အညှီအဟောက်ဟူသည်/အာမဂန္ဓသုတ္တန် တတိယပိုင်း
အာမဂန္ဓသုတ္တန် (တတိယပိုင်း)
၂။ ယေ ဣဓ ကာမေသု အသညတာ ဇနာ၊
ရသေသု ဂိဒ္ဓါ အသုစိဘာဝမဿိတာ။
နတ္ထိကဒိဋ္ဌီ ဝိသမာ ဒုရန္နယာ၊
ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။
ဒီဂါထာလေးကို အခြေခံပြီးတော့ ဘဝနိဿရဏပညာအကြောင်း သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်ကြောင်း ဉာဏ်ပညာအကြောင်းကို ပြောနေပါတယ်နော်။ ဘာတဲ့လဲ? ----
၁။ ကာမဂုဏ်၌ စောင့်စည်းမှု မရှိခြင်း
ဣဓ = ဤလောက၌။ ယေ ဇနာ = အကြင်လူသားတို့သည်ကား။ ကာမေသု = ကာမတို့၌။ အသညတာ = စောင့်စည်းမှု မရှိကြလေကုန်။
အပိုင်းအခြား ဘာမှ မထားဘူး။ အာရုံငါးပါး ကာမဂုဏ်တရားတွေကို မှီဝဲတဲ့အပိုင်းမှာ မိကြီး မိထွေး ဘကြီး ဘထွေး စသည်ဖြင့် အပိုင်းအခြား အကန့်အသတ်ကလေးတောင် မထားတော့ဘူး။ စောင့်စည်းမှုဆိုတာ လုံးလုံး မရှိဘူး။ အဲဒီလို စောင့်စည်းမှုမရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်နေတာလဲ?
ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။
ဧသ ဧသော = ဤကာမဂုဏ်တို့၌ မစောင့်စည်းခြင်းဆိုတဲ့ သဘောတရားသည်ကား။ အာမဂန္ဓော = အညှီအဟောက် မည်ပါပေ၏။ မံသဘောဇနံ = အသားတည်းဟူသော ဘောဇဉ်သည်ကား။ န ဟိ အာမဂန္ဓော = အညှီအဟောက် မဟုတ်ပါပေ။
ကာမဂုဏ်မှာ စောင့်စည်းမှုမရှိတဲ့ ပုဂ္ဂိုလ်တွေဟာ အညှီအဟောက်ကို ဘုဉ်းပေးသုံးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေပဲ။ နောက်တစ်ခု ---
၂။ ရသာရုံတို့၌ တွယ်တာမက်မောခြင်း
ရသေသု ဂိဒ္ဓါ အသုစိဘာဝမဿိတာ၊
ရသေသု = ရသာရုံအမျိုးမျိုးတို့၌။ ဂိဒ္ဓါ = တွယ်တာမက်မောတဲ့ စိတ်ထား ရှိကြလေကုန်၏။
အာဟာရကို မှီဝဲသုံးဆောင်လိုက်တဲ့အချိန်အခါမှာ ရသာရုံအမျိုးမျိုး အပေါ်၌ လိုလားတပ်မက်နေတဲ့ စိတ်ထားတွေ ရှိနေကြတယ်။ တွယ်တာမက်မောနေတဲ့စိတ်ထား ရှိကြတယ်။
ရသာရုံအမျိုးမျိုးကို အာရုံယူနေတဲ့ ဇိဝှါဒွါရဝီထိ, ရသာရုံကို ဆက်လက် အာရုံယူနေတဲ့ မနောဒွါရဝီထိ၊ အဲဒီနာမ်တရားစုဖြင့် လှမ်းပြီး အာရုံယူလို့ရနေတဲ့ ဒီရသာရုံ အမျိုးမျိုးအပေါ်၌ မျိုမတတ် စွဲလမ်းပြီးတော့ မက်မက် မောမောနဲ့ စားသုံးနေကြတယ်နော်။ (အနာဒီနဝဒဿာဝီ =) ထိုရသာရုံကြောင့် ဖြစ်ပေါ်လာမည့် အပြစ်တွေကိုလည်း ရှုမြင်တတ်တဲ့ စိတ်ထားလည်း မရှိဘူး။ အပြစ်ကို မကြည့်တော့ဘူး။ အပြစ်ကို မကြည့်ဘဲနဲ့ ဒီရသာရုံတွေအပေါ်၌ မျိုမတတ် စွဲလမ်းတဲ့ စိတ်ထားဖြင့် ရသာရုံအမျိုးမျိုးတွေကို သုံးဆောင်နေကြတယ်။
နောက်တစ်ခု -- အနိဿရဏပညာ = သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ ဉာဏ်ပညာလည်း မရှိပါဘဲနဲ့ ဒီရသာရုံအမျိုးမျိုးကို သုံးဆောင်နေကြတယ်။ အဲဒီလိုသုံးဆောင်ခဲ့ရင် ဘာဖြစ်သလဲ?
ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။
ဧသ ဧသော = ဤကဲ့သို့ သုံးဆောင်ခြင်းသည်ကား။ အာမဂန္ဓော = အညှီအဟောက်ကို ဘုဉ်းပေးသုံးဆောင်သည် မည်ပါပေ၏။ မံသဘောဇနံ = အသားတည်းဟူသော ဘောဇဉ်သည်ကား။ န ဟိ အာမဂန္ဓော = အညှီအဟောက် မဟုတ်ပါပေ။
အညှီအဟောက်တွေကို စားသုံးနေကြတာပဲတဲ့နော်။
ဒီတော့ ရသာရုံအမျိုးမျိုးအပေါ်၌ တွယ်တာတပ်မက်နေတဲ့ စိတ်ဓာတ်ဖြင့် စားခဲ့ရင် ဘာလုပ်တာလဲ? အညှီအဟောက်ကို ဘုဉ်းပေးသုံးဆောင်နေတာ။
နောက်တစ်ခု --- ရသာရုံအမျိုးမျိုးကြောင့် ရရှိမယ့် အပြစ်တွေကို ရှုမြင်လေ့ မရှိဘူး။ ဒီတော့ နည်းနည်းကြည့်ပေါ့၊ အစွန်း (၃)ပါးလွတ်နေရင်တော့ မြတ်စွာဘုရားက စားစေလို့ ခွင့်ပြုထားတာမှန်တယ်။ သို့သော် အစွန်း (၃)ပါး မလွတ်ဘူး ဆိုလို့ရှိရင်တော့ စားရမလား? မစားရဘူး။ ရသာရုံအပေါ်မှာ တွယ်တာခဲ့ရင် တွယ်တာမက်မောနေတဲ့ ဒီရသတဏှာ ထင်ရှား ဖြစ်ပေါ်နေတုန်း ဖြုန်းခနဲ ဘဝတစ်ခု အဆုံးသတ်ခဲ့ရင် ဘယ်ရောက်မလဲ? အပါယ်လေးဘုံ တစ်ဘုံဘုံ ရောက်လိမ့်မယ်။ ဒါက ဟို အာဒိတ္တပရိယာယသုတ္တန် (သံ၊၂၊၃၇၈။)မှာ မြတ်စွာဘုရား ဟောထားပြီး ဖြစ်ပါတယ်နော်။ အင်မတန် ထက်လှစွာသော သင်တုန်းဓားငယ်ဖြင့် လျှာကို လှီးဖြတ်လိုက်တာက မြတ်သေးတယ်။ ဒီရသာရုံ အမျိုးမျိုးအပေါ်၌ တွယ်တာမက်မောနေတဲ့ စိတ်ဓာတ်ဖြင့် ဒီရသာရုံကို ဘုဉ်းပေးသုံးဆောင်ခြင်းသည် မမြတ်ဘူးတဲ့။ ဒါကလေးက ကြက်သားပဲ၊ ဒါကလေးက ဝက်သားပဲ၊ ဒါကလေးက အာလူးပဲ၊ ဒါကလေးက ပဲပဲစသည်ဖြင့် ဒီလို စွဲယူခြင်းဟာ မမြတ်ဘူး။ ဒါက အသည်း၊ ဒါက အမြစ်ပဲ စသည်ဖြင့် ဒီလို အသေးစိတ် ကိုယ်အင်္ဂါလေးတွေကို စွဲယူခြင်းဟာကလည်း မမြတ်ဘူး။ ဘာက မြတ်သလဲ? လျှာကို ထက်လှစွာသော သင်တုန်းဓားငယ်ဖြင့် လှီးဖြတ်လိုက်တာက မြတ်သေးတယ်။ ဘာဖြစ်လို့လဲ? ဒီလို လှီးဖြတ်လိုက်ခြင်းတည်းဟူသောအကြောင်းကြောင့် သေချင်လည်း သေမယ်။ သေလောက်တဲ့ ဆင်းရဲဒုက္ခသော်လည်း ဖြစ်မယ်။ သို့သော် အပါယ်ကိုတော့ မရောက်နိုင်ဘူး။ ရသာရုံအပေါ်မှာ တွယ်တာတပ်မက်မောနေတဲ့ ဒီရသတဏှာဖြစ်နေတုန်း ဖြုန်းခနဲ သေသွားခဲ့ရင်တော့ ဘယ်ကို ရောက်မလဲ? ငရဲနှင့် တိရစ္ဆာန် (၂)မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်မယ် ဆိုတဲ့ ဒီအကြောင်းတရားသည် ထင်ရှားဧကန် ရှိနေတယ်။ဒါကြောင့် ရသာရုံနဲ့ ပတ်သက်ပြီးတော့ ခုနက တွယ်တာတပ်မက်မောနေတဲ့ ဒီစိတ်ဓာတ်ဖြင့် စားသုံးခဲ့မယ် ဆိုလို့ရှိရင်တော့ ငရဲရောက်နိုင်တယ်။
နောက်တစ်ခု --- အစွန်းသုံးပါးလွတ်ရင်တော့ မြတ်စွာဘုရားစားစေလို့ ခွင့်ပြုထားတာ မှန်တယ်။ သို့သော် အစွန်းသုံးပါးမလွတ်ဘူး ဆိုရင်တော့ ငရဲမရောက်နိုင်ဘူးလား? ရောက်နိုင်တဲ့သဘော ရှိတယ်။ ဟို ဘိုးတော်ဘုရား လက်ထက်တုန်းကပေါ့၊ ထင်ရှားခဲ့တဲ့ ဝိနန္ဒာသဘ အမည်ရတော်မူတဲ့ တတိယ နံမော်ဆရာတော်ဘုရားကြီးက သီလဝိသောဓနီဆိုတဲ့ ကျမ်းစာတစ်ခု ရေးခဲ့ပါတယ်။ အဲဒီကျမ်းစာထဲမှာ ဆရာတော်ဘုရားကြီးက ဝက် (၃)မျိုး ဖော်ပြထားတယ်။ ဘုန်းကြီးကတော့ ခုခေတ်မှာ ဝက်သုံးမျိုးမကဘူး (၄)မျိုးလောက်တော့ ရှိလိမ့်မယ်လို့ထင်တယ်။ ဝက်သုံးမျိုးက ဘာတွေလဲဆိုတော့ အလှူဝက်ရယ်, ဝတ်ပွဲဝက်ရယ်, ကထိန်ဝက်ရယ်လို့ ရှေးတုန်းက ဝက် (၃)မျိုး ရှိတယ်။ ခုခေတ်မှာတော့ ဥပုသ်ဝက်လည်း တစ်ခု ရှိလိမ့်မယ်ထင်တယ်။ ဘာဖြစ်လို့လဲ? ဘုန်းကြီး ဒီနေရာရောက်စတုန်းက ကိုရင်ကလေးတွေ ကျောင်းမှာလာပြီး သင်္ကန်းဆီးရင်းနဲ့ စပ်မိတော့ သူတို့က လျှောက်တယ်။ ဆရာတော် ဥပုသ်နေ့ဆိုလို့ရှိရင် ဝက်သားက အစောကြီး ကုန်သွားတယ်။ ဘာဖြစ်လို့လဲလို့ သူတို့ကို မေးကြည့်တယ်။ ဘုန်းကြီး ဒီနေရာရောက်စတုန်းက ဝက်သားက ၂၅-ကျပ် စျေးလောက်ရှိတယ်ဆိုလား?အဲဒီတစ်ပိဿာကို ၂၅-ကျပ်လောက် ရှိတယ်တဲ့။ ဥပုသ်နေ့ကျလို့ရှိရင် သူတို့က ဥပုသ်သည်တွေအတွက် လှူနိုင် ဒါန်းနိုင်အောင် ဆိုပြီးတော့ လျှော့စျေးနဲ့ ရောင်းတယ်တဲ့။ တစ်ပိဿာ ၁၆-ကျပ်နဲ့ပဲ ရောင်းတယ်တဲ့။ အဲဒါကြောင့် အစောကြီး ကုန်သွားတယ်တဲ့။ ဒီလိုဆိုရင် အဲဒီဝက်သား ဘယ့်နှယ်နေမလဲ? အပ်မလား? မအပ်ဘူးလား? မအပ်ပါဘုရား မအပ်တဲ့အသား စားကြသလား? မစားကြဘူးလား? အဲဒါပဲ အနာဒီနဝဒဿာဝီဆိုတာ ဒါ ပြောတာ။ အပြစ်ကို ရှုမြင်လေ့ မရှိကြဘူး။ ဒီအာဟာရကြောင့် ရရှိမယ့် အပြစ်တွေကို မရှုကြဘူး။ ဒီအာဟာရသည် စင်ကြယ်၏ မစင်ကြယ်၏ စသည်ဖြင့် ဘာမှ ရှုပွားမှု မရှိကြတော့ဘူး။ အနိဿရဏပညာ = ဒီအာဟာရကို စာသုံးနေတဲ့ အချိန်အခါမှာလည်း သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ ဉာဏ်ပညာဆိုတာ လုံးလုံး မရှိဘူး။ တွယ်တာမက်မောနေတဲ့ ရသတဏှာပြဓာန်းပြီးတော့ ဒီအရသာတွေကို ဘုဉ်းပေးသုံးဆောင်ကြတယ်။ ဒီလို ဘုဉ်းပေးသုံးဆောင် နေခဲ့မယ်ဆိုလို့ရှိရင်တော့ ဘာလုပ်တာလဲ? (ဧသာမဂန္ဓော =) ဒါဟာ အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတယ်။
ရသာရုံအမျိုးမျိုးကို အာရုံယူနေတဲ့ ဇိဝှါဒွါရဝီထိ, ရသာရုံကို ဆက်လက် အာရုံယူနေတဲ့ မနောဒွါရဝီထိ၊ အဲဒီနာမ်တရားစုဖြင့် လှမ်းပြီး အာရုံယူလို့ရနေတဲ့ ဒီရသာရုံ အမျိုးမျိုးအပေါ်၌ မျိုမတတ် စွဲလမ်းပြီးတော့ မက်မက် မောမောနဲ့ စားသုံးနေကြတယ်နော်။ (အနာဒီနဝဒဿာဝီ =) ထိုရသာရုံကြောင့် ဖြစ်ပေါ်လာမည့် အပြစ်တွေကိုလည်း ရှုမြင်တတ်တဲ့ စိတ်ထားလည်း မရှိဘူး။ အပြစ်ကို မကြည့်တော့ဘူး။ အပြစ်ကို မကြည့်ဘဲနဲ့ ဒီရသာရုံတွေအပေါ်၌ မျိုမတတ် စွဲလမ်းတဲ့ စိတ်ထားဖြင့် ရသာရုံအမျိုးမျိုးတွေကို သုံးဆောင်နေကြတယ်။
နောက်တစ်ခု -- အနိဿရဏပညာ = သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ ဉာဏ်ပညာလည်း မရှိပါဘဲနဲ့ ဒီရသာရုံအမျိုးမျိုးကို သုံးဆောင်နေကြတယ်။ အဲဒီလိုသုံးဆောင်ခဲ့ရင် ဘာဖြစ်သလဲ?
ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။
ဧသ ဧသော = ဤကဲ့သို့ သုံးဆောင်ခြင်းသည်ကား။ အာမဂန္ဓော = အညှီအဟောက်ကို ဘုဉ်းပေးသုံးဆောင်သည် မည်ပါပေ၏။ မံသဘောဇနံ = အသားတည်းဟူသော ဘောဇဉ်သည်ကား။ န ဟိ အာမဂန္ဓော = အညှီအဟောက် မဟုတ်ပါပေ။
အညှီအဟောက်တွေကို စားသုံးနေကြတာပဲတဲ့နော်။
ဒီတော့ ရသာရုံအမျိုးမျိုးအပေါ်၌ တွယ်တာတပ်မက်နေတဲ့ စိတ်ဓာတ်ဖြင့် စားခဲ့ရင် ဘာလုပ်တာလဲ? အညှီအဟောက်ကို ဘုဉ်းပေးသုံးဆောင်နေတာ။
အညှီအဟောက်တွေကို စားပြီးတော့ အသက်မွေးနေကြတယ်။ အညှီအဟောက်ကို ဘုဉ်းပေးသုံးဆောင်နေကြတာ ဘာအညှီအဟောက်လဲ? ဒီအကုသိုလ်အညှီအဟောက်တွေနော်။ အကုသိုလ်အညှီအဟောက်တွေကို မှီပြီးတော့ နေထိုင်ကြတယ်။ နောက်တစ်ခု ---
(နတ္ထိကဒိဋ္ဌိ =) နတ္ထိကအယူဝါဒ ရှိပေ၏။ နတ္ထိကဒိဋ္ဌိ အယူရှိပြီးတော့လည်း လူလောကမှာ နေထိုင်တယ်။ အဲဒီလို နတ္ထိကအယူရှိပြီးတော့ လူ့ လောကမှာ နေထိုင်ခဲ့လို့ရှိရင် ထိုပုဂ္ဂိုလ်သည်လည်း အညှီအဟောက်ကို ဘုဉ်းပေး သုံးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေပဲ။ ဒီတော့ ဒီနတ္ထိကဒိဋ္ဌိနဲ့ ပတ်သက်ပြီးတော့ နာဖူးထပ်မံပေါ့နော်။ ဘုန်းကြီး နည်းနည်း ဗဟုဿုတကလေး ထပ်ပြော ပါ့မယ်။ ဓမ္မသင်္ဂဏီပါဠိတော် (အဘိ၊၁၊၂၄၁။)နှင့် အဋ္ဌသာလိနီအဋ္ဌကထာတို့မှာ ဖွင့်ဆိုထားတဲ့အတိုင်း ပြောကြရအောင်။ (အဘိ၊ဋ္ဌ၊၁၊၄၁၅-၄၁၆။)
၄။ နတ္ထိကဒိဋ္ဌိ
ပေးလှူခြင်းဆိုတဲ့ ဒီဒါနဆိုတဲ့ သဘောတရားက ရှိတယ်ဆိုတာတော့ သူ လက်ခံတယ်။ ပုဂ္ဂိုလ်တစ်ယောက်က ပုဂ္ဂိုလ်တစ်ယောက်ကို တစ်စုံတစ်ခု လှူမယ်ဆိုရင် လှူသင့်ပါတယ်။ လှူသင့်တယ်ဆိုတာ လက်ခံတယ်၊ လှူကောင်းတယ်၊ ဒါပေမဲ့လို့ ပေးလှူတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ပေးလှူခြင်းတည်းဟူသော အကြောင်းတရားကြောင့် အကျိုးရှိတယ်ဆိုတာကတော့ ဘယ်လိုမှ မဖြစ်ဘူး။ အကျိုးကို သူလက်ခံသလား? လက်မခံဘူး။ နောက်တစ်ခု ---
အေး အကြီးအကျယ် လှူဒါန်းပွဲကြီးတွေ ကျင်းပပြီး လှူဒါန်းသင့်တယ် ဆိုတာ သူသိတယ်။ ဒါပေမဲ့ ဒီယဇ်ကြီးတွေ ပူဇော်ပြီး အကြီးအကျယ် လှူဒါန်းနေတဲ့ ကုသိုလ်စေတနာရဲ့ အကျိုးတရားရှိတယ်ဆိုတာကတော့ သူက လက်မခံဘူးတဲ့နော်။ ဘုန်းကြီး တစ်ချိန်တုန်းက အစင်တောထဲ နေခဲ့ပါတယ်။ ဒကာကြီးတစ်ယောက် ကွန်မြူနစ်လူထွက်ပဲ။ တောထဲမှာ နှစ်ပေါင်း အစိတ်လောက် တောခိုပြီးမှ သူက အလင်းဝင်လာတဲ့ပုဂ္ဂိုလ်ပဲ။ ဆွမ်းအုပ်ကလေး တစ်အုပ်နဲ့ ကျောင်းလာတယ်။ တပည့်တော်က ဒီကောင်းမှုကုသိုလ်ကြောင့် နောင်တစ်ချိန် အကျိုးရလိမ့်မယ်ဆိုတာ တပည့်တော် မျှော်လင့်ချက် နည်းနည်းမှ မရှိဘူး။ လက်လည်း မခံဘူးတဲ့၊ ဒါပေမဲ့ အခုလို တောထဲ တောင်ထဲမှာ တရားဘာဝနာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေကို တို့ ပေးကမ်းလှူဒါန်းသင့်တယ်ဆိုတဲ့ ဒီအသိနဲ့ လာလှူတာပါ ဆိုပြီး ဆွမ်းအုပ်ကလေး တစ်အုပ် လာလှူတယ်။ စားဖို့ရန် မခက်ဘူးလား? တော်တော်ကလေးတော့ ခက်တယ်နော်။ အဲဒီပုံစံပဲ၊ သူက နတ္ထိကဒိဋ္ဌိပဲ။ နောက်တစ်ခု ---
ဧည့်သည်တွေအတွက်နော်၊ မင်္ဂလာအတွက် ကျွေးမွေးလှူဒါန်းသင့်တယ်ဆိုတာတော့ လက်ခံတယ်။ ဒါပေမဲ့လို့ အဲဒီ ပေးကမ်းလှူဒါန်းတဲ့ မင်္ဂလာအခမ်းနားမှာ လှူဒါန်းတဲ့ ဒီကျွေးမွေးဧည့်ခံခြင်းဆိုတဲ့ လုပ်ငန်းရပ်တွေကြောင့် အကျိုးတရားရှိတယ်ဆိုတာကို သူက လက်မခံဘူးနော်။နောက်တစ်ခု ---
ကုသိုလ်ကမ္မပထတရား (၁၀)ပါးကို သုကတကမ္မလို့ ခေါ်တယ်။ အကုသိုလ်ကမ္မပထတရား (၁၀)ပါးကို ဒုက္ကတကမ္မလို့ ခေါ်ပါတယ်တဲ့။ ဒါကတော့ သိပြီးသား သုစရိုက် (၁၀)ပါး, ဒုစရိုက် (၁၀)ပါးပဲ။
ဒုစရိုက်, သုစရိုက်ဆိုတာ ရှိတယ်။ လက်ခံတယ်။ ဒါပေမဲ့လို့ ဒီဒုစရိုက် သုစရိုက်တွေကြောင့် ရရှိမယ့် အကျိုးတရားရှိတယ်ဆိုတာတော့ သူက လက်မခံဘူး။ မကောင်းတာလုပ်ရင် မကောင်းကျိုးရမယ်။ သူလက်မခံဘူး။ ကောင်းတာလုပ်ရင်လည်း ကောင်းကျိုးရမယ်ဆိုတာ သူလက်မခံဘူး။ ဘယ်လောက်ဆိုးတဲ့ဝါဒလည်းဆိုတာ ဒကာကြီးတို့ ကြည့်ပေတော့။ သူ့အတွက် ဒုစရိုက်တံခါးကြီးက အမြဲတမ်း ပွင့်မနေဘူးလား? ပွင့်နေတယ်။ သုစရိုက် တံခါးကြီးကလည်း အမြဲတမ်း ပိတ်မနေဘူးလား? ပိတ်နေလိမ့်မယ်။ မကောင်း တာလုပ်လည်း မကောင်းကျိုး မဖြစ်ဘူး။ မကောင်းတဲ့အကျိုး မရဘူး၊ ကောင်းတဲ့ သုစရိုက်တရားတွေ ပြုလုပ်ဖြည့်ကျင့်လို့လည်း ကောင်းကျိုး မရပါဘူးဆိုတော့ သူ့အတွက်က လမ်းပိတ်သွားပြီနော်။ နောက်တစ်ခု ---
ဒီလောကလည်း မရှိဘူး၊ ဟိုလောကလည်း မရှိဘူး။ ဘာပြောတာလဲ? ဒီလောကမရှိဘူးဆိုတာက တမလွန်လောကမှာ ရပ်တည်နေတဲ့ ပုဂ္ဂိုလ်အတွက် ဒီလောကကို ပြောင်းလာတယ်ဆိုတာ ဘယ်လိုမှ မဖြစ်ဘူး။ မရှိနိုင်ဘူးတဲ့။
တမလွန်လောက မရှိဘူးဆိုတာ ဒီလောကရပ်တည်နေတဲ့ ပုဂ္ဂိုလ်က ဟိုဘက်ကလောက ရောက်သွားမယ်ဆိုတာ ဘယ်လိုမှ မဖြစ်ဘူး။ ဘာဖြစ်လို့လဲ? သေရင်ပြတ်သွားတယ်၊ ခေါင်းဟိုဘက် ဘာမှ မရှိဘူး၊ ဘဝဆိုတာ ပုခက်နဲ့ ခေါင်းကြားမှာပဲ ရှိပါတယ် လို့ သူက ဒီလို လက်ခံထားတဲ့ပုဂ္ဂိုလ်နော်။
နောက်တစ်ခု --- နတ္ထိ မာတာ နတ္ထိ ပိတာ၊ အမေဆိုတာ မရှိပါဘူး။ အဖေဆိုတာ မရှိပါဘူး။ သူက ဒီလိုယူတယ်။ ဘာပြောတာလဲ?
