အညှီအဟောက်ဟူသည်/အာဒိတ္တပရိယာယသုတ္တန်ပိုင်း
အာဒိတ္တပရိယာယသုတ္တန်ပိုင်း
(သံ၊၂၊၃၇၇-၃၇၉။)
အာဒိတ္တပရိယာယံ ဝေါ ဘိက္ခဝေ ဓမ္မပရိယာယံ ဒေသေဿာမိ။ တံ သုဏာထ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ဝေါ = သင်ချစ်သားတို့အား။ အာဒိတ္တပရိယာယံ = အာဒိတ္တပရိယာယ အမည်ရသော။ ဓမ္မပရိယာယံ = တရား ဒေသနာတော်မြတ်ကို။ အဟံ = ငါဘုရားသည်။ ဒေသေဿာမိ = ဟောကြားတော်မူပေအံ့။ တံ = ထိုငါဘုရားဟောကြားမယ့် တရားတော်မြတ်ကို။ တုမှေ= သင်ချစ်သားတို့သည် သင်ချစ်သမီးတို့သည်။ သုဏာထ = နာယူကြပါကုန်လော့။
အာဒိတ္တပရိယာယအမည်ရနေတဲ့ တရားဒေသနာတော်တစ်ခုကို သင် ချစ်သားတို့ကို ငါဘုရားဟောတော်မူမယ်။ ငါဘုရားဟောတော်မူမယ့် အာဒိတ္တပရိယာယ အမည်ရှိနေတဲ့ ဒီတရားဒေသနာတော်ကို သင်ချစ်သားတို့ ရိုသေစွာ နာယူကြပါ။
အာဒိတ္တဆိုတာက မီးတဟုန်းဟုန်း တောက်လောင်နေတဲ့ သဘောပဲ။ အာဒိတ္တပရိယာယ ဒေသနာတော်ဆိုတာက အလျှံတပြောင်ပြောင် မီးတဟုန်း ဟုန်းတောက်လောင်နေတဲ့ ပုံစံတွေကို စံထားပြီးတော့ ဘုရားရှင်ဟောတော်မူမယ့် ဒေသနာတော် ဖြစ်ပါတယ်။ ထိုဒေသနာကို အာဒိတ္တပရိယာယဓမ္မဒေသနာဆိုပြီး ဘုရားရှင်က နာမည်ပေးထားပါတယ်နော်။ ဘယ်လိုလဲ?
ကတမော စ ဘိက္ခဝေ အာဒိတ္တပရိယာယော, ဓမ္မပရိယာယော?
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ အာဒိတ္တပရိယာယော = အာဒိတ္တပရိယာယအမည်ရှိသော။ ဓမ္မပရိယာယော = တရားဒေသနာတော်သည်ကား။ ကတမော စ = အဘယ်နည်း?
အာဒိတ္တပရိယာယ အမည်ရှိနေတဲ့ ဓမ္မပရိယာယဆိုတာက ဘာလဲ?
ရူပါရုံ၌ တွယ်တာမက်မောမှု
ဝရံ ဘိက္ခဝေ တတ္တာယ အယောသလာကာယ အာဒိတ္တာယ သမ္ပဇ္ဇလိတာယ သဇောတိဘူတာယ စက္ခုန္ဒြိယံ သမ္ပလိမဋ္ဌံ၊ န တွေဝ စက္ခုဝိညေယျေသု ရူပေသု အနုဗျဉ္ဇနသော နိမိတ္တဂ္ဂါဟော။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ တတ္တာယ = လောလောပူသော။ အာဒိတ္တာယ = ရဲရဲညီးသော။ သမ္ပဇ္ဇလိတာယ = အလျှံပြောင်ပြောင် တောက်လောင်လျက်ရှိသော။ သဇောတိဘူတာယ = မီးတောက်မီးလျှံနှင့်တကွ ဖြစ်သော။ အယောသလာကာယ = သံချောင်းဖြင့်။ စက္ခုန္ဒြိယံ = သင်ချစ်သားတို့၏ စက္ခုန္ဒြေကို။ သမ္ပလိမဋ္ဌံ = ထိုးဖောက်လိုက်ခြင်းသည်ကား။ ဝရံ = မြတ်ပါသေး၏။ စက္ခုဝိညေယျေသု = စက္ခုဝိညာဏ်ဖြင့် သိမြင်အပ်ကုန်သော။ ရူပေသု = ရူပါရုံအမျိုးမျိုးတို့၌။ အနုဗျဉ္ဇနသော = အနုဗျဉ္ဇနသဘောအားဖြင့် (ဝါ) အသေးစိတ်ကိုယ်အင်္ဂါ အစိတ်အပိုင်းအားဖြင့်။ နိမိတ္တဂ္ဂါဟော = ယောက်ျား မိန်းမ လှမလှစသော အမှတ်နိမိတ်ကို စွဲယူခြင်းသည်ကား။ န တွေဝ ဝရံ = မမြတ်သည်သာတည်း။
ချစ်သားရဟန်းတို့ ...လောလောပူနေတဲ့ တပြောင်ပြောင် မီးဟုန်းဟုန်း တောက်နေတဲ့ မီးတောက်မီးလျှံနှင့် တကွဖြစ်နေတဲ့ လောလောပူနေတဲ့ သံချောင်းတစ်ချောင်း ရှိတယ်။ အဲဒီသံချောင်းဖြင့် သင်ချစ်သားတို့ရဲ့ မျက်လုံး အစုံကို ထိုးဖောက်လိုက်တာက မြတ်သေးတယ်။ ပက်လက်လှန်လိုက်နော်။ ပက်လက်လှန်ပြီးတဲ့ အချိန်အခါမှာ ဒီသံချောင်းနှစ်ချောင်းဖြင့် မျက်လုံးကို တစ်ခါတည်း ထုတ်ချင်းပေါက်သွားအောင် ဟိုမြေကြီးကို သံချောင်းဝင်သွားသည်အထိ ထိုးဖောက်လိုက်။ အဲဒီ ထိုးဖောက်လိုက်တာက မြတ်သေးတယ်။ ဒါပေမဲ့ ဘာက မမြတ်သလဲ? စက္ခုဝိညာဏ်ဖြင့် သိအပ်တဲ့ ရူပါရုံ အမျိုးမျိုးတွေ ရှိကြတယ်။ အဲဒီ ရူပါရုံအမျိုးမျိုးတွေအပေါ်၌ အနုဗျဉ္ဇနဂ္ဂါဟ နိမိတ္တဂ္ဂါဟ ခေါ်တဲ့ စွဲလမ်းချက်နှစ်မျိုးဖြင့် လှမ်းပြီး စွဲယူခြင်းက မမြတ်ဘူးတဲ့။ အနုဗျဉ္ဇနဂ္ဂါဟဆိုတာက မျက်လုံးက လှတယ်, မျက်ခုံးက လှတယ်, သွားက လှတယ်, ပါးက လှတယ် စသည်ဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုကို နှစ်သက် မြတ်နိုးတဲ့ စိတ်ထားဖြင့် လှမ်းပြီး စွဲယူခြင်းကို အနုဗျဉ္ဇနဂ္ဂါဟလို့ ခေါ်တယ်။ နိမိတ္တဂ္ဂါဟဆိုတာကတော့ ဒါက ယောက်ျား, ဒါက မိန်းမ, ဒါက သား, ဒါက သမီး, ဒါက အဖိုးကြီး, ဒါက အဖွားကြီး စသည်ဖြင့် တစ်ကိုယ်လုံးကို နှစ်သက်မြတ်နိုးတဲ့ စိတ်ထားဖြင့် လှမ်းပြီး စွဲယူတာကို နိမိတ္တဂ္ဂါဟလို့ ခေါ်ပါတယ်။ ကိုယ်အင်္ဂါအစိတ် အပိုင်းတစ်ခုအပေါ်မှာပဲ ဖြစ်စေ, တစ်ကိုယ်လုံးအပေါ်မှာပဲ ဖြစ်စေ, ယောက်ျား မိန်းမ လှမလှ စသည်ဖြင့် ဒီလိုစွဲယူတာဟာ မမြတ်ဘူးနော်။ ဘာဖြစ်လို့လဲ?
နိမိတ္တဿာဒဂထိတံ ဝါ ဘိက္ခဝေ ဝိညာဏံ တိဋ္ဌမာနံ တိဋ္ဌေယျ, အနုဗျဉ္ဇနဿာဒဂထိတံ ဝါ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဝိညာဏံ = သင်ချစ်သားတို့ရဲ့ သန္တာန်၌ နောင်တစ်ဖန် ဘဝသစ်ကို ဖြစ်စေနိုင်သည့် စွမ်းအားရှိသော ကမ္မဝိညာဏ်ဟု ခေါ်ဆိုအပ်သော စိတ်အစဉ်သည်။ တိဋ္ဌမာနံ = ဖြစ်ပေါ်တည်နေခဲ့သည်ရှိသော်။ တစ်နည်း --- တိဋ္ဌမာနံ = သင်ချစ်သားတို့ရဲ့ သန္တာန်၌ ဖြစ်ပေါ်တည်နေဆဲဖြစ်သော။ ဝိညာဏံ = နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေ အကျိုးကို ပေးခြင်းငှာ စွမ်းနိုင်သော ကမ္မဝိညာဏ်ဟု ခေါ်ဆိုအပ်သော စိတ်အစဉ်သည်။ နိမိတ္တဿာဒဂထိတံ ဝါ = ယောက်ျား မိန်းမ လှမလှ စသော အမှတ်နိမိတ်အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း။ တိဋ္ဌေယျ = ဖြစ်ပေါ်တည်နေလေရာ၏။ အနုဗျဉ္ဇနဿာဒဂထိတံ ဝါ = လက်ခြေအင်္ဂါ ပြုံးဟန် ရယ်ဟန် စသော အသေးစိတ် ကိုယ်အမူအရာအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း။ တိဋ္ဌေယျ= ဖြစ်ပေါ်တည်နေလေရာ၏။
ဒါက ယောက်ျားပဲ, ဒါက မိန်းမပဲ, ဒါက သား, ဒါက သမီး, ဒါက ဇနီး, ဒါက မြေး, ဒါက အဖိုးကြီး, ဒါက အဖွားကြီးစသည်ဖြင့် နှစ်သက်သာယာမှုဖြင့် ရစ်ပတ် နှောင်ဖွဲ့ပြီးတည်နေတဲ့ စိတ်အစဉ်နဲ့ လှမ်းပြီး စွဲယူလိုက်တယ်။ ဒါက တစ်ကိုယ်လုံးကို ခြုံငုံပြီးတော့ စွဲယူတဲ့ စွဲယူနည်းပဲ။ ဒီလို စွဲယူနည်းကိုတော့ နိမိတ္တဂ္ဂါဟလို့ ခေါ်ပါတယ်။ ဒါက မျက်နှာ, ဒါက မျက်လုံး, ဒါက မျက်ခုံး စသည်ဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုအပေါ်မှာလည်း နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့တဲ့ စိတ်အစဉ်ဖြင့် လှမ်းပြီးတော့ စွဲယူလိုက်တယ်။ ဒီလို စွဲယူနည်းကိုတော့ အနုဗျဉ္ဇနဂ္ဂါဟလို့ ခေါ်ပါတယ်။ ဒီလို စွဲယူလိုက်တဲ့ အချိန် အခါမှာ တစ်ကိုယ်လုံးအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေသော်လည်း ဖြစ်ချင်ဖြစ်မယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေသော်လည်း ဖြစ်ချင်ဖြစ်မယ်။ ထိုစိတ်အစဉ်သည် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေဆိုတဲ့ အကျိုးတရားကို ပေးနိုင်တဲ့ စွမ်းအား ရှိနေတဲ့ ကမ္မဝိညာဏ်လို့ခေါ်တဲ့ စိတ်အစဉ်ဖြစ်တယ်။ ဒီလိုဆိုရင် သားလေးကို ချစ်ခင်ကြည်နူးနေတဲ့ စိတ်ဓာတ်ဖြင့် တစိမ့်စိမ့် ကြည့်နေခြင်း, သမီးကို ချစ်ခင် ကြည်နူးတဲ့ စိတ်ဓာတ်ဖြင့် တစိမ့်စိမ့် ကြည့်နေခြင်းဟာဘာလုပ်နေတာလဲ? ကံတွေကို ထူထောင်နေတာပဲ။ အဖိုးကြီးကို တစိမ့်စိမ့်နဲ့ ကြည့်နေတယ်၊ အဖွားကြီးကို တစိမ့်စိမ့်နဲ့ ကြည့်နေတယ်၊ ဘာလုပ်တာလဲ? ကံတွေကို ထူထောင်နေတယ်နော်။ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ ကမ္မဝိညာဏ်ခေါ်တဲ့ စိတ်အစဉ်တွေကို ထူထောင်နေကြတယ်။ အဲဒီလို ထူထောင်လိုက်တော့ ဘာဖြစ်သလဲ?
