အဘိဓမ္မာ တရားတော်ကြီး
အဘိဓမ္မာ တရားတော်ကြီး
ဒီကနေ့ ၁၃၃၆-ခုနှစ်၊ ပြာသိုလပြည့်နေ့ (၂၆-၁-၇၅) ဖြစ်တယ်။ အချိန်က နေမွန်းလွဲ ၁-နာရီခွဲနဲ့ ၄၇-မိနစ်လောက် ရှိပါပြီ။ ယခုအချိန်မှ စပြီးတော့ အစဉ်ကျရာ တရားကို ဟောရမယ်။ ဗုဒ္ဓဝါတော်စဉ်အတိုင်း ထင်ရှားရာ သုတ်တွေကို ယူပြီးတော့ ဟောနေပါတယ်။
“ပ-ဗာ, တိ-ရာ၊ ဝေ, မ, တာဝယ်၊ တဝါစီရှု”တဲ့။
ပ-ဗာ။ ပထမဝါမှာ ဗာရာဏသီ မိဂဒါဝုန်တော်မှာ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရား ဟောကြားတော်မူပါတယ်။ ဒီတရားတော်ကို “ဓမ္မစကြာ တရားတော် ကြီး” အမည်နဲ့ ဟောခဲ့ပြီးပါပြီ။
တိ-ရာ။ ရာဇဂြိုဟ်ပြည်မှာ သုံးဝါကပ်ပြီးတော့ မြတ်စွာဘုရား သီတင်းသုံးတော် မူပါတယ်။ ဒီလို သီတင်းသုံးတော်မူစဉ် ရာဇဂြိုဟ်ပြည်မှာ ဟောတဲ့သုတ်တွေကတော့ အများကြီးပါပဲ။ ဒီသုတ်တွေ ကိုလည်း အကုန်မဟုတ်ပေမယ့် တချို့သုတ်တွေကို ဟောပြီးခဲ့ပါပြီ။
ဝေ။ ဝေသာလီပြည်မှာ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ သုတ်တွေကိုလည်း ဟောသင့် သလောက်ကို ဟောပြီးခဲ့ပြီ။ အဲဒါ ပဉ္စမဝါမှာ ဟောတော်မူတဲ့ သုတ်တွေပဲ။
ဆဋ္ဌမ - ခြောက်ခုမြောက် ဝါမှာတော့ မ - မကုလတောင်မှာတဲ့၊ မကုလတောင်ဆိုတာ ရာဇဂြိုဟ်ပြည်ရဲ့ တောင်ဘက်လောက် ကျပါတယ်။ အဲဒီက တောင်ဘက်တောင် မကသေးဘူး။ မြတ်စွာဘုရား ပွင့်တော်မူတဲ့ ဗောဓိမဏ္ဍိုင်ရဲ့ တောင်ဘက်လည်း ကျပါတယ်။ ဦးစက္ကပါလ ပြုစုတဲ့ ဗုဒ္ဓသာသနိက ပထဝီဝင်ကျမ်းမှာ မဇ္ဈိမဒေသရဲ့ တောင်ဘက်ဆုံးလောက် ရောက်နေကြောင်း ပြဆိုထားပါတယ်။ ပေသကမ္မနိဂုံးဆိုတာ အဲဒီ နိဂုံးကြီးရဲ့ အနီးမှာ ရှိနေပါတယ်။ မဇ္ဈိမဒေသရဲ့ တောင်ဘက် အစွန်း လောက်တောင် ရောက်နေတယ်။ အဲဒီမှာ တောင်တစ်လုံးရှိတယ်။ မကုလတောင်တဲ့။ အဲဒီ မကုလတောင်မှာ ခြောက်ဝါမြောက် ဝါဆိုတော်မူတယ်လို့ အင်္ဂုတ္တရ အဋ္ဌကထာ ဓမ္မပဒအဋ္ဌကထာ စသည်တို့မှာ ပြထားပါတယ်။ ဒါပေမယ့် အဲဒီ မကုလ တောင်မှာ ဟောတဲ့ သုတ်တရားကိုတော့ သင်္ဂါယနာ တင်တဲ့နေရာမှာ သင်္ဂါယနာတင် အရှင်တို့က ဖော်ပြထားတာ မတွေ့ရဘူး။
အဲဒီ မကုလတောင်မှာ သီတင်းသုံးတော်မူစဉ် အခါတုန်းက ဘယ်တရားကို ဟောတယ်လို့ဆိုတာ ရှာလို့မတွေ့ရဘူး။ အဲဒီလို ရှာမတွေ့တာတွေ ၂-ဌာန၊ ၃-ဌာန ရှိသေးတယ်။ သင်္ဂါယနာ တင်စဉ်က ရှာမတွေ့တဲ့ နေရာလေးတွေမှာ ဟောတဲ့ တရားတော့ ရှိမှာပါပဲ။ တစ်ဝါတွင်းလုံး သီတင်းသုံးနေတာပဲ။ မဟောဘဲတော့ နေမှာ မဟုတ်ပါဘူး။ ဟောမှာပါပဲ။ သင်္ဂါယနာတင်စဉ်က မဖော်ပြတော့လည်း မတွေ့ရ ဘူးပေါ့။ မဖော်ပြတာ ကလည်း အကြောင်းတော့ ရှိပါလိမ့်မယ်။ ဒီပြင် နေရာမှာ ဟောတဲ့ တရားတွေနဲ့ ထပ်တူဖြစ်နေလို့ မဖော်ပြတာလည်း ဖြစ်ကောင်း ဖြစ်ပါ လိမ့်မယ်။ အဲ အခုဒီမှာ ဝါစဉ်အတိုင်း ဟောတဲ့ အခါကျတော့ မကုလတောင်မှာ ဟောတဲ့ တရားကိုတော့ ရှာမတွေ့လို့ မဟောတော့ဘူး။ ဒါကြောင့် ကျော်ပစ်ခဲ့ရ တော့မယ်။
ဝေ, မ, တာဝယ် တဲ့၊ ဝေသာလီရယ်၊ မကုလတောင်ရယ်၊ တာဝတိံသာရယ် အဲဒီဌာနတွေမှာ တစ်ဝါစီ ရှုပါ တဲ့၊ တာဝတိံသာမှာ သတ္တမမြောက် ဝါကပ်တော် မူပါတယ်။ အဲဒီ တာဝတိံသာမှာ ဟောတော်မူတဲ့ တရားကိုတော့ အခုဟောမယ်။ တာဝတိံသာမှာ ဝါကပ်စဉ် ဟောတော်မူတဲ့ တရားက အဘိဓမ္မာ တရားတော်တဲ့၊ အဲဒီ အဘိဓမ္မာ တရားတော်ကို မြတ်စွာဘုရားက ဝါတွင်း သုံးလပတ်လုံး ဟောတာပဲ၊ နည်းတဲ့ တရားတွေ မဟုတ်ဘူး၊ အဲဒီ တရားတော်တွေကိုတော့ ဆုံးအောင် ဟောဖို့ မဖြစ်နိုင်ဘူး၊ တော်ရုံလောက်ပဲ ဟောရမယ်။
အဘိဓမ္မာဒေသနာနဲ့ စပ်ပြီးတော့ အဋ္ဌကထာက ဖွင့်ပြတော့မယ်ဆိုတော့ ရတနာ သုံးပါးကို ရှေးဦးစွာ ပဏာမ ပြုထားတယ်။ အဲဒီ ရှိခိုးတဲ့ ပဏာမဟာ အင်မတန် ကြည်ညိုစရာ ကောင်းတာပဲ၊ ကြည်ညိုစရာ ကောင်းတဲ့အတိုင်း အဘိဓမ္မာ ပဏာမသာမက ဘုန်းကြီးက ဝိနည်း အဋ္ဌကထာ ပဏာမရော, သုတ်အဋ္ဌကထာ ပဏာမရော, အခြေခံအဖြစ်နဲ့ ဟောရမယ်။ အဘိဓမ္မာ အဋ္ဌကထာကလာတဲ့ ပဏာမကိုဟောပြီးတဲ့နောက်မှ ယမိုက်ပြာဋိဟာ ပြပုံတွေကိုလည်း ဟောရဦးမယ်။
ယနေ့တော့ နိဒါန်းဟောရတာနဲ့ပဲ အချိန်ကုန်လိမ့်မယ် ထင်တယ်၊ အဘိဓမ္မာတရားကို ဟောဖို့ ဒီကနေ့ ရောက်ချင်မှ ရောက်မယ်၊ အဘိဓမ္မာတရားကလည်း မြတ်စွာဘုရားက သုံးလတောင် ဟောတော်မူထားတော့ တရားတော်က အင်မတန် ရှည်လျား နေတယ်၊ ဒီ အဘိဓမ္မာ တရားရှည်ကြီးကို ဘုန်းကြီးကတော့ အနည်းဆုံး သုံးရက်လောက် ကြာအောင် ဟောရမယ်၊ ဒီထက်များချင်လည်း များမှာပဲ၊ အခြေအနေအရ ကြည့်ပြီး ဟောသွား ရမှာပဲ၊ အဘိဓမ္မာတရား ဟောရတာက တရားအားထုတ်ဖို့တော့ မဟုတ်ဘူး၊ ဗဟုသုတ များကြဖို့ပါပဲ။
အတုယူကြဖို့ပါပဲ
ဟောတော်မူထားတာကလည်း တာဝတိံသာမှာ ဟောတော်မူထားတာပဲ၊ လူတွေကို ဟောတော်မူထားတာမှ မဟုတ်ပဲဘဲ၊ ယခု လူတွေအတွက်တော့ ဗဟုသုတ များဖို့ အနေနဲ့ ဘုန်းကြီးက ဟောရမယ်။
အဋ္ဌကထာဆရာက ဝိနည်းပိဋကတ်ကို ရှေးဦးစွာ ဖွင့်ပြ စီရင်တော်မူထားပါတယ်။ ဒီလို စီရင်ရာမှာ အန္တရာယ် ကင်းပျောက်ခြင်း၊ ကျမ်းပြီးခြင်း အကျိုးရှိတယ် ဆိုတဲ့အနေနဲ့ ရှေးဦးစွာ ရတနာသုံးပါး အား ရှိခိုးခြင်း ဆိုတဲ့ ပဏာမ ကိုပြပါတယ်။ ပဏာမတွေမှာ ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးရဲ့ ဂုဏ်တွေကို ထုတ်ဖော် ချီးကျူးထားတာဆိုတော့ အင်မတန်ကောင်းပါတယ်။ အဲဒီ အဋ္ဌကထာဆိုထားတဲ့ ပဏာမတွေကို အတုယူပြီးတော့ နောက်နောက် ပုဂ္ဂိုလ်တွေက ကျမ်းပြုလို့ရှိရင် အဲဒီလိုပဲ ဘုရားအစရှိတဲ့ ရတနာသုံးပါးအား ရှိခိုးတဲ့ ပဏာမတွေကို ရေးကြ ရပါတယ်။ ရှေးက ပဏာမတွေ ဒီလိုရေးကြတာပါပဲ။ အခုခေတ်မှာတော့ တယ်ပြီး အရေးမကြီးတဲ့ ကျမ်းပြုကြတာမို့ ပဏာမရယ်လို့ တယ်ပြီးရေးလေ့မရှိတာက များပါတယ်။ ဒီအတိုင်းပဲ စာသား စာကိုယ်ကစပြီး ရေးလေ့ရေးထ ရှိလာကြပါတယ်။ အဲ ဝိနည်းအဋ္ဌကထာ ပဏာမမှာ ဘယ်လို ပဏာမ ပြုထားသလဲ ဆိုရင် . . . .
ယော ကပ္ပကောဋီဟိပိ အပ္ပမေယျံ။
ကာလံ ကရောန္တော အတိဒုက္ကရာနိ။
ခေဒံ ဂတော လောကဟိတာယ နာထော။
နမော မဟာကာရုဏိကဿ တဿ - တဲ့။
(ပါရာဇိကဏ် ဋ္ဌ-ပ-တွဲ)
ဒါဟာ ပထမဆုံး ဂါထာပါပဲ။
ယော နာထော - လူသုံးပါးတို့၏ ကိုးကွယ်ရာအစစ် ဖြစ်တော်မူသော အကြင် မြတ်စွာဘုရားသည်၊
ကပ္ပကောဋီဟိပိ - ကမ္ဘာပေါင်း ကုဋေတို့ဖြင့် သော်လည်း၊
အပ္ပမေယျံ - မနှိုင်းယှဉ် မရေတွက်နိုင်သော၊
ကာလံ - ကာလပတ်လုံး၊
ကာလံ - လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး၊
လောကဟိတာယ - လောကဟုဆိုအပ်သော သတ္တဝါတို့၏ အကျိုးစီးပွား အလို့ငှာ၊
အတိဒုက္ကရာနိ - အလွန်ပြုနိုင် ခဲကုန်သော ပါရမီ, စရိယ, ပရိစာဂတို့ကို၊
ကရောန္တော - ပြုတော်မူရသည်ဖြစ်၍၊
ခေဒံ - ကိုယ်တော်၏ ပင်ပန်းခြင်းသို့၊
ဂတော - ရောက်တော်မူခဲ့လေပြီ။
မြတ်စွာဘုရား အလောင်းတော်ဟာ ဒီပင်္ကရာ မြတ်စွာဘုရားထံတော်ကတည်းက နိဗ္ဗာန်ကို ယူလိုက ရယူနိုင်ပါတယ်တဲ့။ ဒါပေမယ့် လောကရဲ့ အကျိုးစီးပွား အလို့ငှာ လက်တော်သို့ ရောက်လုနီးဖြစ်တဲ့ နိဗ္ဗာန်ကို ယူတော် မမူသေးဘဲ ထားခဲ့တယ်။ အားခဲပြီး အင်မတန် ခဲယဉ်းတဲ့ ပါရမီ, စရိယ, ပရိစာဂအကျင့်တွေကို ဆက်လက်ပြီး ကျင့်ကြံကြိုးကုတ် အားထုတ်တော် မူခဲ့ပါတယ်။ ဘယ်လောက်ကြာအောင် နေခဲ့ရ သလဲဆိုရင် ရေတွက်ခြင်းငှာ မစွမ်းနိုင်တဲ့ လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်းပတ်လုံးပါပဲ တဲ့။
ဒါကို အဘိဓာန် ပဏာမက -
“ကရုဏာကရော - မဟာကရုဏာ၏ တည်ရာဖြစ်တော်မူသော၊
ယော တထာဂတော - အကြင် မြတ်စွာဘုရားသည်၊
ကရောပယာတံ - လက်တော်သို့ ရောက်သော၊
(လက်တော်သို့ရောက်တော့ မရောက်သေးပါဘူး။ ဒါပေမယ့် ယူမယ်ဆိုရင် ရနိုင်နေတာဖြစ်လို့၊ ဒါမှမဟုတ်ရင်လည်း ရဖို့ရန် လက်တစ်လှမ်းလောက်သာ လိုတော့တဲ့ အတွက် အင်မတန် နီးကပ်နေတာဖြစ်လို့ “လက်တော်သို့ ရောက်သော” လို့ ဆိုပါတယ်)။
သုခပွဒံ - ချမ်းသာခြင်း၏ အကြောင်းဖြစ်သော၊
ပဒံ - နိဗ္ဗာန်ကို၊
ဩသဇ္ဇ - စွန့်တော်မူ၍၊
ကလိ သမ္ဘေ၀ - ဆင်းရဲခြင်း၏ အကြောင်းဖြစ်လေသော။
ဘဝေ-သံသာရေ - သံသရာ၌၊
ကေဝလဒုက္ကရံ - စင်စစ်ပြုနိုင်ခဲလှစွာသော ပါရမီဆယ်ပါး အပြား သုံးဆယ်ကို၊
ကရံ-ကရောန္တော - ပြုတော်မူသည်ဖြစ်၍၊
ပရတ္ထံ - သူတစ်ပါးတို့၏ အကျိုးစီးပွားကို၊
အကာ - ပြုတော်မူခဲ့လေပြီ” တဲ့။ ဒီလိုဆိုပါတယ်။
အခု ဒီမှာတော့ “ကပ္ပကောဋီဟိပိ - ကမ္ဘာပေါင်း အကုဋေ တို့ဖြင့်သော်လည်း၊ အပ္ပမေယျံ - မနှိုင်းယှဉ် မရေတွက်နိုင်လောက်သော၊ ကာလံ - လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်းပတ်လုံး” တဲ့၊ နည်းတဲ့ကာလတွေ မဟုတ်ဘူး၊ ကမ္ဘာဆိုတာ တစ်ကမ္ဘာ ဆိုရင် အကြာကြီးပဲ၊ အဲဒီလို အကြာကြီးပေါင်း ကမ္ဘာတွေ လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ကြာတယ်တဲ့။
အခု ဒီကမ္ဘာမှာ ဆိုရင် ကကုသန်မြတ်စွာဘုရားလည်း ပွင့်တော်မူသွားပြီ၊ ကောဏဂုဏ် မြတ်စွာဘုရားလည်း ပွင့်တော်မူသွားပြီ၊ ကဿပမြတ်စွာဘုရားလည်း ပွင့်တော်မူ သွားပြီ၊ အခု ရှိနေတာက ဂေါတမ မြတ်စွာဘုရားရဲ့ သာသနာတဲ့၊ ဒီသာသနာတော် ကွယ်ပြီးနောက်မှာ သက်တမ်းတွေဆုတ်ယုတ်လို့ ဆယ်နှစ်တမ်း ကို ရောက်မယ်။ အဲဒီ ဆယ်နှစ်တမ်းကျတော့ သတ္တန္တရကပ်၊ ရောဂန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်ဆိုတဲ့ ကပ်ကြီး သုံးပါး တွင် တစ်ပါးပါးနဲ့ ကြုံကြရလိမ့်မယ်လို့ ဆိုတယ်။
အခုလည်းပဲ လက်နက်ဘေးရန်တွေကြောင့် သေကျေပျက်စီး နေကြတာတွေ ရှိတာပါပဲ။ အင်း အစာငတ်လို့ သေတာတွေလည်း ရှိတာပဲ၊ ရောဂါဆိုးတွေကြောင့် သေတာတွေလည်း ရှိနေတာပဲ။ ဒါပေမယ့် ဒါတွေကတော့ အခု အများသတ္တဝါတွေနဲ့ သိပ်မဆိုင်ဘူး၊ လူတို့ အသိုင်းအဝန်း နယ်ပယ်မှာပဲ ဖြစ်တယ်၊ အကုန်လုံးနဲ့ မဆိုင်ဘူး။ ကမ္ဘာ စစ်ကြီး ဖြစ်တယ် ဆိုတာတောင်မှလည်းပဲ လွတ်နေတဲ့နိုင်ငံတွေ၊ ပုဂ္ဂိုလ်တွေ အများကြီး ရှိနေကြသေး တာပဲ။
ဆယ်နှစ်တမ်းကျတော့ ကပ်ကြီးသုံးပါး ဆိုက်တယ်ဆိုတာက ကမ္ဘာကြီးတစ်ခုလုံးနဲ့ သက်ဆိုင် သွားတယ်၊ နည်းနည်း မဟုတ်ဘူး။ အခုပြောတဲ့ ဆယ်နှစ်တမ်း ကျလို့ရှိရင် ဆိုက်ရောက်မည့် ကပ်ကတော့ သတ္တန္တရကပ်နဲ့ပဲ တူတယ်၊ ဘာပြုလို့လဲ ဆိုရင် အခုလက်နက်တွေက သိပ်ပြီး ဆန်းဆန်းပြားပြား ပေါ်နေလို့ပါပဲ။ အဲဒီလက်နက်ဆန်း တွေနဲ့ တစ်ဦးကိုတစ်ဦး သတ်ဖြတ်ကြလို့ လူတွေ ကုန်သလောက်နီးပါး အမြောက် အမြား သေကျေပျက်စီး ကြမယ်တဲ့။ မိုက်ကန်းတဲ့ သူတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် သတ်ပြီးတော့ သေကုန်ကြမယ်။
ကျန်နေရစ်မှာကတော့ လောဘ, ဒေါသ, မောဟ နည်းတဲ့ပုဂ္ဂိုလ်တွေ ကျန်နေ ရစ်ကြမှာပဲ၊ အဲဒီ ကျန်ရစ်တဲ့ ပုဂ္ဂိုလ်တွေဟာ မေတ္တာတရားတွေ ပွားကြပြီးတော့ ကုသိုလ်ကောင်းမှုတွေ ပြုလုပ် အားထုတ်ကြမယ်။ သူတို့က မွေးဖွားတဲ့ သားသမီး တွေဟာ အဆင့်ဆင့် တိုးတိုးပြီးတော့ အသက် ရှည်လာကြမယ်။ ဒီလို အဆင့်ဆင့် ဘယ်ထိအောင် အသက်ရှည် ကြမလဲဆိုရင် အသက် အသင်္ချေယျကပ် တိုင်အောင် ရှည်ကြမယ်တဲ့။ တစ်ခါ အသက် အသင်္ချေယျ ကပ်တိုင်အောင် အသက်ရှည် ကြတဲ့ လူတွေက တဖြည်းဖြည်းနဲ့ တရား ဆုတ်ယုတ်လာ ကြပြန်မယ်။ ဒီလို တရား ဆုတ်ယုတ် လာပြန်တာနဲ့ တစ်ဖန် အသက်တွေကို လာကြပြန်တယ်။ ဒီလို ဆုတ်ယုတ်လာလို့ အနှစ် နှစ်သောင်းတမ်း (တစ်သောင်းက ကျော်နေတာ ဖြစ်နေလို့ အနှစ် တစ်သိန်းတမ်းလို့ ဆိုလိုတာပေါ့) ရောက်လာတဲ့အခါမှာ အရိမေတ္တေယျ မြတ်စွာဘုရား ပွင့်တော်မူလိမ့်မယ် - တဲ့။
ပါရမီဖြည့်ကျင့်ရတာ သိပ်ပင်ပန်းတယ်
ဘုရားတစ်ဆူတစ်ဆူ ပွင့်တော်မူတယ်ဆိုတာ အကြာကြီးပဲ၊ နည်းနည်းနောနော ကြာတာ မဟုတ်ဘူး။ တစ်မျှော်တစ်ခေါ်ကြီး ကြာတာပဲ။ အဲဒီ ဘုရားပွင့်တော် မူပြီးတဲ့နောက် အဲဒီ ဘုရား သာသနာဟာ ကွယ်ဦးမယ်၊ သာသနာကွယ် ပေမယ့် ကမ္ဘာကြီးကတော့ ရှိဦးမှာပါပဲ။ ဒီကမ္ဘာမှာ စပြီး ပွင့်တော်မူခဲ့တဲ့ ကကုသန် မြတ်စွာဘုရား မပွင့်မီကလည်း ကမ္ဘာတွေ အများကြီးကြာခဲ့ပြီ။ အဲဒီလို ကမ္ဘာတွေ မပျက်ဘဲ တည်ပြီးတော့နေတာကို ဝိဝဋ္ဋဋ္ဌာယီကပ် လို့ခေါ်တယ်။ ဒီလို တည်ရှိ နေတဲ့ ကမ္ဘာကြီးလည်းပဲ တစ်နေ့ ပျက်ချိန်ကျတော့ပျက်မယ်၊ မီးလောင်လို့ ပျက်တာလည်း ရှိတယ်၊ ရေကြောင့် ပျက်တာလည်း ရှိတယ်၊ လေတိုက်လို့ ပျက်တာလည်း ရှိတယ်။
ဒီလို အကြောင်း အမျိုးမျိုးနဲ့ ကြေမွသွားအောင် ပျက်စီးသွားမယ်။ ဒီလို ပျက်စီး နေတာကလည်း ခဏကလေးနဲ့ ပြီးသွားတာ မဟုတ်သေးဘူး။ အကြာကြီးပဲ၊ အခု နေတဲ့ ဝိဝဋ္ဋဋ္ဌာယီကပ်ကြီးလောက် ဒီလူတွေပဲ ကြာတယ်လို့ ဆိုတယ်။ ဒီလို ပျက်သွားပြီးရင် ဟာလာဟင်းလင်းကြီး ဘာမှမရှိတော့ဘူး။ ကမ္ဘာ့ အဆောက်အအုံ တွေ ဘာမှမရှိတော့ဘူး။ ဒီလို အပျက်ကြီးအတိုင်း တည်နေတဲ့ ကပ်ဆိုတာလည်း ရှိသေးတယ်။
ရှေးကတော့ ဒီ ကမ္ဘာကို အပြားကြီးအနေနဲ့ စဉ်းစားထားကြတယ်၊ အခုခေတ်မှာတော့ ကမ္ဘာကို အလုံးကြီး လို့ပြောဆိုပြီး အသိအမှတ်ပြုနေကြတယ်။ အဲဒီအတိုင်းပဲ ဖြစ်ဖြစ်ပေါ့လေ။ အဲဒီ ကမ္ဘာကြီးဟာ ဒီလိုပဲ တည်လိုက် ပျက်လိုက် တည်လိုက် ပျက်လိုက် ဖြစ်နေတဲ့ကပ်ဟာ လေးကပ် ရှိပြီဆိုရင် အဲဒီလေးကပ်ကို တစ်ကမ္ဘာလို့ ခေါ်တယ်။ ဒီလို ကမ္ဘာပေါင်း မရေမတွက်နိုင်တာကို တစ်သင်္ချေလို့ခေါ်တယ်။ အဲဒီလို အသင်္ချေပေါင်း လေးသင်္ချေတဲ့၊ သင်္ချေမှ အပိုအစွန်း ကမ္ဘာက တစ်သိန်းတဲ့၊ အဲဒါကို -
“ကပ္ပကောဋီဟိပိ - ကမ္ဘာပေါင်း အကုဋေတို့ဖြင့် သော်လည်း၊
အပ္ပမေယျ - မနှိုင်းယှဉ် မရေတွက်နိုင်လောက်သော၊
ကာလံ - လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး၊
လောကဟိတာယ - လောကဟု ဆိုအပ်သော သတ္တဝါအပေါင်း၏ အကျိုးစီးပွား အလို့ငှာ၊
အတိဒုက္ကရာနိ - အလွန်ပြုနိုင်ခဲကုန်သော ပါရမီ, စရိယ, ပရိစာဂတို့ကို၊
ကရောန္တော - ပြုတော်မူသည်ဖြစ်၍၊
ခေဒံ - ကိုယ်တော်၏ ပင်ပန်းခြင်းသို့၊
ဂတော - ရောက်တော်မူခဲ့လေပြီ”တဲ့၊
ဒီလောက်ရှည်လျားတဲ့ ကာလအထိဆိုတော့ ဖြည့်ကျင့်ရတာ ပင်ပန်းတာပေါ့၊ ဒီပင်္ကရာ မြတ်စွာဘုရား သာသနာတော်မှာဝင်ပြီး ရဟန်းပြု တရားအားထုတ်လိုက်မယ်ဆိုရင် ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန် ဝင်စံသွားမယ်။ ဒီလိုဆိုရင် အေးတာပဲ။ ဒီလို မဟုတ်ဘဲ အခုတော့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး အဖြစ်အမျိုးမျိုး၊ ဘဝ အမျိုးမျိုး ပါရမီတော်တွေကို ဖြည့်ကျင့်တော် မူခဲ့ရတယ်။ လူ့ဘဝမှာချည်း ဖြစ်ခဲ့ရတာ လည်း မဟုတ်ဘူး။ တိရစ္ဆာန် ဘဝတွေမှာ ဖြစ်ခဲ့ရတာလည်း အများကြီးပါပဲ။ တေမိဇာတ်မှာဆိုရင် ငရဲရောက်ရတာ တောင်မှ ပါဝင်ကြောင်း သိရသေးတယ်။ ဆင်းရဲတဲ့ ဘဝတွေဟာ အဲဒီလို အများကြီးပါပဲ။ ဖြစ်ရတဲ့ ဘဝတိုင်း ပါရမီဖြည့်ခွင့် ရပြီဆိုရင်လည်း ပါရမီကုသိုလ်တွေကို ဆင်းဆင်းရဲရဲ ဖြည့်ကျင့်တော် မူရသေးတယ်။
ဝေဿန္တရာ ဘဝမှာတုန်းက တိုင်းပြည်မှ နှင်ထုတ်ခံရတာနဲ့၊ အလှူခံပုဂ္ဂိုလ် တွေရောက်လာတိုင်း လှူရတာနဲ့ ဒီလိုလှူနေရတာ နောက်ဆုံး သားသမီးနဲ့ ဇနီးပါမကျန် လှူနေရတယ်။ ဇူဇကာ ပုဏ္ဏားကြီးလို ရက်စက်တဲ့ အလှူခံနဲ့ တွေ့တဲ့ အခါလည်း တွေ့ရသေးတာပဲ။ ဒီပုဏ္ဏားကြီးဟာ သားသမီးတွေကို အလှူခံပြီး ဖခင် ဝေဿန္တရာမင်းကြီးရဲ့ မျက်မှောက်မှာပင် သားငယ် သားသမီးငယ် တွေကို ရိုက်နှက် လိုက်သေးတယ်။ ဒီအခါမှာ အလောင်းတော်အတွက် အများကြီး စိတ်နှလုံး မချမ်း မသာ ဖြစ်တော်မူရတယ်။ အခုလို လူသာမန် တွေသာဆိုရင် ဒီလိုအခါမှာ ဒီလိုလည်း ကြည့်ပြီး သည်းခံနေကြမှာ မဟုတ်ဘူး။ ဒါပေမယ့် အလောင်းတော်မှာတော့ ဖြည့်ကျင့် ခွင့်ရတဲ့ ပါရမီအတွက် ကျေနပ်နေမှာပါပဲ။ အဲဒီလို ဖြည့်ကျင့်ရတဲ့ ပါရမီတွေက ၁၀-ပါး၊ စွန့်ခြင်းကြီးက ၅-ပါး၊ စရိယက ၃-ပါး၊ အဲဒါတွေကို လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဆင်းရဲပင်ပန်းစွာ ဖြည့်ကျင့်ခဲ့ရတယ်။
ဆေးမသောက်ရင် ရောဂါမပျောက်ဘူး
ဒါနပါရမီ၊ သီလပါရမီ စသည်တွေကို သာမန်ပုဂ္ဂိုလ်တွေထက် လွန်လွန်ကဲကဲ အပင်တပန်း ဖြည့်ကျင့်တော် မူခဲ့ရတယ်။ သာမန်ပုဂ္ဂိုလ်တွေ စွန့်နိုင်ခဲတဲ့ စွန့်ခြင်းကြီး ၅-ပါးကိုလည်း စွန့်တော် မူခဲ့ရတယ်။ သားစွန့်၊ သမီးစွန့်၊ ဇနီးကိုပါ စွန့်နိုင်ခဲ့ တာတွေကို မငဲ့မကွက် စွန့်ခဲ့ရပါတယ်။ ဘာအတွက် ဒီလိုဖြည့်ကျင့် စွန့်လွှတ်ခဲ့ရ ပါသလဲဆိုရင် “လောကဟိတာယ - လောကဟု ဆိုအပ် တဲ့ သတ္တဝါတို့ အကျိုး” တဲ့။
သတ္တဝါတွေဆိုတာက တခြားသတ္တဝါတွေ မဟုတ်ပါဘူး။ ယခု ဂေါတမ မြတ်စွာဘုရားရဲ့ သာသနာ တော်မှာ ကျွတ်တမ်းဝင်ကြတဲ့ သတ္တဝါတွေပါပဲ၊ အရှင် သာရိပုတ္တရာတို့၊ အရှင်မောဂ္ဂလ္လာန်တို့၊ အဲဒီကနေပြီး အခု ထက်ထိပေါ့၊ မြတ်စွာဘုရား သာသနာတော်ကို ကြည်ညိုပြီး မြတ်စွာဘုရားရဲ့ စကားတော်ကို ယုံယုံကြည်ကြည် လိုက်နာကျင့်သုံးကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကျိုးငှာပါပဲ-တဲ့၊ တစ်ခြား ရည်ရွယ်တော် မူချက်တော့ အထူးမရှိပါ၊ “ဗုဒ္ဓေါဗောဓေယျံ - ငါသိလို့ရှိရင် ငါသိသလိုပဲ သတ္တဝါ တွေကို သိအောင် ဟောပြမယ်” ဆိုတဲ့ ရည်ရွယ်ချက်ပဲ ရှိပါတယ်။ ဒါပေမယ့်လို့ ဘုရား စကားတော်ကို မယုံကြည် မလိုက်နာတဲ့ ပုဂ္ဂိုလ်တွေရဲ့ အတွက်ကိုတော့ ထည့်တွက်လို့ မဖြစ်ဘူး ပေါ့။ မယုံကြည်သူတွေရဲ့ အတွက်ကတော့ အကျိုးမရှိပါဘူး။
မယုံကြည်ရုံတွင်မက မြတ်စွာဘုရားကို ပြစ်မှားလို့ရှိရင် အကျိုးမရှိ ရုံသာမကဘဲ ငရဲကျသည်အထိ အကျိုးမဲ့တာ တွေတောင် ရှိပါသေးတယ်။ ဆေးဆရာရဲ့ စကားကို နားမထောင်တဲ့ ရောဂါသည် လူနာတွေလိုပဲပေါ့၊ ရောဂါပျောက်စေတဲ့ ဆေးကို သောက်ဖို့ရာ ဆေးဆရာကညွှန်ပေမယ့် ရောဂါသည်က မယုံကြည်လို့ မသောက်ဘူး ဆိုရင် ဘယ်မှာရောဂါ ပျောက်ကင်းလိမ့်မှာလဲ၊ ရောဂါမပျောက်ဘူးပေါ့။ ဒီလို ရောဂါ သည်ရဲ့အတွက် ဆေးဆရာက ဘာမှ မတတ်နိုင်ပါဘူး။ အဲဒီလိုပါပဲ မြတ်စွာဘုရား စကားတော်ကိုမှ နားမထောင်ရင် မတတ်နိုင်ဘူးပေါ့။
ပါရမီတွေ ဖြည့်ကျင့်တော်မူတာဟာ သံသရာဝဋ်ထဲမှာ ဆင်းရဲနေတဲ့ သတ္တဝါတွေကို လွန်လွန်ကဲကဲ သနားလွန်းလို့ ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့တာပါတဲ့။ ဒါကြောင့် -
“မဟာကာရုဏိကဿ - ကြီးစွာသော သနားခြင်းရှိတော်မူသော၊
တဿနာထဿ - လူသုံးပါးတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော ထိုမြတ်စွာဘုရား အား၊
နမော - ရှိခိုးပါ၏၊
မေ - ငါ၏၊
နမော - ရှိခိုးခြင်းသည်၊
အတ္ထု - ဖြစ်ပါစေသတည်း” တဲ့၊
ဘုန်းကြီးက ဒီနေရာမှာ ဆောင်ပုဒ်ကလေး လုပ်ထားတယ်၊ လိုက်ဆိုကြ -
“သင်္ချေလေးရပ်, သိန်းကပ်ကြာရှည်”
အဲဒါ “ကပ္ပကောဋီဟိပိ အပ္ပမေယျံ ကာလံ” ဆိုတာကို မြန်မာစီထားတာပဲ၊ ကဲ နောက်တစ်ပုဒ် ဆိုကြရမယ် -
“သတ္တဝါများ, စီးပွားမျှော်ရည်”
ဒါကတော့ “လောကဟိတာယ - လောကဟု ဆိုအပ်သော သတ္တဝါအပေါင်း၏ အကျိုးစီးပွား အလို့ငှာ” ဆိုတာကို စီထားတာပါပဲ၊ နောက်တစ်ပုဒ် ဆိုကြရမယ်၊ လိုက်ဆို -
“ပြုနိုင်ခဲစွာ, ပြုရလေသည်”
အဲဒါက “အတိဒုက္ကရာနိ ကရောန္တော - အလွန်ပြုနိုင်ခဲကုန်သော ပါရမီ, စရိယ, ပရိစာဂတို့ကို ပြုတော်မူသည်ဖြစ်၍” ဆိုတာကို စီထားတာပါပဲ၊ ကဲ နောက်တစ်ပုဒ်ကို ဆိုကြဦးစို့-
“အလွန်သနားတဲ့, ဘုရားရှိခိုးသည်” တဲ့။
အဲဒါက “နမော မဟာကာရုဏိကဿ - တဿ ကြီးစွာသော သနားခြင်း ရှိတော် မူသော ထို မြတ်စွာဘုရားအား ရှိခိုးပါ၏ဘုရား” ဆိုတဲ့ အပိုဒ်ကို ရေးစီထားတာပါပဲ။ အဲဒီမှာ အလွန်သနား ဘုရားရှိခိုးသည်လို့ဆိုရင် သိပ်ပြီးမပေါ်လွင်လှတာ ဖြစ်လို့ (တဲ့) ဆိုတဲ့ အပိုစကားလုံးကလေး တစ်လုံးကို ထည့်ထားလိုက်ရသေးတယ်။ “အလွန် သနားတော်မူတဲ့ မြတ်စွာဘုရားအား ရှိခိုးပါ၏” တဲ့။ အဋ္ဌကထာ ဆရာက ဒီလို ရှိခိုးထားပါတယ်။
အဲ အခုလည်း တရားနာရင်း အဲဒီဂုဏ်တော်နဲ့ ပြည့်စုံတော်မူတဲ့ မြတ်စွာဘုရားကို အာရုံပြုပြီး ရှိခိုးကြရမယ်။ ကြည်ညိုစရာလည်း အင်မတန်ကောင်းပါတယ်။ ကဲ အားလုံးပေါင်းဆိုကြ -
သင်္ချေလေးရပ်, သိန်းကပ်ကြာရှည်၊
သတ္တဝါများ, စီးပွားမျှော်ရည်၊
ပြုနိုင်ခဲစွာ, ပြုရလေပြီ၊
အလွန်သနားတဲ့, ဘုရားရှိခိုးသည်။ (ဆို ၃-ခေါက်)
အဲဒါ အဋ္ဌကထာဆရာက ကျမ်းမရေးသားမီ အန္တရာယ်ကင်းခြင်းနဲ့ ကျမ်းပြီး မြောက်ခြင်း အကျိုးငှါ ပဏာမ ပြုထားတာပါပဲ။ ဒီလို ပဏာမပြုပြီးမှ အလိုရှိတဲ့ ကျမ်းကို ရေးသားပြုစုတော်မူပါတယ်။ ဒါဟာ ဝိနည်း အဋ္ဌကထာကို ရေးသား ပြုစုတော် မူတဲ့အခါမှာ ရှိခိုးတဲ့ ပဏာမပါပဲ။ ကျက်ထားနိုင်ရင် ကောင်းပါတယ်။ ဒီလို ကြည်ညိုစရာ ကောင်းတဲ့ ဘုရားဂုဏ်ကို အာရုံပြုပြီးတော့ ဘုရားရှိခိုးတဲ့အခါ ဒီဘုရားရှိခိုးကိုပါ ထည့်ပြီး ရှိခိုးနိုင်ပါတယ်။ ပါဠိလိုကတော့ တယ်မလွယ်လှဘူး။ မြန်မာလိုကတော့ လွယ်ပါတယ်။ အမိအဘ ဘာသာစကားဖြစ်လို့ အဓိပ္ပာယ်လည်း ပေါ်လွင်ပါတယ်။
သုတ္တန် အဋ္ဌကထာ ပဏာမ
သုတ္တန် အဋ္ဌကထာတွေ ဆိုတာကတော့ အများကြီးပဲ။ တစ်ကျမ်းထဲ မကဘူး။ အရှင်ဗုဒ္ဓဃောသ ရေးထားတာ နိကာယ် လေးရပ်တောင် ရှိတယ်။ အဲဒီ ပဏာမတွေလည်း ကောင်းပါတယ်။ အဲဒါတွေကိုတော့ ခပ်လွယ်လွယ်ပဲ ပြောရမယ်။
ကရုဏာသီတလ ဟဒယံ၊
ပညာပဇ္ဇောတ ဝိဟတမောဟတမံ။
သ-နရာမရ လောကဂရုံ၊
ဝန္ဒေ သုဂတံ ဂတိ ဝိမုတ္တံ တဲ့။
မြတ်စွာဘုရားအား အဲဒီလို ရှိခိုးတော်မူတယ်။ ဓမ္မပဏာမ အရိယသံဃ ပဏာမ တွေမှာလည်း ဒီလိုပဲ၊ တစ်ဂါထာစီ ရေးပြီးတော့ ရှိခိုးထားပါတယ်။ပြီးတော့ အဲဒီလို ရတနာသုံးပါးအား ရှိခိုးရတဲ့ ကောင်းမှုကြောင့် “သုဝိဟတန္တရာ ယောဟုတွာ” တဲ့။ အဋ္ဌကထာ ကျမ်းတွေကို ရေးသားရာမှာ အန္တရာယ်ဟူသမျှ ကင်းရှင်းရန်အတွက်ပါတဲ့။
အဲဒီလို ရည်ရွယ်ချက်တွေနဲ့ ဘုရားအစရှိတဲ့ ရတနာသုံးပါးကို ပဏာမ ပြုထား ပါတယ်။ ဒါတွေကိုလည်း စာတတ်တဲ့ ပုဂ္ဂိုလ်တွေအတွက် ကျက်မှတ်ပြီး ရှိခိုး နိုင်ရင်ကောင်းပါတယ်။ ဒါက သုတ္တန် အဋ္ဌကထာ တွေမှာလာတဲ့ ပဏာမ၊ အဘိဓမ္မာ မှာ လာတဲ့ ပဏာမကတော့ -
ကရုဏာ ဝိယ သတ္တေသု၊
ပညာ ယဿ မဟေသိနော။
ဉေယျဓမ္မေသု သဗ္ဗေသု၊
ပဝတ္တိတ္ထ ယထာရုစိ တဲ့။
ယဿမဟေသိနော - အကြင်မြတ်စွာဘုရား၏၊
ကရုဏာ - သနားလှစွာသော ကရုဏာသည်၊
သတ္တေသု - သတ္တဝါတို့၌၊
ပဝတ္ထိတ္ထဝိယ - ဖြစ်လေဘိ သကဲ့သို့၊
ပညာပိ - အသိဉာဏ် ပညာသည်လည်း၊
သဗ္ဗေသု - အလုံးစုံကုန်သော၊
ဉေယျဓမ္မေသု - ဉေယျမ် တရားတို့၌၊
ယထာရုစိ - အလိုတော်အတိုင်း၊
ပဝတ္တိတ္ထ - ဖြစ်တော်မူခဲ့လေပြီ တဲ့။
ဒီနေရာမှာတော့ ပညာကို ဥပမေယျအဖြစ် ထားပြီး ကရုဏာ ဥပမာအဖြစ် ထားလျက် ရှိခိုးတယ်။ သတ္တဝါတွေရဲ့ အပေါ်မှာ သနားခြင်း ကြီးမားတော်မူတဲ့ မြတ်စွာဘုရားမှာ အလိုရှိတော် မူတိုင်း ဖြစ်တယ်တဲ့။ မဟာကရုဏာ သမာပတ် ဝင်စားလိုက်ရင် သတ္တဝါတွေရဲ့အပေါ်မှာ အလိုရှိ တော်မူတိုင်း သနားခြင်း ကရုဏာဟာ ဖြစ်သွားတာပဲ။ သတ္တဝါတွေရဲ့ အပေါ်မှာ သနားခြင်း ကရုဏာ ဖြစ်တော်မူသလိုပဲ၊ အလုံးစုံသော ဉေယျဓမ္မ တရားတို့၌လည်း အလိုတော် ရှိတဲ့အတိုင်း ပညာဖြစ်နိုင် သိနိုင်တော် မူပါတယ်တဲ့။
ဉေယျဓမ္မာဆိုတာ သိအပ်, သိသင့်, သိထိုက်တဲ့ တရားဖြစ်ပါတယ်။ အဲဒီသိသင့် သိအပ်သိထိုက်တဲ့ ညေယျဓမ် တရားက ၅-ပါးရှိတယ်။ အလုံးစုံသော တရားကို သိတယ်ဆိုတာဟာ တစ်ပြိုင်နက်တည်း အကုန်လုံးစုပြီး သိတာတော့ မဟုတ်ပါဘူး။ အမြဲတမ်းပဲ သိနေတာ မဟုတ်ပါဘူး။ ဆင်ခြင်တော်မူလိုက်ရင် ဆင်ခြင်တိုင်း သိတာကိုသာ ဆိုလိုပါတယ်၊ အဲဒီလို သိတာကိုပဲ “အလုံးစုံသော တရားတို့ကို သိတော်မူတယ်” လို့ ဆိုပါတယ်။
မျက်စိမြင်တဲ့ ပုဂ္ဂိုလ်တွေလိုပေါ့။ မျက်စိမြင်တဲ့ ပုဂ္ဂိုလ်တွေဟာ ကြည့်လိုက်ရင် မြင်စရာရှိတာတွေကို အကုန်မြင်ကြတာပေါ့။ ဒါပေမယ့် နှလုံးသွင်းပြီး ကြည့်တာ ကိုသာ မြင်ကြတာပဲ။ နှလုံးသွင်းပြီး မကြည့်ရင်တော့ မျက်စိအောက်မှာ ရောက်နေတာ ကိုတောင်မှ မြင်တာမဟုတ်ဘူး။ နောက်ပြီး တော့ အိပ်နေတဲ့ အခါမှာလည်း မမြင်ဘူး။ မျက်စိကို မှိတ်ထားတဲ့ အခါမှာလည်း မမြင်ဘူး။ ရှေ့ဘက်ကို ကြည့်နေတဲ့ အခါမှာလည်း နောက်ဘက်၌ ရှိနေတာကိုမမြင်ဘူး။ မျက်စိ ကောင်းတဲ့သူမှာလည်း ဒီလိုကြည့်ရာ ကြည့်ရာကိုသာ မြင်တယ်။ မကြည့်တဲ့ဟာကိုတော့ မမြင်နိုင်ဘူး။
အဲဒီလိုပါပဲ၊ မြတ်စွာဘုရားဉာဏ်တော်ဟာ “အာဝဇ္ဇန ပဋိဘာဂ” ဆင်ခြင်တဲ့ အာဝဇ္ဇန်းနဲ့ စပ်နေ တယ်။ ဒါကြောင့် နှလုံးသွင်းပြီး ဆင်ခြင်တိုင်း၊ ဆင်ခြင်တိုင်း အတားအဆီး မရှိဘဲ သိစရာ ရှိတာတွေကို အလိုတော် အားလျော်စွာ ထင်ထင်လင်းလင်း၊ ပေါ်ပေါ်လွင်လွင်၊ သန့်သန့်ရှင်းရှင်း၊ ပြတ်ပြတ်သားသား သိတော်မူပါတယ် တဲ့။
အဲဒီလို ဂုဏ်တော် ကျေးူးတော်တွေနဲ့ ပြည့်စုံတော်မူတဲ့ မြတ်စွာဘုရားကို ရှိခိုးပါတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ အဋ္ဌကထာဆရာက ပဏာမဂါထာမှာ အဲဒီလို ရေးထားတယ်။ အဲဒီဂါထာရဲ့ အနက်အဓိပ္ပာယ်ကို ဘုန်းကြီးက ဆောင်ပုဒ်ကလေး တစ်ပိုင်း စီထားတယ်။
“သတ္တဝါများ, သနားသလိုပင်၊ ဉေယျတရား, သိသွား ဉာဏ်မြင်” တဲ့။ ဒီလောက်ပဲ ရှိပါသေးတယ်၊ အဋ္ဌကထာမှာ ရှေ့ဆက်ပြီး ရေးထားတဲ့ ပဏာမဂါထာက -
ဒယာယ တာယ သတ္တေသု၊
သမုဿာဟိတ မာနသော။
ပါဋိဟီရာ-ဝသာနမှိ၊
ဝသန္တော တိဒသာလယေ - တဲ့။
တာယ-ဒယာယ - ထိုသနားခြင်း ရှိတော်မူသော ကရုဏာဖြင့်၊
သတ္တေသု - သတ္တဝါတို့၌၊
သမုဿာဟိတ မာနသော - တိုက်တွန်း နှိုးဆော်အပ်သော စိတ်နှလုံး ရှိတော်မူသည် ဖြစ်၍ တဲ့။
မြတ်စွာဘုရား ဟောတော်မူတာတွေဟာ ကရုဏာတော်က တိုက်တွန်းလို့ ဟောတာ တဲ့၊ ကရုဏာ က မတိုက်တွန်းဘဲ သနားတော်မမူလို့ ရှိရင်တော့ ဒီအတိုင်း ချမ်းချမ်း သာသာ နေတော်မူနိုင် ပါတယ်။ ဒါပေမယ့် မြတ်စွာဘုရားဟာ ဒီအတိုင်း အေးအေး ဆေးဆေး နေတော်မမူပါဘူး။ အသက်တမ်းကလည်း တိုတိုဆိုတော့ နေ့ရောညဉ့်ပါပင် မအားမလပ်ရပါဘူး။ ၄၅-ဝါ ကာလ ပတ်လုံး တစ်နေရာမှ တစ်နေရာသို့ ကြွတော် မူပြီးတော့လည်း ဟောတော်မူပါတယ်။
သတ္တဝါတစ်ဦးတစ်ယောက် ကျွတ်ဖို့အရေးကို မြင်တော်မူတယ်ဆိုရင် ဝေးတယ်၊ နီးတယ်ဆိုပြီး ကြောင့်ကြမဲ့ နေတော်မမူပါဘူး။ ဘယ်လောက်ပဲ ဝေးဝေး ကြွရောက်ပြီး ဟောကြားတော်မူပါတယ်။ တစ်ခါတစ်ရံ တစ်ဦးတစ်ယောက်မျှ မကျွတ်ထိုက်တာကို သိတော်မူပါလျက်နဲ့လည်း နောက်ကာလ တွင် ဒေသနာတန္တိ (ဒေသနာတော် အစဉ် ဖြစ်ရစ်ပြီး) ကုသိုလ်တရား ပွားများရစ်ကြစေရန်ပင် ဟောကြားတော် မူတာတွေ တောင်ရှိပါသေးတယ်။ အဲဒါတွေဟာ မဟာ ကရုဏာတော် ပြဋ္ဌာန်းပြီး ဟောကြား တော် မူတာပဲ၊ အခု အဘိဓမ္မာ တရားတော်ကို ဟောကြားတော်မူရာမှာလည်း သတ္တဝါ တွေကို သနားတဲ့ ကရုဏာတော်က တိုက်တွန်း နှိုးဆော်လို့ ဟောတာတဲ့။ မြတ်စွာဘုရားမှာ အင်မတန် ပင်ပန်းတော်မူပါတယ်။
“ပါဋိဟီရာဝသာနမှိ - တန်ခိုး ပြာဋိဟာကို ပြတော်မူသည်၏ အဆုံး၌၊
တိဒသာလယေ - တာဝတိံသာ နတ်ပြည်၌၊
ဝသန္တော - နေတော်မူလျက်” တဲ့။
ယမိုက်ပြာဋိဟာ ပြတော်မူသည်၏အဆုံးမှာ တာဝတိံသာ နတ်ပြည်သို့ ကြွတော် မူတယ်။ အဲဒီမှာ ပဏ္ဍုကမ္ပလာ ကျောက်ဖျာဆိုတာရှိတယ်။ အဲဒီကျောက်ဖျာပေါ်မှာ သီတင်းသုံးတော်မူပြီးတော့ ဝါတွင်း သုံးလပတ်လုံး အဘိဓမ္မာတရားကို ဟောတော် မူတယ် တဲ့။ အဲဒါကို -
ပါရိစ္ဆတ္တကမူလမှိ၊
ပဏ္ဍုကမ္ပလနာမကေ။
သိလာသနေ သန္နိသိန္နော၊
အာဒိစ္စောဝ ယုဂန္ဓရေ - လို့ဆိုထားပါတယ်၊
ပါရိစ္ဆတ္တကမူလမှီ - ပင်လယ် ကသစ်ပင်ရင်း၌၊
ပဏ္ဍုကမ္ပလနာမကေ - ပဏ္ဍုကမ္ပလ အမည်ရှိသော၊
သိလာသနေ - ကျောက်ဖျာထက်၌၊
သန္နိသိန္နော - သီတင်း သုံးတော်မူလျက်-တဲ့။
သီတင်းသုံးတော်မူပုံကတော့ -
အာဒိစ္စောဝ ယုဂန္ဓရေ - တဲ့၊ ဥပမာပြုပြီး နှိုင်းယှဉ်ပြဆိုထားတယ်။ ယုဂန္ဓိုရ် တောင်ထိပ်မှာ ရောက်ရှိလာတဲ့ တက်သစ်စ နေဝန်းကြီးရဲ့အလား တင့်တယ်တော်မူတဲ့ မြတ်စွာဘုရား တဲ့၊ တင့်တယ်တော်မူပုံ ကိုလည်း ရှေ့ဆက်ပြီးတော့ ဒီလို ရေးထားပါတယ်။
စက္ကဝါဠသဟဿေဟိ၊
ဒသာဟာဂမ္မ သဗ္ဗသော။
သန္နိသိန္နေန ဒေဝါနံ၊
ဂဏေန ပရိဝါရိတော တဲ့။
ဒသဟိ စက္ကဝါဠသဟဿေဟိ - စကြာဝဠာတိုက်တစ်သောင်းတို့မှ၊
အာဂမ္မ - ညီညာဖျဖျ စည်းဝေး ရောက်လာကြကုန်၍
သဗ္ဗသော - ခပ်သိမ်းသော အခြင်းအရာအားဖြင့်၊
ဒေဝါနံ ဂဏေန - နတ်တို့၏ အဖွဲ့အစည်း ဖြင့်၊
ပရိဝါရိတော - ခိုလှုံညွတ်ကိုင်း ရံကာဝိုင်းလျက်၊
သန္နိသိန္နေန - သီတင်းသုံး စံပယ်တော်မူ၍-တဲ့၊
ဒီလို နတ်အပေါင်းတွေ ခြံရံပြီး အဘိဓမ္မာတရား ဟောကြားတော်မူတယ် ဆိုတာ ကိုတော့ -
မာတရံ ပမုခံ ကတွာ၊
တဿာ ပညာယ တေဇသာ။
အဘိဓမ္မကထာမဂ္ဂံ၊
ဒေဝါနံ သမ္ပဝတ္တယိ - လို့ရေးသားထားပါတယ်။
မာတရံ - မယ်တော် ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကို၊
ပမုခံ ကတွာ - အကြီးအမှူးပြု၍ တဲ့။
ဒီနေရာကလေးကို ဖြတ်ပြောရဦးမယ်။
မြတ်စွာဘုရား အလောင်းတော် ဖွားမြင်တော်မူပြီးတဲ့နောက် (၇) ရက်မြောက်တဲ့ အခါမှာ မယ်တော် မာယာဟာ နတ်ရွာစံ ကွယ်လွန်သွားခဲ့တယ်။ ဒါက မြတ်စွာဘုရား တို့ရဲ့ မယ်တော်တိုင်း မယ်တော် တိုင်း ဒီလိုချည်းပါပဲ။ မယ်တော်များဟာ ဘုရားအလောင်း သားကို ဖွားပြီးလို့ (၇) ရက်မြောက်မှာ နတ်ရွာစံကြရတယ်။ ဒါဟာ ထုံးစံဓမ္မတာပါပဲ၊ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရား အလောင်းတော်တို့ ကိန်းရာ တည်ရာဖြစ်တဲ့ မယ်တော်ရဲ့ ခန္ဓာကိုယ်ကို ယောက်ျားတစ်ပါးတို့ မရိုမသေ မပြုသင့်သောကြောင့်ပါပဲ။ ဥပမာ - ဘယ်လိုလဲ ဆိုရင် ဘုရားကျောင်းဆောင်တော်တို့၊ စေတီတော်တို့ကို အလေးဂရု ပြုရသလိုပေါ့။ ဘုရားရဲ့မယ်တော်ကိုလည်း အလေးဂရု ပြုရမယ်တဲ့။ ဒါကြောင့် ဒီလို ကွယ်လွန်သွားကြရတယ်။
ကွယ်လွန်တဲ့အခါမှာလည်း တုသိတာနတ်ပြည်မှာရောက်ပြီး နတ်သားဖြစ်ရတယ်၊ တချို့ကလည်း နတ်သမီးဖြစ်တာပါလို့ ဆိုကြတယ်။ မာတရံ - အမိဟော ပါဠိပုဒ်နဲ့ ဆိုထားလို့-တဲ့၊ ဒီ မာတရံဆိုတဲ့ ပုဒ်အတိုင်း ကြည့်မယ် ဆိုရင်တော့လည်း မယ်တော် လို့ပဲ အဓိပ္ပါယ်ရတယ်ပေါ့လေ။ နတ်သား လို့တော့ အဓိပ္ပါယ်မပါဘူး။ ဒါပေမယ့်လို့ နတ်သားလို့ ဆိုတာကို အများက သဘောကျကြပါတယ်။ နတ်သမီး မဟုတ်ဘူး ဆိုသူတို့က ဘယ်လို အကြောင်းပြသလဲဆိုရင် “နတ်သမီးဖြစ်ခဲ့လို့ရှိရင် အဲဒီ နတ်သမီး ကို နတ်သားတွေက ကာမဂုဏ်နဲ့ ကျူးလွန်ကြဦးမှာပဲ-တဲ့။ ဒီတော့ မရိုမသေရာကို ရောက်ဦးမှာပဲ-တဲ့။ ဘုရားရှင်၏ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်အပေါ်မှာ ဒီလို မရိုသေရင် မသင့်လျော်ဘူး” ဆိုပြီး နတ်သမီး မဖြစ်သင့်ကြောင်းကို အကြောင်းပြ ကြတယ်။ ဒါကြောင့် -
မာတရံ - မယ်တော် ဖြစ်ခဲ့ဖူးတဲ့ နတ်သားကို၊
ပမုခံ ကတွာ - အကြီးအမှူးပြု၍၊
တဿ ပညာယ တေဇသာ - ထိုသဗ္ဗညုတ ဉာဏ်တော်၏အစွမ်းဖြင့်၊
အဘိဓမ္မကထာ မဂ္ဂံ - အဘိဓမ္မာတရားတော် အစဉ်ကို၊
ဒေဝါနံ - နတ်တို့အား၊
သမ္ပဝတ္တယိ - ကောင်းစွာ ဖြစ်စေခဲ့ ဟောတော်မူခဲ့လေပြီ၊
နတ်တို့အား မြတ်စွာဘုရားက အဘိဓမ္မာ တရားတော် အစဉ်ကို ကောင်းစွာ ဟောတော်မူတယ်တဲ့။ ဘယ်အစွမ်းနဲ့ ဟောတော်မူသလဲ ဆိုတော့ကာ “တဿာ ပညာယ တေဇသာ” တဲ့။ သဗ္ဗညုတ ဉာဏ်တော်ရဲ့အစွမ်းနဲ့ ဟောတော်မူတာပါတဲ့။ ဒီ အဘိဓမ္မာတရားကို သာမညပုဂ္ဂိုလ်ရဲ့ ဉာဏ် အစွမ်းနဲ့ ဟောနိုင်တာ မဟုတ်ဘူး။ မြတ်စွာဘုရားရဲ့ သဗ္ဗညုတ ဉာဏ်တော် အစွမ်းနဲ့သာ ဟောကြားတော် မူနိုင်တာပေါ့၊ အဲဒီလို ဆိုလိုပါတယ်။
အဘိဓမ္မာ တရားတော်က အင်မတန်ကို ကျယ်ပြန့်တယ်၊ ပြီးတော့ ဒီလိုကျယ်ပြန့်လှတဲ့ အဘိဓမ္မာ တရားတော်ကို နည်းပေါင်း များစွာနဲ့ အချိုးတကျ ဟောကြားတာဟာ နက်လည်းနက်နဲ၊ ခက်လည်း ခက်ခဲတယ်၊ အဲဒါတွေကို နောက်မှ တဖြည်းဖြည်း ပြောရမယ်။
မာတရံ - မယ်တော်ဖြစ်ခဲ့ဖူးတဲ့ နတ်သားကို၊
ပမုခံ ကတွာ - အကြီးအမှူးပြု၍၊
တဿ ပညာယ တေဇသာ - ထိုသဗ္ဗညုတ ဉာဏ်တော်၏အစွမ်းဖြင့်၊
အဘိဓမ္မကထာ မဂ္ဂံ - အဘိဓမ္မာ တရားတော် အစဉ်ကို၊
ဒေဝါနံ - နတ်တို့အား၊
သမ္ပဝတ္တယိ - ကောင်းစွာ ဖြစ်စေတော်မူခဲ့ ဟောတော်မူခဲ့လေပြီ၊
နတ်တို့ကို မြတ်စွာဘုရားက အဘိဓမ္မာ တရားအစဉ်ကို ကောင်းစွာဟောတော် မူခဲ့တယ်တဲ့။ ဘယ်အစွမ်းဖြင့် ဟောတော်မူသလဲ ဆိုတော့ -- “တဿာ ပညာယ တေဇသာ” - သဗ္ဗညုတ ဉာဏ်တော်ရဲ့အစွမ်းနဲ့ ဟောတော်မူတာ တဲ့။ သာမန်ပုဂ္ဂိုလ် တွေတော့ မဟောနိုင်ဘူး။ သာမန် ပုဂ္ဂိုလ်ဆိုတာ သာမန်ဉာဏ်လောက်သာ ရှိတာ။ အဘိဓမ္မာ တရားတော်ကို အဲဒီလို သာမန် ဉာဏ်နဲ့ ဟောလို့မဖြစ်ဘူး။ အဘိဓမ္မာ ဆိုတာက အင်မတန် ကျယ်ပြန့်တာကိုး၊ ပြီးတော့ အချိုးတကျလည်း တန်ဆာဆင်ပြီး နည်းအမျိုးမျိုးနဲ့ ဟောရတာ ဖြစ်နေတယ်။ ဒီတော့ အင်မတန် ကျယ်ပြန့်တယ်။ အဲဒါတွေကို နောက်မှ တဖြည်းဖြည်း ဟောသွားရမယ်။ အဲဒီမှာ “နတ်တွေကို ဟောတော်မူတယ်” ဆိုတော့ “ဒီနတ်တွေက ဘယ်ကလာတဲ့ နတ်တွေတုန်းလို့” ဆိုတော့ စကြဝဠာပေါင်း တစ်သောင်းကလာတဲ့ နတ်တွေတဲ့။
စက္ကဝါဠသဟဿေဟိ၊
ဒသာဟာဂမ္မ သဗ္ဗသော။
ဝသန္နိသိန္နေန ဒေဝါနံ၊
ဂဏေန ပရိဝါရိတော-တဲ့။
အဋ္ဌကထာက ဒီလို ဆိုပါတယ်၊ ဗြဟ္မာကိုလည်း နတ်လို့ဆိုတဲ့နေရာမှာ ဆိုတာပါပဲ၊ ဒီနေရာမှာ နတ်တို့ဆိုပေမယ့် ဗြဟ္မာတွေလည်း ပါတယ်၊ ဗြဟ္မာတွေကိုပါ နတ်လို့ ဆိုထားတာပါပဲ၊ အဲဒီနတ်တွေ ဗြဟ္မာတွေ ခြံရံပြီး ပဏ္ဍုကမ္ပလာ ကျောက်ဖျာထက်မှာ သီတင်းသုံးတော်မူပြီး မြတ်စွာဘုရားက အဘိဓမ္မာ တရားတော်ကို ဟောကြားတော် မူတယ် တဲ့၊ အကြီးအမှူး အဦးပြုပြီး ဟောတာကတော့ ဘယ်သူလဲ ဆိုလို့ရှိရင် မာတရံ ပဓုခံ ကတွာ - မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုဿိတ နတ်သားကို အကြီးအမှူး အဦးထားပြီး ဟောကြားတာပါ တဲ့။
မယ်တော်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီအဘိဓမ္မာ တရားတော်ကို ဟောတယ်လို့ ဆိုပါတယ်။ အမိကျေးဇူးကို အထူးဆပ်တဲ့ တရားပေါ့။ မြတ်စွာဘုရားရဲ့ မယ်တော် ဆိုပြီး ဘာတရားထူးကိုမှ မရဘဲ နတ်ပြည်မှာ နတ်သားဖြစ်လောက်ရုံနဲ့ ပြီးနေရင် ကျေနပ်စရာ မရှိလှဘူး။ ဒီပြင်ပုဂ္ဂိုလ်တွေ ကိုတောင် တစ်မဂ်၊ တစ်ဖိုလ်ရအောင်ဆိုပြီး တရားတော်တွေကို ဟောနေပြီး မယ်တော် ဖြစ်လောက်အောင် ပါရမီ အကူအညီဖြင့် ကျင့်လာခဲ့ရတဲ့ နတ်သားကို ဥပေက္ခာ ပြုထားလို့က ဘယ်မှာတော်ပါ့မလဲ။ ဒါကြောင့် အဘိဓမ္မာတရားတော်ဟာ မြတ်စွာဘုရားက မယ်တော်ဖြစ်ခဲ့ဖူးတဲ့ နတ်သားကို ကျေးဇူးဆပ်တဲ့တရား တဲ့၊ ဒီနေရာမှာ ပြောစရာလေးတွေ ရှိပါသေးတယ်။ ဒါပေမယ့် နောက်မှပြောရမှာပဲ။
တဿ ပါဒေ နမဿိတွာ၊
သမ္ဗုဒ္ဓဿ သိရီမတော။
သဒ္ဓမ္မဉ္စဿ ပူဇေတွာ၊
ကတွာ သံဃဿ စဉ္စလိံ။
တဿ - ထိုမြတ်စွာဘုရား၏၊
ပါဒေ - ခြေတော်အစုံတို့ကို၊
နမဿာမိတွာ - ရှိခိုးပြီး၍၊
မြတ်စွာဘုရား၏ ခြေတော်ကို ရှိခိုးပါ၏။ ရှိခိုးပြီးတဲ့တစ်ခါမှာ အဘိဓမ္မာအဖွင့် အဋ္ဌကထာကို ရေးပါ့မယ်လို့ ဆိုလိုပါတယ်။ ဒါကြောင့် နမဿိတွာ-တဲ့၊ နမဿာမိလို့ ထားလိုက်ရင်လည်း ရပါတယ်။ ကိုယ့်ဟာကို ရှိခိုးမယ်ဆိုရင် နမဿာမိ-လို့ ဒီတင်ပဲ ရပ်ထားလို့ ရပါတယ်။ နမဿိတွာ-ဆိုတာက ရှေ့ကိုဆက်စရာ ရှိနေသေးလို့ပါပဲ၊ ဘုန်းကြီးကတော့ -
သိရီမတော - ကျက်သရေတို့နှင့် ပြည့်စုံတော်မူသော၊
သမ္မာသမ္ဗုဒ္ဓဿ - တရားအလုံးစုံကို ကိုယ်ပိုင်ဉာဏ်ဖြင့် မှန်စွာသိတော်မူသော။
တဿ - ထိုမြတ်စွာဘုရား၏၊
ပါဒေ - ခြေတော်တို့ကို၊
နမဿာမိ - ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပါ၏ - လို့။
ပြောစရာလေးတွေ ရှိပေမယ့် ဒါလောက်ပဲ ယူထားပါတယ်၊ ဒီပြင်ဟာတွေလည်း အရှည်ကြီး ရှိပါသေးတယ်၊ ကဲ ဆောင်ပုဒ် ကလေးတွေကို ဆိုရမယ် လိုက်ဆိုကြ -
သတ္တဝါများ, သနားသလိုပင်၊ ဉေယျတရား, သိသွားဉာဏ်မြင်။
ကရုဏာပန်း, ဉာဏ်စွမ်းမှီယှဉ်၊ ဘိဓမ္မ, သုံးလလုံးလုံးပင်။
ဟောဖော်ကြား, ဘုရားရှိဦးတင်။
ပြောစရာရှိတာလေးတွေကို ပြောရဦးမယ်
▬▬▬▬▬▬
ပါဋိဟီရာ ဝသာနမှိ၊ တန်ခိုးပြာဋိဟာ၊ ပြတော်မူပြီးသည့် အဆုံးမှာတဲ့၊ တာဝတိံသာ နတ်ပြည်ကို ကြွတော်မူပြီးတော့ နတ်ဗြဟ္မာတွေကို မြတ်စွာဘုရားက အဘိဓမ္မာတရား ဟောကြားတော်မူတယ်။ တာဝတိံသာ နတ်ပြည်ကို မကြွမီ မြတ်စွာဘုရားက တန်ခိုးပြာဋိဟာ ပြတော်မူရပါသေးတယ်။ အဲဒီ တန်ခိုးပြာဋိဟာ ပြရခြင်း အကြောင်း ကလေးက မှတ်သားစရာ ကောင်းလို့ ပြောရဦးမယ်။ နည်းနည်း ရှည်တော့ရှည်တယ်။ ဒါပေမယ့် ချုံးပြီးပြောရမှာပဲ။
အဘိဓမ္မာတရား ဟောရာမှာ တန်ခိုးပြာဋိဟာ ပြရတာက ရှေ့ပိုင်း၌ပါဝင်နေတယ်။ မြတ်စွာဘုရား လက်ထက်တော်က ရာဇဂြိုဟ်ပြည်မှာ သူဌေးတစ်ဦးဟာ ဂင်္ဂါမြစ်မှာ ရေသွားချိုးတယ်၊ ရေချိုး တဲ့အခါမှာ ပတ်ဝန်းကျင်က ပိုက်တွေကို ကာရံပြီး ရေချိုးတယ်လို့ ဆိုတယ်၊ ဘာပြုလို့လဲဆိုတော့ ဘေးရန်အန္တရာယ် တွေလည်း ကင်းအောင် ကိုယ်မှာဝတ်ဆင်ထားတဲ့ ပစ္စည်း ပစ္စယတွေ မတော်တဆ ပြုတ်ကျလို့ ရှိရင်လည်း ရေထဲစီးပါ မသွားရအောင် တဲ့၊ ပိုက်တွေ ကာရံထားတော့ အစစအရာရာ စိတ်ချရတာပေါ့လေ။
မြစ်ဆိုတော့ ရေတွေကစီးဆင်းနေတယ်၊ ပုံမတော်ရင် ဒီရေစီးထဲမှာ မြွေတွေလည်း ပါချင်ပါလာနိုင်တယ်၊ ဒီလိုသာ မြွေတို့၊ ကင်းတို့ ပါလာမယ်ဆိုရင် ကြောက်စရာပဲ၊ မပါလာဘူးလို့ မဆိုနိုင်ဘူး၊ အခန့်မတော်ရင်ပါလာနိုင်တယ်၊ တစ်ချို့ ရေချိုးရင်း မြွေနဲ့တွေ့ပြီး မြွေကိုက်လို့ သေတာလည်းရှိတာပဲ။ မော်လမြိုင် တောင်ဝိုင်းကလေး မဟာစည် သာသနာ့ရိပ်သာ အနီးမှာ ရေအိုင်ကြီးတစ်အိုင်ရှိတယ်။ ဘုန်းကြီးတို့ ရိပ်သာကို သွားတဲ့လမ်းဘေးမှာပါပဲ၊ အဲဒီ ရေအိုင်ကြီး ဟာ မိုးတွင်းမှာတော့ ရေတွေ ရှိတယ်၊ နွေကာလ ရောက်တဲ့ အခါကျတော့ ရေမရှိပါဘူး။ အဲဒီ ရေအိုင်ကြီးထဲမှာ ရေဆင်းချိုးလို့ ကျောင်းသားတစ်ယောက် အဲဒီရေထဲကပဲ မြွေကိုက်လို့ သေဖူး တယ်။ ဒါဟာ ရေထဲမှာဖြစ်နိုင်တဲ့ အန္တရာယ်ပဲ။
စန္ဒကူးတုံးကြီးတစ်တုံး လာငြိတယ်
▬▬▬▬▬
ရာဇဂြိုဟ်သူဌေးကြီး မြစ်ထဲမှာ ဒီလိုရေချိုးနေတဲ့အခါ သူကာရံထားတဲ့ပိုက်မှာ အထက်က မျောပါလာတဲ့ စန္ဒကူးတုံးကြီး တစ်တုံးဟာ လာပြီးငြိနေသတဲ့၊ ကျောက်တောင် ကျောက်ခက် တွေကို တိုက်ခတ်ပြီး မျောပါလာတဲ့ စန္ဒကူးတုံးကြီး ဆိုတော့ အခက်အလက်တွေက ပြတ်သတ် ကုန်မှာဖြစ်လို့ အခက်အလက်တွေ မပါတော့တဲ့ အတုံးကြီး ဖြစ်မှာပဲ၊ ဧရာဝတီ မြစ်ထဲမှာပါလာတဲ့ သစ်တုံးတွေ ကြည့်ပါလား၊ တစ်ချို့ မျောပါလာတဲ့ သစ်တုံးကြီးတွေဆိုရင် အခက် အလက် မပါတော့ရုံသာ မကတော့ဘူး၊ သစ်တုံးကြီးကိုပါ တိုက်စားထားလို့ ရွေဘော်နဲ့ တိုက်ထားသလို ချောနေပါတယ်။ စန္ဒကူးတုံး ကြီးလည်း မြစ်ညာက မျောပါလာတယ် ဆိုတော့ ဒီလိုရှိမှာပါပဲ။
ပိုက်မှာလာငြိတဲ့ သစ်တုံးကြီးကို ဘာတုံးလဲလို့ သူဌေးကြီးက စုံစမ်းကြည့်တယ်၊ ဒီတော့ စန္ဒကူးတုံးကြီး ဖြစ်နေတာကို တွေ့ရတယ်၊ စန္ဒကူးတုံးကြီးကလည်း အိုးလုံးကြီးလောက် ရှိသတဲ့၊ စန္ဒကူးဆိုတာ နံ့သာနီတဲ့၊ ရတ္တစန္ဒကူး စန္ဒကူးနီပေါ့၊ စန္ဒကူးသားဆိုတာ သစ်သားထဲမှာတော့ အဖိုးထိုက် အဖိုးတန် ပစ္စည်းတစ်ခုပဲ။ ဒီလို တန်ဖိုးရှိမှန်းသိတော့ သူဌေးကြီးက ဆယ်ယူ ထားလိုက်တယ်။ ဒီအသားမျိုးက ဒီပြင် အသားထက် ရှားလည်းရှား၊ သူ့အနံ့ကလည်း မွှေးတော့ လူတွေက နှစ်သက်ကြတယ်။
နောက်တော့ သူဌေးကြီးက အကြံအစည်တစ်ခု ဖြစ်တယ်၊ “ငါ့မှာ စန္ဒကူးသားကြီး ရှိတယ်၊ ဘာလုပ်ရရင် ကောင်းပါ့မလဲ” လို့ ရရှိထားတဲ့ စန္ဒကူးသားကြီးကို အသုံး ပြုဖို့ စဉ်းစားတဲ့ အကြံအစည် ဖြစ်လာတယ်။ အဲဒီအခါတုန်းက သူ ရဟန္တာ၊ ငါ ရဟန္တာနဲ့ လောကမှာ ရဟန္တာတွေ ပေါနေကြတယ်၊ သူဌေးကြီးကလည်း ဘယ်အယူ ဝါဒကိုမှ မယူသေးဘူး။ “သမ္မာ ဒိဋ္ဌိ အယူကိုလည်း မယူ မိစ္ဆာဒိဋ္ဌိ အယူကိုလည်း မယူသေးဘူး” လို့ အဋ္ဌကထာမှာ ဆိုထားတယ်။ သမ္မာဒိဋ္ဌိလည်း မဟုတ် မိစ္ဆာဒိဋ္ဌိလည်း မဟုတ်၊ ကြားထိုင်နေတယ်ပေါ့၊ ဒါနဲ့ သူက ဘယ်လိုစဉ်းစားသလဲ ဆိုရင် -
“လောကမှာ ရဟန္တာတွေဆိုတာ ပေါများနေတယ်၊ ဒီလို ပေါများနေတဲ့ ရဟန္တာ တွေထဲမှာ ဘယ်ပုဂ္ဂိုလ်ဟာ ရဟန္တာ မဟုတ်ဘူး၊ ဟုတ်တယ် ဆိုတာကို ဘယ်သူမှ သေသေချာချာ မသိဘူး၊ ဒီတော့ ဒီစန္ဒကူးသားကို သပိတ်ထွင်းပြီး စုံစမ်းမှပဲ” လို့ စဉ်းစားပြီး စန္ဒကူးသားကို သပိတ် ထွင်းတယ်။
ရဟန္တာပါလို့ ပြောရုံပြောနေပြီး ယုံလောက်တဲ့ အကြောင်းယုတ္တိကို ထောက်ထားစရာ မရှိဘဲနဲ့ ဒီအတိုင်းယုံကြည်နေလို့ မဖြစ်သေးဘူးပေါ့။ ဒီတော့ သူယုံကြည် နိုင်လောက်မယ့် အကြောင်း ယုတ္တိကို ရှာကြံစူးစမ်းလိုတာနဲ့ စန္ဒကူးသားကြီးကို သပိတ်ထွင်း လုပ်တော့တာပါပဲ။ သပိတ် ထွင်းလုပ်ပြီးတော့ တိုင်တစ်တိုင် ထူပြီး ကောင်းကင်မှာ ချိတ်ဆွဲ ထားလိုက်တယ်။ ပြီးတော့ -
“တန်ခိုးနဲ့ပြည့်တဲ့ ရဟန္တာပုဂ္ဂိုလ်တွေ အလှူခံပါ” လို့ ကြေညာလိုက်သတဲ့၊ အမြင့်က အတောင် ခြောက်ဆယ်လောက် မြင့်တဲ့နေရာမှာ ချိတ်ဆွဲထားတာဖြစ်တော့ ဈာန် အဘိညာဉ်ကို မရဘဲနဲ့ အလှူခံလို့ မဖြစ်ဘူးပေါ့။ ကောင်းကင်ကလာပြီး အလှူခံတဲ့ ပုဂ္ဂိုလ် ဆိုတာကတော့ ဘယ်သူမှ မရှိသေးဘူး။ ဒါပေမယ့် မြေပြင်က လာလာပြီး အလှူခံတဲ့ ပုဂ္ဂိုလ်တွေကတော့ ရှိပါရဲ့၊ အဲဒီပုဂ္ဂိုလ်တွေက တိတ္ထိ ဆရာကြီးတွေပဲ။ ဒီလို မြေပြင်က ကြွလာပြီး အဲဒီ တိတ္ထိဆရာကြီးတွေက -
“သူဌေးကြီး၊ ဒီသပိတ်ဟာ ငါတို့နဲ့ တန်ပါတယ် သူဌေးကြီး၊ ငါတို့ကိုလှူပါ၊ ငါတို့ကို အထင်မလွဲပါနဲ့၊ ငါတို့အပြင် အလှူခံနိုင်တဲ့ပုဂ္ဂိုလ် မရှိပါဘူး” စသည်ဖြင့် ပြောကြ အလှူခံကြတယ်၊ အဲဒီလိုနဲ့ သပိတ်ကိုရသွားရင် သူတို့က ရဟန္တာ အဖြစ်နဲ့ ဂုဏ်ယူကြမှာပဲ။ အဋ္ဌကထာမှာ ပြဆိုထားတာ ကတော့ နိဂဏ္ဌဂိုဏ်းဝင် နာဋပုတ္တ ဆရာကြီးတဲ့၊ နိဂဏ္ဌဆိုတာ ယခု အိန္ဒိယမှာ အဝတ်မဝတ်ဘဲနဲ့ ကျင့်နေကြတာတွေ ရှိကြတယ်။ အဲဒီလိုပုဂ္ဂိုလ်တွေပါပဲ။ ဂျိန်းတွေလို့လည်းခေါ်ပါတယ်။ ဂျိနမှ ဂျိန်လို့ ဖြစ်လာတယ်၊ အဲဒီ ဂျိန်းဘာသာဝင် ပုဂ္ဂိုလ်တွေရဲ့ ခေါင်းဆောင်ကြီးပေါ့။ ဒီ အယူဝါဒ တွေဟာ ဘုရားလက်ထက်တော် ကလည်း ရှိနေကြတာပဲ။ အခု ဂျိန်းဘာသာဝင်တွေ လည်း ဒီလို အဝတ်မဝတ်ဘဲ ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေကို ဘုရားအဖြစ်နဲ့ အသိအမှတ် ပြုပြီး ကိုးကွယ် ဆည်းကပ် နေကြတာပါပဲ။
အဲဒီ နာဋပုတ္တ ဆရာကြီးဟာ သူ့တပည့်တွေနဲ့ တိုင်ပင်ပြီး သူဌေးကြီးဆီကို လာတယ်။ လာပြီးတော့ ဘယ်လိုပြောကြသလဲ ဆိုရင် “သူဌေးကြီး ကျုပ်တို့ရဲ့ ဘုရားကိုလှူပါ၊ ကျုပ်တို့ရဲ့ဘုရားက ရဟန္တာပါ၊ ဒီသပိတ်ဟာ ကျုပ်တို့ဘုရားနဲ့ တန်ပါတယ်” စသည်ဖြင့် ဒီလို သူ့တပည့်တွေက ပြောကြတယ်။ ဒီတော့ သူဌေးကြီးက “ဟာ ဒီလိုနဲ့တော့ မလှူနိုင်ဘူး၊ ကောင်းကင်ကို ပျံတက်ပြီး အလှူခံမှသာ လှူနိုင်မယ်” လို့ ပြောတယ်။
နာဋပုတ္တရဲ့တပည့်တွေက ဒီလိုပြောပြီး အလှူခံရုံနဲ့ ရလိမ့်မယ်ထင်ပြီး အလှူခံကြ ပေမယ့် သူဌေးကြီးက မလှူဘူးပေါ့။ အစကတည်းက ဒီလို မြေပြင်ကလာပြီး အလှူခံတဲ့ ပုဂ္ဂိုလ်တွေကို လှူဖို့ လုပ်ထားတာမှ မဟုတ်ဘဲကိုး။ ဒီတော့ သူ့တပည့်တွေက “သူဌေးကြီးသပိတ်က ဘာမှ တန်ဖိုးရှိလှတာ မဟုတ်ပါဘူး၊ တန်ခိုး ပြရတယ် ဆိုတာက မိမိရဲ့ဂုဏ်ကို ပြရတာပါ၊ အဲဒီလို တော့လည်း မသင့်လျော်ပါဘူး” လို့ ပြောကြပြန်တယ်။ သပိတ်ကလေးလောက်နဲ့ တန်ခိုးမပြ ပါရစေနဲ့လို့ ဆိုလိုတာပေါ့၊ ဒါလောက်သာ မကသေးဘူး၊ သူတို့ဆရာနဲ့သာ ထိုက်တန်ကြောင်း စသည်ဖြင့်လည်း သူတို့ တတ်နိုင်သမျှ အကြောင်းပြပြီး သူဌေးကြီးကို ထပ်ပြောကြတယ်။ ဘယ်လိုပဲ သူတို့တွေက ပြောပြော၊ သူဌေးကြီးကလည်း သူတို့ပြောတဲ့ အတိုင်းမလုပ်ဘူး။ ကောင်းကင်တက်ပြီး အလှူခံနိုင်မှသာ လှူနိုင်မည်ဆိုတဲ့ အကြောင်းကို ပြောပြီး တင်းခံ နေတယ်။
ဒီတော့ နာဋပုတ္တ ဆရာကြီးက “ကောင်းပြီ၊ ဒီလိုဖြင့်လည်း ကောင်းကင်ကို ပျံတက်ပြီး အလှူခံရတာပေါ့” လို့ ပြောပြောဆိုဆို လက်တွေခြေတွေမြှောက် ကိုယ်ကိုလည်း ကြွကြွ ရွရွကလေးနဲ့ ကောင်းကင်ကို ပျံတက်တော့မလို ဟန်ပြင်လိုက်တယ်၊ အဲဒီလို နာဋပုတ္တ ဆရာကြီး က တက်တော့မလို ဟန်ပြင်လိုက်တော့ သူ့တပည့်တွေက -
