အနတ္တလက္ခဏသုတ် တရားတော်
အမရပူရမြို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏
အနတ္တလက္ခဏသုတ် တရားတော်
သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသ ဥယျာဇဉ် ရေးသား၍ စိစစ်ပြုပြင် ပေးတော်မူသည်။
မာတိကာ
ပန်ကြားချက်
ကျမ်းဦးအမှာ
အရှင်ဝါသေဋ္ဌာဘိဝံသ၏ ဥယျာဇဉ်
အနတ္တလက္ခဏသုတ် တရားတော်(ပထမနေ့)
အနတ္တလက္ခဏသုတ် အချီနှင့် ပါဠိတော်
အနတ္တလက္ခဏသုတ် တရားတော်(ဒုတိယနေ့)
အနတ္တတရားကို လွယ်တယ် မထင်ကြနဲ့
အနတ္တလက္ခဏသုတ် တရားတော်(တတိယနေ့)
အနတ္တလက္ခဏသုတ် ရှင်းလင်းချက်
အနတ္တလက္ခဏသုတ် တရားတော်(စတုတ္ထနေ့)
ဉာဏ်မမီတော့ မှန်လျက်သားနဲ့ အသိခက်
ပန်ကြားချက်
အမရပူရမြို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ဓမ္မစကြာတရားတော်ကို ကျမ်းအဖြစ်သို့ ရောက်ရှိအောင် ရိုက်နှိပ် နေစဉ်မှာပင် ဆရာတော်၏ အနတ္တလက္ခဏသုတ် တရားတော်ကိုလည်း ဓမ္မစကြာတရားတော်နှင့် ပူးတွဲရိုက်နှိပ်ရန် ဝိုင်းဝန်း တိုက်တွန်းကြပါသည်။
ထို့ကြောင့် စာဖတ်လိုသူ အများလည်း အလိုပြည့်ဝ၍ ဟောတရားကို ဖတ်ကြား နာယူသောအခါလည်း အဆင်ပြေစေရန် ပရိတ်ကြီး နိဿယသစ်ကို ရေးသား တော်မူသော သပြေကန်ဆရာတော် အရှင် ဝါသေဋ္ဌာဘိဝံသအား တောင်းပန် လျှောက်ထား၍ အချိန်ရသမျှဖြင့် အသံဖမ်းကြိုးခွေမှ တရားတော်ကို ကိုယ်တိုင် နာယူပြီး စာဖတ်သူများ နာယူ သဘောပေါက်နိုင်အောင် ဆရာတော်ဘုရား ကိုယ်တော်တိုင် ပြုပြင်ပေးတော်မူပါသည်။
ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် တရားတော်နှစ်ခုအတွက် ကျမ်းဦးပဏာမ ဥယျာဇဉ်အနေဖြင့် ဂါထာသုံးပုဒ်စီလဲ ရေးသား ချီးမြှင့်တော်မူပါသည်။
စာဖတ်လေ့လာ နာယူကြသူများသည် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် တရားတော်ကို ဖတ်ရှုကြသောအခါ ဆရာတော် အရှင်ဇနကာဘိဝံသ၏ တရား ဟောပြနေပုံကို အာရုံပြု၍ ဟောတရား အနေဖြင့် အရသာပေါ်အောင် ဖတ်ရှုတော် မူကြစေလိုပါသည်။
ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏
အနတ္တလက္ခဏသုတ် တရားတော်
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ကျမ်းဦးအမှာ
၁၃၁၁ - ခု (သာသနာတော် - ၂၄၉၃) နှစ်က ဓမ္မစကြာတရား ဟောကြားပေးတော် မူပြီးနောက် တောင်မြို့ ဆရာတော်ဘုရားသည် တရားနာယူသူများအား တရားတော်ကို သိရှိလိုက်နာ ကျင့်သုံးကြ စေရန် ရည်ရွယ်၍ အနတ္တလက္ခဏသုတ် တရားတော်ကို ဟောတော် မူခဲ့ခြင်း ဖြစ်ပါသည်၊
ဓမ္မစကြာတရားတော် နာရသူ ဒကာဒကာမများသည် အနတ္တလက္ခဏသုတ် ကိုလည်း နာသင့်သည်။ သို့သော် အနတ္တလက္ခဏသုတ်သည် နှစ်ပေါင်း အတော်ကြာအောင် တရားနှင့်နေကြသူ ပဉ္စဝဂ္ဂီငါးဦးသည် ဗုဒ္ဓမြတ်စွာ၏ ဓမ္မစကြာ သစ္စာလေးပါးတရားကို ကောင်းစွာနာရသဖြင့် အရိယာ သောတာပန် ဖြစ်ပြီး၍ ရင့်ကျက်သော ဣန္ဒြေရှိပြီးကြမှ ဟောတော်မူသော သုတ်တော် ဖြစ်ပါသည်။
ကိလေသာ ထူပြောသောသူ အများစုအတွက် ပဉ္စဝဂ္ဂီငါးဦးတို့ ရရှိသော အကျိုးထူး မျိုးကိုကား ရကြဖို့ရာ မလွယ်ကူပါ၊ သို့သော် ဆရာတော်၏ ဆန္ဒတော်ကား တရား နာယူသူအများအား ဗုဒ္ဓမြတ်စွာ၏ သတ္တဝါများအပေါ်၌ ထားရှိသော အလိုတော်ကို အဆုံးအထိ သိရှိ၍ စနစ်တကျ လိုက်နာကျင့်သုံးကြစေရန် ရည်ရွယ်တော်မူ၍ ဟောတော်မူခြင်း ဖြစ်ပါသည်။
၁၃၁၂ (သာသနာတော် - ၂၄၉၄)ခု (၁၉၅၁ - ၅၂) ခုနှစ်တွင် ဆရာတော် သီတင်းသုံး နေထိုင်တော်မူသော ကျောင်းကလေးပေါ်၌ ညဦးပိုင်းတွင် လေးရက်တိုင် ဟောကြားတော်မူခဲ့ရာ စာရေးသူနှင့်အတူ ငါးဦးခန့် အသံဖမ်းယူကြပါသည်။
ထိုတရားကြိုးခွေများကို တစ်ဆင့် ကူးယူပေးနေရာမှ ယခုအခါ ဓမ္မစကြာ တရားတော်ကို စာအုပ်အဖြစ် ရိုက်နှိပ်ရန် စီစဉ်ခဲ့ပါသည်။ ထိုစာအုပ်တွင် အနတ္တလက္ခဏသုတ် တရားတော်ကိုပါ တစ်ပါတည်း ရိုက်နှိပ်လျှင် ပို၍ ကောင်းမည် ဟု အများက တိုက်တွန်းကြသဖြင့် အနတ္တလက္ခဏသုတ် တရား ကြိုးခွေကို အစအဆုံး အငြိမ်းစား ဒုဗိုလ်မှူးကြီး အောင်သိမ်းက ကူးယူပြီးလျှင် ပုဇွန်တောင် ရွှေကျင်တိုက်၌ သီတင်းသုံးတော်မူသော (သပြေကန်) ပရိတ်ကြီး နိဿယသစ်ကို ရေးသားတော်မူသည့် ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသက အစအဆုံး လူအများ ဖတ်ရှုနိုင်အောင် ထည်းဖြတ် ပြင်ဆင်ပေးတော်မူပါသည်။
အနတ္တလက္ခဏသုတ်ကို ဖတ်ရှုနာယူသူများသည် ဓမ္မစကြာတရားတော်နှင့်အတူ တွဲဖက်ဖတ်ရှုလေ့လာ၍ ဟောတော်မူသော ဆရာတော်၏ အလိုဆန္ဒတော်နှင့်အညီ ဘုရားတရားသံဃာ၌ အကြွင်းမဲ့ ကြည်ညိုခွင့်ကိုရ၍ သာသနာတော်၌ မိမိတို့ စွမ်းအားရှိသမျှ မိမိအကျိုး, အများအကျိုးကို ကြိုးစားတော်မူနိုင်ကြလိမ့်မည်ဟု မျှော်လင့် ဆုတောင်းပါသည်။
အနတ္တလက္ခဏသုတ် တရားတော်ကို ဖတ်ရှု နာယူကြသူများသည် တရားတော် ဖြစ်မြောက်လာအောင် ကူညီအားပေးတော်မူသော အောက်ပုဇွန်တောင်ရပ် ဦးသန်းနှင့် အငြိမ်းစား ဒုဗိုလ်မှူးကြီး အောင်သိမ်း (ရေ), ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသ တို့အား ကျေးဇူးတင်တော်မူကြရန် မှတ်တမ်းတင်အပ်ပါသည်။
သပြေကန် ဆရာတော်
အရှင်ဝါသေဋ္ဌာဘိဝံသ၏
အနတ္တလက္ခဏသုတ် တရားတော်အချီ
၁။ အယံ အတ္တာ အနတ္တာတိ၊ ဇာနိတုံ ဒုက္ကရာ ဒုဝေ၊
ဝိဒုံ တေ ဇနကာစေရ - ဉာဏေန သုသုခံ ဇနာ။
အယံ - အသက်ယောင်ယောင်, အကောင်အသွင်, အရှင်လိပ်ပြာ, ထင်မိစ္ဆာဖြင့်, စိတ်မှာတည်ဆက်, ဤအချက်သည်၊
အတ္တာ - သညာဒိဋ္ဌိ, စိတ်၏ဖောက်ပြား, အထင်မှားဖို့, လှည့်စားဖန်ကာ, ဉာဏ်အရာဖြင့် ဖွေရှာဟပ်က, မှတ်မရပါ, အတ္တသာတည်း၊
အယံ - ပရမတ္ထ, သဘာဝဟု, ဓမ္မဟုတ်မှန်, သရုပ်ဖန်တဲ့ ရုပ်နာမ် နှစ်ပါး, ဤတရားသည်၊
အနတ္တာ - ဝိပဿနာမဂ်, ဉာဏ်နှစ်ချက်ဖြင့်, သက်သက်ဟုတ်မှန်, သရုပ်ဖန်လျက်, အမှန်မှတ်ပြ, ဓာတ်အမျှသာ, အနတ္တပါပေတည်း၊
ဣတိ - သရုပ်မဟန်, ဟုတ်အမှန်ဟု, မှန်မမှန်ထင်မြင်, ဤသို့ပင်၊
ဒုဝေ - အသက်ဇီဝ, ကောင်အတ္တနှင့်, ဓာတ်မျှဟုတ်မှန်, ရုပ်နာမ်နှစ်, အနတ္တဟု, မှတ်ကြဟောကြား, သဘောသွားနှစ်ခုတို့ကို၊
ဇာနိတုံ - မဟုတ်ဘိ-ဟုတ်၏, မရှိ ရှိဟန်, မမှန် မှန်ကို ဝေဖန်နှိုင်းညှိ, ယုတ္တိသဘာဝ, သာဓကဖြင့်, ကျနမိမိ, အတည့်အလင်း, သိရှိခြင်းငှာ၊
ဒုက္ကရာ - သာမန်ဉာဏ်များ, မမီအား၍, ဘုရားရှင်တော်, မပွင့်ပေါ်က, ခဲယဉ်းလှပါပေကုန်၏။
ဇနာ - တရားဘက်တွင်, သက်ဝင်မွေ့လျော်, သူတော်ကောင်းမှုမှ အစဉ်ယူထား, ရှင်လူအများတို့သည်၊
တေ - ထိုဒိဋ္ဌိအမြင်, ဉာဏ် အမြင်ဟု, အမြင်နှစ်ပါး, အစဉ်ခြားလျက်, ကွဲပြားခဲ့ရမှ အတ္တ အနတ္တတို့ကို၊
ဇနကာစေရဉာဏေန - ဆရာတော်သခင်, အရှင်ဇနက, မြတ်ထေရ်ရ၏, ပါဠိ အဋ္ဌကထာ, ဋီကာဂန္ထန်, ကျမ်းဂန်အရ လမ်းမှန်ကျအောင်, တင်ပြဖန်ဆန်း, ဉာဏ်အစွမ်းကြောင့်၊
သုသုခံ - ထောက်အထားမိ, ယုတ္တိဥပမာ, ဝေဆာကြောင်းကျိုးမှ ကောင်းမျိုး စုံလင်, ဖုံဖုံဝင်၍, အတင်အပြမှ အဆင်လှလျက်, မြင်ရဖို့တွက်, အခက်မပါ, အလွန်သာသာ လွယ်ကူစွာ၊
ဝိဒုံ - သတိမကင်း, အတိရှင်းလျက်, အလင်းရတုံ, သိကြလေကုန်ပြီ။
၂။ အနတ္တလက္ခဏာချာတ-သုတ္တဿ မဏ္ဍမှာ အယံ၊
ဒေသနာ ဇနာနံ ဓမ္မ-ပီတိံ ဒတွာ သုခံ ကရေ။
အနတ္တလက္ခဏာချာတသုတ္တဿ - အနတ္တလက္ခဏဟု, မြွက်ဟ ဖော်အပ်, အရပ်ရပ်၌, မလတ်နှုတ်သံ, ထုတ်ညံဖော်လတ်, သုတ္တန်တော်မြတ်ကို၊
မဏ္ဍနာ - နည်းအသွယ်အသွယ်, ပရိယာယ် အမျိုးမျိုး ကြောင်းကျိုးစုံလင်, ဖုံဖုံတင်လျက်, အမြင်စွမ်းကာ, ရွှင်လန်းလာဖို့ တန်ဆာဆင်ကြောင်းဖြစ်သော၊
အယံ ဒေသနာ - အနတ္တအချက်, သိဖို့တွက်ဟု, အကွက်ကျကျ, အချက်ပြလျက်, တင်ပြဝေဆာ, ဤဒေသနာတော်သည်၊
ဇနာနံ - ဗုဒ္ဓတရားတို့ အားထားက, ချမ်းသာရဟု, မုချမြင်သူ, စင်ဖြူတရား, ရှင်လူ အများတို့အား၊
ဓမ္မပီတိံ - ဤ တရားကို ကြားရနာရ, ရှုစားရ၍, စိတ်မှကိုယ်မှ, ထိုဓမ္မကြောင့်, တက်ကြွထင်လာ, ရွှင်စရာအလီလီ, အကြည်မိလတ်, ပီတိဓာတ်ကို၊
ဒတွာ - အခါခါသာ, နာတိုင်းရွှင်ဘိ, ကြည့်တိုင်းလန်းရေး, အေးခြင်း မလတ်, ပေးနှင်းအပ်၍၊
သုခံ - စိတ်၏ အရသာ, သာယာဖွယ်ရ, အေးမြလန်းကာ, ဝမ်းသာမကင်း, ချမ်းသာခြင်းကို၊
ကရေ (ကရောတု) - “သဗ္ဗရသံ ဓမ္မရသော ဇိနာတိ၊ သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ”ဟု, လာရှိနှုတ်သံ, သုတ်ဓမ္မက္ခန် ကျမ်းဂန်အညီ, အကြည်လွှမ်းရေး, အအေးတွေစု, အမှုမကွာပလေ, ပြုပါစေသတည်း။
၃။ သိဿာ တေ ထေရ သတ္တာနိ၊ မုဒ္ဒါပိယ ပစာရဏံ၊
အကံသု တေ ယထာမတိ၊ သုခီ ဟောဟိ ပမောဒိတော။
ထေရ - စင်ကြယ်ဖြူစွ, တစ်မူလှသည့်, သီလစင်ကာ, အမြင်သာလျက်, ပညာပြည့်စုံ, အကြောင်းလုံ၍, ကောင်းဂုဏ်ထင်ရှား, မထေရ်ရှင် ဆရာတော် မြတ်ဘုရား၊
တေသိဿာ - ဆရာတော့်အမွေခံ, ခြွေအရံမို့, ကျမ်းဂန်များစွာ, ရှင့်လက်ရာတို့ ပေါ်လာဖို့ရေး ပျံ့နှံ့ရေးနှင့် တည်ရေးမြဲရေး အစဉ်တွေးလျက်, အလေးထားသည့် ဆရာတော်၏ အများတပည့်တို့သည်၊
တေ - ကိုယ့်တိုင်းပြည်သား, ရှင်လူများတို့ တိုးပွားဆင့်ဆင့်, မြင့်ထက်မြင့်ဖို့ အခွင့်မဆုတ်, မနားလုပ်လျက်, အားထုတ်ကြိုးစား, ဆရာတော် အရှင်မြတ်ဘုရား၏၊
သတ္တာနိ - အခက်ကိုပင်, အလွယ်ထင်ရ, အမြင်လှဖို့, ဝါကျဆင်ကုံး, စကားလုံးတို့, အသုံးယဉ်ယဉ်, နှုန်းအဆင်ဖြင့်, ကုံးစဉ်ခြယ်သ, တင်ပြဆန်းဟန်, လမ်းမှန် ဖော်ကြား, ကျမ်းဂန်တော်အများတို့ကို၊
တေ - သာသနာ့အတွက်, ကိုယ့်အသက်ကို ငဲ့ကွက်မရှိ, ဆုံးနေထိအောင်, စွမ်းဆောင်ကြိုးစား, ဆရာတော် အရှင်မြတ်ဘုရား၏။
ယထာမတိ - “ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဖို့ ခုလောက် ကြိုးကုတ်, အားမထုတ်ဘူး၊ ဗုဒ္ဓမြတ်စွာ, သာသနာ၏, ရှေးခါ ဘိုးဘ, လက်ထက်ကလျှင်, ရသည့်တန်ဖိုး ထပ်မညှိုးဖို့ အားကြိုးမာန်တက်, ငါဆောင်ရွက်သည်, ဆက်လက် တည်တံ့ပါစေသော်” မိန့်ဖော်ဆိုဟ, အလိုတော်ကျအောင်၊
မုဒ္ဒါပိယ - “တို့ဆရာတော် သက်ရှိတုန်းက, နောက်ဆုံးအထိ ရေးခဲ့သည်၊ ကျမ်းစာထွေထွေ ပြည်သူ့လက်သို့ ဆက်လက်ပြန့်ပွား ရောက်စေမည်၊ ကျုပ်တို့ဆရာ ရည်ရွယ်ချက်တော့ မပျက်မကွက် အောင်ရမည်၊ စိတ်မပျက်ပေါင် ခုလိုတွေးလို့ ကုသိုလ်ရေးမို့ ကြိုးစားမည်” ရည်ရွယ်ချက် စိတ်သန်, အဓိဋ္ဌာန်ပုံဟိတ်, ယုံစိတ် အနေအရ, ပုံနှိပ်စေကြကုန်ပြီး၍၊
ပစာရဏံ - ရှင်လူများစွာ, ပညာတွက်မှန်း, ကျမ်းအလီလီ, အရှည်တည်လျက်, ဤပြည်အတွင်း ပျံ့နှံ့ကျယ်ပွားခြင်းကို၊
အကံသု - “တစ်စုံတစ်ယောက်, ချမ်းသာရောက်ဖို့ ခုလောက်ကြိုးကုတ်, အားမထုတ်ဘူး၊ ကျုပ်တို့ဆရာ, ထေရ်မဟာ၏, ဘာသာကျမ်းများများ စဉ်ပြန့်ပွား၍ မြတ်ဖျားသာသနာ, ဓွန့်ရှည်ကြာလျက်, မြန်မာအကျိုး အစဉ်တိုးအောင်, အားကြိုး မာန်တက် ကျွန်ဆောင်ရွက်သည်, နှစ်သက်ရွှင်လန်းကြပါစေ” စိတ်နေအရ ပြုလုပ်ကြပါကုန်ပြီ၊
(တွံ) - လူ့စခန်းမှ, နတ်နန်းစံပျော်, ဆရာတော် အရှင်မြတ်သည်၊
ပမောဒိတော - ဆရာ့အဓိဋ္ဌာန်, စိတ်ကြံမျှော်ကြည့် အလိုပြည့်ဖို့, တပည့်များစွာ, သာသနာပြု အဓိဋ္ဌာန်, စိတ်အကြံဖြင့်, ကျမ်းဂန်ထွေထွေ, ပုံနှိပ်နေပုံ, ဖြန့်နေပုံကို, အာရုံမျှော်တန်း, ရွှင်လန်းမကွာ, ဝမ်းသာအားရသည်ဖြစ်၍၊
သုခီ - ငါ့လိုလားချက်, သူတို့ဆက်၍, ထမ်းရွက်နေသား, ပါတကားဟု, အားရရွှင်ဘိ, ချမ်းသာခြင်းရှိတော်မူသည်၊
ဟောဟိ - နှစ်သက်ကြည်ဘိ, အဆီအိလျက်, ပီတိလွှမ်းကာ, သစ်သစ်ဖြာ ဖြစ်ပါစေသား ဆရာတော် အရှင်မြတ်ဘုရား။
အရှင်ဝါသေဋ္ဌာဘိဝံသ
၁၃၄၁ - ခုနှစ်၊ သီတင်းကျွတ်လဆုတ် (၃)ရက်။
ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏
အနတ္တလက္ခဏသုတ် တရားတော်
ပထမနေ့
အနတ္တလက္ခဏသုတ် အခြေခံတရား
သုခုမံ တေ ပဋိဝိဇ္ဈန္တိ၊ ဝါလဂ္ဂံ ဥသုနာ ယထာ၊
ယေ ပဉ္စက္ခန္ဓေ ပဿန္တိ၊ ပရတော နော စ အတ္တတော။
ယေ ဇနာ - သူတော်များထံ တရားမှန်ကို ကြားဖန်များသလောက်, တအား ဆောက်၍, ပွားမြောက်ကြိုးစား, အကြင် အမျိုးသားအမျိုး သမီးတို့သည်၊
ပဉ္စက္ခန္ဓေ - ခန္ဓာငါးပါး, ရုပ်နာမ်တရားတို့ကို၊
ပရတော - ပျက်ချင်တိုင်းပျက်, ရက်စက်ပလေ အခြေဆိုးဝါး, သူစိမ်း ပြင်ပ အနေမျိုး အားဖြင့်၊
ပဿန္တိ - သူ့အမှုသွား, ဂရုထားလျက်, ရှုစားကြည့်လျှင်, သိမြင်ကြလေကုန်၏၊
အတ္တတော - မပျက်စီးနိုင်, မြဲခိုင်ကျစ်လျစ်, အနှစ်သာရ, အတ္တဟုဆို, မိမိကိုယ် ဟူ၍ကား၊
နော စ ပဿန္တိ - ကြောင်းကျိုးစုံလင်, အကုန်မြင်၍, ခုံမင်ရေးမှု, မတွေး မရှုကြလေကုန်၊
တေ ဇနာ - ဒိဋ္ဌိ အတ္တ, ကင်းစင်ပအောင်, လုံ့လကြိုးစားမှု ထိုအမျိုးသား, အမျိုးသမီးတို့သည်၊
ဝါလဂ္ဂံ - ခရီးကွာဝေး, အသေး အမွှား, သားမြီးဖျားကို၊
ဥသုနာ - အသင့်ပြင်ထား, ဖြောင့်မတ်သော မြားဖြင့်၊
ဝိဇ္ဈန္တိ ယထာ - ချက်တိုင်းမလွဲ, လက်တိုင်းစွဲသည့်, လေးပွဲကျော်ကြား, လေးတော်သားတို့ကဲ့သို့၊
သုခုမံ - သာမန်ဉာဏ်များ, မကြံအားဖို့ ဖန်ထားလေဟန်, အနေမှန်လျက်, ဧကန်ခက်ခဲ, သိမ်မွေ့ နက်နဲတဲ့, အနတ္တအချက်ကို၊
ပဋိဝိဇ္ဈန္တိ - ဉာဏ်ရောင် ဝင်းသလောက်, အတွင်းရောက်၍ ထွင်းဖောက်သိမြင်နိုင်ကြ လေကုန်သတည်း။
အတ္တဝါဒ စတင်ပေါ်လာရပုံ
သတ္တဝါတွေရဲ့ စိတ်ထဲမှာ အတ္တလို့ စွဲပြီးတော့နေတာဟာ ခုလူတွေကျမှ မဟုတ်ဘူး၊ စွဲဖို့ရာကလဲလေ အကြောင်းက လုံလောက်နေတယ်၊ ဘုန်းကြီးတို့ မြတ်စွာဘုရား မပွင့်ခင် ကဿပမြတ်စွာဘုရား မပွင့်ခင် ကကုသန်၊ ကောဏဂုဏ်ဘုရား မပွင့်ခင် ကမ္ဘာ အစတုန်းက ကမ္ဘာကြီး ပျက်သွားရော၊ ပျက်သွားပြီးတဲ့နောက် စတည်တဲ့ အခါမှာ အောက်ပိုင်း အောက်ပိုင်းဘုံတွေ သတ္တဝါ မရှိကြသေးဘူး၊ အောက်ပိုင်း ဗြဟ္မာဘုံတွေ သတ္တဝါ မရှိကြသေးဘူး။
ဘယ်ဘုံမှာ မရှိဘူး ဆိုတာတော့ စာလာပေလာ ဘုန်းကြီးတွေမှ နားလည်မယ်၊ မရှိကြတော့ ကမ္ဘာကြီး ပျက်ပြီးလို့ ကမ္ဘာပြန်ပြုတဲ့အချိန် ဘုံတွေဟာ သတ္တဝါမရှိဘဲနဲ့ အကြာကြီး တည်နေကြတယ်။
နောက်တော့ အတော်ကြာတော့ ဟိုအထက်က ကမ္ဘာပျက်တုန်းက မီးမလောင်နိုင်, ရေမလွှမ်းနိုင်, လေမဖျက်နိုင်တဲ့ ဟိုထိပ်တန်းမှာ ရှိတဲ့ ဘုံတွေက ဗြဟ္မာကြီးတွေ အသက်တမ်းစေ့တော့, ဒါမှမဟုတ် ကံကုန်လို့ စုတေပြီးတော့ လာကြတော့ တချို့ အောက်ဘုံတွေဖြစ်ကြ၊ အောက်ဘုံတွေ ပထမဖြစ်တဲ့ ဗြဟ္မာကြီးတွေဟာ အတော် ကြာကြာကြီး နေကြတယ်။
ဖန်ဆင်းဝါဒအစ ဗြဟ္မာပြည်က
အတော်ကြာကြာကြီးနေတော့ တစ်ယောက်တည်း ပျင်းကြ, ခုနေများ ဒိပြင် သတ္တဝါတွေ ပေါ်လာရင် ကောင်းမှာပဲလို့ စိတ်က ကူးနေကြတယ်၊ အဲဒီ ကူးနေတဲ့ အချိန်မှာပဲ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုတာလို ဟိုအထက်ဘုံက တချို့ ဗြဟ္မာတွေ စုတေလာကြရော၊ စုတေလာတော့ ပထမရောက်တဲ့ ဗြဟ္မာက အရည်အချင်း သာနေတယ်၊ ရုပ်ရည်အဆင်းအားဖြင့် သာတယ်၊ ကိုယ်ရောင်ကိုယ်ဝါ အားဖြင့် သာတယ်၊
နောက်ရောက်တဲ့ ဗြဟ္မာတွေက ပထမဗြဟ္မာရဲ့ အရည်အချင်း မမီကြဘူး၊ မမီတော့ ပထမ ဗြဟ္မာကြီးက ဘယ့်နှယ် ထင်သလဲ၊ ဒီလက်အောက်ငယ်သား ဗြဟ္မာတွေ ငါဖန်ဆင်းတာပဲ။ ငါက သတ္တဝါတွေပေါ်လာရင် ကောင်းတယ်လို့ ကြံတယ်၊ ကြာလဲ မကြာဘူး၊ ဒီသတ္တဝါတွေ ပေါ်လာတယ်၊ ဒီတော့ ဒီဗြဟ္မာကလေး တွေဟာ ငါဖန်ဆင်းတာပဲ၊
သက်သက် အထင်ကြီးသွားတာ ဖြစ်တော့ သူ့ကံကြောင့် သူဖြစ်လာကြတာ၊ ဟိုအထက်ဘုံက စုတေပြီးတော့ ဘာသိဘာသာ ဖြစ်လာကြတာ၊ အဲဒါကို ငါဖန်ဆင်းတာလို့ သူ့စိတ်ထဲ မှာ ယူဆသွားတယ်၊ စိတ်ကြီးဝင်သွားတယ်၊ တစ်ခါ နောက်မှရောက်တဲ့ ဗြဟ္မာလေးတွေက ဆိုပါတော့ နောက်မှရောက်တဲ့ ဗြဟ္မာလေးတွေ ကလဲ အရင်ရှိနှင့်နေတဲ့ ဗြဟ္မာကြီး အရည်အချင်း အခြေအနေ ကြည့်ပြီးတော့ သူတို့ထက် အရည်အချင်း သာနေ, ကျက်သရေ သာနေမှ ကိုယ်ရောင်ကိုယ်ဝါ သာနေ, ပုံပန်း သဏ္ဌာန် သာနေတာနဲ့ တို့တော့ ဒီဗြဟ္မာကြီးက အစိုးရတာပဲလို့ သူ့အောက် အလိုလို ကျို့ကြ၊ နောက်တော့ ဒီလိုနဲ့နေရာက နှစ်ပေါင်းပေါ့လေ ကမ္ဘာပေါင်း များစွာ တချို့လဲပဲ တစ်ကမ္ဘာလောက် နေပြီးတော့ သေကြပြန်ရော။
အတ္တဝါဒ လူ့ပြည်မှာဖြစ်လာရပုံ
အဲဒီလိုသေပြီးတော့ အမျိုးမျိုး ပြောင်းလဲတဲ့ အထဲကလူ့ပြည် ပြန်ရောက်လာတဲ့ ရှေးက ဗြဟ္မာဟောင်းတွေဟာ လူ့ပြည်ရောက်လာတဲ့ အခါကျတော့ လောကီအာရုံ ကာမဂုဏ်စိတ်ကလဲပဲ မရှိ ဘာမရှိနဲ့ စိတ်တွေ အင်မတန် မြင့်မြတ်လို့၊ စိတ်တွေ အင်မတန် စင်ကြယ်လို့၊ အဲသလို နေရာက တောထွက်ပြီးတော့ ရသေ့များ လုပ်ကြ၊ ရသေ့လုပ်တော့ သိပ်ကြိုးစားလိုက်တာ၊ နဂိုကလဲ ဗြဟ္မာ့ပြည်က လာတဲ့သူတွေ ဖြစ်တော့ စိတ်ကလဲ စင်စင်ကြယ်ကြယ်၊ ဒီမှာလဲပဲ သိပ်ကြိုးစားလိုက်တာ၊ လုံ့လရော, ဉာဏ်ရော အစွမ်းကုန် အားထုတ်လိုက်တာ၊ တော်တော်ကြာတော့ သူတို့ ဈာန်ရကြရော။
ဈာန်တွင် မကဘူး၊ ဈာန်ထက် အဆင့်အတန်း မြင့်လာတဲ့ အဘိညာဉ်တွေ ရကြတော့ ရှေးဟောင်းနှောင်းဖြစ်တွေ အောက်မေ့ကြ၊ အောက်မေ့တဲ့အခါ သြော် … တို့ ဟိုဗြဟ္မာပြည်က စုတေလာကြတာပါလား၊ ဒီလိုလဲ သူတို့သိကြ၊ ဟင် - ဟို ဗြဟ္မာကြီး, တို့ ဟိုတုန်းကလေ သခင်ကြီးလို့ ယူဆထားတဲ့ ဗြဟ္မာကြီးတော့ ခုရှိတယ်နော်၊ တို့ကတော့ သူ့နောက်မှ ဖြစ်ပြီးတော့ သူ့အရင် တို့သေတယ်၊
သူကတော့ သိပ်ကြာတာပဲ၊ ဘယ်လောက်ကြာမှန်း မသိဘူး၊ သူက တယ်မြဲပါလား၊ ဒီဗြဟ္မာကြီးကတော့ သိပ်မြဲတဲ့ ခိုင်မြဲတဲ့ ဗြဟ္မာကြီးပဲလို့ဆိုပြီးတော့ လူ့ပြည်က ဈာန်ရ ရသေ့ကြီးတွေက အထင်ကြီးပြီးတော့ ကမ္ဘာကို ဖန်ဆင်းနိုင်တဲ့ ဗြဟ္မာမင်းကြီး ရှိတယ်လို့ သူတို့က ဟောကြရော။
ထာဝရဖန်ဆင်းရှင်ဆိုတဲ့ အမည်ရလာပုံ
သူတို့ကလဲ တကယ်ထင်တာ၊ တို့ကိုလဲ သူ ဖန်ဆင်းတာ၊ ဒီကမ္ဘာကြီးလိုလဲ သူဖန်ဆင်းတာ၊ ခု လူ့ပြည်ရှိတဲ့ သတ္တဝါအမျိုးမျိုးကိုလဲ သူဖန်ဆင်းတာ၊ အဲဒီ ဗြဟ္မာမင်းကြီးဟာ ခုထက်ထိလဲ ရှိတယ်၊ နောင်လဲ သေမှာမဟုတ်ဘူး၊ သူက မြဲတယ်၊ မြဲတယ်ဆိုတဲ့စကားကို ပါဠိလို ထာဝရ လို့ ဆိုတယ်၊ ခိုင်မြဲတယ်, ပါဠိလို ဣဿရ = အစိုးရတဲ့လူလို့ ဆိုပါတယ်၊ သူအစိုးရတယ်, သူခိုင်မြဲတယ်၊ ပါဠိလို သူဖန်ဆင်းတတ် တာကို နိမ္မာတာလို့ဆိုတယ်။
ဒီတော့ အဲဒီ ကမ္ဘာအစတုန်းက ကမ္ဘာအစတုန်းကိုက ထာဝရ ဖန်ဆင်းရှင်လို့ ထင်လာတာ အဲဒါ မဟာဗြဟ္မာကြီးပဲ၊ သူက မသေဘူး၊ အဲဒီ ဗြဟ္မာတွေ အောက် ဆင်းလာပေမယ့် သူက မသေဘူး၊ ကျန်ရစ်နေတယ်၊ သူက ဖန်ဆင်းတယ်လို့ ဒီလို စိတ်ထဲက အားလုံးက သူ့ကို ယူဆနေကြတယ်၊ ယူဆရုံ မကဘူး၊ ဟောကြရော။
ဒီတော့ အဲဒီဗြဟ္မာကြီးကို သူတို့ ထာဝရဖန်ဆင်းရှင် ပရမအတ္တ= ဘယ်တော့မှ မပျက်တဲ့ အတ္တ၊ အင်မတန် မြဲနေတဲ့ အတ္တ၊ အဲဒီကစပြီးတော့ ထာဝရဖန်ဆင်းရှင်လို့ သူတို့ အသုံးပြုနေကြတယ်။ ဖန်ဆင်းနိုင်တဲ့သူလို့ အသုံးပြုနေကြတယ်၊
အဲဒီ ဖန်ဆင်းနိုင်တဲ့သူဟာ ဘယ်မှာ နေသတုန်းလို့ဆိုရင် လက်ညှိုးထိုးပြ၊ ဟို-ကောင်းကင်ဘုံမှာ နေတယ်၊ ဒီဟာပဲ သူတို့ အကြမ်းစား ပြောတာ၊ အမှန်မတော့ ဟို-ဗြဟ္မာပြည်မှာ မဟာဗြဟ္မာကြီးကို သူတို့ လက်ညှိုးထိုး ပြောနေကြတာ။
ပရမအတ္တ ဇီဝအတ္တအစွဲ ပေါ်လာပုံ
အဲဒီ မဟာဗြဟ္မာကြီးကို ပရမအတ္တ = ဘယ်တော့မှ မပျက်တဲ့ အတ္တပဲလို့ စွဲပြီး တဲ့နောက် ကိုယ်စီ ကိုယ်စီ တစ်ယောက်စီ တစ်ယောက်စီတော့ ဟိုတုန်းကလဲ တို့ဗြဟ္မာပြည် ဖြစ်ခဲ့တယ်။ ဟိုဘက်တုန်းကလဲ တို့ဟိုအထက်ဗြဟ္မာပြည် ဖြစ်ခဲ့တယ်၊ ယခု အဲဒီ ဗြဟ္မာပြည်က တို့ လူ့ပြည်ရောက်ပြီးတော့ လာတယ်၊ တို့တို့ ငါငါ, သူများမဟုတ်ဘူး၊, ငါ၊ ငါလေ ဗြဟ္မာပြည် ဖြစ်ခဲ့တယ်။ ဗြဟ္မာပြည်က ခုလူ့ပြည် ငါရောက်ခဲ့တယ်ဆိုတော့ သူတစ်ယောက်စီ တစ်ယောက်စီအတွက်ကျတော့ အသက်နဲ့ ရှိနေတဲ့ အတ္တတစ်မျိုးလို့၊ ဒါမျိုးကို ဇီဝအတ္တ-အသက်ကောင်၊
ငါရဲ့ ခန္ဓာကိုယ်ကြီးကတော့ ပြောင်းလဲလာတယ်၊ ငါကတော့ မပြောင်းဘူး၊ ငါကတော့ ဗြဟ္မာ့ပြည်တုန်းက ငါပဲ၊ လူ့ပြည်မှာလဲ ငါပဲ၊ ငါက မပြောင်းဘူး၊ ဒီခန္ဓာကိုယ် ကြီးကသာ ပြောင်းလိုက်သွားတာ၊ ငါက မပြောင်းဘူး၊ အဲဒီအစွဲဟာ ကမ္ဘာဦးကတည်းက စွဲတာ၊
ဒီတော့ အတ္တနှစ်မျိုးနော်၊ အတ္တတစ်ခုက ကမ္ဘာကို ဖန်ဆင်းနိုင်တဲ့ ပရမအတ္တ ထာဝရပုဂ္ဂိုလ်ကြီးလို့ ဒီလို စွဲတယ်၊ သူတို့ စွဲသာစွဲတယ်။ အမှန်တော့ အင်မတန် ကြာလို့ သူ မသေသေးတာ, သေမှာ၊ အင်မတန်ကြာပြီးတော့ နေလို့မို့ ဒီလူတွေ သေခဲ့တာတောင်မှ သူက မသေသေးလို့သာ အထင်ကြီးတာ၊ သေမှာက အမှန်, မမြဲပါဘူး၊ ပြီးတော့ တစ်ယောက်စီ တယောက်စီဆိုတော့ ဒါက ဇီဝအတ္တ-အသက်ကောင်၊
တို့ အသက်ကောင်တွေ၊ သူ့မှာလဲပဲ အတ္တရှိတယ်၊ ဟို-သူ့မှာလဲပဲ အတ္တရှိတယ်၊ အဲဒီလို အတ္တရှိတယ်, အတ္တရှိတယ်နဲ့ ဒီလို စွဲလမ်းပြီးနေကြတဲ့ အသက်ကောင်တွေ ကိုယ်စီ ကိုယ်စီ ရှိတယ်၊ ဒါက ဇီဝအတ္တ၊ အဲဒီလို ဆိုတယ်၊
ဒီတော့ အဲဒီ အတ္တကို နားလည်ဖို့ရန်ဟာ တော်တော်တန်တန်ကလေးများ စဉ်းစားလို့ တော်တော်တန်တန်ကလေးများ ကြံဆလို့ နားလည် လိမ့်မယ်လို့ မယူဆနဲ့၊ အင်မတန် စိတ်ထဲမှာ ထပ်ခါတလဲလဲ စဉ်းစားရတယ်၊ ဒါကြောင့် -
သုခုမံ တေ ပဋိဝိဇ္ဈန္တိ၊ ဝါလဂ္ဂံ ဥသုမှာ ယထာ၊
ယေ ပဉ္စက္ခန္ဓေ ပဿန္တိ၊ ပရတော နော စ အတ္တတော။
ယေ ဇနာ - သူတော်များထံ တရားမှန်ကို ကြားဖန်များသလောက်, တအား ဆောက်၍, ပွားမြောက်ကြိုးစား, အကြင် အမျိုးသား, အမျိုးသမီးတို့သည်၊
ပဉ္စက္ခန္ဓေ - ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို၊
ပရတော - ပျက်ချင်တိုင်းပျက်, ရက်စက်ပလေ, အခြေဆိုးဝါး, သူစိမ်း ပြင်ပ, အနေမျိုးအားဖြင့်၊
ပဿန္တိ - သူ့အမှုသွား, ဂရုထားလျက်, ရှုစားကြည့်လျှင်, သိမြင်ကြလေကုန်၏၊
အတ္တတော - မပျက်စီးနိုင်, မြဲခိုင် ကျစ်လျစ်, အနှစ်သာရ အတ္တဟုဆို, မိမိကိုယ် ဟူ၍ကား၊
နော စ ပဿန္တိ - ကြောင်းကျိုးစုံလင်, အကုန်မြင်၍, ခုံမင်ရေးမှု, မတွေးမရှု ကြလေကုန်၊
တေ ဇနာ - ဒိဋ္ဌိ အတ္တ, ကင်းစင်ပအောင်, လုံ့လကြိုးစား, ထိုအမျိုးသား, အမျိုးသမီး တို့သည်၊
ဝါလဂ္ဂံ - ခရီးကွာဝေး, အသေးအမွှား, သားမြီးဖျားကို၊
ဥသုနာ - အသင့်ပြင်ထား, ဖြောင့်မတ်သော မြားဖြင့်၊
ဝိဇ္ဈန္တိ ယထာ - ချက်တိုင်းမလွဲ, လက်တိုင်းစွဲသည့်, လေးပွဲကျော်ကြား, လေးတော်သားတို့ကဲ့သို့၊
သုခုမံ - သာမန်ဉာဏ်များ, မကြံအားဖို့ ဖန်ထားလေဟန်, အနေမှန်လျက်, ဧကန်ခက်ခဲ, သိမ်မွေ့ နက်နဲတဲ့, အနတ္တအချက်ကို၊
ပဋိဝိဇ္ဈန္တိ - ဉာဏ်ရောင် ဝင်းသလောက်, အတွင်းရောက်၍, ထွင်းဖောက်သိမြင် နိုင်ကြလေကုန်သတည်း။
အတ္တစွဲရာက တဏှာပိုလာ
ဒီတော့ ကမ္ဘာဦးကတည်းက အတ္တစွဲနေတာ၊ ငါ,ငါ ကမ္ဘာဦးထဲက ကိုယ့်ကိုယ်ကို ငါငါနဲ့ အတ္တစွဲနေတော့ ဘာဖြစ်လာသလဲ ဆိုတော့ ငါ - ငါပြုလို့ရှိရင် ငါရတယ်၊ ကောင်းတာပြုလဲ ငါရတယ်၊ မကောင်းတာ ပြုလဲ ခံရမယ်၊ အဲဒီလို ငါ ငါ အတ္တ အတ္တလို့ စွဲနေတဲ့ အတ္တဟာ အင်မတန် များပြီးတော့ တကတည်း နေလာတော့ ဒီ အတ္တကလေး ဘယ်နေရာမှာလဲလို့ ခန္ဓာကိုယ်အတွင်း အတ္တကလေး နေတဲ့နေရာကို စဉ်းစားကြတယ်။
စဉ်းစားကြတော့ တချို့က စိတ်ကို အတ္တလို့, ဝိညာဉ်ကို အတ္တလို့ ဒီလို ထင်နေတာ ဖြစ်တော့ အတ္တကလေးရဲ့ နေရာဟာ ဝမ်းထဲမှာ ဟဒယဝတ္ထုဆိုတဲ့ နှလုံးသားမှာ အတ္တကလေး စွဲနေတယ်။ အင်မတန် သေးတယ်၊ ဒီအတ္တကလေး ဘယ်လောက်များ ရှိလဲ, ပရမာဏုမြူလောက်ပဲ ရှိတယ်၊ အတ္တကလေးဟာ သတ္တိက ရှိလိုက်တာ တကတည်း ဘာမျှ မပျက်နိုင်တဲ့အတ္တ၊ ဒါက ဝိညာဉ်ကို အတ္တလို့ စွဲနေတဲ့ ပုဂ္ဂိုလ်များ အလို၊ သူတို့အလိုအရ အတ္တကလေးဟာ ဟဒယ ဝတ္ထု-နှလုံးသားမှာ မှီပြီးတော့ နေတာ၊ ပရမာဏုမြူလောက်ရှိတယ်၊ အင်မတန် သေးတယ်၊
ဒီအတ္တကလေးဟာ, ငါလို့ ဆိုတာကလေးဟာ အဲဒါကလေးပဲ၊ ဘယ်တော့မှ မပျက်ဘူး၊ ဒီခန္ဓာကိုယ်ကြီးသာ ပျက်သွားတာ၊ အတ္တကလေးကတော့ မပျက်ပါဘူး၊ ငါလုပ် ငါရတာပဲ၊ ငါပြု ငါစံရမှာပဲ၊ ငါပြု ငါခံရမှာပဲ၊ သူက ဒီလို စွဲပြီးတော့ အတ္တ စွဲကလာတော့ ဘာပိုလာသတုန်းဆိုတော့ ကိုယ့်အတ္တကလေးကို တယ်ချစ်တဲ့ တဏှာ ပိုလာတယ်။
ပထမတုန်းက အတ္တလို့ ယူဆနေတဲ့ ဒိဋ္ဌိဖြစ်နေတယ်၊ အဲဒီ အတ္တလို့ ဒိဋ္ဌိဖြစ်နေရာက ငါလို့ပဲ ဆိုဆို, ကိုယ် ကိုယ်လို့ပဲဆိုဆို အဲဒီ အတ္တကလေးပဲ၊ အဲဒီ ဒိဋ္ဌိဖြစ်နေရာက တယ်နှစ်သက်ကိုး၊ ကိုယ့်ကိုယ်ကို အချစ်ဆုံးပဲ၊ ဟိုဘဝပေါင်းများစွာက ငါပဲ၊ အမယ်-ဒီကို လာခဲ့တာ ငါပဲ၊ နောက်ကိုလဲ ငါပဲ၊ ဟောသလို အတ္တဒိဋ္ဌိ စွဲရာက တဏှာနဲ့ တယ် နှစ်သက်လာတယ်၊ ဒါကြောင့် ကိုယ့်ထက် ချစ်စရာ ဘယ်သူမှ မရှိဘူး၊ ကိုယ့် ကိုယ်ကို အချစ်ဆုံး, ကိုယ့်ကိုယ်ကို အညှာဆုံး, ကိုယ့်ကိုယ်ကို အမြတ်နိုးဆုံးနဲ့ ဒီလိုခေါ်နေကြ, ဒီလိုကို အသိအမှတ် ပြုနေကြတယ်၊ တဏှာပိုလာတယ်။
တဏှာပိုရာက
မာနတွေ ပြန့်ပွားလာ
အတ္တစွဲတော့ကို ဒိဋ္ဌိဖြစ်တယ်, အဲဒီ ဒိဋ္ဌိအတ္တကို မဟုတ်ပေမယ်လို့ စွဲလမ်းနေတော့ နှစ်သက်မှုတဏှာက ပြန့်ပွားပြီးတော့ ကျယ်လာခဲ့တယ်၊ အဲဒီလို နှစ်သက်မှု တဏှာက ကျယ်လာတော့ ငါ, အောင်မယ် မင်းတို့က ငါ့များ ဘာမှတ်လို့တုန်းဆိုတဲ့ မာန် မာနလေး ပေါ်လာတယ်၊ ဟော - တဏှာ မာန, အတ္တက ပေါက်ပွားပြီးတော့ တဏှာမာန ကျယ်လာတယ်၊
ငါ, အထက်တန်းလူကလဲ ငါကွ၊ မင်းတို့ ငါ့ကို ဘာမှတ်သတုန်း၊ အလယ်တန်း လူကလဲ အမယ် သူနဲ့ ငါနဲ့ ဘာထူးသေးတုန်း၊ ငါ, အောက်တန်းလူကလဲ အို-မင်းလူတွေ အထက်တန်း ရောက်နေရော ငါက ဘာအရေးစိုက်ရ မှာတုန်း, မာနက၊ အထက်တန်းက အထက်မာနနဲ့ အလယ်တန်းက အလယ်မာနနဲ့မှ အောက်တန်းက အောက်မာနနဲ့၊ ပထမဆုံး ဘယ်က ပေါက်ပွားလာသလဲဆိုရင် အတ္တပဲ၊ အတ္တဆိုတဲ့ ဒိဋ္ဌိက ပေါက်ပွားပြီးတော့ စွဲလမ်းမှုတဏှာတွေ ဖြစ်လာပြီး မာန်မာနတွေ ပိုလာတယ်။
ဒိဋ္ဌိပ္ပပဉ္စိတာ သတ္တာ၊ အတ္တာ အတ္တာတိ ဂဏှရေ၊
မာနေနာဟမဟံမညာ၊ တံ တံ တဏှာယ၊ ဂါယကာ။
ဒိဋ္ဌိပ္ပပဉ္စိတာ - ဒိဋ္ဌိဆိုတဲ့တရားက သံသရာ၌ ကျယ်ပွားစေအပ်ကုန်သော၊
သတ္တာ - သူရောကိုယ်ပါ, သတ္တဝါဟူသမျှတို့သည်၊
အတ္တာ အတ္တာတိ - အတ္တ အတ္တ ငါ ငါ, ကိုယ် ကိုယ်ဟူ၍၊
ဂဏှရေ - စွဲလမ်းမှတ်ထင်၍ နေကြလေကုန်၏၊
မာနေန - မာန်မာနဖြင့်၊
အဟံ အဟံ မညာ - ငါ ငါဟု မှတ်ထင်ကြကုန်သည်ဖြစ်၍, ငါ မဟုတ်ဘဲနှင့် ငါဟု အထင်ကြီးကြသည်ဖြစ်၍၊
တံ တံ - ငါ့ကိုလည်းကောင်း, ငါနှင့်ဆိုင်ရာ အဖြာဖြာသော အရာဝတ္ထုကို လည်းကောင်း၊
ဂါဟကာ - မခွဲစတန်း, အမြဲမှန်းလျက်, တစ်လမ်းထဲမှ စွဲလမ်း၍ နေကြပေကုန်တော့ သတည်း။
ပပဉ္စတရားတွေ နယ်ချဲ့နေပုံ
ပြန်ပြီးတော့ စဉ်းစားစို့ ၊ ဒိဋ္ဌိက အတ္တလို့ ယူလိုက်တာ, အတ္တဟာ ဘယ်နေတုန်း၊ နှလုံးမှာတည်ပြီးတော့ နေတယ်၊ ပရမာဏုမြူလောက် အင်မတန်သေးငယ်တယ်၊ ဘယ်သူမှ မြင်လို့မရဘူး၊ ဘယ်တော့မှလဲ မပျက်ဘူး, ခိုင်မြဲတယ်၊ ဒါက ဝိညာဉ်ကို အတ္တလို့ ယူတဲ့သူတွေက, ရုပ်ကို အတ္တလို့ ယူသူတွေက အတ္တဟာ တစ်ကိုယ်လုံး ပြန့်နေတယ်။ ခန္ဓာကိုယ်ကြီးသလောက် အတ္တကလေးတွေက အစိတ်အပိုင်းအဖြစ်နဲ့ ပေါ့လေ, ခန္ဓာကိုယ်နဲ့အမျှ ခန္ဓာကိုယ်ထဲမှာ အတ္တဟာ ပြန့်ပြီးတော့ အကုန်လုံး ရှိတယ်၊
လက်လှုပ်လိုက်စမ်း, အတ္တပါတယ်၊ စကား ပြောလိုက်စမ်း, အတ္တပါတယ်၊ စားတယ် သောက်တယ်ဆိုရင်လဲ အတ္တပါတယ်၊ အတ္တဟာ တစ်ကိုယ်လုံး သူက ပြန့်ပြီးတော့ နေတယ်။ ဘယ်ဟာတုန်းဆိုတော့ ဒါ သာမန်လူတွေ မမြင်နိုင်ပါဘူး၊ ဒီအတ္တဟာ ဒီလို, ဒါက ရုပ်ကို အတ္တလို့ ဆိုတဲ့သူက တစ်ကိုယ်လုံး ပြန့်တယ်၊ အတ္တဟာ ခန္ဓာကိုယ် ကြီးသလောက် အတ္တကြီးတယ်။
ဟောဒီမှာ အတ္တစွဲလမ်းမှုကြောင့် ငါလို့ မာနဖြစ်တာ၊ ငါလို့ မာနဖြစ်ပြီး ငါကို နှစ်သက်တဲ့, အတ္တကို နှစ်သက်တဲ့ တဏှာက ဖြစ်တယ်၊ တဏှာဖြစ်တော့ အဲဒီ အတ္တကို ကျေးဇူးပြုမယ့် သားတွေ, သမီးတွေ, ဆွေတွေမျိုးတွေ၊ ပစ္စည်းတွေဥစ္စာတွေ တွေ့ရာမြင်ရာ အာရုံတွေကို နှစ်သက်တဲ့ တဏှာတရားတွေ ဖြစ်ပွားပြီးတော့ လာတယ်၊ ဒီတော့ သံသရာ ဒါ ကျယ်နေတာ၊ သံသရာ သူတို့ ကျယ်နေတာ။
တဏှာ, မာန, ဒိဋ္ဌိ ဒါကို ပပဉ္စတရား သံသရာကို ချဲ့ထွင်တဲ့တရား မှန်သလား, မမှန်ဘူးလားလို့သာ စဉ်းစားကြည့်စမ်း၊ တဏှာနဲ့ အရင်းခံပြီးတော့ စွဲလမ်းမှု အားကြီးနေလို့ ကုသိုလ်ကံတွေ ပြုကြ ဟိုကျ ငါခံစားရမယ်၊ အမယ် ကောင်းတာတွေ ပြုတယ်၊ ငါနောက် ဘဝကျတော့ နောင်သံသရာကျတော့ ငါခံစားရမှာ၊ ဘယ်လောက် နယ်ကျယ်သွားသလဲ၊ ဘဝ ဘယ်လောက် ကျယ်သွားသလဲ။
