အနတ္တလက္ခဏသုတ္တ နိဿယ
နမော တဿ ဘဂဝတော အရဟတော သမ္မာသဗ္ဗုဒ္ဓဿ။
“အနတ္တလက္ခဏသုတ္တ နိဿယ”
အနတ္တလက္ခဏသုတ် အမွှန်း
ဓမ္မစက္ကံ ပဝတ္တေတွာ၊ အာသဠှိယံ ဟိ ပုဏ္ဏမေ။ နဂရေ ဗာရာဏသိယံ၊ ဣသိပတန ဝှယေ ဝနေ။ ပါပေတွာဒိ ဖလံ နေသံ၊ အနုက္ကမေန ဒေသယိ။ ယံ တံ ပက္ခဿ ပဉ္စမျံ၊ ဝိမုတ္တတ္ထံ ဘဏာမ ဟေ။
ဗာရာဏသိယံ - ဗောဓိသတ်လောင်း မျောက်ဦးခေါင်းကို ကောင်းစွာ စေတီ တည်သည် တကြောင်း၊ မျောက်ဦးခေါင်းဟန် သဏ္ဌာန်တူစွာ ကျောက်ဖျာ ရှိလျှင်း အကြောင်းရင်း တို့ကြောင့် မယွင်းခေါ်ဘိ ဗာရာဏသီ အမည်ရှိသော၊
နဂရေ - မြို့မြတ်စဉ်လာ မင်္ဂလာဟု အင်္ဂါစုံညီ ဂုဏ်ရည် လျှံပြီး မြို့ကြီး၌၊
ဣသိပတန ဝှယေ ဝနေ - ဣသိပတန အမည်ရသည့် သာစွရဂုံ စုံမြိုင် ထွတ်ထီး တောအုပ်ကြီးအတွင်း၌၊
အာသဠှိယံ ဟိ ပုဏ္ဏမေ - ဝန်းစက်ပြည့်ဖြိုး မိုး၏မင်္ဂလာ သော်တာစန်းလ လျှမ်းပ ချမ်းမြေ့ လဝါဆို ပြည့်သောနေ့၌၊
နေသံ - ပဉ္စဝဂ္ဂီ အမည်တွင်လတ် ထိုမထေရ်မြတ်တို့အား၊
ဓမ္မစက္ကံ - လူအရပ်ရပ် နတ်အဖြာဖြာ ဗြဟ္မာအသွယ်သွယ် အနယ်နယ် တွင် ဘယ်ရှင် နတ်လူ အဘယ်သူမျှ မပြုနိုင်အား မဟောအားသည့် မကြားစဖူး တရားဦးဟု ထူးမြတ်လှစွာ ဓမ္မစကြာ တရားတော်မြတ် ရတနာကို၊
ပဝတ္တေတွာ - မောဟအမှောင် လောက ဘောင်၌ ဉာဏ် ရောင် ဝင်းပ အလင်းရဖို့၊
ဉာဏတေဇာ - ဒေသနာလက် စက်တော်သံဟီး ဟော ကြားတော် မူပြီးသော်၊
အနုက္ကမေန - ဝါဆိုလပြည့်နေ့က စလျှက် တစ်ရက်တစ်ပါး အစဉ်အားဖြင့်၊
အာဒိ ဖလံ - သောတာပတ္တိ မည်ရှိခေါ်ဆို အစဆုံးဖိုလ်သို့၊
ပါပေတွာ - အရိယာတန်း စခန်း ပေါက်အောင် ရောက်စေတော် မူပြီး နောက်၊
ပဉ္စမျံ ပက္ခဿ - ဝါဆိုမာသ ဆုတ်ပက္ခ၏ ပဉ္စမအရောက် ငါးရက်မြောက်သော နေ့အခါ၌၊
နေသံ - သောတာပတ္တိ ဖိုလ်အောင်ထိလျက် ဧဟိဘိက္ခူ မိန့်ခံယူ၍ သွင်မူ ပြောင်းကြ အကြောင်းလှသည့် ပဉ္စဝဂ္ဂီ ထိုမထေရ်မြတ်တို့၏၊
ဝိမုတ္တတ္တံ - ကိလေသာစုံ အကုန်ရှင်းကျွတ် ကင်းလွတ်ဖို့ အကျိုးငှာ၊
အနတ္တ လက္ခဏံ - ရူပံ ဘိက္ခေ၀ အနတ္တာ ဦးတည်ကာလျှင် ဒေသနာ မှတ်ပြ လက္ခဏာခေါ်ဆို အကြင် အနတ္တလက္ခဏ ဒေသနာတော်ကို၊
ဒေသယိ - သံသာချိုငြိမ့် နှလုံးစိမ့်အောင် ဟောမိန့်တော် မူခဲ့လေပြီ၊
တံ အနတ္တ လက္ခဏံ - ထို အနတ္တလက္ခဏ သုတ္တန် တရားတော်ကို၊
မယံ - ငါတို့သည်၊
ဘဏာမ - ရွတ်ပွား သရဇ္ဈာယ် ကြပါကုန်စို့၊
သုတ်၏ နိဒါန်း
(ဧဝံ မေ သုတံ၊)
ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ ‘ဘိက္ခဝေါ’တိ။ ‘ဘဒ္ဒန္တေ’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ -
မေ - အ ကျွန်ုပ် အာနန္ဒာသည်၊
ဧဝံ သုတံ - ဤသို့ ကြားနာမှတ်သားဘူးပါသည်။
ဧကံ သမယံ - အခါတစ်ပါး၌၊
ဘဂဝါ - ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည်၊
ဗာရာဏသိယံ - ဗာရာဏသီ မြို့၌၊
ဣသိပတနေ မိဂဒါယေ - ဣသိပတနမည်သော မိဂဒါဝုန်တော အရပ်၌၊
ဝိဟရတိ - သီတင်း သုံး နေထိုင်တော်မူ၏။
တတြ ခေါ - ဗာရာဏသီမြို့ မိဂဒါဝုန် တောအရပ်ဝယ် သီတင်းသုံး နေထိုင်တော်မူစဉ် ထိုအခါ၌၊
ဘဂဝါ - ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည်၊
ပဉ္စဝဂ္ဂိယေ ဘိက္ခူ - ငါးပါးအုပ်စုဝင် ပေါ်လွင်ထင်ရှား ပဉ္စဝဂ္ဂီရဟန်းတော်များကို၊
ဘိက္ခဝေါ’တိ - ရဟန်းတို့ ဟူ၍၊
အာမန္တေသိ - ခေါ်ဝေါ် မိန့်ကြားတော်မူ၏၊
တေ ဘိက္ခူ - ထို ပဉ္စဝဂ္ဂီရဟန်းတော်တို့သည်၊
‘ဘဒ္ဒန္တေ’တိ - အရှင်ဘုရား ဟူ၍၊
ဘဂဝတော - မြတ်စွာဘုရားအား၊
ပစ္စဿောသုံ - ခွန်းတုံ့ပြန်ကြား လျှောက်ထားလေ၏။
ဘဂဝါ - ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည်။
ဧတံ - ယခု ရွတ်ဆိုပြမည့် တရားတော်ကို၊
အဝေါစ - ဟောကြားတော် မူပါသည်။
ဘုရားမိန့်ခွန်းတော် အနတ္တလက္ခဏသုတ် (ပဌမပိုင်း)
ရုပ်ဟာ အတ္တကောင် မဟုတ် (ခန္ဓာငါးပါး အနတ္တဟု ပြသည်)
ရူပံ ဘိက္ခဝေ အနတ္တာ၊
ဘိက္ခဝေ - ရဟန်းတို့၊
ရူပံ - ရုပ်သည်၊
အနတ္တာ - အတ္တကောင် မဟုတ်။
ရုပ်ကို အတ္တကောင် မဟုတ်ဟု သိရန် အကြောင်းပြစကား
ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ။ လဗ္ဘေထ စ ရူပေ ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီတိ။
စ ဟိ - အတ္တ မဟုတ်ဟု သိရခြင်း၏ အကြောင်းကို ဆက်၍ဖော်ပြရလျှင်၊
ဘိက္ခဝေ - ရဟန်းတို့၊
ဣဒံ ရူပံ - ဤ ရုပ်သည်၊
အတ္တာ - မိမိ၏ အတွင်းသား အတ္တကောင်သည်၊
အဘဝိဿ - အကယ်၍ ဖြစ်ငြားအံ့၊
(ဧဝံ သတိ - သို့ဖြစ်လျှင်၊)
ဣဒံ ရူပံ - ဤ ရုပ်သည်၊
အာဗာဓာယ - နှိပ်စက်ရန် အလို့ငှာ၊
န သံဝတ္တေယျ - မဖြစ်တန်လေရာ။
စ - ထို့ပြင်လည်း၊
မေ ရူပံ - ငါ၏ ရုပ်သည်၊
ဧဝံ ဟောတု - ဤသို့ အကောင်းချည်း ဖြစ်ပါစေ၊
မေ ရူပံ - ငါ၏ ရုပ်သည်၊
ဧဝံ မာ အဟောသိ - ဤသို့ အဆိုးကား မဖြစ်ပါစေလင့်၊
ဣတိ - ဤသို့ စီမံခန့်ခွဲခြင်းကို၊
ရူပေ - ရုပ်၌၊
လဗ္ဘေထ - ရအပ်ရာ ရနိုင်ရာ၏။
အတ္တကောင် မဟုတ်ပုံကို တည့်တည့်အကြောင်းပြချက်
ယသ္မာ စ ခေါ ဘိက္ခေ၀ ရူပံ အနတ္တာ၊ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ ရူပေ ‘ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ’ တိ။
ဘိက္ခေ၀ - ရဟန်းတို့၊
စ - စင်စစ် မုချအားဖြင့်သော်ကား၊
ရူပံ - ရုပ်သည်၊
ယသ္မာ - အကြင်ကြောင့်၊
အနတ္တာ - (အတွင်းသား ကိုယ်ထည်) အတ္တကောင် မဟုတ်ချေ။
တသ္မာ - ထိုသို့ အတ္တကောင် မဟုတ်သောကြောင့်၊
ရူပံ - ရုပ်သည်၊
အာဗာဓာယ - နှိပ်စက်ရန် အလို့ငှာ။
သံဝတ္တတိ - ဖြစ်နေချေ၏။
စ - ထို့ပြင်လည်း၊
မေ ရူပံ - ငါ၏ ရုပ်သည်၊
ဧဝံ ဟောတု - ဤသို့ အကောင်းချည်း ဖြစ်ပါစေ၊
မေ ရူပံ - ငါ၏ ရုပ်သည်၊
ဧဝံ မာ အဟောသီ တိ - ဤသို့ အဆိုးကား မဖြစ်ပါစေလင့်ဟု စီမံခန့်ခွဲခြင်းကို၊
ရူပေ - ရုပ်၌၊
န စ လဗ္ဘတိ - မရအပ် မရနိုင်ပဲ ရှိချေသည်။
ခံစားတဲ့ဝေဒနာဟာ အတ္တကောင်မဟုတ်
ဝေဒနာ ဘိက္ခေ၀ အနတ္တာ၊
ဘိက္ခေ၀ - ရဟန်းတို့၊
ဝေဒနာ - ခံစားမှု ဝေဒနာသည်၊
အနတ္တာ - အတ္တကောင် မဟုတ်။
ဝေဒနာကို အတ္တမဟုတ်ဟု သိရန် အကြောင်းပြစကား
ဝေဒနာ စ ဟိဒံ ဘိက္ေ၀ အတ္တာ အဘဝိဿ၊ နယိဒံ ဝေဒနာ အာဗာဓာယ သံဝတ္တေယျ၊ လဗ္ဘေထ စ ဝေဒနာယ “ဧဝံ မေ ဝေဒနာ ဟောတု၊ ဧဝံ မေ ဝေဒနာ မာ အဟောသီ” တိ။
စ ဟိ - ဝေဒနာဟာ အတ္တမဟုတ်ဟု သိရန်အကြောင်းကို ဆက်၍ဖော်ပြရလျှင်၊
ဘိက္ခေ၀ - ရဟန်းတို့၊
ဣဒံ ဝေဒနာ - ဤ ခံစားမှု ဝေဒနာသည်၊
အတ္တာ - မိမိ၏ အတွင်းသား အတ္တကောင်သည်၊
အဘဝိဿ - အကယ်၍ ဖြစ်ငြားအံ့၊
(ဧဝံ သတိ - သို့ ဖြစ်လျှင်၊)
ဣဒံ ဝေဒနာ - ဤ ခံစားမှု ဝေဒနာသည်၊
အာဗာဓာယ - နှိပ်စက်ရန် အလို့ငှာ၊
န သံဝတ္တေယျ - မဖြစ်တန် လေရာ၊
စ - ထို့ပြင်လဲ၊
မေ ဝေဒနာ - ငါ၏ ခံစားမှု ဝေဒနာသည်၊
ဧဝံ ဟောတု - ဤသို့ အကောင်းချည်း ဖြစ်ပါစေ၊
မေ ဝေဒနာ - မိမိ၏ ခံစားမှု ဝေဒနာသည်၊
ဧဝံ မာ အဟောသိ - ဤသို့ အဆိုးကား မဖြစ်ပါစေလင့်၊
ဣတိ - ဤသို့ စီမံခန့်ခွဲခြင်းကို၊
ဝေဒနာယ - ခံစားမှု ဝေဒနာ၌၊
လဗ္ဘေထာ - ရအပ်ရာ ရနိုင်ရာ၏။
ဝေဒနာသည် အတ္တ မဟုတ်ပုံကို တည့်တည့်အကြောင်းပြချက်
ယသ္မာ စ ခေါ ဘိက္ခဝေ ဝေဒနာ အနတ္တာ၊ တသ္မာ ဝေဒနာ အာဗာဓာယ သံဝတ္တတိ၊ န စ လဗ္ဘတိ ဝေဒနာယ “ဧဝံ မေ ဝေဒနာ ဟောတု၊ ဧဝံ မေ ဝေဒနာ မာ အဟောသီ” တိ။
ဘိက္ခေ၀ - ရဟန်းတို့၊
စ - စင်စစ် မုချအားဖြင့်သော်ကား၊
ဝေဒနာ - ခံစားမှု ဝေဒနာသည်၊
ယသ္မာ - အကြင်ကြောင့်၊
အနတ္တာ - (အတွင်းသား အထည်ကိုယ်) အတ္တကောင် မဟုတ်ချေ။
တသ္မာ - ထိုသို့ အတ္တကောင် မဟုတ်သောကြောင့်၊
ဝေဒနာ - ခံစားမှု ဝေဒနာသည်၊
အာဗာဓာယ - နှိပ်စက်ရန် အလို့ငှာ။
သံဝတ္တတိ - ဖြစ်နေချေ၏။
စ - ထို့ပြင်လည်း၊
မေ ဝေဒနာ - ငါ၏ ဝေဒနာသည်၊
ဧဝံ ဟောတု - ဤသို့ အကောင်းချည်း ဖြစ်ပါစေ၊
မေ ဝေဒနာ - ငါ၏ ဝေဒနာသည်၊
ဧဝံ မာ အဟောသီ တိ - ဤသို့ အဆိုးကား မဖြစ်ပါစေလင့်ဟု စီမံခန့်ခွဲခြင်းကိုလည်း၊
ဝေဒနာ - ဝေဒနာ၌၊
န စ လဗ္ဘတိ - မရအပ် မရနိုင်ပဲ ရှိချေသည်။
မှတ်သားတဲ့သညာဟာ အတ္တကောင်မဟုတ်
သညာ ဘိက္ခေ၀ အနတ္တာ၊
ဘိက္ခေ၀ - ရဟန်းတို့၊
သညာ - မှတ်သားမှု သညာသည်၊
အနတ္တာ - အတ္တကောင် မဟုတ်၊
