မာတိကာသို့ ခုန်သွားရန်

အခြေပြုပဋ္ဌာန်း တရားတော်

ဝီကီရင်းမြစ် မှ
6002အခြေပြုပဋ္ဌာန်း တရားတော် — အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်)

အခြေပြုပဋ္ဌာန်း တရားတော်

▬▬▬ஜ۩۞۩ஜ▬▬▬

အရှင်ဇနကာဘိဝံသ

မာတိကာ

▬▬▬▬

တစ်ဘဝသံသရာ ဖြစ်စဉ်အကျဉ်း

အခြေပြုပဋ္ဌာန်း နိဒါန်း

သပြေကန်ဆရာတော်၏ အခြေပြုပဋ္ဌာန်း တရားတော် အချီ (ဂါထာများ)

ဆရာတော် အရှင်ဇနကာဘိဝံသ၏ သာသနာတော်အတွက် ဆန္ဒတော်

ပဋ္ဌာန်းကျမ်းတော်ကြီးကို ရှိခိုးခြင်း (အခြေပြုပဋ္ဌာန်း)

ပထမနေ့
ဗုဒ္ဓအမည်တော်ရခြင်း, ဒါနပါရမီ၏ သဘော, သီလပါရမီ, ပညာပါရမီ, သဗ္ဗညုတ ဉာဏ်တော်၏ စွမ်းအား
ဉာဏ်တော်ကြီးနှင့် ပဋ္ဌာန်းကျမ်း, ရောင်ခြည်တော် ကွန့်မြူးခြင်း, ပဋ္ဌာန်းပါဠိတော်
သံဃာတော်များ မေတ္တာပို့ အမျှဝေ

ဒုတိယနေ့
ပဋ္ဌာန်းအဓိပ္ပာယ်နှင့် တိုက်တွန်းချက်
ဟေတုပစ္စယော (ဟေတုပစ္စည်း)
ရေသောက်မြစ်၊ အာရမ္မဏပစ္စည်း
စိတ် (၃) မျိုး
ဘုရားလောင်းပဋိသန္ဓေအာရုံ
ချီးကျူးပွဲ လုပ်မယ်လို့
မာဂဏ္ဍီယနှင့် ဗုဒ္ဓဂေါတမ
ဒီကျောင်းကို ခမ်းခမ်းနားနား မဆင်ရဘူး

တတိယနေ့
အဓိပတိပစ္စည်း
မဟာဇနကဇာတ်နှင့် အဓိပတိပစ္စည်း
မင်းကုသဇာတ်နှင့် အဓိပတိပစ္စည်း
ပဉ္စပါပီနှင့် အဓိပတိပစ္စည်း
အနန္တရပစ္စည်း
အကောင်းဆုံး အဘိဓမ္မာတရား
နိယာမတရားငါးပါး
သမနန္တရပစ္စည်း

စတုတ္ထနေ့
သဟဇာတပစ္စည်း
ဆီမီးဥပမာ
အညမညပစ္စည်း
နိဿယပစ္စည်းနှင့် မြေကြီးဥပမာ
ဒုစရိုက်(၁၀)ပါးနှင့် ပစ္စည်းတရား
မိစ္ဆာဒိဋ္ဌိနှင့် ပစ္စည်းတရား
ဒု-သ-န-သော သဌေးသားများ

ပဉ္စမနေ့
ဥပနိဿယပစ္စည်းနှင့် ဥပနိဿယ ၃-မျိုး
ပကတူပနိဿယ
ပုရေဇာတပစ္စည်း
ပစ္ဆာဇာတပစ္စည်း
ကုသိုလ်က ကုသိုလ်ကို ကျေးဇူးပြုပုံ
ကုသိုလ်က အကုသိုလ်ကို ကျေးဇူးပြုပုံ
အကုသိုလ်က အကုသိုလ်ကို ကျေးဇူးပြုပုံ
အကုသိုလ်က ကုသိုလ်ကို ကျေးဇူးပြုပုံ
ဝေဿန္တရာဇာတ်
ပုဂ္ဂိုလ်က ကုသိုလ် - အကုသိုလ်ကို ကျေးဇူးပြုပုံ
အိပ်ရာစသည်က ကုသိုလ် - အကုသိုလ်ကို ကျေးဇူးပြုပုံ

ဆဋ္ဌမနေ့
အာသေဝနပစ္စည်းနှင့် အာသေဝန ၃-မျိုး
အာသေဝနသဘော
ပထမဇော အကျိုးပေးပုံ၊ မဟာဒုက်အကြောင်း
အကုသိုလ် မဖြစ်အောင် လှူဒါန်းကြ
ဘုရားဂေါပကများနှင့် ဘုရားပွဲများ စဉ်းစားစရာ
လူတွေ နားမလည်လွန်း
စာသင် စာချ စဉ်းစားစရာ
ဘုရား-တရား-သံဃာ အစစ်ကို အတုတွေ ကွယ်ပုံ
ရတနာသုံးပါးကို ဝိဇ္ဇာဂိုဏ်းက ကွယ်ပုံ
အလှူအဒါန်းတွေ ပြင်ဖို့ ကောင်းပြီ

သတ္တမနေ့
ကမ္မပစ္စည်းနှင့် ဝိပါကပစ္စည်း
နာနာက္ခဏိကကံ
မျိုးစေ့အလား ကမ္မတရား
ဝိပါက်သဘော အကဲခတ်ကြည့်
ပထမဇော သတ္တိရှိပုံ
ပထမဇော အကျိုးပေး မပေး
သတ္တမဇော အကျိုးပေးပုံ
အလယ်ဇော ၅-ချက် အကျိုးပေးပုံ
ဂရုကကံ
အာသန္နကံ
အာစိဏ္ဏကံ
ကဋတ္တာကံ
မဟာနာရဒဇာတ် အင်္ဂတိမင်း မေးမြန်းချက်
ရသေ့ကြီး ဦးဂုဏ တရား
အလာတစစ်သူကြီး အတိတ်အကြောင်း
ဗီဇကကျွန် အတိတ်အကြောင်း
ရုစာမင်းသမီး လျှောက်ထားချက်
မိမိ၏ သီလသစ္စာဖြင့် နတ်ဗြဟ္မာများကို ပင့်ဖိတ်ခြင်း
ကောင်းတဲ့ကံတွေ ပြုကြ

အဋ္ဌမနေ့
ဒါနထက် သီလသာခြင်း, စိတ်ကောင်းရှိဖို့က ပထမ
ကံရဲ့သတ္တိလိုက်ပုံ
အရှိန်သတ္တိ ကျန်ရစ်ခြင်း
လောကီစည်းစိမ်ကို တောင့်တပြုတဲ့ ကံကို ပါရမီလို့ မခေါ်ဘူး
မကြောက်ကြနဲ့
ကုသိုလ်များများ လုပ်
သောဏမထေရ်ရဲ့ ဖခင် မုဆိုး
ဓမ္မိက ဥပါသကာ
ရေချမ်း အမကြီး
သေခါနီး သိပ်အရေးကြီး
ဗုဒ္ဓဘာသာမဟုတ်တဲ့ တစ္ဆေ
အနာထပိဏ္ဍိက နတ်သား
စိတ်အစဉ်မှာ ကံရဲ့သတ္တိလိုက်နေ
ပစ္စည်းစွဲလမ်းရင် ပြိတ္တာဖြစ်နိုင်၊ ကုသိုလ် အာသန္နကံ အကျိုးပေးပုံ

နဝမနေ့
ကျမ်းစာ ကံအကြောင်း
ဂရုကံ, အာသန္နကံ, အာစိဏ္ဏကံအကျိုးပေးချိန်
နောက်ဘဝ ကောင်းမွန်ရေး
အဝိဇ္ဇာ, တဏှာ, သင်္ခါရ
ဂတိငါးမျိုး
အလှူခံ သီလရှိမှ
သံဃာရည် လှူပါ, ကြောက်စရာကောင်းတဲ့ စွဲလမ်းမှု
နားလည်ဖို့ လိုပြီ
တံငါ သုံးယောက်
လူဝင်စား အင်္ဂလိပ် အမျိုးသား
ဘဝသံသရာရေး အလေးထားကြ
ကံက သမ္ပတ္တိ ဝိပတ္တိလိုက်၍ အကျိုးပေးခြင်း
နတ်မ, မမ၊ လူပြိန်း လူအတွေ
ဘာသာခြားလဲ ရှေးကံရှိခြင်း၊ ဗုဒ္ဓဘာသာတွေ ဘာကြောင့် စီးပွားရေး ညံ့နေကြသလဲ
ရှင်အရဟံကျေးဇူး၊ ဗုဒ္ဓဘာသာကို မလဲနိုင်

ဒသမနေ့
အာဟာရပစ္စည်း
အာဟာရ ၂ မျိုး
ဣန္ဒကဘီလူး အမေး
ခန္ဓာကိုယ် ဖြစ်ပေါ်ပုံ
ဝိညာဉ်ချင်း တူပေမယ့် သတ္တိချင်း မတူ
အာဟာရဇရုပ် စဖြစ်ချိန်
ပဋိသန္ဓေ နေပုံ
ကံကြောင့် ရုပ်ချင်း မတူကြ၊ စိတ္တဇရုပ် ဥတုဇရုပ်၊ အစာကြောင့် ရုပ်ဖြစ်နေပုံ မတူကြ
စိတ်ချမ်းသာအောင် နေကြ
ကောင်းတဲ့ကံ ပြုကြ၊ ရာသီဥတု ကောင်းတဲ့ နေရာမှာ နေကြ
နတ်ကို အထင်မကြီး
ပြုပြင်ကြပါ

ဧကာဒသမနေ့
ဣန္ဒြိယပစ္စည်း အဓိပတိနှင့် ဣန္ဒြိယ
အာရုံမှန်မှ သဒ္ဓါမှန် သဒ္ဓါစစ် ဖြစ်သည်
သာသနာအသက်သည် ဝိနည်း
သာသနာတော်ကြီး ကျနေပြီ
စာရိတ္တဆိုတဲ့ ဝိနည်းကို ဂရုစိုက်ပါ
လူများရဲ့ သဒ္ဓါ
သဒ္ဓါတု၊ သဒ္ဓါစစ်ရှိအောင် ကြိုးစားကြ
ပညာအတု, အစစ်၊ ပညာအစစ်, ဝိတက်
ဘုန်းကြီး တာဝန်ရှိ
ဂုဏ်အရည်အချင်းအလိုက် အပြစ်ရကြ

ဒွါဒသမနေ့
အသက်ရှည်ဖို့ အကြောင်းများ
အသက်ရှည်ရှည် နေနိုင်ရေး
ကံ နှစ်မျိုး၊ ဝသဘမင်းထုံး နှလုံးမူ
အသက်ရှည်ဖို့ ဆုမတောင်း
စိတ္တဇရုပ် ကောင်းအောင် စိတ်ကို ပြုပြင်ပေးကြ
သေခါနီးထိ စိတ် ပြုပြင်ကြ
စိတ်ငယ်ပြီး ရုပ်ညံ့၍ ရောဂါဖြစ်
ဥတုဇရုပ်ကို ပြုပြင်ကြ
အာဟာရဇရုပ် ကိုလည်း ပြုပြင်ကြ
ပင်ပန်းရင် စိတ်ညှိုး ရုပ်နွမ်းခြင်း၊ အသက်တိုခြင်းအကြောင်းများ-
သတ္တဝါတွေ စိတ်ဓာတ်ညံ့လာ၊ အဆီသြဇာ ညံ့ကုန်ပြီ
သေတာကို ပြောဦးမယ်၊ ပါရာသိမင်း အယူ

တေရသမနေ့
ဣတ္ထိန္ဒြေ၊ ပုရိသိန္ဒြေ
ယောက်ျား-မိန်းမဖြစ်ရခြင်း အကြောင်းများ
ကာမတဏှာ အရင်းခံ
မိန်းမများ ယောက်ျားဖြစ်နိုင်တဲ့နည်း
ရှင်အာနန္ဒာအလောင်း၊ ဥဘတောဗျဉ်း
ယောက်ျား-မိန်းမ ပီပီသသ ဖြစ်ရကြောင်း
ဆွဲဆောင်နိုင်ဆုံး အရာဝတ္ထု ငါးပါး
ခွက်သာလွဲတာ အရသာ ဘာမျှ မထူး
စိတ်မထိန်းလို့ မှားယွင်းကြ
မရီးနှင့်မတ် လင်ကိုသတ်
ရဟန္တာ ဖြစ်ခြင်း
ယုတ်မာတဲ့ ယောက်ျား
ဆွဲဆောင်အား
မဟာဟံသဇာတ်
ဟင်္သာမင်း မိန်းမအတွက် သောကဖြစ်ပုံ၊ သုမုခအပြစ်တင်ပုံ
မိန်းမတွေရှိလို့ လောကကြီး စိုပြေ
မိန်းမဟာ သံသရာလွတ်ကြောင်းနှင့် ပါရမီဖြည့်ဖက်တွေ ဖြစ်ပုံ
ကာမဂုဏ်အပြစ်များ အရိုးစု ဥပမာပုံ ကာမဂုဏ်

စုဒ္ဒသမနေ့
ဣန္ဒြိယပစ္စည်း ဆက်ဟော
ဘာဝရုပ် ဣန္ဒြိယပစ္စည်း မထိုက်
ဈာနပစ္စည်း
ဈာနသတ္တိ
အကုသိုလ်ဈာန်
ကုသိုလ် ဈာန်
ဘုရားအာရုံပြုနည်း
မေတ္တာဈာန်, ဖုဿဒေဝထေရ်ပမာ စူးစိုက်ပါ
ဓမ္မာသောကမင်းပမာ စူးစိုက်ပါ
အသန္ဓိမိတ္တာပမာ စူးစိုက်ပါ
မေတ္တာပို့နည်း
အသုဘ ရှုပုံရှုနည်း
မရဏာနုဿတိ
ကမ္မဋ္ဌာန်းတွေ ပေါများ
အရှင်အာနန္ဒာနဲ့ ကောဋ္ဌာသ ဘာဝနာ
ခေမာမိဖုရားနှင့် အသုဘကမ္မဋ္ဌာန်း
ဣန္ဒြိယ သံဝရသီလ လုံအောင်ထိန်း
တရားနှင့်နေရင် ဘုရားကို ပူဇော်ရာရောက်ခြင်း

ပန္နရသမနေ့
မဂ္ဂင်ပစ္စည်း
မဂ္ဂင်ရှစ်ပါး
မိစ္ဆာမဂ္ဂင်
ကမ္ဘာကြီး ပျက်ပုံ
တက်ကပ်ဖြစ်ပုံ, မိုးခေါင်ပုံ
နတ်များ ကြွေးကြော်ပုံ - နေခုနစ်စင်း ထွက်လာပုံ
ကမ္ဘာကြီး ဗြဟ္မာဖန်ဆင်းတာ မဟုတ်
လူသတ္တဝါ စ,ပုံ
နေ-လ ပေါ်လာပုံ
မြေနွယ်ချို ပေါ်လာ၊ ဘာဝရုပ် ပေါ်လာ
အိမ်ထောင်ပြုကြ၊ အဒိန္နာဒါန စဖြစ်ကြပုံ
ဖန်ဆင်းသူ မရှိ
ဓာတ်ကြီးလေးပါး ချုပ်ရာရှာသော ရဟန်း
ဗုဒ္ဓမြတ်စွာ ပွင့်လာသောအခါ
မိစ္ဆာဒိဋ္ဌိ
ခန္ဓာငါးပါးသာ ရှိ
ရထားပမာ သတ္တဝါ
အိမ်ကျောင်းပမာ ကိုယ်ခန္ဓာ
သစ်သားရုပ်အလား ရုပ်နာမ် နှစ်ပါး
စောင်းသံပမာ ဤရုပ်နာမ်
နေရောင်နှင့်ကျောက် မီးထတောက်
သီလစင်ကြယ်ဖို့ လို
စူဠသောတာပန်

သောဠသမနေ့
မဂ္ဂပစ္စည်း ဆက်ဟော
ပရမအတ္တနှင့် အတ္တအကြောင်း
ဝိပဿနာ ပိုင်ပုံမရပါဘူး
နောက်ဘဝ ဘယ်လို ပြောင်းတုံး
တရားလိုချင်သူများ ပြုပြင်ရန်
နန္ဒကောဝါဒသုတ်တော်
ဓာတ်ဆန်းကြယ်ပုံ
အာရုံခြောက်ပါး မမြဲ
ဝိညာဉ်ခြောက်ပါး မမြဲ
ဆီမီးတောက် ဥပမာ
သစ်ပင် ဥပမာ
နွားသတ်သမား ဥပမာ
သမ္မာဒိဋ္ဌိ ဖြစ်အောင်လုပ်

သတ္တရသမနေ့
သံဝေဂဝတ္ထု ရှစ်ပါး, ခြေတစ်လှမ်း၌ ခြောက်ခြမ်းခွဲရှု
သင်္ခါရလက္ခဏာရေး တင်၍ရှု, အသံ၌ လက္ခဏာရေး တင်၍ရှု
သမ္ပယုတ္တပစ္စည်းနှင့် သဘော
စတုမဓု ဥပမာ
ဘုရားပွင့်လို့သာ
ဝိပ္ပယုတ္တပစ္စည်း
သုတ္တန်နည်းပါမှ နားလည်ကြ
အတ္ထိပစ္စည်း
နတ္ထိပစ္စည်း
ဝိဂတပစ္စည်း
နတ္ထိနှင့် ဝိဂတ အထူး
အဝိဂတ ပစ္စည်း
သွားဆဲကာလ ဖြစ်ပျက်ရှု
အို အို လူများ သတိထားလော့
ဘုရားသားတော် ဖြစ်ရ၍ အားရဝမ်းမြောက်
နိဗ္ဗာန်ထိ သိအောင်လုပ်
မဂ္ဂင်ရထား စီး၍သွား သမ္ပတ္တိစက် လေးပါး
ဗိုလ်ငါးပါး
တိုက်တွန်းချက်
သံဃာတော်များ မေတ္တာပို့
သဗ္ဗညုတဉာဏ်တော် စွမ်းအား ပူဇော်
သံဃာတော်များ အမျှဝေ

ပထမ ရွှေကျင်ဆရာတော်ဘုရားကြီး၏
ပဋ္ဌာန်းပစ္စည်း အနက်အဓိပ္ပာယ်
၂၄-ပစ္စည်း အဓိပ္ပာယ်ကောက်

အမရပူရ မဟာဂန္ဓာရုံဆရာတော်၏ သြဝါဒ
သောတာပနူဖြစ်ဖို့ ခက်သလား
ကမ္မဋ္ဌာန်းမှန်သမျှ အဝိဇ္ဇာနှင့်တဏှာ ကုန်ဖို့သာ
နိဗ္ဗာန်နှင့် ပရိနိဗ္ဗာန်
ပရိနိဗ္ဗာန် သုံးမျိုး
မီးငြိမ်းခြင်းဥပမာ - ဓာတုပရိနိဗ္ဗာန်
နိဗ္ဗာန် ၂ မျိုးမှ တစ်မျိုး နိဗ္ဗာန်
ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ တောင့်တကြသောနိဗ္ဗာန်
လူအများတို့ ဆုတောင်းနေသောနိဗ္ဗာန်၏ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်-
နိဗ္ဗာန်၏ ဂုဏ်တော်တချို့
နိရောဓသစ္စာနှင့် အဏုမြူဓာတ် ရှာဖွေသူ ဥပမာ
နိဗ္ဗာန်၏ဂုဏ် သစ္စာပြု - ရတနာ့သုတ် ဂါထာတော်
ဆရာတော်၏ သံဝေဂ လင်္ကာ
ထုတ်ဝေသူတို့၏ အာသီသ တောင့်တချက်

အခြေပြုပဋ္ဌာန်း တရားတော် မာတိကာ ပြီး၏။

တစ်ဘဝသံသရာ ဖြစ်စဉ်အကျဉ်း

▬▬▬ஜ۩۞۩ஜ▬▬▬

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ တစ်ဘဝသံသရာ ဖြစ်စဉ်အကျဉ်း”

၁။ အရှင်ဇနကာဘိဝံသ ဆရာတော်လောင်း သူငယ်ကို စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် သရိုင်ရွာ ဦးဇောတိက - ဒေါ်အုန်းလှိုင်တို့မှ ၁၂၆၁-ခုနှစ် တပို့တွဲ လပြည့်ကျော် ၁၄ ရက် (၁၉၀၀ ပြည့်၊ ဖေဖော်ဝါရီလ ၂၇ ရက်) အင်္ဂါနေ့တွင် ဖွားမြင်သည်။

၂။ ၁၂၆၆ - ခုနှစ်၌ ပထမအကြိမ် ရှင်သာမဏေ ပြုတော်မူသည်။

၃။ ၁၂၇၅ - ခုနှစ်၌ ဒုတိယအကြိမ် ရှင်သာမဏေ ပြုတော်မူသည်။

၄။ ၁၂၇၉ - ခုနှစ်၌ သက်တော် ၁၈-နှစ် အရွယ်တွင် ပထမကြီးတန်း စာမေးပွဲကို အောင်မြင် တော်မူသည်။

၅။ ၁၂၈၀ - ပြည့်နှစ်၊ တပေါင်းလပြည့်နေ့၌ ပထမအကြိမ် ရဟန်းအဖြစ် ခံယူတော်မူသည်။

၆။ ၁၂၈၁ - ခုနှစ် နယုန်လပြည့်နေ့၌ ဒုတိယအကြိမ်၊ ၁၂၈၁ - ခုနှစ် တပေါင်းလပြည့်နေ့၌ တတိယအကြိမ် ရဟန်းအဖြစ် ခံယူတော်မူသည်။

၇။ ၁၂၈၉ - ခုနှစ်၌ ပထမကျော် အောင်မြင်တော်မူသည်။

၈။ ၁၂၈၉ - ခုနှစ်၌ သကျသီဟ စာမေးပွဲခေါ် ပရိယတ္တိသာသနဟိတ ဏမ္မာစရိယ ဘွဲ့ ရရှိ အောင်မြင်တော်မူသည်။

၉။ ၁၃၀၃ - ခု ဝါဆိုဦး (၁၉၄၁-၄၂) ဂျပန်စစ်တပ်များ မြန်မာပြည်သို့ ဝင်ရောက် သိမ်းပိုက်မည့် နှစ်တွင် ယခုလက်ရှိ အမရပူရ မဟာဂန္ဓာရုံ ကျောင်းတိုက်နေရာသို့ ပြောင်းရွှေ့ သီတင်း သုံးတော်မူသည်။ ပြောင်းရွှေ့လာခဲ့စဉ်က သံဃာတော် ငါးပါးမျှသာ ရှိ၍ ပျံလွန်တော်မူချိန်တွင် သံဃာတော် ငါးရာကျော်မျှ သီတင်း သုံးလျက်ရှိသည်။

၁၀။ (လွတ်လပ်ရေး ရပြီးနောက်) ၁၃၁၂ - ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ၏ (ရှေးဦးစွာ) အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ် ဆက်ကပ်ခြင်းကို ခံယူရသည်။

၁၁။ ၎င်းနှစ်မှာပင် နိုင်ငံတော် စာသင်ကျောင်းများ၌ သင်ကြားရန် မူလတန်း ဗုဒ္ဓဘာသာလက်စွဲ ခေါ် သင်ခန်းစာများကို ရေးသားခဲ့သည်။

၁၂။ ၁၃၁၅ - ခုနှစ်၌ …
(က) ဆဋ္ဌသံဂီတိ သြဝါဒါစရိယ သံဃနာယက၊
(ခ) ဆဋ္ဌသံဂီတိ ဘာရနိတ္တာကာရ၊
(ဂ) ဆဋ္ဌသံဂီတိ ပါဠိပဋိဝိသောဓက၊
(ဃ) ဆဋ္ဌသံဂီတိ သြသာနသောဓေယျ ပတ္တ ပါဌက အဖြစ် တင်မြှောက်ခြင်းကို ခံရသည်။

၁၃။ ၁၃၃၇ - ခုနှစ် ပဲခူးမြို့၌ ကျင်းပအပ်သော ဂိုဏ်းလုံးကျွတ် အစည်းအဝေးပွဲကြီးက ရွှေကျင် ဂိုဏ်းကြီး၏ ဥပ ဥက္ကဋ္ဌ (ဒုတိယ သာသနာပိုင်) အဖြစ် တင်မြှောက်ခြင်းကို ခံယူတော်မူသည်။

၁၄။ ၁၂၉၁ - ခု သက်တော် (၃၀) မှ စ၍ ကျမ်းစာများကို စတင် ပြုစုတော်မူခဲ့ရာ ၁၂၉၃ - ခုနှစ်တွင် ပထမဦးဆုံး ကျမ်းစာကို ရေးသား ပြီးစီးတော်မူ၍ ၁၃၃၈ - ခု တန်ဆောင်မုန်းလတွင် နောက်ဆုံး ဆယ်လ မြတ်ဗုဒ္ဓ ကျမ်းစာကို ရေးသားပြီးလျှင် တဘဝသံသရာ အမည်ဖြင့် ထေရုပ္ပတ္တိကို ကိုယ်တော် တိုင် ရေးသားတော် မူခဲ့သည်။

ပဉ္စပကရဏ ဘာသာဋီကာနှင့် မူလဋီကာနိဿယ ပါဠိတော်နိဿယ များကို ၁၃၃၆ - ခု၊ တန်ဆောင်မုန်း လဆန်း ၅ - ရက် (၁၈-၁၁-၁၉၇၄) တနင်္လာနေ့ ၁ - နာရီအချိန် စတင်ပို့ချ ရေးသား၍ ၁၃၃၉ - ခု၊ ဝါခေါင်လဆန်း ၁၂ - ရက်နေ့မှာ ပြီးဆုံးခဲ့ပါသည်။

သုတ်မဟာဝါ ဘာသာဋီကာကို ၁၃၃၇ - ဝါဆိုလပြည့်ကျော် ၂ ရက်၊ ကြာသပတေးနေ့ (၂၄-၇-၁၉၇၅) စတင်ပို့ချ ရေးသား၍ ၁၃၃၉-ခု နတ်တော်လဆန်း ၁၃-ရက် (၂၁-၁၂-၁၉၇၇) သောကြာနေ့ ပျံလွန်တော်မမူမီ ၅-ရက်အလိုတွင် ပြီးစီးတော်မူခဲ့သည်။ ပါထေယျ ဘာသာဋီကာ ကိုပင် တရက်မျှ ရေးသား ပို့ချခဲ့သေးသည်။

၁၅။ ၁၃၃၉ - ခုနှစ် သက်တော် (၇၈) နှစ် အရောက် နတ်တော်လပြည့်ကျော် ၂-ရက် (၁၉၇၇-ခု ဒီဇင်ဘာလ ၂၇ ရက်) အင်္ဂါနေ့ ညနေ ၄-နာရီ မိနစ် ၃၀ တွင် တဘဝအတွက် ငြိမ်းတော်မူသည်။

……

နိဒါန်း

▬▬

အဘယ်ကြောင့် ပဋ္ဌာန်းတရားတော် တန်ခိုးကြီးသနည်း?

ပဋ္ဌာန်းတရားတော်သည် တန်ခိုးကြီး၏၊ ပဋ္ဌာန်းကို ရွတ်ဖတ်လျှင် ဘေးရန် အန္တရာယ် ကင်းပျောက်၏၊ ကောင်းကျိုးချမ်းသာ ဖြစ်စေနိုင်၏ -

ဟူ၍ ပဋ္ဌာန်းတရားတော်နှင့် ပတ်သက်ပြီး ရှေးရှေး အခါမှစ၍ ယနေ့ထက်တိုင် အစဉ်အလာ စွဲမှတ်ယုံကြည်နေကြသည်။

အဘယ်ပုဂ္ဂိုလ်သည် ပဋ္ဌာန်းကို ရွတ်သောကြောင့် ဘယ်သို့သော ဘေးရန် အန္တရာယ်မှ လွတ်မြောက် ခဲ့သည်၊ အဘယ် ပုဂ္ဂိုလ်သည် ပဋ္ဌာန်းရွတ်သောကြောင့် အဘယ်သို့သော ကောင်းကျိုးချမ်းသာတို့ ရရှိခဲ့သည် ဟူသော ဝတ္ထု ဇာတ်လမ်း အဖြစ်အပျက် သက်သေ သာဓကများကား များလှစွာ၏၊ ယင်း ဝတ္ထုဇာတ်လမ်းများကို ရေးရလျှင် ဤနိဒါန်းကြီး ရှည်လျား သွားပေလိမ့်မည် ဖြစ်သောကြောင့် လည်းကောင်း, စာရှုသူလည်း အထိုက်အလျောက် ကြားဖူးနေမည် ဖြစ်သောကြောင့် လည်းကောင်း, ယင်း ပဋိနိဒါန်း၌ အဓိကထား၍ ရေးသား တင်ပြလိုပေသည်။

ပဋ္ဌာန်းတရားတော်၏ တန်ခိုးကြီးကြောင်း စိစစ်တင်ပြရာ၌ သိသာထင်ရှား စေရန်အတွက် -
၁။ သိမ်မွေ့မြင့်မြတ်၍ နက်နဲ ကြီးကျယ်သော တရားဖြစ်ခြင်း။
၂။ တန်ခိုးကြီးသည့် နတ်ဗြဟ္မာများ ရိုသေမြတ်နိုးသည့် တရားဖြစ်ခြင်း။
၃။ သာသနာ တည်တံ့ရေးအတွက် ရှေ့တန်း ခံတပ်ကြီးဖြစ်ခြင်း-

ဟူသော အကြောင်း အချက်ကြီး သုံးချက်ကို အခြေခံ၍ ပိဋကပါဠိတော် အဋ္ဌကထာ ဋီကာတို့မှ ရှာဖွေတင်ပြပါအံ့။

၁။ သိမ်မွေ့ မြင့်မြတ်၍ နက်နဲကြီးကျယ်သော တရားဖြစ်ခြင်း

ပဋ္ဌာန်းတရားတော်သည် သိမ်မွေ့မြင့်မြတ်၍ နက်နဲ ကြီးကျယ်သော တရားတော်ဖြစ်သည်။

မှန်၏၊ ပဋ္ဌာန်းတရားတော်၌ သိမြင်နိုင်ရန် ခက်ခဲသည့် စိတ် စေတသိက် ရုပ် နိဗ္ဗာန် ခန္ဓာ အာယတန ဓာတ် သစ္စာ ဟိတ် ဈာနင် မဂ္ဂင် စသော ပရမတ္ထတရားများကို ဟောကြားသောကြောင့် သိမ်မွေ့ မြင့်မြတ်လှပေသည်။

ယင်း ပရမတ္ထ တရားများသည် အချင်းချင်း အကြောင်းအကျိုး အဖြစ်ဖြင့် ဆက်စပ်ဖြစ်ပေါ် တည်နေပုံကို ဟောကြား ဖော်ပြသောကြောင့် နက်နဲလှပေသည်။

ယင်း အကြောင်းအကျိုးအဖြစ် ဆက်စပ်ဖြစ်ပေါ် တည်နေပုံကိုပင် ဘယ်သို့ ဘယ်ပုံ တည်နေ သည်ကို အဆုံး အပိုင်းအခြား မရှိ များပြားလှစွာသော နည်းပေါင်း မြောက်များစွာဖြင့် ရှင်းလင်း ပြဆိုထားသောကြောင့် ကြီးကျယ် များပြားလှပေသည်။

ယင်းသို့ သိမ်မွေ့ မြင့်မြတ်၍ နက်နဲကြီးကျယ်သော တရားတော် ဖြစ်သောကြောင့် တန်ခိုးကြီးခြင်း ဖြစ်နိုင်ပေသည်၊ ဤဖော်ပြချက် မှန်ကန်ကြောင်းကို မြတ်ဗုဒ္ဓရှင်တော်ဘုရား၏ ဖြစ်တော်စဉ် တစ်ရပ်ကို သာဓကအဖြစ် တင်ပြလိုပေသည်။

သဗ္ဗညုတဉာဏ်တော်နှင့် ပဋ္ဌာန်းတရား

▬▬▬▬▬

မြတ်ဗုဒ္ဓ ရှင်တော်ဘုရားသည် မာရ်ငါးပါး ဖယ်ရှား၍ ဘုရားစင်စစ် ဖြစ်တော်မူပြီးနောက်၂၂-ရက်မြောက်တွင် ဗောဓိပင်၏ အနောက်မြောက်အရပ် စတုတ္ထသတ္တာဟဖြစ်သော ရတနာဃရ စံအိမ်တော်၌ ၇ ရက် စံနေတော်မူသည်၊ ယင်းသို့ စံနေတော်မူစဉ် အဘိဓမ္မာ ၇-ကျမ်းကို သုံးသပ် ဆင်ခြင်တော်မူသည်၊ ရှေးဦးစွာ…

၁။ ဓမ္မသင်္ဂဏီကျမ်း၊
၂။ ဝိဘင်းကျမ်း၊
၃။ ဓာတုကထာကျမ်း၊
၄။ ပုဂ္ဂလပညတ်ကျမ်း၊
၅။ ကထာဝတ္ထုကျမ်း၊
၆။ ယမိုက်ကျမ်း -

ဟူသော ကျမ်း ၆-ဆူကို အစဉ်အတိုင်း သုံးသပ် ဆင်ခြင်တော် မူသောအခါ၌ ထူးထူးခြားခြား အံ့ဖွယ်သရဲများ စိုးစဉ်းမျှလည်း ဖြစ်ပေါ်မလာသေးချေ၊ သို့သော် နောက်ဆုံးဖြစ်သော ပဋ္ဌာန်း ကျမ်းကြီးကို သုံးသပ် ဆင်ခြင်တော်မူသော အခါ၌မူကား ကိုယ်တော်မြတ်မှ ရောင်ခြည်တော် ၆-ပါးတို့ ကွန့်မြူး ထွက်ပေါ်လာကာ ကိုယ်တော်မြတ်၏ ဝဲယာ-ရှေ့နောက် ထက်အောက်ဖီလာ အရပ် ၁၀ မျက်နှာတို့သို့ အဆုံးအပိုင်းအခြား အဆီး အတားမရှိ ထိန်လင်းတောက်ပလေသည်။

ယင်းသို့ ရောင်ခြည်တော် ၆-ပါး အဆုံး အပိုင်းအခြားမရှိ ကွန့်မြူးထွက်ပေါ် လာခြင်းသည် မြတ်ဗုဒ္ဓ ရှင်တော်ဘုရား၏ ဘုန်းတန်ခိုးတော်အနန္တ ဖြစ်ပေါ် လာခြင်းပင် ဖြစ်သည်၊ တန်ခိုးတော် အနန္တ ဖြစ်ပေါ်လာရခြင်း အကြောင်းမှာအဆုံး အပိုင်းအခြားမရှိ သိမြင်နိုင်စွမ်းသော သဗ္ဗညုတ ဉာဏ်တော်သည် သိမ်မွေ့ မြင့်မြတ် နက်နဲလှ၍ အဆုံး အပိုင်းအခြားမရှိ ကြီးကျယ်လှသော အနန္တနယ သမန္တ ပဋ္ဌာန်းကျမ်းကြီးကို အာရုံပြုရသောကြောင့် ရွှင်လန်း မြူးကွန့်တော်မူရခြင်း ဖြစ်သည်။

သဗ္ဗညုတ ဉာဏ်တော် ရွှင်လန်း ကွန့်မြူးသောအခါ ဉာဏ်တော်နှင့်အတူ ယှဉ်ဖက်စိတ်နှင့် စေတသိက် တရားများလည်း ရွှင်လန်း ကွန့်မြူးသည်၊ သဗ္ဗညုတ ဉာဏ်တော် နှင့်အတူ ယှဉ်ဖက် စိတ် စေတသိက် တရားတို့၏ တည်နေရာ ဟဒယဝတ္ထုခေါ် နှလုံးသွေးလည်း ကြည်လင် တောက်ပလာသည်၊ နှလုံးသွေးနှင့်ဆက်စပ်နေသည့် အသွေး, အသား, အရိုး, အကြော, အရေ, ဣန္ဒြေ ငါးပါး, အခြား စိတ္တဇ,ကမ္မဇ, အာဟာရဇ, ဥတုဇရုပ် တရားများလည်း ကြည်လင် တောက်ပလာပြီး တဝင်းဝင်း တလက်လက် ၆-ရောင်စုံ ကွန့်မြူးပေါ်ထွက်၍ စကြဝဠာအနန္တသို့ အဆုံး အပိုင်းအခြား မရှိ ကွန့်မြူး ပြေးသွားလေသည်။

ဤ၌ သဗ္ဗညုတ ဉာဏ်တော်ဖြင့် အခြား တရားတော်များကို ဆင်ခြင်သုံးသပ်၍ ထူးခြားမှု မရှိသေး၊ ပဋ္ဌာန်းကျမ်းကြီးကို ဆင်ခြင် သုံးသပ်သော အခါကျမှသာ ထူးထူးခြားခြား ရောင်ခြည်တော် ၆-ပါး ကွန့်မြူး ပေါ်ထွက်လာသည်မှာ ပဋ္ဌာန်းတရားတော် တန်းခိုးကြီးသောကြောင့် ဖြစ်ပေသည်။

ရဟန္တာဖြစ်နိုင်စေသည့် ပဋ္ဌာန်း

▬▬▬▬▬▬▬▬▬▬

ဩဇာဓာတ် ကောင်းမွန်ထက်သန်သော လယ်မြေ၌ မျိုးစေ့အလျောက် အပင်, အပွင့်, အသီး ဖွံ့ဖြိုး ကောင်းမွန်သကဲ့သို့ ပဋ္ဌာန်းအာရုံ၌ ကျရောက်၍ ပကတိ ဉာဏ် ပညာ သဒ္ဓါ စေတနာတို့က အကျိုးပေး ကြီးကျယ် မြင့်မြတ်ပုံကို မဟာဂတိဂမိယ တိဿဒတ္တမထေရ် အကြောင်း ထင်ရှား စေပါအံ့ -

သီဟိုဠ်ကျွန်း၌နေသော မဟာဂတိဂမိယ တိဿဒတ္တ မထေရ်ကြီးသည် မဟာဗောဓိပင်ကို ဖူးမြော် ကန်တော့လိုသောကြောင့် သီဟိုဠ်ကျွန်းမှ အိန္ဒိယပြည်သို့ သင်္ဘောစီးကာ ပင်လယ်ရေပြင်ကို ဖြတ်ကူးတော်မူခဲ့သည်။

ပင်လယ်ပြင်ကို ဖြတ်ကူးရင်း ကမ်းမမြင် လမ်းမမြင်ဖြစ်ကာ လှိုင်းကြီး လှိုင်းငယ်တို့ဖြင့် တဝုန်းဝုန်း တဗြုန်းဗြုန်း ရိုက်ခတ်ပြီး ရေမှုန် ရေမွှား ရေပန်းများ ထနေသည့် ပင်လယ်ပြင်ကို မြင်တွေ့ရပေရာ -

"ဤ ပင်လယ်ပြင်ကြီးရှိ လှိုင်းတံပိုး များကပင် ကြီးမားများပြားကျယ်ပြန့် လေသလော၊ ပဋ္ဌာန်းတရားတော်ရှိ နည်းအမျိုးမျိုးကပင် ကြီးမားများပြား ကျယ်ပြန့် လေသလော" ဟူ၍ ကြံစည် စဉ်းစားလေသော် -"ပင်လယ်ပြင်ကြီး သည်ကား အောက်ဖက်၌ မြေထု, အထက်ဖက်၌ ကောင်းကင်ပြင် ဘေးတစ်ဖက်၌ ကမ်းခြေ, တစ်ဖက်၌ စကြဝဠာ တံတိုင်းများဖြင့် အပိုင်းအခြား ရှိသေး၏၊ ပဋ္ဌာန်းကျမ်းကြီးသည်သာ နည်းစုံပြွန်း၍ ဆုံးခန်းမမြင် အလွန်ပင် ကျယ်လှပေတကား" ဟူ၍ ဆုံးဖြတ် သိမြင်သောကြောင့် ပဋ္ဌာန်းတရားတော်၌ ကြည်ညိုခြင်း သဒ္ဓါတရား ဖြစ်ပေါ် လာသည်။

ယင်းသို့ သဒ္ဓါတရား ဖြစ်ပွားသောအခါ ရွှင်လန်းခြင်း သောမနဿ, နှစ်သက်ခြင်း ပီတိ, ဝမ်းမြောက်ခြင်း ပါမောဇ္ဇ တရားများ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာပြီး ယင်းတရားများကို အခြေခံကာ ဝိပဿနာဉာဏ် ရှုမှတ်ပွားများ၍ တစ်ထိုင်တည်းမှာပင် ကိလေသာကုန်ခန်း ရဟန္တာ ဖြစ်သွား လေသည်။

ဤဖြစ်ရပ်၌ ရဟန္တာဖြစ်ရခြင်း အကျိုးမှာ တိုင်းတာ နှိုင်းဆ၍ မရနိုင်အောင် ကြီးမားလှသော အကျိုးတရားကြီး ဖြစ်ပေသည်၊ ယင်းသို့ ကြီးမားလှသည့် အကျိုးတရားကို ရရှိသည်မှာ သိမ်မွေ့ နက်နဲ၍ မြင့်မြတ် ကြီးကျယ်လှသော ပဋ္ဌာန်းတရားတော်ကို ကြည်ညိုသည့် စေတနာ သဒ္ဓါတရား ကြောင့်သာ ဖြစ်ပေသည်။

၂။ တန်ခိုးကြီးသည့် နတ်ဗြဟ္မာများ ရိုသေ မြတ်နိုးသည့်တရား

"သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့" ဟူသော မြန်မာတို့၏ ရှေးစကားသည် စိတ်သဘောထား မြင့်မြတ်သူ အချင်းချင်း ပေါင်းသင်း နေထိုင်တတ်ကြသည်၊ ချစ်ခင်မြတ်နိုး ရိုသေ လေးစားတတ်သည် ဟူသော အဓိပ္ပာယ်ကို ပြဆိုပေသည်။

ယင်းပြဆိုချက်သည် ဣတိဝုတ် ပါဠိတော် ဓာတုသောသံသဒ္ဒနသုတ်လာ -
ရဟန်းတို့သတ္တဝါတို့သည် သတ္တဝါတို့နှင့် (စိတ်ထား သဘောထား) အဇ္ဈာသယ ဓာတ်အား ဖြင့်သာ လျှင် နှီးနှောကြကုန်၏၊ ညီညွတ်ကြကုန်၏ ဟူသော တရားတော်နှင့် ညီညွတ်လှပေသည်။

ယင်းသဘောတရားအရ လူသားများ သာမက နတ်ဗြဟ္မာတို့သည်လည်း မိမိတို့ သဘောကျ နှစ်သက်၍ လေ့လာဆောင်ရွက်နေသည့် တရားတော် သုတ်တော်များကို လေ့လာ ဆောင်ရွက် သူတို့ကို ချစ်ခင် နှစ်သက်ကြမည်, ရိုသေလေးစားကြမည်မှာ ဓမ္မတာ သဘောတစ်ရပ်ပင် ဖြစ်ကြောင်း သိသာလှပေသည်။

ဤအချက်နှင့် စပ်လျဉ်း၍ အထောက်အထား အဖြစ် အာဠဝက နတ်စစ်သူကြီး အကြောင်းကို ဖော်ပြပါအံ့။

အာဠဝက ဝတ္ထု

▬▬▬▬▬▬

အာဠဝီပြည်အနီးရှိ ညောင်ပင်ကြီး၌ အာဠဝက အမည်ရှိသော နတ်ဘီလူးကြီး နေထိုင်သည်၊ နတ်ဘီလူးကြီးသည် အလွန် ကြမ်းကြုတ် ခက်ထန် ဒေါသမာန် ကြီးလှသည်၊ ဤသည်ကို အကြောင်းပြု၍ လူ့လောက၌ အမျက်ဒေါသ ကြီးသောသူများကို "အာဠဝက" ဟု တင်စား ခေါ်ဝေါ်လေ့ ရှိကြသည်။

မြတ်ဗုဒ္ဓ ရှင်တော်ဘုရားသည် ယင်း အာဠဝက နတ်ဘီလူးကို ခြေချွတ်ရန်အတွက် အာဠဝက ဘီလူး၏ ဘုံဗိမာန်သို့ ကြွတော်မူ၍ အာဠဝက ဘီလူး၏ နေရာပေါ်သို့ သီတင်းသုံး စံနေတော် မူသည်၊ ယင်းသို့ ကြွရောက် စံနေတော်မူသည်မှာ အာဠဝက နတ်သဘင်အစည်းအဝေး သွားခိုက်ဖြစ်ပေရာ အာဠဝကဘီလူး၏ မောင်းမမိဿံ အခြံအရံတို့သည် ကြွလာတော်မူသည့် မြတ်စွာဘုရားကို ရှိခိုး ပူဇော်ကြသည်၊ ဝတ်ပြုကြသည်။

ယင်းသို့သော အခြေအနေကို နတ်သဘင် အစည်းအဝေးမှ ပြန်လာသော အာဠဝက မြင်တွေ့ သောအခါ မခံမရပ်နိုင် ယမ်းပုံမီးကျ ဟုန်းဟုန်းထလျက် ဒေါသ အကြီးအကျယ်ဖြစ်၍ လက်နက် အမျိုးမျိုး သုံးစွဲကာ တိုက်ခိုက်သည်။

အာဠဝကဘီလူး အသုံးပြု တိုက်ခိုက်သမျှသော လက်နက်တို့သည် မြတ်စွာဘုရားအား မည်သို့မျှ မထိခိုက်ဘဲ ဖူးမြော်ပူဇော် သကဲ့သို့သာ ဖြစ်လေသည်။

အာဠဝကဘီလူးသည် မြတ်စွာဘုရားအား အကြမ်းနည်းဖြင့် တိုက်ခိုက်၍ မရသောအခါ အနုနည်းဖြင့် တိုက်ခိုက်မည်ဟု ဆုံးဖြတ်ပြီး မြတ်စွာဘုရားအား ခက်ခဲသော ပုစ္ဆာ ၁၃-ချက်ကို မေးသည်၊ "အမှန်ကို ဖြေနိုင်လျှင် ဖြေ၊ မဖြေ နိုင်လျှင် အရူး အသေ နှစ်ထွေသော အပြစ်ကို ခံရမည်" ဟုလည်း ခြိမ်းခြောက်သည်။

အာဠဝက မေးလျှောက်သည့် ပုစ္ဆာ ၁၃-ချက်တို့မှာ-
(၁) ဤ ကမ္ဘာလောက၌ ယောက်ျား၏ မြတ်သော ဥစ္စာပစ္စည်းကား အဘယ်နည်း။
(၂) ကောင်းသော အလေ့အကျင့်တို့တွင် အဘယ် ကောင်းသော အလေ့အကျင့်သည် ချမ်းသာကို ဆောင်နိုင်သနည်း။
(၃) အရသာတို့တွင် အဘယ် အရသာသည် အလွန့်အလွန် ချိုမြိန်သော အရသာ ဖြစ်သနည်း၊
(၄) အသက်မွေးမှုတို့တွင် အဘယ်သို့သော အသက်မွေးမှုကို မြတ်သော အသက်မွေးမှုဟု ဆိုသနည်း။
(၅) အဘယ်ဖြင့် သံသရာ ဝဲဩဃကို ကူးမြောက်နိုင်သနည်း။
(၆) အဘယ်ဖြင့် သံသရာ ပင်လယ်ကို ကူးမြောက်နိုင်သနည်း။
(၇) အဘယ်ဖြင့် ဆင်းရဲခြင်းကို လွန်မြောက်နိုင်သနည်း။
(၈) အဘယ်ဖြင့် ထက်ဝန်းကျင် စင်ကြယ်နိုင်သနည်း။
(၉) အဘယ် အကြောင်းကြောင့် ပညာကို ရနိုင်သနည်း။
(၁၀) အဘယ် အကြောင်းကြောင့် ဥစ္စာပစ္စည်းကို ရနိုင်သနည်း။
(၁၁) အဘယ် အကြောင်းကြောင့် ကျော်စော ထင်ရှားခြင်းသို့ ရောက်နိုင်သနည်း။
(၁၂) အဘယ်အကြောင်းဖြင့် မိတ်ဆွေကို ဖွဲ့နိုင်သနည်း။
(၁၃) အဘယ်အကြောင်းဖြင့် နောင်ဘဝ၌ မစိုးရိမ်ရသနည်း။

ဟူသည်တို့ ဖြစ်ပေသည်။

အာဠဝက၏ မိဘတို့သည် ဤ ပုစ္ဆာ ၁၃ချက်ကို အဖြေနှင့်တကွ ကဿပ ဘုရားရှင်ထံမှ ကြားနာရ၍ မှတ်သား ဆောင်ယူ ထားခဲ့ကြသည်၊ အမေးအဖြေများမှာ ပါဠိ ဂါထာအားဖြင့် (၈) ဂါထာ ရှိသည်၊ သားဖြစ်သူ အာဠဝက ကိုလည်း အရကျက်မှတ်စေကာ သင်ပေးခဲ့သည်၊ အာဠဝက သည်လည်း မိဘသင်ပေးသည့် အမေးအဖြေ ဂါထာများကို အမြတ်တနိုး လေ့ကျက်ဆောင်ရွက် ခဲ့သည်။

သို့ပင် ဆောင်ရွက်ခဲ့ပါသော်လည်း ကာလရှည်လျား ကိစ္စများသောကြောင့် အဖြေများကို အာဠဝက မေ့လျော့ သွားခဲ့လေသည်၊ ထို့ကြောင့် မေ့ပျောက်သွားသည့် အဖြေများကို ရလိုရငြား မိမိပိုင်နက်သို့ ရောက်လာသူ ရှင် လူများကို ဤ ပုစ္ဆာ ၁၃-ချက်ကို မေးသည်၊ ဖြေနိုင်က လွှတ်လိုက်၍ မဖြေနိုင်က သတ်ပစ်လိုက်သည်၊ ယခုလည်း မြတ်စွာဘုရားအား ဤ ပုစ္ဆာများကိုပင် မေးလေသည်။

ထိုအခါ မြတ်စွာဘုရားရှင်က "ငါဘုရားအား သတ်ဖြတ်နိုင်သူ ဤလောက၌ မရှိ၊ သို့သော် သင်သိလိုလျှင် သင်၏ပုစ္ဆာများကို ဖြေဆိုပေအံ့"ဟု မိန့်တော်မူပြီးလျှင် အောက်ပါအတိုင်း ဖြေကြားတော်မူသည်။

(၁) ဤကမ္ဘာလောက၌ ယောက်ျား၏ မြတ်သော ဥစ္စာပစ္စည်းကား ယုံကြည်မှု သဒ္ဓါတရား ဖြစ်သည်။
(၂) ကောင်းသော အလေ့အကျင့်ဖြစ်သော ကုသိုလ်ကမ္မပထ တရားသည် ချမ်းသာကို ဆောင်နိုင်၏။
(၃) အရသာတို့တွင် မှန်ကန်စွာ ပြောဆိုခြင်း သစ္စာတရားသည် အလွန့်အလွန် ချိုမြိန်သော အရသာ ဖြစ်၏။
(၄) ပညာဖြင့် အသက်မွေးခြင်းကို မြတ်သော အသက်မွေးခြင်းဟု ဆိုကုန်၏။
(၅) ယုံကြည်မှု သဒ္ဓါတရားဖြင့် သံသရာ ဝဲဩဃကို ကူးမြောက်နိုင်၏။
(၆) မမေ့မလျော့မှု အပ္ပမာဒတရားဖြင့် သံသရာပင်လယ်ကို ကူးမြောက်နိုင်၏။
(၇) ထကြွလုံ့လဖြင့် ဆင်းရဲကို လွန်မြောက်နိုင်၏။
(၈) ပညာဖြင့် စင်ကြယ်နိုင်၏။
(၉) ရဟန္တာပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်ရောက်ကြောင်း တရားကို ယုံကြည်လျက် မမေ့မလျော့ ဆင်ခြင်သူ ပညာရှိသည် ကောင်းစွာ နာကြားသောကြောင့် ပညာကို ရယူနိုင်၏။
(၁၀) သင့်လျော်သည့် အလုပ်အကိုင်ကို လုပ်လျက် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင် သူသည် ထကြွလုံ့လကြောင့် ဥစ္စာပစ္စည်းကို ရနိုင်၏။
(၁၁) မှန်ကန်စွာ ပြောဆိုခြင်းကြောင့် ကျော်စော ထင်ရှားမှုကို ရနိုင်၏။
(၁၂) ပေးကမ်းခြင်းဖြင့် အဆွေခင်ပွန်းကို ဖွဲ့နိုင်၏။
(၁၃) ယုံကြည်မှုရှိသော အိမ်၏ အစီးအပွားကို ရှာတတ်သောသူအား မှန်ကန်ခြင်း သစ္စာ၊ လိမ္မာခြင်း ဒမ၊ ကြိုးစားမှု ဓိတိ၊ စွန့်လွှတ်မှု စာဂ၊ ဤတရား လေးပါး ရှိသဖြင့် နောင်ဘဝ၌ မစိုးရိမ် ရချေ -

ဟူ၍ အဖြေ ၁၃-ချက်ကို မိန့်တော်မူ၏။

ထိုအခါ အာဠဝက ဘီလူးသည် အလွန်အားရ နှစ်သက်ခြင်းဖြစ်ပြီး မြတ်ဗုဒ္ဓ ရှင်တော်ဘုရားအား ဒေါသမာန်လျှော့ ဦးချကန်တော့ကာ သရဏဂုံ ဆောက်တည်၍ တပည့်အဖြစ် ခံယူလေသည်။

ဤအာဠဝက ဝတ္ထုကို ထောက်ရှုလျှင် နတ်ဗြဟ္မာတို့သည် မိမိတို့ လေ့လာ ဆောင်ရွက်နေသည့် တရားကို ဆောင်ရွက်သူတို့အား ချစ်ခင်သည်, ရိုသေလေးစားသည် ဟူသောအချက် ထင်ရှား သိသာပြီ ဖြစ်ပေသည်၊

သို့သော် "ဤဝတ္ထု၌ ဘုရားရှင် ဖြစ်၍သာ ပူဇော်ခံရသည်၊ သာမန်လူသားများ၌ ဤသို့ဖြစ်နိုင်မည် မဟုတ်" ဟု ဆင်ခြေတက်ဖွယ် ရှိပြန်သည်၊ ထို့ကြောင့် အခြား ဝတ္ထုသက်သေတစ်ခု ထုတ်ဆောင် တင်ပြပါဦးမည်။

နတ်မင်းကြီး၏ ပူဇော်ခြင်းခံရသူ

မြတ်စွာဘုရား လက်ထက်တော်အခါက အိန္ဒိယပြည် တောင်ပိုင်း၌ ဝါးစည်းရိုးမြို့ဟု အဓိပ္ပာယ်ရသည့် ဝေဠုကဏ္ဍကခေါ် မြို့ငယ်တစ်ခု ရှိသည်၊ ယင်းမြို့၌ ကြွယ်ဝချမ်းသာသူ နန္ဒမာတာခေါ် အမျိုးသမီး တစ်ယောက် ရှိသည်၊ အမျိုးသမီး၌ နန္ဒခေါ်သည့်သား ရှိသောကြောင့် မြန်မာလို နန္ဒမေမေ၊ ပါဠိလို နန္ဒမာတာဟု ခေါ်သည်။

နန္ဒမာတာသည် ၇-ထပ်တိုက် အထက်ဆုံးထပ်၌ ထိုင်လျက် ထိုနေ့နံနက် စောစော၌ ပါရာယန သုတ်ကို အသံနေ အသံထား ကောင်းစွာဖြင့် ရွတ်ဆိုနေသည်၊
ပါရာယနသုတ် ဟူသည်မှာ သုတ္တနိပါတ် ပါဠိတော်လာ ဗာဝရီ ပုဏ္ဏားကြီး၏ တပည့်ရသေ့ ၁၆-ယောက်က မြတ်စွာဘုရားအား စိတ်ဖြင့်မေးသည့် ပုစ္ဆာများကို မြတ်စွာဘုရားရှင်က နှုတ်ဖြင့် ထုတ်ဖော် ဖြေဆို ဟောကြားသော တရားတော်များ ဖြစ်သည်။

ထိုအခိုက်၌ ဝေဿဝဏ် နတ်မင်းကြီးသည် ကောင်းကင်ခရီးဖြင့် မြောက်အရပ်မှ တောင်အရပ်သို့ ကိစ္စတစ်ခု ရှိသောကြောင့် သွားနေဆဲဖြစ်သည်၊ ဝေဿဝဏ် နတ်မင်းကြီးသည် နန္ဒမာတာ၏ ပါရာယနသုတ် ရွတ်သံကို ကြားရသောအခါ တရားပြီးဆုံး သည်အထိ ရပ်တန့်၍ နာယူသည်၊ တရားပြီးဆုံး၍ နန္ဒမာတာ ရပ်နားလိုက်သော အခါကျမှ -
နှမ ကောင်းလေစွာ့၊ ကောင်းလေစွာ့၊ သင်ရွတ်ဆိုသော ပါရာယန တရားတော်သည် မြတ်စွာဘုရားသခင် ပါသာဏက စေတီ၌ သီတင်းသုံးစဉ်က ဗာဝရီဆရာကြီး တပည့်ရသေ့ ၁၆-ယောက်တို့အား ဟောကြားသည့်အတိုင်းပင် ဖြစ်ပေသည် -
ဟူ၍ ကောင်းချီး ပေးလေသည်၊ ထိုအခါ နန္ဒမာတာက -
အရှင်သည် မည်သူဖြစ်ပါသနည်း-
ဟု မေးသည်။

"နှမ ငါကား ဝေဿဝဏ် နတ်မင်း ဖြစ်ပေသည်။"
ကောင်းလှပါပြီအရှင်၊ သို့ဖြစ်လျှင် ယခု ပါရာယနတရားတော် ရွတ်ရဆိုသည့် ကုသိုလ်အဖို့ကို အရှင်အား လက်ဆောင်ပေးပါသည်
ကောင်းလှပါပြီ၊ ယခု နှမပေးသည့် လက်ဆောင်ကိုလည်း ခံယူပါ၏၊ နက်ဖြန် နံနက်၌လည်း ဤဝေဠုကဏ္ဍကမြို့သို့ တရားစစ်သူကြီး အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလ္လာန်တို့ နောက်ပါ ရဟန်းများစွာနှင့်တကွ နံနက်ဆွမ်း မဘုဉ်းပေးရသေးဘဲ ကြွရောက်လာပါလိမ့်မည်၊ သင်နှမသည် ထိုအရှင်မြတ်များကို နံနက်ဆွမ်း ကပ်လှူပါ၊ ကုသိုလ်အဖို့ကိုလည်း မောင်ကြီးအား အမျှပေးဝေပါဦး
ဟု ပြောဆိုပြီးလျှင် ဆက်လက်၍ -
တရားပူဇော်သည့် ဤပစ္စည်းများကို သင့်အား ပေးပါ၏-
ဟု ပြောပြီးလျှင် စပါးကျီပေါင်း ၁၂၅-ခု အပြည့် သလေးနီ စပါးများကို (တန်ခိုးဖြင့်) ထည့်လျက် ပေးလေသည်။

"ဤ အမျိုးသမီး အသက်ရှည်သမျှ ဤ စပါးများ လျော့ပါး ကုန်ခန်းခြင်း မဖြစ်စေသတည်း -"
ဟူ၍လည်း အဓိဋ္ဌာန်ထားခဲ့၍ ဝေဿဝဏ် နတ်မင်းကြီး ဖဲခွါသွားလေသည်။

နတ်မင်းကြီး အဓိဋ္ဌာန်ခဲ့သည့်အတိုင်းပင် နန္ဒမာတာ အမျိုးသမီး တစ်သက်တာ ကာလပတ်လုံး စပါးများသည် မည်မျှလောက် စားသုံး လှူဒါန်း ပေးကမ်းသော်လည်း မလျော့ပါး မကုန်မခန်းဘဲ ကျီ ၁၂၅-ခု အပြည့် တည်ရှိနေလေသည်၊ နှောင်းခေတ်အခါ၌လည်း ပစ္စည်းဥစ္စာ စပါး ပေါများသူများကို တွေ့မြင်ရလျှင် -
သူတို့တော့ ပေါများလိုက်ကြပါပေသည်၊ နန္ဒမာတာ စပါးကျီလိုပါပဲ၊ ဘယ်တော့မှ မလျော့ဘူး
ဟူ၍ပင် စကားပုံအဖြစ် သုံးစွဲပြောစမှတ် တွင်နေလေသည်။

ဤ နန္ဒမာတာ အမျိုးသမီး ဝတ္ထု၌ ပါရာယန တရားတော်ကို ကိုယ်တိုင် ကြားနာခဲ့ရ၍ နှစ်ခြိုက် သဘောကျနေသည့် ဝေဿဝဏ် နတ်မင်းကြီးသည် ပါရာယန တရားတော်ကို ရွတ်ဆိုသည့် နန္ဒမာတာ အမျိုးသမီးကို ချစ်ခင်လေးစား ရိုသေသော အားဖြင့် ပူဇော်ခြင်း ဖြစ်ပေသည်။

ဖော်ပြခဲ့သည့် အာဠဝကဝတ္ထု, နန္ဒမာတာဝတ္ထု များကို ထောက်ထားခြင်း အားဖြင့် နတ်ဗြဟ္မာ တို့သည် မိမိတို့ နှစ်ခြိုက် သဘောကျ၍ လေ့လာဆောင်ရွက် နေသည့် တရားတော် များကို ရွက်ဆောင်လေ့လာ ရွတ်ဆိုသူတို့အား ချစ်ခင် နှစ်သက်ကြသည်၊ ရိုသေ လေးစားကြသည် ဟူသော ဖော်ပြခဲ့သည့် အချက်သည် ထင်ရှား သိသာလောက်ပြီ ဖြစ်ပေသည်။

ယင်းသို့ဖြစ်လျှင် ပဋ္ဌာန်းတရားတော်၌ သက်ဝင် ကြည်ညိုကြသည့် နတ်ဗြဟ္မာပရိသတ် မည်မျှ ရှိသနည်း၊ ရှင်းပြပါဦးအံ့။

ပဋ္ဌာန်း ပရိသတ် အင်အား

ဤနေရာ၌ ပဋ္ဌာန်းတရားတော်ကို ကြည်ညို လေးစားသည့် နတ်ဗြဟ္မာပရိသတ်အင်အား မည်မျှ ရှိသည်ကို ခန့်မှန်းပြရန် သင့်ပေသည်။

မြတ်ဗုဒ္ဓ ရှင်တော်ဘုရားသည် ၇-ဝါမြောက် ဝါကပ်တော်မူမည့် ဝါဆို လပြည့်နေ့၌ သာဝတ္ထိ ပြည်အနီး သရက်ဖြူပင်ရင်း၌ သီတင်းသုံးတော်မူလျက် မိစ္ဆာဒိဋ္ဌိတို့ကို နှိမ်နှင်းခြင်းငှါ ရေမီး အစုံစုံ လွှတ်သည့် ယမကပြာဋိဟာကို ပြတော်မူသည်၊ ယမကပြာဋိဟာကို ပြတော်မူပြီးနောက် ရှင်လူ အများ ဖူးမြော်နေစဉ်မှာပင် တဝတိံသာ နတ်ပြည်သို့ ၂-လှမ်း၃-ဖဝါးဖြင့် ကြွတော် မူပြီးလျှင် သိကြားနတ်မင်းစံရာ ပင်လယ်ကသစ်ပင်ရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ ထက်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလျက် မယ်တော် ဖြစ်ခဲ့ဖူးသော နတ်သား အမှူးရှိသော စကြဝဠာ တိုက်တစ်သောင်းမှ စည်းဝေး ရောက်လာကြသည့် နတ်ဗြဟ္မာတို့အား အဘိဓမ္မာ တရားတော်ကို ဟောတော်မူသည်။

ဝါတွင်း ၃-လပတ်လုံး အဘိဓမ္မာ တရားတော်ကို ဟောတော်မူ၍ သီတင်းကျွတ် လပြည့်နေ့၌ အဘိဓမ္မာ ၇-ကျမ်းတွင် နောက်ဆုံးဖြစ်သည့် ပဋ္ဌာန်းတရားတော်ကို အပြီးသတ် ဟောတော်မူသည်၊ ပဋ္ဌာန်းတရားတော် ပြီးဆုံးသောအခါ စကြဝဠာ တိုက်တစ်သောင်းမှ စည်းဝေး ရောက်လာကြသည့် နတ်ဗြဟ္မာအပေါင်း ကုဋေရှစ်သောင်း တရားသိမြင် ကျွတ်တမ်း ဝင်ကြလေသည်။

တရားသိမြင် ကျွတ်တမ်းဝင်သူ ဟူသည်မှာ အထူးထူး သိမြင်ပြီး ရဟန္တာ ဖြစ်သွားသူ ဟူ၍ ဆိုလိုပေသည်၊ သာမန် တရားသိမြင်၍ ကလျာဏပုထုဇဉ် ဖြစ်သူ၊ သောတာပန် ဖြစ်သူ၊ သကဒါဂါမ် ဖြစ်သူ၊ အနာဂါမ် ဖြစ်သူ၊ အောက်မဂ် - အောက်ဖိုလ်ရသူ နတ် ဗြဟ္မာတို့မှာ အရေ အတွက်အားဖြင့် မရေတွက်နိုင်အောင် များပြားပေသည်။

မှန်လှပါ၏၊ အပါဒါန် အဋ္ဌကထာ၌
ရှေး ဘုရားရှင်တို့၏ အလေ့အကျက်တော် အားဖြင့် တာဝတိံသာ နတ်ပြည်သို့ ကြွတော်မူလို၍ ထိုတာဝတိံသာ နတ်ပြည်၌ ဝါကပ်တော်မူကာ ဝါတွင်း၃-လပတ်လုံး မပြတ်မစဲ အဘိဓမ္မာကို ဟောတော်မူပြီး မယ်တော် နတ်သား အမှူးရှိသည့် များစွာသော နတ်ဗြဟ္မာတို့ကို သောတာပတ္တိ မဂ် ရစေခြင်းကို ပြုတော်မူ၏ -
ဟူ၍ ဖော်ပြရေးသားထားပေသည်။

ကျမ်းညှိပြဆိုချက်

ဤတွင် ဓမ္မပဒ အဋ္ဌကထာ၌ အဘိဓမ္မာ ဒေသနာတော် ကြားနာရသောကြောင့် နတ်ဗြဟ္မာပေါင်း ကုဋေ ၈-သောင်း အရဟတ္တဖိုလ် တည်ကြောင်း ပြဆို၍ အပါဒါန် အဋ္ဌကထာ၌ မယ်တော် နတ်သား အမှူးရှိသော များစွာသော နတ်ဗြဟ္မာများ သောတာပတ္တိမဂ်ကို ရကြောင်း ပြဆိုလေရာ အဘိဓမ္မာ ဒေသနာကို ကြားနာရသောကြောင့် ထိုစဉ်အခါက နတ်ဗြဟ္မာပေါင်း ကုဋေ ၈-သောင်း ရဟန္တာ ဖြစ်ကြ၍ မရေမတွက် နိုင်လောက်အောင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်ကြသည်မှာ ထင်ရှားလှပေသည်။

အဘိဓမ္မာ ၇-ကျမ်းတို့တွင် အနန္တနယ အဆုံးအပိုင်းအခြား မရှိသည့် နည်းတို့ဖြင့် တန်ဆာ ဆင်အပ်သော ပဋ္ဌာန်းတရားတော်ကို ကြားနာရသောကြောင့် တရားထူးရ၍ အရိယာ ဖြစ်သွား ကြသော ပဋ္ဌာန်းပရိသတ် နတ် ဗြဟ္မာတို့က အခြားကျမ်းများကို ကြားနာရသောကြောင့် တရားထူး ရ၍ အရိယာဖြစ်သူ နတ်ဗြဟ္မာတို့ထက် များပြားရမည်မှာ အမှန်မလွဲ ဖြစ်ရပေလိမ့်မည်။

အာဠဝကဝတ္ထုနှင့် နန္ဒမာတာဝတ္ထုတို့ကို ထောက်ထားကြည့်လျှင် မရေတွက်နိုင်အောင် များပြား လှစွာသော ပဋ္ဌာန်းပရိသတ် နတ်ဗြဟ္မာများက မိမိတို့နှင့် သဘောချင်း တူညီသည့် ပဋ္ဌာန်းတရား တော်ကို လေ့လာသင်ယူ, ရွတ်ဖတ် သရဇ္ဈာယ် သူတို့အား မကောင်းကျိုး ဘေးရန် အန္တရာယ် တို့မှ တားဆီးပေးခြင်း, ကောင်းကျိုး ချမ်းသာရရှိစေရန် ကူညီခြင်း ပြုကြမည် ဖြစ်သည်။

ယင်းသို့ မကောင်းကျိုးကို တားဆီးနိုင်ခြင်း, ကောင်းကျိုးကို ရရှိစေခြင်းတို့ကြောင့် ပဋ္ဌာန်း တရားတော်သည် တန်ခိုးကြီးသည်ဟု ရှေးအခါမှစ၍ ယနေ့ထက်တိုင် အစဉ်အလာ စွဲမြဲယုံကြည် ခဲ့ကြခြင်း ဖြစ်ပေသည်။

၃။ သာသနာ တည်တံ့ရေးအတွက် ရှေ့တန်းခံတပ်ကြီး

ရှေ့တန်းခံတပ်

လောက၌ တိုင်းပြည် တစ်ပြည်၏ လုံခြုံရေးအတွက် ရန်သူတို့၏ နယ်မြေနှင့် အနီးကပ်ဆုံး မိမိပြည်တွင်း၌ ရှေးတန်း ခံတပ်ကြီးတစ်ခုကို ဆောက်လုပ်ရမြဲ ဖြစ်သည်၊ ရှေ့တန်းခံတပ် ကျိုးပေါက်၍ ရန်သူ စစ်သားများ တိုင်းပြည်တွင်းသို့ ဝင်လာနိုင်လျှင် ထင်သလို မွေနှောက် တိုက်ခိုက်ဖျက်ဆီး၍ တစ်ပြည်လုံးကို သိမ်းယူသွားနိုင်သည်။

နောက်ပိုင်း၌ စစ်အင်အား ကောင်း၍ ပြန်လည် ခုခံနိုင်သည့် တိုင်အောင် ကိုယ့်ပြည်တွင်းမှာ စစ်တလင်း အဖြစ်ခံရ၍ များစွာ ဆုံးရှုံးနစ်နာခြင်း ဖြစ်နိုင်ပေသည်။

ထို့ကြောင့် တိုင်းပြည်တစ်ပြည်၏ လုံခြုံရေး တည်တံ့ ခိုင်မြဲရေးအတွက် ရှေ့တန်း ခံတပ်သည် အရေးကြီးလှသည်၊ ဤ အကြောင်းကို သိမြင်သူ မျိုးချစ် ပုဂ္ဂိုလ်များသည် ရှေ့တန်းခံတပ် တောင့်တင်းအောင် ခိုင်ခံ့အောင် အားဖြည့်ကြသည်၊ ပြုစုကြသည်၊ စောင့်ထိန်းကြသည်၊ ဂရုစိုက် ကြသည်။

ဤ သာသနာတော်၌ ပဋ္ဌာန်းတရားတော်သည် ရှေ့တန်းခံတပ်ကြီး ဖြစ်ပေသည်၊ ထင်ရှားစေရန် အနည်းငယ် ချဲ့ပြပါအံ့။

မြတ်ဗုဒ္ဓရှင်တော်ဘုရား၏ သာသနာတော်ကြီး ကွယ်ပျောက်မည်ဆိုလျှင် မည်သို့ ကွယ်ပျောက် မည်ကို ပါထိကဝဂ္ဂ အဋ္ဌကထာ၁ ၌ အောက်ပါအတိုင်း ပြဆိုထားသည်။
ပရိယတ္တိသာသနာ, ပဋိပတ္တိသာသနာ, ပဋိဝေဓသာသနာ ဟူသော သာသနာတော် ၃-ရပ်တို့တွင် ပရိယတ္တိ သာသနာတော်က ရှေးဦးစွာ ကွယ်မည်။
ပရိယတ္တိသာသနာတွင်လည်း သုတ္တန္တပိဋက, ဝိနယပိဋက, အဘိဓမ္မာပိဋက ဟူသော ပိဋက ၃ ပုံ တွင် အဘိဓမ္မာ ပိဋကသည် ရှေးဦးစွာ ကွယ်မည်။
ဓမ္မသင်္ဂဏီ, ဝိဘင်း, ဓာတုကထာ, ပုဂ္ဂလပညတ်, ကထာဝတ္ထု, ယမိုက်, ပဋ္ဌာန်း - ဟူသော အဘိဓမ္မာ ၇-ကျမ်းတွင်လည်း ပဋ္ဌာန်းကျမ်းသည် ရှေးဦးစွာ ကွယ်မည်၊ ပဋ္ဌာန်းကျမ်း ကွယ်ပြီး နောက်မှ ယမိုက်, ကထာဝတ္ထု, ပုဂ္ဂလပညတ်, ဓာတုကထာ, ဝိဘင်း, ဓမ္မသင်္ဂဏီ - ဟူ၍ ကျမ်း အစဉ်အတိုင်း ကွယ်မည်။
ထို့နောက်မှ သုတ္တန်ကျမ်းများ အစဉ်အတိုင်းကွယ်မည်၊ ထို့နောက်မှ ဝိနည်းငါးကျမ်း အစဉ်အတိုင်း ကွယ်မည်။
ပရိယတ္တိ သာသနာ ကွယ်ပြီးနောက် ပဋိပတ္တိ သာသနာ, ပဋိဝေဓ သာသနာတော် နှစ်ရပ် ကွယ်ပျောက်မည် ဟူ၍ ပြဆိုထားပေသည်။

ယင်း သာသနာကွယ်ပုံ အစီအစဉ်ကို ပြဆိုရာ၌ ထိပ်ဆုံးမှ ပဋ္ဌာန်းတရားတော် ကစ၍ ကွယ်မည် ဖြစ်ကြောင်းကို အထူးသတိထား သင့်ပေသည်၊ ယင်းသို့ဖြစ်လျှင် ပဋ္ဌာန်းတရားတော်သည် သာသနာတော် နယ်မြေ၌ ရှေ့တန်း ခံထပ်ကြီး ဖြစ်နေပေသည်၊ သာသနာတော် မကွယ်ပျောက် ရေးအတွက် ပဋ္ဌာန်းတရားတော် တည်တံ့ စည်ပင်နေအောင် ပြုစု စောင့်ရှောက်ရမည်၊ ထိန်းသိမ်း ရမည်၊ အားပေး ချီးမြှောက်ရမည်။

ပဋ္ဌာန်းတရားတော် ကွယ်ပျောက်လျှင် တခြားတရားတော်များ ဆက်လက် ကွယ်ပျောက်ပေမည်၊ ထို့ကြောင့် သာသနာတော် တည်တံ့ရေးအတွက် ရှေ့တန်းခံတပ်ကြီး ဖြစ်သည့် ပဋ္ဌာန်းတရားတော် တည်တံ့ ပြန့်ပွားရေးကို ထိန်းသိမ်း ဆောင်ရွက်ရန်မှာ သာသနာတော်ကို ချစ်မြတ်နိုးသူများ၏ တာဝန် ဖြစ်နေပေသည်။

ဤအချက်ကို လူ့ပြည်မှ လူသား ဗုဒ္ဓဘာသာဝင် ပညာရှိ သူတော်စင်များ သိမြင်သကဲ့သို့ပင် နတ်ပြည် ဗြဟ္မာပြည်တို့မှ မြတ်ဗုဒ္ဓ ရှင်တော်ဘုရား၏ သာသနာတော်ကို ကြည်ညို မြတ်နိုး ကုန်သော သူတော်ကောင်း နတ်ဗြဟ္မာ အများအပြား သိရှိကြပေလိမ့်မည်။

ယင်း သူတော်ကောင်း နတ်ဗြဟ္မာ တို့ကလည်း သာသနာတော် တည်တံ့ ပြန့်ပွားရေးအတွက် ရှေ့တန်း ခံတပ်ကြီးဖြစ်သည့် ပဋ္ဌာန်းတရားတော်ကို ကိုယ်တိုင်လည်း ဆောင်ရွက်သင်ယူ ရွတ်ဖတ် သရဇ္ဈာယ်ကြ ပေလိမ့်မည်။

ပဋ္ဌာန်းတရားတော်ကို ဆောင်ရွက် သင်ယူ ရွတ်ဖတ်သရဇ္ဈာယ်ကြရန် နတ်အချင်းချင်း ဗြဟ္မာ အချင်ချင်းကိုလည်း တိုက်တွန်း နှိုးဆော်ကြပေလိမ့်မည်။

ပဋ္ဌာန်းတရားတော်ကို ဆောင်ရွက် သင်ယူ ရွတ်ဖတ် သရဇ္ဈာယ်သူ လူ့ပြည်ရှိ လူသားများကိုလည်း ဘေးအန္တရာယ် မကောင်းကျိုးများ ပျောက်ငြိမ်း ကင်းဝေးစေရန် စောင့်ရှောက်၍ ကောင်းကျိုး ချမ်းသာ ရရှိအောင် ကူညီစောင်မကြ ပေလိမ့်မည်။

ယင်းသို့ စောင့်ရှောက် ကူညီမှုကို ရရှိသော ပဋ္ဌာန်းပါရမီရှင်များကို တွေ့ရ ကြုံရပေါင်း များလာသော အခါ ရှေးပညာရှင် ကြီးများသည် "ပဋ္ဌာန်း တရားတော်သည် တန်ခိုးကြီး၏" ဟူ၍ အစဉ်အဆက် မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်ပေသည်။

ဤကား သာသနာတော် တည်တံ့ရေးအတွက် ရှေ့တန်းခံတပ်ကြီး ဖြစ်ခြင်းကြောင့် ပဋ္ဌာန်း တရားတော် တန်ခိုးကြီးသည် ဟူသော အဆိုပြုချက်ကို အကျယ် ရှင်းပြခြင်း ဖြစ်ပေသည်။

ဤမျှ ပြည့်ပြည့်စုံစုံ ရေးသားခဲ့သော စကားစဉ်တို့ဖြင့် ဤနိဒါန်း၌ အစချီ၍ ဖော်ပြခဲ့သော "ပဋ္ဌာန်းတရားတော်သည် အဘယ်ကြောင့် တန်ခိုးကြီးသနည်း" ဟူသော အမေးပုစ္ဆာ၏ အကျဉ်းချုပ် အဖြေဖြစ်သည့်…

၁။ သိမ်မွေ့မြင့်မြတ်၍ နက်နဲကြီးကျယ်သော တရားဖြစ်ခြင်း၊
၂။ တန်ခိုးကြီးသည့် နတ်ဗြဟ္မာများ ရိုသေမြတ်နိုးသည့် တရားဖြစ်ခြင်း။
၃။ သာသနာ တည်တံ့ရေးအတွက် ရှေ့တန်းခံတပ်ကြီး ဖြစ်ခြင်း။
ဟူသော အဆိုပြု တင်ပြချက် ၃-ရပ်၏ အကျယ်သဘော အဓိပ္ပာယ်ကို စာရှုသူတို့ သဘောပေါက် သိမြင်လောက်ပြီဟု ယုံကြည်ပါသည်။

ပဋ္ဌာန်းကျမ်း ၃-မျိုး

ဖော်ပြခဲ့သည့်အတိုင်း တန်းခိုး ကြီးမားလှစွာသော ပဋ္ဌာန်းကျမ်းကြီးသည် -

က။ အတိဝိတ္ထာရ ဒေသနာ
ခ။ အတိသင်္ခေပ ဒေသနာ
ဂ။ နာတိဝိတ္ထာရ နာတိသင်္ခေပ ဒေသနာ...
ဟူ၍ ၃-မျိုး ရှိပေသည်။

ယင်း ၃-မျိုးတို့တွင် အတိဝိတ္ထာရ ဒေသနာ ဟူသည်မှာ အလွန်ကျယ်သော တရားတော်ဟု အဓိပ္ပာယ်ရသည်၊ မြတ်စွာဘုရား တာဝတိံသာ နတ်ပြည်၌ နတ်ဗြဟ္မာ ပရိသတ်တို့အား ဟောကြား တော်မူအပ်သော ပဋ္ဌာန်းဒေသနာသည် အလွန် ကျယ်လွန်းသောကြောင့် အတိဝိတ္ထာရ ဒေသနာ မည်ပေသည်။

အတိသင်္ခေပ ဒေသနာ ဟူသည်မှာ အလွန်ကျဉ်းသော ဒေသနာဟု အဓိပ္ပာယ်ရသည်၊ နတ်ပြည်၌ ပဋ္ဌာန်းတရားတော်ကို ဟောနေစဉ် လူသားဖြစ်သော မြတ်စွာဘုရား၌ ခန္ဓာကိုယ်တော် မျှတစေရေးအတွက် ပြုလုပ်ရန် လိုအပ်သည်၊ ထိုအခါ၌ မြတ်ဗုဒ္ဓ ရှင်တော်ဘုရားသည် နတ်ပြည်၌ တရားဟောရန် နိမ္မိတ ရုပ်ပွားတော်ကို ဖန်ဆင်းထားခဲ့ပြီး လူ့ပြည်သို့ ကြွခဲ့ကာ မျက်နှာတော် သစ်ခြင်း, ရေသုံးသပ်ခြင်း စသော ကိစ္စများကို ပြုလုပ်တော်မူသည်၊ ထို့နောက်မှ မြောက်ကျွန်းသို့ ဆွမ်းခံ ကြွတော်မူကာ ဆွမ်းဘုဉ်းပေးပြီး ဟိမဝန္တာရှိ စန္ဒကူးတော၌ နေ့သန့်စင်တော်မူသည်။

ယင်းသို့ နေ့သန့်နေစဉ်အခါ တရားစစ်သူကြီး အရှင်သာရိပုတ္တရာ ကြွလာပြီး ဝတ်ကြီး ဝတ်ငယ် ပြုစုတော်မူသည်၊ အရှင်သာရိပုတ္တရာ ဝတ်ပြုနေစဉ် မြတ်စွာဘုရားက နတ်ပြည်၌ ပဋ္ဌာန်းတရား ဟောပုံ အစီအစဉ်ကို အကျဉ်းမျှ ဟောပြတော်မူသည်။
မြတ်စွာဘုရား အကျဉ်း ဟောသည်ကို အရှင်သာရိပုတ္တရာက နည်းပေါင်းများစွာဖြင့် တန်ဆာဆင်၍ အကျယ်ကို သိရှိလေသည်။
ယင်းသို့ မြတ်စွာဘုရားက အရှင်သာရိပုတ္တရာအား ဟောတော်မူသည့် ပဋ္ဌာန်း ဒေသနာတော် သည် အလွန် ကျဉ်းသောကြောင့် အတိသင်္ခေပ ဒေသနာ မည်ပေသည်။

နာတိဝိတ္ထာရ နာတိသင်္ခေပ ဒေသနာ ဟူသည်မှာ မကျယ်လွန်း မကျဉ်းလွန်းသော တရားတော်ဟု အဓိပ္ပာယ်ရသည်။
အရှင်သာရိပုတ္တရာက မိမိမြတ်စွာဘုရားထံမှ ကြားနာခဲ့ရသော အဘိဓမ္မာ ဒေသနာတော်တို့ကို မိမိ၏တပည့် လင်းနို့သားငါးရာ ဖြစ်ခဲ့ဖူးသော ရဟန်းငါးရာတို့အား တစ်ဆင့် ပြန်၍ ဟောတော် မူသည့် အဘိဓမ္မာ ဒေသနာတော်သည် မကျယ်လွန်း မကျဉ်းလွန်းသောကြောင့် နာတိဝိတ္ထာရ နာတိသင်္ခေပ ဒေသနာ မည်ပေသည်။

ယခုထင်ရှားရှိသည့် ပဋ္ဌာန်းကျမ်း

ယခု ထေရဝါဒဗုဒ္ဓဘာသာ၌ သင်ကြားပို့ချ လေ့လာ သုံးစွဲနေကြသည့် ပဋ္ဌာန်းကျမ်းကြီးမှာ အရှင်သာရိပုတ္တရာက တစ်ဆင့် ပြန်လည်ဟောကြားသည့် နာတိဝိတ္ထာရ နာတိသင်္ခေပ (=မကျယ်လွန်း မကျဉ်းလွန်းသော) ပဋ္ဌာန်းဒေသနာကျမ်း ဖြစ်ပေသည်။

ပဋ္ဌာန်း ၂၄-ကျမ်း

ယင်း ပဋ္ဌာန်းကျမ်းကြီး၌ ပဋ္ဌာန်းကျမ်းငယ်ပေါင်း ၂၄-ကျမ်း ပါဝင်ပါသည်၊ ယင်းတို့မှာ -

၁။ ဓမ္မာနုလောမပဋ္ဌာန်း
၂။ ဓမ္မပစ္စနီယပဋ္ဌာန်း
၃။ ဓမ္မာနုလောမ ပစ္စနီယပဋ္ဌာန်း
၄။ ဓမ္မပစ္စနီယာနုလောမပဋ္ဌာန်း-
ဟူ၍ မူရင်း ဟောပုံဟောနည်းအရ ကျမ်း ၄-ကျမ်း ရှိသည်။

ယင်း ၄-ကျမ်းတိုင်းတွင်-

၁။ ။တိကပဋ္ဌာန်း
၂။ ။ဒုကပဋ္ဌာန်း
၃။ ။ဒုကတိကပဋ္ဌာန်း
၄။ ။တိကဒုကပဋ္ဌာန်း
၅။ ။တိကတိကပဋ္ဌာန်း
၆။ ။ဒုကဒုကပဋ္ဌာန်း-
ဟူ၍ ကျမ်းငယ် ၆-ကျမ်းစီ ပါဝင်ဟောကြားထားပေရာ စုစုပေါင်း(၄ x ၆=) ၂၄-ကျမ်း ပါဝင် နေပေသည်။

ယင်း ဖော်ပြချက်ကို ထင်ရှားစေရန် မူရင်း ဟောပုံဟောနည်း ၄-ကျမ်းတို့တွင် ပထမဆုံးဖြစ်သော ဓမ္မာနုလောမပဋ္ဌာန်းကျမ်းမှ ကျမ်းငယ် ၆-မျိုး ဖြစ်ပုံကို ဖော်ပြရလျှင် -

၁။ ဓမ္မာနုလောမ တိကပဋ္ဌာန်း
၂။ ဓမ္မာနုလောမ ဒုကပဋ္ဌာန်း
၃။ ဓမ္မာနုလောမ ဒုကတိကပဋ္ဌာန်း
၄။ ဓမ္မာနုလောမ တိကဒုကပဋ္ဌာန်း
၅။ ဓမ္မာနုလောမ တိကတိကပဋ္ဌာန်း
၆။ ဓမ္မာနုလောမ ဒုကဒုကပဋ္ဌာန်း -
ဟူ၍ ၆-ကျမ်း ဖြစ်သည်၊ ဤအတူပင် မူရင်း ဓမ္မပစ္စနီယပဋ္ဌာန်း စသော ၃-ကျမ်းတို့မှလည်း ၆-ကျမ်းစီ ဖြစ်သောကြောင့် ပဋ္ဌာန်း (၄ x ၆=) ၂၄-ကျမ်း ဖြစ်လာသည်ဟု ပြဆိုခဲ့ခြင်း ဖြစ်ပေသည်။

ကျမ်းနှင့်ပစ္စည်း

ယင်းသို့ ပဋ္ဌာန်း ၂၄-ကျမ်း ရှိသည်ကို သတိမထားမိသည့် အချို့သူများသည် ဟေတုပစ္စယောမှ အဝိဂတပစ္စယော တိုင်အောင်သော ပဋ္ဌာန်း ၂၄-ပစ္စည်းကိုပင် ပဋ္ဌာန်း ၂၄-ကျမ်းဟု ထင်မြင် တတ်ကြပေသည်။

အမှန်မှာ ဟေတုပစ္စယောမှ အဝိဂတပစ္စယော တိုင်အောင်သော ၂၄-ပစ္စည်းမှာ ပဋ္ဌာန်းကျမ်း ၂၄-ကျမ်း၌ ဟောပုံဟောနည်း၌ ပါဝင်သော ပစ္စည်းများသာ ဖြစ်သည်၊ ပဋ္ဌာန်း ၂၄-ကျမ်း မဟုတ်ချေ၊ အထက်တွင် ရေတွက် ဖော်ပြခဲ့သည့် ဓမ္မာနုလောမတိကပဋ္ဌာန်း စသည်သာလျှင် ပဋ္ဌာန်း ၂၄-ကျမ်း ဖြစ်ပေသည်။

ပဋ္ဌာန်းကျမ်း အတိုင်းအတာ

ယခုခေတ် ထင်ရှား ရှိနေသော စာအုပ်မှ ပဋ္ဌာန်းကျမ်း၏ အတိုင်းအတာကို ဖော်ပြရမည်ဆိုလျှင် ဆဋ္ဌသင်္ဂါယနာ စာအုပ်ဆိုက်ဖြင့် -

ပဋ္ဌာန်းကျမ်း ပထမတွဲ၌         ၄၆၄ - မျက်နှာ
ပဋ္ဌာန်းကျမ်း ဒုတိယတွဲ၌         ၄၉၃ - မျက်နှာ
ပဋ္ဌာန်းကျမ်း တတိယတွဲ၌         ၆၀၅ - မျက်နှာ
ပဋ္ဌာန်းကျမ်း စတုတ္ထတွဲ၌         ၆၃၆ - မျက်နှာ
ပဋ္ဌာန်းကျမ်း ပဉ္စမတွဲ၌           ၄၄၂ - မျက်နှာ
                စုစုပေါင်း             ၂၆၄၀ - မျက်နှာ ရှိပေသည်။

အနန္တနယ ဖြစ်ပုံ

ဤနိဒါန်း အစ၌ ဖော်ပြခဲ့သည့် အဋ္ဌကထာလာအတိုင်း သမုဒ္ဒရာ ရေပြင်ကြီး ထက်ပင် ကျယ်ဝန်း များပြားသောကြောင့် အနန္တနယ သမန္တပဋ္ဌာန်းကျမ်း ဟူ၍ ခေါ်ရသည့် ပဋ္ဌာန်းကျမ်းကြီး ဖြစ်ပါလျက် စာမျက်နှာ ၂၆၄၀ မျှ ရှိသည်ဟု ဆိုသည်မှာ မသင့်လျော်ပါဟု မေးဖွယ်ရှိသည်။

အဖြေမှာ ယင်းသို့ အတွဲ ၅ တွဲ၊ စာမျက်နှာ ၂၆၄၀ မျှဖြင့် ပဋ္ဌာန်းကျမ်း ပြီးဆုံးရခြင်းမှာ ပဋ္ဌာန်းကျမ်း၌ နောင်လာ နောင်သားတို့ သိမှတ်လောက်ရုံ ဖော်ပြ၍ သိနိုင်လောက်ပါပြီဟု ယူဆရာတို့၌ အကျဉ်းချုံး၍ ဖော်ပြထားသောကြောင့်သာ ဤမျှ အတိုင်းအတာဖြင့် ပြီးဆုံးခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ပဋ္ဌာန်းကျမ်းကြီးကို သမုဒ္ဓရာ ရေပြင်ထက် ကျယ်သည်ဟု အဋ္ဌကထာ လာအတိုင်းသာ မှတ်ယူသင့်သည်။

ထင်ရှားစေရန် ပုံစံထုတ်၍ ရှင်းပြပါအံ့ -

ပဋ္ဌာန်း ၂၄-ကျမ်းတို့တွင် ဓမ္မာနုလောမ တိကပဋ္ဌာန်းကျမ်းသည် ရှေးဦးစွာသော ကျမ်းဖြစ်သည်။ ယင်းပထမဦးဆုံးကျမ်းသည် ပဋ္ဌာန်း ဒုတိယတွဲ ကုန်ဆုံးမှ အပြီးသို့ ရောက်သည်။
စာမျက်နှာ အတိုင်းအတာအရ ဆိုရမူ -
ပထမတွဲ စာမျက်နှာ   - ၄၆၄
ဒုတိယတွဲ စာမျက်နှာ - ၄၉၃
                 ပေါင်း   - ၉၅၇    ဖြစ်သည်။

ယခင် ပထမဆုံး ပဋ္ဌာန်းကျမ်း၌ အတွဲအားဖြင့် ၂ တွဲ၊ စာမျက်နှာ ၉၅၇ ရှိသည်မှာလည်း သင်္ဂါယနာတင် ဆရာတော်ကြီးများက သိနိုင်လောက်ပြီဟု ထင်မြင်တော်မူသော နေရာတို့၌ အမှာ အမျိုးမျိုး မှာထားပြီး အကျဉ်းချုံး၍ ပြီးဆုံးခြင်း ဖြစ်ပေသည်။

အကျဉ်းချုံးပုံများ

ပဋ္ဌာန်း တရားတော်လာ အကျဉ်းချုံးပုံများကို ပဋ္ဌာန်းပါဠိတော် ဒုတိယတွဲမှ ထုတ်နုတ် ဖော်ပြပါအံ့ …

၁။ စာမျက်နှာ ၈-၌ - ဟူသော အမှတ်အသားဖြင့် ၄-နေရာမျှ အကျဉ်းချုံး၍ ပြထားသည်ကို တွေ့နိုင်ပေသည်။
- ဟူသည်မှာ ပေယျာလ - ဟူသော ပါဠိကို အတိုချုပ် ဖော်ပြထားသော အမှတ်အသား ဖြစ်ပေသည်။ ပေယျာလ ဟူသော ပါဠိမှာ ပေယျံ + အလံ ဟု ပုဒ်ခွဲရ၍ ပေယျံ = သိခြင်းငှာ + အလံ = သင့်တော်ပြီ ဟု မြန်မာပြန်ရသည်။ သိနိုင်လောက်ပြီ ဟု ဆိုလိုပေသည်။ စာ ၁ မျက်နှာ၌ ၄ နေရာ ပ ထိုး ဖော်ပြလျှင် စာတစ်အုပ်လုံး၌ မည်မျှ ပ ထိုး၍ ချုံးလေမည်နည်း ဟု မှန်းဆကြည့် သင့်ပေသည်။

၂။ စာမျက်နှာ ၁၀ ၌ ဧဝံ အဝသေသာ ဝီသတိပစ္စယာ ဝိဘဇိတဗ္ဗာ - ဤအတိုငးပင် ပစ္စည်း ၂၀ - တို့ကို ဝေဖန်အပ်၏ ဟု အမှာရေးကာ ချုံ့ပြထားပေသည်။

၃။ စာမျက်နှာ ၁၆-၌ သံခိတ္တံ = ချုံ့အပ်ပြီဟု အကျဉ်းချုံးထားပေသည်။

၄။ စာမျက်နှာ ၁၇ ၌ ဧဝံ ဂဏတဗ္ဗံ = ဤနည်းအတိုင်း ရေတွက်အပ်၏ ဟု ဖော်ပြပြီး အကျဉ်းချုံး ထားပေသည်။

၅။ စာမျက်နှာ ၂၄ ၌ န အာရမ္မဏသဒိသံ = န အာရမ္မဏနှင့် တူပြီ ဟူ၍ သဒိသံ = တူပြီ ဟူသော ညွှန်ကြားချက်ဖြင့် အကျဉ်းချုံးထားပေသည်။

၆။ စာမျက်နှာ ၆ ၌ န ပူရေဇာတမူလကေ ယထာ သုဒ္ဓိကံ အရူပံ တထာ အရူပါ ကာတဗ္ဗာ = န ပုရေဇာတ မူ၌ သုဒ္ဓိက အရူပ ကဲ့သို့ ထို့အတူ အရူပကို ပြုလုပ်အပ်၏ - ဟူ၍ အကျဉ်းချုံး ထားပေသည်။

၇။ စာမျက်နှာ ၂၆ ၌ပင် န ပုရေဇာတ သဒိသံ ကာတဗ္ဗံ = န ပုရေဇာတ နှင့်အတူ ပြုလုပ်အပ်၏ ဟူ၍ ချုံး ထားသည်။

၈။ စာမျက်နှာ ၂၉ ၌ ပဋိစ္စဝါရ သဒိသော ကာတဗ္ဗော = ပဋိစ္စဝါရနှင့် အတူ သိအပ်၏ ဟူ၍ ချုံးပြ ထားသည်။

၉။ စာမျက်နှာ ၃၀ ၌ အဝသေသေသု ဒွိသု ဝါရေသု ပဝတ္တိ ပဋိသန္တိ ဝိတ္တာရေတဗ္ဗာ = ကြွင်းကုန်သော ဝါရ ၃၂ ပါးတို့၌ ပဝတ္တိနှင့် ပဋိသန္ဓေကို အကျယ်ချဲ့ကုန်အပ်၏ ဟူ၍ အကျဉ်းချုံး ထားသည်။

၁၀။ စာမျက်နှာ ၃၂ ၌ အနုမဇ္ဇန္တေန ဝိတ္တာရေတဗ္ဗော = အစဉ်လိုက်၍ သုံးသပ်ပြီး အကျယ်ချဲ့ အပ်၏ဟု ညွှန်း၍ ချုံးထားသည်။

၁၁။ စာမျက်နှာ ၃၃ ၌ သမ္ပုဏ္ဏာ သတ္တပဉှာ ကာတဗ္ဗာ = အပြည့်အစုံ ပုစ္ဆာ ၇ ချက် ထုတ်အပ်၏ ဟူ၍ အကျဉ်းချုံး ထားလေသည်။

၁၂။ စာမျက်နှာ ၃၄ ၌ ပရိပုဏ္ဏံ ကာတဗ္ဗံ = အပြည့်အစုံ ပြုလုပ်အပ်၏ ဟူ၍ ချုံးထားပေသည်။

၁၃။ စာမျက်နှာ ၃၅ ၌ နိဿယမ္ပိ နိန္နာနံ = နိဿယ ဝါရ၌လည်း အထူး မရှိပြီ ဟူ၍ အကျဉ်းချုံး ထားပေသည်။

၁၄။ စာမျက်နှာ ၃၇ ၌ အနုမဇ္ဇန္တေန သဗ္ဗေ ပစ္စယာ ဝိတ္တာရေ တဗ္ဗာ = အစဉ်အတိုင်း သုံးသပ်၍ ပစ္စည်းအားလုံးကို ချဲ့အပ်ကုန်၏ ဟူ၍ ညွှန်ပြပြီး အကျဉ်းချုံး ထားပေသည်။

၁၅။ စာမျက်နှာ ၈၉ ၌ ဣမိနာ ကာရဏေန ဝိဘဇိတဗ္ဗာ = ဤနည်းဖြင့် ဝေဖန်အပ်ကုန်၏ ဟူ၍ ချုံးပြထားပေသည်။

၁၆။ စာမျက်နှာ ၉၅ ၌ အဝသေသာ သဒိသာ = အကြွင်း တူပြီ ဟူ၍ ချုံးထားပေသည်။

၁၇။ စာမျက်နှာ ၁၀၂ ၌ ဧဝံ အသမ္မောဟန္တေန ဂဏေတဗ္ဗံ = ဤသို့ မတွေမေ၀ ရေတွက်အပ်၏ ဟူ၍ ချုံးထားသည်။

၁၈။ စာမျက်နှာ ၁၁၃ ၌ ပရိပုဏ္ဏံ ကာတဗ္ဗံ = အပြည့်အစုံ ပြုသင့်၏ ဟူ၍ ချုံး ထားသည်။

၁၉။ စာမျက်နှာ ၁၁၉ ၌ ဝိတ္ထာရေန ဂဏေတဗ္ဗံ = အကျယ် ရေတွက်အပ်၏ ဟူ၍ ချုံး ထားသည်။

၂၀။ စာမျက်နှာ ၂၂၀ ၌ သဒိသံ ဂမနံ = အလားတူပြီဟု ချုံးထားသည်။

၂၁။ စာမျက်နှာ ၃၃၀ ၌ စက္ကံ ကာတဗ္ဗံ = စက်လှည့်အပ်၏ ဟု ချုံးပြထားပေသည်။

ဤသည်တို့မှာ ပဋ္ဌာန်း ဒုတိယတွဲမှ လက်လှမ်း မီသမျှ ထုတ်နုတ်ဖော်ပြသည့် အကျဉ်းချုံးပုံ အချို့ ဖြစ်သည်။ ဤ ချုံးပုံ ချုံးနည်း တစ်မျိုး တစ်မျိုးကို နေရာ အများအပြား၊ အကြိမ်အများအပြား သုံးစွဲ၍ အကျဉ်းချုံးထားပေသည်။

ဤ အကျဉ်းချုံးပုံများကို ထောက်ဆကြည့်လျှင် ပဋ္ဌာန်း ၂၄ ကျမ်းတို့တွင် ပထမဆုံး ကျမ်းဖြစ်သည့် ဓမ္မာနုလောမ တိကပဋ္ဌာန်းကျမ်းကို စာအုပ်အနေဖြင့် ၂ တွဲ၊ စာမျက်နှာ အနေဖြင့် ၉၅၇ မျှလောက်သာ ဖော်ပြထားသည်မှာ အလွန် နည်းလှပေသည်။ ဤပမာထက် ၁၀-ဆ မက ဖော်ပြမှ အပြည့်အစုံ ဖြစ်နိုင်ပေလိမ့်မည်။

ဤအတိုင်းအတာ ပမာဏသည်လည်း ပဋ္ဌာန်းကျမ်းတော်ကြီး တစ်ခုလုံးတွင် ပါဝင်သည့် ကျမ်းပေါင်း ၂၄ ကျမ်း အနက်မှ ပထမဆုံး ကျမ်းဖြစ်သည့် ဓမ္မာနုလောမ တိကပဋ္ဌာန်းကျမ်း၏ အတိုင်းအတာ ပမာဏမျှသာ ဖြစ်ပေသေး၏။ ကျွင်းကျန်နေသေးသည့် ဓမ္မာနုလောမ ဒုကပဋ္ဌာန်းကျမ်း စသော ၂၃ ကျမ်းတို့၏ အတိုင်းအတာ ပမာဏကိုလည်း ဉာဏ်ဖြင့် တွေးဆ၍ စုပေါင်းကြည့်မည် ဆိုပါမူ ယခုလက်ရှိ ပုံနှိပ်စာအုပ် ၅ တွဲ၊ စာမျက်နှာ ၂၆၄၀ - ဟူသော အတိုင်းအတာ ပမာဏသည် အကျဉ်းချုပ်မှ မှတ်စုမျှသာ ရှိပေသည်။ အနန္တနယ ပဋ္ဌာန်းကျမ်းကို အဋ္ဌကထာ၌ သမုဒ္ဓရာ ရေပြင်ထက် ကျယ်ဝန်းသည် ဟူသော ဖော်ပြထားချက်ကို စာရှုသူတို့ သဘောပေါက် ယုံကြည် လောက်ပြီဟု ထင်မြင်ပါသည်။

ယင်းသို့ ပဋ္ဌာန်းတရားတော်ကြီးသည် သမုဒ္ဒရာ ရေထုကြီးထက် ကြီးကျယ်များပြားသောကြောင့် အနန္တနယ သမန္တပဋ္ဌာန်းကျမ်း ဖြစ်ပုံကို သဘောပေါက် သိမြင်ပါမူ ပဋ္ဌာန်းကျမ်းကြီးကို မူလဘူတ ဟောပြတော်မူသော မြတ်ဗုဒ္ဓ ရှင်တော်ဘုရား၏ သိမြင်စရာ ရှိသမျှ တရားအလုံးစုံကို အကုန်အစင် သိမြင်နိုင်စွမ်းသော သဗ္ဗညုတ ဉာဏ်တော်ရှင် ဖြစ်ကြောင်းကို ကောင်းစွာ သိမြင်နိုင်၍ ယုံကြည်ခြင်း သဒ္ဓါတရား ဖြစ်ပွားနိုင်ကြပေသည်။

ပဋ္ဌာန်းအဖွင့်ကျမ်းများ

ပဋ္ဌာန်းကျမ်း နက်နဲခြင်း

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း သဗ္ဗညုတ ဉာဏ်တော်ရှင် မြတ်ဗုဒ္ဓ ရှင်တော်ဘုရား ဟောကြားတော်မူခဲ့သည့် သင်ယူလေ့လာသူ ရွတ်ဖတ် သရဇ္ဈာယ် သူတို့အတွက် အကျိုးတရား ကြီးမား များပြားလှပါသည် ဆိုသော အနန္တနယ သမန္တပဋ္ဌာန်းကျမ်းကြီး သည်ကား -

၁။ ဓမ္မဂမ္ဘီရ - ဝေါဟာရ စကားလုံးပုဒ် ဝါကျတို့၏ နက်နဲခြင်း၊

၂။ အတ္ထဂမ္ဘီရ - အနက်အဓိပ္ပါယ် သဘော၏ နက်နဲခြင်း၊

၃။ ဒေသနာဂမ္ဘီရ - ဟောပုံဟောနည်း အစီအစဉ်၏ နက်နဲခြင်း၊

၄။ ပဋိဝေဓဂမ္ဘီရ - ထိုးထွင်းသိမြင် ဉာဏ်ပညာ၏ နက်နဲခြင်း -

ဟူ၍ နက်နဲခြင်း ၄ ပါးဖြင့် လွန်စွာ နက်နဲလှပေရကား သာမန်လူစား ပုဂ္ဂိုလ်များအတွက် သိမြင်နိုင်ရန် ခက်ခဲလှပေသည်။ အာကာသပြင်ကျယ် ကောင်းကင် အလယ်၌ လွှင့်ပျံ့နေသည့် ဝါဂွမ်းလေးသဖွယ် ဆောက်တည် မှီတွယ်၍ မရအောင် ဖြစ်နေကြရပေသည်။

ယင်းသို့သော အကြောင်းကြောင့် ပဋ္ဌာန်းအရာ ဉာဏ်ပညာ ကြီးမားတော် မူကြသည့် ပုဂ္ဂိုလ် အကျော်ကြီးများသည် -

  • ပဋ္ဌာန်းအဋ္ဌကထာ၊
  • ပဋ္ဌာန်းမူလဋီကာ၊
  • ပဋ္ဌာန်းအနုဋီကာ၊
  • ပဋ္ဌာန်းဆိုင်ရာ နိဿယများ၊
  • အရကောက်များ၊
  • ဂဏ္ဌိများ၊
  • အဖွင့်ကျမ်းများ၊
  • အခြေခံကျမ်းများ -

စသည်ကို ရေးသားပြုပြင် စီရင်တော်မူခဲ့ကြပေသည်။

တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်နှင့် ပဋ္ဌာန်းကျမ်း

ယင်းသို့ ပဋ္ဌာန်းဆိုင်ရာ ကျမ်းများစွာ ပြုစုတီထွင် စီရင်တော်မူကြသည့် ပဋ္ဌာန်းပညာ အကျော် အမော် ပုဂ္ဂိုလ်ကြီး များစွာတို့တွင် ဤ အခြေပြုပဋ္ဌာန်း တရားတော်ကို ဟောကြားတော်မူသည့် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်သည်လည်း ထင်ရှားသော ပုဂ္ဂိုလ်ကျော်ကြီးတပါး အပါအဝင် ဖြစ်ပေသည်။

မှန်လှ၏။ မဟာဂန္ဓာရုံ ဆရာတော်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်သား ဗုဒ္ဓဘာသာဝင် ရှင်လူ အများတို့အား ဗုဒ္ဓတရားတော်ကို သဘောပေါက် တတ်သိ နားလည်စေရန် သိသာ လွယ်သူသော စကား အသုံးအနှုန်း ဝါကျဖွဲ့ထုံး အစီအစဉ် အဆင့် ခွဲခြားပုံများဖြင့် ဗုဒ္ဓဘာသာဆိုင်ရာ စာပေ များစွာကို ပြုစုတီထွင် စီရင်တော် မူခဲ့ပေသည်။ ယခုအချိန်အထိ စုပေါင်း ရရှိသမျှ စာရင်းအရဆိုလျှင် ကျမ်းပေါင်း ၆၀ ကျော်မျှ ရှိပေပြီ။

ဤမျှ များပြားလှသော စာပေများ အတွင်းမှ ပဋ္ဌာန်းဆိုင်ရာ စာပေများကို ထုတ်နုတ် ဖော်ပြရလျှင် -

  1. အခြေပြု သင်္ဂြိုဟ်ကျမ်းလာ ပစ္စယသင်္ဂဟ အဖွင့်၊
  2. သင်္ဂြိုဟ်ဘာသာဋီကာလာ ပစ္စယာသင်္ဂဟ အဖွင့်၊
  3. ဋီကာကျော် ဘာသာဋီကာလာ ပစ္စယသင်္ဂဟ အဖွင့်၊
  4. ပဋ္ဌာန်း သုံးချက်စုနှင့် ဘာသာဋီကာ၊
  5. ပဋ္ဌာန်းအဋ္ဌကထာ ဘာသာဋီကာ၊
  6. အခြေပြုပဋ္ဌာန်း တရားတော်၊

ဤ ၆ မျိုးမျှ တွေ့ရှိရပေသည်။

ယင်း ၆ မျိုးတို့တွင် ယခု စာရှုသူတို့လက်ဝယ် ရောက်ရှိနေသော အခြေပြုပဋ္ဌာန်း တရားတော် သည်ကား နောက်ဆုံး ဟောကြားသည့်ကျမ်း ဖြစ်သည့်အားလျော်စွာပင် -

  • ပြုစုပုံလည်း ထူးခြား၏၊
  • အမည်၏ အဓိပ္ပါယ်လည်း ထူးခြား၏၊
  • ရေးသားသည့် အကြောင်းများလည်း ထူးခြား၏၊

ထို့ကြောင့် အခြေပြုပဋ္ဌာန်း တရားတော်၏ ထူးခြားချက်များကို အကျဉ်းချုပ်မျှ ဖော်ပြပါအံ့။

အခြေပြုပဋ္ဌာန်း တရားတော်

ပြုစုပုံ ထူးခြားခြင်း

ကျမ်းပြုဆရာတော်သည် အများအားဖြင့် ရှေးရှေးသော ကျမ်းများကို ပြုစုရာ၌ ဖောင်တိန် ကလောင်တို့ဖြင့် ရေးသား ပြုစုတော်မူသည်။ အချို့သော ကျမ်းများမှာမူ တပည့်ကြီးများကို မိမိ၏ ပြောသော ပို့ချချက်များကို လိုက်၍ မှတ်သားရေးယူစေပြီးမှ စုပေါင်း၍ မိမိကိုယ်တိုင် အချောကိုင် တည်းဖြတ် ပြင်ဆင်ပြီး ပြုစုတော်မူသည်။

ဤကျမ်း ပြုစုပုံမှာ တမူထူးခြား၏။ ဆရာတော်သည် ဗိုလ်မှူးအောင်သိန်း ရွှေတိဂုံဘုရား ဂေါပက အဖွဲ့ဝင်လူကြီးနှင့် ဒကာ ဦးဝင်းထိန်တို့၏ လျှောက်ထား တောင်းပန်မှုကြောင့် နံနက်စောစော အရုဏ်ဆွမ်း ဘုဉ်းပေးပြီးစ အချိန်တွင် တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဆွမ်းစားကျောင်း၌ ရဟန်း သာမဏေ တပည့်များ၊ လူဒါယကာ - ဒါယိကာမများအား ပဋ္ဌာန်း ပစ္စယုဒ္ဒေသ ပစ္စယ နိဒ္ဒေသများကို ရွတ်ဖတ် ဟောကြားတော်မူသည်။ ထို့နောက်မှ ပဋ္ဌာန်း ၂၄ ပစ္စည်း၏ အနက် သဘော အဓိပ္ပါယ်တို့ကို ဟောကြားတော်မူသည်။

ထို့ပြင် ပဋ္ဌာန်းတရားတော်ကို အခြေခံ၍ လောကအကြောင်း ဓမ္မအကြောင်း ဆိုင်ရာ ဆိုင်ရာ မှတ်သားဖွယ် သဘောအဓိပ္ပါယ် များကိုလည်း ထည့်သွင်း ဟောကြားတော်မူသည်။

ယင်းဟောကြားချက်များကို ရှေးအခါများကလို လက်ဖြင့် လိုက်၍ ရေးကူးခြင်း မပြုဘဲ အသံဖမ်း တိပ်ကြိုးများဖြင့် ကူးယူထားသည်။ နောက်မှ အသံဖမ်း ကြိုးခွေများကို ပြန်လည်ဖွင့်လှစ်ပြီး နားထောင်၍ ရေးကူးကာ ကျမ်းတစ်ဆူ အဖြစ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပေသည်။

ယင်းသို့ ဤကျမ်းသည် အသံဖမ်း ကြိုးခွေမှ ကူးယူရသောကျမ်း ဖြစ်ပေရာ ဆရာတော်စိတ်တွင်း ဉာဏ်ပညာတွင်းမှ အဆီးအတားမရှိ တိုက်ရိုက် ရှင်းလင်းစွာ ထွက်ပေါ်လာသည့်ကျမ်း ဖြစ်သောကြောင့် ဤကျမ်းသည် ပြောင်မြောက်သည်။ ခိုင်မာသည်။ ထူးခြားသည်။ ထိုကြောင့် ကျမ်းပြု ထူးခြားသည်ဟု ဆိုခဲ့ခြင်း ဖြစ်ပေသည်။

ထင်ရှားစေအံ့။ ဤကျမ်းပြု ဆရာတော်သည် ရှေးအစဉ်အလာ လောကရေး၊ ဓမ္မရေးများကို သိရှိတော်မူပြီး အနာဂတ်ကာလ၌ ဖြစ်ပေါ်သင့်သည့် လောက ဓမ္မပုံစံများကို မှန်းမြှော်ကာ လက်ရှိ ပစ္စက္ခလောက ဓမ္မ အခြေအနေများကို ပြုပြင် ပြောင်းလဲရန် အားသန်နေသော ပညာရှိ ပုဂ္ဂိုလ်ကြီး တစ်ဆူ ဖြစ်တော်မူသည်။ ထို့ကြောင့် ဆရာတော်၏ ဝမ်းတွင်း၌ ပြောစရာ စကားတွေ များစွာ ရှိသည်။ ရေးစရာ အကြံတွေ များစွာရှိသည်။ ယင်းစကားများ အတွေ့အကြုံများကို စာရွက် ပေါ်မှာသာ ရေးမည်ဆိုလျှင် မူရင်းအတိုင်း မဟုတ်တော့ဘဲ စာအုပ်မဖြစ်မီ ကြားကာလ၌ ပြုပြင်မှုများ ခံရဖွယ်ရှိသည်။

ယခု စိတ်တွင်းရှိသမျှ စကားများ အကြံများကို အကြားအလပ်မရှိ တစပ်တည်း ဟောရ ပြောရသောအခါ အတားအဆီးလည်း မရှိ၊ ပြုပြင်မှုလည်း မရှိနိုင်တော့ဘဲ ဆရာတော်၏ နှုတ်တော်မှ ထွက်သမျှ အသံဖမ်း ကြိုးခွေထဲရောက်၊ အသံဖမ်းကြိုးခွေမှ စာအုပ်အဖြစ်သို့ ရောက်ခဲ့ရခြင်း ဖြစ်သည်။ ဤသည်ပင်လျှင် ဤကျမ်း၏ ခိုင်မာခြင်း၊ ပြောင်မြောက်ခြင်း ပြုစုပုံ ထူးခြားခြင်းတို့ ဖြစ်တော့သည်။

အမည်ထူးခြားခြင်း

ဤကျမ်း၏ အမည်ကို အခြေပြုပဋ္ဌာန်း တရားတော် ဟု အမည်ပေးထား၏။ ပဋ္ဌာန်းကို တတ်သိ နိုင်ရေးအတွက် အခြေပြုပေးသည့် ကျမ်းဖြစ်သည်ဟူ၍ အနက်အဓိပ္ပါယ် ပြန်ဆိုလျှင် ရိုးရိုးစင်းစင်း အမည်ပင် ဖြစ်သည်။ ဘာမျှ ထူးခြားသည်ဟု ဆိုဖွယ်မရှိပေ။

တကယ့် အစစ်အမှန်ကား ဤကျမ်း၏ အမည်ကို ပဋ္ဌာန်းတရားတော်ကို တတ်သိရန် အခြေပြု ပေးသောကြောင့် အခြေပြုပဋ္ဌာန်း တရားတော် ဟု မှည့်ဆိုသည် သာမကပါ။ လောကရေး ဓမ္မရေး သိမှတ်ဖွယ် အဓိပ္ပါယ် သဘောများကိုလည်း ပဋ္ဌာန်းတရားကို အခြေပြု၍ ဟောကြား ထားသောကြောင့် အခြေပြုပဋ္ဌာန်း တရားတော် ဟူသော အမည်ကို မှည့်ဆိုခြင်း ဖြစ်သည် ဟူ၍လည်း အနက်အဓိပ္ပါယ် ရရှိနိုင်သောကြောင့် (ယင်း၏ အနက်အဓိပ္ပါယ် ၂ ထပ်ရှိသော အမည် ဖြစ်သောကြောင့်) ထူးခြားသောအမည် ရှိသည်ဟု ဆိုခြင်းဖြစ်သည်။

(က) ပဋ္ဌာန်းတရားတော်၏ သဘော အဓိပ္ပါယ်ကို တတ်သိနားလည်ရန် အခြေပြု ပေးသောကြောင့် အခြေပြုပဋ္ဌာန်း တရားတော်

(ခ) ပဋ္ဌာန်းတရားတော်ကို အခြေပြု၍ လောကရေး ဓမ္မရေး သိမှတ်ဖွယ် သဘော အဓိပ္ပါယ်များကို ပြဆိုသောကြောင့် အခြေပြုပဋ္ဌာန်း တရားတော်

ဤသို့ အနက်အဓိပ္ပါယ် ၂ မျိုး ရသောကြောင့် အခြေပြုပဋ္ဌာန်း တရားတော် ဟူသော ကျမ်းအမည် ကို ထူးခြားသော အမည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။

ဤပြဆိုချက် မှန်-မမှန် ဟုတ်-မဟုတ်ကို စာရှုသူတို့အား ကျမ်းရင်းလာ စာသားများက အဆုံးအဖြတ် ပေးပါလိမ့်မည်။ ဤနိဒါန်းမှာမူကား ထူးခြားသော အမည်နှင့် လိုက်အောင် ထူးခြားသော ရေးသားချက် ရှိပုံကို အနည်းငယ် ထုတ်ပြပါဘံ့။

ပဋ္ဌာန်းတရားတော်၏ အခြေ ပြုပေးခြင်း

အခြေပြုပဋ္ဌာန်း တရားတော် ဟူသောအမည်ကို ပဋ္ဌာန်းပညာကို အခြေပြုပေးသောကြောင့် ပထမ နည်းအရ အဓိပ္ပါယ် ဖွင့်ပြခဲ့သည်။ ယင်း ပထမနည်းအရ ဤကျမ်း၌ ရေးသား ပြုစုထားပုံကို ပြဆိုပါအံ့။

ဟေတုပစ္စယာမှ အဝိဂတပစ္စယာအထိ ၂၄ ပစ္စည်းသည် ပဋ္ဌာန်းကျမ်းကြီး တစ်ခုလုံး၌ ဟောပုံ ဟောနည်း ဖြစ်သည်။ ယင်း ၂၄ ပစ္စည်း၏ သဘော အဓိပ္ပါယ်ကို ဤကျမ်း၌ -

(က) ဥပမာ ပုံစံများကို သုံး၍လည်း ဖွင့်ဆိုပြသည်။

(ခ) ဇာတ်နိပါတ် ဝတ္ထုများကို ကိုးကား၍လည်း ဖွင့်ဆိုပြသည်။

ယင်းသို့ နည်း ၂ မျိုးကို သုံးစွဲဖွင့်ဆိုသောကြောင့် ဟေတုပစ္စယော စသော ပစ္စည်းတို့၏ သဘော အဓိပ္ပါယ်ကို လေ့လာသူတို့ ထင်ထင်ရှားရှား ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပေသည်။ ယင်း ပြဆိုချက်ကို ထင်ရှားစေရန် ကျမ်းစာသားထဲမှ ထုတ်နုတ်၍ အနည်းငယ်မျှ ဖော်ပြပါအံ့။

(က) ဥပမာပုံစံများဖြင့် ဖွင့်ပြခြင်း

ပစ္စည်းတစ်ခုစီ၏ သဘောသဘာဝကို မျက်မြင် အရာဝတ္ထုကို ဥပမာပုံစံဖြင့် ဖွင့်ပြပုံများမှာ အောက်ပါအတိုင်း ဖြစ်သည်။

ဟေတုပစ္စည်း၌ ဟိတ် ၆ ပါး ပစ္စည်းတရားတို့က ပစ္စယုပ္ပန်တရားတို့အား ကျေးဇူးပြုပုံကို ဤကျမ်း စာမျက်နှာ ၃၈ - ၌ -

ဟိတ် ၆ ပါးသည် ရေသောက်မြစ်နှင့် တူကြောင်း၊ ရေသောက်မြစ် နက်နက်သွားလေ သစ်ပင် ခိုင်မာလေဖြစ်ကြောင်း၊ ရေသောက်မြစ်က အောက်မှနေ၍ မြေ ရေ သြဇာဓာတ်များကို အထက် ပင်စည်သို့ ပို့ပေး လေလေ အပင် စည်ပင်ခိုင်မာ ကြီးထွား၍ စိမ်းစိမ်းစိုစို ဖြစ်လာနိုင်သည်၊

စသည်ဖြင့် အဓိပ္ပါယ် အဖွင့်များကို ရေးသား ပြဆိုထားပေသည်။

ဤ ဥပမာ၌ ဟိတ် ၆ ပါးသည် ညောင်မြစ်နှင့် တူကြောင်းကိုကား အခြားသော ကျမ်းဂန်များ၌လည်း ဖွင်ဆိုချက် ရှိသည်။ ဤကျမ်း၌မူကား လေ့လာသူများ ပိုမိုထင်ရှား သိသာစေရန် သစ်မြစ်က ကျေးဇူးပြုပုံ အခြင်းအရာကိုလည်း အသေးစိတ် ဖွင့်ပြထားပေသည်။

အာရမ္မဏပစ္စည်း၌ အာရုံတရားများက အာရမ္မဏိက တရားများအား ကျေးဇူးပြုပုံကို ဤကျမ်း ၄၁ ၌ -

အသက်အရွယ် ကြီးရင့်၍ မသန်စွမ်း ဖြစ်သူသည်၎င်း၊ ရောဂါဘယကြောင့် မသန်စွမ်း ဖြစ်သူ သည်၎င်း တောင်ဝှေးကို ထောက်၍ဖြစ်စေ၊ ကြိုးတန်းကို ဆွဲ၍ဖြစ်စေ အားပြု သွားရသကဲ့သို့ စိတ် စေတသိက် ပစ္စယုပ္ပန် တရားများသည်လည်း အာရုံ ၆ ပါး ပစ္စည်းတရားကို အားပြုရကြောင်း -

စသည့် အဓိပ္ပါယ် ဥပမာ ဥပမေယျ ဖော်ပြရေးသား ထားပေသည်။

အဓိပတိပစ္စည်း၌ အဓိပတိတရား ၄ ပါး ပစ္စည်းတရားတို့က ပစ္စယုပ္ပန်တို့အား ကျေးဇူးပြုပုံကို ဤကျမ်း စာမျက်နှာ ၆၄ ၌ -

ရှေးကသွားနေတဲ့ အဋ္ဌကထာ ဆရာတော်များက အဓိပတိပစ္စည်းကို ဘယ်လိုများ ဥပမာ ပြကြတုန်း ဆိုတော့ စကြာမင်း ဥပမာ ပြကြသည်။ စကြာမင်းသည် လူတွေကိုရော အခြား ပဒေသရာဇ် ဧကရာဇ် မင်းများကိုရော အုပ်စိုးနိုင်သည်၊ ကမ္ဘာပေါ်၌ သူနှင့်အပြိုင် မင်းမရှိ၊ အုပ်စိုးနိုင်ခြင်းသည် အဓိပတိပစ္စည်း ဖြစ်၏ -

စသည့် အဓိပ္ပါယ်ကို ဖော်ပြလျက် ဖွင့်ဆိုထားပေသည်။

အနန္တရပစ္စည်း ကျေးဇူးပြုပုံကို ဤကျမ်း စာမျက်နှာ ၈၆ - ၌ -

စကြာမင်း နတ်ရွာစံသွားသော်၎င်း၊ စကြာမင်း တောထွက်သွားလျှင်သော်၎င်း သားကြီး သြရသက စကြာမင်းဖြစ်ဖို့ သေချာသည်၊ ပြောစရာ မလိုသကဲ့သို့ ရှေ့စိတ်တစ်ခု ချုပ်သွားပြီ၊ နောက်စိတ်တစ်ခု ဖြစ်ပေါ်လာသည်မှာ ပြောစရာမလို၊ စိတ္တနိယာမ အတိုင်းသာဖြစ်ကြောင်း -

စသည်ဖြင့် ဥပမာပြ၍ ဖွင့်ဆိုထားပေသည်။

သဟဇာတပစ္စည်း ကျေးဇူးပြုပုံကို ဤကျမ်း စာမျက်နှာ ၉၁ - ၌ -

ဆီမီး ဓာတ်မီးကို ထွန်းလိုက်သည့်အခါ မီးနှင့် မီးရောင်တို့သည် ဘယ်အရာက ရှေးဦးစွာ ဖြစ်သည်၊ ဘယ်အရာက နောက်ကျမှ ဖြစ်သည်ဟု ခွဲခြား ပြောလို့ မရအောင် တစ်ပြိုင်နက် ဖြစ်ကြသကဲ့သို့ စိတ်နှင့် စေတသိက် စိတ္တဇရုပ် ကမ္မဇရုပ် သည်လည်း တစ်ပြိုင်နက် ဖြစ်ကြသည် -

စသည်ဖြင့် ဥပမာကို ဖော်ပြ၍ အဓိပ္ပါယ် ဖွင့်ဆိုထားပေသည်။

အညမညပစ္စည်း ကျေးဇူးပြုပုံကို ဤကျမ်း စာမျက်နှာ ၉၄ - ၌ -

အချင်းချင်း မှီထောင်ထားသည့် သစ်သား သုံးခွကို၎င်း၊ ခြေသုံးချောင်းထောက် ပြုလုပ်ထားသည့် ခွေးခြေခေါ် ဖင်ထိုင်ခုံကို၎င်း ဥပမာပြလျက် ခြေသုံးချောင်းတို့တွင် တစ်ချောင်း မရှိလျှင် ကျန် နှစ်ချောင်းထဲ ထောင်မနေနိုင်ပုံကို ပြဆို၍ အညမညပစ္စည်း ကျေးဇူးပြုသည်။

ဤသို့သော အဓိပ္ပါယ်ကို ပြဆို၍ ဖွင့်ပြထားပေသည်၊ ဤသို့ စသည်ဖြင့် ကျန်ပစ္စည်းများကိုလည်း ဥပမာပြ၍ ဖွင့်ဆိုထားပေသည်။

ဤကျမ်းလာ ဥပမာပြ ဖွင့်ဆိုချက်တို့သည် အခြား အခြားသော ကျမ်းများမှာလည်း ပါရှိ၏။ ဆရာ စဉ်ဆက်လည်း ပြောရိုးဆိုစဉ် ရှိ၏။ သို့သော် စာရှုသူတို့ မျက်စိထဲ ဉာဏ်ထဲမှာ ထင်မြင် လာအောင် ရေးသားဖော်ပြ နိုင်သည်ကား ဤကျမ်း၏ ရေးပုံထူဒခြားချက် ဖြစ်ပေသည်။

(ခ) ဇာတ်ဝတ္ထုများဖြင့် ဖွင့်ပြခြင်း

ဤကျမ်း၌ သမရိုးကျ ဖြစ်သော ဟေတုပစ္စည်း စသည်ကို ရေသောက်မြစ် စသော ဥပမာများဖြင့် သုတေသီတို့ ထင်ရှား သိသာအောင် ဖွင့်ဆိုရုံသာ မဟုတ်ပါ၊ ပိုမို၍ သိသာထင်ရှား စေရန်အတွက် ဇာတ်ဝတ္ထုများဖြင့်လည်း ရေးသား ဖွင့်ဆိုထားပေသည်။ အနည်းငယ်မျှ ထုတ်နုတ်တင်ပြပါအံ့။

ဥဒယဘဒ္ဒဇာတ်

မြတ်ဗုဒ္ဓ ရှင်တော်ဘုရား အလောင်းတော်သည် တစ်ခါတုန်းက ဥဒယဘဒ္ဒ မင်းသားဘ၀ ဖြစ်ခဲ့၏၊ မယ်တော် ခမည်းတော်များက ကြင်ရာတော် မိဖုရား အရှာခိုင်းသော်၎င်း၊ ထီးနန်း စည်းစိမ်ကို လွှဲအပ်သော်၎င်း မလိုချင်ကြောင်း ပြန်ပြော၍ အတင်း ငြင်းဆန်ခဲ့၏။

လောက၌ လူများအပေါင်း အကောင်းမှတ်ထင် လိုချင်မက်မော နေကြသည့် မယားလှလှကလေး ရလိုမှုနှင့် ရှင်ဘုရင်ဖြစ်၍ ခံစားရမည့် နန်းစည်းစိမ်ကို မလိုချင်သည်မှာ လောဘ ဒေါသ မောဟမဖြစ်၊ အလောဘ အဒေါသ အမောဟ ဖြစ်ပုံကို ဇာတ် အဋ္ဌကထာ စတုတ္ထတွဲ စာမျက်နှာ ၁၀၆-လာ ဥဒယဘဒ္ဒ ဇာတ်တော်ကိုဖော်၍ ဤ ကျမ်းစာမျက်နှာ ၃၉ ၌ ဟေတုပစ္စည်းကို ပြဆိုထားသည်။

သုမေဓာရသေ့ ဝတ္ထု

သုမေဓာ အမည်ရှိ ရသေ့သူမြတ်သည် ဒီပင်္ကရာ မြတ်စွာဘုရား ခြေတော်ရင်း၌ ကမ္ဘာပေါင်း ၄ အသင်္ချေနှင့် ၁-သိန်းအထက်၌ ဘုရားဖြစ်လိမ့်မည် ဟု ဗျာဒိတ်ခံယူ ရရှိသောအခါ ကမ္ဘာပေါင်း ၄ အသင်္ချေနှင့် ၁-သိန်းကာလကို မည်မျှလောက် ကြာသည်မထင်၊ ယနေ့ နက်ဖန်လောက်သာ မှတ်ထင်၏၊ ပါရမီ ၁၀ ပါး၊ စွန့်ခြင်းကြီး ၅ ပါးကို ဖြည့်ကျင့်ရမည်ကို မည်မျှလောက်မှ မတွက်၊ ဘုရားဖြစ်မည်ဆိုလျှင် မီးကျီးခဲ ရဲရဲကြီး စကြဝဠာ အပြည့် ရှိနေစေကာမူ သည်ဘက်မှ ဟိုဘက်သို့ အရောက်သွားချင် သွားရပစေ၊ သွားမည်ဟူသော သုမေဓာရသေ့၏ ဆန္ဒကို ဖော်ပြ၍ အဓိပတိပစ္စည်းအရာ၌ ဆန္ဒာဓိပတိတပ်ပုံကို ဤကျမ်း စာမျက်နှာ ၆၇ ၌ ပြဆိုထားပေသည်။

မဟာဇနကဇာတ်

ကမ်းစကို မှန်းဆ၍ မမြင်နိုင်အောင် ကျယ်ပြောလှသည့် ပင်လယ်ကြီး၌ ကမ်းစပ်ကုန်းမြေသို့ အရောက်ကူးမည် ဟူသော ဇွဲလုံ့လဖြင့် ကူးခပ်တော်မူသည့် ဇာတ်အဋ္ဌကထာ ဆဋ္ဌမတွဲ စာမျက်နှာ ၄၂-လာ မဟာဇနကဇာတ်ကို ကိုးကား၍ ဝီရိယာဓိပတိ ပစ္စည်းတပ်ပုံကို ဤကျမ်း စာမျက်နှာ ၆၉ ၌ ပြဆိုထားပေသည်။

ကုသဇာတ်

အလွန်တရာ ရုပ်ရည်ချောမော လှပသည့် ပဘာဝတီခေါ် မင်းသမီးလေး၏ ရုပ်အဆင်းကို စွဲလမ်း တပ်မက်သောကြောင့် ကုသမင်းသည် ဆွေမျိုးနှင့် ထီးနန်းစည်းစိမ်ကို စွန့်လွှတ်၍ ဒုက္ခအမျိုးမျိုး ခံကာ လိုက်ခဲ့ရပုံကို ဇာတ်အဋ္ဌကထာ ပဉ္စမတွဲ စာမျက်နှာ ၃၁၁-လာ ကုသဇာတ်ကို ဖော်ပြ၍ ရူပါရုံက အဓိပတိပစ္စည်းတပ်ပုံကို အာရမ္မဏာဓိပတိ အရာ ဤကျမ်း စာမျက်နှာ ၇၂ ၌ ပြဆိုထားပေသည်။

ဂုတ္တိလဝတ္ထု

ဂုတ္တလ စောင်းဆရာကြီး၏ စောင်းသံကို ကြားရသောကြောင့် လူတွေ သဘောကျ နှစ်သက် မက်မောကြပြီး ဒရောသောပါး အိမ်ပေါ်က ဆင်းရာ၌ လှေကားအပေါက်နှင့် ပြူတင်းပေါက် မှားဆင်းမိသည်အထိ အသံဆိုတဲ့ သဒ္ဒါရုံက အဓိပတိတပ်ပုံကို အင်္ဂုတ္တိုရ် အဋ္ဌကထာ ပဌမတွဲ စာမျက်နှာ ၂၁ မှ ထုတ်နုတ် ကိုးကား၍ ဤကျမ်း စာမျက်နှာ ၇၄ ၌ ဖော်ပြထားသည်။

ပဉ္စပါပီဝတ္ထု

ပဉ္စပါပီ အမည်ရှိသော မိန်းကလေး တစ်ယောက်သည် အလွန် အရုပ်ဆိုး အကျည်းတန်၏။ သို့သော် သူ၏ အသားအရေ အထိအတွေ့က အလွန် နူးညံ့သိမ်မွေ့သည်၊ တစ်နေ့သောအခါ တိုင်းပြည် အုပ်ချုပ်သည့် ရှင်ဘုရင်သည် ညဘက် ရုပ်ဖျက်၍ သွားလေခိုက် ပဉ္စပါပီနှင့် လူချင်း ထိခိုက်မိသည်၊ ပဉ္စပါပီ၏ အထိအတွေ့ ဖောဋ္ဌဗ္ဗာရုံကို ရှင်ဘုရင်ကြီး အရူးအမူး စွဲမက်သွားသည်၊ အတွေ့အထိကို မက်မောသော ရှင်ဘုရင်သည် ပဉ္စပါပီ၏ အတွေ့အထိ ကောင်းပုံကို သေနာပတိများအား သိရှိအောင် ဖန်တီးပြီး “အရုပ်ဆိုးမကို မိဖုရား မမြှောက်ထိုက်” ဟု မကန့်ကွက်စေဘဲ မိဖုရား မြှောက်လိုက် သည့် ဇာတ်လမ်းကို ကိုးကား၍ ဖောဋ္ဌဗ္ဗာရုံခေါ် အတွေ့အထိက အဓိပတိပစ္စည်း တပ်ပုံကို ဇာတ်အဋ္ဌကထာ ပဉ္စမတွဲ၊ စာမျက်နှာ ၄၇၅ မှ ကုဏာလဇာတ်ကို ကိုးကား၍ ဤကျမ်း စာမျက်နှာ ၇၄-မှစ၍ ၇၇-အထိ ဖတ်ရှုချင်ဖွယ် ခြယ်မှုန်း ရေးသားထားပေသည်။

ဤကျမ်းပြု မဟာဂန္ဓာရုံ ဆရာတော်သည်ကား ပိဋကတ် အဋ္ဌကထာ ဋီကာ ပါဠိမြန်မာ စာပေများကို ထုံးလိုချေ ရေလို နှောက်နိုင်အောင် တတ်မြောက် ကျွမ်းကျင်သော ဂန္ထကာရက ကျမ်းပြုပုဂ္ဂိုလ် ကျော်ကြီး ဖြစ်သည် အားလျော်စွာ ဤကျမ်း၌ ပဋ္ဌာန်းပစ္စည်း သဘော အဓိပ္ပါယ်များကို ဇာတ် နိပါတ် ဝတ္ထုတို့ဖြင့် ဆိုင်ရာဆိုင်ရာ ကိုးကားပြီး ရေးသား ဖော်ပြထား သည်ကား များပြားလှပေသည်၊ ယခု ဤနိဒါန်းကား ဥဒါဟရုဏ် ပုံစံမျှ ထုတ်ပြခြင်း ဖြစ်ပေသည်၊ ကျမ်းရင်း စာသား၌ စာရှုသူတို့ များစွာ ဖတ်ရှုရပါလိမ့်မည်။

ပဋ္ဌာန်းတရားတော်ကို အခြေပြုခြင်း

မဟာဂန္ဓာရုံ ဆရာတော်

ဤကျမ်းပြု ဆရာတော်သည် မြန်မာလူမျိုးနှင့် ဗုဒ္ဓသာသနာတော်ကို ချစ်မြတ်နိုးသည့် မျိုးချစ် သာသနာချစ် ပုဂ္ဂိုလ်ကြီး ဖြစ်တော်မူသည်၊ ထို့ကြောင့် မြန်မာလူမျိုးနှင့် ဗုဒ္ဓသာသနာ တော်ကြီးကို ကမ္ဘာ၏ ထိပ်ဆုံး အဆင့်အတန်းသို့ ရောက်နေစေချင်သည်၊ ထို့ကြောင့်ပင် မြန်မာ လူမျိုးနှင့် ဗုဒ္ဓသာသနာ တော်ကြီး ကမ္ဘာ့ထိပ်ဆုံး အဆင့်အတန်းသို့ ရောက်စေနိုင်မည့် နည်းလမ်း များကို ရှာကြံ ဖော်ထုတ်တော်မူခဲ့သည်၊ ယင်းသို့ ရှာကြံဖော်ထုတ်ခဲ့ကြောင်းကို ဆရာတော် ပြုစီရင်ခဲ့သော ကျမ်းများ၊ ပြုလုပ် ဆောင်ရွက်ချက်များ၊ ဟောပြော ကျင့်ကြံချက်များနှင့် တစ်ဘဝ သံသရာခေါ် ကိုယ်တိုင်ရေး အထုပ္ပတ္တိကျမ်းက သက်သေခံလျက် ရှိပေသည်။

ထို့ကြောင့်ပင် ဆရာတော်သည် ဤ အခြေပြုပဋ္ဌာန်း တရားတော်ကို ဟောကြားရာ၌ ပဋ္ဌာန်း တရားတော်၏ အခြေဖြစ်စေသည့် အချက်အလက်များသာ မကပဲ ပဋ္ဌာန်းတရားတော်ကို အခြေပြု၍ လောကရေး ဓမ္မရေး မှတ်သားဖွယ် အချက်အလက် များကိုလည်း ထည့်သွင်း ရေးသားထားပေသည်၊ ထို့ကြောင့် ဤကျမ်းပြု ဆရာတော်ကို မျိုးချစ် သာသနာချစ် ပုဂ္ဂိုလ်ကြီးမျှသာ မဟုတ်၊ သစ်လွင်သည့် တီထွင်ပြုပြင်ရေး အာဇာနည် ပုဂ္ဂိုလ်ကြီး ဖြစ်သည် ဟူ၍လည်း အသိအမှတ် ပြုရပေသည်။

ဖော်ပြခဲ့သည့် သစ်လွင်သည့် တီထွင်ပြုပြင်ရေး အာဇာနည် ပုဂ္ဂိုလ်ကြီး ဖြစ်ကြောင်းကို ဤကျမ်းလာ ရေးသားချက်အချို့ကို ထုတ်နုတ်ပြပါအံ့။

သားသမီးနှင့် မိဘ

မိဘနှစ်ပါးသည် သားသမီးများကို ပြုစုယုယ မွေးမြူခဲ့ကြ၏၊ သားသမီး ရလာလျှင်ပင် သားသမီး ရုပ်ရည်ကို ကြည့်၍ ဝမ်းသာ ရွှင်မြူးကြရ၏၊ သားသမီးက ရယ်တတ် ပြုံးတတ်လာလျှင် တီတီတာတာ ပြောတတ်လာလျှင် ဝမ်းသာကြည်နူး ရွှင်မြူးကြရပြန်၏၊ သားသမီးတွေက လိမ္မာကြ ပညာတတ်ကြ ပြန်တော့လည်း ဝမ်းသာအားရ ပျော်ရွှင်ကြပြန်၏၊ အိုမင်းမစွမ်း ရှိသောအခါ၌ သားသမီးများ၏ ပြုစုစောင့်ရှောက် ထောက်ပံ့မှု ရပြန်တော့လည်း ကိုယ်စိတ် ၂ ဖြာ ချမ်းသာမှု ပျော်ရွှင်ကြပြန်၏ စသည် အဓိပ္ပါယ်ဖြင့် သားသမီးက မိဘကို ကျေးဇူးပြုနိုင်ပုံကို ဖော်ပြ၍ ပစ္ဆာဇာတ ပစ္စည်း၏ သဘော အဓိပ္ပါယ်ကို ဤကျမ်း စာမျက်နှာ ၁၁၇ မှစ၍ ဖော်ပြထားသည်ကို ဖတ်ရှုနိုင်ပေသည်။

ယင်းသို့ ရေးပြခြင်းကို ဖတ်ရှုရခြင်းဖြင့် သားလိမ္မာ သမီးလိမ္မာများက မိမိတို့၏ မိဘများအား ဘယ်လို ကျေးဇူးပြုနိုင်သည်ကို ပဋ္ဌာန်းသဘောအရ နားလည် တတ်သိနိုင်ကြပေသည်။

လင်နှင့်မယား

လောက၌ ယောက်ျားနှင့် မိန်းမ အိမ်ထောင်ပြုခြင်းသည် ကာမရာဂ အကုသိုလ် အကြောင်းရင်း ခံပင် ဖြစ်သည်၊ သို့သော် ရပြီးသောအခါ တစ်ဦးနှင့်တစ်ဦး မေတ္တာတရား ထားခြင်း၊ ပြုစု စောင့်ရှောက်ခြင်း၊ ကျွေးမွေးရန်အတွက် တရားသောအလုပ်ကို လုပ်ကိုင်ခြင်း၊ တတ်အားသမျှ ဇနီးမောင်နှံ လက်တွဲ၍ ဒါနပြုခြင်း၊ သီလ ဆောက်တည်ခြင်း၊ ဘာဝနာပွားခြင်း စသည်တို့ကို ပြုခြင်းမှာ ကုသိုလ်တရားများကို ဖြစ်စေခြင်းပင် ဖြစ်သည်၊ ဤသည်မှာ ရာဂအကုသိုလ်က ကုသိုလ်ကို ဖြစ်စေခြင်း ဖြစ်သည် စသော အဓိပ္ပါယ်များဖြင့် အကုသလော ကုသလော - ဟူသော ပကတူပနိဿယ ပစ္စည်းအရာ ဤကျမ်း စာမျက်နှာ ၁၃၇ မှစ၍ ဖတ်ရှုနိုင်ပေသည်။

ယင်းသို့ ရေးပြသည်ကို ဖတ်ရှုရခြင်းဖြင့် လင်နှင့်မယား အိမ်ထောင်ရေး၌ ပဋ္ဌာန်းတရားကို အသုံးချလို့ ရနိုင်ကြောင်းကို သဘောပေါက် နားလည်နိုင်ပေသည်။

အလှူပေးခြင်း

ဗုဒ္ဓဘာသာ မြန်မာတို့ ထုံးစံအတိုင်း ပေးကမ်း လှူဒါန်းခြင်း ဒါနအမှုကို ပြုလုပ်ကြရ၏၊ အထူးသဖြင့် သားယောက်ျားကလေး မွေးဖွားကြသည့် မိဘများသည် သားကို ရှင်ပြုရာ၌ အလှူဒါန ပြုလုပ်ကြသည်၊ အချို့လည်း သူတပါး သားကိုပင် တောင်း၍ အလှူဒါန ပြုလုပ်ကြ၏။

ယင်းသို့ အလှူဒါန ပြုလုပ်ကြရာ၌ အချို့မှာ မဏ္ဍပ်ဆောက်ရာက စ၍ အလှူပစ္စည်း ဝယ်ရာ ကျွေးစရာ ဝယ်စရာ ဘိသိက်ဆရာငှားရာ အတီးအမှုတ် အကအခုန်ငှားရာ ဖိတ်စာရေးရာ ဖိတ်ရမည့်သူရွေးရာ ဖိတ်ကြားထားသူတွေလာရာ ဘုန်းကြီးပင့်ရာတို့မှာ ဂုဏ်ပကာသနတွေ မာနတွေ ပါဝင်တတ်ပုံကို ရေးပြီးလျှင် လှူသည်ဆိုသော ကုသိုလ်က နည်း၍ ဂုဏ်ပကာသန မာနတို့တက်၍ အကုသိုလ်က များကြောင်း စသည် အဓိပ္ပါယ်ဖြင့် ကုသလော အကုသလော ဥပနိဿယပစ္စယေန ပစ္စယော - ဟူသော ပဋ္ဌာန်းပစ္စည်းအရာ၌ ကုသိုလ်က အကုသိုလ်အား ကျေးဇူးပြုပုံ အဓိပ္ပါယ် ရှင်းလင်း၍ ဤကျမ်း စာမျက်နှာ ၁၅၃ မှစ၍ ရေးသားထားပေသည်။

ဘုရားပွဲများ

မြန်မာပြည်ရှိ ထင်ရှားကျော်ကြားသည့် ဘုရားစေတီများ ဗုဒ္ဓပူဇနိယပွဲ ဘုရားပူဇော်ပွဲ နှစ်စဉ် လ ရက် သတ်မှတ်၍ ပြုလုပ်တတ်ကြပေသည်၊ ယင်းဘုရားပွဲများကို ဘုရားဂေါပက လူကြီးများက ကြီးမှူး၍ ပြုလုပ်သည်၊ ပြုလုပ်သည့်အခါ ဘုရားပူဇော်ဖို့က နည်း၍ ဘုရားပွဲ လူစည်ကားအောင် ပြုလုပ်ရခြင်းက များသည်၊ လူစည်စေရန် ပွဲများသွင်းရသည်၊ ဆိုပွဲ တီးပွဲ ဇာတ်ပွဲ အငြိမ့်ပွဲ ရုပ်ရှင်ပွဲ လက်ဝှေ့ပွဲ နွားပြိုင်ပွဲ ကျွဲတိုက်ပွဲ စသည်ဖြင့် အမျိုးမျိုး ပြုလုပ်ရသည်၊ ဘုရားပူဇော်သည့် ကုသိုလ်က နည်း၍ လူစည်ကားအောင် လုပ်ရသည့် အကုသိုလ်က များနေသည်။

ဘုရားပွဲ သွားကြသူတို့မှာလည်း ဘုရားဖူးသည့် ကုသိုလ်က နည်းနည်းကလေး ရကြသည်၊ အချို့ ဘုရားပွဲဆို၍ သွားကြသော်လည်း ဘုရားမဖူးပဲ အခြားအလုပ်များကို လုပ်၍ ပြန်ကြသောကြောင့် ဘုရားဖူးသည့် ကုသိုလ်မျှပင် မရကြချေ၊ လှလှပပ ဝတ်ကြရ၊ ဆင်ကြရ၊ ပွဲအမျိုးမျိုး ကြည့်ကြ၊ မိန်းမနှင့် ယောက်ျား တိုးကြ၊ အလောင်းအား လုပ်ကြသဖြင့် အကုသိုလ်လည်း အများကြီး ဖြစ်ကြသည်၊ ငွေလည်း အများကြီး ကုန်ကြရသည်။

ယင်းသို့ အကုသိုလ်ရ ငွေကုန်ကြ၍ ဆုံးရှုံးရသည် သာမက ဗုဒ္ဓဘာသာ အမျိုးသမီးများကို ဘာသာခြား များကလည်း ဝင်ရောက် တိုးဝှေ့ခံရသောကြောင့် နှစ်ထပ်ကွမ်း ဆုံးရှုံးနစ်နာ ကြရကြောင်း စသော အဓိပ္ပါယ်ဖြင့် ကုသိုလ်အရင်းခံ၍ အကုသိုလ် ဖြစ်ပေါ်သည့် ပကတူပနိဿယ ပစ္စည်း အရာ၌ ဤကျမ်း စာမျက်နှာ ၅၇-မှစ၍ ရေးသားဖော်ပြထားပေသည်။

ဤရေးသားချက်များကို ဖတ်ရှုရခြင်းဖြင့် ကုသိုလ်နည်း၍ အကုသိုလ်ကြီးသော ဘုရားပွဲများကို ရှောင်ကြဉ်၍ ကုသိုလ်များများ ရနိုင်သည့် ဘုရားပွဲများကို ပြုလုပ် ဆင်ယင်လိုစိတ် ဖြစ်ပွား နိုင်ကြပေသည်။

ကျောင်းရေစက်ချ

ကျောင်းရေစက်ချပွဲ များ၌လည်း သိန်းသန်းချီ၍ ငွေကုန်ကြေးကျ များပြီး ဂုဏ်ပကာသန မာန စသော အကုသိုလ်များ ဖြစ်ပေါ်ကြပုံကို ကုသိုလ်က အကုသိုလ်အား ကျေးဇူးပြုသော ကုသလော ဓမ္မော အကုသလဿ ဓမ္မဿ ဟူသော ပကတူပနိဿယ ပစ္စည်းအရာ ဤကျမ်း စာမျက်နှာ ၁၅၈ မှစ၍ ရေးသား ဖော်ပြထားပေသည်။

ဤရေးသားချက်ကို ဖတ်ရှုရခြင်းဖြင့် အကျိုး ကြီးမားစွာ ရသည့် ကျောင်းလှူနည်းကို တတ်သိ နားလည် နိုင်ကြပေသည်။

မသာ အသုဘ

ဓမ္မတာ သဘောအရ မနေရ၍ သေကြပြန်သောအခါ အသုဘချရန် ဂုဏ်ပကာသနအတွက် ငဲ့ကွက်၍ မျက်ရည်စက်လက်ဖြင့် ဘုန်းကြီး သက်စေ့ ပင့်ပုံ၊ အလှူဝတ္ထု သက်စေ့ လှူရပုံများကို၎င်း ဖော်ပြ၍ ကုသိုလ်က အကုသိုလ်အား ကျေးဇူးပြုဟန်ကို ပကတူပနိဿယ ပစ္စည်းအရာ၌ ဤကျမ်း စာမျက်နှာ ၅၉ မှစ၍ ရေးသား ဖော်ပြထားပေသည်။

ဤရေးသားချက်ကို ဖတ်ရှုရ၍ ကျေးဇူးကြီးသည့် အသုဘချနည်းကို သိမြင်နိုင်ပေသည်။

ဘုန်းကြီးပျံ

ရပ်ရွာကိုးကွယ်သည့် ဘုန်းကြီး ပျံလွန်တော်မူသောအခါ အကြီးအကျယ် ပွဲလမ်းသဘင် ခင်းကျင်း၍ ဈာပနပွဲ ပြုလုပ်ကြသည်၊ နောက်ဆုံးပူဇော်ပွဲ အန္တိမဈာပန - ဟု ဟောပြောပြီး ဘယ်ရွေ့ ထည့်ရမည်၊ ဘယ်မျှ ထည့်ရမည် ခွဲတမ်းချ ကြေးဝင်၍ ငွေကောက်ခံကြသည်၊ ဈာပနကို ရက်ကြာကြာ ထားကြသည်။

ပြီးလျှင် ဖျက်ပစ်လိုက်ရသည့် လောင်တိုက် နတ်လမ်း စည်ရှင် ပြာသာဒ် တလားကြီး တလား ငယ်များ ငွေကုန်ခံ၍ ပြုလုပ်ကြသည်၊ ပြီးလျှင်ပျောက်သည့် ဇာတ်ပွဲ အငြိမ့်ပွဲ ငွေကြေးပေး၍ ငှားရသည်၊ “ဘုန်းကြီးသေ ရွာကြေ” - ဟူ၍ပင် စကားပုံ ပေါ်ခဲ့သည်။

ဤကား အကြောင်းအချက် များကိုလည်း ဤကျမ်းပြု ဆရာတော်သည် အလွတ်မပေးပဲ ဥပနိဿယပစ္စည်း အရာ၌ ဤကျမ်း စာမျက်နှာ ၁၆၀ မှစ၍ သတိပေး ရေးသားထားပေသည်။

ဤကား ဤကျမ်း၌ ပါရှိသည့် လောကရေး ဓမ္မရေးဆိုင်ရာ ပြုပြင်ရေး ဖော်ပြချက် အချို့ကို နိဒါန်းမှ အချို့အဝက်မျှ စာမြည်းအဖြစ် ထုတ်နုတ် တင်ဆက်ခြင်း ဖြစ်ပေသည်၊ အခြား အခြားသော အမျိုးဘာသာ သာသနာအတွက် အကျိုး ရှိရာရှိကြောင်း ကောင်းမြတ်သော ပြုပြင်ရေး ပြဆိုချက် များကိုလည်း များစွာပင် ဤကျမ်း၌ တွေ့မြင် ဖတ်ရှုကြရဦးမည် ဖြစ်ပေသည်။

မျိုးချစ် သာသနာချစ် သစ်လွင်သည့် တီထွင်ပြုပြင်ရေး အာဇာနည် ပုဂ္ဂိုလ်ကြီးများ၏ အမျိုးဘာသာ သာသနာအတွက် ရေးသားဖော်ပြသည့် အကြံပြုချက်များကို ယောနိသောမနသိကာရ ရှိကြသော သမ္မာဆန္ဒရှင် သူတော်စင် ပညာရှိများသည် သဘောကျ ခံယူကြလိမ့်မည်ဟု မျှော်လင့်ရပေသည်။

နိဂုံးချုပ်

ဤမျှ ရေးသား ပြဆိုခဲ့သော စကားအစဉ်ဖြင့် ဤ အခြေပြုပဋ္ဌာန်း တရားတော်ကျမ်းသည် ထူးခြားစွာ ပြုစုထားသည့် ကျမ်းဖြစ်သည်၊ ထူးခြားသော အမည်ရှိသည်၊ အမည်နှင့်အညီ ထူးခြားသော ရေးသားချက်များ ပါရှိသည် ဟူသော အချက်များနှင့် ပြည့်ဝ စုံလင်သော ကျမ်းဖြစ်ကြောင်း ကောင်းစွာ သိမြင်နိုင်ပေပြီ။

ယင်းသို့ သိမြင်ကြသော စာရှုသူ ပဋ္ဌာန်းသုတေသီတို့သည် ဤအခြေပြုပဋ္ဌာန်း တရားတော်ကို စိတ်ပါဝင်စား လေ့လာ ဖတ်ရှုကြပြီးလျှင် ပဋ္ဌာန်းပညာရှင် ပဋ္ဌာန်း သူတော်စင်များ ဖြစ်ကြပါစေ သတည်း။

နေ့ညမခြား ပဋ္ဌာန်းတရားတော်ကို ပွားများကျင့်ကြံ ရွတ်အံ သရဇ္ဈာယ်နိုင်ကြပါစေသတည်း။

တန်ခိုးစွမ်းအား ကြီးမားလှစွာသော အနန္တနယ သမန္တ ပဋ္ဌာန်းတရားတော်ကြီး၏ အကျိုး အာနိသင် ကို ခံယူရရှိပြီး လောကီ လောကုတ္တရာ လိုရာကိစ္စ ပြီးမြောက် အောင်မြင်ကြပါစေသတည်း။

ဦးထွန်းလှိုင် (ဝိနယပါရဂူ)

ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ ဝဋံသကာ၊

သာသနဓဇသီရိပဝရ ဓမ္မာစရိယ သိရောမဏိ၊

စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာစရိယ ဂဏဝါစက။

သက္ကရာဇ် ၁၃၄၁-ခုနှစ်၊

တပေါင်းလပြည့်ကျော် (၄) ရက်၊ အင်္ဂါနေ့၊

၁၉၈၀-ခုနှစ်၊ မတ်လ (၄) ရက်။

သပြေကန်ဆရာတော်၏ အခြေပြုပဋ္ဌာန်း တရားတော်
အချီ (ဂါထာများ)

၁။ ရသာဘိသင်္ခတံ ဘန္တေ၊
ပဋ္ဌာနံ ဇနေ မနယိ။
ဘာတိ မံ တေ ဉာဏံတီတံ၊
ကဝီနံ ဂေါစရံ ဣတိ။

ဘန္တေ - မဟာဂန္ဓာရုံ ရွှေဘုံအဓိပတိ တိုင်းလုံးသိသည့် ကဝိမဟာ ရတနာအကျော် ဆရာတော် အရှင်မြတ် ဘုရား၊

(တွံ) - ကိုယ်တည်း တစ်ယောက် ချမ်းသာရောက်ဖို့ မထောက် မထား ယောက်ျားဇာနည် ပြီပြီ ထင်ရှား အရှင် ဆရာတော်ဘုရားသည်၊