တသ္မိဉ္စေ သမယေ ကာလံ ကရေယျ၊ ဌာနမေတံ ဝိဇ္ဇတိ, ယံ ဒွိန္နံ ဂတီနံ အညတရံ ဂတိံ ဂစ္ဆေယျ -- နိရယံ ဝါ တိရစ္ဆာနယောနိံ ဝါ။
တသ္မိံ သမယေ = ထိုကဲ့သို့သော နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသည့် ထိုအချိန်အခါမျိုး၌။ စေ ကာလံ ကရေယျ = အကယ်၍ များ သေသွားငြားအံ့။ ဧဝံ သတိ = ဤသို့ သေသွားခဲ့သည်ရှိသော်။ နိရယံ ဝါ = ငရဲမူလည်းဖြစ်သော။ တိရစ္ဆာနယောနိံ ဝါ = တိရစ္ဆာန်ယောနိမူလည်း ဖြစ်သော။ ဒွိန္နံ ဂတီနံ = နှစ်မျိုးသော ဂတိတို့တွင်။ ယံ အညတရံ ဂတိံ = အကြင်အမှတ်မထား တစ်ပါးပါးသော ဂတိသို့။ ဂစ္ဆေယျ = လားရောက်လေရာ၏။ ဧတံ ဌာနံ = ဤကဲ့သို့ ငရဲ တိရစ္ဆာန်ဟု ခေါ်ဆိုအပ်သော နှစ်မျိုးသော ဂတိတို့တွင် တစ်မျိုးမျိုးသော ဂတိသို့ လားရောက်ရခြင်းဟု ခေါ်ဆိုအပ်သော ဤအကြောင်းအရာမျိုးသည်။ ဝိဇ္ဇတိ = ထင်ရှားဧကန်ရှိသည် အမှန်သာလျှင်တည်း။
တစ်ကိုယ်လုံးအပေါ်မှာ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေဖြစ်နေတုန်း သို့မဟုတ် ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ် အစဉ်တွေ ဖြစ်နေတုန်း ဖြုန်းခနဲ သေသွားခဲ့မယ်ဆိုရင် ငရဲနဲ့တိရစ္ဆာန်နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်မယ်ဆိုတဲ့ ဒီအကြောင်းတရားသည် ထင်ရှားဧကန်ရှိနေတယ်။ အဲဒီလိုရှိနေတဲ့အတွက် မီးတဟုန်းဟုန်း တောက်လောင်နေတဲ့ လောလောပူနေတဲ့ မီးတောက်မီးလျှံနဲ့ တကွဖြစ်တဲ့ သံချောင်းဖြင့် သင်ချစ်သားတို့ရဲ့ သင်ချစ်သမီးတို့ရဲ့ မျက်လုံးအစုံကို ထိုးဖောက်လိုက်တာက မြတ်သေးတယ်။ ဒါကယောက်ျား, ဒါက မိန်းမ, ဒါက သား, ဒါက သမီး, ဒါက ဇနီး, ဒါက မြေး စသည်ဖြင့် တစ်ကိုယ်လုံးအပေါ်မှာ နှစ်သက်မြတ်နိုးမှုဖြင့် ဒီလို စွဲယူတာဟာ မမြတ်ဘူး။ ဒါက မျက်လုံး, ဒါက မျက်ခုံး စသည်ဖြင့် ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုအပေါ်၌ နှစ်သက်သာယာမှုဖြင့် လှမ်းပြီးစွဲယူလိုက်တာလည်း မမြတ်ဘူး။ စွဲယူခဲ့ရင် ဘာဖြစ်မလဲ? နှစ်သက်သာယာမှုဖြင့် ရစ်ပတ် နှောင်ဖွဲ့ပြီး တည်နေတဲ့ ထိုအချိန်အခါမှာ ဖြုန်းခနဲ ဘဝတစ်ခု အဆုံးသတ်ခဲ့ရရင် ဘယ်ရောက်မလဲ? ငရဲနဲ့ တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်မယ်ဆိုတဲ့ ဒီအကြောင်းတရားသည် ထင်ရှားဧကန် ရှိနေတယ်။ ဒီလိုဆိုရင် ဒကာကြီးတွေ မိမိတို့က နှစ်သက်မြတ်နိုးလို့ အိမ်ထောင်ရေးဆိုတဲ့ လောကတစ်ခုကို တည်ထောင်ဖန်တီးထားကြတာ ဖြစ်တယ်။ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ ထိုအချိန်အခါမှာ ဖြုန်းခနဲ သေခဲ့မယ်ဆိုရင် ငရဲနဲ့ တိရစ္ဆာန်ဘုံ နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်မယ်ဆိုရင် အိမ်ပြန်ဖို့ ကောင်းသေးလား? (ကောင်းတယ်) ဟန်ကျပြီ၊ ဒီလိုဆိုရင်နော် မကောင်းဘူးဆိုရင်တော့ ကဲ -မပြန်တော့ဘူးလား? ပြန်တော့ပြန်ဦးမယ်နော်။ အဲဒါပဲ ဒကာကြီးတွေ ကိုယ့်ကိုယ်ကို သနားသလား, မသနားဘူးလား? ဒါ ပြန်ဆန်းစစ်ကြည့်ဖို့ မလိုဘူးလား? လိုအပ်တယ်။ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်ဆိုတာက လောဘဦးဆောင်နေတဲ့စိတ်ပါ။ လောဘ ဦးဆောင်တဲ့စိတ် ဖြစ်ရုံတင်မဟုတ်ဘူး။ ဒေါသဦးဆောင်နေတဲ့ စိတ်တွေ, မောဟဦးဆောင်နေတဲ့ စိတ်တွေ ဘယ်အကုသိုလ်တရားမဆို အကုသိုလ်တရားတွေက မရဏာသန္နဇောရဲ့ နေရာကို ယူသွားပြီဆိုရင် ထိုပုဂ္ဂိုလ်သည် ကျိန်းသေ အပါယ်လေးဘုံ တစ်ဘုံဘုံ ရောက်တော့မယ်။ မိမိကိုယ်ကို မိမိ သနားမယ်ဆိုရင်တော့ ဒီနှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေ မဖြစ်အောင် ကြိုးစားအားထုတ်ဖို့ မလိုဘူးလား? လိုအပ်နေတယ်။ အကယ်၍ ဒီနှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေကို မွေးမြူရေးပြုလုပ်နေမယ်ဆိုရင် ဘာလုပ်နေတာလဲ အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတာပဲ။
ဣမံ ခွာဟံ ဘိက္ခဝေ အာဒီနဝံ ဒိသွာ ဧဝံ ဝဒါမိ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဣမံ အာဒီနဝံ = ဤကဲ့သို့သော အပြစ်ကို။ ဒိသွာ = တွေ့မြင်ရသည်ဖြစ်၍။ ဧဝံ ခေါ = ဤသို့လျှင်။ အဟံ = ငါဘုရားသည်။ ဝဒါမိ = ဟောကြားတော်မူခြင်း ဖြစ်ပါပေ၏။
ချစ်သားရဟန်းတို့ ... ဒီလို ငရဲနှင့် တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ သေသည်၏ အခြားမဲ့မှာ ရောက်ရှိနိုင်တယ်ဆိုတဲ့ ဒီအပြစ်ကို မြင်တော်မူတဲ့အတွက်ကြောင့် ငါဘုရားရှင်က ယခုလို ဟောပြတော်မူခြင်း ဖြစ်ပါတယ် --- တဲ့။ စဉ်းစားကြ - စဉ်းစားကြ၊ အချိန်ရှိခိုက် လုံ့လစိုက်လို့ ရနိုင်သေးတယ်။ ဒီနေရာမှာ ငရဲနှင့် တိရစ္ဆာန် ငရဲနှင့် တိရစ္ဆာန် ဟောနေတာ ကတော့ ဒါ ဘုန်းကြီးတို့ စာပေနယ်သုံး ဝေါဟာရနဲ့ ပြောရင်တော့ အာဒိဒီပကနည်းနဲ့ အန္တဒီပကနည်းလို့ ခေါ်ပါတယ်။ အပါယ်လေးဘုံမှာ အဆိုးဆုံးက ငရဲ၊ အပေါ့ဆုံးကတော့ တိရစ္ဆာန်။ အဆိုးဆုံးနဲ့ အပေါ့ဆုံးကို ပြောလိုက်ရင် အလယ်ခေါင်မှာ တည်ရှိနေတဲ့ ပြိတ္တာနဲ့ အသူရကာယ်လည်း အကျုံးဝင် မသွားဘူးလား? ဝင်သွားတယ်။ အစနဲ့အဆုံးကို သိမ်းကျုံးပြီး ဟောလိုက်တဲ့အတွက် အလယ်ခေါင် အကုန်လုံး ပါသွားတဲ့နည်းကို အာဒိဒီပကနည်း အန္တဒီပကနည်းလို့ ဒီလိုခေါ်ပါတယ်နော်။ ဒါကြောင့် လောဘ ဒေါသ မောဟ တစ်ခုခု ဦးဆောင်နေတဲ့ အကုသိုလ်တရားတွေက မရဏာသန္နဇောခေါ်တဲ့ သေခါနီး နောက်ဆုံး ဖြစ်သွားတဲ့ ဇောစိတ်အစဉ်နေရာကို ယူသွားခဲ့ရင်တော့ ငရဲလည်း ရောက်နိုင်တယ်၊ ပြိတ္တာလည်း ဖြစ်နိုင်တယ်၊ အသုရကာယ်ဘုံလည်း ရောက်နိုင်တယ်၊ တိရစ္ဆာန်လည်း ဖြစ်နိုင်တယ်လို့ ဆိုလိုပါတယ်။ နောက်တစ်ခု
သဒ္ဒါရုံအပေါ်၌ တွယ်တာမက်မောမှု
ဝရံ ဘိက္ခဝေ တိဏှေန အယောသင်္ကုနာ အာဒိတ္တေန သမ္ပဇ္ဇလိတေန သဇောတိဘူတေန သောတိန္ဒြိယံ သမ္ပလိမဋ္ဌံ၊ န တွေဝ သောတဝိညေယျေသု သဒ္ဒေသု အနုဗျဉ္ဇနသော နိမိတ္တဂ္ဂါဟော။
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ တိဏှေန = ထက်မြက်လှစွာသော။ အာဒိတ္တေန = ရဲရဲငြီးသော။ သမ္ပဇ္ဇလိတေန = အလျှံတပြောင်ပြောင် တောက်ပလျက်ရှိသော။ သဇောတိဘူတေန = မီးတောက်မီးလျှံနှင့် အတူတကွဖြစ်သော။ အယောသင်္ကုနာ = သံချွန်ဖြင့် (ဝါ) သံချွန်းဖြင့်။ သောတိန္ဒြိယံ = သောတိန္ဒြေကို။ သမ္ပလိမဋ္ဌံ = ထိုးဖောက်လိုက်ခြင်းသည်ကား။ ဝရံ = မြတ်သေး၏။ သောတဝိညေယျေသု = သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော။ သဒ္ဒေသု = သဒ္ဒါရုံအမျိုးမျိုးတို့၌။ အနုဗျဉ္ဇနသော = အသေးစိတ် ကိုယ်အမူအရာအားဖြင့်။ နိမိတ္တဂ္ဂါဟော = ယောက်ျား မိန်းမစသော အမှတ် နိမိတ်ကို စွဲယူခြင်းသည်။ န တွေဝ ဝရံ = မမြတ်သည်သာလျှင်တည်း။
အသံကလေးတစ်ခုကို ကြားလိုက်ပြီ။ အသံကလေးတစ်ခုကို ကြားလိုက်တဲ့ အချိန်အခါမှာ ဒါက သားပဲ, ဒါက သမီးပဲ, ဒါက ဇနီးပဲ, ဒါက မြေးပဲ, ဒါက အဖိုးကြီး, ဒါက အဖွားကြီးလို့ ဒီလို စွဲယူလိုက်ရင်လည်း မမြတ်ဘူးတဲ့။ ဒီအသံကတော့ သားရဲ့အသံနှင့် တူတယ်၊ ဒီအသံကတော့ သမီးရဲ့အသံနှင့် တူတယ်၊ ဒီအသံကတော့ အဖိုးကြီးအသံနှင့် တူတယ်၊ ဒီအသံကတော့ အဖွားကြီးအသံနှင့် တူတယ် --- စသည်ဖြင့် ဒီလို စွဲယူလိုက်ရင်လည်း မတော်ဘူးတဲ့။ အေး - ဒီအသံကလေးကတော့ ဘာသံပဲစသည်ဖြင့် အသံနဲ့ ပတ်သက်ပြီးတော့ ကိုယ်အင်္ဂါအစိတ်အပိုင်းကလေးတစ်ခုကို နှစ်သက် သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်ဖြင့် လှမ်းပြီး စွဲယူတယ်။ ဟာ - ဒါက မျက်လုံးပဲ၊ ဒီအသံပိုင်ရှင်အထိ ကိုယ်က သွားပြီးတော့ ဒီအသံပိုင်ရှင်ရဲ့ မျက်လုံးက ဘယ်လိုနေတယ်။ ပါးစပ်အနေအထားက ဘယ်လိုနေတယ် စသည်ဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုအပေါ်မှာ လှမ်းပြီးတော့ စွဲယူလိုက်တယ်။ အဲဒီလို စွဲယူတာက မမြတ်ဘူး။ ဘာဖြစ်လို့လဲ?
နိမိတ္တဿာဒဂထိတံ ဝါ ဘိက္ခဝေ ဝိညာဏံ တိဋ္ဌမာနံ တိဋ္ဌေယျ, အနုဗျဉ္ဇနဿာဒဂထိတံ ဝါ၊
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ဧဝံ သတိ = ဤသို့ စွဲယူခဲ့သည်ရှိသော်။ တိဋ္ဌမာနံ = သင်ချစ်သားတို့ရဲ့သန္တာန်၌ ဖြစ်ပေါ်တည်နေဆဲဖြစ်သော။ ဝိညာဏံ = နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးခြင်းငှာ စွမ်းနိုင်သော ကမ္မဝိညာဏ်ဟုခေါ်ဆိုအပ်သော စိတ်အစဉ်သည်။ နိမိတ္တဿာဒဂထိတံ ဝါ= ယောက်ျား မိန်းမအစရှိသော အမှတ်နိမိတ်အပါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း။ တိဋ္ဌေယျ = ဖြစ်ပေါ်တည်နေလေရာ၏။ အနုဗျဉ္ဇနဿာဒဂထိတံ ဝါ = လက်ခြေ အစရှိသော ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း။ တိဋ္ဌေယျ= ဖြစ်ပေါ်တည်နေလေရာ၏။
အသံကလေးတစ်ခု ကြားလိုက်ပြီ။ အသံကြားလိုက်တဲ့ အချိန်အခါမှာ ဒါက ယောက်ျား, ဒါက မိန်းမ စသည်ဖြင့် စွဲယူတယ်။ ဒါက အဖိုးကြီး, ဒါက အဖွားကြီး, ဒါက သားပဲ, ဒါက သမီးပဲ, သားပြန်လာပြီ, သမီးပြန်လာပြီ, ဒါက အဆိုကျော် ဘယ်သူပဲ စသည်ဖြင့် ဒီလို စွဲယူလိုက်တယ်။ အဲဒီလို စွဲယူခဲ့ရင် တစ်ကိုယ်လုံးအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီးတည်နေတဲ့ စိတ်အစဉ်တွေသော်လည်း ထိုအချိန်အခါမှာ ဖြစ်ချင်ဖြစ်မယ်။ ဟာ - ဒါက မျက်လုံးလေး, ဒါက မျက်ခုံးစသည်ဖြင့် ဒီလိုအသံပိုင်ရှင်ရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုခုအပေါ်ကို လှမ်းပြီး စွဲယူလိုက်ခဲ့ရင်လည်း မိမိ လှမ်းပြီး စွဲယူလိုက်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုအပေါ်၌ နှစ်သက် သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေသော်လည်း ဖြစ်ချင်ဖြစ်နေမယ်။ ထိုစိတ်အစဉ်သည် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေ အကျိုးကိုပေးခြင်းငှာ စွမ်းနိုင်တဲ့ ကမ္မဝိညာဏ်လို့ခေါ်ဆိုအပ်တဲ့ စိတ်အစဉ် ဖြစ်ပါတယ်။ အဲဒီစိတ်အစဉ်ဖြစ်တော့ ဘာဖြစ်သလဲ?
