အဘိဓမ္မာနှင့်စပ်၍ မှတ်ဖွယ်များ
အဘိဓမ္မာနှင့်စပ်၍ မှတ်ဖွယ်များ
▬▬▬▬ஜ۩۞۩ஜ▬▬▬▬
အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)
အချီနိဒါန်း
▬▬▬
အဘိဓမ္မာပိဋက
ဗုဒ္ဓမြတ်စွာ ဝါတော် ၄၅-ဝါအတွင်း ဟောကြားတော် မူအပ်ခဲ့သော တရား တော်များကို ပိဋကအားဖြင့် ခွဲခြားသော် ဝိနည်း, သုတ္တန်, အဘိဓမ္မာ ဟု သုံးမျိုး ကွဲပြား၏။ ထိုတွင် အဘိဓမ္မာပိဋက သည် အခက်ခဲဆုံး, အနက်နဲဆုံး, အသိမ်မွေ့ဆုံး ဖြစ်၏၊ ယင်း အဘိဓမ္မာပိဋကတွင် -
(၁) ဓမ္မသင်္ဂဏီ,
(၂) ဝိဘင်္ဂ,
(၃) ဓာတုကထာ,
(၄) ပုဂ္ဂလပညတ္တိ,
(၅) ကထာဝတ္ထု,
(၆) ယမက,
(၇) ပဋ္ဌာန
ဟု ခုနစ်ကျမ်း ပါဝင်သည်၊ ယင်းကျမ်းတို့ကို အဘိဓမ္မာ ခုနစ်ကျမ်း ဟုလည်း အသိများ၏။ အဘိဓမ္မာ ခုနစ်ကျမ်း ဟု ဆိုသော်လည်း ဆဋ္ဌမူ ပါဠိတော်စာအုပ် အရေအတွက်အားဖြင့် (၁၂) အုပ်ရှိ၍ စာမျက်နှာပေါင်း (၄၉၄၁) မျက်နှာ ရှိပေသည်။
.
အဘိဓမ္မာနှင့်စပ်၍ မှတ်ဖွယ်များ
▬▬▬▬▬▬▬▬▬▬
ယင်းအဘိဓမ္မာပိဋက အဘိဓမ္မာခုနစ်ကျမ်းလာ သဘောသဘာဝမှတ်ဖွယ်အကြောင်း အရာများကို တိုတိုကျဉ်းကျဉ်းဖြင့် စနစ်တကျ နားလည်သဘောပေါက် စေရန် အတွက် အမရပူရမြို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားသည် ဤ “အဘိဓမ္မာနှင့်စပ်၍ မှတ်ဖွယ်များ” ဟူသော စာတမ်းကို ရေးသား တော်မူခဲ့ခြင်း ဖြစ်ပေသည်၊
ဤစာတမ်းတွင် ပိဋက အကြောင်းကို ရှေးဦးစွာပြဆို၍ ဓမ္မသင်္ဂဏီ စသည့် အဘိဓမ္မာ တစ်ကျမ်းချင်း၏ မှတ်ဖွယ်အကြောင်း အရာများကို အကျဉ်းချုံး၍ ပြဆိုထားသည်၊ မည်သည့်ကျမ်းတွင် မည်သည့်တရားများ ပါဝင်သည်, ယင်းတရားများကို မည်ကဲ့သို့ ဟောတော်မူထားသည်, ယင်းတရားများ၏ အဓိပ္ပာယ်ကား မည်သို့ဖြစ်သည် စသည်ဖြင့် ပြဆိုရာတွင်လည်း လွန်စွာ စနစ်ကျပေသည်။
.
ဤစာတမ်း ဖြစ်ပေါ်လာပုံ
▬▬▬▬▬▬▬▬▬
၁၃၂၉ (၁၉၆၈) ခုနှစ်တွင် ဖြစ်သည်၊ ဂျာမနီနိုင်ငံသူ တစ်ယောက် ဖြစ်သည့် မဥမ္မာသည် M.A (မဟာဝိဇ္ဇာ)ဘွဲ့ကို ပါဠိဘာသာဖြင့် ရယူဖို့ ရည်မှန်းထား၏၊ သို့ဖြစ်၍ ပါဠိဘာသာ စာပေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာဆည်းပူးလိုသည့် အတွက် အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်သို့ ရောက်လာ၏၊
မဥမ္မာသည် ပါဠိ ပိဋကစာပေများကို စုံလင်အောင်ကြိုးစား လေ့လာဆည်းပူး၏။ အထူးအားဖြင့် အဘိဓမ္မာကို အခြေခံမှ စ၍ အထက်တန်း ယမိုက် ပဋ္ဌာန်းကျမ်းကြီး များအထိ ပေါက်မြောက်အောင် လေ့လာ၏။ ယင်း မဥမ္မာ M.A (မဟာဝိဇ္ဇာ)ဘွဲ့ ရ ယူရာတွင် အထောက်အကူဖြစ်စေရန်နှင့် အဘိဓမ္မာခုနစ်ကျမ်း၏ သဘော သဘာဝ မှတ်ဖွယ်များကိုလည်း တိုတိုကျဉ်းကျဉ်းဖြင့် စနစ်တကျ နားလည်သဘောပေါက် နိုင်စေရန် ရည်သန်၍ပင် ဤစာတမ်းကို ကျေးဇူးတော်ရှင် ဆရာတော်ဘုရား ရေးထားတော်မူခဲ့ခြင်း ဖြစ်သည်။
.
အထူးမှာထားခြင်း
▬▬▬▬▬▬
ကျေးဇူးတော်ရှင် ဆရာတော်ဘုရားသည် ဤ“အဘိဓမ္မာနှင့်စပ်၍ မှတ်ဖွယ်များ” ကို ရေးသားရာ၌ ယမိုက်ကျမ်းဝယ် မှတ်ဖွယ် အပြီးတွင် စာမူအဆုံးသတ်ထား သည်ကို တွေ့ရ၏။ နောက်ဆုံး ပဋ္ဌာန်းကျမ်းဝယ် မှတ်ဖွယ်များ ရေးသားတော် မူခဲ့သည်ကို မတွေ့ရပေ၊ သို့သော် ယင်း ပဋ္ဌာန်းကျမ်းဝယ် မှတ်ဖွယ်များအတွက် ဆရာတော်ဘုရား၏ “ဝီထိနှင့်သုံးချက်စု ဘာသာဋီကာ”တွင် စနစ်တကျ ပြဆိုရေး သားထားပြီးဖြစ်သည်။ သို့အတွက် “ပဋ္ဌာန်း အဓိပ္ပာယ်, ပစ္စည်း, ပစ္စယုပ္ပန်, ပစ္စနိက်တို့၏ သဘော, ဟေတုပစ္စည်း စသော တစ်ပစ္စည်းချင်း၏ ဆိုလိုရင်း အဓိပ္ပာယ်” စသည့် ပဋ္ဌာန်း ဆိုင်ရာ မှတ်ဖွယ်များကို ယင်း“ဝီထိနှင့်သုံးချက်စု ဘာသာဋီကာ” တွင် အစဉ်တကျ ဆက်လက်ပြီး လေ့လာရှုစားတော်မူကြရန် ဖြစ်ပေသည်။
ဝရုဏာလင်္ကာရ
၁၃၆၂-ခုနှစ်၊ တန်ဆောင်မုန်းလ။
.....
မာတိကာ
▬▬▬
- အချီနိဒါန်း
- ပိဋကသုံးသွယ်, အဘိဓမ္မာ
- သုတ္တန် အဘိဓမ္မာ အထူး
- အဘိဓမ္မာ ရ-ကျမ်း
- ဓမ္မသင်္ဂဏီ, စိတ္တုပ္ပါဒကဏ္ဍ, စိတ်
- ကုသိုလ်, အကုသိုလ်, အဗျာကတစိတ်
- ရူပကဏ္ဍ, နိက္ခေပကဏ္ဍ
- အဋ္ဌကထာကဏ္ဍ, ဝိဘင်္ဂ, ခန္ဓဝိဘင်္ဂ
- ခန္ဓာ ၅ ပါး, စိတ်စသည်စုပုံ
- အဇ္ဈတ္တ ဗဟိဒ္ဓ စသည်
- ခန္ဓာ ၅ ပါး တရားကိုယ်
- သင်္ခါရက္ခန္ဓာ စသည်
- ခန္ဓာ ၅ ပါးသာ, အာယတနဝိဘင်္ဂ
- ဓာတု, သစ္စ, ဣန္ဒြိယဝိဘင်္ဂ
- ပဋိစ္စသမုပ္ပါဒ သတိပဋ္ဌာန သမ္မပ္ပဓာနဝိဘင်္ဂ
- ဣဒ္ဓိပါဒ, ဗောဇ္ဈင်္ဂဝိဘင်္ဂ
- မဂ္ဂင်္ဂ, ဈာနဝိဘင်္ဂ
- အပ္ပမညာ, သိက္ခာပဒဝိဘင်္ဂ
- ပဋိသမ္ဘိဒါ, ဉာဏဝိဘင်္ဂ
- ခုဒ္ဒကဝတ္ထု ဓမ္မဟဒယဝိဘင်္ဂ
- ဓာတုကထာ, ပါဠိတော် အစီအစဉ်
- နယ, အဗ္ဘန္တရ, နယမုခမာတိကာ
- လက္ခဏ, ဗာဟိရမာတိကာ
- ပုဂ္ဂလပညတ္တိ
- နာမည်တပ်ခက်ပုံ, ခန္ဓပညတ္တိ
- အာယတန, ဓာတု, သစ္စပညတ္တိ
- ဣန္ဒြိယ, ပုဂ္ဂလပညတ္တိ
- ဝိဇ္ဇမာနစသော ပညတ္တိ ၆ မျိုး
- ကထာဝတ္ထု၊ ကထာ အပြား
- ပုဂ္ဂလကထာ
- သစ္စာ ၂ မျိုး
- သကဝါဒီ ပရဝါဒီအမေး အဖြေများ
- အနုလောမဌပနာ စသည်
- ပဋိလောမဌပနာ စသည်
- အနုလောမပဉ္စက
- ယမက, ယမကအမျိုးမျိုး
- အတ္ထယမက, ဓမ္မယမက
- ပုစ္ဆာယမက
- ယမက ၁ဝ ကျမ်း, မူလယမက
- ခန္ဓယမက, ပဏ္ဏတ္တိဝါရ စသည်
- သုံးပါးသော ပရိညာ
- အာယတနယမက
- ဓာတုယမက, သစ္စယမက
- သင်္ခါရယမက, ကာယသင်္ခါရ စသည်
မာတိကာ ပြီး၏။
…
အဘိဓမ္မာနှင့်စပ်၍ မှတ်ဖွယ်များ
▬▬▬▬ஜ۩۞۩ஜ▬▬▬▬
ပိဋက ၃ သွယ်
ဗုဒ္ဓမြတ်စွာ၏ တရားတော်များကို “ပိဋက”ဟုခေါ်၏။ ပိဋကသဒ္ဒါသည် “သင်ယူအပ်” ဟူသောအနက်, ထိုထိုအနက် ထိုထိုအကျိုး၏ တည်ရာဟူသော အနက်ကိုပြ၏။ ဗုဒ္ဓမြတ်စွာ၏ တရားတော်များသည် သင်ယူအပ်၏, သင်ယူသင့်၏။ သင်ယူဖို့ရန် ထိုက်တန်လျော်ကန်၏၊ သင်ယူသူတို့အား ထိုထို အထူးအဆန်း အနက် အဓိပ္ပာယ်များကို လည်းကောင်း, ထိုထို ကောင်းကျိုးကို လည်းကောင်း သိစေနိုင်, ရစေနိုင်၏။ ထို့ကြောင့် “ပိဋက”ဟူသော ပါဠိစကားသည် ဘုရားတရားတော်များကို ဆိုသော စကားတည်း၊ ထို ပိဋကတရားတော်သည် ဝိနည်း, သုတ္တန် အဘိဓမ္မာ အားဖြင့် ၃-မျိုးရှိ၏။
.
အဘိဓမ္မာ
▬▬▬▬
ဝိနည်းပိဋကသည် ရဟန်းတော်များ အတွက် အကျင့်သိက္ခာတို့ကို ပြသော တရားတော် ဖြစ်၏၊ သုတ္တန်ပိဋကသည် ရဟန်းရှင်လူ နတ်ဗြဟ္မာ ဟူသမျှတို့၏ အကျိုးစီးပွားကို ပြသောတရားတော် ဖြစ်၏။ အဘိဓမ္မာတရားတော်ကား ရုပ်တရား နာမ်တရားတို့ကို အမျိုးမျိုးဟောပြအပ်ရာ တရားတော် ဖြစ်၏၊ ပညတ်တရားများ လည်း တစ်ချို့အဘိဓမ္မာ၌ ပါရှိပါသေး၏။ သို့သော် အမျိုးမျိုး ချဲ့ထွင်၍ ဟောတော်မမူပါ။
.
သုတ္တန်အဘိဓမ္မာ အထူး
▬▬▬▬▬▬▬▬
ပိဋက ၃ သွယ်ကို ၂ မျိုးခွဲသော အခါ ဓမ္မနှင့် ဝိနယ ၂ မျိုးသာ ဖြစ်၏။ ဓမ္မဟူရာ၌ သုတ္တန်ဓမ္မ, အဘိဓမ္မာဓမ္မ ၂ မျိုးလုံး ပါဝင်၏၊ သုတ္တန်ဓမ္မ၌ ရုပ်နာမ်သဘောတို့ကို ဟောပြရာ ဒေသနာတော်များလည်း ပါရှိပါပေ၏၊ သို့သော် အဘိဓမ္မာလောက် ကျယ်ကျယ်ဝန်းဝန်း မရှိပါ။
ဥပမာ-ခန္ဓာ ၅ ပါးနှင့်စပ်၍ သုတ္တန်ပိဋက၌ “ခန္ဓဝဂ္ဂသံယုတ်” ဟု ပါဠိတော် တစ်ရပ် အနေအားဖြင့် အလွန်ကျယ်ဝန်းစွာ ဟောထားတော်မူ၏၊ သို့သော် ထိုသံယုတ် ပါဠိတော်၌ ခန္ဓာ ၅ ပါးကို ချဲ့ထွင်၍ ဟောတော်မူ မှုကို လိုရင်းမထားပဲ ထိုခန္ဓာ ၅ ပါး၌ အနိစ္စ ဒုက္ခ အနတ္တဟု ရှုမှတ်နိုင်မှုကိုသာ လိုရင်းထားတော်မူ၏၊
အဘိဓမ္မာတွင် “ခန္ဓဝိဘင်း”ဟူသော ပါဠိတော်တစ်ခန်းရှိ၏။ ထိုပါဠိတော်၌ကား ခန္ဓာ ၅ ပါးနှင့်စပ်၍ အလွန် ကျယ်ဝန်းစွာ ဟောတော်မူပါသည်။ ထို့ကြောင့် ဓမ္မအချင်းချင်း ယှဉ်၍ကြည့်သောအခါ သုတ္တန် ဓမ္မထက် သာလွန်သောကြောင့် လည်းကောင်း, ထူးဆန်းသောကြောင့် လည်းကောင်း သုတ္တန်မှတစ်ပါးသော ဓမ္မကို “အဘိဓမ္မ” ဟုခေါ်ဆိုရပါသည်။
[အဘိ-သုတ္တန်ဓမ္မထက်သာလွန်သော, ထူးဆန်းသော + ဓမ္မ-တရားတော်။
.
အဘိဓမ္မာ ၇ ကျမ်း
▬▬▬▬▬▬▬
ထို အဘိဓမ္မပိဋကသည် ဓမ္မသင်္ဂဏီ, ဝိဘင်္ဂ, ဓာတုကထာ, ပုဂ္ဂလပညတ္တိ ကထာဝတ္ထု ယမက, ပဋ္ဌာန အားဖြင့် ရ ကျမ်းရှိ၏။ ထို ရ ကျမ်းတွင် ကထာဝတ္ထု ကျမ်းအတွက် ဗုဒ္ဓမြတ်စွာသည် အကျဉ်းမာတိကာကို ဟောတော်မူ၏၊ အကျယ် ကိုကား ထို မာတိကာအတိုင်း ချဲ့၍ “အရှင်မောဂ္ဂလိပုတ္တတိဿ” မည်သော ရဟန္တာမထေရ်မြတ်သည် ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူပြီးနောက် နှစ်ရာ့တစ်ဆယ့် ရှစ်နှစ် ကျော်လွန်မှ ဟောတော်မူသည် ဟု ယူကြသည်။
.