“ဟာ အရှင်ဘုရား၊ ဒီသပိတ်က ဘာမှအဖိုးမတန်ပါဘူး ဘုရား၊ အဖိုးမတန်တဲ့ ဒီသပိတ် ကလေးလောက်နဲ့ ကောင်းကင် ပျံတက်ပြီး တန်ခိုးမပြပါနဲ့ ဘုရား” လို့ ဒီလိုပြောပြီး အရေးတကြီး ဝိုင်းဝန်းပြီး ဆွဲကြသတဲ့။ တက်ပါ့မယ်လို့ တကဲကဲ လုပ်သူကလုပ်၊ မတက်ဖို့ ဆွဲသူကဆွဲနဲ့ နာဋပုတ္တ ဆရာကြီးဟာ မြေပေါ်မှာ လဲကျသွားတယ်လို့ တောင်မှ ဆိုပါတယ်။ အဲဒီလို လုပ်ကြဖို့က အစ ကတည်းက စည်းဝေးပြီး ဆရာတပည့်တွေ တိုင်ပင်လာကြတာတဲ့၊ ဒီလိုနဲ့ မပြီးသေးဘူး၊ နာဋပုတ္တ ဆရာကြီးက ပြန်ပြောတယ်။
“သူဌေးကြီး အထင်မလွဲပါနဲ့၊ ကောင်းကင်ပျံတက်ပြီး တန်ခိုးပြမလို့ပါဘဲ၊ ဒါပေမယ့် သူဌေးကြီး မြင်တဲ့အတိုင်းပဲ မဟုတ်လား။ ငါ့တပည့်တွေက ဒီလို တန်ခိုးပြဖို့ ခွင့်မပေးကြဘူး။ သူတို့က ဆွဲထားကြတာနဲ့ ကောင်းကင်ကို ပျံတက်ဖို့ မဖြစ်နိုင်ဘူး။ ဒီတော့ လှူသာ လှူလိုက်ပါ။ အလကား ဒီလိုနဲ့ သံသရာရှည်သာ ရှည်နေရော့မယ်। ဒီတော့ မြန်မြန် လှူလိုက်တာကပဲ ကောင်းပါတယ်” စသည်ဖြင့် နာဋပုတ္တ ဆရာကြီးက ပြောတယ်။
သူဌေးကြီးကလည်း သူတို့ ဘယ်လိုပဲပြောနေနေ သူ့ရဲ့ရည်ရွယ်ရင်း အတိုင်းက နည်းနည်းမှ လျှော့မပေးဘူး၊ ဒီတော့ သူဌေးကြီးက ဘယ်လိုပြောသလဲဆိုတော့ “ဒီလိုနဲ့ကတော့ ဘယ့်နှယ့်မှ မဖြစ်နိုင်ပါဘူး၊ မူလ ရည်ရွယ်ထား ကတည်းက ကောင်းကင်ပျံတက်ပြီး အလှူခံမှသာ လှူမယ်လို့ ရည်ရွယ်ပြီးသားပဲ၊ ဒီရည်ရွယ်ရင်း အတိုင်းသာ လှူနိုင်မယ်” လို့ ပြောတယ်။ သူဌေးကြီးကို ဘယ်လိုမှ ပြောမရ ပြုမရကြတော့ တိတ္ထိဆရာ တပည့်တွေဟာ ဘယ်လိုမှ မတတ်နိုင်တော့ဘဲ သူဌေးကြီး ထံမှ ဖယ်ခွာသွားကြရတော့တယ်။
ခုနစ်ရက် ကြာသွားပြီ
▬▬▬▬▬▬▬▬
ဒီလိုနဲ့ သူဌေးကြီးရဲ့ စန္ဒကူးသပိတ်ကို အလှူခံမပေါ်လာဘဲ ရက်တွေနေ့တွေ မျောလာခဲ့တယ်။ ခုနစ်ရက်တောင် ကြာသွားပြီတဲ့။ ဒါလောက်တောင် ကြာမြင့်သွားတာ ဖြစ်တော့ လူတွေက ရဟန္တာဆိုတာ မရှိပါဘူးလို့ သံသယဖြစ်လာ ကြတယ်။ ဒါနဲ့ သေသောက်ကြူး သူတွေက သူတို့ အချင်းချင်း မူးမူးရူးရူးနဲ့ ဒီလိုပြောကြသတဲ့ -
“အလကားပါကွာ၊ လောကမှာ ရဟန္တာဆိုတာ မရှိပါဘူး။ ရဟန္တာ ရဟန္တာနဲ့ ကိုယ့်ဟာ ကိုယ်သာ ပြောနေကြတာပါ၊ ကြည့်ပါလားကွ၊ တို့မြို့က သူဌေးကြီး သပိတ်ဟာ ခုနစ်ရက်တောင် ရှိသွားပြီပဲ၊ ဘယ်ရဟန္တာမှ လာပြီး မယူနိုင်ကြဘူး မဟုတ်လား ။ အဲဒါဟာ ရဟန္တာ မရှိလို့ပေါ့ကွ၊ ဒါ သက်သေ အထောက် အထားပဲ” လို့ ပြောကြတယ်။
ဒီလိုပြောနေကြတဲ့ နေရာကလည်း လမ်းဘေးက ဇရပ်တစ်ခုမှာဖြစ်တယ်၊ ဆွမ်းခံဝင်ချိန်မှာ ပြောနေကြတာဖြစ်တော့ ဆွမ်းခံဝင်ဖို့ ပြင်ဆင်နေကြတဲ့ အရှင် မဟာမောဂ္ဂလာန်နဲ့ အရှင် ပိဏ္ဍောလ တို့က ဒါကိုကြားကြတယ်။ ဒီတော့ အရှင် မဟာမောဂ္ဂလာန်က ပြောတယ် -
“ငါ့ရှင် ပိဏ္ဍောလ ကြားရဲ့လား၊ လောကမှာ ရဟန္တာမရှိဘူးလို့ လူတွေက ပြောသွားကြတယ်။ ဒါဟာ တို့နဲ့လည်း သက်ဆိုင်နေတယ်။ ဒီတော့ ကောင်းကင်မှာ သင် တန်ခိုးပြပြီး အဲဒီသပိတ်ကို အလှူခံလိုက်ပါ” လို့ ပြောတယ်။ ဒီတော့ အရှင်ပိဏ္ဍောလက -
“အရှင်ဘုရား သွားပြီး အလှူခံပါ၊ အရှင်ဘုရား အလှူမခံဘူး ဆိုရင်တော့ တပည့်တော် သွားပြီး အလှူခံရမှာပဲ” လို့ ပြန်လျှောက်တယ်။
“အေး ငါသွားပြီး အလှူမခံပါဘူး၊ ငါ့ရှင် ပိဏ္ဍောလသာ သွားပေတော့” လို့ အရှင်မဟာမောဂ္ဂလာန်က ပြောလိုက်တယ်။
အရှင်မဟာမောဂ္ဂလာန်က ဒီလိုပြောတော့ အရှင်ပိဏ္ဍောလဟာ ကောင်းကင်က ပျံကြွသွားတယ်။ ဒီလိုကြွသွားပြီးတော့ သုံးဂါဝုတ် လောက်ရှိတဲ့ ကျောက်ဖျာကြီးကို ခြေမကြားမှာ ညှပ်ပြီး အရှင်ပိဏ္ဍောလက ယူလာတယ်။ သုံးဂါဝုတ်လောက်ရှိတဲ့ ကျောက်ဖျာကြီးဆိုတော့ အင်မတန်ကြီး တာပဲ။ သုံးဂါဝုတ်ဆိုတာ ခရီးနဲ့ တိုင်းတာ ကြည့်ရင် ခြောက်မိုင်တောင်မှရှိတယ်။ အင်း ဧရာမ ကျောက်ဖျာကြီးပါပဲ။
အဲဒီ ခြောက်မိုင်လောက်ရှိတဲ့ ကျောက်ဖျာကြီးကို ခြေမကြားမှာ ညှပ်ပြီး ရာဇဂြိုဟ်မြို့ ပေါ်မှာ ခုနစ်ပတ် ပတ်လိုက်တယ်။ ရာဇဂြိုဟ်မြို့ကလည်း သုံးဂါဝုတ် ကျယ်တယ်လို့ ဆိုပါတယ်။ ဒီတော့ ရာဇဂြိုဟ်မြို့ကို ကျောက်ဖျာနဲ့ ဖုံးထားသလို ဖြစ်နေတာပေါ့။ “မြို့သူမြို့သားတွေဟာ အောက်က ကျောက်ဖျာကြီးက အထက်က” ဆိုတော့ မြို့သူမြို့သားတွေက ကြောက်လိုက်ကြတာတဲ့၊ “ဒါကြီး ပြုတ်ကျလိုက်ရင် ခက်တော့ မှာပဲ၊ ဘာကြီးမှန်းလည်း မသိဘူး” ဆိုပြီး အထိတ်တလန့်နဲ့ အင်မတန် ကြောက်နေ ကြတာပဲ တဲ့။
ပြီးတော့မှ အရှင်ပိဏ္ဍောလက သူ့ကိုမြင်ကြရအောင် တန်ခိုးတော်နဲ့ ပြလိုက်တယ်၊ ဒီလို ပြလိုက်တော့မှ အရှင်ပိဏ္ဍောလက ကျောက်ဖျာကြီးကို ခြေမနဲ့ညှပ်ပြီး ကောင်းကင်မှာ ကြွနေတာကို မြင်ကြရတယ်။ ဒီတော့ လူတွေက “အရှင်ဘုရား မြဲမြဲညှပ်ထားပါဘုရား၊ မြဲမြဲ ညှပ်ထားပါဘုရား၊ ပြုတ်ကျလာရင် ခက်ကုန်ကြပါလိမ့်မယ် ဘုရား” လို့ အော်လိုက် ကြတာဟာ တစ်မြို့လုံး ဆူပွက်သွားတာပဲတဲ့၊ ဒီတော့မှ အရှင်ပိဏ္ဍောလက အဓိဋ္ဌာန်ပြုပြီး ကျောက်ဖျာကြီးကို ခြေနဲ့ ကန်ပစ်လိုက်တာ ကျောက်ဖျာကြီးဟာ သူ့နေရာ သူ ပြန်ကျသွားသတဲ့။
အရှင်ပိဏ္ဍောလရဲ့ တန်ခိုးစွမ်းအင်ကို သူဌေးကြီးကမြင်ရတော့ အင်မတန် ကျေနပ် သွားတယ်၊ ဒီတော့မှ သူဌေးကြီးဟာ တစ်ခါတည်း သူ့ အိမ်သူအိမ်သားတွေနဲ့အတူ ရိုရိုသေသေ ဦးညွှတ် ရှိခိုးပြီးတော့ “ကြွတော်မူပါ အရှင်ဘုရား” လို့ အရှင်ပိဏ္ဍောလ ကို ပင့်တယ်။ ဒါနဲ့ အရှင်ပိဏ္ဍောလ မထေရ်မြတ်ကလည်း ကောင်းကင်မှ သက်ဆင်း ကြွတော်မူလာတယ်။ ကြွလာတဲ့အခါ သူဌေးကြီးက အရှင်ပိဏ္ဍောလအား သပိတ်ကို လှူလိုက်တယ်တဲ့။
“အရှင်ပိဏ္ဍောလ မထေရ်ဟာ ဒီလို ဒီလို တန်ခိုးပြသတဲ့” လို့ ဆိုတဲ့ သတင်းဟာ ပျံ့နှံ့ကျော်ကြား သွားတယ်။ ဒီတော့ တန်ခိုးပြစဉ်က မမြင်မသိလိုက်ကြရတဲ့ သူတွေဟာ အရှင်ပိဏ္ဍောလထံ လာကြပြီး “တပည့်တော် တို့ကိုလည်း တန်ခိုးလေး နည်းနည်းပါးပါး ပြပါဦး” လို့ တောင်းပန်ကြ သတဲ့။ ဒီတော့လည်း သူတို့ကို အရှင်ပိဏ္ဍောလက မနေသာတာနဲ့ တန်ခိုးပြရပြန်တယ်။ ဒါနဲ့ အဲဒီမှာ ဆူဆူပူပူတွေ ဖြစ်နေပြန်တယ်ပေါ့လေ။ တန်ခိုးဆိုတာ အင်မတန်မှ ထူးဆန်းတာကလား၊ ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေကျ မဟုတ်တဲ့ အဖြစ်ထူးတွေဆိုတော့ လူတွေက ကြည့်ချင် မြင်ချင်ကြတယ်၊ လူတွေရဲ့ အလိုလိုက်ပြီး အရှင်ပိဏ္ဍောလက တန်ခိုးပြရပြန်တဲ့အခါ အုတ်အုတ်ကျက်ကျက် ဆူဆူပူပူတွေ ဖြစ်နေပြန်လို့ မြတ်စွာဘုရားက ကြားသိတော် မူသွားသတဲ့။
သိက္ခာပုဒ် ပညတ်တော်မူတယ်
▬▬▬▬▬▬▬
ဒါနဲ့ မြတ်စွာဘုရားက “အာနန္ဒာ၊ ဒီ အုတ်အုတ်ကျက်ကျက် အသံတွေဟာ ဘာဖြစ်ကြ တာလဲ” လို့ မေးတော်မူတယ်။
“ရာဇဂြိုဟ်သူဌေးရဲ့ စန္ဒကူးသပိတ်ကို အရှင်ပိဏ္ဍောလက တန်ခိုးပြပြီး အလှူခံ တာကို မမြင်လိုက်ကြရတဲ့ လူတွေက တန်ခိုးပြဖို့ တောင်းပန်နေကြတဲ့ အသံတွေပါ ဘုရား” လို့ အရှင် အာနန္ဒာက လျှောက်ထားတယ်။
ဒီတော့ မြတ်စွာဘုရားက အရှင် ပိဏ္ဍောလကို ခေါ်တော်မူပြီး “တန်ခိုးပြပြီး သပိတ် အလှူခံတယ် ဆိုတာ ဟုတ်သလား” လို့ မေးတော်မူတယ်။
“မှန်ပါ၊ ဟုတ်ပါတယ် မြတ်စွာဘုရား” လို့ အရှင် ပိဏ္ဍောလက လျှောက်ထားတယ်။
အဲဒီတော့ မြတ်စွာဘုရားက “နောက် တန်ခိုးမပြရဘူး” လို့ သိက္ခာပုဒ် ပညတ်တော် မူလိုက်ပါတယ်။ ပြီးတော့ စန္ဒကူးသပိတ်က သစ်သားသပိတ်ဖြစ်နေတယ်။ သစ်သား သပိတ်ကို ရဟန်းတော်တွေ မသုံးဆောင် ကောင်းဘူး၊ ရဟန်းတို့အား မအပ်ဘူး။ ဒါကြောင့် သစ်သားစန္ဒကူး သပိတ်ကိုခွဲပြီး အပ်စပ်သည့် အသုံးအဆောင် ပြုလုပ် သုံးဆောင်ဖို့ ခွင့်ပြုတော်မူပါတယ်။ “တန်ခိုးမပြရ” လို့ သိက္ခာပုဒ် ပညတ်တော် မူသည်မှစပြီး တန်ခိုးပြနိုင်တဲ့ ဈာန် အဘိညာဉ်ရ ရဟန်းတော်တွေ တန်ခိုးမပြကြ ရတော့ဘူး။
အခွင့်ကောင်း ယူကြပြီ
▬▬▬▬▬▬▬▬
တန်ခိုးမပြရဆိုတဲ့ သိက္ခာပုဒ်ကို မြတ်စွာဘုရားက ပညတ်တော် မူလိုက်ကြောင်း သတင်းကို တိတ္ထိတွေက ကြားသွားကြတယ်။ ဒီသတင်းကို အခွင့်ကောင်းယူပြီး တိတ္ထိတွေက ဘယ်လို ပြောကြသလဲဆိုရင် -
“ဟေ့ ဟိုစန္ဒကူးသပိတ်ကိစ္စတုန်းက တို့မှာလည်း တန်ခိုး အရှိသားပဲ။ ဒါပေမယ့် အဖိုးမတန်တဲ့ စန္ဒကူးသပိတ်ကလေးကို အကြောင်းပြပြီး မြင့်မြတ်တဲ့ တန်ခိုးကို လူတွေသိအောင်ပြလို့ မသင့်လျော်တာနဲ့ တို့က မပြတာ၊ အရှင်ဂေါတမရဲ့ တပည့်ထဲက အရှင်ပိဏ္ဍောလဟာ ဘာမှအဖိုးမတန်တဲ့ သပိတ်ကလေး တစ်ခုနဲ့စပ်ပြီး သူက တန်ခိုးပြသွားတယ်။ အဲဒါ မသင့်တော်လို့ အရှင်ဂေါတမက တန်ခိုးမပြရဆိုတဲ့ သိက္ခာပုဒ်ကို ပညတ်လိုက်သတဲ့။ အခု တို့က တန်ခိုးပြမယ်” လို့ ကြေညာလိုက် ကြသတဲ့။
သိက္ခာပုဒ် ပညတ်ပြီးမှတော့ ဘုရားတပည့် သာဝကတွေလည်း တန်ခိုးပြကြတော့မယ် မဟုတ်။ မြတ်စွာဘုရား ကိုယ်တော်တိုင်လည်း တန်ခိုးပြတော့မယ် မဟုတ်လို့ သူတို့က ဒီလို အထင် ရောက်သွားကြတယ်။ ဒီလို ကြေညာလိုက်တာကို ဗိမ္ဗိသာရမင်းကြီးက ကြားသိလို့ မြတ်စွာဘုရား အား သွားပြီး လျှောက်ထားတယ်။ ဘယ်လိုလျှောက်သလဲ ဆိုရင် -
“မြတ်စွာဘုရား တန်ခိုးမပြရဆိုတဲ့ သိက္ခာပုဒ်ကို ပညတ်တော်မူလိုက်တယ်ဆိုတာ ဟုတ်ပါသလား ဘုရား” လို့ လျှောက်ထားတယ်။
ဒီလိုလျှောက်တော့ မြတ်စွာဘုရားက “ဟုတ်တယ်” လို့ ဖြေကြားတော်မူတယ်။
“ဟိုမှာ တိတ္ထိတွေက မြတ်စွာဘုရားနဲ့ တန်ခိုးပြိုင်မယ်လို့ ကြေညာ နေကြပါတယ် ဘုရား” လို့ ဗိမ္ဗိသာရမင်းကြီးက လျှောက်ထားတယ်။
ဒီတော့ မြတ်စွာဘုရားက “သူတို့ပြိုင်မယ်ဆိုရင် ငါဘုရားကလည်း ပြိုင်ရမှာပေါ့” လို့ မိန့်ကြားတော် မူတယ်။
“အရှင်ဘုရားက သိက္ခာပုဒ် ပညတ်တော် မူထားတယ် မဟုတ်ပါလားဘုရား၊ ဘယ်လို လုပ်ပြိုင်မှာလဲ” လို့ ဗိမ္ဗိသာရမင်းကြီးက လျှောက်ထားတယ်။
“သိက္ခာပုဒ် ပညတ်တာက တပည့်သာဝကတွေရဲ့အတွက် ပညတ်တာပဲ၊ ငါဘုရား အတွက် ပညတ်တာ မဟုတ်ဘူး” လို့ မိန့်ကြားတယ်။
“ဟုတ်ပါ့မလား ဘုရား” လို့ မင်းကြီးက လျှောက်ထားတော့ -
“ဟုတ်ပါတယ်မင်းကြီး” လို့ မိန့်ကြားပြီး “သင်မင်းကြီးမှာ ဥယျာဉ်ရှိတယ်၊ မဟုတ်လား” လို့ မြတ်စွာဘုရားက မေးတော်မူတယ်။
“ရှိပါတယ် ဘုရား” လို့ မင်းကြီးက လျှောက်ထားတယ်။
“သင်မင်းကြီးရဲ့ ဥယျာဉ်ထဲက သစ်သီး သစ်ပွင့်တွေကို သင်မင်းကြီးရဲ့ ခွင့်ပြုချက် မရှိဘဲ တခြားလူတွေ ဆွတ်းခူးလို့ရှိရင် အပြစ်ဒဏ် မပေးဘူးလား” လို့ မေးတော် မူပါတယ်။ ဒီတော့ မင်းကြီးက -
“ပေးပါတယ် ဘုရား” လို့ လျှောက်ထားတယ်။
“မင်းကြီးကိုယ်တိုင် ဆွတ်ခူး သုံးဆောင်လို့ ရှိရင်ကော အပြစ်ပေးသေးလား” လို့ မေးတော် မူပြန်တယ်၊ ဒီတော့ မင်းကြီးက-
“မပေးပါ ဘုရား” တဲ့။
“အေး ဒီလိုပါပဲ မင်းကြီး၊ မင်းကြီးရဲ့ ဥယျာဉ်မှာ သူတစ်ပါးအတွက်သာ အပြစ်ဒဏ် ပေးဖို့ မဆွတ် မခူးရအောင် ဥပဒေနဲ့ ပညတ်ထားတာပဲ၊ ငါဘုရားလည်း ဒီလိုပါပဲ၊ ငါဘုရားအတွက် ပညတ်ထားတဲ့ သိက္ခာပုဒ် မဟုတ်ပါဘူး၊ တပည့်သာဝကတွေရဲ့ အတွက်သာ ပညတ်ထားတာပါ၊ ငါဘုရား တန်ခိုးပြိုင်မယ်” လို့ မိန့်တော်မူပါတယ်။
“ဒီလိုဆိုရင် တန်ခိုးပြတော့ ဘယ်မှာပြမှာပါလဲ ဘုရား” လို့ မင်းကြီးက လျှောက်ထား တယ်။
“လေးလကြာတဲ့အခါ သာဝတ္ထိပြည် ကဏ္ဍအမည်ရှိတဲ့ သရက်ပင်အောက်မှာ တန်ခိုး ပြမယ်” လို့ မြတ်စွာဘုရားက မိန့်တော်မူလိုက်တယ်။
သရက်ပင်တွေကို နုတ်ပစ်ကြတယ်
▬▬▬▬▬▬▬
ရာဇဂြိုဟ်ပြည်ကနေပြီး သာဝတ္ထိပြည်မှာ တန်ခိုးပြမယ်ဆိုတော့ ဒါဟာ တော်တော် ဝေးကွာတဲ့ နေရာကို မြတ်စွာဘုရားက မိန့်ကြားတော် မူလိုက်တာပဲ။ ဒီလိုမိန့်ကြား တာက ပရိသတ်တွေ စုံစုံလင်လင် အများကြီး လိုက်ပါ လာအောင်လို့တဲ့။ မြတ်စွာဘုရားက တန်ခိုးပြမယ်လို့လည်း မိန့်တော်မူရော မြတ်စွာဘုရား ကိုယ်တိုင် တန်ခိုးမပြဘူးထင်လို့ တန်ခိုးပြိုင်မယ်လို့ ပြောထားမိတဲ့ တိတ္ထိတွေမှာ အနေခက်ကုန် ကြတာပေါ့။ ဒါပေမယ့် “ဟန်က ကိုယ့်ဖို့” ဆိုသလို သူတို့က ဟန်တွေ, ပန်တွေတော့ လုပ်ကြသေးတယ်။ ဘယ်လိုလည်းဆိုရင် -
“အရှင်ဂေါတမက တန်ခိုးပြမယ်, တန်ခိုးပြမယ်လို့ ဆိုထားတယ်၊ ရှင်ဂေါတမ ပျောက်မသွားအောင် တို့က ရှင်ဂေါတမ သွားလေရာရာကို နောက်ကလိုက်ကြည့် နေကြမှဖြစ်မယ်” လို့ဆိုပြီး မြတ်စွာဘုရားရဲ့နောက်က အမြဲလိုက်ကြည့် နေကြသတဲ့။
မြတ်စွာဘုရားက တန်ခိုးမပြဝံ့ဘဲ ထွက်ပြေးမှာကို သူတို့က စိုးရိမ်တယ်ဆိုတဲ့ သဘော ပေါ့လေ။ မူမမှန်သူတွေဆိုတာ ဒီလိုပါပဲ။ တော်တော်ကို မသင့်မလျော်တဲ့ ကြံမိကြံရာ ကြံကြတာပဲ။ တစ်သက်လုံး သူတို့ရဲ့ လုပ်ကွက်ဟာ ရယ်စရာကြီး ဖြစ်နေရစ်မှာ ကိုတော့ သူတို့က ထည့်မစဉ်းစား ကြဘူး။ ဘယ်သူတွေက ဘယ်လိုပဲ ဆိုဆိုပြောပြော သူတို့ကတော့ မဖြုန်ဘူးပေါ့လေ။
အမှုအခင်း ဖြစ်တာက တပေါင်းလ နောက်ပိုင်းလောက်မှာ ဆိုတော့ ဝါဆိုလပြည့်နေ့ လောက်မှာ လေးလရှိသွားမယ်။ အဲဒီနေ့မှာ တန်ခိုးပြဖို့ ရည်ရွယ်ပြီး မိန့်ကြားတော် မူတယ်ဆိုတာ ထင်ရှား ပါတယ်။ မြတ်စွာဘုရား မိန့်ကြားတော်မူတဲ့ စကားတွေကို တိတ္ထိတွေက ကြားသိကြတာဖြစ်လို့ သာဝတ္ထိပြည်အနီးမှာရှိတဲ့ သရက်ပင်တွေကို အကုန်လုံးလိုက်ပြီးတော့ သုတ်သင် ရှင်းလင်းပစ် လိုက်ကြသတဲ့။ မြတ်စွာဘုရားက သရက်ပင်ရင်းမှာ တန်ခိုးပြမယ်ဆိုတာကြောင့် ပြစရာနေစရာ မရှိအောင် တိတ္ထိတွေက လုပ်ပစ်ကြတာပါပဲ။ ဒါပေမယ့် မင်းဥယျာဉ်ထဲက သရက်ပင်ကိုတော့ သူတို့ထင်သလို လုပ်ဝံ့ကြဟန် မတူဘူး။
ခါချဉ်ထုပ်ထဲက သရက်သီး
▬▬▬▬
ဒီလိုနဲ့ ဝါဆိုလပြည့်နေ့ကို ရောက်လာတယ်။ မင်းဥယျာဉ်ထဲက ကဏ္ဍဆိုတဲ့ ဥယျာဉ်မှူးမှာ သရက်သီးတစ်လုံး ရလာခဲ့တယ်တဲ့။ ဘယ်ကရသလဲ ဆိုတော့ ခါချဉ်ထုပ်ထဲက ရလာခဲ့တာတဲ့။ ခါချဉ်ထုပ်ထဲမှာ ဖုံးအုပ်ပြီး သီးနေတာ ဆိုတော့ မမြင်ဘဲ ကျန်နေတဲ့ သရက်သီးပေါ့။ ဒီသရက်သီးကို ဥယျာဉ်မှူး ကဏ္ဍဆိုတဲ့ သူက ရလာခဲ့တယ်။ ကောသလမင်းကြီးကို ဆက်သမယ်ဆိုပြီး ယူလာတဲ့ အခါ လမ်းမှာ မြတ်စွာဘုရားနဲ့ တွေ့နေတယ်။ ဒီတော့ ဥယျာဉ်မှူးက စဉ်းစားတယ်။
“ဒီသရက်သီးကို ကောသလ မင်းကြီးအား ပေးအပ်ဆက်သ လိုက်လို့ရှိရင် ဆုလာဘ်အဖြစ်နဲ့ အသပြာခြောက်ကျပ်, ခုနစ်ကျပ်လောက်သာ ရမှာပဲ၊ သိပ်ပြီးတော့ များများစားစား ရမှာမဟုတ်ဘူး။ မြတ်စွာဘုရားအား လှူလိုက်ရရင်တော့ တစ်သံသရာလုံး ချမ်းသာရာ, ချမ်းသာကြောင်း၊ ကြီးပွားရာ, ကြီးပွားကြောင်း ဖြစ်သွားနိုင်တယ်။ အကျိုးများမယ်။ ဒီတော့ မြတ်စွာဘုရားအား လှူမှပဲ” လို့ ဒီလို စဉ်းစားပြီး အဲဒီ သရက်သီးကို မြတ်စွာဘုရားအား လှူလိုက်တယ်တဲ့။
မြတ်စွာဘုရားက အလှူခံပြီး ဘုဉ်းပေးတော်မူတယ်။ ဘုဉ်းပေးပြီးတော့ သရက်စေ့ကို ဥယျာဉ်မှူးအား အစိုက်ခိုင်းတော် မူပါတယ်။ မြတ်စွာဘုရား ခိုင်းတဲ့အတိုင်း ဥယျာဉ်မှူးကလည်း မြေကိုတူးဆွပြီး သရက်စေ့ကို မြှုပ်လိုက်တယ်။ မြတ်စွာဘုရားက လက်တော်ကို ရေဆေးပြီး သရက်စေ့ မြှုပ်ထားတဲ့ မြေပေါ်ကို လက်ဆေးရေ လောင်းချ လိုက်တယ်။ ဒီလို လက်ဆေးရေ လောင်းချလိုက်တာနဲ့ တစ်ပြိုင်နက် ချက်ချင်းပင် သရက်ပင်ကြီး ပေါက်လာသတဲ့။ တန်ခိုးတော် ကြောင့် ဒီလို ချက်ချင်း ပေါက်လာ တာလို့ ဆိုရမှာပေါ့။ အလိုလိုတော့ ပေါက်နိုင်စရာ အကြောင်း မရှိပါဘူး။ မြတ်စွာဘုရားရဲ့ ဘုန်းတော်ခြောက်ပါးထဲမှာ “ကာမဘုန်းတော်” ဆိုတာ ပါတယ်။ အဲဒီ ဘုန်းတော်က မြတ်စွာဘုရား အလိုတော်ရှိရင် အလိုတော်အတိုင်း ဖြစ်ရတဲ့ ဘုန်းတော်ပါပဲ။ ဘုန်းတန်ခိုး ဆိုတာ အင်မတန် ဆန်းကြယ်တာကလား။
ပေါက်လာတဲ့ အဲဒီ သရက်ပင်ကြီးဟာ အမြင့်လည်း အတောင်ငါးဆယ် ပတ်လည် အဝန်းအဝိုင်းလည်း အတောင်ငါးဆယ် ရှိသတဲ့။ အမြင့်ရော အဝန်းအဝိုင်းရော နှစ်ရပ်ပေါင်း လိုက်လို့ရှိရင် အတောင်တစ်ရာရှိတဲ့ သရက်ပင်ကြီးပေါ့။ တစ်ခါတည်း အပွင့်တွေပွင့် အသီးတွေ သီးလာလိုက်ရုံ မကဘူး သရက်သီးတွေဟာ တစ်ခါတည်းပဲ ဝင်းပြီး မှည့်လာတယ်လို့ ဆိုတယ်။ အဲဒီ သရက်သီးမှည့်တွေကို လူတွေက စားကြတယ်။ အဲဒီလို လူတွေစားတာလည်း မကုန်နိုင်ဘူးတဲ့။ သရက်သီးတွေကို စားကြသူတွေထဲမှာ အရက်သေစာ သောက်စားမူးယစ်တဲ့ လူတွေကလည်း ပါရှိကြ သေးတယ်။ သူတို့ကတော့ စားပြီး အငြိမ်နေကြတာ မဟုတ်ဘူး၊ သရက်သီးတွေ စားရင်း တိတ္ထိတွေဆီကို သွားပြီး ပြောကြဆိုကြ သေးသတဲ့၊ သူတို့ပြောဆိုကြပုံက ဒီလိုတဲ့ -
“ဟေ့ တိတ္ထိတွေ၊ ဒီမှာ ကြည့်ကြစမ်း၊ သရက်သီးတွေ အသင်တို့က ကဏ္ဍ သရက်ပင်အရင်းမှာ ဗုဒ္ဓဘုရားက တန်ခိုးပြမယ်ဆိုလို့ သာဝတ္ထိပြည်အနီး သရက်ပင် တွေကို အကုန်လုံးလိုက်ပြီးတော့ သုတ်သင်ပစ်ကြတယ် မဟုတ်လား။ ပေါက်ခါစ သရက်ပင်ကလေးတွေ ကိုတောင်မှ မချန်ကြဘူး။ ဗုဒ္ဓဘုရား တန်ခိုးပြမည့် သရက်ပင်က အသင်တို့ လှဲပစ်တဲ့ သရက်ပင်မျိုး မဟုတ်ဘူး။ ဟောဟိုမှာ သရက်ပင်ကြီး မြင်ကြရဲ့လား၊ သီးလည်းသီးနေပြီ၊ အဲဒီအပင်က သရက်သီးတွေပေါ့။ အခု တို့စားလာတာ” သရက်စေ့တွေနဲ့ တိတ္ထိတွေကို ပစ်ပေါက်ကြသတဲ့။
တစ်သိန်းတန် မဏ္ဍပ်ကြီး
▬▬▬▬
မြတ်စွာဘုရားက သရက်ပင်အောက်မှာ တန်ခိုးပြမယ်ဆိုတော့ သူတို့က တစ်သိန်းတန် မဏ္ဍပ်ကြီး ဆောက်လုပ်ကြတယ်။ မဏ္ဍပ်ဆောက်တဲ့ ငွေတစ်သိန်းက သူတို့ကို ကြည်ညိုတဲ့ ဒကာ၊ ဒကာမတွေဆီက အလှူခံလို့ ရထားတာတဲ့။ သူ့ဒကာနဲ့ သူတော့ ဒီလိုရှိကြတာပါပဲ။ တစ်သိန်းတန် မဏ္ဍပ်ကြီးဆိုတော့ မဏ္ဍပ်ကြီးဟာ ဟိန်းနေမှာ ပေါ့လေ၊ မြတ်စွာဘုရား တန်ခိုးပြမည့် နေရာမှာ ကတော့ မဏ္ဍပ်မရှိပါဘူး။
ဒီတော့ ပသေနဒီ ကောသလမင်းကြီးက မြတ်စွာဘုရားကို ကြိုတင်ပြီး လျှောက်ထား တယ်။ ဘယ်လို လျှောက်ထားသလဲ ဆိုရင် -
“မြတ်စွာဘုရား တဲ့၊ တိတ္ထိတွေက တန်ခိုးပြမယ် ဆိုပြီးတော့ မဏ္ဍပ်ကြီး ဆောက်လုပ် ထားလိုက်ကြတာ အကြီးကြီးပါပဲ ဘုရား၊ တပည့်တော် မြတ်စွာဘုရားအတွက် မဏ္ဍပ် ဆောက်လုပ် ပါရစေ ဘုရား” လို့ ဒီလို လျှောက်ထားတယ်။
“သင်မင်းကြီး မဏ္ဍပ်ဆောက်ဖို့ မလိုပါဘူး။ ဒီပြင် ဆောက်မည့် ပုဂ္ဂိုလ်ရှိပါတယ်” လို့ မြတ်စွာဘုရားက မိန့်ကြားတော်မူတယ်။ ဒါနဲ့ ကောသလမင်းကြီးက -
“ဘယ်ပုဂ္ဂိုလ် ဆောက်လုပ်မှာပါလဲ ဘုရား” လို့ မေးလျှောက်တော့ - “သိကြားမင်း ဆောက်လုပ် ပါလိမ့်မယ်” လို့ မိန့်ကြားတော်မူလိုက်တယ်။
လေထဲပါသွားတယ်
▬▬▬▬▬▬▬
သိကြားမင်းက လေနတ်သားကို လေတိုက်ပေးဖို့ ခိုင်းတယ်။ လေဆိုတာ ပကတိ ရာသီဥတု အလျောက် တိုက်တာလည်းရှိတယ်၊ နတ်တန်ခိုးနဲ့ တိုက်တဲ့ လေတွေလည်း ရှိကြတယ်၊ အခု အများအားဖြင့် တွေ့နေကြရတာကတော့ ရာသီဥတုကြောင့် ရာသီဥတုအလျောက် တိုက်တဲ့လေ တွေကိုသာ တွေ့နေကြရတာက များပါတယ်။ ဒါပေမယ့် တစ်ချို့လေတွေလည်း နတ်တန်ခိုး ကြောင့် တိုက်တာတွေ ဖြစ်ချင်လည်း ဖြစ်မှာပဲ။ ဧကန် အတတ်တော့ မပြောနိုင်ဘူး။ မမြင်နိုင်တဲ့ သဘောတရားတွေကိုး၊ မိုးဆိုတာလည်း အတူတူပဲ၊ ရာသီဥတုကြောင့် ရွာတာပဲ၊ နတ်တန်ခိုး ကြောင့်လည်း ရွာချင်ရွာမှာပဲ၊ အခု ဒီမှာတော့ သိကြားမင်းက လေနတ်သား၊ မိုးနတ်သားတွေကို စေခိုင်းထားတယ်။ ဒါကြောင့် လေနတ်သား၊ မိုးနတ်သားတွေက လေကြီး မိုးကြီးတွေနဲ့ တိုက်ဖျက်လိုက်တာ တိတ္ထိတွေ ဆောက်လုပ်ထားတဲ့ တစ်သိန်းတန် မဏ္ဍပ်ကြီးဟာ အကုန်လုံး ပြိုပျက် သွားတယ်တဲ့။ တိတ္ထိတွေ နေစရာမရှိ ဖြစ်ကုန်ကြ လို့ ဟိုပြေး ဒီပြေးနဲ့ ပြေးကြရတယ်တဲ့။
ပုရာဏကဿပ ဆိုတဲ့ ဆရာကြီးဟာ အဲဒီလို ရှောင်တိမ်း ထွက်ပြေးနေတုန်းမှာ သူ့ကို ကိုးကွယ်နေကျဖြစ်တဲ့ လက်သမား ဒကာတစ်ယောက်နဲ့ လမ်းမှာတွေ့တယ်တဲ့၊ အဲဒီဒကာက “ဒီကနေ့ တို့ဆရာက ဗုဒ္ဓနဲ့ တန်ခိုးပြိုင်မယ်လို့ ဆိုတယ်၊ တန်ခိုးပြိုင်ပွဲကို သွားကြည့်ဦးမယ်” ဆိုပြီး နွားနို့ချဉ်အိုးလေးကို ကြိုးလေးနဲ့တင်လို့ ထမ်းပိုးလေးနဲ့ လျှိုပြီးထမ်းလို့ ထွက်လာခဲ့တယ်တဲ့၊ ဒီတော့ ပုရာဏကဿပ ဆရာကြီးက “ဟေ့ ဒကာ ဘယ်သွားမလို့လဲ” လို့ မေးလိုက်တယ်၊ ဒကာက “အရှင်ဘုရားတို့ တန်ခိုး ပြိုင်ကြမယ် ကြားလို့ လာကြည့်တာပဲ” လို့ ပြောတယ်၊ အေး “တန်ခိုး ပြိုင်တာက အရေးမကြီးပါဘူး၊ မင်းရဲ့ ကြိုးကလေးနဲ့ အိုးကို ငါ့အား လှူပါဦး” လို့ ပုရာဏကဿပက ပြောတော့ ဒကာက “အဲဒါ ဘာလုပ်ဖို့ပါလဲ” လို့ မေးတယ်၊ “မေးမနေစမ်းပါနဲ့၊ မြန်မြန်သာ လှူစမ်းပါ” လို့ အလှူခံတာနဲ့ ဒကာက လှူလိုက် ရတယ်၊ ရင်းနှီးနေကြတဲ့ ဆရာဒကာတွေ ဆိုတော့ ဒီလိုပဲ ပြောရဲဆိုရဲ ရှိကြတာ ပေါ့လေ။
သူက ဒီကြိုးနဲ့အိုးကို ကိုယ်ပေါ်မှာချည်ပြီး မြစ်ရေထဲကို ခုန်ချမှာ ဖြစ်တော့ အလွယ်တကူပဲ နစ်မြုပ် သွားအောင် ဆိုတဲ့အနေနဲ့ အိုးထဲမှာ သဲတွေထည့်ကောင်း ထည့်ပါလိမ့်ဦးမယ်၊ စာထဲမှာတော့ မပါပါဘူး။ အိုးထဲမှာပါတဲ့ နွားနို့ချဉ် အလေးချိန် လောက်နဲ့ကတော့ လူတစ်ကိုယ်လုံး နစ်မြုပ်သွားဖို့ရာ လုံလောက်မယ် မဟုတ်ပါဘူး။ ဒါကြောင့် မြစ်ကမ်းနား မှာလည်း ဖြစ်နေပြန်၊ သဲတွေကလည်း အဆင်သင့်ရှိနေမှာ ဖြစ်လေတော့ အဲဒီ အိုးထဲမှာ သဲတွေကိုလည်း ထည့်ဦးမှသာ အလွယ်တကူ နစ်ဖို့ ရှိပါတယ်။ အဲဒါနဲ့ သူ့ကိုယ်မှာ အိုးနဲ့ ကြိုးချည်ပြီးတော့ မြစ်ထဲကိုခုန်ချပြီးတော့ သေသွားတယ် လို့ဆိုပါတယ်။ သေပြီး အဝီစိကို ရောက်သွားရှာသတဲ့။ တန်ခိုးမရှိဘဲနဲ့ ရှိလေဟန် ဝါကြွားတော့ ခက်တာပေါ့လေ။ .
စင်္ကြံ ကြီး ဖန်ဆင်းပေးတယ်
▬▬▬▬▬▬
တိတ္ထိတွေ ထွက်ပြေးသွားပြီးတဲ့ နောက်တော့ ရှုပ်ရှုပ်ထွေးထွေး ဖျက်လိုဖျက်ဆီး လုပ်တဲ့ အလုပ်တွေ ရှင်းသွားပြီပေါ့။ ဒီတော့မှ သိကြားမင်းက မြတ်စွာဘုရားရှင် တန်ခိုးပြတော်မူဖို့ စင်္ကြံ ကြီး ဖန်ဆင်းလိုက်တယ်၊ အဲဒီ စင်္ကြံ ကြီးဟာ စကြာဝဠာ အရှေ့နဲ့အနောက် အဆုံးတိုင်အောင် ဖန်ဆင်း ထား တဲ့ စင်္ကြံ လို့ ဆိုပါတယ်။ ဒါပေမယ့် လူတွေကတော့ သူတို့မျက်စိနဲ့ မျက်စိတစ်ဆုံး လောက်သာ မြင်နိုင်လို့ လူတွေက အဲဒီလိုပဲ ထင်ကြမှာပါပဲ။ စကြာဝဠာ အဆုံးတိုင်အောင် ဆိုတော့ အလွန် ရှည်လွန်း နေပါတယ်။ နတ်ပရိသတ်အတွက် ဆိုရင်တော့ မပြောတတ်ဘူး။ လူပရိသတ် အတွက် ဆိုရင်တော့ ဒီလောက် ရှည်ရှည် စင်္ကြံ ကြီး လိုမယ် မဟုတ်ပါဘူး။
တန်ခိုးဆိုတာ အင်မတန် ထူးကဲတာကလား၊ ဒီအထဲ တိတ္ထိတွေက တန်ခိုးပြိုင်မယ် ဆိုတော့ သာပြီး ကြည့်ချင် ရှုချင်ကြမှာပဲ။ သူ့ဘက် ငါ့ဘက်ဆိုသလို နှစ်ဘက်လုံးမှ ပရိသတ်တွေဟာ လာကြည့်ကြမှာပေါ့လေ၊ ပရိသတ်ကြီး ဘယ်လောက်တောင် များသလဲဆိုရင် စင်္ကြံ ကြီးရဲ့ ဟိုဘက်ဒီဘက် တစ်ဆယ့်နှစ် ယူဇနာစီ ရှိနေသတဲ့၊ နှစ်ဘက်ပေါင်းဆိုရင် နှစ်ဆယ့်လေး ယူဇနာရှိတဲ့ ပရိသတ်ကြီးပဲ၊ မြတ်စွာဘုရားက အဲဒီ ပရိသတ်ကြီးအလယ်မှာ သိကြားမင်းက ဖန်ဆင်းပေးထားတဲ့ ရတနာ စင်္ကြံ ကြီး ပေါ်ကနေပြီး တန်ခိုးပြာဋိဟာ ပြတော်မူတယ်။ .
ယမကပါဋိဟာရိယ
▬▬▬▬▬▬▬
ဒီနေရာမှာ မြတ်စွာဘုရား တန်ခိုးပြတာကို ပါဠိလို “ယမက ပါဋိဟာရိယ” လို့ ခေါ်တယ်။ မြန်မာလို တချို့က “ယမိုက်ပြာဋိဟာ” လို့ ခေါ်ကြတယ်။ ပုဒ်ခွဲလိုက်ရင် ယမကကို တစ်ပုဒ်, ပါဋိဟာရိယကို တစ်ပုဒ် ဒီလိုခွဲရမယ်။ ယမကဆိုတာ အစုံတဲ့၊ ပါဋိဟာရိယ ဆိုတာက အံ့ဖွယ်ဘနန်း ထူးဆန်းတဲ့ တန်ခိုး၊ ယမကပါဋိဟာရိယ - အစုံအစုံ အံ့ဖွယ်ဘနန်း ထူးဆန်းတဲ့ တန်ခိုးတဲ့။
ဘယ်လို အစုံအစုံ အံ့ဖွယ်ဘနန်း ထူးဆန်းသလဲ ဆိုရင် အထက်ပိုင်း ကိုယ်တော်ဒြပ်မှ မီးလျှံတွေ ထွက်နေတယ်ဆိုရင် အောက်ပိုင်း ကိုယ်တော်ဒြပ်မှ ရေအလျဉ်တွေစီးလို့၊ တစ်ဖန် အထက်ပိုင်း ကိုယ်တော်ဒြပ်မှ ရေအလျဉ် စီးနေတယ်ဆိုရင် အောက်ပိုင်း ကိုယ်တော်ဒြပ်မှ မီးလျှံတွေ ဖြာထွက်လို့ အဲဒီလို အစုံအစုံ ပြောင်းပြောင်းပြီး တစ်ပြိုင်နက်တည်းလို ကြည့်ရှုတဲ့ ပရိသတ်ကြီးရဲ့ မျက်စိမှာ မြင်နေရတယ်တဲ့။
အဲဒီလို မြတ်စွာဘုရားရဲ့ ကိုယ်ဒြပ်တော် အထက်ပိုင်း အောက်ပိုင်းမှ မီးလျှံနဲ့ ရေအလျဉ်တွေ မပြတ်အောင် မြင်နေရတယ်ဆိုတာဟာ အင်မတန် အံ့ဖွယ်ဘနန်း အလွန်ထူးဆန်းတဲ့ တန်ခိုး တွေပဲ။ မျက်စိ, နား, နှာ အစုံအစုံသော ဒီဌာနတွေကလည်း ဒီလိုပဲတဲ့။ လက်ဝဲ, လက်ယာ အပြန်ပြန် မီးလျှံနဲ့ ရေအလျဉ်တွေဟာ တစ်ပြိုင်နက် တည်း တစ်ခဲနက်ကို မြင်နေကြရတယ်တဲ့။ အင်မတန် အံ့ဖွယ်ဘနန်း ထူးဆန်းလှတဲ့ တန်ခိုးတွေပါပဲ။ ဒါ့ကြောင့် အဲဒီ တန်ခိုးတော်ကို “ယမက ပါဋိဟာရိယ တန်ခိုးတော်” လို့ ဆိုပါတယ်။
ဒီလို တန်ခိုးတော်တွေကို သိကြားမင်း ဖန်ဆင်းပေးထားတဲ့ ရတနာ စင်္ကြံ ကြီးရဲ့အပေါ်မှာ စင်္ကြံ ကြွနေတော်မူရင်း ပြတော်မူတယ်။ ပြီးတော့ စင်္ကြံ ကြွတော် မူရင်းပင် သင့်လျော်တဲ့ တရားကို လည်း ဟောကြားတော် မူလိုက်သေးတယ်။ တန်ခိုးတော်ပြရင်းနဲ့ တရား ဟောကြားတော်မူတဲ့ မြတ်စွာဘုရားကို ငေးမော အံ့ဖွယ် စခန်း ထူးဆန်းနေတဲ့ ပရိသတ်ကြီးဟာ အင်မတန် ကြည်ညို သဒ္ဓါတရားတွေလည်း ဖြစ်နေတယ်တဲ့။ ပီတိတွေလည်း ဖြစ်နေကြတယ်။ အဲဒီလို ဖြစ်နေကြသည့် အထဲ တရားတော်ကိုလည်း ကြားနေကြရလေတော့ သူတို့အတွက်မှာ ကုသိုလ်တရားတွေ သိပ် ပွားများနေကြတာပေါ့။
ရောင်ခြည်တော် ခြောက်သွယ်နဲ့ အဆင်းအမျိုးမျိုး ကွန့်မြူးနေတာ ဖြစ်တော့ ပရိသတ်ကြီး တစ်ခုလုံး ကြည့်လို့မဝ ရှုလို့မဝ ကြည်ညိုလို့ကို အားမရနိုင်အောင် ဖြစ်နေကြတယ်။ ဒီလို ဖြစ်နေကြစဉ်မှာ မြတ်စွာဘုရားဟာ တာဝတိံသာသို့ ကြွတော် မူတယ်။ ဒီတာဝတိံသာသို့ ကြွတော်မူပုံကလည်း မှတ်သားစရာ ကောင်းတယ်။ အဲဒါကို နည်းနည်းလောက်တော့ ပြောပါဦးမယ်။ .
နှစ်လှမ်း သုံးဖဝါးတဲ့
▬▬▬▬▬▬▬
တာဝတိံသာ နတ်ပြည်ရဲ့ တည်ရာဖြစ်တဲ့ မြင်းမိုရ်တောင် ဆိုတာ ရှိတယ်။ အဲဒီ မြင်းမိုရ်တောင်ရဲ့ တစ်ဝက်မှာ ယုဂန္ဓိုရ်တောင်တဲ့။ ဒီက တန်ခိုးပြပြီးတော့ အဲဒီ ယုဂန္ဓိုရ်တောင်ထိပ်မှာ မြတ်စွာဘုရား က ခြေတစ်လှမ်း ချတော်မူတယ်။ အဲဒီက နေပြီးတော့ တစ်ခါ တာဝတိံသာနတ်ပြည်ကို လှမ်းတက် တော်မူလိုက်တယ်။ ဒီတော့ တာဝတိံသာကို ကြွတော်မူတဲ့အခါ ခြေနှစ်လှမ်းနဲ့ ဖဝါးအားဖြင့် သုံးဖဝါး၊ ဒီလောက်နဲ့ပဲ တာဝတိံသာ နတ်ပြည်ကို မြတ်စွာဘုရားရှင် ကြွတော်မူသွားပါတယ်။
မူလ စင်္ကြံမှာ ရပ်တည်ခဲ့တဲ့ ခြေဖဝါးကတစ်ခု၊ ယုဂန္ဓိုရ်တောင်ပေါ်မှာ ချလိုက်တဲ့ ခြေဖဝါးကတစ်ခု၊ တာဝတိံသာမှာချလိုက်တဲ့ ခြေဖဝါးကတစ်ခု၊ အဲဒါ ချတော်မူတဲ့ ခြေဖဝါးသုံးခုပဲတဲ့။ အဲဒီလို နှစ်လှမ်းသုံးဖဝါးနဲ့ မြတ်စွာဘုရားဟာ တာဝတိံသာကို ကြွတော်မူတယ်တဲ့။ .
ပဏ္ဍုကမ္ပလာ မြကျောက်ဖျာ
▬▬▬▬▬
အဲဒီ ယမကပါဋိဟာရိယ တန်ခိုးပြတဲ့ အခန်းမှာ ဖော်ပြထားတဲ့ စကားရပ်တွေမှာတော့ ဒီလိုပြတဲ့ တန်ခိုးတော်ဟာ ဖန်ဆင်းနေရတာ မဟုတ်ဘူးတဲ့။ မြတ်စွာဘုရားရဲ့ ဘုန်းတော်အားလျော်စွာ ဖြစ်လာတာတဲ့။ ပြီးတော့ ခြေလှမ်းလှမ်းတဲ့ နေရာမှာလည်း ခြေလှမ်းကို ကျဲကျဲလှမ်းနေတာ မဟုတ်ဘူး။ ခြေတော်ချလိုက်တဲ့အခါ တောင်ထိပ်က လာပြီး ခံသွားတာလို့ ဆိုပါတယ်။ ကြွတာ ကတော့ ရိုးရိုး ကြွရိုးကြွစဉ် ကြွတော် မူတာပါပဲတဲ့။
ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ဣဒ္ဓိဝိဓ အခန်းမှာတော့ အဘိညာဉ်နဲ့ပဲ အနီးကို အဝေး ဖြစ်အောင် အဝေးကို အနီးဖြစ်အောင် တန်ခိုးနဲ့ဖန်ဆင်းပြီး ကြွတယ်လို့ ပြထား ပါတယ်။ ဘယ်လိုပဲ ဆိုဆိုပေါ့လေ၊ တာဝတိံသာကို ကြွတော်မူတဲ့အခါ နှစ်လှမ်းနဲ့ သုံးဖဝါး ကြွတော်မူတယ် ဆိုတာကိုတော့ သဘော မကွဲလွဲကြပါဘူး။ အတူတူပါပဲ။
တာဝတိံသာမှာ ပဏ္ဍုကမ္ပလာ ကျောက်ဖျာဆိုတာ ရှိတယ်။ အဲဒါဟာ သိကြားမင်း ထိုင်တဲ့ ကျောက်ဖျာပါပဲ။ ကျောက်ဖျာဆိုပေမယ့် ဒီမှာရှိတဲ့ ကျောက်ဖျာတွေလို မာမာကျောကျောကြီး မဟုတ်ဘူး။ အင်မတန် ပျော့ပျောင်းတယ်လို့ ဆိုပါတယ်။ သိကြားမင်း ထိုင်လိုက်လို့ရှိရင် ပျော့ပြီး တော့ အခု ဒီလူ့ပြည်မှာ ပျော့ပျော့အိအိ လုပ်ထားကြတဲ့ ကူရှင်ဖုံတို့လို နေမှာပေါ့။ ဒီလို နူးနူး ညံ့ညံ့ဖြစ်တဲ့ ကျောက်ဖျာပေါ်မှာ မြတ်စွာဘုရား သီတင်းသုံး ထိုင်တော်မူပါတယ်။
မြတ်စွာဘုရား ထိုင်တော်မမူမီ အရင်တော့ သိကြားမင်းက ထင်မိသတဲ့။ “အင်း မြတ်စွာဘုရား ခန္ဓာတော်က ခပ်သေးသေးလေးရယ်၊ ကျောက်ဖျာကြီးက အကြီးကြီး၊ မြတ်စွာဘုရား ထိုင်တော်မူ လိုက်ရင် ကျောက်ဖျာကြီးက အပုံကြီးကြီးပြီး အစွန်းတွေ ပိုထွက်နေမှာပဲ” လို့ ထင်မိသတဲ့။
မြတ်စွာဘုရားက ဒုကုဋ်သင်္ကန်းကြီးကို ဖြန့်ခင်းတဲ့ပြီး ထိုင်တော်မူလိုက်တော့ အဲဒီ ကျောက်ဖျာကြီး ပေါ်မှာ ပြည့်သွားတယ်။ မြတ်စွာဘုရားနဲ့ ကျောက်ဖျာဟာ တော်တန် သင့်တင့်ရုံ ဖြစ်နေသတဲ့။ အပိုအလိုမရှိပါဘူးလို့ ဆိုတယ်။ ဘုရားတန်ခိုးတော်ဆိုတာ ဒီလိုပါပဲ။ အလိုက်သင့် အလျားသင့် ဖြစ်တာချည်းပါပဲ။ .
ဣန္ဒကနှင့် အင်္ကုရ နတ်သားနှစ်ဦး
▬▬▬▬▬▬
မြတ်စွာဘုရား ဟောကြားတော်မူတဲ့ တရားတော်ကို နာကြားကြဖို့ စကြဝဠာ တိုက်တစ်သောင်းက နတ်ဗြဟ္မာတွေ စုရုံးရောက်လာကြတယ်။ အဲဒီအထဲမှာ မယ်တော် ဖြစ်ခဲ့ဖူးတဲ့ သန္တုဿိတနတ်သား ဟာ မြတ်စွာဘုရားရဲ့ ရှေ့နားမှာ ထိုင်နေတယ်။ မြတ်စွာဘုရားရဲ့ လက်ယာဘက်မှာ ဣန္ဒက နတ်သားက ထိုင်နေတယ်။ အင်္ကုရ နတ်သားက လက်ဝဲဘက်မှာ ထိုင်နေတယ်။ အဲဒီ နတ်သား နှစ်ဦးရဲ့ အတိတ်ဘဝက ပြုခဲ့တဲ့ ကောင်းမှုကို ပြောရဦးမှဖြစ်မယ်။ ဘာပြုလို့လဲ ဆိုရင် သဒ္ဓါတရား ဖြစ်ဖွယ် ကိစ္စလေးများဖြစ်လို့ပါပဲ၊ ဒါကြောင့် ပြောရဦးမယ်။ .
အင်္ကုရနတ်သားရဲ့ ကောင်းမှု
▬▬▬▬
အင်္ကုရနတ်သားဟာ အတိတ်ဘဝတုန်းက လူတို့အသက် နှစ်သောင်းတန်း ရှိစဉ်က လူ့ဘဝမှာ ဖြစ်ခဲ့တယ်။ အဲဒီတုန်းက အင်္ကုရနတ်သားအလောင်းဟာ နှစ်ယူဇနာ၊ နှစ်ယူဇနာလောက်ရှိတဲ့ အရပ်တွေမှာ ထမင်းချက်ဖို့ မီးဖိုတွေဖိုပြီး အဲဒီမီးဖိုတွေမှာ ထမင်းတွေကိုချက်၊ ချက်ပြီးတော့ လာလာသမျှ လူတွေကို ကျွေးမွေးခဲ့တယ်။ ဒီလောက် ကြီးကျယ်တဲ့ အလှူကြီးကို ပေးလှူခဲ့တဲ့ ကောင်းမှု ကုသိုလ်ကြောင့် အခု နတ်ပြည်မှာ အင်္ကုရနတ်သားရယ်လို့ လာပြီးတော့ ဖြစ်နေတာတဲ့။ .
ဣန္ဒကနတ်သားရဲ့ ကောင်းမှု
▬▬▬▬
ဣန္ဒကဆိုတဲ့နတ်သားကတော့ အတိတ်ဘဝက ရာဇဂြိုဟ်ပြည်သား ဖြစ်တယ်။ သူဟာ အရှင်အနုရုဒ္ဓါ ဆွမ်းခံကြွလာတာနဲ့ ဆွမ်းတစ်ဇွန်း လောင်းခဲ့ဖူးတယ်။ တစ်ဇွန်း ဆိုပေမယ့် ဇွန်းကလေးနဲ့တော့ ဟုတ်ပုံမရပါဘူး။ ဇွန်းကြီးနဲ့ ဖြစ်မှာပါပဲ၊ ရှေးကတော့ ယောက်ချိုလို့ခေါ်တဲ့ ဇွန်းကြီးတွေရှိတယ်။ အဲဒီယောက်ချိုနဲ့ တစ်ဇွန်း လောင်းလှူတာ ဖြစ်ပါလိမ့်မယ်။ စကား ဆိုတာကလည်း အခက်သားပဲ၊ နည်းတာကို နည်းမှန်း ပိုထင်ရှားအောင် ပိုပိုကဲကဲလည်း ပြောတတ် ကြတယ်။ ဥပမာ ဘယ်လိုလဲဆိုရင် “လူတွေ အသက် ဆယ်နှစ်တန်း ရောက်ရင် မြေဇာပင် ပုခက်လွှဲရလိမ့်မယ်” ဆိုတဲ့ အဆိုစကားမျိုးပေါ့၊ မြေဇာမြက်ပင်ကို ပုခက်လွှဲလို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် လူတွေ ဆယ်နှစ်တန်း ရောက်လို့ရှိရင် အခုလူတွေလောက် ရှိတော့မှာမဟုတ်ဘဲ အင်မတန် ငယ်သွားမယ် ဆိုတာကို သိစေလိုလို့ ပိုလွန်ပြီးပြောကြတာပဲ၊
များလို့ရှိရင် များမှန်း ထင်ရှားအောင် ဒီလိုပဲ ပိုလွန်ပြီး ပြောတတ်ကြတာပဲ။ “တစ်ယောက်စာတဲ့ကွာ ချက်ထားလိုက်တဲ့ ထမင်းတွေ၊ ဆယ်ယောက် စားလို့ တောင်မှ ကုန်မှာမဟုတ်ဘူး” ဆိုတဲ့ စကားမျိုးလိုပေါ့။ ချက်တာက တစ်ယောက်စာ ဆိုရင် ဆယ်ယောက်စာ လောက်ထိအောင် မပိုလွန်နိုင်ပါဘူး။ ဒါပေမယ့် တစ်ယောက်စာထက် ပိုများမှန်းကို သိအောင်လို့ အပိုအလွန် ပြောလိုက်တာပဲ။ ဒီလို အပိုအလွန် ပြောတာတွေကို သဒ္ဒါကျမ်း ဆရာတွေက ဥပပရိက္ခာလို့ ဆိုပါတယ်။ အပိုအလွန် ပြောဆိုတာတဲ့၊ အခု အရှင်အနုရုဒ္ဓါ မထေရ်ကို ဆွမ်းလောင်းလှူတဲ့ နေရာမှာလည်း ဒီလိုရှိမှာပါ။ တစ်ကြိမ် တစ်ခါတည်းဖြစ်လို့ နည်းမှန်းကို သိအောင်ဆိုပြီး “ဆွမ်းတစ်ဇွန်း လောင်းလှူတယ်” လို့ ပိုပြီး ဆိုလိုက်တာ ဖြစ်ပါလိမ့်မယ်။
အရှင်အနုရုဒ္ဓါ မထေရ်ကို ဆွမ်းလှူပြီးနောက် ဣန္ဒက နတ်သားအလောင်းဟာ သူ့သက်တမ်း အလျှောက် စုတေ သေလွန်ပြီး တာဝတိံသာနတ်ပြည်မှာ ဣန္ဒက နတ်သား ဖြစ်တယ်။ .
အကျိုးပေးရာမှာတော့ ကွာကြတယ်
▬▬▬▬▬
အင်္ကုရနတ်သားဟာ မြတ်စွာဘုရားအနီး လက်ဝဲဘက်မှာ ထိုင်နေတယ်ဆိုတော့ မြတ်စွာဘုရားနဲ့ နှစ်တောင့်ထွာ အကွာလောက်မှာဖြစ်မှာပါပဲ။ ဒါဟာ သင့်တော် လျှောက်ပတ်တဲ့ နေရာဖြစ်တယ်။ နောက်တော့ တစ်စတစ်စနဲ့ သူ့ထက် တန်ခိုးကြီးကြတဲ့နတ်တွေ ရောက်ရောက် လာကြတယ် တဲ့။ ဒီတော့ အင်္ကုရနတ်သား ခမျာဟာ နောက်ဆုတ်ဆုတ်ပြီးတော့ ဖယ်ပေးရရှာတယ်။ အခု လူတွေလို ပဲပေါ့။ အခု လူတွေလည်းပဲ ကိုယ့်ထက် မျက်နှာကြီးတဲ့ ပုဂ္ဂိုလ်တွေ လာတယ်ဆိုရင် မျက်နှာငယ်တဲ့ လူတွေက နောက်ဆုတ်ဆုတ် ပေးကြရတယ် မမဟုတ်လား၊ ဒီလိုပါပဲ။
အင်္ကုရနတ်သားဟာ ဘယ်လောက် ထိအောင် ဆုတ်ဆုတ် ပေးလိုက်ရသလဲ ဆိုရင် မြတ်စွာဘုရားနဲ့ တစ်ဆယ့်နှစ် ယူဇနာ လောက်တောင် ဝေးကွာသွားတဲ့ အထိပဲတဲ့။ အဲဒီလောက် ရောက်တော့မှပဲ သူနဲ့ အဆင့်အတန်းချင်း တူတဲ့ နတ်တွေနဲ့ တွေ့ရတယ် လို့ ဆိုပါတယ်။ ဒီတော့ ပရိသတ်ကြီးရဲ့ အစွန်အဖျားမှာ ရောက်နေပါပြီပေါ့။
ဣန္ဒကနတ်သားမှာတော့ လက်ယာဘက် မူလအတိုင်း နေရင်းနေရာမှ မရွေ့ရဘူးတဲ့။ ဘာပြုလို့လဲဆိုတော့ နောက်နောက်ရောက်လာတဲ့ နတ်တွေက သူ့ထက်တန်ခိုးကြီးတဲ့ နတ်ရယ်လို့ မပါဘဲ သူနဲ့ တန်းတူ နတ်တွေသာလျှင် ဖြစ်နေကြတာပါပဲ။ အင်္ကုရ နတ်သားနဲ့ ဣန္ဒကနတ်သားနှစ်ဦးမှာ ဒီလောက်တောင် အကျိုးပေးခြင်း ကွာခြား နေတယ်။ .
အလှူခံပုဂ္ဂိုလ်ချင်းက မတူခဲ့ကြဘူး
▬▬▬▬▬
သူတို့နှစ်ဦး အလှူပေးကြရာမှာတော့ အကြီးအငယ် အကုန်အကျဟာ အင်မတန်မှပဲ ကွာခြားကြ တာပဲကလား၊ အင်္ကုရ နတ်သားအလောင်း လှူခဲ့တာက ပစ္စည်းဥစ္စာတွေ အတိုင်းမသိ အကုန်အကျ ခံပြီး အကြီးအကျယ် လှူတယ်။ ဒါပေမယ့် အလှူခံပုဂ္ဂိုလ် တွေကို ကြည့်လိုက်တော့ကာ သာမန် အလှူခံပုဂ္ဂိုလ်တွေ ဖြစ်နေကြတယ်။ သူလှူခဲ့တုန်းက အလှူခံ ပုဂ္ဂိုလ်တွေဟာ သာသနာပ အခါဆိုတော့ ငါးပါးသီလ လောက်ကိုတောင်မှ လုံခြုံကြဖို့ရာ မလွယ်ကူလှဘူး။ ဒီတော့ ရာဂ ဒေါသ မောဟ အစရှိတဲ့ ကိလေသာ အညစ်အကြေးတွေ အပြည့်နဲ့ ဆိုတော့ အဲဒီတုန်းက အလှူခံ ပုဂ္ဂိုလ်တွေက မစင်ကြယ်ကြဘူး။ အဲဒီလိုပုဂ္ဂိုလ်တွေကို လှူရတာဟာ အကျိုးပေး မသန်ဘူးပေါ့။
ဣန္ဒကနတ်သားအလောင်း လှူခဲ့တဲ့ အလှူကတော့ လှူဖွယ်ပစ္စည်း ဥစ္စာအနေနဲ့ ကြည့်လိုက်မယ် ဆိုရင် ဆွမ်းကလေးမှ တစ်ဇွန်းလောက်ဆိုတော့ အင်မတန် သေးငယ် ပါတယ်။ ဘာမှမဆိုလောက် ပါဘူး။ဒါပေမယ့် အလှူခံပုဂ္ဂိုလ်က အရှင် အနုရုဒ္ဓါ မထေရ်မြတ်ကြီး ဖြစ်နေတယ်။ ရာဂ၊ ဒေါသ၊ မောဟ အစရှိတဲ့ ကိလေသာ အညစ်အကြေးတွေ မရှိတော့ဘူး။ အင်မတန် စင်ကြယ်နေတဲ့ ရဟန္တာ အရှင်မြတ်ကြီး ဖြစ်နေတယ်။ အလှူခံပုဂ္ဂိုလ်က စင်ကြယ် မြင့်မြတ်နေတော့ နည်းနည်း ကလေး လှူဒါန်းတာ ဖြစ်ပေမယ်လို့ အကျိုးပေးရာကျတော့ အကျိုးကြီးမား ဖွံ့ဖြိုးတယ်တဲ့။ .
မြတ်စွာဘုရားက မေးတော်မူတယ်
▬▬▬▬▬▬
ဒီနတ်သားနှစ်ဦးကို အကြောင်းပြုပြီး ဒါနရဲ့ အစွမ်းအာနိသင် ထင်ရှားအောင် မြတ်စွာဘုရားက အင်္ကုရနတ်သားကို ဒီလိုမေးတော်မူတယ်။ “အင်္ကုရ တဲ့ သင့်မှာ နှစ်ပေါင်း သောင်းချီပြီးတော့ အင်မတန် ကြီးကျယ်တဲ့ အလှူကြီးကို ပေးလှူခဲ့တာပဲ။ အခု ငါဘုရားရဲ့အနီးမှာ ဘာဖြစ်လို့ မနေနိုင်ရတာလဲ” လို့ မေးတော်မူတယ်။ ဒီတော့ကာ အင်္ကုရနတ်သားက “တပည့်တော်အလှူက အလှူခံပုဂ္ဂိုလ်တွေဟာ ညံ့ပါတယ် ဘုရား။ ဣန္ဒကမှာတော့ အလှူဝတ္ထု နည်းနည်းလေးပါပဲ ဘုရား။ ဒါပေမယ့် သူ့အလှူခံပုဂ္ဂိုလ်က မြင့်မြတ်ပါတယ် ဘုရား။ ဒါကြောင့် ဣန္ဒကမှာ တန်ခိုးကြီးပြီး တပည့်တော်မှာတော့ တန်ခိုးနည်းတဲ့အတွက် မြတ်စွာဘုရားရဲ့ အနီးနားမှာ မနေနိုင်ခြင်း ဖြစ်ပါတယ် ဘုရား၊ နေခွင့်မရခြင်းပါ ဘုရား” လို့ လျှောက် တယ်။
ဒီကိစ္စကို အကြောင်းပြုပြီးတော့လည်း မြတ်စွာဘုရားက သင့်လျော်တဲ့တရားကို ဟောကြားတော် မူပါတယ်။ အဲဒီတရားကို ဟောကြားတော်မူရာမှာလည်း တရားနာ ပရိသတ်တွေ တရားထူး တရားမြတ် ရကြပါသေးတယ်။ .
ထူးကဲတဲ့ တရား
▬▬▬▬▬▬
တန်ခိုးပြာဋိဟာ ပြတော်မူသည်၏ အဆုံး တာဝတိံသာ နတ်ပြည်မှာ သန္တုဿိတ နတ်သား အမှူးထားပြီး စကြာဝဠာတိုက်တို့က ရောက်လာကြတဲ့ နတ်ဗြဟ္မာတို့အား အဘိဓမ္မာတရား ဟောကြားတော် မူပါသတဲ့။
မြတ်စွာဘုရား ဟောကြားတဲ့ တရားတော်တွေဆိုတာ ဝိနည်းရယ်၊ သုတ်ရယ်၊ အဘိဓမ္မာရယ်လို့ သုံးမျိုးရှိတယ်။ ပိဋကတ်သုံးပုံ လို့လည်း သိမ်းကျုံးပြီး ခေါ်သေး တယ်။ ဝိနည်း ဆိုတာကတော့ ရဟန်းတော်တို့ ကျင့်ဝတ်ဥပဒေ စည်းကမ်းတွေပါပဲ။ သုတ်ကတော့ လူ နတ် ဗြဟ္မာ သတ္တဝါ အကုန်လုံး လိုက်နာကျင့်သုံးဖို့ တရားတွေဖြစ်တယ်။ အဲဒီ သတ္တဝါတွေရဲ့ အာသယာနုသယ စသည်တို့နဲ့ သင့်တင့်အောင် သတ္တဝါတွေ နားလည်အောင် ဟောထားတဲ့ တရား၊ သတ္တဝါတွေ ကျင့်နိုင်လောက်တဲ့ တရား၊ အဲဒီတရားတွေကို ဟောကြားထားတယ်။
အဘိဓမ္မာတရား ဆိုတာကတော့ သတ္တဝါတွေကို မငဲ့ဘူး၊ ဟောသင့် ဟောထိုက်တဲ့ သဘော သဘာဝတွေကို အကုန်လုံး အကျယ်ချဲ့ပြီး အသေးစိတ် ဟောထားတယ်။ အဲဒါကြောင့် အဘိဓမ္မာလို့ ခေါ်တယ်တဲ့။
အဋ္ဌကထာဆရာက “ကေနဋ္ဌေန အဘိဓမ္မော” - အဘယ်အနက် သဘောကြောင့် အဘိဓမ္မာ မည်သလဲ ဆိုတော့ “ဓမ္မာတိရေက ဓမ္မဝိသေသတ္ထေန အဘိဓမ္မော” တဲ့၊
လွန်ကဲတဲ့ အနက်သဘော ထူးကဲတဲ့ အနက်သဘောကြောင့် အဘိဓမ္မာ မည်တယ်လို့ ဒီလိုမေးပြီး ဒီလို ဖြေကြားထားတယ်။
အဘိ-ဆိုတာက လွန်ကဲ, ထူးကဲ-တဲ့ တရားတဲ့၊ ဒီလိုဆိုပါတယ်။ ဘယ်လိုလွန်ကဲသလဲ, ဘယ်လို ထူးကဲသလဲ ဆိုတော့ သုတ်တရားမှာက “ကုသလံ ကာတဗ္ဗံ ဗဟုံ”။ ကုသလံ - ကုသိုလ်ကို။ ကာတဗ္ဗံ ဗဟုံ - များများ ပြုရမယ်” စသည်ဖြင့် အဲဒါလောက်ပဲ ပြတယ်။ ကုသိုလ်ဆိုတာက ဘယ်လိုဟာတုန်း ဆိုတာကိုတော့ ဖွင့်မပြဘူး။ ကုသိုလ်တွေက ဘယ်လောက်များများ အပြား ရှိတယ်ဆိုတာကိုလည်း မပြဘူး။
ပြီးတော့ “အနုပ္ပန္နာနံ ကုသလာနံ ဥပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဗ္ဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ” စသည်ဖြင့် ဟောတဲ့ နေရာတွေမှာလည်း မဖြစ်သေးတဲ့ ကုသိုလ်တရားတွေကို ဖြစ်အောင် အားထုတ်ရမယ်တဲ့။
ဒီလောက်သာ ဟောတော်မူတယ်။ ဒီ ကုသိုလ်တရားတွေက ဘာတွေရယ်လို့ မဝေဖန် တော့ဘူး။ ဖြစ်ပြီးတဲ့ ကုသိုလ်တရားတွေကို တည်တံ့အောင်, တိုးပွားအောင်, ပြည့်စုံ သွားအောင် အားထုတ်ရမယ်ဆိုတဲ့ အဲဒီလို ကုသိုလ် အမည်လောက်သာ ကျဉ်းကျဉ်း လေး ဟောကြားထားပါတယ်။
အဘိဓမ္မာကျတော့ ဒီလောက်သာ မကတော့ဘူး။ အဲဒီ ကုသလဓမ္မတွေကို ဝေဖန်ပြီး ဟောကြားထား ပါတယ်။ ကုသလာဓမ္မာ ဆိုတဲ့ ခေါင်းစဉ်ကလေးတပ်ပြီး အဲဒီ ကုသလဓမ္မကို အကျယ်ဝေဖန်ပြီး ဟောကြားထားပါတယ်။
ကုသလဓမ္မ ဆိုတာ စိတ်အနေနဲ့ ကြည့်ရင် အကျဉ်းအားဖြင့် ၂၁-ပါး၊ အကျယ်အားဖြင့် ၃၇-ပါးရှိတယ်။ အဲဒီမှာ မဂ်ကုသိုလ်က အကျဉ်း, အကျယ်ရှိနေလို့ ဒီလို နှစ်မျိုး ဖြစ်နေတာပဲ၊ မဂ်ကုသိုလ်က အကျဉ်းဆိုရင် ၄-ပါး၊ အကျယ်ဆိုရင် ၂၀-ပါးရှိတယ်၊ အဲဒီလိုရှိနေတာတွေကို အဘိဓမ္မာမှာ ဝေဖန်ပြီးတော့ ပြထားတယ်။
ဒီလို စိတ်သက်သက်တင် မဟုတ်သေးဘူး၊ ဒီ ကုသိုလ်စိတ်တွေမှာ ယှဉ်နေကြတဲ့ ဖဿ ဝေဒနာစတဲ့ စေတသိက်တွေ ကိုလည်း ဝေဖန်ပြထား လိုက်သေးတယ်၊ ဒီလောက် သာလည်း မကသေးဘူး၊ ဒီကုသိုလ်စိတ်နဲ့အတူ ယှဉ်ဖက် စေတသိက် တွေကိုပါ ခန္ဓာ, အာယတန, ဓာတ်, သစ္စာ အနေနဲ့လည်း ဝေဖန်ပြထားသေးတယ်။ စိတ်တစ်ခု တစ်ခုမှာဆိုလည်း အကျယ်ကြီး ဝေဖန်ဟောကြားထားတာပါပဲ၊ အဲဒါတွေကိုလည်း နောက်ကျတော့မှ ပြောသင့် ပြောထိုက်တာတွေ ကို ထည့်သွင်းပြီး ပြောသွားရမယ်၊ အခုတော့ ဒီလောက်ပဲ ပြောနိုင်ဦးမယ်။ အဲဒီလို ဒေသနာအစဉ် အနေအားဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ဟောကြား တော်မူထားလို့ အဘိဓမ္မာ ခေါ်တယ်တဲ့။
တစ်ချို့ကတော့ အဘိဓမ္မာဆိုတာ ပရမတ္ထ တရားတွေကို ဟောထားလို့ အဘိဓမ္မာခေါ်တယ်တဲ့။ ဒီလို ကိန်းသေ မှတ်ထားကြတယ်၊ ပရမတ္ထတရားတွေကို ဟောထားတာ ကတော့ များပါတယ်။ ဒါပေမယ့်လို့ ပရမတ္ထတရား တွေချည်းတော့လည်း မဟုတ်သေးပါဘူး၊ ပုဂ္ဂလပညတ်မှာ ပညတ်တရားတွေကိုချည်း ဟောကြားတော် မူထားတာလည်း ရှိနေသားပဲ။ ပုဂ္ဂလပညတ်ဆိုတာ အဘိဓမ္မာ ခုနစ်ကျမ်းထဲမှာ တစ်ကျမ်း အပါအဝင်ဖြစ်တယ်။ အဲဒီကျမ်းမှာ ပညတ်တွေ ကိုလည်း ဝေဖန် ဟောကြားထားတာ အထင်အရှားပါပဲ၊ အဲဒါကြောင့်မို့ ပရမတ္ထတရားတွေကို ဟောကြား တော်မူထားလို့ အဘိဓမ္မာခေါ်တယ်လို့ ဒီလို ကိန်းသေမှတ်ချက် ချမထားဖို့လည်း သတိ ပြုသင့်ပါတယ်။ .
ဘယ်လိုလွန်ကဲ ထူးကဲသလဲ
▬▬▬▬▬
အဘိဓမ္မာဆိုတာ ရိုးရိုးဓမ္မထက် ထူးကဲကျယ်ပြန့်တဲ့ တရားတွေကို အဘိဓမ္မာတရားလို့ ခေါ်သည်တဲ့၊ အဲဒါဟာ ဓမ္မာတိရေက ဓမ္မဝိသေသတ္ထေန ဆိုတဲ့ စကားအရ တဲ့၊ ဥပမာပြောရရင် ထီးတွေအများကြီး ရှိနေသည့် အထဲက လွန်ကဲကြီးမားနေတဲ့ထီးကို အတိဆတ္တလို့ခေါ်တယ်။ အတိဆတ္တ လို့ခေါ်ရင် ပိုကောင်းမှာပေါ့၊ ဒါပေမယ့်လို့ စာထဲမှာတော့ အတိဆတ္တလို့ပဲ ရှိပါတယ်။ အတိဆတ္တ လွန်ကဲကြီးမားတဲ့ထီးတဲ့။ တံခွန်အလံတွေ ထဲမှာလည်း တခြားတံခွန်အလံတွေထက် ကြီးမားနေတဲ့ တံခွန် အလံကို အတိဓဇလို့ ခေါ်ရတယ်တဲ့၊ မင်းထဲမှာလည်းပဲ သူများထက် ထူးကဲနေတဲ့ မင်းကို အတိရာဇ၊ အတိရာဇကုမာရ၊ အဘိရာဇလို့ ခေါ်ရတယ်တဲ့၊ မင်းနဲ့စပ်တော့ ပါဠိမှာတော့ အဘိရာဇလို့ပဲ အရှိများပါတယ်။
မြန်မာပြည်မှာတော့ ရှေးမင်းတွေဟာ ရာဇဓိရာဇဆိုတဲ့ ဘွဲ့တွေကို ခံယူကြတယ်၊ ရာဇဓိရာဇ်ဆိုတဲ့မင်း အရှိခဲ့သားပဲ၊ တစ်ခြားမင်းတွေထက် ထူးကဲတဲ့မင်းလို့ ဆိုလို ပါတယ်၊ အတိရာဇတို့၊ အဘိရာဇတို့ အဲဒီလိုခေါ်ကြသလိုပါပဲ။ ဓမ္မတရားမှာလည်းပဲ လွန်ကဲထူးခြားတဲ့ တရားကို အဘိဓမ္မလို့ ခေါ်တယ်တဲ့၊ နောက်ပိုင်းမှာ အဘိဓမ္မပုဒ်ကို ဝစနတ္ထပြုတဲ့ နေရာကျတော့ အဘိပုဒ်ကဝိသေသတ္ထ ထူးခြားတဲ့အနက်ကို ဟောတယ်ဆိုပြီး ဝစနတ္ထပြုထားတာ ရှိပါတယ်။ ဝိသေသဓမ္မတို့ ပူဇိတဗ္ဗဓမ္မတို့ ဒီလိုဆိုပြီး ထူးကဲမြင့်မြတ်တဲ့တရား, ပူဇော်အပ်တဲ့ တရားတွေ ပါတာပါပဲ။ ဗောဓိပက္ခိယတရားတွေ ဆိုတာ သုတ္တန်မှာလည်း ပါတာပဲ၊ ဒီအဘိဓမ္မာမှာလည်း ပါနေတာပဲ၊ အဘိဓမ္မာမှာ အကုသလာ - အကုသိုလ်ဆိုတဲ့ တရားတွေ ကတော့ မြင့်မြတ်တဲ့ တရားတွေ မဟုတ်ကြပါဘူး၊ အဲဒီလို တရားတွေလည်း ဒီမှာ အစုံပါနေ ကြတာပဲ၊ အဋ္ဌကထာ မှာတော့ ဒီလို ထူးတဲ့အနက် မြင့်မြတ်တဲ့ အနက်ကိုရနိုင်လို့ ဒီအနက်ကိုယူပြီးတော့ ဝစနတ္ထပြုထား ပါတယ်၊ အဲ အမြင့်အမြတ် ချည်းတော့လည်း မဟုတ်ဘူး ဆိုတာ မှတ်ထားကြရမယ်။
သဘာဝဓမ္မတွေကို နည်းအမျိုးမျိုးနဲ့ အဘိဓမ္မာ ဒေသနာနည်းအတိုင်း ဟောကြားမှ အဘိဓမ္မာ ဆိုရတယ်။ တချို့က ရုပ်တွေ နာမ်တွေ ဟောကြားတိုင်း အဘိဓမ္မာလို့ မှတ်နေကြတာ။ အဲဒီလို မဟုတ်ပါဘူး၊ သုတ်မှာလည်း သဘာဝဓမ္မတွေ ရှိတာပဲ။ ရုပ်တွေ နာမ်တွေပါတာပဲ။ ဒီလိုပါတိုင်း အဘိဓမ္မာလို့ မဆိုရပါဘူး၊ အဘိဓမ္မာ ဒေသနာတော်တွင် ဟောနည်းဒေသနာ အစဉ်အားဖြင့် သဘာဝဓမ္မတွေကို ဟောကြား ထားကာမှ အဘိဓမ္မာ ဒေသနာတော်လို့ ဆိုရပါတယ်။ အဲဒါတွေကို ဗဟုသုတအဖြစ် မှတ်သားရအောင်လို့ဒီမှာ ဆောင်ပုဒ်လေး အကျဉ်းချုပ်စီထားတယ်။ အဋ္ဌကထာအဖွင့် မှာ လာတဲ့အတိုင်း အကျယ်ကြီးတော့ မတတ်နိုင်ဘူး၊ ကျဉ်းကျဉ်းပါပဲ။
ထီးတံခွန်လည်း လွန်ကဲထူးလျှင် တဲ့။
ထီးတံခွန်တို့ဟာ တခြားသော ထီးတံခွန်တွေထက် လွန်ကဲထူးခြားလို့ရှိရင်တဲ့။
အတိဆတ္တ, ဓဇ ခေါ်တွင် . . . တဲ့။
ထူးတဲ့ထီးတံခွန်, လွန်ကဲတဲ့ ထီးတံခွန်လို့ ခေါ်ရတာလိုပဲ . . . တဲ့။
တရားတော်လည်း, လွန်ကဲ ထူးလျှင် . . . တဲ့၊
တရားတော်လည်း ဒီနည်းအတိုင်းပါပဲ . . . တဲ့၊ အဲဒါကို ဆိုကြရမယ်။
ထီးတံခွန်လည်း, လွန်ကဲထူးလျှင်၊ အတိဆတ္တ, ဓဇ ခေါ်တွင်။
တရားတော်လည်း, လွန်ကဲထူးလျှင်၊ အဘိဓမ္မ, ခေါ်ရ နည်းတူပင်။
အဲဒီ လွန်ကဲ ထူးခြားတဲ့ အဘိဓမ္မာကို အခုစပြီးတော့ ဟောရမယ်၊ အင်း အခု ဟောလာခဲ့တဲ့ အချိန်ကတော့ တစ်နာရီခွဲ ရှိသွားပါပြီ၊ ဒါပေမယ့် စပြီးတော့ ဟောထားဦးမှပဲ။ .
ကုသိုလ်စိတ်ကို ဝေဖန်ပုံ
ကုသိုလ်စိတ်ကို ဘယ်ကစပြီး ဟောထားသလဲဆိုတော့ . . .
“ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာ” လို့ -
ဒီက စပြီးတော့ သုံးပုဒ်, သုံးပုဒ်တစ်တွဲ တစ်တွဲစီ ဟောထားပါတယ်၊ အဲဒီလို အတွဲပေါင်းက ၂၂-တွဲ ရှိတယ်။ အဲဒါကို တိက် ၂၂-တိက်လို့ ခေါ်ပါတယ်။ ပြီးတော့ -
“ဟေတူ ဓမ္မာ၊ န ဟေတူ ဓမ္မာ” လို့
စသည်ဖြင့် နှစ်ပုဒ် နှစ်ပုဒ်၊ တစ်တွဲ တစ်တွဲစီ တွဲတွဲပြီး ဟောထားတာလည်းရှိပါတယ်။ အဲဒါကိုတော့ ဒုက-ဒုက်လို့ ခေါ်ပါတယ်၊ ဒါက တစ်ရာရှိပါတယ်။ အဲဒါတွေက အကျဉ်းခေါင်းစဉ် ဖြစ်ကြလို့ “မာတိကာ” တဲ့၊ အဲဒီလို ခေါင်းစဉ် မာတိကာ စဉ်ပြီးတော့ “ကုသလာ ဓမ္မာ” ဆိုတာ ဘာလဲလို့မေးပြီး “ကုသလာ ဓမ္မာ” ဆိုတဲ့ မာတိကာပုဒ်တွေကို အကျယ်ဝေဖန် ဟောကြားတော်မူတယ်။ ဘယ်လိုလဲဆိုရင် “ကတမေ ဓမ္မာ ကုသလာ” တဲ့။
ကုသလာ - ကုသိုလ်မည်ကုန်သော၊
ဓမ္မာ - တရားတို့သည်၊
ကတမေ - အဘယ်သည်တို့နည်း တဲ့၊
ကုသိုလ်ဆိုတဲ့ တရားတွေဟာ ဘယ်ဟာတွေတုန်းတဲ့။ အဲဒီလို မေးပြီးတော့ ဒီလို ဖြေကြား ထားပါတယ်။
“ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ၊ သောမနဿ သဟဂတံ ဉာဏသမ္ပယုတ္တံ ရူပါရမ္မဏံဝါ သဒ္ဒါရမ္မဏံဝါ ဂန္ဓာရမ္မဏံဝါ ရသာရမ္မဏံဝါ ဖောဋ္ဌဗ္ဗာရမ္မဏံဝါ ဓမ္မာရမ္မဏံဝါ ယံယံဝါ ပနာရဗ္ဘ”
ယသ္မိံ သမယေ - အကြင်အခါ၌၊
ကာမာဝစရံ - ကာမာဝစရဖြစ်သော၊
ကုသလံ စိတ္တံ - ကုသိုလ်စိတ်သည်၊
ဥပ္ပန္နံ ဟောတိ - ဖြစ်ပေါ်၏၊
ကုသိုလ်စိတ်ဖြစ်ပေါ်တဲ့အခါမှာ ကုသိုလ်စိတ်ကလည်း ကာမာဝစရလည်းရှိ၊ ရူပါဝစရ လည်းရှိ၊ အရူပါဝစရနဲ့ လောကုတ္တရာ ဆိုတာလည်း ရှိကြတယ်။ အဲဒီလို လေးမျိုး ရှိတယ်။ အဲဒီ လေးမျိုး ထဲကမှ ကာမာဝစရ ကုသိုလ်စိတ်ကလည်း ရှစ်ပါး အရေ အတွက် ရှိပြန်တယ်။ အဲဒီ ရှစ်ပါးကို တစ်ပါးတစ်ပါးစီ စိတ်ပြီးပြမယ်၊
သောမနဿသဟဂတံ - သောမနဿနှင့်တကွဖြစ်သော ရွှင်လန်း ဝမ်းမြောက်မှုနှင့် တကွ ဖြစ်တဲ့စိတ်တဲ့၊
ဉာဏသမ္ပယုတ္တံ - ဉာဏ်နှင့်ယှဉ်သော အသိဉာဏ်နဲ့ ယှဉ်တဲ့စိတ်တဲ့၊
အသင်္ခါရိကံ - တိုက်တွန်းမှုမရှိသော, မတိုက်တွန်းရဘဲ သူ့ဘာသာ ဖြစ်တဲ့စိတ်တဲ့၊
အဲဒါတွေကိုတော့ ဒီမှာ ဖော်ပြမထားပါဘူး၊
ကုသလံ စိတ္တံ - ကုသိုလ်စိတ်သည်၊
ဥပ္ပန္နံ ဟောတိ - ဖြစ်ပေါ်၏ တဲ့။
အဲဒီစိတ်ကလည်း ဘာကို အာရုံပြုပြီး ဖြစ်သလဲဆိုတော့ …
ရူပါရမ္မဏံဝါ - အဆင်းကို အာရုံပြု ဖြစ်တာလည်း ရှိတယ်။
သဒ္ဒါရမ္မဏံဝါ - အသံကို အာရုံ ပြု ဖြစ်တာလည်းရှိတယ်၊
ဂန္ဓာရမ္မဏံဝါ - အနံ့ကို အာရုံ ပြု ဖြစ်တာလည်းရှိတယ်၊
ရသာရမ္မဏံဝါ - အရသာကို အာရုံပြု ဖြစ်တာလည်းရှိတယ်၊
ဖောဋ္ဌဗ္ဗာရမ္မဏံဝါ - ဖောဋ္ဌဗ္ဗာရုံ အတွေ့ကို အာရုံပြု ဖြစ်တာလည်းရှိတယ်။
ဓမ္မာရမ္မဏံဝါ - သဘောကို အာရုံပြု ဖြစ်တာလည်းရှိတယ်။
ယံယံဝါပနာရဗ္ဘ - အမှတ်မရှိ တစ်စုံတစ်ခုကို အာရုံပြုပြီး ဖြစ်တာလည်းရှိတယ် တဲ့။
ကုသိုလ်စိတ်ဖြစ်တာဟာ အဆင်းကိုလည်း အာရုံပြုပြီးတော့ ဖြစ်တယ် တဲ့။ မျက်စိနဲ့ စေတီတော်ကို မြင်ရရင် အဆင်းကို ရှေးဦးစွာ မြင်ရတာပဲ။ မြင်ပြီးတော့ အဲဒီ အဆင်းကို ကြည်ညိုတဲ့ စိတ်ကလေးတွေ ဖြစ်သွားရင် အဲဒါဟာ ကုသိုလ်စိတ် ဖြစ်သွားတာပဲ။ ရဟန်း သံဃာတော်တွေကို မြင်ရရင်လည်း ပထမတော့ အဆင်းကိုပဲ မြင်ရတယ်။ မြင်ပြီးတော့မှ ကြည်ညိုတဲ့စိတ် ဖြစ်တယ်။ အဲဒါလည်းပဲ ကုသိုလ်စိတ် ဖြစ်တာပဲ။ လှူဒါန်းစရာ အာရုံဝတ္ထုပစ္စည်းကို ယူလာတဲ့အခါ အဲဒီ ဝတ္ထုပစ္စည်းကို လှလှပပ တင့်တင့်တယ်တယ် သင်္ကန်းဖြစ်ဖြစ် ဘာဖြစ်ဖြစ်ပေါ့၊ အဆင်းကို အာရုံ ပြု ပြီးတော့ ယူလာလို့ရှိရင် အဲဒါကို ကုသိုလ်စိတ်တွေ ဖြစ်နေတော့တာပဲ။
အသံကို အာရုံပြုပြီးတော့ ကုသိုလ်စိတ်ဖြစ်တာလည်းရှိတယ်။ အဲဒါက အခုလို တရားနာတဲ့ အခါကာလမှာ အသံကို အာရုံပြုပြီးဖြစ်တဲ့ ကုသိုလ်စိတ်ပေါ့။ အသံကို အကြောင်းပြုပြီး ကြေးစည်တို့၊ ခေါင်းလောင်းတို့ စသည် ဒီလို ဝတ္ထုပစ္စည်း တွေကို လှူတတ်ကြတယ်။ အခုခေတ်မှာတော့ အသံဖမ်းစက်တွေကို လှူကြတယ်။ ဒါကတော့ တော်တော် နေရာကျတာပဲ။ တရားတွေကို အသံဖမ်းထား လိုက်လို့ရှိရင် သင့်တော်တဲ့ နောက်အချိန်တွေမှာလည်း နာကြား နိုင်တာဖြစ်လို့ နေရာကျပါတယ်။ အဲဒီ တရားသံတို့၊ ကြေးစည် ခေါင်းလောင်းသံတို့ကို အာရုံပြုပြီး ကြည်ညိုလိုက်ရင် လည်းပဲ ကုသိုလ်စိတ် ဖြစ်တာပါပဲ။
အနံ့ကို အာရုံပြုပြီး ကုသိုလ်စိတ်ဖြစ်တာလည်း ရှိတာပဲ။ ပန်းတို့ အမွှေးတိုင် တို့ကို အာရုံပြုပြီး ဖြစ်နိုင်ပါတယ်။ စားသောက်ဖွယ် အရသာတွေကို စားသောက်ပြီး အဲဒီ စားဖွယ်သောက်ဖွယ် အနံ့အရသာတွေ လှူရတန်းရ တဲ့အခါ ဒီလို အနံ့အရသာ တွေကို အာရုံပြုပြီးတော့လည်း ကုသိုလ် စိတ်တွေ ဖြစ်နိုင်ကြသေးတယ်တဲ့။ ဆွမ်းခဲဖွယ် ဘောဇဉ်တွေ ဒါတွေလည်း အနံ့အရသာတွေ ထင်ရှားပါတယ်။ အနံ့ကို ဒီလို အာရုံပြုပြီး ကုသိုလ်ဖြစ်နိုင်တယ်။
အတွေ့အထိကို အာရုံပြုပြီးတော့လည်း ကုသိုလ်စိတ်တွေ ဖြစ်နိုင်တယ်။ ဘယ်လို ဟာလဲ ဆိုရင် အိပ်ရာခင်းတို့ ခေါင်းအုံးတို့ စသည် လှူတဲ့အခါ အတွေ့အထိနဲ့ စပ်ပြီးတော့ ကုသိုလ်ဖြစ်နိုင်တယ်။ သဘော အာရုံဆိုတာကတော့ အသက်ရှည်ပါစေ၊ အနာကင်းပါစေ၊ ချမ်းသာပါစေဆိုတဲ့ စေတနာနဲ့ လှူတဲ့အခါ အဲဒါကို အာရုံပြုပြီး ဓမ္မာရုံ ကုသိုလ်တွေ ဖြစ်နိုင်ပါတယ်။ အဲဒီလို အာရုံခြောက်ပါး တစ်ပါးပါးကို အာရုံပြုပြီး ကုသိုလ်စိတ်တွေ ဖြစ်နိုင်ကြတယ်တဲ့။
အဲဒီ ကုသိုလ်စိတ်တွေဖြစ်တဲ့အခါမှာ “တသ္မိံ သမယေ ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ၊ သညာ ဟောတိ၊ စေတနာ ဟောတိ စသည်ဖြင့် ၅၆-ပါး တရားတွေကို ထုတ်ပြထားတယ်။ ကုသိုလ်စိတ် တစ်ခုတစ်ခု ဖြစ်တဲ့အခါမှာ တစ်ပေါင်းတည်း ဖြစ်တာ ၅၆-ပါးတဲ့၊ ဒါပေမယ့်လို့ တူတာတွေကို ထပ်မယူဘဲထားလိုက်ရင် အားလုံးမှ တိုက်ရိုက်ပြ တရားကိုယ်အနေနဲ့ ၃၀-သာ ရှိပါတယ်။ တရားအမည် အနေနဲ့ကတော့ ၅၆-ပါးတောင် ရှိတယ်။ တူတာတွေကိုပါ ထပ်ပြီး ယူထားလို့ပါပဲ။ ဆပဏ္ဏသဓမ္မတဲ့ ဒီလို ထုတ်ပြထားတယ်။
ပတိပူဇိကာဝတ္ထုမှာ ပတိပူဇိကာဆိုတဲ့နတ်သမီး သွားရင်း လာရင်း ခြေလှမ်းရင်း ဒီ ၅၆-ပါးသော ကုသိုလ်တရားတွေ ဖြစ်တယ်လို့ ဆိုထားတယ်။ အဲဒါကို ဓမ္မပဒအဖွင့် ဋီကာဆရာကြီးက ကုသိုလ်စိတ်ရှစ်ခုကို ဇောခုနစ်ကြိမ်နဲ့ မြှောက်ပြီးတော့ ၅၆-ပါး ရှိတယ်လို့ ဖွင့်ပြထားတယ်။ ဒါကတော့ တော်တော် ယုတ္တိမရှိတဲ့ အဆိုပါပဲ။ ခြေတစ်လှမ်းတည်းမှာ ကုသိုလ်တွေ ဒီလိုအမျိုးစုံ အကုန်လုံး အဆိုပါပဲ။ ခြေတစ်လှမ်း တည်းမှာ ကုသိုလ်တွေ ဒီလိုအမျိုးစုံ အကုန်လုံးဘယ်မှာ ဖြစ်နိုင်လိမ့်မှာတုံး။ ခြေလှမ်း တိုင်းမှာ သောမနဿလည်း ဖြစ်ရမယ်၊ ဥပေက္ခာလည်း ဖြစ်ရမယ်ဆိုရင် အဲဒီ ၂-မျိုး လုံး မဖြစ်နိုင်ပါဘူး။ ခြေလှမ်းတိုင်း သမ္ပယုတ်လည်း ဖြစ်ရမယ်။ ဝိပ္ပယုတ်လည်း ဖြစ်ရမယ်၊ အသင်္ခါရိက သသင်္ခါရိကတွေလည်း ဖြစ်ကြရဦးမယ် ဆိုတာဟာလည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အသင့်ယုတ္တိ မရှိပါဘူး။ အဋ္ဌကထာဆရာကလည်း ဒါလောက် သေးနုပ်တာကို ရေးခဲ့ဟန် မတူပါဘူး။
ဟောဒီက ပါဠိတော်လာတဲ့ ၅၆-ပါး ဆပဏ္ဏာသဓမ္မ တဲ့၊ ဒါကို ဆိုလိုတာပဲ။
၅၆-ပါး တရားတွေဆိုတာကို အခုလိုထုတ်ပြီး အသီးသီး ဝေဖန်ထားပါသေးတယ်။
“ကတမော တသ္မိံ သမယေ ဖဿော ဟောတိ - ဖဿဆိုတာ အဘယ်ဟာပါလဲ”
ဆိုပြီးတော့ ဝေဖန်ထားပါသေးတယ်။ ဒီလို ဝေဖန်ပြီးတော့မှ ခန္ဓာက ဘယ်လောက် အာယတနက ဘယ်လောက်၊ ဓာတ်က ဘယ်လောက်၊ သစ္စာက ဘယ်လောက် စသည်ဖြင့် ဒါတွေလည်း လျှောက်ပြီး ဝေဖန်ထားသေးတယ်၊ အကျယ်ကြီးပါပဲ၊ စိတ်တစ်ခုတစ်ခုကို တော်တော်နဲ့ မပြီး နိုင်ဘူး။ ပေယျာလတွေ ထိုးထားလို့သာ တော်ကာကျတော့တယ်၊ ပေယျာလသာ မထိုးဘဲ စာအုပ်ရိုက်မယ်ဆိုရင် ဒီဓမ္မသင်္ဂဏီ ကျမ်းတစ်ကျမ်းထဲနဲ့ကို စာအုပ်တွေ တစ်ရာကျော်ချင်ရင် ကျော်သွားမှာပဲ၊ တစ်ရာ တောင်မှ က,မယ်မထင်ပါဘူး။ တစ်ထောင်တောင်မှ ကျော်ကောင်း ကျော်ပါလိမ့် ဦးမယ်။ ဒီလောက်တောင် အများကြီးဖြစ်နေမှာပဲ။
[*မှတ်ချက်။ စာရွက်စာတမ်းဖြင့် ရိုက်နှိပ်စေသည့် တရားကို Comment တွင် တွဲထည့် ပေးထားပါသည်]
နိမ္မိတကိုယ်စား ဖန်ဆင်းထားခဲ့ရ
အဲဒီတရားတွေကို မြတ်စွာဘုရားက တာဝတိံသာ နတ်ပြည်မှာ ဟောတော်မူတယ်၊ ဟောတော် မူစဉ်က အကျယ်ကြီး ဟောတော်မူထားတာ၊ အခု သင်ကြားနေကြ ရတာကတော့ သင်ကြားနိုင်ရုံ၊ နားလည်နိုင်ရုံ သင်္ဂါယနာ တင်ထားခဲ့ သလောက်သာ ရှိနေပါတယ်။ ဒါလည်း အရှင်သာရိပုတ္တရာက မြတ်စွာဘုရားထံမှ တစ်ဆင့် အကျဉ်းအားဖြင့် နာယူ မှတ်သားထား ခဲ့တဲ့ တရားတဲ့၊ တာဝတိံသာနတ်ပြည်မှာ မြတ်စွာဘုရား ဟောကြားတော် မူစဉ်ကတော့ “ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာ” စသည်ဖြင့် မာတိကာစဉ်ပြီး “ကတမေ ဓမ္မာ ကုသလာ၊ ယသ္မိံ သမယေ ကာမဝစရံ ကုသလံ စိတ္တံဥပ္ပန္နံ ဟောတိ” စသည်ဖြင့် ကုသိုလ်တရားတွေကို ဝေဖန်တယ်၊ အကုသိုလ်တွေ အဗျာကတာ တွေကိုလည်း ဒီလိုပဲဝေဖန်တယ်၊ အများကြီးပါပဲ၊ ဒါတွေကို ဝေဖန် ဟောကြားတော်မူရင်းပဲ နံနက် အရုဏ်တက်ချိန် ကျရောက်တော့ နတ်ပြည်က နေပြီး လူ့ပြည်သို့ မြတ်စွာဘုရား သက်ဆင်း ကြွတော်မူလာခဲ့တယ်။
ဒီလို မြတ်စွာဘုရား လူ့ပြည်သို့ ကြွဆင်းတော်မူလာလို့ ဟိုမှာ တရားဟောမှု ပျက်သလားဆိုတော့ မပျက်ပါဘူး။ မြတ်စွာဘုရားနဲ့ တူတော်မူတဲ့ နိမ္မိတဘုရားတစ်ဆူ ဖန်ဆင်းပြီး အဲဒီ နိမ္မိတဘုရားက အခြေမပျက် ဆက်လက်ပြီး အဘိဓမ္မာတရားကို ဟောကြားတော် မူရစ်ခဲ့တယ်တဲ့။ ဖန်ဆင်းထားခဲ့တဲ့ အဲဒီ နိမ္မိတရုပ်ပွား ဘုရားရှင် ကလည်း မူလမြတ်စွာဘုရားနဲ့ ပုံပန်းသဏ္ဍာန် အကုန်လုံးတူတယ်လို့ဆိုပါတယ်။ တယ်နေရာကျတာပဲ၊ ဘုရားဆိုတော့ ဘုန်းတော်ကြောင့် အလိုတော်အတိုင်း ဘာမဆို ဖြစ်တာပဲ။ အဲဒီလိုဖန်ဆင်းပြီး မည်သည့်တရား မည်သည့်တရားကို ဟောကြားနေရစ် စေလို့ အဓိဋ္ဌာန် ထားခဲ့တာတဲ့၊ အဓိဋ္ဌာန်တော်မူတဲ့အတိုင်း ပုံဟန်သဏ္ဍာန်မျှသာ တူရုံမဟုတ်ဘဲ ဟောကြားတော် မူနေပုံကလည်း တူတာပဲတဲ့။
မြတ်စွာဘုရားလူ့ပြည်ကို ကြွတော်မူလာတော့လည်း တာဝတိံသာ နတ်ပြည်မှာကတော့ နိမ္မိတရုပ်ပွား ဘုရားက တရားဟောလျက်ပဲ၊ အဲဒါကို တန်ခိုးငယ်တဲ့ နတ်ဗြဟ္မာ တွေက မသိလိုက် ကြဘူး။ တန်ခိုးကြီးတဲ့ နတ်ဗြဟ္မာတွေကသာ ဘုရားအစစ် ကြွသွားတော်မူ တာကို သိလိုက်ကြရ တယ်တဲ့။
ကာမာဝစရ ကုသိုလ် ဝေဖန်ပုံ အကျဉ်းချုပ် ကောက်နုတ်ချက်
[ဤသည်မှာ စာရွက်စာတမ်းဖြင့် ရိုက်နှိပ်စေသည့် တရားတို့ဖြစ်၏။]
၁။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်, သသင်္ခါရိကစိတ် ဖြစ်ခိုက်၌ အမည်ထုတ်၍ ဟောထားသော တရားတို့မှာ -
ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ စိတ်၊ (ဖဿပဉ္စမက ၅)
ဝိတက်၊ ဝိစာရ၊ ပီတိ၊ (သုခ) ဧကဂ္ဂတာ၊ (ဈာနင် ၅)
သဒ္ဓါ၊ ဝီရိယ၊ သတိ၊ (သမာဓိ) ပညာ၊ (မန၊ သောမနဿ) ဇီဝိတ၊ (ဣန္ဒြေ ၈)
(သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ) (မဂ္ဂင် ၅)
(သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ) ဟိရီ၊ ဩတပ္ပ (ဗိုလ် ၇)
အလောဘ၊ အဒေါသ၊ (အမောဟ) (မူလ ၃)
(အနဘိဇ္ဈာ၊ အဗျာပါဒ၊ သမ္မာဒိဋ္ဌိ) (ကမ္မပထ ၃)
(ဟိရီ၊ ဩတ္တပ္ပ) (လောကပါလ ၂)
ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ၊ ကာယလဟုတာ၊ စိတ္တလဟုတာ၊
ကာယမုဒုတာ၊ စိတ္တမုဒုတာ၊ ကာယကမ္မညတာ၊ စိတ္တကမ္မညတာ၊
ကာယပါဂုညတာ၊ စိတ္တပါဂုညတာ၊ ကာယုဇုကတာ၊ စိတ္တုဇုကတာ၊ (အစုံတရား ၁၂)
(သတိ၊ သမ္ပဇဉ်) (ဥပကာရတရား ၂)
(သမထ၊ ဝိပဿနာ) (ယုဂနဒ္ဓတရား ၂)
(ပဂ္ဂါဟ၊ အဝိက္ခေပ) (ညီမျှစေအပ်သည့်တရား ၂)
[မှတ်ချက်]
လက်သည်းကွင်းဖြင့် ရှေးနှင့်တရားကိုယ် ထပ်တူဖြစ်ကြောင်း ပြသည်။
ဤ (၅၆) ပါးပင် ဖြစ်သည်။ တရားကိုယ်အားဖြင့် ၃၀ မျှသာရှိသည်။
ယေဝါပနအရ အဋ္ဌကထာ၌ ပြထားသော တရားတို့မှာ -
ဆန္ဒ၊ အဓိမောက္ခ၊ မနသိကာရ၊ တတြမဇ္ဈတ္တတာ (အမြဲယှဉ် ၄ ပါး)
ကရုဏာ၊ မုဒိတာ (ရံခါယှဉ်၊ အပ္ပမညာ ၂)
သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ (ရံခါယှဉ်၊ ဝိရတီ ၃)
ဤ (၉) ပါးတို့ပင်ဖြစ်သည်၊ ၂-ရပ်ပေါင်းလျှင် တရားကိုယ် ၃၉-ပါး ဖြစ်သည်။
၂။ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိကစိတ်, သသင်္ခါရိကစိတ် ဖြစ်ခိုက်၌ ယင်း ၃၉-ပါးမှ ဉာဏ်-ပညာ မပါ၊ ၃၈-ပါးဖြစ်သည်။
၃။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်, သသင်္ခါရိကစိတ်ဖြစ်ခိုက်၌ ယင်း ၃၉-ပါးမှ ပီတိ မပါ ၃၈-ပါး ဖြစ်သည်။
၄။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိကစိတ်, သသင်္ခါရိကစိတ် ဖြစ်ခိုက်၌ ယင်း ၃၉-ပါးမှ ဉာဏ်ပညာနှင့် ပီတိ မပါ ၃၇-ပါးဖြစ်သည်။
မှတ်ချက်။ ။
လက်သည်းကွင်းဖြင့် ရှေးနှင့် ထပ်တူဖြစ်ကြောင်း ပြသည်။ နောက်၌လည်း နည်းတူပင်။
အရှင်သာရိပုတ္တရာကို ဟောတဲ့တရား
မြတ်စွာဘုရားလူ့ပြည်ကိုရောက်တော့ ဟိမဝန္တာ တောမှာရှိတဲ့ အနောတတ်အိုင် (အနဝတတ်အိုင်) အနီးမှာ နတ်ပြည်ကလှူတဲ့ နာဂလတာ တံပူကို ဘုဉ်းပေးတယ်၊ (ဘုဉ်းပေးတယ်ဆိုပေမယ့် တံပူဆိုတာ သွားတိုက်ရတာမျိုး ဖြစ်လို့ သွားတော် တိုက်မှာပါပဲ)၊ နာဂ - ဆိုတာက နဂါး၊ လတာ - ဆိုတာက နွယ်၊ နဂါးနွယ်တဲ့။ မြန်မာပြည်မှာ ဆင်တုံးမနွယ် တော့ရှိတာပဲ။ အဲဒီ ဆင်တုံးမနွယ် မျိုးလားတော့ မပြောတတ်ဘူး။ အဲဒီ တံပူကို စားပြီးတော့ အနဝတတ်အိုင်က ရေနဲ့ မျက်နှာ သစ်တော်မူတယ်။ ဆွမ်းခံချိန်ကျတော့ ဥတ္တရကုရုကျွန်း (မြောက်ကျွန်း)သို့ ကြွတော်မူတယ်။ ဆွမ်းခံပြီးတော့ ဆွမ်းဘုဉ်းပေးတော်မူတယ်။
အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက မြတ်စွာဘုရား ရှိတော်မူရာ ဟိမဝန္တာသို့ တန်ခိုးဖြင့်ကြွပြီး မြတ်စွာဘုရားအား ဝတ်ကြီးဝတ်ငယ် ပြုတယ်တဲ့။ အဲဒီအခါမှာ မြတ်စွာဘုရားက နတ်ပြည်မှာ ဟောကြားတော် မူခဲ့သမျှသော အဘိဓမ္မာတရားကို အရှင်သာရိပုတ္တရာအား “မည်သည့်တရား မည်သည့်တရားကို ငါဘုရား ဟောကြား ခဲ့တယ်” လို့ အစနဲ့ အဆုံးလောက်သာ ဟောကြားညွှန်ပြ တော်မူပါတယ်။ အဲဒီလို အကျဉ်းအားဖြင့် ဟောကြားလိုက်တယ် ဆိုရင်ပဲ အရှင်သာရိပုတ္တရာ မထေရ် မြတ်ကြီးက အကျယ်အားဖြင့် အကုန်လုံး နားလည်သွားတယ်တဲ့၊ အရှင်သာရိပုတ္တရာ မှတစ်ဆင့် သူ့တပည့် ရဟန်းငါးရာတို့အား သင်ကြား ပို့ချပေးတော် မူသတဲ့။
တပည့်ထူးတွေ
သူတပည့် ရဟန်းငါးရာ ဆိုတာက ဒီလိုတဲ့၊ မြတ်စွာဘုရား တာဝတိံသာ နတ်ပြည်ကို ကြွတော် မမူမီက တန်ခိုးပြာဋိဟာ ပြတော်မူစဉ်မှာ ဒီရဟန်းလောင်း ငါးရာတို့က မြတ်စွာဘုရားကို ကြည်ညိုကြတယ်။ ဒါနဲ့ သာသနာတော်ကိုဝင်ပြီးတော့ ရဟန်း ပြုကြတဲ့ ရဟန်းငါးရာတဲ့၊ အဲဒီ ရဟန်းငါးရာဆိုတာ ဘယ်လိုကုသိုလ် ကောင်းမှုကို ပြုခဲ့ကြဖူးပါသလဲဆိုရင် ကဿပ မြတ်စွာဘုရား လက်ထက်တော်က လင်းနို့သား ငါးရာ ဖြစ်နေခဲ့ကြသတဲ့။ အဲဒီတုန်းက သူတို့ဟာ ဂူကြီးတစ်ဂူထဲမှာ နေခဲ့ကြတယ်။ အဲဒီဂူထဲမှာ အဘိဓမ္မာဆောင် ရဟန်းတော်တွေက အဘိဓမ္မာ တရားတွေကို ရွတ်အံ သရဇ္ဈာယ်နေကြလို့ သူတို့က ကြားရတော့ အဲဒီတရားသံကို ကြည်ညိုတဲ့စိတ်နဲ့ နာကြား နေကြသတဲ့။ လင်းနို့တွေပဲ၊ သူတို့တစ်တွေဟာ ကုသိုလ်ရယ်, အကုသိုလ် ရယ်လို့ ဘယ်မှာ သိကြလိမ့်မလဲ။ လင်းနို့ မဆိုထားပါနဲ့တော့ ပါဠိတွေကို ဒီအတိုင်း သက်သက် ပါဠိလိုချည်း ရွတ်နေရင် ပါဠိကိုလေ့လာ မထားတဲ့သူဟာ မသိပါဘူး။ နားမလည်ပါဘူး။ “ကုသလာ ဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာ” ဆိုတာကို မကြားဖူးတဲ့ ပုဂ္ဂိုလ်တွေက ဘာတွေကို ရွတ်ဆိုနေကြပါလိမ့်မလဲလို့ အောက်မေ့ နေကြမှာပဲ။ အခု ဒီလင်းနို့တွေလည်း အနက်အဓိပ္ပါယ် ကိုတော့ မသိကြပါဘူးတဲ့။ တရားသံရဲ့အပေါ်မှာ အာရုံပြုနေကြရုံ သက်သက်မျှပါပဲ။ မြန်မာပြည် မှာလည်း လိုဏ်ဂူကြီးတွေ ရှေးကလို ရှိပါတယ်။ အဲဒီမှာ တရားစာတွေ သွားပြီးတော့ ရွတ်အံ သရဇ္ဈယ် နေရင်တော့ နာကြမည်လား မပြောတတ်ဘူး။
ကုသိုလ်အထုံ ရှိခဲ့ကြတယ်
ဘုန်းကြီးတို့ အင်ဒိုနီးရှားကို သွားကြစဉ်တုန်းက ဗာလီကျွန်းမှာ လင်းနို့တွေနေတဲ့ ဂူကြီးတစ်ခုကို တွေ့ခဲ့ကြရတယ်။ အဲဒီဂူကြီးထဲမှာ လင်းနို့တွေ ရှိကြတယ်၊ အများကြီး ပါပဲ။ လင်းနို့တွေ ဒါလောက် များများ ရှိတာကို မတွေ့ဖူးပါဘူး။ အဲဒီ လင်းနို့တွေကို တွေ့တော့ သီဟိုဠ်ဆရာတော်ကြီး တစ်ပါးက အဘိဓမ္မာတွေ ကိုတောင်မှ သူက ရွတ်လိုက်ပါသေးတယ်။
ကဿပဘုရား လက်ထက်တော်က လင်းနို့တွေဟာ အဘိဓမ္မာ တရားတော် အသံကို ကြားကြ ရတာနဲ့ ကုသိုလ်ထူးတွေ ရကြပြီးတော့ နတ်ပြည်မှာ ရောက်ကြတယ်၊ နတ်စည်းစိမ်တွေ ခံစား စံစားနေ ကြရတယ်။ နတ်ပြည်မှာ ချမ်းချမ်းသာသာ နေခဲ့ကြရပြီးတော့ အခု ဂေါတမမြတ်စွာဘုရား ရဲ့ လက်ထက်တော်မှာ လူ့ပြည်၌ လူသားတွေ လာပြီး ဖြစ်ကြရတယ်။ ဒါနဲ့ မြတ်စွာဘုရားက တန်ခိုးပြာဋိဟာ ပြတော်မူတာကို ကြည်ညိုပြီး သာသနာတော်ဝင် ရဟန်းပြုကြတယ်တဲ့။
ရှေးတုန်းက အဘိဓမ္မာတရားကို နာကြားခဲ့ဖူးတဲ့ အထုံဟာ အခုလာပြီး ကျေးဇူးပြုတယ်။ ဒီကုသိုလ် အထုံကြောင့် အဘိဓမ္မာ တရားတော်ဟာ သူတို့နဲ့ အသင့်လျော်ဆုံး ဖြစ်နေတာပေါ့။ အဲဒီတုန်းက နားလည်ကြတာ တော့လည်း မဟုတ်ပါဘူး။ ဒါတောင်မှ ဒီလောက်အကျိုး ကြီးသေးလို့ရှိရင် နားလည်ပြီးတော့ နာကြားကြရတဲ့ ပုဂ္ဂိုလ်တွေရဲ့အတွက် ပြောဖို့မလိုပါဘူး။ အင်မတန်မှ အကျိုးကြီး မှာပေါ့။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက သူ့တပည့်ဖြစ်တဲ့ အဲဒီရဟန်းငါးရာကို အဘိဓမ္မာ တရားတွေ ဟောကြား ပို့ချတော်မူတယ်။ အဲဒီ ဟောကြားပို့ချခဲ့တဲ့ အဘိဓမ္မာ ဒေသနာအစဉ်ကို သင်္ဂါယနာ အဆင့်ဆင့် တင်ခဲ့ကြတယ်တဲ့။
သင်္ဂါယနာ တင်ထားတဲ့ အဲဒီ အဘိဓမ္မာ တရားတွေကို ပေယျာလထိုးပြီး စာအုပ်တွေ ရိုက်ထားရတယ်၊ ပေယျာလ မထိုးဘဲ ရိုက်ထားမယ်ဆိုရင် စာအုပ်ပေါင်း ဘယ်လောက် များမယ်လို့ မဆိုနိုင်ဘူး။ စာအုပ်တွေ အများကြီးကို ဖြစ်နေမှာပဲ။ ဆဋ္ဌသင်္ဂါယနာ တင်တုန်းက အချို့ဒကာ တွေက ပေယျာလထိုးထားတာ သူတို့အတွက် အဖော်ရ ခက်တယ်။ ပေယျာလတွေကို အကုန်လုံး ဖော်ပါလို့ တောင်းပန်ကြတယ်၊ ဟာ ဘယ်ဖြစ်ပါ့မလဲ၊ အဲဒါတွေကို ဖော်နေရရင် စာအုပ်တွေ အများကြီး ဖြစ်သွားမယ်။ ပြီးနိုင်မှာလည်း မဟုတ်ဘူးလို့ ပြောခဲ့ရတယ်။
ဒီ အဘိဓမ္မာ တရားတော်ကို အရှင်သာရိပုတ္တရာက လူ့ပြည်မှာ ဟောတယ်။ မြတ်စွာဘုရားက တာဝတိံသာ နတ်ပြည်မှာဟောတယ်၊ ညနေချမ်း အချိန်ရောက်တော့ မြတ်စွာဘုရားက တာဝတိံသာ နတ်ပြည်ကို ပြန်ပြီးတော့ ကြွတော်မူတယ်။ ပြီးတော့ နိမ္မိတ မြတ်စွာဘုရားရဲ့နေရာမှာ ဝင်ရောက်ပြီး တရားဆက်လက် ဟောတော်မူတယ်။ အဲဒါကိုလည်း တန်ခိုးငယ်ကြတဲ့ နတ်ဗြဟ္မာ တွေက မသိလိုက်ကြဘူး။ တန်ခိုးကြီးတဲ့ နတ်ဗြဟ္မာတွေကသာ ဘုရား ပြောင်းလဲ ဟောကြား နေပြီဆိုတာကို သိကြရတယ်။ ပင်ပန်းစရာ အင်မတန် ကောင်းတာပဲ၊ ညနေချမ်းကနေပြီး နံနက်အရုဏ်တက်အထိ တစ်ညလုံး ဟောနေရတာ၊ အခု လူတွေအနေနဲ့ဆိုရင် ဒီလို တစ်ညလုံးဟောဖို့ မလွယ် လှဘူး။ သုံးနာရီလောက် ဟောလိုက် တယ်ဆိုရင်ကိုပဲ ပင်ပန်းနေပါပြီ။ မြတ်စွာဘုရားရှင် မို့သာ ဒီလို ဟောတော် မူနိုင်တာပါပဲ။
ဒီကနေ့အဖို့ တရားပွဲသိမ်းကြဦးစို့
ဒီလောက် နက်နဲခက်ခဲတဲ့ အဘိဓမ္မာ တရားတော်ကို ဟောစွမ်းတော်မူနိုင်တဲ့ မြတ်စွာဘုရားအား ရှိခိုးပူဇော်ကန်တော့ပြီး တရားပွဲသိမ်းကြဦးစို့ရဲ့၊ အချိန်က ၂-နာရီ နီးနီး ရှိသွားပြီ။
ခုနစ်ဝါမြောက်က မြတ်စွာဘုရား တာဝတိံသာနတ်ပြည် ပဏ္ဍုကမ္ပလာ ကျောက်ဖျာ ထက်မှာ သီတင်းသုံးတော်မူပြီး တစ်သောင်းသော လောကဓာတ်မှ ရောက်လာကြ သော နတ်ဗြဟ္မာ အပေါင်းတို့အား မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုဿိတနတ်သားကို အမှူးပြု၍ အဘိဓမ္မာ တရားတော်မြတ်ကို သုံးလပတ်လုံး ဟောကြားတော်မူလေပြီ ဆိုပြီးတော့ မြတ်စွာဘုရားအား လက်အုပ်ချီမိုး ရှိခိုးပူဇော် ကြဖို့ပါပဲ။ အဲဒါကို လိုက်ဆိုကြရမယ်။
မြတ်စွာဘုရားသည် ခုနစ်ဝါမြောက် ကာလက တာဝတိံသာ နတ်ပြည် ပဏ္ဍုကမ္ပလာ ကျောက်ဖျာ ထက်၌ သီတင်းသုံးစံ နေတော်မူလျက် တစ်သောင်းသော လောကဓာတ်မှ ရောက်လာကြ ကုန်သော နတ်ဗြဟ္မာ အပေါင်းတို့အား မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သားကို အကြီး အမှူးပြု၍ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလ ပတ်လုံး ဟောကြားတော် မူလေပြီ။ ထိုသို့ ဟောကြားတော်မူသော မြတ်စွာဘုရားအား ဘုရားတပည့်တော်တို့သည် ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ကြပါကုန်၏ မြတ်စွာဘုရား။
ယနေ့အဖို့၌ ကျွန်ုပ်တို့တစ်စု ပြုစုပွားများ အားထုတ်အပ်သော ဒါနကုသိုလ်, သီလကုသိုလ်, ဘာဝနာကုသိုလ်, ဝေယျာဝစ္စကုသိုလ်, တရားဟောရသောကုသိုလ်, တရားနာရသော ကုသိုလ် အစရှိသော ဤကောင်းမှု ကုသိုလ်အပေါင်း၏ အဖို့ဘာဂကို အမိအဘ တို့မှစ၍ အလုံးစုံသော သတ္တဝါ အပေါင်းတို့အား အမျှပေးဝေ ပါကုန်၏။ အလုံးစုံသော သတ္တဝါ အပေါင်းတို့သည် အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။
သာဓု သာဓု သာဓု
“အဘိဓမ္မာ တရားတော်ကြီး”
ဓမ္မုဒ္ဒေသဝါရ-တဲ့
လပြည့်နေ့က ဟောခဲ့တာကတော့ မြတ်စွာဘုရား တာဝတိံသာ နတ်ပြည်မှာ ကြွရောက်ပြီး၊ အဘိဓမ္မာတရားကို ဟောတော်မူတယ် ဆိုတဲ့အကြောင်းကို စပြီး ဟောခဲ့တယ်။ တာဝတိံသာမှာ ဟောခဲ့တဲ့ အဲဒီ အဘိဓမ္မာ တရားဟာ အမြင့်ဆုံး တရားပါပဲ။ အဲဒီတရားကို ဗဟုသုတဖြစ်အောင်လို့ ဆက်ပြီးတော့ ဒီကနေ့ ဟောရမယ်။ အဲဒါနဲ့ ဆောင်ပုဒ်ရယ် လို့တော့ မဟုတ်ပါဘူး။ အဲဒီ ဓမ္မဒါန ဝေငှထားတဲ့ စာရွက်ကလေးထဲမှာ ကောက်နုတ်ချက်လေးတွေကို အတိုချုပ်ပြီး ပြထားပါတယ်။ မြတ်စွာဘုရား ဘယ်ပုံဘယ်နည်း ဟောတော်မူတယ်ဆိုတာ သိရအောင်လို့ နည်းနည်းပါးပါး လောက်ပဲ ဖြစ်စေဦးတော့ မှန်းဆနိုင်ဖို့ ကောက်နုတ်ချက် ထုတ်ပြထားတာပါပဲ။
ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာ ဆိုပြီး ကုသိုလ်တရားက တစ်မျိုး၊ အကုသိုလ်တရားက တစ်မျိုး၊ အဗျာကတတရားက တစ်မျိုးလို့ ခေါင်းစဉ် သုံးမျိုး ရှိတယ်။ နောက်ပြီးတော့ “သုခါယ ဝေဒနာယ သမ္ပယုတ္တာ ဓမ္မာ” စသည်ဖြင့် ဝေဒနာသုံးပါးနဲ့ယှဉ်တဲ့ တရားတွေလည်း သုံးမျိုး ရှိသေးတယ်။ အဲဒီလို သုံးမျိုး၊ သုံးမျိုးတွဲပြီး ဟောတော်မူထားတာကို ဟိတ်လို့ ခေါ်တယ်။ အဲဒီလို ဟိတ်ပေါင်းက ၂၂-ဟိတ် ရှိတယ်။ ခေါင်းစဉ် မာတိကာ ၂၂-ခုပေါ့၊
နောက်ပြီးတော့ “ဟေတူ ဓမ္မာ၊ န ဟေတူ ဓမ္မာ” စသည်ဖြင့် ဟိတ်ဟုတ်တာနဲ့ ဟိတ်မဟုတ်တာလို့ အဲဒီလို နှစ်ခု နှစ်ခု တွဲဟောတဲ့ ဒုက ဒုက်ဆိုတာကလည်း ရှိသေးတယ်။ အဲဒီ ဒုက်က ၁၀ဝ ရှိတယ်။ အဲဒီလို ခေါင်းစဉ် ၂၆၆-ကို တစ်ပိုဒ်ချင်း တစ်ပိုဒ်ချင်း မြတ်စွာဘုရားက ဝေဖန်ဟောကြားတော်မူတယ်။
အဲဒီ တစ်ပိုဒ် တစ်ပိုဒ်ထဲမှာ ကုသလဓမ္မကို ဝေဖန်ပုံ၊ ကုသလဓမ္မမှာလည်း ကုသိုလ်တရားတွေက ကာမာဝစရလည်း ရှိတယ်။ ရူပါဝစရလည်း ရှိတယ်။ အရူပါဝစရလည်း ရှိတယ်၊ လောကုတ္တရာ လည်း ရှိတယ်၊ အဲဒီလို လေးမျိုးတောင် ရှိနေပါတယ်။ အဲဒီ လေးမျိုးရှိတဲ့အထဲကမှ အခု ကာမာဝစရကုသိုလ် ဆိုတာကို ဝေဖန်တယ်၊ ကာမာဝစရကုသိုလ်ကလည်း စိတ်အရေအတွက် အားဖြင့် ရှစ်ခုရှိတယ်။ အဲဒီရှစ်ခုကို ဝေဖန်တယ်၊ အဲဒီမှာလည်း စိတ်တစ်ခု တစ်ခုမှာ အဲဒီစိတ်နဲ့တကွဖြစ်တဲ့ တရားတွေကို ထုတ်ပြီးတော့ပြတယ်၊ အဲဒါကို “ဓမ္မုဒ္ဒေသဝါရ” လို့ ခေါ်တယ်။
တစ်ဖန် ကောဋ္ဌာသဝါရ စသည်
အခု ဒီထဲမှာ အဲဒီ ဓမ္မုဒ္ဒေသဝါရက တရားတွေကို ထုတ်ပြထားတယ်၊ အမည်အားဖြင့် ၅၆-ပါး ရှိတယ်။ ထုတ်ပြတဲ့ ဒီတရားတွေကို တစ်ခါ ထပ်ပြီးတော့ ဖွင့်ပြတယ်။ ဥပမာ-ဖဿဆိုရင် ဖဿ ဆိုတာ ဘယ်လိုဟာလဲ၊ ဖဿ - ဆိုတာ အာရုံကို တွေ့ထိတဲ့သဘော၊ ဖုသနာကာရ - အာရုံကို တွေ့ထိတဲ့ အခြင်းအရာ၊ ဖုသိတတ္တံ - အာရုံကို တွေ့ထိသည်၏အဖြစ်၊ အဲဒီသဘောကို ဖဿခေါ်တယ် စသည်ဖြင့် တရား တစ်ခုချင်း ကို အဘိဓာန် သဘောမျိုးလို လိုက်ပြီး ဖွင့်ပြထားတယ်။ အဲဒါကို ပဒဘာဇနီလို့ ခေါ်တယ်။ ဒီ ပဒဘာဇနီဆိုတာ ၅၆-ပါး တရားကို ဖွင့်ပြတာပဲ။ တစ်ချို့ အမျိုးတူ တွေကျတော့ ထပ်ထပ်ပြီး ပါနေပါတယ်။
ဓမ္မုဒ္ဒေသဝါရ ပြီးတော့ ကောဋ္ဌာသဝါရ ဆိုတာ ရှိသေးတယ်။ အဲဒီ ဝါရက ကုသိုလ် စိတ်ဖြစ်တဲ့အခါ ဘယ်လိုတရားတွေ ပါဝင်တယ်ဆိုတာကို ဝေဖန်ပြန်တယ်။ ဘယ်လိုလဲဆိုရင် ခန္ဓာက လေးပါး ပါဝင်တယ်၊ အာယတနက နှစ်ပါး၊ ဓာတ်က နှစ်ပါး၊ သစ္စာက နှစ်ပါး စသည်ဖြင့် ဒီလိုလျှောက်ပြီး ဝေဖန်တယ်။ ဒီလောက်သာ မကသေးဘူး၊ ခန္ဓာစသည်ကိုလည်း တစ်ခုစီ အသီးသီး အကျယ်ချဲ့ပြီး ပြသေးတယ်။
ကောဋ္ဌာသဝါရ ပြီးတော့ တစ်ခါ သုညတဝါရ ဆိုတာကို ထုတ်ပြပြန်တယ်။ ကုသိုလ်စိတ်ဖြစ်တဲ့ အခိုက်အတန့်မှာ ဓမ္မဆိုတဲ့ သဘောတွေသာရှိတယ်။ ခန္ဓာတွေ သာရှိတယ်၊ အာယတနတွေသာ ရှိတယ်၊ ဓာတ်တွေသာရှိတယ်၊ သစ္စာသာရှိတယ် စသည်ဖြင့် ထုတ်ပြတယ်။ အဲဒီလိုထုတ်ပြပြီး အဲဒီဓမ္မဆိုတာတွေရဲ့ သဘောတွေကို ဝေဖန်ပြတယ်။ စိတ်တစ်ခု တစ်ခုမှာ သုံးဝါရ သုံးဝါရစီပါပဲ၊ အင်မတန်ကျယ်ပါတယ်၊ တစ်ဝါရ တစ်ဝါရမှာလည်း မာတိကာရော ပဒဘာဇနီရော ဆိုတော့ အများကြီးပါပဲ၊ ဒါဟာ အဘိဓမ္မာက သုတ္တန်ထက် ထူးခြားပြီး ဟောထားပုံ လွန်ကဲပုံတွေပါပဲ၊ ပါဠိကို လပြည့်နေ့က ရွတ်ဆိုပြခဲ့ပြီးပါပြီ၊ ဒါပေမယ့် ဒီကနေ့လည်း ထပ်ပြီး အာရုံပြုရအောင် ရွတ်လိုက်ဦးမယ်။
“ကတမေ ဓမ္မာ ကုသလာ။
ကုသလာ - ကုသိုလ်ဖြစ်ကုန်သော၊
ဓမ္မာ - တရားတို့ဟူသည်၊
ကတမေ - အဘယ်သည်တို့နည်း”
လို့ မေးခွန်း ထုတ်လိုက်ပါတယ်။
“ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ၊ သောမနဿ သဟဂတံ ဉာဏသမ္ပယုတ္တံ (အသင်္ခါရိကံ) (ဒီပထမစိတ်မှာကတော့ အသင်္ခါရိကရယ်လို့ တိုက်ရိုက်ဖော်ပြ မထားပါဘူး၊ နောက်က ဒုတိယစိတ်ကျတော့ခါမှ သသင်္ခါရေနလို့ ဖော်ပြထားပါတယ်)၊ ဒီမှာ အသင်္ခါရိကနဲ့ သသင်္ခါရိကစိတ် ဒီနှစ်ခုက ယှဉ်ဖော်ယှဉ်ဖက် တရားအနေနဲ့ အတူတူပါပဲ”
မတိုက်တွန်းရဘဲနဲ့ ဖြစ်တဲ့စိတ်ကို အသင်္ခါရိကစိတ်လို့ ခေါ်တယ်၊ တိုက်တွန်းမှ ဖြစ်တဲ့ စိတ်ကိုတော့ သသင်္ခါရိကစိတ်လို့ ခေါ်တယ်။ ပါဝင်တဲ့ တရားတွေကတော့ အနည်း အများ မထူးခြားပါဘူး၊ ၅၆-ပါး ပါပဲ၊ အဲဒါကြောင့် ဒီမှာ တစ်ပေါင်းတည်းဖြေကြားပြီး ပြထားပါတယ်။
“သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်၊ သသင်္ခါရိကစိတ် ဖြစ်ခိုက်၌” လို့ မြတ်စွာဘုရားက ပါဝင်တဲ့ တရားအမည်တွေကိုဖော်ပြီး ဝေဖန် ဟောကြားထားပါတယ်။ အဲဒီ “အမည်ထုတ်၍ ဟောထားသော တရား တို့မှာ” ဆိုတဲ့ ဒီစာပိုဒ်က “ဤ (၅၆) ပါးပင်ဖြစ်သည်” ဆိုတဲ့ အဲဒီ ကောက်နုတ်ချက် စာရွက်ရဲ့ အောက်နားနားမှာရှိတဲ့ စာပိုဒ်မှာလာပြီး ဆက်စပ်ရမယ်၊ ပါဝင်တဲ့ တရားပေါင်း (၅၆) ပါး ဖြစ်တယ်တဲ့၊ တရားကိုယ် အသီးသီးကို စစ်ထုတ်လိုက်လို့ရှိရင် “တရားကိုယ် အားဖြင့် (၃၀) မျှသာရှိသည်” တဲ့၊ (၅၆) ပါးထဲမှာ အမည်တူ ထပ်နေတာတွေက ရှိနေတယ်၊ အဲဒီ ထပ်နေတာတွေကို နုတ်လိုက်လို့ရှိရင် (၃၀) ပဲရှိပါတယ်။
[* မှတ်ချက်။ စာရွက်စာတမ်းဖြင့် ရိုက်နှိပ်စေသည့် တရားကို Comment တွင် ဖတ်ရှု နိုင်ပါသည်]
“ယသ္မိံ သမယေ - အကြင်အခါ၌၊
ကာမာဝစရံ - ကာမာဝစရ ဖြစ်သော၊
သောမနဿ သဟဂတံ - ဝမ်းမြောက် ဝမ်းသာမှုနှင့်တကွ ဖြစ်သော၊
ဉာဏသမ္ပယုတ္တံ - အသိဉာဏ်နှင့်ယှဉ်သော၊
ကုသလံ စိတ္တံ - ကုသိုလ်စိတ်သည်၊
ဥပ္ပန္နံ ဟောတိ - ဖြစ်ပေါ်၏” တဲ့။
အဲဒါ ကုသိုလ်စိတ်ဖြစ်ပုံပါပဲ။ အဲဒီ ကုသိုလ်စိတ်ဟာ ဘယ်ကို အာရုံပြုပြီး ဖြစ်သလဲဆိုရင်-
“ရူပါရမ္မဏံ ဝါ သဒ္ဒါရမ္မဏံ ဝါ ဂန္ဓာရမ္မဏံ ဝါ ရသာရမ္မဏံ ဝါ ဖောဋ္ဌဗ္ဗာရမ္မဏံ ဝါ ဓမ္မာရမ္မဏံ ဝါ တဲ့၊ အာရုံခြောက်ပါးတွင် တစ်ပါးပါးကို အာရုံပြုပြီးတော့ ဖြစ်တယ်တဲ့၊ နောက်ဆုံး “ယံ ယံ ဝါပနာရဗ္ဘ၊ ဘယ်အာရုံ ကိုပဲဖြစ်ဖြစ် တစ်ခုခုကို အာရုံပြုပြီးဖြစ်တယ်” တဲ့။
“တသ္မိံ သမယေ - ထိုအခါ၌၊
ဖဿော ဟောတိ - ဖဿဆိုတဲ့ တရားလည်း ဖြစ်သည်၊
ဝေဒနာ ဟောတိ - ဝေဒနာဆိုတဲ့ တရားလည်း ဖြစ်သည်၊
သညာ ဟောတိ - သညာဆိုတဲ့ တရားလည်း ဖြစ်သည်၊
စေတနာ ဟောတိ - စေတနာဆိုတဲ့ တရားလည်း ဖြစ်သည်၊
စိတ္တံ ဟောတိ - စိတ်ဆိုတဲ့ တရားလည်း ဖြစ်သည်” တဲ့။
အဲဒါဟာ ဖဿပဉ္စမက တရားတဲ့၊ အဋ္ဌကထာက ပေးထားတဲ့အမည်ပါပဲ။ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ စိတ် အဲဒီ ငါးပါးသော တရားတွေ ပါဝင်တယ်တဲ့၊ ကာမာဝစရကုသိုလ်စိတ်ဆိုတာ အခု ဒါနကုသိုလ်၊ သီလကုသိုလ် သမထ ဘာဝနာကုသိုလ် အဲဒီကုသိုလ်တွေ ဖြစ်နေတဲ့ဟာပါပဲ။ ပြီးတော့ အခုလို တရားနာနေတဲ့အခါမှာဖြစ်တဲ့ ကုသိုလ်၊ တရားဟောနေတဲ့ ပုဂ္ဂိုလ်မှာလည်း ဒီကုသိုလ်ပါပဲ၊ နောက်ပြီးတော့ ကုသိုလ်မှုတွေ ပြုတိုင်းပြုတိုင်း ဒီကာမာဝစရ ကုသိုလ်စိတ်ချည်း ပါပဲ၊ အဲဒီ ကုသိုလ်စိတ်ဖြစ်တဲ့အခါတိုင်း ဘယ်မျှလောက်သော တရားတွေ ပါဝင်သလဲဆိုရင် ၅၆-ပါးသော တရားတွေ ပါဝင်တယ်တဲ့။
သာမန်ပုဂ္ဂိုလ်တွေရဲ့ အနေနဲ့ကတော့ စိတ်တစ်ခုလောက်ကိုပဲ ထင်ရှားသိနေပါတယ်။ ဒီပြင်တရားတွေကို သိပ်ပြီး ထင်ရှားမသိပါဘူး၊ ဒါပေမယ့် အဲဒီ ကုသိုလ်စိတ်ဖြစ်တိုင်း ဖြစ်တိုင်း မှာကတော့ စိတ်နဲ့အာရုံ တွေ့ဆုံတဲ့ သဘောဟာ ထင်ရှားပါတယ်။ အဲဒါကို ဖဿလို့ခေါ်တယ်၊ စိတ်နဲ့အာရုံ မတွေ့ဘဲနဲ့ကတော့ ဒီဖဿက မဖြစ်လာပါဘူး၊ စိတ်နဲ့အာရုံ တွေ့မှပဲ ဖြစ်နိုင်ပါတယ်။
ဘုရားကို အာရုံပြုတယ်ဆိုရင် ဘုရားအာရုံနဲ့စိတ် တွေ့ဆုံကြပါမှ၊ ပေးကမ်းလှူဒါန်း တယ် ဆိုရင်လည်း အလှူခံ ပုဂ္ဂိုလ်ကို အာရုံပြုတာလည်းရှိတယ်၊ အဲဒါလည်း အာရုံနဲ့စိတ် တွေ့ဆုံပါမှ၊ အခုလို တရားနာတဲ့ အခါမှာလည်း ကြားရတဲ့ အသိအာရုံ နဲ့စိတ် တွေ့ဆုံပါမှ ဖဿဖြစ်တယ်၊ အဲ ရဟန်း သံဃာတော်တွေကို မြင်တယ်ဆိုရင် လည်း မြင်ရတဲ့ အဆင်းအာရုံနဲ့စိတ် တွေ့ဆုံပါမှ ဖဿဆိုတာက ဖြစ်နိုင်ပါတယ် - တဲ့။
တွေ့မှု ဖဿဖြစ်ပြီ ဆိုရင်လည်း ခံစားမှု ဝေဒနာ ဖြစ်တော့တာပဲ၊ အာရုံကို လိုက်ပြီးတော့ ကောင်းရင် သောမနဿဖြစ်တယ်၊ သောမနဿ မဖြစ်တဲ့အခါမှာတော့ ဥပေက္ခာဖြစ်တယ်၊ ကုသိုလ်အရာ ဖြစ်လို့ အာရုံကတော့ မကောင်းဘူးရယ်လို့ မရှိပါဘူး၊ အဲဒီလို အာရုံအလိုက် ခံစားမှုဟာ ဝေဒနာ ဖြစ်တာပါပဲ။
မှတ်သားမှု သညာလည်း ဖြစ်တယ်၊ ဘယ်လိုဟာကို မြင်ရတယ်၊ ဘယ်လိုဟာကို ကြားရတယ် စသည်ဖြင့် အမှတ်အသားလည်း ပါဝင်နေတာပဲ၊ အဲဒါဟာ မှတ်သားတဲ့ သညာဖြစ်တာပဲ၊ နောက်ပြီး စေ့ဆော် တိုက်တွန်းတဲ့ စေတနာ ဆိုတာလည်း ပါဝင်နေတယ်၊ ဒါကတော့ စိတ်တိုင်းမှာ သိပ်ပြီး မထင်ရှားဘူး၊ လှူဒါန်းပေးကမ်းတဲ့ အခါကာလမှာ လှူဒါန်းဖွယ် ပစ္စည်းတွေကို ကိုယ်တိုင် ကိုင်တွယ်ပြီးတော့ ပေးလှူတာတို့၊ နှုတ်ကဆိုတာတို့ အဲဒီလိုအခါများမှာ ဆိုရင်တော့ ဒီ တိုက်တွန်းမှု ဆိုတဲ့ စေတနာဟာ ထင်ရှားတယ်၊ တိုက်တွန်းတဲ့ သဘောလေး စိတ်ထဲမှာကို ပါဝင်နေပါတယ်၊ စိတ်ဆိုတာ ကိုတော့ ခုနက ပြောပြီးပါပြီ။
ဒီငါးခုတော့ ပါတာချည်းပဲ
အဲဒီတရား ငါးပါးကတော့ စိတ်တစ်ခု၊ တစ်ခု ဖြစ်တိုင်း, ဖြစ်တိုင်း ပါဝင်နေပါတယ်၊ မထင်ရှားတာနဲ့ ထင်ရှားတာလောက်ပဲ ခြားနားတယ်၊ အမှန်ကတော့ ဒီတရား ငါးပါးသာ မကဘူး၊ ရှစ်ပါးလည်း ပါဝင်တာပဲ၊ အဘိဓမ္မတ္ထသင်္ဂဟ ကျမ်းမှာလည်း အဲဒါတွေကို မှတ်သားလွယ်အောင်လို့ အသေ အချာ ပေါင်းပြီးတော့ ပြထားပါတယ်၊ အဘိဓမ္မာတရားတွေကို လေ့လာချင်လို့ ရှိရင်တော့ အဘိဓမ္မတ္ထ သင်္ဂဟကျမ်း (သဂြိုဟ်ကျမ်း)ကို လေ့လာတာဟာ အင်မတန် ကောင်းပါတယ်၊ သိလည်း သိလွယ်နိုင်ပါတယ်။
အခု ဟောနေတဲ့ ပါဠိတော် အတိုင်းကတော့ ကုသိုလ်လည်းဖြစ်၊ ဗဟုသုတလည်း ဖြစ်အောင်လို့ ဟောစဉ်အနေနဲ့ကလည်း အစဉ်ကျရောက်လာတာ ဖြစ်အောင် ဟောနေတာပါပဲ၊ ဒီပါဠိတော် အတိုင်း ကတော့ မှတ်ရတာ တယ်ပြီး မလွယ်လှပေဘူး၊ ဒီ ဖဿပဉ္စမက တရားငါးပါးလောက်သာ ဒီနေရာမှာ မှတ်ထားလိုက်ဦး ပေါလေ၊ ဝိသုဒ္ဓိမဂ် မြန်မာပြန် တတိယတွဲလည်း မကြာခင်မှာ ထွက်လာပါလိမ့်မယ်၊ အဲဒါ ပုံနှိပ်ပြီးစီးတာ ကတော့ ကြာပါပြီ၊ ချုပ်လို့က မပြီးသေးတာနဲ့ နှောင့်နှေး နေတာပဲနဲ့ တူပါတယ်၊ တစ်လလောက်တောင်မှ ရှိသွားပါပြီ၊ အဲဒီ တတိယတွဲထဲမှာလည်း ဒီ စိတ် စေတသိက်တွေ ရေတွက်ပုံကို အဘိဓမ္မာပါဠိတော်နည်း အတိုင်းပဲ ပြထားပါတယ်၊ ဒါပေမယ့် အခု ဟောတာလောက်ကတော့ မကျယ်ဝန်းပါဘူး၊ ပါဠိတော်နည်းက ပိုပြီး ကျယ်ဝန်းတာဖြစ်လို့ အခုပါဠိတော်အတိုင်း ဟောရာမှာ ပိုပြီး ကျယ်ဝန်းနေပါတယ်။
ကိုင်း ဖဿပဉ္စမက တရားငါးပါး ဆိုတာကို မှတ်မိအောင် ဆိုကြစို့၊ လိုက်ဆိုကြ -
“ဖဿ ဝေဒနာ သညာ စေတနာ စိတ်၊
ဖဿပဉ္စမက တရားငါးပါး” (သုံးခေါက်)
ဖဿပဉ္စမကဆိုတာ ဖဿလျှင် ငါးခုမြောက်ရှိတဲ့ တရားတဲ့၊ အဲဒီအထဲမှာ ကြည့်ရင် ဖဿမှစပြီး ရေတွက်ရင်တော့ ဖဿလျှင် ငါးခုမြောက် ဆိုတာက ပြောင်းပြန် ဖြစ်နေတာပေါ့လေ၊ ဒါပေမယ့်လို့ ဖဿက ခေါင်းဆောင်ဖြစ်လို့ အဲဒါကို ငါးခုမြောက် လို့ပဲ ဆိုရပါတယ်၊ အဲဒီ ငါးပါးတို့ဟာ သမ္ပယုတ္တဓမ္မ အနေနဲ့ တစ်ပေါင်းတည်း၊ တစ်ခါတည်း ယှဉ်ပြီးဖြစ်ကြတာပေါ့၊ ဘယ်စိတ်ပဲဖြစ်ဖြစ် ဒီငါးပါးကတော့ ပါဝင်တာ ချည်းပါပဲ၊
ကုသိုလ်စိတ်မှာသာ ပါဝင်တာ မဟုတ်သေးဘူး၊ အကုသိုလ်စိတ်မှာလည်း ပါတယ်၊ ဝိပါက်စိတ်၊ ကြိယာစိတ်ဖြစ်တဲ့ အဗျာကတစိတ်တွေမှာလည်း ဒီငါးပါးဟာ ပါတာပဲ၊ ဒါပေမယ့် တစ်ပြိုင်တည်း ဒီတရားတွေ အားလုံး ထင်ရှားတာ မဟုတ်ဘူး၊ စိတ်ကသာ ထင်ရှားတာပဲ၊ တစ်ခါတစ်ရံမှာ ခံစားမှု ဝေဒနာက ထင်ရှားတယ်၊ တစ်ခါတစ်ရံ တွေ့ထိမှု ဖဿက ထင်ရှားတယ်၊ တိုက်တွန်းမှု စေတနာကတော့ ကြောင့်ကြစိုက်တဲ့ အခါကျမှပဲ ထင်ရှားပါတယ်။ အဲဒါ ဖဿ ပဉ္စမက တရားငါးပါးတဲ့၊ အဲဒီ တရားတွေကို မြတ်စွာဘုရားရှင်က -
“တသ္မိံသမယေ - ထိုအခါ၌၊
ဖဿော ဟောတိ - ဖဿလည်း ဖြစ်တယ်၊
ဝေဒနာ ဟောတိ - ဝေဒနာလည်းဖြစ်တယ်၊
သညာ ဟောတိ - သညာလည်းဖြစ်တယ်၊
စေတနာ ဟောတိ - စေတနာလည်း ဖြစ်တယ်၊
စိတ္တံ ဟောတိ - စိတ်လည်းဖြစ်တယ်” လို့
ကာမာဝစရကုသိုလ် ပထမစိတ်နဲ့ ဒုတိယစိတ် ဒီနှစ်ခုကို ရှင်းအောင်လို့ ဒီမှာ တစ်ပေါင်းတည်း ပေါင်းပြီး ပြထားတယ်။
ကာမာဝစရ ကုသိုလ် ဝေဖန်ပုံ အကျဉ်းချုပ် ကောက်နုတ်ချက်
[ဤသည်မှာ စာရွက်စာတမ်းဖြင့် ရိုက်နှိပ်စေသည့် တရားတို့ဖြစ်၏။]
၁။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်, သသင်္ခါရိကစိတ် ဖြစ်ခိုက်၌ အမည်ထုတ်၍ ဟောထားသော တရားတို့မှာ -
ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ စိတ်၊ (ဖဿပဉ္စမက ၅)
ဝိတက်၊ ဝိစာရ၊ ပီတိ၊ (သုခ) ဧကဂ္ဂတာ၊ (ဈာနင် ၅)
သဒ္ဓါ၊ ဝီရိယ၊ သတိ၊ (သမာဓိ) ပညာ၊ (မန၊ သောမနဿ) ဇီဝိတ၊ (ဣန္ဒြေ ၈)
(သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ) (မဂ္ဂင် ၅)
(သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ) ဟိရီ၊ ဩတပ္ပ (ဗိုလ် ၇)
အလောဘ၊ အဒေါသ၊ (အမောဟ) (မူလ ၃)
(အနဘိဇ္ဈာ၊ အဗျာပါဒ၊ သမ္မာဒိဋ္ဌိ) (ကမ္မပထ ၃)
(ဟိရီ၊ ဩတ္တပ္ပ) (လောကပါလ ၂)
ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ၊ ကာယလဟုတာ၊ စိတ္တလဟုတာ၊
ကာယမုဒုတာ၊ စိတ္တမုဒုတာ၊ ကာယကမ္မညတာ၊ စိတ္တကမ္မညတာ၊
ကာယပါဂုညတာ၊ စိတ္တပါဂုညတာ၊ ကာယုဇုကတာ၊ စိတ္တုဇုကတာ၊ (အစုံတရား ၁၂)
(သတိ၊ သမ္ပဇဉ်) (ဥပကာရတရား ၂)
(သမထ၊ ဝိပဿနာ) (ယုဂနဒ္ဓတရား ၂)
(ပဂ္ဂါဟ၊ အဝိက္ခေပ) (ညီမျှစေအပ်သည့်တရား ၂)
[မှတ်ချက်]
လက်သည်းကွင်းဖြင့် ရှေးနှင့်တရားကိုယ် ထပ်တူဖြစ်ကြောင်း ပြသည်။
ဤ (၅၆) ပါးပင် ဖြစ်သည်။ တရားကိုယ်အားဖြင့် ၃၀ မျှသာရှိသည်။
ယေဝါပနအရ အဋ္ဌကထာ၌ ပြထားသော တရားတို့မှာ -
ဆန္ဒ၊ အဓိမောက္ခ၊ မနသိကာရ၊ တတြမဇ္ဈတ္တတာ (အမြဲယှဉ် ၄ ပါး)
ကရုဏာ၊ မုဒိတာ (ရံခါယှဉ်၊ အပ္ပမညာ ၂)
သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ (ရံခါယှဉ်၊ ဝိရတီ ၃)
ဤ (၉) ပါးတို့ပင်ဖြစ်သည်၊ ၂-ရပ်ပေါင်းလျှင် တရားကိုယ် ၃၉-ပါး ဖြစ်သည်။
၂။ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိကစိတ်, သသင်္ခါရိကစိတ် ဖြစ်ခိုက်၌ ယင်း ၃၉-ပါးမှ ဉာဏ်-ပညာ မပါ၊ ၃၈-ပါးဖြစ်သည်။
၃။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်, သသင်္ခါရိကစိတ်ဖြစ်ခိုက်၌ ယင်း ၃၉-ပါးမှ ပီတိ မပါ ၃၈-ပါး ဖြစ်သည်။
၄။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိကစိတ်, သသင်္ခါရိကစိတ် ဖြစ်ခိုက်၌ ယင်း ၃၉-ပါးမှ ဉာဏ်ပညာနှင့် ပီတိ မပါ ၃၇-ပါးဖြစ်သည်။
မှတ်ချက်။ ။
လက်သည်းကွင်းဖြင့် ရှေးနှင့် ထပ်တူဖြစ်ကြောင်း ပြသည်။ နောက်၌လည်း နည်းတူပင်။
ဈာနင် ငါးပါး
ပြီးတော့ ဈာန်အင်္ဂါငါးပါး ဖြစ်ပုံကိုလည်း ပြထားပြန်တယ်၊ အဲဒါက ဒီလိုတဲ့။
“ဝိတက္ကော ဟောတိ၊ ဝိစာရော ဟောတိ၊ ပီတိ ဟောတိ၊ သုခံ ဟောတိ၊ စိတ္တဿေကဂ္ဂတာ ဟောတိ” တဲ့။ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ဆိုတဲ့ ဈာန်အင်္ဂါ(ဈာနင်)ငါးပါးတွေလည်း ဖြစ်တယ်” တဲ့။
အဲဒီ ဝိတက်စသည် တစ်ပါးတစ်ပါးစီကို ဈာန်အင်္ဂါလို့ခေါ်တယ်။ ဒီဈာန်နဲ့ ယှဉ်တဲ့စိတ်ကိုတော့ ဈာန်စိတ်လို့ ခေါ်တယ်တဲ့၊ ဈာန်စိတ်က ဈာန်အင်္ဂါတို့၏ ယှဉ်ပုံကို လိုက်ပြီးတော့ ငါးမျိုးရှိတယ်၊ ဘယ်လိုလည်းဆိုရင် ဈာန်အင်္ဂါငါးပါးနဲ့ ပြည့်စုံတဲ့ (ယှဉ်တဲ့) စိတ်ကို ပထမဈာန်လို့ ခေါ်တယ်၊ နောက် ဝိတက်မပါဘဲ ဝိစာရကစပြီး ဈာန်အင်္ဂါလေးပါးရှိတဲ့စိတ်ကို ဒုတိယဈာန်စိတ်၊ နောက် ပီတိကစပြီး သုံးပါးရှိတဲ့ စိတ်ကို တတိယဈာန်စိတ်၊ သုခမှစပြီး နှစ်ပါးရှိတဲ့စိတ်ကို စတုတ္ထဈာန်စိတ်၊ သုခမပါဘဲ ဥပေက္ခာနဲ့ ဧကဂ္ဂတာ ဈာန်အင်္ဂါနှစ်ပါးရှိတဲ့စိတ်ကို ပဉ္စမဈာန်စိတ်လို့ ခေါ်ပါတယ်။ ဈာန်ရတယ်, ဈာန်ရတယ်ဆိုတာဟာ ဒီဝိတက် စသည်တွေ ထူးထူးကဲကဲ ဖြစ်နေတာကို ခေါ်တာ ပါပဲ၊ ကဲ ဒါကိုလည်း ဆိုကြဦးစို့ရဲ့။
“ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ၊ ဈာနင်ငါးပါး” (၃-ခေါက်ဆို)
“အဲဒီ ဈာန်အင်္ဂါတွေ ထူးထူးကဲကဲ ဖြစ်နေတဲ့ပုဂ္ဂိုလ်ကို ဈာန်ရတဲ့ပုဂ္ဂိုလ်လို့ ဆိုရတယ်” တဲ့၊ ဈာန်ရတဲ့ ပုဂ္ဂိုလ်ဖြစ်ချင်လို့ရှိရင် ဒီဈာန်အင်္ဂါတွေ ထူးထူးကဲကဲ ဖြစ်လာအောင် အားထုတ်ရတယ်၊ အားထုတ်တဲ့ အခါမှာ တရားတော်လာတဲ့ နည်းလမ်းအတိုင်း ကျကျနန လိုက်နာအားထုတ်ရတယ်။
ဈာန်အင်္ဂါ ငါးပါးထဲမှာ ဧကဂ္ဂတာ ဆိုတာကတော့ စိတ်တိုင်း စိတ်တိုင်းမှာ ပါတယ်၊ ဘာစိတ်မှာပဲ ဖြစ်ဖြစ် ဧကဂ္ဂတာကတော့ ပါဝင်နေတာပဲ၊ သမာဓိဆိုတာ ဒီ ဧကဂ္ဂတာ ကို ခေါ်တယ်။ အားကောင်းတာနဲ့ အားမကောင်းတာ လောက်ပဲ ထူးခြားပါတယ်၊ စက္ခုဝိညာဉ်၊ သောတဝိညာဉ် အစရှိတဲ့ ဝိပါက်စိတ်တွေဆိုတာ ရှိတယ်၊ အဲဒီ စိတ်တွေမှာတော့ မြင်ရုံမျှ၊ ကြားရုံမျှ စသည်ဖြစ်လို့ ဧကဂ္ဂတာက သိပ်ပြီး အားမကောင်းလှပါဘူး၊ သုခဆိုတာလေးကို ဘုန်းကြီးက ပြထားတဲ့ ဒီဆောင်ပုဒ် စာမျက်နှာထဲမှာ လက်သည်းကွင်းလေးနဲ့ ပြထားတယ်။ အောက်မှာ အမှာလည်း ပါသေးတယ်၊ (မှတ်ချက်) တဲ့၊ လက်သည်းကွင်းဖြင့် ရှေ့နှင့် ထပ်တူဖြစ်ကြောင်းများကို ပြသည်။ အဲဒီသုခက ရှေ့က ပါခဲ့ပြီးနဲ့ ထပ်တူဖြစ်နေပြီ၊ တရားအသစ် မဟုတ်ဘူး လို့ ဆိုလိုတယ်၊ ရှေ့က ဘာနဲ့ထပ်တူ ဖြစ်နေသလဲ ဆိုရင် ဝေဒနာဆိုတာနဲ့ ထပ်နေတယ်၊ သုခဆိုတာလည်း ဝေဒနာပဲ၊ ဒီစိတ်မှာတော့ ဝေဒနာကို သုခလို့ ဆိုထားတယ်၊ ဒုက္ခဝေဒနာလည်း မဟုတ်၊ ဥပေက္ခာဝေဒနာလည်း မဟုတ်ဘူး၊ သောမနဿ ဝေဒနာကိုပဲ ဒီနေရာမှာ သုခလို့ ဆိုထားတယ်၊ အတိုးအပွား မရှိပါဘူး။ ဒါကြောင့် ဒါလေးကို လက်သည်းကွင်း ကလေးနဲ့ ပြထားတယ်၊ တရားကိုယ် တိတိကျကျ ရေတွက်ချင်လို့ ရှိရင်ဖြင့် အဲဒီ လက်သည်းကွင်းထဲက ဟာလေးကို နုတ်ပြီးတော့ ကျန်တဲ့ဟာတွေကို ပေါင်းပြီး ရေတွက်ရုံပါပဲ။
ဝိပဿနာရှုနေတဲ့ ပုဂ္ဂိုလ်တွေမှာ ဝိတက် ထင်ရှားနေတာလည်း ရှိတယ်၊ ဝိစာရ ထင်ရှား နေတာလည်း ရှိတယ်၊ ဒီလို တစ်ခုခု ထင်ရှားနေတတ်တယ်၊ ဥဒယဗ္ဗယ ဉာဏ်တွေ ကျတော့ ပီတိတွေ အလှိုင်းတကြီး ဖြစ်နေတာတွေလည်း ရှိတာပဲ၊ စိတ် ချမ်းသာမှု သုခဆိုတာလည်း ထင်ရှားရှိနေတာပဲ၊ ဧကဂ္ဂတာ ဆိုတာကတော့ သမာဓိ ရလာကတည်းက မှတ်တိုင်းမှတ်တိုင်း အာရုံတွေမှာ ကပ်ခနဲ ကပ်ခနဲ ဖြစ်နေတဲ့ သဘောဟာ ထင်ရှားတယ်၊ အဲဒါဟာ သမာဓိပါပဲ၊ ဝိပဿနာဈာန် ဆိုတာ ဒါတွေပဲ ဖြစ်တယ်၊ ဒီဈာန်တရား တွေလည်း ကုသိုလ်စိတ်ဖြစ်တဲ့ အခါမှာ ပါဝင်ကြတယ်တဲ့။
ဣန္ဒြေတရားစု
နောက်ပြီးတော့ ဣန္ဒြေတွေကို ဟောပြန်ပါတယ်၊ ပါဠိဆိုရင် -
“သဒ္ဓိန္ဒြိယံ ဟောတိ၊ ဝီရိယိန္ဒြိယံ ဟောတိ၊ သတိန္ဒြိယံ ဟောတိ၊ သမာဓိန္ဒြိယံ ဟောတိ၊ ပညိန္ဒြိယံ ဟောတိ၊ မနိန္ဒြိယံ ဟောတိ၊ သောမနဿိန္ဒြိယံ ဟောတိ၊ ဇီဝိတိန္ဒြိယံ ဟောတိ”
ဒီလို ဟောကြားထားတယ်၊ ဣန္ဒြေရှစ်ပါး၊ ဒီအထဲမှာလည်း သမာဓိန္ဒြေဆိုတာ ဖော်ပြခဲ့တဲ့ ဧကဂ္ဂတာနဲ့ အတူတူပဲ၊ ဒါကြောင့် လက်သည်းကွင်းမှာ “ဒါဟာ အသစ် မဟုတ်ဘူး၊ အဟောင်းပဲ” လို့ ပြောထားတာ။
မနိန္ဒြေ ဆိုတာ မန - စိတ်ပဲ၊ ဖဿပဉ္စမက တရားထဲက စိတ်ဆိုတာနဲ့ အတူတူပဲ၊ သောမနဿိန္ဒြေ ဆိုတာ သုခဝေဒနာနဲ့ အတူတူပဲ၊ သုခ ဆိုတာဟာလည်း ဒီနေရာမှာ သောမနဿလို့ ဆိုလိုတာပဲ၊ အဲဒီလို ထပ်နေကြတယ်၊ ဒီတော့ ဣန္ဒြေရှစ်ပါးထဲမှာ သုံးပါး ထပ်နေတယ်၊ ဒါကြောင့် တရားသစ် အနေနဲ့ ၅-ပါးပဲ ရှိတယ်။
“သဒ္ဓါ, သတိ, ဝီရိယ, ပညာ, ဇီဝိတ တဲ့၊ တရားကိုယ်အားဖြင့်တော့ ဒီငါးပါးပဲ ကောက်ယူရတယ်၊ ဣန္ဒြေ ရှစ်ပါးလုံးကို ဆိုလိုက်ကြဦးစို့ -
“သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ, မန, သောမနဿ, ဇီဝိတ - ဣန္ဒြေရှစ်ပါး” (၃-ခေါက်ဆို)
ပါဠိအခေါ်နဲ့ဆိုရင် “သဒ္ဓိန္ဒြိယံ, ဝီရိယိန္ဒြိယံ, သတိန္ဒြိယံ, သမာဓိန္ဒြိယံ, ပညိန္ဒြိယံ, မနိန္ဒြိယံ, သောမနဿိန္ဒြိယံ၊ ဇီဝိတိန္ဒြိယံ” လို့ ဒီလိုခေါ်ရပါတယ်။ ဒီမှာတော့ စာတိုအောင်လို့ တရားကိုယ် အမည်လောက်ပဲ ရေးထားတယ်၊ သဒ္ဓိန္ဒြိယံ စသည်ဖြင့် ဆိုနေရင် စာကြောင်းတွေ ဆံ့မှာ မဟုတ်ဘူး။
အဲဒီအထဲမှာ သဒ္ဓါ ဆိုတာ ပါတယ်၊ အဲဒါက ဝိတက်, ဝိစာရ, ပီတိတို့လိုပဲ၊ စိတ်တိုင်း, စိတ်တိုင်းမှာ ရှိတာ မဟုတ်ဘူး၊ တစ်ချို့စိတ်မှာသာ ပါဝင်ပြီး တစ်ချို့စိတ်မှာ မပါဝင်ဘူး။ ဝိတက်ဆိုတာ မြင်ကာမျှ, ကြားကာမျှဆိုတဲ့ ဒွေပဉ္စဝိညာဉ် စိတ်တွေမှာ မပါဘူး၊ ဝိစာရဆိုတာလည်း အတူတူပဲ၊ ပြီးတော့ ဝိတက်ဟာ ဒုတိယဈာန်စိတ် စသည် အထက် အထက် စိတ်တွေမှာ မပါဘူး၊ ဝိစာရက တတိယဈာန်စိတ် စသည် အထက်အထက် စိတ်တွေမှာ မပါဘူး၊ ပီတိက စတုတ္ထဈာန်, ပဉ္စမဈာန်စိတ်တွေမှာ မပါမရှိဘူး၊ နောက်ပြီးတော့ ဥပေက္ခာ သဟဂုတ်တို့ ဒေါသမူဒွေတို့မှာ မရှိဘူး၊ သောမနဿ ဝမ်းမြောက်ဝမ်းသာ ဖြစ်မှသာ ပီတိဆိုတာ ဖြစ်တာပဲ၊ အဲဒါတွေက စိတ်တိုင်း စိတ်တိုင်းမှာ မယှဉ်ဘူး၊ တစ်ချို့ တစ်ချို့စိတ်မှာသာယှဉ်တယ်၊ သဒ္ဓါဆိုတာ ကလည်း ဒီ ကုသိုလ်စိတ် မှာတော့ ယှဉ်ပါတယ်၊ အကုသိုလ်စိတ် မှာကျတော့ မယှဉ်ဘူး။
