မာတိကာသို့ ခုန်သွားရန်

အခွင့်ကောင်းကို ရအောင်ယူ

ဝီကီရင်းမြစ် မှ

အခွင့်ကောင်းကို ရအောင်ယူ

---

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၄)ရက်နေ့ (၂၃-၁-၂၀၁၁) အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ထေရဝါဒပသာရဏီ သိမ်တော်ကြီးအတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သော ကွယ်လွန်သူဖခင်ကြီး ဦးယူဆေး အားရည်စူး၍ ပြုလုပ်သော အလှူတော်၌ မိသားစု၏ အမတဒါန ဓမ္မဒါန အဖြစ် ဟောကြားအပ်သော “အခွင့်ကောင်းကို ရအောင်ယူ” တရားဒေသနာတော်။

“အခွင့်ကောင်းကို ရအောင်ယူ” ဆိုတဲ့စကားကို အရေးတကြီး ပြောကြားခဲ့တဲ့အထဲမယ် မြတ်စွာဘုရားရဲ့ တပည့်သားသာဝက ရှင်ဥပါလိမထေရ်ဆိုတာ ရှိတယ်။ ရှင်ဥပါလိမထေရ်ဟာ ဝိနယပိဋကကို တာဝန်ယူပြီး ထိန်းသိမ်း စောင့်ရှောက်ခဲ့တယ်၊ မြတ်စွာဘုရားရဲ့ စည်းမျဉ်းစည်းကမ်းတွေကို တပည့်ပရိသတ်တွေအား သင်ကြားပေးခဲ့တဲ့ မထေရ်ကြီးဖြစ်တယ်။ ဘဝတစ်ခုမှာ အမှားပြုခဲ့သည့်အတွက်ကြောင့် သူ့ဘဝဟာ နောက်ဆုံး အခြေအနေထိအောင် နိမ့်ကျတဲ့ဘဝကို ရရှိခဲ့တယ်။ အဲဒါကြောင့် သူ့လိုမဖြစ်ရအောင်ဆိုပြီးတော့ သတိ ပေးခဲ့တယ်။ ဘုန်းကြီးတို့တစ်တွေလည်း အလေး အနက် စဉ်းစားသင့်တာပေါ့။

အခွင့်ကောင်းဆိုတာ ကြုံတော့ကြုံတယ်။ ကြုံမှန်း မသိကြဘဲ သို့မဟုတ် အခွင့်ကောင်းကို အသုံးမချဘဲ ဘဝတစ်ခုကို လက်လွတ် ဆုံးရှုံးသွားကြတာတွေ လောကမှာ အများကြီးပဲ။ အခွင့်ကောင်းကြုံနေတာကို ကြုံမှန်းမသိလို့ ဆုံးရှုံးတာလည်းရှိတယ်။ သိလျက်သားနဲ့ အခြားကိစ္စဝိစ္စတွေနဲ့ မအားဘူးဆိုတာကို အကြောင်း ပြပြီးတော့ ဘဝတစ်ခုပြီးဆုံးသွားကြတာ၊ အခွင့်ကောင်း ကို လက်လွတ်ဆုံးရှုံးသွားကြတာတွေ ရှိတယ်။ အခွင့် ကောင်းဆိုတာ အမြဲမရှိဘူးဆိုတာ အင်မတန်မှ မှန်တယ်။

အခွင့်ကောင်းဆိုတဲ့နေရာမှာ အမျိုးမျိုးရှိတယ် ပေါ့။ ရှေးတုန်းက လျှပ်စစ်မီးတွေ ဘာတွေ မရှိမီက ညအခါ အလုပ်လုပ်ချင်ပြီ ဆိုလို့ရှိရင် လ,ရောင်ကို အားပြုကြရတယ်။ ဒါ့ကြောင့် “လသာတုန်း ဗိုင်းငင်” ဆိုတဲ့စကား ပေါ်လာတယ်။ ဒါလည်း အခွင့်ကောင်းပဲ။ လ,ဆိုတာ အမြဲတမ်းရှိတာ မဟုတ်ဘူး။ တစ်ချိန်လေးပဲ ရှိတာ။ ခဏပဲရှိတာ။ တိမ်ဖုံးသွားရင်လည်း လ,ဆိုတာ ထွက်နိုင်ခြင်းမရှိဘူး။ လ,ရောင်လေးရှိတုန်း အလုပ်လုပ် ကြရတယ်။ ဒါက အခွင့်ကောင်းကို အသုံးချတယ် ခေါ်တယ်။

“နေပူတုန်း စပါးလှန်း” ဆိုတာ နေပူတဲ့အချိန်မှာ လှမ်းကြရတယ်။ နေအကြောင်းကို မိုးရာသီကျရင် ပိုသိကြရတယ်။ ဒီ ရန်ကုန်ကလူတွေ နေပူလေးရဖို့ရာ အတွက် အင်မတန်ခဲယဉ်းတော့ တိုက်အမြင့်ကလူတွေ အဝတ်လှမ်းချင်လို့ရှိရင် နေပူတဲ့အချိန်မှာ လှန်းကြ ရတယ်။ အိမ်ရှင်အမျိုးသမီးတွေ ပိုပြီးတော့ သိတယ်။ လျှပ်စစ်မီးလာမှ အလုပ်လုပ်ဖြစ်တဲ့အခါမှာဆိုလည်း လျှပ်စစ်မီးလာတဲ့ အခိုက်လေးဟာ အခွင့်ကောင်းပဲ။ လာတုန်းလေးမှာ မလုပ်လိုက်ဘူး ဆိုလို့ရှိရင် လုပ်ဖို့ တော်တော် ခဲယဉ်းသွားတယ်။ ဘယ်ဟာပဲဖြစ်ဖြစ် အခွင့်ကောင်းဆိုတာ အချိန်ပိုင်းလေးပဲ ရတာ။ အမြဲတမ်းရမှာ မဟုတ်ဘူး။

ဘုန်းကြီးတို့တစ်တွေလည်း ဒီအတိုင်းပဲ။ အခွင့် ကောင်းကလေး ခုချိန်မှာ ရနေပြီ။ လူတိုင်းလူတိုင်းဟာ ငါ အခွင့်ကောင်းရနေတယ်လို့ သိချင်မှ သိကြတာ။ သိတောင်မှလည်း အခွင့်ကောင်းဆိုတာ စီးပွားရေး အတွက် အခွင့်ကောင်းလား၊ ပညာရေးအတွက် အခွင့် ကောင်းလား ခွဲခြားသိရမယ်။ များသောအားဖြင့် လူတွေဟာ စီးပွားရေးအတွက် အခွင့်ကောင်းကိုသာ အခွင့်ကောင်းလို့ သတ်မှတ်ကြတယ်။ သို့သော် စီးပွား ရေး တိုးတက်နိုင်တယ်ဆိုတာ တစ်ဘဝပဲ။ တစ်ဘဝ တောင်မှ တစ်ခဏပဲလို့ ပြောရမယ်။ ကိုယ့်မျက်စိ အောက်မှာတင်ပဲ ချမ်းသာပြီးတော့မှ ဆင်းရဲသွားတဲ့ လူတွေလည်း အများကြီးရှိတယ်။ အဲဒီတော့ အချိန်ပိုင်း လေးအနေနဲ့ အလွန် တိုတောင်းတာ။ အဲဒါလေးကို အခွင့်ကောင်းလို့ သတ်မှတ်ပြီးတော့ တခြား ဒီ့ထက် အရေးကြီးတဲ့ အခွင့်ကောင်းကို မစဉ်းစားဘူး ဆိုလို့ ရှိရင် ဒီ့ထက်အရေးကြီးတဲ့ အခွင့်ကောင်းတွေ ဆုံးရှုံး နစ်နာသွားနိုင်တယ်။

ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအဖို့ မြတ်စွာ ဘုရားက လမ်းညွှန်ထားတဲ့ အခွင့်ကောင်းဆိုတာ ဘယ်လိုဟာကိုခေါ်တာတုန်းဆိုတော့ အခုဘုရားပွင့်လို့ တရားဓမ္မတွေ ဟောပြောထားလို့ သာသနာတော်ကြီး တည်ရှိတယ်။ အဲဒီလိုတည်ရှိနေတာ အခွင့်ကောင်းကြီး တစ်ခုပဲ။ ကိုယ်ကိုယ်တိုင်က စဉ်းစားဉာဏ်ရှိတယ်။ အကြောင်းအကျိုး၊ အကောင်းအဆိုး ခွဲခြားပြီးသိတယ်။ ဒီသိနိုင်တဲ့ အချိန်လေးဟာလည်း အခွင့်ကောင်းပဲ။ တစ်ခါတစ်ခါကျတော့ မသိနိုင်တဲ့ဘဝထဲ ရောက်သွား တာ ရှိသေးတာကိုး။

မြတ်စွာဘုရားရဲ့သာသနာ ပွင့်ထွန်းလို့ တရားဓမ္မ ကိုလည်း ဟောပြောနေတယ်။ တရားတွေကို ကိုယ် သိချင်ရင် သိလို့ရတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ခံယူ နိုင်တဲ့ ဉာဏ်စွမ်းတွေရှိတယ်။ အဲဒီလို ရခဲတဲ့ လူ့ဘဝကို ရပြီးတော့ အခြေအနေတွေ ကောင်းနေတဲ့အခါမှာ တရားဓမ္မကို လိုက်စားမယ်။ လေ့လာမယ် ဆိုလို့ရှိရင် မြန်မာပြည်မှာ အခြေအနေတွေ အလွန်ကောင်းတာပဲ။ ဘာပဲလေ့လာချင် လေ့လာချင် အလွယ်တကူနဲ့ ရနိုင် တယ်။

တချို့နိုင်ငံတွေမှာဆို တရားထိုင်ချင်လို့ တရားဓမ္မ လေ့လာချင်တာတောင်မှပဲ အစစအရာရာ ကုန်ကျ စရိတ်တွေ အများကြီး ရှိတယ်။ အကုန်အကျခံနိုင်မှ လေ့လာလို့ ရတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီလို မဟုတ်ဘူး။ အများကြီး အခြေအနေကောင်းတွေ ရှိတယ်ပေါ့။ အဲဒီလို အခြေအနေကောင်းတွေရှိတော့ စီးပွားရေးဆိုတာ ဘဝတိုင်းလုပ်လို့ရတယ်။ ဒီတရား ဓမ္မရေးဆိုတာ ဘဝတိုင်းလုပ်လို့မရဘူး။ ခုလို အချိန် ကောင်းမှ လုပ်လို့ ရတယ်။

တခြားနိုင်ငံတွေမှာကြည့်၊ ဗုဒ္ဓဘာသာ မဟုတ် ပေမယ့်လို့ စီးပွားရေးလုပ်လို့ရတဲ့ဟာတွေ အများကြီးပဲ ရှိလိမ့်မယ်။ စီးပွားရေးဘက်က တိုးတက်မှုရအောင် အများကြီးပဲ လုပ်နိုင်တယ်။ သို့သော် ကိုယ်ကျင့်တရားနဲ့ အသိတရားရှိဖို့ဆိုတာကျတော့ အင်မတန်မှ ခဲယဉ်း တယ်။ ဒါကြောင့်မို့ တို့ဘဝဟာ ခုချိန်မှာ ဘာလုပ်ချင် သလဲ။ အကောင်းဆုံး အခွင့်အရေးဆိုတာ ဘာလဲ၊ (စီးပွားရေးကို အခွင့်ကောင်းလို့ သတ်မှတ်ရင် တစ်ဘဝ စာပဲ)၊ ဓမ္မရေးရာ အသိဉာဏ်ကို အခွင့်ကောင်းလို့ သတ်မှတ်ရင်တော့ ဒီဘဝတင် မကဘူး။ ဘဝပေါင်း မြောက်များစွာ ကိုယ့်အတွက် အခြေအနေကောင်းတွေ ရရှိသွားမှာ ဖြစ်တယ်။

အဲဒီလို စဉ်းစားဉာဏ်နဲ့တွေးလိုက်ရင် ခု ရ,ထားတဲ့ အခြေအနေကောင်းကြီးဟာ တကယ့်ကို ကောင်း တယ်။ “လသာတုန်း ဗိုင်းငင်” ဆိုတာလို လုပ်ရမယ့်၊ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို လုပ်ကြရမှာ။ မလုပ်လိုက်လို့ရှိရင် 'လ' ဟာ အမြဲသာနေမှာ မဟုတ်ဘူး။ သာသနာနဲ့ကြုံတွေ့ပြီး အသိဉာဏ်ရှိတဲ့ဘဝ၊ ဘုရားတရားတွေ လေ့လာလို့ရနိုင်တဲ့ ဘဝလေးမှာ တရားဆိုတာ ဘာလဲဆိုတာ တရားရဲ့အရသာကို မြည်းစမ်းပြီးတော့ မကြည့်လိုက်ဘူးဆိုရင် နောင် ဒါမျိုး ကြုံဖို့ဆိုတာ အများကြီး ခဲယဉ်းသွားလိမ့်မယ်၊ ဝေးသွား လိမ့်မယ်။ ဝေးသွားမှ ဒါကိုသိချင်ပါတယ် ဆိုလို့ရှိရင် အခွင့်ကောင်း ဆုံးရှုံးသွားပြီး ပြန်ပြီးရဖို့ မရှိဘူး။ ဒါကြောင့်မို့ လူ့ပညာရှိတွေက ပြောကြတယ် “အခွင့် ကောင်းဆိုတာ နှစ်ခါ မလာဘူး။ တစ်ခါပဲလာတယ်” လို့။ ဒါလည်း ဟုတ်သင့်သလောက် ဟုတ်တယ်။