(၁) ဓမ္မသင်္ဂဏီ
▬▬▬▬▬
ကုသိုလ်အစရှိသော တရားတို့ကို သိမ်း၍ ရေတွက်ပြရာကျမ်းကို “ဓမ္မသင်္ဂဏီ” ဟု ခေါ်၏။ [ဓမ္မ - တရားတို့ကို + သံ-သိမ်းယူ၍ + ဂဏီ - ရေတွက်ပြရာ ကျမ်း။] ထို ဓမ္မသင်္ဂဏီကျမ်း၌ “စိတ္တုပ္ပါဒကဏ္ဍ, ရူပကဏ္ဍ နိက္ခေပကဏ္ဍ, အဋ္ဌကထာကဏ္ဍ” ဟု ကဏ္ဍကြီး ၄ ပါးရှိ၏။ တစ်ပိုင်းတစ်ခန်း ကို “ကဏ္ဍ” ဟု ခေါ်၏၊ ထို ၄ ပါးကိုပင် “စိတ္တဝိဘတ္တိ, ရူပဝိဘတ္တိ, နိက္ခေပရာသိ, အတ္ထုဒွါရ” ဟု လည်း နာမည်တစ်မျိုး ခေါ်သေး၏။
.
စိတ္တုပ္ပါဒကဏ္ဍ
ဤစိတ္တုပ္ပါဒကဏ္ဍ၌ စိတ်တို့ကို ကုသိုလ်စိတ်, အကုသိုလ်စိတ်, အဗျာကတစိတ် စသည်ဖြင့် ခေါင်းစဉ် မာတိကာထား၍ ထိုစိတ်တို့ကို အကျယ် ပြတော်မူသည်၊ စိတ်တို့ကို အကျယ် ပြသောအခါ စိတ်ဖြစ်တိုင်း ပါဝင်ကြရသော စေတသိက် တရားတို့ကိုလည်း အကျယ်ပြတော်မူသည်။ ထိုစိတ်တို့ကို ရေတွက်လျှင် အကျဉ်း တစ်ခုယုတ် ကိုးဆယ်ဖြစ်၏၊ လောကုတ္တရာစိတ်ရှစ်ပါးကို ဈာန် ၅ ပါးအားဖြင့် မြှောက်ပွား၍ ရေတွက်လျှင်ကား တစ်ရာ့ နှစ်ဆယ့်တစ်ပါးဖြစ်သည်၊ စေတသိက်ကား သဘောတူရာပေါင်း၍ ရေတွက်လျှင် ၅၂ ပါးရှိ၏။
.
စိတ်
အာရုံတစ်ခုခုကို ရ၍ရ၍ နေအောင် ပြုတတ်သော သဘောတရားကို “စိတ္တ” ဟု လည်းကောင်း, “ဝိညာဏ”ဟု လည်းကောင်း စသည်ဖြင့် နာမည် အမျိုးမျိုး ခေါ်ရ၏။ သက်ရှိသတ္တဝါတိုင်း၌ အချိန်ရှိသမျှ စိတ်ဖြစ်နေ၏။ ထိုစိတ်သည် ကုသိုလ်စိတ်, အကုသိုလ်စိတ် အဗျာကတစိတ်အားဖြင့် ၃ မျိုးပြား၏။
.
ကုသိုလ်စိတ်
အကြင်စိတ်သည် ဖြစ်တုန်းမှာလည်း လောဘ ဒေါသ မောဟစသော စေတသိက် အပြစ် အညစ်အကြေး မပါသောကြောင့် အနဝဇ္ဇ (အပြစ်ကင်းခြင်း) လက္ခဏာရှိ၏၊ နောင်အကျိုးပေးသော အခါ၌လည်း သုခဝိပါက (ကောင်းသောအကျိုးကို ပေးခြင်း) လက္ခဏာရှိ၏။ ထိုစိတ်ကို “ကုသိုလ်စိတ်” ဟု ခေါ်ရ၏။
.
အကုသိုလ်စိတ်
အကြင်စိတ်သည် ဖြစ်တုန်းမှာလည်း လောဘဖြစ်စေ, ဒေါသဖြစ်စေ, မောဟ ဖြစ်စေ, စေတသိက် အညစ်အပေ ပါနေသောကြောင့် သာဝဇ္ဇ (အပြစ်မကင်းခြင်း) လက္ခဏာ ရှိ၏။ နောင်အကျိုးပေး သောအခါ၌လည်း ဒုက္ခဝိပါက (မကောင်းသော အကျိုးကို ပေးခြင်း) လက္ခဏာရှိ၏၊ ထိုစိတ်ကို “အကုသိုလ်စိတ်” ဟု ခေါ်ရ၏။
.
အဗျာကတစိတ်
ကုသိုလ်အကုသိုလ်ဟု မခေါ်ရသောစိတ်ကို “အဗျာကတစိတ်”ဟု ခေါ်ရ၏။ ထိုအဗျာကတစိတ်သည် ဝိပါကစိတ် ကြိယာစိတ် အားဖြင့် ၂ မျိုးပြား၏၊ ကုသိုလ် အကုသိုလ်၏ အကျိုးဖြစ်သောစိတ်သည် ဝိပါကစိတ်မည်၏။ များသောအားဖြင့် ရဟန္တာဖြစ်ပြီးပုဂ္ဂိုလ်၌သာ ဖြစ်ရသည့်အတွက် အပြစ်ကင်းသော်လည်း နောင်အခါ အကျိုးပေးဖို့ရန် အဝိဇ္ဇာနှင့် တဏှာအဖေါ် မပါသောကြောင့် အကျိုး မပေးသော စိတ်သည် ကြိယာစိတ်မည်၏။ (ကြိယ-အကျိုးမရပဲ ပြုအပ်ကာမျှဖြစ်သောစိတ်။)
.
မှတ်ချက်
ဘဝသံသရာ၌ တစ်ဘဝဆုံးလျှင် နောက်ဘဝသို့ ရောက်ဖို့ရန် မိမိပြုထားသော ကုသိုလ်ကံ အကုသိုလ် ကံက စီမံ၏။ ထိုသို့စီမံရာ၌ ဘဝ၏အပြစ်ကို ဖုံးကွယ်သော အဝိဇ္ဇာနှင့် ဘဝကို တပ်မက်သော တဏှာသည် တိုက်ရိုက်ယှဉ် ကပ်၍ဖြစ်စေ, ဓာတ်သဘောအားဖြင့် သွယ်ဝိုက်၍ဖြစ်စေ အကူအညီ ရှိရလေသည်။
.
ရူပကဏ္ဍ
ဤရူပကဏ္ဍ၌ ရုပ်တို့ကို ဧကက, ဒုကမှစ၍ ဧကာဒသက တိုင်အောင် ခေါင်းစဉ် မာတိကာ ထားပြီးလျှင် အကျယ်ဝေဖန်တော်မူသည်။ ထိုသို့ ဓမ္မသင်္ဂဏီ ရူပကဏ္ဍ ပါဠိတော်၌ အကျယ်ဝေဖန်တော်မူအပ်သော ရုပ်တို့ကို အကျဉ်းချုပ်၍ ရေတွက်လျှင် ရုပ်ပေါင်း ၂ရ ပါးရှိ၏၊ ဤ ရူပကဏ္ဍ၌ နိဗ္ဗာန်တရားကိုလည်း အဗျာကတတရားဖြစ်၍ ရုပ်တရားနှင့် အဗျာကတချင်း တူသောကြောင့် ပေါင်း၍ဟောတော်မူပါသည်။
.
မှတ်ချက်
“ဟဒယဝတ္ထု” ဟု ခေါ်စမှတ်ပြုအပ်သော ရုပ်တစ်မျိုးကို ထိုရူပကဏ္ဍပါဠိတော်၌ ဟောတော် မမူပါ၊ ပဋ္ဌာန်းပါဠိတော် နိဿယပစ္စယနိဒ္ဒေသ၌ -
“ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော”
ဟူသော ပါဠိတော်ကို ထောက်ထား၍ “မနောဓာတ် မနောဝိညာဏဓာတ် ၂ ပါး၏ မှီရာ ရုပ်တစ်မျိုးရှိသေး၏” ဟု သိရ၏။ ထိုရုပ်ကိုပင် ဟဒယဝတ္ထုရုပ်ဟု အသိအမှတ်ပြုကြပါသည်။
.
နိက္ခေပကဏ္ဍ
ရှေ့ကဏ္ဍတို့၌ ဟောတော်မူအပ်ပြီးသော တရား တို့ကိုပင် မူလအားဖြင့် လည်းကောင်း, ခန္ဓာ စသောအားဖြင့် လည်းကောင်း အကျဉ်းချုံး၍ ဤကဏ္ဍ၌ ဟောတော်မူပါသည်။ (နိက္ခေပ-အကျဉ်းချုံး၍ ဟောအပ်ရာဖြစ်သော + ကဏ္ဍ -အခန်း။)
.
အဋ္ဌကထာကဏ္ဍ
ဤ ကဏ္ဍ၌ကား ပိဋက ၃ ပုံ၌လာသမျှသော ဗုဒ္ဓစကားတော်၏ အနက် (တရားအထည်ကိုယ်) တို့ကို အဘိဓမ္မာ သဘောအားဖြင့် အရ ကောက်၍ ထုတ်ပြတော်မူသည်။ [အဋ္ဌ (အတ္ထ) - အနက်ကို + ကထာ-ဆိုရာ ဖြစ်သော + ကဏ္ဍ-အခန်း။]
ဓမ္မသင်္ဂဏီကျမ်းဝယ် မှတ်ဖွယ်ပြီး၏။
.
(၂) ဝိဘင်္ဂ
▬▬▬▬
ဓမ္မသင်္ဂဏီပါဠိတော်ဝယ် အကျဉ်းမျှသာ ဟောတော်မူအပ်သော ခန္ဓာစသည်တို့ကို အကျယ် ဝေဖန်၍ ဟောတော်မူရာ ပါဠိတော်ကို ဝိဘင်္ဂပ္ပကရဏ (ဝိဘင်းကျမ်း) ဟု ခေါ်၏။ [ဝိဘင်္ဂ-အကျယ်ဝေဖန်ရာ ပါဠိ။]
ထို ဝိဘင်္ဂကျမ်း၌ ခန္ဓဝိဘင်္ဂ, အာယတနဝိဘင်္ဂ, ဓာတုဝိဘင်္ဂ, သစ္စဝိဘင်္ဂ, ဣန္ဒြိယဝိဘင်္ဂ, ပဋိစ္စသမုပ္ပါဒဝိဘင်္ဂ, သတိပဋ္ဌာနဝိဘင်္ဂ, သမ္မပ္ပဓာနဝိဘင်္ဂ, ဣဒ္ဓိပါဒဝိဘင်္ဂ, ဗောဇ္ဈင်္ဂဝိဘင်္ဂ, မဂ္ဂင်္ဂဝိဘင်္ဂ, ဈာနဝိဘင်္ဂ, အပ္ပမညာဝိဘင်္ဂ, သိက္ခာပဒဝိဘင်္ဂ, ပဋိသမ္ဘိဒါဝိဘင်္ဂ, ဉာဏဝိဘင်္ဂ, ခုဒ္ဒကဝတ္ထုဝိဘင်္ဂ, ဓမ္မဟဒယဝိဘင်္ဂ အားဖြင့် တစ်ဆယ့်ရှစ်ပါးအပြားရှိ၏။
.
၁။ ခန္ဓဝိဘင်္ဂ
ဤဝိဘင်း၌ ခန္ဓာ(၅)ပါးကို ဥဒ္ဒေသ, နိဒ္ဒေသ, ပဋိနိဒ္ဒေသ (အကျဉ်း, အကျယ်, ထို့ထက်အကျယ်) အားဖြင့် ဟောတော်မူ၏။ ထိုသို့ ဟောတော်မူရာ၌ နာမ်တရား များကို ခန္ဓာ ၄ ပါးခွဲ၍, ရုပ်တရားများကို ခန္ဓာ တစ်ပါးတည်းသာ ပြတော်မူ သောကြောင့် ဤ ခန္ဓဝိဘင်းသည် နာမသမ္မူဠှ (နာမ်တရား၌ တွေဝေသော) ပုဂ္ဂိုလ်များအတွက် အကျိုးများပေသည်။
.
ခန္ဓာ ၅ ပါး
ခန္ဓသဒ္ဒါသည် ရာသိ (အစု)အနက်ကို ဟော၏။ ထို့ကြောင့် စိတ်, စေတသိက်, ရုပ်တရားတို့ ကို သဘောတူရာ ပေါင်းစုလိုက်သောအခါ ရုပ်တစ်စု, ဝေဒနာတစ်စု, သညာတစ်စု, သင်္ခါရတစ်စု, ဝိညာဉ်(စိတ်)တစ်စု အားဖြင့် ၅ စုဖြစ်လာရကား “ရူပက္ခန္ဓာ, ဝေဒနက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာ” ဟု ခန္ဓာ ၅ ပါး ပြားရပေသည်။
.
စိတ်စသည် စုပုံ
“အစု”ဟူရာ၌ လက်ဖြင့်ယူ၍ စုခြင်းမဟုတ်, အတိတ် အနာဂတ် ပစ္စုပ္ပန်အားဖြင့် ကွဲပြားသော ရုပ်တို့ကို ၁ ပါးတည်းဖြစ်စေ, အများ ဖြစ်စေ စိတ်ဖြင့်ပေါင်း၍ စုခြင်းတည်း၊ မှန်၏ - ပထဝီရုပ်တစ်ပါး တည်းသည်ပင် အတိတ်ပထဝီ, အနာဂတ်ပထဝီ, ပစ္စုပ္ပန်ပထဝီ ဟု ကွဲပြား၏။ ထိုပထဝီ ၃ ပါးကို စိတ်ဖြင့်ယူ၍ စုလိုက်သောအခါ ပထဝီရုပ်တစ်ပါးတည်းသည် “ပထဝီရူပက္ခန္ဓာ”ဖြစ်တော့၏။
.
အဇ္ဈတ္တ ဗဟိဒ္ဓ
ထို ပထဝီတစ်ပါးတည်းသည်ပင် မိမိသန္တာန်၌ဖြစ်သော ပထဝီ, ပြင်ပသန္တာန်၌ ဖြစ်သော ပထဝီ ဟု ကွဲပြား၏။ ထို ၂ ပါးကို စိတ်ဖြင့်ယူ၍ စုလိုက်သောအခါ ပထဝီရူပက္ခန္ဓာဖြစ်၏။
.
သြဠာရိက သုခုမ
ထို ပထဝီ တစ်ပါးတည်းသည်ပင် သြဠာရိက (အကြမ်း)ပထဝီ, သုခုမ(အနု)ပထဝီ ဟု ကွဲပြား၏။ ထို ၂ ပါးကိုစိတ်ဖြင့်ယူ၍ စုလိုက်သော အခါ ပထဝီရူပက္ခန္ဓာ ဖြစ်၏။
.
ဟီန ပဏီတ
ထို ပထဝီတစ်ပါးထည်းသည်ပင် ဟီန (ညံ့သော)ပထဝီ, ပဏီတ(မွန်မြတ်သော) ပထဝီဟု ကွဲပြား၏။ ထို ၂ ပါးကို စိတ်ဖြင့်ယူ၍ စုလိုက်သောအခါ ပထဝီရူပက္ခန္ဓာ ဖြစ်၏။
.
ဒူရ, သန္တိက
ထိုပထဝီတစ်ပါးတည်းသည်ပင် မိမိနှင့် ဝေးသော ဒူရေပထဝီ, နီးသော သန္တိကေ ပထဝီ ဟု ကွဲပြား၏၊ ထို ၂ ပါးကို စိတ်ဖြင့်ယူ၍ စုလိုက်သောအခါ ပထဝိရူပက္ခန္ဓာ ဖြစ်၏။
.
အမှာ
အခြားရုပ်များကို လည်းကောင်း, ဝေဒနာ, သညာ, ဝေဒနာ သညာမှ ကြွင်းသော စေတသိက် ၅ဝ, ဝိညာဉ်စိတ်တို့ကိုလည်း ဤနည်းအားဖြင့် စုလိုက်သောအခါ ရူပက္ခန္ဓာ စသောနာမည်များ ဖြစ်ကြရသည်။
.
ဝိဘင်္ဂပါဠိတော်
တတ္ထ ကတမော ရူပက္ခန္ဓာ, ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ တဒေကဇ္ဈံ အဘိသညူဟိတွာ အဘိသင်္ခပိတွာ အယံ ဝုစ္စတိ ရူပက္ခန္ဓာ။ (ဝိဘင်္ဂပါဠိတော်-၁)
.