ရသာဘိသင်္ခတံ - တရားတော်ကို ပျော်ပျော် ရွှင်ရွှင် နာစေချင်၍ စီစဉ်တင်ပြ အဆင်လှဖို့ ရသ သွယ်သွယ် သာယာဖွယ်ဖြင့် ခြယ်လှယ်နုယဉ် အမှုဆင်လျက် ပြုပြင်စီမံအပ်သော၊

ပဋ္ဌာနံ - ရသာဝေဖြိုး ဟင်းမျိုးစုံသွင်း တည်ခင်းကျင်းဆဲ ထမင်းပွဲသို့ မရောင့်ရဲ မတင်းတိမ် မြိန်ရှက်ဖွယ်ကျင်း ခမ်းခမ်းနားနား ဆန်းအပြားဖော် ပဋ္ဌာန်းတရားတော်သို့၊

ဇနံ - ပဋ္ဌာန်းအခက် ကျမ်းအနက်ဟု မသက်မဝင် ရှောင်ချင်သသူ ရှင်လူ အစားစား ပဋ္ဌာန်း ကြောက်သူများကို၊

အာနယိ - ဆန်းကြယ်အသိဉာဏ် ပဋိဘာန်ဖြင့် ဟန်တမူပြ အလှကိုဆောင် ရဲအောင်ဖွဲ့နွဲ့ တွဲဆောင်ခဲ့ပါပေပြီ၊

တေ - ငယ်ရွယ်စဉ်က ဆုံးနေ့ကျအောင် လုံ့လမမဲ့ သုံးချခဲ့၍ တကယ့် ပညဝန် ပုဂ္ဂိုလ်ချွန်ဟု တံခွန်တင်လွှား ဆရာတော်အရှင်ဘုရား၏၊

ဉာဏံ - ဟောရေးပြောရေး ရေးသာရေးဟု အရေးကြုံသော် ထင်ပေါ်သွက်လက် ထက်မြက် လျင်မြန် အမြင်သန်လျက် ထင်ဟန် သိဟန် ပဋိဘာန်သည်၊

ကဝီနံ - လောကအမြင် ဓမ္မမြင်ဖြင့် ဆင်ခြင်နွဲ့ကာ ဖွဲ့အရာ၌ လိမ္မာကျွမ်းကျင် အခန်းဆင်ဖို့ အမြင်သာဘိ ပညာရှိတို့၏၊

ဂေါစရံ - သူတို့မှီချက် အကွက်အပြင် စားကျက်ခွင်ဟု သက်ဝင်နိုင်ဖွယ် ဉာဏ်နယ်ပယ်ကို၊

အတီတံ - အမြင်သန်သန် လျင်မြန်မှုတွက် သူ့ထက်ထပ်စွာ အမြင်သာ၍ ကျော်ကာလွှားကာ လွန်တက်နိုင်ခဲ့ပေပြီ၊

ဣတိ - ဉာဏ်ဖြင့်ပြုဖော် အမှုတော်ကို ရှုမျှော်ရည်လို့ ဤသို့ ဤပုံပင်၊

မံ - ဆရာတော့်ဂုဏ်အင် ပုံအသွင်ကို ဆင်ခြင် ကြည့်မျှော် တပည့်တော်၏ စိတ်၌၊

ဘာတိ - ဆင်ခြင်တိုင်းပင် အမြင်သွက်လက် စဉ်မပျက်ချေ ထင်လျက် ထင်လျက် ရှိနေပါပေသည် ဘုရား။

၂။ သဗ္ဗညုတာ စ ဗုဒ္ဓဿ၊
ဥပကာရော စ တေ မတော။
တတော ဇာတာ ယာ ပဋ္ဌာန-
ကထာ ကံ နာဘိရာဓယေ။

(ဘန္တေ) - သာသနာပြုခန်း အမှုထမ်း၍ လူ့စခန်းတွင် ဥဒါန်းတင်အပ် အရှင်မြတ်ဘုရား၊

တေ - ဗုဒ္ဓဂုဏ်ဖွဲ့ ဖုံဖုံချဲ့လျက် ပျောင်းနွဲ့မူပါ လူသဒ္ဓါဖို့ ပူဇာဆင်တတ် အရှင်မြတ်သည်၊

ဗုဒ္ဓဿ - လူနတ်ဗြဟ္မာ ပညဝါတို့ စဉ်လာဦးညွတ် ထွတ်ဖျားသခင် ဘုရားရှင်၏၊

သဗ္ဗညုတာ စ - ပရမတ်ပညတ် အရပ်ရပ်စုံလင် အကုန်မြင်သည့် သဗ္ဗညုတာ တွင်ကာခေါ်အပ် ပညာတော်မြတ်ကိုလည်း၊

မတာ - သိရန်မှန်က မကျန်ရအောင် လုံးဝစုံလင် အကုန်မြင် သဗ္ဗဉ် ဉာဏ်တော် အစွမ်းတည်း၊

သိသည့်တရား များအပြား၌ ဟောထားစဖွယ် နည်းသွယ်သွယ်ကို ခြယ်လှယ်စုံလင် အကုန်မြင် သဗ္ဗဉ် ဉာဏ်တော် အစွမ်းတည်း၊

ကျွတ်ထိုက်ကြပေ များဝေနေ၏ ဣန္ဒြေစရိုက် သူ့အကြိုက်ကို နှိုက်ချွတ်စုံလင် အကုန်မြင် သဗ္ဗဉ် ဉာဏ်တော် အစွမ်းတည်း၊

ဉာဏ်တော်စွမ်းပကား ဤသုံးပါးကြောင့် အများဝေနေ ကျွတ်လွတ်စေဖို့ မနေမနား သက်တော် အားဖြင့် ကြီးမားလေဘိ ရှစ်ဆယ်ပြည့်၍ ပရိနိဗ္ဗာန် စံသည့်တိုင်အောင် သယ်ယူဆောင် ဘုန်းခေါင် ငါတိုကဘုရားတည်း၊

အနည်းနည်း ထုတ်ဖော် သိတော်မူအပ်ပါပေပြီ၊

ဥပကာရော စ - ရှင်မြတ်ထွန်းပေါ် ပွင့်တော်မူမှ ဓမ္မအဖြာဖြာ အလိမ္မာနှင့် ပညာဉာဏ်ထူး ရခဲ့ဖူးဟု အတွေးထူးပေါ် ကျေးဇူးတော်ကိုလည်း၊

မတော - ဘုရားရှင်တော် မပွင့်ပေါ်လျှင် လူတော်အများ စိတ်ကောင်းထားလည်း ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘ၀ မသိရ များလှ အပြစ်တွေ၊

ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍ ဟောဖော်ညွှန်ကြား မြတ်တရားကြောင့် ဤကား ကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘ၀ သိကြရ များလှ ကျေးဇူးတွေ၊

ကျေးဇူးတော်ရင် ဘုရားရှင်ကို ဦးတင်မပြတ် ကျေးဇူးဆပ်ဖို့ ပရိယတ်နှင့် ပဋိပတ်နှစ်ဖြာ သာသနာကို ကောင်းစွာ ကြိုးကုတ် လွန်အားထုတ် အဟုတ်ကျင့်ကြစေ -

အထွေထွေကို စေ့ရမိမိ အရှိဖော်လတ် သိတော်မူအပ်ပါပေပြီ၊

တတော - သဗ္ဗညုတင် ဉာဏ်မြင်တော်ထူး ထွဋ်အဖူးနှင့် ကျေးဇူးတော်စုံ အာရုံထားဘိ အရှိဖော်လတ် သိတော်မူအပ်သောကြောင့်ပင်၊

ယာပဋ္ဌာနကထာ - မိမိလိုပင် သိစေချင်၍ စီစဉ်ဆန်းပြား ခမ်းအနားဖော် အကြင်ပဋ္ဌာန်း တရားတော်သည်၊

ဇာတာ - ထေရ်ရှင်မေတ္တာ ကရုဏာမှ ရှိန်ဝါထင်ဟပ် အမြင်အပ်ခဲ့ အတတ်သိစေ ဖြစ်ပေါ်ခဲ့ရ ပါပေပြီ၊

(သာ) ပဋ္ဌာနကထာ - ဉာဏ်မြင်ချက်ကျ မခက်ရအောင် ကွက်ချစီကုံး နှလုံးရွှင်ရေး ဘဝင်အေးဖို့ ပြုံးဆေးအလား အခန်းများဖြင့် ဆန်းပြားဖော်စပ် ထိုပဋ္ဌာန်း တရားတော်မြတ်သည်၊

ကံ - မြတ်ဗုဒ္ဓ၏ နှုတ်ဟမိန့်မြွက် ဓမ္မစက်၌ နှစ်သက်အားရ လိုလားကြသူ စင်ဖြူတရား အဘယ် ရှင်လူများကို၊

နာဘိရာဓယေ - အတင်အပြ အဆင်လှလျက် ရွှင်ပျဖွယ်ရာ တကယ်သာမို့ အဘယ်မှာ မနှစ်သက် စေပဲ ရှိပါအံ့နည်း၊

(အဘိရာဓေတိ ဧဝ) - ကြောင်းကျိုး များဆင် တရားစဉ်၌ အမြင်ထူးရ ရွှင်မြူးကြလျက် ချစ်မက် မပြေ နှစ်သက်စေတော့သည် သာလျှင်တည်း။

၃။ အာရဒ္ဓေါ တွံ ဇိနာရဒ္ဓ၊
မနုကတ္တာ၀ ယုဉ္ဇကော။
ဝိက္ကမာ ဟိ ရဇ္ဇံယာတော၊
သီဟော၀ ဂုရုတံ သယံ။

(ဘန္တေ) - ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ သကျသီဟ ဓမ္မာစရိယ အစိုးရ ပထမကျော် ပေါ်ပေါ် လွင်လွင် ဂုဏ်တင်လွှမ်းမှု တစ်ခန်းရှုက ကျမ်းပြုအကျော် ဆရာတော်သခင် အရှင်မြတ်ဘုရား၊

တွံ - အလုပ်ဘာမျှ လုပ်မရက သေရသည်က ကောင်းလေစွဟု ဆန္ဒမျိုးထား နိုးကြားအစဉ် ကြိုးစားခဲ့သော အရှင်ဘုရားသည်၊

ဇိနာရဒ္ဓံ - ၄၅ ဝါ ရှည်မြင့်ကြာအောင် သတ္တဝါတတွေ ကျိုးများစေဖို့ မနေမနား မြတ်ဘုရားသည် ကြိုးစားခဲ့ဘိ အဓိပတိ ဝီရိယတော်မြတ်ကို၊

အာရဒ္ဓေါ - အများနှင့်မူ မတူအားသန် မြင့်မားဟန်ကို ဖန်ဖန်တွေးလျက် နှစ်သက်အားရ ကျေနပ်တော်မူလှသည်ဖြစ်၍၊

အနုကတ္တာ၀ - မြတ်ဘုရား၏ ထူးခြားလုံ့လ ဝီရိယကို အားကျမှုစိုက် အတုလိုက်ယူ ပြုတော် မူလျက်သာလျှင်၊

ယုဉ္ဇကော - ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက နောက်ဆုံးအထိ ပါရမီ၊ လူနတ်များစွာ ချမ်းသာ ရေးမို့ အသက်ပေးလို့ ဖြည့်ခဲ့သည်၊ ဗုဒ္ဓမြတ်စွာ သာသနာ အတွက်တော့ ငါပါ အသက်ဆုံးစေမည်၊ စိတ်မပျက်ပေါင် ခုလိုတွေးလို့ ကုသိုလ်ရေးမို့ ကြိုးစားသည်။” –

ဤရည်ရွယ်ချက် စိတ်တွင်နှက်လျက် အဆက်ဆက်ပွား ပျက်မသွားအောင် နိုးကြားထပ်ထပ် ကြိုးစားတော် မူတတ်ပါပေ၏၊

ဟိ - တစ်ဆင့် တစ်ဆင့် ပွင့်ထက်ပွင့်လျက် မြင့်တက်လာရ လုံ့လမျိုးများ ပျိုးထားခဲ့သမျှ အကျိုးသွား ဖွဲ့ပြရလျှင်၊

သီဟော - ရဲမာန်သတ္တိ ဓာတ်အရှိဖြင့် ဗျတ္တိထင်လင်း ခြင်္သေ့မင်းသည်၊

ဝိက္ကမာ - ရဲမာန်အပြည့် လုံ့လရှိဟု ဗျတ္တိထင်လင်း သတ္တိပြည့်ခြင်း ကြောင့်ပင်၊

သယံ - ဘယ်သူကမျှ မမြှောက်ရပဲ ဂုဏ်ကမြှင့်တင် အလိုအလျောက်ပင်၊

ရဇ္ဇံ - သားကောင်အမျိုးမျိုး လွှမ်းမိုးနှိမ်နင်း ဘုရင်မင်း အဖြစ်သို့၊

ယာတော ၀ - ကိုယ်စွမ်းအရ မောက်ကြွအခြေ ရောက်ရလေဘိ သကဲ့သို့၊

(တထာ) – ထိုနည်းထားယူ အလားတူပင်၊

(တွံ) – သာသနာဝင် ဂန္ထဝင်၌ စံတင်ဖော်အပ် ဆရာတော် အရှင်မြတ်သည်၊

ဝိက္ကမာ - ဉာဏ်စွမ်းအပြည့် လုံ့လရှိလျက် ဗျတ္တိပြည့်လျဉ်း သတ္တိရှိခြင်း၊

သယံ - ဘယ်သူကမျှ မမြှောက်ရပဲ ဂုဏ်ကမြှင့်တင် အလိုအလျောက်ပင်၊

ဂုရုတံ - ဆရာ့ကိုယ်စား ကျမ်းဂန်များက တိုင်းကားနယ်ရွာ လှည့်လည်ကာဖြင့် နည်းနာညွှန်ပြ သင်နေကြ၍ ရဋ္ဌဂုရု မည်ပြုအပ်စွာ မြတ်ဆရာ အဖြစ်သို့၊

ယာတော - ဆရာ့သတ္တိ ထစွမ်းရှိလျက် တိုးတက်မောက်ကြွ အမြောက်လှသဖြင့် တောက်ပ အသရေ ရောက်ရပါပေတော့သည်ဘုရား။

၄။ ဂန္ထာ ဟိ တ၀ ယာဝဇ္ဇ၊
ဂရုကိစ္စကရာ ဇနေ။
ဗျာပေတု မေသ မာယောဂေါ၊
ကာတဗ္ဗော နော ကတညုဘိ။

(ဘန္တေ) – ဘုရားအကြိုက် အများလိုက်လျက် အားစိုက်ကြိုးစား ဆရာတော် အရှင်မြတ်ဘုရား၊

ဟိ - မြန်မာပြည်ထောင်စု ဂုရုအစစ် ဤအဖြစ်မှာ မှန်လှပါပေ၏၊

တ၀ - ဘုရားမုနိ တုမရှိမှာ ငါ၏ကိုးကွယ် ငါ့ကိုကယ်ဟု တကယ်မြင်လတ် ကျေးဇူးဆပ်လျက် မပြတ်ကြိုးစား ဆရာတော် အရှင်မြတ်ဘုရား၏၊

ဂန္ထာ - ဆရာမပါ ကိုယ်တည်းသာလျှင် သင်လိုပါက သင်၍ရအောင် စွမ်းဆောင်ဆင်သ အမြင်ရဖို့ တင်ပြဆန်းဟန် လမ်းအမှန်ကြား ကျမ်းဂန်အများတို့သည်၊

ယာဝဇ္ဇ - အသိအလိမ္မာ ပညာပေး၍ လိုအင်ဖြည့်လျက် မရွှေ့မပျက် ယနေ့ထက် တိုင်အောင်ပင်၊

ဇနေ - ပညာလိုလား တရားခင်သူ စင်ဖြူအကောင်း ရှင်လူအပေါင်း၌၊

ဂရုကိစ္စကရာ - ဆရာ့ကိစ္စ သင်အပြကို ကျနသေသပ် ပြီးစီးအောင် ပြုတတ်ပါပေကုန်၏၊

(တသ္မာ) – ကျမ်းဂန်များစွာနှင့် ရှင့်လက်ရာတို့ မြန်မာတစ်ခွင် ဆရာရှင်အလား သင်ကြားနေကြ သောကြောင့်ပင်၊

ဧသံ (ဂန္ထာနံ) – အနဂ္ဃမဏိ ကျောက်ကောင်းရှိက ရှုကြည့်မ၀ အားမရသို့ လှပတင့်တယ် အဆုံးခြယ်လျက် ကုံးသွယ်ပျိုးဖန် မျိုးမှန်ဆန်းပြား ဤအဖိုးတန် ကျမ်းအများတို့ကို၊

ဗျာပေတုံ - မပြတ်မလတ် အထပ်ထပ်လျှင် ရပ်တကာလယ် နယ်တကာချဉ်း ပြန့်နှံ့စေခြင်းငှာ၊

ကတညုဘိ - ကျမ်းဂန်များစွာ ရှင်ဆရာမှ ပညာရလျက် နှစ်သက်ကြည်နူး ပေးဘူးအရှိ ကျေးဇူး သိတတ်ကြကုန်သော၊

နော (အမှေဟိ) – ကျေးဇူးသိလတ် ကျေးဇူးဆပ်လေ တာဝန်ကျေလျက် ပြေလည်ကြရေး မြော်တွေးသိသူ တပည့်ရှင်လူတို့သည်၊

အာယောဂေါ - စိတ်ဓာတ်ဖြင့် တစ်ဆင့် ကိုယ်အားဖြင့် တစ်နည်း ပစ္စည်းဖြင့် တစ်ခန်း တတ်စွမ်းသလောက် ချီးမြှောက်အားတင်း ကြိုးစားခြင်းကို၊

ကာတဗ္ဗော နော - သာသနာပြု မဟာမှုမို့ သာဓု သာဓု သဒ္ဓါထုဖြင့် မူမလင့်စရာ ပြုသင့်ပါသည် ပြုရမည်သာ ဖြစ်ပါတော့သည်ဘုရား။

အရှင်ဝါသေဋ္ဌာဘိဝံသ
၁၃၄၁-ခု၊ ပြာသိုလကွယ်နေ့။
၁၉၈၀-ခု၊ ဇန်နဝါရီလ ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။

“ပဋ္ဌာန်းတရားတော် ဖတ်ကြား နာယူသူများ ကြိုတင်သိရှိရန် ဆရာတော်၏ ဆန္ဒတော်”

ယခု စာရှုသူ ဖတ်ကြား နာယူမည့် ပဋ္ဌာန်းတရားတော်သည် စာရှုသူ၏ ရှေ့သို့ ရောက်လာသည်မှာ လွယ်ကူလှသည် မဟုတ်ပါ၊ (၁၉၆၉) ၁၃၃၁-ခုနှစ် လောက်ကပင် ပဋ္ဌာန်း တရားတော်ကို ဟောပြော ချီးမြှင့်တော်မူသော တောင်မြို့ ဆရာတော်ဘုရားအား ယခင်က ဓမ္မစကြာ, အနတ္တလက္ခဏသုတ် တရားတော်များကို ဟောပြောတော် မူပြီးဖြစ်၍ ပဋ္ဌာန်းတရားတော်ကို သာသနာတော်၌ စိတ်ဝင်စား ကြည်ညိုကြသော ဗုဒ္ဓဘာသာဝင်များ ဗုဒ္ဓမြတ်စွာနှင့် သဗ္ဗညုတ ဉာဏ်ကို ကြည်ညိုနိုင်ရန် (ပဋ္ဌာန်းတရားတော်ကို) အချိန်ရ၍ အခွင့်သာသောအခါ ဟောပြော ပေးတော်မူပါရန် စတင် လျှောက်ထားခဲ့၍ တပည့် ဒကာရင်းများ ဆုံမိတိုင်းလည်း မကြာခဏ လျှောက်ထားခဲ့ရာမှ (၁၉၇၃-ခုနှစ် ဧပြီလ ၉-ရက်) ၁၃၃၄-ခု၊ နှောင်းတန်ခူးလဆန်း ၇-ရက်နေ့ တိုင်မှသာ ဟောပြောပေးနိုင်ရန် အခွင့်သာခဲ့ပါသည်၊ တရားဟောသော အခါလည်း ဥတု အလွန် ပြင်းထန်၍ ပူပြင်းလှသော အချိန်တွင် နံနက်ဩဝါဒပေးချိန် အရုဏ်ဆွမ်း ကပ်ပြီး အေးချမ်းဆဲ အချိန်တွင်မှာသာ ဟောကြားတော်မူနိုင်ခဲ့ရာ ဆရာတော် သည် ရက်ပေါင်း ၁၇-ရက်မျှ အလွန် ပင်ပန်းခံတော် မူခဲ့ရပါသည်။

ထိုကဲ့သို့ အလွန် ပင်ပန်းခံတော်မူလျက် ဟောကြားတော် မူခဲ့သည့် ရည်ရွယ်ချက်ကို ဆရာတော် ကိုယ်တိုင် ရေးသားထားသော အောက်ပါ မျှော်လင့်ချက် စာတမ်းကို ကြည့်ရှု၍ စာဖတ်သူများ ကြိုတင်ပြီး ဆရာတော်၏ ဆန္ဒတော်ကို သိရှိထားစေလိုပါသည်။

သို့မှသာ ဆရာတော်သည် အလွန်နက်နဲ၍ လူသာမန်တို့ သိနိုင်ခဲသော ပဋ္ဌာန်း တရားတော်ကြီး ကို လူအများ သိရှိနိုင်အောင် ဘာ့ကြောင့် ဤမျှ အပင်ပန်းခံ၍ ဟောသည်ကို သဘောပေါက်ကြ ပါလိမ့်မည်။

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏
သာသနာရေးမျှော်လင့်ချက်

အရေးကြီးသော သိဖွယ်များ

အလွန် ကြုံကြိုက်ခဲလှစွာသော ဤ ဗုဒ္ဓသာသနာတော်သည် ယနေ့တိုင်အောင်ပင် ဘုန်းကြီးနှင့် တကွ ဘာသာဝင် လူအပေါင်းအား လမ်းကောင်းကို ညွှန်ပြလျက် ရှိပါပေသေး၏၊ မှန်၏ - ယခုအချိန်၌ ဤသာသနာတော်ကြီး ကွယ်ပပြီး ဖြစ်နေပါလျှင် ဤစာရေးသူ ဘုန်းကြီးသည်ပင် ဩကာသလောက ဘုံဌာနအတွက် မျက်မြင်လူ့လောကလောက်ကိုသာ သိနိုင်ပေလိမ့်မည်၊ ငရဲဘုံ, ပြိတ္တာတို့၏ ဌာနနှင့် နတ်ဘုံ ဗြဟ္မာ့ဘုံများကို (ရှိသေး၏ဟုမျှ) သိနိုင်မည် မဟုတ်ပါ။

သတ္တလောက အတွက်လည်း လူနှင့် မျက်မြင် တိရစ္ဆာန်များကိုသာ သိနိုင် ရ၏၊ ငရဲကောင်, ပြိတ္တာကောင်နှင့် နတ်ဗြဟ္မာများကို မသိနိုင်ရာ၊ သိနိုင်သမျှ လူနှင့် တိရစ္ဆာန်ကိုလည်း တကယ်ပင် အကောင်အထည် ထင်မှတ်၍ အတွင်းက ခြယ်လှယ်တတ်သော အသက်ကောင် (အတ္တ) ရှိသေး၏ဟု ယူဆနေရာ၏၊ ရုပ်နှင့်နာမ် ပေါင်းစပ်၍ လူဟု ခေါ်ဝေါ်အပ်သော ပညတ်မျှသာ ဖြစ်ကြောင်း အတွင်း၌ အတ္တမရှိကြောင်းကို သိနိုင်မည် မဟုတ်ရာ၊ ထိုရုပ်နာမ်တို့လည်း အဝိဇ္ဇာနှင့် တဏှာ (မသိမှုနှင့် လိုချင်မှု) ဤ နှစ်ခု အရင်းခံ၍ ကံဟူသော သင်္ခါရ၏ စီမံမှုကြောင့် ဖြစ်ရကြောင်း, ထို အဝိဇ္ဇာနှင့်တဏှာ ကုန်ခန်း၍ ရဟန္တာ မဖြစ်သေးသမျှ ရုပ်နာမ်အစဉ် ဟူသော သံသရာသည် အမြဲလည်နေမည်သာ ဖြစ်ကြောင်း, ထိုရုပ် ထိုနာမ် သံသရာ ပြတ်၍ နိဗ္ဗာနဓာတ် ရောက်ဖို့ရာ မဂ္ဂင်ရှစ်ပါး တရား အမှန်ရှိသေးကြောင်း များကိုလည်း သိနိုင်တော့မည် မဟုတ်ပါ။

မသိရလျှင် အပြစ်

ထိုသို့ သိဖွယ်ဟူသမျှကို မသိနိုင်လျှင် ဘုန်းကြီးသည် "နောက်ဘဝ ရှိသေး၏" ဟုမျှ မယူဆ တော့ဘဲ ဤဘဝ အတွက်သာကြည့်၍ "ကိုယ်ကျိုးရှိမည်" ထင်လျှင် မည်သည့် မတရားမှု မဆို ပြုမိတော့ ရာ၏၊ ထိုသို့ ပြုမိလျှင် ဘုန်းကြီးသည် ငရဲကောင်, ပြိတ္တာကောင်, တိရစ္ဆာန်ကောင် အဖြစ်ဖြင့် ဒုက္ခမျိုးစုံ ခံစားကာ သံသရာ ဝဋ်ထဲမှ မလွတ်ဘဲ နေတော့လတ္တံ့။

သိရ၍ အကျိုးရပုံ

ယခုသော်ကား လပေါင်းများစွာ ရွတ်ဖတ်၍ သံဂါယနာ တင်အပ်ပါသော်လည်း အကျယ်ချဲ့လျှင် မကုန်နိုင်သေးအောင် မြားမြောင်လှစွာ ပရိယတ္တိ သာသနာတော် တည်ရှိနေသေးသောကြောင့် ထို သိဖွယ်ဟူသမျှကို ကြောင်းကျိုး စုံလင်စွာ သိမြင်ရပါသည်။

ထိုသို့ သိမြင်ရခြင်းကြောင့် မကောင်းမှု ဒုစရိုက်များကိုလည်း စွမ်းနိုင်သမျှ ရှောင်ရှားနိုင်၏၊ ကောင်းမှု ပါရမီများကိုလည်း ထက်သန်စွာ ဖြည့်ဆည်းပူးနိုင်၏၊ "လောက၌ ချမ်းသာသုခ ဟူသမျှသည် နောက်က ထပ်ကြပ် ဒုက္ခကပ်၍ ပါနေ၏" ဟု နှစ်နှစ်ကာကာ နားလည် နေရကား မည်သည့် စည်းစိမ်ကိုမျှ အထင်မကြီးပဲ ဖြစ်ပြန်ပျက်ပြန် လောကဓံကို ခံနိုင်သော အရည်အချင်း ရရှိပါသည်။

ရှေးက ကိုးကွယ်ကြပုံ

ဤသာသနာတော်သည် ဘုန်းကြီးအတွက် ဒုက္ခဖြစ်ကြောင်းကို ပယ်ချ၍ သုခရောက်ကြောင်း လမ်းကောင်း လမ်းမှန်ကို ညွှန်ပြပေးရကား ဘုန်းကြီး၏ အားထား ကိုးကွယ်ရာ ဖြစ်သကဲ့သို့ သက်ဝင် ယုံကြည်သူ လူအများ၏ အားထား ကိုးကွယ်ရာလည်း ဖြစ်ပါပေသည်၊ တိုသို့ ကိုးကွယ်စရာ ကောင်းပါလျက် ယခုအခါ အချို့သူတို့ အမြင်အားဖြင့် အထင်မကြီး နိုင်သည်မှာ အစစ်အမှန် သာသနာရေးကို မသိဘဲ အပြင်ဘမ်းပြ မလှပသော သာသနာရေးကိစ္စ တချို့ကိုသာ ကြည့်၍ ဝေဖန်မိခြင်းကြောင့်သာ ဖြစ်ပါလိမ့်မည်၊ ထိုသူတို့လည်း အစစ်အမှန်ကို ဧကန်သိရပါလျှင် ဤ သာသနာတော်ကို သက်ဝင် ယုံကြည်ကြမည်သာ။

မှန်၏, ဗုဒ္ဓမြတ်စွာ လက်ထက်တော်၌ အနေအထိုင် အပြောအဆိုမှစ၍ အပြင်ဘမ်းပြကလည်း လှပ, အတွင်း ကြည့်ပြန်လျှင်လည်း အစစ်အမှန် တရားကောင်းကို သိကြရသောကြောင့် ဗိမ္ဗိသာရ မဟာရာဇာ စသော အထက်တန်း မင်းများနှင့် ဗြဟ္မာယုပါမောက္ခ, ပေါက္ခရသာတိ ဘုရင်ခံ စသော ပညာရှိ ဗြာဟ္မဏတို့အပြင် သီဟစစ်ဗိုလ်ကြီး, အနာထပိဏ်သူဌေး စသော ထိပ်တန်း လူကြီး လူကောင်းတို့သည် ဤ ဘုရားသာသနာတော်ကိုသာ အသက်ပေး၍ လေးလေး မြတ်မြတ် ဆည်းကပ် ကိုးကွယ်ခဲ့ကြပါသည်။

သာသနာ ကွယ်ရမည်သာ

ထိုခေတ်မှ နောက်၌ ဓမ္မာသောက,ဒေဝါနံပိယတိဿ စသော မဟာရာဇာ တို့အပြင် အနော်ရထာမင်း - စသော မြန်မာမင်း အဆက်ဆက်တို့ လေးလေး နက်နက် သာသနာပြုခဲ့ ကြသည်မှာလည်း သာသနာတော်၏ အရသာကို အမှန်အတိုင်း သိကြသောကြောင့်သာ ဖြစ်ပါလိမ့်မည်၊ ထို့ကြောင့် ဤ သာသနာတော်သည် ယခုအချိန်တိုင်အောင် ဗုဒ္ဓဘာသာဝင် လူရှင်အများ၏ စီးပွားချမ်းသာကို ဆောင်လျက် ရှိပါသေးသည်၊ ထိုမျှလောက် လူအများ၏ စီးပွားချမ်းသာကို ဆောင်နိုင်သော သာသနာတော်သည် ဓာတုပရိနိဗ္ဗာန် စံရမည့် အချိန်ကျလျှင် ဧကန် ကွယ်ပရချေတော့မည်။

တဖြည်းဖြည်း
အားနည်းပြီးမှ ကွယ်

ထိုသို့ ကွယ်ပရာ၌ "သာသနာ ငါးထောင် ပြည့်သောကြောင့်လော၊ သို့မဟုတ် အခြားအကြောင်း ကြောင့်လော" ဟု တွေးတော စဉ်းစားဖွယ် ရှိ၏၊ ငါးထောင် ပြည့်သောကြောင့် ဖြစ်စေ, အခြား အကြောင်းကြောင့် ဖြစ်စေ (ပြခဲ့သော ဓာတုပရိနိဗ္ဗာန် စံရပုံကို ထောက်လျှင်) ကိုးကွယ်မည့်သူ ထိန်းသိမ်း စောင့်ရှောက်မည့်သူ မရှိသောကြောင့် ကွယ်ပ ရမည်မှာကား အသေအချာပင် ဖြစ်ချေသည်၊ ကိုးကွယ်မည့်သူ မရှိခြင်းမှာလည်း ရုတ်တရက် တစ်ပြိုင်နက် မရှိခြင်းမျိုး မဟုတ်ဘဲ တဖြည်းဖြည်း အားနည်းရာမှ နောက်ဆုံး၌ ကိုးကွယ်မည့်သူများ ကွယ်ပျောက် သွားခြင်း ဖြစ်လိမ့်မည်၊ ဥပမာ - လူသည် အို၍ နာ၍ တဖြည်းဖြည်း အားနည်းပြီးမှ သေပျောက်သွားရ သကဲ့တည်း။

သာသနာ အားနည်းခြင်း၏
အကြောင်းများ

ထို့ကြောင့် သာသနာတော် အားနည်းရခြင်း၏ အကြောင်းများကို လက်တွေ့အားဖြင့် စဉ်းစားရ ပေလိမ့်မည်၊ ထိုသို့ စဉ်းစားသောအခါ အဝေးကို လှမ်း၍ မစဉ်းစားဘဲ မိမိတို့နေရာ မြို့ရွာဒေသကို စဉ်းစားရုံမျှဖြင့် သဘာဝကျကျ သိနိုင်ပါလိမ့်မည်၊ မှန်၏ - သမုဒ္ဒရာရေ၏ အရသာကို သိလိုလျှင် မိမိမျက်မြင် သမုဒ္ဒရာရေကို သောက်ကြည့်က သမုဒ္ဒရာ တစ်စင်းလုံး ငန်သော အရသာကို သိနိုင်သကဲ့တည်း၊ ထို့ကြောင့် မိမိနေရာ၌ သာသနာတော် အားနည်းရခြင်း၏ အကြောင်းများကို စဉ်းစားသောအခါ အောက်ပါ အကြောင်းများကို တွေ့ရပေလိမ့်မည်။

(က) သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ်များ၏ ဝန်ဆောင်ပုံ အားနည်းမှု။
(ခ) ကိုးကွယ်သူတို့အား လိမ္မာယဉ်ကျေးအောင် မသင်ပြ မဟောပြောနိုင်မှု။
(ဂ) သာသနာကိစ္စ၌ အတုအယောင်တွေ ပေါများမှု။
(ဃ) တိုင်းသူပြည်သားတို့ စီပွားရေး ကြပ်တည်းမှုနှင့် အပျော်အပါး အားကြီးမှု။
(င) စစ်ဘေး စစ်ဒဏ် ခံရမှု။

သာသနာ့တာဝန် နှစ်မျိုး

ချဲ့ပါဦးမည်၊ သာသနာတွင်း၌ ဂန္ထဓုရ (ကျမ်းစာ သင်ယူပို့ချ ဟောပြ ရေးသားမှုတာဝန်) ဝိပဿနာဓုရ (ကမ္မဋ္ဌာန်းရှုမှုတာဝန်) ဤသို့ တာဝန်နှစ်မျိုး ရှိသည်၊ ရဟန်းတော်များသည် ထိုတာဝန်ကို ဆောင်ရသော ဝန်ဆောင် ပုဂ္ဂိုလ်များ ဖြစ်ကြ၏၊ ဤတာဝန် နှစ်မျိုးကို တိုက်ရိုက်ဖြစ်စေ, သွယ်ဝိုက် ၍ဖြစ်စေ ဆောင်နေမှသာ "သာသနာ့ဝန်ဆောင်" ဟု ဆိုနိုင်၏၊ ထိုသို့ မဆောင်နိုင်သူကား သင်္ကန်း ဝတ်ထားသော်လည်း ကိုးကွယ် သူတို့မှာ ထိုပုဂ္ဂိုလ် များအတွက် ပစ္စည်းလေးပါး ထောက်ပင့်ရမှု တာဝန် ပိုနေသောကြောင့် သာသနာ့ဝန်စီးသာ ဖြစ်သည်ဟု ဆရာတို့ မိန့်တော် မူကြ၏၊ ထိုသို့ သာသနာ့ဝန်စီး များလေ သာသနာ အားနည်းလေ ဖြစ်၍ သာသနာ့ဝန်ဆောင် များမှ သာသနာတော် အားရှိမည်ကား အထူးစဉ်းစားဖွယ် မလိုတော့ပါ။

အိန္ဒိယမှ ပြောင်းခဲ့ရပုံ

ထို့ပြင်ရှေးရှေးခေတ်က သာသနာ့ဝန်ကို ဆောင်ကြသည်မှာ ဝိပဿနာ တာဝန်ဆောင်တို့က မဂ်ဖိုလ် ရရုံသာမက ဈာန်အဘိညာဉ် ကိုလည်း ရကြသဖြင့် ကာလ အားလျော်စွာ ကိုးကွယ် သူများ၏စိတ်ကို အားရနှစ်သိမ့် စေနိုင်ခဲ့ကြ၏၊ အိန္ဒိယနိုင်ငံသည် သာသနာတော်၏ မူလဌာနကြီး ဖြစ်၏၊ ထို အိန္ဒိယ၌ ဗြာဟ္မဏတို့သည် အလွန်အားရှိ၍ သူတို့ကိုယ်တိုင် ဆရာလုပ်နေကြ၏၊ ဘုရားလက်ထက်တော်၌ ဗုဒ္ဓသာသနာကို တချို့ ဗြာဟ္မဏတို့က ပြိုင်ကြသေး၏၊ သို့သော် ဓမ္မာသောကမင်းများ၏ ခေတ်ကောင်းချိန် တိုင်အောင် မနိုင်ခဲ့ကြပါ၊

နောက်၌ကား သာသနာဝင် ပုဂ္ဂိုလ်များဖက်က တန်ခိုးနည်းပါး လာသည့်အပြင် သူတို့ထက် လူဝတ်ကြောင်များက လိမ္မာယဉ်ကျေးအောင် ဝေဒကျမ်းတို့ကို သင်ပြ၍ ရသေ့တို့ကလည်း မန္တန် အစွမ်းဖြင့် တန်ခိုးပြကာ လူအများ အပေါ်၌ အထင်ကြီး စေနိုင်ကြသောကြောင့် သာသနာ့ ဝန်ဆောင် ပုဂ္ဂိုလ်များ တဖြည်းဖြည်း အားနည်းသည်ထက် နည်းကာ သီဟိုဠ်စသော နိုင်ငံငယ် များသို့ ပြောင်းရွှေ့ခဲ့ ကြရဟန် တူပါသည်၊ ဤအချက်ကား ပြည်ထောင်စု မြန်မာနိုင်ငံတော်၌ သာသနာဝင် ပုဂ္ဂိုလ်များ အခြေအနေကို ကြည့်၍ လည်းကောင်း, ဘာသာခြားစာပေ သင်ကြား သူတို့ အားရှိ နေပုံကို ကြည့်၍ လည်းကောင်း မစဉ်းစားပဲ မနေထိုက်သော အကြောင်းတစ်ရပ် ဖြစ်ပါသည်။

ကိုးကွယ်သူ အကျိုးမရလျှင်

ထို့ပြင် ကိုးကွယ်သူ လူတို့အား လိမ္မာယဉ်ကျေးအောင် မဟောပြနိုင်မှုလည်း သာသနာတော် အားနည်းဖို့ရာ ကြီးစွာသော အကြောင်းတစ်ခု ဖြစ်ပါသည်၊ မှန်၏ သာသနာဝင် ပုဂ္ဂိုလ်များသည် လူဝတ်ကြောင်များ၏ ပစ္စည်းလေးပါးကို မှီ၍ သာသနာ့ဝန်ကို ဆောင်ကြရ၏၊ လူဝတ်ကြောင် များကလည်း ဝန်ဆောင်ပုဂ္ဂိုလ်တို့၏ ဝန်ဆောင်ပုံကို အားရကျေနပ်မှသာ သူတို့ချွေးနဲစာကို ခွဲဝေ၍ လှူဒါန်းလိုကြပေမည်၊ ကျေနပ်ဖွယ် အကြောင်း များမှာလည်း နေပုံထိုင်ပုံကို ကြည်ညို ကျေနပ်ခြင်း, သူတို့အား လိမ္မာ ယဉ်ကျေးအောင် သွန်သင်ပြသ၍ ဤဘဝ နောက်ဘဝအတွက် ကောင်းကျိုး ချမ်းသာကို ရစေခြင်း, သူတို့၏ ကလေးများကို တတ်သိလိမ္မာ စေခြင်းများ ဖြစ်၏၊ ရှေးရှေး မြန်မာ မင်းများ လက်ထက်က ဤအချက်များ အပြည့်အစုံ ရရှိကြ၍သာ ဤသာသနာကို လေးစားကြည်ညို ကိုးကွယ်ခဲ့ကြခြင်း ဖြစ်သည်။

ရှင်ဘုရင်လည်း
ဘုန်းကြီးကျောင်းသား

ဆက်ပါဦးမည်၊ ဤမြန်မာနိုင်ငံဝယ် အနော်ရထာမင်း လက်ထက်မှစ၍ တိုင်းသူပြည်သားနှင့် သာသနာတော်သည် လွန်စွာ နေသားကျ၍ ပဏာရခဲ့လှပေ၏၊ သံဃာတော် ဖက်ကလည်း လိမ္မာ ယဉ်ကျေးအောင် ဟောညွှန်သင်ပြနိုင်သဖြင့် တိုင်းပြည်၏ ယဉ်ကျေးမှု အဆင့်အတန်းသည် အမှန်ပင် တိုးတက်ခဲ့ပေ၏၊ တိုင်းသူပြည်သား တို့ကလည်း ကျေးဇူးတင်လှသဖြင့် သာသနာတော် ကို အားကိုး တစ်ခုပြုကာ လေးဖြာသော ပစ္စည်းကို အသီးသီး ထောက်ပံ့ခဲ့ကြ၏၊ ထိုကဲ့သို့ အညမည ပစ္စည်း တပ်၍ အထပ်ထပ် ကျေးဇူးပြုခဲ့ကြသည်မှာ မြန်မာမင်းများ၏ နောက်ဆုံးအချိန် ကျအောင်ပင် ဆရာလုပ်သူလည်း ဘုန်းတော်ကြီး, ရှင်ဘုရင် လုပ်သူလည်း ဘုန်းကြီးကျောင်းသားပင် ဖြစ်ခဲ့ ပါသည်။

ဗုဒ္ဓသာသနာ့
တက္ကသိုလ်ကြီး ရှိလျှင်

ထို့နောက် စစ်ဘေး စစ်ဒဏ်ကြောင့် နိုင်ငံသည် မရှုမလှ လက်အောက်ခံ ဘဝသို့ ကျရောက် ရတော့၏၊ ထိုသို့ ရောက်ရစေကာမူ ထိုခေတ်က ဘုန်းတော်ကြီးများနှင့် လူကြီးလူကောင်း တို့သည် သာသနာတော်၏ အရှိန်အဝါ ဩဇာမသေးအောင် စီမံနိုင်ခဲ့ပါလျှင် (ထိုအချိန်က ထွန်းကားလာသော သိပ္ပဝိဇ္ဇာတွင် အပြစ်ကင်းသည့်ဖက်ကို ဘုန်းတော်ကြီးများလက်မှ မလွတ် ရအောင် ရှေ့က အားလုံး လက်ခံပြီးဖြစ်သော "နော ဧက+နော" စသည်ကို "ကိုးတစ်လီ+ကိုး" စသည်ဖြင့် ပြုပြင်၍ ရှေးရိုးအတိုင်း အထောက်အပံ့ကိုလည်း လက်မခံကြဘဲ သင်ပြခဲ့ကြပြီးလျှင် နောက်၌လည်း ခေတ်အလိုက် တိုးကာတိုးကာ သင်ပြနိုင်မည် ဆိုပါမူ) ယခုလို လွတ်လပ်ပြီးသော အချိန်မှာ အခြေခံကျောင်းသား များနှင့်တကွ ပညာစုံ ပို့ချနိုင်သော ဗုဒ္ဓသာသနာ့ တက္ကသိုလ်ကြီး မားမား မတ်မတ် တည်ရှိပြီး ဖြစ်နေရာ၏။

ယခု အခြေအနေ

ထိုသို့ တည်ရှိပြီး ဖြစ်နေလျှင် ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် ဗုဒ္ဓမြတ်စွာ သာသနာတော်သည် အတိုင်းထက် အလွန် တံခွန်နှင့်ဘုရား ကဲ့သို့ ကမ္ဘာမှာ ကြွားနိုင်လောက်အောင် ကျက်သရေကို ဆောင်လျက်ရှိရာသည် မဟုတ်ပါလော၊ ယခုသော်ကား ဖြစ်နိုင်လောက်သော အကောင်းအစုကို မစီမံနိုင်ခဲ့မှုကြောင့် သမ္မတ (သမတ) လုပ်သူလည်း ဘုန်းကြီးကျေင်းသား မဟုတ်၊ ဝန်ကြီးချုပ် စသူများလည်း ၎င်းနည်းသာ၊ တစ်တိုင်းပြည်လုံး လိုလိုပင် လူကြီး လူကောင်း ဆိုသူတို့၏ သားသမီးတွေကား … (ဘုရား … ဘုရား … ဘုရား) ဟု ငြီးတွားဖို့သာ ကောင်းပါတော့သည်၊ ထိုသို့ ဖြစ်နေရသည့် အတွက်လည်း အပြစ်မတင်သာပါ၊ လောလောဆယ် အသက်မွေးဝမ်းကျောင်း အတွက် ဤနည်း အတိုင်းပင် သင်ကြရှာပေလိမ့်မည်၊ ထိုသို့ သင်ကြသည့် အတွက် ကြောင့်ပင် ယခုအခါ များစွာသော ဘုန်းတော်ကြီးကျောင်းတွေမှာ ပြောပလောက်အောင် ကျောင်းသားများ ရှိကြသေးရဲ့လား (ဘယ်သူမပြု မိမိမှုပဲနော်။)

ရှေးကလိုဆိုလျှင် မတိုက်တွန်း

ဆက်ပါဦးမည်၊ ရဟန်းတော်များသည် အလွန် ရှေးခေတ်ကကဲ့သို့ မဂ်ဖိုလ်ရအောင် ဝိပဿနာ ဓုရကို သဲသဲမဲမဲ ကြိုးစားနေကြပါလျှင် လည်းကောင်း, ပိဋကတ်တော်ကိုချည်း အားရပါးရ ကြိုးစားနေကြ ပါလျှင် လည်းကောင်း, ရှေးခေတ်ကလို မသင်ပြဘဲ လွတ်လွတ် နေခဲ့ကြပါလျှင် လည်းကောင်း ကလေးတို့အား လောကီ သိပ္ပ ဝိဇ္ဇာ သင်ပြပေးကြဖို့ရန် အမှန်ပင် မတိုက်တွန်း လိုပါ၊ ယခုသော်ကား မြန်မာနိုင်ငံတော်ဝယ် ရှေးခေတ်ကစ၍ ယခုတိုင်အောင် ကလေးများကို ရဟန်းတော်များက သင်ပြနေ ကြပါလျက် သင်ပြရင်း သင်ပြရင်းက သင်ပြမှု အားမရ၍ လက်လွတ် ဖြစ်ကြရတော့မည်ကို (လက်လွတ်ဖြစ်ရုံမက သာသနာတော်လည်း အားနည်းနေပုံကို) မြင်ရသော ကြောင့်သာ ဤကဲ့သို့ အနဝဇ္ဇ သိပ္ပ ဝိဇ္ဇာကို ကိုယ့်ဆိုင်ရာဒေသ၌ မြိုင်မြိုင်ဆိုင်ဆိုင် သင်ပြနိုင် ဖို့ရန် တိုက်တွန်းလိုပါသည်။

ဘုန်းကြီးကျောင်းသား မရှိလျှင်

ဘုန်းတော်ကြီးများ၏ ကျောင်းမှာ ကျောင်းသား မရှိလျှင် ကိုရင် သာမဏေလည်း မရှိနိုင်၊ ကိုရင်သာမဏေ မရှိလျှင် ရဟန်းတော်လည်း မရှိနိုင်၊ ဤနည်းအားဖြင့် မြန်မာနိုင်ငံ သာသနာတော် အတွက် ဝန်ထမ်းနိုင်မည့် ပုဂ္ဂိုလ်များ မကြာမီ (အဆက်မပြတ်သေး စေကာမူ) အားနည်းဖို့ကား အလွန် သေချာပြီ မဟုတ်ပါလော၊ ဤအချက်ကို ဂရုမပြု လျစ်လျူ ရှုလိုက်ကြပါလျှင် ယခုအခါ ထင်ရှားသော ဆရာတော်များ၏ တာဝန်သာလျှင် လုံးလုံး ဖြစ်ရစ်ပါလိမ့်မည်၊ မှန်၏၊ ယခုအခါ မကောင်းကျိုး ရနေသမျှသည် ရှေးရှေး ပုဂ္ဂိုလ်များ၏ တာဝန်ဖြစ်သကဲ့သို့ အနာဂတ်မကောင်းကျိုး ကိုလည်း ယခု ပုဂ္ဂိုလ်များကြောင့် ဟုပင် ဆိုရစ်ပါလိမ့်မည်၊ ဤကား သာသနာ အားနည်းရခြင်း၏ အကြောင်း တစ်မျိုးပါတည်း။

အတုအယောင်
များကြောင့် တစ်မှောင့်

သာသနာရေး ကိစ္စများ၌ အတုအယောင်တွေ ပေါများလာခြင်းလည်း သာသနာတော်ကို အထင်သေးဖွယ်ရာ, သာသနာ ဆုတ်ယုတ်ခြင်း၏ အကြောင်းတစ်မျိုးဖြစ်၏၊ မှန်၏ - အလှူဒါန ပြုရာ၌ ဒါနစစ်စစ် ပါရမီဖြစ်အောင် မပြုဘဲ ဂုဏ်ပကာသနကို ပဓာနထား၍ပြုခြင်း, ဥပုသ်သီလ ဆောက် တည်ရာ၌ စိတ်စင်ကြယ်အောင် မဆောက်တည်ဘဲ အပျာ်အပါးနှင့် သူများ ယောင်၍ ယောင်ခြင်း, ယခုအခါ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းရာ၌လည်း အတုအယောင်တွေ အတော်ပေါများ နေဟန် တူခြင်း၊ ဘုရားပွဲစသော သာသနာရေး ကိစ္စ၌ ဘုရား တရားတော်နှင့် မညီသော အပျော်အပါး ပွဲလမ်းသဘင်တွေ ပါဝင်နေ၍ အစစ်အမှန် ပူဇော်မှု စသည်ကိုကား ဝတ်ကျေ တမ်းကျေ ပြုခြင်း, ရဟန်းသာမဏေ ပြုလုပ်ရာ၌လည်း ဘာမျှ နားမလည်ဘဲ မိရိုးဖလာ ပြုကြခြင်း စသည်တို့သည် အတုအယောင်တွေချည်းသာ။

ထို အတုအယောင်ကို ကြည့်၍လည်း ဘာသာခြားနှင့် ဘာသာခြားစာပေကိုသာ သင်ယူခဲ့ကြသော နောင်လာ နောက်သားတို့က "သူတို့ အလှူဒါနက ဒီလိုတဲ့လား၊ ဒီလို စားသောက် ပျော်ပါး၍ ညစာ မစားရတာကို ဥပုသ်စောင့်တာ ဆိုပဲ၊ ဘုရားပူဇော်ပွဲ ဆိုတာ ဒီလို ဇာတ် ရုပ်သေးတွေနဲ့ ပူဇော်ကြရဆိုကိုး၊ ကမ္မဋ္ဌာန်း ပေါက်တယ်လို့လဲ ဆိုသေး၊ ပြီးတော့ " ဤသို့ စသည်ဖြင့် သာသနာ တော်ကိုပါ အထင်အမြင် သေးကြပါတော့မည်၊ ဤသို့ အထင်သေးခံရခြင်းသည် သာသနာတော် အားနည်းဖို့ အကြောင်းတစ်မျိုး ဖြစ်တော့၏။

စီးပွားနှင့် ကိုယ်ကျင့်ပျက်မှု

အခြား အကြောင်းများလည်း ရှိပါသေး၏၊ ထိုအကြောင်းများကား ကိုးကွယ်သူများ၏ စီးပွား ဆုတ်ယုတ်မှုနှင့် အပျော်အပါးမှု ပင်တည်း၊ မှန်၏၊ ကိုးကွယ်သူများ စီးပွားရေး ဆုတ်ယုတ်လျှင် "အုူမ မတောင့်၍ သီလ မစောင့်နိုင်ရုံသာမက ဒါနလည်း မပြုနိုင်ကြချေ၊" ကျေးရွာများ၌ ယခုနှစ် မိုးမကောင်းလျှင် အလှူဒါန ဆုတ်ယုတ်ပုံကို လည်းကောင်း, မြို့ပြတို့၌လည်း အရောင်းအဝယ် မကောင်းလျှင် ဆွမ်းအခက်အခဲ တွေ့ရပုံကို လည်းကောင်း လက်တွေ့ မြင်နိုင်ပါသည်၊ ယခုအခါ စီးပွားရေးအတွက် အများ၏ ငြီးတွားသံကို ကြားနေရ၏၊ ဝတ်မှုစားမှု အတုအပ အပျော်အပါး တွေကလည်း များသည်ထက် များလာ၏၊ သူတို့ ရှာဖွေ၍ ရသော စီးပွားလည်း "ကုလား ခပ်တဲ့ရေ, ကုလား ဆေးဖို့တောင် မလောက်သလို ဖြစ်နေတော့၏၊" ဤအတိုင်းသွားလျှင် အနာဂတ် ကာလ၌ ပစ္စည်းလေးပါးနှင့် စပ်၍ ကျောင်း ဘုရား သံဃာ အားလုံးပင် ခြောက်ကပ်ကပ် ဖြစ်သွားဖွယ် ရှိလေသည်

စစ်ဘေးဒဏ်

သာသနာ ဆုတ်ယုတ်မှုနှင့်စပ်၍ အလွန် ကြောက်မက်ဖွယ် ဘေးကြီး တစ်ရပ်လည်း ရှိသေး၏၊ ထိုဘေးကြီးကား တိုင်းပြည်တိုင်းက ကြောက်ရွံ့နေကြရသော ပြည်တွင်း ပြည်ပ စစ်ဘေးကြီး တည်း၊ ထိုစစ်ဘေး စစ်ဒဏ် ခံရပြန်လျှင် သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ်များ၏ သီလ သိက္ခာ ထိန်းသိမ်းမှုလည်း လျော့သွား၏၊ ဂန္ထဓုရ တာဝန်ကိုလည်း ကောင်းစွာ မဆောင်နိုင်ကြ၊ လွန်ခဲ့သော ဒုတိယကမ္ဘာစစ် အတွင်းက ဤနိုင်ငံတော် သာသနာ၏ အခြေအနေကို ပြန်သုံးသပ်ကြပါလေ။

ထိုသို့ စစ်ဖြစ်ရာ၌ ဗုဒ္ဓဘာသာ မဟုတ်သူတို့သာ နိုင်ငံကို လွှမ်းမိုးသွားပါလျှင် ဗုဒ္ဓမြတ်စွာ၏ သာသနာတော်ကို သွယ်ဝိုက်သော နည်းအားဖြင့် ဖြစ်စေ, တိုက်ရိုက်အားဖြင့် ဖြစ်စေ ဖိစီး နှိပ်စက် တတ်လေသည်၊ (အချို့နိုင်ငံများ၌ ဤနည်းအားဖြင့် ဗုဒ္ဓသာသနာ ကွယ်ခဲ့ရပုံကို ကမ္ဘာ့ရာဇဝင် လေ့လာကြည့်ပါ။)

သိုဟန်ဘွားခေတ်

ဤ မြန်မာနိုင်ငံ၌ပင် သိုဟန်ဘွားဆိုသူ အုပ်စိုးခိုက်နှင့် ကြုံစဉ်က ကျမ်းတတ်ဆရာတော် အများပင် အသတ်ခံရသည်ဟု ရာဇဝင် ဆိုတတတ်၊ ထိုအချိန်က မြန်မာသွေးစစ် ဗုဒ္ဓဘာသာဝင် ဖြစ်သော မင်းကြီးရန်နောင်နှင့် အပေါင်းပါ မှူးမတ်တို့ မကယ်တင်နိုင်ခဲ့ပါလျှင် ဤ သာသနာတော်သည် ထို အချိန်ကပင် တိုင်းတစ်ပါးသို့ ပြောင်းသွား လောက်ရာလေပြီ၊ မှန်၏ - များစွာသော တိုင်းသူ ပြည်သား တို့သည် ခေါင်းဆောင်နိုင်မည့် သူရဲကောင်း မပေါ်လာလျှင် အုပ်ချုပ်သူတို့ အလို အတိုင်းသာ နေဝံ့ ထိုင်ဝံ့ကြရှာလေသည်။

ဝန်ဆောင်သံဃာ များများလို

ယခုအခါ တစ်ကမ္ဘာလုံး စိတ်မအေးရသော ထိုစစ်ဘေးကြောင့် အေးအေး ချမ်းချမ်း နေနိုင်မည့် နည်းလမ်းကောင်းကို ရှာနေကြသော အချိန်ဖြစ်၍ လည်းကောင်း, ဗုဒ္ဓဘာသာ နိုင်ငံများက သာသနာ တစ်ဝက် အချိန်အခါဝယ် သံဂါယနာတင်ခြင်း စသည်ဖြင့် ထထကြွကြွ ရှိကြ၍ လည်းကောင်း အနာဂတ်အခါ၌ ထိုထိုနိုင်ငံဝယ် ဗုဒ္ဓဘာသာဝင် လူအရေအတွက် များလာဖို့ရန် လမ်းရှိ၏၊ သို့သော်လည်း သာသနာ့တာဝန်ကို ထမ်းဆောင်နိုင်မည့် သူတော်ကောင်း ရဟန်းတော် များကား များကောင်းမှ များနိုင်ပေတော့မည်၊ ဘာ့ကြောင့်နည်း နိုင်ငံအားလုံးမှာပင် ကိုယ်ကျင့် ပျက်ပြားမှုက သောင်းကျန်းလျက်ရှိရာ ထိုကိုယ်ကျင့် ပျက်ပြားမှုသည် ရဟန်းတော် များ၏ စိတ်ဓာတ်ကို တစ်နည်းအားဖြင့် ကူးစက်လာမည်သာ ဖြစ်သောကြောင့်တည်း၊ ထို့ကြောင့် ဝန်ဆောင်ပုဂ္ဂိုလ် များများ ထွန်းကားလာဖို့အရေးကား အနာဂတ်အတွက် မျှော်လင့်ဖို့ ဝေးလှ သေးသည်။

ရဟန်းတော်များသာ ဝန်ဆောင်နိုင်

သာသနာတော် တည်တံ့ရေး၌ကား ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်တို့ များနေခြင်းထက် ဝန်ဆောင် ရဟန်းတော် များခြင်းက သာ၍ အရာရောက်၏၊ မှန်၏၊ ကိစ္စမြားမြောင် လူဝတ်ကြောင် တို့သည် သာသနာတော်၏ ရေသောက် မြစ်ဖြစ်သော ပရိယတ္တိဓမ္မကို သင်ယူပို့ချသောအားဖြင့် မဆောင် ထားနိုင်ကြ၊ ရဟန်းတော်များကသာ ကိစ္စနည်းပါးသဖြင့် ဆောင်ထားနိုင်ကြသည်၊ ထိုဝန်ဆောင် သံဃာများများ စုဝေးနေနိုင်ဖို့ရာလည်း ဤ ပြည်ထောင်စု မြန်မာနိုင်ငံတော်ထက် ကောင်းသောနိုင်ငံ ရှိတော့မည် မထင်ပါ၊ ထို့ကြောင့် ဤမြန်မာနိုင်ငံမှာပင် သာသနာတော်လည်း ဣန္ဒြေရ, နိုင်ငံတော် လည်း အခြေကျမည့် နည်းကောင်း လမ်းမှန်ကို အချိန်ပင် နှောင်းသော်လည်း ဆိုလတ္တံ့သော အကြောင်းများကို အားပြုကာ ကြံစည် စဉ်းစားသင့်ကြပါသည်။

အားပြုဖွယ် အကြောင်းများကား -

(က) နိုင်ငံ ခေါင်းဆောင်များတွင် (ဘုန်းကြီးကျောင်းထွက် မဟုတ်စေကာမူ) ဗုဒ္ဓဘာသာကို ယုံကြည် သက်ဝင်နေသူများ အများအပြား ရှိသေးခြင်း။
(ခ) တိုင်းသူပြည်သား လူအများစုလည်း ဘုရား တရား (ရတနာနှစ်ပါးနှင့်) ကောင်းမွန်စွာ နေထိုင်ကြသော သံဃာတော်များကို လေးစားကြသေးခြင်း။
(ဂ) ယခုအချိန်မှာ ဝိနည်း သိက္ခာ လေးစား၍ ပိဋကတ် ကျွမ်းကျင်, ခေတ်ကိုလည်း မြော်မြင် နိုင်သော ဆရာတော်များ မနည်းပါး သေးခြင်း။
(ဃ) ထို ဆရာတော် သံဃာတော်များသည် တစ်ပါးစီ တစ်ပါးစီ ဆိုလျှင် အင်အား မကြီးမား လှသော်လည်း စုပေါင်းမိက အလွန် ကြီးမားသော အင်အားရှိခြင်း
(င) ထို့ကြောင့် သံဃာတော်များဖက်က ယခုတစ်ကြိမ် နည်းလမ်းမှန်အောင် ပြုပြင်နိုင်ကြလျှင် ကျေးလက်ရော, မြို့တွေပါ တစ်ပြုံကြီး နောက်က ပါလာဖွယ်ရှိခြင်း။

နောင်ခါ လက်လွတ်မည်

ဤအချက်များသည် ပြုပြင်ရာ၌ မျှော်လင့်ဖွယ် ကောင်းသော အချက်များ ဖြစ်ပါသည်၊ နောင် နှစ်ပေါင်း အတော်ကြာလျှင်ကား ဤအချက်များလည်း တစ်စတစ်စ လက်လွတ် သွားပါလိမ့်မည်၊ မှန်၏ - နောင်ခါ ၁၀ နှစ်, ၁၅ နှစ်လောက်ကြာလျှင် ယခု ဩဇာရှိနေသော ဆရာတော်တို့ အများအားဖြင့် ရှိကြတော့မည် မဟုတ်၊ ကျန်ဆရာတော်များလည်း ယခုလောက် အင်အား မရှိနိုင်၊ ထိုဆရာတော်များ မရှိချိန်မှာ သာသနာ့ အရှိန်သည် ယခုထက် မှေးမှိန်ပါလိမ့်မည်၊ ယခုအခါ သာသနာတော်ကို လေးစားနေသေးသော ဒကာ - ဒကာမတို့လည်း သူတို့၏ သားသမီးများကို သူတို့ကဲ့သို့ သာသနာတော် လေးစားအောင် ယခုကပင် မသွန်သင်နိုင်ကြ၊ အနာဂတ် ဆယ်နှစ် လောက်မှာ ဘာသာခြား စာသင်ကျောင်းမှ ထွက်လာသူများ တိုင်းပြည်၌ တောရော မြို့ပါ ခေါင်းဆောင် လုပ်ကြတော့လတ္တံ့၊ ထိုအချိန်၌ ဘုန်းကြီးတို့၏ သာသနာ့ အခြေအနေမှာ မြန်မာနိုင်ငံဝယ် ဘယ်လို ဖြစ်နေရစ်စရာ ရှိသည်ဟု ယခုကပင် ကိုယ်စီကိုယ်င တွေးကြည့် သင့်ကြပါသည်။

ကိုယ့်အရေး ကိုယ်တွေးကြပါ

ထို့ကြောင့် နောင်ဘဝအတွက် ကိုယ်ရေး ကိုယ့်တာကို လေးလေးနက်နက် တွေးတောလေ့ ရှိသူတို့လည်း ယခုတွေ့ရသော သာသနာတော်ကို အားကိုးကြပါတော့၊ နောက်တစ်ကြိမ် လူဖြစ်ရသော်လည်း ယခုလောက် အသားကျ သာသနာကို တွေ့ရမည် မတွေ့ရမည် ဆိုတာ မသေချာပါ၊ အများအားဖြင့် တွေ့ရဖို့ ခဲယဉ်းသည့်ပြင် နောင်တစ်ကြိမ် မိဘလုပ်မည့် ယခုကလေးများ၏ ခေတ်နှင့် စိတ်ထားကို စဉ်းစားမိကာ သူတို့၏ သားသမီးဖြစ်ဖို့ အရေးမှာ မတွေးဝံ့အောင် ကြောက်စရာ မဟုတ်ပါလော၊ နတ်ပြည်သို့ ရောက်သွားပြန်လျှင်လည်း ထို နတ်ပြည် စည်းစိမ်ကို ခံစားရုံသာ၊ ကုသိုလ်ပါရမီကား အလွန် ရှာတတ်သူမှ နည်းနည်း ပါးပါး ရပါလိမ့်မည်၊ နတ်ပြည်က တစ်ခေါက် ပြန်လာချိန်မှာမူ ဤ သာသနာတော်သည် အစအနမျှ ကျန်တော့မည် မဟုတ်ပါ

သာသနာ့အရေး ကိုယ့်အရေး

သာသနာတော် အရေးကိုပင် ကိုယ့်အရေးဟု ထင်မြင်နေ သူများလည်း အင်အားရှိသမျှ ဝိုင်းဝန်း၍ ပြုပြင်ကာ အဖိုးတန် ပါရမီကို ယူကြပါလော၊ ဤသာသနာတော်သည် ရှေးအခါကပင် ပြုပြင်သူ ရှိလျှင် ရှိသလောက် တိုးတက်ခဲ့ပါသည်၊ ဓမ္မာသောကမင်း လက်ထက်, သီဟိုဠ် ဒေဝါနံပိယတိဿ မင်း လက်ထက်, မြန်မာနိုင်ငံဝယ် အနော်ရထာမင်းနှင့် မင်းတုန်းမင်းတရား လက်ထက် စသည်ကို ကြည့်ပါ၊ ထို့ကြောင့် ငှက်ပျံသည့်ပမာ ပြုပြင်သူ မရှိလျှင် မရှိသလို နိမ့်၍, ပြုပြင်သူရှိလျှင် ရှိသလောက် မြင့်သော အားဖြင့် နိမ့်ချည် မြင့်ချည် အလီလီ ဖြစ်ပျက်၍ လာခဲ့ရသော ဤ သာသနာတော် မြတ်ကြီးကို ဓာတုပရိနိဗ္ဗာန် စံသည်အထိ မကွယ်ပနိုင်စေသေးပဲ အဓွန့်ရှည်စွာ တည်တံ့လျက် ဗုဒ္ဓဘာသာဝင် လူရှင်အများ၏ စီပွားချမ်းသာ ဆောင်နိုင်မည့် နည်းလမ်းကို သဒ္ဓါ အသစ်, ဉာဏ်အသစ်, ဝီရိယအသစ် လောင်း၍ စုပေါင်းရှာဖွေကာ အမြန်ဆုံး ပြင်ဆင်နိုင်ကြ ပါစေသတည်း။

အရှင်ဇနကာဘိဝံသ
သာသနာတော် … ၂၄၉၉
ပြာသိုလ … ၁၃၁၇
ဇန်နဝါရီလ … ၁၉၅၅

အထက်ပါ ဆရာတော်၏ မျှော်လင့်သော ဆန္ဒတော်နှင့်အညီ "သဒ္ဓါအသစ်, ဉာဏ်အသစ်, ဝီရိယအသစ်" လောင်း၍ စုပေါင်း ရှာဖွေကာ သာသနာတော် အတွက် ဆရာတော်၏ ဟောတရား ကို ကျမ်းစာတစ်စောင် ဖြစ်မြောက်ပြီး ကျန်ရစ်အောင် ကြိုးစားကြရခြင်း ဖြစ်ပါသည်။

သာသနာတော် ကွယ်မည့်အရေး

ဗုဒ္ဓသာသနာတော်သည် စောင့်ရှောက်မည့်သူ, ကိုးကွယ်မည့်သူ မရှိလျှင် ကွယ်ရမည်မှာ ဓမ္မတာပင် ဖြစ်ပါသည်၊ ထိုကဲ့သို့ သာသနာကွယ်ရာ၌ ပရိယတ္တိသာသနာ ကွယ်ရမည့် အကြောင်းတွင် ဝိနည်း, သုတ္တန်, အဘိဓမ္မာ တရားတော်များအနက် အဘိဓမ္မာ တရားတော်သည် အလျင်ဦးစွာ ကွယ်ပါလိမ့်မည်၊ အဘိဓမ္မာ တရားတော် တွင်လည်း ပဋ္ဌာန်းတရားတော်သည် ဦးစွာ ကွယ်ပါ လိမ့်မည်၊ အဘယ်ကြောင့် ဦးစွာ ကွယ်မည်နည်း? လေးလေးနက်နက် စဉ်းစားသင့် ကြပါသည်။

အလွန် ကံကောင်းသော အချိန်

ဗုဒ္ဓမြတ်စွာ တစ်ဆူ လူ့လောကတွင် ပွင့်ထွန်းဖို့ရာ အလွန် ခက်ခဲပါသည်၊ ထို့အတူ ဗုဒ္ဓမြတ်စွာ၏ သာသနာတော်တွင်း လူအဖြစ် ရဖို့ရာလည်း အလွန် ကြုံကြိုက်ဖို့ ခက်ခဲပါသည်၊ သာသနာတွင်း လူ့အဖြစ် ကြုံရသော်လည်း ရဟန်းမြတ်ဘဝ ရောက်ဖို့ရာ ခက်လှပါသည်၊ လူ, ရဟန်း အဖြစ် ကြုံရပါသော်လည်း သဒ္ဓါတရားနှင့် ပြည့်စုံ ဖို့ရာ အလွန် ခက်ပြန်ပါသည်၊ ထို့ထက် သူတော်ကောင်း တရားကို ဗုဒ္ဓအလိုကျ နာယူဖို့ရာ အလွန့်အလွန် ခက်လှပါသည်။

ထိုကဲ့သို့ အခက်အခဲများမှ လွန်မြောက်၍ အခါအခွင့်ကောင်း ကြုံကြိုက်ရုံသာမဟုတ်၊ ပရိယတ္တိ သာသနာတွင် ဦးစွာကွယ်မည့် အလွန်နက်နဲ သိမ်မွေ့လှသော သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရားတို့သာ ကျက်စားရာဖြစ်၍ သဗ္ဗညုတ ဉာဏ်တော်မြတ်၏ ပမာဏ အတိုင်းအတာကို သိနိုင်ရာ ဖြစ်သော တစ်ခုတည်းသော အလွန် ကြီးကျယ် နက်နဲလှသည့် ပဋ္ဌာန်း တရားတော်ကြီးကို ကိုယ်ကျင့်တရား အနေဖြင့် ဗုဒ္ဓဘာသာဝင် သူတော်ကောင်းတိုင်း လက်တွေ့ မိမိစိတ်ကို ပြုပြင် ကျင့်သုံးနိုင်၍ သဒ္ဓါသစ်, ဉာဏ်သစ်, ဝီရိယသစ်တို့ကို ဆရာတော်၏ ဆန္ဒတော်အတိုင်း ဖြစ်မြောက်နိုင်ရန် ဟောကြား ထားသဖြင့် စာကို ဖတ်၍ တရားတော်ကို လေးစား နာယူကြရ သူများသည် အလွန် ကံကောင်းလှသည်ဟု ဆိုရပါသည်။

ကျေးဇူးတင်သင့်သူများ

ဤတရားတော်ကို အသံဖမ်းယူစဉ်က ရွှေတိဂုံစေတီတော် ဂေါပက ဘဏ္ဍာတော်ထိန်း လူကြီး ဗိုလ်မှူး အောင်သိမ်း၏ အကူအညီသာ မရရှိခဲ့လျှင် တရားတော်ကို ဤမျှ တစ်ပြည်လုံး ပျံ့နှံ့အောင် (စာရေးသူသည်) ဆောင်ရွက်နိုင်ခွင့် ရမည် မဟုတ်ပါ၊ ယခုအခါ ဤ ပဋ္ဌာန်း တရားတော်သည် တိတ်ခွေအတွင်းမှ အထက်မြစ်ကြီးနား, အောက်ဖက် မြိတ်မြို့အထိ မြန်မာပြည် အနှံ့ စာရေးသူ ကိုယ်တိုင် ကူးယူ၍ ပျံ့နှံ့အောင် ဆောင်ရွက်နိုင်ခွင့် ရခဲ့ပါသည်။

ယခု အသံသွင်း ကြိုးခွေမှ စာအုပ်ဖြစ်အောင် ကြိုးစားရာ၌ အင်ဂျင်နီယာ ဦးကြည်တွဲ၏ တစ်ဦးတည်း သည်းခံ၍ ကူးယူခဲ့ပြီး လက်ရေးမူများကို ရရှိ၍ အဘိဓမ္မာ သင်တန်းပြဆရာ ဆရာ ဦးလှမောင်၏ အထူးကြိုးစား အားထုတ်မှုဖြင့် ဤကဲ့သို့ အများ ဖတ်ရှုနိုင်အောင် ကျွန်တော်တို့ ကြိုးစားနိုင်ခွင့် ရခဲ့၍ ၎င်းတို့သည် အထူး ကျေးဇူးတင်ထိုက်သူများ ဖြစ်ကြပါသည်။

ဆရာတော်အား ပူဇော်ပါသည်

ဤပဋ္ဌာန်းတရားတော်မြတ်ကြီးကို စာအုပ်အဖြစ် ရောက်အောင် ဖော်ထုတ်ပေးနိုင်ခြင်းဖြင့် လည်းကောင်း, ဓမ္မစကြာ, အနတ္တလက္ခဏသုတ် အစရှိသော တရားတော်များနှင့် ဆရာတော်၏ သာသနာရေး ဩဝါဒများကိုလည်း စာအုပ် အဖြစ်သို့ ရောက်အောင် ကြိုးစားခြင်းဖြင့် လည်း ကောင်း ဆရာတော်၏ မျှော်မှန်းချက် သာသနာတော်တွင် ဖြစ်စေလိုသော အကျိုးစီးပွားတို့ကို သာသနာဝင် သဒ္ဓါ တရားရှိသူများ ကျင့်သုံးကြိုးစားနိုင်ရန် ကြိုးစား ပူဇော်ကြပါသည်။

ယခု ဤပဋ္ဌာန်း တရားတော်ကြီးသည် ဗုဒ္ဓမြတ်စွာ၏ သမ္မာသမ္ဗုဒ္ဓအစစ် ဖြစ်ပုံ, သဗ္ဗညုတ ဉာဏ်တော်၏ နက်နဲပုံ အတိုင်းအတာ ပမာဏကို သိရေး၌ အသင့်အတင့် သဒ္ဓါတရားနှင့် ဉာဏ်ရှိ သူများအတွက် အကျိုးပြုနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

"ဝိဇ္ဇာနှင့် စရဏ" အသိဉာဏ်နှင့် အကျင့်တရားတို့၏ အကြွင်းမဲ့ ပြည့်စုံသူသာ သဗ္ဗညုတဉာဏ်ကို ရနိုင်ပါသည်၊ သဗ္ဗညုတဉာဏ်ကို ရပါမှလည်း သမ္မာသမ္ဗုဒ္ဓ ဘုရားတစ်ဆူ ဖြစ်တော်မူပါသည်၊ ဘုရားတစ်ဆူ ဖြစ်တော်မူ ပွင့်တော်မူမှလည်း သတ္တဝါအများ အကျိုးစီပွားကို အကြွင်းမဲ့ ဆောင်ရွက် တော်မူနိုင်ပါသည်။

ယနေ့ မိမိအကျိုး, အများအကျိုးကို လိုလား၍ ဗုဒ္ဓသာသနာကို အမှီပြု၍ အားထုတ်နေသူများ မိမိတို့ကိုယ်တိုင် စရဏ - ကိုယ်ကျင့်တရားကို အဓိကထား၍ အသိဉာဏ် ဝိဇ္ဇာ ဦးစီးလျက် မျှတ အောင် ကြိုးစားနိုင်မှသာ အလိုရှိရာကိစ္စများ အောင်မြင်မည် ဖြစ်ကြောင်း၊ ယခု ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ၏ ပဋ္ဌာန်းတရားတော်ကြီးက ပြည့်ပြည့်စုံစုံ အသေးစိတ် အသိပေးနိုင်ခဲ့ပါသည်။

ထို့ကြောင့် ပဋ္ဌာန်းတရားတော်ကြီးကို နာယူကျင့်သုံးရန် အသိတရားရအောင် ကြိုးစားလိုပါလျှင် မိမိတို့ပြည့်စုံသင့်သမျှ ရဟန်းသီလ, လူသီလများကို ပြည့်စုံအောင် ငါ ကြိုးစားမည်၊ လောဘ, ဒေါသ, မာန စသည် နည်းနိုင်သမျှ နည်းစေရမည်၊ မာယာ, သာဌေယျ, မက္ခ, ပဠာသ, အဂတိတရား လေးပါး, ဣဿာ, မစ္ဆရိယ - လှည့်ပတ်ခြင်း, ဟန်ဆောင်ခြင်း, ကျေးဇူးမဲ့ပြုခြင်း, ဂုဏ်ပြိုင်ခြင်း, ချစ်၍ မတရားလုပ်ခြင်း, မုန်း၍ မတရားလုပ်ခြင်း, ကြောက်၍ မတရားလုပ်ခြင်း, မသိ၍ မတရားလုပ်ခြင်း, သူတစ်ထူး အပေါ်၌ မနာလိုခြင်း, ဝန်တိုခြင်း စသော လူကောင်း သူကောင်းတို့ မနှစ်သက် မပြုလုပ် ထိုက်သော တရားတို့ကို မကြံစည်, မပြောဆို, မပြုလုပ်မိအောင် ကြိုးစား မည်ဟု ဆရာတော်၏ ဆန္ဒတော်အတိုင်း ကျေးဇူးဆပ်သော အနေဖြင့် သဒ္ဓါသစ်, ဉာဏ်သစ်, ဝီရိယသစ် တို့ဖြင့် ဆရာတော်အား ပူဇော်ကြလျက် မိမိတို့ အကျိုးစီးပွားကို ကြိုးစားကြမည် ဟု အဓိဋ္ဌာန် ပြုကြရန် အထူး ပန်ကြားအပ်ပါသည်။

ဆရာတော်၏ ဆန္ဒတော်နှင့်အညီ သာသနာတော်နှင့် အများအကျိုးစီးပွား အတွက် ကြိုးစား အားထုတ် သူများကိုယ်စား ၁၃၃၉-ခု၊ နတ်တော်လဆုတ် ၂-ရက်နေ့က ပျံလွန်တော်မူပြီးသော ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီးအား ဤ ကြိုးစားအားထုတ် ပြီးမြောက်သော ကုသိုလ်အဖို့ဖြင့် ပူဇော်ကန်တော့ပါ၏။

ထိန်ဝင်း
သာသနာ-၂၅၂၅၊
၁၃၄၃-ခု၊ နှောင်းတန်ခူးလဆန်း ၉-ရက်
(၂-၄-၁၉၈၂)

အခြေပြု ပဋ္ဌာန်း

နာနာပ္ပကာရဋ္ဌာနာနိ၊ ဗောဓိတာနေတ္ထ မုနိနာ၊
အနန္တနယပဋ္ဌာနံ၊ ဝန္ဒေ အနန္တဂေါစရံ။

ဧတ္ထ - ဤ အနန္တနယ သမန္တပဋ္ဌာန်း ကျမ်းတော်ကြီး၌၊
မုနိနာ - မုနိထွတ်တင် ဘုရားရှင်သည်၊
နာနာပ္ပကာရဋ္ဌာနာနိ - ဟေတု အာရမ္မဏ စသည်များစွာ အကြောင်းအရာတို့ကို၊
ဗောဓိတာနိ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာကျန သိပြီးမှလျှင် များလှဝေနေ သိစေတော် မူခဲ့လေကုန်ပြီ၊
အနန္တဂေါစရံ - အဆုံးမရှိ ကုန်အောင်သိသည့် ဉာဏ်တော်၏သာ ကျက်စားရာ ဖြစ်တော်မူသော၊
တံ အနန္တနယပဋ္ဌာနံ - များမြောင်ပေါယယ် နည်းစုံကြွယ်သား ကြီးကျယ်မြင့်မော် ထို ပဋ္ဌာန်း ကျမ်းတော်ကြီးကို၊
ဝန္ဒေ - တစ်သက် တစ်ခါ ကြုံခဲစွာမို့ ကြုံလာသည့်ခိုက် ဦးဖြင့်တိုက်၍ နှစ်ခြိုက်လှစွာ ရှိခိုး ကန်တော့ပါ၏ဘုရား။

အနန္တနယ ပဋ္ဌာန်းကျမ်း

"ပဋ္ဌာန" ဆိုတဲ့ စကားမှာ"ပ" က အမျိုးမျိုး အပြားပြား၊ "ဌာန" က အကြောင်းပစ္စည်း, ဒါကြောင့် "ပ" အမျိုးမျိုး အစားစား ဖြစ်သော "ဌာန" အကြောင်း ပစ္စည်းတွေကို ဟောရာဖြစ်တဲ့ ဤကျမ်းကို "ပဋ္ဌာန်းကျမ်း" လို့ ခေါ်တယ်၊ နည်းတွေကလဲ အများကြီးရှိလို့ "အနန္တနယပဋ္ဌာန်းကျမ်း" လို့ ခေါ်တယ်။

“အခြေပြုပဋ္ဌာန်း တရားတော်”

ပထမနေ့

သာသနာတော်၂၅၁၆-ခုနှစ်၊ ၁၃၃၄-ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၇-ရက်၊ ၁၉၇၃-ခုနှစ်၊ ဧပြီလ ၉-ရက်၊ တနင်္လာနေ့ နံနက် အရုဏ်ဆွမ်းစားပြီး ဩဝါဒ ပေးပြီးချိန်တွင် အမရပူရ မဟာဂန္ဓာရုံ ကျောင်းတိုက်၌ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ဟောကြားတော်မူသော အခြေပြု ပဋ္ဌာန်း တရားတော်။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

အခြေခံစကား

သယံ ဗုဒ္ဓေါ သမ္ဗာဓေသိ၊ ဓမ္မေပိ ဓမ္မသတ္တိယော။
အဟော နော တဿ သုတတ္တံ၊ အဟော နော ဓမ္မစိန္တနံ။

(ယော ဇိနော - မကိုဋ်ရောင်လျှံ ဥသျှောင်ပျံဝယ် အောင်လံစွင့်စွင့် လွင့်တလူလူ အကြင် အောင်တော်မူ မြတ်ဘုရားသည်၊)
ဓမ္မေပိ - ရှေ့နောက်စဉ်လျက် ဖြစ်တိုင်းပျက်၍ အဆက်ဆက်မနှော တရားသဘော တို့ကို လည်းကောင်း၊
ဓမ္မသတ္တိယောပိ - တရားတိုင်း၏ ဓာတ်ခံပြည့်လျက် သတ္တိအင်အား စွမ်းပကား တို့ကို လည်းကောင်း၊
သယံ ဗုဒ္ဓေါ - ဗောဓိမဏ္ဍိုင် ခန်းဝါမြိုင်ဝယ် ကိုယ်တိုင် စတင် သိမြင်တော်မူပြီးသည်ဖြစ်၍၊
သမ္ဗောဓေသိ - သိတန်သမျှ ဝေနေယျကို မြွက်ဟလှစ်ဖော် သိစေတော်မူခဲ့ပေပြီ၊
တဿ (ဇိနဿ) - အောင်မြေ နက်သန် ဗောဓိမဏ်ဝယ် အောင်လံစွင့်စွင့် လွှင့်တလူလူ ထို အောင်တော်မူ မြတ်စွာဘုရား၏၊
သုတတ္တံ - တရားဓမ္မ ဩဝါဒကို ကြားရ ရွှင်ပျော် သားတော် သမီးတော် ဖြစ်ရခြင်းသည်၊
အဟော နော - ကိုယ့်တွက်ကိုယ့်တာ ကိုယ်ကျိုးပါသဖြင့် ကိုယ့်မှာ ခုနှယ် ဪ … ဝမ်းမြောက် ဖွယ်ကြီးပါတကား၊
ဓမ္မစိန္တနံ - ဓမ္မသက်သက် ရှေ့နောက်ဆက်၍ ဖြစ်ပျက်နေဟန် ကြောင်းကျိုးမှန်ကို ဖန်ဖန်ခွဲဝေ ကြံစည်၍ နေရခြင်းသည်၊
အဟော နော - ကိုယ့်သန္တာန်တွင်း ဉာဏ်ရောင် လင်း၍ ရှင်းကာ ရှင်းကာ ဪ … အားရ ဖွယ်ကြီးပါတကား။

သာဓု … သာဓု … သာဓု။

ဗုဒ္ဓ အမည်တော်
ရကြောင်းများ

ဗုဒ္ဓမြတ်စွာက ကိုယ်တော်တိုင် တရားတွေ အကုန်လုံး သိတော်မူတယ်၊ "ဗုဒ္ဓ ဗုဒ္ဓ" ဆိုတာ သာမန်လောက် သိတဲ့ အသိမျိုး မဟုတ်ဘူး၊ ဗုဒ္ဓဆိုတဲ့ အမည်တော် ရနိုင်တဲ့ ပုဂ္ဂိုလ်က လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလောက် ပါရမီတော်တွေ ဖြည့်ရတယ်၊ နောက်ဆုံးဘဝမှာ အင်မတန် ကျက်သရေရှိတဲ့ ရုပ်လက္ခဏာတော်မြတ် အင်မတန် မြင့်မြတ်တဲ့အမျိုးမှာ စည်းစိမ် အကြီးအကျယ် ပြည့်စုံပါလျက် တောထွက်ပြီးတော့မှ တရားကျင့်လို့ တရားတွေ သိတော် မူခဲ့တယ်။

လက္ခဏာတော်ကြီးငယ် အသွယ်သွယ်ဖြင့်၊
သပ္ပာယ်လှစွာ ကိုယ်အင်္ဂါဝယ်၊
ပါရမီတော်အဟုန် ကိုယ်လုံးခြုံ၍၊
မွှမ်းထုံသင်းကြူ သယမ္ဘူဟု၊
ဉာဏ်တူကင်းလတ် အရဟတ်ဖြင့်၊
သတ်ဖြတ်ခပင်း ကိလေရှင်းသား၊
ဉာဏ်ရင်းမဟာ ကရုဏာနှင့်၊
သမ္မာသမ္ဗောဓိ အစရှိလတ် ဉာဏ်တော်မြတ်၏၊
ကိန်းဝပ်စံပျော် ခန္ဓာပေါ်ဝယ်၊
ဘွဲ့တော်ဗုဒ္ဓ တင်ပါရသည်၊
လောကထွတ်ထား မြတ်ဘုရား။

သာဓု … သာဓု … သာဓု။

ဒါနပါရမီ

ဗုဒ္ဓလို့ အမည်ရတဲ့ပုဂ္ဂိုလ်ရဲ့ ရုပ်လက္ခဏာတော်ကို ကြည့်လို့ရှိရင် အင်မတန် သပ္ပာယ်ပါတယ်၊ သပ္ပာယ်မှာပေါ့၊ ဘဝများစွာက ဒါနပါရမီပြုတဲ့ အချိန်မှာ နည်းနည်းကလေး မှန်းကြည့်စမ်း၊ ဘုန်းကြီးက မှန်းကြည့်တယ်လေ၊ သူများ မလိုက်နိုင်ဘူး၊ ဘုန်းကြီးကိုယ်တိုင် လိုက်လိုက် ကြည့်ပါတယ်၊ အား … ဒီနေရာ ဒီအချက်တော့ မလိုက်နိုင်ဘူး၊ ဆိုပါတော့ - ဝေဿန္တရာမင်းဘဝမှာ (မင်းကြီး မဟုတ်ပါဘူး၊) ၁၆-နှစ်မှာ မင်းဖြစ်တော့ အလှူရုံကြီးတွေ ဆောက်ပြီး ...
မရှိဆင်းရဲတဲ့သူတွေ နေ့တိုင်း ကျွေးခဲ့တယ်၊ ဒီ ဝေဿန္တရာမင်းကသာ မကျွေးလို့ ရှိရင် အဲဒီ သူတွေဟာ နေ့စဉ်နေ့စဉ် စိတ်ဆင်းရဲပြီးတော့ တောင့်တောင့် တတ ကြောင့်ကြောင့် ကြကြနဲ့ နေကြရမယ်၊ ဒါ့ကြောင့် ဝေဿန္တရာမင်းက "မရှိဆင်းရတဲ့ သူတွေ စားကြ သောက်ကြပါစေ၊ ခရီးသွားတွေ ရိက္ခာပြတ်လို့ရှိရင် ဝင်ပြီးတော့ စားကြ သောက်ကြပါစေ၊ ရသေ့တွေ (စီးပွား မရှာကြတဲ့ ရသေ့တွေ) စားကြ သောက်ကြပါစေ၊ တောင်းရမ်း စားသောက် နေကြတဲ့ သူတောင်းစား တွေ စားကြ သောက်ကြပါစေ" ဆိုပြီး ကျွေးခဲ့တယ်။
နေ့တိုင်း နေ့တိုင်း ဘုန်းကြီးက လိုက်ကြည့်တယ်၊ ငါလဲ ဒီလို ပေါရင် လှူနိုင်တာပေါ့၊ ဒါက လိုက်လို့ မီပါတယ်၊

နောက်တော့ ဆင်ဖြူတော်လာပြီး အလှူခံတဲ့ အခါမှာ ဆင်ဖြူတော် လှူခဲ့ပါတယ်၊ ရှေးခေတ် တုန်းက ဆင်တပ်ဟာ အကြီးဆုံးပါပဲ၊ တိုင်းပြည်ချင်း စစ်တိုက်ကြရင် ဆင်တပ်ကောင်းတဲ့ တိုင်းပြည်က နိုင်ကြတယ်၊ အဲဒီ ဆင်တပ် ထဲမှာလဲ ဆင်ဖြူတော် ပါတဲ့ဖက်က နိုင်ပါတယ်၊ ဒါကြောင့် ဆင်ဖြူတော်ဟာ တိုင်းပြည်တစ်ပြည်ရဲ့ အသက် သွေးခဲပါပဲ၊ ဆင်ဖြူတော် ရှိနေတာ ကတော့ တိုင်းပြည်မှာ အင်မတန် ဘေးအန္တရာယ် အေးချမ်းနေပါတယ်၊ တစ်ဖက်ရဲ့ အနှောင့် အယှက်တွေကို ဘယ်တော့မှ မကြောက်ရတော့ဘူး၊ အဲဒီအခါမျိုးမှာ ဆင်ဖြူတော်ကို လာ အလှူခံတော့ ဝေဿန္တရာမင်းက လှူလိုက်ပါတယ်။

ဘုန်းကြီးက လိုက်ကြည့်တယ်၊ အဲ … ဘုန်းကြီးက ငဲ့မှာပေါ့၊ ကိုယ့်တိုင်းပြည်ကို ဆင်ဖြူတော် လာအလှူခံရင် "လိုတာ တောင်းကြပါလေ၊ လိုက်ပြီးတော့ ကူညီပါဆိုရင် တို့တိုင်းပြည်က လိုက်ပြီး တော့ ကူညီပါ့မယ်၊ ဆင်ဖြူတော်တော့ တိုင်းပြည်ရဲ့ အသက်သွေးခဲ ဖြစ်လို့ မလှူ ပါရစေနဲ့" ဒီလို … ဒီလို ရှောင်နေမှာပါနဲ့ တူပါတယ်၊ လိုက်လို့မမီပါဘူး၊ နောက် တောထဲ ရောက်လို့ သားတော် သမီးတော်များ လှူတယ်၊ ဒါလဲ လိုက်လို့ မမီပါဘူး၊ မမီပါဘူး။

သီလပါရမီ

ဒါကြောင့် ဒါနပါရမီ ဖြည့်တော့လဲ လိုက်လို့မမီဘူး၊ သီလပါရမီတွေ ဖြည့်ပြန်တော့လဲ သာမန် ဥပုသ် စောင့်တာမျိုးလို့ ပြောရင် သာမန် ဥပုသ်သည်တွေက အထင်မကြီး ပေဘူးပေါ့၊ ဘုရားလောင်း စောင့်တဲ့ ဥပုသ်က စည်းစိမ်နဲ့ (နဂါးစည်းစိမ်နဲ့) နေရင် ဥပုသ် မသန့်ရှင်းဘူး၊ ဥပုသ်ပျက်တယ်၊ ဒါကြောင့် မထင်မရှား လူ့လောကကြီးထဲ တက်ပြီးတော့ ဥပုသ် စောင့်တယ်၊ ဥပုသ်စောင့်ရင်း "ငါ့ရဲ့အသားကို ယူချင်တဲ့သူ ယူပါစေ၊ အရေကို လိုချင်တဲ့သူ ယူပါစေ၊ ငါ့သီလတော့ မဖျက်ပါဘူး" လို့ အဲဒီလို အဓိဋ္ဌာန်ပြီး စောင့်တယ်၊ ဒါ ပရမတ္ထ ပါရမီလို့ ခေါ်ပါတယ်၊ သီလပရမတ္ထ ပါရမီလို့ ခေါ်ပါတယ်၊ လာတာပါပဲ၊ အနှောင့်အယှက်တွေ တပင်တပန်း သေလောက် ကြေလောက် နှိပ်စက်ပြီးတော့ ဖမ်းတာပါပဲ၊ အဲဒါ ခံနိုင်ရည် ရှိပါတယ်၊ ဘုန်းကြီးက လိုက်မမီပါဘူး၊ လိုက်မမီပါဘူး။

သိဝိမင်းကြီး ဘဝတုန်းက မျက်လုံး ဖောက်လှူပါတယ်၊ မလွယ်ဘူး၊ မလွယ်ဘူး၊ သိပ် မလွယ်ဘူး။

ဘုရားအလောင်းကို ဘုန်းကြီး ဒီလို လျှောက်ပြီးတော့ ကြည့်ပါတယ်၊ ကြည့်တော့ လိုက်မမီအောင် ကုသိုလ် ပါရမီတွေက တစ်ဘဝလဲ မက၊ နှစ်ဘဝလဲ မက၊ တစ်ကမ္ဘာလဲ မက၊ နှစ်ကမ္ဘာလဲ မက၊ ပါရမီတော်တွေက ဒီခန္ဓာကိုယ်မှာ ထုံပြီးတော့ လာခဲ့ပါတယ်၊ ဒီဟာနဲ့စပ်ပြီး ဘုန်းကြီး ကမ္မပစ္စည်း အခန်း ကျတော့ ထပ်ပြောပါ့မယ်၊ ကံတွေဟာ မပျောက်မပျက်ဘဲနဲ့ သတ္တိပါလာတဲ့ အကြောင်းကို ထပ်ပြောပါ့မယ်။

အဲဒီတော့ နောက်ဆုံး ဘဝကျတော့ ကံတွေကလေ နောက်ဆုံးအကျိုး ပေးရမှာဖြစ်လို့၊ ဆိုပါတော့ အရပ်ပြော ပြောလို့ရှိရင် သူမရ ငါမရ အကျိုးပေးရမှာဖြစ်လို့ ဗုဒ္ဓမြတ်စွာကို မျက်လုံးတော်နှင့် စပ်လာလို့ရှိရင် (ရှေးတုန်းက မျက်လုံးတော် ထုတ်လှူခဲ့တဲ့ အလောင်းတော်ကိုး … ၊ ဒီတော့ ဒီကံတွေက ဒီမျက်လုံးကို) အသပ္ပာယ်ဆုံး၊ အရပ်ပြောနဲ့ ပြောရင် အလှဆုံး ဖြစ်အောင် အကျိုး ပေးလိုက် ကြတာပါပဲ၊ လက်တော်တွေ, ခြေတော်တွေ, အလှဆုံး အကျိုး ပေးလိုက်ကြ တာပါပဲ၊ တစ်ကိုယ်လုံး အသား အရေတော်တွေ ရွှေအဆင်းလို လှပြီးတော့ အကျိုးပေးလိုက် ကြတာပါပဲ။

လက္ခဏာတော် ကြီးငယ် ဆိုတာဟာ … လက္ခဏာ ဆိုတာ အမှတ်အသား၊ ယောက်ျားမြတ် ရဲ့အထိမ်းအမှတ်၊ ဗုဒ္ဓမြတ်စွာမှာ ကြီးကြီးမားမား ယောက်ျားမြတ် လက္ခဏာ ၃၂-ပါး ပါပါတယ်၊ သေးသေးငယ်ငယ် အထိမ်းအမှတ်တွေက ၈၀-လောက် ပါပါတယ်၊ (အဲဒါတွေက တခမ်းတနား ပြောပေးမှ ဖြစ်ပါတယ်) ဒါကြောင့် အင်မတန် သပ္ပာယ်ပါတယ်၊ အင်မတန် သပ္ပာယ်တာမှ ဗုဒ္ဓမြတ်စွာရဲ့ လူ့လောကတုန်းက ချောပုံကတော့ ဘယ်သူနဲ့မှ နှိုင်းလို့ မရပါဘူး၊ အင်မတန် ချောပါပေတယ်လို့ ဆိုတဲ့ ဇနပဒကလျာဏီတို့ကရော, ယသော်ဓရာတို့ကရော သူတို့ မိန်းမသား တွေထက် ပိုပြီးတော့ ချောပါတယ်လို့ ပရိနိဗ္ဗာန် စံခါနီးမှာ ချီးကျူးသွားကြပါတယ်။

ပညာပါရမီ

ဒါကြောင့် ဗုဒ္ဓဘွဲ့တော်ဟာ သာမန်ပုဂ္ဂိုလ်နဲ့ မတန်ပါဘူး၊ လောကီ အပြောနဲ့ ပြောလို့ရှိရင် အင်မတန် မြင့်မြတ်တဲ့ အမျိုးမှာ အင်မတန် သပ္ပာယ်, အင်မတန် လှတယ်၊ ဒါကြောင့် "လက္ခဏာတော် ကြီးငယ်, အသွယ်သွယ်ဖြင့်, သပ္ပာယ်လှစွာ, ကိုယ်အင်္ဂါဝယ်, ပါရမီတော် အဟုန်, ကိုယ်လုံးခြုံ၍, မွှမ်းထုံသင်းကြူ, သယမ္ဘူဟု" … တစ်ကိုယ်လုံး စိတ်ကူးကြည့်စမ်း၊ ဘုန်းကြီးကတော့ မကြာမကြာ စိတ်ကူး ကြည့်ထားတယ်၊ အင်မတန် သပ္ပာယ်ပြီးတော့ အင်မတန် လှတဲ့ ယောက်ျားမြတ်က ၂၉-နှစ် အရွယ်မှာ ထီးနန်းကို စွန့်ပြီးတော့ တောထွက်တော်မူတယ်၊ ၂၉ နှစ်၊ အရွယ်မှာ ၂၉ နှစ် … ၊ ၂၉ နှစ် … ကောင်းလိုက်တဲ့ အရွယ်၊ အဲဒီ အရွယ်မှာ ထီးနန်းကို စွန့်ပြီးတော့ ရှေးတုန်းက ပညာပါရမီက အင်မတန် ထုံထားတယ်။

ဘယ်လိုနည်းနဲ့ ထုံခဲ့တုန်းဆိုတော့ - ဒီပင်္ကရာ မြတ်စွာဘုရား လက်ထက်တော်တုန်းက ဒီပင်္ကရာ မြတ်စွာဘုရားကို ဖူးတွေ့ရတော့ မိမိကိုယ်တိုင် လောကီဈာန် အဘိညာဉ်တွေ ရပြီးသား၊ ပညာနယ် လောကီနယ်မှာတော့ ထိပ်တန်း ရောက်ပြီးသား၊ နောက်တော့ ဒီပင်္ကရာ မြတ်စွာဘုရား ဖူးတွေ့ ရတဲ့ အခါ ဒီပင်္ကရာ မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကြီးကို မိမိကိုယ်တိုင် မသိရပေမယ့် မှန်းပြီးတော့ ကြည့်ပါတယ်၊ ဒီပင်္ကရာ မြတ်စွာဘုရားရဲ့ မေတ္တာတော် ကရုဏာတော်တို့ကို မှန်းပြီးတော့ မြင်ပါတယ်၊ အဲသလိုနည်းနဲ့ ဉာဏ်တော်ဟာ ကြီးကြီးပြီးတော့ လာခဲ့ပါတယ်။

နောက်တော့ ဒါနပြုတယ်၊ "သဗ္ဗညုတ ဉာဏ်တော်ကြီးရဲ့ အထောက်အပံ့ ဖြစ်ပါစေ"၊ ဆင်ဖြူတော်ကြီး လှူတယ်၊ "သဗ္ဗညုတ ဉာဏ်တော်ကြီးရဲ့ အထောက်အပံ့ ဖြစ်ပါစေ"၊ သားတော် သမီးတော်များ လှူတယ်၊ "သဗ္ဗညုတ ဉာဏ်တော်ကြီးရဲ့ အထောက်အပံ့ ဖြစ်ပါစေ" နဲ့၊ စိတ် အလုပ်အားဖြင့်လဲ ဉာဏ်ကြီးလာခဲ့တယ်၊ ကံအလုပ် အားဖြင့်လဲ ဉာဏ်ကြီး လာဖို့ရန်ပဲ စိတ်ညွှတ် တော်မူခဲ့တယ်၊

ဒါကြောင့် ဗုဒ္ဓမြတ်စွာရဲ့ သဗ္ဗညုတ ဉာဏ်တော်ကြီးကို ဘယ်လို လုပ်ပြီးတော့ မျှော်မှန်းမလဲဆိုရင် သဗ္ဗညုတ ဉာဏ်တော်ရှိတဲ့ ဘုရားရှင်များနဲ့ တွေ့တဲ့အခါတိုင်း အခါတိုင်း "သိပ် ကြီးကျယ်တာပဲ … ၊ သိပ် ကြီးကျယ်တာပဲ"၊ အဲဒီလို သာသနာတော်မှာ ဘုရားရှင်များနှင့် တွေ့တိုင်း တွေ့တိုင်း ဉာဏ်တော် ကြီးကျယ်တာကို မှန်းပြီးတော့ အဲဒီဉာဏ်တော်ကြီးကို ရဖို့ရန် ကြိုးစားခဲ့ပါတယ်။

သာသနာတော်နှင့် ကြုံကြိုက်လို့ သာသနာတော်ထဲ ဝင်ပြီးတော့ ရဟန်းပြုတဲ့အခါမှာလဲ ပိဋကတ်စာပေတွေ တတ်ကျွမ်းအောင် သင်တော်မူတယ်၊ တရားကျင့်တော်မူတယ်၊ တရား ကျင့်တာမှ ဘယ်လောက် ရောက်လာသလဲ ဆိုတော့ သောတာပန် ဖြစ်လုနီးပါး ကပ်နေတဲ့ စိတ်အထိ (သင်္ခါရုပေက္ခာဉာဏ်အထိ) ရောက်လာတယ်၊ သောတာပန် ဖြစ်ချင်လဲ ဖြစ်နိုင်တာပဲ၊ ဘုရား ဖြစ်မယ်လို့ နိယတဗျာဒိတ် ခံရတဲ့ ဘုရားလောင်းဟာ အဲဒီအချိန်မှာ အရဟတ္တမဂ်, အရဟတ္တဖိုလ် ရတဲ့ ရဟန္တာ ဖြစ်ချင်ရင်လဲ ဖြစ်နိုင်တာပဲ၊

ဒါပေမယ်လို့ သဗ္ဗညုတ ဉာဏ်တော်ကို မှန်းမျှော်လာခဲ့တာဖြစ်တော့ ရှေ့ကို သောတာပန် ဖြစ်အောင် မတက်ပါဘူး၊ သောတာပန် ဖြစ်လုနီးပါး ကပ်လာတယ်ဆိုရင် အနိစ္စ ဒုက္ခ အနတ္တ အကြောင်း ကောင်းကောင်းကြီး ရှင်းပြီးသား ဖြစ်နေပါတယ်၊ ဒီတော့ ကိုယ်တိုင်ကျင့်လို့လဲပဲ သဗ္ဗညုတ ဉာဏ်တော်ကြီးကို မှန်းမျှော်လို့ရတယ်၊ ဘုရားသခင်များနဲ့ တွေ့လို့လဲပဲ သဗ္ဗညုတ ဉာဏ်တော် ကြီးကို မှန်းမျှော်လို့ရတယ်၊ ဘုရားများကိုမှီပြီး ကိုယ်တိုင်လဲပဲ ကျင့်စဉ်ကျင့်ခန်းတွေ ကျင့်ခဲ့တယ်၊ နောက်ဆုံးဘဝ ကျတော့လဲပဲ ဒီအထုံတွေက ပါပြီးသားဖြစ်လို့ ကျင့်စဉ်ကျင့်ခန်း တွေဟာ တိုးတက် ပြီးတော့ ကိုယ်တော်တိုင် ဆရာမရှိဘဲနဲ့ သဗ္ဗညုတ ဉာဏ်တော်ကြီးကို ရအောင် ကျင့်နိုင်ပါတယ်၊ သိနိုင်ပါတယ်။

"လက္ခဏာတော် ကြီးငယ်, အသွယ်သွယ်ဖြင့်, သပ္ပာယ်လှစွာ, ကိုယ်အင်္ဂါဝယ်, ပါရမီတော်အဟုန်, ကိုယ်လုံးခြုံ၍, မွှမ်းထုံသင်းကြူ, သယမ္ဘူဟု, ဉာဏ်တူကင်းလတ်, အရဟတ်ဖြင့်" …

သယမ္ဘူ ဆိုတာ ကိုယ့်ဘာသာ ကိုယ်ရတာ၊ ရနိုင်ရဲ့လား ဆိုတော့ ရနိုင်တာပေါ့လေ၊ ခုနက ပြောခဲ့ပြီ မဟုတ်လား? ဘဝပေါင်း များစွာက ဒီဉာဏ်ကို ရဖို့ရန် သီလစတဲ့ ပါရမီတော်တွေကို ပြုတိုင်း ပြုတိုင်း ဒီဉာဏ်တော်ကို ဆုတောင်းခဲ့တယ်၊ နောက်တော့ ကိုယ်တိုင် ရဟန်းပြုပြီးတော့ ကျင့်တော်မူခဲ့တယ်၊ ဒီနားရောက်ရောက် လာခဲ့တယ်၊ ဒါကြောင့် ရပါတယ်၊ ရပါတယ်၊ ဒီဉာဏ်ကို ကိုယ်တိုင် ရပါတယ်။

"ဉာဏ်တူကင်းလတ်, အရဟတ်ဖြင့်, သတ်ဖြတ်ခပင်း, ကိလေရှင်းသား … "

အဲဒီ ကိုယ်တိုင် သိတော်မူတဲ့ အရဟတ္တမဂ်ဉာဏ်နဲ့ ကိလေသာတွေ ရှင်းသွားလိုက်တာ, ရှင်းသွားလိုက်တာ၊ ဒီနားရပ် ပြောမယ်လေ၊ အသံကို ယူနေကြတဲ့ အသံဖမ်းနေကြတဲ့ ဒကာတွေကို ဘုန်းကြီးက "တရားနာရင်း နာရင်း သီလ ဆောက်တည်ထားရင် ကောင်းတယ်နော်၊ သီလ ဆောက်တည်ပြီးတော့ ဝတ်ဖြူစင်ကြယ်နဲ့ ကိုယ့်ကိုယ်ကို ပါရမီ ဖြည့်နေတာပဲလို့ ဒီလို နားလည် ထားရင် ကောင်းတယ်နော်" လို့ မနေ့က သတိပေးထားတယ်။

အဲဒီတော့ဒီလို ပုဂ္ဂိုလ်တွေရဲ့စိတ်မှာ (ကိုယ့်စိတ်ကိုယ် ပြန်တွေးကြည့်လိုက်စမ်း) ငါ့မှာ ယခု လောဘ ဖြစ်ပါဆိုလို့တောင်မှ လောဘ မဖြစ်ပါဘဲလား? ဒေါသ, မာနဖြစ်ပါဆိုလို့ မဖြစ်ပါဘဲလား? ခဏလေး ခဏလေး ကိလေသာတွေ ကင်းနေလိုက်တာ၊ ကင်းနေလိုက်တာ၊ ဣဿာ မစ္ဆရိယလဲ မရှိ၊ မာနလဲ မရှိ၊ စိတ်တွေ သန့်ရှင်းနေလိုက်တာ၊ ဘုရားအလောင်း ကျတော့ တရားကိုကျင့်နေတဲ့ ရက်ပေါင်း, လပေါင်း, နှစ်ပေါင်း များစွာကြောင့် ကိလေသာတွေက ရှင်းလာတဲ့အပြင် နောက်ဆုံး အရဟတ္တမဂ် ဉာဏ် ရတော့ ကိလေသာတွေ အကုန်လုံး ပြုတ်ပြုတ် ပြုန်းအောင် ရှင်းသွားပါတယ်။

ဒါကြောင့် "ဉာဏ်တူ ကင်းလတ်, အရဟတ်ဖြင့်, သတ်ဖြတ်ခပင်း, ကိလေရှင်းသား" … စိတ်ကူး ကြည့်ပါနော်၊ အဲ … ၃၅ နှစ်အရွယ် ဘုရားဖြစ်တော့မယ်၊ ဗောဓိညောင်ပင် အောက်မှာ တရား နှလုံးသွင်းနေပါပြီ၊ ကိလေသာတွေ အရဟတ္တ မဂ်ဉာဏ် ရလိုက်မှ အကုန်လုံး ရှင်းသွားပါပြီ၊ စိတ်တော် အင်မတန်ကြည်လင်နေပါပြီ။

"သတ်ဖြတ်ခပင်း, ကိလေရှင်းသား, ဉာဏ်ရင်းမဟာ, ကရုဏာနှင့်, သမ္မာသမ္ဗောဓိ, အစရှိလတ်, ဉာဏ်တော်မြတ်၏ … "

မဟာကရုဏာဆိုတာ နည်းနည်းကရုဏာ မဟုတ်ဘူး၊ စိတ်ဖြစ်ပုံကလေးကို စဉ်းစားကြည့်စမ်း၊ သားကလေး တစ်ယောက် ရလာတယ်၊ ကိုယ့်သားကလေး အပေါ် မေတ္တာရော, ကရုဏာရော ဖြစ်ပေါ်လာလိုက်တာ၊ မရခင်တုန်းက ဒီမေတ္တာ ကရုဏာမျိုး မဖြစ်ခဲ့ဘူး၊ သားကလေး ရလာတယ် ဆိုရင် ကရုဏာ ဖြစ်လာပြီ, ဆန်းတာ, ဆန်းတာ၊ အင်မတန် ဆန်းတာ၊ တရားသဘောက ဘယ်သူမှ လုပ်ပေးနေတာ မဟုတ်ဘူး၊ နောက်တစ်ခါ သမီး ဆိုပါတော့၊ အဲဒီ ၂ ယောက် အပေါ်မှာ မေတ္တာ ကရုဏာ နည်းမသွားဘူး၊ လျော့မသွားဘူး၊ နောက်ထပ်လဲ ကြီးလာပြန်တယ်၊ ဒီလိုပေါ့ သားတွေ သမီးတွေ၊ နောက်တော့ မြေးတွေ၊ မေတ္တာ ကရုဏာတွေ ပိုပြီးတော့ ကျယ်ပြန့် ကျယ်ပြန့်လာတယ်၊ ဗုဒ္ဓမြတ်စွာက အားလုံး ဝေနေယျ သတ္တဝါတွေကို သားတော်တွေ, သမီးတော်တွေ မေတ္တာစစ်စစ်နဲ့ ဆင်းရဲမှာ စိုးတော်မူလိုက်တာ၊ အပါယ်လေးပါးကို ကိုယ်တော် တိုင် ဒိဗ္ဗစက္ခုဉာဏ်နဲ့ မြင်ထားလို့ အပါယ်ငရဲမှာ ဒုက္ခတွေ, ပြိတ္တာတွေ မြင်ထားလို့ အဲဒီငရဲ ရောက်သွားမှာ, ပြိတ္တာဖြစ်သွားမှာ စိုးတော်မူလိုက်တာ၊ မေတ္တာတော် ကရုဏာတော် ကြီးမားတော် မူလိုက်တာ၊ အဲဒါကြောင့် "မဟာကရုဏာ = အင်မတန်ကြီးကျယ်တဲ့ မဟာကရုဏာ" လို့ ဆိုရတယ်။

တွေးတွေး ခေါင်ခေါင် ပြောရရင် အင်မတန် ပစ္စည်းတွေ ပြည့်စုံပြီးတော့ ချမ်းသာနေပေမယ့် "အို … ခုဘဝ ချမ်းသာတာဟာ တော်တော်ကြာတော့ ဘဝတစ်ခု ပြောင်းလိုက် လို့ရှိရင် ဒီပစ္စည်းတွေ အကုန်လုံး ပစ်ထားခဲ့ရမှာ၊ ကုသိုလ်ဖြစ်မှ နောက်ဘဝ သံသရာမှာ အကျိုးဖြစ်မှာ" အဲဒါတွေ မြင်ပြီးတော့ ချမ်းသာတဲ့ လူကိုလဲ သနားတော်မူတယ်၊ ဒီပင်္ကရာ မြတ်စွာဘုရားနဲ့ တွေ့တော်မူ ကတည်းက ကိန်းဝပ်ပြီးတော့ လာတဲ့ မဟာကရုဏာတော်ဟာ ဘုရားဖြစ်တော်မူတော့လဲ မပျောက်ဘူး၊ အဲဒီ မဟာကရုဏာတော် ကြီးမားလှတဲ့အပြင် "သမ္ဗောဓိ - အလုံးစုံကို အကုန် သိမြင်တော်မူတဲ့ သဗ္ဗညုတ ဉာဏ်တော်ကြီး" ကို အရဟတ္တမဂ် ရသည်နှင့် တစ်ပြိုင်နက် ရတော် မူပါတယ်။

"သယံ ဗုဒ္ဓေါ သမ္ဗောဓေသိ" … အဲဒီလို ဉာဏ်တော်ကြီး ကြီးကျယ်တဲ့ပုဂ္ဂိုလ်၊ လက္ခဏာကြီးငယ် အသွယ်သွယ်နဲ့ သပ္ပာယ်တဲ့ ရုပ်ပုံတော်မှာ မဟာကရုဏာ ဉာဏ်တော်ကလဲ အင်မတန် ကြီးကျယ် တယ်၊ ကိလေသာ တွေကလဲ အကုန်လုံး ရှင်းလို့ စိတ်တော်က ကြည်လင်နေတယ်၊ မဟာကရုဏာ ဉာဏ်တော်ကလဲ အင်မတန် ကြီးကျယ်တယ်၊ သတ္တဝါတွေကို အင်မတန် သနားတော်မူတယ်၊ သဗ္ဗညုတ ဉာဏ်တော်ကြီးကလဲ အင်မတန် ကြီးကျယ်တော်မူတယ်၊ အဲသလို ပုဂ္ဂိုလ်ကိုမှ "ဗုဒ္ဓ" လို့ အဲဒီလို ဘွဲ့ထူး ရနိုင်ပါတယ်၊ သာမန် အတုအယောင်တွေဟာ ဗုဒ္ဓအစစ် မဖြစ်နိုင်ပါဘူး။

လက္ခဏာတော် ကြီးငယ်, အသွယ်သွယ်ဖြင့်, သပ္ပာယ်လှစွာ, ကိုယ်အင်္ဂါဝယ်, ပါရမီတော်အဟုန်, ကိုယ်လုံးခြုံ၍, မွှမ်းထုံသင်းကြူ, သယမ္ဘူဟု, ဉာဏ်တူကင်းလတ်, အရဟတ်ဖြင့်, သတ်ဖြတ်ခပင်း,
ကိလေရှင်းသား, ဉာဏ်ရင်း မဟာ, ကရုဏာနှင့်, သမ္မာသမ္ဗောဓိ, အစရှိလတ်, ဉာဏ်တော်မြတ်၏, ကိန်းဝပ်စံပျော်, ခန္ဓာပေါ်ဝယ်, ဘွဲ့တော်ဗုဒ္ဓ, တင်ပါရသည်, လောကထွတ်ထား, မြတ်ဘုရား …

သာဓု … သာဓု … သာဓု။

အနိမိသသတ္တာဟ

မြတ်စွာဘုရားက ပထမဆုံး ဘုရားဖြစ်ပြီးတော့ နေရာက မထသေးဘူး၊ ခုနစ်ရက် တင်ပျဉ်ခွေပြီးတော့ နေတဲ့အတိုင်း နေရာက မထသေးဘူး၊ ခုနစ်ရက် ဒီလို သီတင်းသုံးပြီး နောက်မှ နေရာက ထပြီး ပလ္လင်တော် (တင်ပျဉ်ခွေတဲ့နေရာ) ကြည့်ပြီးတော့ "ဒီနေရာမှာ ကိလေသာတွေ အကုန်လုံး ကုန်ခဲ့တယ်၊ ဒီနေရာမှာ သဗ္ဗညုတ ဉာဏ်တော်ကြီးကို ရခဲ့တယ်" လို့ တွေးပြီး ၇-ရက်လုံးလုံး မမှိတ်မသုန်သော မျက်စိဖြင့် ကြည့်တော်မူနေတယ်။

အဘိဓမ္မာတရား ဆင်ခြင်ခြင်း

အဲဒီလို ကြည့်ပြီးတဲ့ နောက် ၇-ရက် လေးကြိမ်မြောက် ကျတော့ ဗုဒ္ဓမြတ်စွာ တရားတော်ကို ဆင်ခြင်တော်မူတဲ့ အထဲက အဘိဓမ္မာတရားကို ဆင်ခြင်တဲ့အခန်း ရောက်လာတယ်၊ ဆင်ခြင်တော်မူလိုက်တာ၊ အဲဒီ ဆင်ခြင်တော်မူတဲ့ အခါမှာ ရှေ့အဘိဓမ္မာ ၆-ကျမ်းကတော့ ဗုဒ္ဓမြတ်စွာရဲ့ ဉာဏ်တော် မကွန့်မြူးလောက်ဘူး၊ တရားတော်တွေက နိမ့်နေတယ်၊ တရားတော်တွေက ကျဉ်းမြောင်းနေတယ်၊ ဉာဏ်တော်ကြီးက အင်မတန် ကြီးကျယ်နေတယ်၊ ဓမ္မသင်္ဂဏီ ဝိဘင်းစတဲ့ ပထမ ၆-ကျမ်း အဘိဓမ္မာတရားတော်တွေကို ဗုဒ္ဓမြတ်စွာက သုံးသပ်တော်မူတယ်၊ တရားတော်က ကျဉ်းနေတယ်၊ ဉာဏ်တော် ကျယ်နေတယ်။

သဗ္ဗညုတဉာဏ်တော်၏ စွမ်းအင် သတ္တိ

နောက်တော့ ခုနစ်ကျမ်းမြောက် ပဋ္ဌာန်းတရားတော်လဲ ရောက်လာရော၊ ဉာဏ်တော်ကြီးကလဲ ကွန့်မြူးလိုက်တာ တကတည်း ရွှင်လာတော်မူလိုက်တာ၊ အဲဒီ ကျတော့မှ သဗ္ဗညုတ ဉာဏ်တော်ကြီးဟာ ဘယ်လောက်များ ကောင်းတုန်း ဆိုတော့ -

အတ္ထိ ဘိက္ခဝေ အညေဝ ဓမ္မာ ဂမ္ဘီရာ ဒုဒ္ဒသာ ဒုရနုဗောဓာ သန္တာ ပဏီတာ အတက္ကာဝစရာ နိပုဏာ ပဏ္ဍိတဝေဒနီယာ။

ဘိက္ခဝေ - ဘိက္ခုတို့၊ အညေဝ - သီလဂုဏ် သမာဓိဂုဏ်ဆိုတဲ့ ဂုဏ်တို့မှ တစ်မျိုး တခြားသာလျှင် ဖြစ်ကုန်သော၊ သန္တာ - အလွန် ငြိမ်သက်လှကုန်သော" တဲ့၊ သဗ္ဗညုတ ဉာဏ်တော်ကြီး ဗုဒ္ဓမြတ်စွာရဲ့ စိတ်တော်အစဉ်မှာ (ခုနက ဥပမာကြည့်လေ - သားကလေး တစ်ယောက် ဖွားလာတော့ မိမိစိတ်မှာ မေတ္တာ ဝင်လာတယ်၊ မေတ္တာစေတသိက် ခေါ်တယ်၊ မေတ္တာတရား ဝင်လာတယ်၊) ဗုဒ္ဓမြတ်စွာရဲ့ အရဟတ္တမဂ်ဉာဏ် ရတော်မူတဲ့ အချိန်မှာ သဗ္ဗညုတဉာဏ် ရတော်မူပြီ၊ အဲဒီလို သဗ္ဗညုတ ဉာဏ်တော်ဓာတ်ဟာ ဘယ်လောက်များ နှစ်သက်စရာ, အားရစရာ, ကျေနပ်စရာ ကောင်းသလဲ ဆိုတော့"သန္တာ - ငြိမ်သက်လှကုန်သော …"၊ တယ် ငြိမ်သက်တယ်၊ မိမိတို့သန္တာမှာ သားကလေး တစ်ယောက် ဖွားလာတော့ မေတ္တာဆိုတဲ့ဓာတ် ပေါ်လာသလို သဗ္ဗညုတ ဉာဏ်တော်ကြီး သေသေချာချာ ပေါ်လာတယ်၊ ဟာ … ငြိမ်သက်လိုက်တာ၊ ဉာဏ်တော်ကြီးက ငြိမ်သက်လိုက်တာ။

ပဏီတာ - မွန်မြတ်ကုန်သော

မွန်မြတ်တယ် ဆိုတာ ဘုန်းကြီးတို့ အင်မတန် မွန်မြတ်တဲ့ အစာကို စားရတဲ့ အခါမှာလေ တင်းမတိမ်နိုင်ဘူး၊ စားပြီးလဲ စားချင်နေတာပဲ၊ မဝပါဘူး၊ ဆိုပါတော့ … တကယ့် အစာစားတဲ့ အခါမှာ ဗိုက်ပြည့်လို့သာ တန်လိုက်ရတယ်၊ ဝတော့ မဝဘူး၊ အဲ … သဗ္ဗညုတ ဉာဏ်တော်ကြီးက အဲဒီလို သဘောရှိတယ်၊ မဝနိုင်ဘူး၊ ဒီဉာဏ်တော်ကြီးများ သိထားလို့ ရှိရင် ဒီ ဉာဏ်တော်ကြီးကို အာရုံပြုပြီး နေရတာ အင်မတန် ကောင်းတဲ့ အစာကို စားနေရသလိုပါပဲ၊ မဝနိုင်ပါဘူး။

သန္တာ ပဏီတာ အတက္ကာဝစရာ နိပုဏာ

အရာဝတ္ထုတစ်ခု နူးညံ့သလိုပါပဲ၊ သဗ္ဗညုတ ဉာဏ်တော်ကြီးက အင်မတန် နူးညံ့တော်မူတာပဲ၊ "အတက္ကာဝစရာ" စိတ်ကူးဉာဏ်နဲ့ ကြံကြည့်လိုက်တော့ မရဘူး၊ ခု … ဘုန်းကြီးပြောနေရတာက ဘုန်းကြီးကိုယ်တိုင် မရတာဖြစ်လို့ စာအလိုက် ပြောနေရတာ၊ စာအလိုက် ပြောပြီး ဘေးက ကြံပြီးတော့ "ဒီလို နေမှာပါပဲ" လို့ ဒီလို ကြံလို့တော့ မရဘူးတဲ့၊ တကယ့်ကို ထိုးထိုးထွင်းထွင်း သိမှ သဗ္ဗညုတ ဉာဏ်တော်ကြီးကို သိမယ်၊ "ဒီလောက် နေမှာပါပဲ၊ ဒီလောက်သိမှာပါပဲ" လို့ ဒီလိုတော့ ကြံလို့ မရဘူးတဲ့၊ ဘယ်သူမှ မရဘူး၊ ဉာဏ်တော်ထဲမှာ (ဗုဒ္ဓမြတ်စွာရဲ့ သာဝကတော်ထဲမှာ ဒီသာသနာမှာ) ပညာအကြီးဆုံးဖြစ်တဲ့ အရှင်သာရိပုတ္တရာ ကိုယ်တော်တိုင် ဒီဉာဏ်တော်ကြီးကို မှီအောင် မသိနိုင်ပါဘူး၊ အဲသလောက် အဲသလောက် မြင့်မြတ်တော်မူတယ်၊ နက်နဲတော်မူတယ်။

ဂမ္ဘီရာ - နက်နဲကုန်သော

ဘယ်လောက် နက်နဲတုန်း၊ သမုဒ္ဒရာမှာ ခြင်လေးရဲ့ နှုတ်သီးနဲ့ မထောက်နိုင်သလို အဲဒီ သဗ္ဗညုတ ဉာဏ်တော်ကြီးကို မထောက်နိုင်လောက်အောင် နက်နဲပါတယ်၊ ခြင်ရဲ့ နှုတ်သီးဖျား ကလေးနဲ့ သမုဒ္ဒရာကို ထောက်ကြည့်တဲ့ အနေမျိုးလောက်ပဲ ရှိမယ်၊ မထောက်နိုင်ပါဘူး၊ အင်မတန် နက်နဲပါတယ်။

အတ္ထိ ဘိက္ခဝေ အညေဝ ဓမ္မာ ဂမ္ဘီရာ ဒုဒ္ဒသာ ဒုရနုဗောဓာ။

နက်နေတယ် ဆိုတော့ ဘယ်မှာ (ဒုဒ္ဒသာ) မြင်လို့ လွယ်ပါတော့မလဲ၊ သိပ်နက်တာကိုး၊ ဘယ်မှာ ဉာဏ်တော်ကြီးကို ပိုင်ပိုင်ကြီး မြင်နိုင်ပါ့မလဲ၊ (ပညာဧတဒဂ် ဖြစ်တဲ့ အရှင်သာရိပုတ္တရာလို ပုဂ္ဂိုလ်တောင်မှ မမြင်နိုင်တဲ့ ဥစ္စာကို) ထိုးထွင်းပြီးတော့ အတွင်းရောက်အောင် ကြည့်ဖို့ဆိုတာက သာပြီးတော့ မဖြစ်နိုင်တာပေါ့။

ဒုရနုဗောဓာ

အဲဒီလို အင်မတန်မှ မြင့်မြတ်တဲ့ သဗ္ဗညုတ ဉာဏ်တော်ကြီးကို စိတ်ကူးနှင့် ကြံပြီးတော့ ဒီပြင်ပုဂ္ဂိုလ် မပြောနဲ့ အရှင်သာရိပုတ္တရာ ကိုယ်တော်တိုင် မဖြစ်နိုင်ဘူး၊ "သဗ္ဗညုတ ဉာဏ်တော်ကြီးကို ဘယ်သူသာ သိမလဲ ဆိုရင် ဘုရားပဲ သိမယ်၊ သဗ္ဗညုတ ဉာဏ်တော်ကြီးရဲ့ စွမ်းအင်သတ္တိတော်ကို ဒိပြင် ပုဂ္ဂိုလ်တွေ မသိနိုင်ပါဘူး၊ သဗ္ဗညုတ ဉာဏ်တော်ကြီးက ဒီလောက် ကြီးကျယ်တယ် ဆိုတော့ ဘုန်းကြီးတို့က စာပြောကိုး၊ အဲဒီလို ပြောနေတော့ ဘေးက မှတ်ချက် ချချင်တိုင်း ချနိုင်တယ်"။

ဉာဏ်တော်ကြီးနှင့် ပဋ္ဌာန်းကျမ်း

သို့သော် လာမယ့် ပဋ္ဌာန်းကို ကြည့်ရမယ်၊ "ဒီဆင်ကြီးဟာ ဒီလောက်ကြီးတဲ့ ဆင်ကြီး ဖြစ်ရမယ်" ဆိုတာ ဆင်ခြေရာကို ကြည့်လို့ရှိရင် အတော်တော့ မှန်းလို့ ရတယ်၊ "ဟာ … ဆင်ခြေရာကြီး မနည်းပါလား၊ ဒီ ဆင်ခြေရာကြီးကို ထောက်ရင် ဒီ သွားတဲ့ ဆင်ကြီးဟာ ဘယ်လောက် ကြီးရမယ်" လောကဓာတ် ဆရာတွေက ဘယ်လောက် ကြီးရမယ် မှန်းလို့ရတယ်၊ ဘယ်လောက်တောင် မြင့်မယ် မှန်းလို့ ရတယ်၊ ဒါတောင် ခြေရာကြည့်ရုံနဲ့ မှန်ချင်မှ မှန်မယ်၊ တချို့က ခြေသာကြီးတာ အကောင် မမြင့်တာ ရှိသေးတယ်၊ အဲဒါ မှားချင် မှားဦးမယ်၊ သို့သော် ဆင်ခြေရာ ကြည့်လို့ရှိရင် အတော် မှန်းရတယ်၊

အဲဒါ ဗုဒ္ဓမြတ်စွာရဲ့ ဉာဏ်တော် ကျက်စားရာဖြစ်တဲ့ ပဋ္ဌာန်းတရားတော်ကို ကြည့်လို့ရှိရင် "အား … သိပ် သိမ်မွေ့ပါလား"၊ အား … သိပ် နက်နဲပါလား၊ အား … သိပ်ပြီးတော့ ဉာဏ်တော် ကြီးကျယ်ပါလား" လို့ ဆိုလိုတာတော့ ပေါ်လာလိမ့်မယ်၊ ဒါကြောင့် ဘုန်းကြီးက တွေးပေမယ့် မသိဘူး၊ မသိပေမယ့်လဲ ပဋ္ဌာန်းတရားတော်နဲ့ တွေးကြည့်တော့ "အင်မတန် ကြီးကျယ်တဲ့ ဉာဏ်တော်ကြီးပါလား" ဆိုတာ ပေါ်လာလိမ့်မယ်။

ဗုဒ္ဓမြတ်စွာရဲ့ စိတ်တော်ဟာ အလွန့်အလွန် ကြည်တာကိုး၊ ကြည်မှာပေါ့၊ တရားတော်တွေ အာရုံပြုပြီးတော့ ကွန့်မြူးနေလိုက်တာ စိတ်တော် အင်မတန် ကြည်တာ၊ အဲဒီစိတ်တော် ကြည်တော့ ရောင်ခြည်တော်တွေပါ ထွက်လာတယ်၊ ကြည်လိုက်တာ၊ ပဋ္ဌာန်း တရားတော်ကျမှ ဗုဒ္ဓမြတ်စွာရဲ့ ဉာဏ်တော် ကွန့်မြူးခွင့် ရလာတယ်၊

ယူဇနာ ၅၀၀-လောက် အလျားရှည်တဲ့ ငါးကြီးတွေ သမုဒ္ဒရာထဲမှာ ရှိတယ်၊ ပင်လယ်ကြီးထဲမှာ ရှိတယ်၊ အဲဒီ ငါးကြီးတွေ ကမ်းပိုင်းလောက် ရောက်တော့ ဘာမှ မကျက်စားလောက်ဘူး၊ တော်တော်ကလေး ရေနက်သွားတော့လဲ မကျက်စားလောက်ပါဘူး၊ အဲ … သမုဒ္ဒရာ အလယ်လောက်ကျတော့ ရှစ်သောင်း လေးထောင် နက်တာကိုး၊ ယူဇနာပေါင်းက အဲသလောက် နက်တဲ့ သမုဒ္ဒရာ ရေပြင်ကျတော့ ငါးကြီးတွေ ပျော်လိုက်တာတဲ့၊ မြူးဖို့ ပျော်ဖို့ အခွင့်ရတယ်၊ ဘာပြုလို့တုန်း, ရေက အင်မတန် နက်တာကိုး၊ အင်မတန် ကျယ်တာကိုး။

အဲဒီလိုပါပဲ၊ ဗုဒ္ဓမြတ်စွာရဲ့ ဉာဏ်တော်ဟာ အဘိဓမ္မာတရား ရှေ့ခြောက်ပိုင်းလောက်ကို အာရုံပြုပြီး ကျက်စားတော်မူတော့ မကျက်စားလောက်ပါဘူး၊ အဲဒါ ရေတိမ်နေသလိုပါပဲ၊ နောက်တော့ ပဋ္ဌာန်းတရားတော်ကြီး ရောက်တော့မှ အမျိုးမျိုး လှည့်ပြီး "ဒီလိုလဲဖြစ်တယ် - ဒီလိုလဲဖြစ်တယ်" နဲ့ ရှုစားတော်မူတော့ ဉာဏ်တော်ကြီးဟာလေ ပဋ္ဌာန်းတရားတော်နဲ့ လိုက်လိုက်တာ၊ တကတည်း ပဋ္ဌာန်းတရားတော်လဲ ရောက်ရော ဉာဏ်တော်ကြီးဟာ ရွှင်ပြီးတော့ ခုနက ငါးကြီးများ ပျော်နေသလိုပဲ၊ ဗုဒ္ဓရဲ့ ဉာဏ်တော်ကြီးဟာ အင်မတန် ရွှင်ပျ ကြည်လင်တော်မူတယ်။

ရောင်ခြည်တော် ကွန့်မြူးတော်မူခြင်း

သတ္တသတ္တာဟမဇ္ဈမှိ, နာထော ယော သတ္တ သမ္မသိ၊ ပတွာ သမန္တပဋ္ဌာနံ, ဩကာသံ လဘတေ တထာ။ ယောဇနာနံ သတာယာမော, ပဉ္စ တိမိရပိင်္ဂလော၊ ကီဠောကာသံ သမုဒ္ဒေဝ, ဂမ္ဘီရေ လဘတေ ယထာ။

(အနည်းငယ် ပြင်ဆင်အပ်သော မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီး၏ ရောင်ခြည်တော်အဖွင့် ဘုရားရှိခိုး ဂါထာများ ဖြစ်သည်၊ ထိုတွင်တရားသံ အတွင်း၌အနက် မပေးအပ်သော နှစ်ဂါထာကို ဤသို့ အနက်ပေးပါ။)

သမ္မန္တဿ တံ ဓမ္မံ, တဿ သတ္ထု သရီရတော၊ သဗ္ဗာ ဒိသာ ဝိဓာဝန္တိ, လောဟိတာဒိ ပသီဒနာ။

တံ ဓမ္မံ - ထို ပဋ္ဌာန်း တရားတော်ကြီးကို၊
သမ္မသန္တဿ - သုံးသပ် ဆင်ခြင်တော်မူသော၊
တဿ သတ္ထု - ထိုမြတ်စွာဘုရား၏၊
သရီရတော - နဂိုက ရွှေအဆင်းကဲ့သို့ ဝါဝင်းသော ခန္ဓာကိုယ်ပေါ်မှ၊
သဗ္ဗာ ဒိသာ - အလုံးစုံသော အရပ်မျက်နှာတို့သို့၊
(နီလာဒိဆဗ္ဗဏ္ဏရံသိယော - ညိုသော ရောင်ခြည်တော် အစရှိတဲ့ ခြောက်သွယ်သော ရောင်ခြည်တော် တို့သည်၊)
လောဟိတာဒိပသီဒနာ - စိတ်တော် ကြည်လင်သည့်အတွက် သွေးတော် အစရှိသည်တို့က သန့်ရှင်း ကြည်လင်ခြင်းကြောင့်၊
(ဆဗ္ဗဏ္ဏရံသိယော - ခြောက်သွယ်သော ရောင်ခြည်တော်တို့သည်၊)
ဝိဓာဝန္တိ - ထိုထို ဤဤ လှည့်လည် ပြေးသွားကြလေကုန်သတည်း။

သာဓု … သာဓု … သာဓု။

ဒါကြောင့် ဘုန်းကြီးတို့ကလေ ဗုဒ္ဓမြတ်စွာရဲ့ သားတော်ဖြစ်ရတာ သိပ်တန်ဖိုး ရှိတာပဲ၊ ဗုဒ္ဓမြတ်စွာ ရဲ့ တရားတော်တွေ အာရုံပြုပြီး နေရတာ အင်မတန် အားရတယ်၊ အင်မတန် ဝမ်းမြောက်စရာ ကောင်းတယ်။

အကယ်၍များ တစ်စုံတစ်ခု ရည်ရွယ်ချက် မရှိဘူးဆိုရင် တရားကို ပေါက်သွားနိုင်တယ်၊ ဗုဒ္ဓရဲ့ သားတော် (ဗုဒ္ဓကို ကြည်ညိုတဲ့ သာဝက၊ ဗုဒ္ဓရဲ့ သာသနာတော်ကြီးကို အတွင်းက နေပြီးတော့ အားပေးနေတဲ့ ရဟန်းတော် သံဃာတော်) ဖြစ်ရခြင်း, အပြင်ဖက်က နေပြီးတော့ သာသနာတော်ကို ထောက်ပံ့နေတဲ့ သာသနာ့ ဒါယကာ ဖြစ်ရခြင်းသည် အင်မတန်မှ ဘုန်းကြီးတို့ ရှေးဘုန်း ရှေးကံ ကြီးကျယ်တာပဲ၊ အင်မတန်ကို ဘုန်းကြီးတို့ မြင့်မြတ်တာပဲ၊ ဒီလို အခြေတည်ပြီး သွားလိုက်မယ် ဆိုလို့ရှိရင် မဂ်ဖိုလ် နိဗ္ဗာန်လမ်းကို ဖြောင့်နေတာပဲ၊ ဒါကြောင့် …

သုတတ္တံ - တရားဓမ္မ, ဩဝါဒကို, ကြားရ ရွှင်ပျော်, သားတော် သမီးတော် ဖြစ်ရခြင်းသည်၊ အဟော နော - ကိုယ့်တွက် ကိုယ့်တာ, ကိုယ်ကျိုးပါသဖြင့်, ကိုယ့်မှာခုနှယ်, ဪ … ဝမ်းမြောက်ဖွယ်ကြီးပါတကား"

ဘုန်းကြီးတို့ ပဋ္ဌာန်းတရားကျတော့ "ဘယ်တရားပြီးတော့ ဘယ်တရားဖြစ် … ဘယ်တရားပြီးတော့ ဘယ်တရားဖြစ် … ဘယ်တရားပြီးတော့ ဘယ်တရားဖြစ် … ဘယ်စိတ်ပြီးတော့ ဘယ်စိတ်ဖြစ် … ဘယ်စိတ်ပြီးတော့ ဘယ်စိတ်ဖြစ် … ဘယ်စိတ်ပြီးတော့ ဘယ်စိတ်ဖြစ်" ဒီလိုကို စိတ်တွေ ရှေ့နောက် ဖြစ်နေပုံကို ဗုဒ္ဓမြတ်စွာက ဟောတော်မူလိုက်တာ၊ ဒါကို ဘုန်းကြီးတို့ ဝီထိဆိုတဲ့ သင်ရိုး သင်စဉ်နဲ့ ဖြစ်လာခဲ့တယ်။

အနန္တရပစ္စည်းကျတော့ "ဘယ်စိတ်ပြီးတော့ ဘယ်စိတ်ဖြစ်တယ် … ဘယ်စိတ်ပြီးတော့ ဘယ်စိတ်ဖြစ်တယ် … ဘယ်စိတ်ပြီးတော့ ဘယ်စိတ်ဖြစ်တယ်" ဒါမျိုးကို ဒီပြင်ပုဂ္ဂိုလ်တွေ ဘယ်လိုမှ စဉ်းစားလို့ မရပါဘူး၊ ဗုဒ္ဓမြတ်စွာက အင်မတန် သေသေချာချာ ကျကျနန ခွဲပြီးတော့ ဟောတော်မူတယ်၊ ဒါတွေ ဘုန်းကြီးတို့က တွေးပြီးတော့ ကြံလို့ စဉ်းစားလို့ "ဓမ္မစိန္တနံ - ဓမ္မသက်သက်, ရှေ့နောက်ဆက်၍" … ပုဂ္ဂိုလ် မပါပါဘူး၊ ဒီအထဲမှာ ခန္ဓာကိုယ်နဲ့ပဲ စဉ်းစား စဉ်းစား၊ ပုဂ္ဂိုလ်ဆိုတဲ့ အကောင်အထည် မပါဘူး၊ သတ္တဝါ မပါဘူး၊ ဓမ္မတွေချည်းဆိုတာ အင်မတန် ရှင်းနေတာပဲ၊

"ဓမ္မစိန္တနံ - ဓမ္မသက်သက်, ရှေ့နောက် ဆက်၍, ဖြစ်ပျက်နေဟန်, အကြောင်းမှန်ကို" … ဖြစ်ပျက် ဆိုပေမယ့် အရမ်းမဲ့ ဖြစ်ပျက်တာ မဟုတ်ပါဘူး၊ ဒီအကြောင်းရှိလို့ ဒီအကျိုးရှိတယ်၊ ဒီစိတ်ရှိလို့ ဒီစိတ်ဖြစ်တယ်၊ ဒီစိတ်ရှိလို့ ဒီရုပ်ဖြစ်တယ်နဲ့ အကြောင်းနဲ့အကျိုးနဲ့ ခွဲဝေပြီးတော့ ဟောတော်မူလိုက်တာ၊ အဲဒါတွေ ဗုဒ္ဓဉာဏ်တော်ရဲ့ နောက်ကလိုက်ပြီးတော့ ဘုန်းကြီးတို့ စဉ်းစားလိုက်ရင် ဝမ်းသာစရာ အင်မတန် ကောင်းတယ်၊ ဘယ်လောက် ကောင်းသတုန်း ဆိုတော့ ဘုန်းကြီးတို့ရဲ့ ရှေ့က ဘုန်းကြီးတို့ရဲ့ နောင်တော် ခမည်းတော် ဘိုးတော် ဆိုပါတော့၊ အဲသလိုပုဂ္ဂိုလ်တွေ ဒီလိုပဲ ကြံစည်ပြီးတော့ သွားကြတယ်၊ ဒီလိုကြံစည်ရင်းက တရားတွေ ပေါက်ပြီး ရဟန္တာဖြစ်ကြတယ်၊ တစ်ခါတုန်းက သီဟိုဠ်ကျွန်းကနေပြီး ဗောဓိပင်ဖူးမယ်လို့ သင်္ဘောနဲ့ ကြွပြီးတော့ အရှင် မဟာတိဿ မထေရ် (မဟာ ဂတိဂမိယ တိဿဒတ္တ ထေရ် = မဟာဂတိမ္ဗယ တိဿဒတ္တထေရ်) ဟာ သင်္ဘောပေါ် အထက်ထပ်က နေပြီးတော့ စဉ်းစားတယ် …။

"သမုဒ္ဒရာကြီး တယ်ကျယ်ပါလား၊ ကမ်းကို မမြင်ရတော့ဘူး၊ ဒီရေလှိုင်းတွေ တဖွားဖွားနဲ့ သင်္ဘောခုတ်နေရင်း ထနေတဲ့ ရေလှိုင်းတွေ ရေပွားတွေသာ မြင်ရတော့တယ်၊ အရှေ့ကမ်းလဲ မမြင်ရ, အနောက်ကမ်းလဲ မမြင်ရ၊ သိပ်နက်နဲတာပဲ" လို့ သမုဒ္ဒရာကြီးကို စဉ်းစားပြီးတဲ့နောက် …

ဗုဒ္ဓမြတ်စွာရဲ့ တရားတော်နဲ့ (အဘိဓမ္မာ တရားတော်နဲ့ = ပဋ္ဌာန်းတရားတော်နဲ့) ဆက်ပြီးတော့ စဉ်းစားတာကိုး၊ အဲ … သမုဒ္ဒရာက မမြင်ရဘူး ဆိုပေမယ့် ကမ်းအဆုံး ရှိသေးတယ်၊ အရှေ့မှာ အရှေ့ကမ်းအဆုံး ရှိတယ်၊ ပတ်ပတ်လည်မှာလဲ သူ့ကမ်းအဆုံး ရှိတယ်၊ မမြင်ရဘူး ဆိုပေမယ့် အဆုံး ရှိသေးတယ်၊ ကြည့်လိုက်ရင် အဆုံး တွေ့နိုင်သေးတယ်၊ အောက်မှာလဲပဲ ရေဟာ ဘယ်လောက် နက်နက် နက်ချင်သလောက် နက်ပေမယ့် မြေကြီးဟာ သမုဒ္ဒရာ ဆုံးနေတာပဲ၊ အထက်ကျတော့လဲ ကောင်းကင်ပြင်နဲ့၊ သမုဒ္ဒရာကြီး အဆုံးမရှိဘူး ဆိုပေမယ့် အဆုံးရှာလို့ ရသေးတယ်။

ဗုဒ္ဓမြတ်စွာရဲ့ အဘိဓမ္မာ တရားတော်အရ ပဋ္ဌာန်းတရားတော်ကြီး စဉ်းစားလိုက်တာ၊ တကယ်ကို ဉာဏ်နဲ့လိုက်လေ တရားတော်ကြီးက ကျယ်လေ၊ ဉာဏ်နဲ့လိုက်လေ တရားတော်ကြီးက ကျယ်လေ၊ "ရုပ်နဲ့နာမ်သာ ရှိတယ်၊ ပုဂ္ဂိုလ်, သတ္တဝါ, သူ, ငါ မရှိ၊ ပုဂ္ဂိုလ်, သတ္တဝါ, သူ, ငါ မရှိပေမယ့် အကုန်လုံး အကြောင်းအကျိုးတွေနဲ့ ဖြစ်လို့ ပျက်လို့ … ဖြစ်လို့ ပျက်လို့၊ ပုဂ္ဂိုလ်, သတ္တဝါ, သူ, ငါ ထင်ရလောက်အောင် အကောင်အထည် ဖော်လို့ ဒီလို ဖြစ်နေပါလား၊ အားလုံးဟာ ပုဂ္ဂိုလ်, သတ္တဝါ, သူ, ငါ မရှိဘဲနဲ့ တရားသဘောတွေ ဖြစ်ပျက်နေပါလား … " လို့ တွေးရင်း … တွေးရင်း "ဖြစ်လိုက် ပျက်လိုက် အနိစ္စ၊ အဖြစ်အပျက် ဒဏ်တွေ ခံနေရတဲ့ ဒုက္ခ၊ ဒီထဲ အနှစ်သာရ အတ္တ အကောင်အထည် ဘာမှမရှိတဲ့ အနတ္တပါလား … " လို့ တွေးရင်း … တွေးရင်း သင်္ဘောပေါ်မှာ ပီတိတွေဖြစ်လို့ စိမ့်ပြီးတော့ လာရာက အဲဒီ ပီတိကို အနိစ္စ, ဒုက္ခ, အနတ္တနဲ့ ရှုလိုက်တာ အဲဒီနေရာမှာပဲ ရဟန္တာ ဖြစ်သွားတယ်၊ ဒါကြောင့် ဘုန်းကြီးက …

ဓမ္မစိန္တနံ - ဓမ္မသက်သက် ရှေ့နောက်ဆက်၍ ဖြစ်ပျက်နေဟန် ကြောင်းကျိုးမှန်ကို ဖန်ဖန်ခွဲဝေ ကြံစည်၍နေရခြင်းသည်၊ အဟောနော - ကိုယ့်သန္တာန်တွင်း ဉာဏ်ရောင်လင်း၍ ရှင်းကာ ရှင်းကာ ဪ … အားရဖွယ်ကြီးပါတကား။

သာဓု … သာဓု … သာဓု။

ဒီတော့ကာ ယခု ပဋ္ဌာန်းပစ္စယုဒ္ဒေသ, ပစ္စယနိဒ္ဒေသကို ရွတ်ပြီးတော့ အသံသွင်းပါ့မယ်၊ ရွတ်နေတုန်း (ပါဠိရွတ်နေတုန်း) မှာ ဘာမှ နားမလည်ပေမယ့် "ဪ … ဒီလောက်နက်နဲတဲ့ တရားတော်ကြီး ပါလား" လို့ ဒီလိုလောက် မှန်းထားပါ၊ နောက်တော့ အဲဒီတရားတွေကို ဘုန်းကြီးက ဆက်ဆက်ပြီးတော့ "ဟေတုပစ္စည်းဆိုတာ ဘယ်လိုသဘော" ဆိုတာ ကောက်ချက်ချပြီး အဓိပ္ပာယ် ပြောမယ်၊ ဒီနေ့တော့ အဲဒီ တရားကို အသံသွင်းရုံ (ပါဠိအသံသွင်းရုံ) ပဲ၊ သွင်းယူထားကြရမယ်။

၁။ ပစ္စယုဒ္ဒေသ

၁။ ဟေတုပစ္စယော
၂။ အာရမ္မဏပစ္စယော
၃။ အဓိပတိပစ္စယော
၄။ အနန္တရပစ္စယော
၅။ သမနန္တရပစ္စယော
၆။ သဟဇာတပစ္စယော
၇။ အညမညပစ္စယော
၈။ နိဿယပစ္စယော
၉။ ဥပနိဿယပစ္စယော
၁၀။ ပုရေဇာတပစ္စယော
၁၁။ ပစ္ဆာဇာတပစ္စယော
၁၂။ အာသေဝနပစ္စယော
၁၃။ ကမ္မပစ္စယော
၁၄။ ဝိပါကပစ္စယော
၁၅။ အာဟာရပစ္စယော
၁၆။ ဣန္ဒြိယပစ္စယော
၁၇။ ဈာနပစ္စယော
၁၈။ မဂ္ဂပစ္စယော
၁၉။ သမ္ပယုတ္တပစ္စယော
၂၀။ ဝိပ္ပယုတ္တပစ္စယော
၂၁။ အတ္ထိပစ္စယော
၂၂။ နတ္ထိပစ္စယော
၂၃။ ဝိဂတပစ္စယော
၂၄။ အဝိဂတပစ္စယောတိ။

ပစ္စယုဒ္ဒေသော နိဋ္ဌိတော။

ပစ္စယနိဒ္ဒေသ

၁။ ဟေတုပစ္စယောတိ

ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမဋ္ဌာနာနဉ္စ ရူပါနံ ဟေတု ပစ္စယေန ပစ္စယော။

၂။ အာရမ္မဏပစ္စယောတိ

ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

သဗ္ဗေ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ယံ ယံ ဓမ္မံ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊

တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

၃။ အဓိပတိပစ္စယောတိ

ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။

ဝီရိယာဓိပတိ ဝီရိယသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။

စိတ္တာဓိပတိ စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။

ဝီမံသာဓိပတိ ဝီမံသသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။

ယံ ယံ ဓမ္မံ ဂရုံ ကတွာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊

တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အဓိပတိပစ္စယေန ပစ္စယော။

၄။ အနန္တရပစ္စယောတိ

စက္ခုဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။

သောတဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။

ဃာနဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။

ဇိဝှါဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။

ကာယဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။

ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။

၅။ သမနန္တရပစ္စယောတိ

စက္ခုဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။

သောတဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။

ဃာနဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။

ဇိဝှါဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။

ကာယဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။

ယေသံ ယေသံ ဓမ္မာနံ သမနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။

၆။ သဟဇာတပစ္စယောတိ

စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတပစ္စယေန ပစ္စယော။

စတ္တာရော မဟာဘူတာ အညမညံ သဟဇာတပစ္စယေန ပစ္စယော။

သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ သဟဇာတပစ္စယောန ပစ္စယော။

စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။

မဟာဘူတာ ဥပါဒါရူပါနံ သဟဇာတပစ္စယေန ပစ္စယော။

ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ကိဉ္စိ ကာလေ သဟဇာတပစ္စယေန ပစ္စယော၊

ကိဉ္စိ ကာလေ န သဟဇာတပစ္စယေန ပစ္စယော။

၇။ အညမညပစ္စယောတိ

စတ္တာရော ခန္ဓာ အရူပိနော အညမညပစ္စယေန ပစ္စယော။

စတ္တာရော မဟာဘူတာ အညမညပစ္စယေန ပစ္စယော။

သြက္ကန္တိက္ခဏေ နာမရူပံ အညမညပစ္စယေန ပစ္စယော။

၈။ နိဿယပစ္စယောတိ

စတ္တာရော ခန္ဓာ အရူပိနော အညမညံ နိဿယပစ္စယေန ပစ္စယော။

စတ္တာရော မဟာဘူတာ အညမညံ နိဿယပစ္စယေန ပစ္စယော။

သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ နိဿယပစ္စယေန ပစ္စယော။

စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနနံ ရူပါနံ နိဿယပစ္စယေန ပစ္စယော။

မဟာဘူတာ ဥပါဒါရူပါနံ နိဿယပစ္စယေန ပစ္စယော။

စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။

သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။

ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။

ဇိဝှါယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။

ကာယယယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။

ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။

၉။ ဥပနိဿယပစ္စယောတိ

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။

ဥတုဘောဇနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။

ပုဂ္ဂလောပိ ဥပနိဿယပစ္စယေန ပစ္စယော။

သေနာသနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။

၁၀။ ပုရေဇာတပစ္စယောတိ

စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ဇိဝှါယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ကိဉ္စိ ကာလေ ပုရေဇာတပစ္စယေန ပစ္စယော၊ ကိဉ္စိ ကာလေ န ပုရေဇာတပစ္စယေန ပစ္စယော။

၁၁။ ပစ္ဆာဇာတ ပစ္စယောတိ

ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။

၁၂။ အာသေဝနပစ္စယောတိ

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကြိယာဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကြိယာဗျာကတာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။

၁၃။ ကမ္မပစ္စယောတိ

ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။
စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။

၁၄။ ဝိပါကပစ္စယောတိ

ဝိပါကာ စတ္တာရော ခန္ဓာ အရူပိနော အညမညံ ဝိပါကပစ္စယေန ပစ္စယော။

၁၅။ အာဟာရပစ္စယောတိ

ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။
အရူပိနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။

၁၆။ ဣန္ဒြိယပစ္စယောတိ

စက္ခုန္ဒြိယံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
သောတိန္ဒြိယံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
ဃာနိန္ဒြိယံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
ဇိဝှိန္ဒြိယံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
ကာယိန္ဒြိယံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
ရူပဇီဝိတိန္ဒြိယံ ကဋတ္တာ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
အရူပိနော ဣန္ဒြိယာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

၁၇။ ဈာနပစ္စယောတိ

ဈာနင်္ဂါနိ ဈာနသမ္ပယုတ္တာကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဈာနပစ္စယေန ပစ္စယော။

၁၈။ မဂ္ဂပစ္စယောတိ

မဂ္ဂင်္ဂါနိ မဂ္ဂသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ မဂ္ဂပစ္စယေန ပစ္စယော။

၁၉။ သမ္ပယုတ္တပစ္စယောတိ

စတ္တာရော ခန္ဓာ အရူပိနော အညမညံ သမ္ပယုတ္တပစ္စယေန ပစ္စယော။

၂၀။ ဝိပ္ပယုတပစ္စယောတိ

ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။

၂၁။ အတ္ထိပစ္စယောတိ

စတ္တာရော ခန္ဓာ အရူပိနော အညမညံ အတ္ထိပစ္စယေန ပစ္စယော။
စတ္တာရော မဟာဘူတာ အညမညံ အတ္ထိပစ္စယေန ပစ္စယော။
သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ အတ္ထိပစ္စယေန ပစ္စယော။
စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။
မဟာဘူတာ ဥပါဒါရူပါနံ အတ္ထိပစ္စယေန ပစ္စယော။
စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ဇိဝှါယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာ နဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

၂၂။ နတ္ထိပစ္စယောတိ

သမနန္တရနိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ နတ္ထိပစ္စယေန ပစ္စယော။

၂၃။ ဝိဂတပစ္စယောတိ

သမနန္တရဝိဂတာ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဝိဂတပစ္စယေန ပစ္စယော။

၂၄။ အဝိဂတပစ္စယောတိ

စတ္တာရော ခန္ဓာ အရူပိနော အညမညံ အဝိဂတပစ္စယေန ပစ္စယော။
စတ္တာရော ခန္ဓာ မဟာဘူတာ အညမညံ အဝိဂတပစ္စယေန ပစ္စယော။
သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ အဝိဂတပစ္စယေန ပစ္စယော။
စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဝိဂတပစ္စယေန ပစ္စယော။
မဟာဘူတာ ဥပါဒါရူပါနံ အဝိဂတပစ္စယေန ပစ္စယော။
စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ဇိဝှါယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ အနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာ နဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ပစ္စယေနိဒ္ဒေသော နိဋ္ဌိတော။

သာဓု … သာဓု … သာဓု။

ဣတိ - ဤသို့၊
ဗောဓေန္တံ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာကျန သိပြီးမှလျှင် များလှဝေနေ သိစေတော် မူသော မြတ်စွာဘုရားကို၊
ဝန္ဒာမိ - ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ အရှင်ဘုရား။

သာဓု … သာဓု … သာဓု။

သံဃာတော်များ မေတ္တာပို့

၁။ အရှေ့အရပ်၌ နေကြသော ကမ္ဘာသူ, ကမ္ဘာသား သတ္တဝါ အများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

၂။ အရှေ့တောင် အရပ်၌ နေကြသော ကမ္ဘာသူ, ကမ္ဘာသား သတ္တဝါ အများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

၃။ တောင်အရပ်၌ နေကြသော ကမ္ဘာသူ, ကမ္ဘာသား သတ္တဝါ အများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

၄။ အနောက်တောင် အရပ်၌ နေကြသော ကမ္ဘာသူ, ကမ္ဘာသား သတ္တဝါ အများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

၅။ အနောက်အရပ်၌ နေကြသော ကမ္ဘာသူ, ကမ္ဘာသား သတ္တဝါ အများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

၆။ အနောက်မြောက် အရပ်၌ နေကြသော ကမ္ဘာသူ, ကမ္ဘာသား သတ္တဝါ အများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

၇။ မြောက်အရပ်၌ နေကြသော ကမ္ဘာသူ, ကမ္ဘာသား သတ္တဝါ အများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

၈။ အရှေ့မြောက် အရပ်၌ နေကြသော ကမ္ဘာသူ, ကမ္ဘာသား သတ္တဝါ အများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