အခွင့်ကောင်းဆိုတာ အမြဲတမ်းကြုံတဲ့ အနေ အထားမျိုး မရှိဘူး။ ဆိုပါစို့။ ဘုရားသာသနာနဲ့ ကြုံနေ တယ်။ မြန်မာနိုင်ငံမှာလည်း လူဖြစ်တယ်။ တရားဓမ္မ တွေရဲ့ အနီးမှာလည်း ရှိနေတယ်။ စဉ်းစားကြည့်မယ် ဆိုရင် တိရစ္ဆာန် တစ်ကောင်ဟာလည်း သူ့အဖို့မှာ ဘုရားသာသနာ ကြုံသားပဲ။ နေတာလည်း ဓမ္မာရုံနား မှာ နေတယ်။ သို့သော် သူ့အဖို့မှာ တရားသိနိုင်တဲ့ အသိဉာဏ် မရှိဘူး။ ဒါ့ကြောင့် သူ့အဖို့မှာ ဒါတွေက အပိုဖြစ်သွားတယ်။ အခွင့်ကောင်းလို့ မခေါ်နိုင်ဘူး။ အဲဒါကြောင့်မို့လို့ ဘုန်းကြီးတို့ အက္ခဏသုတ္တန် ကို ရှင်းပြီးတော့ ဟောထားတဲ့ “ရှစ်ယောက်နဲ့ တစ်ယောက်” တရားမှာ အခွင့်ကောင်း ရှိတဲ့လူဟာ တစ်ယောက်တည်းပဲရှိတယ်။ အခွင့်ကောင်းလက်လွတ် ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တွေက ရှစ်ယောက်တောင်ရှိတယ်။ အဲဒီတော့ “ရှစ်ဦးမှာတစ်ဦး” ဆိုတဲ့ အဲဒီလောက်ရဖို့ရာ ခက်ခဲတဲ့ အခွင့်အရေးကြီးကို တို့ရနေတယ်။ ရနေတာ ကို တန်ဖိုး ရှိမရှိ မစဉ်းစားမိလို့ တန်ဖိုးရှိတယ်လို့ထင်ပြီး တန်ဖိုးမရှိတဲ့ အရာတွေနဲ့ အချိန်ဖြုန်းလိုက်မယ်ဆိုရင် ဒီအခွင့်ကောင်းဟာလည်း လက်လွတ်ဆုံးရှုံးသွားမှာပဲ။ ဒါကြောင့်မို့ ရှင်ဥပါလိက သတိပေးခဲ့တဲ့ စကား လေးတစ်ခွန်းက အလွန် မှတ်သားစရာကောင်းတယ်။ “မာ ဝေါ ခဏံ ဝိရာဓေထ” - သူပြောတဲ့စကားဟာ ပါဠိစကားပေါ့။ “အေး၊ အခွင့်ကောင်းကြီးကို လွဲချော် မသွားကြစေနဲ့“၊ ဒါ အရေးတကြီး သတိပေးလိုက်တာ၊ ကိုယ်ရ,ထားတဲ့ အခြေအနေကောင်းတွေကို ဆုံးရှုံး မသွားစေနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ခဏလေးနဲ့ ဆုံးရှုံး သွားနိုင်တယ်။ လူ့ဘဝဆိုတာလည်း ကျန်းမာနေတုန်းပဲ အလုပ်လုပ်လို့ရတယ်။ အခြေအနေဆိုတာ အမြဲတမ်း ကောင်းနေမှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ “မာ ဝေါ ခဏံ ဝိရာဓေထ” “ကောင်းတဲ့ခဏလေးကို လွဲချော် မသွားစေနဲ့” တဲ့။

ဘာဖြစ်လို့ တိုက်တွန်းရတာလဲဆိုတော့ သူက ဆက်ပြီး အမိန့်ရှိတယ်။ “ခဏာတီတာ ဟိ သောစရေ” “အခွင့်ကောင်းတစ်ခုကို လက်လွတ် ဆုံးရှုံးသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ထာဝရ ပူပန်နေရတဲ့ အနေ အထားမျိုး ရောက်သွားနိုင်တယ်“၊ ဆုံးရှုံးသွားပြီဆိုရင် ပြန်ယူလို့မရဘူး။ မရတော့ အဲဒါအတွက် တအုံနွေးနွေး စိတ်ပူပန်နေရတယ်။ စိတ်ပူတာပဲရှိတယ်။ ရလာမှာ မဟုတ်ဘူး။ အခွင့်ကောင်းဆိုတာကို ပြန်မရနိုင်ဘူး။

ဒါကြောင့်မို့ တိုက်တွန်းစကား ပြောတယ်။ “သဒတ္ထေ ဝါယမေယျာထ” - “ကိုယ့်အတွက် အကောင်းဆုံး အလုပ်တွေကို လုပ်ဖို့လိုတယ်” တဲ့။

အဲဒီတော့ ကိုယ့်အတွက် အကောင်းဆုံးအလုပ် ဆိုတာ စဉ်းစားဖို့ လိုလာတယ်။ မစဉ်းစားရင်တော့ သူများလုပ်တာပဲ လိုက်လုပ်မှာပဲ။ လောကကလူတွေ ဆိုတာ သူများလုပ်တဲ့ လမ်းကြောင်းပေါ်ပဲ လျှောက် တယ်။ ဥပမာ - ဒီနား လက်ဖက်ရည်ဆိုင်ဖွင့်လို့ ကြီးပွားရင် ငါလည်း လက်ဖက်ရည်ဆိုင် ဖွင့်ဦးမှပဲ။ ကြီးပွားအောင် သူများလုပ်တဲ့ အလုပ်ကို လိုက်လုပ်တာ၊ ရှေ့က ဒီလိုလုပ်လို့ ကြီးပွားသွားရင် လိုက်နင်းတာ၊ အဲဒီလမ်းပဲ လိုက်လျှောက်တာ။

အဲဒီတော့ စဉ်းစားရမှာက ကိုယ့်အတွက် တကယ်အကျိုးရှိတဲ့အလုပ်လား၊ အကျိုးရှိတယ်ဆိုတဲ့ နေရာမှာ အတိုင်းအတာ တစ်ခုထိ ရှိတာလား။ သို့မဟုတ် အတိုင်းအတာမဲ့ အင်မတန် ကြီးမားတဲ့ အကျိုးရှိတာလား။ ဒါဟာ မစဉ်းစားဘဲနဲ့ မနေသင့်ဘူးပေါ့။ စဉ်းစားသင့်တယ်။ အကျိုးနှစ်ခုကို ရွေးချယ်တဲ့ အခါမှာ အကျိုးရှိတယ်ဆိုတဲ့ဟာ “ခဏတာ အကျိုးရှိ တာကို ရွေးမှာလား?၊ တစ်ဘဝလုံးအတွက် အကျိုး ရှိတာကို ရွေးမှာလား?။ နောက်ဆုံး တစ်သံသရာလုံး အတွက် အကျိုးရှိတာကို ရွေးမှာလား?”

ဘဝတစ်ခုမှာ အဆင်မပြေလို့ ဒုက္ခရောက်သွား တာတွေ ကိုယ့်မျက်စိအောက်မှာ အများကြီးရှိတယ်။ လူထဲလည်းရှိတယ်။ တိရစ္ဆာန်ထဲလည်း စဉ်းစားကြည့်၊ လူတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုအောက်မှာ တိရစ္ဆာန် တွေဟာ ဒုက္ခရောက်နေကြပုံကို ဗုဒ္ဓရဲ့တရားတော်အရ ဆိုရင် တစ်ချိန်တစ်ခါတုန်းက သူတို့လည်း လူဖြစ်ခဲ့ မှာပဲ။ လူဖြစ်ခဲ့ပြီး ကံမကောင်း အကြောင်းမလှလို့ တိရစ္ဆာန်ဘဝရောက်ရင် လူတွေရဲ့ အနိုင်ကျင့်မှုကို ခံပြီးတော့နေကြရတယ်။ အဲဒီအချိန်ကျမှ ကောင်းတဲ့ အလုပ်ကို လုပ်ချင်ပါတယ်၊ အကျိုးရှိရာရှိကြောင်း လုပ်ချင်ပါတယ်ဆို ဘယ်လိုမှ သူတို့မှာ အခွင့်အရေး မရှိနိုင်ဘူး။

အဲဒါတွေကို အလေးအနက်ထား စဉ်းစားပြီး တော့ ရှင်ဥပါလိက “သဒတ္ထေ ဝါယမေယျာထ” “အကောင်းဆုံး အကျိုးရှိတဲ့အပေါ်မှာ ကြိုးစား အားထုတ်ကြပါ” တဲ့။ “ခဏော ဝေါ ပဋိပါဒိတော““သင်တို့မှာ လုပ်လို့ဖြစ်တဲ့အချိန်ကြီး၊ အခုဟာ အခွင့် ကောင်းကြီးက ရှိနေတယ်”

လုပ်ချင်ပေမယ့် လုပ်လို့မရတဲ့အခြေအနေဆိုတာ အများကြီး ရှိတယ်။ အချိန်အခါဆိုတာ အမြဲတမ်း ရှိနေတာ မဟုတ်ဘူး။ ဒီကနေ့လူတွေ ပိုနားလည်ပါ တယ်။ ကိုယ်ဘယ်လောက်လုပ်ချင်ပေမယ့် လုပ်မရတာ တွေ အများကြီးပဲလေ။ ဒါက သာမန်ကိစ္စလေးတွေပဲ ကိုယ်မြင်တယ်။ စီးပွားရေးတွေ မြင်တယ်။ ကျန်တဲ့ကိစ္စ တွေ လုပ်ချင်တယ်။ လုပ်လို့မရတဲ့ဟာ ရှိတယ်။

အချိန်ကောင်းနေတဲ့ အချိန်လေးသာ လုပ်လို့ ရတာ ဖြစ်သောကြောင့် ကိုယ့်ကျိုးကိုယ့်စီးပွားကို ကြိုးစားအားထုတ်ပါလို့ ရှင်ဥပါလိက တိုက်တွန်းခဲ့ တယ်။ သူဟာ သံသရာခရီးမှာ အမှားတစ်ခုလုပ်ခဲ့သည့် အတွက်ကြောင့် နိမ့်ကျတဲ့ဘဝ ရောက်သွားရှာတာ။

အကျဉ်းချုပ် ပြောမယ်ဆိုရင် - ရှင်အာနန္ဒတို့၊ ရှင်ကိမိလတို့၊ ရှင်ဘဒ္ဒိယတို့ဆိုတဲ့ သာကီဝင်မင်းသား ၆ ယောက် ရဟန်းပြုတဲ့အခါမှာ သူက နောက်က လိုက်သွားတာ၊ သူက အဲဒီမင်းသားတွေကို ဆံပင်၊ မုတ်ဆိတ်ကို ပြုပြင်ပေးရတဲ့ ဆတ္တာသည်၊ သူတို့ခေတ် မှာ သူ့အမျိုးဟာ အင်မတန်မှ အောက်တန်းကျတယ်။ လူရာသွင်း မခံရဘူး။ နေရင်လည်း နောက်နားလေးမှာ၊ ခြေရင်းလေးမှာ၊ အပြင်မှာ နေရတယ်နော်။ အထက် တန်းကျတဲ့ ပုဂ္ဂိုလ်တွေနဲ့ အတူတူ စားပွဲမှာ ထိုင်ဖို့ဆိုတာ အဝေးကြီး။ အမြဲတမ်း သူတို့ဝေယျာဝစ္စ လုပ်ပေးရ တယ်။ အောက်တန်း နောက်တန်းကျတဲ့ အနေအထား မျိုးမှာ သူနေရတာ။

နောက်ဆုံးကျတော့ ဒီဘဝမှာ သူ့ကိုယ်သူ စဉ်းစားပုံက အလွန်ကောင်းတာ၊ မင်းသားတွေက သာသနာ့ဘောင် ဝင်တော့မယ့်အချိန်မှာ သူတို့ရဲ့ လက်ဝတ်ရတနာတွေ၊ ဝတ်ဆင်လာတဲ့ အဝတ်အစား တွေ အကုန်လုံး အထုပ်ထုပ်ပြီး သူ့ကို ပေးခဲ့တယ်။ “မင်းပြန်တော့၊ တို့ကတော့ ဘုန်းကြီးဝတ်တော့မယ်” ဆိုပြီး သူ့ကို ပစ္စည်းတွေပေးပြီး ပြန်လွှတ်လိုက်တာ။ ကြည့်၊ သူ့ရွေးချယ်ပုံလေးက သူက ဘယ်လိုစဉ်းစားလဲ ဆိုရင် သူ့စဉ်းစားပုံက နှစ်ချက်ရှိတယ်။

“အကယ်၍ ငါ ဒီအထုပ်ကြီးနဲ့ ပြန်သွားလို့ရှိရင် ဒီကောင် မင်းသားတွေကို သတ်ပြီးတော့ ဒီပစ္စည်းတွေ ယူလာတာလို့ တွေးကြလိမ့်မယ်” ဒါကတစ်ခု၊ သူ့ အတွက် အန္တရာယ် ဖြစ်နိုင်တယ်။

နောက်တစ်ခုကတော့ “ဒီမင်းသားတွေတောင်မှ သူတို့ စည်းစိမ်ဥစ္စာချမ်းသာတာတွေ စွန့်ကြသေးတာ၊ ငါ့မှာ ဘာမှရှိတဲ့လူ မဟုတ်ဘူး၊ သူတို့ပေးထားခဲ့တဲ့ ပစ္စည်းတွေဟာ သူတို့ထွေးလိုက်တဲ့ တံထွေးနဲ့တူတယ်။ ဒါတွေကို မက်မောပြီးတော့ ငါ ကိုယ့်ကျိုးကိုယ့်စီးပွားကို မလုပ်နိုင်ဘူးဆိုရင် ငါ လူညံ့ဖြစ်တော့မှာပေါ့။ ဒါကြောင့် မို့လို့ သူတို့ထွေးတဲ့ တံထွေးကို ငါမမျိုဘူး။ သူတို့ မလိုချင်တဲ့၊ သူတို့ပေးခဲ့တဲ့ပစ္စည်းကို ငါမလိုချင်ဘူး။ ငါလည်းပဲ သူတို့ရှာတဲ့တရားမျိုး ရအောင်ရှာမယ်။ သူတို့တောင် ရှာလို့ရသေးတာ၊ ငါလည်း ရအောင် ရှာမယ်” လို့ စဉ်းစားတယ်။ ဒါကတစ်ခု။

အဲဒီလို စဉ်းစားပြီးတော့ အထုပ်ကြီးကို သစ်ပင်မှာ ချိတ်ထားခဲ့ပြီးတော့ သူလည်း နောက်က လိုက်သွား တယ်။ ဟိုရောက်တဲ့အခါကျတော့ မင်းသားတွေက ဘုရားဆီရောက်တော့ “မင်းမပြန်ဘဲနဲ့ ဘာလို့ လိုက် လာသလဲ” ဆိုတော့ သူက သူစဉ်းစားတဲ့အကြောင်း ကို ပြောပြတယ်။ အဲဒီမင်းသားတွေကလည်း သဘော ထား ကောင်းကြတယ်။ “အေး၊ ဟုတ်တယ်၊ မင်းပြန် သွားလို့ရှိရင် အဲဒီအထုပ်ကြီးနဲ့ အသတ်ခံရရင် အသတ် ခံရမှာ၊ လိုက်လာတာ ကောင်းတယ်” ဆိုပြီးတော့ သူတို့ကိုယ်သူတို့ မာန်ချတဲ့အနေနဲ့ ဥပါလိကို အရင် သင်္ကန်းဝတ်ပေးဖို့ မြတ်စွာဘုရားကို လျှောက်ထားကြ တယ်။ ပြီးတော့မှ သူတို့က ရှင်ဥပါလိကို သင်္ကန်းဝတ် ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ အရိုအသေပြုပြီးမှ သူတို့ သင်္ကန်းဝတ်ကြတယ်။ အဲဒါ ရှင်အာနန္ဒတို့အဖွဲ့ပဲ၊ သာကီဝင်မင်းသား ၆ ယောက် ရဟန်းခံတယ်ဆိုတာ။ သူ့မှာ အင်မတန် ထူးချွန်တဲ့ အသိဉာဏ်တွေ ရှိတယ်။ ဘဝကံက နိမ့်ကျပေမယ့် အသိဉာဏ်က မနိမ့်ကျဘူး။ လောကလူတွေက ဘဝနိမ့်ကျသလို အသိဉာဏ်ပါ နိမ့်ကျတတ်တယ်။ အရေးကြီးတာက အသိဉာဏ်မနိမ့်ကျဖို့ အရေးကြီးတယ်။ ဘဝဆိုတာ အခြေအနေပေးသလို နေကြရတာဆိုတော့ နိမ့်ကျတဲ့ ဘဝလည်း နိမ့်ကျမှာပဲ။