ခန္ဓာ ၅ ပါး တရားကိုယ်
ရုပ် အားလုံးသည် ရူပက္ခန္ဓာ၊
ဝေဒနာ စေတသိက်သည် ဝေဒနက္ခန္ဓာ,
သညာစေတသိက်သည် သညာက္ခန္ဓာ,
ကြွင်းသော စေတသိက် ၅ဝ သည် သင်္ခါရက္ခန္ဓာ,
စိတ်အားလုံးသည် ဝိညာဏက္ခန္ဓာ,
နိဗ္ဗာန်ကား ပြခဲ့သော အတိတ် အနာဂတ် ပစ္စုပ္ပန် ၃ မျိုးလုံး အဇ္ဈတ္တ ဗဟိဒ္ဓစသော ၂ မျိုးလုံးတွင် မပါဝင်သောကြောင့် စု၍မဖြစ်ရကား ခန္ဓဝိမုတ္တ (ခန္ဓာ ၅-ပါးမှ အလွတ်) ဖြစ်သည်။
.
သင်္ခါရက္ခန္ဓာ
ရုပ်သည် ရုပ်ချင်း သဘောတူသောကြောင့် ဝေဒနာသညာ စေတသိက်တို့သည် ဝေဒနာချင်း, သညာချင်း, စိတ်ချင်း သဘောတူသောကြောင့် အသီးအသီး ခန္ဓ (တစ်စုစီ) ဖြစ်ပါစေတော့၊ ဖဿစသော စေတသိက် တို့ကိုကား အဘယ့်ကြောင့် “သင်္ခါရက္ခန္ဓ” ဟု တစ်စုတည်း ဖွဲ့ရသနည်း ဟု မေးဖွယ်ရှိ၏။
အဖြေကား - ဖဿစသော စေတသိက်တို့တွင် စေတနာသည် ပဓာနဖြစ်၏၊ ထိုစေတနာသည် ရုပ်ကိုလည်း ရုပ်ဖြစ်အောင်၊ ဝေဒနာကိုလည်း ဝေဒနာဖြစ်အောင် စသည်ဖြင့် စေ့ဆော်တတ် ပြုစီမံတတ်၏။ ထိုသို့ ပြုစီမံတတ်သောကြောင့် စေတနာကို သင်္ခါရတရား (အပြုတရား) ဟု ခေါ်ရ၏။ ဖဿ စသော စေတသိက် တို့ကား ခေါင်းဆောင်၍ မပြုတတ်ကြ၊ စေတနာ၏ နောက်လိုက်များသာဖြစ်ကြ၏။ ထို့ကြောင့် စေတနာ စသော စေတသိက် ၅ဝ ကို “သင်္ခါရက္ခန္ဓ” ဟု နာမည်တပ် ရသည်။
စိတ္တသံသဋ္ဌဓမ္မာနံ, စေတနာမုခတော ပန၊
သင်္ခါရက္ခန္ဓနာမေန, ဓမ္မာ စေတသိကာ မတာ၊ -
နာမရူပပရိစ္ဆေဒ။
.
မူလဋီကာ
တေသု သင်္ခတာဘိသင်္ခါရဏကိစ္စံ အာယူဟန ရသာယ စေတနာယ ဗလဝန္တိ သာ သင်္ခါ ရက္ခန္ဓောတိ ဝုတ္တော၊ အညေစ ရုပ္ပနာဒိဝိသေသလက္ခဏရဟိတာ ဖဿာဒယော သင်္ခတာဘိသင်္ခါရဏသာမညေနာတိ ဒဋ္ဌဗ္ဗာ။ (ဝိဘင်္ဂ)
.
ဝေဒနာ သညာ
“ဝေဒနာ သညာတို့ကို အဘယ့်ကြောင့်သီးခြား ခန္ဓအမည် တပ်ရပါသနည်း” ဟု မေးဖွယ်ရှိ၏။
အဖြေကား - ဝေဒနာသည် ဝဋ်တရားတို့၌ သာယာတတ်၏၊ သာယာဖို့ရန်လည်း သညာသည် ဝဋ်တရားတို့ကို နိစ္စ သုဘ အတ္တ သုခ ဟု မှတ်သား၏၊ ထမင်းစား၍ မြိန်ဖို့ရန် ဟင်းသည် အထောက်အပံ့ဖြစ်သကဲ့သို့ ဝေဒနာသာယာဖို့ရန် သညာသည် အထောက်အပံ့ဖြစ်၏၊
ဗုဒ္ဓမြတ်စွာ၏ တရားတော်သည် ဝဋ်တရားတို့၌ ငြီးငွေ့စေရန် ဟောတော်မူအပ်သော တရားတော် ဖြစ်၏။ ထို့ကြောင့် ဝေဒနာ သညာ ၂ ပါးကိုလည်း အနိစ္စ ဒုက္ခ အနတ္တ အသုဘဟု သီးခြား ရှုဖို့ရန် ထိုစေတသိက် ၂ ပါးကို သီးခြား ခန္ဓာအဖြစ်ဖြင့် ဟောတော်မူရသည်။
ဝဋ္ဋ ဓမ္မေသု အဿာဒံ, တဒဿာဒုပသေစနံ၊
ဝိနိဗ္ဘုဇ္ဇ နိဒဿေတုံ, ခန္ဓုဒ္ဓယမုဒါဟဋံ။
(နာမရူပပရိစ္ဆေဒ။)
.
ခန္ဓာ ၅ ပါးသာ
ဤခန္ဓာ ၅ ပါးဖြင့် အလုံးစုံသော သင်္ခတတရားတို့ကို သဘောတူချင်း ပေါင်းစုပြီးဖြစ် သောကြောင့်လည်းကောင်း, အတ္တ, အတ္တနိယ (အတ္တ၏ ဥစ္စာ)ဟု စွဲလမ်းမှုသည် ဤငါးပါးအပေါ်၌သာ တည်သောကြောင့် လည်းကောင်း, သီလက္ခန္ဓ, သမာဓိက္ခန္ဓ စသော အခြားခန္ဓသဒ္ဒါ၏ အနက်များလည်း ဤခန္ဓာ ၅ ပါးတွင် ပါဝင်ပြီး ဖြစ်သောကြောင့် လည်းကောင်း ခန္ဓာ ၅ ပါးအပြင် အပိုအလို မရှိရကား ခန္ဓာ ၅ ပါး ကိုသာ အတိကျ ဟောတော်မူရသည်။
.
ဝိဘင်္ဂ အဋ္ဌကထာ
ကသ္မာ ပန ဘဂဝတော ပဉ္စေဝ ခန္ဓာ ဝုတ္တာ အနုနာအနဓိကာတိ သဗ္ဗသင်္ခတသဘာဂေက သင်္ဂဟတော, အတ္တတ္တနိယဂါဟဝတ္ထုဿ ဧတပ္ပရမတော, အညေသဉ္စ တဒဝရောဓတော။
.
၂။ အာယတန ဝိဘင်္ဂ
ဤဝိဘင်း၌ အာယတန ၁၂ ပါးကို ဥဒ္ဒေသနိဒ္ဒေသ ပဋိနိဒ္ဒေသ အားဖြင့် ဟောတော်မူ၏။ ထိုသို့ဟောတော်မူရာ၌ ရုပ်တရားကို သီးခြား ဆယ်ပါးခွဲ၍ လည်းကောင်း, နာမ်တရားနှင့်တွဲကာ ၁ ပါးလည်းကောင်း, ဤသို့ ဆယ်ပါးခွဲ ဟောတော်မူ၍ နာမ်တရားကို ၁ ပါးမျှသာ ဟောတော်မူသောကြောင့် ဤအာယတန ဝိဘင်းသည် ရူပသမ္မူဠှ (ရုပ်တရား၌ တွေဝေသော) ပုဂ္ဂိုလ်တို့အား အကျိုးများ ပေသည်။
.
၃။ ဓာတုဝိဘင်္ဂ
ဤ ဝိဘင်း၌ ဓာတ် ၁၈ ပါးကို အကျယ်ဝေဖန်၍ ဟောတော်မူ၏။ ထိုသို့ဟော တော်မူရာ၌ ရုပ်တရား ဆယ်ပါးခွဲ, နာမ်တရားကိုလည်း ရှစ်ပါးခွဲ၍ ဟောတော် မူသောကြောင့် ဤ ဓာတုဝိဘင်းသည် နာမ ရူပသမ္မူလှ (ရုပ်နာမ် ၂ ပါးစုံ၌ တွေဝေသော) ပုဂ္ဂိုလ်တို့အား အကျိုးများပေသည်။
.
၄။ သစ္စဝိဘင်္ဂ
ဤဝိဘင်း၌ -
ဒုက္ခသစ္စ (ဆင်းရဲခြင်းအမှန်),
ဒုက္ခသမုဒယ (ဆင်းရဲကြောင်း အမှန်)
နိရောဓသစ္စာ (ဆင်းရဲ၏ ချုပ်ငြိမ်းရာအမှန်)
မဂ္ဂသစ္စ (နိရောဓသို့ ရောက်ကြောင်း အမှန်),
ဤသို့ သစ္စ (အမှန်)တရား ၄ ပါးကို အကျယ်ဝေဖန်၍ ဟောတော်မူ၏။ “ပြအပ်ခဲ့သော ခန္ဓာ အာယတန ဓာတ်တို့ကို ဤသစ္စာ ၄ ပါးအားဖြင့် ခွဲခြား၍ သိမှသာ ဟုတ်မှန်စွာ ထိုးထွင်း၍ သိရာရောက်သည်” ဟု ပြတော်မူခြင်းငှာ ဤသစ္စဝိဘင်္ဂဒေသနာတော်ကို ထိုဝိဘင်္ဂ ၃ ပါး၏ အခြားမဲ့၌ ဟောတော်မူသည်။
.
၅။ ဣန္ဒြိယ ဝိဘင်္ဂ
ဤဝိဘင်း၌ စက္ခုန္ဒြေစသော ဣန္ဒြေ ၂၂-ပါးကို အကျယ်ဝေဖန်၍ ဟောတော်မူ၏။ “ထိုဟုတ်မှန်စွာ ထိုးထွင်း၍ သိတတ်သော ဉာဏ်သည် ဤဣန္ဒြေတို့ကို မှီ၍ ဖြစ်ရ၏”ဟု ပြတော်မူခြင်းငှာ သစ္စဝိဘင်္ဂဒေသနာ၏ အခြားမဲ့၌ ဤဣန္ဒြိယဝိဘင်္ဂ ဒေသနာတော်ကို ဟောတော်မူသည်။
.
၆။ ပဋိစ္စသမုပ္ပါဒ ဝိဘင်္ဂ
ဤဝိဘင်း၌ “အဝိဇ္ဇာ, သင်္ခါရ” စသော ပဋိစ္စသမုပ္ပါဒ်တရားတို့ကို အကျယ်ဝေဖန်၍ ဟောတော်မူ၏။
[ပဋိစ္စ၏ - အဝိဇ္ဇာ စသော အကြောင်းကိုစွဲ၍ + သမုပ္ပါဒ - ကြွင်းသော အကြောင်း များနှင့် ပေါင်းဆုံမိလျှင်ဖြစ်သော သင်္ခါရစသော အကျိုး တရား။]
ဣန္ဒြိယဝိဘင်း၌ ပြအပ်ခဲ့သော ဣန္ဒြေတို့၏ အစိုးရခြင်းသဘောသည် အဝိဇ္ဇာစသော အကြောင်းတရားတို့က သင်္ခါရစသော အကျိုးတရားတို့အား ကျေးဇူးပြုခြင်းကြောင့်သာ ဖြစ်နိုင်၏-ဟု ပြတော်မူခြင်းငှာ ဤပဋိစ္စသမုပ္ပါဒ ဒေသနာတော်ကို ဟောတော်မူသည်။
.
၇။ သတိပဋ္ဌာန ဝိဘင်္ဂ
ဤ ဝိဘင်း၌ -
- ကာယာနုပဿနာသတိပဋ္ဌာန်,
- ဝေဒနာနုပဿနာသတိပဋ္ဌာန်,
- စိတ္တာနုပဿနာသတိပဋ္ဌာန်,
- ဓမ္မာနုပဿနာသတိပဋ္ဌာန်
ဟူသော သတိပဋ္ဌာန် ၄ ပါးကို အကျယ်ဝေဖန်၍ ဟောတော်မူ၏၊ “ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ဣန္ဒြေ ပဋိစ္စသမုပ္ပါဒ် ဟူသော တရားတို့ကို ဟုတ်မှန်စွာထိုးထွင်း၍ သိတတ်သောဉာဏ်သည် ဤသတိပဋ္ဌာန်တရားတို့၌ ကောင်းစွာ နှလုံးသွင်းနိုင်မှသာ ဖြစ်နိုင်၏”ဟု ပြတော်ခြင်းငှာ ပဋိစ္စသမုပ္ပါဒ ဝိဘင်းအခြားမဲ့၌ ဤသတိပဋ္ဌာနဝိဘင်း ကို ဟောတော်မူသည်။
.
၈။ သမ္မပ္ပဓာန ဝိဘင်္ဂ
ဤဝိဘင်း၌ သမ္မပ္ပဓာန်တရား ၄ ပါးကို အကျယ်ဝေဖန်၍ ဟောတော်မူ၏။ သမ္မ (သမ္မာ) - မှန်ကန်သောအကြောင်းအားဖြင့် + ပဓာန - အားထုတ်တတ်သော ဝီရိယကို “သမ္မပ္ပဓာန”ဟု ခေါ်၏။ ထိုသမ္မပ္ပဓာန်ဝီရိယသည် -
(၁) မဖြစ်သေးသော အကုသိုလ်တို့ကို မိမိစိတ်၌ မဖြစ်အောင် အားထုတ်ခြင်း၊
(၂) ဖြစ်ပြီးသော အကုသိုလ်တို့ကို ပယ်ဖို့ရန်အားထုတ်ခြင်း၊
(၃) မဖြစ်သေးသော ကုသိုလ်တို့ကို ဖြစ်ဖို့ရန် အားထုတ်ခြင်း၊
(၄) ဖြစ်ပြီးသော ကုသိုလ်တို့ကို တည်တန့်ခိုင်မြဲဖို့ရန်လည်းကောင်း, တိုးတက်ဖို့ရန် လည်းကောင်း အားထုတ်ခြင်း-
အားဖြင့် ၄ ပါးရှိသည်။ “ခန္ဓာစသည်တို့ကို ဟုတ်မှန်စွာ ထိုးထွင်း၍ သိဖို့ရန် သိထားရုံ မက ဤကဲ့သို့ ကြိုးစားရသည်” ဟု ပြတော်မူခြင်းငှာ သတိပဋ္ဌာနဝိဘင်္ဂ ဒေသနာတော်၏နောက်၌ ဤ သမ္မပ္ပဓာနဝိဘင်္ဂ ဒေသနာတော်ကို ဟောတော် မူသည်။
.