၉။ အထက်အရပ်၌ နေကြသော ကမ္ဘာသူ, ကမ္ဘာသား သတ္တဝါ အများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

၁၀။ အောက်အရပ်၌ နေကြသော ကမ္ဘာသူ, ကမ္ဘာသား သတ္တဝါ အများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

သဗ္ဗညုတ ဉာဏ်တော်စွမ်းအား "ပူဇော်"

၁။ သိရန်မှန်က, မကျန်ရအောင်, လုံးဝစုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။

၂။ သိသည့်တရား, အများအပြား၌, ဟောထား စဖွယ်, နည်းသွယ်သွယ်ကို, ခြယ်လှယ်စုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။

၃။ ကျွတ်ထိုက်ကြပေ, များဝေနေ၏, ဣန္ဒြေ စရိုက်, သူ့အကြိုက်ကို, နှိုက်ချွတ်စုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။

၄။ သဗ္ဗဉ်ဉာဏ်အား, စွမ်းသုံးပါးကြောင့်, အများဝေနေ, ကျွတ်လွတ်စေဖို့, မနေမနား, သက်တော်အားဖြင့်, ကြီးမားလေဘိ, ရှစ်ဆယ်ရှိ၍, ပရိနိဗ္ဗာန်, စံသည့်တိုင်အောင်, သယ်ယူဆောင်, ဘုန်းခေါင် ငါတို့ဘုရားတည်း။

သံဃာတော်များ အမျှဝေ

ဤ ကုသိုလ်အဖို့ကို မိဘ ဆရာ, သံဃာတော် အပေါင်း, ဒါယကာ ဒါယိကာမ အပေါင်း, နတ်အပေါင်း နှင့်တကွ, သတ္တဝါ ဟူသမျှတို့အား, အမျှပေးဝေပါ၏, အမျှ ရကြပါစေသတည်း။

သာဓု … သာဓု … သာဓု။

နာနာပ္ပကာရဋ္ဌာနာနိ၊ ဗောဓိတာနေတ္ထ မုနိနာ။
အနန္တနယ ပဋ္ဌာနံ၊ ဝန္ဒေ အနန္တ ဂေါစရံ။

ဧတ္ထ - ဤ အနန္တနယ သမန္ထ္တပဋ္ဌာန်း ကျမ်းတော်ကြီး၌၊
မုနိနာ - မုနိထွတ်တင် ဘုရားရှင်သည်၊
နာနာပ္ပကာရဋ္ဌာနာနိ - ဟေတု အာရမ္မဏ စသည် များစွာ အကြောင်းအရာတို့ကို၊
ဗောဓိတာနိ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာကျန သိပြီးမှလျှင် များလှဝေနေ သိစေတော် မူအပ်ခဲ့လေကုန်ပြီ၊
အနန္တဂေါစရံ - အဆုံးမရှိ ကုန်အောင်သိသည့် ဉာဏ်တော်၏သာ ကျက်စားရာ ဖြစ်တော်မူသော၊
တံ အနန္တနယပဋ္ဌာနံ - မြားမြောင်ပေါယယ် နည်းစုံကြွယ်သား ကြီးကျယ်မြင့်မော် ထို ပဋ္ဌာန်း ကျမ်းတော်ကြီးကို၊
ဝန္ဒေ - တစ်သက် တစ်ခါ ကြုံခဲစွာဖြင့် ကြုံလာသည့်ခိုက် ဦးဖြင့်တိုက်၍ နှစ်ခြိုက်လှစွာ ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု … သာဓု … သာဓု။

[ဤ ပဋ္ဌာန်းတရားတော်ကို ဖတ်ရှုလေ့လာ သောအခါ နံနက် စောစော မိုးမလင်းမီ အရုဏ် ဆွမ်းစားအပြီး သံဃာတော် ၅၀ဝ (ငါးရာကျော်)နှင့် လူ ပရိတ်သတ်များအား ဩဝါဒ ပေးတော် မူနေသော ဆွမ်းစားကျောင်းကြီး အပေါ်ထပ်တွင် မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးသည် အလွန် နက်နဲသော ပဋ္ဌာန်း တရားတော်ကြီးကို ဩဝါဒ နာယူသူများ နားလည်အောင် ဟောကြားဆုံးမ နေတော်မူသည်ကို အာရုံပြု၍ လေ့လာတော်မူကြပါ။]

အခြေပြု ပဋ္ဌာန်းတရားတော်

ဒုတိယနေ့

၁၃၃၄-ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၈-ရက်၊ အင်္ဂါနေ့။
၁၉၇၃-ခုနှစ်၊ ဧပြီလ ၁၀-ရက်၊

ပဏာမ

မနေ့တုန်းက ပဋ္ဌာန်းတရားတော်ရဲ့ အခြေခံကိုသာ ဟောခဲ့ရပါတယ်၊ ယနေ့ ပဋ္ဌာန်းတရား စပြီးတော့ ဟောဖို့ရန် ပဋ္ဌာန်းအကြောင်း နည်းနည်းလေး နားလည်မှ ကောင်းတယ်။

နာနာပ္ပကာရဋ္ဌာနာနိ, ဗောဓိတာနေတ္ထ မုနိနာ၊
အနန္တနယ ပဋ္ဌာနံ, ဝန္ဒေ အနန္တ ဂေါစရံ။

ဧတ္ထ - အနန္တနယ သမန္တပဋ္ဌာန်း ကျမ်းတော်ကြီး၌၊
မုနိနာ - မုနိထွတ်တင် ဘုရားရှင်သည်၊
နာနာပ္ပကာရဋ္ဌာနာနိ - ဟေတု အာရမ္မဏ စသည်များစွာ အကြောင်းအရာတို့ကို၊
ဗောဓိတာနိ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာ ကျန သိပြီးမှလျှင် များလှဝေနေ သိစေတော်မူအပ်ခဲ့လေပြီ၊
အနန္တ ဂေါစရံ - အဆုံးမရှိ ကုန်အောင်သိသည့် ဉာဏ်တော်၏သာ ကျက်စားရာ ဖြစ်တော်မူသော၊
တံ အနန္တနယ ပဋ္ဌာနံ - မြားမြောင်ပေါယယ် နည်းစုံကြွယ်သား, ကြီးကျယ် မြင့်မော် ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊
ဝန္ဒေ - တစ်သက်တစ်ခါ ကြုံခဲစွာဖြင့် ကြုံလာသည့်ခိုက် ဦးဖြင့်တိုက်၍ နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ ပါ၏ဘုရား။

သာဓု … သာဓု … သာဓု။

ပဋ္ဌာန်းကျမ်း

"ပဋ္ဌာန်း" ဆိုတဲ့ ပါဠိသက် စကားက"ပဋ္ဌာန" … ()က အမျိုးမျိုး အစားစား အပြားအားဖြင့် + (ဌာန)က အကြောင်းအရာတွေ" အဲဒီလို တရားတော်တွေ ဟောတော်မူတဲ့ ကျမ်းကို "ပဋ္ဌာန်းကျမ်း" လို့ ခေါ်ပါတယ်၊ "အမျိုးမျိုး အစားစား များစွာသော အကြောင်းတရား တို့ကို ဟောတော် မူရာဖြစ်တဲ့ ကျမ်းတော်ကြီး"ကို ပဋ္ဌာန်းကျမ်းလို့ ခေါ်ပါတယ်။

တိုက်တွန်းချက်

ဒီ ပဋ္ဌာန်းကျမ်းထဲမှာ (ပဋ္ဌာန်း တရားတော်ထဲမှာ) ဘာတွေ သိရမလဲဆိုတော့ "အားလုံး အကြောင်း ရှိမှ အကျိုး ဖြစ်တာပါလား, အကြောင်းရှိမှ အကျိုးဖြစ်တာပါလား, အားလုံး အကျိုးတွေဟာ အကြောင်းမရှိဘဲနဲ့ တစ်ခုမှ မဖြစ်ပါဘဲလား"၊ အဲသလို သိသွားလိုက်တော့ အကြောင်းမရှိဘဲ ဖြစ်ချင် သလိုဖြစ် ဆိုတဲ့ဝါဒဟာ အလိုလို ပျောက်သွားတယ်၊ အင်မတန်မှ မွန်မြတ်တဲ့ တရားတော်ကြီး၊ အင်မတန်မှ သတ္တဝါတွေကို အကျိုးပြုတဲ့ တရားတော်ကြီး ဖြစ်ပါယ်၊ ဒါကြောင့် မိမိတို့ နာရတဲ့ အခါဖြစ်ဖြစ်, ဘုန်းကြီးတို့ နာတဲ့အခါ ဟောတဲ့အခါ ဖြစ်ဖြစ် ဗုဒ္ဓမြတ်စွာကို စိတ်တော်က ဦးညွှတ်ပြီးတော့ ဒီ တရားတော်ကြီးကို နာဖို့ ဟောဖို့ ကောင်းပါတယ်။

"ဧတ္ထ - ဤ အနန္တနယ သမန္တပဋ္ဌာန်းကျမ်းတော်ကြီး၌၊
မုနိနာ - မုနိထွတ်တင် ဘုရားရှင်သည်၊
နာနာပကာရဋ္ဌာနာနိ - ဟေတု, အာရမ္မဏ စသည်များစွာ အကြောင်းအရာတို့ကို၊
ဗောဓိတာနိ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာ ကျန သိပြီးမှလျှင် များလှဝေနေ သိစေတော် မူအပ်ခဲ့လေကုန်ပြီ"

ဒီတရားတော်ကြီးကို ဗုဒ္ဓမြတ်စွာက (မနေ့က ပြောခဲ့တယ် မဟုတ်လား)၊ ဘုရား ဖြစ်ပြီးတဲ့နောက် လေးခုမြောက် သတ္တာဟ, လေးခုမြောက် (၇) ရက် တစ်ပတ်မှာ ဒီတရားတော်ကြီး ဆင်ခြင်တော့ ဤအကြောင်းတရားတွေ အများကြီး တစ်မျိုးပြီး တစ်မျိုး … တစ်မျိုးပြီး တစ်မျိုး … တစ်မျိုးပြီး တစ်မျိုး … ဆင်ခြင်တော်မူလိုက်တာ စိတ်တော်ကို ကြည်လို့။

စိတ်တော်က ကြည်တော့ အသွေးတော် အသားတော်တွေ ကြည်လို့၊ သွေးတော်တွေ ကြည်တော့ ဝမ်းထဲမှာရှိတဲ့ သလိပ်, သည်းခြေ, သွေး, လေတွေက စပြီးတော့ သန့်ရှင်းလို့, ကြည်လင်လို့၊ အဲဒီမှာ ရောင်ခြည်တော်တွေ ထွက်တော်မူတာ၊ ဒါကြောင့် ဘုန်းကြီးတို့က ဒီတရားတော်ကို အာရုံပြုလိုက်လို့ ရှိရင်ပဲ ဘုရားကို မြင်လာပြီး ဟောဒီ တရားတော်ရဲ့ အရှင် ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို မြင်ရပြီး (ဘုရားကိုယ်တော်မြတ်ကြီးလို့သာ ပြောရတယ်၊ အဲဒီအချိန်မှာ နှစ်ဆယ့်ကိုးနှစ် တောထွက် တော်မူတော့ သုံးဆယ့်ငါးနှစ် အရွယ်တော် ရှိသေးတယ်၊ အင်မတန် အရွယ်ကောင်းတဲ့ အချိန်မှာ ဗုဒ္ဓ ဖြစ်တော်မူတယ်။)

"ဗုဒ္ဓ"ဆိုတဲ့ ဘွဲ့တော်ကလဲ တော်တော့ပုဂ္ဂိုလ် မရနိုင်တော့ဘူးလို့ မနေ့က ပြောခဲ့ပြီနော်၊ ဗုဒ္ဓမြတ်စွာ က လွဲလို့ရှိရင် အရှင်သာရိပုတ္တရာ ဉာဏ်တော်ဟာ အကြီးဆုံးပဲ၊ အဲဒီ အရှင် သာရိပုတ္တရာ တောင်မှ (အရှင်သာရိပုတ္တရာရဲ့ ဉာဏ်တောင်မှ) ကျက်စားနိုင်တဲ့ အခွင့်အလမ်း မရှိပါဘူး။

"အနန္တဂေါစရံ - အဆုံးမရှိ ကုန်အောင် သိသည့်, ဉာဏ်တော်၏သာ ကျက်စားရာ ဖြစ်တော် မူသော၊ တံ အနန္တနယ ပဋ္ဌာနံ - မြားမြောင်ပေါယယ် နည်းစုံကြွယ်သား ကြီးကျယ်မြင့်မော် ထို ပဋ္ဌာန်း ကျမ်းတော်ကြီးကို" ဒါ တစ်သက်တစ်ခါ ကြုံရတာပဲ ဖြစ်တယ်၊ ဒကာတို့ နာကြားတော့လဲ တစ်သက် တစ်ခါ ကြားနာရတာ ဖြစ်တယ်၊ ဘုန်းကြီးတို့ မှာလဲပဲ တစ်သံသရာလုံးမှ တစ်ခါ ကြုံရတာပဲ၊ အင်မတန် ကြုံကြိုက်ခဲတဲ့ တရားတော်ကြီးကို စိုက်ပြီးတော့လဲ နာရပါ့မယ်၊ ဘုန်းကြီး ကလဲ တရားတော် ရှိသမျှ ဘုန်းကြီးတို့ လေ့လာရသမျှကို ဟောလို့ မဖြစ်ပါဘူး၊ လူများ နားလည်လောက်အောင်, ရိုးရိုးပုဂ္ဂိုလ် နားလည် လောက်အောင် ဒီလို ဆင်ပြီးတော့မှ ဟောရပါမယ်၊ ဒါကြောင့် အင်မတန် မွန်မြတ်တဲ့ တရားတော်ကြီးကို အင်မတန် မွန်မြတ်တဲ့ စိတ်နဲ့ နာကြပါနော်။

" အနန္တ ဂေါစရံ - အဆုံးမရှိ ကုန်အောင်သိသည့် ဉာဏ်တော်၏သာ ကျက်စားရာ ဖြစ်တော်မူသော၊
တံ အနန္တနယ ပဋ္ဌာနံ - မြားမြောင် ပေါယယ် နည်းစုံကြွယ်သား, ကြီးကျယ် မြင့်မော် ထို ပဋ္ဌာန်း ကျမ်းတော်ကြီးကို၊
ဝန္ဒေ - တစ်သက်တစ်ခါ ကြုံခဲစွာဖြင့် ကြုံလာသည့်ခိုက် ဦးဖြင့်တိုက်၍ နှစ်ခြိုက်လှစွာ ရှိခိုး ကန်တော့ ပါ၏ဘုရား။"

သာဓု … သာဓု … သာဓု။

၁။ ဟေတုပစ္စယော (ဟေတုပစ္စည်း)

အဲဒီ ပဋ္ဌာန်း ကျမ်းတော်ကြီးကို ပထမဆုံး ဗုဒ္ဓမြတ်စွာက "ဟေတုပစ္စယော" လို့ စဟော တော်မူခဲ့တယ်၊ ဟေတုစ္စယော လို့ ဆိုတဲ့စကားက ကျဉ်းကျဉ်းကလေး ပေမယ့် အဓိပ္ပာယ်က ကျယ်ဝန်းလိုက်တာ၊ သတ္တဝါတိုင်းနဲ့ ဆိုင်ပြီးတော့ လာအောင် ကျယ်ဝန်းပါတယ်၊ ဘုန်းကြီးက အဲဒီ အကြောင်းအရာကို နည်းနည်းကလေး ပြောပြမယ်။

ရေသောက်မြစ်ပမာ ဟိတ် ၆ ဖြာ

ဒီ ဟေတုပစ္စည်းကို ရှေးဆရာတော်များက (ဆိုပါတော့ အဋ္ဌကထာ ဆရာတော်များက) ဘာနဲ့ ဥပမာ ပြောသလဲဆိုတော့ ရေသောက်မြစ်နဲ့ တူတယ်လို့ ပြောကြတယ်၊ ရေသောက်မြစ်ဟာ ရေသောက်မြစ် ကောင်းသလောက် သစ်ပင် ခိုင်မာတယ်၊ ရေသောက်မြစ်အတွင်း နက်နက် စိုက်သလောက် သစ်ပင် ခိုင်မာတယ်၊ ရေသောက်မြစ်က အောက်က ဓာတ်မြေတွေ ရေတွေကို စုပ်ယူနိုင်သလောက် သစ်ပင်ဟာ သန့်ရှင်း သန်မာကြီးထွား စိမ်းစိုပြီးတော့ လာပါတယ်၊ ဟေတု ပစ္စည်း လို့ဆိုတဲ့ တရားက ဘယ်လိုတုန်းလို့ ဆိုတော့ လောဘ, ဒေါသ, မောဟ အကုသိုလ် ဖက်က အမြစ်သုံးမျိုး၊ အလောဘ, အဒေါသ, အမောဟ ကုသိုလ်ဖက်, ကိရိယာဖက်, ဝိပါက်ဖက်က သုံးမျိုး၊ လိုရင်းတော့ မကောင်း အမြစ် သုံးသွယ် ရှိတယ်၊ အဲဒီ မကောင်းအမြစ် သုံးသွယ်ဆိုတဲ့ လောဘ, ဒေါသ, မောဟ အမြစ်တွေက သူနဲ့ဆိုင်လို့ အတူဖြစ်ဖက် တရားတွေကို သူကပဲ ကျေးဇူးပြုထားလို့ လောဘ ကြီးသလောက် လောဘနှင့် အတူဖြစ်တဲ့ စိတ် စေတသိက်တွေ လောဘ အလိုအတိုင်း "လိုချင် … လိုချင် … လိုချင်" ဒီလို ဖြစ်ရတယ်၊ လောဘကြီးသလောက် ဒီ စိတ်ကြောင့် ဖြစ်တဲ့ ရုပ်တွေကလဲ "လိုချင် … လိုချင် … လိုချင်" တဲ့ ရုပ်တွေ ဖြစ်ပေါ်လာတယ်။

ပဋ္ဌာန်းတရား နာရတာဟာ အင်မတန် ကောင်းတယ်၊ ကိုယ်ရေး ကိုယ်တာကိုလဲ စဉ်းစားလို့ရှိရင် လောဘအမြစ် တွယ်လိုက်ပြီ ဆိုမှဖြင့် သူနှင့် အတူဖြစ်တဲ့ စိတ်စေတသိက် တွေဟာ လောဘနောက် လိုက်ပြီးတော့ လောဘ အလိုအတိုင်း စည်ပင်ကြရတယ်၊ တစ်ခါ အဲဒီ စိတ် စေတသိက်ကြောင့် ဖြစ်တဲ့ ရုပ်တွေ (စိတ္တဇရုပ်တွေ) ကလဲ လောဘအတိုင်း လိုက်ပြီးတော့ တကတဲ ဖြစ်ရတာပဲ၊ အင်မတန် ဘုန်းကြီးတို့ လူတွေ, ရဟန်းတော်တွေ စဉ်းစားလို့ တယ် ကောင်းတယ်၊ ဘာလုပ်နေတယ် ဆိုတာ ဘုန်းကြီးတို့ အတိအကျ ပြောနိုင်တယ်၊ ဘာစိတ် ဖြစ်နေတယ်, ဘာစိတ် ဦးစီးနေတယ် ဆိုတာ အတိအကျ ပြောနိုင်တယ်။

တစ်ခါ ဒေါသဖြစ်နေပြန်ပြီ ဆိုလို့ရှိရင် ထုံးစံအတိုင်း စိတ်တွေ ကြမ်းကြမ်း တမ်းတမ်း ဖြစ်နေ လိုက်တာ၊ တစ်ခါ စိတ်တင် ဘယ်ကမလဲ ဒေါသအတိုင်း ရုပ်တွေ ဖြစ်လာလိုက်တာ၊ မျက်နှာ ကလဲ မျက်မှောင်တွေ ဘာတွေကြုတ်လို့ လက်တွေ ဘာတွေများ တန်းလို့၊ ဘုန်းကြီးတို့က သိပြီ၊ ဒေါသ ဘယ်လောက် ပြင်းနေတယ်ဆိုတာ သိပြီ။

တစ်ခါ ကုသိုလ်ဖက်တို့လို ကျပြန်တော့ အလောဘ = မလိုချင်ပါဘူး၊ မလိုကို မလိုချင်ပါဘူး၊ ဒီလိုကို ဖြစ်နေပြန်တယ်၊ ဘေးက လိုချင်တဲ့သူတွေက အင်မတန် တကတဲ လိုချင်နေတာ၊ သူက ကုသိုလ်စိတ်နဲ့ မလိုကို မလိုချင်ပါဘူး၊ စိတ်ထဲ ပေါ်လာတာ ပြောဦးမယ်၊ ဘုရားအလောင်း တစ်ခါတုန်းက ဥဒယဘဒ္ဒ မင်းသား ဖြစ်ပါတယ်၊ ခမည်းတော်များက ထီးနန်း လွှဲအပ်ချင်လို့ မိဖုရား ရတနာ ရှာရပါမယ်လို့ သားတော်ကို တိုက်တွန်းတော့ သားတော်က မလိုချင်ပါဘူး၊ ကြည့်စမ်း လောဘ မဖြစ်ပါဘူး၊ ဘုန်းကြီးတို့က ကြည်ညိုတယ် ဆိုတာ ဒီလို ကြည်ညိုနေတာ၊ ထီးနန်း မလိုချင်ပါဘူး၊ အဲဒါ အလောဘ (အလောဘဟိတ်)၊ အလောဘဟိတ်က အမြစ်တွယ်နေလိုက်တာ ထီးနန်း မလိုချင်ပါဘူး၊ မိဖုရား ရတနာ မလိုချင်ပါဘူး။

တစ်ခါ မယ်တော် ခမည်းတော်များ ကွယ်လွန်လို့ရှိရင် တောထွက်ပြီးတော့ တရားကျင့်ပါ့မယ်၊ မလိုချင်လိုက်တာ၊ လောဘလဲ မဖြစ် အလောဘ, ဒေါသလဲ မဖြစ် အဒေါသ, မောဟလဲ မဖြစ် အမောဟ၊ တယ်ကောင်းတယ်၊ အဲဒီ မလိုချင်, မလိုချင် ဆိုတဲ့ အလောဘ, အဒေါသ, အမောဟ တွေက စိုက်ပြီးတော့ နေတဲ့ ဘုရားအလောင်း ပြောတဲ့စကားက အဲဒီ စိတ်ကြောင့် ဖြစ်တာမို့လို့ မလိုချင်ပါဘူး။

စိတ်နေ စိတ်ထားက မလိုချင်ပါဘူး၊ ပြောတဲ့ စကားလုံးကိုက မလိုချင်ပါဘူး၊ နေပုံ ထိုင်ပုံက မလိုချင်ပါဘူး။

တစ်ခါ ဘုရားအလောင်း တို့လိုပဲ တောထဲတွင် နေလိုက်တာ သတ္တဝါတွေ ချမ်းသာကြပါစေ၊ အဒေါသ, အဒေါသ (မေတ္တာ) နဲ့ "သတ္တဝါတွေ ချမ်းသာကြပါစေ" နဲ့ တစ်ချိန်တွင် မဟုတ်ဘူး၊ တစ်ချိန်တွင် မဟုတ်ဘူး၊ အချိန် ရှိသရွေ့၊ နောက်တော့ အဲဒီ မေတ္တာဟာ တိုးတက်ပြီးတော့ ဈာန်ကိုရလို့ နောက်တစ်ချိန် ဗြဟ္မာ့ပြည် ရောက်တာပဲ။

အဲဒီတော့ ဘုန်းကြီးတို့က မြင်လွန်းလို့ သိစေချင်လိုက်တာ သိစေချင်လိုက်တာ၊ မြင်လွန်းလို့၊ ယခု လောဘသမားတွေ လောဘအမြစ် တွယ်နေလိုက်တာ၊ သိလိုက်တာ သိလိုက်တာ၊ အင်မတန်သိ အင်မတန်သိ၊ လောဘတွေ အမြစ်တွယ်တော့ လောဘကိစ္စနဲ့ ရှာဖွေကြ၊ လောဘကိစ္စနဲ့ ဝတ်ကြ စားကြ၊ လောဘကိစ္စနဲ့ ကြွားကြ ဝါကြ။

ဒီစိတ်ရော ရုပ်ရော အကုန်လုံး ဒီ ဟေတုပစ္စည်း ဖြစ်နေပုံတွေ၊ ဒါကြောင့် ရှေးဆရာတော်ကြီးများ ကလေ -

ဟေတုပစ္စယော - ရေသောက်မြစ်လျှင် ယင်းသစ်ပင်ကို စိမ်းရွှင် ညွန့်ဝေ စည်ပင်စေထ ထောက်ပံ့ မသို့ သဟဇာတံ ရုပ်နှင့်နာမ်ကို သန္ဓေပဝတ် မလွတ်စေရ သဘာဂတာ ဆယ့်နှစ်ဖြာတွင် ကောင်းစွာ ခိုင်ကြည် တည်သည်၏ အဖြစ်ကို သိစေတတ်သော ဟေတုသတ္တိ ထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော ဟိတ်ခြောက်ပါး ပစ္စည်းတရားသည်၊
အတ္ထိ - ပုဂ္ဂိုလ် သတ္တဝါ သူငါ မနှော တရားသဘောသာ ထင်ရှား ရှိပါပေသည်တကား၊
ဣတိ - ဤသို့၊
ဗောဓေန္တံ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာကျန သိပြီးမှလျှင် များလှဝေနေ သိစေတော် မူသော မြတ်စွာဘုရားကို၊
ဝန္ဒာမိ - ဂုဏ်တော် ထုံမွမ်း ပုံတော် မှန်းလျက် ချီးမွမ်း ထောမနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ ဘုရား။

သာဓု … သာဓု …သာဓု။

အာရုံနှင့်စိတ်

ဒီတော့ကာ တရားတစ်ခု ဟေတုပစ္စည်းတင် ပြောနေလို့ မပြီးသေးဘူး၊ ဒီဟေတုပစ္စည်း (ဟိတ်တွေ) က ဒီလို ဖြစ်နေပုံကို အာရမ္မဏပစ္စည်းနဲ့ ဆက်ပြီးတော့ ပြောမှ ကောင်းတယ်၊ အကျဉ်းကလေး ပြောပေးဦးမယ်နော်၊ အာရမ္မဏပစ္စည်း ဆိုတာက အာရုံအဖြစ်နဲ့ ကျေးဇူးပြုနေတာ၊ ခုနကစိတ်တွေ လောဘတွေ, စိတ်တွေ အလောဘတွေ, စိတ်တွေ မေတ္တာ (အဒေါသ) တွေ, ဟေတုတွေ ဖြစ်နေတယ်လို့ ဆိုတာဟာ အာရုံမပါဘဲနဲ့ မဖြစ်ပါဘူး၊ အာရုံ ပါရပါတယ်၊ ဒီတော့ ဒီ ဟေတုပစ္စည်း ကို နားလည်ဖို့ရန် ဆိုရင် အာရမ္မဏပစ္စည်း ကိုလည်း အနည်းငယ် ဆက်ပြီးတော့ ပြောရပါမယ်။

အာရမ္မဏပစ္စည်းကလဲ သူ့နည်း သူ့ဟန်နဲ့ ကျေးဇူးပြုနေလိုက်တာ၊ သူမပါရင် ဖြစ်ကို မဖြစ်ဘူး၊ အာရုံ မရှိလို့ရှိရင် စိတ်ကို မဖြစ်ဘူး၊ ရှေးက အဋ္ဌကထာ ဆရာတော်များနှင့် ရှေးပညာရှိကြီးတွေက စဉ်းစားပြီးတော့ ဒီ အာရမ္မဏပစ္စည်းရဲ့ ကျေးဇူးပြုပုံကို ဘာနဲ့တူနေတုန်းလို့ တွေးတော်မူကြ စဉ်းစားတော်မူကြ ဟောကြ ပြောကြတယ်။

တောင်ဝှေး ကြိုးတန်းပမာ
အာရုံ ၆-ဖြာ

ကဲ ဒီလို ဆိုကြစို့ရဲ့၊ လူကမစွမ်း မသန် ဖြစ်နေတယ်၊ အသက်အရွယ် ကြီးရင့်အိုမင်းလို့ မစွမ်း မသန်ရင်လဲ ဖြစ်နေတယ်၊ ရောဂါဘယကြောင့် မစွမ်းမသန်ရင်လဲ ဖြစ်နေတယ်၊ အဲဒီလူဟာ တောင်ဝှေးကလေး ကိုင်လို့၊ ကြိုးတန်းကလေး ကိုင်လို့၊ အဲသလိုမှ သူထနိုင်တယ်၊ ထိုင်နိုင်တယ်၊ သွားနိုင်တယ်၊ မသန်မစွမ်းတဲ့ သူဟာ တောင်ဝှေး ကြိုးတန်းကို အားပြုနေရသလို (ဒီရှေးဆရာ တော်မြတ်တွေ ကလဲလေ သေချာလိုက်တာ) တောင်ဝှေး ဆိုတာက တစ်ခုပဲ၊ ကြိုးကျတော့ ကြိုးမျှင်တွေ အများကြီး စုပေါင်းထားတယ်၊ တောင်ဝှေးက ဘာနဲ့တူတုန်း ဆိုတော့ကို နာမ်တရား အာရုံတွေနဲ့တူတယ်၊ စိတ်တို့ စေတသိက်တို့ သူတို့က တစ်ခုချင်း တစ်ခုချင်း ဖြစ်ကြတယ်၊ ကြိုးက ဘာနဲ့တူတုန်း ဆိုတော့ ရုပ်တရားတွေ၊ ရုပ်တရားတွေဆိုတာ စုပြီးတော့ ဖြစ်နေကြတယ်။

အဲဒီတော့ စိတ်ရဲ့ အာရုံတွေ စေတသိက် အာရုံတွေက တောင်ဝှေးနဲ့ တူတယ်၊ ရုပ်အာရုံတွေက ကြိုးတန်းနဲ့ တူတယ်၊ ကြိုးမျှင်ပေါင်းစပ်တဲ့ ကြိုးတန်းနဲ့ တူတယ်၊ အဲဒီခုနက မစွမ်းမသန်ဖြစ်နေတဲ့ အဘိုးကြီး သို့မဟုတ် လူမမာဟာ တောင်ဝှေးရင်လဲ ပါရပါ့မယ်၊ ကြိုးတန်းရင်လဲ ကိုင်ရပါ့မယ်၊ တောင်ဝှေး ကြိုးတန်း မပါဘဲနဲ့ မထနိုင် မထိုင်နိုင် မသွားနိုင်သလိုဘဲ၊ စိတ် စေတသိက်ဆိုတဲ့ တရားတွေ ဟာလဲပဲ အာရုံမပါဘဲနဲ့ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး၊ ဘယ်အခါမှ မဖြစ်နိုင်ပါဘူး၊ ဒါကြောင့် အာရုံ ခြောက်ပါးဟာ ဘာနဲ့ တူတုန်းဆိုတော့ တောင်ဝှေး ကြိုးတန်းနဲ့ တူတယ်လို့ ရှေးဆရာမြတ်များက ဥပမာနှင့်တကွ အမိန့်တော် ရှိပြန်တယ်။

အာရမ္မဏပစ္စယော - တောင်ဝှေးကြိုးတန်း သူမစွမ်းကို မပန်းရလေ ထိုင်ထစေဖို့ စိတ်စေ လေးတန် နာမက္ခန်ကို ဖြစ်ဟန်တူစွာ ရှစ်သဘာတွင် ဆွဲထောက်ရာ အာရုံ၏ အဖြစ်တည်း ဟူသော အာရမ္မဏ သတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာ ရှိသော အာရုံ ၆-ပါး ပစ္စည်းတရားသည်၊
အတ္ထိ - ပုဂ္ဂိုလ်သတ္တဝါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါသည်တကား။

အာရုံ ၆ ပါးပဲ ရှိတယ်၊ စိတ်ဖြစ်အောင် ဘယ်သူကမှလဲ မလုပ်နိုင်ဘူး၊ ဘယ်သဗ္ဗညုတ မြတ်စွာဘုရား ကိုယ်တိုင်မှလဲ ဖန်ဆင်း မပေးနိုင်ဘူး၊ သူ့သဘောအတိုင်း ဖြစ်နေတာ၊ အာရုံရှိရင် စိတ်ဖြစ်မယ်၊ ဒါ ဗုဒ္ဓမြတ်စွာ ဖန်ဆင်း မပေးနိုင်ဘူး၊ ဒိပြင် ဒိပြင် ပုဂ္ဂိုလ်တွေ ဆိုတာကတော့ မပြောနဲ့တော့, ဖန်ဆင်း မပေးနိုင်ဘူး၊ အဲဒီ အာရုံရှိလို့ စိတ်ဖြစ်နေတဲ့ နေရာမှာ အာရုံ, စိတ်, စေတသိက် ဒါပဲ ရှိတယ်၊ ဒီထဲ သတ္တဝါဆိုတာ မရှိဘူး၊ အာရုံ, စိတ်, စေတသိက် ဒါပဲ ရှိတယ်၊ သတ္တဝါ မရှိဘူး၊ သူလို့ ဆိုတာ ရှာမရဘူး၊ ပုဂ္ဂိုလ်လို့ ဆိုတာ ရှာမရဘူး၊ စိတ်, စေတသိက်, အာရုံ ဒါပဲ ရှိပါတယ်။

ဒီနားမှာ ထင်လာတာ ပြောရဦးမယ်၊ ကံက ပြုစီမံလိုက်တဲ့ စက္ခုပသာဒ၊ မျက်စိထဲမှာရှိတဲ့ ပသာဒရုပ်၊ အဲဒီ စက္ခုပသာဒလဲ ရှိမယ်၊ ခုနက ရူပါရုံလဲ ရှေ့မှာ ရှိမယ်၊ ဒီ အာရုံကိုလဲ နည်းနည်း သတိ ထားလိုက်မယ် ဆိုရင် စက္ခုဝိညာဏ်စိတ် ဖြစ်တာပဲ၊ ဘယ်သူမှ လာပြီးတော့ ဖန်ဆင်းလို့ မရဘူး၊ စက္ခုပသာဒလဲ ဖြစ်ပါတယ်၊ ရူပါရုံကလဲ ရှိနေတယ်၊ သူ့ကိုလဲ နှလုံးသွင်းတယ်၊ ဘေးက အရောင်, အလင်း ရှိတယ်၊ ဒီလိုဆိုရင် စက္ခုဝိညာဏ်စိတ် မဖြစ်ဖို့ရာ ဘယ်သူမှ မတားဆီးနိုင်ဘူး၊ ဖြစ်ကို ဖြစ်မှာ၊ ပုဂ္ဂိုလ် မပါဘူး၊ အတ္တ မပါဘူး၊ အကောင်အထည် မရှိဘူး၊ ဒီတရားပဲ ရှိတယ်၊ ပုဂ္ဂိုလ် မရှိဘူး၊ သတ္တဝါ မရှိဘူး၊ အတ္တ မရှိဘူး၊ အကောင် အထည် မရှိဘူး၊ ဘယ်သူ ဖန်ဆင်းလို့မှလဲ မရဘူး၊ စက္ခုပသာဒ, ရူပါရုံ, အရောင်အလင်း, နှလုံးသွင်းမှု မရှိရင် စက္ခုဝိညာဏ် ဖြစ်ဖို့ရန် (ဒိပြင် ဒိပြင်ဘုရားကိုတော့ မပြောလိုဘူး၊) ဘုန်းကြီးတို့ ဘုရားကိုက မဖန်ဆင်းနိုင်ဘူး၊ တရားတော်က အင်မတန် သေချာတာပဲ၊ ခုနက အကြောင်းတွေ စုံလာလို့ရှိရင် ဘယ်သူမှ မဖန်ဆင်းနဲ့၊ ဖြစ်ကိုဖြစ်တယ်၊ ဘယ်သူ တားလို့မှ မရဘူး၊ ဘယ်မလဲ ပုဂ္ဂိုလ် … ဘယ်မလဲ အတ္တ … ဘယ်မလဲ အကောင်အထည် … ဘယ်မလဲ ငါ … ဘယ်မလဲ သူ …၊ အင်မတန် ကောင်းလွန်းလို့။

"အတ္ထိ - ပုဂ္ဂိုလ် သတ္တဝါ သူငါ မနှော တရားသဘောသာ ထင်ရှားရှိပါသည်တကား၊
ဣတိ - ဤသို့၊
ဗောဓေန္တံ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာကျန သိပြီးမှလျှင် များလှဝေနေ သိစေတော် မူသော မြတ်စွာဘုရားကို၊
ဝန္ဒာမိ - ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ ဘုရား"။

သာဓု … သာဓု … သာဓု။

စိတ် ၃-မျိုး

ဒီဟိတ်, အာရုံ နှစ်ပါးစုံတော့ နည်းနည်းကလေး စကားပြောလို့ ဖြစ်ပြီ၊ ခုနက ကုသိုလ်ဆိုတာ ဘုန်းကြီး ပြောဦးမယ်၊ မိမိတို့မှာ စိတ်ဖြစ်နေတာဟာ သုံးမျိုးပဲ ဖြစ်နေတယ်နော်၊ ကုသိုလ်စိတ်, အကုသိုလ်စိတ်, ဝိပါက်ကြိယာ ဆိုတဲ့ အဗျာကတစိတ်၊ အချိန်ရှိသမျှ အဲဒီသုံးမျိုးပဲ ရှိတယ်၊ ဘယ်လောက် ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ဖြစ်ဖြစ် ကုသိုလ်ဖြစ်မယ်၊ သို့မဟုတ် အကုသိုလ်ဖြစ်မယ်၊ သို့မဟုတ် ဝိပါက်ကြိယာ ဖြစ်မယ်၊ ဘယ်လောက် သေးသိမ်တဲ့ ကလေး ကလေးဖြစ်ဖြစ်, တိရစ္ဆာန် သတ္တဝါပဲ ဖြစ်ဖြစ် ကုသိုလ်ဖြစ်မယ်၊ အကုသိုလ် ဖြစ်မယ်၊ ဝိပါက် ဖြစ်မယ်၊ ကြိယာဆိုတဲ့ အဗျာကတ ဖြစ်မယ်၊ အင်မတန် သေချာတယ်၊ အင်မတန် သေချာတယ်။

အကုသိုလ်စိတ်

ဖြစ်တိုင်း ပျက်တိုင်း အာရုံ ပါရမယ်၊ အဲဒါကြောင့် အကုသိုလ်ဆိုတာ ဘယ်လိုတရားပါတုန်းလို့ ဆိုယင် -
"ဖြစ်သော်ညစ်ထေး အပြစ်ဘေးနှင့် ကျိုးပေးဒုက္ခ ဆယ့်နှစ်ဝ မုချ အကုသိုလ်ခေါ်" တဲ့။

အပြစ်တွေ ဖြစ်တုန်းက ဒေါသရင်လဲ ပါနေပြီ၊ ဣဿာ, မစ္ဆရိယ ရင်လဲ ပါနေပြီ၊ မာနရင်လဲ ပါနေပြီ၊ ဖြစ်တုန်းက အဲဒီ အညစ်အကြေးတွေ ပါနေတယ်၊ အကုသိုလ် ဖြစ်တုန်းက အညစ်အကြေးတွေ ပါနေမှတော့ အပြစ် မကင်းဘူး၊ ဖြစ်တုန်းကကို အပြစ်မကင်းဘူး၊ ဘယ်သူမှကို အပြစ်မကင်းဘူး၊ နောက် အကျိုးပေးရင် မကောင်းကျိုးကို ပေးမယ်၊ ကောင်းကျိုးကို မပေးဘူး၊ ဒီအကုသိုလ်က ခုဘဝဖြစ်ဖြစ်, နောက်ဘဝ ဖြစ်ဖြစ် မကောင်းကျိုးကို ပေးမယ်၊ ဒါ့ကြောင့် အကုသိုလ်ဆိုတာ ဘယ်လို ဘာလိမ့်မတုန်း ဆိုရင် ကိုယ့်စိတ်ကို စဉ်းစားကြည့်၊ "ဖြစ်သော်ညစ်ထေး, အပြစ်ဘေးနှင့်, ကျိုးပေးဒုက္ခ, ဆယ့်နှစ်ဝ, မုချ အကုသိုလ်ခေါ်"၊ ဖြစ်တယ်နော်၊ လောဘရင်လဲ ပါမယ်၊ ဒေါသရင်လဲ ပါမယ်၊ ဒါ အပြစ်ပဲ၊ မာနရင်လဲ ပါမယ်၊ ဒါ အပြစ်ပဲ၊ တစ်ယောက်နှင့်တစ်ယောက် မနာလို့တဲ့ ဣဿာ ရင်လဲ ပါမယ်၊ ဒါ အပြစ်ပဲ၊ သူတစ်ပါးကို မကြီးပွားစေလိုတဲ့ မစ္ဆရိယ ရင်လဲ ပါမယ်၊ ဒါ အပြစ်ပဲ၊ အိပ်ချင်မူးတူး ငိုက်မျဉ်းနေတဲ့ ထိနမိဒ္ဓ ရင်လဲ ပါမယ်၊ ဒါ အပြစ်ပဲ၊ ဘုရားကို ဟုတ်မှ ဟုတ်ပါ့မလားလို့ ဘုရားအစစ်ကို ယုံမှားနေတဲ့ ဝိစိကိစ္ဆာ ရင်လဲ ပါမယ်၊ ဒါ အပြစ်ပဲ၊ ဖြစ်တုန်းက အပြစ် တစ်ခုခုနဲ့ ညစ်ပေနေတဲ့ တရားတစ်မျိုး၊ ဒါ အကုသိုလ် ခေါ်တယ်၊ နောင် အကျိုး ပေးရင်လဲ မကောင်းကျိုးကို ပေးမှာပဲ။

ကုသိုလ်စိတ်

ကိုယ့်စိတ်ဟာ ဘာဖြစ်တယ်စိုတာ သိပ်ပြီးတော့ လေ့လာဖို့ ကောင်းတယ်၊ အဲ - တစ်ခါ ကုသိုလ်က ဘယ်လိုပါလိမ့်မတုန်းလို့ဆိုတော့ -
"ဖြစ်သော်သန့်ရှင်း, အပြစ်ကင်း၍, ကောင်းခြင်းသုခ, ကျိုးပေးက, ကုသလ ဟုခေါ်" တဲ့။

ဖြစ်တုန်းက သန့်ရှင်းလိုက်တာ၊ မေတ္တာစိတ်နဲ့နော်၊ မေတ္တာစစ်စစ်နဲ့၊ "ချမ်းသာပါစေ … ချမ်းသာပါစေ"၊ ဖြစ်တုန်းက တယ်သန့်ရှင်းတယ်၊ တစ်ခါ အလှူဒါန ပေးနေရင်"အင်း … ငါ့အလှူ အကြောင်းပြုပြီးတော့ စားကြပါစေ" စွန့်ကြဲပေးကမ်းယင်းပဲ မေတ္တာက ပါနေတယ်၊ သန့်ရှင်းတယ်၊ သိပ်သန့်ရှင်းတယ်၊" ဪသာ် … မိမိတို့ အလှူဒါန အကြောင်းပြုပြီးတော့ သာသနာတော်ကြီး တိုးတက်ပါစေ, တည်တံ့ပါစေ, ခိုင်မြဲပါစေ" အဲဒီလို ဖြစ်တုန်းကလဲ ကုသိုလ် စိတ်တွေ ထပ်ဖြစ်တယ်၊ နောက်ဆုံး ကိုယ့်သားကလေး သမီးကလေးကို မိခင်အဖြစ်နဲ့ တကတည်း ကျန်းမာစေချင်လွန်းလို့, ဝစေချင်လွန်းလို့ နို့တိုက် ပြီးတော့နေတယ်၊ ချစ်နေတဲ့ လောဘက အကုသိုလ်ကလေး၊ ကလေးကျန်းမာ စေချင်တာ, ဝဖြိုးစေချင်တာက ကုသိုလ်၊ စေတနာ မေတ္တာက ကုသိုလ်ကုသိုလ်နဲ့ အကုသိုလ် ကပ်နေတာပဲ, ကပ်နေတာပဲ၊ သားကလေး ချစ်လွန်းလို့ ဒါက အကုသိုလ်၊ ကျန်းမာ စေချင်လွန်းလို့, ဝဖြိုးစေချင်လွန်းလို့ နို့တိုက်ပြီးနေတာက ကုသိုလ်၊ ဖြစ်နေတုန်းမှာလေ အညစ် အကြေး လုံးလုံး မပါတဲ့အပိုင်းက ကုသိုလ်ပဲ၊ အကျိုးပေးရင် ကောင်းကျိုးပေးမှာ - "ဖြစ်သော် သန့်ရှင်း, အပြစ်ကင်း၍, ကောင်းခြင်းသုခ, ကျိုးပေးက ကုသလဟု ခေါ်"။

အဗျာကတစိတ်

အဗျာကတဆိုတာက ဘယ်လိုစိတ်တုန်း ဆိုတော့ ဝိပါက်၊ ဘုန်းကြီးတို့ ရုပ်တရားတွေလဲ အဗျာကတ ခေါ်တယ်၊ သူဖြစ်တော့လဲ ညစ်ထေးတာလဲ မဟုတ်ဘူး၊ သန့်ရှင်းတာလဲ မဟုတ်ဘူး၊ သူတို့ကို ကုသိုလ်လို့လဲ မဆိုရဘူး၊ အကုသိုလ် လို့လဲ မဆိုရဘူး၊ ရုပ်တရားတွေဟာ အဗျာကတ၊ ခုနက စိတ် စေတသိက် ထဲမှာလဲပဲ ဝိပါက်စိတ်တွေ၊ ဘုရား ရဟန္တာမှာ ဖြစ်တဲ့ ကြိယာစိတ်တွေ၊ အဲဒါတွေက အဗျာကတ၊ ဘုရား ရဟန္တာတို့ သန္တာန်မှာတော့ ကုသိုလ်စိတ် မဖြစ်ဘူး, မဖြစ်ဘူး၊ ဘုရား ရဟန္တာမှာ မေတ္တာ မပွားဘူးလား၊ မေတ္တာပွားလို့ ရှိရင်လဲ ကုသိုလ် မခေါ်ဘူး၊ ကြိယာ အဗျာကတ ခေါ်တယ်၊

ဘုရား ရဟန္တာတွေက သတ္တဝါတွေ ချမ်းသာအောင်လို့ တရားဟောတယ်၊ ဗုဒ္ဓမြတ်စွာ တရား ဟောတော်မူတယ်၊ ကုသိုလ် မဟုတ်ဘူး၊ ဒါကကြိယာ အဗျာကတလို့ ခေါ်တယ်၊ ဘာဖြစ်လို့တုန်း နောက် အကျိုးမပေးဘူးလေ၊ ကုသိုလ်ဆိုရင် ပဋိသန္ဓေ အကျိုးပေးမယ်၊ ဗုဒ္ဓမြတ်စွာမှာ နောက်ဘဝ သံသရာအကျိုး မရှိတော့ဘူး၊ ဘဝသံသရာ အကျိုး မရှိလို့ အကျိုး မပေးလို့ ကောင်းတာ လုပ်လဲပဲ ကြိယာ အဗျာကတ၊ မကောင်းတာ ကျတော့ လုပ်ကို မလုပ်ဘူး၊ တစ်ခါ ဝိပါက်စိတ်တွေ ဘုန်းကြီးတို့မှာ ဖြစ်နေတယ်၊ အိပ်ပျော် နေတယ်၊ ဝိပါက်စိတ် ဖြစ်နေတယ်၊ ဝိပါက်စိတ် ဖြစ်နေတော့ ခုနက ဟိတ်တွေ မပါဘူးလား? ပါတယ်၊ နောက် တဖြည်းဖြည်းမှ နားလည်မယ်နော်၊ ဟိတ်တွေ ပါနေတယ်၊ စိတ်တွေ ဖြစ်နေတယ်၊ အိပ်ပျော်နေတုန်းမှာ ကောင်းတဲ့စိတ် တွေလဲ ဘာမှ မဖြစ်ဘူး၊ မကောင်းတဲ့ စိတ်တွေလဲ ဘာမှ မဖြစ်ဘူး၊ ဒါဖြင့်ရင် အိပ်ပျော်နေတဲ့အခါ ဖြစ်တဲ့စိတ်ဟာ ဘာခေါ်တုန်း၊ ဝိပါက် အဗျာကတ ခေါ်တယ်၊ ခုလို ရှင်းလွန်းလို့ ဘုန်းကြီးတို့ တရားတော်က ရှင်းလွန်းလို့ ကဲ … ဒါ နားလည်ပြီနော်။

အာရုံ ၆-ပါး

ခုနက အာရုံတွေက အာရုံ ၆-ပါးတောင် ရှိတယ်၊ ရူပါရုံ အဆင်းတွေပေါ့၊ အားလုံး နားလည်တယ်၊ သဒ္ဒါရုံ အသံတွေပေါ့၊ အားလုံး နားလည်တယ်၊ ဂန္ဓာရုံ အမွှေးအကြိုင်, အနံ့အစုံ, အနံ့တွေပေါ့၊ အားလုံး နားလည်တယ်၊ ရသာရုံ အရသာတွေပေါ့၊ စားသောက်နေရတဲ့ အရသာတွေပေါ့၊ ဒီမှာက စားပြီးတော့ အရသာတွေပေါ့၊ အားလုံး နားလည်တယ်၊ ဖောဋ္ဌဗ္ဗာရုံ လူလူချင်း တွေ့ထိ တွေ့ထိ၊ အိပ်ရာနဲ့ အိပ်ရာခင်း, စောင်တွေနဲ့ တွေ့ထိတွေ့ထိ၊ အဲဒီ အတွေ့အထိ ဟူသမျှ ဖောဋ္ဌဗ္ဗာရုံ၊ အဲဒီ ငါးပါးမှ လွတ်နေတဲ့ အာရုံတွေ ကတော့ ဓမ္မာရုံ၊ အာရုံ ၆-ပါး ရှိတယ်၊ အဲဒီ အာရုံ ၆-ပါးက လွဲပြီး ဆွဲစရာ ကိုင်စရာ ဘာမှ မလိုပါဘူး၊ အဲဒီ အာရုံ ၆ ပါးပဲ ရှိတယ်၊ ဒီတော့ ဘုန်းကြီးတို့က နေရာတိုင်းကို ပိုင်းရပါ့မယ်။

ဘုရားအလောင်း
ပဋိသန္ဓေ အာရုံ

ပထမဆုံး ဘုရားအလောင်း ပြောကြစို့၊ ဘုန်းကြီးတို့ မြတ်စွာဘုရား အလောင်းတော်ကို အားလုံး နတ်တွေ ဗြဟ္မာတွေက ဝိုင်းပြီးတော့ "လူ့ပြည်မှာ ပဋိသန္ဓေ နေပြီး ဘုရားဖြစ်ပါ၊ သတ္တဝါတွေ ကယ်ဆယ်ပါ" တောင်းပန်ကြတယ်၊ ဗုဒ္ဓမြတ်စွာက ဘုရားဖြစ်ဖို့ အချိန်ကိုကြည့်ပြီး အချိန်သင့်ပြီ ဆိုတော့ ဘုရားဖြစ်ဖို့ရာ လူ့ပြည်မှာ ပဋိသန္ဓေ နေတော့မယ်၊ အဲဒီအခါမှာ ဗုဒ္ဓမြတ်စွာ တုသိတာ နတ်ပြည်မှာ မေတ္တာပို့တော် မူလိုက်တာ သိလား? ကြည်နူးစရာ ကောင်းလိုက်တာ၊ နတ်မင်းက နတ်မင်းက"သတ္တဝါ ချမ်းသာအောင်လို့ လူလောကကြီး ဆင်းပြီးတော့ သတ္တဝါတွေကို ချေချွတ် ရမယ်၊ သတ္တဝါတွေ ချမ်းသာကြပါစေ" ဒါ မေတ္တာ ဖြစ်နေတာ။

အဲဒီ မေတ္တာစိတ်ဟာ ကုသိုလ်စိတ်လား? အကုသိုလ်စိတ်လား? ဆိုလို့ရှိရင် ကုသိုလ်စိတ်၊ ခုနက ဟိတ် ခြောက်ပါးထဲက ဆိုလို့ရှိရင် အဒေါသဟိတ် မေတ္တာ၊ အဒေါသနဲ့ မေတ္တာနဲ့ တူတယ်၊ အဒေါသ အဲဒီစိတ် ဖြစ်နေတယ်၊ ဒီတော့ အလောင်းအလျာ ပဋိသန္ဓေ မနေခင် နတ်ပြည်မှာတုန်း ကိုက တစ်ကိုယ်လုံး ကုသိုလ်စိတ်တွေ ထုံနေခဲ့တယ်၊ ဘဝများစွာ သံသရာကလဲ ပါရမီတော်တွေ ထုံပြီးလာခဲ့တယ်၊ ယခု နောက်ဆုံး ဘဝမှာ ပဋိသန္ဓေ နေရတော့မယ် ဆိုတော့ နတ်ပြည်ကနေ မေတ္တာတော် စိတ်တွေနဲ့ အလောဘဟိတ်, အဒေါသဟိတ်, အမောဟဟိတ်တွေ မူတည်ပြီး သတ္တဝါတွေကို အာရုံပြုတယ်၊ အဲဒီ သတ္တဝါတွေ အာရုံကတော့ ဓမ္မာရုံလို့ ခေါ်ပါတယ်၊ ရူပ, သဒ္ဒ စတဲ့ အာရုံငါးပါး မှတစ်ပါး ကျန်တဲ့အားလုံး အာရုံတွေကို ဓမ္မာရုံလို့ ခေါ်ပါတယ်၊ သတ္တဝါတွေကို အာရုံ ယူပြီးတော့ ကောင်းတဲ့ ကုသိုလ်စိတ်တွေ ဖြစ်နေပြီးမှ စုတေလိုက်ပါတယ်။

စုတေလိုက်တယ် ဆိုတာ နတ်ဘဝမှ သေလိုက်တာပဲ၊ သေပြီးပြီးချင်း မယ်တော်မာယာ ဝမ်းထဲမှာ ပဋိသန္ဓေ နေပါတယ်၊ ပဋိသန္ဓေစိတ်ဟာ ဒီလို စတည်ပါတယ်၊ ပဋိသန္ဓေစိတ် စတည်တဲ့ အခါမှာ ပဋိသန္ဓေစိတ်ချည်း မကဘူး၊ စေတသိက်တွေ, ကမ္မဇရုပ် ဆိုတဲ့ ရုပ်တရားတွေ ပါပါတယ်၊ ဒါ အင်မတန် အာရုံပြုဖို့ ကောင်းတယ်၊ ပဋိသန္ဓေ မနေခင်တုန်းက (နတ်ပြည်မှာတုန်းက) မေတ္တာတော် တွေနဲ့ စိတ်အစဉ်တွေ ဖြစ်တယ်၊ မယ်တော်ဝမ်းထဲမှာ ပဋိသန္ဓေစိတ် ဖြစ်တယ်၊ အလောဘ အဒေါသ အမောဟ ဟိတ်တွေ ပါတယ်၊ ပြီးတော့ ရှေးကံက ပြုစီမံလိုက်တဲ့ ကမ္မဇရုပ်၊ အဲဒီ သုံးမျိုးစုပြီးတော့ ပဋိသန္ဓေနေပါတယ်။

အဲဒီ ပဋိသန္ဓေ နေတော့ ဟိတ်က ဘာတွေများ ပါတုန်းဆိုတော့ အလောဘဟိတ် (ဘာမှ လိုချင်မှု သဘော မပါတဲ့ အလောဘဟိတ်) ပါတယ်၊ အဒေါသဟိတ် (စိတ်တွေမှာလေ ပူပူလောင်လောင် ဆိုတဲ့ တရားမျိုး ဘာမှ မပါဘူး၊ စိတ်ကို အေးလို့၊ အဒေါသဟိတ်) ပါပါတယ်၊ ပြီးတော့ ဒီထဲ အင်မတန် ထူးခြားတဲ့ "အမောဟ" ဆိုတဲ့ ပညာဟိတ် ပါပါတယ်၊ ပညာက ပဋိသန္ဓေစိတ်ကလေး မှာနော်၊ ဘုရားအလောင်းရဲ့ ပဋိသန္ဓေစိတ် ကလေးမှာ အမောဟ ဆိုတဲ့ပညာက ဘယ်လောက် များ ကြီးကျယ် ထက်မြက်သလဲ ဆိုတော့ ကမ္ဘာလောကထဲမှာ (ပဋိသန္ဓေ နေကြတဲ့ သတ္တဝါတိုင်းရဲ့ စိတ်မျိုးထဲမှာ) အထက်ဆုံး စိတ်နဲ့အတူ ဖြစ်နေပါတယ်၊ ဉာဏ်ပညာဟာ အထက် ဆုံးစိတ်နဲ့အတူ ဖြစ်နေခဲ့ပါတယ်။

ဒါကြောင့် ပထမ မူတည်တဲ့ မျိုးစေ့အမြစ်က (ဘုရားအလောင်းရဲ့ အမြစ်က) အင်မတန်ကောင်းတဲ့ သဗ္ဗညုတ ဉာဏ်တော်ကြီးရဖို့ရန် အခြေခံဖြစ်တဲ့ အမြစ်ကို တွယ်ပြီးတော့ မယ်တော့် ဝမ်းထဲမှာ ပဋိသန္ဓေ နေပါတယ်၊ တစ်ခါ ရုပ်က ကမ္မဇရုပ်၊ ကံကြောင့် ဖြစ်တဲ့ရုပ်၊ ပထမဆုံးတော့ ကံကြောင့် ဖြစ်တဲ့ရုပ်ပဲ ရှိတယ်၊ ကံကြောင့် ဖြစ်တဲ့ရုပ်ကလဲ ကောင်းလိုက်တာ ဘာတွေဖြစ်နေတုန်း ဆိုတော့ ပုရိသဘာဝရုပ် (ယောက်ျား ပီပီသသ၊) တစ်ခါ ဝတ္ထုရုပ် (စိတ်တွေနဲ့ တည်ပြီးတော့ နေဖို့ရန် ဝတ္ထုရုပ်၊) ပြီးတော့ ခန္ဓာကိုယ် ဖြစ်ဖို့ရန် ကာယဒသက ဆိုတဲ့ရုပ်၊ အဲဒီ ရုပ်သုံးခု၊ ရုပ်တစ်ခု, ရုပ်တစ်ခုမှာ ဆယ်ခုစီ, ဆယ်ခုစီ၊ ရုပ်သုံးဆယ်၊ ပဋိသန္ဓေ နေတုန်းက ဘုရားအလောင်းမှာ ရုပ်သုံးဆယ် ဖြစ်တယ်၊ သိပ်ပြီး ကောင်းမွန်တာပဲ။

ပြီးတော့ စိတ်ကလဲပဲ ကမ္ဘာလောက သတ္တဝါတွေ ရှိသမျှရဲ့ ဒီ ကာမဘုံမှာ ဆိုကြစို့၊ ပဋိသန္ဓေ နေတဲ့ စိတ်ထဲက နံပါတ်တစ် အကောင်းဆုံးစိတ်၊ အဲဒီ နံပါတ်တစ်ထဲမှာပဲ အဆင့်သုံးဆင့် ရွေးလိုက်တဲ့အခါမှာ ထိပ်တန်း အကျဆုံး ဖြစ်တဲ့စိတ်၊ အဲဒီ စိတ်နဲ့ ပဋိသန္ဓေ နေတော်မူလာပါတယ်၊ ဘုန်းကြီးတို့က ဒီအထိ သိနေတယ်၊ ဘုန်းကြီးတို့ ဘုရားကို ဒီအထိ သိနေပါတယ်၊ ဒီအထိ သိနေတဲ့အပြင် ဘုရားအလောင်းက ပဋိသန္ဓေ နေတုန်းက သောမနဿနဲ့ ပဋိသန္ဓေ နေပြီး ရွှင်ရွှင် ပျပျ၊ ဘုရားအလောင်းဟာ မျက်နှာ တင်းတင်း မဟုတ်ဘူး၊ ရွှင်ရွှင်ကလေး လာတယ်၊ နောက်ကို ပဋိသန္ဓေ နေတုန်းက ရွှင်ရွှင်ပျပျ သောမနဿနဲ့ ပဋိသန္ဓေ နေတယ်၊ ပီတိနဲ့ နှစ်သက်ဝမ်းမြောက်ပြီး ဒီလို နေခဲ့ပါတယ်၊ ဒါ့ကြောင့် ဗုဒ္ဓမြတ်စွာ ဉာဏ်တော် ကြီးလိမ့်မယ်ဆိုတာ ဘုန်းကြီးကတော့ မြင်ထားပြီပေါ့လေ၊ ကြီးလဲ ကြီးတာကိုး၊ ဗုဒ္ဓမြတ်စွာ ကံတွေက အင်မတန် ကောင်းတဲ့ ရုပ်တွေ ဖန်ဆင်းလိုက်တယ်၊ ဗုဒ္ဓမြတ်စွာရဲ့ ရုပ်ဟာ အသပ္ပာယ်ဆုံး, ကျက်သရေ အရှိဆုံး ဖြစ်လိမ့်မယ်ဆိုတာ ဘုန်းကြီးတို့ကတော့ ပြောနိုင်တာပေါ့။

တစ်ခါ ဗုဒ္ဓမြတ်စွာရဲ့ ဉာဏ်တော်ဟာ အင်မတန် ကြီးကျယ်တာ ဖြစ်တော့ ကမ္ဘာလောကထဲမှာ အကြီးဆုံး ဉာဏ်တော် ရတော့မှာပဲ၊ တိုးတက်ပြီး စည်ကား တော့မှာပဲလို့ ဆိုတာ ဘုန်းကြီးတို့က မြင်ထားတယ်၊ ဒါကြောင့် - ဟေတုပစ္စည်း ဟေတုပစ္စည်းလို့ဆိုတာ သာမန် မဟုတ်ဘူးနော်၊ ဗုဒ္ဓမြတ်စွာ ပဋိသန္ဓေ နေတုန်းကလဲ ဟေတုပစ္စည်းနဲ့ ပဋိသန္ဓေ နေခဲ့တာပဲ၊ ဟေတုပစ္စည်းနဲ့ စိတ်, စေတသိက်, ရုပ်တွေပဲ ပါတယ်၊ ဗုဒ္ဓမြတ်စွာလို့ခေါ်ရတဲ့ ပုဂ္ဂိုလ်, သတ္တဝါ မပါသေးပါဘူး၊ ဒီ စိတ်, စေတသိက်, ရုပ်ပဲ ပါပါတယ်၊ ပုဂ္ဂိုလ်, သတ္တဝါ မပါဘူး၊ သူသူ, ငါငါ ခေါ်စရာတွေ ဘာမှ အကောင် အထည် မပါသေးပါဘူး၊ သူ့စိတ်ပဲ ပါတယ်၊ အင်မတန် ကောင်းလွန်းလို့, အင်မတန် ကောင်းလွန်းလို့။

အဲဒီလို ဗုဒ္ဓမြတ်စွာ ပဋိသန္ဓေ နေတဲ့အခါမှာ ဘယ်ဟာတွေကို အာရုံပြုပြီး ပဋိသန္ဓေ နေတာတုန်း ဆိုတော့ ပဋိသန္ဓေ မနေခင်က နတ်ပြည်ကနေ သတ္တဝါတွေ ကို မေတ္တာ ပို့ပေးနေတော့ သတ္တဝါတွေ အာရုံယူလာတာပဲ၊ ဒီတော့ ဗုဒ္ဓမြတ်စွာရဲ့ ပဋိသန္ဓေစိတ် ဟာလဲပဲ သတ္တဝါတွေ ချမ်းသာစေလိုတဲ့ စိတ်က ပါနေတာဖြစ်တော့ သတ္တဝါတွေ အကျိုးများမယ့် အာရုံ၊ ဓမ္မာရုံ တစ်ခုခုကို အာရုံပြုပြီး ပဋိသန္ဓေ နေမှာပါပဲ၊ မယ်တော့်ဝမ်းကို အာရုံပြုပြီးတော့ ပဋိသန္ဓေ နေလို့ရှိရင်လဲပဲ မယ်တော့် ဝမ်းရေကို အာရုံပြုပြီးတော့ ပဋိသန္ဓေ နေရပါတယ်၊ မယ်တော့် ဝမ်းရေက ဘာတုန်း ဆိုလို့ရှိရင် တစ်ခါ တစ်ခါလဲ ရူပါရုံအဖြစ်နဲ့ ထင်နိုင်ပါတယ်၊ အဲဒီ မယ်တော့် ဝမ်းရေ ရူပါရုံကို အာရုံပြုလို့ ပဋိသန္ဓေ နေတယ်ဆိုလဲ ဖြစ်နိုင်ပါတယ်၊ ခုနက စိတ်တွေပဲ။

အညံ့စား ပဋိသန္ဓေ

ဒီတော့ ထိပ်တန်းဆုံး ဖြစ်တဲ့ ဟေတုပစ္စည်းနဲ့ အာရမ္မဏပစ္စည်း ဘုန်းကြီးက ပြောပြီးတဲ့နောက် အောက်တန်း အညံ့ဆုံး ကလေးတွေ ဒီလိုပဲ အမိဝမ်းထဲမှာ ပဋိသန္ဓေ နေကြတဲ့ စိတ်က ဘယ်လောက်များ ညံ့တဲ့စိတ်မျိုး ဖြစ်နိုင်သလဲ ဆိုတော့ ခုနက အလောဘ, အဒေါသ, အမောဟ တစ်ခုမှ မပါဘူး၊ ဒိပြင် မကင်းရာ မကင်းကြောင်း စေတသိက်တွေနဲ့ ပဋိသန္ဓေ နေတယ်၊ ကံကလဲ ညံ့လိုက်တာ၊ တချို့မှာ ဒီကံကြောင့် ယခုဘဝမှာ မျက်စိ (စက္ခုပသာဒ) မြင်ချင်မှ မြင်တော့မယ်၊ ဒီလို ကံညံ့ကလေးကြောင့် (သောတပသာဒ) နား ကြားချင်မှ ကြားတော့မယ်၊ အဲဒီလို အနေမျိုး ကံက ညံ့လို့ ယောက်ျား မိန်းမ ပီသချင်မှ ပီသတော့မယ်၊ အဲဒီလို ကံက ညံ့တော့ ရုပ်လဲ အကုန်လုံး ညံ့လာတယ်၊ ဒါ အောက်တန်း အညံ့ဆုံး။

အလတ်စား ပဋိသန္ဓေ

အဲဒီက အထက် တက်လာတော့ ပဋိသန္ဓေစိတ်မှာ အလောဘ အဒေါသ ဒီ ကုသိုလ်ဟိတ် နှစ်ပါး တော့ ပါတယ်၊ ပညာ မပါဘူး၊ အမောဟဆိုတဲ့ ဉာဏ်ပညာ မပါလာဘူး၊ ဒါကြောင့် တချို့ လူဖြစ်လာပေမယ့် ဉာဏ် သိပ်ညံ့တာပဲ၊ ပဋိသန္ဓေတုန်းက ဉာဏ်ကို မပါလာလို့၊ နောက်ကျတော့ သင်လို့ ပြလို့တော့ အတော်အတန် ဉာဏ်က ရှိလာပါတယ်၊ အတော်အတန် ဉာဏ်ရှိလာပေမယ့် ပဋိသန္ဓေဉာဏ်ကိုက မပါလာတော့ သိပ် ထက်မြက်တဲ့ ဉာဏ်သမား မဖြစ်နိုင်တော့ဘူး။

တစ်ခါ တစ်ဆင့်တစ်ဆင့် တက်တက်သွားတော့ ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာလောက် မမြင့်ပေမယ့်လို့ ပဋိသန္ဓေ နေတော့ ခုနကလို ဉာဏ် ပါလာတယ်၊ ဉာဏ်ဓာတ်က ပါလာတော့ ဒီကလေး မွေးဖွားလာတဲ့အခါ တယ်ဉာဏ်တော်တယ်၊ ငယ်ငယ်ကတည်းက အသိဉာဏ် ကလေးတွေ ရှိတယ်၊ နောက် ပညာသင်တော့လဲ အသိဉာဏ်တွေ ရှိတယ်၊ နောက်ကျတော့ စဉ်းစားဉာဏ်တွေ ရှိတယ်၊ အဲဒီလို ဟိတ်တွေဟာ ပဋိသန္ဓေ နေကတည်းကိုက ပါလာတာ ရှိတယ်၊ ဒါကြောင့် ဟေတုပစ္စည်းကို ကြည့်ပြီး "ငါ ကုသိုလ်စိတ် ဖြစ်နေသလား, ငါ ဘယ်အာရုံ ပြုနေပါလိမ့်မတုန်း"၊ ဒီလိုကြည့်ပါ၊ ငါ ဘာကို အာရုံပြုပြီးတော့ ကုသိုလ်စိတ်တွေ ဖြစ်နေသလဲ၊ ကုသိုလ်ဟိတ်တွေ ပါနေသလား, ငါ့မှာ အကုသိုလ်စိတ် ဖြစ်နေသလား, အကုသိုလ်ဟိတ်တွေ ပါနေသလား, ဒါကို လေးလေး နက်နက် စဉ်းစားလိုက်ရင် "အင်း … သူလဲ မရှိ၊ ငါလဲ မရှိ၊ စိတ် စေတသိက်တွေ, ရုပ်တွေသာ ရှိပါလား၊ ပုဂ္ဂိုလ် သတ္တဝါ သူ ငါ မရှိပါဘဲလား၊ ဒီ စိတ် စေတသိက် ရုပ်တွေကလည်း သူ့အကြောင်းနဲ့သူ ဖြစ်နေပါလား" လို့ အဲဒီလို သိရတယ်။

လောဘတွေ ကြီးလာ

ကဲကဲ အာရမ္မဏပစ္စည်းပဲ နည်းနည်း ချဲ့ပြီးတော့ ကြည့်ကြဦးစို့၊ လောကမှာ နေကြတဲ့လူတွေဆို တော့ လိုချင်စရာ အာရုံတွေက အင်မတန် များတယ်၊ ဒီဘုံကိုက ကာမဘုံလို့ ခေါ်တယ်၊ ကာမဘုံ ဆိုတာ (ကာမ) က လိုချင်တဲ့လောဘကို ဦးတည်တဲ့ ဘုံပါ၊ ဒါကြောင့် အားလုံး လူတွေမှာ လောဘ ဖြစ်နေကြတယ်၊ ကာမဂုဏ်စိတ်တွေနဲ့ လိုချင်နေကြတယ် ဆိုတာ မဆန်းပါဘူး၊ ဘုန်းကြီးတို့က မြင်ပြီးသားပဲ၊ ဒီလောကကြီးဟာ ဒီဘုံကြီးဟာ ကာမဘုံ၊ လိုချင်တဲ့ဘုံ၊ လိုချင်တဲ့လူတွေ နေတဲ့ဘုံ၊ လိုချင်တတ်တဲ့ တဏှာလောဘ ရှိတဲ့ဘုံ။

အဲဒီလို လောဘဘုံမှာ နေကြရတော့ သတ္တဝါတွေ မွေးကတည်းက နည်းနည်း ကလေး မျက်လုံး ကလေး ဖွင့်တတ်တယ်ဆိုရင် အမေကရော, ဆွေသား, မျိုးသားချင်းတွေကရော ကလေးကို လိုချင်အောင် မြှူကိုပေးတယ်၊ ဘုံကလဲ ကာမဘုံလေ၊ ကလေးလေးရဲ့စိတ်ကလဲ လိုချင်တဲ့ စိတ်ကို မူတည်လာတဲ့ စိတ်လေ၊ ဒီတော့ ကလေးငယ်ကို ဒီက မြှူပေးလေ … ကလေးငယ်က လိုချင်တဲ့ စိတ်တွေ များလာလေ၊ ကလေးငယ်က တော်တော်ကလေး ကြီးလာလေ … ဒီက အစာကလေး ကျွေးလိုက်လေ၊ ကလေးငယ်က ဒီအစာကလေးကို လိုချင်တတ်လာလေ၊ စားချင်တတ်လာလေ၊ ကလေးငယ်နားမှာ သီချင်းကလေး ဆိုပြလေ၊ ကလေးငယ်က သီချင်းကလေး နားထောင်ချင် တတ်လာလေ၊ ကလေးငယ်ကို သနပ်ခါး, ပန်းမန်တွေ လိမ်းပေးလေ … ကလေးငယ်လေးက တမွှေးမွှေး တကြိုင်ကြိုင် လိုချင်တတ်လာလေ၊ ဘုံက ကာမဘုံ၊ ပြုစုပုံကလဲ ကာမ (လိုချင်စရာ) နဲ့ ပြုစုပေးနေတယ်၊ လိုချင်လာတယ်, လိုချင်လာတယ်၊ အဲဒီ လိုချင်တာ က ဘယ်လောက် ထိအောင် ပွားလာတုန်း ဆိုတော့ -

ဂဝံဝ သိင်္ဂိနော သိင်္ဂံ၊ ဝဍ္ဎမာနဿ ဝဍ္ဎတိ။
ဧဝံ မန္ဒဿ ပေါသဿ၊ ဗာလဿ အဝိဇာနတော။
ဘိယျော တဏှာ ပိပါသာ စ၊ ဝဍ္ဎမာနဿ ဝဍ္ဎတိ။

နွားမှာ ဦးချိုပေါက်လာတော့ ဒီချိုကလေးက တိုသွားတယ် မရှိဘူး၊ နွား အကောင်အထည် ကြီးလေ ချိုရှည်လေ၊ ဘယ်တော့မှ ဒီချိုဟာ ပြန်တိုမသွားဘူး၊ ဒီလိုပဲတဲ့၊ လူသတ္တဝါတွေ ဆိုကြစို့၊ နဂိုတုန်းက ကာမတဏှာ ချိုကလေး ပါလာတယ်၊ လူအရွယ် ကြီးလာလေလေ တဏှာလောဘ ကြီးလာလေပဲ၊ တစ်ခါရှိသေး နေရာဒေသက တဏှာ လောဘကြီးတဲ့ ဒေသဆိုရင် ဘုန်းကြီးက စဉ်းစားတယ်၊ ဘိုးတွေ ဘွားတွေ လက်ထက်က မလိုချင် တတ်ကြဘူး၊ ဘာဖြစ်လို့တုန်း ဆိုတော့ လိုချင်စရာ အာရုံမှ မရှိဘဲ၊ မော်တော်ကားမှ မရှိဘဲနဲ့ မော်တော်ကား လိုချင်တဲ့ တဏှာ မဖြစ်ခဲ့ဘူး၊ အုတ်တိုက်ကြီးတွေနဲ့ ဒီလိုပဲ များများစားစား မရှိတော့ အုတ်တိုက် လိုချင်တဲ့ တဏှာ မဖြစ်ခဲ့ဘူး၊ အဲ … မာတုဂါမတွေ သူတို့ကလဲ အလွန်တရာ ပြင်ကြ ဆင်ကြတာ မဟုတ်၊ အမျိုးသား တွေကလဲ အလွန်တရာ ပြင်ကြ, ဆင်ကြတာ မဟုတ်တော့ သူတို့က"ဆိုင်းဦးဟဲ့ အသက် နှစ်ဆယ်လောက်, ဆိုင်းဦးဟဲ့ အသက် အစိတ်လောက်" ဆိုရင် နေနိုင်ကြတယ်၊ သူတို့က ထိန်းနိုင်ကြသေးတယ်၊ ခုခေတ်ကျတော့လေ မော်တော်ကား လိုချင်, လိုချင်တာကလဲ လောဘ၊ တိုက်ကြီးတာကြီးတွေ လိုချင်တဲ့ လောဘတွေ တိုးလို့၊ ပြီးတော့ ကလေးတွေ ငယ်ငယ်ကတည်းက အမေတွေက ဆင်ကို ဆင်ပေးနေကြတယ်။

လှလိုက်တာ ဝလိုက်တာ ငါ့သမီး လှလိုက်တာ၊ တော်တော်ကြာ ကျောင်းသူကလေး ဖြစ်လာ၊ လှလိုက်တာနဲ့ သွားလိုက်တာ၊ တော်တော်ကြာ ထိန်းမရ သိမ်းမရ ဖြစ်ပြီးတော့ ဒီ လောဘတွေ လွန်ကဲပြီး အပျက်အစီး ထိအောင် ဖြစ်သွားကြတယ်၊ ဒါ ကာလ ဒေသ လိုက်ပြီးတော့ အာရုံတွေကပြောင်း၊ အာရုံပြောင်းတော့ လောဘတွေကလဲ တိုးတက်လာတာပဲ၊ ဒီ လောဘက ဒီ နိုင်ငံက ဒါလောက် ကလေးရယ်၊ နိုင်ငံခြား ကျတော့ ဒါထက် လိုချင်လာတယ်၊ သူတို့ နိုင်ငံခြား အာရုံတွေက သိပ်ကြီးတာကိုး၊ သိပ်ပြီးတော့ နိုင်ငံခြားက လူတွေက လိုချင်တာပဲ၊ ရူပါရုံလှလှကို လှသထက် လှအောင် လှသထက် လှတာတောင်မှ ရိုးရိုးလှရုံ မဟုတ်ဘူး၊ အင်မတန်ကို မထိန်းနိုင်, မသိမ်းနိုင် ဘေးက လောဘ ဖြစ်လာအောင် အလှလုပ်ကြတယ်။

အဲ … ဂန္ဓာရုံတွေ မွှေးကြိုင်သမျှ, မွှေးကြိုင်သထက် မွှေးကြိုင်အောင် အမွှေးတွေ လုပ်ကြတယ်၊ တစ်ခါ ရသာရုံ အရသာတွေ ကောင်းသထက် ကောင်းအောင် လုပ်ကြတယ်၊ ရှေးတုန်းက မဖြစ်ခဲ့တဲ့ လောဘတွေဟာ ယခု ပိုလာတယ်၊ လောဘသာ ပိုလာသလား လို့ဆိုတော့ ယခုကြည့်လေ ဒေါသတွေ ပြင်းထန်လိုက်တာ သတ်ဖြတ်မှုတွေ ဘယ်လောက် များလာသလဲ၊ ဟိုရှေးတုန်းက (ဘုန်းကြီးတို့ ကလေးတုန်းက) သတ်ဖြတ်မှုနဲ့ စပ်ပြီးတော့ ရာဇဝတ်မှုဟာ တစ်နှစ်မှ ၇-မှုလောက်ပဲ ရှိတယ်၊ တစ်နှစ် ၇-မှုလောက် ရှိတာတောင် များလိုက်တာ၊ ယခုဆိုတော့ တစ်ရက် ၇-မှုလောက်၊ ဒီလို ဖြစ်လာပြီ၊ တစ်ရက် ၇-မှုတောင် ကချင်မှ ကမယ်၊ အဲဒါ ဘာကြောင့်တုန်း၊ အင်မတန် အာရုံက ကြီးကျယ်လာပါတယ်၊ အင်မတန် ကြီးကျယ်တော့ လောဘက အင်မတန် ကြီးကျယ်လာတယ်၊ လောဘဖြစ်တဲ့ အခါတိုင်း ဒေါသက လိုက်လာ တာကြောင့်ပဲ။

ဒေါသတွေ ကြီးလာ

ဒီနည်းမှ ဒေါသဟိတ် တွေကလဲ ကြီးကျယ်ပြီး အကုသိုလ်တွေက များလိုက်လာတယ်၊ ဒီနိုင်ငံတွင် လား ဆိုတော့ ကမ္ဘာမှာ စစ်တွေ တဖြည်းဖြည်းနဲ့ သတ်လိုက်တာ၊ တကတည်း အပြုံလိုက်, အပြုံလိုက်, အပြုံလိုက်၊ ဒေါသတွေ ဖြစ်လိုက်တာ၊ လောဘတွေ ကလဲ ကြီးကျယ်လိုက်တာ၊ ဒေါသတွေကလဲ ကြီးကျယ်လိုက်တာ၊ "သွားမယ် …" ဘုန်းကြီးတို့က သိပါရဲ့၊ လောကကြီး ဘယ်လိုဖြစ်ဖြစ် သွားတော့မှာပဲ၊ အစိတ်အပိုင်း အနည်းငယ်ကလေးသာ သတိကလေးနဲ့ ထိန်းကြ တော့၊ လောဘကြီးတော့ တဖြည်းဖြည်း ပြင်းထန်လာပြီ၊ စိတ်တွေကလဲ လောဘအလိုအတိုင်း ပြင်းထန်လာပြီ၊ လောဘ အတိုင်း အလိုမကျတော့ ဒေါသတွေက ဝင်လာပြီ၊ ဒေါသဝင်လို့လဲ အကုသိုလ် တွေက ပြင်းထန်လာပြီ၊ စိတ္တဇရုပ်တွေ ဖြစ်တော့လဲ ဒေါသ အလိုအတိုင်း စိတ်တွေက မထိန်းနိုင်တော့ ရုပ်တွေကပါ မထိန်းနိုင်လို့ သတ်ကြ, ဖြတ်ကြတယ် ဆိုတဲ့ အဖြစ်မျိုး ရောက်တယ်၊ လောဘအတိုင်း မထိန်းနိုင်ကြလို့ လွန်လွန် ကျူးကျူးတွေ ဖြစ်ကြတယ်။

ပြီးတော့ ဘုန်းကြီးတို့က ပုဂ္ဂိုလ်, သတ္တဝါ မရှိဘူး၊ ဒီအာရုံနဲ့ ဒီစိတ်တွေပဲ ရှိတယ်၊ ဒီအာရုံ သောင်းကျန်း သလောက် သောင်းကျန်းပြီး လိုက်လာပါတယ်၊ အနည်းငယ် ဉာဏ်ရှိတဲ့ ပုဂ္ဂိုလ် များကသာ "ကမ္ဘာကြီး ဘာဖြစ်ဖြစ် ဖြစ်ပါစေ၊ လောကကြီး ဘာဖြစ်ဖြစ် ဖြစ်ပါစေ၊ တို့ မဖြစ် ကြနဲ့ တို့တတွေ မဖြစ်ကြနဲ့" "တို့ အစားအသောက်တွေ တို့ သတိထားကြ, ချွေတာကြ၊ တို့ အနေအထိုင် တွေ သတိထားကြ၊ တို့ ကုသိုလ်တရားတွေ တိုးပွားအောင် မေတ္တာပို့ကြ၊ တို့ ကုသိုလ်တရားတွေ တိုးပွားအောင် ငါးပါးသီလ ကြိုးစား ထိန်းလိုက်ကြ၊ တို့ ကုသိုလ်တရား တိုးပွားအောင် ပါရမီတရား တိုးပွားအောင် တရား နှလုံးသွင်းနေကြ" …

ဒီလို သွားနေရတယ်၊ လမ်းသွားနေရတယ်၊ လောကကြီးကတော့ ကြီးကျယ်လိုက်တာ တွေကတော့ ဘုန်းကြီးတို့ သိပါရဲ့ သိပါရဲ့၊ လောဘ ကြီးကျယ်နေတာ၊ ဒေါသ ကြီးကျယ်နေတာ၊ မာန်မာန ကြီးကျယ်နေတာ၊ တစ်ယောက် တစ်ယောက် မနာလိုတဲ့ ဣဿာ ကြီးကျယ်နေတာ၊ တစ်ယောက် တစ်ယောက်ကို ဝန်တိုနေတဲ့ မစ္ဆရိယ ကြီးကျယ်နေတာ။

ရှေးတုန်းကတော့ ရှေးတုန်းက ဆိုတာ မောင်နှမချင်း စီးပွားရေးကြောင့် စိတ်ဝမ်း မကွဲဘူး၊ ခုတော့ ကွဲလိုက်ကြတာ, ကွဲလိုက်ကြတာ၊ လောဘကြောင့် ဒေါသတွေ နောက်က လိုက်နေတယ်၊ လောဘကြောင့် ဣဿာ, မစ္ဆရိယတွေ နောက်ကလိုက်လို့ အကုသိုလ်တွေ ဖြစ်လိုက်ကြတာ၊ ကဲ … အဲဒီ အာရုံကလဲပဲ ရှေးတုန်းကတော့ ဘုန်းကြီးတို့ ကျေးတောမှာ ကြီးကြီးကျယ်ကျယ် ဘာမှ ရှိလှတယ် မဟုတ်ဘူး၊ တော်ပါပေတယ်ဆိုတဲ့, ပေါပါပေတယ်ဆိုတဲ့ လူတွေလဲပဲ ကျောင်းတွေ ဆောက်, ဘုရားတွေတည်, အမွေကလဲ ဘယ်လောက်မှ မရဘူး၊ ဒီတော့ သူတို့လောဘကလဲ ခပ် နည်းနည်း၊ ဒေါသ, မာန်မာနကလဲ ခပ်နည်းနည်း၊ ကုသိုလ်စိတ်တွေ များလိုက်တာ, များလိုက်တာ၊ စိတ်ချမ်းသာ လိုက်ကြတာ။

လောဘနောက်လိုက်က
ပျက်စီးခြင်း

ခု နောက်ပိုင်းမှာ လောဘတွေက သိပ်ကြီး လာကြပြီ၊ လောဘအလို မကျလို့ ဒေါတွေက သိပ်ကြီးလာကြပြီ၊ တစ်ယောက်နဲ့ တစ်ယောက် မနာလိုတာက ဆွေမျိုးချင်း ကစပြီးတော့ မနာလို၊ ဘုန်းကြီးက"ဖြစ်ပြီ, ဖြစ်ပြီ ဖြစ်တော့မှာပဲ ထိန်းလို့မရဘူး၊ အလိမ္မာ တစ်ယောက်တလေ ဉာဏ်ရှိတဲ့ တစ်ယောက် တလေ တစ်အိမ်တလေ၊ ဒီလိုပဲ ထိန်းရတော့မယ်"လို့ ဘုန်းကြီးက နားလည်တယ်။

ဘုန်းကြီးက သံဃာတော် တွေကကော လောဘအလိုအတိုင်း ဘုန်းကြီးအောင်၊ ကြည့်စမ်း ဘုန်းကြီးလို့ ဘာဖြစ်တယ်၊ ဘုန်းကြီးတာက အရေးပါကြတယ်လေ၊ အရေးပါကြတော့ လူလိုပဲ ညစ်ပတ်လိုက်တာ၊ လူမလဲဘဲ ပစ္စည်းပေါပြီဆိုရင် အရေးပါကြ၊ ဟုတ်ဟုတ်, မဟုတ်ဟုတ်၊ ဘာနဲ့ ပေါပေါ၊ ပစ္စည်း ပေါလာပြီဆို အရေးပါကြ၊ ဘုန်းကြီးတွေကလဲ ဘာနဲ့ ဘုန်းကြီး, ဘုန်းကြီး၊ ဘုန်းကြီးပြီဆို အရေးပါကြ။

အဲဒါ ဘုန်းကြီးအောင် လုပ်တာပဲ၊ ဘုန်းကြီးအောင် ဘာလုပ်ရတုန်း၊ ဒကာ, ဒကာမတွေ အိမ်ဝင် ရတယ်, ထွက်ရတယ်, သွားရတယ်, လာရတယ်။

"အင်း … နေကောင်းကြတယ်နော်၊ တို့ ဘာ လုပ်ပေးရဦးမတုန်းဟေ့၊ ဘာ ကူညီရဦးမတုန်းဟေ့" အဲ … ဒါပဲ၊ သူ နောက်တော့ ကျောင်းတွေလဲ ရတယ်၊ ဘေးက ဘုန်းကြီးတွေကလဲ ကျောင်း ကောင်းကောင်း နေချင်တော့ သွားပြီးတော့ စားကြ သောက်ကြတယ်၊ သာသနာတော်ကြီး ဒီနည်း ဒီနည်းနဲ့ ပျက်စီးလာခဲ့တာ၊ ပျက်ပစေ, ပျက်ပစေ, ပျက်ပစေ၊ ဘုန်းကြီးကတော့ "သူများ ပျက်ချင်, ပျက်ပစေ၊ ဒီကျောင်းက မဖြစ်စေနဲ့၊ ဒီကျောင်းက မဖြစ်စေနဲ့ …"

မနေ့ကတင် စာတစ်စောင်က ကိုယ်တော်တစ်ပါး ဘာအောင်လို့ ဆိုလား၊ ချီးကျူးပွဲ လုပ်မယ် လို့တဲ့၊ သူက ဒီကျောင်းမှာ နေသွားဖူးတယ်၊ အဲဒီ ကိုယ်တော်ကို သူ့ဆိုင်ရာက ချီးကျူးပွဲ လုပ်မလို့တဲ့၊ ဒီကျောင်းက စာချဘုန်းကြီးတွေ, ဘာတွေ ခွင့်ပြုကြပါဘုရား တဲ့၊ ဘုန်းကြီးက စာချ ဘုန်းကြီးတွေကို အဲဒီစာ အပ်လိုက်တယ်၊ "သဘောလို့၊ တားလဲ မတားဘူး၊ တိုက်လဲ မတိုက်တွန်းဘူး"လို့ ဆိုတော့ စာချဘုန်းကြီးတွေက သူတို့လဲ ဒီကျောင်းရဲ့ဝါဒကို သိနေပြီလေ၊ ဒီချီးကျူးပွဲတွေ လုပ်ပြီးတော့ (ဂုဏ်လုပ်ပြီးတော့) ဘာသာသနာမှ မတက်ခဲ့ပါပဲလား၊ အဲဒါတွေ ဘယ် သွားသင့်ပါ့မလဲလို့ သူတို့ဘာသာ သူတို့ ဆုံးဖြတ်ကြတယ်။

အကယ်၍များ အားတက်သရောနဲ့ နှုတ်ခမ်းကလေး တပြင်ပြင်နဲ့ သွားမယ်များ လုပ်ကြတယ်, စားမယ်များ လုပ်ကြတယ် ဆိုလို့ရှိရင် ဒီတစ်ချိန်တော့ မပြောသေးဘူး၊ နောက်တစ်ချိန်တော့ ပြောမှာပဲ သိလား၊ အဲဒါကြောင့် သာသနာတော်ကြီးလဲ ပျက်တယ်၊ ခုခေတ် သွားနေပုံက လောကကြီးကလဲ ပျက်တယ်၊ ပျက်ရုံနဲ့ ရပ်သွားတယ် ဆိုရင်တော့ ဘုန်းကြီးက အနေသာကြီးပါ၊ မဟုတ်ဘူး သာသနာတော်ကြီး ဆုတ်လာတယ်၊ လူတွေ အကုသိုလ်တရား တိုးပွားလာတယ်၊ မနေ့ကဘဲ ပြောလိုက်ပြီ မဟုတ်လား၊ လျှမ်းလျှမ်းတောက် ထိတ်ထိတ်ကြဲဟာ သေတော့ ဟိုမှာ တစ္ဆေလိုလို ပြိတ္တာလိုလို ဖြစ်နေပါပြီတဲ့၊ ဒီတော့ ဘုန်းကြီးက ဒီကျောင်းတော့ တစ်ယောက်ထဲ နေတန် နေရပါမယ်၊ နေတန်ဆိုလေ သူတို့က "အရှင်ဘုရားဟာက ခေတ်မမီတော့ဘူး၊ တပည့်တော်တို့ သွားပါရစေတော့" လို့ သွားကြလို့ရှိရင် တစ်ယောက်ထဲ တရား နှလုံးသွင်း နေမယ်၊ စာတွေ ကြည့်နေမယ်၊ ဘယ်လောက်များ ချမ်းသာလိုက်မလဲ၊ ဘုန်းကြီးကလေ တစ်ယောက်တည်း နေမှာ တစ်ယောက်တည်း နေမှာပါ။

မာဂဏ္ဍိယသုတ်

ဘယ့်နှယ် ဒီတရားတွေက ဒီလောက် ပါနေမှတော့ ဒီတရားတွေ လွန်ပြီး ဘုန်းကြီး မလိုက်နိုင်ဘူး၊ နည်းနည်း စဉ်းစား၊ တစ်ခါတုန်းက ဗုဒ္ဓမြတ်စွာနဲ့ မာဂဏ္ဍိယ ဆိုတဲ့ ဗြာဟ္မဏပဏ္ဍိတ် တွေ့ကြတယ်၊ ဒီ ဗြာဟ္မဏတို့ရဲ့ ထုံးစံကတော့ ရူပါရုံ ကြည့်ရမယ်၊ သဒ္ဒါရုံ နားထောင်ရမယ်၊ ဒါ တိုးပွားမှုပဲ, တိုးတက်မှုပဲ, ကြီးကျယ်ရမယ်၊ ဒီ ရှင်ဂေါတမက ဒါတွေကို မလိုက်စားရဘူး ဆိုတော့ ကြီးကျယ်မှု တွေကို ဖျက်နေတာပဲ၊ ရှင်ဂေါတမဟာ လောကကြီးကို ဖျက်ဆီးနေတာပဲ၊ သူတို့က ဒီလို ယူဆထားကြတာ၊ ဒါနဲ့ ဗုဒ္ဓမြတ်စွာနဲ့ တွေ့ကြရော၊ တွေ့လို့ ဒီစကားစပ်တော့ "ဟုတ်ပါတယ်, ဒီလိုပဲ ယူဆပါတယ်"။

ဗုဒ္ဓမြတ်စွာက "စက္ခုံ ခေါ မာဂဏ္ဍီယ ရူပါရာမံ ရူပရတံ ရူပသမ္မုဒိတံ" မာဂဏ္ဍီ - စက္ခုပသာဒ ဆိုတာ ရူပါရုံကို အင်မတန် နှစ်သက်တယ်၊ စက္ခုပသာဒက ရူပါရုံ ရှိမှ နေတတ်တယ်၊ ဒီ ရူပါရုံကို ဘယ်လောက်များ စက္ခုပသာဒက သဘောကျနေတုန်း ဆိုတော့ သူ့ကို ခြောက်နေတဲ့ ရန်သူ လာတာတောင် သူ့ကို ကြည့်ရမှ ကျေနပ်တယ်၊ ဒီစက္ခုပသာဒက ကိုယ့်ကိုနှိပ်စက်မည့် သူလာတောင် ကြည့်ကို ကြည့်လိုက်ရမှ ကျေနပ်တယ်၊ စက္ခုပသာဒက အဲသလို ရူပါရုံပေါ်မှာ အင်မတန် မွေ့လျော်တယ်။

သောတပသာဒ ကလဲ သဒ္ဒါရုံပေါ်မှာ အင်မတန် မွေ့လျော်တယ်၊ နားထောင်နေတယ်၊ "ဟော - မင်းကို ဆဲနေတယ်ဗျ" သူက စိုက်နားထောင်နေတယ်၊ ဆဲနေတာကို သူ စိတ် မချမ်းသာမှန်းတော့ သိတယ်၊ သိနေပေမယ့် သဒ္ဒါရုံ ဆိုရင်ပဲ သောတပသာဒက နားထောင်လိုက်ရမှ၊ "ဆဲနေတယ်၊ အင်း … ဟုတ်တယ်၊ သူ ငါ့ကို ဆဲနေတယ်"၊ ဆဲနေတာကို သူက နားထောင်ရမှ ကျေနပ်တယ်၊ သဒ္ဒါရုံကို အင်မတန် မွေ့လျော်တယ်။

တစ်ခါ ဃာနပသာဒကလဲ နှာခေါင်းမှာရှိတဲ့ ပသာဒကလဲ အနံ့ကို ရမှ၊ "အင်း - နံလိုက်တာ၊ အမယ် ဟုတ်တယ် နံလိုက်တာ"။ သိလား၊ နံတယ် ဆိုတာကိုပဲ သူက ဒီအနံ့ကို ရှူရဦးမှ၊ မွှေးကြိုင်တာ ကိုတော့ မပြောနဲ့တော့၊ နံတာကို ရှူရဦးမှ။

တစ်ခါ အရသာကျတော့ "ဟင် မကောင်းလိုက်တာ, ဘယ်နှယ်၊ ဟင်းကလဲ ဘယ့်နှယ်တုန်း ပေါ့လိုက်တာ"။ "အင်း ပြစမ်း … ပြစမ်း"၊ မကောင်းပါဘူးလို့ ဆိုတာကိုလဲ သူက ပြစမ်း … ပြစမ်း ဆိုပြီး စားလိုက်သေးတယ်။

ကာယပသာဒကလဲ ဖောဋ္ဌဗ္ဗာရုံကို ဒီလိုပဲ အင်မတန် တွေ့ချင်, ထိချင်တယ်၊ အင်မတန် ထိချင်, ခတ်ချင်တယ်၊ အဲသလို …။

ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာက "မာဂဏ္ဍီ … နဂိုကမှ သတ္တဝါတွေရဲ့ စိတ်က အာရုံတွေကို မွေ့လျော် နေတာ ဖြစ်တော့ ဒီအာရုံတွေ တိုးပွားအောင် လုပ်ရင် အကုန်လုံး ဒုက္ခများမှာပေါ့"၊ ခု အများ နေတဲ့အတိုင်း အာရုံတွေ တိုးပွားအောင်လုပ်ယင် ဒုက္ခများမှာပေါ့လို့၊ ဒီအာရုံတွေကို စက်ဆုပ် ပြီးတော့ အေးအေး ဆေးဆေး နေတဲ့နည်းကို ပြောပြမယ်။

လူတစ်ယောက်ဟာ နူနာ ဖြစ်နေတယ်, နူနာစွဲနေတယ်၊ နူနာကလဲပဲ အရည်တွေ ယိုလို့၊ သူက ဘာလုပ်တုန်း ဆိုတော့ (ယားလွန်းလို့ ယားလွန်းလို့) ကုတ်ပြီးတော့ မီးသွားကင်တယ်၊ မီးကျီး ကောင်းကောင်းနဲ့ ကင်လိုက်ရတော့ အရည်က နည်းနည်း ခြောက်သွားတယ်၊ အတွင်းက ထတဲ့ ပိုးတွေက နောက်ဆုတ်သွားတယ်၊ အဲဒီတင် အယား ပျောက်သွားတယ်၊ နေပြန်ရော့ - နူနာက ပျောက်တာမဟုတ်ဘူး၊ ခဏကလေး အယားပျောက်တာ၊ တော်တော်ကြာတော့ တစ်ခါ ယားလာ ပြန်တယ်၊ ပိုးတွေက ထလာပြန်တယ်၊ ယားလာပြန် အရည် ထွက်လာပြန် မီးကျီးသွားကင်၊ ခဏသက်သာလာပြန်၊ နောက်တော့ အဲဒီလိုနဲ့ ဒီရောဂါက တိုးလာတာမှ ကင်လိုက်ပြန်တော့ ခဏကလေး သက်သာတယ်၊ ရောဂါက တိုးလာတယ်၊ အရည်တွေက ပိုထွက်နေတယ်၊ ခဏကလေး သက်သာပြီး ရောဂါက တိုးလာတယ်။

ဒီလိုဆို မဖြစ်ပါဘူး ဆိုပြီး တစ်ခါထဲ ဆေးကောင်းကောင်း ကုတတ်တဲ့ ဆရာနဲ့ ကုလိုက်တာ ရောဂါ ပျောက်သွားတယ်၊ ပျောက်သွားတော့, နောက် မီးကျီးခဲ ကောင်းကောင်းကြီးတွေ တွေ့တော့ မိတ်ဆွေက "ဟေ့ကိုယ့်လူ - လာဟေ့ ဟိုမှာ မီးကျီးခဲတွေ မောင်ရာ၊ ကင်စရာကောင်း လိုက်တာ" "ဟာ မလုပ်ပါနဲ့ မောင်ရာ" အတင်းလက်ဆွဲပြီး "လာပါ, မင်း ဟိုတုန်းက ဒီမီးကျီးတွေ မြင်လို့ ရှိရင်ဖြင့် မနေနိုင်, မထိုင်နိုင်၊ မင်းပြေးပြီးတော့ မီးကင်တဲ့ လူပါကွ၊ ဟိုမှာ မီးကျီးတွေ" "ဟာ မလုပ်ပါနဲ့၊ ဟိုတုန်းကသာ ငါအနာ မပျောက်လို့ ကင်ခဲ့တာပါကွာ၊ အခု ငါ့မှာ အနာမှ မရှိဘဲနဲ့ ဒီမီးကျီးတွေက ငါ့ကို ဒုက္ခပေးနေတာကွ၊ ငါ့ ဒုက္ခပေးနေတာ …"

အဲ ရူပါရုံတွေ သာယာနေတယ် ဆိုတဲ့ဟာ အနူမို့လို့ မီးကင်တာတဲ့၊ အနူ မီးကင်တာ၊ ရူပါရုံတွေ သာယာပြီးတော့ ရူပါရုံတွေ လိုက်စားနေတယ် ဆိုပါတော့၊ ပွဲကြည့်နေတယ်၊ ဒီပွဲ ကောင်းလိုက်တာ ဆိုတဲ့ဟာ ပွဲကြည့်ချင်တာ၊ တကတဲ တီးသံ, မှုတ်သံ ကြားရင် မနေနိုင်, မထိုင်နိုင်ဖြစ်၊ အနာထတာ မနေနိုင်, မထနိုင်ဖြစ်၊ အနာထတာ မနေနိုင်, မထနိုင်ဖြစ်၊ အဲဒါဆို ပွဲသွားကြည့်ပြီးတော့ မီးကင် လိုက်တာ၊ "အဲ ... တော်ပြီ၊ နောက် မကြည့်တော့ဘူး၊ ပိုက်ဆံလဲ ကုန်သေး" ဆိုပြီး လေး ငါး ဆယ်ရက်လောက် နေလိုက်တယ်၊ နောက် ဟိုက တီးသံ, မှုတ်သံ ကြားလိုက်ပြန်၊ အနာ ထလာပြန်၊ သွားကြည့်ဦးမှပဲ၊ အနာက မလျော့ဘူး, မလျော့ဘူး၊ ခဏကလေး သူ အဆာပြေ သလိုသာ ရှိတယ်၊ နောက် သွားပြန်တာပဲ၊ ဒီနည်း, ဒီပုံ, ဒီဟန်နဲ့တော့ ဒီရောဂါ မပျောက်ဘူး၊ နောက်တော့ ကိုင်း - မဖြစ်ဘူး၊ သီလထိန်းပြီးတော့ တရားထိုင်မှပဲ၊ ဒီရူပါရုံ, ဒီ ပွဲလမ်းသဘင်တွေရဲ့ အပြစ်ကို ကောင်းကောင်း မြင်တဲ့အခါကျတော့ ဟိုက တီးသံကြားလဲ သူ ဘာမှ မဖြစ်ပါဘူး၊ "လာဟေ့ သွားကြရအောင်" "မလုပ်ပါနဲ့ကွာ ရှက်စရာကြီး"။

"မင်း ဟိုတုန်းကတော့ မင်းသွားတာ၊ အခု သိပ်ကောင်းတာ၊ အရင်တုန်းကထက် သာတယ်"။

"အိုကွာ - မထူးပါဘူး၊ ငါ့မှာ ပိုက်ဆံလဲကုန်သေး, လူလဲပန်းသေး၊ ဟိုတုန်းကတော့ ဒီလို နားမလည်လို့ပါကွာ၊ ခုတော့ ငါ မသွားပါဘူး"။

အဲသလိုပေါ့၊ အို … ကာမဂုဏ်အာရုံတွေ ခံစားတဲ့ သူတွေကလဲ ဒီထဲမှာ သူတို့ ရောဂါ ထနေ ကြတယ်၊ ဒီရောဂါ ကြီးကျယ်တုန်းတော့ ဒီသတ္တဝါတွေ ဒီလိုနေကြမှာပဲ။

ဘာပြုလို့ အနူကိုး၊ အနူဆိုတော့ သူတို့က ရောဂါ ထလိုက်, ကုတ်လိုက်၊ သူတို့က ကုတ်လိုက်, ရောဂါက ထလိုက်၊ ရူပါရုံလှလှ ကလေး သွားကြည့်ကြ၊ သဒ္ဒါရုံ ကောင်းကောင်းကလေး သွားနား ထောင်ကြ၊ ဂန္ဓာရုံ မွှေးမွှေး ကြိုင်ကြိုင်ကလေးနဲ့ စားကြ, သောက်ကြ, နေကြ, ထိုင်ကြ၊ အနာတွေ လျော့သလား, မလျော့ဘူး၊ အနာတွေ တိုးနေတာပဲ၊ နောက်တော့ မစွမ်းနိုင်လို့သာ သူတို့ လျော့သွားကြတာ၊ စိတ်ကတော့ မလျော့ဘူး၊ ဒီနည်းနဲ့ ရောဂါက ဘယ်တော့မှ မလျော့ဘူး၊ ဒီဘဝလဲ မလျော့ဘူး၊ တရားကို လိုက်ပြီးတော့ ကြိုးကြိုးစားစားနဲ့ အားထုတ်လိုက်မှ ဒီရောဂါ သက်သာမယ်၊ တရားတွေ ရပြီး ဒီရောဂါ မဖြစ်ဘဲ နေမယ်လို့ဆိုတာ ဘုန်းကြီးတို့ တရားတော်က သိတယ်၊ အဲဒါကို ဗုဒ္ဓမြတ်စွာက ဟောတယ်။

ခုတင်က ဘုရား ကန့်လန့်လုပ်တဲ့ မာဂဏ္ဍိယ ဗြာဟ္မဏကြီးက ဟုတ်လိုက်တာလို့ သဘော ကျသွားတယ်၊ အဲဒီတော့ ငါဘုရားကလေ ဒီဟာတွေ မြင်လို့မို့ တစ်ယောက်ထဲ အာရုံတွေ မခံစားဘဲ, အေးအေး ကလေး ငြိမ်နေတာ၊ ရောဂါ ပျောက်နေတာ မကောင်းဘူးလာ? ကောင်းလိုက်တာ၊ "ဒကာတော်ကို ရဟန်းပြုခွင့် ပေးပါ၊ ဘုန်းကြီး လုပ်ပါရစေတော့" … ခုနက ဘုရား ကန့်လန့်လုပ်တဲ့ ဗြာဟ္မဏကြီးဟာ ဘုရားတရား သဘောကျတော့ တရားရအောင် နေမှပဲ, ဒီရောဂါတွေ ကင်းမှာပဲလို့ သဘောပေါက်ပြီး ရဟန်းပြုတယ်၊ တရား အားထုတ်လို့ ရဟန္တာကြီး ဖြစ်သွားတယ်။

ဒါ့ကြောင့် ဘုန်းကြီးတို့က မြင်လွန်းလို့ "ဒီကျောင်းကို ခမ်းခမ်းနားနား" မဆင်ရဘူးနော်၊ သူတို့က ကျောင်းကောင်း ဆောက်ပေးတာ၊ ပေးချင် ပေးပစေ၊ သူတို့ကလဲ ကောင်းကောင်း ဆောက်ရမှလေ၊ ဘာပြုလို့တုန်း, သူတို့ ပတ်ဝန်းကျင်ရဲ့ အသိုင်းအဝိုင်းက ရှိနေတယ်၊ ဒီတော့ ကျောင်းက ဘယ်လောက် ကောင်းနေတယ်ဆိုမှ သူတို့အသိုင်းအဝိုင်းနဲ့တဲ့တယ်၊ ဘုန်းကြီးက ဟို အနောက် ဘက်က ဆွမ်းစားကျောင်းကြီး, ကဲ - ဘာခက်, ညာခက်နဲ့ ဝါးကပ် မိုးလိုက်လို့ ဘုန်းကြီး ကပြော၊ ကျောင်းအမက ဘုန်းကြီး သဘောကျသလိုတော့ လုပ်ပါတဲ့၊ ဒါပေမယ့်လို့ ပျဉ်အုတ်ကြွပ် ကလေးမှ မမိုးရဘူးနော်လို့ ညည်းသတဲ့၊ အော် … သူ့ သိန်းထိအောင် အကုန်အကျ ခံပြီး ဆောက်ပါရက်နဲ့ စိတ်မချမ်းသာ လို့တော့ မကောင်းပါဘူးတဲ့၊ ကဲ - ဝါးကပ်နဲ့ မမိုးကြနဲ့၊ ကျောင်းအမ သဘောကျသလို ဆိုင်းကြဦးလို့ ထားလိုက်ရတယ်။

ဘုန်းကြီး အလိုကတော့ ဘုန်းကြီးကျောင်း နေတာကိုလဲ ကြည့်လေ၊ ဘုန်းကြီးကျောင်းနေရာ နည်းနည်း ကလေးသာ ပြင်ပြင်ပြီးတော့ လာခဲ့တယ်၊ ဘုန်းကြီးကတော့ ဖြစ်ပါရဲ့, နေတတ်ပါရဲ့, တရားသဘော သိပါရဲ့၊ မိုးလုံ လေလုံဆို ပြီးတာပဲ၊ ဒါပေမယ်လို့ ကျောင်းဒကာ, ကျောင်းအမ တွေရဲ့ သူတို့သဘော စိတ်ချမ်းသာပါစေရဲ့လို့၊ သူတို့ကကော အကုသိုလ်တွေ ဖြစ်နေသလား ဆိုတော့ သာသနာတော်ကို မွန်မွန်မြတ်မြတ် လှူချင်တယ်ဆိုတော့ သူတို့မှာလဲပဲ ဗုဒ္ဓမြတ်စွာကို ရှေးက ထားလို့၊ ဘုရားအမှူးရှိတဲ့ သံဃာကို ရည်မှန်းပြီးတော့ ကျောင်းဆောက်ကြလို့, သပ်သပ် ရပ်ရပ်, သာသာယာယာ ဆိုတော့ ဝိသာခါတို့လို သူတို့က ရှေ့သွားနေတယ်ဆိုတော့ သူတို့ မှာလဲ ကုသိုလ် တော့ ရပါတယ်၊ မွန်မွန်မြတ်မြတ် ကုသိုလ်ရပါတယ်၊ ဘုန်းကြီးကလဲ အဲဒီ ကုသိုလ် အကျိုးကို မမျှော်ကြနဲ့နော်၊ နိဗ္ဗာန် မျှော်ကြ, နိဗ္ဗာန် မျှော်ကြ၊ အဲဒီ အကျိုးလောက်နဲ့ ရပ်ထား ကြလို့ရှိရင် ဟိုဖက်ဘဝမှာ အကျိုးသွားရပြီး အကုသိုလ်တွေ တိုးပွားလာလိမ့်မယ်လို့ အဲဒီလိုသာ သူတို့ကို လမ်းလွှဲပြီးတော့ ပေးရပါတယ်။

"ဒါကြောင့် - ကိုယ့်နည်း ကိုယ့်ဟန်နဲ့ နားလည်အောင်လေ၊ အဲ လောဘဟိတ်, ဒေါသဟိတ်, မောဟဟိတ်လို့ ဆိုတဲ့ ဟေတုပစ္စည်းတွေ သတိထားလိုက်ပါ၊ အာရမ္မဏပစ္စည်းနဲ့ အာရုံတွေ ဦးစားပေးလေလေ အကုသိုလ်တွေက များများ လာလေလေ၊ အကုသိုလ် ဟိတ်တွေက များ လေလေ ဖြစ်ပါတယ်၊ အဲဒါကြောင့် ဒီနှစ်ပစ္စည်းကို ကြည့်ပြီးတော့ လောကကြီးမှာ ဒီနှစ်ပစ္စည်းနဲ့ လမ်းသွား နေတာဟာ တစ်ဘဝထဲ သွားနေပါလားလို့ အဲဒီလို နားလည်ပြီးတော့ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်ကို အာရုံပြုပြီး မိမိတို့ကိုယ်တိုင် ဒီပစ္စည်းကို အာရုံပြုပြီးတော့ သတ္တဝါလဲ မရှိပါဘဲလား၊ ငါသူတစ်ပါးလဲ မရှိပါဘဲလား၊ အကြောင်းတရား တွေသာ ရှိနေပါလားလို့ အဲဒီလို နားလည် ပြီးတော့ ဗုဒ္ဓမြတ်စွာကို အာရုံပြုရင်း မိမိစိတ်ကိုပါ ပြင်ဆင်နိုင်ကြစေကုန် သတည်း"။

နာနာပ္ပကာရဋ္ဌာနာနိဗောဓိတာနေတ္ထ မုနိနာ
အနန္တနယ ပဋ္ဌာနံဝန္ဒေ အနန္တ ဂေါစရံ

ဧတ္ထ - အနန္တနယ သမန္တပဋ္ဌာန်း ကျမ်းတော်ကြီး၌၊
မုနိနာ - မုနိထွတ်တင် ဘုရားရှင်သည်၊
နာနာပ္ပကာရဋ္ဌာနာနိ - ဟေတု အာရမ္မဏ စသည်များစွာ အကြောင်းအရာတို့ကို၊
ဗောဓိတာနိ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာ ကျန သိပြီးမှလျှင် များလှဝေနေ သိစေတော်မူအပ်ခဲ့လေပြီ၊
အနန္တ ဂေါစရံ - အဆုံးမရှိ ကုန်အောင်သိသည့် ဉာဏ်တော်၏သာ ကျက်စားရာ ဖြစ်တော်မူသော၊
တံ အနန္တနယ ပဋ္ဌာနံ - မြားမြောင်ပေါယယ် နည်းစုံကြွယ်သား, ကြီးကျယ် မြင့်မော် ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊
ဝန္ဒေ - တစ်သက်တစ်ခါ ကြုံခဲစွာဖြင့် ကြုံလာသည့်ခိုက် ဦးဖြင့်တိုက်၍ နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ ပါ၏ဘုရား။

သာဓု … သာဓု … သာဓု။

အခြေပြု ပဋ္ဌာန်းတရားတော်

တတိယနေ့
၁၃၃၄-ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၉)ရက်၊ ၁၉၇၃-ခု၊ ဧပြီလ ၁၁-ရက်။

လောဘဟိတ်, ဒေါသဟိတ်, မောဟဟိတ် အလောဘ, အဒေါသ, အမောဟဟိတ် ခြောက်ပါး တရား တို့သည် မိမိတို့နှင့် ယှဉ်ဖော် ယှဉ်ဖက် ဖြစ်တဲ့ စိတ်စေတသိက် တို့အားလည်းကောင်း, ထို စိတ် စေတသိက် ကြောင့်ဖြစ်တဲ့ ရုပ်တရားတို့အား လည်းကောင်း ဟေတုပစ္စည်းဖြင့် ကျေးဇူး ပြုနိုင်ပေသတည်း။

သာဓု … သာဓု … သာဓု။

"ရူပါယတနံ - ရူပါရုံသည်၊
စက္ခုဝိညာဏဓာတုယာ - စက္ခုဝိညာဏ ဓာတ်အား လည်းကောင်း၊
တံသမ္ပယုတ္တကာနံ - ထိုစက္ခုဝိညာဏ ဓာတ်နှင့် သမ္ပယုတ် ဖြစ်ကုန်သော၊
ဓမ္မာနဉ္စ - စေတသိက် တရားတို့အား လည်းကောင်း၊
အာရမ္မဏပစ္စယေန - အာရမ္မဏပစ္စယ သတ္တိဖြင့်၊
ပစ္စယော - ကျေးဇူးပြုနိုင်သည်၊
ဟောတိ - ဖြစ်၏" …

အကုန်လုံး ရူပါရုံက စက္ခုဝိညာဉ်၊ သဒ္ဒါရုံ သောတဝိညာဉ်၊ ဂန္ဓာရုံက ဃာနဝိညာဉ်၊ ရသာရုံက ဇိဝှာဝိညာဉ်၊ ဖောဋ္ဌဗ္ဗာရုံက ကာယဝိညာဉ်၊ အဲဒီလို အာရုံပြုတဲ့အပြင် အာရုံငါးပါးစလုံးက ပြုနိုင်တဲ့ အာရုံတွေကလဲ ရှိနိုင်တယ်လို့ ဟောတော်မူပြီးတဲ့နောက် -

"ယံ ယံ ဓမ္မံ - အကြင်အကြင် တရားကို၊
အာရဗ္ဘ - အကြောင်းပြု၍၊
ယေယေဓမ္မာ - အကြင်အကြင် အကျိုးတရားတို့သည်၊
ဥပ္ပဇ္ဇန္တိ - ဖြစ်ကြကုန်၏၊
စိတ္တစေတသိကာ - စိတ်စေတသိက်ဖြစ်ကုန်သော၊
ဓမ္မာ - အကျိုးတရားတို့သည်၊
ဥပ္ပဇ္ဇန္တိ - ဖြစ်ကြကုန်၏၊
ယေယေဓမ္မာ - ထို အကြောင်းတရားတို့သည်၊
တေ တေ ဓမ္မာ - ထို အာရုံခြောက်ပါး ဆိုတဲ့ အကြောင်းတရားတို့သည်၊
တေသံ တေသံ ဓမ္မာနံ - ထိုစိတ် စေတသိက် ဆိုတဲ့ ပစ္စယုပ္ပန် တရားတို့အား၊
အာရမ္မဏပစ္စယေန - အာရမ္မဏပစ္စယ သတ္တိဖြင့်၊
ပစ္စယော - ကျေးဇူးပြုနိုင်သည်၊
ဟောတိ - ဖြစ်၏"။

လို့ အဲဒီလို ဗုဒ္ဓမြတ်စွာက အင်မတန် အတိအကျဟောတယ်။

ဒါတွေ တဖြည်းဖြည်းနဲ့ ဘုန်းကြီးက လူနားလည် လောက်ရုံကလေး ကြည့်ပြီးတော့ ဟောနေ ပါတယ်။

၃။ အဓိပတိပစ္စယော
(အဓိပတိပစ္စည်း)

တစ်ခါ အဓိပတိပစ္စည်းအာရမ္မဏပစ္စည်း ပြီးတော့ အဓိပတိပစ္စည်းအဓိပတိပစ္စည်းကို ဘုန်းကြီးတို့ ဆရာတော်များက ဘုန်းကြီးတို့ ရှေ့က သွားနေတဲ့ အဋ္ဌကထာ ဆရာတော်များက ဘယ်လိုများ ဥပမာ ပြကြတုန်းဆိုတော့ ဒီ … စကြာမင်း၊ စကြာမင်းဟာ အားလုံး မင်းရော, အင်း … လူတွေရော အပြိုင်မရှိ အုပ်စိုးတဲ့ စကြာမင်း၊ သူတစ်ပါးတည်း ကမ္ဘာမှာ သူတစ်ယောက်တည်း အုပ်စိုးနေရမယ့် စကြာမင်း၊ အဲဒီလိုပဲ စိတ်ရော စေတသိက်ရော အတူတူဖြစ်တဲ့ အချိန်မှာ "အဓိပတိ တပ်ပြီတဲ့ ဟေ့, အဓိပတိ တပ်ပြီတဲ့ ဟေ့" ဆိုလျှင် စိတ်တွေ စေတသိက်တွေ တစ်ပြိုင်နက် ဆိုပါတော့၊ သုံးဆယ်နဲ့ခြောက်ပါးလောက် ဖြစ်နိုင်တယ်။

အဓိပတိ နှစ်မျိုး

အဲဒီ ၃၆-ပါးလောက်ထဲမှာ အဓိပတိပါပြီ ဆိုရင် ကျန်တဲ့ဟာတွေကို စကြာမင်းရဲ့ လက်အောက်ခံ ဖြစ်သလိုပဲ အားလုံး စိတ်, စေတသိက်တွေဟာ အဓိပတိရဲ့ အလိုကျ ဖြစ်ရပါတယ်၊ အဲဒီ အဓိပတိဟာ နှစ်မျိုးရှိတယ်၊ အတူဖြစ်ဖက် ဆိုတဲ့ သဟဇာတအဓိပတိ တစ်မျိုး, အာရုံဆိုတဲ့ အာရမ္မဏာဓိပတိ တစ်မျိုး၊ အဲဒီနှစ်မျိုးကို ရှေးဆရာတော် များက ပါဠိတော်ကြီးများကြည့်ပြီးတော့ စကြာမင်းကြီးများ အုပ်စိုးသလို မိမိနှင့် အတူဖြစ်ဖက် စိတ်, စေတသိက်, ရုပ်တရားတွေကို အုပ်စိုးနိုင်တယ်လို့။

ဆန္ဒအဓိပတိ တပ်ပုံ

ဆန္ဒာဓိပတိ - ဆန္ဒဟု ခေါ်အပ်တဲ့ အဓိပတိ တရားသည်၊
ဆန္ဒသမ္ပယုတ္တကာနံ - ဆန္ဒနှင့် သမ္ပယုတ် ဖြစ်ကြကုန်သော၊
ဓမ္မာနဉ္စ - စိတ်, စေတသိက် တရားတို့အား လည်းကောင်း၊
တံသမုဋ္ဌာနံ - ထို ဆန္ဒ အဓိပတိပါတဲ့ သမ္ပယုတ် စိတ်စေတသိက် တို့ကြောင့် ဖြစ်ကုန်သော၊
ရူပါနဉ္စ - စိတ္တဇရုပ်တရား တို့အား လည်းကောင်း၊
အဓိပတိပစ္စယေန - အဓိပတိပစ္စယ သတ္တိဖြင့်၊
ပစ္စယော - ကျေးဇူးပြုသည်၊
ဟောတိ - ဖြစ်၏။

ဆန္ဒလိုပဲ ဝီရိယအဓိပတိ အုပ်စိုးတဲ့အခါမှာ ဝီရိယအဓိပတိက အကုန်လုံးကို အုပ်စိုးတယ်၊ ဝီရိယအုပ်စိုးသလိုပဲ စိတ္တအဓိပတိကလဲ အကုန်လုံးကို အုပ်စိုးတယ်၊ စိတ်အုပ်စိုးသလို ဝီမံသဆိုတဲ့ ပညာကလဲ အုပ်စိုးတယ်၊ ပညာက အကုန်လုံး အုပ်စိုးတယ်၊ အဓိပတိဆိုတဲ့ အထွတ်အထိပ် တရားဆိုတာ တစ်ချိန်မှာ တစ်ခုသာ ဖြစ်ပေါ်နိုင်တယ်၊ အမြင့်ဆုံးဆိုတာ တစ်ခုသာ ရှိရတယ်။

ဗုဒ္ဓမြတ်စွာက ဒီတရားတော်တွေ အများကြီးရှိတဲ့ အနက်က လေးပါးပဲ အဓိပတိနာမည် တပ်တော်မူတယ်၊ ဒီလေးပါးကလဲ အမြဲဖြစ်သလားလို့ဆိုတော့ ထက်သန်ပြင်းပြတဲ့ အခါမှသာ ဖြစ်တယ်၊ အို - ဆန္ဒရှိရင် ဘာမဖြစ်ဘဲ ရှိရမလဲ၊ ဆန္ဒရှိရင် ဘယ် အမှုကိစ္စမဆို ဖြစ်ရမှာပေါ့၊ ဒီဟာကလေးကို ဘုန်းကြီးတို့ စာထဲက ထင်ရှားတာက ဘုရားအလောင်းတော်များ၊ ဘုန်းကြီးတို့ ဘုရားအလောင်း ဒီပင်္ကရာ မြတ်စွာဘုရားနှင့် တွေ့တော်မူတော့ ဒီလို ဘုရားဖြစ်လို့ရှိရင် ဒီလို သတ္တဝါတွေကို ကယ်တင်နိုင်တယ်၊ ဒီလို ဘုရားဖြစ်အောင် ကြိုးစားမှပဲလို့ ဆန္ဒတော်ဖြစ်တယ်တဲ့၊ "ဘုန်းကြီးတို့က ကြည်ညိုတာ အဲဒီလို ကြည်ညိုတာ" ဘုရားဖြစ်ချင်တဲ့ ဆန္ဒတော်ဖြစ်တယ်၊ ဘုရားဖြစ်အောင် ကြိုးစားတယ်။ "ငါတစ်ယောက်တည်း နိဗ္ဗာန်စံလို့ မဖြစ်သေးဘူး၊ ဘုရား ဖြစ်အောင် ကြိုးစားပြီးတော့ ဒီသတ္တဝါတွေကို ကယ်ရမယ်၊ ဒီပင်္ကရာ မြတ်စွာဘုရားလိုပဲ ကယ်ရမယ်" လို့ ဆန္ဒတော်ဖြစ်တယ်၊

ဘုရားဖြစ်တော်မူတဲ့ဆန္ဒဟာ ဘယ်လောက်များ ပြင်းပြတော်မူသလဲဆိုတော့ "အို … အခု ကမ္ဘာ လောက စကြဝဠာကြီး တစ်တိုက်လုံးမှာ မီးကျီးခဲတွေ အလျှံတောက်ပြီးတော့ မီးကျီးခဲတွေ ပြည့်နေတယ်၊ ခင်ဗျား ဘုရားဖြစ်ချင်တဲ့ဆန္ဒ ပြင်း မပြင်း သိရအောင်လေ စကြဝဠာ တောင်ဆုံးက နေပြီးတော့ မြောက်ဆုံးအထိ သွားနိုင်လို့ရှိရင် ဒီ မီးကျီးတွေ နင်းနင်းပြီးတော့ သွားနိုင်လို့ ရှိရင်တော့ ခင်ဗျား ဘုရားဖြစ်နိုင်ပါတယ်၊ အဲဒီလောက် ဆန္ဒပြင်းမှ ဘုရားဖြစ်မယ်" လို့ ဆိုတော့ ကာ "သွားမယ်၊ ဒီ မီးကျီးခဲတွေ နင်းနင်းပြီးတော့ သွားမယ်" တဲ့၊ အဲဒီလောက် ဆန္ဒပြင်းတယ်။ သာမန်ဆန္ဒ မဟုတ်ဘူး၊ ဒါ ဆန္ဒာဓိပတိ၊ ဆန္ဒဆိုတဲ့ စေတသိက်တရားက အဓိပတိတရား တပ်လိုက်တော့ စိတ်ကလဲ ဆန္ဒအလိုအတိုင် သွားရမှာပေါ့၊

ဒီလိုများ စကြဝဠာအပြည့် မီးကျီးတွေ နင်းပြီးတော့ သွားနိုင်သလို ဘုရား ဖြစ်တမ်းဆိုင်ရင် သွားမှာပေါ့၊ သွားမှာပေါ့ စိတ်က၊ စိတ်ကတင် မကဘူး၊ ဒိပြင် ယှဉ်ဖက်ဆိုတဲ့ စေတသိက် တွေကလဲ သွားရမှာပေါ့၊ ဒါတင်မကဘူး၊ ဒီစိတ်, စေတသိက်ကြောင့် ဖြစ်တဲ့ရုပ်တွေက ခန္ဓာ ကိုယ်မှာ ရှိတယ်၊ အို … ရုပ်ကလဲ "ပူပါစေ, ပူပါစေ၊ ကျက်သွား ပါစေလေ၊ ခြေထောက်တွေ ကျက်သွားပါစေ၊ သွားမှာပေါ့" အဲဒီလောက် ဆန္ဒပြင်းရပါတယ်၊ အဲဒါ ဆန္ဒာဓိပတိ

တစ်ခါ စိတ်နေရာကျတော့ ပဋိသန္ဓေ ဆိုတာကို ထပ်ပြောလိုက်ရဦးမယ်၊ ရှေ့ရှေ့အဖို့က နည်းနည်း ပြုပြင်မှုကလေး ရှိရတယ်၊ "ဆန္ဒရှိရင် ဘာမဖြစ် ရှိရမလဲ" အဲဒီလို ပြုင်ပြင်မှုနဲ့ ခုလို အားပေး လိုက်တော့ ဆန္ဒဖြစ်လာတယ်၊ အားလုံးထဲမှာ ဆန္ဒက အချုပ်ဖြစ်လာရတယ်၊ အဲဒါ ဆန္ဒာဓိပတိ တပ်တယ်၊ နောက်ဖြစ်တဲ့စိတ်တွေ ဆန္ဒာဓိပတိ တပ်ပြီးတော့ ဖြစ်တာပဲ။ တချို့က "ဒီစိတ်က ပျော့ညံ့လို့ပါ၊ စိတ်ထက်သန်လို့ရှိရင် ဘာမဖြစ်ဘဲ ရှိနိုင်ရမလဲ" ဒီလို ပုဂ္ဂိုလ်ကျတော့လဲ စိတ္တာဓိပတိ ဖြစ်လာပြန်ရော။ တချို့ပုဂ္ဂိုလ်က "ဝီရိယ မရှိလို့ပါ၊ ဝီရိယရှိရင် ဘာမဖြစ်ဘဲ ရှိရမလဲ" အဲဒီလို ပုဂ္ဂိုလ်ကျတော့လဲ ဝီရိယာဓိပတိ ဖြစ်လာပြန်ရော။ တချို့ပုဂ္ဂိုလ်က "ပညာမရှိလို့ အသိမရှိလို့ပါ၊ အသိသာ ထက်သန်လို့ရှိရင် ဘာမဖြစ်ဘဲ ရှိရမလဲ"ဆိုပြီးတော့ ဝီမံသဆိုတဲ့ပညာ, အဲဒီ ပညာကို သူ အားပေးလိုက်တာ ပညာအဓိပတိ ဖြစ်လာပြန်ရော။

အားပေးလို့ ဒီလေးပါးတည်း ရတယ်၊ ရှေးရှေးစိတ်က အားပေးလို့ တပ်လာတဲ့ တရားက ဒီလေးပါးပဲ ရှိတယ်၊ အဲဒါ ဘုန်းကြီးတို့က သဗ္ဗညုတဉာဏ်တော်ကြီးကို အို … သိပ်ပြီးတော့ ဦးတိုက်တာပဲ၊ ကြည့်စမ်း - ကြည့်စမ်း၊ ဒီလေးပါးကို နဂိုကတော့ ခွဲခြားဖို့ အင်မတန် ခက်တယ်၊ ခွဲခြား ကြည့်လိုက်တော့မှ ဒီလေးပါးဟာ မြှောက်လို့ ပင့်လို့ အထွတ်အထိပ် အချုပ်အချာအထိ တိုးတက် အောင် လုပ်လို့ရတယ်၊ ဒိပြင်တရားတွေဟာ ဒီလို တိုးတက်အောင် လုပ်လို့မရဘူး။

ဟော - ဒီလို သိတော်မူတဲ့ သဗ္ဗညုတ ဉာဏ်တော်ကြီးကိုလေ ဘုန်းကြီးတို့က တွေးပြီး ကြည်ညိုလိုက်တာ, တွေးပြီးတော့ အားရလိုက်တာ၊ တွေးပြီးတော့ "ဒါ တို့ဘုရား၊ အဲ - ဘုရားစကားကို တို့ နားထောင်ရမှာ" နဲ့ အားရလိုက်တာ, အားရလိုက်တာ၊ နောက် ကျင့်လို့ ရနိုင်တဲ့ တရား၊ ဒီ လေးပါးပဲ ရှိတယ်၊ ကျင့်လို့ မြင်လာပြီ ဆိုတော့ အို … မြင့်မြင့်သွားတာပဲ, မြင့်မြင့် သွားတာပဲ၊ ဒါကြောင့် -

"ဆန္ဒဝတော ကိံ နာမ ကမ္မံ န သိဇ္ဈတိ၊ အို … ဆန္ဒကြီးမားရင် ဘာကိစ္စမဆို မဖြစ်ဘဲ ရှိရမလဲ၊ မအောင်မြင်ဘဲ ရှိရမလဲ"

ဝီရိယာဓိပတိ တပ်ပုံ

"ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ အို … ဝီရိယကြီးမားလို့ရှိရင် ဘာမဖြစ်ဘဲ ရှိရမလဲ"။

မဟာဇနကဇာတ်

ဗုဒ္ဓမြတ်စွာရဲ့ အလောင်းတော်ကလေး ဇနကမင်းသား၊ အားလုံး ကြားဖူးပါတယ်၊ ခမည်းတော် ကြီးရဲ့ တိုင်းပြည်ကို ပြန်ပြီးတော့ယူမည့် ဆန္ဒက ထက်သန်လိုက်တာ၊ အရွယ်က ဘယ်လောက် ရှိမလဲ၊ တစ်ဆယ့်ငါးနှစ်၊ မယ်တော့်ကို မေးတယ်၊ "သားရဲ့ အဖေ ဘယ်သူတုန်း ပြောပါ၊ မယ်တော်က စောစောက လှည့်ပတ်နေတယ်၊ ဒီတော့ အင်မတန် အကြိတ်အနယ်နဲ့ မေးတော့ အကြိတ်အနယ်ဆို နို့စို့သလိုပေါ့လေ၊ ကြီးပေမယ်လို့ နို့စို့သလို လုပ်ရင်း မလွတ်ဘဲနဲ့ နို့ကိုကိုက်ပြီးတော့ “ပြော ပြော၊ အမေ ပြော" ဒါနဲ့ မနေသာလို့ "အို သားရယ် ဘထွေးတော်နဲ့ စစ်ဖြစ်ကြလို့ သားရဲ့ ခမည်းတော် ကျဆုံးသွားတယ်၊ ဒါကြောင့် မယ်တော်က ထွက်ပြေး လာခဲ့တယ်" လို့ ပြောတော့ -

"ဒီလို ပြေးရလို့ရှိရင် မယ်တော့်မှာ ဥစ္စာများ မပါဘူးလား"

"ပါတယ်"

"အို … သားကို တစ်ဝက် ခွဲပေးလေ၊ သား သုဝဏ္ဏဘုမ္မိ အရောင်းအဝယ် ကောင်းတဲ့ နေရာမှာ သမုဒ္ဒရာ ဖြတ်ကျော်ပြီးတော့ သွားမယ်၊ ပစ္စည်းစုမယ်, စစ်သားစုမယ်, ဘထွေးတော်ကို ပြန်တိုက်မယ်"။

လမ်းမှန်တာ, မမှန်တာကိုတော့ ထားပါတော့၊ ဘုန်းကြီးက သိပ်ပြီးတော့ ဂုဏ်ယူတယ်၊ မယ်တော်က ပြောတယ် -

"မသွားနဲ့၊ ဒီ ပါလာတဲ့ ပစ္စည်းဟာ တိုင်းပြည် စစ်သား စုလောက်အောင် ပါတယ်၊ မသွားနဲ့"

"အို - ဒီလို အချောင် မလိုချင်ဘူး"

ဒါနဲ့ ပစ္စည်းစုပေါ့လေ၊ ကူးသန်း ရောင်းဝယ်ရေး အတွက် ဟိုခေတ် ကတော့ လှေကြီးတွေနဲ့ပေါ့၊ ရွက်လှေကြီးတွေနဲ့ပေါ့၊ ခုနစ်ရာလောက် နိုင်တယ် ဆိုတော့ အလွန် အင်မတန်မှ ကြီးကျယ်တဲ့ ရွက်လေကြီး တွေပေါ့၊ အဲဒါနဲ့ လိုက်သွားလိုက်တာ, လိုက်သွားလို့ ပင်လယ်သမုဒ္ဒရာကြီးထဲမှာ ခုနစ်ရက်လောက် ကြာတော့ လမ်းမှာ လေတွေ လှိုင်းတွေက အင်မတန်မှ ကြီးလာပြီး လှိုင်းလာတော့ ဒီရွက်လေကြီးဟာ ဒယ်အိုးနစ် နစ်ရတော့မယ်၊ အဲဒီချိန်မှာ အားလုံးတွေက နတ်တွေ ကိုးကွယ် လိုက်ကြတာ၊ သူတို့ မိဘဆိုင်ရာ နတ်တွေ ကိုးကွယ်ပသကြ၊ ဘုန်းကြီးတို့ ဘုရားအလောင်းက ဘယ်နတ်မှ မတဘူး၊ ဘယ်နတ်မှ တိုင်မတည်ဘူး၊ သင်္ဘောပေါ်မှာ ပါလာတဲ့ ပျားရည်နှင့် ပေါက်ပေါက်နဲ့ နယ်ပြီးတော့ စားတယ်၊ ထောပတ်နဲ့ နယ်ပြီးတော့ စားလိုက်တယ်၊ အားရှိအောင်လို့၊ တစ်ခါတည်း ရွက်လှေကြီး နည်းနည်း မြုပ်တော့ ရွက်တိုင်ထိပ် တက်တာပဲ။

ရွက်တိုင်ထိပ် တက်ပြီးတော့ သူကြားဖူး နားဝအတိုင်း ခမည်းတော်ရဲ့ ပြည်ဟာ ဒီဖက်မှာ ရှိတယ် ဆိုပြီး ဒီ ရွက်တိုင်ထိပ်ဖျားက နေပြီး စွမ်းနိုင်သမျှ လွန်နိုင်သမျှလွန်အောင် ဘုရားအလောင်းတော် ကတော့ ခုန်ပြီးတော့ လက်ပစ်ကူး တာပဲ, ကူးနေတာပဲ၊ သင်္ဘောသား ခုနစ်ရာကတော့ ကုန်သည် တွေပေါ့လေ ခုနစ်ရာ ကတော့ မြုပ်လို့, ငါးတွေရဲ့အစာ ဖြစ်ကြပြီး ပတ်ဝန်းကျင်မှ သွေးတွေနီလို့။

ဒီလူတွေစားတဲ့ ငါးတွေကိုတော့ လွန်သွားတာပဲ၊ ကူးနေတာ ဘုန်းကြီး ဂုဏ်ယူတယ်လေ၊ တို့ဘုရား ဆယ့်ငါးနှစ်သား - သတ္တိရှိတယ်၊ ဝီရိယ ရှိတယ်၊ နောက်မဆုတ်ဘူး၊ နောက်တော့ ကြားဖူးနေကျ အတိုင်းပေါ့၊ မဏိမေခလာ နတ်သမီးက ခုနစ်ရက်လောက်ကြာမှ သူသိတာနဲ့ ကယ်လိုက်တယ် ဆိုတာတော့ ကြားဖူးကြတာပေါ့၊ အဲဒီကူးနေတုန်းမှာ ဥပုသ် စောင့်လိုက် သေးတယ်၊ ဘုန်းကြီး ကျေနပ်လိုက်တာ, ကျေနပ်လိုက်တာ၊ စားစရာ ဘာမှ မရှိတဲ့အပြင် ဥပုသ်စောင့် လိုက်သေးတယ်၊ ပင်လယ်ရေလေးပဲ သောက်မှာပေါ့၊ အဲဒါ ဝီရိယရှိလျှင် ဘာမဖြစ်ဘဲ ရှိရမလဲလို့ … ဝီရိယအဓိပတိ

အဓိပတိတပ်တဲ့ စိတ်ဆန္ဒဟာ ဉာဏ်ရှိတဲ့ ယောက်ျားတွေမှာ ဖြစ်တတ်တယ်၊ သတ္တိမရှိတဲ့ သူတွေမှာ မဖြစ်ဘူး၊ အင်မတန် အဖြစ်နည်းပါတယ်၊ ဘုန်းကြီးတို့ ဘုရားအလောင်း မှာတော့ ဘဝပေါင်းများစွာ အဓိပတိ တစ်ပါးပါးနဲ့ လာခဲ့တာ၊ ဒီအလုပ် လုပ်တော့မယ်ဆို လုပ်ကိုလုပ်တာပဲ၊ စောစောစီးစီးကလဲ စဉ်းစားထားတာ၊ တောထွက်မယ် ဆိုတုန်းကလဲ (မဟာဇနကဇာတ်ပဲ) နှစ်ပေါင်း အတော်ကြာတော့ တောထွက်တယ်၊ တားလိုက်တာ သီဝလိဒေဝီ, ယသော်ဓရာ အလောင်းက တားပေမယ့် ထွက်တာပဲ၊ ထွက်ဖြစ်အောင် ထွက်တာပဲ၊ ဒါကြောင့် သာသနာ တော်ကြီး တည်ထောင်တဲ့ ပုဂ္ဂိုလ်က ဘဝပေါင်း မပြောနဲ့ ကမ္ဘာပေါင်း များစွာက ဘုရားဖြစ်တော် မူလိုတဲ့ ဆန္ဒတော် အဓိပတိနဲ့ လာခဲ့တာ၊ လုံ့လ ဝီရိယတွေ အခွင့်သင့်ရာ, အခွင့်သင့်ရာ အဓိပတိနဲ့ လာခဲ့တာ၊ စိတ်တော်ကြီးမား ထက်သန်လိုက်တာ၊ အဓိပတိနဲ့ လာခဲ့တာ။

ဉာဏ်ပညာတော်မှာလဲ ဘဝများစွာ တက္ကသိုလ် ဆရာကြီးများ ဖြစ်လို့ အဓိပတိ ထိပ်တန်း ဖြစ်လာခဲ့တာ၊ ဘုရားအလောင်းက တက္ကသိုလ်ပညာ သင်ပေးတဲ့ ဆရာကြီးတွေ မကြာခဏဖြစ်၊ တက္ကသိုလ် ပညာသင်ရမယ့် တပည့် ဖြစ်တဲ့အခါ မြန်မြန်တတ်၊ ဒီလို ပညာ ထက်ထက် မြက်မြက် တတ်လာခဲ့တာ၊ ဘုရားဖြစ်မှ "ဗုဒ္ဓံ ပူဇေမိ" မလုပ်ဘူး၊ ဘုန်းကြီးတို့ ဘုရားကို၊ တို့ ဘုရား အလောင်းကို တစ်လျှောက်လုံး ဝိုင်းပြီးတော့ ပါရမီ ဖြည့်ကြတဲ့ အရှင်အာနန္ဒာတို့ အရှင်အနုရုဒ္ဓါတို့ အရှင်မောဂ္ဂလာန်တို့ အရှင်သာရိပုတ္တရာတို့ ဘုရားရဲ့ ပါရမီ ဖြည့်ဖက်တော်ကြီးတွေ၊ ယသော်ဓရာ တို့ တို့ ဘုရားရဲ့ ပါရမီ ဖြည့်ဖက်တော်ကြီးတွေ၊ ခေမာထေရီ ဥပ္ပလဝဏ်ထေရီတို့ တို့ဘုရားရဲ့ ပါရမီ ဖြည့်တော်မူဖက်ကြီးတွေ၊ ဘုန်းကြီး အကုန်လုံး ကြည်ညိုတယ်၊ တစ်သာသနာလုံး ကြည်ညိုတယ်။

ပါရမီဖြည့်ဖက် အကုန်လုံးကို နောက်ဆုံး ဘဝကျမှ ကြည်ညိုတာ မဟုတ်ဘူး၊ စောစောကိုက ကြည်ညိုတာ၊ ဒါ့ကြောင့် အဓိပတိ ဆိုတာဟာ သူနှင့်အတူဖြစ်တဲ့ စိတ်, စေတသိက်တွေ အပေါ်မှာ အချုပ်အချာ အုပ်စိုးနိုင်တယ်၊ ဒါ့ကြောင့် ဆန္ဒအဓိပတိ ဖြစ်ပြီဆို ရုပ်က ဒီဆန္ဒနောက် လိုက်ပြီးတော့ စကြဝဠာ တစ်ခုလုံး မီးကျီးတွေ ပြည့်နေတာကို နင်းနိုင်မှ ဘုရားဖြစ်မယ် ဆိုရင် စိတ်က နင်းချင်တိုင်း အနင်းခံတာပဲ၊ အဲဒီလို သတ္တိရှိတယ်၊ ခုနက ဘုရားအလောင်း မဟာဇနက မင်းသားလေး ၁၅-နှစ်, ၁၆-နှစ်လောက်ရှိ၊ ၁၆-နှစ်ဆို "အို .. ဝီရိယရှိ, ဘာတွန့်စရာ ရှိမလဲ၊ ဝီရိယရှိ, ဘာတွန့်စရာ ရှိမလဲ"လို့ စိတ်ဆန္ဒရော, ဝီရိယရော, ရုပ်ကြီးကလဲ မတွန့်ဘူး၊ ပင်လယ်ကြီးထဲမှာ ရဲရဲ ကူးနေတာပဲ၊ ကျေနပ်လိုက်တာ၊ စိတ်ရော, ရုပ်ရော၊ စိတ်ရော, ရုပ်ရော, ဆန္ဒတော်ရော, ဝီရိယတော်ရော တစ်ခုတစ်ခု အဓိပတိ၊ ပညာတော်ရော တစ်ခုတစ်ခု အဓိပတိ တပ်လို့၊ အဲသလို လာခဲ့လို့ ဘုရားဖြစ်တာ။

ဒါကြောင့် ဘုန်းကြီးက ကျောင်းသံဃာ တွေကို အကဲခပ်ကြည့်တယ်၊ ဝီရိယ မထက်သန်လိုက် ကြတာနော်၊ သာသနာပြုမှုကိစ္စ စိတ် မထက်သန်လိုက်ကြတာ၊ ပတ်ဝန်းကျင်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ကြည့်တယ်၊ စိတ်မထက်သန် ကြဘူးနော်၊ ငါ့ချည်း ကြိုးစားနေရတာ၊ ငါ့ချည်း ကြိုးစား နေရလို့ အားလျော့သလား ဆိုတော့ မလျော့ဘူး၊ ရှေးပါရမီက ထောက်ကူလို့ ရှိရင် ငါမျှော်တဲ့ အတိုင်း ဖြစ်ရမယ်၊ ကိုယ်ကျိုး ကိုယ့်စီးပွား မဟုတ်ဘူး၊ ကိုယ့်ပရိသတ် လက်တစ်ဆုတ်စာ ကလေးရဲ့ အကျိုးစီးပွား မဟုတ်ဘူး၊ တစ်သာသနာလုံးရယ်, တစ်နိုင်ငံလုံးရယ်၊ ဖြစ်လို့ရှိရင် အများပါ၊ အဲဒီလို မျှော်ပြီးတော့ သာသနာပြုဖို့ ကြိုးစားတာဟာ ဆန္ဒ ဘယ်လောက်များ ပြင်းထန်သလဲ၊ လုံ့လ ဝီရိယ တစ်ခါတစ်ခါ ဘယ်လောက် ပြင်းထန်သလဲ၊ အသိဉာဏ်တွေ ဘယ်လောက် စိတ်ကူးရသလဲ၊ စိတ်ဟာ ဘယ်လောက် ထက်သန်နေသလဲ၊ ကိုယ့်ကိုယ်ကို ကြည့်ပြီးတော့ ဘုရားပူဇော်လို့ ကောင်းလိုက်တာ၊ ဗုဒ္ဓမြတ်စွာ အဲဒီလို လာခဲ့တာ။

"အရှင်ဘုရား ဗုဒ္ဓမြတ်စွာ အလောင်းတော်ကတော့ အထမြောက်လာခဲ့တယ်၊ အရှင်ဘုရား စိတ်ကူးတွေကော အထမြောက်ပါ့မလား" ဆိုတော့ ကြည့်လေ ခုရှိနေတဲ့ အခြေအနေကိုပဲ အထ မြောက်နေတာ၊ ဒါပေမယ့် ဒါက အများကို ကျေးဇူး မပြုနိုင်သေးဘူး ဆိုပြီးတော့ အားမရတာ၊ အထမြောက်နေတာပဲ၊ ရှေ့ကိုလဲပဲ မြောက်သင့် သလောက် မြောက်မှာပဲလို့ ယုံကြည်ထားတယ်၊ ဒါ့ကြောင့် -

"ဆန္ဒဝတော - ဆန္ဒရှိတဲ့ ပုဂ္ဂိုလ်မှာ၊
ကိံ နာမ - အဘယ်မည်သော အကျိုးတရားသည်၊
န သိဇ္ဈတိ - မပြီးစီးဘဲ ရှိနိုင်ပါအံ့နည်း"။

အင်မတန် ကောင်းတယ်၊ လုံ့လ, ဝီရိယရှိတဲ့ ပုဂ္ဂိုလ်မှာ ဘာမပြီးစီးဘဲ ရှိနိုင်ရမလဲ၊ အသိအလိမ္မာ, အမြော်အမြင်ရှိတဲ့ ပုဂ္ဂိုလ်, ဉာဏ်ပညာရှိတဲ့ ပုဂ္ဂိုလ် အတွက် ဘာမပြီးစီးဘဲ ရှိနိုင်ရမလဲ၊ အို … စိတ်ကိုက တစ်စိတ်တည်းထားတဲ့ ပုဂ္ဂိုလ် ဘာမပြီးစီးဘဲ ရှိနိုင်ရမလဲ၊ ဒါကို အဓိပတိပစ္စည်းလို့ ခေါ်တယ်။

အဓိပတိပစ္စည်းဟာ တစ်ကိုယ်လုံး ပါသွားတယ်၊ နားလည်ကြစမ်းနော်၊ အဲ တစ်ခုလောက် အဓိပတိ ဖြစ်လိုက်လို့ရှိရင် စိတ်တွေ, စေတသိက်တွေ အကုန်လုံး ပါလာတယ်၊ အကုန်လုံး ပါရုံသာ မကဘူး၊ရုပ်ခန္ဓာ ကိုယ်ကြီးပါ ပါလာပြီး တက်တက် ကြွကြွ ဖြစ်နေတယ်၊ တက်တက် ကြွကြွပဲ ဘုန်းကြီးသိပါတယ်၊ ကြည့်ရင် သိပါတယ်၊ မတက်ကြွဘူး ဆိုလို့ရှိရင် ဘာစိတ်တွေ လောက်သာ ရှိနေတယ်ဆိုတာကို သိပါတယ်၊ ဒါကြောင့်မို့ သိလွန်း အားကြီးလို့ လူအများနဲ့ ပေါင်းနေရတာက သိပ်မကောင်းလှဘူး၊ နေရာတိုင်း သိနေတယ်၊ သိနေတာက သိတိုင်း လဲပဲ ပြောလို့ ဆိုလို့ သိပ်မကောင်းလှဘူး၊ ဒါကြောင့် အဓိပတိ တရားဆိုတာက ပုဂ္ဂိုလ်, သတ္တဝါ, သူ ငါ မဟုတ်ပါဘူး၊ တရားဆိုတာ တရားပါပဲ၊ ပုဂ္ဂိုလ်, သတ္တဝါ, သူငါ မရှိပါဘူး။

အဓိပတိပစ္စယော - စကြာဘုန်းငူ, များဗိုလ်လူတို့, ပြိုင်သူမရှိ, စိုးအုပ် ဘိသို့, မိမိဆိုင်ရာ, နာမ်ခန္ဓာ ဝယ်, ကောင်းစွာစိုးဘိ, သတ္တိရှိသော, အဓိပတိ ၄-ပါး သဟဇာတ ပစ္စည်းတရားနှင့် မကုန်သေးဘူး၊ အာရမ္မဏာဓိပတိ ဆိုတာက ရှိသေးတယ်၊ တယ်ကောင်းကိုး၊ ဗုဒ္ဓမြတ်စွာကလေ ဒါ့ကြောင့် ဗုဒ္ဓမြတ်စွာရဲ့ ဉာဏ်တော်ကြီးကို မှန်းမျှော်လို့ ရပါတယ်ဆိုတာ မနေ့တုန်းက ဘုန်းကြီး အာရုံ ၆-ပါးကို ပြောခဲ့တယ်၊ အဲဒီ အာရုံ ၆-ပါးထဲက အဓိပတိ တပ်တဲ့ အကုသိုလ်ဆိုင်ရာ အာရုံတချို့ကို ဘုန်းကြီး ပြောပြမယ်။

အာရုံအဓိပတိ တပ်ပုံ

မင်းကုသဇာတ်

အာရုံက အဓိပတိ တပ်လို့ရှိရင် မနေနိုင်ဘူး, မနေနိုင်ဘူး၊ သူများမပြောနဲ့ ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာရဲ့ အလောင်းတော်ကြီး ကာမဂုဏ် အာရုံတွေကို မကြာခဏ စက်ဆုပ်လွန်းလို့မို့ တောထွက်တော် မူလာတဲ့ အလောင်းတော်ကြီး၊ အဲဒီ ဘဝမှာကိုပဲ မယ်တော် ခမည်းတော်များက ကုသဝတီ တိုင်းပြည်မှာ သားတော် ကုသကို "ထီးနန်းအပ်မယ်၊ သားတော်အတွက် မိဖုရား လိုတယ်၊" "မလိုချင်ဘူး" ဒီလိုလာတာ, ဒီလိုလာတာ၊ "အို - မလိုချင်ဘူး၊ မယ်တော် ခမည်းတော် တို့ ကွယ်လွန်တဲ့အခါမှာ တောထွက်မယ်၊" အမှန်စိတ်နဲ့ ပြောနေတာ, အမှန်စိတ်နဲ့ ပြောနေတာ။

မယ်တော်ကြီးက မလျှော့ဘူး၊ မကြာခဏ "သားတော် မိဖုရားလိုတယ်၊ သားတော် နှစ်သက်တဲ့ မိဖုရားရှာပါ" "မလိုချင်ဘူး, မလိုချင်ဘူး"၊ မကြာခဏ မယ်တော်ကြီး ပူဆာတော့ ရွှေရုပ် အထု ခိုင်းတယ်၊ လှပေဆိုတဲ့ ရွှေရုပ်ကလေး ထုထားလိုက်တာ အသက် ဝင်နေသလိုပဲ၊ အဆောင် တော်ထဲ အသာကလေး သိမ်းထား၊ နောက်တစ်ခါ မယ်တော်က ပြောလာပြန်တယ်၊ "ထီးနန်း အပ်ချင်တယ်၊ မိဖုရားရှာပါ" "မယ်တော် ဟောဒီ, ဟောသလောက် လှတဲ့ မိဖုရားဆိုရင်တော့ ထီးနန်းနဲ့ နေမယ်" ကိုး၊ မယ်တော်ကြီးက မလျှော့ဘူး၊ "အောင်မယ် ငါ့သားတော်ရဲ့ ပါရမီ ဖြည့်ဖက် ရှိရမယ်ပေါ့" ဆိုပြီးတော့ အရှာထွက်တာပဲ။

ပုဏ္ဏားတွေ, လက္ခဏာကောင်းကောင်း ရွေးနိုင်တဲ့ ပုဏ္ဏားတွေ ခိုင်းတာပဲ၊ နောက်တော့ မဒ္ဒရာဇ်တိုင်း ရောက်တော့ ပဘာဝတီ တွေ့တော့ ယှဉ်ကြည့်တယ်ကိုး၊ တကယ့် အရုပ်နဲ့ အသက်ရှိတဲ့သူနဲ့ အလှချင်း တူရင် ဘယ်တူလိမ့်မတုန်း၊ အသက်ရှိတဲ့သူက အတွင်းမှာ စိတ်တွေ ရှိနေတော့ ဒီစိတ်ရဲ့ ပြုပြင်မှုတွေကြောင့်ပေါ့လေ၊ ပိုပြိးတော့ ကျက်သရေရှိ၊ အဲဒီဟာနဲ့ ပဘာဝတီ မြင်တော့ "ကောင်းပြီ တို့မင်းသားနဲ့ အင်မတန် အဆင်ပြေတာပဲ အဆင်ပြေတာပဲ" ဆိုတာ တိုင်းကြီး ပြည်ကြီးမို့လို့၊ ပဘာဝတီ တိုင်းပြည်က ပြည်ငယ်မို့လို့၊ ဒါ ပြောလိုက်တော့ ရှင်ဘုရင်ကြီးက သဘောကျလို့ "ဒီလောက် ကြီးကျယ်တဲ့ တိုင်းပြည်ကြီးက တို့သမီးတော်ကို တောင်းရမ်းယူတယ်လို့" ဆိုတော့ အင်မတန် သဘောကျလို့၊ ဒါပေမယ့် ဘုန်းကြီးတို့ရဲ့ ဘုရားအလောင်းတော်ကြီးက အရုပ်ဆိုးတော်မူလိုက်တာတဲ့။

ဘုန်းကြီးတို့က ဘုရားအလောင်း အရုပ်ဆိုးတော်မူတာ ဟာလဲ ဂုဏ်ယူတာပဲ၊ ဘာပြုလို့ အရုပ် ဆိုးတာကို အရှင်ဘုရား ဂုဏ်ယူနိုင်ပါတုန်း ဆိုတော့၊ အို … အရုပ်ဆိုးလို့ကို လုံ့လ ဝီရိယနဲ့ သိပ် အသုံးပြုလိုက်တာလေ၊ အရုပ်ဆိုးလို့ကို စိတ်တော်တွေ အသုံးပြုလိုက်တာ၊ ကောင်းလိုက် တာမှ၊ အရုပ်သာ မဆိုးလို့ရှိရင် ဒီလောက် လုံ့လ ဝီရိယကို အသုံးပြုလို့ ရမှာမဟုတ်ဘူး၊ ဒါနဲ့ ပဘာဝတီ ရောက်လာတော့ မယ်တော်ကြီးက သားတော်နဲ့ အတွေ့မခံစေဘူး၊ အဲ … သားရတနာ တစ်ပါးရမှ သားတော်နဲ့ တွေ့ရတယ်၊ ညာဖြန်းပြီးတော့ လုပ်ထားတယ်၊ ဒီလိုနဲ့ နေရာက နောက်တော့ မတတ်သာ တတ်သာနဲ့ တွေ့ကြတော့ ပဘာဝတီက ဒီလောက်လှတဲ့ အမျိုးသမီးက ဒါလောက် အရုပ်ဆိုးတဲ့သူကို မယူနိုင်ဘူးဆိုပြီးတော့ တစ်ခါတည်း သူ့ နောက်လိုက် နောက်ပါတွေနဲ့ ထွက်သွားတာပဲ။

အလောင်းတော်ကြီးက ကြည့်နေတယ်လေ၊ မသွားပါနဲ့ဆိုရင် မသွားဝံ့ပါဘူး၊ ထွက်သွားဦးတော့ ဟို တိုင်းပြည်ကို လိုက်ပြီးတော့ လွယ်လွယ်ကလေးနဲ့ ပြန်ယူရင် ရတယ်၊ ဟိုက ခမည်းတော် မယ်တော် များက ချော့ချော့မော့မော့ ပြန်ထည့်ရမှာ။

