက ဘာပြုဖူးတယ်။ ဥပမာ - တို့ ငယ်ငယ်တုန်းက မိဘများကလေ တို့ကို ဘယ်လို စောင့်ရှောက်ခဲ့လိမ့်မယ်၊ ကြည့်စမ်း ငါတို့က ငါတို့ သားသမီးကို ဘယ်လို စောင့်ရှောက်တယ်၊ ဒီလို ဆိုရင် ငါတို့မိဘက ငါတို့ကို ဘယ်လို စောင့်ရှောက် ခဲ့လိမ့်မယ်နော်၊ တို့ ဘာမှ မသိခင် လူမမယ်ကလေးဘဝတုန်းက တို့ အဖေ အမေများက ဘယ်လို စောင့်ရှောက် ခဲ့လိမ့်မယ်နော်၊ တို့ကို တို့ဘိုး ဘွားများက တို့ကို ချစ်တယ်လို့ ဆိုတယ်နော်၊ တို့ကို ဘယ်လို ချစ်ရှာလိမ့်မယ်နော်၊ ဘယ်လို ယုယရှာလိမ့်မယ်နော်၊ အားလုံးလေ ပြန်ပြီးတော့ သိရ တို့ဆရာသမား တွေကလေ တို့ကိုဘယ်လို ချီးမြှောက်လိုက်လို့, ဘယ်လို စောင့်ရှောက်လိုက်လို့ တို့ ဒီအခြေအနေ ရောက်လာတယ်နော် သိရတယ်၊ ဟိုနားဒီနား သွားရင်း လာရင်း မိတ်ကောင်း ဆွေကောင်းတွေ တွေ့ပြန်လဲ “သြော် - သူကလေ တို့ကို စောင့်ရှောက်ရှာတယ်” တကတဲ ကျေးဇူးကို သိလို့၊ ဒါ သူတော်ကောင်း လက္ခဏာ၊ သူတော်ကောင်း လက္ခဏာ။

အဲဒီလို ကျေးဇူးမသိဘဲနဲ့ ပြောင်းပြန် ပြန်ကြည့်လိုက်စမ်း၊ အို အမေ အဖေ ကျေးဇူး မတင်နိုင်ပေါင်၊ ဆရာသမား အို ကျေးဇူး မတင်နိုင်ပေါင်၊ ဘာကြောင့် ညာကြောင့်နဲ့ သူတို့က ကျေးဇူး မတင်စရာနဲ့ ဆိုရင် သူတော်ကောင်းဆိုတဲ့ အဖြစ်မျိုးက ပြောင်းပြန် ပြန်ပြီးတော့ သွားပြန်တယ်။

ဒုတိယ သူတော်ကောင်း ဂုဏ်အင်္ဂါ

ကတညူ - သူတစ်ပါးတို့ ပြုထားအပ်ဖူး မြတ်ကျေးဇူးကို အထူးရှိသရွေ့ သိလေ့ရှိသည် လည်းကောင်း၊ ကတဝေဒီ - သူများ ပြုအပ် ကျေးဇူးရပ်ကို တတ်သရွေ့ မှတ်သရွေ့ ဆပ်လေ့ရှိသည် လည်းကောင်း။

နှစ်ချက်နော်၊ ကျေးဇူးတော့ သိပါရဲ့၊ ကျေးဇူးဆပ်မယ့် အချိန် ကျတော့ တွန့်တွန့်နေတယ်၊ ဒါက ဓာတ်ညံ့လို့ ဓာတ်ညံ့လို့၊ ကိုယ့် ကိုယ်ကို ကိုယ့်စိတ်ကို သေသေချာချာ ကြည့်နော်၊ ကျေးဇူး ဆပ်ရမယ့် အချိန်ကျတော့ စိတ်က တွန့်တွန့်သွားတယ်၊ နှမြောသလိုလို ပျင်းသလိုလို အဲသလို ဖြစ်တော့ ကျေးဇူးဆပ်ရမယ့် အချိန် သူ့ ကျေးဇူးတောင်မှ ကျေးဇူး မဆပ်ချင်သလိုလို၊ အလကားပါ၊ ဘယ့်နှယ် ညာ့နှယ် ဟောဒီလို စိတ်ကလဲ ဖြစ်တယ်၊ နှုတ်ကလဲ ပြောမိတတ်တယ်။

ဆိုပါတော့ … မိဘတွေ ကျေးဇူးကို ကိုယ်က ပြန်ပြီး ဆပ်ရမယ့်အချိန်မှာ သွက်သွက်လက်လက် ထက်ထက်မြက်မြက် စိတ်ပါ လက်ပါ မဟုတ်တတ်ဘဲနဲ့ “အို ဒီလောက်ဆို တော်ရောပေါ့၊ အိုဒီလိုဆို တော်ရောပေါ့” အဲသလို စသည်အားဖြင့် ကျေးဇူးဆပ်တဲ့ နေရာမှာလေ တွန့်ပြီးတော့ နေပြီဆိုရင် သူတော်ကောင်းဓာတ် နည်းနည်း ညံ့နေတာ၊ ဆရာသမားနဲ့ စပ်လာလို့ရှိရင် ဆရာသမား ကျေးဇူးတွေ ငါ့မှာ ရှိတယ်၊ အဲဒီ ကျေးဇူးတွေ ငါဆပ်ရမယ် ဆိုရင် ပြန်တွန့်နေတယ်၊ ဆရာ့အလို တယ်မလိုက်ချင်ဘူး၊ ဆရာ့ကို ပြန်ပြီးတော့ ရိုသေ လေးမြတ်စွာနဲ့ ကျိုးကျိုးနွံနွံ တယ်ပြီး မနေချင်ဘူး၊ ဒါတွေလေ ကတဝေဒီဆိုတဲ့ ဂုဏ်အင်္ဂါ နည်းနည်းလေး ညံ့ပြီး ဓာတ်ရော့သွားတာ။

အလောင်းတော် ခြင်္သေ့မင်း

ကတဝေဒီ - သူများပြုအပ် ကျေးဇူးရပ်ကို တတ်သရွေ့ မှတ်သရွေ့ ဆပ်လေ့ရှိသည် လည်းကောင်း၊ … ရှေးတုန်းက ဘုန်းကြီးတို့ ဘုရားအလောင်းဟာ ခြင်္သေ့မင်း ဖြစ်တယ်။တစ်ခါတော့ တောင်ပေါ်က နေပြီး တစ်ဟုန်ထိုး ခုန်ပြီး ဖမ်းလိုက်တာ အကောင်ကို မဖမ်းမိဘဲနဲ့ ညွှန်ဗွက်ထဲ ကျနစ်ပါရောလား၊ ပြန်ပြီးတော့ ထဖို့ရာ ထောက်စရာ၊ကန်စရာ ဘာမှ မရှိတော့ အားကလဲပဲ ဘယ်လောက် ကြိုးစား ကြိုးစား ထောက်စရာ မရှိတော့၊ သူခုန်ပြီးတော့ ရုန်းမထွက်နိုင်ဘူး၊ ရွှံ့ညွန်ထဲမှာ၊ အဲဒီအခါမှာ မြေခွေး တစ်ကောင်ဟာ မလှမ်းမကမ်း ရောက်လာတော့ ခြင်္သေ့က လှမ်းခေါ်တယ်။

“အသင်မြေခွေး လာပါ၊ လာစမ်းပါ” ဆိုတော့ မြေခွေးက လာရှာတယ်။လာလို့ အနားရောက်တော့ “ငါ့ကို ဗိုက်အောက်ကနေပြီး မ-ပေးပါ, မ-ပေးလို့ ရှိရင် ငါ့အားနဲ့ ငါ ကြိုးစားပြီးတော့ ရုန်းပါ့မယ်” ဆိုတော့ မြေခွေးက ကြောက်တယ်တဲ့။“အရှင်သခင်ကို ကျွန်တော် မ-ပေးရမှာ ဆိုတော့” “ကိစ္စမရှိပါဘူး, ငါ ကျေးဇူး သိတတ်ပါတယ်” ဆိုတော့ မြေခွေးက နည်းနည်း ရဲလာ ပြီးတော့ အနားကပ်ပြီး ဟို ရွှံ့ကလေးတွေကို ယက်၊ အဲ ယက်ပြီးတော့ အနားကပ်ပြီး သူ့ခေါင်းက ဗိုက်အောက် ဝင်လောက်တဲ့ အချိန်မှာ “ကြိုးစားလိုက်စမ်း သခင်” လို့ ဆိုပြီး အားပေးလိုက်တာ၊ ဟိုကလဲ လွှတ်ရုန်းလိုက်တာ တစ်ခါထဲ လွတ်ထွက်လာခဲ့ရော။ ဟာ - ဝမ်းမြောက်ဝမ်းသာဖြစ်၊ ခြင်္သေ့ကလဲ ဝမ်းမြောက်ဝမ်းသာဖြစ်တယ်။

“အသင်မြေခွေး အသာ ဒီနား နေရစ်အုံး ဆိုပြီးတော့ သူက တစ်ခါထဲ ဟို သမင်တို့ ဘာတို့ လိုက်ရှာဖမ်းပြီး ယူလာတယ်၊“စား မိတ်ဆွေ စား”မြေခွေးက နည်းနည်းလေးတော့ ရွံ့တွန့်တွန့်၊ “စား-စား” အမယ်လေး ကျေးဇူး တင်လိုက်တာ၊ ကျေးဇူး သိတတ်လိုက်တာ “စား-စား၊” နောက်တော့ “လာ လိုက်ခဲ့၊ ငါတို့နေတဲ့ ဂူထဲလိုက်ခဲ့” ဆိုပြီးတော့ ခေါ်သွား၊ သူလဲ စားတယ်၊ သူလဲ အားတွေဘာတွေ ရှိ၊ ခေါ်သွားပြီးတော့ “သင့်ရဲ့ကလေး တွေနဲ့ သင့်ရဲ့ မယားခေါ်ခဲ့၊ တို့နဲ့ အတူတူနေရအောင်” ဟာ ဒီတော့ ရဲလို့ အတူတူနေ၊ ဟို တောကောင်တွေ၊ ဘာတွေ ဖမ်းမိပြီ ဆိုမှဖြင့် “ဟာ စားကြ၊ မြေခွေးရဲ့ သား မယားပါ စားကြ” ပြီးတော့ သူ့ရဲ့ ကလေးတွေပါ၊ ခြင်္သေ့ပါ ခြင်္သေ့မပါ စားကြ၊ ဒီလိုနဲ့ အရေး ပါလိုက်တာ၊ အရေးပါတော့ ခြင်္သေ့မက ကြာတော့ တယ်မကျေနပ်ချင်ဘူး။

ဘယ့်နှယ် ငါ့ ခြင်္သေ့ဟာ အရေးပါလွန်းတယ်၊ ဘာလဲ ညာလဲနဲ့ စိတ်ထဲ မကျေမနပ်နဲ့ တောင်တွေး၊ မြောက်တွေး တွေးရာက ခြင်္သေ့တို့၊ မြေခွေးတို့ အစာရှာသွားကြပြီဆို အတူတူ သွားကြ၊ သွားကြပြီ ဆိုရင် သူက ခြင်္သေ့ ကလေးတွေကို ပြောတယ်၊ “ဟဲ့ ဟိုမြေခွေး ကလေးတွေကို နင်တို့ တယ် အဖက်မလုပ်နဲ့၊ နည်းနည်းပါးပါး နှိပ်စက်” လို့ အမေက မြှောက်ပေးတယ်၊ ခြင်္သေ့ကလေးတွေက မြေခွေးနဲ့ အရင်က တော်တော်ချစ်တာ၊ အမေက မြှောက်ပေးတာနဲ့ နည်းနည်းကလေး သူတို့က ကျယ်လာတယ်၊ အဲ - မြေခွေးမကိုလဲ သူတို့ နည်းနည်း စော်ကားမော်ကား လုပ်ကြတယ်။