သညာကို အတ္တမဟုတ်ဟု သိရန် အကြောင်းပြစကား
သညာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ သညာ အာဗာဓာယ သံဝတ္တေယျ။ လဗ္ဘေထ စ သညာယ ဧဝံ မေ သညာ ဟောတု၊ ဧဝံ မေ သညာ မာ အဟောသီ တိ။
စ ဟိ - သညာဟာ အတ္တမဟုတ်ဟု သိရန်အကြောင်းကို ဆက်၍ဖော်ပြရလျှင်၊
ဘိက္ခေ၀ - ရဟန်းတို့၊
ဣဒံ သညာ - ဤ မှတ်သားမှု သညာသည်၊
အတ္တာ - မိမိ၏ အတွင်းသား အတ္တကောင်သည်၊
အဘဝိဿ - အကယ်၍ ဖြစ်ငြားအံ့၊
(ဧဝံ သတိ - သို့ ဖြစ်လျှင်၊)
ဣဒံ သညာ - ဤ မှတ်သားမှု သညာသည်၊
အာဗာဓာယ - နှိပ်စက်ရန် အလို့ငှာ၊
န သံဝတ္တေယျ - မဖြစ်တန် လေရာ၊
စ - ထို့ပြင်လဲ၊
မေ သညာ - ငါ၏ မှတ်သားမှု သညာသည်၊
ဧဝံ ဟောတု - ဤသို့ အကောင်းချည်း ဖြစ်ပါစေ၊
မေ သညာ - မိမိ၏ မှတ်သားမှု သညာသည်၊
ဧဝံ မာ အဟောသိ - ဤသို့ အဆိုးကား မဖြစ်ပါစေလင့်၊
ဣတိ - ဤသို့ စီမံခန့်ခွဲခြင်းကို၊
သညာယ - မှတ်သားမှု သညာ၌၊
လဗ္ဘေထာ - ရအပ်ရာ ရနိုင်ရာ၏။
သညာသည် အတ္တ မဟုတ်ပုံကို တည့်တည့်အကြောင်းပြချက်
ယသ္မာ စ ခေါ ဘိက္ခဝေ သညာ အနတ္တာ၊ တသ္မာ သညာ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ သညာယ ဧဝံ မေ သညာ ဟောတု၊ ဧဝံ မေ သညာ မာ အဟောသီ တိ။
ဘိက္ခေ၀ - ရဟန်းတို့၊
စ - စင်စစ် မုချအားဖြင့်သော်ကား၊
သညာ - မှတ်သားမှု သညာသည်၊
ယသ္မာ - အကြင့်ကြောင့်၊
အနတ္တာ - (အတွင်းသား အထည်ကိုယ်) အတ္တကောင် မဟုတ်ချေ။
တသ္မာ - ထိုသို့ အတ္တကောင် မဟုတ်သောကြောင့်၊
သညာ - မှတ်သားမှု သညာသည်၊
အာဗာဓာယ - နှိပ်စက်ရန် အလို့ငှာ၊
သံဝတ္တတိ - ဖြစ်နေချေ၏။
စ - ထို့ပြင်လည်း၊
မေ သညာ - ငါ၏ သညာသည်၊
ဧဝံ ဟောတု - ဤသို့ အကောင်းချည်း ဖြစ်ပါစေ၊
မေ သညာ - ငါ၏ သညာသည်၊
ဧဝံ မာ အဟောသီ တိ - ဤသို့ အဆိုးကား မဖြစ်ပါစေလင့်ဟု၊
ဣတိ - စီမံခန့်ခွဲခြင်းကို၊
သညာ - မှတ်သားမှု သညာ၌၊
န စ လဗ္ဘတိ - မရအပ် မရနိုင်ပဲ ရှိချေသည်။
ပြုလုပ်တတ်တဲ့ သင်္ခါရတွေဟာ အတ္တကောင် မဟုတ်
သင်္ခါရာ ဘိက္ခေ၀ အနတ္တာ၊
ဘိက္ခေ၀ - ရဟန်းတို့၊
သင်္ခါရာ - ပြုပြင် အားထုတ်မှု သင်္ခါရတို့သည်၊
အနတ္တာ - အတ္တကောင် မဟုတ်ကုန်၊
သင်္ခါရတို့ကို အတ္တမဟုတ်ဟု သိရန် အကြောင်းပြချက်
သင်္ခါရာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿံသု၊ နယိဒံ သင်္ခါရာ အာဗာဓာယ သံဝတ္တေယျုံ။ လဗ္ဘေထ စ သင်္ခါရေသု ဧဝံ မေ သင်္ခါရာ ဟောန္တု၊ ဧဝံ မေ သင်္ခါရာ မာ အဟေသုန္တိ။
စ ဟိ - သင်္ခါရတို့ဟာ အတ္တမဟုတ်ဟု သိရန်အကြောင်းကို ဆက်၍ဖော်ပြရလျှင်၊
ဘိက္ခေ၀ - ရဟန်းတို့၊
ဣဒံ သင်္ခါရာ - ဤ ပြုလုပ်မှု သင်္ခါရတို့သည်၊
အတ္တာ - မိမိ၏ အတွင်းသား အတ္တကောင်သည်၊
အဘဝိဿံသု - အကယ်၍ ဖြစ်ငြားအံ့၊
(ဧဝံ သန္တေသု - သို့ ဖြစ်ကြပါမူ၊)
ဣဒံ သင်္ခါရာ - ဤ ပြုလုပ်မှု သင်္ခါရတို့သည်၊
အာဗာဓာယ - နှိပ်စက်ရန် အလို့ငှာ၊
န သံဝတ္တေယျုံ - မဖြစ်ကြတန် လေရာ၊
စ - ထို့ပြင်လဲ၊
မေ သင်္ခါရာ - ငါ၏ ပြုလုပ်မှု သင်္ခါရတို့သည်၊
ဧဝံ ဟောန္တု - ဤသို့ အကောင်းချည်း ဖြစ်ကြပါစေ၊
မေ သင်္ခါရာ - မိမိ၏ ပြုလုပ်မှု သင်္ခါရတို့သည်၊
ဧဝံ မာ အဟေသုံ - ဤသို့ အဆိုးကား မဖြစ်ကြပါစေလင့်၊
ဣတိ - ဤသို့ စီမံခန့်ခွဲခြင်းကို၊
သင်္ခါရေသု - ပြုလုပ်မှု သင်္ခါရတို့၌၊
လဗ္ဘေထာ - ရအပ်ရာ ရနိုင်ရာ၏။
အတ္တ မဟုတ်ပုံကို တည့်တည့်အကြောင်းပြချက်
ယသ္မာ စ ခေါ ဘိက္ခဝေ သင်္ခါရာ အနတ္တာ၊ တသ္မာ သင်္ခါရာ အာဗာဓာယ သံဝတ္တန္တိ။ န စ လဗ္ဘတိ သင်္ခါရေသု ဧဝံ မေ သင်္ခါရာ ဟောန္တု၊ ဧဝံ မေ သင်္ခါရာ မာ အဟေသုန္တိ။
ဘိက္ခေ၀ - ရဟန်းတို့၊
စ - စင်စစ် မုချအားဖြင့်သော်ကား၊
သင်္ခါရာ - ပြုလုပ်မှု သင်္ခါရတို့သည်၊
ယသ္မာ - အကြင့်ကြောင့်၊
အနတ္တာ - (အတွင်းသား အထည်ကိုယ်) အတ္တကောင် မဟုတ်ချေ။
တသ္မာ - ထိုသို့ အတ္တကောင် မဟုတ်သောကြောင့်၊
သင်္ခါရာ - ပြုလုပ်မှု သင်္ခါရတို့သည်၊
အာဗာဓာယ - နှိပ်စက်ရန် အလို့ငှာ၊
သံဝတ္တန္တိ - ဖြစ်နေကြချေ၏။
စ - ထို့ပြင်လည်း၊