လောကလူတွေက ပိုက်ဆံမရှိရင် နိမ့်ကျတယ်လို့ သတ်မှတ်ကြတယ်။ မျိုးရိုးမကောင်းရင်လည်း နိမ့်ကျ တယ်လို့ သတ်မှတ်ကြတယ်။ အဲဒီတော့ “ပိုက်ဆံတို့၊ မျိုးရိုးတို့ဆိုတာ လူ့ရဲ့တန်ဖိုးမဟုတ်ဘူး၊ လူ့ရဲ့တန်ဖိုး ဆိုတာ အသိဉာဏ်ပဲ”

သူက တရားဓမ္မ ကျင့်လိုက်တဲ့အခါကျတော့ အသိဉာဏ်နဲ့ ကြိုးစားလိုက်တဲ့အခါ ရှင်ဥပါလိဟာ သာသနာတော်မှာ ပထမသင်္ဂါယနာတင်တဲ့အခါမှာ ဝိနည်းကျမ်းကို ဦးဆောင်တင်နိုင်တဲ့ပုဂ္ဂိုလ်၊ သူ့တပည့် သားမြေးတွေနဲ့ ထွန်းကားပြီးတော့ အင်မတန် အလေး ပေးရတဲ့ပုဂ္ဂိုလ် ဖြစ်ခဲ့တယ်။ ဒါက အောက်တန်းစား ဘဝက တက်သွားတာ။

သူ ဘာဖြစ်လို့ ဒီလိုအောက်တန်းစားဖြစ်ရတုန်း ဆိုရင် တစ်ခါတုန်းက သူမင်းသားဘဝမှာ ပစ္စေကဗုဒ္ဓ တစ်ပါးကို အောက်တန်းစားပုဂ္ဂိုလ်လို့ စော်ကား မော်ကား ပြောခဲ့ဖူးတယ်။ ပစ္စေကဗုဒ္ဓဆိုတာ သင်္ကန်း ဝတ်ထားတာက ပံ့သကူသင်္ကန်းဆိုတော့ တောက် တောက် ပြောင်ပြောင် မဟုတ်ဘူး။ လူတကာ မလိုချင် တဲ့ အဝတ်တွေကို ဖြစ်သလို စပ်ချုပ်ထားတဲ့ ပံ့သကူ သင်္ကန်းဝတ်ထားတာကို သူ့စိတ်ထဲမှာ သူတောင်းစားလို့ ထင်တယ်။ အဲဒီလို သူတောင်းစားကြီးပဲ ဆိုပြီးတော့ အထင်အမြင်သေးသွားတယ်။ ဒါမျိုး သိပ်ကြောက်ဖို့ ကောင်းတယ်။ ဒီတော့ မြင်မြင်သမျှပေါ်မှာ အထင် သေး အမြင်သေးပြီး စော်စော်ကားကား မပြုမိအောင်၊ ဘယ်သူ့ကိုမှ စော်ကားမှု မပြုမိအောင် သတိထားကြ ရမယ်။ စော်ကားတာမျိုး မပြုသင့်ဘူးပေါ့။

အဲဒီတော့ တကယ့်သူတော်ကောင်းကို စော်ကား မိတော့ သူ့စိတ်ထားအတိုင်းပဲ ဘဝတွေမှာ နိမ့်ကျတဲ့ ဘဝချည်းပဲဖြစ်ရတယ်။ နောက်ဆုံး ရဟန္တာဖြစ်မယ့် ဘဝမှာတောင် သူက အောက်တန်းစားမှာ သွားဖြစ် တယ်။

မြန်မာပြည်က လူတွေက သိပ်မသိကြလို့ပေါ့။ အိန္ဒိယနိုင်ငံမှာဆိုရင် ဇာတ်နိမ့်တွေက Untouchable မထိမကိုင်ရတဲ့လူမျိုးတွေ၊ ထိရင် သနတယ်လို့ ပြော တယ်။ တကယ့်ကို ဒီနေ့ထိ ရှိနေသေးတယ်။ ဘယ် လောက် ခေတ်မီတိုးတက်တဲ့အခြေအနေ ရောက်လာ တာတောင်မှ ဒီ Untouchable တွေကို လူတွေက အထိမခံဘူး။ အိန္ဒိယနိုင်ငံမှာ အဲဒီဇာတ်နိမ့်တွေက mamority ပဲ၊ အများစုပဲ။

ဘဝမှာ လူ့အသိုင်းအဝိုင်းဆိုတာ စိတ်ထားချင်း မတူညီကြဘူး။ ဒါကြောင့်မို့လို့ ကိုယ်ဟာ အဆင့်မြင့်တဲ့ ဘဝ၊ လူအထင်သေးမခံရတဲ့ ဘဝမျိုး ဖြစ်ဖို့ဆိုရင် ကိုယ့်ရဲ့စိတ်ထား၊ နှလုံးသားကလည်း အင်မတန် အရေးကြီးတယ်။ သံသရာခရီးမှာ လွဲလွဲမှားမှား အမှား တစ်ခု လုပ်မိလို့ရှိရင် သံသရာမှာ ခံရတတ်တယ်။

အဲဒီတော့ ရှင်ဥပါလိမထေရ်က သူ့ရဲ့ကိုယ်တွေ့ ကို ပြောပြီးတော့ ဆုံးမတာ၊ “သဒတ္ထေ ဝါယမေယျာထ”- “ကိုယ့်အတွက် အကျိုးရှိတဲ့ အလုပ်တွေ လုပ်ကြပါ” တဲ့။ အကျိုးရှိဆိုတာ ဒီဘဝမှာတင် အကျိုး ရှိတာ မဟုတ်ဘူး။ သံသရာမှာပါ အကျိုးရှိတဲ့အလုပ်မျိုး လုပ်ကြပါတဲ့။ ဘာဖြစ်လို့ လုပ်ခိုင်းတာတုန်းဆိုတော့ “ခဏော ဝေါ ပဋိပါဒိတော” ဘယ်သံသရာ ဘယ်ဘဝ မျိုးမဆို လူ့ဘဝရရင် စီးပွားရှာလို့ရတဲ့ အခြေအနေ တွေဆိုတာ ရရှိနိုင်တယ်။ တရားဓမ္မကို နှလုံးသွင်းခွင့်၊ ကျင့်ဆောင်ခွင့်ဆိုတဲ့ အခွင့်အရေး ဆိုတာကျတော့ နေရာတိုင်း မရနိုင်ဘူး။ အချိန်တိုင်း မရနိုင်ဘူး။ ခေတ် တိုင်းလည်း မရဘူး။

နောက်ဆုံးမှာ ကုန်ကုန်ပြောရလို့ရှိရင် “အသိ ဉာဏ်ရှိတဲ့ဘဝရအောင် ကြိုးစားစမ်းပါ” လို့ ပြောရ မယ်။ ဘာဖြစ်လို့တုန်းဆိုရင် လောကလူတွေက ရတနာ လို့ သတ်မှတ်ပြီး ရှာဖွေတာ ဘာတွေတုန်းဆိုရင် စိန်တို့၊ မြတို့၊ ကျောက်စိမ်းတို့၊ ပတ္တမြားတို့၊ ဒါတွေကို ရတနာလို့ သတ်မှတ်တာ။ မြတ်စွာဘုရားကတော့ အဲဒါတွေကို ရတနာလို့ မသတ်မှတ်ဘူး။ ဒါ လူ့ဝေါဟာရအနေနဲ့ ခေါ်ချင်ခေါ်ပေါ့။ မြတ်စွာဘုရားက ရတနာအစစ် ဆိုတာ အဲဒီ စိန်တွေ ရွှေတွေ ပတ္တမြားတွေ မဟုတ်ဘူး။ “ပညံ နရာနံ ရတနံ” - “အသိပညာသာ လူ့ရဲ့ရတနာ” လို့ ဆိုတယ်။ ဟိုဟာတွေက ကိုယ်က ခဏတစ်ဖြုတ်ပဲ ပိုင်ဆိုင်ခွင့် ရှိတာလေ။

မြန်မာပြည်မှာလည်း စဉ်းစားကြည့်ရင် သိပါ တယ်။ ရတနာကုန်သည်တွေ နောက်ဆုံး သေတော့ ပစ်ထားခဲ့ရတာတို့၊ ရတနာတွေ အလုခံလိုက်ရတာတို့၊ အသတ်ခံလိုက်ရတာတို့နဲ့၊ ရတနာကို အကြောင်းပြုပြီး တော့ ဒုက္ခရောက်ကြတာတွေ အများကြီးပဲလေ။

တကယ်တော့ ကိုယ် ပိုင်တယ် ဆိုင်တယ်ဆိုတာ ခဏတစ်ဖြုတ်ပဲ။ မပိုင်မဆိုင်တာတွေ အများကြီးပဲ။ တကယ် ထာဝရပိုင်လို့ရတဲ့ ပိုင်ဆိုင်မှုက ဘာတုန်း ဆိုတော့ အသိပညာပဲ။ ဒါကြောင့်မို့လို့ မြတ်စွာဘုရားက တကယ့် အစစ်အမှန် “ပညံ နရာနံ ရတနံ”- “ပညာ သည်သာလျှင် လူသားတွေအတွက် ရတနာ ဖြစ်ပါ တယ်” ကျန်တာတွေက ရတနာလို့ ခေါ်သာနေကြတာ တစ်သက်လုံးလည်း ပိုင်လို့ရတာ မဟုတ်ဘူး။ တစ်သက် လုံး ကိုယ်ကျိုးချည်းပေးတာလည်း မဟုတ်ဘူး။ တကယ့် ပညာ ဆိုတာကျတော့ ကိုယ့်အတွက် ကောင်းကျိုး ချမ်းသာ ပေးတယ်။

ပညာဆိုတာ ဘာလဲ? လုပ်သင့်တာ၊ မလုပ်သင့် တာကို ခွဲခြားသိတယ်။ အကြောင်းအကျိုး၊ အကောင်း အဆိုး ခွဲခြားသိတယ်။ အခွင့်ကောင်း ကြုံတယ်၊ မကြုံ ဘူး။ အခွင့်ကောင်းရှိရင် ဘာလုပ်သင့်လဲဆိုတာ သိတဲ့ ပညာသည်သာလျှင် တကယ့်ရတနာအစစ်ပါ။ အဲဒီ ရတနာကိုသာ ပိုင်ဆိုင်ဖို့ ကြိုးစားရမှာတဲ့။ ဟိုရတနာ တွေကို ပိုင်ဆိုင်ရင် ခဏပဲ ပိုင်ဆိုင်လို့ရမှာ။ ခဏပဲ ပိုင်ရုံတင်မကဘူး အဲဒီရတနာတွေက ကိုယ့်လည်း ဒုက္ခပေးသေးတယ်။ ဒါကြောင့်မို့ ကိုယ်ကိုယ်တိုင် ပိုင်ဖို့ ကြိုးစားရမှာက ပညာတည်းဟူသော ရတနာပဲတဲ့။

အဲဒီလို အခွင့်ကောင်းဆိုတာ သူ့ဟာသူ လာတာ ပဲ။ လာတဲ့အချိန်လေးမှာ အသုံးချလိုက်မှ၊ အသုံးမချ ဘူးဆိုရင် မရလိုက်ဘူးပဲ။

ဘုန်းကြီးတို့တစ်တွေ အခွင့်ကောင်းရနေတဲ့အချိန် မှာ ဥပမာ - သာသနာ အခု ထွန်းနေတယ်၊ တရား ဓမ္မတွေ ပွင့်လင်းနေတယ်၊ ဟောကြားနေတယ်၊ တခြား ကိစ္စဝိစ္စတွေ ရှိနေလို့ လှည့်မကြည့်အားဘူး။ တရား ဆိုတာလည်း ဘာမှန်းမသိဘူး၊ စိတ်မဝင်စားဘူး။ အလုပ်နဲ့ပဲ နေ့စဉ်ရှုပ်နေတယ်ဆိုရင် ဒီအခွင့်ကောင်း ကြီးက နိဂုံးချုပ်သွားနိုင်တယ်။ အဲဒီနှစ်ခုစလုံး ကိုယ့် ဘက်ကလည်း နိဂုံးချုပ်တယ်၊ အခြေအနေကောင်း ဘက်ကလည်း နိဂုံးချုပ်သွားတယ်ဆိုတော့မှ၊ ကိုယ်ဘာမှ မရလိုက်တဲ့အခါကျတော့မှ ဒါမျိုး ပြန်ရချင် ပါတယ်ဆိုလို့ မရတော့ဘူး။ ဒီလို ဆိုလိုတာပေါ့။ အဲဒီတော့ ဘုန်းကြီးတို့တစ်တွေ ဘဝတစ်ခု ရလာပြီဆိုလို့ရှိရင် ပညာဟာ လူသားတို့ရဲ့ရတနာ ဖြစ်တာကို သိရမယ်။ သုတ္တန်တစ်ခုမှာ မြတ်စွာဘုရားက မျက်စိနှစ်ဘက် ကန်းနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဒုက္ခိတလို့ ခေါ်သလို လူဖြစ်လာပြီးတော့ ဘာမှမသိတဲ့ ပုဂ္ဂိုလ်တစ်ယောက် မဖြစ်သင့်ဘူးတဲ့။ လောကကြီးမှာ population တစ်ခုမှာ ခွဲကြည့်လိုက်မယ် ဆိုလို့ရှိရင် လူဦးရေကို ပိုင်းခြားပြီးတော့ ကြည့်လိုက်ရင် ဘာမှ မသိတဲ့ လူတန်းစားတစ်ခု ရှိတယ်။ လူတွေထဲမယ် ဘာမှမသိဘူး၊ ဘာမှမသိဘူးဆိုတာ စီးပွားရေးလည်း မသိဘူး။ ကုသိုလ်ရေးလည်း မသိဘူး။ စီးပွားရေးဆိုတာ လည်း မလုပ်တတ်ဘူး။ ကုသိုလ်ရေးဆိုတာလည်း မလုပ်တတ်ဘူး။ လောကလူတွေ အများကြီးမှာ စီးပွားရေးမလုပ်တတ်လို့ သူများဝန်ထမ်း လုပ်နေ တာတွေလည်း အများကြီး ရှိတာပဲ။

လူတိုင်း စီးပွားလုပ်တတ်တာ မဟုတ်ဘူး။ စီးပွား ဆိုတာ ဘယ်လိုလုပ်ရင် ရမလဲဆိုတဲ့ စီးပွားရေးမျက်စိ ဆိုတာ မရှိဘူး၊ ပညာရေးမျက်စိဆိုတာ မရှိဘူး။ ကုသိုလ်ရေးမျက်စိဆိုတာ မရှိဘူး။ ဒါ မျက်လုံးနှစ်ဘက် ကန်းနေတာနဲ့ တူတယ်။