ဒီတော့ ပြန်လာတဲ့ အခါကျတော့ သူတို့ တိုင်ကြတယ်ကိုး၊“ကျုပ်တို့ကို ဒီလိုပဲ နှိပ်စက်တယ် မနေချင်တော့ဘူး၊ တခြား သွားကြစို့ရဲ့” ဆိုတော့ မြေခွေးက ခြင်္သေ့ကို ပြောတယ်၊“သခင် ... ကြာတော့ မုန်းလာတတ်တယ်၊ ဒီလို ဒီလိုပဲ ကျုပ်တို့ အစာရှာ ထွက်တဲ့အခါကျတော့ ခြင်္သေ့မနဲ့ ကလေးတွေက ကျုပ်ကလေးတွေနဲ့ ကျုပ်ရဲ့ မိန်းမကို နှိပ်စက်သတဲ့” ဆိုတော့ ခြင်္သေ့ကလေ ခြင်္သေ့မကို ပြောတယ်။“ရှင်မ ဟို ဘယ်လောက် အချိန်တုန်းက ငါ ဘယ်နှစ်ရက်လောက် ပြန်မလာတာ မင်း မှတ်မိသေးသလား။” “မှတ်မိတယ်” အဲဒီတုန်းကလေ ငါ ရွှံ့ညွန်ထဲ ကျွံနေတော့ ဟောဒီ မြေခွေးက ငါ့ကို ဗိုက်အောက်က နေပြီးတော့ မ-ထုတ်လို့ ငါ အသက်ဘေး ချမ်းသာရာ ရလာတယ်ကွယ်၊ ကျေးဇူးရှင်တွေကို မင်း မနှိပ်စက်ပါနဲ့” လို့ အဲဒီလို ပြောတော့မှ ခြင်္သေ့မလဲ သဘော ပေါက်ပြီးတော့ ချစ်ချစ်ခင်ခင် ပြန်ပြီးတော့ နေကြတယ်၊ သားစဉ် မြေးဆက် ခုနစ်ဆက် လုံးလုံး အချစ်မပျက်ကြဘူးတဲ့

ယော ဓီရော - နဂိုမူလ ဓာတ်ခံရသဖြင့် ဘဝနောက်နှောင်း ကောင်းထက်ကောင်းဖို့ လမ်းကြောင်း တီထွင် အကြင်ပညာရှင်သည်

ဓာတ်ခံကောင်းတာမှ တန်ဖိုးရှိ

ကြည့်စမ်း … အလောင်းတော် ခြင်္သေ့မင်းဟာ ဓာတ်ခံရလာလို့ ကျေးဇူးသိ တတ်လိုက်တာ၊ သိတာမှ အို တစ်ခါ ထဲ တကတဲ အစာတွေ ကျွေးမွေးလိုက်၊ ဒီလိုတင် မဟုတ်ဘူး၊ ဟို အသက်ထက်ဆုံး ချစ်ချစ်ခင်ခင်နေ၊ နောက် သားစဉ်မြေးဆက် ချစ်ချစ်ခင်ခင် နေရစ်ဖို့ရန် ပြောပြ၊ အဲဒီလို ဓာတ်ခံကောင်းတာတွေ ဘုန်းကြီးက အားရတာ, အားရတာ၊ ဒီဓာတ်ခံက မပျက်ဘူး၊ ဒီကောင်းတဲ့ ဓာတ်ခံက မပျက်ဘူး၊ ခဏပန်းကလေး ပစ္စည်းဥစ္စာ ပေါလို့၊ ခဏပန်းကလေး အမျိုးအဆွေ တင့်တယ်လို့၊ ခဏပန်း ကလေး ရုပ်အဆင်းလှလို့၊ ဒါ အသုံးမကျပါဘူး။

မကြာခင် ဒီဘဝကလေး ကျော်လွန်ပြီး ဟိုတစ်ကန့် ရောက်သွားကြတာပဲ၊ ဒါဟာ ဘာမှ အားမကိုး လောက်ဘူး၊ ဘာမှလဲ အထင်မကြီးလောက်ဘူး၊ ဘာမှလဲ ဒီလိုပုဂ္ဂိုလ်မျိုးကို ကိုယ်က အရေးကြီး တယ်လို့ မယူလောက်ဘူး၊ အမှန်ကတော့ အဲဒီ ဓာတ်ခံကလေး ဘုန်းကြီးက သဘောကျတယ်ကိုး။

“ယော ဓီရော - နဂိုမူလ, ဓာတ်ခံရသဖြင့်”အဲဒီဓာတ်ခံက ဘဝထဲ ပျောက်ပျောက် မသွားတာ ဘုန်းကြီးက ကြိုက်လွန်းလို့ ကြည့်စမ်းလေ၊ ဘုရားရှင်ကိုယ်တော်မြတ်က “သဗ္ဗညုတဉာဏ် ရပါလို၏” လို့ ဆုတောင်းလာတာ ဓာတ်ခံမပျက်လို့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပြည့်တဲ့အခါ ကျတော့ ဘုရားဖြစ်လာတယ်၊ အရှင်သာရိပုတ္တရာက “ဉာဏ်ပညာ ကြီးရပါလို့ရဲ့”လို့ ဆုတောင်း ပြီးတော့ ကုသိုလ်ကောင်းမှုတွေ ပြုလာ၊ ဘဝတိုင်း ဉာဏ်ပညာ ကြီးချင်တယ်၊ ကြီးချင်တယ်ဆိုတဲ့ ဓာတ်ခံပါလာ၊ ဒီတော့ အရှင်သာရိပုတ္တရာက တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပြည့်တော့ ဟော ဧတဒဂ်ရ ပညာရှင်ကြီးဖြစ်ပြီးတော့ လာခဲ့ရ၊ ဘုန်းကြီးက ဒါပဲ သဘောကျတယ်။

ခဏပန်း ပစ္စည်းဥစ္စာပေါတာလဲ တော်ပါတယ်လေ၊ ဒါက ခဏ ပန်း ပေါသလား ဘာလားတော့ မသိဘူးပေါ့၊ ခဏပန်း အမျိုးအဆွေမြတ်တာလဲ ဒါလဲ တစ်ကန့်ပဲ၊ ဘာကြာတာ လိုက်လို့၊ ခဏပန်း ရုပ်အဆင်းလှတာလဲ အို ဒါလဲ တစ်ကန့်ပဲ။ဘာကြာတာ လိုက်လို့၊ အမှန်တန်ဖိုးရှိတာက သူ့ရဲ့ ဓာတ်ခံကလေး ကောင်းနေတာလေးပဲ၊ အဲဒါဟာဖြင့် တစ်ဘဝလဲ မက၊ နှစ်ဘဝလဲ မက၊ ပရိနိဗ္ဗာန် စံတဲ့ ဘဝတိုင်အောင် ဒီဓာတ်ခံကောင်းကလေးက လိုက်သွားမှာ ဖြစ်တော့ အဲဒါ ဘုန်းကြီးက တယ်ကျေနပ်တယ်။ တယ် ဝမ်းသာအားရ ဖြစ်တယ်၊ ဒီသူ့အပေါ်မှာတော့ တယ် သဘောကျတယ်၊ အဲဒီ ဓာတ်ခံကောင်းတယ်၊ မကောင်းဘူး၊ ဘဝသံသရာ လိုက်မယ် မလိုက်ဘူး ဆိုတဲ့ ဒီအင်္ဂါတွေ လျှောက်ကြည့်ပါ၊ သူများ ကျေးဇူးကို သိတတ်သလား၊ သူများကျေးဇူးကို ဆပ်ရမယ့် အချိန်ကျတော့ ရှောရှောရှူရှူ ဆပ်ရဲ့လား၊ အဲဒါတွေ ကြည့်ပါ။

တတိယ သူတော်ကောင်း ဂုဏ်အင်္ဂါ

“ကတညူ - သူတစ်ပါးတို့ ပြုထားအပ်ဖူး မြတ်ကျေးဇူးကို အထူးရှိသရွေ့ သိလေ့ရှိသည် လည်းကောင်း၊
ကတဝေဒီ - သူများပြုအပ် ကျေးဇူးရပ်ကို တတ်သရွေ့ မှတ်သရွေ့ ဆပ်လေ့ရှိသည် လည်းကောင်း၊
ကလျာဏမိတ္တော - မိကောင်းဖကောင်း ဆရာကောင်းနှင့် ဖော်ပေါင်းအတိ မိတ်ကောင်းရှိသည် လည်းကောင်း၊”

လောက ပေါင်းသင်းဆက်ဆံကြပေမယ်လို့ ဓာတ်တူချင်းမှသာ ပေါင်းလို့ ကောင်းတာ၊ လူကောင်း လူကောင်းချင်း ပေါင်းလို့ တယ်ကောင်း၊ လူမကောင်း၊ လူ မကောင်းချင်း ပေါင်းပြန်တော့လဲ တစ်ခါတစ်ခါ တယ်ကောင်းတယ်၊ တစ်ခါတစ်ခါတော့ မကောင်းသည် အားလျော်စွာ တယ် ကြောက်စရာကောင်း၊ လူကောင်း လူကောင်းချင်း သူတော်ကောင်း သူတော်ကောင်းချင်း၊ “သူတော်ချင်းချင်း, သတင်းလွေ့ လွေ့” ဆိုတာလို၊ တယ်ပေါင်းလို့ သင်းလို့ ပြောလို့ ဆိုလို့ ကောင်း တယ်။

“ကလျာဏမိတ္တော - မိကောင်းဖကောင်း ဆရာကောင်းနှင့်”ဒါ ကံကောင်းမှ ရတာ၊ ဓာတ်ခံ ကောင်းတဲ့သူတွေ ကံကောင်းလာတဲ့ လူတွေမှ အမေကောင်း အဖေကောင်းနှင့် တွေ့တာ၊ ဓာတ်ခံ ကောင်းလာတဲ့၊ ကံကောင်းလာတဲ့သူမှ ဆရာကောင်းနဲ့ တွေ့တာ၊သမားကောင်းနဲ့ တွေ့တာ။

“ကလျာဏမိတ္တော - မိကောင်းဖကောင်း ဆရာကောင်းနှင့် ဖော်ပေါင်းအတိ, မိတ်ကောင်းရှိသည် လည်းကောင်း။”

အပေါင်းကလဲ တယ်ကောင်း၊ နို့တကတဲ ကြည့်ရှုမယ့်သူနဲ့ မ, စမယ့်သူနဲ့ လမ်းကောင်း ညွှန်ပြမယ့်သူနဲ့ အားပေးမယ့်သူနဲ့ တယ်ကောင်း၊ ဆရာသမားတွေ ကြည့်လိုက်တော့လဲ ပညာသင်ချိန် ပညာသင်ပေးတဲ့ ဆရာက ကောင်း။ အမိအဖတွေ ကြည့်လိုက်တော့လဲ အမိအဖ တွေက သိက္ခာရှိရှိနဲ့၊အမိအဖတွေက အားကိုးစရာ ကောင်းလိုက်တာ၊ ပစ္စည်းဥစ္စာနဲ့၊ သိက္ခာနဲ့၊ ပြောဆိုဆုံးမလို့၊ အဲဒါကိုက ရှေးကံ ကောင်းမှ, ဓာတ်ခံကောင်းမှ အကောင်းတွေ့တာ၊ ဒါ့ကြောင့် ဆွေကောင်း မျိုးကောင်းတွေ တွေ့ကြလို့ရှိရင် ဝမ်းသာစရာ၊“သြော် ငါ့ဘ၀ ဟိုဘက်အကန့်တွေက ငါ မညံ့ခဲ့လို့ ဒီအကန့်မှာ မိကောင်း ဖကောင်းနဲ့ တွေ့ရတယ်၊ ဆရာကောင်း သမားကောင်းနဲ့ တွေ့ရတယ်၊ ဝမ်းသာစရာ၊ ဟိုဘက် အကန့်တွေက ငါ မညံ့ခဲ့လို့ ဒီအကန့် ဆရာကောင်း သမားကောင်းနဲ့ တွေ့ရ၊ သူတော်ကောင်း အပေါင်းအဖော်တွေနဲ့ တွေ့ပြန်လဲ ဝမ်းသာစရာ”

“ကလျာဏမိတ္တော - မိကောင်းဖကောင်း ဆရာကောင်းနှင့် ဖော်ပေါင်းအတိ မိတ်ကောင်းရှိသည် လည်းကောင်း”ဒါ ဂုဏ်အင်္ဂါ တစ်ခု၊ဓာတ်ခံကောင်းတဲ့ သူတော်ကောင်းရဲ့ လက္ခဏာတစ်ခု။