တစ်ခါ ဒီဘဝမှာပဲ ငါချမ်းသာအောင်လေ ဆိုပြီး သူ့ကို မတရား နှိပ်စက် သတ်ဖြတ်လိုက်တယ်၊ ငါချမ်းသာအောင်လို့ ငါချမ်းသာအောင် လို့ဆိုပြီး သူ့ဥစ္စာတွေကို မတရားယူငင်လိုက်တယ်၊ ငါချမ်းသာအောင် လို့တဲ့၊ တဏှာက စွဲလမ်းတာနဲ့မို့ မတရားမှုတွေ လျှောက်ဖြစ်လိုက်တာ သွားလေရော့၊ အပါယ် လေးပါးမှာ လူဆင်းရဲတွေရော သွားလေရော့၊
ငါချမ်းသာအောင်လို့ဆိုပြီး မိကောင်းဖကောင်း, ဆရာကောင်း သမားကောင်းတွေနဲ့ တွေ့လို့ ကောင်းမှုတွေ ပြုလိုက်တာ သွားပြန်ရော သုဂတိသံသရာနယ်မှာ၊ ဒီတော့ တဏှာ, မာန, ဒိဋ္ဌိကြောင့် သံသရာထဲမှာ ကြာနေတာအမှန်ပဲ၊ ဒါကြောင့် ဒီ တရားသုံးပါးကို ပပဉ္စ ပါဠိက,မြန်မာလိုကတော့ သံသရာကို ချဲ့ထွင်တဲ့ တရားသုံးပါး၊ ဘယ်သူက စ,သလဲဆိုရင် အတ္တက စ,တယ်။
ပပဉ္စတရားတွေ စွဲနေကြပုံ
ဒိဋ္ဌိပ္ပပဉ္စိတာ သတ္တာ, အတ္တာ အတ္တာတိ ဂဏှရေ၊
မာနေနာဟမဟံမညာ, တံ တံ တဏှာယ, ဂါယကာ။
ဒိဋ္ဌိပ္ပပဉ္စိတာ - ဒိဋ္ဌိဆိုတဲ့တရားက သံသရာထဲ၌ ချဲ့ထွင်၍ ထားအပ်ကုန်သော၊
သတ္တာ - သူရောကိုယ်ပါ, သတ္တဝါဟူသမျှတို့က၊
အတ္တာ အတ္တာတိ - ငါ ငါ, ကိုယ် ကိုယ် (ဒီမြန်မာလို ဆိုချင်သလို ဆို, အတ္တကို ပြောနေတာ, ခုနက ဘုန်းကြီး ပြောနေတဲ့ အရာဝတ္ထုလေးကို ပြောနေတာ၊)
အတ္တာ အတ္တာတိ - အတ္တ အတ္တဟူ၍၊
ဝါ - မိမိကိုယ် မိမိကိုယ်ဟူ၍၊
ဂဏှရေ - စွဲလမ်းမှတ်ထင်၍ နေကြလေကုန်၏။
“မာနေန - မာန်မာနတရားက၊
အဟံ အဟံ မညာ - ငါ ငါဟု မှတ်ထင်ကြ ကုန်သည်ဖြစ်၍”
မာနက စ,ပြီးတော့ ငါ, အဲဒီ အတ္တ ကလေးကို ငါ, တစ်ခုက ငါ, အဲဒီ အတ္တကလေးက ငါပဲ၊ ငါဆိုရင် သူဆိုတဲ့ဥစ္စာလဲ ပေါ်လာတယ်၊ အဲဒီ အတ္တလေးဟာ, သူဆိုတာ အဲဒီ အတ္တလေးပဲ။
“တံ တံ - အတ္တဆိုတဲ့ ထိုအရာဝတ္ထု အတ္တနဲ့ဆိုင်တဲ့ တွေ့ရာမြင်ရာ ကြုံရာ အရာဝတ္ထုဟူသမျှကို၊
တဏှာယ - တဏှာဖြင့်၊
ဂါဟကာ - စွဲလမ်း၍ နေကြလေကုန်၏။
အတ္တစွဲကြောင့် နယ်ကျယ်လာ
ဒါ လက်ရှိ ဒီအတိုင်းပဲ၊ အိမ်တစ်အိမ် လူတွေ စဉ်းစားကြည့် လိုက်စမ်း၊ တစ်ယောက်က ခေါင်းဆောင်လူက ငါ သို့မဟုတ် အတ္တလို့ ခုနက အကောင် ကလေးမျိုးကို မှန်းပြီးပြောလိုက်လို့ရှိရင် ကိုယ်ကလေ, ငါတို့ကတော့လေ ငါက ဘယ်သူ့ကို ဂရုစိုက်ရမှာတုန်း၊ ဟောဒီမှာ ဒိဋ္ဌိသံနဲ့ မာနသံကလေးနဲ့၊ ကိုယ်ကလေ ဆိုတာ ဘယ်သူ့ကို ပြောတာတုန်းဆိုရင် အမှတ်တမဲ့ဆိုတော့ ဘယ်သူရယ်လို့ မသိဘူး၊
သေသေချာချာ စဉ်းစားလိုက်တော့ ကိုယ်ကလေဆိုတာ ရုပ်ကိုပြောတာ မဟုတ်ဘူး, နာမ်ကို ပြောတာမဟုတ်ဘူး၊ အတ္တကို ပြောတာပဲ။ ကိုယ်ကလေ, ဒီတော့ ငါ့ကို သူတို့က ဘာထင်လို့ပါလိမ့်၊ ဟော ငါမာနလေးနဲ့၊ ဘယ်သူ့ပြောတာလဲ၊ အဲဒီ အတ္တကလေးကို ငါလို့မာနနဲ့ တစ်ခါ အထင်ကြီးသွားတယ်၊ ငါချမ်းသာအောင်လို့ အတ္တ ချမ်းသာအောင်လို့ ခုနကပြောတဲ့ မကောင်းတာလဲ အကောင်းထင် လုပ်လိုက် တယ်၊
နောင်ဘဝသံသရာ ခံစားရအောင် စိတ်က မပါစေကာမူ ကောင်းတာတွေလုပ်ရင် ငါတော့ အကျိုးခံစားရမှာပဲ၊ ငါတော့ ကောင်းတာတွေ ဖြစ်မှာပဲ၊ ခံစားပါရစေလို့ ဆုမတောင်းပေမယ့် ငါတော့ ကောင်းတာ လုပ်, ကောင်းကျိုး ရမှာပဲ၊ နို့ သံသရာ ဘယ်လောက် ကျယ်သွားသလဲ၊ ဟိုဘက် သံသရာတွေ ဘယ်လောက် ကျယ်သွားတုန်း၊
အပါယ်လေးပါး သံသရာလဲ ဒီအတ္တ စွဲလမ်းမှုကြောင့် ကျယ်သွားတယ်၊ သုဂတိ ဘဝသံသရာလဲ ဒီအတ္တစွဲလမ်းမှုကြောင့် ကျယ်သွားတယ်၊ ဒါကြောင့် တဏှာ, မာန, ဒိဋ္ဌိဟာ သံသရာထဲ သူတို့ ချဲ့နေတာ၊ ဒိဋ္ဌိ ပြုတ်လို့ရှိရင် တဏှာပြုတ်, မာနပြုတ်၊ ဒါကြောင့် ဒိဋ္ဌိရဲ့ စွဲလမ်းချက်ဖြစ်တဲ့ အတ္တဟာ တော်တော်ခက်တယ်၊ ဘာပြုလို့လဲ ဆိုတော့ စွဲလမ်းတာက ကြာပြီလေ၊ သတ္တဝါလို့ ရုပ်နာမ်ခန္ဓာနဲ့ ဖြစ်ကတည်းကိုက ဒီအစွဲအလမ်းဟာ ပါနေတာ။
ကမ္ဘာအစ အစမှာ ခုနက ဈာန်ရ ရသေ့ကြီးတွေက ဟောကြတယ်၊ ဟောပေမယ်လို့ မဟောခင်ကတည်းကိုက သတ္တဝါတွေက ဒီအတ္တကို စွဲလမ်းနေတာ၊ ရသေ့ကြီးတွေ ကတော့ အကောင်အထည် ဖော်ပြနေတာ၊ ဖန်ဆင်းတဲ့ ပရမအတ္တဆိုတဲ့ ထာဝရကတော့ ဟိုကောင်းကင်ဘုံမှာ နေတယ်၊
သတ္တဝါတိုင်းမှာ ရှိနေတဲ့ ဇီဝအတ္တ ဆိုတဲ့ အသက်ကတော့ ဒီခန္ဓာကိုယ်ထဲမှာ, ဝိညာဉ်ကို အတ္တလို့ယူတဲ့သူက ဟဒယနှလုံးမှာ မှီပြီးတော့ အဲဒီအတ္တလေးဟာ သေးသေးမွှားမွှားလေးရှိတယ်၊ ဘယ်တော့မှ မပျက်ဘူး၊ ရုပ်တစ်ခုလုံးကို အတ္တလို့ ယူတဲ့သူက ခန္ဓာကိုယ် ကြီးသလောက် အတ္တကလေးတွေ နှံ့ပြီးတော့နေတယ်၊ အဲဒီလို စွဲလမ်း မှုတွေနဲ့ သံသရာထဲမှာ ကြာပြီးတော့ ဘုန်းကြီးတို့ နေခဲ့ကြရတာ။
အတ္တ၏ စွမ်းရည်သတ္တိ
ဒီတော့ ခုနက အဲဒီ စွဲလမ်းနေတဲ့ အတ္တဟာ ဘယ်လိုများ အစွမ်းသတ္တိ ရှိနေ သတုန်းလို့ဆိုတော့ -
သဗ္ဗော ယဿ ဝသေနေဝ, ဟောတီတိ ပရိကပ္ပိတော၊
ကာရကော ဝေဒကော သာမီ, နိုဝါသီ သော သယံဝသီ။
ယဿ အတ္တနော - အသက်ကောင်, လိပ်ပြာကောင်, ဝိညာဉ်ကောင် ဟူ၍ စွဲဆိုအပ်သော အကြင်အတ္တ၏၊
သေန - စွမ်းရည်သတ္တိ, မပြတ် ရှိသည့်အတွက်ကြောင့်၊
သဗ္ဗော - သူရောကိုယ်ပါ, များပြားစွာတောင်း, သတ္တဝါအပေါင်းသည်၊
ဟောတိ - ထိုဤအမှု ကိုယ်စီပြုလျက်, ယခု အနေ, ဖြည့်ကျင့်၍ နေနိုင်ပေ၏၊
ဣတိ ပရိကပ္ပိတော - ဤကဲ့သို့ပင်, ပုထုဇဉ်တို့, အစဉ်မပြား, အထင်မှားကြံဆ အပ်သော၊
သော အတ္တာ - အသက်ကောင်, လိပ်ပြာကောင်ဟု ခေါ်ဆိုရတဲ့ ထိုအတ္တသည်၊
ကာရကော - ပြုရေးပြုရာ, ပေါ်ပေါက်လာလျှင်, လျော်စွာတစ်ခုခု ဖြင့်, ပြုစုလည်း ပြုစုတတ်လေ၏၊
ဝေဒကော - ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးကို အကျိုးလျော်ကန်, ပေါ်လာ ပြန်လျှင်, ခံစံလည်း ခံစံတတ်ပေ၏။
သာမီ - ခန္ဓာအိမ်ဆိုင်သမျှ၌, ပိုင်သအုပ်စီး, အရှင်သခင်ကြီးပေတည်း၊
နိဝါသီ - ဟောင်းခန္ဓာအိမ်, ပျက်သည့်ချိန်ဝယ်, ခန္ဓာအိမ် အသစ်လဲ၍, တကတဲမှီ, အမြဲတည်တဲ့ သဘောပေတည်း၊
သယံဝသီ - ခန္ဓာအိမ်မှ အစုစု၌, တစ်ခုမကျန် စီမံခွဲဝေ, မိမိနှစ်ခြိုက်မှု စနစ် ကိုက်အောင် လိုက်ပါစေနိုင်တဲ့ သဘောတစ်မျိုးပေတည်း။
ခန္ဓာကိုယ် ပြုသမျှ အတ္တအလုပ်ချည်း
ခုနက မဟုတ်တဲ့အတ္တကို ဘုန်းကြီးက သူတို့ စွဲလမ်းသလို နေရာလေးဘာလေး ချပြထားတယ်နော်၊ တချို့က ဟဒယနှလုံးထဲမှာ, တချို့က တစ်ကိုယ်လုံးမှာ ပျံ့နှံ့ပြီးတော့ နေတယ်တဲ့၊ အဲဒီအတ္တဟာ ဘယ်လောက် သတ္တိရှိတုန်း ဆိုတော့ “ကာရကော - ပြုရေးပြုရာ, ပေါ်ပေါက်လာလျှင်, လျော်စွာတစ်ခုခုဖြင့် ပြုစုလည်း ပြုစုတတ် လေ၏” ဘုန်းကြီး ခု အသံထုတ်ပြီးတော့ ဟောနေတယ်၊
ငါ ပြောမယ်လို့ဆိုတဲ့ စကားလုံးတွေဟာ အတ္တက စီစဉ်နေတာ, အတ္တက စီစဉ်ပြီးတော့ အသံထွက်အောင်လဲ အတ္တက စီစဉ်နေတယ်၊ ဘာနဲ့ ပြုပေးလဲ, ပါးစပ်ရယ်, ပါးစပ်ထဲမှာရှိတဲ့ အသံထွက်တဲ့ နေရာတွေ ရယ် ဌာန်ကရိုဏ်း ခေါ်တယ်၊ အဲဒီ နေရာတွေ စုပေါင်းပေးပြီးတော့ အသံလေးတွေ တစ်လုံးချင်း ထွက်လာအောင် အတ္တက ပြုပေးနေတယ်။
ခု ဘုန်းကြီး လက်လှုပ်ချင်တယ်လို့ဆိုရင် အဲဒီ လက်လှုပ်ချင်တာကိုက အတ္တက လှုပ်ချင်တာ၊ အတ္တက လှုပ်ချင်တော့ သူက လက်ကလေးကို အမိန့်ပေးပြီးတော့ လှုပ်စေတယ်၊ ဒါ အတ္တက ခိုင်းနေတာ၊ အတ္တအလုပ်တွေချည်းပဲ။
ဘုန်းကြီးတို့ လမ်းသွားတယ်, သွားချင်တယ်၊ ဘယ်သူသွားချင်လဲ၊ အတ္တက သွားချင်လို့ သွားအောင် ဘယ်သူက လုပ်ပေးသလဲ။ ခြေထောက်တွေ မြှောက်အောင်, ခြေထောက်တွေ ချအောင် အားလုံး အလုပ်မှန်သမျှ အတ္တက လုပ်ပေးတာချည်းပဲ။
ခံစားသမျှ အတ္တက
“ဝေဒကော - ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးကို, အကျိုးလျော်ကန်, ပေါ်လာပြန်လျှင်, ခံစံလည်း ခံစံတတ်ပေ၏” တစ်ခါတလေ အမယ် - နာလိုက်တာ။ နာတာ ဘယ်သူက နာပါလိမ့်, ပြောစမ်း၊ ခေါင်းကိုက်တယ်ဆိုပါတော့, ခေါင်းက နာတာလား, မဟုတ်ဘူး၊ အတ္တက နာတာ၊ မျက်စိ နာလိုက်တာဆိုတာ မျက်စိက မျက်လုံးက နာတာကို သိသလား, မသိပါဘူး၊ ဘယ်သူကတုန်း နာတယ်ဆိုတာ, အတ္တက နာတာ။
ဒီနေ့ ထမင်းစားလို့ ကောင်းလိုက်တာ, အရသာ ရှိလိုက်တာလို့ ဆိုတယ်၊ အဲဒီ အရသာရှိတဲ့ အရသာကို ဘယ်သူက ခံစားတာလဲ။ အတ္တက ခံစားတာ၊ ဒီနေ့ ငါစားလို့ ကောင်းတယ်၊ ကိုယ်စားလို့ ကောင်းတယ်, ဒါဟာ အတ္တက ကောင်းနေတာ။
ရူပါရုံတွေ မြင်တဲ့အခါ ဒီနေ့ ငါလေ ဘာကို မြင်လိုက်တာ သဘောကျလိုက်တာလေ, ကျုပ်သဘောကျလိုက်တာလေ, ကိုယ် သဘောကျလိုက်တာလေ၊ ငါ ဒီနေ့ ဘယ်ဟာကို မြင်ရတယ်။ ကျုပ် စိတ်ပျက်လိုက်တာလေ၊ ကျုပ်ပဲ ခေါ်ခေါ်, ပဲ ခေါ်ခေါ် အဲဒီ အတ္တက ခံစားတာချည်းပဲတဲ့။
သာသနာပအခါမှာ ဒီအတိုင်း ဖြစ်ရမှာပဲ၊ ဒီအတိုင်း စွဲလမ်းမှာ၊ မြတ်စွာဘုရားရဲ့ တရားတော်ကို နှစ်နှစ်ကာကာ မနာဖူးလို့ရှိရင် ဒီအတိုင်း သွားရမှာပဲ၊ သာသနာပ ပညာရှိကြီးတွေ ဒီအတိုင်း ပြောကြမှာပဲ။
ခန္ဓာအိမ်ရဲ့ အရှင်သခင် အတ္တ
“သာမီ - ခန္ဓာအိမ် ဆိုင်သမျှ၌, ပိုင်သအုပ်စီး အရှင်သခင်ကြီးပေတည်း”
ဒီဟာတွေ နားလည်မှ ဟို အနတ္တကို ပြောတဲ့အခါ နားလည်မယ်နော်၊ ဒါကို နားမလည်ဘဲနဲ့ ဟိုအနတ္တပြောရင် နားလည်မှာ မဟုတ်ဘူး၊ ဒီခန္ဓာအိမ် ဘယ်သူ့ ခန္ဓာအိမ်လဲ, ငါ့ခန္ဓာအိမ်လေ၊ ဘယ်သူ ပိုင်တာတုန်းကျုပ်ပိုင်တာပေါ့, ကိုယ်ပိုင်တာပေါ့၊ အတ္တက ဒီခန္ဓာအိမ်ကို ပိုင်တယ်၊ အိမ်တစ်လုံးကို လူက ငါပိုင်တယ်, ဒါငါ့အိမ်ဆိုသလိုပဲ။ ဒီခန္ဓာအိမ်ကို အတ္တက ငါပိုင်တယ်၊ အိမ်တွင်းပစ္စည်းတွေ ငါ့ပစ္စည်းတွေပဲ။
“သာမီ - ခန္ဓာအိမ် ဆိုင်သမျှ၌, ပိုင်သအုပ်စီး, အရှင်သခင်ကြီးပေတည်း”
ဒါ ဘယ်သူ့လက်လဲ, ကျုပ်လက်လေ၊ ဘယ်သူ့ ဆံပင်လဲ, ကျုပ်ဆံပင်ပေါ့၊ ဘယ်သူ့ မျက်စိ, ဒါဘယ်သူ့မှာလဲ, ငါ့မျက်စိလေ, ငါ့နားလေ, ကိုယ့်နားလေ၊ ကျုပ်ကိုယ်, ကျုပ်သွား, ကျုပ်မျက်စိ။
အဟောင်းပျက်ချိန် ခန္ဓာအိမ်
အသစ်လဲတည်တဲ့ အတ္တ
“နိဝါသီ - ဟောင်းခန္ဓာအိမ်,ပျက်သည့် ချိန်ဝယ်, ခန္ဓာအိမ်သစ်, ပြောင်းကာဖြစ်၍ စနစ်မကွဲ၊ အမြစ်တွဲလျက်, တကတဲမှီ, အမြဲတည်တဲ့ သဘောပေတည်း”
အိမ်ကြီးတစ်ခု အိုသွားတော့ အိမ်ကြီးက အိုသွားပြီ၊ ကျုပ်အိမ်အသစ် ပြင်ဆောက် နေတယ်၊ ဒါ ကျုပ်အိမ်အသစ်ကြီးပေါ့၊ ဟိုအိမ်ဟောင်း ဖျက်လိုက်ပြီ လေ၊ အတ္တကလဲ ဒီလိုပဲ၊ တစ်စုံတစ်ခု ခိုက်မိ တိုက်မိလို့ဖြစ်ဖြစ်၊ သူများက နှောက်ယှက် နှိပ်စက်လို့ ဖြစ်ဖြစ် ဒီ ခန္ဓာအိမ်ကြီး မကောင်းတော့ဘူးဆိုရင် ခန္ဓာအိမ်အသစ် လဲလိုက်တယ်၊
ခန္ဓာအိမ် အသစ်လဲတော့ သူ ကြိုက်သလို လဲနိုင်ပါ့မလားဆိုတော့, ဒါတော့ လူတွေတောင်မှ ကြည့်ပါလား၊ တချို့ အိမ်သစ်လဲတော့ ပထမ အိမ်ထက် ကောင်းတဲ့ အိမ်ရတယ်၊ တချို့က ပစ္စည်းမရှိ ဘာမရှိနဲ့မို့လို့ အရင်ထက် ညံ့သွားတယ်၊ ကျုပ်တော့ဗျာ အရင်အိမ် ပျက်တာနဲ့မို့ အခု တဲကုပ် ကလေးနဲ့ နေရတယ်၊ ကျုပ်တော့ဗျာ အရင်အိမ် မီးလောင်တာနဲ့ အခု ဖြစ်သလိုပဲ နေလိုက်ရတယ်။
အဲဒီလိုပဲ အတ္တကလဲ ကုသိုလ်ကံက ဘာက မကောင်းတော့ ခန္ဓာအိမ် အဟောင်း ကတော့ ပျက်သွားပြီ၊ အသစ်ရတဲ့ ခန္ဓာအိမ်ကို ငရဲခန္ဓာအိမ် ဖြစ်နေတော့မှ ငရဲခံနေရတယ်ဗျာ၊ ပြိတ္တာခန္ဓာအိမ်ရတော့ ပြိတ္တာကိုယ်နဲ့ ပြိတ္တာဖြစ်နေတယ်ဗျာ၊ တိရစ္ဆာန်ခန္ဓာအိမ်ရတော့ တိရစ္ဆာန်ဖြစ်နေတယ်ဗျာ၊ လူ့ ခန္ဓာအိမ် ရတော့ လူဖြစ်နေတယ်ဗျာ၊ နတ်ခန္ဓာအိမ်ရတော့ နတ်ဖြစ်နေတယ်ဗျာ၊ ဒီအတ္တကတော့ မပြောင်းဘူး၊ ခန္ဓာအိမ်က ပြောင်း - ပြောင်းသွားတယ်၊
“နိဝါသီ - ဟောင်းခန္ဓာ အိမ်, ပျက်သည့်ချိန်ဝယ်, ခန္ဓာအိမ်အသစ်လဲ၍ တကတဲမှီ, အမြဲ တည်တဲ့ သဘောပေတည်း”
ခန္ဓာအိမ်သာ ပြောင်းသွားတာ, အတ္တက မပြောင်းဘူး၊ အတော်ကောင်းတယ်၊ အတ္တစွဲကြတာကလဲ တော်တော်ကို စွဲလောက်တယ်။ ကြည့်လေ, ဗြဟ္မာကြီးတွေ အထက်ဗြဟ္မာပြည်က စုတေလာတော့ ငါလေ အဲဟို ဗြဟ္မာပြည် မရောက်ခင်က ဟိုအထက်က ဗြဟ္မာပြည်မှာ ဖြစ်တာ၊ နောက်တော့ အဲဒီဗြဟ္မာပြည် ရောက်တယ်၊ အဲဒီကမှ သေပြီးတော့ အခု လူ့ပြည်ကို ရောက်လာတာ၊
ငါတို့ကသာ အပြောင်းအလဲရှိတာ၊ ဟို ငါတို့ ဗြဟ္မာကြီးကတော့ မပြောင်းလဲဘူး၊ ငါတို့ မရောက်ခင်ကလဲ ရှိတယ်၊ ခုလဲ သူရှိတယ်၊ နောက်သူက ရှိနေမှာပဲ, သူက ထာဝရ အမြဲရှိနေတာပဲ၊ တို့ကိုဖန်ဆင်းတာ သူပဲ။ တယ်ပြီးတော့ စွဲလမ်းစရာ ကောင်းတယ်။
ကိုယ့်အလိုကျအောင်
စီမံပေးနေတဲ့ အတ္တ
“သယံဝသီ - ခန္ဓာအိမ်မှု အစုစု၌, တစ်ခုမကျန် စီမံခွဲဝေ, မိမိနှစ်ခြိုက် စနစ် ကိုက်အောင် လိုက်ပါစေနိုင်တဲ့ သဘောတစ်မျိုးပေတည်း”
ခန္ဓာအိမ် အမှုကိစ္စရှိသမျှ အတ္တက အကုန်လုံး စီမံပေးနေတာပဲ၊ အိမ်ရှင်က အိမ်မှုကိစ္စအားလုံး စီမံပြုပြင်သလိုပဲ၊ ခန္ဓာအိမ် မကောင်းပြန်, ဆေးနဲ့ဝါးနဲ့ သူက စီမံ ပြုစုပေးပြန်၊ တစ်စုံတစ်ခု ချို့ယွင်းပြန်, သူက စီမံပေးပြန်၊ အဲဒီလိုချည်း စီမံပေးနေ တာပဲတဲ့။
သဗ္ဗော ယဿ ဝသေနေဝ, ဟောတီတိ ပရိကပ္ပိတော၊
ကာရကော ဝေဒကော သာမီ, နိဝါသီ သော သယံဝသီ။
တယ်စွဲလမ်းချက် နာတယ်၊ ဘုန်းကြီးတို့စာက သေသေချာချာ ပြထားတာနဲ့ လူတွေ စွဲလမ်းပုံနဲ့ တယ်ကိုက်တယ်။
အတ္တကို နာမည်တပ်ကြပုံ
အဲဒီအတ္တကို ဘယ်လို နာမည်တပ်ကြမလဲ၊ တချို့က အသက်ကောင်လို့ ထင်တယ်၊ မြန်မာလူမျိုးက အသက်ကောင်, ဝိညာဉ်ကောင်, လိပ်ပြာကောင်လို့ တပ်ချင်တယ်၊ ခုနက အတ္တဆိုတဲ့ အကောင်လေးပဲ။ တကယ်တော့ အကောင်လဲ မဟုတ်ဘဲနဲ့ သက်သက်စိတ်က ဖန်ဆင်းပြီး စွဲနေတာ၊ပြောကြတယ်, အသက်ထွက်သွားပြီတဲ့၊ ဘယ်သူဟာလေ မမာနေတာ, အခု အသက်ထွက်သွားပြီ၊ အသက်ထွက်သွားပြီ ဆိုတော့ ဟိုတစ်နေရာ သွားပြီးတော့ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့၊ ဝိညာဉ်ချုပ် သွားပြီတဲ့၊ ချုပ်လို့ ဟိုမှာ အသစ်ပြန်ဖြစ် အသစ်ရောက်သွားတယ်တဲ့။
တောခပ်ကျကျ လူကြီးတွေကလဲ အသက်ကောင်, ဝိညာဉ်ကောင်, လိပ်ပြာကောင် လို့ ပြောကြသေးတယ်၊ မိဘတစ်ဦးဦး သေတော့ မိဘကစွဲလမ်းလို့ ဒီက သားဖြစ်ဖြစ်, သမီးဖြစ်ဖြစ် လိပ်ပြာချင်း လာလာပြီးခေါ်နေတယ်၊ ဒါကြောင့် ဒီမှာ ရှိတဲ့ကလေး ကောင်းကောင်း မမာဘူး၊ ဒီလိပ်ပြာကို ခွဲပေးပါတဲ့ ပြောလေ့ရှိကြတယ်။
အတ္တကို ပြုစုယုယကြပုံ
တချို့လူမျိုးတွေကျတော့ သေပြီလို့ ဆိုရင် လိပ်ပြာနေစရာ ဆိုပြီးတော့ လိပ်ပြာအိမ် ခမ်းခမ်းနားနားကြီး လုပ်ကြတယ်၊ တချို့ သေသွားတော့ သုသာန်မှာ ခေါင်းကြီး သွင်းထားပြီးတော့ သေတဲ့သူ စားစရာ, သောက်စရာ အပြည့်အစုံ, သေတဲ့သူ ကြိုက်တတ်တဲ့ ပစ္စည်းအပြည့်အစုံနဲ့ တခမ်းတနား ပြင်ဆင်ထားကြသေးတယ်၊
ဒီအသက်ကောင်ကလေး စားဖို့သောက်ဖို့တဲ့၊ ဘယ်လောက်များ စွဲလမ်းချက် အားကြီးနေတုန်း၊ အဲဒီ စွဲလမ်းချက်ကလေးဟာ တစ်ကမ္ဘာလုံး တစ်သံသရာလုံး ဘုန်းကြီးတို့တစ်တွေ စွဲလမ်းလာခဲ့ကြတာ၊ ဒီတော့ အဲသလောက် အရာတစ်ခုကို ပျောက်သွားအောင်ဟာ မြတ်စွာဘုရားရဲ့ သာသနာနဲ့ မတွေ့သမျှ ဘယ်တော့မှ မပျောက်ဘူး။
သာသနာပမှာ အနတ္တအသုံး မရှိ
သာသနာပမှာလေ အနိစ္စ ပြောကြတယ်၊ တစ်စုံတစ်ခု ဖြစ်ရင် အနိစ္စ၊ ဟယ်-အနိစ္စပဲ၊ သာသနာပမှာ ဘုရားအလောင်းတွေ ဘာတွေက ဟောတတ်ကြတယ်၊“အသင်တို့ ပေါ့ပေါ့ဆဆ မနေကြနဲ့ မမြဲဘူး အားလုံး သေကြရမှာ, နာရမှာ, အိုရမှာ, ဒုက္ခတွေပဲ၊ ကုသိုလ်ကောင်းမှုတွေ ကြိုးစားပြုကြ”လို့ ဟောကြတယ်၊ လူတွေကလဲ တစ်စုံတစ်ခုဖြစ်ရင် ဒုက္ခဒုက္ခ ဒီလို နားလည်ကြတယ်၊ အနိစ္စ,အနိစ္စ၊ ဒုက္ခ,ဒုက္ခ ဒါတွေကတော့ လူတွေ နားလည်ကြတယ်၊ အနတ္တ အနတ္တလို့ ဘယ်သူမှ မယောင်ကြဘူး၊
ရှေးရှေးက သူတော်ကောင်းကြီးတွေ အလောင်းအလျာတွေလဲ အနတ္တကို မဟောခဲ့ကြဘူး၊ သူတို့လဲ အတ္တပဲ၊ အလောင်းအလျာကြီးတွေလဲ ငါ,ငါ အတ္တပဲ၊ သတ္တဝါတွေကလဲ ဘယ်သူ အနိစ္စရောက်တယ်တော့ နားလည်တယ်၊ ခလုတ်တိုက် တယ်, ဒုက္ခ-ဒုက္ခ နားလည်တယ်၊ အနတ္တတော့ နားလဲမလည်ဘူး, မပြောလဲ မပြောဘူး, အသုံးလဲ မရှိဘူး, ဟောလဲ မဟောဘူး။
ဘုရားပွင့်မှ အနတ္တသိကြရ
အဲဒါ မြတ်စွာဘုရား သာသနာတော် တွေ့မှ ဒီအနတ္တကို မြတ်စွာဘုရား ကိုယ်တော်တိုင် ထုတ်ဖော်ဟောမှပဲ နားလည်လာကြတယ်၊ ဒါကြောင့် မြတ်စွာဘုရား ဟာ ဝါဆိုလပြည့်နေ့မှာ ဓမ္မစကြာတရား ဟောပြီးတယ် ဆိုရင်ပဲ အရှင်ကောဏ္ဍည သောတာပန် ဖြစ်သွားတယ်။
လပြည့်ကျော် တစ်ရက်နေ့ကျတော့ မြတ်စွာဘုရားဟာ အင်မတန် အားကိုးစရာ, အင်မတန် အားရစရာ ကောင်းတာ၊ ကျန်တဲ့လေးပါးကို တရားရစေချင်လွန်းလို့ အင်မတန် ချစ်လှစွာသော သားကို ဖခင်က စောင့်ရှောက်ပြီးတော့ ပေးနေသလို စောင့်ရှောက်နေတယ်၊ ဆွမ်းခံ မကြွဘူး၊
အရှင်ကောဏ္ဍညတို့ ဆွမ်းခံပေးတဲ့ ဆွမ်းနဲ့ပဲ မြတ်စွာဘုရား ဖြစ်သလို မျှတအောင် နေပြီးတော့ ဉာဏ်တော်နဲ့ကြည့်၊ အရှင်ဝပ္ပတို့ တရားအားထုတ်တာ ဉာဏ်တော်နဲ့ ကြည့်ပြီးတော့ အကယ်၍များ တရားလမ်းလွဲနေပြီဆိုရင် မြတ်စွာဘုရားက ကြွပြီး ပြင်ပေးလိုက်တယ်၊ အဲဒီလိုချည်း မြတ်စွာဘုရားကိုယ်တော်တိုင် စောင့်ပြီးတော့ တရား လမ်းညွှန်ပေးနေတာ -
လပြည့်ကျော် တစ်ရက်နေ့ အရှင်ဝပ္ပ တရားရ၊
လပြည့်ကျော် နှစ်ရက်နေ့ အရှင်ဘဒ္ဒိယ တရားရ၊
လပြည့်ကျော် သုံးရက်နေ့ အရှင်မဟာနာမ် တရားရ၊
လပြည့်ကျော် လေးရက်နေ့ အရှင်အဿဇိ တရားရပြီးတော့ အားလုံးပုဂ္ဂိုလ်တွေ သောတာပန် ဖြစ်ကြတယ်။
တဏှာ, မာန လုံးလုံးပြုတ်ရန်
ဤသုတ္တန် ဟောရ
သောတာပန်ဖြစ်ရင် အတ္တဒိဋ္ဌိ ပြုတ်ပါတယ်၊ အတ္တဆိုတဲ့ စွဲလမ်းမှု မရှိပေမယ်လို့ အပေါ်ယံက မာန်မာနကတော့ ရှိနေသေးတယ်၊ တဏှာကတော့ ရှိနေသေးတယ်၊ အင်မတန် ကြမ်းတဲ့ တဏှာ, မာနသာ အတ္တဒိဋ္ဌိပြုတ်တဲ့ထဲမှာ ရောပါသွားတာ၊ ဒါလောက် မကြမ်းတဲ့ တဏှာ, မာနကတော့ ကျန်နေသေးတယ်။
ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်က အားလုံးသော နတ်ဗြဟ္မာတွေရော, ငါးပါးသော အရှင်မြတ်တွေရော ကျန်နေတဲ့ မာနနဲ့ တဏှာ ပြုတ်သွားအောင် ငါးရက်မြောက်နေ့မှာ ဒီအနတ္တတရားကို ဟောတော်မူတယ်။
ဒီ အနတ္တတရားဟာ မြတ်စွာဘုရား ဟောမှ ကြားရမှ သိရ နားလည်ရတဲ့တရား ဖြစ်တယ်၊ ဘုရား မဟောတော်မူလေသမျှ ကမ္ဘာမှာ ထိပ်တန်းအကျဆုံးဖြစ်တဲ့ ဗြဟ္မာတွေရော, နတ်မင်းတွေရော, လူပညာရှိတွေရော အတ္တစွဲလမ်းလာခဲ့ကြတာ ချည်းပဲ၊ အဲဒီ အတ္တစွဲလမ်းမှုနဲ့ သတ္တဝါတိုင်းဟာ သံသရာကြီး ကျယ်လာခဲ့တာ၊
ဒါကြောင့် ဘုန်းကြီးက ဒီ အနတ္တလက္ခဏသုတ်ကို ရိုရိုသေသေ လေးလေးစားစား ဟောမှ ဖြစ်မှာပဲလို့ စဉ်းစားမိတယ်၊ ဒါကြောင့် အခု သင့်တော်တဲ့အချိန်မှာ မြတ်စွာဘုရားတရားတော်ကို နားလည်စေချင်လို့ အနတ္တလက္ခဏသုတ်ကို ဟောဖို့ ဘုန်းကြီး စီစဉ်ရတယ်။ ဒီနေ့ ပါဠိတော် ဘုန်းကြီး ရွတ်ပြမယ်။
......
ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏
အနတ္တလက္ခဏသုတ်အမွန်း
ဘိက္ခုနံ ပဉ္စဝဂ္ဂီနံ ဣသိပတနနာမကေ၊
မိဂဒါယေ ဓမ္မစက္ကံ၊ ဝတ္တေတွာနတ္တလက္ခဏံ၊
သောတာပတ္တိမဂ္ဂဋ္ဌာနံ, ဝိမုတ္တိ ပရိပါစနံ၊
ဒေသိတံ ယံ သမ္ဗုဒ္ဓေန၊ တံ သုတ္တန္တံ ဘဏာမ ဟေ။
ဣသိပတနနာမကေ - ဣသိပတန အမည်ရှိသော၊
မိဂဒါယေ - မိဂဒါယုံတော၌၊
ပဉ္စဝဂ္ဂီနံ - ငါးပါးသော အစုအဝေးတို့ဖြင့် တည်နေကြကုန်သော၊
ဘိက္ခုနံ - ယခုအခါ ရဟန်းဘဝသို့ ရောက်ပြီးတဲ့ ရဟန်းတော် အရှင်မြတ်တို့အား၊
ဓမ္မစက္ကံ - ပထမလပြည့်နေ့က ဓမ္မစကြာတရားကို၊
ဝတ္တေတွာ - ဟောတော်မူပြီး၍၊
သောတာပတ္တိ မဂ္ဂဋ္ဌာနံ - သောတာပတ္တိမဂ်၌ တည်ပြီး သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်ငါးဦးတို့အား၊
ဝိမုတ္တိပရိပါစနံ - အရဟတ္တမဂ်ကို ရင့်သန်စေတတ်သော၊
ယံ အနတ္တလက္ခဏံ - အကြင် အနတ္တလက္ခဏ သုတ်တော်ကို၊
သမ္ဗုဒ္ဓေန - သုံးလူ့ထွတ်ထား, ငါတို့မြတ်စွာဘုရားသည်၊
ဒေသိတံ - ဟောဖော်ညွှန်ပြတော်မူအပ်ခဲ့လေပြီ၊
တံ သုတ္တန္တံ - ထိုအနတ္တလက္ခဏ အမည်တော်ရတဲ့ သုတ္တန်ကို၊
ဟေ - အို ... သူတော်ကောင်းတို့၊
မယံ - ငါတို့သည်၊
ဘဏာမ - ရွတ်ကြကုန်တော့အံ့။
အနတ္တလက္ခဏသုတ်ပါဠိတော်
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
အနတ္တလက္ခဏသုတ်အမွှန်း
(က) ဓမ္မစက္ကံ ပဝတ္တေတွာ,
အာသဠိယံ ဟိ ပုဏ္ဏမေ၊
နဂရေ ဗာရာဏသိယံ,
ဣသိပတနဝှယေ ဝနေ။
(ခ) ပါပေတွာဒိဖလံ နေသံ,
အနုက္ကမေန ဒေသယိ၊
ယံ တံ ပက္ခဿ ပဉ္စမျံ,
ဝိမုတ္တတ္ထံ ဘဏာမ ဟေ။
(၁) အနတ္တလက္ခဏသုတ် နိဒါန်း
ဧဝံ မေ သုတံ -
ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ ‘ဘိက္ခဝေါ’တိ။‘ဘဒ္ဒန္တေ’တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ -
(၂) ရူပက္ခန္ဓာ အနတ္တဖြစ်ပုံ
ရူပံ ဘိက္ခဝေ အနတ္တာ၊
ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ။
လဗ္ဘေထ စ ရူပေ ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီတိ။
ယသ္မာ စ ခေါ ဘိက္ခေ၀ ရူပံ အနတ္တာ၊ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ။
န စ လဗ္ဘတိ ရူုပေ ‘ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ’ တိ။
(၃) ဝေဒနာက္ခန္ဓာ အနတ္တဖြစ်ပုံ
ဝေဒနာ အနတ္တာ၊
ဝေဒနာစ ဟိဒံ ဘိက္ခေ၀ အတ္တာ အဘဝိဿ၊ နယိဒံ ဝေဒနာ အာဗာဓာယ သံဝတ္တေယျ၊
လဗ္ဘေထစ ဝေဒနာယ“ဧဝံမေ ဝေဒနာ ဟောတု၊ ဧဝံ မေ ဝေဒနာ မာ အဟောသီ” တိ။
ယသ္မာ စ ခေါ ဘိက္ခဝေ ဝေဒနာ အနတ္တာ၊ တသ္မာ ဝေဒနာ အာဗာဓာယ သံဝတ္တတိ၊
နစ လဗ္ဘတိ ဝေဒနာယ“ဧဝံ မေ ဝေဒနာ ဟောတု၊ ဧဝံမေ ဝေဒနာ မာ အဟောသီ”တိ။
(၄) သညာက္ခန္ဓာ အနတ္တဖြစ်ပုံ
သညာ အနတ္တာ၊
သညာစ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ သညာ အာဗာဓာယ သံဝတ္တေယျ။
လဗ္ဘေထ စ သညာယ ဧဝံ မေ သညာ ဟောတု၊ ဧဝံ မေ သညာ မာ အဟောသီ တိ။
ယသ္မာ စ ခေါ ဘိက္ခဝေ သညာ အနတ္တာ၊ တသ္မာ သညာ အာဗာဓာယ သံဝတ္တတိ။
န စ လဗ္ဘတိ သညာယ ဧဝံ မေ သညာ ဟောတု၊ ဧဝံ မေ သညာ မာ အဟောသီ တိ။
(၅) သင်္ခါရက္ခန္ဓာ အနတ္တဖြစ်ပုံ
သင်္ခါရာ အနတ္တာ၊
သင်္ခါရာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿံသု၊ နယိဒံ သင်္ခါရာ အာဗာဓာယ သံဝတ္တေယျုံ။
လဗ္ဘေထ စ သင်္ခါရေသု ဧဝံ မေ သင်္ခါရာ ဟောန္တု၊ ဧဝံ မေ သင်္ခါရာ မာ အဟေသုံ တိ။
ယသ္မာ စ ခေါ ဘိက္ခဝေ သင်္ခါရာ အနတ္တာ၊ တသ္မာ သင်္ခါရာ အာဗာဓာယ သံဝတ္တန္တိ။
န စ လဗ္ဘတိ သင်္ခါရေသု ဧဝံ မေ သင်္ခါရာ ဟောန္တု၊ ဧဝံ မေ သင်္ခါရာ မာ အဟေသုံ တိ။
(၆) ဝိညာဏက္ခန္ဓာ အနတ္တဖြစ်ပုံ
ဝိညာဏံ အနတ္တာ၊
ဝိညာဏဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ဝိညာဏံ အာဗာဓာယ သံဝတ္တေယျ။
လဗ္ဘေထစ ဝိညာဏေ“ဧဝံမေ ဝိညာဏံ ဟောတု၊ ဧဝံမေ ဝိညာဏံ မာ အဟောသီ”တိ။
ယသ္မာ စ ခေါ ဘိက္ခဝေ ဝိညာဏံ အနတ္တာ၊ တသ္မာ ဝိညာဏံ အာဗာဓာယ သံဝတ္တတိ။
နစ လဗ္ဘတိ ဝိညာဏေ“ဧဝံ မေ ဝိညာဏံ ဟောတု၊ ဧဝံ မေ ဝိညာဏံ မာ အဟောသီ”တိ။
(၇) ရူပက္ခန္ဓာ၌ လက္ခဏာသုံးပါးလုံး
တံ ကိံ မညထ ဘိက္ခဝေ၊ ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါ တိ?
အနိစ္စံ ဘန္တေ။
ယံ ပနာ နိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါ တိ?
ဒုက္ခံ ဘန္တေ။
ယံ ပနာ နိစ္စံ ဒုက္ခံ ဝိပရိဏာမ ဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ
ဧတံ မမ၊ ဧသော ဟမသ္မိ၊ ဧသော မေ အတ္တာ တိ?
နော ဟေတံ ဘန္တေ။
(၈) နာမက္ခန္ဓာလေးပါး၌ လက္ခဏာသုံးပါးလုံး
ဝေဒနာ နိစ္စာ ဝါ အနိစ္စာ ဝါ တိ?
အနိစ္စာ ဘန္တေ။
ယံ ပနာ နိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါ တိ?
ဒုက္ခံ ဘန္တေ။
ယံ ပနာ နိစ္စံ ဒုက္ခံ ဝိပရိဏာမ ဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ
“ဧတံ မမ၊ ဧသော ဟမသ္မိ၊ ဧသော မေ အတ္တာ” တိ?
နော ဟေတံ ဘန္တေ။
သညာ နိစ္စာ ဝါ အနိစ္စာ ဝါ တိ?
အနိစ္စာ ဘန္တေ။
ယံ ပနာ နိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါ တိ?
ဒုက္ခံ ဘန္တေ။
ယံ ပနာ နိစ္စံ ဒုက္ခံ ဝိပရိဏာမ ဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ
“ဧတံ မမ၊ ဧသော ဟမသ္မိ၊ ဧသော မေ အတ္တာ” တိ?
နော ဟေတံ ဘန္တေ။
သင်္ခါရာ နိစ္စာ ဝါ အနိစ္စာ ဝါ တိ?
အနိစ္စာ ဘန္တေ။
ယံ ပနာ နိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါ တိ?
ဒုက္ခံ ဘန္တေ။
ယံ ပနာ နိစ္စံ ဒုက္ခံ ဝိပရိဏာမ ဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ
ဧတံ မမ၊ ဧသော ဟမသ္မိ၊ ဧသော မေ အတ္တာ တိ?
နော ဟေတံ ဘန္တေ။
ဝိညာဏံ နိစ္စံဝါ အနိစ္စံဝါတိ?
အနိစ္စံ ဘန္တေ။
ယံ ပနာ နိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံဝါတိ?
ဒုက္ခံ ဘန္တေ။
ယံ ပနာ နိစ္စံ ဒုက္ခံ ဝိပရိဏာမ ဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ
ဧတံ မမ၊ ဧသော ဟမသ္မိ၊ ဧသော မေ အတ္တာ တိ?
နော ဟေတံ ဘန္တေ။
(၉) ရုပ်တရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ
တသ္မာ တိဟ ဘိက္ခဝေ ယံကိဉ္စိ ရူပံ အတီတာ နာဂတ ပစ္စုပ္ပန္နံ, အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ, သြဠာရိကံဝါ သုခုမံ ဝါ, ဟီနံဝါ ပဏီတံ ဝါ, ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ “နေတံ မမ၊ နေသော ဟမသ္မိ၊ န မေသော အတ္တာ”တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
(၁၀) ဝေဒနာတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ
ယာကာစိ ဝေဒနာ အတီတာ နာဂတ ပစ္စုပ္ပန္နာ, အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ, သြဠာရိကာ ဝါ သုခုမာ ဝါ, ဟီနာ ဝါ ပဏီတာ ဝါ, ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ ဝေဒနာ “နေတံ မမ၊ နေသော ဟမသ္မိ၊ န မေသော အတ္တာ” တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
(၁၁) သညာတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ
ယာကာစိ သညာ အတီတာ နာဂတ ပစ္စုပ္ပန္နာ, အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ, ဩဠာရိကာ ဝါ သုခုမာ ဝါ, ဟီနာ ဝါ ပဏီတာ ဝါ, ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ သညာ နေတံ မမ၊ နေသော ဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
(၁၂) သင်္ခါရတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ
ယေကေစိ သင်္ခါရာ အတီတာ နာဂတ ပစ္စုပ္ပန္နာ, အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ, ဩဠာရိကာ ဝါ သုခုမာ ဝါ, ဟီနာ ဝါ ပဏီတာ ဝါ, ယေ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗေ သင်္ခါရာ နေတံ မမ၊ နေသော ဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
(၉) ဝိညာဏ်တရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ
ယံ ကိဉ္စိ ဝိညာဏံ အတီတာ နာဂတ ပစ္စုပ္ပန္န၊ံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ, ဩဠာရိကံ ဝါ သုခုမံ ဝါ, ဟီနံ ဝါ ပဏီတံ ဝါ, ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ဝိညာဏံ နေတံ မမ၊ နေသော ဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
(၁၄) နိဗ္ဗိန္ဒဉာဏ်မှစ၍ မဂ်ကိစ္စ ၁၆ ချက် ဖြစ်ပုံ
ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယ သာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊ သညာယပိ နိဗ္ဗိန္ဒတိ၊ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ၊ ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ။
နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ။
ဝိရာဂါ ဝိမုစ္စတိ။
ဝိမုတ္တသ္မိံ ဝိမုတ္တမီတိ ဉာဏံ ဟောတိ။
ခီဏာ ဇာတိ။
ဝုသိတံ ဗြဟ္မစရိယံ၊
ကတံ ကရဏီယံ။
နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတိ။
(၁၅) ပဉ္စဝဂ္ဂီရဟန်းများ ရဟန္တာဖြစ်ပုံ
ဣဒမဝေါစ ဘဂဝါ၊ အတ္တမနာ ပဉ္စဝဂ္ဂိယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုံ။
ဣမသ္မိံ စ ပန ဝေယျာ ကရဏသ္မိံ ဘညမာနေ ပဉ္စဝဂ္ဂိယာနံ ဘိက္ခူနံ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ဝိမုစ္စိံ သူတိ။
အနတ္တလက္ခဏသုတ္တံ နိဋ္ဌိတံ။
...
ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏
အနတ္တလက္ခဏသုတ် တရားတော်
ဒုတိယနေ့
သာသနာတော်၂၄၉၄ - ခုနှစ်၊ ကောဇာ ၁၃၁၂ - ခုနှစ်။
အနတ္တတရားကို လွယ်တယ် မထင်ကြနဲ့
အနတ္တလက္ခဏသုတ်ရဲ့ အခြေခံတရားများကို ဘုန်းကြီးပြောခဲ့တယ်၊ ဒီ အနတ္တလက္ခဏသုတ်တော်ကို ဟောတော်မူတဲ့အခါမှာ ပဉ္စဝဂ္ဂီပုဂ္ဂိုလ်များ ရဟန်းဖြစ်ပြီးပြီနော်၊ သောတာပန်ဖြစ်ပြီးပြီ၊ သောတာပန်ဖြစ်ပြီးတဲ့နောက် လေးရက်လောက် တရားအားထုတ်ပြီးပြီ၊ ပြီးတော့ ဒီပဉ္စဝဂ္ဂီပုဂ္ဂိုလ် ငါးဦးရဲ့ အခြေအနေက ဘုရားရှင်ကိုယ်တော်မြတ် ဘုရားအလောင်းတော် ဘဝတုန်းက ဘုရားဖြစ်လိမ့်မယ်လို့ သူတို့ ဒိဋ္ဌသိတာနဲ့မို့လို့ တောထွက်ပြီးတော့ စောစောစီးစီးက သီလစင်ကြယ်အောင် ထိန်းသိမ်းထားကြတဲ့ သူတော်ကောင်းကြီးတွေနော်။
ဒီတော့ သူတို့ရဲ့ အခြေအနေကို ကြည့်ပြီးတော့မှ ကနေ့ အနတ္တလက္ခဏသုတ် ဟောတော့ မြတ်စွာဘုရားက မေးတိုင်း မေးတိုင်း ပဉ္စဝဂ္ဂီ အရှင်မြတ်တွေက လိုက်ပြီးဖြေနေတယ်၊ သိပ်တော့ လွယ်တယ်လို့ မယူဆလိုက်နဲ့၊ ပဉ္စဝဂ္ဂီတွေရဲ့ အခြေအနေ ပြန်ကြည့် သောတာပန် ဖြစ်ပြီးသား အခြေအနေ ပြန်စဉ်းစား၊ သောတာပန် ဖြစ်ပြီးတဲ့နောက်တောင် လပြည့်ကျော် ၁-ရက်၊ ၂-ရက်၊ ၃-ရက် ၄-ရက်ပေါ့လေ ကမ္မဋ္ဌာန်း အားထုတ်နေကြတဲ့ ပုဂ္ဂိုလ်တွေ။
ဒီတော့ သီလက စင်ကြယ်လှပြီ၊ လောကီအာရုံ ကာမဂုဏ်စိတ်တွေ စင်ကြယ်လှပြီ၊ ရိုးရိုးတန်းတန်း အနေနဲ့ဆိုရင် ဒီ အရှင်မြတ်တွေရဲ့ စိတ်မှာ ဘာမျှ အပြစ်ဆိုစရာ မရှိတော့ဘူး၊ အတော်အတန် ကျန်ပြီးတော့နေတဲ့ အနုသယကိလေသာတွေ ပယ်ဖို့လောက်ပဲ ကျန်တော့တယ်။
ဒါကြောင့် မြတ်စွာဘုရား မေးတော်မူတဲ့အခါ ပဉ္စဝဂ္ဂီ အရှင်မြတ်တွေက လွယ်လွယ်ကလေးနဲ့ ဖြေလိုက်ကြတယ်။ ဒါကို ထောက်ပြီးတော့ ဘယ့်နှယ်လဲ အနတ္တတရားတော်ဟာ သိပ်ခက်တယ်လို့ ဆိုထားပြီးတော့ အခုတော့ အလွယ်သားပဲလို့ မယူဆလိုက်နဲ့။
သားမြီးဖျား မှန်အောင်ပစ်နိုင်တဲ့ လေးတော်သားတို့လို
“ဝါလဂ္ဂံ - ခရီးကွာဝေး၊ အသေးအမွှာ၊ သားမြီးဖျားကို၊ ဥသုနာ - အသင့်ပြင်ထား၊ ဖြောင့်သော မြားဖြင့်၊ ဝိဇ္ဈန္တိ ယထာ - ချက်တိုင်း မလွဲ၊ လက်တိုင်းစွဲသည့် လေးပွဲ ကျော်ကြားမှု လေးတော်သားတို့ကဲ့သို့”
ရှေးတုန်းက လေးပစ်တဲ့အခါမှာ ယခုခေတ် သေနတ်ပစ် အမြောက်ပစ်ရာမှာ တည့်သလို အင်မတန် တည့်အောင် ပစ်နိုင်ကြတယ်၊ မြန်မြန်ဆန်ဆန်လဲ ပစ်နိုင်တယ်၊ အဲသလို ပုဂ္ဂိုလ်တွေကို လေးတော်သားတွေလို့ ဘုရင်က အသိအမှတ်ပြုရတယ်။
ဘယ်လောက်များ သူတို့ ပစ်နိုင်တုန်းဆိုတော့၊ ဆိုပါတော့ တာ ၂၀-လောက် ဝေးတဲ့နေရာက ခရမ်းသီးလေးတစ်လုံးကို သားမြီးဖျားလေးနဲ့ ရစ်ပတ်ပြီးတော့ အဖျား သေးသေးလဲ အပေါ်က ဖော်ထားပြီး ချိတ်ထား၊
အဲဒါကို မြားနဲ့ပစ်လိုက်ရင် သားမြီးဖျားကလေးကို မှန်ပြီးတော့ ခရမ်းသီး အောက်ကျသွားတာပဲ၊ အဲဒီလို မှန်အောင်ပစ်နိုင်တဲ့ လေးတော်သားများလိုပဲ အင်မတန် ထက်သန်တဲ့ ဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်မှ ဒီအနတ္တ အချက်အလက်ကို ထင်ထင်ရှားရှား သိနိုင်တယ်။
အနတ္တအရောက် ထွင်းဖောက်သိဖို့ခက်
သုခုမံ တေ ပဋိဝိဇ္ဈန္တိ ဝါလဂ္ဂံ ဥသုနာ ယထာ၊ ယေ ပဉ္စက္ခန္ဓေ ပဿန္တိ, ပရတော နော စ အတ္တတော။
“ယေ ဇနာ - သူတော်များထံမှ တရားမှန်ကို ကြားဖန်များသလောက် တအား ဆောက်၍ ပွားမြောက်ကြိုးစား အကြင် အမျိုးသား အမျိုးသမီးတို့သည်”
တရားက အင်မတန် မှန်တဲ့တရား၊ ဘယ်လိုပဲ စောဒနာရှိရှိ၊ ဘယ်လိုပဲ ကပ်သီးကပ်သပ် မေးမေး၊ ဒီတရားက မလွဲနိုင်တဲ့တရား၊ ဒီတရားတော်ကို သူတော်ကောင်းတွေဆီမှာ နာယူမှု နာယူရုံတင်လား ဆိုတော့ မဟုတ်ဘူး၊ ပဉ္စဝဂ္ဂီတွေ အားထုတ်သလို အားထုတ်၊ နာလိုက်၊ အားထုတ်လိုက် ပြုလုပ်၊
ဘုန်းကြီးတို့တစ်တွေ အနတ္တကိုလေ့လာ၊ အနတ္တကို ဆွေးနွေး အနတ္တကို ရေးသား၊ တကယ့် အနတ္တသဘောကို အသိသဘောမျိုးတော့ သိတယ်ပေါ့၊ အပေါက်သဘောမျိုးတော့ မပေါက်သေးဘူး။ ဒါ့ကြောင့် အနတ္တကို ထိုးထွင်းသိဖို့က မလွယ်ဘူး၊ အင်မတန်လေးနက်တဲ့ တရားပါလို့ -
ရဟန္တာဖြစ်ချင်စရာ အချိန်
ဒီ တရားတော်ကို မြတ်စွာဘုရား ဟောတော်မူတော့ ပဉ္စဝဂ္ဂီတွေကလဲ ကမ္ဘာတစ်သိန်းလောက်က ပါရမီဖြည့်ကျင့်ပြီး ဖြစ်တယ်၊ နှစ်ပေါင်း များစွာကတည်းက စောစောစီးစီး တင်ကြိုတောထွက်လာလို့ သီလ စင်ကြယ်ပြီးသား၊ သမာဓိကောင်းပြီးသား၊ ပြီးတော့ လွန်ခဲ့တဲ့ ၁-ရက်၊ ၂-ရက်၊ ၃-ရက်မှ ၄-ရက် ၅-ရက်လောက်ကတည်းက သောတာပန် ဖြစ်ပြီးသားတွေ။
အဲဒီလို ပုဂ္ဂိုလ်တွေကို ဘုရားရှင် ကိုယ်တော်မြတ်က မိဂဒါဝုန်တောထဲမှာ ခုလောက်တောင်မှ ခမ်းခမ်းနားနားမဟုတ်တဲ့ တောရိပ်၊ တောင်ရိပ်နဲ့ တောထဲမှာ အေးအေးသာသာလေး ဘုရားရှင်နှင့် သာဝကငါးပါးနဲ့ ဘေးပတ်ဝန်းကျင်ကတော့ နတ်တွေ၊ ဗြဟ္မာတွေပါမယ်ပေါ့၊
အဲသလိုသာဝကငါးပါးနဲ့ အေးအေးဆေးဆေး နေပြီးသကာလ တရားဆွေးနွေးတဲ့ အချိန်ပတ်ဝန်းကျင်ကို စဉ်းစားကြည့်လို့ရှိရင် တရားပေါက်ချင်စရာကြီး၊ တရားရချင်စရာကြီး၊ ရဟန္တာဖြစ်ချင်စရာကြီး၊ အဲဒီအချိန်မှာ ဟောတော်မူတယ်။
ရုပ်အနတ္တဖြစ်ပုံ
ရူပံ ဘိက္ခဝေ အနတ္တာ။ ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ။
ရဟန်းတို့ … ခန္ဓာငါးပါးရှိတဲ့အထဲက ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ ဝိညာဏက္ခန္ဓာ ဆိုတဲ့ ခန္ဓာငါးပါးရှိတဲ့ အနက်က ရုပ်ခန္ဓာကြီး၊ ရုပ်ခန္ဓာကြီး၊ ဟိုသင်တို့ ရုပ်ကလာပ် အစိတ်အပိုင်းကလေး သေးသေးမွှားမွှား ပေါင်းပြီးတော့နေတဲ့ ဒီရုပ်ခန္ဓာကြီး၊ အဲဒါစဉ်းစားကြည့်စမ်း။
“ဘိက္ခဝေ - ရဟန်းတို့၊ ရူပံ - ရုပ်ဆိုတဲ့ ခန္ဓာတရားသည်၊ အနတ္တာ - အတ္တမဟုတ်”။
အတ္တဖြစ်လျှင် ရုပ်မနာသင့်
တစ်နေ့တုန်းက ပြောခဲ့တယ်နော်၊ အတ္တဟာ ဘယ်လိုဟာတုန်း? အတ္တဟာ “သယံဝသီ - ခန္ဓာအိမ်မှု၊ အစုစု၌၊ တစ်ခုမကျန် စီမံခွဲဝေ၊ မိမိနှစ်ခြိုက် စနစ်ကိုက်အောင် လိုက်ပါစေနိုင်တဲ့ သဘောပေတည်း”
အတ္တရဲ့ သတ္တိတွေ ပြောခဲ့တယ်နော်၊ အဲဒီသတ္တိလေး စဉ်းစားကြည့်စမ်း၊ ခန္ဓာအိမ်မှာ ရှိသမျှကို သူက သူ့အလို လိုက်စေချင်တယ်၊ သူ ဖြစ်ချင် ဖြစ်စေနိုင်တယ်၊ အင်မတန် သူတို့ ကြီးကြီးကျယ်ကျယ် အတ္တကို အမွှမ်းတင်ထားတာ။
ဘုရားရှင်က “ရဟန်းတို့ ပဉ္စဝဂ္ဂီရဟန်းတို့ ... ဒီရုပ်ခန္ဓာကြီးဟာ ခန္ဓာကိုယ်ကြီး တစ်ခုလုံး ပြောချင်ပြောဦးတော့၊ ဒီရုပ်ခန္ဓာကြီးဟာ အတ္တမဟုတ်ဘူး၊ အတ္တ မဟုတ်ဘူး”
“ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ” ဒီရုပ်ခန္ဓာကြီးဟာပေါ့လေ၊ သူတို့ ပြောသလို အများကြံစည်ပြီးတော့ထားသလို အတ္တများ ဆိုလို့ရှိရင် -
“နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ”
“ဣဒံ ရူပံ - အတ္တလို့ သူတို့စွဲလမ်းထားတဲ့ ဤရုပ်ခန္ဓာသည်၊ အာဗာဓာယ - မကျန်းမမာ ဖျားနာခြင်း အမျိုးမျိုး ဖြစ်ခြင်းငှာ၊ န သံဝတ္တေယျ - မဖြစ်သင့်ရာ”။
ကဲ - စဉ်းစားကြည့်စမ်း၊ အတ္တက မိမိအလိုကို လိုက်စေနိုင်တယ်တဲ့။ ခန္ဓာကိုယ်မှာ မိမိအလိုအတိုင်း ဖြစ်စေနိုင်တယ်လို့ သူတို့က စွဲလမ်း တယ်၊ ကဲ - အကယ်၍ ပေါ့လေ၊ သူတို့ စွဲလမ်းတဲ့အတိုင်း ရုပ်ခန္ဓာဟာ အတ္တဖြစ်လို့ရှိရင် ဘာဖြစ်လို့ မကျန်းမမာ ဖျားနာရဦးမှာလဲ။ မကျန်းမမာ ဖျားနာတဲ့ သဘောတရားမျိုးကို မပေါ်စရာကောင်းဘူးလား၊ မပေါ်သင့်ပါဘူး။
ဒီအတ္တက ဘယ်လို အလိုရှိမလဲ၊ ငါ့ရုပ် ငါ့ရုပ် မဖျားနာစေချင်ပေါင်၊ သူက မဖျားနာအောင်ကို စီမံရမှာ၊ သူ့အလိုကို လိုက်စေနိုင်တဲ့ သတ္တိရှိတယ်ဆိုလို့ရှိရင် ဟိုအိမ်ဟာ အိမ်ပိုင်သူက မပျက်စီးစေချင်ပါဘူး၊ ပျက်ရင် ပြင်မယ်ဆိုတဲ့အနေနဲ့ မပျက်အောင်ကို ကြိုးစားထားရင် မပျက်နိုင်ဘူး၊ စောစောစီးစီးက တင်ကြိုထား၊ ပျက်ကို မပျက်ဘူး။
အဲသလိုပေါ့ အတ္တဟာ ခန္ဓာအိမ်ကို စီမံနိုင်ခွင့် ရှိတယ်ဆိုလို့ရှိရင် ဘာဖြစ်လို့ ဖျားရတယ်၊ အနာပေါက်ရတယ်ဆိုတဲ့ အဖြစ်မျိုး ဖြစ်ရမှာလဲ၊ မဖြစ်သင့်ပါဘူး၊ အတ္တဟုတ်ရင် ရုပ်ခန္ဓာက အနာရောဂါ မဖြစ်သင့်ပါဘူး။
ကိုယ်အလိုရှိတဲ့ ရုပ်ဖြစ်အောင် စီမံနိုင်မှာပေါ့
လဗ္ဘေထ စ ရူပေ“ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ”တိ။
ပြီးတော့ကာ ဒီအတ္တက သူ့အလို လိုက်စေနိုင်တယ်လို့ ပြောတယ်နော်၊ ဒီခန္ဓာကိုယ်နဲ့ ဆိုင်ရာတွေက သူ့အလိုကို အကုန်လုံးလိုက်အောင် စီမံနိုင်တယ်လို့ ဆိုတယ်။ အဲဒီတော့ စီမံဖို့ကောင်းတာပေါ့။
“မေ - ငါ၏၊ ရူပံ - ရုပ်ခန္ဓာသည်၊ ဧဝံ - ဤသို့ဤပုံဤနည်း လှလှပပ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ၊ ဟောတု - ဖြစ်ပါစေ”၊
စီမံလိုက်စမ်းပါ၊ စီမံလိုက်စမ်းပါ၊ ငါ့ရုပ်ဟာလေ ဟော-အင်မတန်ကြည့်ကောင်းတဲ့ မွန်မွန်ရည်ရည် ရုပ်ဖြစ်ပါစေ၊ စီမံလိုက်ပါ၊ စီမံလိုက်ပါ၊ အတ္တက စီမံနိုင်တယ်ဆိုရင် ရုပ်ခန္ဓာပေါ်မှာ စီမံလိုက်စမ်းပါ။
“မေ - ငါ၏။ ရူပံ - ရုပ်ခန္ဓာသည်၊ ဧဝံ - ဤသို့ မလှမပ ရောဂါဘယ ထွေထွေပြားပြားနဲ့၊ မာအဟောသိ - မဖြစ်ပါစေလင့်”
ဒီလိုတောင့်တပြီး စီမံလိုက်စမ်းပါလေ၊ ဒီလိုတောင့်တတိုင်း ရဖို့မကောင်းဘူးလား၊ အတ္တ ဆိုလို့ရှိရင် သူတို့ တောင့်တတိုင်း ရဖို့ မကောင်းဘူးလား၊ ရဖို့ သိပ်ကောင်းတယ်။ သူတို့က စီမံနိုင်တယ်လို့၊ အတ္တလို့ ရုပ်ခန္ဓာကို ပြောတော့ ခုပြောတဲ့ ရုပ်ခန္ဓာကိုက သူကိုယ်တိုင် မမာမကျန်း ဖြစ်တယ်၊ သူပြောတဲ့ ရုပ်ခန္ဓာကိုက ဖြစ်ချင်သလို တောင့်တလို့မရဘူး၊ ဒီအတ္တဆိုတဲ့ ရုပ်ခန္ဓာကိုက -
အနတ္တဖြစ်လို့သာ ရုပ်နာရ
“ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ၊ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ”
ဒီတော့ အမှန်ကတော့ ဒီရုပ်ခန္ဓာက အနတ္တပဲ၊ ဒါကြောင့် ရုပ်ခန္ဓာဟာ တောင့်တတိုင်း မရပါဘူး၊ မကျန်းမမာ မဖျားနာအောင်လို့ တောင့်တပေမယ့် မဖြစ်ပါဘူး၊ သူ့အကြောင်းအားလျော်စွာ ကံမကောင်းလို့၊ စိတ်မကောင်းလို့ မကောင်းတဲ့ဥတုနဲ့ တွေ့လို့ မကောင်းတဲ့ အာဟာရတွေ စားမိလို့ရှိရင် ဒီရုပ်ကြီးက မကျန်းမမာ ဖြစ်တာပဲ။ သူတောင့်တလို့ မရပါဘူး၊ သူဖြစ်ချင်သလို ဒီရုပ်က မဖြစ်ပါဘူး။
ကိုယ်တိုင်စီမံလို့လဲ မဖြစ်
န စ လဗ္ဘတိ ရူပေ“ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ” တိ။
တောင့်တလို့ မရဘူး၊ ငါ့ရုပ်က ဟောဒီလိုဖြစ်ပါစေလို့ စိတ်ကူးကြည့်စမ်း၊ တောင့်တကြည့်စမ်း၊ အတ္တက တောင့်တကြည့်စမ်း၊ မရပါဘူး၊ ရုပ်က သူ့ရဲ့ ရှေးကံ မကောင်းလို့ရှိရင် အရုပ်ဆိုးကြီး ဖြစ်တာပဲ၊ သူ့ရဲ့ ရှေးကံ ကောင်းလာလို့ရှိရင် မွန်မွန်ရည်ရည်ရုပ် ဖြစ်တာပဲ၊
သူ့ရဲ့ အပြုအပြင် စိတ်နေစိတ်ထား၊ အစားအသောက်နဲ့ ဥတုရေမြေနဲ့ ပြုပြင်ထားရင် ရုပ်ကောင်းကောင်းမွန်မွန် ဖြစ်တယ်။ မပြုပြင်တတ်ရင် ဆိုးဆိုးဝါးဝါး ဖြစ်တာပဲ၊ ရောဂါဘယတွေ ဖြစ်တာပဲ၊ ဒါကြောင့် ရုပ်ဟာ အနတ္တကြီးပါပဲ၊ ရုပ်ခန္ဓာကြီးဟာ အနုတ္တကြီးပါပဲ၊ ကောင်းပြီ ဝေဒနာကော။
ဝေဒနာ အနတ္တဖြစ်ပုံ
“ဝေဒနာ အနတ္တာ = ဘိက္ခုတို့ ... ဝေဒနာလဲ အတ္တ မဟုတ်ဘူး”
သူတို့က အတ္တ အတ္တလို့ ဆိုပေမယ့် ဝေဒနာ အတ္တ မဟုတ်ပါဘူး။
“ဝေဒနာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ဝေဒနာ အာဗာဓာယ သံဝတ္တေယျ”
ဝေဒနာကလဲ မကျန်းမမာဖြစ်တယ်။ သုခဝေဒနာတဲ့၊ တစ်ခါတစ်ခါ ချမ်းချမ်းသာသာ ကောင်းတဲ့ ခံစားမှုတွေ ခံစားလို့ စိတ်ချမ်းသာလို့ ခန္ဓာကိုယ်ကလဲချမ်းသာလို့ သုခဝေဒနာဖြစ်၊ သူဒုက္ခ ဘယ်တော့မှမဖြစ်ချင်ဘူး၊ တော်တော်ကြာတော့ တစ်စုံတစ်ခု မကျေနပ်စရာအကြောင်းတွေ ပေါ်လာတော့ စိတ်ဆင်းရဲလို့၊ ဟောဒါ ဝေဒနာဟာ အာဗာဓ အနာဖြစ်တာပဲ။
ဝေဒနာ အနာပေါက်တာပဲ၊ စိတ်ဆင်းရဲလို့ တကတဲ တပင်တပန်းနဲ့ အလုပ်တွေ လုပ်ရကိုင်ရလို့၊ ကိုယ်ပင်ပန်းလို့ ကိုယ်ဆင်းရဲလို့၊ ဒါ သူဖြစ်ချင်တာ မဟုတ်ဘူး၊ အတ္တက ဖြစ်ချင်တာ မဟုတ်ဘူး၊ မဖြစ်ချင်တဲ့ဟာတွေ လျှောက်ပြီးဖြစ်နေတယ်၊ ဝေဒနာသာ အတ္တဆိုရင် ဘာဖြစ်လို့ မကောင်းဝေဒနာ အနာပေါက်လိမ့်မလဲ၊ အခုတော့ မကောင်းတဲ့ဝေဒနာ အနာတွေ ပေါက်လိုက်တာ။
လဗ္ဗေထ စ ဝေဒနာယ“ဧဝံ မေ ဝေဒနာ ဟောတု၊ ဧဝံ မေ ဝေဒနာ မာ အဟောသီ”တိ။
ငါ့ရဲ့ ဝေဒနာဟာ ချမ်းချမ်းသာသာကြီး ကိုယ်ချမ်းသာ၊ စိတ် ချမ်းသာဆိုတဲ့ သုခဝေဒနာချည်း ဖြစ်ပါစေ၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဆိုတဲ့ ဒုက္ခဝေဒနာတွေ ဘယ်တော့မှ မဖြစ်ပါစေနဲ့လို့ လိုချင်တယ်၊ တောင့်တတယ်၊ လိုချင်တိုင်း တောင့်တတိုင်း ဝေဒနာက ဖြစ်ရဲ့လား၊ မဖြစ်ဘူး၊ အကြောင်းအားလျော်စွာ ကိုယ်ဆင်းရဲစရာတွေ၊ စိတ်ဆင်းရဲစရာတွေ ဖြစ်ပေါ်လာလို့ရှိရင် ဘယ်လိုပဲ တောင့်တ တောင့်တ ဝေဒနာဟာ အာဗာဓ အနာတွေ ပေါက်ပြီးသကာလ တောင့်တတိုင်း မဖြစ်တဲ့အနေမျိုး ရောက်တာပဲ၊ ဒါကြောင့် ဝေဒနာဟာ အနတ္တပဲ။
သညာ အနတ္တဖြစ်ပုံ
“သညာ အနတ္တာ။ သညာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ သညာ အာဗာဓာယ သံဝတ္တေယျ”
သညာလဲ အနတ္တပဲ၊ သညာက မှတ်တယ်၊ ကောင်းတာလေး မှတ်နေချင်တာပဲ၊ ကောင်းတာလေး တွေးနေချင်တာပဲ၊ ကောင်းတဲ့အကြောင်းအရာတွေ စိတ်ချမ်းသာစရာ အကြောင်းအရာတွေ တွေးပြီးတော့ နေချင်တာပဲ။ တစ်ခါတလေတော့ မကောင်းတဲ့ အကြောင်းအရာတွေ မှတ်မိနေ၊ မကောင်းတဲ့ အကြောင်းအရာတွေ မှတ်နေရ၊ လတ်လတ်လောလော လောလောဆယ်ပဲ စိတ်မကျေနပ်တဲ့ အကြောင်းအရာတွေ မှတ်မှတ်နေရ။
စိတ်မချမ်းသာသလိုဘဲ သညာကလဲ မကောင်းတာ မှတ်ရလို့ အနာရောဂါ ဖြစ်တယ်၊ သညာ မကောင်းဘူး၊ မကောင်းတာတွေ မှတ်နေရလို့ သညာ အလိုမကျပါဘူး၊ ဒါကြောင့် သညာဟာလဲ အနတ္တပဲ၊ သညာ ငါသညာကလေးလေ ဟောဒီလို -
“ဧဝံ မေ သညာ ဟောတု၊ ဧဝံ မေ သညာ မာ အဟောသီ”
“မေ - ငါ၏၊ သညာ - သညာသည်၊ ဧဝံ - ဤသို့ ကောင်းသော အရာဝတ္တုကိုသာ မှတ်လျက်မှတ်လျက်၊ ဟောတု - ဖြစ်ပါစေ၊ ဧဝံ - ဤသို့ မကောင်းတဲ့အရာတွေကို မှတ်လျက် မှတ်လျက်၊ မာ အဟောသိ - မဖြစ်ပါစေလင့်”
တောင့်တတိုင်း ရသလား၊ မရဘူး၊ ဒါကြောင့် သညာလဲ အနတ္တပါပဲ၊ အနတ္တပါပဲ။
သင်္ခါရတွေ အနတ္တဖြစ်ပုံ
သင်္ခါရာ အနတ္တာ။ သင်္ခါရာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿံသု၊ နယိဒံ သင်္ခါရာ အာဗာဓာယ သံဝတ္တေယျုံ။
သင်္ခါရဆိုတာတွေလဲ အနတ္တပဲ၊ သင်္ခါဆိုတာက ဘယ်လောက် များတုန်းဆိုတော့ ဖဿ၊ ဝေဒနာနဲ့ သညာ ချန်ပြီးတော့ စေတနာ၊ ဒိပြင် စေတသိက်ဟူသမျှတွေ သင်္ခါရချည်းပဲ ခေါ်တယ်၊
ကဲဒီတော့ အားလုံးနားလည်တဲ့ ဖဿတစ်ခုပဲ ပြောကြစို့ရဲ့၊ ဖဿက တွေ့ထိ၊ မကောင်းတာတွေ မတွေ့ချင်ဘူး၊ မကောင်းတဲ့အာရုံတွေ မတွေ့ချင်ဘူး၊ အတ္တက မတွေ့ချင်ဘဲ တွေ့တယ်၊ မကောင်းတဲ့ အသံ မကြားချင်ဘူး၊ အတ္တက မကြားချင်ပေမယ်လို့ ဖဿက ကြားတဲ့ အတွေ့မျိုး တွေ့ပြန်တယ်၊ ဒီတော့ ဖဿ တစ်ခုတည်းပဲ အလိုအတိုင်း ဘယ်ဖြစ်သလဲ၊ တောင့်တတိုင်း အလိုအတိုင်း ဘယ်ရသလဲ။
စေတနာက ကောင်းတဲ့ ကုသိုလ်ဇော စေတနာတွေ ဖြစ်ချင်တယ်၊ တရားတွေ နာပြီးတော့ စိတ်ကောင်းကောင်းနဲ့ စေတနာ ကောင်းကောင်းတွေ ဖြစ်ချင်တယ်၊ ကုသိုလ်တွေ ဖြစ်ချင်၊ ကုသိုလ်စေတနာတွေ ဖြစ်ချင်တယ်၊ ဖြစ်ကဲ့လား? တစ်ခါတလေ တကတဲ ကိုယ် မကျေနပ်တဲ့ဟာကျတော့ ဒေါသတွေ ဘာတွေ ဖြစ်ပြီး မကောင်းတဲ့ စေတနာတွေ ဖြစ်တယ်၊
မကောင်းတဲ့အကုသိုလ်တွေဖြစ်၊ ဖြစ်ပြန်ပါပြီ၊ ဒီမကောင်းတာတွေ၊ ငါမဖြစ်ချင်ဘဲနဲ့ ဖြစ်ရတယ်နော်၊ ဒါက သူတော်ကောင်းက၊ သူတော်ကောင်းက၊ နည်းနည်း နားလည်တဲ့ သူတော်ကောင်းက၊ မဖြစ်ချင်တဲ့ စေတနာတွေ ဒီဟာတွေနဲ့ စပ်ပြီး ဖြစ်ရတယ်နော်။
ဟော စေတနာကလဲပဲ ကောင်းတာတွေကို စေ့ဆော်ပြီးသကာလ ကောင်းတဲ့ဇော စေတနာတွေ ဖြစ်ချင်ပေမယ့် မဖြစ်နိုင်ဘူး၊ မကောင်းတာတွေ ပေါ်ပေါ်ပြီးသကာလ လာတယ်။ တွေ့တွေ့ကြုံကြုံပြီးသကာလ လာလို့ရှိရင် မကောင်းသော စေတနာတွေ ဖြစ်ရပြန်တယ်၊ ဒါကြောင့် သင်္ခါရလဲ အနတ္တပဲ၊ တောင့်တတိုင်း ဘာမျှ မရဘူး။
ဝိညာဉ် အနတ္တဖြစ်ပုံ
ဝိညာဏံ အနတ္တာ။ ဝိညာဏဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ဝိညာဏံ အာဗာဓာယ သံဝတ္တေယျ။
ဝိညာဏက္ခန္ဓာ စိတ်၊ သာ ထင်ရှားသေးတယ်၊ စိတ်ကလေးဟာလေ၊ ကောင်းတာတွေချည်းပဲ စိတ်က သိချင်တယ်၊ ဒါပေမယ့်လဲ တစ်ခါတလေ မကောင်းတာသိ၊ မပြောစမ်းပါနဲ့လေ၊ ဒီအကြောင်းအရာတွေ ငါမသိချင်ဘူး၊ မသိချင်ဘူးဆိုပေမယ့် ကြားပြန်တော့ သိရပြန်ရော၊ မျက်နှာရှုံ့ပြီးသကာလ ဒီစိတ်ဝိညာဉ် ဖြစ်လိုက်ရ တစ်ခါတလေ ကိုယ်နဲ့စပ်တဲ့ ဘယ်သူတွေဟာ ဘယ်ဒုက္ခဖြစ်သတဲ့။ ဖြစ်မှဖြစ်ရလေတယ်၊ ငါဒီလို စိတ်မချမ်းသာတွေ မဖြစ်ချင်ပါဘူးလို့ အတ္တသဘောမျိုးက လိုချင်ပေမယ်လို့ မရဘူး၊ စိတ်မချမ်းသာတွေ ဖြစ်တယ်။
ဝိညာဏံ အနတ္တာ။ ဝိညာဏဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ဝိညာဏံ အာဗာဓာယ သံဝတ္တေယျ။
မကောင်းတဲ့စိတ်တွေ ဖြစ်နေတာဟာ စိတ်နာနေတာပဲ၊ မကျေနပ်တဲ့ စိတ်တွေ ဖြစ်နေတာဟာ စိတ်အာဗာဓ အနာပေါက်နေတာပဲ။ အဲဒီတော့ ခန္ဓာငါးပါး ဘယ်အတ္တဟုတ်သလဲ။
ဘုရားက အတ္တ ဖျက်ပစ်လိုက်ပြီ
“သယံဝသီ - ခန္ဓာအိမ်မှု အစုစု၌၊ တစ်ခုမကျန် စီမံခွဲဝေ၊ မိမိ နှစ်ခြိုက် စနစ်ကိုက်အောင်၊ လိုက်ပါစေနိုင်တဲ့ သဘာပေတည်း”
လို့ အတ္တကို အတ္တစွဲလမ်းတဲ့ သာသနာပလူတွေက၊ သာသနာပ ပုဂ္ဂိုလ်တွေက၊ သာသနာပ ပညာရှိတချို့တွေက အတ္တကို အမွှမ်းတင်ပြီးတော့ ထားကြတယ်၊ တင်မှာပေါ့၊ အတ္တဆိုတာ ငါလား၊ အတ္တဆိုတာ ကိုယ့်ကိုယ်ကိုလား၊ အတ္တဆိုတာ အင်မတန်ချစ်တာလား၊ အတ္တကြီးကျယ်လေလေ ဝမ်းသာလေလေ၊ အင်မတန် အားရလေလေ ဖြစ်တော့ အတ္တကို အမွှမ်းတင်ထားကြမှာပေါ့။
သာသနာပမှာ အမွှမ်းတင်ထားကြတော့ မြတ်စွာဘုရားက ဖျက်ပစ်လိုက်တာ အကုန်လုံး၊ “ဘယ်မှာလဲ ဒီအတ္တ ဘယ်မှာလဲ စွမ်းနိုင်တယ်ဆိုတာ ဘာစွမ်းနိုင်သေးသလဲ”လို့ ဘုရားရှင် ကိုယ်တော်မြတ်ကလေ ပဉ္စဝဂ္ဂီ ငါးဦးကို တရားဦးဟောပြီးတဲ့နောက် ဒုတိယ တရားတော်အဖြစ်နဲ့ ဖျက်ပစ်လိုက်တယ်၊ အနတ္တ။
ရုပ် မြဲမမြဲ အမေးအဖြေ
တံ ကိံ မညထ ဘိက္ခဝေ ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ?
မေးခွန်းထုတ်တော့“အနတ္တ”လို့၊ မြဲပြီးတော့ အားလုံးက ယုံကြည်ကျေနပ်ပြီး နေတဲ့ ရုပ်ခန္ဓာငါးပါးကို ဘုရားရှင်ကိုယ်တော်မြတ်က လက္ခဏာယာဉ်သုံးပါးနဲ့ တင်ပြီးတော့ မေးခွန်းထုတ်တော်မူမယ်။
“ဘိက္ခဝေ - ရဟန်းတို့၊ တံ - ထိုငါဘုရား မေးတော်မူလတ္တံ့သော စကားကို၊ ကိံ မညထ - အဘယ်သို့ မှတ်ထင်ကြကုန်သနည်း?။ ရူပံ - ရုပ်ခန္ဓာသည်၊ နိစ္စံဝါ - နိစ္စဟူ၍မှတ်ထင်သလော၊ အနိစ္စံ ဝါ - အနိစ္စဟူ၍ မှတ်ထင်သလော?
အဲဒီ ရုပ်ခန္ဓာကို အနတ္တလို့ ငါဘုရား ပြောပြီးပြီနော်၊ အလိုသို့ မလိုက်ဘူးလို့ ပြောပြီးပြီနော်၊ သူတို့က အတ္တဆိုတဲ့တရားဟာ ဘယ်တော့မှ မပျက်ဘူးတဲ့။
“နိဝါသီ - ဟောင်းခန္ဓာအိမ် ပျက်သည့်ချိန်ဝယ်၊ ခန္ဓာအိမ် အသစ်လဲ၍ တကတဲမှီ၊ အမြဲတည်တဲ့ သဘောပေတည်း”
အတ္တက ဘယ်တော့မှ မပျက်ဘူးတဲ့၊ အတ္တဟာ တကတဲ အနှစ် အမာခံ အမြုတေ ဘယ်တော့မှ မပျက်ဘူး၊ ခန္ဓာအိမ်ကြီးသာ ပျက်စီးပျက်စီးပြီးတော့ ကျန်ရစ်တယ်၊ အတ္တက အိမ်သစ် ပြောင်းပြောင်းပြီးတော့ အတ္တ ဖြစ်သွားတာပဲလို့ ဆိုတယ်၊
ကိုင်း … ရုပ်ကို ပြောခဲ့ပြီနော်၊ အနတ္တလို့၊ အဲဒီအနတ္တကို သူတို့ ပြောသလို ဘယ်တော့မှ မပျက်စီးနိုင်တဲ့ နိစ္စလို့ သင်တို့ထင်သလား?၊ အနိစ္စလို့ ထင်သလား? ဘယ်လို ဆုံးဖြတ်ကြမလဲ?လို့ ဘုရားရှင်က မေးတော့ ရှင်းရှင်းပါပဲ။
“အနိစ္စံ ဘန္တေ = အားလုံး ရုပ်ခန္ဓာတွေ အနိစ္စပါဘုရား၊ အနိစ္စပါပဲ”
အတ္တမှ မဟုတ်တော့ဘဲနဲ့ သူစီမံသလို ဘာမျှ မဖြစ်နိုင်ဘဲနဲ့ သူ ဖြစ်ချင်သလို ဘာမျှ မဖြစ်နိုင်ဘဲနဲ့ ဖြစ်ပြီး ပျက်ပျက်နေတာဟာ အထင်အရှား ဖြစ်နေရက်သားနဲ့တော့ ဒီအတ္တလို့ မဟုတ်တဲ့ ရုပ်ခန္ဓာကြီးဟာ အနိစ္စပါဘုရား၊ ကောင်းပြီ။
ဒုက္ခလား သုခလား အမေးအဖြေ
ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ?
ကိုင်း ... အနိစ္စနော် အနိစ္စ၊ အနိစ္စဆိုတာ မြတ်စွာဘုရားကတော့ ဟိုမှာ ရှင်းတောင် ပေးနေဖို့ မလိုဘူး၊ ချက်ချင်းမှချက်ချင်း၊ ကဲ.. ဘုန်းကြီးတို့က ထပ်ပြီး ရှင်းကြဦးစို့၊ မမြဲဘူး၊ ပျက်နေတယ်၊ မမြဲဘူး၊ ပျက်နေတယ်၊ ကံကြောင့် စိတ်ကြောင့်၊ ဥတုကြောင့် အာဟာရကြောင့် ရုပ်ကြီး ဖြစ်ပျက် ဖြစ်ပျက်၊ ဒီ ဖြစ်ပြီးပျက်၊ ဖြစ်ပြီးပျက်ဆိုလို့ရှိရင် မဖြစ်တာက တော်သေးတယ်၊
သေမှာဖြင့် နဂိုတုန်းက သေမယ့်ကလေး မမွေးတားက တော်သေး၊ မွေးလဲပြီး သေလဲ သေမယ်ဆိုရင် မမွေးတာက တော်သေးတယ်၊ အိမ်တစ်ခုဟာ ကြိုးစားပန်းစားနဲ့ အိမ်ဆောက်လိုက်တာ၊ ဆောက်လဲပြီး မီးလဲလောင်၊ ဒီအိမ် မဆောက်မိတာက တော်သေးတယ်၊
သစ်ပင်တစ်ပင် စိုက်လဲစိုက် ရှင်လဲရှင်၊ သေလဲ သေ၊ မစိုက်မိတာက တော်သေးတယ်။ ဘယ်အရာမျိုးမဆို နောက်က အပျက်လိုက်ပြီးတော့ မြန်မြန်ကြီး ပျက်တဲ့ အရာဝတ္ထုမှန်သမျှ မဖြစ်တာက ကောင်းသေး၊ ဖြစ်တာကိုက ဒုက္ခများသေး၊ ပျက်တာ မပြောနဲ့ ဖြစ်ရတာကိုက ဖြစ်အောင်ကြိုးစားရတာကိုက ရှိသေး၊ ဖြစ်တာကိုက ဒုက္ခများအောင် လုပ်နေတာ။
ဒီတော့ အဲဒီ မမြဲလို့ ပျက်နေတဲ့ အနိစ္စရုပ်ခန္ဓာကြီးဟာ သင်တို့ ဒုက္ခလား၊ သုခလားလို့ဆိုရင် သင်တို့ဘယ်လိုထင်ကြသတုန်း၊ ဘယ်လို ဆုံးဖြတ်ကြမလဲ ဆိုတော့ “ဒုက္ခံ ဘန္တေ” ဖြစ်ပြီးပျက်၊ ဖြစ်ပြီးပျက်၊ ဖြစ်ပြီးပျက်၊ ဟိုအိမ်က ဖြစ်ပြီးတော့မှ၊ အကြာကြီး နေပြီးတော့မှ ပျက်၊ ဒီလို အသွားမျိုးမဟုတ်ဘူး။
ဖြစ်ပျက်မှုဖြစ်ဆိုတဲ့ အချိန်လောက်ပဲ ပျက်ဆိုတဲ့အချိန်က လိုက်လာတာပဲ၊ ဖြစ်ပျက်မှု ဖြစ်ပြီးပျက်၊ ဒီတော့ ကိုယ်ရဲ့ ရုပ်ခန္ဓာကြီးရဲ့ အတွင်းထဲက စဉ်းစားလို့ရှိရင် ဖြစ်ပြီးပျက်၊ ဖြစ်ပြီးပျက်၊ ဒီတော့ ဒီရုပ်ခန္ဓာကြီးဟာ ဖြစ်ပြီးပျက်နေလို့ရှိရင် ဘယ်မှာ သူ့ကို သုခလို့ ဆုံးဖြတ်စရာ ရှိတော့မလဲ၊ ဒုက္ခစင်စစ်ပေါ့ ၊
“ဒုက္ခံ ဘန္တေ - ဖြစ်ပြီးပျက် ဖြစ်ပြီးပျက်လို့ ဒုက္ခပါ ဘုရား”။
အနတ္တနှင့်စပ်သော အမေးအဖြေ
ယံ ပနာ နိစ္စံ ဒုက္ခံ ဝိပရိဏာမ ဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသော ဟမသ္မိ၊ ဧသော မေ အတ္တာ တိ?
ဒီမှာ မနေ့တုန်းက ဘုန်းကြီး ပပဉ္စသုံးပါးကို ဟောခဲ့တာဟာ ဒီအဖြေကို နားလည်အောင်လို့ ပြောနေတာ။
“ဘိက္ခဝေ - ဘိက္ခုတို့၊ ယံ - အကြင်ရုပ်ခန္ဓာကြီးသည်၊ အနိစ္စံ - မမြဲ၊ ဒုက္ခံ - ဖြစ်ချည်ပျက်ချည် အတည်မကျသဖြင့် အဖြစ်အပျက်ဒဏ်ကို အမြဲခံနေရတဲ့ ဒုက္ခဖြစ်သော ရုပ်ခန္ဓာကြီးပေတည်း၊ ဝိပရိဏာမ ဓမ္မံ - နဂိုအတိုင်း မတည်မြဲဘဲ ဖောက်လွဲဖောက်ပြန် ဖြစ်ခြင်းသဘော ရှိ၏။ တံ - ထိုအနိစ္စ ဒုက္ခ ဝိပရိဏာမဖြစ်တဲ့ ရုပ်ခန္ဓာကြီးကို၊ ဧတံ - ဤရုပ်သည်၊ မမ - ငါ့ဥစ္စာတည်း၊ ဧသော - ဤရုပ်သည်၊ အဟံ - ငါသည်၊ အသ္မိ - ဖြစ်၏၊ ဧသော - ဤရုပ်သည်၊ မေ အတ္တာ - ငါ့အတ္တတည်း၊ ဣတိ - ဤသို့၊ သမနုပဿိတုံ - တဏှာ မာန ဒိဋ္ဌိတို့ဖြင့် အဖန်ဖန် ရှုဆင်ခြင်ခြင်းငှာ၊ ကလ္လံ နု - သင့်လျော်လျောက်ပတ်ပါဦး မည်လော”။
ဖြစ်ပျက်နေတဲ့ရုပ်ကို ငါ့ဥစ္စာဟု စွဲသင့်သလား
ကိုယ့်ဟာကိုယ် လက်လှမ်းမှီတာနဲ့ ဥပမာမှန်းကြည့်ကြ၊ ဖြစ်တယ်၊ ပျက်တယ် အဖြစ်အပျက်ဒဏ် အမြဲ ခံနေရတယ်။ အမြဲခံရတာက ဖြစ်ပြီးကြာမှ ပျက်၊ ဒီလို မဟုတ်ဘူး၊ ဖြစ်တဲ့အချိန်လောက်နဲ့ပဲ ဆက်ပြီးတော့ ပျက်တယ်၊
ဘုန်းကြီးတို့ ကျမ်းဂန်တစ်ရပ်ကတော့ တရားတွေဟာ ဖြစ်တာနဲ့ ပျက်တာ နှစ်ခုတည်း ရှိတယ်တဲ့၊ ရပ်တောင် မနေဘူးတဲ့၊ ဘုန်းကြီးတို့ ကျမ်းတစ်မျိုးကတော့ ဖြစ်ချိန်လောက်ကလေးတော့ ရပ်ပါသေးတယ်တဲ့၊ ဖြစ်ချိန်ရယ်၊ ပျက်ချိန်ရယ်၊ ရပ်ချိန်ရယ် သုံးချိန်လောက်တော့ ရှိပါသေးတယ်တဲ့။
တစ်ခုက မဟုတ်ဘူး၊ ရပ်တာကို မရှိဘူးတဲ့၊ ဖြစ်ပျက်နှစ်ခုပဲ ရှိပါတယ်။ ဒီလောက် မြန်တယ်၊ ဒီလောက်မြန်တယ်၊ ရုပ်ရောနာမ်ရော ဒါလောက် မြန်တယ်၊ ဒါလောက် မြန်တယ်။ ဆိုပါတော့ ရုပ်က နည်းနည်းလေး (ရပ်) ခုနက ဖြစ်ပြီးတော့ ရပ်နေတာ နည်းနည်း ကြာသေးတယ် ဆိုပါတော့၊
နည်းနည်းဆိုတာကို စကားအပြောအားဖြင့်တော့ နည်းနည်းကြာတယ်၊ တကယ့် အရေအတွက်အားဖြင့်တော့ ဘယ်လောက်မှ ပြောပလောက်အောင် မကြာဘူး၊ ဖြစ်ပြီးပျက်၊ ဖြစ်ပြီး နည်းနည်းကလေး ရပ်ပြီးပျက်၊ ရုပ်က၊ ရုပ်က၊ နာမ်ကျတော့ ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက်၊ ဒါလောက်ပဲ ရှိပါတယ်တဲ့။
ဘုန်းကြီးတို့ ကျန်ပညာရှိများကလေ နာမ်ကျတော့ ဖြစ်ပျက် ဖြစ်ပျက် ရပ်တောင် မရပ်ဘူးတဲ့၊ တစ်ဦးကတော့ ရပ်တာကလေးလဲပဲ နည်းနည်းလေး အပျက်ချိန်လောက် ရှိပါသေးရဲ့တဲ့၊ ရုပ်ကျတော့ ဖြစ်၊ နည်းနည်းလေး တည်ပြီးတော့ပျက်၊ နည်းနည်းလေး တည်ဆိုတာ အခုလို လူတွေ မြင်သလို အကြာကြီး မဟုတ်ဘူး၊ နည်းနည်းဆိုမှ နည်းနည်းလေး တည်ပြီးတော့ ပျက်၊ ဒီတော့ အဲဒီလို ဖြစ်ပျက်နေတာကို -
“ဧတံ - ဤဖြစ်ပျက် မြန်မြန်နေတဲ့ ရုပ်ခန္ဓာကြီးသည်၊ မမ - ငါ့ဥစ္စာတည်း”
တဏှာစွဲနဲ့ ငါဟာ ငါ့ရုပ် စွဲချင်စရာ ကောင်းသေးရဲ့လား၊ စွဲချင်စရာ ကောင်းသေးရဲ့လား၊ ငါ့ဥစ္စာလို့ကိုက စွဲတုန်း သူက ပျက်နေပြီ၊ ငါ့ရုပ်ပါလို့ စွဲတုန်း သူက ပျက်နေပြီ၊ စွဲချင်စရာ ကောင်းသေးသလား။
ငါဆိုတဲ့ မာန, ဒိဋ္ဌိဖြင့်လဲ မစွဲသင့်
“ဧတံ - ဤဖြစ်ပျက်၍နေတဲ့ ရုပ်ခန္ဓာကြီးသည်။
မမ - ငါ့ ဥစ္စာတည်း၊ (တဏှာစွဲ)
ဧသော - ဤဖြစ်ပျက်ပြီးနေတဲ့ အဖြစ်အပျက်ဒဏ် ခံနေရတဲ့ ရုပ်ခန္ဓာကြီးသည်၊
အဟံ အသ္မိ - ငါဆိုတာပါပဲ။ (မာနစွဲ)”
ငါလို့စွဲတုန်းမှာ သူက ပျက်ပြီ၊ သူက ပျက်ပြီ၊ စွဲသင့်သေး သလား၊ စွဲချင်သေးသလား၊ စွဲကြစရာ ကောင်းသေးလား။ အားလုံး သတ္တဝါတွေ စွဲတော့ စွဲနေကြတယ်လေ၊ ငါလို့တော့ စွဲနေကြတယ်၊ စွဲချင်စရာ ကောင်းသေးရဲ့လား၊ ဒီမာနစွဲနဲ့ စွဲချင်စရာ ကောင်းသေးရဲ့လား။
“ဧသော - ဤဖြစ်ချည်ပျက်ချည်၊ အတည်မကျ ဤအဖြစ်အပျက်ဒဏ် ခံနေရတဲ့ ရုပ်ခန္ဓာသည်၊
မေ - ငါ၏၊
အတ္တာ - အပိုင်အနိုင်ဖြစ်တဲ့ အတ္တပေတည်း။(ဒိဋ္ဌိစွဲ, ဒိဋ္ဌိစွဲ)”
ရုပ်ဟာ အတ္တပဲ၊ ငါလို့ဆိုဆို၊ ကိုယ်လို့ဆိုဆို၊ အသက်လို့ဆိုဆို၊ လိပ်ပြာလို့ဆိုဆို၊ ဆိုချင်တာဆို၊ အဲဒီရုပ်ဟာ အတ္တလို့ စွဲသင့်သေးသလား၊ ဒိဋ္ဌိစွဲ။
“ဧတံ - ဤဖြစ်ချည်ပျက်ချည်၊ အတည်မကျ အဖြစ်အပျက်ဒဏ်ကို ခံနေရတဲ့ ရုပ်ခန္ဓာကြီးသည်၊
မမ - ငါ၏ဥစ္စာတည်း၊
ဧသော - ဤဖြစ်ပျက်ပြီးနေတဲ့ ရုပ်ခန္ဓာကြီးသည်၊
အဟံ - ငါသည်၊
အသ္မိ - ဖြစ်၏၊
ဧသော - ဤရုပ်သည်၊
မေ အတ္တာ - ငါ၏ အတ္တတည်း၊
ဣတိ - ဤသို့၊
သမနုပဿိတုံ - တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် အဖန်ဖန်ရှုခြင်းငှာ၊
န ဟိ ကလ္လံ - မသင့်တော့ပါဘုရား”
မသင့်တော့ဘူး မသင့်တော့ဘူး၊ ဒါ ရုပ်ခန္ဓာကြီးဟာ တဏှာနဲ့လဲ စွဲလို့ မကောင်းတော့ဘူး၊ မာနနဲ့လဲ စွဲလို့ မကောင်းတော့ဘူး၊ ဒိဋ္ဌိနဲ့ဆိုတာကတော့ ဘာမှပြောစရာ မရှိဘူး၊ အတ္တလုံးလုံးကို မရှိဘူး၊ ဒိဋ္ဌိနဲ့ စွဲဖို့မကောင်းတော့ဘူး။
---
ဝေဒနာစသည်အတွက် အမေးအဖြေ
ဝေဒနာ နိစ္စာ ဝါ အနိစ္စာ ပါတိ? အနိစ္စာ ဘန္တေ ။
သညာ နိစ္စာ ဝါ အနိစ္စာ ဝါတိ? အနိစ္စာ ဘန္တေ ။
သင်္ခါရာ နိစ္စာ ဝါ အနိစ္စာ ဝါတိ? အနိစ္စာ ဘန္တေ။
ဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါတိ? အနိစ္စံ ဘန္တေ ။
---
စိတ်မမြဲ ဆင်းရဲ
ကဲ - စိတ်ပြောကြဦးစို့၊ စိတ် ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ “သင်တို့ ဘယ့်နှယ် ဆုံးဖြတ်မလဲ၊ နိစ္စလို့ ဆုံးဖြတ်မလား၊ အနိစ္စလို့ ဆုံးဖြတ်မလား?” “အနိစ္စပါ ဘုရား”။
ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ? ဒုက္ခံ ဘန္တေ ။
“အနိစ္စဖြစ်တဲ့ စိတ်၊ ဝိညာဏ်၊ ဝိညာဏက္ခန္ဓာကို သုခ,ဒုက္ခ ဘယ်လိုဆုံးဖြတ်မလဲ?”