ဝီရိယဆိုတာကတော့ ကုသိုလ်မှာ လည်းယှဉ်၊ အကုသိုလ်မှာလည်း ယှဉ်တာပဲ၊ ကုသိုလ်ကိုပဲ လုပ်လုပ်၊ အကုသိုလ် ကိုပဲလုပ်လုပ် ဝီရိယနဲ့ ပြုလုပ်တာတွေ ရှိပါတယ်၊ သတိ အမှတ်ရမှုကတော့ ကုသိုလ်သက်သက်ပဲ၊ အကုသိုလ်စိတ်မှာ မရှိဘူး၊ သမာဓိဆိုတာ ဧကဂ္ဂတာပဲ၊ သူကတော့ စိတ်အားလုံးမှာ ရှိပါတယ်၊ ပညာဆိုတာက ကုသိုလ်မှာသာရှိတယ်၊ အကုသိုလ်မှာ မရှိဘူး၊ မန နဲ့ သောမနဿတွေက ထပ်နေပြီ၊ ဇီဝိတ ဆိုတာကတော့ စိတ်တိုင်းစိတ်တိုင်း မှာ ရှိတယ်၊ ဇီဝိတ မရှိဘဲနဲ့ စိတ်, စေတသိက် သဘောတရားတွေ မဖြစ်နိုင်ဘူး။ သူက နာမ်တရားတို့ရဲ့ သက်စောင့် တရားပဲ။
ရှင်နာဂသိန်က ချီးကျူးတယ်
ဖဿပဉ္စမက တရားငါးပါးရယ်၊ စိတ်တိုင်းမှာပါတဲ့ ဧကဂ္ဂတာရယ် ပေါင်းလိုက်တော့ ၆-ပါး၊ ဇီဝိတပါ ထည့်လိုက်ရင် ၇-ပါး၊ အဲဒီ ၇-ပါးကတော့ ဘယ်စိတ်ဖြစ်ဖြစ် ပါနေတာချည်းပဲ၊ ပြီးတော့ ယေဝါပနာက တရားထဲမှာ ဟောထားတာ ရှိသေးတယ်။ အဲဒါကတော့ မနသိကာရပဲ၊ မနသိကာရပါ ထည့်လိုက်ရင် ရှစ်ပါး၊ အဲဒီရှစ်ပါးဟာ ဘယ်စိတ်ဖြစ်ဖြစ် ပါဝင်တာချည်းပဲ၊ ကုသိုလ်, အကုသိုလ်, ဝိပါက်, ကြိယာ အကုန်ပါတာ ချည်းပဲ။
ဖဿ, ဝေဒနာ, သညာ, စေတနာ, စိတ်, ဧကဂ္ဂတာ, ဇီဝိတ, မနသိကာရ - တဲ့။
အဘိဓမ္မတ္ထ သင်္ဂဟ ကျမ်းမှာတော့ မှတ်လို့လွယ်ကူအောင် “သဗ္ဗစိတ္တ သာဓာရဏ စေတသိက်” ဆိုတဲ့ နာမည်နဲ့ ရေးထားတယ်၊ “ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတိန္ဒြိယ, မနသိကာရ” ဆိုတဲ့ ဒီ ခုနစ်ပါးကို စိတ်အားလုံးနဲ့ ဆက်ဆံတဲ့ စေတသိက်လို့ အမည်ပေးထားတယ်၊ မှတ်လို့ လွယ်အောင်ပါပဲ။
ဒီမှာတော့ မြတ်စွာဘုရား ဟောတော်မူထားတဲ့ ဒေသနာ အစဉ်အတိုင်း ဆိုတော့ ဖဿပဉ္စမက တရားက တစ်စု၊ ဈာနင်က တစ်စု၊ ဣန္ဒြေက တစ်စု စသည်ဖြင့် ဟောထားတယ်၊ မနသိကာရကို ဘယ်အစုထဲမှ ထည့်မရတာနဲ့ ဒီမှာ အလွတ် ဖြစ်နေတယ်။ ဒါကြောင့် “ယေဝါပနက” အဖြစ်နဲ့ ဟောကြားထားတယ်၊ ဒီတော့ သီးခြား ယေဝါပနက တရားစု ထဲမှာထည့်ပြီး ဟောကြားခဲ့ပါတယ်။
ဒီတော့ ဖဿပဉ္စမကတရားက ၅-ခု၊ ဒုတိယပိုဒ်ထဲက ဧကဂ္ဂတာ တစ်ခု၊ တတိယပိုဒ်က ဇီဝိတ တစ်ခု၊ ခုနစ်ခုရသွားပြီ၊ ပြီးတော့ ယေဝါပနက ထဲက မနသိကာရပါ ပေါင်းလိုက်တော့ ရှစ်ခု၊ အဲဒီ ရှစ်ခုသော တရားတွေဟာ စိတ်တိုင်း စိတ်တိုင်း စိတ်နဲ့အတူ တစ်ပေါင်းတည်း ဖြစ်ကြတယ်။ ကုသိုလ်ဖြစ်လည်း တစ်ပေါင်းတည်း၊ အကုသိုလ်ဖြစ်လည်း တစ်ပေါင်းတည်းတဲ့၊ အရှင်နာဂသိန်က ဒီလို ဟောကြားနိုင်တဲ့ မြတ်စွာဘုရားကို ဒီလို ချီးကျူးထားတယ်။
“အာရုံတစ်ခုတည်းမှာ စိတ်, စေတသိက်တွေ တစ်ပြိုင်တည်း ဖြစ်နေတာကို မြတ်စွာဘုရားက ဒါ ဖဿ၊ ဒါ ဝေဒနာ၊ ဒါ သညာ စသည်ဖြင့် တစ်သီးတစ်ခြားစီ ခွဲခြားပြီး ဟောနိုင်တာဟာ တော်တော် တာဝန်ကြီးတာပဲ၊ သဗ္ဗညုတ ဉာဏ်တော်ရှင် မို့သာ ဟောနိုင်တာပဲ” လို့ ချီးကျူးပါတယ်။
ဒီလောက်သာမကသေးဘူး၊ ဒါက အမြဲတမ်း တစ်ပေါင်းတည်း ယှဉ်ရာကိုသာ ပြောတာပဲ၊ စိတ်တစ်ခုတစ်ခုမှ သဘောတရားတွေ ၃၀-တောင်မှ တစ်ပေါင်းတည်း ဖြစ်တယ်ဆိုတာက သာပြီး များပါသေးတယ်။
အဲဒါတွေကို မြတ်စွာဘုရားက ဓမ္မပဋိဂ္ဂါဟက ပုဂ္ဂိုလ်အား သဘာဝဓမ္မတွေ သိပါစေဆိုတဲ့အနေနဲ့ ဟောစဉ်အတိုင်း ဟောကြားထားပါတယ်။
[* မှတ်ချက်။ စာရွက်စာတမ်းဖြင့် ရိုက်နှိပ်စေသည့် တရားကို Comment တွင် ဖတ်ရှု နိုင်ပါသည်]
မဂ္ဂင်အစု
ဣန္ဒြေအစုပြီးတော့ မဂ္ဂင်အစုကို ဟောကြားတော်မူပါတယ်၊ မဂ္ဂင်အစုကို ဟောကြား တော်မူတဲ့ နေရာမှာ -
“သမ္မာဒိဋ္ဌိ ဟောတိ၊ သမ္မာသင်္ကပ္ပေါ ဟောတိ၊ သမ္မာဝါယာမော ဟောတိ၊ သမ္မာသတိ ဟောတိ၊ သမ္မာသမာဓိ ဟောတိ” တဲ့။
သမ္မာဆိုတဲ့ ပါဠိကိုတော့ ထည့်ပြီးဆိုကြရမယ်၊ စာရွက်ထဲမှာ စာတွေ များသွားမှာစိုးလို့ တစ်ကြောင်း၊ သိလည်း သိနိုင်လောက်လို့ တစ်ကြောင်းထည့်ပြီး မရေးတာဘဲ၊ စာရွက်ထဲမှာ ထည့်မရေးပေမယ့် ဆိုတဲ့အခါ ထည့်ဆိုရမယ်၊ ကဲ ဆိုကြ -
သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ (သုံးခေါက်ဆို)
အဲဒီ မဂ္ဂင်ရှစ်ပါးကတော့ လက်သည်းကွင်းနဲ့ အကုန်လုံးသွင်းပြီး ထားပါတယ်၊ အကုန်လုံးပဲ ရှေ့ကနဲ့ တူနေပြီလို့ ဆိုလိုတယ်။ သမ္မာဒိဋ္ဌိ ဆိုတာနဲ့ ရှေ့ဣန္ဒြေထဲမှာ ပညိန္ဒြေဆိုတာနဲ့ အတူတူပဲ၊ သမ္မာသင်္ကပ္ပ ဆိုတာနဲ့ ဝိတက်ဆိုတာလည်း အတူတူပဲ၊ သမ္မာဝါယာမဆိုတာနဲ့ ဝီရိယဆိုတာလည်း အတူတူပဲ၊ သမ္မာသတိနဲ့ သတိန္ဒြေ ဆိုတာလည်း အတူတူပဲ၊ သမ္မာသမာဓိ ဆိုတာနဲ့ ရှေ့က ဧကဂ္ဂတာရယ် သမာဓိန္ဒြေ ဆိုတာရယ် အတူတူပဲ၊ ဒီမှာ တရားကိုယ် အနေနဲ့ ထူးတာ မပါတော့ဘူး၊ မဂ္ဂင် အဖြစ်နဲ့သာ ဒီမှာ ငါးပါးစုပြီး ဟောတော်မူထားတယ်။ ဒါကြောင့် တရားကိုယ် အတိအကျ တွက်တဲ့အခါမှာ ဒီငါးပါးထဲက တစ်ပါးမှ ထည့်စရာ မလိုတော့ဘူး။ အဲ ဘယ်လောက် ရသွားသလဲဆိုတော့ ဖဿပဉ္စမကထဲက ၅-ခု၊ ဈာနင်ထဲက ၄-ခု၊ ဣန္ဒြေထဲက ၅-ခု ဆိုတော့ ၁၄-ခု ရသွားပါပြီ။ မဂ္ဂင် ၅-ခုကတော့ တူနေလို့ မတိုးတော့ဘူး။
မဂ္ဂင်ဆိုတာ အမှန်ကတော့ ရှစ်ပါး ရှိတာပဲ။ ဒါပေမယ့်လို့ ဒီမှာ ကုသိုလ် ဖြစ်တိုင်း ဖြစ်တိုင်း အမြဲတမ်း ပါဝင်တဲ့ မဂ္ဂင် ၅-ပါးကိုသာ ထုတ်ပြထားတယ်၊ ရံခါမှသာဖြစ်တဲ့ သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဆိုတဲ့ ဝိရတီ ၃-ပါးလည်း ရှိသေးတယ်။ အဲဒါ ယေဝါပနက တရားအစု ထဲမှာပါတယ်။ ယေဝါပနက ဆိုတာ ဒီပြင် အပိုဒ်တွေလည်း ရှိပါသေးတယ် လို့ဆိုတဲ့ အပိုဒ်ဖြစ်တာကို လွယ်လွယ် မှတ်ထားဖို့ပါပဲ။ ဝိရတီ ၃-ပါး ကလည်း ရှိသေးတယ်။ အဲဒါ ရံခါမှာသာ ယှဉ်ပါတယ်။ ဘယ်လို ရံခါမှာသာလဲဆိုရင် မိစ္ဆာဝါစာကို ကြဉ်ရှောင်တဲ့အခါမှာ သမ္မာဝါစာဖြစ်တယ်။ မိစ္ဆာကမ္မန္တ မကောင်းတဲ့ အမှုတွေကို ကြဉ်ရှောင်တဲ့အခါမှာ သမ္မာကမ္မန္တဖြစ်တယ်။ မတရားသဖြင့် အသက်မွေး ဝမ်းကျောင်းမှု ကြဉ်ရှောင်ပြီး တရားသဖြင့် အသက်မွေးဝမ်းကျောင်း ပြုတဲ့အခါမှာသာ သမ္မာအာဇီဝ ဖြစ်တယ်။ ဒီတော့ ရံခါမှာသာယှဉ်လို့ အမြဲတမ်းတော့ ဒါတွေက မပါဝင်ဘူး။
ဘုရားရှိခိုးနေတဲ့အခါမှာ အဲဒီ သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဆိုတဲ့ သီလမဂ္ဂင်တွေ မပါဘူး။ အခုလို တရားနာနေတဲ့အခါမှာလည်း မပါဘူး၊ ဒါနပြုတဲ့ အခါမှာလည်း မပါဘူး၊ အဲဒီလိုအခါမှာ မယှဉ်လို့မို့ ဒါတွေကို ချန်ထားတာ၊ နောက်ပိုင်း ကျတော့မှ ယေဝါပနက တရားထဲမှာ ထည့်ထား ရတယ်၊ အဲ မဂ္ဂင်အကုန်လုံး ပေါင်းရင်တော့ ရှစ်ပါးရှိတယ်၊ ကုသိုလ်စိတ်တိုင်းမှာ ပါဝင်တာ ကတော့ ၅ ပါးသာ ပါတယ်၊ အဲဒါကို မှတ်ထားကြရမယ်။
ဗိုလ်အစု
နောက်ပြီးတော့ ဗလဆိုတဲ့ ဗိုလ်တရားလည်း ဟောထားသေးတယ်။ ဗလဆိုတာ ခွန်အားပါပဲ၊ အဲဒါကိုလည်း ဝေဖန်ဟောကြား ထားပါတယ်။ စိတ်စေတသိက်ဆိုတဲ့ နာမ်တရားတွေရဲ့ ခွန်အား တွေပါပဲ၊ အဲဒါက ၇-ပါး ရှိတယ်။
“သဒ္ဓါဗလံ ဟောတိ၊ ဝီရိယဗလံ ဟောတိ၊ သတိဗလံ ဟောတိ၊ သမာဓိဗလံ ဟောတိ၊ ပညာဗလံ ဟောတိ၊ ဟီရိဗလံ ဟောတိ၊ ဩတ္တပ္ပဗလံ ဟောတိ” တဲ့။
သဒ္ဓါဗိုလ်, ဝီရိယဗိုလ်, သတိဗိုလ်, သမာဓိဗိုလ်, ပညာဗိုလ်, ဟီရိဗိုလ်, ဩတ္တပ္ပဗိုလ်လို့ လွယ်လွယ်ကူကူပဲ ဒီလို မှတ်ထားပေါ့၊ ပါဠိလိုကတော့ အခုရွတ်ပြခဲ့တဲ့အတိုင်းပဲ၊ အဲဒီမှာ လက်သည်းကွင်း ပြထားတာက ရှေ့ပိုင်း ၅-ပါးရှိတယ်။
အဲဒါတွေက ပြီးခဲ့တာတွေနဲ့ ထပ်နေပြီ၊ ဣန္ဒြေ ၅-ပါးနဲ့ အားလုံး အတူတူပဲ၊ ဒီမှာ ထူးတာက ဟီရိနဲ့ ဩတ္တပ္ပတဲ့။
ဟီရိဆိုတာ မကောင်းမှုမှ ရှက်တာတဲ့၊ မကောင်းမှုကို မပြုလိုဘူး၊ မကောင်းမှု ပြုရမှာကို ရွံရှာ စက်ဆုပ်တယ်၊ သန့်ရှင်းစင်ကြယ်နေတဲ့ ပုဂ္ဂိုလ်က အညစ်အကြေး လူးပေမှာကို ရွံရှာ စက်ဆုပ်သလိုပဲ၊ မိမိသဏ္ဌာန်မှာ မကောင်းမှု အကုသိုလ်တွေ ဖြစ်မှာကို ရွံရှာ စက်ဆုပ်တယ်၊ အဲဒါဟာ ဟီရိရဲ့ သဘောပါပဲ၊ ဒါဟာ အရေးကြီးပါတယ်၊ အဲဒီခွန်အား အားကောင်းနေလို့ ရှိရင် အကုသိုလ်တရားတွေ မဖြစ်နိုင်ပါဘူး။
ဩတ္တပ္ပ ဆိုတာက ကြောက်လန့်တယ်တဲ့၊ မိမိသဏ္ဌာန်မှာ အကုသိုလ်တွေ ရောက်လာမှာကို ကြောက်တယ်၊ အဲဒီ အကုသိုလ်တွေက မကောင်းကျိုးပေးမှာကို ကြောက်တယ်၊ အဲဒါလည်း အရေးကြီးတာပဲ၊ ဟီရိရော ဩတ္တပ္ပရော ခွန်အားကြီး တရားတွေ အားကောင်းနေလို့ရှိရင် အကုသိုလ်တရားတွေ မဖြစ်နိုင်ပါဘူး၊ အင်မတန်ကောင်းတဲ့ တရားတွေပဲ၊ ဒီမှာ ထူးတာကတော့ ဟီရိနဲ့ ဩတ္တပ္ပ ၂-ခုပဲ ထူးပါတယ်၊ ဒီ ၂-ခုနဲ့ အရင်ရခဲ့တဲ့ ၁၄-ပါးကို ပေါင်းလိုက်ရင် ၁၆-ပါးရသွားပြီ။
မူလတရားစု
▬▬▬▬
နောက် မူလတရားကို ဝေဖန်ဟောကြားပါတယ်၊ ဘယ်လိုလဲဆိုရင် -
“အလောဘော ဟောတိ၊ အဒေါသော ဟောတိ၊ အမောဟော ဟောတိ” တဲ့။
မူလဆိုတာ ကုသိုလ်မူလလည်းရှိတယ်၊ အကုသိုလ်မူလလည်းရှိတယ်၊ အဗျာကတမူလ လည်း ရှိတယ်၊ အကုသိုလ်မူလက “လောဘ, ဒေါသ, မောဟ” ဆိုတဲ့ တရား ၃-ပါး၊ အခုဒီမှာ ဟောတဲ့ မူလကတော့ ကုသိုလ်မူလတွေပဲ၊ အဗျာကတမူလ ဆိုတာလည်း ဒီ အကုသိုလ်မူလလို “အလောဘ, အဒေါသ, အမောဟ” ပါပဲ၊ ၃-ပါး ရှိတယ်။
လောဘဆိုတာက လိုချင်တာ၊ မက်မောတာ၊ တပ်မက်တာ၊ အဲဒါရဲ့ ဆန့်ကျင်ဘက်ဟာ အလောဘပဲ၊ မလိုချင်တာ မမက်မောတာ၊ မတပ်မက်တာလို့ ဆိုတာပေါ့၊ ကုသိုလ် ဖြစ်တဲ့အခါမှာ လောဘမပါဘူး။ လောဘနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်၊ အထူးအားဖြင့် စွန့်ကြဲ ပေးကမ်းတဲ့ အခါမှာ မိမိပိုင်ပစ္စည်းဥစ္စာကို တပ်မက်တွယ်တာမှု မရှိတော့ဘူး၊ မတွယ်တာ မမက်မောလို့ မိမိပစ္စည်းဥစ္စာကို စွန့်ကြဲ ပေးကမ်းနိုင်တာပေါ့၊ အဲဒါဟာ လောဘနဲ့ ဆန့်ကျင်ဘက် အလောဘ ဖြစ်နေတာပါပဲ။
ဒေါသဆိုတာကတော့ စိတ်ဆိုးတာ၊ ပြစ်မှားတာ၊ စိတ်ပျက်တာတွေပါပဲ၊ ကုသိုလ်ဖြစ် တဲ့ အခါမှာတော့ စိတ်ဆိုး စိတ်ပျက်တွေ မရှိဘူး၊ အထူးအားဖြင့်တော့ သတ္တဝါတွေကို မေတ္တာပို့တဲ့ အခါမှာ ချမ်းသာစေလိုတဲ့ မေတ္တာနဲ့မို့ သာပြီး ထင်ရှားပါတယ်၊ မေတ္တာနဲ့ အဒေါသ ဆိုတာဟာ အတူတူပါပဲ။
မောဟဆိုတာ မသိမလိမ္မာတာ၊ မိုက်မဲတာ ဖြစ်တယ်။ အရင်းခံကတော့ ကုသိုလ် အကုသိုလ်တွေ ဒီကံတွေ ရဲ့အကျိုးတွေကို မယုံကြည်နိုင်ဘဲ တွေဝေဖုံးလွှမ်း နေတာဟာ မောဟပါပဲ၊ အဲဒီမောဟရဲ့ ဆန့်ကျင်ဘက် ပြောင်းပြန်ကို အမောဟ လို့ ခေါ်ပါတယ်။ အဲဒါထက် မြင့်တာကျတော့ ရုပ်, နာမ်အနိစ္စ, ဒုက္ခ, အနတ္တတို့ သစ္စာလေးပါးတို့၊ ပဋိစ္စသမုပ္ပါဒ် တို့ကို မသိတာဟာ မောဟတဲ့၊ အဲဒါနဲ့ ဆန့်ကျင် ဘက်ဟာ အမောဟပါပဲ၊ အမောဟက ကံ, ကံ၏ အကျိုးတွေကိုလည်း သိတယ်၊ ရုပ်, နာမ်အနိစ္စ, ဒုက္ခ, အနတ္တဆိုတာတွေကိုလည်း သိတယ်၊ သစ္စာလေးပါး အမှန်တရား တွေ ဆိုတာကိုလည်း သိတယ်၊ အမောဟကို ပညာ, ဉာဏ်လို့လည်း ခေါ်သေးတယ်၊ ဝိဇ္ဇာလို့လည်း ခေါ်တာပဲ။ ဒါကြောင့် ဒီအမောဟ မူလတရားတစ်ပါးက ရှေ့က ဣန္ဒြေဗိုလ်တွေ ထဲက ပညာနဲ့ ထပ်နေတယ်၊ အဲဒါကြောင့် သူ့ကို လက်သည်း ကွင်းပြထားတယ်၊ ဒီတော့ ထူးတာက အလောဘနဲ့ အဒေါသ ဒီနှစ်ပါးပဲ ထူးတော့တယ်၊ ဆိုခဲ့ပြီးတဲ့ ၁၆-ပါးနဲ့ ပေါင်းလိုက်ရင် ၁၈-ပါးရှိသွားပြီ၊ ဒီမူလတရား ဆောင်ပုဒ်ကို ဆိုကြအုံးစို့။
“အလောဘ, အဒေါသ, အမောဟ, မူလ, တရားသုံးပါး” (၃-ခေါက်ဆို)
မူလဆိုတာ အမြစ်တဲ့၊ သစ်ပင်ရဲ့အမြစ်လိုပဲ၊ စိတ်, စေတသိက် တရားတွေရဲ့ အရင်းအမြစ် တရားပဲ၊ အကုသိုလ်ထဲမှာ လောဘအရင်းအမြစ် ကောင်းရင် လိုချင်တပ်မက်တဲ့ စိတ်တွေ များနေတယ်၊ အားကြီးနေတယ်၊ ဒီလိုပဲ ဒေါသ အရင်းအမြစ် အားကောင်းရင် ဒေါသစိတ်တွေ အားကြီးနေတာပဲ၊ စိတ်ပျက် စိတ်ဆိုးတွေ ဖြေဖျောက်လို့ မရနိုင် လောက်အောင် များနေတာပဲ၊ မောဟ အရင်းအမြစ် အားကောင်းနေရင် မောဟနဲ့ယှဉ်တဲ့ အကုသိုလ်စိတ်တွေ အကုန်လုံး ထိုက်သည့် အားလျော်စွာ ဖြစ်နေကြတော့တာပဲ၊ ဒီမောဟက လောဘထဲမှာလည်း တွဲဖက်ပြီးပါတာပဲ၊ ဒေါသထဲမှာလည်းပါတာပဲ။
အဲဒီလောဘ, ဒေါသ, မောဟ အမြစ်သုံးပါး လိုပဲ ကုသိုလ်ဘက်ကလည်း အလောဘ, အဒေါသ, အမောဟလို့ အမြစ်အရင်း အားကောင်းရင် ကုသိုလ်တွေ ထက်သန်ကြတယ်၊ ဒါကြောင့် သူတို့ကို မူလတရား၊ အရင်းခံတရား၊ အခြေအမြစ်တရား လို့ နာမည်ပေးထားတာ ဖြစ်တယ်။
ရူပကုသိုလ်နှင့် အရူပကုသိုလ် ဝေဖန်ပုံ
အကျဉ်းချုပ် - ကောက်နုတ်ချက်
▬▬▬▬▬▬▬▬▬▬▬▬
၁။ ရူပါဝစရ ပထမဈာန် ကုသိုလ်စိတ် ဖြစ်ခိုက်၌ အမည်ထုတ်၍ ဟောထားသည့် တရားများမှာ ကာမကုသိုလ် ပ+ဒု စိတ်တို့၌ကဲ့သို့ ၅၆-ပါးပင်၊ တရားကိုယ်လည်း ၃၀-ပင်။
ယေဝါပနအရ အမြဲယှဉ် ၄-ပါးနှင့် ရံခါယှဉ် အပ္ပမညာ ၂-ပါးသာ၊ ၂-ရပ်ပေါင်း တရားကိုယ် ၃၆-ပါး ဖြစ်သည်။
၂။ စတုက္ကနည်း ဒုတိယဈာန်စိတ်ဖြစ်ခိုက်၌ ဝိတက်+ဝိစာရ မပါ ၃၄-ပါး။
၃။ တတိယဈာန်စိတ် ဖြစ်ခိုက်၌ ပီတိလည်း မပါ ၃၃-ပါး။
၄။ စတုတ္ထဈာန်စိတ် ဖြစ်ခိုက် သုခလည်းမပါ၊ ဥပေက္ခာနှင့်တကွ ၃၃-ပါး။ ပဉ္စကနည်း ဒုတိယဈာန်စိတ် ဖြစ်ခိုက်၌ မူလ ၃၆-ပါးမှ ဝိတက်မပါ ၃၅-ပါး။ တတိယ စတုတ္ထ ပဉ္စဈာန်ဖြစ်ခိုက်၌ စတုက္ကနည်း ဒုတိယ တတိယ စတုတ္ထဈာန်စိတ်တို့ ဖြစ်ခိုက်၌ကဲ့သို့ပင် ၃၄၊ ၃၃၊ ၃၃-ပါး ဖြစ်သည်။
အရူပါဝစရဈာန် ၄-ပါးဖြစ်ခိုက်၌ ရူပါဝစရ ပဉ္စမဈာန် ဖြစ်ခိုက်၌ ကဲ့သို့ပင် တရားကိုယ် ၃၃-ပါး ဖြစ်သည်။ ယင်းအရူပဈာန် ၄-ပါးကို ဓမ္မသင်္ဂဏီ ပါဠိ၌ စတုတ္ထဈာန် ဟူသောအမည်ဖြင့် ဟောထားသည်။ ယင်း ၄-ပါးမှာ အာကာသာနဉ္စာယတန, ဝိညာဏဉ္စာယတန, အာကိဉ္စညာယတန နေဝသညာ နာသညာယတန ဈာန်တို့ ဖြစ်သည်။
ဓမ္မသင်္ဂဏီ ပါဠိတော်မှ မဂ်စိတ်၌ ဝေဖန်ချက် အကျဉ်းချုပ်
▬▬▬▬▬▬▬▬▬
အရိယမဂ်လေးပါး ဖြစ်ခိုက်၌ အမည်ထုတ်၍ ဟောထားသည့် တရားများမှာ - ကာမကုသိုလ် ပထမစိတ်၌ ဟောထားသည့် ၅၆-ပါးနှင့် ဝိရတီ ၃-ပါး၊ အနညာတညဿာမီတိန္ဒြေ ၁-ပါး၊ ပေါင်း ၆၀-ဖြစ်သည်၊ တရားကိုယ်အားဖြင့် ၃၃-သာ ရှိသည်၊ ယေဝါပနအရ ဆန္ဒစသည် အမြဲယှဉ် ၄-ပါးနှင့်တကွ တရားကိုယ် ၃၇-ပါး ဖြစ်သည်။
ကမ္မပထ တရား
▬▬▬▬▬▬
နောက်ပြီးတော့ ကမ္မပထတရားတဲ့၊ ကမ္မပထတရား ဆိုတာ ကံမြောက်ကြောင်းဖြစ်တဲ့ တရားပါပဲ၊ အဲဒီ ကမ္မပထဆိုတာလည်း နှစ်မျိုးရှိတယ်၊ အကုသလကမ္မပထ ကုသလကမ္မပထ တဲ့၊ အကုသလကမ္မပထ ဆိုတာက ဒုစရိုက် ၁၀-ပါးပါပဲ၊ အဲဒါကို သုံးပိုင်း ခွဲမှတ်ရတယ်။
(၁) ကာယကံ ၃-ပါး၊
(၂) ဝစီကံ ၄-ပါး၊
(၃) မနောကံ ၃-ပါး၊ ဒီလို သုံးပိုင်း ခွဲမှတ်ရတယ်၊
ကာယကံ ၃-ပါး ဆိုတာက -
(၁) ပါဏာတိပါတ = သူတစ်ပါးအသက်ကို သတ်ခြင်း၊
(၂) အဒိန္နာဒါန = သူတစ်ပါးဥစ္စာကို ခိုးယူလုယက်ခြင်း၊
(၃) ကာမေသုမိစ္ဆာစာရ = မပိုင်မဆိုင်သော သူတစ်ပါး ကာမဂုဏ်တို့၌ မှားယွင်းခြင်း။
အဲဒီ ၃-ပါးက ကာယကံ ၃-ပါး။
ဝစီကံ ၄-ပါးဆိုတာက-
(၁) မုသာဝါဒ = လိမ်ပြောခြင်း၊
(၂) ပိသုဏဝါစာ = ကုန်းတိုက်ခြင်း၊
(၃) ဖရုသဝါစာ = ကြမ်းတမ်းတဲ့ စကားကို ပြောဆိုခြင်း၊
(၁) သမ္ဖပ္ပလာပ = အနှစ်မဲ့သော စကားကို ပြောဆိုခြင်းလို့ ၄-ပါး။
မနောကံ ၃-ပါးဆိုတာက -
(၁) အဘိဇ္ဈာ = သူတစ်ပါးစည်းစိမ်ကို ကိုယ့်စည်းစိမ်ဖြစ်အောင် ကြံစည်ခြင်း၊
(၂) ဗျာပါဒ = သူတစ်ပါး အသက်စည်းစိမ်ကို သေပါစေ၊ ပျက်စီးပါစေဆိုတဲ့ သဘောနဲ့ သေရာ သေကြောင်း ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည်ခြင်း၊
(၃) မိစ္ဆာဒိဋ္ဌိ = ကံနဲ့ ကံ၏အကျိုးမရှိ စသည် ယူဆခြင်းတဲ့။
အဲဒါတွေအားလုံးကို အကုသလကမ္မပထ ၁၀-ပါးလို့ခေါ်တယ်။
ကုသလကမ္မပထ ၁၀-ပါးဆိုတာလည်းရှိသေးတယ်၊ အဲဒါကတော့ အကုသလ ကမ္မပထ တရား ၁၀-ပါးကို ပြောင်းပြန်ပြန်လိုက်ရုံပါပဲ၊
၁။ ပါဏာတိပါတမှ ရှောင်ကြဉ်ခြင်း အပါဏာတိပါတ၊
၂။ အဒိန္နာဒါနမှ ရှောင်ကြဉ်ခြင်း အနာဒိန္နာဒါန။
၃။ မပိုင်မဆိုင်သော သူတစ်ပါး ကာမဂုဏ်တို့မှ မှားယွင်းခြင်းမှ ရှောင်ကြဉ်ခြင်း အကာမေသု မိစ္ဆာစာရ ဆိုတဲ့ ကာယသုစရိုက် ၃-ပါး။
၁။ မုသာဝါဒမှ ရှောင်ကြဉ်ခြင်း အမုသာဝါဒ၊
၂။ ပိသုဏဝါစာမှ ရှောင်ကြဉ်ခြင်း အပိသုဏဝါစာ၊
၃။ ဖရုသဝါစာမှ ရှောင်ကြဉ်ခြင်း အဖရုသဝါစာ၊
၄။ သမ္ဖပ္ပလာပမှ ရှောင်ကြဉ်ခြင်း အသမ္ဖပ္ပလာပ၊
ဝစီသုစရိုက် ၄-ပါး။
၁။ အဘိဇ္ဈာမှ ရှောင်ကြဉ်ခြင်း အနဘိဇ္ဈာ၊
၂။ ဗျာပါဒမှ ရှောင်ကြဉ်ခြင်း အဗျာပါဒ၊
၃။ မိစ္ဆာဒိဋ္ဌိမှ ရှောင်ကြဉ်ခြင်း သမ္မာဒိဋ္ဌိ
မနောသုစရိုက် ၃-ပါး။
ဒါတွေကတော့ ကုသိုလ်ဘက်က ကုသလ ကမ္မပထတရား ၁၀-ပါးတဲ့၊ သုစရိုက် ၁၀-ပါး လို့လည်းခေါ်တယ်။
အခြေခံဖြစ်တဲ့ သမ္မာဒိဋ္ဌိကတော့ ကံနဲ့ကံ၏အကျိုးကို ယုံကြည်တဲ့ ကမ္မဿကတ သမ္မာဒိဋ္ဌိပါပဲ၊ အဲဒီ ကမ္မဿကတ သမ္မာဒိဋ္ဌိ ဖြစ်လာပြီဆိုရင် ဈာနသမ္မာဒိဋ္ဌိတို့ ဝိပဿနာ သမ္မာဒိဋ္ဌိတို့ မဂ္ဂသမ္မာဒိဋ္ဌိတို့ ဖလသမ္မာဒိဋ္ဌိတို့ ဆိုတဲ့ အဆင့်ဆင့် သမ္မာဒိဋ္ဌိတွေ ရှိလာနိုင်ပါတယ်၊ အဲဒီယုံကြည်မှု သမ္မာဒိဋ္ဌိတွေဟာ အကုန်လုံးပဲ သမ္မာဒိဋ္ဌိတွေမည်ပါတယ်။
ကုသိုလ် ဒီစိတ်ဖြစ်တဲ့အခါ တရားကိုယ်အားဖြင့် ရတာကတော့ မနောကံ တရားကိုပဲရတယ်၊ ပါဏာတိပါတ စသည်မှ ကြဉ်ရှောင်မှုတွေကို တရားကိုယ် ကောက်ရင် ဝိရတီ ၃-ပါးကို ကောက်ယူရတယ်၊ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ ဆိုတာတွေကို ဒီကုသိုလ်စိတ် ဖြစ်တဲ့နေရာမှာ မယူရဘူး၊ ဒါကြောင့် ဒီမှာ ထည့်မဟော တာဘဲ၊ “အနဘိဇ္ဈာ ဟောတိ၊ အဗျာပါဒေါ ဟောတိ၊ သမ္မာဒိဋ္ဌိ ဟောတိ” လို့ ဒီလိုသာ ဟောထားတယ်။ ဒါကြောင့် တရားကိုယ်ကောက်ရင် ဒီလို သုံးပါးကို ကောက်ရမယ်၊ ကဲ လိုက်ဆိုကြရမယ်။
အနဘိဇ္ဈာ အဗျာပါဒ သမ္မာဒိဋ္ဌိ ကမ္မပထတရား ၃-ပါး၊ ဒီ ၃-ပါးကလည်း ရှေးကဆိုခဲ့ပြီးတာတွေနဲ့ ထပ်တူဖြစ်နေတယ်၊ အလောဘဆိုတာနဲ့ အနဘိဇ္ဈာဆိုတာ အတူတူပဲ၊ အဗျာပါဒဆိုတာနဲ့ အဒေါသဆိုတာ အတူတူပဲ၊ သမ္မာဒိဋ္ဌိ ဆိုတာနဲ့ အမောဟ ဆိုတာလည်း အတူတူပဲ။ ဒါတွေဟာ ထပ်နေပြီ၊ ဒါကြောင့် လက်သည်းကွင်းနဲ့ ဒါတွေကို ကွင်းပြထားတယ်၊ အဲဒါ တရားကိုယ် အထူး မရတော့ဘူးတဲ့၊ ဒီနောက်မှာ လောကပါလတရား ၂-ပါးကို ဟောပြန်ပါတယ်၊ “ဟီရိ ဩတ္တပ္ပံ ဟောတိ” တဲ့၊ ကုသိုလ် ပထမစိတ်ဖြစ်တဲ့အခါမှာ ဟီရိလည်းဖြစ်တယ်၊ ဩတ္တပ္ပလည်းဖြစ်တယ်၊ ဒီ ၂-ပါးလုံး ပြီးခဲ့တဲ့ ဗိုလ်ခုနစ်ပါးထဲမှာ ပါပြီး သွားပါပြီ၊ ဒါကြောင့် ဒီမှာလည်း လက်သည်းကွင်း ပြထားတယ်၊ တရားကိုယ် အထူး မရှိတော့ဘူး၊ အဲဒါ လောကပါလ လောကကို စောင့်ရှောက်တဲ့ တရား ၂-ပါးတဲ့။
ဒီတရား ၂-ပါးကတော့ လူတွေရဲ့ ယဉ်ကျေးဖို့ တရားများပါပဲ၊ ဒီတရားတွေ ရှိလို့ လူတွေဟာ လူနဲ့တူတူ ယဉ်ကျေးနေကြ တာပါပဲ၊ တကယ်လို့သာ ဒီတရားတွေ မရှိရင်တော့ လူတွေဟာ လူနဲ့မတူတော့ဘဲ တိရစ္ဆာန်တွေနဲ့ တူနေပေလိမ့်မယ်၊ လူကြီးမိဘ စတဲ့ သူတွေကို ရိုသေရမှန်းလည်း သိကြတော့မှာ မဟုတ်ဘူး။ အရှက်အကြောက် မရှိဘူး ဆိုရင် ဘယ်လို အကုသိုလ်မှ မပြုမလုပ်ဝံ့တာ ရယ်လို့ ရှိကြမှာ မဟုတ်ဘူး၊ မသင့်မတော်တာ တွေကို ပြုချင်ရာပြု ပြောချင်ရာပြော ဖြစ်ချင်သလို ဖြစ်နေကြတော့မှာပဲ၊ အခုတော့ ဒီ လောကပါလ တရား ၂-ပါး ရှိနေကြလို့သာ ဆရာသမား လူကြီးမိဘ တွေကို ရိုသေရမှန်း သိနေကြတာ ဖြစ်တယ်၊ ရှက်ရမှန်း ကြောက်ရမှန်း သိနေကြတာဖြစ်တယ်၊ အကုသိုလ်တွေကို မပြုဝံ့ဘဲ ရှက်ကြောက် နေကြတာပဲ။
အခုဆိုရင် လူတွေဟာ ဒီလောကပါလ တရား ၂-ပါး တော်တော် ဆိတ်သုဉ်းနေကြပြီ၊ ဗုဒ္ဓယဉ်ကျေးမှုတွေ တော်တော် နည်းကုန်ကြပြီ၊ အရှက်အကြောက် ကင်းမဲ့သူတွေက ကြာလေ များလေ များများလာကြပြီ၊ အဲဒါတွေကို သတိပြုပြီး မိမိကိုယ်ကို မိမိ စောင့်ရှောက်ကြဖို့ လိုပါတယ်၊ အရှက်အကြောက် ရှိကြရမယ်တဲ့၊ မှတ်မိအောင် လိုက်ဆိုကြရမယ် -
“ဟီရိ, ဩတ္တပ္ပ လောကပါလတရား ၂-ပါး” (၃-ခေါက်ဆို)
ကာယပဿဒ္ဓိ စသည်
▬▬▬▬▬▬▬▬
ဒီဟာ ပြီးတဲ့နောက် ပဿဒ္ဓိစသည် ကာယစိတ္တ ၂-ပါးတဲ့၊ ပဿဒ္ဓိက ငြိမ်းအေးတာ၊ လဟုတာက ပေါ့ပါးတာ၊ မုဒုတာက နူးညံ့တာ၊ ကမ္မညတာက အမှု၌ ခံ့တာ၊ လျော်တာ၊ ပါဂုညတာက အလေ့အလာ ရနေတာပါပဲ၊ ဥဇုဂတာ ဆိုတာက ဖြောင့်မတ်တာတဲ့၊ ဒီတရားတွေဟာ ကုသိုလ်စိတ်တိုင်း ပါတော့ ပါဝင်နေကြတာ ပါပဲ၊ ဒါပေမယ့် သိပ်ပြီးတော့ မထင်ရှားလှဘူး၊ ဘယ်ကျမှ ထင်ရှားတုန်း ဆိုတော့ တရားအားထုတ်လို့ အမှတ်ကောင်းတဲ့ အခါကျမှ ဒါတွေဟာ ထင်ရှားတယ်၊ အထူးအားဖြင့် ဥဒယဗ္ဗယ ဉာဏ် များကျမှ သိပ်ပြီးထင်ရှားတယ်၊ ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ ကိုယ်ရောစိတ်ရော ငြိမ်းအေးနေပုံဟာ ထင်ရှားတယ်၊ ကာယပဿဒ္ဓိ ကိုယ်ငြိမ်းအေးတယ် ဆိုတာမှာ ရုပ်ကိုယ်မျှသာ မကပါဘူး၊ နာမ်ကိုလည်းပဲ ငြိမ်းအေးတာပါပဲ၊ နာမ်ကိုယ်မျှ သာမက ရုပ်ကိုယ်လည်းပဲ ငြိမ်းအေးတာပါပဲလို့ ၂-မျိုးစလုံး ငြိမ်းအေးတာကိုပဲ ကာယပဿဒ္ဓိ လို့ အမည် ပေးထားခြင်း ဖြစ်တယ်၊ နာမပဿဒ္ဓိ လို့တော့ အမည် ပေးမထားဘူး၊ ကာယပဿဒ္ဓိ ရုပ်အပေါင်း စေတသိက်, နာမ်အပေါင်း ငြိမ်းအေးခြင်းတဲ့၊ စေတသိက် နာမ်တရားတွေလည်း ငြိမ်းအေးခြင်းသဘောရှိတယ်၊ ရုပ်တရား တွေလည်း ငြိမ်းအေးခြင်း သဘောရှိတယ်၊ စိတ္တပဿဒ္ဓိစိတ်လည်းပဲ အဲဒီအခါမှာ ငြိမ်းအေး နေတယ်၊ အပူအပင်တွေ ဘာမှမရှိဘူး၊ တရားအားထုတ်လို့ ကောင်းနေတဲ့အခါမှာ ဒီသဘောတွေ ထင်ရှားတယ်၊ ဒီပြင် အခါမှာတော့ တယ်ပြီး မထင် ရှားလှဘူး။
ကုသိုလ်ပြုတဲ့အခါမှာလည်း ဒီတရားတွေ ပါနေတာပဲ၊ ဘုရားရှိခိုးတဲ့အခါမှာလည်း ဒီတရားတွေ ပါနေကြတာပဲ၊ လှူဒါန်းပေးကမ်း ရာမှာလည်း ပါနေကြတာပဲ၊ ဒါပေမယ့် မထင်ရှားဘူး၊ တရားအားထုတ်လို့ တရားကောင်းနေတဲ့ အခါမှာသာ ထင်ရှား ကြတယ်၊ ကိုယ်ရော စိတ်ရော ငြိမ်းအေးနေတဲ့ သဘောဟာ ထင်ထင်ရှားရှားပဲ။
လဟုတာ
▬▬▬▬
ကာယလဟုတာ, စိတ္တလဟုတာ ဆိုတာ ကိုယ်ရော, စိတ်ရော ပေါ့ပါးတာပါပဲ၊ အဲဒါလည်း တရားအားထုတ်လို့ အထူး ကောင်းနေတဲ့အခါမှာ ထင်ရှား ပေါ့ပါး နေပါတယ်၊ အထက်ကိုများ ကြွတက်သွားတော့မှာ လေလားလို့တောင် ထင်ရပါတယ်၊ အဲဒါဟာ ဒီကာယလဟုတာ စိတ္တလဟုတာ တို့ရဲ့ သဘောပါပဲ။
မုဒုတာ
▬▬▬
ကာယမုဒုတာ၊ စိတ္တမုဒုတာ ကိုယ်ရောစိတ်ရော နူးညံ့နေတယ်တဲ့၊ နူးညံ့တယ်ဆိုတာ ရွှေများ နူးညံ့နေသလိုပါပဲ၊ နူးညံ့တဲ့ရွှေကို ပန်းထိမ်ဆရာဟာ အလိုရှိတဲ့ အရာဝတ္ထု ဖြစ်လာအောင် ပြုလုပ်နိုင်ပါတယ်၊ ရွှေက မာကျောကြမ်းတမ်း နေမယ်ဆိုရင် ပန်းထိမ်ဆရာ အလိုရှိသလို ပြုလုပ်လို့မရပါဘူး။ တူနဲ့ထုလိုက် ရိုက်လိုက်ရင် ကွဲအက်ရင်လည်း ကွဲအက်သွားမယ်၊ ပြတ်ရင် လည်း ပြတ်သွားမယ်၊ ဆွဲကြိုးလို သေးသေးသွယ်သွယ် အရာဝတ္ထုတစ်ခု ဖြစ်အောင် ပြုလုပ်လို့ မရပါဘူး။
ဒီလိုပါပဲ၊ စိတ်နူးညံ့နေတဲ့ အခါမှာ ကိုယ် အလိုရှိသလို နှလုံးသွင်းလို့ ရပါတယ်၊ တရားအားထုတ်တဲ့ ယောဂီတွေဟာ ပထမစပြီး အားထုတ်တဲ့အခါမှာ စိတ်က မနူးညံ့သေးဘူး၊ ဒီတော့ ဖောင်းတာ ပိန်တာကို မှတ်ပါလို့ ညွှန်ပြပေမယ့် ညွှန်ပြတဲ့ အတိုင်း ရှုမှတ်လို့ မလွယ်ဘဲ ဖြစ်နေတယ်၊ စိတ်က ဟိုအာရုံရောက် ဒီအာရုံ ရောက်ဖြစ်ပြီး မကြာခဏ ကူးပြောင်း ပြေးသွားနေတယ်၊ အဲဒါဟာ စိတ်က မနူးမညံ့ ကြမ်းတမ်းနေလို့ပါပဲ၊ စိတ္တမုဒုတာ မဖြစ်သေးဘူးပေါ့၊ အဲ စိတ္တမုဒုတာ ဖြစ်တဲ့အခါ ကျတော့ ဟိုအာရုံရောက် ဒီအာရုံရောက် ဒီလိုမဟုတ်တော့ဘူး၊ ကိုယ်အလိုရှိရာကို နှလုံးသွင်းနိုင် တော့တာပါပဲ၊ ရှေးတုန်းက မတော်မသင့်တာတွေကို ပြုလုပ်လိုတဲ့ စိတ်တွေဟာ နူးညံ့လာတဲ့ အခါမှာတော့ မရှိတော့ပါဘူး၊ သိမ်သိမ်မွေ့မွေ့ ဖြစ်လာ တော့တယ်။
ကမ္မညတာ
▬▬▬▬
ကာယ ကမ္မညတာ၊ စိတ္တကမ္မညတာ ကိုယ်ရောစိတ်ပါ ခံ့ကျန်းခြင်းတဲ့၊ အလိုရှိရာကို နှလုံးသွင်းနိုင် လောက်အောင် ခံ့ကျန်းတယ်ပေါ့၊ သန်သန်စွမ်းစွမ်းရှိနေတယ်၊ တရားအားထုတ်နေတဲ့ ယောဂီ ဆိုရင်လည်း တရားရှုမှတ်ရာမှာ ကိုယ်ရောစိတ်ရော အားရှိသန်စွမ်းပြီး မတွန့်မဆုတ် အားထုတ် ရှုမှတ်နိုင်တယ်ပေါ့။
ပါဂုညတာ
▬▬▬▬
ကာယပါဂုညတာ စိတ္တပါဂုညတာ ကိုယ်ရော စိတ်ရော အလေ့အလာ ရနေတယ်တဲ့၊ အရှိန်ရနေတယ်၊ အလေ့အလာ များလို့ အရှိန်ရလာပြီ ဆိုတော့ အပင်ပန်း မရှိတော့ဘူး၊ သတိထားပြီး ပြုလုပ်တဲ့ အလုပ်တွေဟာ အစအရှိန်မရခင်တော့ ပြုလုပ်ရတာ ခက်ခဲတယ်လို့ ထင်ရတယ်၊ ပြုလုပ်နေကျလို ဖြစ်ပြီး အလေ့အလာ အရှိန်ရလာတဲ့ အခါတော့ သူ့အရှိန်နဲ့သူ မခက်တော့ဘူး၊ အထူးအားထုတ် မနေရတော့ဘဲ သူ့ဘာသာသူ မှန်မှန် အားထုတ်နိုင်သွား သလိုပေါ့၊ တရားအားထုတ်တဲ့ ယောဂီမှာလည်း ဒီလိုပါပဲ၊ အလေ့အလာ အရှိန်မရမီတော့ ရှုမှတ်ရာမှာ ခက်နေတတ်တယ်၊ အလေ့အလာ များလို့ အရှိန်ရလာပြီ ဆိုတော့ နှလုံးသွင်းပြီး ရှုမှတ်လိုက်တယ် ဆိုရင် မပင်ပန်းတော့ဘူး၊ သူ့ဘာသာသူ ရှုမှတ်သွားသလို အာရုံပေါ် အလိုလို ကပ်ခနဲ ကပ်ခနဲ ဖြစ်လာတယ်၊ ဒါဟာ အလေ့အလာ အရှိန်ရလာတာပါပဲ။
ဥဇုဂတာ
▬▬▬
ကာယုဇုဂတာ၊ စိတ္တုဇုဂတာ ကိုယ်ရော၊ စိတ်ရော ဖြောင့်မတ်နေတယ် တဲ့၊ ရှေးက မဖြောင့်မမတ် ကောက်ကျစ် နေခဲ့ပေမယ့် ကာယုဇုဂတာ၊ စိတ္တုဇုဂတာ ဖြစ်လာတဲ့အခါမှာတော့ မကောက် မကျစ်တော့ဘူး။ ရှေးက လိမ်လည်တဲ့ စိတ်တွေ ရှိပေမယ်လို့ ဒီအချိန်မှာ အဲဒါတွေ မရှိတော့ဘူး၊ အမှန်အကန် ဖြောင့်မတ်တဲ့ သဘော ရှိလာတယ်။ ရှေးက သူတစ်ပါးအပေါ် မတော်မတရား မဖြောင့်မမှန် ပြုလုပ်ကြံစည် လာခဲ့တာတွေ ရှိခဲ့ရင်လည်း နောက်ကို ဒါမျိုးတွေ မဖြစ်စေရတော့ဘူး လို့ ဆိုတဲ့ စိတ်တွေဖြစ်လာတယ်။ အဲဒါ ဥဒယဗ္ဗယဉာဏ် ရောက်တဲ့အခါ ဒီကာယုဇုဂတာ စိတ္တုဇုဂတာ သဘောတွေထင်ရှားလာတယ်။ အဲဒါတွေကို (ပဿဒ္ဓိ - စသည် ၁၂) လို့ နာမည်ပေးထားတယ်၊ စသည်ဆိုတာ အများကြီးဖြစ်နေလို့ အစကိုသာ ဖော်ပြပြီး ကျန်တာတွေကို သိမ်းဆိုထားတာ၊ တစ်စုံစီ တစ်စုံစီ ၆-စုံ ရှိတယ်၊ အဲဒါကို ဆိုကြရအောင် -
ကာယပဿဒ္ဓိ, စိတ္တပဿဒ္ဓိ = ကိုယ်, စိတ်ငြိမ်းအေးခြင်း။
ကာယလဟုတာ, စိတ္တလဟုတာ = ကိုယ်, စိတ်ပေါ့ပါးခြင်း။
ကာယမုဒုတာ, စိတ္တမုဒုတာ = ကိုယ်, စိတ်နူးညံ့ခြင်း။
ကာယကမ္မညတာ, စိတ္တကမ္မညတာ = ကိုယ်, စိတ်ခံ့ကျန်းခြင်း။
ကာယပါဂုညတာ, စိတ္တပါဂုညတာ = ကိုယ်, စိတ်အလေ့အလာ ရခြင်း။
ကာယုဇုဂတာ, စိတ္တုဇုဂတာ = ကိုယ်, စိတ်ဖြောင့်မတ်ခြင်း။
အဲဒါတွေဟာ ပဿဒ္ဓိ စသည် ၁၂-တဲ့၊ အဲဒါတွေ အားလုံး အသစ်တွေချည်းပဲ၊ အဟောင်း ရယ်လို့ မပါဘူး၊ အရင်က ၁၈-ပါးရခဲ့ပြီ၊ အခု ဒီဟာနဲ့ ပေါင်းလိုက်ရင် ၃၀-ဖြစ်လာတယ်၊ နောက်ထပ်တော့ အသစ်မရှိတော့ပါဘူး။ ဒါပြီးတော့ ဥပကာရ ၂-ပါးကို ဆက်ဟောတယ်။
ဥပကာရ တရား ၂-ပါး
▬▬▬▬▬▬▬▬
ဥပကာရတရား ၂-ပါး ဆိုတာ သတိနဲ့ သမ္ပဇဉ်တဲ့၊ ကျေးဇူးရှိတဲ့တရားလို့ ဆိုလိုတယ်။ ကုသိုလ်ကောင်းမှု ပြုရာမှာလည်း၊ ကျေးဇူးများတာပဲ၊ ကုသိုလ်ကောင်းမှုပြုတယ် ဆိုတာ သတိရလာမှ ပြုတာပဲ၊ ဒီနေ့တော့ ဥပုသ်နေ့ဖြစ်တယ်၊ ဥပုသ် ဆောက်တည် စောင့်သုံးရမယ် စသည်ဖြင့် သတိရလာတယ်။ ပြီးတော့ အသက်အရွယ် အားဖြင့်လည်း သတိရ လာတတ်တယ်၊ ငါဟာ အသက်အရွယ် ကြီးရင့်လာပြီ၊ ကုသိုလ်ကောင်းမှုနဲ့ မွေ့လျော်ဖို့ ကုသိုလ်ကောင်းမှု ပြုဖို့ သင့်လျော် နေပြီ လို့ ကုသိုလ်ကောင်းမှုဖြစ်အောင် ကျေးဇူးပြုပေးတာပဲ ဖြစ်တယ်၊ ဒါကြောင့် သတိဟာ ဥပကာရ တရားလို့ ဆိုရတယ်။
သမ္ပဇဉ်တရား
▬▬▬▬▬
သမ္ပဇဉ်ဆိုတာက ဆင်ခြင်တဲ့ဉာဏ်ပဲ၊ အဲဒီ သမ္ပဇဉ်ဆိုတာ ၄-ပါး ရှိတယ်။
၁။ သာတ္ထက သမ္ပဇဉ် = အကျိုးရှိ မရှိ ဆင်ခြင်ခြင်း။
၂။ သပ္ပါယ သမ္ပဇဉ် = သင့် မသင့် ဆင်ခြင်ခြင်း။
၃။ ဂေါစရ သမ္ပဇဉ် = ကမ္မဋ္ဌာန်းအာရုံ၌ မပြတ် နှလုံးသွင်းခြင်း။
၄။ သမ္မောဟ သမ္ပဇဉ် = ရှေ့သို့သွားခြင်း စသည်တို့၌ မတွေမဝေ သိခြင်း။
.
“သာတ္ထက သမ္ပဇဉ်”
သာတ္ထက သမ္ပဇဉ် ဆိုတာ အကျိုးရှိ မရှိ ဆင်ခြင်ပြီးမှ ပြုလုပ်ရတယ်၊ အလုပ်တစ်ခုခုကို လုပ်တော့မယ် ဆိုရင် အကျိုး ရှိမရှိ ဆင်ခြင်ရဦးမယ်တဲ့၊ အကျိုးရှိမှသာ လုပ်ပါတဲ့။ ဒါဟာ နေရာတိုင်းမှာ အသုံးကျပါတယ်၊ တရားအားထုတ် ရာမှာသာ မဟုတ်သေးပါဘူး၊ လောကီ လူမှုရေးတွေမှာပဲဖြစ်ဖြစ် ဆင်ခြင်တိုင်းထွာမှု ရှိဖို့ရာဟာလည်း အရေးကြီးပါတယ်။ စကားပဲ ပြောဦးတော့ ဒီစကားကို ပြောလိုက်လို့ အကျိုးဖြစ်နိုင်ရဲ့လား ဆိုတာ ဆင်ခြင်ပြီးမှ ပြောလို့ အကျိုးရှိရင် ပြောသင့်တယ်၊ အဲဒါဟာ သာတ္ထက သမ္ပဇဉ်ပါပဲ။
.
“သပ္ပါယ သမ္ပဇဉ်”
သပ္ပါယ သမ္ပဇဉ်ဆိုတာ အကျိုးရှိဦးတော့ လျောက်ပတ် မလျောက်ပတ် ဆင်ခြင် ရဦးမယ်တဲ့၊ သင့်တော် လျောက်ပတ်မှ ရမယ်ပေါ့၊ ဘုရားဖူးသွားတယ် ဆိုပါတော့၊ ဘုရားဖူးသွားရင် ကုသိုလ်ရတဲ့ အကျိုးကျေးဇူး ရှိပါတယ်။ ဒါပေမယ့် ယောဂီ ပုဂ္ဂိုလ်တွေ အတွက်ကတော့ မသင့်တော်တာ ရှိတတ်တယ်။ ဘုရားဌာနမှာ ပွဲတွေလမ်းတွေ ရှိနေရင်၊ သွားလာဝင်ထွက် နေကြတဲ့ လူတွေ ရှိနေရင်ပေါ့၊ အဲဒီလိုဆိုရင် အာရုံတွေပြားပြီး သမာဓိပျက်မယ်၊ ရဟန်းတော်တွေ ဆိုရင် သာပြီးတော့ ဆင်ခြင်သင့်တာပေါ့၊ ဘုရားဖူး သွားကောင်းပါတယ်၊ ဒါပေမယ့် ပွဲလမ်းသဘင်တွေ ဘုရားဌာနမှာ ရှိနေတယ်ဆိုရင် လူတွေက ဒီကိုယ်တော် ပွဲကြည့် လာတယ်လို့ ထင်ကြမှာပဲ၊ ကုသိုလ်ရတယ် ဆိုပေမယ့် သင့်မသင့် ဒီလို ဆင်ခြင်ရသေးတယ်တဲ့၊ ဒါဟာ သပ္ပါယ သမ္ပဇဉ် တဲ့။
.
“ဂေါစရ သမ္ပဇဉ်”
ဂေါစရ ဆိုတာကတော့ သမထဘာဝနာ ဆိုရင် သမထအာရုံပဲ၊ ဝိပဿနာ ဘာဝနာ ဆိုရင် ဝိပဿနာ အာရုံပဲ၊ အဲဒီအာရုံတွေကို ရှုနေတာဟာ ဂေါစရသမ္ပဇဉ်ပါပဲ၊ အခု ဒီမှာ ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ ထိတယ်၊ မြင်တယ်၊ ကြားတယ်၊ စသည်ဖြင့် ဖြစ်တိုင်းဖြစ်တိုင်း ရုပ်နာမ်အာရုံတွေကို ရှုနေတာဟာ ဂေါစရ သမ္ပဇဉ်ပါပဲ။
.
“အသမ္မောဟ သမ္ပဇဉ်”
ဒီဂေါစရ သမ္ပဇဉ် အားကောင်းလာတဲ့ အခါကျတော့ ရုပ်နာမ် အာရုံတွေဟာ အင်မတန် ထင်ရှားလာကြတယ်။ ရုပ်နဲ့နာမ်ကို ပိုင်းပိုင်းခြားခြား သိသိလာတယ်။ ဖောင်းတဲ့အခါမှာ ဖောင်းတာက တစ်ခြား၊ မှတ်သိတာကတစ်ခြား၊ ပိန်တဲ့အခါ မှာလည်း ပိန်တာကတစ်ခြား၊ မှတ်သိတာကတစ်ခြားလို့ ဒီလိုခွဲခြားပြီးသိတယ်။ စင်္ကြံ သွားရာမှာလည်း ကြွတာက တစ်ခြား၊ မှတ်သိတာက တစ်ခြား စသည်ဖြင့် မှတ်ရတဲ့အာရုံနဲ့ စိတ်နဲ့ ခွဲခြားပြီး သိနေတယ်၊ အဲဒါဟာ နာမရူပ ပရိစ္ဆေဒဉာဏ်ပဲ၊ ရုပ်နာမ် သဘာဝတွေကို အမှန်အတိုင်းသိရင်တော့ အဲဒါကို အသမ္မောဟ သမ္ပဇဉ်လို့ ခေါ်တယ်။
အဲဒီ သမ္ပဇဉ်လေးပါးနဲ့ ပြောခဲ့ပြီး သတိတရားတို့ကို ဥပကာရတရားလို့ မြတ်စွာဘုရားက ဟောကြားတော်မူပါတယ်။ အင်မတန် ကျေးဇူးများတဲ့ တရား တွေပါပဲ၊ လောကမှာလည်း သတိတရားဆိုတာ ရှိဖို့လိုတာပဲ၊ သမ္ပဇဉ်တရား လည်း လိုတာပဲ၊ တရားအားထုတ်နေကြတဲ့ ယောဂီတွေအနေနဲ့ ဆိုတာကတော့ အထူး ပြောစရာ မလိုပါဘူး။ ဒီဥပကာရတရား ၂-ပါးရှိဖို့ အင်မတန် လိုပါတယ်။
သတိက အမှတ်ရရာမှာ ဂေါစရသမ္ပဇဉ် ကလည်း မှတ်မိတဲ့အာရုံကို ပိုင်းခြားပြီး သိရမှာပဲ၊ အသမ္မောဟသမ္ပဇဉ် ဆိုတာကလည်း ရုပ်နာမ် အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေကို ပိုင်းခြားပြီးတော့ သိရမှာပဲ၊ ဒါဟာ ကျေးဇူးများတဲ့ ဥပကာရတရား ၂-ပါးဖြစ်တယ်။ ဒါကြောင့် “သတိ ဟောတိ - သတိလည်းဖြစ်တယ်၊ သမ္ပဇညံဟောတိ - သမ္ပဇဉ်လည်းဖြစ်တယ်” လို့ မြတ်စွာဘုရားက အဘိဓမ္မာတရားတော်မှာ ထည့်ပြီး ဟောကြားတော်မူပါတယ်။ ဒါပေမယ့်လို့ ကုသိုလ်စိတ်တိုင်းမှာတော့ ဒါတွေဟာ သိပ်ပြီး မထင်ရှားပေဘူး။ အကျိုးရှိသလား၊ မရှိဘူးလားလို့ ဆင်ခြင်တဲ့ အခါမှာတော့ သမ္ပဇဉ်တရား ထင်ရှားပါတယ်။ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်မှာတော့ မှတ်တိုင်းမှတ်တိုင်းမှာ သတိလည်း ထင်ရှားတယ်၊ သမ္ပဇဉ်လည်း ထင်ရှားတယ်၊ ဒါကို ဆိုကြဦးစို့ -
.
“သတိ, သမ္ပဇဉ် - ဥပကာရတရား ၂-ပါး”
အဲဒီ ၂-ပါးကလည်း ရှေးမှာ ပါခဲ့ပြီးဖြစ်လို့ လက်သည်းကွင်း ပြထားတယ်၊ ရှေးမှာ ဣန္ဒြေက စပြီး ပါခဲ့တယ်၊ သတိန္ဒြေတဲ့၊ နောက် မဂ္ဂင်ထဲမှာ သမ္မာသတိတဲ့၊ ဗိုလ်ကျတော့ သတိဗိုလ် တဲ့၊ အဲဒီလို သုံးနေရာမှာပင် ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် တရားကိုယ်အသစ် မပါတော့ပါဘူး၊ သမ္ပဇဉ်ဆိုတဲ့ ပညာကလည်း ဒီလိုပါပဲ၊ ဣန္ဒြေထဲမှာ ပညိန္ဒြေ၊ မဂ္ဂင်ထဲမှာ သမ္မာဒိဋ္ဌိ၊ ဗိုလ်ထဲမှာ ပညာဗိုလ်၊ မူလထဲမှာ အမောဟ၊ ကမ္မပထထဲမှာ သမ္မာဒိဋ္ဌိ၊ ဒါက ငါးနေရာတောင်မှ ပါခဲ့ပါတယ်။ ဒါကြောင့် ဒီအတွက်လည်းပဲ တရားကိုယ်အသစ် တိုးစရာမရှိတော့ဘူး၊ ၂-ပါးလုံး လက်သည်း ကွင်းထားတယ်။
ယုဂနဒ္ဓတရား ၂-ပါး
▬▬▬▬▬▬▬
နောက်တစ်ခါ ဟောတာက ယုဂနဒ္ဓတရား ၂-ပါးတဲ့၊ အစုံဖွဲ့သောတရားလို့ ဆိုလိုတယ်၊ “သမထထော ဟောတိ၊ ဝိပဿနာ ဟောတိ” တဲ့၊ သမထဆိုတာ သမာဓိပါပဲ၊ ဝိပဿနာဆိုတာက ဉာဏ်ပညာပါပဲ၊ ကုသိုလ်စိတ်တိုင်းမှာ သမထဆိုတဲ့ ဧကဂ္ဂတာ သမာဓိပါတာချည်းပဲ၊ ဒါပေမယ့် အချို့ကုသိုလ်စိတ် များမှာတော့ မထင်ရှားလှဘူး။ စူးစူးစိုက်စိုက် အာရုံပြုနေတဲ့ အခါများမှသာ ထင်ရှားပါတယ်။ ဝိပဿနာဆိုတာ ဉာဏ်ပညာပဲ၊ ဒါလည်း ကုသိုလ်စိတ်တိုင်းမှာ ပါဝင်တယ် ဆိုပေမယ့် မထင်ရှားဘူး၊ ဝိပဿနာရှုမှတ်တဲ့ အခါများမှာတော့ ထင်ရှားပါတယ်။ ၂-ပါးလုံး ထင်ရှားပါတယ်၊
ရှုမှတ်တဲ့အာရုံတိုင်းမှာပင် ရှုမှတ်တဲ့အာရုံထဲမှာ ကပ်ကပ်ပြီး ပါသွားတာဟာ သမထခေါ်တဲ့ ဧကဂ္ဂတာပါပဲ၊ မှတ်တိုင်း မှတ်တိုင်း မှတ်ရတဲ့အာရုံနဲ့ မှတ်စိတ် ကလေးများဟာ ကပ်ခနဲ ကပ်ခနဲ ကျကျနေတယ်။ အဲဒါဟာ သမာဓိပဲ၊ ဝိပဿနာ ဆိုတာကလည်း အဲဒီမှတ်ရတဲ့ အာရုံလေးတွေကို ပိုင်းပိုင်းခြားခြား သိသိသွားတာကို ခေါ်တာပဲ။ အစမှာ ဆိုရင်တော့ သဘောမျှလောက်သာ သိသေးတယ်၊ နောက်တော့ ရုပ်နာမ်ကို ပိုင်းခြားပြီး သိတယ်၊ အဲဒီလိုသိပြီးတဲ့ နောက်မှာ အကြောင်းအရာ အကျိုးပါ သိပါတယ်၊ အဲဒီရဲ့ နောက်မှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တနဲ့ အဖြစ်အပျက တွေကို သိသိလာတယ်၊ ဒါတွေဟာ ပညာတွေပဲ။
အဲဒီလို ရှုမှတ်တိုင်းမှာပင် သမထဝိပဿနာ တွေဟာ ထင်ရှားပါတယ်၊ များသော အားဖြင့် ဝိပဿနာ ရှုမှတ်နေတဲ့ ပုဂ္ဂိုလ်တွေမှာ အခုဟောခဲ့တဲ့ တရားတွေ အားလုံးပင် ထင်ရှား ပါဝင် နေကြတာပါပဲ၊ ကိုင်း ဆိုလိုက်ကြပါဦးစို့။
.
“သမထ, ဝိပဿနာ ယုဂနဒ္ဓ ၂-ပါး”
သမထနဲ့ဝိပဿနာ အစုံတရားတဲ့, စုံတွဲတရား၊ ကုသိုလ်တရားတွေမှာ ဒီ ၂-ခု တွဲနေမှ၊ အထူးအားဖြင့် ဝိပဿနာမှာ ဒီ ၂-ခုတွဲနေမှ ကောင်းတယ်၊ မဂ်ရောက်လို့ရှိရင် ဒီ ၂-ခုဟာ တစ်စုံလုံး ညီတူညာတူ အင်တိုက်အားတိုက် ပြိုင်တူတက်လာမှ မဂ်တရား အလွယ်တကူဖြစ်တယ်။ ဒါကြောင့် ဒီတရား ၂-ပါးကလည်း အရေးကြီးပါတယ်။
ကာမာဝစရ ကုသိုလ် ဝေဖန်ပုံ အကျဉ်းချုပ် ကောက်နုတ်ချက်
▬▬▬▬▬▬▬▬▬▬▬
[ဤသည်မှာ စာရွက်စာတမ်းဖြင့် ရိုက်နှိပ်စေသည့် တရားတို့ဖြစ်၏။]
၁။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်, သသင်္ခါရိကစိတ် ဖြစ်ခိုက်၌ အမည်ထုတ်၍ ဟောထားသော တရားတို့မှာ -
ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ စိတ်၊ (ဖဿပဉ္စမက ၅)
ဝိတက်၊ ဝိစာရ၊ ပီတိ၊ (သုခ) ဧကဂ္ဂတာ၊ (ဈာနင် ၅)
သဒ္ဓါ၊ ဝီရိယ၊ သတိ၊ (သမာဓိ) ပညာ၊ (မန၊ သောမနဿ) ဇီဝိတ၊ (ဣန္ဒြေ ၈)
(သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ) (မဂ္ဂင် ၅)
(သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ) ဟိရီ၊ ဩတပ္ပ (ဗိုလ် ၇)
အလောဘ၊ အဒေါသ၊ (အမောဟ) (မူလ ၃)
(အနဘိဇ္ဈာ၊ အဗျာပါဒ၊ သမ္မာဒိဋ္ဌိ) (ကမ္မပထ ၃)
(ဟိရီ၊ ဩတ္တပ္ပ) (လောကပါလ ၂)
ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ၊ ကာယလဟုတာ၊ စိတ္တလဟုတာ၊
ကာယမုဒုတာ၊ စိတ္တမုဒုတာ၊ ကာယကမ္မညတာ၊ စိတ္တကမ္မညတာ၊
ကာယပါဂုညတာ၊ စိတ္တပါဂုညတာ၊ ကာယုဇုကတာ၊ စိတ္တုဇုကတာ၊ (အစုံတရား ၁၂)
(သတိ၊ သမ္ပဇဉ်) (ဥပကာရတရား ၂)
(သမထ၊ ဝိပဿနာ) (ယုဂနဒ္ဓတရား ၂)
(ပဂ္ဂါဟ၊ အဝိက္ခေပ) (ညီမျှစေအပ်သည့်တရား ၂)
[မှတ်ချက်]
လက်သည်းကွင်းဖြင့် ရှေးနှင့်တရားကိုယ် ထပ်တူဖြစ်ကြောင်း ပြသည်။
ဤ (၅၆) ပါးပင် ဖြစ်သည်။ တရားကိုယ်အားဖြင့် ၃၀ မျှသာရှိသည်။
မှတ်သားဖွယ်
▬▬▬▬▬
အဲဒီမှာ မှတ်သားစရာလေး ရှိတယ်၊ ဒါလေးကို ပြောဦးမှပဲ၊ ဝိသုဒ္ဓိမဂ် မဟာဋီကာ အသုဘခန်းတွင် ဥပဓာရေတဗ္ဗ ဥပပရိက္ခိတဗ္ဗ ဆိုပြီးတော့ ပြထားတယ်။ အသုဘ အာရုံကို ဥပဓာရေတဗ္ဗ မှတ်သားရမယ်တဲ့၊ ဥပပရိက္ခိတဗ္ဗ စူးစမ်းရမယ်တဲ့၊ အဲဒါ ၂-ခုကို ဋီကာမှာ ဖွင့်ပြထားပါတယ်၊ သတိက ဥပဓာရဏ သဘော ရှိတယ်တဲ့၊ မှတ်ခြင်းသဘော ရှိတယ်လို့ ဆိုလိုပါတယ်၊ သတိကို ဓာရဏတာလို့ ပြထားပြန် ပါတယ်၊ ဒီအဘိဓမ္မာ ဓမ္မသင်္ဂဏီ ပါဠိတော်မှာ -
“ကတမာ တသ္မိံ သတိ ဟောတိ” တဲ့၊
တသ္မိံ သမယေ - ထိုကုသိုလ်စိတ် ဖြစ်သော အချိန်အခါ၌၊
ကတမာ - အဘယ်သို့သော၊
သတိ - သတိသည်၊
ဟောတိ - ဖြစ်ပါသနည်း တဲ့။
ဒီလိုမေးပြီးတော့ သတိကို ဝေဖန်ထားပါတယ်။ အဖြေက -
ယာ သတိ - အကြင် အမှတ်ရခြင်း သဘောသည်၊
ယာ အနုဿတိ - အကြင် တစ်ဖန် အမှတ်ရသော သဘောသည်၊
ယာ ပဋိဿတိ - အကြင် ရှေးရှုအမှတ်ရသော သဘောသည်၊
ယာဓာရဏတာ - အကြင် ဆောင်တတ် မှတ်တတ်သည်၏အဖြစ်သည်၊
ယာ ဥပဓာရဏတာ - အကြင် ကပ်၍ ဆောင်တတ် မှတ်တတ်သည်၏ အဖြစ်သည်၊
အတ္ထိ - ရှိ၏၊
အယံ - ဤသဘောသည်၊
သမ္မာသတိ - သမ္မာသတိ မည်၏၊
တသ္မိံ သမယေ - ထိုအခါ၌၊
သတိ - သတိသည်။
ဟောတိ - ဖြစ်၏၊
လို့ ဆိုပြီး ဟောပြထားပါတယ်။
အဲဒါ ဝိသုဒ္ဓိမဂ် မဟာဋီကာက ဖွင့်ပြထားတဲ့ အဖွင့်အတိုင်းပါပဲ၊ သတိဆိုတာဟာ အမှတ်ရတဲ့ သဘောပဲတဲ့၊ နောက် ဝိပဿနာကိုလည်း သံလက္ခဏာ မှတ်ခြင်းသဘော ဆိုပြီး ပါဠိတော်မှာပဲ ပြထားတယ်၊
“ကတမာ တသ္မိံ သမယေ ဝိပဿနာ”
တသ္မိံ သမယေ - ထိုအခါ၌၊
ကတမာ - အဘယ်သို့သော၊
ဝိပဿနာ - ဝိပဿနာသည်၊
ဟောတိ - ဖြစ်သနည်း ဆိုပြီးတော့ မေးတယ်။
အဖြေက -
ယာ ပညာ - အကြင် ပညာသည်၊
ယာ ပဇာနနာ - အကြင် အပြားအားဖြင့် သိခြင်းသည်၊
ယော ဝိစယော - အကြင် စူးစမ်းဆင်ခြင်တတ်သော သဘောသည်၊
ယော ပဝိစယော - အကြင် အပြားအားဖြင့် စူးစမ်းဆင်ခြင်တတ်သော သဘောသည်၊
ယာ သံလက္ခဏာ - အကြင် ကောင်းစွာမှတ်ခြင်းသဘောသည်၊
ယာ ဥပလက္ခဏာ - အကြင် ကပ်၍ မှတ်ခြင်းသဘောသည်၊
စသည်ဖြင့် အရှည်ကြီးဖြေထားပါတယ်၊ ပညာအရာမှာ ပုဒ်တွေ အများကြီး ထုတ်ပြ ထားတယ်။ အဲဒီ ထုတ်ပြထားတဲ့သဘောသည်
အတ္ထိ - ရှိ၏၊
တသ္မိံ သမယေ - ထိုအခါ၌၊
အယံ ဝိပဿနာ - ဤသို့သော ဝိပဿနာသည်၊
ဟောတိ - ဖြစ်၏၊
ဝိပဿနာကိုလည်း သံလက္ခဏာ မှတ်ခြင်းသဘောဆိုပြီး ဟောထားတာရှိပါတယ်။ အဲဒါဟာ မှတ်သားထားရမယ့် အချက်ပါပဲ။
ပဂ္ဂဟနဲ့ အဝိက္ခေပ
▬▬▬▬▬▬▬
အဆုံးအနေနဲ့ ဟောထားတာ ကတော့ ပဂ္ဂဟနဲ့ အဝိက္ခေပ ညီမျှစေအပ်တဲ့ တရား ၂-ပါး တဲ့၊ ဒီတရား ၂-ပါးကတော့ ညီမှဖြစ်တယ်တဲ့၊ တစ်ခုခုက လွန်ကဲနေရင် မဖြစ်ဘူးတဲ့၊ ပဂ္ဂဟဆိုတာ ချီးမြှောက် အားပေးတဲ့ သဘောပဲ၊ တရားကိုယ် အနေနဲ့ကောက်ရင် ဝီရိယ ပါပဲ၊ အဲဒါကြောင့် သူ့ကို လက်သည်းကွင်း ပြထားတယ်၊ အထူးမဟုတ် တော့ဘူး၊ အဝိက္ခေပ ဆိုတာက ဧကဂ္ဂတာ သမာဓိပဲ၊ မပြန့်မလွင့်တဲ့သဘော တဲ့။ ဒါအတွက်လည်း တရားကိုအထူး မဟုတ်တော့ဘူး၊ ရှေ့က ပါခဲ့ပြီးပြီ။
အဲဒီတရား ၂-ပါးဟာ တရားအားထုတ်တဲ့ ယောဂီပုဂ္ဂိုလ်များအတွက် အင်မတန် ညီမျှဖို့ လိုအပ်ပါတယ်။ တစ်ခါတည်း ဝီရိယတွေ သိပ်များပြီးတော့ အားထုတ်လွန်း နေရင်လည်း စိတ်ပြန့်လွင့်မှုတွေ များလာတယ်။ အဲဒီအခါမှ မှတ်လို့ မကောင်း တော့ဘူး၊ တစ်ခါတစ်ခါ ကျတော့လည်း စိတ်တွေ ပျံ့လွင့်ပြီး နေတယ်၊ အဲဒီအခါမှာ သမာဓိ မဖြစ်ပြန်ဘူး၊ သမာဓိ မဖြစ်တော့လည်း မှတ်ရတာ မငြိမ်မသက်ဖြစ်ပြီး မကောင်းဘဲ ဖြစ်လာတော့တယ်။ ဒါကြောင့် ဝီရိယနဲ့ သမာဓိ ညီမျှစေရမယ်တဲ့၊ သမာဓိ လွန်ကဲနေပြန်တော့လည်း အာရုံတစ်ခုထဲမှာ စူးစိုက်လွန်းနေတော့ ထိန မိဒ္ဓ ဝင်လာ တတ် ပြန်ပါတယ်၊ ဒါကြောင့် ဝီရိယနဲ့ သမာဓိ ညီမျှဖို့ လိုတယ်တဲ့၊
သမာဓိ အားများနေတဲ့ အခါမှာ မှတ်စရာ အာရုံလေးတွေကို ဖြန့်ပြီးတော့ မှတ်ရတယ်၊ ကြောင့်ကြ ဗျာပါဒ များနေတဲ့ အခါမှာတော့လည်း မှတ်စရာအာရုံကို နည်းနည်းပဲ ထားရတယ်၊ ဖောင်းတယ်၊ ပိန်တယ်လို့ နည်းနည်းပဲ ထားပြီးမှတ်ရတယ်၊ သတိပြုပြီး သမာဓိအား များနေတဲ့အခါ အာရုံကို ချဲ့ချဲ့ပြီးတော့ များများ မှတ်ပေး၊ ဝီရိယအား များနေတဲ့အခါမှာ အာရုံကို နည်းနည်းလျှော့ပြီးတော့ မှတ်ပေးပါ၊ ကမ္မဋ္ဌာန်းဆရာ တွေက ဒါတွေကိုကြည့်ပြီး ပြင်ပေးရတယ်။ ဒီ ၂-ခု ညီမျှမှ တရားက ရှေ့ကိုတက်တယ်၊ မညီမျှရင် တရားက မတိုးတက်ဘူး။
စောင်းဥပမာ
▬▬▬▬▬
ဘုရားရှင် လက်ထက်တော် အခါတုန်းက သောဏသူဌေးသား ဘဝမှ ရဟန်း ဖြစ်လာခဲ့တဲ့ သောဏမဏေရ် ဆိုတာရှိတယ်၊ သူက အင်မတန် ချမ်းသာ ခဲ့တာကလား၊ လူ့ဘဝတုန်းက သူဌေးသားဆိုတော့ ကလေးဘဝကစပြီးတော့ မြေကြီး ပေါ်မှာ ခြေချမနင်း ဖူးဘူးတဲ့၊ အဲဒါကြောင့် သူ့ခြေဖဝါးတွေဟာ အင်မတန်မှ နူးညံ့နေတယ်၊ ခြေဖဝါးမှာ မွေးညင်းလေးတွေတောင် ပေါက်နေတယ်လို့ ဆိုပါတယ်။ နောက်တော့ သူဟာ မြတ်စွာဘုရား တရားတော်ကို နာကြားရလို့ သာသနာတော်မှာ ဝင်ရောက်ပြီး ရဟန်းပြုတဲ့ ပုဂ္ဂိုလ်ထူး တစ်ဦးပါပဲ။
သာသနာတော်မှာ ဝင်ရောက်ပြီး ရဟန်းပြုလို့ တရားအားထုတ်တဲ့ အခါမှာ သံသရာ ဝဋ်ဆင်းရဲက လွတ်မြောက်တော့မယ်ဆိုတာ အင်မတန်ယုံကြည်တဲ့ သဒ္ဓါတရားတွေ ဖြစ်လာတယ်၊ ဒီလို သဒ္ဓါတရားတွေ အားကောင်း လွန်းလို့လည်း လောကချမ်းသာ တွေကို အကုန်လုံးစွန့်ပြီး သာသနာတော်မှာ ဝင်ရောက် ရဟန်းပြုခဲ့တယ်၊ အံ့ဩစရာ ကောင်းတဲ့ ပုဂ္ဂိုလ်ပါပဲ၊ ခုနေ အခါမှာတော့ ဒီလိုပုဂ္ဂိုလ်ဟာ ရှားပါတယ်၊ သာသနာမှာ ဝင်ရောက်ပြီးတော့လည်း ပေါ့ပေါ့ဆဆ မနေဘူးတဲ့၊ သုသာန်သင်္ချိုင်းမှာ သွားပြီး တရားအားထုတ်ရင်း စင်္ကြံ လျှောက်နေတယ်၊ ဒီလို စင်္ကြံ လျှောက်ပြီး တရား အားထုတ်နေရင်း သူ့ခြေထောက်က သွေးတွေ ယိုကျလာတော့သတဲ့၊ ဒီတော့ သူ့ခြေထောက်ဟာ အနာတရ ဖြစ်သွားခဲ့တယ်၊ ဒီလိုအားထုတ်ပေမယ့် တရားက မတိုးတက် တော့ဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ ဝီရိယတွေ လွန်နေလို့တဲ့၊ ပင်လည်း ပင်ပန်း တရားကလည်း မတက်တော့ စိတ်ဓာတ်တွေကျဆင်းသွားတယ်တဲ့။
“ငါ့မှာ တရားလည်း မတိုးတက်ဘူး၊ တရားထူး တရားမြတ်ကို ရနိုင်မယ့်ပုဂ္ဂိုလ် မဟုတ်တော့ဘူးနဲ့ တူတယ်၊ တရားထူး မရတဲ့အတူတူ လူ့ဘောင်မှာ ပြန်ပြီး လူဝတ်ကြောင်နဲ့ပဲ တတ်နိုင်သမျှ ကုသိုလ်ကောင်းမှု ပြုမှာပါပဲ” လို့ အကြံအစည် ဖြစ်လာတယ်။
အဲဒီအခါမှာ မြတ်စွာဘုရားက သူ့အကြံအစည်ကို သိတော်မူလို့ သူ့ဆီကြွလာပြီး အကြောင်း ခြင်းရာတွေကို မေးမြန်းစစ်ဆေး ပြုပြင်ပေးတော်မူတယ်တဲ့၊ ပြုပြင် ပေးပုံက စောင်းတီးတဲ့ ဥပမာပြပြီး ပြုပြင်ပေးတော်မူတယ်။ စောင်းကိုတီးတဲ့ အခါမှာ စောင်းကြိုး တင်းနေရင်လည်း တီးလို့အသံမကောင်း၊ လျော့လွန်းနေရင်လည်း အလို ရှိတဲ့အသံ မထွက်လာလို့ မကောင်းဘူ့းတဲ့။ မလျော့မတင်း အလယ်အလတ် ညီမျှအောင် ပြုပြင်တီးမှ စောင်းသံဟာ ကောင်းတယ်လို့ ဥပမာပြပြီးတော့ ပြုပြင် ပေးတော် မူပါတယ်။
အရှင်သောဏမှာ ဝီရိယတွေ လွန်ကဲနေပါတယ်၊ ဒါကြောင့် သမာဓိ မဖြစ်နိုင်ဘဲ ပျံ့လွင့်နေတယ်၊ ဒါနဲ့ မြတ်စွာဘုရားက ဒီဥပမာပြပြီး ညွန်ကြားတော်မူပါတယ်၊ မြတ်စွာဘုရား ညွန်ကြားတော် မူတဲ့အတိုင်း ဝီရိယနဲ့ သမာဓိ ညီမျှအောင် ပြုပြင်ပြီး အားထုတ်လိုက်မှ မကြာမီအတွင်း ရှင်သောဏဟာ ရဟန္တာ ဖြစ်သွားခဲ့ပါတယ်။
