မာတိကာသို့ ခုန်သွားရန်

အထင်မှား အမြင်မှား

ဝီကီရင်းမြစ် မှ
5907ဒေါက်တာနန္ဒမာလာဘိဝံသ

အထင်မှား အမြင်မှား

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၁၁)ရက်၊ ၉-၂-၂၀၁၀ နေ့ည ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ ကိုင်းတန်းလမ်း၊ အမှတ် ၆၈၊ မိခင်ကြီးဒေါ်နန်းတွီ(ခ) ဒေါ်ချစ်ချစ်နှင့် သားသမီးမြေးတစ်စုတို့က ကွယ်လွန်သူ ကျေးဇူးရှင်ဖခင်ကြီး ဦးမောင်မောင်(၁၃-၂-၂၀၁၀)တွင် ကျရောက်သော တစ်နှစ်ပြည့်အလှူနှင့် ကွယ်လွန်သူ အမကြီးဒေါ်အေးအေးနှင့် ညီဖြစ်သူ ဦးအောင်သန်း တို့အား ရည်စူး၍ ပြုလုပ်အပ်သည့် ညဉ့်ဦးယံ ဓမ္မ သဘင် အခမ်းအနားဝယ် ဟောကြားအပ်သော “အထင်မှား အမြင်မှား” တရားဒေသနာတော်။

---

အထင်မှား အမြင်မှား

မိမိတို့အပေါ် ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေ တမလွန် ဘဝ ရောက်သွားပြီဆိုတဲ့အခါ ကျေးဇူးဆပ်တဲ့ အနေနဲ့ ကုသိုလ်ကောင်းမှုပြုလုပ်ပြီး အမျှဝေရတယ်။ အမျှ အတမ်း ပေးဝေတာကို မြတ်စွာဘုရားက ဉာတိဓမ္မ ဆွေမျိုးတွေ လိုက်နာကျင့်သုံးရမယ့် ဝတ္တရား အဖြစ်ဖြင့် ဟောကြားတာဖြစ်လို့ လုပ်သင့် လုပ်ထိုက်တဲ့ကိစ္စကို ပြုလုပ်ဆောင်ရွက်ခြင်း ဖြစ်တယ်၊ လုပ်ရမယ့်ကိစ္စထဲမှာ လည်း အကျိုးရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်။

ဘာကြောင့် အကျိုးရှိတယ်လို့ ပြောရတုန်းဆိုရင်
နံပါတ်(၁) - ကုသိုလ်ကောင်းမှုပြုရင် ပြုတဲ့ပုဂ္ဂိုလ်မှာ အကျိုးဖြစ်ထွန်းစေတယ်၊ ဒါက တစ်ခု။
နံပါတ်(၂) - မိမိရည်စူးတဲ့ပုဂ္ဂိုလ်က အမျှရနိုင်တဲ့ ဘုံဘဝမှာ ရောက်နေရင် ကုသိုလ်ကောင်းမှုရဲ့ အကျိုး ကျေးဇူးကို ခံစားရမယ်၊ ဒါ အကျိုးရှိခြင်းတစ်ခု။
နံပါတ်(၃) - သံဃာတော်အရှင်မြတ်များ, မိမိတို့ ကိုးကွယ်ရာ ဘာသာတရားကို လှူဒါန်းထောက်ပံ့ပြီး ဖြစ်တယ်။ ဒါ အကျိုးရှိခြင်းတစ်ခု။
နံပါတ်(၄) - မိမိတို့ကိုယ်တိုင်လည်း ကုသိုလ် ကောင်းမှုတွေ ဆည်းပူးအားထုတ်ပြီးဖြစ်တယ်။ ဒါ အကျိုးတစ်ခု။
အဲဒီ အကျိုးလေးမျိုးကို ရရှိနိုင်စေတဲ့ ကုသိုလ် ကောင်းမှုဖြစ်လို့ မြတ်စွာဘုရားက အကျိုးရှိတဲ့လုပ်ငန်း လို့ ဟောကြားတာ ဖြစ်တယ်။

အခု ဒါနကောင်းမှုဆိုတဲ့ အကျိုးရှိတဲ့လုပ်ငန်းကို လုပ်ရပြီ၊ လူတိုင်းလူတိုင်းဟာ ဘဝတစ်ခုရလာပြီ ဆိုလို့ ရှိရင် ကုသိုလ်ကောင်းမှု တစ်ခုခုကိုမှ မရလိုက်ဘူး ဆိုရင် ကုသိုလ်ကောင်းမှုကြောင့်ရလာတဲ့ လူ့ဘဝကို အလဟဿ ဖြုန်းတီးပစ်ရာရောက်တယ်။

---

အကြောင်းမှန်ကို မသိကြပုံ

ကုသိုလ်ကံက အကျိုးပေးလိုက်လို့ တစ်ခဏတာ အချိန်ပိုင်းလေးမှာ လူဖြစ်လာကြတယ်။ များသော အားဖြင့် လူတွေဟာ “တို့- ဘာကြောင့် လူဖြစ်လာရ သလဲ” ဆိုတာကို မစဉ်းစားကြဘူး၊ စဉ်းစားတဲ့အခါမှာ လည်း ဉာဏ်မမီဘူး၊ ဉာဏ်မမီသည့်အတွက် ဘာကြောင့် လူဖြစ်လာရတယ်ဆိုတဲ့ လူဖြစ်ရခြင်းရဲ့ အကြောင်းတရားကို တွေ့အောင်မရှာနိုင်ဘူး၊ မရှာနိုင် သည့်အတွက် အကြောင်းအမျိုးမျိုးကို ထင်ကြေးပေးကြ တယ်။ တကယ့် စစ်မှန်တဲ့ အကြောင်းတရားကို လုပ်ဆောင်ဖို့ရာ မသိဘဲ ဖြစ်ကြရတယ်။

တချို့က ဖန်ဆင်းရှင်ဝါဒကို လက်ခံကြတယ် လူ့ဘဝရလာပုံကို တချို့ကဟောတယ်၊ “လူ့ဘဝ ရတာဟာ ထာဝရဘုရား- ဣဿရ လို့ခေါ်တဲ့ အရှင် သခင်ကြီးက ဖန်ဆင်းလို့၊ သို့မဟုတ် ဗြဟ္မာကြီးက ဖန်ဆင်းလို့၊ သို့မဟုတ် God က ဖန်ဆင်းလို့” ဆိုပြီး တွေးဆကြတယ်။ ဒီအတွေးဟာ ဒီကနေ့ခေတ် ဘာသာတရားတွေပေါ်လာမှ တွေးတဲ့အတွေး မဟုတ်ဘူး၊ လူ့သမိုင်း စ,လာကတည်းက ဒီအတွေး ရှိခဲ့ကြတယ်၊ အင်မတန်မှ ရှေးကျတဲ့အတွေးတစ်ခု ဖြစ်တယ်၊ စာပေ မှာ “ဣဿရ နိမ္မာန” လို့ ခေါ်တယ်။

ဣဿရ ဆိုတာ အရှင်သခင် အစိုးရသူ။ စကြဝဠာ တစ်ကမ္ဘာလုံးကို အုပ်စိုးနိုင်တဲ့ တန်ခိုးရှင်ကြီးတစ်ဦး ရှိတယ်၊ အဲဒီ တန်ခိုးရှင်ကြီးက ဖန်ဆင်းလို့ လူ့ဘဝ ရောက်လာတယ်၊ အဲဒီတန်ခိုးရှင်ကြီးကို ကျေနပ်အောင် တောင်းပန်မယ်, ချီးကျူးမယ်, ပူဇော်မယ် ဆိုတဲ့ အတွေး တွေနဲ့ လူတွေဟာ တန်ခိုးရှင်ကြီးကို ပူဇော်ကြတယ်၊ ဒီလို မှားယွင်းတဲ့အကြောင်းတစ်ခုကို လူ့ဘဝ ရောက် ခြင်းရဲ့ တကယ့်အကြောင်းလို့ ထင်မှတ်ကြတယ်။

တကယ်တော့ တန်ခိုးရှင်က ဖန်ဆင်းလို့ လူဖြစ် လာတာ မဟုတ်ဘူး၊ မဟုတ်တာကိုသွားပြီး တွေးမိတာ လည်း အထင်မှား အမြင်မှား တစ်ခုပေါ့။

တချို့က ကံကြောင့်ပဲလို့ လက်ခံကြတယ် တချို့ကလည်း တန်ခိုးရှင်က ဖန်ဆင်းတာကို လက်မခံဘူး၊ မယုံကြည်ဘူး။ ဖန်ဆင်းနိုင်တဲ့ စွမ်းအား သတ္တိရှိတဲ့ God ရှိတယ် ဆိုတာကို လက်မခံနိုင်သူကို Atheist လို့ခေါ်တယ်၊ God ကို မယုံကြည်တဲ့ Atheist ဆိုတဲ့ သူတွေရဲ့ အယူအဆကျတော့ လူ့လောကမှာ လူဖြစ်လာတာဟာ အတိတ်ဘဝက လုပ်ခဲ့တဲ့ ကံ သက်သက်ကြောင့်ဖြစ်တယ် ဆိုတာပဲ။ ကံတရားကို အလွန်အကျွံ ယုံကြည်ပြီး ကံတရား တစ်မျိုးတည်း ကိုသာ လက်ခံကြတယ်၊ ဒါကို “ပုဗ္ဗေကတ ဟေတုက ဒိဋ္ဌိ” လို့ ခေါ်တယ်၊ “ဘာပဲဖြစ်ဖြစ် ကြိုတင် သတ်မှတ် ထားတဲ့အတိုင်း ဖြစ်လာရတာ” လို့ - အတိတ်ဘဝက လုပ်ခဲ့တဲ့ အကြောင်းတစ်ခုအပေါ်မှာ အားကိုးတစ်ခု ပြုပြီးနေတာ၊ “ဒီဘဝမှာ ဘာမှ ပြောင်းလဲလို့ မရဘူး၊ အတိတ်ဘဝက လုပ်ခဲ့တဲ့ အကြောင်းတရားမှာပဲ မှီတည်ပြီးတော့ ဖြစ်လာရတယ်” လို့ ဒီလို ယုံကြည် ယူဆတဲ့ အသိုင်းအဝိုင်းကလည်း ရှိတယ်၊ အဲဒါလည်း မှန်ကန်မှု မရှိဘူး။