မိဘနှစ်ပါး ထင်ရှားရှိတယ်ဆိုတာတော့ သိတယ်။ ဒါပေမဲ့လို့ ဒီမိဘတွေအပေါ်မှာ ကောင်းတဲ့ ကောင်းမှုပြုလုပ်ခြင်းတည်းဟူသော အကြောင်းကြောင့်လည်း ကောင်းကျိုးမရဘူး။ မိဘအပေါ်၌ မကောင်းမှုပြုလုပ်ခြင်း တည်းဟူသော အကြောင်းကြောင့်လည်း မကောင်းကျိုး မရနိုင်ဘူးလို့ သူက ဒီလို စွဲလမ်းယုံကြည်တယ်နော်။
ဩပပါတိကသတ္တဝါဆိုတာ မရှိဘူး။ ဩပပါတိကသတ္တဝါဆိုတာက ဒီနေရာမှာ ဘာပြောတာလဲ?
စဝနကာ ဥပ္ပဇ္ဇနကာ သတ္တာ နတ္ထီတိ ဂဏှာတိ။ (အဘိ၊ဋ္ဌ၊၁၊၄၁၆။)
စဝနကာ ဥပ္ပဇ္ဇနကာ သတ္တာ = သေပြီးနောက် ပဋိသန္ဓေ တစ်ဖန် တည်နေကြတဲ့ သတ္တဝါမည်သည်။ နတ္ထိ = မရှိ။
သေပြီးလို့ရှိရင် နောက်ထပ်တစ်ဖန် ပဋိသန္ဓေတည်နေတယ်ဆိုတဲ့ သတ္တဝါ လောကမှာ မရှိဘူး။ ဘာဖြစ်လို့လဲ? သေရင် ပြတ်တယ်လို့ သူတို့က လက်ခံထားတယ်။ နောက်တစ်ခု ဘာလဲ?
သမ္မဂ္ဂတာ သမ္မာပဋိပန္နာ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ။ (အဘိ၊၁၊၂၄၁။)
ယေ = အကြင်သမဏ ဗြာဟ္မဏတို့သည်။ ဣမဉ္စ လောကံ = ဤလောက ကိုလည်းကောင်း။ ပရဉ္စ လောကံ = တမလွန်လောကကိုလည်းကောင်း။ သယံ = ကိုယ်တိုင်။ အဘိညာယ = ထူးသော ဉာဏ်ဖြင့် ထိုးထွင်းသိမြင်ကြကုန်၍။ သစ္ဆိကတွာ = မျက်မှောက်ပြု၍။ ပဝေဒေန္တိ = ဟောကြားပြသနိုင်ကြလေကုန်၏။ သမဂ္ဂတာ = အညီအညွတ် ဖြစ်ကြကုန်သော။ သမ္မာပဋိပန္နာ = ကောင်းမွန်မှန်ကန်စွာ ကျင့်ကြကုန်သော။ တေ = ထိုသမဏ ဗြာဟ္မဏတို့သည်။ လောကေ = လောက၌။ နတ္ထိ = မရှိပါ။
ဒီလောက တမလွန်လောကအကြောင်းကို ထိုးထွင်းသိတဲ့ ကောင်းမွန် မှန်ကန်စွာ ကျင့်နေတဲ့ သမဏ ဗြာဟ္မဏဆိုတာ လောကမှာ မရှိဘူး။ ဘာပြောတာလဲ?
ဣမဉ္စ လောကံ, ပရဉ္စ လောကံ အတ္တနာဝ အဘိဝိသိဋ္ဌေန ဉာဏေန ဉတွာ ပဝေဒနသမတ္ထော သဗ္ဗညုဗုဒ္ဓေါ နာမ နတ္ထီတိ ဂဏှာတိ။ (အဘိ၊ဋ္ဌ၊၁၊၄၁၆။)
ဣမဉ္စ လောကံ = ဤလောကကိုလည်းကောင်း။ ပရဉ္စ လောကံ = တမလွန်လောကကိုလည်းကောင်း။ အတ္တနာဝ = မိမိကိုယ်တိုင်ပင်လျှင်။ အဘိဝိသိဋ္ဌေန ဉာဏေန = ထူးကဲမြင့်မြတ်သော ဉာဏ်ဖြင့်။ ဉတွာ = သိရှိ၍။ ပဝေဒနသမတ္ထော = ဟောကြားပြသ ဆိုဆုံးမခြင်းငှာ စွမ်းနိုင်သော။ သဗ္ဗညုဗုဒ္ဓေါ နာမ = သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်မည်သည်။ နတ္ထိ = မရှိပါ။ ဣတိ = ဤသို့။ ဂဏှာတိ = စွဲယူ၏။
ဒီလောက တမလွန်လောကအကြောင်းကို မိမိကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် ထိုးထွင်းသိပြီး ဟောကြားပြသ ဆိုဆုံးမနိုင်တဲ့ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားဆိုတာ မရှိပါဘူးလို့ သူက ဒီလို လက်ခံတယ်။ အဲဒီလို လက်ခံနေတဲ့ ဝါဒကို နတ္ထိကဒိဋ္ဌိဝါဒလို့ ခေါ်ပါတယ်နော်။ အဲဒီလို နတ္ထိကဒိဋ္ဌိအယူရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဘာလုပ်နေတာလဲ? (အာမဂန္ဓ =) အညှီအဟောက်ကို ဘုဉ်းပေးသုံးဆောင်နေတာလို့ ဒီလို မြတ်စွာဘုရားက ဟောတော်မူတယ်။ နောက်တစ်ခု ---
၅။ မညီမျှတဲ့ စိတ်နေစိတ်ထား
ဝိသမာတိ ဝိသမေန ကာယကမ္မာဒိနာ သမန္နာဂတာ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၃။)
မညီမျှတဲ့ ကာယဒုစရိုက်တရားတွေနဲ့ ပြည့်စုံနေတယ်။ မညီမျှတဲ့ ဝစီဒုစရိုက်တွေနဲ့ ပြည့်စုံနေတယ်။ မညီမျှတဲ့ မနောဒုစရိုက်တရားတွေနဲ့ ပြည့်စုံနေတယ်။ သူ့စိတ်ဓာတ်ထဲမှာ ညီမျှတဲ့ စိတ်ထား မရှိဘူး။ မညီမျှတဲ့ စိတ်ထားသာရှိနေတယ်။ သူ့အသက်ကို သတ်မယ်၊ သူ့ပစ္စည်းကို မတရား ယူမယ်၊ သူ့သားမယားတွေကို ဖျက်ဆီးမယ်ဆိုတဲ့ ဒီစိတ်ထား ရှိတယ်။ အဲဒီစိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်သည် ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတာပဲ။ နောက်တစ်ခု --- မုသားပြောမယ်။ ကြမ်းတမ်းတဲ့ စကားတွေ ပြောမယ်၊ ပြိန်ဖျင်းတဲ့စကားတွေ ပြောမယ်၊ ကုန်းစကားတွေ ပြောမယ်၊ ဒီစိတ်ထားပဲ သူ့သန္တာန်မှာ ရှိတယ်။ အဲဒီစိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်သည် ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေး သုံးဆောင်နေတာပဲ။ ဒါ မညီမျှတဲ့ စိတ်ဓာတ်ပဲ။ ညီမျှတဲ့ စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်မှာ ဒီစိတ်ထားမျိုး ရှိမလား? မရှိဘူး။ နောက်တစ်ခု --- (အဘိဇ္ဈာ =) သူ့ပစ္စည်း မတရားသော နည်းလမ်းဖြင့် ရဖို့ရန်အတွက် အမြဲတမ်း ကြံစည်စိတ်ကူးနေတဲ့ စိတ်ထားပဲ ရှိနေတယ်။ သူတစ်ပါးတွေ ဆင်းရဲဒုက္ခရောက်ဖို့ရန်အတွက် သူတစ်ပါးတွေကို ဖျက်ဆီးဖို့ရန်အတွက် ကြံစည်စိတ်ကူးနေတဲ့ စိတ်ထားပဲ ရှိတယ်။ ခုနက ပြောခဲ့တဲ့ နတ္ထိကဒိဋ္ဌိခေါ်တဲ့ မှားယွင်းတဲ့ ခံယူချက်တွေနဲ့ ပတ်သက်ပြီးတော့ ကြံစည်စိတ်ကူးတဲ့ စိတ်ထားတွေပဲ ရှိနေတယ်။ အဲဒီကြံစည်စိတ်ကူးမှု စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်တွေဟာလည်း ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတာပဲတဲ့နော်။ ဒီလို မညီမျှတဲ့ စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဒုစရိုက်တွေကို လွန်ကျူးဖို့ရန် ဝန်မလေးတော့ဘူး။ ဒီစိတ်ထားတွေက ဒုစရိုက်တွေကို လွန်ကျူးဖြစ်အောင် အမြဲ တွန်းအားပေးနေတယ်၊ မှားယွင်းတဲ့ အသက်မွေးမှုဆိုတဲ့ မိစ္ဆာဇီဝနှင့် အသက်မွေးဖို့ရန် အမြဲတမ်း တွန်းအားပေးနေတဲ့ စိတ်ထားတွေပဲ။ သူ့ဘက် ကိုယ့်ဘက် နှစ်ဘက်လုံးကို အညီအမျှ ကြည့်တတ်တဲ့ မြင်တတ်တဲ့ စိတ်ထားမျိုးတွေ မဟုတ်ကြဘူး။ ဒါကြောင့် ဘုရားရှင်က ဒီစိတ်ထားမျိုးတွေကို မမွေးမြူဖို့ရန် ဆိုဆုံးမတော်မူနေခြင်း ဖြစ်ပါတယ်။
နောက်တစ်ခု --- (ဒုရန္နရ =) ဒီပုဂ္ဂိုလ်တွေကို အသိဉာဏ်တစ်ခု ပေးမယ် ဆိုရင် အင်မတန် ခက်ခဲတယ်။ ဘယ်လိုလဲ?
၆။ မှန်ကန်တဲ့ အသိဉာဏ် ပေးဖို့ရန် ခက်ခဲသူ
ဒုရန္နယာတိ ဒုဝိညာပယာ သန္ဒိဋ္ဌိပရာမာသီ-အာဓာနဂ္ဂါဟီ-ဒုပ္ပဋိနိဿဂ္ဂိတာ-သမန္နာဂတာ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၃။)
(ဒုရန္နယာဆိုတာ ဒုဝိညာပယာ =) သူတို့ကို အသိဉာဏ်တစ်ခု ပေးမယ် ဆိုရင် အသိပေးဖို့ရန်အတွက် အလွန် ခက်ခဲတယ်။ နည်းနည်းလေး စဉ်းစား ကြည့်စမ်းနော်။ ခုခေတ်မှာပေါ့လေ၊ ဘုန်းကြီး ခဏခဏ အဝေဖန် ခံနေရပါတယ်။ ဘုန်းကြီး သီတင်းသုံးဖော်တစ်ပါးကနေပြီး ဘုန်းကြီးကို ဝေဖန်တယ်။ အရှင်ဘုရားတို့ ဆရာတော်ဟာတဲ့ လူတစ်ရာမှာ လူတစ်ယောက်လောက်ပဲ လက်ခံနိုင်တဲ့ တရားကို ဟောနေတယ်တဲ့။ တပည့်တော်ကတော့ လူတစ်ရာမှာ လူကိုးဆယ့်ကိုးယောက်လောက် လက်ခံနိုင်တဲ့ တရားကို ဟောတာပါတဲ့။ ဘယ့်နှယ်တုန်း! ဟုတ်သလား မဟုတ်ဘူးလား? ဟုတ်နေတယ်။ ဘုန်းကြီးကတော့ အဲဒီအတိုင်း ဖြစ်နေတယ်နော်။ သူများက သမာဓိမထူထောင်ရဘူး၊ ဘုန်းကြီးက သမာဓိထူထောင်သင့်တယ်လို့ ဟောတယ်။
ဒီတော့ သူတို့ကို အသိဉာဏ်ပေးရတာ ခက်ခဲတယ်ဆိုတော့ အဲဒီပုဂ္ဂိုလ်တွေ ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို စားနေကြတာပဲ။ မှန်ကန်တဲ့ အသိဉာဏ်ကို ပေးလိုက်တဲ့ အချိန်အခါမှာ သူတို့ကို အသိဉာဏ်ပေးလို့ တချို့ ရသလား မရဘူးနော်။ သူတို့ကို အသိဉာဏ်ပေးရတာ အင်မတန်ကို ခက်ခဲနေ တယ်။ (ဒုဝိညာပယာ)။ နောက်တစ်ခု --- (သန္ဒိဋ္ဌိပရာမာသီ =) မိမိ မြင်တွေ့ထားတဲ့ အယူအဆတစ်ခု မှားတာ မှန်တာ ဝေဖန်မှု ဆန်းစစ်မှု မရှိဘူး။ စွဲမြဲပြီးတော့ ဆုပ်ကိုင်ထားတယ်။ (အာဓာနဂ္ဂါဟီ =) စွဲစွဲမြဲမြဲကို လက်ခံထားတယ်။ အဲဒါက မှားနေတယ်လေ စွန့်လွှတ်လိုက်ပါလို့ပြောရင် သူတို့ စွန့်သလား? မစွန့်နိုင်ဘူး။ လွယ်လွယ်လေးနဲ့ မစွန့်နိုင်ဘူး။ (ဒုပ္ပဋိနိဿဂ္ဂိတာ=) စွန့်လွှတ်ဖို့ရန်အတွက် အလွန်ကို ခက်ခဲထားတယ်။ စွဲမြဲပြီးတော့ ဆုပ်ကိုင်ထားတယ်။ အဲဒီလို မှားယွင်းတဲ့ အယူဝါဒတွေအပေါ်၌ စွန့်လွှတ်ဖို့ရန် ခက်ခဲပြီးတော့ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေး သုံးဆောင်နေတာပဲတဲ့။ ဒါကြောင့် နည်းနည်းလေး ဒီဂါထာလေး ပြန်နာကြည့်ကြရအောင် ---
၂။ ယေ ဣဓ ကာမေသု အသညတာ ဇနာ၊
ရသေသု ဂိဒ္ဓါ အသုစိဘာဝမဿိတာ။
နတ္ထိကဒိဋ္ဌီ ဝိသမာ ဒုရန္နယာ၊
ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။
ဣဓ = ဤလောက၌။ ယေ ဇနာ = အကြင်လူသားတို့သည်။ ကာမေသု = ကာမတို့၌။ အသညတာ = စောင့်စည်းမှုလည်း မရှိကြလေကုန်။ ရသေသု = ရသာရုံအမျိုးမျိုးတို့အပေါ်၌။ ဂိဒ္ဓါ = တွယ်တာမက်မောတဲ့စိတ်ထား ရှိကြကုန်၏။ အဿုစိဘာဝမဿိတာ = မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော မိစ္ဆာဇီဝအမျိုးမျိုးကို မှီ၍ အသက်မွေးကြကုန်၏။ နတ္ထိကဒိဋ္ဌီ = နတ္ထိက ဝါဒထင်ရှားရှိ၍ နေကြကုန်၏။ ဝိသမာ = မညီမျှသော ဒုစရိုက်တရားတို့နှင့် ပြည့်နှက်လျက် မညီမျှသောစိတ်ထား ထင်ရှားရှိ၍နေကြလေကုန်၏။ ဒုရန္နာယာ = အသိဉာဏ်ပေးဖို့ရာ ခက်ခဲသော စိတ်ထားလည်း ရှိကြကုန်၏။ ဧသ ဧသော = ဤခြောက်မျိုးသော တရားသည်ကား။ အာမဂန္ဓော = အညှီ အဟောက်ပါပေတည်း။ မံသဘောဇနံ = အသားတည်းဟူသော ဘောဇဉ်သည်ကား။ န ဟိ အာမဂန္ဓော = အညှီအဟောက် မဟုတ်ပါပေ။
ကဿပမြတ်စွာဘုရားက ဟောနေတယ်နော်။ ပေါင်းလိုက်မယ်ဆိုလို့ရှိရင် ဘယ်နှစ်ခုရှိသလဲ?