နောက်တစ်ခုကျတော့ တချို့က မျက်စိတစ်လုံးပဲ ရှိတယ်။ တစ်ဖက်ပဲရှိတယ်။ နှစ်ဖက်မပြည့်စုံဘူး။ တစ်ဖက်သာရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်က စီးပွားသက်သက် သာ ရှာတယ်။ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီးတော့ မျက်ကွယ်ပြုထားတယ်။ အဲဒီပုဂ္ဂိုလ်မျိုးကို တစ်ဖက်မြင် ပုဂ္ဂိုလ်လို့ ခေါ်တယ်။ အဲဒီတစ်ဖက်မြင်ပုဂ္ဂိုလ်က အလွန် ကြောက်စရာကောင်းတယ်။

မြတ်စွာဘုရားက ဟောထားတာ၊ စီးပွားရေး မျက်စိသာ ရှိပြီးတော့ ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့ မျက်စိ မရှိဘူးဆိုရင် ပိုက်ဆံရပြီးရော၊ စီးပွားဖြစ်ပြီးရော အကောင်းရော အဆိုးရော ဘာပဲဖြစ်ဖြစ် အကုန်လုပ် တယ်၊ My hook or by crook ဖြစ်နိုင်တဲ့နည်း အကုန် လုပ်တယ်၊ တရားတဲ့နည်းရော မတရားတဲ့နည်းရော ပိုက်ဆံရရင်ပြီးရော၊ စီးပွားဖြစ်ဖို့တစ်ခုတည်းပဲ ကြည့် တယ်၊ ကိုယ်ကျင့်တရားပျက်ပျက် မပျက်ပျက်၊ ဘယ်သူ တွေ ဘာဖြစ်ဖြစ်၊ ကိုယ်ရရင်ပြီးရော၊ “ဘယ်သူသေသေ ငတေမာ” ဆိုတာ - အဲဒါ မျက်စိတစ်ဖက်တည်းရှိတဲ့ ပုဂ္ဂိုလ်မျိုး စဉ်းစားတာ။

ကိုယ်ရ ပြီးရောဆိုတဲ့ လူစားမျိုးကျတော့ ဒီဘဝမှာ ကြိုးစားအားထုတ်လို့ ပိုက်ဆံတော့ စုမိကောင်း စုမိ မယ်၊ ရချင်လည်း ရလာလိမ့်မယ်၊ စီးပွားကို တရားတဲ့ နည်းရော မတရားတဲ့နည်းရော ရှာလာတဲ့ပုဂ္ဂိုလ် တစ်ယောက်ဟာ နောက်ဆုံးအချိန် ရောက်လာတဲ့အခါ မှာ ကိုယ်ကျင့်တရား ပျက်ပြားလို့ ဒုက္ခနဲ့ပဲ အဆုံးသတ် သွားရမယ်။ အဲဒီပုဂ္ဂိုလ်ဟာ သေတဲ့အခါမှာလည်းပဲ နောင်ဘဝ အကောင်းမဖြစ်တော့ဘူး၊ ဒီဘဝရှာထားတဲ့ စည်းစိမ်ဥစ္စာဟာ နောင်ဘဝမှာ ယူသွားလို့ ရတာမှ မဟုတ်တာ။ ပစ္စည်းဥစ္စာဆိုတာ အတိုင်းအတာတစ်ခု အတွက်ပဲ။ အကန့်အသတ်ကလေးနဲ့ပဲ သုံးလို့ရတာ။ စီးပွားဥစ္စာဟာ ဒီဘဝရှာဖွေစုဆောင်းပြီး နောက်ဘဝ မပါဘူး။ စီးပွားသက်သက်လုပ်တယ်။ ကုသိုလ်ကောင်းမှု မလုပ်ခဲ့သည့်အတွက်ကြောင့် ကောင်းတဲ့ဘဝဆိုတာ မျှော်လင့်ချက် မရှိဘူး။ အဲဒီလိုဘဝမျိုးရောက်သွားရင် မျက်စိတစ်ဖက်သာရှိတဲ့ပုဂ္ဂိုလ်လို့ ခေါ်တယ်။ ဒါကြောင့် လူဖြစ်လာရင် Ideal person ဖြစ်ဖို့လိုတယ်။

Ideal person ဆိုတာ မျက်စိနှစ်လုံး ပြည့်စုံတာ၊ လူဆိုတာ မျက်စိနှစ်လုံးရှိသလို အမြင်နှစ်ဘက်ရှိရမယ်၊ အမြင်နှစ်မျိုးဆိုတာ စီးပွားလည်း ရှာတတ်ရမယ်၊ ကိုယ်ကျင့်တရားဘက်ကလည်း လက်မလွတ်စေရဘူး၊ နှစ်ဖက်ညှိပြီး ဆောင်ရွက်တတ်တဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်၊ ဆိုလိုတာက တစ်ဖက်က စီးပွားရေးလည်းလုပ်တယ်၊ တစ်ဖက်က ကုသိုလ်ရေးလည်းလုပ်တယ်ဆိုတဲ့ ပုဂ္ဂိုလ် တွေဟာ ဒီဘဝလည်း ကောင်း၊ နောက်ဘဝလည်း ကောင်း၊ နှစ်ဖက်စလုံး ကောင်းတယ်တဲ့။

ဒါကြောင့်မို့ မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ သတိပေးထားတာ - အန္ဓဆိုတဲ့ နှစ်ဖက်ကန်းပုဂ္ဂိုလ်လည်း မဖြစ်စေနဲ့၊ တစ်ဖက်မြင်ပုဂ္ဂိုလ်လည်းမဖြစ်စေနဲ့၊ လူ့ဘဝ ရောက်လာလို့ရှိရင် နှစ်ဖက်မြင်တဲ့ပုဂ္ဂိုလ် ဖြစ်အောင် ကြိုးစားကြလို့ မြတ်စွာဘုရားက ဆုံးမတယ်၊ ဒါလည်း ဘုရားရဲ့ဆုံးမဩဝါဒတစ်ခုပဲ၊ လူ့လောကမှာ ဒါလည်း အရေးကြီးတဲ့ ကိစ္စတစ်ခုပဲ။

အဲဒီတော့ နောက်တစ်ခု ပညာရှိတွေအနေနဲ့ ခုလို အသိဉာဏ်ရှိတဲ့ ဘဝမျိုးမှာ လူဖြစ်လာပြီ ဆိုတဲ့အခါ ကောင်းကျိုးချမ်းသာတွေရအောင် ဘာတွေ လုပ်သင့် တာလဲ၊ လူတိုင်း လူတိုင်းဟာ ချမ်းသာချင်တယ်၊ ကောင်းကျိုး ချမ်းသာတွေ ရချင်တယ်၊ သို့သော် ကောင်းကျိုးချမ်းသာရခြင်းရဲ့ အကြောင်းတရားကို လူတိုင်းမသိဘူး၊ ဘာ့ကြောင့် ကြီးပွားတိုးတက်တယ် ဆိုတဲ့ အခြေအနေ အစစ်အမှန်ကို မသိဘူး၊ တစ်ခါ တလေကျတော့ အပေါ်ယံလေးကို ကြည့်ပြီးတော့ လူတွေက ဆုံးဖြတ်ကြတယ်။ အခုခေတ် စီးပွားဖြစ် နေတဲ့ ပုဂ္ဂိုလ်တွေ ဘာ့ကြောင့်ရတယ်ဆိုတာ အမျိုးမျိုး ပြောကြတယ်။

တကယ် စစ်မှန်တဲ့နည်းနဲ့ လူ့ဘဝတစ်ခုမှာ ပြည့်စုံ တိုးတက်ပြီးတော့ ကောင်းကျိုးချမ်းသာတွေရဖို့၊ ခိုင်မာဖို့ ဆိုတာကျတော့ ဘာလိုအပ်သလဲ ဆိုတာကို မြတ်စွာ ဘုရား ဟောထားတာရှိတယ်၊ စဉ်းစားကြည့်မယ်ဆိုရင် အင်မတန်မှ မှန်ကန်တယ်၊ အဲဒါကို “အတ္ထဒွါရ” လို့ သုံးထားတယ်၊ “ကောင်းကျိုးချမ်းသာတွေရဲ့ ဝင်ပေါက်

တံခါးကြီးတွေ” - Gate to prosperity ကြီးပွား တိုးတက်ခြင်းရဲ့ ဂိတ်ဝကြီးတွေပေါ့၊ ကြီးပွားတိုးတက် နိုင်တယ်၊ လူ့ဘဝရလာပြီဆိုရင် ကြီးပွားတိုးတက်နိုင် တယ်၊ လူ့ဘဝရလာပြီဆိုရင် ကြီးပွားတိုးတက်ခြင်းရဲ့ ဂိတ်ဝကြီးတွေ ၆ ခု ရှိတယ်၊ ကြီးပွားတိုးတက်နိုင်တဲ့ အကြောင်းတရားဟာ ၆ မျိုး ရှိတယ်တဲ့၊ ကိုယ့်ဟာ ကိုယ်လည်း စဉ်းစားကြည့်ပေါ့၊ ဒီ ၆ မျိုးကို ရအောင် ဖန်တီးရမယ်။

နံပါတ် (၁) က “အာရောဂျံ” - ကျန်းမာခြင်းတဲ့၊ ကိုယ်ကျန်းမာရမယ်၊ စိတ်ကျန်းမာရမယ်၊ ကျန်းမာ တယ်ဆိုတာ နှစ်ခုရှိတယ်၊ ကာယကျန်းမာရေးနဲ့ စိတ္တ ကျန်းမာရေး၊ လူ့ဘဝရောက်လာပြီဆိုရင် ကျန်းမာရေးနဲ့ ပြည့်စုံဖို့လိုတယ်၊ ကျန်းမာရေးနဲ့ပြည့်စုံအောင် လုပ်ရ မယ်၊ ကံမကောင်းအကြောင်းမလှလို့ ရောဂါတွေဖြစ်ပြီး တော့ ကုလို့မရတဲ့ ပုဂ္ဂိုလ်မျိုးတွေရှိတာပဲ၊ အနေအထိုင် အစားအသောက်မတတ်လို့ ကျန်းမာရေး ချို့တဲ့သွားတဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီး ရှိတယ်၊ ပင်ကိုယ်က ကျန်းမာလျက်သားနဲ့ အနေအထိုင် အစားအသောက် မတတ်လို့ မကျန်းမမာဖြစ်သွားတာ။

မကျန်းမမာဖြစ်သွားရင် အားလုံး ဆုံးရှုံးသွားပြီ လို့သာ မှတ်ပေတော့၊ တချို့က ပိုက်ဆံရှိရင် ဆေးကုလို့ ရတယ်လို့ ထင်ကောင်းထင်လိမ့်မယ်၊ ကုမရတဲ့ အနေ အထားမျိုး incurable တွေ ရှိတယ်၊ အဲဒါကြောင့် နံပါတ်(၁) အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကို ကျန်းမာရေး ဂရုစိုက်ရမှာပဲ၊ ကိုယ် ကျန်းမာရမယ်၊ စိတ်ကျန်းမာရမယ်။

ကိုယ် ကျန်းမာဖို့အတွက်ကျတော့ physical exercise လုပ်တာတို့၊ ကိုယ်နဲ့မတည့်တဲ့အစာ မစား တာတို့၊ ကိုယ်နဲ့သင့်မြတ်တဲ့ အစားအစာ စားတယ်၊ မလော်လီဘူး၊ ကိုယ့်စိတ်ကို ထိန်းချုပ်တယ်၊ ကျန်းမာ အောင် နေတယ်၊ ကျန်းမာအောင် ဝတ်တယ်၊ ကျန်းမာ အောင် စားတယ်၊ ဒါတွေက ကာယ ကျန်းမာရေး အတွက် အထောက်အကူဖြစ်တယ်၊ ဒါ ကျန်းမာရေး လိုက်စားတဲ့ပုဂ္ဂိုလ်တိုင်း သိတယ်၊ ဘုရားဟောတာ လည်း ဒါပဲ ဟောတာပဲ။

စိတ်ကျန်းမာဖို့ကျ ဘာလုပ်ဖို့လိုလဲဆိုတော့ လောကလူတွေဟာ ဘာကြောင့် စိတ်မကျန်းမမာ ဖြစ်သလဲဆိုတော့ လောဘတွေ လွှမ်းမိုးမယ်၊ ဒေါသ တွေ လွှမ်းမိုးမယ်၊ မောဟတွေ လွှမ်းမိုးမယ်ဆိုရင် စိတ် မကျန်းမမာ ဖြစ်လာတတ်တယ်၊ ဒါ့ကြောင့် ကိုယ့် သန္တာန်မှာ လောဘတွေကို များများအဖြစ်မခံရဘူး၊ ဒေါသတွေကို များများအဖြစ် မခံရဘူး၊ ဖြစ်လာလို့ရှိရင် ဒါတွေက စိတ်ကျန်းမာရေးထိခိုက်တဲ့အရာတွေပဲ ဆိုပြီး တော့ စိတ်ကျန်းမာအောင် နေတယ်၊ စိုးရိမ်သောက တွေကို တရားဓမ္မကို နှလုံးသွင်းခြင်းဖြင့် လျှော့ချလို့ ရတယ်၊ အဲဒီလိုနည်းဖြင့် ကိုယ်ကျန်းမာအောင်၊ စိတ် ကျန်းမာအောင် နေရမယ်တဲ့။

ခုခေတ် စိတ်မကျန်းမာဘူး၊ စိတ်ရောဂါတို့ ဆိုတာက တစ်မျိုး၊ အခုပြောတဲ့ စိတ်ရောဂါဆိုတာ လောဘ၊ ဒေါသ၊ မောဟ ဒါတွေကို လျှော့ချဖို့ ပြောတာ။

အဲဒီတော့ စိတ်ကျန်းမာသွားပြီ၊ ကျန်းမာရေး ကောင်းတာဟာ အားလုံးအတွက် အခွင့်အလမ်း တစ်ခုပဲ၊ ကိုယ်ကျန်းမာတယ်ဆိုရင် အားလုံးအတွက် အခွင့်အလမ်းချည်းပဲ၊ စီးပွားလုပ်မလား၊ ပညာရှာ မလား၊ တရားကျင့်မလား၊ ဘယ်ဟာအတွက်ဖြစ်ဖြစ် အကုန်လုံး အဆင်သင့်ဖြစ်တယ်၊ မကျန်းမာဘူးဆိုရင် အဲဒီအရာတွေ ဆုံးရှုံးသွားမယ်၊ ဘာတစ်ခုမှ လုပ်လို့ မရတဲ့ အခြေအနေမျိုးကို ရောက်သွားနိုင်တယ်၊ ဒါကြောင့်မို့ နံပါတ်တစ် ကြီးပွားတိုးတက်ဖို့ရာအတွက် ကောင်းကျိုးချမ်းသာတွေ ရဖို့ရာအတွက် အရေးကြီးတဲ့ ဂိတ်ဝကြီးတစ်ခုဟာ “ကျန်းမာမှု” ပဲ။