အခုအားထုတ်ကြတဲ့ ယောဂီတွေလည်း ဒီလိုပဲ၊ ဝီရိယ လွန်ကဲ အားကြီးနေတဲ့ အခါမှာ နည်းနည်း ပါးပါး လျော့ပေးရတယ်၊ ဝီရိယကို သိပ်ကြီးအားမစိုက်ရဘဲ မှန်မှန် ရှုမှတ်နေလို့ရှိရင် သက်သာလွယ်ကူပါတယ်။ ပြီးတော့ ထိတယ် သိတယ်လို့ မှတ်နေရင်လည်း လွယ်ကူပါတယ်၊ ဘာမှသိပ်ပြီး ကြောင့်ကြ မစိုက်ရတော့ဘူး၊ ဝီရိယနည်းပြီး သမာဓိအား ကောင်းနေပြန်ရင်လည်း ဉာဏ်မဖြစ်ပြန်ဘူး၊ ဒီတော့ လည်း အာရုံလေးတွေကို များများပြောင်းပြီး ရှုမှတ်ရ ပြန်တယ်၊ ဖြန့်နိုင်သမျှ ဖြန့်ပြီးတော့ ရှုမှတ်ရတယ်၊ဖောင်းတယ်၊ပိန်တယ်၊ ထိုင်တယ်၊ ထိတယ် စသည်ဖြင့် သင့်တန်အောင် ကြည့်ပြီး မှတ်ရတယ်၊ အဲဒီလို မှတ်ပြီးသွားရင် ဝီရိယနဲ့ သမာဓိ ညီမျှသွားပြီး တရားတက်တယ်တဲ့။ လိုက်ဆိုကြရမယ် -
ပဂ္ဂဟ အဝိက္ခေပ - ညီမျှရမည့် တရား ၂ ပါး၊
ပဂ္ဂဟ = ကြောင့်ကြစိုက်ခြင်း၊ အားထုတ်ခြင်း၊
အဝိက္ခေပ = မပျံ့လွင့်ခြင်း၊ စိတ်တည်ကြည်ခြင်း၊
ဒီတရား ၂-ပါးဟာ တရားအားထုတ်တဲ့အခါ ညီမျှစေရေးအတွက် အရေးကြီးပါတယ်။ အခုပြောခဲ့တဲ့ နည်းလမ်းအတိုင်း ညီမျှသွားအောင် ဆောင်ရွက်ဖို့လိုပါတယ်။ အခုထိတောင် ပေါင်းလိုက်လို့ရှိရင် ဘယ်လောက် ရှိသွားပြီလဲ ဆိုတော့ ၅၆-ပါး ရှိတယ်တဲ့၊ အရေအတွက်အနေနဲ့ကတော့ ၅၆-ပါးပဲ၊ အဲဒီမှာ တူရာတူရာတွေကို ထပ်ပြီးမပေါင်းတော့ဘဲ တရားကိုယ်မျှ သက်သက် ဆိုရင်တော့လည်း ဒီလောက် မရှိပါဘူး၊ ဝေထားတဲ့ စာရွက်ထဲမှာတော့ ဒီ ၅၆-ပါးပဲ ဖြစ်တယ်။
ရှေ့ကစကားကို ဒီမှာ လာဆက်ရမယ်၊ “သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ် ကုသိုလ်” တဲ့၊ သောမနဿဆိုတာ ဝမ်းမြောက်ဝမ်းသာ ဖြစ်တာ၊ ဝမ်းမြောက်ဝမ်းသာ ဆိုတာ ဝေဒနာပါပဲ၊ ဖဿဝေဒနာဆိုတဲ့ အထဲမှာပါတဲ့ ဝေဒနာပေါ့၊ နောက်ပြီးတော့ ပီတိ သုခလို့ ဆိုရာမှာလည်း သုခရယ်၊ ဣန္ဒြေထဲမှာပါတဲ့ သောမနဿိန္ဒြေရယ် အဲဒါတွေဟာ ဝေဒနာပါပဲ၊ အဲဒီ သောမနဿ ဝေဒနာတွေနဲ့တကွ ဖြစ်တဲ့ ဉာဏသမ္ပယုတ် ဉာဏ်နှင့် ယှဉ်တဲ့စိတ်တဲ့၊ ဒီမှာယှဉ်တဲ့ ဉာဏ်ဆိုတာဟာလည်း ဣန္ဒြေထဲက ပညိန္ဒြေ၊ မဂ္ဂင်ထဲက သမ္မာဒိဋ္ဌိ၊ ဗိုလ်ထဲက ပညာဗိုလ်၊ မူလသုံးပါးထဲက အမောဟ၊ ကမ္မပထထဲက သမ္မာဒိဋ္ဌိ၊ သတိသမ္ပဇဉ်ထဲက သမ္ပဇဉ်၊ သမထ ဝိပဿနာ ထဲက ဝိပဿနာ အဲဒီတရားတွေဟာ ဉာဏ်ပါပဲ။
အဲဒါတွေကို ထုတ်ပြီးတော့ ဟောထားတယ်၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် ကုသိုလ်စိတ် ဖြစ်ပုံတဲ့၊ အဲဒီမှာ မတိုက်တွန်းဘဲဖြစ်တဲ့ ကုသိုလ်စိတ်ကိုတော့ အသင်္ခါရိက ကုသိုလ်စိတ်လို့ ခေါ်တယ်။ တိုက်တွန်းမှဖြစ်တဲ့ ကုသိုလ်စိတ်ကိုတော့ သသင်္ခါရိကကုသိုလ်စိတ်လို့ ခေါ်တယ်။ အဲဒီစိတ် နှစ်ပါးလုံးနဲ့ယှဉ်တဲ့ ယှဉ်ဖက် စေတသိက်တွေဟာ အတူတူတွေပါပဲ၊ မတိုက်တွန်းဘဲ ဖြစ်တာနဲ့ တိုက်တွန်းမှဖြစ်တာ ဒီမျှလောက်သာ ကွာပါတယ်။ ဒါကြောင့် ဒီမှာ ဒီနှစ်ပါးကို တစ်ပေါင်းတည်း ပြုပြီးတော့ ပြထားတယ်၊ အသင်္ခါရိက သသင်္ခါရိက ဖြစ်ခိုက်၌ ပါဝင်သော တရားတို့မှာ ဆိုပြီးတော့ အခုဟောထားခဲ့တာ ကုန်ပါပြီ၊ ဤ ၅၆-ပါးပင် ဖြစ်သည် ဆိုပြီး ချုပ်လိုက်ပါတယ်။
နည်းနည်း ပြောရဦးမယ်
▬▬▬▬▬▬▬▬▬
သင်္ခါရနဲ့ ပတ်သက်ပြီးတော့ နည်းနည်း ပြောရဦးမယ်၊ ဒီမှာ တစ်ပေါင်းတည်း ပြထားပေမယ်လို့ အကျိုးပေးကြတဲ့ အခါမှာတော့ မတူပေဘူး။ သူများတိုက်တွန်း မနေရဘဲနဲ့ မိမိ အလိုလိုပြုတဲ့ အသင်္ခါရိက ကုသိုလ်စိတ်က အကျိုးပေးတဲ့နေရာမှာ ပိုပြီးတော့ ထက်သန်တယ်၊ သူများက တိုက်တွန်းလို့ စေတနာဖြစ်ပြီးမှ လှူတာမျိုး ကျတော့ သသင်္ခါရိက ကုသိုလ်တဲ့၊ ဒါက အကျိုးပေး အသင်္ခါရိက ကုသိုလ်လောက် မထက်သန်ဘူး၊ ဘုရားရှိခိုးမှာလည်း ဒီအတိုင်းပဲ၊ ကိုယ့်ဟာကိုယ် စေတနာ ထက်သန်ပြီး အသင်္ခါရိက ဖြစ်တာပဲ၊ သူများတိုက်တွန်းလို့ ရှိခိုးရတာ ကျတော့ သသင်္ခါရိကကုသိုလ် ဖြစ်တယ်၊ တရားနာရာမှာလည်း ဒီအတိုင်းပဲ၊ ကိုယ့်ဟာကိုယ် စေတနာ ထက်သန်ပြီး နာရင် အသင်္ခါရိကဖြစ်တယ်၊ သူများတိုက်တွန်းလို့ မလွှဲသာ မကင်းသာလို့ နာရတယ်ဆိုရင် သသင်္ခါရိကကုသိုလ် ဖြစ်တယ်၊ ကုသိုလ်တော့ ကုသိုလ် ချည်းပဲ၊ ဒါပေမယ့်လို့ အကျိုးပေးတဲ့ နေရာကျတော့ ထက်သန်ရင် ထက်သန်သလို အကျိုးပေးလည်း ထက်သန်တာပဲ၊ မထက်သန်ရင် မထက်သန်သလို အကျိုးပေး လည်း ညံ့တာပဲ။
အဲဒီ ကုသိုလ်စိတ်တွေ ဖြစ်ခိုက်မှာ အမည်ထုတ်၍ မြတ်စွာဘုရား ဟောကြားထားသော တရားတော်တို့မှာ ဤ ၅၆-ပါး ဖြစ်သည် တဲ့၊ အဲဒီမှာ လက်သည်းကွင်းထဲက တရားတွေကိုမနုတ်ဘဲ ရေတွက်ရင် ၅၆-ပါး ဖြစ်တယ်၊ သေချာအောင် ပြန်ပြီးတော့ ပေါင်းကြည့်ကြဦးစို့။
ဖဿပဉ္စမက ၅-ပါး၊
ဈာနင် ၅-ပါး၊
ဣန္ဒြေ ၈-ပါး၊
မဂ္ဂင် ၅-ပါး၊
ဗိုလ် ၇-ပါး၊
မူလ ၃-ပါး၊
ကမ္မပထ ၃-ပါး၊
လောကပါလ ၂-ပါး၊
ပဿဒ္ဓိ စသည် ၁၂-ပါး၊
ဥပကာရ ၂-ပါး၊
ယုဂနဒ္ဓ ၂-ပါး၊
ညီမျှရမည့် တရား ၂-ပါး။
အဲဒါတွေကို ပေါင်းလိုက်လို့ရှိရင် “ဆပညာသဓမ္မာ” ၅၆-ပါးသော တရားတွေတဲ့၊ သဘောတူ တာတွေကို ထပ်ပြီး မပေါင်းတော့ဘဲ ဆိုရင်တော့ တရားကိုယ် ၃၀-ရှိတယ်၊ အဲဒါတွေဟာ ကုသိုလ်စိတ်ဖြစ်တဲ့ အခါမှာ တစ်ပေါင်းတည်း ဖြစ်ကြတဲ့ တရားတွေတဲ့၊ မြတ်စွာဘုရားက အဲဒီလိုကို အစိတ်စိတ်ခွဲခြားပြီးတော့ သဗ္ဗညုတ ဉာဏ်တော်မြတ်ရဲ့ အစွမ်းနဲ့ ဟောကြားတော် မူခဲ့ပါတယ်။ ဒီလို ခွဲခြားနိုင်ဖို့ရာဟာ အင်မတန်မှကိုပဲ မလွယ်ကူတဲ့ အလုပ်ပဲ၊ မြတ်စွာဘုရားရှင် တို့သာလျှင် ဖြစ်နိုင်တာ၊ သာမန် ပုဂ္ဂိုလ် တို့ရဲ့အရာ မဟုတ်ဘူး။
ပတိပူဇိကာ နတ်သမီးဝတ္ထု
▬▬▬▬▬
၅၆-ပါးသော တရားတွေ ဖြစ်တယ်ဆိုတာနဲ့ စပ်ပြီးတော့ မှတ်သားစရာလေး တစ်ခုရှိတယ်၊ အဲဒါကို ဓမ္မပဒအဋ္ဌကထာမှာ ထုတ်ပြထားတဲ့ ပတိပူဇိကာ ဝတ္ထုလေးပါပဲ၊ ဗဟုသုတအဖြစ် မှတ်သား ရအောင်၊ ဒီမှာလည်း ပြောရဦးမယ်၊ တာဝတိံသာ နတ်ပြည်မှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာ ဝတ္ထုလေး တစ်ခုပါပဲ။
တာဝတိံသာ နတ်ပြည်မှာ မာလာဘာရီဆိုတဲ့ တန်ခိုးကြီး နတ်သားကြီးတစ်ဦး ရှိတယ်၊ အထက်တန်း နတ်သားကြီးလို့ ဆိုရမှာပေါ့၊ နတ်မင်းကြီး တော့လည်း မဟုတ်ပါဘူး၊ အဲဒီနတ်သားကြီးမှာ နတ်သမီး အလုပ်အကျွေးတွေ တစ်ထောင်တောင် ရှိသတဲ့၊ အခြံအရံတွေ အင်မတန် များတာပဲ၊ တစ်နေ့တော့ သူတို့တစ်တွေ ဥယျာဉ်ထဲမှာ သွားကြပြီးတော့ ကပွဲ ပြုလုပ်ကြတယ်၊ ပျော်ရွှင်ပွဲပေါ့လေ၊ နတ်သမီးငါးရာက ပန်းပင်တွေပေါ် တက်ပြီးတော့ ပန်းခူးကြ ခြွေချကြတယ်၊ ကျန်တဲ့ နတ်သမီးငါးရာ ကတော့ အောက်ကနေပြီးတော့ ကျလာတဲ့ ပန်းတွေကို သီကြကုံးကြတယ်ပေါ့၊
ပန်းကုံးတွေ ပြုလုပ်ပြီးတော့ သူတို့ရဲ့ နတ်သားကြီးကို တန်ဆာဆင်ပြင်ပေး ကြသတဲ့။ ပျော်ပွဲ ပြိုင်ပွဲအနေနဲ့ နတ်သမီးတွေ အချင်းချင်း ပန်းပင်အောက်က ပန်းကောက်တဲ့ နတ်သမီးတွေ ကလည်း အပြိုင်အဆိုင်ကောက်ကြတယ်၊ ပန်းပင်ပေါ်က နတ်သမီးတွေ ကလည်း အပြိုင်အဆိုင် ခူးပြီး ခြွေချကြတယ်၊ အောက်ကနေပြီး ခူးမယ်ဆိုရင်လည်း နတ်တန်ခိုးနဲ့ပဲ ရနိုင်လောက်ပါတယ်၊ ဒါပေမယ့် ပျော်လိုပါးလိုလို့ တက်ကြတာ ဖြစ်မှာပါပဲ၊ နတ်သားကြီးကိုလည်း အပြိုင်အဆိုင် မလှလှအောင် တန်ဆာဆင်ပြင် ပေးကြတယ်။
လူတွေအနေနဲ့ ဆိုရင်တော့ ခဏလေးနဲ့ ပန်းကုံးတွေ အများကြီးရမှာပဲ၊ ဒါပေမယ့် သူတို့မှာ တေးသီချင်းတွေ ဆိုလိုက်ကြ၊ ကလိုက်ကြနဲ့ဆိုတော့ မပြီးနိုင်ကြဘူး၊ အကြာကြီးပဲ ပျော်ရွှင်နေကြတယ်၊ အလုပ်ကလည်း ဒီပြင်လုပ်စရာ မရှိတော့ တေးလေး တအေးအေးနဲ့ ပျော်ချင်တိုင်း ပျော်နေကြပုံ ရပါတယ်၊ လူ့လောကမှာတော့ အလုပ်က အားလပ်ချိန် သိပ်ပြီး ရကြတာ မဟုတ်ဘူး၊ ပြေးရင်းလွှားရင်းနဲ့ပဲ ပြီးလိုက်ကြရတာပဲ၊ သူတို့လို အားလပ်ကြတာ မဟုတ်ဘဲ စားဝတ်နေရေး တွေနဲ့ လူမှုရေးတွေက ရှိနေကြရသေးတာကိုး။
နတ်ပြည်မှာတော့ ဒီလိုအလုပ်တွေက မရှိပါဘူး၊ ဒီတော့ ပျော်ချင်တိုင်း ပျော်ပြီး နေနိုင်ကြတာပေါ့၊ ဒီလို ပျော်ပျော်ရွှင်ရွှင် ကခုန်သီဆိုနေကြရင်းမှာပဲ၊ နတ်သမီးလေး တစ်ယောက်ဟာ ပန်းပင်ပေါ်မှာပဲ ပန်းခူးနေရင်း စုတိပျက်ကြွေ သေလွန် သွားတယ်တဲ့။
နတ်တွေ သေတယ်ဆိုတာ လူတွေလို ရောဂါဘယတွေ ဖြစ်နေတာ မဟုတ်ဘူး၊ ဒီလိုပဲ ဖြုတ်ခနဲဆို သေသွားကြတာပဲ၊ အသေမြန်တာလည်း ကြောက်စရာ ကောင်းတာပဲ၊ ကုသိုလ်ကောင်းမှုလေးကိုမှ နှလုံးသွင်းချိန်ရဖို့ ခဲယဉ်းတယ်၊ နှလုံးသွင်း မကောင်းဘဲ မကောင်းတဲ့ အကုသိုလ်စိတ်နဲ့များ သေသွားရင် အပါယ်ငရဲကို ရောက်သွားနိုင်တယ်၊ အခု နတ်သမီးမှာတော့ ကုသိုလ်စိတ်နဲ့ သေသွားတာဖြစ်လို့ တော်ပါသေးရဲ့၊ လူ့ပြည် လောကမှာ လာပြီး လူဖြစ်တယ်တဲ့။
ခင်ပွန်းဟောင်းကို စွဲနေတယ်
▬▬▬▬
စုတိသွားတဲ့ နတ်သမီးလေးဟာ သာဝတ္ထိပြည်က အမျိုးသမီးတစ်ဦး ဝမ်းမှာလာပြီး တော့ လူဖြစ်တယ်၊ မွေးဖွားပြီး သိနားလည်တဲ့ အရွယ်ရောက်တယ် ဆိုရင်ပဲ ရှေးက ဖြစ်ခဲ့တဲ့ ဘဝကို ပြန်ပြီး သတိရသတဲ့၊ တာဝတိံသာမှာ မာလာဘာရီ နတ်သားကြီးနဲ့ ပျော်ပျော်ရွှင်ရွှင် နေခဲ့ရပုံတွေ နတ်စည်းစိမ်တွေ ခံစားစံစား ခဲ့ရပုံတွေကို ပြန်ပြီး တအောက်မေ့မေ့ ဖြစ်နေတယ်ပေါ့၊ လူ့ပြည်က အခြေအနေတွေနဲ့ နတ်ပြည်က အခြေအနေတွေကို နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ အပုံကြီး ကွာခြားနေတာကို တွေ့ရတယ်။ ဒါကြောင့် ရှေးဘဝက သူနေခဲ့ဖူးတဲ့ နတ်ပြည်ကို ပြန်ရောက် လိုစိတ်တွေ ဖြစ်နေတယ်။
အဲဒါနဲ့ သိတတ်တဲ့အရွယ်ကစပြီး ကုသိုလ် ကောင်းမှုတွေ ပြုတော့တာပါပဲ၊ ကုသိုလ် ကောင်းမှုကို ပြုတိုင်း ပြုတိုင်းလည်း နတ်ပြည်သူ့ခင်ပွန်းထံ ပြန်ဖြစ်ဖို့ ဆုတောင်း ဆုတောင်းပြီး ကောင်းမှု တွေကိုပြုသတဲ့၊ အဲဒါတွေကို ဘယ်သူကမှ သင်ပေးနေရတာ မဟုတ်ပါဘူး၊ သူ့ဘာသာသူ ကြားဖူးနားဝ ဗဟုသုတ အခြေခံနဲ့ပဲ ကုသိုလ်ကောင်းမှု တွေကို ပြုပြီးတော့ ဒီလိုပဲ ဆုတောင်း နေတာပါပဲ။
အိမ်ထောင်ပြုတော့လည်း ဒီလိုပဲ
▬▬▬▬
အရွယ်ရောက်လာလို့ ၁၆-နှစ်မြောက်တဲ့အခါမှာ အဲဒီ ကလေးမလေးဟာ အိမ်ထောင် ပြုလိုက်တယ်။ အိမ်ထောင်ကျတယ် ဆိုရင်ပဲ သူ့ခင်ပွန်းအိမ်မှာ လိုက်နေရတော့တယ်။ ဒီတော့လည်း သူဟာ ရှေးကလိုပဲ ကုသိုလ်ကောင်း မှုတွေကို စွမ်းနိုင်သမျှ ပြုပြီး အရင်က တောင်းတဲ့ဆုကို ဆက်တောင်းတယ်၊ တစ်ခါတစ်ခါ တော့လည်း ကုသိုလ် ကောင်းမှုတွေကို ထူးထူးခြားခြား ပြုသေးတယ်။
သီဟိုဠ်မှာ (သီရိလင်္ကာမှာ) ရှေးတုန်းက ရဟန်းတော်တွေ ဆွမ်းစားဖို့ရာ ရပ်ထဲ ရွာထဲမှာ ဆွမ်းစားကျောင်း ကလေးတွေ ဆိုတာရှိတယ်၊ ဆွမ်းခံပြီးရင် အဲဒီမှာပဲ ယာဂုတို့ ဆွမ်းတို့ ဘုဉ်းပေးသုံးဆောင် ကြတယ်။ အဲဒီနေရာမှာ သူက သာယာ သန့်ရှင်းအောင် အမှိုက်တလင်း လှည်းကျင်းတယ်တဲ့၊ သောက်ရေအိုးတွေကိုလည်း ရေထည့်တယ်၊ ဆွမ်းနဲ့ ဆွမ်းဟင်း စသည်ကိုလည်း လောင်းလှူတယ်၊ အခြား ရဟန်းတော်တို့ ဝေယျာဝစ္စတွေကိုလည်း ဆောင်ရွက်တယ်၊ ဒီလိုကောင်းမှုတွေကို ပြုတိုင်းပြုတိုင်း သူဆုတောင်းတာကတော့ -
“အယံ - ဤကောင်းမှုသည်၊
သာမိကဿ - မာလာဘာရီ ခင်ပွန်းသည်၏၊
သန္တိကေ - အထံ၌၊
နိဗတ္တနတ္ထာယ - ဖြစ်ခြင်း အကျိုးငှာ၊
ဟောတု - ဖြစ်ပါစေသား” တဲ့၊
ဒီလို ဆုတောင်းတယ်၊ သူပြုတိုင်းပြုတိုင်း ကောင်းမှုတွေဟာ သူ့ခင်ပွန်းထံ ပြန်ရောက်ဖို့ရာ ဖြစ်ပါစေတဲ့၊ ဒါနဲ့ သူဆုတောင်းတာတွေကို ရဟန်းတော်တွေက သိသိနေတော့ “ဒီ ဒကာမလေးဟာ သူ့ခင်ပွန်း အတွက်ချည်းပဲ ဆုတောင်းတယ်” လို့ ဆိုပြီး သူ့နာမည်ကို “ပတိပူဇိကာ” ဆိုတဲ့ အမည်ကို မှည့်ပေးတော်မူလိုက်ကြသတဲ့။ လင်ကို ပူဇော်တယ်၊ လင့်အတွက် ပူဇော်တယ်လို့ ဒီလို အဓိပ္ပါယ်ရပါတယ်။
သူများတွေကတော့ ကုသိုလ်ပြုလို့ရှိရင် နိဗ္ဗာန်ကို မျက်မှောက်ပြုရ ပါလို၏လို့ ဆုတောင်းကြတယ်၊ အာသဝေါ ကင်းမဲ့ရပါလို၏၊ သံသရာ ဝဋ်ဆင်းရဲမှ ထွက်မြောက် ရပါလို၏ စသည်ဖြင့် ဆုတောင်း ကြတယ်၊ သူကတော့ ဒီလိုမဟုတ်ပါဘူး၊ သူ့ခင်ပွန်း ထံကိုပဲ ရောက်ရပါလို၏လို့ ဆုတောင်းတယ် တဲ့။
သဒ္ဓါတရားကလည်း ကောင်းတယ်၊ ကုသိုလ်ကောင်းမှု တွေလည်း အများအပြား ပြုတယ်၊ သူကိုယ်တိုင် ဒီလိုပြုရုံသာ မကသေးဘူး၊ ဒီပြင်လူတွေက အလုပ်များနေတဲ့ အတွက် ပန်းတို့ ဆွမ်းတို့ လှူစရာ ရှိနေတာကို မလှူအားရင် သူ့ကို လှူဒါန်းပေးဖို့ အပ်နှံကြတယ်၊ အဲဒီလိုအခါမှာ သူက ယူသွားပြီး လှူဒါန်းပေးလိုက် သေးတယ်တဲ့၊ “ငါ့လှူဖွယ်လေးကိုလည်း ရဟန်း သံဃာတော် တွေ ကြွလာရင် လှူပေးစမ်းပါ” လို့ဆိုပြီး သူ့ကို အပ်နှံလေ့ရှိကြတယ်၊ သူကတော့ တာဝန် မလေးပါဘူးတဲ့၊ ကုသိုလ်ပြုဖို့ရင်တော့ သူက သဘောကျနေတာပဲ၊ သူတတ်နိုင်သမျှကိုလည်း လှူလိုက် သေးတယ်၊ အဲဒီလိုနဲ့ တဖြည်းဖြည်း အသက်ကြီးလာလိုက်တာ သားလေးယောက် တောင် ရသွားပြီတဲ့။
ကာမာဝစရ ကုသိုလ် ဝေဖန်ပုံ အကျဉ်းချုပ် ကောက်နုတ်ချက်
▬▬▬▬▬▬▬▬▬▬▬
[ဤသည်မှာ စာရွက်စာတမ်းဖြင့် ရိုက်နှိပ်စေသည့် တရားတို့ဖြစ်၏။]
၁။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်, သသင်္ခါရိကစိတ် ဖြစ်ခိုက်၌ အမည်ထုတ်၍ ဟောထားသော တရားတို့မှာ -
ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ စိတ်၊ (ဖဿပဉ္စမက ၅)
ဝိတက်၊ ဝိစာရ၊ ပီတိ၊ (သုခ) ဧကဂ္ဂတာ၊ (ဈာနင် ၅)
သဒ္ဓါ၊ ဝီရိယ၊ သတိ၊ (သမာဓိ) ပညာ၊ (မန၊ သောမနဿ) ဇီဝိတ၊ (ဣန္ဒြေ ၈)
(သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ) (မဂ္ဂင် ၅)
(သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ) ဟိရီ၊ ဩတပ္ပ (ဗိုလ် ၇)
အလောဘ၊ အဒေါသ၊ (အမောဟ) (မူလ ၃)
(အနဘိဇ္ဈာ၊ အဗျာပါဒ၊ သမ္မာဒိဋ္ဌိ) (ကမ္မပထ ၃)
(ဟိရီ၊ ဩတ္တပ္ပ) (လောကပါလ ၂)
ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ၊ ကာယလဟုတာ၊ စိတ္တလဟုတာ၊
ကာယမုဒုတာ၊ စိတ္တမုဒုတာ၊ ကာယကမ္မညတာ၊ စိတ္တကမ္မညတာ၊
ကာယပါဂုညတာ၊ စိတ္တပါဂုညတာ၊ ကာယုဇုကတာ၊ စိတ္တုဇုကတာ၊ (အစုံတရား ၁၂)
(သတိ၊ သမ္ပဇဉ်) (ဥပကာရတရား ၂)
(သမထ၊ ဝိပဿနာ) (ယုဂနဒ္ဓတရား ၂)
(ပဂ္ဂါဟ၊ အဝိက္ခေပ) (ညီမျှစေအပ်သည့်တရား ၂)
[မှတ်ချက်]
လက်သည်းကွင်းဖြင့် ရှေးနှင့်တရားကိုယ် ထပ်တူဖြစ်ကြောင်း ပြသည်။
ဤ (၅၆) ပါးပင် ဖြစ်သည်။ တရားကိုယ်အားဖြင့် ၃၀ မျှသာရှိသည်။
သူ့ဆုတောင်း ပြည့်သွားတယ်
▬▬▬▬▬
ဒီလိုနဲ့ တစ်နေ့တော့ ရုတ်တရက် ရောဂါရပြီး သားလေးယောက် မိခင်ဟာ ကွယ်လွန် သွားရှာရောတဲ့၊ အသက်အရွယ် ဘယ်လောက်မှာ သေသွားတယ် လို့တော့ အတိအကျ မသိရဘူး။ သားလေးယောက် ရသွားပြီဆိုတော့ အသက်နှစ်ဆယ်ကျော် အစိတ် အတွင်းလောက် ဖြစ်နိုင် ပါတယ်။ ၁၆-နှစ်လောက်က အိမ်ထောင်ကျခဲ့တာ ဆိုတော့ ဒီလောက်ရှိမှာပါပဲ၊ ဒါပေမယ့်လည်း ဒီလောက်ဟုတ်ချင်မှ ဟုတ်မှာပါ၊ ဘာကြောင့်လဲ ဆိုတော့ အဲဒီ ရပြီး သားလေးယောက် ဆိုတာက ဘယ်အသက် အရွယ်လောက်အရမှာ သူက မွေးမှန်း မသိရပါဘူး၊ အသက် ၄-၅ ဆယ် ကျော်လို့ဆိုရင်လည်း ဖြစ်နိုင်တာပါပဲ၊ အဲဒါတွေကိုတော့ ထားပါတော့လေ။
သူ သေသွားတဲ့အခါမှာ တာဝတိံသာနတ်ပြည် မာလာဘာရီ နတ်သားကြီးထံမှာပဲ နတ်သမီး ပြန်ဖြစ်တယ်တဲ့၊ သူ့ဆုတောင်း ပြည့်သွားတယ်ပေါ့၊ အဲဒီအချိန် ထိအောင် နတ်ပြည်မှာ သူနဲ့အတူ ပန်းခူးခဲ့တဲ့ နတ်သမီးတွေက ပန်းခူးကြ၊ သီကုံးကြနဲ့ ပျော်ရွှင်နေကြတုန်း ရှိကြသေးတယ်တဲ့၊ လူ့ပြည်မှာဆိုရင် သူတို့တွေ ဘယ်ရှိတော့ မှာလဲ၊ ကြာလှပြီဟာကိုး၊ အနှစ် လေးဆယ်၊ ငါးဆယ် လောက်တောင် ကြာချင်ကြာ လောက် နေမှာပါပဲ၊ အဲဒီလောက် ကြာတာတောင် နတ်ပြည်က နတ်တွေဟာ ပျော်ပွဲရွှင်ပွဲ မပြီးကြသေးဘူး၊ ပန်းခူး နေကြတုန်း၊ သီကုံး နေကြတုန်း ရှိသေးသတဲ့။
အရိယာနတ်သားကြီးနဲ့ တူပါတယ်
▬▬▬▬▬
သူ့ထံ ပြန်ရောက်လာတဲ့ နတ်သမီးကို မာလာဘာရီ နတ်သားကြီးက မေးတယ်တဲ့၊ ဟဲ့ နင် နံနက်ပိုင်းတုန်းက ဘယ်သွား နေတာတုန်း မမြင်ပါပဲကလားလို့ ဒီလိုမေးတယ်၊ ဒီတော့ သူက အကြောင်းစုံကို ပြန်ပြောပြတယ်၊ သူဟာ နတ်ပြည်က စုတေပြီး လူ့ပြည်မှာ သွားဖြစ်ခဲ့ရတာတွေ၊ သား ၄-ယောက် ရခဲ့တာတွေ၊ နတ်သားကြီးရဲ့ထံမှာ ပြန်ဖြစ်ဖို့ ကုသိုလ် ကောင်းမှုတွေပြုပြီး ဆုတောင်းခဲ့ရပုံတွေပါ ပြောပြတယ်တဲ့။
ဒီတော့ နတ်သားကြီးက “လူ့ပြည်မှာ လူတို့ အသက်တမ်း ဘယ်လောက်ရှိသလဲ” လို့ မေးပြန်တယ်၊ အနှစ် တစ်ရာလောက်သာ ရှိပါတယ်လို့ သူက ပြောတယ်၊ အင်း လူ့ပြည်က အနှစ်တစ်ရာ ဆိုတာ သူတို့တာဝတိံသာ နတ်သက်နဲ့ဆိုရင်တော့ တစ်ရက် စာပဲ ရှိတာကိုး၊ တစ်ရက်စာ ဆိုတော့ နတ်ပြည်ကနေ ကြည့်လိုက်ရင် လူတို့ သက်တမ်း ဟာ အင်မတန် တိုနေတာပေါ့။
အဲဒီလို အင်မတန် တိုတောင်းနေတာ ဖြစ်တော့ နတ်သားကြီးက ပြန်ပြောတယ်၊ “လူတွေဟာ ဒီလောက်တောင် အသက် တိုတောင်းမှတော့ မေ့မေ့လျော့လျော့ နေကြဖို့ အချိန်များ ရှိကြသေးရဲ့လား၊ မနေမနား ကုသိုလ်တွေကိုချည်း ပြုမနေ ကြဘူးလား” လို့ မေးတယ်၊ ဒီတော့ နတ်သမီးက “ဒီလိုမဟုတ်ပါဘူး၊ လူတွေဟာ သူတို့ကိုယ် သူတို့ မသေကြတော့မလို ထင်နေကြပါတယ်၊ မေ့မေ့လျော့လျော့ နေကြတာကသာ များပါတယ်” လို့ ပြောတယ်၊ ဒီလိုကြားနေရတော့ နတ်သားကြီးမှာ သံဝေဂ ဖြစ်သွား တယ်တဲ့၊ ဒီလောက် အသက်တိုနေကြတဲ့ အထဲမှာ မေ့မေ့လျော့လျော့ နေနိုင်ကြပါ ပေတယ်၊ ဒီလိုသာနေကြရင် သံသရာ ဝဋ်ဆင်းရဲက ဘယ်မှာ လွတ်နိုင်ကြမလဲလို့ သံဝေဂဖြစ်သတဲ့၊ ဒီနတ်သားက အရိယာနတ်သားနဲ့ တူပါတယ်။ ဒါကြောင့် ဒီလို သံဝေဂတွေကို ဆင်ခြင်သုံးသပ်နိုင်တာ ဖြစ်ပါလိမ့်မယ်။
ဋီကာဖွင့်ပြတဲ့အတိုင်း မဖြစ်နိုင်ဘူး
▬▬▬▬▬
အဲဒီဝတ္ထုမှာ ပြောလိုတဲ့ မှတ်သားစရာ ဆိုတာက ပတိပူဇိကာဟာ ကုသိုလ်ကောင်းမှု တွေကို မပြတ်ပြုနေလေတော့ ဓမ္မပဒ အဋ္ဌကထာ ဆရာက ပြောထားတယ်၊ ဘယ်လိုလဲဆိုရင် -
သာပိ - ထို ပတိပူဇိကာ အမျိုးသမီးသည်လည်း၊
ဣမိနာ နိယမေ နေဝ - ဤပုံ ဤနည်းဖြင့်ပင်လျှင်၊
အာဂစ္ဆန္တိစ - လာသော် လည်းကောင်း၊
ဂစ္ဆန္တိစ - သွားသော် လည်းကောင်း၊
ဧကသ္မိံ ပဒဝါရေ - တစ်ခုတစ်ခုသော ခြေလှမ်းတိုင်း၌၊
ဆပညာသကုလသဓမ္မေ - ၅၆-ပါးသော ကုသိုလ်တရားတို့ကို၊
ပတိ လဗ္ဘတိ - ရလေ၏ တဲ့။
ဒီလိုပြောထားတယ်၊ ပတိပူဇိကာ အမျိုးသမီးဟာ ကုသိုလ် ကောင်းမှုတွေကို သူ ကိုယ်တိုင်လည်း ပြုတယ်၊ သူများတွေရဲ့ ကုသိုလ်တွေကိုလည်း ဝေယျာဝစ္စအနေနဲ့ ဆောင်ရွက်ပေးသေးတယ်၊ အဲဒီလိုနည်းဖြင့် ကုသိုလ်တွေပြုတော့ ခြေတစ်လှမ်း တစ်လှမ်း အတွင်းမှာ (၅၆) ပါးသော ကုသိုလ်တွေရတယ်လို့ အဋ္ဌကထာ ဆရာက ဖွင့်ပြထားတယ်။
အဲဒါကို ဓမ္မပဒဋီကာ ဆရာကြီးက သူ့စိတ်ကူးနဲ့သူ ဖွင့်လိုက်တယ်၊ မြန်မာပြည်က ရေးတဲ့ ဋီကာပါပဲ၊ မကြာသေးပါဘူး၊ လွန်ခဲ့တဲ့ အနှစ်ငါးဆယ်၊ ခြောက်ဆယ်လောက်ပဲ ရှိပါလိမ့်ဦးမယ်၊ အဲဒီတုန်းက ဖွင့်ပြခဲ့တာ၊ ၅၆-ပါး ဖြစ်ပုံကို ဖွင့်ပြတာက ဘယ်လိုလဲဆိုတော့ တစ်ဝီထိ တစ်ဝီထိမှာ ဇောက (၇) ကြိမ် (၇) ကြိမ်ဖြစ်တယ်၊ ကုသိုလ်စိတ်ကလည်း (၈) ပါးရှိတယ်၊ ဒီတော့ (၇) ကို (၈) နဲ့မြှောက် (၅၆) ပါး ရှိတယ်လို့ ဖွင့်ပြလိုက်ပါ တယ်။
အဲဒါဟာ ယုတ္တိမရှိဘူး၊ အဋ္ဌကထာ အလိုကျလည်း မရောက်ဘူး၊ ဘာပြုလို့လဲဆိုတော့ ဒါက ဖြစ်မှ မဖြစ်နိုင်ပဲဘဲ၊ ကုသိုလ်စိတ် (၈) ခုထဲမှာ သောမနဿ၊ ဥပေက္ခာ ၄-ပါးစီ ပါနေတယ်၊ သမ္ပယုတ်၊ ဝိပ္ပယုတ်လည်း ၄-ပါးစီ ပါနေတယ်၊ အသင်္ခါရိက၊ သသင်္ခါရိကလည်း ၄-ပါးစီ ပါနေတယ်၊ အဲဒီလို စိတ်အမျိုးမျိုး ပါနေတော့ ခြေတစ်လှမ်း အတွင်းမှာ သောမနဿလည်း ဖြစ်တယ်၊ ဥပေက္ခာလည်း ဖြစ်တယ်လို့ ဆိုရာ ရောက်နေမှာပေါ့၊ ခြေတစ်လှမ်းအတွင်းမှာ ဒီလိုမဖြစ်နိုင်ဘူး၊
သဘာဝတူတဲ့ စိတ်နှစ်မျိုးဟာ တစ်ပြိုင်နက် အစုံအတူတူ မဖြစ်နိုင်ဘူး၊ သောမနဿ ဆိုရင် သောမနဿသာ ဖြစ်နိုင်တာပဲ၊ ဥပေက္ခာ ဆိုရင်လည်း ဥပေက္ခာသာ ဖြစ်နိုင်တယ်၊ သမ္ပယုတ် ဝိပ္ပယုတ်၊ အသင်္ခါရိက သသင်္ခါရိက စိတ်တွေလည်း အတူတူပဲ၊ ဖြစ်ခြင်းဖြစ်ရင် တစ်မျိုးမျိုးသာ ဖြစ်နိုင်တယ်၊ အစုံအစုံကတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး၊ အဲဒါကြောင့် ခုနက လိုက်မြှောက်တဲ့ (၅၆) ပါး ဖြစ်ပုံနည်းကတော့ ယုတ္တိမရှိပါဘူး၊ ဓမ္မပဒ ဋီကာဆရာကြီး ဖွင့်ပြတဲ့အတိုင်း မဖြစ်နိုင်ဘူးလို့ မှတ်ထား ကြရမယ်။
အဋ္ဌကထာဆရာကလည်း ဒီလို မြှောက်ပုံမြှောက်နည်းလေး လောက်ကို မရည်ညွှန်း ပါဘူး၊ အခု ဒီ ပါဠိတော်မှာလာတဲ့ (၅၆) ပါးသော ကုသိုလ်တွေ ဖြစ်တာကိုသာ ရည်ညွှန်းတာ ဖြစ်ကြောင်း မှတ်သားကြဖို့ပါပဲ၊ ဒါဟာ ဗဟုသုတရှိတဲ့ ပုဂ္ဂိုလ်တွေ ပိုပြီးတော့ အရေးကြီးတာပေါ့လေ၊ မှတ်သားထားစရာလေး ဆိုတာ ဒါပါပဲ။
အခု ၅၆ ပါးသော တရားတွေ ပြည့်စုံသွားပါပြီ၊ တရားကိုယ်အနေနဲ့ကတော့ ၃၀ မျှသာ ရှိပါတယ်၊ အဲဒီ တရားတွေရဲ့ အပြင် ကုသိုလ်စိတ် ဖြစ်တဲ့အခါမှာ ပါဝင်တဲ့ တရားတွေလည်း အထိုက် အလျောက် ရှိသေးတယ်တဲ့၊ အဲဒါတွေကို “ယေ ဝါပနကတရား” အနေနဲ့ ဟောတော်မူထား ပါသေးတယ်။
ယေဝါပန တသ္မိံ သမယေ အညေပိ ပဋိစ္စသမုပ္ပန္နာ အရူပိနော ဓမ္မာ၊ ဣမေ ဓမ္မာ ကုသလာ။
ဝါပန - တစ်နည်းသော်ကား၊
တသ္မိံ သမယေ - ထိုအခါ၌၊
အညေပိ - တစ်ပါးလည်း ဖြစ်ကုန်သော၊
ပဋိစ္စသမုပ္ပန္နာ - အကြောင်းအာရုံကိုစွဲ၍ ဖြစ်ကုန်သော၊
အရူပိနော - စေတသိက်နာမ် ဖြစ်ကုန်သော၊
ယေဓမ္မာ - အကြင်တရားတို့သည်၊
အတ္ထိ - ရှိကုန်၏၊
ဣမေ ဓမ္မာ - ဤ တရားတို့သည်၊
တသ္မိံ သမယေ - ထိုအခါ၌၊
ကုသလော - ကုသိုလ်တို့ပင်တည်း၊
ပထမ ကုသိုလ်စိတ် ဖြစ်တဲ့အခါ ကာလမှာ အခုပြောပြတဲ့ ၅၆-ပါးလည်း ဖြစ်နိုင်တယ်၊ နောက်ပြီးတော့ ယေဝါပနကဆိုတဲ့ တစ်ပါးသော တရားတွေ ဆိုတာလည်း ရှိသေးတယ်တဲ့၊ အဲဒီ ယေဝါပနက တရားတွေဟာ ဖဿ ပဉ္စမက တရားထဲလည်း ထည့်သွင်းလို့မရ၊ ဈာန် ဣန္ဒြေစ သည်တွေထဲမှာလည်း ထည့်သွင်းလို့ မရတာနဲ့ ချန်ထားတဲ့ တရားတွေပါပဲ၊ အဲဒါတွေကို ယေဝါပနကတရားလို့ နာမည်ပေးထားတယ်၊ အဲဒီတွေက ဘာတွေတုန်းဆိုတော့ အဋ္ဌကထာမှာ ဒီလို ထုတ်ပြထားပါတယ်။
ယေဝါပနကတရား ဆိုတာ ဆန္ဒ၊ အဓိမောက္ခ၊ မနသိကာရ၊ တတြမဇ္ဈတ္တတာတဲ့၊ အဲဒါ ကုသိုလ်စိတ် ဖြစ်တိုင်း အမြဲယှဉ်တဲ့ တရားလေးပါးတဲ့၊ အကုသိုလ်စိတ်၊ အဟိတ်စိတ်တို့မှာတော့ ဒီတရား တွေဟာ အချို့ပါတယ်၊ အချို့မပါဘူး၊ ဆန္ဒဆိုတာက လိုလားခြင်းသဘော၊ အဓိမောက္ခဆိုတာက ဆုံးဖြတ်ခြင်းသဘော၊ အဲဒါတွေက အချို့စိတ်တွေမှာ မယှဉ်ကြဘူး၊ မနသိကာရဆိုတာကတော့ နှလုံးသွင်းခြင်းသဘော၊ အဲဒါကတော့ စိတ်တိုင်းစိတ်တိုင်းမှာ ပါရတယ်၊ တတြမဇ္ဈတ္တတာဆိုတာ လျစ်လျူရှုခြင်း သဘော၊ ဒါကတော့ ကုသိုလ်စိတ်မှာ အမြဲပါတယ်၊ အဗျာကတဖြစ်တဲ့ ဝိပါက်၊ ကြိယာစိတ်တွေမှာ အချို့ပါတယ်၊ အချို့မပါဘူး၊ အကုသိုလ်စိတ် တွေမှာကတော့ လုံးဝကို မပါဘူး၊ အခု ကုသိုလ် စိတ်မှာတော့ ဒီလေးပါးလုံးက အမြဲယှဉ် အမြဲပါကြတယ်တဲ့။
သူတို့ပါပုံက ဒီလိုပါတယ်
▬▬▬▬▬▬▬▬▬
ကုသိုလ်ပြုတိုင်း ပြုလိုတဲ့ဆန္ဒဆိုတာဟာ ပါတယ်၊ “မဂ် ဖိုလ် နိဗ္ဗာန်ကို ရရပါလို၏။ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ရပါလို၏” ဆိုတဲ့ ဆုတောင်းတာတွေဟာ ကုသိုလ်ဆန္ဒတွေပဲ၊ လောဘ မဟုတ်ဘူး၊ တစ်ချို့က အလိုရှိတာမှန်ရင် လောဘချည်း ပဲလို့ တစ်သမတ်တည်း မှတ်ထားတတ် ကြတယ်၊ အခုဒီမှာ ကုသိုလ်ပြုချင်တာ၊ ကုသိုလ်ပြုဖို့ အလိုရှိတာ၊ သံသရာ ဝဋ်ဆင်းရဲက လွတ်မြောက်ချင်တာ၊ တရား အားထုတ်ချင်တာတွေဟာ လောဘမဟုတ်ဘူး၊ ဆန္ဒသဘောတွေပဲ၊ ကုသိုလ်ပြုရာမှာ ဖြစ်ပေါ်တဲ့ဆန္ဒ၊ အဲဒါကို ကုသလစ္ဆန္ဒလို့ခေါ်တယ်။
အဓိမောက္ခဆိုတာက ရောက်လာတဲ့ အာရုံကို ဆုံးဖြတ်တာပဲ၊ မနသိကာရကတော့ နှလုံးသွင်းခြင်းပဲ၊ တတြမဇ္ဈတ္တတာ ဆိုတာက ထိုထိုအရာမှာ ညီမျှစေတဲ့ သဘော ရှိတာပဲ၊ ယှဉ်ဖော်ယှဉ်ဖက် တရားတွေကို ညီမျှစေ တာပေါ့၊ ဒါဟာ ကုသိုလ် စိတ်တိုင်းမှာ ပါတယ်၊ ဒါပေမယ့် သာမန် ကုသိုလ်စိတ်တွေမှာ ဒီ တတြမဇ္ဈတ္တတာက မထင်ရှားဘူး၊ စာပေကျမ်းဂန်တတ် သူတွေလည်း ဟောလို့သာ ဟောနေကြတယ်၊ ဒီတတြမဇ္ဈတ္တတာကို ကိုယ်တိုင် တွေ့ခဲတယ်၊ မတွေ့သူတွေဘဲ များကြတယ်၊ တရား အားမထုတ်လို့ ရှိရင်တော့ ဒီသဘောကိုမတွေ့ပါဘူး၊ တရားကို အားထုတ်မှဒီ တတြမဇ္ဈတ္တတာရဲ့ သဘောမှန်ကို တွေ့တာ၊ တတြမဇ္ဈတ္တတာဟာ သမဝါဟိတ လက္ခဏာရှိတယ်တဲ့၊ သဒ္ဓါနဲ့ပညာ တစ်ခုကိုတစ်ခုက မလွန်ရအောင် ဝီရိယနဲ့ သမာဓိ တစ်ခုကို တစ်ခုက မလွန်ရအောင် ညီမျှရေးအတွက် ဒီ တတြမဇ္ဈတ္တတာက ဆောင်ရွက် ပေးတယ်တဲ့။
ဒီလို ဥပမာပြထားတယ်
▬▬▬▬▬▬▬▬▬
ဝိပဿနာရှုမှတ်တဲ့ ပုဂ္ဂိုလ်များမှာဆိုရင် ဥဒယဗ္ဗယဉာဏ်တို့၊ သင်္ခါရုပေက္ခာဉာဏ်တို့ ရောက်တဲ့အခါမှာ ဒီသဘောက အင်မတန် ထင်ရှားတယ်၊ ကြောင့်ကြ မစိုက်ရဘဲနဲ့ အမှတ်အသိ လေးတွေဟာ သူ့အရှိန်နဲ့သူ သွားနေကြတယ်။ စာပေကျမ်းဂန်များမှာ ဥပမာ ပေးထားတယ်၊ အာဇာနည် မြင်းလိမ္မာ ကတဲ့ ရထားကို မောင်းနှင်ရသလိုပဲတဲ့။
ရှေးတုန်းကတော့ မြင်းရထားပဲ ရှိတာကို၊ ယခုခေတ်လို မော်တော်ကားတို့ ဘာတို့က ရှိတာ မဟုတ်ဘူး၊ ဒါကြောင့် မြင်းရထားနဲ့ ဥပမာပြထားတာပဲ၊ အာဇာနည် မြင်းလိမ္မာတွေ ဆိုတော့ နှစ်ကောင်က မြင်းရထားမှာ ခြေမှန် သွားနေကြတယ်၊ တစ်ကောင်က တစ်ကောင်ကို မလွန်ဘဲ ခြေမှန်သွားနေကြတာ ဖြစ်တော့ မောင်းရတဲ့ ရထားထိန်းမှာ ဘာမှ ကြောင့်ကြမစိုက်ရဘဲနဲ့ အသာလေး စီးနင်းလိုက်ပါသွားရုံပဲ၊ အဲဒီ ဥပမာလိုပဲတဲ့၊ တတြမဇ္ဈတ္တတာရဲ့ သဘောတရားဟာ တစ်ပါးနဲ့ တစ်ပါးကို ညီမျှစေတယ်။
အဲဒါကို ဥပေက္ခာ သမ္ဗောဇ္ဈင်လို့လည်း ခေါ်သေးတယ်၊ အဲဒါ ပြည့်စုံတဲ့အခါမှာ ကြောင့်ကြ မစိုက်ရတော့ဘဲ အမှတ်အသိ လေးတွေဟာ သူ့အမှတ်နဲ့သူ အညီအညွတ် သွားနေကြတယ်၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေမှာတော့ သူ့ဉာဏ် အဆင့်ရောက်ရင် ဒီသဘောဟာ အင်မတန် ထင်ရှားပါတယ်၊ အမြဲယှဉ်တဲ့ စေတသိက်က ၄-ပါးတဲ့၊ ကိုင်း လိုက်ဆိုကြ …
ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ အမြဲယှဉ် ၄-ပါး။
ပြီးခဲ့တဲ့ ၃၀-ထဲမှာ ဒီလေးပါး ထည့်လိုက်ရင် ၃၄-ပါးဖြစ်သွားပြီ၊ စိတ်ကို နုတ်လိုက်ရင် ၃၃-ပါးပဲ၊ အဘိဓမ္မတ္ထသင်္ဂဟ ကျမ်းမှာတော့ စိတ်စေတသိက်တွေကို အသီးအသန့် သူ့အပိုင်းနဲ့သူ ပိုင်းပြီး ပြထားတယ်၊ စိတ်ရောဆိုရင် ၃၄-ပါး၊ စေတသိက်ချည်းဆိုရင် ၃၃-ပါး၊ ဝိသုဒ္ဓိမဂ်မှာတော့ သင်္ခါရက္ခန္ဓာအနေနဲ့ ရေတွက်ပြီးတော့ ပြထားတယ်၊ အဲဒီမှာ ဝေဒနာနဲ့ သညာက္ခန္ဓာ ၂-ပါးကို နုတ်ပြီးတော့ ပြထားတယ်၊ ဒါကြောင့် ဒီမှာ ၂-ပါး လျော့နေတယ်၊ သဘောသွားချင်းကတော့ အတူတူပါပဲ၊ မြန်မာပြန် ဝိသုဒ္ဓိမဂ် ကျမ်းစာနဲ့ကိုက်ကြည့် ကြရင်လည်း အတူတူပဲဆိုတာ သတိပြုကြရမယ်။
ဗြဟ္မဝိဟာရတရား
▬▬▬▬▬▬▬
ဒီလေးပါးအပြင် နောက် ဘာတရားတွေ ပါသေးသလဲ ဆိုရင် အပ္ပမညာ ၂-ပါးလည်း ပါသေးတယ် တဲ့၊ ကရုဏာနဲ့ မုဒိတာ၊ သနားစရာကောင်းတဲ့ သတ္တဝါတွေကို တွေ့ရတဲ့အခါ သနားတာဟာ ကရုဏာပါပဲ၊ ကရုဏာ ပွားများတဲ့အခါမှာ ဆင်းရဲဒုက္ခ ရောက်နေတဲ့ သတ္တဝါတွေကို အာရုံ ပြုပြီးတော့ “ဒုက္ခာမုဉ္စန္တု” လို့ နှလုံးသွင်း ပွားများရတယ်၊ ဆင်းရဲဒုက္ခမှ လွတ်မြောက်ကြပါစေ လို့ နှလုံးသွင်း ပွားများရင် ကရုဏာဘာဝနာ ဖြစ်တယ်။
မုဒိတာ ဆိုတာကတော့ သူတစ်ပါးတို့ရဲ့ စည်းစိမ်ချမ်းသာ တွေကို အာရုံပြုပြီး ဝမ်းမြောက် ဝမ်းသာဖြစ်တာကို ဆိုလိုပါတယ်။ ကြီးပွားမြဲ ကြီးပွားကြပါစေ၊ ချမ်းသာကြပါစေ၊ မဆုတ်ယုတ် မပျက်စီးကြပါစေနဲ့ လို့ နှလုံးသွင်း ပွားများရတယ်၊ “ယထာ လဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု” တဲ့၊ အဲဒါမုဒိတာ ပွားများပုံပဲ၊ တချို့ ပုဂ္ဂိုလ်တွေကတော့ မုဒိတာမဖြစ်ဘဲ သူများ ချမ်းသာတာကို ကောင်းစားတာကို မနာလို ဝန်တိုတတ်ကြတယ်၊ သူများ ကောင်းစားတာကို မမြင်ချင်၊ မကြား ချင်ကြဘူး၊ အဲဒါဟာ ဣဿာပဲ၊ အကုသိုလ် ဖြစ်နေတာပဲ၊ ဒီအကုသိုလ် ဣဿာနဲ့ ပြောင်းပြန်ဟာ မုဒိတာပဲ၊ ဝမ်းမြောက် နိုင်ရမယ်တဲ့၊ ချမ်းသာတာကို မြင်ရင် ကြားရင် လည်း ကြီးပွားကြပါစေလို့၊ တိုးတက်တာမြင်ရင် ကြားရင်လည်း တိုးတက်ကြပါစေလို့ နှလုံးသွင်းကြ ရမယ်၊ ဒီကရုဏာနဲ့ မုဒိတာဟာ ဗြဟ္မဝိဟာရတရား ပွားတဲ့အထဲမှာ ပါတယ်၊ ပွားများ နိုင်အောင် အားထုတ်ကြရမယ်။
ဝိရတီ ၃-ပါး
▬▬▬▬
သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝတဲ့၊ ဒါက ဝိရတီ ၃-ပါးလို့ခေါ်တယ်။ ဒီ ၃-ပါး ကလည်း ရံခါမှသာ ယှဉ်တယ်၊ ကုသိုလ်စိတ် ဖြစ်တိုင်း မယှဉ်ဘူး၊ ယှဉ်ပြန် တော့လည်းပဲ တစ်ခုစီ တစ်ခုစီ ခွဲပြီး ယှဉ်ကြတယ်၊ ခုနက ကရုဏာ၊ မုဒိတာတို့လည်း အတူတူပဲ၊ အတူတူပြိုင် မယှဉ်ကြဘူး၊ မိစ္ဆာဝါစာ၊ မုသာဝါဒမှ ရှောင်ကြဉ်တဲ့ အခါကာလမှာ သမ္မာဝါစာ ဖြစ်တယ်၊ ဒိပြင်အခါမှာ ရှောင်ကြဉ်တဲ့အခါ မဖြစ်ဘူး၊ မိစ္ဆာကမ္မန္တများ ဖြစ်ကြတဲ့ ပါဏာတိပါတကံတို့ အဒိန္နာဒါနတို့ မိစ္ဆာစာရတို့မှ ရှောင်ကြဉ်တဲ့အခါမှသာ သမ္မာကမ္မန္တ ဖြစ်တယ်၊ မတရားတဲ့ အသက်မွေးမှု တွေကို ရှောင်ကြဉ်မှသာ သမ္မာအာဇီဝဖြစ်တယ်၊ ဒီပြင်အခါမှာသာ ဆိုရင် ဒါတွေ မဖြစ်ကြဘူး၊ ဘုရားရှိခိုးတဲ့ အခါတို့၊ တရားနာနေတဲ့ အခါတို့၊ တရားအားထုတ်နေတဲ့ အခါတို့၊ လှူဒါန်း ပေးကမ်းနေတဲ့ အခါတို့မှာ ဆိုရင် မဖြစ်ကြဘူး၊ ရံခါရံခါမှသာ ဖြစ်ကြတယ်၊ ဖြစ်တဲ့အခါတောင်မှ သီးသန့်စီ ဖြစ်ကြတယ်၊ ယှဉ်ကြတယ်။
ယေဝါ ပန တသ္မိံ သမယေ အညေပိ ပဋိစ္စသမုပ္ပန္နာ အရူပိနော ဓမ္မာ၊ ဣမေ ဓမ္မာ ကုသလာ ဆိုပြီးတော့ -
ယခင်ထုတ်ပြတဲ့ ၅၆ ပါးအပြင် အကြောင်းကို စွဲမှီပြီးဖြစ်တဲ့ အခြားသော တရား တွေလည်းပဲ အဲဒီအခါကာလမှာ ဖြစ်သေးတယ်တဲ့၊ အဲဒါတွေဟာ ကုသိုလ်တရားတွေပဲ ဆိုပြီး မြတ်စွာဘုရားက ဟောတော်မူထားပါတယ်၊ အဲဒါတွေကို အဋ္ဌကထာက သရုပ်ထုတ်ပြတယ်။
ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ၊ ဒီက ၄-ပါး။
ကရုဏာ, မုဒိတာ ဆိုတဲ့ အပ္ပမညာက ၂-ပါး။
သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ ဆိုတဲ့ ဝိရတီက ၃-ပါး။
အားလုံး (၉) ပါးရှိတယ်၊ ယေဝါပန အရ၊ ဒီ (၉) ပါးတဲ့၊ ရှေးက ၃၀-နဲ့ ပေါင်းလိုက်ရင် တရားကိုယ်ပေါင်း ၃၉- ပါး ရှိတယ်၊ ကုသိုလ်စိတ်ဖြစ်တဲ့အခါမှာ ၃၉-ပါးသော တရားတွေပါဝင်တယ်တဲ့၊ တစ်ပြိုင်တည်းတော့ မဟုတ်ပေဘူး၊ တစ်ပြိုင်တည်း ဆိုရင်တော့ ၃၄-ပါးပဲ ဖြစ်တယ်၊ အဲဒီထဲကမှ ကရုဏာ ဖြစ်ခိုက်ဆိုရင် ကရုဏာကိုထည့်လိုက် ၃၅-ပါးဖြစ်တယ်၊ မုဒိတာဖြစ်ခိုက်မှာဆိုရင် မုဒိတာထည့်လိုက် ၃၅-ပါးပဲ ဖြစ်တယ်၊ မုသာဝါဒမှာ ရှောင်ကြဉ်ခိုက် သမ္မာဝါစာကိုထည့် ၃၅-ပါးပဲ၊ မတရားတဲ့ အသက်မွေးမှုမှ ရှောင်ကြဉ်ခိုက် သမ္မာအာဇီဝကို ထည့်လိုက် ၃၅-ပါးပဲ၊ တစ်ပြိုင်တည်း အများဆုံးဆိုရင် အဲဒီ ၃၅-ပါးဖြစ်တယ်၊ အမြဲတမ်းဆိုရင်တော့ ၃၄-ပါးဖြစ်တယ်၊ ကုသိုလ်စိတ်နဲ့အတူ ဖြစ်နိုင်ခွင့်ရှိတဲ့ တရားတွေဆိုရင် အဲဒါ ပြီးသွားပြီ။
ရူပါဝစရကုသိုလ် ၅-ပါး
▬▬▬▬▬▬▬▬▬
ကာမာဝစရကုသိုလ် ၈-ပါး ပြီးတော့ ဒီနေ့ ဟောဖို့ရာက ရူပါဝစရကုသိုလ် ၅-ပါးကို ဟောဖို့ပဲ၊ ဒီ ၅-ပါး ကလည်း အကျယ်ကြီးပဲ၊ အဘိဓမ္မာ ဆိုတဲ့အတိုင်း အင်မတန်ကျယ်တယ်၊ ခေါင်းစဉ်တွေကို မှတ်ဖို့ရာတောင်မှ မလွယ်ကူတဲ့ တရားပါပဲ၊ ဒါပေမယ့်လည်း ဗဟုသုတရှိရုံ ကြားဖူးရုံ လောက်တော့ ဟောရမှာပေါ့၊ ပင်လယ်သမုဒ္ဒရာကြီးများ ကျယ်ဝန်းတယ် ဆိုတာကို ကမ်းခြေကို သွားကြည့် လိုက်တော့မှ သိရသလိုပါပဲ၊ ကျယ်ဝန်းတာကို အကုန်လုံး မမြင်ရပေမယ့် ကမ်းခြေကို ကြည့်ရုံ မြင်ရုံနဲ့ သိပ်ပြီး ကျယ်ဝန်းတယ် ဆိုတာကို မှန်းဆသိကြ သလိုပေါ့။
အဘိဓမ္မာဆိုတဲ့ တရားအတိုင်း ဝေဖန်ဟောကြား ထားလိုက်တာ အင်မတန်ကို ကျယ်ဝန်းပါတယ်။ အဲဒီလို ကျယ်ဝန်းတာတွေကို ကြည့်ပြီးတော့ မြတ်စွာဘုရားရဲ့ ဉာဏ်တော်တွေကို သဒ္ဓါတရား ရှေ့ထားပြီး ကြည်ညိုဖို့ရာ အတွက် အခု ဟောနေတာပါပဲ၊ ကျင့်ဖို့ရာတော့ ဒီလောက်ပါတာ မဟုတ်ပါဘူး။
ကတမေ ဓမ္မာ ကုသလာ တဲ့၊
ကုသလာ - ကုသိုလ်မည်ကုန်သော၊
ဓမ္မာ - တရားတို့သည်၊
ကတမေ - အဘယ်သည်တို့နည်း၊
ဒီလို မေးထားပါတယ်။
ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာလို့ ခေါင်းစဉ်လေး ၃-ပိုဒ် စဉ်ထားပါတယ်၊ အဲဒီ အထဲက ကုသလာ ဓမ္မာအရ ကုသိုလ်တရား ဆိုတာ ဘာလဲလို့မေးပြီး ကာမာဝစရ ကုသိုလ်ကို ဖြေပြီးသွားပါပြီ။ အခု ရူပါဝစရကုသိုလ် ဆိုတာကို ပြရမယ်၊ ကုသိုလ်က ကာမ, ရူပ, အရူပ, လောကုတ္တရာလို့ ၃-မျိုးရှိတယ်၊ ကာမကုသိုလ်ပြပြီးလို့ အခု ရူပကုသိုလ်ကို ပြရမယ်။
ကတမေ ဓမ္မာ ကုသလာ။ ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ ဘာေဝတိ၊ ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသေလဟိ သဝိတက္ကံ သဝိစာရံ၊ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ပထဝီကသိဏံ။ တသ္မိံ သမယေ ဖေဿာ ဟောတိ။ ပ။ အဝိက္ခေပေါ ဟောတိ။ ပ။ ဣမေ ဓမ္မာ ကုသလာ။
အဲဒါ ဓမ္မုဒ္ဒေသဝါရတဲ့၊ ၅၆-ပါးသော တရားတွေကို ဒီမှာလည်း အကုန်လုံး ထုတ်ပြတာပါပဲ၊ အကျဉ်းချုပ် ထုတ်ပြတာဖြစ်လို့ ဥဒ္ဒေသတဲ့၊ ဓမ္မုဒ္ဒေသတရားတွေကို အကျဉ်းချုပ် ထုတ်ပြတယ်၊ အဲဒီရဲ့နောက်မှာ အကျယ် ဝေဖန်ပြပါတယ်။
ယသ္မိံ သမယေ - အကြင်အခါ၌၊
ရူပူပပတ္တိယာ - ရူပဘဝ၌ ဖြစ်ခြင်း၏၊
မဂ္ဂံ - အကြောင်းမှန် လမ်းမှန် ဖြစ်သော၊
ပဌမံ ဈာနံ - ပဌမဈာန်သို့၊
ဥပသမ္ပဇ္ဇ၊ - ရောက်၍၊
ဝါ - ပြည့်စုံစေ၍၊
ဝိဟရတိ - နေ၏၊
ဒီလို တစ်ပိုင်းဖြတ်ပြီး အနက်ပေးမှပဲ၊ ဒီပါဠိတော်မှာက ဝိသေသန အထူးပြုတဲ့ ပုဒ်တွေက များတယ်၊ တစ်လျှောက်ကြီး အနက်ပေးလိုက်ရင် စကားအဆက်အစပ်တွေ ဘယ်ရောက်နေတယ် ဆိုတာ သိဖို့မလွယ်ဘူး၊ ဒါကြောင့် ဒီလို လွယ်လွယ်ပဲ အနက်ကို ဖြတ်ပေးမှဖြစ်မယ်၊ ရူပဘဝမှာ ဖြစ်ခြင်းရဲ့အကြောင်းတဲ့၊ မဂ္ဂ - ဆိုတာက လမ်းပဲ၊ လမ်းဆိုတာ အလိုရှိရာအရပ်ကို ရောက်စေနိုင်တယ်။ အဲဒီလိုပဲ ရူပဘဝကို ရောက်စေနိုင်တဲ့ လမ်းကြောင်းတဲ့၊ အဲဒါက ဘာတုန်း ဆိုတော့ ပထမဈာန်ကို ဟောနေတယ်၊ ပထမဈာန် ဖြစ်လို့ရှိရင် ရူပဘဝကို ရောက်စေနိုင်တာပဲတဲ့။
ပြီးခဲ့တဲ့ ကာမာဝစရကုသိုလ် မှာတော့ “ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ” အကြင်အခါ ကာလမှာ ကာမာဝစရ ကုသိုလ်စိတ်ဖြစ်တယ်လို့ လွယ်လွယ်လေးပဲ ပြတယ်၊ ဒီမှာ ကျတော့ “ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ” စသည်ဖြင့် ခုနကရွတ်ခဲ့တဲ့ ပါဠိတော်အတိုင်း ရူပါဝစရ ကုသိုလ်စိတ် ဖြစ်ပုံကို လွယ်လွယ်လေးနဲ့ မဟောဘဲ ရူပပထမဈာန် ဖြစ်ခြင်းရဲ့ကြောင်းဖြစ်သော ပထမဈာန်သို့ ရောက်နေ၏လို့ အခြံအရံ အဖွဲ့အနွဲ့တွေနဲ့ ဟောတော်မူထားတယ်၊ အဲဒါတင် မကသေးဘူး၊ ဝိသေသနပုဒ်တွေလည်း ပါသေးတယ်၊ ဘယ်လိုလဲ ဆိုရင်တော့ -
“ဝိဝိစ္စေဝ ကာမေဟိ - ကိလေသာကာမ, ဝတ္ထုကာမတို့မှ ကင်းဆိတ်၍ သာလျှင်။
ဝိဝိစ္စေဝ အကုသလေဟိ - အကုသိုလ်တရားတို့မှ ကင်းဆိတ်၍ သာလျှင်။
ပဌမံ ဈာနံ - ပထမဈာန်သို့၊
ဥပသမ္ပဇ္ဇ - ကပ်ရောက်၍။
ဝါ - ပြည့်စုံစေ၍၊
ဝိဟရတိ - နေ၏၊”
ပထမဈာန်ရောက်တဲ့အခါမှာ ကိလေသာကာမ, ဝတ္ထုကာမ တို့မှလည်း ကင်းဆိတ် တယ်တဲ့၊ ဝတ္ထုကာမဆိုတာ လိုချင်နှစ်သက်စရာ အာရုံဝတ္ထုတွေကိုခေါ်တယ်၊ ပကတိ ပုဂ္ဂိုလ်တွေကတော့ အဲဒီ ဝတ္ထုကာမ တွေကို သွားပြီးတော့ အာရုံပြု နေတာပဲ၊ ဝတ္ထုကာမတွေ မရှိလည်းဘဲ အဲဒါတွေကို အာရုံပြု မှန်းဆပြီးတော့ ခံစားနေတာဟာ တွဲနေတာပါပဲ၊ အဆင်း, အသံ, အနံ့, အရသာ ,အတွေ့ အထိဆိုတဲ့ အာရုံ ၅-ပါး ကာမဂုဏ်တရား တွေဟာ ဝတ္ထုကာမတွေပဲ၊ မိန်းမ ယောက်ျားတွေရဲ့ သန္တာန်မှာရှိတဲ့ အဲဒီအာရုံ ၅-ပါး၊ ကာမဂုဏ်တရားတွေကို တစ်သက်လုံးတောင် ခံစားပြီးတော့ နေတာတွေလည်း ရှိတယ်၊ စိတ်နဲ့ ရောက်ပြီးတော့ စိတ်ကူးခံစား နေတာလည်း ရှိတယ်၊ ကိုယ့်ပတ်ဝန်းကျင်မှာ ကာမဂုဏ်အာရုံတွေ မရှိပေမယ့်လို့ စိတ်ကူးကတော့ အဲဒီ အာရုံတွေ ရှိရာကို ရောက်နေတတ်တယ်၊ အဲဒါတွေဟာ အကုသိုလ်စိတ်တွေပဲ။
မိမိအနီးအနားမှာ အာရုံဝတ္ထုတွေ အနေနဲ့တော့ ထင်ထင်ရှားရှား မရှိဘူး၊ ဒါပေမယ့် အဲဒီ အာရုံဝတ္ထုတွေကို မှန်းဆပြီးတော့ လိုချင်နှစ်သက်ပြီး သာယာတဲ့ စိတ်လေးတွေ ဖြစ်နေတယ်၊ အဲဒီစိတ်ကိုတော့ ကိလေသာကာမ လို့ခေါ်တယ်၊ အဲဒီလိုပဲ ကိလေသာကာမ ဝတ္ထုကာမ တို့နဲ့ သာလျှင် ပကတိ ပုဂ္ဂိုလ်တွေဟာ အမြဲလိုလိုပဲ နေနေကြတယ်တဲ့။
ကုသိုလ်စိတ်လေး ဖြစ်တဲ့အခါ လောက်မှာသာ အဲဒီကာမ ကင်းတယ်၊ ခဏမျှလေးလောက်သာ ကင်းနေကြတာပဲ၊ အခုလို တရားနာယူနေတဲ့ အခါမှာ တရားကို အာရုံပြုနေတော့ ကင်းပါတယ်၊ ဒါတောင်မှ တရားနာနေရင်းနဲ့လည်း မဖြစ်တော့ဘူးလို့ မပြောနိုင်ဘူး၊ မတော်မသင့်တာကို သွားပြီးတော့ စိတ်ကူးတာလည်း ရှိသေးတယ်၊ ဘုရားရှိခိုးလို့ ဘုရားကို တကယ် အာရုံပြုနေတဲ့အခါများမှာ ဒီကာမ နှစ်မျိုးလုံး ကင်းပါတယ်၊ အဲဒီအတွင်းမှာ တစ်ခါတစ်ခါ စိတ်က ဟိုရောက် သည်ရောက်နဲ့ ကာမအာရုံတွေဆီကို စိတ်ကူးကြံစည်တာတွေ ရှိတတ်သေးတယ်၊ ဒါနပြု ပေးလှူနေတဲ့အခါမျိုးမှာ ကုသိုလ်စိတ် သန့်သန့်ရှင်းရှင်း ဖြစ်နေတယ် ဆိုရင်တော့ အဲဒီကိလေသာ ကာမတွေ ကင်းနေပါတယ်၊ ဒီအတွင်းမှာလည်း ရံခါရံခါ ဖြစ်နိုင်သေးတာပဲ။
တချို့ပုဂ္ဂိုလ် တွေကတော့ တမင်တကာကိုပဲ ကိလေသာတွေ ဖြစ်ဖို့အတွက် ပြုလုပ် နေကြတယ်၊ အလှူအတန်းကြီး ပေးတယ် ဆိုတာတောင်မှ ဒီသဘောလေးတွေ မကင်း ကြဘဲ ဖြစ်နေကြသေးတယ်၊ ဘယ်လို ဖြစ်နေကြသလဲဆိုတော့ အတီးအမှုတ်တွေ, ပွဲလမ်းသဘင်တွေ အဲဒါလေးတွေ ပါဦးမှဆိုပြီး အပြိုင်အဆိုင် သူ့ထက်ငါ သာစေချင်တဲ့ သဘောလေးနဲ့ မကင်းကြဘဲ ဖြစ်နေကြတယ်၊ ဒါတွေ မကင်းကြလေတော့ လှူဒါန်းကြတာက ကုသိုလ် ရပါရဲ့၊ ဒါပေမယ့် အဲဒီကြားထဲက အတီးအမှုတ်၊ အဆိုအက ပွဲလမ်းတွေကို အာရုံပြုပြီး သာယာလိုက်မယ်ဆိုရင် ကိလေသာ ကာမတွေ ဝင်နေတာပဲ၊ အဲဒါ သတိပြုဖို့ ကောင်းတယ်။
ရူပကုသိုလ်နှင့် အရူပကုသိုလ် ဝေဖန်ပုံ အကျဉ်းချုပ် - ကောက်နုတ်ချက်
▬▬▬▬▬▬▬▬▬▬▬▬
၁။ ရူပါဝစရ ပထမဈာန် ကုသိုလ်စိတ် ဖြစ်ခိုက်၌ အမည်ထုတ်၍ ဟောထားသည့် တရားများမှာ ကာမကုသိုလ် ပ+ဒု စိတ်တို့၌ကဲ့သို့ ၅၆-ပါးပင်၊ တရားကိုယ်လည်း ၃၀-ပင်။
ယေဝါပနအရ အမြဲယှဉ် ၄-ပါးနှင့် ရံခါယှဉ် အပ္ပမညာ ၂-ပါးသာ၊ ၂-ရပ်ပေါင်း တရားကိုယ် ၃၆-ပါး ဖြစ်သည်။
၂။ စတုက္ကနည်း ဒုတိယဈာန်စိတ်ဖြစ်ခိုက်၌ ဝိတက်+ဝိစာရ မပါ ၃၄-ပါး။
၃။ တတိယဈာန်စိတ် ဖြစ်ခိုက်၌ ပီတိလည်း မပါ ၃၃-ပါး။
၄။ စတုတ္ထဈာန်စိတ် ဖြစ်ခိုက် သုခလည်းမပါ၊ ဥပေက္ခာနှင့်တကွ ၃၃-ပါး။ ပဉ္စကနည်း ဒုတိယဈာန်စိတ် ဖြစ်ခိုက်၌ မူလ ၃၆-ပါးမှ ဝိတက်မပါ ၃၅-ပါး။ တတိယ စတုတ္ထ ပဉ္စဈာန်ဖြစ်ခိုက်၌ စတုက္ကနည်း ဒုတိယ တတိယ စတုတ္ထဈာန်စိတ်တို့ ဖြစ်ခိုက်၌ကဲ့သို့ပင် ၃၄၊ ၃၃၊ ၃၃-ပါး ဖြစ်သည်။
အရူပါဝစရဈာန် ၄-ပါးဖြစ်ခိုက်၌ ရူပါဝစရ ပဉ္စမဈာန် ဖြစ်ခိုက်၌ ကဲ့သို့ပင် တရားကိုယ် ၃၃-ပါး ဖြစ်သည်။ ယင်းအရူပဈာန် ၄-ပါးကို ဓမ္မသင်္ဂဏီ ပါဠိ၌ စတုတ္ထဈာန် ဟူသောအမည်ဖြင့် ဟောထားသည်။ ယင်း ၄-ပါးမှာ အာကာသာနဉ္စာယတန, ဝိညာဏဉ္စာယတန, အာကိဉ္စညာယတန နေဝသညာ နာသညာယတန ဈာန်တို့ ဖြစ်သည်။
ဈာန်အာရုံထဲမှာပဲ ရောက်နေတယ်
▬▬▬▬▬▬
အခု ဈာန်စိတ်ဖြစ်နေတဲ့ အခါကာလမှာတော့ အဲဒီ ကိလေသာကာမ, ဝတ္ထုကာမတွေ အားလုံး ကင်းနေကြတယ်တဲ့၊ ကာမအာရုံဆီကို စိတ်မရောက်ဘူး၊ ကာမအာရုံကို သာယာ နှစ်သက်တဲ့စိတ်, တောင့်တတဲ့စိတ် မရှိဘူး၊ အဲဒီလို အခါခပ်သိမ်း ကင်းရမှာတဲ့။
ဝိပဿနာ ရှုမှတ်နေကြတဲ့ ယောဂီတွေမှာလည်း ဒီအတိုင်းပဲ၊ ရှုခါစမှာတော့ ဖောင်းတာ, ပိန်တာ, ထိုင်တာ, ထိတာ မှတ်နေရင်းကိုပင် နှစ်သက်စရာ အာရုံတွေဆီကို စိတ်က မကြာခဏ ရောက်ရောက်နေတတ် ပါတယ်၊ တစ်ခါတစ်ရံ မမှတ်မိဘဲနဲ့ အကြာကြီး နေတာတောင် ရှိတတ်သေးတယ်၊ ရှုမှတ်မှုအင်အား များလာတော့ စိတ်က ဟိုဟိုဒီဒီ မသွားတော့ဘူး၊ ကမ္မဋ္ဌာန်း အာရုံထဲမှာသာ ကပ်ကနဲ ကပ်ကနဲ ကျကျနေတယ်၊ ဖောင်းတာ, ပိန်တာ, ထိုင်တာ, ထိတာ စသည်ဖြင့် ပေါ်ရာပေါ်ရာ အာရုံကို စူးစူးစိုက်စိုက် ကျရောက် ကျရောက်နေတယ်။
စြင်္ကံလျှောက်တဲ့အခါမှာ ကြွတယ် လှမ်းတယ်လို့ မှတ်နေရင် ကြွတာလေးကို လည်းသိတယ်၊ လှမ်းတာလေးကိုလည်း သိတယ်၊ ချလိုက်တာကိုလည်း သိတယ်၊ အဲဒီ စြင်္ကံလျှောက်ရာမှာလည်း စိတ်ကလေးဟာ တည်နေတယ်၊ တကယ်လို့ ဒီကြားမှာ စိတ်ကူးတစ်ခုခု ဖြစ်ပေါ်လာလို့ ရှိရင်လည်းပဲ အဲဒီ စိတ်ကူးကို မှတ်လိုက်နိုင်တယ်၊ ကြွတယ်, လှမ်းတယ်, ချတယ် စသည်ဖြင့် အဲဒီလိုလည်းပဲ မှတ်စရာအာရုံနဲ့ မှတ်သိတဲ့ စိတ်ဟာ အံကိုက် အံကိုက်ပြီး ကျနေတယ်။
ထမင်းစားတဲ့အခါ သာပြီးတော့ အရေးကြီးပါသေးတယ်၊ ဥပမာ - ထမင်းစားတယ် ဆိုပါတော့၊ ထမင်းပွဲကိုကြည့်တာ မြင်တာတွေက စပြီးတော့ မှတ်ရတယ်၊ လက်လှမ်းချင်တာတွေ၊ လှမ်းတာတွေ၊ ဇွန်းကိုင်ချင်တာတွေ၊ ကိုင်တာတွေကို တစ်ခုစီ တစ်ခုစီ မှတ်ရတယ်၊ ပါးစပ်ကို ဖွင့်ချင်တာ၊ ဖွင့်တာ၊ ထမင်းလုတ်ခွံ့တာ၊ မျိုတာ အရသာကို သိတာ စသည်ဖြင့် ထမင်း တစ်လုပ် စားရာမှာ မှတ်စရာတွေ အများကြီး ရှိပါတယ်၊ အဲဒါတွေကို မှတ်နိုင်သမျှ မှတ်ပြီးတော့ စားသောက် သွားရ တယ်၊ အဲဒီလို အစစအရာရာ မှတ်သိမှု မရှိတဲ့ ပုဂ္ဂိုလ်ဆိုရင် ကိလေသာတွေဟာ ဖြစ်နေတယ်၊ အခုပြောခဲ့တဲ့ ကိလေသာကာမ၊ ဝတ္ထု ကာမတွေဟာ တိုက်ရိုက် တွေ့နေတာပါပဲ၊ ဝတ္ထုကာမ ဆိုရာမှာ အစားအသောက် တွေလည်း ပါတာပဲ၊ ထမင်း, ဟင်း, မုန့်တွေ, အရသာ ကောင်းမွန်တာတွေ အားလုံး ပါဝင်တယ်၊ အဲဒါတွေကို သာယာ နှစ်သက်ပြီးတော့ မြိန်မြိန် ရှက်ရှက်ကြီး စားသောက်နေတဲ့ အခါကာလမှာ ကိလေသာ တွေဟာ ဖြစ်နေကြတာပဲ၊ ကောင်းလိုက်တာ ကောင်းလိုက်တာနဲ့ စိတ်ကသာယာ ပြီးတော့ ကိလေသာ ကာမတွေနဲ့ ဝတ္ထုကာမတွေဟာ တွဲနေကြတယ်။
ဝိပဿနာ ရှုမှတ်နေတဲ့သူက အခုပြောခဲ့တဲ့အတိုင်း ကြည့်တာ၊ မြင်တာ၊ ကိုင်တာ၊ ယူတာ၊ ထမင်းလုတ်ခွံ့တာ၊ ဝါးတာ၊ စားတာ၊ အရသာပေါ်ရင် အရသာကို မှတ်သိတာ အဲဒီလို တောက်လျှောက် မှတ်သိနေတော့ ကိလေသာကာမ ဝတ္ထုကာမတွေလည်း ရှိချင်ရှိတတ်ပါတယ်၊ ဒီလိုရှိပေမယ့် အဲဒီမှာ သာယာနှစ်သက်မှုဟာ မဖြစ်ဘူး၊ သာယာ နှစ်သက်မှု ကိလေသာကာမ တွေဟာ ကင်းနေကြတယ်၊ အဲဒီသဘောမျိုးပါပဲတဲ့၊ ဈာန်ရောက်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ဒီလိုပါပဲ၊ ဈာန်အာရုံမှာပဲ ရောက်နေပါတယ်၊ ကိလေသာကာမ၊ ဝတ္ထုကာမတွေ ကင်းနေတာပဲ၊ ဒါကြောင့် -
ကာမေဟိ - ဝတ္ထုကာမ ကိလေသာကာမတို့မှ။
ကာမေဟိ - နှစ်သက်စရာ ဝတ္ထုကာမနှင့် နှစ်သက်မှု ကိလေသာကာမတို့မှ၊
ဝိဝိစ္စေဝ - ကင်း၍သာလျှင်၊
အကုသလေဟိ ဓမ္မေဟိ - အကုသိုလ် တရားတို့မှ၊
ဝိဝိစ္စေဝ - ကင်း၍သာလျှင်လို့ ..
ဆိုခြင်းဖြစ်တယ်၊ အဲဒီမှာ အကုသိုလ်တရားဆိုတာ ဒီဟာတင်ပဲလား ဆိုတော့ မကသေးဘူး၊ ဒီပြင်အကုသိုလ် တရားတွေမှလည်း ကင်းပါသေးတယ်၊ အဲဒါတွေက ဘာတွေလဲ ဆိုတော့ သာယာ နှစ်သက်တဲ့ ကာမစ္ဆန္ဒ, စိတ်ဆိုး စိတ်ပျက်မှုဆိုတဲ့ ဗျာပါဒ, ထိုင်းမှိုင်းပျင်းရိတဲ့ ထိနမိဒ္ဓ, ပျံ့လွင့်မှု ဥဒ္ဓစ္စ, စိတ်ပူပန်မှု ကုက္ကုစ္စ, ယုံမှားမှု ဝိစိကိစ္ဆာ အဲဒီလို အကုသိုလ် နီဝရဏတွေမှလည်း ကင်းပါသေးတယ်။
ဈာန်စိတ်တွေဖြစ်နေတဲ့ အခါကာလမှာ အဲဒီလိုပဲ အကုသိုလ်တွေ ကင်းနေကြတယ်၊ အဲဒါကြောင့် ရှေ့ဆက်ပြီး၊ ဝိသေသန ပြုထားတာက ဘယ်လိုလဲ ဆိုတော့ ..