မဟုတ်ဘူး၊ အလောင်းတော်ကြီးက သူ့ခမျာ စိတ်ဆင်းရဲ သွားရှာလိမ့်မယ်၊ မသွားနဲ့ ဆိုလို့ရှိရင် စိတ်ဆင်းရဲ သွားရှာလိမ့်မယ်၊ သွားပေစေ သွားပေစေ၊ ကဲလေ ဒီဝတ္ထုကို ပြောလို့ရှိရင် ဒါနဲ့ အချိန်ကုန် သွားလိမ့်မယ်၊ ပဘာဝတီရဲ့ ရူပါရုံအဆင်းက အဓိပတိ တပ်နေတော့ ဘုန်းကြီးတို့ ဘုရားအလောင်းကြီး မနေနိုင်ဘူး၊ လိုက်ကို လိုက်ရတယ်၊ ၇-လလောက် အဆင်းရဲခံပြီးတော့ နေရတယ်၊ ပဘာဝတီရဲ့ ရူပါရုံအဆင်းက အဓိပတိတပ်နေလို့၊ အတော်ဆန်းတာ, အတော်ဆန်းတာ၊ သာမန် မင်းသမီးမျိုး လောက်ဆိုရင် ဘာ အရေးကြီးတုန်း၊ ယခုတော့ ကမ္ဘာမှာ ပြိုင်ဖက်မရှိ လှတဲ့ မင်းသမီး ဖြစ်နေလို့မို့ အဓိပတိ တပ်တဲ့ ရုပ်ကြောင့် ရုပ်အဆင်းကြောင့် ဘုရားအလောင်းတော် ကြီး ဒုက္ခတွေ ခံပြီးတော့ လိုက်ရပါတယ်။

အကုသိုလ် အဓိပတိတပ်ပုံ

အကုသိုလ်နေရာမှာ အဓိပတိ ဒီလောက် ကြီးမားတယ်နော်။ တစ်ခုပြောဦးမယ်၊ ဒီလိုဟာတွေ အကုန်လုံးရှိတယ်။ တချို့က သဒ္ဒါရုံ အင်မတန် နှစ်သက်တတ်တဲ့ အလေ့အထ ရှိလို့ရှိရင် သဒ္ဒါရုံ အသံကောင်းကောင်းနဲ့၊ ဟို ဂုတ္တိလ စောင်းသံ ကြားတော့ ပြည့်တန်ဆာမ မနေနိုင် မထိုင်နိုင် ဖြစ်ပြီးတော့ သူ့အိမ်တော်ပေါ်က ဆင်းလိုက်လာတာ၊ ဒါ လှေခါးပဲလို့ ဆင်းလိုက်တာ ပြူတင်းပေါက်က ဆင်းမိလို့ ကျပြီးတော့ ဒုက္ခဖြစ်ရတယ်။ ဒါ ဒီအသံဟာ ဘယ်လောက် စွဲသွားတုန်း။

ပဉ္စပါပီ အကြောင်း

အတူတူပါပဲ။ တချို့လဲ အရသာဟာ အငမ်းမရ မစားရ မနေနိုင် ဖြစ်ကြရတယ်။

တစ်ခုပြောဦးမယ်၊ ပဉ္စပါပီဆိုတဲ့ အမျိုးသမီး သူ့ရုပ်ကြည့်လိုက်ရင် အရုပ်ဆိုးလိုက်တာမှ ဘာလောက်မှ မတန်ဘူး။ သူတို့မိဘများကလဲ သိထားတယ်၊ တို့သမီးတော့ ဒီဘဝ ယောက်ျား ရတော့မှာ မဟုတ်ဘူးလို့သိထားတယ်။ အရုပ်ဆိုးလိုက်တာက လွန်နေတာကိုး။ ဒါနဲ့ သူက ကစားတဲ့အရွယ်၊ အင်း… ဆယ့်လေး, ငါးနှစ် ဖြစ်ချင်, ဖြစ်မှာပေါ့၊ အင်း… ဆယ့်ခြောက်နှစ်လောက်, ဘယ်လောက် ဖြစ်ချင်, ဖြစ်မှာပေါ့၊ ကစားတဲ့အရွယ်။ ရှင်ဘုရင်ကလဲ တိုင်းပြည်ကို လိုက်ပြီးတော့ စုံစမ်းတဲ့အချိန်၊ ငါ့ကို တိုင်းပြည်က ဘယ်လိုများ မြင်နေကြပါလိမ့်မတုန်း၊ ငါအုပ်ချုပ်တာ တိုင်းပြည်က သဘောတူမှ တူပါ့မလား၊ လိုက်ပြီးတော့ ကိုယ်တိုင် ကိုယ်ကျ စုံစမ်းတာကိုး။ တစ်ယောက်ထဲ ထွက်ပြီးတော့ စုံစမ်းရာက ကလေးတွေက ကစားတော့လဲ တောင်ပြော, မြောက်ပြော ပြောတတ်တာမို့ အဲဒီနားလဲ မယောင်မလည် ရှင်ဘုရင်က အရပ်သားလုပ်ပြီးတော့ သွားတော့ ပြေးရင်း လွှားရင်း ကစားရင်းက ပဉ္စပါပီရဲ့လက်နဲ့ ရှင်ဘုရင်ရဲ့လက်ကို သွားပြီးတော့ ထိမိတယ်။

ရှင်ဘုရင်ကြီး ဘယ်နှယ်ဖြစ်သွားမှန်း မသိဘူး၊ အထိအတွေ့။ ဒါနဲ့ သေသေချာချာ မေးတယ်၊ "မင်း ယောက်ျားများ ရှိသလား" သူက ယောက်ျား ရဖို့က တစ်သက်လုံး မမျှော်တဲ့မိန်းမ၊ "မရှိပါဘူး"၊ "ဒါဖြင့်ကွယ် ငါက မင်း လက်ထပ်ပါရစေ"၊ "အဖေ့ သွားပြောဦးမယ်" သွားပြော၊ အဖေကလဲ မမျှော်လင့်တာလား၊ ဘာမှ မရွေးဘူး, ဘာမှ မရွေးဘူး၊ ယောက်ျား ရမယ်ဆိုတော့ ကျေနပ်လို့၊ ရှင်ဘုရင်ကလဲ ပဉ္စပါပီထံ လာရှာတယ်၊ နေ့တိုင်း, ညတိုင်း လာရှာတယ်။ သူ ဘယ်သူရယ်လို့တော့ မပြောဘူး၊ လာနေတာပဲ။ သူ့ရဲ့ အထိအတွေ့က အဓိပတိတပ်မနေဘူးလား၊ ဖောဋ္ဌဗ္ဗာရုံ အဓိပတိ

အဲဒီတော့ မနေနိုင်ဘူး၊ ရှင်ဘုရင်ကြီး လာနေရရှာတယ်။ ရှင်ဘုရင်ကြီးက စဉ်းစားတယ်၊ "ညတိုင်း ငါ ဒီလို လာနေလို့လဲ မဖြစ်ဘူး၊ နန်းတော်သို့ ဆောင်ဦးမှပဲ၊ နန်းတော်ရောက်တဲ့နည်း လုပ်ဦးမှပဲ" ဆိုပြီးတော့ သန်လျက်ကို ယူလာပြီးတော့ ရှင်ဘုရင်က အဲဒီ အဆောင်မှာ သူနဲ့နေတဲ့ ခုတင်အောက် ပဉ္စပါပီရဲ့ အိပ်ရာခန်းထဲမှာ ထားခဲ့တယ်။ နက်ဖြန်ခါကျတော့ "ပျောက်တယ် ပျောက်တယ်, သန်လျက် ပျောက်တယ်၊ ရှာကြ, ရှာကြ, ရှာကြ"၊ တစ်ခါတည်း တစ်မြို့လုံး လည်ရှာလိုက်တာ "ဟော… မတွေ့ဘူး, မတွေ့ဘူး"၊ မင်းတို့ကွယ် အိပ်ခန်းရော, ဘာရော မချန်ပါနဲ့၊ အကုန်လုံး လိုက်ရှာ၊ မတွေ့လို့ ဘယ်ဖြစ်မလဲ၊ ဘာညာနဲ့ ရှင်ဘုရင်ကြီးက ဒါနဲ့ လိုက်ရှာတော့ ခုနက ပဉ္စပါပီရဲ့ အဆောင်က တွေ့ရော။

"ဟာ… ဒီမှာ တွေ့ပြီ, တွေ့ပြီ၊ နေပါဦး နင် ဘယ်က ရသလဲ"၊
"ကျုပ် ဘယ်က ရတယ်လို့ ကျုပ်တော့ မသိဘူး၊ ကျုပ် ယောက်ျား ပါလာတာပဲ"
"ဟာ… နင့် ယောက်ျား ခိုးတာပဲ"
"မသိဘူး…"
"နင့် ယောက်ျား နင် ဘယ်ကလို့ သိသလား"
"ဘယ်ကရယ်လို့တော့ မသိဘူး၊ ညညကျမှ လာတာပဲ၊ ကျုပ်လဲ မပြောတတ်ဘူး"
"ဘာ အထိမ်းအမှတ် ရှိတုန်း"
"လက်တော့ စမ်းကြည့်ရတယ်၊ ကျုပ် ယောက်ျား ရဲ့ လက်တော့ မှတ်မိတယ်"

ဒါနဲ့ သူ့ခေါ်လာပြီးတော့ နန်းတော်တွင်း လုံပေ့ဆိုတဲ့ အခန်းထဲမှာ ဘေးက အကာတွေ ဘာတွေ ကာပြီးတော့ အပေါက်ကလေး တစ်ပေါက် ဖောက်ထားတယ်။ သန်လျက်နဲ့ ဆိုတော့ နန်းတော်နဲ့ ဆိုင်လာပြီးကိုး၊ ကဲ… နန်းတော်ထဲက မှူးသော မတ်သော မင်းသားသော ဘာသော မလုပ်ကြနဲ့၊ ဒီ သူခိုးတော့ ရှာရတော့မှာပဲလို့ ဆိုပြီးတော့၊ အင်း… အမတ်တစ်ယောက်က လက်ကလေး ထိုးပေးလိုက် ပဉ္စပါပီက လက်စမ်းကြည့်၊ "မဟုတ်ဘူး, မဟုတ်ဘူး" လို့ ပြောတယ်။ ဒီအမတ်က တစ်ခြား မသွားဘူး၊ သူခိုး မပေါ်လျှင် ငါ သူခိုးလို့ ပြောမယ်၊ ငါ သူခိုးလို့ ပြောပြီးတော့ ဒီဒဏ်ထမ်းပြီးတော့, ဒီမိန်းမ ငါယူမယ်၊ ကဲ… ဘယ်လောက်အထိ ဟိုသူက လက်စမ်း ခံနေရတာ၊ သူကလဲ ကျေနပ်လို့၊ သူခိုး ငါ လုပ်ပါ့မယ်၊ ဒီ သူခိုးတော့ ငါလုပ်ပါ့မယ်၊ မသွားဘူး၊ သွားကြ, သွားကြလို့ ပြောလဲ မသွားဘူး၊ ဟိုကလဲ လက်စမ်း၊ ဒီ သူခိုးတော့ ငါလုပ်မယ်၊ မင်းသားတွေကလဲ ဒီ သူခိုးတော့ ငါလုပ်မယ်။

ဟင် ဘယ်သူတွေ တစ်နန်းတော်လုံး ဆိုင်ရာတွေကလေ၊ သန်လျက်နဲ့ ဆိုင်ရာတွေက "ဒီသူခိုးတော့ ငါ ငါပါလို့ပြောမယ်၊ ဟုတ်ဟုတ် မဟုတ်ဟုတ် ငါပါပဲလို့ ပြောမှာ" အပြစ်ကလေး နည်းနည်း ပါးပါး ရပြီးလို့ရှိရင် ရမှာ၊ အာ… သဘောကျလို့၊ သဘောကျဆို, မသွားဘူးဆို, ယောင်လည် ပေါင်လည်နဲ့၊ နောက်တော့ တစ်နန်းတော်လုံး ကုန်ပြီ၊ "အရှင်မင်းကြီးတစ်ပါးပဲ ကျန်တော့တယ်" ရှင်ဘုရင်ကြီးက ပြုံးစိစိနဲ့ တို့များ သူခိုးဖြစ်နေမလား၊ ဒုက္ခပါပဲ ဘာညာဆိုပြီးတော့ လက်ကလေးကို ထိုးပေးလိုက်တယ်၊ ပဉ္စပါပီကလဲ စမ်းကြည့်လိုက်ပြီး "ဟော ဒါပဲ ကျမ ယောက်ျား, ဟောဒါပဲ ကျမ ယောက်ျား" ဆိုတော့ ရှင်ဘုရင်ကြီးက ပြုံးပြီးတော့ ထွက်လာခဲ့တယ်။

"သင်တို့ နေစမ်းပါဦး၊ သူက လက်စမ်းကြည့်တော့ သင်တို့ ဘယ်နှယ် ဖြစ်သတုန်း၊ စိတ်ထဲရှိတာ ပြောစမ်းပါ, ပြောစမ်းပါ, မှန်မှန် ပြောစမ်းပါ"လို့ ရှင်ဘုရင်က မေးတော့
"ကျုပ်တို့က သူခိုး မပေါ်လို့ရှိရင် ကျုပ်တို့က ခံမလို့"
"အေး ငါလဲ ဒါကြောင့် မနေနိုင်, မထိုင်နိုင်လို့ သူနဲ့ တွေ့မိမှဖြင့် ဒီလိုကို ဖြစ်နေလို့"
"တန်ပါတယ်, အရှင်မင်းမြတ်နဲ့ တန်ပါတယ်"

နန်းတော်ကို ရောက်လာတာပဲ၊ မိဖုရား မြှောက်လိုက်ရတာပဲ၊ ရုပ်ကတော့ နှစ်ပြား မဟုတ်ဘူး၊ သူကတောင် ပြန်အမ်း ရလိမ့်ဦးမယ်၊ သူ့ရုပ်က အဖိုးကို မတန်ဘူး၊ သူကကို ပြန်အမ်းရဦးမှာ၊ အဲဒီ ဖောဋ္ဌဗ္ဗာရုံ အဓိပတိကြောင့် ဖြစ်ပုံ, ဖြစ်ပုံ။ ဒါက ဒီ အကုသိုလ်ဖြစ်တဲ့ အခန်းမှာတော့ အာရုံတွေက အဓိပတိတပ်လို့ ရှိရင် မနေနိုင် မထိုင်နိုင် ဖြစ်ကြရတယ်လို့ဆိုတာ ဒီ အဓိပ္ပာယ်ကို ပြောတာ။

ကုသိုလ်နဲ့ စပ်လာတော့လဲ အဓိပတိ တပ်ပြန်တယ်။ ဘုန်းကြီးတို့ တရားတော်က အင်မတန်မှ စုံစုံလင်လင် ကောင်းတယ်။ "နေဦး… ဒီနတ်တွေရဲ့, နတ်သမီးတွေရဲ့ အတွေ့အထိကလဲ သိပ် ကြီးကျယ်ဟန် တူတယ်နော်"၊ တချို့ နတ်သားတွေဟာ နတ်သမီးတွေနဲ့ ပျော်ပြီး နေလိုက်ကြတာ ဘယ်လောက်ပျော်တုန်းလို့ဆိုတော့ စားချိန် သောက်ချိန်ကို မေ့တာပဲ။ ဒီအချိန် တို့စားချိန် နတ်သုဒ္ဓါ စားဦးမှပဲ၊ အဲဒီ စိတ်ကို မေ့ပြီးတော့ နတ်သမီးတွေနဲ့ ပျော်နေရှာကြတာ၊ ဘယ်လောက် အဓိပတိတပ်သလဲ။ နောက်တော့ ပျော်ပြီးလို့ စားမလို့ ကြည့်လိုက်တော့ ဝမ်းမီးက သိပ်တောက်လာပြီ၊ ဘယ်လောက် စားစား မရတော့ဘူး၊ တစ်ခါတည်းကို ဝမ်းမီးလောင်ပြီးတော့ သေကို သေတာပဲ။ ဒီတော့ ဘုန်းကြီးတို့က တွေးတယ်၊ နတ်ပြည်တော့ နတ်သမီးတွေရဲ့ အတွေ့ဟာ မေ့လောက်အောင်ကို ကောင်းနေပြီ။

အဓိပတိမှ အကြီးအကျယ် အဓိပတိ တပ်နေပြီ၊ သေလောက်တာပဲ, သေကို သေတာပဲ နတ်သားတွေ။ ဒီတော့ ဘုန်းကြီးက မကောင်းတဲ့ နေရာမှာသာ ဒီအရသာ ရှိသလားဆိုတော့ ကောင်းတဲ့ဖက်ကလဲ ဘုန်းကြီးတို့ ဘုန်းတော်ကြီးတွေ ရှင်အာနန္ဒာရဲ့ ဆရာ ရှင်ဗေလဋ္ဌသီသ ရဟန္တာဖြစ်ပြီးသား၊ ရဟန္တာ ဖြစ်ပြီးတော့ နိဗ္ဗာန်ကို အာရုံပြု သမာပတ်ဝင်စား၊ နိဗ္ဗာန်အာရုံပြု သမာပတ် ဝင်စား ဒီလိုနေတာ၊ ခန္ဓာကိုယ်ကတော့ မစား မသောက်ပဲနဲ့ မဖြစ်ဘဲကိုး။ ဒီတော့ ဆွမ်းကလေး သန့်သန့်လေးကို အခြောက်လှန်းထားတယ်၊ ဘုန်းကြီးတို့ ဘုန်းကြီးတို့ ရာဇဝင် အဆက်ဆက်ကလေ အခြောက်လှန်းပြီးတော့ မစားမဖြစ်တဲ့ အချိန်ကျလို့ရှိရင် အဲဒီဆွမ်းခြောက်ကလေး ရေနဲ့ နှူးပြီးတော့ စားတယ်၊ ပြီးတော့ သမာပတ် ဝင်စားနေပြန်ရော။

သမာပတ် ဝင်စားတယ်ဆိုတာ နိဗ္ဗာန်အာရုံပြုနေတာ၊ အမြင်အားဖြင့်တော့ အိပ်နေတယ်လို့ ထင်ချင်ထင်မယ်, အမြင်အားဖြင့်တော့ သေနေတယ်လို့ ထင်ချင်ထင်မယ်၊ မှိန်းလို့၊ စိတ်တော်က ဘယ်အာရုံ ရောက်နေသလဲဆိုတော့ အဲဒီ နိဗ္ဗာန် အာရမ္မဏာဓိပတိ အာရုံထဲမှာ၊ ကောင်းတဲ့ အာရုံထဲမှာ ထိပ်တန်းအကျဆုံးပဲ။ တစ်ခါ နည်းနည်းကလေး မစားမဖြစ်ဘူးဆိုတော့ ခုနက ထမင်းခြောက်ကလေး နှူးပြီး စားနေပြန်ရော၊ နိဗ္ဗာန်အာရုံပြု, သမာပတ် ဝင်စားနေပြန်တာပဲ၊ ဘယ်လောက်ကောင်းသလဲလို့ မပြောနဲ့တော့၊ နိဗ္ဗာန် ဘယ်လောက် ကောင်းသလဲ, နိဗ္ဗာန်ကောင်းတဲ့ အကောင်းကို မသိကြလို့၊ မလိုလဲ လိုလဲ နိဗ္ဗာန် မြန်မြန် ရရပါလို၏ ဆိုတာ အလကား၊ မြန်မြန်လဲ ရမှာမဟုတ်ဘူး၊ နှေးနှေးလဲ ရမှာမဟုတ်ဘူး၊ ဒီလူတွေဟာလေ သိလား၊ နိဗ္ဗာန်၏ အရသာကို မသိဘဲနဲ့ ဟန်လုပ်ပြီးတော့ ဆုတောင်းနေကြတာ၊ တကယ်လဲ မလုပ်ချင်ဘဲနဲ့ ဆုတောင်းနေကြတာ။

အဲဒါကြောင့် နိဗ္ဗာန်ရဲ့ အာရမ္မဏာဓိပတိ ဖြစ်ပုံဟာလေ အင်မတန်ကို ကောင်းပြီးတော့ နေလို့မို့ ခုနက အရှင်မြတ်တွေ နိဗ္ဗာန်ကို မကြာခဏ အာရုံပြုပြီးတော့ သမာပတ် ဝင်စားတော်မူကြတယ်။ ဗုဒ္ဓမြတ်စွာကတော့ မပြောပါနဲ့တော့၊ ဒီလို ပရိသတ်ကြီးနဲ့ တရားဟောပြီးတော့ နေရော ပရိသတ်က ဗုဒ္ဓဟောတော်မူတဲ့ တရားကို စဉ်းစားပြီးတော့ တစ်မိနစ်လောက် ရှိနေတဲ့အချိန်လေးမှာ ဗုဒ္ဓမြတ်စွာက အဲဒီ တစ်မိနစ်လောက်ကို အချိန်အပို မခံဘူး၊ နိဗ္ဗာန် အာရုံပြုပြီးတော့ သမာပတ် ဝင်စားတော်မူတယ်။

"ဒီလောက် ကောင်းတယ်, ဒီလောက် ကောင်းတယ်"

တစ်ခါ ပရိသတ်က တရားဟောပြီးရင် သာဓု - သာဓု - သာဓု သုံးကြိမ် ခေါ်ကြတဲ့အချိန် တစ်စက္ကန့်ကလေးမှာ အဲဒီအချိန်မှာတောင်မှ ဗုဒ္ဓရဲ့စိတ်တော်ဟာ နိဗ္ဗာန်ကို အာရုံပြုပြီးတော့ သမာပတ် ဝင်စားတော်မူတယ်၊ အဲသလောက် ကောင်းတယ်ကိုး, အဲသလောက်ကောင်းတယ်၊ နိဗ္ဗာန်ကောင်းရုံ သာ မဟုတ်သေးဘူး၊ ဘုန်းကြီးတို့ ပုထုဇဉ်နယ်က ကြည့်လို့ရှိရင် တစ်ခါတစ်လေ ကုသိုလ် သိပ်ရတယ်၊ ဘုရားရှိခိုးနေတုန်းမှာ ဖြစ်ဖြစ်, ဘုရားပန်း လဲနေတုန်းမှာဖြစ်ဖြစ် ကုသိုလ်တွေ သိပ်ရတယ်၊ အဲဒီ ကုသိုလ် မယူပဲ မနေနိုင်ဘူး၊ ဘာပြုလို့တုန်း "ကောင်းလွန်းလို့ ကောင်းလွန်းလို့" "ဒီကုသိုလ်က အေးလိုက်တာ" "ဟာ… သွားစရာရှိတော့လဲ ဒီကုသိုလ် ယူသွားရဦးမယ်"၊

နိဗ္ဗာန်လောက်တောင် မဟုတ်သေးဘူး၊ လောကီမှာရှိတဲ့ ဒီလောကီ စိတ်ကိုပဲ အပျောက်မခံနိုင်ဘူး၊ ဒီအချိန်ဟာ တရားနှလုံးသွင်းတဲ့ အချိန်ဆိုရင် တရားအာရုံပြုရမှ အရသာ ရှိနေတယ်ကိုး၊ အရသာက ရှိနေတယ်, အရသာက ဘယ်လိုရှိနေတုန်း၊ ဒီလို အာရုံပြုနေရတုန်းလဲ စိတ်က အေးချမ်းတယ်၊ နောက် အကျိုးရှိတဲ့ အချိန်ကျတော့လဲ ကောင်းတဲ့ အကျိုးရတယ်၊ အဲဒီလို မြင်နေတော့လေ ဥပုသ်စောင့်ရတဲ့ အချိန်ကျတော့ ဥပုသ်ကို စောင့်ကို စောင့်ဦးမယ်၊ တရားထိုင်တဲ့ အချိန်ကျတော့ တရားထိုင်ကို ထိုင်ရမယ်၊ ဘုရားရှိခိုးတဲ့ အချိန်ကျ ဘုရားရှိခိုးကို ရှိခိုးရမှ၊ ဒါ ဘာပြုလို့တုန်းဆိုတော့ အရသာရှိတယ်၊ အာရမ္မဏာဓိပတိဆိုတာ ကုသိုလ်စိတ်ထဲမှာ ရှိနေတယ်၊ တစ်ခါတလေ များပေါ့လေ အဓိပတိတော့ မဆိုနိုင်ပါဘူး၊ တရားအာရုံပြုရင်း ပီတိတွေဖြစ်လို့ နှစ်သက်နေလိုက်တာလေ။

သုညာဂါရံ ပဝိဋ္ဌဿ၊ သန္တစိတ္တဿ ယောဂိနော။
အမာနုသီ ရတီ ဟောတိ၊ သမ္မာ ဓမ္မံ ဝိပဿတော။

သုညာဂါရံ - မြို့ရွာအူသံ မဆူညံဘဲ လူသံတိတ်ချိန် ဆိတ်ငြိမ်သော ကျောင်းသို့၊
ပဝိဋ္ဌဿ - မခေါ်အပို ဖော်မလိုဘဲ တစ်ကိုယ်တည်းပင် ကပ်ဝင်၍နေသော၊
သန္တစိတ္တဿ - လောကီရေးရာ ဗျာပါမဖက် ငြိမ်သက် တည့်မတ် စိတ်ကောင်း စိတ်မြတ်ရှိသော၊
ယောဂိနော - ဘာဝနာကမ္မဋ္ဌာန်း လုံးပမ်းကြိုးကုတ် အားထုတ်သောပုဂ္ဂိုလ်၏၊
သမ္မာ - မဖောက်မပြန် ဟုတ်မှန်စွာ၊
ဓမ္မံ - တေဘူမက သင်္ခါရဟု ရုပ်နာမ်အစုကို၊
ဝိပဿတော - ဖြစ်ပုံပျက်ဟန် အချက်မှန်အောင် နက်သံစေ့ငု ကြည့်ရှုဆင်ခြင်လိုက်သည်ရှိသော်၊
အမာနုသီ - ကာမဂုဏ် ထူထပ်သည့် လူနတ်မွေ့လျော် အပျော်မျိုးနှင့်မတူသော၊
ရတိ - ဘာဝနာဖြစ်ချက်,္ထမပစ်ရက်အောင် နှစ်သက်မွေ့လျော်, ထူးကဲသော အပျော်မျိုးသည်၊
ဟောတိ - ဉာဏ် အဟုန်မြူး မကြုံဖူးအောင် အထူးအထွေ ဖြစ်ပေါ်၍ လာတတ်ပေသတည်း။

သာဓု… သာဓု… သာဓု။

ကောင်းလိုက်တဲ့ စိတ်, မပြောနဲ့တော့၊ ခုနက နတ်ပြည်က နတ်တွေဟာ အစာမေ့လောက်အောင် လောကီရေးရာ ပျော်ပြီးတော့နေသလို ဘုန်းကြီးတို့ တရားရေးရာကလဲလေ အေးလို့ ငြိမ်းလို့၊ ဒီ အချိန်ကလေးဟာ…

"သုညာဂါရံ - မြို့ရွာအူသံ မဆူညံဘဲ လူသံတိတ်ချိန် ဆိတ်ငြိမ်သော ကျောင်းကလေးသို့…"
ကမ္မဋ္ဌာန်း ကျောင်းကလေးပေါ့၊
"ပဝိဋ္ဌဿ - မခေါ်အပို ဖော်မလိုဘဲ တစ်ကိုယ်တည်းပင် ကပ်ဝင်၍နေသော… " တစ်ယောက်တည်း ကမ္မဋ္ဌာန်း ကျောင်းထဲ၊
"သန္တစိတ္တဿ - လောကီရေးရာ ဗျာပါမဖက် ငြိမ်သက်တည့်မတ် စိတ်ကောင်း စိတ်မြတ်ရှိသော…" လောကီအာရုံတွေ ဂရုမရိုက်ပါဘူး, ဂရုမစိုက်ပါဘူး၊ လောကီအာရုံတွေ ဆွဲသွင်းတောင် မဝင်နိုင်ပါဘူး၊ တကတဲ ယောဂီစိတ်၊ တကယ့် သူတော်ကောင်းစိတ်နဲ့…

"သန္တစိတ္တဿ - လောကီရေးရာ ဗျာပါမဖက် ငြိမ်သက်တည့်မတ် စိတ်ကောင်း စိတ်မြတ်ရှိသော၊
ယောဂိနော - ဘာဝနာကမ္မဋ္ဌာန်း လုံးပမ်းကြိုးကုတ် အားထုတ်သော ပုဂ္ဂိုလ်၏၊
သမ္မာ - မဖောက်မပြန် ဟုတ်မှန်စွာ၊
ဓမ္မံ - တေဘူမက သင်္ခါရဟု ရုပ်နာမ်အစုကို၊
ဝိပဿတော - ဖြစ်ပုံ ပျက်ဟန် အချက်မှန်အောင် နက်သံစေ့ငု ကြည့်ရှုဆင်ခြင်လိုက်သည်ရှိသော်"၊

ဆင်ခြင်ကြည့်လိုက်တာ, စိတ်ထဲ ရှင်းလိုက်တာ၊ စိတ်ကို ကြည်လို့၊ အနိစ္စ အနိစ္စ အနိစ္စ၊ အနိစ္စထင်လို့ ကောင်းလိုက်တာ၊ ဒုက္ခ ဒုက္ခ ဒုက္ခ၊ အမြဲခံနေရတဲ့ ရုပ်နာမ်တွေ၊ ဒုက္ခ ဒုက္ခ ဒုက္ခအနတ္တ အကောင်အထည် ဘာမှ မရှိဘူး၊ ဘယ်သူ ဖန်ဆင်းတဲ့သူမှ မရှိဘူး၊ အား… ဒါတွေကြည့်ပြီးတော့ တွေးလိုက်တော့ ဉာဏ်တွေက ရှင်းလို့၊ စိတ်က မြူးလို့၊ အဓိပတိတွေ ဉာဏ်တွေ ဖြစ်လို့၊ အဲဒီကျမှ နတ်သားတွေပျော်တဲ့ အပျော်မျိုးဟာ လောကီဖက်က အပျော်မျိုးပဲ၊ လောကီဖက်က ပျော်သလိုပဲ သူတော်ကောင်းရဲ့စိတ်လဲ ပျော်လိုက်တာ၊ တကတဲ နတ်များ အပျော်နဲ့ကို မတူဘူး၊ အင်မတန် ကြီးကျယ်တဲ့ အပျော်မျိုး ဖြစ်လာပါတယ်တဲ့၊ ဒါကြောင့် ဘုန်းကြီးတို့ဖက်ကလဲ ဘုန်းကြီးတို့ နည်းလမ်းနဲ့ ပျော်စရာတွေ အင်မတန်ရှိတယ်၊ အဲဒီလို အထက်တန်းရောက်လာမှ အောက်တန်းက နေလို့တော့ တယ်… မပျော်နိုင်ပါဘူး၊ ဒါကြောင့် ဘုန်းကြီးတို့ တရားဖက်ကလဲ သူ့နည်းသူ့ဟန်နဲ့ ပျော်စရာ အင်မတန်ရှိလို့မို့ ဗုဒ္ဓမြတ်စွာက အာရုံအားဖြင့်လဲ အာရမ္မဏာဓိပတိ ဆိုတာ ရှိတယ်၊ ဆန္ဒ ဝီရိယ စိတ္တ ဝီမံသဆိုတဲ့ လေးမျိုးအားဖြင့်လဲပဲ သဟဇာတာဓိပတိလို့ လေးမျိုးရှိတယ်။

အဲဒီလို အာရမ္မဏာဓိပတိ, သဟဇာတာဓိပတိ နှစ်ပါးကို ဗုဒ္ဓမြတ်စွာရဲ့ ဉာဏ်တော်နဲ့သာ ဟောတော်မူတယ်။ တရားတော်ကို အကြောင်းပြုပြီးတော့ ဗုဒ္ဓမြတ်စွာကို ဘုန်းကြီးက အင်မတန် ဝမ်းမြောက် ဝမ်းသာနဲ့ ဖူးမြော်ရမယ်နော်။

အဓိပတိပစ္စယော - စကြာဘုန်းငူ များဗိုလ်လူတို့ ပြိုင်သူမရှိ အုပ်စိုးဘိသို့ မိမိဆိုင်ရာ နာမ်ခန္ဓာဝယ် ကောင်းစွာစိုးဘိ သတ္တိရှိသော အဓိပတိလေးပါး သဟဇာတ ပစ္စည်းတရားနှင့် ခြောက်ပါးအာရုံ အဖုံဖုံသော အာရမ္မဏာဓိပတိ ပစ္စည်းတရားသည်၊
အတ္ထိ - ပုဂ္ဂိုလ် သတ္တဝါ သူငါမနှော တရားသဘောသာ ထင်ရှား ရှိပေသည်တကား၊
ဣတိ - ဤသို့၊
ဗောဓေန္တံ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာကျန သိပြီးမှလျှင် များလှဝေနေ သိစေတော် မူသော မြတ်စွာဘုရားကို၊
ဝန္ဒာမိ - ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ ဘုရား။

သာဓု… သာဓု… သာဓု။

၄။ အနန္တရပစ္စယော (အနန္တရပစ္စည်း)

သဟဇာတာဓိပတိပြီးတော့ အနန္တရပစ္စည်းကို ဘုန်းကြီးတို့ သွားကြဦးစို့။

စက္ခုဝိညာဏဓာတု - စက္ခုဝိညာဏ ဓာတ်သည် လည်းကောင်း၊
တံသမ္ပယုတ္တကာ - ထို စက္ခုဝိညာဏဓာတ်နှင့် အတူယှဉ်ဖက် ဖြစ်ကုန်သော၊
ဓမ္မာစ - စေတသိက်တရား တို့သည် လည်းကောင်း၊
မနောဓာတုယာစ - မနောဓာတ်အား လည်းကောင်း၊
တံသမ္ပယုတ္တကာနံ - ထို မနောဓာတ်နှင့် သမ္ပယုတ်ဖြစ်ကုန်သော၊
ဓမ္မာနဉ္စ - စေတသိက်တရားတို့အား လည်းကောင်း၊
အနန္တရပစ္စယေန - အနန္တရပစ္စယ သတ္တိဖြင့်၊
ပစ္စယော - ကျေးဇူးပြုသည်၊
ဟောတိ - ဖြစ်၏။

ဒီလိုပေါ့…

သောတဝိညာဏဓာတ်က အခြားမဲ့ စိတ် စေတသိက်အား ကျေးဇူးပြုပုံ၊
ဃာနဝိညာဏဓာတ်က အခြားမဲ့ စိတ် စေတသိက်အား ကျေးဇူးပြုပုံ၊
ဇိဝှာဝိညာဏဓာတ်က အခြားမဲ့ စိတ် စေတသိက်အား ကျေးဇူးပြုပုံ၊
ကာယဝိညာဏဓာတ်က အခြားမဲ့ စိတ် စေတသိက်အား ကျေးဇူးပြုပုံ။

"ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော"

ပုရိမာ ပုရိမာ - ရှေးရှေး ဖြစ်ကုန်သော၊
ကုသလာဓမ္မာ - ကုသိုလ်တရားတို့သည်၊
ပစ္ဆိမာနံ ပစ္ဆိမာနံ - နောက်နောက် ဖြစ်ကုန်သော၊
ကုသလာနံ ဓမ္မာနံ - ကုသိုလ်တရားတို့အား၊
အနန္တရပစ္စယေန - အနန္တရပစ္စယ သတ္တိဖြင့်၊
ပစ္စယော - ကျေးဇူးပြုသည်၊
ဟောတိ - ဖြစ်၏။

အကောင်းဆုံး အဘိဓမ္မာတရား

အကုသိုလ်ကလဲ ဒီလိုပဲ ကျေးဇူးပြုတယ်၊ အဗျာကတဆိုတဲ့ တရားတွေကလဲ ဒီလိုပဲ ကျေးဇူးပြုတယ်။ သဗ္ဗညုတဉာဏ် မရလို့ရှိရင် အဲဒီ တရားနာမည်တောင် မတပ်နိုင်ဘူး။ ယခုတော့ သဗ္ဗညုတ ဉာဏ်တော်ကြီးကို ရလို့ ဘယ်တရားပြီးတော့ ဘယ်တရား ဖြစ်တယ်, ဘယ်တရားပြီးတော့ ဘယ်တရား ဖြစ်တယ်, ဘယ်တရားပြီးတော့ ဘယ်တရား ဖြစ်တယ်၊ ဘယ်စိတ်ပြီးတော့ ဘယ်စိတ် ဖြစ်တယ်နဲ့ ဟောတော်မူလိုက်တာ။ အဲဒီ ဟောတော်မူတာကို ဘုန်းကြီးတို့က တစ်ဆင့် စဉ်းစားလိုက်တဲ့အခါ ကြီးတော်မူလိုက်တာ, သဗ္ဗညုတ ဉာဏ်တော်ကြီး ကြီးတော်မူလိုက်တာ။ စိတ်ကလေး တစ်စိတ်တည်း သိဖို့ကို အင်မတန် ခဲယဉ်းတဲ့အပြင် ဟောဒီစိတ်ပြီးတော့ ဟောဒီစိတ် ဖြစ်တယ်၊ ဒါကို ဘုန်းကြီးတို့ ကြားဖူးတဲ့ ဝီထိဆိုတဲ့တရား ပေါ်လာတယ်။ ဘုန်းကြီးတို့ သင်တန်းမှာလဲလေ ရှေးဆရာအဆက်ဆက်က နည်းစုံနဲ့ ပြပြထားလို့ ဘုန်းကြီးတို့ အဘိဓမ္မာတရားကို မြန်မာနိုင်ငံက အကောင်းဆုံးပဲ၊ အဘိဓမ္မာတရားကို မြန်မာနိုင်ငံက အသိဆုံးပဲ၊ ကျင့်တော်မူဖို့ကျတော့လဲ လယ်တီဆရာတော် ဘုရားကြီးတို့က ကျင့်နည်းကိုပါ ဆက်ပြီးတော့ ပြလို့ အဘိဓမ္မာနဲ့ စပ်ပြီးတော့ အကျင့်တတ်ဆုံးပါပဲ၊ အင်မတန် ကောင်းတယ်။

စက္ခုဝိညာဏ်စိတ် ဖြစ်ကြောင်း ၄-ပါး

ဘုန်းကြီးတို့ စိတ်တစ်စိတ်မှာ ပထမဆုံး မျက်စိနဲ့ ရူပါရုံမြင်တော့ အာရမ္မဏသတ္တိနဲ့ ရူပါရုံက ကျေးဇူးပြုလိုက်ရော၊ ကျေးဇူးပြုလိုက်တဲ့ အခါမှာ စက္ခုဝိညာဉ်စိတ် ဖြစ်တယ်။ ရူပါရုံက ကျေးဇူးပြုတယ်၊ အာရမ္မဏပစ္စည်းနဲ့ ကျေးဇူးပြုတယ်၊ စက္ခုဝိညာဉ်စိတ် ဖြစ်တယ်၊ အဲဒီ စက္ခုဝိညာဏ်စိတ် ဖြစ်တာတောင်မှ ပဋ္ဌာန်းပစ္စည်းအတိုင်းပင် မကဘဲနဲ့ အဋ္ဌကထာဆရာတွေက ဒီလိုလေတဲ့၊ ရူပါရုံနဲ့ ဆုံရမယ်, ရူပါရုံကို နှလုံးသွင်းတဲ့ မနသိကာရ ရှိရမယ်၊ အဲဒီ ရူပါရုံကို မြင်နိုင်လောက်တဲ့ အရောင်အလင်းလဲ ရှိရမယ်၊ မျက်စိထဲမှာလဲ စက္ခုပသာဒ ရှိရမယ်၊ အဲဒီလို အကြောင်း ၄-ခုနဲ့ ပြည်စုံမှ စက္ခုဝိညာဉ်စိတ် ဖြစ်ပါတယ်လို့။

စက္ခာလောက, ရူပထင်ပြီ, မနသီ, လေးလီ စက္ခုဖို့ -

ဆိုတဲ့ အဋ္ဌကထာဆရာတွေ ဖွင့်ထားတဲ့အပြင် နောက် ဆရာတော်တွေကလဲ ဒါတွေခြုံပြီးတော့ လွယ်လွယ်ကလေး သိအောင် ကြိုးစားတော်မူကြတယ်။ စက္ခုပသာဒ ရှိရမယ်၊ အရောင်အလင်းဆိုတဲ့ အာလောက ရှိရမယ်၊ အဲဒီ ရူပါရုံကို နှလုံးသွင်းတဲ့ မနသိကာရလဲ ရှိရမယ်၊ ရူပါရုံလဲ ရှိရမယ်၊ "စက္ခာလောက, ရူပထင်ပြီ, မနသီ, လေးလီ စက္ခုဖို့"

အဲဒီလို အင်္ဂါလေးပါးစုံမှ စက္ခုဝိညာဉ်စိတ် ဖြစ်တယ်၊ အဲဒီလေးခု မစုံဘဲနဲ့တော့ စက္ခုဝိညာဉ်စိတ် ဖြစ်ဖို့ရန် ဘယ်သူ ဖန်ဆင်းလို့မှ မရဘူး၊ ဘယ်အတ္တအကောင်အထည် ဖန်ဆင်းလို့မှ မရဘူး၊ ဒီလေးပါး စုံနေလို့ရှိရင် ဘယ်သူတားလို့မှ မရဘူး၊ ဘယ်ဘုရားတားလို့မှ မရဘူး၊ ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာ တားလို့တောင် မရဘူး၊ အဲဒီ အကြောင်းလေးပါး မစုံလို့ရှိရင် စက္ခုဝိညာဉ် ဖြစ်အောင် ဖန်ဆင်းလို့ မရဘူး… မရဘူး။

နိယာမတရား ၅-ပါး

ဒီအထိ ဘုန်းကြီးတို့က မြင်နေတယ် သိနေတယ်၊ ဘယ်မှာ ဘုန်းကြီးတို့ ဘာသာဝါဒ ပြောင်းလို့ ရတော့မှာတုန်း၊ ဒီတရားတော်ကြီးကို အမွှမ်းတင်ပြီးတော့ ဒီသာသနာတော်ကို အမွှမ်းတင်ရုံပဲ ရှိတယ်၊ တစ်ခါ စက္ခုဝိညာဉ်စိတ် ဖြစ်ပြီးတဲ့ အခါကျတော့ စက္ခုဝိညာဉ်စိတ်ရဲ့ နောက်နားက ရူပါရုံကို လက်ခံတဲ့ စိတ်တစ်ခု ဖြစ်လာတယ်၊ မြင်တယ် လက်ခံတယ်၊ အိမ်မှာ ဧည့်သည်က တံခါး ခေါက်လိုက်တယ်၊ ဒေါက် ဒေါက်ဆို ဖွင့်ကြည့်တယ်၊ ဘယ်သူလဲ "ဟာ လာပါ လာပါ" အို… ထုံးစံပဲ မြင်တယ်၊ ဒီ အာရုံကို လက်ခံပြီးတော့ နောက်စိတ်တစ်စိတ်က အာရုံဟာ အကောင်းလား - အဆိုးလားဆိုတာ စုံစမ်းတယ် သန္တီရဏ၊ ဒီစိတ်ဟာ ဆက်ဖြစ်နေတယ်။

ခုနက ဧည့်သည် အိမ်ရောက်လာ၊ လာပါ လာပါလားလို့ လာပါဦး၊ ဒီလိုကို စိတ်တွေဖြစ်တာ သိပ်မြန်တယ်၊ စုံစမ်းတယ်, စဉ်းစားတယ်၊ နောက်တော့ "ဘာတုန်း ဘာကိစ္စ လာသလဲ"၊ ဆုံးဖြတ်တယ်၊ သူက ပြောလို့ဖြစ်ဖြစ်, ကိုယ်က သိလို့ဖြစ်ဖြစ် ထုံးစံဖြစ်ရိုးဖြစ်စဉ်ပဲ၊ စက္ခုဝိညာဉ် ဖြစ်တယ်၊ လက်ခံတဲ့ သမ္ပဋိစ္ဆိုင်း ဖြစ်တယ်၊ ပြီးတော့ စုံစမ်းတဲ့ သန္တီရဏ ဖြစ်တယ်၊ ဆုံးဖြတ်တဲ့ ဝုဋ္ဌောစိတ် ဖြစ်တယ်၊ ပြီးတော့မှ, ဆုံးဖြတ်ပြီးတော့မှ စကားစမြည် ပြောကြသလိုပဲ ဆုံးဖြတ်ပြီးတော့ အဲဒီ အာရုံအရသာကို, အာရုံရဲ့အရသာကို ခံစားတဲ့ ဇော ဇော ဇောစိတ်တွေ ဖြစ်တယ်၊ ဒါ စိတ်တွေ, စိတ်တွေ ဖြစ်တိုင်း, ဖြစ်တိုင်း ဒီလိုသွားနေကြတာ၊ သောတနဲ့ သဒ္ဒါရုံကျတော့လဲ ဒီလိုပဲ ဝီထိစိတ် ဖြစ်တယ်၊ သမ္ပဋိစ္ဆိုင်းဆိုတဲ့ လက်ခံတဲ့စိတ် ဖြစ်တယ်၊ သန္တီရဏဆိုတဲ့ စုံစမ်းတဲ့စိတ် ဖြစ်တယ်၊ ဝုဋ္ဌောဆိုတဲ့ ဆုံးဖြတ်တဲ့စိတ် ဖြစ်တယ်၊ အာရုံအရသာကို ခံစားတဲ့ ကောင်းကောင်း ဆိုးဆိုး ဇောစိတ် ဖြစ်တယ်၊ ဒီနောက် တဒါရုံစိတ်ပြီးတော့, ပြန်ပြီးတော့ ဘဝင်စိတ်တွေ ဖြစ်ပြန်ရော၊ အင်မတန် ကောင်းကိုး၊ ဒါကို ဘုန်းကြီးတို့က စိတ္တနိယာမလို့ ခေါ်တယ်၊ အမြဲထုံးစံ ဖြစ်နေတာ စိတ္တနိယာမလို့ ခေါ်တယ်၊ ဒါ စိတ္တနိယာမကို သိဖို့ရန်ပေါ့လေ။

ဥတုနိယာမ

လောကမှာ ဥတုနိယာမ ဆိုတာ ရှိသေးတယ်၊ ဒီ ဥတုမှာ ဒီပန်းတွေ ပွင့်တယ်ဆိုတော့ ဒီပန်းတွေ ဟိုမှာလဲ ပွင့်, ဒီမှာလဲ ပွင့်၊ ဟိုမြို့မှာလဲ ပွင့်, ဒီမြို့မှာလဲ ဒီပန်းတွေ ပွင့်၊ ဒီဥတုမှာ ဒီအသီး သီးတယ်ဆို ဟိုအရပ်မှာလဲ သီး၊ ဒီအရပ်မှာလဲ သီး၊ ဒါ ဥတုနိယာမလို့ ခေါ်တယ်။

ဗီဇနိယာမ

ဗီဇနိယာမဆိုတာ ဒီမျိုးစေ့က ဒီအသီး သီးရမှာ၊ ဒီမျိုးစေ့က ဒီအပွင့် ပွင့်ရမှာ၊ ဒါ အမြဲပဲ၊ ခါးတဲ့ အပင်က ချိုတဲ့အသီး မသီးနိုင်ဘူး၊ ခါးတဲ့မျိုးစေ့က ချိုတဲ့အသီး, မသီးနိုင်သလို ချိုတဲ့မျိုးစေ့ကလဲ ခါးတဲ့အသီး, မသီးနိုင်ဘူး၊ သူ့ဟာနဲ့သူ ဗိဇနိယာမ မျိုးစေ့ရဲ့ မြဲတဲ့သဘောအတိုင်း ဖြစ်ကြရတယ်။

ကမ္မနိယာမ

ကမ္မနိယာမကတော့ ဟိုနောက် ကမ္မပစ္စည်းကျမှ ပြောဖို့ ကောင်းတယ်၊ ကံက သူ့ဟာနဲ့သူ အကျိုးပေးနေတယ်။

ဓမ္မနိယာမ

ဘုရားအလောင်းတော်များ ပဋိသန္ဓေနေတယ်ဆိုရင် မြေလှုပ်ကို လှုပ်ရတယ်၊ ဘုရားအလောင်းတော်ရဲ့ ဂုဏ်တော် ဓမ္မတွေက ဒီလောက် အစွမ်းသတ္တိ ရှိတယ်၊ အဲဒီ ဓမ္မနိယာမ ရှိသလို စိတ္တနိယာမဆိုတဲ့ ခုနက စက္ခုဝိညာဉ် ဖြစ်တယ်၊ ဒီနောက် သမ္ပဋိစ္ဆိုင်း ဖြစ်တယ်၊ သန္တီရဏ ဖြစ်တယ်၊ ဝုဋ္ဌော ဖြစ်တယ်၊ ဇော ဖြစ်တယ်၊ ဇောက ၇-ကြိမ် ဖြစ်လို့မို့ "ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော" ရှေးရှေးဇောက နောက်နောက်ဇောကို အနန္တရသတ္တိနဲ့ ကျေးဇူးပြုတယ်၊ အခြားမရှိဘူး၊ တစ်ခါတည်းကို ဆက်ဖြစ်တာ, ဆက်ဖြစ်တာ၊ တစ်ခါတည်း ပြောလိုက်မယ်လေ၊ သမနန္တရကလဲ ဒီအတိုင်းပဲ၊ ဘာထူးတုန်းဆိုတော့-

၅။ သမနန္တရပစ္စယော (သမနန္တရပစ္စည်း)

သမနန္တရ အဓိပ္ပာယ်က ဒီလိုလေ၊ စိတ်ဟာ ပုံသဏ္ဌာန် မရှိဘူး၊ စိတ်ဟာ ဘယ်လိုရယ်လို့ ပုံသဏ္ဌာန် မရှိဘူး၊ ပုံသဏ္ဌာန် မရှိလို့ ကိုယ့်ဟာကိုယ်စိတ်ကို အာရုံပြုကြည့်လိုက်ရင် ဘာစိတ်ဖြစ်နေတယ်၊ နည်းနည်း စဉ်းစားတတ်လို့ရှိရင် အကုသိုလ်စိတ် ဖြစ်နေတယ်၊ စိတ်မဖြစ်ဘဲ မနေဘူး၊ အချိန်ရှိသရွေ့ စိတ်ဟာ ဖြစ်နေတယ်၊ အကုသိုလ်စိတ် ဖြစ်နေတယ်၊ အဲ အကုသိုလ်စိတ် ဖြစ်နေတယ်၊ ပြီးတော့ သူ့ဟာသူ သိတယ်၊ အဲဒီ စိတ်တွေဟာ ပုံသဏ္ဌာန် အလုံးလား, အဝိုင်းလား မဟုတ်ဘူး၊ ပုံသဏ္ဌာန် မရှိဘူး၊ ဒါဖြင့် စိတ်နှစ်ခု တွဲပြီးတော့ တစ်ပြိုင်နက် ဖြစ်သလား, မဖြစ်ဘူး၊ တစ်ခုပြီးမှ တစ်ခု, တစ်ခုပြီးမှ တစ်ခု၊ ပုံသဏ္ဌာန်လဲ မရှိဘူး၊ ပူးတွဲပြီးတော့လဲ မဖြစ်ဘူး၊ တစ်ခုပြီးမှ တစ်ခုဖြစ်တယ်၊ ဘယ့်နှယ်သဘောကြောင့် ဒီလိုဖြစ်နေသတုန်း, ဒါ စိတ္တနိယာမပဲ၊ အနန္တရသတ္တိနဲ့ ကျေးဇူးပြု သွားတယ်၊ ဘာနဲ့တူသတုန်းလို့ဆိုတော့ စကြာမင်းပေါ့လေ၊ စကြာမင်း နတ်ရွာစံရင် သားကြီး ဘုရင်ဖြစ်ဖို့ သေချာတယ်၊ ဘယ်သူကမှ ဘာမှ ပြောမနေနဲ့၊ စကြာမင်း နတ်ရွာစံသွားတယ်၊ သားကြီးဘုရင် ဖြစ်ဖို့သေချာတယ်၊ ဒါ အနန္တရသတ္တိက ကျေးဇူးပြုနေသလိုပဲ၊ တစ်ခါ စကြာမင်း တောထွက်သွားတယ်၊ သားကြီးဘုရင်ဖြစ်ဖို့ သေချာတယ်၊ ဒါ ပြောနေဖို့ မလိုဘူး။

ဘယ်သူကမှ မြှောက်ပင့် ပြောနေဖို့ မလိုဘူး၊ အဲသလို ဒီစိတ်ပြီးရင် ဒီစိတ် ဖြစ်ရမယ်ဆိုတာ သေချာတယ်၊ စိတ္တနိယာမနဲ့ ကျေးဇူးပြုပြီးတော့ ဒီစိတ်ပြီးတော့ ဒီစိတ်ဖြစ်, ဒီစိတ်ပြီးတော့ ဒီစိတ်ဖြစ်, ဒီစိတ်ပြီးတော့ ဒီစိတ် ဖြစ်နေတယ်၊ အဲဒီဖြစ်တဲ့ စိတ်နှစ်စိတ်ဟာ ပုံသဏ္ဌာန်က မရှိတော့ ကြားထဲမှာ ဘာမှ မခြားဘူး၊ ဘာမှ မခြားပဲနဲ့ ဆက်ဖြစ်တယ်။

ဆက်တာမှ ဘယ်လောက် ဆက်တာတုန်းဆိုတော့ နှစ်စိတ်မှ ဟုတ်ရဲ့လား၊ တစ်စိတ်တည်းများ ဖြစ်နေသလား၊ အဲသလောက် ဆက်တယ်, သမနန္တရ၊ အလွန်ကို အကြားမရှိအောင် ကျေးဇူးပြုပါတယ်။

"သမနန္ထ္တရပစ္စယော - စည်းစိမ် မမက် တောကြီးထွက်သည့် စက္ကဝတ် မင်းဖျား သားကြီးအားသို့ အခြားမဲ့နေ စိတ်နှင့်စေကို မသွေသိပ်သဲ တစ်စိတ်တဲသို့ အကွဲအပြား အကြားမရှိ မိမိနှင့်တူစွာ ကျေးဇူးပြုနိုင်သော သတ္တိရှိသော သမနန္တရပစ္စည်း တရားသည် လည်းကောင်း"။

အကြားမရှိ တစ်ခုတည်းလို့ ထင်ရယ်၊ အင်မတန် သိပ်သည်းတယ်၊ ဒါ ဘယ့်နှယ်လုပ်ပြီး ဘယ်သူ ဟောနိုင်မှာတုန်း၊ ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာ ပွင့်လာလို့ ဘုန်းကြီးတို့ တစ်ဆင့် သိရတာကို ကောင်းလိုက်တာ၊ ဒါ့ကြောင့် မနေ့ တစ်မြန်နေ့က ဟို မဟာဂတိဂမိယတိဿ ထေရ်မြတ်ဟာ တရားကို စဉ်းစားရင်း ပီတိတွေဖြစ်လို့ ကောင်းလိုက်တာ၊ ဒါ အသိကို ကောင်းလိုက်တာ၊ သဗ္ဗညုတ ဉာဏ်တော်ကြီးနှင့် အသိကို ထားလိုက်၊ "ဉာဏ်တော်ကြီးနဲ့ ဟောတော်မူထားတဲ့ တရား အစီအစဉ် အပိုင်းကို ငါစဉ်းစားလို့သိရတာ ကောင်းလိုက်တာ"လို့ ပီတိတွေဖြစ်ပြီး အဲဒီ ပီတိကို အနိစ္စ ဒုက္ခ အနတ္တလို့ ရှုလိုက်တာနဲ့ပဲ တစ်ခါတည်း ရဟန္တာဖြစ်ပြီးတော့ သွားတယ်၊ ကောင်းလွန်းလို့ ကောင်းလွန်းလို့ ကောင်းလွန်းလို့။

အနန္တရပစ္စယော - ပျော်စံနတ်ရွာ စကြာမင်းဖျား သားကြီးအားသို့ အခြားမဲ့နေ စိတ်နှင့်စေကို မသွေတူစွာ ဖြစ်စိမ့်ငှာဖြင့် လျော်စွာသတ္တိ အစွမ်းရှိသား ရှေးရှေးသော နာမ်ခန္ဓာလေးပါး အနန္တရပစ္စည်း တရားသည်၊
အတ္ထိ - ပုဂ္ဂိုလ် သတ္တဝါ သူ ငါမနှော တရားသဘောသာ ထင်ရှားရှိပေသည်တကား၊
ဣတိ - ဤသို့၊
ဗောဓေန္တံ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာကျန သိပြီးမှလျှင် များလှဝေနေ သိစေတော်မူသော မြတ်စွာဘုရားကို၊
ဝန္ဒာမိ - ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်း ထောမနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။

သာဓု… သာဓု… သာဓု။

ဒီနေ့ ပစ္စည်းသုံးပါး ပြီးသွားတယ်၊ တော်တော် ခရီးရောက်သွားတယ်၊ နောက်နောက် ပစ္စည်းတွေဟာ ရှေးရှေး ပစ္စည်းတွေကို မူတည်ပြီး လိုက်လာတာ ဖြစ်လို့ ရှေးရှေးစိတ်က နောက်နောက်စိတ်ကို ဖြစ်အောင် သမနန္တရသတ္တိနဲ့ ပြုတိုင်းပြုတိုင်း ဟေတုပစ္စည်းက ပါနေတယ်၊ ဟိတ်ခြောက်ပါးထဲက တစ်ပါးပါးက စိုက်ပြီးတော့ အာရုံကို ယူနေတယ်၊ အာရမ္မဏပစ္စည်း ပါနေတယ်၊ ဟေတုပစ္စည်း ပါနေတယ်၊ ဟေတုပစ္စည်းက မိမိရတဲ့ အာရုံကို စိုက်ပြီးတော့ အမြစ်တွယ်သလို တွယ်နေတယ်နော်၊ တစ်ခါ အာရမ္မဏပစ္စည်းက အဲဒီ အာရုံကို အာရုံပြုပြီးတော့ နေမယ်နော်၊ အဲဒီ အာရုံက အဓိပတိ တန်လောက်တဲ့ အာရုံဆိုလို့ရှိရင် အဲဒီ အာရုံကို စွဲပြီးတော့ တကတည်း မခွဲနိုင်အောင်ပေါ့လေ ကျေးဇူးပြုနိုင်တယ်နော်။

ဒါကြောင့် ပစ္စည်းတစ်ပါးပြီးရင် ပြီးရော မဟုတ်ဘူး၊ ဟေတုပစ္စည်း, အာရမ္မဏပစ္စည်း, အဓိပတိပစ္စည်း, အနန္တရပစ္စည်း အဲဒီလို ပစ္စည်းတွေက အကုန်ကျေးဇူးပြုပြီး နေတာပါပဲလားလို့ အဲဒီလို နားလည်ပြီးတော့ နောက်နောက် ပစ္စည်းတွေပါ မှန်းပြီးတော့…

နာနာပ္ပကာရဋ္ဌာနာနိ, ဗောဓိတာနေတ္ထ မုနိနာ၊
အနန္တနယ ပဋ္ဌာနံ, ဝန္ဒေ အနန္တ ဂေါစရံ။

ဧတ္ထ - အနန္တနယ သမန္တပဋ္ဌာန်း ကျမ်းတော်ကြီး၌၊
မုနိနာ - မုနိထွတ်တင် ဘုရားရှင်သည်၊
နာနာပ္ပကာရဋ္ဌာနာနိ - ဟေတု အာရမ္မဏ စသည်များစွာ အကြောင်းအရာတို့ကို၊
ဗောဓိတာနိ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာ ကျန သိပြီးမှလျှင် များလှဝေနေ သိစေတော်မူအပ်ခဲ့လေပြီ၊
အနန္တ ဂေါစရံ - အဆုံးမရှိ ကုန်အောင်သိသည့် ဉာဏ်တော်၏သာ ကျက်စားရာ ဖြစ်တော်မူသော၊
တံ အနန္တနယ ပဋ္ဌာနံ - မြားမြောင်ပေါယယ် နည်းစုံကြွယ်သား, ကြီးကျယ် မြင့်မော် ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊
ဝန္ဒေ - တစ်သက်တစ်ခါ ကြုံခဲစွာဖြင့် ကြုံလာသည့်ခိုက် ဦးဖြင့်တိုက်၍ နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု… သာဓု… သာဓု။

“အခြေပြု ပဋ္ဌာန်းတရားတော်”

စတုတ္ထနေ့

၁၃၃၄-ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၁၀-ရက်၊
၁၉၇၃-ခု၊ ဧပြီလ ၁၂-ရက်၊ ကြာသပတေးနေ့။

၆။ သဟဇာတပစ္စယော (သဟဇာတပစ္စည်း)

ဒီနေ့ သဟဇာတပစ္စည်း, အဲဒီတရား ရောက်လာပါတယ်၊ သဟဇာတပစ္စည်းနဲ့ အညမညပစ္စည်းက သိပ်ပြီးတော့ နီးကပ်တယ်၊ ပြီးတော့ တစ်ခါ နိဿယပစ္စည်းလဲ တချို့ထပ်ပြီးတော့ ရတယ်၊ ဗုဒ္ဓမြတ်စွာက ဒီတရားတစ်မျိုးကိုပဲ ဒီလိုလဲ သတ္တိရှိတယ်, ဟိုလိုလဲ သတ္တိရှိတယ်၊ တရားတစ်မျိုးကိုပဲ သတ္တိအမျိုးမျိုးရှိတော့ အဲဒီ သတ္တိအလိုက် ပစ္စည်းများ ထပ်ထပ်ပြီးတော့ တရားတစ်မျိုးကို ဟောတော်မူရပါတယ်၊ အဲဒါကိုပဲ ဘုန်းကြီးတို့က အာရုံပြုပြီးတော့ ကြည့်တော့ ဉာဏ်တော်ကြီး အင်မတန်ကြီးပါလား၊ ဒီတရား ဒီတရားထဲမှာ ဒီသတ္တိလဲ ရှိတယ်, ဟိုသတ္တိလဲ ရှိတယ်၊ အဲ… ဒိပြင်သတ္တိလဲ ရှိတယ်နဲ့ ထပ်ထပ်ပြီးတော့ ဟောတော်မူလိုက်တာလို့ စာပေ လေ့လာတဲ့ ပုဂ္ဂိုလ်များအတွက်ကျတော့ အင်မတန်မှ ရှင်းသွားတယ်၊ လူဝတ်ကြောင်တွေကတော့ ဒီလောက်မရှင်းနိုင်တော့ ဘုန်းကြီးက နားလည်လောက်တဲ့ နည်းတွေနဲ့ လှည့်လည်ပြီးတော့ ဟောနေရတယ်။

ကုသိုလ်ရအောင် လုပ်နော်၊ ပါဠိတော်ရွတ်ပြီးတော့ နည်းနည်း အနက်ပေးမယ်။

စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတပစ္စယေန ပစ္စယော။
စတ္တာရော မဟာဘူတာ အညမညံ သဟဇာတပစ္စယေန ပစ္စယော။
သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ သဟဇာတပစ္စယောန ပစ္စယော။
စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။
မဟာဘူတာ ဥပါဒါရူပါနံ သဟဇာတပစ္စယေန ပစ္စယော။
ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ကိဉ္စိ ကာလေ သဟဇာတပစ္စယေန ပစ္စယော၊
ကိဉ္စိ ကာလေ န သဟဇာတပစ္စယေန ပစ္စယော။

စတ္တာရော - လေးပါးကုန်သော၊
အရူပိနော - နာမ်ဖြစ်ကုန်သော၊
ခန္ဓာ - နာမက္ခန္ဓာတို့သည်၊
(နာမက္ခန္ဓာလေးပါး ဆိုတာက ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာ အဲဒီ လေးပါးကို ပြောတယ်၊)
အညမညံ - အချင်းချင်း၊
သဟဇာတပစ္စယေန - သဟဇာတပစ္စယသတ္တိဖြင့်၊
ပစ္စယော - ကျေးဇူးပြုသည်၊
ဟောတိ - ဖြစ်၏။

စတ္တာရော - လေးပါးကုန်သော၊
မဟာဘူတာ - မဟာဘုတ်တို့သည်၊
(မဟာဘုတ်ဆိုတာ ရုပ်ထဲက ပထဝီ, တေဇော, အာပေါ, ဝါယော ဒီ လေးပါးကို ပြောတယ်၊)
အညမညံ - အချင်းချင်း၊
သဟဇာတပစ္စယေန - သဟဇာတပစ္စယ သတ္တိဖြင့်၊
ပစ္စယော - ကျေးဇူးပြုသည်၊
ဟောတိ - ဖြစ်၏။

ဩက္ကန္တိက္ခဏေ - ပဋိသန္ဓေအခါ၌၊
နာမရူပံ - နာမ်တရား, ရုပ်တရားသည်၊
အညမညံ - အချင်းချင်း၊
သဟဇာတပစ္စယေန - သဟဇာတပစ္စယ သတ္တိဖြင့်၊
ပစ္စယော - ကျေးဇူးပြုသည်၊
ဟောတိ - ဖြစ်၏။

စိတ္တစေတသိကာ - စိတ်, စေတသိက်ဖြစ်ကုန်သော၊
ဓမ္မာ - တရားတို့သည်၊
စိတ္တသမုဋ္ဌာနာနံ - စိတ်ကြောင့်ဖြစ်ကုန်သော၊
ရူပါနံ - ရုပ်တို့အား၊
သဟဇာတပစ္စယေန - သဟဇာတပစ္စယသတ္တိဖြင့်၊
ပစ္စယော - ကျေးဇူးပြုသည်၊
ဟောတိ - ဖြစ်၏။

ဆီမီး ဥပမာ

အဲဒီလို ဗုဒ္ဓမြတ်စွာက ဒီသဟဇာတပစ္စည်းကို ဟောတော်မူတယ်၊ ဒီ သဟဇာပစ္စည်းကို အဋ္ဌကထာဆရာများနဲ့ ရှေးဆရာတော်များက ဘယ်လို ဥပမာပြထားသလဲဆိုတော့ -

သဟဇာတပစ္စယော - အလင်းဖြစ်မှု ဆီမီးပြုသည့် တန္တုပမာ သဟဇာတ နာမနှင့်ရုပ် ဘူတုပ္ပါဒါ သန္ဓေခါလည်း ဝိပါဝတ္ထု ယင်း ခြောက်ခုအား တူငြားအဋ္ဌ သဘာဂတွင် တကွ မကွေ ဖြစ်စေခြင်း ဟူသော သဟဇာတသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော နာမ်မဟာဘု ဝတ္တု ဝိပါက သဟဇာတခြောက်ပါး ပစ္စည်းတရားသည်၊
အတ္ထိ - ပုဂ္ဂိုလ် သတ္တဝါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါသည်တကား၊
ဣတိ - ဤသို့၊
ဗောဓေန္တံ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာကျန သိပြီးမှလျှင် များလှဝေနေ သိစေတော်မူသော မြတ်စွာဘုရားကို၊
ဝန္ဒာမိ - ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ဘုရား။

သာဓု… သာဓု… သာဓု။

ဥပမာ ပြထားပုံက ဆီမီးတဲ့၊ ယခုခေတ် ဓာတ်မီး ပြောပါတော့၊ ဓာတ်မီးနှင့် အလင်းကို မီးထွန်းလိုက်သည်နှင့် တစ်ပြိုင်နက် မီးရောင် ပေါ်လာတယ်၊ မီးနှင့်မီးရောင် ဘယ်ဟာက အရင်တုန်း ဘယ်ဟာက အရင်ကျသတုန်း၊ မီးထွန်းလိုက်သည်နှင့် တစ်ပြိုင်နက် မီးရောင် ပေါ်လာတယ်၊ ဘယ်ဟာက အရင်တုန်း၊ တစ်ဦးနဲ့တစ်ဦး ကျေးဇူးပြုလိုက်တာ၊ မီးရောင်ကြောင့် အလင်းကို မြင် မီးကို မြင်ရတယ်၊ မီးရောင်ကြောင့် မီးကို မြင်ရတယ် ဆိုပါတော့၊ မီးထွန်းထားတဲ့ မီးတောက်ကို မြင်ရတယ်၊ မီးကြောင့် မီးတောက်ကြောင့် မီးရောင် မြင်ရတယ်၊ အင်မတန် သိမ်သိမ်မွေ့မွေ့နဲ့ အပြန်အလှန် ကျေးဇူးပြုနေတယ်။

အဲဒီလိုဘဲ နာမ်ခန္ဓာလေးပါးဟာလေ တစ်ပါးတစ်ပါး ကျေးဇူးပြုနေလိုက်တာ၊ "ခန္ဓာ သုံးပါးကို ခန္ဓာတစ်ပါးက ကျေးဇူးပြု၊ ခန္ဓာတစ်ပါးကို ခန္ဓာသုံးပါးက ပြန်ပြီးတော့ ကျေးဇူးပြု၊ ခန္ဓာနှစ်ပါးကို ခန္ဓာနှစ်ပါးက ကျေးဇူးပြု" ဒီလိုပေါ့လေ၊ ကျေးဇူးပြုနေလိုက်တာ တစ်ပြိုင်တည်း တစ်ပြိုင်တည်း ဖြစ်တုန်းက အတူတူ ဖြစ်ပြီးတော့ ကျေးဇူးပြုနေလိုက်ကြတာ အားပေးနေလိုက်ကြတာ၊ တစ်ရပ်တစ်ပြည်က ဘုန်းကြီးတို့ ညီအစ်ကို လေးယောက်ဆိုပါတော့၊ ညီအစ်ကို လေးယောက် တစ်ရွယ်တည်း တစ်ရွယ်တည်း သတ္တိကောင်းတွေ၊ အဲဒီ ညီအစ်ကို လေးယောက်ဟာ အိမ်မှာ ညီအစ်ကို တစ်ယောက်က အစ်ကို သုံးယောက်ကို ကျေးဇူးပြုတယ်။

ဘယ်လို ကျေးဇူးပြုတုန်း၊ အကုန်လုံး ကျေးဇူးပြု၊ စီးပွားရှာတဲ့ နေရာမှာလဲ ကျေးဇူးပြု၊ စားတဲ့သောက်တဲ့ နေရာမှာလဲပဲ ကျေးဇူးပြု၊ တစ်ဖက်က လူတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တော့လဲပဲ ကျေးဇူးပြု၊ အချင်းချင်း အပြန်အလှန် ကျေးဇူးပြု၊ အဲဒီလို အဲဒီလို သဘော၊ ရုပ်နာမ်တရားတွေ အတူတူ ဖြစ်ကြတဲ့ နေရာမှာ နာမ်ခန္ဓာလေးပါးက အချင်းချင်း ကျေးဇူးပြုတယ်၊ တစ်ခါ နာမ်ခန္ဓာလေးပါးက သူတို့အချင်းချင်း ကျေးဇူးပြုရပုံတင် ကမဘူး၊ သူတို့ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်ကို လဲပဲ ကျေးဇူးပြုလိုက်သေးတယ်။

အဲဒီ စိတ္တဇရုပ်ကတော့ စိတ်ကိုပြန်ပြီး ကျေးဇူးမပြုဘူး၊ ဒီနေရာမှာ နာမ်ကပြုတဲ့ ရုပ်ပေါ်လာပြီး၊ ဒီတော့ ဒီနေရာမှာ နာမ်နဲ့ရုပ်က ဘာနှင့်တူတုန်းဆိုတော့ မိဘနှစ်ပါးနှင့် လူမမယ် သားကလေး နှစ်ယောက်နဲ့ တူနေတယ်၊ မိဘနှစ်ပါးကတော့ အချင်းချင်း အပြန်အလှန် ကျေးဇူးပြု၊ စီးပွားရှာတဲ့နေရာမှာ ကျေးဇူးပြု၊ နေတဲ့ထိုင်တဲ့နေရာမှာ ကျေးဇူးပြု၊ လူမမယ် သားကလေး နှစ်ယောက်ကတော့ မိဘကို ပြန်ပြီးတော့ ဘာကျေးဇူးမှ မပြုနိုင်ပါဘူး၊ သူက မှီခိုနေရုံပဲ ရှိသေးတယ်၊ အဲဒီလိုပဲ ရုပ်က နာမ်ကို ဘာမှ ပြန်ပြီး ကျေးဇူးမပြုနိုင်ဘူး၊ ဒါ ဘယ်လောက် ခက်တာတုန်း။

တစ်ခါ ဘုန်းကြီးက ဒီဟာနဲ့အလားတူ ပစ္စည်းတစ်ပါးကို ဆက်ပြောမယ်။

၇။ အညမညပစ္စယော (အညမညပစ္စည်း)

အညမညပစ္စယောတိ - စတ္တာရော ခန္ဓာ အရူပိနော အညမညပစ္စယေန ပစ္စယော

ဒီလိုပဲ ဆိုထားတယ်၊ နာမ်ခန္ဓာ လေးပါးက အပြန်အလှန် ကျေးဇူးပြုတယ်၊ ရုပ် မပါလာဘူး၊ မဟာဘုတ် လေးပါးကလည်း ပထဝီ အာပေါ တေဇော ဝါယော အတူတူ ဖြစ်ကြတယ်၊ အချင်းချင်း ကျေးဇူး ပြုကြတယ်၊ ဒိပြင် သတ္တိညံ့တဲ့ ဥပါဒါရုပ် မပါလာဘူး။

ဩက္ကန္တိက္ခဏေ - ပဋိသန္ဓေခဏ၌၊
နာမရူပံ - နာမ်ရုပ်သည်၊
အညမညပစ္စယေန - အညမညပစ္စယ သတ္တိဖြင့်၊
ပစ္စယော - ကျေးဇူးပြုသည်၊
ဟောတိ - ဖြစ်၏။

လို့ ဆိုတော့ ရုပ်ကပြန်ပြီး ကျေးဇူးပြုတဲ့ နေရာက ဒီနေရာ ရှိနေတယ်။

ပဋိသန္ဓေနေတော့ ဘုန်းကြီးက မနေ့က ပြောခဲ့တယ်၊ ပဋိန္ဓေစိတ်ရယ် စေတသိက်ရယ် ကံကြောင့် ဖြစ်တဲ့ ရုပ်ရယ်၊ ဘုန်းကြီးတို့ လူ့လောကမှာ ဆိုလို့ရှိရင် ရုပ်ကလာပ် သုံးစည်း ရတယ်၊ ဒီလို ပဋိသန္ဓေ နေတော့ မယ်တော့် ဝမ်းမှာ ပဋိသန္ဓေစိတ်ရယ် စေတသိက်ရယ်၊ ဒါ နာမ်ခန္ဓာလေးပါး၊ ပြီးတော့ ကံကြောင့် ဖြစ်တဲ့ရုပ်ရယ်၊ အဲဒီကျတော့ ပဋိသန္ဓေစိတ်နဲ့ စေတသိက်က ရုပ်ကို ကျေးဇူး ပြုတယ်။

ကမ္မဇရုပ်ကလဲ ပဋိသန္ဓေစိတ်နဲ့ စေတသိက်ကို ပြန်ပြီးတော့ ကျေးဇူးပြုတယ်၊ ဒီနေရာမှာ ရုပ်ကပြန်ပြီးတော့ ကျေးဇူးပြုနိုင်တယ်၊ ဒါက ဘယ်လောက် ခက်တာတုန်း၊ လူတွေ ဘယ့်နှယ်မှ နားမလည်အောင် ခက်မသွားပါဘူး၊ အဲဒါ အညမညပစ္စည်းလို့ ဆိုတာဟာ ဟို သဟဇာတ ပစ္စည်းလို အတူဖြစ်ရုံတင် မကဘူး၊ အပြန်အလှန် ကျေးဇူးပြုနိုင်တဲ့ တရား၊ ဒါတွေကို အညမည ပစ္စည်းလို့ ဘုရားရှင်က ဟောတော်မူထားတယ်၊ အဲဒီ အညမည ပစ္စည်းကျတော့ ရှေးဆရာတော် များက အဋ္ဌကထာ ဆရာတော်များက ဥပမာ ပြထားတယ်လေ၊ အို … သစ်သားသုံးခွ ထောက်ထားတယ် သုံးချောင်းထောက်ပေါ့။

သုံးချောင်းထောက် ဥပမာ

သုံးချောင်းထောက် ခွေးခြေဟာ ဟို ခြေတစ်ချောင်းက နှစ်ချောင်းကို ကျေးဇူးပြု၊ ခြေနှစ်ချောင်းက တစ်ချောင်းကို ကျေးဇူးပြု၊ ခွဲလို့မရဘူး ခွဲလို့မရဘူး၊ သူတို့သုံးချောင်းက တစ်ချောင်း လဲသွားရင် ကျန်နှစ်ချောင်းစလုံးပဲ လဲတယ်၊ ဒါ အပြန်အလှန် အင်မတန် အကျိုးကျေးဇူး ပြုနေတာ၊ နည်းနည်းမှ တစ်ခုပျက်လို့ မရဘူး၊ အဲဒီလိုပဲ နာမ်ခန္ဓာလေးပါး အတူဖြစ်ကြတယ်၊ တစ်ပါးက သုံးပါးကို၊ သုံးပါးက တစ်ပါးကို အပြန်အလှန် ကျေးဇူးပြုတာ၊ တစ်ပါးမှ ပြောင်းလို့ လွှဲလို့ မရဘူး၊ ပဋိသန္ဓေအခါမှာ နာမ်နဲ့ရုပ်နဲ့ ခုနက ပြောတဲ့ဟာ နာမ်က ရုပ်ကို ကျေးဇူး မပြုရင် ရုပ်က နာမ်ကို ကျေးဇူး မပြုဘူး၊ အချင်းချင်း အပြန်အလှန် ကျေးဇူး မပြုဘဲနဲ့ တစ်ပါးတည်းနဲ့ မရဘူး။

ဒါကြောင့် သစ်သားသုံးခွဟာ တစ်ခုနဲ့တစ်ခု ထောက်မပြီးတော့ မလဲအောင် ပြိုမကျအောင် ကျေးဇူးပြုနေ သလိုပဲ၊ နာမ်ခန္ဓာတရားတွေ ပဋိသန္ဓေ ကမ္မဇရုပ်နဲ့၊ နာမ်ခန္ဓာ တရားတွေ မဟာဘုတ် လေးပါးတွေ အချင်းချင်း ထောက်ပြီးတော့ ကျေးဇူးပြုနေတာပဲတဲ့၊ ဗုဒ္ဓမြတ်စွာက ဟောတော်မူတဲ့ အတိုင်းလေ ရှေးအဋ္ဌကထာ ဆရာတော်တို့က စပြီးတော့ ပုဂ္ဂိုလ်ကြီးတွေက ဥပမာ ပြောထား တယ်နော်။

အညမညပစ္စယော - သစ်သားသုံးခွ ချင်းချင်းမသို့ ဥပကာရာ ထောက်ပံ့လာသော နာမ်မဟာဘု ဝတ္ထု နာမ်အား တူရှစ်ပါးတွင် ထောက်ထားလှန်ပင်း အချင်းချင်း ဟူသော အညမည သတ္တိထူးဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော နာမ် မဟာဘု ဝတ္ထု ပါက အညမည သုံးပါး ပစ္စည်းတရားသည်၊
အတ္ထိ - ပုဂ္ဂိုလ် သတ္တဝါ သူငါ မနှော တရားသဘောသာ ထင်ရှားရှိပါသည်တကား၊
ဣတိ-ဤသို့၊
ဗောဓေန္တံ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာကျန သိပြီးမှလျှင် များလှဝေနေ သိစေတော် မူသော မြတ်စွာဘုရားကို၊
ဝန္ဒာမိ - ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ဘုရား။

သာဓု … သာဓု … သာဓု

ပစ္စည်းက ဒီတရားသဘောအတိုင်းပဲ၊ ဘုန်းကြီး ပြီးတော့ တော်တော်ကြာတော့ သုတ္တန်သဘောနဲ့ ရှင်းပြောမယ်၊ အညမည ပစ္စည်းနောက်မှာ နိဿယ ပစ္စည်းကလဲ ဤအသွားမျိုး လုံးလုံး တူနေအောင် သွားတဲ့ အသွားမျိုး ရှိသေးတယ်၊ မတူတဲ့ အပိုင်းလဲ ရှိတယ်၊ တူအောင် သွားနေတဲ့ အပိုင်းကို ဘုန်းကြီး ကြည့်ပြောရမှာမို့ နိဿယပစ္စည်းကိုလဲ ဆက်ပြောဦးမယ်။

၈။ နိဿယပစ္စယော (နိဿယပစ္စည်း)

စတ္တာရော ခန္ဓာ အရူပိနော အညမညံ နိဿယပစ္စယေန ပစ္စယော

ခုနက ပါဠိပဲ၊ ဒီမှာကြည့်။

စတ္တာရော မဟာဘူတာ အညမညံ နိဿယပစ္စယေန ပစ္စယော

ဩက္ကန္တိက္ခဏေ - ပဋိသန္ဓေ ခဏ၌၊
နာမရူပံ - နာမ်ရုပ်သည်၊
အညမညံ - အချင်းချင်း အပြန်အလှန်၊
နိဿယပစ္စယေန - နိဿယပစ္စယ သတ္တိဖြင့်၊
ပစ္စယော - ကျေးဇူးပြုသည်၊
ဟောတိ - ဖြစ်၏။

အဲဒီ အလားတူ အကုန်လုံး အတူသွားတဲ့နည်းက တစ်နည်း ရှိတယ်၊ မတူတဲ့ နည်းက တစ်နည်း ရှိတယ်။

မတူတဲ့ နည်းကျတော့ ဘုန်းကြီးက နောက် ပုရေဇာတပစ္စည်းကျတော့ ပြောမယ်၊ အဲဒီကျမှ အဲဒီ ပုရေဇာတ ပစ္စည်းကျမှ ဒီ နိဿယပစ္စည်းကို ထပ်ပြောမှာမို့လို့ မတူတာကို ဘုန်းကြီး မပြော သေးဘူး၊ တူတာကို ပြောမှာ။

အဲဒီ နိဿယပစ္စည်းကိုတော့ ရှေးဆရာတော်များက အဋ္ဌကထာ ဆရာတော် များကစပြီးတော့ ဥပမာ ပြထားတယ်၊ သစ်ပင်စိုက်တဲ့ မြေတဲ့၊ သစ်ပင်စိုက်တဲ့ မြေဟာ မြေက အရင်ဖြစ်နှင့်တယ်၊ သစ်ပင်က နောက်မှ၊ အဲဒီ သစ်ပင်ဟာ ဘယ်မှာ မှီတုန်းလို့ဆိုရင် မြေပေါ်မှာ မှီတယ်၊ အဲသလိုပဲ နိဿယဆိုတဲ့ ပစ္စည်းပေါ်မှာ နောက်မှဖြစ်တဲ့ ပစ္စယုပ္ပန်လို့ ခေါ်တဲ့ နောက်မှ ဖြစ်တာတွေက မှီတယ်၊ အကျိုး တရားတွေကို ပစ္စယုပ္ပန်လို့ ခေါ်တယ်။

မြေကြီးပမာ

အဲ … မြေကြီးပေါ်မှာ သစ်ပင် မှီရသလိုပဲ၊ ဒီ အကြောင်းတရား တွေက ရှေးအကြောင်းတရားတွေ အပေါ်မှာ အကျိုးတရားက မှီရတယ်၊ သစ်ပင် ရှိတဲ့မြေဟာ အဲဒီ မှီတဲ့အချိန်မှာ မြေက ရှိတယ်၊ သစ်ပင်လဲ ရှိတယ်၊ သဟဇာတ မှီတော့ မှီတာပဲ၊ မြေလဲ ရှိတယ်၊ သစ်ပင်လဲ ရှိတယ်၊ အဲ … မြေကို သစ်ပင်က မှီရသလိုပဲ အတူဖြစ်တဲ့ ခုနက ခန္ဓာတွေဟာ အချင်းချင်း ကျေးဇူးပြုတဲ့အပြင် တစ်ပါး တစ်ပါးကို မှီရတယ်။

ပန်းချီကားပမာ

တစ်ခါ ဟို ပန်းချီဆေးရေး ရုပ်ရေးဖို့ ကားပုံ ကြက်ထားတယ်၊ ဒီကားပုံပေါ်မှာ ဘယ်သူက မှီရသလဲ ပန်းချီဆေးရေးရုပ်က မှီရပါတယ်၊ ကားပုံ မပါရင် မဖြစ်ဘူး၊ အဲသလိုပဲ ကားပုံကလဲ ရှိဦးမှ ပန်းချီဆေးရေးရုပ်က မှီပြီးတော့ အရုပ်ပေါ်ရတယ်၊ အဲသလိုပဲ မှီရာ အဖြစ်နဲ့ ကျေးဇူးပြုတဲ့ တရားတွေကို နိဿယပစ္စည်းလို့ ခေါ်ပါတယ်။

ပစ္စည်းတရားကတော့ ပြောခဲ့တဲ့ သဟဇာတ ပစ္စည်းတို့လို သဟာဇာတ နိဿယလဲ ရှိတယ်၊ ဒါပေမယ့် ပုရေဇာတတို့လို ပုရေဇာတနိဿယ ပစ္စည်းတရားလဲ ရှိတယ်လို့ နှစ်မျိုး ခွဲထား တယ်နော်။

နိဿယပစ္စယော - သစ်ပင်စိုက်မြေ သစ်ပင်တွေ၏ မသွေမှီရာ ပုံပမာနှင့် တစ်ဖြာပန်းချီ ဆေးရုပ်မှီဖို့ ညီညီကြက်ထား အဝတ်ကားသို့ ဖြစ်ငြားမသွေ ရှေးရှေးမြေလျှင် ဖြစ်ရာမှီရာ တည်ရာဖြစ်သော သတ္တိထူးဖြင့် ကျေးဇူးပြုသော သဟာဇာတနိဿယ ပုရေဇာတနိဿယ နှစ်ပါး ပစ္စည်းတရားသည်၊
အတ္ထိ - ပုဂ္ဂိုလ် သတ္တဝါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါသည် တကား၊
ဣတိ - ဤသို့၊
ဗောဓေန္တံ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာကျန သိပြီးမှလျှင် များလှဝေနေ သိစေတော် မူသော မြတ်စွာဘုရားကို၊
ဝန္ဒာမိ - ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ဘုရား။

သာဓု … သာဓု … သာဓု

ဒုစရိုက် ၁၀-ပါးနှင့် ပစ္စည်းတရား

ဒီတော့ ဒီပစ္စည်း သုံးပါးကို ကနေ့ ဦးတည်ပြီးတော့ အပြင်ဘက်က သုတ္တန်သဘောနဲ့ ပြောပြမယ်၊ ဒီတော့ ဟိုပစ္စည်းဆိုတာ ပြီးပြီးသား ပစ္စည်းတွေဟာ အလွတ် သက်သက် မဟုတ်ဘူး၊ ဟေတုပစ္စည်း အာရမ္မဏပစ္စည်း အဓိပတိပစ္စည်း သုံးပါးကလဲ ပါရပါတယ်၊ အနန္တရ သမနန္တရ ပစ္စည်းကလဲ ဒီအတိုင်း ပါနေရပါတယ်၊ သက်သက် တခြားစီ တခြားစီ မဟုတ်ပါဘူး၊ အဲဒီတော့ ဘုန်းကြီးက ကနေ့ လူတွေ နားလည် လောက်အောင်လို့ ဆိုပြီးတော့ ဒုစရိုက် ဆယ်ပါးနှင့် ဒီပစ္စည်းတွေကို ပြောကြည့် စမ်းမယ်လေ၊ နားလည် မလည်ဆိုတာကတော့ ပြီးတော့မှ သိရမှာ၊ ဘုန်းကြီးကတော့ နားလည် အောင် ကြိုးစားပြီးတော့ ပြောမယ်။

ပါဏာတိပါတနှင့် ပစ္စည်းတရား

ပါဏာတိပါတ = သူ့အသက် သတ်မှု၊ သူ့အသက်သတ်မှု ဆိုတဲ့ ပါဏာတိပါတ အကုသိုလ် ဒုစရိုက်မှု တစ်ခုပဲ၊ ဘယ်လောက်များ ကျယ်ပြန့်သတုန်း ဆိုတော့ ဒီပိုးကောင် မွှားကောင်တွေ အဲ … သန်း ကြမ်းပိုး ခြင်ကလေးတွေ သတ်လိုက်တယ်၊ ဒီတော့ ဒေါသရှိတယ်၊ အဲ … ဘတ်ခနဲ ပုတ်လိုက် တယ်ဆိုရင် ဒီ ဒေါသရှိတယ်၊ ခဏကလေး ခဏကလေး၊ ရယ်လား မောလား စကား ပြောလား စားသောက်လား ထဲက ခြင်ကိုက်တာနဲ့၊ ဘတ်ခနဲ၊ အဲ … ခြင်ကိုက်တဲ့ နေရာ ခြင်ကလေးသည် အာရုံ၊ အာရမ္မဏပစ္စည်းပဲ၊ အဲဒီ ခြင်ကို ပုတ်လိုက်တဲ့ အချိန်ကလေးဟာ ဘာမှ မကြာဘူးနော်။

ဒိပြင်ကိစ္စဆိုပါတော့ စားလို့သောက်လို့ပျော်လို့ပါးလို့၊ ဒိပြင် လောဘကိစ္စတွေ ဖြစ်နေတယ် ဆိုပါတော့၊ ဒါမှမဟုတ် ဘုရား အာရုံပြုနေတယ် ဆိုပါတော့၊ ဘတ်ခနဲ ပုတ်လိုက်တဲ့အချိန်မှာ ခြင်ကလေးက အာရမ္မဏပစ္စည်း၊ ပုတ်လိုက်တဲ့ အခါမှာဖြစ်တဲ့ ဒေါသစိတ်က ဟေတုပစ္စည်း၊ ဒေါသ က ဟေတုပစ္စည်း ဒေါသနှင့်အတူ ယှဉ်ဖြစ်တဲ့ စိတ်စေတသိက်က ဟေတုပစ္စည်း ကြောင့်ဖြစ်တဲ့ အကျိုးပစ္စယုပ္ပန်တွေ။

အဲဒီအခါမှာ ရုပ်ကလဲ ပါလာတယ် မဟုတ်လား၊ တစ်နေ့တုန်းက ပြောတယ်၊ ဒါကြောင့် ဒီရုပ်က စိတ်ကြောင့် ဖြစ်တဲ့ရုပ်က လက်ကိုလေ ဘတ်ခနဲ ပုတ်နိုင်လောက်အောင် ဆွဲတာပဲ၊ ဒါကြောင့် ဟေတုပစ္စည်း အာရမ္မဏပစ္စည်း၊ ဒီခြင် သေးသေးကလေး ပုတ်တဲ့နေရာမှာ ဒီဒေါသနှင့် မောဟ ဟိတ်က ဟေတုပစ္စယ သတ္တိနှင့် ကျေးဇူးပြုလို့ ဒီစိတ် စေတသိက်တွေဖြစ်လို့ ဒီရုပ်တွေဖြစ်လို့ ခြင်ကလေး ဘတ်ခနဲ အပုတ်ခံရတဲ့အဖြစ် ရောက်တယ်။

ကဲဒါဖြင့် အနန္တရပစ္စည်းနဲ့ဆိုတော့ လက်ဖျစ် တစ်ချက်တီးခန့်ကာလမှာ ဒေါသဝီထိစိတ်တွေ ကုဋေ တစ်သိန်းလောက် ဖြစ်တယ်၊ အဲဒီ ဒေါသစိတ် တစ်စိတ်တည်း ဖြစ်တယ်လို့ မထင်လိုက်နဲ့၊ ခြင်ကလေးပုတ်တဲ့ စက္ကန့်ပိုင်း မိနစ်ပိုင်းလောက်မှာ ခြင်ကလေး သေသွားတယ်၊ အဲဒီ ခြင်ကလေး ပုတ်တဲ့စိတ်လဲ စက္ကန့်ပိုင်းမှာ ဖြစ်တယ်၊ အဲဒီ တစ်စက္ကန့်ပိုင်း လက်ဖျစ် တစ်ချက်တီးခန့်မှာ ကုဋေ တစ်သိန်းမက ဖြစ်နေတာဖြစ်တော့ ဒေါသစိတ် စေတသိက် ဒေါသစိတ် စေတသိက် ကုဋေတစ်သိန်း မက ဖြစ်တယ်၊ ဒီစိတ်ကြီးဟာ ခြင်ရိုက်တဲ့နေရာကို ရောက်လောက်အောင် ဒီစိတ် တွေဟာ ဆွဲဆောင်သွားလို့ စိတ္တဇရုပ်တွေ လှမ်းပြီး တော့ ဟောဒီ ခြင်ကလေးကို ပုတ်မိတဲ့ အဖြစ်မျိုးသို့ ရောက်ပါတယ်။

ဒီတော့ ဟေတုပစ္စည်း ပါတယ် အာရမ္မဏပစ္စည်း ပါတယ် အဓိပတိ ပစ္စည်းတော့ ပါချင်မှ ပါမယ်၊ ဒါပေမယ့် စိတ်တစ်ခုနဲ့စိတ်တစ်ခု ကျေးဇူးပြုတဲ့ အနန္တရ သမနန္တရပစ္စည်း ဒီမှာ ပါနေတယ်၊ အဲဒီ ခြင်ကလေးကို ပုတ်ဖို့ရန် ဖြစ်တဲ့ဒေါသ အခိုက်အတန့်မှာ ဒေါသက အဲ … သဟဇာတ နာမ်ခန္ဓာ တစ်ပါး၊ သူနဲ့ ဖြစ်ဖော်ဖြစ်ဖက် ဖြစ်တဲ့ စိတ်တွေက နာမ်ခန္ဓာတစ်ပါး၊ အဲ ဝေဒနာသညာ တို့က နာမ်ခန္ဓာနှစ်ပါး၊ အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတယ်၊ သဟဇာတပစ္စည်း ပါတယ် အညမည ပစ္စည်း ပါတယ်၊ သူတို့အချင်းချင်း မှီပြီးတော့ ဒီခြင်ကလေး ပုတ်ရပါမည့်အကြောင်း ပစ္စည်းပေါင်း ဘယ်လောက် ပါသလဲဆိုတော့ သိပ်ပြီးတော့ များတာပဲ၊ ဒီတော့ အကျိုးပေးတော့ မပေးဘဲ နေမှာလား၊ မနည်းဘူး။

ဒီ သတ္တိတွေနဲ့ ခြင်ကိုသတ်ရတဲ့ အကြောင်းဟာ ပါဏာတိပါတကို နက်နက်နဲနဲ ကြည့်လိုက်၊ ခြင်သတ်တာထက် ပိုပြီးတော့ ကြီးမားတဲ့ တိရစ္ဆာန်သတ်တဲ့ အခါကျတော့ ဒီဒေါသ ဒီမောဟ ဒီစိတ် ဒီစေတသိက်တွေ ပိုပြီးတော့ ပြင်းလာတယ် များလာတယ်၊ ဒီတော့ အကုသိုလ်က များလာတယ်၊ လူကို သတ်တော့မယ်လို့ ဆိုတဲ့အခါ ရှေးက ကြိုးစားတဲ့ စိတ်တွေ ဒီဒေါသ ဒီစေတသိက်တွေ ပိုဖြစ်တယ် များများ ဖြစ်တယ် ကြာကြာ ဖြစ်တယ် ထက်ထက် သန်သန် ဖြစ်တယ်၊ လူသတ်ရတဲ့ အခါမှာ ခြင်သတ်ရသလောက် မပေါ့ဘူး၊ ထက်ထက် သန်သန် အဲဒီလိုနဲ့ ဖြစ်တယ်၊ တဖြည်းဖြည်း တက်တက် တက်သွားလိုက်တာ၊ တကတည်း လူတောင်မှ လူသတ်ပြီ ဆိုလို့ရှိရင်ဖြင့် သိပ်ပြီးတော့ ဒီက စိတ်တွေက လှုံ့ဆော်ရတယ်၊ သိပ်ပြီးတော့ အားပေးရတယ်။

အဲဒါကြောင့် သိပ်အားပေးရတယ်၊ အဲဒါကြောင့် အပြစ်ကြီးတဲ့ အခါကျတော့ မြင့်မြတ်တဲ့ အထက်တန်း ပုဂ္ဂိုလ်တွေကို သတ်တဲ့လူတွေဟာ ပိုပြီးတော့ အကုသိုလ် ကြီးမားတယ်၊ အကုသိုလ် အပြစ်တွေက ပိုပြီး ကြီးလာတယ်၊ ဒီမှာ ဖြစ်ပုံက သိပ်ကြီးတာပဲ၊ သူများမပြောနဲ့ ဘုန်းကြီးတို့ ရှင်ဒေဝဒတ်က မြတ်စွာဘုရားကို ဂိဇ္ဈကုဋ်တောင်ပေါ်က ကျောက်နှင့်ကို လှိမ့်ပြီးတော့ သတ်တာပဲ၊ ဘုရားကို သတ်တော့လဲ ရှင်ဒေဝဒတ်ရဲ့ အဲဒီခန္ဓာမှာလေ ဒီဒေါသပဲ၊ သို့သော် ပြင်းနေတယ်၊ ဒီစိတ်တွေပဲ ဒီစိတ်တွေ ပြင်းနေတယ်၊ ဒီစိတ္တဇရုပ် ဒီရုပ်တွေပဲ ပြင်းနေတာ ပြင်းနေတာ၊ ဒီတော့ မြတ်စွာဘုရားကို ကျောက်နှင့် လှိမ့်ချတော့ ရှင်ဒေဝဒတ်ရဲ့အကုသိုလ်ဒေါသမှာ ဟေတုပစ္စည်း ပါတယ်၊ သဟဇာတ အညမညပစ္စည်း ပါတယ်၊ မြတ်စွာဘုရား တည်းဟူသော အာရုံတော်မြတ် ကြီးလဲ ပါတယ်၊ အာရမ္မဏ ပစ္စည်းနဲ့၊ အဲဒီ ကိစ္စမှာ သက်ဆိုင်ရာက ရှင်ဒေဝဒတ် အဝီစိမှာ ကျလောက်တဲ့ အကျိုးကို ပေးတာပဲ၊ ပြင်းထန်သလောက် ဟိုမှာ အကျိုးပေးတာပဲ။

ဘုန်းကြီးတို့က မြင်လွန်းလို့ မြင်လွန်းလို့၊ မြင်တာက ဒီလိုလေ၊ ဘုရားဟောတာ သိလွန်းလို့ သိလွန်းလို့၊ ဒါကြောင့်မိုလို့ ဘုန်းကြီးတို့က ထိန်းပေးနေတာ တရားနဲ့ ထိန်းပေးနေတာ၊ ဒီ အပြစ်တွေကို မြင်လွန်းလို့ ပါဏာတိပါတ အကြောင်းကို သိပြီနော်၊ အဲ … သူများ သတ်ဖြတ်နေကြ တာလဲ သိပြီနော်။

အဒိန္နာဒါနာနှင့် ပစ္စည်းတရား

အဒိန္နာဒါန = သူ့ဥစ္စာကိုခိုးတယ်လို့ ဆိုတာဟာ အရင်ကတော့ ခိုးတယ်ဆိုတာဟာ (အိမ်များ ဝင်ပြီးတော့ ခိုးတယ်၊) တိတ်တိတ် သူမသိအောင် ခိုးလိုက်တယ်၊ အဲ … ဓားပြ တိုက်တယ် အနုကြမ်း စီးတယ်၊ ဒီလောက်သာ သိတာ၊ ဒီလောက်သာ သိတာ၊ သိပ်သနားစရာက ဘုန်းကြီးတို့ ကျမ်းစာ သုတ္တန်ကျတော့ အလေးကို ကောက်ကျစ်စဉ်းလဲပြီးတော့ ကိုယ်ကပေးရမယ့် အခါ ကျတော့ ပေါ့ပေါ့ အလေးနဲ့ ပေးတယ်၊ ကိုယ်က ယူရမယ့် အခါကျတော့ လေးလေး ပင်ပင် အလေးနဲ့ များများရအောင်၊ တစ်ခါ ကိုယ်ကပေးတဲ့ အခါကျတော့ တင်းတောင်း ခပ်သေးသေး ကလေးနဲ့ မသိမသာထည့်ပုံက လျှော့တယ်၊ နို့ပေမယ့် အဝင်ချင်း မတူဘူး၊ ခွက်တို့ တင်းတောင်းတို့ ခပ်သေးသေးနဲ့ ကိုယ်ကယူရမယ့် အခါကျတော့ ခွက်တို့တင်းတောင်းတို့ ခပ်ကြီးကြီး၊ ထည့်ပုံကတော့ အတူတူပဲ၊

အဲဒီလို တကတဲ အဒိန္နာဒါနတွေလေ ရောင်းရင်း ဝယ်ရင်း အဲ … ကူးသန်းရင်း သူဌေးကြီးတွေ လုပ်ရင်း ရောင်းလိုက်ကြ ဝယ်လိုက်ကြတာ၊ အဲ မမှန်မကန် ရွှေကလေးတွေနဲ့ မမှန်မကန် ငွေကလေးတွေနဲ့ ရောင်းလိုက်ကြ ဝယ်လိုက်ကြတာ အတုတွေနဲ့၊ တကတဲ အဒိန္နာဒါနတွေ ဒီအထဲမှာ တစ်ခါ အဒိန္နာဒါန ဖြစ်ပါမည့် အကြောင်း မုသားက ရှေ့က နေရတယ် ညာရတယ်၊ မျက်နှာထား ဟန်ဟန် ပန်ပန်နဲ့ ညာရတယ်၊ ခု ဒီအတိုင်း လောကကြီး ဖြစ်နေတာ၊ ပြီးတော့ကာ အဒိန္နာဒါန ကိစ္စမှာ လိမ်ကြ ညာကြ ဖြန်းကြ၊ ပရိယာယ်နှင့် လှည့်ကြ ပတ်ကြ ရောင်းကြ ဝယ်ကြ၊ အကုန်လုံး ငါးပါးသီလ ပျက်နေကြတယ်၊ ငါးပါးသီလ ပျက်နေကြတယ်။

ပျက်နေကြတော့ အဲဒီ အခါမှာ ရောင်းရင်း ဝယ်ရင်း၊ အဲ ခိုးရင်း တိုက်ရင်း ဟောဒီမှာ လောဘ လာနေပြီ၊ ဟိတ် လောဘဟိတ် အဲဒီ လောဘဟိတ်က ယှဉ်ဖက်ဖြစ်တဲ့ စိတ်တွေ စေတသိက်တွေ ကျေးဇူးပြုလိုက်တာ သဟဇာတပစ္စည်းနဲ့ ကျေးဇူးပြုတယ်၊ အာရမ္မဏက ဘယ်လိုတုန်း ဆိုတော့ ရွှေလိမ်လို့ရှိရင် ရွှေလဲအာရုံ၊ လိမ်ရမယ့်သူလဲ အာရုံ၊ ဒီ ဒါတွေ မပါဘဲ ဖြစ်ကို မဖြစ်တာ ဖြစ်ကို မဖြစ်တာ၊ ရွှေကလဲ ရွှေအာရုံ၊ အလိမ်ခံရမယ့်သူကလဲ အလိမ် ခံရမယ့်သူ အာရုံ၊ အဲ စပါးတွေ ဆန်တွေ ပဲတွေ ကူးသန်း ရောင်းဝယ်တော့လဲ တင်းတွေ တောင်းတွေ ဆန်တွေက အာရုံ၊ ခုနက လောဘက အာရမ္မဏပစ္စည်းနဲ့ ကျေးဇူးပြုခံရတဲ့ ပစ္စယုပ္ပန်၊

ဒီလို ဖြစ်နေပြီးတော့ ဒီလောဘ ဖြစ်နေတဲ့အခါမှာ စိတ်တွေ စေတသိက်တွေက ခန္ဓာလေးပါးလုံး ပါနေတော့ အညမညပစ္စည်းနဲ့ ကျေးဇူးပြုတယ်၊ မှီရာနိဿယ ပစ္စည်းနဲ့ ကျေးဇူးပြုတယ်၊ ဒါကြောင့် လိမ်လည် လှည့်လိုမှု လောဘ၊ အဲ မတရား ရောင်းဝယ်မှု လောဘက နည်းနည်းကလေးလို့ သူတို့ထင်တာ၊ ဘုန်းကြီးတို့က စိတ်တွေ ဘယ်လောက် ဖြစ်နေပြီးတော့ ဘယ်လောက် ကျေးဇူးပြုနေတာ သိနေတယ်၊ ဒီ လောဘ ဒီ ဟေတုပစ္စည်းမှာ ဝိုင်းပြီးတော့ ကျေးဇူးပြုလိုက်တာ၊ အကျိုးပေးတဲ့ အခါကျတော့လေ သူများ ပစ္စည်းကို မတရားယူခဲ့တဲ့ အတွက်ကြောင့် လှည့်စား ပြီးတော့ မတရား ယူခဲ့တဲ့ အတွက်ကြောင့် သူဌေးဘဝက သေသွားတော့ မရှိဆင်းရဲတဲ့ ဘဝ ရောက်နိုင်တယ်။

ရှင်ဘုရင်ဘဝက သေသွား၊ မတရားအခွန်တွေ ကောက်ပြီ ဆိုလို့ရှိရင် ရှင်ဘုရင်ပိုင် တစ်ဦးပိုင် ဆိုလို့ရှိရင် ရှင်ဘုရင်မှာ အဒိန္နာဒါန အကုသိုလ် ဒုစရိုက်တွေ ဖြစ်နေတာပဲ၊ ကြောက်စရာ ကြောက်စရာ ကြောက်စရာ၊ တစ်ခါ ဘုန်းကြီးလုပ်ပြီးတော့ ညာပြီးတော့ အလှူခံကြတယ်၊ အဒိန္နာဒါန အဒိန္နာဒါန၊ သူက ဘုန်းကြီး လုပ်ပြီးတော့ ပြောလို့သာ လှူလိုက်ရတာ၊ ဘုန်းကြီးက ဒီအတိုင်း လုပ်တာ မဟုတ်ဘူး၊ ဒါ ဒါ ဘုန်းကြီး အဒိန္နာဒါနတင် မကဘူး၊ ဗုဒ္ဓမြတ်စွာက ကိုယ့်မှာ တရားမရှိဘဲနဲ့ ဟန်လုပ်ပြီးတော့များ ညာနေလို့ရှိရင် (ဒီလူတွေကို ညာနေလို့ ရှိရင်) ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာက သူခိုးကြီးလို့ကို အမိန့်တော်ရှိပါတယ်၊ မဟာစောရတဲ့။

ဒီတော့ ဘုန်းကြီးတို့က မြင်နေတယ် မဟုတ်လား၊ မြင်နေတော့ကာ ငတ်နေတာကို ဘုန်းကြီးတို့ ခံနေမှာ၊ မတရားရတဲ့ ပစ္စည်းကိုတော့ ဘုန်းကြီးတို့က မသုံးရဲပါဘူး မသုံးဝံ့ပါဘူး၊ ရအောင်လဲ မိမိက မလုပ်ရဲပါဘူး၊ ဘုန်းကြီးစကား နားထောင်ကြတဲ့ သူတွေလဲ နည်းနည်းကလေးမှ မလုပ်ကြပါနဲ့လို့ ပြောလိုပါတယ်၊ နားထောင်မလား နားမထောင်ဘူးလား ဆိုတာကတော့ ကိုယ့်ဘာသာ ကိုယ့်ပေါ့လေ၊ ရင်ထဲ ဖွင့်ပြီးတော့ မှန်းဆ ကြည့်ကြစမ်း၊ ပြောချင်တာကတော့ -

ဘုန်းကြီးက ဘုန်းကြီးအတွက် ဆိုရင် ငတ်နေပါစေ ငတ်ပြီးတော့ အသေခံသွားမယ်၊ မတရား မလုပ်ဘူး၊ မတရား ညာပြီးတော့ကာ မလုပ်ပါဘူး၊ ဘုန်းကြီးရဲ့ ဒကာ ဒကာမတွေ စီးပွား လျော့သွားစမ်းပါစေ၊ သူများ အထင်သေးပါစေ မတရားဆိုတဲ့ ကိစ္စနဲ့ဖြင့် အဲ အဲ စက္ကူကလေး တစ်ချပ်မျှ ကျပ်တန် စက္ကူကလေး တစ်ချပ်မျှ မပါစေကြနှင့်၊ ငါ့ရဲ့ ပိုက်ဆံအိတ်ထဲမှာ တစ်ချပ်မျှ မပါစေနဲ့၊ အားလုံး တရားသဖြင့်ရတဲ့ ပစ္စည်းချည်း ဖြစ်စေရမယ်လို့ အဲဒီလိုများ အဓိဋ္ဌာန်ထားဖို့ သိပ်ကောင်းတာပဲ သိပ်ကောင်းတာပဲ။

ကာမေသုမိစ္ဆာစာရနှင့် ပစ္စည်းတရား

တရားတော်က သေချာလွန်းလို့ ပါဏာတိပါတ အဒိန္နာဒါန ဒီ ကာမေသုမိစ္ဆာစာရ အပြစ်ဒုစရိုက်ဆို ကြောက်စရာ လန့်စရာချည်း၊ ဒီ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်က တစ်ယောက်က တစ်ယောက်ကို တဏှာရာဂစိတ်နဲ့ ကြည့်ပြီးတော့ နေရင်ပဲ ကာမေသုမိစ္ဆာစာရ အဗြဟ္မစရိယရဲ့ ရှေ့ပြေးတဲ့၊ တရားကဖြင့် မေထုန်ကလေးလို့ ဆိုတယ်၊ နှစ်ယောက် အတူတူ ပူးတွဲပြီး အိပ်နေမှ မေထုန် မဟုတ်ဘူး၊ တစ်ယောက်က တစ်ယောက် ကြည့်နေပြီးတော့ သာယာနေလျှင် မေထုန်ပါပဲ၊ အကုသိုလ် လောဘ ဖြစ်မနေဘူးလား၊ အကုသိုလ် လောဘတွေ ဖြစ်နေတော့ လောဘတွေ ဟေတုသတ္တိနဲ့ စိတ်တွေ စေတသိက်တွေ လောဘနဲ့ လိုက်လာပြီး အဲ ရုပ်ကလဲ ဒီရုပ်တွေ ဖြစ်နေတော့ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးတော့ မျက်စိက ရုပ်တွေက ဒီတော့ ဒီမှာ မေထုန်၊ တစ်ယောက်နှင့် တစ်ယောက် စကားပြောတဲ့အခါမှာ နားစိုက်ပြီးတော့ သာယာ နေတယ်၊ မေထုန်ပါပဲ မေထုန်ပါပဲ။

တစ်ခါ ဒီလိုတော့ အသံမကြားရဘူး၊ သူကပေးတဲ့ ပစ္စည်းကြည့်ပြီးတော့ သာယာပြီးတော့ နေတယ်၊ ဒါဟာ မေထုန်ပါပဲ၊ ဗုဒ္ဓမြတ်စွာကလေ ကာမေသုမိစ္ဆာစာရ အတွက် အဗြဟ္မစရိယ အတွက် သန့်ရှင်းစေချင်လွန်းလို့ ကြည့်တာရှုတာ နားထောင်တာ သုံးစွဲတာက စပြီးတော့ အကုန်လုံး သန့်ရှင်းအောင် ကြိုးစားနေရမယ်လို့ မဃဒေဝ လင်္ကာမှာ တောထွက်တော်မူမယ် လို့ဆိုတော့ မိဖုရားက သူလိုက်ပြီးတော့ တောထဲမှာပေါ့လေ ရေပူ ရေချမ်း ကမ်းလှမ်းပြီးတော့ ပြုစု လုပ်ကျွေး ပါ့မယ်လို့ ဆိုတဲ့ အတောင်းအပန်မျိုးနဲ့ တောင်းပန်စကား ပြန်ပြောတဲ့အခါမှာ တယ်ကောင်း …

ငါးပါး သံသဂ် မရောယှက်ဘဲ တောထွက်ပြီးကာ ခွာကြီးခွာ၍
ငါးပါးသံသဂ် ဆိုတာဟာ …
ဒဿနသံသဂ္ဂ" မြင်နေတာလဲ တစ်ယောက်နဲ့ တစ်ယောက် ရောနေတာပဲ၊
သဝနသံသဂ္ဂ" တစ်ယောက်စကား တစ်ယောက် အသံကြား နေတာလဲ "သဝနသံသဂ္ဂ" ရောနေ တာပဲတဲ့၊
သူ့ ပစ္စည်းကို သုံးစွဲ နေတာလဲ "သံသဂ္ဂ" ရောနေတာပဲ၊
တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့ပြီး နေတာလဲ "ကာယသံသဂ္ဂ" ရောနေတာပဲ၊
တစ်ယောက်ကို တစ်ယောက်က ဖက်ပြီးတော့ နေတာလဲ ရောနေတာပဲ၊
အဲဒီ ငါးမျိုးစလုံး ငါ မရောက်စေရဘူး။

"ငါးပါးသံသဂ် မရောယှက်ဘဲ၊
တောထွက်ပြီးကာ ခွာကြီးခွာ၍၊
မဟာနေက္ခမ္မ သင်္ကပ္ပဖြင့်၊
မာတင်္ဂကြီး တောခိုမှီးသို့၊
ကိုယ်တည်းအောင်းခို ဗြဟ္မစိုရ်ဖြင့်၊
အလိုတော်ပြည့် ပြည့်အောင်ဖြည့်ပိမ့်၊
ငါ၏နောက်တော် တစ်ယောက်သော်မျှ၊
မခေါ်အပို ဖော်မလိုသည်၊
ရွှေကိုယ်သက်သက် ရှင်းရှင်းတည်း"။

သာဓု … သာဓု … သာဓု

မုသာဝါဒနှင့် ပစ္စည်းတရား

ဘုန်းကြီးတို့တရားတော်က သေချာလွန်းလို့ ကာမေသုမိစ္ဆာစာရ အဗြဟ္မစရိယ နေရာမှာ၊ တစ်ခါ မုသာဝါဒက "မုသားမပါ လင်္ကာမချော" ဆိုပြီးတော့ သာသာ ကလေး လှည့်တဲ့ လှည့်တဲ့ ပြီးတော့ ပြောလိုက်တာ မဟုတ်လဲဘဲ ဟုတ်လေ ယောင်၊ မမှန်ပေမယ့် မှန်လေယောင်၊ ရောင်းတဲ့ဝယ်တဲ့ နေရာမှာတောင် မဟုတ်ဘူး၊ လောကွတ်ပျုငှာ ကျေအောင်လို့မို့ ရှိလျက်သားနဲ့ မရှိပါဘူးလို့၊ ရှိလျက်သားနဲ့ မရှိယောင်၊ ပြီးတော့ မရှိဘဲနဲ့ ရှိသယောင် ဟန်ဆောင်ပြီး ကြွားကြတယ် အဝတ်နဲ့ ကြွားကြတယ် အစားနဲ့ ကြွားကြတယ်၊ အနေနဲ့ ကြွားကြတယ်၊ အဲဒါတွေဟာ တစ်ဖက်သားကို လှည့်စားနေတာ၊ မုသားသဘော ပေါ်နေတာ။

အဲဒါကြောင့် တည်တည်ကလေး စကားပြောပါ၊ မှန်မှန်ကလေး ပြောပါ၊ ချိုချို သာသာကလေး ပြောပါ၊ မုသားဟာ အခုနိုင်ငံမှာ တော်တော် ကြောက်စရာ ကောင်းနေပါတယ်၊ ကမ္ဘာမှာလဲ တော်တော် ကြောက်စရာ ကောင်းနေပါတယ်၊ တော်တော် ကြောက်စရာ ကောင်းရုံသာ မကဘူး၊ ဘယ်သူ့ ဘယ်သူမှလဲ မယုံတော့ဘူး၊ ဒီ အိမ်ရေး အိမ်တာနှင့် ရောင်းမှု ဝယ်မှုနှင့်တကွ ကမ္ဘာ့ ထိပ်တန်း ခေါင်းဆောင်ကြီး တွေကတောင်မှ မုသားနဲ့ ပရိယာယ်နဲ့ ဟိုနိုင်ငံနဲ့ ဆက်ဆံတော့ တစ်မျိုး စကားပြောလို့ ဘေးနိုင်ငံက မယုံ၊ ဒီနိုင်ငံနဲ့ ဆက်ဆံတော့ တစ်မျိုး စကားပြောလို့ ဟိုနိုင်ငံက မယုံ၊ ဘာပြုလို့တုန်း သူလဲ ဒီလို ငါလဲ ဒီလို ဖြစ်နေလို့။

မုသားက အင်မတန် များနေကြတာကိုး၊ မယုံတော့ဘူး၊ ဘယ်သူ့ ဘယ်သူမှ မယုံလို့ ကမ္ဘာကြီး ဘာဖြစ်နေတုန်း ဆိုတာ ကြည့်တော့၊ မယုံဘူး အိမ်သူ အိမ်သားချင်းလဲပဲ တစ်ယောက် တစ်ယောက် တယ် မယုံလို့ တစ်မျိုး တစ်မည် ဖြစ်ကုန်ကြရော၊ မသန့်ရှင်းကြဘူး၊ ဒါ့ကြောင့် မုသားဝါဒ သိပ်ပြီးတော့ အရေးကြီးတယ်၊ မုသားပြောလိုက် လို့ရှိရင် လောဘကိစ္စနဲ့ မုသားပြောလိုက်လို့ ရှိရင် လောဘက စိုက်ပြီး လောဘရဲ့အလို စိတ် စေတသိက်တွေက သဟဇာတ ပစ္စည်းနဲ့ ကျေးဇူး ပြုပြီးတော့ ဒီမုသားပြောရမယ့် လိမ်ရမယ့်အာရုံက အာရမ္မဏ ပစ္စည်းနဲ့ ကျေးဇူးပြုလျက် အညမည ပစ္စည်းနဲ့လဲ ကျေးဇူးပြုလျက်၊ နိဿယ ပစ္စည်းနဲ့လဲ အချင်းချင်း မှီစရာရှိလျက်၊ အဲသလောက် တရားတွေက ဝိုင်းပြီး သတ္တိတွေနဲ့ ကျေးဇူးပြု နေတာဖြစ်တော့ သေးသေးကလေး ပေမယ့် သက်သာ လိမ့်မယ် မထင်ပါနဲ့၊ ဘဝများစွာ သံသရာမှာ အင်မတန် ကြောက်စရာ့ ကျေးဇူးကို ပြုလာပါလိမ့်မယ် အကျိုးပေး လာပါလိမ့်မယ်။

ပိသုဏဝါစာနှင့် ပစ္စည်းတရား

ပိသုဏဝါစာ ဆိုတာဟာ တစ်ယောက်နှင့် တစ်ယောက် ရန်တိုက် ပေးနေတာပဲ၊ ဒီ စကား ပြောတော့ လျှာကလေး လှည့်ပတ်ပြီးတော့ ဒီ စကားပြောလိုက်လို့ရှိရင်တော့ သူတို့ နှစ်ယောက်တော့ နည်းနည်း မေတ္တာပြယ်သွားမှာပဲလို့ သိလဲ သိတယ်၊ ပါးလဲ ပါးကြတယ်၊ ဒီစကား ပစ်သွင်းလိုက် တာပဲ၊ ဒါ ပိသုဏဝါစာ၊ ဟိုနှစ်ယောက်က သံသယ ဖြစ်သွားပြီ၊ သမီး ခင်ပွန်းချင်း ပေမယ့် သမီးရည်းစား ပေမယ့် သူက မသိလိုက် မသိပါ ဖြစ်လို့ရှိရင် ဒီပိသုဏဝါစာနဲ့ "အင်း … မင်းက ဘယ်လိုနေပေမယ့် ဟိုက ဘယ်လိုပါလား"၊ ဟိုကျတော့လဲ "သင်က ဘယ်လို ထင်နေပေမယ့် ဟိုက ဘယ်လိုပါလား"၊ ပိသုဏဝါစာနဲ့ ရန်တိုက်လိုက်ရော ပိသုဏဝါစာနဲ့ ရန်တိုက်လိုက်ပြီ။

ပိသုဏဝါစာနဲ့ ရန်တိုက်လိုက်တဲ့ အခါမှာ တစ်ခါတစ်ခါ မုန်းလို့ရှိရင် ဒေါသနဲ့ ဒေါသဟိတ်နဲ့ စိတ် စေတသိက် တွေနဲ့၊ ရုပ်မပြောနဲ့တော့ အသံကို ထွက်လာပြီ အသံကို ထွက်လာပြီ၊ အသံဟာလဲပဲ စိတ္တဇရုပ်ပဲ၊ ခုနက သဟဇာတ ပစ္စည်းတွေ အညမည ပစ္စည်းတွေ နိဿယ ပစ္စည်းတွေနဲ့ အကုန်လုံး ဝိုင်း ကျေးဇူးပြုနေတာ၊ အာရုံကတော့ ဘယ်သူတုန်းဆိုရင် ရန်တိုက်ခံရတဲ့ သူတွေပါပဲ ကုန်းတိုက် ခံရတဲ့ သူတွေပါပဲ၊ ဒီ ပိသုဏဝါစာဟာ နိုင်ငံကြီးတွေ လှည့်နေတာပဲ ကြည့်တော့၊ မယုံဘူး မယုံဘူး၊ ဒီနိုင်ငံက ဟိုနိုင်ငံနဲ့ ဆက်သွယ်ပြီ ဆိုလို့ရှိရင် ဟိုဖက်နိုင်ငံက မယုံဘူး၊ ဘယ်သူနဲ့ ဘယ်သူနဲ့ ပေါင်းပြီး ဘယ်သူ့ကို ချတော့မှာပဲ၊ တစ်ခါတစ်ခါ သတင်းစာထဲမှာ ဖတ်ရ တယ်၊ ဟုတ်တယ် အင်မတန်မှ လောကကြီးလဲ မတရားကြတာကိုး။

ဘုန်းကြီးတို့ကလဲ စာနဲ့ ဒီကနေ တိုင်းပြီး ကြည့်နေတာကိုး၊ နိုင်ငံကြီးတွေ ဘာဖြစ်နေတုန်း၊ မယုံကြဘူး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ခေါင်းဆောင်ကြီးတွေ မယုံကြဘူး၊ လုပ်ပုံ ကိုင်ပုံက ယုံချင်စရာ မကောင်းလိုက်တာမှ၊ ဒီတော့ ခု မယုံကြတော့ ဘာဖြစ်သလဲ ဒေါသ မာန၊ ချပါစေပေါ့ကွာ၊ ဒို့လဲ သူနဲ့ ဘယ်သူတွေနဲ့ ပေါင်းလိုက်မယ်၊ ဒေါသ မာန၊ ဒေါသစိတ်က ဟေတုပစ္စည်းနဲ့ ကျေးဇူး ပြုမယ်၊ မာနက သဟဇာတ သတ္တိနဲ့ ကျေးဇူးပြုမယ်၊ နောက် လာလိမ့်မယ် ပကတူပ နိဿယ ကလဲ လာလိမ့်ဦးမယ်၊ ဒီတော့ ဘုန်းကြီးက ကမ္ဘာကြီး ဘာဖြစ်နေတယ်၊ ဘုန်းကြီးတို့ စာနဲ့ပေနဲ့ စာအုပ် ကလေး ကိုင်ပြီးတော့ သိလွန်းလို့ စာအုပ်ကလေး ကိုင်ပြီးတော့ မြင်လွန်းလို့၊ ဒီရုပ် ဒီစိတ် ဒီစေတသိက် ရုပ်နာမ်တရားတွေ ဖြစ်နေတာ ဘယ်လောက်မှ ဆန်းကြယ်တာ မဟုတ်ဘူး။

ဗုဒ္ဓမြတ်စွာက သက်သက် ကြံကြံနေပြီးတော့ ဟောနေတာ မဟုတ်ဘူး၊ ဒီ သတ္တဝါတွေရဲ့ ဖြစ်နေတဲ့ စိတ်တွေကို နှစ်ဆယ့်လေးပစ္စည်းနဲ့ ခွဲပြီးတော့ ဟောတော်မူနေတာ၊ ဘုန်းကြီးကလဲ အဲဒါ လိုက်နေတာနော်။

ဖရုသဝါစာနှင့် ပစ္စည်းတရား

ဖရုသဝါစာ၊ ဒါက ရှင်းပါတယ်၊ ကြမ်းကြမ်း တမ်းတမ်း ဆဲတာ မဟုတ်လား၊ ဒါက ဒေါသဟိတ်နဲ့ ဒေါသဖြစ်လိုက်တော့ စိတ်တွေပါ စေတသိက်တွေပါ ဒေါသထဲ ပါလာတယ်၊ ဟေတုပစ္စယသတ္တိနဲ့၊ ဒီတော့ စိတ်စေတသိက်တွေကလဲ ပါလာတော့ ရုပ်ကလဲ ပါလာတော့ အသံကို ထွက်လာတယ်၊ ဆဲတဲ့အသံကို ထွက်လာတယ်၊ ဒီအခါ အာရမ္မဏသတ္တိက အဆဲခံရသူက အာရမ္မဏပဲ၊ ဒိပြင် စိတ်စေတသိက်တွေ ပစ္စည်းတွေ ပစ္စယုပ္ပန်တွေ ဖြစ်ကုန်ကြရော၊ အင်မတန် ကောင်းတယ်။

သမ္ဖပ္ပလာပနှင့် ပစ္စည်း

သမ္ဖပ္ပလာပကတော့ ဘုန်းကြီးတို့ ကွက်စိတ်ဆရာ တွေပေါ့လေ၊ ရယ်ရရင် ပြီးတာပဲ၊ ဟုတ်တာ မဟုတ်တာတော့ မဟုတ်တာဘဲ များနေမှာပေါ့၊ ကွက်စိပ်ဆရာတွေ အများကြီး ရယ်အောင် လုပ်နေတဲ့သူပေါ့လေ၊ သိကြသားပဲ၊ စကားပြော ကောင်းတဲ့ အရသာကပဲ ကွက်စိပ်ဆန်ဆန် စကားတွေ မဟုတ်မဟတ် ရယ်ရွှန်းပတ်ရွှန်း စကားတွေ မဟုတ်မဟတ် ပြောလိုက်သေးတယ်၊ အဲဒါက ဘာတုန်း သမ္ဖပ္ပလာပ

အဘိဇ္ဈာနှင့် ပစ္စည်းတရား

မုသာဝါဒ ပိသုဏဝါစာ ဖရုသဝါစာ သမ္ဖပ္ပလာပ ဒီ ပစ္စည်းတွေ ပစ္စည်းတရားတွေ၊ ပြီးတော့ ဟို မနောကံက အဘိဇ္ဈာ = သူများ စည်းစိမ်ကို လိုချင်တာ၊ သူများ ဝတ်လာတဲ့ လက်ဝတ်လက်စား ကြည့်ပြီးတော့ လိုချင်လိုက်တာ၊ လိုချင်တာက ဝယ်လိုတာ မပြောလိုဘူး၊ ဒါ တရားသဖြင့် ယူလိုတာကို မပြောလိုဘူး၊ မတရားသဖြင့် ငါ ဘယ်နှယ် လုပ်ပြီးတော့ ရအောင် ယူရပါ့မလဲ၊ အဲသလို မတရားသဖြင့် လိုချင်တဲ့ တရားမျိုးကို အဘိဇ္ဈာလို့ မနောကံက ဆိုတယ်၊ ဒီအဘိဇ္ဈာ ဖြစ်တော့လဲ လောဘကစိုက်လို့ ဒီပစ္စည်းပေါ်မှာ လောဘဟိတ် စိုက်တော့ ဒိပြင် ဟေတုပစ္စည်း ပစ္စယုပ္ပန်ဖြစ်တဲ့ ဒိပြင် စိတ် စေတသိက်တွေက ဖြစ်လို့၊ ရုပ်ကလဲ ဖြစ်တော့ မျက်စိကကြည့်ပြီး ဒီပစ္စည်းပေါ်မှာ မျက်စိရောက်လာ၊ ရုပ်က ပါနေတော့ စိတ္တဇရုပ်က ပါနေတာ၊ ဘုန်းကြီးတို့က အင်မတန် သေချာတယ်လေ။

နိဿယပစ္စည်းနဲ့ သဟဇာတပစ္စည်းနဲ့ အညမည ပစ္စည်းနဲ့ အပြန်အလှန် ကျေးဇူးပြုနေကြတာပဲ။

ဗျာပါဒနှင့် ပစ္စည်းတရား

တစ်ခါ ဗျာပါဒ ဒေါသဖြစ်၊ ဒေါသဖြစ်တော့လဲ သေစေချင်လိုက်တာ၊ ဒေါသ ဟေတုပစ္စည်း၊ ကျန်တဲ့ တရားတွေ ခုနကလို ပစ္စယုပ္ပန်၊ ဒေါသအဖြစ်ခံရတဲ့ လူကတော့ အာရမ္မဏပစ္စည်း၊ ဒီလို ဒီလို အကုန်လုံး အဘိဇ္ဈာ ဗျာပါဒ

မိစ္ဆာဒိဋ္ဌိနှင့် ပစ္စည်းတရား

မိစ္ဆာဒိဋ္ဌိ ဘုန်းကြီးကပြောချင်တယ်၊ မိစ္ဆာဒိဋ္ဌိက ဘယ်လောက် ကြောက်စရာ ကောင်းသတုန်း ဆိုတော့ အားလုံး အကုသိုလ်တွေကို မိစ္ဆာဒိဋ္ဌိက ခေါင်းဆောင်နေတာပဲ၊ ဒိပြင် ဒိပြင် မိစ္ဆာဒိဋ္ဌိ မရှိတော့ ကိုယ့်စိတ် ကိုယ်မနိုင် အကုသိုလ်ဖြစ်ရတယ်၊ မိစ္ဆာဒိဋ္ဌိ ပါလာပြီဆိုတော့ တွန်းပို့နေတာပဲ၊ ဒီ အကုသိုလ် တွေဆီကို တွန်းပို့နေတာ ဖြစ်ကို ဖြစ်အောင် လုပ်ပေးနေတာပဲ။

နတ္ထိ ဒိန္နံ - ဘာ ကျေးဇူးရှိတုန်းကွ လှူတာ၊
နတ္ထိ ယိဋ္ဌံ - ယဇ်ပူဇော်တာ ဘာ ကျေးဇူးရှိတုန်းကွ၊
နတ္ထိ ဟုတံ - လက်ဆောင်ပေးကြတယ် တစ်ယောက်နဲ့ တစ်ယောက် လောကွတ်ပျူငှာနဲ့ ကျွေးကြ မွေးကြတယ် ဘာကျေးဇူးရှိတုန်းကွ၊
"နတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော"
သုကတဒုက္ကဋာနံ - ကောင်းစွာ ပြုအပ် မကောင်းသဖြင့် ပြုအပ်ကုန်သော၊
ကမ္မာနံ - ကံတို့၏၊
ဖလံ - အကျိုးဆက်သည် လည်းကောင်း၊
ဝိပါကော - အကျိုးရင်းသည်လည်းကောင်း၊
နတ္ထိ - မရှိ၊

ကောင်းတာ လုပ်လုပ် မကောင်းတာ လုပ်လုပ် နောက် ဘာအကျိုးမှ မရှိဘူး ဘာအကျိုးမှ မရှိဘူး၊ ပဋိသန္ဓေကျိုးလဲ မရှိဘူး၊ ဘာအကျိုးမှ မရှိဘူး။

နတ္ထိ အယံ လောကော - လောက နှစ်လောက မရှိဘူး၊

ဒီ လောကမှာ ရောက်ရင် ဒီ လောကပြီးရင် ပြီးရော၊ ဒါကြောင့် ခုနက ဟာတွေ အကျိုးမရှိဘူးလို့ လာခဲ့တယ်၊ မူတည်က သူပဲ၊ ဒီလောက ရောက်ရင် ဒီ လောကပြီးပြီးရော၊
နတ္ထိ ပရော လောကော - ဒီ လောကမှ မရှိဘဲနှင့် နောက် တမလွန်လောက သွားစရာ မရှိဘူး ပရလောက မရှိဘူး၊ နတ် မရှိဘူး ဗြဟ္မာ မရှိဘူး ငရဲ မရှိဘူး၊ ပြိတ္တာ မရှိဘူး၊ ဒီဟာ ပြီးပြီးတာပဲ၊ နောက် မရှိဘူး ဘာမှ မရှိဘူး၊ ဘယ်လောက် ချောင်သွားတုန်း၊ လှူလို့ ဘာကျေးဇူးရှိမှာလဲ ဟိုဘဝမှ မရှိဘဲနဲ့၊ ကုသိုလ်ပြုလို့ကော ဘာအရေးကြီးလို့တုန်း၊ အကုသိုလ်ပြုတော့ ဘာအရေးကြီးလို့တုန်း၊ ဟိုဘဝမှ မရှိဘဲနဲ့ ကုသိုလ်ပြုလို့ ဘာအရေး ကြီးတုန်း၊ ဟို ဘဝမှ မရှိဘဲနဲ့၊ ပြီးတော့ တစ်ဘဝဟာ သေလျှင် ပြတ်တာပဲလို့ဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သွားတယ်၊ မိစ္ဆာဒိဋ္ဌိ ဖြစ်သွားတယ်။

သဿတဒိဋ္ဌိ သမားကတော့ သေလျှင် မပြတ်ဘူး ဒိဋ္ဌိတော့ ဒိဋ္ဌိပဲ၊ သူက ဟိုဖက်ဘဝ ရှိသေးတယ်၊ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး ရလိမ့်ဦးမယ်၊ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုး ရလိမ့်ဦးမယ်၊ သဿတဒိဋ္ဌိက ဒိဋ္ဌိတော့ ဒိဋ္ဌိပဲ၊ အယူတော့ မှားတယ်၊ အယူ ဘယ့်နှယ် မှားတာလဲ၊ ခန္ဓာကိုယ်ထဲမှာ အကောင်ကလေး ရှိတယ်၊ အဲဒီ အကောင် ကလေးက ဟိုဖက် လိုက်သွားတယ်၊ ဒါကြောင့် အကောင်ကလေး ရှိတယ်ဆိုတော့ မှားသွားတယ်၊ နောက်တော့ ဘုန်းကြီးက ကမ္မပစ္စည်းဆိုတဲ့ အခန်းကျတော့မှ ပြောပြမယ်၊ ကမ္မပစ္စည်း ဝိပါကပစ္စည်း ကျတော့ ပြောစရာ အများကြီး ရှိတယ်၊ ဒါကြောင့် မိစ္ဆာဒိဋ္ဌိ ဖြစ်တာကတော့ အကောင်ကလေးက ရှိလို့ဖြစ်တာ၊ နောက်ဘဝ ရှိတယ်လို့ယုံတာ မိစ္ဆာဒိဋ္ဌိ မဖြစ်ဘူး၊ အကောင်ကလေးက ပြောင်းသွားတယ်၊ အကောင်ကလေး အသက်ကောင်ကလေး ဝိညာဉ်ကောင်ကလေး အတ္တကောင်ကလေး ဒီလို ယူထားတာ ရှိတယ်၊ ဒါကြောင့် သဿတဒိဋ္ဌိသမားကလဲ အယူ မှားသွားပြန်တယ်။

ဥစ္ဆေဒဒိဋ္ဌိသမား ကလဲ အဲဒီ အကောင်ကလေး ရှိပေမယ်လို့ သေရင် ပြီးတာပဲ၊ ဘာမှ နောက်အကျိုး မရှိဘူး၊ ဥစ္ဆေဒဒိဋ္ဌိသမားက အဲသလို အယူ ရှိနေတာဖြစ်တော့ လုပ်ပေါ့၊ စာက ဘယ်လောက်များ ဆိုတော့ ခပ်ရွှန်းရွှန်းပဲ၊ ဒီ သစ်ပင်အောက် ခိုလို့ရှိရင်(ဒီ သစ်ပင်အရိပ် ခိုလို့ရှိရင်) ဒီ သစ်ပင် အခက် မချိုးကောင်းဘူးတဲ့၊ (ခပ်ရွှန်းရွှန်း ပြောတယ်၊) ဒါပေမယ့်လို့လဲ ကိစ္စ တစ်စုံတစ်ရာ ရှိလို့ရှိရင် အမြစ်ပါ တူးလိုက်တဲ့၊ အစတုန်းကတော့ ဒီသစ်ပင် ခိုဖူးလို့ရှိရင် သစ်ပင်ကို မချိုးကောင်းဘူးနော် တဲ့၊ အများကို လိုက်ပြီးတော့ ခပ်စောင်းစောင်း ကလေး လှောင်တာ၊ ကိစ္စများရှိလို့ ဒီသစ်ပင်ကို လှဲကို လှဲမှ ဒီအလုပ် အထမြောက်မယ်လို့ဆိုရင် အမြစ်ပါ တူးလိုက်ပါတဲ့၊ အဲ မိဘဆိုတဲ့ သူတွေက ငယ်ငယ်တုန်းက ပြုစုပြီးတော့ ထားတဲ့ မိဘများနော် မပြစ်မှားကောင်းဘူး၊ ဒါပေမယ့် မိဘကို သတ်မှ အကျိုးရမယ်ဆိုရင် သတ်ကို သတ်လိုက်ပါတဲ့၊ ဘယ်လောက်များ ဒီ ဒိဋ္ဌိက ခရီးရောက်သွားသလဲ၊ အဲဒါတွေကတော့ လောကကြီးထဲမှာ ပေါ့လေ ဘယ်လို ဖြစ်နေတယ်ဆိုတာ ဘုန်းကြီးက တရားသဘောက နေပြီးတော့ ပြောပါရစေနော်။

ဒီ တရားသဘော အတိုင်းက ကြောက်စရာ အင်မတန် ကောင်းတယ်နော်၊ ဘယ် ဒုစရိုက်ကများ သက်သာတယ်လို့ ပြောချင်သေးတုန်း၊ ဘယ် ဒုစရိုက်က တကတည်း မကောင်းသော အကျင့် မဟုတ်ပါဘူး၊ ကောင်းသော အကျင့်ပါလို့ လှည့်နိုင်သေးသတုန်း၊ ဒါ သုတ္တန်က သုတ္တန်က၊ အဘိဓမ္မာ သဘောက အဲဒီ အယူမှားတဲ့ ကိစ္စမှာ ဒိဋ္ဌိ ဆိုလို့ရှိရင် လောဘက ပါလာပြီ၊ လောဘ ပါလာတော့ အယူမှားနေတာဟာ လောဘကလေ အင်မတန် သဘောကျတာပဲ ဖြစ်ပုံက ဖြစ်ပုံက၊ တို့အယူ တို့အယူ၊ လူအကြီးတွေမို့လို့ ဒါနပြုနေတယ်၊ ဒါနပြုတာဟာ လူအကြီးတွေ၊ ဒါတို့က သေရင် ပြီးတာပဲ၊ ဒါ မြင်နေတာပဲ မဟုတ်လား၊ အလောင်းကောင်ကြီး တစ်ကောင်လုံး ဒီဖက်ဘဝမှာ ပြုတ်ပြုတ် ပြုန်းအောင် ကျန်နေတာဟာ ဒီဘဝက ဘာလိုက်စရာ ရှိသေးတုန်း၊ ပျော်လို့ မှန်လိုက်တာ၊ လောဘက လောဘက မိစ္ဆာအယူ မှားနေတဲ့အပြင် လောဘက သာယာပြီးတော့ တဏှာဖြစ်နေတယ်၊ မှန်လိုက်တာ တို့အယူ၊ ဒါကြောင့် အယူမှားတဲ့သူက ခေါင်းငုံ့မသွားဘူး၊ အယူမှားတဲ့ ပုဂ္ဂိုလ်က ခေါင်းငုံ့မသွားဘူး။

ထောင်ထောင် မော့မော့ မာနနဲ့ မှန်လိုက်တာ သိလား၊ ဒီ တရားတွေပဲ ပြုပြီးတော့ အယူလွဲ သွားတော့ သူတို့က မာန်ကလေးနဲ့၊ ဟိုကောင် ဟိုလူ ဟိုပုဂ္ဂိုလ် တကယ်ကို သနားတယ်၊ မှားနေတဲ့သူက တကတည်း ရင်ကလေး ကော့လို့၊ တို့ ဘယ်လောက် မှန်ထားတုန်း၊ ဒီ အယူကို ဘယ်လောက် သာယာနေတုန်း၊ အသေခံမယ်၊ ဒီ အယူကို မစွန့်နိုင်ဘူး သူတို့က၊ ဘုရား ကြည်ညိုတဲ့ ပုဂ္ဂိုလ်က အသေခံမယ် ဆိုတာလိုပဲ၊ ဒီ အယူက မပယ်နိုင်ဘူး၊ သိပ်ပြီးတော့ ထက်သန်တယ်၊ တချို့ကိစ္စက သံသရာကျတော့မှ ရှင်းမှာဖြစ်တယ်၊ ယခုနှယ်က လက်တွေ့ ပြောလို့ မရဘူး။

နောက်ဘဝကျတော့ ဘုန်းကြီးတို့ အားလုံး နားလည်နေတဲ့ ဒု-သ-န-သော သူဌေးသားတွေ သူတို့ ကတော့ မိစ္ဆာအယူရယ် ဘာရယ်တော့ မဟုတ်ဘူး၊ အပျော်အပါး လိုက်စားလို့ ကာမေသုမိစ္ဆာစာရ ကြိုးစားလိုက်တာ၊ သူတို့ လုံ့လဝီရိယက ထက်သန်လိုက်တာ၊ ဘယ်မှာ ဘယ်သူတဲ့ ဆိုလို့ရှိရင် သူတို့က ဖျက်ဆီးဖို့ သူတို့ ပိုက်ဆံတွေနဲ့ အမျိုးမျိုး ဖျက်ဆီးလိုက်ကြတာ၊ အိမ်ထောင်ရှိတဲ့ သူတွေရော ဖျက်ဆီးလိုက်ကြတာ သူတို့ဟာနဲ့ သူတို့ မကုန်မခမ်း ပျော်လို့ တစ်သက်လုံးပေါ့လေ၊ နောက်တော့ သေကြရော၊ ငရဲ ကျသွားတာပဲ၊ လောဟကုမ္ဘီ ငရဲကို ကျသွားကြတော့ အနှစ် သုံးသောင်းကြာမှ အောက်ခြေရောက် အနှစ် သုံးသောင်းကြာမှ ပြန်ပြီးတော့ တက်လာတော့ အပေါ် ပေါ်လာတယ်။

တစ်ယောက်နဲ့တစ်ယောက် တွေ့တယ်ကိုး၊ မိတ်ဆွေ ၄-ယောက် ပြောချင်တဲ့ စကားတွေ ပြောဖို့ ရန် ပါးစပ်က ဟပြီးတော့ ဒု-သ-န-သော စကားတစ်လုံးစီသာ ပြောပြီးရော အောက် ပြန် ကျသွားတယ်။

အဲဒါ ဗုဒ္ဓမြတ်စွာက ချဲ့တော်မူတယ်။

ဒုဇ္ဇီဝိတမဇီဝိမှ၊ ယေ သန္တေ န ဒဒမှသေ။
ဝိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံ နာကမှ အတ္တနော။

ငါတို့ မကောင်းမှု ဒုစရိုက်တွေ ပြုလုပ်ခဲ့တယ်၊ စည်းစိမ်ဥစ္စာနဲ့ အလှူခံပုဂ္ဂိုလ် ရှိပါလျက် မပေးလှူ ခဲ့ကြဘူး၊ မိမိအတွက် ထောက်တည်ရာ အားထားရာ ကုသိုလ် ကောင်းမှု မပြုလုပ်ခဲ့ကြဘူး။

သဋ္ဌိ ဝဿသဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။
နိရယေ ပစ္စမာနာနံ၊ ကဒါ အန္တော ဘဝိဿတိ။

ငရဲရောက်တဲ့အခါမှာ အနှစ် ၆-သောင်း ရှိသွားပြီ၊ ခုပြန်ပြီးတော့ ကျသွားပြန်ပြီ၊ ဘယ်တော့များ ဆုံးမယ်လို့တော့ မသိဘူး။

နတ္ထိ အန္တော ကုတော အန္တော၊ န အန္တော ပဋိဒိဿတိ။
တဒါ ဟိ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသာ။

ဆုံးတော့မှာ မဟုတ်တော့ပါဘူး၊ တို့ ဟိုတုန်းက မကောင်းတာတွေ လုပ်မိတာ၊ မိတ်ဆွေတို့ ဆုံးတော့မှာ မဟုတ်တော့ဘူး။

သောဟံ နူန ဣတော ဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသိံ။
ဝဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ။

ဒီတစ်ခါ လူ့ဘဝ ရောက်ရင်တော့ ဘာဆိုဘာမှ မလုပ်တော့ဘူး၊ ကုသိုလ်ချည်း လုပ်တော့မယ်၊ နောင်တရတဲ့ ပုဂ္ဂိုလ်တွေက နောင်တ ဘယ်လောက် ရကြသလဲ၊ လူ့ဘဝတန်ဖိုး ဘယ်လောက် သိနေကြသလဲ၊ ရတဲ့ ပုဂ္ဂိုလ်တွေက လူရော ရှင်ရော ရဟန်းရော ပေါ့ပေါ့ကလေး ဒီလောက် တန်ဖိုးမရှိပါဘူးလို့ ထင်ကြတယ်၊ အမှန်ကတော့ ကုသိုလ်တွေချည်း မလွှဲမကင်း သာလို့ ရောင်းရ ဝယ်ရလို့ရှိရင် တရားသဖြင့် ရောင်းကြ ဝယ်ကြ၊ ကျန်တဲ့အချိန်မှာ ကုသိုလ်စိတ်တွေချည်း၊ ငါးပါးသီလ အနည်းဆုံး ဆောက်တည်ကြ၊ ဒုစရိုက် ၁၀-ပါး ရှောင်ကြ၊ ဒီလိုကို နေကို နေရမှာ၊ ဒီလိုကို နေကို နေရမှာ၊ အင်မတန် ကောင်းတယ်၊ ငရဲကျတဲ့ လူတွေကျတော့ လူ့ပြည်ကို တယ်လွမ်းကြတယ်၊ ဒါကြောင့် ဘုန်းကြီးက ကိုယ့်ကိုယ်ကို ပေါ့ပေါ့ဆဆ မနေလိုက်နဲ့၊ ကျေးဇူး ပြုပြီးတော့ နေတယ်။

ပဋ္ဌာန်းပစ္စည်း ကျေးဇူးပြု နေတာဟာ မလွဲတမ်း ဖြစ်နေတာ၊ ပေါ့ပေါ့ဆဆလေး နှုတ်ကလေးနဲ့ ပေါ့ပေါ့ကလေးနဲ့ ညာလိုက်ကြ လိမ်လိုက်ကြ၊ ယခု မလုပ်လိုက်ကြပါနဲ့၊ ဒုစရိုက် ၁၀-ပါးကို ရှောင်ကြ၊ ပြီးတော့ ငါးပါးသီလကို ထိန်းကြ။

နောက်တစ်ခန်း ပြောမယ်၊ ပြုသင့် ပြုထိုက်တဲ့ ဒါနတွေ ပြုပြီး နေကြပါ၊ ဒါမှ ဘုန်းကြီးတို့ ပဋ္ဌာန်းပစ္စည်းနဲ့ စဉ်းစား စဉ်းစား၊ သုတ္တန်သဘောနဲ့ စဉ်းစား စဉ်စား၊ ဒီဘဝကြီးဟာ အင်မတန် ကောင်းတဲ့ ဘဝမျိုး ဖြစ်အောင် လူတိုင်း ရှင်တိုင်း ကြိုးစားဖို့ ကောင်းပါတယ်။

နာနာပ္ပကာရဋ္ဌာနာနိ၊ ဗောဓိတာနေတ္ထ မုနိနာ။
အနန္တနယ ပဋ္ဌာနံ၊ ဝန္ဒေ အနန္တ ဂေါစရံ။

ဧတ္ထ - အနန္တနယ သမန္တပဋ္ဌာန်း ကျမ်းတော်ကြီး၌၊
မုနိနာ - မုနိထွတ်တင် ဘုရားရှင်သည်၊
နာနာပ္ပကာရဋ္ဌာနာနိ - ဟေတု အာရမ္မဏ စသည်များစွာ အကြောင်းအရာတို့ကို၊
ဗောဓိတာနိ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာ ကျန သိပြီးမှလျှင် များလှဝေနေ သိစေတော်မူအပ်ခဲ့လေပြီ၊
အနန္တ ဂေါစရံ - အဆုံးမရှိ ကုန်အောင်သိသည့် ဉာဏ်တော်၏သာ ကျက်စားရာ ဖြစ်တော်မူသော၊
တံ အနန္တနယ ပဋ္ဌာနံ - မြားမြောင်ပေါယယ် နည်းစုံကြွယ်သား, ကြီးကျယ် မြင့်မော် ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊
ဝန္ဒေ - တစ်သက်တစ်ခါ ကြုံခဲစွာဖြင့် ကြုံလာသည့်ခိုက် ဦးဖြင့်တိုက်၍ နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ ပါ၏ဘုရား။

သာဓု … သာဓု … သာဓု

အခြေပြု ပဋ္ဌာန်းတရားတော်

ပဉ္စမနေ့

၁၃၃၄-ခု၊ နှောင်းတန်ခူးလဆန်း ၁၁-ရက်၊
၁၉၇၃-ခု၊ ဧပြီလ ၁၃-ရက်၊ သောကြာနေ့။

၉။ ဥပနိဿယပစ္စယော (ဥပနိဿယပစ္စည်း)

ဥပနိဿယပစ္စည်း ဆိုတာ အင်မတန် အရာကျယ်တယ်၊ လောကကြီး တစ်ခုလုံးကို တော်တော်လေး ခြုံမိတယ်၊ ဒါကြောင့် ခပ်ကျယ်ကျယ်ကလေး ဟောရပါမယ်။ ဥပနိဿယ ပစ္စည်းကို ရှေးဆရာတော် များက မိုးကို ဥပမာပြုပြီးတော့ ထားတယ်၊ ဒီတော့ ဥပနိဿယပစ္စည်းက အာရမ္မဏူပနိဿယ အနန္တရူပနိဿယ ပကတူပနိဿယ အားဖြင့် ၃-မျိုး ကွဲပါတယ်။

ဥပနိဿယ ၃-မျိုး

အာရမ္မဏူပနိဿယ

အာရမ္မဏူပနိဿယ ဆိုတာ အာရမ္မဏာဓိပတိနဲ့ အကုန်လုံး တူပါတယ်၊ မနေ့က ပြောခဲ့တဲ့ အာရမ္မဏာဓိပတိ ပစ္စည်းသည်ပင် အားကြီးသော မှီရာဖြစ်၍ ဥပနိဿယ သတ္တိတစ်မျိုးနဲ့ ဗုဒ္ဓမြတ်စွာက ဟောတော်မူတယ်၊ အဲဒီလို တရားရဲ့ သတ္တိအမျိုးမျိုး သိတော်မူတာကိုပဲ ဗုဒ္ဓမြတ်စွာရဲ့ သဗ္ဗညုတ ဉာဏ်တော် အစွမ်းပါပဲ။

အနန္တရူပနိဿယ

တစ်ခါ အနန္တရူပနိဿယ ဆိုတာ တစ်နေ့က ပြောခဲ့တဲ့ အနန္တရပစ္စည်းပါပဲ၊ ရှေးရှေးစိတ်က နောက်နောက် စိတ်ကို ဖြစ်ဖို့ရန် အားကြီးသော မှီရာဖြစ်လို့မို့ ဒီနားမှာ ဥပနိဿယ သတ္တိလို့ ဟောတော်မူပါတယ်၊ ရှေ့မှာ တိုက်ရိုက်တော့ မပါသေးပါဘူး၊ မပါပေမယ်လို့ အဆက်အသွယ် ကတော့ ရှိခဲ့ပြီးသား ဖြစ်တယ်၊ ဟေတုပစ္စည်း ဆက်သွယ်ပြီးသား ဖြစ်တယ်၊ အာရမ္မဏ ပစ္စည်းမှာ ဆက်သွယ်ပြီးသား ဖြစ်တယ်။

ပကတူပနိဿယ

အဲဒီနောက်မှာ ပကတူပနိဿယ လို့ဆိုတာ တော်တော်ပဲ ကျယ်ပြန့်တယ်၊ ပကတိ ပင်ကိုယ် သဘောအတိုင်း အခြားမဲ့လဲ မဟုတ်ဘူး၊ အာရုံလဲ မဟုတ်ဘူး၊ ပင်ကိုယ် သဘောအတိုင်း အားကြီးသော မှီရာဖြစ်နေတာကို ပကတူပနိဿယလို့ ဆိုပါတယ်၊ တစ်နည်းကတော့ မိမိသန္တာန်မှာ မိမိကိုယ်တိုင် ဖြစ်ပြီးသား တရားတွေ၊ ဒါမှမဟုတ် အပြင်ဘက်မှ တွေ့ပြီး မြင်ပြီးသား တရားတွေကို ပကတူပနိဿယလို့ ခေါ်ပါတယ်၊ ဒီ ပကတူပနိဿယကို ဥပနိဿယ ၃-မျိုးစလုံး ရှေးဆရာတော် ကြီးများက မိုးကို ဥပမာပြထားတယ်၊ အားလုံး သစ်ပင်တွေ မိုးနဲ့ မကင်းကြဘူး၊ တောတောင်တွေ မိုးနဲ့ မကင်းကြဘူး၊ မိုးနဲ့ မကင်းတဲ့ အရာမှန်သမျှ ဒီမိုးကြီး ရွာချလိုက်ပြီ လို့ဆိုရင် အင်မတန် ကြီးပွားကြ ထွားကြိုင်း သန်စွမ်းကြ၊ ဥပမာ သစ်ပင်တွေ သန်စွမ်းကြ၊ တောတောင်တွေ ရေမြေတွေ မိုးနဲ့ မကင်းကြဘူး၊ အဲဒါကြောင့် ဥပနိဿယက အလွန် ကျယ်ဝန်းတယ်။

ဥပနိဿယပစ္စယော - မိုးနှင့်မကင်း စုံခပင်းတို့ မိုးတွင် ထစ်ကျိုး ရွာသည့် မိုးသို့ သုံးမျိုးပြားလတ် စိတ္တုပ္ပါဒ်အား ကြီးမားလှစွာ မှီရာဖြစ်သော အာရမ္မဏူပ အနန္တရူပ ပကတူပ နိဿယ ပစ္စည်း တရားသည်၊
အတ္ထိ - ပုဂ္ဂိုလ်သတ္တဝါ သူငါမနှော တရား သဘောသာ ထင်ရှား ရှိပါပေသည်တကား၊
ဣတိ - ဤသို့၊
ဗောဓေန္တံ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာကျန သိပြီးမှလျှင် များလှဝေနေ သိစေတော် မူသော မြတ်စွာဘုရားကို၊
ဝန္ဒာမိ - ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ဘုရား။

သာဓု … သာဓု … သာဓု။

ခုတွင်က တရားမျိုးကို သိဖို့ တော်တော် ခဲယဉ်းတယ်၊ အဲဒီ တရား တစ်ပါး တစ်ပါး အစိတ်အစိတ် ကလေးတွေ ဘယ်လို သတ္တိရှိတယ် ဘယ်လိုသတ္တိရှိတယ်၊ ဒီလို သိဖို့ ဆိုတာကတော့ ဝေးလို့ ဝေးလို့၊ ဒါ့ကြောင့် ဗုဒ္ဓမြတ်စွာကတော့ သဗ္ဗညုတ ဉာဏ်တော်ကြီးနဲ့ တရားတွေ အစိတ်စိတ် အမွှာမွှာ သိပြီးတော့ အဲဒီ အစိတ်စိတ် အမွှာမွှာ တရားထဲမှ ဘယ်တရားက ဘယ်သတ္တိ ရှိတယ်၊ ဘယ်လို အကျိုးပေးနိုင်တယ်တဲ့၊ ဒီလို ဟောစွမ်းနိုင်တဲ့ သဗ္ဗညုတ ဉာဏ်တော်ကြီးကတော့ အင်မတန် ကြီးကျယ် သွားတာပဲ၊ ကိုယ်တော်တိုင် သိပြီးတဲ့ နောက်တော့မှ ဒီအသိအတိုင်း ဘုန်းကြီးတို့ သိနေရတယ်၊ မကြည်ညိုဘဲ ဘယ်နေနိုင်ပါ့မလဲ၊ ဘုန်းကြီးတို့က ဗုဒ္ဓမြတ်စွာကို မကိုးကွယ်ဘဲ ဘယ်နေနိုင်ပါ့မလဲ၊ ဗုဒ္ဓမြတ်စွာရဲ့ ဉာဏ်တော်ကြီးကို ဘုန်းကြီးတို့ မချီးမွမ်းဘဲ ဘယ် နေနိုင်ပါ့မလဲ၊ ဒါ့ကြောင့် ဗုဒ္ဓမြတ်စွာကို ချီးကျူးတာ ဉာဏ်တော်ကြီးကို ချီးမွမ်းရပါတယ်၊ လက်အုပ်မိုး၍ ရှိခိုး ကန်တော့ရပါတယ်။