- ကာမေသု အသညတာ = ကာမတို့၌ စောင့်စည်းမှု မရှိခြင်း။
- ရသေသု ဂိဒ္ဓါ = ရသာရုံအမျိုးမျိုးအပေါ်၌ တွယ်တာမက်မောနေတဲ့ စိတ်ထားရှိခြင်း။
- အသုစိဘာဝမဿိတာ= အသက်မွေးဝမ်းကျောင်း ပျက်စီးနေခြင်း။
- နတ္ထိကဒိဋ္ဌီ = ကံ,ကံ၏အကျိုး မရှိပါဘူးလို့ လက်ခံယုံကြည်နေတဲ့ နတ္ထိကဒိဋ္ဌိ ထင်ရှားရှိခြင်း။
- ကာယဒုစရိတာဒိဝိသမတာ = ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်လို့ ခေါ်ဆိုအပ်တဲ့ မညီမမျှတဲ့စိတ်ထား ရှိနေခြင်းတဲ့။ ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်တွေကို လွန်ကျူးကြောင်းဖြစ်တဲ့ မညီမျှတဲ့ စိတ်ထား ရှိနေခြင်း။
- ဒုရန္နယာတဲ့ အသိဉာဏ် ပေးဖို့ရန်အတွက် အလွန်ခက်ခဲတဲ့ စိတ်ထားရှိခြင်းတဲ့။
ပေါင်းလိုက်တော့ ဘယ်နှစ်ခုလဲ? (၆)ခု။ အဲဒီ (၆)မျိုးကို ဘုရားရှင်က အာမဂန္ဓ = အညှီအဟောက်လို့ ငါဘုရားဟောပါတယ်။ အသားတည်းဟူသော ဘောဇဉ်ကိုတော့ ငါဘုရားက အညှီအဟောက်လို့ မဟောဘူး ဆိုပြီးတော့ တိဿရသေ့ကြီးကို ကဿပမြတ်စွာဘုရားက ဟောတော်မူလိုက်ပြီ။ အဲဒီလို ဟောပြီးတဲ့အချိန်အခါ ဒါလောက်နဲ့ ပြီးသွားသလား? မပြီးသေးဘူး။ နောက်ထပ် အာမဂန္ဓ = အညှီအဟောက်တွေအကြောင်းကို မြတ်စွာဘုရားက ဆက်ပြီးတော့ ဟောတော်မူပြန်တယ်။
၃။ ယေ လူခသာ ဒါရုဏာ ပိဋ္ဌိမံသိကာ၊
မိတ္တဒ္ဒုနော နိက္ကရုဏာတိမာနိနော။
အဒါနသီလာ န စ ဒေန္တိ ကဿစိ၊
ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။
ယေ =အကြင်ပုဂ္ဂိုလ်တို့သည်ကား။ လူခသာ = ခေါင်းပါးသော အတ္တကိလမထာနုယောဂဟုခေါ်ဆိုအပ်တဲ့ အကျင့်ရှိကြလေကုန်၏။ ဒါရုဏာ = ကြမ်းတမ်းသော စိတ်ထားရှိကြကုန်၏။ ပိဋ္ဌိမံသိကာ = သူတစ်ပါး၏ ကျောက်ကုန်းသားကို စားသကဲ့သို့ ရှေ့တွင် ချီးမွမ်း၍ မျက်ကွယ်၌ ကဲ့ရဲ့တတ်ကြပြန်ကုန်၏။ မိတ္တဒ္ဒုနော =မိတ်ဆွေခင်ပွန်းတို့ကို ပြစ်မှားတတ်ကြကုန်၏။ နိက္ကရုဏာ = သနားခြင်း ကင်းကြကုန်၏။ အတိမာနိနော = အလွန် မာနကြီးကြကုန်၏။ အဒါနသီလာ = ပေးကမ်းစွန့်ကြဲသော အလေ့အထလည်း မရှိကြ လေကုန်။ ကဿစိ = တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်အား။ န စ ဒေန္တိ = အနည်းငယ်မျှသော်လည်း မပေးလှူကြကုန်။ ဧသ ဧသော = ထိုသူတို့၏ အတ္တကိလမထ အစရှိသော သဘောတရားသည်။ အာမဂန္ဓော = အညှီအဟောက်ပါပေတည်း။ မံသဘောဇနံ = အသားတည်းဟူသော ဘောဇဉ်သည်ကား။ န ဟိ အာမဂန္ဓော = အညှီအဟောက် မဟုတ်ပါပေ။
၁။ အတ္တကိလမထကျင့်စဉ်ကို ကျင့်သူ
လောကမှာ ပုဂ္ဂိုလ်တွေ လူခသာလို့ ခေါ်ဆိုတဲ့ (အတ္တကိလမထ =) မိမိကိုယ်ကို မိမိ ညှဉ်းပန်းနှိပ်စက်နေတဲ့ လုပ်ငန်းရပ်ကျင့်စဉ်တွေမှာ မှီဝဲဆည်းကပ်နေကြတယ်တဲ့နော်။ မိမိကိုယ်ကို မိမိ ညှဉ်းပန်းနှိပ်စက်တယ် ဆိုတာကတော့ ဘုရားအလောင်းတော်ပဲ ကြည့်ပေါ့နော်။ တစ်ချိန်တုန်းက အလောင်းတော်ဘဝမှာ ဘုရားအလောင်းတော်က ချမ်းသာအစစ်ကို ချမ်းသာ ဖြင့် ရှာဖွေလို့ မရနိုင်ဘူး။ ဆင်းရဲဖြင့်သာလျှင် ချမ်းသာသုခကို ရှာဖွေလို့ ရရှိနိုင်ပေလိမ့်မယ်။ ဒီလို မျှော်လင့်ချက်ထားပြီးတော့ ဒုက္ကရစရိယာကျင့်စဉ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ပါတယ်။ ဒီဒုက္ကရစရိယာကျင့်စဉ်တွေဟာ တစ်နည်းတစ်ဖုံအားဖြင့်တော့ အတ္တကိလမထာနုယောဂကျင့်စဉ်ပဲနော်။ သာသနာပ အယူအဆရှိတဲ့ ပုဂ္ဂိုလ်တွေမှာလည်း မိမိတို့ရဲ့ အယူအဆ အားလျော်စွာ အတ္တကိလမထခေါ်တဲ့ မိမိကိုယ်ကို ညှဉ်းပန်းနှိပ်စက်နေတဲ့ ကျင့်ဝတ်ပဋိပတ်တွေ ရှိကြတယ်။ ထို အတ္တကိလမထကျင့်ဝတ်တွေကို ကျင့်တဲ့ ပုဂ္ဂိုလ်ဟာ ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင် နေကြတာပဲတဲ့နော်။ နောက်တစ်ခု ---
၂။ ဆိုဆုံးမဖို့ရန် အလွန်ခက်ခဲသူ
ဒါရုဏာတိ ကက္ခဠာ ဒေါဝစဿတာယုတ္တာ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၃။)
ဒါရုဏာ ဆိုတာက ကက္ခဠ = ကြမ်းတမ်းနေတဲ့ စိတ်ထားရှိတယ်။
(ဒေါဝစဿတာ ယုတ္တာ =) ဆိုဆုံးမဖို့ရန်အတွက် အလွန် ခက်ခဲတဲ့ စိတ်နေစိတ်ထားတွေနဲ့ ယှဉ်တွဲပြီးတော့ လောကမှာ နေထိုင်ကြတယ်။ ဒီတော့ ဒီလိုဆိုရင် စိတ်ဓာတ်တွေက ခက်ထန် ကြမ်းတမ်းပြီးတော့ ပြောဆိုဆုံးမဖို့ရန် အတွက် အလွန် ခက်ခဲနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတယ်တဲ့နော်။ ကဲ - တရားနာ ပရိသတ်တွေ ဆိုဆုံးမလွယ်ကူတဲ့ ပုဂ္ဂိုလ်တွေလား, ဆိုဆုံးမခက်ခဲတဲ့ ပုဂ္ဂိုလ်တွေလား? လွယ်ကူသလား, ခက်ခဲသလား? မပြောတဲ့ပုဂ္ဂိုလ်တွေ အများကြီးပဲနော်။ ဘာဖြစ်လို့လဲ ဘုန်းကြီးက ထပ်မေးတော့မှာကို လွယ်ကူတယ်ဆိုလို့ ရှိရင် အိမ်ပြန်မလား, မပြန်ဘူးလားလို့ ထပ်မေးရင် ဘယ့်နှယ် ပြောမလဲ? အဲဒါပဲ ဆိုဆုံးမလွယ်ကူလို့ရှိရင် မပြန်နဲ့ဆိုရင် မပြန်ဘဲ နေရမယ်။ ပြန်ဆိုလို့ရှိရင် ပြန်ရမယ်ပေါ့။ သူက ဒါ လွယ်ကူတဲ့ ပုဂ္ဂိုလ်ကိုး၊ မလွယ်ကူတဲ့ ပုဂ္ဂိုလ်တွေ ကျတော့ ဘယ်နှယ့်လုပ်မလဲ? အရှင်ဘုရား, အရှင်ဘုရား ..ဆိုတဲ့ စကားလုံး လှလှကလေးတွေနှင့် လက်အုပ်ချီပြီးတော့ လျှောက်ပြီ၊ ဒီလိုပုဂ္ဂိုလ်တွေ စုံနေတာပဲ ဘုန်းကြီးကို လာလှိမ့်သွားတာ ---
နောက်တစ်ခု --- ကဲ - ဆိုဆုံးမခက်ခဲနေတဲ့ ပုဂ္ဂိုလ်ဟာ သူ့အသက် မသတ်ရဘူးလို့ ပြောတယ်၊ သတ်တယ်၊ သူ့ပစ္စည်းမတရားမယူရဘူးလို့ ပြောတယ်၊ ယူတယ်၊ သူ့သားမယား မပြစ်မှားရဘူးလို့ ပြောတယ်၊ ပြစ်မှား တယ်၊ မုသား မပြောရဘူးလို့ ဆိုဆုံးမတယ်။ ပြောတယ်၊ ဒီလိုဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်တွေဟာ ဆိုဆုံးမလွယ်ကူတဲ့ ပုဂ္ဂိုလ်တွေလို့ ပြောနိုင်မလား? မပြော နိုင်ဘူး။ အဲဒီလို ဆိုဆုံးမခက်ခဲနေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတယ်။
နောက်တစ်ခု -- (ပိဋ္ဌိမံသိကာ =) သူတစ်ပါးရဲ့ ကျောက်ကုန်းသားကို စားတယ်။ သူတစ်ပါးရဲ့ ကျောက်ကုန်းသားကို စားနေတဲ့ ပုဂ္ဂိုလ်တွေဆိုတာ ဘယ်လိုဟာလဲ?
၃။ သူတစ်ပါးတို့ရဲ့ ကျောက်ကုန်းသားကို ခဲစားနေသူ
ပိဋ္ဌိမံသိကာတိ ပုရတော မဓုရံ ဘဏိတွာ ပရမ္မုခေ အဝဏ္ဏဘာသိနော။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၄။)
ပိဋ္ဌိမံသိကာ = သူတစ်ပါး၏ ကျောက်ကုန်းသားကို စားနေ၏ဟူသည်ကား။ ပုရတော = ရှေ့၌။ မဓုရံ = ချိုမြိန်ကောင်းမြတ်သော စကားကို။ဘဏိတွာ = ပြောဆိုပြီး၍။ ပရမ္မုခေ = မျက်ကွယ်၌။ အဝဏ္ဏဘာသိနော = ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုလေ့ရှိသူတို့တည်း။
ရှေ့မှာကျတော့ နှုတ်ခမ်းလေး ပျားရည်လေးဆမ်းတယ်။ ဘုန်းကြီးကတော့ နှုတ်ခမ်းပျားရည်ဆမ်းတာတော့ မမြင်ဖူးဘူး။ ပျားရည်သုတ်ထားတာတော့ မြင်ဖူးတယ်နော်။ အဲဒီတော့ နှုတ်ခမ်းကလေး ပျားရည်ကလေး ဆမ်းပြီးတော့ ဘာလုပ်သလဲ? ချိုမြိန်တဲ့ စကားကလေးတွေကို ပြောတယ်။ ကွယ်ရာမှာကျတော့ အကောင်းတစ်ချက်မှ မပြောဘူးတဲ့။ ဘယ့်နှယ်တုန်း! အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ တွေ့ဖူးသလား? မတွေ့ဖူးရင်လည်း မှန်ရှေ့မှာ သွားရပ်ကြည့်လိုက်ကြ။ ဟုတ်တယ်မဟုတ်လား? ပျားရည်လေး ဆမ်းဆမ်းပြီးတော့ နှုတ်ခမ်းလေးက ချိုချိုလေးနဲ့ ပြောပြီးတော့ ကွယ်ရာကျတဲ့အခါကျတော့ တစ်ချက်ကလေးမှ အကောင်းမပြောဘူး။ အဲဒီလိုပုဂ္ဂိုလ်တွေဟာ ဘာလုပ်နေကြတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတာပဲတဲ့နော်။
ဧတေ ဟိ အဘိမုခံ ဩလောကေတုမသက္ကောန္တာ ပရမ္မုခါနံ ပိဋ္ဌိမံသခါဒကာ ဝိယ ဟောန္တိ၊ တေန ပိဋ္ဌိမံသိကာတိ ဝုစ္စန္တိ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၄။)
ဧတေ = ထိုပုဂ္ဂိုလ်တို့သည်ကား။ အဘိမုခံ = ရှေးရှုရင်ဆိုင်။ ဩလောကေတုံ = ကြည့်ရှုအံ့သောငှာ။ အသက္ကောန္တာ = မစွမ်းနိုင်ကုန်သည်ဖြစ်၍။ ပရမ္မုခါနံ = သူတစ်ပါးတို့ရဲ့ မျက်ကွယ်၌။ ပိဋ္ဌိမံသခါဒကာ ဝိယ = သူတစ်ပါးတို့ရဲ့ ကျောက်ကုန်းကို ခဲစား၍ နေကြဘိသကဲ့သို့။ ဟောန္တိ = ဖြစ်ကြလေကုန်၏။ တေန = ထို့ကြောင့်။ ပိဋ္ဌိမံသိကာတိ = ပိဋ္ဌိမံသိကာဟူ၍။ ဝုစ္စန္တိ = ခေါ်ဆိုအပ်လေကုန်၏။
အဲဒီပုဂ္ဂိုလ်တွေကို ပိဋ္ဌိမံသိကာလို့ ခေါ်ဆိုတယ်။ ဘာကြောင့်လဲ? ရှေ့မှာ ကျတော့ သူတို့က မျက်နှာချင်းတောင် ရင်ဆိုင်ဖို့ရန်အတွက် ခက်ခဲနေတယ်။ မျက်နှာချင်း မဆိုင်ရဲဘူး။ ဒါပေမဲ့ နောက်ကွယ်ရောက်လာပြီဆိုလို့ရှိရင်တော့ ဘာလုပ်ဖြစ်သလဲ? သင်မပေးရပါဘူး။ ဘယ်သူမှ ကျောင်းမှာ ကျကျနန သင်မပေးရပါဘူး။ ပြောတတ်လိုက်တာ စုံနေတာပဲနော်။ သူတစ်ပါးရဲ့ ကျောက်ကုန်းသားကို စားရမယ်ဆိုလို့ရှိရင်တော့ သူတစ်ပါးမကောင်းကြောင်း ပြောရမယ်ဆိုလို့ရှိရင်တော့ သိပ်ပြီးတော့ အာသွက်တယ်။
ရှေးရှုရင်ဆိုင်မျက်နှာချင်းဆိုင် ပြောကြစို့ဆိုတော့ မပြောရဲဘူး။ မျက်နှာချင်းဆိုင် ကြည့်ကြစို့ဆိုလည်း မကြည့်ရဲဘူး။ ဒါပေမဲ့ မျက်ကွယ်ရောက်ပြီ ဆိုလို့ရှိရင်တော့ သူတစ်ပါးရဲ့ မကောင်းသတင်းတွေကို မြိန်ရေယှက်ရေ တဝကြီး ထိုင်ပြီး ပြောလေ့ရှိတယ်။ ဒီလို ပုဂ္ဂိုလ်တွေဟာ သူတစ်ပါးရဲ့ ကျောက်ကုန်းသားကို နောက်ကနေ စားတာနဲ့ သိပ်တူတဲ့အတွက် ဒီလိုပုဂ္ဂိုလ်တွေကို ပိဋ္ဌိမံသိကလို့ ခေါ်ပါတယ်တဲ့။ အဲဒီပိဋ္ဌိမံသိကခေါ်တဲ့ သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးမဲ့တွေကို မျက်ကွယ်မှာ ပြောနေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလုပ်တာလဲ? အညှီအဟောက်တွေကို စားသုံးနေကြတယ်။ ဘယ့်နှယ်တုန်း ယောဂီတွေ အညှီအဟောက်တွေကို ဝဝ စားကြသလား? မဝတဝပဲ စားနေကြသလား? ကဲ - ဟုတ်ပြီ။ ယောဂီတွေကတော့ မဖြေဘူး။ ဘာဖြစ်လို့ မဖြေသလဲ? သိကြပါတယ်။ သူတစ်ပါးရဲ့ ကျောက်ကုန်းသားကို စားနေတဲ့ပုဂ္ဂိုလ်တွေသည် အညှီအဟောက်ကို စားနေတဲ့ပုဂ္ဂိုလ်တွေပဲတဲ့။
၄။ မိတ်ဆွေကို ပြစ်မှားတဲ့ စိတ်ထားရှိသူ
နောက်တစ်ခု --- (မိတ္တဒ္ဒုနော =) မိတ်ဆွေတို့ကို ပြစ်မှားတတ်ကြကုန်၏။ သူတော်ကောင်းဆိုတာက မိတ်ဆွေကို ပြစ်မှားတဲ့စိတ်ထား ရှိရမလား? မရှိရဘူးနော်။
မိတ္တဒ္ဒုနောတိ မိတ္တဒူဟကာ၊ ဒါရဓနဇီဝိတေသု ဝိဿာသမာပန္နာနံ မိတ္တာနံ တတ္ထ မိစ္ဆာပဋိပဇ္ဇနကာတိ ဝုတ္တံ ဟောတိ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၄။)
မိမိကို သားတွေ သမီးတွေ ဇနီးတွေကိုသော်လည်း စွန့်လွှတ်ကာ ကူညီနေတဲ့ ပုဂ္ဂိုလ်တွေ, မိမိကို စည်းစိမ်ဥစ္စာတွေ စွန့်လွှတ်ပေးနေတဲ့ ပုဂ္ဂိုလ်တွေ, မိမိကို အသက်စွန့်ပြီးတော့ ကယ်တင်နေတဲ့ ပုဂ္ဂိုလ်တွေ ရှိကြတယ်။ ချစ်ကျွမ်းဝင်နေတဲ့ ပုဂ္ဂိုလ်တွေပဲ၊ အဲဒီလို မိတ်ကောင်း ဆွေကောင်းတွေ အပေါ်၌။ (မိစ္ဆာပဋိပဇ္ဇနကာ =) မှားယွင်းဖောက်ပြန်နေတဲ့ အကျင့်တွေကို သွားကျင့်တယ်။ ကာယကံဖြင့် မှားယွင်းဖောက်ပြန်နေတဲ့ အကျင့်တွေကို သွားကျင့်တယ်။ ဝစီကံဖြင့် မှားယွင်းဖောက်ပြန်နေတဲ့ အကျင့်တွေကို ကျင့်တယ်။ မနောကံဖြင့် မှားယွင်းဖောက်ပြန်နေတဲ့ အကျင့်တွေကို ကျင့်တယ်။ အဲဒီလို ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို စားသုံးနေတယ်နော်။
၅။ အကြင်နာတရား ကင်းမဲ့သူ
နောက်တစ်ခု --- (နိက္ကရုဏာ =) ကြင်နာသနားခြင်း ကင်းမဲ့သော စိတ်ထား ရှိကြကုန်၏။
နိက္ကရုဏာတိ ကရုဏာဝိရဟိတာ သတ္တာနံ အနတ္ထကာမာ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၄၊၊)
နိက္ကရုဏာတိ = နိက္ကရုဏာဟူသည်ကား။ ကရုဏာဝိရဟိတာ = ကြင်နာ သနားခြင်းကရုဏာတရားမှ ကင်းသောစိတ်ထားရှိကြကုန်သည်ဖြစ်၍။ သတ္တာနံ = သတ္တဝါတို့၏။ အနတ္ထကာမာ = အကျိုးစီးပွားမဲ့ကို လိုလားတောင့်တကုန်သော စိတ်ထား ရှိကြကုန်၏။
ကြင်နာသနားတတ်တဲ့ စိတ်ထားတွေက ကင်းမဲ့နေပြီ။ သတ္တဝါတွေရဲ့ အကျိုးစီးပွားမဲ့ကို လိုလားတောင့်တနေတဲ့ စိတ်ဓာတ်တွေက ရှိနေပြီ။ စဉ်းစားကြည့်စမ်း။ ဘုန်းကြီး အစွဲအလမ်းရှိလို့ ပြောတာ မဟုတ်ပါဘူး။ သတ္တဝါ တစ်ယောက်ကို သတ်ဖြတ်ပြီး စားသောက်တယ်ဆိုတာ အဲဒီ အသတ်ခံရတဲ့ သတ္တဝါရဲ့ အကျိုးစီးပွားကို လိုလားတောင့်တတဲ့ စိတ်ထားများရှိတယ်လို့ ပြောနိုင်ပါ့မလား? မပြောနိုင်ဘူး။ စဉ်းစားကြနော်။ သတ်သူရှိလို့ စားသူရှိတယ်၊ စားသူရှိတော့လည်း သတ်သူက မရှိဘူးလား? ရှိပြန်တယ်။ သေကျေပျက်စီးသွားတဲ့ သတ္တဝါတွေဘက်ကို ပြန်ပြီးတော့ ကြည့်စမ်းပါ၊ ချမ်းချမ်း သာသာလေးနဲ့ သူသေရတာ ဟုတ်သလား? မဟုတ်ပါဘူးနော်။ မချိမဆန့် ရိုက်သတ်လို့ သို့မဟုတ် အကြောင်းအမျိုးမျိုးပေါ့လေ၊ နည်းမျိုးစုံဖြင့် သတ်ဖြတ်လို့ သေကျေပျက်စီးရတာ၊ အဲဒီသေကျေပျက်စီးသွားတဲ့ ဒီသတ္တဝါသည် မိမိစားတဲ့ဘက်ကတော့ ထားပေါ့၊ သေကျေပျက်စီးတဲ့ သတ္တဝါဘက် ပြန်ကြည့်ရင် ဒီလိုမချိမဆန့် ဆင်းရဲဒုက္ခခံပြီးမှ သေကျေရတယ်ဆိုတော့ ဒီသတ္တဝါကလေးတွေသည် သေပြီးနောက် ကောင်းရာသုဂတိ ရောက်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား? တော်တော်လေး ခက်ခဲတယ်နော်။ ကြောက်ကြောက်လန့်လန့် ထိတ်ထိတ်ရွံ့ရွံ့ဖြင့် မသေရဘူးလား? သေရတယ်။ တချို့တချို့ သတ္တဝါတွေ သူတို့ကို သတ်တော့မယ် ဆိုတာသိတယ်။ အထူးသဖြင့် နွားတွေ သူတို့ကို သတ်မယ့်နေရာ ဆွဲခေါ်သွားပြီဆိုရင် မျက်ရည်တောင် ကျကြတယ်လို့ ပြောကြတယ်။ ဒါကြောင့် ဘုန်းကြီးတို့ သတ္တဝါတွေကို ဒီလို သတ်ဖြတ်နေခြင်းသည် သတ္တဝါတွေရဲ့ အကျိုးစီးပွားကို လိုလားတောင့်တနေတဲ့ စိတ်ဓာတ်တွေ ရှိနေတယ်လို့ ပြောနိုင်ပါ့မလား? မပြောနိုင်ဘူး။ အဲဒီတော့ သတ္တဝါ တွေရဲ့ အကျိုးစီးပွားကို လိုလားတောင့်တနေတဲ့စိတ်ဓာတ် မရှိခြင်းသည် ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတာပဲနော်။
နောက်တစ်ခု --- (အတိမာနိနော =) အလွန် မာန်မူတဲ့စိတ်ထားရှိကြကုန်၏။ မာန်မာနတွေ သိပ်ကြီးတာ၊ မတူဘူး, မတန်ဘူး, စိတ်က ဘယ်သူနဲ့မှ အဖက်မတန်ဘူး၊ သူ့စိတ်ထဲ သူ့ကိုယ်သူ ဘဝင်မြင့်နေတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ ဘာဖြစ်သလဲ? မိမိရဲ့ အမျိုးဇာတ်ကို, မိမိရဲ့ ရုပ်အဆင်းကို, မိမိရဲ့ ဉာဏ်ပညာကို မိမိကို ကြည်ညိုနေတဲ့ ပုဂ္ဂိုလ်တွေကို စသည်ဖြင့် ဝတ္ထုတစ်ခုခုကို အခြေခံပြီးတော့ ဘာဖြစ်လဲ?