တသ္မိဉ္စေ သမယေ ကာလင်္ကရေယျ၊ ဌာနမေတံ ဝိဇ္ဇတိ, ယံ ဒွိန္နံ ဂတီနံ အညတရံ ဂတိံ ဂစ္ဆေယျေ -- နိရယံ ဝါ တိရစ္ဆာနယောနိံ ဝါ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ တသ္မိံ သမယေ = ထိုကဲ့သို့ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော ထိုအချိန်အခါမျိုး၌။ စေ ကာလံ ကရေယျ = အကယ်၍များ သေသွားငြားအံ့။ ဧဝံ သတိ = ဤသို့ သေသွားခဲ့သည်ရှိသော်။ နိရယံ ဝါ = ငရဲမူလည်းဖြစ်သော။ တိရစ္ဆာနယောနိံ ဝါ = တိရစ္ဆာန်ယောနိမူလည်းဖြစ်သော။ ဒွိန္နံ ဂတီနံ = နှစ်မျိုးသောဂတိတို့တွင်။ ယံ အညတရံ ဂတိံ = အကြင်အမှတ်မထား တစ်ပါးပါးသောဂတိသို့။ ဂစ္ဆေယျ = လားရောက်လေရာ၏။ ဧတံ ဌာနံ = ဤငရဲတိရစ္ဆာန်ဟု ခေါ်ဆိုအပ်သော နှစ်မျိုးသော ဂတိတို့တွင် တစ်မျိုးမျိုးသောဂတိသို့ လားရောက်ရခြင်းဟု ခေါ်ဆိုအပ်သော ဤအကြောင်းအရာမျိုးဖြစ်သည်။ ဝိဇ္ဇတိ = ထင်ရှားဧကန်ရှိသည် အမှန်သာလျှင်တည်း။
နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ ထိုအချိန်အခါမှာ ဖြုန်းခနဲ သေခဲ့ရင် ငရဲနဲ့ တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်ရှိမယ်ဆိုတဲ့ ဒီအကြောင်းတရားသည် ထင်ရှားဧကန် ရှိနေတယ်။ ဒီလို ဆိုလို့ရှိရင် အသံကလေးတစ်ခု ကြားလိုက်တဲ့ အချိန်အခါမှာလည်း အပါယ်လေးဘုံရောက်ကြောင်းဖြစ်တဲ့ အကုသိုလ်ကံတွေကို ထူထောင်ပြီး ဖြစ်မသွားနိုင်ဘူးလား? ဖြစ်သွားနိုင်တယ်။ ဘယ်အချိန်အခါမှာလဲ? ယောနိသော မနသိကာရခေါ်တဲ့ နည်းမှန်လမ်းမှန် နှလုံးသွင်းမှုဓာတ်ခံ မရှိခဲ့လို့ ဒါက ယောက်ျား, ဒါက မိန်းမ, ဒါက သား, ဒါက သမီး, ဒါက ဇနီး, ဒါက မြေး စသည်ဖြင့် အသံပိုင်ရှင်ကို ဒီလို စွဲယူခဲ့မယ်, ဒါကမျက်လုံး ဒါကမျက်ခုံး စသည်ဖြင့် အသံပိုင်ရှင်ကို ဒီလို စွဲယူခဲ့မယ်ဆိုရင် ယောနိသောမနသိကာရ မဖြစ်တော့ဘူး၊ ယောနိသောမနသိကာရမဖြစ်တဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ အပါယ်ရောက်ကြောင်းဖြစ်တဲ့ အကုသိုလ်ကံတွေကို ဆည်းပူးအားထုတ်ပြီး ဖြစ်မသွားဘူးလား? ဖြစ်သွားတယ်။ ဒါဟာ ဒကာကြီးတွေ ဒကာမကြီးတွေ တရားနာနေတဲ့ ပရိသတ်တွေ နေ့စဉ်နေ့စဉ် တွေ့ကြုံနေရတဲ့ အတွေ့အကြုံတွေ မဟုတ်ဘူးလား? ဟုတ်နေတယ်။
ဣမံ ခွာဟံ ဘိက္ခဝေ အာဒီနဝံ ဒိသွာ ဧဝံ ဝဒါမိ။
= ချစ်သားရဟန်းတို့ ...ဒီလိုအပြစ်တွေကို တွေ့မြင်ရလို့ ငါဘုရားရှင်က ခုလို ဟောတော်မူခြင်း ဖြစ်ပါတယ်။
နောက်တစ်ခု --- မြတ်စွာဘုရားက သဒ္ဒါရုံလိုင်း = အသံနဲ့ ပတ်သက်လို့ ဟောတော်မူပြီးတဲ့အခါ အနံ့နဲ့ပတ်သက်လို့ မြတ်စွာဘုရားက ဆက်ဟောတော်မူပြန်တယ်။ ဘယ်လိုလဲ?
ဂန္ဓာရုံအပေါ်၌ တွယ်တာမက်မောမှု
ဝရံ ဘိက္ခဝေ တိဏှေန နခစ္ဆေဒနေန အာဒိတ္တေန သမ္ပဇ္ဇလိတေန သဇောတိဘူတေန ဃာနိန္ဒြိယံ သမ္ပလိမဋ္ဌံ၊ န တွေဝ ဃာနဝိညေယျေသု ဂန္ဓေသု အနုဗျဉ္ဇနသော နိမိတ္တဂ္ဂါဟော။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ အာဒိတ္တေန = ရဲရဲငြီးသော။ သမ္ပဇ္ဇလိတေန = အလျှံပြောင်ပြောင် တောက်ပလျက်ရှိသော။ သဇောတိဘူတေန = မီးတောက်မီးလျှံနှင့်တကွ ဖြစ်သော။ တိဏှေန = ထက်လှစွာသော။ နခစ္ဆေဒနေန = လက်သည်းလှီးဓားငယ်ဖြင့်။ ဃာနိန္ဒြိယံ = နှာခေါင်းကို။ သမ္ပလိမဋ္ဌံ = ထိုးဖောက်လိုက်ခြင်းသည်ကား။ ဝရံ = မြတ်သေး၏။ ဃာနဝိညေယျေသု = ဃာနဝိညာဏ်ဖြင့် သိရှိအပ်ကုန်သော။ ဂန္ဓေသု = အနံ့ဂန္ဓာရုံအမျိုးမျိုးတို့အပေါ်၌။ အနုဗျနဉ္ဇနသော = လက်ခြေစသော အမှတ်နိမိတ်အားဖြင့်။ နိမိတ္တဂ္ဂါဟော = ယောက်ျား မိန်းမ လှမလှစသော အမှတ်နိမိတ်ကို စွဲယူလိုက်ခြင်းသည်ကား။ န တွေဝ ဝရံ = မမြတ်သည်သာလျှင်တည်း။
အနံ့တစ်ခုရပြီ၊ အနံ့တစ်ခု ရလိုက်တဲ့အချိန်အခါမှာ အနံ့တင် ရပ်တည်ပြီး မနေဘူး။ အနံ့ပိုင်ရှင်တွေအထိ စိတ်ကရောက်သွားကာ ဒါက သားပဲ, ဒါက သမီးပဲ, ဒါက ယောက်ျား, ဒါက မိန်းမ, ဒါက အဖိုးကြီး, ဒါက အဖွားကြီး, ဒါက မြေး စသည်ဖြင့် ဒီလို လှမ်းပြီး စွဲယူတယ်။ သို့မဟုတ် ဒါက ပါးလေးပဲ, ဒါက မျက်လုံးလေးပဲ, ဒါက မျက်ခုံးလေးပဲ စသည်ဖြင့် သွားပြီးတော့ စွဲယူလိုက်တယ်။ အဲဒီလို စွဲယူတာက မြတ်သလား? မမြတ်ဘူးတဲ့နော်။ မီးတဟုန်းဟုန်းတောက်လောင်နေတဲ့ မီးတောက်မီးလျှံနှင့် တကွဖြစ်တဲ့ လက်သည်းလှီးဓားငယ်ဖြင့် ဒီနှာခေါင်းကို အထဲသွင်းပြီးတော့ ထိုးပြီး ကလိပြီးတော့ ဖြတ်ပစ်လိုက်တာ ဖောက်ပစ်လိုက်တာက မြတ်သေးတယ်။ ဘာဖြစ်လို့လဲ?
နိမိတ္တဿာဒဂထိတံ ဝါ ဘိက္ခဝေ ဝိညာဏံ တိဋ္ဌမာနံ တိဋ္ဌေယျ၊ အနု ဗျဉ္ဇနဿာဒဂထိတံ ဝါ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ တသ္မိံ သမယေ = ထိုကဲ့သို့သော အချိန် အခါကာလမျိုး၌။ တိဋ္ဌမာနံ = သင်ချစ်သားတို့ရဲ့သန္တာန်၌ ဖြစ်ပေါ်တည်နေဆဲဖြစ်သော။ ဝိညာဏံ = နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးခြင်းငှာ စွမ်းနိုင်သော ကမ္မဝိညာဏ်ဟု ခေါ်ဆိုအပ်သော စိတ်အစဉ်ဖြစ်သည်။ နိမိတ္တဿာဒဂထိတံ ဝါ = ယောက်ျား, မိန်းမ လှမလှစသော အမှတ်နိမိတ် အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း။ တိဋ္ဌေယျ = ဖြစ်ပေါ်တည်နေလေရာ၏။ အနုဗျဉ္ဇနဿာဒဂထိတံ ဝါ = လက်ခြေသဏ္ဌာန် အစရှိသော အသေးစိတ် ကိုယ်အမူအရာအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း။ တိဋ္ဌေယျ = ဖြစ်ပေါ်တည်နေလေရာ၏။
ဒါက ယောက်ျား, ဒါက မိန်းမ, ဒါက သား, ဒါကသမီး, ဒါကဇနီး, ဒါက မြေး စသည်ဖြင့် လှမ်းပြီး စွဲယူခဲ့ရင် ထိုယောက်ျား, မိန်းမ, ဇနီး, မြေး အစရှိတဲ့ ပုဂ္ဂိုလ်တို့အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေသော်လည်း ဖြစ်ချင်ဖြစ်မယ်။ သို့မဟုတ် ဒါက ပါး, ဒါက မျက်လုံး, ဒါက မျက်ခုံး စသည်ဖြင့် ဒီလို လှမ်းပြီးစွဲယူခဲ့ရင် ထိုကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ် နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေသော်လည်း ဖြစ်ချင်ဖြစ်နေမယ်။ ဖြစ်ခဲ့တော့ ဘာဖြစ်သလဲ?
တသ္မိဉ္စေ သမယေ ကာလံ ကရေယျ၊ ဌာနမေတံ ဝိဇ္ဇတိ, ယံ ဒွိန္နံ ဂတီနံ အညတရံ ဂတိံ ဂစ္ဆေယျ -- နိရယံ ဝါ တိရစ္ဆာနယောနိံ ဝါ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ တသ္မိံ သမယေ = ထိုကဲ့သို့သော နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော ထိုအချိန်အခါမျိုး၌။ စေ ကာလံ ကရေယျ = အကယ်၍များသေသွားငြားအံ့။ ဧဝံ သတိ = ဤသို့ သေသွားခဲ့သည်ရှိသော်။ နိရယံ ဝါ = ငရဲမူလည်းဖြစ်သော။ တိရစ္ဆာန ယောနိံ ဝါ = တိရစ္ဆာနယောနိမူလည်းဖြစ်သော။ ဒွိန္နံ ဂတီနံ = နှစ်မျိုးသောဂတိတို့တွင်။ ယံ အညတရံ ဂတိံ = အကြင်အမှတ်မထား တစ်ပါးပါးသောဂတိသို့။ ဂစ္ဆေယျ = လားရောက်လေရာ၏။ ဧတံ ဌာနံ = ဤငရဲတိရစ္ဆာန်ဟုခေါ်ဆိုအပ်သော နှစ်မျိုးသောဂတိတို့တွင် တစ်မျိုးမျိုးသော ဂတိသို့ လားရောက်ရခြင်းဟု ခေါ်ဆိုအပ်သော ဤအကြောင်းအရာမျိုးဖြစ်သည်။ ဝိဇ္ဇတိ = ထင်ရှားဧကန်ရှိသည် အမှန်သာတည်း။
ဒီလိုနှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ အချိန်အခါမှာ ဖြုန်းခနဲသေခဲ့ရင် ငရဲနဲ့တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်ရှိမယ်ဆိုတဲ့ ဒီအကြောင်းတရားသည် ထင်ရှားဧကန် ရှိနေတယ်။
ဣမံ ခွာဟံ ဘိက္ခဝေ အာဒီနဝံ ဒိသွာ ဧဝံ ဝဒါမိ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ဣမံ ခေါ အာဒီနဝံ= ဤကဲ့သို့ အပါယ်သို့ ရောက်နိုင်ခြင်းတည်းဟူသော အပြစ်ကို။ ဒိသွာ = ငါဘုရား သိမြင်ရသည် ဖြစ်၍။ ဧဝံ = ဤသို့လျှင်။ အဟံ = ငါဘုရားသည်။ ဝဒါမိ = ဟောကြားတော်မူခြင်းဖြစ်ပေ၏။
မီးဟုန်းဟုန်းတောက်နေတဲ့ ထက်လှစွာသော လက်သည်းလှီးဓားငယ်ဖြင့် သင်ချစ်သားတို့ရဲ့ နှာခေါင်းကို ထိုးဖြတ်တာက မြတ်သေးတယ်။ ဒီလို လှမ်းပြီး ယောက်ျား, မိန်းမ စသည်ဖြင့် စွဲယူခြင်း, မျက်လုံး, မျက်ခုံး စသည်ဖြင့် လှမ်းပြီးစွဲယူခြင်းက မမြတ်ဘူးလို့ ငါဘုရားဟောတာဟာ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ ထိုအချိန်အခါမှာ ဖြုန်းခနဲ သေခဲ့မယ် ဆိုရင် အပါယ်လေးဘုံကို ရောက်နိုင်တယ်ဆိုတဲ့ ဒီသဘောတရား ဒီအပြစ်ကြီးကို ငါဘုရား မြင်နေတဲ့အတွက်ကြောင့် ဒီလို ဟောတာပါ။ နည်းနည်းလေး စဉ်းစားကြည့်ကြနော်။ ငရဲမှာခံရမယ့် ဆင်းရဲဒုက္ခနဲ့ လက်သည်းလှီးဓားငယ်နဲ့ နှာခေါင်းကို အဖြတ်ခံရမယ့်ဒုက္ခ ဘယ်ဒင်းကပိုပြီး ကြီးကျယ်မလဲ? ငရဲမှာ ခံရမယ့် ဒုက္ခတွေက သိပ်ပြီးတော့ကြီးကျယ်တယ်။ ဒီလို ကြီးကျယ်တယ်ဆိုရင် နေ့စဉ်နေ့စဉ် မိမိတို့ဟာ ငရဲရောက်ကြောင်းဖြစ်နေတဲ့ ကံတွေကို ထူထောင်နေတယ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်နော်။ နောက်တစ်ခု --- မြတ်စွာဘုရားက ဆက်ဟောတော်မူပြန်ပြီ။
ရသာရုံအပေါ်၌ တွယ်တာမက်မောမှု
ဝရံ ဘိက္ခဝေ တိဏှေန ခုရေန အာဒိတ္တေန သမ္ပဇ္ဇလိတေန သဇောတိဘူတေန ဇိဝှိန္ဒြိယံ သမ္ပလိမဋ္ဌံ၊ န တွေဝ ဇိဝှါဝိညေယျေသု ရသေသု အနုဗျဉ္ဇနသော နိမိတ္တဂ္ဂါဟော။
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ အာဒိတ္တေန =ရဲရဲငြီးသော။ သမ္ပဇ္ဇလိတေန = အလျှံတပြောင်ပြောင် တောက်ပလျက်ရှိသော။ သဇောတိဘူတေန = မီးတောက်မီးလျှံနှင့် တကွဖြစ်သော။ တိဏှေန =ထက်မြက်လှစွာသော။ ခုရေန = သင်တုန်းဓားငယ်ဖြင့်။ ဇိဝှိန္ဒြိယံ = သင်ချစ်သားတို့ရဲ့ လျှာကို။ သမ္ပလိမဋ္ဌံ = ထိုးဖြတ်လိုက်ခြင်းသည်ကား။ ဝရံ = မြတ်ပါသေး၏။ ဇိဝှါဝိညေယျေသု= ဇိဝှါဝိညာဏ်ဖြင့် သိရှိအပ်ကုန်သော။ ရသေသု= ရသာရုံ အမျိုးမျိုးတို့အပေါ်၌။ အနုဗျဉ္ဇနသော = အသေးစိတ်ကိုယ်အမူအရာအားဖြင့်။ နိမိတ္တဂ္ဂါဟော = ယောက်ျား မိန်းမစသည်ဖြင့် အမှတ်နိမိတ်တို့ကို စွဲယူလိုက်ခြင်းသည်။ န တွေဝ ဝရံ = မမြတ်သည်သာလျှင်တည်း။
မီးတဟုန်းဟုန်း တောက်လောင်နေတဲ့ မီးတောက်မီးလျှံနှင့် တကွဖြစ်တဲ့ အင်မတန်ပူလောင်နေတဲ့ ထက်လှစွာသော သင်တုန်းဓားငယ်တစ်ခုဖြင့် သင်ချစ်သားတို့ရဲ့လျှာကို ဖြတ်ပစ်လိုက်တာက မြတ်သေးတယ်။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်တဲ့ ရသာရုံတွေ ရှိကြတယ်။ အဲဒီ ရသာရုံအမျိုးမျိုးတို့ အပေါ်၌ အနုဗျဉ္ဇနဂ္ဂါဟ, နိမိတ္တဂ္ဂါဟဆိုတဲ့ နှစ်မျိုးသော အမှတ်နိမိတ်တို့ကို စွဲယူခြင်းက မမြတ်ဘူး။ အရသာတစ်ခု စားပြီဆိုကြစို့နော်။ ဒါက အသည်းလေးပဲ, ဒါက အမြစ်ကလေးပဲ ဒီလို စွဲယူခဲ့မယ်ဆိုလို့ရှိရင် အနုဗျဉ္ဇနဂ္ဂါဟလို့ခေါ်တယ်။ အေး ဒါက ကြက်သား ဒါက ဝက်သား, ဒါက ငါး, ဒါက အာလူး, ဒါက ပဲစသည်ဖြင့် ဒီလို စွဲယူခဲ့မယ် ဆိုရင်တော့ ဘာခေါ်သလဲ? နိမိတ္တဂ္ဂါဟလို့ ခေါ်ပါတယ်။ အဲဒီလို အနုဗျဉ္ဇနဂ္ဂါဟ, နိမိတ္တဂ္ဂါဟခေါ်တဲ့ နှစ်မျိုးသော စွဲယူခြင်းဖြင့် သို့မဟုတ် တစ်မျိုးမျိုးသော စွဲယူခြင်းဖြင့် လှမ်းပြီး စွဲယူလိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်သလဲ?