“ဒါ ဖြစ်ပျက် ဖြစ်ပျက် အဖြစ်အပျက်ဒဏ် ကို အမြဲခံနေရတော့ စိတ်ဝိညာဏ်လဲ ဒုက္ခပါပဲဘုရား”။
---
စိတ်ကို တဏှာ, မာန, ဒိဋ္ဌိဖြင့် မစွဲလမ်းသင့်
ယံ ပနာ နိစ္စံ ဒုက္ခံ ဝိပရိဏာမ ဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသော ဟမသ္မိ၊ ဧသော မေ အတ္တာ တိ?
နော ဟေတံ ဘန္တေ။
“ကဲ-ကဲ ဖြစ်ပျက်ပြီးတော့နေတဲ့ ဝိညာဏက္ခန္ဓာကို ဒါငါ့ဥစ္စာပဲလို့ တဏှာစွဲနဲ့၊ ငါ့ဝိညာဏ်ပဲလို့ တဏှာစွဲနဲ့ စွဲထိုက်သေးသလား၊ ငါဆိုတာ ဝိညာဉ်ပဲ၊ ဝိညာဉ်ဆိုတာ ငါပဲလို့ မာနစွဲနဲ့ စွဲထိုက်သေးသလား၊ ဒီဝိညာဉ်ဟာ ဥစ္စာပဲလို့ ငါ့ရဲ့ အတ္တပဲလို့ ဒိဋ္ဌိအစွဲနဲ့ စွဲထိုက်သေးသလား?”
“နော ဟေတံ ဘန္တေ = မစွဲထိုက်ပါဘူးဘုရား”။
ဒီတော့ ဘုရားရှင်ကိုယ်တော်မြတ်က ဒီနားမှာတော့ ပဉ္စဝဂ္ဂီငါးဦးက အင်မတန် ဉာဏ်လျင်ပြီးသား၊ အင်မတန် တတ်ပြီးသားပုဂ္ဂိုလ်တွေ ဆိုတော့ ချဲ့ပြီးတော့ ဟောတော်မမူဘူး၊ ဒီပြင် သုတ္တန်တစ်နေရာကျတော့ နည်းနည်းလေး ဒီအခန်းနား ဆီမှာ ချဲ့ပြီးတော့ -
“ဖေဏပိဏ္ဍူပမံ ရူပံ။
ရူပံ - ရုပ်ခန္ဓာကြီးသည်၊
ဖေဏပိဏ္ဍူပမံ - ရေမြှုပ်ဆိုင်ကြီးဟူသော ဥပမာရှိသည်၊ ရေမြှုပ်ဆိုင်ကြီးနှင့် တူလှ ပေ၏”
တစ်နေရာကျတော့ ဥပမာနဲ့ ချဲ့ပြီးပေးတယ်။
---
ရေမြှုပ်ပမာ ရုပ်ခန္ဓာ
ဘုရားရှင်က ရေမြှုပ်ဆိုင်ကြီး မြစ်ထဲ မျောလာသတဲ့၊ ရေမြှုပ်ဆိုင်ကြီး၊ ရေတက်တဲ့ အခါ ပါလာတဲ့ ရေမြှုပ်ဆိုင်ကြီး ကြည့်စမ်း၊ ခု ဒီက ဧရာဝတီမြစ်က ရေမြှုပ်ဆိုင် သိပ်မကြီးဘူး၊ ဟို ဂင်္ဂါမြစ်က ရေမြှုပ်ဆိုင် သိပ်ကြီးတယ်။ အစတုန်းက ရေမြှုပ်ဆိုင် ကလေး ခပ်သေးသေးကလေး၊ နောက်တော့ ဟိုကစု ဒီကစု၊ ဟိုကစု ဒီကစုနဲ့ ရေမြှုပ်က တော်တော်ကြီးလာ။
ဒါကို စဉ်းစဉ်းစားစား လူတစ်ယောက်က မြစ်ကမ်းနားလာပြီးတော့ ရေမြှပ်ဆိုင်ကြီး စိုက်ကြည့်၊ ကြီးကျယ်လိုက်တာနော်၊ ကြီးကျယ် လိုက်တာ၊ နားမလည်တဲ့လူ ဆိုရင်တော့ ဒီရေမြှုပ်ဆိုင်ကြီး အတော်ကြီးကိုပဲ အသုံးချစရာ ကောင်းလိမ့်မယ်လို့ ထင်မှာပဲ၊ အိုးခွက်တို့ဘာတို့ လုပ်စရာကောင်းလိမ့်မယ်လို့ ထင်မှာပဲ။
ဒီရေမြှုပ်ဆိုင်ထဲ အနှစ်သာရ ဘာမျှမရှိဘူး၊ ဒီရေမြှုပ်ဆိုင်ထဲ သွားပြီးတို့လိုက်ရင် တို့လိုက်တာနဲ့ တစ်ပြိုင်နက် ရေမြှုပ်ဆိုင်ဟာ ကြွေကြွေသွား သုံးစရာ အနှစ်သာရ ဘာမျှမရှိဘူး၊ စိတ်ကူးနဲ့ နားမလည်တဲ့လူကတော့ စိတ်ကူးပြီး အောင်မယ် - ကောင်းလိုက်တာများနဲ့ ဘာလုပ်ရ ကောင်းမယ်လို့ ထင်မှာ၊ ဘာလုပ်လို့မှ မကောင်းဘူး။
အဲ - ရုပ်ခန္ဓာကြီးလဲပဲ ပုထုဇဉ်မျက်စိနဲ့ သံသရာထဲ ချဲ့ပြီးသကာလ မြင်ဖို့တော့ သူ့ဟာသူ ဖြစ်တာပဲ၊ တကယ် အသုံးချစရာလို့ဆိုတော့ ဘာမျှ ဒီရုပ်ခန္ဓာကြီး အသုံးချလို့ မရဘူး၊ တကယ့် ရေမြှုပ်ဆိုင်ကြီးလိုပဲ။ မြတ်စွာဘုရားက ဒါလောက် ဟောပေမယ့် ရေမြှုပ်ဆိုင်ကမှ တာဝန် သိပ်မကြီးဘူး၊ ဒီရုပ်ခန္ဓာကြီး ထမ်းပြီးနေရတာ တာဝန်ကြီးလိုက်တာ။
စားရတယ်၊ သောက်ရတယ်၊ ဝတ်ရတယ်၊ အိပ်ရတယ်၊ သွားရတယ်၊ လာရတယ်၊ ဘာတစ်ခုမှ သူ့ကို လျှော့ပေးလို့မရဘူး၊ အကုန်လုံး သူလိုက်ပြီးတော့ ဒုက္ခပေး နေတာ၊ ဒီက သူ့ကို အင်မတန်ခင်တွယ်ပြီးတော့ ငါ့ရုပ်၊ ငါ့ရုပ်လို့ နဂိုတုန်းက အတ္တနဲ့ စွဲထားလို့ သူ့ကို ပြုပြု ပြင်ပြင်နဲ့နေတာ၊ တကယ် ပြုပြင်ချင်စရာကောင်းတဲ့ရုပ် မဟုတ်ဘူး၊ ရေမြှုပ်ဆိုင်ကမှ ပွတရောင်းကြီး၊ မကောင်းရုပ် သက်သက်ရယ်။ သူက မကောင်းတဲ့ပြင် ဒုက္ခပေးနေသေးတယ်၊ ဒီရုပ်ခန္ဓာကြီးက။
“ဖေဏပိဏ္ဍူပမံ ရူပံ, ဝေဒနာ ပုဗ္ဗဠူပမာ”
---
ရေဥပေါင်းပမာ ဝေဒနာ
မိုး ခပ်ကြီးကြီးရွာတဲ့ တန်ဆောင်မုန်းလတို့ ဘာတို့အခါ မိုးကြီးကြီး ရွာ၊ ရေပေါက် ကလေးက ခပ်ကြီးကြီးကျ၊ အောက်က ရေကန်ကလဲရှိ၊ ရေပေါက်ကျလိုက်၊ ရေဥပေါင်းလေး ပေါ်လာလိုက်၊ ပျက်သွားလိုက်၊ ရေပေါက်ကျလိုက်၊ ရေဥပေါင်းလေး ပေါ်လာလိုက် ပျက်သွားလိုက်။
ဒါကို စဉ်းစားနေတဲ့ လူတစ်ယောက်က ဘေးနားကနေပြီးတော့ အတွင်းက နေပြီးတော့ ဒီရေပွက်ကလေးတွေ ပေါ်ပေါ်လာပြီး ပျက်သွားတာ၊ သူက ကြည့်ပြီးတော့ အင်း-ဒါလေးတွေက ဖြစ်-ပျက်၊ ဥပေါင်းလေး ဖြစ်လိုက်၊ ပျက်သွားလိုက်၊ ဥပေါင်းလေး ဖြစ်လိုက်၊ ပျက်သွားလိုက်၊ ဥပေါင်းလေး ဖြစ်လိုက်၊ ပျက်သွားလိုက်၊ ဒါ ဘာမှ အသုံးမကျဘူး၊ ဘာဆို ဘာမှ အသုံးမကျဘူး၊ ဥပေါင်းလေးဖြစ်လိုက် ပျက်သွားလိုက်။
ဝေဒနာတွေကလဲ ဒီလိုပဲ၊ သုခဝေဒနာ ဖြစ်ပြန်လဲ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ ဘာမျှ ဒီထဲ အနှစ်မရှိဘူး၊ အနှစ်မရှိဘူး၊ ဒီဝေဒနာတစ်ခုထဲ စဉ်းစားကြည့်စမ်း၊ ဘာအနှစ်မှ မရှိဘူး၊ ဒုက္ခဝေဒနာလဲ ဒီလိုပဲ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ ရေဥပေါင်းလေး လိုပဲ ဒီဝေဒနာတွေဟာ။
---
တံလျှပ်ပမာ သညာ
“သညာ - သညာသည်၊
မရိစိကူပမာ - တံလျှပ်နဲ့ ဥပမာ တူလှပေ၏”
သညာအမှတ်အသား ကလဲ အလွဲတွေ လျှောက်မှတ်နေတာပဲ၊ တံလျှပ်ဆိုတာ တံ - က ရေကို ခေါ်တာ၊ လျှပ် - က အရောင်၊ မနက်စောစော ရေပြင်ရှိတဲ့ နေရာမှာ ခရီးသွားလို့ရှိရင် ရေပြင်နဲ့ ခပ်လှမ်းလှမ်းအပြင်ဘက် ကုန်းပေါ်မှာ ရေရောင်တွေ တက်ပြီး ရေပဲထင်ရတယ်၊ အောင်မယ်ရေပြင်ကြီး တယ်ကျယ်ပါလားလို့ ထင်ရတယ်။
အနားသွားတော့ ဘယ်ရေပြင် ဟုတ်တော့တုန်း၊ ကုန်းခေါင်ခေါင်ကြီးပါလား၊ သူက ရေရောင်လျှပ်နေတာ၊ ဒါကို တံလျှပ်၊ အဲဒီ တံလျှပ်အဝေးက နေကြည့်တော့ ဟုတ်သလိုလို ရေပဲ ထင်ရတယ်၊ အနားရောက်လေ ရေမဟုတ်လေ၊ အနား ရောက်လေ ရေ မဟုတ်လေ၊ သေသေချာချာ ရောက်သွားတော့ လုံးလုံး ရေ မဟုတ်ဘူး။
သညာကလဲ မှတ်လိုက်တာ တကတဲ ရူပါရံ တွေ့ပြန်လို့ရှိရင် ဒီရူပါရုံ သူက အမျိုးမျိုးမှတ်၊ သူမှတ်တာဟာ တစ်ခုမှမဟုတ်ဘူး၊ ဘာပြုလို့တုန်း၊ ဟိုရူပါရုံက ဖြစ်ပြီး ပျက်နေတာ၊ သဒ္ဒါရုံတွေ့ပြန် ဒီအသံလေးက ကောင်းလိုက်တာလို့ မှတ်၊ ကောင်းလိုက်တာ ဆိုတာ သူက အပေါ်ယံ လုံးထွေးပြီးမှတ်လိုက်တာ။
သဒ္ဒါရုံက ဖြစ်-ပျက်, ဖြစ်-ပျက်, ဖြစ်-ပျက်, ဖြစ်-ပျက်, အဲဒီဖြစ်-ပျက်နေတဲ့ အပေါင်း ကလေးကြည့်ပြီး ကောင်းလိုက်တာလို့ သူကထင်နေတာ၊ အနားကပ် ကြည့်သလို ဉာဏ်နဲ့ကပ်ကြည့်တော့ ဖြစ်-ပျက်ချည်းပဲ၊ ဘာမျှ အကောင်းမရှိဘူး။
ဒါကြောင့် အာရုံငါးပါး, အာရုံခြောက်ပါး သူက မှတ်ပေမယ်လို့ သူမှတ်သလို တစ်ခုမျှ မဟုတ်ဘူး၊ သညာဟာလဲပဲ မရိစိကူပမာ - တံလျှပ်လိုပါပဲလား၊ တံလျှပ်မြင်ရသလို ပါပဲလား၊ ဘာမျှ သူမှတ်တာ ထင်တိုင်း မဟုတ်ပါပဲလား။
---
ငှက်ပျောတုံးပမာ သင်္ခါရက္ခန္ဓာ
“သင်္ခါရာ - သင်္ခါရတရားတို့သည်၊
သင်္ခါရာ - ဖဿ, စေတနာအစရှိတဲ့ ပြခဲ့တဲ့ သင်္ခါရတရားတို့သည်၊
ကဒလူပမာ - ငှက်ပျောတုံးနဲ့ ဥပမာ တူလှပေကုန်၏”
လူတစ်ယောက် အနှစ်လိုချင်လို့ တောထဲသွား၊ တောငှက်ပျောပင်ကြီးတွေ့၊ ကောင်းလိုက်တာဆိုပြီးတော့ အရင်းက ဖြတ်၊ အရင်းကဖြတ်ပြီးတော့ အဖျားပယ်ပြီး အခွံခွာကြည့်တယ်။ အထဲ အနှစ်တစ်ခုမျှ ရှာမရဘူး၊ ဒါအပင်ပေါက်မို့လို့ အနှစ် မရှိတာ။ အတွင်း နည်းနည်း လိုက်ကြည့်စမ်း၊ လိုက်လေ၊ အနှစ်မရလေ၊ လိုက်လေ၊ အနှစ်မရလေ။
အဲသလိုပါပဲ သင်္ခါရဆိုတဲ့ စေတသိက်တရား ငါးဆယ်ဟာလဲ ဖဿ ကြည့်လိုက်ပြန်လဲ ဘာမှ အနှစ်မရှိ၊ ဝေဒနာ ကြည့်လိုက်ပြန်လဲ ဘာအနှစ်မှ မရှိ၊ စေတနာနဲ့တကွ ဒီပြင် တရားတွေ ကြည့်လိုက်ပြန်လဲ ဘာအနှစ်မှ မရှိ၊ တကယ့် ငှက်ပျောတုံးကြီးလိုပါပဲလားလို့။
---
မျက်လှည့်ပမာ ဝိညာဏက္ခန္ဓာ
“ဝိညာဏံ - ဝိညာဏ်သည်၊
မာယူပမံ - မျက်လှည့်သည်နှင့် ဥပမာတူလှလေ၏”
ဟိုလမ်းခွမှာ မျက်လှည့်ပြနေ၊ တော်တော် စဉ်းစားဉာဏ်ရှိတဲ့ လူတစ်ယောက်က ကလေးတွေရော၊ လူအတွေရော၊ လူရိုးတွေရော ဝိုင်းပြီးတော့ တကတဲ ဝမ်းမြောက်ဝမ်းသာနဲ့ ကြည့်ပြီးတော့နေကြ၊ ဟိုကလဲ ပြလိုက်တာ ဟောဒါက ဘာပဲ၊ ဟောဒါ ဘာရွှေဟေ့နော်၊ ရွှေလုပ်ပြမယ်၊ ရွှေဖြစ်။
ဘေးက ဟာ-တယ်ဟုတ်ပါလား၊ တအံ့တသြဖြစ်၊ ဟိုက စဉ်းစားတဲ့လူက အကုန်လုံး အလကား လှည့်နေတာနော်၊ ရွှေဆိုတာလဲ ရွှေတစ်ခုမှ မဟုတ်ဘူး၊ လူသတ်ပြမယ် ဆိုလဲ လူသတ်ပြတာ လူသေသွားတာ မဟုတ်ဘူး၊ တကယ့်ကို လှည့်စားနေတာပဲ။
အဲ - စိတ်ကလဲ လှည့်စားနေတာ၊ စိတ်ကလဲ ဘယ်လောက် လှည့်စားတုန်း၊ အတ္တလို့ လှည့်စားတာကိုကပဲ အတ္တလို့ ယူဆပြီးတော့ တစ်သံသရာလုံး လာခဲ့တယ်၊ သိပ် လှည့်စားတယ်၊ အတ္တလို့ လှည့်စား ထားတော့ တဏှာနဲ့စွဲလမ်းလို့ ငါ့ကိုယ်ငါ့ကိုယ်၊ ငါနဲ့စပ်တဲ့ပစ္စည်းတွေ, ငါနဲ့စပ်တဲ့ သားတွေသမီးတွေ, ငါ့ဝတ္ထု ဂုဏ်သိန်တွေငါ့ဟာ, ငါ့သား တကယ့်ကို စိတ်လှည့်စားပြီး ထင်နေကြတာ၊ အဟုတ်လဲ မဟုတ်ဘူး။
ငါ့ဟာဆိုတုန်းပဲ၊ ဟိုက ပျက်စီးနေတယ်၊ ငါ့ဟာလဲ အစစ်မဟုတ်ဘူး ဆိုတော့ အားလုံးဟာ လှည့်ပတ်ပြီးနေတဲ့ မျက်လှည့်လိုပဲ၊ မျက်လှည့်လိုပဲ၊ မြင်ရသလို စိတ်ဟာလဲပဲ လှည့်ပတ်ပြီးသကာလ တို့ကို, သတ္တဝါတွေကို ထားတာပဲလို့ မြတ်စွာဘုရားက ဟောပြီးတော့ -
---
ဝိပဿနာ မဂ်ပညာဖြင့် ရုပ်ကိုရှုပုံ
“ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ”
ယံ ကိဉ္စိ - အမှတ်မရှိ ကြွင်းမဲ့ဥဿုံ အလုံးစုံသော၊
အတီတာ နာဂတ ပစ္စုပ္ပန္နံ - လွန်လေပြီး နောင်လာမည့် ယခုဖြစ်ဆဲ ဖြစ်တဲ့၊
ယံကိဉ္စိ ရူပံ - ကြွင်းမဲ့ဥဿုံ အလုံးစုံသော ရုပ်တရားသည်၊
အတ္ထိ - ရှိ၏။
ဟိုရှေးတုန်းကရုပ်တွေ၊ နောက်လာမယ့်ရုပ်တွေ၊ ယခုဖြစ်နေတဲ့ ရုပ်ခန္ဓာကြီး၊ ဒီဟာတွေအားလုံး စဉ်းစားကြည့်လိုက်စမ်း၊ ဒီရုပ်တွေဟာ ဘယ်လောက်များ တွယ်တာဖို့ မကောင်းသလဲဆိုတာ -
“အဇ္ဈတ္တံ ဝါ - မိမိသန္တာန်၌ ဖြစ်သည်လည်းဖြစ်သော၊
ဗဟိဒ္ဓါ ဝါ - သူများ သန္တာန်၌ ဖြစ်သည်လည်းဖြစ်သော၊
ယံ ရူပံ - အကြင်ရုပ်တရားသည်၊
အတ္ထိ - ရှိ၏”။
ကိုယ့်သန္တာန်က ရုပ်ပဲဖြစ်ဖြစ်၊ ကိုယ့်သား ကိုယ်သမီး ကိုယ့်ဆွေ ကိုယ့်အမျိုး ကိုယ့်ရဲ့ အခိုင်းအစေ တိရစ္ဆာန်စသည်အားဖြင့် အဲအပြင်ဘက်က ရုပ်ဖြစ်ဖြစ် ယုတ်စွအဆုံး ကိုယ့်အိမ် ကိုယ့်ယာ ကိုယ့်တိုက် ကိုယ့်တာ ကိုယ့်မော်တော်ကား အဲဒါတွေပါ ရုပ်တွေ အကုန် စဉ်ကြည့်လိုက်စမ်း၊ အပြင်ဘက်က ရုပ်တွေ၊ အပြင်ဘက်က ရုပ်တွေပဲ ဖြစ်ဖြစ်၊ အပြင်ဘက်က ရုပ်တွေပဲ ကြည့်၊ စွဲလမ်းစရာ ကောင်းသေးရဲ့လားလို့။
“သြဠာရိကံ ဝါ - ကြမ်းတမ်းသည်မူလည်း ဖြစ်သော၊
သုခုမံ ဝါ - သိမ်မွေ့သည်မူလည်းဖြစ်သော၊
ယံ ကိဉ္စိ ရူပံ - ကြွင်းမဲ့ဥဿုံ အလုံးစုံသော ရုပ်တရားသည်၊
အတ္ထိ - ရှိ၏”။
တချို့ရုပ်တွေကို သြဠာရိကရုပ်လို့ ခေါ်တယ်၊ မျက်စိနဲ့မြင်လို့ စိတ်နဲ့စဉ်းစားလို့ ထင်ရှားတဲ့ ရုပ်တရားတွေကို သြဠာရိကရုပ်တရားလို့ ခေါ်တယ်၊ ဒါကတော့ စာနဲ့မှ စဉ်းစားလို့ ရတယ်၊ ထားလိုက်ပါတော့၊ ကြမ်းတဲ့ ရုပ်ပဲဖြစ်ဖြစ်၊ သိမ်မွေ့တဲ့ ရုပ်ပဲဖြစ်ဖြစ်။
ဟီနံ - ညံ့တဲ့ရုပ်ပဲဖြစ်ဖြစ်၊
ပဏီတံ - မြတ်တဲ့ရုပ်ပဲဖြစ်ဖြစ်၊
ဒူရေ - အဝေးကြီးမှာရှိတဲ့ ရုပ်ပဲဖြစ်ဖြစ်၊
သန္တိကေ - အနီးမှာရှိတဲ့ရုပ်ပဲဖြစ်ဖြစ်၊
(အဲဒီအားလုံးရုပ် တွေဟာ)
“ဧတံ - ဤများပြားလှတဲ့ ရုပ်အားလုံးသည်။
မမ - ငါ့ဥစ္စာသည်၊
န - မဟုတ်ချေ”
ငါ့ဥစ္စာတစ်ခုမှ မဟုတ်ဘူး။
“ဧသော - ဤပြခဲ့တဲ့ ရုပ်အားလုံသည်၊
အဟံ - ငါသည်၊
န အသ္မိ - မဟုတ်ချေ၊
ဧသော - ဤပြခဲ့တဲ့ ရုပ်အားလုံသည်၊
မေ - ငါ၏၊
န အတ္တာ - အတ္တမဟုတ်ချေ၊
ဣတိဧဝံ - ဤသို့၊
ဧတွ - ဤရုပ်တရားကို၊
ယထာဘူတံ - မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ၊
သမ္မပ္ပညာယ - မဖောက်မပြန်ဟုတ်မှန်သော ဝိပဿနာ မဂ်ပညာဖြင့်၊
ဒဋ္ဌဗ္ဗံ - ရှုမှတ်ထိုက်လေသတည်း”တဲ့၊
ဒီရုပ်ကို ငါ့ဟာ မဟုတ်ဘူးလို့ ဒီလို ဝိပဿနာဉာဏ်နဲ့ ဝိပဿနာဉာဏ် တက်သွားတော့ မဂ်ဉာဏ်နဲ့ ရှု၊ ငါ့ဟာ မဟုတ်၊ ငါ မဟုတ်၊ ငါ့ဥစ္စာ မဟုတ်၊ ငါ့ဟာ မဟုတ်၊ ငါမဟုတ်၊ ငါ့ဥစ္စာ မဟုတ်၊ တဏှာ, မာန, ဒိဋ္ဌိတွေ ပြုတ်သွားရော၊ ဒီရုပ်တရားပေါ်မှာ၊ ဝေဒနာလဲ ဒီအတိုင်းပဲ။
---
ဝေဒနာစသည်ကို ရှုပုံ
ယာကာစိ ဝေဒနာ အတီတာ နာဂတ ပစ္စုပ္ပန္နာ, အဇ္ဈတ္တာ ဝါ ဗဟိဒ္ဓါ ဝါ, သြဠာရိကာ ဝါ သုခုမာ ဝါ, ဟီနာ ဝါ ပဏီတာ ဝါ, ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ ဝေဒနာ “နေတံ မမ၊ နေသော ဟမသ္မိ၊ န မေသော အတ္တာ” တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
ဝေဒနာလဲ ဒီအတိုင်းရှု၊ ဟိုရှေးတုန်းက ဖြစ်ခဲ့တဲ့ ဝေဒနာတွေ ဒီအတိုင်းရှု၊ ဒီအတိုင်း ဖြစ်-ပျက်, အနိစ္စ, ဒုက္ခ, အနတ္တ၊
နောင်လာမယ့်ဝေဒနာတွေ ဒီလိုပဲ ဖြစ်-ပျက်, အနိစ္စ,ဒုက္ခ, အနတ္တ၊
ယခုလက်ရှိ ပစ္စုပ္ပန်ဝေဒနာလဲ ဒီလိုပဲ ဖြစ်-ပျက်, အနိစ္စ,ဒုက္ခ, အနတ္တ၊
ဒီတော့ကာ ဒီဝေဒနာပေါ်မှာလဲ -
“ဧတံ - ဤဝေဒနာသည်၊
န မမ - ငါ့ဥစ္စာမဟုတ်၊
(တဏှာနဲ့ မစွဲနဲ့တော့၊ မစွဲထိုက်တော့ဘူး၊)
ဧသော - ဤဝေဒနာသည်၊
အဟံ - ငါသည်၊
န အသ္မိ - မဟုတ်၊
(မာနနဲ့လဲ နင် မစွဲနဲ့တဲ့၊ မစွဲထိုက်တော့ဘူး၊)
ဧသော (ဧသာ) - ဤဝေဒနာသည်၊
မေ - ငါ၏၊
အတ္တာ - အတ္တတည်း၊
ဣတိ - ဤသို့၊
ဧတံ - ဤဝေဒနာ ဆိုတဲ့ သဘောတရားကို၊
သမ္မ (သမ္မာ) - မဖောက်မပြန် ဟုတ်မှန်သော၊
ပညာယ - ဝိပဿနာပညာ, မဂ်ပညာဖြင့်၊
ဒဋ္ဌဗ္ဗ– ရှုမှတ်သင့်လေတော့ သတည်း။
---
ရှုတော့ ငြီးငွေ့တဲ့ဉာဏ်ရ
ဒီအတိုင်း ရှုကြ, ဒီအတိုင်း ရှုကြ,
ဝေဒနာအပေါ် ဒီအတိုင်း ရှုကြ.
သညာအပေါ်မှာလဲ ဒီအတိုင်း ရှု,
သင်္ခါရအပေါ်မှာလဲ ဒီအတိုင်း ရှုကြ,
ဝိညာဉ်အပေါ်မှာလဲ ဒီအတိုင်းပဲ ရှုတော့၊
အဲသလို ခန္ဓာငါးဝကို ရှုတော့
“ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယ သာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊”
ဘိက္ခဝေ - ရဟန်းတို့၊
ဧဝံ - ဤဆိုအပ်ပြီးတဲ့အတိုင်း တဏှာ, မာန,ဒိဋ္ဌိ မစွဲလမ်းတော့ဘဲ၊
ပဿံ - ရှုဆင်ခြင်တတ်သော၊
သုတဝါ - ကြားနားအပ်ပြီးသော ယခုလို တရားရှိပြီးသော၊
အရိယသာဝကော - အရိယာဖြစ်သော ငါဘုရား၏ တပည့်ရင်း သာဝကသည်၊
ရူပသ္မိမ္ပိ - ရုပ်ခန္ဓာ၌လည်း၊
နိဗ္ဗိန္ဒတိ - ငြီးငွေ့ တဲ့ဉာဏ်ကို ရလေတော့၏။
---
ငြီးငွေ့တယ်ဆိုတာ စိတ်ပျက်တာမဟုတ်
ငြီးငွေ့တယ်ဆိုလို့ စိတ်ရှုပ်ပြီး စိတ်ပျက်သွားတာ မဟုတ်ဘူး၊ စိတ်ကြည်ပြီး အမယ်လေး ဒီလို မရဖူးဘူး၊ တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး ဆိုပြီးတော့ ငြီးငွေ့စရာကြီး, ငြီးငွေ့စရာကြီး၊ ဟို - စောစောစီးစီးက အတ္တလို့ ထင်လို့မို့ တွယ်တာတာ, တဏှာနဲ့ တွယ်တာတာ၊ ယခု အတ္တလို့ မထင်တော့, အတ္တလို့ မဟုတ်မှန်း သိတော့ မတွယ်တာတော့ဘူး၊ ငြီးငွေ့လာတယ်။
စိတ်ထဲ စောစောစီးစီးက တွယ်တာတာတွေ ပျောက်ပြီးတော့ နိဗ္ဗိန္ဒဉာဏ် ပေါက်လာတယ်၊ ဉာဏ်ပေါက်လာတယ်။ ဉာဏ်ဟာ စိတ်ညစ်သွားတာ မဟုတ်ဘူး၊ ဉာဏ်က ကြည်ပြီးတော့ သောမနဿနဲ့ ဉာဏ်ကကြည်ပြီးတော့ တယ်ငြီးငွေ့စရာ ကောင်းတဲ့ ရုပ်ခန္ဓာကြီးပဲ၊ တယ်သတ္တဝါတွေ မှာကို၊ ငြီးငွေ့စရာ တယ်ကောင်းတဲ့ ရုပ်ခန္ဓာကြီးပဲလို့ ဝိပဿနာဉာဏ် ပေါ်လာတယ်၊ ဝိပဿနာဉာဏ်က တဖြည်းဖြည်း ရင့်ရင့်ရင့် ရင့်ရင့်ရင့်ပြီး နိဗ္ဗိန္ဒ္ဒဉာဏ်က တက်ပြီး ရင့်လာလိုက်တာ မဂ်နားကပ်ပြီး နေတဲ့ ဝုဋ္ဌာနဂါမိနီဝိပဿနာ ရောက်ပြီးလာ။
---
ငြီးငွေ့တော့ အရဟတ္တ မဂ်ဖိုလ် အထိရောက်
“နိဗ္ဗိန္ဒံ နိဗ္ဗိန္ဒန္တော - ငြီးငွေ့သည်ရှိသော်၊
ရူပသ္မိံ - ရုပ်ခန္ဓာ အပေါ်၌၊
ဝိရဇ္ဇတိ - တပ်မက်ခြင်းကင်း၍ နေလေတော့၏”
နဂိုတုန်းက အတ္တလို့ထင်လို့ တဏှာနဲ့ စွဲလမ်းတပ်မက်နေတာ၊ အခု အတ္တ မဟုတ်မှန်းသိတော့ ငါမဟုတ်ဘူး၊ ငါ့ကိုယ်မဟုတ်ဘူး၊ ငါ့ဥစ္စာမဟုတ်မှန်းသိတော့ ဘယ်မှာ တပ်မက် ခင်မင်တော့မှာလဲ။ မတပ်မက် မခင်မင်ဘဲနဲ့ တပ်မက်ခင်မင်တဲ့ တဏှာ ကင်းကွာပြီး သကာလ အရိယမဂ် ပေါ်လာတယ်၊ ဟို ပဉ္စဝဂ္ဂီအရှင်မြတ် တွေကျတော့ သောတာပန်က တက်ပြီးတော့ သကဒါဂါမိမဂ်, အနာဂါမိမဂ်, အရဟတ္တမဂ် ထိအောင် ပေါ်လာကြတယ်။
“နိဗ္ဗိန္ဒံ နိဗ္ဗိန္ဒန္တော - ငြီးငွေ့သည်ရှိသော်၊ (ငြီးငွေ့ခြင်းကြောင့်၊)
ဝိရဇ္ဇတိ - ခန္ဓာငါးပါး ရုပ်နာမ် တရားအပေါ်၌ တပ်မက်ခြင်း ကင်းလေတော့သတည်း၊
ဝိရာဂါ - တပ်မက်ခြင်းကင်းကွာ၍ နေလေသောကြောင့်၊
ဝိမုစ္စတိ - ခန္ဓာငါးပါးတို့၌ ကပ်မက်တဲ့ တဏှာ, မာန, ဒိဋ္ဌိတို့မှ လွတ်မြောက်၍ အရဟတ္တမဂ်, အရဟတ္တဖိုလ်သို့ ရောက်လေတော့သတည်း”။
---
ပစ္စဝေက္ခဏာဉာဏ် ပေါ်လာပုံ
ကင်းသွားတော့ ရဟန္တာတွေ ဖြစ်သွားကြ၊ ရဟန္တာတွေဖြစ်တော့ သူတို့ဟာ သူတို့ ပြန်သိတယ်ကိုး၊
“စိတ္တေ - စိတ်သည်၊
ဝိမုတ္တသ္မိံ - တဏှာ, မာန, ဒိဋ္ဌိ ကိလေသာတို့မှ လွတ်ကင်းသည်ရှိသော်၊
မေ - ငါ၏၊
စိတ္တံ - စိတ်သည်၊
ဝိမုတ္တံ - ကိလေသာတို့မှ လွတ်ကင်း၍ နေခဲ့လေပြီ၊
ဣတိ - ဤသို့၊
ဉာဏံ - သိတတ်တဲ့ ပစ္စဝေက္ခဏာဉာဏ်သည်၊
ဟောတိ - ဖြစ်၏” တို့ - ကိလေသာတွေ ကင်းသွားပြီ သိတယ်။
မြတ်စွာဘုရားအနားမှာ တရားဟောပြီးတယ်ဆိုရင်ပဲ ကိလေသာတွေ ကင်းသွားပြီ၊ အို - ဒီလိုဆိုလို့ရှိရင် “ဇာတိ - နောက်ထပ် ပဋိသန္ဓေနေဖို့ ရန် အရေးသည်၊ ခီဏာ - ကုန်ခန်းခဲ့လေပြီ” တို့ - နောက်ထပ်ပဋိသန္ဓေ မနေရတော့ဘူး။
ပဋိသန္ဓေနေရဆိုတာ တဏှာနဲ့ အဝိဇ္ဇာ အဖော်ပါလို့ ကံတွေက အကျိုးပေးနေတာ၊ ယခုတော့ တဏှာက ကုန်ခန်း, အဝိဇ္ဇာက ကုန်ခန်းသွားတော့ ကံကလဲ သူ့မှာ အဖော်မရှိဘူး၊ ပူးစရာ ကပ်စရာ တဏှာအဖော် မရှိလို့မို့ ကံကလဲ သူ့ချည်း အကျိုး မပေးနိုင်တော့ဘူး၊ “အို နောက်ထပ် ဘဝသံသရာ မရှိတော့ပါပဲလား” လို့ အင်မတန် ဝမ်းမြောက်ဝမ်းသာ ပစ္စဝေက္ခဏာဉာဏ် ဖြစ်တယ်။
“ဗြဟ္မစရိယံ - မြတ်စွာဘုရား၏ အဆုံးအမ သာသနာတော်နဲ့ဆိုင်တဲ့ အကျင့်မျိုးကို၊
ဗြဟ္မစရိယံ - မဂ်တရားရအောင် ကျင့်ရတဲ့ အကျင့်မျိုးကို၊
ဝုသိတံ - ကျင့်သုံး၍ ပြီးပါပကော၊
(တို့ - ပြီးပြီ, အားလုံးကိစ္စ ပြီးသွားပြီ၊)
ကရဏီယံ - ပြုသင့်ပြုဖွယ် အသွယ်သွယ်သောကိစ္စကို၊
ကတံ - ငါတို့ ပြုအပ်ပြီးပြီ၊
(တို့ - နောက်ထပ်ပြုစရာ ဘာမျှ မရှိတော့ဘူး၊)
ဣတ္ထတ္တာတ - ဤကဲ့သို့သော ကိစ္စအကျိုးငှာ၊
အပရံ - နောက်ထပ် မဂ်ကို တိုးပွားစေဖွယ်သည်၊
န - မရှိတော့ပြီ၊
ဣတိ - ဤသို့၊
ပဇာနာတိ - ဉာဏ်ဖြင့်ထင်ထင် သိမြင်တော့သတည်း”။
---
တိုက်တွန်းတော်မူချက်
အဲဒီလို သိမြင်လိုက်တော့ အကုန်လုံး ရဟန္တာတွေဖြစ်ပြီး မြတ်စွာဘုရားရှေ့မှာပဲ ဝမ်းမြောက်ဝမ်းသာနဲ့ သူတော်ကောင်းကြီးတွေ၊ မြတ်စွာဘုရားရဲ့ သာသနာပြုဖက်, မြတ်စွာဘုရားရဲ့ သာဝကအရင်းကြီးတွေဖြစ်လို့ အားကိုးအားထားတွေ ဖြစ်ကြလို့ အဲဒီ ပဉ္စဝဂ္ဂီငါးဦးက ဆက်ပြီး သကာလ တစ်ချိန်ကျတော့ အရှင်အဿဇိကို တွေ့လို့မို့ အရှင်သာရိပုတ္တရာအလောင်းဖြစ်တဲ့ ရသေ့က အရှင်အဿဇိကို ကြည်ညို လွန်းလို့ ဆိုပြီးတော့ အရှင်အဿဇိ နောက်ကလိုက်ပြီး တရားများ ရှာပြီး သကာလ မေးမြန်းတဲ့အခါမှာ အရှင်အဿဇိ တရားနဲ့ပဲ အရှင်သာရိပုတ္တရာ သောတာပန် ဖြစ်ရတယ်။
ဒါကြောင့် မြတ်စွာဘုရားရဲ့ ဘုရားဖြစ်ရကျိုး နပ်လိုက်တာ၊ မြတ်စွာဘုရားရဲ့ ပဉ္စဝဂ္ဂီငါးဦးကို တရားဟောရကျိုး နပ်လိုက်တာ၊ အရှင်သာရိပုတ္တရာ အဂ္ဂသာဝက တွေ အရှင်သာရိပုတ္တရာကဲ့သို့သော ပုဂ္ဂိုလ်တွေ ပဉ္စဝဂ္ဂီငါးဦးက တိုးပွားပြီးသကာလ သာသနာပြု ပုဂ္ဂိုလ်ကြီးတွေ ဖြစ်လာခဲ့ကြတယ်။
ဒါကြောင့်မို့ ယခု ပုဂ္ဂိုလ်များလဲပဲ အနတ္တလက္ခဏသုတ်ကို နာယူပြီးသကာလ “ငါတို့သည် ယခုဘဝတွင်ပင် သာသနာပြု၊ ပုဂ္ဂိုလ်ကြီးတွေ၊ ရဟန္တာကြီးတွေ မဖြစ်နိုင်စေကာမူ ရဟန္တာဖြစ်ဖို့ရန် အကြောင်း ကောင်းမှု ပါရမီတွေတော့ အများကြီး ရအောင် ကြိုးစားတော့မယ်”လို့ အဲဒီလို ကိုယ်စီကိုယ်ငှ ကြိုးစားနိုင်ကြစေ ကုန်သတည်း။
သာဓု...သာဓု...သာဓု။
ဒုတိယနေ့ ပြီး၏။
ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏
အနတ္တလက္ခဏသုတ် တရားတော်
တတိယနေ့
သာသနာတော်၂၄၉၄ - ခုနှစ်၊ ကောဇာ ၁၃၁၂ - ခုနှစ်။
အနတ္တလက္ခဏသုတ်နှင့်စပ်၍ ရှင်းလင်းချက်
သုခုမံ တေ ပဋိဝိဇ္ဈန္တိ ဝါလဂ္ဂံ ဥသုနာ ယထာ၊
ယေ ပဉ္စက္ခန္ဓေ ပဿန္တိ, ပရတော နော စ အတ္တတော။
“ယေ ဇနာ - သူတော်များထံ တရားမှန်ကို ကြားဖန် များသလောက် တအားဆောက်၍ ပွားမြောက်ကြိုးစား အကြင် အမျိုးသား အမျိုးသမီးတို့သည်” “ယေ ဇနာ - သူတော်များထံ တရားမှန်ကို”
နဂိုကတဲက သူတော်ကောင်းထံ တရားမှန်မှန်ကလေး နာရမယ်။ တရားတွေက မှားပြီးတော့ နေပြန်ရင်လဲ ကြိုးစားသလောက် ခရီး မရောက်တဲ့ပြင် ကြိုးစားတိုင်း ခရီးတွေလွဲလို့ လမ်းမှားတွေဖြစ်လို့ အဲဒီလို နေမယ်၊ ယခုတော့ မြတ်စွာဘုရားက အနတ္တလက္ခဏသုတ် ဟောတော်မူတယ်၊
မှန်လိုက်တာ၊ ပဉ္စဝဂ္ဂီအရှင်မြတ်တွေက မြတ်စွာဘုရား အနားမှာ နေပြီးတော့ ကြိုးစားလိုက်ကြတာ၊ တစ်ရက်, နှစ်ရက်, သုံးရက်, လေးရက်၊ ဒီလို ကြိုးစားလို့ကို သောတာပန်တွေ ဖြစ်ပြီးတော့မှ အနတ္တလက္ခဏသုတ် ဟောတော်မူတော့ အနတ္တ လက္ခဏသုတ်လဲ ဆုံးရော အာသဝေါတရား ကုန်ခန်းတဲ့ ရဟန္တာကြီးတွေ ဖြစ်လို့၊ အင်မတန် ကျေနပ်စရာကောင်းတယ်။
အဲဒီတော့ ဘုန်းကြီးတို့ မနေ့တုန်းက မြတ်စွာဘုရား ဟောတော်မူတဲ့ တရားတော် အတိုင်း ပြောပြီးတော့ သိသင့်သိဖွယ်ကလေးတွေ ထည့်ပြီး ပြောပြီးတော့ ပြီးသွားခဲ့ပြီနော်၊ ပြီးသွားခဲ့တော့ သြော် … စိတ် ဘယ့်နှယ် ဖြစ်နေရမလဲဆိုတော့ သြော်...အတ္တမရှိဘူး, ငါ မရှိဘူး၊ ဒီလိုတော့ စိတ်က ဖြစ်သွားပြီ၊ ဖြစ်သွားတော့ တော်တော်ကလေး စဉ်းစားဉာဏ်ရှိတဲ့ လူပညာရှိ လူ့ လောကီပညာရှိတွေက စဉ်းစားပါတယ်၊ တရားတော်ကို စဉ်းစားပါတယ်။
ခန္ဓာငါးပါးမှအလွတ် အတ္တကျန်နေသေးဟုယူခြင်း
“ရူပံ - ရုပ်တရားသည်၊ အနတ္တာ - အတ္တ မဟုတ်” (ထားပါတော့) ဝေဒနာ, သညာ, သင်္ခါရ၊ ဝိညာဏ်သည်။ အနတ္တာ - အတ္တမဟုတ်”
အဲဒီလိုတော့ သူတို့က လက်ခံတယ်၊ ဒီလို လက်ခံပြီးတော့ တရားတော်ထဲမှာ
“ဧတံ - ဤရုပ်တရားသည်၊
န မမ - ငါ့ဥစ္စာမဟုတ်”
ဒီအချက်ကလေး သူတို့ ကောက်ချက်ချကြတယ်၊ ငါ့ဥစ္စာ မဟုတ်, ဟုတ်တယ်၊ ရုပ်တရားက ငါ့ဥစ္စာမဟုတ်၊ ရုပ်တရားက ဥစ္စာမဟုတ်, ငါ့ဥစ္စာမဟုတ်၊ ဒီလို ကောက်ချက်ချတော့ ဘယ့်နှယ်ဖြစ်နေတုန်း၊ ရုပ်ကတော့ ငါ့ဥစ္စာမဟုတ်ဘူး၊ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် တို့ကတော့ ငါ့ဥစ္စာမဟုတ်ဘူးဆိုတော့ ငါကျန်နေတယ်, ငါကျန်နေတယ်၊
ရုပ်ဟာ ငါမဟုတ်ဘူး၊ အတ္တမဟုတ်ဘူး၊ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တွေဟာ ငါမဟုတ်ဘူး၊ ငါ့ဥစ္စာမဟုတ်ဘူး၊ ဒါကို သူတို့က ပြီးတော့မှ ငါမဟုတ်တာက ခန္ဓာငါးပါးက ငါမဟုတ်တာ၊ အဲဒီ ခန္ဓာငါးပါးက ငါ့ဥစ္စာမဟုတ်တာ၊ အဲဒီခန္ဓာ ငါးပါးက အလွတ် တရားတော်ထဲမှာကို ကျန်နေတယ်၊ ငါ, ငါ, ငါ့ဥစ္စာ, ငါ့ဥစ္စာ၊ ခန္ဓာငါးပါးက ငါ့ဥစ္စာ မဟုတ်ဘူးဆိုတော့ မဟုတ်ဘူး ထားလိုက်တော့၊ ငါကျန်နေတယ်၊ အဲဒီအတ္တ ကျန်နေတယ်၊
ဒါ စဉ်းစားတဲ့ လူတွေက ဟုတ်တယ်, မြတ်စွာဘုရားက ခန္ဓာငါးပါး အနိစ္စလို့ ဟောတယ်၊ ဒုက္ခလို့, အနတ္တလို့ ဟောတယ်၊ ဟုတ်တယ်, ဒါသူတို့ လက်ခံတယ်၊ ငါတော့ ရှိသေးတယ်၊ အတ္တတော့ ရှိသေးတယ်၊ အဲဒီလို စွဲလမ်းနေလို့မို့ ဒီပုဂ္ဂိုလ် တွေကို ထပ်ရှင်းဖို့ရန် အရေးကြီးတယ်လို့ ဘုန်းကြီးက ပြောနေတယ်။
နိဗ္ဗာန်မှာပင် အတ္တက ရှိနေသေးသလို
ပြီးတော့စိတ်ထဲ ယောင်မှားစရာက လူတွေက နိဗ္ဗာန် မြန်မြန်ရရပါလို၏၊ ရုပ်နာမ် ခပ်သိမ်း အေးငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို မြန်မြန် ရရပါလို၏၊ အဲ - ရုပ်နာမ်ခပ်သိမ်း အေးငြိမ်း, ရုပ်နာမ်ခပ်သိမ်း ချုပ်ငြိမ်း, ရုပ်ရော, နာမ်ရော မရှိတဲ့ နိဗ္ဗာန်ကို မြန်မြန် ရရပါလိုရဲ့ ဆိုတော့ ရမယ့်အရာဝတ္ထုတစ်ခု ရှိနေပြန်ရော၊
ငါ့ရုပ်နာမ်တော့ မရှိဘူး၊ ငါတော့ နိဗ္ဗာန်ရမယ်၊ ဟောဒီအတ္တ ကျန်နေတယ်, အတ္တကျန်နေတယ်၊ လူတွေကလဲ ဒီလို ဆုတောင်းပြီးတော့ ငါနိဗ္ဗာန် ရရပါလိုရဲ့၊ ကျွန်ုပ် နိဗ္ဗာန်ရရပါလိုရဲ့ ၊ ဘုရားတပည့်တော် နိဗ္ဗာန်မြန်မြန် ရရပါလိုရဲ့၊ အဲဒီ ရုပ်တွေ နာမ်တွေ ချုပ်ငြိမ်းတဲ့နိဗ္ဗာန် မြန်မြန်ရရပါလိုရဲ့လို့ ဆိုတော့ ရုပ်နာမ်တော့ သူတို့က ဖယ်ပစ်ပြီးတော့ အလွတ်အတ္တ တစ်ခု ချန်ထားတယ်၊
နိဗ္ဗာန်, အဲဒီအတ္တကလေးက ခံစားတယ်။ ရဟန္တာဖြစ်တော့ ပရိနိဗ္ဗာန် စံကြရော၊ ပရိနိဗ္ဗာန် ဘယ်လိုစံကြ, ရုပ်တွေနာမ်တွေ ချုပ်လို့ ဒုက္ခခပ်သိမ်းတွေ အေးငြိမ်းလို့, ပရိနိဗ္ဗာန် စံကြရောဆိုတော့ နိဗ္ဗာန်တောင် အတ္တကလေးက ရောက်ပြီးတော့ နေပြန်ရော၊ သူတို့အထင်က, သူတို့အထင်က၊ အဲဒါ ရှင်းဖို့လိုတယ်။
အဲဒါကို လူသာမန်တွေက ရှင်းလို့ မဖြစ်နိုင်ဘူး၊ နားမလည်နိုင်ဘူး၊ သဘော မပေါက်နိုင်ဘူး၊ ဒီလိုပဲ သူတို့ထင်နေတာပဲ၊ ဒါကြောင့် ဘုန်းကြီးက အနတ္တလက္ခဏ သုတ် ဟောပြီးရင် အနတ္တလက္ခဏသုတ် နဲ့စပ်ပြီးတော့ ရှင်းစရာတွေရှိပါသေးတယ်။
လောကီပညာရှိတွေ စဉ်းစားဝေဖန်ပုံ
ဟို - နိုင်ငံခြားက ဗုဒ္ဓတရားတော်တွေ ကြည့်ပြီးတော့ အမျိုးမျိုးစဉ်းစားဝေဖန်တဲ့ ပညာရှိတွေကတော့ “အတ္တာ ဟိ အတ္တနော နာထော, ကော ဟိ နာထော ပရော သိယာ” မြတ်စွာဘုရား ဟောထားတာ၊
“အတ္တာ ဟိ အတ္တာဧ၀ - မိမိကိုယ်သည်ပင်၊
အတ္တနော နာထော - မိမိရဲ့ ကိုးကွယ်ရာ အစစ်ပေတည်း”
ဒီအချက်ကလေး ကောက်ချက်ချတော့ ခုနက ရုပ်နာမ်ခပ်သိမ်း အေးငြိမ်းရာ နိဗ္ဗာန် မြန်မြန်ရရပါလိုရဲ့ဆိုတဲ့ အဓိပ္ပာယ်မျိုး ကောက်ချက်ချတယ်။
“အတ္တာနံ စေ ပိယံ ဇညာ”
“အတ္တာနံ - ငါ့ကို၊
ပိယံ - အချစ်ဆုံး ဟူ၍၊
စေ ဇညာ - အကယ်၍ သိငြားအံ့”
မြတ်စွာဘုရားကလဲ ဟိုနား ဒီနား အတ္တတို့ ဘာတို့ သုံးထားသေး၊
“အဟံ - ငါဘုရား သည်၊
ဝဒါမိ - ဟောတော်မူ၏”နဲ့
“ငါ ဘုရား ဟောတော်မူ၏” ဒီလို သုံးထားသေးတယ်၊
“တွံ - သင်သည်၊
ကိံ မညသိ - အဘယ်သို့ မှတ်ထင်သနည်း”