ဥပနိဿယပစ္စယော - မိုးနှင့်မကင်း စုံခပင်းတို့ မိုးတွင် ထစ်ကျိုး ရွာသည့် မိုးသို့ သုံးမျိုးပြားလတ် စိတ္တုပ္ပါဒ်အား ကြီးမားလှစွာ မှီရာဖြစ်သော အာရမ္မဏူပ အနန္တရူပ ပကတူပ နိဿယ ပစ္စည်း တရားသည်၊
အတ္ထိ - ပုဂ္ဂိုလ်သတ္တဝါ သူငါမနှော တရား သဘောသာ ထင်ရှား ရှိပါပေသည်တကား၊
ဣတိ - ဤသို့၊
ဗောဓေန္တံ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာကျန သိပြီးမှလျှင် များလှဝေနေ သိစေတော် မူသော မြတ်စွာဘုရားကို၊
ဝန္ဒာမိ - ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ဘုရား။

သာဓု … သာဓု … သာဓု။

ဒီနေ့ ဥပနိဿယပစ္စည်းကို အကြီးအကျယ် ပြောရပါ့မယ်၊ နောက်ပစ္စည်းများက ဒီလောက် ပြောဖို့လဲ မလွယ်လှဘူး၊ နားလည်ဖို့ မလွယ်လှဘူး၊ ဒါ့ကြောင့် နောက် ပစ္စည်း နှစ်ပါးကိုလဲ ဘုန်းကြီးက ဆက်ပြီး နည်းနည်း ပြောထားရဦးမယ်၊ ကျယ်ကျယ် ပြောရမှာကတော့ ခုနက ဥပနိဿယ ပစ္စည်းကိုပါပဲ။

မှတ်ချက်။ ။ ပုရေဇာတ ပစ္စည်းနှင့် ပစ္ဆာဇာတ ပစ္စည်းများကို ကြားညှပ် ဟောပြပြီးမှ ဤ ပကတူပ ပစ္စည်းကို ဆက်လက် ဟောပြထားပါသည်။

၁၀။ ပုရေဇာတပစ္စယော (ပုရေဇာတပစ္စည်း)

ပုရေဇာတပစ္စည်းတဲ့၊ ရှေ့က ဖြစ်ပြီးတော့ နောက်မှဖြစ်တဲ့ တရားတွေကို တိုးပွားလာအောင် ကျေးဇူးပြုတဲ့ ပစ္စယသတ္တိပဲ၊ ဘယ်သူတွေတုန်းလို့ ဆိုတော့ ဘုန်းကြီးတို့ တစ်နေ့တုန်းက အာရမ္မဏတုန်းကပြောခဲ့တဲ့ ရူပါရုံဆိုပါတော့ ရူပါရုံဟာ စက္ခုဝိညာဏ် မဖြစ်ခင် အနည်းငယ် ကလေး ရှေးကျပြီး ဖြစ်ခဲ့ရတယ်၊ အရင် နည်းနည်းကလေး ဖြစ်ပြီးတော့မှ စက္ခုဝိညာဏ် ဖြစ်ဖို့ရန် ကျေးဇူးပြုတယ်၊ ဒါ့ကြောင့် …

အာရုံတွေဟာ ပုရေဇာတ - မိမိ အကျိုးပြုမယ့် တရားရဲ့ အရင် ဖြစ်ရပါတယ်၊ အသိမျိုးကိုက အင်မတန်မှ တကတည်း နှစ်နှစ်ကာကာကြီး စဉ်းစားလိုက်လို့ရှိရင် အလွန် အားရပါးရ ကြည်နူးပြီးတော့ ကြည်ညိုရပါတယ်နော်၊ အများကတော့ ရူပါရုံကို မြင်တယ် ဒါပဲ သိတယ်၊ ဒီရူပါရုံကား စက္ခုဝိညာဏ်ဆိုတဲ့ အသိဉာဏ်ကလေး ဖြစ်ဖို့ရန် အရင်ဖြစ်တယ်၊ အကြာကြီး အရင်မဟုတ်ဘူး မဟုတ်ဘူး၊ နည်းနည်းကလေး နည်းနည်းကလေး၊ အို … ဥပါဒ် ဌီ ဘင် လောက် ပြီးတော့ ဥပါဒ် ဌီ ဘင် ဆိုတာတောင် စိတ်ရဲ့ ဥပါဒ် ဌီ ဘင်လောက် ဆိုပါတော့လေ၊ စိတ်၏ ဥပါဒ်လောက် နည်းနည်းလေး ရှေးဖြစ်တော့ နောက်ကဖြစ်လာတဲ့ စက္ခုဝိညာဏ်ကို သူက အာရမ္မဏပစ္စည်းနဲ့ ကျေးဇူးပြုနိုင်တယ်။

အာရမ္မဏပစ္စည်းဟာ ပုရေဇာတပစ္စည်းလဲ ဖြစ်နိုင်ပြန်ရော၊ တစ်ခါ စက္ခုဝိညာဏ်ကလဲ သူ့ချည်း ဖြစ်နိုင်တာ မဟုတ်ဘူး၊ စက္ခုဝိညာဏ် ဖြစ်ဖို့ရန် စက္ခုဝတ္ထု ဆိုတဲ့ ရုပ်တရားလေး မှီရသေးတယ်၊ အဲဒီ ရုပ်တရားလေးကလဲ အရင် ဖြစ်နှင့်ရတယ်၊ ဖြစ်ဆိုတာကလဲ အကြာကြီး မဟုတ်ပါဘူး၊ နည်းနည်းလေး ဥပါဒ်လောက် ဌီလောက် ဘင်လောက် အဲဒါလောက် ရှေ့က ဖြစ်နှင့်ပြီဆိုမှ နောက်တရားကို ကျေးဇူးပြုနိုင်တဲ့ သတ္တိရှိတယ်။

ဥပမာ ဘာနဲ့ တူသလဲဆိုတော့ မိဘနဲ့ သားသမီး၊ မိဘက အရင်ဖြစ်နှင့် ရတယ်၊ မိဘက အရင်ဖြစ်ပြီးနောက် သားသမီးဆိုတာ ဖြစ်ပေါ်လာပါတယ်၊ အဲဒီ သဘောပါပဲ၊ ရှေးဆရာများက ဥပမာ ဘယ်လို ပြုကြပြန်တုန်း ဆိုတော့ အလင်းမှီနေတဲ့ သတ္တဝါဟူသမျှ ဘုန်းကြီးတို့ လူရော တိရစ္ဆာန်တွေရော ဟို … ကမ္ဘာဦးက ပေါ်လာတဲ့ လ နေ၊ လရော နေရော သူတို့က အရင် ဖြစ်နှင့် ရတယ်၊ ဘုန်းကြီးတို့ မဖြစ်ခင် ဘုန်းကြီးတို့ မဖြစ်ခင်ဆိုတာ ဟို … ရှေးလူတွေ မဖြစ်ခင် မဆိုလိုဘူး၊ နောက်လူတွေ မဖြစ်ခင်၊ လ နေ နေလက နောက်လူတွေ မဖြစ်ခင် အရင်ပေါ်ပြီး သူတို့ကလဲ ရှိနေတုန်းမှာ အလင်းအားဖြင့် ကျေးဇူးပြုသလိုပါပဲ၊ အဲသလို ဥပမာ ပြကြတယ် …

ပုရေဇာတပစ္စယော - အလင်းမှီနေ များဗိုလ်ခြေကို ကပ္ပေစစွာ ပေါ်လာထွန်းပ နေနှင့်လတို့ နောက်မှဖြစ်လေ စိတ်နှင့်စေအား ပုရေဇာတ သတ္တိထူးဖြင့် ကျေးဇူးပြုတတ်သော ဝတ္ထုပုရေဇာတ
အာရမ္မဏပုရေဇာတ နှစ်ပါး ပစ္စည်းတရားသည်၊
အတ္ထိ - ပုဂ္ဂိုလ်သတ္တဝါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါ ပေသည်တကား၊
ဣတိ - ဤသို့၊
ဗောဓေန္တံ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာကျန သိပြီးမှလျှင် များလှဝေနေ သိစေတော် မူသော မြတ်စွာဘုရားကို၊
ဝန္ဒာမိ - ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ဘုရား။

သာဓု … သာဓု … သာဓု။

၁၁။ ပစ္ဆာဇာတပစ္စယော (ပစ္ဆာဇာတပစ္စည်း)

ပုရေဇာတ ပစ္စည်းပြီးတော့ ဒီတစ်ခါ ပစ္ဆာဇာတပစ္စည်းပုရေဇာတပစ္စည်းက အရင်ဖြစ်နှင့်ပြီး ဖြစ်တော့ ကျေးဇူးပြုတယ်၊ ပစ္ဆာဇာတပစ္စည်းက နောက်က ဖြစ်ပြီး ကျေးဇူးပြုတယ်၊ ဟောတာကိုက ကြည်ညိုစရာ ကောင်းတာ၊ နောက်မှ ဖြစ်ပြီးတော့ ဘယ်လို ကျေးဇူးပြုတုန်း ဆိုတော့ ခန္ဓာကိုယ်ကြီး တစ်ကိုယ်လုံးကို နောက်မှဖြစ်တဲ့ စိတ်တွေက ကျေးဇူးပြုတယ်၊ နောက်က စိတ် စေတသိက်တွေက ဖြစ်ကို ဖြစ်ရတယ်၊ မဖြစ်ဘဲကို မရှိရဘူး၊ မဖြစ်လို့ရှိရင် သေတဲ့ အဖြစ်မျိုး ရောက်တာပဲ၊ ဒီခန္ဓာကိုယ်ကြီးထဲမှာ ရုပ်တွေရှိတယ်၊ ကံကြောင့် စိတ်ကြောင့် ဥတုကြောင့် ဖြစ်တယ်၊ အာဟာရ ကြောင့် ဖြစ်တယ်၊ အဲဒီ ရုပ်တွေ ဖြစ်ပြီးလို့ နည်းနည်း ကလေးလောက် ကြာရင် တစ်ခါတည်း နောက်က စိတ်တွေ လိုက်ပြီး ဖြစ်လျက်ပဲ၊ အချိန်ရှိသရွေ့ ဖြစ်နေတာပါပဲ။

စိတ်က အချိန်ရှိသရွေ့ ဖြစ်ပေမယ်လို့ ဖြစ်တဲ့စိတ်တွေ အားလုံးက ကျေးဇူး မပြုနိုင်ပါဘူး၊ နောက်မှဖြစ်တဲ့ စိတ်ကသာ ကျေးဇူးပြုနေတယ်၊ နောက်ထိအောင် ကျေးဇူးပြုနေတာပဲ၊ နောက်စိတ် ဖြစ်တော့မှ ရှေ့ရုပ်တွေက အားရှိတယ်ကိုး၊ ဒါကြောင့် စိတ်အား ထက်သန်နေသူ ဆိုရင် ရုပ်တွေ လန်းနေတာ တစ်ကိုယ်လုံး လန်းနေတာ၊ စိတ်အားနုံ့ပြီ ဆိုရင် ရုပ်တွေညှိုးလို့ ယခုလို နွေအခါပင် ဖြစ်သော်လဲ စိတ်အားရှိနေလို့ရှိရင် အတော်တော့ ရုပ်တွေက လန်းနေတာ၊ အဲဒါလို စိတ်က ရုပ်ကို ကျေးဇူးပြုတဲ့ သတ္တိဟာ စဉ်းစားကြည့်ရင် သိပါတယ်။

ဒါကြောင့် ဗုဒ္ဓမြတ်စွာရဲ့ ဉာဏ်တော်နဲ့ ဟောတော်မူပြီးတော့ ဘုန်းကြီးတို့ကလေ စိတ်လျှော့ ထားလို့ မဖြစ်ဘူး၊ စိတ်လျှော့တာနဲ့ တစ်ပြိုင်နက် ရုပ်တွေပါ တစ်ခါတည်း ညှိုးသွားတယ်၊ သတိထားကြတော့၊ ဘုန်းကြီးတို့က စိတ်မလျှော့ရဘူး၊ သေသည်အထိ မလျှော့ရဘူး၊ စိတ်တွေက သတ္တိရှိတယ်လေ ရုပ်တွေက အားရှိတယ်လေ၊ အဲဒီတော့ကာ ရှေးမထေရ်များက ဟောထားတဲ့ ဥပဒေက နည်းနည်းတော့ ခက်တယ်၊ လင်းတငယ် ကလေးများ ဥပမာပြောထားတယ်၊ လင်းတငယ်တို့ ထုံးစံက …

လင်းတငယ် ကလေးတွေ ပေါက်ပြီဆိုရင် မိဘများ အစာရှာ သွားကြတယ်၊ အစာရှာ သွားပေမယ့် သူတို့ပဲ စားလာခဲ့တယ်၊ လင်းတငယ်ကလေး တွေအတွက် ယူလာရိုး ထုံးစံမရှိဘူးတဲ့၊ လင်းတငယ် ကလေးတွေကလဲ ဘာမှ မစားရဘူး နို့လဲ မတိုက်ဘူးတဲ့၊ ဒါပေမယ့် အင်း … မိဘတွေ ပြန်လာ လို့ရှိရင် တို့ အစာ စားရလိမ့်မယ်လို့ ဒီ အာသာလေး ဒီ စေတနာလေးကတော့ ရှိနေတယ်၊ အဲ … မိဘတွေ သွားပြီ တို့ အစာစားရလိမ့်မယ် ဆိုတဲ့ စေတနာ၊ ဒီလိုနဲ့ သူတို့ မျှော်နေတာ၊ ဒါပေမယ့် ပါမလာပါဘူး၊ မပါတော့လဲ မိဘများနဲ့ အတူနေရလို့ သူတို့စိတ်ထဲ အေးလို့ အစာတော့ မစားရပါဘူး၊ နက်ဖြန်ခါလဲ ဒီလိုပဲ၊ မိဘတွေ ပြန်လာတော့ တို့ဖို့ အစာ ပါလာလိမ့်မယ် တို့ဖို့ အစာ ပါလာလိမ့်မယ်၊ အဲဒီ မျှော်လင့်ချက်ကလေး တွေကတော့ ရှိတယ်။

ဒီ အာသာက မိဘတွေ မလာခင် သူတို့ရုပ်ကို ကျေးဇူးပြုလို့ နေပါတယ်၊ အစာ မပါဘူး အစာ မပါတော့လဲ မိဘတွေမြင်တော့ စိတ်အားထက်သန်လို့ ဒီလိုပဲ နေရှာပြန်ရောတဲ့၊ မစားရ ဝခမန်း ဆိုတာမျိုးပေါ့လေ၊ ဒီ အာသာမျိုးက လင်းတရဲ့ ကိုယ်လေးကို ကျေးဇူးပြုပြီးတော့ နေတာလိုပါပဲတဲ့၊ ရှေးက ဖြစ်နေတဲ့ ရုပ်တရားတွေကို နောက်နောက် စိတ်တွေက ကျေးဇူးပြု နေတယ်။

အဲဒါကို ဥပမာ ပြကြတယ်၊ ဥပမာ တစ်ခုကတော့ နောက်က သားကောင်း သမီးကောင်းတွေက အဖေ အမေကို ကျေးဇူး ပြုနေသလိုပဲ၊ သားကောင်း သမီးကောင်း တွေကတော့ တော်တော် လိမ်မာမယ်ဟေ့၊ သူ့ပုံပန်းကလေးနဲ့ဆိုရင် အဖေ အမေများက အတော်ကို စိတ်အား တက်ကြွတယ်။

နောက် သားကလေး သမီးကလေးတွေက ပညာကလေးတွေ တတ်လာ အဖေ အမေတွေ စိတ်အား တက်ကြွလာတယ်၊ ဘာမှတော့ မပြုသေးဘူး၊ ဘာမှတော့ မပြုသေးဘူး၊ သူတို့က ထောက်ပံ့ပေး နေရတယ်၊ ဒါပေမယ့် စိတ်ကတော့ တက်ကြွလို့ နောက်တော့ သားတွေ သမီးတွေ ပညာတတ်လို့၊ အလုပ်တွေ ဘာတွေ လုပ်နေ၊ အဖေ အမေတွေ ဘာမှ မရပေမယ့် စိတ်အားတက်ကြွလို့၊ နောက်က နေနေပြီးတော့ ထောက်ပံ့ပေး နေရတဲ့ သဘောလေးတွေ၊ နောက် အဖေ အမေတွေ အိုသွားတော့ တကယ့်ကို သားသမီးတွေက ထောက်ပံ့နေ အဖေ အမေတွေက စိတ်ချမ်းသာလို့၊ နောက်က နေနေပြီးတော့ ထောက်ပံ့တဲ့ သဘောဟာ ပစ္ဆာဇာတ သတ္တိပဲလို့ ဗုဒ္ဓမြတ်စွာက ဟောတော် မူတယ်လေ။

ပစ္ဆာဇာတပစ္စယော - ပေါက်ခါစရွယ် လင်းတငယ်အား တာတွယ် အာသာ စေတနာသို့ ဦးစွာဖြစ်ကြ ကိုယ်ကာယအား နောက်မှဖြစ်ဦး သတ္တိထူးဖြင့် ကျေးဇူးပြုနိုင်သော နာမ်ခန္ဓာလေးပါး ပစ္စည်း တရားသည်၊
အတ္ထိ - ပုဂ္ဂိုလ်သတ္တဝါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေသည်တကား၊
ဣတိ - ဤသို့၊
ဗောဓေန္တံ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာကျန သိပြီးမှလျှင် များလှဝေနေ သိစေတော် မူသော မြတ်စွာဘုရားကို၊
ဝန္ဒာမိ - ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ဘုရား။

သာဓု … သာဓု … သာဓု။

ပကတူပနိဿယ ပစ္စည်း အဆက်

ဘုန်းကြီးက ပထမ ပကတူပနိဿယ ပစ္စည်းကို ပြောရမယ်နော်၊ ကျယ်လိုက်တာမှ စာအနေကလဲ သိပ်ကျယ်လိုက်တာ၊ အဲ … ဒိပြင်ပစ္စည်းကို ဟောတော်မူတဲ့ အခါမှာ ဒီလောက် မကျယ်ပါဘူး၊ ခု ဒီ ပကတူပနိဿယ ပစ္စည်းကို ဟောတော်မူတဲ့အခါမှာ ကျယ်တယ်ကိုး၊ နည်းနည်းကလေး ရွတ်ပြမယ်။

ပကတူပနိဿယော သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပာဒေတိ ဝိပဿနံ ဥပ္ပာဒေတိ၊ မဂ္ဂံ ဥပ္ပာဒေတိ၊ အဘိညံ ဥပ္ပာဒေတိ၊ သမာပတ္တိံ ဥပ္ပာဒေတိ။

ကုသိုလ်က ကုသိုလ်ကို ကျေးဇူးပြုပုံ

သဒ္ဓါကို အမှီပြုပြီးတော့ ဒါန သီလ ဥပုသ်စောင့်မှုတွေ ဈာန်တွေ ဝိပဿနာတွေ မဂ်တွေ အဘိညာဉ် တွေ သမာပတ် ဝင်စားမှုတွေ ဖြစ်နိုင်ပါတယ်တဲ့၊ ဒီလိုပဲ သီလကို အကြောင်းပြုပြီးတော့၊ မိမိ အကြားအမြင် ဗဟုသုတတွေ အကြောင်းပြုပြီးတော့၊ မိမိ စွန့်ကြဲတဲ့ စာဂကို အကြောင်း ပြုပြီးတော့၊ မိမိပညာကို အကြောင်းပြုပြီးတော့ ဒါနတွေ သီလတွေ ဥပုသ်စောင့်မှုတွေ ဈာန်တွေ ဝိပဿနာတွေ မဂ်တွေ အဘိညာဉ်တွေ သမာပတ် ဝင်စားမှုတွေ ဖြစ်လာနိုင်တယ်တဲ့။

အဲသလို ဖြစ်ရာမှ သဒ္ဓါက သီလက သုတက စာဂက ပညာက နောက်နောက် သဒ္ဓါ၊ နောက်နောက် သီလ၊ နောက်နောက် သုတ၊ နောက်နောက် စာဂ၊ နောက်နောက် ပညာ ဖြစ်ဖို့ရန် ပကတူပနိဿယ ပစ္စည်းနဲ့ ကျေးဇူး ပြုပါတယ်တဲ့၊ အင်မတန် ကျယ်ဝန်းပါတယ်၊ ဒါလေးဟာ နံပါတ်တစ် ရှိသေးတယ်။

သဒ္ဓါ - ဥစ္စာ ရှိမှ

ဒီတော့ ဘုန်းကြီးက သဒ္ဓါအကြောင်း ပြောရပါ့မယ်၊ ဗုဒ္ဓမြတ်စွာက ကောင်းတဲ့ နေရာကျလို့ရှိရင် သဒ္ဓါကို ဦးတည်တော်မူတယ်၊ ဒါကို ဗုဒ္ဓဘာသာတွေ နှစ်နှစ်ကာကာ သတိထားလိုက်ကြ၊ ကောင်းတဲ့ တရားတွေဖြစ်ဖို့ အခန်းကျလို့ရှိရင် သဒ္ဓါကို ဦးတည်တော်မူတယ်၊ ဘာပြုလို့ သဒ္ဓါကို ဦးတည်တော်မူသလဲ ဆိုတော့ "သဒ္ဓီဓ ဝိတ္တံ" သဒ္ဓါဆိုတာဟာ အရင်းအနှီး စီးပွားဥစ္စာနဲ့ တူတယ်၊ ဘယ်လောက်ပဲ လုပ်ငန်းဆောင်တာ အချိန်ကျလို့ ကာလဒေသ ကောင်းပေမယ်လို့ အရင်းအနှီး ဥစ္စာ ရှိတဲ့သူမှ၊ အရင်းအနှီးဥစ္စာ မရှိလို့ရှိရင် ရှေ့ကို တိုးတက်အောင် မလုပ်နိုင်ဘူး၊ အဲသလိုပဲ သူတော်ကောင်း တရားတွေ ဖြစ်ဖို့ရန် အခွင့်အရေး အင်မတန် ကြုံလာပေမယ့် မိမိက သဒ္ဓါ မရှိလို့ရှိရင် သူတော်ကောင်း တရားတွေ မဖြစ်နိုင်ဘူး၊ သဒ္ဓါတရား မရှိလို့ ရှိရင် ဒါန မပြုပါဘူး။

သဒ္ဓါတရား မရှိလို့ရှိရင် သီလ မဆောက်တည်ပါဘူး၊ ဥပုသ် မစောင့်ပါဘူး၊ သဒ္ဓါတရား မရှိလို့ရှိရင် ကမ္မဋ္ဌာန်း ဘာဝနာ မစီးဖြန်းပါဘူး၊ ဒီတော့ သဒ္ဓါဟာ ဘာနှင့် တူတုန်း ဆိုတော့ အရင်းအနှီး စီးပွားဥစ္စာနှင့် တူတယ်၊ သဒ္ဓါတရား မရှိလို့ရှိရင် အရင်းအနှီး စီးပွားဥစ္စာ မရှိတာနဲ့ တူတယ်၊ အရင်းအနှီးဥစ္စာ မရှိလို့ရှိရင် အခွင့်အရေး ဘယ်လောက် ကောင်းကောင်း တိုးတက်အောင် မလုပ်နိုင်ပါဘူး၊ သဒ္ဓါတရားသာ မရှိလို့ရှိရင် ဘာမှ တိုးတက်အောင် ကုသိုလ်တရား တိုးပွားအောင် မလုပ်နိုင်ပါဘူး၊ ဒါကြောင့် သဒ္ဓါတရားဟာ အရင်းအနှီး ဥစ္စာနဲ့လဲ တူပါတယ်။

သဒ္ဓါ မျိုးစေ့

တစ်ခါ သဒ္ဓါတရားဟာ မျိုးစေ့နဲ့လဲ တူပါတယ်တဲ့၊ မိုးတွေ ဘယ်လောက် ရွာချနေနေ ဘယ်လောက် မိုးကောင်းနေနေ မိမိမှာ စိုက်ပျိုးစရာ မျိုးမရှိလို့ရှိရင် ဘာမှ မစိုက်နိုင်ဘူး၊ ဘာမှ သစ်ပင်တွေ မစိုက်နိုင်လို့ အကျိုးမရဘူး ဆိုပါတော့၊ လယ်လုပ်စရာ စပါးမရှိလို့ စပါးမရဘူး၊ ပြောင်းတွေ ပဲတွေ ဒိပြင် သစ်သီးတွေ စိုက်ဖို့ရန် မျိုးစေ့ မရှိလို့မို့၊ မိုးက အင်မတန် ကောင်းတာ၊ မျိုး မရှိလို့မို့ မျိုးစေ့ မရှိလို့မို့ ဘာမှ မစိုက်နိုင်ဘူး၊ အများ ရလိုက်ကြတာ သူ ဘာမှ မရလိုက်ဘူး၊ အဲ … သဒ္ဓါတရားလဲ မျိုးစေ့နဲ့ တူတယ်တဲ့၊ သဒ္ဓါတရား မရှိတဲ့သူဟာ သူများ ကုသိုလ်တွေ ရလို့၊ သဒ္ဓါတရား ရှိတဲ့ ရဟန်း ရှင် လူတွေ ကုသိုလ်တွေ ရလိုက်ကြတာ၊ သဒ္ဓါတရားရှိတဲ့ ကိုရင်လေးတွေ ကုသိုလ်တွေ ရလိုက်ကြတာ၊ ကမ္မဋ္ဌာန်း ထိုင်နေတဲ့ ကုသိုလ်ရယ် သီလထိန်းတဲ့ ကုသိုလ်ရယ် ရလိုက်ကြတာ၊ ဦးပဉ္စင်းကလေးတွေ ရလိုက်ကြတာ၊ သဒ္ဓါတရား ရှိတော့။

သဒ္ဓါတရား မရှိတဲ့သူဟာ ကမ္မဋ္ဌာန်းထိုင်ပါ ဆိုလဲ မထိုင်ပေါင်၊ သီလကို စောင့်ထိန်းပါဆိုလဲ မစောင့်ပေါင်၊ ဆရာသမားမြင်မယ့် ကိစ္စလောက်သာ သူတို့က ထိန်းတယ်၊ ကိုယ့်သဒ္ဓါတရားနဲ့ ထိန်းသွားတာ မရှိဘူး၊ ပြီးတော့ သူတို့မှာ မျိုးစေ့ မရှိသလိုပါဘဲ၊ လူများမှာလဲပဲ ဒီလိုပဲ သဒ္ဓါတရား မရှိတော့ သူများကို စွန့်ကြဲပါ ပေးကမ်းပါ လှူဒါန်းပါ ဥပုသ်စောင့်ပါ မစောင့်ပေါင်၊ ဘာဝနာ စီးဖြန်းပါ မစီးဖြန်းပေါင်၊ ဘုရားရှိခိုးပါ မရှိခိုးပေါင်၊ သဒ္ဓါတရား ရှိတဲ့သူကတော့ မလုပ်ဘဲကို မနေနိုင်ဘူး၊ ဘုရား မရှိခိုးဘဲကို မနေနိုင်ဘူး၊ ဘုရားကို ရေတော် ပန်းတော် မဆက်ကပ်ဘဲကို မနေနိုင်ဘူး၊ မရှိဆင်းရဲတဲ့ သူတွေကို မပေးဘဲကို မနေနိုင်ဘူး၊ ဥပုသ်စောင့်ချိန် ဥပုသ်မစောင့်ဘဲ မနေနိုင်ဘူး၊ ဘာဝနာပွားချိန် ဘာဝနာ မပွားဘဲ မနေနိုင်ဘူး၊ သဒ္ဓါတရား မရှိတာနဲ့ ရှိတာ အင်မတန် ကွာတယ်ကိုး။

ဒါကြောင့် သဒ္ဓါတရားကို ဗုဒ္ဓမြတ်စွာက မျိုးစေ့နဲ့လဲ တူတယ်၊ မျိုးစေ့ ရှိလို့ရှိရင် မိုးကောင်းကောင်း ရွာတဲ့အခါမှာ စိုက်လိုက် ပျိုးလိုက်ရင် နည်းနည်းကလေး စိုက်ရင် အများကြီး အကျိုးရတယ်၊ ဗုဒ္ဓမြတ်စွာက သဒ္ဓါတရားကို စတည်ထားတယ်။

သဒ္ဓါ - လက်

တစ်ခါ သဒ္ဓါတရားဟာ ဘာနဲ့တူတုန်း ဆိုတော့ လက်နဲ့ တူတယ်၊ ဘယ်လောက် အဖိုး ထိုက်တန်တဲ့ ရတနာတွေ ထွက်တဲ့ တောင်ကြီးပေါ် ရောက်နေပေမယ်လို့ မိမိမှာ လက်မရှိဘူး၊ တစ်နည်းအားဖြင့် လက်နဲ့လုပ်စရာ လက်နက်မရှိဘူး၊ သူများမှာ လက်ရှိတယ် လက်နက် ရှိတယ်၊ တူးလိုက်ကြ ဆွလိုက်ကြတာ၊ ရတနာတွေ ရလို့၊ သုံးလို့ မကုန်နိုင်အောင်၊ အဲသလိုပဲ - သဒ္ဓါလက် မပါလို့၊ သဒ္ဓါလက်နက် မပါတဲ့သူဟာ ဘယ်လောက် အဖိုးတန်တဲ့ သာသနာတော်ကြီးနဲ့ တွေ့နေပေမယ်လို့ တရားရတနာတွေ သူ့မှာ မရပါဘူး၊ သူများ ရပေမယ့် သူ့မှာ မရပါဘူး။

ဒါကြောင့် သဒ္ဓါဟာလေ လက်နဲ့လဲ တူပါတယ်၊ ဗုဒ္ဓမြတ်စွာက အစကတည်းက "သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ = သဒ္ဓါတရားကို မှီပြီးတော့ အလှူဒါန ပေးတယ်၊ သီလ ဆောက်တည်တယ်၊ ဥပုသ်စောင့်တယ်၊ ငါးပါးသီလ ဆောက်တည်တယ်၊ အဇီဝဋ္ဌမက သီလကို ဆောက်တည်တယ်၊ ဥပုသ်စောင့်တယ်၊ သမထ ဝိပဿနာကမ္မဋ္ဌာန်းတွေ စီးဖြန်းတယ်" အထက် တက်လို့ ရလိုက်တဲ့ အကျိုးတွေဟာ သဒ္ဓါ အခြေခံပြီးတော့ ရတာ၊ ဒါကြောင့် သဒ္ဓါဟာ ပကတူပနိဿယပဲ။

တစ်ခါ သီလအခြေခံ လိုက်ပြန်တော့လဲ ဒီလိုပါပဲ၊ သီလတွေ ပျက်လို့မဖြစ်ဘူး၊ ငါ့သီလလဲ ငါးပါးသီလ ကြိုးကြိုး စားစား ဆောက်တည်မှ သဒ္ဓါတရားက ယုံကြည်တော့ သီလပါ စင်ကြယ်မယ်၊ သဒ္ဓါတရားက ယုံကြည်တော့ သီလကို မပေါက်ကြားအောင် စောင့်ရှောက်တယ်၊ တစ်ခါ သီလက ဆက်ပြီးတော့ အထက်ကို ကျေးဇူးပြုလိုက်ပြန်တော့ ငါ သီလစောင့်လို့ရှိရင် ကမ္မဋ္ဌာန်း အားထုတ်ဦးမှ၊ သီလစောင့်လို့ရှိရင် ဘုရားအာရုံ ပြုပြီးတော့ အချိန်ကုန်စေမှ၊ ဥပုသ်သီလ စောင့်တဲ့အခါ ဘုရားတရားတွေ နာနေမှ၊ ဒီလို ရှေ့တက်လမ်းတွေက အင်မတန် ကောင်းတယ်၊ ဒိပြင် သုတ - စတဲ့ တရားတွေလဲ သဒ္ဓါနဲ့ သီလနဲ့ အတူတူပေါ့၊ ဒါကြောင့် ဗုဒ္ဓမြတ်စွာက သဒ္ဓါကို မူတည်တော်မူတာပဲ၊ မူတည်လောက်ပါတယ်။

ဒိဋ္ဌိနှင့် သဒ္ဓါ

တစ်ခါ မနေ့တုန်းက ဘုန်းကြီး ဒိဋ္ဌကို ပြောခဲ့တယ် မဟုတ်လား၊ အယူတွေ မှားလိုက်တာ ပြောခဲ့တယ်၊ သဒ္ဓါတရားနဲ့ ဒိဋ္ဌိနဲ့ ယှဉ်ကြစို့နော်၊ ဒိဋ္ဌိက လှူပေမယ့် အကျိုးမရှိဘူးတဲ့၊ သဒ္ဓါက လှူရင် အကျိုးရှိတယ်၊ အကျိုးရှိတယ် ဆိုတာ ယုံသလား မယုံဘူးလားဆိုတာ သဒ္ဓါက ယုံပါသကော။

ယခု ဝင်းဝင်းစက်စက် ပြည့်ပြည့်စုံစုံ တွေဟာ ရှေးက အလှူဒါနတွေ ပေးခဲ့ကြလို့မို့ပေါ့၊ သဒ္ဓါက ယုံလိုက်တာ၊ ဒါကြောင့် သဒ္ဓါကလေ ကုသိုလ်ကံလဲ ယုံတယ်၊ အကုသိုလ်ကံလဲ ယုံတယ်၊ အကုသိုလ်ကံကြောင့် အကျိုးတွေပေးလို့ ငရဲကျကြတယ်၊ တိရစ္ဆာန် ပြိတ္တာဖြစ်ကြတယ်၊ လူ့ဘဝ လူ့ဆင်းရဲလေးတွေ ဖြစ်ကြတယ်၊ စားရမဲ့ သောက်ရမဲ့တွေ တောင်းရမ်းစားလို့တောင် မရပါဘူး၊ အဲဒါတွေ ဘာဖြစ်လို့လဲ ဟို ရှေးတုန်းက ဒါနမဲ့ခဲ့ကြလို့ သဒ္ဓါက ဒီလို ယုံနေပြီ၊ အို … ဒိဋ္ဌိက မယုံပါဘူး၊ ရှေးဘဝကို မရှိပါဘူး၊ သဒ္ဓါက ရှိပေါ့၊ ရှေးဘဝ ရှိပါတယ်။

အမြွှာမွေး ကလေးနှစ်ယောက် မိဘရဲ့ သွေးတွေ သားတွေ အကုန်လုံး တူတယ်၊ အပြင်ဖက် ရောက်တော့လဲ အပြုအစု အကုန်လုံး တူတယ်၊ ဒါပေမယ်လို့ တစ်ယောက်က ဆင်းရဲတယ်၊ တစ်ယောက်က ချမ်းသာတယ်၊ တော်တော်ကြီးတဲ့ အခါ တစ်ယောက်က ပညာ တတ်တယ်၊ တစ်ယောက်က ပညာ မတတ်ဘူး၊ တစ်ယောက်က ရောဂါ များတယ်၊ တစ်ယောက်က ရောဂါ နည်းတယ်၊ တစ်ယောက်က စောစောစီးစီး သေသွားတယ်၊ တစ်ယောက်က မသေဘူး၊ မိဘ သွေးတွေ သားတွေ အကုန်လုံး တူတယ်မဟုတ်ဘူးလား၊ ဘေးက အပြုအစုတွေ အကုန်လုံး တူတယ် မဟုတ်ဘူးလား၊ တူရဲ့သားနဲ့ ရှေးဘဝက သူတို့ပြုခဲ့တဲ့ သူတို့ကံက မတူလို့မို့ ဒီမှာ ကောင်းကျိုး ဆိုးကျိုး ပေးပုံချင်း မတူဘူး၊ သဒ္ဓါက ယုံတယ်၊ ဒိဋ္ဌိက ဒီလောက်လဲ မစဉ်းစားဘူး၊ ယုံလဲ မယုံဘူး။

မနေ့က ဒိဋ္ဌိနဲ့ ဒီက သဒ္ဓါနဲ့ အို … ဖြောင့်ဖြောင့်ကြီး ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက် ဖြစ်နေ လိုက်ကြတာ ဖြစ်နေလိုက်တာ၊ တစ်ခါ ဒိဋ္ဌိက ဒီဘဝ ရှိတယ်၊ နှစ်ဘဝ မရှိဘူး၊ ဒီဘဝသာ ရှိတယ်၊ ဟိုဘဝ မရှိဘူး၊ သေရင် ပြီးတာပဲ၊ သဒ္ဓါက ဘယ်ဟုတ်မလဲ၊ ဟိုဘဝရှိလို့ ဒီဘဝမှာ ဒီလို အမြွှာမွေး နှစ်ယောက် တွဲပြီးတော့ ဖြစ်နေသေးတာပဲ၊ အဲဒီတော့ ဒီဘဝက ဒီလို အမြွှာမွေး နှစ်ယောက် တွဲနေတာကို ထောက်လို့ရှိရင် ဟို နောက်ဘဝကျတော့လဲ ဒီလိုပဲ၊ ကြည့်စမ်း အခု ဘယ်သူ ဘယ်သူတွေက အလုပ် လုပ်နေတာ၊ မကောင်းတာတွေချည်း လုပ်နေတယ်၊ နောက်တစ်ခါ ဘယ်သူတွေက အလုပ်လုပ်နေတာ ကောင်းတာတွေချည်း လုပ်နေတယ်၊ နောက်ဘဝ ကွဲကြဦးမှာပဲ၊ တစ်ယောက်နဲ့ တစ်ယောက် မတူကြဦးမှာပဲ၊ ဒီ ညီအစ်ကိုနှစ်ယောက် ဒီ မောင်နှမနှစ်ယောက် တစ်မေတည်း တစ်ဖေတည်း တစ်မျိုးတည်း တစ်ဆွေတည်း ပေါက်ဖွား တာတောင် တစ်ယောက်က ဒေါသကြီးလိုက်တာ သူ့ဒေါသနဲ့ ရှူးရှူး ရှဲရှဲနဲ့ချည်း နေတာပဲ။

တစ်ယောက်က ဒီ အမေ အဖေ ဒီဆွေ ဒီမျိုး မောင်နှမဖြစ်ရဲ့သားနဲ့ တစ်ယောက်က ဒေါသ မရှိလိုက်တာ ပြုံးလို့၊ သူများပြောလဲ သူက သည်းခံလို့ပဲ၊ နောက်ဘဝတော့လဲ တစ်ယောက်နဲ့ တစ်ယောက် မတူဖြစ်ကြဦးမှာပဲ၊ သူကတော့ ယုံပြီးလို့ ဒိဋ္ဌိသမားက မယုံဘူး၊ သဒ္ဓါသမားက ယုံပြီ၊ ယုံတာက ဆရာသမားတွေက ပြောပြလို့ မဟုတ်လား၊ ဗုဒ္ဓမြတ်စွာရဲ့ ဟောတဲ့ တရားတော် အဆက်ဆက်ကို ဆရာသမားတွေက ဆောင်ရွက်ပြီးတော့ အကြောင်းနဲ့ အကျိုးနဲ့ ပြောပြပြီးတော့ ဟောတယ် မဟုတ်လား၊ ဟောတော့ ယုံပြီ၊ တစ်ယောက်က မယုံပေါင်၊ ဒိဋ္ဌိက ဒိဋ္ဌိပဲ ဒိဋ္ဌိစေတသိက်ပဲ ဖြစ်တယ်၊ ယုံတဲ့သူ သဒ္ဓါပဲ ဖြစ်တယ်။

သဒ္ဓါဖြစ်တော့ အဲဒီ သဒ္ဓါ အကြောင်းပြုပြီးတော့ အယူက မှန်သွားပြီ၊ သမ္မာဒိဋ္ဌိ ဖြစ်လာပြီ၊ သိပ်ကောင်းတာ သိပ်ကောင်းတာ၊ ဒိဋ္ဌိက မယုံတာ မှန်သမျှတွေ သဒ္ဓါက အယုံချည်းပဲ၊ ဒိဋ္ဌိက ဒီဘဝ မရှိဘူး၊ ဒီသဒ္ဓါက ဒီဘဝ ရှိတယ်၊ အဲ ရှေးက ရောက်လာတဲ့ ဘဝမရှိဘူးလို့ ပြောစရာ မရှိဘူး၊ တစ်ဘဝ ရှိတယ်၊ ရှေးက ရောက်လာတဲ့ ဘဝဆိုတာ ရှိတယ်၊ နောက် ရောက်ရဦးမယ့် နောက်ဘဝဆိုတာ ရှိတယ်၊ သူက အင်မတန် ကုသိုလ်ကံ ကြီးမားပြီးတဲ့ ပုဂ္ဂိုလ်တွေ ချမ်းသာကြွယ်ဝ တာတွေက ရှေးကံကြောင့် ရှေးကံကြောင့်၊ ဟိုဘဝက ဒီဘဝကို ရောက်လာတဲ့ သတ္တဝါဆိုတာ ရှိတယ်၊ ဒိဋ္ဌိက ဟိုဘဝ မရှိပါဘူးတဲ့၊ ဒီဘဝ ဒီဘဝထဲပဲ ပြီးတာပဲ၊ ဟိုဘဝ မရှိပါဘူး၊ သဒ္ဓါက ရှိပါတယ် ယုံကြည်နေတယ်၊ ရှိပါတယ်လို့ ဟောတာကို ယုံကြည်နေတယ်လေ။

ရှိနေပါတယ်လို့ ဟောနေပါတယ်၊ သူက ယုံကြည်နေတော့ ဒီအတိုင်းသာ သူက ဆုံးဖြတ်ထားလို့ သမ္မာဒိဋ္ဌိဖြစ်လို့ ကုသိုလ်ကံတွေ ကောင်းကောင်းပြု၊ ကောင်းကောင်း အကျိုးရမယ် ဆိုတာ သူကယုံတယ်၊ ဒိဋ္ဌိက မယုံပါဘူး၊ ဒီဘဝမှ မရှိဘဲ၊ မကောင်းတာကို မကောင်းကံတွေ နောက်ဘဝကျ အကျိုးရမယ် ဆိုတာ ဒိဋ္ဌိက မယုံပါဘူး၊ သဒ္ဓါက ယုံတယ်၊ ဒိဋ္ဌိက မယုံပါဘူး၊ သဒ္ဓါယုံတာက ဘာကြောင့်တုန်း၊ ဟောကြတယ်လေ ဆရာသမားတွေ၊ ဆရာသမားတွေက ဘယ်က လာတုန်း၊ ဗုဒ္ဓမြတ်စွာက လာတယ်လေ၊ ဗုဒ္ဓမြတ်စွာက ဘယ်သူ ဘယ်သူ ဘယ်လို ဖြစ်နေတယ် ဆိုတာ ဟောတော်မူကြတယ်၊ ဒါကြောင့် သဒ္ဓါတရား အကြောင်းပြုပြီးတော့ သူ့မှာ ကုသိုလ်တွေ တိုးလိုက်တာ၊ သူ့မှာ ယုံကြည်တဲ့ သမ္မာဒိဋ္ဌိတွေ ကုသိုလ်တွေ တိုးလိုက်တာ၊ ဥပုသ်စောင့်ကြတယ်၊ ပေးကမ်း စွန့်ကြဲကြတယ်၊ ကမ္မဋ္ဌာန်း ဘာဝနာ စီးဖြန်းကြတယ်၊ ဗုဒ္ဓမြတ်စွာ အာရုံပြုပြီးတော့ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်းကြတယ်။

မေ့မေ့ လျော့လျော့ ပေါ့ပေါ့ ဆဆ မနေကြနဲ့၊ သေကြရဦးမှာ၊ သေတော့ တစ်ဘဝ သွားရဦးမှာ၊ မရဏာနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်းကြတယ်၊ သေကြဦးမယ် သေကြဦးမယ်၊ ပေါ့ပေါ့ဆဆ မနေကြနဲ့၊ မေ့မေ့ လျော့လျော့ ကလေး မနေကြနဲ့၊ သေကြရဦးမယ် သေကြရဦးမယ်၊ မသေခင် အိုကြရဦးမယ် အိုကြရဦးမယ်၊ တချို့မှာ အအိုကြီး မအိုကြဘဲနဲ့ နာကြရဦးမယ် နာကြရဦးမယ်၊ အို … လောကကြီးမှာ ပေါ့ပေါ့ဆဆ နေထိုက်သလား၊ သူ့ကိုယ်သူ ဘဝသံသရာကြီး ယုံကြည်တဲ့ သဒ္ဓါတရား အကြောင်းပြုပြီးတော့ ကုသိုလ်တွေ တိုးပွားလိုက်တာ တိုးပွားလိုက်တာ။

ဒါကြောင့် ဗုဒ္ဓမြတ်စွာက "ဒီ ကုသိုလ်တရားတွေကို အကြောင်းပြုပြီးတော့ နောက်နောက် ကုသိုလ်တရားတွေ တိုးပွားတယ် ဆိုတာဟာ ရှေးရှေးကုသိုလ်က ပကတူပနိဿယ သတ္တိနဲ့ ကျေးဇူးပြုလိုက်လို့ ဤကဲ့သို့ တိုးပွားကြရတယ်" လို့ ဟောတော်မူလိုက်တယ်၊ သဗ္ဗညုတ ဉာဏ်တော်ကြီးဟာ ဘယ်လောက် ဘယ်လောက်များ ကြီးကျယ်တော် မူသတုန်း၊ ဒါ ကုသိုလ် တရားက ကုသိုလ်တရားကို တိုးပွားအောင် ကျေးဇူးပြုနိုင်ပြန်တယ်၊ တိုးပွားလိုက်တာပေါ့၊ ဆက်ဆက် ပြီးတော့ မဂ်တရားတွေ ရသွားတာဟာ ရှေးက ကုသိုလ်တွေက ကျေးဇူးပြုလိုက်တာ၊ ကမ္မဋ္ဌာန်းထိုင်တယ် သမာဓိဖြစ်တယ်၊ ကမ္မဋ္ဌာန်းထိုင်တယ် ဝိပဿနာပညာ ဖြစ်တယ်၊ အနိစ္စ ဒုက္ခ အနတ္တလို့ ရှုတယ်၊ ဒီဟာ ကုသိုလ်တွေ ကုသိုလ်တွေ။

အဲဒီ ကုသိုလ်ကြောင့် ဆက်ဆက်ပြီးတော့ တက်သွားလိုက်တာ ကုသိုလ်ပြုရင် ချမ်းသာလိုက်တာ စိတ်တွေ အေးငြိမ်းလိုက်တာ၊ တစ်နေ့က ပြောသလိုပေါ့၊ ကမ္မဋ္ဌာန်းများ ထိုင်ပြီးတော့ နေရတာဟာ တကတည်း လူတို့ နတ်တို့ရဲ့ ချမ်းသာမျိုးနဲ့ မတူတဲ့ ချမ်းသာမျိုးကို ရရှိပါတယ်လို့၊ သူ့လမ်းနဲ့သူ သူ့လမ်းနဲ့သူ၊ လူမှာလဲပဲ လောကီအာရုံ ကာမဂုဏ်တွေဟာ မချမ်းသာဘူး မဟုတ်ပါဘူး ချမ်းသာပါတယ်၊ ဒါပေမယ့် နောက် အကုသိုလ်တွေ လိုက်လာမယ်၊ အကုသိုလ် အကျိုးတွေ ရလာမယ်၊ အို … ဘုန်းကြီးတို့ရဲ့ တရားချမ်းသာကတော့ လူတို့ ချမ်းသာတာ ထက်တောင် ပိုချမ်းသာ သေးတယ်၊ ဒါကြောင့် အေးအေး ဆေးဆေး ငြိမ်ငြိမ် သက်သက် နေပြီးတော့ တရား နှလုံးသွင်း နေလိုက်ရတာ ပျော်လို့၊ ပြီး ရှေ့တက်လာတော့ တရားတွေကို ပေါက်လို့ မဂ်တရား ဖိုလ်တရား ရလို့ ဒီ ဒုက္ခခပ်သိမ်း အေးငြိမ်းလို့၊ ကိလေသာတွေ ကုန်ခမ်းလို့ အင်မတန် ကောင်းတယ်၊ သူ့လမ်းနဲ့သူ ကုသိုလ်တရားက ကုသိုလ်တရားကို ကျေးဇူးပြုနေပုံဟာ ပကတူပနိဿယ သတ္တိ ပါတယ်။

ကုသိုလ်က အကုသိုလ်ကို ကျေးဇူးပြုပုံ

လာပြန်တယ်လေ၊

ကုသလော ဓမ္မော - ကုသိုလ်တရားသည်၊
ဝါ - ကုသိုလ်တရားက၊
အကုသလဿ ဓမ္မဿ - အကုသိုလ်တရားအား၊
ဥပနိဿယပစ္စယေန - ဥပနိဿယပစ္စယ သတ္တိဖြင့်၊
ပစ္စယော - ကျေးဇူးပြုသည်၊
ဟောတိ - ဖြစ်၏၊

ကုသိုလ်တရားက အကုသိုလ်တရားကို ကျေးဇူးပြုပြန်တယ်၊ ဒါကလဲ စဉ်းစားစရာ အင်မတန် ကောင်းတယ်၊ ဘယ်လို စဉ်းစားစရာ ကောင်းတုန်း ဆိုတော့ …

သဒ္ဓံ - သဒ္ဓါတရားကို၊
ဥပနိဿာယ - အမှီပြု၍၊
မာနံ - မာနကို၊
ဇပ္ပေတိ - ဖြစ်စေ၏၊
ဇပ္ပေတိ - မာနစကားကို ပြော၏ တဲ့။

ဒါလဲ ဟုတ်လိုက်တာမှ ကိုယ်က သဒ္ဓါတရား ကောင်းတယ်လေ စွန့်ကြဲလို့ ပေးကမ်းလို့ လှူဒါန်းလို့၊ ဟိုတစ်ယောက် သဒ္ဓါတရား မရှိဘူး၊ စိတ်ထဲ မာနဖြစ်တယ်၊ ဒီကောင် ဒီအမျိုးသမီး ဘာမှ စွန့်ကြဲ ပေးကမ်း လှူဒါန်းတဲ့ ဝါသနာ မရှိဘူး ညံ့လိုက်တာ၊ တို့မှာတော့ ဒီ ထမင်းကလေး တစ်လုတ် ဖြစ်စေတော့ ဝေစားလိုက်ရမှ သိပ်ဝမ်းမြောက်တယ်ကိုးနဲ့ သူ့ကိုယ်သူ မာနဖြစ်တယ်၊ ကုသိုလ်က အကုသိုလ်ကို လာကျေးဇူးပြုနေ ပြန်တာနော်၊ ကုသိုလ်က အကုသိုလ်ကို ကျေးဇူး မပြုဘူးများ မထင်နဲ့၊ အကုသိုလ်ကို ကျေးဇူးပြုတာပဲ၊ ဒါကို မဖြစ်အောင် ထိန်းရတယ်။

ဒိဋ္ဌိံ ဥပ္ပါဒေတိ ဂဏှာတိ - ဒီကုသိုလ်ကို အကြောင်းပြုပြီးတော့ ခုနက သဒ္ဓါတရား ကောင်းတာကို အကြောင်းပြုပြီးတော့ ငါက သဒ္ဓါတရား သိပ်ကောင်းတာ၊ ဒင်းက သဒ္ဓါတရား ဘာမှမရှိဘူး၊ အဲဒါ ငါကဆိုတဲ့ မာနအပြင် ဒီ ငါဆိုတဲ့ အတ္တစွဲကလေး ပါလာပြန်တယ်၊ ဒီ ဒိဋ္ဌိ ခုနက ဒိဋ္ဌိမျိုးတော့ မဟုတ်ဘူး၊ ဒိဋ္ဌိက အမျိုးမျိုး၊ ငါဆိုတဲ့ အတ္တစွဲကလေး၊ ငါ့ဟာ ငါ့ဟာ၊ ငါ သဒ္ဓါတရား ကောင်းတယ်၊ မစွန့်ကြဲ ရလို့ရှိရင် ငါက စိတ်ကို မကောင်းဘူး၊ ငါဆိုတဲ့ အတ္တလေး စွဲနေပြန်တယ်၊ ဒီလို မဟုတ်ဘဲနဲ့ ရုပ်နာမ် ဘက်ကတော့ ကိစ္စမရှိဘူး၊ ယခုတော့ ငါဆိုတဲ့ အတ္တကောင်ကလေး ပေါ်နေပြန်တယ်၊ မဟုတ်ဘဲနဲ့ မရှုဘဲနဲ့ ငါကောင်ကလေး ဖြစ်နေပြန်တယ်၊ အဲဒါ သဒ္ဓါတရားကို အကြောင်းပြုပြီးတော့ ဒိဋ္ဌိံ - မိစ္ဆာအယူကို၊ ဂဏှာတိ - ယူချင်၏တဲ့။

ခုနက ဒိဋ္ဌိမျိုး မဟုတ်ဘူးနော်၊ အဲ … အတ္တစွဲတဲ့ မိစ္ဆာဒိဋ္ဌိမျိုး ဖြစ်လာပြန်ရော၊ အတူတူပဲ ဒီကုသိုလ် အကြောင်း ပြုပြီးတော့ မာနဖြစ်တယ်၊ ငါက သီလ မြဲတာ၊ ဟော ငါဆိုတဲ့ သတ္တဝါကလေး အစွဲအလမ်းကလေး ပါတယ်၊ ငါက သီလမြဲတာ၊ ဟိုကောင် ဟိုကောင်တွေက ဟိုလူ ဟိုလူတွေက သီလကို ငါးပါးသီလတောင်မှ မလုံဘူး၊ ဟော ကိုယ့်ကိုယ်ကို မာန ကြီးပြန်ပြီ၊ ကြည့်စမ်း သီလ အကြောင်းပြုပြီးတော့ မာန ဖြစ်ပြန်ပြီ၊ ကုသိုလ်က အကုသိုလ်ကို ကျေးဇူးပြုတယ်၊ သိပ်တော့ အပြစ်မကြီးဘူးနော်၊ သိပ်အပြစ်မကြီးပေမယ့် ဗုဒ္ဓမြတ်စွာက မဖြစ်ပါစေနဲ့တဲ့၊ ကိုယ့်သီလ အကြောင်း ပြုပြီးတော့ သူများကို အထင်သေးတဲ့ မာနမျိုး မဖြစ်ပါစေနဲ့၊ ငါဆိုတဲ့ အရာဝတ္ထုလေး မလုပ် လိုက်ပါနဲ့၊ မရှိလိုက်ပါနဲ့၊ ဒိဋ္ဌိ မဖြစ်ပါစေနဲ့၊ ဖြစ်တတ်တယ် ဖြစ်နေတယ် ဖြစ်ကြတယ်။

အဲဒါကြောင့် ဗုဒ္ဓမြတ်စွာကလေ ကုသိုလ် အကြောင်းပြုပြီး အကုသိုလ် ဖြစ်တယ်လို့ အတူတူပေါ့၊ ကိုယ်က အကြားအမြင် ဗဟုသုတတွေ များလာတယ်၊ ဆရာသမားတွေက ဟောကြ ပြောကြ တာတွေကို ကိုယ်က မှတ်တယ်၊ အဲဒီလို မှတ်မိတော့ ကိုယ်က အကြားအမြင် ဗဟုသုတများ၊ သူတို့တစ်တွေက ဘာမှ မသိဘူး၊ အို … အင်မတန် ညံ့ရှာကိုး၊ အင်မတန် ညံ့ရှာတယ်သာ ပြောတာ၊ သူ့ကိုယ်သူ စိတ်ကြီးဝင်လျက်၊ အကြားအမြင် ဗဟုသုတ ဒီထဲ ငါက ဘယ်လောက် များတာ၊ ဒီဆွေ ဒီမျိုးထဲမှာ ဒီရပ်ကွက်ထဲမှာ ဒီတိုက် ဒီတာထဲမှာ ဗဟုသုတ ဘယ်လောက် များတာ၊ အဲဒီ ဗဟုသုတ များတာကတော့ အကောင်းသား၊ အဲဒါ အကြောင်းပြုပြီးတော့ မာန ဖြစ်လိုက်ပြန်ရော၊ မိစ္ဆာဒိဋ္ဌိ ဖြစ်လိုက်ပြန်ရော၊ အဲသလိုပေါ့လေ ကုသိုလ်တရားက အကုသိုလ် တရားကို ကျေးဇူးပြုတယ်။

အကုသိုလ်က အကုသိုလ်ကို အကျိုးပြုပုံ

တစ်ခါ အကုသလော ဓမ္မော အကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော - အကုသိုလ် တရားက အကုသိုလ်တရားကို ကျေးဇူးပြုပြန်တယ်၊ ဘယ်လို ကျေးဇူးပြုတုန်း၊ ကြောက်စရာကြီး ကြောက်စရာကြီး၊ အကုသိုလ်က အကုသိုလ်ကို ကျေးဇူးပြုနေ ပြန်တော့လဲ၊

ရာဂံ - ရာဂကို၊
ဥပနိဿာယ - အမှီပြု၍၊
ပါဏံ - သတ္တဝါကို၊
ဟနတိ - သတ်၏၊
အဒိန္နံ - မပေးတဲ့ သူ့ဥစ္စာကို၊
အာဒိယတိ - ယူ၏၊
မုသာ - မုသားကို၊
ဘဏတိ - ပြောဆို၏။

အဲသလို စသည်ပေါ့လေ အကုသိုလ် နေရာကျတော့ ရာဂကို မူတည်တယ်၊ ဘာပြုလို့တုန်း ဆိုတော့ ရာဂဆိုတဲ့ တဏှာ လောဘကြောင့် အကုသိုလ်တွေ အင်မတန် တိုးတယ်၊ အင်မတန် တိုးတယ်၊ တဏှာ လောဘ တဏှာလောဘ ကလဲ သတ္တဝါတွေမှာ ဘယ်လောက် မူတည်လာတုန်း ဆိုတော့ ကလေးလေး မွေးဖွားလာပြီ ဖွားမြင်လာရင်ပဲ ဆာတဲ့ တဏှာလောဘ ရာဂလို့ မပြောပါနဲ့ တဏှာလောဘ၊ တစ်နည်းအားဖြင့် ရာဂလို့ ခေါ်နိုင်ပါတယ်၊ တပ်မက်ပြီး ဆာတော့ အမေက ကလေးငိုလို့မို့ နို့ချိုတိုက်တယ်၊ အဲဒီ နို့ချိုကို သာယာတဲ့ တဏှာလောဘ ဖြစ်တယ်၊ ကလေး ကလေး နောက်တော့ တစ်ခါ ဆာပြန်တယ်၊ အဲဒီကျတော့ သူနို့ချိုကို တောင်းနေပြီ၊ တဏှာ လောဘ ဖြစ်ပြီ။

ကလေးကလေး ကလေးကလေး နောက် ဒီထက် ကြီးလာတော့ အမေတွေကလဲ ကလေးလေးကို သာသာယာယာနဲ့ ပျော်စေချင်တယ် မဟုတ်လား၊ အရုပ်ကလေး ပြပြီ၊ အရုပ်ကလေး နှစ်သက်တဲ့ တဏှာလောဘ ဖြစ်ပြီ၊ ကလေးလေးက အရုပ်ကလေးကို ရုတ်တရက် မကြည့်တတ်လို့ရှိရင် လှုပ်လှုပ် ပြလိုက်သေးတယ်၊ ကြည့်တတ် လာအောင်လေ၊ နောက်တော့ အစားကလေး ပေးလိုက် အရုပ်ကလေး ပြလိုက် ပုခက်ပေါ်မှာ လွှဲပြီးတော့ လေညင်းကလေး ခံစေလိုက် ကလေးက သာယာ တတ်လာပြီ၊ တဏှာလောဘ ဖြစ်လာပြီ။

နောက်တော့ ကလေးက ကြီးလာတော့ နေရာအားလျော်စွာ တောမှာ ဆိုလို့ရှိရင်လဲ တောအလိုက် လိုချင်မှုကလေးတွေ၊ မြို့ကျတော့ သိပ်ပေါများတာ လိုချင်မှုကလေးတွေ၊ မျက်စိနဲ့ မြင်လို့ရှိရင် ဟိုဟာကလေး လိုချင်စရာကောင်း ဒီဟာကလေး လိုချင်စရာကောင်း။

ဒီတော့ ရာဂအကြောင်း ပြုပြီးတော့ ဆိုးတယ်၊ ရာဂအကြာင်း ပြုပြီးတော့ ကလေးမှာလေ အကုသိုလ်တွေ မိဘတွေက သင်ပေးနေတာ၊ အကုသိုလ်တွေ တိုးလို့ တိုးလို့၊ မသင်လို့လဲ မဖြစ်ဘူး မဟုတ်လား၊ သင်ရတော့တာပဲ သင်ရတော့တာပဲ၊ ကလေးလေး ပေါက်စလေး ဘုရားရှိခိုးသင်လို့ ဘယ်ဖြစ်မလဲ၊ သူ့နည်း သူ့လမ်းနဲ့ ကလေးလေး နားလည်အောင် သင်ပေး နေတယ်၊ သင်ပေးတော့ လောဘဆိုင်ရာနဲ့ သင်ပေးမှ ကလေး နားလည်တယ် လောဘ ဆိုင်ရာနဲ့ သင်ပေးမှ ကလေး သိလွယ်တယ်။

အဲသလို သင်ပေးရတယ်၊ ဒါ့ကြောင့် တစ်လောကလုံးဟာ တဏှာရာဂ လောဘ မူတည်နေတာပါ၊ နောက်တော့ ဆင်တတ် ပြင်တတ်တဲ့ အရွယ်ကျတော့ ပြင်ဆင်လိမ်းလို့ ပြုလို့ ဆင်ပြင်လို့၊ အမေက ပြလိုက်သေး၊ ကြည့်စမ်း သားသား ဟိုမှာ သူက ပြုံးလို့၊ အမေကလဲ ချစ်လိုက်တာ၊ ဒီသားကလေး၊ သားကလေးကလဲ မှန်ထဲကြည့်ပြီးတော့ ပြုံးလို့ အမေ့ အယုအယကိုလဲ သူက ခံချင်လို့၊ တဏှာ လောဘတွေ တဏှာလောဘတွေ။

အဲဒီဟာက အထက်ကို နည်းနည်း တက်လာပြီ ဆိုတော့ ကလေးလေးက ဝတ်ချင် စားချင်ရုံတင် မကဘူး၊ လိုချင်လာတယ်၊ နောက်တော့ ကျောင်းတွေ ဘာတွေ နေတော့ အစားကိုလဲ ပိုပြီးတော့ လိုချင်လာတယ်၊ အဝတ်ကိုလဲ ပိုပြီးတော့ လိုချင်လာတယ်၊ အပြင်အဆင်ကို ပိုပြီးတော့ လိုချင် အားကြီးလာတယ်၊ တဏှာလောဘတွေ တဏှာလောဘတွေ၊ ရာဂအကြောင်းပြုပြီးတော့ နောက် နောက် ကိစ္စတွေ ဖြစ်လိုက်တာ တဏှာလောဘတွေ။

ဟော ဒီထက် ကြီးကျယ်သွားပြီ၊ အကြီးကြီး ဖြစ်သွားပြီ၊ အရွယ်ရောက်လာပြီ၊ ထွေရာလေးပါးတွေ ရှုပ်လာကုန်ပြီ။

ရာဂံ - ရာဂကို၊
ဥပနိဿာယ - မှီ၍၊
ပါဏံ - သူ့အသက်ကို၊
ဟနတိ - သတ်တော့၏။

ကြည့်စမ်း တစ်ယောက်နဲ့ တစ်ယောက် ဆိုပါတော့ သတို့သားနဲ့ သတို့သမီးကလေး ချစ်ကြတယ်၊ ရာဂဖြစ်နေကြတယ်၊ ချစ်ကြိုက်နေကြတယ်၊ ဒီအထဲမှာ အနှောင့်အယှက် ပေးနေတယ်၊ အဲဒီ အနှောင့်အယှက်ပေးတဲ့ လူကို သတ်တယ် သတ်တယ်၊ တစ်နည်းနည်းနဲ့ သတ်တယ်၊ ပါဏာတိပါတ အကုသိုလ် ဖြစ်လာပြီ၊ ဒါကြောင့် အကုသိုလ်က အကုသိုလ်တရားကို ကျေးဇူးပြုတယ်။

နောက်တော့ မိမိတို့ ချစ်တဲ့ မိသားတစ်စု စားဖို့ သောက်ဖို့ ခိုးရတယ် တိုက်ရတယ် မတရားတွေ လုပ်ရတယ်၊ အဒိန္နာဒါန အကုသိုလ်တွေ တိုးလာပြီ၊ ရောင်းတယ် ဝယ်တယ်၊ အမြတ် များများရအောင် မုသားတွေ ပြောရတယ်၊ စားဝတ်နေရေး ဆိုတဲ့ ရာဂကို အကြောင်းပြုပြီးတော့ "မုသာ - မုသားကို၊ ဘဏတိ - ပြောဆိုရပြန်တယ်"၊ ကြောက်စရာကြီး ကြောက်စရာကြီး၊ ရာဂကို အကြောင်းပြုပြီး ဖြစ်နေပုံလေ။

ပိသုဏံ - ချောပစ် ကုန်းတိုက်မှုကို၊ ဘဏတိ - ပြောဆိုရ၏၊ ကုန်ရောင်းလို့ ဝယ်လို့ ကောင်း အောင် ဘယ်သူနဲ့ ဘယ်သူနဲ့ နည်းနည်းကလေး ကွဲသွားအောင် တစ်ယောက် တစ်ယောက် အထင်လွဲသွားမှ ငါ ရောင်းလို့ဝယ်လို့ ရမှာ၊ ကုန်းတိုက် ပေးရတယ် ကုန်းတိုက်ပေးရတယ်၊ ပိသုဏဝါစာ အကုသိုလ်တွေ၊ တစ်ခါတလေကျတော့ ရောင်းရင်း ဝယ်ရင်း မကျေနပ်လို့ ဆဲကြ ဆိုကြ ဖရုသဝါစာ ဖြစ်တယ်၊ အဲဒီတော့လေ နောက်နောက် အကုသိုလ်တွေ ဖြစ်လိုက်တာ ဖြစ်လိုက်တာ၊ အတူတူပဲ။

ဒေါသ အကြောင်းပြုပြီးတော့ နောက်နောက် အကုသိုလ်တွေ၊ မောဟ အကြောင်းပြုပြီးတော့ နောက်နောက် အကုသိုလ်တွေ၊ မာန အကြောင်းပြုပြီးတော့ နောက်နောက် အကုသိုလ်တွေ၊ အဲသလို ဖြစ်လေသမျှလေ ရာဂတွေ ဒေါသတွေ မောဟတွေ မာနတွေ နောက်နောက် အကုသိုလ်တွေ ဖြစ်အောင် ကျေးဇူးပြု ပြီးတော့ နေတာဟာ ပကတူပနိဿယ ပစ္စယသတ္တိပဲလို့ ဗုဒ္ဓမြတ်စွာက ဟောထားခဲ့တာ ဘုန်းကြီးတို့က ကြည်ညိုလိုက်တာ၊ လောကကြီး တစ်ခုလုံးကို ဒီ ပကတူပနိဿယ သတ္တိက ဘယ်လောက် ခြယ်လှယ်နေတုန်း ဆိုတာ လာဦးမယ်လေ။

အကုသိုလ်က ကုသိုလ်ကို ကျေးဇူးပြုပုံ

အကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေနပစ္စယော။

ရာဂံ - ရာဂကို၊
ဥပနိဿာယ - အားကြီးသော မှီရာဖြစ်၍၊
ဒါနံ - အလှူကို၊
ဒေတိ - ပေး၏၊
သီလံ - သီလကို၊
သမာဒိယတိ - ဆောက်တည်၏၊
ဥပေါသထကမ္မံ - ဥပုသ်စောင့်သုံးမှုကို၊
ကရောတိ - ပြု၏၊
ဈာနံ - ဈာန်ကို ဈာန်ရကြောင်းဖြစ်တဲ့ သမထကမ္မဋ္ဌာန်းကို၊
ဥပ္ပာဒေတိ - ဖြစ်စေ၏၊
ဝိပဿနံ - ဝိပဿနာကမ္မဋ္ဌာန်းကို၊
ဥပ္ပာဒေတိ - ဖြစ်စေ၏၊
မဂ္ဂံ - မဂ်ကို၊
ဥပ္ပာဒေတိ - ဖြစ်စေ၏။

တကတည်း အကုသိုလ် အကြောင်းပြုပြီးတော့ ကုသိုလ်တရား လာလိုက်တာ ဝမ်းသာစရာ ကောင်းလိုက်တာ၊ ဒီကျတော့ လာတော့ လာတာပဲ၊ ရာဂပဲ၊ ရာဂ အကြောင်းပြုပြီးတော့ ကုသိုလ် တရားတွေ ဖြစ်တယ်ဆိုတာဟာ သာမန်လူတွေ ဘာနားလည် လိမ့်မတုန်း၊ ဘုန်းကြီးတို့ကျတော့ တရားတော်ကလဲ ရှိနေပြန် သုတ္တန် တရားတော်ကလဲ ရှိနေပြန်၊ ဒီကျတော့ကာ ဗုဒ္ဓမြတ်စွာ အလောင်းတော် သုမေဓာရှင်ရသေ့ ဘဝတုန်းက ဗုဒ္ဓမြတ်စွာအလောင်းတော်က ဒီပင်္ကရာ မြတ်စွာဘုရား ကြွလာတော့ မပြီးသေးတဲ့လမ်း ရွှံ့ညွန်ရှိတဲ့လမ်းကို ဗုဒ္ဓမြတ်စွာ မနင်းပါစေနဲ့ ငါ့ကို နင်းပါစေလို့ ဝမ်းလျားမှောက်ပြီးတော့ တံတားခင်းတယ်၊ ကဲ … ဒီအချိန်မှာ သုမိတ္တာ ဆိုတဲ့ အမျိုးသမီး သိန်းပေါင်းများစွာ ပရိသတ်ကြီး၊ အဲဒီ သိန်းပေါင်းများစွာ ပရိသတ်ကြီးထဲက သုမိတ္တာ ဆိုတဲ့ အမျိုးသမီးကလေး ပါလာတယ်၊ ဘယ်လို ဘယ်လို ဘယ်စိတ် ဘယ်ဘဝက ဘယ်သံယောဇဉ် ဆိုတာတော့ မသိဘူး၊ ဒီရသေ့ကို ကြည့်ပြီးတော့ လောကပြောနဲ့ ပြောရရင် အင်မတန် ချစ်နေတယ်၊ သူယူလာတဲ့ ကြာရှစ်ခိုင်ကို ရသေ့ဆီ ကပ်ပြီးတော့ "ဗုဒ္ဓမြတ်စွာကို ပူဇော်ပါနော်" တဲ့၊ သူ့ရဲ့ လိမ္မာပုံနဲ့ စိတ်နူးညံ့ပုံကလဲ စဉ်းစားဖို့ကောင်းတယ်။

သူက သုံးခိုင် ယူတယ်၊ ဒီတင် အသားပေး ထားတယ်လေ၊ အဲ … ဘုရားအလောင်း၊ သူ ဘုရားအလောင်းရယ် ဘာရယ် ဒီအချိန် မသိပါဘူး၊ ဟိုကလဲ ဗျာဒိတ်ပေးတော် မမူသေးပါဘူး၊ ကြာပန်းငါးခိုင် ဆက်ကပ်တယ်၊ သူက သုံးခိုင် ယူတယ်၊ ဗုဒ္ဓမြတ်စွာ အနားရောက်လာတဲ့ အခါမှာ သူကလဲ ပူဇော်တယ်၊ ရှင်းရှင်း ပြောလို့ရှိရင် ဗုဒ္ဓမြတ်စွာက ဗျာဒိတ် ပေးတော်မူပါတယ်၊ ဒီဘုရားအလောင်းကို ဗျာဒိတ်ပေးတဲ့အပြင် သုမိတ္တာ အတွက်လဲ ဗျာဒိတ်ပေးတော်မူပါတယ်။

ဝေဿန္တရာဇာတ်

ချစ်တဲ့ ရာဂကို အကြောင်း ပြုပြီးတော့ ကုသိုလ်တရား ဘယ်လောက် ပွားသွားသတုန်း၊ ကြာပန်း လှူတာက စပြီးတော့ ကုသိုလ် တရားတွေ ပွားလာလိုက်တာ၊ နောက်ဘဝ သံသရာ ကျတော့လဲ ဒီ ဘုရားအလောင်းကို ချစ်တဲ့ ရာဂ အကြောင်းပြုပြီးတော့ ထိန်းလိုက်တာ စောင့်ထိန်းလိုက်တာ သူ့ကိုယ်သူ စောင့်ထိန်းလိုက်တာ၊ ဘာအပြစ်မှ မရှိအောင် ကြိုးစားတဲ့အပြင် ကူညီစရာ ရှိလို့ ရှိရင်လဲ ကူညီနိုင်တဲ့ဘဝကျတော့ ယသော်ဓရာ အလောင်းဖြစ်တဲ့ မဒ္ဒီမိဖုရား ဘဝမှာ သိပ်ချီးမွမ်း စရာပဲ၊ အားလုံးသိတဲ့အတိုင်း ဒီ ဆင်ဖြူတော်ကို လှူတော့ တိုင်းပြည်က မကျေနပ်လို့ နှင်ဖို့ တိုက်တွန်းလို့ ခမည်းတော်မင်းကြီးက ဝေဿန္တရာကို နှင်ရပါတယ်။

နှင်ရတော့ ဘုရားအလောင်းတော်က ဘယ်လို ပြောသလဲလို့ ဆိုတော့ - "မဒ္ဒီ နန်းတော်မှာ နေရစ်ပြီး သီလရှိတဲ့ လူတွေကို လှူရစ်နော်၊ ဒါနမှတစ်ပါး အားကိုးစရာ ဘာမှ မရှိဘူး"၊ သူ့မှာလဲပဲ ဒါနကို အကြောင်းပြုပြီးတော့ အနှင်ခံရပြီ၊ ဒါပေမယ့် ဒါနတရားကိုပဲ ဟောနေတယ်၊ "လှူရစ်နော် လှူရစ်နော်" လို့ ဆိုတဲ့စကားက နည်းနည်းမှ နိမိတ်မကောင်းဘူးပေါ့၊ ဘာဖြစ်လို့တုန်း၊ "အဲ မောင်တော်တို့တော့ ဆင်ဖြူတော် လှူတဲ့အတွက် တိုင်းပြည်က မကျေနပ်လို့ ခမည်းတော်ကြီးက ဟို ဝင်္ကဘာတောင် သွားပြီးတော့နေဖို့ (တောပြစ် ပေါ့လေ) တောပြစ်ပေး နေပါတယ် ဒဏ်ပေးနေပါတယ်၊ ဒါကြောင့် မောင်တော် သွားရမယ်၊ နှမတော် ဒါနကို ပြုရစ်ပါနော်" လို့ ဘုရားအလောင်းက မှာတယ်၊ မဒ္ဒီက ဘာပြောသလဲ - "အို ကိစ္စမရှိဘူးလေ၊ မောင်တော်သွားရင် သူလဲ လိုက်မှာပေါ့" ကြည့်စမ်း ရာဂအကြောင်းပြုပြီးတော့ နောက်ကုသိုလ်တွေက လိုက်လာလေ၊ နောက် မယ်တော် ခမည်းတော်များဆီ နှုတ်ဆက်တော့ "သမီးတော် နေရစ်လေ သမီးတော် နေရစ်လေ၊ သမီးတော်ကို နှင်တာမှ မဟုတ်ဘဲ" သမီးလဲ တော်တယ် ချွေးမလဲ တော်တယ်၊ တူမလဲ ဟုတ်တယ်၊ "သမီးတော် နေရစ်လေ၊ သားတော် သမီးတော် ကလေးတွေနဲ့ ဘယ်လိုက်လို့ ဖြစ်မှာလဲ" ဆိုတော့ မဒ္ဒီမိဖုရားက ပြောတယ်၊ "တချို့မိန်းမတွေက ချမ်းသာတဲ့အခါ ခံစားတုန်းက အတူတူ ချမ်းသာပြီးတော့ ဆင်းရဲတဲ့အခါကျတော့ အဆင်းရဲ မခံဝံ့ဘူး" လို့ ဆိုကြတယ်၊ အဲဒီစိတ် ဖြစ်ကြတယ်၊ အဲဒီစိတ်ကို မဒ္ဒီ နားမလည်ပါဘူး၊ "သူနားလည်တာကတော့ ချမ်းသာတုန်းက အတူတူ ချမ်းသာလို့ရှိရင် ဆင်းရဲတော့လဲ အတူတူ ဆင်းရဲရမှ ဝတ္တရားကျေတယ်လို့ သူ နားလည်ပါတယ်၊ ဒါကြောင့် သူ လိုက်မယ်"၊ နောက် ခမည်းတော်က သားတော် သမီးတော် ကလေးတွေကို ထားရစ်ခဲ့ဖို့ တားတယ်။

"ဟင့်အင်း မဖြစ်ပါဘူး၊ ဒီ သားတော် သမီးတော်တွေ ကြည့်ပြီးတော့ တိုင်းပြည်ကို သတိမရဘဲ ဖြစ်ပါ့မယ်၊ သားတော် သမီးတော်တွေ ကစားကြ သူတို့ ကြည့်ပြီးတော့ ပျော်လို့ စိတ်ချမ်းသာလို့၊ အဲဒီအခါမှာ တိုင်းပြည်ကို သတိမရဘဲ ဖြစ်ပါလိမ့်မယ်၊ ဒီလို မဟုတ်လို့ရှိရင် တိုင်းပြည်ကို တတမ်းတတနှင့် ဖြစ်ပါလိမ့်မယ်၊ ဒါကြောင့် သားတော် သမီးတော်တွေ ပါမှ ဖြစ်ပါမယ်"။

သွားကြရော အဲဒီက နောက်ကိုလေ တောထဲ ရောက်တဲ့အခါမှာ မဒ္ဒီ မိဖုရားက ဘယ်လိုနေရ လိမ့်မယ်ဆိုတာ သူ မစဉ်းစားခဲ့ဘူး၊ စဉ်းစားဖို့လဲ မလိုဘူး၊ ဖြစ်ချင်ရာဖြစ်ပဲ၊ ဘယ်လိုစားရမယ် ဆိုတာ သူ မစဉ်းစားခဲ့ဘူး၊ စဉ်းစားဖို့လဲ မလိုဘူး၊ ဖြစ်ချင်ရာ ဖြစ်ပဲ၊ တောထဲ ရောက်တော့ ကမ္မဋ္ဌာန်းကျောင်းကလေးနှင့် နေကြတယ်၊ "မောင်တော်က ကလေးများကို ကြည့်ပြီးတော့ နေရစ်ပါ၊ သူ သစ်သီးရှာ သွားမယ်" ရှာတာပဲ၊ သစ်သီးရှာတယ်ဆိုတာ လွယ်လွယ်နဲ့ ဘယ်ဟုတ် ပါ့မလဲ၊ တူးစရာ တူရွင်းကလေးနှင့် လှမ်းဆွတ်စရာ တံချူကလေးနှင့် ထည့်စရာ တောင်းကလေးနှင့်၊ ဒီလို ထွက်ပြီးတော့ ရှာတာ ဘယ်လောက် ကြာတယ်များ ထင်သလဲ၊ (၇)လလောက် ကြာတယ် ထားပါတော့ပေါ့၊ ဒီတော့ကာ အဲဒီ ရာဂကို အကြောင်းပြုပြီးတော့ စိတ်ကောင်း နှလုံးကောင်းတွေ ဖြစ်နေလိုက်တာ၊ ရာဂ အကြောင်းပြုပြီးတော့ ကုသိုလ်တရားတွေ ဖြစ်နေလိုက်တာ။

"ကလေးတွေကို စောင့်ရှောက်တယ်၊ မောင်တော်ကို စောင့်ရှောက်တယ်၊ ပြီးတော့ ဥပုသ်သီလကို ထိန်းထားတယ်၊ တောထဲ ရောက်ကတည်းက ဥပုသ်သီလကို ထိန်းထားတယ်၊ လူလို မနေဘူး၊ ယောဂီလို နေကြတယ်၊ ဒီတော့ ရာဂအကြောင်း ပြုပြီးတော့ ကုသိုလ်တွေ မဖြစ်ဘူးလား၊ ဖြစ်နေတာပဲ၊ ဒါကြောင့် အကုသိုလ်တရားက ကုသိုလ်တရားကို ကျေးဇူးပြုတယ်" လို့ ဆိုတာက ဒီလို ပုဂ္ဂိုလ်တွေ ထောက်ပြီးတော့ အကုသိုလ် ဆိုတဲ့ ရာဂကို အကြောင်းပြုပြီး သကာလ ကုသိုလ်တွေ အများကြီးဖြစ်တယ်။

ဒါန ပြုဦးတော့၊ ဒီ ဝေဿန္တရာ မင်းသား သားတော် သမီးတော်တွေ လှူလိုက်တော့ သူ့စိတ်ထဲ မဒ္ဒီမိဖုရားအတွက် အင်မတန် အင်မတန် စိုးရိမ်နေတယ်၊ သားတော် သမီးတော်တွေ လှူလိုက်လို့ရှိရင် မဒ္ဒီမိဖုရား ရင်ကွဲများ သေသွားမလားလို့၊ တော်တော်နှင့် ထုတ်ဖော် မပြောဘူး၊ တစ်ညလုံး မပြောဘူးလေ တစ်ညလုံး မပြောဘူးလေ၊ မပြောရက်လို့ မပြောတာ၊ ထုတ်ဖော် မပြောဘူး၊ မဒ္ဒီမိဖုရားလဲ တစ်ညလုံး ရှာတာပဲ၊ အခေါက်ခေါက် အခါခါ လှည့်ပတ်ပြီးတော့ ရှာတာပဲ မတွေ့ဘူး ဝမ်းနည်းတယ်၊ ဒီ ဝေဿန္တရာမင်းနား သွားတော့လဲ စကား မပြောဘူး၊ "အပြော ခက်လွန်းလို့ အပြောခက်လွန်းလို့" နောက်တော့ တစ်ညလုံး ပင်ပန်းလွန်းမက ပင်ပန်းလွန်းတော့ …

အနားသွားတဲ့အခါကျတော့ ဝေဿန္တရာမင်းက သိပ်ပြီးတော့ စကားလုံး ရှာလို့ မရဘူးနော်၊ ဒါနဲ့ "သင်က မနက်က အစောကြီး သွားတယ်၊ ပြီးတော့ မိုးချုပ်မှ ပြန်လာတယ်၊ ဒီ သားနဲ့ သမီးနဲ့ လင်နဲ့နေတဲ့ အမျိုးကောင်းသမီး ဆိုတာ ဒီလိုပဲလား" ဆိုတော့ သူ့ပဲ မယုံသလိုလို ဘာလိုလို၊ ဒီလို ပြောတော့ ဝမ်းနည်းပြီးတော့ လဲများသွားတယ်။

အဲဒီမှာတင် ကပျာကယာ အလောင်းတော် ဝေဿန္တရာမင်းက ထပြီးတော့ "ငါ့ မိဖုရားတော့ ဆုံးပြီထင်တယ်၊ တောကြီးထဲမှာ ဆုံးရှာပြီ" အဲဒီလို ထင်ပြီးတော့ သနားသွားတယ်၊ ဦးခေါင်း ကလေးကို ပေါင်ပေါ်တင် ရေတကောင်းက ရေလေးနဲ့ တစ်စက်စက် ချပေးတော့ သတိရ လာတယ်၊ သတိရလာတော့မှ ကပျာကယာ သူ ထတဲ့ပြီးတော့ စိတ်အားတော့ ရှိသွားဟန် တူတယ်၊ ယုယုယယ ဟိုက ပြုစုနေပြီလေ၊ အဲဒီ စိတ်အားရှိလာတော့ ထပ်ပြီးတော့ မေးတယ်။

"သားတော် သမီးတော်တွေ ဘယ်ကိုများ သွားကြသလဲ" မေးတယ်၊ မေးတော့ ဒီ ဟို ပေါ့လေ သက်သက်သာသာ ဖြစ်အောင် "မဒ္ဒီ သိပ်ပြီးတော့လဲ ပူဆွေးမနေနဲ့ အလှူခံပုဂ္ဂိုလ် လာလို့ လှူလိုက်တယ်၊ လှူလိုက်ပေမယ်လို့ တန်ဖိုးဖြတ် လှူလိုက်တာ၊ ပြန်ရဖို့ရန် မျှော်လင့်ချက် ကလေးတွေနဲ့ ရှိပါစေတော့လို့ သမီးတော်ကို ဘယ်လို တန်ဖိုးဖြတ်လိုက်တယ်၊ သားတော်ကို ဘယ်လို တန်ဖိုးဖြတ်လိုက်တယ်" အဲ - အဲဒီလို ပြောတော့ မျှော်လင့်ချက်က အတော်ကြီး ရသွားတယ်။

အဖိုးဖြတ် လှူလိုက်လို့ရှိရင် တစ်နေရာက ရွေးမှာ၊ ဒီ တန်ဖိုးက ဘုရင်မှ ရွေးနိုင်တဲ့ အဖိုးတွေ၊ တန်ဖိုးတွေ၊ ဆင်ရတနာတွေနဲ့ မြင်းရတနာတွေနဲ့၊ အဲဒီလို ရွေးမှာဖြစ်တော့ ရှင်ဘုရင်မှ ရွေးနိုင်မှာ၊ တစ်နေ့ ပြန်တွေ့မယ်လို့ မျှော်လင့်ချက်ကလေးနဲ့ ပြောရတယ်၊ ပြောတော့ ဒီ မဒ္ဒီမိဖုရားက သတ္တိနည်းနည်း ဆိုလို့ရှိရင် ပိုပြီးတော့ လူးလှိမ့်ငိုစရာပေါ့။

"ဝမ်းမြောက်ပါတယ်၊ ဒါ အကောင်းဆုံး ဒါနပဲ၊ အမြတ်ဆုံး ဒါနပဲ၊ လှူပါ သူ ဝမ်းမြောက်ပါတယ်" တဲ့၊ "မြန်မာလိုတော့ သူ သာဓုခေါ်တယ်ပေါ့"၊ "ဝမ်းမြောက်ပါတယ်၊ နောင်ကိုလဲ ဒီထက်ပိုပြီးတော့ လှူပါ" တဲ့၊ ကြည့်စမ်း ဒီလောက အပြောနဲ့ ချစ်နေတော့ မြန်မာတွေက သိပ်ပြီးတော့ အပြစ်တင်ချင် တင်မယ်၊ ဘုန်းကြီးက မတင်ပါဘူး၊ "ချစ်" ဘာဖြစ်တုန်း၊ သံသရာကြီးထဲ ဒီလိုပဲ ချစ်ကြမှာပေါ့၊ ချစ်ပြီးတော့ ကုသိုလ်တရားတွေ များများကြီး ရနေမယ်ဆိုရင် ဘယ်လောက် ကောင်းမလဲ။

မဒ္ဒီမိဖုရားဟာ ကုသိုလ် တရားတွေ များများကြီးရ အလိမ္မာတွေ များများကြီးရှိ သိပ်တော်ပြီးတော့ နေတယ်လေ၊ ထပ်ပြီးတော့ ဆက်ပြောရဦးမယ်၊ နောက်တော့ ဇာလီတို့ ကဏှာတို့ကို ရွေးလို့ အားလုံးပေါ့လေ ရွေးပြီးပြီ၊ ရွေးပြီးတော့ ဘိုးတော် ဘွားတော်များက မေးတယ်၊ နေကြ ထိုင်ကြပုံ ခမည်းတော် အကြောင်းကို ထည့်မပြောဘူး၊ မယ်တော်အကြောင်း ပြောတာပဲ။

"မယ်တော်က နေ့တိုင်း သစ်သီး သစ်ရွက်ရှာ သွားရပါတယ် မယ်တော်ရဲ့ အသားအရေတွေ ရှေးတုန်းကလို မဖြူပါဘူး၊ အသား ညိုလာပါတယ်၊ နေပူခံရလို့ "ပြောတတ်လိုက်တာ" ပြီးတော့ ဆံပင်တွေ ရှေးတုန်းကလို ဆံပင် မများပါဘူး၊ ဆူးခက်နဲ့ ငြိလို့ ဟိုကပြတ် ဒီကပြတ်နဲ့ ကျဲကုန်ပါပြီ။

မယ်တော်အကြောင်း ပြောတာပဲ၊ နားထောင်နေတဲ့ မှူးမတ်တွေအားလုံးက ခွင့်လွှတ်ပြီး အဲ … ခမည်းတော်ကြီး မယ်တော်ကြီးများကလဲ ပြန်ခေါ်ဖို့ ဆိုပါတော့ ပြန်ခေါ်တယ်၊ ဇာလီမင်းသားက ရှေ့ဆောင်လမ်းပြ လုပ်ပြီးတော့ စစ်တပ်နဲ့တကွ သွားတာပဲ၊ ဟိုမှာ ဘိသိက် သွန်းခဲ့မလို့ တိုင်းပြည်က အကျေနပ်ကြီး ကျေနပ်နေပြီလေ၊ ဒီတော့ သွားလို့ စစ်သံတွေနဲ့ တီးပြီးတော့ တောကို ဝင်လာတယ်ဆိုရင် "ဝေဿန္တရာမင်း ကြောက်တယ်တဲ့" ဘုန်းကြီးက ဝေဿန္တရာမင်း ကြောက်တယ်ဆိုတာ ကြောက်ရုံတင်မကဘူး၊ တောင်ပေါ်ကို တက်ပြီးတော့ တောင်ပေါ်ကို ပျာယီးပျာယာနဲ့ တက်သွားတာပဲ၊ သွားတော့ မဒ္ဒီမိဖုရားက လိုက်သွားတယ်။

"ဘာဖြစ်တာတုန်း"

"မင်း ဘာသိလို့တုန်း ခမည်းတော်ကြီး သတ်ပြီးတော့ ငါ့ကို သတ်မလို့ စစ်တပ်နဲ့လာတာ"၊ ကြည့်စမ်း ဝေဿန္တရာမင်း ဖြစ်နေပုံတွေ ဘုန်းကြီးက နည်းနည်းတော့ စိတ်က တစ်မျိုးကြီးနော်ကိုး၊ အလောင်းတော်ကြီးရဲ့ စိတ်ဟာ၊ မဒ္ဒီမိဖုရားက "အို … ဘယ်ဟုတ်ရမှာလဲ ဒီစစ်ဟာ ကိုယ့်ဘက်က စစ် ကိုယ့်ကယ်ဆယ်ဖို့ လာတဲ့ စစ် သိကြားက ဆုပေးတုန်းက ပြောသွားတယ်"။

(ဘုန်းကြီးက ဒီကြားထဲ ဖြတ်ထားတယ်၊) "နောက်ကို လာပြီးတော့ ခမည်းတော်များ ကျေနပ်လို့ လာခေါ်ပါလိမ့်မယ်" လို့ ပြောသွားတယ်၊ အဲဒါလဲ ဝေဿန္တရာမင်းက သတိရချင်မှ ရမယ်၊ စိတ်နည်းနည်း လန့်နေတယ်။

ဒါနဲ့ မဒ္ဒီမိဖုရားက … "ဆင်းကြည့်ရအောင် ဒါ ကိုယ့်စစ်ပါ ရန်သူ့စစ် မဟုတ်ပါဘူး"၊ အဲသလို ပြောတော့မှ ဝေဿန္တရာမင်းက ပြန်ပြီးတော့ ဆင်းလာပြီး ကမ္မဋ္ဌာန်းကျောင်းပေါ်မှာ အေးအေး ဆေးဆေး ထိုင်နေတော်မူတယ်။

ဘုန်းကြီးက တန်ဖိုးရှိလိုက်တဲ့ မိဖုရား တန်ဖိုးရှိလိုက်တဲ့ အလောင်းတော်၊ ဒီလောကကြီးမှာ ပေါ့လေ၊ "ရာဂံ - ရာဂကို၊ ဥပနိဿာယ - မှီ၍" လို့ အကုသိုလ်က ကုသိုလ်ကို ကျေးဇူးပြုတယ်လို့ ဆိုတာဟာ အင်မတန်မှ မှန်တယ် အင်မတန် မှန်တယ်။

ဒုကူလနှင့် ပါရိက

ဒီကြားထဲမှာ အလောင်းတော်ကြီးတွေ ရှင်မဟာကဿပ အလောင်း မယ်ဘဒ္ဒါတို့ အလောင်းတွေ၊ တစ်နေရာတုန်းက ဟိုဖက်က တံငါသူကြီးရဲ့သမီး၊ ဒီဖက်က တံငါသူကြီးရဲ့သား ဖြစ်ကြတယ်၊ သူတို့ကို အရွယ်ရောက်တော့ လက်ထပ်တော့မယ် ဆိုတော့ နှစ်ယောက်စလုံးက မလိုချင်ဘူး အိမ်ထောင် မပြုချင်ဘူး၊ သူတို့ တောထွက်မယ် ဘာပြုလို့တုန်း ဆိုတော့ နှစ်ယောက်စလုံးက ဗြဟ္မာ့ပြည်က လာကြတဲ့ သူတော်ကောင်း အလောင်းအလျာတွေ ဖြစ်လို့။

ဒါပေမယ်လို့ လူကြီးတွေက သူတို့ ဘယ်လောက် ငြင်းနေနေ အတင်း လက်ထပ် ပေးကြတယ်၊ လက်ထပ်ပေး လိုက်တော့လဲ လက်ထပ်ပေးတယ် ဆိုရင်တော့ စိတ်ကပိုပြီးတော့ ရင်းနှီးလာ ကြတယ်လေ၊ ပိုပြီးတော့ ရင်းနှီးလာလေ ကာမဂုဏ်စိတ်နဲ့ တစ်ယောက်ကို တစ်ယောက် မကြည့်ကြဘူးလေ၊ မောင်နှမလိုပဲ ချစ်တော့ သိပ်ချစ်ကြတယ်၊ ရာဂလို့ ပြောချင်ပြော သိပ်ချစ် တာပဲ၊ သိပ်ချစ်ပေမယ်လို့ ကာမဂုဏ်စိတ်နဲ့ မနေဘူး၊ သူတို့နှစ်ယောက် ကြင်ကြင်နာနာ ချစ်ချစ်ခင်ခင် နေတာပဲ။

နှစ်ဖက်မိဘတွေက ဆွေမျိုးတွေက ငါးတွေ အလုပ် လုပ်ကြတယ်၊ သူတို့က နှာခေါင်းရှုံ့တယ်၊ မျက်နှာရှုံ့တယ်၊ သူတို့က အလုပ် မလုပ်သည့်အပြင် ဒါတွေကို စက်ဆုပ်လို့၊ ဘုန်းကြီး ကျေနပ်လွန်းလို့၊ ကျေနပ်လွန်းလို့၊ လောကမှာ အကောင်းတွေ ဘယ်လောက် ကောင်းတယ် ဆိုတာ ရှေးက ပြသွားကြတယ်နော်၊ ဒါနဲ့ ဆွေမျိုး နှစ်ဖက်စလုံးက ဒါလောက် မင်းတို့ ငါးတွေကို သနားရင် တောထွက်သွားပါလား ဆိုတော့ "ဟာ … ထွက်တာပေါ့" နှစ်ယောက်စလုံး တောထွက်လို့ ဒုကူလနဲ့ ပါရိတ သုဝဏ္ဏသာမဇာတ်မှာ၊ နောက် သုဝဏ္ဏသျှံ သတို့သားလေး ရတယ်လေ၊ ရတာလဲ ပေါင်းဖော်လို့ ရတာ မဟုတ်ပါဘူး၊ သိကြားမင်းက ပေးကို ပေးလို့၊ ရအောင်ကို စီမံပေးလို့ ရတာပါ။

အင်မတန် ချစ်ကြတယ်၊ ဟိုမှာ ဥပုသ်စောင့်ပြီးတော့ သူတော်ကောင်း အဖြစ်နဲ့ နေကြတယ်၊ ဒါကြောင့် ရာဂကို အကြောင်းပြုပြီးတော့ ကုသိုလ်တရားတွေ တိုးပွားနေတာ လောကမှာ များလွန်းလို့ များလွန်းလို့၊ မြန်မာတွေကတော့ ချစ်တယ်ဆိုရင်ပဲ သူတို့က အပြစ်ကြီးကြီး ထင်နေတာ၊ ဘုန်းကြီးက ချစ်ပေါ့လေ ချစ်ပြီးတော့ ကုသိုလ်တရား အများကြီး ရအောင် လုပ်ပေါ့၊ အိမ်ထောင်အဖြစ်နဲ့ နေလို့ရှိရင်လဲ ချစ်ကြပေါ့ ချစ်ကြပါ၊ ဒါပေမယ့် တစ်ယောက် တစ်ယောက် စောင့်ရှောက်ပါ။

ကုသိုလ်တရား များများ ရအောင် လုပ်ပေါ့၊ မိမိတို့ကိုယ်ကို မိမိတို့ စောင့်ရှောက်လို့၊ လောက အပြစ်လဲ မဖြစ်စေဘဲနဲ့၊ အကုသိုလ် အပြစ် မဖြစ်စေဘဲနဲ့၊ ငါးပါးသီလ ထိန်းလို့၊ ဥပုသ်နေ့လဲ ဥပုသ်စောင့်လို့၊ သမီးခင်ပွန်း ဒီလိုနေကြပါ၊ ချစ်တာကို အကြောင်းပြုလို့ ကုသိုလ်တရားတွေ အများကြီး လုပ်လို့၊ ဒါနပြုကြစို့၊ ချစ်တာကို အကြောင်းပြုပြီးတော့ သန့်သန့်ရှင်းရှင်း ဒါနပြုလို့၊ ဘေးက ချီးမွမ်းတဲ့ ဒါနတွေဟာ အပိုတွေပါ၊ ကုသိုလ်ရတဲ့ ဒါနလုပ်ကြစို့၊ ဆရာကောင်း သမားကောင်း တွေရဲ့ စကားကို နားထောင်ပြီးတော့ ဒါနလုပ်ကြစို့၊ ဂုဏ်ရှိတဲ့ ဒါနလို့ နားလည် ခဲ့ပြီးတော့ ဒါနမဟုတ်တဲ့ အကုသိုလ် ဒါနတွေ မလုပ်ကြစို့နဲ့၊ ဒါနဆိုရင် ပေးလို့ ကမ်းလို့၊ အဲသလို နေကြစို့ရဲ့ဆိုရင် ချစ်တာကို အကြောင်းပြုပြီးတော့ ကုသိုလ် ဘယ်လောက် ကုသိုလ် ဘယ်လောက် သန့်ရှင်းလာတုန်း၊ တရားထိုင်ကြစို့ရဲ့၊ ဘာဝနာပွားကြစို့ရဲ့၊ ဒီချစ်တာ အကြောင်းပြုပြီးတော့ တစ်ယောက် တစ်ယောက် စောင့်ရှောက်လို့ တစ်ယောက် တစ်ယောက် အရေးပေးလို့ အင်မတန် တန်ဖိုးရှိတယ်။

ဒါကြောင့် ဗုဒ္ဓမြတ်စွာက အကုသိုလ်က ကုသိုလ်ကို ပကတူပနိဿယ သတ္တိနဲ့ ကျေးဇူးပြုပါတယ် လို့ အဲသလို အမိန့်ရှိတော်မူတယ်။

တစ်ခါ ကုသိုလ်က ကုသိုလ်ကို ကျေးဇူးပြုတယ်၊ ဒါတွေကတော့ အလွယ်ကလေး အလွယ်ကလေး၊ ကုသိုလ်က ကုသိုလ်ကို ကျေးဇူးပြုတယ် ကုသိုလ်တွေ ဆက်ပြီးတော့ တိုးပွားလိုက်တာပဲ။

ပုဂ္ဂိုလ်က ကုသိုလ် အကုသိုလ်ကို ကျေးဇူးပြုပုံ

ပြီးတော့ ဒီ ပစ္စည်းက အင်မတန် ကျယ်တယ်၊ ဒီ ပဋ္ဌာန်းပစ္စည်းက အင်မတန် ကျယ်တယ်၊ ပုဂ္ဂိုလ် တစ်ယောက်ကလဲ ကုသိုလ် အကုသိုလ်ကို ကျေးဇူးပြုနိုင်တယ်။

ပုဂ္ဂလော ဘောဇနံ ဥတု သေနာသနံ

ပုဂ္ဂိုလ်တစ်ယောက်က ပုဂ္ဂိုလ်တစ်ယောက်ကို ကုသိုလ် ဖြစ်အောင်လဲ ကျေးဇူး ပြုနိုင်တယ် အကုသိုလ် ဖြစ်အောင်လဲ ကျေးဇူးပြုနိုင်တယ်၊ ခုတင်က သမီး ခင်ပွန်းပဲ ဆိုပါတော့၊ တစ်ယောက်က ကုသိုလ် လုပ်ချင်တယ် တစ်ယောက်က တားတယ်၊ စားစရာမရှိဘူး၊ ဒီလိုသာ ကုသိုလ်တွေ လုပ်နေလို့ရှိရင် ငတ်ကုန်လိမ့်မယ်၊ ကလေးတွေပါ ငတ်ကုန်မယ်၊ သမီး ခင်ပွန်းချင်း ပေမယ့် အကုသိုလ် ဖြစ်အောင် လုပ်ပေးလို့ ရတယ်၊ သမီး ခင်ပွန်းချင်းပဲ တစ်ယောက် တစ်ယောက် ချစ်ပြီးနေလို့ တစ်ယောက် မဆင်းရဲရအောင် မတရား စီးပွားရှာလို့၊ တစ်ယောက် ကလဲ မတရား စီးပွားရှာတာ ကျေနပ်လို့၊ မတရား ရောင်းလို့ ဝယ်လို့ ခိုးလို့ ဝှက်လို့ သတ်လို့ ဖြတ်လို့၊ ဒါ ကျေနပ်လို့၊ ဒါ အကုသိုလ်က အကုသိုလ်ကို ကျေးဇူးပြုနေတာပဲ၊ ဒါ ပုဂ္ဂိုလ်က ကျေးဇူးပြု နေတာပဲ။

သူတော်ကောင်း ပုဂ္ဂိုလ်နဲ့ တွေ့ပြန်တော့ မလုပ်ပါနဲ့၊ အကုသိုလ် လုပ်မယ်ဆိုရင် အကုသိုလ် မလုပ်ပါနဲ့၊ ဈေးရောင်းလို့ ချွေတာ စားတာပေါ့၊ မရှိလို့ ဒီဘဝ ငတ်သေတာက ဘာမှမဖြစ်ဘူး၊ ဟိုဘက်ဘဝမှာ ငရဲရှိတယ်၊ တိရစ္ဆာန် ရှိတယ်၊ ပြိတ္တာ ရှိတယ်၊ ဒါတွေ တို့ရောက်သွားလို့ရှိရင် သက်သာမတဲ့လား၊ ဟာ မတရား မလုပ်နဲ့၊ မတရား မလုပ်နဲ့ အိမ်သူကလဲ အိမ်သားကို မတရား တော့ မရှာနဲ့၊ ချွေတာစားမယ်၊ အိမ်သားကလဲ အိမ်သူကို မတရားတော့ မရှာနဲ့၊ ချွေတာစားမယ်၊ "ကြည့်စမ်း ကြည့်စမ်း" တစ်ယောက် တစ်ယောက် ကျေးဇူးပြုနေတာ၊ ပုဂ္ဂိုလ်က ကျေးဇူးပြု နေတယ်၊ ဒီမှာကျတော့ ကုသိုလ်ကိုလဲ ကျေးဇူးပြုတယ်၊ ဗုဒ္ဓမြတ်စွာကလေ မင်္ဂလသုတ် အစဆုံးမှာ-

အသေဝနာစ ဗာလာနံ ပဏ္ဍိတာနဉ္စ သေဝနာ

ဗာလာနံ - လူမိုက် လူဖျင်း လူအတို့ကို၊
အသေဝနာစ - မဆက်သွယ်ခြင်း မမှီဝဲရခြင်း မပေါင်းရခြင်း မဆည်းကပ်ရခြင်း လည်းကောင်း၊
ပဏ္ဍိတာနံ - လူတတ် လူလိမ္မာ လူပညာရှိ သူတော်ကောင်းတို့ကို၊
သေဝနာစ - ပေါင်းသင်း ဆက်ဆံရ မှီဝဲရခြင်း လည်းကောင်းလို့၊ "ကြည့်စမ်း ကြည့်စမ်း"။

တစ်ခါတုန်းက အရှင်အာနန္ဒာ တစ်ပါးတည်း ဆိတ်ဆိတ်နေတယ်၊ နေပြီးတော့ သူတော်ကောင်း များနော် တယ် တန်ဖိုးရှိတာကိုး၊ သူတော်ကောင်းနဲ့ ပေါင်းရတာများ တယ်ကောင်းတာကိုးလို့ အရှင်အာနန္ဒာက အင်မတန် ဝမ်းမြောက်ဝမ်းသာနဲ့ စိတ်ကူးနေတယ်၊ ရသမျှ ကုသိုလ်တွေ သူတော်ကောင်း အတွက်ကြောင့် တစ်ဝက်ကတော့ ပြီးတာပဲ၊ တစ်ဝက်ကသာ ကိုယ်က ကြိုးစား ရတယ်၊ တစ်ဝက်ကတော့ သူတော်ကောင်းတွေ အတွက်ကြောင့် အလိုလို ပြီးသွားတာ၊ ကိုယ် မကြိုးစားရဘဲနဲ့ ကုသိုလ်တွေ ရတယ်၊ အင်မတန် သူ့ဆုံးဖြတ်ချက်နဲ့ သူ့ရည်ရွယ်ချက်နဲ့ သူ့ အကြောင်းပြချက်နဲ့ ကောင်းလှပြီလို့ ထင်ပြီးတော့ …

ဗုဒ္ဓမြတ်စွာကို အားရပါးရ သွားပြီးတော့ လျှောက်တယ်၊ "မြတ်စွာဘုရား သူတော်ကောင်းနဲ့ ပေါင်းရတာကတော့ သိပ် အကျိုးများတာပဲ ဘုရား၊ တစ်ဝက် ကုသိုလ်ကတော့ ဘာမှ မလုပ်ဘဲနဲ့ တိုးသွားတာပဲ"၊ အရှင်အာနန္ဒာက ဗုဒ္ဓမြတ်စွာလျှောက်တော့"အာနန္ဒာ ဒီလို မပြောနဲ့ ဒီလို မပြောနဲ့၊ သူတော်ကောင်းနဲ့ ပေါင်းရလို့ ရသမျှကုသိုလ်တွေဟာ သူတော်ကောင်း ကြောင့်ချည်း ရတာပဲလို့၊ တစ်ဝက် မကဘူး အကုန်လုံး သူတော်ကောင်းကြောင့် ရတယ်၊ အာနန္ဒာ ငါဘုရား တည်းဟူသော သူတော်ကောင်းကို ပေါင်းကြရလို့ တစ်သံသရာလုံး တစ်အိုတည်း အိုနေမယ့် သူတွေ တစ်နာတည်း နာရမယ့်သူတွေ တစ်သေတည်း သေရမယ့်သူတွေ ကြည့်စမ်း၊ မအိုရ တော့ဘူး မနာရတော့ဘူး မသေရတော့ဘူး၊ ရဟန္တာတွေဖြစ်လို့ ပရိနိဗ္ဗာန်စံကြတယ်၊ ဒါ ငါဘုရားနဲ့ ပေါင်းရလို့၊ ငါဘုရားနဲ့သာ မပေါင်းရလို့ရှိရင် တစ်ခုမှ ဖြစ်မှာ မဟုတ်ဘူး၊ တစ်ဝက် မပြောနဲ့ တစ်ပိုင်းတည်း မပြောနဲ့ တစ်စိတ် မပြောနဲ့ တစ်ခုမှ ဖြစ်မှာ မဟုတ်ဘူး၊ ခုတော့ ဗုဒ္ဓမြတ်စွာနဲ့ ပေါင်းရလို့ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ပြီးတော့ နေကြရ သွားကြရတယ်၊ သူတော်ကောင်းနဲ့ ပေါင်းရလို့ ကုသိုလ်တွေ ရသမျှ သူတော်ကောင်းကြောင့် ရတာ၊ တစ်ဝက် မကဘူး အကုန်ရတယ်"။

ဗုဒ္ဓမြတ်စွာ မိန့်တော်မူတော့မှ အရှင်အာနန္ဒာလဲ ဟုတ်သားပဲကိုး၊ ဟုတ်သားပဲ၊ ဒါ သူတော်ကောင်းနဲ့ ပေါင်းရတာဟာ ကုသိုလ်တွေ သိပ်ရတာ၊ အဲသလိုဆိုရင် မသူတော်နဲ့ ပေါင်းရ တာဟာလဲ ငရဲ ရောက်အောင်ကို ရတယ်၊ ငရဲ ရောက်ရတယ်၊ ဘာပြုလို့လဲ၊ သူက ပြောရင် မတော်တာတွေချည်း ပြောတယ်၊ မတော်တာတွေ အလုပ်ခိုင်းတယ်၊ အဇာတသတ် မင်းဟာ တကယ့် ကို သူတော်ကောင်းလေးပါ၊ မျိုးရော ရိုးရော စိတ်ရင်း စေတနာရင်းရော အကောင်းလေးပါ၊ ရှင်ဒေဝဒတ်နဲ့ ပေါင်းလိုက်မိတဲ့အတွက်ကြောင့် အဝီစိကို ကပ်တာပါပဲ၊ ဒါကြောင့် မသူတော်နဲ့ ပေါင်းရတာဟာ နည်းနည်းကလေး မဟုတ်ဘူး အကုသိုလ် အကုန်လုံး၊ ရသမျှ အကုသိုလ်ဟာ မသူတော်ကြောင့်ချည်းပဲ ဖြစ်နေပါတယ်၊ သိပ် သတိထားစရာ ကောင်းတယ်။

ဒါကြောင့် ဒီ ပကတူပနိဿယ သတ္တိကလဲ ပုဂ္ဂိုလ်က ကုသိုလ် အကုသိုလ် ရဖို့ရာ ပကတူပနိဿယ သတ္တိနဲ့ ကျေးဇူးပြုပါတယ်၊ ပုဂ္ဂိုလ်က သုခ ဒုက္ခ ရဖို့ရာ ပကတူပနိဿယ သတ္တိနဲ့ ကျေးဇူး ပြုကြပါတယ်၊ ပုဂ္ဂိုလ်က ကောင်းနေလို့ရှိရင် ကောင်းတာလုပ်ရင် သုခတွေ ရကြတယ်၊ မကောင်း ဆိုတာ တမင် ယုတ်မာချင်တဲ့ မကောင်း မဟုတ်ဘူး၊ ညံ့တဲ့ မကောင်း၊ အဲဒီလို မကောင်းတဲ့ ပုဂ္ဂိုလ်နှင့် ပေါင်းရလို့ရှိရင် ဒုက္ခတွေ့ရတယ်၊ ဆိုပါတော့ ဆရာက မကောင်းလို့ရှိရင် တပည့်တွေ ဒုက္ခများတာပဲ၊ မိဘ မကောင်းလို့ရှိရင် သားသမီးတွေ ဒုက္ခများနေ တာပဲ၊ အဆက်ဆက် ဒုက္ခများ နေတာပဲ၊ ဒါကြောင့် ပုဂ္ဂိုလ်ဟာ သုခ ဒုက္ခ ဖြစ်အောင်လဲ ကျေးဇူးပြုနိုင်တယ်၊ ကုသိုလ် အကုသိုလ်ဖြစ်အောင်လဲ ကျေးဇူးပြုနိုင်ပါတယ်။

အစားအသောက်က ကုသိုလ် အကုသိုလ်ကို ကျေးဇူးပြုပုံ

ဘောဇနံ - အစာက ကုသိုလ် အကုသိုလ် ဖြစ်အောင်လဲ ကျေးဇူးပြုနိုင်တယ်၊ ဘောဇနံ - အစား အသောက်၊ ခုကာလ အစားအသောက်တွေ အမလေး ဘယ်အစာ စားတော့မှ အားရှိတယ် ပြောပြီးတော့ စားကြတယ်ကိုး၊ ပြီးတော့ ဒီ အစာတွေ စားပြီးတော့ ဘာလုပ်ကြသလဲ၊ ပျော်ပျော် ပါးပါးကြီး နေထိုင်ကြတယ်၊ ကောင်းတယ်ဆိုတဲ့ အစာအာဟာရက အကုသိုလ်ကို ကျေးဇူး ပြုနေတာပဲ၊ အဲ … တချို့တော့လဲ မျှတအောင် စားပြီးတော့ အဲ … မျှတရုံလေး စားပြီးတော့ တရား ကျင့်ကြ ကောင်းကောင်း စားကြ၊ ဒီတော့ ဘောဇဉ်က ပေမယ်လို့လဲ ကုသိုလ် အကုသိုလ်ကို ကျေးဇူးပြုနိုင်တယ်။

ယခု လူတွေမှာ အစာကိုလေ ချိန်စားကြမယ် ဆိုလို့ရှိရင် အစာတွေကို အဲဒါ တကတည်း အဆီ အဆိမ့်နဲ့ ဘာနဲ့ ကောင်းတာတွေကို တကတည်း စားကြတယ်၊ ဘောဇဉ်က အကုသိုလ်ကို ကျေးဇူးပြုနေတာပဲ။

အိပ်ရာ စသည်က ကုသိုလ် အကုသိုလ်ကို ကျေးဇူးပြုပုံ

သေနာသနံ - အိပ်ရာနေရာတွေ ခမ်းခမ်းနားနား ခင်းလို့ ပျော်ပျော်ပါးပါး နေလို့ ဘုန်းကြီးတွေ အိပ်ရာနေရာ ခမ်းခမ်းနားနား နေကတည်းက ဒီ အိပ်ရာနေရာကို သာပြီးတော့ သာယာတယ်၊ ဒီနေရာက အကုသိုလ် ဖြစ်ပေါ်နေပြီ၊ တော်တော်ကြာတော့ ဒီ အိပ်ရာနေရာပေါ်မှာ အကုသိုလ်တွေ ကြံလို့ စည်လို့ လူတွေမှာတော့ ခံစားလို့၊ အဲဒီ အိပ်ရာနေရာက အကုသိုလ်ကို ကျေးဇူးပြုနေတယ်။

အိမ်ကောင်းရာကောင်းတွေ ဆောက်လုပ်ကြတာ နေလို့ မျှတရုံလေး မီးထင်းကိစ္စ သက်သာရုံ ကလေး၊ ဒါကတော့ အကုသိုလ် မဟုတ်ပါဘူး၊ ခမ်းနားအောင် ဆောက်ပြီး အလှအပတွေ ပြင်ထားကြတယ်၊ အိမ်ကို အလှအပတွေ ဆင်ထားတာ သာယာတာ မဟုတ်လား၊ သာယာတော့ အကုသိုလ်ဖြစ်လို့ စိတ်ဟာ ကုသိုလ်နဲ့ အကုသိုလ် နှစ်ခုပဲ ဖြစ်တာ၊ ဒိပြင် စိတ်တွေကတော့ မပြောပလောက်ဘူး၊ ကုသိုလ်မဖြစ်ရင် အကုသိုလ်ဖြစ်လို့ ကျောင်းတွေ ခမ်းခမ်းနားနား ပြင်ဆင်လို့၊ ဘုန်းကြီးတွေက သာယာ၊ ကျောင်းလဲ အကုသိုလ် ဖြစ်တာပဲ၊ အိမ်တွေ ခမ်းခမ်း နားနား ဆောက်လို့ သာယာလို့ ပျော်လို့ သားတွေ သမီးတွေနဲ့ ကြွားလိုက်ကြတာ၊ ဒါ အကုသိုလ် ဖြစ်တာပဲ၊ ဒီတော့ မဆောက်ရဘူးလို့ ဘုန်းကြီးတားတာ မဟုတ်ပါဘူး၊ သူတို့ ဖြစ်နေတာကို ပြောတာပါ။

ဘုန်းကြီးတို့ ကျောင်းမှာတော့ သာသာယာယာ ခမ်းခမ်းနားနား လုပ်ကို မလုပ်ရဘူး၊ ဘာပြုလို့လဲ အကုသိုလ် ဖြစ်မှာမို့၊ ဘုန်းကြီးသိသားပဲ၊ မလုပ်ရဘူး မဆင်ရဘူး မပြင်ရဘူး၊ ပြီးတော့ သူတို့ ကျေနပ်သလို သူတို့ ကျောင်းဒကာတွေ ဆောက်တာတော့ ဆောက်ပါစေ၊ အဲ … မိမိတို့က သာယာအောင်တော့ မခိုင်းရဘူး မပြင်ရဘူး သန့်ရှင်းအောင်သာ လုပ်ရမယ်၊ ကိုယ့်တိုက်ထဲမှာ သန့်ရှင်းအောင် ထားပါ၊ ဒါတွေ မြင်လို့ ဒါတွေ မြင်လို့၊ အဲ … အကုန်လုံး ပြောနေတာ။

ဒီတော့ ပကတူပနိဿယမှာ ပုဂ္ဂိုလ်ကလဲ ကုသိုလ် အကုသိုလ်ကို ကျေးဇူးပြုနေတယ်၊ အိပ်ရာ နေရာကလဲ ကုသိုလ် အကုသိုလ်ကို ကျေးဇူးပြုတယ်၊ အစားအသောက် ဘောဇဉ်ကလဲ ကုသိုလ် အကုသိုလ်ကို ကျေးဇူးပြုတယ်၊ အဲ … အိပ်ရာနေရာတင်မကဘူး၊ အိမ်တို့ ကျောင်းတို့ကလဲ ကုသိုလ် အကုသိုလ်ကို ကျေးဇူးပြုတယ်၊ အိမ် ကျောင်းတင် မကဘူး၊ ဝတ်တဲ့ သင်္ကန်း သင်္ကန်း ကောင်းကောင်းကလဲ ဝတ်နေရင် သာယာနေတယ် မဟုတ်လား၊ အဲဒီ ဝတ်တဲ့ သင်္ကန်းကလဲ ကုသိုလ် အကုသိုလ်ကို ကျေးဇူးပြုတယ်၊ ကျောင်းကို အကြောင်းပြုပြီးတော့ တရားထိုင်နေရင် ကုသိုလ်ကို ကျေးဇူးပြုနေတယ်၊ အင်္ကျီ အဝတ်ကောင်းတွေ အစားကောင်းတွေ ဝတ်ကြ စားကြတယ် ဖြီးကြ လိမ်းကြတယ်၊ အကုသိုလ်တွေ ဖြစ်နေတာ။

ကိုယ်ကိုယ်တိုင် အကုသိုလ် ဖြစ်နေရုံတင် မကဘူး၊ သူများကို အကုသိုလ် ဖြစ်အောင် ခေါ်နေတယ်၊ ကိုယ့် အကုသိုလ်တွင် မကဘူး၊ သူများ အကုသိုလ်တွေပါ ဖိတ်ခေါ်တယ်၊ အဲဒါကြောင့် လွန်တယ် လွန်တယ် လူတွေ လွန်ကြပြီ၊ အကုသိုလ်တွေ များကုန်ကြပြီ၊ ခု အမျိုးသမီး အမျိုးသားလေးတွေ အရွယ်ရောက်တယ်ဆိုရင် ပြင်လိုက်ကြတာ ဆင်လိုက်ကြတာ ကိုယ့်ကိုယ် ကိုလဲ သာယာတယ်၊ အကုသိုလ်တွေ ဖြစ်နေတယ်၊ အဲဒီ အဝတ်အစားက သူတစ်ပါး ကိုလဲ ဖိတ်ခေါ်တဲ့ သဘောမျိုးနဲ့ ကျုပ်ကြည့်ပြီးတော့ ပြင်ကြစမ်းပါ ဆင်ကြစမ်းပါ ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ ပြင်ဆင်ကြတယ်၊ ရှက်စရာလောကကြီး ဖြစ်နေတာ အဲဒါဟာ လွန်ကို လွန်နေပါပြီ။

ကြည့် ဒါကြောင့် စာကဖြင့်လေ အိပ်ရာနေရာ အဝတ်အစား အကုန်လုံး အကုသိုလ်တွေ ရှိတယ်၊ တောတောင် ရေမြေကစပြီး တောထဲမှာ သူတော်ကောင်း တွေကတော့ ဆိတ်ငြိမ်လို့ တရား အားထုတ်ကြတယ်၊ သူတော်ကောင်း တွေကတော့ တောက တောင်က ကျေးဇူးပြုတယ်၊ ကုသိုလ် တွေကို မဂ်ဖိုလ်ရသည်အထိ ကျေးဇူးပြုတယ်၊ အပျော်အပါး သမားတွေကတော့ တောတောင် သွားကြတာပဲ၊ တောထဲ ရောက်တော့ တောင်ထဲ ရောက်တော့ သီချင်းတွေ ဆိုကြ ပျော်ကြပါးကြ၊ အဲဒီထဲက သူတို့ အဆက်အသွယ် ဖြစ်ကြ၊ သွားကို သွားကြ၊ ဘုရားဖူးတွေ နာမည်ခံပြီးတော့ တောင်ပေါ်တက်ကြတယ် သွားကို သွားချင်ကြတယ်။

စာက ပြောနေတယ်၊ တောတောင်တွေက ကုသိုလ် အကုသိုလ်တွေကို ကျေးဇူးပြုနေတယ်၊ အဲဒီက ကုသိုလ် အကုသိုလ်ကို ကျေးဇူးပြုပါတယ်လို့ ပြောနေကြတယ်၊ ဒီ ပကတူပနိဿယက အင်မတန် ကျယ်ဝန်းတယ်လို့တော့ မှတ်ထားလိုက်ကြပါ၊ ဘုန်းကြီးက တစ်ခါတစ်ခါ ပြောဆို ဆုံးမတဲ့အခါ စာရေးတဲ့အခါမှာ ထည့်ရေးတာဟာ အသားလွတ် သက်သက် ထည့်ရေးတာ ပြောတာ မဟုတ်ပါဘူး အင်မတန် တိကျအောင် ဆုံးမပြီးတော့ ထားတဲ့အတွက် ပြောရခြင်း ဖြစ်ပါတယ်၊ အင်မတန် ကောင်းတဲ့ တရားတော်ကြီး၊ ပြောလို့ ဟောလို့ ကုန်နိုင်စရာ မရှိပါဘူး၊ ဒီလောက်ကလေးပဲ ကျေနပ်ပါ၊ ပြီးတော့ အင်မတန် ကျယ်ဝန်းပါလားလို့ မှတ်ကြပါ။

တို့ အကုသိုလ် မဖြစ်အောင်တော့ စားဝတ်နေရေး သတိထားဖို့ ကောင်းပါလားလို့၊ အဲသလို တွေးပြီးတော့ကာ မိမိကိုယ်ကို သူတော်ကောင်းဖက် ပါအောင် ကြိုးစားကြပါ၊ ကိုယ်နဲ့ နီးစပ်တဲ့ ဆွေတွေ မျိုးတွေ သားတွေ သမီးတွေ ရဟန်း သံဃာတွေကလဲ တပည့် ဒကာ ဒကာမတွေ မိဘတွေကို သူတော်ကောင်းဖက် ပါအောင် လုပ်ကြပါ၊ အင်မတန်ကောင်းတဲ့ ပဋ္ဌာန်းတရားတော် ကြီးပါ၊ လောကကြီးထဲမှာ ရှိတဲ့ စိတ် စေတသိက် ဖြစ်ပုံတွေ တရားတွေ ဖြစ်နေပုံတွေ ဒီပဋ္ဌာန်းက အကုန်လုံး သိမ်းကျုံးပြီးတော့ ယူထားပါတယ်။

နာနာပ္ပကာရဋ္ဌာနာနိ၊ ဗောဓိတာနေတ္ထ မုနိနာ။
အနန္တနယ ပဋ္ဌာနံ၊ ဝန္ဒေ အနန္တ ဂေါစရံ။

ဧတ္ထ - အနန္တနယ သမန္တပဋ္ဌာန်း ကျမ်းတော်ကြီး၌၊
မုနိနာ - မုနိထွတ်တင် ဘုရားရှင်သည်၊
နာနာပ္ပကာရဋ္ဌာနာနိ - ဟေတု အာရမ္မဏ စသည်များစွာ အကြောင်းအရာတို့ကို၊
ဗောဓိတာနိ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာ ကျန သိပြီးမှလျှင် များလှဝေနေ သိစေတော်မူအပ်ခဲ့လေပြီ၊
အနန္တ ဂေါစရံ - အဆုံးမရှိ ကုန်အောင်သိသည့် ဉာဏ်တော်၏သာ ကျက်စားရာ ဖြစ်တော်မူသော၊
တံ အနန္တနယ ပဋ္ဌာနံ - မြားမြောင်ပေါယယ် နည်းစုံကြွယ်သား, ကြီးကျယ် မြင့်မော် ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊
ဝန္ဒေ - တစ်သက်တစ်ခါ ကြုံခဲစွာဖြင့် ကြုံလာသည့်ခိုက် ဦးဖြင့်တိုက်၍ နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ ပါ၏ဘုရား။

သာဓု … သာဓု … သာဓု။

အခြေပြု ပဋ္ဌာန်းတရားတော်

ဆဋ္ဌမနေ့

၁၃၃၄-ခု၊ တန်ခူးလဆန်း ၁၂-ရက်၊
၁၉၇၃-ခု၊ ဧပြီလ ၁၄-ရက်၊ စနေနေ့။

၁၂။ အာသေဝနပစ္စယော (အာသေဝနပစ္စည်း)

မနေ့က ပကတူပနိဿယ ပစ္စည်းက အင်မတန် အရာကျယ်လို့ ခပ်ချုံးချုံးကလေး ဟောထား ပါတယ်၊ ဒီတော့ ဘုန်းကြီးက အလွတ်ပြောပြီး ဟောနေတဲ့ အကြောင်းအရာတွေ ကြားဖူးနေတဲ့ ဒကာ ဒကာမများက ကုသိုလ်ကြောင့် အကုသိုလ်ဖြစ်ပုံ ဟောတော်မူတဲ့အခန်းမှာ အလွတ် ပြောတာတွေ မပါပါဘူး၊ နည်းနေပါတယ်၊ ဘုန်းကြီးက အလွတ်ပြောတော့ ဗမာနိုင်ငံမှာ ကုသိုလ် အကြောင်းပြုပြီးတော့ အကုသိုလ်တွေ များလွန်းနေတာ သိလို့ ပြောလေ့ရှိပါတယ်၊ အဲဒါတွေ ဘုန်းကြီး ပြောတာထဲ မပါလာသေးဘူး၊ ဒီတော့ ကနေ့တော့ကာ အာသေဝန ပစ္စည်း အကြောင်းပေါ့လေ ထောက်ပြဦးမယ်၊ ဗမာနိုင်ငံဖြစ်ပုံတွေ၊ ဒီတရားတော်မှာ အို … အာသေဝန ဆိုတာဟာ အင်မတန်မှ ဒီလူတွေနဲ့ သတ္တဝါတွေနဲ့ပေါ့လေ တိုက်ဆိုင်နေပါတယ်၊ ဒီတစ်လောက လုံး သတ္တဝါတွေ သံသရာ သွားနေတဲ့စခန်းမှာ အာသေဝနပစ္စည်းနဲ့ ကမ္မပစ္စည်းက မကွဲသလို ဖြစ်နေပါတယ်၊ ဒီတော့ ဘုန်းကြီးက အာသေဝနပစ္စည်းနဲ့ ကမ္မပစ္စည်းကို ကနေ့ပြောမယ်။

အာသေဝန ၃-မျိုး

ခွဲပြီးတော့ ပြောမယ် ဒါပေမယ့် ကမ္မပစ္စည်းက ဒါလောက်နဲ့ မရဘူး၊ အင်မတန် ကျယ်တယ်လေ၊ ကမ္မပစ္စည်းကို ထားထားပြီးတော့လေ ပြောရပါ့မယ်၊ ပါဠိတော်က -

အာသေဝနပစ္စယောတိ

ပုရိမာ ပုရိမာ - ရှေးရှေး၌ ဖြစ်ကုန်သော၊
ကုသလာဓမ္မာ - ကုသိုလ်တရားတို့သည်၊
ပစ္ဆိမာနံ ပစ္ဆိမာနံ - နောက်နောက်၌ ဖြစ်ကုန်သော၊
ကုသလာနံ ဓမ္မာနံ - ကုသိုလ်တရားတို့အား၊
အာသေဝနပစ္စယေန - အာသေဝနပစ္စယ သတ္တိဖြင့်၊
ပစ္စယော - ကျေးဇူးပြုသည်၊
ဟောတိ - ဖြစ်၏။

ပုရိမာ ပုရိမာ - ရှေးရှေး၌ဖြစ်ကုန်သော၊
အကုသလာဓမ္မာ - အကုသိုလ်တရားတို့သည်၊
ပစ္ဆိမာနံ ပစ္ဆိမာနံ - နောက်နောက်၌ ဖြစ်ကုန်သော၊
အကုသလာနံ ဓမ္မာနံ - အကုသိုလ်တရားတို့အား၊
အာသေဝနပစ္စယေန - အာသေဝနပစ္စယ သတ္တိဖြင့်၊
ပစ္စယော - ကျေးဇူးပြုသည်၊
ဟောတိ - ဖြစ်၏။

ပုရိမာ ပုရိမာ - ရှေးရှေး၌ဖြစ်ကုန်သော၊
ကိရိယာဗျာကတာ - ကိရိယာအဗျာကတ ဖြစ်ကုန်သော၊
ဓမ္မာ - တရားတို့သည်၊
ပစ္ဆိမာနံ ပစ္ဆိမာနံ - နောက်နောက်၌ ဖြစ်ကုန်သော၊
ကိရိယာဗျာကတာနံ - ကိရိယာ အဗျာကတဖြစ်ကုန်သော၊
ဓမ္မာနံ - တရားတို့အား၊
အာသေဝနပစ္စယေန - အာသေဝနပစ္စယ သတ္တိဖြင့်၊
ပစ္စယော - ကျေးဇူးပြုသည်၊
ဟောတိ - ဖြစ်၏။

အာသေဝနပစ္စည်းကို ကုသိုလ် အကုသိုလ် အဗျာကတ ဒီလို သုံးမျိုးခွဲပြီး ဟောတော်မူပါတယ်၊ တစ်ခါ ဖြစ်တုန်းမှာလဲ အညစ်အကြေးတွေ လောဘတွေ ဒေါသတွေ ဣဿာတွေ မစ္ဆရိယတွေ၊ နောင်အကျိုး ပေးတော့လဲပဲ မကောင်းကျိုးတွေ ပေးတယ်လို့ ပြောခဲ့ပြီနော်။

ကုသိုလ်တရားဆိုတာ ဖြစ်တုန်းမှာလဲပဲ သန့်ရှင်းတယ်၊ လောဘ အညစ်အကြေး မပါဘူး၊ အကျိုး ပေးတော့လဲ ကောင်းကျိုး ပေးတယ်လို့ ပြောခဲ့ပြီနော်။

ကိရိယာအဗျာကတ ဆိုတာက ဘုရား ရဟန္တာများ သန္တာန်မှာ ဖြစ်တာ၊ အကျိုးကို မပေးဘူး၊ သည်တော့ အဲဒီ တရား အတွက်ကတော့ ကျယ်ကျယ်ပြန့်ပြန့် ပြောနေဖို့ မလိုပါဘူး။

အာသေဝန သဘော

အကုသိုလ် ဒါက အရေးကြီးတယ်၊ အာသေဝန ပစ္စည်းကို ရှေးရှေး ဆရာတော်များက အဋ္ဌကထာ ဆရာတော်များက ဥပမာ ဘယ်လို ပြတုန်းဆိုတော့ နံ့သာ ထုံထားသလိုပဲတဲ့၊ မကောင်းတဲ့ အနံ့ရော ကောင်းတဲ့အနံ့ရောပေါ့လေ၊ အနံ့ကူးထား အနံ့ထုံထား၊ နံပါတ်၁ - ထုံလိုက်တာ အဲ … နည်းနည်းတော့ အနံ့ရတယ်၊ ဆက်ပြီးတော့ ထုံ၊ နံပါတ်၂ - ကျတော့ ပိုပြီးတော့ အနံ့ပြင်းလာတယ်၊ ပြီးတော့ အနံ့ မွှေးလာတယ်၊ မကောင်းနံ့ဖြစ်လဲ ပိုပြီးတော့ ပြင်းလာတယ်၊ နံပါတ်၃ - ကျတော့ ခုနက အရှိန် လိုက်နေတာ ဖြစ်တော့ သာပြီးတော့ အနံ့ မကောင်းနံ့ ပြင်းတယ်၊ ကောင်းနံ့ မွှေးတယ်၊ နံပါတ်လေး နံပါတ်ငါး နံပါတ်ခြောက် နံပါတ်ခုနစ် ဇော တစ်မျိုးမျိုးဟာ ခုနစ်ကြိမ်ပဲ အများဆုံး စောတယ်၊ ဘုန်းကြီးတို့ ဒီအကုသိုလ် ကုသိုလ်ဆိုတဲ့ အကျိုးပေးနေတဲ့ ဇောမျိုးက (၇) ကြိမ်ပဲ လာတယ်၊ ဒီတော့ နံပါတ်၇ - ကျတော့ မကောင်းနံ့ ထုံထားလိုက်လို့ရှိရင် မကောင်းနံ့ဟာ အပြင်းဆုံးပါပဲ၊ ကောင်းနံ့ ဆိုလို့ရှိရင်လဲ ကောင်းနံ့ဟာ အမွှေးဆုံးပါပဲ၊ ဒီတော့ ဒီတော့ ဒီတင် နည်းနည်းကလေး နားလည်ထားကြ။

နံပါတ်၁ - နည်းနည်းကလေး မွှေးတယ်၊ စ-ထုံ ရတာကိုး၊ ဒီတော့ နံပါတ်၇-ကျတော့ သိပ်ပြီးတော့ ပြင်းတယ်၊ သိပ်ပြီးတော့ မွှေးတယ်၊ ရှေးက အဆက်ဆက် ကျေးဇူးပြုသွားတယ်၊ ဒါကြောင့် တရားတော်ကလေ -

အာသေဝနပစ္စယော - နောက်နောက်မွန်လေး သာလွန်မွှေးအောင် ရှေးရှေး ထုံထား နံ့သာ လားသို့ မခြား မပြတ် မျိုးဇာတ်တူသော နောက်နောက်ဇောအား စွမ်းပကားအဟုန် ထုံစေနိုင်သော ရှေးရှေးသော လောကီဇော ဟူသော အာသေဝန ပစ္စည်းတရားသည်။

"နောက်နောက်မွန်လေး သာလွန်မွှေးအောင်" ဆိုတဲ့ အကောင်း ထုံတာကို ဥပမာပြတာ၊ မကောင်းနံ့ ကျတော့လဲပဲ သာလွန်ပြီးတော့ နံတာပဲ၊ နောက်နောက် အနံ့က သာလွန်ပြီးတော့ နံအောင် ထုံပြီးတော့ ထားလိုက်တာ၊ ရှေးရှေးက ထုံပြီးတော့ ရှေးရှေးဇောက နောက်နောက်ဇောကို ကျေးဇူး ပြုသွားလိုက်တာ၊ နောက်ကျလေ အနံ့ပြင်းလေ နောက်ကျလေ အနံ့မွှေးလေ၊ သတ္တမ (၇) ခုမြောက် ဇောကျတော့ အနံ့ပြင်းတယ်၊ အစွမ်းကုန် အနံ့မွှေးတယ်၊ ပထမဇော အနံ့ အရှိန်အဟုန် အညံ့ဆုံးပဲ၊ အဲဒါလေး မှတ်လိုက်စမ်းပါ။

အာသေဝနပစ္စယော - နောက်နောက် မွန်လေး သာလွန်မွှေးအောင် ရှေးရှေး ထုံထား နံ့သာလားသို့ မခြား မပြတ် မျိုးဇာတ်တူသော နောက်နောက် ဇောအား စွမ်းပကား အဟုန် ထုံစေနိုင်သော ရှေးရှေးသော လောကီဇော ဟူသော အာသေဝန ပစ္စည်းတရားသည်" တဲ့။

ကုသိုလ်ဆို ကုသိုလ်ချင်း ဖြစ်ရမယ်၊ နံပါတ် (၁) ကုသိုလ် နံပါတ် (၂) ကုသိုလ်၊ သုံး လေး ငါး ခြောက် ခုနစ် ကုသိုလ်ဇောချည်း ဖြစ်ရတယ်၊ အကုသိုလ် ဆိုပြန်လို့ ရှိရင်လဲ အကုသိုလ် ချည်းပဲ၊ နံပါတ် (၁) အကုသိုလ်၊ နှစ် သုံး လေး ငါး ခြောက် ခုနစ် အကုသိုလ်ချည်း ဖြစ်ရတယ်။

အာသေဝနပစ္စယော - နောက်နောက် မွန်လေး သာလွန်မွှေးအောင် ရှေးရှေး ထုံထား နံ့သာ လားသို့ မခြား မပြတ် မျိုးဇာတ်တူသော နောက်နောက် ဇောအား ကျေးဇူးပြုနိုင်သော စွမ်းပကား အဟုန် ထုံစေနိုင်သော ရှေးရှေးသော လောကီဇော ဟူသော အာသေဝန ပစ္စည်းတရားသည်၊
အတ္ထိ - ပုဂ္ဂိုလ်သတ္တဝါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေသည်တကား၊
ဣတိ - ဤသို့၊
ဗောဓေန္တံ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာကျန သိပြီးမှလျှင် များလှဝေနေ သိစေတော် မူသော မြတ်စွာဘုရားကို၊
ဝန္ဒာမိ - ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ဘုရား။

သာဓု … သာဓု … သာဓု။

ဘုန်းကြီးက တရားတော်ကို ပြောရင်း ပြောရင်း မြတ်စွာဘုရားရဲ့ သဗ္ဗညုတ ဉာဏ်တော်ကြီး ကြီးမားပုံကို စိတ်ထဲမှာ ထင်လာတော့ သိပ်အားရတာပဲ၊ ဒီလို အသိဉာဏ် မရှိလို့မို့ အမှားမှား အယွင်းယွင်းတွေ အမျိုးမျိုး ပြုနေကြတာ၊ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာ မှာလဲပဲ ဒီလို အသိဉာဏ်မရှိလို့ ကုသိုလ်လိုလို အကုသိုလ်လိုလို ပြုပြီးတော့ နေကြတယ်၊ ဒီတော့ ဒီအထဲမှာ ဇော (၇) ကြိမ် ရှိတဲ့ အနက်က ဇော (၇) ကြိမ်လို့သာ ဆိုရတယ်နော်၊ လက်ဖျစ်တစ်ချက်တီးမှာ စိတ်ဝီထိတွေ ကုဋေ တစ်သိန်းမက ဖြစ်တယ်ဆိုတော့ အဲဒီ ကုဋေတစ်သိန်းမက ဖြစ်တဲ့အထဲမှာ ရှေးက အနှစ်မပါတဲ့ စိတ်တွေ ပယ်လိုက်၊ နောက်က အနှစ် မပါတဲ့စိတ်တွေ ဖယ်လိုက်ပါ၊ ရသေးတယ် ရသေးတယ်၊ စိတ်တွေက ဇောချည်း (၇) ကြိမ် (၇) ကြိမ် ထပ်ဖြစ်နေတာ မဟုတ်ဘူး၊ ရှေးက ဝိပါက်တွေ ကိရိယာတွေ၊ နောက်ကလဲ ဝိပါက်တွေ ကိရိယာတွေ၊ ရှေးက အများကြီး အများကြီး၊ အဲဒီ အကြားထဲမှာမှ (၇) ကြိမ် (၇) ကြိမ် တစ်ခုစီ တစ်ခုစီ ဒီလို ဖြစ်လာတယ်။

ပထမဇော အကျိုးပေးပုံ

ဒီတော့ ဘုန်းကြီးတို့က ဒါတွေ မြင်တော့ တွေ့ကရာတော့ မယူဆနိုင်တော့ဘူး၊ အသိက ဗုဒ္ဓမြတ်စွာရဲ့ ဉာဏ်တော်နောက်က မှန်မှန်ကလေး လိုက်သွားရတာကို အရသာ ရှိလွန်းလို့ ဇော (၇) ကြိမ်ထဲမှာ ပထမဇော အညံ့ဆုံးနော်၊ အဲဒီ ပထမဇော အညံ့ဆုံးဇောရဲ့ အကျိုးပေးပုံ ကလေးကို ဘုန်းကြီးပြောမယ်၊ ပထမဇော အကျိုးပေး ဆိုတာက ဒီဘဝမှာ တာဝန်ရှိတယ်၊ ဒီဘဝက လွန်သွား ရင် နောက်ဘဝ သူ လုံးလုံးကို တာဝန်မရှိဘူး၊ ဘာပြုလို့တုန်း သတ္တိက ညံ့ရှာတယ် မဟုတ်လား။

ခုမှစ-ကာ ရှိသေး၊ အကုသိုလ် လောဘဇော ဆိုရင်လဲ အခုမှ လောဘဇော ကလေး ဖြစ်တာ၊ နောက်တော့မှ ဒုတိယ တတိယ လောဘတွေ ရင့်ရင့်ပြီး သတ္တမဇော ကျတော့မှ အကြီးကြီး လောဘကြီး သတ္တိ ရှိသွားတယ်၊ ကုသိုလ် ဆိုလို့ရှိရင် ပထမ စ-ရတဲ့ ကုသိုလ် ဇောကလေးမို့ သတ္တိ နည်းရှာတယ်၊ နောက်တော့မှ ဒုတိယ တတိယ စတုတ္ထ ပဉ္စမ ဆဋ္ဌ သတ္တမ ရင့်ရင့် ရင့်ရင့် သွားတယ်၊ ဒါကြောင့် အဲဒီ ပထမဇောက ဒီဘဝမှာပဲ အကျိုးပေးရင် ပေးရော့၊ မပေးလို့ရှိရင် နောက်တစ်ဘဝမှာ အကျိုး မပေးပါဘူး၊ ဒီ ပထမဇောကိုပဲ ကံလို့ ခေါ်ပါတယ်၊ နောက်တော့ ကံကို ထပ်ပြောပါ့မယ်။

ဒီပထမဇောလေးဟာ ကံလို့ ခေါ်ပါတယ်၊ ဒီပထမဇော ပေးတဲ့ တရားတွေကို ဝိပါက် လို့၊ အကျိုးဝိပါက် လို့ ခေါ်ပါတယ်၊ ဒါလေးကို အကြမ်းစားလေး နားလည်ထားပါ၊ နောက်ကို ကမ္မ ပစ္စည်းလာမယ်၊ ဝိပါကပစ္စည်း လာမယ်၊ ပြီးတော့ ပထမဇောလေးရဲ့ အကျိုးကလေး ဒိဋ္ဌဓမ္မအကျိုး လို့ ခေါ်ပါတယ်။

---

မဟာဒုဂ် အကြောင်း

ဒီနားမှာ အားလုံး ကြားဖူးနေကြတဲ့ မဟာဒုဂ်၊ ကဿပ မြတ်စွာဘုရား လက်ထက်တော်တုန်းက မဟာဒုဂ်ဆိုတဲ့ သတို့သား မဟာဒုဂ်ဆိုတဲ့ ဆင်းရဲသား ဘယ်လောက်များ ဆင်းရဲသလဲ ဆိုတော့ တစ်နေ့လုပ်တာ တစ်နေ့စား၊ ဒါနဲ့ ဘုရားအမှူးရှိတဲ့ သံဃာများ ပင့်ပြီးတော့ နက်ဖန် ဆွမ်းကပ်မယ်လို့ဆိုတော့ နိဗ္ဗာန်ဆော်က မဟာဒုဂ်နဲ့လဲ တွေ့တော့၊ မဟာဒုဂ် ဆိုတာဟာ ပါဠိက "မဟာဒုဂ္ဂတ" (အလွန်ဆင်းရဲတဲ့သူ) လို့ "မဟာဒုဂ္ဂတ" ကို မဟာဒုဂ်လို့ မြန်မာက ခေါ်ထားတယ်၊ ခေါ်လဲ ခေါ်တတ်ပါပေတယ်။

အင်မတန် ဆင်းရဲရှာတယ်၊ ဒါနဲ့ မဟာဒုဂ်ကိုလဲလေ လှောင်သလိုလို ဘာလိုလိုနဲ့ "မဟာဒုဂ် … မင်းလဲ နက်ဖန် ဘုရား အမှူးရှိတဲ့ သံဃာတော်များ ဆွမ်းကပ်တဲ့ အထဲမှာ တတ်အားသမျှ ပေါ့ကွယ် ကုသိုလ် ပါဝင်ပါလား" လို့ နိဗ္ဗာန်ဆော်က ပြောတော့၊ "ကျွန်တော်လဲ ကျွန်တော့ အတွက် တစ်ပါး ပါပါရစေ ခင်ဗျာ" ဘာမှတော့ မရှိဘူး၊ "တစ်ပါး ပါပါရစေ ခင်ဗျာ"လို့ ဝန်ခံ ပြီးတော့ ကြိုးစား မင်းစား အလုပ်လုပ်တယ်၊ ဆိုပါတော့ ထင်းပေါက်တယ် ခါတိုင်းထက် ပိုပြီးတော့ ထင်းပေါက်တယ်၊ ခါတိုင်းထက် ပိုပြီး ထင်းခွဲတယ်၊ ဒါနဲ့ အလုပ်ရှင်တွေက သူ့ကို အားရလို့ နည်းနည်း ပါးပါးပေါ့လေ၊ ပေးရိုးပေးစဉ်အတိုင်း အခကြေးငွေသူ့ကို စောစောပေးတယ် သူ့ လွှတ်တယ်၊ ပိုက်ဆံလေး နည်းနည်းရ -

"ငါ သံဃာတော် တစ်ပါး ဆွမ်းကပ်မယ်"၊ ခဏလေး ဖြစ်နေပုံ ကြည့်စမ်း၊ "မနက်ဖန် သံဃာတော် တစ်ပါး ဆွမ်းကပ်မယ်"၊ အဲသလိုနဲ့ သူဆွမ်းကပ်ဖို့ လိုက်ရှာတာ ငါးကြင်းကြီး ပံသုကူရ၊ "နက်ဖန်ခါကို သံဃာတစ်ပါး ဆွမ်းကပ်မယ် ဒီဟင်း ချက်မယ်"၊ သူ ဒီလို စေတနာတွေနဲ့ ကြည့်စမ်း ဖြစ်နေပုံလေး ဖြစ်နေပုံလေး၊ နက်ဖန်ခါ ကျတော့ ခုနက နိဗ္ဗာန်ဆော်က ဘယ်အိမ်က ငါးပါး ဘယ်အိမ်က ဆယ်ပါး စသည်အားဖြင့် အကုန်လုံး ဝေချပြီးပြီ ရှိသမျှသံဃာများ၊ မဟာဒုဂ်အတွက် နဂိုကလဲ ပေါ့ပေါ့ဆဆလေး တိုက်တွန်းလာတာကိုး၊ မဟာဒုဂ် အတွက်ကတော့ ဘယ်တစ်ပါး ရယ်လို့ သူ စာရင်း မချလိုက်ဘူး၊ မြတ်စွာဘုရားကိုတော့ ဘယ်သူအတွက်မှ စာရင်း မချရသေးဘူး။

ဒီတော့ မဟာဒုဂ်လဲ မြတ်စွာဘုရားရဲ့ ဂန္ဓကုဋိ အနီးအနားမှာ မျှော်လျက်ပေါ့၊ ဗုဒ္ဓ၊ ကဿပဗုဒ္ဓ မြတ်စွာဘုရားကလဲ မနက်စောစော မဟာကရုဏာ သမာပတ်တော်နဲ့ ဖြန့်ပြီးတော့ လောက ကြီးကို ကြည့်တော်မူရိုး ထုံးစံအတိုင်း ကြည့်တော်မူပါတယ်၊ ဒီကနေ့မှာ မဟာဒုဂ်ကို ချီးမြှောက် ဖို့ရန် ဉာဏ်တော်ထဲမှာ ထင်တော်မူလာပါတယ်၊ ဒါနဲ့ ဗုဒ္ဓမြတ်စွာ သမာပတ် ဝင်စားတော်မူတယ်၊ သမာပတ် ဝင်စားတော်မူတယ်။

သမာပတ် ဝင်စားတော်မူတဲ့ စိတ်ဟာ ဘုရားစိတ် ပေမယ်လို့ သမာပတ် ဝင်စားတော်မူတဲ့ စိတ်ဟာ နိဗ္ဗာန် အာရုံပြုပြီး အကြာကြီး နေတာ အကြာကြီး နေတယ်၊ သမာပတ်ဝင်စားတယ် ဆိုလို့ရှိရင် နိဗ္ဗာန်ကို အာရုံပြုနေတယ်လို့ နားလည်ထားပါ၊ နိဗ္ဗာန်အာရုံ ပြုပြီးတော့ အကြာကြီး နေတော်မူတာ စိတ်ကို သန့်ရှင်းသထက် သန့်ရှင်းအောင် ဘုရားစိတ်ဟာ နဂိုကလဲ အညစ် အကြေး မရှိပါဘူး၊ ဒါပေမယ့် အညစ်အကြေး မရှိတဲ့အပြင် နိဗ္ဗာန်အာရုံ ပြုပြီးတော့ ထုံပြီးတော့ နေတော်မူလိုက်တာလေ …

ဘုရားစိတ်တော်ဟာ ဘယ်လောက်များ မွန်မြတ်သွားသလဲ ဘယ်လောက်များ ဉာဏ်ကြည်လင် သန့်ရှင်းသွားသလဲ၊ အဲဒီ သမာပတ်မှ ထတော့ လူတွေ အများကြီးပေါ့၊ မင်းတွေ စိုးတွေ၊ ဒီအထဲ မဟာဒုဂ် မထင်မရှားလေးရော၊ အဲဒီလို ဘုရားသပိတ်တော် ရအောင်လို့ တကတည်း သူမရ ငါမရ လုတန်ရင် လုနိုင်အောင်၊ ဒီလို အနေမျိုးနဲ့ စောင့်မျှော် နေတုန်းမှာ ဗုဒ္ဓမြတ်စွာက ဂန္ဓကုဋိတံခါး ဖွင့်တော်မူပြီးတော့ သပိတ်တော်ကို မဟာဒုဂ်လက် လှမ်းတော်မူလိုက်ပါတယ်။

ဘယ်သူမှ ဘာမပြောနိုင်ဘူး၊ ဘယ်သူမှ ဘာမပြောဝံ့ဘူး၊ မဟာဒုဂ်ကလဲ ဝမ်းမြောက်လိုက်တာ စဉ်စားသာ ကြည့်တော့၊ ခုတင်က ဆင်းတောင့်ဆင်းရဲ လုပ်ကိုင်ပြီးတော့ အစားအသောက်နဲ့ ငါးဟင်းနဲ့ ဗုဒ္ဓမြတ်စွာကို ဝမ်းအမြောက်ဆုံး စေတနာနဲ့ ဆွမ်းကပ်ပါတယ်၊ ဗုဒ္ဓမြတ်စွာ ဆွမ်းကပ်ပြီးလို့ လိုက်လဲ ပို့ပြီးရော မဟာဒုဂ်ရဲ့အိမ်မှာ စည်းစိမ် တိုးတက်ပြီးတော့ တိုးတက်ပြီး တော့ မိုးပေါ်က ကျလာသလိုပဲ၊ သူ့မှာ အကျိုးပေးလိုက်တာ ချက်ချင်း အကျိုးပေးလိုက်တာ။

---

အင်္ဂါ သုံးတန်

ဒီတော့ကာ ဒိဋ္ဌဓမ္မအကျိုး ဘယ်သူ ပေးသလဲဆိုတော့ ပထမဇောက ပေးတာ၊ ဒီ ပထမဇော အကျိုးပေးဖို့ရန်ဟာ ဘယ်လောက်များ ပြည့်ရသတုန်း ဆိုတော့ -

အနာဂါမ် သို့မဟုတ် ရဟန္တာ ဖြစ်ရမယ်၊

ပြီးတော့ မိမိ စေတနာက အင်မတန် ထက်သန်ရပါမယ်၊

နံပါတ်သုံးက ပစ္စည်းက ဓမ္မိယလဒ္ဓ၊ မဟာဒုဂ်ရဲ့ ပစ္စည်းလိုပေါ့လေ။

ရောင်းတယ် ဝယ်တယ် ဆိုရင်လဲ တရားသဖြင့် ရောင်းလို့ ဝယ်လို့ ရတဲ့ပစ္စည်း အလုပ်အကိုင် လုပ်လို့ရှိရင်လဲ တရားသဖြင့် လုပ်လို့ ကိုင်လို့ ရတဲ့ပစ္စည်း အဲသလို ပစ္စည်းမျိုး ဖြစ်ရပါမယ်၊ အလှူခံ ပုဂ္ဂိုလ်က အဲဒီ အချိန်မှာ သမာပတ် ဝင်စားပြီးတော့ နိရောဓ သမာပတ် ဆိုတာက နိဗ္ဗာန်ကိုတောင် အာရုံမပြုဘူး၊ တစ်ခါတည်း ငြိမ်လို့ ကြည်လို့၊ စိတ္တဇ ရုပ်တရား နာမ်တရားတွေ ချုပ်လို့၊ အဲသလို သမာပတ် ဝင်စားရပါတယ်။

ဗုဒ္ဓမြတ်စွာရဲ့ သမာပတ်က အဲဒီ အချိန်တုန်းက နိဗ္ဗာန် အာရုံပြုတဲ့ သမာပတ် မဟုတ်ဘူး၊ ကြည်ပြီးတော့ စိတ်တွေ ဘာတွေ ချုပ်လို့၊ ဝင်စားတဲ့ အချိန် ဖြစ်နေပါတယ်၊ ဒီတော့ကာ ပထမဇော အကျိုးပေးဖို့ရန် ဆိုတာဟာ အင်္ဂါစုံမှ အကျိုးပေးတယ်၊ ရဟန္တာ ဖြစ်ပေမယ်လို့ ပထမဇော အကျိုးပေးဖို့ရန် ဆိုလို့ရှိရင် နိရောဓ သမာပတ်ကို ဝင်စားလိုက် ရပါသေးတယ်၊ အင်မတန် အမွှမ်းတင်ရပါတယ် ၊အင်မတန် တကတည်း သန့်ရှင်း စင်ကြယ်အောင် ရဟန္တာ အရှင်မြတ်ကြီး ပေမယ်လို့ ပြုပြင်ရပါတယ်။

အဲသလို အကြောင်းတွေစုံမှ ပထမဇော စေတနာက မဟာဒုက်တို့လို သူဌေးဖြစ်အောင် အကျိုးပေး သလိုပေါ့လေ၊ အကျိုးပေးပါတယ်၊ တစ်ခါ မကောင်းတဲ့ အကုသိုလ် စေတနာတွေ ကလဲလေ ရဟန္တာတို့ကိုများ စော်ကား လိုက်လို့ရှိရင် အဲဒီကျတော့ ဟိုက သမာပတ် ဝင်စားနေဖို့ မလိုဘူး၊ ရဟန္တာ အရှင်မြတ်ကို စော်ကားလို့ရှိရင်ဖြင့် ချက်ချင်း အကျိုးပေးတာပဲ၊ ချက်ချင်း တောင်မှ သေပြီးတော့ ငရဲ ရောက်နိုင် လောက်အောင် အပြစ်ပေးပါတယ်။

အဲဒီ အကျိုးတွေ ဒိဋ္ဌဓမ္မအကျိုးတွေ မကောင်းလဲဘဲ ပထမဇောက အကျိုးပေးတယ်နော်၊ အဲဒီ ပထမဇောလေး အကျိုးပေး ရပါမယ့်အကြောင်း ဘယ်လောက်များ စုံရတုန်း ကောင်းတဲ့နေရာမှာ ကောင်းတဲ့နေရာမှာ၊ ပစ္စည်းက "ဓမ္မိယလဒ္ဓ" တရားသဖြင့် ရောင်းတာ ဝယ်တာပေါ့လေ၊ စိန်တွေ ရွှေတွေ ရောင်းဦးတော့ "ဓမ္မိယလဒ္ဓ" တရားသဖြင့် ရသမျှအမြတ်ကို တရားသဖြင့်ယူ မှန်မှန်ပြော၊ သည့်ပြင် ပစ္စည်းတွေ ရသင့်တဲ့ အမြတ်ကို မှန်မှန်ပြော၊ အမြတ်ကို မှန်မှန်ပြောဖို့ မလိုဘူး၊ ပစ္စည်း ကို မှန်မှန်ပြော၊ အဲသလို တရားသဖြင့် ရတဲ့ ပစ္စည်း အလှူခံ ပုဂ္ဂိုလ်က အင်မတန် မွန်မြတ်တဲ့ ပုဂ္ဂိုလ်ဖြစ်သည့် အပြင် အဲဒီ အချိန်ကလေးမှာ အဲဒီအချိန်ကလေးမှာ ဒီ ကောင်းတဲ့အကျိုးပေးရမယ် ဆိုလို့ရှိရင် သမာပတ်တို့ ဘာတို့ ဝင်စားပြီးလျှင် သန့်ရှင်းသထက် သန့်ရှင်းအောင် ပြင်ရပါ သေးတယ်။

ပြီးတော့ အလှူရှင်ကလဲ စိတ်စေတနာ အင်မတန် ထက်သန် ရပါသေးတယ်၊ အဲသလောက် ပြည့်စုံတော့မှ ပထမဇော အကျိုးပေးပါတယ်၊ အဲသလို မဟုတ်လို့ရှိရင် နောက်နောက် ဇောတွေက နောက်နောက်ဘဝမှာ အကျိုးပေးပါတယ်။