လောက လူတွေဟာ အတိတ်ဘဝက လုပ်ခဲ့တာ သက်သက်ကြောင့် ဖြစ်ရတာ မဟုတ်ဘူး၊ အခြား အကြောင်းတွေလည်း ရှိသေးတယ်လို့ ဆိုလိုတယ်။

တချို့ကလည်း အကြောင်းတရားကိုငြင်းပယ်ကြတယ် နောက်အုပ်စုတစ်ခုကျတော့ “တို့ လူရယ်လို့ ဖြစ်လာပြီးတော့ လူ့ဘဝမှာ တွေ့ကြုံရတဲ့ သုခ ဒုက္ခ အားလုံးဟာ တန်ခိုးရှင်ကြီးက ဖန်ဆင်းပေးတာလည်း မဟုတ်ဘူး၊ တို့လုပ်ခဲ့တဲ့ ကံတွေကြောင့်လည်း မဟုတ် ဘူး၊ တကယ်တော့ ဘာကြောင့်မှ မဟုတ်ဘဲနဲ့ သူ ဖြစ်ချင်လို့ ဖြစ်လာတာပါ” လို့ အကြောင်းတရားတွေကို ငြင်းပယ်တဲ့ အသိုင်းအဝိုင်းကလည်း ရှိတယ်ပေါ့၊ “အဟေတုကဝါဒ” လို့ခေါ်တယ်။

အဲဒီလို အကြောင်းတရားနဲ့ ပတ်သက်လာပြီး တော့ လောကလူတွေဟာ မှန်ကန်တဲ့အကြောင်းကို ရှာမတွေ့ဘဲ မိမိတို့ ထင်ရာမြင်ရာ, ပတ်ဝန်းကျင်က ဟောပြောရာ, ယုံကြည်ယူဆရာ တွေနဲ့ပဲ မိမိတို့ ထင်မြင်ယူဆချက်အတိုင်း စခန်းသွားနေကြတယ်။

---

ပဋိစ္စသမုပ္ပါဒ်လာ မှန်ကန်သောအကြောင်း

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က မှန်ကန် တဲ့ အကြောင်းတစ်ခုကို ပဋိစ္စသမုပ္ပါဒ်မှာ ရှာပြထား တယ်၊ လိုရင်းသိနားလည်ဖို့က “တို့တွေဟာ မှန်ကန် တဲ့ အကြောင်းတရားကို ရှာတွေ့နိုင်လောက်အောင် အသိဉာဏ် မပြည့်စုံကြဘူး“၊ အဲဒီအသိဉာဏ် မပြည့်စုံ တာကိုပဲ အဝိဇ္ဇာလို့ ခေါ်တယ်၊ အဝိဇ္ဇာဆိုတာ အမှန် မသိတာ၊ အဝိဇ္ဇာကို ignorance လို့ ဘာသာပြန်တယ်။

“လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခွဲခြားပြီးတော့ မသိဘူး“၊ အေး လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခွဲခြားမသိတဲ့အခါ လူတွေမှာ ဘာဖြစ်လာကြတုန်း? မလုပ်သင့်တာကို လုပ်သင့်တယ်လို့ ထင်လာတဲ့အထင်, လုပ်သင့်တာကို မလုပ်သင့်ဘူးလို့ ထင်လာတဲ့အထင်၊ အဲဒီလို မှားယွင်းတဲ့ အတွေးအထင်တွေ ပေါ်လာတတ် တယ်၊ ဒီလိုပေါ်လာတာကို အကြောင်းပြုပြီး မလုပ် သင့်တာကိုလုပ်တယ်, လုပ်သင့်တာကိုကျတော့ မလုပ်ဘဲနေတယ်, အကျိုးမဲ့ဆိုတာ ဖြစ်လာတယ်။ အဲဒီလို မလုပ်သင့်တာကို လုပ်ရုံမျှမက, လုပ် သင့်တာကို မလုပ်ဘဲနေရုံမျှမက ဘာဖြစ်လာသေး တုန်းဆို- အမှန်မသိသည့်အတွက်ကြောင့် အကောင်း အဆိုး မခွဲခြားနိုင်ဘူး၊ ဒါကြောင့် မကောင်းတာကို လည်း လုပ်မိတာပဲ၊ ကောင်းတာလည်း လုပ်မိတာပဲ၊ အဲဒီ ကောင်းမကောင်းဆိုတဲ့ ကိုယ့်ရဲ့လုပ်ရပ်တွေဟာ ကိုယ့်ရဲ့သန္တာန်မှာ ကြီးထွားလာတယ်၊ အဲဒါကိုပဲ မြတ်စွာဘုရားက အကြောင်းတစ်ခုအနေနဲ့ ရှာပြတယ်၊ “အမှန်မသိတာ” က နံပါတ်(၁)ပဲတဲ့။

အမှန်မသိသည့်အတွက်ကြောင့် လုပ်သင့်တာ မလုပ်သင့်တာကို မသိဘူး၊ မသိသည့်အတွက်ကြောင့် လုပ်ချင်တာတွေကို လုပ်တဲ့အခါ အကောင်းလည်း လုပ်မိတယ်၊ အဆိုးလည်း လုပ်မိတယ်၊ အကောင်း လုပ်မိတဲ့အခါ ကုသိုလ်, အဆိုး လုပ်မိတဲ့အခါ အကုသိုလ် ဖြစ်တယ်၊ ဒါကို မြတ်စွာဘုရားက သင်္ခါရ လို့ ဟောတယ်။ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ဆိုတာ အဲဒါကို ပြောတာ။ ဘဝခရီး လျှောက်လှမ်းနေတဲ့အခါ ဘုန်းကြီးတို့ တစ်တွေ အမှန်မသိခြင်းကြောင့် လုပ်မိလုပ်ရာ လုပ်ကြ တယ်၊ လုပ်မိလုပ်ရာ လုပ်တယ်ဆိုတော့ အကျိုးဆက် က ပေါ်လာတာပဲ။

ဒီဘဝမှာလည်းကြည့်လေ- ကိုယ်တစ်ခုခုလုပ်ရင် အဲဒီလုပ်ရပ်ကြောင့် တစ်ခုခုတော့ ဖြစ်လာတာပဲ၊ ပါးစပ်က တစ်ခုခုပြောလိုက်မယ်၊ စိတ်ထဲက တစ်ခုခု ကြံတွေးမယ်၊ ခန္ဓာကိုယ်နဲ့ ကိုယ်ထိလက်ရောက် တစ်ခုခုလုပ်မယ်၊ ထိုလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်ဆိုတာ လာတာချည်းပဲ။ အဲဒီမှာ အမှန်မသိခြင်းကြောင့် လုပ်လိုက်တဲ့အခါ ကုသိုလ်လည်း ဖြစ်သွားတယ်, အကုသိုလ်လည်း ဖြစ်သွားတယ်။

အဲ့ဒါကြောင့် ကုသိုလ်အကျိုးပေးလှည့် ကြုံတဲ့ အခါ ကောင်းတဲ့ဘုံတွေ ရောက်သွားကြတယ်၊ အကုသိုလ်လုပ်ရပ်က အကျိုးပေးလှည့် ကြုံတဲ့အခါကျ တော့ မကောင်းတဲ့ဘုံ ရောက်သွားကြတယ်၊ ဒါကို ပဋိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားက “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ဟောတယ်။ ဝိညာဏံ ဆိုတာ ဘဝတစ်ခုမှာ အစပြုလာတဲ့ ပဋိသန္ဓေ ဝိညာဏ်လေးပဲ။ အဲဒီလို အစပြုလာလို့ ဘဝ တစ်ခု ရလာပြီ, ပဋိသန္ဓေစိတ်ကလေး ပေါ်လာပြီ ဆိုတာနဲ့ တစ်ပြိုင်နက် နာမ်တွေရုပ်တွေ ပါလာတယ်။ အဲဒီနာမ်တွေရုပ်တွေက အဆင့်ဆင့် ကြီးထွား လာတဲ့အခါ ဘာတွေ ပါဝင်လာတုန်းဆိုတော့ ပြင်ပ အာရုံတွေနဲ့ ဆက်သွယ်ဖို့ sense organs တွေ- ခန္ဓာ ကိုယ်မှာ အာရုံကိုခံယူနိုင်စွမ်းရှိတဲ့ မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတာတွေ ပါလာတယ်။