သင်, နင်, သူ, ဒီလို ဘုရားရှင်ကိုယ်တော်မြတ်ကလဲ သုံးတော်မူထားသေးတယ်၊ ဒီတော့ အနတ္တလက္ခဏသုတ်တရားကို နာရလို့ ပဉ္စဝဂ္ဂီ ငါးပါးကတော့ မြတ်စွာဘုရား အနားမှာ တရား အားထုတ်ပြီးတော့ ရုပ်မှတစ်ပါး, နာမ်မှတစ်ပါး ရုပ်နာမ်မှတစ်ပါး ဘာမှ မရှိဘူးဆိုတာ သဘောကျပြီးသားမို့လို့ “ရူပံ ဘိက္ခဝေ အနတ္တာ”စသည်ဖြင့် ရွတ်တော်မူလိုက်လို့ရှိရင်ပဲ သူတို့ကတော့ ကျေနပ်လို့၊ ဒီပြင်လဲ ဘာမှမရှိဘူးလို့ ကျေနပ်သွားတယ်၊
မြတ်စွာဘုရား အနားမှာ ကပ်ပြီးတော့ ဒီတရား မနာရဘဲနဲ့ အလွတ်စဉ်းစားတဲ့သူတွေ ကျတော့ စိတ်တွေ ယောင်ဝါးစရာတွေ၊ လောကလူတွေ ပြောပုံဆိုပုံကလဲ တစ်မျိုး၊ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ တရားတော်ထဲမှာလဲ တစ်မျိုး၊ နောက်ဆုံး နိဗ္ဗာန် ဆုတောင်းကစပြီး အတ္တကျန်နေသေးသလို၊ နိဗ္ဗာန်မှာ အတ္တက စံနေသလို ဒီလိုယူဆကြ၊
ဒီလို ယူဆရုံသာမကဘူး၊ လောကီပညာရှိတွေက အတ္တစွဲလမ်း ပြင်းထန်စွာနဲ့ တရားအား ထုတ်ကြ၊ ဈာန်ရကြရော, ပထမဈာန်,ဒုတိယဈာန် အထက်ဈာန်တွေ ရတော့ ဟို - ထိပ်ဆုံး ဖြစ်နေတဲ့ နေဝသညာ နာသညာယတနဈာန် ကျတော့ ဒါနိဗ္ဗာန်ပဲ, အေးသွားပြီ၊ ကမ္ဘာပေါင်းများစွာ နိဗ္ဗာန် စံနေတယ်၊ နိဗ္ဗာန်စံပြီးတော့ အဲဒီ ကမ္ဘာရဲ့ သက်တမ်းစေ့တဲ့အခါ အဲဒီ ဗြဟ္မာဘုံရဲ့ သက်တမ်း စေ့တဲ့အခါကျတော့ အဲဒီ နိဗ္ဗာန်စံတဲ့ အတ္တဟာ ဒီလောကကြီးထဲ ပြန်လည်လာပြန်တယ်တဲ့၊ ဘယ်လောက် ဒီအတ္တစွဲလမ်းချက်ဟာ ကြီးကျယ်နေသလဲ၊
ဒါကြောင့် ဘုန်းကြီးက ပဉ္စဝဂ္ဂီအရှင်မြတ်တို့ ရဟန္တာဖြစ်တာကတော့ မှန်တယ်၊ “သက္ကာယ ဒိဋ္ဌိ” သောတာပန် ကတည်းကိုက ပြုတ်သွားပြီးသား ဖြစ်တယ်။ တို့ သူ ငါ ကတော့ ဒီလို ဟောရုံနဲ့ မပြုတ်ပေဘူး၊ သဘောမပေါက်ပေဘူး၊ အတ္တ ကျန်နေတယ်။
သစ္စာနှစ်ပါးနဲ့ စဉ်းစား
ဒီတော့ ဒီနားမှာ လူတွေရဲ့ အပြောကို ဘယ်လိုစဉ်းစားမလဲ၊ မြတ်စွာဘုရား အဟောက ဘယ်လိုရှိတုန်းဆိုတော့ -
“ဒုဝေ သစ္စာနိ အက္ခာသိ, သမ္ဗုဒ္ဓေါ ဝဒတံ ဝရော”
ဝဒတံ - ဟောဖော်ညွှန်ပြ ဆုံးမနိုင်တဲ့ ပညာရှိပုဂ္ဂိုလ်မြတ်တို့တွင်၊
ဝရော - အမြတ်ဆုံး ဖြစ်တော်မူသော၊
သမ္ဗုဒ္ဓေါ - မြတ်စွာဘုရားသည်၊
ဒုဝေ - နှစ်မျိုးနှစ်စားကုန်သော၊
သစ္စာနိ - သမ္မုတိသစ္စာ, ပရမတ္ထသစ္စာတို့ကို၊
အက္ခာသိ - ဟောပြတော်မူခဲ့လေပြီ။
ဒီလောကီနယ်က အများပြောနေတာ မလွဲဘူး၊ မုသားမဖြစ်ဘူး၊ မှန်တယ်ဆိုတာက ဒါကသမ္မုတိသစ္စာ၊ အများ သမုတ်ထားတဲ့သစ္စာ၊ မှန်တယ်, ဒါ“လူပါ”လို့ ပြောတာဟာ လောကက - အားလုံးက လက်ခံတယ်၊ ဒါလုပ်၊ ဟုတ်တယ် ဒါလူပဲ၊ လူကို လူလို့ပဲ ပြောရလိမ့်မယ်၊
လောကလူတွေက ကျွန်ုပ်, ခင်ဗျား သူ ငါ, ယောက်ျား, မိန်းမ ဒီလို ပြောထား ကြတယ်၊ ဒါ ဟုတ်တယ်၊ လောကလူတွေ ပြောထားတဲ့အတိုင်း မှန်တယ်၊ သဘာဝအစမှန်တာ မဟုတ်သေးဘူး။ လောကပြောတဲ့အတိုင်း မှန်တယ်၊ ဒါကြောင့် မြတ်စွာဘုရားကလဲလေ တရားဟောပြီဆိုလို့ရှိရင် လောကလူတွေ နားလည်အောင် ဟောတာ၊ လောကလူတွေ စိတ်ဝင်စားအောင်ဟောတာ၊ လူတွေ စိတ်ဝင်စား အောင် ဟောတော့ လူတွေနားလည်တဲ့ စကားလုံးနဲ့ သုံးပြီးတော့ -
“အတ္တာ ဟိ=အတ္တာ ဧ၀ - မိမိကိုယ်သည်ပင်၊
အတ္တနော - မိမိ၏၊
နာထော - ကိုးကွယ်ရာတည်း၊
ပရော - မိမိမှတစ်ပါး အခြားသူသည်၊
နာထော - ကိုးကွယ်ရာသည်၊
ကော ဟိ သိယာ - ဘယ်မှာဖြစ်ပါတော့မည်နည်း”
ဆိုတော့ ဟုတ်တယ်၊ ကိုယ့်ကိုယ်ကို ကိုးကွယ်ကြ၊ ကိုယ့်ကိုယ်ကို အရေးကြီးတယ်။
“အတ္တာနံ - မိမိကိုယ်ကို၊
ပိယံ - အချစ်ဆုံးဟူ၍၊
စေ ဇညာ - အကယ်၍ နားလည်ငြားအံ့၊
ဧဝံသတိ - ကိုယ့်ကိုယ်ကို အချစ်ဆုံးဟူ၍ နားလည်သည်ရှိသော်၊
နံ အတ္တာနံ - ထိုကိုယ့်ကိုယ်ကို၊
သုရက္ခိတံ - ကောင်းစွာစောင့်ရှောက်အပ်သည် မည်လောက်အောင်၊
ရက္ခေယျ - စောင့်ရှောက်ရာ၏”
ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ နားလည်ရင် ကိုယ့်ကိုယ်ကို မကောင်းတဲ့ အကုသိုလ် တွေ မပြုမိအောင် စောင့်ရှောက်ရမယ်၊ နားလည်လို့၊ တရားနာတဲ့သူတွေက သဘောပေါက်လို့။
ပရမတ္တမဟုတ်, သမ္မုတိသာ
ဒီနား သမ္မုတိသစ္စာနဲ့ ဟောနေတာ၊ လောကသမ္မုတိ - လောကသမုတ် ထားတဲ့ အတိုင်း မှန်တဲ့စကားလုံးနဲ့ ပြောနေတာ၊ ပရမတ္ထသဘောနဲ့ ဒီလို မဟုတ်ပါဘူး၊ ပရမတ္ထသဘောနဲ့ အတ္တရှိလို့ ဟောနေတာ မဟုတ်ပါဘူး၊ လောကီလူတွေ နားလည်အောင်လို့ ဒီလိုဟောနေတာ၊
ဒါကြောင့် မြတ်စွာဘုရားဟောတဲ့ တရားတော်ထဲမှာ နတ်တွေ, ဗြဟ္မာတွေရှိတယ်လို့ ဆိုပါတယ်၊ ပရမတ္ထအလို ဘယ်နတ်ရှိလိမ့်မလဲ။ ပရမတ္ထအလို ဘယ်မှာ ဗြဟ္မာ ရှိလိမ့်မလဲ၊ ရုပ် နာမ်ပဲ ရှိတယ်။
ယောက်ျားတွေ, မိန်းမတွေ ဟောနေတယ်၊ ဘိက္ခုတွေ ဘိက္ခုနီတွေလို့ ဟောနေတယ်၊ ဘယ်မှာ အစစ်တော့ ရှိလိမ့်မလဲ၊ လောကအပြော အတိုင်း မှန်လို့မို့ ဒါလောကသမ္မုတိသစ္စာနဲ့ မြတ်စွာဘုရား ဟောပြီးတော့ နေ့စဉ် နေ့စဉ်နဲ့အမျှ စကားပြောတော့လဲ လောကလူသားတွေ နားလည်အောင် ပြောနေတယ်၊
ဖဿ ရှိနေတယ်၊ ဝေဒနာ ရှိနေတယ်၊ ဖဿက ဘယ်ဆွမ်းခံသွားတယ်ဆိုလို့ ပြောလို့မရဘူး၊ ဘယ်ရဟန်းက ဘယ်မှာ ဆွမ်းခံသွားတယ်၊ ဘယ်ကျောင်းဒကာက ဘယ်ကျောင်းဆောက်တယ်၊ ဒီလိုမှ ပြောလို့နားလည်တယ်၊ ဘယ် ရုပ်နာမ်ခန္ဓာက ဘယ်မှာဖြစ်တဲ့ ရုပ်တရားကြီး အစုအဝေးကို ပြုလုပ်တယ်ဆိုလို့ ဘယ်သူမှ နားမလည်ဘူး။
ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်က လူများနားလည်အောင် အားလုံးပုဂ္ဂိုလ်တွေ နားလည်အောင် သမ္မုတိသစ္စာ အများအသုံးအားဖြင့် အသိအမှတ် မှန်တယ်လို့ အသိအမှတ်ပြုထားတဲ့ အဲဒီ စကားလုံးမျိုးကို သုံးပြီးသကာလ “အတ္တာ ဟိ အတ္တနော နာထော, ကောဟိ နာထော ပရော သိယာ” ဒီလို စသည်အားဖြင့် ဟောတယ်။
နိဗ္ဗာန်လိုချင်ရာမှာပင် အတ္တစွဲနဲ့
နို့, လူတွေက ဘယ့်နှယ်ပါလိမ့်တုန်း၊ လူတွေက တပည့်တော် နိဗ္ဗာန် မြန်မြန် ရရပါလိုရဲ့ ဆိုတော့ ဘယ့်နှယ်ဟာတုန်း၊ တပည့်တော် ရုပ်နာမ်ခပ်သိမ်းတို့၏ ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို မြန်မြန်ကြီး ရောက်ရပါလိုရဲ့ လို့ဆိုတော့ လူတွေက ဘယ့်နှယ်အဓိပ္ပာယ်နဲ့ ပြောနေပါလိမ့်တုန်းလို့ တချို့ တော့ နားကိုမလည်လို့၊
အဟုတ်ကို အဲဒီနိဗ္ဗာန် ရောက်သွားလိမ့်မယ်ထင်လို့၊ နိဗ္ဗာန်ကို ဘုံတွေ ဗိမာန်တွေနဲ့ နိဗ္ဗာန်ကို သူကရောက်ပြီလို့ဆိုတော့ သူကိုယ်တိုင် နိဗ္ဗာန်မှာ ရုပ်လဲမပါ,နာမ်လဲ မပါ အတ္တလေးချည်း သက်သက် ခံစားပြီးတော့ ချမ်းချမ်းသာသာ နေတယ်လို့၊ တို့နှစ်ယောက်လေ အဘယ်နိဗ္ဗာန် မြန်မြန်ရရပါလိုရဲ့ ဆိုတော့ ဟိုနားကလဲပဲ အတ္တတစ်ခုက၊ အိမ်ရှင်ဇနီးကလဲပဲ အတ္တ တစ်ခုနဲ့ နိဗ္ဗာန်စံလို့၊ အိမ်သား ယောက်ျားကလဲ အတ္တတစ်ခုနဲ့ နိဗ္ဗာန်စံလို့၊
သူတို့က နိဗ္ဗာန်ကျတော့ အတူတူ စံရလိမ့်ဦးမယ်လို့ ဒီလိုတွေးပြီးတော့ သူတို့က နိဗ္ဗာန် မြန်မြန်ရရပါလိုရဲ့ စသည် အားဖြင့် လူတစ်ကိုယ်လုံး, သတ္တဝါတစ်ယောက် လုံးဟာ ဟိုမှာ ရုပ်နာမ်ချုပ်ပြီးတော့ အတ္တအဖြစ်နဲ့ ရောက်လိမ့်မယ်လို့ ဒီလိုထင်ပြီး သကာလ သူတို့ပြောကြဆိုကြတဲ့ လူတစ်မျိုးလဲ ရှိမယ်နော်။
ငါတစ်မျိုး ရှိလိမ့်ဦးမယ် မထင်နဲ့
တချို့လဲပဲ မရှိတာ မှန်ပါတယ်။ နိဗ္ဗာန်ကျတော့ ဘာမှမရှိတာ မှန်ပါတယ်၊ နိဗ္ဗာန်ကျတော့လို့ ဆိုရတဲ့ စကားလုံးကိုက ပိုနေပါသေးတယ်၊ နိဗ္ဗာန်ဆိုတဲ့ သဘာဝဓမ္မမှာ အတ္တမရှိတာ အမှန်ပါပဲလို့ သိပေမယ့် ပြောရိုးဆိုစဉ် ဆိုပါတော့ ဘုန်းကြီးတို့တစ်တွေ သိရဲ့သားနဲ့ သင်တို့ဟာ နိဗ္ဗာန် မြန်မြန်ရောက်အောင် ကြိုးစားကြမှပေါ့နဲ့ စသည်အားဖြင့် စကားပြောတယ်၊
ဒါလောကသမ္မုတိအတိုင်း လောက နားလည်တဲ့အတိုင်း စကားလုံး သုံးလိုက်ကြ တာပါပဲ၊ စင်စစ်အားဖြင့်တော့ နိဗ္ဗာန်မှာလဲ အတ္တမရှိပါဘူး၊ ဒါကြောင့် အနတ္တလက္ခဏ သုတ် တရားတော်မှာ “ဧတံ - ဤရုပ်တရားသည်၊ န မမ - ဥစ္စာ မဟုတ်လို့”ဆိုလို့ ငါတစ်မျိုး ရှိလိမ့်ဦးမယ်လို့ မထင်ပါနဲ့။
“ဧသော - ဤရုပ်တရားသည်၊
မေ - ငါ၏၊
န အတ္တာ - အတ္တမဟုတ်”
လို့ဆိုလို့ ငါတစ်မျိုး ရှိလိမ့်ဦးမယ် မထင်ပါနဲ့၊ အများအသုံးအတိုင်း ဒီလိုသုံးမှ နားလည်မှာမို့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ဒီလို သုံးတော်မူတယ်၊ ဘုန်းကြီး တို့ကလဲ ဒီလိုလိုက်ပြီးသကာလ အဓိပ္ပာယ် ပြောရတယ်၊ စင်စစ် ရုပ်နာမ်ကို ဖယ်ထားပြီးသကာလ အတ္တ မရှိတော့ပါဘူး။
စဉ်းစားစရာ ဖြစ်လာပြန်
ကောင်းပါပြီ။ ဒါဖြင့် အတ္တရဲ့ သတ္တိကို ပြတဲ့ အခန်းတုန်းက -
“အယံ အတ္တာ - ဤ အတ္တဆိုတဲ့ အရာဝတ္ထုသည်၊
ကာရကော - ပြုရေး ပြုရာ, ပေါ်ပေါက်လာလျှင် လျော်စွာတစ်ခုခုဖြင့် ပြုစုလည်း ပြုစုတတ်လေ၏၊
ဝေဒကော - ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးကို အကျိုးလျော်ကန် ပေါ်လာ ပြန်လျှင် ခံစံလည်း ခံစံတတ်လေ၏”လို့၊
ဒီလိုဆိုတော့ ရုပ်ချည်း နာမ်ချည်းဆိုရင် ဘာပြုလို့ ဖြစ်မလဲ။
ဆိုပါတော့ လမ်းသွားတယ်၊ ဒီရုပ်ကြီးဟာ အတ္တက မလှုံ့ဆော်ဘဲနဲ့ အတ္တက သွားဖို့ရန် စီမံမပေးဘဲနဲ့ ဒီရုပ်ကြီးဟာ ဘယ်လိုသွားမလဲ, ဘယ်လိုထိုင်မလဲ, ဘယ်လိုရပ်မလဲ, ဘယ်လို စကားပြောမလဲ, ဘယ်လို အိပ်မလဲ, အတ္တမပါလို့ရှိရင်၊ သွား, ရပ်, ထိုင်,လျောင်းဆိုတဲ့ ကိစ္စတွေ ပြုဖို့ရန်ဟာ အတ္တက ပြုလုပ်ပေးတာ မဟုတ်ဘူးလား၊
ထင်စရာတွေ ထင်စရာတွေ၊ ရူပါရုံမြင်တယ် ဆိုတော့ အတ္တက မြင်တာ မဟုတ်လား၊ သဒ္ဒါရုံ ကြားတယ်ဆိုတော့ အတ္တက ကြားတာမဟုတ်လား၊ သဒ္ဒါရုံ ကြားလို့မို့ သာယာတယ်, မသာယာဘူးဆိုတဲ့ ခံစားမှု ကျတော့ အတ္တခံစားတာ မဟုတ်ဘူးလား လို့ ဒီလို လိုက်ပြီးသကာလ စဉ်းစားစရာ ဖြစ်လာပြန်တယ်၊ ဒီတော့ တယ်ရှင်းလို့ ကောင်းတယ်။
စိတ်က ရုပ်ကို ဖြစ်စေတယ်ဆို
အဘိဓမ္မာ တရားတွေဟာ အဆက်ဆက် ရဟန္တာအရှင်မြတ်တွေက စပြီးတော့ ဆောင်ရွက်လာလို့ စာတွေပေတွေဟာ တယ်အားကိုးစရာ ကောင်းတယ်၊ တယ်ရှင်းလို့ ကောင်းတယ်။ ဒီနားမှာ ပထမနားလည်ဖို့ကတော့ စိတ်ဟာ ရုပ်ကို ဖြစ်စေတတ်တယ်၊ ဒီ အချက်ကို နားလည်ထားဖို့တော့ သိပ်အရေးကြီးတယ်၊
စိတ်ဟာ ရုပ်ကိုဖြစ်စေတတ်တယ်၊ ရှေးကံကြောင့်သာ ဒီခန္ဓာကိုယ်ကြီးထဲမှာရှိတဲ့ ရုပ်အစိတ်အပိုင်းတွေ ဖြစ်တာမဟုတ်ဘူး၊ စိတ်ကြောင့်လဲ ရုပ် အစိတ်အပိုင်းတွေ ဖြစ်တယ်၊ ဒါကိုတော့ နှစ်နှစ်ကာကာ နားလည်မှ ရှင်းလို့ကောင်းမယ်၊ ဘယ်လို ဖြစ်သလဲလို့ တစ်ခါ စဉ်းစားရင် -
လူ နှစ်ယောက် စကားယှဉ်ပြော နေကြတယ်၊ စကားပြော မတဲ့တာနဲ့မို့ တော်တော် ဒေါသဖြစ်စရာတစ်ခု စကားလုံး ကြားလိုက်တဲ့အခါ လူတစ်ယောက်ဟာ တစ်ခါတည်း မျက်နှာတွေနီ, ချက်ချင်း, ချက်ချင်း မျက်နှာတွေနီပြီးတော့ တကတဲ လက်တွေ ဘာတွေများ တုန်ပြုလာ ရအောင် ရုပ်တစ်မျိုး ပြောင်းသွားတာ ဘယ်သူ့ကြောင့်လဲ၊
ဟို တစ်ယောက်က စကားလုံးနဲ့ ပေါက်လိုက်လို့ မဟုတ်ဘူး၊ သူ့စကားလုံးကို နားထဲကြားတဲ့စိတ် အကြောင်းပြုပြီးသကာလ နောက်ထပ် စိတ်ကလေးတွေ ဖြစ်ပြီးတော့ ဒေါသဖြစ်လို့ တစ်ခါတည်း မျက်နှာတွေ နီလို့၊ ချက်ချင်း, ချက်ချင်း, ချက်ချင်း မိနစ်အတွင်းမှာ, မိနစ်အတွင်းမှာ ချက်ချင်း မျက်နှာတွေနီလို့ ၊ တချို့များ တကတဲ ရိုက်ချင်, နှက်ချင် သတ်ချင်လို့ ဖြတ်ချင်လို့ လက်တွေဘာတွေများ တုန်လို့ တစ်ကိုယ်လုံးများ တုန်လို့၊ ဒီရုပ်ဟာ ဘယ်လောက်များ စိတ်ကဆောင်နေတုန်း၊ စိတ်ဟာ ဘယ်လောက် ဆောင်နေတုန်း။
တစ်ခါတရံမှာ အင်မတန် မကျန်းမမာဖြစ်နေတဲ့လူ ဟောဆရာလာသတဲ့ဆိုလို့ရှိရင် အမယ် - တော်တော်သက်သာသွား၊ ကိုယ် အားထားတဲ့သူ လာသတဲ့ဆိုရင် ထများထိုင်လို့၊ မစားတဲ့ လူမမာပေမယ့် စားလိုက်ပါဦးလို့ အရေးပါတဲ့သူက ချော့မော့ပြီး ဆေးလေးများတိုက်ရင်, အစာလေးများ ကျွေးရင် စားလို့ ပြုံးလို့, စိတ်ဘယ်လောက် ပြုပြင်နိုင်သလဲ၊ ဒါကြောင့် စိတ်က ရုပ်ကိုဖြစ်စေတတ်တယ် ဆိုတာကို နှစ်နှစ်ကာကာကြီး ပထမဆုံး နားလည်စမ်းပါ။
ရုပ်တွေသာရှိပုံ အိမ်နဲ့နှိုင်းယှဉ်ကြည့်
ဒီတော့ ခန္ဓာကိုယ်ကြီးဟာ ရုပ်နာမ်,ရုပ်နာမ် ပေါင်းစပ်ထားလို့ ခန္ဓာကိုယ်လို့ဆိုတာ၊ ဟိုဘုန်းကြီးတို့ အိမ်ဆိုတာပဲကြည့်၊ မင်းတို့က အိမ်ရှိတယ်လို့ ပြောတယ်၊ ဟုတ်တယ်၊ သမ္မုတိနယ် ပညတ်နယ်မှာ အိမ်ရှိပါတယ်၊ အားလုံးအသိအမှတ်ပြုတဲ့ ပညတ်နယ်မှာ အိမ်ရှိပါတယ်၊
လက်ညှိုးထိုးပြစမ်း အိမ်ကို၊ ဒါပေါ့လေဆိုရင် အို-ဒါကတိုင်ပဲ။ အင်း-ဟုတ်တယ် ဒါက, ဒါက အကာအရံသစ်သားတွေပဲ၊ ဒါက ထုတ်တွေ လျောက်တွေပဲ ဟင်-ဒီလို ဆိုတော့ ဟုတ်ပါ့ အိမ်မရှိပါ၊ တိုင်တွေတုံးတွေ, သစ်သားတွေ, ကြိမ်တွေ, နွယ်တွေ, သံတွေ ဒါပဲ ရှိပါလား။
ဆိုပါ အဲဒီ တုံးဆိုတဲ့ဥစ္စာပဲ၊ တိုင်ဆိုတဲ့ဥစ္စာပဲ စဉ်းစားကြည့်ပါလား၊ ဘယ်မှာလဲ၊ ဟောဒီဟာလေ၊ ဒီထောင်နေတဲ့ဟာကြီးဟာ တိုင်ပေါ့၊ မှန်းစမ်း ဖြတ်လိုက်စမ်း၊ အစိတ်အစိတ် စိတ်ကူးလေးနဲ့ ဖြတ်ကြည့်စမ်း၊ တိုင်ရှိသေးလား၊ မရှိဘူး၊ တုံးကလေးတွေ ဖြစ်သွားပြီ၊
ဖြတ်လိုက်စမ်းဦး၊ အစိတ်တွေ ခွဲလိုက်စမ်း၊ တုံးလေး ရှိသေးသလား၊ မရှိဘူး၊ သစ်သားခြမ်းစိတ်တွေ ဖြစ်ကုန်၊ ဖြတ်လိုက်စမ်း ဒီသစ်တွေကို မီးရှို့ပြီးပစ်လိုက်စမ်း၊ ရှိသေးသလား, သစ်သား မရှိဘူး၊ ပြာတွေ ရှိတယ်၊
ဒီပြာတွေကို ရေနဲ့နယ်ပြီးသကာလ ပစ်လိုက်စမ်း၊ ပြာတွေ ရှိသေးသလား၊ အို - ရေတွေအကုန်လုံး ဖြစ်ကုန်ပြီ၊ သြော် - တိုင်မရှိဘူး၊ ပထမတော့ အိမ်မရှိဘူး၊ နောက်တော့ တိုင်မရှိဘူး၊ တုံးမရှိဘူး၊ သစ်သားမရှိဘူး၊ ကြိမ်မရှိဘူး၊ အားလုံး ရုပ်မှုန့်ကလေးတွေ ဖြစ်သွား၊ အဲဒီ ရုပ်မှုန့်ကလေးတွေ ခွဲလို့စိတ်လို့ ဘာလို့မှ မရဘူး ဆိုတော့မှ ဒါရုပ်ကလာပ်ကလေးတွေ ရုပ်ကလာပ်ကလေးတွေ, ရုပ်ကလာပ် ဆိုတာ အစုလေးတွေ ရုပ်စုလေးတွေ တစ်မှုန်စီ, တစ်မှုန်စီ။
မုန့်မှုန့်အရုပ်ကလေးနဲ့ နှိုင်းစဉ်းစားဦး
တစ်ခါ ဒီမုန့်မှုန့်လေးတွေကို ရေနဲ့ဖျော်ပြီးတော့ အရုပ်လုပ်တတ်တဲ့လူက မုန့်မှုန့်လေးတွေကို လူရုပ်ကလေး လုပ်လိုက်၊ ကလေးလေး ပြတယ်၊ လူရုပ်ကလေး, လူကလေး၊ အဝတ်အစားလေး ဘာလေးများ ဝတ်ပြ၊ လူကလေး၊ ကလေးလေးက လူကလေးထင်တယ်၊
လူကြီးက သြော် - မုန့်မှုန့်တွေ စုပေါင်းထား ပြီးတော့ အရုပ်လုပ်တတ်တဲ့လူက အရုပ်လုပ်လို့ လူရုပ်ပေါ်နေတာ၊ အမှန်တော့ စင်စစ် ရုပ်မှုန့်လေးတွေပဲ၊ မုန့်မှုန့်လေး တွေပဲ၊ မုန့်မှုန့် ကလေးတွေတောင်မှ ရေနဲ့ဖျော်ပြီးတော့ ရေထဲများ ထည့်လိုက်ရင် အဲဒီ မုန့်မှုန့်လေးတောင် ပျောက်သွားဦးမယ်၊
သြော် - လူရုပ်ကလေး လို့သာ ထင်ရတယ်၊ စင်စစ်တော့ မှုန့်မှုန့်ကလေးပဲ၊ မှုန့်မှုန့် ကလေး တွေသာဆိုရတယ်၊ စင်စစ်တော့ ရုပ်ကလာပ်လေးတွေ စုပေါင်းပြီးတော့ လူရုပ်ကြီး ဖြစ်တာပဲ၊ ဟောသလို လူကြီးက မြင်တယ်။ ဒီခန္ဓာကိုယ် ဒီအခြေအနေ အတိုင်း, ဒီအခြေအနေအတိုင်း။
ရုပ်နာမ်ပေါင်းစပ်မိမှ ကိစ္စပြီး
မျက်စိ, နား, နှာ, အင်္ဂါခြေလက် တစ်ခုစီ ခွဲလိုက် လူရှာမရဘူး၊ တစ်ခါ အင်္ဂါခြေလက် တစ်ခုစီ စိတ်လိုက်, စိတ်လိုက်, စိတ်လိုက်၊ နောက်ဆုံး စိတ်လို့ရှိရင်ဖြင့် ရှုပ်မှုန့် ကလေး, ရုပ်ကလာပ်ကလေး တွေပဲ ရှိတော့တယ်၊ သူ့ချည်း ဘာမှမစွမ်းဘူး၊
တစ်ခါ တစ်ဖက်က ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဉ်ဆိုတဲ့ ဒီတရားငါးပါးလဲ သူ့ချည်း မစွမ်းဘူး၊ သူ့ချည်း သွားနိုင်သလား၊ ဝိညာဉ်, ဘာမှ မသွားနိုင်ဘူး၊ ဝေဒနာ သညာ, သင်္ခါရ, ဝိညာဉ်တွေ သူချည်း မသွားနိုင်ဘူး၊ ရုပ်ကော သူချည်း သွားနိုင်သလား၊ မသွားနိုင်ဘူး၊ ဘယ်လိုမှ ဖြစ်သလဲဆိုတော့ ဘုန်းကြီးတို့ ဒီဥပမာ ပြတယ်ကိုး။
ကြိုးဆွဲ မင်းသား မင်းသမီးရုပ်
ရဇ္ဈယောဂါ ဒါရုယန္တံ၊ သဗျာပါရံဝ ခါယတိ၊
ဧဝံ သုညံ နာမရူပံ, အညမညသမာယုတံ။
ရဇ္ဈယောဂါ - အရုပ်ကြိုးနှင့် အသင့်တွဲစပ်, ပေါင်းကပ်၍နေခြင်းကြောင့်၊
ဒါရုယန္တံ - သစ်သားကိုလုပ်, မင်းသမီး မင်းသားရုပ်သည်၊
သဗျာပါရံဝ - သွားရပ်ကခုန်, ဗျာပါရ ရှိပုံကဲ့သို့၊
ခါယတိ - ရှုသူအများ, ထင်မှား၍နေရလေ၏၊
ဧဝံ - ဤအတူ၊
သုညံ - အနှစ်သာရ, အတ္တမှ ကင်းဆိတ်သော၊
နာမရူပံ - ရုပ်နာမ်နှစ်ပါး, ခန္ဓာငါးပါးသည်၊
နာမရူပံ - ရုပ်နာမ်နှစ်ဖြာ, ငါးခန္ဓာသည်၊
အညမညသမာယုတံ - အချင်းချင်းကပ်, ပေါင်းစပ်မိသည်ဖြစ်၍၊
သဗျာပါရံ၀ - သွားရပ်ထိုင်လျောင်း, လိုရာပြောင်းလျက်, အကြောင်းအားလျော်စွာ, ဗျာပါရ ရှိနေသကဲ့သို့၊
ခါယတိ - ရှုသူအများတွင်, ထင်မှား၍ နေရလေသတည်း။
ဒီလောကကြီးထဲမှာ ဥပမာဆိုတာ အများနားလည်အောင်လို့ ပေးတာ၊ ဟို - အရုပ်ထုထားတယ်၊ ရုပ်သေးစင်ပေါ်က မင်းသမီးရုပ်, မင်းသားရုပ် ကြိုးနဲ့မတပ်ဘဲနဲ့ အရုပ်ချည်းပစ်ထား၊ ဘာမှ ကတယ်, ခုန်တယ် မရှိဘူး၊ ကြိုးချည်း ထားလိုက်စမ်းဦး၊ ဘာမှ လုပ်လို့ မရဘူး၊ ကြိုးနဲ့ အရုပ်နဲ့ တပ်ပြီးတော့ ခုနက အရုပ်ကြိုး ဆွဲတဲ့လူက လှုပ်ရှားပေးတဲ့အခါကျတော့ ကနေသလိုလို, ခုန်နေသလိုလို။
ဒီလိုပဲ ရုပ်တရားနဲ့ နာမ်တရားဟာ ရုပ်ချည်း ဖယ်ထား၊ ဘာမှ မတတ်နိုင်ဘူး၊ သွား, ရပ်, ထိုင်လျောင်း ဘာမှမလုပ်နိုင်ဘူး၊ နာမ်ချည်း ဖယ်ထား၊ ဘာမှ မလုပ်နိုင်ဘူး၊ ရုပ်နဲ့နာမ်နဲ့ နှစ်ခု ပေါင်းစပ်လိုက်တဲ့ အခါကျတော့ -
အညမညသမာယုတံ - အချင်းချင်းကပ်, ပေါင်းစပ်မိသည်ဖြစ်၍၊
သဗျာပါရံ၀ - သွားရပ်ထိုင်လျောင်း, လိုရာပြောင်းလျက်, အကြောင်းအားလျော်စွာ, ဗျာပါရ ရှိနေသကဲ့သို့၊
”
ဒီလိုသဘော ဖြစ်သွားတယ်၊ ဒီလို ထင်လာရတယ်၊ စာတွေက အဆက်ဆက် မကျေနပ်လို့ အထပ်ထပ် မေးလာခဲ့ကြတဲ့ စာတွေကို ပညာရှိအဆင့်ဆင့် ရေးသားထားတာ ဖြစ်တော့လေ ဥပမာ ဒီလိုပေးပြန်တယ်။
ငကန်း, ငဆွံ့ ဥပမာ
ဇရပ်တစ်ခုမှာ ငကန်းနဲ့ငဆွံ့ တွေ့မိကြတယ်။ သူတို့ ဇရပ်မှာလဲပဲ စားရေး သောက်တာ ဘာမှမရှိဘူး၊ သူတို့လဲ တောင်းရမ်းပြီးတော့ လည်စားနေကြတာ၊ ခြေထောက်လက်ထောက် မသန်တဲ့ ငဆွံ့က ငကန်းကိုပြောတယ်။
“ကိုရင်.....ဟိုတောင်ဆီမှာ ဘယ်ဇရပ် အကျွေးအမွေးတွေရှိတယ် ကြားတယ်၊ ကိုရင် မသွားဘူးလား”
“ကိုရင်ကော မသွားဘူးလား”
“ကျုပ်က ခြေထောက်မသန်လို့ဗျာ သွားချင်သားပဲ”
“ခင်ဗျားက ခြေထောက်မသန်လို့ သွားချင်တယ်၊ ကျုပ်က မျက်စိမမြင်လို့ သွားချင်သားပဲ ကျုပ်လဲ”
“ဒါဖြင့် ဒီလိုလုပ်ဗျာ၊ ခင်ဗျားက ခြေထောက်မပါဘူး, မျက်စိတော့ မြင်တယ်၊ ဒီတော့ ခင်ဗျားက ကျုပ်ပေါ် ကျောပိုးပြီးတော့ ပခုံးပေါ် ခွစီးလိုက်ဗျာ၊ ခင်ဗျားက ပြောဗျာ၊ ဝဲဘက် သွားဟေ့၊ ယာဘက် သွားဟေ့၊ ခင်ဗျားက ပြော”
“ဟာ...ဟုတ်ပြီ, ကျုပ်တို့နှစ်ယောက် ပေါင်းလိုက်ရင်တော့ နေရာကျပြီ” ဆိုပြီးတော့ ငကန်းက ငဆွံ့ကို ပခုံးပေါ်ထမ်းပြီးတော့ ဇရပ်ပေါ်က ဆင်း၊
“ကောင်းကောင်းဆင်း၊ ဒီမှာ လှေခါးထစ် ဘယ် နှစ်ထစ်ရှိတယ်၊ တစ်ထစ် ဆင်းဦးကွဲ့ နှစ်ထစ်”
သူက အပေါ်ကနေပြီး ပြောနေတယ်၊ ငကန်းကလဲ သူပြောတဲ့အတိုင်း ထမ်းလို့ သွားရှာတယ်။ လမ်းသွားတော့ -
“ဝဲဘက်သွားကွ, ယာဘက်သွားကွ၊ ဟေ့ - ကုန်းလေး ရှိတယ်၊ နည်းနည်း တက်လိုက် တက်လိုက်, ချိုင့်လေး ရှိတယ်၊ ဖြည်းဖြည်း ဖြည်းဖြည်း”
သူကလဲ လိမ့်ကျမှာလဲ စိုးရိမ်စရာ ရှိသေးတယ်၊ သူကသာ အမှတ်တမဲ့ အပြော မတတ်ရင် သူ ပထမဆုံး ဟိုလူလဲတာနဲ့ တစ်ပြိုင်နက် သူလဲ မသက်သာဘူး၊ ဒါနဲ့ သူတို့ နှစ်ယောက် တကတဲ အကြောင်းညီညွတ်ပြီးတော့ တစ်ယောက် တစ်ယောက် အားပြုပြီးတော့ သွားလိုက်ကြတာ အစားအသောက်တွေ ပေါတဲ့ ဇရပ်ရောက်လို့ နေရာတကျ စားကြရ သောက်ကြရတယ်။
စာက စာက၊ ရှေးအစဉ်အဆက် ပညာရှိတွေက ဒီလို စောဒနာ စရာတွေကို စုပြီးတော့ သူတို့က အဖြေတွေ ပေးပေး ပေးပေး သွားကြတာလေ၊ အဲဒီ ငကန်းနဲ့ ငဆွံ့ ပေါင်းမိတဲ့အခါမှာ လိုရာ အကျိုးပြီးကြတာလို ရုပ်ကလဲ အကန်း, ဘာမှ ဒီရုပ်ကလဲ မသိဘူး၊ နာမ်ကလဲ အကျိုး၊ နာမ်ချည်းလဲ ဘာမှ ထိထိရောက်ရောက် ခရီး ရောက်အောင် မဆောင်နိုင်ဘူး၊ ဒါကြောင့် ရုပ်နဲ့ နာမ်နဲ့ ပေါင်းစပ်မိတော့မှ -
“အညမညသမာယုတံ - အချင်းချင်းကပ် ပေါင်းစပ်မိသည် ဖြစ်၍၊
သုညံ - အနှစ်သာရ အတ္တမှ ကင်းဆိတ်သော၊
နာမရူပံ - ရုပ်နာမ်နှစ်ပါးသည်၊
အညမညသမာယုတံ - အချင်းချင်းကပ်, ပေါင်းစပ်မိသည်ဖြစ်၍၊
သဗျာပါရံဝ - သွားရပ်ထိုင်လျောင်း, လိုရာပြောင်းလျက်, အကြောင်းအားလျော်စွာ, ဗျာပါရ ရှိနေသကဲ့သို့”
ရုပ်နာမ်ကိစ္စတွေပါ, အတ္တမပါ ပါနဲ့
အင်မတန်ကောင်းတယ်၊ ဒါ ထပ်ပြီးတော့ကို မေးစေချင်တယ်၊ ထပ်ပြီး စောဒနာ စေချင်တယ်၊ ဘုန်းကြီးတို့မှာ ဖြေနိုင်လိမ့်မယ်လို့ ထင်တယ်၊ မေးတိုင်း မေးတိုင်း ဒီလို သဘာဝဓမ္မနဲ့ ဆိုင်လာလို့ ရှိရင်လေ၊ ဘာဖြစ်လို့တုန်း၊ စာတွေက ပညာရှိ အဆက်ဆက်တွေက ဒီလို မေးလွန်းလို့ အဖြေတွေကို ထည့်ထည့် ထည့်ထည့် ပြီးတော့ တရားတော်နဲ့ ကိုက်ညီအောင် ထည့်ပြီးတော့ ပေးထားတယ်။
ကိုင်း ... ခု ရုပ်နဲ့နာမ်နဲ့ ပေါင်းမိပြီနော်၊ ပေါင်းမိလို့ သူရယ်, ငါရယ်, ယောက်ျားရယ်, မိန်းမရယ်, ပုဂ္ဂိုလ်ရယ်, သတ္တဝါရယ်လို့ ဟို သစ်သားတွေ ပေါင်းပြီးတော့ အိမ်ဆိုတဲ့ နာမည်ပညတ်တစ်ခု ပေါ်လာတာလို ရုပ်နဲ့နာမ်နဲ့ ပေါင်းပြီးတော့ လူ, သတ္တဝါ, ယောက်ျား, မိန်းမ, တိရစ္ဆာန်ဆိုတဲ့ အဲဒီနာမည်ပညတ်တွေ ပေါ်လာပြီးတော့ လာတာပဲ၊ သူတို့နှစ်ခု ဖယ်လိုက်လို့ရှိရင် ဒီ နာမည် ပညတ်တွေပါ တစ်ခါတည်း ရှာမရဘူး ပျောက်သွားမယ်။
ဒါကြောင့် သူတို့နှစ်ခု ပေါင်းစပ်မိလိုက်တဲ့ အတွက်ကြောင့် အားလုံးကိစ္စတွေ ပြီးပါလိမ့်မယ်၊ ဘယ်အတ္တမှ မပါခဲ့ပါနဲ့၊ အားလုံး ကိစ္စတွေ ပြီးပါလိမ့်မယ်၊ သွားကြစို့ရဲ့၊ ကိုင်း … ခရီးသွားကြစို့ရဲ့၊ ဒီရုပ်နဲ့နာမ်နဲ့ ပေါင်းစပ်ပြီးတော့ ဘယ့်နှယ် ခရီးသွားမလဲ၊ ခုနက စောစောက ဘုန်းကြီး ချည်ထားခဲ့တယ်နော်၊
စိတ်ဟာ ရုပ်ကို ဖြစ်စေတတ်တယ်။ ဒါကို ဘုန်းကြီး ပြောခဲ့တယ်နော်၊ ဒါကို မမေ့ရဘူး၊ ဒါကို သဘောပေါက်ပြီးသား ဖြစ်ရမယ်၊ အင်မတန် စိတ် သိပ်စွမ်းပါလား၊ သူ့ကြောင့် ရုပ်ဖြစ်နေတယ်၊ စိတ် သိပ်စွမ်းပါလား၊ ဒါလေးကို နားလည်ထားစမ်းပါ။
စိတ္တဇ ဝါယောဓာတ်ကြောင့် ဗျာပါရ အမျိုးမျိုးဖြစ်ရ
စိတ္တနာနတ္တမာဂမ္မ၊ နာနတ္တံ ဟောတိ ဝါယုနော၊
ဝါယုနာနတ္တတော နာနာ, ဟောတိ ကာယဿ ဣဉ္စနာ။
စိတ္တနာနတ္တံ - သွားလေ လာလေ, ထိုင်ရပ်လေမှ စ၍ ထိုထို, အလိုထူးဆန်း, စိတ်အစွမ်းကို၊
အာဂမ္မ - မလွဲသမှု အစွဲပြု၍၊
အာဂမ္မ - အတွင်းသန္တာန်, အရင်းခံ၍၊
ဝါယုနော - သွားလာထိုင်ရပ်, ဖြစ်စေတတ်သည့် ရုပ်ကလာပ်ဗ္ဗေ, ဝါယောလေ၏၊
နာနတ္တံ - သွားလေ လာလေ, ထိုင်ရပ်လေဟု, အနေကွဲပြား ထူးခြားသည်၏ အဖြစ်သည်။
ဟောတိ - စိတ်အစဉ်နှင့် အဆင်သင့်အောင် မလင့်ပုံသေ ဖြစ်ရပေ၏။
ဝါယုနာနတ္တတော - သွားစေလာစေ, ဝါယောလေက, အနေကွဲပြား, ထူးခြား ခြင်းကြောင့်၊
ကာယဿ - ပုဂ္ဂိုလ်သတ္တဝါ, ငါသူတစ်ပါး, ယောက်ျားမိန်းမ, မဟုတ်ကြတောင်း, ရုပ်နာမ်ခန္ဓာအပေါင်း၏။
ဣဉ္စနာ - ရုပ်သေးစင်တွင်, အရုပ်သွင်သို့, အထင်ကွဲပြား, လှုပ်ရှားခြင်းသည်၊
နာနာ ဟောတိ - သွားဟန် လာဟန်, ထိုင်ရပ်ဟန်ဖြင့်, သဏ္ဌာန်ထူးထွေ, ဖြစ်ရပေသတည်း။
စိတ်ကြောင့် သွားမှုဖြစ်လာပုံ
ပထမဆုံး ကိုယ့်ကိုယ်တိုင် အသုံးချကြည့်စမ်း၊ မတ်တပ်ရပ်နေရာက သွားချင်တယ်၊ သွားချင်တယ်လို့ဆိုတဲ့စိတ် ဖြစ်တယ်။
စိတ္တနာနတ္တံ - သွားခြင်း လာခြင်း ထိုင်ရပ်ခြင်းမှ စ၍ ထိုထို, အလိုထူးဆန်း, စိတ်အစွမ်းကို၊ အာဂမ္မ - အတွင်းသန္တာန်, အရင်းခံ၍၊ ဝါယုနော - သွားလာထိုင်ရပ်, ဖြစ်စေတတ်သည့် ရုပ်ကလာပ်ဗ္ဗေ, ဝါယောလေ၏၊ နာနတ္တံ - သွားလေ လာလေ, ထိုင်ရပ်လေဟု, အနေကွဲပြား ထူးခြားသည်၏ အဖြစ်သည်။။ ဟောတိ - စိတ်အစဉ်နှင့် အဆင်သင့်အောင် မလင့်ပုံသေ ဖြစ်ရပေ၏။
သွားချင်တယ်လို့ စိတ်ဖြစ်လိုက်တယ်၊ ဟို-နည်းနည်း နားလည် ထားဖို့က လက်ဖြောက် တစ်ချက်တီးမှာ စိတ်ပေါင်း ကုဋေသိန်းပေါင်း များစွာ ဖြစ်တယ်၊ လက်ဖြောက်တစ်ချက်တီးမှာ စိတ်က ကုဋေ သိန်းပေါင်းများစွာ ဖြစ်တယ်၊ ဒါလေးကို နားလည်ထားစမ်းပါ။
ဒီတော့ စိတ်တစ်စိတ် ဒီက ရုပ်ကလာပ်တစ်မျိုး ဖြစ်တယ်။ ခြေထောက်မှာ ရုပ်ကလာပ်တစ်မျိုး ဖြစ်တယ်။ ဒီတော့ စိတ်ပေါင်း ကုဋေတစ်သိန်းလောက် ဖြစ်တယ်ဆိုရင်ပဲ ဆိုပါတော့ ရုပ်ကလာပ်တွေ ကုဋေများစွာ ဖြစ်တယ်၊ အဲဒီ ကုဋေများစွာထဲမှာ ဝါယောဓာတ်က ပါလျက်နော်။
ဝါယောဓာတ်ဆိုတာ လှုပ်ရှားတဲ့ သတ္တိရှိတယ်၊ အဲဒီ လှုပ်ရှားတဲ့ သတ္တိရှိတဲ့ ဝါယောဓာတ်ကပါတော့ နဂိုက နင်းထားတဲ့ ခြေထောက်ကြီးဟာ လက်ဖြောက် တစ်ချက်တီးအတွင်းမှာ မြောက်ပြီးတော့ လာတယ်၊ ဘာပြုလို့လဲ၊ ဒီလေဓာတ် ကြောင့်၊ လေဓာတ်ကြောင့် မြောက်လို့ရှိရင် ဘာဖြစ်လို့ လေဓာတ်ကြောင့် အထက်မြောက်သလဲ။ လွင့်သွားလိုက်ပါလားဆိုရင် ဟို-စိတ်က သွားချင်လို့။
ဝါယောဓာတ်ဖြစ်တော့ ဘုန်းကြီးတို့ သာမန်လေ့လာတဲ့လူ မသိနိုင်တဲ့ ဝိညတ်ဆိုတာ ပါသေးတယ်၊ ကာယဝိညတ်၊ ဒီတော့ ဝိညတ်က လှေကို ပဲ့ကိုင်ပေးသလို, အဲဒီ ဝါယောဓာတ် လွန်ကဲတဲ့ ရုပ်ကလာပ်ကို ဝိညတ်က ပဲ့ကိုင်ပေးတာ အထက်ကို မြောက်လာတယ်၊
အထက်မြောက်လာပြီးတော့ သွားချင်တယ်လို့ဆိုတော့ ဝါယောဓာတ်က ဝိညတ်နဲ့ တကွ ရှေ့တိုးတဲ့ ပဲ့ကိုင်ပေးတဲ့ ဝါယောဓာတ်က လှုပ်လိုက်တာ ဒီခြေထောက် နှင့်တကွ ပတ်ဝန်းကျင်ရှိနေတဲ့ ရုပ်ကလာပ်တွေ အကုန်ရှေ့ရောက်သွားတယ်၊ သွားချင်တယ်လို့ဆိုတဲ့ စိတ်ကြောင့်မို့ ဝိညတ်က ပဲ့ကိုင်ပေးလိုက်တာ, ဝါယောဓာတ် လှုပ်ရှားလိုက်တာ, တစ်ကိုယ်လုံး ခြေထောက်မှာ အရေးတကြီး လှုပ်ရှားလိုက်တာ, တစ်ခါတည်း ရှေ့ရောက်လို့ ရှေ့တိုးလို့ နေရာ ရောက်သွားရော။