၉။ ဣဒ္ဓိပါဒ ဝိဘင်္ဂ
ဤဝိဘင်း၌ ဆန္ဒဒ္ဓိပါဒ, ဝီရိယိဒ္ဓိပါဒ, စိတ္တိဒ္ဓိပါဒ, ဝီမံသိဒ္ဓိပါဒ, ဟူသော ဣဒ္ဓိပါဒ ၄ ပါး ကို အကျယ်ဝေဖန်၍ ဟောတော်မူ၏။
[ဣဒ္ဓိ - ပြီးစီးသော ဈာန်စသောအကျိုး၏ + ပါဒ - တည်ရာအခြေခံအကြောင်း။]
ပြီးစီးသောအကျိုးတရားတို့ကို ရဖို့ရန် တည်ရာ အခြေခံအကြောင်းတို့မှာ ဆန္ဒ၊ ဝီရိယ, စိတ္တနှင့် ဝီမံသဟု ခေါ်အပ်သော ပညာအားဖြင့် ၄ ပါးရှိ၏။ “ပြအပ်ခဲ့သော ခန္ဓာစသည် တို့ကို ဟုတ်မှန်စွာ ထိုးထွင်း၍ သိဖို့ရန် ဤဆန္ဒစသော တည်ရာ အခြေခံများလည်း ရှိရသည်” ဟု ပြတော်မူခြင်းငှာ သမ္မပ္ပဓာနဝိဘင်္ဂ ဒေသနာတော်၏ အခြားမဲ့၌ ဤ ဣဒ္ဓိပါဒ ဒေသနာတော်ကို ဟောတော်မူသည်။
၁၀။ ဗောဇ္ဈင်္ဂ ဝိဘင်္ဂ
ဤ ဝိဘင်း၌ ဗောဇ္ဈင် ၇ ပါးကို အကျယ် ဝေဖန်၍ ဟောတော်မူ၏။
ဗောဇ္ဈင် ၇ ပါး ကား -
- သတိသမ္ဗောဇ္ဈင်,
- ဓမ္မဝိစယ သမ္ဗောဇ္ဈင်,
- ဝီရိယသမ္ဗောဇ္ဈင်,
- ပီတိသမ္ဗောဇ္ဈင်,
- ပဿဒ္ဓိသမ္ဗောဇ္ဈင်
- သမာဓိသမ္ဗောဇ္ဈင်,
- ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။
[ဗောဇ္ဈင်္ဂ - ဗောဓိ + အင်္ဂ၊ ဗောဓိ - အရိယာသစ္စာတို့ကို သိကြောင်းတရား အပေါင်း၏ + အင်္ဂ - အစိတ်အပိုင်း။]
“ပြအပ်ခဲ့သော ခန္ဓာစသည် တို့ကို ဟုတ်မှန်စွာထိုးထွင်း၍သိဖို့ရန် ဤဗောဇ္ဈင်ခုနှစ်ပါး တရား တို့ကိုလည်း မိမိသန္တာန်၌ ဖြစ်စေရ, တိုးပွားစေရသည်” ဟု ပြတော်မူခြင်းငှာ ဣဒ္ဓိပါဒဝိဘင်္ဂဒေသနာတော်၏ အခြားမဲ့၌ ဤ ဗောဇ္ဈင်္ဂဒေသနာတော်ကို ဟောတော်မူသည်။
၁၁။ မဂ္ဂင်္ဂဝိဘင်္ဂ
ဤဝိဘင်း၌ မဂ္ဂင်ရှစ်ပါးကို အကျယ်ဝေဖန်၍ ဟောတော်မူ၏၊ မဂ္ဂင်ရှစ်ပါးကား -
- သမ္မာဒိဋ္ဌိ,
- သမ္မာသင်္ကပ္ပ,
- သမ္မာဝါစာ,
- သမ္မာကမ္မန္တ,
- သမ္မာအာဇီဝ,
- သမ္မာဝါယာမ,
- သမ္မာသတိ,
- သမ္မာသမာဓိ တို့တည်း။
[မဂ္ဂင်္ဂ = မဂ္ဂ+အင်္ဂ၊ မဂ္ဂ - နိဗ္ဗာန်သို့ရောက်ကြောင်း လမ်းဖြစ်သော တရားအပေါင်း၏ + အင်္ဂ - အစိတ်အပိုင်း။]
“ပြအပ်ခဲ့သော ခန္ဓာ စသည်တို့ကို ဟုတ်မှန်စွာထိုးထွင်း၍သိဖို့ရန် ဤမဂ္ဂင်ရှစ်ပါး တရားတို့ကိုလည်း မိမိသန္တာန်၌ ဖြစ်စေရန် တိုးပွားစေရသည်” ဟု ပြတော်မူခြင်းငှာ ဗောဇ္ဈင်္ဂဝိဘင်္ဂဒေသနာတော်၏ အခြားမဲ့၌ ဤ မဂ္ဂင်္ဂဝိဘင်္ဂ ဒေသနာတော်ကို ဟောတော်မူသည်။
၁၂။ ဈာနဝိဘင်္ဂ
ဤဝိဘင်း၌ ဈာန်သို့ရောက်ဖို့ရန် ပါတိမောက္ခသံဝရ အကျင့်ကို လည်းကောင်း, ဣန္ဒြိယသံဝရ အကျင့်ကိုလည်းကောင်း သတိသမ္မဇည အကျင့်စသည်တို့ကို လည်းကောင်း, လောကီဈာန်များကို လည်းကောင်း အကျယ်ဝေဖန်၍ ဟောတော်မူ၏။
“သတိပဋ္ဌာန်မှစ၍ မဂ္ဂင်တရား တို့တိုင်အောင် အားထုတ်မှုသည် ဤအကျင့်များ ကြောင့်သာ ဖြစ်နိုင်၏” ဟု ပြတော်မူခြင်းငှာ မဂ္ဂင်္ဂဝိဘင်္ဂဒေသနာတော်၏ အခြားမဲ့၌ ဤ ဈာနဝိဘင်္ဂဒေသနာတော်ကို ဟောတော်မူသည်။
၁၃။ အပ္ပမည ဝိဘင်္ဂ
ဤဝိဘင်း၌ အပ္ပမညတရား တို့ကို အကျယ် ဝေဖန်၍ ဟောတော်မူ၏။ “ဤ၍ ဤမျှသာ အကျိုးလိုလားသည်” ဟု အတိုင်းအရှည် ပမာဏမရှိသော သတ္တဝါ အပေါင်း၌ ဖြစ်သောတရားကို “အပ္ပမည”ဟုခေါ်၏၊
ထိုအပ္ပမည တရားတို့သည် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာအားဖြင့် ၄ - ပါး ရှိကုန်၏၊
သတ္တဝါတို့၏ စီးပွားချမ်းသာကို လိုလားသောသဘောသည် မေတ္တာမည်၏။
ဒုက္ခိတ(ဆင်းရဲသော) သတ္တဝါတို့ကို အာရုံပြု၍ သနားခြင်း သဘောသည် ကရုဏာ မည်၏၊
သုခိတ(ချမ်းသာသော) သတ္တဝါတို့ကို အာရုံပြု၍ ဝမ်းမြောက်ခြင်း သဘောသည် မုဒိတာမည်၏။
သတ္တဝါတို့ကို လျစ်လျူရှုနိုင်ခြင်းသဘောသည် ဥပေက္ခာမည်၏။
[သနားမှုလည်းမပါ, ဝမ်းမြောက်မှုလည်းမပါသော အလယ် အလတ်သဘောကို “လျစ်လျူရှုခြင်း” ဟု ခေါ်သည်။]
ဤ အပ္ပမညာ ၄ ပါးလည်း အကျင့်ပဋိပတ် တစ်မျိုးပင် ဖြစ်သောကြောင့် ဈာနဝိဘင်္ဂဒေသနာတော်၏ အခြားမဲ့၌ ဤအပ္ပမည ဝိဘင်္ဂဒေသနာတော်ကို ဟောတော်မူသည်။
၁၄။ သိက္ခာပဒ ဝိဘင်္ဂ
ဤဝိဘင်း၌ “ပါဏာတိပါတာ ဝေရာမဏိ” စသော သိက္ခာပုဒ် ၅ ပါးဟူသော ငါးပါးသီလကို အကျယ်ဝေဖန်၍ ဟောတော်မူ၏။
“ပြခဲ့သော ပါတိမောက္ခသံဝရမှစ၍ အပ္ပမညာ တိုင်အောင်သော ပဋိပတ် (အကျင့်)သည် ဤငါးပါးသီလ၌ အခြေ တည်ပြီးမှ ဖြစ်သင့်၏”ဟု ပြတော်မူခြင်းငှာ ဈာန-အပ္ပမညဝိဘင်္ဂဒေသနာတို့၏ အခြားမဲ့၌ ဤသိက္ခာပဒဝိဘင်္ဂ ဒေသနာတော်ကို ဟောတော်မူသည်။
၁၅။ ပဋိသမ္ဘိဒါ ဝိဘင်္ဂ
ဤ ဝိဘင်း၌ ပဋိသမ္ဘိဒါ ၄ ပါးကို အကျယ်ဝေဖန်၍ ဟောတော်မူ၏။
“ပဋိသမ္ဘိဒါ” ဟူသည် ခွဲခြမ်းစိပ်ဖြာ၍ သိတတ်သောဉာဏ်တည်း၊
ထိုဉာဏ်သည် အတ္ထပဋိသမ္ဘိဒါ, ဓမ္မပဋိသမ္ဘိဒါန နိရုတ္တိပဋိသမ္ဘိဒါ, ပဋိဘာနပဋိသမ္ဘိဒါ အားဖြင့် ၄ ပါး ရှိ၏၊
အနက်ကိုလည်းကောင်း အကျိုးကိုလည်းကောင်း ခွဲစိပ်၍ သိတတ်သောဉာဏ်သည် အတ္ထပဋိသမ္ဘိဒါမည်၏၊
ပါဠိကိုလည်းကောင်း အကြောင်းကိုလည်းကောင်း ခွဲစိပ်၍ သိတတ်သော ဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါမည်၏။
မဂဓဘာသာသဒ္ဒါကို ခွဲစိပ်၍ သိတတ်သောဉာဏ်သည် နိရုတ္တိပဋိသမ္ဘိဒါမည်၏၊
ထို ပဋိသမ္ဘိဒါဉာဏ် ၃ ပါးကို ခွဲစိပ်၍သိတတ်သောဉာဏ်သည် ပဋိဘာန ပဋိသမ္ဘိဒါမည်၏။
ဤပဋိသမ္ဘိဒါဉာဏ်တို့သည် ပြအပ်ခဲ့သော ဈာန် အပ္ပမညာနှင့် သိက္ခာပုဒ်ဟူသော ပဋိပတ်ကြောင့် ရအပ်သော အကျိုးအာနိသံသတို့တည်း၊ ထို့ကြောင့် သိက္ခာပဒ ဝိဘင်္ဂဒေသနာတော်၏ အခြားမဲ့၌ ဤ ပဋိသမ္ဘိဒါဝိဘင်္ဂ ဒေသနာတော်ကို ဟောတော်မူသည်။
၁၆။ ဉာဏဝိဘင်္ဂ
ဤဝိဘင်း၌ ဉာဏ်အပြားကို အကျယ်ဝေဖန်၍ ဟောတော်မူ၏၊
ဟောတော်မူပုံမှာ-“ဧကဝိဝေစန ဉာဏဝတ္ထုမှ”မှ စ၍ “ဒသဝိဓေန ဉာဏဝတ္ထု”တိုင်အောင် မာတိကာ (ခေါင်းစဉ်)ထား၍ ဟောတော်မူပြီးလျှင် ထိုမာတိကာအတိုင်း အကျယ်ဝေဖန်၍ ဟောတော်မူသည်။
ဤ၌လည်း ပြအပ်ခဲ့သော ပဋိပတ်ကြောင့် ရအပ်သော အကျိုး အာနိသံသ ဖြစ်ရကား ထို သိက္ခာပဒဝိဘင်္ဂဒေသနာတော်၏ အခြားမဲ့ဖြစ်သော ပဋိသမ္ဘိဒါဝိဘင်္ဂဒေသနာနှင့် တဆက်တည်းပင် ဤဉာဏဝိဘင်္ဂဒေသနာတော်ကို ဟောတော်မူသည်။
၁၇။ ခုဒ္ဒကဝတ္ထု ဝိဘင်္ဂ
ဤဝိဘင်း၌ ကိလေသာတို့ကို အကျယ် ဝေဖန်၍ ဟောတော်မူ၏။
ဟောတော်မူပုံမှာ-ဧကက(ကိလေသာ တစ်မျိုး) မှ စ၍ ဒသကတိုင်အောင်လည်းကောင်း, ထိုနောက် တစ်ရာ့ရှစ်ပါးသော တဏှာအပြားကို လည်းကောင်း ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိအပြားကိုလည်းကောင်း မာတိကာ (ခေါင်းစဉ်)ထား၍ အကျယ် ဝေဖန်တော် မူသည်။
ဤသို့ခုဒ္ဒက (နုတ်နုတ်ဖွဲဖွဲ) သိဖွယ်ရာ ကိလေသာတို့ကို ပြသော ခုဒ္ဒကဝတ္ထုဝိဘင်္ဂ ဟု နာမည်တပ်ရသည်၊
“ဤကိလေသာတို့ကို ပယ်အပ်ကုန်ပြီး ဖြစ်မှသာ ပြအပ်ခဲ့သော ဉာဏ်အထူးတို့သည် ဖြစ်ပေါ်လာနိုင်ကုန်၏"ဟု ပြတော်မူခြင်းငှာ ဉာဏဝိဘင်္ဂဒေသနာတော်၏အခြားမဲ့၌ ဤခုဒ္ဒကဝတ္ထု ဝိဘင်္ဂဒေသနာတော်ကို ဟောတော်မူသည်။
၁၈။ ဓမ္မဟဒယ ဝိဘင်္ဂ
ဤဝိဘင်း၌ ခန္ဓာ အာယတန ဓာတ် စသော တရားအားလုံးကို အတွင်းသွင်းလျက် ဝါရပေါင်း ဆယ်ဝါရပြ၍ အကျယ် ဟောတော်မူ၏။
“ခန္ဓဝိဘင်္ဂစသည်၌ အကျယ်အားဖြင့် ဟောတော်မူအပ်ပြီးသော တရားတို့ကို ဤဝိဘင်း၌လာသည့် အတိုင်း အကျဉ်းအားဖြင့် သိလျှင်လည်း လိုအပ်သော အကျိုးပြီးနိုင်ပါသည်” ဟု ပြတော်မူခြင်းငှာ နောက်ဆုံး၌ ဤ ဓမ္မဟဒယဝိဘင်္ဂ ဒေသနာတော်ကို ဟောတော်မူသည်။
မှတ်ချက်
ဤဓမ္မဟဒယဝိဘင်း ဆဋ္ဌဝါရ၌ နတ်ပြည် ၆-ထပ်ဝယ်ရှိကြသော နတ်တို့ကို လည်း ကောင်း ဗြဟ္မာ ၂၀ ဝယ်ရှိကြသော ဗြဟ္မာတို့ကို လည်းကောင်း, ထိုနတ် ထိုဗြဟ္မာ ဖြစ်ဖို့အကြောင်း ကောင်းမှုကုသိုလ် ဈာန်တရား တို့ကိုလည်းကောင်း၊ ထိုနတ် ထိုဗြဟ္မာတို့၏ အသက်တမ်းကို လည်းကောင်း ဟောထားတော်မူသည်။
ဝိဘင်္ဂကျမ်းဝယ် မှတ်ဖွယ် ပြီး၏။
(၃) ဓာတုကထာ
▬▬▬▬▬▬
“ဓာတု”ဟု ခေါ်ဆိုအပ်သော ခန္ဓာ အာယတန စသော သဘာဝဓမ္မတို့ကို ဟောတော်မူရာ ကျမ်းဖြစ်သောကြောင့် ဤတတိယမြောက် အဘိဓမ္မာကျမ်းကို “ဓာတုကထာ”ဟု အမည်မှည့်ရသည်။
[ဓာတု-ခန္ဓာစသော သဘောတို့ကို + ကထာ-ဟောတော်မူရာကျမ်း။]
မှတ်ချက်
ဓာတုကထာမှ တစ်ပါးသော အဘိဓမ္မာ ၆-ကျမ်းတို့လည်း သဘာဝဓမ္မဖြစ်သော ဓာတ်တို့ကို ဟောတော်မူရာ ကျမ်းများပင် ဖြစ်ကြပေ၏။ သို့သော် ဤ တတိယ ကျမ်း၌ကား နယပေါင်း တစ်ဆယ့်လေးနယတို့တွင် တစ်ပါး တစ်ပါးသောနယ၌ ထိုသဘာဝတို့ကို ဟောတော်မူသောကြောင့် အခြားကျမ်းတို့ထက် လွန်လွန်ကဲကဲ ဟောရာဖြစ်သည့် အတွက် ဤတတိယကျမ်းကိုသာ “ဓာတုကထာ” ဟု အမည် မှည့်ရသည်။
ပါဠိတော် အစီအစဉ်
ဤဓာတုကထာ၌ ပါဠိတော်အစဉ်မှာ ဥဒ္ဒေသ, နိဒ္ဒေသအားဖြင့် ၂ ပါးရှိ၏။ ဥဒ္ဒေသကို “မာတိကာ” ဟုလည်း ခေါ်ရ၏။
ထို မာတိကာသည် နယ မာတိကာ, အဗ္ဘန္တရ မာတိကာ, နယမုခ မာတိကာ, လက္ခဏ မာတိကာ, ဗာဟိရ မာတိကာ အားဖြင့် ၅ ပါး ရှိသည်။
နယမာတိကာ
ခန္ဓာအစရှိသည်တို့၏ ဒေသနာကို ဖြစ်စေကြောင်းဖြစ်သော အပြားကို “နယ”ဟု ခေါ်၏။