ဝိဝေကဇံ - နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော၊
ပီတိသုခံ - ပီတိသုခ ရှိသော၊
ပထမံဈာနံ - ပထမဈာန်သို့၊
ဥပသမ္ပဇ္ဇ - ကပ်ရောက်၍၊
ဝိဟရတိ - နေ၏၊
အဲဒီ ပထမဈာန်မှာ ဝိဝေကကြောင့်ဖြစ်တဲ့ ပီတိ၊ သုခနဲ့ တွဲပြီးတော့ ဖြစ်တယ်၊ ပီတိ ဆိုတာ ဝမ်းမြောက်ခြင်းပဲ၊ သုခဆိုတာ စိတ်ချမ်းသာခြင်း၊ ရွှင်လန်းခြင်းပဲ၊ ပီတိနဲ့ သုခဆိုတာ များသောအားဖြင့် တွဲပြီးတော့ ဖြစ်တယ်၊ ပီတိရဲ့ သဘောကတော့ အမြဲတမ်း သုခနဲ့ တွဲဖြစ်တယ်၊ သုခကတော့ ပီတိနဲ့ မတွဲတဲ့ အခါတွေလည်း ရှိတယ်၊ ဒါပေမယ့် ဈာန်စိတ် ချည်းပါပဲ၊ အဲဒီစိတ်ဖြစ်တဲ့အခါမှာ ပီတိသုခလည်း ဖြစ်တယ်၊ သုခနဲ့က စိတ်ချမ်းသာမှု စိတ်ရွှင်လန်းမှုတွေ ဖြစ်တယ်။ အဲဒီ သဘောတွေဟာ ဝိပဿနာ ရှုမှတ်နေတဲ့ ယောဂီများမှာ ဆိုရင် ဥဒယဗ္ဗယ ဉာဏ်ပိုင်းမှာ အမှတ်တွေ ကောင်းပြီးတော့ ဝမ်းမြောက်ဝမ်းသာ တက်တက် ကြွကြွတွေ ဖြစ်နေတာကို တွေ့ရတယ်၊ အဲဒီအခါမျိုးမှာဆိုရင် ဘယ်လိုကောင်းမှန်း မသိလောက်အောင်ကိုပဲ ကောင်းနေတယ်၊ ဈာန်စိတ်ဖြစ်တဲ့ အခါကာလ ဥဒယဗ္ဗယဉာဏ် ဖြစ်တဲ့အခါနဲ့ တူတယ်လို့၊ ဆိုလိုပါတယ်၊ ပီတိသုခတွေ ဖြစ်ပုံ ဖြစ်ဟန်ချင်းက တူနေတယ်၊ အဲဒီလို ပီတိသုခတွေ ဖြစ်တာကို ဘယ်လောက်အထိ ကောင်းသလဲဆိုရင် “အမာနုသီရတိ ဟောတိ” လို့ မြတ်စွာဘုရားက ဟောကြားထားပါတယ်၊
အမာနုသီ - လူတို့၏ ပျော်ရွှင်မှုနှင့် မတူသော၊
ရတိ - ပျော်ရွှင်မှုသည်၊
ဟောတိ - ဖြစ်တော့၏ တဲ့။
လောကမှာ ပျော်ရွှင်မှုတွေ အမျိုးမျိုး ရှိနေတာပဲ၊ ကာမအာရုံ တွေနဲ့လည်း ပျော်ကြတယ်၊ စီးပွားရေး တွေနဲ့လည်း ပျော်ကြတယ်၊ လုပ်ငန်းဆောင်တာ တွေနဲ့ လည်း ပျော်ကြတယ်၊ သားရေးသမီးရေး တွေနဲ့လည်း ပျော်ကြတယ်၊ အိမ်ထောင်ရေး ကိစ္စတွေနဲ့လည်း ပျော်ကြတယ်၊ ပွဲလမ်းသဘင်တွေကို ကြည့်ရှု နားထောင်ပြီး တော့လည်း ပျော်ကြတယ်၊ ကိုယ်အလိုရှိတဲ့ အာရုံတွေနဲ့ ပျော်ကြတာပါပဲ၊ အင်မတန် ကောင်းတယ်၊ ချမ်းသာတယ် ဆိုပြီးတော့ ပျော်နေကြတယ်၊ အဲဒါတွေဟာ ကာမဂုဏ်နဲ့ စပ်ပြီးတော့ ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှု တွေပါပဲ၊ လူတွေရဲ့ ပျော်ရွှင်မှုဆိုတာ လက်လှမ်းမှီ သလောက် ကြည့်လိုက်ရင် ဒါလောက်ပါပဲ။
ဈာန်နဲ့ယှဉ်ပြီးဖြစ်တဲ့ ပျော်ရွှင်မှုကို သာမန်ပုဂ္ဂိုလ်တွေက မရောက်နိုင်ကြ၊ မရနိုင် ကြဘူး၊ ဥဒယဗ္ဗယဉာဏ်ဖြစ်တဲ့ အခါကာလမှာတော့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီးတော့ ရောက်နိုင် ရနိုင် တယ်၊ ဝိပဿနာ မရှုမှတ်ကြတဲ့ ပုဂ္ဂိုလ်တွေဆိုရင် အဲဒီ ချမ်းသာ မျိုးကို မရောက်နိုင် မရနိုင်ကြဘူး၊ ရှုမှတ်သူတွေတောင်မှပဲ သမာဓိ ကောင်းကောင်း မရင့်သေးရင် ဒါတွေကို မတွေ့ရသေးဘူး။
ပြစ်မှားမိတတ်ကြတယ်
▬▬▬▬▬▬▬▬
တစ်ချို့က ကမ္မဋ္ဌာန်းကျောင်းကိုလာပြီး အားထုတ်ကြတယ်၊ အားထုတ်ပုံက အဆင် မပြေလို့ ရှိရင်လည်း ဖြစ်ပါလိမ့်မယ်၊ သူ့မှာ ချွတ်ယွင်းချက် တစ်ခုခု ရှိလို့ရင်လည်း ဖြစ်ပါလိမ့်မယ်၊ အဲဒါ ကမ္မဋ္ဌာန်းကျောင်းက ထွက်သွားသည့်တိုင်အောင် ဒီချမ်းသာမျိုး ကို မတွေ့ရဘူး၊ အဲဒီပုဂ္ဂိုလ်တွေ ထွက်သွားတဲ့ အခါကျတော့ သဒ္ဓါတရားလည်း မဖြစ်တတ်ဘူး၊ တရားနည်းလမ်းနဲ့ စပ်ပြီးတော့ ကြည်ညိုမှု မဖြစ်တတ်ကြဘူး။
ပီတိ၊ ပါမောဇ္ဇတွေ ဖြစ်သွားကြတဲ့ ပုဂ္ဂိုလ်တွေကျတော့ တရားနဲ့စပ်ပြီး အများကြီး ကြည်ညိုမှုတွေ ဖြစ်လာကြတယ်၊ အစက တစ်ရက်၊ နှစ်ရက်လောက် အစမ်းသဘော အနေနဲ့ ခဏလောက် လာပြီး အားထုတ်ကြတယ်၊ အဲဒီမှာ သဘောကျပြီး ဆက်လက် အားထုတ်ကြတယ်၊ ဒီလို တရားပြည့်စုံ သွားကြတာလည်း ရှိတယ်၊ တစ်ချို့လည်း တစ်လလောက် ကြာတယ်၊ တစ်ချို့ နှစ်လလောက် ကြာတယ်။
တရားမတွေ့တဲ့ ပုဂ္ဂိုလ်ကတော့ ဒီလိုနဲ့ပဲ ကမ္မဋ္ဌာန်းက ထွက်သွားတယ်၊ ဘာမှ ထူးထူးခြားခြား မတွေ့ရတော့ဘူး၊ ဒီတော့ တရားဟောလို့ နာရတဲ့အခါမှ ဒါတွေ ဖြစ်တယ်လို့ ဆိုတာဟာ ဟုတ်မှ ဟုတ်ပါ့မလား လို့တောင်မှ ယုံမှားသံသယ ဖြစ်တတ်ကြသေးတယ်၊ သူများက ဟောပြောတော့ “ဟုတ်မယ် မထင်ပါဘူး” လို့တောင် ပြောမှားဆိုမှား ဖြစ်တတ်ကြသေးတယ်၊ အဲဒီပုဂ္ဂိုလ်တွေ အတွက် တရားရဲ့ အကျိုးကျေးဇူး မခံစားရဘဲ အပြစ်ပင် ဖြစ်တတ်ကြရသေးတယ်၊ တရားတော်ရဲ့ အပေါ်မှာရော ဟောပြောတဲ့ ပုဂ္ဂိုလ်အပေါ်မှာရော ပြစ်မှားမှုတွေ အမျိုးမျိုး ဖြစ်တတ်ကြတယ်၊ စိတ်ထဲက ပြစ်မှားတာလည်း ရှိတယ်၊ နှုတ်က ပြစ်မှားတာ တွေလည်း ရှိတယ်။
တို့လည်း အားထုတ်ဖူးပါတယ်၊ ဘာမှ ထူးထူးထွေထွေ မတွေ့ပါဘူး၊ ဒီလို ပြောတတ် ကြတယ်၊ ဒီလိုအတွေ့ဆိုတာက တရားခွင်မှာ ရက်လတွေ အကြာကြီး ရှိနေရုံမျှနဲ့လည်း တွေ့ချင်မှ တွေ့ရတာ၊ သဒ္ဓါတရား ထက်ထက်သန်သန်နဲ့ စိတ်ပါလက်ပါ လုံ့လဝီရိယ ရှိရှိနဲ့ အားထုတ်ပါမှ တွေ့လာတတ်တဲ့ သဘောတရားတွေပဲ။
ပြီးတော့ မတွေ့ခြင်းရဲ့ အကြောင်းတွေကလည်း ရှိသေးတယ်၊ တရားထူး မရထိုက်တဲ့ ပုဂ္ဂိုလ်တွေ ဆိုတာလည်း ရှိကြသေးတယ်၊ အဲဒီ ပုဂ္ဂိုလ်တွေမှာလည်း တရားထူး မတွေ့နိုင်ဘူး၊ မူလက တိဟိတ်ပုဂ္ဂိုလ် မဟုတ်ဘဲ ဒွိဟိတ်ပုဂ္ဂိုလ် ဖြစ်နေတဲ့ ပုဂ္ဂိုလ်ဆိုတာလည်း ရှိသေးတယ်၊ အဲဒါလည်း မဖြစ်နိုင်ဘူး၊ နောက်ပြီးတော့ မပြစ်မှား သင့်တဲ့ ပုဂ္ဂိုလ်တွေကို ပြစ်မှားထားတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိသေးတယ် အရိယာ ပုဂ္ဂိုလ်တွေကို စွပ်စွဲထားမိတာမျိုးလည်း ရှိသေးတယ်၊ အဲဒီပုဂ္ဂိုလ်ဟာ အားထုတ်လို့ မဖြစ်ဘူး၊ အဲဒီပြစ်မှားထားတဲ့ ပုဂ္ဂိုလ်တွေဟာ အပြစ်ကင်းပျောက်အောင်မက တရားအားထုတ်ပေမယ့်လို့ တရားထူးကို မတွေ့ရဘူး၊ နည်းလမ်းတကျ အပြစ်မှ လွတ်အောင် ပြစ်မှားမိတဲ့ ပုဂ္ဂိုလ်တွေကို ကန်တော့ရတယ်၊ အဲဒီတော့မှ ရှေ့ဆက်ပြီး အားထုတ်ရင် တရားထူး တွေ့နိုင်တတ်ပါတယ်။
ရဟန်းတော်များဆိုရင် သီလပြည့်စုံဖို့ လိုတယ်၊ သီလပျက်ရင် တရားမတက်ဘူး၊ ဒီလို အကြောင်းတွေ ရှိတယ်၊ ဒါကိုလည်း သတိပြုရသေးတယ်၊ တရားအားထုတ်တဲ့အခါ အဖက်ဖက်က ပြည့်စုံရတယ်၊ အဲဒီလို ပြည့်စုံပြီဆိုရင် ဥဒယဗ္ဗယ ဉာဏ်လောက် ရောက်ရင်ကို ပီတိ, ပဿဒ္ဓိတွေ ဖြစ်လာတတ်ပါတယ်၊ ဝမ်းသာစရာတွေ တွေ့လာ တတ်ကြပါတယ်၊ အဲဒီလို ပီတိ ပဿဒ္ဓိတွေနဲ့ ပျော်မွေ့ရတာဟာ “အမာနုသီ ရတိ” လူတို့၏ ပျော်မွေ့မှုနဲ့ မတူဘူးတဲ့၊ လူတို့၏ ပျော်မွေ့မှုဟာ ဒီပျော်မွေ့မှုကို မမီဘူး၊ နတ်ပြည်က နတ်တွေ ပျော်မွေ့မှုကလည်း မမီပါဘူးတဲ့၊ အင်မတန်မှ ကောင်းမွန် သာလွန်မြင့်မြတ်တဲ့ ပျော်မွေ့မှု တစ်မျိုးပါပဲတဲ့၊ အဲဒီလို ပီတိသုခမျိုးနဲ့ ယှဉ်တဲ့ ဈာန်စိတ်တဲ့။
ဗြဟ္မာ့ပြည်ကို ရောက်နိုင်တယ်
▬▬▬▬▬▬
ဒီ ပီတိ, သုခကလည်း ဘာကြောင့် ဖြစ်သလဲဆိုတော့ “ဝိဝေကဇံ - ဝိဝေကကြောင့် ဖြစ်တယ်” တဲ့၊ ဝိဝေကဆိုတာက ကာယဝိဝေက, စိတ္တဝိဝေကလို့ နှစ်မျိုးရှိတယ်၊ ဒီနေရာမှာတော့ စိတ္တဝိဝေကပဲ၊ နီဝရဏတို့မှ ကင်းဆိတ်ခြင်းဆိုတဲ့ စိတ္တဝိဝေကကြောင့် ဖြစ်လာတဲ့ဈာန်၊ အဲဒီဈာန်ဟာ ပီတိ, သုခနဲ့ ပြည့်စုံတယ်၊ ဈာန်အာရုံတွေ ရှုနေရတော့ စိတ်တွေက တခြားကို မသွားဘဲနဲ့ ရှုမှတ်တဲ့အာရုံထဲမှာ ကပ်ကနဲ ကပ်ခနဲ တည်နေတယ်၊ ဒီတော့ ပီတိ သုခတွေ စိတ်ရွှင်လန်းမှု အားရမှုတွေ၊ ဝမ်းမြောက် ဝမ်းသာမှုတွေ ဖြစ်လာတယ်၊ အဲဒီ ပီတိ သုခနဲ့တကွ ဖြစ်တဲ့ “ပဌမံ ဈာနံ - ပဌမဈာန်သို့၊ ဥပသမ္ပဇ္ဇ - ကပ်ရောက်၍၊ ဝိဟရတိ - နေ၏” တဲ့။
အဲဒီ ပဌမဈာန်ဟာ ရူပဗြဟ္မာလောက၌ ဖြစ်ခြင်းရဲ့အကြောင်းတဲ့၊ ဈာန်မလျှော မကျဘဲ အဲဒီဈာန်နဲ့သာ သေသွားရင် ဗြဟ္မာပြည်ကို ရောက်တော့တာပါပဲ၊ အဲဒီဈာန်ကို အခြေခံပြီး ဝိပဿနာ ရှုမှတ်လိုက်လို့ ရှိရင်တော့ ဝိပဿနာဉာဏ်တွေ အဆင့်ဆင့် တက်ပြီး သောတာပတ္တိမဂ်, ဖိုလ် စသည်ဖြစ်နိုင်တယ်၊ အရိယ သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာ ပုဂ္ဂိုလ်တွေ ဖြစ်နိုင်တယ်ပေါ့၊ ဒီလိုမရှုမှတ်ဘဲ ဈာန်သမာဓိ ရရုံလောက်နဲ့သာ သေသွားတယ် ဆိုရင် ဗြဟ္မာပြည် ရောက်ရုံလောက်ပဲ ရှိမယ်၊ ဒါကြောင့် …
“ရူပူပပတ္တိယာ - ဗြဟ္မာဘဝ ဖြစ်ခြင်း၏၊
မဂ္ဂံ - အကြောင်းလမ်းဖြစ်သော၊
ပဌမံ ဈာနံ - ပဌမဈာန်ကို၊
ဘာဝေတိ - ပွားများ၏။
ဝိဝိစ္စေဝကာမေဟိ - နှစ်သက်စရာ အာရုံ ကာမဝတ္ထု, နှစ်သက်မှု ကာမကိလေသာတို့မှ ကင်းဆိတ်၍သာလျှင်၊
ဝိဝိစ္စေဝ အကုသလေဟိ ဓမ္မေဟိ - အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်၊
ဝိဝေကဇံ - ဝိဝေကကြောင့် ဖြစ်သော၊
ပီတိ သုခံ - ပီတိသုခရှိသော၊
ပဌမံ ဈာနံ - ပဌမဈာန်သို့၊
ဥပသမ္ပဇ္ဇ - ကပ်ရောက်၍၊
ဝိဟရတိ - နေ၏” လို့ ဟောတော်မူပါတယ်။
ဒီမှာ အာရုံက ပထဝီကသိုဏ်း
▬▬▬▬▬
ပဌမဈာန်ကလည်း အာရုံအားဖြင့် ကသိုဏ်းကို အာရုံပြုတဲ့ ပဌမဈာန်လည်း ရှိတယ်၊ အသုဘကို အာရုံပြုတဲ့ ပဌမဈာန်လည်း ရှိတယ်၊ အာနာပါနကို အာရုံပြုတဲ့ ပဌမဈာန်လည်းရှိတယ်၊ မေတ္တာစသည်ဖြင့် သတ္တဝါတွေကို အာရုံပြုတဲ့ ပဌမဈာန် လည်း ရှိတယ်၊ အဲဒီ ဈာန်ထဲက ဘာဈာန်တုန်း ဆိုတော့ ကသိုဏ်းကို အာရုံပြုတဲ့ ကသိုဏ်းဈာန်တဲ့၊ ကသိုဏ်းဈာန်ကို စပြီးတော့ မြတ်စွာဘုရားက ဟောကြားပါတယ်၊
“ပထဝီကသိဏံ - ပထဝီကသိုဏ်းလျှင် အာရုံရှိသော။
ပဌမံ ဈာနံ - ပဌမဈာန်သို့။
ဥပသမ္ပဇ္ဇ - ကပ်ရောက်၍၊
ဝိဟရတိ - နေ၏” တဲ့၊
ပထဝီကသိုဏ်းကို အာရုံပြုပြီး ဖြစ်တဲ့ဈာန်လို့ ဆိုလိုပါတယ်။
အဲဒီဈာန်ကို အလိုရှိရင် ဒီအဘိဓမ္မာ ထဲမှာတော့ အားထုတ်ပုံ မပါပါဘူး၊ သုတ္တန် တရားတော် တွေထဲမှာ အသင့်အတင့် ပါပြီး ဝိသုဒ္ဓိမဂ်မှာတော့ ကျကျနန အပြည့်အစုံ ပါပါတယ်၊ အဲဒီ ဈာန်တွေရအောင် အားထုတ်ပုံတွေဟာ ဝိသုဒ္ဓိမဂ် ပဌမတွဲ ပထဝီကသိုဏ်း အကျယ် ညွှန်ပြချက် ဆိုတဲ့ နေရာမှာ ပါပါတယ်၊ အခု ဒီမှာတော့ အကျဉ်းချုပ်ပဲ ပြောရမယ်။
ပထဝီကသိုဏ်း ဆိုတာ မြေကသိုဏ်း ပါပဲ၊ အဲဒီ မြေကသိုဏ်းကို ကြည့်ပြီး ရှုရုံနဲ့ ဈာန်ရတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်၊ ရှေးရှေးဘဝတွေက ပထဝီကသိုဏ်းဈာန်တွေကို အလေ့အလာရတဲ့ ပုဂ္ဂိုလ်တွေ ဘဝမခြားဘဲနဲ့ အနီးကပ်ဘဝတုန်းက ဈာန်တွေ ရလာခဲ့လို့ နိုင်နင်းနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေကြတယ် ဆိုရင်တော့ မေ့နေတဲ့ လူနာမည်တို့ မေ့နေတဲ့ စာတို့ကို စဉ်းစားလိုက်တဲ့အခါ ပေါ်လာသလိုပဲ။ ပကတိမြေကြီးကိုကြည့်ပြီး ပထဝီ ပထဝီလို့ ပါဠိလိုပဲဖြစ်ဖြစ်, မြေမြေလို့ မြန်မာလိုပဲ ဖြစ်ဖြစ် ရှုလိုက်ရုံနဲ့ နီဝရဏတွေ ကင်းပြီးတော့ ဈာန်စိတ်ဖြစ်တယ်၊ အဲဒီ ဖြစ်လာတဲ့ဈာန်စိတ်ဟာ “သဝိတက္ကံ သဝိစာရံ - ဝိတက်, ဝိစာရနဲ့တကွ ဖြစ်လာ တယ်” တဲ့၊ အာရုံပေါ်အောင်လို့ ကြံစည်မှုလေးလည်း ရှိတယ်၊ နောက်ရရှိပြီးတဲ့ အာရုံတွေကို ထပ်ခါထပ်ခါ သုံးသပ် ဆင်ခြင်တဲ့ သဘောလေးလည်း ပါတယ်တဲ့။
တရားဆိုတာ ဒီလိုပဲ၊ ရခါစ ဖြစ်ခါစတို့မှာ အာရုံပေါ်အောင် ကြံစည်ရတယ်၊ အာရုံကို ညီညွတ်ပြီးတော့ ကြံစည်မှပဲ ပေါ်လာတယ်၊ အဲဒီလို ကြံစည်တာဟာ ဝိတက်ပါပဲ၊ ထပ်ခါထပ်ခါ နှလုံးသွင်း ဆင်ခြင်တဲ့ သဘောလေးလည်း ရှိတယ်၊ အဲဒါကို ဝိစာရလို့ ခေါ်တယ်၊ ကြံစည်တာက ဝိတက်, သုံးသပ်ဆင်ခြင် တာက ဝိစာရ, ဝမ်းမြောက်တာက ပီတိ, ချမ်းသာတာက သုခ, တည်ကြည် ငြိမ်သက်တာက ဧကဂ္ဂတာ ဆိုတဲ့ သမာဓိ၊ အဲဒါ အားလုံးက ဈာန်အင်္ဂါ ၅-ပါးတဲ့၊ အဲဒီ ဈာန်အင်္ဂါ ၅-ပါးပေါင်းဖြစ်တဲ့ ဈာန်ဟာ ပဌမဈာန်တဲ့၊ အဲဒီပဌမဈာန်သို့ ရောက်နေပြီလို့ ဆိုပါတယ်။
မလ္လကမထေရ်ကြီး ဝတ္ထု
▬▬▬
မလ္လက မထေရ်ကြီးဆိုတာ ရှေးကရှိဖူးတယ်၊ မြတ်စွာဘုရား လက်ထက်တော်ကပါပဲ၊ အဲဒီ မထေရ်မြတ်ကြီးဟာ ထွန်ယက်ထားတဲ့ မြေကွက်နားကို ရောက်သွားတယ်၊ ထွန်ယက်ထားတဲ့ မြေဆိုတော့ မြက်တွေ သစ်ပင်လေးတွေ ဖုံးမနေဘူး၊ မြေသားတွေ ပေါ်နေတယ်၊ အဲဒီ မြေသားတွေ ပေါ်နေတဲ့ မြေကွက်ကြီး တစ်ကွက်လုံးကို နှလုံးသွင်းပြီး အဲဒီမထေရ်ကြီးက ရှုလိုက်တယ်၊ ဒီတော့ အဲဒီ မြေကွက်ကြီးလောက် ကသိုဏ်ဝန်း နိမိတ်ကြီး ထင်လာတယ်၊ ဒီကသိုဏ်းဝန်း နိမိတ်ကြီးကို ရှုရင်းနဲ့ပဲ သူ့မှာ ဈာန်ရလာတယ်၊ အဲဒီဈာန်ကိုဆက်ပြီး ဝိပဿနာရှုလိုက်တော့ ရဟန္တာဖြစ်သွားသတဲ့၊ ရှေးက အလေ့အကျင့် များခဲ့တဲ့ ပုဂ္ဂိုလ်ဆိုရင်တော့ ဒီလိုပဲ ပကတိ မြေကိုရှုရုံနဲ့လည်း ဈာန်ရနိုင်ပါတယ်တဲ့။
ကသိုဏ်းဝန်း လုပ်ရတယ်
▬▬▬▬▬▬
ရှေးက အလေ့အလာနည်းတဲ့ ပုဂ္ဂိုလ်တွေအတွက် ဆိုရင်တော့ ကသိုဏ်းဝန်း ပြုပြီး ရှုရတယ်၊ “ဝိဒတ္ထိ စတုရင်္ဂုလ” ဆိုတဲ့အတိုင်း တစ်ထွာနဲ့ လက်လေးသစ် (တစ်ပေခန့်) အဝိုင်းလေး လုပ်ရတယ်၊ ရွှေ့ပြောင်းနိုင်တဲ့ အဝိုင်းလည်း ပြုလုပ်နိုင် တယ်၊ မရွှေ့ပြောင်းရတဲ့ အဝိုင်းကိုလည်း လုပ်လို့ရတယ်၊ ရွှေ့ပြောင်းနိုင်တဲ့ အဝိုင်း ဆိုလို့ရှိရင် အဝတ်အထည်တို့၊ သားရေတို့ အပေါ်မှာ မြေနဲ့ကပ်ပြီးတော့ ဘေး ပတ်လည်က အသားဘောင်လေး ဘာလေးနဲ့ တားပေါ့၊ အပေါ်မှာ မြေနဲ့ အဲဒီလို ပြုလုပ်ရတယ်၊ မရွှေ့နိုင်တဲ့ အဝိုင်း ဆိုရင်တော့ တစ်နေရာရာမှာ ကြည့်လို့ရှုလို့ရအောင် တုတ်စိုက်ပြီး ရွှံ့နဲ့သုတ်ရတယ်၊ မြေမျက်နှာပြင် အဝိုင်းကလေး ဖြစ်အောင် လုပ်ဖို့ပဲ၊ မြေမျက်နှာပြင်က ဘေးမှာ ကျယ်ချင်လည်း ကျယ်နေတတ်တယ်၊ ပကတိ မြေအရောင် မဟုတ်ဘဲနဲ့ အခြားအမည်းရောင်ပဲ ဖြစ်ဖြစ် တခြားအရောင်ပဲဖြစ်ဖြစ် ဘေးကကန့်သတ်ပြီး အဝိုင်းလေး ပြုလုပ်ရမယ် တဲ့။
အဲဒီမှာလည်း ပကတိမြေသားဟာ တစ်ခြား အရောင်အဆင်းနဲ့ မရောနှော စေရဘူး၊ တစ်ခြား အညိုရောင်, အမည်းရောင်တွေနဲ့ ရောနှောသွားရင် နီလကသိုဏ်း ဖြစ်သွားမယ်၊ အဝါရောင်နဲ့ ရောရင်လည်း ပီတကသိုဏ်း ဖြစ်သွားမယ်၊ အနီရောင်နဲ့ ရောရင် လောဟိတ ကသိုဏ်း ဖြစ်သွားမယ်၊ အဖြူရောင်တွေနဲ့ ရောရင် ဩဒါတ ကသိုဏ်း ဖြစ်သွားမယ်၊ အဲဒီတော့ အညို, အဝါ, အနီ, အဖြူ ဆိုတဲ့ အရောင်အဆင်း တွေနဲ့ မရောစေရဘူးတဲ့၊ မြေကြီးရဲ့ ပထဝီ သဘာဝအတိုင်း မြေရောင် ဖြစ်စေရမယ် တဲ့၊ အရုဏ်တက်လာကာစ အရောင်လေးလို ဖြစ်ရမှာတဲ့၊ နံနက် အရုဏ်တက်လာတဲ့ အခါကာလမှာ စဉ်းငယ် နီသယောင်ယောင်ပေါ့၊ အနီလည်းမဟုတ်ဘူး။
ယခု ပြုလုပ်ထားတဲ့ အရုဏ်တက် ဇယားတွေမှာ နေမထွက်ခင် တစ်နာရီဆိုပြီးတော့ အရုဏ်တက် ဇယား လုပ်ထားကြတယ်၊ တစ်နာရီအလို လောက်နဲ့တော့ အရုဏ်ရောင် မထင်ရှားသေးဘူး၊ အိန္ဒိယကျမ်း အားဖြင့်တော့ နေမထွက်မီ ၄၈ - မိနစ်မှာ အရုဏ် တက်ကြောင်း ပြထားပါတယ်၊ သာပြီး ထင်ရှားတာကတော့ နေမထွက်ခင် မိနစ် လေးဆယ်လောက်မှာ ဒီအရောင်မျိုးကို တွေ့ရတာ သာပြီး ထင်ရှားပါတယ်၊ အဲဒီအခါမှာ အရောင်ကတော့ နေရောင်ခြည် ပါပဲ၊ နေထွက်ခါနီးကျ ပြန်တော့လည်း နီလွန်းနေတယ်၊ အဲဒီလောက်လည်း နီလို့ မဖြစ်ဘူး၊ စောစောပိုင်း အရုဏ်တက် လာခါစ အရောင်လေးမျိုးတဲ့၊ “ကိဉ္စိရတ္တော” စဉ်းငယ် အနီရောင်လို့ ဆိုတယ်၊ တကယ် အနီကြီးမဟုတ်ဘူး၊ အနီရောင်လေး နည်းနည်းပါရုံလောက်ပေါ့၊ အဲဒါ အရုဏ်အရောင်ပဲ၊ အဲဒီလို အရုဏ်ရောင် အဆင်းရှိတဲ့ မြေမျက်နှာပြင်လေး ပြုလုပ် ရမယ်တဲ့၊ အဲဒါဟာ လုပ်ရမယ့် မြေဝန်း၊ ပထဝီကသိုဏ်းဝန်းပါပဲ။
လက်လေးသစ်လောက် မြင့်တဲ့ ခုံလေးနဲ့ထိုင်ပြီး ရှုလို့ကောင်းလောက်ရုံ ပြုလုပ် ထားရမယ်၊ ကသိုဏ်းဝန်းကိုလည်း အတော်မြင့်တဲ့ နေရာမှာ တင်ပြီး အဝိုင်းလေး လုပ်ထားရမယ်၊ ပြီးတော့ နှစ်တောင့်ထွာလောက် ဝေးတဲ့ နေရာကနေပြီးတော့ ကြည့်ရမယ်တဲ့၊ သိပ်ပြီးတော့ ကပ်ကြည့်ရင်လည်း မကောင်းဘူး၊ ဝေးလွန်းရင်လည်း မှုန်နေမှာဖြစ်လို့ မကောင်းဘူးတဲ့၊ ဒါကြောင့် နှစ်တောင့်ထွာလောက်က ကြည့်မှ အနေတော်တယ်၊ “အဍ္ဎု တေယ ပမာဏံ” နှစ်တောင့်ထွာလောက် ပမာဏရှိတဲ့ နေရာမှ နေပြီး ကြည့်ရမယ်လို့ ညွှန်ပြထားတယ်၊ မျက်စိကိုလည်း သိပ်ပြီး မဖွင့်ရဘူး၊ သိပ်ဖွင့်တော့ ထင်လွန်းအားကြီးတယ်၊ သိပ်ပြီးတော့လည်း မျက်စိကို မမှေးရဘူး၊ မှေးလွန်းရင်လည်း မပီမသဘဲ ဖြစ်နေတတ်တယ်တဲ့၊ မဖွင့်လွန်း မမှေးလွန်းတဲ့ အနေတော် မျက်စိနဲ့ ကြည့်နေကျ မျက်စိမျိုးအတိုင်း ကြည့်ရမယ်လို့ ဆိုလိုတယ်၊ မှန်ထဲတွင် ကိုယ့်အရိပ်ကို ကြည့်တဲ့အခါ သိပ်မဖွင့်လွန်း မမှေးလွန်းတဲ့ အကြည့်မျိုးနဲ့ ကြည့်သလို ကြည့်ဖို့ပါပဲ။
ရှုတော့ ဒီလိုရှုရတယ်
▬▬▬▬▬▬▬▬
အဆိုပါအတိုင်း ကသိုဏ်းဝန်း ပရိကမ်အားလုံး ပြင်ဆင်ပြီးတဲ့အခါ “ပထဝီ ပထဝီ” လို့ နှလုံးသွင်းရမယ်၊ မြန်မာလို မြေမြေနဲ့ နှလုံးသွင်းရင်လည်း ရပါတယ်၊ ဒီပြင် ဘာသာတွေနဲ့လည်း ကိုယ့်ဘာသာ အလိုက် နှလုံးသွင်းနိုင်ပါတယ်၊ လိုရင်းကတော့ စိတ်လေးက ကသိုဏ်းဝန်း ပေါ်မှာ တည်နေဖို့ပါပဲ၊ ဒီလိုရှုဖန် များလာတဲ့ အခါကျတော့ သမာဓိ ရလာတယ်၊ သမာဓိ မရသေးခင်တော့ ရောက်လိုရာ ရောက်နေတဲ့ စိတ်တွေ ဖြစ်နေဦးမှာပဲ၊ ဖောင်းတာ, ပိန်တာကို ရှုမှတ်ရသလိုပေါ့၊ စိတ်က သမာဓိ မရခင်တော့ မတည်ငြိမ်ဘူး။
ဘုန်းကြီးတို့ တရားအားထုတ် တုန်းကဆိုရင် ပထမ တစ်လလောက်တော့ ဆွမ်းခံ သွားရသေးတယ်၊ နောက်တစ်လ လောက်ကျတော့မှ သက်ဆိုင်ရာ ဒကာ ဒကာမတွေက ဆွမ်းကပ်ကြလို့ ဆွမ်းခံ မသွားရတော့ပါဘူး၊ ပထမတစ်လ အတွင်း ကဆိုရင် ဆွမ်းခံသွားရင်းနဲ့ ဆွမ်းခံပြန်လာတဲ့ အခါမှာ မြို့ကထွက်ပြီး ပြန်လာတော့ ဒီလိုပဲ ဘယ်လှမ်းတယ် ညာလှမ်းတယ်, ကြွတယ်, လှမ်းတယ်၊ ချတယ်လို့ တဖြည်းဖြည်းချင်း သွားနေခဲ့တယ်၊ ဒီလိုမှတ်ပြီး သွားနေတဲ့အထဲက တခြားကို စိတ်က ထွက်ထွက် သွားသေးတယ်၊ တစ်ခါတစ်ခါ စိတ်ကူးတွေနဲ့ သွားနေလိုက်တာ ခြေလှမ်းတွေတောင်မှ တော်တော်များနေပြီ ထင်ပါရဲ့၊ ပြီးတော့မှ အောင်မယ် စိတ်တွေ ဟိုရောက်, ဒီရောက် ရောက်နေပါပေါ့ ကလားလို့ ပြန်ပြီး သတိရတော့တယ်၊ ဒီတော့မှ ပြန်ပြီး မှတ်ရတယ်။
အခု ပထဝီ - ပထဝီ လို့ရှုနေရာမှာလည်း အဲဒီကနေပြီး စိတ်ကူးတွေ တခြားကို ထွက်ထွက်သွားတတ် သေးတာပဲ၊ ထွက်သွားတာကို သတိပြန်ရတဲ့အခါ ဒီ ပထဝီကသိုဏ်းကိုပဲ ပထဝီ, ပထဝီလို့ ပြန်ရှုရတယ်၊ ဒီပြင်အာရုံကို လိုက်ပြီး ရှုစရာ မလိုဘူး၊ ဒီကသိုဏ်းအာရုံ တစ်ခုကိုပဲ ထပ်ခါထပ်ခါ ရှုနေရမှ၊ ဝိပဿနာရှုမှတ် ရာမှာကတော့ ဒီလိုမဟုတ်ပါဘူး၊ ဖြစ်တိုင်း ဖြစ်တိုင်းသော ရုပ် နာမ်တရားတွေကိုလိုက်ပြီး ရှုမှတ်ရတာပါပဲ၊ ဒွါရခြောက်ပါးမှ ပေါ်လာသမျှ အကုန်လုံး လိုက်ပြီး ရှုမှတ်ရတာပါပဲ၊ မရှုကောင်းတာရယ်လို့ မရှိဘူး။
နောက်တော့ ခွါလို့ရလာတယ်
▬▬▬▬▬▬
သမထကတော့ သမာဓိ အတော်အတန် မရမချင်း ဒီ ပထဝီကသိုဏ်း အာရုံတစ်ခု ထဲကိုသာ ထပ်ခါထပ်ခါ ရှုနေရတယ်၊ တဖြည်းဖြည်းတော့ ဒီရှုနေတဲ့ ကသိုဏ်း အာရုံဟာ သူ့ကိုမကြည့်ဘဲ မျက်စိမှိတ် နှလုံးသွင်းလိုက်ရင် မျက်စိနဲ့ မြင်ရသလို ပီပီသသ မြင်လာတယ်၊ အဲဒီလိုခွာလို့ ရလာတဲ့ အာရုံနိမိတ်ကို ဥဂ္ဂဟနိမိတ်လို့ ခေါ်တယ်။
ကသိုဏ်းအာရုံကခွာလို့ ရလာစမှာတော့ ကသိုဏ်းဝန်းဟာ တသားတည်း ချောမွတ် မနေဘဲ မညီညွတ်တဲ့ လက်ရာလေးတွေ ဘာလေးတွေနဲ့ ကြမ်းနေတတ်သေးတယ်၊ အဲဒီလို မညီမညွတ် ကြမ်းနေသေးတယ် ဆိုရင် ဥဂ္ဂဟနိမိတ်အတွင်းမှာပဲ ရှိနေသေးတယ်၊ ဒီလောက်နဲ့ဆိုရင်ပဲ ခွာလို့ရလာတဲ့ ဒီ ဥဂ္ဂဟနိမိတ် အာရုံကို သွားရင်းလာရင်းလည်း ရှုနိုင်ပြီ၊ စားရင်း သောက်ရင်းလည်း ရှုလို့ရပြီ၊ ကသိုဏ်းဝန်း ကို ကြည့်ဖို့ မလိုတော့ဘူး၊ ခွာရှုလို့ ရနေပါပြီ။
နောက် ရလာတဲ့ ဒီအာရုံကို ထပ်ခါထပ်ခါ ရှုဖန်များလာတော့ အရင်က ကြမ်းနေတဲ့ လက်ရာ လေးတွေ ဘာတွေ ပျောက်ပြီး ကသိုဏ်းအာရုံဟာ တစ်သားတည်း ကြည်လင်ပြတ်သားလာတယ်၊ လဝန်းကြီးကို ကြည့်ရသလို အရောင်အလင်းတွေနဲ့ ကွက်ကွက်ကွင်းကွင်း မြင်လာတယ်၊ အဲဒါကို ပဋိဘာဂနိမိတ် လို့ ခေါ်တယ်။
ဒီအတွင်းမှာ တကယ်လို့ မျက်စိမှိတ်ရှုလို့ မထင်လာတဲ့ အခါဆိုရင် အရင်က ပြုလုပ်ထားတဲ့ ကသိုဏ်းဝန်းနား ပြန်ပြီး အရင်ကလိုပဲ မျက်စိနဲ့ကြည့်ရှုရတယ်၊ ခွာလို့ရပြန်တော့ ခွာပြီးရှုဖို့ပဲ၊ အရင်က စိတ်ကလေးတွေ တစ်ခါတစ်ရံ ကသိုဏ်းဝန်း အာရုံက တခြားထွက်ထွက် သွားတတ် ပေမယ့် ပဋိဘာဂနိမိတ် ရင့်သန်လာတဲ့အခါမှာ ထွက်မသွားတော့ဘူး၊ ကသိုဏ်းဝန်း အာရုံပေါ်မှာပဲ ငြိမ်ငြိမ်သက်သက် တည်နေ တော့တယ်၊ အဲဒီအခါမှာဆိုရင် နီဝရဏတွေ ကင်းနေပြီတဲ့၊ ဗျာပါဒဆိုတဲ့ စိတ်ပျက်မှု တွေလည်း မရှိတော့ဘူး၊ ထိန, မိဒ္ဓဆိုတဲ့ ထိုင်းမှိုင်းမှုတွေလည်း ကင်းနေပြီ၊ ဥဒ္ဓစ္စဆိုတဲ့ ပျံ့လွင့်မှုလည်း မရှိတော့ဘူး၊ ကုက္ကုစ္စဆိုတဲ့ စိတ်ပူပန်မှုလည်း မရှိတော့ဘူး၊ ဝိစိကိစ္ဆာ ဆိုတဲ့ ယုံမှားခြင်းလည်း ကင်းသွားတယ်။
သမထနဲ့စပ်ပြီး ယုံမှားတယ်ဆိုတာကတော့ ဈာန်ဆိုတာ ဟုတ်မှ ဟုတ်ပါ့မလား မှန်မှ မှန်ပါ့မလားလို့ ယုံမှားတာပါပဲ၊ ပထဝီ-ပထဝီ၊ မြေကြီး-မြေကြီးလို့ ဆိုနေရုံနဲ့ ဒီလို မဖြစ်နိုင်ပါဘူး စသည်ဖြင့် ဟုတ်လေလော, မဟုတ်လေလောလို့ သို့လော သို့လော ဖြစ်နေမှုမျိုးပါပဲ၊ မဂ်, ဖိုလ်နဲ့စပ်ပြီး ယုံမှားတာ မဟုတ်ပါဘူး၊ အဲဒီလို ယုံမှားခြင်း ဝိစိကိစ္ဆာလည်း မရှိတော့ဘူး၊ အားထုတ်တဲ့အတိုင်း ထူးထူးခြားခြား ဖြစ်လာတော့ ယုံမှား ကင်းသွားတော့တယ်၊ ဒီတော့ ကသိုဏ်းဝန်းကလည်း အရောင်လင်းလေး တွေနဲ့ ကြည်ကြည်လင်လင် သန့်သန့်ရှင်းရှင်း ဖြစ်နေပြီ၊ ကြယ်ရောင်လိုလို, လရောင် လိုလို အရောင် တဖိတ်ဖိတ်နဲ့ ထင်လာတယ်။
ကောင်းကင်မှာ မိုးသားတွေ မှိုင်းပြီးနေတဲ့ အခါမှာ ဗျိုင်းကလေးများ ပျံနေတဲ့အခါ ထင်ရှားသလိုပဲ၊ ညိုမှိုင်းနေတဲ့ မိုးသားထဲမှာ ဗျိုင်းဖြူကလေး ပျံနေတာကို ကြည့်ရတော့ ပိုပြီးထင်ရှားတာပေါ့၊ အဲဒီလိုပဲ အနိမ့်အမြင့် လက်ရာလေးတွေ ထင်နေသေးတဲ့ ဥဂ္ဂဟနိမိတ် အာရုံတုန်းကထက် ပိုပြီး သန့်သန့်ရှင်းရှင်း ကြည်လင် ထင်ရှားလာတယ်၊ အဲဒါကို ထပ်ခါထပ်ခါ နှလုံးသွင်းပြီး ရှုရမယ်၊ သမာဓိအနေနဲ့ဆိုရင် အဲဒီအခါမျိုးမှာ ဥပစာရသမာဓိလို့ ခေါ်တယ်၊ နီဝရဏတွေ ကင်းနေပြီတဲ့။
အဲဒီနေရာမှာ ဖြစ်ခိုက် ရုပ်, နာမ်တွေကို ဝိပဿနာရှုပြီး အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးပါး တစ်ပါးပါးကို သိပြီးသွားမယ်ဆိုရင်လည်း မဂ်, ဖိုလ်, နိဗ္ဗာန်ကို ရနိုင် ရောက်နိုင်ပါတယ်၊ ကသိုဏ်းအာရုံကိုပဲ ဆက်ပြီး ရှုမယ်ဆိုရင်လည်း ဈာန်အင်္ဂါ ငါးပါးနဲ့ပြည့်စုံတဲ့ ပဌမဈာန်ကိုရမယ်တဲ့၊ အစအဆုံးရတဲ့ဈာန်ဖြစ်လို့ သူ့ကို ပဌမဈာန် လို့ ခေါ်တယ်တဲ့၊ အဲဒီဈာန် ဖြစ်ခိုက်ကလေးကို မြတ်စွာဘုရားက -
ယသ္မိံ သမယေ - အကြင်အခါကာလ၌၊
ရူပူပပတ္တိယာ - ရူပဘဝ၌ ဖြစ်ခြင်း၏၊
မဂ္ဂံ - အကြောင်းဖြစ်သော၊
ပထဝီ ကသိဏံ - ပထဝီကသိုဏ်းလျှင် အာရုံရှိသော၊
ပဌမံဈာနံ - ပဌမဈာန်သို့၊
ဥပသမ္ပဇ္ဇ - ကပ်ရောက်၍၊
ဝိဟရတိ - နေ၏ တဲ့၊
ဒီလို ဟောတော်မူပါတယ်၊ ပဌမဈာန် ရနေပြီတဲ့။
နိုင်နေတော့ လွယ်ကူပါတယ်
▬▬▬▬▬▬
ဈာန်အကြောင်းကို နားလည်အောင်လို့ ဈာန်ရဲ့ဂုဏ်ပုဒ်တွေကို ထည့်ပြီးတော့ ပြောရတယ်၊ ဟောတော်မူတဲ့ ဒီအထဲမှာ အားထုတ်ပုံတွေပါ မပါပေမယ့် ဘုန်းကြီးက အားထုတ်ပုံကိုပါ ထည့်ဟောပါတယ်၊ ဈာန်ဆိုလို့ လွယ်လွယ်လေးတော့ မဟုတ်ဘူး။ ဒီလို အားထုတ်မှသာ ဖြစ်တာ၊ အားမထုတ်ဘဲနဲ့ ဖြစ်တာမျိုး မဟုတ်ဘူး၊ ဈာန်ရပြီးသား ပုဂ္ဂိုလ်မှာတော့ အာရုံပြုလိုက်တယ်ဆိုရင် ဒီဈာန်ဟာ ချက်ချင်း ဖြစ်လာတာပဲ၊ အခု ဝိပဿနာ ရှုနေကြတဲ့ ပုဂ္ဂိုလ်တွေလည်း ရှုမှတ်ပါများလို့ နိုင်နေပြီဆိုရင် ဒီလိုပါပဲ၊ တရားကို နှလုံးသွင်းလိုက် တာနဲ့တစ်ပြိုင်နက် ရှုမှတ်နေကျ အတိုင်း လွယ်လွယ်နဲ့ရှုမှတ်ပြီးသား ဖြစ်နေတာပါပဲ။
ဈာန်မှာလည်း ဒီလိုပါပဲ၊ ကိုယ်ရောက်နေကျ အာရုံထဲကို စိတ်ကလေးညွှတ်လိုက်ရုံနဲ့ ဈာန်ရောက်နေကျ အာရုံဆီသို့ လွယ်လွယ်နဲ့ ရောက်သွားပါတယ်၊ အလေ့အလာ များပြီး နိုင်နေလို့ရှိရင်ပေါ့၊ ပြောခဲ့တဲ့အတိုင်း အဲဒီ ဈာန်စိတ်နဲ့အတူ ဝိတက် ဆိုတဲ့အာရုံကို ကြံစည်မှုသဘောလေးလည်းပါတယ်၊ ဝိစာရဆိုတဲ့ အာရုံကို ဆင်ခြင်သုံးသပ်မှု သဘောလေးလည်း ပါတယ်၊ ပီတိဆိုတဲ့ နှစ်သိမ့်အားရမှု, ဝမ်းသာမှု, တက်ကြွမှု, တစ်ကိုယ်လုံးပျံ့နှံ့ပြီး အင်မတန် ကောင်းတဲ့ သဘောလေး လည်း ပါတယ်၊ သုခဆိုတဲ့ စိတ်ချမ်းသာမှု, စိတ်ရွှင်လန်းမှုလေးလည်း ပါတယ်၊ ဧကဂ္ဂတာဆိုတဲ့ စိတ်နဲ့အာရုံ ကပ်နေတဲ့ သဘောလေးလည်း ပါတယ်၊ အာရုံထဲမှာ စိတ်ဝင်စားနေသလို အာရုံထဲမှာ စိတ်ကရောက်ပြီး အာရုံနဲ့စိတ်ဟာ တစ်ပူးတစ်ပေါင်း တည်း ကပ်နေတဲ့ သဘောလည်း ပါတယ်၊ သမာဓိပါပဲ၊ အဲဒီလို ဈာန်အင်္ဂါ ၅-ပါးနဲ့ ပြည့်စုံတဲ့ ပဌမဈာန်သို့ ရောက်နေတယ်တဲ့။
တသ္မိံ သမယေ - ထို ပဌမဈာန်သို့ ရောက်သောအခါ၌၊
ဖဿော ဟောတိ - ဖဿဖြစ်၏၊
ဒါဟာ ဖဿပဉ္စမက တရားပါပဲ၊ ကာမာဝစရ ကုသိုလ်စိတ် ဖြစ်စဉ်က ပါဝင်ခဲ့တဲ့ တရားတွေ ၅၆-ပါး ဟာ ယခု ရူပါဝရဈာန် ကုသိုလ်စိတ်ဖြစ်တော့လည်း ပါဝင်တာပဲ၊ ဒီ ၅၆-ပါးပင် ဖြစ်တယ်၊
ဝေဒနာ ဟောတိ - ဝေဒနာဖြစ်၏၊
သညာ ဟောတိ - သညာဖြစ်၏၊
စေတနာ ဟောတိ - စေတနာဖြစ်၏၊
စိတ္တံ ဟောတိ - စိတ်ဖြစ်၏၊
စသည်ဖြင့် ကာမာဝစရကုသိုလ်မှာ
ဝေဖန်သလို ဒီမှာလည်း ၅၆-ပါးလုံး ဝေဖန်ပါတယ်။
ယေ ဝါ ပန အညေပိ အတ္ထိ ပဋိစ္စသမုပ္ပန္နာ ဓမ္မာ။
တသ္မိံ သမယေ - ထိုအခါ၌၊
အညေပိ - ၅၆ ပါးမှတစ်ပါး အခြားလည်း ဖြစ်ကုန်သော၊
ပဋိစ္စသမုပ္ပန္နာ - အကြောင်းကို စွဲ၍ဖြစ်ကုန်သော၊
ယေဝါပန အရူပိနော - အကြင် နာမ်တရားတို့သည်၊
အတ္ထိ - ရှိကုန်၏၊
ဣမေဓမ္မာ - ဤတရားတို့သည်၊
ကုသလာ - ကုသိုလ်တရားတို့ပေတည်း၊
လို့ ဝေဖန်ပြထားတယ်၊ ကာမာဝစရ ကုသိုလ်စိတ်တုန်းကနဲ့ ဒီမှာက ၅၆-ပါး တရားရော၊ ယေဝါပနက တရားရော အတူတူပါပဲ၊ ကရုဏာကတော့ ကရုဏာဈာန် ကျကာမှ ပါတယ်၊ ဒီမှာမပါဘူး၊ ဒီပြင် ဈာန်တွေမှာလည်း မပါဘူး၊ ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေကို အာရုံပြုတဲ့ မုဒိတာဈာန်ဆိုရင် မုဒိတာပါဝင်တယ်၊ အခြား ကသိုဏ်းဈာန်တွေမှာ မပါဝင်ဘူး၊ သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဆိုတဲ့ ဝိရတီ ၃-ပါးကတော့ ဈာန်စိတ်တွေမှာ မပါဘူး၊ ဒီတော့ တရားကိုယ်ကို ပေါင်းလိုက်ရင် ပထမက ၃၀-ရယ်, ယေဝါပနကမှာက ၄-ပါးရယ်၊ အားလုံး ၃၄-ပါး၊ အဲဒီတရားတွေဟာ ရူပါဝစရကုသိုလ်စိတ်မှာ ပထဝီကသိုဏ်းအာရုံကို အာရုံပြုဖြစ်တဲ့ ဈာန်စိတ်နဲ့ တကွဖြစ်တဲ့ တရားတွေတဲ့။
ပိုတယ်လို့ ထင်ကြမယ်
▬▬▬▬▬▬▬▬▬
အဲဒါလို ဓမ္မုဒ္ဒေသ ၅၆-ပါးသော တရားတွေကို သရုပ်ထုတ်ပြီးတော့ ထပ် ဝေဖန်ပြပါတယ်၊
ကတမော တသ္မိံ သမယေ ဖဿော ဟောတိ၊
တသ္မိံ သမယေ - ထိုပဌမဈာန်စိတ် ဖြစ်သောအခါ၌၊
ကတမော ဖဿော - အဘယ်သို့သော ဖဿသည်၊
ဟောတိ - ဖြစ်ပါသနည်း၊
ဖဿဆိုတာ ဘယ်လိုဖဿလဲ တဲ့၊ ကာမာဝစရ ကုသိုလ်စိတ်တုန်းကလည်း ဒီလိုဝေဖန်ပြီးသားပဲ၊ ဒါပေမယ့်လို့ ရှေးက ဝေဖန်ပြီးပြီဆိုပြီး ချန်မထားဘူး၊ အကုန်လုံးလျှောက်ပြီးတော့ ဝေဖန်ပြန်တယ်၊ ယခုကာလ လူတွေအနေနဲ့ဆိုရင်တော့ “ဒါတွေဟာ ထပ်တူဖြစ်နေတယ် ပိုတာပဲ” လို့ ထင်ကြ ပေလိမ့်မယ်၊ ယောနိသော မနသိကာရ သဘောနဲ့ ဆိုရင်တော့လည်း တရားတွေ ထပ်ခါထပ်ခါ နာကြားနေရတာ ဗဟုသုတလည်းပွား ကုသိုလ်လည်းရတယ်လို့ နှလုံးသွင်းနိုင်မှာပါပဲ၊ ပြီးတော့ မြတ်စွာဘုရား အသံတော်က ကြည်ညိုဖွယ်ကောင်းတာဖြစ်လို့ နာယူတဲ့ ပုဂ္ဂိုလ် တွေဟာ ပျင်းရိငြီးငွေ့မှာလည်း မဟုတ်ပါဘူး၊ ပြီးစလွယ်ကြိုက်တဲ့ ယခုခေတ်လူတွေ ကတော့ ပျင်းရိငြီးငွေ့ ကြမှာပဲ၊ စာဖတ်ရတာတောင် ပျင်းစရာ အင်မတန် ကောင်းတယ်၊ မြတ်စွာဘုရားကတော့ အဘိဓမ္မာ တရားကို ဟောတော်မူတုန်းက ဒီလို ထပ်ခါထပ်ခါ ဝေဖန်ပြီး ဟောတော်မူတာပါပဲ။
သူ့ထက် ကြီးကျယ်တဲ့ တရား မရှိဘူး
▬▬▬▬▬▬
နောက်ပြီးတော့ ကောဋ္ဌာသဝါရတဲ့ “တသ္မိံ သမယေ စတ္တာရော ခန္ဓာဟောန္တိ၊ ဒွါဒသာယတနာနိ ဟောန္တိ၊ ဒွေဓာတုယော ဟောန္တိ” စသည်ဖြင့် ခန္ဓာ အာယတန, ဓာတ် စသည်ကို ဝေဖန်ဟောကြားပြန်ပါတယ်၊ ထိုအခါကာလမှာ နာမ်ခန္ဓာလေးပါး ပါဝင်တယ်တဲ့၊ အဲဒီ နာမ်ခန္ဓာလေးပါးကို ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, ဝိညာဏက္ခန္ဓာလို့ ဝေဖန်ပါသေးတယ်၊ အဲဒီမှာလည်း တစ်ခါ ဝေဒနာက္ခန္ဓာဆိုတာ ဘာလဲလို့ ဝေဖန်ပြန်ပါ သေးတယ်၊ ဒါ အဘိဓမ္မာ အကျယ်ဝေဖန်ပြီး ဟောတော် မူပုံပါပဲ၊ အင်မတန်ကို ကျယ်ဝန်းပါတယ်၊ ဒါကြောင့် အဘိဓမ္မာဆိုတာ လွန်ကဲတဲ့ တရားတဲ့၊ သုတ္တန်မှာဆိုရင် ဒီလိုမဟောဘူး၊ သိသာရုံလေး ဟောပြီးရင်ပြီးတာပဲ၊ အဘိဓမ္မာမှာတော့ ဒီလိုပဲ ထပ်ခါထပ်ခါ ဟောတယ်၊ အသေးစိတ် ဝေဖန်ပြီး မခြွင်းမချန်ဟောတယ်၊ ဒါကြောင့်လည်း အဘိဓမ္မာကို လွန်ကဲသောတရား, ထူးသော တရားလို့ ဆိုတာပါပဲ၊ ဧရာမ တရားကြီး၊ အင်မတန် ကြီးကျယ်တဲ့ တရားကြီး၊ သူ့ထက် ကြီးကျယ်တာ မရှိဘူး။
ကောဋ္ဌာသဝါရကို ဟောပြီးတော့ တစ်ခါ သုညတဝါရကို ဟောပြန်တယ်၊ “တသ္မိံ ခေါ ပန သမယေ ဓမ္မာ ဟောန္တိ၊ ခန္ဓာ ဟောန္တိ၊ အာယတနာနိ ဟောန္တိ၊ ဓာတုယော ဟောန္တိ စသည်ဖြင့် ဟောကြားထားတယ်၊ အဲဒီအခါမှာ သဘောတရားတွေ ဖြစ်တယ်၊ ခန္ဓာတွေ ဖြစ်တယ်၊ အာယတနတွေ ဖြစ်တယ်၊ ဓာတ်တွေ ဖြစ်တယ် တဲ့၊ ပုဂ္ဂိုလ်သတ္တဝါတွေဆိုတာ မရှိဘူးတဲ့၊ ဓမ္မ ဆိုတာ ဘာတွေတုန်း ဆိုပြန်တော့၊ နာမ်ခန္ဓာ လေးပါးတွေတဲ့၊ ဓမ္မဆိုတာလည်း ခန္ဓာလေးပါပဲကိုး၊ ခန္ဓာအရ နာမ်ခန္ဓာလေးပါး၊ အာယတနအရ မနာယတန, ဓမ္မာယတနနှစ်ပါး၊ ဓာတုအရ မနောဝိညာဏဓာတ်နဲ့ ဓမ္မဓာတ်နှစ်ပါး အဲဒီလို ဝေဖန်ပြီး အာဟာရတွေ, ဖဿတွေ, ဝေဒနာတွေ ဒီလိုပဲ အကျယ်ကြီးကို လျှောက်ဝေဖန်တယ်၊ ပဌမဈာန်စိတ်တစ်ခုကို ဒီလို ဝေဖန်ပြီးတော့ နောက်မှ ဒုတိယဈာန်စိတ် တစ်ခုကို ဝေဖန်တယ်၊ ပဌမဈာန်စိတ် ဖြစ်ပုံကိုပဲ ဝေဖန်လို့ မပြီးနိုင်ခဲ့ပါဘူး၊ ဒုတိယဈာန်ကိုလည်း ဒီလို အကျယ်ကြီး ဝေဖန်တာပါပဲ၊ ဘုန်းကြီးကတော့ ဒုတိယဈာန်စိတ်ကို အကျဉ်းမျှလောက်ပဲ ဟောသွားတော့မယ်။
ဒုတိယဈာန်စိတ်
▬▬▬▬▬▬
ယသ္မိံ သမယေ ရူပူပပတ္တိယာ ကတမေ ဓမ္မာ ကုသလာ။
ကုသလာ - ကုသိုလ်မည်ကုန်သော၊
ဓမ္မာ - တရားတို့ဟူသည်၊
ကတမေ - အဘယ်သည်တို့နည်း၊
ယသ္မိံ သမယေ - အကြင်အခါ၌၊
ရူပူပပတ္တိယာ - ရူပဘဝဖြစ်ခြင်း၏၊
မဂ္ဂံ - အကြောင်းမှန်ဖြစ်သော ဈာန်ကို၊
ဘာဝေတိ - ဖြစ်စေ၏၊
ဝိတက္ကဝိစာရာနံ - ဝိတက်, ဝိစာရတို့၏၊
ဝူပသမော - မဖြစ်ခြင်းကြောင့်၊
ဝါ - ငြိမ်းခြင်းကြောင့်၊
အဝိတက္ကံ - ဝိတက်လည်း မရှိသော၊
အဝိစာရံ - ဝိစာရလည်းမရှိသော၊
သမာဓိဇံ - သမာဓိကြောင့် ဖြစ်သော၊
ပီတိသုခံ - ပီတိသုခလည်း ရှိသော၊
ပထဝီကသိဏံ - ပထဝီကသိုဏ်းလျှင် အာရုံရှိသော၊
ဒုတိယံ ဈာနံ - ဒုတိယ ဈာန်သို့၊
ဥပသမ္ပဇ္ဇ - ကပ်ရောက်၍၊
ဝိဟရတိ - နေ၏၊
တသ္မိံ သမယေ - ထိုအခါ၌၊
ဖဿော ဟောတိ - ဖဿဖြစ်၏၊
ဝေဒနာ ဟောတိ - ဝေဒနာဖြစ်၏၊
သညာ ဟောတိ - သညာဖြစ်၏၊
စသည်ဖြင့် ဝေဖန်သွားတယ်။
ပဌမဈာန်ကို ရပြီးသားဖြစ်တဲ့ပုဂ္ဂိုလ်က ပဌမဈာန်ကို ထပ်ခါထပ်ခါ နှလုံးသွင်းတဲ့အခါ အပြစ်မြင်လာတာ ရှိတယ်တဲ့၊ ဘာကို အပြစ်မြင်လာသလဲဆိုတော့ ဝိတက်နဲ့ ဝိစာရကို အပြစ်မြင်လာတယ်။ ဝိတက်က အာရုံပေါ်လာအောင် ကြံစည်ပေးမှ အာရုံပေါ်တယ်။ ပေါ်လာတဲ့ အာရုံကို ထပ်ခါထပ်ခါ နှလုံးသွင်းမှ ဝိစာရ ဖြစ်လာတယ်။ ဒီတရား တွေဟာ မကောင်းဘူး။ အာရုံကို မကြံစည်ရဘဲနဲ့ သူ့အလိုလိုပေါ်နေရင် ကောင်းတယ်။ ရလာတဲ့အာရုံကို ထပ်ခါထပ်ခါ သုံးသပ် ဆင်ခြင် နေရတာလည်း နူးညံ့သိမ်မွေ့ မှုမရှိဘူး။ ဘာနဲ့တူသလဲဆိုရင် မရဖူးတဲ့ ပစ္စည်းလေးတစ်ခု ရလာတဲ့အခါ ခဏခဏထုတ်ပြီး ကြည့်နေတာနဲ့ တူတယ်၊ အဲဒါ စိတ်သဘော သေးနုပ်ရာ ရောက်တယ်။
ရလာတဲ့အာရုံကို ဂရုမစိုက်ဘဲ နေနိုင်မှ ကောင်းတယ်လို့ အပြစ် မြင်လာတယ်။ ပြီးတော့ ပီတိ, သုခ, ဧကဂ္ဂတာ ဒီသုံးခုက ကောင်းတယ်ဆိုပြီး မူလက နှလုံးသွင်းလာခဲ့တဲ့ ပထဝီကသိုဏ်းကို ထပ်ခါထပ်ခါ နှလုံးသွင်းတယ်။ ဒီလိုနဲ့ နှလုံးသွင်းဖန် များလာတော့ ကြံစည်သုံးသပ် ဆင်ခြင်မှုဆိုတဲ့ ဝိတက်, ဝိစာရတွေ ကင်းပြီး ဒုတိယဈာန်အဆင့် ရောက်လာတော့တာပါပဲ။ ရထားတဲ့အာရုံကို မကြံစည်၊ မသုံးသပ်၊ မဆင်ခြင်ဘဲ ပီတိသုခ, ဧကဂ္ဂတာ သမာဓိတွေ ဖြစ်နေတယ်။ အဲဒါ ဒုတိယဈာန်ပဲ၊ ဒီ ဒုတိယဈာန်ဖြစ်တဲ့ အခါမှာလည်း -
တသ္မိံ သမယေဖဿော ဟောတိ စသည်ဖြင့် ဝေဖန်တယ်။ ဒီမှာတော့ ၅၆-ပါး တရားထဲက လျော့တာရှိတယ်။ ဘာတွေ လျော့သွားသလဲဆိုတော့ ဝိတက်နဲ့ ဝိစာရပါပဲ၊ သူတို့နှစ်ပါး မပါတော့ဘူး။ ဒီတော့ “ဝိတက္ကော ဟောတိ, ဝိစာရော ဟောတိ” ဆိုတာကို ထည့်ပြီး မဟောရတော့ဘူး၊ ဖဿပဉ္စမက ၅-ပါး ကတော့ မလျော့ဘူး။ ဈာန်အင်္ဂါမှာ ဝိတက်, ဝိစာရ လျော့တယ် မပါတော့ဘူး။ မဂ္ဂင်ကျတော့ သမ္မာသင်္ကပ္ပ လျော့တယ် မပါဘူး၊ ဒီလောက်ပါပဲ၊ ကျန်တာတွေကတော့ အားလုံးဖြစ်ကြ၊ ပါကြပါတယ်။ ၅၆-ပါးထဲက ၃-ပါး လျော့သွားတော့ ၅၃-ပါး ပဲ ကျန်တော့တယ်။
ဒီမှာလည်း ပဌမဈာန်တုန်းကလို ဓမ္မုဒ္ဒေသရော, သုညတဝါရရော အသီးသီး အသေးစိတ် ဟောကြားတာပါပဲ။ အဲဒါဟာ ပထဝီကသိုဏ်းကို အာရုံပြုဖြစ်တဲ့ ဒုတိယဈာန်တဲ့။
တတိယဈာန်
▬▬▬▬▬
တတိယဈာန်ကျတော့လည်း ဒီအတိုင်းပါပဲ။ ဒုတိယဈာန် ရပြီးတဲ့ ပုဂ္ဂိုလ်က ဒုတိယဈာန်အပေါ်မှာ အပြစ်မြင်လာပြန်တယ်။ ဘယ်လို အပြစ်မြင်သလဲဆိုတော့ နှစ်သိမ့်အားရ ဝမ်းသာမှုဆိုတဲ့ ပီတိဟာ သဘော သေးသိမ်တယ်၊ သူရှိနေတာ သဘောထားနုံ့ရာ ရောက်တယ်လို့ ဆိုရမှာပေါ့၊ ကလေးငယ်တွေမှာ တစ်မူး ဆယ်ပြား လောက်ရရင် အင်မတန် ဝမ်းသာကြတယ်၊ လူကြီးကျတော့ ကလေးလို တစ်မူး ဆယ်ပြား ရရုံလောက်နဲ့ ဝမ်းမသာဘူး၊ ကလေးများလို ရသမျှနဲ့ အားရဝမ်းသာ နေရတာဟာ သေးသိမ်တယ်ပေါ့၊ ဝမ်းသာအားရ ဖြစ်နေရတာ နေရာမကျဘူး၊ အားရဝမ်းမြောက်ခြင်း မရှိဘဲ စိတ်ချမ်းသာရုံ နေရတာက ပိုကောင်းတယ်လို့ နှလုံးသွင်းပြီး ပီတိကင်းအောင် ပထဝီကသိုဏ်းကို တစ်ဖန်ဆက်ပြီး အားထုတ် ပြန်တယ်။ ဒီလိုနဲ့ သမာဓိတွေ အတော်အားကောင်း လာတဲ့အခါ သူအလိုမရှိတဲ့ ပီတိဟာ ကင်းသွားတယ်တဲ့၊ ချမ်းသာမှု (သုခ) လောက်နဲ့ပဲ တည်ကြည် ငြိမ်သက် နေတော့တယ်၊ ဒီသဘောကို ကွဲကွဲပြားပြား သိနိုင်ခဲပါတယ်။
ဥဒယဗ္ဗယ ဉာဏ် အရင့်ပိုင်းရောက်မှ ရှင်းတယ်
▬▬▬▬▬▬▬▬▬▬
ဥဒယဗ္ဗယဉာဏ် ရောက်စ ယောဂီတွေမှာ ပီတိနဲ့ သုခ သဘောချင်း ရောသလိုလို ရှိနေတတ်တယ်၊ ပီတိအနေနဲ့ စိတ်တွေ နှစ်သိမ့်တက်ကြွပြီး အားရနေတာပဲ၊ သုခအနေနဲ့လည်း ချမ်းသာနေတာပဲ၊ ဘယ်လို ချမ်းသာမှန်းတောင်မှ မသိဘူး၊ နောက်ပြီးတော့ ပေါ်လာသမျှအာရုံတွေကို ဆက်လက် ရှုမှတ်လိုက်တဲ့ အခါကျတော့မှ အရောင်အလင်းတွေနဲ့ နှစ်သိမ့်အားရမှု ပီတိတွေ ပျောက်သွားပြီး ချမ်းသာတဲ့ သဘော သက်သက်သာ ကျန်တော့တယ်၊ ချမ်းသာလွန်းပြီး တစ်ခါတည်းမှတ်လို့ ကောင်းနေ တော့တယ်၊ အဲဒီအခါမှာ ပီတိမပါဘဲ သုခဖြစ်နေတာပါပဲ၊ အထက်သင်္ခါရုပေက္ခာဉာဏ် ရောက်တဲ့အခါမှာလည်း ပီတိမပါဘဲ သုခသက်သက်ဖြစ်နေတာကို တွေ့နိုင်ပါတယ်။ အဲဒါကျတော့ ပိုပြီးတော့ ကောင်းပါတယ်။
အဲဒီလိုပါပဲ၊ ယခုဈာန်မှာလည်း ပီတိကင်းတယ်တဲ့၊ ပီတိမပါဘဲ သုခနဲ့ ဧကဂ္ဂတာ ဈာန်အင်္ဂါ နှစ်ပါးနဲ့ တတိယဈာန် ရောက်ပြီးနေတယ်၊ ဒီမှာလည်း “တသ္မိံ သမယေ ဖဿော ဟောတိ၊ ထိုအခါ မှာလည်း ဖဿဖြစ်တယ်၊ ဝေဒနာ ဖြစ်တယ်” စသည်ဖြင့် ဝေဖန် ဟောကြားတာပါပဲ၊ ဒီမှာလည်း ဈာန်အင်္ဂါ ၅-ပါးထဲက ၃-ပါးလျော့သွားတယ်၊ ၂-ပါးပဲ ကျန်တော့တယ်၊ ဝိတက်, ဝိစာရ, ပီတိ ဒီသုံးပါးလျော့သွားတယ်၊ နောက်ဟာတွေကျတော့ သိပ်မထူးဘူး၊ ခုနက ဈာန်မှာ ၅၃-ပါး၊ အခု ပီတိ ထပ်ပြီး လျော့သွားတော့ ၅၂-ပါး ရှိတော့တယ်၊ ဒီဈာန်ဖြစ်တဲ့အခါမှာ ခန္ဓာလေးပါးဖြစ်တယ်၊ အာယတန နှစ်ပါးဖြစ်တယ်၊ ဓာတ်နှစ်ပါးဖြစ်တယ်စသည်ဖြင့် ဖြစ်သင့်တဲ့ တရားတွေကို ဝေဖန်ပြောကြားတယ်၊ အဲဒါဟာ ပထဝီကသိုဏ်းကို အာရုံပြုဖြစ်တဲ့ တတိယဈာန်တဲ့။
ကာမာဝစရ ကုသိုလ် ဝေဖန်ပုံ အကျဉ်းချုပ် ကောက်နုတ်ချက်
▬▬▬▬▬▬▬▬▬▬▬
[ဤသည်မှာ စာရွက်စာတမ်းဖြင့် ရိုက်နှိပ်စေသည့် တရားတို့ဖြစ်၏။]
၁။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်, သသင်္ခါရိကစိတ် ဖြစ်ခိုက်၌ အမည်ထုတ်၍ ဟောထားသော တရားတို့မှာ -
ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ စိတ်၊ (ဖဿပဉ္စမက ၅)
ဝိတက်၊ ဝိစာရ၊ ပီတိ၊ (သုခ) ဧကဂ္ဂတာ၊ (ဈာနင် ၅)
သဒ္ဓါ၊ ဝီရိယ၊ သတိ၊ (သမာဓိ) ပညာ၊ (မန၊ သောမနဿ) ဇီဝိတ၊ (ဣန္ဒြေ ၈)
(သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ) (မဂ္ဂင် ၅)
(သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ) ဟိရီ၊ ဩတပ္ပ (ဗိုလ် ၇)
အလောဘ၊ အဒေါသ၊ (အမောဟ) (မူလ ၃)
(အနဘိဇ္ဈာ၊ အဗျာပါဒ၊ သမ္မာဒိဋ္ဌိ) (ကမ္မပထ ၃)
(ဟိရီ၊ ဩတ္တပ္ပ) (လောကပါလ ၂)
ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ၊ ကာယလဟုတာ၊ စိတ္တလဟုတာ၊
ကာယမုဒုတာ၊ စိတ္တမုဒုတာ၊ ကာယကမ္မညတာ၊ စိတ္တကမ္မညတာ၊
ကာယပါဂုညတာ၊ စိတ္တပါဂုညတာ၊ ကာယုဇုကတာ၊ စိတ္တုဇုကတာ၊ (အစုံတရား ၁၂)
(သတိ၊ သမ္ပဇဉ်) (ဥပကာရတရား ၂)
(သမထ၊ ဝိပဿနာ) (ယုဂနဒ္ဓတရား ၂)
(ပဂ္ဂါဟ၊ အဝိက္ခေပ) (ညီမျှစေအပ်သည့်တရား ၂)
[မှတ်ချက်]
လက်သည်းကွင်းဖြင့် ရှေးနှင့်တရားကိုယ် ထပ်တူဖြစ်ကြောင်း ပြသည်။
ဤ (၅၆) ပါးပင် ဖြစ်သည်။ တရားကိုယ်အားဖြင့် ၃၀ မျှသာရှိသည်။
ရူပကုသိုလ်နှင့် အရူပကုသိုလ် ဝေဖန်ပုံ အကျဉ်းချုပ် - ကောက်နုတ်ချက်
▬▬▬▬▬▬▬▬▬▬▬▬
၁။ ရူပါဝစရ ပထမဈာန် ကုသိုလ်စိတ် ဖြစ်ခိုက်၌ အမည်ထုတ်၍ ဟောထားသည့် တရားများမှာ ကာမကုသိုလ် ပ+ဒု စိတ်တို့၌ကဲ့သို့ ၅၆-ပါးပင်၊ တရားကိုယ်လည်း ၃၀-ပင်။
ယေဝါပနအရ အမြဲယှဉ် ၄-ပါးနှင့် ရံခါယှဉ် အပ္ပမညာ ၂-ပါးသာ၊ ၂-ရပ်ပေါင်း တရားကိုယ် ၃၆-ပါး ဖြစ်သည်။
၂။ စတုက္ကနည်း ဒုတိယဈာန်စိတ်ဖြစ်ခိုက်၌ ဝိတက်+ဝိစာရ မပါ ၃၄-ပါး။
၃။ တတိယဈာန်စိတ် ဖြစ်ခိုက်၌ ပီတိလည်း မပါ ၃၃-ပါး။
၄။ စတုတ္ထဈာန်စိတ် ဖြစ်ခိုက် သုခလည်းမပါ၊ ဥပေက္ခာနှင့်တကွ ၃၃-ပါး။ ပဉ္စကနည်း ဒုတိယဈာန်စိတ် ဖြစ်ခိုက်၌ မူလ ၃၆-ပါးမှ ဝိတက်မပါ ၃၅-ပါး။ တတိယ စတုတ္ထ ပဉ္စဈာန်ဖြစ်ခိုက်၌ စတုက္ကနည်း ဒုတိယ တတိယ စတုတ္ထဈာန်စိတ်တို့ ဖြစ်ခိုက်၌ကဲ့သို့ပင် ၃၄၊ ၃၃၊ ၃၃-ပါး ဖြစ်သည်။
အရူပါဝစရဈာန် ၄-ပါးဖြစ်ခိုက်၌ ရူပါဝစရ ပဉ္စမဈာန် ဖြစ်ခိုက်၌ ကဲ့သို့ပင် တရားကိုယ် 33-ပါး ဖြစ်သည်။ ယင်းအရူပဈာန် ၄-ပါးကို ဓမ္မသင်္ဂဏီ ပါဠိ၌ စတုတ္ထဈာန် ဟူသောအမည်ဖြင့် ဟောထားသည်။ ယင်း ၄-ပါးမှာ အာကာသာနဉ္စာယတန, ဝိညာဏဉ္စာယတန, အာကိဉ္စညာယတန နေဝသညာ နာသညာယတန ဈာန်တို့ ဖြစ်သည်။
စတုတ္ထဈာန်
▬▬▬▬
တတိယဈာန်ရနေတဲ့ ပုဂ္ဂိုလ်မှာလည်း ရရှိနေတဲ့ တတိယဈာန်ကို အပြစ်မြင် လာပြန်ပါတယ်၊ ဘယ်လို မြင်လာသလဲဆိုရင် ချမ်းသာမှု သုခဟာ မငြိမ်သက်ဘူး၊ ရုန့်ရင်းကြမ်းတမ်းတယ်၊ ဥပေက္ခာ ဝေဒနာနဲ့ ဧကဂ္ဂတာ သာလျှင် ငြိမ်သက်တယ်လို့ တတိယဈာန်အပေါ်မှာ အပြစ်မြင်လာတယ်၊ ဒီတော့ တတိယဈာန်သုခကို မလိုလားဘဲ ငြိမ်းစေရန် ရရှိပြီးဖြစ်တဲ့ ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကိုပင် ပထဝီ ပထဝီ၊ မြေ မြေနဲ့ ဆက်လက်ပြီး ပွားများတယ်၊ ပွားများဖန်များတော့ အလိုရှိတဲ့အတိုင်း ဥပေက္ခာ, ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးနဲ့ ပြည့်စုံတဲ့ စတုတ္ထဈာန် ဖြစ်ပေါ် လာတော့တယ်။
ဒီမှာလည်း ဟောစဉ် မထူးလှပါဘူး၊ ထူးတာက တတိယဈာန်မှ စတုတ္ထဈာန်သို့ ရောက်လာတာလောက်သာ အနည်းငယ်ထူးတယ်၊ ဒီနေရာမှာ မြတ်စွာဘုရားက ..
“ကတမေ ဓမ္မာ ကုသလာ။ ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ သုခဿစ ပဟာနာ ဒုက္ခဿစ ပဟာနာ ပုဗ္ဗေဝ သောမနဿ ဒေါမနဿာနံ အတ္ထင်္ဂမာ အဒုက္ခမသုခံ ဥပေက္ခာ သတိပါရိသုဒ္ဓိံ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ပထဝီကသိဏံ”
လို့ ဟောကြားထားတယ်။
ကုသလာ ဓမ္မာ - ကုသိုလ်တရားတို့ ဟူသည်၊
ကတမေ - အဘယ်သည်တို့နည်း၊
ယသ္မိံ သမယေ - အကြင် အခါ၌၊
ရူပူပပတ္တိယာ - ရူပဘဝ၌ ဖြစ်ခြင်း၏၊
မဂ္ဂံ - အကြောင်းဖြစ်သော၊
စတုတ္ထံဈာနံ - စတုတ္ထဈာန်ကို၊
ဘာဝေတိ - ပွားများသောအားဖြင့် ဖြစ်စေ၏၊
သုခဿစ ပဟာနာ - သုခ၏လည်း ကင်းခြင်းကြောင့်၊
ဒုက္ခဿစ ပဟာနာ - ဒုက္ခ၏လည်း ကင်းခြင်းကြောင့်၊
ပုဗ္ဗေဝ - ရှေးမဆွကပင်လျှင်၊
သောမနဿ ဒေါမနဿာနံ - စေတသိကသုခ, စေတသိက ဒုက္ခတို့၏၊
အတ္ထင်္ဂမာ - ချုပ်ခြင်းကြောင့်၊
အဒုက္ခမသုခံ - ဒုက္ခလည်းမဟုတ် သုခလည်း မဟုတ်သော၊
ဥပေက္ခာသတိ ပါရိသုဒ္ဓိံ - ဥပေက္ခာကြောင့် သတိ၏ စင်ကြယ်ခြင်းရှိသော၊
ပထဝီကသိဏံ - ပထဝီကသိုဏ်းလျှင် အာရုံရှိသော၊
စတုတ္ထံဈာနံ - စတုတ္ထဈာန်သို့၊
ဥပသမ္ပဇ္ဇ - ကပ်ရောက်၍၊
ဝိဟရတိ - နေ၏တဲ့၊
ဒီစတုတ္ထဈာန်ကျတော့ သုခ ဒုက္ခတွေ ကင်းငြိမ်းသွားပြီးတဲ့၊ အင်မတန် သိမ်မွေ့တဲ့ ဥပေက္ခာနဲ့ ဧကဂ္ဂတာဈာန်အင်္ဂါ ၂-ပါး နဲ့ပဲ ပြည့်စုံတော့တယ်၊ နောက်ပြီးတော့၊
တသ္မိံ သမယေ - ထိုအခါ၌၊
ဖဿော ဟောတိ - ဖဿဖြစ်၏၊
ဝေဒနာ ဟောတိ - ဝေဒနာဖြစ်၏၊
စသည်ဖြင့် ရှေးနည်းတူပဲ ဟောတော်မူတယ်၊ ဒီဈာန်မှာ ဈာန်အင်္ဂါ ၅-ပါးထဲက တတိယဈာန် တုန်းကအတိုင်း ဝိတက်, ဝိစာရ, ပီတိ ဒီ ၃-ပါးထဲပဲ လျော့တယ်၊ သုခဝေဒနာနဲ့ ဥပေက္ခာ ဝေဒနာ အပြောင်းအလဲကြောင့် အင်္ဂါ လျော့မသွားပါဘူး။
ရူပဈာန်နေရာမှာ စတုတ္ထနည်း, ပဉ္စကနည်းလို့ နှစ်မျိုးရှိတယ်၊ အခုပြခဲ့တာက စတုတ္ထနည်းတဲ့၊ စတုတ္ထနည်းဆိုတာ ရူပဈာန်သရုပ်ကို ၄-မျိုးခွဲပြီး ရေတွက်တဲ့ နည်းပါပဲ၊ အဲဒီနည်းမှာ ရေတွက်တဲ့အခါ ပဌမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် ဒီလို ၃-မျိုးခွဲပြီး ရေတွက် ရတယ်၊ ဒီလိုရေတွက်ရာမှာ ဒုတိယဈာန်နဲ့ တတိယဈာန်ကို ပေါင်းပြီး ရေတွက်တယ်၊ ဘာကြောင့်လဲဆိုတော့ ဘုံအလိုက် အကျိုးပေးတဲ့အခါမှာ ဒီကုသိုလ်နှစ်မျိုးက အကျိုးက ဒုတိယဈာန် ဗြဟ္မာဘုံမှာချည်း ပဋိသန္ဓေကျိုးသွားပေတယ်၊ ဒါကြောင့် ရောပြီး ရေတွက်ထားတယ်၊ ဒီတော့ စတုတ္ထဈာန်က တတိယနေရာမှာ ရောက်လာပြီး ပဉ္စမဈာန်က စတုတ္ထဈာန် နေရာမှာ အရေအတွက်အားဖြင့် ရောက်လာတယ်၊ အဘိဓမ္မတ္ထ သင်္ဂဟကျမ်းမှာတော့ ပုံမှန်အတိုင်း ဒုတိယဈာန်ကို ခွဲပြီး ရေတွက်ထားတာဖြစ်လို့ ပဉ္စကနည်းအားဖြင့် ၅-ပါး ရေတွက်ပြထားတယ်။
ဒီမှာတော့ မြတ်စွာဘုရားက စတုတ္ထနည်းရော၊ ပဉ္စကနည်းရော နှစ်နည်းလုံး ဟောထားပါတယ်၊ ဟောကြားတဲ့ အခါမှာလည်း အသေးစိတ် ဟောကြားထားတာ ဖြစ်လို့ အကျယ်ကြီးပါပဲ။ သိလောက်နေရပြီဖြစ်တဲ့ ပဉ္စကနည်းကို ဒီမှာ မပြောတော့ဘဲ ချုံးလိုက်ကြရအောင်။
ပဋိပဒါ ၄-မျိုး
▬▬▬▬▬
ရူပကုသိုလ် ပဉ္စကနည်းကို ဟောကြားပြီးတော့ ပဋိပဒါ ၄-မျိုးကို ဟောကြားပါတယ်၊ အကျင့် ပဋိပတ်နဲ့ စပ်နေတာဖြစ်တော့ တစ်မျိုးနဲ့တစ်မျိုး ခြားနားနေတဲ့ ပဋိပတ်ကို လည်း ထည့်သွင်း ဟောကြား ထားပါတယ်။
ကတမေ ဓမ္မာ ကုသလာ၊ ယသ္မိံ သမယေ ရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ ဝိဝိစ္စေဝ ကာမေဟိ။ ပ။ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ဒုက္ခပဋိပဒံ ဒန္ဓာဘိညံ ပထဝီကသိဏံ၊ တသ္မိံ သမယေ ဖဿော ဟောတိ။ ပ။ အဝိက္ခေပေါ ဟောတိ။ ပ။ ဣမေ ဓမ္မာ ကုသလာ တဲ့။
ကုသလာဓမ္မာ - ကုသိုလ်တရားတို့သည်၊
ကတမေ - အဘယ်သည်တို့နည်း၊
ယသ္မိံ သမယေ - အကြင် အခါ၌၊
ရူပူပပတ္တိယာ - ရူပဈာန်သို့ ရောက်ခြင်း၏၊
မဂ္ဂံ - အကြောင်းမှန်ဖြစ်သော၊
ဈာနံ - ဈာန်ကို၊
ဘာဝေတိ - ဖြစ်ပွားစေ၏။
ကာမေဟိ - ဝတ္ထုကာမ ကိလေသာကာမတို့မှ။
ဝိဝိစ္စေဝ - ကင်းဆိတ်၍သာလျှင်။ ပ။
ဒုက္ခပဋိပဒံ - ဆင်းရဲစွာကျင့်ရသော၊
ဒန္ဓာဘိညံ - အသိဉာဏ် နုံ့နှေးသော။
ပထဝီကသိဏံ - ပထဝီကသိုဏ်းလျှင် အာရုံရှိသော၊
ပဌမံဈာနံ - ပဌမဈာန်သို့၊
ဥပသမ္ပဇ္ဇ - ကပ်ရောက်၍၊
ဝိဟရတိ - နေ၏၊
ယသ္မိံ သမယေ - အကြင် အခါ၌၊
ဖဿော ဟောတိ - ဖဿဖြစ်၏။ ပ။
အဝိက္ခေပေါ ဟောတိ - မပျံ့လွင့်သော သမာဓိဖြစ်၏။ ပ။
ဣမေဓမ္မာ - ဤတရားတို့သည်၊
ကုသလာ - ကုသိုလ်မည်ကုန်၏၊
ဒီမှာထူးခြားတာက ဒုက္ခပဋိပဒါ ဒန္ဓာဘိည - အားထုတ်တဲ့အခါ ဆင်းရဲစွာ အားထုတ်ရတယ်, အပ္ပနာဈာန်သို့ ရောက်တဲ့ အခါမှာလည်း အဘိဉာဏ်နုံ့နှေးလို့ တော်တော် ကြာမြင့်မှ ရောက်ရှိတယ် ဆိုတာပါပဲ၊ ဒီပြင် အထူးအခြား မရှိလှပါဘူး၊ ရှေးက ပဌမဈာန် အတိုင်းပါပဲ၊ ပရိကမ္မဘာဝနာ, ဥပစာရ ဘာဝနာအခိုက်မှာ အားထုတ်နေရတာ မသက်သာဘဲ ဆင်းဆင်းရဲရဲ အားထုတ်ရတယ်ဆိုရင် အဲဒါ ဒုက္ခပဋိပဒါတဲ့၊ ပရိကမ္မဘာဝနာ ဆိုတာ ဥပစာရဘာဝနာ အဆင့် မရောက်မီ ပြုလုပ်အားထုတ်နေရတဲ့ ဘာဝနာပါပဲ၊ ဥပစာရဘာဝနာကတော့ အပ္ပနာဈာန်အနီး ရောက်ပြီးနေတဲ့ ဘာဝနာကိုဆိုတယ်၊ အဲဒီမှာ ဥပစာရဘာဝနာ အဆင့်ရောက်နေပါလျက် အပ္ပနာဈာန် အရောက် နှေးနေပြီဆိုရင် အဲဒါ ဒန္ဓာဘိည - အသိဉာဏ် နုံ့နေတယ်လို့ ဆိုရတယ်တဲ့၊ ဒီပဋိပဒါက ဈာန်လေးပါး၊ ဒါမှမဟုတ် ဈာန်ငါးပါးလုံးမှာ တစ်ပါးတစ်ပါးလျှင် ၄-ပါး၊ ၄-ပါး ပြားသွားတယ်၊ ပြားပုံက -
၁။ ဒုက္ခပဋိပဒါ ဒန္ဓာဘိည = ဆင်းရဲစွာ ကျင့်ရပြီး အသိဉာဏ်နုံ့နှေးခြင်း။
၂။ ဒုက္ခပဋိပဒါခိပ္ပဘိည = ဆင်းရဲစွာ ကျင့်ရပြီး အသိဉာဏ်ကျတော့ လျင်မြန်ခြင်း။