စတုတ္ထ သူတော်ကောင်း ဂုဏ်အင်္ဂါ

“ဒဠှဘတ္တိ - ထို မိတ်ကောင်းလည်း အသည်းစွဲမျှ အမြဲမပြတ် ဆည်းကပ်လေ့ ရှိသည် လည်းကောင်း”မိတ်ကောင်း ဆွေကောင်းနဲ့ တွေ့ပါရဲ့၊ ပေါ့ပေါ့ဆဆ ဒီလိုဆိုရင် ဒီဂုဏ်အင်္ဂါ ညံ့တာပဲ၊ ဆရာကောင်း မိကောင်း ဖကောင်းနဲ့ တွေ့ပါရဲ့၊ ပေါ့ပေါ့ဆဆ ဘာမှ မိကောင်း ဖကောင်းမှန်း မသိဘူး၊ ဘာမှ အဖော်အပေါင်း ကောင်းမှန်း မသိဘူး၊ အဲဒီလို မသိတော့ သူ ခွာပြီးတော့ တော်တဲ့နေရာ သွား, တော်သလိုနေ ပြောတာ နားမထောင်၊ အဲဒီလို ဆိုလို့ရှိရင်လဲ သူဟာ သူတော်ကောင်း လက္ခဏာ ပျက်တယ်၊ သူတော်ကောင်း ဆိုတဲ့ ဥစ္စာ မိကောင်း ဖကောင်း၊ ဆရာကောင်း သမားကောင်း မိတ်ကောင်း၊ ဆွေကောင်းတွေကို ခိုင်ခိုင် မြဲမြဲ မကွဲမကွာ ဆက်ဆံရတယ်။

ပဉ္စမ သူတော်ကောင်း ဂုဏ်အင်္ဂါ

ဒဠှဘတ္တိ - ထိုမိတ်ကောင်းလဲ အသည်းစွဲမျှ အမြဲမပြတ် ဆည်းကပ်လေ့ရှိသည်၊
ဟုတွာ - ဖြစ်၍၊
ဒုက္ခိတဿ - မိမိမျက်မှောက် ဒုက္ခရောက်သဖြင့် ပံ့ထောက်မဲ့မူ ဆင်းရဲသူ၏၊ ကိုယ့်မျက်စိ အောက် ဒုက္ခရောက်နေ ဘယ်လိုလုပ်မလဲ၊
ဒုက္ခိတဿ - မိမိမျက်မှောက် ဒုက္ခရောက်သဖြင့် ပံ့ထောက်မဲ့မူ ဆင်းရဲသူ၏ -

ကိုယ့်မျက်စိ အောက် ဒုက္ခရောက်နေ ဘယ်လိုလုပ်မလဲ၊

“ကိစ္စံ - စားသောက်နေရေး ဆေးဝါးပေး၍ လုပ်ကျွေးသမှု ကိစ္စစုကို၊
သက္ကစ္စံ ကရောတိ - ကိုယ်ချင်းစာနာ သနားညှာ၍ များစွာပုံသေ ပြုတတ်ပေ၏။”

ဒါက အရေးကြီး၊ ဒါလေးက ဓာတ်ခံကောင်းတယ် မကောင်းတယ်ဆိုတဲ့ ဥစ္စာ အရေးကြီးတယ်၊ ဓာတ်ခံ ဘယ်လောက် ကောင်းတယ် မကောင်းတယ် ဆိုတာလဲ အရေးကြီးတယ်။

“ဒုက္ခိတဿ - မိမိမျက်မှောက် ဒုက္ခရောက်သဖြင့် ပံ့ထောက်မဲ့မူ ဆင်းရဲသူ၏”တဲ့။

ကိုယ့်မျက်စိအောက် ဒုက္ခရောက်နေရင် ချက်ချင်းကူ ချက်ချင်းပြုစု ချက်ချင်း ကူညီပါ၊ ဒီတော့ ဒီကိစ္စလေးဟာလေ တယ်ပြီးတော့ ကျယ်ဝန်းတယ်။ ဥပမာ - ခရီးသွားတယ်၊ တစ်ယောက် ဒုက္ခ ရောက်နေ ကိုယ်က ချမ်းချမ်းသာသာ သွားဆိုပါတော့၊ လှည်းပေါ့နဲ့ တောရွာမှာသွား၊ တစ်ယောက်က လှည်း မရှိဘူး၊ ခြေလျင် သွားတယ်၊ လှည်းကလဲ နွားများလဲ နည်းနည်း ပေါ့ပါသေးရဲ့၊ နွားဘက်လဲ ကြည့်လိုက်ရမယ်၊ ဟို ခြေလျင်သွားတဲ့ လူလဲ ကြည့်လိုက်ရမယ်၊ သူ့တင်တဲ့အတွက် နွားတွေ မနည်း ရုန်းနေရမှာဖြင့်လဲ နွားတွေ မသနားရာကျမယ်၊ တစ်ခါ နွားက ပေါပေါ့ပါးပါး ရှိရက်သားနဲ့ သူ့ကို “လာပါ လာပါဗျာ၊ လှည်းပေါ်မှာ” ဒီလို မခေါ်ပြန်လို့ ရှိရင်လဲ သူ့ကို မစောင့်ရှောက်ရာ ကျမယ်၊ တစ်ခါ ဘုမသိ ဘမသိနဲ့ ဒီလူ့ ခေါ်မိလို့မို့ တကတဲ လှည်းပေါ်ကျမှ ဓားပြတိုက် သွားရင်လဲပဲ အခက်၊ ဒီလို စဉ်းစားစရာက ရှိတယ်။

“ဒုက္ခိတဿ - မိမိမျက်မှောက် ဒုက္ခရောက်သဖြင့် ပံ့ထောက် မဲ့မူ ဆင်းရဲသူ၏။”

ဒီတော့ တယ် နယ်ကျယ်တယ်၊ မီးရထားပေါ်မှာ အများစီးတဲ့ တွဲပေါ်မှာ စီး၊ ကိုယ်က နေရာလေး ကောင်းကောင်းရ၊ ကိုယ့် နေရာလေး နည်းနည်းလေးများ ကျယ်နေတဲ့အခါ နည်းနည်းလေး ကျုံ့ မပေးချင်ဘူး၊ ဒါ သူတော်ကောင်း လက္ခဏာ သိပ်ပျက်တာပဲ၊ ဟာ ကိုယ့်နေရာလေး နည်းနည်းလေး ရှိပါသေးရဲ့၊ ဟိုလူတွေ သိပ်ကြပ်၊ “နည်းနည်း ဒီတိုးပါဗျာ၊ ဒီလာတာပေါ့ဗျာ၊ ဟော ဒီနား နည်းနည်း လေးတော့ ရပါသေးရဲ့”၊ ဟော ဒီလိုဆိုတော့ သူတော်ကောင်း လက္ခဏာ ဖြစ်သွားပြန်ရော

တစ်ခါ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်အိမ် အနီးအပါးမှာ ဘယ်သူဖြင့် သိပ်ဆင်းရဲတယ်၊ အဖိုးကြီး အဖွားကြီး ဖြစ်နေတယ်၊ ဆင်းရဲတယ်၊ ကိုယ်ကလဲ နည်းနည်း ပေးနိုင် ကမ်းနိုင်တယ်၊ ဟော နည်းနည်းပါးပါး ပေးကမ်းလို့၊ထောက်ပံ့လို့၊ ဒီလိုဆိုတော့ သူ တော်ကောင်း လက္ခဏာ ရှိပြန်ရော၊ ကိုယ်က ပေးနိုင် ကမ်းနိုင်တော့ အရှိသားပဲ၊ ဘာမှ ပေးခြင်းကမ်းခြင်း မရှိဘူးဆိုတော့ ဟော သူတော်ကောင်း လက္ခဏာ ပျက်သွားပြန်ရော၊ မရှိဆင်းရဲတဲ့ သူကပါလာ၊ အဲ သူမကျန်းမမာ ရောဂါတွေ ဖြစ်နေ၊ ကိုယ့်ဆေးဝါးလဲ အရှိသားနဲ့၊ တတ်လဲတတ်နိုင်သားနဲ့ အဲဒါ မကုဘူး ဆိုပြန်ရင် သူတော်ကောင်းလက္ခဏာ ပျက်သွားပြန်ရော၊ တစ်ခါ မရှိဆင်းရဲတဲ့ သူတဲ့၊ ဆေးဝါး သူ့ခမျာ မစားရလို့တဲ့၊ အို ဒီလိုဆိုရင် ကိုယ့် ဆေးဝါး ရှိသားပဲ ဆိုပြီးတော့ ပြုစုလို့၊ ဆေးဝါးပေးလို့၊ ဟောသလို ဆိုတော့ သူတော်ကောင်းလက္ခဏာ ဖြစ်သွားပြန်ရော

ဆင်းရဲသူကို ငဲ့ညှာရင် မြန်မာပြည် ဒီအခြေ မရောက်

ဒုက္ခိတဿ - မိမိမျက်မှောက် ဒုက္ခရောက်သဖြင့် ပံ့ထောက်မဲ့မူ ဆင်းရဲသူ၏။”- ထောက်ပံ့မည့် သူက မရှိဘူး၊ ဆင်းလဲ ဆင်းရဲတယ်၊ ထောက်ပံ့မည့်သူက မရှိဘူး၊ အဲဒီလို ဆိုရင် ကိုယ်ကဝင်ပြီးတော့ ကူညီနိုင်သမျှ ကူညီရတယ်၊ ဘုန်းကြီးကလေ ဒီတရား စဉ်းစားရင်း စဉ်းစားရင်း တို့ မြန်မာနိုင်ငံ ဟာလေ ဒီအသွားနဲ့ သွားလိုက်လို့ ရှိရင်ဖြင့် မြန်မာနိုင်ငံ အေးချမ်းသာယာဖို့ အများကြီး လမ်း ရှိတယ်။ယခု ဒီအသွားနဲ့ မသွားဘဲ အသွားတစ်မျိုး သွားနေလို့ မြန်မာနိုင်ငံဟာ ယခုအခြေအနေ ဖြစ်ရတယ်။

ဆိုပါတော့ပေါ့၊ မိမိတို့က ပြည့်စုံနေတဲ့ လယ်ပိုင်ရှင်တွေ ဆိုကြပါစို့၊ လယ်သမားတွေ ဆင်းရဲ နေတယ်၊ ဒီသူတော်ကောင်း လက္ခဏာနဲ့ ကြည့်တော့ ဘာပြဿနာ ပေါ်လာမလဲ၊ ဘယ်အဖြေ ပေါ်လာမလဲ၊ သူတော်ကောင်း လက္ခဏာနဲ့ ကြည့်တော့ ကိုင်း - သူတို့တော့ ဘယ်တော့မှ နလံထူမှာ မဟုတ်ဘူး၊ ဒီတော့ ကိုယ်တို့က သူတို့အပေါ် တစ်သီးစားခတွေကို လျှော့ပြီးတော့ ယူမယ်၊ ဟောဒီလို ဆိုတော့လေ -

ဒုက္ခိတဿ - မိမိမျက်မှောက် ဒုက္ခရောက်သဖြင့် ပံ့ထောက် မဲ့မူ ဆင်းရဲသူ၏၊
ကိစ္စံ - စားသောက်နေရေး ဆေးဝါးပေး၍ လုပ်ကျွေးသမှု ကိစ္စစုကို၊
သက္ကစ္စံ ကရောတိ - ကိုယ်ချင်းစာနာ သနားညှာလျက် များစွာပုံသေ, ပြုတတ်ပေ၏။

ဒီလိုများ ဖြေရှင်းလိုက်လို့ ရှိရင်လေ ဘယ်လယ်မြေတွေမှ ဘယ်သူမှ မသိမ်းနိုင်ဘူး၊ တစ်ခါထဲ သူပိုင် သူ့လယ်မြေအဖြစ်နဲ့ ဆင်းရဲသားတွေလေ “မင်းတို့ ဒီသီးစားခတွေ တို့ လျှော့ယူမယ်၊ ဟော ဒါလောက် ဒါလောက် ယူလိုက်လို့ရှိရင် မင်းတို့ စပါး ဘယ်လောက်ကျန်မယ်။ ဒီလိုဆိုရင် မင်းတို့ ဝမ်းစာရမယ်၊” ဒီလိုများ ချိန်ပြီးတော့များ, နှိုင်းယှဉ်ပြီးတော့များ လုပ်ရလို့ရှိရင်၊ ဘုန်းကြီးက ဒီတရား စဉ်းစားရင်း နိုင်ငံရေး သွားပြီးတော့ သဘောပေါက်တယ်၊ ဒီခဲခဲယဉ်းယဉ်း ပြဿနာတွေ ဘာမှ မဖြစ်ဘူး၊ ရှေးတုန်းက ဒီနည်းပဲ။ ရှေးတုန်းကဆိုတာ ဘုန်းကြီးတို့ ဘိုးဘေးလောက်ဆိုရင် ဒီနည်းပဲ၊“ဟာ ဒီနှစ် စပါးအရ နည်းမယ်၊ ဦးကို စပါး ဒီလောက် မပေးပါနဲ့။ မင်းတို့ ဝမ်းစာ ချန်ထားကြ။” အဲသလို စောင့်ရှောက် လိုက်တော့ ဦးဆိုတဲ့ သူမှာလဲပဲ အခြေအနေ လျော့ မသွားဘူး၊ ဟိုသူတွေမှာလဲပဲ ကြွေးမြီ မတင်ဘူး၊ ဝမ်းစာ ပြည့်စုံလို့၊ တစ်ခါ ဟိုလူတွေကလဲပဲ “တို့ ကျေးဇူးရှင်ကြီး၊ အမလေး ကျောင်းဒကာကြီးက တို့ ကျေးဇူးရှင်၊” အောင်မယ် သူကလည်း “ကတညုတ ကတဝေဒီ” ဖြစ်ပြီးသကာလ သူတော်ကောင်းလေး ဖြစ်လို့။