နေရာရောက်သွားတော့ ပထဝီဓာတ် လွန်ကဲတဲ့ ရုပ်ကလာပ်ကြောင့် ဝိညတ်က ပဲ့ကိုင်ပေးပြီးတော့ အောက်နား ဖြည်းဖြည်းကျ၊ မြန်မြန် ချချင် မြန်မြန်ကျ၊ ဒါကို သွားလိုက်, မြှောက်လိုက်, ရှေ့တိုးလိုက်, အောက်ချလိုက်၊ မြှောက်လိုက်, ရှေ့တိုးလိုက်, အောက်ချလိုက်၊ ဒါ စိတ်အတိုင်း ဝါယောဓာတ် လှုပ်ရှားနေတာ၊ ဝါယောဓာတ်ဟာ တွေ့ကရာ ဖြစ်သလို လှုပ်ရှားပါလား၊ မဟုတ်ဘူး၊ ပဲ့ကိုင်ပေးတဲ့ ဝိညတ်ပါတယ်။
အဲဒီဟာ အင်မတန်ကောင်းတဲ့နည်း, အင်မတန်ကောင်းတဲ့နည်း ဘယ်မလဲ အတ္တ, ဘယ်မလဲ အတ္တ၊ မြတ်စွာဘုရားက ဝိညတ်ရုပ် ဆိုတာကို ဟောထားတယ်၊ ဘယ်မလဲ အတ္တ၊ ပထဝီဓာတ်လို့ ဟောထားတယ်၊ ဝါယောဓာတ်လို့ ဟောထားတယ်၊
ဝါယောဓာတ် လုပ်တာကို အပြင်လေတွေ ကြည့်စမ်းပါလား၊ အပြင်လေတွေဟာ ဝါယောဓာတ် လွန်ကဲတဲ့အတွက်ကြောင့် သစ်ပင်တစ်ပင်လုံး တကတဲ ခါသွားအောင် လုပ်တယ်၊ အဲဒီလောက် သတ္တိရှိတဲ့ ဝါယောဓာတ်ဟာ ဒီခန္ဓာကိုယ်ထဲမှာလဲ စိတ္တဇဝါယောဓာတ်ဟာ အင်မတန်သတ္တိရှိတယ်။
ဒါကြောင့် ခြေထောက်ကြီး မြောက်ပြီးတော့လာ၊ မြောက်ဆိုတာ ချက်ချင်း တစ်ခုလုံးမြောက်တာ မဟုတ်ဘူး၊ ဖြည်းဖြည်း မြောက်တာ၊ ဒါပေမယ်လို့ စိတ်က ကုဋေတစ်သိန်းလောက်ဖြစ်တော့ ဝါယောဓာတ် ကလဲ ကုဋေတစ်သိန်းလောက် ဆိုတော့ ချက်ချင်း မြောက်သွားသလို ထင်ရတယ်၊ ချက်ချင်း ရှေးတိုးသွားသလို ထင်ရတယ်၊ နောက် ပထဝီဓာတ်ကလွန်ကဲတဲ့ ရုပ်ကလာပ်ကြောင့် ချက်ချင်း အောက်ကျသွားတယ်လို့ ထင်ရတယ်၊ ကဲ - ဒီနည်းနဲ့သွားတာကို နားလည်ပေါ့ နော်။
---
စိတ်ကြောင့် ရပ်မှုစသည်ဖြစ်လာပုံ
အဲဒီ အသွားရပ်လိုက်တဲ့အခါ မတ်တတ်ရပ်တယ်လို့ ဖြစ်တယ်၊ ဒါကို ညောင်းတယ် ဆိုပြီးတော့ ထိုင်ချင်တယ်ဆိုတော့ ရုပ်ကလာပ်တွေ ခုနက ဝါယောဓာတ်လွန်ကဲတဲ့ ရုပ်ကလပ်တွေကြောင့် လက်တို့ ခြေတို့ အမျိုးမျိုး ပြောင်းလွဲပြီး သကာလ ကွေးသွားတယ်၊ ထိုင်သွားတယ်၊ တော်တော်ကြာတော့ လျောင်းသွားတယ်၊ အိပ်သွားတယ် စသည်ဖြစ်တာဟာ ဝါယောဓာတ်လွန်ကဲတဲ့ ပထဝီဓာတ် လွန်ကဲတဲ့ ရုပ်ကလာပ်တွေ အပြောင်းအလဲ ဖြစ်ပြီးတော့နေတာ၊
ဘာ့ကြောင့် ပြောင်းသလဲဆိုရင်ဖြင့် စိတ်အစွမ်းကြောင့် ပြောင်းတာပါပဲ၊ စိတ်က ပြောင်းချင်လို့ကို ပြောင်းတာ၊ စိတ်က ထိုင်ချင်လို့ကို ထိုင်တာပဲ၊ စိတ်က လှဲချင် လို့ကိုပဲ လဲလျောင်းလိုက်တာပါပဲလို့။
စိတ္တနာနတ္တမာဂမ္မ၊ နာနတ္တံ ဟောတိ ဝါယုနော၊
ဝါယုနာနတ္တတော နာနာ, ဟောတိ ကာယဿ ဣဉ္စနာ။
စိတ္တနာနတ္တံ - သွားချင်လာချင်, ထိုင်ရပ်ချင်မှ, စ၍ထိုထို, အလိုထူးဆန်း, စိတ်အစွမ်းကို၊ အာဂမ္မ - အတွင်းသန္တာန်, အရင်းခံ၍၊ ဝါယုနော - သွားလာထိုင်ရပ်, ဖြစ်စေတတ်သည့် ရုပ်ကလာပ်ဗွေ ဝါယောလေ၏၊ နာနတ္တံ - သွားလေလာလေ, ထိုင်ရပ်လေဟု, အနေကွဲပြား, ထူးခြားသည်၏ အဖြစ်သည်၊ ဟောတိ - စိတ်အစဉ်နှင့် အဆင်သင့်အောင်, မလင့်ပုံသေ, ဖြစ်ရလေ၏၊ ဝါယုနာနတ္တတော - သွားစေလာစေ, ဝါယောလေက, အနေကွဲပြား, ထူးခြားသည့် အတွက်ကြောင့်၊ ကာယဿ - ပုဂ္ဂိုလ်သတ္တဝါ, ငါသူတစ်ပါး, ယောက်ျားမိန်းမ မဟုတ်ကြတောင်း, ရုပ်နာမ်ခန္ဓာအပေါင်း၏၊ ဣဉ္စနာ - ရုပ်သေးစင်တွင်, အရုပ်သွင်သို့, အထင်ကွဲပြား, လှုပ်ရှားခြင်းသည်၊ နာနာဟောတိ - သွားဟန်လာဟန်, ထိုင်ရပ်ဟန်ဖြင့် သဏ္ဌာန်ထူးထွေ ဖြစ်ရပေသတည်း။
---
ဒူလာပါဒရက် စွဲသူကို အတ္တက ထခိုင်းစမ်းပါ
ဒီတော့ သွားတဲ့နေရာမှာ ခုနက အတ္တက “ကာရကော - ပြုရေးပြုရာ ပေါ်ပေါက် လာလျှင် လျော်စွာတစ်ခုခုဖြင့် ပြုစုလည်း ပြုစုတတ်လေ၏”ဆိုတာ အတ္တ ဘယ်ရောက်သွားပြီလဲ၊ အတ္တ မပါပဲနဲ့ ရုပ်နဲ့နာမ်နဲ့ချည်း သွားလို့ရတယ်၊ အတ္တမပါပဲ ရုပ်နဲ့နာမ်နဲ့ချည်း ထိုင်လို့ ရပ်လို့, လျောင်းလို့ရတယ်၊ အတ္တဘာလုပ်ဖို့တုန်း၊ အတ္တဘာတတ်နိုင်သေးသလဲ၊ စိတ်က ရပ်ချင်ပါတယ်ဆိုတာကို အတ္တက မရပ်နဲ့လို့ ပြောနိုင်သေးသလား၊
ကဲ - ဒူလာပါဒရက် စွဲပြီးတော့နေလို့ ဝါယောဓာတ်ပျက်နေတဲ့ ပုံလဲနေတဲ့ လူကြီးတစ်ယောက်ကို အတ္တရှိတယ်လို့ဆိုရင် အတ္တက ထလိုက်၊ ဒူလာပါဒရက် စွဲနေပေမယ့် ထလိုက်လို့ အတ္တက ခိုင်းစမ်းပါ။ လုပ်နိုင်ရဲ့လား၊ အတ္တ ရှိတယ် ဆိုရင်လေ အတ္တက ထလိုက်ပါ။ ဒူလာပါဒရက် စွဲနေတာကို မထနိုင်ဘူး၊
ဘာပြုလို့လဲ၊ ဝါယောဓာတ် ပျက်နေတာ၊ စိတ်က ရှိနေတယ်၊ စိတ်က ရှိပေမယ့် ဝါယောဓာတ် လှုပ်ရှားအောင် စိတ်မတတ်နိုင်ဘူး၊ ဒါကြောင့်မို့လို့ ရုပ်နဲ့နာမ်နဲ့ အဆင်သင့်မှ ဒီကိစ္စမျိုးကို လုပ်လို့ ရပါတယ်။ ဖြစ်စေနိုင်ပါတယ်။ အတ္တ ဘယ့်နှယ်မှ မတတ်နိုင်ပါဘူး။
---
မြင်ခြင်းကိစ္စ၌ အတ္တမပါပုံ
ကောင်းပြီ မြင်တဲ့ကိစ္စလေးတစ်ခု ပြောစမ်းပါ၊ မြင်တဲ့ကိစ္စကို ဘုရားရှင် ကိုယ်တော်မြတ်က ရှင်းထားလိုက်တာလေ -
“စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ တိဏ္ဏံ သင်္ဂတိ ဖဿော”
စက္ခုံ စ - စက္ခု ပသာဒရုပ်ကို လည်းကောင်း၊ ရူပေစ - အပြင်ဘက်က ရူပါရုံတို့ကို လည်းကောင်း၊ ရူပေစ - မိမိအတွင်းမှာဖြစ်စေ,အပြင်ဘက်မှာဖြစ်စေ ရူပါရုံ တို့ကိုလည်းကောင်း၊ ပဋိစ္စ - စွဲမှီ၍၊ (အကြောင်းပြု၍၊) စက္ခုဝိညာဏံ - အဲဒီရူပါရုံကို မြင်တတ်တဲ့ စက္ခုဝိညာဏ်သည်၊ ဥပ္ပဇ္ဇတိ - ဖြစ်၏။
---
စက္ခုဝိညာဏ်ဖြစ်ကြောင်း လေးပါး
စက္ခုပသာဒဆိုတာ ဒီထဲ ဝမ်းထဲ ကမ္မဇရုပ်လို့ ခေါ်တယ်၊ မျက်စိထဲမှာ ရှိတယ်၊
အဲဒီစက္ခုပသာဒလဲ ရှိမယ်၊
အပြင်ဘက်ကလဲ ရူပါရုံဆိုတာလို တစ်ခုခုရှိမယ်၊
အဲဒီရူပါရုံကို မြင်နိုင်မယ့် အရောင်အလင်းလဲ ရှိမယ်၊
အဲဒီ ရူပါရုံ ရှိနေပေမယ့် နှလုံးသွင်းမှု သတိထားမှုလဲ ရှိမယ်၊
အဲဒီလေးပါး စုံလို့ရှိရင် စက္ခုဝိညာဏ်ဖြစ်တယ်။
“စက္ခာလောက, ရူပထင်ပြီ, မနသီ, လေးလီ စက္ခုဖို့”
ဟို - လယ်တီဆရာတော်က လွယ်လွယ်ကလေး သံပေါက်လုပ်ထားတယ်, ဒီ လေးပါးကို၊ အတွင်းမှာ စက္ခုပသာဒရုပ် ကမ္မဇရုပ်ရှိတယ်၊ အပြင်ဘက်ကဖြစ်ဖြစ် ကိုယ့်လက် ကိုယ့်ခြေပဲဖြစ်ဖြစ် ရူပါရုံဆိုတဲ့ အဆင်းတစ်ခုခု ရှိမယ်၊ အဲဒီ အဆင်းရှိတိုင်းလဲ မဖြစ်သေးပါဘူး၊ အတွင်းက စက္ခုပသာဒနဲ့ အဆင်းရူပါရုံရှိတိုင်းလဲ မဖြစ်သေးပါဘူး၊ အရောင်အလင်း, မြင်လောက်တဲ့ အရောင်အလင်းလဲ ရှိဦးမှတဲ့၊ အဲဒီမြင်လောက်တဲ့ အရောင်အလင်းဆိုတာ မှောင်ထဲ မြင်တတ်တဲ့ ကြောင်တို့ ဘာတို့ ဇီးကွက်တို့ သတ္တဝါတွေ သူတို့မြင်နိုင်တဲ့ သူတို့ အရောင်အလင်း ရှိတယ်၊ မြင်နိုင်တဲ့အရောင်အလင်း ရှိဦးမှတဲ့၊
အရောင်အလင်း ရှိပေမယ်လို့, စက္ခုပသာဒ, ရူပါရုံရှိပေမယ်လို့ သူ့ကို သတိ စိုက်လိုက်တဲ့ အာရုံစိုက်လိုက်တယ်ဆိုတဲ့ မနသိကာရ နှလုံးသွင်း ရှိဦးမှတဲ့၊ အဲဒီလေးပါး စုံလို့ရှိရင် ဘယ်သူတားလို့မှ မရဘူး၊ စက္ခုဝိညာဏ် ဖြစ်တာပဲ၊ ဘယ်သူ လာတားလို့မှ မရဘူး၊ ဘယ်ဘုရား လာတားလို့မှ မရဘူး၊ ဘုန်းကြီးတို့ သုံးလူ့ထွတ်ထား မြတ်စွာဘုရားတာတောင် မရဘူး၊ စက္ခုဝိညာဏ် ဖြစ်တယ်၊ ဒီ အကြောင်းစုံလာလို့ရှိရင်၊
ကဲ - အတ္တ ဘာဆိုင်လဲ၊ အတ္တ ဘာဆိုင်လဲ။ ဖြစ်အောင်လဲ သူမတတ်နိုင်ဘူး၊ ဖြစ်ဖို့အကြောင်းစုံလာတော့လဲ သူဘာမှ မတားနိုင်ဘူး၊ ဘာလဲ ဒီအတ္တဟာ ရှိသေးသလား၊ ဒီ ပြုစုနိုင်တဲ့ သတ္တိမရှိတဲ့အတ္တ ဘာလုပ်ဖို့လဲ။
---
မြင်မှုကိစ္စ၌ ဖဿ ဝေဒနာဖြစ်ပုံ
“စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ”
မြင်ရော ရူပါရုံ၊ အဲဒီမြင်တဲ့ဟာက ဘာဖြစ်သလဲဆိုတော့ မြင်ဆိုရင်ပဲ ဖဿ၊ မြင်ဆိုတာနဲ့ တစ်ပြိုင်နက် ဖဿပါလာတယ်၊ အထိဓာတ် ပါလာတယ်၊ ထိလို့ မြင်တာ၊ ဒီလို ကပ်ပြီးထိတာ မဟုတ်ဘူး၊ ဓာတ်ခိုက်တဲ့ အထိမျိုးထိတာ ဖဿ၊ ဖဿဖြစ်ရင် ဘာဖြစ်သလဲ။
“ဖဿပစ္စယာ - ဖဿဟူသော အကြောင်းကြောင့်၊
ဝေဒနာ - အကောင်း အဆိုးကို ခံစားတတ်သော ဝေဒနာသည်၊
သမ္ဘဝတိ - ဖြစ်၏”။
သိပ်ရှင်းတာ, သိပ်ရှင်းတာ, သိပ်ရှင်းတာ၊ ဖဿဖြစ်ရင် ခံစားမှု ဝေဒနာပါပြီ၊ ဝေဒနာက သုံးမျိုးရှိတယ်၊ ဟို - ကောင်းတဲ့ ကိုယ် သဘောကျတဲ့အာရုံ ရူပါရုံခံစားတဲ့ ဝေဒနာက အင်မတန် သာယာတတ်တဲ့ သုခဝေဒနာဆိုတဲ့ ဝေဒနာဖြစ်တယ်၊
ဘယ်သူကမှ လာလုပ်ပေးတာမဟုတ်ဘူး၊ သုခဝေဒနာဆိုတဲ့ ဝေဒနာစေတသိက် ဖြစ်တာ၊ မကောင်းတဲ့ ကိုယ်မကြိုက်တဲ့ ရူပါရုံကို မြင်တဲ့အခါမှာဖြစ်တဲ့ ဝေဒနာက ဒုက္ခဆိုတဲ့ ဝေဒနာဖြစ်တယ်၊
မကြိုက်ပါဘူး, မကြိုက်ပါဘူး သဘောမကျပါဘူး၊ ဒုက္ခဝေဒနာဖြစ်တယ်၊ သိပ်လဲ ကိုယ်နှစ်သက်တာ မဟုတ်ဘူး၊ မနှစ်သက်တာလဲ မဟုတ်ဘူး၊ ကြားအာရုံ ရူပါရုံကို မြင်ရတဲ့အခါကျတော့ ဥပေက္ခာဝေဒနာဆိုတာ ဖြစ်တယ်၊ ဥပေက္ခာ ဝေဒနာ၊ စက္ခုဝိညာဏ်နဲ့ တွဲပြီးဖြစ်တာမဟုတ်ဘူး၊ စက္ခုဝိညာဏ်ပြီးတော့ နောက်နားက လိုက်လာတဲ့ စိတ်တွေထဲမှာ သုခ, ဒုက္ခ, ဥပေက္ခာ။
စက္ခုဝိညာဏ် ဖြစ်တုန်းကတော့ ဘာမှ မဟုတ်သေးပါဘူး။ မြင်လိုက် သာမန်ပါပဲ၊ သူက ဥပေက္ခာနဲ့ မြင်လိုက်တာ၊ နောက်တော့ “ဖဿပစ္စယာ ဝေဒနာ”လို့ မြင်လိုက်တယ်၊ ဝေဒနာက ခံစားမှု ခံစားလိုက်တယ်၊ မကောင်းလဲ မကောင်းသလိုဘဲ မဲ့မဲ့ရွဲ့ရွဲ့ ခံစားလိုက်တယ်၊ ကောင်းလဲ ကောင်းသလိုပဲ ပြုံးပြုံးရွှင်ရွှင် ခံစားလိုက် တယ်၊ အကောင်းလဲမဟုတ် မကောင်းလဲမဟုတ် ဆိုလို့ရှိရင်လဲ သာမန် လျစ်လျူ ရှုပြီးတော့ ခံစားလိုက်တယ်။
တယ်ကောင်းတယ်, တယ်ကောင်းတယ်၊ ဘုရားပွင့်မှ သိရတဲ့ တရားတွေ မြတ်စွာဘုရားကြောင့် သိရတဲ့ တရားတွေ၊ ဘယ်မလဲ ခံစားတာ၊ အတ္တက ဘာ တတ်နိုင်လဲ၊ ဖဿဖြစ်လို့ရှိရင် ဝေဒနာ မဖြစ်ပါနဲ့လို့ ဘယ်ဘုရားမှ တားလို့မရဘူး၊ ဖဿဖြစ်လို့ရှိရင် ဝေဒနာဖြစ်မယ်။
---
ဝေဒနာကနေ တဏှာ ဆက်မလာအောင် တရားတွေဟော
အဲဒီ ဝေဒနာ ဖြစ်ပြီးတဲ့နောက် “ဝေဒနာပစ္စယာ တဏှာ”မလိုက်အောင် မြတ်စွာဘုရားက တရားတွေ နင်းပြီးတော့ အများကြီး ဟောတော်မူတာပဲ၊ တဏှာ မလိုက်အောင်လို့၊ မြတ်စွာဘုရား ဟောတော်မူတဲ့အတိုင်း မချုပ်တည်းတတ် လို့ရှိရင် တဏှာလိုက်တယ်, ဥပါဒါန်လိုက်တယ်, ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးကံတွေ လိုက်တယ်။
မြတ်စွာဘုရားက အဲဒီဘက် မသွားရအောင်လို့ ဝေဒနာဖြစ်လို့ ရှိရင် ရပ်ပြီးတော့ တရားနဲ့ ထိန်းနိုင်အောင်လို့ “အနိစ္စ, အနိစ္စ, အနိစ္စ” ရူပါရုံ စောစောကတဲက အနိစ္စ၊ ရူပါရုံလှလှလေး မြင်လို့ရှိရင် အသုဘ နှလုံးသွင်းထားပါ, အသုဘ နှလုံးသွင်းထားပါ၊ မြတ်စွာဘုရားက ဒါမှမဟုတ် မေတ္တာနဲ့ သဘောထားပါ၊ မေတ္တာစစ်စစ်နဲ့ သဘောထားလိုက်ပါ၊ အသုဘရင်လဲ နှလုံးသွင်းလိုက်ပါ။
မကောင်းတဲ့ ရွံစရာ, မုန်းစရာ, စက်ဆုပ်စရာဖြစ်တဲ့ ရူပါရုံမြင်လို့ ရှိရင် သင့်တင့် အောင် နှလုံးသွင်းလိုက်ပါ၊ ဒုက္ခိတသတ္တဝါ မကောင်းတဲ့ ရူပါရုံမြင်လို့ ရှိရင်လဲ သနားစရာလေးပဲလို့ နှလုံးသွင်းလိုက်ပါ၊ ဒုက္ခိတသတ္တဝါ, ဆင်းရဲတဲ့သတ္တဝါ မြင်လို့ရှိရင် သြော် - တစ်ချိန်တုန်းကလေ သူနဲ့ငါဟာ ရင်းရင်းနှီးနှီး ဆွေမျိုးဉာတိ အဖြစ်နဲ့ တစ်ယောက် အကျိုး တစ်ယောက် လိုလားခဲ့ကြမှာပဲလို့ မေတ္တာနဲ့ နှလုံးသွင်းလိုက် စမ်းပါ၊ ဒုက္ခိတသတ္တဝါကြည့်ပြီး ပြုံးလို့၊ ဒီတော့ကာ ဘုန်းကြီးတို့ တရားတော်က ဘယ်မှာလဲ အတ္တ၊ အသုံးချစရာ မရှိတော့ဘူး။
---
အတ္တတစ်ခုမှ မပါ
ဝေဒနာဖြစ်တယ်၊ ဝေဒနာဖြစ်တော့ တဏှာ မလိုက်အောင်လဲ တရားက ထိန်းတယ်။ တရားမထိန်းလို့ရှိရင်လဲ တဏှာလိုက်တယ်, ဥပါဒါန်လိုက်တယ်, ကမ္မဘဝ လိုက်တယ်၊ ဒါကြောင့် မြတ်စွာဘုရားရဲ့ တရားတော်ကိုလေ ဘုန်းကြီးတို့ သိပ်ကြည်ညိုတာပဲ၊
ဒါကြောင့် “ကာရကော - ပြုရေး ပြုရာ, ပေါ်ပေါက်လာလျှင်, လျော်စွာတစ်ခုခုဖြင့် ပြုစုလည်း ပြုစုတတ်ပေ၏”ဆိုတာဟာ မဟုတ်တော့ဘူး၊
ဘုန်းကြီးတို့ ရုပ်နာမ် ပေါင်းစပ်ပြီးသကာလ ပြုစုထားတာ, ရုပ်နာမ်ပေါင်းစပ်ပြီး သကာလ သွားတယ်, လာတယ်, ထိုင်တယ်, ရပ်တယ်ဖြစ်တယ်၊ ရုပ်နာမ် ပေါင်းစပ်ပြီးသကာလ ရူပါရုံတွေ မြင်တယ်, သဒ္ဒါရုံတွေ ကြားတယ်, ဂန္ဓာရုံအနံ့တွေ နံတယ်, ရသာရုံအရသာတွေ စားတယ်, ဖောဋ္ဌဗ္ဗာရုံ အတွေ့အထိတွေ တွေ့ကြ ထိကြတယ်၊ ဒီပြင် အာရုံငါးပါးမှ အလွတ်ဖြစ်တဲ့ ဓမ္မာရုံဆိုတဲ့ အာရုံတွေကို စိတ်နဲ့ သိကြတယ်။ အဲဒါတွေ အတ္တတစ်ခုမှ မပါဘူး၊ ဒါကြောင့် -
---
ဗြဟ္မာ ဗိဿနိုး ထာဝရတန်ခိုးမဟုတ်
န ကောစိ ဒေဝေါ ဗြဟ္မာ ဝါ, သံသာရဿတ္တိ ကာရကော၊
သုဒ္ဓဓမ္မာ ပဝတ္တန္တိ, ဟေတုသမ္ဘာရပစ္စယော။
ဧတ္ထ - ရုပ်နာမ်အပေါင်း, အကြောင်းအားလျော်စွာ, ဖြစ်ပျက်၍ နေရာ၌၊ ဒေဝေါ ဝါ - ကျေးဇူးကိုတင်, ဂုဏ်အင်ကိုမှတ်, ပျပ်ဝပ် ရှိခိုးဖို့, ဗိဿနိုးနတ်မင်းသည် လည်းကောင်း၊ ဗြဟ္မာ ဝါ - ကမ္ဘာကို စနိုင်သည့်, ထာဝရသခင်, အရှင်ဗြဟ္မာမင်းကြီးသည် လည်းကောင်း၊ ကောစိ - တစ်စုံတစ်ယောက်လေမျှ၊ န ဟိ အတ္ထိ - အကြောင်းအကျိုးကို စစ်က, စင်စစ်ဧကန် မရှိရိုးအမှန်ပင်တည်း။
သေသေချာချာ လိုက်လိုက်တော့ ဘယ်သူမှ မလုပ်နိုင်ဘူး၊ ဒီလို ဖြစ်အောင် ဟို - ကမ္ဘာကို ဖန်ဆင်းနိုင်တဲ့ ထာဝသခင် ဗြဟ္မာမင်း ကြီးလဲ မတတ်နိုင်ပါဘူး၊ စက္ခုပသာဒနဲ့ ရူပါရုံနဲ့ အကြောင်း ဆုံလို့ စက္ခုဝိညာဏ်ဖြစ်တာပဲ ရှိတယ်၊ ဗြဟ္မာမင်းကြီး ဘာမှ စက္ခုဝိညာဏ်ဖြစ်အောင် မတတ်နိုင်ဘူး၊ ဝမ်းထဲမှာရှိတဲ့ ဇီဝအသက်ကောင်ဆိုတဲ့, ဝိညာဉ်ကောင်ဆိုတဲ့ အတ္တဆိုတဲ့ အရာဝတ္ထုလဲ မတတ်နိုင်ဘူး၊ အကြောင်းဆုံလာလို့ရှိရင် ဖြစ်တာပဲ။
ဘုန်းကြီးတို့ မြတ်စွာဘုရားကလဲ “ကိုယ်တော်မြတ်က တတ်နိုင်တယ်”လို့ မဟောပါဘူး၊ “ဘုရား တတ်နိုင်တယ်”လို့ မဟောပါဘူး၊ ဒီလို ဒီလို ဖြစ်တယ်, ဒီလို ဒီလို ဖြစ်တယ်၊ ဒီလိုလုပ်ရင် ဒီလို အကျိုးရမယ်၊ ဒီလို စိတ်ထားရင် ဒီလို အကျိုးရှိတယ်၊ ဘုရားက ဒီလိုသာ ဟောတာ၊ ငါဘုရား ဘယ်လို ဖန်ဆင်းပေးမယ်လို့ ဘယ် တစ်နေရာမှ ဟောတော်မမူဘူး၊ အကြောင်းအကျိုးတွေတော့ စုံစုံ လင်လင် ဟောတော်မူတာပဲ။
“န ဟေတ္တ ဒေဝေါ ဗြဟ္မာ ဝါ, သံသာရဿတ္ထိ ကာရကော”
“ဧတ္ထ - ရုပ်နာမ်အပေါင်းမှု အကြောင်း အားလျော်စွာ ဖြစ်ပျက်၍ နေရာ၌၊ သံသာရဿ - အဆက်မပြတ် ဖက်စပ်တုံ့ပြန် ရုပ်နာမ်ခန္ဓာ သံသရာကြီးကို၊ ကာရကော - မဖြစ် ဖြစ်အောင်, တည်ထောင်ဖန်ဆင်း နိုင်သော၊ ဒေဝေါ ဝါ - ကျေးဇူးကိုတင်, ဂုဏ်အင်ကိုမှတ်, ပျပ်ဝပ် ရှိခိုးဖို့ ဗိဿနိုး နတ်မင်းသည်လည်းကောင်း”
ဗိဿနိုးနတ်မင်းကြီးက ကမ္ဘာကို ဖန်ဆင်းထားတယ်လို့ ဒီလို ယူကြတယ်ကိုး၊
“ဗြဟ္မာ ဝါ - ကမ္ဘာကိုစနိုင်သည့် ထာဝရသခင်, အရှင်ဗြဟ္မာမင်းကြီးသည် လည်းကောင်း၊ န ဟိ ဟောတိ - ရှေ့နောက်ပေါင်းလစ်, အကြောင်းစစ်က, စင်စစ်ဧကန် မရှိရိုး အမှန်ပင်တည်း၊ သုဒ္ဓဓမ္မာ - အနှစ်သာရ အတ္တ မဖက် သက်သက် ရုပ်နာမ်တရားတို့ချည်းသာ၊ ဟေတုသမ္ဘာရပစ္စယာ - အကြောင်း အဆောက်အအုံ လောက်လုံသိုက်မြိုက်, တိုက်ဆိုင်ခြင်း တည်းဟူသော အကြောင်းကြောင့်သာလျှင်၊ ဟောတိ - အကြောင်းအားလျော်စွာ ဖြစ်ပေါ်၍ လာရပေသတည်း”။
---
နိဗ္ဗာန်မှာ အတ္တရှိသေးသလား
ဒီတော့ ဘုန်းကြီးတို့ တရားကလေ အင်မတန်ကောင်းတယ်၊ ဘေးက မေးလေ ဒီက ဖြေရှင်းစရာတွေပေါ့လေ၊ ခု-ဘုန်းကြီး ပြောခဲ့ပြီ မဟုတ်လား၊ ရုပ်နာမ်ငါးပါး, ရုပ်, ဝေဒနာ သညာ, သင်္ခါရ, ဝိညာဏ် ဆိုတဲ့ ခန္ဓာငါးပါးကို ဖယ်ထားလိုက်တော့ အတ္တတစ်ခု ကျန်နေသေးတယ်လို့၊ ဒီလိုပြောနေကြပါတယ်၊
ပြောနေတဲ့ပုဂ္ဂိုလ်တွေက သာမန် ပုဂ္ဂိုလ်တွေ မဟုတ်ဘူး၊ ဟို-အနောက်နိုင်ငံမှာ ဆိုလို့ရှိရင် တကယ့် ပညာရှိတွေ၊ ဟို-တိဗက်တို့ ဘာတို့ဆိုတဲ့ ဗုဒ္ဓသာသနာတော် ဝင်တဲ့ ပုဂ္ဂိုလ်တွေလဲ တကယ့်သူတော်ကောင်း ပညာရှိတွေ၊ ဒီလို ပုဂ္ဂိုလ်တွေမှာ အတ္တ ကျန်နေတယ်၊ ကျန်တာမှ နိဗ္ဗာန်အထိ အတ္တ ကျန်နေတယ်။
အဲဒီအတ္တ မကျန်ပါဘူး၊ ဒါဖြင့်ကို တပည့်တော် နိဗ္ဗာန် မြန်မြန် ရရပါလိုရဲ့ လို့ ဆုတောင်းတဲ့ပုဂ္ဂိုလ်တွေက ဘာတုန်းဆိုတော့ သူတို့ ကိုယ်တိုင် အတ္တရှိတယ်ထင်လို့ တောင်းတာကလဲ တချို့ပါတယ်။ တချို့ကလဲ ပြောဆိုစဉ် တောင်းလိုက်တာပါ၊ အတ္တရှိလို့တော့ မဟုတ်ပါဘူး၊ ရုပ်နာမ်ခပ်သိမ်း ချုပ်ငြိမ်းမှာပါပဲလို့ ဒီလိုနားလည်လို့ တောင်းတဲ့သူကလဲ ရှိလိမ့်မယ်၊ ဒီလို နားလည်လို့ ကုသိုလ်ပြုတဲ့ လူကလဲ ရှိလိမ့်မယ်။
ဒီတော့ အမှန်အားဖြင့် ရုပ်နာမ်ခပ်သိမ်း ချုပ်ငြိမ်းလို့ရှိရင် ဘာအရာဝတ္ထုကိုမှ ရှာလို့တော့ ရလိမ့်မယ်မထင်နဲ့၊ ရုပ်နာမ်ခပ်သိမ်း ချုပ်ငြိမ်း၍ အေးမြတဲ့ဓာတ်တစ်မျိုးပဲ ရှိမှာပဲ၊ ဒီပြင် ဘာမှ မရှိပါ ဘူး၊ ဒီတော့ လူတွေရဲ့ ပြောတဲ့ ဟာကိုလဲပဲ တချို့မှားလို့ ပြောတာ၊ တချို့လဲ ပြောရိုးဆိုစဉ် ပြောတာ။
---
ငါ့ဥစ္စာမဟုတ်ဆိုတာ ငါရှိလို့လား
ဘုရားရှင်ကိုယ်တော်မြတ်က“ဧတံ - ဤရုပ်တရားသည်၊ န မမ - ငါ့ဟာမဟုတ် ငါ့ဥစ္စာ မဟုတ်”လို့ ဟောတော်မူတာကလဲ တကယ် ငါကရှိလို့ ဟောတာမဟုတ်ဘူး အားလုံး ပြောရိုးဆိုစဉ် နားလည်ပါစေတော့လို့ သမ္မုတိသစ္စာ အနေဘက်ကနေပြီး သကာလ ဟောတာ၊ ဒါကြောင့် မြတ်စွာဘုရားကလဲ အတ္တရှိတယ်လို့ မဟောပါဘူး။
“အတ္တာ ဟိ အတ္တနော နာထော”
“အတ္တာ ဟိ အတ္တာဇ၀ - မိမိသည်ပင်၊
အတ္တနော - မိမိ၏၊
နာထော - ကိုးကွယ်ရာတည်း”
လို့ ဟောတော်မူတာကလဲ အားလုံးပြောရိုးပြောစဉ် သမ္မတိသစ္စာ, သမ္မုတိ ဆိုတာ အများ သမုတ်ထားတာ၊ အများက ငါရယ်, သူရယ်, မိန်းမရယ်, ယောက်ျားရယ်, နတ်ရယ်, ဗြဟ္မာရယ်လို့ သမုတ်ထားတာလို့ အများ သမုတ်တဲ့အတိုင်း ဘုရားရှင် ကိုယ်တော်မြတ်က အများ နားလည်အောင်လို့ အများလိုက်နာချင်အောင်လို့ ဟောတာ၊ ဒါကြောင့် -
“ဒုဝေ သစ္စာနိ အက္ခာသိ, သမ္ဗုဒ္ဓေါ ဝဒတံ ဝရော”။
“ဝဒတံ - ဟောဖော်ညွှန်ပြ ဆုံးမတော်မူတတ်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့တွင်၊ ဝရော - အမြတ်ဆုံးဖြစ်တော်မူသော၊ သမ္ဗုဒ္ဓေါ - မြတ်စွာဘုရားသည်၊ ဒုဝေ - အများ အသိအမှတ်ပြုအပ်လို့ သမ္မုတိသစ္စာဖြစ်တဲ့ သစ္စာတစ်မျိုး, အများက နားမလည်ဘဲ ရုပ်နာမ်ခန္ဓာ ဟူသော ပရမတ္ထသစ္စာတစ်မျိုး ဤသို့အားဖြင့် နှစ်မျိုး ကုန်သော၊ သစ္စာနိ - မှန်ကန်တဲ့ တရားတို့ကို၊ အက္ခာသိ - ဟောပြတော်မူလေ့ ရှိပါပေသတည်း”
လို့ မြတ်စွာဘုရားက နှစ်မျိုး ဟောတာပါ။
နှစ်မျိုးဟောတာမှာ အများအားဖြင့်လေ သမ္မုတိသစ္စာနယ်က ဟောမှ လူတွေက နားလည်တယ်၊ နတ်တွေကလဲ ဒီတော့မှ နားလည်တယ်၊ ယောက်ျားပဲ, မိန်းမပဲ, ဘယ်သူပဲ, အနာထပိဏ်သူဌေးပဲ, ဝိသာခါကျောင်းအမပဲ စသည်, အရှင်သာရိပုတ္တရာ, အရှင်အာနန္ဒာ, အရှင်မောဂ္ဂလ္လာန် စသည်, ငါဘုရားစသည် ဒီလိုဟောမှ ပြောမှ အများက နားလည်တယ်၊ အများက ကျေနပ်တယ်။
ဒါကြောင့် အများ နားလည်တဲ့ စကားလုံး သုံးပြီးသကာလ မြတ်စွာဘုရားက အများ ကျေနပ်အောင် သမ္မုတိသစ္စာနယ်ကနေပြီး သကာလ “ငါဘုရား” “ကိုယ့်ကိုယ်ကိုသာ ကိုးကွယ်ရာ” ဒီလိုစသည် အားဖြင့် ဟောတော်မူခြင်းဖြစ်တယ်၊ ရုပ်နာမ်ခန္ဓာကို ဖယ်ထား၍ အတ္တတစ်မျိုး ရှိခြင်းကြောင့် ဟောတော်မူခြင်း မဟုတ်ပါဘူး”လို့၊ အဲသလို သဘောထားပြီးသကာလ -
“အင်း... ဒီရုပ် ဒီနာမ် ဒီခန္ဓာကိုယ် ကြီးဟာ အနိစ္စ-မမြဲရုံ၊ ဒုက္ခ-ဖြစ်ချည် ပျက်ချည် အတည်မကျ ဆင်းရဲရုံတင်မကဘူး၊ အနှစ်သာရ ဘာမှ မရှိတဲ့ ငါလဲမဟုတ် သူလဲမဟုတ် တကယ်စင်စစ် ရုပ်တရား နာမ်တရားတွေသာ ဟုတ်တဲ့ အနတ္တ ရုပ်နာမ်ခန္ဓာချည်းပါလား”လို့ အဲဒီလို နှစ်နှစ်ကာကာ သတိထား၍ ကိုယ်စီကိုယ်ငှ ဘာဝနာပွားသကဲ့သို့ ပွားများနိုင်ကြစေကုန်သတည်း။
သာဓု ... သာဓု ... သာဓု။
တတိယနေ့ ပြီး၏။
ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏
အနတ္တလက္ခဏသုတ် တရားတော်
စတုတ္ထနေ့
သာသနာတော်၂၄၉၄-ခုနှစ်၊ ကောဇာ ၁၃၁၂-ခုနှစ်။
ဉာဏ်မမီတော့
မှန်လျက်သားနဲ့ အသိခက်
သုခုမံ တေ ပဋိဝိဇ္ဈန္တိ၊ ဝါလဂ္ဂံ ဥသုနာ ယထာ၊
ယေ ပဉ္စက္ခန္ဓေ ပဿန္တိ၊ ပရတော နော စ အတ္တတော။
“သုခုမံ - သာမန်ဉာဏ်များ, မကြံအားဖို့ ဖန်ထားလေဟန် အနေမှန်လျက်, ဧကန်ခက်ခဲ, သိမ်မွေ့နက်နဲတဲ့ အနတ္တအချက် အလက်ကို”
ဒီ သိမ်မွေ့တယ်, နက်နဲတယ်၊ ဒီလောကကြီးထဲမှာ နက်တဲ့ရေကို တိုင်းရင် အဲဒီရေကို မီနိုင်တဲ့ ကြိုးတို့မှ တာဝါးတို့ ဒီလိုနဲ့ တိုင်းမှ ဒါဟာတောင် ရေက သိပ်နက်လို့ရှိရင် တိုင်းတဲ့ကြိုးက ချကြည့်လို့ မမီပဲနဲ့ လိုနေတတ်သေးတယ်၊ ဒီလိုနက်ရင် အင်မတန် သိမ်မွေ့တဲ့ အရာဝတ္ထုကို ကြည့်လို့ရှိရင် မှန်ဘီလူး, အင်မတန် ကောင်းတဲ့ မှန်ဘီလူးနဲ့ ကြည့်မှ မြင်တယ်။
ယခု အနတ္တအချက်အလက်ဆိုတာ မဟုတ်ဘဲနဲ့ ကြံပြီးတော့ ရှေးက တိတ္ထိ ဆိုပေမယ့် ပညာရှိတွေ၊ ပညာရှိတွေ ကြံပြီးတော့ထားတဲ့ တရားဖြစ်နေတယ်၊ ဟုတ်လဲ မဟုတ်ဘဲနဲ့၊ နောက် တယ်နက်နဲ, အဲဒီ နက်နဲတဲ့ တရားကို နက်နဲတဲ့ ဉာဏ်နဲ့မှ စဉ်းစားလို့ ကြံလို့ ရတယ်။
များစွာသော ဘုန်းကြီးတို့ လူများက မိရိုးဖလာဒါန ပြုတတ်တယ်၊ သီလ ဆောက်တည်တတ်တယ်၊ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းတတ်တယ်လို့ ဆိုပေမယ့် အဲသလို နက်နက်နဲနဲကျတော့ မကြံချင်ဘူး, ကြံလေ့မရှိဘူး, ကြံဖို့ရာဉာဏ်က မမီဘူး၊ ဒါကြောင့် -
“သုခုမံ - သာမန်ဉာဏ်များ မကြံအားဖို့ (မကြံနိုင်ဖို့), ဖန်ထားလေဟန် အနေမှန်လျက်”။
မှန်တော့ အမှန်ပဲ၊ ရုပ်ပဲ, အမှန်ပဲ၊ အဲဒါကို ပြီးတော့ ရုပ်ကို အတ္တ - ငါလို့ စွဲထားတယ်၊ မှန်တာကတော့ အမှန်ပဲ၊ ဝေဒနာပဲ, သညာပဲ, သင်္ခါရပဲ, ဝိညာဉ်ပဲ၊ ဒါကို စွဲတဲ့သူက ငါ,ငါ, အတ္တ၊ အတ္တ, အသက်,အသက် အဲသလို ကြံဖန်ပြီးတော့ စွဲနေလို့ သဟာကို ဉာဏ်နဲ့လိုက်ပြီး စဉ်းစားတော့ မှန်ရက်သားနဲ့ အသိခက်သွားတယ်။
“သုခုမံ - သာမန်ဉာဏ်များ, မကြံအားဖို့ ဖန်ထားလေဟန် အနေမှန်လျက်, ဧကန်ခက်ခဲ, သိမ်မွေ့နက်နဲတဲ့, အနတ္တအချက် အလက်ကို” ခန္ဓာငါးပါးက အမှန် ရှိလျက်သားနဲ့ အဲဒါကို လွန်ပြီးတော့ ကြံထားလို့ အလိုက်ခက်နေတာ၊
“ဧကန်ခက်ခဲ သိမ်မွေ့နက်နဲတဲ့ အနတ္တအချက်အလက်ကို”အဲသလို ပြောခဲ့ရတယ်၊ ဒီတော့ ဘုန်းကြီး အရင်နေ့များက ပြောတဲ့အတိုင်း ရုပ်, ဝေဒနာ, သညာ, သင်္ခါရ ဝိညာဏ် ခန္ဓာငါးပါးဟာ အတ္တမဟုတ်ပါဘူးလို့ ဆိုတော့ တချို့ လူများက စဉ်းစားတဲ့ လူများက ဒီလိုမဟုတ်လို့ရှိရင် “တပည့်တော် ငါ သူ, အတ္တာ ဟိ အတ္တနော နာထော”ဆိုတာ ဘယ့်နှယ်တုန်းနဲ့ ကြံလိုက်ကြတာ၊ အဲဒီ ကြံတဲ့ဟာတွေကို ပြေလည်အောင် မနေ့တုန်းက ပြောခဲ့တယ်နော်။
ရဟန်းတစ်ပါး စဉ်းစားပုံ
တစ်နေ့တော့ တချို့က ကြံပြန်တယ်။ မြတ်စွာဘုရားက “ရုပ်ဟာ အနတ္တပဲ၊ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟာ အနတ္တပဲ”လို့ ဟောတော်မူရင်ပဲ, ဟောတော်မူတယ် ဆိုတာ အခုအနတ္တလက္ခဏသုတ် ဒီနေရာ မိဂဒါဝုန်မှာ ဟောတဲ့ ပထမအကြိမ် မဟုတ်ပါဘူး၊
မြတ်စွာဘုရားက ဒီလို အနိစ္စ, ဒုက္ခ, အနတ္တ အကြောင်းတွေကို မကြာခဏ ဟောတော်မူတော့ ဟို-သာသနာ အစဉ်အဆက်မှာ အတော်ကြာကြာ ရဟန်းသံဃာ တွေ ပေါ်လာတဲ့အချိန်လဲပဲ ရုပ်ဟာ အနတ္တပဲလို့ မကြာခဏ ဟောပေးနေရတယ်၊ အဲသလို ဟောပေးတော့ ရဟန်းတစ်ပါးက မြတ်စွာဘုရား ဟောရင်းကို စဉ်းစားတယ်၊
“အနတ္တကတာနိ - အနတ္တဖြစ်တဲ့ ရုပ်နာမ် ခန္ဓာငါးပါးက ပြုထားအပ်ကုန်သော၊
ကမ္မာနိ - ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော ကံတို့သည်၊
ပေစ္စ - တမလွန်ဘဝ၌၊
ကံ အတ္တနံ - အဘယ်အတ္တသို့၊
ဖုသိဿန္တိ - ရောက်ကုန်တော့လတ္တံ့နည်း”။
ဒီက ရုပ်က အနိစ္စလဲ ဆိုတယ်, အနတ္တလဲ ဆိုတယ်။ ဖြစ်ပြီးတော့ ဒီမှာပျက်တယ်လို့ ဆိုတယ်၊ ဝေဒနာ သညာ သင်္ခါရတွေက အနိစ္စလို့ ဆိုတယ်၊ အတ္တလဲမရှိဘူးလို့ ဆိုတယ်၊ သူတို့လဲ အတ္တ မဟုတ်ဘူး၊ ဒီပြင်လဲ အတ္တမရှိဘူးလို့ ဆိုတယ်၊ အနိစ္စဖြစ်လို့လဲ ဖြစ်ပြီးတော့ ပျက်တယ်လို့ ဆိုတယ်၊
ဒီတော့ ဒီဘဝတို့လို ရှေးရှေး ဘဝတို့လိုက ပြုတဲ့ကံတွေဟာ ဘယ်သူသွားပြီးတော့ ခံစားမှာတုန်း၊ အဲဒါ ရဟန်း, ရဟန်း, ရဟန်း၊ သာမန် အရပ်ထဲမှာ နေတဲ့လူ မဟုတ်ဘူး၊ တရားတွေ ကြားထဲမှာနေတဲ့ ရဟန်းက စဉ်းစားတယ်၊ စဉ်းစားလဲ စဉ်းစားပေမှာပေါ့၊ အဲဒီဟာတွေကို ခုရှင်းသွားစေရမယ်နော်။
ဣန္ဒကနတ် လျှောက်ထားချက်
တစ်ခါ ဣန္ဒကဆိုတဲ့ နတ်တစ်ယောက်က မြတ်စွာဘုရားထံ လာပြီး လျှောက်တယ်
“ဗုဒ္ဓါ - ပွင့်တော်မူကြကုန် ဘုရားရှင်တို့သည်။
ရူပံ - ဤ ရုပ်ခန္ဓာကြီးကို၊
န ဇီဝံတိ - အသက်, ဇီဝ, အတ္တမဟုတ် ဟူ၍၊
ဝဒန္တိ - ဟောပြောလေ့ ရှိတော်မူကြကုန်၏၊
ဧဝံသတိ - ဤသို့ ရုပ်ခန္ဓာကြီးက အတ္တ မဟုတ်လို့ရှိလျှင်၊
ဂမ္ဘီရသ္မိံ - စားလိုက်သမျှ တစ်ညဉ့်ကျလျှင်, မွမွချေလိုက်, အမိဝမ်းတိုက်၌၊
ကထံ ဥပေတိ - အဘယ်သို့ ကပ်ရောက်ပါသနည်း၊
ကထံ တိဋ္ဌတိ - အဘယ်သို့ မပျက်မစီးဘဲ တည်နေနိုင်ပါသနည်း”။
ဣန္ဒကနတ် စဉ်းစားယူဆပုံ
မြတ်စွာဘုရားအဆူဆူ ပွင့်လာပြီဆို ဟောကြတယ်။ “ရုပ်ကြီး အတ္တ မဟုတ်ဘူး၊ အသက်ကောင် မဟုတ်ဘူး၊ ဝိညာဉ်ကောင် မဟုတ်ဘူး၊ လိပ်ပြာကောင် မဟုတ်ဘူး၊ အနှစ်သာရ ဘာမှ မရှိဘူး၊ အနိစ္စ ချည်းပဲ”လို့ ဟောကြတယ်။
အဲသလို ဘုရားရှင်တိုင်း ဘုရားရှင်တိုင်း ဟောကြတော့ကာ ဟိုသတ္တဝါတစ်ယောက် အမေ့ဝမ်းထဲမှာ သန္ဓေတည်တယ်ဆိုတော့ အမေ့ဝမ်းထဲက အင်မတန် ပူပြီးတော့ နေတာ၊ ဟို-အမိဝမ်းထဲမှာ စားလိုက်ပြီဆိုလို့ရှိရင် အင်မတန်မာတဲ့ မကျေနိုင်ဘူး ဆိုတဲ့ အစာဝတ္ထုတွေ တော်တော်တန်တန် အရိုးတွေ ဘာတွေ အမိဝမ်းထဲ ကျရင် ကြေညက်ပြီးသွားရတယ်၊ အဲဒါလောက် ပူတဲ့ ဝမ်းမီး ရှိတယ်၊ အမိဝမ်းထဲမှာ အတ္တ ရှိလို့သာ ခံနိုင်တာပေါ့၊ အတ္တက အမာခံ အနှစ်ကလေး၊ မပျက်မစီးနိုင်တဲ့ အတ္တ ရှိလို့သာ ခံနိုင်ရည် ရှိတယ်လို့ ဆိုရမယ်။
ခုတော့ ဘုရားရှင်တိုင်း ဘုရားရှင်တိုင်းက “အနတ္တ အနုတ္တ၊ အတ္တ မရှိဘူး၊ အနှစ်သာရ မရှိဘူး၊ ဖြစ်ပြီး ပျက်တာချည်းပဲ”လို့ အဲသလိုချည်း အမိန့်တော် ရှိနေကြတော့ အဲသလိုချည်း အမိဝမ်းထဲ ပထမဆုံး သွားကပ်ဖို့, ပဋိသန္ဓေတည်ဖို့ ဘယ်လောက်များ ခက်သွားတုန်း၊ အမိဝမ်းထဲ သွားကပ် သန္ဓေ တည်ပြီးတော့ကို ကိုးလ, ဆယ်လ အဲဒီထဲမှာ မကျေမပျက်ဘဲနဲ့ မကြေမမွဘဲနဲ့ မပျက်မစီးဘဲနဲ့ ဘယ့်နှယ်လုပ်ပြီးတော့ တည်နိုင်ပါမတုန်းလို့ မြတ်စွာဘုရားကို လာပြီး လျှောက်တယ်၊ လျှောက်ချင်စရာ, လျှောက်ချင်စရာ။