မေ သင်္ခါရာ - ငါ၏ ပြုလုပ်မှု သင်္ခါရတို့သည်၊
ဧဝံ ဟောန္တု - ဤသို့ အကောင်းချည်း ဖြစ်ကြပါစေ၊
မေ သင်္ခါရာ - ငါ၏ ပြုလုပ်မှု သင်္ခါရတို့သည်၊
ဧဝံ မာ အဟေသုံ - ဤသို့ အဆိုးကား မဖြစ်ကြပါစေလင့်ဟု၊
ဣတိ - စီမံခန့်ခွဲခြင်းကို၊
သင်္ခါရေသု - ပြုလုပ်မှု သင်္ခါရတို့၌၊
န လဗ္ဘတိ - မရအပ် မရနိုင်ပဲ ရှိချေသည်။
စိတ်ဝိညာဏ် အတ္တကောင်မဟုတ်
ဝိညာဏံ ဘိက္ခေ၀ အနတ္တာ၊
ဘိက္ခေ၀ - ရဟန်းတို့၊
ဝိညာဏံ - စိတ်ဝိညာဏ်သည်၊
အနတ္တာ - အတ္တကောင် မဟုတ်၊
ဝိညာဏ်ကို အတ္တမဟုတ်ဟု သိရန် အကြောင်းပြစကား
ဝိညာဏဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ဝိညာဏံ အာဗာဓာယ သံဝတ္တေယျ။ လဗ္ဘေထ စ ဝိညာဏေ “ဧဝံ မေ ဝိညာဏံ ဟောတု၊ ဧဝံ မေ ဝိညာဏံ မာ အဟောသီ” တိ။
စ ဟိ - ဝိညာဏ်သည် အတ္တမဟုတ်ဟု သိရန်အကြောင်းကို ဆက်၍ ဖော်ပြရလျှင်၊
ဘိက္ခေ၀ - ရဟန်းတို့၊
ဣဒံ ဝိညာဏံ - ဤ သိမှု စိတ်ဝိညာဏ်သည်၊
အတ္တာ - မိမိ၏ အတွင်းသား အတ္တကောင်သည်၊
အဘဝိဿ - အကယ်၍ ဖြစ်ငြားအံ့၊
(ဧဝံ သတိ - သို့ ဖြစ်လျှင်၊)
ဣဒံ ဝိညာဏံ - ဤ စိတ်ဝိညာဏ်သည်၊
အာဗာဓာယ - နှိပ်စက်ရန် အလို့ငှာ၊
န သံဝတ္တေယျ - မဖြစ်တန် လေရာ၊
စ - ထို့ပြင်လဲ၊
မေ ဝိညာဏံ - ငါ၏ စိတ်ဝိညာဏ်သည်၊
ဧဝံ ဟောတု - ဤသို့ အကောင်းချည်း ဖြစ်ပါစေ၊
မေ ဝိညာဏံ - မိမိ၏ စိတ်ဝိညာဏ်သည်၊
ဧဝံ မာ အဟောသိ - ဤသို့ အဆိုးကား မဖြစ်ပါစေလင့်၊
ဣတိ - ဤသို့ စီမံခန့်ခွဲခြင်းကို၊
ဝိညာဏေ - စိတ်ဝိညာဏ်၌၊
လဗ္ဘေထာ - ရအပ်ရာ ရနိုင်ရာ၏။
အတ္တ မဟုတ်ပုံကို တည့်တည့်အကြောင်းပြချက်
ယသ္မာ စ ခေါ ဘိက္ခဝေ ဝိညာဏံ အနတ္တာ၊ တသ္မာ ဝိညာဏံ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ ဝိညာဏေ “ဧဝံ မေ ဝိညာဏံ ဟောတု၊ ဧဝံ မေ ဝိညာဏံ မာ အဟောသီ” တိ။
ဘိက္ခေ၀ - ရဟန်းတို့၊
စ - စင်စစ် မုချအားဖြင့်သော်ကား၊
ဝိညာဏံ - စိတ်ဝိညာဏ်သည်၊
ယသ္မာ - အကြင်ကြောင့်၊
အနတ္တာ - (အတွင်းသား အထည်ကိုယ်) အတ္တကောင် မဟုတ်ချေ။
ตသ္မာ - ထိုသို့ အတ္တကောင် မဟုတ်သောကြောင့်၊
ဝိညာဏံ - စိတ်ဝိညာဏ်သည်၊
အာဗာဓာယ - နှိပ်စက်ရန် အလို့ငှာ။
သံဝတ္တတိ - ဖြစ်နေချေ၏။
စ - ထို့ပြင်လည်း၊
မေ ဝိညာဏံ - ငါ၏ စိတ်ဝိညာဏ်သည်၊
ဧဝံ ဟောတု - ဤသို့ အကောင်းချည်း ဖြစ်ပါစေ၊
မေ ဝိညာဏံ - ငါ၏ စိတ်ဝိညာဏ်သည်၊
ဧဝံ မာ အဟောသိ - ဤသို့ အဆိုးကား မဖြစ်ပါစေလင့်၊
ဣတိ - ဤသို့ စီမံခန့်ခွဲခြင်းကို၊
ဝိညာဏေ - စိတ်ဝိညာဏ်၌၊
န စ လဗ္ဘတိ - မရအပ် မရနိုင်ပဲ ရှိချေသည်။
လက္ခဏာသုံးပါးလုံး ပြဆိုချက် (ဒုတိယပိုင်း၊ မြဲ မမြဲစသည် အမေး အဖြေ)
တံ ကိံ မညထ ဘိက္ခဝေ၊ ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါ တိ။ အနိစ်စံ ဘန်တေ။ ယံ ပနာ နိစ်စံ၊ ဒုက်ခံ ဝါ တံ သုခံ ဝါ တိ။ ဒုက်ခံ ဘန်တေ။ ယံ ပနာ နိစ္စံ ဒုက္ခံ ဝိပရိဏာမ ဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသော ဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။
ဘိက္ခဝေ - ရဟန်းတို့၊
တံ - ထိုအရာကို၊
ဝါ - ယခု မေးမည့် အကြောင်းအရာကို၊
ကိံ မညထ - အဘယ်သို့ ထင်ကြသလဲ?
ရူပံ - ရုပ်သည်၊
နိစ္စံ ဝါ - မြဲသလော၊
အနိစ္စံ ဝါ - မမြဲသလော၊
ဣတိ - ဤသို့ မေးတော်မူ၏။
အနိစ္စံ ဘန္တေ - မမြဲပါ အရှင်ဘုရား။
ပန - ထို့ပြင်၊
ယံ - အကြင်တရားသည်၊
နိစ္စံ - မမြဲ၊
တံ - ထို မမြဲသော တရားသည်၊
ဒုက္ခံ ဝါ - ဆင်းရဲလော၊
သုခံ ဝါ - ချမ်းသာလော?
ဣတိ - ဤသို့ မေးတော်မူ၏။
ဒုက္ခံ ဘန္တေ - ဆင်းရဲပါ အရှင်ဘုရား။
ပန - ထိုမှ တပါး၊
ယံ - အကြင်တရားသည်၊
အနိစ္စံ - မမြဲ၊
ဒုက္ခံ - ဆင်းရဲတည်း။
ဝိပရိဏာမ ဓမ္မံ - ပြောင်းလဲဖောက်ပြန်ခြင်း သဘောရှိ၏။
တံ - ထို မမြဲ ဆင်းရဲ ပြောင်းလဲဖောက်ပြန်တတ်သော တရားကို၊
ဧတံ မမ - ဤအရာဟာ ငါ့ဥစ္စာ၊
ဧသော အဟံ အသ္မိ - ဤအရာဟာ ငါဖြစ်သည်။
ဧသော မေ အတ္တာ တိ - ဤ အရာဟာ ငါ့အတ္တ ဟူ၍၊
သမနုပဿိတုံ - ရှုမြင်ထင်မှတ်ခြင်းငှာ၊
ကလ္လံ နု - ထိုက်တန် သင့်လျော်ပါမည်လော?