အညတရညတရေန ဝတ္ထုနာ ပရေ အတိမညတိ။ (ဋ္ဌ၊၁၊၃၀၄။)
တစ်မျိုးမျိုးသော ဝတ္ထုဖြင့် သူတစ်ပါးတွေကို မိမိက မထီမဲ့မြင်ပြုတယ်။ မိမိကိုယ်ကို မိမိ သိပ်ပြီးတော့ အထင်ကြီးနေတယ်နော်။ အဲဒီလို အထင်ကြီးနေတဲ့ စိတ်ဓာတ်ရှိနေတဲ့ ပုဂ္ဂိုလ်တွေဟာ (ကေတုကမျတာ =) တံခွန်အလံကဲ့သို့ လွှားလိုတဲ့စိတ်ထား, အပေါ်ယံက အပေါ်စီးက အမြဲတမ်း နေချင်တဲ့ စိတ်ထား အမြဲတမ်း ရှိနေတယ်။ ဘုရားစေတီတော်တွေမှာ ဘေးမှာ တံခွန်တိုင်တွေ ရှိကြပါတယ်။ တံခွန်တိုင်ပေါ်မှာ အလံကလေးတစ်ခု တင်ထားရင် အလံသည် အမြင့်မှာနေပြီးတော့ တဖျပ်ဖျပ်နဲ့ လှုပ်မနေဘူးလား? လှုပ်နေတယ်။ အေး ဒီပုံစံအတိုင်းပဲ သတ္တဝါတွေ တစ်ဦးနဲ့တစ်ဦး ဆက်ဆံကြတဲ့ အပိုင်းမှာ တစ်ဦးနှင့်တစ်ဦး အပေါ်စီးက ဆက်ဆံပြီး အမြဲတမ်း မာန်မူနေတဲ့ စိတ်ထား အထင်ကြီးနေတဲ့ စိတ်ထားတွေက ရှိနေကြတယ်။ တစ်ဘက်ပုဂ္ဂိုလ်တွေကို အင်မတန် အထင်သေးကြတယ်။ အဲဒီလို အထင်သေးနေတဲ့ စိတ်ဓာတ်ရှိနေတဲ့ ပုဂ္ဂိုလ်တွေ မာန်မာနအလွန်ကြီးနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတာပဲ။
၇။ ပေးလှူလေ့မရှိသူ
နောက်တစ်ခု --- (အဒါနသီလ =) ပေးကမ်းစွန့်ကြဲခြင်း အလေ့အထ မရှိကြလေကုန်။ ပေးကမ်းစွန့်ကြဲတဲ့ အလေ့အထမရှိဘူးဆိုတာက ဘာလဲ?
အဒါနသီလာတိ အဒါနပကတိကာ၊ အဒါနာဓိမုတ္တာ အသံဝိဘာဂရတာတိ အတ္ထော။ (ဋ္ဌ၊၁၊၃၀၄။)
ပေးကမ်းစွန့်ကြဲတဲ့ အလေ့အထ မရှိဘူးဆိုတာက အလှူဒါနပြုတဲ့ နေရာမှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့ စိတ်ထားမရှိခြင်း ခွဲခြမ်းဝေဖန် ပေးကမ်းလှူဒါန်းလိုတဲ့ စိတ်ဓာတ် မရှိခြင်းကို ပြောနေတယ်။ အဲဒီစိတ်ဓာတ် မရှိတာက ဘာကို အခြေခံလဲ? မိမိရရှိထားတဲ့ စည်းစိမ်ဥစ္စာ သို့မဟုတ် မိမိ ရရှိထားတဲ့ ပစ္စည်းလေးပါးအပေါ်၌ ငြိကပ်တွယ်တာနေတဲ့ စိတ်ဓာတ်အပေါ်မှာ အခြေမတည်ဘူးလား? တည်နေတယ်။ အဲဒီ ငြိကပ်တွယ်တာမှုပဲ။ အဲဒီ ငြိကပ်တွယ်တာမှုကို အကြောင်းခံပြီးတော့ ထပ်ဆင့် ဖြစ်ပွားလာတဲ့ တရား ဆိုတာတွေက ဘာတွေလဲ? ဝန်တိုမှုအညစ်အကြေးပဲ၊ မစ္ဆရိယအညစ်အကြေးပဲ၊ ဝန်တိုမှုအညစ်အကြေး မစ္ဆရိယအညစ်အကြေး တည်ရှိနေတဲ့ ပုဂ္ဂိုလ်သည် ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတယ်။ နောက်တစ်ခု ---
န စ ဒေန္တိ ကဿစိ။
ကဿစိ = တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်အား။ ကိဉ္စိ = တစ်စုံတစ်ခုသော လှူဖွယ်ဝတ္ထုကိုမျှ။ န ဒေန္တိ = ပေးလှူလေ့ မရှိကြပေ။
မည်သည့်ပုဂ္ဂိုလ်ကိုမဆို နည်းနည်းပါးပါးလေးတောင် ပေးလှူလိုတဲ့ စိတ်ထား မရှိကြဘူး။ ဘာပြောသလဲ?
န စ ဒေန္တိ ကဿစီတိ တာယ စ ပန အဒါနသီလတာယ ယာစိတာပိ သန္တာ ကဿစိ ကိဉ္စိ န ဒေန္တိ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၄။)
(အဒါနသီလ =) မည်သည့်သတ္တဝါ တစ်စုံတစ်ယောက်အပေါ်၌ ပေးလှူတဲ့ အလေ့အထ မရှိဘူး။ မရှိတဲ့အတွက်ကြောင့် ဒီပုဂ္ဂိုလ်က ဘာဖြစ်လဲ? လာပြီး သူ့ထံမှာ တစ်ခုခု တောင်းပြီ၊ တောင်းလိုက်လို့ရှိရင် တောင်းနေတဲ့ ပုဂ္ဂိုလ်ကို မည်သည့် ပစ္စည်းဝတ္ထုကိုမျှ တစ်စုံတစ်ခုကိုမျှ ပေးတဲ့အလေ့အထ မရှိဘူး။ အဒိန္နပုဗ္ဗကကုလခေါ်တဲ့ တစ်ခါမျှ မလှူဖူးတဲ့ အမျိုးအနွယ်တွေ လောကမှာ တစ်ခါတလေ ရှိတတ်ပါတယ်။ အဲဒီအမျိုးအနွယ်မှာရှိတဲ့ လူတွေလိုပဲတဲ့။ ဒီပုဂ္ဂိုလ်တွေဟာလည်း ဘာဖြစ်သလဲ? မိမိတို့ ပစ္စည်းဥစ္စာအပေါ်၌ တွယ်တာမက်မောနေတဲ့ ဒီစိတ်ဓာတ်တွေခြံရံပြီး ဘဝတစ်ခုကို အဆုံးသတ်သွားခဲ့ရရင် ဘာဖြစ်မလဲ?
အဒိန္နပုဗ္ဗကကုလေ မနုဿသဒိသာ နိဇ္ဈာမတဏှိကပေတပရာယဏာ ဟောန္တိ။
(နိဇ္ဈာမတဏှိကပေတပရာယဏာ =) ပြိတ္တာဘဝသို့ ရောက်သွားတတ်တယ်။ အဲဒီလို ပုဂ္ဂိုလ်တွေပဲ။ ဒီအပိုင်းနဲ့ ပတ်သက်ပြီး ပြီးတော့မှ သုတ္တန်တစ်ခု ထပ်ဟောဖို့ ရည်ရွယ်ထားပါတယ်နော်။ (ယင်းသုတ္တန်ကို စာမျက်နှာ-၃၈၇-၌ ကြည့်ပါ။) နိဇ္ဈာမတဏှိကပြိတ္တာဆိုတာကတော့ မီးငုတ်တိုလိုပဲ။ အမြဲတမ်း ပူလောင်နေတဲ့ အပူဒဏ်တွေကို ခံရပြီးတော့ ဘုရား တစ်ဆူနဲ့တစ်ဆူအကြား ထမင်းတစ်လုံးတောင် မစားရဘူး။ ရေတစ်ပေါက်မှ မသောက်ရဘူး။ အဲဒီလို ပြိတ္တာမျိုးတွေပဲ၊ သစ်ငုတ်တိုလို အမြဲတမ်း ပူလောင်ပြီး မီးရှို့မြိုက်ခံနေရတဲ့ ပြိတ္တာမျိုးတွေပဲ။ အဲဒီလို ဘဝမျိုးကို ရောက်ရှိတတ်တယ်။ မိမိရရှိနေတဲ့ ပစ္စည်းဝတ္ထုအပေါ်၌ အလွန် မက်မောနေတဲ့ ဒီစိတ်ထားကြောင့် ဒီလို ဖြစ်ရတာနော်။ ဒီတော့ ကိုယ်ရရှိထားတဲ့ ပစ္စည်းဝတ္ထုအပေါ်၌ အလွန် မက်မောနေတဲ့ စိတ်ထားရှိနေရင် ထိုပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ အပူဓာတ်တွေ ကိန်းဝပ်မနေဘူးလား? ရာဂမီးပဲ၊ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုအပေါ်၌ တစ်ဘက်ပုဂ္ဂိုလ် နည်းနည်းပါးပါး လာတောင်းတာတောင် ပေးချင်တဲ့စိတ်ထား နည်းနည်းမှ မရှိဘူး။ တွယ်တာမှု အရှိန်အဝါအပူဓာတ်တွေက သိပ်အားကောင်းနေတယ်။ အားကောင်းနေတဲ့ ဒီအကုသိုလ်ကံ လောဘကနေပြီးတော့ ခုလိုပြိတ္တာဘဝရောက်အောင် ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်တယ်။ နောက်တစ်ခု ဒီနေရာမှာ အဋ္ဌကထာဆရာတော်က ကေစိဝါဒဆိုပြီး ဝါဒလေးတစ်ခု ထပ်ဖွင့်ထားတယ်။
၈။ ယူတဲ့ဘက်ကသာ အမြဲနေသူ
ကေစိ ပန အာဒါနသီလာတိပိ ပဌန္တိ၊ (ဋ္ဌ၊၁၊၃၀၄။)
တချို့တချို့ ပုဂ္ဂိုလ်ကတော့ ဒီနေရာမှာ အဒါနသီလလို့ မရွတ်ဘဲ၊ အာဒါနသီလဆိုပြီး ဒီလို ရွတ်ဖတ်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြတယ်။ ဘာပြောတာလဲ?
ကေဝလံ ဂဟဏသီလာ၊ ကဿစိ ပန ကိဉ္စိ န ဒေန္တိ။
ယူတဲ့ဘက်ကသာ အမြဲတမ်းနေတယ်။ ပေးတဲ့ဘက်က ဘယ်တော့မှ မနေဘူး။ အဲဒီလိုပုဂ္ဂိုလ်တွေကိုလည်း အာဒါနသီလလို့ ဒီလိုလည်း ခေါ်တယ်။ အဲဒီလို ယူတဲ့ဘက်မှာသာ အမြဲတမ်းနေပြီး ပေးတဲ့ဘက်မှာ နည်းနည်းမှ မနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေး သုံးဆောင်နေတယ်နော်။ ကဲ ဂါထာလေး ပြန်ပြီးတော့ ဆက်စပ်ကြည့်ကြရအောင်နော်။
၁။ လူခသာ = မိမိကိုယ်ကို မိမိ ညှဉ်းပန်းနှိပ်စက်တဲ့ =အတ္တကိလမထ ကျင့်စဉ်ကို မှီဝဲဆည်းကပ်ခြင်း,
၂။ ဒါရုဏာ = ဆိုဆုံးမဖို့ရန်အတွက် အလွန် ခက်ခဲတဲ့ စိတ်နေစိတ်ထားတွေနဲ့ ယှဉ်တွဲပြီး နေထိုင်ခြင်း,
၃။ ပိဋ္ဌိမံသိကာ = ရှေ့မှာ ချိုမြိန်ကောင်းမြတ်တဲ့ စကားတွေကို ပြောပြီး နောက်ကွယ်ကျတော့ ကျေးဇူးမဲ့ ကဲ့ရဲ့စကားတွေကိုပဲ အာဘောင်အာရင်းသန်သန်နှင့် ပြောဆိုတတ်ခြင်း,
၄။ မိတ္တဒ္ဒုနော မိတ္တဒူဟကာ = မိတ်ဆွေကို ပြစ်မှားတဲ့ စိတ်ထားရှိခြင်း,
၅။ နိက္ကရုဏာ = သတ္တဝါတွေအပေါ်မှာ အကြင်နာတရားတွေ ကင်းမဲ့ ကာ အကျိုးစီးပွားမဲ့ကိုသာ လိုလားတောင့်တတဲ့ စိတ်ထား ရှိခြင်း,
၆။ အတိမာနိနော = မာန်မာနတွေ တစ်ပုံကြီးနှင့် ဘဝင်မြင့်ကာ တစ်ဘက်သားတွေကို မထီမဲ့မြင်ပြုခြင်း,
၇။ အဒါနသီလာ = ပေးကမ်းစွန့်ကြဲတဲ့ အလေ့အထ မရှိဘဲ မိမိပစ္စည်း အပေါ်မှာ နှမြောဝန်တိုတဲ့ စိတ်ထား ရှိခြင်း,
၈။ အာဒါနသီလာ = တစ်နည်းပြောရရင်တော့ --- ယူတဲ့ဘက်ကသာ အမြဲနေပြီးတော့ ပေးတဲ့ဘက်က ဘယ်တော့မှ မနေခြင်း, တစ်နည်းပြောရရင်တော့ မိမိရဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတွေအပေါ်မှာ နှမြောဝန်တို တွန့်တို ဆုတ်နစ်တဲ့ စိတ်ထား ထာဝစဉ် တည်ရှိနေခြင်းပဲ ဖြစ်တယ်။
ပေါင်းလိုက်တော့ ဒီဂါထာမှာ ဘုရားရှင်က ယုတ်ညံ့တဲ့ စိတ်နေစိတ်ထား (၈)မျိုးတို့ကို ဟောကြားထားတော်မူပါတယ်။ အဲဒီတရား (၈)မျိုးလုံးနဲ့ပဲ ဖြစ်စေ, တစ်မျိုးမျိုးနဲ့ပဲ ဖြစ်စေ ပြည့်စုံနေတဲ့ သူဟာ အာမဂန္ဓ = အညှီအဟောက်ကို စားသုံးနေတဲ့ သူပဲ ဖြစ်တယ်။
ကဿပမြတ်စွာဘုရားက တိဿရသေ့ကြီးကို ဟောတော်မူနေပြီ။ နောက်တစ်ခု မြတ်စွာဘုရား ဂါထာတစ်ခု ဆက်ပြီးတော့ ဟောတော်မူပြန် တယ်နော်။
ဓမ္မာဓိဋ္ဌာန်နည်းဖြင့် ဟောကြားတော်မူခြင်း
၄။ ကောဓော မဒေါ ထမ္ဘော ပစ္စုပဋ္ဌာပနာ၊
မာယာ ဥသူယာ ဘဿသမုဿယော စ။
မာနာတိမာနော စ အသဗ္ဘိ သန္ထဝေါ၊
ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။
ကောဓော စ = အမျက်ဒေါသထွက်ခြင်း ရန်ငြိုးဖွဲ့ခြင်းလည်းကောင်း။ မဒေါ စ = မာန်မူခြင်း မာန်ယစ်ခြင်းလည်းကောင်း။ ထမ္ဘော စ =စိတ်ဓာတ် ခက်ထန်တင်းမာခြင်းလည်းကောင်း။ ပစ္စုပဋ္ဌာပနာ စ = ဆန့်ကျင်ဘက် ပြုလုပ်ခြင်းလည်းကောင်း။ မာယာ စ = လှည့်ပတ်ခြင်းလည်းကောင်း။ ဥသူယာ စ =ငြူစူစောင်းမြောင်းခြင်းလည်းကောင်း။ ဘဿသမုဿယော စ = ဝါကြွားပလွှား၍ ပြောဆိုခြင်းလည်းကောင်း။ မာနာတိမာနော စ = အလွန် မာန်မူခြင်းလည်းကောင်း။ အသဗ္ဘိ သန္ထဝေါ စ = မသူတော်တို့နှင့် ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ခြင်းလည်းကောင်း။ ဧသ ဧသော = ဤ အမျက်ဒေါသထွက်ခြင်း ရန်ငြိုးဖွဲ့ခြင်းစတဲ့ သဘောတရားသည်။ အာမဂန္ဓော = အညှီအဟောက် မည်ပါပေ၏။ မံသဘောဇနံ = အသားတည်းဟူသော ဘောဇဉ်သည်ကား။ န ဟိ အာမဂန္ဓော =အညှီအဟောက် မဟုတ်ပါပေ။
မြတ်စွာဘုရားက နောက်ထပ် အညှီအဟောက်အကြောင်းကို ဆက်ပြီးတော့ ဟောတော်မူတယ်။ အဲဒီတော့ ဒီနေရာမှာ ပုဂ္ဂလာဓိဋ္ဌာန်နည်းအားဖြင့် မြတ်စွာဘုရားက ဒေသနာဂါထာနှစ်ခု ဟောတော်မူပြီးတဲ့နောက် တရား နာယူနေတဲ့ တိဿရသေ့ကြီးက စိတ်ဓာတ်တွေ တစ်မျိုးပြောင်းသွားတယ်။ ပြောင်းသွားလိုက်တဲ့ အချိန်အခါမှာ တိဿရသေ့ကြီးရဲ့ အာသယဓာတ်ခံတွေ ပြောင်းလဲသွားပြီဆိုတာလည်း ကဿပဘုရားရှင်က သိရှိတော်မူတဲ့အတွက် ဓမ္မာဓိဋ္ဌာနနည်းအားဖြင့် ဂါထာကလေး တစ်ခုကို ဆက်ပြီး ဟောတော် မူတာပါနော်။
၁။ ကောဓ = အမျက်ထွက်ခြင်း = ရန်ငြိုးဖွဲ့ခြင်း
အဲဒီတော့ ဒီနေရာမှာ (ကောဓ =) အမျက်ဒေါသထွက်တယ်။ တစ်နည်းတော့ ရန်ငြိုးဖွဲ့တယ်။ ဘယ်လိုရန်ငြိုးဖွဲ့တာလဲ? ဟို မင်္ဂလသုတ်တုန်းက ဘုန်းကြီး တစ်ခါပြောခဲ့ဖူးပါတယ်နော်။ ဒီပုဂ္ဂိုလ်ဟာ ငါ့ရဲ့ အကျိုးမဲ့ကို တစ်ချိန်က ပြုခဲ့ဖူးတယ်၊ ခုလည်း ပြုနေတယ်၊ နောင်လည်း ပြုလုပ်လိမ့်မယ် ဆိုပြီးတော့ ရန်ငြိုးဖွဲ့တယ်။ ဒီပုဂ္ဂိုလ်သည် ငါချစ်ခင်မြတ်နိုးနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကျိုးမဲ့ကို ရှေးကလည်း ပြုခဲ့ဖူးတယ်၊ ယခုလည်း ပြုလုပ်နေတယ်၊ နောင်လည်း ပြုလုပ်လိမ့်မယ် ဆိုပြီးတော့ ရန်ငြိုးဖွဲ့တယ်။ ဒီပုဂ္ဂိုလ်တွေဟာ ငါမုန်းနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကျိုးကျေးဇူးတွေကို ရှေးကလည်း ပြုခဲ့ဖူးတယ်၊ ယခုလည်း ပြုလုပ်နေတယ်၊ နောင်လည်း ပြုလုပ်လိမ့်မယ် ဆိုပြီးတော့ ရန်ငြိုးဖွဲ့တယ်။ ဒီပုဂ္ဂိုလ်ဟာ ငါ့ရဲ့ အကျိုးကျေးဇူးကို ရှေးကလည်း မပြုခဲ့ဖူးဘူး၊ ခုလဲ မပြုဘူး၊ နောင်လည်း ပြုမှာမဟုတ်ဘူးဆိုပြီးတော့လည်း ရန်ငြိုး ဖွဲ့ပြန်တယ်။ ဒီပုဂ္ဂိုလ်ဟာ ငါချစ်ခင်မြတ်နိုးနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကျိုးကျေးဇူး ကို ရှေးကလည်း မပြုခဲ့ဖူးဘူး၊ ယခုလည်း မပြုဘူး၊ နောင်လည်း ပြုမှာ မဟုတ်ဘူး ဆိုပြီးတော့လည်း ရန်ငြိုး ဖွဲ့ပြန်တယ်။ ဒီပုဂ္ဂိုလ်က ငါမုန်းနေတဲ့ သူတွေရဲ့ အကျိုးမဲ့ကိုတော့ ရှေးကလည်း မပြုခဲ့ဖူးဘူး၊ ယခုလည်း မပြုဘူး၊ နောင်လည်း ပြုမှာမဟုတ်ဘူးဆိုပြီးတော့ ရန်ငြိုးဖွဲ့ပြန်တယ်။ ပေါင်းလိုက်တော့ (၁၈)မျိုးပဲ။ နောက်တစ်မျိုး ကျန်နေသေးတယ်၊ ဘာတဲ့လဲ --- အဋ္ဌာနကောပ တဲ့။ အရာဌာန မဟုတ်တဲ့ နေရာတွေမှာ ဒေါသလိုက်ထွက်နေတယ်၊ ရန်ငြိုးတွေ ဖွဲ့နေတယ်၊ ခလုတ်တိုက်တော့လည်း ဒေါသထွက်ပြန်တယ်၊ ဆူးစူးတော့လည်း ဒေါသထွက်ပြန်တယ်၊ မိုးရွာတော့လည်း ရွာလွန်းလို့, နေပူတော့လည်း ပူလွန်းလို့ စသည်ဖြင့် အရာဌာန မဟုတ်တဲ့ နေရာတွေမှာ ဒေါသမဖြစ်သင့်တဲ့ နေရာတွေမှာ ဒေါသ ဖြစ်နေပြန်တယ်၊ ရန်ငြိုးတွေ ဖွဲ့ပြန်တယ်။ ပေါင်းလိုက်တော့ (၁၉)မျိုးဆိုတဲ့ ရန်ငြိုးဖွဲ့ခြင်းတွေ ရှိတယ်။ အဲဒီလို ရန်ငြိုးဖွဲ့နေတဲ့ပုဂ္ဂိုလ်တွေ အမျက်ဒေါသ သိပ်ကြီးတဲ့ ပုဂ္ဂိုလ်တွေ အခဲမကြေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတယ်။ နောက်တစ်ခု (မဒေါ =) မာန်ယစ်တယ်။