မျက်စိရှိတော့ အပြင်ဘက်က မြင်စရာအာရုံနဲ့ ဆက်သွယ်တယ်၊ နား ရှိတဲ့အတွက်ကြောင့် အပြင် ဘက်က အသံတွေ ကြားရပြန်တယ်၊ နှာခေါင်းရှိသည့် အတွက်ကြောင့် အနံ့မျိုးစုံ နမ်းရှူမိတယ်၊ လျှာပေါ်မှာ ထိတွေ့တဲ့ အရသာမျိုးစုံကို သိလာကြရတယ်၊ ခန္ဓာ ကိုယ် ရှိသည့်အတွက်ကြောင့် အထိအတွေ့တွေတယ်၊ ဆက်သွယ်မှု ဖြစ်လာသည့်အတွက်ကြောင့် ပြင်ပအာရုံတွေပေါ်မှာ ကောင်း, မကောင်း၊ ကြိုက် မကြိုက်ဆိုတဲ့ ခံစားမှုမျိုးတွေ အမျိုးစုံလာတယ်ပေါ့။

အဲဒီလို အမျိုးစုံလာတော့ ဒီတင်ရပ်သွားလား ဆိုတော့ မရပ်သေးဘူး၊ ခံစားမှုပေါ်မှာ ဘာလာတုန်း ဆိုရင် ကောင်းရင် တွယ်တာမှုလာတယ်၊ မကောင်းရင် မုန်းတီးမှုဆိုတာ လာပြန်တယ်ပေါ့၊ အဲဒီ မုန်းတီးမှု နောက်ကွယ်မှာ ဘာလာပြန်တုန်းဆိုတော့ ကောင်းတာ ကို မျှော်လင့်တောင့်တတဲ့ တဏှာ လာပြန်တယ်၊ ဒါကြောင့်မို့ မြတ်စွာဘုရားက အဖြစ်များတာကို ကြည့်ပြီး “ဝေဒနာပစ္စယာ တဏှာ” လို့ပဲ ဟောလိုက် တာ။

လူတွေဟာ ခံစားမှုကြောင့်ဖြစ်လာတဲ့ ပြင်ပက အာရုံတွေအပေါ်မှာ တွယ်တာတဲ့ စိတ်ကလေးကို မဖြုတ်နိုင်ကြတော့ဘူး၊ မဖြုတ်နိုင်တော့ ဘာဖြစ်လာ တုန်း၊ “တဏှာပစ္စယာ ဥပါဒါနံ” ဖြစ်လာတယ်၊ ဥပါဒါန် ဖြစ်လာတော့ ဘာဖြစ်လဲ၊ “ဥပါဒါနပစ္စယာ ဘဝေါ” တွေ့ထိကြတယ်၊ အဲဒီ အာရုံတွေနဲ့ ပတ်သက်ပြီး အကောင်းအဆိုး သိလာကြရတယ်၊ စိတ်ရှိသည့် အတွက်ကြောင့် စိတ်ကူးကြံစည်မှုတွေအမျိုးမျိုး ကြိုက် မကြိုက်တွေ ပေါ်လာကြရတယ်။

တကယ်စဉ်းစားကြည့်ရင် လူ့ဘဝဆိုတာ အဲဒါ ပဲ၊ ဒါကို ပဋိစ္စသမုပ္ပါဒ်မှာ “ဝိညာဏပစ္စယာ နာမ ရူပံ” တဲ့- နာမ်တွေရုပ်တွေ ဖြစ်လာတယ်၊ “နာမရူပ ပစ္စယာ သဠာယတနံ”- မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတဲ့ အင်္ဂါတွေပါလာတယ်၊ “သဠာယတနပစ္စယာ ဖဿော”- ပြင်ပနဲ့ ဆက်သွယ်လာတယ်၊ ဆက်သွယ်လာတဲ့အခါ ဘာဖြစ်တုန်း၊ အကောင်းအဆိုး ခံစားမှု အတွေ့အကြုံ တွေ ရလာတယ်၊ အတွေ့အကြုံတွေ ရလာတာကို “ဖဿပစ္စယာ ဝေဒနာ” လို့ ဟောတာ။

ဆိုလိုတာကတော့ သန္ဓေစိတ် ပေါ်သည့်အတွက် ကြောင့် ရုပ်နာမ်နှစ်ခု ရတယ်၊ ရုပ်နာမ်နှစ်ခု ရသည့် အတွက်ကြောင့် ဆက်သွယ်ရမယ့် အင်္ဂါတွေ ပါလာ တယ်၊ အင်္ဂါတွေပါလာလို့ ဆက်သွယ်မှုတွေ ဖြစ်လာ ဘဝဆိုတာ ဖြစ်လာတာပေါ့။ အဲဒီဘဝမှာ ကောင်းတာလည်း လုပ်ကြပြန်တယ်၊ ဆိုးတာလည်း လုပ်ကြပြန်တယ်၊ ကောင်းတာတွေ လည်း တွေးတယ်၊ မကောင်းတာတွေလည်း တွေး တယ်၊ ကောင်းတာတွေလည်း ပြောတယ်၊ မကောင်း တာတွေလည်း ပြောတယ်၊ ကောင်း မကောင်း, အပြစ် ရှိတယ် မရှိဘူး ဆိုတာကို မစဉ်းစားနိုင်ဘူး၊ ကိုယ် နှစ်သက်ရာ စွဲလမ်းရာတွေကို ပြောဆိုလုပ်ကိုင်နေကြတဲ့ အတွက် ကမ္မဘဝ ဥပပတ္တိဘဝဆိုတာ ထင်ရှားပေါ်လာ တယ်။

အဲဒီဘဝ ပေါ်လာရင် ဘာလာတုန်းဆိုတော့ ဇာတိဆိုတဲ့ မွေးဖွားမှု လာပြန်တယ်၊ မွေးဖွားမှုလာတဲ့ အခါ နောက်ပိုင်းက ဘာလာတုန်းဆိုတော့ “ဇာတိ ပစ္စယာ ဇရာမရဏံ” - ဇရာ မရဏ ဆိုတဲ့ လူတိုင်း လူတိုင်း ရှောင်ကွင်းသွားလို့မရတဲ့ အခြေအနေဆိုးကြီး နှစ်ရပ် ပေါ်လာမှာပဲ၊ လူတိုင်း လူတိုင်းဟာ ဇာတိဆိုတာ ရပြီးတဲ့နောက်ပိုင်းမှာ တဖြည်းဖြည်း အိုမင်းရင့်ရော်ပြီး လာကြတယ်၊ အိုမင်းရင့်ရော်ပြီး နောက်ပိုင်းမှာ သေဆုံး သွားကြရတယ်၊ ဒါ ဘဝ ဆိုတာကို ပဋိစ္စသမုပ္ပါဒ်နဲ့ ကြည့်ရင် ဒီအတိုင်းပဲ မြင်ရတယ်ပေါ့။

---

အမှန်မမြင်၍ အမြင်မှားပုံ

အဲဒီလို တွေ့မြင်ရတဲ့ ဘဝကြီးတစ်ခုကို အမှန် အတိုင်း မြင်သလားဆိုတော့ မမြင်ဘူး၊ မမြင်တဲ့အခါ “အထင်မှားအမြင်မှား“တွေ အများကြီး ဖြစ်လာတယ် ပေါ့။ အဲဒီ အထင်မှားအမြင်မှား ဆိုတဲ့ နေရာမယ် အထင်မှားမှု အမြင်မှားမှု ၃-မျိုးရှိတယ်။ ပါဠိလို ပြောရင် နံပါတ်(၁)က “တဏှာမညနာ” တဲ့၊ တဏှာနဲ့ အထင်မှားမှုက တစ်ခု၊ နံပါတ်(၂)က “မာန မညနာ”- ကိုယ့်ရဲ့ အရည်အချင်း ထင်မြင်ယူဆမှု မာနနဲ့ အထင် မှားမှုက တစ်ခု၊ နံပါတ် (၃)က “ဒိဋ္ဌိမညနာ”- အယူ အဆနဲ့ ပတ်သက်ပြီး အထင်မှားမှုက တစ်ခုဆိုပြီးတော့ အထင်မှားမှု- ၃ ခု ရှိတယ်။

ဘဝ ရလာတဲ့အခါမှာ အဲဒီအထင်မှားမှုတွေကို မဖယ်ရှားနိုင်သမျှ ကာလပတ်လုံး လမ်းမှန်ကိုတွေ့ဖို့ မလွယ်ဘူး။

လောကမှာ တစ်ခါတစ်ခါ အထင်မှားပြီး ပြောမိ ရင် ပြဿနာတက်တယ်၊ အထင်မှားပြီးတော့ လုပ်မိရင် လည်း ပြဿနာတက်တယ်ပေါ့၊ လူတွေက ပြောကြ တယ် - “ဟာ အထင်မှားပြီးတော့ အဖမ်းခံရတယ်” တို့၊ “အထင်မှားပြီးတော့ ဘာဖြစ်ခံရတယ်” တို့ - ဒါမျိုး တွေ ရှိတယ်လေ၊ ဒီတော့ အထင်မှားခံရပြီဆိုရင် အင်မတန်မှ နစ်နာတယ်ပေါ့၊ သို့သော် ဒီလိုမျိုး နစ်နာ တယ်ဆိုတာ တစ်ဘဝ အတိုင်းအတာတစ်ခုအထိသာ နစ်နာတာ။