ဣတိ - ဤသို့ မေးတော်မူ၏။
နော ဟေတံ ဘန္တေ - ထိုသို့ ရှုရန် မထိုက်တန် မသင့်လျော်ပါ ဘုရား။
ဝေဒနာမမြဲပုံ စသည် ပြဆိုချက်
ဝေဒနာ နိစ္စာ ဝါ အနိစ္စာ ဝါ တိ။ အနိစ်စာ ဘန်တေ။ ယံ ပနာ နိစ်စံ၊ ဒုက်ခံ ဝါ တံ သုခံ ဝါ တိ။ ဒုက်ခံ ဘန်တေ။ ယံ ပနာ နိစ္စံ ဒုက္ခံ ဝိပရိဏာမ ဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ “ဧတံ မမ၊ ဧသော ဟမသ္မိ၊ ဧသော မေ အတ္တာ” တိ။ နော ဟေတံ ဘန္တေ။
ဝေဒနာ - ခံစားမှု ဝေဒနာသည်၊
နိစ္စာ ဝါ - မြဲသလော၊
အနိစ္စာ ဝါ - မမြဲသလော၊
ဣတိ - ဤသို့ မေးတော်မူ၏။
အနိစ္စာ ဘန္တေ - မမြဲပါ အရှင်ဘုရား။
ပန - ထို့အပြင်၊
ယံ - အကြင်တရားသည်၊
အနိစ္စံ - မမြဲ၊
တံ - ထို မမြဲသောတရားသည်၊
ဒုက္ခံ ဝါ - ဆင်းရဲလော၊
သုခံ ဝါ - ချမ်းသာလော၊
ဣတိ - ဤသို့ မေးတော်မူ၏။
ဒုက္ခ့ ဘန္တေ - ဆင်းရဲပါ အရှင်ဘုရား။
ပန - ထိုမှ တပါး၊
ယံ - အကြင်တရားသည်၊
အနိစ္စံ - မမြဲ၊
ဒုက္ခံ - ဆင်းရဲတည်း။
ဝိပရိဏာမ ဓမ္မံ - ပြောင်းလဲဖောက်ပြန်ခြင်း သဘောရှိ၏။
တံ - ထို မမြဲ ဆင်းရဲ ပြောင်းလဲဖောက်ပြန်တတ်သော တရားကို၊
ဧတံ မမ - ဤအရာဟာ ငါ့ဥစ္စာ၊
ဧသော အဟံ အသ္မိ - ဤအရာဟာ ငါဖြစ်သည်။
ဧသော မေ အတ္တာ တိ - ဤ အရာဟာ ငါ့အတ္တ ဟူ၍၊
သမနုပဿိတုံ - ရှုမြင်ထင်မှတ်ခြင်းငှာ၊
ကလ္လံ နု - ထိုက်တန် သင့်လျော်ပါမည်လော?
ဣတိ - ဤသို့ မေးတော်မူ၏။
နော ဟေတံ ဘန္တေ - ထိုသို့ ရှုရန် မထိုက်တန် မသင့်လျော်ပါ အရှင်ဘုရား။
သညာမမြဲပုံ စသည်ကို ပြဆိုချက်
သညာ နိစ္စာ ဝါ အနိစ္စာ ဝါ တိ။ အနိစ်စာ ဘန်တေ။ ယံ ပနာ နိစ်စံ၊ ဒုက်ခံ ဝါ တံ သုခံ ဝါ တိ။ ဒုက်ခံ ဘန်တေ။ ယံ ပနာ နိစ္စံ ဒုက္ခံ ဝိပရိဏာမ ဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ“ဧတံ မမ၊ ဧသော ဟမသ္မိ၊ ဧသော မေ အတ္တာ” တိ။ နော ဟေတံ ဘန္တေ။
သညာ - မှတ်သားမှု သညာသည်၊
နိစ္စာ ဝါ - မြဲသလော၊
အနိစ္စာ ဝါ - မမြဲသလော၊
ဣတိ - ဤသို့ မေးတော်မူ၏။
အနိစ္စာ ဘန္တေ - မမြဲပါ အရှင်ဘုရား။
ပန - ထို့အပြင်၊
ယံ - အကြင်တရားသည်၊
အနိစ္စံ - မမြဲ၊
တံ - ထို မမြဲသောတရားသည်၊
ဒုက္ခံ ဝါ - ဆင်းရဲလော၊
သုခံ ဝါ - ချမ်းသာလော၊
ဣတိ - ဤသို့ မေးတော်မူ၏။
ဒုက္ခံ ဘန္တေ - ဆင်းရဲပါ အရှင်ဘုရား။
ပန - ထိုမှ တပါး၊
ယံ - အကြင်တရားသည်၊
အနိစ္စံ - မမြဲ၊
ဒုက္ခံ - ဆင်းရဲတည်း။
ဝိပရိဏာမ ဓမ္မံ - ပြောင်းလဲဖောက်ပြန်ခြင်း သဘောရှိ၏။
တံ - ထိုမမြဲ ဆင်းရဲ ပြောင်းလဲဖောက်ပြန်တတ်သော တရားကို၊
ဧတံ မမ - ဤအရာဟာ ငါ့ဥစ္စာ၊
ဧသော အဟံ အသ္မိ - ဤအရာဟာ ငါဖြစ်သည်။
ဧသော မေ အတ္တာ တိ - ဤ အရာဟာ ငါ့အတ္တ ဟူ၍၊
သမနုပဿိတုံ - ရှုမြင်ထင်မှတ်ခြင်းငှာ၊
ကလ္လံ နု - ထိုက်တန် သင့်လျော်ပါမည်လော?
ဣတိ - ဤသို့ မေးတော်မူ၏။
နော ဟေတံ ဘန္တေ - ထိုသို့ ရှုရန် မထိုက်တန် မသင့်လျော်ပါ အရှင်ဘုရား။
ပြုလုပ်မှုသင်္ခါရတို့ မမြဲပုံစသည်ကို ပြဆိုချက်
သင်္ခါရာ နိစ္စာ ဝါ အနိစ္စာ ဝါ တိ။ အနိစ်စာ ဘန်တေ။ ယံ ပနာ နိစ်စံ၊ ဒုက်ခံ ဝါ တံ သုခံ ဝါ တိ။ ဒုက်ခံ ဘန်တေ။ ယံ ပနာ နိစ္စံ ဒုက္ခံ ဝိပရိဏာမ ဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသော ဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။
သင်္ခါရာ - ပြုလုပ် အားထုတ်မှု သင်္ခါရတို့သည်၊
နိစ္စာ ဝါ - မြဲသလော၊
အနိစ္စာ ဝါ - မမြဲသလော၊
ဣတိ - ဤသို့ မေးတော်မူ၏။
အနိစ္စာ ဘန္တေ - မမြဲပါ အရှင်ဘုရား။
ပန - ထို့အပြင်၊
ယံ - အကြင်တရားသည်၊
အနိစ္စံ - မမြဲ၊
တံ - ထို မမြဲသောတရားသည်၊
ဒုက္ခံ ဝါ - ဆင်းရဲလော၊
သုခံ ဝါ - ချမ်းသာလော၊
ဣတိ - ဤသို့ မေးတော်မူ၏။
ဒုက္ခံ ဘန္တေ - ဆင်းရဲပါ အရှင်ဘုရား။
ပန - ထိုမှ တပါး၊
ယံ - အကြင်တရားသည်၊
အနိစ္စံ - မမြဲ၊
ဒုက္ခံ - ဆင်းရဲတည်း။
ဝိပရိဏာမ ဓမ္မံ - ပြောင်းလဲဖောက်ပြန်ခြင်း သဘောရှိ၏။
တံ - ထိုမမြဲ ဆင်းရဲ ပြောင်းလဲဖောက်ပြန်တတ်သော တရားကို၊
ဧတံ မမ - ဤအရာဟာ ငါ့ဥစ္စာ၊
ဧသော အဟံ အသ္မိ - ဤအရာဟာ ငါဖြစ်သည်။
ဧသော မေ အတ္တာ တိ - ဤ အရာဟာ ငါ့အတ္တ ဟူ၍၊
သမနုပဿိတုံ - ရှုမြင်ထင်မှတ်ခြင်းငှာ၊
ကလ္လံ နု - ထိုက်တန် သင့်လျော်ပါမည်လော?