လျှောက်ချင်စရာ, စဉ်းစားချင်စရာတွေပဲ
အဲဒီ ဣန္ဒကနတ်က ရုပ်ကို အတ္တလို့ သူက စွဲထားတယ်၊ အတ္တရှိလို့သာ ခံနိုင်ရည် ရှိတာ၊ အမိဝမ်းထဲမှာ အတ္တဆိုတဲ့ အနှစ် အမာခံ မပါလို့ရှိရင် ဘယ်ခံနိုင်မလဲ, ကြေမွသွားမှာပေါ့၊ ဒီထက်မက ဟာကလေးတွေတောင် ကြေကုန်သေးတဲ့ဟာပဲ၊ အဲဒီတော့ ဘယ့်နှယ်လုပ်ပြီးတော့ အတ္တမရှိရင် တည်နေနိုင်မလဲလို့ မြတ်စွာ ဘုရားကို လျှောက်တယ်၊ လျှောက်ချင်စရာပါ, လျှောက်ချင်စရာပါ။
ခု ဘုန်းကြီးတို့ မြန်မာလူမျိုးများက အဲဒီအထိ မစဉ်းစားလို့၊ ခုနက ရဟန်း စဉ်းစားတာလဲ စဉ်းစားချင်စရာ၊ မနေ့တုန်းက ပြောတယ်၊ ရုပ်တွေနာမ်တွေချည်းပဲ၊ အဲဒါတွေ ဒီဘဝမှာ ဖြစ်ပျက် ချည်းပဲ၊ အနှစ်သာရအတ္တဆိုတာ ဘာမှမရှိဘူး၊
ဟော-စက္ခုပသာဒ ရူပါရုံ အရောင်အလင်းနဲ့ တွေ့ဆုံပြီဆိုရင် စက္ခုဝိညာဏ်ဖြစ်, မြင်ရော၊ ဘယ်အတ္တကမှ မြင်တာမဟုတ်ဘူး၊ စက္ခုဝိညာဏ်ဖြစ်တော့ ဖဿဖြစ်လို့၊ “ဖဿပစ္စယာ ဝေဒနာ”ဆိုတဲ့အတိုင်း ဝေဒနာဆိုတဲ့ ခံစားမှုဖြစ်လာ၊ ဘယ်အတ္တ ကမှ ခံစားတာ မဟုတ်ပါဘူး၊ အကုန်လုံး ပြုတ်ကျန်နေရစ်တယ် ဒီဘဝမှာ။
ဒီတော့ ဒီဘဝမှာပြုတဲ့ ကောင်းကောင်းဆိုးဆိုး ကံတွေဟာ ဟို-နောက်နောက် နောက်နောက် ဘဝကျတော့ ဘယ်အတ္တက ခံစားမှာတုန်း၊ မကောင်းတဲ့ကံရဲ့ အပြစ်ကို ဘယ်အတ္တက ခံမှာတုန်း၊ ကောင်းတဲ့ကံရဲ့ အကျိုးကို ဘယ်အတ္တက ခံစားမှာတုန်း၊ သူလဲ ကြံစရာပဲ။
မြန်မာတွေက လုံးလုံး လေးလေးနက်နက် လိုက်လေ့ပြုလေ့ မရှိလို့ စဉ်းစားလေ့ မရှိလို့ ဒီလိုနဲ့ပဲ ဒါန, သီလ, ဘာဝနာ မှန်မှန် ရိုးရိုးပြုတာနဲ့ပဲ ကျေနပ်သွားကြတယ်၊ ကျေသာ ကျေနပ်တာ သူတို့က၊ တပည့်တော် ရုပ်နာမ်ခပ်သိမ်း အေးငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန် မြန်မြန် ရောက်ရပါလိုရဲ့ ရရပါလိုရဲ့ တွေနဲ့ သူတို့က အတ္တကြီးတွေနဲ့ ကမ္မဋ္ဌာန်း စီးဖြန်းနေလိုက်ကြတာ အတ္တကြီးတွေနဲ့၊
ဒါကြောင့် ဘုန်းကြီး အဲဒါကို ဒီနေ့ ရှင်းရမယ်၊ ဒီတော့ ပထမဆုံး ဘုန်းကြီးတို့ ကံအကြောင်းကို စဉ်းစားရအောင်။
ကံဆိုတာ ဘာလဲ
သန္တာနေသံ ကမ္မံ နာမ, န နိရုဇ္ဈတိ သဗ္ဗသော။
သဝိသေသံ နိဓေတွာ ဟိ သမယမှီ ဝိပစ္စိတုံ။
“သန္တာနေ - ရုပ်နာမ်ခန္ဓာ အစဉ်၌၊
ဣဒံ ကမ္မံ နာမ - ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးဖန် ကံဟုခေါ်ရိုး ဤစေတနာ တရားမျိုးသည်”
ဘုန်းကြီးတို့ ကံတစ်ခုဖြစ်လိုက်၊ ယခု ဘုန်းကြီးက တရားဟောပြီးနေတော့ တရားဟောတဲ့ အသံတွေ ထွက်အောင် လှုံ့ဆော်တဲ့ စိတ် စေတနာထဲမှာ စေတနာ ဆိုတာ ပါတယ်၊ ခု ဒီက လူငယ်များက ရဟန်းတော်များက တရားနာနေတော့ တရားစိတ်စိုက်နေတဲ့ စိတ် စေတနာ ဖြစ်နေတယ်၊ အဲဒါ ရိုးရိုးအချိန်နဲ့ တူရဲ့လားလို့ စဉ်းစားကြည့်လိုက်စမ်း။
ဘုန်းကြီး ဟောပြီးတော့နေတဲ့ အသံထွက်အောင် လှုံ့ဆော်နေတဲ့ အချိန်မှာ ရိုးရိုး ဒိပြင်အချိန်မျိုး မဟုတ်ဘူး၊ တရားကိုလဲ စဉ်းစား တယ်၊ ဒီအသံဖမ်းနေတဲ့ သူတွေကိုလဲ နားလည်စေချင်တယ်၊ လှုံ့ဆော်နေတဲ့ စိတ်တွေဟာလေ၊ တရားကိုလဲ နားလည်စေချင်တယ်၊ အဲဒီတော့ စိတ်စေတနာတွေ အမျိုးမျိုး လှုံ့ဆော်နေတယ်၊ အဲဒီ စိတ်စေတနာဟာ ရိုးရိုးစေတနာမျိုး မဟုတ်ဘူး၊ ဒါမျိုးကို မြတ်စွာဘုရား က“စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ”ဒါဟာ အလုပ်တစ်ခုမှ စေတနာတစ်ခု, ကံတစ်ခုပါပဲတဲ့။
လှုံ့ဆော်ပေးတဲ့ စေတနာ
ခု တရားနာနေကြတယ်၊ ရဟန်းတော်များရော, ဒီကအသံဖမ်းနေတဲ့ ဒကာလေး တွေရော နားထောင်နေကြတယ်။ ခါတိုင်း နားမထောင်ဘဲနဲ့ နေတဲ့စိတ်မျိုး မဟုတ်ပါဘူး၊ စိတ်တစ်မျိုးကလေး၊ အဲဒီစိတ်တစ်မျိုး ကလေးထဲမှာ နားထောင်ဖို့ရာ လှုံ့ဆော်ပြီးတော့ပေးနေတဲ့ စေတနာ ပါတယ်၊ အဲဒီ စေတနာဟာ ကံပဲ၊
ဒီလို ကံတွေ, ဒါနပြုတော့လဲ ဒီလိုကံစေတနာတွေ ရှိတယ်၊ ဝမ်းမြောက်ဝမ်းသာနဲ့ အလှူဒါနပေးနေ၊ ဥပမာ - ကျွေးပြီးတော့နေတယ်၊ သူများ စားကြသောက်ကြ, ဒီက ပြုံးပြုံး ပြုံးပြုံးနဲ့ လိုက်ကြပါ, ထည့်ကြပါ၊ ဟိုမှာ လိုနေပါသေးတယ်၊ မလိုပါစေနဲ့၊ လှုံ့ဆော်တဲ့ စိတ်တွေဟာ ဖြစ်နေတယ်၊ လှုံ့ဆော်တဲ့ စိတ်ကြောင့် ကိုယ်ကြီးကလဲ လှုပ်လှုပ်ရွရွနဲ့၊ ဟိုထည့်ပေး, ဒီထည့်ပေး၊ နှုတ်ကလဲ စားကြပါ, စားကြပါနဲ့ ဒီလိုဖြစ်၊ အဲဒါတွေ အတွင်း လှုံ့ဆော်နေတဲ့ စေတနာဟာ ကံပဲ၊
ဒါနပြုတော့လဲ အဲဒီစေတနာ ရှိတယ်၊ သီလဆောက်တည်တော့လဲ ဒီစေတနာ ရှိတယ်၊ ငါလေ ဒီကနေ့ ဥပုသ်သီတင်း ဆောက်တည်နေတယ်၊ မကောင်းတာတွေ ငါမပြောဘူးနော်၊ မကောင်းတာတွေ ငါမလုပ်ဘူးနော်၊ ကောင်းတာချည်းပဲ ပြောမယ်၊ ကောင်းတာချည်းပဲ လုပ်မယ်၊ ကောင်းတာချည်းပဲ ကြံမယ်လို့ဆိုတဲ့ လှုံ့ဆော်နေတဲ့ စေတနာတွေရှိတယ်၊
ဘာဝနာ ကမ္မဋ္ဌာန်း ပွားများတဲ့အခါမှာလဲ ဒီအာရုံထင်ရစေမယ် ဆိုတဲ့ အနေမျိုးနဲ့ စိတ်ကို လှုံ့ဆော်ပြီးတော့ ကြိုးစားပြီးတော့ စိုက်ပြီးတော့ နေတဲ့အချိန်မှာ စိတ်တစ်မျိုးရှိတယ်၊ အဲဒီ စိတ်တစ်မျိုးထဲမှာ ရိုးရိုးစိတ်မျိုး မဟုတ်ဘဲနဲ့ လှုံ့ဆော်တဲ့ စေတနာ ပါနေတယ်၊ ဒါ ကံပဲ။
ကံချုပ်သွားရင် ဘာမှမကျန်ဘူးလား
“သန္တာနေ - ရုပ်နာမ်ခန္ဓာအစဉ်၌” အဲဒီ ကံဟာ ဆိုကြပါစို့၊ ဟိုဘက်ဘဝတုန်းကလဲ ဒီလိုဖြစ်တယ်၊ ဒီဘက်ဘဝ ယခု ဒီလိုဖြစ်နေတယ်၊ အဲဒီလို ဖြစ်နေတဲ့အချိန်မှာ စိတ်စိုက်ကြည့်စမ်း၊ ရုပ်ရယ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ရယ်၊ အဲဒီ သင်္ခါရ ဆိုတဲ့ အထဲ ဒီစေတနာ ပါနေတယ်၊ ဒီခန္ဓာငါးပါး အစုထဲက စေတနာဆိုတဲ့ ကံတရားဖြစ်နေတာ၊ ဒါကို နားလည်ပါနော်။
“သန္တာနေ - ရုပ်နာမ်ခန္ဓာ အစဉ်၌၊
ဣဒံ ကမ္မံ နာမ - ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးဖန် ကံဟုခေါ်ရိုး ဤစေတနာ မျိုးသည်၊
နိရုဇ္ဈမာနံ - အကြောင်းအားလျော်စွာ ချုပ်ရသည်ရှိသော်”
စေတနာဆိုတာ ထုံးစံအတိုင်း နာမ်တရားမဟုတ်လား၊ ချုပ်တာပေါ့၊ ဖြစ်ပျက်မှုဖြစ် ပျက်,ဖြစ်ပျက် အချိန်ရှိသရွေ့ လက်ဖြောက်တစ်ချက်တီးအချိန်မှာ စေတနာပေါင်း ကုဋေတစ်သိန်းမက ဖြစ်နေတာ၊ ခုတရားနားတဲ့ သူတွေမလဲ စေတနာတွေ အများကြီးဖြစ်တယ်၊ ဘုန်းကြီးမလဲပဲ စေတနာတွေ အများကြီးဖြစ်တယ်၊ ချုပ်တာပဲ၊ ဖြစ်,ပျက်ပြီး ထပ်ဖြစ်၊ ဖြစ်ပျက် ထပ်ဖြစ်, ဖြစ်ပျက် ထပ်ဖြစ်၊ ဒီလိုကို ကုဋေ သိန်းပေါင်းများစွာ ဖြစ်နေတာ။
“နိရုဇ္ဈမာနံ - အကြောင်း အားလျော်စွာ ချုပ်ရပါသည်ရှိသော်၊
သဗ္ဗသော - ကြွင်းမဲ့ဥဿုံ အရှိန်ကုန်အောင်, လုံးစုံခပင်း မချန်ချွင်းဘဲ၊
န နိရုဇ္ဈတိ - ပြီးပြီးပျောက်ပျောက်, အနေရောက်အောင်, ချုပ်ပျောက် ပျက်စီး၍ အချည်းနှီးမဖြစ်ကြချေ”
ချုပ်တော့ ချုပ်တယ်၊ ချုပ်ပေမယ်လို့ ပြီးပြီးပျောက်ပျောက် ချုပ်တဲ့ အချုပ်မျိုး မဟုတ်ဘူး၊ တစ်မျိုးရှိတယ်။
သတ္တိထူးတစ်မျိုး မြှုပ်နှံချန်ထားခဲ့
“သမယမှီ - အကြောင်းသင့်၍ အခွင့်သင့်ရာ, ချိန်အခါ၌၊
သမယမှီ - သင့်တော်တဲ့အကြောင်း အမျိုးမျိုးသည်၊
သတိ - ဖြစ်ပေါ်၍လာသည် ရှိသော်၊
ဝိပစ္စိတုံ - ကောင်းကောင်းဆိုးဆိုး, ဆိုင်ရာအကျိုးကို ပေးဖို့ရန်၊
သဝိဝေသသံ - မိမိတွက်တာ, မပျက်သာအောင်, ထက်စွာကျစ်လစ်, သတ္တိအနှစ်ကို၊
နိဓေတွာဟိ - ဒီရုပ်နာမ်ခန္ဓာအစဉ်၌ မြှုပ်နှံ၍သာလျှင်”
နောင်အကျိုးပေးဖို့ သတ္တိတစ်မျိုး ကျန်နေရစ်တယ်၊ မြှုပ်နှံတယ်ဆိုတာ သတ္တိတစ်မျိုး ကျန်နေရစ်တယ်၊ အားလုံးဒကာတွေ စဉ်းစားကြည့်စမ်း၊ အိပ်ပျော်နေတယ်၊ စိတ်တွေ ဖြစ်နေတယ်, စိတ်တွေ ဖြစ်နေတယ်၊ အိပ်ပျော်နေပေမယ့် စိတ်တွေဖြစ်ပေမယ်လို့ ဘာသတ္တိမှ မကျန်ရစ်ဘူး၊ ပြီးပြီးပျောက်ပျောက်ပဲ၊ အဲဒီဟာက ဖြစ်ပျက်ပြီးတာပဲ။ ဘာမှ မကျန်ရစ်ဘူး၊ အိပ်ပျော်နေတုန်းမှာ ဖြစ်တဲ့စိတ်တွေ။
တစ်ခါ သွားရင်းလာရင်း အမှတ်တမဲ့ ဟိုမြင် ဒီမြင် ဟိုကြား ဒီကြားတယ် ဂရုမစိုက်ပါဘူး၊ ကောင်းတာလဲ ဂရုမစိုက်ဘူး၊ မကောင်းတာလဲ ဂရုမစိုက်လိုက်ဘူး၊ ကောင်းတယ်လို့လဲ ဂရုမစိုက် လိုက်ပါဘူး၊ အဲဒီအခါမှာလဲပဲ စိတ်တွေ ဖြစ်တယ်၊ ပြီးပြီးပျောက်ပျောက်ပါပဲ။ သူတို့လဲ သိပ်ပြီးတော့ သတ္တိမထင်ရှားရစ်ပါဘူး၊
ယခု ဘုန်းကြီးဟောနေတဲ့ အနေမျိုးကျတော့ စိတ်အားထက်သန်စွာ, တရားနာနေတဲ့ ပုဂ္ဂိုလ်များက စိတ်အားစူးစိုက်စွာ၊ အဲသလို စိတ်စေတနာဖြစ်တော့ ချုပ်ပေမယ့် ဓာတ်ကလေး ကျန်နေရစ်တယ်၊ ဒါကို ကမ္မသတ္တိ ခေါ်တယ်။
အဲဒီဓာတ်ကလေးကို ဘုန်းကြီးတို့ ရုပ်နာမ်အစဉ်ထဲမှာ ပထမဆုံး ဖြစ်ပျက် ဓာတ်ကလေးက ဖြစ်ပျက်ဆိုတဲ့ အထဲမှာကို ဒီဓာတ်ကပါနေ၊ ဒုတိယ ရုပ်နာမ်က ဖြစ်ပျက်၊ အဲဒီဖြစ်ပျက်ထဲမှာလဲ ဒီဓာတ်ကလေးက လိုက်နေတယ်၊ တတိယ ရုပ်နာမ် ဖြစ်ပျက်၊ အဲဒီဖြစ်ပျက်ထဲမှာ ဒီဓာတ်ကလေးက လိုက်နေတယ်၊ ဒါနားလည်ပါ, နားလည်ပါ၊ သိမ်မွေ့တယ်ဆိုတာ ဒါမျိုးကို သိမ်မွေ့တယ်လို့ ပြောတာ၊ နက်တယ် ဆိုတာ ဒါမျိုးကို နက်တယ်လို့ ပြောတာ။
“သန္တာနေ - ရုပ်နာမ်ခန္ဓာ အစဉ်၌၊
ဣဒံ ကမ္မံ နာမ - ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးဖန်, ကံဟုခေါ်ရိုး ဤစေတနာ မျိုးသည်။
နိရုဇ္ဈမာနံ - အကြောင်းအားလျော်စွာ ချုပ်ပျောက်ရသည်ရှိသော်၊
သဗ္ဗသော - ကြွင်းမဲ့ဥဿုံ အရှိန်ကုန်အောင်, လုံးစုံခပင်း, မချန်ချွင်းဘဲ၊
န နိရုဇ္ဈတိ - ပြီးပြီးပျောက်ပျောက်, အနေရောက်အောင် ချုပ်ပျောက် ပျက်စီး၍ အချည်းနှီးမဖြစ်ကြချေ။
သမယမှီ - အကြောင်းသင့်၍ အခွင့်သင့်ရာ, အချိန်အခါ၌၊
ဝိပစ္စိတုံ - ကောင်းကောင်းဆိုးဆိုး ဆိုင်ရာအကျိုးကို ပေးဖို့ရာ၊
သဝိသေသံ - မိမိတွက်တာ, မပျက်သာအောင် ထက်စွာကျစ်လျစ်, သတ္တိနှစ်ကို၊ (သတ္တိနှစ် ဓာတ်ကလေးကို)
နိဓေတွာဟိ - အတွင်းသန္တာန် အရင်းခံလျက်, သွင်းနှံမြှုပ်ထားပြီး၍သာလျှင်၊
နိရုဇ္ဈတိ - ဥပါဒ် ဌီ ဘင်, အစဉ်စေ့ရောက် ချုပ်ပျောက် ပျက်စီးရလေသတည်း”။
ဒီတော့ ချုပ်တော့ချုပ်တယ်၊ ချုပ်ပေမယ့်လို့ ဒိပြင် ဒိပြင်စိတ်တွေ ချုပ်သွားတာနဲ့ မတူဘူး၊ ထက်ထက်သန်သန် ကောင်းတဲ့ကံကို ပြုပြု၊ ပါဏာတိပါတ အဒိန္နာဒါနစတဲ့ မကောင်းတဲ့ကံကို ပြုပြု၊ ထက်ထက်သန်သန်ပြုတဲ့ ကံတရားတွေမှန်သမျှ သတ္တိ ကျန်ရစ်တယ်၊ ဒါ စာက။
သတ္တိကျန်ရစ်ပုံ ဥပမာ
ဥပမာတစ်ခု ပြောကြစို့ ၊ အဖေ - သား၊ တချို့ အဖေတွေ သေသွားတယ်၊ ဘာမှ သတ္တိမကျန်ရစ်ဘူး၊ စည်းစိမ်ရွှေငွေ ပြောတာမဟုတ်ဘူး၊ အရှိန် ဘာမှ မကျန်ရစ်ဘူး၊ စည်းစိမ်ရွှေငွေ ကျန်ချင်ကျန် မကျန်ချင်နေ၊ တချို့ မိဘတွေ ဆုံးတယ်။ ဘာမှ စည်းစိမ်တွေ ရွှေငွေတွေ မဆိုလိုဘူး၊ သူ့ရဲ့ အရှိန် မကျန်ရစ်ဘူး၊ ဘယ်သူ့သားလို့ ဘာလို့ ပြောစရာမရှိဘူး၊
တချို့မိဘတွေ သေသွားတယ်၊ စည်းစိမ်တွေ ဘာတွေ မစဉ်းစားနဲ့ ၊ သူ့ရုပ် သူ့နာမ် သူနဲ့ ဆိုင်ရာတွေ အကုန်လုံး ပျောက်သွားတယ်။ အရှိန် ကျန်ရစ်တယ်၊ သူက ဘယ်သူ့သား၊ အရောင်း အဝယ်လုပ်တာ၊ ဟာ - သူက ကိစ္စမရှိဘူး၊ ဘယ်သူ့သား၊ လက်ထပ်ထိမ်းမြားကိစ္စ၊ ဟာ-ကိစ္စမရှိပါဘူး၊ သူတို့က ဘယ်သူ့မျိုးရိုးထဲက၊ အရှိန်, အရှိန်, အရှိန်၊ အဲဒီအရှိန်ဟာ အရာဝတ္ထုလဲ မရှိဘဲနဲ့ အမှန် အရှိန်ကတော့ရှိ။
အဲ-ကံရဲ့ သတ္တိဟာ ဒီလိုပဲ၊ အကောင်အထည်တော့ ရုပ်နာမ် အဖြစ်နဲ့တော့ မကျန်ရစ်ပါဘူး၊ သူ့ရဲ့ အရှိန်သတ္တိကတော့ ကျန်ရစ်တယ်, သိပ်ကျန်ရစ်တာပဲ, သိပ်ကို အားကိုးစရာ ကောင်းတာပဲ။ ကောင်းတဲ့ ကံတွေကဆိုရင်၊ မကောင်းတဲ့ ကံတွေရဲ့ သတ္တိကလဲ သိပ်ကြောက်စရာကောင်းတာပဲ၊ အမှုတစ်ခု, မကောင်းမှု အလုပ် တစ်ခုပြု၊ ပြီးတော့ ပြီးသွားတယ်၊ ရုံးရော ဘာရော ပြီးသွားတယ်၊ မကောင်းတဲ့ သတ္တိကတော့ ခန္ဓာအစဉ်မှာ ကျန်လို့၊ အမလေး တစ်ချိန်ကျလို့ရှိရင် အကျိုးပေးဦးမှာပဲ၊ နောက်တစ်ချိန်ကျလို့ရှိရင် နောက်ဘဝ သံသရာ စိတ်မချရပါဘူး၊ ဒီ မကောင်းမှု ကံတွေ, ဟောဒီ ကြောက်စရာသတ္တိဟာ အရှိန်ဟာ ကျန်နေရစ်တယ်။
ကောင်းတဲ့ ကံတွေကလဲ ငါဘယ်လောက် ကောင်းတဲ့ကံတွေ ပြုပြီးပြီ၊ ဝမ်းမြောက် ဝမ်းသာဖြစ်လို့၊ ဘဝသံသရာ ဘယ်လောက် အားကိုးလောက်သလဲ၊ မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်းဖြစ်တဲ့ ပါရမီ အဆောက်အဦ ဘယ်လောက် ဖြစ်သွားသလဲနဲ့ ဝမ်းမြောက်ဝမ်းသာ အားကိုးစရာ သတ္တိအရှိန် ကျန်နေရစ်တယ်။
ဘုရားဖြစ်သည်အထိ သတ္တိပါနေပုံ
ဒီတော့ကာ ဒီ အရှိန်ကို လိုက်ကြစို့ရဲ့ ၊ ဘယ်လောက် ထိအောင် ဒီအရှိန်ဟာ သွားနေသတုန်း လို့ဆိုတော့ ရုပ်နာမ် ဖြစ်ပျက် အရှိန်ပါရက်၊ ဖြစ်-ပျက် အရှိန်ပါရက်၊ သေခါနီးထိအောင် သွားလိုက် ဖြစ်ပျက် အရှိန်ပါရက်၊ ဟိုဘဝတုန်းက အကျိုးမပေး ရသေးတဲ့ကံရဲ့ အရှိန်သတ္တိတွေ ပါရက်၊ ဘုန်းကြီး မသိသေးပေမယ့် ဘုန်းကြီးကံရဲ့ အရှိန်သတ္တိတွေ ပါရက်၊ ဒကာတို့ မသိပေမယ့် ဒကာတို့ကံရဲ့ အရှိန်သတ္တတွေ ပါရက်၊ သေခါနီး ကြည့်လိုက်, သေခါနီးကြည့်လိုက်၊ သေခါနီး စိတ်ကူးကြည့်လိုက်၊ ဒီအရှိန်သတ္တိတွေ ပါရက်၊ ဒီဘဝက ပြုတာချည်း မဟုတ်ဘူး၊ ဟို - ဘဝများစွာ သံသရာက ပြုခဲ့တဲ့ကံတွေ သတ္တိအရှိန် ပါရက်၊ ဒီနား ဘုန်းကြီးရပ်ပြောဦးမယ်။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းက ဘုရားဖြစ်လိုတဲ့ ဆန္ဒတော်နဲ့ ဘုရားဖြစ်ဖို့ရန်ချည်း ကြိုးစားပြီးတော့ ဒါနပြုတယ်, သီလပြုတယ်, နေက္ခမ္မပါရမီ ဖြည့်တယ်, ခန္တီပါရမီ ဖြည့်တယ်လို့ ဆိုတယ်၊ ဘဝတိုင်းဘဝတိုင်း ရုပ်နာမ်က ချုပ်ရက် ချုပ်ရက်၊ သုမေဓာဘဝတုန်းက ရုပ်နာမ်သည် သုမေဓာဘဝ တစ်ဘဝ ကို မပြောနဲ့၊ ဘုရားဆုပန်တဲ့ အချိန်တုန်းက ရုပ်နာမ်သည် အဲဒီ အချိန်မှာ ချုပ်တယ်၊ ဒါပေမယ့် ဓာတ်က ကျန်နေ၊
ဘုရားဖြစ်ပြီးတော့ သတ္တဝါတွေ ကယ်ဆယ်မယ်၊ သဗ္ဗညုတဉာဏ်ကိုရပြီးတော့ သတ္တဝါတွေ ကယ်ဆယ်မယ်၊ အဲဒီဓာတ်ကတော့ ရုပ်နာမ်ချုပ်သွားပေမယ်လို့ ဒီဓာတ်ကတော့ စိတ်အစဉ်ထဲမှာ ပါရက်, ပါရက်, ပါရက်၊ ဒါကြောင့် နောက်တစ်ဘဝ ရောက်တော့လဲ ဒီဓာတ်အတိုင်း ဘုရားဖြစ်ဖို့ရန် ကြိုးစား၊ နောက်ကမ္ဘာ ရောက်တော့လဲ ဒီဓာတ်အတိုင်း ဘုရားဖြစ်ဖို့ရန် ကြိုးစား၊ ဓာတ်ပါလာလို့ ကြိုးစားတာ၊
အို-ဒါလေးတွေ စဉ်းစားလို့ ကြည့်ရင် ဒီဘဝ သူတော်ကောင်းစိတ်ဓာတ် ပါလာတဲ့ သူတွေဟာ အင်မတန် အားရှိစရာ ကောင်းတယ်၊ ဟိုတုန်းကဓာတ်တွေပါလာတယ် ငါ့မှာ၊ ဒီလိုနဲ့ မြတ်စွာဘုရား လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းသာ ကျော်လာရော၊ ဘုရားဖြစ်လိုတဲ့ ဆန္ဒနဲ့ချည်း ဒါနရော, သီလရော, နေက္ခမ္မရော ပါရမီတွေလေ တကတဲ အသက်ကို စွန့်ပြီးတော့ ဖြည့်ကျင့်ရတဲ့ ပါရမီတွေပါ ဆုဆောင်းပြီးတော့ လာခဲ့တယ်။ ဒီဓာတ်တွေဟာ ဘယ်လောက် ရင့်လာတုန်း၊ နောက်ဆုံးကျတော့ မြတ်စွာဘုရား အလိုတော်ရှိတဲ့ ဒီသဗ္ဗညုတ ဉာဏ်ဓာတ်ကြီးဟာ ဒီစိတ်တော် အစဉ်ထဲမှာ ပေါ်လာတာပါပဲ။
ကမ္မသတ္တိ
ဒီတော့ ရုပ်နာမ်ကတော့ ဖြစ်ပျက်,ချုပ်တယ်၊ အတ္တလဲ မရှိဘူး၊ ဒါပေမယ်လို့ ကမ္မသတ္တိကတော့ လိုက်ပြီးတော့ ပါတယ်၊ ဒါပဋ္ဌာန်း ၂၄-ပစ္စည်းထဲမှာ ကမ္မပစ္စည်းလို့ -
“ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော”
ကုသလာကုသလံ - ကုသိုလ် အကုသိုလ် ဖြစ်သော၊
ကမ္မံ - ကမ္မစေတနာသည်၊
ဝိပါကာနံ - နောက်နောက်ဖြစ်တဲ့ နာမ်ခန္ဓာဟူသော ဝိပါက်တရားတို့အား လည်းကောင်း၊
ကဋတ္တာစ ရူပါနံ - ကံပြုခဲ့တဲ့အတွက် ဧကန်မုချ ဖြစ်ရမယ့် ကမ္မဇရုပ်တရားတို့ အားလည်းကောင်း၊
ကမ္မပစ္စယေန - ကမ္မပစ္စယသတ္တိဖြင့်၊
ပစ္စယော (ဥပကာရကော) - ကျေးဇူးပြုသည်၊
ဟောတိ - ဖြစ်၏။
ဟော အကျိုးပေးမယ်၊ အကျိုးပေးမှာက အဲဒီကံက တိုက်ရိုက် လာပြီးတော့ အကျိုးပေးမှာ မဟုတ်ဘူး၊ သူက အကျိုးပေးဖို့ရာ ဓာတ်သတ္တိအဖြစ်နဲ့ စောစော ကတည်းကိုက ဝမ်းထဲမှာ ခန္ဓာအစဉ် ထဲမှာ ပါနေတာဖြစ်တော့ သူ့အရှိန်ကြောင့် အကျိုးပေးမယ်။
အကြောင်းသင့် ခွင့်သာမှ အကျိုးပေးခြင်း
သူ့အရှိန်ကြောင့် အကျိုးပေးမယ်လို့ဆို တော့ကာ
“သမယမှိ - အကြောင်းသင့်၍ အခွင့်သာရာ, ချိန်အခါ၌၊
ဝိပစ္စိတုံ - သက်ဆိုင်ရာ အကျိုးကိုပေးခြင်းငှာ”
အကြောင်းသင့်မှ ပေးမယ်။ အကြောင်းမသင့်သေးဘူး ဆိုလို့ရှိရင် ဒီလိုပဲ ကံတွေ အများကြီးပေါ့။ ဆိုပါတော့ အခု ဘုန်းကြီး ကုသိုလ်တွေ ပြုပြီးတော့ ကုသိုလ် စေတနာတွေ ဖြစ်နေချိန်မှာ အကုသိုလ်ကံကလဲ ရှိနေတာပဲ၊ အကျိုးပေးနိုင်မလား မပေးနိုင်ပါဘူး၊ ဘာဖြစ်လို့တုန်း၊ သူကလဲပဲ အကုသိုလ်အကျိုး ပေးဖို့ရာက မကောင်းတဲ့ဂတိမျိုးလဲ ဖြစ်နေရမယ်၊ မကောင်းတဲ့အလုပ်မျိုးလဲ ဖြစ်နေရမယ်၊ မကောင်းတဲ့ အချိန်အခါမျိုးလဲ ဖြစ်နေရမယ်။ အဲသလို အကြောင်းတွေ အကြောင်းတွေ စုံလာမှ အကုသိုလ်ကံ လာအကျိုးပေးမှာ၊ ရှိပေမယ့် အကျိုး မပေးနိုင်ဘူး၊ စုံမှအကျိုးပေးမယ်။
သေခါနီးအထိ စဉ်းစားကြည့်
ကဲ - ဒါနဲ့ သွားကြစို့၊ ဘုန်းကြီးတို့ သေခါနီးထိအောင် စဉ်းစားလိုက်ကြစို့ ၊ ဒီထဲမှာ ရုပ်နာမ်ကတော့ ဖြစ်ပျက်ချည်းပဲ၊ အတ္တကလဲ မရှိဘူး၊ သေခါနီး ဘုန်းကြီးတို့ စဉ်းစားလိုက်ကြစို့ ၊ သေခါနီး စဉ်းစားတော့ -
“အဝိဇ္ဇာနုသယပရိက္ခိတ္တေန - အဝိဇ္ဇာနုသယသည် ခြံရံအပ်သော၊
တဏှာနုသယမူလကေန - တဏှာနုသယဟူသော အကြောင်းရင်းရှိသော၊
သင်္ခါရေန - ကုသိုလ်ကံ အကုသိုလ်ကံဟူသော သင်္ခါရသည်၊
ဇနိယမာနံ - ဖြစ်စေအပ်သော၊
သမ္ပယုတ္တေဟိ - ယှဉ်ဖက်ဖြစ်တဲ့ သမ္ပယုတ်တရားတို့သည်၊
(ဥပတ္ထမ္ဘိယမာနံ - ဝိုင်းဝန်း၍ ထောက်ပံ့ ကူညီအပ်သော၊)
ပရိဂ္ဂယှမာနံ - ခြံရံလျက် ယူအပ်သော၊
ပဋိသန္ဓိစိတ္တံ - ပဋိသန္ဓေစိတ်သည်၊
ဥပ္ပဇ္ဇတိ - ဖြစ်၏”
လို့ဆိုတော့ ဒီအထဲက အကျိုးပေးမယ့် ကံတစ်ခုက ခုနက ဒီဘဝမှာဖြစ်ဖြစ်, ရှေးဘဝမှာဖြစ်ဖြစ် ဒီရုပ်နာမ်အစုထဲမှာ ပြုထားတဲ့ ကံတစ်ခုက စုတိဆိုလို့ရှိရင် ဟိုဘက် ပဋိသန္ဓေလို့ဆိုတဲ့ ဝိညာဏ်စိတ် ဖြစ်လာပြီ၊ ဖြစ်အောင် သူကစီမံပြီး နေစမ်း၊ ဘယ့်နှယ်စီမံလဲ၊ အဲဒါရှုပ်လွန်းလို့ အဲဒါနားမလည်လွန်းလို့။
ဒီလိုရှိတယ်၊ ဘုန်းကြီးတို့ သေခါနီးကျတော့ ဘယ်သူမဆို ခဏလေးဖြစ်ဖြစ် မေ့သလိုပေါ့လေ, မြောသလို၊ ဟို စောစောစီးစီးက မေ့မြောနေတဲ့သူဆိုတာတော့ မပြောနဲ့၊ စောစောစီးစီးက မေ့တာ မဟုတ်ဘူး၊ ကြည်ကြည်လင်လင် ရွှင်ရွှင်ပျပျ စကားတပြောပြော ရောဂါကလေးကလဲ သက်သက်သာသာ၊ ချုပ်မှာကတော့ ချုပ်မှာ၊ အသက်ကလဲ တော်တော်ကြီးနေပြီ၊ ရောဂါကလဲ တော်တော်လွန်လာပြီ၊ ချုပ်မှာ, ချုပ်မှာ၊ အသက်ကလဲ ကြီးလှပြီ၊ စကားလေးလဲ တပြောပြောလေးနဲ့ ချုပ်တော့မှာ၊
ဒီ မိနစ်ကလေးအလိုမှာ မှေးကနဲ ဖြစ်သလို ဒီက အတွင်းက ဓာတ်တွေ ဘာတွေဟာ ညံ့သွား၊ ဖြည်းဖြည်း ညံ့လာတာက သိပ်ညံ့သွား၊ သိပ်ညံ့သွားတဲ့အချိန်မှာ စက္ကန့်လေး အနည်းငယ်ဖြစ်ဖြစ်, တချို့ စောစော၊ နောက်ဆုံး စက္ကန့်လေး အနည်းငယ်ဖြစ်ဖြစ် အိပ်မက် မက်သလို၊ တချို့မှာ ရှေးတုန်းက ပြုထားတဲ့ ဟို-ကမ္ဘာပေါင်းများစွာက ပြုထားတာပဲဖြစ်ဖြစ်, အိပ်မက် မက်သလို၊ အဲဒီအလုပ်ကလေး ခုလုပ်နေရသလို ဆိုပါတော့ ကုသိုလ် ကံက အကျိုးပေးမယ်၊
အခွင့်သာနေတဲ့သူဟာ ရှေးက ကုသိုလ် ကောင်းမှုပြုနေသလို ဟောဒီလို ထင်နေတယ်၊ ဒါမှမဟုတ် ရှေးက ပြုနေတဲ့ ကုသိုလ်ပြုတဲ့အခါတုန်းက တွေ့ရကြုံ ရတယ် ဆိုပါတော့ ဘုရားတည်နေတယ်ဆိုရင်, ဘုရားဒကာဆိုရင်, ဘုရားအာရုံ ထင်ပြီးတော့နေတယ်၊ ခုပြုနေသလိုပဲ၊ သူ့စိတ်ထဲ ကြည်နူးနေလိုက်တာ။ ဘုရား အာရုံ အာရုံပြုပြီး ကြည်နူးနေလိုက်တာ၊ နည်းနည်းလေးများ ပါးစပ်မနိုင့်တနိုင်နဲ့ ပြုံးလို့၊ မျက်လုံး မပွင့်တပွင့်နဲ့ ကြည့်လို့၊ ဘုရားအာရုံပြု၊ အာရုံထင်နေတာ, အာရုံထင်နေတာ၊ သေခါနီးနော်။
တချို့တော့လဲပဲ ဟိုဘက် ရမယ့်ဘဝ၊ အဲ-ဆိုပါတော့ နတ်ပြည်တို့ ဘာတို့ ရောက်တော့မယ်ဆိုတော့ နတ်ဘုံ အကြောင်းအရာတွေ နတ်ဗိမာန် ဥယျာဉ်တွေ ဘာတွေ စိတ်ထဲမှာထင်လို့၊ ဘယ်သူ့ကြောင့် ထင်၊ ခုနက ကံအစွမ်းကြောင့် ထင်တာ၊ အကျိုး ပေးတော့မယ့် ကံတစ်ခုရဲ့ အစွမ်းကြောင့်ထင်တာ။
အာရုံထင်ပုံ သုံးမျိုး
ထင်တာ သုံးမျိုးရှိတယ်နော်၊ ရှေးတုန်းက ကုသိုလ်ပြုခဲ့တဲ့သူဟာ ကုသိုလ်ပြုနေတာ ခုပြုနေသလိုပဲ ထင်လို့၊ ဒါမှမဟုတ် အဲဒီပြုတုန်းက တွေ့ရကြုံရ ဘုရားတို့ ဘာတို့ အာရုံထဲ ထင်လို့၊ ဒါမှမဟုတ် ရောက်မယ့်ဘဝက အကြောင်းအရာတွေ ထင်လို့၊ ဟောဒီ သုံးမျိုး တစ်မျိုးမျိုးထင်တယ်။ နှစ်မျိုး သုံးမျိုးလဲ လှည့်ပြီးတော့လဲ ထင်တတ်တယ်၊ တစ်မျိုး နှစ်မျိုးလဲ လှည့်ပြီးတော့ ထင်တယ်၊ တစ်မျိုးထဲလဲ ထင်တယ်၊
ခဏကလေး ခဏကလေးပေမယ့် ထင်တယ်၊ အနည်းဆုံး ခဏလေး ထင်ရမယ်။ တချို့ စောစောက တင်ကြိုထင်တယ်၊ တချို့များ ရက်တော်တော် ကြာကြာက တင်ကြိုထင်တယ်၊ ပြီးတော့ တချို့များ ကုသိုလ်ကောင်းတဲ့သူက သေသေချာချာ ဘဝကောင်းကို ပြောင်းတော့မယ်လို့ ဆိုရတဲ့သူက ဒီကလဲပဲ တကတဲ နတ်တွေ ဘာတွေရဲ့ လှုံ့ဆော်မှုကြောင့်လား အသံကောင်းလေးတွေ ကြားလို့။
ဓမ္မိကဥပါသကာ
ဘုန်းကြီးတို့တစ်ခါတုန်းက ဟိုဓမ္မိကဥပါသကာ ဆိုတာ ဥပုသ်သီတင်း သီလနဲ့ အမြဲနေတယ်။ သူ့ရဲ့ အဖော်အပေါင်းကလဲ ငါးရာလောက်၊ သူ့စကား နားထောင်တဲ့ နောက်လိုက်ကလဲ ငါးရာလောက် သူတော်ကောင်းတွေ နေကြတယ်။ သားသမီး တွေကလဲ သူတော်ကောင်း, သူကလဲ သူတော်ကောင်း၊
သေခါနီးကျတော့ သံဃာတော်တွေက (ပရိတ်ရွတ်ပြီးတော့ နေကြတယ်၊) တရားတော်တွေ ဟောပြီးတော့ ရွတ်ဖတ်နေကြတယ်၊ သား သမီးတွေက မလှမ်း မကမ်းက နာလို့ နေကြတယ်၊ သူက တရားနာရင်း လစ်ခနဲ ဖြစ်သွားပြီးတော့“အို - နေကြစမ်းပါဦး, နေကြစမ်းပါဦး” ဆိုတော့ ရဟန်းတော်များက မိမိတို့ကို တားတယ် ထင်တာနဲ့ ရပ်သွားတယ်။
သားသမီးတွေက ငိုကြတယ်၊ ဒီတင် သူကပြန်ပြီး သတိလည်လာပြီးတော့
“ဘာပြုလို့ ငိုကြတာတုန်း”
“ဟာ - အဖေဟာ တစ်သက်လုံး တရားနာလို့ မငြီးတဲ့ အဖေ, ခုကြည့်ပါဦး၊ ကိုယ်တော်တွေ နေကြပါဦးလို့ တားတယ်”
“ဟေ့-မဟုတ်ဘူး၊ ဟယ်-နင်တို့ဟာ မဟုတ်ပါဘူး၊ ငါကိုယ်တော်တွေ မတားပါဘူး ကိုယ်တော်တွေ မတားပါဘူး၊ နတ်ပြည်က နတ်ရထားတွေက သူ့ ရထား တင်မယ်, ငါ့ရထား တင်မယ် ပြောနေကြလို့”
ဆိုတော့ တော်တော်ရှည်ရှည်ကြီး စကား ပြောလို့ ရနေသေးတယ်။
ဒါနဲ့ သားသမီးတွေက မယုံဘဲနဲ့ ကယောင်ကတမ်း ပြောတာများ ထင်ပါရဲ့ လို့ ဆိုတော့ “မဟုတ်ဘူးတဲ့၊ နင်တို့ ပန်းကုံး ကုံးကြစမ်း” ဆိုတော့ လုံးပြီးသားများ အဆင်သင့်များ ရှိမလားမသိဘူး “အထက် နတ်ပြည် ပစ်လိုက်”ဆိုတော့ ဟို တုသိတာနတ်ပြည်ရထားကို ကောင်းတယ်လို့ ပြောကြတာနဲ့ အဲဒီ ပစ်လိုက်တာ တုသိတာနတ်ပြည် ရထားမှာ ချိတ်နေတယ်၊ ပန်းကုံးချိတ်နေတာတော့ မြင်ရတယ်။ ဒိပြင်ဟာတော့ မမြင်ရဘူး၊ ပြောပြောဆိုဆို စုတိစိတ်ကျပြီးတော့ ပဋိသန္ဓေစိတ် ပြောင်းသွားပြီး နတ်ရထားပေါ် ပါသွားတာပဲတဲ့။ ဒီတော့ ကံဟာ -
“အနတ္တကတာနိ - အနတ္တဖြစ်တဲ့ ရုပ်နာမ်ခန္ဓာသည် ပြုအပ်ကုန်သော၊
ကမ္မာနိ - ကံတို့သည်၊
ကံ အတ္တာနံ - အဘယ်အတ္တသို့၊
ဖုသိဿန္တိ - ရောက်ကုန်လတ္တံ့နည်း”
လို့ ရဟန်းတစ်ပါးရဲ့ စဉ်းစား ချက်, ယုံမှားချက်ဟာ ပြေသွားရော၊ အနတ္တ ပြုပေမယ်လို့ သူများဆီ မရောက်ဘူး၊ ဒီရုပ် ဒီနာမ် ဒီခန္ဓာထဲက ပြုတဲ့ အနတ္တဟာ, ဒီရုပ် ဒီနာမ် ဒီခန္ဓာထဲက ပြုတဲ့ကံဟာ ဒီရုပ် ဒီနာမ် ဒီခန္ဓာထဲမှာပဲ အကျိုးပေးပါတယ် တဲ့။
နွားနို့နဲ့ နို့ချဉ် ဥပမာ
ဥပမာတစ်ခု စဉ်းစားကြဦးစို့၊ လူတစ်ယောက် ကနေ့ ဆိုပါတော့ မနက်စောစော နွားနို့ တစ်ပိဿာ ဝယ်ထားခဲ့၊ နွားနို့သည်ဆီ ငါသွားစရာရှိလို့ ငါ့ဖို့ နွားနို့ တစ်ပိဿာ လောက် ချန်ထားစမ်း၊ ကောင်းပါပြီခင်ဗျား၊ အေးအေးပဲ၊ ဒီနွားနို့ ငါ့ဖို့ပေါ့၊ နွားနို့တစ်ပိဿာ, သူက သွားလို့ ၊ ခရီးလွန်လို့၊ နက်ဖြန်ခါကျမှ ဟေ့-မနေ့က ငါ့နွားနို့တစ်ပိဿာ ပေးကွဲ့လို့ ဆိုတော့ ဟိုက နို့ချဉ်ဖြစ်နေပြီ၊ ရော့ - ခင်ဗျားနွားနို့၊ ဟဲ့ - ဒါနို့ချဉ် ဖြစ်နေပါမင့်လား၊ ငါမနေ့က နွားနို့ဝယ်တာ၊ မဟုတ်ပါဘူး၊ ဒါပါပဲ။ မဟုတ်ဘူးကွယ်၊ မနေ့က မင်းငါ့နွားနို့ ပေးပါကွဲ, ငါနို့ချဉ် မလိုချင်ပါဘူး၊ မဟုတ်ပါဘူး၊ ဒီဟာပါပဲ ခင်ဗျား။
ဒါနဲ့ ငြင်းခုံပြီးတော့ ရုံးရောက်တော့ ရုံးက သေသေချာချာ စစ်ဆေးကြည့်တော့ ခင်ဗျားရဲ့ နို့ချဉ်ဟာ ခင်ဗျားရဲ့ နွားနို့ပါပဲ။ အချိန်အားလျော်စွာ ပြောင်းပြီးတော့ နို့ချဉ် ဖြစ်သွားတာပါ၊ ခင်ဗျား နွားနို့ပါပဲလို့ ရုံးက ဆုံးဖြတ်လိုက်တော့မှ သူကျေနပ်ပြီးတော့ အဲဒီ နို့ချဉ်ကိုပဲ သူယူသွားတယ်၊
ဒီလိုပါပဲ၊ နွားနို့ဟာ နွားနို့အချိန်တုန်းက နွားနို့ ဖြစ်ပေမယ့် အချိန်အားလျော်စွာ နို့ချဉ်ပဲ ဖြစ်မှာပဲ၊ နွားနို့ဟာ ဒိပြင် သူ့တစ်စဉ် တစ်တန်းတည်း တစ်ချိန်ကျရင် ရေဖြစ်မသွားပါဘူး၊ နို့ချဉ်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီခန္ဓာကိုယ် ရုပ်နာမ်အစုထဲမှာ ပြုတဲ့ စေတနာဆိုတဲ့ နာမ်တစ်မျိုးဟာ ရုပ်နာမ်ထဲမှာပါတဲ့ နာမ်တစ်မျိုးဟာ အကျိုးပေးလို့ ရှိရင် ဒီရုပ်နာမ်အစဉ်ထဲက ဆိုင်ရာ ရုပ်နာမ်နဲ့ဆိုင်တဲ့ အကျိုးကိုသာ ပေးမှာပဲ၊ ဒိပြင် ရုပ်နာမ်ကို သွားပြီးတော့ မပေးပါဘူး၊ ဒိပြင်ကို မပေးပါဘူး၊
ဒါကြောင့် အနတ္တပြုတဲ့ ကံလဲပဲ ဒီအနတ္တဖြစ်တဲ့ ရုပ်နာမ်ခန္ဓာ ထဲမှာပဲ ကောင်းတာရော, ဆိုးတာရော ခံစားရမယ်လို့ ဟို-ရဟန်းက ဒီလို အပြောင်းအလဲ မသိတာနဲ့မို့လို့ အတ္တမဖြစ်ရင်တော့ ဘယ့်နှယ်လဲ ဖြစ်ပျက် ရုပ်နာမ်တွေဟာ ဟို - နောင်တစ်ချိန် ဘယ်သူက သွားပြီး ခံစားမှာလဲလို့ သံသယဖြစ်တာပါ။
တော်တော်ဆန်းကြယ်တဲ့ သေခါနီးဖြစ်ပုံ