အခုပြောတဲ့ တဏှာနဲ့ အထင်မှားတာတို့, မာန နဲ့ အထင်မှားတာတို့, ဒိဋ္ဌိနဲ့ အထင်မှားတာတို့ကျတော့ သံသရာအထိတောင် နစ်နာသွားတယ်၊ တကယ့် ချမ်းသာသုခကို ပေးစွမ်းနိုင်တဲ့ တရားဓမ္မတွေကို လက်လွတ်ဆုံးရှုံးသွားပြီ၊ အဲဒီ အထင်မှားမှုကျတော့ အင်မတန်မှ ဆုံးရှုံးသွားတတ်တယ်။

ဒီတော့ အထင်မှားတယ်ဆိုတာနဲ့ ပတ်သက်လာ လျှင် ဘာကို အထင်မှားတာလဲ? လို့ ကြည့်မယ်ဆိုရင် သက္ကာယနဲ့ ပတ်သက်ပြီး အထင်မှားမှုပဲ။ အဲဒီ သက္ကာယ ဆိုတာ ဘာကိုပြောသတုန်း ဆိုတော့- သ ဆိုတာ တကယ်ရှိနေတဲ့, ကာယ ဆိုတာ ခန္ဓာငါးပါး၊ တကယ်ရှိနေတဲ့ ခန္ဓာငါးပါးအပေါင်းကို သက္ကာယ လို့ ဆိုတယ်။

ခန္ဓာငါးပါးဆိုတာ - ခန္ဓာကိုယ်မှာ ရုပ်ဆိုတဲ့ body ကြီးရှိတယ်၊ မျက်စိ နား နှာ လျှာ ကိုယ် ဆိုတာ ရှိတယ် ပေါ့၊ အဲဒီအကောင်အထည်ရှိနေတာကို ရူပက္ခန္ဓာ လို့ ပြောတယ်။

အဲဒီ အကောင်အထည်ကိုမှီပြီး ဘာတွေဖြစ်တုန်း ဆိုရင် အကောင်းအဆိုး အတွေ့အကြုံတွေ ဥပမာမျက်စိက မြင်ပြီးတဲ့နောက်မှာ တစ်ခါတွေ့ထားရင် ကောင်းတယ် မကောင်းဘူးဆိုတဲ့ အတွေ့အကြုံ ခံစားမှု လို့ ခေါ်တဲ့ 'ဝေဒနာ'က ဝေဒနာက္ခန္ဓာ၊ အဲဒီ ခံစားမှု ဆိုတဲ့ ဝေဒနာရအောင် စိတ်ရဲ့ မှတ်သားမှုဆိုတဲ့ 'သညာ' က သညာက္ခန္ဓာသညာ ဆိုတာ မှတ်ထားတာပဲလေ၊ ဆားကို မြင်ရင် ငန်တယ်လို့ သိနေတာ၊ ဒါ သညာက မှတ်ထား တာပေါ့၊ ချဉ်တတ်တဲ့ အသီးကို ကြည့်ထားရင် ဒါ ချဉ်တယ်လို့ မှတ်ထားတာ၊ သံပုရာသီးမြင်ရင် ချဉ်တယ် ဆိုတာ မှတ်ထားတယ်၊ မစားရသေးခင်ကတင် ချဉ်နေ တာက အမှတ်သညာကြောင့်၊ တချို့ သံပုရာသီး မြင်တာနဲ့ သွားကျိန်းတယ်နော်၊ ဘာဖြစ်လို့တုန်း ဆိုလို့ ရှိရင် အမှတ်သညာက မှတ်ထားတာကိုး။

နောက် 'သင်္ခါရ' ဆိုတာ ကြံစည်တာ တွေးတော တာ လုပ်ကိုင်ဆောင်ရွက်တာတွေ, စိတ်ရဲ့အခြေအနေ အရပ်ရပ်တွေ၊ သင်္ခါရဆိုတာ ရှိတယ်- သင်္ခါရက္ခန္ဓာ၊ နောက်တစ်ခုကတော့ 'အသိစိတ်' ဆိုတာ ရှိတယ် ဝိညာဏက္ခန္ဓာ

ဒီတော့ ပေါင်းကြည့်လိုက်လို့ရှိရင် ဘုန်းကြီးတို့ တစ်တွေရဲ့ သန္တာန်မှာရှိတဲ့ သဘာဝတရားဟာ ခန္ဓာ အားဖြင့် ပြောမယ်ဆိုရင် ၅-မျိုးပဲရှိတယ်၊ ရုပ်ခန္ဓာကိုယ် ကြီးရယ်၊ ထိုရုပ်ခန္ဓာကိုယ်ကြီးမှာ မှီပြီးတော့ ဖြစ်နေတဲ့ ခံစားမှုဝေဒနာရယ်၊ အာရုံတွေကို မှတ်သားပေးတဲ့ သညာရယ်၊ အာရုံတွေနဲ့ ပတ်သက်ပြီးတော့ လေ့လာ သုံးသပ် ဆုံးဖြတ်နေတဲ့ လှုံ့ဆော်နေတဲ့ သင်္ခါရရယ်၊ အာရုံတွေကို သိရှိနေတဲ့ ဝိညာဏ်ရယ်ဆိုတာ အဲဒီ ၅-ခုပဲရှိတယ်၊ ဆိုလိုတာကတော့ အဲဒီ ၅-ခုမှာ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် ဆိုတာက နာမ်တရား, ခန္ဓာကိုယ်ကြီးက ရုပ်တရား၊ ရုပ်နဲ့နာမ် ဒီနှစ်ခုပဲရှိတယ်၊ အဲဒီ ရုပ်နဲ့နာမ် နှစ်ခုကို သက္ကာယလို့ပြောတာ၊ တကယ် ထင်ရှားရှိတာက အဲဒါပဲ။

သို့သော် ဘုန်းကြီးတို့တစ်တွေက တကယ်ရှိတဲ့ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် ဆိုတဲ့ ခန္ဓာ ငါးပါးကို သဘာဝတရားအတိုင်း သိသလား? - ဆိုတော့ မသိဘူး၊ ဒါ ဗုဒ္ဓဘာသာတွေက မြတ်စွာဘုရား ဟောထားလို့ ခန္ဓာ ၅-ပါးဆိုတာ ကြားဖူးနားဝ ရှိနေ တာ၊ ရုပ်တရား နာမ်တရား ဆိုတာလည်း ကြားဖူးနားဝ ရှိနေတာ၊ ဘုရားဟောတဲ့တရားကို မနာဖူးတဲ့ပုဂ္ဂိုလ်ကို သွားမေးကြည့်လို့ရှိရင် ဒီအတွေးတွေ ဒီအသိတွေ လုံးဝ မရှိနိုင်ဘူး။

ဒီတော့ သူတို့က ဘာတွေတွေး ဘာတွေသိနေ တုန်း၊ အဲဒီ သက္ကာယဆိုတဲ့ ခန္ဓာ ၅-ပါးနဲ့ ပတ်သက် လာလို့ရှိရင် အထင်မှားမှုတွေ ပေါ်လာတယ်၊ ခန္ဓာ ၅-ပါးဆိုတဲ့အသိ၊ ရုပ်နာမ်ဆိုတဲ့ အသိမျိုး မသိဘဲနဲ့ မှားယွင်းတဲ့ အတွေးလေးတွေ တွေးလာတယ်။

---

တဏှာ၏ အထင်

ခန္ဓာငါးပါးနဲ့ ပတ်သက်လာတဲ့အခါ တဏှာက ခန္ဓာ ၅-ပါးကို ဘယ်လိုထင်လာလဲဆိုလို့ရှိရင် တင့်တယ် တယ်, လှပတယ်, ချမ်းသာတယ်ဆိုတဲ့ အထင်မှားမှု လေးတစ်ခု ဝင်လာတယ်။

ကိုယ့်ခန္ဓာကိုယ်နဲ့ ပတ်သက်လာရင် လှတယ် တင့်တယ်တယ် ဆိုတဲ့အထင်ဟာ လူတိုင်းမှာရှိတယ်၊ အဲဒီလိုရှိလို့သာ မလှလှအောင် ပြင်ပြီးတော့ နေကြ တယ်၊ အဝတ်အစားတွေ ဆိုရင်လည်း မလှလှအောင် ဝတ်ကြရတယ်နော်၊ တင့်တယ်မှုတွေကို ရှာကြံပြီးတော့ လုပ်ကိုင်နေကြတယ်။

ဥပမာ ဘာနဲ့တူတုန်းဆိုလို့ရှိရင် အားလုံးမြင်ဖူး ကြလိမ့်မယ်၊ ဖယောင်းတိုင်မီးလေး ထွန်းထားတဲ့အခါ ပိုးဖလံလေးတွေဟာ ဖယောင်းတိုင်မီးနားကို ကပ်ပြီးတော့ ပျံလာကြတာ တွေ့ဖူးလိမ့်မယ်၊ သူတို့ဟာ မီးကို ပူတယ်လို့ မသိဘူး၊ အန္တရာယ်ရှိတဲ့အရာလို့ မသိဘူး၊ မီးတောက်လေး မြင်တဲ့အခါကျတော့ “အတော်လှပတဲ့ ဟာလေးပဲ” လို့ အဲဒီမီးလေးကို သဘောကျပြီးတော့ မီးထဲကိုတိုးဝင်လာတယ်၊ တိုးဝင်လာတဲ့အခါ အလောင် ခံရတာပဲ။