၂။ မဒ = မာန်ယစ်ခြင်း
ဇာတိ မဒေါ၊ ဂေါတ္တ မဒေါ၊ အာရောဂျ မဒေါတိအာဒိနာ နယေန ဝိဘင်္ဂေ ဝုတ္တပ္ပဘေဒေါ စိတ္တဿ မဇ္ဇနဘာဝေါ။ (ဋ္ဌ၊၁၊၃၀၄။)
အမျိုးဇာတ် မြင့်မြတ်မှုကို အခြေခံပြီးတော့ မာန်မူတယ်, မာန်ကြီးတယ်, မာန်ယစ်တယ်၊ ဆင်းသက်လာတဲ့ အစဉ်အဆက် အမျိုးအနွယ်တွေက သိပ်ပြီး အဆင့်အတန်း မြင့်နေတာကို အကြောင်းပြုပြီးတော့လည်း မာန်ယစ်တယ်၊ အနာရောဂါကင်းရှင်းမှုကို အကြောင်းပြုပြီးတော့ မာန်ယစ်တယ်၊ ရုပ်အဆင်း လှမှုကို အကြောင်းပြုပြီးတော့ မာန်ယစ်တယ်၊ စည်းစိမ်ဥစ္စာပေါများမှုကို အကြောင်းပြုပြီး မာန်ယစ်တယ်, ပညာဂုဏ်ကြီးမားမှုကို အကြောင်းပြုပြီးတော့ မာန်ယစ်တယ်စသည်ဖြင့် မာန်ယစ်ခြင်း အမျိုးမျိုးတွေ ရှိကြတယ်။ အဲဒီလို မာန်ယစ်နေတဲ့ပုဂ္ဂိုလ် မိမိကိုယ်ကို မိမိ အထင်ကြီးနေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတယ်။
၃။ ထမ္ဘ = စိတ်ဓာတ်ခက်ထန်တင်းမာခြင်း
နောက်တစ်ခု --- (ထမ္ဘ =) ထမ္ဘကို အဋ္ဌကထာဆရာတော်က (ထမ္ဘဘာဝ =) စိတ်ဓာတ်ခက်ထန်တင်းမာနေတဲ့ သဘောတဲ့။ မြွေတစ်ကောင်က ထွန်တုံးကို မြိုထားလိုက်တဲ့အချိန်အခါမှာ ကွေးလို့ ဆန့်လို့မရတဲ့ ပုံစံမျိုးလိုပေါ့။ နည်းနည်းမှ အောက်ချချင်တဲ့ စိတ်ထား အောက်ကျို့ချင်တဲ့စိတ်ထား မရှိဘူး။ နည်းနည်းကလေးတော့ ဝန်ချတောင်းပန်လိုက်လေ၊ လူကြီးတွေကို ဒီလို ပြစ်မှားတာ မကောင်းဘူး စသည်ဖြင့် ဆိုဆုံးမလိုက်တဲ့အခါ နည်းနည်းမှ အလျော့မပေးဘူး၊ စိတ်ဓာတ်တွေ အင်မတန် ခက်ထန်တင်းမာနေတယ်။ အဲဒီလို စိတ်ဓာတ်တွေ ခက်ထန်တင်းမာနေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတယ်။
၄။ ပစ္စုပဋ္ဌာပနာ = ဆန့်ကျင်ဘက်ရပ်တည်နေမှု
နောက် (ပစ္စုပဋ္ဌာပနာ =) ပစ္စုပဋ္ဌာပနာဆိုတာနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာဆရာတော်က ဖွင့်ထားတယ်။ ပစ္စုပဋ္ဌာပနာတိ ပစ္စနိကဋ္ဌာပနာ ဆန့်ကျင်ဘက် ရပ်တည်နေမှုပဲ။ မိမိရဲ့ စိတ်ဓာတ်ကို မိမိက ဆန့်ကျင်ဘက် ပြုလုပ်တဲ့ဘက်မှာ သွားပြီးတော့ ရပ်တည်ထားခိုင်းလိုက်တယ်။
ဓမ္မေန နယေန ဝုတ္တဿ ပဋိဝိရုဇ္ဈိတွာ ဌာနံ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၄။)
ဓမ္မေန နယေန = တရားသော နည်းလမ်းဖြင့်။ ဝုတ္တဿ = ပြောဆို ဆုံးမနေတဲ့ ပုဂ္ဂိုလ်အား။ ပဋိဝိရုဇ္ဈိတွာ = တစ်ဖန် ဆန့်ကျင်ဘက်ပြုလုပ်၍။ ဌာနံ = ရပ်တည်၍ နေခြင်းတည်း။
တရားသော နည်းလမ်းဖြင့် လာဆုံးမတယ်။ တရားသော နည်းလမ်းဆိုတာ ဘာပြောတာလဲ? ဘုရားရှင် ဟောကြားပြသဆိုဆုံးမနေတဲ့ နည်းလမ်း အတိုင်းပဲ။ အဲဒီနည်းလမ်းတွေက သုတ္တန်မှာလာတဲ့နည်းလမ်း, အဘိဓမ္မာမှာ လာတဲ့နည်းလမ်း, ဝိနည်းဒေသနာတော်မှာလာတဲ့နည်းလမ်း, အဲဒီနည်းလမ်းတွေကို တရားသောနည်းလမ်းတွေလို့ ခေါ်ပါတယ်။ ဝိနည်းဒေသနာတော် အရ မအပ်ဘူးလို့ ဘုရားရှင်က ပညတ်ထားရင် ဒါ မအပ်ဘူးလို့ သွားပြီးတော့ ဆုံးမတယ်။ ဝိနည်းဒေသနာတော်အရ ဒါ အပ်စပ်တယ်လို့ ဘုရားရှင်က ပညတ်ထားရင် ဒီအချက်က အပ်စပ်တယ်, ပြုလုပ်ပါဆိုပြီးတော့ သွားဆိုဆုံးမ ရတယ်။ ဒီလိုဆုံးမတာကို နည်းနည်းမှ လက်မခံဘူး။ သုတ္တန်ဒေသနာတော်နည်းအရ ဒီကျင့်ဝတ်တွေကို မကျင့်ရဘူး။ သွားပြီး ဆိုဆုံးမကြည့်တယ်။ အဲဒီလို ဆိုဆုံးမလိုက်မှ ပိုပြီး ဆိုးလာတယ်။ သက်သက် သူက ထိပ်တိုက် ဆန့်ကျင်ဘက်လုပ်ပြီးတော့ ရပ်တည်နေတယ်။ အဘိဓမ္မာဒေသနာတော်နည်းအရ ဒီလိုရာဂတွေ ထူပြောအောင် ရာဂထူပြောကြောင်းဖြစ်တဲ့ ကျင့်ဝတ်တွေ, ဒေါသထူပြောကြောင်းဖြစ်တဲ့ ကျင့်ဝတ်တွေ, မောဟထူပြောကြောင်း မာန်မာန ဣဿာ မစ္ဆရိယ ထူပြောကြောင်းဖြစ်တဲ့ ဒီလိုစိတ်နေ စိတ်ထားတွေ မထားသင့်ဘူးဆိုပြီးတော့ သွားပြီးတော့ ဆိုဆုံးမကြည့်တယ်။ ဆိုဆုံးမတဲ့အချိန်အခါမှာ ထိပ်တိုက် ဆန့်ကျင်ဘက် ပြုလုပ်ပြီးတော့ ရပ်တည် နေတယ်။ နောက်ထပ် ဘာပြောသေးလဲ? ငါက မခံချင်လို့ သက်သက် ဂွတိုက်နေတာ၊ ဒင်းကို ငါက အရေးနည်းနည်းကလေးမှ မစိုက်ဘူး။ ငါဟာ ဘယ်လိုလူစားဆိုတာ သိအောင်လို့ ငါက အကြောင်းပြနေတာ ဒီလိုပြောဆိုကာ တကယ်တော့ သူသက်သက် ဆန့်ကျင်ဘက် ဂွတိုက်တဲ့ ပုံစံသာ ဖြစ်ပါတယ်။ အဲဒီလို ဂွတိုက်နေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတာပဲ။ ဘာဖြစ်လို့လဲ ဆိုတာကို ဘုန်းကြီးထပ်ပြောပါ့မယ်။ (စာမျက်နှာ-၃၉၂-၃၉၄။ ၄၂၂-၄၂၃။ တို့၌ ကြည့်ပါ။)
၅။ မာယာ = လှည့်ပတ်မှု
နောက်တစ်ခု --- (မာယာ =) လှည့်ပတ်နေတယ်။ ဘယ်လိုလဲ?
မာယာတိ ဣဓေကစ္စော ကာယေန ဒုစ္စရိတံ စရိတွာတိအာဒိနာ နယေန ဝိဘင်္ဂေ ဝိဘတ္တာ ကတပါပပဋိစ္ဆာဒနတာ။ (ဋ္ဌ၊၁၊၃၀၄။)
ဘုရားရှင်ဟောကြားထားတော်မူတဲ့ ဝိဘင်းပါဠိတော်ကြီးမှာ မာယာအကြောင်း လာရှိတယ်။ မိမိက သူ့အသက်လည်း သတ်တာပဲ၊ သူ့ပစ္စည်းလည်း မတရားယူတာပဲ၊ သူ့သားမယားတွေလည်း ဖျက်ဆီးတာပဲ၊ ဒီလို ကာယဒုစရိုက်တွေကို လွန်ကျူးထားတယ်။ လွန်ကျူးထားပါလျက်နဲ့ ကျုပ်တို့က ဒီလို ကာယဒုစရိုက်မျိုးကို ဘယ်တော့မှ မလွန်ကျူးပါဘူးဆိုပြီးတော့ မိမိလွန်ကျူးထားတဲ့ ပြုလုပ်ထားတဲ့ မကောင်းမှုကို ဖုံးလွှမ်းထားတယ်။ အဲဒါ ဘာလုပ်တာလဲ? မာယာ။ မိမိက ဝစီဒုစရိုက်တွေကို ပြောတယ်၊ မုသားလည်း ပြောတယ်၊ ကုန်းတိုက်စကားလည်း ပြောတယ်၊ ကြမ်းတမ်းတဲ့စကားလည်း ပြောတယ်၊ ပြိန်ဖျင်းတဲ့စကားတွေလည်း ပြောတယ်၊ ဩော်! ကျုပ်က ဒါမျိုး မပြောပါဘူး ဆိုပြီးတော့ ထင်ရှားရှိနေတဲ့ အပြစ်တွေကို လှမ်းပြီး ဖုံးလွှမ်းနေတာပဲ။ အဲဒီလို မိမိမှာ ထင်ရှားရှိနေတဲ့ အပြစ်တွေကို ဖုံးလွှမ်းနေတဲ့ ပုဂ္ဂိုလ်ကို မာယာများတဲ့ ပုဂ္ဂိုလ်လို့ခေါ်တယ်။ အဲဒီမာယာများနေတဲ့ပုဂ္ဂိုလ်သည် ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတယ်။ နောက်တစ်ခု --- မနောဒုစရိုက်၊ မနောဒုစရိုက်တွေကို မိမိက တွင်တွင်ကြီး လွန်ကျူးနေတယ်။ တစ်ဖက်ပုဂ္ဂိုလ်ကနေပြီးတော့ ပြောလိုက်တဲ့ အချိန်အခါမှာ ဩော်! ကျုပ်တို့ကတော့ ဒီလိုစိတ်ထားမျိုး မရှိပါဘူး ဆိုပြီးတော့ လှည့်ပတ်လိုက်တယ်။ မိမိမှာ ထင်ရှားရှိနေတဲ့ မကောင်းမှုကို ဖုံးလွှမ်းလိုက် တာပဲ။ အဲဒီလို မိမိမှာ ထင်ရှားရှိနေတဲ့ မကောင်းမှုကို ဖုံးလွှမ်းခြင်းကို မာယာလို့ခေါ်တယ်။ အဲဒီလို မာယာရှိနေတဲ့ပုဂ္ဂိုလ်, လှည့်ပတ်နေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတယ်။
၆။ ဥသူယာ = ငြူစူစောင်းမြောင်းခြင်း
နောက်တစ်ခု --- (ဥသူယာ =) ငြူစူစောင်းမြောင်းနေတယ်။ ဘယ်လို ငြူစူစောင်းမြောင်းသလဲလို့ မေးတော့ ---
ဥသူယာတိ ပရလာဘသက္ကာရာဒီသု ဣဿာ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၄။)
ဥသူယာတိ =ဥသူယာဟူသည်ကား။ ပရလာဘသက္ကာရာဒီသု = သူတစ်ပါးတို့၏ လာဘ်လာဘရရှိခြင်း, အရိုအသေခံရခြင်း, အလေးအမြတ် ခံရခြင်း, အပူအဇော်ခံရခြင်း, အမြတ်အနိုးခံရခြင်းစသည်တို့၌။ ဣဿာ = ငြူစူစောင်းမြောင်းသော စိတ်ထားရှိခြင်းတည်း။
သူတစ်ပါးတွေ လာဘ်လာဘရတယ်။ လာဘ်လာဘရထိုက်တဲ့ ပါရမီ ဘုန်းကံကလေးတွေ သူ့မှာ တည်ရှိနေသည့်အတွက် ဒီလာဘ်လာဘတွေက သူ့မှာ ပေါများခြင်းဖြစ်တယ်။ အဲဒါကို မိမိက ကြည့်လို့မရပြန်ဘူးတဲ့။ အဲဒီလို ကြည့်လို့မရတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတယ်။ သူတစ်ပါးတွေက အပူဇော်သက္ကာရတွေ ခံရတယ်၊ အမြတ်နိုးခံရတယ်၊ အပူဇော်ခံရတယ်၊ အလေးစားခံရတယ်၊ အကြည်ညိုခံနေရတယ်၊ သူတစ်ပါးတွေ အရိုအသေ အလေးအမြတ် အပြုခံရခြင်း, အမြတ်အနိုးခံရခြင်း, အကြည်ညိုခံရခြင်း, အပူဇော်ခံရခြင်းဆိုတဲ့ ဒီလုပ်ငန်းရပ်တွေကို ကြည့်ပြီးတော့ မိမိက စိတ်ထဲမှာ အခဲမကျေ မကျေမနပ် ဖြစ်တယ်၊ ကြည့်လို့မရ ဖြစ်နေတယ်။ ဒီလိုယုန်တော့ ချုံတိုင်းရှိရဲ့၊ ဒီးဒုတ်လောက်တော့ ငှက်တိုင်းလှရဲ့ ဆိုတဲ့ စိတ်ထားမျိုးတွေကို တိုးပွားအောင်ပဲ မွေးမြူနေတယ်။ အဲဒီလို ကြည့်လို့မရဖြစ်နေရင် မိမိဟာ ငြူစူစောင်းမြောင်းတဲ့ စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်လို့ ဒီလို ခေါ်ရတယ်။ အဲဒီလို ငြူစူစောင်းမြောင်းတဲ့ စိတ်ဓာတ်ရှိနေတဲ့ ပုဂ္ဂိုလ်တွေသည် အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတဲ့ ပုဂ္ဂိုလ်ပဲ။ နောက်တစ်ခု ---
၇။ ဘဿသမုဿယ = အပေါ်စီးကနေပြီး စကားပြောခြင်း
ဘဿသမုဿယောတိ သမုဿိတံ ဘဿံ၊ အတ္တုက္ကံသနတာတိ ဝုတ္တံ ဟောတိ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၄။)
ဘဿသမုဿယ-ဆိုတာ ဘဿ-က စကားပြောတာ၊ သမုဿယ-က အပေါ်စီးကနေတာ။ အပေါ်စီးကနေပြီးတော့ စကားပြောတယ်ဆိုတာက ဘာလဲလို့မေးတော့ အတ္တုက္ကံသနတာတိ ဝုတ္တံ ဟောတိ မိမိကိုယ်ကို မိမိက ချီးမြှောက်တယ်။ မိမိကိုယ်ကို မိမိအပေါ်ကနေ ထားတယ်။ သူတစ်ပါးကို အောက်ကနေပြီး နှိမ်ချထားတယ်။ မိမိကိုယ်ကို အပေါ်မြှောက်ပြီးတော့ သူတစ်ပါးတွေကို အောက်ကထားနေတဲ့ ဒီစိတ်ထားသည် ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတာပဲ။ ဒါ အကုသိုလ်တရားတွေကို မွေးမြူနေတာပါနော်။
၈။ မာနာတိမာန = မာန်မာနအလွန်ကြီးခြင်း
နောက်တစ်ခု --- (မာနာတိမာနော =) မာန်မာနတွေ သိပ်ကြီးတယ်။ ဒီစကားလုံးတွေကို ဘုရားရှင်က ထပ်ခါထပ်ခါ ဘာကြောင့် ဟောနေရသလဲလို့မေးရင်တော့ - နောက်ပိုင်းမှာ အဋ္ဌကထာဆရာတော်ကလည်း ထပ်ခါ ထပ်ခါ ဖွင့်ထားပါတယ်။ ဘုရားရှင်အနေနဲ့ ဒီမကောင်းတဲ့ အကုသိုလ် ဒုစရိုက် တွေ စိတ်နေစိတ်ထားတွေကို ဒီသတ္တဝါရဲ့ သန္တာန်မှာ ကိန်းဝပ်တည်ရှိတာကို အလိုမရှိဘူး။ ဘာဖြစ်လို့လဲ? ဒီစိတ်နေစိတ်ထားတွေက နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလပတ်လုံး သတ္တဝါတွေကို အပါယ်လေးဘုံ အစရှိတဲ့ အလွန် ဆင်းရဲဒုက္ခပြည့်နှက်နေတဲ့ နေရာတွေကို ရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့ စွမ်းအား အပြည့်အဝ ရှိနေတယ်ဆိုတာ သိတော်မူတယ်။ သိလိုက်တဲ့အတွက် ဒီစိတ်နေစိတ်ထားကလေးတွေကို ပြုပြင်ပြောင်းလဲရေး ပြုလုပ်စေချင်တဲ့ ဆန္ဒဓာတ်တော် ကဿပမြတ်စွာဘုရားမှာကော ဒုတိယ အကြိမ် ထပ်မံပြီးတော့ ကဿပဘုရားရှင် ဟောကြားတော်မူသည့်အတိုင်း အာမဂန္ဓပုဏ္ဏားအမှူးရှိနေတဲ့ ပုဏ္ဏားငါးရာတို့အား ဟောကြားပြသ ဆိုဆုံးမတော်မူနေတဲ့ ဂေါတမမြတ်စွာဘုရားရှင်ရဲ့ သန္တာန်မှာရော တည်ရှိတယ်နော်။ ဒါကြောင့် ဒီ (မာနာတိမာန =) အလွန့်အလွန် မာန်မူတယ်ဆိုတဲ့ စကားလုံးလေးကို ဘုရားရှင်က ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဒီဂါထာတွေထဲမှာ ထည့်ပြီး ဟောနေတယ်နော်။
မာနာတိမာနောတိ ဣဓေကစ္စော ဇာတိယာ ဝါ ။ပ။ အညတရညတရေန ဝတ္ထုနာ ပုဗ္ဗကာလံ ပရေဟိ သဒိသံ အတ္တာနံ ဒဟတိ၊ အပရကာလံ အတ္တာနံ သေယျံ ဒဟတိ၊ ပရေ ဟီနေ ဒဟတိ၊ ယော ဧဝရူပေါ မာနော။ပ။ ကေတုကမျတာ စိတ္တဿာတိ ဝိဘင်္ဂေ ဝိဘတ္တော။ (ဋ္ဌ၊၁၊၃၀၄-၃၀၅။)
ဝိဘင်းပါဠိတော်ကြီးကို ကိုးပြီးတော့ အဋ္ဌကထာဆရာတော်က ဖွင့်နေတယ်။ ဘာပြောတာလဲ? ဝတ္ထုတစ်ခုခုပေါ့လေ။ ဝတ္ထုတစ်ခုခု ဆိုတာက မိမိရဲ့ အမျိုးအနွယ်က ပိုမြင့်မြတ်လို့ မိမိရဲ့ ပညာဂုဏ်သိက္ခာက ပိုပြီး အဆင့်အတန်း မြင့်မားလို့ မိမိရဲ့သီလဂုဏ်ကျေးဇူးက, မိမိရဲ့သမာဓိဂုဏ်ကျေးဇူးက, မိမိရဲ့ ဝိပဿနာဉာဏ်တွေက ပိုပြီး အဆင့်မြင့်လို့ စသည်ဖြင့် ဝတ္ထုတစ်ခုခုကို အခြေတည်ပြီးတော့ မိမိက ကြွားလုံးထုတ်မယ်။ မာန်မာနကြီးမှာ ဖြစ်တယ်။အဲဒီရှေ့ပိုင်းကာလမှာကျတော့ ဘာဖြစ်လဲ? ရှေ့မှာဆိုလို့ရှိရင်တော့ ---
ပရေဟိ သဒိသံ အတ္တာနံ ဒဟတိ၊ မိမိနဲ့ သူတစ်ပါးကို တန်းတူ သူက ထားလိုက်တယ်။
အပရကာလံ အတ္တာနံ သေယျံ ဒဟတိ၊ နောက်ပိုင်းကာလကျတော့ မိမိက သူတို့ထက် သာလွန်ပြီး မြင့်မြတ်ပါတယ်ဆိုပြီးတော့ မိမိကိုယ်ကို မိမိက နေရာထားပေးလိုက်တယ်။
ပရေ ဟီနေ ဒဟတိ၊
ပရေ = သူတစ်ပါးတို့ကို။ ဟီနေ = ယုတ်ညံ့တဲ့နေရာ၌။ ဒဟတိ = ထားတတ်၏။