[ခန္ဓာဓီနံ ဒေသနာ နီယတိ ပဝတ္တီယတိ ဧတေဟီတိ နယာ၊- မူလဋီကာ ဝိဂ္ဂဟ။]
ထိုနယသည် “သင်္ဂဟာသင်္ဂဟပဒ” စသောအားဖြင့် တစ်ဆယ့်လေးပါးရှိ၏။
ထို တစ်ဆယ့်လေးပါး၏ အကျဉ်းခေါင်းစဉ်ကို “နယမာတိကာ” ဟု ခေါ်သည်။
အဗ္ဘန္တရ မာတိကာ
ပဉ္စက္ခန္ဓာ, ဒွါဒသာယတနာနိ, စသည်ဖြင့် အကျဉ်းချုပ် ခေါင်းစဉ်စကားသည် မာတိကာ မည်၏၊
ထို မာတိကာသည် ဤဓာတုကထာ အတွင်းကျမှ ဟောတော်မူအပ် သောကြောင့် “အဗ္ဘန္တရ မာတိကာ” မည်၏။
[အဗ္ဘန္တရ-ဓာတုကထာ၏ အတွင်းဖြစ်သော + မာတိကာ- အကျဉ်းချုပ်ခေါင်းစဉ်။]
နယမုခ မာတိကာ
“တီဟိ သင်္ဂဟော, တီဟိ အသင်္ဂဟော, စတူဟိ သမ္ပယောဂေါ, စတူဟိ ဝိပ္ပယောဂေါ” ဟူသော မာတိကာသည် နယမုခမာတိကာ မည်၏။
[နယ-တစ်ဆယ့်လေးပါးသော နည်းတို့၏၊ မုခ-ဝင်ကြောင်း တံခါးအပေါက်ဝ။]
ဤဓာတုကထာ၌ “သင်္ဂဟ-အသင်္ဂဟ” လာလိမ့်မည်၊ ထိုသို့ လာရာ၌ တီဟိ-ခန္ဓာ အာယတန ဓာတ် ၃ ပါးတို့ဖြင့် ရေတွက်ရ သိမ်းယူရခြင်းကို “သင်္ဂဟ” ဟု လည်းကောင်း, ထို ၃ ပါးတို့ဖြင့် မရေတွက်ရ မသိမ်းယူရ ခြင်းကို “အသင်္ဂဟ” ဟုလည်းကောင်း မှတ်ပါ၊
သမ္ပယောဂ-ဝိပ္ပယောဂ ဟုလည်း လာလိမ့်မည်၊ ထိုသို့လာရာ၌ “စတူဟိ”-နာမ်ခန္ဓာ ၄ ပါး တို့နှင့် ယှဉ်ခြင်းကို သမ္ပယောဂ ဟု လည်းကောင်း, မယှဉ်ခြင်းကို ဝိပ္ပယောဂ ဟု လည်းကောင်း မှတ်ပါ။
ဤသို့ တစ်ကျမ်းလုံး နယတို့အတွက် ဝင်ကြောင်းတံခါးပေါက်ကို ပြသော မာတိကာဖြစ်သည်၊ အားလုံးသော နယတို့၌ သင်္ဂဟ, အသင်္ဂဟ, သမ္ပယောဂ, ဝိပ္ပယောဂ ဟူသမျှတို့သည် ဤအပေါက်အတိုင်း ဝင်လာကြရလိမ့်မည်။
လက္ခဏ မာတိကာ
“သဘာဂေါ, ဝိသဘာဂေါ”ဟူသော မာတိကာသည် လက္ခဏ (အမှတ်အသား)ကို အကျဉ်းချုပ် ပြသောကြောင့် “လက္ခဏမာတိကာ” မည်၏။
ခန္ဓာ, အယတန, ဓာတ် ဤ ၃ ပါးတို့ဖြင့် ရေတွက် ပေါင်းယူရာ၌ သဘာဂ(သဘောတူ)ဖြစ်မှ ရေတွက်ရ ပေါင်းယူရသည်၊ ဥပမာ-ရုပ္ပနလက္ခဏာချင်း သဘောတူမှ ရူပက္ခန္ဓာ၌ ရေတွက်ရ ပေါင်းယူရသည် စသည်တည်း၊
ဝိသဘာဂ (သဘောမတူ)ဖြစ်လျှင် အသင်္ဂဟိတဖြစ်၍ မရေတွက်ရ ပေါင်း၍ မယူရ၊ ထို့အတူ သမ္ပယောဂ ဝိပ္ပယောဂဖြစ်ရာ၌လည်း သဘောတူမှ သမ္ပယောဂဖြစ်၍ သဘောမတူလျှင် ဝိပ္ပယောဂဖြစ်သည်။ ဤသို့ လက္ခဏ (အမှတ်အသား)ကို အကျဉ်းချုပ်ပြသော မာတိကာဖြစ် သည်။
ဗာဟိရ မာတိကာ
“သတ္ထာပိ ဓမ္မသင်္ဂဏီ ဓာတုကထာယ မာတိကာ၊ (အလုံးစုံသော ဓမ္မသင်္ဂဏီကျမ်း၌ လာသော မာတိကာသည် ဓာတုကထာ၏ မာတိကာလည်း ဖြစ်၏) ဟု ဟောတော်မူအပ်သော မာတိကာသည် ဗာဟိရ မာတိကာမည်၏။
[ဗာဟိရ-ဓာတုကထာကျမ်း၏ အပြင်ပ၌ ဖြစ်သော + မာတိကာ-အကျဉ်းခေါင်းစဉ် စကား၊]
ထိုဓမ္မသင်္ဂဏီကျမ်း၌လာသော “ကုသလာ ဓမ္မာ” စသော မာတိကာပုဒ်တို့ကို လည်း နိဒ္ဒေသ၌ အကျယ်ပြလတံ့ဖြစ်သောကြောင့် ထိုဓမ္မသင်္ဂဏီ ကျမ်း၌လာသော မာတိကာကိုလည်း အကျဉ်းမျှ ညွှန်ပြတော်မူသည်။
မှတ်ချက်
ဤပြခဲ့သော မာတိကာတို့နှင့် အညီ နိဒ္ဒေသ (အကျယ်စကား)၌ နယပေါင်း တစ်ဆယ့်လေးပါးကို အကျယ်ဟောပြတော်မူသည်မှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းပါပေ၏၊ ထို့ကြောင့် မြန်မာနိုင်ငံတော်ဝယ် ဆရာအစဉ် အဆက်တို့ ညဉ့်အခါ၌ ဆရာအထံ သင်ယူရသော ညဝါအဖြစ်ဖြင့် ပို့ချတော်မူကာ အလွန် ကျွမ်းကျင်ကြပါပေသည်။
ဓာတုကထာကျမ်းဝယ် မှတ်ဖွယ် ပြီး၏။
(၄) ပုဂ္ဂလပညတ္တိ
▬▬▬▬▬▬
ဝေနေယျသတ္တဝါကို သိစေခြင်း, သိလောက်အောင် နာမည်တပ်၍ပြခြင်း, ဝေနေယျတို့ သန္တာန်၌ ဟောထားတော်မူခြင်းကို “ပညတ္တိ” ဟု ခေါ်၏။
ဤကျမ်း၌ ခန္ဓပညတ္တိ, အာယတနပညတ္တိ, ဓာတုပညတ္တိ, သစ္စပညတ္တိ၊ ဣန္ဒြိယပညတ္တိ ပုဂ္ဂလပညတ္တိ အားဖြင့် ပညတ္တိ ၆ ပါး ကို ဟောတော်မူ၏၊
ဤသို့ ပညတ္တိ ၆ ပါးကို ဟောတော်မူရာ ဖြစ်ပါသော်လည်း ခန္ဓပညတ္တိ စသော ရှေ့ ၅ ပါးအတွက် ဓမ္မသင်္ဂဏီစသော ရှေ့ကျမ်းများ၌ အကျယ်ပြခဲ့ပြီဖြစ်သောကြောင့် ဤကျမ်း၌ အကျယ်ပြတော်မမူပဲ, ရှေ့၌ အကျယ်မပြအပ်သော ပုဂ္ဂလအတွက်သာ ဤကျမ်း၌ အကျယ်ပြတော်မူသောကြောင့် ဤကျမ်းကို “ပုဂ္ဂလပညတ္တိ” ဟု နာမည် တပ်ရပေသည်။
နာမည်တပ် ခက်ပုံ
ဗုဒ္ဓမြတ်စွာ ပွင့်တော်မမူပါသော်လည်း ရူပ, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ ဟူသော သဘောတရားတို့သည် ထင်ရှားရှိနေကြ၏။ သို့သော် ထိုတရားတို့ကို နာမည်တပ်၍ ပညတ်နိုင်သူ မရှိသောကြောင့် ထိုတရားတို့ကို သတ္တဝါအများစုက မသိကြရပေ၊ ဥပမာ-နေရောင် လရောင်စသောအရောင် မရှိသောအခါဝယ် အရာဝတ္ထုအမျိုးမျိုးတွေ မိမိပတ်ဝန်းကျင်၌ ရှိနေသော်လည်း မမြင်ရ မသိရ သကဲ့သို့တည်း၊
ဗုဒ္ဓမြတ်စွာ ပွင့်တော်မူလာသော အခါ၌ကား ရူပ ဝေဒနာ စသော ထိုတရားကို နာမည်တပ်၍ ဝေနေယျသတ္တဝါတို့အား နားလည်အောင် ဟောပြတော်မူ သောကြောင့် ထိုသဘောတရားများကို မိမိ၏ ကိုယ်ခန္ဓာ အတွင်းမှာပင် ဉာဏ်စက္ခုရှိသူတို့ ဉာဏ်ဖြင့်ထင်ထင် သိမြင်ကြရပေသည်။
ဥပမာ-နေရောင် လရောင် စသော အရောင်ရှိသောအခါ မိမိ ပတ်ဝန်းကျင်၌ အရာဝတ္ထုကို မြင်ရသကဲ့သို့တည်း၊ ထို့ကြောင့် ထင်ရှားရှိသော ခန္ဓာစသည်တို့ကို မှန်ကန်အောင် နာမည်တပ်၍ ပညတ်ဖို့အတွက်မှာ သာမည ဉာဏ်ကြီးရှင်တို့၏ အရာမဟုတ် လောက်အောင်ပင် ခက်ခဲလှပါသည်။
ခန္ဓပညတ္တိ
အတိတ်ရုပ် အနာဂတ်ရုပ် ပစ္စုပ္ပန်ရုပ် ဖြစ်သော ရုပ်တရားတို့ကို ရုပ်အစုဖြစ်သော ကြောင့် “ရူပက္ခန္ဓ” ဟု နာမည်တပ်၍ ပညတ်တော်မူခြင်း, အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော ဝေဒနာကို “ဝေဒနာက္ခန္ဓ” ဟု နာမည်တပ်၍ ပညတ်တော်မူခြင်း ဤသို့ စသည်ဖြင့် ခန္ဓာတို့ကို သူ့အကြောင်းအားလျော်စွာ နာမည် ၅ မျိုးတပ်၍ ပညတ်တော်မူခြင်းသည် ခန္ဓပညတ္တိ မည်၏။
အာယတန ပညတ္တိ
စက္ခုပသာဒရုပ်ကို သူနှင့်ဆိုင်သော စိတ်စေတသိက်တို့၏ အကြောင်းဖြစ်သော ကြောင့်“စက္ခာယတန” ဟု နာမည်တပ်၍ ပညတ်တော်မူခြင်း, သောတပသာဒ ရုပ်ကို သူနှင့်ဆိုင်သော စိတ် စေတသိက်တို့၏ အကြောင်းဖြစ်သောကြောင့် “သောတာယတန” ဟု နာမည်တပ်၍ ပညတ်တော်မူခြင်း ဤသို့ စသည်ဖြင့် အာယတန ၁၂ ပါးကို သူ့အကြောင်းအားလျော်စွာ နာမည်တပ်၍ ပညတ် တော်မူခြင်းသည် အာယတနပညတ္တိ မည်၏။
ဓာတုပညတ္တိ
စက္ခုပသာဒရုပ်ကို သူ၏ သဘောကို ဆောင်နေ (သူ့သဘောအတိုင်း) ထင်ရှား ရှိသော စက္ခုပသာဒ စသည်ကို “စက္ခုဓာတ်” ဤသို့စသည်ဖြင့် ဓာတ် ၁၈ ပါးကို သူ့အကြောင်း အားလျော်စွာ နာမည်တပ်၍ ပညတ်တော်မူခြင်းသည် ဓာတုပညတ္တိ မည်၏။
သစ္စပညတ္တိ
ရုပ်နှင့်တကွ တဏှာမှတစ်ပါးသော လောကီတရား ဟူသမျှကို ဒုက္ခအမှန် ဖြစ်သောကြောင့် “ဒုက္ခသစ္စ” ဟု နာမည်တပ်၍ ပညတ်တော်မူခြင်း, တဏှာကို ဒုက္ခ၏အကြောင်း ဖြစ်သောကြောင့် “သမုဒယသစ္စ” ဟု နာမည် တပ်၍ ပညတ်တော်မူခြင်း, အသင်္ခတဓာတ် (နိဗ္ဗာန)ကို ဒုက္ခ သမုဒယတို့၏ ချုပ်ရာ ဖြစ်သောကြောင့် “နိရောဓသစ္စ” ဟု နာမည်တပ်၍ ပညတ်တော်မူခြင်း, သမ္မာဒိဋ္ဌိစသော မဂ္ဂင်ရှစ်ပါး ကို ထိုနိရောဓကို ရောက်ကြောင်းဖြစ်သောကြောင့် “မဂ္ဂသစ္စ” ဟု နာမည်တပ်၍ ပညတ်တော်မူခြင်းသည် သစ္စပညတ္တိ မည်၏။
ဣန္ဒြိယ ပညတ္တိ
မြင်ခြင်းစသော ကိစ္စ၌ အစိုးရဖြစ်နေသော စက္ခုပသာဒ စသည်ကို “စက္ခုန္ဒြိယ” ဤသို့ စသည်ဖြင့် သူ့အကြောင်း အားလျော်စွာ ဣန္ဒြေ ၂၂ ပါးကို နာမည်တပ်၍ ပညတ်တော်မူခြင်းသည် ဣန္ဒြိယပညတ္တိ မည်၏။
ပုဂ္ဂလပညတ္တိ
ပုဂ္ဂိုလ်အမျိုးမျိုးကို သူ့အကြောင်းအားလျော်စွာ နာမည်တပ်၍ ပညတ်တော် မူခြင်းသည် ပုဂ္ဂလပညတ္တိ မည်၏၊
ဤ ပုဂ္ဂလပညတ္တိ၌ကား ပုဂ္ဂိုလ်တစ်မျိုး ၂ မျိုး, ၃ မျိုး စသည်ဖြင့် ဧကကမှစ၍ ဒသကတိုင်အောင် မာတိကာ (ခေါင်းစဉ်) ထားတော်မူပြီးလျှင် ထိုခေါင်းစဉ်အတိုင်း အကျယ်ဟောတော်မူသည်။
ဝိဇ္ဇမာနစသော ပညတ္တိ ၆ မျိုး
ပြအပ်ခဲ့သော ပညတ်တို့ကို အမျိုးခွဲလျင် ဝိဇ္ဇမာနပညတ္တိ, အဝိဇ္ဇမာနပညတ္တိ,
ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ္တိ, အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ္တိ, ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ္တိ, အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ္တိ ဟု ၆ မျိုးပြား၏။
ဝိဇ္ဇမာန ပညတ္တိ
အစစ်အမှန်အားဖြင့် ထင်ရှားရှိနေသော တရားတို့ကို နာမည်တပ်၍ ပညတ်ခြင်းသည် ဝိဇ္ဇမာနပညတ္တိ မည်၏။
[ဝိဇ္ဇာမာန-အထင်အရှားရှိ နေသောတရားကို + ပညတ္တိ-နာမည်တပ်ခြင်း။]
ထို့ကြောင့် ခန္ဓပညတ္တိစသော ရှေ့ ၅ ပါးသည် ဝိဇ္ဇမာနပညတ္တိ မည်၏။
အဝိဇ္ဇမာန ပညတ္တိ
“ပုဂ္ဂိုလ်” ဟူသည် အထင်အရှားမရှိ၊ ရုပ် ဝေဒနာ စသော သဘောတရားတို့၏ အစဉ်ကိုလည်းကောင်း ထို တရားအပေါင်းကိုလည်းကောင်း စွဲ၍ “ပုဂ္ဂိုလ်” ဟု သမုတ်ရခြင်းဖြစ်၏။
ထို့ကြောင့် နောက်ဆုံးဖြစ်သော ပုဂ္ဂလပညတ္တိသည် အဝိဇ္ဇမာနပညတ္တိ မည်၏။