ဘုန်းကြီးတို့ တစ်တွေလည်း သေချာ စဉ်းစား ကြည့်လို့ရှိရင် ခန္ဓာ ၅-ပါးကို ပျော်စရာကြီး လှတယ် လို့ ထင်ကြတယ်၊ ထင်ကြသည့်အတွက်ကြောင့် ခန္ဓာ ၅-ပါးကို တဏှာက တွယ်တယ်၊ တွယ်တာထားသည့် အတွက်ကြောင့် ခန္ဓာတစ်ခုပြီး နောက်ခန္ဓာတစ်ခု ရတယ်၊ ဘဝဆက်တိုင်းဆက်တိုင်းမှာ ခန္ဓာတွေချည်းပဲ ရနေတယ်၊ ဘာနဲ့ တူတုန်းဆို ပိုးဖလံလေးဟာ မီးတောက်ထဲကို တိုးဝင်တဲ့အခါ မီးလောင်ပြီး သေရ သလို ဘုန်းကြီးတို့တစ်တွေလည်း ခန္ဓာရတိုင်း သေသေ သွားကြရတာပဲ။

သေဆုံးသွားကြတဲ့ ပုဂ္ဂိုလ်တွေရော၊ သေလတ္တံ့ ပုဂ္ဂိုလ်တွေရော အားလုံးဟာ စဉ်းစားကြည့်ရင် မီးတောက်ထဲကို တိုးဝင်နေတဲ့ ပိုးဖလံလေးတွေနဲ့ အတူ တူပဲ၊ ခန္ဓာကိုယ်နဲ့တွေ့ပြီး ခန္ဓာကိုယ်ကြီးကိုပဲ သဘော ကျပြီးတော့ ဒီခန္ဓာကိုယ်နဲ့ပဲ ပျော်မြူးပြီးတော့ နေကြ တာ၊ ဒါ ဘယ်သူရဲ့မှားယွင်းမှုတုန်းဆိုရင် တဏှာ ဆိုတဲ့ အတွေးရဲ့ မှားယွင်းမှုတဲ့၊ ဘဝတိုင်း သေဆုံးနေကြရ တယ်။

ပိုးဖလံလေးတွေဟာ မီးတောက်ထဲ ဝင်တိုင်း ဝင်တိုင်း သေဆုံးကြရတယ်၊ မဝင်ဘဲလည်း မနေနိုင် ကြဘူး၊ မီးမြင်တာနဲ့ သဘောကျနေတယ်၊ ဟိုး အဝေး ထဲကနေ ပျံလာပြီး မီးထဲကိုတိုးဝင်တယ်၊ ဒီအတိုင်းပဲ ဘုန်းကြီးတို့ တစ်တွေလည်း ခန္ဓာကိုယ်ကို ရယူဖို့ ကြိုးစားနေကြတယ်။

လူတွေဟာ ဒုက္ခရောက်တဲ့အခါသာ ခန္ဓာကိုယ် ကို မရချင်ကြတာ၊ “ခန္ဓာကိုယ် ဘယ်တော့မှ မရတော့ ဘူး” ဆိုလို့ရှိရင် ကြောက်စိတ်တောင် ဝင်လာသေး တယ်၊ နောက်ဆုံးမှာ “အေး နိဗ္ဗာန်ဆိုတာ ရုပ်နာမ် တွေ အကုန်လုံးချုပ်သွားပြီ၊ ဘာမှ မဖြစ်တော့ဘူး” ဆိုရင် လူက ကြောက်သွားတယ်၊ လူတွေမှာ ဖြစ်တာကို ကြိုက်နေတဲ့ ဘဝတဏှာ ဆိုတာရှိတယ်။

လူတိုင်း လူတိုင်းဟာ အကောင်းဖြစ်ချင်တာ ချည်းပဲ၊ မဖြစ်ချင်တဲ့သူမရှိဘူး၊ ဘဝကြီးတစ်ခု ရပ်ဆိုင်း သွားမှာကိုလည်း ကြောက်ကြတယ်၊ ဘဝဆက်နေတာ ကိုပဲ လူတွေက သဘောကျတယ်၊ အဲဒါ ဘယ်သူ့ ကြောင့် ဒီလိုဖြစ်တာတုန်းဆို တဏှာကြောင့်ဖြစ်တာ၊ အဲဒါဟာ တဏှာရဲ့ အထင်မှားမှုပါတဲ့။ တဏှာရဲ့အထင်မှားမှုပျောက်မှ ခန္ဓာကိုယ်ကြီးရဲ့ မတင့်တယ်မှုတွေ, ဆင်းရဲမှုတွေကို ရှုမြင်သုံးသပ် လာပြီးတော့ “ဩော် ရုပ်ဆိုတာ သူ့အကြောင်းတရား ကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်တရား သက်သက်မျှသာ ဖြစ်တယ်၊ ခံစားမှုဟာလည်း ဆိုင်ရာ အကြောင်းတရား ကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားမှုသက်သက်မျှသာ ဖြစ် တယ်၊ သညာဆိုတာလည်း မှတ်သားမှု သက်သက်မျှ သာ ဖြစ်တယ်၊ သင်္ခါရ ဆိုတာကလည်း ပြုလုပ်မှု သက်သက်မျှသာ ဖြစ်တယ်၊ ဝိညာဏ် ဆိုတာလည်း သိမှုသက်သက်မျှသာ ဖြစ်တယ်၊ ဒါတွေဟာ နေတံ မမ - ငါ့ဟာ မဟုတ်ပါလား” လို့ တွေးမိလိမ့်မယ်။ “သူ့သဘာဝအတိုင်း သူဖြစ်နေတာတွေ” လို့ ဒီအတွေးမျိုး မတွေးနိုင်သမျှ ကာလပတ်လုံး တဏှာ မညနာ လို့ခေါ်တဲ့ တွယ်တာမှု အထင်မှားမှုကြီးဟာ မပျောက်ကင်းနိုင်ပါဘူး၊ မပျောက်ကင်းနိုင်လို့ရှိရင် ပိုးဖလံလေးတစ်ကောင်ဟာ မီးတောက်ထဲကို ဝင်ပြီး တော့ ကစားသလို လူတွေလည်း ခန္ဓာကိုယ်ကြီးတွေ ရအောင် ကြိုးစားနေကြဦးမှာပဲ၊ လူ့ခန္ဓာ မလိုချင် တဲ့အခါမှာ နတ်ခန္ဓာဆိုတဲ့ နတ်သားဖြစ်ရင် ကောင်း မှာပဲ, နတ်သမီးဖြစ်ရင် ကောင်းမှာပဲ, ဗြဟ္မာဖြစ်ရင် ကောင်းမှာပဲဆိုတဲ့ အတွေးတွေနဲ့ လာနေဦးမှာပဲ၊ တင့်တယ်လှပတဲ့ ဘဝတွေကို ရအောင် ဆုတောင်း ပြီးတော့ နေကြဦးမှာပဲ။

အဲဒါဟာ ဘယ်သူရဲ့ အထင်မှားမှုလဲဆိုရင် တဏှာရဲ့ အထင်မှားမှုပါတဲ့၊ အဲဒီ တဏှာရဲ့ အထင် မှားမှုပျောက်အောင် ဘုန်းကြီးတို့တစ်တွေ စဉ်းစား ရမှာကတော့ “နေတံ မမ - ရုပ်ဟာ ရုပ်ပဲ၊ နာမ်ဟာ နာမ်ပဲ၊ သူ့အကြောင်းကြောင့် သူဖြစ်နေတာ၊ ငါလို့ ပြောစရာ တစ်ခုမှ မရှိဘူး၊ ထာဝရ ရွေ့လျားနေတဲ့ အရာကြီးသာ ဖြစ်တယ်လို့ ဆိုတဲ့ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ မှန်ကန်တဲ့ အသိဉာဏ်နဲ့ ရှုရမယ်တဲ့၊ အဲဒီလို မရှုနိုင် သမျှ ကာလပတ်လုံး ခန္ဓာငါးပါးနဲ့ ပတ်သက်ပြီးတော့ တဏှာမညနာ လို့ ခေါ်တဲ့ တွယ်တာမှု အထင်မှားမှုကြီး ဟာလည်း ရှိနေဦးမှာပဲ။

---

မာန၏ အထင်

နောက်တစ်ခု အထင်မှားမှုက မာနမညနာ တဲ့၊ ဘဝတစ်ခု ရလာပြီဆိုရင် လူတွေရဲ့ သက်တမ်းက ဘယ်လောက်ပဲရှိရှိ သေမယ့်ရက်ကို ဘယ်သူမှ မစဉ်းစားနိုင်ကြဘူး၊ သိလည်း မသိကြဘူး၊ ဘဝ ရလာ တာနဲ့ လူတိုင်း လူတိုင်းဟာ နိစ္စထာဝရ မသေတော့ မယ့်ပုံမျိုးပဲ နေကြတယ်၊ မအိုမယ့်ပုံ မသေမယ့်ပုံနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာတွေကိုကြည့်ရင် သေခြင်း တရားကို တွေးပြီးကြောက်နေတယ်ဆိုတာ မရှိဘူး။ ဘုန်းကြီးတို့ တစ်ခါတစ်ခါ မြင်မိတယ် - ကြက် ကလေးတွေ ဖမ်းပြီး ခြင်းတောင်းထဲ ထည့်ထားတယ်၊ အဲဒီ ကြက်ကလေးတွေဟာ ခြင်းတောင်းထဲကနေပြီး တွန်နေကြတယ်၊ တစ်ကောင်နဲ့ တစ်ကောင် ဆိတ်ကြ တယ်၊ ကြည့်လိုက်တဲ့အခါ သူတို့မှာ စိတ်ညစ်နေတဲ့ပုံ မရှိဘူး၊ ပျော်နေကြတဲ့ပုံပဲရှိတယ်၊ ဘာဖြစ်လို့တုန်း ဆိုတော့ သူတို့မှာ “တို့ သေရတော့မှာပဲ” ဆိုတဲ့ အတွေး မရှိလို့ပဲ၊ ဒီခြင်းတောင်းထဲ ရောက်လာတာကို ဘာကြောင့်ရောက်တယ်၊ ငါတို့ မကြာခင် ဘာဖြစ်မယ် ဆိုတဲ့ အသိစိတ်က မရှိဘူး၊ ရလာတဲ့ အချိန်ပိုင်း လေးမှာ ပျော်ဖို့ပဲ စိတ်ထဲမှာ ရှိနေကြတယ်။