သူတစ်ပါးတွေကို မိမိထက် အဆင့်အတန်းနိမ့်နေတဲ့နေရာမှာ သွားပြီးတော့ ထားလိုက်တယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေဟာ ဘာလုပ်တာလဲ? အလွန့် အလွန် မာနကြီးနေတယ်လို့ ခေါ်ရတယ်။ ဒီလို အလွန့်အလွန် မာနကြီးနေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေး သုံးဆောင်နေတယ်။ နောက်တစ်ခု ---
၉။ အသဗ္ဘိ သန္ထဝေါ = မသူတော်တို့နှင့် ပေါင်းဖော်ခြင်း
အသဗ္ဘိ သန္ထဝေါတိ အသပ္ပုရိသေဟိ သန္ထဝေါ။
မသူတော်တွေနဲ့ သွားပြီး ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ပြီးတော့ နေထိုင်တယ်။ ဟို မင်္ဂလသုတ်မှာ ဟောခဲ့တဲ့ အသေဝနာ စ ဗာလာနံ ဆိုတဲ့ မင်္ဂလာအတိုင်းပဲနော်။ လူမိုက်တွေနဲ့ ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်နေတဲ့ သူတွေသည် ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင် နေတယ်။ ဒါဖြင့်ရင် သူ့အသက်သတ်တဲ့သူနဲ့ ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ပြီး မိတ်ဖွဲ့နေခဲ့ရင် ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေး သုံးဆောင်နေတယ်ခေါ်တယ်။ သူ့ပစ္စည်း မတရားယူတတ်တဲ့ပုဂ္ဂိုလ် သူ့သားမယားဖျက်ဆီးတတ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ သွားပြီး ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ခဲ့ရင် အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတဲ့ ပုဂ္ဂိုလ်ပဲ။ အလားတူပဲ မုသားပြောနေတဲ့ပုဂ္ဂိုလ်နဲ့ မိမိက သွားပြီး ပေါင်းဖော်ယှဉ်တွဲမှီဝဲ ဆည်းကပ်ခဲ့ရင် ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတယ်။ အလားတူပဲနော်။ ကျန်တဲ့ ကာယဒုစရိုက် ဝစီဒုစရိုက် မနော ဒုစရိုက်ခေါ်တဲ့ ဒီဒုစရိုက်တရားတွေကို လွန်ကျူးနေတဲ့ ပုဂ္ဂိုလ်တွေကို လူမိုက်လို့ ခေါ်တယ်။ အဲဒီမသူတော်လူမိုက်တွေနဲ့ သွားပြီး ပေါင်းဖော်ယှဉ်တွဲ မှီဝဲ ဆည်းကပ်နေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလုပ်တာလဲ? အညှီအဟောက်ကို ဘုဉ်းပေးသုံးဆောင်နေတဲ့ ပုဂ္ဂိုလ်ပဲ။ ဒီလိုဆိုလို့ရှိရင် ယောဂီတွေ မုသားပြောနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပေါင်းရမလား မပေါင်းရဘူးလား? ပေါင်းခဲ့ရင် ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတယ်။ သူတစ်ပါး မကောင်းကြောင်းကို အာသွက် လျှာသွက် လက်သွက်သွက်နဲ့ ပြောနေတဲ့ ပုဂ္ဂိုလ် တွေနဲ့ ပေါင်းရမလား မပေါင်းရဘူးလား? ပေါင်းခဲ့ရင် ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတယ်။ ဒါ သတိရှိဖို့လိုတယ် နော်။ မိမိတို့ နေ့စဉ်တွေ့ကြုံနေရမယ့် အခက်အခဲကလေးတွေပဲ။ နေ့စဉ်နေ့စဉ် မိမိတို့ရဲ့ စိတ်နေစိတ်ထားကလေးတွေကို ပြုပြင်ပြောင်းလဲပေးဖို့ လိုအပ်နေတယ်။ ဒါကြောင့် မြတ်စွာဘုရားက ဒီနေရာမှာလည်း ဓမ္မာဓိဋ္ဌာန်နည်းအားဖြင့် တင်ပြခဲ့တဲ့ (၉)မျိုးသော အညှီအဟောက်တွေကို ဟောကြားတော်မူလိုက်ပါတယ်။
ပုဂ္ဂလာဓိဋ္ဌာန်နည်းအားဖြင့် ထပ်မံ ဟောကြားတော်မူခြင်း
၅။ ယေ ပါပသီလာ ဣဏဃာတသူစကာ၊
ဝေါဟာရကူဋာ ဣဓ ပါဋိရူပိကာ။
နရာဓမာ ယေဓ ကရောန္တိ ကိဗ္ဗိသံ၊
ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။
ယေ ဇနာ = အကြင်လူသားတို့သည်ကား။ ဣဓ = ဤလောက၌။ ပါပ သီလာ = ယုတ်မာသော ကိုယ်ကျင့်သီလရှိကြကုန်၏။ ဣဏဃာတာ = သူတစ်ပါး၏ ကြွေးမြီကိုယူ၍ မဆပ်ဘဲ ဖျက်ဆီးလေ့ရှိကြကုန်၏။ သူစကာ = ကုန်းချောတဲ့ အလေ့အထ ရှိကြကုန်၏။ ဝေါဟာရကူဋာ = တံစိုးလက်ဆောင် စား၍ မတရားသော နည်းလမ်းဖြင့် တရားစီရင်လေ့ရှိကြကုန်၏။ ပါဋိရူပိကာ = အတုပြုလုပ်၍ လှည့်ပတ်တတ်ကြကုန်၏။ ဣဓ = ဤလောက၌။ နရာဓမာ = အမိ, အဖ, ဘုရား, ပစ္စေကဗုဒ္ဓ အစရှိသော သူတော်ကောင်းတို့အပေါ်၌။ ကိဗ္ဗိသံ = ရက်စက်ကြမ်းကြုတ်မှုကို။ ကရောန္တိ = ပြုလုပ်၍ နေတတ်ကြကုန်၏။ ဧသ ဧသော = ဤယုတ်မာသော ကိုယ်ကျင့်တရားရှိခြင်းစတဲ့ ဤသဘောတရားသည်ကား။ အာမဂန္ဓော = အညှီအဟောက်မည်ပါပေ၏။ မံသဘောဇနံ = အသားတည်းဟူသော ဘောဇဉ်သည်ကား။ န ဟိ အာမဂန္ဓော = အာမဂန္ဓ အညှီအဟောက် မမည်ပါပေ။
နောက်ဂါထာတစ်ခုပဲနော် ---
လောကမှာရှိနေတဲ့ ပုဂ္ဂိုလ်တွေအကြောင်းကို ဓမ္မာဓိဋ္ဌာန်နည်းအားဖြင့် ဒေသနာကို မြတ်စွာဘုရားဟောပြီးတဲ့အခါ နောက်ထပ်တစ်ဖန် ပုဂ္ဂလာဓိဋ္ဌာန် နည်းအားဖြင့် မြတ်စွာဘုရားက ဒေသနာတော်ကို ပြန်ပြီးတော့ ဟောတော်မူပြန်တယ်။ လောကမှာ တချို့တချို့ ပုဂ္ဂိုလ်တွေက ဘယ်လိုရှိလဲ?
၁။ ပါပသီလာ = ယုတ်မာတဲ့ ကိုယ်ကျင့်တရားရှိသူ
ယေ ပါပသီလာတိ ယေ ပါပသမာစာရတာယ ပါပသီလာတိ လောကေ ပါကဋာ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၅။)
ယုတ်မာတဲ့အကျင့်တွေ ရှိနေတဲ့အတွက်ကြောင့် ယုတ်မာတဲ့ ကိုယ်ကျင့် သီလရှိတဲ့ ပုဂ္ဂိုလ်ဆိုပြီးတော့ လောကမှာ ထင်ရှားနေတယ်။ ဒီလို လောကမှာ ယုတ်မာတဲ့ ကိုယ်ကျင့်တရားရှိတဲ့ ပုဂ္ဂိုလ်အဖြစ်နဲ့ ထင်ရှားနေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတာပဲ။
၂။ ဣဏဃာတာ = ကြွေးကို ပြန်မဆပ်သူ
နောက်တစ်ခု--ဣဏဃာတသူစကာတဲ့၊ ဣဏဃာတ - က သတ်သတ် သူစကာ - က သတ်သတ်ပဲ။ ဣဏဃာတဆိုတာက ဘာလဲလို့မေးရင်တော့
ဣဏံ ဂဟေတွာ တဿ အပ္ပဒါနေန ဣဏဃာတာ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၅။)
ကြွေးယူလိုက်တယ်၊ ယူပြီးတဲ့အချိန်အခါမှာ အဲဒီကြွေးကို ဘယ်တော့မှ ပြန်ပြီးတော့မဆပ်ဘူး။ ကြွေးရှင်ကို ပျက်စီးသွားအောင် ဖျက်ဆီးပစ်နေတဲ့ ပုဂ္ဂိုလ်တွေပဲ။ ကြွေးယူပြီးတော့ ကြွေးရှင်ကို ပျက်စီးအောင် ဖျက်ဆီးနေတဲ့ ဒီပုဂ္ဂိုလ်တွေသည် ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတယ်။ လောကမှာ တော်တော်ကြီး ဝမ်းနည်းဖို့ ကောင်းပါတယ် နော်။ ဒီနေ့ပဲ တောကျောင်းကို ဒကာတချို့ ရောက်ရှိလာကြပါတယ်။ သူတို့ရဲ့ ညီအငယ်ဆုံးတစ်ယောက်ဟာ ကြွေးတွေတင်ပြီးတော့ စိတ်ဓာတ်တွေ ကျဆင်းပြီးတော့ စိတ်ထိခိုက်ပြီး ကွယ်လွန်သွားတဲ့အကြောင်း လာပြီးတော့ လျှောက်ထားကြတယ်။ ဒီကြွေးတွေက ဘာကြောင့် သူ့မှာ ကြွေးတင်ရသလဲ ဆိုတော့ သူ့အပေါ်မှာ လာပြီး လိမ်လည်လှည့်ဖြားပြီး ယူသွားတဲ့ပုဂ္ဂိုလ်တွေက အလွန်များသွားကြတယ်။ အဲဒီ လိမ်လည်လှည့်ဖြားတဲ့ ပုဂ္ဂိုလ်တွေဆိုတာကလည်း တစ်နည်းတစ်ဖုံအားဖြင့် ဒီသုတ္တန်နည်းအရ ပြောတော့ သူ့ထံမှာ လာပြီးတော့ ကြွေးယူကြတာပဲ။ အဲဒီ ကြွေးယူတဲ့ ပုဂ္ဂိုလ်တွေက ကြွေးပြန်ပြီးတော့ မဆပ်ဘဲနဲ့ လှည့်ပတ်ပြီးတော့ အသက်တစ်ချောင်းကိုပင်သော်လည်း သေကျေပျက်စီးသွားတဲ့အထိ လိမ်လည်ထားလိုက်တဲ့အတွက် ထို လိမ် လည်နေတဲ့ ပုဂ္ဂိုလ်တွေသည် ကြွေးရှင်ကို ပျက်စီးအောင် ဖျက်ဆီးတယ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ ဒီလို ကြွေးယူပြီးတော့ ကြွေးပြန်မဆပ်ဘဲ ကြွေးရှင်ကို ပျက်စီးအောင် ဖျက်ဆီးနေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတာပဲ။
၃။ သူစကာ = ကုန်းတိုက်စကား ပြောကြားသူ
နောက်တစ်ခု --- ဘာလဲ? သူစကာတဲ့ (ပေသုညေန သူစကာ စ =) ကုန်းတိုက်စကားပြောကြတယ်။ ဒီစကား ဟိုပို့, ဟိုစကား ဒီပို့နဲ့ ပြဿနာတွေ ရှုပ်ထွေးအောင် ပြုလုပ်နေတယ်။ အဲဒီလို ပြဿနာတွေ ရှုပ်ထွေးအောင် ပြုလုပ်ပြီးတော့ ကုန်းချောစကားတွေကို ပြုကျင့်နေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတယ်။ နောက်တစ်ခု ---
၄။ တံစိုးလက်ဆောင်စားပြီး တရားစီရင်သူ
ဝေါဟာရကူဋာ ဣဓ ပါဋိရူပိကာတိ ဓမ္မဋ္ဋဋ္ဌာနေ ဌိတာ လဉ္ဇံ ဂဟေတွာ သာမိကေ ပရာဇေန္တာ ကူဋေန ဝေါဟာရေန သမန္နာဂတတ္တာ ဝေါဟာရကူဋာ။
(ဓမ္မဋ္ဋဋ္ဌာနေ =) တရားစီရင်ဆုံးဖြတ်တဲ့နေရာမှာ ရပ်တည်ပြီး နေကြတဲ့ ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ်တွေက ဘာလုပ်သလဲ? (လဉ္ဇံ ဂဟေတွာ =) တံစိုးလက်ဆောင်တွေ ယူတယ်၊ တံစိုးလက်ဆောင်တွေ စားကြတယ်၊ စားပြီးတော့ (သာမိကေ ပရာဇေန္တာ =) ဥစ္စာရှင် ပိုင်ရှင်အစစ်တွေကို ရှုံးစေတယ်။ တရားရုံးမှာနော်။
ကူဋေန ဝေါဟာရေန သမန္နာဂတတ္တာ ဝေါဟာရကူဋာ၊
ကောက်ကျစ်စဉ်းလဲတဲ့ တရားစီရင်ဖြတ်ထုံးတွေနဲ့ ပြည့်စုံနေတဲ့အတွက်ကြောင့် ဒီပုဂ္ဂိုလ်တွေကို (ဝေါဟာရကူဋာ =) တရားစီရင်တဲ့နေရာမှာ ကောက်ကျစ်စဉ်းလဲမှုရှိနေတဲ့ တရားသူကြီးတွေပဲလို့ခေါ်တယ်။ အဲဒီလို တံစိုး လက်ဆောင်တွေ စားပြီးတော့ ကောက်ကျစ်စဉ်းလဲတဲ့ တရားစီရင်ထုံးတွေကို ဆုံးဖြတ်ချက်ချနေတဲ့ တရားသူကြီးတွေဟာ အညှီအဟောက်တွေကို ဘုဉ်းပေး သုံးဆောင်နေကြတာတဲ့။ သို့သော် ဒီအထဲ တရားသူကြီးသာ ပါတယ်၊ ရှေ့နေတော့ ထည့်မထားဘူး၊ ဘုန်းကြီးကတော့ ရှေ့နေပါပါနေတယ်လို့ ထင်တယ်။ ကဲ နောက်တစ်ခု ---
၅။ သီလရှိသယောင် တရားရှိသယောင် ဟန်ဆောင်သူ
ဓမ္မဋ္ဌပဋိရူပကတ္တာ ပါဋိရူပိကာ။ အစစ်နဲ့အတု နှစ်မျိုး ရှိပါတယ်နော်။ အဲဒီ အစစ်အတု နှစ်မျိုး ရှိတဲ့အနက်က ဒီနေရာမှာ အယောင်ဆောင်တယ်။ ဘယ်လိုလဲ? ---
ပါဋိရူပိကာတိ ဒုဿီလာ။ တေ ဟိ ယသ္မာ နေသံ ဣရိယာပထသမ္ပဒါဒီဟိ သီလဝန္တပဋိရူပံ အတ္ထိ၊ တသ္မာ ပဋိရူပါ၊ ပဋိရူပါ ဧဝ ပါဋိရူပိကာ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၅။)
တရားစစ် တရားမှန်မှာ တကယ်ရပ်တည်မှု မရှိပါဘဲလျက်နဲ့ တရားစစ် တရားမှန်မှာ မိမိတို့က ရပ်တည်နေပါတယ်ဆိုပြီးတော့ ဒီလို ကြွားလုံးထုတ်တယ်။ အဲဒါကိုလည်း ပါဋိရူပိကာလို့ ခေါ်ပါတယ်။ နောက်တစ်ခုကတော့ ဒီသာသနာတော်မှာ တကယ်သီလမရှိတဲ့ ပုဂ္ဂိုလ်တွေ ရှိကြတယ်။ ဒုဿီလ ပုဂ္ဂိုလ်တွေပဲ၊ အဲဒီ ဒုဿီလပုဂ္ဂိုလ်တွေက သီလ တကယ်ရှိနေတဲ့ပုဂ္ဂိုလ် ယောင်ဆောင်ကြတယ်။ ဘယ်လိုလဲ? ---
ဣရိယာပထသမ္ပဒါဒီဟိ သီလဝန္တပဋိရူပံ အတ္ထိ။(သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၅၊၊)
ဣရိယာပုထ်ကလေးတွေနဲ့ ကြည့်လိုက်မယ်ဆိုလို့ရှိရင် သီလရှိနေတဲ့ ပုံစံအသွင် ပေါ်လာအောင် နေထိုင်ပြီး ပြတယ်။ ခြေထောက်ကလေးကို ကြွပုံ လှမ်းပုံ ချပုံကလည်း သိပ်ဣန္ဒြေရတယ်။ မျက်လုံးကလည်း ဘယ်မှ မကြည့်ဘူး၊ အတွင်းကြည့်လိုက်တော့ ကိုယ်ကျင့်သီလရှိသလား? မရှိဘူး။ အပေါ်ယံ ကြည့်လိုက်မယ်ဆိုရင်တော့ ကိုယ်ကျင့်သီလနဲ့ တကယ် ပြည့်စုံနေတဲ့ ပုံသဏ္ဌာန်အသွင်ကို ဆောင်နေတယ်။ ချဲနံပါတ် မမြင်ဘဲနဲ့ မြင်တဲ့ပုံစံပေါ့နော်။ဘုန်းကြီး ဆွမ်းခံတုန်းကတော့ တွေ့တွေ့နေပါတယ်။ ချဲဖွင့်ခါနီးပြီဆိုရင်တော့ ရသေ့ကြီးတွေ သပိတ်ထဲ ချဲနံပါတ်တွေ ထည့်ပြီးတော့ ဒေါက်ချာကြီးတွေလည်း ဆောင်းပြီးတော့ လာပြီ။ တွေ့တဲ့သူတိုင်းကို ချဲနံပါတ် ပေးသွားတယ်။ တစ်ယောက်ပေးတဲ့ ချဲနံပါတ်နဲ့ တစ်ယောက်ပေးတဲ့ ချဲနံပါတ်ကတော့ မတူဘူး။ နံပါတ်တစ်ထောင်ဆိုလား ဘာဆိုလား အကွက်တစ်ထောင်ဆိုလား၊ အကွက်ပြည့်အောင် ပေးသွားမယ်ဆိုလို့ရှိရင်တော့ ဒီထဲတစ်ကွက်တော့ မပေါက်ဘူးလား? ပေါက်မှာပဲ၊ ဟုတ်တယ်မဟုတ်လား? ဒီတော့ တကယ် သမာဓိရှိလို့ မြင်တယ်ဆိုလို့ရှိရင်တော့ ဒါကတော့ ပုံစံတစ်မျိုးတော့ သွားကောင်းသွားပါလိမ့်မယ်။ သွားကောင်းသွားတယ်ဆိုတာက မလုပ်သင့်လို့ပါ။ ဒီချဲပေးတယ်ဆိုတဲ့အလုပ်က ပေါက်တဲ့ပုဂ္ဂိုလ်မှာလည်း အလကားသက်သက် ပေါက်တာ မဟုတ်ဘူး။ ဟိုဘက်က တစ်ဘက်က ဒိုင်ဆိုတာရှိတော့ ဒိုင်စားချင်ရင် စား၊ မစားချင်ရင် ပေါက်တဲ့ပုဂ္ဂိုလ် စား၊ နှစ်ခု တစ်ဦးဦးတော့ မနစ်နာဘူးလား? နစ်နာပါတယ်။ သူတစ်ပါးတို့ကို ဒီလိုနစ်နာစေတဲ့ လုပ်ငန်းရပ်ကို သူတော်ကောင်းမှန်ခဲ့ရင် မပြုလုပ်သင့်ပါဘူး။ ဒီတော့ နောက်တစ်ခုကတော့ တကယ် မမြင်ဘဲနဲ့ မြင်ချင်ယောင်ဆောင်လို့ရှိရင်ကတော့ ဒါ ဘာလုပ်တာလဲ? အတုပဲနော်။ ဒါကြောင့် (ပဋိရူပိကာ =) သီလမရှိဘဲနဲ့ သီလ ရှိယောင်ဆောင်တယ်၊ သမာဓိမရှိဘဲနဲ့ သမာဓိရှိယောင်ဆောင်တယ်၊ ပညာမရှိဘဲနဲ့ ပညာရှိယောင်ဆောင်နေတယ်၊ အဲဒီလို ပုဂ္ဂိုလ်တွေသည် ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတယ်။ နောက်တစ်ခု ---
၆။ သူတော်ကောင်းတို့အပေါ်၌ ရက်စက်ကြမ်းကြုတ်သူ
နရာဓမာ ယေဓ ကရောန္တိ ကိဗ္ဗိသံ။ လောကမှာ နရာဓမဆိုတဲ့ သူတော်ကောင်းတွေ ရှိကြတယ်။ ဘယ်လိုလဲ?