နိမိတ္တဿာဒဂထိတံ ဝါ ဘိက္ခဝေ ဝိညာဏံ တိဋ္ဌမာနံ တိဋ္ဌေယျ၊ အနုဗျဉ္ဇနဿာဒဂထိတံ ဝါ၊
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ တိဋ္ဌမာနံ = သင်ချစ်သားတို့၏ သန္တာန်၌ ဖြစ်ပေါ်တည်နေဆဲဖြစ်သော။ ဝိညာဏံ = နောင်တစ်ဖန်ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးခြင်းငှာ စွမ်းနိုင်သော ကမ္မဝိညာဏ်ဟုခေါ်ဆိုအပ်သော စိတ်အစဉ်ဖြစ်သည်။ နိမိတ္တဿာဒဂထိတံ ဝါ = ယောက်ျား, မိန်းမ, ကြက်သား ဝက်သား အစရှိသော အမှတ်နိမိတ်အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း။ တိဋ္ဌေယျ = ဖြစ်ပေါ်တည်နေလေရာ၏။ အနုဗျဉ္ဇနဿာဒဂထိတံ ဝါ = အသည်းအမြစ်စသော အသေးစိတ် ခန္ဓာကိုယ်အစိတ်အပိုင်းအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ် နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည် သော်မူလည်း။ တိဋ္ဌေယျ = ဖြစ်ပေါ်တည်နေလေရာ၏။
အေး ... ဒါက ကြက်သား, ဒါက ဝက်သား, ဒါက အာလူး, ဒါက ပဲ စသည်ဖြင့် စွဲယူခဲ့ရင် ဒီ ကြက်, ဝက်, အာလူး, ပဲတို့အပေါ်၌ နှစ်သက် သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့စိတ်အစဉ်တွေသည်သော်လည်း ဖြစ်ချင်ဖြစ်လိမ့်မည်။ ဒါက အသည်း, ဒါက အမြစ်, ဒါက အဆုတ် စသည်ဖြင့် ဒါက အရိုး စသည်ဖြင့် လှမ်းပြီး စွဲယူခဲ့ရင်လည်း ထို အသည်း, အမြစ်, အဆုတ်စတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေသော်လည်း ဖြစ်ချင်ဖြစ်မယ်။ ဟုတ်သလား မဟုတ်ဘူးလား? စဉ်းစားကြည့်နော်။ အဲဒီလို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ ဒီစိတ်အစဉ်တွေ ဖြစ်နေတာက ဘာလုပ်တာလဲလို့မေးတော့ ကမ္မဝိညာဏ်ခေါ်တဲ့ နောင်တတစ်ဖန် ဘဝအသစ်၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်တဲ့စွမ်းအား ရှိတဲ့ကံတွေကို ထူထောင်နေတာပဲနော်။ အဲဒီ ကံတွေက တစ်ချိန် အကျိုးပေးတော့မယ်နော်။ ဒီတော့ နည်းနည်းကလေးတော့ စဉ်းစားကြည့်ပါ။ ဘုန်းကြီး အစွဲအလမ်းကြီးလို့ ပြောနေတာတော့ မဟုတ်ဘူးနော်။ လက်တွေ့ များသောအားဖြင့် ဖြစ်ပေါ်နေတဲ့ ပြဿနာ ကလေးတွေပါ။
ဘုန်းကြီး ဒူးယားတောထဲ နေစဉ်အချိန်ခါတုန်းက ဒူးယားက ဒကာကြီးတွေက လျှောက်ထားဖူးတယ်။ ဆရာတော် ... တပည့်တော်က ဒူးယားမှာ အလှူတာဝန်တစ်ခုနဲ့ ပတ်သက်ပြီးတော့ ကျောင်းဒါယကာ အများစုကနေပြီးတော့ တပည့်တော်အပေါ်မှာ ယုံကြည်စိတ်ချတဲ့အတွက် အပြစ်လွတ်ကင်းအောင် ဆိုပြီးတော့ ခုံတင်သား အရှာခိုင်းတယ်။ သူက သီလမြဲတဲ့ပုဂ္ဂိုလ် ဖြစ်နေတယ်။ ကိုယ်ကျင့်သီလမြဲတဲ့ပုဂ္ဂိုလ် အကျင့်စာရိတ္တကောင်းမွန်တဲ့ ပုဂ္ဂိုလ် ဖြစ်ခြင်းကြောင့် ကျောင်းဒါယကာကြီးတွေ အများစုကလည်း ဒီအလှူပွဲကြီးမှာ အကြီးအကျယ် လှူရမယ့် အလှူပွဲဖြစ်နေခြင်းကြောင့် အပ်အပ်စပ်စပ် အပြစ်အနာအဆာ ကင်းရှင်းနေတဲ့ အသား ရရှိရန်အတွက် သူ့ကို တာဝန်ပေးကြတယ်။ တာဝန်ပေးလိုက်တဲ့ အချိန်အခါကျတော့ ရွာကလည်း အိမ်ခြေ (၁၀၀၀)ကျော်ရှိတဲ့ရွာ ဖြစ်တယ်။ ကျောင်းကလည်း တစ်ကျောင်းတည်း ရှိတယ်။ ဒီလို ကြီးကျယ်တဲ့ အလှူပွဲကြီးတစ်ခု ကျင်းပပြီဆိုရင် ဒီရွာသူ ရွာသားတွေတင်သာမက တခြားတခြား နီးစပ်ရာဖြစ်တဲ့ ရွာသူ ရွာသားတွေကလည်း လာပြီးတော့ အလှူအတန်းမှာ စားကြသောက်ကြတယ်။ နီးစပ်ရာ ကျောင်းတွေမှာရှိတဲ့ သံဃာတော်တွေကိုလည်း အားလုံး ပင့်ဖိတ်ကြပါတယ်။ ဒီလို ပင့်ဖိတ်တဲ့ အလှူအတန်းပွဲတွေမှာ သူတို့ဘက်ကလည်း ခုံတင်သား မဟုတ်လို့ ပံသုကူအသား မဟုတ်ခဲ့ဘူးဆိုရင် အပြစ် ရှိတယ်ဆိုတဲ့ ဒီအသိဉာဏ်လေးကလည်း သူတို့မှာ ရှိနေကြတယ်။ ရှိနေကြခြင်းကြောင့် အပြစ် လွတ်ကင်းနေတဲ့ အသားကို ဒီမှာ ကျွေးချင်ကြတယ်။ အထူးသဖြင့် ဝက်သား ကျွေးမယ်ပေါ့။ ဒီတော့ ဝက်ကို အချိန်လေးရာကျော်လောက် လိုနေတယ်။အချိန်လေးရာ ကျော်လောက် လိုတဲ့အချိန်အခါကျတော့ ဒီဒကာကို တာဝန် ပေးလိုက်တော့ သူကလည်း ထောက်လှမ်းရေးက ခပ်ကောင်းကောင်းဆိုတော့ လှမ်းပြီး ထောက်လှမ်းလိုက်တာ ဘယ်မှာရမလဲ? ရေးမှာလည်း မရနိုင်ဘူး။ သံဖြူဇရပ်မှာလည်း မရနိုင်ဘူး။ ကမာဝက်မှာ ရနိုင်တယ်ဆိုတဲ့ ဒီသတင်း သူက ကြားပြီ။ ကြားလိုက်တဲ့ အချိန်အခါကျတော့ ရထားနဲ့ သွားလိုက်တယ်။ အိမ်တစ်အိမ်မှာ ဝင်တည်းလိုက်တယ်။ မိတ်ဆွေအိမ်တစ်အိမ် ဝင်တည်းလိုက်တဲ့ အချိန်အခါကျတော့ သူ့မိတ်ဆွေအိမ်ကနေပြီးတော့ မေးတယ်။ ဘာလာလုပ်သလဲ? ဘာကိစ္စရှိသလဲ? မအပ်မရာတွေ ဖြစ်မှာစိုးတဲ့အတွက် ဟို - ကိစ္စတစ်ခုရှိလို့ လာတယ်လို့ပဲ ပြောလိုက်တယ်။ ဘာကိစ္စလို့ မပြောလိုက်ဘူး။ ဝက်ကို စီမံနေတဲ့ပုဂ္ဂိုလ်တွေကို သတင်းပို့လိုက်မှာစိုးလို့ ဘာမှ မပြောဘူး။ မနက်လေးနာရီလည်းတီး အုန်းမောင်းလည်းခေါက်ကော မြင်းလှည်းတစ်စီး ငှားပြီးတော့ အဲဒီ ဝက်ရနိုင်တဲ့ နေရာကို သွားတယ်။ သွားလိုက်တဲ့ အချိန်အခါကျတော့ ဟိုမှာ ဝက်စီမံဖန်တီးနေတဲ့ ပုဂ္ဂိုလ်တွေကလည်း အကျိုးအကြောင်း မေးလိုက်တဲ့အခါ အလိုရှိသလောက် ရပါတယ်။ အချိန်လေးရာကျော်ရတယ်။ အားလုံးအသင့်ပဲတဲ့ အားလုံး ချိန်တွယ်ပြီးပြီ။ ချိန်တွယ်လည်းပြီးရော တပည့်တော် တော်တော်စိတ်မကောင်း ဖြစ်သွားတယ်တဲ့။ ဘာဖြစ်လို့လဲ၊ သူတို့က ဒီအချိန်လေးရာကျော်ကို ဒီရွာမှာ ရောင်းဖို့ရန် စီစဉ်ထားပြီး ဖြစ်နေတယ်။ စီစဉ်ထားပြီးဖြစ်တော့ တပည့်တော်က အချိန်လေးရာကျော်ကို အကုန်ယူလိုက်တော့ နောက်ထပ် ရွာမှာပဲ ထပ်ပြီး ရောင်းဖို့ရန်အတွက် အသစ်တွေ တပည့်တော် ရှေ့မှာ သတ်လိုက်တာဘုရား။ တစ်ပုံကြီး တပည့် တော် တွေ့ခဲ့ရတယ်။ အဲဒါကြောင့် တပည့်တော် ဒီနေ့ကနေ စပြီးတော့ ဒီလိုတာဝန်ကို နောက်ထပ် ဘယ်တော့မှ မထမ်းဆောင်တော့ဘူး ဆိုပြီးတော့ ဒီလို စိတ်ဆုံးဖြတ်ချက် ချလိုက်တယ်။ ဘယ့်နှယ်တုန်း အဲဒီ အတွေ့ အကြုံဟာ ဟုတ်သလား, မဟုတ်ဘူးလား? ဟုတ်နေတယ်နော်။ ဒကာကြီးတွေ ဒါ စဉ်းစားကြ။ ဒါ အစွဲအလမ်းကြီးလို့ပြောတာ မဟုတ်ပါဘူး။ ဒီလိုသတ်ဖြတ်ပြီးတော့ စားနေတယ်ဆိုတာက ဒီအသားငါးတွေအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေ ဖြစ်နိုင် မဖြစ်နိုင်ကိုတော့ နည်းနည်း စဉ်းစားကြနော်။ အကယ်၍ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ ဒီစိတ်အစဉ်တွေ ဖြစ်နေခဲ့မယ်ဆိုရင် ဒီစိတ်အစဉ်တွေက ဘာတွေလဲ? နောင်တစ်ချိန်ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်တဲ့ စွမ်းအားရှိနေတဲ့ ကမ္မဝိညာဏ်လို့ခေါ်တဲ့ စိတ်အစဉ်တွေ ဖြစ်နေပြီ။ နောင် တစ်ဖန် ဘဝသစ်မှာ ပဋိသန္ဓေအကျိုးကို ပေးနိုင်တဲ့ ကမ္မဝိညာဏ်ခေါ်တဲ့ ဒီစိတ်အစဉ်တွေသည် ဘာဖြစ်မလဲ?