အဲဒီလိုပဲ ပုထုဇဉ်သတ္တဝါတွေ ဘဝတစ်ခုရလာရင် ဒီဘဝကြီးဟာ နိစ္စထာဝရလို့ အောက်မေ့လာတယ်၊ စည်းစိမ်ချမ်းသာတွေ ရလာလို့ရှိရင်လည်း ထာဝရ စည်းစိမ်ကြီးလို့ သတ်မှတ်လာကြတယ်၊ လူတွေက ရာထူးဌာနန္တရ ရလာလို့ရှိရင်လည်း ထာဝရကြီးလို့ ဒီလိုထင်ကြတယ်ပေါ့၊ အဲဒီလို အထင်တွေ ရောက်လာ တဲ့အခါကျတော့ ဘာဖြစ်တုန်း ဆိုလို့ရှိရင် မာနဆိုတဲ့ အထင်အမြင်တွေ ဝင်လာတယ်၊ အထင်မှားမှုတွေ ဝင်လာတယ်။

မာနဆိုတဲ့ အထင်မှားမှုတွေကြောင့် ဟောဒီ သက္ကာယကို စည်းစိမ်ချမ်းသာ ခံစားစရာကြီးအဖြစ် လူတွေက ယူဆလာကြတယ်၊ ကိုယ့်ခန္ဓာနဲ့ မောက်မာ လာကြတယ်၊ လှတဲ့လူကလည်း အလှမာန် တက်လာ တယ်၊ ငယ်ရွယ်တဲ့သူကလည်း ယောဗ္ဗနမဒ ဆိုတဲ့ ငယ်ရွယ်မှုမာန်တွေ တက်လာတယ်၊ ပညာတတ်တဲ့ သူကလည်း ပညာမာန်တွေ တက်လာတယ်၊ ရာထူး အာဏာရှိသူကလည်း ရာထူး အာဏာမာန်တွေ တက်လာတယ်။

ဒါ အထင်မှားနေလို့ မာန်တက်နေကြတာ၊ “တို့ ဟာ တစ်ခဏလေးပါလား” ဆိုတာ မစဉ်းစားမိဘူး၊ မစဉ်းစားမိသည့်အတွက် နိစ္စထာဝရလို့ထင်ပြီး မာန် မာနတွေ တက်နေကြတာတဲ့၊ အဲဒီ မာန်မာနတက်တာ ဥပမာ ဘာနဲ့တူတုန်းဆိုရင် မစင်အညစ်အကြေးကို စားတဲ့ သတ္တဝါတစ်ကောင်ဟာ မစင်ပုံကြီးပေါ် ရောက်တဲ့အခါ နိစ္စထာဝရ, တစ်သက်တာ စိတ်ချရတဲ့ အရာတစ်ခုလို့ အထင်မှားပြီးတော့ မာန်မာနတွေ ပွားသလိုပဲတဲ့၊ အဲဒါနဲ့ အလားတူတယ်တဲ့ ဒီလိုဆိုတယ်။

ဒီတော့ ဘုန်းကြီးတို့တစ်တွေလည်း ခန္ဓာငါးပါး ရ,ထားတဲ့အခါ ဒီခန္ဓာငါးပါးကို အကြောင်းပြုပြီးတော့ မာန်မာနတွေ တက်ကြတာပဲ၊ ခုနက ပြောတဲ့ မာန်မာန တွေ - ငယ်ရွယ်တဲ့သူက ငယ်ရွယ်တဲ့မာနတွေ တက် တယ်၊ ယောဗ္ဗနမဒ လို့ ခေါ်တယ်၊ ကျန်းမာတဲ့ သူက လည်း “ငါ ကျန်းမာတယ်၊ ငါ ဘာမှ မဖြစ်ဘူး” ဆိုတဲ့ အာရောဂျမဒ မာန်မာနတွေ တက်တယ်၊ ဒါတွေဟာ တစ်ခါတစ်လေ အလွန် သိမ်မွေ့တယ်၊ မာန်မာန တက်တာကို တက်မှန်းတောင် မသိဘူး၊ တက်မှန်း တောင် မသိရအောင် ဒီတရားတွေက သိမ်မွေ့တယ်။

အသက်ရှင်နေတဲ့ ပုဂ္ဂိုလ်ကလည်း ဇီဝိတမဒ “သူသာ သေတယ်၊ ငါမသေဘူး” ဆိုတဲ့ အတွေးမျိုး ဝင်ကြတယ်၊ ကြည့်လေ - လူတစ်ယောက် မတော် တဆ ဆုံးသွားလို့ရှိရင် ပြောကြတယ်၊ “ဒီလူက အစား မရှောင်ဘူး၊ ဒီလူက ဘာမလုပ်ဘူး” နဲ့၊ ဒီလို အပြစ်အပြောခံ ကျန်ရစ်ခဲ့ကြရတာမျိုးချည်းပဲ၊ သို့သော်လည်း ကိုယ့်ကျတော့ ဒီလို ဖြစ်မယ်လို့ လူတိုင်းဟာ စဉ်းစားခဲတယ်ပေါ့၊ အသက်ရှင်နေတဲ့ ဇီဝိတမဒ ဆိုတာ တွေ တက်လာတယ်။

စီးပွားချမ်းသာရှိတဲ့ပုဂ္ဂိုလ်ကလည်း စီးပွားဥစ္စာကို အကြောင်းပြုပြီး မာန်မာနတွေ တက်လာတယ်၊ ရုပ်ရည် ရူပကာယ ချောမောလှပတဲ့သူကလည်း ရုပ်ရည် ရူပ ကာယ အလှအပအပေါ်မှာ မာန်မာနတွေတက်တယ်၊ ရာထူးအာဏာရှိတဲ့သူကလည်း ရာထူးအာဏာ မာန် မာနတွေ တက်တယ်၊ ဒါတွေဟာ မာနနဲ့ပတ်သက်တဲ့ မာနမညနာ လို့ ခေါ်တဲ့ အထင်မှားမှုတွေချည်းပဲ။

အဲဒီ အထင်မှားမှုတွေကို ဘာနဲ့ ဖျောက်ရမလဲ ဆိုရင် မှန်ကန်တဲ့ အသိဉာဏ်, မှန်ကန်တဲ့ အတွေးနဲ့ ဖျောက်ရမယ်၊ မှန်ကန်တဲ့ အတွေးဆိုတာ “နေသော ဟမသ္မိ - တကယ်ကတော့ ဒါတွေဟာ ငါ မဟုတ်ဘူး” ဒီလို အတွေးလေးရှိဖို့ လိုတယ်တဲ့၊ “ဒါ ငါ မဟုတ်ဘူး၊ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတွေ ညီညွတ်နေတဲ့ အခိုက် ဖြစ်တာ၊ နုပျိုတာလည်း ငါမဟုတ်ဘူး“၊ သူ့ အချိန်က မရင့်ကျက်သေးလို့ နုပျိုတယ်လို့ ထင်တာ၊ တကယ်တော့ တဖြည်းဖြည်း ရင့်ကျက်နေတာနော်။ “အဆင်ပြေနေတဲ့အချိန် အကြောင်း အကျိုး ညီညွတ်လို့ ဖြစ်နေတာ၊ တကယ်ကတော့ ငါ မဟုတ် ဘူး၊ တစ်ခဏတာမျှအတွင်းမှာ ပြောင်းလဲသွားမယ်” ဆိုတဲ့ အတွေးတွေတွေးဖို့ လိုအပ်တယ်တဲ့၊ “နေသောဟ မသ္မိ” - ငါ မဟုတ်ဘူး” ဆိုတဲ့ အတွေးမျိုး မှန်ကန်တဲ့ အမြင်မျိုးရှိမှသာလျှင် အခု မာနမညနာ ဆိုတဲ့ ဒီ အတွေးအထင်ကြီး အထင်မှားမှုကြီး ပျောက်ကင်း နိုင်ပါတယ်တဲ့၊ နို့မို့ဆိုရင် သက္ကာယ အပေါ်မှာ အထင်မှားနေတဲ့ မာနမညနာ ဆိုတာ မပျောက်ကင်း နိုင်ဘူးတဲ့။