ဒါကြောင့် မြတ်စွာဘုရား ဟောထားတာရှိတယ်။ “အာရောဂျံ ပရမာ လာဘာ” ဆိုတာ လောကမှာ စိန်တွေ၊ ရွှေတွေ၊ ငွေတွေ ရတယ်၊ စီးပွားပစ္စည်းတွေ ရတယ်၊ ဘာတွေရရ ကျန်းမာမှုရတဲ့ပုဂ္ဂိုလ်ကသာ ခံစား နိုင်တာ၊ မကျန်းမာတဲ့ပုဂ္ဂိုလ်က မခံစားနိုင်ဘူး၊ ကျန်းမာ မှ ဒါတွေက အဓိပ္ပာယ်ရှိတယ်၊ အိမ်ပေါ်ကမှ မဆင်းနိုင် အောင် ရောဂါရနေရင် မော်ဒယ်မြင့်ကားကြီး သူ့ရှိ လည်း သူစီးရမှာမှ မဟုတ်တာ၊ ဘာတွေလာခဲ့လာခဲ့ မကျန်းမာလို့ သူသုံးလို့မှ မရတာ၊ ဒါကြောင့် ကျန်းမာမှု ဟာ နံပါတ် (၁) အရေးကြီးဆုံးပဲတဲ့။

နံပါတ် (၂) ဘာလုပ်ရမလဲဆိုတော့ “ကိုယ်ကျင့် တရားကောင်းဖို့” လိုတယ်။ ကိုယ်ကျင့်တရားကို လျှော့ပြီးတော့ မတွက်ရဘူး။ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းသည် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်တယ်။ နောက်ဘဝဆက်တိုင်းမှာ လည်း ကောင်းကျိုးချမ်းသာတွေ ရဖို့အတွက် အထောက်အကူ ဖြစ်တယ်၊ နှစ်ဖက်စလုံး အကျိုးရှိ တယ်။

ကိုယ်ကျင့်တရားဆိုတဲ့နေရာမှာ မလုပ်သင့်တာကို မလုပ်ဖို့၊ လုပ်သင့်တာကိုလုပ်ဖို့ - ဒါကိုယ်ကျင့်တရားပဲ၊ စာရိတ္တသီလနဲ့ ဝါရိတ္တသီလ လို့ နှစ်မျိုးရှိတယ်။

ဝါရိတ္တသီလ” ဆိုတာ မလုပ်ရဘူးလို့ သတ်မှတ် ထားတာ၊ ဘာတွေတုန်းဆို ဥပမာမယ် သူက မီးနဲ့တူ တယ်၊ မီးကိုမကိုင်ရဘူးလို့အားလုံးသိကြတယ်။ ကိုင်ရင် ဘာဖြစ်တုန်းဆို - ကိုင်ရင် ပူမှာလောင်မှာပေါ့၊ မလုပ်ရဘူးဆိုတာ လုပ်ရင် ကိုယ့်မှာ ထိခိုက်မှာပဲ၊ လျှပ်စစ်မီးကြိုးကို သွားမကိုင်နဲ့၊ ကိုင်လို့ရှိရင် ဓာတ် လိုက်မယ်၊ ဒုက္ခရောက်မယ်၊ အဲဒါလိုပဲ ဝါရိတ္တသီလ ဆိုတာ ဒါ မလုပ်ရဘူးလို့ တားမြစ်ထားတဲ့ကိစ္စ၊ မလုပ် ရဘူးလို့ဆိုတာ ပညတ်ချက်ကြီးတစ်ခုလို မဟုတ်ဘူး၊ ဒါလုပ်ရင် တုံ့ပြန်မှုက ဒုက္ခဖြစ်မယ်လို့ ပြောတာ။

ငါးပါးသီလဆိုတာ မြတ်စွာဘုရားက laid down လုပ်ထားတာ မဟုတ်ဘူး၊ ဘုရားရဲ့ပညတ်ချက် မဟုတ် စာရိတ္တသီလဆိုတာကျတော့ လုပ်သင့်လုပ်ထိုက် တာ၊ လောကမှာ လုပ်သင့်လုပ်ထိုက်တယ်ဆိုတာ မိဘ တွေကို စောင့်ရှောက်ရမယ်၊ ဆွေမျိုးသားချင်းတွေကို စောင့်ရှောက်ရမယ်၊ မိတ်ဆွေသင်္ဂဟတွေကို စောင့် ရှောက်ရမယ်၊ လောကမှာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို လုပ်တယ်၊ ဒါက စာရိတ္တသီလ။

ဒါကြောင့် ဝါရိတ္တသီလလည်း ရှိရမယ်။ စာရိတ္တ သီလလည်း ရှိရမယ်။ အဲဒီလို ကိုယ်ကျင့်တရား ကောင်းမွန်အောင် ကိုယ့်ကိုယ်ကို ကြိုးစားအားထုတ်ရ မယ်။

နောက် နံပါတ် (၃) က “ဆုံးမဩဝါဒ” - ကြီးပွား တိုးတက်ရေးအတွက် ဘာလိုတုန်းဆိုတော့ လောက လူ့အသိုင်းအဝိုင်းထဲမှာ ဦးဆောင်တဲ့ပညာရှိတွေဆိုတာ ရှိတယ်၊ လူကြီးသူမတွေ ရှိတယ်။ မိသားစုထဲမှာဆိုရင် အတွေ့အကြုံရင့်ကျက်တဲ့ အမေတို့၊ အဖေတို့၊ အဖိုးတို့၊ အဖွားတို့ဆိုတာတွေ ရှိတယ်၊ သူတို့ရဲ့ အတွေ့အကြုံ တွေ၊ အဆုံးအမတွေကို မှတ်သား နာယူသင့်တယ်၊ ဘူး၊ လုပ်ရင် ဒီလိုအပြစ်တွေကို ဖြစ်လာနိုင်လို့ သတိ ပေးတာပဲဖြစ်တယ်၊ အခုခေတ် အန္တရာယ်ရှိတဲ့နေရာမှာ Dangerous လို့ ရေးထားတယ်လေ၊ အန္တရာယ်လို့ ရေးထားတာကို မရှောင်ဘူးဆိုရင် ခံရမှာပဲလေ၊ ဝါရိတ္တသီလရဲ့ အဓိပ္ပာယ်က Dangerous လို့ ပြောတဲ့ အဓိပ္ပာယ်ပဲ။

ပါဏာတိပါတအဒိန္နာဒါနကာမေသုမိစ္ဆာစာရမုသာဝါဒသုရာမေရယဆိုတာ ဒါတွေကို မလုပ်နဲ့၊ ဒါတွေဟာ Dangerous ပဲ၊ တုံ့ပြန်လာရင် ခံရမယ်လို့ ဒီလိုပြောတာနော်။

တချို့က “ငါးပါးသီလ ဘုရားမဟောပါဘူး” လို့ ဒီလိုပြောတဲ့လူလည်း ရှိတာပဲ။ “ငါးပါးသီလ မလုံလည်း တစ်ပါးလောက်လုံလည်း ရတယ်” တို့ - ဘယ်ဟာမှ နားမယောင်လေနဲ့၊ ဒီဟာတွေက Dangerous ပဲနော်၊ မြတ်စွာဘုရားက Dangerous လို့ စာတန်းထိုးပေးထား တဲ့ သဘောပဲ၊ သဘာဝကိုက အဆိုးနဲ့ တုံ့ပြန်မှာနော်။

ဆုံးမဩဝါဒ Instruction ဆိုတာ ဘယ်နေရာမဆို ရှိတာချည်းပဲ။Instruction မရှိဘဲနဲ့ အလုပ်လုပ်ရင် အကုန်လွဲချော်နိုင်တာပေါ့။

အမေက ဆုံးမတာပဲဖြစ်ဖြစ်၊ အဖေကဆုံးမတာပဲ ဖြစ်ဖြစ်၊ ပညာရှိတွေက ဆုံးမတာပဲဖြစ်ဖြစ်၊ စာပေက ရတဲ့ ဆုံးမဩဝါဒပဲဖြစ်ဖြစ်၊ ဘယ်ဆုံးမဩဝါဒမဆို လူတွေက ကျယ်ကျယ်ပြန့်ပြန့် နာယူကြရတယ်လေ၊ မြင်ဆရာတဲ့၊ ကြားဆရာတဲ့၊ ကိုယ်မြင်တဲ့အပေါ်မှာ သင်ခန်းစာယူမယ်၊ ကြားတဲ့အပေါ်မှာ သင်ခန်းစာ ယူမယ်၊ လောကမှာ ကြီးပွားတိုးတက်ဖို့အတွက် အဲဒီလို ဆုံးမဩဝါဒတွေကလည်း လိုအပ်တယ်တဲ့။

နောက် နံပါတ် (၄) ကျတော့ “သုတ“၊ ခုနက ပညာရှိတွေရဲ့အဆုံးအမ၊ သုတဆိုတာ မိမိကိုယ်တိုင် အကြားအမြင် ဗဟုသုတတွေကို ဆည်းပူးအားထုတ် ရမယ်၊ လောကမှာ အကျိုးရှိအောင် အောက်ထစ်ဆုံး စျေးအရောင်းအဝယ်လုပ်တာတို့၊ Managing လုပ်တဲ့ ပညာတို့၊ ဘာပဲဖြစ်ဖြစ်ပေါ့၊ Musines နဲ့ ပတ်သက်တဲ့ ပညာတို့၊ Computer ပညာတို့စသဖြင့်ပေါ့၊ ဗဟုသုတ ဆိုတာ အကုန်လုံး ဆည်းပူး အားထုတ်ရတယ်တဲ့၊ ဒါလည်းပဲ ကြီးပွားတိုးတက်ခြင်း အကြောင်းတစ်ခုပဲ။

နောက် နံပါတ် (၅) က “ဓမ္မကို ကျင့်သုံးရမယ်” ဒါကတော့ လက်တွေ့လုပ်ဖို့လိုတယ်၊ ဓမ္မကို ကျင့်သုံး တယ်ဆိုတာ သုစရိုက်တရားတွေကို ဆောင်ရွက်ပြီး ဒုစရိုက်တရားတွေကို ရှောင်တာပဲ။

လောကကလူတွေ ကိုယ့်ဟာကိုယ် ကျင့်သုံးလို့ ရတာ ဘာတုန်းဆိုရင် စိတ်အတွေးနဲ့ပတ်သက်ပြီးတော့- သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လိုတဲ့ လောဘနဲ့ အတွေးမျိုးတွေ မတွေးရဘူး၊ သူများကို ပျက်စီးပါစေ၊ ဒီလူဟာ ဆုတ်ယုတ်နစ်နာသွားပါစေ၊ ဒုက္ခရောက်သွား ပါစေဆိုတဲ့ ဒေါသနဲ့ အတွေးမျိုးတွေ မတွေးရဘူး။ ကံ၊ ကံ၏အကျိုးကို ငြင်းပယ်တဲ့အမြင်တွေ မမြင်ရဘူး၊ အဲဒါ တွေဟာ မှန်ကန်တဲ့အတွေး မနောကံဆိုင်ရာ သုစရိုက် တရားလို့ ခေါ်တယ်။

နှုတ်နဲ့ ပတ်သက်လာလို့ရှိရင်လည်း လိမ်မပြော ရဘူး၊ မှန်တာပဲပြောရမယ်၊ တချို့က မှန်တာပြောတာ ကို ဝန်လေးတတ်တယ်၊ မှန်တာပြောတယ် ဆိုတဲ့ နေရာမှာ ပိုပြီးအရေးကြီးတာက လူတစ်ဖက်သား ဒုက္ခရောက်အောင် ရုံးပြင်ကန္နားတက်ပြီး ဒီလူမဟုတ် တာကို အဟုတ်၊ ဟုတ်တာကိုမဟုတ်ဘူးလို့ သက်သေ လိုက်တာမျိုးကို ဆိုလိုတယ်၊ ကြောက်လို့ လှီးလွှဲပြောတဲ့ မုသာဝါဒမျိုးကို ပြောတာမဟုတ်ဘူး၊ အပြစ်ကြီးတဲ့ မုသာဝါဒဆိုတာ လူတစ်ယောက်ကို ဒုက္ခရောက်အောင် မဟုတ်တမ်းတရားတွေကို လိမ်လည်ပြီးတော့ ပြောတာ မျိုး၊ ထွက်ဆိုတာမျိုး၊ အဲဒါမျိုး မလုပ်ဘဲနဲ့ မှန်တာကို ပြောရမယ်။

နောက်ပြီးတော့ လူသားအချင်းချင်း၊ ကိုယ့် ပတ်ဝန်းကျင်အချင်းချင်း၊ မိတ်ဆွေသင်္ဂဟအချင်းချင်း မှာ တစ်ဦးနဲ့တစ်ဦး မတည့်အောင်မလုပ်ရဘူး။ တည်အောင်သာ ပြောရမယ်။ ဒါလည်း အရပ်ထဲမှာတို့၊ မိသားစုထဲမှာတို့ အလွန်အရေးကြီးတာ။

နောက်တစ်ခုက ရိုင်းပြတဲ့စကားကို မသုံးရဘူး၊ ယဉ်ကျေးတဲ့ စကားအပြောမျိုးကို ပြောရတယ်။ နောက်တစ်ခုက အကျိုးမရှိတဲ့ စကားရပ်တွေကို ပြောပြီးတော့ အချိန်ဖြုန်းတာမျိုး မလုပ်ရဘူး၊ ဒါ နှုတ်နဲ့ ပတ်သက်တဲ့ ကောင်းတဲ့အလုပ်တွေပေါ့၊ အသိဉာဏ်နဲ့ ပြောတဲ့ စကားမျိုးပဲ ပြောရမယ်။

နောက် ကာယကံနဲ့ ပတ်သက်လာတဲ့အခါကျတော့ သူများအသက်ကိုမသတ်ဘူး၊ သူ့ဥစ္စာမခိုးဘူး၊ နောက် ကာမကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ စည်းကမ်းပျက်တဲ့ ကိစ္စတွေကို မလုပ်ဘူး၊ မှားယွင်းတဲ့အလုပ်တွေကို မလုပ်ဘူး၊ လူ့သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ရတယ်၊ ဒါတွေဟာ ကြီးပွားတိုးတက်ခြင်းအကြောင်းပဲ၊ တစ်ခုခု လုပ်လို့ရှိရင် လူသိရင်လည်း ရှုံ့ချခံရမယ်၊ မသိရင်လည်း ကိုယ့်ရဲ့ကိုယ်ကျင့်တရားဟာ ပျက်ပြားတယ်၊ လူမသိတာက အကဲ့ရဲ့ မခံရရုံပဲ ရှိတယ်နော်၊ ပျက်စီးမှု ကတော့ ရှိတာပဲ၊ ဒါ့ကြောင့် “ဓမ္မာနုဝတ္တိ” လို့ ခေါ်တဲ့ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီးတော့ လိုက်နာကျင့်သုံး ရမယ်။