ဣတိ - ဤသို့ မေးတော်မူ၏။
နော ဟေတံ ဘန္တေ - ထိုသို့ ရှုရန် မထိုက်တန် မသင့်လျော်ပါ အရှင်ဘုရား။
စိတ်ဝိညာဏ် မမြဲပုံစသည်ကို ပြဆိုချက်
ဝိညာဏံ နိစ္စံဝါ အနိစ္စံဝါတိ။ အနိစ်စံ ဘန်တေ။ ယံ ပနာ နိစ်စံ၊ ဒုက်ခံ ဝါ တံ သုခံဝါတိ။ ဒုက်ခံ ဘန်တေ။ ယံ ပနာ နိစ္စံ ဒုက္ခံ ဝိပရိဏာမ ဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသော ဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။
ဝိညာဏံ - စိတ် ဝိညာဏ်သည်၊
နိစ္စာ ဝါ - မြဲသလော၊
အနိစ္စာ ဝါ - မမြဲသလော၊
ဣတိ - ဤသို့ မေးတော်မူ၏။
အနိစ္စာ ဘန္တေ - မမြဲပါ အရှင်ဘုရား။
ပန - ထို့ပြင်၊
ယံ - အကြင်တရားသည်၊
အနိစ္စံ - မမြဲ၊
တံ - ထို မမြဲသောတရားသည်၊
ဒုက္ခံ ဝါ - ဆင်းရဲလော၊
သုခံ ဝါ - ချမ်းသာလော၊
ဣတိ - ဤသို့ မေးတော်မူ၏။
ဒုက္ခံ ဘန္တေ - ဆင်းရဲပါ အရှင်ဘုရား။
ပန - ထိုမှ တပါး၊
ယံ - အကြင်တရားသည်၊
အနိစ္စံ - မမြဲ၊
ဒုက္ခံ - ဆင်းရဲတည်း။
ဝိပရိဏာမ ဓမ္မံ - ပြောင်းလဲဖောက်ပြန်ခြင်း သဘောရှိ၏။
တံ - ထိုမမြဲ ဆင်းရဲ ပြောင်းလဲဖောက်ပြန်တတ်သော တရားကို၊
ဧတံ မမ - ဤအရာဟာ ငါ့ဥစ္စာ၊
ဧသော အဟံ အသ္မိ - ဤအရာဟာ ငါဖြစ်သည်။
ဧသော မေ အတ္တာ တိ - ဤ အရာဟာ ငါ့အတ္တ ဟူ၍၊
သမနုပဿိတုံ - ရှုမြင်ထင်မှတ်ခြင်းငှာ၊
ကလ္လံ နု - ထိုက်တန် သင့်လျော်ပါမည်လော?
ဣတိ - ဤသို့ မေးတော်မူ၏။
နော ဟေတံ ဘန္တေ - ထိုသို့ ရှုရန် မထိုက်တန် မသင့်လျော်ပါ အရှင်ဘုရား။
အစွဲ ၃-ပါး ကင်းအောင် ရှုပုံများ
(တတိယပိုင်း၊ ၁၁-ပါးခွဲခြား၍ ငါ့ဟာမဟုတ် စသည် ရှုရန်ပြသည်)
(၁) ရုပ်ကို ရှုပုံ
တသ္မာ တိဟ ဘိက္ခဝေ ယံကိဉ္စိ ရူပံ အတီတာ နာဂတ ပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ, သြဠာရိကံဝါ သုခုမံ ဝါ, ဟီနံဝါ ပဏီတံ ဝါ, ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ “နေတံ မမ၊ နေသော ဟမသ္မိ၊ န မေသော အတ္တာ” တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
ဘိက္ခဝေ - ရဟန်းတို့၊
တသ္မာ - ထိုသို့ ရှုမြင်ထင်မှတ်ရန် မသင့်သောကြောင့်၊
ဣဟ - ဤလောက၌၊
အတီတာ နာဂတ ပစ္စုပ္ပန္နံ - အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော၊
ယံ ကိဉ္စိ ရူပံ - အမှတ်မရှိ အလုံးစုံသော ရုပ်သည်၊
အတ္ထိ - ရှိ၏။
အဇ္ဈတ္တံ ဝါ - ကိုယ်တွင်းရုပ် ဖြစ်စေ၊
ဗဟိဒ္ဓါ ဝါ - ကိုယ်ပရုပ် ဖြစ်စေ၊
သြဠာရိကံ ဝါ - ရုပ်ကြမ်း ဖြစ်စေ၊
သုခုမံ ဝါ - ရုပ်နု ဖြစ်စေ၊
ဟီနံ ဝါ - ရုပ်ညံ့ ဖြစ်စေ၊
ပဏီတံ ဝါ - ရုပ်ကောင်း ဖြစ်စေ၊
ဒူရေ ဝါ - အဝေးရုပ် ဖြစ်စေ၊
သန္တိကေ ဝါ - အနီးရုပ် ဖြစ်စေ၊
ယံ - အကြင် ရုပ်သည်၊
အတ္ထိ - ရှိ၏။
သဗ္ဗံ တံ ရူပံ - ထို အလုံးစုံသော ရုပ်ကို၊
နေတံ မမ - ဤအရာသည် ငါ့ဥစ္စာမဟုတ်၊
န ဧသော အဟံ အသ္မိ - ဤအရာသည် ငါမဟုတ်၊
န မေဧသော အတ္တာတိ - ဤအရာသည် ငါ့အတ္တမဟုတ် ဟူ၍၊
ဧဝံ - ဤသို့၊
ဧတံ - မမြဲ ဆင်းရဲ ပြောင်းလဲဖောက်ပြန်တတ်သော ဤရုပ်ကို၊
ယထာဘူတံ - ဟုတ်တိုင်းမှန်စွာ၊
သမ္မပ္ပညာယ - မှန်စွာသိသော ဝိပဿနာပညာ အရိယမဂ် ပညာဖြင့်၊
ဒဋ္ဌဗ္ဗံ - ရှုမြင်အပ်၏။
ဝါ - ရှုမြင်နိုင်အောင် အားထုတ်ရမည်။
(၂) ဝေဒနာကို ၁၁-ပါး အပြားဖြင့် ဝေဘန်၍ ရှုပုံ
ယာကာစိ ဝေဒနာ အတီတာ နာဂတ ပစ္စုပ္ပန္နာ, အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ, သြဠာရိကာ ဝါ သုခုမာ ဝါ, ဟီနာ ဝါ ပဏီတာ ဝါ, ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ ဝေဒနာ “နေတံ မမ၊ နေသော ဟမသ္မိ၊ န မေသော အတ္တာ” တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
အတီတာ နာဂတ ပစ္စုပ္ပန္နံ - အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော၊
ယာ ကာစိ ဝေဒနာ - အမှတ်မရှိ အလုံးစုံသော ဝေဒနာသည်၊
အတ္ထိ - ရှိ၏။
အဇ္ဈတ္တံ ဝါ - ကိုယ်တွင်းဝေဒနာ ဖြစ်စေ၊
ဗဟိဒ္ဓါ ဝါ - ကိုယ်ပဝေဒနာ ဖြစ်စေ၊
သြဠာရိကံ ဝါ - ဝေဒနာကြမ်း ဖြစ်စေ၊
သုခုမံ ဝါ - ဝေဒနာနု ဖြစ်စေ၊
ဟီနံ ဝါ - ဝေဒနာညံ့ ဖြစ်စေ၊
ပဏီတံ ဝါ - ဝေဒနာကောင်း ဖြစ်စေ၊
ဒူရေ ဝါ - အဝေးကဝေဒနာ ဖြစ်စေ၊
သန္တိကေ ဝါ - အနီးကဝေဒနာ ဖြစ်စေ၊
ယံ - အကြင် ဝေဒနာသည်၊
အတ္ထိ - ရှိ၏။
သဗ္ဗာ သာ ဝေဒနာ - ထို အလုံးစုံသော ဝေဒနာကို၊
နေတံ မမ - ဤအရာသည် ငါ့ဥစ္စာမဟုတ်၊
န ဧသော အဟံ အသ္မိ - ဤအရာသည် ငါမဟုတ်၊
န မေ ဧသော အတ္တာတိ - ဤအရာသည် ငါ့အတ္တမဟုတ် ဟူ၍၊
ဧဝံ - ဤသို့၊