ဣတ္ထိ ပုရိသ (မိန်းမ, ယောက်ျား) စသော ပညတ်များ လည်း အဝိဇ္ဇမာနပညတ္တိပင်တည်း။
ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ္တိ
ထင်ရှားရှိသောတရားနှင့် ထင်ရှားမရှိသော အရာဝတ္ထုကို ပေါင်းစပ်၍ ပညတ်ခြင်း,
ဥပမာ- “တေဝိဇ္ဇော - ဝိဇ္ဇာ ၃ ပါးရှိသော ပုဂ္ဂိုလ်” ဟူရာ၌ ဝိဇ္ဇာ ၃ ပါးသည် ပုဗ္ဗေနိဝါသဉာဏ်, ဒိဗ္ဗစက္ခုဉာဏ်, အာသဝက္ခယ(အရဟတ္တမဂ်)ဉာဏ် ဖြစ်သောကြောင့် ထင်ရှားရှိ၏။ ထို ဉာဏ်ရှိသူ ပုဂ္ဂိုလ်ကား ထင်ရှားမရှိ၊ ရုပ်နာမ် အပေါင်းကို စွဲ၍ ခေါ်ဆိုအပ်သော ပညတ်မျှဖြစ်၏။
ထို့ကြောင့် “တေ ဝိဇ္ဇော” ဟူသော နာမည်ပညတ္တိသည် ဝိဇ္ဇမာနနှင့် အဝိဇ္ဇမာနကို ပေါင်းထားသော ပညတ္တိ မည်၏။
အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ္တိ
ထင်ရှားမရှိသောအရာဝတ္ထုနှင့် ထင်ရှားရှိသော တရားကို ပေါင်းစပ်၍ ပညတ်ခြင်း၊
ဥပမာ-“ဣတ္ထိရူပံ - မိန်းမ၏အဆင်း” ဟူရာ၌ ဣတ္ထိ (မိန်းမ)သည် ထင်ရှားမရှိ ရူပံ (အဆင်း)ကား ဝဏ္ဏ ရုပ်ဖြစ်၍ ထင်ရှားရှိ၏။
ထို့ကြောင့် “ဣတ္ထိရူပံ” ဟူသော နာမည်ပညတ်သည် အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ္တိ မည်၏။
ဝိဇ္ဇမာနေန ဝိဇ္ဇမာန ပညတ္တိ
ထင်ရှားရှိသောတရားနှင့် ထင်ရှားရှိသော ဝိဇ္ဇမာနပညတ္တိ တရားကို ပေါင်းစပ်၍ ပညတ်ခြင်း၊
ဥပမာ-“စက္ခုသမ္မဿော - စက္ခု၌မှီသော သမ္ဖဿ” ဟူရာ၌ စက္ခုသည် ပသာဒရုပ်တစ်မျိုးဖြစ်၍ ထင်ရှား၏။ ဖဿလည်း ဖဿစေတသိက်ဖြစ်၍ ထင်ရှားရှိ၏။
ထို့ကြောင့် စက္ခုသမ္ဖဿောသည် ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ္တိ မည်၏။
အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ္တိ
ထင်ရှားမရှိသော အရာဝတ္ထုနှင့် ထင်ရှားမရှိသော အရာဝတ္ထုကို ပေါင်းစပ်၍ ပညတ်ခြင်း၊
ဥပမာ-“ရာဇပုတ္တော - မင်းသား”ဟူရာ၌ ရာဇ (မင်း)ဟု ခေါ်အပ်သော အရာဝတ္ထုသည် အစစ်အမှန်အားဖြင့် ထင်ရှားမရှိ၊ ရုပ်နာမ်အပေါင်းကို စွဲ၍ သမုတ်သောအရာဝတ္ထုကိုသာ ဖြစ်၏။ ပုတ္တ (သား)ဟူသော အရာဝတ္ထုလည်း ထင်ရှားမရှိ၊
ထို့ကြောင့် ရာဇပုတ္တောသည် အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ္တိ မည်၏။
မှတ်ချက်
ယခုလောက၌ ရှိသမျှသဘောတရား, ရှိသမျှ သတ္တဝါ, ရှိသမျှအရာဝတ္ထု အဆောက်အဦတို့သည် ခန္ဓပညတ်စသော သဘာဝပညတ္တိ (ဝိဇ္ဇမာနပညတ္တိ) ၅ မျိုး တွင်လည်းကောင်း, ပုဂ္ဂလပညတ္တိ ဟူသော အသဘာဝပညတ္တိ (အဝိဇ္ဇမာနပညတ္တိ)၌ လည်းကောင်း, ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ္တိ စသော ပညတ် ၄ မျိုး၌ လည်းကောင်း တစ်မျိုးမျိုး၌ ပါဝင်ကြရပေသည်။
ပုဂ္ဂလပညတ္တိကျမ်းဝယ် မှတ်ဖွယ် ပြီး၏။
(၅) ကထာဝတ္ထု
▬▬▬▬▬▬
သကဝါဒီပုဂ္ဂိုလ် ပရဝါဒီပုဂ္ဂိုလ်တို့၏ အခြေအတင် မေးဖြေခြင်းအားဖြင့် အမှန်သို့ ရောက်အောင် ပြောဆိုကြောင်းဝါဒကို “ကထာ(စကား)” ဟုခေါ်၏။
ဤ အဘိဓမ္မာကျမ်းသည် ထိုကထာတို့၏ တည်ရာ ဖြစ်သောကြောင့် “ကထာဝတ္ထု” မည်၏။
[ယံ ပုဂ္ဂလကထာဒီနံ၊ ကထာနံ ဝတ္ထုဘာဝတော ကထာဝတ္ထုပ္ပကရဏံ, သင်္ခေပေန အဒေသယိ။ — ကထာဝတ္ထုအဋ္ဌကထာ, နိဒါနကထာ။
ကထာအပြား
▬▬▬▬▬
ပဋ္ဌမဝဂ်၌ “ပုဂ္ဂလကထာ” စသော ကထာ ၉ ပါး။
ဒုတိယဝဂ်၌ “ပရူပဟာရကထာ”စသော ကထာ ၁၁ ပါး။
တတိယဝဂ်၌ “ဗလကထာ”စသော ကထာ ၁၂ ပါး။
စတုတ္ထဝဂ်၌ “ဂိဟိဿ အရဟာတိကထာ”စသော ကထာ ၁၀ ပါး
ပဉ္စမဝဂ်၌“ဝိမုတ္တိကထာ” စသော ကထာ ၁၀ ပါး။
ဆဋ္ဌဝဂ်၌ “နိယာမကထာ” စသော ကထာ ၁၀ ပါး။
သတ္တမဝဂ်၌ “သင်္ဂဟိတကထာ”စသော ကထာ ၁၀ ပါး။
အဋ္ဌမဝဂ်၌ “ဆဂတိကထာ”စသော ကထာ ၁၁ ပါး။
နဝမဝဂ်၌ “အာနိသံသဒဿာဝီကထာ” စသော ကထာ ၁၁ ပါး။
ဒသမဝဂ်၌ “နိရောဓကထာ” စသော ကထာ ၁၁ ပါး။
ဧကာဒသမဝဂ်၌ “တိဿောပိ အနုသယကထာ” စသော ကထာ ၁၀ ပါး။
ဒွါဒသမဝဂ်၌ “သံဝရော ကမ္မန္တိကထာ” စသော ကထာ ၁၀ ပါး။
တေရသမဝဂ်၌ “ကပ္ပဋ္ဌကထာ” စသော ကထာ ၁၀ ပါး။
စုဒ္ဒသမဝဂ်၌ “ကုသလာကုသလပဋိသန္ဒဟနကထာ” စသော ကထာ ၉ ပါး။
ပန္နရသမဝဂ်၌ “ပစ္စယတာကထာ”စသော ကထာ ၁၁ ပါး။
သောဠှသမဝဂ်၌ “နိဂ္ဂဟကထာ”စသော ကထာ ၁၀ ပါး။
သတ္တရသဝဂ်၌ “အရဟတော ပုညူပဒယကထာ” စသော ကထာ ၁၁ ပါး။
အဋ္ဌရသမဝဂ်၌ “မနုဿလောကကထာ” စသော ကထာ ၉ ပါး။
ဧကူဝီသတိမဝဂ်၌ “ကိလေသာဇဟနကထာ”စသော ကထာ ၈ ပါး။
ဝီသတိမဝဂ်၌ “အသဉ္စိစ္စကထာ”စသော ကထာ ၆ ပါး။
ဧကဝီသတိမဝ်၌ “သာသနကထာ” စသော ကထာ ၈ ပါ ။
ဗာဝီသတိမဝက်၌ “ပရိနိဗ္ဗာနကထာ”စသော ကထာ ၁၀ ပါး။
တေဝီသတိမဝဂ်၌ “ဧကာဓိပ္ပါယကထာ” စသော ကထာ ၉ ပါး၊
ဤသို့အားဖြင့် ကထာပေါင်း ၂၂၆ ပါး ရှိသည်။
မှတ်ချက်
အမှန်ဖက်က ပြောသူကို “သကဝါဒီ” ဟု လည်းကောင်း, အမှားဖက်က ပြောသူကို “ပရဝါဒီ” ဟု လည်းကောင်း နာမည်တပ်သည်၊
ဗုဒ္ဓသာသနာတော်၏ အတွင်း၌ အချို့ရဟန်းတို့သည် ဗုဒ္ဓဟောတော်မူအပ်သော တရားတော်ကို သင်ယူပြီးလျှင် ဗုဒ္ဓမြတ်စွာ၏ အလိုတော်နှင့် မကိုက်ညီသော အယူဝါဒကို ယူကြလေ၏၊ ထိုအယူ ဝါဒ ရှိကြသော ပရဝါဒီပုဂ္ဂိုလ်တို့ကို ထိုအယူဝါဒ လွဲမှားနေကြောင်းပြဖို့ရာ ဤ ကထာဝတ္ထု၌ မေးရ, ဖြေရလေသည်။
၁။ ပုဂ္ဂလကထာ
အမှာ
ဤပုဂ္ဂလကထာ၌ ပရဝါဒီပုဂ္ဂိုလ်၏ ယူဆပုံကို လည်းကောင်း, သကဝါဒီပုဂ္ဂိုလ်၏ ယူဆပုံကို လည်းကောင်း ရှေးဦးစွာ သိပြီးမှ ပါဠိတော် ဘာသာပြန်ကို နားလည်နိုင်ပါသည်၊ ထို့ကြောင့် ပရဝါဒီ သကဝါဒီပုဂ္ဂိုလ်တို့၏ ယူဆပုံကို ရှေးဦးစွာ ပြပါဦးမည်။
ပရဝါဒီ
ပုဂ္ဂလကို “အတ္တ”ဟုလည်းကောင်း, “သတ္တ” ဟု လည်းကောင်း, “ဇီဝ”ဟု လည်းကောင်း ခေါ်နိုင်၏။ ထို အတ္တ, သတ္တ, ဇီဝ, ဟု ခေါ်အပ်သော ပုဂ္ဂလ ပုဂ္ဂိုလ်သည် အစစ်အမှန်အားဖြင့်လည်းကောင်း မဖေါက်မပြန်သော အားဖြင့်လည်းကောင်း ထင်ရှားရှိ၏။ တစ်ဘဝမှ တစ်ဘဝ သို့ ပြောင်းသော်လည်း ဤ ကိုယ်ခန္ဓာသည်သာ ပျက်စီး၏။ ထို ပုဂ္ဂိုလ်ကား မပျက်စီးပဲ ဘဝပြောင်းသွား၏” ဟု ပုဂ္ဂလဝါဒီတို့ သည် ယူဆကြ၏၊
ဗုဒ္ဓမြတ်စွာသည် သုတ္တန်ပါဠိတော်များ၌ “အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော-မိမိ၏ စီးပွားကိုသာ ကျင့်သော ပုဂ္ဂိုလ်သည် ရှိ၏”စသည်ဖြင့် ဟောတော်မူ၏။ ထိုသို့ ဟောတော်မူခြင်းမှာ “ပုဂ္ဂလ၏ ဧကန်ရှိသောကြောင့်သာ ဟောတော်မူခြင်း ဖြစ်ရာ၏။ ဤသို့လည်း ဗုဒ္ဓ၏တရားတော်ကို အထောက်သာဓကပြု၍ “ပုဂ္ဂလ (အတ္တ သတ္တ ဇီဝ)သည် ဧကန်ရှိ၏” ဟု ပရဝါဒီတို့ ယူဆကြလေသည်။
သကဝါဒီ
ပုဂ္ဂလ (ပုဂ္ဂိုလ်)ဟု ခေါ်အပ်သော အတ္တ သတ္တ ဇီဝသည် ဤ ခန္ဓာကိုယ်အတွင်း၌ အစစ်အမှန်အားဖြင့် မရှိ၊ ဗုဒ္ဓမြတ်စွာသည် လူအများ နားလည်အောင် တရားကို ဟောတော်မူသောကြောင့် လူအများ၏ အခေါ်အဝေါ်ကို လိုက်၍ “အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော” စသည်ဖြင့် ဟောတော်မူရသည်၊ ထို့ကြောင့် ပုဂ္ဂလ (ပုဂ္ဂိုလ်) ဟူသော အရာဝတ္ထုသည် အစစ်အမှန်အားဖြင့် မရှိ” ဟု သကဝါဒီ ယူသည်။
သစ္စာ ၂ မျိုး
ဤလောက၌ သမုတိသစ္စာ, ပရမတ္ထသစ္စာဟု သစ္စာ ၂ မျိုးရှိ၏။ လူအများတို့သည် သမုတ်အပ် ခေါ်ဝေါ်ပြောဆိုအပ်သော အနက် (အရာဝတ္ထု)သည် သမုတိသစ္စာ (လူတို့သည် သမုတ်ထားအပ်သော အမှန်) ဖြစ်၏။ သို့သော် ပရမတ္ထအားဖြင့်ကား “အစစ်အမှန်ရှိသည် မဟုတ်” “ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဉ်, နိဗ္ဗာန်” ဟူသော သဘောတရားသည် ပရမတ္ထ(မဖောက်မပြန် စစ်မှန်သော) သစ္စာမည်၏။
ထို ၂ မျိုးသော သစ္စာတွင် ဗုဒ္ဓမြတ်စွာသည် တရားနာ ပုဂ္ဂိုလ်တို့၏ သိနိုင် လောက်သော သစ္စာဖြင့် ဟောတော်မူလေ့ရှိ၏။ အောက်ပါဂါထာသည် ဒီဃနိကာယ, သီလက္ခန္ဓဝဂ္ဂ ပေါဋ္ဌပါဒသုတ်အဋ္ဌကထာ စသော အဋ္ဌကထာတို့၌ လာသော ဂါထာတည်း။
ဒုဝေ သစ္စာနိ အက္ခာသိ, သမ္ဗုဒ္ဓေါ ဝဒတံ ဝရော၊
သမ္မုတိ ပရမတ္ထဉ္စ, တတိယံ နုပလဗ္ဘတိ။
သင်္ကေတဝစနံ သစ္စံ, လောကသမ္မုတိကာရဏံ၊
ပရမတ္ထဝစနံ သစ္စံ, ဓမ္မာနံ ဘူတလက္ခဏံ။
သုဒ္ဓသစ္စိကဋ္ဌ (အနုလောမပစ္စနီက)ကထာ
သြကာသစသည်နှင့် မရောသော သစ္စိကဋ္ဌ အကြောင်းအရာကို ပြောကြောင်း, ထိုသို့ပြောရာ၌ အနုလောမအားဖြင့်လည်းကောင်း, ---အားဖြင့်လည်းကောင်း ပြောကြောင်း ကထာတည်း။
သကဝါဒီမေး။ ။ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္ဆိကဋ္ဌပရမတ္တေန - ပုဂ္ဂလ ဟူသောအရာကို မှန်ကန်သော အနက်သဘော, မဖောက်မပြန်မြတ်သော အနက် သဘောအားဖြင့် ဉာဏ်ပညာဖြင့် ကပ်၍ ရအပ်ပါသလော။ (ဉာဏ်ပညာဖြင့် သိနိုင်လောက်အောင် ရှိပါသလော” ဟူလို။)
ပရဝါဒီအဖြေ။ ။ အာမန္တာ-အိမ်း၊ (ဟုတ်ကဲ့, ပုဂ္ဂလဟူသော အနက်သည် ဉာဏ်ဖြင့်ကပ်၍ သိနိုင်လောက်အောင် ရှိပါရဲ့” ဟူလို။) [ဤအဖြေကား ဝန်ခံသော အဖြေတည်း။]