ဒိဋ္ဌိ၏ အထင်

နောက်တစ်ခုက ဒိဋ္ဌိမညနာ။ ဒိဋ္ဌိမညနာကျတော့ သူမြင်ပုံက တစ်မျိုး။ ဘာနဲ့ ဥပမာတူတုန်းဆိုလို့ရှိရင် ကိုယ့်ခန္ဓာကိုယ်ကို မှန်ကြည့်လို့ မှန်ထဲမှာပေါ်လာတဲ့ အရိပ်ကို ငါလို့ ထင်မှတ်သလို ဖြစ်နေတယ်။ တကယ်တော့ မှန်ထဲမှာ ပေါ်လာတဲ့အရိပ်ဟာ လှမ်းကိုင်ကြည့်လို့လည်း မရဘူး၊ တကယ်လည်း ရှိတာမဟုတ်ဘူး။ တကယ်မရှိပေမယ့် ရှိတယ်လို့ ထင်နေတယ်ပေါ့။ အဲဒီလို တကယ်မရှိတဲ့အရာကို ရှိတယ်လို့ ထင်တယ်။ သက္ကာယဆိုတဲ့ ခန္ဓာငါးပါးက တကယ်ရှိတယ်။ အဲဒီခန္ဓာငါးပါးနဲ့ ပတ်သက်ပြီး တွေးထင်တဲ့ ထာဝရမြဲတယ်ဆိုတဲ့ အတ္တ၊ ထိုအတ္တရဲ့ ပိုင်ဆိုင်မှုဆိုတဲ့ အတ္တနိယ ရှိတယ်လို့ အဲဒီအတွေးတွေ ဝင်လာလို့ရှိရင် မှန်ရိပ်ထဲကရုပ်ပုံလွှာကို ငါလို့ထင်သလိုထင်နေတာဟာ မှားယွင်းတဲ့ အထင်တစ်ခုပါတဲ့။ ဒါကို ဒိဋ္ဌိမညနာလို့ ခေါ်တယ်။ ဒိဋ္ဌိမညနာ- အတွေးအမြင် မှားယွင်းတာတဲ့။ မှန်ထဲကပုံကို ငါလို့ပဲ ထင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ မှန်ဖယ်လိုက်တာနဲ့တစ်ပြိုင်နက် မှန်ရိပ်ထဲက ရုပ်ပုံလွှာဟာ ပျောက်သွားပြီ။ အဲဒီလိုပဲ ဒီကိုယ်ထင်ပြီးတော့ အားကိုးစရာအရာတစ်ခုဟာ ဘာမှ အားကိုးစရာမရှိဘဲနဲ့ မကြာခင်ပဲ သူ့ဟာသူ ပြောင်းလဲပြီး ပျက်စီးတဲ့အရာသာ ဖြစ်တယ်ဆိုတာကို ဘုန်းကြီးတို့တစ်တွေ မမြင်နိုင်ကြဘူးတဲ့။ ဘာဖြစ်လို့တုန်းဆိုရင် ခုနကပြောတဲ့ ဒိဋ္ဌိမညနာ မှားယွင်းတဲ့အထင်မှားမှုတစ်ခုကြောင့် ဖြစ်တာတဲ့။

ကောင်းပြီ၊ အဲဒီအထင်မှားမှုတွေ- တဏှာကြောင့် အထင်မှားမှုတွေ၊ တွယ်တာမှုကို စွဲလန်းပြီးတော့ အထင်မှားမှုတွေ၊ မာနကြောင့် ဖြစ်ပေါ်လာတဲ့ အထင်မှားမှုတွေ၊ မှားယွင်းတဲ့အမြင်ကြောင့် ဖြစ်ပေါ်လာတဲ့ အထင်မှားမှုတွေ၊ သက္ကာယပေါ်မှာ အဲဒီလို အထင်မှားမှုတွေဟာ လွယ်လွယ်ကူကူနဲ့ ဒီသက္ကာယဆိုတဲ့ ခန္ဓာငါးပါးကြီးက လွတ်အောင်၊ ကျွတ်အောင် ကြိုးစားလို့ ဖြစ်သလားလို့ဆိုရင် အင်မတန်မှ ခဲယဉ်းတယ်။ မြတ်စွာဘုရားက ဥပမာပေးထားတာ ခွေးတစ်ကောင်ကို ချည်တိုင်ငုတ်တိုင်တစ်ခုမှာ ကြိုးနဲ့ချည်ထားလို့ရှိရင် အဲဒီခွေးဟာ ရုန်းတယ်။ ဘယ်လိုပဲရုန်းရုန်း သူဟာ ချည်တိုင်ငုတ်နားပဲ လှည့်ပတ်နေရတယ်။ ချည်တိုင်ငုတ်က အဝေးကို မသွားနိုင်ဘူး။ ဘုန်းကြီးတို့တစ်တွေလည်း ဘယ်ဘဝပဲရောက်ရောက် ချည်တိုင်ငုတ်နဲ့ အလားတူတဲ့ ဟောဒီ သက္ကာယက ဝေးပြီးတော့ မသွားနိုင်ဘူး။ ဘယ်ဘဝရောက်သွားသွား ခန္ဓာပဲ ပြန်ရတယ်။

ဥပမာ - လူ့ဘဝကနေ ကုသိုလ်ကောင်းမှုတွေလုပ်တယ်၊ နတ်ဘဝရောက်သွားတယ်၊ ခန္ဓာပဲပြန်ရတယ်။ တရားကျင့်လို့ ဗြဟ္မာဖြစ်သွားတယ်၊ ခန္ဓာပဲပြန်ရပြန်တယ်။ အကုသိုလ်တွေလုပ်လို့ ငရဲကျသွားတယ်၊ တိရစ္ဆာန်ဖြစ်တယ်၊ ပြိတ္တာဖြစ်တယ်၊ ခန္ဓာပဲပြန်ရတယ်။ ခွေးတစ်ကောင်ဟာ ကြိုးနဲ့ချည်ထားလို့ ငုတ်နားမှာပဲ သူဟာ တဝဲလည်လည်ဖြစ်နေသလို ဘုန်းကြီးတို့တစ်တွေဟာလည်း ခန္ဓာငါးပါးနဲ့ပဲ တဝဲလည်လည်ဖြစ်နေကြတယ်၊ အဝေးကို မရောက်နိုင်ကြဘူးလို့ ဒီလို ဂဒ္ဒုလသုတ်မှာ မြတ်စွာဘုရားက ဟောတော်မူတယ်။

အဲဒါကို အဋ္ဌကထာဆရာကြီးက ရှင်းပြတဲ့အခါ ဥပမာပေးထားတာရှိတယ်။ ခန္ဓာငါးပါးမကောင်းဘူးလို့ ထင်လို့ ခန္ဓာငါးပါးက လွတ်ချင်လို့ ရုန်းကန်ကြတယ်။ ဆိုပါစို့ - မြတ်စွာဘုရားပွင့်မှ ခန္ဓာငါးပါးမှ လွတ်ကြောင်း လမ်းစဉ်အမှန်ကို တွေ့တာ။ သက္ကာယဆိုတဲ့ ခန္ဓာငါးပါးက လွတ်ချင်ရင် ဘာလုပ်ရမလဲဆိုတာကို မြတ်စွာဘုရားက လမ်းမှန်ညွှန်ပြတယ်။ အေး၊ တခြားအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း ခန္ဓာငါးပါးရဲ့အပြစ်ကို မြင်သည့်အတွက်ကြောင့် လွတ်မြောက်အောင် ကြိုးစားကြတယ်။ လွတ်မြောက်အောင် ကြိုးစားရင်း ကြိုးစားရင်း သူတို့ဟာ လွတ်မြောက်မှုကို မရနိုင်ဘဲ ခန္ဓာငါးပါးပဲ ပြန်တွေ့နေကြတယ်ပေါ့။

အဲဒါကို ဥပမာပေးထားတဲ့ စကားလေးတစ်ခုရှိတယ်၊ ပုံပြင်ခပ်ဆန်ဆန်ပြောထားတာ။ “မြေကြီးနဲ့ ယုန်ကလေး စကားများကြတယ်တဲ့။ ဘယ်လိုစကားများတုန်းဆိုရင် ယုန်ကလေးက မြေကြီးပေါ် မစင်စွန့်တဲ့အခါ မြေကြီးက ပြောတယ်၊ 'မင်း ငါ့အပေါ်မှာ အညစ်အကြေးတွေစွန့်တာ မကောင်းဘူး'။ ဒီလိုပြောတဲ့အခါ ယုန်ကလေးက စိတ်ဆိုးတယ်၊ 'ကျုပ်ထက်ကြီးတဲ့ အကောင်ကြီးတွေ ဆင်လို သတ္တဝါကြီးတွေ ကျင်ကြီးစွန့်၊ ကျင်ငယ်စွန့်တော့ ခင်ဗျားက မပြောဘူး။ ကျုပ်အပေါ်ကျတော့ ခင်ဗျားအနိုင်ကျင့်တယ်'ပေါ့။ 'ကျုပ်စွန့်တဲ့ မစင်လေးက သေးသေးလေးရယ်၊ အဲဒါတောင် ကျုပ်ကို အနိုင်ကျင့်ပြီး ပြောရမလား။ ကဲ၊ ခင်ဗျားအပေါ် ကျုပ်မနေဘူး'လို့ မြေကြီးနဲ့မတဲ့လို့ ယုန်ကလေးက ခုန်တယ်။ ခုန်ပြီးတော့လည်း မြေကြီးပေါ်ပဲ ပြန်ကျတယ်။ နောက်တစ်ခါခုန်တော့လည်း မြေကြီးပေါ်ပဲ ပြန်ကျတယ်။ ဒီဥပမာလေးက ယုန်တွေသွားတဲ့အခါ ခုန်ခုန်ပြီးသွားတာကို ကြည့်ပြီးပြောတဲ့ ဥပမာပေါ့နော်။ ယုန်ဟာ ဘယ်လိုပဲ ခုန်နေနေ မြေကြီးပေါ်ပဲ ပြန်ရောက်တယ်ပေါ့။