ဧတံ - မမြဲ ဆင်းရဲ ပြောင်းလဲဖောက်ပြန်တတ်သော ဤဝေဒနာကို၊
ယထာဘူတံ - ဟုတ်တိုင်းမှန်စွာ၊
သမ္မပ္ပညာယ - မှန်စွာသိသော ဝိပဿနာပညာ အရိယမဂ် ပညာဖြင့်၊
ဒဋ္ဌဗ္ဗံ - ရှုမြင်အပ်၏။
ဝါ - ရှုမြင်နိုင်အောင် အားထုတ်ရမည်။
(၃) သညာကို ၁၁-ပါးအပြားဖြင့် ရှုပုံ
ယာကာစိ သညာ အတီတာ နာဂတ ပစ္စုပ္ပန္နာ, အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ, သြဠာရိကာ ဝါ သုခုမာ ဝါ, ဟီနာ ဝါ ပဏီတာ ဝါ, ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ သညာ နေတံ မမ၊ နေသော ဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
အတီတာ နာဂတ ပစ္စုပ္ပန္နံ - အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော၊
ယာ ကာစိ သညာ - အမှတ်မရှိ အလုံးစုံသော သညာသည်၊
အတ္ထိ - ရှိ၏။
အဇ္ဈတ္တံ ဝါ - ကိုယ်တွင်းသညာ ဖြစ်စေ၊
ဗဟိဒ္ဓါ ဝါ - ကိုယ်ပသညာ ဖြစ်စေ၊
သြဠာရိကံ ဝါ - သညာကြမ်း ဖြစ်စေ၊
သုခုမံ ဝါ - သညာနု ဖြစ်စေ၊
ဟီနံ ဝါ - သညာညံ့ ဖြစ်စေ၊
ပဏီတံ ဝါ - သညာကောင်း ဖြစ်စေ၊
ဒူရေ ဝါ - အဝေးက သညာ ဖြစ်စေ၊
သန္တိကေ ဝါ - အနီးက သညာ ဖြစ်စေ၊
ယာ - အကြင် သညာသည်၊
အတ္ထိ - ရှိ၏။
သဗ္ဗာ သာ သညာ - ထို အလုံးစုံသော သညာကို၊
နေတံ မမ - ဤအရာသည် ငါ့ဥစ္စာမဟုတ်၊
န ဧသော အဟံ အသ္မိ - ဤအရာသည် ငါမဟုတ်၊
န မေ ဧသော အတ္တာတိ - ဤအရာသည် ငါ့အတ္တမဟုတ် ဟူ၍၊
ဧဝံ - ဤသို့၊
ဧတံ - မမြဲ ဆင်းရဲ ပြောင်းလဲဖောက်ပြန်တတ်သော ဤသဘောကို၊
ယထာဘူတံ - ဟုတ်တိုင်းမှန်စွာ၊
သမ္မပ္ပညာယ - မှန်စွာသိသော ဝိပဿနာပညာ အရိယမဂ် ပညာဖြင့်၊
ဒဋ္ဌဗ္ဗံ - ရှုမြင်အပ်၏။
ဝါ - ရှုမြင်နိုင်အောင် အားထုတ်ရမည်။
(၄) သင်္ခါရက္ခန္ဓာကို ၁၁-ပါး အပြားဖြင့် ဝေဘန်၍ ရှုပုံ
ယေကေစိ သင်္ခါရာ အတီတာ နာဂတ ပစ္စုပ္ပန္နာ, အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ, သြဠာရိကာ ဝါ သုခုမာ ဝါ, ဟီနာ ဝါ ပဏီတာ ဝါ, ယေ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗေ သင်္ခါရာ နေတံ မမ၊ နေသော ဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
အတီတာ နာဂတ ပစ္စုပ္ပန္နာ - အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်ကုန်သော၊
ယေ ကေစိ သင်္ခါရာ - အမှတ်မရှိ အလုံးစုံသော သင်္ခါရတို့သည်၊
သန္တိ - ရှိကုန်၏။
အဇ္ဈတ္တံ ဝါ - ကိုယ်တွင်းသင်္ခါရ ဖြစ်စေ၊
ဗဟိဒ္ဓါ ဝါ - ကိုယ်ပ သင်္ခါရဖြစ်စေ၊
သြဠာရိကာ ဝါ - သင်္ခါရကြမ်းများ ဖြစ်စေ၊
သုခုမာ ဝါ - သင်္ခါရနုများ ဖြစ်စေ၊
ဟီနာ ဝါ - သင်္ခါရညံ့များဖြစ်စေ၊
ပဏီတာ ဝါ - သင်္ခါရ အကောင်းများ ဖြစ်စေ၊
ဒူရေ ဝါ - အဝေးက သင်္ခါရများဖြစ်စေ၊
သန္တိကေ ဝါ - အနီးက သင်္ခါရများ ဖြစ်စေ၊
ယေ - အကြင် သင်္ခါရတို့သည်၊
သန္တိ - ရှိကုန်၏။
သဗ္ဗေ တေ သင်္ခါရာ - ထို အလုံးစုံသော သင်္ခါရတို့ကို၊
နေတံ မမ - ဤအရာသည် ငါ့ဥစ္စာမဟုတ်၊
န ဧသော အဟံ အသ္မိ - ဤအရာသည် ငါမဟုတ်၊
န မေ ဧသော အတ္တာတိ - ဤအရာသည် ငါ့အတ္တမဟုတ် ဟူ၍၊
ဧဝံ - ဤသို့၊
ဧတံ - မမြဲ ဆင်းရဲ ပြောင်းလဲဖောက်ပြန်တတ်သော ဤသဘောကို၊
ယထာဘူတံ - ဟုတ်တိုင်းမှန်စွာ၊
သမ္မပ္ပညာယ - မှန်စွာသိသော ဝိပဿနာပညာ အရိယမဂ် ပညာဖြင့်၊
ဒဋ္ဌဗ္ဗံ - ရှုမြင်အပ်၏။
ဝါ - ရှုမြင်နိုင်အောင် အားထုတ်ရမည်။
(၅) စိတ်ဝိညာဏ်ကို ၁၁-ပါး အပြားဖြင့် ဝေဘန်၍ ရှုပုံ
ယံ ကိဉ္စိ ဝိညာဏံ အတီတာ နာဂတ ပစ္စုပ္ပန္နံ၊ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ, သြဠာရိကံ ဝါ သုခုမံ ဝါ, ဟီနံ ဝါ ပဏီတံ ဝါ, ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ဝိညာဏံ နေတံ မမ၊ နေသော ဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
အတီတာ နာဂတ ပစ္စုပ္ပန္နံ - အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော၊
ယံ ကိဉ္စိ ဝိညာဏံ - အမှတ်မရှိ အလုံးစုံသော စိတ်ဝိညာဏ်သည်၊
အတ္ထိ - ရှိ၏။
အဇ္ဈတ္တံ ဝါ - ကိုယ်တွင်းစိတ် ဖြစ်စေ၊
ဗဟိဒ္ဓါ ဝါ - ကိုယ်ပစိတ် ဖြစ်စေ၊
သြဠာရိကံ ဝါ - စိတ်ကြမ်း ဖြစ်စေ၊
သုခုမံ ဝါ - စိတ်နု ဖြစ်စေ၊
ဟီနံ ဝါ - စိတ်ညံ့ ဖြစ်စေ၊
ပဏီတံ ဝါ - စိတ်ကောင်း ဖြစ်စေ၊
ဒူရေ ဝါ - အဝေးက စိတ် ဖြစ်စေ၊
သန္တိကေ ဝါ - အနီးက စိတ် ဖြစ်စေ၊
ယံ - အကြင် စိတ်ဝိညာဏ်သည်၊
အတ္ထီ - ရှိ၏။
သဗ္ဗံ တံ ဝိညာဏံ - ထို အလုံးစုံသော စိတ်ဝိညာဏ်ကို၊
နေတံ မမ - ဤအရာသည် ငါ့ဥစ္စာမဟုတ်၊