နောက်တစ်ခု နံပါတ် (၆) က “စိတ်ဓာတ်ဟာ ကောင်းတာလုပ်တဲ့အပေါ်မှာ အမြဲတမ်း တက်ကြွနေဖို့ လိုတယ်” ပေါ့၊ စိတ်မပါတာမျိုး မဖြစ်စေရဘူး၊ ကိုယ့် စိတ်ကို ပြင်ပေးရတယ်၊ ဥပမာမယ် - တရား နှလုံးသွင်း ဖို့တို့၊ တရားနာဖို့တို့ တရားအသိတွေရအောင်တို့ဆိုရင် စိတ်ဓာတ်ဆုတ်နစ်တာမျိုး မရှိရဘူးတဲ့၊ အမြဲတမ်း စိတ်ဓာတ်ဟာလန်းဆန်းတက်ကြွပြီးတော့ “ဒါ လုပ်သင့် လုပ်ထိုက်တဲ့ဟာ” လို့ ဆုံးဖြတ်ပြီးတော့ လုပ်ရမယ်။

အဲဒီလို ကိုယ့်မှာ ကောင်းကျိုးချမ်းသာတွေရဲ့ မုခ်ဦးကြီးသဖွယ် ဒီ ၆ - ခုဟာ ရှိမယ်ဆိုရင် ဒီဘဝမှာ လည်း ကောင်းကျိုးချမ်းသာတွေ ဝင်လာမှာပဲ၊ နောင် ဘဝရောက်ရင်လည်း ဒီအတိုင်း ကောင်းကျိုးချမ်းသာ တွေ ဝင်လာမှာပဲ၊ ဘဝဆက်တိုင်း ရေရှည်ကောင်းဖို့ အမှုမဲ့အမှတ်မဲ့နေမယ်ဆိုရင် ဒါတွေ ကိုယ့်သန္တာန်မှာ ရှိတာလည်း မသိဘူး၊ မရှိတာလည်း မသိဘူး၊ ဒါကြောင့် အမှုမဲ့အမှတ်မဲ့ မနေသင့်ဘူး၊ ရှိသင့်ရှိထိုက်တဲ့ဟာတွေ ကိုယ့်သန္တာန်မှာရှိအောင် ကြိုးစားကြရမှာ။

ပစ္စည်းဆိုတာ တစ်ခုနဲ့တစ်ခု အသုံးဝင်တာချင်း မတူတတ်ဘူးပေါ့၊ လူတွေရဲ့ အရည်အချင်းတွေမှာ လည်းပဲ တစ်ခုနဲ့တစ်ခု အသုံးဝင်တာချင်း မတူဘူး၊ ဒါကြောင့်မို့လို့ အသုံးဝင်မှု ပြည့်စုံစေတတ်တဲ့ ဒီတရား တွေနဲ့ ပတ်သက်ပြီးတော့ စုံအောင်ရှိရမယ်လို့ မြတ်စွာ ဘုရားက ဒီလိုဟောတာ။

ကဲ၊ လောကမှာ စိတ်နေစိတ်ထားနဲ့ ပတ်သက်ပြီး တော့ နောက်သုတ္တန်တစ်ခုကို ကြည့်ကြရအောင်။ မြတ်စွာဘုရားက လူ့ဘဝ ရလာလို့ရှိရင်တဲ့ ခုနက အန္ဓသုတ္တန် မှာ ဟောထားတဲ့ မျက်စိအမြင်နှစ်မျိုး ရှိရမယ်ဆိုတာနဲ့ သွားပြီးတော့ နီးစပ်တယ်၊ လူတွေ အတွက်ကောင်းဖို့ အချက်လေးချက်၊ ဒါက လက်တွေ့ လိုက်နာသုံးသပ်ဖို့၊ အဲဒီလေးချက်က ဘာတုန်းဆိုတော့ (၁) ဒက္ခံ ဂဟပတံ သာဓု- အိမ်ရာတည်ထောင် လူ့ဘောင်ဘဝမှာ နေလို့ရှိရင် စီးပွားရေးနဲ့ ပတ်သက်ပြီး လိမ္မာကျွမ်းကျင်မှု၊ လုပ်ငန်းကျွမ်းကျင်မှု ရှိရမယ်တဲ့၊ မလုပ်တတ် မကိုင်တတ်ဆိုရင် လွဲလွဲချော်ချော်တွေ ဖြစ်တယ်၊ ဘယ်အလုပ်ပဲလုပ်လုပ် လုပ်ငန်းကျွမ်းကျင်မှု က အင်မတန်မှ အရေးကြီးတယ်၊ ကြည့်လေ - ကိုယ့် အနီးက နိုင်ငံတွေပဲကြည့်၊ တစ်ခါတစ်ခါ မြန်မာလူမျိုး တွေနဲ့ နှိုင်းယှဉ်ပြီးတော့ကြည့်၊ လုပ်ငန်းကျွမ်းကျင်တဲ့ လူဟာ အသာရနေတယ်၊ နည်းပညာကောင်းတဲ့ လူဟာ အသာရနေတယ်၊ နည်းပညာ ညံ့နေပြီဆိုရင် အကုန်ညံ့သွားတာပဲ၊ နည်းပညာကောင်းအောင်၊ လုပ်ငန်းကျွမ်းကျင်မှုရှိအောင် လေ့ကျင့်မွေးမြူနေကြ ရတာ၊ အဲဒီတော့ နည်းပညာလည်းသာတယ်၊ လုပ်ငန်း ကျွမ်းကျင်လည်း သာတယ်ဆိုတဲ့ပုဂ္ဂိုဟ်ဟာ ရှေ့ရောက် သွားတာပဲ၊ လုပ်ငန်းကျွမ်းကျင်မှုမရှိတဲ့လူဟာ နောက် ရောက် ကျန်ရစ်တာပဲ၊ ဒါ ထုံးစံပဲ။

ဘုန်းကြီးတို့ တစ်ခါတလေ စဉ်းစားကြည့်မိတယ်၊ ဒါတော့ စီးပွားရေး တကယ်လုပ်နေတဲ့ ဒကာ၊ ဒကာမ တွေက ဘုန်းကြီးတို့ထက် ပိုမြင်ပါလိမ့်မယ်၊ တို့နိုင်ငံက လူတွေက ဘာနဲ့တူနေလဲဆိုတော့ တချို့ကြီးပွား တိုးတက်နေတဲ့ နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် တောက တောင်သူလယ်သမားတွေနဲ့ သွားတူနေတယ်၊ ဘယ်လို ဖြစ်တာတုန်းဆိုတော့ တောင်သူလယ်သမားတွေ ဆိုတာဟာ တစ်နေကုန် နေပူထဲမှာ ချွေးဒီးဒီးကျအောင် အလုပ်လုပ်ရတယ်၊ အသီးအနှံလေးတွေ ရလာတယ်၊ မြို့ကပွဲစားဆီ ပို့တယ်၊ ပွဲစားက ဖြတ်ပေးတဲ့ စျေး ကလေးနဲ့ပဲ သူပြန်သွားရတယ်၊ ဒီ့ထက်မရဘူး၊ ပွဲစားက နေပူထဲထွက်စရာ မလိုဘူး၊ ဒီပစ္စည်းတွေ သူယူထား လိုက်တယ်၊ စျေးကောင်းပြီဆိုတော့ သူက ထုတ်ရောင်း လိုက်တာ ၄ - ၅ - ၁၀ ဆ မြတ်တယ်၊ ကဲ ဟိုမှာ နေပူ ထဲမှာ ကျောကုန်းမှာ ဆားပွင့်လောက်အောင်၊ လူရုပ် မပီအောင်၊ မွဲခြောက်နေအောင် အလုပ်လုပ်ရတဲ့လူကျတော့ အဲဒီလောက် အမြတ်မရဘူး၊ ပွဲစားကတော့ သူလုပ်ထားတဲ့ အသီးအနှံတွေပေါ်က ရလိုက်တဲ့ အမြတ်က နည်းတာ မဟုတ်ဘူး။

အဲဒီလိုပဲ မြန်မာပြည်မှာလည်းပဲ ကြည့် သယံဇာတပစ္စည်းတွေကို နိုင်ငံခြား တိုင်းပြည်တွေ ဒီတိုင်းပဲ ရောင်းလိုက်မယ်ဆိုရင် ဟိုက လူတွေက ၁၀-ဆမက မြတ်သွားတယ်၊ ဒီကလူတွေက လုပ်လိုက် ရတာ၊ ကိုယ့်ဆီကပစ္စည်းတွေ တန်ဖိုးကျတော့ နည်း နည်းလေးပဲ ရတယ်၊ အဲဒီတော့ ခုနက တစ်နှစ်ပတ်လုံး နေပူထဲ ရုန်းကန်လုပ်ရတဲ့ပုဂ္ဂိုလ်က တစ်သိန်းရတယ် ဆိုရင် ပွဲစားက ၁၀-သိန်းလောက်လည်း ရချင် ရသွား မယ်၊ အဆချင်း မတူဘူး၊ တစ်သိန်းကနေ ၂-သိန်း ရတယ်ဆိုရင် ၂ -ဆ ရတယ်ပေါ့။

အဲဒါကြောင့် နည်းပညာတို့၊ လိမ္မာကျွမ်းကျင်မှုတို့ ဆိုတာ အရေးကြီးတယ်၊ မြတ်စွာဘုရားကိုယ်တိုင်က ဟောထားတယ်၊ စီးပွားဖြစ်ဖို့ရာအတွက် ဥဌာနသမ္ပဒါ နဲ့ ပြည့်စုံရမယ်၊ ဥဌာနသမ္ပဒါဆိုတာ တက်တက်ကြွကြွ ကြိုးစားအားထုတ်တာ၊ လူတွေက စောလွန်းနေသေး တယ်၊ မိုးချုပ်သွားပြီ စသဖြင့် ဒီအတွေးလေးတွေ ရှိတယ်၊ ရာသီဥတုက အေးလွန်းနေသေးတယ်၊ ပူလွန်း နေတယ်ဆိုတဲ့ အကြောင်းတွေနဲ့ ပျင်းတတ်ကြတယ်။

သိင်္ဂါလောဝါဒသုတ်မှာ အဲဒါတွေက ပျင်းရိခြင်းရဲ့ အကြောင်းပြလေးတွေ - စောလွန်းအားကြီးလို့၊ စောလို့ မထသေးဘူး၊ နောက်ကျသွားရင်လည်း နောက်ကျ သွားပြီ၊ မိုးချုပ်လွန်းသွားပြီ၊ အေးလို့ရှိရင်လည်း အေးလွန်းနေသေးလို့၊ ပူလို့ရှိရင်လည်း ပူလွန်းနေသေး လို့ဆိုတာတွေနဲ့ လောကကြီးမှာ ဒီလိုနေကြတာ၊ အဲဒီလိုနေပြီးတော့ ဆာတော့ ထမင်းမစားရသေးလို့၊ စားပြီးတဲ့အခါကျတော့လည်း ဗိုက်လေးသေးလို့ဆိုတဲ့ အကြောင်းပြ ၆-မျိုးက ပျင်းရိခြင်းရဲ့ အကြောင်းတရား ၆-မျိုးလို့ ခေါ်တယ်။ အဲဒါမျိုးကြောင့်မို့လို့ အလုပ်တွေ မအောင်မြင်ဘဲနဲ့ ဖြစ်တတ်တယ်တဲ့။

တစ်ခါတုန်းက ကြားဖူးတယ်။ အလှူကဖိတ်လို့ မဟုတ်ဘူး၊ ကြုံလို့ရောက်လာတဲ့ လူတစ်ယောက်က အလှူပွဲကြီးကျင်းပနေတာ သူလည်း ကုသိုလ်ရချင် တယ်၊ ဝေယျာဝစ္စ ဝိုင်းပြီးတော့ လုပ်ချင်လိုက်တာ၊ ဘာလုပ်ရ လုပ်ရပေါ့၊ အိုးဆေးရဆေးရ၊ ခွက်ဆေးရ ဆေးရ၊ လုပ်စရာရှိတာတွေ သူလုပ်ပါ့မယ်ပေါ့၊ လုပ်ချင် တယ်၊ ဒါပေမယ့်လို့ ထမင်းမစားရသေးလို့ ဗိုက်က တအားဆာနေတယ်ဆိုတော့ ဒီလူ သဒ္ဓါတရား ကောင်းပုံရတယ်ဆိုပြီးတော့ ထမင်းကျွေးလိုက်တယ်၊ ကျွေးလိုက်တော့ သူ အားရပါးရ စားပြီးတော့ ပြောပြန် တယ်တဲ့ - ကျုပ် လုပ်ချင်လိုက်တာဗျာ၊ ခုနက ဆာလို့ မလုပ်နိုင်ဘူး၊ ခုတော့ ဗိုက်လေးသွားလို့ မလုပ်နိုင် သေးဘူးတဲ့၊ နောက်ဆုံးမှာ မလုပ်တာချင်း အတူတူပဲ၊ စောစောတုန်းက ထမင်းဆာလို့ မလုပ်နိုင်တာ၊ ခုတော့ ဗိုက်လေးလို့ဆိုပြီးတော့ ဒီအကြောင်းပြနဲ့ပဲ အလှူပွဲသာ ပြီးသွားတယ်။ သူဘာတစ်ခုမှ ဝင်မလုပ်လိုက်ရဘူး။

အဲဒါမျိုးလိုပဲ တကယ် ကြိုးစားအားထုတ်တယ် ဆိုတဲ့ပုဂ္ဂိုဟ်ဟာ မြတ်စွာဘုရား ဟောထားတဲ့ တရားထဲမှာ “ယော စ သီတဉ္စ ဥဏှဉ္စ၊ တိဏာ ဘိယျော နမညတိ” - အပူတွေ၊ အအေးတွေ ခုနက အခက် အခဲတွေကို မြက်ကလေးတစ်ပင်လောက်တောင် သူက ဂရုမစိုက်ဘူးပေါ့၊ ဒါတွေကို ထည့်မစဉ်းစားဘူး၊ လုပ်စရာရှိတာကိုလုပ်မယ်၊ အဲဒီလိုစိတ်ဓာတ်ကို ထားရ မယ်၊ အဲဒီလိုထားမှ လောကကြီးမှာ ကြီးပွားချမ်းသာ မယ်တဲ့၊ အကြောင်းပြပြီးတော့ ရေသာခိုတာမျိုး ဘယ် ကိစ္စမှာမှ မလုပ်ရဘူး၊ ကြိုးစားအားထုတ်ရမယ်။

အဲဒီ ကောင်းခြင်းလေးဖြာထဲမှာ နံပါတ်တစ် ဥဌာနသမ္ပဒါ၊ မြတ်စွာဘုရားက လုံ့လဝီရိယရှိတယ်ဆိုတဲ့ နေရာမှာ မှတ်သားထားဖို့ရာက လုပ်တိုင်းဖြစ်တာတော့ မဟုတ်ဘူးတဲ့၊ လုပ်တာတော့ လုပ်ရမယ်၊ အဲဒီထဲမှာမှ ဒက္ခ = လုပ်ငန်းကျွမ်းကျင်မှု ရှိရမယ်၊ အနလသ ဇွဲကောင်းရမယ်၊ ဥပါယဝီမံသ - နည်းပညာ ကောင်းရ မယ်တဲ့၊ အဲဒါမှ လောကကြီးဟာ မှန်ကန်တယ်တဲ့။