---

အကုသိုလ် မဖြစ်အောင် လှူဒါန်းကြ

ဒီတော့ ဘုန်းကြီးတို့ ကောက်ချက် ချစရာ ရှိသွားပြီ၊ မနေ့တုန်းက ပကတူပနိဿယ ပစ္စည်းကိုလဲ ဘုန်းကြီးက ပြောခဲ့တယ်၊ ယခု ဘုန်းကြီးက ဒါနပြုကြတယ် ဥပုသ် စောင့်ကြတယ် ဘာဝနာ ပွားကြတယ်၊ ဒါ ကောင်းတဲ့ အလုပ်တွေ၊ ဒီ ဒါနပြုပြီးတော့ ဒါနပြုတဲ့ အခန်းကို ဘုန်းကြီးက မကြာခဏ တိုက်တွန်းပါတယ်၊ "ဘယ်လို ကျွေးပါလား ဘယ်လို စွန့်ကြဲပါလား" လို့ ပြောပါတယ်၊ ပြောပေမယ်လို့ သူတို့ကိုယ်တိုင် "မျက်ကန်း တစ္ဆေမကြောက်" ဆိုတဲ့ ထုံးစံအတိုင်း မသိကြဘူး မဟုတ်လား၊ မသိတော့ အပြစ်ဖြစ်လောက်မယ့် ကိစ္စပေမယ်လို့ သူတို့ကိုယ်တိုင် အကျိုးထင်ပြီးတော့ အလုပ် လုပ်ကြပါတယ်။

ကဲ ကဲ ဒါနပြုတယ်၊ ဘုန်းကြီးတို့ မဏ္ဍပ်ဆောက်ပြီးတော့ အလှူမကြာခဏ ပြုတယ်၊ အလှူဒါန ပြုမယ်လို့ဖြစ်တဲ့ သဒ္ဓါတရား စေတနာကတော့ အင်မတန် ကောင်းတဲ့ ကုသိုလ်ပါ၊ "ကုသလော ဓမ္မော" ပါပဲ၊ နောက်တော့ မဏ္ဍပ်ကြီးက ဆောက်ဦးမှ ဖြစ်မှာ နို့မို့လို့ရှိရင် လူအထင်သေး အမြင်သေး လိမ့်မယ်၊ ဆွေမျိုးတွေကလဲ "လုပ်ကြဦးမှပေါ့ကွယ် အင်း သူများနည်းတူတော့၊ မသာတောင်မှ ဘယ်သူနဲ့ တူအောင်တော့ လုပ်ကြဦးမှ ပေါ့ကွယ်" ဆွေမျိုးတွေက သူတို့ ခင်ပွန်းကလဲ ဒါ လုပ်မှပေါ့တဲ့။

"ကြည့်စမ်း" သူများ အထင် မသေးအောင် သူများ အချီးအမွမ်း ခံရအောင် လုပ်တာ၊ ဒါ ကုသိုလ်ဇောလား၊ စဉ်းစားပါ စဉ်းစားပါ၊ သူများ အထင်သေးမှာစိုးတဲ့ စိတ်ဟာ ကုသိုလ်လား ကုသိုလ်ဇောလား၊ နောင်ကို သူများ ချီးမွမ်း ခံချင်တဲ့စိတ်ဟာ ကုသိုလ်စိတ်လား ကုသိုလ်ဇောလား၊ ဒီမှာ လောဘ အကုသိုလ်တွေ ပါနေပါတယ်။

ကုသလော ဓမ္မော - အလှူဒါန ပြုလိုတဲ့ ကုသိုလ်တရားက၊ အကုသလဿ ဓမ္မဿ - အချီးအမွမ်း ခံချင်တဲ့ အကဲ့ရဲ့မှ လွတ်စေချင်တဲ့ အကုသိုလ်တရားအား၊ ဥပနိဿယပစ္စယေန - ပကတူပနိဿယ ပစ္စယ သတ္တိဖြင့်၊ ပစ္စယော - ကျေးဇူးပြုပါပကော"။

ကြည့်စမ်း ကြည့်စမ်း တစ်ခါ အဲဒီ မဏ္ဍပ်တို့ ဘာတို့ ဆင်ပြင်ပြီးတော့ ကြည့်လို့ တယ်လှတယ် တကယ်လဲ သာယာတယ်၊ ခပ်စောစောက ဆွေမျိုးတွေ ကြည့်ပြီးတော့ အဲဒီ ဆွေမျိုးတွေကလဲပဲ ကောင်းတယ် သာယာတယ်၊ အင်း စိတ်ကြီးဝင်တယ်၊ တို့ ဆွေမျိုးက တို့ ညီမက တို့ အစ်ကိုက တို့ မောင်က ဟောဒီလိုတဲ့ ဆိုပြီးတော့ မဏ္ဍပ်ထဲက ထွက်ပြီးတော့ မျက်နှာကလေး ဟိုကြည့် ဒီကြည့်နဲ့ ခပ်ကြွကြွနဲ့ မာနကလေးများ ဖြစ်လို့ အကုသိုလ် ဇောတွေ စောလို့၊ တစ်ခါ တစ်ခါ ကျွေးဖို့မွေးဖို့ စဉ်းစားရပြန်တယ်၊ ကိုယ့်ရဲ့ အိပ်ထောင်ကိုလဲ ငွေက အရင်းအနှီး ဘယ်လောက် ရှိတယ်လို့ နှိုက်ကြည့်ရပြန်တယ်၊ ကျွေးဖို့မွေးဖို့ ဘယ်သူတုန်းက ဘာတွေ ကျွေးထားတယ်၊ ကျုပ်တို့က ဒါလောက်မှ မကျွေးနိုင်လို့ရှိရင် ရှိစုမဲ့စုပေါ့ တချို့ ပိုလျှံနေတဲ့ သူကလဲ ပိုလျှံလို့ပေါ့၊ မပိုလျှံသူကလဲ ရှိစုမဲ့စု ထုတ်သုံးရပြန်တယ်။

"ကုသလော ဓမ္မော - အလှူဒါန ပြုလိုတဲ့ ကုသိုလ်တရားက၊ အကုသလဿ ဓမ္မဿ - သူများ ကဲ့ရဲ့မှာ စိုးတဲ့ အကုသိုလ်တရား သူများ အချီးအမွမ်း ခံချင်တဲ့ အကုသိုလ် တရားအား၊ ဥပနိဿယပစ္စယေန - ပကတူပနိဿယပစ္စယ သတ္တိဖြင့်၊ ပစ္စယော - ကျေးဇူးပြုနေပါပကော"။

စဉ်စားကြည့် နောက်ကျတော့ ညဆိုပါတော့လေ၊ တောမှာရော မြို့မှာရော ပွဲကကြ တီးကြမှုတ်ကြ ကျွေးကြမွေးကြ လာလိုက်ကြတာ၊ လာလိုက်တဲ့ သူတွေကလဲ ပျော်ကြရွှင်ကြ စားကြသောက်ကြ၊ ပြန်တော့ အပြစ်ပြောချင် ပြောမယ်၊ ဒီမှာတော့ တကတည်း နှုတ်ဆက်လို့ "ကျုပ်တို့လေ သိပ်တောင် မအားဘူး အလှူ့ဒကာ အလှူ့အမတို့ ဪ - မျက်နှာကလေးမှ မပြရင် မကောင်းဘူးလို့" သူက လောကွတ် ကလေးနဲ့လေ၊ "ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် နော်"၊ ဘယ်မလဲ ကုသိုလ် ကုသိုလ် ဘယ်မလဲ၊ "ကျေးဇူးတင်ပါတယ်နော်" ကျေးဇူးတင်လိုက် ရတာ၊ ဟိုကလဲ တကတည်း မအားတဲ့အထဲက သိလား၊ စားချင် သောက်ချင်လို့ မဟုတ်ဘူး သိလား၊ မျက်နှာပြရအောင်လို့ တကတည်း လာခဲ့ကြတာ၊ ဟိုကလဲ လောကွတ်ကလေးနဲ့ အကုသိုလ် လောဘဇောနဲ့၊ ဒီကလဲ ပါးစပ်ကလေး လှည့်ပတ်ပြီးတော့ "ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်နော်" အကုသိုလ်၊ အကုသိုလ်တွေ အကုသိုလ်တွေ။

ကဲကဲ ကုသိုလ်လေးက နည်းနည်းလေးရယ် ကုသိုလ်လေးက နည်းနည်းလေးရယ်၊ ဒီမှာ ဖြစ်နေလိုက်တာ ဖြစ်နေလိုက်တာ အကုသိုလ်တွေ အကုသိုလ်တွေ၊ ဒါနဲ့ မနက်ဖန်ရော ဘာရော ပေါ့လေ၊ (အလှူနေ့ရော ဘာရော) ဘိသိက်တွေ သွန်းလိုက်တာ၊ ဘိသိက်ဆရာ တွေကလဲ တကတည်း ရှေးဟောင်း နှောင်းဖြစ်တွေပါ တစ်ခါတည်း တချို့ဖော်ပြီးတော့ အမေ မပါတော့ အမေ့အတွက် မျက်ရည် ကျအောင်ပြော? အဖေ မပါတော့ အဖေ့အတွက် မျက်ရည်ကျလောက် အောင် ဆိုပါတော့ပေါ့လေ။

"ကုသလော ဓမ္မော - ကုသိုလ်ပြုမယ် ဆိုတော့ ပထမမှန်းတဲ့ ကုသိုလ်တရားက၊ အကုသလဿ ဓမ္မဿ - အဖေ အမေတွေလွမ်းတဲ့ အကုသိုလ်၊ သားသမီးတချို့ မပါတဲ့အတွက် လွမ်းတဲ့အကုသိုလ်၊ ဆွေမျိုး မပါတဲ့ အတွက် လွမ်းတဲ့အကုသိုလ် တရားအား၊ ဥပနိဿယပစ္စယေန - ပကတူပ နိဿယပစ္စယ သတ္တိဖြင့်၊ ပစ္စယော - ကျေးဇူးပြုပါပကော"။

နောက်တော့ အလှူမဏ္ဍပ်တွေနဲ့ အားလုံး သိမ်းလို့ ရေစက်ချတော့မယ်လို့ ဆိုတော့ တချို့ အပိုင်းက မဏ္ဍပ်ကလေး ဖျက်ပြီ၊ အမိုးကလေး ဘာလေးတော့ ရှိသေးတယ်၊ မဏ္ဍပ်ငှားတဲ့ လူကလဲ တောင်းပန် သလို ဘာလိုနဲ့ဖျက်၊ ဘုန်းတော်ကြီးတွေက ကြွတော်မူလာကြတယ်။

ဒီမှာတော့ ဖုန်တထောင်းထောင်းလေး ဖြစ်နေပြီ၊ အဲ ရေစက်ချပြီ ဆိုပါတော့ ကုသိုလ် ဘယ်လောက် ပါသွားတယ်တော့ မပြောတတ်ဘူး၊ ဘုန်းတော်ကြီးတွေရဲ့ စိတ်ထားလဲ ဘုန်းကြီးမို့ သိပါရဲ့ မပြောပါရစေနဲ့၊ ဒီတော့ အလှူပြီးကြရော၊ နောက်ကျတော့ ဒီအလှူနဲ့ စပ်ပြီးတော့ ကုသိုလ်များ ဘယ်လောက် ရကြသတုန်း တွက်ရမယ်နော်၊ ဒါ အလှူဒါန အတွက်ပေါ့လေ၊ ဖြစ်နေပုံ ဖြစ်နေပုံ၊ သာ၍ ဆိုးလာတယ်၊ ယခု ဒီမှာ အသံသွင်းတဲ့ ထဲလဲ ပါပါတယ်။

ဒကာ တစ်ယောက်က သူ ရှင်ပြုတုန်းက သူ့အဖေရဲ့ မိတ်ဆွေက အရင် ရှင်ပြုလိုက်တယ်၊ ဘယ်သူ့ ဖိတ်တုန်းလို့ဆိုတော့ အရေးပိုင် ဖိတ်တယ်၊ အင်္ဂလိပ် အရေးပိုင် ဖိတ်ပြီးတော့ သူ့မဏ္ဍပ်ထဲ တကတည်း အင်္ဂလိပ်အရေးပိုင် ဖိနပ်စီးပြီးတော့ သွားရအောင် ဟို ရှန်နီ အဝတ်ကြီးများ ခင်းလို့ ခမ်းခမ်းနားနား ဖိတ်လိုက်တာ၊ "ငါကွ ပွဲစားကြီး ငါ ဘယ်သူ ငါ့အလှူကို အရေးပိုင်လာရတယ်" ကြွားတာ ကြွားပစ်လိုက်တာ၊ ဘယ်မလဲ ကုသိုလ်၊ ကုသိုလ် ဘယ်မလဲ၊ ကုသိုလ် ဘယ်မလဲ၊ တစ်ခါ နောက်အလှူက နောက်အလှူဆိုတာ ယခုအသံသွင်းတဲ့အထဲပါတဲ့ ဒကာက ကိုးနှစ်သားလောက် သူ့ကို ရှင်ပြုတယ်ကိုး၊ သူတို့ မိတ်ဆွေချင်း အင်မတန် ရင်းနှီး အင်မတန်ချစ် အင်မတန်ချစ်၊ "အို … ငါက ဘယ် အောက်ကျ နောက်ကျ ခံလိမ့်မတုန်းကွာ၊ ငါ့အလှူမှာ အရေးပိုင် မကဘူး အရေးပိုင်က ဖိနပ်စီးဝင်တာ မဏ္ဍပ်ထဲမှာ၊ ငါက ဖိနပ်စီး အဝင်မခံဘူးကွ၊ ငါ့ အလှူကို ငါးထောင်စား ရာထူးရှိတဲ့ နိုင်ငံရေး လူကြီးကို ဖိတ်မယ်"။

ဖိတ်တာပဲ၊ အဲ … လာတာပါပဲ၊ ဖိနပ်များ ချွတ်လို့၊ သူက မဲရဖို့က အရေးကြီးတယ်ကိုး ဖိနပ်များ ချွတ်ကိုး၊ တကတည်း ကျကျနနဝင် စကားစမြည်ပြော၊ ကျွေးလို့မွေးလို့၊ နောက်က အလှူရှင်က ယခု အသံသွင်းတဲ့ ဒကာရဲ့ အဖေက "ငါကွ ငါက ဗုဒ္ဓဘာသာပီပီ ကျောင်းဒကာ ပီပီကွ မဏ္ဍပ်ထဲ ဖိနပ်စီး မခံနိုင်ဘူး"၊ သူက တစ်မျိုး ကြွားပြန်တယ်၊ သိလား ကြွားတာပဲ၊ ကုသိုလ်တော့ မဟုတ်ပါဘူး၊ ကြွားလိုက်တာ ကြွားလိုက်တာ၊ ဒီ မန္တလေး ယခု ကြွားတဲ့ အကြွားကို မမီသေး ဘူးနော်၊ အဲ - လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်လောက် အကြွားကို မမီသေးဘူး၊ ကြွားလိုက်ကြတာ အဲဒီ ကြွားလိုက် တာဟာ ယခုအထိ မလျှော့သေးဘူးနော်။

မန္တလေးအလှူတွေ အကြောင်းပြုပြီးတော့ မန္တလေးမြို့ အလှူမျိုး ဆိုပြီးတော့ ရန်ကုန်ကလဲ လုပ်ကြပါပြီ၊ ဘုန်းကြီးက သနားလိုက်တာ၊ ပိုက်ဆံတွေ ရှာတုန်းက မတရားရော တရားရော ရှာ၊ ဒီနေရာမှာ ရေသွန်သလို သွန်ပြီးတော့ သွန်ပစ်လိုက်ကြတာ သိပ်သနားတာပဲ ဘုန်းကြီးက၊ ကောင်းပြီ ဒီအလှူဒါနပြုတဲ့ နေရာမှာသာ ကုသိုလ်တရားက အကုသိုလ်တရားကို ကျေးဇူးပြုနေ သလား ဆိုတော့ ဘာဟုတ်ဦးမလဲ။

---

ဂေါပကများ သတိထားဖွယ်

ဘုရားပွဲတွေ၊ ပြောတော့ ဘုရားပွဲ မြန်မာ လူမျိုးတွေ၊ ဒါ့ကြောင့် ဘုန်းကြီး ဝမ်းနည်း ပန်းနည်း ဖြစ်နေတာ၊ ပြောတော့ ဘုရားပွဲ၊ ဒီ ခေါင်းဆောင်လုပ်တဲ့ ဘုရားလူကြီးက သူတို့က ကုသိုလ်ရတာ မရတာထက် ဘုရားပွဲ လူစည်တာ မစည်တာက သူတို့အတွက် အရေးကြီးနေတယ်၊ လူစည်ဖို့ အရေးကြီးတယ်၊ အဲ လူစည်ဖို့ဆိုတော့ ပွဲက ဘယ်နှစ်ပွဲ လောက်တော့ ထည့်ရမှာပဲကိုး၊ ပွဲကလေး ဘာကလေး ထည့်ရမှာကိုး၊ ထည့်လိုက်ကြတာ၊ အဲဒီ ဘုရားပွဲလို့ ဆိုပြီးတော့ ပထမတော့ ဘုရား အာရုံပြုတဲ့ စိတ်ကလေး နည်းနည်း ရှိချင် ရှိပါလိမ့်မယ်။

နောက် စီမံလိုက်တဲ့ အစီအမံကဖြင့် အကုသိုလ် တွေချည်း ဖြစ်ကုန်ကြတာပဲ၊ လာလိုက်ကြတဲ့ လူတွေကလဲ မဟာမြတ်မုနိ ဘုရားပွဲတဲ့ ဆိုရင် ကြိတ်ကြိတ်တိုး လာတဲ့ လူတွေက သူတို့က ဘုရား အာရုံပြုတာများ ဘယ်လောက် ပါတုန်း၊ ဘယ်လောက်မှ မပါဘူး၊ ဝတ်လို့ စားလို့ ဆင်လို့ ပြင်လို့ ညနေ အလှပြပွဲက လာကြပြီ၊ အလှပြ ပရိသတ် စည်စည်နဲ့၊ စိန်တွေ ရွှေတွေ ဝတ်ကြ ဆင်ကြ ပြင်ကြ အကုသိုလ်တွေ၊ လောဘ အကုသိုလ်တွေ၊ လောဘ အကုသိုလ်တွေ၊ ဘုရားလူကြီးရဲ့ ပထမ ဘုရားပွဲဆိုတဲ့ ကုသိုလ် စေတနာတွေ ပျောက်ပြီးတော့ လူစည်အောင်ဟဲ့ လူစည်အောင်ဟဲ့ လို့ ကြိုးစားလိုက်ရတဲ့ အကုသိုလ်တွေနဲ့ အဲဒီ စည်စည်ကားကား လာတဲ့ လူတွေရဲ့ အလှပြ အကုသိုလ်တွေ စည်စည် ကားကား လူတွေကို ကြည့်တဲ့ အကြည့်ထဲမှာတော့ ဘုန်းကြီးတွေ ဘာတွေရော အကြည့် အကုသိုလ်တွေ ဖြစ်နေလိုက်ပုံ ဖြစ်နေလိုက်ပုံ။

ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာရဲ့ စာပေမှာတော့ ဘုရားပွဲ အကြီးအကျယ် လုပ်လို့ရှိရင် "ဘုန်းကြီးများ ဘုရား မသွားရဘူး၊ မသွားကောင်းဘူး" ဒီလိုကို တားမြစ်တော်မူတယ်၊ ဘုန်းကြီးဆိုင်ရာမို့လို့ ဘုန်းကြီးတွေ တားမြစ်တာ လူတွေလဲ မသွားကောင်းဘူး၊ ဘုရားပွဲ အကြီးအကျယ် လုပ်နေတဲ့ အချိန်မှာ အမျိုးသမီးတွေ အမျိုးသားတွေ မသွားကောင်းဘူး၊ သွားရင် ငရဲကြီးမယ်လေ အကုသိုလ် ဖြစ်မှာလေ၊ အဲဒါကြောင့် ဘုန်းကြီးတွေ မသွားရ၊ အဲ လူတွေလဲ မသွားကောင်း၊ ယခု မြန်မာနိုင်ငံ ဘုရားပွဲတွေ ဘယ့်နှယ် ဖြစ်နေကြတုန်း၊ နာမည်ကတော့ ဘုရားပွဲလို့ ဆိုပါတယ်၊ ဘယ့်နှယ် အကုသိုလ်တွေပါလား ကြည့်စမ်း၊ ဇောဆိုတာလေ ကုသိုလ်ဖြစ်ရင် ဖြစ်၊ မဖြစ်ရင် အကုသိုလ်၊ ကုသိုလ် အကုသိုလ်၊ ယီးတီးယားတား တစ်ခုမှ မပါပါဘူး၊ ဖြစ်ရင် ကုသိုလ် ကုသိုလ်၊ ဖြစ်ရင် အကုသိုလ် အကုသိုလ်၊ အဲဒီ ဘုရားပွဲကို တိုးကြ ဝှေ့ကြ၊ ဝမ်းနည်းစရာ ကောင်းတာက ဗုဒ္ဓဘာသာ မြန်မာလူမျိုးချည်း တိုးကြ ဝှေ့ကြရုံ မကဘူး။

ဗုဒ္ဓဘာသာ မဟုတ်တဲ့ လူတွေက ဝင်ပြီးတော့ အမျိုးသမီးတွေကို တိုးကြ ဝှေ့ကြ၊ အဲဒါတွေကိုလဲ ဘုရားလူကြီးတွေက တစ်နှစ်လဲ ဒီလိုဖြစ်မှန်း သိလျက်သားနဲ့ ဘုရားပွဲ စည်မှပဲ ဆိုပြီးတော့ ဖြစ်ချင်ရာ ဖြစ်ဟာ သာသနာပေါ် ဖြစ်ချင်ရာဖြစ်ဟာ မပြောပေမယ့် မပြောပေမယ့် မစဉ်းစားဘဲ လုပ်လိုက်ကြတာ။

ကုသလောဓမ္မော - ကုသိုလ်တရား နည်းနည်းပါးပါး ကလေးက၊ အကုသလဿ ဓမ္မဿ - အကုသိုလ်တရား အများကြီးအား၊ ဥပနိဿယပစ္စယေန - ဥပနိဿယပစ္စယ သတ္တိဖြင့်၊ ပစ္စယော - ကျေးဇူးပြုသည်၊ ဟောတိ - ဖြစ်၏"။

ကဲကဲ စဉ်းစားကြည့်စမ်း၊ စဉ်းစားကြည့်စမ်း၊ ဘုရားပွဲတဲ့ ရှင်ပြုပွဲတဲ့ ကျောင်းရေစက် ချပွဲတဲ့၊ ကျောင်းတွေ ဆောက်လိုက်တာ သိန်းချီပြီးတော့ ကုန်အောင်ဆောက် နောက် ရေစက်ချပွဲ ကျတော့ ခုနကလိုပေါ့လေ လာလိုက်ကြတာ ဝတ်လို့ စားလို့၊ သူတို့ ပြောသေးတယ်၊ "သိပ်တော့ ကျုပ်မအားဘူး သိလား အမယ် ကျောင်းအမတို့လေ ဝမ်းမြောက်လွန်းလို့၊" အမယ် ပါးစပ်က ဝမ်းမြောက်လွန်းလို့ ပြောတာ၊ အင်း စိတ်ကတော့ ဟုတ်ချင်မှ ဟုတ်မယ်၊ "ဝမ်းမြောက်လွန်းလို့ ကျောင်းရေစက်ချမို့လို့ လာရတာ"၊ ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်၊ "ဒီကလဲ" ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်။

ကျေးဇူးလဲ သူလဲ အထူးတင်နေတာတော့ မဟုတ်ဘူး၊ ဒီလူတွေ လာကြည့်တာကို လောဘဇောနဲ့ ဝမ်းမြောက်နေတာ ဝမ်းသာနေတာ၊ ပိုက်ဆံက ကုန်လိုက်တာ ကျွေးဖို့မွေးဖို့ ကုန်လိုက်တာ၊ ပိုက်ဆံတွေ ငွေတွေ ကုန်ပစေ ပိုက်ဆံတွေ ငွေတွေ ကုန်ပစေ၊ လာကတည်းက စားကြသောက်ကြ၊ စားတဲ့ သောက်တဲ့အခါ လောဘ ဖြစ်တာ မဆန်းဘူး ထားလိုက်ပါတော့၊ ဘာတွေရလာတယ် ဆိုတော့ ကိုင်း ပြီးတော့ တကြည့်ကြည့်နဲ့ သဘောကျတဲ့ အဝတ်သင်္ကန်းဆိုလဲ တကြည့်ကြည့်နဲ့ သဘောကျတဲ့ ပစ္စည်းဆိုလဲ တကြည့်ကြည့်နဲ့၊ သူ့မှာလဲ အကုသိုလ် ဖြစ်လျက် သူ့မှာလဲ အကုသိုလ် ဖြစ်လျက်ပဲ။

---

လူတွေ နားမလည်လွန်း

ကုသိုလ်တရားလေး နည်းနည်းက အကုသိုလ်တွေ အနှံ့ဖြစ်တယ်၊ ဒါ့ကြောင့် ကျောင်းရေစက်ချပွဲ ကြီးတဲ့ ဘုရားပွဲကြီးတဲ့ အလှူဒါနတဲ့ ဖြစ်နေလိုက်တာ၊ ဒီအထဲ မသာအသုဘ သနားစရာ ကောင်းလို့၊ မသာချလိုက်ပြီးတော့လဲ မိမိတို့ရဲ့ အဆင့်အတန်းအလိုက် ပြီးတော့ ဘုန်းကြီး ဘယ်လောက်ပင့်မှ ဘုန်းကြီး သက်စေ့ပင့်မယ်၊ သနားစရာကြီး သနားစရာကြီး၊ သက်စေ့ပင့်မှ တစ်ပါးကို ဘယ်လောက် လှူမှ တစ်ဆယ်လှူမှ နှစ်ဆယ်လှူမှ ငါးဆယ်လှူမှ၊ သူ့ရဲ့ အဆင့်အတန်း လိုက်ပြီးတော့ လှူလိုက်ရတာ နည်းတာလဲ မဟုတ်ဘူး နည်းတာလဲ မဟုတ်ဘူး၊ ဟိုမှာ အလှူခံတဲ့ ပုဂ္ဂိုလ်ကလဲ လောဘဇောနဲ့ အလှူခံလို့ အဲ လှူတဲ့လူကလဲ မလွှဲမကင်းသာလို့ သူများ အထင်သေးမှာစိုးလို့ လောဘနဲ့ လှူတယ်ကိုး။

ဘယ့်နှယ်လုပ်မလဲ၊ ကုန်လိုက်တာက မနည်းဘူး၊ ဒီအထဲ စဉ်းစားကြည့်နော်၊ ကုသိုလ်လား အကုသိုလ်လား၊ မျက်ရည် စက်လက်တွေနဲ့၊ လှူတာ ဒါန်းတာလဲ သတိမထားအားဘူး မျက်ရည် တွေနဲ့၊ လှူလိုက်တဲ့ ငွေတွေကလဲ မနည်းဘူး၊ ဒီငွေတွေပေါ့လေ လျှောက်ပြီး ပြောတော့ မကောင်းဘူး သိလား၊ အလှူခံတဲ့ ပုဂ္ဂိုလ်တွေမှာလဲ အပြစ်တွေနဲ့၊ ဒီတော့ ဘုန်းကြီးက သိပ် သနားတယ်၊ လူတွေ နားမလည်လွန်း နားမလည်လွန်းတယ်၊ သနားစရာ ကောင်းလိုက်တာ သနားစရာ ကောင်းလိုက်တာ၊ အဲဒီလို ဖြစ်နေပါတယ်။

ပြီးတော့ ဒီအထဲ ဘုန်းကြီးပျံတဲ့၊ ဘုရားပွဲ အပြင်ကို ဘုန်းကြီးပျံတဲ့၊ ဘုန်းကြီး ပျံတော်မူလို့ရှိရင် သူတို့က သိပ်ဝမ်းနည်း တာတော့ မဟုတ်ဘူး၊ ခေါင်းဆောင် လုပ်သူက ဒါမှမဟုတ် ခေါင်းဆောင် ဘုန်းကြီးက အဲဒီ ဘုန်းကြီးပျံကြီး ကိုတော့ ဟို စပါးဆန်ရေ ရောင်းလို့ ဝယ်လို့ရတဲ့ ကောက်ရိတ် ပြီးတဲ့အထိ ထားမှပဲ။

ပျံတော်မူတာက တန်ခူး ကဆုန်လ ပျံတော်မူပေမယ့် ကောက်ရိတ် သိမ်းပြီးတဲ့ အထိ ထားလိုက် တာပဲ၊ ဘာဖြစ်လို့လဲ လူတွေ နည်းနည်း အားတယ်လေ၊ စီးပွားရေး ချောင်လည် တယ်လေ၊ တစ်အိမ် ငါးကျပ်တို့တစ်ဆယ်တို့ နှစ်ဆယ်တို့ ခွဲဖို့က လွယ်တယ်လေ၊ လူတွေကလဲ အများက ထည့်တာပဲ၊ ဘာဖြစ်လို့လဲ၊ ဒီ ဘုန်းကြီးကို နောက်ဆုံးပူဇော်တာပဲ၊ နောက်ဆုံးပူဇော်တာ ပူဇော်လိုက်တာ သိလား၊ အဲ-ပွဲက နာမည်ကြီးတာ နှစ်ပွဲလောက် ထည့်မှ၊ အို … နည်းတယ်၊ သုံးပွဲတော့ ထည့်မှ၊ အို … နည်းသေးတယ် လေးပွဲတော့ ထည့်မှ၊ နာမည်ကြီးတဲ့ ဆရာတော်ကြီး ကျတော့ တပည့်တွေက တပည့်တွေကလဲ သူ့ အိတ်ထဲက ပိုက်ဆံကုန်ရတာ မဟုတ်ဘူး၊ သူ့ရွာ သူခွဲတာ၊ သူ့ရွာ သူခွဲတော့ သူကလဲ တစ်မဏ္ဍပ်နဲ့ တစ်ပွဲနဲ့၊ ဟို တပည့်ကြီးကလဲ တစ်မဏ္ဍပ်နဲ့ တစ်ပွဲနဲ့၊ ပြီးတော့ ပျံတော်မူတဲ့ ဘုန်းကြီးတော့ ကြာကြာကြီး ထားလို့ ဟိုထဲမှာလဲ ခြောက်လို့ အရိုးတွေ ကလောက် ကလောက်နဲ့၊ ဒီလို ဖြစ်နေပြီ၊ ဒါ တကတည်း သူတို့က ပူဇော်ကြတယ် ဆိုပြီးတော့လေ ဒီ ခေါင်းကို လှူပြီးတော့ ကလောက် ကလောက်နဲ့ သွားနေကြတာ ဖုန်တွေ ချွေးတွေနဲ့၊ ဝမ်းနည်းလိုက်တာ ဘုန်းကြီးက ဝမ်းနည်းလိုက်တာ၊ ပိုက်ဆံတွေ ကုန်လို့ အကျိုး ကလဲ ဘယ်လောက်မှ မရတဲ့အပြင် အကုသိုလ်တွေ ဖြစ်လို့၊ ကောင်းပြီ။

ကျေးတောရွာရော မြို့ရော "ဘာသာရေး" လို့ ဆိုပြီးတော့ကာ အလှူရှင်ပြုတာတွေ အင်း … ဘုန်းကြီးပျံတွေ ဘုရားပွဲတွေ ကျောင်းပွဲတွေ ကျောင်းရေစက်ချပွဲတွေ၊ ဒါတွေ အကုသိုလ်တွေ ဖြစ်တာ ထားပါတော့၊ နိုင်ငံမှာ တိုးတက်သလားဆိုတော့ ဒီနည်းနဲ့ လာခဲ့တာ၊ ဘာသာရေး ဒီနည်းနဲ့ လာခဲ့လို့ ဘာသာရေးတွေ ကျပြီးတော့ သူများ အထင်သေး ခံနေရပြီ၊ ဗုဒ္ဓဘာသာတဲ့၊ ဟာ … ဗုဒ္ဓမြတ်စွာက အင်မတန် မြင့်မြတ်တာပဲလို့ ဘုန်းကြီးတို့က ပြောပြီး၊ မြင့်မြတ် မမြင့်မြတ်တော့ မသိဘူး၊ အဲဒီ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ မြန်မာလူမျိုးတွေတော့ ဒီလို ဖြစ်နေပါလား ဆိုလို့တော့ ဘုန်းကြီးတို့ ဘာဖြေမတုန်း ဘာဖြေကြမတုန်း၊ ဘာသာ သာသနာက အင်မတန် မြင့်မြတ်တယ်လို့ ဆိုတယ်၊ ကိုယ်တော်တို့ ဘုန်းကြီးတွေက ဒီလိုပဲ နေကြပါလား ပွဲလမ်း သဘင်တွေထဲမှာ သွားကြပါလား လာကြပါလား၊ ကိုယ်တော်တို့ ဘုန်းကြီးတွေ၊ ဘာဖြေမလဲ၊ ဘုန်းကြီးတို့ ဘာဖြေကြမတုန်း၊ ဘာဖြေကြမလဲ။

အကုသိုလ်တွေ အတွင်းက ဖြစ်တာ ဖြစ်ပါဦးတော့၊ နိုင်ငံရေး သဘောနဲ့ စဉ်းစား ကြည့်လိုက်တော့ နိုင်ငံကြီး ကျဆင်းသွားတယ် အထင်သေး ခံရပါတယ်၊ တစ်ခါ နိုင်ငံခြားက အထင်သေး ခံရရုံတင် မကဘူး၊ ဘုန်ကြီးတို့ နိုင်ငံအတွင်းမှာ ဘာသာ အမျိုးမျိုးနဲ့ နေကြရတာ ဖြစ်တော့ ဒိပြင် ဘာသာက လူတွေ အထင်သေး ကြပါတယ်၊ ဒိပြင် ဘာသာလူတွေက အထင်သေးရုံတင် မကဘူး၊ ဘုန်းကြီးတို့ ဘုရားဒကာ ကျောင်းအမတွေရဲ့ သားတွေကိုက ခေတ်ပညာတွေ သင်လာပြီးတဲ့ အခါကျတော့ သူတို့ရဲ့ ဝေဖန်တဲ့ စိတ်ဓာတ်နဲ့ ဝေဖန်ကြပါတယ်။

အဖေတို့ ကျောင်းဆောက် နေလိုက်တာ ကျောင်းဆောက်ပြီးတော့ ကိုးကွယ်လိုက်တာ ကိုးကွယ်တဲ့ ဘုန်းကြီးက ဘယ်လို ဖြစ်နေတယ်၊ အမေတို့ ရဟန်းခံ ပေးလိုက်တဲ့ ရဟန်းက ဘယ်လို ဖြစ်နေတယ်၊ အဲဒီလို စသည်ဖြင့် နောက်ကလေးတွေ ဝေဖန်ကြပါပြီ၊ ကောင်းပြီ ဝေဖန်ချင် ဝေဖန်၊ တို့ သာသနာဟာ တက်မြဲ တက်နေတယ်လို့ ဆိုရင်လဲ ခံနိုင်ပါတယ်။

ယခုတော့ သူတို့ကလဲ ဝေဖန်တယ်၊ ဘာသာခြားကလဲ ဝေဖန်တယ်၊ နိုင်ငံခြားကလဲ ဝေဖန်တယ်၊ သာသနာက တက်မြဲ တက်နေသလားလို့ဆိုတော့ မတက်ပါဘဲလား၊ မတက်ပါဘဲလား၊ ပြောရဦးမယ်၊ နိုင်ငံက နိုင်ငံက၊ စာမေးပွဲတွေ အောင်တယ်လို့ ဆိုရင်ပဲ အဖေအမေ တွေက ဝမ်းသာလိုက်တာ ကျေးရွာ ဆရာသမားတွေက သိပ်ဝမ်းသာလိုက်တာ စာသင်တိုက် အုပ်ချုပ်တဲ့ ဆရာတော်တွေက ဝမ်းသာလိုက်တာ။

---

အလဂဒ္ဒူပမာ စာသင် စာချ

တို့ ကျောင်းတိုက်က သံဃာ ဘယ်လောက် စာမေးပွဲ အောင်တယ်၊ သိပ်ဝမ်းသာလိုက်ကြတာ၊ အစိုးရကလဲပဲ သာသနာကြီး သူတို့ကြောင့်၊ အင်း … ဘယ်လောက် ချီးမြှောက်ပါတယ်လေ၊ ဘာလေးနဲ့၊ အောင်ပွဲကျတော့ သူတို့ကလဲ စိတ်ပါပါ မပါပါ ချီးကျူးရပြန်တယ်၊ ကောင်းပြီ ဒီ ဘုန်းကြီးတို့ စာက တိကျလွန်းလို့၊ ကိုယ်တော်ကလေး တစ်ပါး ကိုယ်တော်ကြီး တစ်ပါး ဆရာတော်တစ်ပါး ဒီလာဘ်လာဘ ရအောင်လို့ စာမေးပွဲ အောင်တဲ့အခါ ဆုရအောင်လို့ ဆရာတော် က စာချတယ်၊ စာသင်သားက စာအံတယ်၊ စာကျက်တယ်၊ စာမေးပွဲ မှတ်စုတွေ ရှာတယ် ဖွေတယ်၊ အဲဒါ အကုသိုလ်စိတ်တွေ၊ ကြည့်စမ်း လိုချင်တဲ့ဂုဏ် လိုချင်တဲ့လာဘ်၊ အဲဒါတွေ မှန်းပြီးတော့ စာချတဲ့ ဘုန်းကြီးက စာချတယ် စာသင်သားက စာသင်တယ်၊ အဲဒါကို ဘုန်းကြီးတို့ ကျမ်းစာက "စာမသင်ဘဲ အိပ်နေတာ ကောင်းတယ် အိပ်နေတာ ကောင်းတယ်တဲ့ ကောင်းတယ်တဲ့"၊ "ဘာဖြစ်လို့တုန်း စာသင်ရင် အကုသိုလ် ဖြစ်သေးတယ် အိပ်နေရင် အကုသိုလ် မဖြစ်ဘူးတဲ့" "အလဂဒ္ဒူပမာ စာသင်နည်း စာချနည်းလို့ သေသေ ချာချာကြီးကို အတိအကျ ဟောတော်မူထားပါတယ်"၊ အဲဒါ အိပ်နေတာက ကောင်းသေးတယ်တဲ့။

မြန်မာပြည်မှာလဲ စာမေးပွဲတွေ တစ်မျိုးပြီး တစ်မျိုး၊ စာမေးပွဲတွေနဲ့ ကြွားလိုက်ကြတာ သိလား၊ လူတွေကလဲ အဲဒါကို အထင်ကြီးလိုက်ကြတာ၊ တရားတော်ကလဲ အဲဒါ အကုသိုလ်စိတ်တွေ၊ စဉ်းစားကြည့်လေ ဂုဏ်လိုချင်တယ်၊ လိုချင်တာမှန်သမျှ ဘာကို လိုချင်လိုချင် တရားကို လိုချင်တာ မှတစ်ပါး မဂ်တရား ဖိုလ်တရား လိုချင်တာမှ တစ်ပါး ဒိပြင် လောက လိုချင်တာ မှန်သမျှတွေ အကုသိုလ်တွေချည်းပဲ။

ဒါ "အလဂဒ္ဒူပမာ စာသင် စာချနည်း" လို့ ဆိုပါတယ်၊ "မြွေဖမ်းတာတဲ့၊ မြွေဖမ်းတာ ဘာဖြစ် သတုန်း အဖမ်းမတတ်လို့ အကိုက်ခံရလို့ သေတယ်၊ ဒါမှမဟုတ် မသေသော်လဲ သေလုမျောပါး ဖြစ်တဲ့အထိ ခံရတယ်တဲ့၊ မြွေဖမ်းတာတဲ့"၊ ဂုဏ်ရှိအောင်လို့ စာချနေတယ်၊ ဘုန်းကြီးက ကိုယ်တော့် ကျောင်းတိုက် သံဃာ ဘယ်လောက်ရှိတုန်း ဟာ - သံဃာ ဘယ်နှစ်ရာ ရှိတယ်လို့ ကြွားချင်လို့၊ ဘုန်းကြီး ထိန်းထားလို့ရှိရင် ဘုန်းကြီး အကုသိုလ်ဖြစ်မယ်၊ အိပ်နေတာ ကောင်းတယ် အိပ်နေတာ ကောင်းတယ်၊ စာချဘုန်းကြီး တွေက ဘုန်းကြီးတို့ ကျောင်းတိုက် သံဃာ ဘယ်လောက် ရှိတယ်လို့ ကြွားချင်လို့ ရှိရင် အကုသိုလ် ဖြစ်မယ်၊ အိပ်နေတာ ကောင်းတယ် အိပ်နေတာ ကောင်းတယ်၊ အကုသိုလ် ဖြစ်တာ မကောင်းဘူး။

ဒီတရားတော်က ပီပီသသကြီးပါ၊ နိုင်ငံက သိပ်ကို သနားစရာ သနားစရာ ကောင်းတယ်၊ ဒါကြောင့် ကုသိုလ်လို့ ထင်ပြီးတော့ လုပ်နေကြတာ၊ အကုသိုလ်တွေ ပါလှပါလား၊ စာသင်တိုက်တွေ စာချဘုန်းကြီးတွေ စာမေးပွဲ အောင်လိုကြတာတွေ ဂုဏ်လိုချင်တယ် ရှိပါတယ်၊ ဂုဏ်ရသွား ရှာပါတယ် လာဘ်လိုချင်တယ် ရှိတယ်၊ လာဘ်ရသွားရှာပါတယ်၊ အဲဒါတွေ အကုသိုလ်တွေချည်းပဲ၊ ပထမတုန်းက ကုသိုလ်လိုချင်လို့ ရဟန်း ပြုတယ်၊ နောက်တော့ အကုသိုလ်တွေ အများကြီး ဖြစ်နေတယ်။

ကုသိုလ်လိုချင်လို့ စာသင်တိုက် တည်တယ်၊ နောက်တော့ အကုသိုလ် တွေ အများကြီး ဖြစ်နေတယ်၊ ဘယ့်နှယ်လုပ်ကြမလဲ၊ ဒီလိုဖြစ်လို့ သာသနာတော်ကြီးက တိုးတက်လို့ မြန်မာလူမျိုးတွေ စိတ်ချမ်းသာ လက်ချမ်းသာနဲ့ တိုးတက်လို့ရှိရင် ဘုန်းကြီး အနေသာကြီးပါ၊ ဘေးကနေ ကြည့်နေ ပါ့မယ်၊ ဖြစ်တန်သလောက်တော့ ဖြစ်စေဦးတော့ သာသနာကြီး ခိုင်မြဲ နေတာပဲ တိုးတက်နေတာပဲ တို့ သာသနာကြီးကို ကိုးကွယ်နေတဲ့ ဒါယကာ ဒါယိကာမတွေ ကုသိုလ်တွေ ရနေတာပဲ စိတ်ချမ်းသာ နေတာပဲလို့ ဆိုရင်တော့ အနေသာကြီးပါ။

ခုတော့ မဟုတ်ပါဘူး၊ စိတ်ရော ကိုယ်ပါ ချမ်းသာလှတယ် မဟုတ်ဘူး၊ ချမ်းသာ သလောက်က လောဘနဲ့ ချမ်းသာပြီးတော့ သာယာနေတာ၊ တို့ကျောင်း တို့အလှူ တို့ဘုရားပွဲ၊ ခေါင်းဆောင် တွေကလဲ သူတို့ ဘုရားပွဲ လူစည်လို့ ရှိရင် ငါလုပ်တဲ့ ဘုရားပွဲလို့ အိမ်ကျ ကြွားသေးတယ်၊ သူ့ ဒကာမအပေါ် ကြွားသေးတယ်၊ "ယနေ့ ကိုယ်လုပ်ထားခဲ့တာ ဘုရားပွဲ ဘယ်လောက် စည်တုန်း မင်းလေ … လာမကြည့်ဘူးလား"၊ သူ့ဒကာမအပေါ် သူက ကြွားလိုက်သေးတယ်၊ သူ့ဒကာမ ကလဲ "ဒါ အလှည့်ကျ ဘုရားလူကြီးက ကျုပ်တို့အိမ်ကပါ" သူကလဲ ကြွားလိုက်သေးတယ်။

ဘာသာရေးဟာ အင်မတန် အရေးကြီးလိုက်တာ၊ သူက ဒီ ဗုဒ္ဓဘာသာကို အထင်သေးမှာ စိုးလို့၊ ပွဲတွေ လမ်းတွေနဲ့ ဆိုတော့ လုပ်ချလိုက်တာ၊ သူကလဲ ကြွားရှာတယ် ကြွားရှာတယ်၊ ဝိုင်းပြီးတော့ အကုသိုလ်နဲ့ ကြွားကြတယ်၊ အကုသိုလ်တွေ ဖြစ်မှန်းလဲ မသိဘဲနဲ့ အကုသိုလ်တွေ ဖြစ်နေ ကြတယ်။

ဘုန်းကြီးက မနေ့တုန်းက ပြောလိုက်ရင် မနည်းဘူး သွားရလိမ့်မယ်၊ တို့ သာသနာ အတွင်းရော အပြင်ရော၊ ကောင်းပြီ - အရှင်ဘုရားတို့ သာသနာက ဒီနည်းအားဖြင့် ဆုတ်ယုတ် လာတာ ဆုတ်ပါတော့၊ ဟိုဖက်ဘဝ ကြည့်ကြဦးစို့ ဆိုတော့ သာသနာ ကိုးကွယ်တဲ့ ကျောင်းဒကာ ကျောင်း အမတွေ ဘယ်ရောက်နေကြတယ် ဆိုတာ မသိဘူး၊ မနေ့ကပဲ ဒီ ခုလူတွေကတော့ သူတို့တော့ စဉ်းစားပြီး သတိထားပြီးသား ဖြစ်တော့ မနေ့တုန်းက "ဘယ် ဆရာတော် ပျံတော်မူတော့ ကျောင်းပေါ်ကိုတောင် မတက်ဝံ့ဘူးတဲ့ အင်မတန် ခြောက်ဆိုကိုး၊ အင်မတန် ထင်ရှားတဲ့ ဆရာတော် ပျံတော်မူတော့ ကျောင်းပေါ်တောင် မတက်ဝံ့ဘူး ခြောက်လိုက် တာတဲ့" ကြည့်စမ်း၊ နည်းနည်း ကလေးများ ဖြစ်ကြတဲ့ကိစ္စ မဟုတ်ဘူးနော်၊ ရေစုန်ရေဆန် လိုက်တဲ့အခါမှာ ရစရာကို မရှိဘူး၊ ဒါကြောင့် ဘုန်းကြီးက မနေ့က မဟောပါဘူးလို့ ခပ်ပေါ့ပေါ့ ကလေး ပြောပြီး ရှောင်သွားတယ်နော်၊ ရှောင်သွားပေမယ်လို့ ဒီဘုန်းကြီး အလွတ် ပြောနေတဲ့ စကားတွေ ကြားရတဲ့ ပုဂ္ဂိုလ်က အရှင်ဘုရား ဒါတော့ မပါလာဘူးကို မပါလာဘူးဆိုတော့၊ ကိုင်း … ပြောရဦးမယ်။

ယနေ့ အာသေဝနပစ္စည်း ကြည့်လေ ပထမဇောက ဒိဋ္ဌဓမ္မ အကျိုးပေးရမယ့် အကြောင်း ဘုရား ကိုယ်တော်တိုင် သမာပတ် ဝင်စားတော် မူပါသေးတယ်၊ စိတ်ကို ရှင်းသထက် ရှင်းအောင်၊ ရှင်းသထက် ရှင်းအောင်၊ အဲဒီလို သမာပတ် ဝင်စားတော်မူပြီးမှ မဟာဒုဂ်ကို သပိတ် သနားတော် မူပါတယ်၊ ချက်ချင်း အကျိုးရပါတယ်၊ မဟာဒုဂ်ရဲ့ ပစ္စည်းကရော ထင်းပေါက် ထင်းခွဲပြီးတော့ သူကိုယ်တိုင် အားနဲ့ ရင်းပြီးတော့ ရခဲ့တဲ့ ပစ္စည်းပါ၊ အဲဒါကြောင့် သူဌေးဖြစ်ပါတယ်၊ မဟာဒုဂ် အဲဒီ မဟာဒုဂ်ပဲ သာသနာတော် လက်ထက်ကျတော့ သူဌေးသားလေး ပဏ္ဍိတ သာမဏေလေး ဖြစ်ပြီးတော့ တရားထူး ရပါတယ်။

လမ်းဟာ ကောင်းမှ ကောင်းတယ်နော် မကောင်းရင် မကောင်းဘဲ ဖြစ်ပါလိမ့်မယ်၊ ပြီးတော့ ဘုရား ရင့်မကြီးတောင်မှ သမာပတ် ဝင်စားတော် မူရသေးတယ် ဆိုတော့ ဘုန်းကြီးတို့ အလှူခံ ပုဂ္ဂိုလ်တွေ ဘယ့်နှယ် လုပ်ကြမလဲလို့၊ အဲ … နဂိုတုန်းကလဲ ဘယ်လောက် စင်ကြယ်နေကြသလဲ တရား ဘယ်လောက်များ ကျင့်နေကြသလဲ အဲသလို စသည်အားဖြင့်ပေါ့လေ၊ လျှောက်ပြီးတော့ စဉ်းစား၊ စဉ်းစားတော့ ဘုန်းကြီးတော့ ခက်သွားတာက လူတွေ နားမလည်လွန်းသွားပြီ၊ ဘုန်းကြီး တွေလဲ နားလည်ချင်မှ နားလည်မယ် ထင်တယ်၊ တချို့ နားမလည် ပြန်တော့လဲ ငြိမ်ငြိမ်ကလေး နေလိုက်မှာနဲ့ တူတယ်၊ ဒီလို ဖြစ်သွားတယ်။

---

ဘုရားစစ်ကို ရုပ်ပုံကကွယ်

ဒီတော့ မူရင်းကို ပြန်ရောက်အောင် တော်တော်ကြီး ကြိုးစားရပါလိမ့်မယ်၊ ပြောနေကြတယ် မဟုတ်လား၊ ရှေးတုန်း ကတည်းကိုက ဘုရား အစစ်ကို ရုပ်ပုံ ရုပ်ပွား ဆင်းတုတော်များက ကွယ်နေပြီ၊ ကြည့်စမ်း ဘုန်းကြီးတို့ မဟာမြတ်မုနိဘုရားကို သွားရင် ရုပ်ပွားတော်ကြီးမှာပဲ ရွှေချတယ်၊ သက်တော်ထင်ရှား မြတ်စွာဘုရားကို စိတ်မရောက်နိုင်ဘူး၊ ကွယ်နေပြီလေ၊ ရန်ကုန် ကလဲပဲခု ရန်ကုန်ဒကာများရဲ့ ရုပ်ပုံရုပ်ပွား စေတီတော်ကြီးများ၊ ဒီ ဘုရားအစစ်ကို ကွယ်နေပြီ၊ လာကတည်းကိုက ဒီ စေတီတော်ကြီး လောက်ပဲ ရောက်တာဆိုတော့ ဘုရားအစစ်ကို ရုပ်ပုံရုပ်ပွား စေတီများက ကွယ်နေပြီ၊ ဘုရားအစစ် မမြင်တော့ဘူး မမြင်တော့ဘူး ဆိုတာ ဘုရားအစစ်ရဲ့ စိတ်တော် စိတ်နေ စိတ်ထားတော်ကို မမြင်တော့ဘူး၊ အာရုံ မရောက်ကြ တော့ဘူးလို့ဆိုတာ။

---

တရားအစစ်ကို ဟောတရားကကွယ်

ယခုလို ဓမ္မစကြာတရားတို့လို ပဋ္ဌာန်းတရားတို့လို သုတ္တန်တရားတို့လို တရားအစစ်ကို ဘယ်သူတွေက ကွယ်ထားတုန်း၊ ဘုန်းကြီးတွေ သံနေ သံထားနဲ့ ရွတ်ပြီးတော့ နေကြတယ်၊ ဟောတရားတွေက ကွယ်ထားပြီ၊ တရားအစစ် မရောက်တော့ဘူး၊ လူတွေ အဲဒီ သံနေ သံထားနဲ့ တရားတွေ နားထောင်ပြီးတော့ ဟုတ်သယောင်ယောင်နဲ့၊ ဟုတ်သလောက်လဲ ဟုတ်ပါတယ်၊ အဲဒီလိုနဲ့ တင်းတိမ် နေတဲ့အတွက်ကြောင့် တရား အစစ်အမှန်တွေ ကွယ်သွားပြီ၊ ကွယ်သွားပြီ ဆိုတာက ပျောက်သွားတာ မဟုတ်ဘူး၊ သူတို့က ဖုံးထားတာ၊ သူတို့က ရှေ့က ကွယ်နေတော့ တရား အစစ်အမှန်တွေ မကျင့်တတ်တော့ဘူး မလိုက်စားတတ်တော့ဘူး အတုအယောင် တွေက ကွယ်ကုန်ပြီလေ။

---

သံဃာအစစ်ကို ဘုန်းကြီးကကွယ်

အရိယာသံဃာတော်တကယ်ကျင့်တဲ့ အရိယာ သံဃာတော်တွေကို ယခု ဘုန်းတော်ကြီးတွေက ကွယ်ထားတယ်၊ လှူကြတယ်ဆို ယခုဘုန်းတော်ကြီးတွေကိုပဲ စိတ်ရှိတော့တယ်၊ အရိယာ သံဃာတော်ကို စိတ်မရောက်တော့ဘူး၊ "သံဃံ သရဏံ ဂစ္ဆာမိ" သံဃာတော်တွေကို ကိုးကွယ် နေကြတာ အရိယာသံဃာကို ကိုးကွယ်ရမှာပါ။

ယခုတော့ ဘုန်းတော်ကြီး တွေချည်း မြင်နေတော့ ဒီ ဘုန်းတော်ကြီးတွေ ကိုးကွယ်ရတာ ဟုတ်ရဲ့လား၊ သူတို့ဟာ သူတို့ စနောင့် စနင်းတွေ ဖြစ်ကုန်ပြီ၊ ဘယ့်နှယ် ကိုးကွယ်တယ် လို့သာဆိုတာ တို့ ဘုန်းကြီးတွေဟာ ပွဲလဲ သွားနေတာပါလား၊ ဘယ် တို့ ဘုန်းကြီးတွေ အို - အလှူဒါန တွေမှာလဲ ခေါင်းဆောင်နေပါလား၊ တို့ ဘုန်းကြီးတွေက ဘယ်မဆို ရှေ့ကပါလား၊ ဒါတွေ တို့ "သံဃံ သရဏံ ဂစ္ဆာမိ" တဲ့လား၊ သံဃာ အစစ်အမှန် အရိယာ သံဃာတော်တွေကို ဘုန်းတော်ကြီးတွေက ကွယ်နေပြီလေ။

ရတနာသုံးပါးကို
ဝိဇ္ဇာဂိုဏ်းက ကွယ်

ယခုတစ်ဖန် ကြောက်စရာ ကောင်းတယ်လို့ ဆိုကြစို့၊ ဂိုဏ်းတွေ ပေါ်လာပြီ၊ ဂိုဏ်းတွေ ပေါ်လာတော့ အဲဒီဂိုဏ်းကို နှစ်နှစ်ကာကာ လိုက်စားသွားပြီ ဆိုလို့ရှိရင် ရန်ကုန်တို့ မန္တလေးတို့ ဆိုပါတော့ပေါ့၊ ဘုရားခန်းထဲမှာ ဘုရားပန်း တင်တာတောင်မှ ဂိုဏ်းဆိုင်ရာတွေကို ပန်းအညှိုး မခံဝံ့ဘူး။ ဟို ဘုရားပန်းတော့ မတော်တဆ ညှိုးချင်လဲ ညှိုးပါစေဦးတော့ ဂိုဏ်းပန်းက အညှိုး မခံနိုင်ဘူး ဖြစ်နေပြီ။ ဘုန်းတော်ကြီး တစ်ပါး သနားစရာ ကြည်ညိုစရာ ကောင်းလိုက်တာက သူကိုယ်တိုင် ဂိုဏ်းပါ၊ သူကိုယ်တိုင် တန်ခိုး အထိုက် အလျောက် ရှိပါတယ်။ ပြီးတော့ သူကိုယ်တိုင်က ဘာပြောတုန်းဆိုတော့ - သူ့ ပရိသတ်ကို "ဘုရားကို ရတနာသုံးပါးကို ဝိဇ္ဇာနဲ့ ကွယ်မထားကြနဲ့၊ တို့ ဝိဇ္ဇာက လုပ်နိုင်တာ နည်းနည်းလေး ရှိတယ်၊ တို့ လုပ်နိုင်တာက နည်းနည်းလေး အပုံတစ်ရာပုံမှ နည်းနည်းလေး တစ်ပုံ နှစ်ပုံ၊ ဗုဒ္ဓမြတ်စွာက အင်မတန် ဘုန်းတော်ကြီးတယ် တရားတော်က အင်မတန် မြင့်မြတ်တော် မူပါတယ် အရိယာ သံဃာတော်က အင်မတန် မြင့်မြတ်တော်မူပါတယ်။ ရတနာသုံးပါးကို ဝိဇ္ဇာ မကွယ်စေနဲ့"။ ကြည့်စမ်း အလွန် ကြည်ညိုစရာ ကောင်းလိုက်တာ၊ ဝိဇ္ဇာဂိုဏ်းထဲက ဘုန်းကြီးက ဝိဇ္ဇာဂိုဏ်းထဲက ဘုန်းကြီးက ရတနာသုံးပါးကို ဝိဇ္ဇာ မကွယ်ပါစေနဲ့၊ ရတနာ သုံးပါးကို ရတနာ သုံးပါးပီပီ ကြည်ညိုတတ်ကြလို့ အမိန့်ရှိပါတယ်တဲ့။

ဒီတော့ အများစုမှာက ရတနာသုံးပါးကို ဂိုဏ်းက ကွယ်နေပြီ၊ ဝိဇ္ဇာက ကွယ်နေပြီ။ ဒီ ရတနာ သုံးပါးကို တစ်ခါ ထပ်ကွယ်လာပြန်တယ်၊ နဂိုက ရတနာသုံးပါး အစစ်အမှန်ကို စေတီပုထိုးက ကွယ်တာနဲ့ ဟောတရားတွေက ကွယ်တာနဲ့ အကျင့်တရားတွေ ပျောက်လို့၊ နောက် ဘုန်းကြီးတွေက ကွယ်တာနဲ့ အရိယာသံဃာတော်တွေ ပျောက်လို့၊ အာရုံမပြုတတ်တာ ပျောက်တယ်လို့ ဆိုတာ မမှန်းတတ်တာ ပျောက်တယ်လို့ ဆိုတာ။

အဲဒီလို ဖြစ်နေရာက ဂိုဏ်းတွေ ပေါ်လာပြန်တော့ ဂိုဏ်းတွေက ကွယ်ထား လိုက်တာမှ ကြာလှပြီ၊ ရန်ကုန်မှာ ကြာနေတာ၊ "နတ်ပန်းတွေ မညှိုးစေနဲ့တဲ့"၊ နတ်ပန်း မညှိုးစေနဲ့ဆိုတာ ဂိုဏ်းပန်း မညှိုးစေနဲ့ ဆိုတာပဲ၊ အဲဒီပြင် ဘုရားပန်းတော့ မတော်တဆပေါ့လေ၊ ကိုင်း...ရှိပါစေ၊ ဘုရားက ထလာပြီးတော့ မဆူဘူး၊ ဒီ ဝိဇ္ဇာတို့ ဂိုဏ်းတို့က သူတို့ မကျေနပ်လို့ ရှိရင် ချက်ချင်း မတော် မတရား လုပ်ချင်လုပ်မှာ၊ ဒီတော့ ဝိဇ္ဇာတို့ ဂိုဏ်းတို့ကိုတော့ ပန်းညှိုး မခံဝံ့ဘူး၊ ဘုရားပန်းတော့ ညှိုးချင် ညှိုးပါလေ၊ လာနေပြီ လာနေပြီ ရန်ကုန်မှာ ကြာလှပြီ။

မန္တလေးမှာ အင်မတန် သာသနာ လေးစားတယ်လို့ ဆိုတာတောင်မှ တဖြည်းဖြည်း ဒီ ဝိဇ္ဇာတို့ ဘာတို့ ရောက်လာပြီလေ။ မြတ်စွာဘုရား လက်ထက်တော်တုန်းက အနာထပိဏ်သူဌေး သေဆုံးပါတယ်၊ ဆုံးတာ ဆုံးတာပါပဲ ဘုရား ဘာမှ မတတ်နိုင်ပါဘူး။ ဝိသာခါရဲ့ မြေးလေးလဲ သေဆုံးပါတယ်၊ ဆုံးတာ ဆုံးတာပါပဲ ဘုရား ဘာမှ မတတ်နိုင်ပါဘူး။ ဗိမ္ဗိသာရမင်းကြီး ဓားခွဲ ခံရတယ်၊ ခံရတာ ခံရတာပဲ ဘုရား ဘာမှ မတတ်နိုင်ပါဘူး။

သူ့ကံနဲ့ သူ့အကြောင်းနဲ့ လာလို့ရှိရင် ဘာမှ မတတ်နိုင်ပါဘူး၊ ဘုရား မတတ်နိုင်တာကို နတ် တတ်နိုင်ပါမတဲ့လား ဝိဇ္ဇာ တတ်နိုင်မတဲ့လား။ ဟုတ်တယ် တချို့ တချို့က ဒီ အပြုသဘော လေးတွေ ရှိပါတယ်၊ တတ်နိုင်တယ်၊ နည်းနည်းတော့ တတ်နိုင်တယ်၊ ဘေးရန် မဟုတ်တဲ့ နေရာမှာ တတ်နိုင်ပါတယ်။ ဘုန်းကြီးလဲ သိပါတယ်၊ ဘုန်းကြီး ကျောင်းတိုက်ကိုလဲပဲ လေးစားကြပါတယ်။ တစ်ခါတုန်းက ဝိဇ္ဇာတို့ ဂိုဏ်းတို့ ဆိုင်ရာက သူတို့ကလဲ ဒီဘုန်းကြီးက ဘယ်လို ဘာဘာ ညာညာနှင့် ပြောတော့ သူတို့တစ်တွေက -

"ဂန္ဓာရုံဆရာတော် ဦးဇနက ဒီဂိုဏ်းထဲ မဝင်ဘူးလားလို့ ပြောကြတယ်တဲ့" ဒီစကားက ဘုန်းကြီးဆီ ရောက်လာရော၊ အဲဒီတော့ ဘုန်းကြီးက ပြောလိုက်တယ် ဂိုဏ်းထဲဝင်ဖို့ မလိုဘူး၊ ဘုန်းကြီးက ဘုရားသာသနာတော်ကို ပီပီကြီး အလုပ်လုပ်နေတယ်။ ဂိုဏ်းက ဘုန်းကြီး အလုပ်ကို ကျေနပ်လို့ ရှိရင် ဝိဇ္ဇာက ဘုန်းကြီးအလုပ်ကို ကျေနပ်လို့ရှိရင် ကူပါ မကူညီချင်လဲ နေပါ မကူချင်လဲ နေပါ ကူချင်တယ် ဆိုလို့ရှိရင် လာကူပါ။ ဘုန်းကြီးက ဂိုဏ်းထဲဝင်ဖို့ မလိုပါဘူး။ ဟို ဂိုဏ်းထဲ ဒီ ဂိုဏ်းထဲဝင် ဘုန်းကြီး ဝင်လိုက်လို့ ရှိရင်...

"ဦးဇနကက မကြီးပွားဘဲ နေပါ့မလား၊ သူက ဂိုဏ်းဘုန်းကြီး၊ အို...ပြီးရော ပြီးရော ပျက်ရော၊ ဘုန်းကြီးတို့ သာသနာတော်ကြီး အကုန်လုံး ပျက်တာပဲ ပြီးတာပဲ။

"သိလား ဦးဇနက-က မကြီးပွားဘဲ နေပါ့မလား ဆန်တို့ဘာတို့ မရဘဲ နေပါ့မလား၊ သူက ဂိုဏ်းဘုန်းကြီး သူက ဂိုဏ်းနတ် ကိုးကွယ်ထားတာ ဂိုဏ်း ကိုးကွယ်ထားတာ ဦးဇနကက ငါးပါး သီလ မြဲရတယ် သူက ဂိုဏ်း ကိုးကွယ်ထားလို့"။

လောကကြီး သွားတော့မှာ သွားတော့မှာ သာသနာကြီး သွားတော့မှာ ပျက်တော့မှာ၊ ဒါကြောင့် ဘယ်ဂိုဏ်းကိုမှ ဘုန်းကြီးဝင်ဖို့ မလိုဘူး၊ ဘုန်းကြီး အလုပ်ကို ကျေနပ်လို့ရှိရင် ဂိုဏ်းများက ဝိဇ္ဇာများက ဘုန်းကြီး အလုပ်ကိုတော့ အားပေးချင် အားပေးပေါ့ အားမပေးချင်ဘူး ဆိုလို့ရှိရင်လဲ အားမပေးနဲ့ပေါ့ ဘုန်းကြီးလမ်းနဲ့ ဘုန်းကြီး သွားမှာပေါ့ အဲဒီလို ပြောထားရတယ်။

ဒါကြောင့် ဘုန်းကြီး ကျောင်းတိုက်မှာ ရောက်လာလို့ ရှိရင်လဲ ဘုန်းကြီးက မဟုတ်ဘူးနော် ကုသိုလ်တွေ အလှူဒါန လုပ်တဲ့အခါမှာ အကုသိုလ်တွေ နောက်က နောက်က များလွန်းတယ်။ ဒီ အကုသိုလ်တွေက အပါယ်ချတာ မဟုတ်ပါဘူး အကျိုး မရတာပါ။ အပါယ်တော့ မချပါဘူး ငွေကုန်သလောက် အကျိုး မရပါဘူး။ ကျောင်းတွေ ဆောက်ကြတယ် ဘုန်းကြီးတွေ ကိုးကွယ်ကြတယ်၊ ဘယ်ဘုန်းကြီး ဘယ်လောက် လှူခဲ့တယ်၊ သွားရော့ သွားရော့ သွားရော့ လှူပါစေ လှူပါစေ၊ ဘယ်နှစ်ထောင် လှူခဲ့တယ် လှူလှူ သွားရော့ သွာရော့ နင့်ဟာ နင့်ဟာ မဟုတ်ပါဘူးလေ။

သင်တို့ဟာ သင်တို့ဟာ ဟို ရေထဲ သွန်ချလိုက်တာနဲ့ အတူတူပါပဲ။ ဒီ ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင် တောင်မှ အလှူခံခါနီးမှာ ဒိဋ္ဌဓမ္မ ရမည့် အခန်းကျတော့ စိတ်တော်တွေက ထပ်ပြီးတော့ စင်ကြယ် အောင်ပေါ့လေ စင်ကြယ်ပြီးသား စင်ကြယ်ပြီးသား၊ တချို့ ဘုန်းကြီးတွေက ဘာမှ မရှိဘူး ဘာမှ မရှိဘူး၊ သင်တို့ လှူကြ ဒါန်းကြတာတော့ ဒီအပြင် အကျိုးရတာတော့ ဝေးပါသေးတယ်။ စာက ရှိတယ်ကို စာက "သတဂုဏာ" အဆတစ်ရာ အကျိုးပေးတယ်လို့ ဆိုပါတယ်၊ ဟုတ်တယ် တိရစ္ဆာန်လှူတဲ့ အလှူက ဟော - ခွေးကလေး ငတ်နေတယ် ခွေးကလေး ငတ်နေတယ်၊ ကဲ ကဲ - လုပ်ပါဦးဟေ့ လုပ်ပါဦးဟေ့၊ တို့ စားဖို့ သောက်ဖို့ထဲက ဖြစ်ဖြစ် လာလာ တကတည်း ခွေးကလေး ကျွေးလို့ ခွေးကလဲ အမြီးကလေး တနန့်နန့်နဲ့ ပြုံးလို့ စားရှာတယ် သောက်ရှာတယ်။ ဝမ်းသာလွန်းလို့ ဒီတော့ ကြည့်ရတာ ဝမ်းသာလို့၊ အဲဒီ အလှူမျိုးကို ပေးလှူရင် ဒီက ထမင်းတစ်ပွဲလောက်ဟာ ဟိုမှာ အဆတစ်ရာ အကျိုးပေးတယ် အဲဒီ ခွေးကျွေးတဲ့ အလှူက အဆတစ်ရာ အကျိုးပေးတယ်။

ဘာပြုလို့တုန်း အဲဒီ ခွေးကလေးကို သနားတဲ့ ကရုဏာနဲ့ ခွေးကလေးကို စားပါစေ ဆိုတဲ့ မေတ္တာနဲ့ ကုသိုလ်စိတ်နဲ့ ကြည့်ပြီးတော့ အလှူပေးနေတာ အဲဒါ အဆတစ်ရာ အကျိုးပေးပါတယ်။ အခု လူတွေကို ဖိတ်ပြီးတော့ ရှေ့က တီးစရာလေးနဲ့ တီးလို့ ကလို့ ခုန်လို့ နောက်ကလဲပဲ ဘာမုန့် ညာမုန့်ဆိုတာတွေ စားလို့ သူတို့က ပွဲလမ်းသဘင်တွေ ကြည့်လို့ ဒီကလဲ "ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်" ဆိုတဲ့ လောကွတ် ကလေးနဲ့၊ ဘယ်မလဲ ကုသိုလ်၊ ဘယ်မလဲ ကုသိုလ်၊ ခွေးကလေးကို ကျွေးနေတာက ကုသိုလ်တွေ သိပ်ကြီးကျယ်တာ ခု ကုသိုလ် ဘယ်မတုန်း၊ အကယ်၍ ကုသိုလ်ဖြစ်လို့ ရှိရင်တော့ ဟုတ်ပါတယ် အဆတစ်ရာမက အကျိုး ပေးမယ် ယခု ကုသိုလ် ပြုကြရဲ့လားလို့၊ အဲဒါတွေ ထောက်ပြီးတော့ ဘုန်းကြီး ပြောတာတွေ ကိုလေ သိပ် နားထောင်ဖို့ ကောင်းတယ်။

အလှူအဒါန်းတွေ
ပြင်ဖို့ ကောင်းပြီ

ဘုရားပွဲ ကျောင်းပွဲတွေ တစ်နေ့ပြင်ဖို့ ကောင်းပြီ၊ ရှင်ပြုပွဲတွေ တစ်နေ့ပြင်ဖို့ ကောင်းတယ်၊ ပိုက်ဆံ ကုန်ပြီးတော့ အကျိုးက နည်းလွန်းလို့၊ ဘုန်းကြီးပျံတွေ တစ်နေ့ လုံးလုံး ပြင်လိုက်ဖို့ ကောင်းတယ်။ တစ်ခု ထပ်ပြီးတော့ ပြောရဦးမယ်၊ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူတဲ့ အိန္ဒိယနိုင်ငံမှာ ကျောင်းကန် ကြီးကြီး ဒီလောက် မကြီးကျယ်ဘူး မပေါဘူး၊ အဲဒီက ရွှေ့ပြောင်းပြီးတော့လာတဲ့ သီဟိုဠ်ကျွန်းမှာ ယခုထိ ရှိတယ် ကြည့် သီဟိုဠ်ကျွန်း ပျက်မသွားသေးဘူး၊ ဘာသာရေးဟာ ယခုထိကြည့် ယခု သီဟိုဠ်ကျွန်း လဲ ဆုတ်လာပြီ၊ ဘုန်းကြီးတွေ အချိုးမကျလို့ ဆုတ်လာခဲ့ပြီ၊ ကျောင်းကြီးတွေ ဘယ်လောက် ကြီးကြီးရှိတုန်း သိပ်မရှိဘူး၊ ဘာပြုလို့လဲ ဒါနက ဒီမှာတင် အင်မတန် ကြီးကျယ်တာ ဒိပြင်နိုင်ငံက ဒါန ဒီလောက် မကြီးကျယ်ပါဘူး။

ဘာပြုလို့ ဒီနိုင်ငံက ဒါန ဒီလောက် ကြီးကျယ်သတုန်း ဆိုတော့ ရှင်အရဟံတို့ ရောက်တဲ့အခါက စပြီးတော့ တရားဟောလို့ လွယ်တာက ဒါနက လွယ်တယ်။ လွယ်တော့ လူတွေကလဲ ကြွေး မရှိ၊ သူများ ဥစ္စာတွေ မရှိ၊ ချောင်ချောင် လည်လည် ဆိုတော့ ဟို ပုဂံခေတ်က စပြီးတော့ ဘုရားတွေ တည်လို့ လှူကြ ဒါန်းကြ၊ တချို့က ပြောတယ် ပုဂံခေတ်က ဘုရား တည်မှာပေါ့ အဇ္ဇဂေါဏတို့ ရွှေတွေ ငွေတွေ သိပ်ဖြစ်တာ၊ အို အို...အဇ္ဇဂေါဏ ဟိုတုန်းက ရွှေတွေ ငွေတွေ ဖြစ်တာလား၊ ဟော တောင်မြို့ ဘုန်းတော်ကြီး တစ်ပါးက ရွှေတွေ ငွေတွေဖြစ်ပြီးတော့ တောင်မြို့က လူတွေ အိမ်တွေမှာ ရွှေတွေ ငွေတွေ ပေးထားလိုက်တယ်ဆိုတော့ ကဲ - ဘုရားတည်လို့ ဖြစ်မလားလို့ ကျောင်းဆောက်လို့ ဖြစ်မလားလို့။

"ဟေ့ ငါဘုရားတည်ချင်လို့ အုတ်ကလေး ဘာလေး တိုက်ပေးစမ်းပါ"၊ "အောင်မာ လူ အုတ်တိုက်တဲ့လူ မှတ်လို့လား၊ ကျုပ်ဘုန်းကြီးက ပေးထားတဲ့ ရွှေတုံးကြီး ရှိသူ အုတ်မတိုက်ဘူး သူလဲ အုတ်မဖုတ်ဘူး သူလဲ လက်သမား မလုပ်ဘူး"၊ ဘာဖြစ်လို့လဲဆိုတော့ ရွှေဖြစ် ငွေဖြစ်ဘုန်းကြီးက ရွှေတွေ ငွေတွေ ပေးထားတာလေ၊ လက်သမား ရှာမရဘူး ပန်းရန် ရှာမရဘူး အုတ်ဖုတ်မယ့်သူ ရှာမရဘူး အိမ်ခိုင်းစရာ ရှာမရဘူး အိမ်ဖော် မရှိဘူး၊ ကိုယ့်ဘာသာ ကိုယ်လုပ်ကြ၊ နောက်ဆုံးတော့ စပါးလုပ်မယ့် သူတောင် မရှိဘူး။

တို့က တောင်သူ မဟုတ်ဘူး တို့က ရွှေရှိတယ်၊ ငတ်ကြရော၊ တစ်ယောက်ကများ ရွှေဖြစ် ငွေဖြစ်လို့လေ ပေးလို့ရှိရင် ငတ်ပြီးတော့ သေကို သေကုန်ကြမှာ၊ အဲဒါ အဇ္ဇဂေါဏတို့ လက်ထက်ကလဲ မဟုတ်ဘူး၊ ဟုတ်လို့ရှိရင် ဒီ ဘုရား တည်လောက်အောင် အုတ်ကို မရှိဘူး၊ အဲဒါကြောင့် ရွှေတွေ ငွေတွေဖြစ်လို့ ငွေများ ပေးလို့ရှိရင် တောင်သူလဲ လုပ်မည့်သူ မရှိလို့ ငတ်ကို ငတ်လိမ့်မယ်၊ ဆန်တစ်ပြည် လေးကျပ် မကဘူး လေးဆယ်ဖြစ်လဲ ဝယ်ရတော့မှာ၊ ဝယ်လဲ ရမှာ မဟုတ်ဘူး သေကို သေကြမှာ၊ ဒါကြောင့် မဟုတ်ပါဘူး။

ဒါပေမယ့် ဒါနကို ဦးကျိုးလာရော၊ ရှင်ဘုရင်ဆိုတဲ့ သူတို့ကလဲ ဘာလုပ်ချင်ကြတုန်း ရှင်ဘုရင် ပြန်ဖြစ်ချင်တယ်၊ ရှင်ဘုရင် ပြန်ဖြစ်ချင်တော့...နန်းတော်ကြီးလို ကျောင်းကြီးတွေဆောက်။

မိဖုရားတွေကလဲ နန်းတော်ကြီးတွေလို ကျောင်းကြီးတွေ ဆောက် သူတို့ ဘာဖြစ်ချင်လို့တုန်း နိဗ္ဗာန်ကို မလိုချင်ပါဘူး ရှင်ဘုရင် ပြန်ဖြစ်ချင်တာပဲ၊ မှူးကြီး မတ်ကြီးတွေက မှူးကြီး မတ်ကြီးတွေ ပြန်ဖြစ်ချင်တော့ သူတို့ကလဲ နန်းတော်တမျှ ကျောင်းကြီးတွေ ဆောက် မြန်မာနိုင်ငံမှာ ဒီလို ဦးကျိုးလာတယ်။

နောက်တော့ ရှင်ဘုရင်က သားတော် ရှင်ပြုတယ် ဆိုတော့ ခမ်းခမ်းနားနားနဲ့ မင်းမြောက် တန်ဆာတွေ ဘာတွေနဲ့ အမတ်ကြီးတွေကလဲ သူတို့သားကျတော့ ဟုတ်ဟုတ် မဟုတ်ဟုတ် မင်းမြောက် တန်ဆာတွေ ဘာတွေနဲ့ နောက် အမတ်ကြီး အကြောင်းပြုပြီး သူတို့သား ချူနာပါတေးကို မင်းမြောက်တန်ဆာတွေ ဘာတွေ ဆင်၊ ဒီလိုနဲ့ လာပြီးတော့ ဦးကျိုးကုန်ကြတာ ဘုန်းကြီး သိပါရဲ့။

ကုသလော ဓမ္မော - ကုသိုလ်တရား ပေါက်စကလေးက၊
အကုသလဿ ဓမ္မဿ - အကုသိုလ်တရား အကြီးကြီး အများကြီးအား၊
ဥပနိဿယပစ္စယေန - ပကတူပနိဿယ ပစ္စယ သတ္တိဖြင့်၊
ပစ္စယော - ကျေးဇူးပြုသည်၊
ဟောတိ - ဖြစ်၏။

အဲသလို ဖြစ်လို့ ဘဝသံသရာ အကျိုး ရလို့ရှိရင် ဟုတ်ပါရဲ့၊ ကုသိုလ်မှ မဟုတ်ဘဲနဲ့ အကုသိုလ်က ဘယ်တော့မှ ကောင်းကျိုး မရပါဘူး၊ အဲဒါကြောင့် ဇောဆိုတာဟာ (ကုသိုလ်ဖြစ်ရင် ဖြစ်၊ မဖြစ် အကုသိုလ် အကုသိုလ်) ကုသိုလ် အကုသိုလ် နှစ်မျိုးပဲ ရှိတယ်၊ ဒိပြင် စိတ်တွေဟာ ဘယ်လောက်မှ အရာထင်တဲ့ စိတ်တွေ မဟုတ်ပါဘူး၊ ဒီတော့ မိမိစိတ်ကို မိမိ ကြည့်ပြီးတော့ ကုသိုလ်လား အကုသိုလ်လား အဲသလို ဆုံးဖြတ်ပြီးတော့ ကုသိုလ်ဖြစ်အောင် ကြိုးစားကြပါ။

ဘုန်းကြီးတို့ ပဋ္ဌာန်းပစ္စည်းက အင်မတန် တိကျပါတယ်၊ ဒီပစ္စည်းကို အကြောင်းပြုပြီး မိမိတို့လည်း တိကျတဲ့ အလုပ်ကို လုပ်နိုင်အောင် ကြိုးစားရပါမယ်။

နာနာပ္ပကာရဋ္ဌာနာနိ၊ ဗောဓိတာနေတ္ထ မုနိနာ။
အနန္တနယ ပဋ္ဌာနံ၊ ဝန္ဒေ အနန္တ ဂေါစရံ။

ဧတ္ထ - အနန္တနယ သမန္တပဋ္ဌာန်း ကျမ်းတော်ကြီး၌၊
မုနိနာ - မုနိထွတ်တင် ဘုရားရှင်သည်၊
နာနာပ္ပကာရဋ္ဌာနာနိ - ဟေတု အာရမ္မဏ စသည်များစွာ အကြောင်းအရာတို့ကို၊
ဗောဓိတာနိ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာ ကျန သိပြီးမှလျှင် များလှဝေနေ သိစေတော် မူအပ်ခဲ့လေပြီ၊
အနန္တ ဂေါစရံ - အဆုံးမရှိ ကုန်အောင်သိသည့် ဉာဏ်တော်၏သာ ကျက်စားရာ ဖြစ်တော်မူသော၊
တံ အနန္တနယ ပဋ္ဌာနံ - မြားမြောင်ပေါယယ် နည်းစုံကြွယ်သား, ကြီးကျယ် မြင့်မော် ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊
ဝန္ဒေ - တစ်သက်တစ်ခါ ကြုံခဲစွာဖြင့် ကြုံလာသည့်ခိုက် ဦးဖြင့်တိုက်၍ နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ ပါ၏ဘုရား။

သာဓု...သာဓု...သာဓု။

“အခြေပြု ပဋ္ဌာန်းတရားတော်”

သတ္တမနေ့
၁၃၃၄-ခု၊ နှောင်းတန်ခူးလဆန်း ၁၃-ရက်၊
၁၉၇၃-ခု၊ ဧပြီလ ၁၅-ရက်၊ တနင်္ဂနွေနေ့။

၁၃။ ကမ္မပစ္စယော (ကမ္မပစ္စည်း)
၁၄။ ဝိပါကပစ္စယော (ဝိပါကပစ္စည်း)

ကမ္မပစ္စည်း၊ ဝိပါကပစ္စည်း ဟောရမယ်။

ဒီ ကမ္မပစ္စည်း ဆိုရင် အင်မတန် လေးနက်တယ်၊ ဘုန်းကြီးက ယနေ့ လေးနက်တဲ့ အပိုင်းကို တချို့ ချန်ထားပြီးတော့ နားလည်လောက်တဲ့ အပိုင်းကို ကနေ့ ဟောမယ်၊ နောက်ကိုတော့ လေးနက်တဲ့ အပိုင်း ဆက်ဟောမယ်။

ကမ္မပစ္စယောတိ -

ကုသလာကုသလံ - ကုသိုလ် အကုသိုလ်ဖြစ်သော၊
ကမ္မံ - ကံသည်၊
ဝိပါကာနံ - အကျိုးဖြစ်ကုန်သော၊
ခန္ဓာနဉ္စ - နာမ်ခန္ဓာတို့အား လည်းကောင်း၊
ကဋတ္တာစရူပါနံ - ကမ္မဇရုပ်တို့အား လည်းကောင်း၊
ကမ္မပစ္စယေန - ကမ္မပစ္စယ သတ္တိဖြင့်၊
ပစ္စယော - ကျေးဇူးပြုသည်၊
ဟောတိ - ဖြစ်၏။

စေတနာ - စေတနာသည်၊
သမ္ပယုတ္တကာနံ - ယှဉ်ဖက်ဖြစ်ကုန်သော၊
ဓမ္မာနံ စ - တရားတို့အား လည်းကောင်း၊
တံသမုဋ္ဌာနာနံ - ထို စေတနာကြောင့် ဖြစ်ကုန်သော၊
ရူပါနံ စ - စိတ္တဇရုပ်တို့အား လည်းကောင်း၊
ကမ္မပစ္စယေန - ကမ္မပစ္စယ သတ္တိဖြင့်၊
ပစ္စယော - ကျေးဇူးပြုသည်၊
ဟောတိ - ဖြစ်၏။

ကမ္မပစ္စည်းက နှစ်မျိုးရှိတယ်၊ စေတနာ ဟူသမျှကို ကံလို့ ခေါ်လိုက်လို့ ရှိရင် စေတနာနဲ့ သမ္ပယုတ် ဖြစ်တဲ့ စိတ် စေတသိက် အားလုံးရယ် စိတ္တဇရုပ်ရယ်၊ အဲဒီ တရားတွေ ကျေးဇူး ပြုနိုင်ပါတယ်။ ယနေ့ ဟောမည့်ကံက အများ နားလည်နေတဲ့ ကမ္မပစ္စည်းကို ဟောမယ်၊ ကုသလာကုသလံ - ကုသိုလ် အကုသိုလ် ဖြစ်သော၊ ကမ္မံ - ကံသည်၊ ကုသိုလ် အကုသိုလ်ကံ ဆိုတာက ကုသိုလ် အကုသိုလ်ထဲမှာ ရှိတဲ့ စေတနာကို ပြောနေတာ စေတနာကို ဟောတော် မူနေတာ။

အဲဒီ ကုသိုလ် အကုသိုလ်ကို စိတ်ထဲမှာ ယှဉ်တဲ့ စေတသိက်ထဲမှာ စေတနာ ဆိုတဲ့ ကံက အကျိုး ဝိပါက်တွေကို ကျေးဇူးပြုတယ်၊ အများ နားလည်နေတဲ့ အကျိုးပေး အကျိုးပေးဆိုတာ အဲဒီ အကျိုး ဝိပါက်ဖြစ်တဲ့ နာမ်ခန္ဓာ တရားတွေကိုလဲ ကျေးဇူးပြုတယ်၊ ပြီးတော့ ကံကြောင့်ဖြစ်တဲ့ ယခု နားလည်နေတဲ့ ရုပ်တွေပေါ့၊ သူက တယ် ကံကောင်းတာကိုး၊ ရုပ် ဘယ်လို နေမှာပေါ့ စသည်၊ အဲဒီ ကမ္မဇရုပ်တရား တွေကိုလဲ ကျေးဇူးပြုတယ်။ အဲဒီ ယခု ကမ္မပစ္စည်းကို ဘုန်းကြီးက ဟောပါ့မယ်။

ကမ္မပစ္စည်းနဲ့ ဆိုင်ပြီးတော့ သိရမှာက ဝိပါက - အကျိုး၊ ကံက အကြောင်း၊ ဝိပါက - အကျိုး၊ အဲဒီ ပစ္စည်းပါ ဆက်ရပါ့မယ်။

ဝိပါကပစ္စယောတိ...

ဝိပါကာ - ဝိပါက်ဖြစ်ကုန်သော၊
စတ္တာရော - လေးပါးကုန်သော၊
အရူပိနော - နာမ်ဖြစ်ကုန်သော၊
ခန္ဓာ - ခန္ဓာတို့သည်၊
(ဝိပါက်ဆိုတာ ခုနက ကံကြောင့်ဖြစ်တဲ့အကျိုး၊ အကျိုးတရားလဲပဲ သူတို့ နာမ်ခန္ဓာ အချင်းချင်း)
အညမညံ - အချင်းချင်း၊
ဝိပါကပစ္စယေန - ဝိပါကပစ္စယသတ္တိဖြင့်၊
ပစ္စယော - ကျေးဇူးပြုသည်၊
ဟောတိ - ဖြစ်၏။

နာနာက္ခဏိကကံ

ဒီနှစ်ပစ္စည်းကို ဘုန်းကြီးက ဆက်ပြီးတော့ ဟောရပါ့မယ်၊ ဒီတော့ကာ နှစ်မျိုးထဲက ဒီ အများ နားလည်နေတဲ့ ကံကို နာနာက္ခဏိက ကံလို့ ခေါ်ပါတယ်၊ အများ နားမလည်တဲ့ ကံက သဟဇာတကံ လို့ ခေါ်ပါတယ်၊ နာနာက္ခဏိက ကံဆိုတာ ခု ကုသိုလ်ပြု နောက်မှ အကျိုးပေး ဒီလိုကိုး၊ ကုသိုလ် ပြုပြုချင်း အကျိုးမပေးဘူး၊ နောက်မှ အကျိုးပေးတယ်၊ ဒါ အများ နားလည်နေတဲ့ ကုသိုလ်ကံ အကုသိုလ်ကံ ဆိုတာ သူပါပဲ၊ ချက်ချင်း အကျိုး မပေးဘူး၊ နောက်ကျမှ အကျိုးပေးတယ်၊ ဘယ်လောက် နောက်တုန်း ဆိုတာကတော့ ဟောရင်း နားလည်သွားလိမ့်မယ်။

မျိုးစေ့အလား ကမ္မတရား

ဒီ ကမ္မပစ္စည်းကို ရှေးဆရာတော်များက အဋ္ဌကထာ ဆရာတော်ကြီးများက ဥပမာ ဘယ်လို ပေးထားကြတုန်း ဆိုတော့ သစ်ပင်မှာ မျိုးစေ့ရှိတယ်၊ မျိုးစေ့ဆိုတာ သစ်ပင်မဟုတ်ဘူး၊ အညွန့် မျိုးလဲ ပါတယ်၊ အခက်မျိုးလဲ ပါတယ်၊ ပင်စည်မျိုးလဲ ပါတယ်၊ အမြစ်မျိုးလဲ ပါတယ်၊ အစေ့မျိုးလဲ ပါတယ်၊ မျိုးအားလုံးကို နားလည်ထားပါနော် မျိုးစေ့ တစ်ခုတည်းကို နားလည်မထားပါနဲ့နော်၊ အဲဒီ မျိုးတွေကို သစ်ပင်ပေါက်ဖို့ရန် ဘယ်သူက ကျေးဇူးပြုတုန်းလို့ဆိုတော့ ရေတို့ မြေတို့ ဘေးက ကျေးဇူးပြုတာ၊ ဒီ သစ်ပင် ပေါက်ဖို့ကတော့ မျိုးပဲ၊ သစ်ပင် ဘာကြောင့်ဖြစ်တုန်းဆိုရင် မျိုးကြောင့် ဖြစ်တယ်၊ အမြစ်မျိုးလား ပင်စည်မျိုးလား အခက်အညွန့်မျိုးလား အစေ့မျိုးလား ဒီလိုတော့ မပြောနိုင်ဘူး၊ မျိုးတော့ မျိုးတစ်မျိုးပဲ။

သစ်ပင်ကြီး ဘာဖြစ်လို့ ပေါက်တုန်း ဆိုရင် မျိုးရှိလို့ ပေါက်တယ်၊ မျိုးမရှိလို့ ရှိရင် သစ်ပင် မပေါက်ပါဘူး၊ အဲဒီလို ကုသိုလ် အကုသိုလ် ပြုနေကြတော့ ကုသိုလ် အကုသိုလ်ဆိုတဲ့ အထဲမှာ စေတနာ ဆိုတာဟာ အင်မတန် ဗျာပါရ ကြီးတယ်၊ ခု ဘုန်းကြီး ပြောနေတဲ့ နေရာမှာပဲ ကြည့်စမ်း တစ်ခါ တစ်ခါ ဘုန်းကြီး ဗျာပါရ တော်တော် ကြီးကြီးနဲ့ ပြောနေတယ်၊ ဘာဖြစ်လို့တုန်း နားလည် စေချင်လွန်းလို့၊ အသံ ဒီအသံပဲ၊ ဒါပေမယ့် ဗျာပါရ တော်တော်ကြီးတယ် နားလည်စေချင်လို့၊ ဒါ စေတနာပေါ့ စေတနာပေါ့၊ ဘုန်းကြီး ပြောနေတဲ့ အသံထဲမှာပဲ စေတနာ အရင်းခံ ပါနေပါတယ်၊ အဲဒီလိုပေါ့ ဘယ်ကုသိုလ်မျိုးမဆို ကနေ့ ဆွမ်းကပ်ကြ ဆွမ်းမကပ်တဲ့ သူများရဲ့ စိတ်နဲ့မတူဘူး၊ ဆွမ်းကပ်တဲ့ ဆွမ်းအမများမှာ စေတနာ ဗျာပါရကလေး ရှိတယ် ဆွမ်းလောင်းနေတယ် စောစောက ဆွမ်းတို့ ဘာတို့ ကြည့်ရှုနေတယ်၊ ဒိပြင်လူနဲ့ မတူဘူး၊ သူ့မှာ စေတနာ ဗျာပါရကလေး ပိုလာတယ်။

ဒါ နားလည်ဖို့၊ နားလည်ဖို့၊ ကိုယ်ရေးကိုယ်တာ နားလည်ဖို့၊ ကျောင်းဆောက်တဲ့ သူကလဲ ကျောင်းဆောက်တော့လေ၊ ကျောင်းကြီး ကောင်းစေချင်လိုက်တာ၊ ကျောင်းကြီး သာသာယာယာ ဖြစ်စေချင်လိုက်တာ၊ တစ်ခါ ကျောင်းကြီး မြန်မြန်ပြီးစေ ချင်လိုက်တာ၊ စေတနာတွေ ဒိပြင် လူတွေနဲ့ မတူဘူး၊ မတူလိုက်တာ၊ အဲသလိုပေါ့လေ၊ စေတနာ ဆိုတာဟာ ကြောင့်ကြ ဗျာပါရ တော်တော်များတယ်၊ သူ့ကို ကံလို့ခေါ်တယ်၊ ကုသိုလ်စိတ် စေတသိက်တွေ အများကြီးဖြစ်တဲ့ အထဲက စေတနာကို ကံလို့ ခေါ်တယ်၊ ဘာဖြစ်လို့တုန်း ဗျာပါရ များတယ်၊ နှစ်ဆလောက်မက များတယ်၊ ဒိပြင် စိတ်တွေထက် ဒိပြင် စေတသိက်တွေထက်၊ အဲဒါကြောင့် အင်မတန် ဗျာပါရ များလို့မို့ စေတနာကို ကံလို့ ဒီလို ကောက်ချက်ချလိုက်ရတယ်။

ကမ္မပစ္စယော - သစ်ပင်တို့အား မျိုးစေ့လားသို့ အားပါးထုတ်ထ ဗျာပါရဖြင့် ကြောင့်ကြကြီးစွာ စေတနာ ဟူသော သဟဇာတကမ္မ၊ နာနာက္ခဏိကကမ္မ နှစ်ပါး ပစ္စည်းတရားသည်၊
အတ္ထိ - ပုဂ္ဂိုလ်သတ္တဝါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေသည်တကား၊
ဣတိ - ဤသို့၊
ဗောဓေန္တံ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာကျန သိပြီးမှလျှင် များလှဝေနေ သိစေတော် မူသော မြတ်စွာဘုရားကို၊
ဝန္ဒာမိ - ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ဘုရား။

သာဓု...သာဓု...သာဓု။

ဝိပါက်သဘော အကဲခတ်ကြည့်

ကံပြောလိုက်လို့ရှိရင် ကံရဲ့ အကျိုးဆိုတဲ့ ဝိပါက်က လာမှာပေါ့ ပြောရမှာပေါ့၊ ဝိပါက်ဆိုတဲ့ တရားက တယ် ငြိမ်သက်တယ်၊ အကုသိုလ်ကြောင့် ဖြစ်တဲ့ မကောင်းကျိုး ဝိပါက်ကလဲ ငြိမ်သက် တယ်၊ ကုသိုလ်ကြောင့်ဖြစ်တဲ့ ကောင်းကျိုး ဝိပါက်ကလဲ တယ် ငြိမ်သက်တယ်၊ မဂ်ကြောင့်ဖြစ်တဲ့ ဖိုလ်ဆိုတဲ့ ဝိပါက်ကလဲ ငြိမ်သက်တာပဲ၊ ဒီတော့ နားလည်ကောင်း နားလည်လိမ့်မယ်၊ အိပ်ပျော် နေတဲ့ စိတ်ကလေးကို ကြည့်စမ်း အိပ်ပျော်နေတာများ စိတ်က မဖြစ်ဘူးလို့ မထင်နဲ့၊ စိတ် ဖြစ်နေတယ်၊ အဲဒီ စိတ်ဟာ ဘာ စိတ်တုန်းလို့ဆိုရင် ဝိပါက်စိတ်၊ ဘာဝိပါက်တုန်းလို့ ဆိုတော့ ပဋိသန္ဓေ နေတုန်းက ပဋိသန္ဓေ ဝိပါက်စိတ်နဲ့ ထပ်တူ တူတဲ့ စိတ်၊ ပဋိသန္ဓေ နေနေတုန်းက ဉာဏ်ပါပြီးတော့ ဘုရားအလောင်းများရဲ့ ပဋိသန္ဓေတို့လို အလောဘဟိတ် အဒေါသဟိတ် အမောဟဟိတ်တို့နဲ့ ဖြစ်ပြီးတော့ အထက်တန်း ပဋိသန္ဓေ ဝိပါက်စိတ် ဖြစ်လို့ရှိရင် အိပ်ပျော် နေတဲ့အခါ ဒီဝိပါက်စိတ်ပဲ ဖြစ်တယ်။

ဒီ ကလေးလေး ဒီ ကလေးမလေး ပဋိသန္ဓေ နေတုန်းက စိတ်ထက်ထက် သန်သန်နဲ့ နေလို့ရှိရင် အိပ်ပျော်နေတဲ့ အခါမှာလဲ ဒီ ဝိပါက်စိတ်ပဲ၊ ဒီကလေးလေး ဒီကလေးမလေး ပဋိသန္ဓေ နေတုန်းက စိတ်ထက်ထက် သန်သန်နဲ့ နေလိုက်လို့ ရှိရင် အိပ်ပျော်နေတဲ့စိတ်ဟာ ဒီစိတ်ပဲ ဒီဝိပါက်စိတ် မငြိမ်ဘူးလား သိပ်ငြိမ်တာပဲ၊ ပဋိသန္ဓေနေတုန်းက သောမနဿနဲ့ နေလို့ရှိရင် အိပ်ပျော်နေတဲ့ အခါ သောမနဿနဲ့ မျက်နှာကိုတောင် ဘုန်းကြီးတို့က အကဲခတ်တယ်၊ တချို့က ဥပေက္ခာနဲ့ ပဋိသန္ဓေ နေလာတော့ အိပ်ပျော်နေတုန်းလဲပဲ မျက်နှာမရွှင်လှပါဘူး၊ မှန်မှန် တည်တည်ပါပဲ၊ ဒီတော့ ဘုန်းကြီးက လူတစ်ယောက်ရဲ့ အကဲကို နည်းအမျိုးမျိုးနဲ့ ခတ်လို့ရတယ်။

ဒီ တရားတော်နဲ့ ကိုယ့်အိမ်က ကလေးတွေကိုလဲ ကိုယ်အကဲ ခတ်ကြည့်ကြ၊ ကလေးကလေး ပဋိသန္ဓေနေတုန်းက သောမနဿနဲ့ ပဋိသန္ဓေ နေလာတယ်၊ အမောဟနဲ့ ဉာဏ်နဲ့ယှဉ်ပြီး ပဋိသန္ဓေ နေလာတယ် ဆိုရင် ဒီကလေးဟာ သိတတ်လိုက်တာ သိတတ်လိုက်တာ၊ မျက်နှာကလဲ ကြည်ကြည် လင်လင် ရွှင်ရွှင်ပျပျ ရှိလိုက်တာ၊ တချို့ကလေးတွေကျတော့ မျက်နှာကလဲ ထူးမရွှင်ပါဘူး၊ မှန်မှန်ပါပဲ၊ ဆိုပါတော့ ဉာဏ်ကလဲ သိပ်ပြီးတော့ မထက်ပါဘူး၊ အဲသလို ပုဂ္ဂိုလ်တော့ ပဋိသန္ဓေ နေတုန်းက ဘယ်လိုဆိုတာ မှန်းလို့ရတယ်၊ ဒီတော့ အိပ်ပျော်နေတဲ့အခါ စိတ်မျိုး ပဋိသန္ဓေ နေတဲ့အခါ စိတ်မျိုး သွားရင်း လာရင်း ဘာမှ ဂရုမစိုက်ဘဲနဲ့ အမှတ်တမဲ့ ဖြစ်တဲ့စိတ်တွေ တော်တော် များများ အဲဒီ စိတ်တွေဟာ ဒီဝိပါက်စိတ်ပဲ၊ ဟို ရှေးကံကြောင့် အကျိုးပေးနေတဲ့ ဝိပါက်စိတ်တွေပဲ။

ကြည့်စမ်း အိပ်ပျော်နေတာ သိပ် သိသာတာပဲ ငြိမ်လို့၊ အိပ်မက်တောင် မမက်ဘူး ဆိုရင် ဒီ ဝိပါက်စိတ်ပဲ ငြိမ်လို့၊ ဝိပါက်စိတ်ရဲ့ သတ္တိဟာ ဘယ်လို သဘောရှိတုန်း လို့ဆိုတော့ ငြိမ်သက်တဲ့ သစ်ပင်အောက်တို့ ဘာတို့ အောက်မှာ နားနေတဲ့သူဟာ ဘေးက လေပြေကလေး သွင်းလိုက် တော့ အေးလို့၊ အဲသလိုပဲတဲ့၊ ဝိပါက်စိတ်တွေဆိုတာ ဘာမှ မလှုပ်ရှားဘူး ဗျာပါရ ဘာမှ မရှိဘူး အေးလို့၊ စိတ်က ကျုပ်အေးသလိုနော် အသင်တို့ စေတသိက်များလဲ အေးကြ၊ စေတသိက် တွေကလဲ "ဟုတ်ကဲ့" ကျုပ်တို့ အေးသလို ခင်ဗျားစိတ်ကလဲ အေးလို့၊ ဒီလို အအေးဓာတ်ချည်း ဖြစ်နေတာ၊ အအေးဓာတ် ဆိုတာ ငြိမ်သက်တာကို ပြောတာနော်။

ဟို တကယ့်နိဗ္ဗာန် အေးချမ်းတာမျိုး မဟုတ်သေးဘူး၊ အကုသလဝိပါက် ကလဲ ဒီလိုပဲ၊ ဆိုပါတော့ တိရစ္ဆာန် ကလေး အိပ်နေတယ် ကြောင်ကလေး သူလဲ ငြိမ်လို့၊ အိပ်ပျော်နေတယ် အကုသလ ဝိပါက်၊ သူတို့ ဝိပါက်ဟာ အကုသလဝိပါက် ပေမယ့် အဲသလို အိပ်နေရင် ငြိမ်လို့ ဝိပါကပစ္စည်းတွေ ဝိပါကပစ္စည်းတွေ။

ဝိပါကပစ္စယော - ချမ်းရိပ်နားနေ သွင်းလေပြေသို့ တစ်သွေဖြစ်ဟန် နာမက္ခန်ကို ပူပန်ဝေးလျက် ငြိမ်သက်စေနိုင်သော ဝိပါက် ပစ္စည်းတရားသည်၊
အတ္ထိ - ပုဂ္ဂိုလ်သတ္တဝါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေသည်တကား၊
ဣတိ - ဤသို့၊
ဗောဓေန္တံ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာကျန သိပြီးမှလျှင် များလှဝေနေ သိစေတော် မူသော မြတ်စွာဘုရားကို၊
ဝန္ဒာမိ - ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ဘုရား။

သာဓု...သာဓု...သာဓု။

ပထမဇော သတ္တိရှိပုံ

အဲဒီ ကံနှင့် ကံ အကျိုးပေးပုံကို ကောင်းကောင်း နားမလည်ကြလို့ လူတွေမှာ ပရမ်းပတာ ကုသိုလ်တွေ အကုသိုလ်တွေ ဖြစ်နေကြတာပါ၊ အင်မတန် နားလည်ဖို့ ကောင်းပါတယ် အင်မတန် နားလည်ဖို့ ကောင်းပါတယ်၊ ဒီတော့ ဘုန်းကြီးက နားလည်အောင် ကြိုးစားပြီးတော့ ပြောမယ်လေ၊ ဒါပေမယ့် သိပ်ပြီးတော့ နားစိုက်ကြမှ နားလည်မှာ။

မနေ့က ပြောတယ် မဟုတ်လား၊ ကံက - ဒိဋ္ဌဓမ္မ ဝေဒနီယကံ၊ ဒီကံ အကျိုးပေး ပါမည့်အကြောင်း ဗုဒ္ဓမြတ်စွာ ကဿပ မြတ်စွာဘုရားဟာ သမာပတ် ဝင်စားတော် မူရပါသေးတယ်၊ သမာပတ် ဝင်စားတာဟာ တချို့ သမာပတ်က ငြိမ်လို့ နိရောဓသမာပတ် ခေါ်ပါတယ်၊ ငြိမ်ပြီးတော့ နဂိုကလဲ ဘုရား စိတ်တော်ဟာ သန့်ရှင်းတယ် သန့်ရှင်းတော် မူတဲ့အပြင်ကို ထပ်ပြီးတော့ သိပ်ငြိမ်ပြီးတော့ နေအောင် သမာပတ် ဝင်စားပြီးတော့မှ ဒီအလှူကိုခံတော့ ဒီ အလှူက သိပ်ပြီးတော့ အကျိုး ပေးသွားတယ်၊ ဒါကို ပြောင်းပြန် ပြန်လိုက်စမ်း၊ လှုပ်လှုပ်ရွရွနဲ့ စိတ်တွေ တောင်ရောက် မြောက်ရောက်နဲ့ မကြည်မလင် မသန့်မရှင်းနဲ့၊ အဲဒီလို ပုဂ္ဂိုလ်ကို လှူနေရင် အကျိုးက အင်မတန်မှ ခက်ခဲပါတယ် ခက်ခဲပါတယ်၊ နားလည်စေချင်လိုက်တာ။

အဲဒီ ဒိဋ္ဌဓမ္မ အကျိုးပေးပါမည့် အကြောင်း အရှင်သာရိပုတ္တရာတို့ အရှင်မဟာကဿပတို့လဲ ဒီလိုပါပဲ နိရောဓ သမာပတ် ဝင်စားရပါသေးတယ်၊ ကနေ့ ဘယ်သူ့ကို ချီးမြှောက်ရမယ်လို့ဆိုရင် အရှင်မဟာကဿပကလေ သမာပတ် ဝင်စားတော်မူပါတယ်၊ သမာပတ်က ထပြီးတော့မှ ဆွမ်းခံတို့ ဘာတို့ ကြွလို့၊ အဲသလို မကြာမကြာပေါ့လေ၊ ဒိဋ္ဌဓမ္မ အကျိုးကလေး ပေးဖို့ရန်ဟာ အလှူခံ ပုဂ္ဂိုလ်များဘက်က အင်မတန် သန့်ရှင်းအောင် ကြိုးစားတော်မူရပါတယ်၊ နဂို သန့်ရှင်းပြီးသား ရဟန္တာပုဂ္ဂိုလ်ကြီးတွေ ဘာ အပြစ်မှ မရှိဘူး၊ အဲဒါကိုပဲ ပိုပြီးတော့ အကျိုး များအောင်လို့ သမာပတ် ဝင်စားတော် မူရပါသေးတယ်။

ဒီတော့ ဘုန်းကြီးတို့ကတော့ ဒါတွေ မြင်လို့မို့လေ၊ တွေ့ကရာ ပုဂ္ဂိုလ်တွေကို မပေးနိုင်ဘူး၊ ဟင်း - တွေ့ကရာကို ပေးတယ်ဆိုရင်လဲ အကျိုး မလိုလားပါဘူး၊ ချီးမြှောက်တဲ့ သဘောမျိုးနဲ့သာ ပေးပါတယ်၊ ကိစ္စမရှိဘူး ပေးတယ်၊ ဒီလိုမဟုတ် ဘဲနဲ့ အကျိုးလိုလားလို့ ရှိရင်တော့ "သံဃဿ ဒေမ - သံဃာကို လှူရပါတယ်"၊ ဒါ ထားခဲ့ပါ၊ ဇော(၇) ချက်ထဲက ဒိဋ္ဌဓမ္မ ဝေဒနီယကံဆိုတဲ့ အင်မတန် သတ္တိညံ့တဲ့ ပထမဇောက အကျိုးပေးရပါတယ်လို့ မနေ့တုန်းက ပြောခဲ့ပြီနော် ပြောခဲ့တယ်နော်၊ ဘာပြုလို့ ပထမဇောကို သတ္တိညံ့သလဲ လို့ဆိုတော့ -

ဟို နံ့သာနဲ့ ထုံထားတဲ့ အဝတ်ဟာ ပထမနေ့ ထုံ၊ ဒုတိယနေ့ ထုံ၊ ဟော ဒုတိယနေ့ကျတော့ ပထမနေ့ထက် မွှေး၊ တတိယနေ့ ထုံ ဒုတိယနေ့ထက် ပိုမွှေး၊ အဲသလိုအားဖြင့် ၇ ကြိမ်သာ များသောအားဖြင့် ဖြစ်ရိုးရှိတဲ့ ဇောထဲမှာ သတ္တမဇော ကျတော့ အရှိန်အဝါ သတ္တိ အကောင်းဆုံးပါပဲ။

ပထမဇောက အားအသေးဆုံးပါပဲ၊ ဥပမာတစ်ခု ပြောဦးမယ်၊ လူတစ်ယောက်က သူဌေးသား ဆိုပါတော့ ပစ္စည်း ဘယ်နှစ်သိန်း အမွေရ၊ နောက်လူကလဲ နောက်သားကလဲ သတ္တိဗျတ္တိနဲ့၊ သူကလဲ သိပ်ကြိုးစားတယ်၊ အဖေထက် သားက ပေါများလာပြီ၊ ဘာပြုလို့တုန်း အဖေ အရင်းအနှီး အခြေခံက ရလို့လေ၊ သားကျတော့ ပေါများလာပြီ၊ နောက်သားကလဲ သိပ် သတ္တိကောင်း၊ ဒီ အချိုးအတိုင်း မလျော့ဘူး၊ သူက ကြိုးစားတယ်၊ ဟို နံပါတ်တစ် အဖေထက် နံပါတ် နှစ်၊ နံပါတ်နှစ် သားထက် နံပါတ်သုံး၊ ပိုပေါများသွားပြီ၊ ပထမအရှိန်က ရတယ်ကိုး ဒုတိယအရှိန်ကလဲ ရတယ်ကိုး၊ တစ်ခါ နံပါတ်လေး သားပဲ ဆိုကြပါစို့ ပို ပေါများပြန်တယ်၊ ပထမ ဒုတိယ တတိယ အရှိန်တွေက ရတယ်ကိုး၊ နံပါတ်ငါး သွားပါ၊ နံပါတ်ခြောက် နံပါတ်ခုနစ် အပေါများဆုံး သူအပေါများဆုံးပဲ။

ဘာပြုလို့တုန်း ရှေးက အမွေတွေက သူ့မှာ အရှိန်ရလာတယ်ကိုး၊ အဲသလိုပဲ အဲသလိုပဲ၊ ဒါကြောင့် နောက်က သတ္တိထက်တယ် ဆိုတဲ့ဟာကို သဘောမပေါက်လို့ ပြောနေရတာ အမှန်ကတော့ ပထမဇောက သတ္တိထက်ဖို့ ကောင်းတာပေါ့၊ မဟုတ်ဘူး မဟုတ်ဘူး၊ သတ္တမဇောကျမှ သတ္တိ ကောင်းတာ၊ ပထမဇောက သတ္တိအညံ့ဆုံးပါပဲ၊ နားလည်အောင် ပြောနေရတယ်။

ကောင်းပြီ အဲဒီ သတ္တမဇောက သတ္တိအကောင်းဆုံးလို့ဆိုတော့ ဘယ်တော့ အကျိုးပေးတုန်း ဟော ဒုတိယဘဝ အကျိုးပေးတယ်၊ သူ့နယ်ပဲ သူ့နယ်ပဲ။

ပထမဇော အကျိုးပေး မပေး

ပထမဇောက သတ္တိညံ့လို့မို့ ဒီဘဝ အကျိုးပေးခွင့် ရှိရင် ပေးတယ်၊ ပထမဇောကတော့ မျက်မှောက် ဘဝမှာပဲ အကျိုးပေးတယ်၊ ဒါက သူ့နယ်ပဲ၊ ပေးခွင့် မရှိလို့ရှိရင် ပြီးရော "အဟောသိကံ" အကျိုး မပေးတော့ဘူး ပထမဇော တာဝန် မရှိတော့ဘူး၊ "အဟောသိကံ" အဟောသိကံဆိုတာ ဖြစ်ရုံမျှသာ ဖြစ်တာ အကျိုး မပေးတော့ဘူး၊ ပထမဇောကလဲ "မဟာဒုဂ်" တို့လို "ကာကဝလ္လိယ"တို့လို ဒီလို ချက်ချင်း သူဌေးဖြစ်ဖို့ဆိုတဲ့ အကျိုးပေးဖို့ကတော့ ဘုရား ရဟန္တာတို့လို ပုဂ္ဂိုလ်မျိုး သမာပတ်မှ ထပြီးသား အလွန်စင်ကြယ်တဲ့ ပုဂ္ဂိုလ်မျိုး မိမိပစ္စည်းကလဲ အင်မတန် စင်ကြယ် ဒီလိုမှ အကျိုး ပေးတာပါ၊ သူဌေးဖြစ်လောက်အောင် အကျိုးပေးတယ်၊ ဒီလိုက အင်မတန် နည်းတယ်။

ဒါပေမယ့် ပထမဇောက လုံးလုံး အကျိုးမပေးဘူးလား လို့ဆိုတော့ ပေးပါတယ်၊ ကုသိုလ်ပြုနေတဲ့ လူတွေကို ပထမဇော အကျိုးပေးနေပါတယ်၊ ဘုန်းကြီးတို့က နားလည်နေပါတယ်၊ ဘုန်းကြီးတို့ ကျမ်းစာတို့ ဘာတို့ ရေးမယ် ဆိုလို့ရှိရင် ဘုရား တရား သံဃာကို အင်မတန် ဦးတည်ရတယ်၊ ဘာပြုလို့တုန်း အဲဒီ စေတနာက ဘေးရန် အန္တရာယ်များ ကာကွယ်ပေးနိုင်သမျှ ကာကွယ် ပေးတယ်။

ဒါ ပထမဇော အကျိုးပေးနေတာ၊ သူ့ချည်း မတတ်နိုင် လို့ရှိရင် ရှေးက ကံနဲ့ ပေါင်းပြီးတော့ အကျိုးပေးတယ်တဲ့၊ ဥပမာ ရေမြောင်းလေး တစ်ခုမှာ မိုးရွာချတယ်၊ ဟို အထက်က စီးလာတဲ့ ရေကလေးလဲ ရှိ၊ မိုးရွာချလိုက်တော့ ရေအား တော်တော် ကောင်းသွားတယ်၊ ဘာပြုလို့တုန်း အထက်က စီးလာတဲ့ ရေဟာ သူ့ချည်းဆိုရင် တွန့်တွန့် တွန့်တွန့်နဲ့ မိုးရေနဲ့ ပေါင်းလိုက်တော့မှ တစ်ခါတည်း ဒလဟော စီးပြီးတော့ သွားတာပဲ။

ရှေးကံကလဲ ပါတယ် ယခုကံကလဲ မိုးရွာချလိုက်သလို ချလိုက်တယ် ဆိုရင် အကျိုးပေးလို့၊ ဒီ ဘဝဟာ ပထမဇော အကျိုးပေးနေတာ၊ ယီးတီးယားတား သာမန် ပထမဇော တွေကတော့ အကျိုးမပေးဘူး၊ အဟောသိကံပဲ ဖြစ်နေတာ၊ အကျိုးမပေးဘူး နားလည်ပါစေ။

သတ္တမဇော အကျိုးပေးပုံ

အထက်မြက်ဆုံး ဖြစ်တဲ့ သတ္တမဇောက အကျိုး ပေးတော့ ဒုတိယဘဝမှာ ဘာ အကျိုးပေးတုန်း၊ လူဖြစ်နိုင်တယ် လူချမ်းသာ ရနိုင်တယ်၊ နတ် ဖြစ်နိုင်တယ် နတ်ချမ်းသာ ရနိုင်တယ်၊ ပထမဇောက အကျိုးပေးတော့ ယခု ဘဝမှာသာ သူဌေးသာ ဖြစ်နိုင်တယ်၊ တစ်ဘဝ မထူထောင်နိုင်ဘူး၊ သတ္တမဇော ကျတော့ တစ်ဘဝ ထူထောင်လိုက်တာ ဘယ် သူဌေးကမလဲ၊ အသက်ရှိတဲ့ သတ္တဝါ တစ်ယောက် ဖြစ်အောင်ကို ထူထောင်လိုက်တာ၊ ပထမဇောက အဲသလို မထူထောင်နိုင်ဘူး၊ ဖြစ်ပြီးသား ဘဝလေး ချမ်းသာရုံကလေး မျှလောက် သူက အကျိုးပေးနိုင်တာ၊ နောက်ဘဝ ဖြစ်အောင် ပဋိသန္ဓေ အကျိုး မပေးနိုင်ဘူး။

သတ္တမဇော ကျတော့ ရှိပြီးသား ဘဝ မဟုတ်ဘူး ဘဝအသစ်ကို ပေးနိုင်တယ်၊ စည်းစိမ် အသစ်ကို ပေးနိုင်တယ်၊ ဒါက ကုသိုလ်လမ်း ပြောနေတာနော်။

အကုသိုလ်လမ်းကလဲ ဒီလိုပဲ ပထမဇောက တစ်ခါတလေများ ရဟန္တာကြီးတို့ ဘာတို့ကို ပြစ်မှား လိုက်ပြီ ဆိုမှဖြင့် ချက်ချင်း အကျိုးပေးတာပဲ၊ ဒါ ပထမဇောက အကျိုးပေးတာ၊ အရှင်သာရိပုတ္တရာ ဆံတော်ချပြီးတော့ ခေါင်းပြောင်ပြောင်နဲ့ နေတုန်းမှာ ဘီလူး (နန္ဒဘီလူး) က ခေါင်းခေါက်တယ်၊ ချက်ချင်း သေတယ်၊ ချက်ချင်း သေတယ်၊ သေပြီးတော့ အဝီစိကျရတယ်၊ ချက်ချင်း သေတာက ပထမဇော အကျိုးပေးတယ်၊ အဝီစိ ကျတာက သတ္တမဇော အကျိုးပေးတာ။

အဲသလို အဲသလို ဒါကြောင့် ကုသိုလ် နေရာမှာရော အကုသိုလ် နေရာမှာရော သတ္တမဇောက ဘဝသစ်တစ်ခု ထူထောင်ပေးလို့ သတ္တိပိုရှိတယ်၊ အရှိဆုံးပါပဲ၊ အကယ်၍များ ဒုတိယဘဝမှာ အခွင့် မရဘူးတဲ့ ဒုတိယဘဝမှာ အကျိုးမပေးရင် အဟောသိကံ၊ အဟောသိကံတွေ ပြောပါ တော့လေ မြန်မာလိုတော့ နှမြောစရာ ကံတွေ အများကြီးရှိတယ်။

ကံတွေ အများကြီး ပြုထားတဲ့ ပုဂ္ဂိုလ်ရဲ့ ကံအားလုံး တစ်ပြိုင်တည်း ဒုတိယ ဘဝမှာ အကျိုး မပေးဘူး၊ တစ်ကံကပဲ၊ ပဋိသန္ဓေအကျိုးပေးတာ ကျန်တဲ့ ကံတွေ သတ္တမဇောတွေက "အဟောသိကံ" အကျိုး မပေးတော့ဘူး။

အလယ်ဇော ၅-ချက် အကျိုးပေးပုံ

ကောင်းပြီ၊ အလယ်ဇော ၅-ချက် ကျန်သေးတယ်နော်၊ အဲဒီ အလယ်ဇော ၅-ချက် ကတော့ အေးအေးပါပဲ၊ အကုသိုလ် ကံကလဲ နိဗ္ဗာန် မရမခြင်းပေါ့ အခွင့်သာတဲ့အခါ အကျိုးပေးမယ်၊ ကုသိုလ်ကံကလဲ နိဗ္ဗာန် မရမခြင်း အခွင့်သာတဲ့ ဘဝမှာ အကျိုးပေးမယ်၊ ဘယ်ဘဝမှာ အကျိုး ပေးမယ် လို့တော့ သတ်မှတ်ချက် မရှိဘူး အခွင့်သာတဲ့ ဘဝမှာ အကျိုးပေးမယ်။

ဒီတော့ မှန်းလိုက်ကြ ဘုန်းကြီးတို့ တစ်တွေမှာ ရှေးက ပြုထားတဲ့ ကုသိုလ်ကံတွေ ဒီဘဝမှာ အကျိုးပေးမယ် ဆိုရင်တော့ ပဋိသန္ဓေ နေတုန်းက ပေးပြီးပြီ၊ ယခု နောက်ထပ် အကျိုးပေးမယ် ဆိုလို့ရှိရင် ဟို ရှေးကံတွေကလဲ ပါတယ်၊ ဟို ရှေးက အလယ်ဇော ၅-ချက်ဆိုတဲ့ ကံတွေ ပါတယ်၊ ဒါပေမယ့် သူတို့ချည်း ကုသိုလ်က အကျိုး မပေးချင်ဘူး ပေါင်းပေါင်းပြီးတော့ ပေးကြတယ်၊ ကောင်းတဲ့သူတွေ ကောင်းကျိုးတွေ များများ ရတယ်ဆိုတာ ဒီအဓိပ္ပာယ် ရှိတယ်၊ မကောင်းလုပ်တဲ့ သူတွေကျတော့ ကောင်းကျိုးတွေက တို့နံ့ တို့နံ့နဲ့ အကျိုး မပေးရဲဘူး ဆိုသလိုပဲ သတ္တိနည်း သွားတယ်။

ကောင်းကောင်း နေရင် ကောင်းကောင်း အကျိုးပေး များစရာ ရှိတယ်၊ အလယ်ဇော ၅-ချက်နဲ့ ပါလာပြီ၊ ဘုန်းကြီးတို့ ဘဝများစွာက ပြုလာတဲ့ အလယ်ဇော ၅-ချက်ကတော့ မနည်းဘူး၊ ဟို တစ်ဘဝ တစ်ဘဝ လက်ဖျစ် တစ်ချက်တီးမှာ ကုဋေတစ်သိန်း မက ဆိုတာတွေဆိုတော့ အလယ်ဇော ၅-ချက်တွေ ဘဝများစွာက ပါလာတာပေါ့။

ယခု သံဃာတော်များရော လူဝတ်ကြောင်များရော အလယ်ဇော ၅-ချက် တွေကတော့ ပြည့်လို့ ပြည့်လို့ ပါလာလိုက်တာ၊ ဒါပေမယ့် ဘယ်လိုမှ အကျိုးပေးတယ်ဆိုတာ နောက်ထပ် ပြောမယ်နော်၊ အလယ်ဇော ၅-ချက်က ဘယ်လို အကျိုးပေးစရာ ရှိတုန်းလို့ဆိုရင် ဒုတိယဘဝ ပြီးတဲ့နောက် တတိယ ဘဝကစပြီးတော့ နိဗ္ဗာန် မရမခြင်း သူ့နယ်ပယ်ပဲ အခွင့်သင့်ရင် အကျိုး ပေးမယ် အခွင့် မသင့်ရင် အကျိုးမပေးဘူး၊ ပဋိသန္ဓေ အကျိုးလဲ ပေးမယ်၊ ပဋိသန္ဓေ နေပြီးမှ ပဝတ္တိဆိုတဲ့ အကျိုးလဲ ပေးမယ်၊ အခွင့်မရရင် မပေးဘူး။

ဟို ဘုရား ရဟန္တာတွေ ပရိနိဗ္ဗာန် စံသွားကြတယ်၊ ဒီလိုပေါ့ အကျိုးမပေးတဲ့ ကံတွေ ပြည့်လို့၊ ကျန်နေရစ်တာ ပျောက်သွားတာ အဟောသိကံပေါ့၊ ဒီတော့ကာ သုံးမျိုး နားလည်ပြီနော်၊ ယခုဘဝ ဒိဋ္ဌဓမ္မ အကျိုးကို ပထမဇောက ပေးတယ်၊ ဒုတိယဘဝမှာ အကျိုးပေးတဲ့ ကံကို ဥပပဇ္ဇ ဝေဒနီယကံ လို့ခေါ်တယ်၊ ဒုတိယဘဝမှာ သတ္တမဇောက အကျိုးပေးတယ်၊ နိဗ္ဗာန် မရမခြင်း အခွင့်သာရင် ပေးမယ်ဆိုတဲ့ အလယ်ဇော ၅-ချက် သတ္တဝါတိုင်းမှာ ရှိတယ်၊ နားလည်ထားပါနော် နားလည်ထားပါ၊ ကုသိုလ် ဖက်ကလဲ ရှိတယ် အကုသိုလ် ဖက်ကလဲ ရှိတယ်၊ အဲဒီ အလယ်ဇော ၅-ချက်ကိုတော့ အပရာပရိယ ဝေဒနီယကံ လို့ ခေါ်တယ်၊ ပထမဘဝ ဒုတိယဘဝ မှတစ်ပါး တတိယဘဝက စပြီး နိဗ္ဗာန် မရောက်မခြင်း အခွင့်သင့်ရင် အကျိုးပေးလို့။

ဂရုကကံ

တစ်ခါ ဂရုကကံ အင်မတန် ကြီးလေးတဲ့ကံ၊ အားကြီးတဲ့ကံ၊ ကုသိုလ်ဖက်က ဆိုလို့ရှိရင် ဈာန်တွေ ရတယ်၊ အကျိုးပေးတာ၊ ဘာတွေ ညာတွေ မပြောနဲ့၊ ဒုတိယဘဝမှာ မလွဲမသွေ သေချာပေါက် အကျိုးပေးကို ပေးတာ၊ ဈာန်ရထားရင် ဈာန်ရထားတဲ့ ပုဂ္ဂိုလ်ဟာ သေပြီးနောက် ဒုတိယဘဝမှာ ဗြဟ္မာ့ပြည်ကို ရောက်တာ ဒါ ဂရုကကံ လို့ ခေါ်တယ်၊ ကုသိုလ်ဖက်က ဈာန်ရထားရင် အဲဒီ ကံကို ဂရုကကံ အင်မတန် လေးလေးနက်နက်ရှိတဲ့ ကံပဲ၊ အကျိုး ပေးကို ပေးတယ်၊ မပေးပဲ မနေဘူး၊ ဘာမှ အနှောက်အယှက်တွေ ဘာတွေ ပေးကို မပေးနိုင်ဘူး၊ သေချာပေါက် အကျိုးပေး တယ် ဂရုကကံ

အကုသိုလ် ဖက်မှာတော့ မိဘကို သတ်တာ အကျိုး ပေးကို ပေးတယ်၊ မပေးဘဲ မနေဘူး အကျိုး ပေးကို ပေးမယ်၊ အဝီစိကို ရောက်စေတယ်၊ ဒီ ဂရုကကံဟာ မိဘကို သတ်တာ၊ ရဟန္တာကို သတ်တာ မလွဲမသွေ အကျိုးပေးတယ်၊ အကျိုး ပေးကို ပေးတယ်၊ ရှင်ဒေဝဒတ်ကတော့ ဘုရားကို သွေးစိမ်း တည်အောင် လုပ်လို့ အကျိုးကို ပေးတယ်၊ ဘယ်ကံကမှ တားလို့ မရဘူး၊ ဘယ် ကုသိုလ် ထပ်ပြုပြု တားလို့ မရဘူး၊ နည်းနည်း သက်သာတာပဲ ရှိတယ်၊ အကျိုးကတော့ သေချာပေါက် ပေးကို ပေးရမယ်။

စဉ်းစားဖွယ်

အကုသိုလ်ကံမှာလဲ ဂရုကကံ၊ ကုသိုလ်မှာလဲ ဂရုကကံ၊ အဲဒီ ကံဟာ နောင်လာမယ့် ဘဝမှာ သေချာပေါက် အကျိုးပေးတယ်၊ သတ္တမဇော စေတနာက အကျိုးမပေးဘဲ မနေဘူး၊ ပေးကို ပေးတယ်၊ ဒီတော့ ဘုန်းကြီးတို့က ရပ်ပြီး စဉ်းစားကြစို့၊ ဂရုကကံ ဘုန်ကြီးတို့ တစ်တွေမှာ ရှိရဲ့လား၊ ကုသိုလ်ဖက်က ရှိသလား မရှိပါဘူး၊ အကုသိုလ်ဖက်ကကော ဒီလောက် ကြောက်စရာကောင်းတဲ့ ကံများ ပြုမိပါသလား မပြုမိပါဘူး၊ ဒါဖြင့် ဒုတိယဘဝမှာ သေချာပေါက် အကျိုးပေးမယ့် ကုသိုလ် အကုသိုလ် ဘုန်းကြီးတို့မှာ မရှိ နားလည်ထားပါ။

အာသန္နကံ

တစ်ခါ အာသန္နကံ၊ အာသန္နကံလို့ ဆိုတာ သေခါနီးကျမှ ကပ်ပြီးတော့ ပြုတဲ့ကံ၊ တစ်ယောက်က တစ်ယောက်ကို သတ်ဖြတ် ထိုးခုတ် ဒေါသကြီးနဲ့ သူ့လက်နက် ကိုယ့်လက်နက်နဲ့ သေကြရော၊ ဒါ အာသန္နကံ၊ သူတို့ အကျိုးပေးဖို့ သိပ်များတာပဲ၊ သိပ်များတာပဲ၊ ပြီးတော့ သူတို့ အကျိုးပေးဖို့ သေခါနီးကျတော့မှ ဆရာသမားများက ဆွေကောင်း မျိုးကောင်းများက ပရိတ်တရားတော်တွေ ရွတ်လို့ ကြေးစည်တွေ ဘာတွေများ တီးလို့ တရားသံတွေ ပေးလို့ နားစိုက်လို့၊ ဂရုကကံ မရှိတော့ ဒုတိယဘဝမှာ ဧကန် ဒီ အာသန္နကံက အကျိုးပေးမယ်။

တစ်ခါတုန်းက ဖားကလေး၊ ဖားကလေး ရဟန်းတော်တစ်ပါး တရားဟောနေတယ်၊ သူ ဘာမှ အဓိပ္ပာယ် မသိပါဘူး၊ မသိပေမယ်လို့ ကြည်နူးလို့ သူနာပြီး နားထောင်နေတယ်၊ ကုသိုလ်စိတ် ဖြစ်နေတာပေါ့ ဖားကလေး၊ နွားကျောင်းသားက အဲဒီ အပေါ်မှာ တုတ်နဲ့ ထောက်ပြီးတော့ ဖိလိုက်တာ သေပါရောလား၊ ဖားကလေး နတ်ပြည် ရောက်သွားတယ်၊ ဒီကံက အကျိုးပေး သွားတယ်။

တစ်ခါ သတို့သားတစ်ယောက် မမာမကျန်းဖြစ်တယ်၊ အိမ်တွင်းမှာ သေမှာစိုးလို့ အိမ်အပြင် ဖက်မှာ သူ့အဖေက ထုတ်ထားတယ်၊ ဗုဒ္ဓမြတ်စွာက မြင်တော်မူလို့ ဉာဏ်တော်နဲ့ မြင်တော်မူလို့ ရောင်ခြည်တော်လွှတ်၊ ကလေးက ဆယ့်သုံး လေးငါးနှစ်ပေါ့ ကြည့်လို့၊ ဗုဒ္ဓဘာသာ မဟုတ်ပါဘူး၊ ဒီကလေးက ဘုရားကို တစ်ခါမှ မကိုးကွယ်ဖူးဘူး ဗုဒ္ဓဘာသာ မဟုတ်ပါဘူး၊ ကြည့်ပြီးတော့ အမလေး ဒီလောက် ကြည်ညိုစရာ ကောင်းတဲ့ ပုဂ္ဂိုလ်ကို အနားကပ်ပြီးတော့ မဖူးရဘူး၊ ဒီ အဖေ ကြောင့် ဒီ အဖေကြောင့်၊ ကောင်းလိုက်တာ ကြည့်ပြီးတော့ ကြည်ညိုပြီးတော့နေရင်း ဗုဒ္ဓမြတ်စွာက ဒီလောက်ဆို တော်လောက်ပြီလို့ အဲဒီလို ဆုံးဖြတ်တော်မူပြီးသွားတဲ့နောက် ကြွသွားတော်မူတယ်။

ဒီဘုရားကို အာရုံမပျောက်ဘူး စုတေသွားရော၊ နတ်ပြည် ရောက်သွားတယ်၊ နတ်ပြည် ရောက်သွားတယ်၊ ဒါ အာသန္နကံ၊ သေခါနီး ကပ်ပြုတဲ့ ကံတွေ၊ စောစောက ဒီ ကံမျိုး မရှိဘူး၊ သေခါနီးမှာ ကပ်ပြုတဲ့ကံ သူ အခွင့် သာသွားတာပဲ၊ ကံလေး သေးပေမယ်လို့ သေခါနီးကျတော့ အခွင့်သာတယ်။

အာစိဏ္ဏကံ

တချို့ကံတွေက သေခါနီးတော့ မဟုတ်ပါဘူး၊ ဆိုပါတော့ မကောင်းမှု သတ်ဖြတ်မှု ရိုက်မှု အမြဲ လေ့ကျက် အမြဲ လေ့ကျက်နေတော့ သူ့မှာ ထုံလို့ စွဲလို့၊ သေခါနီးလဲ အခြား ဘာကံမှ မရှိဘူး၊ မရှိလို့ရှိရင် အဲဒီ အမြဲ လေ့ကျက်နိုင်တဲ့ ကံက အာစိဏ္ဏကံလို့ ခေါ်တယ်၊ အဲဒီ ကံက အကျိုးပေးတယ်။

ကုသိုလ် နေရာမှာလဲ အမြဲလေ့ကျက်လို့ ဘုရားမှန်မှန် အာရုံပြုလို့၊ ဘုရား ရှိခိုးလို့ ဆွမ်းမှန်မှန် လောင်းလို့ ရေတော် ပန်းတော်များ မှန်မှန်လဲလို့၊ ဘုရား ရှိခိုးလို့ ရောင်းစရာ ဝယ်စရာရှိတာ ရောင်းလို့ ဝယ်လို့ စားစရာ သောက်စရာ ရှိတာ စားလို့ သောက်လို့၊ ပြီးတော့ ဒီ ကုသိုလ်ပဲ အလုပ်လုပ်နေတယ်၊ အာစိဏ္ဏကံလို့ ခေါ်တယ်၊ အာသန္နကံ မရှိရင် အာစိဏ္ဏကံက အကျိုး ပေးမယ်၊ ရှိရင်တော့ အာသန္နကံက လွှမ်းရင် လွှမ်းသွားဦးမယ်၊ မရှိရင် အာစိဏ္ဏကံက အကျိုး ပေးမယ်။

ဒါကြောင့် ကောင်းကောင်း နေကြစမ်းပါ၊ ကိုယ့်သီလ ကိုယ်ကောင်းကောင်း ထိန်းကြစမ်းပါ၊ သေတော့ စိတ်ချရအောင်လို့ ပြောနေတာ နားလည်ပါစေနော်၊ ဘုန်းကြီးတို့ တစ်တွေမှာ အင်မတန် ကြီးလေးတဲ့ အကုသိုလ်ကံ မရှိပါဘူး၊ အင်မတန် ကြီးလေးတဲ့ အကုသိုလ်ကံဖြစ်တဲ့ မိဘကို သတ်တာ ရဟန္တာကို သတ်တာမျိုးလဲ မရှိပါဘူး၊ ဒီလိုဆိုရင် ကံနှစ်မျိုးကို စဉ်းစားရမယ်၊ အာသန္နကံ ဆိုတဲ့ သေခါနီးမှာ ပြုတဲ့ကံတွေက အကျိုးပေးမယ်၊ ဒါမှ မဟုတ် အမြဲ လုပ်နေတဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေက အကျိုးပေးပါတယ်၊ သူတော်ကောင်း တွေအတွက် အမြဲ ကုသိုလ်ကံတွေ ရှိနေဖို့ လိုပါတယ်။

ကဋတ္တာကံ

ဒီနောက်ဆို ကဋတ္တာကံဆိုတာကတော့ သူများ အကျိုး မပေးမှသာ ပေးမှာပါ၊ ဟိုနား ဒီနား ပြုနေတာ၊ အင်မတန် စပ်မိစပ်ရာ လုပ်နေ ဟို ဘဝ ဘဝတွေက ပါလာတဲ့ ကံတွေ စပ်မိ စပ်ရာပဲ၊ ဒီလောက်လဲ အရေးမကြီးဘူး၊ အဲသလို ကံတွေကတော့ ရှေးကံ သုံးမျိုး မရှိရင် သူက အကျိုးပေးတယ်၊ ရှေးကံ သုံးမျိုး ရှိရင်တော့ ရှေးကံ သုံးမျိုး အခွင့် ရသွားတယ်၊ သူက အကျိုးမပေးပါဘူး၊ ရှေးကံ သုံးမျိုး ဆိုတာက ဂရုကကံ အာသန္နကံ အာစိဏ္ဏကံများ ဖြစ်တယ်။

ကုသိုလ်ပြုတိုင်းများလဲ အကျိုးပေး လိမ့်မယ်လို့ ဒီလို မယူဆပါနဲ့၊ သူ့အခါအခွင့် အများကြီး လိုက်ရပါတယ်၊ ဒါနဲ့ စပ်ပြီးတော့ သဘော ပေါက်အောင်လို့လေ၊ ဘုန်းကြီးတောင် ခက်ခက်ခဲခဲ မနေ့တုန်းက စီစဉ်ရပါတယ်၊ သူများ မဟုတ်ပါဘူး ရှင်ဘုရင်ကြီး တစ်ယောက်ရဲ့ မိစ္ဆာအယူကို သမီးတော်ကလဲ သူများ မဟုတ်ပါဘူး၊ ရှင်အာနန္ဒာ အလောင်းက မိန်းမ သမီးတော် ဖြစ်နေတယ်၊ ဖြစ်ပုံတွေက ဖြစ်ပုံတွေက အဲဒီ ဝတ္ထုမှာ မှတ်စရာ ကလေးတွေပါလို့ ဘုန်းကြီးက ဒီကံနဲ့ စပ်ပြီးတော့ ဒီဟာကို ပြောဦးမယ်၊ ဒိပြင်ကံနဲ့ ဆိုင်ရာကို နောက်တစ်ရက် သတ်သတ် ပြောမယ်လို့ ဒီ ဝတ္ထုကို ဘုန်းကြီး ပြင်ဆင်လာခဲ့တယ်။

မဟာနာရဒဇာတ်

အင်္ဂတိမင်း မေးမြန်းချက်

ဝိဒေဟတိုင်းပေါ့လေ၊ မိထိလာမြို့မှာ အင်္ဂတိမင်း ဆိုတာ ရှိတယ် တရားမင်းပါ၊ သူတော်ကောင်း မင်းကြီးပါပဲ၊ သူ့မှာ သမီးတော် တစ်ယောက် ရှိတယ်၊ အမည်က ရုစာတဲ့ အင်မတန် တင့်တယ်လှပတဲ့ သမီးလို့ ဆိုတယ်၊ သူက ဘယ်သူတုန်းလို့ ဆိုတော့ ရှင်အာနန္ဒာအလောင်း၊ အကြောင်းမသင့်လို့ မိန်းမဖြစ်နေတဲ့ အချိန်၊ အကြောင်း မသင့်တာတွေက ပေါ်လာမယ်နော်၊ အကြောင်းမသင့်လို့ မိန်းမဖြစ်နေတဲ့ အချိန် ဘုရင်ကြီးမှာလဲ ဒီ သမီးတော် တစ်ယောက်သာ ရှိတယ် သားလဲ မရှိဘူး၊ နေ့တိုင်း ဒီ သမီးတော်အတွက် ပန်းတောင်းတွေ အမြဲ ပို့တယ်၊ အဖိုးတန်တဲ့ အဝတ်တွေ "သမီးတော် နေ့တိုင်းလဲနော်၊ အင်း - နေ့တိုင်း ဆင်ပါနော်"၊ သမီးရဲ့ အခြွေအရံတွေကလဲ ပန်းတွေကုံးလို့ အို - သမီးကို ဆင်ပေးတာ၊ ဒီလိုနဲ့ သားအဖ ဆိုပါတော့ပေါ့၊ အဲ - သမီးတော်နဲ့ ခမည်းတော် တယ်ပြီးတော့ အဆင်ပြေနေကြတယ်။

ဒါပေမယ့် တန်ဆောင်မုန်း လပြည့်နေ့ ကျတော့ အင်္ဂတိမင်းတဲ့နော်၊ မင်းက မှူးတွေ မတ်တွေစု အစည်းအဝေးနဲ့၊ ခုလို လကြီးသာသာနဲ့ ဘာများ လုပ်ရရင် ကောင်းမတုန်းလို့ စည်းဝေးတိုင်ပင် ကြတော့ "ပုဂ္ဂိုလ် တစ်ပါးပါးဆီ သွားပြီးတော့ မရှင်းမလင်း တာတွေ ပြဿနာတွေ မေးရရင်တော့ ကောင်းမှာပဲ" လို့ အကြံဉာဏ် ပေးတော့ အဲဒီနည်း ကောင်းတယ်၊ ဟို - ဒိပြင် အကြံဉာဏ်တွေ ကတော့ နေ့တိုင်း သိနေတာပဲ ဒီနည်းကောင်းတယ် ဆိုပြီးတော့ သွားကြရော။

ညပရိသတ်နဲ့ အဲဒီအချိန်မှာ အဲဒီတိုင်းမှာ တော်တော် ထင်ထင်ရှားရှား နာမည်ကြီး နေတာက "ရသေ့ကြီး ဦးဂုဏ၊ ရသေ့ကြီး ဦးဂုဏ"၊ သူတို့ကတော့ ကိလေသာ အာသဝေါ မရှိလို့မို့ အဝတ် ဝတ်ဖို့ မလိုဘူး၊ တုံးလုံး နေတာ၊ ရသေ့ကြီး ဦးဂုဏက တုံးလုံး နေတာ၊ အဝတ် ဝတ်တဲ့ သူတွေ မရိုးသားလို့ ဝတ်နေတာ၊ တို့ကတော့ အင်မတန် စင်ကြယ်လို့မို့ ဟော တုံးလုံး နေတာ၊ ဘာမှ မဖြစ်ဘူး၊ ဘာမှ မဖြစ်ဘူး၊ တို့တော့ တုံးလုံး နေတာပဲ၊ သူတို့က သည်ဟာကို အင်မတန် ကောင်းတဲ့အကျင့်ကြီး အဖြစ်နဲ့ ကျင့်ထားတာပဲ။

ဒါနဲ့ ဦးဂုဏဆီ မင်းပရိသတ်များ ရောက်တဲ့အချိန် နဂိုကလဲ ပရိသတ် ရှိတယ်၊ ပရိသတ်တွေ ရှိတော့ အဖယ်မခိုင်းပါဘူး၊ အို - သူတို့ အရင် ရောက်နေတယ် နေကြပါ၊ ရှင်ဘုရင်ကလဲ တစ်နေရာမှာ နေရာထိုင်ခင်းလေး ခင်းပြီး သူ့ပရိသတ်နဲ့ သူပေါ့၊ ပြီးတော့ ဦးဂုဏအနီး ဆည်းကပ်တယ်ကိုး၊ ဘေးကလဲ ပရိသတ်တွေ အရပ်သား ပရိသတ်တွေ ရှိတယ်၊ ဆည်းကပ် ပြီးတော့ နှုတ်ဆက် စကားများပြော ရိုရိုသေသေ လေးလေး စားစား ပြောလို့ ပြောပြီးတော့ကို ရှင်ဘုရင်က ဒီ ရသေ့ကြီး ဦးဂုဏကို မေးတယ် -

  • ဟို မယ်တော် ခမည်းတော်များ ဆိုတဲ့ ပုဂ္ဂိုလ်တွေအပေါ် ဘယ်လိုကျင့်မှ လူကောင်း သူကောင်း ဖြစ်ပါမတုန်း၊
  • ဆရာသမားဆိုတဲ့ ပုဂ္ဂိုလ်များအပေါ် ဘယ်လို ကျင့်မှ လူကောင်း သူကောင်း လူလိမ္မာ ဖြစ်မတုန်း၊
  • သားတော် သမီးတော် အဲ - အိမ်ရှင်သူမတွေ အပေါ် ဘယ်လို ကျင့်မှ လူကောင်း သူကောင်း ဖြစ်ပါမတုန်း၊
  • စစ်သည် ဗိုလ်ပါတွေအပေါ် ဘယ်လို ကျင့်မှ မင်းကောင်း စိုးကောင်း ဖြစ်နိုင်ပါမတုန်း၊
  • ဘယ်လို ကျင့်မှ နောင်သုဂတိ ရောက်ပါမတုန်း။
  • ဘယ်လို မတရားနေတဲ့ ပုဂ္ဂိုလ်တွေ ငရဲရောက်ကြပါသတုန်း။

အဲဒီလို မေးတယ် သိပ်ကောင်းတဲ့ မေးခွန်းတွေကို မေးတယ်ကိုး၊ မေးခွန်းတွေက အင်မတန် မြင့်ပြီးတော့ နေတယ် ရသေ့ကြီး ဦးဂုဏက ဘာမှ မသိဘူး၊ ဘာမှ မသိဘူး၊ ဘာမှ အလေ့အထ မရှိဘူး။

ရသေ့ကြီး ဦးဂုဏ တရား

ဘာမှ မသိတော့ ဒီလောကမှာ နာမည်ကြီး ပုဂ္ဂိုလ်တွေက သူတို့ မသိဘူးလို့ တယ် ပြောရိုး ဆိုရိုး မရှိလှဘူး၊ သူတို့နည်း သူတို့ဟန်နဲ့ သူတို့ လေ့ကျင့်ထားတဲ့ သူတို့ တရားတွေက ရှိတယ်၊ အဲဒီ တရားကို သူ ဆက်ဟောတာပဲ၊ ဒီက အမေးနဲ့ အဖြေကတော့ မပါဘူး၊ သူတို့ ဟောနေကျတရား ဟောတယ်။

နတ္ထိ ဓမ္မစရိတဿ ဖလံ ကလျာဏပါပကံ၊
နတ္ထိ ဒေဝ ပရော လောကော ကော တတော ဟိ ဣဓာဂတော။

မဟာရာဇာ - ဒီ တရားကျင့်ဆိုတဲ့ ကောင်းကျိုး မတရားကျင့်ဆိုတဲ့ မကောင်းကျိုး မရှိပါဘူး မရှိပါဘူး၊ နတ္ထိကဝါဒ (မရှိအယူ)၊ ဟိုဘဝက ဒီဘဝကို လာဖို့ရန် ဟိုဘဝဆိုတဲ့ ဘဝလဲ မရှိပါဘူး၊ ဘယ်မှာ ဟိုဘဝ ဒီဘဝ လာလိမ့် မှာတုန်း ဒီဘဝမှ ဒီသတ္တဝါတွေဟာ သူ့ဟာနဲ့ သူ ဖြစ်လာကြတာပဲ။

နတ္ထိ ဒေဝ ပိတရော ဝါ ကုတော မာတာ ကုတော ပိတာ၊
နတ္ထိ အာစရိယော နာမ အဒန္တံ ကော ဒမေဿတိ။

ဟို ဘိုးတွေ ဘွားတွေဆိုတာ ဘယ်ရှိလိမ့် မတုန်း၊ ဒကာတော်က မိဘများ အပေါ် ဘယ်လို ကျင့်မယ်၊ အဲဒီ အမေ အဖေဆိုတာ ရှိတာမဟုတ်ဘူး၊ အမေ အဖေဆိုတာ ရှိတာမဟုတ်ဘူး၊ ဘယ်လို ကျင့်မှ ဘာတွေ လိုက်နေဖို့ မလိုဘူး၊ မလိုဘူး၊ မယဉ်ကျေး တာကို ယဉ်ကျေးအောင် ဆုံးမနိုင်တဲ့ ဆရာ ဆိုတာတောင် ရှိတာ မဟုတ်ဘူး၊ သူဟာနဲ့သူ ယဉ်ကျေးချင်တဲ့သူက ယဉ်ကျေးတာပဲ မယဉ်ကျေးချင်တဲ့သူက မယဉ်ကျေးတာဘဲ၊ သူများတွေက ဆုံးမလို့ ယဉ်ကျေးတဲ့ သူဟာ မရှိပါဘူး၊ မရှိပါဘူး။

သမတုလျာနိ ဘူတာနိ နတ္ထိ ဇေဋ္ဌာပစာယိကာ၊
နတ္ထိ ဗလံ ဝီရိယံ ဝါ ကုတော ဥဋ္ဌာနပေါရိသံ။

အားလုံး ပထဝီ အာပေါ တေဇော ဝါယော ဆိုတဲ့ ဓာတ်ကြီးတွေ အတူတူပဲ၊ ဒကာတော်မှာ ရှိတဲ့ ပထဝီ အာပေါ တေဇော ဝါယောဓာတ် ဆရာကြီးမှာ ရှိတဲ့ ပထဝီ အာပေါ တေဇော ဝါယောဓာတ် အတူတူပဲ၊ ဘာမှ မထူးဘူး၊ ဘယ်သူ့ ဘယ်သူမှ သာနေဖို့ မလိုဘူး၊ အဲဒီတော့ ကြီးတဲ့ ပုဂ္ဂိုလ်ကို ရိုသေဖို့ဆိုတာ ဝေးလို့၊ ဝေးလို့၊ ဘာမှ မထူးဘူး၊ ဘာမှ အစွမ်းသတ္တိ မရှိပါဘူး။

နိယတာနိ ဟိ ဘူတာနိ၊ ယထာ ဂေါဋဝိသော တထာ။
လဒ္ဓေယျံ လဗ္ဘတေ မစ္စော၊ တတ္ထ ဒါနဖလံ ကုတော။

ဟို မဟာဘုတ်ကြီးတွေ ဆိုတာ အမြဲပဲ၊ ဘာပြီးတော့ ဘာဖြစ်ရ၊ ဘာပြီးတော့ ဘာဖြစ်ရ၊ ဒါ နိယတိ အမြဲ၊ အဲ လူပြီးတော့ နတ်ဖြစ်ရမယ် နတ်ပြီးတော့ တိရစ္ဆာန် ဖြစ်ရမယ်၊ ဘာပြီးတော့ ဘာဖြစ်ရမယ်၊ သူ့ဟာသူ စီကာစဉ်ကာ အမြဲသတ်မှတ်လိုက်ပြီးသားတွေ၊ ဘာမှ ပြုလို့ ပြင်လို့ ရတာမဟုတ်ဘူး၊ ဟို လှေကြီးနောက်က လှေကလေး ချည်ထားတော့ လှေကြီးသွားရင် လှေကလေးလိုက် လှေကြီး ရပ်ရင် လှေကလေး ရပ်၊ အဲဒီ လှေကလေးလိုပဲ။

ဒီ ရှေးက နိယတိ အမြဲသတ်မှတ်တဲ့အတိုင်း အကုန်လုံး ဖြစ်နေရတာနော်၊ အမြဲ သတ်မှတ်ချက်ပဲ ရှိတယ်၊ ဘာမှ ပြုလို့ ပြင်လို့ရတာ မဟုတ်ပါဘူး။

နတ္ထိ ဒါနဖလံ ဒေဝ၊ အဝသော ဒေဝ ဝီရိယော။
ဗာလေဟိ ဒါနံ ပညတ္တံ၊ ပဏ္ဍိတေဟိ ပဋိစ္ဆိတံ။

ဒါနရဲ့ အကျိုးလဲ မရှိပါဘူး၊ ဒကာတော် ဘယ်သူမှာမှ ဘာအစွမ်းသတ္တိ ဘာဝီရိယ အကျိုးမှ မရှိပါဘူး၊ စွန့်ကြဲ ပေးကမ်း လှူဒါန်းရတယ် ဆိုတာ လူပြိန်းတွေ ပညတ်ထားတာပဲ၊ အဲဒီ လူပါး လူနပ်တွေ ခံယူတာ ဘာမှ အကျိုးမရှိပါဘူး။

သတ္တိမေ သဿတာ ကာယာ၊ အစ္ဆေဇ္ဇာ အဝိကောပိနော။
တေဇော ပထဝီ အာပေါ စ၊ ဝါယော သုခံ ဒုခံ ဇီဝေ။

ခုနစ်ခု ရှိတယ်၊ ပထဝီ တေဇော အာပေါ ဝါယော သုခ ဒုက္ခ ဇီဝ - ဆိုတဲ့ အသက်၊ ဘယ်သူမှ ဘယ်လောက် လုပ်လို့ မရဘူး၊ သူ့ဟာနဲ့သူအတိုင်း မြဲပြီးသား မြဲပြီးသား၊ ဘယ်သူမှ ဖျက်ဆီးလို့ မရဘူး ဘယ်သူမှ ပြုပြင်လို့ မရဘူး၊ ဒီ ဓာတ်ကြီး (၇) ပါးကို၊ ပထဝီ တေဇော အာပေါ ဝါယော သုခ ဒုက္ခ ဇီဝ ကို ပြောင်းအောင် လွဲအောင် ဘယ်သူမှ လုပ်လို့ မရဘူး။

နို့ လူတစ်ယောက်ကို သတ်တယ်ဆို အားလုံးက ပြောနေကြတယ်၊ ဓာတ်ကြီး (၇) ပါးရဲ့ ကြားထဲ ဓားဝင်သွားတာ ဒါ သတ်တာ မဟုတ်ဘူး၊ ဓာတ်ကြီး (၇) ပါးရဲ့ ကြားထဲ ဓားဝင်သွားတာ၊ ဒါကို လူတွေက သတ်တယ်လို့ နာမည် တပ်ထားတာ၊ အမှန်ကတော့ မသတ်နိုင်ပါဘူး၊ သတ်လို့ မရပါဘူး၊ ဒီ ဓာတ်ကြီး (၇) ပါးရဲ့ ကြားထဲ ဓားဝင်သွားတာပဲ ရှိတယ် သတ်တာ မဟုတ်ပါဘူး၊ နို့ သေသွားတာ ဒါ နိယတလေ၊ သေမယ်ဆိုတဲ့ နိယတက အမြဲရှိတော့ သေတာပေါ့ သေတာပေါ့၊ သတ်လို့ သေတာ မဟုတ်ဘူးတဲ့၊ သူ့ဘာသာသူ နိယတ မြဲတဲ့သဘောကြောင့် သေရတာ။

စုလ္လာသီတိ မဟာကပ္ပေ သဗ္ဗေ သုဇ္ဈန္တိသံသရံ၊
အနာဂတေ တမှိ ကာလေ သညတောပိ န သုဇ္ဈတိ။

အဲဒီအချိန် မရောက်ခင်တော့ ဘယ်လောက် ကြိုးစားပြီးတော့ ဘယ်လောက် ကျင့်ကျင့် စင်ကြယ် သွားတယ်လို့ မရှိပါဘူး၊ ဘယ်လောက် ကျင့်ကျင့်၊ ဘယ်လောက် ကျင့်ကျင့် မလွယ်ပါဘူး။

စရိတွာပိ ဗဟုံ ဘဒြံ နေဝ သုဇ္ဈန္တိ နာဂတေ၊
ပါပေဉ္စပိ ဗဟုံ ကတွာ တံ ခဏံ နာတိဝတ္တရေ။

သူတော်ကောင်းဟဲ့ ဘာဟဲ့လို့ ပြောပြီး သိပ် အကောင်းတွေ သိပ်ကျင့်၊ အဲဒီ ကမ္ဘာပေါင်း ရှစ်သောင်း လေးထောင် မပြည့်မချင်းတော့ မလွတ်ဘူးနော်၊ မိုက်တဲ့သူကလဲ မိုက်ချင်တိုင်း မိုက် ကမ္ဘာပေါင်း ရှစ်သောင်း လေးထောင် ဟိုဖက် ကျော်မတက်ပါဘူး၊ အဲဒီကျတော့ သူလဲ ပြီးတာပဲ။

အနုပုဗ္ဗေန နော သုဒ္ဓိ ကပ္ပါနံ စုလ္လသီတိယာ၊
နိယတိံ နာတိဝတ္တာမ ဝေလန္တမိဝ သာဂရော။

သမုဒ္ဒရာရေဟာ ကမ်းကို ဘယ်တော့မှ မလွန်ဘူး၊ အဲ အားလုံးသတ္တဝါ တွေလဲ ကမ္ဘာပေါင်း ရှစ်သောင်း လေးထောင်ဆိုတဲ့ ကမ်းကို မလွန်ပါဘူး၊ ဟိုဖက်ကျတော့ အလိုလို ပြီးကြတာပဲ၊ တော်တော် ဟောချလိုက်တာ ရှင်ဘုရင်ကလဲ စဉ်းစားပြီးတော့ နားထောင်၊ အဲဒီထဲ စစ်သူကြီး ပါလာတယ်၊ အားလုံး စိုက်ပြီးတော့ နာကြတာ စစ်သူကြီး ပါလာတယ်၊ "ဟုတ်လိုက်တာ ဆရာကြီး ဟောတာ သိပ်ဟုတ်တယ်"၊ ဒီ သူ့နိယတအတိုင်း သတ်မှတ်ချက်အတိုင်း သွားနေတာ သိပ်ဟုတ်တယ်၊ ကုသိုလ်ကံကြောင့် ကောင်းကျိုး၊ အကုသိုလ်ကံကြောင့် မကောင်းကျိုး၊ အဲဒါ မဟုတ်ဘူး။