“ကျေးဇူးရှင်ဆီ သွားပါအေ - ၊ သူတို့အိမ်များ တမင်သွားပြီး အကူအညီပေးပါဟဲ့ ရှင်မရဲ့၊ တို့ ဝမ်းစာလေး ကျောင်းဒကာက လယ်ခလေးတွေ လျှော့ယူလို့ ဝမ်းစာ လုံလောက်တယ်၊ တို့ နွားလေ ၊ကျွဲလေးလဲ တို့ ဘာမှ မရောင်းရဘူး၊ ဟေ့ ကောင်းလိုက်တာ၊ သွားဟေ့ ဟို လုပ်စရာရှိ လို့ရှိရင် သွားသွားလုပ်ပေးနော်၊ ဟို ကျောင်းအမက ဘာမှ အခိုင်းစောင့်မနေနဲ့၊ မင်း သွားပြီး ကြည့်လုပ် ပေးနော်၊” ကတညုတ ကတဝေဒီ တစ်ဖက်က ဖြစ်လို့၊ တစ်ဖက်က ဆင်းရဲသူတွေကို ညှာတာလို့ အကုန်လုံး အကုန်လုံး၊ ဘယ်လယ်မြေ ဘယ်ယာမှ သိမ်းစရာ မလိုဘူး၊ ဘယ်ပြည်သူပိုင်မှ လုပ်စရာ မရှိဘူး၊ ဒီသူတော်ကောင်း အသွားနဲ့ သွားလိုက်လို့ ရှိရင်ဖြင့် တို နိုင်ငံရေးပြဿနာဟာ သိပ်ရှင်း တာပဲ လို့ ဘုန်းကြီး တွေးမိတယ်၊ ဒီလိုသာ သွားနေတာပဲ ဟို တုန်းက၊ ဟို လွန်ခဲ့တဲ့ ဘုန်းကြီးတို့ ဘိုး ဘေး ဘီ ဘင် အဲသလို အချိန်တုန်းက ဒီလို သွားနေတာပဲ။ ဘာမှ ရှုပ်ရှုပ်ထွေးထွေး ပြဿနာ မရှိဘူး။

လှူလှူဆိုတိုင်း မကောင်း

တကတဲ ဆရာသမားက ဆရာသမားအနေနဲ့ ဥစ္စာရှင်က ဥစ္စာရှင် အနေနဲ့၊ ဥစ္စာမရှိတဲ့ လူကလဲ မှီခိုအားထား ပြီးတော့ နေရလေသည့်အတွက် ကျေနပ်လို့။ ဒီတော့ ဘုန်းကြီးက ဒီအထဲ ပြဿနာ တစ်ခု ဝင်လာတာ စဉ်းစားမိတယ်၊“တို့ ဘုန်းကြီးတွေက ဆင်းရဲ သားတွေ အလုပ်သမားတွေ လယ်သမားတွေ လှူလှူ လှူလှူ ဆိုတာ တို့ မတရားဘူး၊” ဟဲဟဲ … ဘုန်းကြီးက ဒီပြဿနာ ဘုန်းကြီးထဲ ရောက်လာတယ်၊ ဘာလဲ “လှူလှူ” ဘယ်တော့မှ ဒီ လှူလှူ လှူလှူ ဆိုပြီးတော့ သားတစ်ယောက် ရှင်ပြုလိုက်တယ် ဆိုလို့ရှိရင် မဏ္ဍပ်ကနားကြီးက ဘယ်လောက်၊ ကျွေးရမွေးရ တာက ဘယ်လောက်၊ ဘုန်းကြီးတွေ လှူရတာက ဘယ်လောက် ဆိုပြီး စားရင်း ချလိုက်တာ တစ်ခါထဲ ကြွေးတင် ကျန်ရစ်ခဲ့တာပဲ၊ ဒီတော့ တို့ ဘုန်းကြီးတွေကလဲ ဒီပြဿနာထဲ ဝင်ရှင်းစရာ လိုတယ်၊ လှူလှူ မဟုတ်ရဘူး၊ သူတို့ ဆင်းရဲတယ်၊ တို့ ရွာသူရွာသားတွေ ဆင်းရဲတယ်၊ ဒီတော့ ဆွမ်းကလေး ရရင်တော်ပြီ၊ ကျောင်းကြီး ကန်ကြီးတွေ ဆောက်ဖို့ မလိုပါဘူး၊ တို့ ထန်းရွက်တဲနဲ့ လဲနေလို့ ဖြစ်တာပဲ၊ သက်ကယ်ကျောင်းနဲ့လဲ နေလို့ဖြစ်တာပဲ၊ ဝါးကပ်ကျောင်းနဲ့လဲ နေလို့ဖြစ်တာပဲ၊ ရပ်သူ ရွာသားတွေ ငွေ ချမ်းချမ်းသာသာနဲ့၊ ဝမ်းစာ စပါးတွေ ပြည့်ပြည့်စုံစုံနဲ့ နွားနဲ့၊ ဒီလို နေနိုင်ဖို့ အရေးကြီးတယ်၊ ဒီလိုနေနိုင်လို့ ပိုလျှံတော့ လှူကြပေါ့။

ထမင်းဦးလေး ခူးလောင်းရုံနဲ့ မမွဲ

တစ်ခါတုန်းက ဝေသာလီပြည်နယ်မှာ ငတ်မွတ် ခေါင်းပါပြီးနေတုန်း မြတ်စွာဘုရားက ဒေသစာရီ ကြွတော်မူလာ၊ တိတ္ထိတွေက အခွင့်ရပြီဆိုပြီးတော့ “ရှင်ဂေါတမဟာ ဆင်းရဲသူ ဆင်းရဲသားကို သနားတယ် ဆိုသေးရဲ့၊ ယခု အစာရေစာ ငတ်မွတ်ခေါင်းပါး ရှားပါးနေတဲ့အခါ သံဃာငါးရာနဲ့ လျှောက်ပြီးတော့ လည်ပြီး ဆင်းရဲသူ ဆင်းရဲသားတွေရဲ့ ချွေးနဲစာတွေကို စားတယ်၊ ဘယ်မှာ သနားကရုဏာ မေတ္တာ ကရုဏာ ကြီးမလဲ” လို့ ဘုရားကို စွပ်စွဲကြတော့ ဘုရားရှင် ကိုယ်တော်မြတ်က “ငါဘုရား ကမ္ဘာပေါင်း များစွာ ပြန်ပြီးတော့ ကြည့်တဲ့အခါမှာ စားဦးစားဖျား ချက်ထားတဲ့ ထမင်းထဲက စားဦးစားဖျား လှူလို့ မွဲသွားတာ တစ်ယောက်မျှ မတွေ့ဘူး” တဲ့၊ ဘုန်းကြီးက သဘောကျလိုက်တာလေ။ ရပ်သူ ရွာသားတွေ ကလေ ချက်ထားတဲ့ ထမင်းသားထဲက ထမင်းဦးပေါင်းသားလေး ခူးပြီးတော့ သံဃာတော်တွေ လောင်းလို့တော့ တစ်ယောက် မှ မမွဲပါဘူး၊ အဲ ဟုတ်ကဲ့၊ ကိုယ်နဲ့ မတန်ဘဲနဲ့ အလှူကြီးပေး သားကြီးရှင်ပြု ကျောင်းကြီးဆောက် ဆိုရင်တော့ မွဲမှာပဲ၊ ကျန်တဲ့ လူက ဒါလောက်မက အလုပ်လုပ်နေရင်တော့ မမွဲပါဘူး၊ ဒါ့ကြောင့် ဒီ ပြဿနာဟာလေ သူတော်ကောင်း လက္ခဏာနဲ့ ရှင်းလို့ ရှိရင် တို့ မြန်မာနိုင်ငံဟာ အတော်ကြီး ရှင်းနိုင်စရာ ရှိရက်သားနဲ့၊ အခုလို မရှင်းလို့မို့ ပြဿနာတွေ ဖြစ်ပြီးတော့ “ဘာကို ပြည်သူပိုင် လုပ်မယ်၊ လယ်မြေတွေ သိမ်းမယ်၊ ဘယ်စက်ရုံကြီးကို အစိုးရပိုင် လုပ်မယ်” စသည်ဖြင့် အဲသလို ပြဿနာတွေ ရှုပ်ထွေး ကုန်တာပဲ၊ ယခု သူတော်ကောင်း လက္ခဏာနဲ့ ဆိုရင် -

ဒုက္ခိတဿ - မိမိမျက်မှောက် ဒုက္ခရောက်သဖြင့် ပံ့ထောက်မဲ့မူ ဆင်းရဲသူ၏။
ကိစ္စံ - စားသောက်နေရေး ဆေးဝါးပေးလျက် လုပ်ကျွေးသမှု ကိစ္စစုကို၊
ကရောတိ - ပြု၏။

ကြီးပွားရေးအတွက် တရားတော်က ဖြေရှင်းပေးနိုင်

အဲဒီလိုသာ ပြုစုပေးလို့ရှိရင် အထက်လူက ညှာတာ၊ အောက်လူတွေက ကတညုတ ကတဝေဒီ ကျေးဇူးသိ၊ နှစ်ဖက်စလုံးလဲ ဖြစ်မှနော်၊ ဒီလို ဆိုရင် သူတော်ကောင်းနိုင်ငံကြီးဖြစ်ပြီ၊ ဒီနိုင်ငံကြီးဟာ သာယာ ဝပြောဖို့ရာ အင်မတန်မှ လွယ်ကူတယ်၊ အဲဒီတော့ကာ ဘုန်းကြီးတော့ နိုင်ငံကြီးကို အသာထားပြီးတော့ ကိုယ်ရေး ကိုယ်တာနဲ့ ကြည့်လို့ရှိရင် ဒီလမ်း မသွားလို့ မဖြစ်ဖူး ဆိုပါတော့ ဆရာသမား လုပ်ပြီးတော့ ရဟန်းသံဃာ ဆရာတော်ကြီး သမားတော်ကြီးက တကတဲ ဟင်းတွေ ဘာတွေ ကောင်းကောင်းမွန်မွန်နဲ့ နေရာထိုင်ခင်းတွေ ကောင်းကောင်း မွန်မွန်နဲ့ နေလို့၊ တပည့် တပန်း ပရိသတ်တွေ ကျတော့ ဆင်းဆင်းရဲရဲနဲ့ နေတာ ကြည့်လို့၊ သူတို့ ဆင်းရဲတာတွေ ဂရုမစိုက်လို့၊ ဒီလိုဆိုရင် ဒီပြဿနာဟာ ရှုပ်ထွေး နေမှာပဲ၊ တပည့်တပန်းကလဲ ဆရာသမားကို မရိုသေနိုင်ဘူး၊ ကတညုတ ကတဝေဒီ မဖြစ်နိုင်ဘူး၊ ဆရာသမားတွေကလဲ မေတ္တာကရုဏာနဲ့ ဒုက္ခရောက်နေတာကို မကူညီနိုင်ဘူး၊ ဒီလို ဆိုရင် ဒီပြဿနာဟာ ကျယ်ပြီးတော့ သူတော်ကောင်း လက္ခဏာ ပျက်မှာပဲ၊ ဆရာမှာလဲ ပျက်၊ တပည့်မှာလဲ ပျက်ပြီးတော့ ဒီလက္ခဏာဟာ အပျက် လောကကြီး ဖြစ်မှာပဲ။ ဒါ့ကြောင့် မြတ်စွာဘုရားရဲ့ တရားတော်ဟာလေ လောကီကြီးပွားရေးမှာလဲ ဖြေရှင်းလို့ရတယ်၊ သံသရာ ကြီးပွားရေးမှာလဲ ဖြေရှင်းလို့ ရတယ်။ ဒါ့ကြောင့် ဒီတရားကို သူတော်ကောင်း လက္ခဏာနဲ့ ကြည့်ပြီးတော့ ဒီသူတော်ကောင်း ဖြစ်အောင်ဟာ ဘယ်သူဖြစ်ဖြစ် ကြိုးစားထိုက်တယ်လို့ -