၃။ သုခပဋိပဒါ ဒန္ဓာဘိည = ချမ်းသာစွာ ကျင့်ရပြီး အသိဉာဏ်ကျတော့နုံ့နှေးခြင်း။
၄။ သုခပဋိပဒါ ခိပ္ပါဘိည = ချမ်းသာစွာလည်း ကျင့်ရ အသိဉာဏ်လည်း လျှင်မြန်ခြင်းတဲ့။
ဒီလေးမျိုးပါပဲ။
ဒီလေးမျိုးက သမထဈာန် အရာဌာနမှာသာ မကဘူး၊ အခု ဒီမှာ အားထုတ်နေကြတဲ့ ယောဂီတွေမှာလည်း ဝိပဿနာ ရှုမှတ်ရာတွင် ဒီလေးမျိုး တစ်မျိုးမျိုးနဲ့ တွေ့နိုင်တာပဲ၊ ဥဒယဗ္ဗဉာဏ် စသည်ရောက်ဖို့ရာက အင်မတန် အားထုတ် ရတယ်၊ တော်တော်နဲ့ မရောက်နိုင်ဘူး၊ အဲဒါ ဒုက္ခပဋိပဒါပဲ၊ ဆင်းဆင်းရဲရဲ အားထုတ်နေရတာပဲ။
ပဋိဘာဂနိမိတ်ထင်လာပြီးမှ နီဝရဏ ကင်းနေပြီဖြစ်လျက် ဥပစာရ ဘာဝနာ အခိုက်တွင် အချို့ ပုဂ္ဂိုလ်တွေမှာ ကြာနေတယ်၊ တော်တော်နဲ့ ဈာန်မရနိုင်ဘူးတဲ့၊ သမာဓိကတော့ ကောင်းနေပြီ၊ ဈာန်အင်္ဂါတွေကျတော့ ထင်ထင်ရှားရှား သန်သန် စွမ်းစွမ်း မဖြစ်လာဘူးတဲ့၊ အဲဒါ ဒန္ဓာဘိညာ-နှေးသော အသိဉာဏ် ရှိတာတဲ့၊ စိတ်နဲ့ အာရုံ တစ်ပေါင်းတည်း ကပ်ကပ် မနေဘူးပေါ့။
ယခုဈာန်က ဒုက္ခပဋိပဒါဒန္ဓာဘိညာတဲ့၊ အောက်အခြေခံပိုင်း ကလည်းပဲ ဆင်းဆင်းရဲရဲ အားထုတ်ခဲ့ရပြီးမှ ပဋိဘာဂနိမိတ် ထင်လာတယ်၊ ဥပစာရသမာဓိကို ရောက်တယ်၊ အဲဒါ ဒုက္ခပဋိပဒါပဲ၊ တစ်ခါ အပ္ပနာသမာဓိ ရောက်ဖို့ကျတော့ ရုတ်တရက် မရောက်ဘူး၊ ကြာနေတယ်၊ အဲဒါ ဒန္ဓာဘိညာတဲ့ နှေးသော အသိဉာဏ်ရှိတယ်။
အဲဒီလို ပုဂ္ဂိုလ် ရှိသေးတယ်
▬▬▬▬
ဝိပဿနာ ယောဂီပုဂ္ဂိုလ် တွေမှာလည်း ဒီအတိုင်းပဲ၊ တစ်ချို့ အပင်တပန်း အားထုတ်ကြရတယ်၊ တစ်ချို့ဆိုပေမယ့် ပင်ပင်ပန်းပန်း အားထုတ်ကြရတာက များပါတယ်၊ ဘုန်းကြီးတို့ ရွှေဘို ဆိပ်ခွန်မှာ လူတစ်ယောက် ရှိတယ်၊ ဘုန်းကြီးနဲ့ တောင် ဆွေမျိုးနီးစပ် တော်ပါသေးတယ်၊ သူ့မှာ ဘယ်လိုဖြစ်တယ် လို့ကို မသိဘူး၊ ဝိပဿနာတရားကို လာပြီး အားထုတ်တယ်၊ ပင်ပန်း လိုက်တာတဲ့၊ သူကပြောတယ်၊ လယ်ထွန်ရတာ၊ အိမ်မှုကိစ္စတွေ လုပ်ရတာထက် ရှုမှတ်ရတာက ပိုပြီး ပင်ပန်းတယ်တဲ့၊ ပေပြီး အားထုတ်ရတယ်၊ သမာဓိလည်း ကောင်းကောင်းမထင်ဘူးလို့ ပြောတယ်၊ အဲဒါ ဒုက္ခပဋိပဒါပဲ၊ ဒီပုဂ္ဂိုလ်ဟာ ပါရမီ မရှိလို့နဲ့ တူပါတယ်၊ ခိုကပ်နေတာလည်း မဟုတ် ရှာပါဘူး၊ အဲဒီလို အားထုတ်ပေမယ့် အားထုတ်လို့ မဖြစ်တဲ့ ပုဂ္ဂိုလ်တွေကလည်း ရှိသေးတယ်။
ဟဲ့ဆို ငြိမ်သွားတဲ့ ကလေးလိုပဲတဲ့
▬▬▬▬▬
တစ်ချို့ စိတ္တဝိသုဒ္ဓိဖြစ်ပြီး စိတ်စင်ကြယ်ပြီ ဆိုတော့ မှတ်စိတ်နဲ့ အာရုံဟာ ကပ်ကနဲ ကပ်ခနဲ တည်နေတယ်၊ စိတ်ဟာ အာရုံက ဘယ်မှ ထွက်မသွားဘူး၊ ထွက်လို့ ရှိရင်လည်း တစ်ချက် နှစ်ချက်လောက် မှတ်လိုက်ရုံနဲ့ မှတ်နေတဲ့အာရုံဆီ ပြန်ရောက် လာတာပဲ၊ တစ်ချို့ ပြောကြတယ်၊ ဘာနဲ့တူသလဲဆိုရင် ဆော့နေတဲ့ ကလေးငယ်ကို “ဟဲ့လို့ လူကြီးက ငေါက်လိုက်ရင် ငြိမ်ကျသွား သလိုပဲ” တဲ့၊ တစ်ချက်လောက် မှတ်လိုက်ရုံနဲ့ လှုပ်ရှားနေတဲ့ စိတ်ကလေးဟာ ငြိမ်ကျသွားတာပဲ တဲ့၊ ဒီလို အမှတ်ကောင်းတဲ့ ယောဂီတွေလည်း ရှိတာပဲ။
အမှတ်ကောင်းလာပြီ ဆိုတော့ စိတ်ကလေးဟာ သူ့အာရုံနဲ့သူ တည်နေတော့တယ်၊ ဒီလို တည်နေတဲ့ စိတ်ကလေးဟာ စင်ကြယ်တဲ့ စိတ္တဝိသုဒ္ဓိ ဖြစ်လာပြီလို့ ဆိုတယ်၊ တစ်ချို့တော့လည်း အဲဒီ စိတ္တဝိသုဒ္ဓိ လောက်ကိုပဲ မရောက်နိုင်ကြဘူး၊ ဒီတော့ တရားအရသာ မပေါ်ကြဘူးပေါ့၊ စိတ်စင်ကြယ်တဲ့အခါကျတော့ ဒီလိုပဲ ရှုမှတ်တိုင်း ရှုမှတ်တိုင်း အာရုံနဲ့ မှတ်စိတ်ဟာ တစ်ခုစီ တစ်ခုစီ ကွဲကွဲခြားခြား သိသိနေတာပဲ၊ အာရုံကတစ်ခြား မှတ်သိစိတ်က တစ်ခြား ဒီလို သိသိနေတယ်၊ အဲဒါ နာမရူပပရိစ္ဆေဒဉာဏ် ဖြစ်နေတာပဲ၊ ဖြစ်ပေါ်လာတဲ့ ရှေ့က အာရုံနဲ့ စိတ်ကလေးတွေ မပျောက်ဘဲ နောက်အာရုံနဲ့ စိတ်ကလေးဟာ မဖြစ်ကြဘူး၊ တစ်စုံတစ်စုံ ပျောက်ပျောက်ပြီးမှ နောက်ထပ် အာရုံနဲ့စိတ်ဟာ ဖြစ်ပေါ် ဖြစ်ပေါ် လာတာပဲ စသည်ဖြင့်လည်း အကြောင်း အကျိုးလေးတွေကို ပိုင်းခြား ပိုင်းခြားပြီးတော့ အဲဒီလိုလည်း သိလာတာပဲ၊ နောက် ဒီလို အဖြစ်အပျက်လေးတွေကို သိတာဟာ ဥဒယဗ္ဗယဉာဏ်ပဲ၊ ဒီနေရာရောက်ရင် အလင်းရောင်တို့, ပီတိ, ပဿဒ္ဓိတို့ ဖြစ်ပေါ်လာတတ်တယ်၊ တစ်ချို့ ဒီနေရာ ရောက်အောင် မလွယ်ကြဘူး၊ အတော် ခဲခဲယဉ်းယဉ်း အားထုတ်ကြရတယ်၊ အဲဒါ ဒုက္ခပဋိပဒါ ခေါ်ပါတယ်။
ဥဒယဗ္ဗယဉာဏ် စသည်မှာ ကြာရင်လည်း ကြာနေတတ်ပြန်တယ်၊ တစ်ချို့များ သင်္ခါရုပေက္ခာဉာဏ် ရောက်နေတာတောင်မှ အရိယမဂ်ဉာဏ်ကို မတက်နိုင်ဘဲ ကြာချင် ကြာနေပြန်တာပဲ၊ တစ်ရက်၊ နှစ်ရက်လောက်လည်း ကြာချင်ကြာနေတယ်၊ ခုနှစ်ရက် လောက်လည်း ကြာချင် ကြာနေတတ်တယ်၊ အဲဒီလို ဝိပဿနာဉာဏ် အတက်နှေး တာက ဒန္ဓာဘိညာတဲ့၊ နှေးသော အသိဉာဏ် ရှိတာတဲ့၊ အဲဒါ ဒုက္ခပဋိပဒါနဲ့ ဒန္ဓာဘိညာပဲ။
သမထ ဈာန်မှာလည်း ဒီလိုပဲ
▬▬▬▬▬▬▬▬▬▬
အခု ဈာန်နေရာမှာလည်း ဥပစာရသမာဓိ ဖြစ်လောက်အောင် အားထုတ်နေရတာကိုက တပင်တပန်း အားထုတ်ကြ ရတာတွေရှိတယ်၊ အဲဒါ ဒုက္ခပဋိပဒါပဲ၊ ဥပစာရသမာဓိ ဖြစ်တဲ့ နောက်မှာလည်း ဈာန်ကို ရုတ်တရက် မရနိုင်ဘဲ ကြာနေတတ်ပြန်တယ်၊ အဲဒါ ဒန္ဓာဘိညာတဲ့၊ နှေးသော အသိဉာဏ် ရှိတာတဲ့၊ အဲဒီလို အားထုတ်ပြီးတော့ အပ္ပနာဈာန်ကို ရောက်လာတယ်၊ အဲဒါ ပထဝီကသိုဏ်းလျှင် အာရုံရှိတဲ့ဈာန်တဲ့၊ အဲဒီ ဈာန်စိတ်ဖြစ်တဲ့အခါမှာလည်း ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ စသည်ဖြင့် ဒီတရားတွေကို ထပ်ခါထပ်ခါ မြတ်စွာဘုရားက ဝေဖန်ဟောကြားတော် မူပါတယ်၊ ဘာမှ ချန်မထားပါဘူး၊ နာယူတဲ့ ပုဂ္ဂိုလ်တွေကလည်း ဒီလိုပဲ နာယူနေကြပါတယ်၊ အဲဒါ ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ၊ ဆင်းဆင်းရဲရဲ ကျင့်ရပြီး နှေးသော အသိဉာဏ် ရှိတယ်တဲ့။
နောက်ပြီးတော့ ဒုက္ခပဋိပဒါ ခိပ္ပာဘိညာ၊ ဒုက္ခပဋိပဒါ ဆိုတာ ဥပစာရ သမာဓိ ရအောင် ခဲခဲယဉ်းယဉ်း အားထုတ် ရတာကို ဆိုတယ်၊ ဒီလို ခဲခဲယဉ်းယဉ်း အားထုတ်လို့ ဥပစာရ သမာဓိကို ရပြီးတဲ့ နောက်တော့ မကြာဘူး၊ အပ္ပနာဈာန်ကို လျှင်လျှင်မြန်မြန် ရသွားတယ်၊ တစ်ခဏအတွင်း မိနစ်ပိုင်း လောက်နဲ့လည်း ရချင်ရသွားမယ်၊ နာရီပိုင်းအတွင်း ရချင်လည်း ရသွားမယ်၊ အဲဒီလို မြန်မြန်ရလွယ်တာဟာ ခိပ္ပာဘိညာ လျှင်မြန်သော အသိဉာဏ်ရှိတာတဲ့။
သမထဈာန်မှာသာ မဟုတ်ဘူး၊ ဝိပဿနာ အားထုတ်တဲ့ ပုဂ္ဂိုလ်တွေမှာလည်း ဒီလိုပဲ ဥဒယဗ္ဗယဉာဏ် ရောက်အောင် အင်မတန် ပင်ပင်ပန်းပန်း အားထုတ်ကြရ တာလည်း ရှိတယ်၊ အဲဒီ ဥဒယဗ္ဗယဉာဏ်လည်း ရောက်ရော မကြာလိုက်ဘူး ဝိပဿနာဉာဏ်တွေ အဆင့်ဆင့်တက်သွားပြီး တရားပြီးဆုံးသွားတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတာပဲ၊ အဲဒါ ဒုက္ခပဋိပဒါ ခိပ္ပာဘိညာတဲ့၊ အဲဒီလို ရှိတာပဲ။
အဲဒီအခါမှာ ဖြစ်တဲ့တရားတွေကိုလည်း ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ စသည်ဖြင့် ၅၆-ပါး သော တရားတွေကိုပဲ ဟောကြားထားပါတယ်၊ ပဌမဈာန်ဆိုရင် ၅၆-ပါး၊ ဒုတိယဈာန်ဆိုရင် ဝိတက်, ဝိစာရ မပါလို့ ၅၃-ပါး၊ တတိယဈာန်ဆိုရင် ဝိတက်, ဝိစာရ, ပီတိ မပါလို့ 52-ပါး၊ စတုတ္ထဈာန် မှာလည်း ၅၂-ပါး ပါပဲ၊ မလျော့ပါဘူး။
ပြီးတော့ တစ်ချို့ပုဂ္ဂိုလ်တွေမှာ သမထဈာန်ကို အားထုတ်တဲ့အခါမှာ ဥပစာရ သမာဓိရအောင် မခဲယဉ်းကြဘူး၊ လွယ်လွယ်လေးနဲ့ အားထုတ်လို့ရတယ်၊ ပထဝီ, ပထဝီလို့ နှလုံးသွင်းလိုက်ရင် မကြာမီအတွင်း မှာဘဲ စိတ်တွေငြိမ်သက် တည်ကြည်သွားတယ်၊ ပီတိ, သုခတွေနဲ့ ရှုမှတ်လို့ ကောင်းသွားတယ်၊ ဥပစာရ သမာဓိကို ဒီလို လွယ်လွယ်လေးနဲ့ ရောက်သွားတယ်၊ ဒါပေမယ့် အပ္ပနာဈာန်ကျတော့ ရုတ်တရက် မရောက်ပြန်ဘူး၊ ကြာနေတတ်တယ်၊ အဲဒါ သုခပဋိပဒါ ဒန္ဓာဘိညာ ချမ်းချမ်းသာသာ ကျင့်ရပြီး နှေးသော အသိညာဏ် ရှိတာတဲ့၊ အဲဒီဈာန်မျိုးလည်း ရှိတယ်။
အဲဒီဈာန်ဖြစ်တဲ့အခါမှာလည်း ဖဿော ဟောတိ၊ ဝေဒနာ ဟောတိစသည်ဖြင့် ၅၆-ပါးသော တရားတွေကို ဝေဖန်ပြီး ဟောကြားတော်မူတာပါပဲ။
တစ်ချို့ပုဂ္ဂိုလ်တွေကျတော့ ပထဝီ, ပထဝီလို့ နှလုံးသွင်းလိုက်ရင် လွယ်လွယ်ကူကူနဲ့ပဲ ဥပစာရ သမာဓိဖြစ်လာတယ်၊ မခဲယဉ်းဘူး၊ စောစောက ပြောခဲ့တဲ့ မလ္လကမထေရ် မျိုးလိုပေါ့၊ မလ္လက မထေရ်ဟာ ထွန်ယက်ထားတဲ့ လယ်ကွက်ကြီးကို ကြည့်ပြီး နှလုံး သွင်းလိုက်တာနဲ့ ဈာန်ရသွားတယ်၊ ဘာမှ မခက်ခဲလှဘူး၊ ဥပစာရ သမာဓိကိုလည်း လွယ်လွယ်ကူကူနဲ့ပဲ ရောက်သွားတယ်၊ အပ္ပနာသမာဓိကိုလည်း လွယ်လွယ်ကူကူနဲ့ပဲ ဆက်တည်းရောက်သွားတယ်၊ အဲဒါ သုခပဋိပဒါ ခိပ္ပါဘိညာ တဲ့၊ အခြေခံအကျင့် မှာလည်း လွယ်လွယ်ကူကူနဲ့ ချမ်းသာစွာ ကျင့်ခဲ့ရတယ်၊ အပ္ပနာဈာန် အသိဉာဏ် ရောက်တော့လည်း လျှင်လျှင်မြန်မြန်နဲ့ပဲ ရောက်သွားတယ်၊ အဲဒါ အကောင်းဆုံးပါပဲ။
တယ်တော်တဲ့ အရေးပိုင်ကတော်
▬▬▬▬▬▬▬
တစ်ချို့ ဝိပဿနာရှုမှတ်တဲ့ ပုဂ္ဂိုလ်တွေလည်း လွယ်လွယ်ကူကူနဲ့ ဥဒယဗ္ဗယဉာဏ် စသည်ကို ရောက်သွား ကြတာတွေ ရှိပါတယ်၊ သုခပဋိပဒါလို့ ဆိုရမှာပေါ့၊ တစ်ချို့များ ရှုမှတ်ရတာကို မညည်းမညူဘဲ လွယ်လွယ်နဲ့ပဲ ရှုမှတ်သွားနိုင်တာကို တွေ့ရတယ်၊ အဲဒါ ရွှေဘိုက အရေးပိုင်ကတော် အမျိုးသမီးတစ်ဦးပါပဲ၊ ဂျပန်တွေ ဆုတ်ခွာသွားပြီး အင်္ဂလိပ်တွေ ပြန်လည် တက်ရောက်လာစက ဖြစ်တယ်၊ အဲဒီ အမျိုးသမီးဟာ တရားနဲ့ပတ်သက်တဲ့ စာပေဗဟုသုတဆိုရင် အစက ဘာမျှ မလေ့လာဖူးတဲ့၊ ခေတ် ပညာတတ်ဖြစ်နေတော့ အင်္ဂလိပ်စာပေ တွေကိုသာ ကြည့်ရှုလေ့လာခဲ့တယ်တဲ့၊ သူဟာ ကျောင်းဆရာမလည်းလုပ်တယ်။
အဲဒီ အမျိုးသမီးဟာ အခွင့်ရသလောက်နဲ့ပဲ တရားလာ အားထုတ်တယ်၊ နေရာမှ ကျပါ့မလားလို့ ဘုန်းကြီး အောက်မေ့မိတယ်၊ ခေတ် အင်္ဂလိပ်စာပေတတ်ဆိုတော့ တရားနဲ့ပတ်သက်တဲ့ ဗဟုသုတကလည်း သူ့မှာ မရှိဘဲကိုး၊ ဒီတော့ တရားကို လေးလေးနက်နက် အားထုတ် နိုင်ပါ့မလားလို့ ဒီလို အောက်မေ့မိတာပဲ၊ ဒါနဲ့ သူ့ကို မေးကြည့်တယ်၊ သူဟာ ဘုန်းကြီးထင်သလို မဟုတ်ဘူး၊ ကြိုးကြိုးစားစား အားထုတ် တာကို တွေ့ရတယ်၊ အားထုတ်လို့ နောက်တစ်ရက် လောက်မှာပဲ နာမ်, ရုပ်တွေကို ပိုင်းပိုင်းခြားခြား၊ ကွဲကွဲပြားပြား သိလာတယ်၊ ပီပီသသကြီး သိလာတယ်၊ မှတ်တဲ့ အာရုံနဲ့ မှတ်စိတ်ဟာ သူလျှောက်ထားပုံ အင်မတန် ရှင်းလင်း တာပဲ၊ ဥပမာ လေးကိုတောင် သူက လျှောက်ထားလိုက်သေးတယ်။
တောင်ပို့ထဲက ထွက်လာတဲ့ မြွေလေးကို ထွက်လာလိုက် တုတ်နဲ့ရိုက်ချလိုက်, ထွက်လာလိုက် တုတ်နဲ့ရိုက်ချ လိုက်သလိုပဲ ဘုရားတဲ့၊ ပေါ်လာလိုက် သိလိုက်, ပေါ်လာလိုက် သိလိုက်နဲ့ သူ့အာရုံနဲ့ သူ့မှတ်စိတ်, သူ့အာရုံနဲ့ သူ့မှတ်စိတ်ဟာ နှစ်ခုနှစ်ခု တွဲပြီးတော့ နေတာကို မှတ်နေရတာ သိပ်ပြီး ကောင်းပါတယ်၊ အဖြစ်အပျက် ကလေးတွေကိုလည်း သိသိနေပါတယ် ဘုရားတဲ့၊ “တခြားတစ်ပါးကို ထွက်သွားတဲ့ စိတ်တွေကို မှတ်ရတာများကော မရှိဘူးလား”လို့ သူ့ကိုမေးတော့ မထွက်ဘူးတဲ့၊ ကမ္မဋ္ဌာန်းကျောင်းကို ရောက်လာပြီ ဆိုကတည်းက အိမ်ကိုရောက်တဲ့ စိတ်ရယ်လို့ မရှိပါဘူးတဲ့၊ အံ့ဩစရာ ကောင်းပါတယ်၊ ပါရမီထူးရှိတဲ့ ပုဂ္ဂိုလ်ပါပဲ၊ တကယ်ဆိုတော့ လူတို့ လောကစည်းစိမ် ချမ်းသာပေါ်မှာ ချမ်းချမ်းသာသာ နေလာရတဲ့ သူလို ပုဂ္ဂိုလ်ဟာ ကိုယ့်အိမ်စည်းစိမ် ချမ်းသာတွေကို ပြန်ပြီး သတိရစရာ သိပ်ကောင်းတယ်၊ ဒါပေမယ့် အဲဒီစိတ်ဟာ သူ့မှာ တစ်ခုမျှ မဖြစ်ဖူးတဲ့၊ မှတ်စိတ်တွေချည်း ဖြစ်နေတာ ပဲတဲ့၊ ဥဒယဗ္ဗယဆိုတဲ့ အဖြစ်အပျက် တွေကိုလည်း သူဟာ နှစ်ရက် သုံးရက် အတွင်းမှာပဲ ရှင်းရှင်းလင်းလင်း သိလာတယ်၊ သူ့မှာ ခဲခဲယဉ်းယဉ်း မှတ်စရာရယ်လို့ မရှိဘူး၊ လွယ်လွယ်ကူကူ ချည်းပဲတဲ့။
အထက်ဉာဏ်တွေကို တက်ရောက်သွားတာ ဟာလည်း တော်တော်ကို ကောင်းပါတယ်၊ သူ့မှာ သင်္ခါရူပေက္ခာဉာဏ် အထိ တက်ရောက်သွားတာလည်း ပီပီသသ ဖြစ်ပုံတွေ ထင်ရှားပါတယ်၊ ဒါပေမယ့် မညီမညွတ်တဲ့ အကြောင်းက သူ့မှာ ဖြစ်ပေါ်လာခဲ့တယ်၊ သူ့ခင်ပွန်းက အစိုးရအမှုထမ်း ဆိုတော့ တာဝန်အရ ဌာနပြောင်း ရွှေ့ရလို့ တရားအပြီး မသတ်ခင်မှာဘဲ ကမ္မဋ္ဌာန်းကျောင်းမှ ထွက်သွားရရှာတယ်၊ အားထုတ်ရက်က ခြောက်ရက်မျှပဲ ရရှာတယ်၊ ဒီရက်လောက်နဲ့ သင်္ခါရုပေက္ခာဉာဏ် အထိ ရောက်သွားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိရတယ်၊ သူ့လောက် အမှတ် ကောင်းတာ ဘုန်းကြီးတော့ မတွေ့ဖူးသေးဘူး၊ အခု ဒီမှာ အချို့အချို့ ယောဂီပုဂ္ဂိုလ် အမှတ်ကောင်းတဲ့ အကြောင်းကိုတော့ ပြောကြတာ ရှိပါတယ်၊ ဒါပေမယ့် ဘုန်းကြီးကိုယ်တိုင် စစ်ရတဲ့ ယောဂီတွေတော့ မဟုတ်ဘူး၊ ဒါကြောင့် သူတို့တွေ အမှတ် ဘယ်လောက် ကောင်းတယ် ဆိုတာကိုတော့ မသိရဘူး၊ ဒီလို ဝိပဿနာ အစပိုင်းမှာ ချမ်းချမ်းသာသာ အားထုတ်ရတာ သုခပဋိပဒါပဲ၊ ဒီ သုခပဋိပဒါက ခေတ်အလျောက်ဆိုရတဲ့ ပဋိပဒါပေါ့၊ နောက်ပိုင်းမှာ လျင်လျင် မြန်မြန် ဉာဏ်တွေ ရသွားတယ်ဆိုရင်လည်း ခိပ္ပာဘိညာပေါ့၊ ဒါကတော့ ခေတ်အားလျော်စွာ ခေါ်ရတဲ့ သုခပဋိပဒါ ခိပ္ပာဘိညာပဲ၊ ကျမ်းဂန်ထဲက သုခပဋိပဒါ ခိပ္ပာဘိညာလို အင်မတန် အထက်တန်း မကျတတ်ပါဘူး၊
ကျမ်းဂန်ထဲက သုခပဋိပဒါခိပ္ပာဘိညာ ဆိုတာကတော့ အင်မတန် အထက်တန်း ကျတယ်၊ ပေါ်လာတဲ့ ကိလေသာကို တစ်ခါလောက် ရှုမှတ်လိုက်ရုံနဲ့ ပျောက်သွား ရမယ်တဲ့၊ အထက်တန်းကျတယ်၊ ပေါ်လာတဲ့ ကိလေသာကို တစ်ခါလောက် ရှုမှတ် လိုက်ရုံနဲ့ ပျောက်သွားရမယ်တဲ့၊ အထက်တန်း ကျတယ်၊ ပေါ်လာတဲ့ ကိလေသာကို တစ်ခါလောက် ရှုမှတ်လိုက်ရုံနဲ့ ပျောက်သွားရမယ်၊ မပျောက်လို့ရှိရင် ဒါဟာ ဒုက္ခပဋိပဒါတဲ့၊ နောက်ပြီးတော့ အဲဒီလိုမှတ်လို့ မကြာခင် နာရီပိုင်းအတွင်း အရိယာမဂ်ကို မြန်မြန်ရောက်သွားရမယ်တဲ့၊ အဲဒါမှ ခိပ္ပာဘိညာတဲ့၊ စာပေထဲမှာလာတဲ့ အဲဒီလို သုခပဋိပဒါ ခိပ္ပာဘိညာမျိုးဆိုတာကတော့ တယ်ပြီး ဖြစ်ဖို့မလွယ်လှပါဘူး၊ ခေတ်အားလျော်စွာ အရှုပ်အထွေး အခက်အခဲ မရှိဘဲ ဥဒယဗ္ဗယဉာဏ်ကို ရောက်မယ်၊ ဒီလိုရောက်ပြီး သင်္ခါရုပေက္ခာဉာဏ်အထိ အဆင့်ဆင့် လွယ်ကူစွာနဲ့ဖြစ်ပြီး ပြည့်စုံတဲ့ အခါ သင်္ခါရုပေက္ခာ ချုပ်ငြိမ်းတဲ့သဘောကို ရောက်သွားတယ်ဆိုရင် ဒါဟာ သုခပဋိပဒါ ခိပ္ပာဘိညာလို့ခေါ်ရမှာပဲ၊ ဘုန်းကြီးကတော့ ဒီအတိုင်းပဲ အသိအမှတ် ပြုထားပါတယ်၊ စာပေထဲမှာလာတဲ့အတိုင်း ဖြစ်တဲ့ပုဂ္ဂိုလ်ကတော့ တစ်ရာမှ တစ်ယောက် ရှိခဲပါလိမ့်မယ်၊ ရှားပါတယ်။
အခုဈာန်နေရာမှာလည်း ဒီအတိုင်းပဲ၊ ဥပစာရသမာဓိဖြစ်အောင် အားထုတ်ရတာ ခက်ခဲနေရင် ဒုက္ခပဋိပဒါပဲ၊ လွယ်လွယ်နဲ့ဖြစ်ရင် သုခပဋိပဒါပဲ၊ အဲဒီ ဥပစာရသမာဓိ ဖြစ်ပြီးတဲ့နောက်မှာ အပ္ပနာဈာန်ဖြစ်ဖို့ရာ မလွယ်ဘဲနဲ့ကြာနေရင် ဒန္ဓာဘိညာ - နှေးတဲ့ အသိညာဏ်ရှိတယ်၊ ဥပစာရ သမာဓိဖြစ်လို့ မကြာခင်အတွင်းမှာဘဲ အပ္ပနာဈာန် သမာဓိသို့ ရောက်သွားတယ် ဆိုရင် ခိပ္ပါဘိညာပဲ၊ လျင်သော အသိညာဏ် ရှိတာတဲ့၊ အဲဒီ ပဋိပဒါအဘိညာ လေးပါးနဲ့ ပဌမဈာန်ကို ဝေဖန်ပြီး မြတ်စွာဘုရားက ဟောကြား တော်မူပါတယ်။ ဟောကြားတော်မူတဲ့ ဈာန်တိုင်း ဈာန်တိုင်းမှာလည်း ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ စသည်ဖြင့် အသေးစိတ် ဝေဖန် ဟောကြားတော် မူပါတယ်။ ပဋိပဒါဝေဖန်ပုံ ပြီးပါပြီ။
ဈာန်နဲ့ ဈာန်အာရုံ
▬▬▬▬▬▬
ပဋိပဒါကို ဝေဖန်ဟောကြားပြီးတော့ ပရိတ္တ၊ ပရိတ္တာရမ္မဏ ကိုလည်း ဝေဖန် ဟောကြားတော်မူ ပါတယ်။ ပရိတ္တဆိုတာ သေးငယ်တဲ့ ဈာန်စိတ်တဲ့၊ အားအစွမ်း နည်းတယ်ပေါ့၊ အထက်ဈာန်တွေကို ရောက်နိုင်အောင် ကျေးဇူးပြုတဲ့ အားစွမ်းက သေးငယ်လို့၊ နည်းလို့ ပရိတ္တတဲ့၊ ပြီးတော့ ပရိတ္တာရမ္မဏဆိုတဲ့ သူ့အာရုံကလည်း သေးငယ်တာပဲ တဲ့၊ မူလထင်ပေါ်တဲ့ ပဋိဘာဂ နိမိတ် ကသိုဏ်းအာရုံကို အကျယ်ချဲ့ပြီး၊ ရှုလို့ရှိရင် အပ္ပမာဏာရမ္မဏ - အပ္ပမာဏအာရုံ လို့ခေါ်တယ်၊ စောစောက ပြောခဲ့တဲ့ တစ်ထွာ လက်လေးသစ်လောက် ရှိတဲ့ ကသိုဏ်းအာရုံ ကလေးနဲ့ပဲ အကျယ်မချဲ့ မပြုရဘဲ ဈာန်ရသွား လို့ရှိရင် ပရိတ္တ၊ ပရိတ္တာရမ္မဏဈာန်တဲ့၊ ကသိုဏ်းအာရုံတွေကို ပြန့်အောင် ပွားထားတယ်ဆိုရင် ပရိတ္တ - အပ္ပမာဏာရမ္မဏတဲ့၊ အပ္ပမာဏ အတိုင်း အရှည်မရှိ ကျယ်ပြန့်တဲ့ အာရုံလို့ ဆိုတယ်၊ ဒါက ဆယ်တောင်ပတ်လည်တို့၊ အတောင် နှစ်ဆယ် ပတ်လည် တို့၊ ပေတစ်ရာ ပတ်လည်တို့ စသည်ဖြင့်ပေါ့လေ၊ ကျောင်းဝိုင်းကြီးတစ်ခုလောက်၊ ရပ်ကွက်ကြီး တစ်ခုလောက်၊မြို့ကြီး တစ်ခုလောက် စသည် ကျယ်ကျယ် ပြန့်ပြန့်ကြီး ဖြန့်လို့ရတယ်၊ သမာဓိ ရလာတဲ့အခါမှ ဒီလိုဖြန့်လို့ ရပါတယ်၊ သမာဓိရလာတဲ့အခါ မဟုတ်ပေမယ့်လည်း ထင်ချင်ထင်နေတာပဲ။
အခု ဝိပဿနာ ရှုမှတ်တဲ့ ပုဂ္ဂိုလ်တွေလည်း သမာဓိ ရလာတဲ့ အခါတော့ စိတ်ကူးတိုင်း စိတ်ကူးတိုင်း လျှောက်ပြီး ထင်နေတတ်ကြတာပဲ၊ အဲဒီ စိတ်ကူးတွေက တစ်ချို့က အဟုတ် မှတ်နေကြတယ်၊ နတ်ကပဲ လာပြီးတော့ ပြောသလိုလို ဒီလိုရင်လည်း မှတ်ထင်နေတတ်ကြတယ်၊ ဆရာသမားကပဲ လာပြီး ပြောသလိုလို ဒီလိုလျှောက်ပြီး ထင်နေတတ်ကြတယ်၊ သမာဓိ ရလာတဲ့ အခါမှာ စိတ်ကူးတိုင်း စိတ်ကူးတိုင်း ဟုတ်သလိုလို ထင်နေရတာပဲ၊ တကယ်တော့ မဟုတ်ပါဘူး။
အဲဒီလို သမာဓိအာရုံကို ပွားများထားလို့ ရှိရင် “အပ္ပမာဏာရမ္မဏ” အတိုင်း မသိအာရုံရှိတဲ့ဈာန်ပဲ၊ အဲဒီလိုဈာန်လည်း ရှိတယ်တဲ့၊ ဈာန်စိတ်ကိုက အားကောင်းပြီး ထက်သန်နေတယ်၊ ဒုတိယဈာန် ရောက်ဖို့ အားပြည့်နေတယ်၊ အဲဒီလို ဈာန်ကို အပ္ပမာဏဈာန် ခေါ်တယ်၊ အာရုံကလည်း ပွားများ ထားတဲ့ အာရုံဖြစ်မယ် ဆိုရင်ပေါ့၊ အဲဒါ အပ္ပမာဏာရမ္မဏပါပဲ။
၁- ပရိတ္တ ပရိတ္တာရမ္မဏဈာန်။
၂- ပရိတ္တ အပ္ပမာဏာရမ္မဏဈာန်။
၃- အပ္ပမာဏ ပရိတ္တာရမ္မဏဈာန်။
၄- အပ္ပမာဏ အပ္ပမာဏာရမ္မဏဈာန်
လို့ ဒီလို ၄-မျိုးခွဲပြီးတော့ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ပရိတ္တံ ပရိတ္တာရမ္မဏံ ပထဝီကသိဏံ၊ ပရိတ္တံ အပ္ပမာဏာရမ္မဏံ ပထဝီကသိဏံ စသည်ဖြင့် ဟောတော် မူတယ်။ လေးမျိုးစလုံးပါပဲ၊ ဒီလေးမျိုး ဖြစ်တဲ့အခါမှာလည်း ဖဿော ဟောတိ၊ ဝေဒနာ ဟောတိစသည်ဖြင့် ၅၆-ပါးသော တရားတွေကို ဒီအတိုင်းပဲ ဝေဖန်ဟောကြား တော် မူပါတယ်၊ အကျယ်ရော အသေးစိတ်ရော ဝေဖန်ဟောကြားတော် မူတာပါပဲ၊ အဲဒါ ပရိတ္တ ပရိတ္တာရမ္မဏဈာန် တဲ့။
အများကြီးပါပဲ
▬▬▬▬▬
အဲဒီ ပရိတ္တ ပရိတ္တာရမ္မဏ ဈာန်တွေနဲ့ ဒုက္ခပဋိပဒါခန္ဓာဘိညာ စသည်တွေကို ယှဉ်ပြီးတော့ အသီးသီး ဝေဖန် ဟောကြားလိုက်တော့ ၁၆-မျိုးတောင် ရှိသွားတယ်၊ အဲဒီက ဆယ့်ခြောက်မျိုးလုံး ကိုလည်း မြတ်စွာဘုရား ဟောတာပဲ၊ ဒီပြင်လည်း အများကြီးပါပဲ၊ ဝေဖန်စရာရှိတဲ့ တရားတွေကို မခြွင်းမချန် ဝေဖန်ဟောကြား ထားပါတယ်၊ အဘိဘာယတနတွေနဲ့ ဝေဖန်တာလည်း ရှိတယ်၊ ဝိမောက္ခနဲ့ ဝေဖန်တာတွေလည်း ရှိတယ်၊ အဲဒါ ပထဝီကသိုဏ်းတင် ရှိသေးတယ်၊ အာပေါ ကသိုဏ်း စသည်ကိုလည်း ဒီအတိုင်း ဟောကြား သွားတာပါပဲ။
ပကတိရေကို ကြည့်ပြီးတော့လည်း ဈာန်ရနိုင်တယ်တဲ့၊ ရှေးက ပင်လယ်ကမ်းခြေက ရေကို ကြည့်ပြီးတော့ ဈာန်ရဘူးတဲ့ ပုဂ္ဂိုလ်တွေရှိတယ်၊ ဒီလိုမဟုတ်ရင်လည်း ခွက်တို့၊ အင်တုံတို့၊ ဇလုံတို့နဲ့ ရေကို သန့်သန့်ရှင်းရှင်းထည့်ပြီး ကြည့်ရမယ်တဲ့၊ ပြီးတော့ အာပေါ-အာပေါ ရေ-ရေလို့ နှလုံးသွင်းပြီး ရှုရတယ်။
တေဇော - မီးကသိုဏ်းကျတော့ ထင်းတွေကို မီးရှို့ပြီး အဲဒီမီးကို ကြည့်ရတယ်၊ ဒါကတော့ တာဝန်လေးပါတယ်၊ ထင်းလည်း ရှိမှဖြစ်မယ်၊ ထင်းတွေ သိပ်ကုန်မှာပဲ၊ ထင်းတွေကို မီးရှို့ရုံလည်း မကသေးဘူး၊ အဲဒီမီးကို ကန့်လန့်ကာတို့ ထရံတို့ တစ်ခုခုနဲ့ ကာရဦးမယ်၊ ကာပြီးတော့ အဲဒီ ကန့်လန့်ကာ ဖြစ်ဖြစ် ထရံဖြစ်ဖြစ် တစ်ထွာ လက်လေးသစ်လောက် အပေါက်ကလေး ဖောက်ရ တယ်၊ အဲဒီ အပေါက်ကလေးက မြင်နေရတဲ့ အလင်းရောင်ကိုကြည့်ပြီး တေဇော-တေဇော မီး မီးလို့ ရှုရတယ်၊ အထက်တက်သွားတဲ့ မီးခိုးတွေ အောက်ခြေက ထင်းစတွေကို မမြင်စေရဘူး၊ အဲဒီအပေါက်ကလေးက မီးတောက်ကလေးနဲ့ တည့်နေရမှာ၊ အဲဒါကိုကြည့်ပြီး ရှုနေရမယ်တဲ့၊ အခုခေတ် ဓာတ်မီးရောင်ကို အဲဒီလိုလုပ်ပြီး ရှုနေရင် ဖြစ်လောက်စရာ ရှိပါတယ်။
ဝါယောကသိုဏ်း ကျတော့ လေကို အာရုံပြုနေရတယ်၊ အဲဒါကပိုပြီးတော့ ခက်သေးတယ်၊ သစ်ခက်သစ်ကိုင်းတွေ လှုပ်ယိမ်းတာကို ကြည့်ပြီး လေ လေလို့ နှလုံးသွင်း ရှုနေရတယ်၊ အခက်သားပဲ၊ ဗြဟ္မာများတော့လည်း အဲဒီဝါယော ကသိုဏ်းက သူတို့မှာ ထင်ရှားတယ်တဲ့၊ နတ်များလည်း ဝါယောကသိုဏ်းကို ရှုပြီး တော့ ဈာန်ရကြတယ်၊ လူတွေမှာတော့ ဝါယော-လေကို မမြင်ကြရဘူး၊ ရှိတော့ ရှိတာပဲ၊ မမြင်ရတိုင်းလည်း မရှိဘူးလို့ မဆိုရဘူး၊ ကိုယ်မှာ တိုက်ခတ်နေတဲ့ လေရှိတာဟာ ထင်ရှားနေတာပဲ၊ သို့သော်လည်း မမြင်ရဘူး၊ ဒါပေမယ့် နတ်တွေ ကျတော့ လေကို သူတို့ မြင်ကြရတယ်၊ သူတို့ စက္ခုစတဲ့ ပသာဒရုပ်တွေက အင်မတန် ကြည်လင်တော့ မြင်ရတာပဲ၊ ဒါကြောင့် လေကို ရှုလို့ရကြတယ်၊ သူတို့ရှုရတာ သာပြီးတော့တောင် ဈာန်ရလွယ်တယ်တဲ့။
အဲဒါ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ မဟာဘုတ်ကသိုဏ်း ၄-ပါးတဲ့၊ ဒါပြီးတော့ အဆင်း ကသိုဏ်းကလည်း ရှိသေးတယ်၊ နီလ၊ ပီတ၊ လောဟိတ၊ ဩဒါတ ၄-ပါး ပါပဲ၊ နီလကသိုဏ်းဆိုတာ အညို၊ အပြာ၊ အစိမ်းရောင်တွေ၊ သစ်ပင် သစ်ရွက်တွေ၊ စိမ်းစိမ်းစိုစို မြင်နေရတာတွေဟာ နီလပဲ၊ ကြာညိုပန်းတို့၊ ခွာညိုပန်းတို့၊ ညိုပြာပြာ အရောင်တွေလည်း နီလ ကသိုဏ်းရောင်တွေပဲ၊ အဲဒါ အမျိုးမျိုးကြည့်ပြီးတော့ ညိုသည် - ညိုသည်၊ ပြာသည် - ပြာသည်၊ စိမ်းသည် - စိမ်းသည် စသည်ဖြင့် နှလုံးသွင်းနေရမှာတဲ့၊ ကြည့်လောက်အောင် အဲဒီပန်းစသည်ကို စုပုံပြီးကြည့်ရမယ်တဲ့၊ အခုခေတ် တော့ လွယ်ပါတယ်၊ နံရံစသည်မှာ ဆေးရောင်နဲ့ ရေးပြီး ကြည့်ရင် ရပါတယ်၊ ဆေးရောင်တွေ ကလည်း အမျိုးမျိုးရှိနေတော့ လိုတာရနိုင်ပါတယ်။
ပီတ-ဆိုတာ အဝါရောင် ကသိုဏ်းတဲ့၊ ဒါက ဆေးသုတ်ပြီး ကြည့်ရင် လွယ်ပါတယ်၊ လောဟိတ - ကသိုဏ်းလည်း ဆေးရောင်တွေ ရှိနေတော့ လွယ်တာပဲ၊ ဩဒါတ ကသိုဏ်းကလည်း လွယ်တာပဲ၊ သူကသာပြီး လွယ်သေးတယ်၊ အင်္ဂတေ လိမ်းကျံထားတဲ့ တံတိုင်းတို့၊ နံရံတို့၊ ပိတ်ဖြူတို့စသည် အဖြူတွေကတော့ ပေါပါတယ်၊ ကသိုဏ်းဝိုင်းလေး ပြုလုပ်ပြီးရှုနေရင် ဩဒါတကသိုဏ်း ဖြစ်တာပဲ၊ အဲဒီကသိုဏ်း တွေကို နေရာတကျ ပြုလုပ်ပြီး ရှုနေရင် ဥပစာရသမာဓိ ဖြစ်လာတယ်၊ အဲဒီအခါမှာ နီဝရဏတွေ ကင်းပြီး ကသိုဏ်းအာရုံဟာ ကြည်ကြည်လင်လင် ဖြစ်လာတယ်၊ ပကတိတုန်းက ကသိုဏ်းအာရုံလို မဟုတ်တော့ဘူး၊ ညက်ညောပြီး အရောင်အလင်း နဲ့တကွ ဖြစ်လာတယ်၊ အဲဒါ ဥပစာရသမာဓိပဲ၊ ဒီ သမာဓိအား ကောင်းလာတဲ့အခါ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါငါးပါးရှိတဲ့ ပဌမဈာန်ကို ရောက်တော့တာပဲတဲ့။
ဒုတိယဈာန် စသည်မှာလည်း ဒီအတိုင်းပဲ၊
ဈာန်အင်္ဂါ ၄-ပါးရှိတဲ့ ဒုတိယဈာန်၊
ဈာန်အင်္ဂါ ၃-ပါးရှိတဲ့ တတိယဈာန်၊
ဈာန်အင်္ဂါ ၂-ပါးရှိတဲ့ စတုတ္ထဈာန် ရောက်တယ်တဲ့၊
အဲဒါတွေလည်း ပထဝီကသိုဏ်းလိုပဲ၊ ဒီအကုန်လုံး ဝေဖန် ဟောကြားတော်မူတယ်၊ မြတ်ဘုရား အပြည့်အစုံ ဝေဖန် ဟောကြားပါတယ်၊ အကျယ်ကြီးပါပဲ။
ပြီးတော့ ပရိတ္တ ပရိတ္တာရမ္မဏ - သုဝဏ္ဏ ဒုဗ္ဗဏ္ဏ စသည်ဖြင့်လည်း ဝေဖန်ဟောကြား တော် မူသေးတယ်၊ အဲဒီလို ဝေဖန်ဟောကြားပြီး အဲဒီဈာန်တွေ ဖြစ်တိုင်း ဖြစ်တိုင်းမှာ ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ စသည်ဖြင့် အသေးစိတ်တရားတွေကို ဝေဖန်ပြပါသေးတယ်၊ အဲဒါ ကသိုဏ်း ဝေဖန်ပုံပဲ၊ ပြီးသွားပါပြီ။ .
ဗြဟ္မဝိဟာရဈာန်
▬▬▬▬▬▬
ကသိုဏ်းဈာန်တွေပြီးတော့ ဗြဟ္မဝိဟာရတဲ့၊ ဗြဟ္မဝိဟာရဆိုတာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဒီလေးပါးပါပဲ၊ အဲဒါတွေကို ဝေဖန်ဟောကြားတော်မူပါတယ်။
ကတမေ ဓမ္မာ ကုသလာ။
ကုသလာ - ကုသိုလ်မည်ကုန်သော၊
ဓမ္မာ - တရားတို့သည်၊
ကတမေ - အဘယ်သည်တို့နည်း၊
ယသ္မိံ သမယေ - အကြင်အခါ၌၊
ရူပူ့ပပတ္တိယာ - ရူပဘဝ ဖြစ်ခြင်း၏၊
မဂ္ဂံ - အကြောင်းဖြစ်သော၊
ဈာနံ - ဈာန်ကို၊
ဘာဝေတိ - ဖြစ်စေ၏၊
ဝိဝိစ္စေဝကာမေဟိ - ဝတ္ထုကာမ ကိလေသာကာမတို့မှ ကင်းဆိတ်၍သာလျှင်၊
ဝိဝေကဇံ - ဝိဝေကကြောင့် ဖြစ်သော၊
ပီတိသုခံ - ပီတိသုခကြောင့်ဖြစ်သော၊
မေတ္တံ - ချမ်းသာစေလိုသော မေတ္တာဓါတ်နှင့် ယှဉ်သော၊
ပထမဈာနံ - ပထမဈာန်သို့၊
ဥပသမ္ပဇ္ဇ - ကပ်ရောက်၍၊
ဝိဟရတိ - နေ၏၊
တသ္မိံ သမယေ - ထိုအခါ၌၊
ဖဿော ဟောတိ - ဖဿဖြစ်၏၊
စသည်ဖြင့် ဝေဖန်ဟောကြားပါတယ်။
အဲဒါဟာ မေတ္တာကမ္မဋ္ဌာန်းပါပဲ၊ ဒီမေတ္တာ ကမ္မဋ္ဌာန်းဟာ ကောင်းပါတယ်၊ ဈာန်ရတာ မရတာ ထားလိုက်ဦးပေါ့၊ ဈာန်ရရ မရရ မေတ္တာကမ္မဋ္ဌာန်း ပွားများနေတယ်ဆိုရင်၊ မေတ္တာပို့နေတယ် ဆိုရင်ကို ကုသိုလ်တွေ အများကြီးဖြစ်နေတာပဲ။ အများသူငါ ပို့နေကြတယ်၊ ဘုန်းကြီးကျောင်း တွေမှာဆိုရင် “သဗ္ဗေသတ္တာ သဗ္ေပါဏာ” စသည်ဖြင့် ပါဠိလို ရွတ်ပြီးတော့ ဝတ်တက်ဝတ်ကပ် ပရိတ်ရွတ်တဲ့အခါတိုင်း ထည့်ပြီး ရွတ်ဖတ်နေကြတာပဲ၊ အဲဒီမှာ စိတ်ပါဖို့ကတော့ အရေးကြီးတယ်၊ တစ်ချို့က ရွတ်သာ ရွတ်နေကြတာ၊ စိတ်က ပါတာမဟုတ်ဘူး၊ အဝေရာဟောန္တု - ရန်ကင်းကြ ပါစေလို့ ပါးစပ်က ဆိုနေပေမယ်လို့ စိတ်က တခြားမှာ ရောက်နေရင် မေတ္တာစိတ်ဓာတ် မပါ တော့ဘူး၊ ဒီတော့ သမာဓိကုသိုလ် ကောင်းကောင်း မဖြစ်ဘူးပေါ့။
တခြား ရောက်နေတဲ့စိတ်က လောဘ ဖြစ်စရာ အာရုံတွေဆီ ရောက်နေတယ်ဆိုရင် လောဘစိတ်တွေ ဖြစ်နေမယ်၊ ဒေါသဖြစ်စရာ အာရုံတွေဆီ ရောက်နေရင်လည်း ဒေါသစိတ်တွေ ဖြစ်နေမယ်၊ မေတ္တာစိတ် မဖြစ်တော့ဘူး၊ မေတ္တာပို့နေတယ်ဆိုရင် မေတ္တာစိတ်ဖြစ်ဖို့က အရေးကြီး တယ်၊ ပါဠိလိုရွတ်ဆိုတတ်လို့ ပါဠိလို ရွတ်ဆိုနေရင် “ချမ်းသာကြပါစေ”ဆိုတဲ့ မေတ္တာစိတ်ဓာတ် ပါဖို့ အရေးကြီးပါတယ်၊
“အဝေရာ ဟောန္တု - ဘေးရန်ကင်းကြပါစေ။
အနီဃာ ဟောန္တု - ကိုယ်ဆင်းရဲ ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု - စိတ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု - ချမ်းသာနှင့် ပြည့်စုံသည် ဖြစ်၍ မိမိ ခန္ဓာကိုယ်ကို ကောင်းစွာ ရွက်ဆောင်နိုင်ကြပါစေ”
လို့ စိတ်ပါလက်ပါ တကယ်ချမ်းသာစေလိုတဲ့ မေတ္တာဓာတ်နဲ့ ပို့ဖို့ လိုပါတယ်၊ အဲဒီလို မေတ္တာ ပွားရမယ်၊ အချိန်တော်တော်ကြာသွားပြီ၊ တစ်နာရီခွဲကစပြီး ဟောလာခဲ့တာ အခု သုံးနာရီခွဲ တောင် ရှိသွားပြီ၊ အဲဒီတော့ နှစ်နာရီကြာသွားပြီ။ .
တိုက်ရိုက်လာတဲ့ ကသိုဏ်း ရှစ်ပါး
▬▬▬▬▬▬
ပထဝီ, အာပေါ, တေဇော, ဝါယောဆိုတဲ့ ဓာတ် ၄-ပါး ကသိုဏ်းနဲ့ နီလ, ပီတ, လောဟိတ, ဩဒါတဆိုတဲ့ ဝဏ္ဏကသိုဏ်း ၄-ပါး၊ ပေါင်း ၈-ပါး၊ ဒီအဘိဓမ္မာ ပါဠိတော်မှာ ဟောထားတာကတော့ ဒီကသိုဏ်း ၈-ပါး ကိုပဲ ဟောထားတယ်၊ ဝိသုဒ္ဓိမဂ်တို့ အဘိဓမ္မတ္ထသင်္ဂဟတို့မှာ ကသိုဏ်း ၁၀-ပါး ပြထားတယ်၊ ဒါပေမယ့်လို့ ၁၀-ပါးထဲက အာကာသ ကသိုဏ်းဆိုရင် အရူပဈာန်နဲ့ဆိုင်တယ်၊ ဝိညာဏကသိုဏ်း ဆိုတာလည်း အရူပဈာန်ရဲ့အာရုံ၊ အရူပဈာန်နဲ့ပဲ ဆိုင်တယ်၊ အဲဒီတော့ ၈-ပါးပဲ၊ ပါဠိတော်မှာ တိုက်ရိုက်လာတယ်၊ အဲဒီ ကသိုဏ်းတွေကတော့ အခု တရားနာနေရင်း နှလုံးသွင်းဖို့ မဖြစ်ဘူးဆိုလို့ ရွတ်လို့လည်း ဘာမှမထူးဘူး၊ ဒီတော့ အဲဒါတွေကို အဆိုခိုင်းနေလို့ မဖြစ်ဘူး။
အဲ မေတ္တာကမ္မဋ္ဌာန်း ကတော့ ပွားလို့ရတယ်၊ သွားရင်း၊ လာရင်း၊ နေရင်း၊ ထိုင်ရင်းလည်း ပွားလို့ရတယ်၊ လွယ်လွယ်ကူကူ ပွားများနိုင်တာ ဖြစ်လို့ အင်မတန် ပွားများဖို့ ကောင်းတယ်၊ မေတ္တာပွားများနေတဲ့ ပုဂ္ဂိုလ်မှာ အကျိုး ၁၁-ပါး ရနိုင်တယ် တဲ့။
“အိပ်, နိုး ချမ်းသာ၊ ကောင်းစွာ အိပ်မက်” တဲ့၊
အိပ်ရင်လည်း ချမ်းချမ်းသာသာနဲ့ အိပ်ရတယ်၊
နိုးရင်လည်း ချမ်းချမ်းသာသာနဲ့ နိုးရတယ်၊
အိပ်ပျော်နေတဲ့အခါမှာလည်း မကောင်းတဲ့ အိပ်မက်တွေ မမက်ဘူးတဲ့၊
ပြီးတော့ “ချစ်လျက် လူနတ်” တဲ့၊
လူတွေကလည်း ချစ်တယ်၊
နတ်တွေကလည်း ချစ်တယ်။
“စောင့်လတ် နတ်များ” တဲ့၊
နတ်တွေကလည်း စောင့်ရှောက်ကြတယ်၊
“မီး, ဆိပ်, ဓါးတို့၊ ရှောင်ရှားကိုယ်မှာ” တဲ့၊
မီးတို့, အဆိပ်တို့ ဓါးလက်နက် တစ်စုံတစ်ရာတို့ မထိမခိုက်နိုင်ဘူး၊
“လျင်စွာ စိတ်တည်” တဲ့၊
ချမ်းသာပါစေလို့ မေတ္တာပွားနေရင် စိတ်လည်း တည်ကြည် လွယ်တယ်၊ ပထဝီ ပထဝီလို့ ပွားများရတာထက် စိတ်တည်လွယ်တယ်၊ မခက်ဘူး၊
“ရွှင်ကြည် မျက်နှာ” တဲ့၊
မေတ္တာပွားများနေတဲ့ ပုဂ္ဂိုလ်ရဲ့ မျက်နှာဟာ ကြည်ကြည်လင်လင်လည်း ရှိတယ်၊ အင်မတန် ကောင်းတာပဲ၊ လူတစ်ဦးတစ်ယောက်နဲ့ တွေ့တဲ့အခါ ချမ်းသာပါစေ၊ ချမ်းသာပါစေလို့ ဒီလို မေတ္တာ ပွားများနေရင် မျက်နှာ ရွှင်ရွှင်ပျပျ ထားနိုင်တယ်၊ ပြောတဲ့စကား ဟာလည်း နားချမ်းသာတဲ့ စကားလုံး ကောင်းကောင်းကို ပြောလို့ ရတယ်၊ မေတ္တာကို မပွားဘဲ ပြောရင်တော့ ပြောမိပြောရာ တွေကို လျှောက်ပြောမိတတ် တယ်၊
“သေခါ မတွေ” တဲ့။
သေခါနီးမှာလည်း မတွေမဝေဘဲ ကြည်ကြည်သာသာ သေရတယ်၊
“လားလေ ဗြဟ္မာ့ပြည်” တဲ့၊
သေရင်လည်း ဗြဟ္မာ့ပြည်ကို ရောက်နိုင်တယ်တဲ့၊
အဲဒါ မေတ္တာအကျိုး ၁၁-ပါး ပါပဲ။
ဒါကြောင့် မေတ္တာပွားရတာဟာ အင်မတန် ကျေးဇူးများတယ်၊ ဒီတော့ တရား နာရင်လည်းပဲ၊ မေတ္တာဈာန်ရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ မေတ္တာတော့ ပွားကြမှ ဖြစ်မယ်။ ကဲ လိုက်ဆိုကြ -
အားလုံးသတ္တဝါတွေ ဘေးရန် ကင်းကြပါစေ၊
စိတ်ဆင်းရဲ ကင်းကြပါစေ၊
ကိုယ်ဆင်းရဲ ကင်းကြပါစေ၊
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာနှင့် မိမိ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။
အဲဒါ မေတ္တာပွားတာပဲ၊ ချမ်းသာပါစေ ချမ်းသာပါစေလို့ နှလုံးသွင်းလိုက်တိုင်း နှလုံးသွင်းလိုက်တိုင်း ချမ်းသာစေလိုတဲ့ မေတ္တာစိတ်လေးတွေဟာ အသစ်အသစ် ဖြစ်နေတာပဲ၊ အဲဒါလေးကို ဝိပဿနာရှုရတယ်၊ ချမ်းသာပါစေလို့ စိတ်က နှလုံး သွင်းလိုက်တာနဲ့ အဲဒီ ချမ်းသာပါစေဆိုတဲ့ မေတ္တာစိတ်ကလေးကို နောက်ကလိုက်ပြီး ရှုမှတ်ရတယ်၊ စိတ်အသိကလေးနဲ့ ရှုမှတ်ဖို့ပါပဲ၊ နာမည်မတပ်ဘဲ ဖြစ်ပါတယ်၊ အခု အားလုံးသတ္တဝါတွေလို့ ဆိုလိုက်တယ်၊ နှလုံး သွင်းလိုက်တယ်၊ အဲဒီ နှလုံးသွင်း လိုက်တဲ့ စိတ်ကလေးဟာ ပျောက်သွားတယ်၊ ဘေးရန်ကင်းပါစေလို့ နှလုံးသွင်း လိုက်ရင် အဲဒီနှလုံးသွင်းလိုက်တဲ့ စိတ်ကလေးလည်း ပျောက်သွားတယ်၊ မရှိတော့ဘူး၊ ဆင်းရဲ ကင်းပါစေလို့ နှလုံးသွင်းလိုက် ရင်လည်း ဒီလိုပဲ အဲဒီစိတ်ကလေးဟာ မရှိတော့ဘူး၊ ပျောက်သွား တယ်၊ နောက် နှလုံးသွင်းသမျှ စိတ်ကလေးတွေလည်း ဒီအတိုင်းပဲ နှလုံးသွင်းပြီး တစ်ခါတည်း မရှိ တော့ဘူး၊ ပျောက်ပျောက် သွားကြတယ်၊ အဲဒီလို နှလုံးသွင်းတဲ့ စိတ်ကလေးရယ် ရွတ်ဆိုပွားများ တဲ့ စကားလေးတွေရယ် အားလုံး ပျောက်ပျောက် သွားတာချည်းပဲ၊ အဲဒါကို နောက်ကနေပြီးတော့ ရှုလိုက်လို့ ရှိရင် ဒါဟာ ဝိပဿနာ ဖြစ်တော့တာပဲ၊ ဒါဟာ သမာဓိခေါ်တဲ့ သမထနဲ့ ဝိပဿနာ အစုံအစုံ ရှုတာပါပဲ၊ ဒီလို ဝိပဿနာ တစ်ခါတည်း ပါသွားအောင် ရှုရင် ပိုပြီး ကောင်းတယ်။
မေတ္တာပို့နေရင်း ရန်သူ စဉ်းစားမိရင်လည်း ဒေါသစိတ် ဖြစ်လာတတ်တယ်၊ အဲဒီလို မဖြစ်ရအောင်လို့ အရပ် ဆယ်မျက်နှာမှ ရန်သူမရှိအောင် နှလုံး သွင်းထားရတယ်၊ ဒေါသဖြစ်နေလို့ အလကားပဲ၊ သူလည်း သူ့ကံနဲ့သူ ဖြစ်နေတာပဲ၊ ကိုယ်လည်း ကိုယ့်ကံနဲ့ကိုယ်ပဲ၊ ဒေါသဖြစ်နေရင် ဘာမှ အကြောင်းမထူးဘူး၊ ဒေါသဖြစ်တာဟာ ဖြစ်တာရှိမှာပဲ ဆိုပြီး ဒေါသကို ဖျောက်ပစ်ရတယ်၊ ရန်သူရယ်လို့ မထားဘဲနဲ့ အားလုံး ချမ်းသာပါစေလို့ မေတ္တာစိတ်ဖြစ်အောင် ပွားနေဖို့ လိုပါတယ်၊ တစ်ဦးတည်း ဆိုရင် တော့ ပွားလို့လွယ်ပါတယ်၊ ကိုယ်ပို့လိုတဲ့ ပုဂ္ဂိုလ်ကို အာရုံပြုပြီး ချမ်းသာပါစေ ချမ်းသာပါစေလို့ ပွားများရုံပါပဲ၊ ကိုယ်ပွားများလိုတဲ့ ပုဂ္ဂိုလ်ကို ရွေးပြီး မေတ္တာပွား များတာဖြစ်လို့ ဒေါသစိတ်ဖြစ်မယ် မဟုတ်ပါဘူး၊ ဈာန်မရတောင် ကုသိုလ်စိတ် တွေကတော့ ဖြစ်နေတာပဲ၊ ဈာန်ရရင်တော့ ဗြဟ္မာပြည် ဗြဟ္မာ့ဘဝကို ရနိုင် ရောက်နိုင်သေးတယ်။ .
ရွာလူကြီး ဓနဉ္ဇာနီ ဝတ္ထု
▬▬▬▬▬▬▬▬▬
ဘုရားလက်ထက်တော် ကာလတုန်းက ဓနဉ္ဇာနီ ပုဏ္ဏားကြီး ဆိုတာရှိတယ်၊ သူဟာ အစိုးရ အမှုထမ်း ရွာလူကြီး တစ်ယောက်ပါပဲ၊ အခွန်တော်ကောက်ရတဲ့ လူကြီးတဲ့၊ သူက အခွန်တော် ကောက်တဲ့အခါ အစိုးရ ဘဏ္ဍာတိုက်ကို သွင်းတဲ့ အခါကျတော့ မိုးလေဝသ မမှန်လို့ဆိုပြီး နည်းနည်းပဲသွင်းတယ်၊ ပြီးတော့ ပိုတာတွေကို သူက ယူတယ်၊ သူဟာ ဒီလိုပဲ၊ မတရား အလုပ်တွေကို လုပ်နေတယ်၊ ဒီလိုနဲ့ တစ်နေ့ တော့သူဟာ မကျန်းမမာ ရောဂါဖိစီး နှိပ်စက်လာလို့ အရှင်သာရိပုတ္တရာ မထေရ် မြတ်ကြီးကို ပင့်ရတော့တယ်၊ လူ့ဘဝတုန်းကတည်းက သူနဲ့ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးဟာ အင်မတန် ရင်းနှီးတဲ့ မိတ်ဆွေဖြစ်ခဲ့သတဲ့၊ သေခါနီး အားနည်း နေတဲ့အခါ ရောက်နေပြီဆိုတာသိတော့ ရင်းနှီးခဲ့ဖူးတဲ့ မိတ်ဆွေကို အမှတ်ရပြီး တွေ့သွား ချင်လေ့ ရှိကြတယ်၊ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက သူ့ထံ ရောက်လာတဲ့အခါကျတော့ သူ့ကို တရားဟောကြားတယ်၊ ဘယ်လို ဟောကြား သလဲဆိုရင် -
အပါယ်လေးဘုံမှာ အပါယ်ဘဝ ဖြစ်ရတာထက် လူ့ဘုံလူ့ဘဝ ဖြစ်ရတာက ကောင်းတယ်၊ အဲဒါကို နှလုံးသွင်းရမယ်၊ လူ့ဘဝထက် စာတုမဟာရာဇ် နတ်ဘဝက ပိုကောင်းပြန်တယ်၊ ဒီထက် တာဝတိံသာနတ်ဘဝ၊ ဒီထက် ယာမာနတ်ဘဝ၊ ဒီထက် တုသိတာနတ်ဘဝ၊ ဒီထက် နိမ္မာနရတိ နတ်ဘဝ၊ ဒီထက် ပရနိမ္မိတဝသဝတ္တိ နတ်ဘဝ ဒီလို တဆင့်ထက် တဆင့် ပိုပိုကောင်းတယ် လို့ ဟောကြားတော်မူတယ်၊ ဒီတော့ ပုဏ္ဏားကြီးက ဗြဟ္မာဘဝကိုကော ဟောပါသလားလို့ အရှင်သာရိပုတ္တရာကို မေးတယ်၊ ဟုတ်တယ် - ဗြဟ္မာဘဝကို ဟောတယ်၊ အဲဒီ ဗြဟ္မာဘဝကို မရောက်ချင်ဘူးလား လို့ ပုဏ္ဏားကြီးကို အရှင်သာရိပုတ္တရာက မေးတော့ ပုဏ္ဏားကြီးက ရောက်ချင်ပါတယ်လို့ လျှောက်တယ်၊ ဒီလိုဆိုရင် ဗြဟ္မာဘဝ ရောက်နိုင်တဲ့နည်းကို ဟောမယ် လို့ဆိုပြီး ဗြဟ္မာဘဝရောက်နိုင်တဲ့ နည်းလမ်းကို မထေရ်မြတ်က ဟောကြားတော်မူပါတယ်။
ဗြဟ္မာဘဝကို ရောက်လိုရင် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ ဆိုတဲ့ ဗြဟ္မဝိဟာရ တရားကို ပွားရတယ်ဆိုပြီး ပွားပုံပွားနည်းကိုပါ ဟောကြားတော်မူတယ်၊ ဒီလို ဟောပြောပြီးတော့ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးလည်း ကျောင်းကို ပြန်ကြွတော်မူတယ်၊ ပြန်ကြွသွားလို့ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက ကျောင်း တောင် ပြန်မရောက်သေးဘူး ပုဏ္ဏားကြီး သေဆုံးသွားတယ်၊ သေဆုံးပြီး ဗြဟ္မာ့ဘုံမှာ ဗြဟ္မာကြီး ဖြစ်သွားသတဲ့၊ သေခါနီး ကပ်ကပ် ကလေးမှာပဲ ဈာန်ရသွားတယ်၊ ဒါကြောင့် ဗြဟ္မာ့ဘုံ ရောက်သွားတာပေါ့၊ ဈာန်ဆိုတာ လွယ်လွယ်လေးပဲ၊ ခက်တာ မဟုတ်ဘူး၊ တခြား ကုသိုလ်အကြောင်းကံ ထင်ထင်ရှားရှား မရှိဘူးဆိုရင် မကျန်းမမာ ဖြစ်တဲ့အခါမျိုးမှာ မေတ္တာပွားနေတာပဲ ကောင်းတယ်၊ အဲဒီ မေတ္တာစိတ်နဲ့ သေသွားရင် နေရာကျတာပဲ၊ အင်မတန်ကောင်းတယ်။
ဝိပဿနာယောဂီ တွေမှာတော့ ကိုယ့်ဝိပဿနာကို ကိုယ်ရှုနေရင် ဒါကတော့ အကောင်းဆုံးပါပဲ၊ အင်မတန်မှ ကျေးဇူးများပါတယ်၊ အရင်က အားထုတ် လေ့လာ ပြီးသား ဆိုတော့ မကျန်းမမာ ဖြစ်တဲ့အခါ ရှုမှတ်လို့ လွယ်ပါတယ်၊ ရှုမှတ်နေကျ အတိုင်း ရှုမှတ်လိုက်ရုံပါပဲ၊ ဝိပဿနာကုသိုလ် အထောက်အပံ့ ရှိပြီးသား ယောဂီ ဆိုရင်တော့ ဒီပြင်တရားကို အထူးရှာကြံ ပွားများနေဖို့ မလိုပါဘူး၊ ကိုယ့်ရှုပွားနေကျ တရားကို ပွားနေလိုက်ရုံပါပဲ။
ချမ်းသာပါစေဆိုတဲ့ မေတ္တာစိတ်နဲ့ မေတ္တာပို့အပ်တဲ့ပုဂ္ဂိုလ်တို့ကို ကပ်ပြီး တစ်ပူး တစ်ပေါင်းတည်း ဖြစ်သွားပြီဆိုရင် ဈာန်ကို ရောက်ရှိသွားတော့တာပါပဲ၊ မြတ်စွာဘုရားက ဈာန်တရားတွေကို ပဋိပဒါစသည်တို့ဖြင့် အကျယ်ကြီး ဝေဖန် ဟောကြားတော် မူပါတယ်၊ ဈာန်မှာပါဝင်တဲ့ တရားတွေ ကိုလည်း ဖဿောဟောတိ စသည်ဖြင့် ဟောကြားတော်မူတာပါတယ်၊ မေတ္တာဈာန်မှာတော့ အထူး မပါပါဘူး၊ ဒီ ၅၆-ပါး ပါပဲ၊ ကရုဏာဈာန်မှာ ကရုဏာပိုပြီး ပါလာတယ်၊ မုဒိတာဈာန်ကျတော့လည်း မုဒိတာ ပိုပါလာတာပဲ ရှိပါတယ်၊ ဥပေက္ခာဈာန်ကျတော့ စတုတ္ထဈာန်, ပဉ္စမဈာန်မှသာ ပါတယ်၊ စတုတ္ထဈာန်, ပဉ္စမဈာန် အရာဌာနရောက်မှ ဥပေက္ခာကို ပွားများရတယ်တဲ့၊ အဲဒီလို ဝေဖန်ဟောကြားပါတယ်။ .
ပြီးတော့ အသုဘ ကမ္မဋ္ဌာန်း
▬▬▬▬
နောက်ပြီးတော့ အသုဘ ကမ္မဋ္ဌာန်းတွေကိုလည်း ဝေဖန် ဟောကြားတော်မူပါတယ်၊ အသုဘ ၁၀-ပါး ထဲက ဥဒ္ဓုမာတကတဲ့၊ ဒါကတော့ ပဌမဈာန် တစ်မျိုးတည်း အတွက်ပါပဲ၊ ဥဒ္ဓုမာတက ဖူးဖူး ရောင်နေတဲ့ သူသေကောင်ကို အာရုံပြု ပြီးတော့ ရှုရင်လည်း ဈာန်ရနိုင်တယ်၊ ဝိနီလက, ဝိပုဗ္ဗက စသည်ဖြင့်လည်း အသုဘကမ္မဋ္ဌာန်း အနေနဲ့ ဝေဖန်ပြီး ဟောကြားပါတယ်၊ ဒီမှာလည်း ပဋိပဒါ လေးပါး စသည်ဖြင့်လည်း အရင်ဈာန်တွေမှာလိုပဲ ဝေဖန်ဟောကြားထားတာပါပဲ၊ အဲဒီ ဈာန်တိုင်း ဈာန်တိုင်း မှာလည်း ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ စသည်ဖြင့် ဝေဖန်ဟောကြားပါတယ် ဝါရအားဖြင့် ကောဋ္ဌာသဝါရ, သုညတဝါရ ဆိုပြီး ဒီလိုလည်း ဟောကြားပါတယ်။
အင်မတန် ခြောက်သွေ့တဲ့ တရား
▬▬▬▬▬▬▬▬
မြတ်စွာဘုရားက အဘိဓမ္မာတရားကို သုတ္တန်တရားတွေထက် ကျယ်ကျယ်ပြန့်ပြန့် ဟောကြားတယ်၊ ဒီလို တရားမျိုးက နာယူရခဲပါတယ်၊ ဘုန်းကြီးက အခု ဝါစဉ်အတိုင်းမို့သာ ဒီတရားကို ဟောဖြစ်တာ၊ အဘိဓမ္မာတရား သက်သက် ဆိုရင်ဖြင့် ဒီတရားက အင်မတန် ခြောက်သွေ့တာ ဖြစ်လို့ ပျင်းရိဖွယ် အလွန်ကောင်းတဲ့ တရားပဲ၊ ဟောဖို့မလွယ်ဘူး၊ အခု ဟောတာကတော့ ဝါတော်စဉ်နဲ့ ကပ်ပြီး ဟောလာတာ ဖြစ်လို့ ဝါတော်စဉ် အလိုက် ဟောတရားအတိုင်း ဟောရတာပဲ၊ မြတ်စွာဘုရား ဝါတော်စဉ် အလိုက် ဆိုတော့ မြတ်စွာဘုရားရဲ့ ကြည်ညိုဖွယ် ဂုဏ်တွေကို အာရုံပြုပြီး ကြည်ညိုစရာ အင်မတန် ကောင်းပါတယ်၊ ပြီးတော့ မြတ်စွာဘုရား ကိုယ်တော်တိုင် တာဝတိံသာ နတ်ပြည်မှာ ကြွရောက်ပြီး ဟောကြားတဲ့ အဘိဓမ္မာ တရားတော်ကြီးပဲလို့ အာရုံပြုပြီး ကြည်ညိုရမယ်၊ အဲဒီမှာ နတ်တွေက ဒီတရားကို နာယူနေကြတယ်၊ ငါတို့လည်း နတ်တွေ နာယူကြသလို ဒီအဘိဓမ္မာ တရားတော်ကြီးကို နာယူ ရပေတယ်လို့ နှလုံးသွင်းပြီး ဝမ်းမြောက် ကြရမယ်၊ အခု ဟောလာတဲ့ အချိန်က နှစ်နာရီခွဲ သုံးနာရီလောက် ရှိသွားပြီ၊ တရားသိမ်းမှပဲ။
နောက်တရားပွဲမှာ ဘာဟောရမလဲဆိုတော့ အရူပဈာန်တွေကို ဆက်ဟောရမယ်၊ အရူပဈာန်တွေ ကျန်နေသေးတယ်၊ ပြီးတော့မှ လောကုတ္တရာမဂ်, ဖိုလ်တရားတွေကို ဟောရမယ်၊ အဲဒါတွေဟောပြီးတော့မှ ကုသလာ ဓမ္မာဆိုတဲ့ တရားဝေဖန်ချက် ပြီးပါ လိမ့်မယ်၊ နောက်ပြီးတော့ “အကုသလာ ဓမ္မာ” အဲဒီ အကုသိုလ် တရားတွေကိုလည်း ဟောဖို့ရာ ရှိသေးတယ်၊ ပြီးတော့ ခေါင်းစဉ်အတိုင်း “အဗျာကတာ ဓမ္မာ” အဲဒီ အဗျာကတ တရားတွေကလည်း ရှိသေးတယ်၊ ကုသိုလ်, အကုသိုလ် တရားတို့ရဲ့ အကျိုးဖြစ်တဲ့ ဝိပါက်တရားတွေ, ရဟန္တာတို့ သန္တန်မှာဖြစ်တဲ့ ကြိယာတရားတွေ၊ အဲဒီ အဗျာကတ တရားတွေကို ဟောရဦးမယ်၊ ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာဆိုတဲ့ ဒီသုံးပုဒ်က အကျယ်ကြီးပဲ၊ အင်မတန် ကျယ်တယ်၊ အဲဒါတွေကို ဗဟုသုတလည်းဖြစ်, မိမိတို့ အားထုတ်ထားတဲ့ တရားနဲ့လည်း နှိုင်းယှဉ်ပြီး ကြည့်နိုင်တာဖြစ်လို့ မှတ်သားစရာတွေပါ ပါတယ်၊ အဲဒါ တာဝတိံသာ နတ်ပြည်မှာ ဟောတဲ့တရားတဲ့။ .
တရားသိမ်း
▬▬▬▬
ဒီနေ့တော့ တရားသိမ်းကြစို့၊ နောက်တရားပွဲအတွက် နည်းနည်း အလှမ်းဝေးသွား လိမ့်ဦးမယ်၊ ဘာပြုလို့လည်း ဆိုတော့ မကြာခင် ခရီးသွားစရာ ရှိနေသေးလို့ပါပဲ၊ အခု တပို့တွဲလဆုတ် ၃-ရက်နေ့မှာ မန္တလေးကိုသွားပြီး တပေါင်းလဆုတ် ၃-ရက်နေ့မှ ပြန်ရောက်မှာ၊ ဒီတော့ တပေါင်းလပြည့်နေ့မှာ မဟောနိုင်တော့ဘူး၊ အဲဒီနေ့တော့ ဒီမှာ သင့်လျော်တဲ့ ပုဂ္ဂိုလ်တွေ ဟောပါလိမ့်မယ်၊ တန်ခူးလထဲမှပဲ ဆက်ဟောရမယ်၊ သင်္ကြန်တွင်းလည်း ဟောမယ်ဆိုရင် ဟောလို့ ဖြစ်တာပါပဲ၊ သင်္ကြန်တွင်းရယ်၊ တန်ခူးလပြည့်နေ့ရယ် အဲဒီရက်တွေမှာ တော်တော်များများ ရပါတယ်၊ အဲဒီတော့ လည်း တရားနာ လာတဲ့အခါ ပေးထားတဲ့ စာရွက်ကလေးတွေ ယူခဲ့ကြရမယ်၊ စာရွက်မရသေးတဲ့ ပုဂ္ဂိုလ်ရှိရင်လည်း လာတောင်းနိုင်ပါတယ်၊ ဒီစာရွက်ပါမှလည်း ဒီ တရားက နာလို့ဖြစ်တာ၊ စာရွက်မပါရင် ဘာတွေဟောနေတယ် ဆိုတာတောင် သိဖို့ခက်တယ်၊ ဒီစာရွက်ထဲမှာ အခြေခံ အရေးကြီးတဲ့ တရားတွေ အစုံပါတန် သလောက် ပါတယ်၊ အဲဒါ ယူခဲ့ကြ၊ ကဲ တရားသိမ်းကြမယ်။
ယနေ့အဖို့၌ ကျွန်ုပ်တို့ ပြုစု ပွားများ အားထုတ်အပ်သော ကုသိုလ်ကောင်းမှု အပေါင်း၏ အဖို့ဘာဂကို အမိအဘ တို့မှစ၍ အလုံးစုံသော သတ္တဝါ အပေါင်းတို့အား ပေးဝေပါကုန်၏၊ အလုံးစုံသော သတ္တဝါအပေါင်းတို့သည် ကုသိုလ်အမျှ ရကြ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။
သာဓု … သာဓု … သာဓု
အဘိဓမ္မာ တရားတော်ကြီး
▬▬▬▬▬▬▬▬▬▬
ဒီနေ့ ၁၃၃၆-ခုနှစ်၊ တပေါင်းလကွယ်နေ့ ဖြစ်တယ်၊ လကွယ်နေ့ ဆိုတော့ အခါတိုင်း ဦးသုဇာတ ဟောနေကျ တရားပွဲနေ့ပါပဲ၊ ဒါပေမယ့် ဦးသုဇာတက နေမကောင်းလို့ အနားယူနေတာဖြစ်တော့ ဘုန်းကြီးကပဲ ဟောရမယ်၊ အခုအချိန်က ၂-နာရီ မတ်တင်း ရှိသွားပြီ၊ ၁-နာရီခွဲလောက်တော့ ဟောရမယ်၊ ဟောရမယ့်တရား ကတော့ ဝါတော်စဉ် အရ တာဝတိံသာမှာ ဟောခဲ့တဲ့ အဘိဓမ္မာ တရားကိုပဲ ဆက်ပြီးဟောရဦးမှာပဲ။ .
သိပ္ပံဆရာတွေ မတွေ့တဲ့ တာဝတိံသာ
▬▬▬▬▬▬▬▬
တာဝတိံသာဆိုတာ အခုနေ အခါမှာတော့ သိပ္ပံပညာတွေနဲ့ လိုက်ရှာလို့ မတွေ့ဘဲ ဖြစ်နေတယ်၊ နတ်တို့နေရာဆိုတာ လူတွေရဲ့ မျက်စိနဲ့ ကြည့်လို့ ရှာလို့တော့ မမြင် မတွေ့ပေဘူး၊ ရှိတော့ ရှိမှာပဲ၊ လူတို့ မျက်စိနဲ့ မမြင်နိုင်တာ ဖြစ်နေတယ်၊ ဒီတော့ ကောင်းကင်ကို ရောက်ရုံနဲ့ မမြင်နိုင်ဘူး၊ အဲဒီ တာဝတိံသာ ပဏ္ဍုကမ္ပလာ ကျောက်ဖျာထက်မှာ မြတ်စွာဘုရားရှင် သီတင်းသုံးပြီးတော့ အဘိဓမ္မာ တရားကို ဟောတော်မူပါတယ်၊ မြတ်စွာဘုရား ဆွမ်းခံကြွပြီး ဆွမ်းဘုဉ်းပေးတဲ့အခါမှာ ဖန်ဆင်း ထားခဲ့တဲ့ နိမ္မိတကိုယ်စား ဘုရားရှင်က ဟောရစ်ခဲ့တယ်၊ အဆက်မပြတ်ဘူး၊ အင်မတန် အံ့ဩစရာ ကောင်းပါတယ်။
ဒါပေမယ့်လို့ အခုနေအခါမှာ သိပ္ပံပညာတွေ အံ့ဩစရာ ကောင်းတာနဲ့ စာလိုက်ရင်တော့ ဟိုတုန်းက ဘုရားရှင် တန်ခိုးတော်နဲ့ ဖန်ဆင်းတာကို အံ့ဩစရာ ကောင်းတယ်ဆိုတာ၊ အင်း .. သိပ်ပြီး အံ့ဩစရာ မဟုတ်သေးလို့ ဆိုရမှာပဲ၊ အခု သာမန်ပုဂ္ဂိုလ်တွေ တီထွင်တဲ့ သိပ္ပံပညာနဲ့ ဒီ ကမ္ဘာကို သတင်းပို့တာတွေ၊ လ, ကမ္ဘာကနေပြီး သတင်းပို့တာတွေ၊ ကောင်းကင်ကနေပြီး သတင်းပေးပို့တာတွေ အဲဒါတွေကို လူတွေ စီမံထားတာတောင်မှ အင်မတန် ဆန်းကြယ်နေတာပဲ၊ မြတ်စွာဘုရားက အနန္တတန်ခိုးနဲ့ ဖန်ဆင်းပြီး ဖြစ်နေတာ ဆိုတော့ သိပ်ပြီး အံ့ဩစရာ မဟုတ် တော့ဘူး၊ သို့ပေမယ့်လို့ မဖြစ်ဖူးမြဲ ဖြစ်တာတွေ ဆိုတော့ ချီးကျူးစရာတွေပါပဲ။ .
ကနေ့ အရူပါဝစရ အလှည့်
▬▬▬▬▬▬▬▬▬▬
တပို့တွဲလပြည့်နေ့ ရူပါဝစရ ကုသိုလ်တရားတွေ ဖြစ်ပုံကို ဟောလို့ ပြီးခဲ့ပြီ၊ ကနေ့ အရူပါဝစရဈာန် အကြောင်းကို ဟောဖို့ရာ အလှည့်ကျတယ်၊ ဟောပုံကို ကြည်ညို ရအောင် ရှေးဦးစွာ ဘုန်းကြီးက ပါဠိတော်ကို ရွတ်ပြမယ်၊ နက်နဲတဲ့ ဒီ အဘိဓမ္မာ တရားတော်ကို အာရုံပြုလျက် ကြည်ညိုပြီး နာကြရမယ်။
ကတမေ ဓမ္မာ ကုသလာ၊
ကုသလာ - ကုသိုလ်ဖြစ်ကုန်သော၊
ဓမ္မာ - တရားတို့သည်၊
ကတမေ - အဘယ်သည်တို့နည်း … တဲ့။
ကုသိုလ်တရားတွေ ဆိုတာ အဘယ်တရားတွေလဲ ... လို့ မေးတယ်။ အဖြေက -
ယသ္မိံ သမယေ အရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ သဗ္ဗသော ရူပ သညာနံ သမတိက္ကမာ ပဋိဃသညာနံ အတ္ထင်္ဂမာ နာနတ္တသညာနံ အမနသိကာရာ အာကာသာနဉ္စာယတန သညာသဟဂတံ သုခဿစ ပဟာနာ ဒုက္ခဿစ ပဟာနာ သောမနဿ ဒေါမနဿနံ အတ္ထင်္ဂမာ အဒုက္ခမသုခံ ဥပေက္ခာ သတိပါရိသုဒ္ဓိံ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ဥပေက္ခာသဟဂတံ။ တသ္မိံ သမယေ ဖဿော ဟောတိ ဝေဒနာ ဟောတိ။ ပ။ အဝိက္ခေပေါ ဟောတိ။ ပ။ ဣမေ ဓမ္မာ ကုသလာ တဲ့။
ယသ္မိံ သမယေ - အကြင်အခါ၌၊
အရူပူပပတ္တိယာ - အရူပဘဝ၌ ဖြစ်ရန်အလို့ငှါ၊
မဂ္ဂံ - အကြောင်းဖြစ်သော ကုသိုလ်တရားကို၊
ဘာဝေတိ - ဖြစ်စေ၏၊
အရူပဘုံ၌ ဖြစ်ခြင်း၏ အကြောင်းဖြစ်တဲ့ ကုသိုလ်တရားတဲ့၊
ရူပဈာန်တုန်းကတော့ ..
ရူပူပပတ္တိယာ - ရူပဘဝ၌ဖြစ်ခြင်း၏၊
မဂ္ဂံ - အကြောင်းဖြစ်သော၊
ဝါ - ရူပဘဝ၌ ဖြစ်ရန်အလို့ငှာ၊
မဂ္ဂံ ဘာဝေတိ - ဖြစ်ကြောင်း ကုသိုလ်တရားတွေကို ဖြစ်စေ၏တဲ့၊ ဒီလိုဆိုပါတယ်။
အဲဒါကလည်း ပဌမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်လို့ စတုက္ကနည်းနဲ့၊ တစ်နည်း ပဌမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်, ပဉ္စမဈာန်လို့ ပဉ္စကနည်းနဲ့၊ တစ်နည်း - အဲဒီနည်း ၂ နည်း စလုံးနဲ့ အဘိဓမ္မာမှာ ဟောကြားတော် မူထားတယ်၊ သုတ္တန်မှာတော့ကာ စတုက္ကနည်းနဲ့သာပါပဲ၊ စတုတ္ထဈာန် အထိဆိုရင် ဈာန်ကုန်သွားပါတယ်၊ အခု အရူပဈာန်ကျတော့ ..