သကဝါဒီအမေး။ ။ ယော သစ္စိကဋ္ဌော ပရမတ္ထော, တတော သော ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌ ပရမတ္ထေန - အကြင် သစ္စိကဋ္ဌပရမတ္ထဖြစ်သော သဘောတရား သည် ရှိ၏၊ ထိုသစ္စိကဋ္ဌပရမတ္ထသဘောမျိုးအားဖြင့် ထိုပုဂ္ဂလကို ဉာဏ်ဖြင့်ကပ်၍ ရအပ်ပါသလော၊ (“သစ္စိကဋ္ဌပရမတ္ထဖြစ်သော ရုပ်စသော သဘောရှိသကဲ့သို့ သင်၏ ပုဂ္ဂလဆိုသော အရာဝတ္ထုသည် ရှိပါရဲ့လား” ဟူလို။)
ပရဝါဒီအဖြေ။ ။ နဟေဝံ ဝတ္တဗ္ဗေ - ဤသို့ကား မဆိုထိုက်ပါ။ (“သစ္စိကဋ္ဌပရမတ္ထ ဖြစ်သော ရုပ်စသော သဘောမျိုး ရှိသကဲ့သို့ ပုဂ္ဂလရှိသည်ဟု မဆိုလိုပါ" ဟူလို။) [ဤကား ပယ်ရှားသောအဖြေတည်း။]
သကဝါဒီ ဖိနှိပ်ပုံ
အာဇာနာဟိ နိဂ္ဂဟံ - နှိပ်ကြောင်းအပြစ်ကို လက်ခံပါလော၊ [ဤကား နှိပ်လို၍ စချီ သော စကားတည်း၊ နောက်စကားများဖြင့် နှိပ်လိမ့်မည်။]
(၁) အနုလောမဌပနာ
ဟဥိ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌ ပရမတ္ထေန - အကယ်၍ ပုဂ္ဂလကို ဉာဏ်ဖြင့် ကပ်၍ ရအပ် (သိအပ်)သည် ဖြစ်အံ့။
(၂) အနုလောမပါပနာ
တေန ဝတ္တရေ ဝတ္တဗ္ဗေ -“ယော - သစ္စိကဋ္ဌော ပရမတ္ထော, တတော သော ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ”တိ - ထိုသို့ ပုဂ္ဂလကို ဉာဏ်ဖြင့်ကပ်၍ ရအပ်ခြင်းကြောင့်, အို ငါ့ရှင် … အကြင်အနက်သည် သစ္စိကဋ္ဌပရမတ္ထ ဖြစ်၏။ ထိုသစ္စိကဋ္ဌပရမတ္ထ ဖြစ်သော အနက်အားဖြင့် ထိုပုဂ္ဂလကို ဉာဏ်ဖြင့်ကပ်၍ရအပ် ရနိုင်၏” ဟု ဆိုထိုက်သည်သာ။
(၃) အနုလောမရောပနာ
ယံ တတ္ထ ဝဒေသိ “ဝတ္တဗ္ဗေ ခေါ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌ ပရမတ္ထေန, နော စ ဝတ္တဗ္ဗေ ယော သစ္စိကဋ္ဌော ပရမတ္ထော, တတော သောပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ တိ” မိစ္ဆာ - အာမန္တာဟု ဖြေသော ထိုအနုလောမအဖို့၌ “ပုဂ္ဂလကို သစ္စိကဋ္ဌပရမတ္ထအားဖြင့် ဉာဏ်ဖြင့်ကပ်၍ ရအပ်၏” ဟု ဆို ထိုက်၏၊
အကြင်သစ္စိကဋ္ဌပရမတ္ထ ဖြစ်သော အနက်သည် ရှိ၏။ ထိုသစ္စိကဋ္ဌပရမတ္ထဖြစ်သော အနက်အားဖြင့်ကား ထို ပုဂ္ဂလကို ဉာဏ်ဖြင့်ကပ်၍ ရအပ် (သိအပ်) ၏ ဟု မဆိုထိုက်” ဟု အကြင်စကားကို အသင်ဆို၏။ ထို သင်၏စကားသည် မှားနေ၏။ (“ရှေ့နောက်မညီသောကြောင့် ပုဗ္ဗာပရဝိရောဓိဒေါသအပြစ်ရောက်သည်” ဟူလို။)
အမှာ
(၁) သည် “အာမန္တာ” ဟု ပရဝါဒီ၏ ဝန်ခံထားအပ်သော အနုလောမ အဖြေ အားလျော်စွာ မူတည်၍ ထားအပ်သောကြောင့် အနုလောမဌပနာစကား မည်၏။ [နှိပ်လိုလျှင် သူ့စကားကို မူတည်၍ ထားရရိုးတည်း။]
(၂) သည် ထို အနုလောမအဖြေအလိုက် အပြစ်ရောက်ပုံကို ပြသောကြောင့် အနုလောမပါပနာစကား မည်၏။
(၃) သည် ထိုအဖြေအလိုက် “မိစ္ဆာ” ဟု အပြစ်တင်ပုံကို ပြသောကြောင့် အနုလောမရောပနာ စကားမည်၏။
(၁) ပဋိလောမဌပနာ
နောစေ ပန ဝတ္တဗ္ဗေ ယော သစ္စိကဋ္ဌော ပရမတ္ထာ, တတော သောပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေ္ထနာ” တိ - သို့မဟုတ် “အကြင် သစ္စိကဋ္ဌပရမတ္ထ အနက်သည်ရှိ၏။ ထို သစ္စိကဋ္ဌပရမတ္ထ အနက်အားဖြင့် ထိုပုဂ္ဂလကို ဉာဏ်ဖြင့်ကပ်၍ ရအပ်၏” ဟု အကယ်၍ နောက်စကားကို မဆိုထိုက်သည်ဖြစ်အံ့။
(၂) ပဋိလောမပါပနာ
နော ဝတ္တရေ ဝတ္တဗ္ဗေ “ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ” တိ - အို ငါ့ရှင် ပုဂ္ဂလကို သစ္စိကဋ္ဌပရမတ္ထ္ထ အားဖြင့် ဉာဏ်ဖြင့် ကပ်၍ ရအပ်၏” ဟု ရှေ့စကားကို မဆိုထိုက်သည်သာ။
(၃) ပဋိလောမရောပနာ
ယံ တတ္ထ ဝဒေသိ ဝတ္တဗ္ဗေ ခေါ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, နောစ ဝတ္တဗ္ဗေ ယော သစ္စိကဋ္ဌော ပရမတ္ထော, တတော သော ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထနာတိ -“နဟေဝံ ဝတ္တဗ္ဗေ” ဟုဖြေသော ထိုပဋိလောမအဖို့၌ “ပုဂ္ဂလကို သစ္စိကဋ္ဌပရမတ္ထ ္ထအားဖြင့် ဉာဏ်ဖြင့်ကပ်၍ ရအပ်၏” ဟု ဆိုထိုက်၏။
“အကြင်သစ္စိကဋ္ဌပရမတ္ထ ဖြစ်သော အနက်သည် ရှိ၏။ ထို သစ္စိကဋ္ဌပရမတ္ထ အနက် အားဖြင့် ထိုပုဂ္ဂလကို ဉာဏ်ဖြင့်ကပ်၍ ရအပ်၏ ဟုကား မဆိုထိုက်”ဟု အကြင် စကားကို အသင် ဆို၏။ ထို သင်၏ စကားသည် မှားနေ၏။ (“ရှေ့နောက်မညီ သောကြောင့် ပုဗ္ဗာပရဝိရောဓိဒေါသအပြစ် ရောက်သည်” ဟူလို။)
အမှာ
(၁) သည် “နဟေဝံ ဝတ္တဗ္ဗေ”ဟု ပရဝါဒီ၏ ပယ်၍ထားအပ်သော ပဋိလောမ အားလျော်စွာ မူတည် ၍ ထားအပ်သောကြောင့် ပဋိလောမဌပနစကား မည်၏။
(၂) သည် ထိုပဋိလောမအဖြေအလိုက် အပြစ်ရောက်ပုံကို ပြသောကြောင့် ပဋိလောမပါပနာစကား မည်၏၊
(၃) သည် ထိုအဖြေ အလိုက် “မိစ္ဆာ”ဟု အပြစ်တင်ပုံကို ပြသောကြောင့် ပဋိလောမ ရောပနာစကား မည်၏။
အနုလောမပဉ္စက
“အာဇာနာဟိ နိဂ္ဂဟံ” စသောနိဂ္ဂဟစကား, ပဋိလောမအားဖြင့် ပါပနာ ၂ ပါး, အနုလောမ ပဋိလောမ ပဋိလောမ အားဖြင့် ရောပနာ ၂ ပါး - ဤ ၅ ပါးအပေါင်းကို “အနုလောမပဉ္စက”ဟု ဆိုသည်။
[အနုလောမဌပနာ, ပဋိလောမဌပနာ ၂ ပါးကို ထည့်လျှင် “အနုလောမသတ္တက” ဟုလည်း ဆိုနိုင်စရာရှိ၏။]
အမှာ
ဤ အနုလောမပဉ္စကမှ နောက်၌ “ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန”ဟု ပရဝါဒီ၏ ပစ္စနီကအမေးကို စတည်၍ ပဋိကမ္မစတုက္က, နိဂ္ဂဟစတုက္က, ဥပနယစတုက္က နိဂမစတုက္ကတို့ကိုပြ၍ ပဌမနိဂ္ဂဟကို ပြီးဆုံးစေသည်၊ ဤနည်းအားဖြင့် အမေးအဖြေ အခြေအတင်ပြ၍ ဝါဒတို့ကို ပြဆိုရာ ကထာပေါင်းများစွာ ဤကထာဝတ္ထုကျမ်း၌ ဟောတော်မူသည်။
ကထာဝတ္ထုကျမ်းဝယ် မှတ်ဖွယ်ပြီး၏။
(၆) ယမက(ယမိုက်)ကျမ်း
ယမက
ခန္ဓာစသော ကုသိုလ်စသော ဓမ္မတို့၌ ပုဂ္ဂိုလ် သတ္တဝါ ဇီဝ(အသက်ကောင်) စသော အားဖြင့် မှားမှားယွင်းယွင်း ဖောက်ဖောက်ပြန်ပြန်ယူခြင်းဟူသော ဝိပရီ တဂ္ဂါဟကို ကထာဝတ္ထုကျမ်းဖြင့် တားမြစ်တော်မူပြီး၍ ထိုဓမ္မတို့၌ပင် သန္နိဋ္ဌာန (ဆုံးဖြတ်အပ် ပြီးသောအနက်)၊ သံသယ (ယုံမှားအပ်သောအနက်) အနက်တို့၏ အစွမ်းဖြင့် အမျိုးမျိုး တတ်ကျွမ်း နားလည်သောဉာဏ်ကို ဖြစ်စေဖို့ရန် “ယမက”မည်သော ကျမ်းကို ဟောတော်မူရသည်။
ယမကအမျိုးမျိုး
ယမကသဒ္ဒါသည် “အစုံ” ဟူသော အနက်ကို ဟော၏။
[ကေနဋ္ဌေန ယမကန္တိ၊ ယုဂဠဋ္ဌေန၊- မူလယမကအဋ္ဌကထာ။]
“အစုံ” ဟူရာ၌ စုံပုံစုံနည်းသည် ၃ မျိုးရှိ၏။
(၁) အတ္ထယမက(အနက်အစုံ)၊
(၂) ဓမ္မယမက(ပါဠိတော်ဓမ္မအစုံ)၊
(၃) ပုစ္ဆာယမက(ပုစ္ဆာအစုံ) တည်း။
ချဲ့ဦးအံ့-
၁။ ယေကေစိ ကုသလာ ဓမ္မာ, သဗ္ဗေ တေ ကုသလမူလာ။
၂။ ယေဝါပန ကုသလမူလာ, သဗ္ဗေ တေ ဓမ္မာ ကုသလာ။
ဤပါဠိတော်သည် အစဖြစ်သော မူလယမက၏ အစဆုံးပါဠိတော်တည်း၊
(၁) အကြင်အလုံးစုံသော ကုသိုလ်တရားတို့သည် ရှိကုန်၏၊ ထို အလုံးစုံကုန်သော ကုသိုလ်တရားတို့သည် ကုသိုလ်မူလ မည်ကြသလော၊ ပြောင်းပြန်တစ်မျိုးကား —အကြင် ကုသိုလ်မူလတို့သည် ရှိကုန်၏၊ အလုံးစုံကုန်သော ထိုကုသိုလ်မူလ တို့သည် ကုသိုလ်မည်ကြသလော၊ ဤသို့ အပြန်အလှန် မေးသော ပုစ္ဆာ ၂-မျိုးတည်း။
အတ္ထယမက
ဤပါဠိတော်ဝယ် -
(၁) ပုစ္ဆာဖြင့် “ကုသိုလ်မူလ”ဟူသောအနက်ကို ပြ၏။
(၂) ပုစ္ဆာဖြင့် “ကုသိုလ်” ဟူသော အနက်ကို ပြ၏၊
ဤသို့ ပြအပ်သော အနက် (၂) ပါးအစုံသည် အတ္ထယမက မည်၏၊
[ဉာတုံ ဣစ္ဆိတာနံ ဒုတိယပဌမပုစ္ဆာသု ဝုတ္တာနံ ကုသလ, ကုသလမူလ ဝိသေသာနံ ဝသေန (အတ္ထယမကဘာဝဿ ဝုတ္တတ္တာ) - မူလယမက မူလဋီကာ။]
တစ်နည်း
(၁) ပုစ္ဆာ၌ “ယေကေစိ ကုသလာ ဓမ္မာ”ကို ဆုံးဖြတ်အပ်ပြီး အနက်ကို ပြသောကြောင့် “သန္နိဋ္ဌာနပဒ” ဟုခေါ်၏။
(၂) ပုစ္ဆာ၌ “ယေဝါ ပန ကုသလမူလာ”ကိုလည်း သန္နိဋ္ဌာနပဒ ဟုခေါ်၏၊
ထို သန္နိဋ္ဌာနပဒ ၂မျိုးဖြင့် ယူအပ်သော ကုသိုလ်, ကုသိုလ်မူလ ဟူသော အနက် အစုံ၏ အစွမ်းဖြင့်လည်း အတ္ထယမက အမည်ရသေး၏။
[ကုသလမူလ ကုသလဝိသေသေဟိ ဝါ ဉာတုံ ဣစ္ဆိတာနံ ပဌမဒုတိယပုစ္ဆာသု သန္နိဋ္ဌာနပဒသင်္ဂဟိတာနံ ကုသလ ကုသလမူလာနံ ဝသေန အတ္ထယမကဘာဝဿ ဝုတ္တတ္တာ - မူလဋီကာ။]
ဓမ္မယမက
ပါဠိတော်ဓမ္မကို “ဓမ္မ”ဟု ဆိုလို၏၊ ပြအပ်ခဲ့သော ပါဠိတော်၌ “ယေကေစိ ကုသလာ ဓမ္မာ, သဗ္ဗေတေ ကုသလာမူလာ”သည် အလျော်အားဖြင့် ဟောတော်မူအပ်သော ပါဠိတော်ဓမ္မ တည်း၊
“ယေဝါပန ကုသလမူလာ, သဗ္ဗေတေ ဓမ္မာ ကုသလာ”သည် ထို ပါဠိ၏ ပြောင်းပြန်ဖြစ်သော ပဋိလောမဓမ္မ တည်း၊ ဤသို့ အနုလောမဓမ္မ ပဋိလောမဓမ္မ အားဖြင့် အစုံဖြစ်သောကြောင့် ထိုပါဠိတော်သည် ဓမ္မယမက မည်၏။
ပုစ္ဆာယမက
(၁) သည် ကုသလမူလကိုမေးသော အနုလောမပုစ္ဆာ တည်း၊
(၂) သည် ကုသိုလ်ကိုမေးသော ပဋိလောမပုစ္ဆာတည်း၊
ဤသို့ အနုလောမပုစ္ဆာ ပဋိလောမပုစ္ဆာ အားဖြင့် အစုံဖြစ်သောကြောင့် ထို ပါဠိတော်သည် ပုစ္ဆာယမက လည်းမည်၏။
[တဿ ကုသလကုသလမူလသင်္ခါတာနံ ဒွိန္နံ အတ္ထာနံ ဝသေန အတ္ထယမကန္တိ ဝါ, တေသညေဝ အတ္ထာနံ ဝသေန အနုလောမပဋိလောမတော ပဂတ္တပါဠိဓမ္မဝသေန ဓမ္မယမကန္တိ ဝါ, အနုလောမပဋိလောမတော ပဝတ္တပုစ္ဆာဝသေန ပုစ္ဆာယမကန္တိ ဝါ တိဓာ ယမကဘာဝေါ ဝေဒိတဗ္ဗော - မူလယမက အဋ္ဌကထာ။]
ယမက ၁၀ ကျမ်း