န ဧသော အဟံ အသ္မိ - ဤအရာသည် ငါမဟုတ်၊
န မေ ဧသော အတ္တာတိ - ဤအရာသည် ငါ့အတ္တမဟုတ် ဟူ၍၊
ဧဝံ - ဤသို့၊
ဧတံ - မမြဲ ဆင်းဲ ပြောင်းလဲဖောက်ပြန်တတ်သော ဤသဘောကို၊
ယထာဘူတံ - ဟုတ်တိုင်းမှန်စွာ၊
သမ္မပ္ပညာယ - မှန်စွာသိသော ဝိပဿနာပညာ အရိယမဂ် ပညာဖြင့်၊
ဒဋ္ဌဗ္ဗံ - ရှုမြင်အပ်၏။
ဝါ - ရှုမြင်နိုင်အောင် အားထုတ်ရမည်။
ဝိပဿနာ ဉာဏ်စဉ်တက်သွားပုံ
(စတုတ္ထ အဆုံးပိုင်း၊ ငြီးငွေ့ပုံ၊ မဂ်ဖိုလ်ဉာဏ်များ ဖြစ်ပုံ)
ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယ သာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊ သညာယပိ နိဗ္ဗိန္ဒတိ၊ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ၊ ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ။
ဘိက္ခဝေ - ရဟန်းတို့၊
ဧဝံ - ဤ ဆိုအပ်ခဲ့ပြီးသော အခြင်းအရာအားဖြင့်၊
ပဿံ - ပဿသန္တော - ရှုမြင်သော၊
သုတဝါ - အကြားအမြင်နှင့် ပြည့်စုံသော၊
အရိယ သာဝကော - မြတ်စွာဘုရား၏ တပည့်သားဖြစ်သော ပုဂ္ဂိုလ်သည်၊
ရူပသ္မိမ္ပိ - ရုပ်တရား၌လည်း၊
နိဗ္ဗိန္ဒတိ - မပျော်မမွေ့ ငြီးငွေ့လေတော့၏။
ဝေဒနာယပိ - ခံစားမှု ဝေဒနာ၌လည်း၊
နိဗ္ဗိန္ဒတိ - မပျော်မမွေ့ ငြီးငွေ့လေတော့၏။
သညာယပိ - မှတ်သားမှု သညာ၌လည်း၊
နိဗ္ဗိန္ဒတိ - မပျော်မမွေ့ ငြီးငွေ့လေတော့၏။
သင်္ခါရေသုပိ - ပြုပြင်အားထုတ်မှု သင်္ခါရတို့၌လည်း၊
နိဗ္ဗိန္ဒတိ - မပျော်မမွေ့ ငြီးငွေ့လေတော့၏။
ဝိညာဏသ္မိမ္ပိ - ကြံသိမှု စိတ်ဝိညာဏ်၌လည်း၊
နိဗ္ဗိန္ဒတိ - မပျော်မမွေ့ ငြီးငွေ့လေတော့၏။
ငြီးငွေ့ဉာဏ်ဖြစ်ပြီး အရိယမဂ်ဖိုလ်ဉာဏ်ဖြစ်ပုံ
နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ။ ဝိရာဂါ ဝိမုစ္စတိ။
နိဗ္ဗိန္ဒံ - နိဗ္ဗိန္ဒန္တော - ရုပ် ဝေဒနာ သညာ သင်္ခါရ စိတ်ဝိညာဏ်တို့၌ မပျော်မမွေ့ ငြီးငွေ့လတ်သော်၊
ဝိရဇ္ဇတိ - ယင်း ရုပ် နာမ်တို့၌ တပ်မက် ကင်းကာ အရိယမဂ်ဖြစ်လေတော့၏။
ဝိရာဂါ - တပ်မက် ကင်းကာ အရိယမဂ် ဖြစ်ခြင်းကြောင့်၊
ဝိမုစ္စတိ - အာသဝေါ ကိလေသာတို့မှ လွတ်မြောက်သွား လေတော့သည်။
ရဟန္တာမှာ ပစ္စဝေက္ခဏာဉာဏ်ဖြစ်ပုံ
ဝိမုတ္တသ္မိံ ဝိမုတ္တမီတိ ဉာဏံ ဟောတိ “ခီဏာ ဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ၊ နာပရံ ဣတ္ထတ္တာယာ” တိ ပဇာနာတိ။
ဝိမုတ္တသ္မိံ - လွတ်မြောက်လတ်သော်၊
ဝိမုတ္တမီတိ - ကိလေသာမှ စိတ်လွတ်သွားပြီဟု ဆင်ခြင်လျက်၊
ဉာဏံ ဟောတိ - အသိဉာဏ် ဖြစ်လေတော့သည်။
ခီဏာ ဇာတိ - ဘဝအသစ်ဖြစ်မှု ကုန်ပြီ။
ဝုသိတံ ဗြဟ္မစရိယံ - ရှုသိမှုဟူသော အကျင့်မြတ်ကို ကျင့်သုံးပြီးလေပြီ။
ကတံ ကရဏီယံ - သိသင့်သမျှသိအောင် ပြုမှုကိစ္စကို ပြုလေပြီ။
ဣတ္ထတ္တာယ - ဤ ကိစ္စအတွက်၊
အပရံ - အခြား ပြုဘွယ်သည်၊
န - မရှိတော့ပြီ။
ဣတိ - ဤသို့ ဆင်ခြင်လျက်၊
ပဇာနာတိ - သိနေတော့သည်။
(သံဂါယနာတင် မှတ်တမ်း)
ဣဒမဝေါစ ဘဂဝါ၊ အတ္တမနာ ပဉ္စဝဂ္ဂိယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုံ။ ဣမသ္မိံ စ ပန ဝေယျာ ကရဏသ္မိံ ဘညမာနေ ပဉ္စဝဂ္ဂိယာနံ ဘိက္ခူနံ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ဝိမုစ္စိံ သူတိ။
ဣဒံ - (ရူပံ ဘိက္ခေ၀ အနတ္တာ - ဟူသော စကားတော်မှ စ၍ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတိ-တိုင်အောင်) ဤ အနတ္တလက္ခဏသုတ် တရားတော်ကို၊
ဘဂဝါ - မြတ်စွာဘုရားသည်၊
အဝေါစ - ပဉ္စဝဂ္ဂီရဟန်းတော်တို့ ရဟန္တာဖြစ်ရေးအတွက် မိန့်မြွက်သောအားဖြင့် ဟောကြားတော် မူခဲ့ပါ သတည်း။
ပဉ္စဝဂ္ဂိယာ ဘိက္ခူ - ပဉ္စဝဂ္ဂီရဟန်းတော်တို့သည်၊
အတ္တမနာ - ဝမ်းမြောက် ရွှင်ပြုံးသည့် စိတ်နှလုံး ရှိကြကုန်လျက်၊
ဘဂဝတော ဘာသိတံ - မြတ်စွာဘုရား ဟောကြားသည့် စကားတော် ကို၊
အဘိနန္ဒုံ - နှစ်သက်အားရ သဘောကျသမှု သာဓုခေါ်ကာ ဝမ်းသာ ရွှင်ပျ လက်ခံတော် မူကြပါသတည်း။
စ ပန - မှတ်သားဘွယ် အထူးကား၊
ဣမသ္မိံ ဝေယျာ ကရဏသ္မိံ - ဤ အနတ္တလက္ခဏသုတ် တရားတော်ကို၊
ဘညမာနေ - ဟောနေစဉ်၊
(ဝါ - ဟောပြီး ခါစ၌)
ပဉ္စဝဂ္ဂိယာနံ ဘိက္ခူနံ - ပဉ္စဝဂ္ဂီ ရဟန်းတော်တို့၏၊
စိတ္တာနိ - စိတ်တို့သည်၊
အနုပါဒါယ - တစ်စုံတစ်ခုကိုမျှ မစွဲလမ်းကြမူ၍၊
အာသဝေဟိ - အာသဝေါတရား တို့မှ၊
ဝိမုစ္စိံ သု - လွတ်မြောက်တော် မူကြပါသတည်း။
ဣတိ - ဤတွင် နိဂုံးကမ္ပတ် အပြီးသတ်ပါသတည်း။
အနတ္တလက္ခဏသုတ္တံ နိဋ္ဌိတံ။
စာညွှန်း -
အနတ္တလက္ခဏသုတ် တရားတော် - မဟာစည်ဆရာတော်