နရာဓမာ ယေဓ ကရောန္တိ ကိဗ္ဗိသန္တိ ယေ ဣဓ လောကေ နရာဓမာ မာတာပိတူသု ဗုဒ္ဓပစ္စေကဗုဒ္ဓါဒီသု စ မိစ္ဆာပဋိပတ္တိသညိတံ ကိဗ္ဗိသံ ကရောန္တိ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၅။)
လူတွေကို တရားသောနည်းလမ်းဖြင့် ယဉ်ကျေးအောင် ဆိုဆုံးမနေကြတဲ့သူတွေ ရှိကြတယ်။ အဲဒီသူတော်ကောင်းတွေက ဘယ်သူတွေလဲ? အမိတွေ, အဖတွေ, ဗုဒ္ဓ, ပစ္စေကဗုဒ္ဓဘုရားရှင်တွေ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ရဲ့ တပည့်သာဝကတွေ စသည်ဖြင့် ဒီလို သူတော်ကောင်းတွေ ရှိကြတယ်။ အဲဒီ သူတော်ကောင်းတွေနဲ့ (မိစ္ဆာပဋိပတ္တိသညိတံ ကိဗ္ဗိသံ =) မိစ္ဆာပဋိပတ် မှားယွင်းဖောက်ပြန်နေတဲ့ ကျင့်ဝတ်ပဋိပတ်လို့ ခေါ်ဆိုအပ်တဲ့ ရက်စက်ကြမ်းကြုတ်နေတဲ့ လုပ်ငန်းရပ်တွေနဲ့ သွားပြီးတော့ ဆက်ဆံကြတယ်။ ရက်စက်ကြမ်းကြုတ်နေတယ်ဆိုတာက ကာယကံဖြင့် ရက်စက်ကြမ်းကြုတ်ခြင်း, ဝစီကံဖြင့် ရက်စက်ကြမ်းကြုတ်ခြင်း, မနောကံဖြင့် ရက်စက်ကြမ်းကြုတ်ခြင်းဆိုတဲ့ ရက်စက်ကြမ်းကြုတ်မှုအားလုံး ပါပါတယ်။ အဲဒီလို မိစ္ဆာပဋိပတ်လို့ ခေါ်ဆိုအပ်တဲ့ ရက်စက်ကြမ်းကြုတ်မှု အမျိုးမျိုးတွေကို မပြစ်မှားသင့် မပြစ်မှားထိုက်တဲ့ မိဘဆရာသမား, ပစ္စေကဗုဒ္ဓဘုရားရှင်, သမ္မာသမ္ဗုဒ္ဓဘုရားရှင်, သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ရဲ့ တပည့်သာဝက အစရှိတဲ့ ဒီသူတော်ကောင်းတွေအပေါ်၌ ပြုမူဆက်ဆံနေတယ်။ အဲဒီလို ရက်စက်ကြမ်းကြုတ်မှုတွေကို ပြုလုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင် နေတယ်ဆိုပြီးတော့ ကဿပ မြတ်စွာဘုရားက တိဿရသေ့ကြီးကို ဟောတော်မူနေပြီ။ နောက်ထပ် ဂါထာလေး တစ်ခု -
ယေ ဣဓ ပါဏေသု အသညတာ ဇနာ၊
ပရေသမာဒါယ ဝိဟေသမုယျုတာ။
ဒုဿီလလုဒ္ဒါ ဖရုသာ အနာဒရာ၊
ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။
၁။ အသညတာ = စောင့်စည်းမှု မရှိကြသူများ
ယေ ဇနာ = အကြင်လူသားတို့သည်ကား။ ဣဓ = ဤလောက၌။ ပါဏေသု = သတ္တဝါတို့အပေါ်၌။ အသညတာ = စောင့်စည်းမှု မရှိကြလေကုန်။ ပရေသံ = သူတစ်ပါးတို့၏ဥစ္စာကို။ အာဒါယ = ယူ၍။ ဝိဟေသံ = ညှဉ်းဆဲခြင်းကို။ ဥယျုတာ = လုံ့လကြိုးကုတ် အားထုတ်၍ နေကြကုန်၏။ ဒုဿီလာ = သီလ မရှိကြကုန်။ လုဒ္ဒါ = ရက်စက်ကြမ်းကြုတ်သော ကာယကံမှု ရှိကြကုန်၏။ ဖရုသာ = ကြမ်းတမ်းသော ဝစီကံမှု ရှိကြကုန်၏။ အနဒရာ = ရိုသေလေးစားခြင်း ကင်းကြကုန်၏။ ဧသ ဧသော = ဤကဲ့သို့ သတ္တဝါတို့ အပေါ်၌ စောင့်စည်းမှု မရှိခြင်းစသော အကုသိုလ်တရားသည်ကား။ အာမဂန္ဓော = အာမဂန္ဓ အညှီအဟောက် မည်ပါပေ၏။ မံသဘောဇနံ = အသား တည်းဟူသော ဘောဇဉ်သည်ကား။ န ဟိ အာမဂန္ဓော = အညှီအဟောက် မဟုတ်ပါပေ။
နောက်ဂါထာလေး တစ်ခုပဲနော်။ လောကမှာ တချို့တချို့ ပုဂ္ဂိုလ်တွေ ဘယ်လို ဖြစ်နေသလဲ?
ယေ ဣဓ ပါဏေသု အသညတာ ဇနာတိ ယေ ဇနာ ဣဓလောကေ ပါဏေသု ယထာကာမစာရိတာယ သတမ္ပိ သဟဿမ္ပိ မာရေတွာ အနုဒ္ဒယာမတ္တဿာပိ အကရဏေန အသံယတာ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၅။)
ယေ ဣဓ ပါဏေသု အသညတာ ဇနာတိ = ယေ ဣဓ ပါဏေသု အသညတာ ဇနာဟူသည်ကား။ ယေ ဇနာ = အကြင်လူသားတို့သည်။ ဣဓ= ဤလောက၌။ ပါဏေသု = သတ္တဝါတို့အပေါ်၌။ ယထာကာမစာရိတာယ = အလိုရှိတိုင်း ပြုကျင့်လေ့ရှိသည့်အတွက်ကြောင့်။ သတမ္ပိ = တစ်ရာသော သတ္တဝါကိုသော်လည်းကောင်း။ သဟဿမ္ပိ = တစ်ထောင်သော သတ္တဝါကို သော်လည်းကောင်း။ မာရေတွာ = သတ်ဖြတ်ကြကုန်၍။ အနုဒ္ဒယာမတ္တဿာပိ = ကြင်နာသနားခြင်း သဘောတရားမျှကိုသော်လည်းပဲ။ အကရဏေန = မပြုလုပ်ခြင်းဖြင့်။ အသံယတာ = စောင့်စည်းမှု မရှိကြလေကုန်။
လောကမှာ သတ္တဝါတွေ ရှိကြပါတယ်။ လူသားတွေ ပြန်ကြည့်လိုက်မယ် ဆိုလို့ရှိရင်တော့ ဟို တစ်နေ့က မင်္ဂလသုတ်မှာ ဘုန်းကြီး ဟောခဲ့တဲ့အတိုင်းပဲ၊ လူသားတွေမှာ ဝိစရဏပညာခေါ်တဲ့ ပညာတစ်မျိုး ရှိတယ်။ ကောင်းတာ မကောင်းတာ ထားပေါ့။ မကောင်းတဲ့ဘက်မှာလည်း စူးစမ်းဆင်ခြင် ဆုံးဖြတ်ချက်ချပြီး လုပ်ငန်းအမျိုးမျိုးကို ပြုလုပ်တတ်တဲ့ ဝိစရဏပညာ ရှိတယ်။ ကောင်းတဲ့ဘက်မှာလည်း ကောင်းတဲ့ လုပ်ငန်းရပ် အမျိုးမျိုးတွေကို ကောင်းသထက်ကောင်းအောင် စူးစမ်းဆင်ခြင် ဆုံးဖြတ်ချက်ချပြီး ပြုလုပ်တတ်တဲ့ ဝိစရဏပညာ ရှိကြတယ်။ အဲဒီတော့ သတ္တဝါတွေကို သတ်ဖြတ်တဲ့ နေရာမှာလည်း ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် တို့သတ်ဖြတ်ရမယ်ဆိုပြီးတော့ သတ်ဖြတ်ပုံနည်းလမ်းတွေမှာလည်း စူးစမ်းဆင်ခြင်တတ်တဲ့ ကောက်ကျစ်တဲ့ ဉာဏ်ပညာတွေ ရှိကြတယ်။ အဲဒီလို ဉာဏ်ပညာရှိတဲ့ ပုဂ္ဂိုလ်တွေက ယထာကာမစာရိတာယ= မိမိတို့ လုပ်ချင်တဲ့ပုံစံအတိုင်း အမျိုးမျိုး ပြုကျင့်ကြတယ်။ မိမိတို့ ဝါသနာစရိုက်အတိုင်း အမျိုးမျိုး ပြုကျင့်ကြတယ်။ သတ္တဝါတစ်ရာကိုသော်လည်း တစ်နေ့တည်း သတ်ချင်သတ်တယ်။ သတ္တဝါတစ်ထောင်ကိုသော်လည်း တစ်နေ့တည်းနဲ့ သတ်ချင်လည်း သတ်လိုက်တယ်။ ခုလိုဆိုတော့ နားလည်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိချင်ရှိပါလိမ့်မယ်။ ဘုန်းကြီး နည်းနည်းတော့ ထပ်ပြောချင်တယ်။ ပြောချင်တဲ့ အပိုင်းလေးကတော့ ဒီလိုပါ။ ဝက်တစ်ကောင် ဆိုကြပါစို့နော်၊ ဘုန်းကြီး ကြားဖူးတာလေး ပြောတာပါ။ ခေတ်တွေက တစ်ဆင့်နဲ့တစ်ဆင့် ခေတ်မီလာပြီဆိုတော့ ဘယ်လို ပြောင်းလဲသွားတယ်ဆိုတာ မသိဘူး။ ဘုန်းကြီး ကြားဖူးတာလေး ပြောတာပါ။ ဝက်သတ်ရုံတစ်ခုမှာ ဝက်တွေတန်းစီပြီးတော့ မောင်းချလိုက်တယ်။ အောက်က ရေနွေးကန်ကြီးဆိုလား ရှိတယ်။ ရေနွေးကန်ကြီးကလည်း ရေနွေးတွေက ပွက်ပွက်ဆူနေတယ်။ ဝက်တစ်ကောင်သွားလောက်ရုံ လမ်းကလေးကို ရေနွေးကန်ပေါ်မှာ ဖောက်ထားပြီးတော့ မောင်းလိုက်တယ်။ နေရာမှန်ရောက်ပြီ ဆိုလို့ရှိရင် ဝက်ကို ထုတ်ချင်းပေါက်အောင် လှံချွန်တစ်ခုနဲ့ ထုတ်ချင်းပေါက် ထိုးလိုက်တယ်။ ထိုးပြီးတော့ ဒီသံချွန်ကြီးကို ကရိန်းနဲ့ ဆွဲမြှောက်ပြီးတော့ ရေနွေးကန်ထဲ ဒီဝက်ကြီးကို ပစ်ချလိုက်တယ်။ စဉ်းစားကြည့်စမ်းနော်။ မိမိသာ အဲဒီဝက်နေရာမှာ နေကြည့်စမ်းပါ။ ဘယ်လိုများ ဖြစ်သွားမလဲ?
(ယထာကာမစာရိတာ =) မိမိ အလိုရှိတိုင်း ပြုကျင့်တယ်။ ကိုယ်က ဒါလုပ်ချင်တယ်ဆိုရင် တစ်ဘက်ပုဂ္ဂိုလ်ကို ဘာမှမကြည့်ဘူး။ တစ်ဘက်သား အသေခံရမည့် သတ္တဝါအတွက် ဘာမှ မကြည့်တော့ဘူးနော်။ တချို့ ပုဂ္ဂိုလ်တွေ ကြားဖူးတယ်။ ဟုတ်မဟုတ်တော့ မသိဘူး။ ဘုန်းကြီးကြားဖူးတာလေး ထပ်ပြောလိုက်ဦးမယ်။ မျောက်ကလေး စားချင်တယ်ဆိုလို့ရှိရင် ဦးနှောက်စားချင်တယ်ဆိုရင် သူတို့ ဘာလုပ်သလဲ? မျောက်ကို သူတို့ ကြိုးနဲ့ချည်ပြီး စားပွဲပေါ်မှာ ထူးခတ်ထားတယ်ဆိုလား၊ ထူးနဲ့ သေသေချာချာ ခိုင်ခိုင်ခံ့ခံ့ ချည်ပြီးတော့ ခေါင်းလေးတော့ အပေါ်ဖော်ထားလိုက်တယ်။ စားပွဲပေါ်မှာ စားတော့မယ်ဆိုလို့ရှိရင် ဒီမျောက်ကလည်း လှုပ်လို့မရဘူး။ မျက်လုံးလေး ကလယ်ကလယ်နဲ့လို့ဆိုတယ်။ အဲဒါ တူလေးနဲ့ဆိုလား ခေါင်းကို ထုခွဲလိုက်တယ်၊ ဦးခေါင်းခွံကို လှပ်လိုက်တယ်၊ လှပ်ပြီးတော့ အထဲက ဦးနှောက်ခွံ ခေါင်းခွံကို လှပ်လိုက်တယ်၊ လှပ်ပြီးတော့ အထဲက ဦးနှောက်ကို ခရင်းနဲ့ ထိုးပြီးတော့ စားတယ်၊ အရက်နဲ့ဆိုလား သောက်ပြီးတော့ မြည်းစားတယ်။ ဒါ ဘာပြောတာလဲ? (ယထာကာမစာရိတာ =) မိမိ ပြုချင်တယ်ဆိုရင် ပြုချင်တဲ့အတိုင်း လိုက်လုပ်ပြနေတယ်။ တချို့ကျတော့ ဘာလုပ်သလဲ? ကြက်ကလေးတစ်ကောင် မွေးလာပြီဆိုလို့ရှိရင် အဲဒီကြက်ကလေးကို ဝါးဆစ် ဗူးထဲထည့် ခေါင်းလေးထွက်လောက်ရုံ အပေါက်ကလေးပဲ ထားလိုက်တယ်။ အဲဒီ ဝါးဆစ်ဗူးကို ပိတ်ထားလိုက်တယ်၊ ပိတ်ထားပြီး ခေါင်းလေးပဲ အပြင်ထွက်တယ်၊ ကိုယ်လုံးက ဝါးဆစ်ဗူးထဲမှာရှိတယ်။ အဲဒါကို အပြင်ကနေ အစာ ကျွေးတယ်၊ အချိန်တန်လို့ ဝါးဆစ်ဗူး ပြည့်သွားလောက်ပြီ ဆိုကြပါစို့၊ အဲဒီ အခါမှာ ဝါးဆစ်ဗူး ဖောက်ပြီးတော့ ဒီကြက်သတ်ပြီးတော့ စားပြန်တယ်။ (ယထာကာမစာရိတာယ =) ဘာလုပ်ချင်သလဲ လုပ်ချင်တဲ့အတိုင်း ပြုကျင့် တယ်။
နောက်တစ်ခု --- ဘုန်းကြီး ပြောလိုက်ဦးမယ်နော်။ ဝက်အူချောင်းစားတဲ့ ပုံစံလိုပေါ့၊ ခွေးအူချောင်းစားတာလည်း ရှိတယ်နော်။ ဘယ်လို စားသလဲ? ခွေးစားတော့မယ် ဆိုလို့ရှိရင်တော့ ဒီခွေးကို သူတို့က တိုင်တစ်တိုင်မှာ သေသေချာချာ ကျကျနန ချည်လိုက်တယ်။ ချည်ပြီးတဲ့ အချိန်အခါမှာ အင်တုံကြီးတစ်လုံး ဘေးချပြီး အင်တုံထဲမှာ ရေထည့်ပြီး ဝမ်းနှုတ်ဆေးတွေ ထည့်ထားလိုက်တယ်။ ခွေးကလည်း တခြားစားစရာ မရှိဘူး။ ရုန်းလို့ကလည်း မရဘူး။ သွားလို့ကလည်း မရတော့ ဘာလုပ်လဲ? အဲဒီ ဝမ်းနှုတ်ဆေးရည်တွေပဲ ထပ်ထပ် သောက်တယ်။ သောက်ပါများလာတဲ့ အခါကျတော့ ခွေးကလည်း ဝမ်းတွေချည်း ဆက်တိုက်သွားတော့တယ်။ ခွေးဗိုက်ထဲမှာ အညစ်အကြေးတွေ စင်လောက်ပြီလို့ ယူဆတဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ? အဲဒီခွေးကို ကောက်ညှင်းတွေ ပေါင်းပြီးတော့ အဝ ကြွေးလိုက်တယ်။ ကြွေးလိုက်တဲ့ အချိန်အခါကျတော့ ဒီခွေးကလည်း ငတ်ငတ်နဲ့ တအားစားလိုက်တော့ အဲဒီမှာ စားပိုးနင့်ပြီ၊ အဲဒီလို စားပိုးနင့်ပြီးတော့ သေတယ်။ မသေရင်လည်း ရိုက်သတ်လိုက်တယ်။ ရိုက်သတ်ပြီးတော့ ဘာလုပ်သလဲ? အကောင်အတိုင်း မီးဖုတ်တယ်။ မီးဖုတ်ပြီးတဲ့ အချိန်အခါကျတော့မှ အဲဒီခွေးဝမ်းကို ခွဲပြီးတော့ အဲဒီအူတွေကို နှိုက်စားကြတယ်တဲ့။ ဒါ ဘာပြောတာလဲ? (ယထာကာမစာရိတာယ =) မိမိ ဘာလုပ်ချင်သလဲ ပြုလုပ်ချင်တဲ့ ပုံစံအတိုင်းအားဖြင့် သတ္တဝါတွေအပေါ်မှာ ပြုကျင့်ကြတယ်တဲ့။ စဉ်းစားကြည့်စမ်း! မိမိက အဲဒီလို အစားခံရတဲ့ သတ္တဝါဘက်မှာ တည်ရှိနေမယ် ဆိုလို့ရှိရင် မိမိရဲ့ လားရာဂတိဟာ ဘယ်လိုများနေမလဲ? စဉ်းစားဖို့ မကောင်းဘူးလား? ကောင်းပါတယ်။ နိုင်တဲ့နေရာမှာ မိမိတို့ကနေ နေတဲ့အချိန်အခါမှာ အားနွဲ့နေတဲ့ သတ္တဝါတွေအပေါ်၌ မိမိတို့ ပြုလုပ်ချင်တဲ့ ပုံစံအတိုင်း ဒီလို ပြုကျင့်ဆက်ဆံနေခြင်းသည် ဘာလုပ်တာတဲ့လဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတာပဲ။ အဲဒီလို အညှီအဟောက်တွေကို ဘုဉ်းပေး သုံးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ ဘယ်လမ်းသွားရမလဲ? ပြီးတော့မှ ဘုန်းကြီး ပြောမယ်။ ကဲ သတ္တဝါတွေအပေါ်၌ စောင့်စည်းမှု ဘာမှ မရှိဘူး။
သတမ္ပိ = တစ်ရာကိုသော်လည်းကောင်း။ သဟဿမ္ပိ = တစ်ထောင်ကိုသော်လည်းကောင်း။ ဃာတေတွာ = သတ်ဖြတ်ကြ၍။ --- တစ်နေ့တစ်နေ့ ရာနဲ့ချီ ထောင်နဲ့ချီပြီးတော့ သတ်တယ်တဲ့။ ဘုန်းကြီး ငယ်စဉ်က စာအုပ်ကလေးတစ်အုပ် ဖတ်ဖူးပါတယ်။ အင်္ဂလန်မှာ နွားသတ်ရုံတစ်ခု အတွက် တစ်နေ့တာ သတ်ဖို့ရန်အတွက် နွားတွေကို တန်းစီလိုက်ရင် နှစ်မိုင်လောက် ရှိတယ်တဲ့။ စဉ်းစားကြည့်စမ်း - နော်။ တစ်နေ့တစ်နေ့ ရာနဲ့ ထောင်နဲ့ ချီပြီးတော့ အသတ်မခံကြရဘူးလား? အသတ်ခံနေရတယ်။ အဲဒီလို သတ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ အသတ်ခံနေရတဲ့ သတ္တဝါတွေအပေါ်၌ သို့မဟုတ် ဒီနွားတွေ အပေါ်၌ ကြင်နာသနားတဲ့ စိတ်ဓာတ်ကလေးများကော ရှိကြသေးလား? မရှိကြတော့ဘူးနော်။
သတမ္ပိ = တစ်ရာကိုသော်လည်းကောင်း။ သဟဿမ္ပိ = တစ်ထောင်ကို သော်လည်းကောင်း။ ဃာတေတွာ = သတ်ဖြတ်ကြကုန်၍။ အနုဒ္ဒယမတ္တဿာပိ = ကြင်နာသနားတဲ့ စိတ်ထားမျှကိုသော်လည်းပဲ။ အကရဏေန = မပြုလုပ်ခြင်းဖြင့်။ အသံယတာ = စောင့်စည်းမှု မရှိကြလေကုန်။
ကြင်နာသနားတဲ့ စိတ်ဓာတ်ကလေး နည်းနည်းတောင်မှ မရှိကြဘူး။ သတ်ဖြတ်ဖို့ရန်အတွက် မတော်ဘူးဆိုပြီးတော့ စောင့်စည်းမှုလေးလည်း နည်းနည်းမှ မရှိကြဘူး။ အဲဒီလို မစောင့်စည်းတဲ့ ပုဂ္ဂိုလ်တွေသည် အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတာပဲတဲ့။ ဒီတော့ သတ်သူ ရှိတော့ စားသူ ရှိပြန်တယ်။ စားသူရှိတော့ သတ်သူကလည်း ရှိပြန်တယ် ဆိုတော့ တစ်ဦးနဲ့တစ်ဦး ကြောင်းကျိုးဆက်နွယ်နေတဲ့ သဘောကလေးတော့ ကင်းကြရဲ့လား? မကင်းဘူးနော်။ ဒီအချက်ကိုတော့ နည်းနည်းကလေး သတိတော့ထားကြ၊ စားတာကို ဘုန်းကြီး အပြစ်ဖြစ်တယ်လို့ မပြောလိုဘူး။ သတ်တာကတော့ ဘုရားရှင်ကိုယ်တိုင်က အပြစ်ဖြစ်တယ်လို့တော့ မပြောဘူးလား? ပြောနေတယ်။ အဲဒီသတ်ခြင်းသည် စားသူရှိလို့ သတ်တယ်ဆိုတာကိုတော့ သွယ်ဝိုက်တဲ့နည်းအားဖြင့် စဉ်းစားကြမယ်ဆိုလို့ရှိရင်တော့ စဉ်းစားလို့ မပေါ်ဘူးလား? တစ်လောတုန်းက ဘုန်းကြီး မော်လမြိုင်မြို့ထဲမှာ ပရိတ်တစ်ခု သွားရွတ်တယ်။ ပရိတ်ရွတ်နေရင်းနဲ့ ပရိတ်ရွတ်တဲ့ အိမ်ရှေ့မှာ အသံချဲ့စက်ကြီးနဲ့ အကြီးအကျယ် လာအော်နေတယ်။ ပရိတ်ရွတ်လို့ မရဘူး။ ခဏနားနေရတယ်။ ဘာတွေ အော်သလဲလို့မေးတော့ မော်လမြိုင်မှာ တစ်လောတုန်းက ပြဿနာတစ်ခု ပေါ်သွားတယ်။ ခရုတွေကို ဝက်တွေကျွေးတယ်။ အဲဒီခရု စားထားတဲ့ ဝက်တွေကို စားခဲ့ရင် လူတွေမှာ အန္တရာယ်ဖြစ်တယ်ဆိုတဲ့သတင်း တစ်မြို့လုံး ပြန့်သွားတော့ ဝက်သားကို ဘယ်သူမှ ဝယ်မစားကြဘူး။ ဝယ်မစားတော့ အဲဒီ ကားကြီးက သက်ဆိုင်ရာနဲ့ တူပါတယ်။ အသံချဲ့စက်နဲ့ လိုက်ပြီးတော့ အော်နေတယ်။ ဝက်တွေမှာ ဒီလို ခရုကျွေးထားတာ မရှိပါဘူး။ ခုဝက်တွေက သန့်သန့်ရှင်းရှင်းပါ။ အဲဒါတွေလိုက်ပြီး ကြွေးကြော်နေကြတယ်။ ဒီတော့ ဒီလိုကြွေးကြော်နေတဲ့အချက်ကို ထောက်ကြည့်လိုက်မယ်ဆိုရင် စားသူရှိမှ သတ်သူရှိတယ်။ သတ်သူရှိလို့လည်း စားသူရှိတယ်ဆိုတဲ့ စလေဦးပုညရဲ့စကားဟာ မှားတယ်လို့တော့ ပြောနိုင်ပါ့မလား? မပြောနိုင်ဘူးနော်။ နည်းနည်း စဉ်းစားကြ။ ဒါကြောင့် ----
ယေ ဇနာ = အကြင်လူသားတို့သည်။ ဣဓ = ဤလောက၌။ ပါဏေသု= သတ္တဝါတို့အပေါ်၌။ အသညတာ = သတ်ဖြတ်ခြင်း စသည်ဖြင့် စောင့်စည်းမှု မရှိကြလေကုန်။ နောက်တစ်ခု ---
၂။ သူတစ်ပါးတို့၏ ပစ္စည်းများကို မတရားယူကာ ညှဉ်းပန်းနှိပ်စက်နေသူများ
ပရေသံ = သူတစ်ပါးတို့၏ဥစ္စာကို။ အာဒါယ = ယူ၍။ ဝိဟေသံ = ညှဉ်းပန်းနှိပ်စက်ခြင်းကို။ ဥယျုတာ = ကြိုးစားအားထုတ်၍ နေကြလေကုန်၏။
သူတစ်ပါးတို့ရဲ့ ပစ္စည်းတွေရှိတယ်။ အဲဒီပစ္စည်းတွေကို ဘာလုပ်သလဲ?