ယော ဓီရော - နဂိုမူလ ဓာတ်ခံရသဖြင့် ဘဝနောက်နှောင်း ကောင်းထက် ကောင်းဖို့ လမ်းကြောင်း တီထွင် အကြင်ပညာရှင်သည်၊
ဝေ - စင်စစ်ဧကန် အမှန်စိတ်ထား ရိုးဖြောင့်သောအားဖြင့်၊
ကတညူ - သူတစ်ပါးတို့ ပြုထားအပ်ဖူး မြတ်ကျေးဇူးကို အထူးရှိ သရွေ့ သိလေ့ရှိသည် လည်းကောင်း၊
ကတဝေဒီ - သူများပြုအပ် ကျေးဇူးရပ်ကို တတ်သရွေ့ မှတ်သရွေ့ ဆပ်လေ့ရှိသည် လည်းကောင်း၊
ဟုတွာ - ဖြစ်၍၊
ကလျာဏမိတ္တော - မိကောင်းဖကောင်း ဆရာကောင်းနှင့် ဖော်ပေါင်းအတိ မိတ်ကောင်း ရှိသည် လည်းကောင်း။

မိတ်ကောင်း ဆွေကောင်းဆိုတာ တစ်ခါတစ်ခါ သိပ်အဆင့်အတန်း မြင့်ပြီးတော့ တက်သွားတာပဲ၊ ဆိုပါတော့ လူတစ်ယောက်က နည်းနည်းဆင်းရဲတယ်၊ ပစ္စည်းရှိတဲ့လူက ကြည့်ရှုစောင့်ရှောက် မ-စ လိုက်တယ်ဆိုရင် တစ်ခါထဲ တက်သွားတာပဲ၊ လူတစ်ယောက်ဟာ စားရေး သောက်ရေးမှာ အင်မတန် ခဲယဉ်းနေတယ်၊ တစ်ယောက်က နေပြီးတော့ကာ အရင်းအနှီး ထုတ်ပေးတယ်၊ တစ်ခါထဲ တက်သွားတာ၊ ပြည့်စုံသွားတာပဲ။

အရှင်အာနန္ဒာ စဉ်းစားချက်

ကလျာဏမိတ္တော - မိကောင်း ဖကောင်း ဆရာကောင်းနှင့် ဖော်ပေါင်းအတိ မိတ်ကောင်းရှိသည် လည်းကောင်း”-

တစ်ခါတုန်းက အရှင်အာနန္ဒာ စဉ်းစားတယ်။ မြတ်စွာဘုရားကို ကျေးဇူးတင်လွန်းလို့။ “သြော် မိတ်ကောင်း ဆွေကောင်း အဖော်ကောင်း ဆိုတာ သိပ်အရေးကြီးတာပဲ၊ ဒီသူတော်ကောင်းကျင့်တဲ့ အကျင့်နေရာမှာပဲ ဒီမဂ်ဖိုလ်နိဗ္ဗာန်ရဖို့ ကျင့်တဲ့နေရာမှာ ဒီသူတော်ကောင်း ဖြစ်တဲ့ မြတ်စွာဘုရား ကြောင့် တစ်ဝက်တော့ ပြီးစီးသွားတာပဲ၊ တစ်ဝက်သာ ကိုယ်က ကြိုးစားဖို့ လိုတော့တယ်၊ တစ်ဝက်ကတော့ မြတ်စွာဘုရားရဲ့ အညွှန်အပြနဲ့ပဲ ပြီးသွားတာပဲ၊ သိပ်ကျေးဇူးတင်စရာ ကောင်းတာပဲ၊ မိတ်ကောင်း ဆွေကောင်းများ တယ် ကျေးဇူးတင်စရာ ကောင်းတယ်” လို့ အရှင် အာနန္ဒာက စဉ်းစားပြီးတော့ ဟုတ်လှပြီ၊ ငါ့စဉ်းစားချက်ဟာ မှန်လှပြီဆိုပြီးတော့ မြတ်စွာဘုရား သွားလျှောက်တယ်ကိုး၊

“မြတ်စွာဘုရား - သူတော်ကောင်း အကျင့် ဒီဗြဟ္မစရိယ အကျင့်ဟာ ဒီကလျာဏမိတ္တ အတွက် မိတ်ကောင်း ဆွေကောင်းအတွက် တစ်ဝက်တော့ ပြီးသွားတာပဲဘုရား” လို့ လျှောက်တော့ “အာနန္ဒာ ဒီလိုမပြောနဲ့၊ ဒီလို မယူဆနဲ့၊ ကလျာဏမိတ္တအတွက် ကောင်းသောအကျင့် ကျင့်တဲ့ နေရာမှာ အကုန်လုံး ပြီးတယ်၊ တစ်ဝက် မဟုတ်ဘူး၊ အာနန္ဒာ - စဉ်းစားစမ်း၊ ငါဘုရား တည်းဟူသော ကလျာဏမိတ္တ မိတ်ကောင်း ဆွေကောင်းနဲ့ တွေ့ကြရလို့ တစ်သံသရာလုံး တစ်အိုထဲ အိုနေမယ့် သတ္တဝါအများ ကြီးဟာ အိုခြင်းဒုက္ခမှ လွတ်ကြရတယ် မဟုတ်လား၊ ငါဘုရား တည်းဟူသော ကလျာဏမိတ္တနဲ့ တွေ့ကြရလို့ တစ်သံသရာလုံး တစ်နာထဲနာ, တစ်သေထဲ သေနေကြရမယ့် သတ္တဝါတွေ နာခြင်း သေခြင်းမှ လွတ်ကြရတယ် မဟုတ်လား၊ ဒါကြောင့့်် မြတ်သော အကျင့်ကို ကျင့်တဲ့နေရာမှာ ကလျာဏ မိတ္တအတွက် တစ်ဝက်လို့ မဆုံးဖြတ်နဲ့၊ အကုန်လုံး လို့ ဆုံးဖြတ်”လို့ ဘုရားရှင်က ဆုံးမတော်မူတယ်။

ပြောင်းပြန် ပြန်ကြည့်ဦး

အဲဒါလေ … ပြောင်းပြန် ပြန်ကြည့်၊ ဘုရားရှင်သာ မရှိလို့ရှိရင် ဘုရား ရှင်သာ မပွင့်လို့ရှိရင် အဲဒီ ဗြဟ္မစရိယ တစ်ခုမှ ကောင်းတဲ့အကျင့် နည်းနည်းလေးမှ ကျင့်နိုင်မှာ မဟုတ်ဘူး၊ မြတ်သောအလုပ် မဂ် ဖိုလ်နိဗ္ဗာန်အကျင့်မျိုးကို တစ်ခုမှ ကျင့်နိုင်မှာ မဟုတ်ဘူး၊ ဘုရား ပွင့်လာလို့မို့ အချို့ မဂ်ဖိုလ်နိဗ္ဗာန် တွေ့ကြရလို့ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ကြတာဖြစ်တော့ မြတ်စွာဘုရားအတွက် အကုန်လုံး အကျိုးတွေ ရလာတယ်လို့ ဆိုရမယ်တဲ့၊ ဒီတော့ မြတ်စွာ ဘုရားတည်းဟူသော ကလျာဏ မိတ္တ ကောင်းလိုက်တာ။

ခု ဘုန်းကြီး တရားဟောတယ်၊ စိတ်ပါ လက်ပါ ဟောတယ်၊ အားရပါးရ ဟောတယ်၊ စေတနာနဲ့ ဟောတယ်၊ “ရိုးသားဖြောင့် မတ်ရမယ်”လို့ ကိုယ့်ကိုယ်ကို ဟောရင်း ဟောရင်း ဆုံးမသွားတယ်၊ အဲဒါတွေ ဘယ်သူ့ကြောင့်လဲ၊ ဘုရားကြောင့် ဘုရားကြောင့်၊ ဘုရားရှင် ကိုယ်တော်မြတ် တည်း ဟူသော ကလျာဏမိတ္တကို တိုက်ရိုက် မဖူးလိုက်ရပေမယ်လို့ ဘုရားရှင်ရဲ့ တရားတော်တွေနဲ့တကွ ဆက်သွယ်ပြီးတော့ သိရလို့၊ အဲဒီ ကလျာဏ မိတ္တကြောင့်ပဲ၊ ဘယ်လောက်များ ဘုန်းကြီးတို့ ဓာတ်ခံ တက်သွားသလဲ၊ ယခု ရဟန်းဒကာ ရဟန်းအမတွေရဲ့ ဓာတ်ခံ ဘယ်လောက် တက်သွားသလဲ၊ အဲ အခု မိမိတို့ ဆိုင်ရာမှာ ကုသိုလ် ကောင်းမှုတွေ ပြုပြီးတော့ နေကြတဲ့ ဒကာ ဒကာမတွေမှာ မြတ်စွာဘုရား တည်းဟူသော ကလျာဏမိတ္တ သူတော်ကောင်းကြီးနဲ့ တွေ့လို့, သူတော်ကောင်း ကြီးရဲ့ စကား တစ်ဆင့် ကြားလိုက်ရလို့မို့၊ သူတော်ကောင်းကြီးရဲ့ တရားတွေ သိရလို့မို့ ဘယ်လောက်များ မိမိတို့ ဓာတ်ခံ တက်သွားသလဲ၊ ဒါ့ကြောင့် ကလျာဏမိတ္တအတွက် သူတော်ကောင်းတရား ဓာတ်ခံတက်တယ်ဆိုတဲ့ဥစ္စာဟာ တစ်ဝက် မကပါဘူး၊ အကုန်လုံး တက်တယ်လို့ ဆိုရမယ်တဲ့။

ကလျာဏမိတ္တော - မိကောင်း ဖကောင်း ဆရာကောင်းနှင့်”

အဲဒီကလဲလေ အမိမကောင်း အဖမကောင်း ဆရာမကောင်းတဲ့ သူတွေ တိုးတက်ရမယ့်ဥစ္စာ မတိုးတက်ဘဲနဲ့ အောက်ကျပြီးတော့ ဓာတ်ပျက်တွေ တွေ့တာ ထောက်လို့ရှိရင် မိကောင်း ဖကောင်းနဲ့ တွေ့ရတာ ဝမ်းမြောက်စရာ ကောင်းတယ်၊ ဆရာကောင်း သမား ကောင်းနဲ့ တွေ့ရတာ တယ် ဝမ်းသာစရာ ကောင်းတယ်၊ ကျေးဇူးတင်စရာ ကောင်းတယ်။

ကလျာဏမိတ္တော - မိကောင်း ဖကောင်း ဆရာကောင်းနှင့် ဖော်ပေါင်းအတိ မိတ်ကောင်းရှိသည်၊
ဟုတွာ - ဖြစ်၍၊
ဒုက္ခိတဿ - မိမိမျက်မှောက် ဒုက္ခရောက်သဖြင့် ပံ့ထောက်မဲ့ဟူ ဆင်းရဲသူ၏၊
ကိစ္စံ - စားသောက်နေရေး ဆေးဝါးပေးလျက် လုပ်ကျွေးသမှု ကိစ္စစုကို၊
သက္ကစ္စံ ကရောတိ - ကိုယ်ချင်းစာနာ သနားညှာလျက် များစွာ ပုံသေ ပြုစုတတ်ပေ၏။”

ဘုန်းကြီးအလေ့အထ

ဘုန်းကြီးကလေ- ဒါနဲ့ စပ်ပြီးတော့ အလေ့အထလဲရှိတယ်၊ ဝါသနာ ဓာတ်ခံ ပါလာတာကို လဲပဲ ဘုန်းကြီး ကိုယ့်ကိုယ်ကို အားရတယ်၊ တစ်ခါ တုန်းက ဘုန်းကြီးက ခပ်ငယ်ငယ် ဦးပ ဉ္စင်းဘဝ၊ ဟို မြောက်ဂန္ဓာရုံက တောင်ဘက် သီလရှင် ကျောင်းတွေဆီ ဆွမ်းစားသွားမယ်လို့ သင်္ကန်းကလေး ရုံပြီးတော့ မှုန်မှုန်မွှားမွှား အရုဏ်တက်သာသာ မလင်းတလင်းကလေး လာ၊ ဒကာမကြီး တစ်ယောက်က ဟို မိုးဇာ ဈေးတို့ ဘာတို့ သွားရောင်းမယ်လို့နဲ့ တူပါရဲ့၊ ဈေးတောင်းကြီးကို ကြမ်းပြင်ကလေးပေါ် ချလို့, သူက မရွက်နိုင်ဘူး၊ မ-မနိုင်ဘူး၊ ခေါင်းပေါ်ရောက်အောင် မ-မနိုင်ဘူး, ဟိုကြည့် ဒီကြည့် ကြည့် နေတယ်, သူ့ ပင့်ပေးမယ့်သူကို ဘုန်းကြီးက နည်းနည်း ရိပ်မိတယ်၊ "ဒကာမကြီးတော့ ဈေးတောင်း ပင့်ပေးမယ့်သူ မရှိလို့ ကြည့်နေ တာပဲ၊ ငါ အနားရောက်သည့် တိုင်အောင် ဈေးတောင်း ပင့်ပေး မယ့်သူ မရှိရင်တော့ ငါ သွားပြီး ပင့်ပေးမှပဲ" လို့ စိတ်က ဒီလို အောက်မေ့ပြီးတော့ ခပ်သုတ်သုတ်ကလေး ခပ်ဝေးဝေးကပဲ လာခဲ့ တယ်၊