တသ္မိဉ္စေ သမယေ ကာလံ ကရေယျ၊ ဌာနမေတံ ဝိဇ္ဇတိ, ယံ ဒွိန္နံ ဂတီနံ အညတရံ ဂတိံ ဂစ္ဆေယျ -- နိရယံ ဝါ တိရစ္ဆာနယောနိံ ဝါ။
တသ္မိံ သမယေ =ထိုကဲ့သို့သော နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော ထိုအချိန်အခါမျိုး၌။ စေ ကာလံ ကရေယျ = အကယ်၍များ သေသွားငြားအံ့။ ဧဝံ သတိ = ဤသို့ သေသွားခဲ့သည်ရှိသော်။ နိရယံ ဝါ = ငရဲမူလည်းဖြစ်သော။ တိရစ္ဆာနယောနိံ ဝါ = တိရစ္ဆာနယောနိမူလည်း ဖြစ်သော။ ဒွိန္နံ ဂတီနံ = နှစ်မျိုးသော ဂတိတို့တွင်။ ယံ အညတရံ ဂတိံ = အကြင်အမှတ်မထား တစ်ပါးပါးသော ဂတိသို့။ ဂစ္ဆေယျ = လားရောက်လေရာ၏။ ဧတံ ဌာနံ = ဤငရဲတိရစ္ဆာန်ဟု ခေါ်ဆိုအပ်သော နှစ်မျိုးသော ဂတိတို့တွင် တစ်မျိုးမျိုးသောဂတိသို့ လားရောက်ရခြင်းဟု ခေါ်ဆိုအပ်သော ဤအကြောင်းအရာမျိုးဖြစ်သည်။ ဝိဇ္ဇတိ = ထင်ရှားဧကန် ရှိသည်အမှန်သာလျှင်တည်း။
ဒီလိုနှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ ထို အချိန်အခါမှာ ဖြုန်းခနဲသာ သေပါစေ၊ သေသွားခဲ့ရင် ငရဲနှင့်တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်ရှိမယ်ဆိုတဲ့ ဒီအကြောင်းတရားသည် ထင်ရှားဧကန် ရှိနေတယ်။ ဘာဖြစ်လို့လဲ? မိမိ စားသုံးလိုက်တဲ့ အစာအာဟာရနော်။ အသားငါးဖြစ်ချင်လည်း ဖြစ်ပါစေ၊ အသားငါးမဟုတ်တဲ့ အာလူးတို့ ပဲတို့စတဲ့ ပစ္စည်းဝတ္ထုတွေ ဖြစ်ချင်ဖြစ်ပါစေ၊ ဒီအစာအာဟာရအပေါ်၌ တွယ်တာမက်မောနေတဲ့ စိတ်ဓာတ်ဖြင့် စားသုံးခဲ့လို့ရှိရင် တွယ်တာမက်မော နေတဲ့စိတ်ဓာတ်တွေ ထင်ရှားဖြစ်နေတုန်း ဖြုန်းခနဲသေသွားခဲ့ရင် ငရဲနဲ့ တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်မယ်ဆိုတဲ့ ဒီအကြောင်းတရားသည် ထင်ရှားဧကန်ရှိနေတယ်။ ဒီလိုဆိုလိုရှိရင် အာလူးကလည်း အရိုးစူးတတ်တယ်ဆိုတာ ဟုတ်သလား, မဟုတ်ဘူးလား? ဟုတ်နေပါတယ်။ ပဲကလည်း အရိုးမစူးတတ်ဘူးလား? စူးတတ်ပါတယ်။ အသားငါးမှသာ မဟုတ်ပါဘူးနော်။ အပ်စပ်တဲ့ အသားငါးကို စားခြင်းတည်းဟူသော အကြောင်းကြောင့် ဘုရားရှင်က ဘာမှ အပြစ်မပြောဘူး။ သို့သော် မအပ်မရာ ဖြစ်ခဲ့မယ်၊ အစွန်းသုံးပါး မလွတ်ခဲ့ဘူး ဆိုလို့ရှိရင်တော့ နည်းနည်းဆင်ခြင်ရမယ့်အပိုင်းတော့ မရှိဘူးလား? ရှိတယ်။
သို့သော် ဒီနေရာမှာ ရသတဏှာ မဖြစ်ဖို့က လိုရင်းပါပဲဆိုပြီး ပါးစပ်ကတော့ ပြောကြတာပဲ။ဒီအချက်နဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီးတို့ရဲ့ ကျေးဇူးရှင် ဖြစ်ခဲ့ဖူးတဲ့ မဟာစည်ဆရာတော်ဘုရားက သူ့ရဲ့ ကျမ်းစာတစ်ခုမှာ သူက ဘယ်လိုရေးသားထားသလဲ အေး - တွယ်တာမှု ရသတဏှာမဖြစ်ဖို့က လိုရင်းပဲလို့ ပါးစပ်ကတော့ ပြောကြတာပဲတဲ့။ တကယ်တမ်းကျတဲ့ အချိန်အခါကျတော့ အဲဒီကိုယ်တော်တွေကို ပဲဟင်းလေးနဲ့ ငါးခြောက်ကလေးနဲ့ ပင့်ပြီး ဆွမ်းကျွေးလိုက်မယ်ဆိုရင် အဲဒီဆွမ်းပွဲမှာ သူတို့မျက်နှာကို ကြည့်လိုက်ရင် မျက်နှာလေးတွေက ရှုံ့နေကြတယ်တဲ့ ဘယ့်နှယ်တုန်း ဟုတ်သလား, မဟုတ်ဘူးလား? အဲ - ကိုယ်ကြိုက်တဲ့ အသားငါးတွေ လှိုင်လှိုင် ကျကျနန အချက်ကောင်းကောင်းနဲ့ ကျွေးလိုက်ရင်တော့ ပြုံးပြုံး ပြုံးပြုံးနဲ့၊ ပုဂ္ဂိုလ် တစ်ယောက်ကို ပင့်ပြီးတော့ ပဲဟင်းလေးနဲ့သာ ပင့်ဖိတ်ပြီး ဆွမ်းကျွေးလိုက်ရင် ဘယ့်နှယ်နေမလဲ? မျက်နှာလေးတွေက ရှုံ့နေတယ်တဲ့။ အဲဒါ သတိထားကြနော်။ နှစ်သက်သာယာမှု ရှိသလား, မရှိဘူးလားဆိုတာ မိမိကိုယ်ကို မိမိ ဆုံးဖြတ်ချက်ချနိုင်တဲ့ အခြေအနေ မဟုတ်ဘူးလား? ဟုတ်နေတယ်နော်။ ဒါကြောင့် အဲဒီလို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေဟာ နောင်တစ်ဖန် ဘဝသစ်မှာ ပဋိသန္ဓေအကျိုးကို ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ ကမ္မဝိညာဏ်လို့ခေါ်တဲ့ စိတ်အစဉ်တွေ ဖြစ်ကြပါတယ်။ အဲဒီ စိတ်အစဉ်တွေ ဖြစ်နေတုန်း ဖြုန်းခနဲ သေခဲ့မယ်ဆိုရင် အပါယ်လေးဘုံ ရောက်မယ်။ အပါယ်လေးဘုံ ရောက်ခဲ့မယ်ဆိုလို့ရှိရင် ငရဲမှာ ခံစားရမယ့် ဒုက္ခနဲ့ လျှာကို ဓားနဲ့ဖြတ်လိုက်တဲ့ဒုက္ခ ဒီနှစ်ခု တိုင်းတာနှိုင်းစာကြည့်မယ်ဆိုရင် လျှာကို ဓားနဲ့ဖြတ်လိုက်တဲ့ လုပ်ငန်းကိစ္စက နည်းနည်း တော်သေးတယ်။ ငရဲမှာ ခံရတဲ့ဒုက္ခက သိပ်ပြီးတော့ ကြီးကျယ်တယ်။ ဒါကြောင့် ---
ဣမံ ခွာဟံ ဘိက္ခဝေ အာဒီနဝံ ဒိသွာ ဧဝံ ဝဒါမိ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ဣမံ အာဒီနဝံ = ဤကဲ့သို့ အပါယ်လေးဘုံသို့ ရောက်နိုင်ခြင်းတည်းဟူသောအပြစ်ကို။ ဒိသွာ = ငါဘုရား တွေ့မြင်ရသည်ဖြစ်၍။ ဧဝံ = ဤသို့လျှင်။ အဟံ = ငါဘုရားသည်။ ဝဒါမိ = ဟောကြားတော်မူခြင်းဖြစ်ပါပေ၏။
ရသာရုံအမျိုးမျိုးတို့အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေဖြစ်နေတုန်း ဖြုန်းခနဲ သေသွားခဲ့ရင် ငရဲ တိရစ္ဆာန် ဦးဆောင်နေတဲ့ အပါယ်လေးဘုံရောက်မယ်ဆိုတဲ့ ဒီအပြစ်ကို ငါဘုရား မြင်နေပြီ။ ဒီလိုမြင်နေတဲ့အတွက်ကြောင့် ငါဘုရားက သင်ချစ်သားတို့ရဲ့ လျှာကို မီးတဟုန်းဟုန်း တောက်လောင်နေတဲ့ ထက်လှစွာသော သင်တုန်းဓားငယ်ဖြင့် ဖြတ်ပြစ်လိုက်တာက မြတ်ပါသေးတယ်လို့ ဒီလို ငါဘုရား ဟောနေတာ ဖြစ်ပါတယ်။ ကဲ - နောက်တစ်ခု -- မြတ်စွာဘုရား ဖောဋ္ဌဗ္ဗာရုံနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ဟောတော်မူသလဲ?
ဖောဋ္ဌဗ္ဗာရုံအပေါ်၌ တွယ်တာမက်မောမှု
ဝရံ ဘိက္ခဝေ တိဏှာယ သတ္တိယာ အာဒိတ္တာယ သမ္ပဇ္ဇလိတာယ သဇောတိဘူတာယ ကာယိန္ဒြိယံ သမ္ပလိမဋ္ဌံ၊ န တွေဝ ကာယဝိညေယျေသု ဖောဋ္ဌဗ္ဗေသု အနုဗျဉ္ဇနသော နိမိတ္တဂ္ဂါဟော။
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ အာဒိတ္တာယ = ရဲရဲငြီးသော။ သမ္ပဇ္ဇလိတာယ = အလျှံပြောင်ပြောင် တောက်ပလျက်ရှိသော။ သဇောတိဘူတာယ = မီးတောက်မီးလျှံနှင့် တကွဖြစ်သော။ တိဏှာယ = ထက်မြက်လှစွာသော။ သတ္တိယာ = လှံဖြင့်။ ကာယိန္ဒြိယံ = သင်ချစ်သားတို့ရဲ့ ခန္ဓာကိုယ်ကြီးကို။ သမ္ပလိမဋ္ဌံ = ထိုးဖောက်လိုက်ခြင်းသည်ကား။ ဝရံ = မြတ်ပါသေး၏။ ကာယဝိညေယျေသု = ကာယဝိညာဏ်ဖြင့် သိရှိအပ်ကုန်သော။ ဖောဋ္ဌဗ္ဗေသု = ဖောဋ္ဌဗ္ဗာရုံအမျိုးမျိုးတို့အပေါ်၌။ အနုဗျဉ္ဇနသော = လက်ခြေစသော အသေးစိတ်ကိုယ်အမူအရာအားဖြင့်။ နိမိတ္တဂ္ဂါဟော = ယောက်ျား, မိန်းမ လှမလှ စသော အမှတ်နိမိတ်တို့ကို စွဲယူလိုက်ခြင်းသည်ကား။ န တွေဝ ဝရံ = မမြတ်သည်သာလျှင်တည်း။
အတွေ့ဖောဋ္ဌာဗ္ဗာရုံကလေးတစ်ခု တွေ့ထိမိပြီ။ တွေ့ထိလိုက်တဲ့ အချိန် အခါမှာ ဒါက ယောက်ျား, ဒါက မိန်းမ, ဒါက သား, ဒါက သမီး, ဒါက ဇနီး, ဒါက မြေး, ဒါက အဖိုးကြီး, ဒါက အဖွားကြီးပဲလို့ လှမ်းပြီးစွဲယူခဲ့ရင်လည်း မမြတ်ဘူးတဲ့။ အေး - ဒါက လက်ကလေး, ဒါက ခြေထောက်, ဒါက ပါး စသည်ဖြင့် ဒီလိုစွဲယူခဲ့ရင်လည်း မြတ်သလား? မမြတ်ဘူး။ တစ်ကိုယ်လုံးကို ခြုံပြီးစွဲယူခဲ့ရင် နိမိတ္တဂ္ဂါဟလို့ ခေါ်တယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုပဲလို့ လှမ်းပြီး စွဲယူခဲ့ရင်တော့ အနုဗျဉ္ဇနဂ္ဂါဟလို့ ခေါ်တယ်။ ထို နိမိတ္တဂ္ဂါဟ အနုဗျဉ္ဇနဂ္ဂါဟ နှစ်မျိုးလုံးကို မမြတ်ဘူးလို့ ဘုရားရှင်က ဟောကြားတော်မူပါတယ်။ အဲဒီလို စွဲယူခဲ့ရင် ဘာဖြစ်လို့ မမြတ်သလဲ?
နိမိတ္တဿာဒဂထိတံ ဝါ ဘိက္ခဝေ ဝိညာဏံ တိဋ္ဌမာနံ တိဋ္ဌေယျ, အနုဗျဉ္ဇနဿာဒဂထိတံ ဝါ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ တသ္မိံ သမယေ = ထိုကဲ့သို့သော ဖောဋ္ဌဗ္ဗာရုံကိုတွေ့ထိ၍ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေတဲ့ အချိန်အခါမျိုး၌။ တိဋ္ဌမာနံ = သင်ချစ်သားတို့ရဲ့ သန္တာန်၌ ဖြစ်ပေါ်တည်နေဆဲဖြစ်သော။ ဝိညာဏံ = နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးခြင်းငှာ စွမ်းနိုင်သော ကမ္မဝိညာဏ်ဟု ခေါ်ဆိုအပ်သော စိတ်အစဉ်ဖြစ်သည်။ နိမိတ္တဿာဒဂထိတံ ဝါ = ယောက်ျား မိန်းမ အစရှိသော အမှတ်နိမိတ်ကို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း။ တိဋ္ဌေယျ = ဖြစ်ပေါ်တည်နေလေရာ၏။ အနုဗျဉ္ဇနဿာဒဂထိတံ ဝါ = လက်, ခြေအစရှိသော ခန္ဓာကိုယ်အစိတ်အပိုင်းအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း။ တိဋ္ဌေယျ = ဖြစ်ပေါ်တည်နေလေရာ၏။
ဒါက ယောက်ျား, ဒါက မိန်းမ, ဒါက သား, ဒါက သမီး, ဒါက မြေး, ဒါက ဇနီး, ဒါက အဖိုးကြီး, ဒါက အဖွားကြီး စသည်ဖြင့် တစ်ကိုယ်လုံးကို ခြုံပြီးတော့ စွဲယူခဲ့ရင် အဲဒီတစ်ကိုယ်လုံးအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေသော်လည်း ဖြစ်ချင်ဖြစ်မယ်။ ဒါက လက်ပဲ, ဒါက ခြေပဲ, ဒါက မျက်နှာ, ဒါက ခေါင်း စသည်ဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုကို လှမ်းပြီးစွဲယူခဲ့ရင်လည်း ထိုကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုခု အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်သည်သော်လည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီလိုဖြစ်ခဲ့ရင် ဘာဖြစ်မလဲ?