ပရေသမာဒါယ ဝိဟေသမုယျုတာတိ ပရေသံ သန္တကံ အာဒါယ ဓနံ ဝါ ဇီဝိတံ ဝါ တတော မာ ဧဝံ ကရောထာတိ ယာစန္တာနံ ဝါ နိဝါရေန္တာနံ ဝါ ပါဏိလေဍ္ဍုဒဏ္ဍာဒီဟိ ဝိဟေသံ ဥယျုတာ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၅။)
ပရေသံ = သူတစ်ပါးတို့၏။ သန္တကံ = ဥစ္စာကို။ အာဒါယ = ယူ၍။ ဓနံ ဝါ = စည်းစိမ်ဥစ္စာကိုသော်လည်းကောင်း။ ဇီဝိတံ ဝါ = အသက်ကိုသော်လည်းကောင်း။ တတော = ထိုနောင်မှ။ မာ ဧဝံ ကရောထာတိ = ဤသို့ မပြုကြပါကုန်လင့်ဟူ၍။ ယာစန္တာနံ ဝါ = တောင်းကုန်သော သူတို့အားလည်းကောင်း။ နိဝါရေန္တာနံ ဝါ = တားမြစ်ကုန်သော သူတို့အားလည်းကောင်း။ ပါဏိလေဍ္ဍုဒဏ္ဍာဒီဟိ = လက်, တုတ်, ခဲ စသည်တို့ဖြင့်။ ဝိဟေသံ = ညှဉ်းပန်းနှိပ်စက်ခြင်းကို။ ဥယျုတာ = ကြိုးစားအားထုတ်၍ နေကြလေကုန်၏။
မိမိက သူတစ်ပါးရဲ့ စည်းစိမ်ဥစ္စာကိုလည်း သွားယူသေးတယ်။ သူတစ်ပါးတို့ရဲ့ စည်းစိမ်ကိုသော်လည်းကောင်း, အသက်ကိုသော်လည်းကောင်း ဒီလို မပြုပါနဲ့လို့ လာပြီး တောင်းပန်နေရင် တောင်းပန်နေတဲ့ ပုဂ္ဂိုလ်တွေကို သော်လည်းကောင်း, လာပြီး တားမြစ်မယ်ဆိုရင် တားမြစ်နေတဲ့ ပုဂ္ဂိုလ်တွေကို သော်လည်းကောင်း လက်နဲ့ ရိုက်တယ်, တုတ်နဲ့ ရိုက်တယ်, လက်နက်နဲ့ ခုတ်တယ် စသည်ဖြင့် ညှဉ်းပန်းနှိပ်စက်မှု အမျိုးမျိုးကို ပြုလုပ်ကြတယ်။ ခေတ်စကားနဲ့ ပြောရရင်တော့ ဓားပြသွားတိုက်တယ် ဆိုကြပါစို့ .. နားကပ် ဆွဲပြီး ချွတ်ရုံတင်မကဘူး၊ တချို့ကျတော့ ဘာလုပ်သေးလဲ? ချွတ်တာ နှေးတယ်ဆိုပြီးတော့ နားရွက်ကို ဆွဲပြီးတော့ လှီးပစ်လိုက်သေးတယ်။ ဒီပုံစံမျိုးပေါ့၊ သူတစ်ပါးပစ္စည်းကလေးကိုလည်း သွားယူသေးတယ်။ ဟိုက စည်းစိမ် ဥစ္စာ ယူချင်ယူပါ၊ အသက်ကိုတော့ မသတ်ပါနဲ့၊ အသက်ကလေး ချမ်းသာခွင့် ပေးပါဆိုတော့ ရိုက်လိုက်သေးတယ်။ ဓားပြတိုက်ပြီဆိုရင် ပုံစံမှန် ရိုးရိုး မတိုက်သေးဘူး။ ဖနောင့်နဲ့ ပေါက်ချင်ပေါက်လိုက်သေးတယ်၊ သေနတ်ဒင်နဲ့ ဆောင့်ချင်ဆောင့်လိုက်သေးတယ်၊ ဓားနဲ့ ခုတ်ချင်လည်း ခုတ်လိုက်သေးတယ်။ အဲဒီတော့ သူတစ်ပါးပစ္စည်းကိုလည်း ယူသေးတယ်၊ သူတစ်ပါးကိုလည်း ညှဉ်းပန်းနှိပ်စက်ကြသေးတယ်နော်။ အဲဒီလို သူတစ်ပါးရဲ့ ပစ္စည်းကို ယူပြီးတော့ သူတစ်ပါးတွေကို ညှဉ်းပန်းနှိပ်စက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်တာတဲ့လဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတယ်။ ဘေးကနေ မတော်လို့ ဝင်ပြီးတော့ တောင်းပန်ရင်လည်း တောင်းပန်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း ထိုးလိုက်, ကြိတ်လိုက်, သတ်လိုက်, ပုတ်လိုက် ပြုလုပ်ကြပြန်တယ်။ ဘေးကနေဝင်ပြီး တားမြစ်မယ်ဆိုရင် တားမြစ်တဲ့ ပုဂ္ဂိုလ်တွေ ကိုလည်း ထိုးလိုက်, ကြိတ်လိုက်, သတ်လိုက်, ပုတ်လိုက် ပြုလုပ်ကြပြန်တယ်။ ညှဉ်းပန်းနှိပ်စက်ကြပြန်တယ်။ နောက်တစ်ခု - တခြားတခြား သတ္တဝါတွေကိုလည်း ဖမ်းယူပြီးတော့ အင်း - ဒီနေ့ ဆယ်ယောက်သတ်လိုက်၊ ဒီနေ့ အယောက်နှစ်ဆယ် သတ်လိုက်၊ စသည်ဖြင့် ကျကျနန နှောင်ဖွဲ့ခြင်းတွေကိုလည်း အပြုခိုင်းတယ်။ သတ်ပုတ်ခြင်းကိုလည်း အပြုခိုင်းတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေဟာ ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတာ၊ သူတစ်ပါးတွေကို ညှဉ်းပန်းနှိပ်စက်ဖို့ရာအတွက် ကြိုးစား အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေပဲ။
၃။ ရက်စက်ကြမ်းကြုတ်တဲ့ ဒုဿီလပုဂ္ဂိုလ်များ
နောက်တစ်ခု --- (ဒုဿီလလုဒ္ဒါ =) တစ်ဖက်ပုဂ္ဂိုလ်တွေကို ကြည့်လိုက်လို့ရှိရင် ကိုယ်ကျင့်သီလတွေက ပျက်စီးနေတဲ့အတွက် သူတို့မှာ သီလကလည်း မရှိဘူး။ သီလမရှိတဲ့အပြင် သူတို့က ဘာဖြစ်သလဲ? (လုဒ္ဒါ စ ကုရူရကမ္မန္တာ=) ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ငန်းရပ်တွေ အမြဲတမ်းရှိတယ်။ ရက်စက် ကြမ်းကြုတ်တဲ့လုပ်ငန်း ရှိတယ်ဆိုတာက ဘာပြောတာလဲ? (လောဟိတပါဏိတာယ =) သူတို့လက်ကို ကြည့်လိုက်လို့ရှိရင် သွေးတွေက အမြဲတမ်း စွန်းနေတယ်။ သွေး အမြဲတမ်း ပေနေတယ်။ တစ်ဘက်သားတွေအပေါ်မှာ ရက်စက်ကြမ်းကြုတ်နေတဲ့ စိတ်ထားရှိပြီးတော့ သွေးစွန်းနေတဲ့ လက်ရှိတဲ့ ပုဂ္ဂိုလ်တွေပဲ။ ဘယ်လို ပုဂ္ဂိုလ်တွေလည်းလို့ ဆိုတာတွေကို မစ္ဆဃာတကမိဂဗန္ဓကသာကုဏိကာဒယော ဣဓာဓိပ္ပေတာဆိုပြီး အဋ္ဌကထာက ဖွင့်ထားတယ်။ ငါးဖမ်းနေတဲ့ ပုဂ္ဂိုလ်တွေ, ငါးတွေကို သတ်ဖြတ်နေတဲ့ပုဂ္ဂိုလ်တွေ, သားသမင်တွေကို သတ်ဖြတ်နေတဲ့ ပုဂ္ဂိုလ်တွေ, ကြက်တွေ ဝက်တွေကို သတ်ဖြတ်နေတဲ့ ပုဂ္ဂိုလ်တွေ, နှောင်ဖွဲ့နေတဲ့ ပုဂ္ဂိုလ်တွေ, ငှက်တွေကို သတ် ဖြတ်နေတဲ့ပုဂ္ဂိုလ်တွေ အဲဒီလို မုဆိုးတံငါ အားလုံးကို ဒီနေရာမှာ ဆိုလိုတယ်လို့ ဆိုပြီး ရှင်းထားတယ်။ ဒီတော့ ဒီမုဆိုးတံငါလုပ်ငန်းရပ်ဖြင့် ခုလို ရက်ရက် စက်စက် သွေးစွန်းသော လက်ရှိနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတာပဲ။
၄။ နှုတ်ကြမ်း အာကြမ်း လျှာကြမ်းသူများ
နောက်တစ်ခု --- (ဖရုသာ =) ကိုယ်အမူအရာကသာ ခုလို ရက်စက်ကြမ်းကြုတ်တာ မဟုတ်ဘူး။ နှုတ်အမူအရာ ကြည့်လိုက်မယ်ဆိုရင်လည်း နှုတ်ကြမ်း အာကြမ်း လျှာကြမ်းတွေ ဖြစ်နေကြပြန်တယ်။ အဲဒီလို နှုတ်ကြမ်း အာကြမ်း လျှာကြမ်းနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတာတဲ့။ ဘယ့်နှယ်လဲ ယောဂီတွေ အညှီအဟောက်တွေ ဘုဉ်းပေးလို့ တော်တော်လေးအရသာရှိကြသလား? နှုတ်ကြမ်း အာကြမ်း လျှာကြမ်းနေတာ ဘာလုပ်တာတဲ့လဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတာတဲ့။ အဲဒီအညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်တာ တော်တော်လေး အရသာရှိကြသလား? အေး .. အဲဒါ စဉ်းစားကြ၊ မိမိတို့အဝတ်က ဒီလို အညှီအဟောက်မျိုးကို သုံးဆောင်ရမယ့် အဝတ်မျိုး ဟုတ်သလား? မဟုတ်ဘူး။ ကာယကံတွေက နူးညံ့ပျော့ပျောင်းရမယ်၊ ဝစီကံတွေ နူးညံ့ပျော့ပျောင်းရမယ်၊ မနောကံတွေ နူးညံ့ပျော့ပျောင်းမှု ရှိဖို့ မလိုဘူးလား? လိုအပ်တယ်။ ကာယကံတွေကလည်း ရက်စက်ကြမ်းကြုတ် နေတယ်၊ ဝစီကကံတွေကလည်း ရက်စက်ကြမ်းကြုတ်နေတယ်၊ မနောကံတွေကလည်း ရက်စက်ကြမ်းကြုတ်နေကြပြီ ဆိုလို့ရှိရင်တော့ မိမိတို့ဟာ သာသနာမှာ နေပြီးတော့ အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ မဖြစ်ဘူးလား? ဖြစ်နေပြီ၊ စဉ်းစားကြနော်။
၅။ ရိုသေလေးစားမှု မရှိကြသူများ
နောက်တစ်ခု --- (အနာဒရာ =) ရိုသေလေးစားမှု ဘာမှ မရှိဘူး။ ဘာတဲ့လဲ?
ဣဒါနိ န ကရိဿာမ၊ ဝိရမိဿာမ ဧဝရူပါတိ ဧဝံ အာဒရဝိရဟိတာ။
ဣဒါနိ = ယခုအခါ၌။ န ကရိဿာမ = တပည့်တော်တို့ မပြုကြပါကုန်အံ့။ ဧဝရူပါ = ဤကဲ့သို့ သဘောရှိတဲ့အမှုတို့ကို။ ဝိရမိဿာမ = ရှောင်ကြဉ်ကြပါကုန်အံ့။ ဣတိ ဧဝံ = ဤသို့လျှင်။ အာဒရဝိရဟိတာ = ရိုသေ လေးစားခြင်းကင်းသော စိတ်ထားရှိ၍ နေကြလေကုန်၏။
ဆရာသမားတွေကပဲဖြစ်စေ, ကြီးတဲ့ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေကပဲ ဖြစ်စေ သွားပြီးတော့ ပြောဆိုဆုံးမပြီ၊ ဆုံးမလိုက်တဲ့ အချိန်အခါမှာ နာယူတဲ့ စိတ်ထားမရှိဘူး။ အခုအခါမှာ ဒီလိုလုပ်ငန်းရပ်မျိုးကို မလုပ်ကြတော့ပါဘူး။ ဒီလို လုပ်ငန်းရပ်မျိုးတွေကို နောက်ကို ရှောင်ကြဉ်ကြမယ်ဆိုပြီးတော့ ရိုရိုသေသေ လေးလေးစားစားနဲ့ ဝန်ခံစကားပြောကြားတဲ့ စိတ်ထားရှိကြသလား? မရှိကြဘူး။ အဲဒီလို ရိုသေလေးစားမှု စိတ်ထားမရှိတဲ့ ပုဂ္ဂိုလ်တွေသည်ဘာလုပ် နေကြတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတာပဲ ဆိုပြီးတော့ ကဿပမြတ်စွာဘုရားက ဟောကြားတော်မူတယ်နော်။ အဲဒီတော့ ရှေးတုန်းက ဟောပြီးသားတရားတွေကိုလည်း ဒီနေရာမှာ ကဿပ မြတ်စွာဘုရားက ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဟောကြားနေတော်မူပါတယ်။ ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ လိုက်နာစေချင်တဲ့ စိတ်ထားတွေ ရှိနေတဲ့ အတွက်ကြောင့် ဒီလို ထပ်ခါ ထပ်ခါ ဟောကြားနေတော်မူခြင်းပဲ ဖြစ်ပါတယ်။ ဒီမကောင်းမှုတွေကို တားမြစ်ပိတ်ပင်လိုတဲ့အတွက် မိမိ၏ စကားတော်ကို ခိုင်ခံ့စေလိုတဲ့ အတွက်ကြောင့်လည်း ထပ်ခါ ထပ်ခါ ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၆။) နောက်တစ်ခု -- ဘုရားရှင် ဘာဆက်ဟောတော်မူသလဲ?
သတ္တဝါတို့အပေါ် မက်မောတဲ့စိတ်ထား
၇။ ဧတေသု ဂိဒ္ဓါ ဝိရုဒ္ဓါတိပါတိနော၊
နိစ္စုယျုတာ ပေစ္စ တမံ ဝဇန္တိ ယေ။
ပတန္တိ သတ္တာ နိရယံ အဝံသိရာ၊
ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။
ယေ = အကြင်လူသားတို့သည်။ ဧတေသု = ဤသတ္တဝါတို့အပေါ်၌။ ဂိဒ္ဓါ = လောဘဖြင့် မက်မောသော စိတ်ထားရှိ၍ နေကြလေကုန်၏။ ဝိရုဒ္ဓါ = ဒေါသဖြင့် ဆန့်ကျင်ဘက် ပြုကျင့်၍ နေကြလေကုန်၏။ အတိပါတိနော = မောဟဖြင့် အပြစ်ကို မမြင်ဘဲ အဖန်ဖန် အထပ်ထပ် လွန်ကျူးသော အကျင့်ကို ကျင့်ကာ အသက်ကို လျင်စွာ ချတတ်ကြကုန်၏။ နိစ္စုယျုတာ = အကုသိုလ်ကို ပြုကျင့်ခြင်း၌ တစ်ရံတစ်ဆစ်မျှသော်လည်း ပညာဖြင့် ဆင်ခြင်ကာ မရှောင်ကြဉ်ကြဘဲ အစဉ်တစ်စိုက် အားထုတ်နေကြကုန်၏။
ယေ = ယင်းသို့ အားထုတ်နေကြကုန်သော သူတို့သည်။ ပေစ္စ = တမလွန်လောက၌။ တမံ = အမိုက်မှောင်အတွင်းသို့။ ဝဇန္တိ = သွားကြရကုန်၏။ တေ = ထိုသတ္တဝါတို့သည်။ နိရယံ = ငရဲသို့။ အဝံသိရာ = ဦးခေါင်းဇောက်ထိုး။ ပတန္တိ = ကျတတ်ကြပေကုန်၏။
ကဲ ကြည့်စမ်း! သတ္တဝါတွေအပေါ်၌ မက်မောနေတဲ့ စိတ်ထားရှိတယ်။ သတ္တဝါတွေအပေါ်မှာ မက်မောတဲ့ စိတ်ဓာတ်ရှိနေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာတဲ့လဲ? ဦးခေါင်းဇောက်ထိုး ငရဲသို့ ကျကြတယ်တဲ့။ သတ္တဝါတွေအပေါ်မှာ မက်မောတယ်ဆိုတာက အရှင်လိုက်မက်မောတာလည်းရှိတယ်။ သေပြီးတော့ မက်မောတာလည်း မရှိဘူးလား? ရှိကြတယ်။ အသေကို စားနေတယ် ဆိုတာက မက်မောလို့လား? မမက်မောလို့လား? မက်မောနေတယ်နော်။ အဲဒီ သေတဲ့သတ္တဝါက သူဟာသူ အလိုအလျောက်သေတာ ဟုတ်သလား? မဟုတ်ဘူး။ ခုနက ပြောခဲ့ပြီးပြီ၊ ရသာတဏှာကို အခြေခံပြီး သတ်ဖြတ်တဲ့အတွက် သူက အသေခံရတယ်။ အသေခံရတဲ့ ဒီသတ္တဝါတွေအပေါ်၌ မက်မောနေတဲ့ စိတ်ဓာတ်ရှိနေတဲ့ ပုဂ္ဂိုလ်တွေသည် ---
ပတန္တိ သတ္တာ နိရယံ အဝံသိရာ။
သတ္တာ = သတ္တဝါတို့သည်။ နိရယံ = ငရဲသို့။ အဝံသိရာ = ဦခေါင်း ဇောက်ထိုး။ ပတန္တိ = ကျ၍သွားကြလေကုန်၏။
ဦးခေါင်းဇောက်ထိုး ငရဲကို ကျတယ်နော်။ ဒီတော့ သက်ရှိသတ္တဝါ အချင်းချင်း မက်မောနေတဲ့ စိတ်ထားကလည်း ဦးခေါင်းဇောက်ထိုး ငရဲသို့ ရောက်စေနိုင်တဲ့ စွမ်းအား ရှိတယ်။ သက်ရှိသတ္တဝါတွေကို သက်မဲ့အသွင် ပြောင်းပြီးတော့ ဒီသက်မဲ့အသားငါးတွေကို တစ်နည်းပြောရရင်တော့ အသေကောင်တွေကို, သူများ မသာကောင်တွေကို တွယ်တာမက်မောနေတဲ့ စိတ်ဓာတ်ဖြင့် စားနေတဲ့ ပုဂ္ဂိုလ်တွေဟာလည်း ဘာဖြစ်သလဲ? ဦးခေါင်းဇောက်ထိုး ငရဲသို့ ကျရောက်ခြင်းသဘော ရှိနေတယ်။ ဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီး ဒီည သုတ္တန်ကလေးတစ်ခု ဟောဖို့ ရည်ရွယ်ထားပါတယ်နော်။ အာဒိတ္တပရိယာယသုတ္တန် ဆိုပြီးတော့ သုတ္တန်လေးတစ်ခုပါပဲနော်။ ထိုသုတ္တန်ကို ဟောဖို့ရန်အတွက် ဘုန်းကြီးလည်း တော်တော်ကလေး ရည်ရွယ်ထားပါတယ်။ ဒီနေ့တော့ အကွက်ဆိုက်လာတယ်။ မြတ်စွာဘုရားက ဒီသုတ္တန်ကို ဘယ်လို ဟောတော်မူသလဲ?