ဖိုးသူတော်ကလေး တစ်ယောက်က ရှေ့ကသွား၊ ဦးသူတော် - ခဏ လာစမ်းပါ ဆိုတာ ဖိုးသူတော်က မကြားလို့လား, မပင့်ချင်လို့လား မသိဘူး၊ သူကလဲ လွန်သွားတယ်၊ ဘုန်းကြီးက သာ ပင့်ပေးချင်သေးတယ်၊ နောက်တော့ ကံအားလျော်စွာ လူ တစ်ယောက် လာလို့ လူတစ်ယောက်က ပင့်ပေးသွားတယ်၊ အဲ- ပင့်ပေးမယ်လို့ လုပ်တုန်း သူ့ဆီ အနားရောက်လို့ သူ့ဆီ ရှေးရှု သွားတာ မြင်တော့ "အရှင်ဘုရား ရပြီ ရပြီ ရပြီနဲ့" သူကလဲ ဝမ်း သာအားရ လက်ခံတာနဲ့ တူပါရဲ့၊ ပြောသွားတယ်၊ စိတ်ထဲက ဒုက္ခ ရောက်နေတဲ့သူကို ကူညီရတာ မီးရထားမှာ, သင်္ဘောမှာ, လမ်းမှာ သိပ်ကောင်းတာပဲကိုး၊ အဲသလို စိတ်ထဲကလေ သတိရရနေတယ်။

"ဒုက္ခိတဿ - မိမိမျက်မှောက် ဒုက္ခရောက်သဖြင့် ပံ့ထောက် မဲ့မူ ဆင်းရဲသူ၏၊
ကိစ္စံ - စားသောက်နေရေး ဆေးဝါးပေးလျက် လုပ်ကျွေးသမှု ကိစ္စစုကို၊
သက္ကစ္စံ ကရောတိ - ကိုယ်ချင်းစာနာ သနားညှာလျက် များစွာပုံသေ ပြုစုတတ်ပေ၏"။

ကျေးဇူးသိသော ဆရာတော်ကြီးတွေ

ဒါ အလေ့အထ ရစေမယ်၊ ဘုန်းကြီးတို့ ခု ကိစ္စလေး တစ်ခုပဲ စဉ်းစားကြည့်စမ်း၊ တစ်ကန့် တစ်ကန့် တစ်ကန့်ဟာ တယ် သတိထားစရာ ကောင်းတယ်၊ ဆရာဝန်က ဆရာတော်ကြီးတွေ သွားပြီး ပင့်တော့ အချို့ ဆရာတော်ကြီးများကို ဆရာဝန်က ဆေး ကုထားတယ်၊ အသက်တော် အရွယ်တော် ကြီးလှပြီ၊ ရှစ်ဆယ်တို့, ကိုးဆယ်တို့ ရောက်နေပြီ၊ တယ်တောင်မှ ဟိုနား ဒီနား မသွားချင်၊ ဆရာဝန်က သွားပင့်တယ်ဆိုရင်ပဲ "ဟာ - လိုက်ရတာပေါ့"၊ အောင်မယ် နို့ပေမယ်လို့ တော်တော် အထအကြွ လေးတယ်၊ "ဟာ - လိုက်ရတာပေါ့" အဲဒါ မလိုက်ဘူးဆိုတဲ့ စကားကို မပြောရက် နိုင်ဘူး၊ "ဟာ လိုက်ရတာပေါ့" ဒီက ဆရာဝန်ကသာ အလိုက် သိစွာနဲ့ "ဟာ ဆရာတော်ဘုရားတော့ ကိုယ်စားသာ ထည့်ပါ ဘုရား၊ ကျေနပ်ပါတယ်ဘုရား" နဲ့ လျှောက်လို့သာ၊ ဟိုကဖြင့် လိုက်မယ် တကဲကဲပဲ၊ တော်တော်တန်တန် မလိုက်ချင်ဘူး ဘာဘူး ဆိုတဲ့ ဆရာတော်ကြီးတွေကလဲ တကတဲ လိုက်မယ် တကဲကဲနဲ့၊ ဘယ်လောက်များ ကျေးဇူးသိနေကြတုန်း၊

ကျေးဇူးဟာ ဘယ်လောက် တန်ဖိုးရှိသလဲဆိုတဲ့ဥစ္စာ သူတော်ကောင်းတွေ နယ်ကျ တော့ အင်မတန် တန်ဖိုးထားကြတယ်၊ နောက် ကျေးဇူးသိလို့လေ၊ ဟော နက်ဖြန်ခါဆို တကယ့်ဆရာတော်ကြီးတွေ လိုက်မယ်၊ တချို့ တကတဲ ဘယ်အချိန်ကျ လာခဲ့မယ်နဲ့၊ လောကကြီးဟာလေ သူတော်ကောင်း နယ်ထဲမှာ ဆိုလို့ရှိရင် မေတ္တာရော ကရုဏာရော မုဒိတာရော ဗြဟ္မစိုရ်တရားတွေဟာလေ အပြည့် လွယ်လွယ်ကူကူ ရကြတယ်။

"တထာဝိဓံ - သို့ကလိုဂုဏ်အင် စုံလင်ပေသည့် ပညာရှိ အပေါင်း သူတော်ကောင်းကို၊
သပ္ပုရိသံ - ဘဝနောင်နှောင်း ကောင်းထက်ကောင်းမည့် လမ်းကြောင်းတီထွင် သူတော်စင် ဟူ၍"။

နောင်လာမယ့် ဘဝမှာ ဖြစ်ရအုံးမှာ၊ ဒါလေးများ ပေါ့ပေါ့ ဆဆနဲ့ မေ့မေ့လျော့လျော့နဲ့ ဘာလို့နေချင်, ဘာလို့ နေတတ်ကြ သလဲ၊ ခုဘဝမှာလဲ ငါပဲ၊ ဟိုဘက် နောင်လာမယ့် ဘဝမှာလဲ ငါပဲ၊ ပရိနိဗ္ဗာန် စံရမယ့် ဘဝလဲ ငါပဲ၊ ပရိနိဗ္ဗာန် စံရတော့မှ ရုပ်နာမ် ခပ်သိမ်း ချုပ်ငြိမ်းပြီးတော့ ငါ ပျောက်သွားတယ်။

" သပ္ပုရိသံ - ဘဝနောင်နှောင်း ကောင်းထက် ကောင်းမည့် လမ်းကြောင်းတီထွင် သူတော်စင်ဟူ၍၊ ဝဒန္တိ - ဘုရားစသား ပုဂ္ဂိုလ်များက လေးစားကြည်ဖြူ ချီးမွမ်းတော် မူကြကုန်၏"။

သူတော်ကောင်းစစ် ဖြစ်အောင် ကြိုးစား

ဒါ့ကြောင့် သူတော်ကောင်းဟာ ယခု ဒီမှာ တရားနာ လာကြတဲ့ သူတွေကတော့ သူတော်ကောင်း ချည်းပဲ ဆိုကြပါစို့ရဲ့၊ အဲဒီ သူတော်ကောင်း အဆင့်မှာသာ တစ်နံပါတ် အဆင့်ထဲ မှာလား, နှစ်နံပါတ် အဆင့်ထဲမှာလား၊ ဘယ်နေရာကျတော့ ငါ နည်းနည်းလေး တွန့်သေးတယ်၊ အဲသလို စသည် အားဖြင့် ရွေးချယ်ပြီးတော့ "ငါတော့ တစ်နံပါတ် သူတော်ကောင်း အစစ် ဖြစ်ပြီးတော့ ဘုရား ချီးမွမ်းတဲ့ သူတော်ကောင်းအဖြစ် စစ်စစ်နဲ့ မဂ် ဖိုလ်နိဗ္ဗာန်ကို ကပ်ပြီးတော့နေတဲ့ ဓာတ်တွေ ပါသွားအောင် ကြိုးစားမယ်" လို့ အဲသလို ဘုန်းကြီးက ဖြစ်စေချင်တယ်။

"ယော ဓီရော - နဂိုမူလ ဓာတ်ခံရသဖြင့် ဘဝနောက်နှောင်း ကောင်းထက်ကောင်းဖို့ လမ်းကြောင်း တီထွင် အကြင် ပညာရှင် သည်၊
ဝေ - စင်စစ်ဧကန် အမှန်စိတ်ထား ရိုးဖြောင့်သောအားဖြင့်၊
ကတညူ - သူတစ်ပါးတို့ ပြုထားအပ်ဖူး မြတ်ကျေးဇူးကို အထူးရှိသရွေ့ သိလေ့ရှိသည် လည်းကောင်း၊
ကတဝေဒီ - သူများပြုအပ်, ကျေးဇူးရပ်ကို, တတ်သရွေ့ မှတ်သရွေ့, ဆပ်လေ့ရှိသည်လည်း ကောင်း၊
ဟုတွာ - ဖြစ်၍၊
ကလျာဏမိတ္တော - မိကောင်းဖကောင်း ဆရာကောင်းနှင့် ဖော်ပေါင်းအတိ မိတ်ကောင်းရှိသည် လည်းကောင်း၊
ဒဠှဘတ္တိ - ထိုမိတ်ကောင်းလဲ အသဲစွဲမျှ အမြဲမပြတ် ဆည်းကပ်လေ့ရှိသည် လည်းကောင်း၊
ဟောတိ - ဖြစ်၏၊
ဒုက္ခိ တဿ - မိမိမျက်မှောက် ဒုက္ခရောက်သဖြင့် ပံ့ထောက်မဲ့ဟူ ဆင်းရဲသူ၏၊
ကိစ္စံ - စားသောက်နေရေး ဆေးဝါးပေးလျက် လုပ်ကျွေးသမှု ကိစ္စစုကို၊
သက္ကစ္စံ ကရောတိ - ကိုယ်ချင်းစာနာ သနားညှာလျက် များစွာ ပုံသေ ပြုစုတတ်ပေ၏၊
တထာဝိဓံ - သို့ကလို ဂုဏ်အင် စုံလင်ပေသည့် ပညာရှိအပေါင်း သူတော်ကောင်းကို၊
သပ္ပုရိသံ - မြင့်ထက်မြင့်သည့် အကျင့်အလွန်ကောင်း သူတော် ကောင်းဟူ၍၊
ဝဒန္တိ - ဘုရားစသား ပုဂ္ဂိုလ်များက လေးစား ကြည်ဖြူ ချီးမွမ်းတော် မူကြလေသတည်း"။

ဘာဂုဏ်တွေတုန်း၊ "သူများကျေးဇူးကို သိတယ်၊ သူများကျေးဇူးကို စွမ်းနိုင်လို့ရှိရင် ဆပ်တယ်၊ ဆရာကောင်း သမားကောင်း မိတ်ကောင်း ဆွေကောင်း မိကောင်း ဖကောင်း ရှိတယ်၊ အဲဒီ မိတ်ကောင်းတွေကိုလဲ အမြဲ လေးလေးနက်နက် ဆည်းကပ်တယ်၊ ဆင်းရဲတဲ့သူကို ကိုယ့်မျက်မှောက် တွေ့လာလို့ရှိရင် ကိုယ်က စွမ်း နိုင်သလောက် အကူအညီပေးတယ်" ဟောဒီ ဂုဏ်အင်္ဂါ ငါးပါးပဲ။

တထာဝိဓံ - သို့ကလိုဂုဏ်အင် စုံလင်ပေသည့် ပညာရှိ အပေါင်း သူတော်ကောင်းကို၊
သပ္ပုရိသံ - ဘဝနောင်နှောင်း ကောင်းထက်ကောင်းမည့် လမ်းကြောင်းတီထွင် သူတော်စင် ဟူ၍"။