အဲဒီလိုပဲ ဘုန်းကြီးတို့တစ်တွေဟာ ခန္ဓာငါးပါးကို မုန်းတီးရွံရှာလို့ ခန္ဓာငါးပါးက လွတ်မြောက်အောင် ဘယ်လိုပဲ ကြိုးစားကြိုးစား၊ ကြိုးစားလိုက်တိုင်း ခန္ဓာငါးပါးနဲ့ချည်း ပြန်တိုးနေတယ်လို့ ဆိုလိုတာ။ ယုန်ကလေးဟာ ဘယ်လိုပဲ မြေကြီးပေါ်မနေဘူးဆိုပြီးတော့ ခုန်ပေမယ့်လို့ မြေကြီးပေါ်ပဲ ပြန်ကျသလိုပဲတဲ့။ သက္ကာယပေါ်မှာ ဘယ်လောက်ပဲ အပြစ်မြင်မြင် ဟောဒီ တဏှာဆိုတဲ့ အထင်မှားမှု၊ ဒိဋ္ဌိဆိုတဲ့ အထင်မှားမှု၊ မာနဆိုတဲ့ အထင်မှားမှု- ဒီတရားသုံးပါးကို မဖယ်ရှားနိုင်သေးသမျှကာလပတ်လုံး၊ မှန်ကန်တဲ့အမြင် မရသေးသမျှကာလပတ်လုံး ဘုန်းကြီးတို့တစ်တွေဟာ ယုန်ကလေး မြေကြီးပေါ်မှာ ခုန်နေသလိုပဲ၊ ခုန်တိုင်း မြေကြီးပေါ်ပြန်ကျသလိုပဲ ခန္ဓာငါးပါးပဲ ပြန်ရကြမှာ ဖြစ်တယ်တဲ့။ ခန္ဓာငါးပါးကနေ လွတ်သွားအောင် မလုပ်နိုင်ကြဘူးတဲ့။

ဒါဖြင့် လွတ်သွားတဲ့နည်းရော ရှိလားလို့ဆိုတော့ မြတ်စွာဘုရားက ဟောထားတယ်- လွတ်သွားတဲ့နည်းက မဂ္ဂင်ရှစ်ပါးအကျင့်တရားပဲတဲ့။ မဂ္ဂင်ရှစ်ပါးအကျင့်တရားကို ကျင့်တဲ့အခါ အရင်က သက္ကာယကို “ဧတံ မမ - ဒါ ငါ့ဟာ” လို့ ဒီလိုမြင်ကြတယ်။ “ဧသောဟမသ္မိ - ဒါ ငါပဲ” လို့ မြင်တယ်။ “ဧသော မေ အတ္တာ - ဒါ ငါရဲ့အတ္တပဲ” လို့ ဒီလို တဏှာ၊ မာန၊ ဒိဋ္ဌိအမြင်တွေနဲ့ မြင်တယ်။ အဲဒီအမြင်ကနေ ပြောင်းပြန်ပြန်ပြီးတော့ မြင်အောင် ကြိုးစားရမယ်တဲ့။

ယထာဘူတဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါ ဟောဒီသက္ကာယဟာ “နေတံ မမ - ငါ့ဟာ မဟုတ်ဘူး”၊ “န မေသော အတ္တာ - ငါရဲ့ ခိုင်မာသော အတ္တလည်း မဟုတ်ဘူး”၊ “နေသောဟမသ္မိ - ငါလို့ပြောစရာလည်း တစ်ခုမှ မရှိဘူး” လို့ ဒီလို ယထာဘူတဉာဏ်နဲ့ ရှုမြင်နိုင်ရမယ်။

သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့ သီလကို အခြေခံပြီးတော့ ဘုန်းကြီးတို့တစ်တွေဟာ မှန်ကန်တဲ့အမြင်ရှိအောင် မှန်ကန်တဲ့အတွေးတွေ တွေးရမယ်။ မှန်ကန်တဲ့အမြင်ဆိုတာက - သမ္မာဒိဋ္ဌိ၊ မှန်ကန်တဲ့အတွေးဆိုတာက - သမ္မာသင်္ကပ္ပ။ အဲဒီ မှန်ကန်တဲ့အတွေးတွေ တွေးပြီးတော့ မှန်ကန်တဲ့ ကြိုးပမ်းအားထုတ်မှုဆိုတဲ့ သမ္မာဝါယာမ လုပ်တဲ့အခါမှာ မှန်ကန်တဲ့သတိထားမှု - သမ္မာသတိဟာ အရေးကြီးတယ်။ ဒါကြောင့်မို့ သတိထားပြီးနေတဲ့အခါမှာ မှန်မှန်ကန်ကန် မြင်ဖို့ရာအတွက် စိတ်ဓာတ်လေး တည်ငြိမ်အောင်လုပ်ဖို့ အရေးကြီးတယ်၊ သမ္မာသမာဓိလို့ဆိုတယ်။ ပေါင်းလိုက်တဲ့အခါ မဂ္ဂင်ငါးပါးက “သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာသတိသမ္မာသမာဓိ”။ အဲဒီမဂ္ဂင်ငါးပါးကို ကာရာပကမဂ္ဂင် သို့မဟုတ် ကာရကမဂ္ဂင်လို့ခေါ်တယ်။ တကယ်အလုပ်လုပ်ပြီး စွမ်းဆောင်နေတာ။ ယထာဘူတဉာဏ်ဆိုတာ အဲဒါကို ပြောတာ။

ဒီမဂ္ဂင်ငါးပါး ပေါင်းစပ်ပြီးတော့ ရှုမြင်သုံးသပ်တဲ့အခါမှာ “နေတံ မမ - ငါ့ဟာ မဟုတ်ဘူး”၊ “နေသောဟမသ္မိ - ငါ မဟုတ်ဘူး”၊ “န မေသော အတ္တာ - ငါရဲ့အတ္တမဟုတ်ဘူး” လို့ မှန်မှန်ကန်ကန်မြင်တယ်။ မြင်တဲ့အခါကျတော့ အထင်မှားမှုဆိုတာတွေ ပျောက်သွားတယ်။

အဲဒီအထင်မှားမှု ပျောက်သွားရင် ဘာဖြစ်လဲဆိုတော့ မြတ်စွာဘုရားက “ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ - ရုပ်ပေါ်မှာ ငြီးငွေ့တယ်၊ တွယ်တာမှုတွေ မရှိတော့ဘူး။ ဝေဒနာယပိ နိဗ္ဗိန္ဒတိ - ခံစားမှုတွေပေါ်မှာလည်း မတွယ်တာတော့ဘူး။ သညာယပိ နိဗ္ဗိန္ဒတိ - သညာပေါ်မှာလည်း တွယ်တာမှုမရှိဘူး။ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ - ကျန်တဲ့ စိတ်နဲ့ပတ်သက်တဲ့ လှုံ့ဆော်မှုတွေအပေါ်မှာလည်းပဲ တွယ်တာမှု မရှိတော့ဘူး။ ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ - အသိစိတ်ပေါ်မှာလည်း တွယ်တာမှု မရှိတော့ဘူး”။ အဲဒီလို တွယ်တာမှုမရှိဘူးဆိုတာ ဝိပဿနာဉာဏ်ဖြစ်တာကို ပြောတာ - အနတ္တလက္ခဏသုတ်မှာ မြတ်စွာဘုရားက တိုတိုလေး ဟောထားတာ။

သက္ကာယပေါ်မှာ တွယ်တာမှုတွေ ပျောက်သွားတယ်။ တွယ်တာမှုတွေ ပျောက်သွားတော့ ဘာဖြစ်လဲ၊ “နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ - သက္ကာယပေါ်မှာ ငြီးငွေ့လာတာနဲ့တစ်ပြိုင်နက် ဒီတွယ်တာမှုတွေ ချုပ်ငြိမ်းသွားတယ်”။ တွယ်တာမှုတွေ ချုပ်ငြိမ်းသွားရင် ဘာဖြစ်လဲ၊ “ဝိရာဂါ ဝိမုစ္စတိ - စိတ်ဟာ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ မကောင်းတဲ့အတွေးမှားတွေကနေ လုံးဝလွတ်မြောက်သွားတယ်”တဲ့။

အဲဒီလို လွတ်မြောက်သွားမှသာလျှင် အထင်မှားမှုတွေ ပျောက်ကင်းပြီး ထာဝရအငြိမ်းဓာတ်ကို တွေ့ရှိနိုင်တယ်။ သောကတွေ၊ ပရိဒေဝတွေ၊ ဒုက္ခတွေ၊ ဒေါမနဿတွေအားလုံး ချုပ်ငြိမ်းပြီး အင်မတန် အေးချမ်းတဲ့ ထာဝရငြိမ်းတဲ့ ဥပသမဆိုတဲ့ အငြိမ်းဓာတ်ကို ရရှိနိုင်မှာဖြစ်တယ်ဆိုတာကို အားလုံးယုံကြည်ပြီးတော့ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ တရားအတိုင်း လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း။

သာဓု - သာဓု - သာဓု