လှိမ့်မရတဲ့ ကျောက်တုံးကြီးကို လာပြီးတော့ တွန်းနေလို့ကတော့ အချိန်သာကုန်သွားမယ်၊ ရွေ့မှာ မဟုတ်ဘူးလေ၊ အဲဒါအလုပ်လို့ မသတ်မှတ်ဘူး၊ အကျိုး မထွက်ရင် အလုပ်လို့ မသတ်မှတ်ဘူး၊ လုပ်ကတည်းက အကျိုးထွက်တဲ့အလုပ်ပဲ လုပ်ရမယ်တဲ့။

အဲဒါကြောင့် အိမ်ယာတည်ထောင် လူ့ဘောင် ဘဝမှာနေတဲ့ ပုဂ္ဂိုလ်တိုင်းဟာ လိမ္မာကျွမ်းကျင်မှုရှိမှ ကောင်းတယ်၊ ဒါကတော့ အားလုံးလည်း သိပြီးသားပဲ နော် တစ်ခု။

နောက်တစ်ခု နံပါတ် (၂) က “သံဝိဘဇ္ဇဉ္စ ဘောဇနံ” ကိုယ်ရှာဖွေလို့ ရလာတဲ့ပစ္စည်းကို ကိုယ့် မိသားစု၊ ကိုယ့်မိဘဆွေမျိုးအားလုံးနဲ့ share လုပ်ပြီး သုံးပါတဲ့၊ ကိုယ်တစ်ယောက်တည်း မသုံးပါနဲ့တဲ့၊ ဒါမှ အားလုံးရဲ့ မေတ္တာရမှာ၊ ကိုယ်ရတာ ကိုယ်စားတဲ့ လူ တစ်ယောက်ဟာ ကျန်တဲ့လူကလည်း သူ့အပေါ် မေတ္တာမထားဘူး၊ ကိုယ်ရလာ ကိုယ်ဝယ်လာတဲ့ ပစ္စည်း လေး အားလုံး မိသားစုမှာ share လုပ်ပြီးတော့ စား တယ်၊ ခွဲခြားဝေဖန်ပြီးတော့မှသုံးတယ်ဆိုတာ ဒါ လူ့ လောကမှာ ရှိသင့်ရှိထိုက်တဲ့ကိစ္စတဲ့။

ဒါကြောင့်မို့ မြတ်စွာဘုရားက စီးပွားရှာပြီးတော့ ဘယ်လိုသုံးရမယ်ဆိုတာ ဟောထားတာ ရှိတယ်၊ စီးပွား ရှာထားတဲ့ ပုဂ္ဂိုလ်ဟာ ဘာအတွက်ရှာရမယ် ဆိုပြီးတော့ လည်း မြတ်စွာဘုရားက ဟောထားတာရှိတယ်၊ စီးပွား ရလာလို့ရှိရင်တဲ့ - “အတ္တာနံ သုခေတိ ပိဏေတိ” ကိုယ့်ကိုယ်ကို ဝဖြိုးအောင်၊ ချမ်းသာအောင် အသုံးပြု တယ်။ ဒါက ပထမ၊ “မာတာပိတရော သုခေတိ ပိဏေတိ” - ကိုယ်ပြီးရင် ကိုယ့်အဖေ၊ အမေတွေ ချမ်းသာအောင်ထား၊ နောက် သား၊ မယား၊ မိတ်ဆွေ သင်္ဂဟတွေကို ချမ်းသာအောင်ထား၊ နောက်ပြီး စတုတ္ထ ကျတော့မှ ကုသိုလ်လုပ်လို့ပြောတာ၊ ဒီတော့ ရလာတဲ့ စီးပွားဥစ္စာဟာ အဲဒါအတွက်ပဲ။

ဆိုလိုတာက ပစ္စည်းဆိုတာ သိမ်းထားဖို့ မဟုတ် ဘူး၊ သုံးဖို့၊ တချို့ကျတော့ ပစ္စည်းကို နှမြောလို့ အလှ ကြည့်ပြီး သိမ်းထားတယ်၊ ကိုယ်လည်းမသုံးလိုက်ရဘူး၊ သူခိုးခိုးရင်လည်း ပါသွားမယ်၊ မီးလောင်တဲ့အထဲ ပါသွားမယ်၊ အဲဒါကြောင့် ပစ္စည်းဆိုတာ သုံးဖို့၊ သိမ်းဖို့ မဟုတ်ဘူးတဲ့၊ ကားလေးတစ်စီး ဝယ်ထားပြီးတော့ မစီးရက်ဘဲ ဂိုဒေါင်ထဲ ထားကြည့်ပါလား၊ သူ့ဖာသာသူ ပျက်သွားမှာပဲ၊ မသုံးရင် ပျက်သွားမှာပဲ၊ “သံဝိဘဇ္ဇဉ္စ ဘောဇနံ” - ကိုယ်ရလာတဲ့ ပစ္စည်းဥစ္စာကို ခွဲဝေပြီး သုံးဆောင်ပါတဲ့၊ ဒါ ဒုတိယ လိုက်နာရမယ့် ကိစ္စတစ်ခု တဲ့။

လေးချက်ဟောထားတဲ့အထဲမှာ နောက်နှစ်ခုက ပိုပြီးတော့ အရေးကြီးတယ်၊ လူဆိုတာ ကြိုးစား အားထုတ်လို့ စီးပွားတက်လာတဲ့အခါရှိတယ်၊ ရာထူး တွေ မြင့်လာတဲ့အခါရှိတယ်၊ အခြေအနေတွေ ကောင်း လို့ တိုးတက်ကြီးပွားလာပြီဆိုရင် ပတ်ဝန်းကျင်၊ အပေါင်းအသင်းတွေပေါ်မှာ မောက်မာလာတတ် တယ်၊ အဖက်မတန်ဘူးလို့ ထင်လာတတ်တယ်၊ အဲဒါ ဟာ ပျက်စီးခြင်းအကြောင်းတစ်ခုပဲတဲ့။

ဒါကြောင့်မို့ “အဟာသော အတ္ထလာဘေသု” မောက်မာတာ မလုပ်နဲ့တဲ့၊ ကြီးပွားတိုးတက်လာလို့ရှိရင် နဂိုအခြေအနေက မပြောင်းစေနဲ့တဲ့၊ ဆက်ဆံရေးတွေ မပြောင်းစေနဲ့၊ ပုံမှန်နေတတ်ရမယ်၊ ဆိုလိုတာကတော့ ကြီးပွားတိုးတက်လာတဲ့အခါမှာ ဘဝင် မမြင့်ရဘူး၊ ဘဝင်မြင့်ရင် အနည်းဆုံး ပတ်ဝန်းကျင်က မုန်းသွား လိမ့်မယ်၊ မုန်းရင် မိတ်ဆွေတွေရဲ့ ခင်မင်မှုတွေ ပျက်စီး သွားလိမ့်မယ်။ နောက်ဆုံးမှာ မိသားစုထဲတောင်မှပဲ - ကြားဖူးတယ် အမေ၊ အဖေက ကိုယ့်သား၊ သမီးကိုပဲ ပြောလို့ဆိုလို့ မကောင်းဘူး၊ ကြီးပွားတိုးတက်လာတဲ့ အခါ မာနတွေ တက်လာတယ်၊ မိဘက စပြီးတော့ မေတ္တာပျက်လာတယ်၊ မေတ္တာပျက်တယ် ဆိုကတည်း က မကောင်းတော့ဘူးပေါ့၊ ဒါကြောင့်မို့လို့ မြတ်စွာ ဘုရားက “အဟာသော အတ္ထလာဘေသု” ကောင်းကျိုးချမ်းသာတွေ ရလာပြီဆိုတဲ့အခါမှာ ဘဝင် မမြင့်နဲ့တဲ့၊ ဘဝင်မမြင့်အောင် သတိထားတဲ့။

လူဆိုတာ အမြဲတမ်း ကောင်းကျိုးချမ်းသာရတာ မဟုတ်ဘူး၊ တစ်ခါတလေ ရာထူးကျသွားတာ ရှိတယ်၊ စီးပွားဥစ္စာတွေ ပျက်သွားတာ ရှိတယ်၊ နောက်ဆုံးမှာ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲသွားတာတွေ ရှိတယ်၊ အဲဒီလိုရှိတဲ့အခါမှာ လူဟာ Depresion ဝင်လာတယ်၊ ဝင်လာတဲ့အခါမျိုးမှာ နိုင်ငံခြားတိုင်းပြည် တွေမှာဆို suicide လုပ်ပစ်တာတွေ ရှိတယ်ပေါ့။

suicide လုပ်တယ်ဆိုတာ ဒီဘဝမှာ မှားတဲ့နည်းနဲ့ ထွက်ပေါက်ရှာတာ၊ နောင်ဘဝမှာ ကောင်းစားသွား မလားဆိုတော့ ဒီထက်ဆိုးတဲ့ဘဝ ရောက်သွားနိုင် တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ကို သတ်သေ တယ်ဆိုတဲ့လူက ဒေါသနဲ့ သတ်သေတာ ဖြစ်သည့် အတွက်ကြောင့် ဒီ့ထက်ဆိုးတဲ့ ငရဲရောက်သွားနိုင်တယ်၊ အဲဒီ ကိုယ့်ကိုယ်ကို သတ်သေတဲ့အမှုကိုက ငရဲကို ရောက်သွားနိုင်တယ်။ သေခါနီးမှာ စိတ်က ပြောင်း သွားရင်တော့ မပြောနိုင်ဘူးပေါ့၊ များသောအားဖြင့် ကိုယ့်ကိုယ်ကို သတ်သေရင် ဒေါသနဲ့ သေတာ၊ ငရဲဘဝ ရောက်တယ်။

အကယ်၍ ဒေါသပြေပြီးတော့ ကုသိုလ်ကောင်းမှု လေး သတိရလို့ မသေခင်လေးမှာ စိတ်ကလေး ပြောင်း သွားရင်တော့ လူမသိနိုင်ဘူးပေါ့၊ ဒါကြောင့်မို့ ကိုယ့် ကိုယ်ကို သတ်သေပြီးတော့ လူပြန်ဖြစ်တယ်ဆိုတာ ခုနက ကြားထဲမှာ အပြောင်းအလွဲလေးတွေ ဖြစ်တတ် တယ်ပေါ့နော်။

အေး၊ အဲဒီလို ပျက်စီးလာပြီဆိုတဲ့အခါ လူမှာ depresion ဝင်လာတတ်တယ်။ အဲဒီလိုလည်း မဝင် စေနဲ့တဲ့၊ “အတ္ထဗျာပတ္တိ အဗျထော” ကိုယ့်ကျိုး ကိုယ့် စီးပွားတွေ ပျက်စီးဆုံးရှုံးလာတယ် ဆိုတဲ့အချိန်မှာ မတုန်လှုပ်နဲ့တဲ့၊ ဘာကြောင့် ပျက်စီးတာတုန်းလို့ အကြောင်းတရားကိုရှာ၊ ဘယ်လို ရပ်တည်ရမလဲလို့ အကြောင်းတရားကိုရှာတဲ့။

နိုင်ငံခြားတွေမှာ ကုမ္ပဏီကြီးတွေ စီးပွားပျက် ကပ်နဲ့ ကြုံတာရှိတယ်၊ မိတ်ဆွေသင်္ဂဟတွေနဲ့ အဖြေ ရှာပြီး သူတို့ ကုစားကြတာပဲ၊ ပံ့ပိုးပေးကြတာ၊ Mank crupt ဖြစ်တော့မယ်ဆိုရင် ဝိုင်းပြီးတော့ support လုပ်ကြတာ မဟုတ်လား။

လူတွေလည်း ကိုယ့်အချင်းချင်း ပြန်ပြီးတော့ ထိန်းမတ်သွားအောင် ဒီလိုပဲ လမ်းကြောင်းရှာရမယ်၊ စိတ်ပျက်နေလို့က အဖြေမပေါ်ဘူး၊ တစ်စုံတစ်ခု စီးပွားရေးပျက်သွားရင် လမ်းကြောင်းပြောင်းမယ်၊ ကိုယ့်စိတ် သက်သာရာ သက်သာကြောင်း တစ်ခုခု လုပ်မယ်၊ လမ်းမှန်တွေ့အောင် ရှာမယ်၊ အခြေအနေ ကောင်းတွေကို ဖန်တီးမယ်၊ ဒီတစ်နေရာမှာ စီးပွား မဖြစ်လို့ နောက်တစ်နေရာမှာ ပြောင်းပြီးတော့ လုပ် မယ်၊ ဒီလုပ်ငန်းမကောင်းလို့ နောက်လုပ်ငန်း ပြောင်း လုပ်မယ်၊ ဒီလိုပဲ လုပ်သင့်တာပဲ၊ ဒါ ထွက်ပေါက် အစစ်အမှန်ပဲ။

အဲဒီလိုမဟုတ်ဘဲနဲ့ စိတ်ဓာတ်တုန်လှုပ် ခြောက် ခြားပြီးတော့ depresion တွေ ဝင်သွားတာဟာ အဖြေ မဟုတ်ဘူးတဲ့။ အဲဒါကြောင့် မြတ်စွာဘုရားက “အတ္ထ ဗျာပတ္တိ အဗျထော” - ရာထူးကျမယ်၊ စည်းစိမ်ဥစ္စာတွေ ပျက်စီးမယ်ဆိုရင် “အဗျထ” - မတုန်လှုပ်ပါစေနဲ့တဲ့၊ စိတ်ဓာတ်တွေ မပျက်ပါစေနဲ့တဲ့၊ ကိုယ့်ဘာသာကိုယ် ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်နိုင်အောင် ကြိုးစားပါတဲ့၊ ဒါက လုပ်ရမယ့်ကိစ္စတွေကို မြတ်စွာဘုရား ဟောတာ။ အဲဒီတော့ ဒီသုတ္တန်တွေဟာ တစ်နေရာတည်းမှာ မဟုတ်ဘူး၊ လောကမှာ လူတွေ လိုက်နာ ကျင့်သုံးဖို့ ဆိုတာ မြတ်စွာဘုရားက စပ်ရာစပ်ရာ ဟိုနားဒီနား ဟောထားတဲ့သုတ္တန်တွေကို ဘုန်းကြီးတို့ စုပြီးတော့ ဒီနေရာမှာ ဟောပေးတာနော်။

နောက်တစ်ခါ သတိထားစရာ အချက်ကလေး တစ်ခုရှိတယ်။ မြတ်စွာဘုရားက ဖြေဆိုထားတာ၊ အဖြေ ထုတ်ထားတာလေး၊ ပစ္စည်းဥစ္စာတွေရဲ့ ယိုကျပျက်စီး သွားတတ်တဲ့ ယိုပေါက်ကြီး ၆-ပေါက် ရှိတယ်။ အဲဒီ ယိုပေါက်ကြီး ၆ - ပေါက်မှာ ကိုယ်ရှာထားတဲ့ပစ္စည်း ဥစ္စာတွေဟာ အကုန်လုံး ပျောက်ပြီးတော့ နောက်ဆုံး မှာ ဆင်းရဲဒုက္ခတွေ ရောက်သွားတယ်၊ ဒါတွေဟာ ပုံပြင်တွေ အများကြီး ရှိတာပဲ။