ဘုန်းကြီး ငယ်ငယ်က စဉ်းစားခဲ့ပုံ

ဟို ဘုန်းကြီး ခပ်ငယ်ငယ်တုန်းက စဉ်းစားတာ တစ်ခုရှိတယ်၊ ဒီ ဘုန်းကြီးဘဝနဲ့ လူ့ဘဝကို ဟိုနည်းနဲ့ စဉ်းစား ဒီနည်းနဲ့ စဉ်းစား၊ အဲဒီလို စဉ်းစားတဲ့ အထဲက တစ်နည်း စဉ်းစားတာ မကြာခင် ကမှ ပေါ်လာတယ်၊ ဟို ရှေးတုန်းက ဒိပြင်နည်းနဲ့ စဉ်းစားတာတွေသာ ပေါ်တယ်၊ ဟို တစ်နည်း စဉ်းစားတာက သိပ်မကြာခင်တုန်းကမှ ပေါ်လာတယ်၊ ဘာစဉ်းစားမိခဲ့သလဲ ဆိုတော့ “ငါဟာ သာသနာတော်မှာ နေရကောင်းမလား၊ လူ့ဘောင် မှာ နေရကောင်းမလား၊ ဘယ်လို အနေနဲ့ နေမလဲ”လို့ စဉ်းစားတုန်းက ဘာတစ်ခု ပေါ်လာတုန်းဆိုတော့ အဖြေကလေ “ကုသိုလ် များများ ရတဲ့ ဘဝကို ငါနေမယ်”။

ဆိုပါတော့ “အကယ်၍များ သူဌေးကြီး ဖြစ်ပြီးတော့ သို့မဟုတ် ရှင်ဘုရင်ကြီးတွေ ဘာတွေ ဖြစ်ပြီးတော့ လှူနိုင်တယ်၊ ပေးနိုင်တယ်၊ ကမ်းနိုင်တယ်၊ စောင့်ရှောက်နိုင်တယ် ဆိုရင် လူ့ဘောင် နေမယ်။ ဟာ ဒီလိုမှ မဟုတ်ဘူး၊ ရဟန်းဘ၀ နေမှ ပေးကမ်းနိုင်တယ်၊ ပို့ချနိုင်တယ်၊ ဟောပြော နိုင်တယ်၊ ကုသိုလ်တွေ အများကြီး ရမယ်ဆိုရင် ရဟန်းဘ၀ နေမယ်၊ အဲသလို ကုသိုလ်မရဘူးဆိုရင် နှစ်ဘဝစလုံး ငါ မကြိုက်ဘူး၊ ကုသိုလ်ရတဲ့ဘဝဟာ ငါနေဖို့ ဘဝပါပဲ” လို့ အဲဒီတုန်းက အကယ်၍များပေါ့လေ ပေးလို့ ကမ်းလို့ မကုန်နိုင်လောက်အောင် ပေးနေတယ် ဆိုလို့ရှိရင် မကုန်နိုင် ဆိုတာ နဂိုက မကုန်နိုင်ဘူး မဟုတ်ပေမယ်လို့ မိမိရဲ့ အလုပ်အကိုင်နဲ့ မကုန်နိုင် လောက်အောင်ကို ပေါတယ် ဆိုလို့ရှိရင် မှန်မှန် နေ့တိုင်း ပေးပြီးတော့ ပျော်ပျော်ကြီး အဲဒီလိုပဲ နေမှာပါ၊

အဲဒီလို မဟုတ်လို့ ရှိရင်လဲပဲ ယခုဘဝမျိုးနဲ့ ပေးကမ်းလို့, ပို့ချလို့ ဟောပြောလို့ ရေးသားလို့ ဒီလို နေရလို့ရှိရင်လဲ ဘုန်းကြီး တော်တော်ငယ်ငယ် ကလေးထဲက တော်တော်လေး ကုသိုလ်များများ ရတဲ့ ဘဝကို နေမယ်လို့ ဘုန်းကြီး ဆုံးဖြတ်ချက်ချတာ တစ်ချိန်က ရှိခဲ့ဖူးတယ်၊ အဲဒါ မေ့နေတဲ့ ဥစ္စာ မကြာခင်ကမှ ပြန်ပေါ်လာလို့ ဒါလဲ ငါ့ စဉ်းစားချက်ဟာ ပြန်ပြီးတော့ စဉ်းစားရမှာပဲလို့ အဲသလို သဘောရတယ်။ ဒါ့ကြောင့် အားလုံးပုဂ္ဂိုလ်တွေ ဟော ယခုလူတွေ၊ လူ ဘက်ကနေပြီးသကာလ လူကုသိုလ်တွေ အများကြီးပြုကြ၊ ဒကာဘက်က နေပြီးသကာလ ဒကာကုသိုလ်တွေ အများကြီး ပြုကြ၊ သာသနာကို အများကြီး ပြုကြ၊ မရှိဆင်းရဲတဲ့သူတွေကို ကိုယ့် အောက် လူတွေကို ညှာကြ၊ ဒီလိုဆိုရင် ဘဝနောက်နှောင်းမှာ ကောင်းထက် ကောင်းဖို့ရန် တီထွင်တာပေါ့လို့ -

တထာဝိဓံ - သို့ကလိုဂုဏ်အင် စုံလင်ပေသည့် ပညာရှိ အပေါင်း သူတော်ကောင်းကို၊
သပ္ပုရိသံ - ဘဝနောင်နှောင်း ကောင်းထက်ကောင်းမည့် လမ်းကြောင်းတီထွင် သူတော်စင် ဟူ၍၊
ဝဒန္တိ - ဘုရားစသား ပုဂ္ဂိုလ်များက လေးစားကြည်ဖြူ ချီးမွမ်းတော် မူကြလေသတည်း။”

လက်လှမ်းမှီလျက်သားနဲ့ မလိုက် မရှိရ

ဒီတော့ တရားဆိုတဲ့ဥစ္စာလေ ဘုန်းကြီးက ကိုယ်လက်လှမ်းမီတဲ့ တရားဟောပေးရင် လိုက်တာကို သဘောကျတယ်၊ နာပြီးတော့ ကိုယ်လက်လှမ်းမီ ရက်သားနဲ့ မလိုက်ဘူး ဆိုရင် ဒီသူတော်ကောင်း လက္ခဏာ အလိုလို ချွတ်ယွင်းသွားတယ်၊ ကိုယ့်ကိုယ်တိုင်က မလိုက်ကို မလိုက်နိုင်အောင် မြင့်နေတဲ့ တရားမို့ မလိုက်ဘူးဆိုရင်တော့ ဒါကတော့ အပြစ် မပြောသာပါဘူး၊ ယခု ဘုန်းကြီး ပြောတဲ့ တရားက လိုက်နိုင်တဲ့တရား၊ အဲဒီ လိုက်နိုင်တဲ့တရားကို ပြောပါလျက်နဲ့ မလိုက်ဘူး ဆိုလို့ရှိရင် ဒီအင်္ဂါနဲ့ ချွတ်ယွင်းသွားပြီး အလိုလို ကိုယ့်ကိုယ်ကို အထင်သေးစရာ ဖြစ်ပြီးတော့ သေခါနီးကျတော့ အင်မတန် ကြောက်ကြောက်လန့်လန့် ဖြစ်ပါလိမ့်မယ်၊ မိမိ လိုက်နိုင်လောက်တဲ့ တရားကို ဟောတဲ့ဥစ္စာကို နေရာတိုင်းမှာ သူ့အဆင့်အတန်းနဲ့ ကြည့်ပြီးတော့ လိုက်လိုက် လိုက်လိုက် သွားတယ်ဆိုလို့ရှိရင် “ငါဟာ သူတော်ကောင်းပဲ၊ ဟို ဘဝမှာ ဒီထက် မြင့်မှာပဲ”လို့ အဲသလို စိတ်ထဲက ဆုံးဖြတ်ချက် ချနိုင်တာဖြစ်တော့ သေရမှာလဲ မကြောက်ပါဘူး။

နိဂုံးချုပ် တိုက်တွန်းချက်

အဲဒါကြောင့် မိမိတို့ တစ်ဘဝ သံသရာမှာ နိဗ္ဗာန် မျက်မှောက် မပြုနိုင်သရွေ့ သွားရအုံးမှာဖြစ်တော့ ယခုနှယ်က သူတော်ကောင်း စစ်စစ်ဖြစ်အောင် ဟာလေ ဒါနကို ပြုတော့လဲ ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ် ပြုကြ၊ ငါးပါးသီလက စပြီးတော့ သီလကိုလဲပဲ စွမ်းနိုင်သမျှ ထိန်းကြ သိမ်းကြ။ ယခုခေတ်ဟာ ဘာဝနာကိုလဲ အားလုံး ဟောပြော ပြီးတော့ ဆုံးမ နေကြတဲ့ခေတ် ဖြစ်တော့ ဘာဝနာလဲပဲ မကြာခဏ သတိရလို့၊ ဟုတ်တယ်, ဒီခန္ဓာကိုယ်ကြီးဟာ မမြဲဘူးနော်၊ တဖြည်းဖြည်း အို လာပြီ၊ ဒီခန္ဓာကိုယ်ကြီး အိုလာတာဟာ ဘာလို့ အိုသလဲ၊ အိုတာ ဟာ သေဖို့ရာ အိုတာပဲ၊ တဖြည်းဖြည်း သေမှာပဲ၊

အနိစ္စ ခန္ဓာကိုယ်ကြီး၊ ဒီခန္ဓာကိုယ်ကြီးဟာ ငါက မအိုချင်ဘဲနဲ့ အိုနေတဲ့၊ အစိုးမရတဲ့၊ အနှစ်သာရ မရှိတဲ့ ခန္ဓာကိုယ်ကြီး၊ ဒီခန္ဓာကိုယ်ကြီးဟာ ငါက မသေချင်ဘဲ သေရအုံးမယ်၊ ငါ့ အလို မလိုက်နိုင်တဲ့ ၊ အနှစ်သာရ မရှိတဲ့ အနတ္တခန္ဓာကိုယ်ကြီး၊” အဲသလို စိတ်ထဲက တွေးပြီးတော့ ဒီခန္ဓာကိုယ်ထဲက အဆီအနှစ် ဖြစ်တဲ့ ပါရမီတွေကို ငါ ထုတ်ယူ လိုက်မယ်၊ ဒီခန္ဓာကိုယ်ထဲက အဆီအနှစ်ဖြစ်တဲ့ ဝိပဿနာဉာဏ်တွေ ငါ ထုတ်ယူလိုက်မယ်၊ ဒီခန္ဓာကိုယ်ထဲက ဘဝသံသရာမှာ အဆုံးသတ်မယ့် မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်း အကောင်းဆုံး ဖြစ်တဲ့ ပါရမီကုသိုလ်တွေကို ငါ ရအောင် ကြိုးစားလိုက်မယ်။

အနှစ်သာရ မရှိတဲ့ ခန္ဓာကိုယ်ထဲက အနှစ်သာရရှိတဲ့ ပါရမီ ကုသိုလ်တွေကို ငါ ထုတ်ယူလိုက်မယ်၊ ငါ့ရှိတဲ့ ဥစ္စာတွေက ဘယ်လိုပဲ ငါက သိမ်းသိမ်း တဖြည်းဖြည်း ကုန်ခမ်းရမယ့် ဥစ္စာတွေပဲ၊ အနှစ် သာရ မရှိတဲ့ ဥစ္စာတွေပဲ၊ ဒီဥစ္စာတွေထဲက အနှစ်သာရရှိတဲ့ ပါရမီကုသိုလ်တွေ၊ မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်း ကောင်းမြတ်သော တရားတွေကို ငါ ထုတ်ယူသောအားဖြင့် ငါ လှူလိုက်မယ်၊ တန်းလိုက်မယ်၊ ပေးလိုက်မယ်၊ ကမ်းလိုက်မယ်၊ မရှိဆင်းရဲသူတွေ ညှာတာလိုက်မယ်၊ စောင့်ရှောက် လိုက်မယ်၊ ငါ အနှစ်သာရဖြစ်တဲ့ ပါရမီ တရားတွေကို အနှစ်သာရမရှိတဲ့ ဥစ္စာထဲက ထုတ်ယူ လိုက်မယ်၊ ဟော စိတ်ထဲကလေ၊ သူတော်ကောင်း လက္ခဏာနဲ့ ညီညီ စဉ်းစားမယ်ဆိုလို့ရှိရင် ကောင်းတဲ့ ဝိပဿနာတရားတွေဟာ ရနေ ပြီး အမြဲမရှိတဲ့ ခန္ဓာကိုယ်ထဲက မြဲတဲ့ နိဗ္ဗာန်ကို ငါ မြန်မြန်ရအောင် ထုတ်ယူလိုက်မယ်၊ အမြဲမရှိတဲ့ ဒီခန္ဓာကိုယ်ထဲက မြဲတဲ့နိဗ္ဗာန်ကို မြန်မြန် ရောက်အောင် ငါ ထုတ်ယူလိုက်မယ်။