တသ္မိဉ္စေ သမယေ ကာလံ ကရေယျ၊ ဌာနမေတံ ဝိဇ္ဇတိ, ယံ ဒွိန္နံ ဂတီနံ အညတရံ ဂတိံ ဂစ္ဆေယျ - နိရယံ ဝါ တိရစ္ဆာနယောနိံ ဝါ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ တသ္မိံ သမယေ = ထိုကဲ့သို့သော နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေတဲ့ ထိုအချိန်အခါမျိုး၌။ စေ ကာလံ ကရေယျ = အကယ်၍များ သေသွားငြားအံ့။ ဧဝံ သတိ =ဤသို့ သေသွားခဲ့သည်ရှိသော်။ နိရယံ ဝါ = ငရဲမူလည်းဖြစ်သော။ တိရစ္ဆာနယောနိံ ဝါ = တိရစ္ဆာနယောနိမူလည်းဖြစ်သော။ ဒွိန္နံ ဂတီနံ = နှစ်မျိုးသောဂတိတို့တွင်။ ယံ အညတရံ ဂတိံ = အကြင်အမှတ်မထား တစ်ပါးပါးသော ဂတိသို့။ ဂစ္ဆေယျ = လားရောက်လေရ၏။ ဧတံ ဌာနံ = ဤငရဲ တိရစ္ဆာန်ဟု ခေါ်ဆိုအပ်သော နှစ်မျိုးသော ဂတိတို့တွင် တစ်မျိုးမျိုး သောဂတိသို့ လားရောက်ရခြင်းဟု ခေါ်ဆိုအပ်သော ဤအကြောင်းအရာမျိုးဖြစ်သည်။ ဝိဇ္ဇတိ = ထင်ရှားဧကန် ရှိသည်အမှန်သာလျှင်တည်း။
နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေ ဆိုတာက --- နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးခြင်းငှာ စွမ်းနိုင်တဲ့ ကမ္မဝိညာဏ်လို့ ခေါ်ဆိုအပ်တဲ့ စိတ်အစဉ်တွေ ဖြစ်ပါတယ်။ ထိုကမ္မဝိညာဏ်ခေါ်တဲ့ စိတ်အစဉ်တွေဖြစ်နေတုန်း တစ်နည်းပြောရင်တော့ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေ ဖြစ်နေတုန်း ဖြုန်းခနဲ သေခဲ့မယ်ဆိုရင် ငရဲနဲ့တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်ရှိမယ်ဆိုတဲ့ ဒီအကြောင်းတရားသည် ထင်ရှားဧကန် ရှိနေတယ်။ ဒါကြောင့် ---
ဣမံ ခွာဟံ ဘိက္ခဝေ အာဒီနဝံ ဒိသွာ ဧဝံ ဝဒါမိ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဣမံ အာဒီနဝံ = ဤကဲ့သို့သော အပြစ်ကို။ ဒိသွာ = ငါဘုရား တွေ့မြင်ရသည်ဖြစ်၍။ ဧဝံ = ဤသို့လျှင်။ အဟံ = ငါဘုရားသည်။ ဝဒါမိ = ဟောကြားတော်မူခြင်း ဖြစ်ပါပေ၏။
ငရဲနှင့် တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်မယ်ဆိုတဲ့ ဒီအပြစ်ကို ငါဘုရား မြင်နေတယ်ကွယ်။ ဒါကြောင့် သင်ချစ်သားတို့ရဲ့ ခန္ဓာအိမ်ကြီးကို မီးတဟုန်းဟုန်း တောက်လောင်နေတဲ့ ထက်လှစွာသော လှံဖြင့် ထိုးလိုက်တာက မြတ်သေးတယ်။ ဖောဋ္ဌာဗ္ဗာရုံ အတွေ့အထိ အာရုံ အမျိုးမျိုးတို့အပေါ်၌ ယောက်ျားပဲ, မိန်းမပဲ, သားပဲ, သမီးပဲ, ဇနီးပဲ, မြေးပဲစသည်ဖြင့် စွဲယူခြင်းက မမြတ်ဘူး။ မျက်လုံးပဲ, မျက်ခုံးပဲ, ခေါင်းပဲ, လက်ပဲ, ခြေပဲစသည်ဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်းလေးတွေကို လှမ်းပြီး စွဲယူခြင်းက မမြတ်ပါဘူးလို့ ဒီလို ငါဘုရားဟောခြင်းဖြစ်တယ်။ ဒီလိုဆို ဒကာကြီးတွေ မြေးကလေးတွေ ချီသင့်သလား? မချီသင့်ဘူးလား? မြေးကလေးကို တစ်ခါချီလိုက်ပြီ ဆိုလို့ရှိရင် အပါယ်လေးဘုံ ရောက်ဖို့ရန်အတွက် ကမ္မဝိညာဏ်တွေ ဘယ်လောက်များ ဖြစ်သွားမလဲ? မြေးကလေးကို တစ်ခါချီတာက အပါယ်လေးဘုံရောက်ဖို့ရန်အတွက် ကမ္မဝိညာဏ်တွေ ဖြစ်တယ်ဆိုလျှင် အဖွားကြီးကို သွားချီမိရင်ကော အေး - အဲဒါ သတိထားကြပေတော့။ ဒီလိုဆိုရင် အိမ်ပြန်ဖို့ ကောင်းသေးသလား? အဲဒါ စဉ်းစားကြ။ ဒကာကြီးတွေ ကိုယ့်ကိုယ်ကို သနားခဲ့မယ်ဆိုရင်တော့ အိမ်ပြန်ဖို့ ကောင်းသေးသလား? မကောင်းတော့ဘူးနော်။ မကောင်းတော့ မကောင်းဘူးဘုရား။ ဒါပေမဲ့ တပည့်တော်တို့က ပြန်မှ ဖြစ်မယ်ဆိုတဲ့ လူတန်းစားတွေပါ ဆိုရင်တော့ အဲဒါ ပြဿနာပဲနော်။ နောက်တစ်ခု ---
ဝရံ ဘိက္ခဝေ သောတ္တံ။ သောတ္တံ ခေါ ပနာဟံ ဘိက္ခဝေ ဝဉ္ဈံ ဇီဝိတာနံ ဝဒါမိ၊ အဖလံ ဇီဝိတာနံ ဝဒါမိ၊ မောမူဟံ ဇီဝိတာနံ ဝဒါမိ၊ န တွေဝ တထာရူပေ ဝိတက္ကေ ဝိတက္ကေယျ ယထာရူပါနံ ဝိတက္ကာနံ ဝသံ ဂတော သံဃံ ဘိန္ဒေယျ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ သောတ္တံ = အိပ်ပျော်၍ နေခြင်းသည်ကား။ ဝရံ = မြတ်ပါသေး၏။
အိမ်မက်တွေ မမက်ဘဲနဲ့ပေါ့နော်။ ဘဝင်စိတ်တွေ ဆက်တိုက် ဖြစ်ပေါ်နေတာကို အိပ်ပျော်တယ်လို့ ခေါ်ပါတယ်။ အဲဒီလို အိပ်ပျော်နေတာက မြတ်သေးတယ်။ ဘာက မမြတ်သလဲ?
သောတ္တံ ခေါ ပနာဟံ ဘိက္ခဝေ ဝဉ္ဈံ ဇီဝိတာနံ ဝဒါမိ၊ အဖလံ ဇီဝိတာနံ ဝဒါမိ၊ မောမူဟံ ဇီဝိတာနံ ဝဒါမိ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ သောတ္တံ = အိပ်ပျော်၍ နေခြင်းကို။ ဇီဝိတာနံ = အသက်ရှင်နေကြကုန်သော သတ္တဝါတို့၏။ ဝဉ္ဈံ = အမြုံဓာတ် တစ်မျိုးဟူ၍။ အဟံ = ငါဘုရားသည်။ ဝဒါမိ = ဟောကြားတော်မူပါ၏။ ဇီဝိတာနံ = အသက်ရှင်နေကြကုန်သော သတ္တဝါတို့၏။ အဖလံ = အကျိုးမရှိတဲ့ တရားမျိုးဟူ၍။ အဟံ = ငါဘုရားသည်။ ဝဒါမိ = ဟောကြားတော်မူပါ၏။ ဇီဝိတာနံ = အသက်ရှင်နေကြကုန်သောသတ္တဝါတို့၏။ မောမူဟံ = တွေဝေနေတဲ့ ဓာတ်တစ်မျိုးဟူ၍။ အဟံ = ငါဘုရားသည်။ ဝဒါမိ = ဟောကြားတော်မူပါ၏။
အိပ်ပျော်နေတာက မြတ်သေးတယ်ကွယ်။ အိပ်ပျော်နေတာကို အသက် ရှင်နေတဲ့ ပုဂ္ဂိုလ်တို့ရဲ့ အမြုံဓာတ်တစ်မျိုးလို့ ငါဘုရားဟောတယ်။ အကျိုးကို မပေးနိုင်တဲ့ အကျိုးမရှိတဲ့ ဓာတ်တစ်မျိုးလို့လည်း ငါဘုရား ဟောတယ်။ အသက်ရှင်နေတဲ့ ပုဂ္ဂိုလ်တို့ရဲ့ တွေဝေနေတဲ့ ဓာတ်တစ်မျိုးလို့လည်း ငါဘုရား ဟောပါတယ်။ ဆိုလိုတာကတော့ ဘဝင်စိတ်တွေဆက်တိုက် ဖြစ်နေပြီဆိုရင် ဒီဘဝင်စိတ်က အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံထားတဲ့ သင်္ခါရ, ကံတွေရဲ့ စွမ်းအားကြောင့် ဖြစ်ပေါ်လာရတဲ့ စိတ်အစဉ် ဖြစ်ပါတယ်။ သူက အကျိုးဝိပါက်စိတ် ဖြစ်တယ်။ အကျိုးဝိပါက်စိတ် ဖြစ်ခြင်းကြောင့် ဒီဝိပါက်စိတ်တွေ ဆက်တိုက်ဖြစ်နေရင် နောက်ထပ် ဒီဝိပါက်စိတ်တွေကြောင့် အသစ်တစ်ဖန် အကျိုးတရားဆိုတာ ထပ်ပြီး ပေါ်နိုင်မလား? မပေါ်နိုင်ဘူး။ ဒီဝိပါက်စိတ်တွေ ဆက်တိုက်ဆက်တိုက် ဖြစ်နေခြင်းဟာ ဘာမှ နောက်ထပ် အကျိုးမရှိတဲ့အတွက် အမြုံပဲနော်။ အသက်ရှင်နေတဲ့ ပုဂ္ဂိုလ်တို့ရဲ့ အကျိုးမရှိတဲ့ လုပ်ငန်းရပ်တစ်မျိုးလို့ ငါဘုရားဟောတယ်။ ဒီလို လုပ်ငန်းရပ်မျိုးကို တကယ်မောဟနဲ့ ယှဉ်တွဲနေတဲ့ လုပ်ငန်းရပ် မဟုတ်ခြင်းကြောင့် မြတ်စွာဘုရားက (မောမူဟ =) တွေဝေနေတဲ့ သဘောတရားတစ်ခုလို့ ဒီလို ဟောပါတယ်။ တွေဝေတဲ့ သဘောတရားတစ်ခုလို့ ဟောရခြင်းကလည်း ထိုအချိန်အခါမှာ ဥပါဒ်, ဌီ, ဘင်အနေအားဖြင့် ကိလေသာတွေက ထင်ရှား မဖြစ်ပေမဲ့လို့ အနုသယဓာတ်အနေအားဖြင့်တော့ ကိန်းဝပ်နေတဲ့ ကိလေသာကတော့ ဆက်တိုက် ရှိနေလို့ပါနော်။ ကဲ - ကောင်းပြီ ဒီလိုဝိပါက်စိတ် တွေက ဖြစ်နေတာက နောက်ထပ်အကျိုးကို ဒီဝိပါက်စိတ်တွေက ဖြစ်စေနိုင်တဲ့ စွမ်းအင် မရှိခြင်းကြောင့် အမြုံဓာတ် တစ်မျိုးပဲ အကျိုးမရှိတဲ့ လုပ်ငန်းရပ် တစ်မျိုးလို့ ဟောပြီ။ ဒါပေမဲ့ ထိုအချိန်အခါမျိုးမှာ ဘာဖြစ်လို့ ဘုရားရှင်က ဒီလို အိပ်ပျော်နေတာကို ကောင်းရတယ်လို့ ပြောသလဲ?
န တွေဝ တထာရူပေ ဝိတက္ကေ ဝိတက္ကေယျ ယထာရူပါနံ ဝိတက္ကာနံ ဝသံ ဂတော သံဃံ ဘိန္ဒေယျ။
ယထာရူပါနံ ဝိတက္ကာနံ = အကြင်သို့သဘောရှိကြကုန်သော ဝိတက်တို့၏။ ဝသံ = အလိုသို့။ ဂတော = လိုက်ပါသောပုဂ္ဂိုလ်သည်။ သံဃံ = သံဃာကို။ ဘိန္ဒေယျ = သင်းခွဲလေရာ၏။ တထာရူပေ ဝိတက္ကေ = ထိုကဲ့သို့ သံဃာကို သင်းခွဲနိုင်လောက်သော ကြံစည်စိတ်ကူးမှု ဝိတက်တရားတို့ကို။ န တွေဝ ဝိတက္ကေယျ = မကြံစည်မိလေရာ။
အိပ်ပျော်နေတဲ့ အချိန်အခါမှာ အမိကို သတ်ဖို့ဆိုတဲ့ ကြံစည်စိတ်ကူးမှုတွေ ဖြစ်နိုင်မလား? မဖြစ်နိုင်ဘူး။ အဖကို သတ်ဖို့ဆိုတဲ့ ကြံစည်စိတ်ကူးမှုတွေ မဖြစ်နိုင်ဘူး။ ရဟန္တာပုဂ္ဂိုလ်အား သတ်ဖို့ဆိုတဲ့ ကြံစည်စိတ်ကူးမှုတွေ မဖြစ်နိုင်ဘူး။ ဘုရားရှင်အား သွေးစိမ်းတည်အောင် ပြုလုပ်မယ်ဆိုတဲ့ ကြံစည်စိတ်ကူးမှုတွေ မဖြစ်နိုင်ဘူး။ သံဃာသင်းခွဲမယ်ဆိုတဲ့ ကြံစည်စိတ်ကူးမှုတွေ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါကတော့ အကုသိုလ်ထဲမှာ ပဉ္စာနန္တရိယလို့ ခေါ်ဆိုအပ်တဲ့ အကြီးဆုံးဖြစ်တဲ့ အကုသိုလ်ကံတွေတောင် မဖြစ်ဘူးဆိုရင် အပေါ့စားဖြစ်တဲ့ အကုသိုလ်ကံတွေကော ဖြစ်ဦးမလား? မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် အကြီးဆုံးဖြစ်တဲ့ ကံတွေကို ပုံစံထုတ်ပြီး ဟောတော်မူလိုက်တာပါ။ အကုသိုလ် ကံတွေလည်း ထိုအချိန်အခါမှာ ဖြစ်မလား? မဖြစ်ဘူး။ အကုသိုလ်ကံ အကုသလဝိတက်ခေါ်တဲ့ ကြံစည်စိတ်ကူးမှုတွေ မဖြစ်ဘူး။ မဖြစ်တဲ့အတွက်ကြောင့် ဘုရားရှင်က အိပ်ပျော်တာက မြတ်သေးတယ်တဲ့။ ဒီလို ဟောလိုက်တယ်။
ဣမံ ခွာဟံ ဘိက္ခဝေ ဝဉ္ဈံ ဇီဝိတာနံ အာဒီနဝံ ဒိသွာ ဧဝံ ဝဒါမိ။
ဒီလို အသက်ရှင်နေတဲ့ ပုဂ္ဂိုလ်တို့ရဲ့ အမြုံဓာတ်တစ်မျိုးကို ငါဘုရားက သိနေတဲ့အတွက် အိပ်ပျော်တာက မြတ်သေးတယ်ဆိုပြီး ဒီလို ဟောတာပါ။ အကယ်၍ အိပ်မပျော်ဘဲနဲ့ တောင်ကြံ မြောက်ကြံ ဟိုကြံ ဒီကြံ ကြံစည်စိတ်ကူး နေမယ်ဆိုရင် ထိုကြံစည်စိတ်ကူးမှုကလည်း အကုသလဝိတက်တွေသာ ဖြစ်နေခဲ့မယ်ဆိုရင် ထိုအချိန်အခါမှာ အကုသိုလ်တရားသည် မိမိရဲ့သန္တာန်မှာ ဆက်တိုက် ဖြစ်မနေဘူးလား? ဖြစ်နေပြီ၊ အကုသိုလ်တရားတွေ ဆက်တိုက် ဖြစ်နေတုန်း ဖြုန်းခနဲ ဘဝတစ်ခုကို အဆုံးသတ်ခဲ့ရရင် ဘယ်ရောက်မလဲ? ငရဲနဲ့ တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်မယ်ဆိုတဲ့ ဒီအကြောင်းတရားသည် ထင်ရှားဧကန် ရှိနေတယ်။ ဒါကြောင့် အိပ်ပျော်နေတာက မြတ်သေးတယ်လို့ ငါဘုရားဟောခြင်း ဖြစ်ပါတယ်တဲ့။ ဒီတော့ ဒီနေရာမှာ မြတ်စွာဘုရား ဟောလိုက်တာ အာရုံဘယ်နှစ်ပါး ဖြစ်သွားလဲ? အာရုံ (၆)ပါးနော်။ အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ ဓမ္မသဘောခေါ်တဲ့ အာရုံ (၆)မျိုးကို မြတ်စွာဘုရား ဟောပြီးပြီ။ တကယ်တော့လည်း ဘုရားရှင်က ဒီလို ငါဘုရားဟောတဲ့အတိုင်း ခန္ဓာကိုယ်ကြီးကို လှံနဲ့ထိုးရမယ်၊ ဓားနဲ့ ခုတ်ရမယ်၊ လျှာကိုဖြတ်ရမယ်၊ ဒီလို ဆိုလိုသလား? မဟုတ်ပါဘူးနော်။
သံသရာမှ ထွက်မြောက်ကြောင်း = နိဿရဏပညာစခန်းသို့
တတ္ထ ဘိက္ခဝေ သုတဝါ အရိယသာဝကော ဣတိ ပဋိသဉ္စိက္ခတိ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ တတ္ထ = ထိုအာရုံ (၆)ပါးတို့အပေါ်၌။ သုတ ဝါ = အကြားအမြင်ဗဟုဿုတရှိသော။ အရိယသာဝကော = အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည်။ ဣတိ = ဤသို့။ ပဋိသဉ္စိက္ခတိ = ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်၍ နေလေ၏။
ဒီလို အာရုံတွေနဲ့ တိုက်ဆိုင်လာတဲ့အခါမှာ ဒီအာရုံ (၆)ပါးတို့အပေါ်၌ အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကတစ်ဦးကတော့ ဒီလိုဆင်ခြင်တယ်။ ဘယ်လိုလဲ?