ဤသို့အစုံအစုံ ဟောရာဖြစ်သောကြောင့် ယမကမည်သော ပါဠိတော် တစ်ကျမ်း တစ်ဖွဲ့ ၌ မူလယမက, ခန္ဓယမက, အာယတနယမက, ဓာတုယမက, သစ္စယမက, သင်္ခါရယမက, အနုသယယမက, စိတ္တယမက, ဓမ္မယမက, ဣန္ဒြိယယမက အားဖြင့် ၁၀ကျမ်းပြား၏။
မူလယမိုက်ဝယ် မှတ်ဖွယ်
မူလယမက
ကုသလပဒ, အကုသလပဒ, အဗျာကတပဒ, နာမပဒ အားဖြင့် ပဒကြီး ၄-ပါးကို အရင်းခံ ပြု၍“ယေကေစိ ကုသလာ ဓမ္မာ, သဗ္ဗေ တေ ကုသလမူလာ” စသည်ဖြင့် အမေးအဖြေ ပြုလုပ်၍လည်းကောင်း, ထိုသို့ ပြုလုပ်ရာ၌ မူလနှင့်စပ်သော အမေးအဖြေကို စတည်ထားသောကြောင့် လည်းကောင်း - ဤယမကကို “မူလယမက (မူလယမိုက်)”ဟု ခေါ်သည်။
မှတ်ချက်
“ကုသလမူလာ”နေရာဝယ် “ကုသလဟေတူ” စသည်ဖြင့် ဟေတု, နိဒါန, သမ္ဘဝ, ပဘဝ, သမုဋ္ဌာန, အာဟာရ အာရမ္မဏ, ပစ္စယ, သမုဒယ ပုဒ်တို့ကို လဲလှယ်၍လည်း ဟောတော်မူသည်၊ ထိုသို့ ဟောတော်မူခြင်းကား တရားနာသော ဝိနေယျတို့ နားလည်နိုင်လောက်အောင် ဟောတော်မူခြင်းဖြစ်သည်။
ခန္ဓယမိုက်ဝယ် မှတ်ဖွယ်
ခန္ဓယမက
မူလယမိုက်၌ ဟောတော်မူအပ်ပြီးသော ကုသိုလ် စသော တရားတို့ကို ခန္ဓာနှင့်စပ်၍ ဟောတော်မူခြင်းငှာ မူလယမက၏ အခြားမဲ့၌ ခန္ဓယမကကို ဟောတော်သည်၊ ဤ ခန္ဓယမက၌ ပဏ္ဏတ္တိဝါရ, ပဝတ္တိဝါရ, ပရိညာဝါရ ဟု (ဟောတော်မူရာ အလှည့် အကြိမ်) ဖြစ်သော ဝါရကြီး ၃-ပါး ရှိ၏။
ပဏ္ဏတ္တိဝါရ
ခန္ဓာတို့၏ နာမည်ပညတ်ကို “ပဏ္ဏတ္တိ”ဟုခေါ်၏။
[ပညတ္တိနှင့် ပဏ္ဏတ္တိသည် အနက်တူပင်တည်း။]
ထို့ကြောင့် ဤဝါရ၌ “ရူပံ ရူပက္ခန္ဓော - ရူပမည်သော တရားသည် ရူပက္ခန္ဓာ မည်သလော”ဤသို့ စသည်ဖြင့် ရူပနာမည် ရူပက္ခန္ဓနာမည် စသော နာမည် ပညတ်ကို သုတ်သင် ရှင်းလင်း၍ ဟောတော်မူသည်။
[ခန္ဓာနံ နာမာဘိဓာနသောဓန ဝသေနေဝ ဂတတ္တာ ပဏ္ဏတ္တိဝါရောတိ ဝုစ္စတိ -ခန္ဓယမကအဋ္ဌကထာ။]
ပဝတ္တိဝါရ
ယဿ ရူပက္ခန္ဓော ဥပ္ပဇ္ဇတိ, တဿ ဝေဒနာက္ခန္ဓော ဥပ္ပဇ္ဇတိ - အကြင်ပုဂ္ဂိုလ်၏ သန္တာန်၌ ရူပက္ခန္ဓာ ဖြစ်၏ (ဖြစ်နေဆဲ)၊ ထိုပုဂ္ဂိုလ်၏ သန္တာန်၌ ဝေဒနာက္ခန္ဓာ ဖြစ်သလော(ဖြစ်နေဆဲလော)၊ ယဿ ရူပက္ခန္ဓော နိရုဇ္ဈတိ, တဿ ဝေဒနာက္ခန္ဓော နိရုဇ္ဇတိ၊ ဤသို့ ခန္ဓာတို့၏ ဥပ္ပါဒနိရောဓအားဖြင့် ဖြစ်ပုံကို သုတ်သင်ရှင်းလင်း၍ ဟောတော်မူရာ ဖြစ်သောဝါရကို “ပဝတ္တိဝါရ” ဟု ခေါ်သည်။
[ပဝတ္တိဝါရော တေန သောဓိတနာမာဘိဓာနာနံ (ထို ပဏ္ဏတ္တိဝါရဖြင့် သုတ်သင် အပ်ပြီးသော နာမည်အခေါ်အဝေါ် ရှိကုန်သော) ခန္ဓာနံ ဥပ္ပါဒနိရောဓဝသေန ပဝတ္တိံ သောဓယမာနော ဂတော, တသ္မာ ပဝတ္တိဝါရောတိ ဝုစ္စတိ - မူလယမကအဋ္ဌကထာ။]
ပရိညာဝါရ
ပရိ-ပိုင်းခြား၍ + ဉာ-သိသောဉာဏ်ကို “ပရိညာ”ဟု ခေါ်၏။
ထို့ကြောင့် “ယော ရူပက္ခန္ဓံ ပရိဇာနာတိ, သော ဝေဒနာက္ခန္ဓံ ပရိဇာနာတိ - အကြင် ပုဂ္ဂိုလ်သည် ရူပက္ခန္ဓာကို ပိုင်းခြား၍ သိဆဲဖြစ်၏။ ထိုပုဂ္ဂိုလ် သည် ဝေဒနာက္ခန္ဓာကို ပိုင်းခြားသိဆဲလော” ဤသို့ စသည်ဖြင့် ပဝတ္တိဝါရဝယ် ဟောတော်မူအပ်ခဲ့သော အစဉ်အားဖြင့် ဖြစ်ပျက် ကြသော ခန္ဓာတို့၏ အကျဉ်းအားဖြင့် ၃ ပါးသော ပရိညာတို့ ကို ပြလျက် ဟောတော်မူရာဝါရသည် “ပရိညာဝါရ"မည်၏။
[ပရိညာဝါရော ဣမိနာနုက္ကမေန ပဝတ္တာနံ ခန္ဓာနံ သင်္ခေပေနေဝ တိဿော ပရိညာ ဒီပယမာနော ဂတော၊ တသ္မာ ပရိညာ ဝါရောတိ ဝုစ္စတိ။–မူလယမကအဋ္ဌကထာ။]
၃ ပါးသော ပရိညာ
“တိဿော ပရိညာ”အရ ပရိညာ ၃ ပါးဟူသည် ညာတပရိညာ, တီရဏပရိညာ, ပဟာနပရိညာတည်း၊
ထိုတွင် “ဤတရား သည် ရူပက္ခန္ဓာ, ဤတရားကား ဝေဒနာက္ခန္ဓာ ဤသို့စသည်ဖြင့် ခန္ဓာတို့ကိုလည်းကောင်း, ခန္ဓာတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်ကို ဉာတ-သိအပ်သည်ကို ပြု၍ ပိုင်းခြားသိတတ်သော ဉာဏ်သည် ဉာတပရိညာမည်၏၊
ဤသို့ သိအပ်ပြီးသော တရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တအားဖြင့် ဆုံးဖြတ် တတ်သောဉာဏ်သည် တီရဏပရိညာမည်၏။
ထိုခန္ဓာတို့၌ ဆန္ဒရာဂကို ပယ်သောအားဖြင့် သိသော ဉာဏ်သည် ပဟာနပရိညာ မည်၏။
[၁-ဒေဝတာသံယုတ်, ၂-နန္ဒနဝဂ္ဂ ၁၀-သမိဒ္ဓိသုတ္တအဋ္ဌကထာကို မှီသည်။]
အာယတန ယမိုက်ဝယ် မှတ်ဖွယ်
အာယတနယမက
မူလယမိုက်၌ ဟောတော်မူအပ်ပြီးသော ကုသိုလ်စသောတရားတို့ကိုပင် အာယတန နှင့်စပ်၍ ဟောတော်မူခြင်းငှာ ခန္ဓယမက၏ အခြားမဲ့၌ အာယတနယမကကို ဟောတော်မူသည်၊ ဤအာယတနယမက၌လည်း “စက္ခု စက္ခာယတနံ” စသည်ဖြင့် နာမည်ပညတ်ကို သုတ်သင်သောအားဖြင့် ဟောတော်မူရာ ပဏ္ဏတ္တိဝါရ, “ယဿ စက္ခာယတနံ ဥပ္ပဇ္ဇတိ, တဿ သောတာယတနံ ဥပ္ပဇ္ဇတိ” စသည်ဖြင့် အာယတန တို့၏ ဥပ္ပါဒနိရောဓ အားဖြင့် ဖြစ်ပုံကို ဟောတော်မူရာ ပဝတ္တိဝါရ, “ယော စက္ခာယတနံ ပရိဇာနာတိ, သော သောတာယတနံ ပရိဇာနာတိ” စသည်ဖြင့် အာယတနတို့၏ ၃ ပါးသော ပရိညာတို့ကို ပြလျက်ဟောတော်မူရာ ပရိညာဝါရ တို့သည် ခန္ဓယမိုက်၏ ပါဠိတော် အသွားအတိုင်းပင် ဖြစ်ကုန်၏။
ဓာတုယမိုက်ဝယ် မှတ်ဖွယ်
ဓာတုယမက
မူလယမိုက်၌ ဟောတော်မူအပ်ပြီးသော ကုသိုလ်စသော တရားတို့ကိုပင် ဓာတ်နှင့်စပ်၍ ဟောတော်မူခြင်းငှာ အာယတနယမက၏ အခြားမဲ့၌ ဓာတု ယမကကို ဟောတော်မူသည်။ ဤဓာတုယမက၌လည်း ပဏ္ဏတ္တိဝါရ စသော ဝါရကြီး ၃ ပါးတို့သည် ခန္ဓယမိုက်အတိုင်းပင် ဖြစ်ကုန်၏။
သစ္စယမိုက်ဝယ် မှတ်ဖွယ်
သစ္စယမက
မူလယမိုက်၌ ဟောတော်မူအပ်ကုန်ပြီးသော ကုသိုလ်စသော တရားတို့ကိုပင် သစ္စာ ၄ ပါး နှင့်စပ်၍ ဟောတော်မူခြင်းငှာ ဓာတုယမက၏အခြားမဲ့၌ သစ္စယမကကို ဟောတော်မူသည်၊ ဤသစ္စယမက၌လည်း ပဏ္ဏတ္တိဝါရ စသော ဝါရကြီး ၃ ပါး တို့သည် ရှေ့အတိုင်းပင် ဖြစ်ကုန်၏။
သင်္ခါရယမိုက်ဝယ် မှတ်ဖွယ်
သင်္ခါရယမက
မူလယမိုက်၌ ဟောတော်မူအပ်ကုန်ပြီးသော ကုသိုလ်စသော တရားတို့တွင် ရထိုက်သော တရားတို့ကို ယူ၍ သင်္ခါရနာမည်ဖြင့် ဟောတော်မူခြင်းငှာ သစ္စ ယမက၏အခြားမဲ့၌ သင်္ခါရယမကကို ဟောတော်မူသည်။ ဝါရကြီး ၃ ပါး ပြားပုံမှာ ခန္ဓယမကများနှင့် အတူပင်တည်း၊ “သင်္ခါရ” သည် ကာယသင်္ခါရ, ဝစီသင်္ခါရ, စိတ္တသင်္ခါရ အား ဖြင့် ၃ ပါးပြား၏။
ကာယသင်္ခါရ
“အဿာသပဿာသာ ကာယသင်္ခါရော”ဟူသော ဤယမကပါဠိတော်နှင့်အညီ ထွက်သက်ဝင်သက် (ရှိုက်သက်ရှုသက်)ကို “ကာယသင်္ခါရ”ဟု ခေါ်၏။ မှန်၏၊ ဤအဿာသပဿာသသည် ကိုယ်ခန္ဓာဟူသော ကာယနှင့် စပ်၍ဖြစ်ရ၏။ ကာယ မရှိလျှင် အဿာသပဿာသလည်း မရှိနိုင်၊ ထို့ကြောင့် “ကာယဿ + သင်္ခါရော -ကာယ၏ + သင်္ခါရ၊ ဝါ-ကာယသည် + ပြုစီမံအပ်သောတရား” ဟူသော ဝစနတ္ထကြောင့် အဿာသပဿာသသည် “ကာယသင်္ခါရ” မည်၏။
ဝစီသင်္ခါရ
“ဝိတက္က ဝိစာရာ ဝစီသင်္ခါရော” ဟူသော ဤယမကပါဠိတော်နှင့် အညီ, ဝိတက် ဝိစာရကို “ဝစီသင်္ခါရ”ဟု ခေါ်၏။ မှန်၏ - နှုတ်မြွက်ပြောဆိုခြင်း ဝစီဘေဒသဒ္ဒကို “ဝစီ”ဟု ခေါ်၏။ [စကားတစ်လုံးနှင့်တစ်လုံး ကွဲပြားသောအသံကို “ဝစီဘေဒသဒ္ဒ”ဟု ခေါ်သည်။]
ထိုအသံကို ဝိတက် ဝိစာရသည် ပြုပြင်တတ်၏။ ထို့ကြောင့် ဝိတက်နှင့် ဝိစာရသည် “ဝစိယာ-ဝစီကို + သင်္ခါရော-ပြုစီမံတတ်သောတရား တည်း၊ ဝစီသင်္ခါရော - ဝစီကို ပြုစီမံတတ်သောတရား”ဟူသော ဝစနတ္တကြောင့် “ဝစီသင်္ခါရ”မည်၏။
[ပုဗ္ဗေဝ ခေါ အာဝုသော ဝိသာခ ဝိတက္ကောတွာ ဝိစာရေတွာ ပစ္ဆာ ဝါစံ ဘိန္ဒတိ၊ တသ္မာ ဝိတက္ကဝိစာရာ ဝစီသင်္ခါရော။- မူလပဏ္ဏာသ, ၅-စူဠယမကဝဂ္ဂ, ၄-စူဠဝေဒလ္လသုတ္တပါဠိတော်။]
စိတ္တသင်္ခါရ
“သညာစ ဝေဒနာစ စိတ္တသင်္ခါရော, ထပေတွာ ဝိတက္ကဝိစာရေ သဗ္ဗေပိ စိတ္တသမ္ပယုတ္တကာ ဓမ္မာ စိတ္တသင်္ခါရော” ဟူသော ဤယမကပါဠိတော် နှင့်အညီ သညာ ဝေဒနာကို လည်းကောင်း (ဝိတက် ဝိစာရကို ထား၍) အလုံးစုံကုန်သော စိတ်နှင့်ယှဉ်ကြသော စေတသိက်တရားတို့ကို လည်းကောင်း “စိတ္တသင်္ခါရ”ဟု ခေါ်၏။
မှန်၏ - ထိုစေတသိက် တို့သည် စိတ်မဖြစ်လျှင် မဖြစ်နိုင်ကြ, စိတ်သည် ပြုစီမံအပ်မှသာ ဖြစ်နိုင်ကြ၏။ ထို့ကြောင့် ထိုစေတသိက်တို့သည် “စိတ္တဿ+သင်္ခါရော စိတ္တသင်္ခါရော - စိတ်သည်ပြုစီမံအပ်သော တရား”ဟူသော ဝစနတ္တကြောင့် စိတ္တသင်္ခါရမည်၏။
ယမိုက်ကျမ်းဝယ် မှတ်ဖွယ် ပြီး၏။
(၇) ပဋ္ဌာန
အမှာ
“အဘိဓမ္မာနှင့်စပ်၍ မှတ်ဖွယ်များ” ကို ကျေးဇူးတော်ရှင် ဆရာတော်ဘုရား ရေးသားတော်မူခဲ့ရာတွင် “ယမိုက်ကျမ်းဝယ် မှတ်ဖွယ်” အထိသာ ရေးသားတော် မူခဲ့ပါသည်၊ ကျန်သော ပဋ္ဌာန်းကျမ်းဝယ် မှတ်ဖွယ်များကို ဤ၌ ရေးသားတော် မမူခဲ့ပါ၊
ထိုသို့ မရေးခဲ့ခြင်းမှာ ဝီထိနှင့် သုံးချက်စု ဘာသာဋီကာကို ကြည့်၍ ပဋ္ဌာန်းကျမ်းဝယ် မှတ်ဖွယ်များကို သိနိုင်လောက်ပြီ ဖြစ်၍ ရေးသားတော်မမူခဲ့ခြင်း ဖြစ်ပါသည်။
ထို့ကြောင့် ပဋ္ဌာန်းနှင့်စပ်၍ မှတ်ဖွယ်များအတွက် ထိုသုံးချက်စု ဘာသာဋီကာနှင့် ပဋ္ဌာန်းအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဟောတော်မူ၍ ကျမ်းစာအဖြစ် ရိုက်နှိပ် အပ်သော အခြေပြု ပဋ္ဌာန်းကျမ်းများကို ကြည့်ရှုတော်မူကြရန် ဖြစ်ပါသည်။
အဘိဓမ္မာနှင့်စပ်၍ မှတ်ဖွယ်များ ပြီး၏။