ယခု ပြောရင်း ဆိုရင်း စဉ်းစားရင်းပဲ တစ်အိုထဲ အိုနေတဲ့, သေဖို့ရန် ရှေးရှုနေတဲ့၊ ဆင်းရဲတဲ့ ဒီခန္ဓာကိုယ်ထဲက သုခအစစ်ဖြစ်တဲ့ နိဗ္ဗာန်ကို မြန်မြန် ရရာရကြောင်း ကောင်းမှုပါရမီကို ထုတ်ယူ လိုက်မယ်၊ အနှစ်သာရ မရှိတဲ့ ယခု ငါက မအိုချင်ဘဲနဲ့ သူက အိုနေတဲ့ အတွက် ငါ့အလို မလိုက်တဲ့ မအိုသင့်ပဲနဲ့ အိုနေသည့်အတွက်ကြောင့် မခိုင်မြဲတဲ့ အနတ္တဖြစ်တဲ့ ဒီခန္ဓာကိုယ်ထဲက အနှစ်သာရ မရှိတဲ့၊ ငါ့အလို မလိုက်မပါနိုင်တဲ့ ဒီခန္ဓာကိုယ်ထဲက အနှစ်သာရဖြစ်တဲ့ ပါရမီ ကောင်းမှုကုသိုလ် တွေကို ထုတ်ယူလိုက်မယ်လို့၊ အဲသလို သူတော်ကောင်းပီပီ ဝိပဿနာဉာဏ်နဲ့လေ အနိစ္စ ဒုက္ခ အနတ္တ ဒီခန္ဓာကိုယ်ကြီးကို တင်ပြီးသကာလ၊ ဝိပဿနာ ကောင်းမှုများ ကြိုးစား ပြီးတော့ သူတော်ကောင်း စစ်စစ်ကို အခြေခံပြီး သကာလ ဘ၀ နောက်နှောင်း ကောင်းပြီး သကာလ ရုပ်နာမ် အဆုံးသတ်ကို မိမိ မျက်မှောက်ပြုနိုင်အောင်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင် ယခုနှယ်က ထိပ်တန်း သူတော်ကောင်းဖြစ်အောင် ကိုယ်စီကိုယ်ငှ ကြိုးစားနိုင်ကြစေကုန်သတည်း။

သူတော်ကောင်းလက္ခဏာ တရားတော် ပြီးပြီ။


“အမရပူရမြို့ မဟာဂန္ဓရုံကျောင်းတိုက်
နာယကချုပ်ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ၊ ဗဟုဇနဟိတဓရ မဟာဓမ္မကထိက
အရှင်ကုဏ္ဍလာဘိဝံသ၏ သြဝါဒကထာ”

မိမိတို့ ရတောင့်ရခဲ ရရှိထားအပ်သော လူ့ဘ၀ လူ့ခန္ဓာ ကိုယ်လေးကို မတူသင့်သော လူသုံးမျိုးနှင့် မတူစေဘဲ တူသင့်သော လူတစ်မျိုးနှင့်သာ တူစေရမည်။

မတူသင့်သော လူသုံးမျိုးမှာ -
(၁) ငရဲသားနှင့် တူသောလူ၊
(၂) ပြိတ္တာနှင့် တူသောလူ၊
(၃) တိရစ္ဆာန်နှင့် တူသောလူများ ဖြစ်ကြသည်၊

တူသင့်သော လူတစ်မျိုး ဟူသည် -
ပရမတ္ထမနုဿခေါ် မြင့်မြတ်သော ဘုရားအလောင်း၊ ပစ္စေကဗုဒ္ဓါအလောင်း သူတော်ကောင်း လူများ ဖြစ်ကြသည်။

(၁) ငရဲသားနှင့် တူသော လူဟူသည် မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ အချုပ်ခန်းကြီးများ၊ အကျဉ်းထောင်ကြီးများ ထဲမှာ အချုပ်ကျ ထောင်ကျခံနေရသော လူများဖြစ်ကြသည်။

ငရဲသားနှင့် တူပုံကား - ငရဲဘုံကြီးများ၌ ကျရောက်လျက် ငရဲခံနေရသော သတ္တဝါများသည် ငရဲထိန်းကြီးများ နှိပ်စက်သမျှ ခံနေကြရသည်၊ သွားလိုရာလည်း မသွားရ၊ စားလိုရာလည်း မစားရ၊ နေလိုသလိုလည်း မနေကြရရှာပေ၊ ငရဲထိန်းကြီးများ ရိုက်သမျှ ခံကြရ၊ ထိုးခုတ် သတ်ပုတ်သမျှ ခံနေကြရရှာသည်။

ထို့အတူ အချုပ်ခန်းမှ လူများ၊ အကျဉ်းထောင်ထဲမှ လူများလည်း မိမိ နေလိုသလို မနေရဘဲ တစ်ယောက် နှစ်ယောက်သာ နေဖို့သင့်သော အခန်းကျဉ်းထဲ၌ ၁၀ ယောက်၊ ၁၅ ယောက် ပြွတ်သိပ်၍ နေကြရသည်၊ မှက် ခြင် ကြမ်းပိုး ကိုက်ထိုးသမျှ ခံကြရသည်၊ အခင်းအနှီးမပါ ဗလာ အိပ်ကြရသည်၊ အခန်းတွင်းရှိ အားလုံး၏ အညစ်အကြေး (မစင်ကျင်ကြီး ကျင်ငယ်) အိုးကြီးမှ ထွက်လာသမျှ အနံ့အသက်များကို ခေါင်းနောက်လောက်အောင် ရှုရှိုက်၍ နေကြရသည်၊ သက်ဆိုင်ရာ အာဏာပိုင်တို့၏ နှိပ်စက်သမျှ ခံနေကြရသည်၊ ထို့ကြောင့် ထိုအချုပ်ခန်း အကျဉ်းထောင်ကျ လူများကို ငရဲသားများနှင့် တူသောလူများဟု ခေါ်ရသည်။

မိမိကိုယ်ကို ထိုကဲ့သို့ ငရဲသားနှင့် တူသောလူ ဖြစ်မသွားအောင် သတိဆောင်ရာ၏။

(၂) ပြိတ္တာနှင့် တူသောလူ ဟူသည် မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ အစားငတ်ငတ်၊ အဝတ်အဆင် ငတ်ငတ်၊ နေစရာ ထိုင်စရာငတ်ငတ် ပုဂ္ဂိုလ်များတည်း။

အစား မပြည့်စုံ၊ အဝတ်အဆင် မပြည့်စုံ၍ လှည့်လည် တောင်းရမ်း စားသောက်နေရသူ၊ နေစရာ ထိုင်စရာ မရှိ၍ လမ်းဘေးသစ်ပင် ချုံပုတ် စသည်မှာ ခိုကပ်နေရသူ၊ ဘုရားကြို ဘုရားကြား၊ ကျောင်းအို ကျောင်းကြား၊ ဇရပ်အို ဇရပ်ကြား၊ ခိုကပ်နေကြရ သူများတည်း။

ပြိတ္တာနှင့် တူပုံကား - ပြိတ္တာဘုံရောက် ပြိတ္တာကြီးငယ်များသည် အစားငတ်၍ လူတို့၏ အညစ်အကြေးများ တံတွေးပေါက် ချွဲ သလိပ် နှပ်များကို ကောက်၍ စားကြရ၊ အဝတ်အဆင် စုတ်စုတ် ပြတ်ပြတ်၊ သို့မဟုတ် လုံးဝအ၀တ် မရှိ၊ အတိဒုက္ခ ရောက်ကြရသလိုပင် လူပင် ဖြစ်သော်လည်း ထိုကဲ့သို့ အစား အဝတ်အဆင် နေစရာ ထိုင်စရာ အငတ်ငတ် အပြတ်ပြတ် ရှိနေသူများ ဖြစ်ကြသည်။ မိမိကိုယ်ကို ထိုကဲ့သို့ ပြိတ္တာနှင့် တူသောလူလည်း မဖြစ်စေရပေ။

(၃) တိရစ္ဆာန်နှင့် တူသောလူ ဟူသည် တိရစ္ဆာန်များသည် မသိတတ်မှု၊ မိုက်မဲမှု အားကြီးကြ သကဲ့သို့ လူပင် ဖြစ်သော်လည်း မသိတတ်မှု၊ မိုက်မဲမှု အားကြီးသူများသည် တိရစ္ဆာန်နှင့် တူသော လူများ ဖြစ်ကြသည်။

တိရစ္ဆာန်များသည် ဘုရားနှင့် ဘုရားဂုဏ်တော်များ ကကျေးဇူးများကို မသိကြ၊ ထို့အတူ တရား သံဃာနှင့် တရား သံဃာ ဂုဏ်ကျေးဇူးများကို မသိကြ၊ မိဘ ဘိုးဘွား ဆရာသမားများ၏ ကျေးဇူးဂုဏ်ကို မသိကြ၊ ကုသိုလ် အကုသိုလ်ကိုလည်း မသိကြ။

ထို့အတူ လူပင်ဖြစ်သော်လည်း အချို့လူများသည် ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးများကို မသိကြ၊ ဆရာသမားများ၏ ကျေးဇူးဂုဏ်ကို မသိကြ၊ ကုသိုလ်မှန်း အကုသိုလ်မှန်း ခွဲခြမ်း၍ မသိကြ၊ ထိုကုသိုလ် အကုသိုလ်တို့၏ ကောင်းကျိုး ဆိုးကျိုးကိုလည်း မသိကြ၊ လုပ်မိလုပ်ရာ လုပ်ကြ၏၊ ထိုသူတို့သည် လူပင်ဖြစ်သော်လည်း မသိမိုက်မဲမှု အားကြီးသဖြင့် တိရစ္ဆာန်နှင့် တူသောလူများ ဖြစ်ကြသည်။ မိမိကိုယ်ကို တိရစ္ဆာန်နှင့် တူသောလူလည်း မဖြစ်စေရပေ။

တူသင့်သော လူတစ်မျိုး

တူသင့်သော လူတစ်မျိုး ဟူသည်ပရမတ္ထမနုဿခေါ် ဘုရားအလောင်းတော်ဖြစ်သော လူ၊ ပစ္စေကဗုဒ္ဓအလောင်းတော်၊ အဂ္ဂသာဝက မဟာသာဝက အရိယာနွယ်လောင်း သူတော်ကောင်း သူတော်ကောင်းမများ ဖြစ်ကြသော လူများတည်း။

ထို မြင့်မြတ်သော လူများသည် မြင့်မြတ်သော အလုပ်ကို လုပ်ကြ၏၊ လှူဒါန်း ပေးကမ်း စွန့်ကြဲမှု ဒါနပါရမီ၊ ထိန်းသိမ်းမှု သီလပါရမီ၊ ပွားများအားထုတ်မှု ပညာပါရမီ ဘာဝနာမှုတို့ကို အခွင့်ရတိုင်း ပြုကြ၏။

ထို့အတူ အချို့သော လူများသည်လည်း ထို မြင့်မြတ်သော လူများ ပြုလုပ် အားထုတ်လေ့ရှိသော အလုပ်များကို ပြုလုပ် အားထုတ်ကြသဖြင့် မြတ်သောလူနှင့် တူသူများဟု ဆိုရသည်။

မိမိကိုယ်ကို ထိုကဲ့သို့ မြတ်သောလူများ၏ ကျင့်စဉ်ကောင်းများကို ကျင့်ကြံကြိုးကုတ် အားထုတ်၍ ထို လူမြတ်များ ရောက်ရာဌာန လူ့ရွာ နတ်ထံ နိဗ္ဗာန်တိုင်ထိ ရောက်ရှိအောင် ကြိုးစားရာ၏။


[ဆောင်]
ငရဲသားလူ ပြိတ္တာလူ အမူ ဝေးကြစေ၊
တိရစ္ဆာန်လူလည်း ရှောင်ကြဉ်ဖဲ အမြဲဝေးကြစေ၊
လူနှင့်တူသူ လူလိုလူ ဆူဆူ ဖြစ်ကြစေ။

အရှင်ကုဏ္ဍလာဘိဝံသ၏ သြဝါဒကထာ ပြီးပြီ။