အလာတစစ်သူကြီး
အတိတ် အကြောင်း

ဆရာကြီး ဟောတာ ဟုတ်တယ်၊ ဆရာကြီးဟောတာ သိပ်ဟုတ်တယ်၊ "ကျုပ် ရှေ့ဘဝကို မှတ်မိတယ်" မြန်မာလို "ဇာတိဿရဉာဏ်" ရတယ်၊ ရှေးဘဝကို မှတ်မိတယ်၊ တစ်ဘဝပါ တစ်ဘဝပါ၊ ကျုပ် ဟိုလွန်ခဲ့တဲ့ ဘဝတုန်းက ပိင်္ဂလ ဆိုတဲ့ နွားသတ်သမား ဖြစ်ခဲ့တယ်၊ ဟင် အဲဒီတုန်းက နွားတင်ဘယ်ကမလဲ အကောင်ဘလောင်တွေ ကျုပ် သတ်လိုက်တာ၊ ဟိုဖက် လွန်ခဲ့တဲ့ ဘဝတုန်းက သတ်လိုက်တာ၊ အဲဒီက သေလာတော့ ကျုပ် စစ်သူကြီးမျိုးမှာ လာပြီးတော့ ကျုပ် ဖြစ်တယ်၊ "ကြည့်စမ်း ကြည့်စမ်း" ဟိုဖက် ဘဝတုန်းက နွားသတ်တာရော ဘာရော ဘာမှ အကျိုး မရှိဘူးတဲ့၊ ဟာ သူတို့ ပြောတဲ့အတိုင်း ဆိုရင် ကျုပ် ငရဲသွားရမှာပေါ့ မသွားဘူးဗျာ၊ ကျုပ် စစ်သူကြီး ဖြစ်လာတယ်၊ ဒီအမျိုးမှာ လာဖြစ်တာ၊ ကျုပ်အမျိုးကလဲ စစ်သူကြီးမျိုး။

သည်တော့ ဒီစကားကလဲ ယုံစရာတွေ ဖြစ်မကုန်ဘူးလား ဖြစ်ကုန်ကြပြီ၊ သည်တော့ ဒီကံတွေကို ဒါရှင်းရမယ်၊ သူ ကဿပဘုရား လက်ထက်တော်တုန်းက အနောဇာပန်းကုံးနဲ့ မြတ်စွာဘုရား စေတီတော်ကို သူ ပူဇော်ခဲ့ဖူးပါတယ်၊ လွန်ခဲ့တဲ့ ဘဝတုန်းက မဟုတ်ဘူးနော် ဟို ရှေးရှေး ဘဝတုန်းက ပူဇော်ခဲ့ဖူးပါတယ်၊ ဒီတော့ အဲဒီ ပူဇော်ခဲ့တဲ့ ကုသိုလ်ကံကို ဖုံးနေပြီးတော့ သံသရာထဲမှာ လိုက်လာ ပြီးတော့ လွန်ခဲ့တဲ့ ဘဝမှာ နွားသတ်ကံကို ပြုပေမယ်လို့ သေခါနီး ကျတော့ အဲဒီ ကဿပ မြတ်စွာဘုရားရဲ့ စေတီတော်ကို ပူဇော်ခဲ့ဖူးတဲ့ ပန်းပူဇော်ခဲ့ဖူးတဲ့ ကုသိုလ်ကံက အကျိုးပေးခွင့်ရလို့ အဲဒီ ကုသိုလ်ကံကြောင့် ဒီ စစ်သူကြီးမျိုးမှာ လာ ဖြစ်တာပါ။

ဟိုတုန်းက မြုပ်နေတဲ့ ကံက ဒီမှာ လာ ပေါ်ပြီးတော့ အကျိုးပေးတာ၊ လွန်ခဲ့တဲ့ နွားသတ်တဲ့ အကုသိုလ်ကံက "မီးခဲ ပြာဖုံးသွားပြန်တယ်"၊ နောင်တစ်ချိန်မှာ အကျိုးပေးမှာ အဲဒါက စာက ရှင်းထားတာ၊ စာက ရှင်းထားတာ၊ အလာတဆိုတဲ့ သူက ဘယ်သူတုန်းဆိုတော့ ရှင်ဒေဝဒတ် အလောင်း၊ သူက ဦးဂုဏကြီးရဲ့ တရားကို ထောက်ခံနေပြီ၊ ရှင်ဘုရင်ကလဲ စဉ်စားနေပြီ၊ ငါ့ စစ်သူကြီးလဲ ဟိုဖက်ဘဝတုန်းက နွားသတ်တယ်၊ ငါ့ စစ်သူကြီးလဲ စစ်သူကြီးမျိုးမှာ ဖြစ်တယ်။

ဗီဇကကျွန်
အတိတ်အကြောင်း

ဒီ ပရိသတ်ထဲပါတဲ့ ဗီဇက ကျွန်က ရှိုက်က်ရှိုက်ပြီးတော့ ငိုလိုက်တာလေ ငိုလိုက်တာလေ၊ ရှင်ဘုရင်က "ဘာလို့ ငိုတာတုန်း" လို့ မေးတော့ ကျုပ်က ဟိုဖက်ဘဝတုန်းက ကျွန် မဟုတ်ပါ၊ ဟိုဖက်ဘဝ အမှတ်ရနေတယ်၊ ကျုပ် ဟိုဖက်ဘဝတုန်းက သူဌေးပါတဲ့၊ ကောင်းတဲ့ အလုပ်တွေကို လုပ်ပြီးလာတဲ့ သူဌေးပါတဲ့၊ အလှူခံ ပုဂ္ဂိုလ်တွေကို ကျုပ် ပေးတယ် လှူတယ်၊ ကျုပ်ကို အားလုံးက ချီးမွမ်းကြတယ်၊ အားလုံးက ကျုပ်ကို ချီးမွမ်းရုံတင် မကဘူး၊ ကျုပ် မကောင်းတဲ့ အလုပ်ကို တစ်ခုမှ မလုပ်ခဲ့ဘူး ဟိုဖက်ဘဝတုန်းက၊ အဲဒီ ဘဝက စုတေတော့ဗျာ ကျုပ် ကျွန်မရဲ့ဝမ်းထဲ ပဋိသန္ဓေ နေလို့ ကျွန်မသား ဖြစ်ရတယ်၊ ကျုပ်လေ ကျွန်မသား ဖြစ်နေပေမယ်လို့ ကျုပ် မလျှော့ဘူး၊ ကျုပ် စိတ်ဟာ အင်မတန် ကောင်းတယ်၊ ထမင်းစားမယ့် တစ်ပွဲတောင်မှ တစ်ဝက်လောက် ကျုပ် စားပြီး အလှူခံ ပုဂ္ဂိုလ်များရှိရင် လှူမယ်လို့ ကျုပ် တွေးနေတာ၊ ကျွန်က ကျွန်က၊ ဒါလောက် ကျုပ် စိတ်ကောင်းတယ်၊ ဥပုသ်နေ့တွေ ဆိုလို့ရှိရင် ကျုပ် ဥပုသ် စောင့်ရစ်တယ်။

ဒီဘဝမှာကို ဒီဘဝမှာကို ကောင်းတာတွေ လုပ်တုန်းပဲ၊ ဟိုဘဝတုန်းက အကောင်းတွေ လုပ်လာရုံ မကဘူး၊ ဒါနလဲ ပြုနေတာပဲ ဥပုသ်လဲ စောင့်နေတာပဲတဲ့၊ ဒါပေမယ်လို့ အလာတ စစ်သူကြီး ပြောတာ ဟုတ်လိမ့်မယ်တဲ့၊ ဒါနတွေ သီလတွေ ဘာအကျိုးမှ မရှိဘူးဆိုတာ ဟုတ်လိမ့်မယ်တဲ့၊ ကျုပ်လေတဲ့ ကျွန်မ ဝမ်းထဲမှာ မွေးပြီးတော့ ကျွန် ဖြစ်နေရတယ်တဲ့၊ လုပ်လိုက်တဲ့ အလုပ်က ဟိုဖက် ဘဝတုန်းက အကောင်းတွေ လုပ်လိုက်တာ ဒီဖက် ဘဝမှာလဲ အကောင်းတွေ လုပ်ပါတယ်။

ကဲ မျက်စိလည်စရာ မကောင်းဘူးလား၊ ဒါကို ရှင်ဘုရင် တွေးနေတယ်၊ ဦးဂုဏ ပြောတယ်၊ အလာတ စစ်သူကြီးကလဲ နွားသတ်လာတဲ့ စစ်သူကြီး ဖြစ်တယ်၊ ဟင်း … ဗီဇက ရှိုက်ကြီးငင်ကြီး ငိုရှာတယ်၊ "ငိုလောက်ပါ့ - ငိုလောက်ပါ့" ဟိုဖက်ဘဝက သူ သူဌေးဖြစ်ခဲ့တယ် လှူခဲ့ဒါန်းခဲ့တယ်၊ ဒီဖက်ဘဝက သူ ကျွန်ဖြစ်တော့ လှူရှာသေးတယ် ဥပုသ်တွေ စောင့်တယ်၊ ဟုတ်ပါပြီ၊ အလာတ ပြောတဲ့အတိုင်း မှန်ပြီ၊ ဦးဂုဏ ဟောတဲ့အတိုင်း သေချာပြီနဲ့ ရှင်ဘုရင်က သိပ် သဘောကျ၊ ကဲ ဗီဇကကျွန်နဲ့ စပ်လျဉ်းပြီး ပြောကြဦးစို့။

ဗီဇကဟာ ကဿပဘုရားရှင် လက်ထက်တော်မှာ သူ့နွား ပျောက်လို့ တောထဲမှာ လိုက်ရှာ နေတုန်း ရဟန်းတစ်ပါး မျက်စိလည်လို့ သူ့ကို မေးတယ်၊ ဒကာ ဘယ်များ သွားတဲ့လမ်းဟာ ဘယ်လမ်းလဲတဲ့၊ သူကလဲ နွားပျောက်လို့ စိတ်ညစ်နေတာ မလှုပ်ဘူး နွားရှာမရလို့ စိတ်ညစ် နေတာ လာမေးတာ၊ သူကလဲ မလှုပ်ဘူး၊ ဒကာရေ ဘယ်နား သွားရတုန်းတဲ့၊ "သင်တို့ ဘုန်းကြီး တွေ ဆိုတာ သိပ် စကားများတယ် ဒီလို စကားများ တာဟာလေ ကျွန်တွေကမှ စကားများတာ အသင်လဲ ကျွန်မျိုး ဖြစ်ပါလိမ့်မယ်" တဲ့။

နွားပျောက်လို့ စိတ်ညစ်ညစ်နဲ့ ပြောလိုက်မိတယ်၊ အဲဒီ ကံက "မီးခဲ ဖြာဖုံး ဖုံးနေတဲ့ ကံ" က အခွင့်သာလို့မို့ ရှေးဘဝက ရှေးဘဝက ကုသိုလ်ကံတွေ ပြုခဲ့ပေမယ်လို့ သေခါနီး အဲဒီ ကံက အခွင့်သာလို့မို့ ဒီမှာ ကျွန်ဖြစ်ရတယ်တဲ့၊ ကုသိုလ်ကံတွေ အကျိုးမရှိလို့ မဟုတ်ဘူး၊ ရှေး ကုသိုလ်ကံတွေက ဝင်ပြီး အကျိုးပေးတာ။

အင်္ဂတိမင်း မိစ္ဆာအယူ ယူပြီ

ပြီးကြရော … အဲဒီ ဗီဇက ဆိုတာ သူများ မဟုတ်ဘူး၊ ရှင်မောဂ္ဂလ္လာန်အလောင်းတဲ့၊ သံသရာထဲမှာ ကျင်လည်လာခဲ့ရတာတွေ၊ ရှင်မောဂ္ဂလ္လာန်အလောင်းတဲ့၊ ဒီတော့ ရှင်ဘုရင်ကြီး ဆုံးဖြတ်ပြီ ဗီဇကရဲ့ စကား သူကြားပြီ၊ အလာတရဲ့ စကားလဲ သူ ကြားပြီ၊ ဆရာကြီး ဦးဂုဏကလဲ သတ်မှတ်ပြီးသား၊ ဘာပြီး ဘာဖြစ်၊ ဘာပြီး ဘာဖြစ်၊ ဘယ်ဘဝ ဘယ်လိုနေ၊ ဘယ်ဘဝ ဘယ်လို ခံစား ဒါတွေ သတ်မှတ်ပြီးသားလို့၊ အမြဲ သတ်မှတ်ပြီးသားလို့ ဆိုတယ်၊ ဒီ သုံးချက် ကောက်ချက် ချလိုက်တော့ …

ဟုတ်နေပြီ ဟုတ်နေပြီ၊ အလာတဟာ နွားသတ်သမား ဘဝကနေ စစ်သူကြီး ဖြစ်တယ်၊ ဗီဇကက ကုသိုလ်တွေ အများကြီး ပြုပြီးတော့ ခု ကျွန်ဖြစ်တယ်၊ ဦးဂုဏကလဲ သူ့ဟာနဲ့သူ ဘာပြီး ဘာဖြစ်မယ်လို့ ပြောတယ်၊ ဒီတော့ ဟုတ်ပြီလို့ ဆိုပြီးတော့ ကိုယ်တော်ပြောတာ ကျုပ် သဘော ကျတယ် ကိုယ်တော့်ဆီ ဆက်ပြီး ကျုပ် တရားနာနေရင် အချိန်ဖြုန်းတာပဲ၊ ကျုပ် ပျော်ပျော် ပါးပါးနဲ့ နေဖို့ လိုလာပြီ၊ ကိုယ်တော့်ဆီ ဆက်ပြီး ကျုပ် တရားနာနေလို့ရှိရင် ကျုပ် ပျော်တဲ့ အချိန်တွေ ကုန်သွားလိမ့်မယ်။

နောင်တော့နော် ကြုံတော့ တွေ့လိမ့်ဦးမယ်၊ နိယတိ အတိုင်းပေါ့၊ ကြုံခွင့် ကြုံတဲ့အခါကျတော့ တွေ့လိမ့်ဦးမယ်၊ ခု ကျုပ် သွားတော့မယ်၊ ဝပ်တောင် မချဘူး၊ ဘာပြုလို့လဲ၊ လာတုန်းက ရိုရိုသေသေ ဝပ်ချပြီးတော့ မေးတာ၊ ယခု ပြန်တော့ ဦးဂုဏကြီး ဟောလိုက်တဲ့ တရားကြောင့် ဦးဂုဏကြီးကို ဝပ်တောင် မချဘူး၊ သွားဦးမယ်နော် နောက် ကြုံတော့ တွေ့မှာပေါ့ ဟုတ်လား၊ နိယတိ သတ်မှတ် ပေးရင် တွေ့မှာပေါ့ သွားတော့မယ်၊ ဆက်ပြီးတော့ ခင်ဗျားတရားတွေ နာနေလို့ရှိရင် ပျော်ပျော်ပါးပါး နေဖို့ အချိန်တွေ ကုန်သွားလိမ့်မယ်၊ ပျော်ပျော် ပါးပါးနေဖို့ အချိန်တွေ ကုန်တော့မယ်လေ၊ နောက် ကြုံတော့ တွေ့မှာပေါ့။

နောက်နေ့ နံနက် မိုးလင်းတော့ မင်းကြီးက အမတ်တွေကို ခေါ်ပြီး စည်းဝေးတယ်၊ အမတ်တွေ စည်းဝေးပြီးတော့ အမတ်တို့ မင်းမှုကိစ္စ ဘာကိစ္စကို ဖြစ်ဖြစ် အလာတတို့ စီမံကြလိမ့်မယ်၊ ဒိပြင် အမတ်တွေ စီမံကြလိမ့်မယ်၊ ငါ့ကို ဘာမှ မပြောနဲ့၊ ငါ့အတွက် ကတော့ဖြင့် နန်းတော်မှာ လှပေ့ ချောပေ့ဆိုတဲ့ ဟာကလေးတွေ ပို့ကြ၊ ရှာပို့ကြ ရှာပို့ကြ၊ ဘယ်မှာ သူ့အိမ်သားနဲ့ ဘာနဲ့ အရှင်လင် ရှိတယ် ဆိုရင်လဲပဲ ချောဆွဲပေါ့၊ ပို့ကြ ပို့ကြ၊ ဟာ တိုင်းပြည် တစ်ပြည်လုံးကို သိမ့်သိမ့် တုန်သွား တာပဲ၊ ရှင်ဘုရင်ကြီး ဦးဂုဏကြီးရဲ့ တရား နာလာလို့ ရှင်ဘုရင်ကြီး မိစ္ဆာအယူ ယူသွားပြီတဲ့၊ ယူသွားပြီတဲ့၊ မင်းမှုကိစ္စ ဘာမှ မလုပ်တော့ဘူးတဲ့၊ သူ့နန်းတော်ပေါ်မှာ တပျော်တည်း ပျော်နေ တာပဲတဲ့၊ တိုင်းသူပြည်သားတွေလဲ စိတ်ညစ်လို့ ဘယ်သူမှလဲ ဘာမှ မပြောဝံ့။

ရှင်ဘုရင့် သမီးတော်က ကြားရော၊ သမီးတော် ချက်ချင်းသွားရင် ချက်ချင်းသွားရင် မလေးစားဘဲ နေလိမ့်မယ်၊ သမီးတော်က ခမည်းတော်ဆီကို ခုနစ်ရက် နှစ်ပတ် ဆိုလို့ရှိရင် ခမည်းတော်ဆီ သွားနေကျ ခုနစ်ရက် နှစ်ပတ်လောက်သွားရင် အသပြာ တစ်ထောင် ပေးတယ်၊ စွန့်ကြဲ ပေးကမ်းဖို့ ဆိုပြီး အသပြာ တစ်ထောင် ပေးတယ်၊ ဒိပြင် ဝတ်စား ဆင်ပြင်ဖို့ကတော့ နေ့တိုင်း ပေးတယ်၊ လှူဖို့ ဒါန်းဖို့ကတော့ ခုနစ်ရက်နှစ်ပတ် တစ်ထောင် တစ်ထောင် ပေးတယ်။

"လှူနော် သမီး လှူနော်"၊ အဲဒီလို ပေးနေကျ၊ အဲ နောက် ခုနစ်ရက် နှစ်ပတ်လောက်ကျော်တော့ ရှင်ဘုရင်ဆီ သွားရမယ့်နေ့ကျတော့ ကဲ - မိတ်ဆွေမတို့ ဆင်ကြပြင်ကြ နက်ဖြန်ခါ ဥပုသ်နေ့ ငွေသွားတောင်းရအောင် ခမည်းတော်ဆီ ဆည်းကပ်ရအောင် အားလုံး လှလှပပ ပြင်ဆင်ပြီး သွားကြတယ်။

ရှင်ဘုရင်ကြီးက သမီးတော်လာတော့ ဘေးက ပတ်ပတ်လည် သမီးတော်ရဲ့ အခြွေအရံတွေ ခြံရံ ခြံရံလို့ လာတော့ အင်မတန် ဝမ်းမြောက်တယ်၊"သမီးတော် သမီးတော် နန်းပြသာဒ် အထက်မှာ နေရတာ ပျော်ရဲ့လား၊ ရေကန်နား ဘာနား သွားပြီး ကြည်နူးရဲ့လားလို့" သမီးတော်ကို နှုတ်ဆက် တယ်၊ သမီးတော်ကလဲ ဒါတွေ သိပ်အရေးကြီးတာ မဟုတ်ဘူး၊ အရေးကြီးတာက သိပ် အရေးကြီးနေတာက -

"မဟာရာဇ ခမည်းတော်၊ ပြည့်စုံနေပါတယ်၊ ခမည်းတော်ရဲ့အထံက ရလို့ အားလုံး ပြည့်စုံပါတယ် နက်ဖြန်တော့ "ပန္နရသီ" တစ်ဆယ့်ငါးရက်နေ့ ဖြစ်လို့ အလှူဒါန ပြုရပါမယ်နော်၊ ဒါကြောင့် ချီးမြှောက်ရိုးအတိုင်း အလှူဒါနပြုဖို့ ငွေ (၁၀ဝဝ) တစ်ထောင် ချီးမြှောက်ပါ" လို့ တောင်းရော၊ တောင်းတော့ ခမည်းတော်က -

ဗဟုံ ဝိနာသိတံ ဝိတ္တံ၊ နိရတ္ထံ အဖလံ တယာ။
ဥပေါသထေ ဝသံ နိစ္စံ၊ အန္နပါနံ န ဘုဉ္ဇသိ။
နိယတေ သံ အဘုတ္တဗ္ဗံ၊ နတ္ထိ ပုညံ အဘုဉ္ဇတော။

သမီးတော် အလကား ပစ္စည်းဖြုန်းတီးပစ်တယ် သိလား ဘာအကျိုးမှ မရှိဘူး၊ ဥပုသ်နေ့လဲပဲ ထမင်းမစား ဘာမစားနဲ့၊ ဥပုသ်စောင့်တယ် ဆိုတာ ဒါက နိယတိ သမီးတော်၊ ဒီက ဥပုသ် စောင့်ရမယ်လို့ အမြဲ သတ်မှတ်ချက်က ရှိလို့ စောင့်ရတာ၊ အကျိုးတော့ ဘာမှ မရှိဘူး၊ မှတ်ထား မှတ်ထား၊ အသက် ရှင်သမျှ ဘယ်သူ့ကိုမှ ဘာမှ မပေးနဲ့ သိလား၊ ဘာ အကျိုးမှ ရှိတာ မဟုတ်ဘူး။

"ပရလောက" နောင်ဘဝ ဆိုတာလဲ ရှိတာ မဟုတ်ဘူး၊ သိပ် အကျိုးမရှိဘဲ သမီးတော် ပင်ပန်းခံ မနေပါနဲ့လို့ သမီးတော်ကို သူက ပြန်ပြီးတော့ ဆုံးမနေတယ်ကိုး၊ သမီးတော်က ဒီစကား လိုချင် နေတာ၊ ဒီစကား ရမယ်ထင်လို့ ငွေတောင်းတာ သူက ပြောလိုက်သေးတယ်၊ သမီးတော် သက်သေ မရှိ မဟုတ်ဘူး အလာတ စစ်သူကြီးက ဟိုဖက် ဘဝတုန်းက နွားသတ်လာတာ နွားသတ်သမား၊ ခု စစ်သူကြီး လာဖြစ်တယ်၊ ပြီးတော့ ဗီဇကကျွန်က ငိုလိုက်တာ သိလား ရှေးက အလှူဒါနလဲ ပြုတယ်၊ ဥပုသ် သီတင်းလဲ ဆောက်တည်တယ် ပြီးတော့ သူ ကျွန်ဖြစ်နေတယ်၊ ဒီတော့ အားလုံး နိယတိပါပဲ၊ သတ်မှတ်တဲ့အတိုင်း ဖြစ်ကြရတာပါ၊ ဖြုန်းမနေနဲ့နော်လို့ ပြောတော့ -

ရုစာမင်းသမီး
လျှောက်ထားချက်

"သမီးတော်က ဟိုရှေးတုန်း ကြားသာ ကြားဖူးတယ်၊ လူမိုက်နဲ့ ပေါင်းရင် လူမိုက်ဖြစ်တတ်တယ် လို့ ကြားသာ ကြားဖူးတယ်၊ အလာတတို့ ဗီဇကတို့က ဦးဂုဏကြီးနဲ့ ပေါင်းလို့ မိုက်ကြ ပါပကော" လို့ သမီးတော်က ညည်းရှာတယ်ကိုး၊ နဂိုကမှ အလာတတို့ ဗီဇကတို့က ဘာဉာဏ်မှ ရှိတာ မဟုတ်ဘဲ၊ သူတို့က မိုက်နေတာ မသိဘိတ်တုံး ဖြစ်နေတာ မသိဘိတ်တုံး ဖြစ်တဲ့သူက ဦးဂုဏနဲ့ ပေါင်းလိုက်တော့ မသိဘိတ်တုံး ဖြစ်သွားတာပေါ့၊ ရှေးတုန်းက ကြားသာ ကြားဖူးတယ် တကယ်ကို လက်တွေ့ ဖြစ်နေပါမင့်လား။

တွံ စ ဒေဝါသိ သပ္ပညော ဓီရော အတ္ထဿ ကောဝိဒေါ၊
ကထံ ဗာလေဘိ သဒိသံ ဟီနဒိဋ္ဌိံ ဥပါဂမိ။

ခမည်းတော်က ပညာရှိပါ၊ ဟို နှစ်ယောက် မိုက်တာကတော့ နဂိုမိုက်လို့ မိုက်တာ ခမည်းတော်က ပညာရှိပါ၊ အားလုံး စဉ်းစား တတ်ပါတယ်၊ ခမည်းတော်ရယ် ဘာဖြစ်လို့ ဒီလို ပညာရှိ ခမည်းတော်က လူမိုက်တွေနဲ့ တန်းတူနေတဲ့ မိစ္ဆာအယူကို ယူရပါသတုန်း။

သံသရာက သူ့ဘာသာသူ အချိန်စေ့ရင် သံသရာက စင်ကြယ်သွားတာပဲ၊ ကမ္ဘာပေါင်း ရှစ်သောင်း လေးထောင်ပြည့်ရင် စင်ကြယ်သွားတာပဲ ဆိုရင် ဘာ့ကြောင့် ဒီ ဦးဂုဏကြီးက ဘာဖြစ်လို့ ဒီအကျင့် ကျင့်နေရတာလဲ၊ အဝတ် မဝတ်ဘူး ကလေးလိုပဲ အရှက်မရှိဘူး၊ ဘာဖြစ်လို့ ဒီရသေ့ကြီး ဒီအကျင့်ကို ကျင့်နေရတာလဲ၊ သံသရာက သူ့ဘာသာသူ စင်ကြယ်မှာပဲ၊ ကျင့်ဖို့ လိုသေးလား၊ ယခု ဦးဂုဏ ကြီးက သံသရာက သူ့ဘာသာသူ စင်ကြယ်တယ်လဲ ဆိုသေးတယ်၊ ဒီ ဦးဂုဏ ကြီးကိုက အမြီးအမောက် မတည့်တာ ဘာဖြစ်လို့ ရှက်စရာကြီးကို မရှက်ပဲနဲ့ ကျင့်ပြီးတော့ သူနေသတုန်း။

ခမည်းတော် နောက်ဘဝကို ဟို လွန်ခဲ့တဲ့ ဘဝကို သမီးတော်လဲ သိပါတယ်၊ သမီးတော်လေ တစ်နေရာက နေပြီး စဉ်းစားလိုက်တာ လွန်ခဲ့တဲ့ (၇) ဘဝလဲ သိတယ် နောက်လာမယ့် (၇)ဘဝလဲ သိတယ်၊ တစ်နေရာကနေ သမီးတော် စဉ်းစားတုန်းက သမီးတော် ဘာဖြစ်သလဲ ဆိုလို့ရှိရင် -

ပန်းထိမ်သည်သား

တစ်ခါတုန်းက ပန်းထိမ်သည်သား ဖြစ်ခဲ့ပါတယ်၊ ဟို လွန်ခဲ့တဲ့ ဘဝတုန်းက ရွှေပန်းထိမ်သည်သား ဖြစ်တုန်းက ရုပ်က ခပ်ချောချောနဲ့ မကောင်းတဲ့ မိတ်ဆွေ မတော်တဲ့ မိတ်ဆွေတွေနဲ့ ပေါင်းလိုက်တာ၊ ဒါပေါ့ -

ပုဂ္ဂလောပိ - ပုဂ္ဂိုလ်သည်လည်း၊
ဥပနိဿယပစ္စယေန - ပကတူပနိဿယပစ္စယ သတ္တိဖြင့်၊
ပစ္စယော - ကျေးဇူးပြုတတ်သည်၊
ဟောတိ - ဖြစ်၏

ဆိုတာလေ နည်းနည်းကလေး နားလည်ပြီး သတိထားလိုက်ပါ၊ ဒီ ဦးဂုဏနဲ့ ပေါင်းလိုက်လို့ ရှင်ဘုရင်ကြီးဟာ မိစ္ဆာအယူ ယူနေပြီ၊ ပုဂ္ဂိုလ်က ပကတူပ နိဿယသတ္တိဖြင့် ကျေးဇူးပြုလိုက်တာ နည်းနည်းကလေး မထင်နဲ့ ပုဂ္ဂိုလ် မကောင်းတာနဲ့ ပေါင်းလိုက်လို့ ရှိရင်ဖြင့် မကောင်းတဲ့ ပုဂ္ဂိုလ် ဖြစ်ဖို့ရန်ဟာ ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုပြီးသား ဖြစ်နေတယ်။

ယခုလဲပဲ ရှင်အာနန္ဒာ အလောင်းဖြစ်တဲ့ သတို့သားကလေး ရွှေပန်းထိမ်သည်သား ဖြစ်တုန်းက သူကလဲ …

ပုဂ္ဂိုလ်တစ်ယောက်က ပကတူပနိဿယ သတ္တိနဲ့ ကျေးဇူးပြုတာ နည်းနည်းကလေး မထင်နဲ့၊ ပုဂ္ဂိုလ် မကောင်းတာနဲ့ ပေါင်းလိုက်လို့ ရှိရင်ဖြင့် မကောင်းတဲ့ ပုဂ္ဂိုလ် ဖြစ်ဖို့ဟာ ဥပနိဿယ သတ္တိနဲ့ ကျေးဇူးပြုပြီးသား ဖြစ်နေပြီ။

ယခုလဲပဲ ရှင်အာနန္ဒာ အလောင်း သတို့သားကလေး ရွှေပန်းထိမ်သည်သား ဖြစ်တုန်းက သူက ရုပ်ချောချော ဘေးက မိတ်ဆွေတွေက သူ့ကို ဝိုင်း မြှောက်မြှောက် မြှင့်မြှင့်ပေးလို့ လုပ်ချင်ရာ လုပ်ပြီး သူများ မယားတွေ ဖျက်ဆီးခဲ့တယ်၊ ကာမေသုမိစ္ဆာစာရကံကို အများကြီး ကျူးလွန်ခဲ့တယ်။

ကောသမ္ဗီ သူဌေးသား

တစ်ဘဝတုန်းက အဲဒီလို ကျူးလွန်ပေမယ်လို့ မီးခဲပြာဖုံး ဖုံးပြီးတော့ နောက်ဘဝကျတော့ ကောသမ္ဗီပြည်မှာ သူဌေးသား သွားဖြစ်တယ်၊ ကြည့်စမ်းနော် ချက်ချင်း အကျိုးမပေးဘူးနော် မီးခဲ ပြာဖုံး ဖုံးသွားတာပဲ၊ နောက်ဘဝကျတော့ သူဌေးသား ဖြစ်လို့ ဥပုသ်များ ဘာများ စောင့်လို့ သူတော်ကောင်း သူဌေးသားလေး ရှင်အာနန္ဒာ အလောင်းနော်၊ နောက်နှစ်ဘဝ ဆက်နေပုံလေး ကြည့်ပါနော်။

ရောရုဝငရဲ ကျ

တတိယ ဘဝကျတော့ ရောရုဝငရဲကို အဲဒီ ကာမေသုမိစ္ဆာစာရ ကံကြောင့် ရောရုဝငရဲကို ကျတာပဲ၊ တတိယဘဝကျတော့ သေခါနီး အာရုံ ထင်လာပုံတွေ နောက်တစ်ကြိမ် ပြောပါ့မယ်နော် ရောရုဝငရဲ ကျတယ်။

ဆိတ်ဖိုဖြစ်

အဲဒီ ငရဲက ဒုက္ခအမျိုးမျိုးနဲ့ တကတည်း နှစ်ပေါင်းများစွာ ခံစားပြီးတဲ့နောက် လွတ်လာတဲ့ အခါကျတော့ ဘိန္နာဂတ တိုင်းမှာ ဆိတ်ဖြစ်တယ်၊ ဆိတ်ဖြစ်တော့ ဆိတ်ကြီးက တောင့်တောင့် တင်းတင်းနဲ့ သန်သန်မာမာကြီးမို့လို့၊ အာ - ဒီဆိတ်ဟာ အမျိုးကောင်းတာပဲ ဆိုပြီးတော့ အမတ်သားတွေက ဆိတ်ကို သင်းကွပ်ကြတယ်၊ ဝှေးစေ့ကို ထုတ်တယ်၊ ဆိတ် ကြီးကြီး မားမားမို့လို့ တစ်ခါတစ်ခါ ကျောပေါ်တက်လို့ စီးကြတယ်၊ တစ်ခါ တစ်ခါ ရထားဆွဲကြတယ်၊ ရှင်အာနန္ဒာ အလောင်း ၄-ဘဝမြောက်နော်။

မျောက်ထီးဖြစ်

နောက် ၅-ခုမြောက် ဘဝကျတော့ ကာမေသုမိစ္ဆာစာရ ကံပြုခဲ့တဲ့ ရှင်အာနန္ဒာ အလောင်းဟာ တောကြီးထဲမှာ မျောက်ဖြစ်တော့လဲပဲ အုပ်ချုပ်တဲ့ မျောက်ကြီးက ငယ်ငယ်မျောက်ကလေးကို ဟာ - ဒီကောင်လေး သန်သန် မြန်မြန်နဲ့ တက်လမ်းရှိတယ် ငါ့ရန်သူ ဖြစ်လိမ့်မယ် ဆိုပြီးတော့ တစ်ခါတည်း ဝှေးစေ့ကို ကိုက်ပစ်တာပဲ သွားပြန်ရော၊ သူတစ်ပါး မယားကို ပစ်မှားခဲ့တာမို့ -

နွားထီးဖြစ်

ထို့နောက် ၆-ခုမြောက် ဘဝကျတော့ သုဒဿနတိုင်းမှာ နွားဖြစ်ပြန်ရော၊ နွားဖြစ်တော့လဲပဲ ဒီနွားကို စောစောစီးစီး ဝှေးစေ့ထုတ်မှဘဲ ဆိုပြီး ဝှေးစေ့ထုတ်ပြီးတော့ အင်မတန် ကောင်းတဲ့နွား အင်မတန် အပြေးသန်တဲ့နွား အင်မတန် တကတည်း လှည်းတွေ ဘာတွေ စီးလို့ ကောင်းတဲ့နွား၊ ရှင်အာနန္ဒာ အလောင်း နွားကောင်းကြီး ဖြစ်ပြန်ရော။

လူနပုံးဖြစ်

နောက် ၇-ဘဝမြောက် ကျပြန်တော့ ဝဇ္ဇီတိုင်းမှာ လူ့ဘဝ ရပြန်ရော၊ ယောက်ျားလဲ မဟုတ် မိန်းမလဲ မဟုတ်၊ ရှင်အာနန္ဒာ အလောင်းနော်၊ ယောက်ျားလား - မဟုတ်ဘူး မိန်းမလား - မဟုတ်ဘူး ယောက်ျားလဲ မဟုတ် မိန်းမလဲ မဟုတ်၊ သူ့ကို နပုံးပဏ္ဍုက်လို့ ခေါ်တယ် ဒီလို ဖြစ်ပြန်ရော။

သိကြားမင်း
မိဖုရား ၄-ဘဝဖြစ်

နောက် အဲဒီက တစ်ခါ နတ်ပြည်မှာ အင်မတန်လှတဲ့ နတ်သမီး ဖြစ်ပြန်ရော၊ ကြည့်စမ်း ကြည့်စမ်း၊ ရှင်အာနန္ဒာအလောင်း ယောက်ျားဘဝ မရောက်လာသေးဘူး နတ်သမီး ဖြစ်ပြန်ရော နတ်သမီး ဖြစ်တော့ သိကြားမင်းရဲ့ မိဖုရားပေါ့လေ၊ အဲဒီလို ဖြစ်ပြန်ရော နောက်ကို နတ်မိဖုရားဘဝနဲ့ ဘယ်လောက်ကြာတုန်း ဆိုတော့ ငါးဘဝ ဖြစ်တယ်။

နတ်မိဖုရားဖြစ်

နောက်တော့တစ်ခါ ဒီ သိကြားမင်းရဲ့ မိဖုရား မဖြစ်ဘဲနဲ့ နတ်သားတစ်ယောက်ရဲ့ မိဖုရား ဖြစ်ပြန်ရော။

ဘုရင့်သမီး ရုစာဖြစ်

ဒီနတ်သားရဲ့ မိဖုရားအဖြစ်က လွတ်တော့ လူ့ပြည်ရောက်တော့ ရုစာဆိုတဲ့ သတို့သမီး ဖြစ်ပြန်ရော။

ကြည့်စမ်း ကြည့်စမ်း သူတစ်ပါးမယားကို ပြစ်မှားလိုက်တဲ့ ပရဒါရကံက ဆိုးဆိုးရွားရွား နွားဖြစ်ရတယ်၊ မျောက်ဖြစ်ရတယ်၊ ဆိတ်ဖြစ်ရတယ်၊ ငရဲကျရတယ်၊ နောက်တော့ ဥပုသ်စောင့်တဲ့ကံကြောင့်မို့လို့ နတ်ပြည်ရောက်ပေမယ့် မိန်းမဘဝက မလွတ်သေးဘူး၊ သူ့ ပရဒါရ ကာမေသုမိစ္ဆာစာရကံက လိုက်လာတာမို့လို့ ကုသိုလ်ကံ အကျိုးပေးလို့ နောက်နတ်သမီးဘဝပဲ ဖြစ်သေးတယ် ယောက်ျားဘဝ မရောက်သေးဘူး။

ယခု နောက်ဆုံးဆိုပါတော့ ဒီဘဝမှာ ရှင်ဘုရင့်သမီးတော် လာပြီးဖြစ်တယ်၊ အဲဒီသမီးတော်ရဲ့ ဘဝတွေကို သိနိုင်ပါတယ် အောက်မေ့နိုင်ပါတယ်၊ ဒီဘဝတွေ သမီးတော်ကိုယ်တိုင် ဖြစ်လာတာမို့ ကံရဲ့အကျိုးတွေ ရှိတာပေါ့၊ ဦးဂုဏရဲ့ စကားကို ယုံပြီးတော့ "ဘာမှ မရှိဘူး" လို့ မပြောလိုက်ပါနဲ့ ခမည်းတော်ရယ်လို့…

ဣင်္ဃာနု စိန္တေသိ သယမ္ပိ ဒေဝ၊
ကုတော နိဒါနာ တေ ဣမာ ဇနိန္ဒ။
ယာ တေ ဣမာ အစ္ဆရာသန္နိကာသာ၊
အလင်္ကတာ ကဉ္စနဇာလဆန္နာ။

ခမည်းတော်ရဲ့ အခြွေအရံဖြစ်တဲ့ မိဖုရားတွေ ကြည့်ပါ စဉ်းစားစမ်းပါ၊ အဲ… သူတို့ အဆင့်အတန်း မြင့်နေတုန်းမို့၊ ဝတ်ကြ စားကြ ကြီးကျယ်ကြလို့ပါပဲ၊ တန်ဆာဆင်ထားပြီး ကြီးကျယ်လိုက်တာ၊ အဲဒီပုဂ္ဂိုလ်တွေ ကြပ်ကြပ်စဉ်းစားစမ်းပါ၊ သူတို့ ဒီ ဦးဂုဏကြီး ပြောသလို အဲဒီ နိယတိနဲ့ ဖြစ်နေတာလား၊ ကံပြုခဲ့လို့ ကံကောင်း ပြုခဲ့လို့ ဒီလိုဖြစ်တာ ဒါ ခမည်းတော် ကြပ်ကြပ်စဉ်းစားစမ်းပါ။

ဟာ - ဟောလိုက်တာလေ၊ ဒီရှင်ဘုရင်ကြီးကို အကြာကြီး ဟောနေတယ်၊ ရှင်ဘုရင်က ဘယ်လိုအောက်မေ့ထားသလဲဆိုရင် ငါ့သမီးတော်ကြီးက တယ်စကားပြောကောင်းပါလား၊ တရားတော့ နားမဝင်ဘူး စကားပြော တယ်ကောင်းတော့ ပြုံးလို့ပြုံးလို့ နားထောင်နေတာပဲ၊ ဦးဂုဏတရားကိုတော့ လက်မလွှတ်ဘူး၊ ဟို တစ်ဆယ့်လေးဘဝ ဖြစ်ပုံတွေ လျှောက်ပြောနေပေမယ်လို့ သမီးတော် တယ်စကားပြောကောင်းကိုးလို့ ထင်မှတ်ပြီး ဦးဂုဏတရားကိုတော့ မလွှတ်ဘူး။

ရုစာမင်းသမီး အဓိဋ္ဌာန်

ဒါပေမယ့် သမီးတော်က မလျှော့ဘူး သူ့ခမည်းတော် မိစ္ဆာအယူ မစွန့်လွှတ်မှန်းလဲ သိပြီလေ၊ လက်အုပ်ချီပြီး…

လောကကြီးကို စောင့်ရှောက်ပြီးတော့ နေကြတဲ့ ရဟန်းပုဏ္ဏားတွေ ရှိကြပါတယ်၊ ကြွပါ ကြွပါ၊ လောကကြီးကို စောင့်ရှောက်နေကြတဲ့ နတ်မင်းများရှိရင် ကြွပါ၊ ခမည်းတော်ရဲ့ အယူအဆကို ချွတ်လှည့်ကြပါ၊ ချွတ်လှည့်ကြပါ၊ ဗြဟ္မာမင်းများရှိရင် ကြွပါ၊ ခမည်းတော်ရဲ့ မိစ္ဆာအယူကို ချွတ်လှည့်ကြပါ၊ ချွတ်လှည့်ကြပါ၊ အို… လှည့်လည်ပြီးတော့ ဆုတောင်းလိုက်တာ။

"ဧတဿ = ဤခမည်းတော်၏၊ ဂုဏေ = ဂုဏ်သည်၊ အသတိ = မရှိလတ်သော်၊ မမ ဂုဏေန = အကျွနု်ပ်၏ ဂုဏ်ကြောင့်၊ မမ သီလေန = အကျွနု်ပ်၏ သီလကြောင့်၊ မမ သစ္စေန = အကျွနု်ပ်၏ သစ္စာကြောင့်၊ ဣဓ = ဤနန်းတော်သို့၊ အာဂန္တွာ = ကြွလာတော်မူ၍၊ ဣမံ မိစ္ဆာဒဿနံ = ဤ မိစ္ဆာအယူကို၊ ဝိသဇ္ဇာပေတွာ = စွန့်လွှတ်စေပြီး၍၊ သကလဿ လောကဿ = အလုံးစုံသော တိုင်းသူပြည်သားများ၏၊ သောတ္ထိံ = ချမ်းသာမှုကို၊ ကရောန္တု = ပြုလှည့်ကြပါကုန်။"

အဓိဋ္ဌာန်ပြီးတော့ ရှိခိုးလိုက်တာ ဒီရှင်အာနန္ဒာဆိုတဲ့အလောင်း ရုစာဆိုတဲ့ မင်းသမီးက ရှိခိုးလိုက်တာ၊ အဲဒီတင် ဘုန်းကြီးတို့ ဘုရားလောင်းက နာရဒဗြဟ္မာမင်းကြီး ဖြစ်နေတယ်။

နာရဒဗြဟ္မာ တရားဟော

ဒီ ဘုရားလောင်းတွေဆိုတာဟာ အမှတ်တမဲ့ မနေဘူး၊ လောကကြီးကို မကြာခဏ စဉ်းစားတယ် ကြည့်တယ်၊ ကောင်းတဲ့အကျင့် ကျင့်တဲ့သူတွေက ဘယ်လောက် ကျင့်ပြီး ဘယ်လောက်များတယ်၊ မကောင်းတဲ့အကျင့်ကို ကျင့်တဲ့သူတွေက ဘယ်လောက်များတယ်ဆိုတာ မကြာခဏ ကြည့်တယ်။

ဒါကြောင့် ဘုရားအလောင်း နာရဒဗြဟ္မာကြီးက ကြည့်ပြီးတော့ အင်း - မင်းသမီးက တကတည်းပင့်နေတာကို သူကြားတယ်၊ အဲ - အင်္ဂတိမင်းကြီး မိစ္ဆာအယူကို ယူနေတာလဲ မြင်ရော၊ အား… ယနေ့တော့ သွားမှဖြစ်မယ်၊ အဲ လူယောင်ဖန်ဆင်းပြီးတော့ သွားမှဖြစ်မယ်၊ မင်းသမီးကလဲ သာမန်မဟုတ်ဘူး အင်မတန်တော်တဲ့ မင်းသမီး၊ ဒီရှင်ဘုရင်ကြီးရဲ့ မိစ္ဆာအယူက တစ်နိုင်ငံလုံး လွှမ်းပြီးတော့ ဒုက္ခပေးနေတာ၊ အင်း… သွားမှပဲ ဆိုပြီးတော့ ဘယ်လိုအသွင်နဲ့ သွားရပါ့မလဲ၊ အဲဒီမှာ ရသေ့ ရဟန်းအသွင်ကတော့ လူအများ ယုံကြည်ကြတယ်၊ ဒီတော့ ရသေ့ ရဟန်းအသွင်နဲ့ ဖန်ဆင်းပြီးတော့ သွားမှပဲ၊ ရသေ့ ရဟန်း ဖန်ဆင်းလိုက်တာပဲ။

ရသေ့ ရဟန်းဖန်ဆင်းတော့လဲ အို နာ ကျိုးကန်း ရသေ့ကြီးမျိုးဆိုလို့ရှိရင် လူမလေး ခွေးမခန့်ဖြစ်နေလိမ့်မယ်၊ ဒီတော့ တောင့်တောင့်တင်းတင်း သပ်သပ်ရပ်ရပ် ရသေ့ ရဟန်းအသွင်နဲ့ ဝတ်ထားတဲ့အတွင်းက ခါးဝတ်ကလဲ အသွေးအရောင် ကောင်းကောင်းနဲ့ အပြင်အပေါ်က ရုံထားတာကလဲ အသွေးအရောင်ကောင်းကောင်းနဲ့ ဒီအပေါ်မှာ အပေါ်ရုံကလေးများက အပေါ်တင်လို့ ရသေ့အသွင်ကောင်းကောင်းနဲ့၊ ရသေ့ပရိက္ခရာများထမ်းပြီးတော့ လူယောင်ဖန်ဆင်းပြီးတော့ ကောင်းကင်က လာတာကိုး။

လာတော့ လ-များ ထွက်လာသလားလို့ ထင်လောက်အောင် တင့်တယ်တယ်၊ နန်းတော်အတွင်း အနီးအနားရောက်တော့လဲ အားလုံးက ကြည့်ကြတယ်၊ အဲ တိုင်းသူပြည်သားတွေကလဲ သတိထားပြီးတော့ ကြည့်ကြတယ်၊ ဒီ စန္ဒကဆိုတဲ့ နန်းပြာသာဒ်အတွင်းမှာ ဝင်လာပြီးတော့ ရှင်ဘုရင်ရဲ့အပေါ်က ဒီလို ကောင်းကင်ပြင်မှာ မတ်တတ်ရပ်ပြီး နေတယ်၊ ကျက်သရေရှိလိုက်တာ၊ ကျက်သရေရှိလိုက်တာ၊ ကျက်သရေရှိလိုက်တာ၊ ရုစာက ဟာ ငါတော့ အကူအညီလာပြီဆိုပြီးတော့ ဝမ်းသာလိုက်တာ၊ ဝမ်းသာအားရနဲ့ ရှိခိုးလို့၊ ရှင်ဘုရင်ကလဲ မြင်ပြီ၊ ရှင်ဘုရင်က မြင်တော့ ဗြဟ္မာအရှိန်က ရှိတယ်လေ၊ လူယောင်ဖန်ဆင်းပြီး လာပေမယ့် အတွင်းက ဗြဟ္မာအရှိန်က ရှိတော့ ရှင်ဘုရင်မှာ သူ့နေရာသူ မထိုင်နိုင်ဘူး၊ မထိုင်ဝံ့ဘူး မထိုင်ဝံ့ဘူး၊ အဲဒီနေရာက ဆင်းပြီး တကတည်း ကြမ်းပြင်ပေါ်မှာ ရပ်ပြီးတော့ "ဘယ်ကိစ္စနဲ့ လာပါသတုန်း နာမည်က ဘယ်လို ခေါ်ပါသတုန်း အမျိုးက ဘယ်သူတဲ့တုန်း"၊ ဒီလို မေးတော့မှ လာခဲ့တာကတော့ ဟို ဗြဟ္မာ့ဘုံက လာခဲ့တယ်၊ ဗြဟ္မာ့ပြည် မရှိဘူးဆိုတဲ့ ရှင်ဘုရင်ကြီးကိုလေ။

ဗြဟ္မာ့ပြည်က လာခဲ့တယ်၊ ဟိုအားလုံးက သူ့ကို နာရဒလို့ ကဿပအနွယ် နာရဒလို့ ခေါ်ကြတယ်၊ အားလုံးက အသိအမှတ်ပြုကြတယ်၊ ကောင်းပါပြီ အရှင်နာရဒ ဒီကို အရှင် ဘယ်လိုများ လုပ်ပြီး ရောက်အောင် လာပါသတုန်း၊ သူက နိယတိကို လိုချင်တာကို၊ ဘယ်လိုများလုပ်ပြီးတော့ ဒီ တန်ခိုးတွေ ရပါသတုန်း။

သစ္စံ - မှန်ကန်သော ဝစီသစ္စာ လည်းကောင်း၊
စကားပြောရင် မှန်မှန်ပြောတယ် နည်းနည်းကလေးမှ အညွန့်မတက်ဘူး အလိမ်အပြု မရှိဘူး၊
သစ္စံ - မှန်ကန်တဲ့ ဝစီသစ္စာ လည်းကောင်း၊
ဓမ္မော စ - သုစရိုက် ဆယ်ပါး မြတ်တရား လည်းကောင်း၊
ဒမော စ - စက္ခုစတဲ့ ဣန္ဒြေကို ငြိမ်ငြိမ်သက်သက် ဆုံးမခြင်းသည် လည်းကောင်း၊
စာဂေါ - စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းဆိုတဲ့ စာဂ လည်းကောင်း၊
ဧတ္ထေဂုဏာ - ဤဂုဏ်တို့သည်၊ ပုရာဏာ - မိမိသန္တာန်၌ ရှေး၌ ဖြစ်ကုန်၏၊
ဧတေ ဂုဏာ - ဤဂုဏ်တို့ကို၊ ပကတာ - မိမိသန္တာန်၌ ဖြစ်စေအပ် ပြုအပ်ကုန်ပြီ။

ကျုပ်က ဒီဂုဏ်တွေ ပြုလုပ်လာတယ်၊ တစ်ခဏတည်းမဟုတ်ဘူး၊ အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီးတော့ လာခဲ့တာဖြစ်တော့ ကျုပ်တန်ခိုးတွေဟာ ဟို စိတ်လိုပါပဲ၊ ကျုပ်သွားချင်တဲ့နေရာကို ရောက်အောင် သွားနိုင်ပါတယ်၊ ဒီမှာ ကုသိုလ်ကံအကျိုး စသည်ကို ပြောပြီလေ။

ဗြဟ္မာပြည်က လာတယ်၊ ဒီကုသိုလ်ကံတွေကြောင့် ဒီလိုဖြစ်နိုင်တယ်လို့ တိုက်ရိုက် ပြောပြီလေ။

"အရှင်နာရဒ မေးပါရစေလေ၊ အို မေးတော့လဲ မုသားတော့ မပြောပါနဲ့နော်၊ မပြောပါနဲ့နော်"၊ (သူက မိစ္ဆာအယူကို ယူထားတာကိုး၊) ပရလောကရှိတယ်ဆိုတာ အမှန်ပဲလား မေးတော့ -

အတ္ထေဝ ဒေဝါ ပိတရော စ အတ္ထိ၊
လောကော ပရော အတ္ထိ ဇနော ယ’ မဟု။
ကာမေသု ဂိဒ္ဓါ စ နရာ ပမူဠှာ၊
လောကံ ပရံ န ဝိဒူ မောဟယုတ္တာ။

ပရလောကရှိတယ်ဆိုတာ အမှန်ပဲ မိဘတွေ ဘာတွေ ရှိတာ အမှန်ပဲ၊ ဒါတွေက ကာမကို မက်ပြီးနေတဲ့သူတွေက ပရလောကရှိတယ်ဆိုလို့ရှိရင် ကာမဂုဏ် မခံစားနိုင်မှာစိုးလို့ ပရလောကရှိတယ် ငရဲရှိတယ် ဘာရှိတယ်ဆိုလို့ရှိရင် သူတို့ ခံစားချင်တဲ့ ကာမဂုဏ်ကို မလုပ်နိုင်မှာစိုးလို့၊ မောဟက ပိတ်ဖုံးနေတဲ့အတွက် ပရလောကမရှိဘူးလို့ ပြောနေကြတာ အမှန်ကတော့ ပရလောကရှိတာပေါ့လို့၊ အဲဒီလို ပြောတော့ -

ရှင်ဘုရင်က သူက ဦးဂုဏရဲ့တရားတွေကို သိပ်စွဲနေတာ၊ မရှိဘူးလို့ ကြားချင်တာ မရှိဘူးလို့ သဘောကျနေတာ၊ သဘောကျရုံတွင် မကဘူး၊ သူတစ်ပါးရဲ့သားမယားတွေကိုလဲ ပြစ်မှားပြီလေ၊ သူ့မှာလဲပဲ လက်လွန်နေတာက ရှိပြီလေ၊ ဒီတော့ သူက ပရလောက မရှိတဲ့ဘက်က ဖြစ်စေချင်တာ၊ ပရလောက ရှိတယ်လို့ ပြောနေတာကို တယ်နားမထောင်ချင်ဘူး၊ နားမထောင်ချင်တော့ သူက ခပ်ရွှန်းရွှန်းပေါ့လေ -

အတ္ထီတိ စေ နာရဒ သဒ္ဒဟာသိ၊
နိဝေသနံ ပရလောကေ မတာနံ။
ဣဓေဝ မေ ပဉ္စ သတာနိ ဒေဟိ၊
ဒဿာမိ တေ ပရလောကေ သဟဿံ။

သူ့နန်းတော်ထဲမှာလဲပဲ ဖြစ်တယ်၊ ရှင်ဘုရင်လဲ ဖြစ်တယ်၊ ဗြဟ္မာအရှိန်ကြောင့်သာ သူက အောက်ကနေပြီး မေးတာ၊ မေးနေပေမယ့် သူ့အယူကို မစွန့်ချင်တော့၊ အို အရှင်နာရဒ ပရလောကရှိတယ်ဆိုတာ အဟုတ်ယုံသလား၊ ဒီဘဝက သေသွားတဲ့လူတွေဟာ နောက်ဘဝ နေစရာ ဘဝလောကရှိသလား၊ ယုံလို့ရှိရင် ကျုပ်ကို ခုငွေ ငါးရာလောက် ချေးထားစမ်းပါ၊ ဟိုဖက်ဘဝကျတော့ ကျုပ်က တစ်ထောင်ပေးမယ်လေ၊ တစ်ထောင်ဆပ်ပါ့မယ်၊ ငါးရာ ချေးထားစမ်းပါ၊ ငါးရာ ချေးထားစမ်းပါ၊ ကျုပ် ဟိုဖက်ဘဝကျတော့ တစ်ထောင်ဆပ်ပါ့မယ်၊ ဟိုဖက်ဘဝ ရှိတယ်ဆိုရင် ကျုပ်က တစ်ထောင် ပေးရဲတယ်။

ဗြဟ္မာမင်းက ရသေ့ယောင်ဆောင်ထားတဲ့ ဗြဟ္မာမင်းက အသင့်ကို သီလရှိတဲ့ သူတော်ကောင်းလို့ သိရင်တော့ ကျုပ်က ငါးရာ ပေးရဲတယ်၊ ဘာဖြစ်လို့တုန်း ဟိုဘဝမှာ ကောင်းတဲ့ဘဝကို ရောက်ပြီးတော့ သင်က ကျုပ်ကို ပြန်ဆပ်မှာကိုး၊ ပေးရဲတယ်၊ အသင်က ခုမတရားလုပ်နေတဲ့သူ အသင်က ငရဲရောက်မှာ၊ ငရဲရောက်မယ့်သူကို ကျုပ်ဘယ်လိုလုပ်ပြီးတော့ ပေးရဲမတုန်း၊ ငွေလိုက်ပြီးတော့ ဘယ့်နှယ်လုပ် တောင်းမတုန်း။

ခု လောကကြီးကိုက ကြွေးပေးတဲ့လူဆိုတာလေ၊ ယုံကြည်လောက်တဲ့သူကိုမှ ပေးတာ၊ ဒီလူ့ဆီပေးလို့ရှိရင် ပြန်ရမယ်၊ ဒီလူက ကောင်းကောင်းအလုပ်လုပ်တယ် မပျင်းမရိဘူး၊ ဒီလူက တိုးတက်လမ်းရှိတယ်၊ ယခု ကြွေးပေးလိုက်လို့ရှိရင် အမြတ်အစွန်းနှင့်တကွ ပြန်ဆပ်လိမ့်မယ်၊ အဲဒီလိုဆိုမှ ကြွေးပေးတာ၊ ဒီလူက အင်မတန်ပျင်းတယ်၊ ငါ့ဆီသာ ကြွေးလာချေးတာ အင်မတန်ပျင်းတယ်၊ သူ့မှာ အရင်းအနှီးလဲ ဘာမှမရှိဘူး၊ ဖြုန်းပစ်မှာ ပြန်ရမှာမဟုတ်ဘူး၊ ငါ ပြန်ရမှာ မဟုတ်ဘူးဆိုရင် လောကကိုက ကြွေးမပေးဝံ့ကြဘူး။

အသင်က ငရဲကျမှာ ငါ ကြွေးမပေးဝံ့ဘူး၊ အသင် ငရဲကျမှာ၊ အဲဒီတင် ဗြဟ္မာမင်းက ငရဲအကြောင်းတွေ ပြောလိုက်တာ၊ ဟော… ငရဲကျတော့လေ ဘယ်လိုနှိပ်စက်တယ် ဘယ်လိုခံရတယ်၊ အဲဒီ ခံနေတဲ့သူကို ငါက လိုက်ပြီးတော့ ကြွေးတောင်းလို့ ဖြစ်ပါ့မလား အကြွေးပေးနိုင်မလား အကြွေးဆပ်နိုင်မလား၊ ဒါကြောင့် ငါ အကြွေးမပေးရဲဘူး။

တစ်ခါ ဟို အင်မတန်အေးပြီးတော့ မှောင်မည်းနေတဲ့ ငရဲဆိုတာ ရှိတယ်၊ မှောင်လို့ တစ်ငရဲလုံး မှောင်လို့ အေးလိုက်တာကလဲ လွန်လို့၊ လောကန္တရိက်ငရဲဆိုတာ ရှိတယ်။

အဲဒီအထဲမှာ ငရဲသားတွေ တစ်ဦးတစ်ဦးလဲ အချင်းချင်း မမြင်ရဘူး၊ ရွရွ ရွရွနဲ့ နံရံကြီးကို ဖက်ပြီး ကုတ်ပြီး တွဲပြီး ဖက်ပြီးတော့ သွားနေကြတာ လင်းနို့ကလေးများလိုပဲ၊ ကျောက်နံရံကြီးကို ဖက်ပြီးတော့ သွားနေကြတာ၊ လက်နဲ့ ကုတ်ပြီးတော့ သွားနေကြတာ၊ စားစရာလဲ မရှိဘူး ဘာမှလဲ မမြင်ရဘူး၊ တစ်ဦးအနား တစ်ဦးရောက်တော့ အစာထင်ကာ ဟတ်လိုက်တာ၊ တစ်ခါတည်း လွတ်ကျပြီးတော့ အင်မတန်အေးတဲ့ ငရဲထဲ ကျသွားတာ မွမွကို ကြေသွားရရှာတယ်။

အဲဒီလို ငရဲခံနေရတဲ့ သင့်ကို ငါက ဘယ်လိုလုပ်ပြီးတော့ တောင်းမတုန်း၊ ကြွေးမပေးနိုင်ဘူး သင့်ကို ကြွေးမပေးနိုင်ဘူး၊ သင့်မှာ ငွေပြန်ရဖို့ရန် မမြင်ဘူးတဲ့၊ ငရဲအကြောင်းတွေ ဟောလိုက်တာ ရစရာမရှိဘူး၊ နည်းနည်း ကိုယ်ရေးကိုယ်တာ ကျတော့ ထိတ်လာပြီ၊ "မတော်လို့ ငါ ငရဲကျသွားရင် ဒုက္ခ ဒုက္ခ သူပြောတဲ့ငရဲ ကျလိုက်ရင် ဒုက္ခ ဒုက္ခ" ထိတ်လာပြီ၊ ဟိုက ငရဲတွေ ဟောလိုက်တာ၊ ဟို လက်ပံပင်ငရဲဆိုတာ လက်ပံဆူးတွေနဲ့ နောက်ပြီးတော့ လက်နက်တွေနဲ့ ရိုက်ပြီးတော့ အတင်းတင်တာပဲ၊ အဲဒီလို တင်နေတဲ့ အသင့်ကို ငါက လိုက်ပြီး ကြွေးတောင်းလို့ ဖြစ်ပါ့မလား ငါမပေးနိုင်ဘူး။

အင်း… သင်က ငရဲကို သည်လို ကျမှာ ကျမှာ ကျမှာနဲ့ ငရဲအကြောင်းတွေ ပြောလာတော့ ထိတ်လာပြီ၊ နောက်တော့ ကောင်းကောင်းကျင့်တဲ့ပုဂ္ဂိုလ်တွေက နတ်ပြည်ရောက်တော့ ဘယ်လိုချမ်းသာတယ်ကိုလို့ နတ်ချမ်းသာကို ပြောပြန်တာကိုး၊ ဒီတိုင်းသူပြည်သားတွေလဲ ရှင်ဘုရင့်သမီးတော် တရားဟောလို့ မရလို့ ယခု ဗြဟ္မာ့ပြည်က လာပြီး ရသေ့က တရားဟောနေသတဲ့၊ တိုင်းသူပြည်သားတွေလဲ ဒီမိစ္ဆာအယူကို စွန့်စေချင်တာကိုး၊ တချို့ကလဲ နားထောင်ကြတယ်၊ နားထောင်တော့ ဗြဟ္မာ့တန်ခိုးကြောင့် ကြားကြတယ်၊ တိုင်းသူပြည်သားတွေကလဲ မိစ္ဆာအယူတော့ လွတ်တော့မှာပဲလို့ သဘောပေါက်နေကြတယ်။

ဒါနဲ့ တိုင်းသူပြည်သားတွေ ဝမ်းသာအားရနဲ့တစ်ခါ နတ်ပြည်အကြောင်းတွေ ဟောပြန်ရော ဥပုသ်သီတင်း ဆောက်တည်လို့ ဒါနပြုလို့ နတ်ပြည်မှာ သည်လိုခံစားရတယ်၊ သည်လို ခံစားရတယ်၊ စောစောစီးစီးကလဲ ရုစာမင်းသမီးက နတ်ပြည်အကြောင်းကို ပြောထားတာ ဖြစ်တယ်၊ ဘုရင်ကြီး ငိုင်နေတယ်၊ တွေးလို့၊ အဲဒီနတ်ပြည်အကြောင်းတွေလဲ ဟောပြီးရော ဘုရင်ကြီး မိစ္ဆာအယူစွန့်လွှတ်ပြီးတော့ တမလွန်လောက ရှိတယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါရော၊ အဲဒီမှာ အားလုံး ဝမ်းသာအားရဖြစ်ပြီး မိစ္ဆာအယူက လွတ်လဲလွတ်ပြီးရော၊ ဗြဟ္မာမင်းကြီးကလဲ ဗြဟ္မာ့ပြည်ပြန်သွားရော၊ ရုစာလဲ အင်မတန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားတယ်။

ကောင်းတဲ့ကံတွေ ပြုကြ

ဒါကြောင့်မို့လို့ ဘုန်းကြီးတို့ တရားတော်ကလေ ခုချက်ချင်း ကုသိုလ်ပြုရင် ခုဘဝ အကျိုးပေးတယ်၊ ဒီလိုက မသေချာဘူး၊ သေချာတာက ဂရုကကံပဲ ရှိတယ်၊ ကောင်းတဲ့ထဲက ကံတို့ ဈာန်တို့ ဒီကံတွေ ဒီဈာန်တွေ ဟိုဖက်ဘဝ သေချာတယ်။

မကောင်းတဲ့ကံထဲက အမိ အဘ သတ်တာတို့ ရဟန္တာသတ်တာတို့ ဟိုဘဝမှာ အပါယ်လားမှာ သေချာတယ် အကျိုးပေးမယ်။

ဒိပြင်ကံတွေကတော့ အခွင့်ရှာရပါတယ်၊ အခွင့်ရှာလို့ အခွင့်သာတော့မှ လိုက်ပြီးတော့ အကျိုးပေးတယ်၊ အဲဒီလို အကျိုးပေးတဲ့ အခွင့်ကောင်း အခါကောင်းကို လက်မလွတ်အောင် ခုဘဝက ကောင်းတဲ့ကံတွေချည်း ပြုဖို့ရန် ဘုန်းကြီးတို့ တာဝန်ရှိပါတယ်၊ အဲသလို ကံတွေကို ကိုယ်စီကိုယ်ငှ ပြုကြရပါမယ်။

ဒီ ပဋ္ဌာန်းတရားတော်က ကမ္မပစ္စည်းနဲ့ လိုက်ပြီးတော့ ဝိပါကပစ္စည်းနဲ့ အကျိုးပေးပုံတွေကို ပြုနေပါတယ်၊ ကမ္မပစ္စည်း ဝိပါကပစ္စည်း ဆိုပေမယ်လို့ အခွင့်သင့်မှ အကျိုးပေးတယ်ဆိုတာကို ဘုန်းကြီး မနက်ဖြန်မှ ဆက်ပြီးတော့ ဟောပါမယ်။

နာနာပ္ပကာရဋ္ဌာနာနိ၊ ဗောဓိတာနေတ္ထ မုနိနာ။
အနန္တနယ ပဋ္ဌာနံ၊ ဝန္ဒေ အနန္တ ဂေါစရံ။

ဧတ္ထ - အနန္တနယ သမန္တပဋ္ဌာန်းကျမ်းတော်ကြီး၌၊ မုနိနာ - မုနိထွတ်တင် ဘုရားရှင်သည်၊ နာနာပ္ပကာရဋ္ဌာနာနိ - ဟေတု အာရမ္မဏ စသည်များစွာ အကြောင်းအရာတို့ကို၊ ဗောဓိတာနိ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာ ကျန သိပြီးမှလျှင် များလှဝေနေ သိစေတော်မူအပ်ခဲ့လေပြီ၊ အနန္တ ဂေါစရံ - အဆုံးမရှိ ကုန်အောင်သိသည့် ဉာဏ်တော်၏သာ ကျက်စားရာ ဖြစ်တော်မူသော၊ တံ အနန္တနယ ပဋ္ဌာနံ - မြားမြောင်ပေါယယ် နည်းစုံကြွယ်သား, ကြီးကျယ် မြင့်မော် ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊ ဝန္ဒေ - တစ်သက်တစ်ခါ ကြုံခဲစွာဖြင့် ကြုံလာသည့်ခိုက် ဦးဖြင့်တိုက်၍ နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ပါ၏ဘုရား။

သာဓု… သာဓု… သာဓု။

အခြေပြု ပဋ္ဌာန်းတရားတော်

အဋ္ဌမနေ့

၁၃၃၅-ခု၊ နှစ်ဆန်း ၁-ရက်။ ၁၉၇၃-ခု၊ ဧပြီလ ၁၆-ရက်။

ဒါနထက် သီလသာခြင်း

ကမ္မပစ္စည်းနဲ့ ဝိပါကပစ္စည်းကို ထပ်ပြီးတော့ ဟောရပါဦးမယ်၊ ဘုန်းကြီးတို့ သာသနာမှာ ကံနှင့် ကံ၏အကျိုးကို မပိုင်လို့ရှိရင် ဘာမှလုပ်လို့ ခရီးမရောက်ပါဘူး၊ ရဟန်းသံဃာအဖြစ်နဲ့ နေလဲပဲ ကံနဲ့ ကံရဲ့အကျိုးကို ကောင်းကောင်း နားလည်မှ နေလို့ ကောင်းပါတယ်၊ သာသနာပြုတဲ့ ဒကာ-ဒကာမအဖြစ်နဲ့ နေလဲပဲ ကံနဲ့ ကံရဲ့အကျိုးကို ပိုင်နေမှ သာသနာပြုတတ်ပါတယ်၊ ဗုဒ္ဓဘာသာများက လူဝတ်ကြောင်များက တို့တာဝန်ဟာ လှူဖို့ပဲလို့ ဒီလို ထင်နေပါတယ်၊ ကံနဲ့ ကံရဲ့အကျိုးထဲမှာ ဒါနထက် သီလသာတယ်ဆိုတာကို သူတို့ သဘောမပေါက်ပါဘူး၊ သဘောမပေါက်တော့ကာ ကံနဲ့ ကံရဲ့အကျိုးကို မရှင်းမလင်းဘူး၊ အမှန်ကတော့ သီလကို အခြေခံပြီးတော့မှ ရောင်းရ ဝယ်ရတယ် ဆက်သွယ်ရတယ် စကားပြောရတယ်။

သီလပြီးတော့မှ အထိုက်အလျောက် ပိုတာ လျှံတာကို သို့မဟုတ် မိမိဝါသနာပါတာကို လှူရတယ်၊ သီလမပါဘဲနဲ့ ဒါနချည်း သွားနေလို့ရှိရင် ဘဝတောင်မှ ကောင်းကောင်း သုဂတိ မရောက်နိုင်ပါဘူး။

စိတ်ကောင်းရှိဖို့ ပထမ

တစ်ခါ ဘုန်းကြီးတို့ ရဟန်းတော်များလဲပဲ ခေတ်အားလျော်စွာ စာသင်မှ၊ ဒီလိုထင်ပြီး စာကိုပဲ သင်ကြပါတယ်၊ ပို့ချပါတယ်၊ ခုနကပဲ သံဃာတော်များ ရွတ်တဲ့ဂါထာထဲမှာ သီလကို အခြေမခံရင်တော့ အထက်မတက်နိုင်ဘူး၊ သာသနာတော်မှာ သီလသာ အခြေခံဖြစ်တယ်၊ တရားဂါထာက သည်လိုပဲ လမ်းညွှန်နေပါတယ်၊ ဒါကြောင့် ဘုန်းကြီးကျောင်းမှာ အဲ - "စိတ်ကောင်းရှိဖို့က ပထမ" စိတ်မကောင်းဘဲနဲ့ ဘုန်းကြီးလုပ်နေတာကိုက မှားတယ်၊ ဘုန်းကြီးလုပ်ချင်ရင် ကိုရင် သာမဏေ ရဟန်းလုပ်ချင်ရင် ကုသိုလ်ရလွယ်တဲ့ စိတ်ကောင်းကို အထက်ဆုံးထားမှ ဖြစ်မယ်။

ဒါကြောင့် "စိတ်ကောင်းရှိဖို့က ပထမ"၊ စိတ်ကောင်းရှိပြီးတော့ ဘာလုပ်ရမလဲ၊ ခုနက ဝိနည်း သီလပေါ့၊ "ဝိနည်း သီလ လေးစားဖို့က ဒုတိယ" ပြီးတော့မှ ရှေ့လျှောက်ပြီးတော့မှ စာတတ်ဖို့ ကျတော့ "ဒသမ" ဆယ်ခုမြောက်ကျမှ စာတတ်ဖို့ လမ်းညွှန်ထားတယ်။

လူများမှာလဲပဲ ဒီလိုပဲ စိတ်ကောင်းရှိဖို့ အင်မတန် ကြိုးစားရတယ်၊ လောဘကြီးတဲ့လူက လောဘကို လျော့လို့နေအောင် ဒေါသကြီးတဲ့လူက ဒေါသကို လျော့လို့နေအောင် မာန်မာနရှိတဲ့လူက မာန်မာနတွေ မရှိသလောက် ကင်းသွားအောင် မနာလိုဝန်တိုတတ်တာကို ဣဿာ မစ္ဆရိယ ခေါ်တယ်၊ အဲဒီ ဣဿာ မစ္ဆရိယ မရှိသလောက်ဖြစ်အောင် ကြိုးစားကြရတယ်၊ ဒါမှ စိတ်ကောင်းတယ်။

အဲဒီက ဟိုဖက်တော့ မရှိဆင်းရဲတဲ့သူတွေကို လှူချင်လှူပေါ့ လှူနိုင်ရင် လှူစွန့်ကြဲနိုင်ရင် စွန့်ကြဲ၊ မရှိဆင်းရဲတဲ့သူတွေကို ပေးကမ်းနိုင်ရင် ပေးကမ်း ဒီလို လုပ်ရပါတယ်၊ ပြီးတော့မှ တစ်ဆင့်တက်ပြီး ဘာဝနာနဲ့ နေရပါတယ်။

ကံရဲ့ သတ္တိလိုက်ပုံ

ယခုတော့ကာ အဲဒီအစီအစဉ်တွေကို နားမလည်ကြဘူး၊ နားမလည်ကြတော့ ယနေ့ ကံရဲ့အကျိုးပေးပုံ ကံရဲ့သတ္တိလိုက်ပုံကို ဘုန်းကြီး ပြောပြပါ့မယ်၊ အင်မတန် သိမ်မွေ့ပါတယ်၊ အင်မတန် သိမ်မွေ့ပါတယ်၊ ဒီ ကုသိုလ်ကံ အကုသိုလ်ကံ ပြုကြရော၊ ပြုတော့ကာ ဒီကံက ပြုပြီးတော့ရင် ချုပ်သွားတာပဲ၊ ခုဘုန်းကြီး ကုသိုလ်စေတနာတွေနဲ့ ပြောနေတာ၊ ပြောနေတဲ့ စေတနာတွေဟာ ဖြစ်ပြီးပျက်၊ ပျက်ပြီးဖြစ်၊ ဖြစ်ပြီးပျက်၊ ဒီက ပြန်သွားတော့ ကျောင်းကို ပြန်သွားတယ်ဆိုရင် ဒီစေတနာတွေဟာလေ လုံးလုံး မရှိသလောက် ပျောက်သွားတယ်၊ အဆက်ပြတ်သွားတယ်။

ပြီးတော့ ဒီ စေတနာဆိုတဲ့ ကံက ဘယ့်နှယ်လုပ်ပြီးတော့ ဘဝတစ်ခု နောက်ဘဝမှာ အကျိုးပေးနိုင်ပါ့မတုန်း၊ အင်မတန် သံသယဖြစ်စရာ၊ အင်မတန် ယုံမှားစရာ ဖြစ်တယ်၊ ဒီတော့ကာ ဟိုမနေ့က ပြောတဲ့ ကုသိုလ်ဇော အကုသိုလ်ဇောဇောဆိုတဲ့စကားဟာ အင်မတန် ပြင်းတယ်၊ ဒိပြင်စိတ်တွေနဲ့ မတူဘူး၊ ဆိုပါတော့ အိပ်ပျော်ပြီးတော့ နေတဲ့အခါမှာတော့ ဖြစ်တဲ့စိတ်တွေဟာ ဝိပါက်စိတ်လို့ ခေါ်တယ်၊ ဝိပါက်ဆိုတာ ရှေးကံရဲ့အကျိုး ဖြစ်နေတာ။

အိပ်ပျော်နေတုန်းမှာ ရှေးကအကျိုးပေးနေတဲ့ ဝိပါက်တွေပဲ ဖြစ်နေပါတယ်၊ ငြိမ်လို့ ဒါပြောပြီးပြီနော်၊ ဇောက သည်လိုမဟုတ်ဘူး၊ လှုပ်လှုပ်ရွရွ ဗျာပါရ သိပ်ရှိတယ်၊ ဇောတွေက ဝိပါက်စိတ်တွေလို ငြိမ်မနေဘူး ဆိုပါတော့၊ ခုဘုန်းကြီး အသံထွက်နေတဲ့ စိတ်ဟာ ဇောစိတ်တွေ အများကြီး ဖြစ်နေတယ်၊ အဲဒီ ဇောစိတ်တွေကြောင့် စိတ်တွေလှုံ့ဆော်မှုကြောင့် ဒီအသံထွက်လာတာ၊ ဇောစိတ်တွေ လှုံ့ဆော်မှုဟာ ဘယ်လောက်များ ကျယ်ပြန့်သတုန်းဆိုတော့ ပီပီသသပဲ အသံသွင်းတဲ့ပုဂ္ဂိုလ်များကိုလဲ ရစေချင်တယ်၊ နားထောင်နေတဲ့ သံဃာတော်များ ဒကာ-ဒကာမများကိုလဲ နားလည်စေချင်တယ်၊ ဗျာပါရတွေ ဗျာပါရတွေ၊ အသံတစ်ခု ထွက်ရုံတင်မကဘူး၊ စိတ်ထဲမှာ ဗျာပါရတွေ များတယ် များလိုက်တာ၊ အဲဒီ စိတ်ဇော ဗျာပါရများတဲ့အထဲမှာ စေတနာဆိုတာ သတ္တိအရှိဆုံးပဲ။

ဥပမာတစ်ခု အသင်းအဖွဲ့မှာ ဆိုပါတော့ ဥက္ကဋ္ဌလဲ ရှိတယ်၊ အကျိုးဆောင်လဲ ရှိတယ်၊ အသင်းသူအသင်းသားများလဲ ရှိတယ်၊ ဒါပေမယ့် အကျိုးဆောင်လုပ်တဲ့ပုဂ္ဂိုလ်မှာ ဗျာပါရတွေ များလိုက်တာ အစည်းအဝေးလာအောင်လဲ ကြိုးစားရတယ်၊ အစည်းအဝေးရောက်တော့လဲ သူတို့ကောင်းကောင်းမွန်မွန် နေနိုင်အောင် ကြိုးစားရတယ်၊ ဒီအစည်းအဝေးနဲ့စပ်ပြီးတော့ ပြောစရာ ဆိုစရာကိုလဲ စီစဉ်ရတယ်။

ဥက္ကဋ္ဌကြီးက ဥက္ကဋ္ဌလုပ်ပြီးတော့ အုပ်ချုပ်ရုံပဲ ရှိပါတယ်၊ အကျိုးဆောင်မှာ ဗျာပါရများလိုက်တာ ဒါ လက်တွေ့ စာထဲမှာ ဘယ်လိုဆိုလဲဆိုတော့ ဒီကျောင်းသားတွေ ကျောင်းဆရာက၊ စာပြတဲ့ဆရာက အုပ်ချုပ်နေပေမယ့် ပြောပြနေပေမယ့် ဒီထဲ လက်ထောက်ဆရာက သိပ်ဗျာပါရများတာပဲ၊ ကျောင်းသားတွေ ငြိမ်ငြိမ်နေဖို့ရန်လဲ သူကြိုးစားတယ်၊ အလုပ်တစ်ခုကို အထမြောက်အောင်လဲ ကြိုးစားတယ်၊ ဆရာကြီးပြောတာလဲ နားထောင်တယ်၊ သူများထက် နှစ်ဆလောက် လုံ့လဝီရိယ ဗျာပါရများနေတယ်၊ လုံ့လဝီရိယတော့ မဆိုပါနဲ့၊ လုံ့လ ဝီရိယကလဲ စေတသိက်တစ်ပါးမို့ စေတနာကလဲ စေတသိက်တစ်ပါးမို့၊ အဲဒီ စေတနာမှာ ဗျာပါရ များနေလိုက်တာ။

ဒါကြောင့်မို့လို့ ကိစ္စတစ်ခုကို ဦးစီးပြီးတော့ လုပ်ကြတဲ့အခါမှာ ဗျာပါရများတဲ့ စေတနာက သူများထက် ဗျာပါရ ကြီးလာလို့မို့ ကြီးနေလို့မို့၊ အဲဒီ စေတနာကို ကံလို့ ခေါ်တယ်၊ အမှုသည် လက်သည် ကောင်းတဲ့အလုပ်လဲ သူပဲ၊ အလုပ်လက်သည်၊ မကောင်းတဲ့အလုပ်လဲ သူပဲ၊ အလုပ်လက်သည်။

လူတစ်ယောက်ကို တကတည်း ဝိုင်းပြီးတော့ သတ်လိုက်ကြတာ၊ တစ်ယောက်ကတော့ အင်မတန်ကို တကတည်း ပြင်းပြင်းထန်ထန် သတ်ပုတ်လိုက်တယ်၊ အဲ… သူ့ကို စွဲချက်တင်ရတာပဲ၊ သူသတ်တာ၊ အဲဒီလို တကတည်း ဗျာပါရများတဲ့သူမှာ လက်သည်ဘယ်သူဖြစ်သတုန်းဆိုရင် ဒီလိုပဲ၊ ကုသိုလ်ကောင်းမှုပြုတဲ့နေရာမှာလဲပဲ ဒီလိုပဲ၊ အင်မတန် ဗျာပါရများတဲ့သူဟာ သူပဲ၊ ဒီအလုပ်လုပ်တာ သူ့အလုပ်ပါပဲ၊ အဲ… သူလက်သည်ပါပဲ၊ စေတနာက ဒီသဘောရှိတယ်၊ စေတနာဆိုတာ စေတသိက်တစ်ပါး၊ သဒ္ဓါတို့လို၊ ဝီရိယတို့လို၊ ပညာတို့လို စေတနာကလဲ စေတသိက်တစ်ပါးပါပဲ၊ ဒါပေမယ့် ကိစ္စတစ်ခုမှာ သူအင်မတန် ကြောင့်ကြ ဗျာပါရများတယ်။

ဒါကြောင့် ကံ ဘယ်သူ့ကို နာမည်တပ်မလဲဆိုရင် -

"စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ"

စေတနာကိုပဲ ကံလို့ လက်သည် အမှုသည်လို့၊ အဲသလို ဗုဒ္ဓမြတ်စွာက နာမည်တပ်တော်မူတယ်၊ အဲဒါ စေတနာ၊ ကောင်းပြီ ဒီစေတနာဟာ ချုပ်သွားတာပဲ ထုံးစံကိုး၊ ရုပ်နာမ်ထုံးစံအတိုင်း ချုပ်တာပေါ့၊ လက်ဖျစ်တစ်ချက်တီးမှာ ဒီစေတနာတွေဟာ ကုဋေတစ်သိန်းမက ဖြစ်နေတာပဲ၊ ဖြစ်တိုင်းလဲ ပျက်နေတာပေါ့၊ ဒါ့ပြင် စေတနာဟာ ဘာနဲ့လုပ်ပြီးတော့ အကျိုးပေးဦးမှာတုန်း၊ ဒီမှာပေါ့ ဉာဏ်က အရေးကြီးသွားပြန်တာ၊ တစ်ခါ ဒီစေတနာက နောက်ဘဝ အကျိုးပေးပြန်တယ်၊ "အို - ဖြစ်နိုင်စရာမရှိပါဘဲလား" လို့ သံသယဖြစ်စရာ ရှိတယ် သံသယဖြစ်စရာ ရှိတယ်။

ဒီစေတနာကပဲ တကတည်း အင်မတန် ကမ္ဘာပေါင်းများစွာ ကြာနေတောင်မှ အကျိုးပေးနိုင်သေးသတဲ့၊ သံသယဖြစ်စရာ ရှိတယ်၊ ဒီတော့ ဘုန်းကြီးတို့ရဲ့ တရားတော်က အင်မတန် ကြည်ညိုစရာ ကောင်းပါတယ်၊ "ဗုဒ္ဓမြတ်စွာရဲ့ သဗ္ဗညုတ ဉာဏ်တော်ကြီးက အင်မတန်မှ ကြည်ညိုစရာ ကောင်းပါတယ်"၊ အဲဒီတရားတော်ကို သန့်ရှင်းသထက် သန့်ရှင်းအောင်လို့ မြတ်စွာဘုရားထံ မေးလို့မြန်းလို့ လျှောက်လို့ထားလို့ လာပြီးတော့ တစ်ဆင့် ကျမ်းစာအဖြစ်နဲ့ ရှင်မဟာကဿပတို့က သင်္ဂါယနာတင်ထားခဲ့လို့ နောက်နောက် ပညာရှိတွေက ထပ်ထပ် ထပ်ထပ်ပြီးတော့ နားလည်အောင် ကြိုးစားပြီးတော့ ဒီအဓိပ္ပာယ် ပြောထားတာ၊ ဘုန်းကြီးတို့ လက်ထက်ကျတော့ သိပ်သန့်ရှင်းသွားပြီ၊ ဒီစေတနာဟာ ဘဝသံသရာမှာ လိုက်လာပုံ သိပ်ရှင်းသွားပြီ၊ ဘုန်းကြီးကလဲ ဘုန်းကြီးတို့ နားလည်တဲ့အတိုင်း ပြောပြဦးမယ်။

အရှိန်သတ္တိ ကျန်ရစ်နေခြင်း

သန္တာနေတံ ကမ္မံ နာမ၊ န နိရုဇ္ဈတိ သဗ္ဗသော။
သဝိသေသံ နိဓေတွာပိ၊ သမယမှိ ဝိပစ္စိတုံ။

သန္တာနေ - သတ္တဝါတို့ သန္တာန်၌၊ (သန္တာန်ဆိုတာ ရုပ်အစဉ် နာမ်အစဉ်လို့ ခေါ်တယ်၊) ဧတံ ကမ္မံနာမ - ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးဖန် ကံဟုခေါ်ရိုး ဤ စေတနာမျိုးသည်၊ နိရုဇ္ဈမာနံ - အကြောင်းအားလျော်စွာ ချုပ်ပျောက်ရသည်ရှိသော်၊ သဗ္ဗသော - ကြွင်းမဲ့ဥဿုံ အရှိန်ကုန်အောင် လုံးစုံခပင်း မချန်ခြွင်းပဲ၊ န နိရုဇ္ဈတိ - ပြီးပြီးပျောက်ပျောက် အနေရောက်အောင် ချုပ်ပျောက်ပျက်စီး၍ အချည်းနှီး မဖြစ်ချေ။

(ချုပ်တော့ ချုပ်တယ်၊ ရုပ်နာမ်ထုံးစံအတိုင်း ချုပ်တာပေါ့၊ ချုပ်ပေမယ်လို့ အချည်းနှီးပျောက်သွားအောင် ဘာမှမကျန်အောင် အဲဒီလို ချုပ်တာတော့ မဟုတ်ပါဘူး၊ ဒါ သိပ်စဉ်းစားစရာ ကောင်းတယ်။)

သဝိသေသံ - မိမိတွက်တာ မပျက်သာအောင် ထက်စွာ ကျစ်လျစ် သတ္တိနှစ်ကို၊ (ဤ ကမ္မပစ္စည်းပေါ့၊) နိဓေတွာပိ - မကင်းအမှန် အရင်းခံဖို့ သွင်းနှံမြှုပ်ထား၍သာလျှင်၊ (ဒီချုပ်တော့ ချုပ်တယ်၊ ချုပ်ပေမယ်လို့ သူ့ရဲ့သတ္တိကို ဒီခန္ဓာအစဉ်ထဲမှာ မြှုပ်ပြီးတော့ သွားတယ်၊ ဒီခန္ဓာအစဉ်ထဲ သတ္တိကျန်ရစ်တယ်လို့ ဆိုလိုတယ်။)

ဥပမာ - ဒီမိဘ သတ္တိအရှိန်ရှိတဲ့ မိဘ၊ သတ္တိအရှိန် မရှိတဲ့ မိဘ၊ ဒါကို မြင်ကြမှာပေါ့၊ တချို့မိဘတွေ ဘာသတ္တိ ဘာအရှိန်မှ မရှိဘူး၊ သေသွားတာပဲ၊ သားသမီးတွေအပေါ်မှာ ဘာအရှိန်မှ မကျန်ရစ်ဘူး၊ တချို့မိဘတွေကတော့ ကွယ်လွန်သာသွားတယ်၊ အရှိန်ကျန်ရစ်တယ်၊ သူက ဘယ်သူ့သား သူက ဘယ်သူ့သမီးနဲ့၊ အဲဒီအရှိန်ကျန်ရစ်တယ်၊ ဒါတော့ လူတွေ နားလည်မှာပေါ့၊ "ဟုတ်တယ်" ကျန်ရစ်တယ်၊ တချို့မိဘတွေ အရှိန်မကျန်ရစ်ဘူး၊ တချို့မိဘတွေ အရှိန်ကျန်ရစ်တယ်၊ "ဟုတ်တယ်"။

တစ်နေ့က ဥပမာပြောတယ်၊ စကြဝတေးမင်းများကျတော့ စကြာမင်းကြီး နတ်ရွာစံတယ်ဆိုလို့ရှိရင်ပဲ သားရှင်ဘုရင်ဖြစ်ဖို့ သေချာတယ်၊ စကြာမင်းရဲ့အရှိန်ဟာ သားတော်အပေါ် ကျန်ရစ်တယ်၊ ဒိပြင်လူဟာ ရှင်ဘုရင် မဖြစ်နိုင်ဘူး၊ ဒီသားတော်ကြီးဟာ ရှင်ဘုရင်ဖြစ်မှာ သေချာတယ်၊ ကောင်းကောင်း ကျန်ရစ်တယ်။

ဘာပြုလို့တုန်း အရှိန်ကျန်ရစ်တယ်၊ အရှိန်ကျန်ရစ်တယ်၊ အရှိန်ဆိုတာ အကောင်အထည် မဟုတ်ဘူး၊ သတ္တိပဲ၊ ဒီတော့ ဘုန်းကြီးတို့ ဒီအိပ်ပျော်ပြီးတော့ နေတဲ့စိတ်တွေ အိပ်မက်တောင် မမက်ဘူး၊ အိပ်ပျော်ပြီးတော့ နေတဲ့အခါဖြစ်တဲ့စိတ်တွေဟာ ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက် ချုပ်နေတာပဲ၊ ခန္ဓာအစဉ်မှာ သတ္တိကျန်ရစ်မလား၊ ဘာမှ မကျန်ရစ်ပါဘူး။

အဲဒီစိတ်မျိုးလိုပဲ၊ သွားရင် ဟိုနားဒီနားမြင်လို့မို့ စိတ်တွေဖြစ်လိုက်တာ၊ ဘာသတ္တိမှ မကျန်ရစ်ပါဘူး၊ ဟိုနားဒီနားကိုလဲ ဂရုမစိုက်ပေါင်၊ စိတ်တွေဖြစ်လိုက်တာ ဘာသတ္တိမှ မကျန်ရစ်ဘူး၊ မည်မည်ရရ ယခုလို ဘုန်းကြီးတို့ တရားစိုက်ပြီးတော့ နာနေတယ် တရားဟောပြီးတော့ နေတယ်၊ အဲဒီကမှ ခုနကဖြစ်တဲ့ ဇောစေတနာတွေ ချုပ်သွားတယ်၊ ချုပ်သွားပေမယ်လို့ သတ္တိကျန်ရစ်ပါတယ်။

ဘယ်လိုအတွက် ကျန်ရစ်သတုန်း၊ နောင်အခွင့်သင့်တဲ့အခါမှာ အကျိုးပေးဖို့ရန် ဖြစ်တယ်၊ သူ့ချည်းတော့ အကျိုးမပေးနိုင်ဘူး၊ အကြောင်းတိုက်ဆိုင်မှ အခွင့်သင့်မှ ပေးနိုင်တာ၊ ဒါ နားလည်ထားပါ၊ သူ့ချည်း ပေးနိုင်တာကတော့ မနေ့တုန်းက ပြောတဲ့ ဂရုကကံ ဈာန်တွေက သူ့ချည်းပေးနိုင်တယ်၊ ဒိပြင်အဖော်မလိုဘူး၊ အခွင့်သင့်စရာမလိုဘူး။

မိဘကို သတ်တဲ့ကံတွေလဲ သူ့ချည်းကိုက အဝီစိချနိုင်တယ်၊ အဖော်မလိုဘူး၊ ဒါ အင်မတန် ကြီးကျယ်တဲ့ စေတနာတွေမို့ ပြီးတော့ မိဘကိုသတ်တယ်ဆိုတာ မိဘဂုဏ်က ဒိပြင်ဂုဏ်ရှိရှိမရှိရှိ ဒီသားသမီးရဲ့အပေါ်မှာ ကျေးဇူးတွေ အများကြီးရှိလို့၊ အဲဒါကြောင့် အကုသိုလ်ပြင်းထန်တယ်၊ သူ့ချည်းကိုက အကျိုးပေးတယ်၊ အဝီစိကို ချတယ်။

ဈာန်တရားတွေဆိုတာလဲ အင်မတန် သမာဓိကြီးကြီးမားမားနဲ့ ရတာမို့လို့ သူတို့ချည်း အကျိုးပေးတယ်၊ နောက်ဘဝ သူတို့ပဲ အခွင့်ရတယ်၊ ဒါ နားလည်ပါ။

ဒီလောက်မကြီးကျယ်တဲ့ ကုသိုလ်တွေကျတော့ အခွင့်ကောင်း အခါကောင်းကြည့်ပြီးတော့ အဲဒီအခါ အကျိုးပေးဖို့ရန် ခုနက ဘုန်းကြီး ခန္ဓာအစဉ်မှာ သတ္တိကို မြှုပ်ပြီးတော့ သွားရပါတယ်။

သန္တာနေ - သတ္တဝါတို့ သန္တာန်၌၊ ဧတံ ကမ္မံ နာမ - ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးဖန် ကံဟုခေါ်ရိုး ဤစေတနာမျိုးသည်၊ နိရုဇ္ဈမာနံ - အကြောင်း အားလျော်စွာ ချုပ်ပျောက်သည်ရှိသော်၊ သဗ္ဗသော - ကြွင်းမဲ့ဥဿုံ အရှိန်ကုန်အောင် လုံးစုံခပင်း မချန်ခြွင်းဘဲ၊ န နိရုဇ္ဈတိ - ပြီးပြီးပျောက်ပျောက် အနေရောက်အောင် ချုပ်ပျောက်ပျက်စီး၍ အချည်းနှီး မဖြစ်ချေ၊ သမယမှိ - အကြောင်းသင့်၍ အခွင့်လျော်ရာ အချိန်အခါ၌၊ ဝိပစ္စိတုံ - ဆိုင်ရာအကျိုးကို ပေးခြင်းငှာ၊ သဝိသေသံ - မိမိတွက်တာ မပျက်သာအောင် ထက်စွာကျစ်လျစ် သတ္တိနှစ်ကို၊ နိဓေတွာပိ - မကင်းအမှန် အရင်းခံဖို့ သွင်းနှံမြှုပ်ထားပြီး၍သာလျှင်၊ နိရုဇ္ဈတိ - ဥပါဒ် ဌီ ဘင် အစဉ်စေ့ရောက် ချုပ်ပျောက်ရပေသတည်း။

သာဓု… သာဓု… သာဓု။

ပါရမီ

ကံတွေ ဒါနကံတွေ၊ ဒါနပါရမီသတ္တိတွေ၊ နည်းနည်း ထပ်ပြောလိုက်ဦးမယ်၊ ပါရမီဆိုတာ လောကီစည်းစိမ်ကို တောင့်တတဲ့ကံကို ပါရမီလို့ မခေါ်ဘူး။

"ပရမာနံ - မြင့်မြတ်တဲ့ပုဂ္ဂိုလ်တို့၏၊ ဧသာ - ဥစ္စာဖြစ်တဲ့အကျင့်တည်း၊ ပါရမီ - မြင့်မြတ်တဲ့ပုဂ္ဂိုလ်တို့ရဲ့အကျင့်"

ဗုဒ္ဓမြတ်စွာအလောင်းအလျာ ဖြစ်ဖြစ် အဂ္ဂသာဝက မဟာသာဝကအလောင်းအလျာပဲ ဖြစ်ဖြစ် ဘိက္ခုနီအလောင်းအလျာပဲ ဖြစ်ဖြစ် ကုသိုလ်ပြုတယ်ပေါ့၊ သံသရာချမ်းသာကို လိုချင်လို့လား၊ မဟုတ်ပါဘူး၊ မဂ်ဖိုလ် နိဗ္ဗာန်မျက်မှောက်ပြုချင်လို့၊ မဂ်ဖိုလ် နိဗ္ဗာန်မြင်ချင်လွန်းလို့၊ အဲဒီလိုအနေမျိုးနဲ့ ပြုတဲ့ ဒါန သီလ ဘာဝနာကို ပါရမီလို့ ခေါ်ပါတယ်။

ဒါနပါရမီ

ဒီသာမန်သူတော်ကောင်းတွေလဲ ဒီပါရမီကို ဖြည့်နိုင်ပါတယ် ဖြည့်ကြရပါတယ်၊ ဟို… ဘဝသံသရာ ဘဝစည်းစိမ် လိုချင်တယ်ဆိုတာတော့ မတောင့်တကြနဲ့၊ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့သာ ဒီလိုသန့်သန့်ကြီးနဲ့ စိတ်သွားရင် ပါရမီဖြည့်တာပဲ၊ ဒီတော့ ဗုဒ္ဓမြတ်စွာရဲ့ အလောင်းအလျာဟာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းဆိုတော့ အင်မတန်ကြာခဲ့ပြီလေ၊ အဲဒီတုန်းက စပြီးတော့ ဒါနပါရမီတွေ စပြီး ဖြည့်တယ်လို့သာ ဆိုတာ စတာတောင်မဟုတ်ဘူး အရှိန်တော်တော် ရနေပြီ၊ အဲဒီ ဒါနပါရမီတွေ ဘဝတိုင်း ဘဝတိုင်း ပြု၊ စိတ် စေတနာ ဇောတွေ ဖြစ်၊ အဲဒီတော့ စေတနာတွေက ချုပ်သွားတာ သတ္တိက ခန္ဓာအစဉ်မှာ ကျန်ရစ်တယ်၊ နောင်တစ်ခါ ဒီလိုပဲ ဒါနတွေပြု၊ နောက်နောက်ဘဝမှာ စေတနာတွေ ဇောတွေက ချုပ်သွား၊ သတ္တိက ကျန်ရစ်တယ်၊ ဝေဿန္တရာမင်းဘဝအထိ ဒါနတွေ ပြု ချုပ်သွား၊ စိတ်စေတသိက်တွေက ဇောတွေက ချုပ်သွား၊ သတ္တိက ကျန်ရစ်တယ်၊ ဝေဿန္တရာမင်းဘဝကျတော့မှ ဒါနတွေ ပရမီတွေ ပြည့်ပြီ၊ သတ္တိတွေ ပြည့်နေပြီ သတ္တိတွေ လုံလောက်နေပြီ ဖြည့်ပြီး လုံလောက်နေပြီ။

အဲဒီကျတော့မှ ဗုဒ္ဓမြတ်စွာအလောင်း တုသိတာနတ်ပြည်မှာ သွားပြီးတော့ဖြစ်၊ တုသိတာနတ်ပြည်က ဆင်းတဲ့အခါ သိဒ္ဓတ္ထမင်းသားဖြစ်ပြီးတော့ ဘုရားဖြစ်ရတယ်၊ ပါရမီတွေကို ဖြည့်ကို ဖြည့်ရတယ်၊ ခုနကလို သတ္တိတွေ ပြည့်ကို ပြည့်နေရတယ်။

မေတ္တာပါရမီ

ဗုဒ္ဓမြတ်စွာအလောင်းအလျာ တောထွက်ပြီဆိုလို့ရှိရင် တောထဲမှာ ဘာလုပ်ပြီးတော့ နေသလဲဆိုရင် မေတ္တာပို့နေတာ၊ "သတ္တဝါတွေ ချမ်းသာကြပါစေ"လို့ မေတ္တာပို့နေတာ၊ နဂိုကလဲ ဘုရားဖြစ်ချင်တာကိုး၊ နဂိုကလဲ ဘုရားဖြစ်ချင်တာကိုက "မေတ္တာတော် ကရုဏာတော် ကြီးမားတော်မူလွန်းလို့" ဘုရားဖြစ်ဖို့ရန် ကြိုးစားတော်မူပါတယ်။

အဲဒီတော့ တောထဲရောက်ရင်ကိုပဲ မေတ္တာပို့လို့ "သတ္တဝါတွေ ချမ်းသာကြပါစေ" လို့၊ အဲဒီ မေတ္တာပါရမီဟာ အဲ - ဇောစိတ်ဟာ ချုပ်သွားပြီ၊ သတ္တိကျန်ရစ်တယ် သတ္တိကျန်ရစ်တယ်၊ ဒါကြောင့် ဗုဒ္ဓမြတ်စွာလေ မေတ္တာပါရမီတော်ထုံပြီးတော့ လာခဲ့တာ၊ နောက်ဆုံး ဘုရားဖြစ်တဲ့ဘဝကျတော့ ပါရမီတော်တွေ ပြည့်နေပြီ၊ မေတ္တာပါရမီတော်တွေ ပြည့်သွားပြီ။

သစ္စာပါရမီ

သစ္စာပါရမီတော်တွေ မှန်တာချည်း ပြောတော်မူခဲ့တယ်၊ မှန်တာကို ပြောတယ် မှန်တာကို လုပ်တယ်၊ အဲဒီ သစ္စာပါရမီတွေ ဘုရားမဖြစ်ခင် ဖြည့်ခဲ့တာ၊ ဘုရားဖြစ်တဲ့ဘဝကျတော့ ပြည့်ပြီ ပြည့်ပြီ၊ ဒီသတ္တိတော့ ကျန်ရစ်လို့ ပြည့်ပြီလို့ ပြောနိုင်တာ၊ အကယ်၍ သတ္တိတွေရော ဘာတွေရော ဘာမှမကျန်ရစ်ဘူးဆိုရင် ပြီးပြီးပျောက်ပျောက် ဖြစ်သွားမှာပေါ့လေ၊ ပြီးပြီးပျောက်ပျောက်ပေါ့၊ ဘယ်ပြည့်တယ်လို့ ရှိလိမ့်မတုန်း၊ ယခုတော့ သတ္တိတွေ ကျန်ရစ်လို့မို့ ပြည့်ပြီ ပြည့်ပြီ၊ အဲဒီလို ဘုန်းကြီးက နားလည်ပြီးတော့ နေတယ်လေ။

ပညာပါရမီ

ဪ... ဒီဘဝ ပြုလိုက်တာ ကုသိုလ်တွေ ပညာတွေနှင့် ဆိုင်ရာကုသိုလ်တွေကို သိအောင်လဲ ဟောပေးတယ်၊ သိအောင်လဲ ရေးပေးတယ်၊ သိအောင်လဲ စဉ်းစားတယ်၊ ဘယ်လိုဟောမှ သိမတုန်း၊ ဘယ်လိုရေးမှ နားလည်မတုန်း၊ အဲဒီလို စဉ်းစားမှုပြုတဲ့ ပညာပါရမီတွေ၊ သတ္တိကျန်ရစ်တယ်၊ ဘဝသံသရာမှာ ဆိုလို့ရှိရင် "အဖျင်း အအ အန အထိုင်း" နိဗ္ဗာန်မရမချင်း ဘယ်တော့မှ မဖြစ်ဘူး၊ ဘယ်ဖြစ်မတုန်း၊ ပညာဓာတ်တွေက ထုံပြီးတော့နေလို့၊ ဒီဘဝမှာ ဒီလိုများ ဖြစ်လာတယ်။

ယခုလဲပဲ သံဃာတော်တွေ သိအောင် နားလည်အောင်၊ လူဒကာဒကာမတွေ သိအောင် နားလည်အောင် ယခုဟောတဲ့တရားလဲပဲ နားလည်အောင် စဉ်းစားပြီးတော့ နေရတယ်၊ ဘယ်လိုဟောရင် သူတို့ နားလည်မလဲဆိုတာ စဉ်းစားပြီးတော့ နေရတယ်၊ ဒီတော့ အဲဒီလို စိတ်စေတနာတွေ ချုပ်ပေမယ့် သတ္တိကျန်ရစ်တယ်၊ အင်မတန် ကောင်းတယ်၊ အင်မတန် ကောင်းတယ်။

အနန္တရသတ္တိနှင့်

ကောင်းပြီ၊ သတ္တိတွေ ကျန်ရစ်တယ်ဆိုတော့ အဲဒီသတ္တိ ဘယ်လို လိုက်လာတုန်းဆိုရင်၊ ယခု ပဋ္ဌာန်းတရားနာနေတာဖြစ်တော့ ရေးရေးကလေး ထင်ရမယ်နော်၊ စိတ်တွေဟာ အနန္တရ သတ္တိနဲ့ တစ်စိတ်ပြီး တစ်စိတ်ဖြစ်၊ တစ်စိတ်ပြီး တစ်စိတ်ဖြစ်၊ တစ်စိတ်ပြီး တစ်စိတ်ဖြစ်၊ ချုပ်သွား နောက်ဖြစ်၊ ချုပ်သွား နောက်ဖြစ်၊ ဟော - သတ္တိဟာ သတ္တိဟာ ရှေးစိတ်တွေပေါ်မှာလဲ ဖြစ်နေတယ်၊ သတ္တိတွေ အဲဒီရှေးစိတ်တွေပေါ်မှာလဲ ပါနေတယ်၊ ဒါလေး ဒါလေး နည်းနည်းကလေး ခက်သွားတယ်နော် နားလည်ပါနော်။

ရှေးစိတ်ချုပ်ပြန်တော့ နောက်စိတ်ဖြစ်ပြန်၊ နောက်စိတ်ဖြစ်ပြန်တော့လဲ သတ္တိက ပါလာတာပဲ၊ အဲဒီစိတ်ချုပ်သွားတော့ နောက်စိတ်ဖြစ်ပြန်တော့လဲ ဒီစိတ်မှာ ပါလာတာပဲ၊ ဒီသတ္တိတွေ၊ ဒီသတ္တိတွေဆိုတာဟာ ကိုယ့်ကိုယ်ကို ပြန်ကြည့်စမ်းပါ၊ ငါစကားပြောတတ်တဲ့သတ္တိရှိတယ် ငါသွားနိုင်တဲ့သတ္တိရှိတယ်၊ ငါရောင်းနိုင်ဝယ်နိုင်တဲ့သတ္တိရှိတယ် စသည်အားဖြင့် ကိုယ့်သတ္တိလေးတွေနှင့်ကို၊ အဲဒီသတ္တိဆိုတာ အကောင်အထည် မဟုတ်ဘူး၊ အကောင်အထည်မဟုတ်တော့ လေးမနေဘူး၊ သတ္တိတွေ ဘယ်လောက်များများ လေးမနေဘူး၊ အကောင်အထည်မှ မဟုတ်ဘဲ။

ဒါဖြင့် မရှိဘူးလား ရှိသားပဲ၊ ကိုယ်ကိုယ်တိုင်လဲ သိသား၊ ကိုယ်ဘယ်လောက်သတ္တိရှိတယ်ဆိုတာ၊ အကောင်အထည်မဟုတ်တော့လဲ တော်တော်လေးမနေဘူး၊ ဒီသတ္တိတွေ ဘယ်လောက်များများ လေးမနေဘူး။

သတ္တဝါတို့ ခန္ဓာအစဉ်မှာ၊ ဘုရားအလောင်းတို့ ခန္ဓာအစဉ်မှာ၊ စိတ်က တစ်စိတ်ပြီး တစ်စိတ်၊ တစ်စိတ်ပြီး တစ်စိတ်၊ ဖြစ်တိုင်းဖြစ်တိုင်း ဒီသတ္တိတွေ ကူးစက်ပြီးတော့ ပါလာတယ်၊ ဒါလေး နားလည်ပါနော်၊ ပျောက်မသွားပါဘူး ပျောက်မသွားပါဘူး။

သန္တာနေ - သတ္တဝါတို့ သန္တာန်၌၊ ဧတံ ကမ္မံနာမ - ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးဖန် ကံဟုခေါ်ရိုး ဤစေတနာမျိုးသည်၊ နိရုဇ္ဈမာနံ - အကြောင်း အားလျော်စွာ ချုပ်ပျောက်ရသည်ရှိသော်၊ သဗ္ဗသော - ကြွင်းမဲ့ဥဿုံ အရှိန်ကုန်အောင် လုံးစုံခပင်း မချန်ခြွင်းဘဲ၊ န နိရုဇ္ဈတိ - ပြီးပြီးပျောက်ပျောက် အနေရောက်အောင် ချုပ်ပျောက် ပျက်စီး၍ အချည်းနှီး မဖြစ်ချေ။

မကြောက်ကြနဲ့

ဝမ်းသာစရာလဲ ကောင်းတယ် အကုသိုလ်ကံတွေက ဒီလို လိုက်နေပါတယ်လို့ဆိုတော့ ကြောက်စရာ ကောင်းတယ်၊ အလို … ဘဝများစွာ သံသရာက အကုသိုလ်တွေလဲ ဘယ်လောက် ပြုလာခဲ့မှန်းလဲ မသိဘူး၊ နားလည်ပါနော်၊ အဲဒီ အကုသိုလ်ကံရဲ့ သတ္တိကလဲ ငါ့မှာ လိုက်နေတယ် လို့ ဒါလေး တွေးကြည့်ပါနော်၊ ဘဝများစွာ သံသရာက ကုသိုလ်တွေ၊ ဒီဘဝမှာလဲ ကုသိုလ်တွေ ပြုထား လိုက်တာ၊ အဲဒီ ကုသိုလ်တွေရဲ့ သတ္တိတွေကလဲ ငါ့ ခန္ဓာမှာ လိုက်နေပါလားလို့ ဒါလေး တွေးကြည့် ပါနော်၊ ဘုန်းကြီးလဲ တွေးကြည့်တယ်လေ၊ တွေးကြည့်တော့ ကြောက်စရာလား ဆိုတော့ ဘုန်းကြီး က ဒီလို ယူဆတယ်။

"ဘုန်းကြီးရဲ့ ခန္ဓာမှာ မပေးရင် မဖြစ်တဲ့ အကုသိုလ် ဂရုကံဆိုတာ မရှိပါဘူး၊ ရှိရင် ပေးပြီးပြီ၊ အမေ အဖေကို သတ်တဲ့အနေ ရောက်အောင်၊ မြတ်စွာဘုရား စော်ကားတဲ့ အနေရောက်အောင်၊ ရဟန္တာ ကြီးတွေ စော်ကားတဲ့ အနေရောက်အောင် အကုသိုလ်ကြီးတွေ ငါ့ သန္တာန်မှာ မရှိဘူး။

ဘုန်းကြီး သန္တာန်မှာ မရှိသလိုဘဲ၊ ဒကာ ဒကာမများ သန္တာန်မှာ မရှိဘူး၊ ဒီတော့ ကြောက်မနေနဲ့ သိပ် ကြောက်မနေနဲ့၊ အကျိုးမပေးရင် မနေနိုင်လောက်တဲ့ အကုသိုလ်တွေ အကျိုးပေးပြီးပြီ၊ ဘုန်းကြီးတို့မှာ မရှိပါဘူး။

---

ကုသိုလ်များများ လုပ်

ပြီးတော့ မလိုလဲ လိုလဲ အခွင့်သာရင် အကျိုးပေးမယ်ဆိုတဲ့ အကုသိုလ် ကတော့ ဘုန်းကြီးတို့ မှာလဲ ရှိတယ် အားလုံးမှာလဲ ရှိတယ်၊ အခွင့်သာရင် အကျိုးပေးမယ် ဆိုတဲ့ အကုသိုလ်ကတော့ အားလုံးမှာ ရှိတယ်၊ သိပ် ကြောက်မနေနဲ့၊ ကုသိုလ်တွေ များများလုပ်၊ အကုသိုလ်တွေက သူတို့ ပေးချင်တိုင်း ပေးလို့မရဘူး၊ အခွင့်သာမှ အကျိုးပေးမှာ၊ ကုသိုလ်ကလဲ အခွင့်သာမှ အကျိုးပေးမှာ၊ ဒီတော့ကာ တစ်စိတ်ပြီး တစ်စိတ်၊ တစ်စိတ်ပြီး တစ်စိတ် သတ္တိတွေ လိုက်နေတာ၊ နည်းတဲ့ သတ္တိတွေ မဟုတ်ဘူး၊ ဘဝများစွာက ဘုရားအလောင်းတို့လိုကျတော့ သတ္တိတွေနည်းတာ မဟုတ်ဘူးနော်၊ သတ္တိတွေ လိုက်နေတာ မပျောက်မပျက်ဘဲနဲ့ သတ္တိတွေ လိုက်လာတာ။

---

အာသန္နကံ အကျိုးပေး

ဒီတော့ ဘုန်းကြီးတို့ သေခါနီး စဉ်းစားကြစို့၊ သေခါနီးကျတော့၊ ဆိုပါတော့ မိနစ်အနည်းငယ် လောက်ကြာရင် သေတော့မှာ သူ့ဆိုင်ရာ ရောဂါ တစ်ခုခုကြောင့် သေတော့မှာ၊ သတ္တိတွေက လိုက်ရက်နော်၊ ကုသိုလ်တွေ အကုသိုလ်တွေ ကံရဲ့သတ္တိတွေ လိုက်ရက်နော်၊ သေခါနီးလဲ ပါရက်နော်၊ ဘယ်သူ အကျိုးပေးမလဲ၊ သိပ် အရေးကြီးပြန်တယ် သိပ် အရေးကြီးပြန်တယ်၊ ဒီတော့ကာ ဘုန်းကြီးတို့ အာရုံဆိုတဲ့ အာရမ္မဏ ပစ္စည်းကို ပြန်ပြီးတော့ သိထားပါ၊ အာရုံ မပါဘဲနဲ့ စိတ်ဟာ ဖြစ်ကို မဖြစ်ဘူး၊ အာရုံပါရပါတယ်၊ ယခု ဖြစ်နေတဲ့ စိတ်တွေလဲ အာရုံပါရပါတယ်၊ အာရုံမပါဘဲနဲ့ စိတ် မဖြစ်ပါဘူး။

ဒီတော့ သေခါနီးမှာ ကပ်ပြီးတော့ နေလို့ရှိရင် မနေ့တုန်းက ဘုန်းကြီး ပြောတယ်၊ အာသန္နကံ နီးတဲ့ကံက အကျိုးပေးတယ်နော်၊ အင်မတန် ကြီးလေးတဲ့ ဂရုကံ မရှိလို့ရှိရင် သေခါနီးပြုတဲ့ အာသန္နကံ အကျိုးပေးတယ်နော်၊ ဒါ ပြောတယ်၊ သေခါနီးကျတော့ လူက သတိမရဘူး၊ မေ့နေတယ်လို့ ဆိုဆို၊ စိတ်က ဖြစ်ရက်၊ စိတ်က ဖြစ်ရက် အာရုံတစ်ခုခု ယူလျက်၊ အဲဒီ အာရုံများက မကောင်းအာရုံဆိုလို့ ရှိရင်ပေါ့ အဲဒီ အာရုံနဲ့ ဆိုင်တဲ့ ကံက အကျိုးပေးတော့မှာပဲ။

---

သောဏမထေရ်ရဲ့ ဖခင်မုဆိုး

ဒီတော့ ဘုန်းကြီး ပြောမယ်၊ ရှေးတုန်းက သောဏမထေရ်ရဲ့ အဖေ မုဆိုး လုပ်နေ၊ ပြောလို့ မရဘူး တားလို့ မရဘူး၊ နောက် အင်မတန် အသက်ကြီးလာတော့ ဒီ ဒကာကြီး ဒီလိုဆိုရင် ငရဲသွားရ တော့မှာပဲ ဆိုပြီးတော့ အတင်း သင်္ကန်းဝတ် ပြီးတော့ တောထွက် ကိုယ်တော်ကြီး အလုပ်ခိုင်း၊ ကောင်းကောင်း အနေခိုင်း၊ သူတစ်သက်လုံး သူ့စိတ်အစဉ် ထုံလာတာက မုဆိုးအလုပ်နဲ့ ထုံလာတာ၊ စိတ်အစဉ်မှာ မုဆိုးအလုပ်၊ မုဆိုးအလုပ်၊ မုဆိုးအလုပ်နဲ့ ထုံလာတာ၊ နောက်ပိုင်းကျမှ သူတော်ကောင်း အနေမျိုးနဲ့ နေပေမယ့် သေခါနီး ကျတော့ မေ့မြောပြီး သွားတော့ ငရဲ နိမိတ်တွေ ထင်လာတယ်။

ခွေးကြီးတွေ သူကိုင်တဲ့ခွေးက ခပ်သေးသေး၊ အာရုံထင်လာတဲ့ ခွေးကြီးတွေက အကြီးကြီးတွေ၊ သူနေတာက တောင်ပေါ်မှာနေတယ်၊ တောင်အောက်ခြေက နေပြီးတော့ ခွေးကြီးတွေ တက်လာ လိုက်လာ၊ သူ့ စားမလို့ ဝါးမလို့။

"ဟဲ့-ငါ့ သားရဲ့ ခြောက်ပါဟဲ့ … ခြောက်ပါဟဲ့ ခြောက်ပါဟဲ့"

ဘာတုန်း ဦးပဉ္စင်းကြီး၊ ခွေးကြီးတွေ ခွေးကြီးတွေ၊ ဪ … ငရဲနိမိတ် ထင်လာပြီ၊ ရှင်သောဏ ကလဲ ဓမ္မကထိက နားလည် ပါးလည်ဆိုတော့ ပန်းတွေ တစ်ခါတည်း ခူးခိုင်းပြီးတော့ ဘုရား ရင်ပြင်တော် အပေါ် ပန်းတွေ အကုန်လုံး ပန်းမွေ့ရာ ခင်းပြီးတော့ ညောင်စောင်းနဲ့ အတင်း ခေါ်သွား၊ ဦးပဉ္စင်းကြီး ဒီမှာ ပန်းတွေ ပန်းတွေ ဦးပဉ္စင်းကြီးဖို့ ပူဇော်နေတယ် ပူဇော်နေတယ် ဆိုတော့ သူ သတိရလာပြီးတော့ ပန်းတွေ ကြည့်ပြီးတော့ သေခါနီးဆိုတာ ရိက္ခာကို အင်မတန် အားကိုးတာ၊ ပန်းတွေကြည့်ပြီးတော့ မေ့သွားပြန်၊ နတ်ပြည်က ဥယျာဉ် ဗိမာန်တွေ ထင်လို့ နတ်သမီးတွေ ထင်လို့၊ သားရဲ့ ဖယ်ပေးပါဟဲ့ သားရဲ့ ဖယ်ပေးပါဟဲ့၊ ဦးပဉ္စင်းကြီး ဘာတုန်း၊ အင်း - မင်းမိထွေးတွေ လာနေတယ်၊ မင်းမိထွေးတွေ လာနေတယ်၊ အင်း … နတ်ပြည် နိမိတ်တော့ ထင်နေပြီ၊ ငရဲကျမယ့် သူက နတ်ပြည် နိမိတ်လောက် ထင်ရင် တော်လောက်ပြီ၊ ဒီလိုလဲ နေရော စုတေသွားရော၊ နတ်ပြည် ရောက်သွားတယ်။

---

ဓမ္မိက ဥပါသကာ

တစ်ခါ ဓမ္မိကဥပါသကာ၊ သေခါနီး အရေးကြီးတယ် ဆိုတာ တွေးနော်၊ ဘယ့်နှယ် လုပ်ပြီးတော့ ဒီကံက အကျိုးပေးတုန်း ဆိုတော့ ဒီ အာရုံ ပေါ်လာတယ်၊ မပေါ်လို့ မဖြစ်ဘူး၊ စိတ်မှန်သမျှ အာရုံ ရှိရပါတယ်၊ တစ်ခုခု တစ်ခုခု၊ ဓမ္မိကဥပါသကာကြီးကတော့ အာသန္နကံသာ မကဘူး၊ အာစိဏ္ဏ အမြဲ လေ့ကျက်လို့ ဥပုသ်စောင့်လို့ လူတွေနဲ့ ဥပုသ်စောင့်လို့၊ ဥပါသကာ ငါးရာလောက်နဲ့ အတူတူ ဥပုသ်စောင့် တရားဆွေးနွေး ဒီလို နေကြတယ်။

နောက်တော့ ဥပါသကာကြီး ကွယ်လွန်ခါနီး ကျတော့ နည်းနည်း မကျန်းမမာ ဖြစ်တယ်၊ သိပ် မဟုတ်ဘူး၊ နည်းနည်း မကျန်းမမာ ဖြစ်တယ်၊ ဒါနဲ့ ရဟန်းတော်များရဲ့ တရားနာချင်တယ် ဆိုလို့ ရဟန်းတော်များ ပင့်ပြီး တရားစာတွေ ရွတ်စေပါတယ်၊ ရဟန်းတော်များ တရားစာတွေ ရွတ်နေတုန်းမှာ နတ်ပြည်ခြောက်ထပ်က နတ်ရထား ခြောက်စင်း ရောက်နေပြီ။

ဥပါသကာကြီး တရားနာရင်းက နည်းနည်း မေ့ပြီးသွားတော့ နတ်ရထား ခြောက်စင်းက နေပြီးတော့ နတ်သံတွေနဲ့ "တို့ရထား တင်မှာ" ဟိုရထားကလဲ "တို့ရထား တင်မှာ" သူတို့ အသံနဲ့ သူတို့ ဆူညံနေတာပေါ့၊ လူကသာ မကြားတာ၊ ဥပါသကာကြီးကတော့ ကြားတယ်၊ "နေကြပါဦး"လို့ လှမ်းပြီးတော့ သူက တားလိုက်တယ်၊ သူက ကြားလို့ကိုး၊ နေကြပါဦး ဆိုတော့ ရဟန်းတော်များက သူတို့ကို တရားဟောတာ တရားစာ ရွတ်တာကို တားတယ် ထင်တာနဲ့ ရပ်၊ သားသမီးတွေက ငိုကြ။

တို့အဖေ တစ်သက်လုံး တရားမမုန်းဘဲနဲ့ သေခါနီးကျမှ တရားမုန်းရတယ်၊ ဝမ်းနည်းပြီး ငိုကြတယ်၊ နောက် သတိရတော့ ရဟန်းတော်များ ဘယ်ရောက်တုန်း၊ အဖေက နေပါဦးဆိုလို့ ပြန်ကြွသွားပြီ၊ ဟာ … ကိုယ်တော်တွေကို ငါပြောတာ မဟုတ်ပါဘူး၊ နတ်ရထားတွေက ဆူကြ လွန်းလို့ ပြောတာပါ၊ အဲဒီလို ပြောဆိုတော့လဲ အဖေကြီး ကယောင်ကတမ်း ဖြစ်နေပြီလို့ ထင်ပြန်ရော၊

ဒါနဲ့ အဖေက ငါ့ဖို့ ဘုရားလှူဖို့ ပန်းကုံးထားတာ ရှိတယ်၊ အဲဒီ ပန်းကုံးကို တုသိတာဘုံက နတ်ရထား ဆွဲပါစေလို့ ပစ်လိုက်ကြစမ်း ကောင်းကင်ကို၊ ကောင်းကင်ကို ဓိဋ္ဌာန်ပြီးတော့ ပစ်လိုက်တာ၊ ပန်းစည်းကြီးတော့ မြင်ရတယ်၊ ရထားတော့ မမြင်ရဘူး၊ အဲဒီတွင် သားသမီးတွေ အင်မတန် စိတ်ချမ်းသာ သွားတယ်၊ အဖေကလဲ အင်မတန် ဝမ်းသာပြီးတော့ မင်းတို့ ငါသွားတဲ့ လမ်းကို လိုက်ချင်ကြလို့ရှိရင် ငါလို ကောင်းကောင်း နေရစ်ကြလို့ ဩဝါဒ ပေးပြီးတော့ သေဆုံး သွားတယ်။

အဲ နတ်ရထားမှာ နတ်သား အဖြစ်နဲ့ ပါသွားတာပဲ၊ ဒီက သူ့ခန္ဓာကြီးက ဒီမှာ ကျန်ရစ်တယ်၊ နတ်ပြည် မရောက်ခင်ကလေး ဖြစ်နေတဲ့ စိတ်အစဉ်က နတ်ပြည်နဲ့ဆိုင်တဲ့ စိတ်အစဉ်တွေ ဖြစ်နေတယ်၊ ကုသိုလ်တွေက အကျိုးပေးဖို့ရန် အဆင်သင့် ဖြစ်နေတယ်၊ ရှေ့စိတ်က နောက်စိတ် ကမ္မသတ္တိတွေနဲ့ လိုက်နေတယ်၊ ဒီ တစ်သက်လုံး ဆိုပါတော့ ဥပုသ်စောင့်လာတဲ့ ကံတွေကလဲ ကမ္မသတ္တိနဲ့ လိုက်နေတယ်။

ဟို နတ်ပြည်က နတ်ရထား အာရုံကလဲ ဆိုက်လာပြီ၊ အဲဒီ ဥပုသ်ကံက အကျိုးပေးမလား၊ ဘယ်ကံက အကျိုးပေးမလဲတော့ မသိဘူး၊ အဲဒီ ကံက အကျိုးပေးလိုက်တာ၊ နတ်ပြည်က နတ်ရထားနဲ့ ဆိုက်ဆိုက် မြိုက်မြိုက်ကို လိုက်သွားတာ၊ ဒီတော့ ဒီလောက် သေချာတဲ့ လမ်းတွေကို ယခု အလုပ်တွေ ဘာတွေ သိပ်မကြီးကျယ်သေးတဲ့ လူတွေ တယ်ပြီးတော့ ဒီနည်းနေဖို့ ကောင်းတယ်၊ ရဟန်း သံဃာတော်တွေက ဘယ်စာမေးပွဲ ဘယ်လောက် အောင်အောင် ဒီလောက် စိတ် မချမ်းသာနိုင်ဘူး၊ ကုသိုလ်ပြုပြီးတော့ သူတော်ကောင်း အနေမျိုးနဲ့ ဒီလိုနေရင် သေခါနီးအထိ ဒီလို သွားရရင် အင်မတန် သေချာတယ်။

ဘာပြုလို့လဲ၊ တစ်စိတ်ပြီး တစ်စိတ်၊ တစ်စိတ်ပြီး တစ်စိတ်၊ တစ်စိတ်ပြီး တစ်စိတ် ကမ္မသတ္တိ တွေက လိုက်လို့၊ သေခါနီးအထိ ဒီ ကမ္မသတ္တိတွေက လိုက်လို့၊ အလုံးလဲ လိုက်နေပါတယ်၊ ဒါပေမယ့် သတ္တိရှိရှိ ကံက ဒီနေရာမှာ ထင်လာရင် ဒီ ကံက ဒီ နေရာမှာ အကျိုးပေးပါတယ်၊ သူ အကျိုးပေးဖို့ရာလဲ ဟိုက ဒီအကြောင်း အာရုံတွေ ပေါ်လာတာပဲ။

---

ရေချမ်းအမကြီး

တစ်ခု ပြောရဦးမယ်၊ ဘုန်းကြီး ပြောနေကျ၊ ဒီမြို့မှာ ဒကာမကြီး တစ်ယောက် ကျောင်းအမကြီး၊ ကျောင်းအမကြီးက ဟို တောင်သမန်ဖက်က ကျောင်းတိုက်ကြီးရဲ့ ကျောင်းအမကြီး၊ နွေအခါ ကျလို့ရှိရင် အားလုံး ရေ ဆင်းရဲကြလွန်းလို့ရေချမ်းအိုးစင်တွေ သူက တည်၊ ရေတွေ လောင်းလို့ သူနဲ့ ဝေးတဲ့နေရာ သူများ ရေလောင်းခိုင်းလို့ ပေါ့လေ၊ ဒီလိုနဲ့ ရေချမ်းအမကြီး၊ ကျောင်းအမကြီး ဆိုတဲ့ နာမည်နဲ့ အများသိ၊ ရေချမ်းအမကြီးလို့ ပိုပြီး နားလည်တယ်။

ဒကာမကြီး အသက်ကြီးတော့ ကွယ်လွန်သွား၊ ကွယ်လွန်သွားတော့ ဒီ သင်္ချိုင်းမှာ လှူကြ ဒါန်းကြ၊ နောက် ရက်လည်ဆွမ်း ဆိုတာ အိမ်မှာ ထုံးစံအတိုင်း ကျောင်းအမကြီးရဲ့ ဆရာတော် ပင့်ပြီးတော့ တရားနာ ရေစက်ချ၊ သားသမီးတွေက အမျှဝေ နောက် ဆရာတော် ပြန်သွားတော့ တံတားထိပ်က နည်းနည်းလေး လွန်ရင်ပဲ တံတားထိပ် လောက်က နေပြီးတော့ "ဆရာတော်ဘုရား ဆရာတော် ဘုရား" လို့ဆိုတော့ "ဟဲ့ ဒါ တို့ ကျောင်းအမကြီးရဲ့ အသံပါလား" "ဟုတ်တယ်ဘုရား"၊ နည်းနည်း ဆရာတော် စိတ်မကောင်း ဖြစ်သွားမှာပေါ့လေ၊ "ဘာဖြစ်နေတုန်း" ကျောင်းအမကြီးက "တပည့်တော် သေခါနီးတုန်းက သားသမီးတွေ ငိုကြလို့ သူတို့ကို စွဲလမ်းပြီး သေသွားလို့ တစ္ဆေ ဖြစ်နေတယ်၊ သင်္ချိုင်းမှာ လှူကြ ဒါန်းကြတုန်းက တပည့်တော် ဘာမှ မသိလိုက်ရဘူး၊ အဖော် တစ္ဆေတွေက ရေတံခွန်တောင် ခေါ်သွားလို့ တပည့်တော် ဘာမှ မသိလိုက်ရပါဘူး၊ ဒီနေ့တော့ ဘုရား၊ ဆရာတော်ဘုရား ဟောတဲ့ တရားလဲ နာရပါတယ်၊ အမျှဝေတော့လဲ ရပါတယ်၊ တပည့်တော် ခုပဲ ကျွတ်တော့မှာဘုရား" လို့ ပြောလဲ ပြော အသံလဲ ပျောက်သွားတာပဲ။

ကြည့်စမ်း၊ အင်မတန် သူတော်ကောင်းမကြီး၊ သေခါနီးမှာ အာရုံကလေး အာရုံကလေးက အသံကြားလိုက်လို့မို့ အဲဒီအသံ စွဲသွားလိုက်တာ၊ ဒီနား တစ္ဆေ ဖြစ်နေသေးတယ် ဆိုပါတော့ ၇-ရက် လောက် ဆိုပါတော့၊ ပြီးတော့မှ သူ့ကံ အားလျော်စွာ ကောင်းတဲ့ဘဝကို လွတ်မြောက် သွားပါတယ်။

---

ဟိုဘဝဆိုတာ

ဒီတော့ သေခါနီး သေခါနီးဆိုတာ အရမ်းမဲ့ ဖြစ်တာ မဟုတ်ဘူး၊ ဒီဘဝက အာရုံတွေ ရှေးဘဝက အာရုံတွေ၊ နောက်ရောက်မယ့် အာရုံတွေ၊ ဒီအာရုံတွေ ထင်လာပြီးတော့မှ ဒီစိတ်က စွဲပြီးတော့ ဒီ ကုသိုလ် အကျိုးပေးလို့မို့ ဟိုဘဝမှာ ပဋိသန္ဓေစိတ် ဆိုတာ ဖြစ်တယ်၊ ဟိုဘဝမှာလို့ ဆိုတော့ အင်မတန်ကြီးများ ဝေးတယ်လို့ ထင်ရှာလိမ့်မယ်၊ ဘယ်လောက်မှ မဝေးဘူး။

ဒီ အနန္တရပစ္စည်းနဲ့ ဒီဘဝက စုတိ ဟိုဘဝက ပဋိသန္ဓေ အတူတူပဲ၊ တစ်ဆက်တည်း တစ်ဆက်တည်း၊ လူ့ပြည်က စုတိ နတ်ပြည်က ပဋိသန္ဓေ၊ ဒီအရပ်ခေါ်က ဝေးနေတာ၊ စုတိ ပဋိသန္ဓေ တစ်ဆက်တည်း၊ တစ်ဆက်တည်း၊ ဘယ်လောက်မှ မဝေးဘူး၊ အဲဒါကြောင့်မို့လို့ အကူးအပြောင်းက သိပ်ပြီးတော့ လွယ်နေတာ၊ အဲလူ့ပြည်က မသေခင်တုန်းက ခုနက ကျောင်းအမကြီးတွေပေါ့လေ သားသမီးတွေ ငိုသံစွဲပြီးတော့ နေတယ်၊ ဒီ စိတ်အစဉ် ဖြစ်နေတယ်၊ အဲ စိတ်အစဉ် ဖြစ်နေတော့ကာ စွဲလမ်းတဲ့ လောဘဇော ကလေးက အကျိုးပေးလိုက်တာ ပဋိသန္ဓေနေတော့ တစ္ဆေဘဝ ပဋိသန္ဓေနေတယ်၊ ဒီ လောဘဇော အကျိုးပေးနေတာ၊ နောက် ဒီ ကျောင်းအမကြီးပဲ နောက် ၇-ရက်လောက် ရက်လည် ဆွမ်းကျွေးလို့ ကုသိုလ် စေတနာတွေက သူ့သန္တာန်မှာ ထုံပြီးတော့ နေတယ်။

အဲဒီ ဆရာတော်နောက် လိုက်ပြီးတော့ "ဆရာတော်ဘုရား ဆရာတော်ဘုရား ဆရာတော်ဘုရား" လို့ လိုက်ပြီးတော့ လျှောက်သည်အထိ သူ့မှာ သူ့မှာ ကုသိုလ် စေတနာတွေက တစ်ခုပြီး တစ်ခု တစ်ခုပြီး တစ်ခု ထုံလို့၊ "တပည့်တော် ခုပဲ ကျွတ်တော့မှာ"လို့ ပြောသည့် အချိန်အထိလဲ အဲဒီ စေတနာတွေ ထုံရက်၊ ဒီ ကုသိုလ် စေတနာတွေက အကျိုးပေးပြီးတော့ သူ ရောက်တဲ့ဘဝက နတ်ပြည် ဆိုပါတော့၊ နတ်ဘဝ ပဋိသန္ဓေကို ဆက်ပေးတာပဲ စုတိပဋိသန္ဓေ ဆက်ပေးတာပဲ ဆက်ပေးတာပဲ။

ဒီတော့ အာရုံဟာ သိပ် အရေးကြီးတယ် သိပ် အရေးကြီးတယ်၊ အဲဒီ အာရုံအတိုင်း ဟိုမှာ ပဋိသန္ဓေက အကျိုးပေးရပါတယ်၊ ဒီတော့ ပြတ်မသွားဘူး ပြတ်မသွားဘူး၊ စိတ်အစဉ်တွေ တစ်ခုပြီး တစ်ခု၊ တစ်ခုပြီး တစ်ခု၊ သေခါနီးကျတော့ ဒီလိုပဲ တစ်ခုပြီး တစ်ခု၊ တစ်ခုပြီး တစ်ခု၊ အာရုံ အားလျော်စွာ အာရုံယူပြီးတော့ ပဋိသန္ဓေ အကျိုးပေးတဲ့အခါ နောက် ပဋိသန္ဓေဆိုတာ တစ်ဘဝကြီး ဆိုလို့များ အဝေးကြီး မထင်နဲ့၊ "စုတိ ပဋိသန္ဓေစုတိ ပဋိသန္ဓေ" ဆက်လို့နေတာ၊ ခုစိတ်တွေ တစ်ခုပြီး တစ်ခု တစ်ခုပြီး တစ်ခု ဆက်နေသလိုပဲ၊ စုတိ ပဋိသန္ဓေကလဲ ဆက်လို့၊ အဲဒါကြောင့်မို့လို့ အကျိုးပေးနိုင်တာပါ။

---

သေခါနီး သိပ်အရေးကြီး

ဒီတော့ စဉ်းစားကြည့် ဒီဘဝ သိပ် အရေးကြီးပါလား၊ သေခါနီး သိပ် အရေးကြီးပါလား၊ တို့အိမ်မှာ စီးပွားတွေနဲ့၊ သားတွေ သမီးတွေနဲ့၊ ဆွေတွေ မျိုးတွေနဲ့ သေရင် စိတ်ချရပါ့မလား၊ ဒီပြဿနာ ကိုယ့်ကိုယ်ကို မေးရမယ်၊ ဘုန်းကြီးက ပြောတယ် ဘုန်းကြီးတို့နဲ့ ဆိုင်ရာပေါ့လေ၊ ဒကာမကြီး မနုဆိုတာ ဒီကျောင်းကို လာပြီး ဥပုသ်စောင့်နေချင်တယ် ဆိုတော့ ဘုန်းကြီးက အိမ်မပြန်နဲ့၊ ကျောင်းမှာ နေရာလေး ဘာလေး လုပ်ပြီး ကျောင်းမှာ ဥပုသ်စောင့်နေ လို့ဆိုတော့ သူ့စိတ်ထဲ အိမ်မပြန်နဲ့ဆိုတာလေး တော်တော် မကျေမနပ် ဖြစ်နေတယ်တူရဲ့၊ ဘုန်းကြီးက ဒီနည်း သိတယ်လေ၊ အိမ်ပြန်လို့ အိမ်မှာသေရင် စိတ်မချရပါဘူး။

ကျောင်းနား ကန်နားမှာ တကယ့် သူတော်ကောင်းစိတ်နဲ့ အမြဲ နေသွားလို့ရှိရင် စိတ်အစဉ်တွေက ကောင်းနေမယ်၊ ဒီလိုဆိုရင် သေခါနီးမှာ ဧကန္တ ဘဝကောင်း ရမယ်ဆိုတာ သိလို့ ဘုန်းကြီးက အိမ်မပြန်နဲ့ပေါ့လို့ ပြောတော့ မလာဘူး၊ နောက် မကြာပါဘူး သေတာပဲ၊ အဲဒီကျတော့ မသိဘူးလေ၊ ဘုန်းကြီးတာဝန် မရှိပါဘူး၊ ဘုန်းကြီးတာဝန်ကျတော့ ဘုန်းကြီး တာဝန်အတိုင်း စီမံရမှာပါ၊ မပြန်ပါနဲ့ အိမ်ကို၊ သိတယ် သိတယ်။

သေခါနီးမှ အိမ်ပေါ်မှာ တိုက်ပေါ်မှာ ဒီအိမ် ဒီတိုက်တွေ မြင်နေတယ်၊ ပတ်ဝန်းကျင် အသုံး အဆောင်တွေ မြင်နေတယ်၊ ပတ်ဝန်းကျင်က ဘေးက ဆွေတွေ မျိုးတွေ မြင်နေတယ်၊ တချို့က မျက်နှာငယ်ကလေး ငယ်ငယ်နဲ့ လာကြည့်ကြတယ်၊ ရှုပ်တာပဲ ရှုပ်တာပဲ သိပ် ရှုပ်တာပဲ၊ ဒါတွေ သူတော်ကောင်း တွေအတွက် အထက်တက်ရန် ဆွဲထားတာပဲ၊ သိပ် ဝမ်းနည်းစရာ ကောင်းတာပဲလို့။

ဘုန်းကြီးက ကိုယ်ကလဲ အသက်ကြီးနေတာ ဖြစ်တော့ ဘဝသံသရာ အတွက် သွားတဲ့သူတွေ ဒီလောကကြီးက သွားတဲ့သူတွေကို လေ့လာနေရပါတယ်၊ သတိထားနေရပါတယ်လေ၊ တခြား မဟုတ်ဘူး၊ ဒကာကြီး ဦးဖူးစိန်ဆိုတာ အဲ ဒကာမကြီး ဒေါ်တင်တို့က သူတို့နဲ့ မကင်းရာ မကင်းကြောင်းပေါ့၊ ဒကာမကြီး တစ်ယောက် ဆုံးသွား ဆုံးသွားတော့ ဘယ်မှာ ရောက်တယ် ဆိုတာ ဘာမှ မသိရဘူး၊ နောက်တော့ တစ်နှစ် နှစ်နှစ် ဆိုပါတော့ ချက်ချင်း ဝင်စားတဲ့ အဓိပ္ပာယ်မျိုးနဲ့ …

တစ်ဘဝ တစ်နေရာမှာ ဖြစ်ပြီးတော့ ဝင်စားတဲ့ အဓိပ္ပာယ်မျိုးနဲ့ သူလူဝင်စား ဖြစ်လာတယ်၊ လူဝင်စား ဖြစ်လာတော့ သူက လာတယ်ဆိုရင် ဘယ်မှာ ငါ့ပစ္စည်း ဘယ်မှာ ဘာ၊ သူက ဒါတွေက အမှန်တွေ ဖြစ်နေတယ်၊ ဒီတော့ ဒီဘဝ မဝင်စားခင် ဘာဖြစ်နေတုန်း တစ္ဆေဖြစ်နေတယ်၊ ဒီလမ်းမှာ တစ္ဆေ ဖြစ်နေတယ်၊ တစ္ဆေဖြစ်နေတော့ သူတို့က ဆက်မေးတယ်၊ မကြောက်ဘူးလား၊ လူတွေကို မကြောက်ပါဘူးတဲ့၊ ကလေးတွေက ခဲနဲ့ပေါက်လိုက်၊ သူတို့ ပေါက်တာ မဟုတ်ဘူး၊ သူတို့ ဘာသာ သူတို့ ဆော့ကြတာ၊ တုတ်ကလေးနဲ့ ပစ်လိုက်တဲ့အခါ အဲဒါ ကျုပ်တို့ကို မှန်တယ်။

ကလေးတွေကို ကြောက်တယ်၊ လူကြီးတွေကို မကြောက်ပါဘူး၊ သူတို့ဟာ သူတို့ လုပ်နေတာ၊ အသင်းအပင်းနဲ့ ရယ်လား မောလား၊ ကျုပ်တို့ ဒီလမ်းကြားထဲမှာ အမေက ဆွမ်းတော်တင် ပြီးလို့ရှိရင် အမျှဝေတယ်၊ ကျုပ်တို့ သာဓု မခေါ်ပါဘူး၊ အမေ ဆွမ်းတော်တင်တဲ့ မုန့်တွေ ငှက်ပျောသီးတွေ ကျုပ်တို့ လုစားကြတာပဲ ပျော်လိုက်တာ။

မီးလောင်နေတာရယ် ငတ်နေတာရယ် မဟုတ်တော့ တစ္ဆေ တစ္ဆေချင်း ပျော်လို့၊ လမ်းမှာတဲ့ ဒီလမ်းမှာတဲ့၊ နာမည် မတပ်ချင်လို့ ဈေးချိုဖက်က ဒီလမ်းမှာပဲ၊ ဒီတော့ကာ တစ္ဆေတွေ ပြည့်လို့ ရပ်ထဲရွာထဲရော ပြည့်လို့။

---

ဗုဒ္ဓဘာသာ မဟုတ်တဲ့ တစ္ဆေ

တစ်ခါက ဒီ ကျောင်းမှာ ဘုန်းကြီးက သီတင်းကျွတ်တော့ တို့က နတ်တော့ မပူဇော်ကြနဲ့နော်၊ နတ်များက ဘုရား ပူဇော်ရအောင်လို့ အနီးအပါးမှာ မီးထွန်းပေးလိုက်ကြလေ၊ နတ်များ ဘုရား ပူဇော်ဖို့ မီးထွန်းပေးတယ်၊ ဘုရားပူဇော်ပါလို့ ပြောတော့ ဖိုးသူတော် တစ်ပါးက ဥသျှစ်ပင်ပေါ် တက်ပြီး သူက နည်းနည်းလဲ ကဲတယ်၊ အဲဒီပေါ် မီးထွန်းရင်း နေမကောင်းသလို ဖြစ်ပြီး ဆင်းလာတော့ လက်တွေ ခြေတွေ အေး ကိုယ်တွေလဲ အေး၊ ဒါနဲ့ သူ့ဆိုင်ရာ ဆရာသမားတွေက ဆေးရုံပို့မလို့ လုပ်တော့ နည်းနည်းပါးပါး နားလည်တဲ့ ကိုယ်တော်တစ်ပါးက ရောက်သွားလို့ သူက စမ်းကြည့်တယ်။

ဟ … ရိုးရိုးသားသား မဟုတ်ဘူး၊ ကိစ္စမရှိဘူး ဆိုပြီးတော့ သူက ခေါ်ပြီးတော့ မေးတယ်၊ ဥသျှစ်ပင်က သတ္တဝါက သူလုပ်ထားတာတဲ့၊ သူ့အပင်ပေါ် တက်ပြီး မီးထွန်းလို့တဲ့ သူက ဗုဒ္ဓဘာသာ မဟုတ်ဘူးတဲ့။

တစ္ဆေက တစ္ဆေက ဗုဒ္ဓဘာသာ မဟုတ်ဘူး၊ ဒါနဲ့ သူမကြိုက်လို့ သူလုပ်လိုက်တာတဲ့၊ သူ့အပင် ပေါ်တက်ပြီး မီးထွန်းလို့တဲ့၊ မင်း ဗုဒ္ဓဘာသာ မဟုတ်ဘဲနဲ့ ဘာလုပ် လာနေတုန်း၊ သူသေတော့ ဒီအပင်မှာ နေမယ့်သူ မရှိလို့တဲ့၊ အရှင် မရှိလို့ ကျုပ်လာနေတယ်၊ ဘာပြုလို့ ကျောင်းဝင်းထဲ လာနေတာလဲ ဗုဒ္ဓဘာသာ မဟုတ်ဘဲနဲ့၊ ဒီအထဲမှာ ထမင်းလုံး ဟင်းလုံး လေးတွေက ပေါတယ်တဲ့၊ ကိုယ်တော်တွေ ပစ်တာ ထမင်းလုံး ဟင်းလုံးတွေက၊ ဒါကြောင့် ကောက်လို့ စားလို့ လွယ်တာနဲ့ နေရာကလေး လစ်လပ်တာနဲ့ ကျုပ်လာနေတာတဲ့၊ ဒီလိုဆို မင်း မနေရဘူး၊ မနေရရင်လဲ သွားတာပေါ့၊ သွားရှာတယ် ထင်တယ်။

ဘုန်းကြီးသာ သိရင် နေပါစေလို့ ပြောမှာ၊ အေးအေး ဆေးဆေးနေ မင်း မနှောင့်ယှက်ပါနဲ့လို့ ပြောမှာ၊ သွား မနေရဘူး ဆိုတာနဲ့ သွားရှာဟန် တူတယ်၊ ဒီတော့ ပြည့်လို့ ပြည့်လို့၊ ဒီထဲမှာ မြို့ထဲမှာ ပြည့်လို့ ပြည့်လို့၊ ခုနပြောတဲ့ အထဲမှာ မန္တလေးဈေးချို လူစည်ကားပါတယ်ဆိုတဲ့ နေရာ အနောက် ဘက်တန်းမှာ တစ္ဆေတွေ ပြည့်လို့၊ ပြိတ္တာတွေဆိုတာ တစ္ဆေတွေပေါ့၊ အဲဒီလိုပေါ့လေ ဘဝ သေခါနီး ကျလို့ရှိရင် ကောင်းတဲ့ အာရုံရှိရင် ကောင်းတဲ့ ဘဝ ရောက်သွားတယ်၊ မကောင်းတဲ့ အာရုံရှိရင် မကောင်းတဲ့ဘဝ ရောက်သွားတယ်၊ ပျက်ပျက် ဆိုတဲ့ စုတိနဲ့ ပဋိသန္ဓေ ဆက်လို့။

---

အနာထပိဏ္ဍိက နတ်သား

ဘုရားလက်ထက်တော်တုန်းက အနာထပိဏ်သူဌေး စုတေခါနီး အရှင်သာရိပုတ္တရာကို ပင့်ပြီး တရားနာပြီးလို့ မကြာခင်ဘဲ စုတေသွားတယ်၊ ဟို တာဝတိံသာ နတ်ပြည် ရောက်သွားတယ်၊ ရောက်သွားသွားခြင်း သူ "ငါက ဘယ်က လာပါလိမ့်မလဲ" လို့ ငါ လူ့ပြည်က လာတာ၊ ဪ … သူကျောင်းဒကာပါလို့ ဆိုပြီး ဝမ်းမြောက်ဝမ်းသာနဲ့ ဘုံဗိမာန်ထဲတောင် မဝင်သေးဘူး၊ တစ်ခါတည်း လူ့ပြည်ဆင်းလာ ပြီးတော့ …

ဣဒံ ဟိ တံ ဇေတဝနံ၊ ဣသိသံဃ နိသေဝိတံ။
အာဝုတ္တံ ဓမ္မရာဇေန၊ ပီတိ သဉ္ဇနနံ မမ။

ဆိုပြီး ဇေတဝန်ကျောင်းကြီး ကြည့်ပြီး ဝမ်းသာလိုက်တာ ဗုဒ္ဓမြတ်စွာ သီတင်းသုံးလို့ သူ အင်မတန် ပီတိဖြစ်လို့တဲ့၊ စုတိ ပဋိသန္ဓေ … အနာထပိဏ် သူဌေးဘဝတုန်းက စုတေခါနီး ဖြစ်ပျက် ဖြစ်ပျက်ရှု ရှင်သာရိပုတ္တရာရဲ့တရားနာ ဖြစ်ပျက် ဖြစ်ပျက် ရှု၊ စိတ်တွေက သူ့တစ်ကိုယ်လုံး ထုံထားတဲ့ ကုသိုလ်စိတ်တွေလဲ ပြည့်လို့ပေါ့။

အဲဒီ ကုသိုလ်စိတ်တွေက သေခါနီးကျတော့ ထင်ပြီးတော့ တာဝတိံသာ နတ်ပြည်မှာ ပဋိသန္ဓေ နေရတယ်၊ ကြည့်စမ်း ကြည့်စမ်း၊ ဒီက စုတိနဲ့ တာဝတိံသာက ပဋိသန္ဓေ ဘယ်လောက်မှ မခြားဘူး၊ ဘယ်လောက်မှ မခြားဘူး၊ ဒီ အနန္တရ သတ္တိနဲ့ ကျေးဇူးပြုနေတာ၊ အဲဒီ ကျေးဇူးပြုနေရင်း အနာထပိဏ် သူဌေးမှာ ဒီဘဝက ကုသိုလ်ဇော စေတနာတွေ၊ ရှေးရှေးက ကုသိုလ်ဇော စေတနာတွေ သူ့ရဲ့ စိတ်အစဉ်မှာ ပါတယ်၊ စုတိတုန်းကလဲပါတယ်၊ နောက် နတ်ပြည်မှာ ပဋိသန္ဓေ နေတော့လဲ ပါတယ်၊ ဒီ ဓာတ်တွေဟာ ပျောက်မသွားဘူး။

ဒါကို မြင်လို့မို့ ဘုန်းကြီး အလုပ် လုပ်နေရတယ်၊ ကုသိုလ်တွေက ပီပီလုပ်လို့ရတယ်၊ ဘာဖြစ်လို့တုန်း ပျောက်မသွားဘူး၊ အမြဲ ဒီကုသိုလ်တွေ ဒီသန္တာန်မှာ ဒီပစ္စည်းအဖြစ်နဲ့ ဖြစ်နေတာ၊ ဒါကို ကမ္မဿကာကမ္မ - ကံပဲ၊ သက - ကိုယ့်ဥစ္စာ၊ စဉ်းစားကြည့်လေ သိန်းပေါင်း ဘယ်လောက် ချမ်းသာတယ်၊ စုတေတယ် အကုန်လုံး ပစ်ထားခဲ့ရတယ်၊ အကယ်၍ အဲဒီ ပစ္စည်းကို ငဲ့ပြီးတော့ ဆွေးပြီးတော့ တွေးပြီးတော့ သေသွားရင် ပြိတ္တာဖြစ်တာ၊ ပြိတ္တာဆိုတာ ဒီနားမှာ တစ္ဆေ ဖြစ်တာ၊ တစ္ဆေ ဖြစ်လိုက်ကြတာ မပြောနဲ့တော့၊ ဒီ ဥစ္စာကို စွဲပြီးတော့ မကျွတ်ဘူး မကျွတ်ဘူးနဲ့ ပြောလိုက်ကြတာပဲ၊ ဒီ ဥစ္စာကို စွဲပြီးတော့ သည်နားမှာပဲ တဝဲလည်လည်နဲ့ တစ္ဆေ ပြိတ္တာ ဖြစ်နေကြတယ်၊ ဘုန်းကြီးတို့ ဆိုင်ရာတွေရော မဆိုင်တာတွေရော စာထဲ ပေထဲ မှာလဲ ဖြစ်ကြတယ်။

သေခါနီး အာရုံအတိုင်း လိုက်ရတယ်ကိုး၊ အာရုံတွေကလဲ တိုက်ကြီး ထင်နေတယ် စိန်တွေ ရွှေတွေ ထင်နေတယ် သားတွေ သမီးတွေ ထင်နေတယ် မေ့မြောပြီးတော့ နေလဲ ဆွေတွေ မျိုးတွေ ထင်နေတယ်၊ အဲဒါတွေ ထင်နေတော့ စိတ်ကလဲ အဲဒီ စိတ်ပဲ ဖြစ်နေတယ်၊ သေတော့ကာ အဲဒီစိတ်နဲ့ သေလို့ရှိရင် ကံက အခွင့်သာလို့မို့ ဘဝသံသရာ နောက်တစ်ခုမှာ အဲ ခုနက ပြိတ္တာခေါ်တဲ့ တစ္ဆေ အကျိုးပေးတာပဲ၊ ဘုန်းကြီးတို့ ဘုန်းကြီးတွေ အဲ စောစောကတည်းက ဒီဘုန်းကြီး နှမြောတတ်တယ် ဆိုရင် သတိသာ ထားတော့ နှမြောတတ်တယ်၊ ဘယ်သူ့မှ တစ်ခုမှ မပေးဘူး၊ သူ့တပည့်တွေကို သူ ဒီလိုကြည့်နေတာပဲ ဆိုရင် သတိသာ ထားတော့၊ ဧကန်မုချ သေလို့ရှိရင် ဟောဒီနားက တယ် မကျွတ်ချင်ဘူး။

ဘုန်းကြီးတို့ ပရမတ္ထ သဘောတရားက ဘုန်းကြီးရယ် လူရယ် တိရစ္ဆာန်ရယ် မျက်နှာမရွေးဘူး၊ သူ့သဘာဝအတိုင်းသူ့သဘာဝအတိုင်း ဆရာတော်ကြီး ပျံတော်မူသွားတယ်၊ (ဒီလိုသာ စွဲနေရင်) ဆရာတော်ကြီး ဒီမှာ နေမှာပဲ၊ ဟို အင်မတန် အကုသိုလ် မကြီးကျယ်တော့ ငရဲတော့ မကျဘူး၊ ဒီလို ပြိတ္တာလောက်တော့ ဖြစ်တာပဲ၊ ဒါကြောင့် ဘုန်းကြီးက ကံရဲ့ သတ္တိ လိုက်နေပုံကို နားလည်စမ်းပါ လို့ ပြောနေတာ။

---

စိတ်အစဉ်မှာ ကံရဲ့သတ္တိ လိုက်နေ

ပြီးတော့ နောက် ဘဝကျပြန်တော့ ရှေးကပြုတဲ့ ကုသိလ်ကံတွေ အကုန်လုံး လိုက်လာကြတာပဲ၊ ဘုရားအလောင်းတို့မှာ ဒါနပါရမီတွေ တစ်ဘဝပြီးလို့ တစ်ဘဝ ပြောင်းသွားပေမယ်လို့ စိတ်အစဉ်မှာ ကံရဲ့သတ္တိက လိုက်နေတော့ ပါရမီတွေ မပျောက်သွားဘူး၊ ပြည့်ပြည့်လာတာပဲ၊ ဝေဿန္တရာမင်း ဘဝကျတော့ ပါရမီပြည့်ပြီ၊ ဘုရားဖြစ်လောက်အောင် အခြေအနေ ရပြီ၊ အဲဒီလို အနေမျိုးနဲ့ ဘုရား ဖြစ်ဖို့ရန် ကျေးဇူးပြုတာပဲ၊ သီလပါရမီ တွေကလဲ ဒီလိုပဲ ပျောက်မသွားဘူး။

---

ပစ္စည်းစွဲလမ်းရင် ပြိတ္တာဖြစ်နိုင်

ပစ္စည်းတွေက ပျောက်ကျန်ရစ်တယ်၊ ပျောက်ရုံတင်မကဘူး၊ ဒီအပါယ်လေးပါး ဆိုပါတော့ ပြိတ္တာ ဖြစ်ဖို့ရန် ပစ္စည်းတွေက ဆွယ်၊ ဆွေမျိုးတွေက ပြိတ္တာ ဖြစ်ဖို့ရန် ဆွယ်တယ်၊ ရဟန်း သံဃာတော် တွေ ကျောင်းတွေ ကန်တွေ ဒါတွေသာ မက်မောနေရင် ဆွယ်တယ်၊ ရဟန်း သံဃာတော်တွေ ပြိတ္တာ ဖြစ်နိုင်တယ်၊ အဲဒီ တပည့်တပန်းတွေ ဒကာ ဒကာမတွေ၊ ကျောင်းဒကာ ကျောင်းအမ သံယောဇဉ် တွေ အစွဲကြောင့် ဒီနားတွင်ပဲ ပြိတ္တာ ဖြစ်နိုင်တယ်၊ တော်တော် ကြောက်စရာ ကောင်းတယ်၊ တော်တော် ကြောက်စရာ ကောင်းတယ်၊ ပြိတ္တာ မဖြစ်တောင်မှ အကုသိုလ် လေးတွေ နည်းနည်း ဘေးကရှိရင် သတ္တိ ညံ့သွားတယ်။