တစ်ခါ ခုနက ပဋိသန္ဓေကို ဘုန်းကြီး ပြောပြဦးမယ်၊ သေခါနီးကျတော့ ခုနကလို အာရုံသုံးမျိုးထဲက တစ်မျိုးမျိုး ကံစွမ်းကြောင့် ထင်တယ်၊ ဘုန်းကြီးတို့ အိပ်မက် မက်တဲ့အခါ စဉ်းစားစမ်း၊ ဘာမှ စိတ်မကူးဘဲနဲ့၊ တစ်ခါတရံ စိတ်ကူးတာက တစ်မျိုး၊ အိပ်ခါနီး စိတ်ကူးနေတာက တစ်မျိုး၊ ည အိပ်မက် မက်တာက တစ်မျိုး၊
အဲသလို ပေါ့လေ သူ့ အစွမ်းတွေ အစွမ်းတွေဆိုတာဟာ တစ်မျိုးစီ တစ်မျိုးစီရှိတယ်၊ ဒီတော့ ကံကလဲပဲပေါ့လေ၊ သေခါနီးမှာ ကုသိုလ်ကံ အကျိုးပေးခွင့်သာတယ်ဆိုရင်, ကိုယ်က ကုသိုလ်ကံ အကျိုးပေးခွင့်သာအောင် ဘေးက ပတ်ဝန်းကျင်က ပန်းတွေ ဘုရား ပူဇော်လို့ ပရိတ်တရားတွေဘာတွေ ရွတ်လို့ ဒီလိုဆိုတော့ ကုသိုလ်ကံ ဘက်က အားကောင်းလာလို့ ကုသိုလ်ကံ အကျိုးပေးဖို့ အခွင့် ရလာတယ်။
သေခါနီးမှာပဲ သတ်ကြ ဖြတ်ကြ ရိုက်ကြ နှက်ကြ ထိုးကြ ပုတ်ကြနဲ့ ဒီလိုနေတုန်းမှာ ခုနက သေဖို့ရာ အချိန်ရောက်လာလို့ အာရုံထင်လာတော့ အကုသိုလ်ကံက အခွင့်သာလာပြန်တယ်။ အဲဒီအခါမှာ အကုသိုလ်ကံ အကျိုးပေးဖို့ရာ ခုနက အာရုံတွေ ထင်လာပြန်တာပဲ၊ ဒီတော့ ကံရဲ့ အစွမ်းသတ္တိဟာ တယ်ကောင်းတယ်၊ ထင်လာတော့လေ၊
အဲဒီအချိန်မှာ အဝိဇ္ဇာကလဲ ဖုံးရက်၊ ကံအာရုံကလဲ တစ်ခုခု ထင်လာရက်၊ အဝိဇ္ဇာကလဲ ဖုံးရက်၊ တဏှာကလဲ ထင်လာတဲ့ဘဝကို ညွတ်ရက်၊ တော်တော် ဆန်းကြယ်တယ်၊ ဒီ သေခါနီးဖြစ်နေတာ၊ အဝိဇ္ဇာကလဲ ရမယ့်ဘဝရဲ့ အပြစ်တွေ ဘာမှမမြင်ဘူး၊ အဝိဇ္ဇာ မကုန်ခန်းသေးလို့၊ တဏှာကလဲ ရမယ့်ဘဝကို ညွတ်ပြီးတော့နေတယ်။
မိကျောင်းမှန်း သိရက်နဲ့ လှမ်းဆွဲ
တော်တော်ဆန်းတာက အဲဒီအခါမှာ အကုသိုလ်ကံတွေ ထင်နေလို့ မကောင်းတဲ့ဘဝ ရောက်ရမယ်ဆိုလဲ တဏှာက အဲဒီ ဘဝကို ညွတ်နေတယ်။ ဘုန်းကြီးတို့ ဆိုကြပါစို့ရဲ့ ဥပမာက ပင်လယ်ထဲမှာ သင်္ဘောပျက်ရော၊ သင်္ဘောပျက်တော့ ပေါ်လာတော့ ရမ်းသမ်းပြီးတော့ တကတဲ ဆွဲကြတာ၊ တစ်ယောက်မှာ မိကျောင်းကြီး ဒီနား ပေါ်နေတုန်း အဲဒီ မိကျောင်းကြီးကို မိကျောင်းကြီးမှန်း သိရက်သားနဲ့ လှမ်းဆွဲလိုက်တာပဲ၊ ဘာပြုလို့တုန်း၊ မိကျောင်းကြီး ကိုက်မှာက နောက်ပဲ၊ ခုလောလောဆယ် မြုပ်မှာက အရင်ပဲ။ မိကျောင်းကြီးတွေ့ ပေမယ်လို့ မိကျောင်း လှမ်းဆွဲတာပဲ။
အဲ - သေခါနီးမှာ ဒီရုပ်နာမ်ခန္ဓာတွေ အကုန်လုံး အပြီးသတ်၊ တစ်ဘဝကံအရှိန် ကုန်တော့မယ်ဆိုလို့ရှိရင် လာမယ့်အသစ်ဘဝ အတွက် မကောင်းတဲ့ ဘဝပေမယ့်လဲ တဏှာက လှမ်းပြီးညွတ်တာပဲ။ အဝိဇ္ဇာကလဲ အပြစ်တွေ ဖုံးတာပဲ၊ တဏှာကလဲ ညွတ်တာပဲ၊ ကံကလဲ အဲဒီမကောင်းတဲ့ဘဝထဲ အကျိုးပေးဖို့ရာ သူက အဆင်သင့်၊ ကောင်းတဲ့ဘဝဆိုတော့ မပြောနဲ့တော့၊ ကံက အဆင်သင့်ကို လိုက် အကျိုးပေးမှာ၊ ဒါကြောင့် -
“အဝိဇ္ဇာနုသယပရိက္ခိတ္တေန - အဝိဇ္ဇာနုသယသည် ခြံရံအပ်သော၊
တဏှာနုသယမူလကေန - တဏှာနုသယလျှင် အကြောင်းရင်းရှိသော၊
သင်္ခါရေန - ကုသိုလ်ကံ အကုသိုလ်ကံဆိုတဲ့ ပြုစီမံခဲ့တဲ့ သင်္ခါရသည်၊
ဇနီယမာနံ - ဖြစ်စေအပ်သော၊
မာနသံ - စိတ်သည်၊
ဥပ္ပဇ္ဇမာနမေဝ - ဖြစ်လျှင်ဖြစ်ခြင်းပင်၊
ဘဝန္တရေ - ဘဝတစ်ပါး၌၊
ပတိဋ္ဌာတိ - တည်လေတော့သတည်း”။
ဒီ ဘုန်းကြီးတို့ လိုက်စားလာတဲ့သူတွေက အကြာကြီး လိုက်စားလာလို့သာ ယခုလို ပြောနိုင်တာနော်၊ သိမ်မွေ့နက်နဲတယ်, သိမ်မွေ့ နက်နဲတယ်။
ကြိုးတန်းဆွဲ မြောင်းခုန်ကူးတဲ့ ဥပမာ
ဒီတော့ ထပ်ပြီးတော့ စဉ်းစားကြ ဦးစို့ ၊ အာရုံ တစ်ခုက ထင်လာ၊ ဒီဘက်ဘဝက ကံဖြစ်စေ, ရှေးက ပြုထားတဲ့ ကံဖြစ်စေ၊ ပြုတုန်းက ကံ၏အာရုံဖြစ်တဲ့ ကမ္မနိမိတ် ခေါ်တဲ့ အာရုံဖြစ်စေ, နောက်ရမယ့် ဂတိဆိုတဲ့ ဂတိနိမိတ်ဖြစ်စေ အာရုံတစ်ခု ထင်လာတော့ စိတ်ဟာ အဲဒီ အာရုံ ဆွဲကိုင်ထားသလိုပဲ။ ဒီအာရုံ မလွှတ်ဘူး၊ ဒီအာရုံ မလွှတ်တော့ ဒီအာရုံက မပျောက်ချင်ဘူး၊ စုတေလဲ သွားရော အာရုံက မပျောက်ဘူး၊ စုတေလဲသွားရော နောက်ထပ် ပဋိသန္ဓေဟာ အဲဒီအာရုံ ဆွဲတာပဲ။
ဘုန်းကြီးတို့ ဘာနဲ့တူတုန်းဆိုတော့ ဒီကမ်းတစ်ခုကို, ရေမြောင်း တစ်ခုကို ဟိုဘက်ကမ်း ဒီဘက်ကမ်း ကူးတဲ့သူဟာ ဒီဘက်က အပေါ်က ကျနေတဲ့ ကြိုးတန်းကို ဆွဲပြီးတော့ လွှားကနဲခုန်ပြီးတော့ ဟိုဘက်ကမ်း ကူးလိုက်တယ်၊ ဒီကြိုးကိုင်ရက် ဟိုဘက်ကမ်း ရောက်သွားတယ်၊
ခုလဲပဲ သေခါနီး သူ့ရဲ့ စိတ်အစဉ်က ထင်လာတဲ့ အာရုံကို ကိုင်ရက်, မလွှတ်ဘူး၊ ထပ်ပြီးထင်, ထပ်ပြီးထင်, ထပ်ပြီးထင်၊ ဒီအာရုံ ကိုင်ရက် စုတိ ဒီအာရုံ ကိုင်ရက်၊ သေခါနီးဖြစ်တဲ့ စိတ်ဇောအစဉ်တွေဖြစ်, ပြီးတော့ စုတိဆိုတဲ့ မြောင်းကျော်ပြီးတော့ ဟိုဘက် ပဋိသန္ဓေဆိုတာ ဒီအာရုံကိုင်ရက်ပဲ၊ ပဋိသန္ဓေအသစ် ဖြစ်ပြန်တယ်၊ တော်တော်ကောင်းတယ်, တော်တော်ဆန်းတယ်, တော်တော်ကောင်းတယ်။
ပဋိသန္ဓေအမျိုးမျိုး
အဲဒီ ပဋိသန္ဓေစိတ်ဟာ အမျိုးမျိုး ရှိတယ်။ ဘုန်းကြီးတို့ အဏ္ဍဇပဋိသန္ဓေတဲ့ တချို့မှာ ကြက်များလို ဥထဲမှာ သွားဖြစ်တယ်၊
ဇလာဗုဇပဋိသန္ဓေတဲ့ တချို့မှာ လူများလို အများအားဖြင့် အမိရဲ့ ဝမ်းထဲ သားအိမ်ထဲမှာ သွားဖြစ်တယ်၊
ဒီပဋိသန္ဓေစိတ်ဟာ တချို့မှာ သံသေဒဇလို့ ဆိုပြီးတော့ ဟို ငါးပုပ်ထဲမှာ ဘယ်အမေ ဘယ်အဖေမှ မပါဘဲနဲ့ ပိုးမွှားလေး ငါးလောက်ကလေး ငါးပုပ်ထဲမှာ လောက်ကလေး သွားဖြစ်တယ်။ သံသေဒဇ ဘယ်အမေ ဘယ်အဖေမှ မပါဘူး၊ အဖေ အမေပါလို့ မွေးတဲ့လောက်က တစ်မျိုး၊ အမေ အဖေ မပါဘဲနဲ့ဖြစ်တဲ့ လောက်က တစ်မျိုး၊
ငါးပုပ်ထဲမှာ ငါးပိထဲမှာ သွားဖြစ်တယ်၊ တစ်ခါတည်း ပထမဆုံး အုပ်ထား၊ အိုးကို အာဏာကုန်ပိတ် နည်းနည်းကလေး ငါးပိကိုင်လိုက်တယ်ဆိုရင် တော်တော်ကြာ ဒီထဲ ပိုးကလေးဘာလေး ကျနေပြီ၊ ဘယ်ပိုးကမှ သန္ဓေလာပေးတာ မဟုတ်ဘူး၊ ငါးပိထဲကလဲ သန္ဓေပေးတာမဟုတ်ဘူး၊ ကံ၏အစွမ်းကြောင့် အဲဒီ ပိုးလောက်ကလေး ငါးပိထဲမှာ လာပြီး ဖြစ်နေတယ်၊ လာပြီးတော့ဆိုတော့ ဟိုကလာတာ မဟုတ်ဘူး၊ ကံ၏အစွမ်းနဲ့ အင်မတန် သေးသေးကလေးက စပြီး ဖြစ် လာတာ၊ မမြင်လောက်တဲ့ အနေကစပြီးဖြစ်လာတာ, လောက်ကလေး။
သြပပါတိက ဥပပတ်ပဋိသန္ဓေ ဆိုတာကတော့ တစ်ခါတည်း ထင်ထင်ရှားရှား ဘွားကနဲ သွားပြီးတော့ ဖြစ်တယ်၊ သွားပြီးတော့ ဆိုတော့ ဒီကသွားတာ မဟုတ်ဘူး၊ ခုနကလိုပဲ ပဋိသန္ဓေစိတ်အနေ ကတော့ ခုနကလို ပြောင်းသွားတာ၊ ဒီဘက်က စုတိစိတ်, ဟိုဘက်က ပဋိသန္ဓေစိတ်၊ စုတိစိတ်က ဖြစ်ပျက်ရက်ပဲ၊ ပဋိသန္ဓေစိတ် ကလဲ အသစ်ဖြစ်ရက်ပဲ၊
နတ်တွေ ဘာတွေဆိုတဲ့ဟာ အောက်ပိုင်းနတ်တွေက မိဘတွေ ဘာတွေ ရှိပါတယ်၊ ဟို အထက်ပိုင်းနတ်တွေမှာ ဘယ် မိဘမှ မရှိဘူး၊ ဒီလိုပဲ ဥပပတ်ပဋိသန္ဓေ ဆိုတဲ့အတိုင်း ဘွားကနဲ ဖြစ်တယ်၊ ထင်ထင်ရှားရှား ဖြစ်တယ်၊ ခုနကလို ပြောင်းတော့ ခုနကလို ပြောင်းတာပဲ၊ စုတိ ပဋိသန္ဓေ၊ ခုနက အာရုံတစ်ခုခုနဲ့ ပြောင်းလိုက်တာပဲ၊ စုတိ ပဋိသန္ဓေ၊ ဒီတော့ ဘုန်းကြီးတို့က ယခု ဣန္ဒကနတ် သံသယဖြစ်နေတဲ့ ဝမ်းထဲ ဘယ့်နှယ်လုပ်ပြီးတော့ တည်နေနိုင်သတုန်းလို့ဆိုတော့ ဟော - ပထမဆုံး ပဋိသန္ဓေစိတ် သွားပြီးတော့ ဖြစ်တယ်။
ကံ အင်မတန်သတ္တိရှိ
ကံဘယ်လောက် သတ္တိရှိသလဲဆိုတာကိုလေ ဘုန်းကြီး ပြောပြဦးမယ်။
(၁) အမိဝမ်းထဲမှာ အမိက ရာသီဥတုများလဲ ပွင့်ပြီးလို့ ရပ်တည်နေပြီ၊ သားအိမ်ဟာ စင်ကြယ်လို့၊
(၂) မိဘနှစ်ပါးလဲပဲ ပျော်ပျော်ပါးပါးနဲ့ ပေါင်းဆုံမိပြီ။
(၃) ဒီမှာရောက်မယ့် သတ္တဝါတစ်ယောက် စုတိပြီးတော့ ခုနက ပဋိသန္ဓေစိတ် ဖြစ်မယ့် သတ္တဝါလို့ခေါ်နေတဲ့ သမ္မုတိသစ္စာ နယ်က သတ္တဝါလို့ ခေါ်နေတဲ့ ရုပ်နာမ်အစဉ်က ဒီမှာဖြစ်ဖို့ရန် ကံအကျိုးပေးနေဖို့ ရှေးရှုတယ်ဆိုရင် ဒီမှာ လာပြီးတော့ ပဋိသန္ဓေစိတ် ဖြစ်တယ်။ ဒီလိုမှမဟုတ် မဖြစ်ပါဘူး၊ ဟို - မိဘ နှစ်ပါးက ပျော်လို့, သွေးသားတွေ ဘာတွေ သန့်ရှင်းလို့၊ ဒီလို နေပေမယ့် ဟိုက သတ္တဝါတစ်ယောက် မပါရင် မဖြစ်ပါဘူး။
တစ်ခါတုန်းက ပါရှားဆိုမှတ်တယ်၊ သူ့ဒုတိယမိဖုရား သားသမီး မရလို့ ကွာပစ်ရမယ်၊ သားသမီးရအောင် ကြိုးစားလိုက်တာ၊ ပါရှားဘုရင်လဲ ကြိုးစားမယ်, မိဖုရားလဲ ကြိုးစားမယ်၊ ဆေးကောင်း ဝါးကောင်းလဲ သားအိမ် သန့်ရှင်းအောင် မနဲ ကြိုးစားမယ်။ အဲသလောက် ကြိုးစားရက်နဲ့ သားရတနာ မရပါဘူး။
ဘုန်းကြီးတို့ မြတ်စွာဘုရားရဲ့ လက်ထက်ကလဲ ဒီလိုဝတ္ထုတွေ ရှေးရှေးက ကြိုးစားပါရက်နဲ့ မရတဲ့ပုဂ္ဂိုလ်တွေရှိတယ်၊ ဒါရှေ့ကအင်္ဂါ နှစ်ပါး၊ မိဘနှစ်ပါးကလဲ အတူတူပေါင်းသင်းကြတယ်၊ သွေးသားကလဲ သားအိမ်မှာ သန့်ရှင်းပြီးတော့ နေတယ်၊ ဒါပေမယ်လို့ ပဋိသန္ဓေကို မရဘူး၊ သားသမီးကို မရဘူး။ ဒီတော့ ကံဟာ ဘယ်လောက်သတ္တိ ရှိလဲ၊ ကံကိုရှိမှ၊ တချို့ မိဘတွေမှာလေ သားသမီး ရထိုက်တဲ့ ကံကို မပါလို့ ၊ သားသမီး ဘယ်လောက် ဆုတောင်း ဆုတောင်း မရဘူး။
ဗောဓိမင်းသားနဲ့ မိဖုရား
ရှေးတုန်းက ဘုရားလက်ထက်က ဗောဓိမင်းသား, သူ့ရဲ့ မိဖုရား သားသမီး လိုချင်လိုက်တာ၊ သူတို့ နှစ်ယောက်စလုံး မြတ်စွာဘုရားနှင့် တကွ ရဟန်းတော် အရှင်မြတ်တွေ ဆွမ်းဘုဉ်းပေး ပင့်တော့ ငါတို့ သားသမီး ရဖို့ရှိရင်တော့ မြတ်စွာဘုရား ဒီအဝတ် နှင်းမှာပဲလို့ လှေကားမှ စပြီးတော့ အဝတ်ဖြူတွေ ခင်းပြီးတော့ထား၊ သူကလဲ စိတ်က အဓိဋ္ဌာန်ထားတယ်၊ သားသမီးရရင် မြတ်စွာဘုရား နင်းပါစေ၊
မြတ်စွာဘုရားလဲ ဒီလှေကားဦးရောက်ရော၊ သူကလဲပဲ ကြွတော်မူပါဘုရား၊ နင်းစေချင်လိုက်တာ၊ မြတ်စွာဘုရားက သူ့စိတ်ဓာတ်ကို သိတော်မူတော့ နှင်းတော်မမူဘူး၊ ရပ်ပြီးနေတော့မှ အရှင်အာနန္ဒာက ရုပ်လိုက်ပါ ဆိုလို့ အားလုံး အခင်းတွေ ရုပ်လိုက်ပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ် ဒီနန်းတော်ပေါ် တက်တယ်၊ နန်းတော်ပေါ် တက်ပြီးတော့ သူတို့မှာ ဒီ သားသမီး ရထိုက်တဲ့ကံ မပါဘူး။
ရှေးတုန်းက ဒီမိဖုရားပဲ, ဒီမင်းသားပဲ၊ တစ်ဘဝတုန်းက သူတို့ နှစ်ယောက် သမီး ခင်ပွန်းဖြစ်ကြတော့ ဟိုကုန်သည်တွေနဲ့ သွားရာက သင်္ဘော သို့မဟုတ် လှေကြီး ပျက်တာနဲ့ ကျွန်းတစ်ကျွန်း ရောက်သွားတော့ ဒီသမီးခင်ပွန်း နှစ်ယောက်ပဲ ငှက်ဥကလေးတွေလား, ငှက်ကလေးတွေလား သဘောတူပြုတ်ပြီး စားခဲ့ကြတယ်၊
အဲဒီဟာကြောင့်, ဒီအကြောင်းကြောင့် အဲဒီအကျိုးဟာ ဒီဘဝ အခွင့်သာနေလို့မို့ သူတို့နှစ်ယောက် ဘယ်လိုပဲ ကြိုးစားသော်လဲပဲ သားသမီး မရတော့ဘူး၊ ကံ ဘယ်လောက် ဆန်းကြယ်လဲ၊ ဒီကံဟာ မြတ်စွာဘုရားရှင်သာ ထင်ရှားရှိတော် မမူဘူးဆိုရင် တောင်တွေး မြောက်တွေး, တောင်ပြော မြောက်ပြော စဉ်းစားကုန် ကြမှာပေါ့၊ ဒါကြောင့် ကံ အင်မတန် သတ္တိရှိတယ်နော်။
မိန်းမ, ယောက်ျား ကွဲပြားလာပုံကြည့်
ဒီတော့ အမိဝမ်းထဲမှာ ခုနက အကြောင်းသုံးပါး ညီညွတ်တော့ ပဋိသန္ဓေဆိုတဲ့ အရာဝတ္ထုက စိတ်ချည်းမကဘူး၊ ပဋိသန္ဓေဝိညာဏ်ရယ်, အဲဒီ ဝိညာဏ်နဲ့ တွဲဖက် ဖြစ်တဲ့ ဘုန်းကြီးတို့ စေတသိက်ဆိုတဲ့ ဖဿတို့ ဝေဒနာတို့ သညာတို့ စေတနာတို့ ဆိုတဲ့ အဲဒီ စေတသိက်တွေရယ် အားလုံး သုံးဆယ်ကျော်လောက်ရှိတယ်။ ပဋိသန္ဓေဝိညာဏ်ရယ်, အဲဒီ စေတသိက်တွေ သုံးဆယ်ကျော်လောက်ရယ်, ပြီးတော့ ကံကြောင့်ဖြစ်တဲ့ ရုပ်ကလေး ရုပ်မှုန့် ရုပ်ကလာပ် ကလေး မနေ့ကပြောတဲ့ ကလာပ်စည်းဆိုတဲ့ရုပ် တစ်ခု တစ်ခု ဆယ်မျိုးလောက် ရှိတယ်၊ အဲဒီ ဆယ်မျိုးလောက် စုနေတဲ့ ရုပ်ကာလပ် ကလေး သုံးဆယ်လောက်ရယ်, တစ်ခါတည်း ဖြစ်တယ်၊
အမေရဲ့ သွေးလဲ မဟုတ်ဘူး၊ အဲဒီ ရုပ်ကလာပ်တွေဟာ အဖေရဲ့ သွေးလဲ မဟုတ်ဘူး၊ အဖေ အမေရဲ့ သွေးကတော့ ဘယ်သဘော ရှိသလဲဆိုတော့ ဘုန်းကြီးတို့ ဟို-သစ်ပင်စိုက်တဲ့အခါ ဆိုပါတော့ သရက်ပင် စိုက်တဲ့အခါဆိုရင် ရွှံ့ညွန်ကလေးပါရတယ်၊ ရေကလေး ပါရတယ်။ အဲဒီ ရွှံ့ညွန်ထဲမှာ သရက်ပင် စိုက်ရသလို မိဘများရဲ့ သွေးသားကတော့ အဲဒီ ရွှံ့ညွန်သဘောမျိုးပဲ။
ပဋိသန္ဓေတည်ပုံ
အဲဒီခန္ဓာကိုယ်ကလေး စတည်တဲ့ အချိန်တုန်းက မိဘရဲ့ သွေးသား မဟုတ်ပါဘူး၊ မိဘရဲ့ သွေးသားဟာ ရွံ့ညွန်သဘောပဲ၊ ကံကြောင့် ခုနက ရုပ်ကလာပ် သုံးဆယ်ရယ်, ဝိညာဏ်ရယ်, သုံးဆယ်ကျော်လောက်ဖြစ်တဲ့ စေတသိက်တွေရယ် စုပေါင်းပြီးတော့ ပဋိသန္ဓေဆိုတဲ့ ရုပ်နာမ် ခန္ဓာလေး စတည်တယ်၊ ဘယ်အတ္တ ပါမလဲ၊ ဘယ်မှာမှ အတ္တ မပါဘူး၊ ဖြစ်ပျက်ပဲ, ဖြစ်ပျက်ပဲ။
ဒီတော့ လူတွေက ဘယ်လောက် အထင်မှားနေတုန်းလို့ဆိုတော့ ပထမဆုံးဖြစ်တဲ့ အဲဒီရုပ်ကလာပ်ကလေး ဘုန်းကြီးတို့ ကလလရေကြည် ခေါ်တယ်၊ အဲဒီ ကလလ ရေကြည်ကလေးကို မိဘတို့ရဲ့ သွေးသား ဘေးက ဘာမှမပါဘူး၊ ဘယ်ကံနဲ့မှ မဆိုင်ဘူး၊ မိဘတို့ရဲ့ သွေးသားလို့ ထင်နေတယ်၊
ဒါဖြင့် ခုနက ရှင်ဘုရင်ဟာ သူတို့ သွေးသားတွေ အင်မတန် ကြိုးစားတာပဲ မဟုတ်လား၊ ဘာပြုလို့ ပဋိသန္ဓေမရသလဲ။ ဒီလို စဉ်းစားကြည့်ပါ၊ တစ်ဖန် အဲဒီ မိဘတို့ရဲ့ သွေးသား တူရက်သားနဲ့ အားချင်း ဘာချင်း တူရက်သားနဲ့ ဘာပြုလို့ ရုပ်ကလာပ် တစ်စုမှာတော့ကာ ပဋိသန္ဓေဝိညာဏ် စိတ်စေတသိက်, တစ်စု မှာတော့ကာ မိန်းမဖြစ်ဖို့ရန် အခြေခံဖြစ်နေသလို၊ တစ်စုမှာတော့ ယောက်ျားဖြစ်ဖို့ရန် အခြေခံဖြစ်နေတယ်၊ အမိအဖတို့ရဲ့ သွေးသားလို့ သူတို့က ထင်နေတာ။
ဟော - ဘုန်းကြီးတို့ အဲဒီ ရုပ်ကလာပ်ထဲမှာ သုံးဆယ်ထဲက ရုပ်ကလာပ်သုံးခုထဲက တစ်ခုကို ဆယ်ခုပါတယ်၊ ရုပ်ကလာပ်သုံးစု ထဲက မိန်းမဖြစ်မယ့်သူမှာ အဲဒီ အချိန်မှာပဲ ဣတ္ထိဘာဝရုပ်ကလာပ်၊ ဘာမိဘသွေးသားမှ မဟုတ်ဘူး၊
ယောက်ျားဖြစ်မယ့်သူမှာ အဲဒီ ပဋိသန္ဓေစတဲ့ ပထမဆုံး စိတ္တက္ခဏအချိန်မှာ ပုရိသဘာဝရုပ်ကလာပ်၊ ခန္ဓာကိုယ်ဖြစ်မယ့် ကာယဒသကကလာပ်၊ ပြီးတော့ စိတ်ရဲ့ မှီဖို့ရန် ဖြစ်မယ့် ဟဒယဝတ္ထု၊ ဒီသုံးကလာပ်ပဲရှိတယ်၊ ဟဒယ စိတ်မှီဖို့ရန် ဟဒယ ဝတ္ထု ဆိုတဲ့ ရုပ်ကလာပ်တစ်မျိုး၊ ခန္ဓာကိုယ် ကျယ်ပွားပြီး သွားဖို့ရန် ကာယဒသက ဆိုတဲ့ ရုပ်ကလပ်တစ်မျိုး၊
မိန်းမမှာဖြင့် မိန်းမဖြစ်ဖို့ရန် မျိုးစေ့ဖြစ်တဲ့ ဣတ္ထိဘာဝ ရုပ်ကလာပ်တစ်မျိုး၊ ဒါမှ မဟုတ် ယောက်ျားဖြစ်မယ်ဆိုရင် ပုရိသဘာဝရုပ်ကလာပ်တစ်မျိုး၊ ဟောဒီ ရုပ်ကလာပ်သုံးစည်း ကလာပ်သုံးစည်း ရုပ်သုံးဆယ်၊ ခုနက စိတ်စေတသိက်၊ အဲဒါ ပထမဆုံး စတည်တာပဲ၊ ဒါကို ကလလ ရေကြည်လို့ ခေါ်တယ်၊ ကံစွမ်းကြောင့်။
အမိဝမ်းထဲ စိတ်စေတသိက်တွေ သွားဖြစ်တယ်ဆိုတာ မယုံဘူးလား
အဲ - တပည့်တော် စိတ်ရော, ဘာရော,စေတသိက်ရော အမိဝမ်းထဲ သွားဖြစ်တယ်ဆိုတာ တပည့်တော် မယုံနိုင်ဘူး၊ ပြောပြစမ်းပါ၊ တပည့်တော် နားလဲမလည်ဘူး, ယုံလဲ မယုံဘူး။
ကောင်းပြီ၊ အမိဝမ်းထဲ ဖြစ်တာကို မယုံနိုင်လို့ရှိရင် ယခု လောလောဆယ် ဖြစ်နေတဲ့ စိတ်တွေကို မောင်စဉ်းစားကြည့်ပါလို့ ဘုန်းကြီးက ပြန်မေးချင်တယ်။
ခုလောလောဆယ် ဖြစ်နေတယ် ဆိုပါတော့ စက္ခုပသာဒလဲ ဝမ်းထဲမှာ ရှိတယ်၊ မျက်စိထဲမှာ ရှိတယ်၊ အပြင်ဘက်က ရူပါရုံလဲ ရှိတယ်၊ အရောင်အလင်းလဲ ရှိတယ်၊ နှလုံးသွင်းလဲ ရှိတယ်ဆိုရင် စက္ခုဝိညာဏ် မြင်စိတ်ဖြစ်တယ်၊ အဲဒီ မြင်စိတ် ဘယ်ကလာသလဲ။
ဒီမျက်စိထဲမှာ နဂိုတုန်းက စိတ်တွေ၊ နဂိုတုန်းက ပုံပြီးတော့ နေသလား၊ အဲဒီ မြင်ပြီးတော့ စက္ခုဝိညာဏ်စိတ်ဟာ ဘယ်မှာ ရောက်ပြီး ဘယ်သွားစုနေသလဲ၊ မျက်စိရဲ့ ဘေးမှာ စုနေသလား၊ အဲဒီဟာလေး လက်တွေ့ကလေး လက်တွေ့ ကလေး၊ မျက်စိနဲ့မြင်တဲ့ စိတ်တစ်ခုပဲ စဉ်းစားကြည့်ပါ။
ပင်ကိုယ်က ရှိနေတာမဟုတ်ဘဲ ပေါ်လာ
ဘုန်းကြီးတို့ ဘယ့်နှယ်ပြောသတုန်း။
“အဒဿနတော အာယန္တိ ဘင်္ဂါ ဂစ္ဆန္တဒဿန”
အဒဿနတော - မမြင်ကွယ်ရာမှ၊
အာယန္တိ - ဘွားကနဲ ဖြစ်ပေါ်၍ လာကြကုန်၏၊
ဘင်္ဂါ - ချုပ်ပျက်ကြကုန်သည်ရှိသော်၊
အဒဿနံ - မမြင်ကွယ်ရာသို့၊
ဂစ္ဆန္တိ - ရောက်ကြလေကုန်၏။
မျက်စိရဲ့ ထောင့်ထဲမှာ နဂိုကလဲ စုနေတာ မရှိဘူး၊ မြင်ပြီးတော့ တစ်ဖက် ထောင့်ထဲမှာ စုနေတာမရှိဘူး၊ အကြောင်း ပြည့်စုံလို့ရှိရင် ဖြုန်းခနဲ စက္ခုဝိညာဏ်စိတ်ဖြစ်၊ ဖြုန်းခနဲ ချုပ်၊ အသံကြားတဲ့အခါ ဖြုန်းခနဲ သောတဝိညာဏ်စိတ်ဖြစ်၊ ဖြုန်းခနဲ ချုပ်၊ ဘယ်မှာမှ စုပြီး ဆောင်းပြီး ဘယ်မှာမှ မရှိပါဘူး။
အနုပ္ပန္နာ ဥပ္ပဇ္ဇန္တိ, ဥပ္ပန္နာပိ နိရုဇ္ဈရေ၊
နိစ္စံ နဝါ၀ သင်္ခါရာ, ဝီဏာသဒ္ဒသမူပမာ။
သင်္ခါရာ - ရုပ် နာမ် သင်္ခါရ တရားတို့သည်၊
အနုပ္ပန္နာဝ - စုပြီး ဆောင်းပြီး ဖြစ်ပြီး မဟုတ်ကုန်ဘဲသာလျှင်၊
ဥပ္ပဇ္ဇန္တိ - အကြောင်းအား လျော်စွာ ရုတ်တရက် ဖြစ်ပေါ်၍ လာကြကုန်၏၊
ဥပ္ပန္နာပိ - ဖြစ်ကုန်ပြီးသော်လည်း၊
နိရုဇ္ဈရေ - ချက်တစ်ဖြုတ် ရုတ်တရက် ချုပ်ပျက်ကြလေကုန်၏၊
နိစ္စံ နဝါ၀ - အမြဲဖြစ်လျက် အသစ်စက်စက် တို့ချည်းသာတည်း။
အဟောင်း တစ်ခုမှ မရှိဘူး၊ ဖြစ်ပြီးသားက ထပ်ဖြစ်တာ မရှိဘူး၊ ဖြစ်ပြီးသား ချုပ်, နောက်ထပ် ဖြစ်၊ ဖြစ်ပြီးသား ချုပ်, နောက်ထပ် ဖြစ်၊ ဖြစ်ပြီးသားက ထပ်ဖြစ်တာ မဟုတ်ဘူး၊ အသစ်စက်စက်ချည်းပဲ။
စောင်းသံဥပမာ
“ဝီဏာသဒ္ဒသမူပမာ - စောင်းကြိုး စောင်းခွက်, တီးမှုတ်တွက်ကြောင့် ပေါ်ထွက် ဖြစ်ဟန် စောင်းသံနဲ့ အလားတူလှလေကုန်သတည်း”
အဆင်သင့် စောင်း ပြင်ထား၊ စောင်းတီးဖို့ တုတ် လက်ခပ်ကလေးလဲ ရှိထား၊ လူက ပယောဂစိုက်လိုက်လို့ တီးလိုက်၊ အသံထွက် ပျောက်သွား၊ အသံ ဘယ်နားက လာသလဲ၊ လျှောက်ကြည့် လျှောက်ကြည့် လျှောက်ကြည့်၊ တုတ်ထဲကလား ဒီအသံဟာ၊ စောင်းခွက်ထဲကလား ဒီအသံဟာ၊ လျှောက်ကြည့် လျှောက်ကြည့်၊ အသံပြီးတော့ ဘယ်ပျောက်သွားတုန်း၊ ဘယ်နားမလဲ၊ စောင်းခွက်ထဲလား၊ မရှိဘူး။
“ဝီဏာသဒ္ဒသမူပမာ - စောင်းကြိုး စောင်းခွက်, တီးမှုတ်တွက်ကြောင့် ပေါ်ထွက် ဖြစ်ဟန် စောင်းနဲ့ အလားတူလှလေကုန်၏”
ဒီလိုပဲ ဒါကြောင့် ဖြစ်ပျက်ပါလို့ ပြောနေတာ၊ ဒီတော့ လက်ရှိ မသေသေးပဲနဲ့ လက်ရှိဖြစ်တဲ့ စက္ခုဝိညာဏ်လေးဟာ ထို့ကြောင့် ဖြစ်လာတဲ့ဟာကို ဘယ်က ဖြစ်သလဲလို့ အသင်တို့ ရှာလို့မှမရဘဲ။ ဘာဖြစ်လို့ ပဋိသန္ဓေစိတ်ကျမှ ဘယ်က ဖြစ်လာသလဲ၊ အမိဝမ်းထဲမှာ, မျက်စိထဲ ဘယ်က ဖြစ်လာသလဲနဲ့ ဘာထူးသေးသလဲ၊ ဒါကြောင့် အကြောင်းရှိလာလို့ရှိရင် အကျိုးပေါ်တာပေါ့လို့။
“ကုသလာကုသလာကမ္မံ - ကုသိုလ်ကံ အကုသိုလ်ကံသည်၊
ဝိပါကာနံ - အကျိုးဝိပါက်လို့ခေါ်တဲ့ ပဋိသန္ဓေဝိညာဏ်ကစ၍ အကျိုး ဝိပါက်လို့ ခေါ်တဲ့ စိတ် စေတသိက် တရားတို့အား လည်းကောင်း၊
ကဋတ္တာ စ ရူပါနံ - ကဋတ္တာရုပ် ကမ္မဇရုပ်လို့ခေါ်တဲ့ ခုနကရုပ်ကလာပ် သုံးစည်း စတဲ့ ရုပ်တရားတို့အားလည်းကောင်း၊
ကမ္မပစ္စယေန - ကမ္မပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုနိုင်သည်။
ဟောတိ - ဖြစ်၏”
လို့ ဘုရားရှင်ကိုယ်တော်မြတ်က ဟောတော်မူတာ သိပ်ကောင်းတာ၊ ဘုရားရှင် ကိုယ်တော်မြတ်သာ မပွင့်လို့ရှိရင် ဟောတော်မမူရင် ဘယ်ပြဿနာ ဘယ်သူမှ ဖြေလို့ မရတဲ့ ပြဿနာပဲ။
ကံနဲ့ အမေ အဖေ အကြောင်းနှစ်ပါးကွဲပြား
ဒါကြောင့် ကံကြောင့် အမိဝမ်းထဲ ရောက် သွားတဲ့ ကလလရေကြည် “ပဋ္ဌမံ ကလလံ ဟောတိ, ကလလာ ဟောတိ အဗ္ဗုဒံ” ခုနစ်ရက်လောက်ကျတော့ ခုနက ရေကြည်ကလေး ဟာ အမြှုပ်ဖြစ်သွားတယ်၊ ဒီအထိ အမေအဖေနဲ့ ဆိုင်တယ်လို့ မဆိုသေးနဲ့၊ အမြှုပ်ဖြစ်သွားတယ်၊ နောက်ခုနစ်ရက်လောက်ကြာ၊ ဆယ့်လေးရက် လောက်ကြာတော့-
“အဗ္ဗုဒါ ဇာယတေ ပေသိ” အသားတစ်ကလေး ပျော့စိစိဖြစ်လာ၊ ဒီခန္ဓာကိုယ် ကလေးဟာ အသားတစ်ကလေး ပျော့စိစိကလေးဖြစ်လာ၊ အဲဒီအခါကျတော့ ဘယ်လို ဖြစ်နေတုန်းလို့ဆိုတော့ အမေက စားလိုက်တဲ့ အစာတွေ ဟိုရုပ်ကလာပ်ချင်း ဆက်ပြီးတော့ အမေစားလိုက်တဲ့ အစာက ခုနက သားအိမ်ထဲမှာ ဆက်ပြီးတော့ ကလေးရဲ့ ခုနက သားတစ်ပျော့ပျော့လေးမှာ လူးတယ်ကိုး၊ ဆက်တယ်, ဆက်မိလို့ လူးတယ်၊ သူအဲဒီက သူ့မှာနည်းနည်းလေး အစာရုပ်တွေ ရတယ်၊ အမေ့အစာ, အမေစားတဲ့ အစာကလေး နည်းနည်းရတယ်၊
အမေရဲ့ သွေးသားကလဲ သူ့ရဲ့ နေရာဖြစ်တဲ့ ခုနက ရွှံ့ညွန်လို ဖြစ်နေတော့ အမေရဲ့ အသွေးအသားဓာတ်ကလဲ ကူးနေတယ်၊ အဖေရဲ့ သွေးသား ဓာတ်ကလဲ ခုနက အမိသားအိမ်ထဲမှာ ရှိနေတော့ ကူးနေတယ်။ ဒါလောက်ရတော့ ကူးအားရှိသွားပြီ၊ စောစောက ကလလရေကြည် တုန်းကတော့ သိပ်ကူးအား မထင်ရှားဘူး၊ မကူးဘူးတော့ မဆိုလိုဘူး၊ နည်းနည်းတော့ ကူးမယ်၊ ကူးပေမယ်လို့ ခုနက နှစ်သတ္တာဟ ခုနစ်ရက် နှစ်ပတ်လောက်ရောက်တော့ တော်တော်ကို ကူးသာလာ တယ်၊ ဒါကြောင့် အဖေနဲ့ ရုပ်တူတယ်၊ တချို့က အမေနဲ့ ရုပ်တူတယ်၊ အဲဒီ အကူးလေးရှိတယ်။
ဟို - ပထမဖြစ်တုန်းက အမေအဖေနဲ့ မဆိုင်ပါဘူး၊ ရွှံ့ညွန်သဘောပဲ ရှိတယ်၊ နောက်တော့ ရုပ်ကလာပ်က ဒီလို နည်းနည်းလေးကြီးတော့ ဒီအထဲမှာ နေရတော့ အမိသွေးသားလေးတွေကလဲ ဆက်တယ်၊ အဖေ့သွေးသားကလေးတွေကလဲ ဆက်တယ်၊ အဖေ့ရုပ်နဲ့ ခပ်ဆင်ဆင်, အမေ့ရုပ်နဲ့ ခပ်ဆင်ဆင်၊ အဲဒီ သွေးသား ကလေးတွေက ဆက်တာ မို့လို့ မွေးလာတဲ့အခါကျတော့ အဲဒီလို ဖြစ်လာတယ်။
အဲသလိုသာ ဖြစ်လာတာ၊ အမေက, အဖေက သားလေးမွေး ချင်တဲ့ဟာ သမီးလေး မွေးတယ်၊ ဘာတတ်နိုင်သေးလဲ, ဘာတတ်နိုင်သေးလဲ၊ အမေ အဖေရဲ့ သွေးသား ဆက်တာသာ မှန်တယ်၊ ခုနက အရင်းခံက အမေ အဖေ မဟုတ်ဘူး၊ အမေ အဖေရဲ့ ကိစ္စ မဟုတ်ဘူး၊ ဆက်တော့ ဆက်ပါတယ်၊ အဲဒီ ဆက်တာကို ဘုန်းကြီးတို့က ဘာ ပြောလဲဆိုတော့ ဥတုဇရုပ်၊ ဥတုအငွေ့ချင်း ဆက်ပြီးတော့ အဲဒီ ရုပ်တွေက ကလေးထဲမှာ ပါလာတယ်။
အကြောင်းနှစ်ပါးအရ တူ, မတူ ဖြစ်သွားရ
ပထမ တည်တာက ကမ္မဇရုပ်၊ ဒါကြောင့် မွေးလာတဲ့အခါကျတော့ တချို့က အမေ အဖေလောက် အရည်အချင်း မရှိဘူး၊ စိတ်နေစိတ်ထား ညံ့တယ်၊ ဒါ ကံညံ့လို့၊ တချို့က အမေ,အဖေထက် စိတ်နေစိတ်ထား မြင့်လာတယ်, ကံရှိလို့။
အဲ - အမွှာမွေး နှစ်ယောက်တောင်မှ ဒီသွေး ဒီသားနဲ့ အတူတူ မွေးတဲ့ နှစ်ယောက် တောင်မှ တစ်ယောက်က ဉာဏ်ထက်တယ်၊ တစ်ယောက်က ဉာဏ်မထက်ဘူး၊ တစ်ချိန်တည်း ပဋိသန္ဓေတည်တဲ့ အမွှာမွေး နှစ်ယောက်၊ တစ်ယောက်က မိန်းမဖြစ်တယ်။ တစ်ယောက်က ယောက်ျားဖြစ်တယ်၊ ဒီ သားအိမ်ထဲမှာ အတူတူနေခဲ့တယ်၊ ဒါ ခုနက ဘုန်းကြီး ပြောခဲ့တယ်၊ ပဋိသန္ဓေဝိညာဏ်နဲ့ ရုပ်ကလာပ် သုံးစည်းဖြစ်တုန်းကိုက ကွဲလာပြီးပြီ။
ဒါကြောင့် တစ်ယောက်က မိန်းမ, တစ်ယောက်က ယောက်ျား၊ ယောက်ျားချည်း နှစ်ယောက်ဖြစ်တောင် တစ်ယောက်က ဉာဏ်ကောင်းတယ်, စိတ်ကောင်းတယ်, သဘောကောင်းတယ် တစ်ယောက်က စိတ်နည်းနည်း ယုတ်မာတယ်, ဉာဏ်က လေးတယ်, ရုပ်လဲ တယ်ပြီးမကောင်းဘူး၊ အသွေးအသားချင်း သာမန်တူတာ၊ သိပ်မကောင်းဘူး၊ အဲသလို ကွာလာတယ်၊
အဲဒါ နဂိုမူလ ကလာပ်စည်း သုံးခုကတည်းက ကွာနေတာ၊ အကျိုးပေးတဲ့ ဟိုဘက် ဘဝကံကိုက ကွာနေတာ၊ ကလာပ်သုံးစည်းကိုက ကွာနေပြီ သတ္တိချင်း၊ ဒါနဲ့မို့လို့ မွေးလာလို့ ဒီဘက်ကျတော့ အကျိုးပေးချင်းလဲ တစ်ယောက်နဲ့ တစ်ယောက် မတူဘူး၊ သေချိန်လဲ တစ်ယောက်နဲ့ တစ်ယောက် မတူဘူး၊ တစ်ခါတလေ သတင်းစာတွေ ဘာတွေက ရုပ်တွေ တူလိုက်တာ, စိတ်တွေလဲ တူတယ်၊ တစ်ယောက် ဖျားတော့, ဖျားတယ်၊ ဟုတ်တယ်၊ အဲဒီ ဥတုဇရုပ်တွေကလဲ ပါလာတယ်။
အမေရဲ့ သွေးသားတွေကလဲ ပါလာတယ်၊ အဲသလောက်တော့ တူချင် တူလိမ့်မယ်၊ ဉာဏ်ချင်း မတူပါဘူး၊ ကံချင်း မတူပါဘူး၊ အကျိုးပေးချင်းလဲ မတူပါဘူး၊ တူသင့်သလောက်တော့ တူပါတယ်၊ အဲ ဘာဖြစ်လို့တုန်းဆိုတော့ အမေရဲ့ အဖေရဲ့ သွေးသားတွေက ဓာတ်ဆက် ပြီးတော့ လာတယ်၊ စားတာ သောက်တာတွေက တစ်မျိုးတည်း စားကြ သောက်ကြတယ်။ နေ့တဲ့ ဥတုက တူတူ နေကြတယ်ဆိုတော့ ဖျားတာ အတူတူ ဖျား၊ နာတာ အတူတူ နာမယ်၊ အဲသလို စသည် အားဖြင့်တော့ တူနိုင်ပါတယ်၊ အတွင်းသန္တာန်က ဉာဏ်ရည် ဉာဏ်သွားချင်းကတော့ ဘယ်နည်းနဲ့မှ မတူနိုင်ပါဘူး။
ဒါကြောင့် အမေ့ဝမ်းထဲမှာ ဘယ့်နှယ်လုပ်ပြီးတော့ နေသလဲလို့ ဣန္ဒကနတ်က ပြောတယ်၊ တဖြည်းဖြည်း ကံက ဘယ်လောက် သတ္တိရှိတုန်း၊ ပြီးတော့ တဖြည်းဖြည်းကလေး ကြီးနေတာ၊ အရှိန်ကို ရလို့၊ ငရုပ်သီးထဲက ပိုးဟာ ငရုပ်သီး အပူကို ကြောက်စရာ ရှိသေးသလား၊ အရှိန်ကို ရလို့၊ အဲဒီဟာတွေ အကြောင်း ပြုပြီးသကာလ ခုနက ဣန္ဒကနတ် ယုံမှားသံသယဖြစ်တာလဲပဲ ယခု မွေးဖွားသည် အထိ လျှောက်ပြီးတော့ စဉ်းစားလို့ရှိရင် အမိဝမ်းထဲမှာ တည်နေနိုင်ပါတယ်၊ ရှေးတုန်းက ကံကလဲပဲ တခြားသွားပြီး အကျိုးမပေးပါဘူး၊ ဒီကံမှာရှိတဲ့ ရုပ်နာမ် ခန္ဓာအစဉ်မှာ ဒီကံတွေကပဲ အကျိုးပေးရပါတယ်။
တိုက်တွန်းတော်မူချက်
ဒါကြောင့် ဒီ ပြောတဲ့ တရားတွေကို အားလုံး သတိထားပြီးသကာလ တဏှာ, မာန, ဒိဋ္ဌိတို့ မကြီးကြနဲ့၊ တဏှာကြီးတဲ့ကိစ္စ ရောက်လာလို့ရှိရင် ရုပ်နာမ်တွေ အနိစ္စတွေနော်, အနတ္တတွေ၊ တဏှာနဲ့ ငါနဲ့ စွဲလမ်းတာ မကောင်းပါဘူးလို့ အဲသလို နှလုံးသွင်းပြီးသကာလ ဒီတရားနဲ့နှလုံး သွင်းပြီးတော့ တဏှာလွန်ကဲလာလို့ရှိရင်ဖြင့် ဖြေဖျောက်လိုက်ကြ ပါ၊ ငါဆိုတဲ့ မာန်မာန လွန်ကဲလာလို့ရှိရင် ဖြေဖျောက် လိုက်ကြပါ၊ အတွင်းသန္တာန်မှာလဲ အတ္တ မရှိပါဘူး၊ တဏှာ, မာန, ဒိဋ္ဌိနဲ့လဲ မစွဲနိုင်ပါဘူး။
ဒါကြောင့် ကံကိုတော့ ကြိုးစားပြီးသကာလ ကံကောင်းတွေကို နိဗ္ဗာန်အထိ ကျေးဇူးပြုအောင် ပြုလုပ်ကြပါ၊ အဲဒါကို ဒီအနတ္တလက္ခဏသုတ် နာရကျိုးပဲလို့ ခံယူပြီး အနတ္တလက္ခဏသုတ်ဟာ ပညာနဲ့ ဆိုင်ရာမို့လို့ “သဒ္ဓါတရား သိပ်မတက် ပေမယ့် အသိဉာဏ် သိပ်တက်တာ ထောက်တော့ကို -
“ငါတို့သည် အနတ္တလက္ခဏသုတ်ကို နာရသောအားဖြင့် အသိဉာဏ် ကြီးကျယ်ပြီး သကာလ ကောင်းတဲ့က်တွေကို နိဗ္ဗာန်အထိ ပြုမယ်၊ ဂုဏ်ပကာသနက်တွေကို ငါတို့ မပြုဘူး၊ အကုသိုလ်ကံတွေကို ရှောင်ရှားမယ်”
လို့ အဲသလို နှလုံးသွင်းပြီးသကာလ မာန်မာန ဖြစ်စရာရှိလို့ရှိရင် -
“အို - အနတ္တတွေ ဘာမာန်မာန ဖြစ်ရမလဲ”
တဏှာလောဘ ပြင်းပြင်းထန်ထန် ဖြစ်စရာ ရှိလို့ရှိရင် -
“အို - ရုပ်နာမ်ခန္ဓာတွေဟာ အနိစ္စတွေ ဘာပြုလို့ တဏှာလောဘ ဖြစ်ရမလဲ”
အဲသလို နှလုံးသွင်းပြီးသကာလ တဏှာ, မာန, ဒိဋ္ဌိတို့ကို ပယ်ရှားပြီးတော့ နိဗ္ဗာန်ရောက်ကြောင်း ကောင်းမှုပါရမီကိုသာ ကိုယ်စီကိုယ်ငှ ကြိုးစား၍ အားထုတ်နိုင်ကြစေကုန်သတည်း။
သာဓု ... သာဓု ... သာဓု။
အနတ္တလက္ခဏသုတ်တရားတော် ပြီးပြီ။