အားလုံး သိကြလိမ့်မယ်၊ ရန်ကုန်မှာ ချင်းချောင်း ပဲလေ့စ် Chin Chong Palace ဆိုတာ ရှိတယ်၊ ဘုန်းကြီးတို့ တစ်လောတုန်းက ဂျာနယ်တစ်ခုမှာ ချင်းချောင်း သူဌေးအကြောင်း ဖတ်လိုက်ရတယ်၊ နောက်ဆုံးကျတော့ သူက တကယ့်ကို ဆင်းရဲဒုက္ခ ရောက်သွားရှာတယ်၊ ကုက္ကိုင်းလမ်းဆုံမှာ တကယ့် နန်းတော်ကြီးလို ဆောက်ထားတာပဲ၊ နောက်ဆုံးကျ တော့ ပျက်စီးဆုံးရှုံးသွားတာ၊ မိဘတွေလက်ထက်က အင်မတန် ချမ်းသာတာ၊ ပျက်စီးဆုံးရှုံးသွားတာဟာ အကြောင်းမဲ့တော့ မဟုတ်ဘူး၊ အကြောင်းတော့ရှိတယ်၊ မကျွမ်းကျင်တာတွေရော၊ မကြိုးစားတာတွေရော အကုန်လုံးပေါ့၊ ဒီလို ဖြစ်တတ်တယ်။

အဲဒီမှာ မြတ်စွာဘုရား ဟောထားတာကတော့ လောကမှာ စီးပွားရေးပစ္စည်းဥစ္စာတွေရဲ့ ယိုပေါက်ကြီး ၆-ခုဆိုတာ ဘာလဲဆိုတော့ ပစ္စည်းဥစ္စာဟာ ဘယ် တော့မှ မတည်ဘူးတဲ့၊ မြန်မာတွေကတော့ ပြောကြ တယ်၊ “လူမိုက်နဲ့ငွေ” အတူမနေဘူးတဲ့၊ ပစ္စည်းဥစ္စာ ဟာ ပျောက်သွားတယ်၊ မြတ်စွာဘုရားက ဘာကို ဟော သလဲဆိုရင် နံပါတ် (၁) က အာလသျ - လူပျင်းနဲ့ဆိုရင် ငွေဟာ အတူမနေဘူးတဲ့၊ ပျင်းရိလို့ရှိရင် - ပျင်းတယ် ဆိုတာ ခုနကပြောတဲ့ ပူလွန်းတယ်၊ အေးလွန်းတယ်၊ မိုးချုပ်လွန်းတယ်၊ ဆာနေသေးတယ်၊ မစားရသေးဘူး၊ စားပြီးပြီ၊ ဗိုက်လေးတယ် ဆိုတဲ့ အချက်တွေကို အကြောင်းပြပြီး အလုပ်မလုပ်ဘဲနဲ့နေတာကို ပျင်းတယ် လို့ ပြောတာနော်၊ အဲဒီလိုပျင်းရိမှုဟာလည်း ပစ္စည်း ဥစ္စာရဲ့ ယိုကျဖို့ရာ အပေါက်တစ်ခုပဲတဲ့။

နောက် နံပါတ် (၂) ကတော့ ပမာဒ တဲ့၊ အပျော် အပါးတွေဘက်ပဲ စိတ်ဝင်စားတယ်၊ ကောင်းကျိုး ချမ်းသာဖြစ်ဖို့ စိတ်မဝင်စားဘူး၊ လုပ်ငန်းကိုလည်း စိတ်မဝင်စားဘူး၊ အပျော်အပါးတွေကို အမြဲတမ်း စိတ်ဝင်စားနေရင်လည်း ပျက်စီးနိုင်တယ်။

နံပါတ် (၃) က အနုဋ္ဌာန - လုပ်ငန်းတစ်ခုကို လုပ်တဲ့အခါမှာ တက်တက်ကြွကြွ မရှိဘူး၊ ဝတ်ကျေ တမ်းကျေပဲ လုပ်တယ်၊ ဖြေးဖြေးဆေးဆေးပဲ၊Goslow ပေါ့၊ သွက်သွက်လက်လက် လုပ်ရမယ့်ဟာကို သွက် သွက် လက်လက် မလုပ်ဘူး၊ ပျင်းပျင်းရိရိ လုပ်တယ်၊ အဲဒီလိုဟာမျိုး မဖြစ်ရဘူးတဲ့၊ ကြိုးကြိုးစားစား လုပ်ရ မယ်၊ အဲဒီတော့ ပျင်းရိခြင်းဟာလည်း ဥစ္စာရဲ့ယိုပေါက် တစ်ခု။

နံပါတ် (၄) က ကာမဂုဏ်အာရုံတွေထဲမှာ စိတ်ကို လွှတ်ထားပြီးတော့ ပျော်ပါးခြင်း ဟာလည်း ပစ္စည်း ဥစ္စာရဲ့ ယိုကျတဲ့အပေါက်တစ်ခုတဲ့။

နံပါတ် (၅) က မစောင့်စည်းခြင်း၊ ကိုယ့်စိတ် ကိုလည်း မစောင့်စည်းဘူး၊ ကာယကံ ဝစီကံကိုလည်း မထိန်းသိမ်း မစောင့်ရှောက်ဘူး၊ ကိုယ်ကျင့်တရားကို လည်း မထိန်းသိမ်း မစောင့်ရှောက်ဘူး၊ အဲဒါဟာ စီးပွားရေး ယိုပေါက်တစ်ခုပဲ။

နံပါတ် (၆) က အအိပ်ကြူးခြင်း၊ ဘယ်တော့ဖြစ်ဖြစ် အိပ်တာပဲ၊ အအိပ်များနေတယ်၊ အဲဒီဟာလည်းပဲ ပျက်စီးခြင်း အကြောင်းတစ်ခုပဲ။

ခုနကပြောခဲ့တဲ့ အာလသျ နဲ့ တန္ဒီ မှာ - အာလသျ ပျင်းရိတယ် ဆိုတဲ့နေရာမှာ ဘာအလုပ်မှ မလုပ်ဘဲ နေတာမျိုး၊ တန္ဒီကျတော့ ဖြစ်ပေါ်လာတဲ့ အချိန်ကို ရွှေ့တာ၊ အမြဲတမ်းအချိန်ကို ရွှေ့ချင်တယ်၊ စောသေး တယ်၊ အချိန်ရွှေ့လိုက်တယ်၊ ၈-နာရီလောက် အလုပ် လုပ်ရမှာကို မလုပ်သေးပါဘူး၊ ၉-နာရီမှ လုပ်မယ်၊ ၉-နာရီကျတော့လည်း ၁၀-နာရီကျမှ သွားတော့မယ်၊ ဒီလိုအချိန်တွေကို ရွှေ့ရွှေ့သွားတာမျိုးကို ဆိုလိုတယ်။

အဲဒီအပေါက် ၆-ပေါက်ကို ပိတ်နိုင်မှတဲ့၊ မပိတ် နိုင်လို့ရှိရင် ပစ္စည်းဥစ္စာဟာ လူတွေနဲ့အတူ မရှိနိုင်ဘူးလို့ ဒီလို မြတ်စွာဘုရားက ဟောတယ်၊ အဲဒီလိုဟောတာ တွေဟာ ကိုယ့်အတွက် ပစ္စုပ္ပန်ဘဝမှာ ကောင်းကျိုး ရနိုင်သလို သံသရာအတွက်လည်း ကောင်းကျိုးရနိုင် တယ်၊ မကောင်းတဲ့ အချက်အလက်တွေကို ရှောင်ပြီး တော့ ကောင်းတဲ့ အချက်အလက်တွေကို ကိုယ့်သန္တာန် မှာ ကျင့်ဆောင်ဖို့ အရေးကြီးတယ်။

မြတ်စွာဘုရားက မကောင်းဘူး ဆိုတဲ့အထဲမယ် ထိုမကောင်းတာတွေ အများကြီးထဲက နေပြီးတော့ အရေးကြီးတဲ့ မကောင်းတာတွေကိုရှောင်ဖို့ နောက်ဆုံးပိတ်အနေနဲ့ ဒီလိုဟောထားတာလေးက မှတ်သားဖို့ ကောင်းတယ်၊ “အလသော ဂီဟိ ကာမဘောဂီ န သာဓု” - လူ့လောကမှာ မိသားစုနဲ့နေတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဟာ ပျင်းရင် ဘယ်တော့မှ မကောင်းဘူး၊ မပျင်းရဘူး၊ မိသားစုနဲ့နေပြီး လောကီစီးပွားရှာနေတဲ့ ပုဂ္ဂိုလ်ဟာ ပျင်းလို့ရှိရင် မကောင်းဘူး၊ ကောင်းကျိုး ချမ်းသာတွေ မရနိုင်ဘူးလို့ ပြောတာ။

နောက်တစ်ခုကျတော့ “အသညတော ပဗ္ဗဇိတော န သာဓု” - သင်္ကန်းဝတ်ပြီး ဘုန်းကြီးဘဝနဲ့နေပြီးတော့ လူလိုနေတယ်၊ မထိန်းသိမ်းဘူး၊ မစောင့်ရှောက်ဘူး၊ ပြောချင်ရာတွေ ပြောတယ်၊ လုပ်ချင်တာတွေ လုပ် တယ်၊ ဘုန်းကြီးက ဘုန်းကြီးလို မနေဘူး၊ လူလို နေတယ်၊ ပြောတာဆိုတာက စပြီးတော့ ဘုန်းကြီးလို မနေဘူး၊ စောင့်စည်းမှု မရှိဘူးဆိုရင် မကောင်းဘူးတဲ့၊ အဲဒါလည်း ဘုန်းကြီးတွေလည်း စောင့်စည်းရမယ်လို့ ဒီလိုပြောတယ်။

ရာဇာ န သာဓု အနိသမ္မကာရီ” - တိုင်းပြည် အုပ်ချုပ်တဲ့မင်း လုပ်နေပြီးတော့ မဆင်မခြင် အရမ်း လုပ်တာမျိုး မလုပ်ရဘူးတဲ့၊ ဘယ်ကိစ္စမျိုးပဲဖြစ်ဖြစ် စဉ်းစဉ်းစားစားပဲ လုပ်သင့်တယ်၊ မစဉ်းမစားနဲ့ အမိန့် တွေ မချမှတ်သင့်ဘူး၊ မထုတ်သင့်ဘူးတဲ့၊ မစဉ်းမစားနဲ့ အမိန့်တွေထုတ်၊ ချမှတ်တယ်ဆိုရင် လမ်းကြောင်းတွေ လွဲပြီးတော့ လူတွေမှာ အကုန် ဒုက္ခရောက်ကြတယ်၊ ဒါကြောင့်မို့ “ရာဇာ န သာဓု အနိသမ္မကာရီ” မဆင်ခြင် မစဉ်းစားဘဲ အသိဉာဏ်ရှေ့သွားမထားဘဲနဲ့ အလုပ်လုပ်တဲ့မင်းဟာ မကောင်းဘူးလို့ ဒီလို မြတ်စွာ ဘုရားက ဟောထားတယ်။

နောက်တစ်ခုကျတော့ “ယော ပဏ္ဍိတော ကောဓနော တံ န သာဓု” - ပညာရှိလို့ ဆိုပြီးတော့ ဒေါသကြီးရင် မကောင်းဘူးတဲ့၊ ဆိုလိုတာ ပညာရှိ အမျက် အပြင်မထွက်ရဘူးတဲ့၊ ပညာရှိဆိုတဲ့ပုဂ္ဂိုလ်ဟာ ဘယ်အရာပဲဖြစ်ဖြစ် ဆင်ခြင် စဉ်းစားရမယ်လို့ - ဒီ ပုဂ္ဂိုလ် ၄-မျိုးနဲ့ ပတ်သက်ပြီးတော့ အရေးကြီးတဲ့ အချက်အလက်တွေကို မြတ်စွာဘုရားက ဟောကြား ထားတယ်- “လူဝတ်ကြောင်ဟာ မပျင်းရဘူး၊ ပျင်းရင် မကောင်းဘူး၊ ရဟန်းဆိုတာ စောင့်စည်းရမယ်၊ မစောင့်စည်းရင် မကောင်းဘူး၊ မင်းဆိုတာ စဉ်းစဉ်း စားစားလုပ်ရမယ်၊ စဉ်းစဉ်းစားစား အမိန့်ထုတ်ရမယ်၊ မစဉ်းမစားလုပ်ရင် မကောင်းဘူး၊ ပညာရှိဆိုတာ စိတ်မဆိုးရဘူး၊ စိတ်ဆိုးရင် မကောင်းဘူး”။

အဲဒီ မကောင်းတဲ့အချက်အလက်တွေကိုရှောင်ပြီး ကောင်းတဲ့အချက်အလက်တွေကို ဆောင်မှသာလျှင် ဘဝသံသရာမှာ အဆင်ပြေလို့၊ ကိုယ်ကျင့်တရားတွေ လည်း ကိုယ့်သန္တာန်မှာ ပြည့်စုံလို့ ဘုရားပွင့်ခိုက် ဘုရား ဟောတဲ့ အကျင့်သိက္ခာတွေကို ကျင့်ကြံကြိုးကုတ် အားထုတ်လို့ မှန်ကန်တဲ့အမြင် သမ္မာဒိဋ္ဌိ ပေါ်မှာ အခြေခံပြီးတော့ မှန်ကန်တဲ့အတွေး သမ္မာဒိဋ္ဌိသင်္ကပ္ပ၊ မှန်ကန်တဲ့ကြိုးပမ်းအားထုတ်မှု သမ္မာဝါယာမ၊ မှန်မှန် ကန်ကန် အမှတ်ရမှု သမ္မာသတိ၊ မှန်မှန်ကန်ကန် စိတ်တည်ငြိမ်အောင်ထားမှု သမ္မာသမာဓိ ဆိုတာတွေ ကိုယ့်သန္တာန်မှာ ဖြစ်ပွားအောင် လုပ်ရမယ်။

အဲဒီလို လုပ်ရင် ဘဝခရီးဟာ ဘယ်ထိအောင် ဖြောင့်တန်းသလဲဆိုရင် ဒုက္ခတွေ အဆုံးသတ်တဲ့ နိဗ္ဗာန် ထိအောင် ဖြောင့်တန်းပါတယ်တဲ့၊ အဲဒီ လမ်းကြောင်း ကြီးပေါ် လျှောက်သွားခြင်းဖြင့် ပစ္စုပ္ပန်ဘဝမှာလည်း ချမ်းသာသုခတွေရလို့ နောင်တမလွန် ဘဝမှာလည်း ကောင်းရာ သုဂတိဘုံရောက်လို့ ဒီဘဝမှာ ကြိုးစား အားထုတ်ရင် တကယ့်ကို အငြိမ်းဓာတ်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်ငှ သဘောကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ် နိုင်ကြပါစေကုန်သတည်း။

နနန