---

ကုသိုလ် အာသန္နကံ အကျိုးပေးပုံ

တစ်ခါတုန်းက ဒီ သေခါနီးမှာ၊ သေခါနီးဆို လူတစ်ယောက်ပေါ့လေ၊ သား တစ်ယောက်တည်း၊ တစ်ယောက်ကလဲ သမီးတစ်ယောက်တည်း၊ ကုဋေများစွာ ချမ်းသာတယ်၊ သူတို့ နှစ်ယောက် ပေးစားလိုက်တာ ကုန်နိုင်စရာ မရှိပါဘူး၊ ကုဋေများစွာ ဆိုပါတော့၊ ကုဋေလေးဆယ် ဆိုပါတော့၊ သူဌေးဆိုရင် ကုဋေ လေးဆယ်က အနည်းဆုံး ရှိရပါတယ်၊ အဲဒါလဲ သူတို့ ကုန်နိုင်စရာ မရှိဘူး၊ ဒါပေမယ့် သူတို့ အလုပ် မလုပ်တတ်ဘူး၊ မိဘတွေကလဲ မလုပ်ချင် နေပစေလေ၊ တို့ သားသမီးတွေ တစ်သက်တော့ မဆင်းရဲဘူး၊ နောက်တော့ မိဘတွေ ကွယ်လွန်သွားတော့ အပေါင်းအသင်းတွေက လာပြီ သောက်ကြပြီ စားကြပြီ ကစားကြပြီ။

သူဌေးသားဘက်က ပါတဲ့ ပစ္စည်းတွေ ကုန်ရော၊ ဆက်ပြီးတော့ စားကြတယ် သောက်ကြတယ် ကစားကြတယ် သူဌေးသမီးဘက်က ပါတဲ့ ပစ္စည်းတွေ ကုန်ရော၊ နောက်ဆုံး အိမ်တောင် နေစရာ မရှိဘူး၊ ဒါနဲ့ သမီး ခင်ပွန်း ရောက်တတ်ရာရာ သွား တောင်းရမ်းစား၊ ဒီ သင်္ချိုင်းဇရပ်ထဲမှာ သွားအိပ်ကြတုန်း ဓားပြတစ်စု အဲဒီ ဇရပ်လာပြီးတော့ တိုင်ပင်ကြတယ်၊ ဘယ်သွား တိုက်ရ အောင်ကိုး၊ ဒီတင် ခုနက လူတွေနဲ့ တွေ့တော့ ဟာ ငါ့လူ ဒီလို ခြောက်ကပ်ကပ်နဲ့ တောင်းရမ်း စားပြီးတော့ မနေပါနဲ့၊ တို့ အဖွဲ့ထဲ လိုက်ပါကွာ ပြောတော့၊ ဟင်း သူကလဲ ပစ္စည်းမရှိတော့ ပစ္စည်းကို လိုချင်နေတာဖြစ်တော့ ကျုပ်က ဘာမှ မလုပ်တတ်ဘူးဗျ၊ တို့ခိုင်းတာ လုပ်ပေါ့ကွ၊ အေး ကောင်းပြီဆို ပြီးတော့ သူတို့ အိမ်တစ်အိမ် ဓားပြတိုက်ရော။

မင်း ဒီနားက စောင့်နေ၊ မင်းဆီလာရင်တော့ ဒီတုတ် ဒီတင်းပုတ်နဲ့သာ ချ၊ ကောင်းပြီလာရင် တင်းပုတ်နဲ့ ချမှာပဲ၊ ဒိပြင် သူမလုပ်တတ်ဘူး၊ ဟိုကဓားပြတွေက အိမ်တွင်းလဲ ဝင်ရော အိမ်ရှင်တွေ နိုးတော့ဟဲ့ ဓားပြဟဲ့ ဓားပြဟဲ့လို့ ဆိုတော့ ဟိုလူတွေက ပါးတာကိုး၊ လှည့်ပတ်ပြီး တော့ ပြေးလိုက်တာ ဟိုလူတွေကို မမိဘူး၊ သူ့ မိနေတာပေါ့၊ တင်းပုတ်ကြီးနဲ့၊ ဟာ ဒီဓားပြ တစ်ယောက် တွေ့ပါပြီ ဆိုပြီး ရှင်ဘုရင် အပ်၊ ရှင်ဘုရင်ဆို သတ်ဖို့ပဲကိုး၊ ဓားပြကို သတ်စေ။

အေး မနက်ဖြန်တော့ သတ်ဖို့ရန် သုသာန် ထုတ်သွားရော၊ ထုတ်သွားတော့ သူဌေးဘဝတုန်းက ပျော်ပါးနေကျဖြစ်တဲ့ အမျိုးသမီးက (ဟိုတုန်းက ဆိုတာ ဒီလို ပျော်ပါးနေကျဖြစ်တဲ့ အမျိုးသမီးက ငါးရာ တစ်ထောင် ပေးရတယ် လူသိ ရှင်သိပါ၊) ဒီ အမျိုးသမီးက သူ့အိမ် အထက်ပေါ်ကနေ ကြည့် တော့ ဟယ် ဟိုဟာ ငါ့လူပါလား၊ ဟိုတုန်းက ငါနဲ့ ပျော်ပါးနေတဲ့ လူ၊ ဒါနဲ့ သူ ဘယ်လို ဖြစ်တာတုန်းလို့ သူစုံစမ်းတော့ သိရော၊ ဒါဖြင့် ရှင် ဒီ လူကို မသတ်ခင် ဒီ မုန့်လေးနဲ့ ဒီရေကလေး ကျွေးပါရစေဦးနော်၊ သတ်မယ့် လူတွေ သူ တံစိုးလက်ဆောင် ပေးပြီးတော့ ဒါလေး ပေးလိုက်တယ်။

တိုက်ကြပါဦးနော် ကျွေးကြပါဦးနော် ချစ်ခင်နေတယ်၊ ဒါနဲ့ သတ်မယ်လို့ ဆိုတာ့ မုန့်နဲ့ရေ ပေးတာကိုး၊ ဒါ ဘယ်က ရတာတုန်းဆိုတော့ ရှေးတုန်းက သူ ပျော်ပါးနေတဲ့ ပြည့်တန်ဆာ ဆိုပေမယ့် အညံ့စား မဟုတ်ဘူး၊ အဲဒီ အမျိုးသမီး ပေးတာဆိုတော့ ကျေးဇူးတင်လိုက်တာ၊ ရှေးတုန်းကလဲ ချစ်လက်စနဲ့ ပို ချစ်လိုက်တာ သိလား၊ အဲဒီ အချိန်မှာ အရှင်မောဂ္ဂလ္လာန်က ဆွမ်းခံကြွလာတယ်၊ သတ်တော့မှာ၊ အရှင်မောဂ္ဂလ္လာန်လဲ အခြေအနေ မြင်လို့မို့ကို ကြွလာတာ။

အား … ငါမစားတော့ဘူး၊ အရှင်မောဂ္ဂလ္လာန်ကိုပဲ လှူတော့မယ်၊ ငါ စားလဲ မထူးတော့ဘူး၊ သေတော့မှာ၊ အင်မတန် သဒ္ဓါတရားကြီးနဲ့ လှူလိုက်ပါရော၊ ဒီ အချိန်မှာ သတ်ချလိုက်ပါရော သတ်လိုက်တော့ သူ ရုက္ခစိုး ဖြစ်သွားတယ်၊ ရုက္ခစိုး ဖြစ်ပေမယ်လို့ ဘသားက ခုနက အမျိုးသမီးကို ရုက္ခစိုးဘဝနဲ့ စွဲတုန်း ရှိသေးတယ်၊ စွဲနေတော့ သူ ကြည့်နေတယ်၊ တစ်ခါတော့ ထို အမျိုးသမီးက ဥယျာဉ်ထဲ သူ့အမေနဲ့ လှည့်လာတော့ အမှောင်ချပြီးတော့ ခိုးတာပဲ ခိုးတော့ ပါသွားရော၊ အမေလုပ်တဲ့သူ ကျန်ရစ် သမီးပါသွားပြီ။

အမေကလဲ နတ်တွေမေး ဘာတွေမေးနဲ့ မေးရှာတယ်၊ သမီးကလဲ ဟိုမှာ ရုက္ခစိုးနဲ့ ပျော်လို့၊ လူနဲ့ နတ်နဲ့ ပျော်နေတာကတော့ ဘုန်းကြီး ဒီ ဝတ္ထု တစ်ခုပဲ ပီပီသသ တွေ့ဖူးသေးတယ်၊ ခိုးယူတာ နတ်က လူ့သမီးကို ခိုးယူတာ ပျော်လို့၊ နောက်တော့ တော်တော်လေးကြာတော့ ကိုဒေဝရယ် ပြန်ပို့ပါဦး အမေ မျှော်နေလိမ့်မယ်၊ မျှော်တယ် ဟိုက အမေက နတ်မေး ဘာမေးနဲ့၊ ဒါနဲ့ သူ့ကို ဟိုက ဘယ်လို ဟောထားသလဲ ဆိုတော့ ဒီလိုကိုး ခုခေတ်ဆို ဝိဇ္ဇာလဲ မေးမှာပေါ့နော်။

ဒါနဲ့ သူ့ကို ဘယ်လို ဟောသလဲဆိုတော့ ဝေဠုဝန်ကျောင်းထဲ လာလိမ့်မယ်၊ တွေ့လိမ့်မယ် ဆိုတော့ အမေက ဝေဠုဝန်ကျောင်းထဲမှာပဲ မျှော်နေတယ်၊ ပရိသတ်က လာပြီဆို ကြည့်လို့၊ နောက် ဝေဠုဝန်ကျောင်းထဲ တရားနာတဲ့ပွဲမှာ ရောက်လာတယ်၊ ရောက်လာတော့ သူတို့ နှစ်ယောက်ကလဲ တရားနာလို့၊ တရားလဲ ပြီးရော သူတို့ သောတာပန် ဖြစ်သွားရော၊ ဒီမှာပဲ အမေနဲ့ သွားတွေ့တယ်။

ဒီစွဲလမ်းမှု ဆိုတာဟာ အကယ်၍ ခုနက သူဌေး လူဖြစ်တုန်းက မစွဲမလမ်း ဘဲနဲ့များ အရှင်မောဂ္ဂလ္လာန်ကို လှူရတဲ့ ကုသိုလ်နဲ့သာ သေရလို့ရှိရင် အထက် နတ်ပြည်ကို တက်သွားမှာ၊ ယခုတော့ အထက် နတ်ပြည်ကို မတက်ရောက်နိုင်ဘူး၊ ဒီ စွဲလမ်းမှုကြောင့် လူ့နီးနီးပါးပါး ရုက္ခစိုး ဖြစ်လာတယ်၊ ရုက္ခစိုး ဖြစ်ပြီးတော့တောင် စွဲလမ်းလို့ ခိုးတောင်ယူတာ၊ ဒီတော့ လောကကြီးမှာ ဆန်းကြယ်ပုံကို မြင်လို့ ကမ္မသတ္တိ လိုက်နေပုံတွေကို ဘုန်းကြီးက သိလို့ ပရိနိဗ္ဗာန် စံသည်အထိ ပါရမီ ပြည့်အောင် ပါရမီတွေ အကျိုးပေးနေပါတယ်။

နားလည်လို့မို့ ဒီ ကမ္မသတ္တိကို ကြိုးကြိုးစားစား သန့်သန့်ရှင်းရှင်း လုပ်ကြပါ၊ ကမ္မသတ္တိဟာ သည်လိုပဲ လိုက်ပါတယ်လို့ သိစေချင်တယ်၊ နောက် ဒီကံတွေဟာ ဘယ်လိုများလုပ် အကျိုးပေး သတုန်း ဆိုတာကိုတော့ မနက်ဖြန်မှ ဟောပါ့မယ်၊ ယနေ့တော့ အချိန်က မရဘူး၊ ဘုန်းကြီး ကိုယ်တော်တွေ ဆွမ်းခံသွားရဦးမယ်၊ မနေ့ကလိုသာဆိုရင် ဘုန်းကြီးက ဆက်ဟောဖို့ပါပဲ၊ ဒီတော့ ဘုန်းကြီးရဲ့ ကိုယ်တော်လေးတွေ ဆွမ်းခံသွားရဦးမယ်၊ ဒါကြောင့်မို့လို့ မနက်ဖြန်မှ ဒီ ကမ္မသတ္တိ အကျိုးပေးပုံတွေကို ဆက်ပြီး ဟောပါဦးမယ်။

---

နာနာပ္ပကာရဋ္ဌာနာနိ၊ ဗောဓိတာနေတ္ထ မုနိနာ။
အနန္တနယ ပဋ္ဌာနံ၊ ဝန္ဒေ အနန္တ ဂေါစရံ။

ဧတ္ထ - အနန္တနယ သမန္တပဋ္ဌာန်း ကျမ်းတော်ကြီး၌၊
မုနိနာ - မုနိထွတ်တင် ဘုရားရှင်သည်၊
နာနာပ္ပကာရဋ္ဌာနာနိ - ဟေတု အာရမ္မဏ စသည်များစွာ အကြောင်းအရာတို့ကို၊
ဗောဓိတာနိ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာ ကျန သိပြီးမှလျှင် များလှဝေနေ သိစေတော်မူအပ်ခဲ့လေပြီ၊
အနန္တ ဂေါစရံ - အဆုံးမရှိ ကုန်အောင်သိသည့် ဉာဏ်တော်၏သာ ကျက်စားရာ ဖြစ်တော်မူသော၊
တံ အနန္တနယ ပဋ္ဌာနံ - မြားမြောင်ပေါယယ် နည်းစုံကြွယ်သား, ကြီးကျယ် မြင့်မော် ထို ပဋိဋ္ဌာန်းကျမ်းတော်ကြီးကို၊
ဝန္ဒေ - တစ်သက်တစ်ခါ ကြုံခဲစွာဖြင့် ကြုံလာသည့်ခိုက် ဦးဖြင့်တိုက်၍ နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ ပါ၏ဘုရား။

သာဓု … သာဓု … သာဓု။

“အခြေပြု ပဋိဋ္ဌာန်းတရားတော်”

နဝမနေ့

၁၃၃၅-ခု၊ နှစ်ဆန်း ၂-ရက်၊
၁၉၇၃-ခု၊ ဧပြီလ ၁၇-ရက်။

---

ကျမ်းစာ

ကျမ်းစာဆိုတာ ဘုရား တရားကို မတည်ပြီးတော့ ရှေ့ပိုင်း ပထမပိုင်းက ရှင်မဟာကဿပတို့၊ နောက်ပိုင်းကျတော့ ပညာရှိ သူတော်ကောင်းကြီးတွေ ထပ်ထပ်ပြီးတော့ နားလည်အောင် စီမံတော်မူကြတယ်၊ ပို့ချတော်မူကြတယ်၊ ဒီတော့ ဘုန်းကြီးတို့ လက်ထက်ကျတော့ ပိုင်ပိုင်လေ့လာ ကြဖို့သာ ရှိတယ်၊ များသောအားဖြင့် ရှင်းပြီး လင်းပြီးသားတွေပဲ ဖြစ်နေကြတယ်၊ သေခါနီးမှာ ကံ ကမ္မနိမိတ် ဂတိနိမိတ် သုံးမျိုးထဲက တစ်ပါးဖြစ်စေ၊ နှစ်ပါး ဖြစ်စေ၊ သုံးပါးဖြစ်စေ ထင်လာ တတ်တယ်၊ စိတ်ကူးကြည့်ပါ၊ မိမိတို့ မျိုးရိုးထဲက စုတေခါနီးမှာ ဘယ်လို ဖြစ်ကြတယ်၊ ဒါကို လေ့လာကြည့်ပါ၊ ဘုန်းကြီးတို့ ပြောတဲ့ စကားက စာထဲမှာ ပေမယ်လို့ ဒီစာက လူထဲမှာ ရောက်နေတဲ့ အကြောင်းအရာ တွေချည်း ရေးထားတာ။

---

ကံအကြောင်း

ဟို ကံဆိုတာက ရှေးခပ်စောစောက ပြုထားတဲ့ ကံ၊ ဥပမာကျောင်းကြီး ဆောက်ပြီး လှူဒါန်းထားတယ်ဆိုရင် အဲဒီ အခါတုန်းက ကုသိုလ်စေတနာတွေ သေခါနီးကျတော့ လှူနေရ သလိုပဲ၊ စိတ်ချမ်းသာလို့ ပျော်လို့ စိတ်ကြည်လင်လို့၊ အဲ … ဟိုတုန်းက လှူနေသလိုပဲ၊ ဒီအာရုံ ထင်လာတယ်၊ ဒီဟာကြောင့် ဘုန်းကြီးက ကျောင်းရေစက်ချမှာဖြစ်ဖြစ် ဒိပြင် ကုသိုလ်ရေးမှာ ဖြစ်ဖြစ် သန့်ရှင်းအောင် ပြုလုပ်ကြစမ်းပါလို့ ပြောနေရတာ၊ သေခါနီး (အာရုံ) အထင် အရေး ကြီးလွန်းလို့၊ သေခါနီး အထင်က ရှုပ်ရှုပ် ပွေပွေတွေနဲ့ လောကွတ် ပျူငှာတွေနဲ့ဆိုရင် ကုသိုလ် စေတနာဟာ သိပ်နည်းသွားတယ်။

သိပ်နည်းသွားရုံ မကဘူး၊ ဒီ အကုသိုလ်တွေ ခြံရံပြီး အကျိုးပေးမှာဖြစ်တော့ ဟိုမှာ ညံ့ညံ့ကလေး အကျိုးပေးတယ်၊ ဒါကြောင့် ဒီ ကုသိုလ်ပြုတဲ့အခါ သန့်သန့်ရှင်းရှင်း ပြုကြစမ်းပါ၊ နောက်ဆုံး ဒီကနေ့လိုပဲ ဆွမ်းကပ်ဦးတော့ သံဃဿ ဒေမ - သံဃာအား လှူပါ၏၊ သံဃာအား လှူပါ၏၊ စိတ်ကြည်နူးအောင်လို့ သံဃာများလဲပဲ ညီညီညွတ်ညွတ် တန်းစီပြီးတော့ အလှူခံကြွကြ၊ အလှူရှင် များကလဲ ဒီ သံဃာများ ကြည့်ပြီးတော့ သံဃဿ ဒေမ - သံဃာအား လှူပါ၏၊ နိဗ္ဗာနပစ္စယော ဟောတု - နိဗ္ဗာန်ရဲ့ အထောက်အပံ့ ဖြစ်ပါစေ၊ အဲဒီလို ဆိုတော့ စေတနာတွေ ကလေ ပြန်ပေါ် နေတယ်၊ အိပ်မက် မက်သလိုပဲ၊ ကုသိုလ် ထပ်ပြုနေရသလိုပဲ၊ ဘယ်လောက် ကောင်းတုန်း၊ ဘယ်လောက် ကောင်းတုန်း။

အကုသိုလ် ပြုတုန်းကလဲ ဒီလိုပဲ၊ အဲ-စောစောက အကုသိုလ်တွေ ပြုထားတယ်၊ ပါဏာတိပါတ - သူ့အသက် သတ်မှုတွေ လုပ်ခဲ့တယ်၊ အဒိန္နာဒါန - သူ့ဥစ္စာ မတရား ယူခဲ့တယ်၊ မုသာဝါဒ - လှည့်ကာ ပတ်ကာနဲ့ ပြောခဲ့တယ်၊ အဲဒီ အကုသိုလ်များက သေခါနီး ထင်လာရင် ဟိုတုန်းကလိုပဲ၊ စိတ်ဟာ ဟိုတုန်းက ပြုနေသလိုပဲ ဖြစ်နေတယ်၊ ဘာထင်လာတုန်း ဆိုတော့ ကံအာရုံ ထင်လာတယ်၊ နားလည်ပါနော်၊ ဒါ သေခါနီး အရေးကြီးတယ် ဆိုတာ၊ ကိုယ်လဲ သေရတယ်၊ ယခု သေခါနီးမှာ ဒီလို ထင်လာတဲ့ အာရုံအလိုက် ဟိုဖက်ဘဝမှာ ဖြစ်ရမယ်၊ ကိုယ်လဲ ပြောင်းရမှာပဲ၊ ခုနက စောစောစီးစီး ကံပြုထား ကတည်းက အကုသိုလ်ကံတွေ နည်းနိုင်သမျှ နည်းရပါတယ်။

ပုထုဇဉ်ဆိုတာ အကုသိုလ်တွေ အကုန်လုံးနည်းအောင် ကြိုးစားတယ်လို့ ဆိုပေမယ့် အကုသိုလ် ကံ ကြီးကြီးမားမား မရှိအောင် ရှောင်ရပါတယ်၊ ဟို နည်းနည်းပါးပါး လောဘကလေး နည်းနည်း ပါးပါး ဒေါသကလေး မာနကလေး ဒါကတော့ မကင်းနိုင်ဘူးပေါ့၊ ဒါပေမယ့် ကြီးကြီးမားမား အကုသိုလ် ကတော့ မဖြစ်အောင် ရှောင်ရပါတယ်၊ ပြုတဲ့ ကုသိုလ်ကလဲ သန့်သန့်ရှင်းရှင်း ဖြစ်အောင် ပြုရပါတယ်၊ ဘာပြုလို့တုန်း သေခါနီးမှာ ထင်တတ်လို့။

---

ဂရုကံ အကျိုးပေးချိန်

ဟို ရှေးရှေး ဘဝကဆိုတဲ့ အကြောင်းအရာက အင်မတန် နည်းပါတယ်နော်၊ ထပ်ပြီးတော့ ပြောပါမယ်။

ဒီဘဝမှာ ဂရုကံ ကုသိုလ်ဖက်က ဈာန်တို့ ရနေတယ်၊ ဒါ သူ့ အကျိုးပေးကိုး၊ စဉ်းစားနေဖို့ မလိုဘူး၊ ဘယ် ကံအာရုံ ထင်တာတွေ ဘာတွေ ဘာမှ မစဉ်းစားနဲ့၊ သူတို့မှာ ဆိုင်ရာ အာရုံထင်မှာ အခြားအာရုံတွေ မပေါ်ဘူး။

အကုသိုလ်ဖက်က မိဘကို သတ်တဲ့ ပါဏာတိပါတမျိုး ဘုရား ရဟန္တာကို နှိပ်စက် စော်ကားထားတဲ့ အကုသိုလ်မျိုး၊ သူတို့နဲ့ ဆိုင်တဲ့ကံ သူတို့နဲ့ အာရုံ ထင်မှာ၊ ဒိပြင် အပြောင်းအလွဲ မရှိနိုင်ဘူး၊ ဒီ ကံတွေကတော့ ဘုန်းကြီးရော ရဟန်း ရှင် လူ ပရိသတ်များရော မရှိကြဘူး။

---

အာသန္နကံ အကျိုးပေးချိန်

ဂရုကံ မရှိတော့ ဘယ်လိုကံက လာပြန်တုန်း ဆိုတော့ အာသန္နကံ - သေခါနီးကျတော့မှ ပြုတဲ့ကံ၊

သေခါနီးကျတော့မှ ပြုတဲ့ကံဆိုတာ မိမိကိုယ်တိုင် သတိရလို့ ဟိုကိစ္စ ဒီကိစ္စ ဆောင်ရွက်ပြီးတော့ ဒါနပြုလို့ ဥပုသ်သီတင်း ဆောက်တည်လို့ ဒီလို ဖြစ်တဲ့ ဘေးက ဆွေကောင်း မျိုးကောင်းတွေက တိုက်တွန်းလို့မို့၊ ဒါန ပြုလို့ ကုသိုလ်ပြုလို့ တရားနာလို့ ပရိတ်တော်တွေ နာလို့ ဒီလိုလဲ ဖြစ်ရဲ့၊ သေခါနီးမှာ ပြုတဲ့ အာသန္နကံဂရုကံ မရှိတဲ့ ဘုန်းကြီးတို့ တစ်တွေမှာလဲ အဲဒီ အာသန္နကံ ထင်လာဖို့ သိပ် များတာပဲ သိပ် အခွင့်သာတာပဲ။

---

အာစိဏ္ဏကံ အကျိုးပေးချိန်

တစ်ခါ အာသန္နကံ မရှိဘူး၊ ဒါ ဒီဘဝကံတွေနော် ဒီဘဝ ကံတွေ၊ အာသန္နကံ မရှိလို့ရှိရင် တစ်ဘဝလုံး လေ့ကျင့်လာတဲ့ ဘုန်းကြီးတို့ စာတွေ ပို့ချလို့၊ သံဃာများ ဩဝါဒပေးလို့ သာသနာ တော်ကြီး ကောင်းအောင် ဆောင်ရွက်လို့၊ ဒါတွေဟာ အာစိဏ္ဏကံ - အမြဲ လေ့ကျက်နေတဲ့ ကံတွေ၊ လူများမှာလဲဘဲ ဘုရားကိစ္စ နေ့တိုင်း ဆောင်ရွက်လို့ ဆွမ်း နေ့တိုင်း လောင်းလို့ ဘုရား ဝတ်ပြုလို့၊ ကုသိုလ်ရေးတွေ မှန်မှန် လုပ်နေတာ ရှိတယ်၊ မှန်မှန်လုပ်နေတယ်၊ ဒါတွေဟာ အာစိဏ္ဏကံလို့ ခေါ်တယ်၊ အာသန္နကံ မရှိရင် သူတို့ အကျိုးပေးဖို့ အခွင့်ရှိတယ်။

မကောင်းတဲ့ အကုသိုလ်ကံထဲကလဲ သူ့အသက် သတ်ပြီးတော့ အသက်မွေး နေတယ်၊ သူ့ဥစ္စာ မတရားယူပြီးတော့ အသက်မွေးနေတယ်၊ သူ့သား အိမ်ရာတွေ ပြစ်မှားနေတယ်၊ လိမ်လည် လှည့်ဖြားနေတယ်၊ ဒီလို အကုသိုလ်ကံတွေဟာ အာစိဏ္ဏကံတွေပဲ အမြဲ လေ့ကျက်နေတာ၊ အဲ … အာသန္နကံ အထူးမရှိလို့ရှိရင် ဒီ အာစိဏ္ဏကံက အကျိုးပေးတယ်၊ ဒါ ဒီဘဝကံပဲ ရှိသေးတယ်။

ဒီ ဂရုကံ အာသန္နကံ အာစိဏ္ဏကံ ကံသုံးကံ စလုံးဟာ ဒီဘဝ ကံချည်းပဲ ရှိသေးတယ်၊ နောက်ဘဝ ရောက်ဖို့ရန် ဒီကံ ဒီကံတွေဟာ အရေးကြီးနေတုန်း၊ ဒါကို ရဟန်းရှင်လူတို့ သိရပါ့မယ်၊ သိလဲ သိထိုက်ပါတယ်၊ လေ့လဲ လေ့ကျက်ရပါတယ်၊ အဲဒီ သုံးမျိုး မရှိရင်တော့ ဂရုကံကြီးလဲ မရှိဘူးဆိုရင် သေခါနီး ရုတ်တရက် သေရလို့မို့ ကုသိုလ် ဘာမှ မဖြစ်ဘူး၊ အကုသိုလ် ဖြစ်ရင်သာ ဖြစ်မယ်၊ သတ်ရင်း ဖြတ်ရင်း တိုက်ရင်း ခိုက်ရင်းမို့လို့ ကုသိုလ်က တယ်မလွယ်ဘူး ဆိုပါတော့၊ အာစိဏ္ဏကံ အမြဲလေ့ကျက်ပြီးတော့ လာတဲ့ကံ၊ အဲဒီ ကံကလဲ မရှိပါဘူးတဲ့၊ ဟိုနား ဒီနားမှာ အမှတ်တမဲ့ ပြုမိတဲ့ ကံကလေးတွေက သိပ်တော့ဖြင့် များလှတယ်တော့ မဟုတ်လှဘူး။

ဒီဘဝမှာ အမှတ်တမဲ့ ပြုမိတဲ့ ကံကလေးတွေက အကျိုးပေးမှာ မဟုတ်၊ ဟို … ရှေးရှေးဘဝက ဘဝများစွာက သံသရာက ပြုလာခဲ့တဲ့ကံတွေ ခန္ဓာအစဉ်မှာ ပါနေတယ် မဟုတ်လား၊ အဲဒီ ကံတွေက အကျိုးပေးတတ်ပါတယ်။

နောက်ဘဝ ကောင်းမွန်ရေး

ဒီတော့ နှစ်နှစ်ကာကာ မှတ်ဖို့က တို့နောက်ဘဝ ကောင်းဖို့အတွက် ဒီဘဝ ကံတွေကို အင်မတန် အားကိုးရပါတယ်၊ ဒီဘဝကံတွေ ရှိကိုရှိမှ၊ ဟိုနား ဒီနား ပြုမိတဲ့ ကံနဲ့ ရှေးဘဝက ကံတွေဟာကတော့ ဒီဘဝ ဂရုကံ၊ အာသန္နကံ၊ အာစိဏ္ဏကံတွေ မရှိမှသာ အခွင့်ရလာတာ ဖြစ်တယ်၊ ဒါကြောင့် တို့ ဒီဘဝက ကောင်းကောင်းကြီးများ နေလိုက်လို့ရှိရင်၊ ဒီဘဝ သန့်သန့်ရှင်းရှင်းများ နေလိုက်လို့ရှိရင် စိတ်ချ စိတ်ချ၊ ဟိုဖက်ဘဝမှာ ကောင်းကောင်း ဘဝရဖို့ စိတ်ချတော့ သိပ်သေချာတာပဲ

ကမ္မနိမိတ် ထင်လာ

သိပ်ပြီးတော့ ဒါတွေသိလို့၊ ဒီအလုပ် လုပ်တော့ ဝမ်းသာလိုက်တာ၊ ဒါ အာရုံထင်လာပုံကို ပြောတယ်နော်၊ ကမ္မနိမိတ်ဆိုတာ ဒီကံတွေ ပြုတုန်းက အာရုံတွေကို ကမ္မနိမိတ်လို့ ခေါ်တယ်၊ ဒီတော့ ကျောင်းဆောက်ပြီးတော့ လှူလာတဲ့သူဟာ ကျောင်းကြီး အာရုံထဲ ထင်လာတယ်၊ ဟိုတုန်းက လှူတုန်းက ကျောင်းကြီးပဲ အာရုံထဲ ပေါ်လာတယ်၊ သူ့မှာလဲပဲ ဒီ ကုသိုလ် စေတနာတွေ ထပ်ပြီးတော့ ဖြစ်တယ် ဒါ ကမ္မနိမိတ်။

ဟို ရှေးတုန်းက ပါဏာတိပါတမှုတွေကို ပြုလာ၊ သေခါနီးကျတော့ ဒီအမှုတွေ အာရုံထင်လာ ဒါ ကမ္မနိမိတ်၊ ကံ မဟုတ်ဘူးနော်၊ ကံရဲ့ အာရုံ ကမ္မနိမိတ်တွေ ထင်လာတယ်။

ကံထင်လာ

သေခါနီးကျတော့မှ တကတည်း ရှေးတုန်းက ပြုမိတဲ့ အကုသိုလ်တွေ ထင်လာလို့ တချို့များ မေ့မြောသွားရာက ဟို ခုနက အာရုံတွေ ထင်လာလို့မို့၊ သူ့ကို ကယောင်ကတမ်းတွေ ပြောလို့ ဝမ်းနည်းပန်းနည်း စကားတွေ ပြောလို့၊ မေ့မြောသွားရာက ပြန်သတိရလာ၊ အကုသိုလ်ကံတွေ ပေါ်နေလို့ အကုသိုလ်လုပ်တုန်းက အကြောင်းအရာတွေ ပေါ်နေလို့ သိပ် ဝမ်းနည်းသွားတယ်

ဂတိနိမိတ် ထင်လာ

တချို့လဲပဲ ကုသိုလ်လုပ်တုန်းက အကြောင်းအရာတွေ ပေါ်နေလို့ မေ့မြောသွားရာက သတိရလာတော့ ဝမ်းသာသွားတယ်၊ တချို့ကျတော့ ရောက်မယ့်ဘဝက ဂတိနိမိတ်တွေ ထင်လာတယ်၊ သုံးမျိုးနော်၊ ရောက်မယ့်ဘဝက တစ်နေ့တုန်းက ပြောတဲ့ သောဏမထေရ်ရဲ့ အဖေ ဦးပဉ္စင်းကြီး သိပ်ဝမ်းနည်းပြီးတော့ ပထမရောက်မယ့်ဘဝမှာ ခွေးကြီးတွေ ကိုက်စားတတ်တဲ့ ခွေးကြီးတွေ ထင်လာတယ်၊ ဒါ ဂတိနိမိတ်၊ ဂတိ - ရောက်မယ့်ဘဝ လားမယ့်ဘဝရဲ့၊ နိမိတ္တ - အကြောင်းအရာတွေ ထင်လာတယ်၊ အဲ နောက်တစ်ခါ အရှင်သောဏက ပြုပြင်ပေးလိုက်လို့မို့ နတ်ပြည်က နတ်သမီးတွေ ထင်လာပြန်တယ်။

အဲဒီတော့ကာ ဒါတွေက ဂတိနိမိတ်တွေ ရောက်မယ့်ဘဝ ဖြစ်မယ့်ဘဝရဲ့ အကြောင်းအရာတွေ၊ လူပြန်ဖြစ်မယ့် လူများ ရောက်မယ့်ဘဝ ဖြစ်မယ့်ဘဝ၊ အကြောင်းအရာတွေ ဘယ်လို ထင်လာတတ်သတုန်း၊ အမိဝမ်းရေများ ထင်တတ်တယ်၊ ကိုယ်လဲ တစ်ခါမှ မမြင်ဖူးဘူး မစဉ်းစားဖူးဘူး၊ မစဉ်းစားပေမယ့် ကိုယ်က အမိဝမ်းထဲမှာ ပဋိသန္ဓေနေရတော့မှာ ဖြစ်တော့ အမိဝမ်းရေ နီနီရဲရဲ ကလေးတွေ ထင်ပြီးတော့ လာတတ်ပါတယ်တဲ့၊ ဂတိနိမိတ်။

အဝိဇ္ဇာ တဏှာ သင်္ခါရ

ဒီတော့ အာရုံနိမိတ်တွေကို ဒီလို ထင်လာ ထင်လာတော့ကာ ဒီ သူ့ကိုယ်ရဲ့ သန္တာန်မှာ အဝိဇ္ဇာတဏှာက ရှိနေတော့ အဝိဇ္ဇာက ဘဝတစ်ခုလုံးရဲ့ အပြစ်တွေကို ဖုံးလွှမ်းတယ်၊ ဖုံးလွှမ်းတယ်၊ ဒီ တဏှာက အဲဒီ ရောက်တဲ့ဘဝကို ညွတ်နေတယ်၊ ကုသိုလ် အကုသိုလ် စေတနာက အဲဒီ ရောက်မယ့်ဘဝကို ပေးဖို့ရန် သင်္ခါရအဖြစ်နဲ့ ရှိနေတယ်၊ နားလည်ပါစေနော်။

အဲဒီ အခါမှာ အဝိဇ္ဇာက အပြစ်ကို ဖုံးလွှမ်းထားလို့မို့၊ မကောင်းကံ မကောင်းအာရုံ မကောင်းတဲ့ ဘဝအကြောင်းအရာတွေ ထင်လာရင်လဲပဲ အဝိဇ္ဇာက အပြစ်ကို ဖုံးလွှမ်းထားတာဖြစ်တော့ အပြစ်မမြင်ဘူး၊ နောက်ဘဝတစ်ခု အမိဝမ်းထဲမှာ ပဋိသန္ဓေနေရတော့မယ်၊ အမိဝမ်းရေ ထင်လာတော့လဲ အဲ - အပြစ်ကို မမြင်ဘူး၊ မမြင်ရုံတင်မကဘူး၊ အဲ … တဏှာက ညွတ်နေတာ သွားဖို့ရန်ကို စိတ်ညွတ်နေတာ အဲ … တဏှာ ညွတ်နေတာ၊ သိပ်သိပ်ပြီးတော့ သေချာတာပဲ တဏှာ ညွတ်နေတယ်၊ အဲဒီ တဏှာကို ဘဝနိကန္တိ လို့ ခေါ်တယ်။

အပါယ်လေးပါး ငရဲကျမယ့်သူ ငရဲဆိုင်ရာ ထင်လာလဲ ယူမှာပဲ၊ အဝိဇ္ဇာက ဒီအာရုံကို အာရုံပြုနေတာပဲ၊ ငရဲဆိုပြီးတော့ ကြောက်ပြီးတော့ မယူဘဲ မနေဘူး မယူဘဲ မနေဘူး ယူတာပဲ၊ တဏှာကလဲ မညွတ်ဘဲ မနေဘူး၊ ညွတ်တာပဲ၊ ဘာဖြစ်လို့လဲ ဒီဘဝက အာရုံတွေ အကုန်လုံးကို လွှတ်ရတော့မယ်၊ ဘဝတစ်ခုလုံး လွှတ်ရတော့မယ် စွန့်ရတော့မယ်၊ စွန့်ရတော့မယ် ဆိုတော့ နောက်ထပ် စွဲတယ်လေ နောက်အာရုံကို စွဲတယ် နောက်အာရုံ စွဲတယ်၊ တဏှာက မကောင်းလဲ စွဲမှာပဲ ကောင်းလဲ စွဲမှာပဲ။

ဥပမာ - ရေနစ်သွားတယ် ဘွားကနဲ ပေါ်လာတဲ့အချိန်မှာ ဘာမဆို ဆွဲမှာပဲ၊ အကယ်၍များ မိကျောင်းကြီးတွေ့လိုက်ရင် ဒီမိကျောင်းကြီး လှမ်းဖက်မှာပဲ၊ ဘာဖြစ်လို့တုန်း ရေနစ်နေတဲ့ ဒုက္ခက၊ ရေနစ်နေတဲ့ ဒုက္ခက သေမှာ သေချာနေတယ်၊ အဲဒီတော့ သိပ်ကြောက်ပြီးတော့ကို ပေါ်လာတဲ့အခါမှာ ဝါးလုံးတွေ့လဲ ဝါးလုံးကို ဆွဲမယ်၊ ကိုယ့်ကိုက်သတ်မယ့် မိကျောင်းတွေ့လဲ မိကျောင်းကြီးကို ဖက်မှာပဲ၊ အဲဒီလိုပဲ သေခါနီးကျတော့ မကောင်းအာရုံလဲ စွဲမှာပဲ တဏှာ ညွတ်တာပဲ။

တစ်ခါတုန်းက - ဒီစောစောက မီးပူဇော်တဲ့ အလေ့အထနဲ့ နေတဲ့သူ ရသေ့များရဲ့ အဆုံးအမနဲ့ နေတဲ့သူတို့က မီးပူဇော်တဲ့အလုပ်ဟာ အင်မတန် မွန်မြတ်တဲ့ အလုပ်ကြီးလို့ ဆိုပြီးတော့ မီးကို မသေအောင် ထောပတ်တွေ ထည့်တယ် ထင်းကောင်းကောင်းတွေ ထည့်တယ်။

မီး မသေစေနဲ့ မီးကို ပူဇော်တယ်ကိုး၊ အဲဒီလို အနေမျိုးနဲ့ ဒကာဟာ မီးနတ် ပူဇော်တယ်ကိုး၊ စုတေခါနီးကျတော့ မီးအာရုံတွေ ထင်လာတယ်၊ သူ့အနီးအပါးမှာ သူ့ဆရာ ရသေ့တွေကလဲ ရှိတယ်၊ ဆရာတို့… မီးတွေ ထင်နေတယ်၊ ကောင်းပြီ မီးတွေ ထင်နေလို့ရှိရင် ဗြဟ္မာ့ပြည် ရောက်တော့မှာပဲ၊ ဘေးက ဆရာတွေက ပြောတော့ ဟို … ဗြဟ္မာပြည်ဆိုတာ ဘယ်မှာတုန်း အထက်မှာလား၊ ယခု မီးတွေ ထင်နေတာ အောက်မှာ ထင်နေတယ်၊ သူတို့ မပြောသာဘူး၊ မီးတွေ အောက်က ထင်နေတယ်၊ မီးတွေ အောက်က ထင်ချင် ထင်ပါစေ ဗြဟ္မာပြည် ရောက်မှာပဲ၊ သူတို့ ဒီလိုပဲ အတင်းပြောနေရင်း သေသွားတာ ငရဲကို ရောက်တာပဲ

ဒါကြောင့် ဒီအာရုံဟာ စွဲကိုင်ပါတယ်၊ အဝိဇ္ဇာက ဖုံးထားတယ်၊ တဏှာက ဘဝသစ်ကို ညွတ်ပါတယ်၊ ပြီးတော့ မိမိတို့ ပြုထားတဲ့ ကံတွေက သင်္ခါရက အကျိုးပေးဖို့ရန် အသင့်ရှိပါတယ်၊ ဒါကြောင့်မို့လို့ သေခါနီးမှာ စိတ်တွေ အစဉ်အတိုင်း ဘုန်းကြီးတို့ ဝီထိစိတ်တွေ ဖြစ်လာတယ်၊ နောက် စုတိအာရုံ ထင်လာတယ်၊ အင်း … ဇော ဇော ဇော ဇော ဇောနဲ့ မရဏာသန္နဇောဟာ ငါးကြိမ်ပဲ စောနိုင်တယ်၊ အဲဒီ မှီရာ ဟဒယဝတ္ထုက အားနည်းလာပြီ၊ ဒီဇော များများ မစောနိုင်ဘူး၊ ဒီ ငါးကြိမ်လဲ စောပြီးရော၊ တဒါရုံ စုတိ၊ စုတိဟာ ဒီဘဝရဲ့ နောက်ဆုံးစိတ်ပဲ၊ စုတိပြီးရင် ခုနက ကံဆိုတဲ့ သင်္ခါရက အကျိုးပေးမယ် ပဋိသန္ဓေက ဆက်ဖြစ်တယ်။

ဂတိ ငါးမျိုး

ဘုန်းကြီးတို့က သိပ် သန့်ရှင်းတာပဲ၊ ရှင်းလင်းတာပဲ၊ အရေးကြီးလိုက်တာ၊ ဟိုဘဝအတွက်ဟာ သိပ်အရေးကြီးတာပဲ၊ သိပ်အရေးကြီးတာ၊ ဒီတော့ နောက်ရောက်ရမယ့် ဘဝက ဂတိလို့ ဆိုတယ်၊ ဒီ ဂတိဟာ ငါးမျိုးရှိတယ်၊ ဘုရား မပွင့်လို့ရှိရင် ဘုန်းကြီး မပြောနဲ့ဘုန်းကြီးတို့ ရှေ့က ပညာရှိတွေ ဘယ့်နှယ်မှ မသိနိုင်ပါဘူး၊ မြတ်စွာဘုရားက ဟောထားတယ် ဂတိ ငါးမျိုး ရှိတယ်၊ ဂတိဆိုတာ ရောက်ရမယ့် ဘဝ သွားရမယ့် ဘဝ ငါးမျိုး ရှိတယ်။

  1. နိရယဂတိ - ငရဲ၊
  2. ပေတဂတိ - ပြိတ္တာ၊
  3. တိရစ္ဆာနဂတိ - တိရစ္ဆာန်၊
  4. မနုဿဂတိ - လူ၊
  5. ဒေဝဂတိ - နတ် ဗြဟ္မာ။

သွားရမယ့် ဂတိ ငါးမျိုးရှိတယ်၊ သေခါနီး ထင်နေတဲ့ ကံတွေ အထင်ကြောင့် သွားရမယ့် ရောက်ရမယ့် ဘဝဟာ အဲဒီ ငါးမျိုးထဲက တစ်မျိုးရောက်မှာပဲ၊ အဲဒီအထဲမှာ အသူရကာယ် မပါပါဘဲလား ဆိုတော့ အသူရကာယ်ဆိုတာ ပြိတ္တာအကြီးစားကိုး၊ ပြိတ္တာအကြီးစား ဆိုတော့ကာ ဒီ ပြိတ္တာလို့ ဆိုလိုက်လို့ ရှိရင်ပဲ အသူရကာယ်တွေဟာ ပါသွားပြီ၊ အသူရကာယ်တွေက ပိုဆင်းရဲတယ်၊ ပြိတ္တာထက် ပိုပြီးတော့လဲ အကောင်အထည်လဲ ကြီးပုံရတယ်၊ ပြိတ္တာဆိုတာ တချို့ တစ္ဆေလေးတွေဆိုတော့ သိပ် သေးမွှားတယ်။

ပြိတ္တာဘဝ

ပေပင်ဆရာတော်ဘုရားကြီးဆိုတာ တရားလဲ ဟောတော်မူတယ်၊ ကမ္မဋ္ဌာန်းလဲ ထိုင်တော်မူတယ်၊ သုသာန်ထဲ ကြွပြီးတော့ တရားလဲ ဟောတော်မူတယ်၊ ကမ္မဋ္ဌာန်းလဲ ထိုင်တော်မူတယ်၊ တစ်ခါ သုသာန် ကြွရင် ဒီ တစ္ဆေတွေ လာပြီးတော့ အနားမှာ ကောင်းကောင်း တရားနာတဲ့သူ ရှိတယ် ကိုးရိုးကားယား လုပ်တတ်တဲ့ သူလဲ ရှိတယ်၊ အဲဒီလို လုပ်တဲ့သူလဲရှိတယ်၊ ခပ်လှမ်းလှမ်းက နေပြီးတော့ ညစာအံ စာပြန်နေလိုက်ကြတဲ့ တစ္ဆေတွေလဲ ရှိတယ်၊ ဒီ ပေပင်ဆရာတော် ကြားနေတာ၊ ည စာပြန်နေလိုက်ကြတာ၊ ဘုန်းကြီးတို့ ဦးပဉ္စင်း တစ္ဆေတွေပေါ့လေ၊ စုပြီးတော့ စာပြန်နေလိုက်ကြတာ ဒီလိုပဲ ရှိတယ်၊ အဲဒီ နေရာက ဆရာတော်ကြီး ထိုင်နေတဲ့ နေရာနဲ့ အနီးအပါးမှာပေါ့၊ တွင်းကလေး တစ်တွင်းက နေပြီးတော့ အကောင် နှစ်ကောင် ထွက်လာလိုက်တာ တွင်းကလေးက သေးသေးလေး ပုရွက်ဆိတ်တွင်းလောက်ပဲ ရှိတယ်၊ အကောင်နှစ်ကောင် ထွက်လာတော့ ခပ်ကြီးကြီးမားမား ဖြစ်နေတယ်။

တစ်ကောင်က တောင်ဘက် အစာသွားရှာတယ်၊ နောက် တစ်ကောင်က မြောက်ဘက်သွား အစာရှာတယ်၊ နောက် သူတို့နှစ်ကောင် အချိန်ကျ ပြန်လာ၊ ဒီတွင်းထဲ ဝင်သွားတာပဲ၊ ဘယ်လောက်များ ဆန်းကြယ်နေသတုန်း ဆိုတော့ ဟို ဘုန်းကြီးတို့ ကြပ်တွင်း ခေါ်တာပေါ့၊ တစ္ဆေ ပြိတ္တာကလေးတွေ၊ တစ္ဆေ ပြိတ္တာကလေးတွေ၊ အဲဒီလိုပေါ့ ဘဝသံသရာမှာ အမျိုးမျိုးတွေ နောက်ဘဝ ဖြစ်ရမှာ သေခါနီး စွဲလမ်းမှုကြောင့် အမျိုးမျိုး ဖြစ်ကြတယ်။

တချို့က စွဲလမ်းမှု မရှိဘဲနဲ့ ဖြစ်ကြတယ်၊ စွဲလမ်းမှု မရှိတော့ ကံပစ်ချ သလိုပဲ သွားရတယ်၊ စွဲလမ်းမှုရှိတဲ့ သူတွေက အိမ်အနီးအနားမှာ ဒီလိုပဲ သားသမီးလေး စွဲလမ်းလို့ ပစ္စည်းကလေး စွဲလမ်းလို့ ဒီအနီးအပါးမှာ ဖြစ်ကြတယ်၊ ဒါလဲ မြန်မာက တစ္ဆေလို့ ခေါ်တာပေါ့။

အလှူခံ သီလရှိမှ

အဲဒီ ဂတိငါးပါးထဲမှာ "ပေတ = ပြိတ္တာ" ပြိတ္တာ ဖြစ်ကြတာ၊ သူတို့ အဲဒီ ပုဂ္ဂိုလ်တွေက သိပ်တော်တယ်၊ ဘာပြုလို့တုန်းဆိုတော့ လူပြန်ဖြစ်ဖို့ရန် အင်မတန် နီးကပ်တယ်၊ သိပ်မဆိုးလှဘူး၊ ပြိတ္တာဖြစ်နေသူအတွက် ဘာလုပ်ရသလဲ၊ အမျှအတန်းဝေ ကုသိုလ်ပြု၊ ဝမ်းနည်းပန်းနည်းနဲ့ ငိုနေဖို့ မလိုဘူး၊ ကုသိုလ်ပြု အဖေတို့ အမေတို့ ဆွေတို့ မျိုးတို့ ဟောဒီမှာ ကုသိုလ်ပြုပါတယ်၊ အဲဒီ ကုသိုလ်ပြုတဲ့ အခါကျတော့ သတိထားဖို့ သိပ်လိုပြန်တယ်၊ ကုသိုလ်ကို အလှူခံတဲ့ ရဟန်းသံဃာ ဖြစ်လို့ရှိရင် သီလရှိမှ ဖြစ်တယ်။

တစ်ခါတုန်းက ဒီက ဒကာတစ်ယောက် ဒီလိုပဲ သူ့ဆွေမျိုး ပြိတ္တာဖြစ်နေလို့ သူလဲ သိနေတာနဲ့ ရဟန်းတစ်ပါးကို သူကိုးကွယ်နေတဲ့ ဘုန်းကြီးတစ်ပါးပင့်ပြီး အမျှဝေ မရဘူး၊ နောက်တစ်ခါ သူအိပ်မက်သလား ပူးပြောသလား မသိဘူး၊ သူ အမျှ မရဘူးတဲ့၊ ဒီလိုပဲ ကုသိုလ်ပြု ပြန်အမျှဝေပြန်၊ ဒီကိုယ်တော်ပဲ အမျှတော့ မရဘူး၊ နောက်တစ်ခါလဲ ဒီလိုပဲ ဒီကိုယ်တော်ပင့်ပြီး ကုသိုလ်ပြုပြန် အမျှဝေပြန်၊ ဒီတော့ သူက ပူးပြီးတော့ ဘာပြောသလဲလို့ဆိုတော့ "ငါ့အတွက် ရမယ့်ဟာတွေ ဒုဿီလကြီး စားကုန်ပြီ" ပြောတယ်တဲ့၊ ခုနက အမျှဝေတဲ့ ပုဂ္ဂိုလ်က ဒုဿီလ = သီလမရှိဘူး။

သံဃာရည်လှူပါ

ဒီတော့ ဘုန်းကြီးက ဝမ်းနည်းလွန်းလို့၊ တစ်ခါတစ်ခါ အမျှအတန်း ဝေတယ်ဆိုရင် သီလရှိတာ မရှိတာ သူတို့ မစဉ်းစားဘူး၊ အဲဒီ မိမိတို့ ကိုးကွယ်နေတာလဲ ပေါင်းသင်းဆက်ဆံနေတာလဲ လူလို ဆက်ဆံနေကြတာ၊ အဲဒါတွေနဲ့ အမျှအတန်း ဝေတယ်၊ ဘယ့်နှယ်လုပ်ပြီး အမျှရကြမတုန်း၊ ဒါကြောင့် ဘုန်းကြီးက "သံဃဿ ဒေမ" သံဃာလှူပါ၊ ဘုန်းကြီးကျောင်းတိုက် လာပေမယ့် "သံဃဿ ဒေမ" သံဃာလှူပါ၊ ဟိုအရပ်မှာ၊ အဲ … ဆိုင်ရာ တောတို့ ရွာတို့ သွားပြီး လှူလဲ "သံဃဿ ဒေမ" သံဃာလှူပါ၊ သင်္ကန်းတို့ ဆွမ်းတို့လှူလဲ "သံဃဿ ဒေမ" သံဃာလှူပါလို့ ပြောနေရပါတယ်။

တစ်ခါတုန်းက အရှင်သာရိပုတ္တရာရဲ့ ငါးဘဝမြောက်က မယ်တော်၊ ဒီ တစ်ဘဝ နှစ်ဘဝ သုံးဘဝ လေးဘဝက မယ်တော် မဟုတ်သေးဘူး၊ ဟို ငါးဘဝမြောက်က မယ်တော် ပြိတ္တာဖြစ်နေတယ်၊ တော်တော် အစွန်အဖျားမှာ ပြိတ္တာဖြစ်နေတယ်၊ ပြိတ္တာဖြစ်နေတော့ အဲဒီ ပြိတ္တာက ရဟန်းတွေကို ပြောတယ်။

"သူဟာ အရှင်သာရိပုတ္တရာရဲ့မယ်တော် ဖြစ်ခဲ့ဖူးပါတယ်၊ အရှင်သာရိပုတ္တရာကို လျှောက်ပေးကြပါ၊ ကုသိုလ်ပြုပြီးတော့ အမျှဝေပါလို့၊ ကုသိုလ်ပြုပြီးတော့ အမျှဝေပါလို့" လျှောက်တော့ အရှင်သာရိပုတ္တရာ ကိုယ်တော်တိုင် ဆွမ်းခံပြီးတော့ သံဃာကိုလှူ သံဃာကိုလှူပြီးမှ ငါးဘဝမြောက်က မယ်တော်ကို အမျှဝေရပါတယ်။

သိဖို့ သိပ်ကောင်းကြတယ်နော် သိဖို့ သိပ်ကောင်းကြတယ်၊ ယခု ယီးတီးယားတား ဖြစ်မနေကြနဲ့၊ ယခု ဘုန်းကြီး ကြားကြားနေတယ်၊ ဘယ်သူတော့ မကျွတ်ဘူးတဲ့၊ အမျှအတန်း ဝေတယ် ဒါလဲ ကျွတ်တဲ့ လက္ခဏာ မရှိဘူး၊ သိပ် ဆိုးဆိုးရွားရွားကြီး ဒုက္ခ ခံစားနေရတယ်၊ လှူပုံ အမျှဝေပုံတွေ ဟုတ်ပုံမရဘူး။

ကြောက်စရာကောင်းတဲ့ စွဲလမ်၊မှု

ပစ္စည်းကို စွဲလမ်းတယ်၊ သိပ်ကြောက်စရာ ကောင်းတာပဲ၊ သိပ်ကြောက်စရာ ကောင်းတာပဲ၊ ပစ္စည်းစွဲလမ်းလို့ ဘဝတစ်ခုမှာ ပြိတ္တာ ဖြစ်နေရတယ် ဆိုတာ ဒီပစ္စည်းရဲ့ အစောင့်အရှောက် ဖြစ်ရတယ် ဆိုတာ စာထဲမှာလဲ ပါနေတယ်၊ ယခုလဲ ကြုံနေရတာပဲ ကြားနေရတာပဲ၊ အားလုံး ကြားဖူးတယ် ရဟန်းတော်တစ်ပါး သင်္ကန်းစွဲလမ်းလို့ သင်္ကန်းမှာ သန်းဖြစ်နေတယ်။

ဒီစွဲလမ်းမှု ဆိုတာ အင်မတန် ကြောက်စရာ ကောင်းပါတယ်၊ ဘဝသံသရာမှာ မဖြစ်ဘူးလို့ မပြောနိုင်ဘူး ဖြစ်နိုင်ပါတယ်၊ ဒီတော့ - ဟိုဘဝ ရောက်သွားပြီ ဆိုမှဖြင့် မကျွတ်တော့ဘူး မကျွတ်တော့ဘူး ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ကျွတ်ဖို့ရန် အင်မတန် ခဲယဉ်းတယ်၊ မနေ့တုန်းက ပြောတဲ့ ရေချမ်းအမကြီးတို့လို ကတော့ လတ်လတ်ဆတ်ဆတ်ကြီး သူတော်ကောင်းကြီးကိုး၊ သားသမီးတွေ ငိုသံကြားလို့ စွဲလမ်းပြီးတော့ သေသွားတယ်၊ တစ္ဆေ ပြိတ္တာဖြစ်တယ်၊ သူက သူတော်ကောင်းစိတ်က မပျောက်ဘူး၊ ဒီတော့ ရက်လည်ဆွမ်း ကျွေးတယ်၊ တရားလာနာတယ် အမျှရတယ်၊ ခုပဲ ကျွတ်တော့မှာဘုရားလို့ ဆိုပြီးတော့ ကျွတ်သွားတာပဲ။

နားလည်ဖို့ လိုပြီ

ဒါကြောင့် ဘာသာရေး သာသနာရေး လိမ္မာဖို့ဆိုတာဟာ နည်းနည်းကလေး ပေါ့ပေါ့ကလေး မယူဆပါနဲ့၊ အင်မတန် နားလည်ဖို့ လိုနေပါတယ်၊ သနားစရာတွေ လုပ်နေကြလို့၊ သင်္ချိုင်းကုန်းမှာ အားလုံး ပုဂ္ဂိုလ်တွေဟာ သူတို့ ပင့်ရိုးပင့်စဉ်အတိုင်း ပင့်လာကြတယ်၊ ငွေတွေလဲ တစ်ဆယ် နှစ်ဆယ် သုံးဆယ်၊ သက်စေ့ လှူကြတယ်၊ လေးဆယ် ငါးဆယ် တစ်ရာ၊ သိပ်ပြီးတော့ စွန့်ကြဲလိုက်တာပဲ၊ ဒီလို စွန့်လိုက်တဲ့ အကြောင်းကို ဘုန်းကြီးက သိပါရဲ့၊ ဒီငါးဆယ်လောက် စွန့်ရမယ့် အမျိုးအစားက ပစ္စည်းရှင်က တစ်ဆယ်လောက်သာ လှူတယ်ဆိုရင် ဘေးက ဝိုင်းပြီး ကဲ့ရဲ့ကြတယ်၊ အမလေး အများကြီး ကျန်ရစ်တာ ခု တစ်ပါးမှ တစ်ဆယ်တဲ့၊ သနားစရာ၊ တစ်ပါး တစ်ရာလဲ အလကားလိုလိုပဲ တစ်ပါး ငါးဆယ်လဲ အလကားလိုလိုပဲ၊ သိပ် ခရီးမရောက်ပါဘူး၊ ဘေးကနေ အပြစ်တင်မှာ ကြောက်လို့ ငါးဆယ်ကို လုပ်ကို လုပ်ရတယ် လုပ်ရတယ်၊ သနားလွန်းလို့၊ ဘုန်းကြီးက သနားလွန်းလို့။

ဒီအထဲမှာ အချို့ကိုယ်တော်တွေက ငွေတွေကို သူ့ဘာသာသူ ယူသွားတာပဲ၊ ဒီက မျက်ရည်စက်လက်နဲ့ ဘာမှ မသိဘူး၊ ကုန်လိုက်တဲ့ ငွေတွေဟာ မသက်သာဘူး၊ ဒီတော့ ဘုန်းကြီးက အလှူဒါနတွေ အသုဘကိစ္စတွေ လွန်လွန်းတယ်နော်၊ နားမလည်လွန်းတယ်နော် လို့ ပြောချင်တယ်၊ ဘုန်းကြီးက အဲဒီလို မြင်နေပါတယ်။

တံငါသုံးယောက်

တစ်ခါတုန်းကပေါ့လေ၊ တံငါသုံးယောက် ဘုန်းကြီး အလွတ်တော့ ပြောနေကျပါ၊ မော်လမြိုင်ရဲ့ အနီးအပါးမှာ တံငါသုံးယောက် အတူတူ လုပ်နေကြတယ်၊ တစ်နေ့တော့ ကမ်းစပ်မှာ ရွှေဆင်းတုတော်လေး တွေ့ကြရော၊ ဆင်းတုတော်လေး တွေ့တယ်ဆိုရင်ပဲ တံငါနှစ်ယောက် ဗုဒ္ဓဘာသာ မဟုတ်ဘူး၊ တို့ ဟောဒီဆင်းတုတော် တွေ့ပြီ၊ လာ ဝေကြစို့ ဆိုပြီးတော့ ဟာ မလုပ်နဲ့ ဆိုရင်းပဲ တစ်ခါတည်း သုံးပိုင်းသုံးခြမ်း ခြမ်းလိုက်တယ်၊ နှစ်ယောက်ကတော့ ဗုဒ္ဓဘာသာ မဟုတ်လို့ သူတို့ဟာ သူတို့ ယူသွားရော၊ တစ်ယောက်က ဗုဒ္ဓဘာသာဖြစ်တော့ ဆင်းတုတော်အခြမ်းကလေးကို ဘယ့်နှယ်မှ မသုံးပါဘူး မသုံးရက်ဘူး၊ သဲပုံစေတီလုပ်ပြီးတော့ သဲပုံစေတီထဲမှာ ဌာပနာပြီး ရှိခိုးသွားတယ်၊ ဘုန်းကြီးက ဗုဒ္ဓဘာသာ ဆိုရင် ဘုန်းကြီးလိုပဲ သနားတယ်၊ ချစ်တယ်၊ ဒါနဲ့ ထုံးစံအတိုင်း နောက်တော့ အလုပ်လုပ်ကြတာပဲ။

နောက်တော့ လေမုန်တိုင်းတွေ ဘာတွေ မိတော့ ဒီလှေကလေးနဲ့ သုံးယောက်သား မျောသွားတယ်၊ လှေကလေးလဲ နောက်ဆုံး ပျက်ဟန်တူပါရဲ့၊ ဒိပြင် လူနှစ်ယောက် ဘယ်ဆီရောက်သွားတယ် မသိဘူး၊ ခုနက ဗုဒ္ဓဘာသာလူကတော့ ကမ်းနားတစ်ခု ရောက်သွား တောကြီးထဲမှာ ဘာမှ အစွန်းအစ လူ မရှိဘူး၊ ရောက်သွားတော့ သူ ဆာလွန်းလို့မို့ လှည့်ပြီးတော့ အစာများ ရလိုရငြားနဲ့ သွားတော့ ဒီဘဝက မယား၊ သူ့အရင် သေနှင့်တဲ့ မယားနဲ့ တွေ့ရော၊ ဟာဘယ်ကလာတုန်း၊ မင်း ဒီမှာ ရောက်နေသလား၊ ဟုတ်တယ် ဘယ်ကလာတုန်း၊ ဘယ်ကလာတယ်၊ လာ လာ ဆိုပြီးတော့ သူ့နေရာ ခေါ်သွားပြီး ထမင်းများ ကျွေးလို့၊ ထမင်းများ ကောင်းကောင်းမွန်မွန် စားရပါတယ်၊ ညနေကျ မိုးချုပ်တော့ တစ်ရွာလုံး "လာကြဟေ့" လို့ အော်ပြီးတော့ တောင်ပေါ်ကို သွားလိုက်ကြတာ၊ သူတစ်ယောက်တည်း ရွာထဲမှာ ကျန်နေရစ်ခဲ့တယ်၊ ကြောက်လိုက်တာ ဘယ်မှလဲ မသွားဝံ့ ဘယ်သူမှလဲ မရှိ တစ်ယောက်တည်း။

မနက်ကျတော့ လာကြဟေ့ ဆိုပြီးတော့ ဆူဆူညံညံနဲ့ တောင်ပေါ်က ပြန်ပြီးတော့ လာကြပြန်ရောတဲ့၊ ဒီတော့ ခုနက သူ့မိန်းမကို မင်းတို့က ဘာတွေတုန်း၊ ကျုပ်တို့က နေ့လည်တော့ ဒီလိုပဲ ချမ်းချမ်းသာသာ နေပြီးတော့ ညကျတော့ တောင်ပေါ်က ခွေးတွေ အစားသွားခံရတယ်၊ နေ့တိုင်း ဒီလိုပဲ၊ ငါ ကြောက်တယ်ကွာ မနေဝံ့ဘူးဆိုတော့၊ ကြောက်ရင် ရှင်သွားတော့ ဒီလိုပဲ ကျုပ်တို့ ဖြစ်နေတယ်၊ ဟိုကျတော့ ကျုပ်ကို အမျှဝေပါနော် ကုသိုလ်ပြုပါနော်တဲ့။

သေတော့မှ ဟိုဖက်ကျတော့မှ ကုသိုလ်တွေ သိပ်လိုချင်တာ၊ ဘယ့်နဲ့မှလဲ မတတ်နိုင်ဘူး၊ ဒီကုသိုလ်တွေဟာ လိုချင်ပေမယ့် လိုချင်တာပဲ ရှိတယ်။

အကုသိုလ်တွေက တိုက်ရိုက် ခံနေရပြီလေ၊ ဒါနဲ့ ဒီဒကာလဲ ပြန်ပြီးလာ၊ မော်လမြိုင် ရောက်ပါရော၊ မော်လမြိုင် ရောက်တော့ သူမနေတတ်ဘူး၊ မနေဝံ့တော့ဘူး ဘုန်းကြီးလုပ်ပါရောတဲ့၊ သာမန်ဘုန်းကြီးမျိုး မလုပ်ဝံ့တော့ဘူး၊ ကောင်းကောင်းကျင့်တယ်၊ ကောင်းကောင်းကျင့်ပြီးတော့ သစ်သီးဆွမ်းတွေ ဘာတွေ စားပြီးတော့ တရားကျင့်သွားတာပဲ၊ ဒီတော့ ဘုန်းကြီးက လက်တွေ့သမားတွေက သိပ်ဟုတ်တယ်၊ ဒီခုလူတွေက စာတွေ့မို့လို့ သိပ်ပြီးတော့ ထိတ်ထိတ်ပျာပျာ မရှိဘူး၊ ငါဘယ်လောက် ကြိုးစားရတော့မယ်ဆိုတာ မရှိဘူး စာတွေ့မို့လို့၊

ကိုယ်တွေ့ တွေ့ရတဲ့ ဦးပဉ္စင်းကြီးမတော့ ရဟန်းပြုတယ် ရဟန်းပြုတော့လဲ ကောင်းကောင်းကြီး နေမှ ဖြစ်မယ်၊ သစ်သီးဆွမ်းတွေ စားပြီးတော့ တရားကျင့်သွားတယ်၊ ဒါ လက်တွေ့တွေ သိပ်ပြီး စွမ်းတာပဲနော်၊ ဟုတ်တယ် စာတွေ့သမားတွေက သိပ်ပြီးတော့ ပေါ့တာပဲ လို့၊ ဒါနဲ့ စပ်ပြီး ပြောရဦးမယ်၊ ဘုန်းကြီးတို့ ဂတိဘဝ ဆိုတဲ့ ဥစ္စာ ကံပစ်ချသလို ဖြစ်ချင်ရာ ဖြစ်သွားကြတာပဲ၊ ဆိုပါတော့ ဘုန်းကြီးတို့ ငယ်ငယ် ရှိဦးမယ်၊ သူရိယမဂ္ဂဇင်းထဲမှာ ပါတယ်လား၊ တစ်ဆင့် တစ်ဆင့် ပြောလို့ ဘုန်းကြီးလဲ မှတ်မိနေပါတယ်၊ အင်္ဂလန်နိုင်ငံမှာ ကာလသားကလေး နှစ်ယောက် သူတို့ ပစ္စည်းလဲ ရှိဟန်တူပါရဲ့၊ ပင်လယ်လေခံရင်း သင်္ဘောပေါ်မှာ သူတို့ လိုက်နေကြတယ်၊ လိုက်နေရာက မြန်မာပြည်ကို သူတို့ စပ်မိသွားကြတယ်။

အေးကွာ တို့ … မြန်မာပြည် သွားရအောင်ဟေ့၊ ဒီနှစ်ယောက်က ပစ္စည်းလဲ ရှိတာမို့လို့ မြန်မာပြည် သွားတဲ့ သင်္ဘောပေါ်မှာ ပြောင်းလွှဲပြီးတော့ မြန်မာပြည် လိုက်လာတော့ နာမည်ကြီးတဲ့ ရွှေတိဂုံကုန်းတော်ပေါ် တက်လိုက်ရင်ပဲ တစ်နေရာမှာ ခုနက သတို့သား နှစ်ယောက်ထဲက တစ်ယောက်က တစ်နေရာ ရောက်တော့ ဟာ … မင်း ငါ့သားပါလားလို့ တန်ဆောင်းကြီး အတွင်းက လူတစ်ယောက်ကို" ဟာ - မင်း ငါ့သားပါလား၊ ဒါ ငါ့တန်ဆောင်းပဲ၊ ဆင်းတုတော်အောက်မှာ ငါ မြှုပ်ထားတဲ့ ပစ္စည်းတွေရှိတယ်" လို့ ပြောပြီးတော့ နောက်ထပ် မြန်မာစကား မပြောတတ်ဘူး၊ ဒီသုံးခွန်းလောက်ပဲ၊ "မင်း ငါ့သားပါလား ဒါ ငါ့တန်ဆောင်းပဲ ငါ့ပစ္စည်းတွေ ဆင်းတုတော်အောက်မှာ ရှိတယ်"၊ ဒီစကားသုံးခွန်းလောက်သာ မြန်မာလို ပြောတတ်တယ်၊ နောက်လဲ မြန်မာလို မပြောတတ်တော့ဘူး၊

သူပြန်ပြီးတော့ မြန်မာဘဝ တွေးလို့ မြန်မာဖြစ်ခဲ့တယ်ကိုး၊ ခုနက သူပြောတဲ့အတိုင်း ဆင်းတုတော်အောက်က ပစ္စည်းတွေ ဖော်ကြည့်တော့လဲ သူပြောတဲ့အတိုင်း ရွှေတွေ လက်ဝတ်လက်စားတွေ တွေ့ရတယ်၊ ဒီတော့ ဟိုကလဲပဲ တို့ အဖေတဲ့၊ နောက် တန်ဆောင်း အမွေခံကလည်း ဝမ်းမြောက်ဝမ်းသာ ချစ်ချစ်ခင်ခင်၊ သူ အင်္ဂလန်က သံယောဇဉ်တွေ မရှိဘဲနဲ့၊ ဒီမှာပဲ သံယောဇဉ်ဖြစ်ပြီးတော့ မပြန်တော့ဘူး၊ မပြန်တဲ့အပြင် ဘုန်းကြီးလုပ်ပြီးတော့ စာတွေ သိပ်တတ်တယ် မဟုတ်လှဘူး။

သဗ္ဗေ သင်္ခါရာ အနိစ္စာအနိစ္စာ ဝတ သင်္ခါရာ၊ ဒီဂါထာ ရွတ်နေတာပဲ၊ သင်္ခါရာ - ရုပ်နာမ်ဆိုတဲ့ သင်္ခါရတရားတို့သည်၊ အနိစ္စာဝတ - မမြဲကုန်စွတကား၊ မြန်မာပြည်က သေသွားတယ် အင်္ဂလန်ရောက်သွားတယ်၊ မြန်မာပြည်က သေတာ ဘယ့်နှယ်လုပ် အင်္ဂလန် ရောက်နိုင်တုန်း ဆိုတော့ စွဲလမ်းမှုကလေးတွေက ရှိတယ်လေ၊ အင်္ဂလန်က အုပ်ချုပ်နေတယ် မဟုတ်လား၊ အင်္ဂလိပ်အုပ်ချုပ်နေတာဖြစ်တော့ အင်္ဂလိပ်အထင်ကြီးစိတ်က ပါနေတာဖြစ်တော့ သေခါနီးမှာ အဲဒီစိတ်ဓာတ်ကလေးကြောင့် ဟိုမှာ အင်္ဂလန်မှာ သွားပြီးဖြစ်တယ်၊ တစ်ခါ ကံအားလျော်စွာ (ကံကြောင့်) (ကံကြောင့်) ပကတူပနိဿယပေါ့၊ ဒီ မြန်မာနိုင်ငံ ပြန်ရောက်ပြီးတော့ ရဟန်းဘဝနဲ့ နေတယ်၊ အနိစ္စာ ဝတ သင်္ခါရာသင်္ခါရာ အနိစ္စာ

ယဒါ ပညာယ ပဿတိ၊ အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။

ဒီတရားဂါထာ ရွတ်ပြီးတော့ ရဟန်းဘဝနဲ့နော်၊ ရဟန်းဘဝနဲ့ပဲ ကွယ်လွန်တော်မူရှာတယ်တဲ့၊ သံသရာကြီးက ရီးတီးယားတား ပေါ့ပေါ့ဆဆ ဒီလို နေလို့တော့ မဖြစ်ပါဘူး၊ လက်တွေ့သမားတွေက အင်မတန် စွမ်းကြပါတယ်၊ အင်မတန် လိုက်နာကြပါတယ်။

တိုတိုလေး ပြောရဦးမယ်လေ၊ ဘုန်းကြီးတို့ တေမိမင်းဘဝ ဘုရားလောင်း ရင့်မကြီးက တစ်ချိန်တုန်းက ငရဲကျခံရတယ်၊ ငရဲကျခံရတဲ့ ဒုက္ခကို ကြောက်လွန်းလို့ တေမိမင်းသားကလေး ဘဝကျတော့ ထီးနန်း မစံဝံ့ပါဘူး၊ ထီးဖြူကြီးမြင်ကတည်းက လန့်ပြီးတော့ နန်းစံရမှာ ကြောက်လို့ နေရပါတယ်၊ ထီးချက်စောင့် နတ်သမီးကလဲ "သားရယ် ထီးနန်းမလိုချင်လို့ ရှိရင်ဖြင့် အအကလေး အယောင်ဆောင်နေလိုက်ပါ၊ အအကို ထီးနန်း မအပ်ပါဘူး၊ ကိုယ်တွေ ဘာတွေ မသယ်နိုင်တဲ့ အဆွံ့ကလေး ယောင်ဆောင်နေလိုက်ပါ၊ အဆွံ့ကလေးကို ထီးနန်း မအပ်ပါဘူး၊ နားမကြား နားထိုင်းကလေး ဟန်ဆောင်နေလိုက်ပါ၊ နားထိုင်းကလေးကို ထီးနန်း မအပ်ပါဘူး"၊ အဲဒီလို ထီးချက်စောင့် နတ်သမီး အကြံပေးချက်အရ အတယ်၊ ဆွံ့တယ်၊ နားပင်းတယ်၊ ဒီလို ဟန်ဆောင်ပြီး နေလိုက်တာ (၁၆) နှစ်ကို ကြာတာပဲ၊ ဘာဖြစ်လို့လဲ ထီးနန်းအပ်မှာ ကြောက်လွန်းလို့၊ ထီးနန်းအပ်မှာ ကြောက်လွန်းလို့၊ ခုလူတွေက ထီးနန်းရဲ့ အပုံတစ်ရာပုံမှ တစ်ပုံ မရှိတဲ့ စည်းစိမ်ကြီး မက်လွန်းလို့ မက်လွန်းလို့၊ ဟိုမှာ ငရဲကို တိုက်ရိုက်မြင်လာတဲ့ ပုဂ္ဂိုလ်က ထီးနန်းစည်းစိမ်ကြီးကို လုံးလုံး မစံဝံ့ဘဲနဲ့ ရှောင်တယ်။

ယခုတော့ လက်တွေ့ မဟုတ်တဲ့ လူတွေက စာတွေ့လောက်တော့ သူတို့က အရေးမကြီးဘူး ဆိုပြီး ပေါ့ပေါ့ဆဆ နေလိုက်ကြတာ၊ ဘုန်းကြီးက (ဝမ်းနည်းစရာ ကောင်းလွန်းလို့) (ဝမ်းနည်းစရာ ကောင်းလွန်းလို့)၊ လူတွေက စာတွေ့ကို သိပ်အရေးမကြီးဘူး၊ ဘုန်းကြီးတို့မှာတော့ စာတွေ့က လက်တွေ့လောက်မက လေးနက်နေလို့မို့ ဒီဘဝမှာ ဘုန်းကြီး ဘာပဲ ဖြစ်ရဖြစ်ရ၊ တခြားဘုန်းတော်ကြီးတွေက ဘုန်းကြီးနေပုံထိုင်ပုံကို မကျေနပ်လို့ ဘယ်လောက်ပဲ အပြစ်ပြောပြော၊ ဒကာ ဒကာမတွေ သူတို့နဲ့ အဆင်မပြေလို့ ဘယ်လောက်ပဲ ဝေးနေနေ၊ လက်ရှိ သံဃာတွေက အရှင်ဘုရားရဲ့ ခေတ်မမီတဲ့နည်းကို တပည့်တော်တို့ မလိုက်ဝံ့ပါဘူးလို့ ဆိုပြီးတော့ ထွက်သွားချင် ထွက်သွားကြ၊ တစ်ယောက်တည်း မသေထမင်း မသေဟင်းကလေးနဲ့ နေမယ်၊

မသေထမင်း မသေဟင်းတောင် မရရင် သေသွားပါစေ၊ ဒီလမ်းဟာ လမ်းကောင်းပဲ တရားမှန်ဟာ တရားမှန်အတိုင်းပဲဆိုတာ ဆုံးဖြတ်လို့ ရပါတယ်၊ ဘာဖြစ်လို့တုန်း စာတွေက (အင်မတန် သေချာနေလို့) (အင်မတန် သေချာနေလို့) လက်တွေ့ကို ဘုန်းကြီးတို့က ရဲရဲဝံ့ဝံ့ မလိုက်ဝံ့ပါဘူး၊ စာတွေ့အတိုင်း နေရဲပါတယ်၊ ခုလူတွေက စာတွေ့ကို အရေးမကြီး၊ စာကိုလဲ ပိုင်ပိုင်နိုင်နိုင် မသိတော့၊ လက်တွေ့လောက်ပဲ အရေးကြီးနေကြပါတယ်။

ဥပမာတစ်ခု ပြောမယ်၊ ဥပမာတစ်ခု ဆိုတာ ဖြစ်တတ်တဲ့ သဘော ပြောမယ်၊ လူတစ်ယောက် ဒကာ - ဒကာမတစ်ယောက်၊ သင် ဒီလို ကံငါးပါး သီလ မလုံဘဲနဲ့ စီးပွားဥစ္စာတွေ ရှာပြီးတော့ နေ၊ ပေါ့ပေါ့ဆဆ နေ၊ ငါးပါးသီလလဲ မလုံဘူး၊ ဒုစရိုက် ၁၀-ပါးလဲ ပေါက်ပေါက်ကြားကြားကြီးနဲ့ စိတ်မချရဘူး၊ သေရင်တော့ သင်ဟာ ငရဲလဲ သွားနိုင်တယ်၊ ပြိတ္တာလဲ ဖြစ်နိုင်တယ်၊ တိရစ္ဆာန်လဲ ဖြစ်နိုင်တယ်လို့ ပြော၊ အနားက အဟုတ်မြင်လို့ပြော၊ သူက အပြုံးတောင် မပျက်ဘူး၊ မနေ့တုန်းက ရုစာက ပြောတယ် မဟုတ်လား၊ မင်းသမီးက ပြောနေတယ် ရှင်ဘုရင်ကြီးက အပြုံး မပျက်ဘူး။

ဘဝသံသရာရေး အလေးထားကြ

ရုစာမင်းသမီးက ငရဲလဲ ကျခံခဲ့ရပါတယ် အဲ - ဆိတ်ဘဝတွေ ဘာတွေ သင်းကွပ် ခံခဲ့ရပါတယ်၊ မိန်းမဘဝနဲ့ နတ်သမီးအဖြစ် ဖြစ်ရပါတယ်၊ အဲ-ယောက်ျား မဟုတ် မိန်းမမဟုတ် ဖြစ်ရပါတယ်၊ ကိုယ်တွေ့မို့လို့ သူကိုယ်တိုင် အဟုတ် နားလည်နေတယ်၊ အဟုတ် ကြောက်တတ်လို့ ပြောနေပေမယ့် ရှင်ဘုရင်ကြီးက စာတွေ့မို့လို့ အရေးကို မစိုက်ဘူး၊ အပြုံးကို မပျက်ဘူး၊ ဒီတော့ လောကကြီးဟာ ဒီလိုပါပဲ၊ သင်ဟာ ဒီလိုနဲ့သာ နေလို့ရှိရင်တော့ တိရစ္ဆာန် ပြိတ္တာဖြစ်လိမ့်မယ်၊ သုစရိုက် ၁၀-ပါးမှ လုံအောင် မထိန်းဘူး၊ သင်ဟာ လောဘတွေ အားကြီးတယ်၊ ဒေါသတွေ အားကြီးတယ်၊ မာန်မာနတွေ အားကြီးတယ်၊ မနာလို ဝန်တို ဣဿာ မစ္ဆရိယတွေနဲ့ သေရင်တော့ ငရဲ တိရစ္ဆာန် ပြိတ္တာဘဝက လွတ်မှာ မဟုတ်ဘူး ဆိုပေမယ့် သိပ်အရေးမကြီးပေါင်၊ စာတွေ့ကိုး နားကြားကိုး၊ သိပ်အရေးမကြီးဘူး။

ကြည့်၊ ဟော အဲဒီ လူကိုပဲ၊ အသင် ဒီလိုလုပ်နေတဲ့ အလုပ်တွေကိုလေ စုံထောက်က လိုက်နေတယ်၊ စုံထောက်က လိုက်နေလို့မို့ စုံထောက်က လိုက်ရုံတင်မကဘူး၊ အထက်မှာ စာတင်ထားပြီ၊ ဒီအတိုင်းသာ သွားလို့ ရှိရင်တော့ အို … ရင်တွေဘာတွေ ထိတ်ပြီးတော့ ကြောက်လိုက်တာမှ၊ မလုံတော့ဘူး မလုံတော့ဘူး၊ အင်း .. ဘယ်ပြေးရမလဲ ဘာလုပ်ရမလဲ၊ တကတည်း စုံထောက်က လိုက်နေပြီ၊ ဖမ်းလိမ့်မယ် ဆိုတော့ ကြောက်လိုက်တာ၊ ငရဲကျလိမ့်မယ် ဆိုတော့ အပြုံး မပျက်ဘူး၊ စုံထောက်လိုက်နေတယ် ဆိုတော့ ကြောက်လိုက်တာ။

တစ်ခါ သင်ရဲ့သား ခင်ပွန်း ဒီလိုသာဆိုရင် ငရဲကျမှာပဲ ဆိုလဲ ကိစ္စမရှိပေါင်၊ သူက ဘယ်နှစ်နှစ် ပြန်ကျနေနေ တယ် ကိစ္စမရှိပါဘူး၊ သင်ရဲ့သား သင်ရဲ့ ဇနီးကို စုံထောက်က လိုက်နေတယ် ဖမ်းလိမ့်မယ်လို့ အခု ကြားနေတယ်၊ ဟာ ဟုတ်သလား ဒီလိုတဲ့လား၊ အဖေဖြစ်ရင်လဲပဲ ဘယ်သွားနေဦးမှ ဖြစ်မယ်၊ ဥပုသ်ကလေးရင်လဲ သွားစောင့်နေဦးမှ ဖြစ်မယ်၊ အစ်ကို အစ်မတွေ ဘယ်လို လုပ်ဦးမှ ဖြစ်မယ်နဲ့ ပျာလို့ ပျာလို့၊ ဒီဘဝအတွက်တော့ ကြောက်လိုက်တာ လာမယ့် ငရဲ တိရစ္ဆာန် ပြိတ္တာအတွက်တော့ ကိစ္စမရှိပါဘူး။

တစ်ဖန် သင့် အမေဟာလေ ငရဲ မဟုတ်ဘူးလေ ပြိတ္တာ ဖြစ်နေတယ်၊ သင်တို့ကို စွဲပြီးတော့ ပြိတ္တာဘဝက မလွတ်ဘူး ဆိုတော့လဲ မလွတ်လဲ ဆွမ်းလေးဘာလေး သွတ်ဦးမှပဲလေ တဲ့၊ ပေါ့ပေါ့ကလေး ပေါ့ပေါ့ကလေး၊ သင့် အမေဟာ အခု ဖမ်းထားတယ်လို့ဆိုရင် ဟိုကပ် ဒီကပ်၊ ဟိုသွား ဒီသွား၊ ဖမ်းထားတာက သေတာလဲ မဟုတ်ဘူး သိလား၊ နည်းနည်း နာမည်ပျက်တယ်၊ နည်းနည်း ဆင်းရဲချင် ဆင်းရဲမယ်၊ ဟိုကပ် ဒီကပ် ပိုက်ဆံတွေ ဘတွေ အကုန်ခံ၊ ဒီပြိတ္တာ ဖြစ်နေတယ် ပူးတယ်ဆိုတော့ အင်း .. ဆွမ်းကလေးဘာလေးတော့ သွတ်လိုက်ဦးမှပဲ၊ အဲ အမျှလေးတော့ ဝေလိုက်ဦးမှပဲတဲ့၊ ပေါ့ပေါ့ကလေး။

ဘုန်းကြီးကလေ ဘယ့်နှယ် ဟာတွေတုန်းလို့ တွေးမိတယ်၊ လူတွေဟာ ဘဝသံသရာအတွက် အရေးမကြီးဘူးလို့ ပေါ့ပေါ့ဆဆ နေကြတယ်၊ ဒီဘဝအတွက်တော့ အရေးကြီးလိုက်ကြတာ ပါလားလို့၊ လိုက်ပြီး တကတည်း စစ်ရပြန်တယ်၊ ဘာဖြစ်လို့ အရေးကြီးတုန်း၊ ဒီလိုလေ တဏှာဆိုတဲ့ တွယ်တာမှုက ဒီကိုယ်သာ တွယ်တာတာ၊ ဒီကိုယ်ရဲ့ ပတ်ဝန်းကျင်ကိုသာ တဏှာက ရှိနေတာ၊ ဟိုဖက်ဘဝကျတော့ ကိုယ့်ကိုယ်တောင် မတွယ်တာဘူး၊ မရောက်သေးတဲ့ ဘဝကို မရှိမှ မရှိသေးဘဲ၊ ဒီလို ဖြစ်လိမ့်မယ်ဆိုလဲ သိပ်အရေးမကြီးဘူး၊ အဲ - မိဘဆွေမျိုး ဒီလို ဖြစ်နေတယ်၊ သေတယ် ဆိုရင်လဲ သိပ်အရေးမကြီးဘူး၊ ဒီတော့ လူတွေဟာ သိပ် အမြင်ကျဉ်းတာပဲ၊ ဒါကြောင့် ဒီလူတွေဟာ ဒီလို ဖြစ်နေကြတာပဲလို့ ဘုန်းကြီးက စဉ်းစားမိတယ်။

အင်း လူတွေဟာ နောက်ဘဝအတွက်ကျတော့ ပေါ့ပေါ့ဆဆနဲ့၊ ဒီဘဝအတွက်ကျတော့ ကြိုးစားလိုက်ကြတာ၊ လူတွေရဲ့ အမြော်အမြင် အင်မတန် နည်းနေတယ်၊ ပြောလို့ ဟောလို့လဲ သိပ်ပြီးတော့ သဘော မပေါက်ပါဘူး၊ ပြောင်းပြန်ကို ဖြစ်လို့၊ ဘုန်းကြီးကတော့ ဒီဘဝမှာ ဖြစ်ချင်တာ ဖြစ်ပါစေ၊ ဒီအခြေအနေတွေ ပျက်ချင် ပျက်ပါစေ၊ ဘာမှ အရေးမကြီးဘူး၊ ခဏကလေးရယ်၊ ဒကာ ဒကာမတွေ အကြည်ညို ပျက်ပါစေ၊ သံဃာတွေက မိမိကို အလေးအစား ပျက်ပါစေ၊ တစ်ယောက်တည်း နေရမယ်ဆိုရင်လဲ ဝန်မလေးပါဘူး၊ တစ်ယောက်တည်း တောထဲ နေရမယ်ဆိုရင်လဲ ဝန်မလေးဘူး၊ ဟို ဒိပြင် တစ်နေရာမှာ နေရမယ်ဆိုရင်လဲ ဝန်မလေးပါဘူး။

ဘုန်းကြီးတို့ကတော့ စာတွေက အင်မတန် လေးနက်နေတာကိုး၊ ဒါကြောင့် လူတွေကတော့ စာတွေ့တို့ နားကြားတို့ ကတော့ ပေါ့နေတယ်၊ လက်တွေ့ကလေး တစ်ဘဝ ကျတော့မှ သိပ်အရေးကြီးနေတယ် ဆိုတာ မှားတယ်၊ အဲဒါတွေ ပြန်ပြီးတော့ ကိုယ့်ဟာကိုယ် စစ်ကြနော်။

တစ်ခါ ဘုန်းကြီးတို့ လူ့ဂတိ ရောက်ပါပြီ၊ နတ်ပြည်ရောက်တဲ့ သူကို ကံက ဘာမှ လိုက်ပြီး ဖာထေးနေဖို့ မလိုဘူး၊ နတ်စည်းစိမ်နဲ့ နတ်ချမ်းသာနဲ့ နေတာပဲ၊ ငရဲသွားနေတဲ့သူ ကံက ဘယ်လိုမှ ဆွဲလို့ငင်လို့ မရဘူး၊ သူ့အပြစ်နဲ့သူ ခံရမှာပဲ၊ တိရစ္ဆာန်ဖြစ်သွားတဲ့လူ ကံက ဘာမှ မတတ်နိုင်ဘူး၊ သူ့ဘဝနဲ့သူ နေရမှာပဲ။

ပြိတ္တာဖြစ်တဲ့သူဟာ ပြိတ္တာအကြီးကြီး၊ တောထဲမှာ ပြိတ္တာကြီးတွေ တောထဲမှာ မီးလောင်ခံနေရတယ်၊ အဲ ရေ မသောက်ရဘူး၊ အစာ မစားရဘူး၊ အဲဒီ ပြိတ္တာတွေကိုလဲ ဒီက ဘာမှ မတတ်နိုင်ဘူး၊ အနီးအပါးမှာ တစ္ဆေလို့ဆိုတဲ့ ပြိတ္တာလောက်ကိုသာ တတ်နိုင်လို့ ဆွမ်းတို့ဘာတို့ ကျွေးလို့ အမျှဝေလို့ ရပါတယ်။

ကဲ - တစ်ခါ တစ်ဘဝ ရောက်တော့ လူ့ဘဝ ရောက်ပါပြီတဲ့၊ အဲဒီ လူ့ဘဝ ရောက်တဲ့အခါမှာ လူ့ဘဝရဲ့ အကျိုးရ မရကတော့ ရှေးကံတွေ ဘယ့်နှယ်များ တတ်နိုင်သတုန်းကိုး၊ ဒီလို တစ်ခါလိုက်ပြီး စိစစ်စရာ ရှိပါတယ်နော်၊ ဒီတော့ ဗုဒ္ဓမြတ်စွာက အင်မတန် တိကျပါတယ်။

ကံသည် သမ္ပတ္တိ ဝိပတ္တိ လိုက်၍ အကျိုးပေးခြင်း

ကလောပဓိပ္ပယောဂါနံ၊ ဂတိယာ စ ယထာရဟံ။
သမ္ပတ္တိဉ္စ ဝိပတ္တိဉ္စ၊ ကမ္မမာဂမ္မ ပစ္စတိ။

ဒီ ရောက်တဲ့ ဘဝမှာ သမ္ပတ္တိဘဝ ရောက်လာလို့ရှိရင် ကုသိုလ်ကံတွေ အကျိုးပေးတယ်၊ ပါလာတာက ကုသိုလ် အကုသိုလ် အမြဲ ပါနေတာကိုး၊ လူတွေမှာ ဘဝများစွာက လာခဲ့တာဖြစ်တော့ ကုသိုလ်တွေလဲ အပြည့်ပါနေတယ်၊ ဓာတ်သတ္တိတွေ အကုသိုလ်တွေကလဲ အပြည့်ပါနေတယ်၊ ဘုန်းကြီးမှာလဲ ကုသိုလ် အကုသိုလ်တွေ အပြည့်ပါနေတယ်၊ ဒါပေမယ်လို့ နောက်ဘဝအတွက် ရဖို့ရာ ဒီဘဝက အရေးကြီးတယ် ဆိုတာ ပြောခဲ့ပြီနော်၊ ဒီဘဝကံတွေက အရေးကြီးတယ် ဆိုတာ ပြောခဲ့ပြီနော်၊ အဲဒီ အပြည့်ပါတဲ့ ကံတွေထဲက ဒီဘဝကံ အကျိုးပေးပြီးလို့ရှိရင် ဟိုဘဝကျတော့ ဘယ်လိုကံတွေ အကျိုးပေးတတ်သတုန်း၊ စိစစ်စရာ ရှိတယ်။

ဂတိသမ္ပတ္တိ

ဒီအခါမှာ သမ္ပတ္တိနဲ့ ဆုံလို့ရှိရင် ကံကောင်းတွေ အကျိုးပေးဖို့ အခွင့်သာတာပဲ၊ ဝိပတ္တိ - အပျက်အစီးနဲ့ ဆုံလို့ရှိရင် အကုသိုလ်ကံတွေ အကျိုးပေးဖို့ အခွင့်သာတာပဲ၊ ဒီတော့ သမ္ပတ္တိ ဝိပတ္တိက လေးပါးစီ ရှိတယ်၊ “ဂတိသမ္ပတ္တိ”၊ ပထမဆုံး ဘုန်းကြီးတို့ ဂတိရောက်သွားပြီ၊ ဂတိရောက်သွားတော့ လူ့ပြည်လို့ ဆိုပါတော့ ဒါ ကောင်းတဲ့ ဂတိသမ္ပတ္တိ ဘဝမှာ သိပ်ဆိုးဆိုးရွားရွား အကုသိုလ်ကံတွေ အကျိုးမပေးနိုင်ပါဘူး။

ဆိုပါတော့ ငရဲသားက လာပြီးတော့ မသတ်နိုင်ဘူး၊ ထမင်းငတ်ပြီးတော့ နေလောက်အောင် ရေကို မသောက်ရဘဲ နေလောက်အောင် ပြိတ္တာဘဝမျိုးကို မဖြစ်နိုင်ပါဘူး၊ ဂတိက ကောင်းတဲ့ ဂတိလေ၊ အစာရေစာ ဆင်းရဲရင် ဆင်းရဲမှာပေါ့၊ လုံးလုံး ငတ်ပြတ်ပြီးတော့ ငရဲသားလို၊ ပြိတ္တာများလို၊ ဒီလိုတော့ မဖြစ်နိုင်ပါဘူး၊ ဂတိက ကောင်းနေတယ်၊ ဂတိကောင်းနေတော့ အကုသိုလ် ပေးချင်တိုင်း ပေးလို့ မရဘူး၊ ကုသိုလ်ကံတွေကတော့ အခွင့် တော်တော်ကို သာပါတယ်။

ကာလသမ္ပတ္တိ

သို့သော် … ဂတိချည်းကတော့ ကောင်းကျိုး မပေးသေးဘူး၊ အချိန်ကာလကလဲ ရှိသေးတယ်၊ မိမိရောက်နေတဲ့ ကာလက ဘယ်လို ကာလတုန်း ဆိုတာကို လိုက်ပြီး စိစစ်ရဦးမယ်၊ တချို့ ကာလတွေက ကံနဲ့ အဆင်ပြေတယ်၊ တချို့ကာလတွေက ကံနဲ့ အဆင်မပြေဘူး၊ ဆိုပါတော့ မိမိတို့ ရောက်နေတဲ့ လူ့ဘဝကာလက ဆင်းရဲသားတွေကို အားပေးတဲ့ကာလ ဖြစ်နေရင် ဓနရှင်ဘဝနဲ့ အကျိုး ရသင့်သလောက် မရဘူး၊ ရသင့်သလောက် မရဘူး ဆိုတာ အင်မတန် လိမ္မာမှ အင်မတန် နေတတ်ထိုင်တတ်မှ။

ဒီဆင်းရဲသားတွေကတော့ ဆင်းရဲသားဘဝနဲ့ အကျိုးပေးမယ့် ကာလနဲ့ ဆုံနေလို့မို့ အတော်များများကြီး အခွင့်သာတယ်၊ အပြည့်အစုံတော့ မဟုတ်ပါဘူး၊ တော်တော်များများပါပဲ။

ဒီအထဲ ဂတိက သမ္ပတ္တိ လူ့ဘဝ ကာလက ဓနရှင်တွေအတွက် သမ္ပတ္တိ ဖြစ်နေတယ်ဆိုရင် …

ဒီဓနရှင်တွေအတွက်ကို အင်မတန် တကတည်း အရင်းအနှီး များလေလေ အကျိုးရလေလေ ဆိုတဲ့ ကာလမျိုးနဲ့ ကြုံလာပြန်တော့လဲ ဓနရှင်တွေ သိပ်အလုပ်လုပ်လို့ ကောင်းလိုက်တာ၊ နေလို့ ထိုင်လို့ ကောင်းလိုက်တာ၊ ဒီလို ဖြစ်လာပြန်ရော၊ မသေချာဘူးနော်၊ အပြောင်းအလွဲ ရှိပါတယ်၊ "ကာလောပဓိပ္ပယောဂါနံ"။

ဥပဓိသမ္ပတ္တိ

ဥပဓိဆိုတာ ရုပ်အဆင်း၊ ရုပ်အဆင်း လှရင် ကလေးကလေး ဖွားလာကတည်းကိုက လှတယ် ဆိုလို့ရှိရင်ပဲ အမေကလဲ စိတ်ချမ်းသာတယ်၊ အဖေကလဲ စိတ်ချမ်းသာတယ်၊ ဥပဓိ လှနေရင် ဘိုးဘွားတွေကလဲ "ငါ့မြေး ငါ့မြေး" နဲ့နေတာပဲ၊ ဥပဓိက အရုပ်ဆိုးနေရင် အမေမှာတော့ကာ သွေးသားမို့လို့ မချစ်ဘဲ မနေနိုင်ပါဘူး၊ အဖေက နည်းနည်း အင်တင်တင်ကလေး …

တစ်ခါတစ်ခါ စိတ်ပေါက်စရာကြီး၊ "ငါ့ကလေးမှ ဟုတ်ရဲ့လား”၊ အမယ် စိတ်ပေါက်စရာကြီး၊ စိတ်ပေါက်စရာကြီး၊ အဖေက အဖေက၊ အမေကတော့ ချစ်ရှာရပါတယ်၊ ဥပဓိက ပျက်နေတော့ အဖေက နည်းနည်းကလေး ရှောင်တောင်တောင် လုပ်ပြီး ဘိုးတွေ ဘွားတွေကလဲ တယ်ပြီး ချီပွေ့လှတယ် မဟုတ်ပါဘူး၊ ဥပဓိရုပ်အဆင်းဟာ အဲဒီလောက် ကောင်းမကောင်း ကွာခြားပြီးတော့ အကျိုးရတာ ကောင်းမကောင်း ဖြစ်ပါတယ်။

ဒါကြောင့် ဘုန်းကြီးက ဒီဘဝ ကောင်းကြစမ်းပါ၊ ဒေါသ မကြီးပါနဲ့၊ အရုပ်ဆိုးနေလိမ့်မယ်နော်၊ စိတ်စေတနာကလေးတွေ ကြည်ကြည်လင်လင် ထားကြစမ်းပါလို့ ပြောနေတာ၊ မြင်လွန်းလို့ မြင်လွန်းလို့ ပြောနေတာ၊ ဟိုဘဝမှာ အကျိုးရ မရ ဒီဥပဓိရုပ်အဆင်းက လိုက်လွန်းနေလို့ ပြောနေတာ၊ နောက်တော့ ဒီဥပဓိရုပ်က ကြီးလာတော့ အသက်အရွယ်ကြီးလာတယ် ဆိုရင်ပဲ ရုပ်က ချောနေပြီလေ၊ ရုပ်ကချောနေတော့ ဟိုက တောင်းချင် ဒီက ရမ်းချင်တယ်၊ အမျိုးသားကလေး ပေမယ်လို့ ဟိုက လာစပ် ဒီက လာစပ်နဲ့၊ ရုပ်က ချောတော့ အဲဒီအထဲ ပညာကလဲ တတ်နေမယ်ဆိုရင် မပြောနဲ့တော့၊ ရုပ်ကလဲ ကောင်းတယ် ပညာကလဲ တတ်တယ်၊ အမျိုးအဆွေကလဲ အဆင့်အတန်း ရှိမယ်ဆိုရင် မပြောနဲ့တော့ မပြောနဲ့တော့ အားလုံး ဝိုင်းကြရမယ်၊ ထုံးစံပါ။

ဒါ ဘယ်သူ့အပြစ်ရယ်လို့ မဟုတ်ပါဘူး၊ လောကသဘောပါ၊ ဒီတော့ ဥပဓိက ဘယ်လောက်အရေးကြီးတယ် ဆိုတာ နားလည်စမ်းပါ။

တစ်ခါတုန်းက သီဟိုဠ်မှာ ဟိုသူတို့က နွားသားတွေ စားတာကို သိပ်မကြိုက်ဘူး၊ ဒီတော့ အမျိုးတစ်မျိုးက နွားတွေဘာတွေ သတ်ဖြတ်ပြီးတော့ စားတယ်၊ အကုန်လုံး တစ်မျိုးလုံး ဖမ်းတာပဲ၊ ဖမ်းပြီးတော့ ဒိပြင် ကြီးကြီးမားမား အပြစ်က ပေးစရာ မရှိလို့မို့ နန်းတော်ပတ်ဝန်းကျင် အမှိုက်ရှင်းရမယ်၊ မြက်တွေ သန့်ရှင်းရမယ်၊ အဲဒီလို ဒဏ်ပေးထားတယ်၊ အဲဒီအထဲ အမျိုးသမီးလေး တစ်ယောက်က လှလိုက်တာ ရှင်ဘုရင်က မြင်ရော ရှင်ဘုရင်က မြင်တော့ သူ့ကို အကျွမ်းတဝင်နဲ့ နန်းတော်ထဲ ထားရော၊ ထားရင်း ရင်နှီးပြီး နောက်တော့ သူက ချမ်းသာလို့၊ မိဖုရားငယ်လေးပေါ့လေ၊ သူ့ကို အကြောင်းပြုပြီးတော့ သူ့ဆွေမျိုးတွေလဲ လွတ်လို့၊ မင်းဒဏ်က လွတ်လို့၊ ဒီဥပဓိရုပ်က ဘယ်လောက် အကျိုးပေးတုန်းဆိုရင် သူတင်မကဘူး၊ သူ့အမျိုးတွေပါ အပြစ်က လွတ်သွားတယ်။

ဒါကြောင့် ကာလရယ် ဥပဓိရယ် အဲဒါကလဲလေ ကောင်းတာ မကောင်းတာ လိုက်ပြီးတော့ ကုသိုလ် အကုသိုလ် အကျိုးရမရ ကွာခြားပါတယ်၊ နားလည်ပါနော်။

ပယောဂ သမ္ပတ္တိ

ဒီအထဲက ပယောဂက သိပ်အရေးကြီးပြန်တယ်၊ ပယောဂဆိုတာ ကိုယ်မှု နှုတ်မှု စိတ်မှု၊ လိုရင်းအချုပ်ကတော့ ဉာဏ် ဝီရိယ သတိ၊ ဒီဉာဏ်က သိရမယ်၊ ဒီကာလဟာ ဘယ်လို ကာလမျိုး တို့ဘဝက ဘယ်လောက်သာ အကျိုးရနိုင်တဲ့ဘဝမျိုးလို့ ဉာဏ်က သိရမယ်၊ အဲဒီဉာဏ်ရှိသလောက် သတိထားလိုက်ရမယ်။

အဲ … ဒါနဲ့ ခြေချော်လက်ချော် မလုပ်နဲ့နော်၊ ကာလကြီးက သတိထားလိုက်ရမယ်၊ ခြေချော်လက်ချော် မရှိစေနဲ့နော်၊ သတိထားလိုက်ရမယ်၊ အားလုံး အားလုံး သတိထားရမယ်၊ ဝီရိယနဲ့ ကြိုးစားရမယ်၊ အဲဒီလို ဉာဏ်ရော ဝီရိယရော သတိရော ရှိနေတဲ့ ပုဂ္ဂိုလ်ဟာ "ပယောဂသမ္ပတ္တိ ပြည့်စုံတယ်၊ ပယောဂသမ္ပတ္တိ ပြည့်စုံတယ်" လို့ ပြောတယ်။

အဲဒီအထဲမှာ အသိ အလိမ္မာဉာဏ်က ညံ့၊ ဗဟုသုတက မရှိ၊ သတိကကင်း၊ လုံ့လဝီရိယက ဖျင်းဆိုရင် ပယောဂဝိပတ္တိဖြစ်လို့ နံပါတ်(၁) အကျိုးရမယ့် ဟာတောင် မရတော့ဘူး၊ ပယောဂဝိပတ္တိ ဖြစ်နေလို့၊ အပြစ်ကျတော့ ပယောဂဝိပတ္တိဖြစ်နေလို့ အပြစ်ရမယ့် ဟာလဲ ရှောရှောရှူရှူ အပြစ် ရသွားတယ်။

ဉာဏ် ဝီရိယ ပယောဂ အရေးကြီး

ဒါကြောင့် "ဉာဏ် ဝီရိယ သတိ ပယောဂ" အဲဒီ ဟာက လိုလိုက်တာမှ သိပ်လိုတာ။ ပြီးတော့ "ဗဟုသုတ"၊ အဲဒီ ပယောဂတွေ ပြည့်စုံလို့ရှိရင် ပြည့်စုံသလောက် ကုသိုလ်ကံတွေက အကျိုးပေးပါတယ်၊ မပြည့်စုံလို့ရှိရင် မပြည့်စုံသလောက် အကုသိုလ်ကံတွေ အကျိုးပေးပါတယ်၊ ဒါတွေ အားလုံး ခြုံပြီးတော့ပေါ့လေ၊ စာအတိုင်း "မဃဒေဝလင်္ကာသစ် နှာ၁၇၆၊ ပိုဒ် ၂၄၅-၌ မန်လည်ဆရာတော်ဘုရားကြီး" က -

"ကံဟု မူလ သမ္ဗုဒ္ဓတို့ ဟောပြသည်မှာ အရင်းသာရှင့်"

ကံဆိုတာ အရင်းအမြစ်ပဲ၊ မြတ်စွာဘုရားက ကံသာ ကိုယ့်ဥစ္စာ၊ ကံသာ ကိုယ့်ဥစ္စာလို့ ဟောတော်မူတဲ့ဟာ၊ ဒါ အရင်းခံ၊ ဒါကြောင့်လဲ မန်ကျည်းပင်ကြီး တစ်ပင် ပေါက်နေတယ်၊ ဘာပြောပြော ဒီ မန်ကျည်းပင်ကြီးဟာ ဒီမန်ကျည်းစေ့ မပါဘဲနဲ့ မပေါက်နိုင်ဘူး၊ မန်ကျည်းစေ့ဟာ မန်ကျည်းပင်ကြီးရဲ့ မူလအရင်းခံပဲ၊ ဒါကြောင့် မန်ကျည်းစေ့ကလေး တစ်စေ့တည်းနဲ့ ဒီမန်ကျည်း ပင်ကြီးဟာ ပြီးရောလား လို့ဆိုတော့ ဘယ်ဟုတ်မလဲ၊ ရေတွေ လောင်းလိုက်ရတာ၊ မြေကောင်း မြေသန့်တွေ လိုလိုက်တာ၊ ဘေးက ပယောဂတွေ ဝိုင်းကူတော့မှ ဒီမန်ကျည်းပင် ကလေး ပေါက်လာတာ၊ အဲဒီ ပေါက်လာတဲ့အခါမှာ ဖျက်ဆီးပစ်လိုက်ရင် လွယ်လွယ်ကလေး ပျောက်ပြန်ရော။

ဒါကြောင့် မန်ကျည်းပင် တစ်ပင် ပေါက်ဖို့ရာ မန်ကျည်းစေ့ဟာ မူလ ဆိုပေမယ့် ဘေးက နေပြီးတော့ လုံ့လ ပယောဂတွေနဲ့ ထောက်ကူတော့မှ ဒီမန်ကျည်းပင်ကြီးဟာ ကြီးကြီးမားမား စည်စည်ကားကား ဖြစ်တယ်၊ အဲဒါတောင်မှ ဘေးက နှောက်ယှက်လို့ အချိန်မရွေး ရတယ်။

ခန္ဓာကိုယ် သစ်ပင်ကြီးဟာလဲ ကံမျိုးစေ့ကြောင့်ပဲ၊ ခန္ဓာကိုယ် သစ်ပင်ကြီး ပေါက်လာပေမယ်လို့ ဘေးက အနှောက်အယှက် တွေက အချိန်မရွေး ရှိနိုင်တယ်၊ အဲဒါကို သတိမထားလို့ရှိရင်ဖြင့် ခန္ဓာကိုယ် သစ်ပင်ကြီးဟာ အပြီးသတ် မစည်ကားပဲနဲ့ အကိုင်းတွေ အတက်တွေ ကျိုးပြီးတော့ကာ ကြားထဲမှာ မန်ကျည်းပင်ကြီး ပျက်စီးရသလိုပဲ၊ အသက်တမ်း မကုန်ဘဲနဲ့ သေနိုင်တယ်။

ဒါကြောင့် ဗုဒ္ဓမြတ်စွာ အလိုတော်အတိုင်း …

"ကံဟု မူလ သမ္ဗုဒ္ဓတို့ ဟောပြသည်မှာ အရင်းသာရှင့်၊ ဥစ္စာဘောဂ ဇီဝိတနှင့် သုခပွားရန် ဤလူ့ဌာန်၌ ဉာဏ် ဝီရိယ ပယောဂတည်း"။

ဒီ လူ့လောကကြီးဟာ နတ်နဲ့ မတူဘူး၊ နတ်မှာ ဉာဏ် ဝီရိယကူဖို့ မလိုဘူး၊ ကူလဲ မကူနိုင်ဘူး၊ ငရဲ ပြိတ္တာတို့က ဉာဏ် ဝီရိယတို့ မတိုးနိုင်ဘူး၊ သူ့အတိုင်း သူ ဒုက္ခ - ဒုက္ခပဲ ရှိမယ်၊ ဒီ လူ့ဘဝကိုတော့ ပယောဂက အပြောင်းအလဲ သိပ်ရနိုင်တာပဲလို့ …

"ကံဟု မူလ သမ္ဗုဒ္ဓတို့ ဟောပြသည်မှာ အရင်းသာရှင့်၊ ဥစ္စာဘောဂ ဇီဝိတနှင့်"

ဥစ္စာစည်းစိမ် တိုးတက်ဖို့ရန် အသက်ရှည်ဖို့ရန်ကတော့ ဉာဏ် ဝီရိယ ပယောဂတည်း။

အသိဉာဏ်က ရှိမှ အသိဉာဏ်က အစားအသောက်ကို ဆင်ခြင်တတ်မှ၊ ဆင်လဲ ဆင်ခြင်မှ၊ ရောဂါ ကင်းရှင်းတယ်၊ အသက်ရှည်တယ်၊ ဉာဏ် ဝီရိယ ပယောဂ သိပ် အရေးကြီးတာပဲ၊ ခပ်ငယ်ငယ် တုန်းကတော့ မိဘတွေရဲ့ ပယောဂကြောင့် ကလေးတွေ ကျန်းမာတယ် မကျန်းမာဘူး၊ ဒီလိုရှိတယ်၊ အဲဒါနဲ့ စပ်ပြီးတော့ နည်းနည်း ထပ်ပြောမယ်။

ငယ်ငယ်တုန်းက မိဘများက လိမ္မာလို့ ကလေးရဲ့ ကျန်းမာရေးကို ဂရုစိုက်တယ်၊ ရေချိုးမိုးချိုးပြီး အချိန်မှန်မှန် ဂရုစိုက်တယ်၊ အဲ ဆေးကလေး ဘာလေး ကျွေးတယ်၊ အစားအသောက်ကို တည့်တာမှ ကျွေးတယ်၊ ဒီ ကလေးဟာ ငါးနှစ်လောက်ကျတော့ ဒိပြင် ပေါက်လွှတ်ပဲစား ကြီးပွား လာတဲ့ ငါးနှစ်ကလေးနဲ့ မတူဘူး၊ ဘာဖြစ်လို့တုန်း၊ အမေများက ပြုပြင် ပေးလိုက်တဲ့ အတွက် ကြောင့် ကလေး ကျန်းမာတယ်ကိုး၊ ငါးနှစ်သားကလေး၊ ဟို ငါးနှစ်သားကလေးက ချိနဲ့ရှာတယ်၊ ဘာပြုလို့တုန်း အပြုအပြင် မရှိလို့။

တစ်ခါ - ဆယ်နှစ်လောက် ရောက်ပြန်တော့ ဒီကလေးက ကျန်းမာနေတယ်၊ ဟိုကလေးတွေ မကျန်းမာဘူး၊ ဘာဖြစ်လို့လဲ၊ ဒီက အပြုအပြင် ရှိလို့၊ တစ်ဆယ့်ငါးနှစ် အနှစ် နှစ်ဆယ်လောက် ကျပြန်တော့ ဒီ ကလေးက ကျန်းမာတယ်၊ ဟိုကလေးက မကျန်းမာဘူး၊ ဘာဖြစ်လို့တုန်း၊ အပြုအပြင်ရှိတဲ့ မိဘအပြင် သူတို့ကလဲ ပြုပြင်တတ်လို့၊ အဲသလို သွားလိုက်တာ တစ်သက်လုံး ဘဝတစ်ခု ပြောင်းသည်အထိ ကျန်းကျန်းမာမာနဲ့ နေပြီးတော့ ရောဂါရှင်းရှင်းနဲ့ သွားရတယ်။

ဒီတော့ တစ်ခါ ထပ်စဉ်းစားစရာက ငယ်ငယ်တုန်း ငါးနှစ်အတွင်းက အဖေအမေများ ကျွေးတဲ့ ဆေးဟာ ခြောက်နှစ်သား လောက်မှာ ရှိသေးလား၊ မရှိပါဘူး၊ ဓာတ်ကို ဘုန်းကြီးက ပြောမလို့၊ အမေများက ငါးနှစ်သားအတွင်း ကျွေးတဲ့ ဆေးများ မရှိတော့ဘူး၊ ဒါပေမယ့်လို့ ဓာတ်ပါနေတယ်၊ ကလေးလေးမှာ ပါနေတာပဲ၊ အဲ - ဆယ်နှစ်လောက် ကျတော့လဲ ငါးနှစ် ခြောက်နှစ်က ဆေးတွေ မရှိပါဘူး၊ ဟိုမှာ ဓာတ်ပါနေတယ် ကလေး ကလေး ကျန်းမာနေတယ်။

အသက် နှစ်ဆယ်လောက် ကျတော့ ဆယ်နှစ်လောက်က ဆေးတွေ ဘာတွေ ဘာမှ မရှိတော့ဘူး၊ ဒါပေမယ့် ဓာတ်ပါနေတယ်၊ ကလေးလေး ကျန်းမာနေတယ်၊ ဒီလိုသွားပါတယ်၊ ကုသိုလ် အကုသိုလ်မှာလဲ ဒီလိုပါပဲ၊ ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ် တွေကတော့ ချုပ်သွားပါပြီ၊ ပါ မလာတော့ဘူး မရှိဘူး၊ မရှိပေမယ့် ဓာတ်က လိုက်လာတာဖြစ်တော့ ကုသိုလ် အကုသိုလ်ရဲ့ ဓာတ်သတ္တိတွေက ပါနေတယ်၊ ဒါလေး မှတ်ထားလိုက်ပါ။

ပြီးတော့ တစ်ခုက၊ ကလေး ငယ်ငယ်တုန်းက ငါးနှစ်လောက်က ဟိုဖက်မှာ ပညာသင်တယ်၊ ဆရာ ကောင်းကောင်းနဲ့ သင်တယ်၊ ခြောက်နှစ် ခုနစ်နှစ်ကျတော့ ဆရာ ကောင်းကောင်းနဲ့ မသင်ရတဲ့ သူနဲ့ ကွာနေပြီ၊ အတတ်ချင်း ကွာသွားပြီ၊ ဘာပြုလို့တုန်း၊ ဓာတ်ခံချင်း ကွာသွားပြီ၊ ဒါတွေကို နားလည်လို့ ဘုန်းကြီးက အခြေခံ ကောင်းအောင် လုပ်ကြပါ၊ အခြေခံကောင်းအောင် လုပ်ကြ ပါလို့၊ ဒါကြောင့်မို့ ပြောနေတာ၊ အခြေခံ ကောင်းလာတာနဲ့ မကောင်းလာတာနဲ့ အထက် ရောက်တော့ ဓာတ်ချင်း အင်မတန် ကွာသွားတယ်၊ ကုသိုလ် အကုသိုလ် ပြုတုန်းက ဉာဏ် ဝီရိယ ရှိတာနဲ့ မရှိတာနဲ့ အလိမ္မာ ပါတာနဲ့ မပါတာနဲ့ ဟို ဘဝ သံသရာကျတော့ ဓာတ်ချင်း သိပ်ကွာ သွားတယ်။

အဲဒါကြောင့် ဘုန်းကြီးက ဓာတ်ခံတွေ အရေးကြီးတယ်၊ ဒီပဋ္ဌာန်းပစ္စည်းတွေပေါ့၊ ပကတူပနိဿယ သတ္တိနဲ့ အကျိုးပြုနေပုံ တွေပေါ့၊ သိပ် အရေးကြီးတာပဲ၊ ကမ္မပစ္စယသတ္တိရဲ့ ကျေးဇူးပြုပုံတွေပေါ့၊ သိပ် အရေးကြီးတာပဲ။

"ကံဟု မူလ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ အရင်းသာရှင့်၊ ဥစ္စာဘောဂ ဇီဝိတနှင့်၊ သုခပွားရန၊် ဤလူ့ဌာန်၌၊ ဉာဏ် ဝီရိယ ပယောဂတည်း"။

ဤ လူ့ဘဝဟာ ဉာဏ်ရှိဖို့ သိပ် အရေးကြီးတာပဲ၊ လုံ့လ ဝီရိယ ရှိဖို့ သိပ်လိုတာပဲ၊ သတိရှိဖို့ သိပ် လိုတာပဲ။

"ကာလဒေသ၊ ပုဂ္ဂလကို၊ နှိုင်းဆအပ်တုံ၊ ကံကိုယုံ၍၊ မီးပုံအတွင်း မဆင်းထိုက်စွာ"

---

ကာလဒေသပုဂ္ဂလကို နှိုင်းဆအပ်ခြင်း

အခါကာလ ကြည့်နော်၊ အခါကာလကြည့်၊ ကာလသမ္ပတ္တိ ဟုတ် မဟုတ်၊ မိမိအတွက် ကာလသမ္ပတ္တိ ဟုတ် မဟုတ် အခါကာလကြည့်ပါတဲ့၊ ဒီပုဂ္ဂိုလ်နဲ့ အပေါင်းအသင်း ဆက်ဆံကြလို့မို့ မိမိအကျိုး ရှိမရှိ ပုဂ္ဂိုလ်လဲ နှိုင်းယှဉ်ပါ၊ ပုဂ္ဂိုလ် ပကတူပနိဿယနဲ့ ကျေးဇူးပြုတယ် ဆိုတာ ဘုရားရှင်တို့လို ပုဂ္ဂိုလ်က သတ္တဝါ အများကြီးအပေါ်မှာ အများကြီး ကျေးဇူးပြုတယ်။

မလိမ္မာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ခေါင်းဆောင်မှုကြောင့် အများသတ္တဝါ တွေမှာ ဆင်းရဲကြတယ်၊ အဲဒါကြောင့် "ကာလ ဒေသ ပုဂ္ဂလကို နှိုင်းဆအပ်တုံ"၊ ဒီဒေသဟာ ဒီလို နေလို့ဖြစ်တဲ့ ဒေသ ဟုတ်သလား၊ မဟုတ်ဘူးလား ဆိုတာ အဲဒီ ဒေသကိုလဲ ကြည့်ပါ၊ ဒီဒေသဟာ ဒီလောက် အကျိုးပြုတဲ့ ဒေသ နိုင်ငံက ဒီလောက် အကျိုးပေးနိုင်တဲ့ နိုင်ငံ၊ ဒီနိုင်ငံက ဟိုလောက် အကျိုး ပေးနိုင်တဲ့ နိုင်ငံ၊ အဲဒီလို ကာလ ဒေသ ပုဂ္ဂလကို နှိုင်းဆပါ။

"ကံကို ယုံ၍၊ မီးပုံအတွင်း၊ မဆင်းထိုက်စွာ"

ကံချည်း တစ်ဖက်သတ် ယုံမနေနဲ့၊ ဘဝက ပါလာတဲ့ ကံသတ္တိက နည်းနည်း ကလေး ရှိတယ်၊ ခုနက သစ်ပင်ကြီးတစ်ပင် ပေါက်ဖို့ရန်မှာ မျိုးစေ့ ကလေးချည်းပဲ ယုံမနေနဲ့၊ မျိုးစေ့ရှိရင် သစ်ပင် ပေါက်မှာပဲလို့ မမျှော်နဲ့၊ ဒီလို မမျှော်နဲ့၊ အရင်းခံတော့ မှန်တယ်၊ ရေ ကောင်းကောင်းလိုတယ်၊ မြေကောင်းကောင်း လိုတယ်၊ စိုက်တဲ့သူရဲ့ ဥယျာဉ်မှူး ကောင်းကောင်း လိုတယ်၊ အဲဒီလို အကုန်လုံး ကောင်းတော့မှ ဒီ သစ်ပင်ဟာ စည်ကား ထွားကျိုင်းပြီးတော့ အသီးသီးတဲ့ သစ်ပင်က အသီးသီးတယ်၊ အပွင့် ပွင့်တဲ့ သစ်ပင်က အပွင့် ပွင့်တယ်၊ အားလုံးက ကာလ ဒေသ ပုဂ္ဂလတွေကို နှိုင်းဆပြီးတော့မှ အကျိုးရှိပါတယ်လို့။

"ကာလ ဒေသ ပုဂ္ဂလကို နှိုင်းဆအပ်တုံ၊ ကံကိုယုံ၍ မီးပုံ အတွင်း မဆင်းထိုက်စွာ၊ ကျားရဲရာလည်း ကြမ္မာ အကြောင်း မရိုးကောင်းဟု သူကောင်း ရှေးက ဆိုကုန်ကြ၏"။

အင်း … အင်း ကံကို ယုံပြီးတော့ မီးပုံကြီးထဲ မဆင်းနဲ့၊ ကံကို ယုံပြီး မီးပုံကြီးထဲ ဆင်းလို့ရှိရင် မီးလောင်မှာ သေချာတယ်၊ ကံကို ယုံပြီးတော့ ငါအင်မတန် ကံကောင်းတာပဲဆိုပြီးတော့ မီးပုံထဲ သွားမဆင်းလိုက်နဲ့ လောင်သွားမယ်။

ကျားရဲနေတဲ့ နေရာ မသွားနဲ့ မသွားနဲ့၊ အို .. ကံရှိ ဘာမှ မဖြစ်ဘူး၊ ကျားက လာတာနဲ့ လူတွေကို ကိုက်နေတယ်လို့ သိရက်သားနဲ့ သွားတယ်၊ ကျားကိုက်ခံရမှာပဲ၊ ကံကြမ္မာ မကောင်းလို့ အကိုက် ခံရတာလို့ မပြောနဲ့ ကျားကိုက်ခံရမှာပဲ။

"ကျားရဲရာလည်း၊ ကြမ္မာ အကြောင်း၊ မရိုးကောင်းဟု၊ သူကောင်း ရှေးက ဆိုကုန်ကြ၏၊

လုံ့လမထူ ဉာဏ်မကူဘဲ၊ အယူတစ်ချောင်း ကံတစ်ကြောင်းမျှ၊ မကောင်းလည်းကံ ကောင်းလည်း ကံဟု၊ ကံကိုချည်းသာ မကိုးရာဘူး"၊

အယူတစ်ချောင်း ရွဲ့စောင်းပြီး မကောင်းတာလဲ ကံပါ၊ ကံမကောင်းလို့ပါ၊ ဘယ်သူတွေ ဘာမှ မဖြစ်ဘူးလို့ ကံ မကောင်းလို့ ဖြစ်တာ၊ ကိုယ့်ကံ မကောင်းလို့ ဖြစ်တာ မဟုတ်ဘူးလေ၊ ဘယ်သူတွေက ဘယ်ဉာဏ်နဲ့ ဘယ် ဝီရိယနဲ့ ဘယ်လို ကူထားမှန်း မသိဘူး၊ ကိုယ်က ဘယ်ဉာဏ် ဘယ် ဝီရိယ ဘယ်လောက် ညံ့နေမှန်း မသိဘူး။

အဲဒါကြောင့် ကံကိုချည်း လာပြီး မယုံပါနှင့်၊ ဉာဏ် ဝီရိယ ပယောဂ တွေဟာ အင်မတန် အရေးကြီးပါတယ်။

"လုံ့လမထူ ဉာဏ်မကူဘဲ အယူတစ်ချောင်း ကံတစ်ကြောင်းမျှ မကောင်းလည်းကံ ကောင်းလည်း ကံဟု ကံကိုချည်းသာ မကိုးရာဘူး၊ ပညာဉာဏ်ဖြင့် သင့်မသင့်ကို အခွင့်ရှု၍ အပြုလုံ့လ ရှိအပ်စွတည့်"။

---

ဉာဏ်ယှဉ် လုံ့လကူ

ဉာဏ်ပညာနှင့် ရှောင်ကြဉ်တန် ရှောင်ကြဉ်ရတယ်၊ တိမ်းတန် တိမ်းရတယ်၊ မလုပ်ဘဲ နေတန် နေရတယ်၊ အဲဒီလိုပေါ့လေ၊ ဉာဏ်ပညာနဲ့ ရှုပြီးတော့ အပြုလုံ့လက သိပ်အရေးကြီးတာပဲ။

"တံငါလက်တွင်း ရောက်လျင်းတုံငြား သုံးကောင်ငါးကို မှတ်သားဝမ်းထဲ နည်းယူစွဲလော့"။

ငါးသုံးကောင် တံငါလက်တွင်း ရောက်သွားတာ၊ ဥပမာ သဘောပဲ၊ ငါး တစ်ကောင်ကတော့ ကံပါပဲ၊ တံငါလက်တွင်း လှေပေါ်မှာတော့ ရောက်နေပြီ၊ တံငါလက်တွင်း ရောက်ပြီ၊ ကံပေါ့လေ ကံရှိ လွတ်လိမ့်မပေါ့။

ငါးတစ်ကောင်ကတော့ လုံ့လ ဝီရိယ အရေးကြီးတယ်၊ တံငါ့လက်တွင်း လှေထဲတော့ ရောက်နေပြီ၊ လုံ့လ ဝီရိယ အရေးကြီးတယ်ဆိုပြီး သူက စွပ်ကနဲ စွပ်ကနဲ ခုန်ခုန်ကြည့်တယ်၊ လုံ့လ ဝီရိယ အရေးကြီးတယ် ခုန်နေတာ သူ လှေပေါ် ကျော်သွားနိုင်ပါ့မလားလို့ ခုန်ခုန်ကြည့်နေတယ်၊ တံငါက တယ်ဆော့တဲ့ငါးဟ ဆိုပြီး တက်နဲ့ချလိုက်တာ သေရော၊ ဝီရိယသမား ဝီရိယသမား။

ကံသမားက ကံရှိ လွတ်လိမ့်မပေါ့ ဝီရိယသမားတော့ သေသွားပြီ၊ ကံသမားက ကံရှိ လွတ်လိမ့် မပေါ့၊ ကံရှိ လွတ်လိမ့်မယ်ဟေ့၊ ဉာဏ်သမားကတော့ ကွာ နေဦးကွာ၊ အခါအခွင့် ကြည့်ရမှာပဲ နေဦးကွာ၊ အခါအခွင့်ကြည့်ရမှာပဲ၊ ကမ်းနားရောက်တော့ လှေသမားက ခပ်ပေါ့ပေါ့ကလေးနဲ့ လှေကလေး စောင်းနင်းမိတာနဲ့ ခုန်ချလိုက်တာ လွတ်သွားရော၊ ဉာဏ်သမားက ဉာဏ်လဲ ရှိတယ် နော်၊ ခုန်ချတဲ့ ဝီရိယလဲ ရှိတယ်နော်၊ လွတ်လောက်တဲ့ ကံလဲ ရှိတယ်နော်၊ ကံလဲ ရှိတယ်၊ ဉာဏ်လဲ ရှိတယ်၊ ဝီရိယလဲ ရှိတယ်၊ လွတ်သွားရော ကံ ဖြစ်သလိုပေါ့ ဆိုတဲ့ ငါးကတော့ ကုန်းပေါ် ရောက်သွားရော၊ သူမလွတ်ဘူး ချက်စားခံရလိုက်တာပဲ ရှိတော့တယ်။

အဲဒါကြောင့် …

"တံငါလက်တွင်း ရောက်လျင်းတုံငြား သုံးကောင်ငါးကို မှတ်သားဝမ်းထဲ နည်းယူစွဲလော့"။

ကံလဲ ရှိရတယ်၊ ဉာဏ်လဲ ရှိရတယ်၊ ဝီရိယလဲ ရှိရတယ်။

"မှတ်သားဝမ်းထဲ နည်းယူစွဲလော့ ကံမွဲဉာဏ်နုံ့ မလုံ့မလ နတ် မမဘူး"။

---

နတ်မ မမ

ကံကလဲ ညံ့သေး၊ ကံကလဲ မွဲသေးတယ်၊ ဉာဏ်ကလဲ ညံ့သေးတယ်၊ လုံ့လ ဝီရိယလဲ မရှိဘူးတဲ့၊ အဲဒါကတော့ နတ်တောင် မမဘူးတဲ့၊ နတ်က မ-ချင်ပါတယ်၊ ကံမရှိတဲ့သူ သွားမရင် နတ် နာမည် ပျက်မှာပေါ့၊ သူ အကျိုးရမှာ မဟုတ်ဘူး၊ ကံ မရှိတဲ့သူ နတ်က မမပါဘူးတဲ့၊ ဉာဏ် ဝီရိယ မရှိတဲ့သူ နတ် မမပါဘူးတဲ့။

ဟို … မြားသုံးစင်း လိုရာရတယ် ဆိုတာ လူတိုင်း သိနေကြတာပဲ၊ အဲဒီ မြားသုံးစင်း ပေးလိုက်မိတာ ဘာမှ သူ အကျိုးမရဘူး၊ နဂိုအတိုင်း နဂိုအတိုင်း ပြန်ဖြစ်တာပါပဲ၊ ဒါကြောင့် -

"ကံမွဲ ဉာဏ်နုံ့ မလုံ့မလ နတ် မ မဘူး၊ အလသမျိုး အကျိုး ယွင်းယို အလိုလျော့ရည်း မကျော့ကျည်းနှင့် ကိုယ်လည်း လုံ့လ နတ်လည်း မ၍ တောင့်တ ကြံရာ မြန်မကြာလျှင် လွယ်ကာ ကိစ္စ ပြီးနိုင်ကြ၏"။

လူကလဲ လုံ့လပြုပါတဲ့၊ ဉာဏ်လဲ ရှိပါတဲ့၊ နတ်မပါလိမ့်မယ်တဲ့။

"အန္ဓဗာလ လူ့ထိုမျှတို့ ကမ္မဝီရိယ မယုံကြဘူး"

---

လူပြိန်း လူအ

များစွာသော လူပြိန်းတွေကလေ ကံ ဉာဏ် ဝီရိယ မယုံဘူးတဲ့။

"သိဝမဟေ ပရမေသွာ ဗြဟ္မာ ဗိဿနိုး ကမ္ဘာစိုးနှင့်"

ဗိဿနိုး နတ်မင်းကြီးက ဖန်ဆင်းလိုက်တာ၊ တို့ကို ဒီလို နေရမယ်၊ ဒီလို ထိုင်ရမယ်၊ ဒီလို ဖြစ်ရမယ်၊ ဒါတွေ အကုန်လုံး ဗိဿနိုးနတ်မင်းကြီးက ဖန်ဆင်းလိုက်တာ။

"တန်ခိုးကြီးမား နတ်ဘုရားတို့ ပေးစားဖန်ဆင်း ဖြစ်တုံလျင်းဟု"

ဘယ်သူနဲ့ ဘယ်သူ ရတယ်ဆိုတာလဲ အဲဒီနတ် ဖူးစာနတ်က ဖန်ဆင်းပေးလိုက်တာ၊ သိဝနတ်က ဖန်ဆင်းပေးတာ၊ ဖူးစာအတိုင်းပေါ့အေ။

ဘယ်ဟုတ်မလဲ၊ ဉာဏ် ဝီရိယနဲ့ သွားနေတာ၊ အကုန်လုံး ဖန်ဆင်းတဲ့သူချည်း ယုံကြည်နေတယ် တဲ့၊ လူပြိန်းတွေ လူအတွေပါ။

"အန္ဓဗာလ လူ့ ထိုမျှတို့ ကမ္မဝီရိယ မယုံကြဘူး၊ သိဝမဟေ ပရမေသွာ ဗြဟ္မာ ဗိဿနိုး ကမ္ဘာစိုးနှင့်၊ တန်ခိုးကြီးမား နတ်ဘုရားတို့ ပေးစား ဖန်ဆင်း ဖြစ်တုံလျင်းဟု ချွတ်ယွင်းသမှု အမှားရှုသည်၊ တောင်သူ့ ယူလေ့ ယူလာတည်း"။

သာဓု … သာဓု … သာဓု။

---

ဘာသာခြားလဲ ရှေးကံရှိခြင်း

ဒီတော့ တရားဟာ ပြီးတော့ ပြီးနိုင်တယ်၊ မနေ့က စကားပြောကြတယ်၊ စကားပြောတော့ နိုင်ငံကြီးတွေမှာ ဗုဒ္ဓဘာသာလဲ မဟုတ်၊ တချို့များ သူဌေးကြီးတွေဟာလေ တစ်နေ့သုံးလိုက်တဲ့ အသုံးစရိတ်ဟာ ဒီဗမာနိုင်ငံက သူဌေးတွေ တစ်သက်လုံး စားလောက် သုံးလောက်တယ်၊ ဗမာနိုင်ငံရဲ့ ပစ္စည်းရှိတဲ့ သူဌေးတွေနဲ့ တစ်သက်လုံး စားလောက်တဲ့ စည်းစိမ်ကို တစ်နေ့တည်း သုံးပစ်တာပဲ၊ အဲဒါလောက် ပေါတယ်တဲ့။

ဒါ ဗုဒ္ဓဘာသာ မဟုတ်ဘူးတဲ့၊ ဒီတော့ ဗုဒ္ဓဘာသာ နိုင်ငံဟာ အညံ့ဆုံး ဖြစ်နေတယ်၊ သီဟိုဠ်တို့ လာအိုတို့ ကမ္ဗောဒီးယားတို့ ယိုးဒယားတို့ ဗမာနိုင်ငံတို့ ဒီနိုင်ငံကလေးတွေ ဗုဒ္ဓဘာသာနိုင်ငံက လူတွေဟာ အညံ့ဆုံး ဖြစ်နေကြတယ်တဲ့၊ ဒါ ဘယ့်နှယ် အဓိပ္ပာယ်တုန်းတဲ့။

"ဟာ ဟုတ်တယ်" လို့ စိတ်ထဲက ဇဝေဇဝါ ဖြစ်စရာပါပဲ၊ နိုင်ငံကြီးတွေက သူဌေးကြီးတွေ ရှေးကံပြုတုန်းက ဘယ်လို ပြုခဲ့ကြတယ်ဆိုတာ စဉ်းစားကြည့်လိုက်ပါလေ၊ စဉ်းစားကြည့်တော့ ရှေးကံပြုတုန်းက သူတို့လဲ ကံရှိမှာပေါ့၊ ဗုဒ္ဓဘာသာ မဟုတ်ဘူးတဲ့၊ အို … ဘုန်းကြီးက ပြောချင် လိုက်တာ၊ ဘုရားအလောင်း ပါရမီဖြည့်တုန်း ဗုဒ္ဓဘာသာဖြစ်နဲ့ ဖြည့်တဲ့ဘဝ ဘယ်နှစ်ဘဝများ တွေ့ခဲ့ဖူးတုန်း၊ ကဲ ဇာတ်ကြီးဆယ်ဘွဲ့ကို အကြမ်းစား စဉ်းစားကြစို့။

တေမိမင်း ဗုဒ္ဓဘာသာဘဝ မဟုတ်ဘူး၊ ဘုန်းကြီး မဟုတ်ဘူး၊ တေမိမင်း၊ မဟာဇနကမင်း ဗုဒ္ဓဘာသာ မဟုတ်ဘူး၊ သူတို့ ကုသိုလ်တွေ သူတို့ ပြုသွားတာပဲ၊ ဇနကမင်းကလဲ ကုသိုလ်တွေ ပြုသွားတာပဲ၊ ဗုဒ္ဓဘာသာ မဟုတ်ဘူး၊ တေမိမင်းကလဲ ကုသိုလ်ပြု၊ တောထွက် တရားကျင့်၊ ဈာန်တွေရ၊ ဗုဒ္ဓဘာသာ မဟုတ်ဘူး၊ သုဝဏ္ဏသျှံ တောထဲမှာ မေတ္တာနဲ့ နေရှာတာ ဗုဒ္ဓဘာသာ မဟုတ်ဘူး၊ မိဘလဲ ဗုဒ္ဓဘာသာ မဟုတ်ဘူး၊ အဲ နေမိမင်းကြီး၊ တစ်နေ့တော့ ပြောလိုက်တဲ့ နာရဒဗြဟ္မာမင်းကြီး ဗုဒ္ဓဘာသာ မဟုတ်ဘူး၊ အကုန်လုံးပေါ့လေ၊ ဝေဿန္တရာမင်းကို ကြည့်ပါ၊ ဗုဒ္ဓဘာသာ ဟုတ်ရဲ့လား၊ ဘယ်ဘုန်းကြီးက တရားဟောတုန်း၊ သူက ရသေ့တွေ အလှူပေးနေတာပဲ၊ ဘယ်သူကမှ တရား လာမဟောဘူး။

---

လူတိုင်း ကုသိုလ်ပြုတတ်ခြင်း

ဒီတော့ကာ လူတွေက ဗုဒ္ဓဘာသာတွေမှ ကုသိုလ်ပြုတတ်တယ်၊ ဗုဒ္ဓဘာသာ မဟုတ်ရင် မပြုတတ်ဘူး ဆိုတော့ ဘုရားလောင်း ပါရမီဖြည့်တာတွေဟာ ဗုဒ္ဓဘာသာ မဟုတ်တဲ့ ဘဝချည်း များတယ်၊ ဘုရားအလောင်း လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ထဲမှာ နှစ်ကျိပ်လေးဆူပဲ ဘုရား ပွင့်တယ်၊ ဗုဒ္ဓဘာသာဆိုတဲ့ ဘာသာ ၂၄-ခါသာ ပေါ်ခဲ့တယ်၊ ကျန်တဲ့အချိန်တွေ ဗုဒ္ဓဘာသာ ခေတ်ကို မဟုတ်ဘူး၊ အဲဒီ အတောအတွင်းမှာ ဘုရားအလောင်းတွေ ပါရမီ ဖြည့်တော် မူလိုက်ကြတာ၊ ဒီတော့ ဒီအချက်ကလေးကို ပထမဆုံး နားလည်ပါစေ။

ဒီတော့ကာ ဟို ခုနက သူဌေးကြီးတွေ ဗုဒ္ဓဘာသာ မဟုတ်ပေမယ့် သူတို့လဲ သူတို့နည်း သူတို့ဟန်နဲ့၊ အင်း လွန်ခဲ့တဲ့ ဖြစ်လေရာ ဘဝတုန်းက ကုသိုလ်တွေ ဖြစ်မှာပေါ့၊ သေခါနီးကျတော့ နိမိတ်ထင်မှာပေါ့၊ နိမိတ်တွေ ထင်တဲ့အခါကျတော့ အမျိုးမျိုးသော ကံကြောင့် တချို့က ခုနက ပေါများတဲ့ နိုင်ငံမှာ သွားပြီးတော့ ပဋိသန္ဓေ နေကြမယ်၊ ဟို အဖေက သူဌေးလေ၊ အမေက သူဌေးလေ၊ သူတို့ကျတော့ သူဌေး၊ ဘာပြောစရာ ရှိတုန်း၊ ဗုဒ္ဓဘာသာနဲ့ ဘာဆိုင်တုန်း၊ ဗုဒ္ဓဘာသာနဲ့ ဘာမှ မဆိုင်ဘူး၊ အဖေက သူဌေးနဲ့ အမေက သူဌေးနဲ့သာ ဆိုင်တယ်၊ နိုင်ငံကြီးနဲ့သာ ဆိုင်တယ်၊ အဲဒါနဲ့ သူတို့ သုံးမကုန်အောင် ပေါကြတယ်။

သုံးလို့ကို မကုန်နိုင်အောင် ပေါတော့ကာ လူတွေက သုံးချည်းပစ်နေသလား ဆိုတော့ သုံးလို့ကို မကုန်နိုင်တော့ ဆေးရုံတွေ တည်ဆောက်ကြတယ်၊ (ကံက ကံက ကံက၊) ဆေးရုံတွေ တည်ဆောက်ကြတယ်၊ သူတို့ ပိုက်ဆံကြောင့် ဆင်းရဲတဲ့သူတွေ ကျန်းမာ ချမ်းသာစေချင် လိုက်တာ၊ "မေတ္တာ ကရုဏာ" ကြီးမားလိုက်တာ၊ (ကံက ကံက ကံက၊) စာသင်ကျောင်းတွေ တကတည်း ထူးထူးခြားခြား သင်နိုင်အောင်လို့မို့ စာသင်ကျောင်းတွေ ထောက်ပံ့ပေးနေတယ်၊ မရှိဆင်းရဲတဲ့ သူတွေ ကြက်ခြေနီအသင်းဆိုပြီး တကတည်း ငွေတွေထည့်ပြီးတော့ ထောက်ပံ့ပေး နေကြတယ်၊ ဆေးရုံတွေ ဆောက်တယ်၊ စာသင်ကျောင်းတွေ တည်တယ်၊ မရှိဆင်းရဲတဲ့သူတွေ နိုင်ငံတွေကို ကြီးပွားအောင်ကို ထောက်ပံ့ပေးနေတယ်၊ နည်းတဲ့သတ္တိတွေလား၊ နည်းတဲ့ ကံတွေလား။

ဒီလူတွေက ရှေ့ကို တက်ကြဦးမယ်၊ ရှေ့ကို တိုးကြပါဦးမယ်၊ အကယ်၍များ အရိမေတ္တေယျ မြတ်စွာဘုရား လက်ထက်မှာ သူတို့က လူအဖြစ်နဲ့ ဆိုလို့ရှိရင် ဘုရားဆီ ရောက်ကြပါဦးမယ်၊ ဘုရားဆီ ရောက်တဲ့အခါကျတော့ သစ္စာ ၄-ပါး တရားကို နာကြရဦးမယ်။

ဒီ လူတွေ ဒီ ဉာဏ်ရှိတဲ့ လူတွေ နာတော့ကာ ကျွတ်တန်းဝင်ချင်လဲ ဝင်သွားမယ်၊ ဒါမှ မဟုတ် နောက် ဘုရားလက်ထက် ကျွတ်တန်းဝင်ဖို့ရန် အထောက်အပံ့ ကောင်းကောင်းကြီး ရသွားကြ ပါလိမ့်မယ်၊ ဒါကြောင့် ဗုဒ္ဓဘာသာ ဆိုပြီးတော့ စိတ်ကြီး ဝင်မနေကြပါနဲ့၊ ကောင်းကောင်း နေကြဖို့ အရေးကြီး ပါတယ်၊ ဗုဒ္ဓဘာသာ ဆိုပြီးတော့ အမှတ်တမဲ့ နေရင်တော့ တခြားလူတွေက ဘုန်းကြီးတို့ အပေါ်မှာ ကျော်ပြီးရင်း ကျော်ရင်း သွားကြပါလိမ့်မယ်။

နိုင်ငံ ငယ်ငယ်ကလေးတွေမှာ ဗုဒ္ဓဘာသာ ဖြစ်နေတာကတော့ နိုင်ငံငယ်ကလေးတွေက စားစရာ တွေ ရှိတယ်၊ စားစရာလေးတွေ ရှိတယ်၊ ပြီးတော့ ဘုန်းကြီးတွေက စားစရာကို မှီပြီးတော့ ဘုန်းကြီးတွေ ဖြစ်ရတယ်၊ အဲဒီ ဘုန်းကြီးတွေက ဟောပြောပြီးပေးတော့မှ သူတို့က အသိဉာဏ်တွေ ရင့်ကျက်ပြီးတော့ လာခဲ့တယ်။

---

ရှင်အရဟံ ကျေးဇူး

နဂိုတုန်းက မြန်မာနိုင်ငံရဲ့ အသိဉာဏ်ဟာ လှမ်းပြီးတော့ ကြည့်စမ်း၊ အရည်းကြီးတွေ လက်ခံပြီး နေကတည်းကိုက မြန်မာနိုင်ငံ ဘယ်လောက် ညံ့နေတုန်း၊ အရည်းကြီးတွေကို လက်ခံရမှာ မဟုတ်ဘူး၊ အရည်းကြီးတွေကို မောင်းထုတ်ရမှာ၊ အဲဒါကို ရှင်ဘုရင်နှင့်တကွ အရည်းကြီးတွေ လက်ခံလာ ကတည်းကိုက မြန်မာနိုင်ငံရဲ့ အသိဉာဏ်က ဘယ်လောက် ညံ့နေတုန်း၊ ရှင်အရဟံ သာ မလာလို့ရှိရင် မြန်မာနိုင်ငံက သိတဲ့ အသိဉာဏ် ညံ့ပါတယ်၊ ရှင်အရဟံ ကြွလာပြီးတော့ ဗုဒ္ဓတရားတော်တွေ ပါလာလို့ ဒီ အခြေအနေ ဒီ အရည်အချင်းတွေကို မြင်ရတာပါ၊ အကယ်၍များ ဗုဒ္ဓဘာသာ မဖြစ်လို့ရှိရင် ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေ မပါလာလို့ရှိရင်တော့ မြန်မာနိုင်ငံ အခုထိ သည်ထက် ညံ့ပါဦးမယ်၊ အဲဒါလေး နားလည်ကြပါ။

---

ဗုဒ္ဓဘာသာကို မလဲနိုင်ကြောင်း

ဒါပေမယ့် ဘုန်းကြီးက ဗုဒ္ဓဘာသာ ဖြစ်ရတာကနေပြီး ဘာနဲ့မှ မလဲဘူး၊ ဟိုက သူဌေးစည်းစိမ် တွေနဲ့ မလဲပါဘူး၊ အစားတော့ ဆင်းဆင်းရဲရဲနဲ့ စားရတာ ဟုတ်ပါတယ်၊ ပဲကြော်လေးတွေနဲ့ စားနေရတောင်မှ ဟို သူဌေးစည်းစိမ်တွေနဲ့ မလဲပါဘူး၊ အဲ ဘုန်းကြီးတို့ တစ်သက်လုံး သုံးတဲ့ အသုံးကို သူတို့က တစ်နေ့တောင် မသုံးလောက်သေးဘူး၊ ဒါပေမယ့် မလဲဘူး၊ ဘာဖြစ်လို့တုန်း ဆိုတော့ ဘုန်းကြီးတို့က "ဇာတိပိ ဒုက္ခာ ဇရာပိ ဒုက္ခာ ဗျာဓိပိ ဒုက္ခော မရဏမ္ပိ ဒုက္ခံ" မြင်နေပြီလေ၊ ပဋိသန္ဓေ နေရတဲ့ဒုက္ခ ကြားနေပြီလေ၊ ကြားနေပြီလေ၊ သိနေပြီလေ၊ အိုရတဲ့ ဒုက္ခ နာရတဲ့ ဒုက္ခ ဒါတွေ သိနေပြီလေ။

သူတို့က မသိ တသိ၊ သိလဲ သိပ်အရေးမကြီးဘူး၊ ဒုက္ခ မဖြစ်အောင် သူတို့က ကြိုးစားပေး နေတယ်လေ၊ ချစ်တဲ့သူတွေနဲ့ ကွဲပြီးနေရတဲ့ ဒုက္ခ၊ မုန်းတဲ့သူတွေနဲ့ အတူနေရတဲ့ ဒုက္ခ၊ ဘုန်းကြီး တို့က ဒါတွေ တွေးပြီးတော့ သိရတော့ သံသရာကြီးထဲမှာ ကြာရှည်နေလို့ မကောင်းဘူးလို့ ငြီးငွေ့နေတဲ့ ဉာဏ်ကလေး ရလာတာက သူတို့ထက် မသာဘူးလား၊ သူတို့ ဘယ်တော့မှ တစ်သက်လုံး ဒီဉာဏ်မျိုး မဖြစ်ဘူး၊ ဘုန်းကြီးတို့က မကြာခဏ ဖြစ်တယ်၊ ဒီ ဉာဏ်က သာလာ ပြီနော်။

ငရဲ တိရစ္ဆာန် ပြိတ္တာ ရှိတယ်လို့ ဆိုတာကို ဗုဒ္ဓမြတ်စွာ ဟောတော်မူတယ်၊ ယုတ္တိယုတ္တာ တွေနဲ့ စဉ်းစားကြတယ်၊ ဟုတ်တယ် ရှိထိုက်တယ်၊ တိရစ္ဆာန်တွေ ဆိုတာ ရှိထိုက်တယ်၊ သူ့ကံကြောင့် သူဖြစ်လာတာ၊ ဒါတွေ ဘုန်းကြီးတို့က ယုံကြည်တယ်၊ သူတို့က မယုံကြည်ဘူး၊ ငရဲရှိတယ် ဆိုတာကို သူတို့က မယုံကြည်ဘူး၊ ယခု တစ္ဆေတို့ ဘာတို့ နည်းနည်းလေး ယုံလာကြပြီ၊ ယုံတာလဲ ယောင်ယောင်ဝါးဝါးနဲ့၊ ဘာတွေမှန်း မသိဘူး၊ ခုထိ စာတွေ ရေးကြပြီ ဖတ်ကြပြီ၊ တစ္ဆေတွေ ရှိနေပြီ၊ သူတို့ ဆွေတွေ မျိုးတွေ တစ္ဆေဖြစ်တာလဲ သူတို့ စာဖတ်ရပြီ။

ဒါလဲ ဘာတွေတုန်း၊ ခုမှ ဘာတွေတုန်း ရှိသေးတယ်၊ သူတို့က ကကြီး ခခွေး ရှိသေးတယ်၊ ဒီနေရာမှာ ဘုန်းကြီးတို့က မင်္ဂလသုတ်တွေ ရောက်ကုန်ပြီ၊ ဒီ အသိကျတော့ မင်္ဂလသုတ်တွေ ရောက်ကုန်ပြီ၊ ပဋ္ဌာန်းတွေ ရောက်လာပြီ၊ ဒီအသိကျတော့ သူတို့ဟာ ခုမှ ကကြီး ခကွေး ရှိသေးတယ်၊ အံမယ် ဒီလိုက်လာမှာ ဒီလိုက်လာမှာ မသေဘဲနဲ့ စောင့်နေ၊ ဘုန်းကြီးတို့က စောင့်နေချင်လိုက်တာ လိုက်လာမှာ၊ ဘုန်းကြီးတို့နောက် လိုက်လာမှာ၊ ဒါတွေ လိုက်လာလိမ့်မယ်၊ သူတို့က ကကြီး ခခွေး၊ တစ္ဆေ ရှိတယ်၊ တစ္ဆေ ရှိတယ်၊ သေသွား ဟိုဖက်ဘဝမှာ၊ အင်း … ပြောနေတဲ့နောက် ကကြီးရေး ကတို့ နည်းနည်း တက်လာပြီ၊ နည်းနည်း တက်လာပြီ၊ ဒီက ပဋ္ဌာန်းရောက်နေပြီ၊ ဒီက ပဋ္ဌာန်းရောက်နေပြီ၊ အဲဒီမှာ ဘုန်းကြီးတို့က သူတို့နဲ့ ကွာသွားပြီ။

တစ်ခါ ကုသိုလ်ပြုတဲ့ အခါကျတော့ နိဗ္ဗာန်က ရှိနေပြီလေ၊ နိဗ္ဗာန်ရှိနေတော့ သူတို့က ဆေးရုံကြီးတွေ ဆောက်တယ်၊ “နိဗ္ဗာန ပစ္စယော” မပါဘူး၊ ကံတော် ကံငြား ဘုရားနဲ့ နောက်ထပ် တွေ့ရဦးမယ်၊ ဘုန်းကြီးတို့က ဆွမ်းကလေး လောင်းတာတောင် မနက်က “နိဗ္ဗာနပစ္စယော ဟောတုနော်”၊ နိဗ္ဗာန်ကို မှန်းနော်၊ နိဗ္ဗာန်ကို မှန်းနော်၊ နိဗ္ဗာန်ဆိုတဲ့ဟာ ဘုရား ပရိနိဗ္ဗာန်စံတဲ့ နိဗ္ဗာန်၊ အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန်တို့ ပရိနိဗ္ဗာန် စံတော်မူတဲ့ နိဗ္ဗာန်၊ တို့လဲ အဲဒီ နိဗ္ဗာန်ကို နောက်ဆုံး ရောက်ရမယ်လို့ ဒါလေး သိထားတယ်။

သူတို့ အဲဒီလို မသိကြဘူး၊ သူတို့ မကြားဖူးဘူး၊ ခု သူတို့ ဒီလို မသိဘူး၊ သူတို့က နေ့တိုင်း သုံးချင်းတာ သုံးနေလေ၊ အကောင်း စားချင်တာ စားနေလေ၊ ဒီ အသိမျိုး မသိဘူး၊ ဘုန်းကြီးတို့က နိဗ္ဗာန်ကိုလဲ သိနေတယ်၊ နိဗ္ဗာန် ရောက်ရပါလိုရဲ့၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလိုရဲ့၊ နိဗ္ဗာန ပစ္စယော ဟောတု၊ နိဗ္ဗာနပစ္စယော ဟောတု၊ ဘုန်းကြီးတို့က အဆင့်အတန်းတွေ သိပ်ပြီး မြင့်တာပဲ၊ ဒီမြင့်တဲ့ အဆင့်အတန်းကို ဘုန်းကြီးတို့က ထပ်ပြီးတော့ ကိုယ်တိုင် တကယ့် ပီပီသသ သူတော်ကောင်း ဖြစ်အောင် ကြိုးစား၊ အကုသိုလ်တွေ ရှောင်ပြီးတော့ ဒီလို နေနိုင်ကြလို့ရှိရင် သူတို့လို မသုံးနိုင် ပေမယ်လို့ သူတို့လို မစားနိုင်ပေမယ်လို့ တရားအသိဉာဏ် ရနေတော့ သူတို့ထက် အရင်ပဲ နိဗ္ဗာန်ကို မြင်မယ့်ပုဂ္ဂိုလ်တွေ ဖြစ်လို့မို့ ဝမ်းမြောက်စရာကြီး၊ အင်မတန် ကောင်းပါတယ်၊ ဒါကြောင့် ပဋ္ဌာန်းတရားတော်နဲ့ စပ်ပြီးတော့ သိစရာတွေ အများကြီး သိလာ ကြပြီလေ။

အဲဒီ သိတာကို အကြောင်းပြုပြီး သကာလ မိမိတို့ ကိုယ်တိုင် စိတ်နေစိတ်ထားတွေကို ပြုပြင်ပြီးတဲ့ သကာလ၊ ဝီရိယ ရှိရှိနဲ့ နေနိုင်အောင် ကြိုးစားကြပါ။

နာနာပ္ပကာရဋ္ဌာနာနိ၊ ဗောဓိတာနေတ္ထ မုနိနာ။
အနန္တနယ ပဋ္ဌာနံ၊ ဝန္ဒေ အနန္တ ဂေါစရံ။

ဧတ္ထ - အနန္တနယ သမန္တပဋ္ဌာန်း ကျမ်းတော်ကြီး၌၊
မုနိနာ - မုနိထွတ်တင် ဘုရားရှင်သည်၊
နာနာပ္ပကာရဋ္ဌာနာနိ - ဟေတု အာရမ္မဏ စသည်များစွာ အကြောင်းအရာတို့ကို၊
ဗောဓိတာနိ - သဗ္ဗညုတာ ဉာဏ်တော်သာဖြင့် ဦးစွာ ကျန သိပြီးမှလျှင် များလှဝေနေ သိစေတော်မူအပ်ခဲ့လေပြီ၊
အနန္တ ဂေါစရံ - အဆုံးမရှိ ကုန်အောင်သိသည့် ဉာဏ်တော်၏သာ ကျက်စားရာ ဖြစ်တော်မူသော၊
တံ အနန္တနယ ပဋ္ဌာနံ - မြားမြောင်ပေါယယ် နည်းစုံကြွယ်သား, ကြီးကျယ် မြင့်မော် ထို ပဋ္ဌာန်းကျမ်းတော်ကြီးကို၊
ဝန္ဒေ - တစ်သက်တစ်ခါ ကြုံခဲစွာဖြင့် ကြုံလာသည့်ခိုက် ဦးဖြင့်တိုက်၍ နှစ်ခြိုက်လှစွာ, ရှိခိုးကန်တော့ ပါ၏ဘုရား။

သာဓု … သာဓု … သာဓု။

---