တိဋ္ဌတု တာဝ တတ္တာယ အယောသလာကာယ အာဒိတ္တာယ သမ္ပဇ္ဇလိတာယ သဇောတိဘူတာယ စက္ခုန္ဒြိယံ သမ္ပလိမဋ္ဌံ။
တတ္တာယ = လောလောပူသော။ အာဒိတ္တာယ = ရဲရဲငြီးသော။ သမ္ပဇ္ဇလိတာယ = အလျှံပြောင်ပြောင်တောက်ပလျက်ရှိသော။ သဇောတိဘူတာယ= မီးတောက်မီးလျှံနှင့် အတူတကွဖြစ်သော။ အယောသလာကာယ =သံချောင်းဖြင့်။ စက္ခုန္ဒြိယံ = စက္ခုန္ဒြေကို။ သမ္ပလိမဋ္ဌံ = ထိုးဖောက်လိုက်ခြင်းကို။ တိဋ္ဌတု= ထားလိုက်စမ်းပါဦး။
မီးတဟုန်းဟုန်း တောက်လောင်နေတဲ့ အလွန် လောလောပူနေတဲ့ သံချောင်းတစ်ခုဖြင့် ပက်လက်လှန်ပြီးတော့ မျက်လုံးနှစ်လုံးကို ဟိုး မြေကြီးထဲ ထိုးစိုက်သွားတဲ့အထိ ထိုးဖောက်ခြင်းဆိုတဲ့ လုပ်ငန်းရပ်ကို ခေတ္တထား လိုက်ပါဦး။ ဘာလုပ်ရမလဲ?
ဟန္ဒာဟံ ဣဒမေဝ မနသိ ကရောမိ။
ဟန္ဒ = ယခုအခါ၌။ အဟံ = ငါသည်။ ဣဒမေဝ = ဤသဘောတရား ကိုသာလျှင်။ မနသိ ကရောမိ = နှလုံးသွင်းရှုပွား၍ နေပေအံ့။
ရူပါရုံတစ်ခုက လာပြီးတိုက်ဆိုင်ပြီ၊ စက္ခုအကြည်ဓာတ်နဲ့ ဘဝင်မနောအကြည်ဓာတ်ကို ပူးတွဲသိမ်းဆည်းနိုင်တဲ့ယောဂီများ နာမ်ကမ္မဋ္ဌာန်းပိုင်း ရုပ်ကမ္မဋ္ဌာန်းပိုင်းတွေကို စနစ်တကျ ရှုတတ်တဲ့ယောဂီများအတွက် ဒီနေရာမှာတော့ အခွင့်ကောင်းပဲနော်။ စက္ခုအကြည်ဓာတ်နဲ့ ဘဝင်မနောအကြည်ဓာတ်ကို ပူးတွဲသိမ်းဆည်းပြီးတော့ ရူပါရုံအရောင်လေးကို လှမ်းပြီးတော့ အာရုံယူလိုက်ပါ။ ထိုရူပါရုံအရောင်က ဒီစက္ခုအကြည်ဓာတ်နဲ့ ဘဝင်မနောအကြည်ဓာတ်နှစ်ခုမှာ ပြိုင်တူလာပြီး ရိုက်ခတ်ပြီနော်။ ရိုက်ခတ်လိုက်တဲ့ အချိန်ခါမှာ ဘာလုပ်ရမလဲ?
ဟန္ဒာဟံ ဣဒမေဝ မနသိ ကရောမိ။
အဟံ = ငါသည်။ ဟန္ဒ = ယခုအခါ၌။ ဣဒမေဝ = ဤသဘောတရားကိုသာလျှင်။ မနသိ ကရောမိ = နှလုံးသွင်းရှုပွား၍ နေပေအံ့။
ငါကတော့ ဒီလိုပဲ နှလုံးသွင်းရှုပွားနေမယ်။ ဒီသဘောတရားတွေကို နှလုံးသွင်းရှုပွားနေမယ်။ ဘယ်လိုလဲ?
ဣတိ စက္ခု အနိစ္စံ ရူပါ အနိစ္စာ၊ စက္ခုဝိညာဏံ အနိစ္စံ၊ စက္ခုသမ္ဖေဿာ အနိစ္စော၊ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စံ။
ဣတိ = ဤကဲ့သို့သော အကြောင်းကြောင့်လည်းပဲ။ စက္ခု = စက္ခုသည်။ အနိစ္စံ = အနိစ္စတရားသာတည်း။ ရူပါ = အဆင်းရူပါရုံတို့သည်။ အနိစ္စာ = အနိစ္စတရားတို့သာတည်း။ စက္ခုဝိညာဏံ = စက္ခုဝိညာဏ်သည်။ အနိစ္စံ = အနိစ္စတရားသာတည်း။ စက္ခုသမ္ဖေဿာ = စက္ခုသမ္ဖဿတရားသည်။ အနိစ္စော = အနိစ္စတရားသာတည်း။ စက္ခုသမ္ဖဿပစ္စယာ =စက္ခုသမ္ဖဿဟူသောအကြောင်းကြောင့်။ သုခံ ဝါ = သုခမူလည်းဖြစ်သော။ ဒုက္ခံ ဝါ = ဒုက္ခမူလည်းဖြစ်သော။ အဒုက္ခမသုခံ ဝါ = အဒုက္ခမသုခမူလည်းဖြစ်သော။ ယမ္ပိဒံ ဝေဒယိတံ = အကြင်ခံစားမှုဝေဒနာသည်လည်းပဲ။ ဥပ္ပဇ္ဇတိ = ဖြစ်ပေါ်၍လာ၏။ တမ္ပိ = ထိုခံစားမှုဝေဒနာသည်လည်းပဲ။ အနိစ္စံ = အနိစ္စ သဘောတရားသာတည်း။ ဣတိ = ဤသို့လျှင်။ ဣဒမေဝ = ဤသဘောတရားကိုသာလျှင်။ အဟံ = ငါသည်။ မနသိ ကရောမိ = နှလုံးသွင်းရှုပွား၍ နေပေအံ့။
ရူပါရုံတစ်ခုကို လှမ်းပြီးတော့ မြင်လိုက်ပြီဆိုရင် ယောဂီပုဂ္ဂိုလ်ဘက်က ဘယ်လိုနှလုံးသွင်းရမလဲ?
- စက္ခုအကြည်ဓာတ်ကို အနိစ္စလို့ နှလုံးသွင်းပါ။
- ရူပါရုံတွေကိုလည်း အနိစ္စလို့ နှလုံးသွင်းပါ။
- စက္ခုဝိညာဏ်ကိုလည်း အနိစ္စလို့ နှလုံးသွင်းပါ။
- စက္ခုသမ္ဖဿကိုလည်း အနိစ္စလို့ နှလုံးသွင်းပါ။
- စက္ခုသမ္ဖဿကို အကြောင်းခံပြီး ဖြစ်ပေါ်လာတဲ့ သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာခေါ်တဲ့ ဒီဝေဒနာတွေကိုလည်း အနိစ္စလို့ နှလုံးသွင်းပါ။
ဘယ်နှစ်ချက်လဲ? (၅)ချက်။
အဲဒီမှာ စက္ခုကို အနိစ္စလို့ နှလုံးသွင်းပါဆိုရင် စက္ခုအကြည်ဓာတ်သည် စက္ခုအကြည်ဓာတ်တစ်ခုတည်း ဖြစ်နိုင်တဲ့စွမ်းအား ရှိသလား? မရှိဘူး။ စက္ခုဒသကကလာပ်လို့ ခေါ်ဆိုအပ်တဲ့ ရုပ်ကလာပ်အမှုန်ကလေးအနေနဲ့ ဖြစ်တော့ ဒီစက္ခုဒကကကလာပ် စက္ခုအကြည်ဓာတ်ပါနေတဲ့ ရုပ်ကလာပ် အမှုန်ကို ဓာတ်ခွဲလိုက်ရင် ရုပ်သဘောတရား ဘယ်နှစ်မျိုးရှိသလဲ? (၁၀)မျိုး။ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာ, ဇီဝိတ, စက္ခုပသာဒဆိုပြီး ရုပ်သဘောတရား ဘယ်နှစ်မျိုးရှိသလဲ? (၁၀)မျိုး၊ အဲဒီ (၁၀)မျိုးသော ရုပ်တရားတွေကို အားလုံးသိမ်းကျုံးပြီးတော့ အနိစ္စလို့ ရှုရမှာ ဖြစ်တယ်။ သို့သော် မျက်စိမှာ ဒီစက္ခုဒသကကလာပ်ခေါ်တဲ့ စက္ခုအကြည်ဓာတ် ပါနေတဲ့ ရုပ်ကလာပ်တစ်မျိုးသာ ရှိသလားလို့ဆိုတော့ မဟုတ် ပြန်ဘူး။ ဘယ်နှစ်မျိုးလောက်ရှိလဲ? ရုပ်ကလာပ်အမျိုးအစားက (၆)မျိုး၊ ရုပ်အမျိုးအစားက (၅၄)နော်။ စက္ခုဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်ဆိုပြီး ရုပ်ကလာပ်အမျိုးအစား ဘယ်လောက် လဲ? (၆)မျိုး ရုပ်အမျိုးအစားက (၅၄)၊ (ဝိသုဒ္ဓိ၊၂၊၂၅၉။) အဲဒီ (၅၄)မျိုးသော ရုပ်တရားတွေကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပြီးတော့ ဖြစ်ပြီးပျက်နေတဲ့ သဘောကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး အနိစ္စလို့ ရှုပါ။ ဖြစ်ခြင်းပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ သဘောတွေကို ဉာဏ်နဲ့မြင်အောင်ကြည့်ပြီး ဒုက္ခလို့ ရှုပါ။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရ အားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ သဘောတရားတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီးတော့ အနတ္တလို့ ရှုပါ။ ဒါက တစ်ချက်။
နောက်တစ်ခု --- (ရူပါ အနိစ္စာ =) ရူပါရုံသည် ရူပါရုံတစ်ခုတည်း ဖြစ်နိုင်တဲ့စွမ်းအား ရှိသလား? မရှိဘူး။ သူကလည်း ကလာပ်ခေါ်တဲ့ အမှုန်လေးတွေ အနေနဲ့ဖြစ်တော့ ရူပါရုံမပါတဲ့ ရုပ်ကလာပ်အမှုန် ဆိုတာကတော့ ရှိကောင်းသလား? မရှိကောင်းဘူး။ ဒါကြောင့် ရူပါရုံနှင့်တကွ မိမိ ရှုပွားသုံးသပ်နေတဲ့ ရုပ်ကလာပ်အများစုမှာ တည်ရှိနေတဲ့ ရုပ်တရားတွေကို ခြုံငုံပြီးတော့ အနိစ္စလို့ ရှုရမယ်၊ ဒုက္ခလို့ ရှုရမယ်၊ အနတ္တလို့ ရှုရမယ်။
နောက်တစ်ခု --- စက္ခုဝိညာဏ်၊ နာမ်ပိုင်း ရောက်ပြီ။ ရုပ်ပိုင်းမှာ ဝတ္ထုနဲ့အာရုံ ဘုရားဟောလိုက်ပြီ။ နာမ်ပိုင်း ရောက်လာတော့ ---
စက္ခုဝိညာဏံ အနိစ္စံ၊ စက္ခုသမ္ဖေဿာ အနိစ္စော၊ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စံ။
စက္ခုဝိညာဏ်ကို အနိစ္စလို့ ရှုခိုင်းတယ်။ စက္ခုသမ္ဖဿကို အနိစ္စလို့ ရှုခိုင်းတယ်။ စက္ခုသမ္ဖဿကို အကြောင်းခံပြီး ဖြစ်ပေါ်လာတဲ့သုခ သို့မဟုတ် ဒုက္ခ သို့မဟုတ် ဥပေက္ခာဝေဒနာကိုလည်း အနိစ္စလို့ အရှုခိုင်းတယ်။ ဒီတော့ နာမ်ပိုင်းကျတော့ ရှုကွက်ဘယ်နှစ်မျိုးဖြစ်သွားသလဲ? သုံးမျိုး၊ ဝိညာဏ်ရယ်, ဖဿရယ်, ဝေဒနာရယ်ဆိုပြီးတော့ ဘယ်နှစ်မျိုးလဲ? သုံးမျိုး။ ဒီရှုကွက် ကလေးတွေ ဟောကွက်ကလေးတွေကို ကြည့်ပြီးတော့ အဋ္ဌကထာဆရာတော်များက နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်းနဲ့ ပတ်သက်ပြီးတော့ သုံးနည်း ရှိတယ်လို့ ဖွင့်ဆိုကြတယ်။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။) ဖဿက စသိမ်းဆည်းတဲ့နည်း တစ်နည်း၊ အသိစိတ်ဝိညာဏ်ကစ သိမ်းဆည်းတဲ့နည်း တစ်နည်း၊ ဝေဒနာက စသိမ်းဆည်းတဲ့နည်း တစ်နည်းဆိုပြီးတော့ သုံးနည်းရှိတယ်လို့ ဖွင့်ဆိုထားတယ်။ ဘုရားဟောဒေသနာတွေကို မွှေနှောက်ပြီးမှ ဖွင့်ဆိုထားတဲ့ အဖွင့်သံဝဏ္ဏနာတွေ ဖြစ်ကြပါတယ်။ ဒီတော့ ဝိညာဏ်ကနေ စပြီးတော့ သိမ်းဆည်းတဲ့ နည်းကိုတော့ စိတ္တာနုပဿနာလို့ခေါ်တယ်။ ဝေဒနာကနေ စသိမ်းဆည်းတဲ့ နည်းကိုတော့ ဝေဒနာနုပဿနာလို့ခေါ်တယ်။ ဖဿကနေ စပြီးသိမ်းဆည်းတဲ့ နည်းကိုတော့ ဓမ္မာနုပဿနာလို့ ခေါ်ပါတယ်။ ခုနက မှီရာဝတ္ထုရုပ်နဲ့ အာရုံရုပ်တွေကို သိမ်းဆည်းတာကျတော့ ကာယာနုပဿနာ၊ ပေါင်းလိုက်တော့ သတိပဋ္ဌာန် ဘယ်နှစ်ပါး ဖြစ်သွားသလဲ? လေးပါး။ ဒီတော့ စက္ခုဝိညာဏ်ကို ရှုမယ်ဆိုရင် စက္ခုဝိညာဏ်သည် စက္ခုဝိညာဏ်တစ်လုံးတည်း ဖြစ်သလား? မဖြစ်ဘူး။ ယှဉ်ဖက် စိတ် စေတသိက်တွေနဲ့ ယှဉ်တွဲပြီးမှ ဖြစ်တယ်။ ယှဉ်ဖက်စေတသိက်တွေနဲ့ ယှဉ်တွဲပြီးဖြစ်တော့ ယှဉ်ဖက်စေတသိက်တွေထဲမှာ ဝေဒနာ, သညာ, သင်္ခါရခေါ်တဲ့ နာမ်ခန္ဓာ သုံးပါး ပါမနေဘူးလား? ပါနေတယ်။ အဲဒါကြောင့် စက္ခုဝိညာဏ်ရှုလည်း စက္ခုဝိညာဏ်တစ်ခုတည်း မရှုနဲ့၊ ယှဉ်ဖက်စေတသိက်တွေကို ရှု။ စက္ခုသမ္ဖဿကို ရှုရင်လည်း စက္ခုသမ္ဖဿ တစ်ခုတည်း မရှုနဲ့၊ ယှဉ်ဖက် စိတ် စေတသိက်တွေကို ရှု။ စက္ခုသမ္ဖဿကို အကြောင်းခံပြီး ဖြစ်ပေါ်လာတဲ့ ဝေဒနာကို ရှုမယ်ဆိုရင်လည်း ဒီဝေဒနာတစ်ခုတည်းကို မရှုပါနဲ့။ ယှဉ်ဖက်စိတ် စေတသိက်တွေအားလုံးကိုပဲ ရှုပါ ဆိုပြီးတော့ ဒီလို အဋ္ဌကထာကြီးတွေက ညွှန်ကြားထားတယ်။ အဲဒီ ညွှန်ကြားချက်ကို ကြည့်လိုက်တော့ ဒီစက္ခုဝိညာဏ်က စက္ခုဝိညာဏ်တစ်ခုပဲ ရှုတယ်။ စက္ခုသမ္ဖဿကတော့ စက္ခုဝိညာဏ်နဲ့ ယှဉ်တွဲပြီး ဖြစ်ပေါ်သွားတဲ့ ဖဿတစ်ခုပဲ ရှုတယ်၊ ဒီလို မယူဆနှင့်နော်။ တစ်ဖန် ဝေဒနာကျတော့ ---
ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စံ။
စသည်ဖြင့် ဒီလို ဟောကြားထားတော်မူတယ်။ အဲဒီလို ဟောကြားတော်မူလိုက်တဲ့ ဒေသနာတော်မှာ စက္ခုသမ္ဖဿကို အကြောင်းခံပြီး ဖြစ်ပေါ်လာတဲ့ ဝေဒနာသည် သုခလည်း ဖြစ်ချင်ဖြစ်မယ်, ဒုက္ခလည်း ဖြစ်ချင်ဖြစ်မယ်, ဥပေက္ခာလည်း ဖြစ်ချင်ဖြစ်မယ်လို့ ဒီလိုဟောကြားထားတော်မူတယ်။ ဟောကြားချက်ကို ပြန်ပြီးတော့ နည်းနည်းအကဲခတ်ကြည့်လိုက်လို့ရှိရင် စက္ခုဝိညာဏ်နဲ့ ယှဉ်တွဲပြီး ဖြစ်နေတဲ့ဝေဒနာသည် ဘာဝေဒနာလဲ? ဥပေက္ခာဝေဒနာ၊ ဒါ ပုံသေပဲ။ ခုဘုရားရှင် အရှုခိုင်းနေတာက သုခ သို့မဟုတ် ဒုက္ခ သို့မဟုတ် ဥပေက္ခာဆိုပြီး သုံးမျိုးလုံးကို အရှုခိုင်းတယ်။ အရှုခိုင်းတဲ့ ဒီ ဦးတည်ချက်ကို လှမ်းကြည့်လိုက်ရင် ဒီဝေဒနာသည် စက္ခုဝိညာဏ်နဲ့ တွဲနေတဲ့ ဝေဒနာတွင်သာမက စက္ခုဝိညာဏ်ကို အကြောင်းခံပြီး သို့မဟုတ် စက္ခုသမ္ဖဿကို အကြောင်းခံပြီးတော့ ဖြစ်ပေါ်လာတဲ့ စက္ခုဝိညာဏ်ရဲ့ နောက်ပိုင်းမှာ ဆက်လက်ပြီး ဖြစ်ပေါ်နေတဲ့ ဝေဒနာတွေလို့ ခန့်မှန်းလို့ မရဘူးလား? ရပါတယ်နော်။ အဲဒါကြောင့် စက္ခုသမ္ဖဿဇာဝေဒနာလို့ စက္ခုသမ္ဖဿပစ္စယာ ဝေဒနာလို့ပြောရင် စက္ခုဝိညာဏ်နဲ့ ယှဉ်တွဲနေတဲ့ ဝေဒနာသာမက သမ္ပဋိစ္ဆိုန်း, သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရုံ, မနောဒွါရာဝဇ္ဇန်း စသည်ဖြင့် ရူပါရုံကို ဆက်လက်အာရုံယူနေတဲ့ ဝီထိစိတ်တွေနဲ့ ယှဉ်တွဲနေတဲ့ ဝေဒနာ အားလုံးကို ဆိုလိုတယ်ဆိုပြီး ဒီလိုရှင်းတဲ့ ရှင်းတမ်း တစ်ခုလည်း ရှိတယ်။ နောက်ရှင်းတမ်း တစ်ခုကတော့ စက္ခုသမ္ဖဿဇာ ဝေဒနာ။ စက္ခုသမ္ဖဿပစ္စယာ ဝေဒနာဆိုတာက စက္ခုဝိညာဏ်နဲ့ ယှဉ်တွဲနေတဲ့ ဝေဒနာသာမက စက္ခုဝိညာဏ်ရဲ့ နောက်ဆွယ်မှာ ဆက်လက်ပြီး ရူပါရုံကို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့ ဝေဒနာနဲ့ ယှဉ်တွဲနေတဲ့ နာမ်တရားအားလုံးကို ဆိုလိုတယ်ဆိုပြီး ဒီလိုဖွင့်ထားတာလည်း ရှိတယ်။ အတူတူပါပဲ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋီ၊၁၊၃၇၀။ ...)
နောက်တစ်ခု --- ဒီလိုဆိုရင် စက္ခုဝိညာဏ်ရဲ့ရှေ့မှာ ဖြစ်လေ့ရှိနေတဲ့ ပဉ္စဒွါရာဝဇ္ဇန်းခေါ်တဲ့ ရူပါရုံကို ဆင်ခြင်နေတဲ့ စိတ်ကျတော့ မရှုကောင်းတော့ဘူးလားဆိုတော့ အဲဒီရူပါရုံကို ဆင်ခြင်နေတဲ့ ဒီပဉ္စဒွါရာဝဇ္ဇန်းဟာလည်း အကြောင်းပရိယာယ်တစ်မျိုးအားဖြင့် သူ့ကိုလည်း စက္ခုသမ္ဖဿကြောင့် ဖြစ်တယ်လို့ ပြောဆိုနိုင်တယ်။ သို့မဟုတ် စက္ခုသမ္ဖဿကြောင့်ဖြစ်တဲ့ ဝေဒနာလို့ပဲ ပြောဆိုနိုင်တယ်။ ဘယ်လိုကြောင့်လဲ? မျက်စိကန်းနေတဲ့ ပုဂ္ဂိုလ် တစ်ယောက်ရဲ့ သန္တာန်မှာ စက္ခုဝိညာဏ်ဖြစ်မလား? မဖြစ်ဘူး။ စက္ခုဝိညာဏ် မဖြစ်ရင် စက္ခုသမ္ဖဿကော ဖြစ်ဦးမလား? မဖြစ်ဘူး။ စက္ခုသမ္ဖဿမဖြစ်ရင် ရူပါရုံကို ဆင်ခြင်နေတဲ့ ဒီပဉ္စဒွါရာဝဇ္ဇန်းစိတ်ကော ဖြစ်ဦးမလား? မဖြစ်တော့ဘူး။ ဟော - ဒီအကြောင်းပရိယာယ်အားဖြင့် စက္ခုဝိညာဏ်ရဲ့ ရှေ့မှာ ရှိနေတဲ့ ပဉ္စဒွါရာဝဇ္ဇန်း၊ ပဉ္စဒွါရာဝဇ္ဇန်းနဲ့ ယှဉ်တွဲနေတဲ့ ဝေဒနာဟာလည်း စက္ခုသမ္ဖဿပစ္စယာ ဝေဒနာ သို့မဟုတ် စက္ခုသမ္ဖဿဇာ ဝေဒနာလို့ပဲ ခေါ်နိုင်တယ်။ ဒီတော့ ပြောလိုရင်းကတော့ စက္ခုဒွါရဝီထိမှာရှိတဲ့ စိတ် စေတသိက်တွေကို အသိစိတ်ဝိညာဏ်ကို ဦးတည်၍ဖြစ်စေ, ဝေဒနာကို ဦးတည်၍ဖြစ်စေ, ဖဿကို ဦးတည်၍ဖြစ်စေ သိမ်းဆည်းပြီးတော့ ရူပါရုံကို ဆက်လက်ပြီး အာရုံယူနေတဲ့ ဒီနာမ်တရားတွေကိုလည်း အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုပါလို့ ဒီလို ဆိုလိုပါတယ်။ အလားတူပဲ အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ, ဓမ္မသဘော ခေါ်တဲ့ အာရုံ (၆)ပါးနဲ့ တိုက်ဆိုင်လာတဲ့ အချိန်အခါမှာ ထို တိုက်ဆိုင်တိုင်း တိုက်ဆိုင်တိုင်း ဖြစ်ပေါ်နေတဲ့ မှီရာဝတ္ထုရုပ်တွေ အာရုံရုပ်တွေ စက္ခုဒွါရဝီထိ နာမ်တရားစု ရူပါရုံကို ဆက်လက်ပြီး အာရုံယူနေတဲ့ မနောဒွါရဝီထိ နာမ် တရားစု, သောတဒွါရဝီထိ နာမ်တရားစု သဒ္ဒါရုံကို ဆက်လက်အာရုံယူနေတဲ့ မနောဒွါရ နာမ်တရားစုစတဲ့ ထိုထို ရုပ်တရား နာမ်တရားတွေကို သိမ်းဆည်းပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုပါ။ အဲဒီတော့ ခုဒီနေရာမှာ ပြောနေတာကတော့ အထူးသဖြင့် ရသာရုံနဲ့ ပတ်သက်ပြီး ပြောနေတဲ့ အပိုင်းပဲနော်။ ရသာရုံ တစ်ခုက မိမိတို့ရဲ့ လျှာ ဇိဝှါဒွါရမှာ လာပြီးတော့ ထိခိုက်ပြီဆိုကြတော့ ဇိဝှါဒွါရနဲ့ မနောအကြည်ဓာတ် (= မနောဒွါရ)မှာ လာပြီးတော့ ထိခိုက် လိုက်ပြီ။ ထိခိုက်လိုက်တဲ့ အချိန်အခါမှာ ထိုယောဂီသူတော်ကောင်းဘက်က ဘာလုပ်ရမလဲ?
ဣတိ ဇိဝှါ အနိစ္စာ၊ ရသာ အနိစ္စာ၊ ဇိဝှါဝိညာဏံ အနိစ္စံ၊ ဇိဝှါသမ္ဖေဿာ အနိစ္စော၊ ယမ္ပိဒံ ဇိဝှါသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ။ ပ ။ တမ္ပိ အနိစ္စံ။
ဇိဝှါအကြည်ဓာတ် ဦးဆောင်နေတဲ့ (၅၄)မျိုးသော ရုပ်တရားတွေလည်း အနိစ္စပဲ။ ရသာရုံဦးဆောင်နေတဲ့ ရသာရုံနဲ့ အတူဖြစ်နေတဲ့ ရုပ်တရားတွေလည်း အနိစ္စပဲ။ ဇိဝှါဝိညာဏ် ဇိဝှါဒွါရဝီထိ၊ ဇိဝှါဒွါရဝီထိ နာမ်တရားစု, ရသာရုံကို ဆက်လက်အာရုံယူနေတဲ့ မနောဒွါရဝီထိ နာမ်တရားစု အဲဒီ နာမ်တရားစုတွေလည်း အနိစ္စပဲလို့ ဒုက္ခပဲလို့ အနတ္တပဲလို့ ဒီလို လက္ခဏာရေး သုံးတန်တင်ပြီးတော့ဝိပဿနာ ရှုနေပါ။ အဲဒီလို ဝိပဿနာ ရှုနေခဲ့ရင်တော့ ဝိပဿနာရှုပြီးတော့ အစာအာဟာရတစ်ခုကို စားခဲ့မယ်ဆိုရင် ဘာဖြစ်သလဲ? (နိဿရဏပညာ =) သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ အသိအလိမ္မာဉာဏ်ပညာတွေကို မိမိတို့ ရရှိပြီ ဖြစ်ပါတယ်။
အဲဒီနိဿရဏပညာ မရှိဘဲနဲ့ သတ္တဝါတွေအပေါ်၌ တွယ်တာမက်မောနေတဲ့ စိတ်ဓာတ်တွေ တစ်ပုံကြီးဖြင့် ဒီအာရုံ (၆)ပါးတွေနဲ့ ဆက်ဆံနေခဲ့ရင် ဘာဖြစ်မလဲ? ဒီအပိုင်းကို အာမဂန္ဓသုတ္တန်မှာ မြတ်စွာဘုရား ဟောတော်မူနေတယ်နော်။