အရူပူပပတ္တိယာ - အရူပဘဝ၌ ဖြစ်ရန် အလို့ငှာ, အရူပဘဝ၌ဖြစ်ဖို့ရန်၊
မဂ္ဂံ - အကြောင်းဖြစ်သော ကုသိုလ်ကို၊
ဘာဝေတိ - ဖြစ်စေ၏လို့ ဆိုတယ်၊
အဲဒါ ပဌမ စလျှင်စခြင်း အရူပဈာန်ကို ရမလို့ မဖြစ်ဘူး၊ ရူပဈာန်တွေကို ရပြီးတဲ့ ပုဂ္ဂိုလ်မှသာ ရနိုင်တာ။
အရူပဘုံဆိုတာ ၄-ဆင့်ရှိတယ်၊
၁။ အာကာသာနဉ္စာယတနဘုံက တစ်ဆင့်၊
၂။ ဝိညာနဉ္စယတနဘုံက တစ်ဆင့်၊
၃။ အာကိဉ္စညာယနဘုံက တစ်ဆင့်၊
၄။ နေဝသညာနာသညာယတနဘုံက တစ်ဆင့်၊
အဲဒီ ၄-ဆင့်ကို ရောက်စေနိုင်တဲ့ အကြောင်းဈာန်ကလည်း ၄-ခု၊ ၄-ဆင့်ရှိတာပဲ၊
အခုအဆင့်ကတော့ ပဌမဆုံး အာကာသာနဉ္စာယတန ဆိုတဲ့ အောက်ဆုံး အဆင့်ပါပဲ၊ အရူပဘဝ ဆိုတာ အ-ရူပတဲ့၊ ရူပဆိုတာက ရုပ်၊ အ-ဆိုတာက မရှိတာ၊ ဒါကြောင့် အရူပ-ဆိုတာ ရုပ်မရှိတဲ့ ဘုံ-တဲ့။ အဲဒီဘုံတွေမှာ ရုပ် မရှိဘူး၊ နာမ်သက်သက်ပဲ ရှိတယ်၊ ဘုံ ၃၁-ထဲမှာ ရုပ်နာမ် ၂-ပါးလုံး အစုံရှိတဲ့ဘုံက ၂၆-ဘုံပဲ ရှိတယ်၊ ရုပ်သက်သက် သာရှိတဲ့ဘုံက ၁-ဘုံပဲရှိတယ်၊ နာမ်သက်သက် ဘုံက ၄-ဘုံဆိုတော့ ၃၁-ဘုံတဲ့။
ရုပ်သက်သက်ရှိတဲ့ဘုံကို အသညသတ်ဘုံလို့ ခေါ်တယ်၊ ရူပါဝစရ စတုတ္ထဈာန် တိုင်အောင် အားထုတ်ပြီးတော့ အဲဒီ စတုတ္ထဈာန်ရတဲ့ ပုဂ္ဂိုလ်နာမ်ကို ရွံမုန်း စက်ဆုပ်ပြီး ပွားများလို့ရှိရင် အဲဒီဘုံကို ရောက်တာပဲ၊ အဲဒီဘုံမှာ အဆင့်ကတော့ တစ်ဆင့်ဘဲ ရှိတယ်၊ ဒါပေမယ့် ၂-မျိုး ခွဲထားတယ်၊ ဝေဟပ္ဖိုလ်ဗြဟ္မာနဲ့ အသညသတ်ဗြဟ္မာတဲ့၊ အဆင့်ကတော့ အတူတူပါပဲ၊ ဥပမာ ရွာတစ်ရွာထဲမှာ လူအမျိုးမျိုး နေထိုင်သလိုပေါ့။
ဝေဟပ္ဖိုလ်ဘုံကတော့ အသညသတ်ဘုံလို ရုပ်တစ်မျိုးသာ ရှိတာမဟုတ်ဘူး၊ နာမ်ရော ရုပ်ရော အစုံ ရှိတယ်၊ မျက်စိလည်းရှိတယ်၊ နားလည်းရှိတယ်၊ စိတ်ကူးစဉ်းစား ကြံစည်မှုလည်း ရှိတယ်၊ ပြီးတော့ နှာခေါင်းပုံသဏ္ဌာန်လည်း ရှိတာပဲ၊ အနံ့တွေကို နံတဲ့ မွှေးတဲ့ ဃာနပသာဒရုပ်ကတော့ မရှိဘူး၊ နှာခေါင်းလောက်သာ ရှိတယ်၊ လျှာဆိုတာ လည်း ရှိတော့ရှိတာပဲ၊ ဒါပေမယ့် စကားပြောလို တဲ့အခါ ပြောနိုင်ရုံလောက်သာ ရှိတယ်၊ အရသာကိုခံစားတဲ့ ဇိဝှါပသာဒတော့ မရှိဘူး၊ ခန္ဓာ ကိုယ်ထည်ကြီးလည်း ရှိတာပဲ၊ ဒါပေမယ့် အတွေ့အထိ ထိနိုင်တဲ့ ကာယပသာဒရုပ် ကတော့လည်း မရှိဘူး၊ ဒါကြောင့် ရူပဗြဟ္မာတွေဟာ အနံ့ အဆိုးအကောင်း တွေကိုလည်း မခံစားကြဘူး၊ အရသာတွေကိုလည်း မစားကြဘူး၊ စားလိုတဲ့စိတ်လည်း မရှိကြဘူး။
တစ်ချို့က အဲဒီ အစာမစားရတာကို ဒုက္ခရောက်နေမှာပဲလို့ ထင်ကြတယ်၊ ဘယ်ဟုတ်ပါ့မလဲ၊ သူတို့မသိကြလို့ ဒီလို ထင်နေကြတာပဲ၊ မစားချင်လို့ စားစရာ မရှာဖွေရဘဲ အလိုလို ချမ်းသာနေကြတယ်၊ စားမှုသောက်မှုဒုက္ခတွေ ငြိမ်းအေးပြီး ချမ်းသာနေကြတယ်၊ စားရသောက်ရတာ ဆိုတာ မလွှဲသာလို့ မနေနိုင်လို့ စားသောက်နေကြရတာ၊ စားတတ် တာရှိပြီး မစားရရင် အဲဒီပုဂ္ဂိုလ်တွေမှာ စားမှု သောက်မှုအတွက် ဘယ်လောက် ဒုက္ခရောက်ကြရသလဲ၊ ဒါဟာ အင်မတန်ကြီးကျယ်တဲ့ ဒုက္ခကြီး တစ်ခုပဲ၊ စားတတ်တာ မရှိတဲ့သူမှာတော့ မစားရပေမယ့် ဒီစားရမှု သောက်ရမှု ဒုက္ခကြီးဟာ ငြိမ်းအေးပြီး အင်မတန် ချမ်းသာတဲ့ ချမ်းသာကြီးတစ်ခုပဲ။
တစ်ထပ်စားရတယ်ဆိုရင် တစ်ထပ် ဒုက္ခရောက်ရတယ်၊ နှစ်ထပ်စားရတယ်ဆိုရင် နှစ်ထပ် ဒုက္ခရောက်ရတယ်၊ အရသာကို ကြိုက်လို့ စားရတာကောင်းတယ် မြိန်တယ်ဆိုပြီး စားနေရပေမယ့်လို့ စားရဖို့ အားထုတ်ရတာတွေ ရှာဖွေရ အားထုတ်ရတာတွေ ချက်ပြုတ် လုပ်ကိုင် ဆောင်ရွက်ရတာတွေ စားနေရ သောက်နေရတာတွေ အဲဒါဟာ ဒုက္ခတွေချည်းပဲ၊ အဲဒီ ဒုက္ခတွေ မရှိဘူး၊ ကင်းငြိမ်းသွားတယ်ဆိုရင် အဲဒီဒုက္ခတွေအတွက် ချမ်းသာ သွားတယ်။
ဗြဟ္မာတွေမှာ အစာအာဟာရ စားသောက်မှုတွေ မရှိကြဘူး၊ မစားဘဲ နေနိုင်ကြတယ်၊ ဆာလည်း မဆာဘူး၊ စားချင်တဲ့စိတ် မရှိဘူး၊ ဒီတော့ သူတို့မှာ စားမှု သောက်မှု ဒုက္ခတွေ ငြိမ်းပြီး ချမ်းသာနေကြတယ်၊ အတွေ့အထိတွေနဲ့ ပတ်သက်ပြီးတော့ ခံစားခြင်း မရှိကြဘူး၊ ဒါကြောင့် လူတို့ လောကမှာလို ယောကျာ်း မိန်းမတို့ရဲ့ အတွေ့အထိတွေကို အလိုမရှိကြဘူး၊ တွေ့ထိ ခံစားလိုမှုတွေ ငြိမ်းအေးပြီး အင်မတန် ချမ်းသာနေကြတယ်။ သူတို့မှာ မျက်စိရှိတဲ့အတိုင်း မျက်စိကမြင်ရတယ်၊ နားရှိတဲ့အတိုင်း နားက ကြားရတယ်၊ မြင်ရ ကြားရတာက သူတို့မှာ အသုံးကျတယ်၊ ဘုရားတို့ သံဃာတို့ကို မြင်နိုင်တယ်၊ ကြည်ညိုနိုင်တယ်၊ ဒီလို မြင်ရတော့ ဒဿနာနုတ္တရိယ ကုသိုလ်တွေ ဖြစ်နိုင်တယ်၊ နားက တရားသံတွေကို ကြားနာနိုင်လို့ သဝနာယနုတ္တရိယ ကုသိုလ်တွေ ဖြစ်နိုင်တယ်၊ အဲဒီလို ကုသိုလ်တွေ ရနိုင်ခြင်းရဲ့ အကြောင်း ဖြစ်လို့ မျက်စိနဲ့ နားကတော့ မြင်နိုင် ကြားနိုင်ရတာတဲ့၊ ပြီးတော့ စဉ်းစား ကြံစည်မှုတွေလည်း ရှိကြတယ်တဲ့၊ အဲဒါဟာ ဝေဟပ္ဖိုလ်ဗြဟ္မာတွေပဲ။
အသညသတ် ဗြဟ္မာ
▬▬▬▬▬▬▬▬
အသညသတ် ဗြဟ္မာတွေကျတော့ သူတို့မှာ ရုပ်သက်သက်သာ ရှိကြတယ်၊ စိတ် မရှိကြဘူး၊ ဗြဟ္မာ ပုံသဏ္ဌာန်ချင်း ကတော့ အတူတူပါပဲ၊ မထူးခြားပါဘူး၊ စိတ်မရှိတာ ဖြစ်တော့ မလှုပ်မရှားဘဲ အရုပ်ကြီးတွေလို နေကြမှာပဲ၊ ဒီရုပ်တွေက ကံကြောင့်ဖြစ်တဲ့ ရုပ်တွေဆိုတော့ ဗြဟ္မာဘုံ သွားပြီးတော့ ဗြဟ္မာတို့ ပုံသဏ္ဌာန်အတိုင်း ဖြစ်နေကြရတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်၊ စိတ်မရှိတာဖြစ်လို့ သိတာကတော့ မရှိဘူး၊ ဘာမှမသိကြဘူး၊ သစ်သားတို့, အင်္ဂတေတို့, ပလတ်စတစ် တို့ကို ထုထားတဲ့ အရုပ်တွေလိုပေါ့၊ ဒီ သစ်သားရုပ် စသည်တို့ကတော့ ကံကြောင့်ဖြစ်တာ မဟုတ်ဘူး၊ ဥတုဇရုပ်တွေ၊ ဥတုကြောင့် ဖြစ်နေတဲ့ ရုပ်တွေကို လူတွေက ထုလုပ်ထားကြတာ ဖြစ်တယ်၊ အသညသတ် ဗြဟ္မာတွေကတော့ လူတွေလိုပဲ၊ ကံကြောင့်ဖြစ်တဲ့ ကမ္မဇရုပ်တွေ၊ ဒါပေမယ့် လူတွေလို မြင်လည်း မမြင်ကြဘူး၊ ကြားလည်း မကြားကြဘူး, စိတ်ကူး ကြံစည်မှုလည်း မရှိကြဘူး၊ စိတ်မှ မရှိကြပဲကိုး။
စတုတ္ထဈာန်ကို ရပြီးတဲ့အခါကျတော့ သူတို့က စိတ်ကို ရွံမုန်း စက်ဆုပ်ကြတယ်၊ စိတ်ရှိလို့သာ ဒုက္ခတွေကို ခံစားနေရတယ်၊ စိတ်မရှိရင် အေးတယ်, ချမ်းသာတယ်လို့ သူတို့က ဒီလို အယူ ရှိကြတာကိုး၊ အဲဒါ ဟုတ်သင့်သလောက်တော့ ဟုတ်ပါတယ်၊ စိတ်ရှိလို့သာ အကောင်းအဆိုး တွေကို ခံစားနေကြတာ၊ စိတ်မရှိဘူး ဆိုရင် တုံးတိုင် ကျောက်ခံ စသည်တို့လိုပင် ကောင်းတဲ့ဟာ, ဆိုးတဲ့ဟာ ဘာကိုမှ ခံစားနေစရာ မလိုဘူး၊ တုံးတိုင် ကျောက်ခဲတွေဆိုရင် လူတွေက ဓားနဲ့ ခုတ်လိုက်, တူနဲ့ထုလိုက်, ဒီလိုပြုလုပ်နေကြပေမယ့် ဘာမှ ခံစားမှုမရှိဘူး၊ ဒါဟာ စိတ်မရှိလို့ပဲ။
လူတွေမှာတော့ ဒီလိုမဟုတ်ကြဘူး၊ ရုပ်ရော စိတ်အသိရော ရှိနေကြတာဖြစ်လို့ အကောင်းအဆိုး ခံစားနေကြရတယ်၊ ဒါကြောင့် ဒီအကောင်း အဆိုးတွေအတွက် ဒုက္ခရောက် နေကြရတာပဲ၊ ဒီလို စိတ်ကူးကြံစည်ပြီး စိတ်ရော သညာရော ရွံမုန်းစက်ဆုပ်ပြီး ဈာန်ကို ပွားများတယ်၊ ဒီလို ပွားများပြီး လူအဖြစ်က သေလွန်သွားတဲ့အခါ နာမ်မရှိတဲ့ အသညသတ်ဘုံမှာ ရုပ်သက်သက်နဲ့ ဖြစ်တော့ တာပဲ၊ အဲ သွားဖြစ်တဲ့ အခါမှာလည်း ဒီလို လူ့ပြည်က သေတဲ့အတိုင်း သွားဖြစ်ကြရတယ်၊ ပက်လက်သေရင် ဟိုမှာ ပက်လက် သွားဖြစ်တယ်၊ ထိုင်လျက်သေရင် ဟိုမှာ ထိုင်လျက် သွားဖြစ် တယ်၊ ရပ်လျက်သေရင် ရပ်လျက်ပဲ သွားဖြစ်တယ်၊ ဒီတော့ အဲဒီ အသညသတ်ဘုံက အသညသတ် ဗြဟ္မာကြီးတွေဟာ ပုံစံအမျိုးမျိုး ဖြစ်နေကြမှာပေါ့၊ အဲဒါ စိတ်နဲ့ သညာမရှိတဲ့ အသညသတ်ဘုံတဲ့၊ အသညသတ် ဗြဟ္မာကြီးတွေပါပဲ။
ရုပ်ရောနာမ်ရော ရှိတဲ့ဘုံ
▬▬▬▬▬▬▬▬
ကျန်တဲ့ ရူပဗြဟ္မာတွေကတော့ ရုပ်, နာမ် အစုံရှိကြတယ်၊ ကာမဘုံ ဆိုတာလည်း ဒီအတိုင်းပါပဲ၊ ရုပ်ရော နာမ်ရော အစုံရှိကြတယ်၊ ကာမဘုံထဲက ကာမသုဂတိ ဘုံဆိုတာ ၇-ဘုံ ရှိတယ်၊ လူ့ဘုံနဲ့ နတ်ပြည် ခြောက်ထပ်ဆိုတဲ့ နတ်ဘုံတွေပေါ့၊ အဲဒါ ကာမသုဂတိ ၇-ဘုံ ခေါ်တယ်၊ နောက်ပြီးတော့ အပါယ်လေး ဘုံကိုပါ ပေါင်းလိုက်တော့ ကာမ ၁၁-ဘုံတဲ့၊ သူတို့တွေက ရုပ်, နာမ် အစုံရှိကြတယ်၊ လူတွေမှာရော, နတ်တွေမှာရော, တိရစ္ဆာန်တွေမှာရော ရုပ်တွေ, နာမ်တွေ အစုံရှိကြတာချည်းပဲ၊ မမြင်ရတဲ့ ပြိတ္တာတွေ, အသူရကာယ်တွေ အားလုံးမှာ ရုပ်, နာမ် ရှိကြတာချည်းပဲ။
အရူပဘုံနဲ့ အရူပဈာန်
▬▬▬▬▬▬▬▬
အခု အရူပဘုံ ဆိုတာကတော့ ရုပ်မရှိဘူး၊ စိတ်နာမ်သက်သက်သာ ရှိတယ်၊ အံ့ဩစရာပဲ၊ အခုကာလ သိပ္ပံပညာနဲ့တော့ စမ်းသပ်ရှာဖွေလို့ မရနိုင်ဘူးပေါ့၊ ဘာကြောင့်လဲဆိုတာ သိပ္ပံပညာဆိုတာ ရုပ်ဝတ္ထုရှိနေမှ စမ်းသပ်လို့ ဖြစ်နိုင်တာကိုး၊ အခု ရုပ်မရှိတဲ့ စိတ်တွေကို ဘယ်နည်းနဲ့မှ သိပ္ပံပညာနဲ့ စမ်းသပ်မရပါဘူး၊ စမ်းသပ်ဖို့ ဝေးလို့ ရှိမှန်းတောင်မှ မသိနိုင်ဘူး၊ အင်မတန် သိမ်မွေ့ပြီး ကံကြောင့် ထူးထူးခြားခြား ဖြစ်ရှိနေတာဆိုတော့ သိပ်အံ့ဩစရာ ကောင်းပါတယ်။
ဗုဒ္ဓတရားတော်မှာ အဲဒီလို နက်နဲသိမ်မွေ့တဲ့ တရားတွေ ရှိနေပါတယ်၊ ဒါက ဗုဒ္ဓလက်ထက်တော် မှာသာ ရှိနေတာ မဟုတ်ပါဘူး၊ သာသနာတော် အပြင်ဘက်က ရသေ့တွေလည်းပဲ ဒီ အရူပဈာန်တရားတွေ ကျင့်ကြံအားထုတ် နေတာ ရှိကြပါတယ်၊ ဒီဈာန်တွေထဲက အာကိဉ္စညာယတနဈာန်ကို ရသေ့တွေက သိပ်ပြီး သဘောကျ ကြတယ်၊ အာကိဉ္စည - ဘာမှ ကြောင့်ကြစရာမရှိဘူး ဆိုပြီးတော့ ဒီဈာန်ကို သူတို့က ရအောင် အားထုတ်ကြတယ်၊ အာဠာရ ရသေ့ကြီးဆိုရင် ဒီဈာန်ကို ရအောင် အားထုတ် ထားတာပဲ၊ ဥဒကရသေ့ ဆိုတာကတော့ နေဝသညာနာသညာယတန ဈာန်တိုင်အောင် ဈာန်တွေ အကုန်လုံး အားထုတ်ထားတယ်၊ အဲဒါ အရူပဘုံမှာဖြစ်ဖို့ရာ အကြောင်း တရားတွေတဲ့၊ အရူပဘုံမှာ အာကာသာနဉ္စာယတနဈာန် ဆိုတာ အစ ပထမအဆင့်ပဲ။
အရူပူပပတ္တိယာ - အရူပဘုံ၌ ဖြစ်ရန်အလို့ငှာ၊
မဂ္ဂံ - အကြောင်းဖြစ်သော ကုသိုလ်တရားကို၊
ဘာဝေတိ - ဖြစ်ပွားစေ၏ တဲ့။
အဲဒီ အရူပဈာန်ရဖို့ရာ ရူပဈာန်တွေ အားလုံးရအောင် ပွားများပြီး အခြေခံခဲ့ရတယ်။ ရူပဈာန် အားထုတ်ပုံ တွေကိုတော့ စောစောက ပြောခဲ့ပြီးပါပြီ၊ သမထကမ္မဋ္ဌာန်းဆိုတာ ထူးထူးခြားခြား မဟုတ်ပါဘူး၊ သမထ ကမ္မဋ္ဌာန်းက သမာဓိဖြစ်ဖို့ရာသာ အရေးကြီး ပါတယ်၊ ယူထားတဲ့အာရုံပေါ်မှာ စိတ်ကလေး တည်တံ့နေဖို့ရာကိုပဲ ပြုလုပ်နေရတယ်၊ စိတ်ကလေးကို ဒီလိုတည်နေလို့ရှိရင် နီဝရဏတွေ ကင်းရှင်းသွားတယ်တဲ့၊ ဒီတော့ လည်း စိတ်ကလေးဟာ အထူးတလည် သန်သန် စွမ်းစွမ်း ဖြစ်လာတယ်၊ အဲဒီလို သန်သန်စွမ်းစွမ်း ဖြစ်လာတဲ့စိတ်ကိုပဲ ဈာန်လို့ခေါ်ပါတယ်၊ သူ့အာရုံထဲမှာသာသူ စွဲစွဲမြဲမြဲဖြစ်ပြီး တည်နေတဲ့စိတ် တဲ့။
မှောင်ရိပ်ထဲကလူ
▬▬▬▬▬▬
အာနာပါန ကမ္မဋ္ဌာန်းနေရာမှာ အသိဉာဏ်တွေ ရှုပ်ရှုပ်ထွေးထွေးလေး ဖြစ်နေတတ်ကြ တာတွေ ရှိတယ်၊ ပရိကမ်တွေ ဘာတွေ သိပ်မများဘဲ လွယ်လွယ်ကူကူ အားထုတ်ရတာ ဖြစ်တော့ အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်သူတွေ တော်တော် များတယ်လို့ သိရတယ်၊ အာနာပါန ကမ္မဋ္ဌာန်းဆိုတာ ထွက်လေဝင်လေကို ရှုရတာပဲ၊ မြတ်စွာဘုရား ဟောကြားတာကလည်း ထွက်လေ ဝင်လေကိုရှုဖို့ ဟောကြားတော် မူတာပါပဲ၊ ဒါပေမယ့် မကြာမီကလေးကမှ ထိသိကို ရှုမယ်ဆိုပြီး ဝိပဿနာရှုပုံ ပေါ်လာပါတယ်၊ ဒီအတိုင်းလည်း ရှုတတ်လို့ရှိရင် ဝိပဿနာ ဖြစ်နိုင်စရာ အကြောင်းတော့ ရှိပါတယ်၊ ဒါပေမယ့် မြတ်စွာဘုရား မူလ ဟောတော်မူရင်း ကတော့ လေကို ရှုဖို့ပါပဲ၊ ထိသိကိုရှုဖို့ မဟုတ်ပါဘူး။
တစ်ချိန်က ဘုန်းကြီး စစ်တွေကိုသွား တရားဟောတယ်၊ အဲဒီမှာ လူတစ်ယောက်က သူ သဘောကျတဲ့ အချက်တွေကို စာနဲ့ရေးပြီး လျှောက်တယ်၊ သူလျှောက်တာတွေက အကုန်လုံး အမှားချည်းပါပဲ၊ သူကတော့ သူ့ဟာသူ မှန်တယ်လို့ထင်ပြီး ဘုန်းကြီးကိုပဲ မှားတဲ့အနေနဲ့ သူက စောဒကတွေ တက်ပြီး သူ့စာမှာ ရေးလိုက်သေးတယ်၊ ဒါပေမယ့် သူ့နာမည်နဲ့ သူ့လိပ်စာကိုတော့ ထည့်ပြီးမရေးဘူး၊ ဒီတော့ အမှန်ရောက်အောင် ပြန်ပြီးဖြေရှင်းခွင့်မရဘဲ ဖြစ်သွားတယ်၊ ခက်တာပဲ၊ သူ့လိပ်စာ အပြည့်စုံပါရင်လည်း ဖြေရှင်းပေးရလေရဲ့၊ သူ့နာမည်နဲ့ လိပ်စာကို မဖော်ပြဝံ့ဘဲ မှောင်ရိပ်ထဲကနေ ရေးတာ ဖြစ်တော့ အမှန်အကန် သိသွားအောင် ဖြေရှင်းခွင့် မရတော့ဘူးပေါ့၊ မှောင်ရိပ်ထဲ ကနေပြီး ဆန့်ကျင်တဲ့ သဘောဖြစ်နေတယ်၊ သူ့စာထဲမှာက “ကိုယ်တော်ကြီး တစ်ပါးကတော့တဲ့၊ ထိသိကိုရှုဖို့ ပြောတယ်တဲ့၊ ထိသိရှုတာကမှ သဘာဝကျတယ်၊ အရှင်ဘုရားက လေရုပ်ကို ရှုဖို့ရာ ပြောတယ်၊ အရှင်ဘုရား ပြောတာ မှားတယ်တဲ့၊ အင်း အတော်ခက်တဲ့ လူပါပဲ၊ ဘုန်းကြီးက ဘုရား ဟောတော်မူတဲ့အတိုင်း ဟောနေ တာပဲ၊ ဘုရားကိုတောင် မှားတယ် ဆိုရင် တော့ ဖြေရှင်းဖို့ မတတ်နိုင်တော့ပါဘူး။”
အာနာပါန ထွက်လေ, ဝင်လေဆိုတာက ဈာန်ရအောင်လို့ ရှုတာ၊ ဈာန်ရပြီးတော့မှ ဝိပဿနာရှုပုံကို ပါဠိ အဋ္ဌကထာတွေက ပြထားတယ်၊ ရှေးဦးစွာ ဈာန်ရအောင် ဝင်တိုင်း ထွက်တိုင်း ဝင်လေထွက်လေကို နှာသီးဖျားကနေပြီး ရှုရတယ်၊ တစ်ချို့ နှာခေါင်းတိုတဲ့ ပုဂ္ဂိုလ်ရှိတယ်၊ တစ်ချို့ နှာခေါင်းရှည်တဲ့ ပုဂ္ဂိုလ်ရှိတယ်၊ နှာခေါင်းရှည်တဲ့ ပုဂ္ဂိုလ်တွေကျတော့ နှာသီးဖျားမှာ ရှုရတယ်တဲ့၊ နှာခေါင်းတိုတဲ့ ပုဂ္ဂိုလ်တွေကျတော့ အထက်နှုတ်ခမ်းမှာ လေလာပြီး တိုက်တယ်၊ ထိတယ် အဲဒါကို ရှုရတယ်တဲ့။
ပါဠိ အဋ္ဌကထာ ဋီကာတွေကို မကြိုက်လို့လား
▬▬▬▬▬
ပါဠိတွေနဲ့ တခမ်းတနား ဟောနေတဲ့ ပုဂ္ဂိုလ်တစ်ဦးကတော့ မုခနိမိတ္တပါးစပ်ကနေပြီး ရှုတယ်လို့ ရေးသားထား ပြန်သေးတယ်၊ အဋ္ဌကထာ, ဋီကာတွေကို မကြိုက်လို့ဘဲ ဒီလိုရေးတာလားတော့ မသိပါဘူး၊ သူကတော့ မုခနိမိတ္တ သဘောကို မသိလို့ ဟုတ်ပုံ မရပါဘူး၊ အဋ္ဌကထာ, ဋီကာတွေ မှာက မုခနိမိတ္တ ဆိုတာကို အထက်နှုတ်ခမ်းလို့ ရေးတယ်။
ပါးစပ်ဆိုရင် တရားအားထုတ်တဲ့ ပုဂ္ဂိုလ်မှာ ဈာန်ရဖို့ မလွယ်ပါဘူး၊ သမာဓိ အင်မတန်ကောင်းတဲ့ ပုဂ္ဂိုလ်များမှာသာ ဈာန်တရား ဆိုတာ ရနိုင်တာပဲ၊ အင်မတန် မှလည်း ပြင်းပြင်းထန်ထန် အားထုတ်ရပါတယ်၊ လွယ်လင့်တကူလေးနဲ့ မဖြစ်ပါဘူး၊ နှာသီးဖျား အထက်နှုတ်ခမ်းတွင် လေလာပြီး တိုက်ခိုက်ရာမှာ ရှုရတယ်၊ ဝင်လေ, ထွက်လေကိုရှုလို့ သမာဓိ ကောင်းလာတဲ့ အခါမှာ ရှုရတယ်၊ ဝင်လေ, ထွက်လေက အရောင်အလင်းတွေ ဝင်လိုက်, ထွက်လိုက် ဖြစ်လာတယ်၊ အဲဒီ အရောင်အလင်းနဲ့ တကွသော လေကို အာရုံပြုပြီးတော့ တည်ကြည်တဲ့ စိတ်ရောက်နေပြီဆိုရင် အဲဒီစိတ်ကို ဈာန်စိတ်, ဈာန်ရပြီလို့ ဆိုရတယ်၊ အဲဒါဟာ အာနာပါနဈာန်တဲ့၊ ပဌမဈာန်လည်း ရှိတယ်၊ ဒုတိယဈာန်လည်းရှိတယ်၊ တတိယဈာန်လည်းရှိတယ်၊ စတုတ္ထဈာန်လည်း ရှိတယ်၊ အဲဒီ စတုတ္ထဈာန်အထိ ရပြီးတဲ့အခါမှာ အရူပဈာန်ကို ရအောင် အားထုတ်ရတယ်။
အားထုတ်တော့ ဘယ်လို အားထုတ်ရသလဲ ဆိုရင် ကသိုဏ်း ၈-ပါး၊ ပြောခဲ့ပြီးတဲ့ ပထဝီ, အာပေါ, တေဇော, ဝါယောဆိုတဲ့ ဓာတ်ကြီး ၄-ပါး ကသိုဏ်းရယ်၊ ပြီးတော့ နီလ, ပီတ, လောဟိတ, ဩဒါတဆိုတဲ့ အညို, အဝါ, အနီ, အဖြူ, အဆင်း, ကသိုဏ်း ၄-ခုရယ်၊ အဲဒီ (၈) ခုသော ကသိုဏ်းတွေကို နှလုံးသွင်းရတယ်၊ အာရုံပြု ပွားများရမယ်တဲ့၊ ပဌမက ပွားများထားပြီးသား ဆိုတော့ ကသိုဏ်းတွေက ထင်လွယ် ပါတယ်၊ အစမှာ တစ်ထွာ တစ်မိုက်လောက်ကနေပြီး နောက်တော့ ကျယ်ကျယ်ပြန့်ပြန့် လည်း ထင်နိုင်တာပဲ၊ ကိုယ်အလိုရှိသလောက် ကျယ်ကျယ် ပြန့်ပြန့် ပြုလုပ်ပွားများ ရင်လည်း ရပါတယ်၊ မျက်စိတစ်ဆုံး အရပ်တိုင်အောင် ပွားများလို့လည်း ရတာပါပဲ၊ အဲဒီ နိမိတ်ကိုပွားပြီး နိမိတ်ထဲမှာမှ အာကာသ ဟင်းလင်းပြင်ပဲလို့ ဒီလိုရှုရမယ်။
ဘာပြုလို့ ဒီလို ရှုသလဲ ဆိုရင် သူက ရုပ်ကို ရွံမုန်း စက်ဆုပ်ပြီး ရုပ်မရှိတာကို ကြိုက်လို့ပဲ၊ ရုပ်လို့ ရှုတဲ့ဈာန်ကို သူက အလိုမရှိတော့ဘူး၊ ဒါကြောင့် ရုပ်မရှိတဲ့ အာရုံကို အာရုံပြုနိုင်အောင်ကြိုးစားတာ ဖြစ်တယ်၊ ပထဝီစတဲ့ ကသိုဏ်း (၈) ပါးနဲ့အခု အာကာသ ကသိုဏ်းကို ပေါင်းရင် (၉) ပါး၊ အဲဒီ ကသိုဏ်း(၈) ပါး၊ (၉) ပါးကို ပွားများ နှလုံးသွင်းလိုက်တဲ့အခါ ဘယ်လိုပဲကြည့်ကြည့် ဒီကသိုဏ်း ရုပ်တွေက ရှိနေတာပဲ၊ ပထဝီကသိုဏ်းကို နှလုံးသွင်းနေရင် ဒီပထဝီမြေကြီးတွေဟာ ဘေးကြည့် ရင်လည်း ဘေးမှာ၊ ငုံ့ကြည့်ရင်လည်း အောက်မှာ၊ မော်ကြည့်ရင်လည်း အထက်မှာ နိမိတ်အဖြစ်နဲ့ ထင်နေတာပဲ၊ အဲဒါ ပဋိဘာဂနိမိတ်လို့ ခေါ်တယ်၊ မြေနဲ့ အလားတူဖြစ်ပြီး ထင်နေတဲ့ နိမိတ်တဲ့၊ အမှန် ရှိတာကတော့ မဟုတ်ပါဘူး၊ သူနှလုံးသွင်းထားတဲ့ သညာကြောင့်သာ ထင်နေတာပဲ။
အာပေါ ကသိုဏ်းဆိုရင်လည်း ရေတွေ, တေဇောကသိုဏ်း ဆိုရင်လည်း မီးတွေ, ဝါယောကသိုဏ်း ဆိုရင်လည်း လေတွေ, နီလ, ပီတ, လောဟိတ, ဩဒါတတွေ ဆိုရင်လည်း ဆိုင်ရာအရောင်တွေ ဘယ်မှာကြည့်ကြည့် ထင်နေတာပဲ၊ ဒီလို ထင်နေရာမှာ တကယ်စင်စစ်တော့ ပထဝီဆိုတဲ့ မြေ စသည်တွေဟာ ရှိနေတာ မဟုတ်ဘူး၊ ဘာဝနာအဟုန်ကြောင့်ဖြစ်တဲ့ သညာ၊ အဲဒီသညာ၏ အစွမ်းကြောင့် ထင်နေတာပဲ၊ နှလုံးသွင်း များတဲ့အခါမှာ “အာကာသော, အာကာသော - ကောင်းကင်, ကောင်းကင် - ဟင်းလင်းပြင်, ဟင်းလင်းပြင် လို့” ဒီလို နှလုံးသွင်း ရတယ်၊ ဒီလို နှလုံးသွင်းတော့ အရင်က မြေကြီးအသွင် စသည်ဖြင့် ထင်နေတဲ့ ကသိုဏ်းရုပ်တွေဟာ ဟိုနားက အပေါက်အကြား ဒီနားက အပေါက်အကြား ဒီလို အပေါက်အကြားလေးတွေ ဖြစ်ဖြစ်လာတယ်၊ ဒီလို ဖြစ်လာရာက နောက်တော့ အပေါက်အကြားတွေ အားလုံး ပျောက်ပြီး ပထဝီ မြေအသွင် စသည်တွေက မရှိတော့ဘူး၊ အပေါက်ကသိုဏ်း စသည်တွေလည်း မရှိတော့ဘူး၊ အဆုံးမရှိတဲ့ ဟင်းလင်းပြင်ကြီးပဲ ဖြစ်သွားတော့တယ်။
အဲဒီအခါမှာ “အနန္တော အာကာသော, အနန္တော အာကာသော - အဆုံးမရှိတဲ့ ဟင်းလင်းပြင် ကောင်းကင်, အဆုံးမရှိတဲ့ ဟင်းလင်းပြင်ကောင်းကင်” လို့ နှလုံးသွင်းပြီးတော့မှ အာကာသာ နဉ္စာယတနဈာန် ရတာကိုး၊ အဲဒါဟာ ပထမဆုံး အရူပါဝစရ အာကာသာ နဉ္စာယတနဈာန်ပဲ၊ အဲဒီဈာန်ကို မြတ်စွာဘုရားက ရှေးဦးစွာ ဟောတော်မူပါတယ်။
ရူပသညာ စသည် ဖြစ်လာတယ်
▬▬▬▬▬▬
“အရူပူပပတ္တိယာ - အရူပဘုံ၌ဖြစ်ရန်အလို့ငှာ၊
မဂ္ဂံ - အကြောင်းဖြစ်သော ကုသိုလ်ကို၊
ဘာဝေတိ - ဖြစ်စေ၏” တဲ့၊
ဖြစ်ဆိုတာ ဘယ်လိုဖြစ်တုန်း ဆိုတော့ ..
“ရူပသညာနံ - ရုပ်အမှတ်သညာတို့၏၊
ဝါ - ရုပ်အမှတ်သညာ တို့ကို၊
သမတိက္ကမာယ - လွန်မြောက်ခြင်းကြောင့် လည်းကောင်း”
ရုပ်အမှတ်သညာတွေ အကုန်လုံး လွန်မြောက်သွားတယ်တဲ့၊ အစက ရုပ်အမှတ် သညာတွေ ရှိတယ်၊ ပထဝီ-မြေ၊ အာပေါ-ရေ စသည်ဖြင့် ရုပ်သွင်သဏ္ဌာန် ပဋိဘာဂ နိမိတ်တွေရှိတယ်၊ အဲဒါတွေဟာ ရုပ်အစစ် မဟုတ်ဘူး၊ ဒါပေမယ့်လို့ ရုပ်အသွင် သဏ္ဌာန် အနေနဲ့ တွေ့နေရလို့ ရုပ်အမှတ် သညာတွေလို့ ပြောရတယ်၊ အဲဒါတွေကို အကုန်လုံး လွန်သွားပြီ မရှိတော့ဘူးတဲ့၊ ကသိုဏ်းရုပ်တွေ မရှိတော့ဘူး၊ အဲဒါကြောင့်
“ရူပသညာနံ - ရုပ်အမှတ်သညာတို့၏၊
ဝါ - ရုပ်အမှတ်သညာတို့ကို၊
သမတိက္ကမာယ - လွန်မြောက်ခြင်းကြောင့် လည်းကောင်း၊
ပဋိဃသညာနံ - ထိပါး၍ဖြစ်သော ရုပ်အမှတ်သညာတို့၏၊
အတ္ထင်္ဂမာယ - ချုပ်ခြင်း မဖြစ်ခြင်းကြောင့် လည်းကောင်း၊
“အဲဒီမှာ ထိပါးပြီးတော့ဖြစ်တဲ့ အမှတ်သညာတွေ ဆိုတာ အာရုံနဲ့ ဒွါရထိခိုက်ပြီးတော့ ဖြစ်လာတဲ့ အမှတ်သညာတွေပါပဲ၊ မျက်စိမရှိရင် မမြင်နိုင်ဘူး၊ မျက်စိနဲ့အဆင်းဆုံမိတဲ့ အခါမှာသာ မြင်မှု ဖြစ်နိုင်တယ်၊ မျက်စိနဲ့အဆင်း ထိခိုက်တာကို ပဋိဃလို့ဆိုတယ်၊ အဲဒီ ပဋိဃ ထိပါး တိုက်ခိုက်မှုကြောင့် မြင်ရတဲ့အဆင်းမှာ မှတ်သားမှုသညာ ဖြစ်လာတယ်၊ အဲဒါကို ရူပသညာတဲ့၊ ဒီလိုဆိုတယ်။
ထို့အတူ နားနဲ့အသံ ထိလို့ကြားပြီးတော့ အသံကို မှတ်သားတဲ့ သဒ္ဒသညာ ဖြစ်လာတယ်၊ နှာခေါင်းနဲ့ အနံ့ ထိခိုက်လို့ အနံ့ကို မှတ်သားထားတဲ့ ဂန္ဓသညာ ဖြစ်လာတယ်၊ ထမင်းစားတဲ့အခါတို့, မုန့်ပဲသရေစာ စားတဲ့အခါတို့မှာ လျှာပေါ်ကို အရသာရောက်လာရင် ချိုတယ်, ချဉ်တယ်, ခါးတယ်, ငန်တယ်, စပ်တယ်, ဖန်တယ်ဆိုတဲ့ အရသာတွေကို မှတ်သားတဲ့ ရသသညာတွေ ဖြစ်လာတယ်၊ ပြီးတော့ ကိုယ်နဲ့ အတွေ့အထိတို့ ထိခိုက်လို့ အတွေ့အထိကို မှတ်သားတဲ့ ဖောဋ္ဌဗ္ဗသညာတွေ ဖြစ်လာတယ်၊ ဒါကတော့ တစ်ကိုယ်လုံးမှာ အများကြီးပါပဲ၊ ကာယပသာဒတွေ မှန်သမျှ အတွေ့အထိတွေ ဖြစ်နိုင်တာချည်းပဲ၊ အသား, အသွေးကောင်းလို့ ကာယ ပသာဒ ရှိတဲ့ နေရာတိုင်းမှာပဲ ဆိုပါတော့၊ အဲဒီလို နေရာတိုင်းမှာ အပ်ဖျားကလေး တစ်နေရာလောက်ပဲဖြစ်ဖြစ် အတွေ့အထိ ဖြစ်နိုင်ပါတယ်၊ အဲဒါတွေ ထိစရာနဲ့ ကိုယ်နဲ့ ထိခိုက်ပြီဆိုရင် ထိသိမှုသညာတွေ ဖြစ်တယ်တဲ့၊ ပါဠိလိုဆိုရင်တော့ ဖောဋ္ဌဗ္ဗသညာ တဲ့၊ အတွေ့သဘောပါပဲ။
အဲဒီ ၅-ပါးဟာ ပဋိဃသညာတွေ တဲ့၊ အာရုံနဲ့ ခွါရ ထိခိုက်ပြီးတော့မှ ဖြစ်လာတာ၊ မထိခိုက်ဘဲနဲ့တော့ မဖြစ်ဘူး၊ သက်သက် စိတ်ကူးရုံနဲ့တော့ မဖြစ်ဘူး၊ စိတ်ကူးရုံနဲ့ အဆင်းတွေ, အသံတွေကို မြင်ရ, ကြားရတာ စသည်ဖြင့် ဆိုနေကြ ပေမယ်လို့ အဲဒါဟာ စိတ်ကူးနဲ့ မြင်ရတာ, ကြားရတာ စသည်မျှပဲ၊ ပကတိမျက်စိနဲ့ မြင်ရတာ, ပကတိနားနဲ့ ကြားရတာ မဟုတ်ပါဘူး၊ အခု ဒီမှာ သညာ ၅-ပါး ဆိုတာကတော့ မျက်စိနဲ့အဆင်း ထိခိုက်ပြီးတော့မှ ဖြစ်တာ၊ နားနဲ့အသံ, နှာခေါင်းနဲ့ အနံ့, လျှာနဲ့ အရသာ, ကိုယ်နဲ့ တွေ့ထိစရာ အသီးအသီး တိုက်ခိုက်ပြီးတော့မှ ဖြစ်တာပဲ၊ အဲဒီသညာတွေ မရှိတော့ဘူးတဲ့၊ ဒါတွေကတော့ ရူပဈာန်မှာကတည်းက မရှိကြ တာပါပဲ၊ ဒါပေမယ့်လို့ ဒီအရူပဈာန်မှာ အထူး ဝိသေသနအနေနဲ့ ပြထားတယ်၊ ရုပ်နဲ့ သက်ဆိုင်တာတွေကို ပယ်ဖို့အတွက်ကြောင့်မို့ ပဋိဃသညာတွေ မရှိတော့ဘူးတဲ့၊ ဒီနေရာမှာ ဒီလို အထူး ပြဆိုထားပါတယ်။
အင်မတန် သိမ်မွေ့တယ်
▬▬▬▬▬
“နာနတ္တသညာနံ - အထူးထူးသော သဘောရှိသော သညာတို့၏၊
ဝါ - အထူးထူးသော သဘောရှိသော သညာတို့ကို၊
ဝါ - အမျိုးမျိုးသော သညာတို့ကို၊
အမနသိကာရာ - နှလုံးမသွင်းခြင်းကြောင့် လည်းကောင်း၊”
အမျိုးမျိုးသော သညာတွေတဲ့။ အခုပြောခဲ့တဲ့ ရုပ်အမှတ်သညာ, ကသိုဏ်းနဲ့ စပ်ပြီးဖြစ်တဲ့ သညာတွေ မှတစ်ပါး၊ ပြီးတော့ မျက်စိနဲ့အဆင်း တိုက်ခိုက်ဖြစ်ပေါ် လာတဲ့ သညာစသည် မှတစ်ပါး အခြား သညာတွေဆိုတာ ရှိသေးတယ်တဲ့၊ စိတ်ကူး စဉ်းစားပြီးတဲ့ သညာ အမျိုးမျိုးတွေပေါ့၊ အဲဒီလိုသညာတွေ အများကြီး ရှိသေးတယ်၊ ဒါတွေဟာ အင်မတန် နက်နဲခက်ခဲတယ်၊ အခုတော့ စာလာ, ပေလာ ဒီလောက်သာ ပြောဦးမှဖြစ်မယ်။
စိတ်ကူးစဉ်းစား ကြံစည်ပြီးဖြစ်ပေါ်လာတဲ့ သညာတွေအားလုံး နာနတ္တသညာတွေတဲ့၊ အဲဒီသညာတွေ မရှိကြတော့ဘူး၊ အဲဒီ သညာတွေ အားလုံး ကုန်နေပြီတဲ့၊ အင်မတန် နက်နဲခက်ခဲပါတယ်၊ ဒါတွေကိုတော့ စာပေသင်ကြား ထားကြတဲ့ ပုဂ္ဂိုလ်တွေမှာပဲ နားလည်လွယ်တဲ့ သဘောအနက် အဓိပ္ပာယ်သညာတွေ ဖြစ်နေလို့ တော်ရုံတန်ရုံ ဟောပြောရုံနဲ့ နားလည်နိုင်မယ် မဟုတ်ဘူး။
ရူပဈာန်တုန်းကတော့ ပထဝီ, ပထဝီ မြေမြေနဲ့ နှလုံးသွင်းလိုက်လို့ရှိရင် ကသိုဏ်းဝန်း တွေကို အာရုံပြုပြီးတော့ ဖြစ်တာပဲ၊ အဲဒါတွေကိုတော့ ပြောလို့ပြုလို့လွယ်တယ်၊ အခုဟာ အခက်ကြီးပဲ၊ အဲဒီကသိုဏ်းဈာန် ကသိုဏ်းအာရုံ တွေကိုလည်း အာရုံပြုတာ မဟုတ်ဘူး၊ အဲဒါတွေမရှိဘူး၊ အကုန်လုံးကုန်နေပြီတဲ့ ဘာရှိတော့တုန်း ဆိုတော့ “အနန္တော အာကာသော” အဆုံးမရှိတဲ့ ဟင်းလင်းပြင် ကောင်းကင်ထဲမှာ စိတ်ရောက်ပြီးတော့ အဲဒီ စိတ်တစ်ခုထဲပဲ ရှိတော့တာပဲတဲ့၊ အဲဒါကို …
“အာကာသာနဉ္စာယတန သဟဂတံ - အာကာသနဉ္စာယတန သညာနှင့်တကွ ဖြစ်သော၊
စတုတ္ထံဈာနံ - စတုတ္ထဈာန်ကို၊
ဥပသမ္ပဇ္ဇ - ကပ်၍၊
ဝိဟရတိ - နေ၏ တဲ့။”
အဆုံး အပိုင်းအခြားမရှိတဲ့ ကောင်းကင်ထဲမှာ ရောက်ပြီးတော့ တည်နေတယ်တဲ့။
အခု ဒီမှာ ယောဂီတွေဆိုရင်လည်း သင်္ခါရုပေက္ခာဉာဏ် အရောက်မှာ ဒါနဲ့ခပ်တူတူ ဖြစ်တတ်ပါ တယ်။ အဲဒီမှာ ဟင်းလင်းပြင်ထဲ ရောက်ပြီး အစအဆုံးမရှိဘဲ မြင်စရာ ကြားစရာတွေလည်း မရှိဘူး၊ အထည်ဒြပ် ဝတ္ထုတွေလည်း မရှိဘူး။ ဟင်းလင်းပြင် ကောင်းကင်ထဲမှာ ကြည်လင်တဲ့ စိတ်ကလေးတစ်ခုတည်း တစ်ခါ တစ်ခါ ရောက်နေ တတ်ကြပါတယ်။ တစ်ချို့ ယောဂီတွေက ပြောတာနဲ့ ခပ်ဆင်ဆင်တူနေတာကို တွေ့ရပါတယ်။ “ဟင်းလင်းပြင် ကောင်းကင်ထဲမှာ ရောက်နေတယ်၊ အစအဆုံးမရှိတဲ့ ကောင်းကင်ထဲမှာ စိတ်ကလေးရောက် နေတယ်” တဲ့။ အဲဒီလို ပြောတတ်ကြပါတယ်။ အဲဒီလို ဖြစ်တော့လည်းပဲ စိတ်ကလေးကတော့ ရှိသေးတယ်။
“သုခဿစ ပဟာနာ - သုခကို ပယ်ခြင်းကြောင့် သုခကင်းခြင်းကြောင့် လည်းကောင်း၊
ဒုက္ခဿစ ပဟာနာ - ဒုက္ခကို ပယ်ခြင်းကြောင့် ဒုက္ခကင်းခြင်းကြောင့် လည်းကောင်း”
သုခ, ဒုက္ခတွေ မရှိဘူးတဲ့၊ ပကတိ ပုဂ္ဂိုလ်တွေဆိုရင် ကိုယ်နဲ့ အတွေ့အထိ ကောင်းတဲ့အခါကျတော့ သုခဖြစ်ကြတယ်။ အတွေ့အထိ မကောင်းတဲ့ အခါကျတော့ ဒုက္ခဖြစ်ကြတယ်။ နာမှု, ကျင်မှု, ကိုက်ခဲမှုတွေလည်း ဖြစ်ကြတယ်။ ဒီဈာန်ရောက်တဲ့ အခါမှာ ဒါမျိုးတွေလည်း မရှိဘူးတဲ့။ ဒါတွေ အကုန်ငြိမ်းနေတယ်တဲ့။ အကောင်း လည်း မရှိတော့ဘူး၊ အဆိုးလည်း မရှိတော့ဘူး၊ ကိုယ်နဲ့ အတွေ့အထိတွေမှန်သမျှ အကုန်လုံးငြိမ်းနေတယ်လို့ ဆိုပါတယ်၊ ဒါလည်းပဲ ရူပဈာန်မှာ ကတည်းက ငြိမ်းနေတာပါပဲ၊ ဒါပေမယ့်လို့ ဒီဈာန်ဖြစ်ပုံကို အထူးပြုပြီးတော့ ချီးမွမ်းထားပါတယ်၊ ဒီဈာန်က ရုပ်ကို စက်ဆုပ်ပြီး ပွားများတဲ့ ဈာန်ဖြစ်တာမို့ ဒီဈာန်ရဲ့ဂုဏ်ကို အထူး ဖော်ပြထားတာ ဖြစ်ပါတယ်။
ရွှင်လန်းဝမ်းသာမှုတွေလည်း ငြိမ်းသွားတယ်
▬▬▬▬▬▬▬▬▬▬
“ပုဗ္ဗေဝ - ရှေးအဖို့ကပင်လျှင်၊
သောမနဿ ဒေါမနဿနံ - စိတ်ရွှင်လန်းခြင်း, စိတ်နှလုံး မသာယာခြင်းတို့၏၊
အတ္ထင်္ဂမာ - ချုပ်ငြိမ်းခြင်းကြောင့်”
သောမနဿ စိတ်ရွှင်လန်းမှု, ဒေါမနဿ စိတ်နှလုံး မသာယာမှု ဆိုတာတွေဟာ စောစော ကတည်းက ကင်းခဲ့ပြီတဲ့၊ အခုဈာန်ကိုရောက်ခါမှ ကင်းတာရယ်တော့ မဟုတ်ပါဘူး၊ ဒီဈာန် မရောက်ခင် ဥပစာရသမာဓိမှာ ဖြစ်လာတဲ့ သမာဓိပါပဲ၊ အဲဒီသမာဓိ ဖြစ်လာပြီ ဆိုကတည်းက စိတ်ရွှင်လန်း ဝမ်းသာမှုဆိုတာလည်း မရှိဘူး၊ စိတ်ပင်ပန်းပြီး နှလုံးမသာယာမှုဆိုတာလည်း မရှိတော့ဘူးတဲ့။
စိတ်ပန်ပန်းမှု ဆိုတာကတော့ စောစောပိုင်းမှာကတည်းက ကင်းခဲ့ပါတယ်၊ စိတ်ရွှင်လန်း ဝမ်းသာမှုကတော့ ဒီဈာန်ကျကာမှ စပြီးတော့ ကင်းသွားပါတယ်၊ ပဌမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန် တို့မှာတုန်းက စိတ်ရွှင်လန်းမှု မကင်းသေးပါဘူး၊ စိတ်ရွှင်လန်းမှုနဲ့ပဲ ဆက်ပြီးတော့ ဈာန်ရတယ်၊ ဈာန်ရတော့ အဲဒီ ဈာန်ထဲမှာ သုခတွေပါနေတယ်၊ အဲဒါ စိတ်ရွှင်လန်းမှုတွေပါပဲ၊ အခု အရူပဈာန်မှာတော့ စိတ်ရွှင်လန်း ဝမ်းသာမှုလည်း မရှိဘူး၊ စောစောကတည်းက ကင်းခဲ့ပြီတဲ့၊ ဒီဈာန်ကို ရောက်တော့ ပြောစရာ မရှိတော့ဘူးပေါ့၊ ဈာန်မရခင် အနည်းဆုံး သုံးလေးကြိမ် လောက် ကတည်းက ကင်းခဲ့တယ်။ ကျမ်းဂန်ထဲမှာ အသေအချာ ဆိုထားပါတယ်၊ သုံးလေးကြိမ် အနည်းဆုံးတဲ့၊ အများဆုံးဆိုရင်တော့ တစ်ဆယ်၊ နှစ်ဆယ်၊ သုံးဆယ် ရှိနိုင်တာပေါ့၊ အဲဒီလောက် ကတည်းက ကင်းခဲ့တာတဲ့၊ ဒီဈာန်စိတ် ဖြစ်တဲ့အခါမှာ သောမနဿဆိုတဲ့ စိတ်ရွှင်လန်းမှု၊ ဒေါမနဿဆိုတဲ့ နှလုံးမသာမှုတွေ မရှိတော့ဘူးတဲ့၊ ဒါကြောင့် -
“အဒုက္ခမသုခံ၊ ဆင်းရဲချမ်းသာ မရှိသော ဆင်းရဲ ချမ်းသာ ကင်းသောဈာန်တဲ့၊ ပကတိချမ်းသာတွေ ပကတိဆင်းရဲတွေ ကင်းတယ်တဲ့၊ ဒါပေမယ့် တရားသဘော အနေနဲ့ကတော့ ဒီဆင်းရဲချမ်းသာတွေ ငြိမ်းနေတာဟာ ချမ်းသာနေတာပါပဲ၊ ငြိမ်းပြီး ချမ်းသာတဲ့ ချမ်းသာမျိုးပေါ့။
တကယ်ဖြစ်တဲ့ တရားတွေ
▬▬▬▬▬
“ဥပေက္ခာသဟဂတံ - ဥပေက္ခာနှင့်တကွဖြစ်သော”တဲ့၊ ဥပေက္ခာဆိုတာဟာ လျစ်လျူရှုတာပါပဲ၊ ကောင်းတယ်လို့လည်း မဆိုရဘူး၊ မကောင်းဘူးလို့လည်း မဆိုရဘူး၊ အလယ်အလတ်တဲ့၊ အညီအမျှရှုတယ် လို့လည်း ဆိုရတယ် ဆင်းရဲလို့လည်း မရှုဘူး၊ ချမ်းသာလို့လည်း မရှုဘူး၊ ဆင်းရဲ ချမ်းသာ နှစ်မျိုးတို့ အလယ်မှာ အညီအမျှ နှလုံးသွင်းပြီး ရှုနိုင်တယ်တဲ့၊ အဲဒီ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော စတုတ္ထံဈာနံ - စတုတ္ထဈာန်သို့၊ ဥပသမ္ပဇ္ဇ - ကပ်ရောက်၍၊ ဝိဟရတိ - နေ၏” တဲ့၊ အဲဒီ စတုတ္ထဈာန်ဟာ အင်မတန် ကြည်ညိုစရာ ကောင်းပါတယ်၊ အင်မတန်မှလည်း နက်နဲတဲ့ တရားတော်တွေပါပဲ၊ သေသေချာချာ ကောင်းကောင်းမွန်မွန် လေ့လာကြည့် မယ်ဆိုရင် ဟောတော်မူတဲ့အတိုင်း ဖြစ်နိုင်တယ်ဆိုတာ ကိုယ်တွေ့ဖြစ်နိုင်စရာ ရှိပါတယ်၊ ဒါတွေဟာ မြတ်စွာဘုရားက တကယ်ဖြစ်လို့ တကယ် ဟောကြားထား တာတွေပဲ၊ မဖြစ်ဘဲနဲ့ နားထောင် ကောင်းရုံမျှ သက်သက် ကြံစည်ပြီး ဟောထားတာ မဟုတ်ပါဘူး၊ တကယ်သိလို့ တကယ် ဖြစ်တာတွေကိုသာ ဟောတာပဲ၊ ကိုယ်တိုင်သိပြီး ကိုယ်တွေ့ဖြစ်အောင် ဒေသနာတော် လာတဲ့ အတိုင်း အားထုတ်ကြည့်မယ်ဆိုရင် ပိုပြီးကောင်းပါတယ်။
ဒီဈာန်နဲ့ အလားတူတယ်
▬▬▬▬▬
အခု ဝိပဿနာ ရှုနေတဲ့ပုဂ္ဂိုလ်တွေလည်း သင်္ခါရုပေက္ခာဉာဏ် ရောက်တဲ့အခါမှာ ဒီဈာန်နဲ့ အလားတူတွေ ဖြစ်နေတတ်ကြပါတယ်၊ ဟင်းလင်းအပြင် ကောင်းကင်ထဲမှာ စိတ်ကလေး ရောက်နေသလိုပဲ၊ စိတ်ကလေးဟာ ရွှင်လန်းဝမ်းသာ တာမျိုးလည်း မဟုတ်ဘဲနဲ့ သိမ်မွေ့နေတယ်၊ အကောင်းအဆိုးတွေ ကင်းပြီး ဥပေက္ခာသဘောနဲ့ အင်မတန် ငြိမ်သက်နေတယ်၊ ဒီလို အကောင်းအဆိုးတွေ ကင်းပြီး ငြိမ်သက် နေတာဟာ တစ်မျိုးချမ်းသာတဲ့ ချမ်းသာမျိုးလို့ ဆိုရမှာပါပဲ၊ ဒါက တရားအားထုတ် တဲ့ ယောဂီပုဂ္ဂိုလ်တွေ တော်တော်များမှာ တွေ့ရတတ်ပါတယ်၊ ဒီ ဈာန်တရားကလည်း ဒီလိုပါပဲ၊ ဒီဈာန် တရားတွေ အဲဒီလိုဖြစ်နေတဲ့အခါမှာ တရားပေါင်း ဘယ်လောက် ပါဝင်သလဲဆိုရင် -
“တသ္မိံ သမယေ - ထိုအခါ၌၊
ဖဿော ဟောတိ - ဖဿလည်း ဖြစ်တယ်၊
ဝေဒနာ ဟောတိ - ဝေဒနာလည်း ဖြစ်တယ်”
စသည်ဖြင့် ဝေဖန် ဟောကြားထားပါတယ်၊ အဲဒါတွေကိုတော့ ဘုန်းကြီးက ပါဠိ ရွတ်မနေတော့ပါဘူး၊ ဖဿ ဝေဒနာ သညာ စေတနာ စိတ်ဆိုတဲ့ ဖဿပဉ္စမကတရား ၅-ပါးလည်း ပါတယ်၊ ဖဿဆိုတာ အာရုံနဲ့စိတ် တွေ့ကြတာပဲ၊ ဝေဒနာဆိုတာက ခုနက ဥပေက္ခာဝေဒနာပဲ၊ အကောင်းအဆိုးတို့၏ အလယ်ဖြစ်တဲ့အာရုံကို ခံစားတယ်၊ သူ့အာရုံကတော့ ဒီနေရာမှာ ဟင်းလင်းပြင် ကောင်းကင် ပညတ်အာရုံပါပဲ၊ သညာဆိုတာက အမှတ်စွဲပြီးတော့နေတဲ့ သဘောပါပဲ၊ စေတနာဆိုတာက အဲဒီလို သိမှုပြီးအောင်လို့ ကြောင့်ကြစိုက်ပြီး နှလုံးသွင်း နေတာပါပဲ၊ စိတ်ဆိုတာကိုတော့ အသိများ ကြပါတယ်၊ အာရုံကသိတဲ့ သဘောဟာ စိတ်တဲ့။
နောက် ဝိတက် ဝိစာရ ပီတိတွေ မပါဘူး၊ သုခဆိုတာလည်း မပါဘူး၊ ဥပေက္ခာနဲ့ ဧကဂ္ဂတာပဲ ပါတယ်၊ သုခနေရာမှာ ဥပေက္ခာဝင်လာတယ်၊
ဈာန်အင်္ဂါကတော့ ဥပေက္ခာနဲ့ ဧကဂ္ဂတာ ဒီ ၂-ပါးပဲ ရှိတယ်၊
နောက် သဒ္ဓါ, သတိ, ဝီရိယ, သမာဓိ, ပညာ, မန, သောမနဿ, ဇီဝိတိန္ဒြေလို့ ဣန္ဒြေက ၈-ပါး၊
နောက်ပြီးတော့ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိလို့ ၅-ပါး၊
ပြီးတော့ ဗိုလ်ကလည်း သဒ္ဓါဗိုလ်, ဝီရိယဗိုလ်, သတိဗိုလ်, သမာဓိဗိုလ်, ပညာဗိုလ်, ဟီရိဗိုလ်, ဩတ္တပ္ပဗိုလ် ၇-ပါး၊
မူလတရားကလည်း အလောဘ, အဒေါသ, အမောဟလို့ ၃-ပါး၊
ကမ္မပထကလည်း အနဘိဇ္ဈာ, အဗျာပါဒ, သမ္မာဒိဋ္ဌိလို့ ၃-ပါး၊
လောကပါလက ဟီရိ, ဩတ္တပ္ပလို့ ၂-ပါး၊
ကာယပဿဒ္ဓိ စသည် ခြောက်စုံက ၁၂-ပါး၊
သတိ, သမ္ပဇဉ်ဆိုတဲ့ ဥပကာရတရားက ၂-ပါး၊
သမထနဲ့ ဝိပဿနာလို့ ယုဂနဒ္ဓက ၂-ပါး၊
ပဂ္ဂဟနဲ့ အဝိက္ခေပလို့ အညီအမျှ ရှုအပ်တဲ့တရားက ၂-ပါး၊
ဒါတွေအားလုံး အတူတူပါပဲ၊
အားလုံးပေါင်းလိုက်ရင် ဝိတက်, ဝိစာရ, ပီတိ ဒီသုံးပါး လျော့သွားတာဖြစ်လို့ ၅၆-ပါးထဲမှာ ဒီသုံးခုကိုပဲ လျှော့ရပြန်လို့ နဂိုမူရင်းဖြစ်တဲ့ (၃၀) မရှိနိုင်တော့ဘူး၊ ၂၇-ပါး လောက်ပဲ ရှိတော့တယ် တဲ့။
ယေဝါပနက တရားအနေနဲ့ကတော့ ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တသာ ဒီ ၄-ပါးက အမြဲယှဉ်မှာမို့ ပါရဦးမယ်၊ ခုနက ၂၇-ပါး ထဲမှာ အဲဒီ ၄-ပါး ထည့်လိုက်ရင် တရားကိုယ် ၃၁-ပါး ရှိတယ်၊ ကရုဏာနဲ့ မုဒိတာတို့က ဒီအရူပဈာန်မှာ မယှဉ်နိုင်ကြဘူး၊ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝတို့လည်း မပါကြဘူး၊ အဲဒါကြောင့် ဒီ ၃၁-ပါးပဲ ရှိတော့တယ်၊ အဲဒါတွေ အကုန်လုံး ဝေဖန်ပြီးတော့ ဟောတော်မူပါတယ်၊ ဒါဟာ အရူပါဝစရ အာကာသာနဉ္စာယတနဈာန်ကို ရောက်ပုံ တဲ့။
ဝိညာဏဉ္စာယတနဈာန်
▬▬▬▬▬▬▬▬
နောက် ဝိညာဏဉ္စာယတနဈာန်ကို ဟောပုံဟာလည်း ခပ်တူတူပါပဲ၊ အာကာသာနဉ္စာ- ယတနညာဉ် ဈာန်က အာရုံပြုတဲ့ ကောင်းကင်ပညတ်ကို စွန့်လွတ်ပြီးတော့ ဝိညာဏဉ္စာယတနဈာန်ဟာ အနန္တဝိညာဉ်ကို အာရုံပြုပြီး ဖြစ်လာတယ်တဲ့၊ အနန္တဝိညာ ဆိုတာ အာကာသာနဉ္စာယတန ဈာန်စိတ်ကို ဆိုတာပါပဲ၊ အဲဒီစိတ်က အဆုံးမရှိတဲ့ အာကာသာနန္တကို အာရုံပြုဖြစ်လို့မို့ သူ့ကို အာကာသာနန္တဝိညာဉ် တဲ့၊ ဝါ - အနန္တာကာသဝိညာဉ်လို့ ဆိုပါတယ်၊ အဆုံး အပိုင်းအခြား မရှိတဲ့ ကောင်းကင်ကို အာရုံပြုဖြစ်တဲ့ ဝိညာဉ်ပေါ့၊ အဲဒီ အာကာသာနဉ္စာယတန ဈာန်စိတ်ဆိုတဲ့ ဝိညာဉ်ကို ဒီ ဝိညာဏဉ္စာယတန ဈာန်စိတ်က အာရုံပြုပြီး ဖြစ်လာပါတယ်၊ အဲဒါ ဝိညာဏဉ္စာယတန ဈာန်ဖြစ်ပုံပါပဲ။
ကျန်အရူပဈာန် နှစ်မျိုး
▬▬▬▬▬▬▬▬
အဲဒီနောက် အာကာသာနဉ္စာယတနစိတ် မရှိခြင်းကို အာရုံပြုပြီးဖြစ်တာကိုတော့ အာကိဉ္စညာယတနဈာန် လို့ ခေါ်ပါတယ်၊ နောက် အဲဒီ အာကိဉ္စညာယတနဈာန်ကိုပဲ၊ အင်မတန်သိမ်မွေ့တဲ့တရား ကောင်းတဲ့တရားလို့ အာရုံပြုပီး ဖြစ်တာကို နေဝသညာနာ သညာယတနဈာန်လို့ ခေါ်ပါတယ်၊ အဲဒီဈာန်ကျတော့ အမှတ်သညာ မရှိတော့ဘူး လို့တောင်မှ ဆိုရတော့မလောက်ပါပဲ၊ ဒါပေမယ့် အမှတ်သညာဟာ ရှိတော့ ရှိပါသေးတယ်၊ မရှိတရှိလေးလို့ ဆိုရမှာပေါ့လေ၊ ဥပမာ - အိပ်ပျော်ကာနီး ဖြစ်နေတဲ့ စိတ်ဟာ စိတ်မရှိ သလိုလိုပါပဲ၊ မထင်ရှား လှဘူး၊ လုံးလုံး မရှိတာတော့လည်း မဟုတ်သေးဘူး၊ ရှိနေသေးတာပဲ၊ အဲဒါမျိုးနဲ့ ယှဉ်ပြီး သိရမယ်၊ အဲဒါမျိုးလို သိမ်မွေ့တဲ့ စိတ်တွေ ဖြစ်နေတယ်၊ စိတ်သာ မရှိတရှိနေတာ မဟုတ်သေးဘူး၊ ဖဿလည်းပဲ မရှိတရှိ၊ ဝေဒနာလည်းပဲ မရှိတရှိ၊ သညာလည်းပဲ မရှိတရှိ၊ အားလုံးမရှိတရှိချည်းပါပဲ၊ ဒီပြင် ယှဉ်ဖော်ယှဉ်ဖက် နာမ်တရားတွေ ဆိုတာလည်း မထင်ရှားဘူး၊ အဲဒီလိုပဲ အင်မတန်သိမ်မွေ့တဲ့ စိတ်စေတသိက်တွေ ဖြစ်နေတယ်တဲ့၊ အဲဒါဟာ နေဝသညာ နာသညာယတနဈာန်တဲ့။
အားထုတ်ရာမှာ အမျိုးမျိုး
▬▬▬▬▬▬▬▬▬
အဲဒါတွေဟာ အရူပဈာန်တွေပဲ၊ ဒါတွေကိုလည်း အဘိဓမ္မာ ဒေသနာတော်မှာ အကျယ်ကြီး ဝေဖန်ဟောကြား ထားပါတယ်၊ ပြီးတော့ ဈာန်တစ်ခု တစ်ခုမှာလည်း ပဋိပဒါလေးပါးနဲ့ ဝေဖန်ဟောကြား ထားပြန်ပါသေးတယ်၊ ဆင်းဆင်းရဲရဲ အားထုတ်မှ ရတဲ့ ဈာန်ဆိုရင် အဲဒါ ဒုက္ခပဋိပဒါတဲ့၊ အားထုတ်ရာမှာ ဆင်းရဲရုံသာ မကသေးဘဲ အသိဉာဏ် နုံ့နှေးလို့ သမာဓိ ဖြစ်ပြီးတဲ့နောက် ကြာကြာကြီး အားထုတ်ယူရရင်လည်း အဲဒါ ဒန္ဓာဘိညာတဲ့၊ အားထုတ်ရာမှာ လည်း ဆင်းရဲမယ်၊ အသိဉာဏ် ကျတော့လည်း နှေးကွေးနေမယ်ဆိုရင် အဲဒါ ဒုက္ခပဋိပဒါ ဒန္ဓာဘိညာလို့ဆိုတယ်၊ အခြေခံအကျင့် မှာလည်း ဆင်းရဲပြီးတော့ ဈာန်ရအောင်လည်း အချိန် ကြာကြာကြီး အားထုတ် ရတဲ့ အတွက် ဒုက္ခပဋိပဒါ ဒန္ဓာဘိညာတဲ့။
အခြေခံအကျင့်တုန်းက ဆင်းရဲပြီးတော့ သမာဓိရပြီး မကြာမီအတွင်းမှာ ဈာန်ကို ရသွားရင် အဲဒါ ဒုက္ခပဋိပဒါ ခိပ္ပာဘိညာလို့ခေါ်ပါတယ်။
အခြေခံအကျင့်မှာ လွယ်လွယ်ကူကူနဲ့ကျင့်ပြီး သမာဓိဖြစ်တဲ့နောက် ဈာန်ကျတော့ တော်တော်နဲ့ မရောက်နိုင်ဘူးဆိုရင် အဲဒါ သုခပဋိပဒါ ဒန္ဓာဘိညာလို့ခေါ်ပါတယ်။
အခြေခံကျင့်ရာမှာလည်း လွယ်ကူတယ်၊ ဈာန်ကိုရောက်တော့လည်း လွယ်လွယ်ကူကူ ရောက်သွားတယ်ဆိုရင် အဲဒါ သုခပဋိပဒါ ခိပ္ပာဘိညာလို့ ခေါ်ပါတယ်၊
အဲဒီလို ဈာန်စိတ် တစ်ခုတစ်ခုကို လေးမျိုးလေးမျိုး ဝေဖန်ပြီးတော့ ဟောကြား ပါတယ်။
ပြီးတော့ ရှိသေးတယ်၊ ပရိတ္တ ပရိတ္တာရမ္မဏတဲ့၊ ပရိတ္တဆိုတာ မထက်သန်ဘဲ အားနည်းတဲ့စိတ်တဲ့၊ ပရိတ္တာရမ္မဏဆိုတာ ကသိုဏ်းရုပ်အာရုံကို ခွာဖျက်တဲ့နေရာတွင် သိပ်မကျယ်ပြန့်ပါက အဲဒါ ပရိတ္တာရမ္မဏ တဲ့၊ ဈာန်စိတ်ကလည်း အားနည်းမယ်၊ အာရုံကလည်း မကျယ်ပြန့်ဘူးဆိုရင် အဲဒါ ပရိတ္တ ပရိတ္တာရမ္မဏတဲ့၊ ဈာန်စိတ်က အားနည်းပေမယ်လို့ အာရုံက ကျယ်ပြန့်လို့ရှိရင် အဲဒါ ပရိတ္တ အပ္ပမာဏာရမ္မဏ ဈာန်တဲ့၊ ဈာန်စိတ်ကလည်း ထက်သန်အားကောင်းနေမယ် အာရုံကလည်း ကျယ်ပြန့် မယ်ဆိုရင် အဲဒါ အပ္ပမာဏ အပ္ပမာဏာရမ္မဏဈာန် တဲ့၊ အဲဒီလိုလည်း လေးမျိုး ရှိသေးတယ်။
ဒီလေးမျိုးနဲ့ ပဋိပဒါလေးမျိုးကို အဆင့်ဆင့် ပွားလို့ရှိရင် (၁၆) မျိုး ဖြစ်ပါတယ်၊ ဒီလောက်သာ မကသေးဘူး၊ ဟီန မဇ္ဈိမ ပဏီတ တဲ့၊ စိတ်တစ်ခုတစ်ခုမှာ အဆင့်သုံးဆင့် ခွဲပြီးတော့ ဒီလိုလည်း ဝေဖန်ပြန်သေးတယ်၊ အဲဒီလိုဆိုရင် ခုနက (၁၆) မျိုးကို ၃-နဲ့မြှောက်လိုက်ရင် ၄၈-ပါး ရတယ်၊ အများကြီးပါပဲ၊ အဲဒီမှာကိုတစ်ခါ အဓိပတိ ၄-ပါး နဲ့ ဝေဖန်ပြန်ပါသေးတယ်၊
ဆန္ဒ ထူးကဲပြီးတော့ ရတဲ့ဈာန်၊
ဝီရိယ ထူးကဲပြီးတော့ ရတဲ့ဈာန်၊
စိတ်ကူး ကဲပြီးတော့ ရတဲ့ဈာန်၊
ဝီမံသဆိုတဲ့ ပညာ ထူးကဲပြီး ရတဲ့ဈာန်လို့
အကြီးအကဲ အဓိပတိ ၄-မျိုးနဲ့ မြှောက်ပွားလိုက်ရင် (၄၈) လေးလီဆိုတော့ ၁၉၂-ရှိတယ်၊ အဲဒီလို စိတ် တစ်ခုတစ်ခုမှာ ၁၉၂-ပါးစီ ဝေဖန်ပြီးတော့ ဟောကြားတော် မူထားတယ်၊ ဒါကြောင့် အဘိဓမ္မာ ဒေသနာတော်ဟာ ကျယ်ဝန်းတယ်လို့ဆိုတာပဲ။
အမျိုးမျိုး ဝေဖန် ဟောကြားထားတယ်
▬▬▬▬▬▬▬
“တသ္မိံ သမယေ ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ စသည်ဖြင့် ခုနက ၂၈-ပါးသော တရားတွေနဲ့ ဝေဖန်ရုံသာ မကသေးဘူး၊ ခန္ဓာ အာယတန ဓာတ်တွေနဲ့လည်း ဝေဖန်တာပဲ၊ အင်မတန်မှကို ကျယ်ဝန်းပါတယ်၊ ခုကာလ စာအုပ်တွေထဲမှာ ပုံနှိပ်ထားတာက ပေယျာလတွေ ထိုးထားလို့သာပဲ၊ ဒီလိုမဟုတ်ရင် စက္ကူတောင်မှ လောက်ဖွယ်ရာမရှိဘူး၊ အင်မတန်မှ များပြားပါတယ်၊ ဒါကြောင့် အဘိဓမ္မာလို့ ခေါ်တာတဲ့၊ ဓမ္မဆိုတာက ရိုးရိုးတရားပါပဲ၊ အဘိဓမ္မာဆိုတာက လွန်ကဲတယ်တဲ့၊ လွန်ကဲတယ်၊ ထူးမြတ်တယ်၊ အင်မတန် ကျယ်ဝန်းတယ်၊ လွန်ကဲထူးမြတ် ကျယ်ဝန်းတဲ့ တရားလို့ ဆိုရတယ်၊
သုတ္တန်တရားတော်များကတော့ နားလည်လွယ်ရုံ ကျဉ်းကျဉ်းနဲ့ လွယ်လွယ်ကူကူပဲ ဟောတယ်၊ ကာမာဝစရကုသိုလ်ဆိုရင် ကုသိုလ်ဆိုရုံမျှပဲ၊ သာမန် ဒါလောက်ပဲ ဟောထားပါတယ်၊ ရူပါဝစရ အရူပါဝစရ ကုသိုလ်တွေဆိုရင်လည်း ဒီလို သာမန် ကုသိုလ်အနေမျှဖြင့်သာ ဟောတာပါပဲ၊ ကျယ်ကျယ်ဝန်းဝန်း ခွဲစိတ်ပြီးတော့ ဟောမနေ ပါဘူး၊ အခု ဒီမှာကတော့ ဘုန်းကြီးတွက်ပြခဲ့တဲ့ အတိုင်း ၁၉၂-ပါး ဝေဖန် ဟောကြားထားတယ်၊ ဒါတောင် အပိုင်းပိုင်းနဲ့ လွယ်အောင်လို့ ပြောတာပဲ ရှိသေး တယ်၊ အသေးစိတ်ဆိုရင် အများကြီးပဲ ရှိသေးတယ်၊ အင်မတန် ကျယ်ဝန်းတာပဲ၊ အဘိဓမ္မာကို ကျယ်ကျယ် ဝန်းဝန်း ဟောကြားထားပုံပါပဲ၊ အရူပါဝစရဈာန်ကို ဒီလောက်နဲ့ပဲ တော်လောက်ပါပြီ၊ လောကုတ္တရာဈာန်ကို ဆက်ပြောရမယ်။
လောကုတ္တရာဈာန်
▬▬▬▬▬▬▬
လောကုတ္တရာဈာန်ကလည်း အရေးကြီးပါတယ်၊
“ကတမေ ဓမ္မာ ကုသလာ။
ကုသလာ - ကုသိုလ်မည်ကုန်သော၊
ဓမ္မာ - တရားတို့သည်၊
ကတမေ - အဘယ်သည်တို့နည်း၊
ယသ္မိံ သမယေ (ပ)တသ္မိံ သမယေ ဖဿော ဟောတိ” စသည်ဖြင့်ဝေဖန်ပြီး ဟောကြားထားတယ်။
ယသ္မိံ သမယေ - အကြင်အခါ၌၊
လောကုတ္တရံ ဈာနံ - လောကုတ္တရာဈာန်ကို၊
ဘာဝေတိ - ဖြစ်စေ၏၊”
ပြီးခဲ့တာကတော့ ရူပဈာန် အရူပဈာန်ဆိုတဲ့ လောကီဈာန်တွေပဲ၊ အခုဒါကတော့ လောကုတ္တရာ ဈာန်တဲ့၊ ဒီ လောကုတ္တရာဈာန်ကို ဘယ်လို ပွားများရတုန်းဆိုတော့
“နိယျာနိကံ - သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်း ဖြစ်သော။
ဝါ - သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်၍ သွားသော၊”
ဒီဈာန်က သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်တယ်တဲ့၊ ရူပဈာန် အရူပဈာန်တွေက သံသရာ ဝဋ်ဆင်းရဲမှ မလွတ်မြောက်ဘူး၊ ရူပဈာန်ဆိုရင် ရူပဗြဟ္မာဘုံမှာ ဖြစ်ရတယ်၊ အသက်ရှည်တယ်၊ ချမ်းသာတယ် ဆိုပေမယ့် အဲဒီဘုံက လောကဘဝနယ်ထဲမှာပဲ ရှိသေးတယ်၊ ဝဋ်ဆင်းရဲနဲ့ မကင်းသေးဘူး၊ တစ်နေ့ကျတော့ အဲဒီ ရူပဘုံကသေပြီး လူ့ပြည် နတ်ပြည်ကို ပြန်ရောက်တာပဲ၊ အရူပဘုံကိုရောက်ရင် ဒီလိုပါပဲ၊ အဲဒီကသေရင် လူ့ပြည် နတ်ပြည်ကို ပြန်ရောက်တာပါပဲ၊ သံသရာ ဝဋ်ထဲက ဘဝဆိုရင် ရူပ၊ အရူပဘုံဘဝထက် ချမ်းသာတဲ့ ဘဝရယ်လို့မရှိပါဘူး၊ ဒါပေမယ့် သံသရာ ဝဋ်ဆင်းရဲမှ မလွတ်မြောက်သေးဘူး။
အဲ အခု လောကုတ္တရာဈာန်ကတော့ ဒီလိုမဟုတ်ဘူး၊
“နိယျာနိကံ - သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်သွားသော၊
ဝါ - သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်းဖြစ်သော”တဲ့၊
ဒီလောကုတ္တရာဈာန်စိတ် ဖြစ်လို့ရှိရင် သံသရာ ဝဋ်ဆင်းရဲမှ တကယ် လွတ်မြောက် တယ်တဲ့၊ အောက်ထစ်ဆုံးအားဖြင့် အပါယ်လေးပါးမှ လွတ်မြောက်နိုင်ပါတယ်၊ အပါယ်လေးပါးကို မကျ မရောက်တော့ဘူး၊ ပြီးတော့ ခုနစ်ဘဝထက် ပိုပြီးဖြစ်မယ့် ဆင်းရဲတွေလည်း အကုန်လုံး ကင်းရှင်းသွားတယ်၊ ဒါဟာ အောက်ထစ်ဆုံး အားဖြင့် နိယျာနိက ဖြစ်ပုံပါပဲ၊ ဒါဟာ သောတာပန် အဆင့်ဆိုရင်ပေါ့လေ။
သကဒါဂါမိမဂ်ဖိုလ် အဆင့်ဆိုရင် နှစ်ဘဝထက်ပိုလွန်ပြီး ဖြစ်မယ့် သံသရာဝဋ် ဆင်းရဲတွေ အကုန်လုံး ငြိမ်းတယ်တဲ့၊ အနာဂါမိမဂ်ဆိုရင် ကာမဘဝဆိုင်ရာ သံသရာဝဋ် ဆင်းရဲတွေ ငြိမ်းသွားပြီ၊ ရူပဘဝ အရူပဘဝ တစ်ခုခုမှာ တစ်ဘဝသာ ရှိတော့တယ်၊ နှစ်ခုမြောက်တဲ့ဘဝ မရှိတော့ဘူးတဲ့၊ အရဟတ္တမဂ်ဖိုလ် ဆိုရင်တော့ ဘုံဘဝတွေမှ ထွက်မြောက်သွားပြီဖြစ်လို့ ဘုံဘဝမှာသာ ဖြစ်နိုင်တဲ့ သံသရာ ဝဋ်ဆင်းရဲတွေ အကုန်လုံးပဲ ငြိမ်းသွားပါတော့တယ်၊ ဒါကြောင့် ..
“နိယျာနိကံ - သံသရာ ဝဋ်ဆင်းရဲမှ ထွက်မြောက်သွားသော။
ဝါ - သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော။
အပစယဂါမိံ - ပဋိသန္ဓေနေခြင်း သေခြင်းတို့ကို ဖျက်ဆီးတတ် ပယ်ရှားတတ်သော” တဲ့၊
ပဋိသန္ဓေနေခြင်း၊ ဘဝဖြစ်ခြင်း၊ သေခြင်းတွေကို ပယ်ရှားဖျက်ဆီးတတ်တယ်တဲ့။
မလုပ်ကောင်းဘူးလို့ ဟောပြောနေကြတယ်
▬▬▬▬▬▬▬▬
ဒါန, သီလ, ဘာဝနာဆိုတဲ့ ကာမာဝစရ ကုသိုလ်တွေက မဂ်, ဖိုလ်, နိဗ္ဗာန်ကိုရောက်ကြောင်း ဖြစ်တန်သမျှတော့ ဖြစ်တာပါပဲ၊ ဒါပေမယ့်လို့ မဂ်, ဖိုလ်, နိဗ္ဗာန်ကို မရောက်သေးခင်မှာ လူ့ဘဝ နတ်ဘဝတွေကို အကျိုးပေးပြီးတော့ လူတွေ နတ်တွေ ဖြစ်ရလိမ့်မယ်၊ အဲဒီဘဝတွေဟာ ကောင်းတဲ့ ဘဝဆိုသော်လည်း အိုရ၊ နာရ၊ သေရဦးမှာပဲ၊ ဒါကြောင့် အိုခြင်း၊ နာခြင်း၊ သေခြင်းသို့ ရောက်စေတတ်တဲ့တရားတဲ့၊ ဒါပေမယ့် ဒီ ကာမာဝစရ ကုသိုလ်တွေဆိုတော့ မဂ်, ဖိုလ်, နိဗ္ဗာန် ရောက်ကြောင်း လည်း ဖြစ်တန် သလောက်တော့ ဖြစ်ပါတယ်၊ အကုသိုလ်တွေ ဆိုတာကိုတော့ ပြောစရာ မလိုပါဘူး၊ အပါယ်လေးပါးမှာ ဘဝသစ်ဖြစ်ပြီး ကြီးလေးလှတဲ့ ဆင်းရဲ အမျိုးမျိုးကို ဖြစ်စေ တတ်ပါတယ်။
ရူပဈာန်တွေကလည်း ရူပဘဝမှာ ဗြဟ္မာတွေဖြစ်ပြီးတော့ တစ်နေ့ကျ သေရတာပဲ၊ အရူပဈာန်တွေ ကလည်း အရူပဘဝမှာ ဖြစ်ပြီးတော့ သေရတာပါပဲ၊ ဒါကြောင့် အဲဒီလိုဖြစ်ခြင်း သေခြင်းတွေကို ဖြစ်စေတတ်လို့ မို့ “အပစယဂါမိနော ဓမ္မာ”လို့ ဟောထားပါတယ်၊ အပစယဂါမိ တရားတွေတဲ့၊ စုတိ ပဋိသန္ဓေဆီကို သွားစေတတ် ဖြစ်စေတတ်တဲ့ တရားတွေလို့ ဆိုလိုပါတယ်၊ ဒါကြောင့်မို့ ဒါတွေကို တစ်ချို့ ပုဂ္ဂိုလ်တွေက မလုပ်ကောင်းဘူးလို့ ဟောပြောနေကြပါတယ်၊ ဒါန, သီလ, ကုသိုလ် တွေကို မလုပ်ကောင်းဘူးတဲ့၊ အင်း ဒီလိုတော့လည်း မဟောပြောသင့်ပါဘူး၊ တကယ်တော့ ဒီ ကုသိုလ် ကောင်းမှုတွေဟာ မလုပ်ကောင်းတဲ့ တရားတွေမှ မဟုတ်ဘဲနဲ့ လုပ်ကောင်းတဲ့ တရားတွေပဲ။
မဂ်, ဖိုလ်, နိဗ္ဗာန်ရနိုင်တဲ့ ဘဝ
▬▬▬▬▬▬▬▬▬▬▬
ဘာကြောင့်တုန်းဆိုတော့ ဒီ ဒါန, သီလ, ကုသိုလ်ကောင်းမှုတွေကို မပြုမလုပ်လို့ ရှိရင် သံသရာဝဋ်ဆင်းရဲမှ အမှန်တကယ် ထွက်မြောက်နိုင်တဲ့ လောကုတ္တရာကုသိုလ် ဆိုတာလည်း မဖြစ်နိုင်လို့ပါပဲ၊ လောကုတ္တရာကုသိုလ်ကို စတင်ပြီး အားထုတ်ဖို့က ဖြစ်တာမဟုတ်ဘူး၊ ဒီလို ကာမာဝစရကုသိုလ် တွေကစပြီး အဆင့်ဆင့် အားထုတ် သွားရတာပဲ၊ ကာမာဝစရကုသိုလ်ဖြစ်တဲ့ ဒါန၊ သီလမှုတွေကို ပြုတဲ့ အခါမှာတော့ မဂ်, ဖိုလ်, နိဗ္ဗာန်ကို ရည်သန်ပြီး ပြုရတယ်၊ အဲဒီကုသိုလ်က အကျိုးပေးတဲ့ အခါကျတော့ မဂ်, ဖိုလ်, နိဗ္ဗာန်ရောက်ကြောင်း တရားတွေကို အားထုတ်နိုင်ကြ တာဟာ ဒီ ကာမာဝစရ ကုသိုလ်တွေကြောင့်ပါပဲ။
ရှေးရှေးသောဘဝတွေက သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရန် ရည်ရွယ်ပြီး မဂ်,ဖိုလ်,နိဗ္ဗာန်ကို ရပါလို၏ ဆိုတဲ့ ဆုတောင်းနဲ့ “ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု” စသည်ဖြင့် တောင်းဆိုခဲ့ကြတဲ့ ကုသိုလ်ကြောင့် ယခု မြတ်စွာဘုရား သာသနာတော်အတွင်းမှာ လူရယ်လို့ လာပြီး ဖြစ်ရတာတဲ့၊ ဗုဒ္ဓသာသနာဝင်ဖြစ်တဲ့ မိဘတွေကို အမှီပြုပြီးတော့ မိကောင်းဖခင်ရဲ့ သား၊ သမီးတွေ ဖြစ်လာရတယ် ဆိုတာလည်း ဒီ ကာမာစဝရ ကုသိုလ်တွေကြောင့်ပါပဲ၊ ငယ်ငယ်ကတည်းက စပြီးတော့ ဘုရား၊ တရား၊ သံဃာတွေကို ဆည်းကပ် ကြည်ညိုခွင့် ရတယ်၊ မှီခိုခွင့် ရတယ်၊ သဒ္ဓါတရားတွေ ထက်သန်စွာ ဖြစ်ခွင့် ရလာတယ်၊ ဘုရားဟော တရားတွေကို ကြားနာရတယ်၊ ဒီလိုကြားနာရတော့ သဒ္ဓါတရားတွေ ဖြစ်လာတယ်၊ စိတ်ဆန္ဒတွေ ထက်သန်လာတယ်၊ ဒါနဲ့ တရား အားထုတ်လိုက်ရင် ယခု ဘဝတွေမှာပဲ မဂ်,ဖိုလ် , နိဗ္ဗာန်ကို ရသွားနိုင်တယ်။ ဒါကြောင့် ဒါန၊ သီလ၊ ကုသိုလ်တွေကလည်း မဂ်, ဖိုလ်, နိဗ္ဗာန်ရောက်ကြောင်း ဖြစ်နိုင်ပါတယ် ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့်လို့ ဖြစ်ရာဘဝမှာ တရား အားမထုတ်လို့ ရှိရင်တော့ အလိုလို ထိုင်နေရုံမျှနဲ့ မဂ်,ဖိုလ်, နိဗ္ဗာန်ကို မရနိုင်ဘူးပေါ့၊ တရားအားထုတ်မှပဲ ရနိုင်ပါတယ်။
အခု လောကုတ္တရာကုသိုလ် ကတော့ အဲဒီလို ဘဝသစ်ဖြစ်ခြင်း၊ သေခြင်းတွေကို ပယ်ရှား တတ်တယ်တဲ့၊ ဖျက်ဆီး တတ်တယ်တဲ့၊ ခုနက ပြောခဲ့တဲ့အတိုင်းပဲ၊ သောတာပတ္တိမဂ်ကုသိုလ် ကိုရရင် အပါယ်လေးပါးမှာ ဖြစ်တဲ့ ပဋိသန္ဓေ စုတိဆိုတဲ့ ဝဋ်ဆင်းရဲတွေကို အကုန်လုံး ပယ်ရှားလိုက်တာပဲ၊ သကဒါဂါမိမဂ် ဆိုရင် ကာမဘဝမှာ နှစ်ဘဝထက် အလွန်ဖြစ်ခြင်း သေခြင်းဆိုတဲ့ ဝဋ်ဆင်းရဲတွေကို ပယ်လိုက်တာပဲ၊ အနာဂါမိမဂ်ဆိုရင် ကာမဘဝမှာ ဖြစ်ခြင်း သေခြင်းဆိုတဲ့ ဝဋ်ဆင်းရဲတွေကို လုံးဝ ပယ်လိုက်တာပဲ၊ အရဟတ္တမဂ်ဆိုရင်တော့ ဖြစ်မယ့်ဘဝ မှန်သမျှကို အကုန်လုံး ပယ်လိုက်နိုင်ပါတယ်၊ အဲဒါကြောင့် ..
“အပစယဂါမိံ - ဖြစ်ခြင်း သေခြင်းကို ပယ်ရှားတတ်သော၊
လောကုတ္တရံဈာနံ - လောကုတ္တရာဈာန်ကို၊
ဘာဝေတိ - ဖြစ်စေ၏” တဲ့။
ဂုဏ်ချင်းတူပေမယ့် သတ္တိချင်းကျတော့ ထူးတယ်
▬▬▬▬▬▬▬▬▬
လောကုတ္တရာဈာန်ကလည်း လောကီဈာန်နဲ့ အခြင်းအရာချင်းကျတော့ ခပ်တူတူပါပဲ၊ ဒါကြောင့်မို့ “ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ” စသည်ဖြင့် ပဌမဈာန်ရဲ့ ဂုဏ်တွေကို လျှောက်ပြီးတော့ ဟောကြားထားတယ်။
“ကာမေဟိ - ဝတ္ထုကာမ, ကိလေသာကာမတို့မှ၊
ဝိဝိစ္စေဝ - ကင်းရှင်း၍သာလျှင်၊
အကုသလေဟိ ဓမ္မေဟိ - အကုသိုလ် တရားတို့မှ၊
ဝိဝိစ္စေဝ - ကင်းရှင်း၍ သာလျှင်၊
သဝိတက္ကံ - ကြံစည်ခြင်းလည်း ရှိသော၊
သဝိစာရံ - စဉ်းစားခြင်း သုံးသပ်ခြင်းလည်း ရှိသော၊
ဝိသေကဇံ - နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော၊
ပီတိသုခံ - ပီတိသုခလည်း ရှိသော။
ပဌမံဈာနံ - ပဌမဈာန်သို့။
ဥပသမ္ပဇ္ဇ - ကပ်ရောက်၍၊
ဝိဟရတိ - နေ၏၊”
ဒီလောကုတ္တရာ ပဌမဈာန်မှာ ဂုဏ်တွေက ရူပ ပဌမဈာန်ရဲ့ ဂုဏ်တွေနဲ့လည်း အတူတူပါပဲ၊ ဒါပေမယ့်လို့ ရူပပဌမဈာန် တွေကတော့ အခုနက ပြောခဲ့တဲ့အတိုင်း ဘဝ ပဋိသန္ဓေတွေကို ဖြစ်စေတတ်တယ်၊ အခု လောကုတ္တရာဈာန် ကတော့ အဲဒီ ဘဝပဋိသန္ဓေတွေကို ပျက်စေ တတ်တယ်၊ ပယ်ရှားတတ်တယ်တဲ့၊ သတ္တိချင်းကျတော့ အဲဒီလို အများကြီး ထူးခြားသွားပါတယ်။
ဒီမှာလည်း လောကီဈာန်တုန်းကလို ပဋိပဒါလေးမျိုး ခွဲပြီး ဝေဖန်ဟောကြား ထားတာပါပဲ၊ ဒါက ပဌမဈာန်ပဲ ရှိသေးတယ်၊ ဒီနောက် ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်လို့ စတုက္ကနည်းနဲ့ လေးမျိုး၊ ပဉ္စကနည်းနဲ့ဆိုရင် ပဉ္စမဈာန်ရော ၅-မျိုး ဝေဖန်ပြီးတော့လည်း ဟောကြားထားပါ သေးတယ်။
ဘုံအဆင့်လေးခု ဟောထားတယ်
▬▬▬▬▬
သောတာပတ္တိမဂ်ကို ဘယ်လိုဖေါ်ပြထားသလဲဆိုတော့
“ပဌမာယ - ပဌမဖြစ်သော၊
ဘူမိယာ - ဘုံအဆင့်သို့၊
ပတ္တိယာ - ရောက်ခြင်းငှာတဲ့၊
ပဌမဘုံဆင့်ကို ရောက်ဖို့တဲ့၊ ပဌမဘုံအဆင့် ဆိုတာ သောတာပတ္တိဖိုလ်ကို ခေါ်တာပဲ၊ သောတာပန် ပုဂ္ဂိုလ်ပါပဲ၊ သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာ ဒီ အရိယာ လေးဦး အဆင့်ကို ဘုံအဆင့် လေးခုအနေနဲ့ ဟောကြားပါတယ်၊ ဒါကြောင့် ..
“ပဌမာယ ဘူမိယာ - ပဌမဘုံအဆင့်သို့၊
ပတ္တိယာ - ရောက်ခြင်းငှာ၊
မဂ္ဂံ - အကြောင်းဖြစ်သော၊
ဈာနံ - လောကုတ္တရာဈာန်ကို၊
ဘာဝေတိ - ဖြစ်ပွားစေ” တဲ့။
သောတာပတ္တိမဂ်ကုသိုလ်ကို ဖြစ်ပွားစေတယ်လို့ အဓိပ္ပာယ်ရပါတယ်၊ ပဌမဆုံး သောတာပတ္တိဖိုလ်ကို ရောက်ဖို့ရာ အကြောင်းဖြစ်တဲ့ မဂ်ကုသိုလ်ကို ဖြစ်ပွားစေ တယ်တဲ့၊ သောတာပတ္တိမဂ်ဖြစ်ပြီးရင် ဖိုလ်ကို တစ်ခါတည်း ရောက်တော့တာပါပဲ၊ မဂ်စိတ်နဲ့ ဖိုလ်စိတ်ဆိုတာ ကူးပြောင်းသွားတာက ဘာမှမကြာဘူး၊ မဂ်စိတ် တစ်ကြိမ် ဖြစ်ပြီးတော့ ကြားမှာ ခြားနေတဲ့ စိတ်ရယ်လို့ ရှိတော့တာမဟုတ်ဘူး၊ မဂ်ပြီးရင် ဖိုလ်စိတ်က တစ်ခါတည်း တန်းဖြစ်တော့တာပဲ၊ ဒါကြောင့် တရားတော်ရဲ့ဂုဏ်မှာ “အကာလိက - အခါမလင့် အကျိုးပေးတတ်တယ်” ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကို ထည့် ဟောထားပါတယ်၊ ဒီမှာ မဂ်စိတ်က အကြောင်း၊ ဖိုလ်စိတ်က အကျိုးပါပဲ၊ အဲဒီ အကာလိကဂုဏ်ဟာ ဒီမဂ်နဲ့ဖိုလ်ကို ရည်ရွယ်ပြီး ဟောကြားထားတဲ့ ဂုဏ်ပုဒ်ဖြစ် ပါတယ်၊ အခြားမဲ့ကာလမှာ အကျိုးကို ပေးတတ်တယ်တဲ့။
ဆုတောင်းလေ့ ရှိကြတယ်
တရားအားထုတ်တဲ့အခါမှာ ဆင်းရဲမှု၊ ချမ်းသာမှု၊ အသိဉာဏ် နုံ့နှေးမှု၊ လျင်မြန်မှုဆိုတဲ့ ပဋိပဒါ လေးမျိုးကို ဒီမှာလည်း ဟောထားပါတယ်၊ ဒီလိုလေးမျိုး ရှိနေတာဖြစ်လို့ တရားအားထုတ်တဲ့ နေရာမှာ ချမ်းချမ်းသာသာလည်း အားထုတ်ချင်ကြတယ်၊ လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် လည်း မဂ်, ဖိုလ်, နိဗ္ဗာန်ကို မျက်မှောက်ပြု ချင်တယ်၊ ဒါကြောင့် “လွယ်လွယ် ကူကူ ချမ်းချမ်း သာသာနဲ့ ကျင့်ပြီး မဂ်, ဖိုလ်, နိဗ္ဗာန်ကိုလည်း လျင်လျင်မြန်မြန် ရောက်ရပါလို၏” လို့ ဆုတောင်း ဆုယူ ပြုလုပ် ကြတယ်၊ တောင်းတဲ့အတိုင်း ရလာမယ်ဆိုရင် ကောင်းတာပေါ့လေ၊ ဒါပေမယ့် ပါရမီ မပြည့်စုံသေးရင်တော့ အစပိုင်းမှာ ခဲခဲယဉ်းယဉ်း ကျင့်ရတာပဲ၊ နိဗ္ဗာန်ကို မရောက် မချင်း ကြိုးကြိုး စားစား အားထုတ်ရတာပဲ။
မြတ်စွာဘုရားမှာတော့ မဂ်လေးခုလုံး သုခပဋိပဒါ ချမ်းချမ်းသာသာချည်းပဲ၊ ဆင်းဆင်းရဲရဲ ကျင့်ရတာရယ်လို့ မရှိဘူးတဲ့၊ မဂ်ဉာဏ်ရောက်တော့လည်း လျင်လျင် မြန်မြန်ပဲတဲ့၊ မဟာသိဝ မထေရ်ကြီး ဆိုရင် စာတတ် ပေတတ် ပုဂ္ဂိုလ်ကြီးပဲ၊ သူ့မှာ အင်မတန်ကို ကြိုးကြိုး စားစား အားထုတ်ရတယ်၊ အရှင်သာရိပုတ္တရာ မထေရ်တို့ ကျတော့ လွယ်လွယ်ကူကူ နဲ့ပဲလျင်မြန်တယ်၊ “ယေ ဓမ္မာ ဟေတုပ္ပဘဝါ” စတဲ့ တစ်ဂါထာကို အရှင်အဿဇိ မထေရ် ဟောတဲ့တရားကို နာကြား နေစဉ်မှာပင် လွယ်လွယ်ကူကူနဲ့ ပဌမ သောတာပတ္တိမဂ်ကို ရောက်ပြီး သောတာပန် ဖြစ်သွား ပါတယ်၊ အရှင်မောဂ္ဂလာန် ထေရ်မှာလည်း သောတာပတ္တိ မဂ်ဖိုလ်မှာ လွယ်လွယ်ကူကူ နဲ့ပဲတဲ့၊ ဒါပေမယ့်လို့ မြတ်စွာဘုရား ထံတော်မှာ ဧဟိဘိက္ခု ရဟန်းဖြစ်ပြီးတဲ့နောက် (၇) ရက် ကျင့်ရသေးတယ်တဲ့၊ အဲဒီ (၇) ရက် ကျင့်ရတဲ့ အခါကာလမှာ ဆင်းဆင်းရဲရဲ ကျင့်ရပါ သေးသတဲ့၊ တစ်ခါတစ်ရံ ပင်ပန်းပြီးတော့ နေလို့ မြတ်စွာဘုရားက ကြည့်ပြီး သတိပေးရတာတောင် ရှိသေးသတဲ့။
“မောဂ္ဂလာန် - သင်ငိုက်နေသလား” လို့ မြတ်စွာဘုရားက မေးတော်မူတယ်။
“မှန်ပါ တပည့်တော် ငိုက်နေပါတယ်ဘုရား” လို့ အရှင်မောဂ္ဂလာန်က ပြန်ကြား လျှောက်ထားတာနဲ့ မြတ်စွာဘုရားက အငိုက်ပြေတဲ့တရားကို ဟောပြီးတော့ တိုက်တွန်းတော်မူရသေးသတဲ့။
သူ့မှာ ခက်ခက်ခဲခဲ အားထုတ်နေရသေးတယ်။ အဲဒါကြောင့် အရှင်မဟာမောဂ္ဂလာန်မှာ အထက်မဂ် သုံးခုကို ရအောင်ကတော့ ဒုက္ခပဋိပဒါ - ဆင်းဆင်းရဲရဲ အားထုတ်ရတယ်၊ အဘိညာဉ် ကျတော့ လျင်လျင်မြန်မြန် ရောက်သွားပါတယ်၊ ဒီလိုလည်း ရှိတာဖြစ်လို့ အဲဒါတွေကို ခွဲခြားပြီး သိဖို့လိုပါတယ်၊ ဒါတွေကို ဘုန်းကြီးက အခု ဟောကြား နေပါတယ်။
အချိန်တွေတောင်မှ အတော်ကုန်သွားပြီ၊ ၃-နာရီ နီးသွားပါပြီ၊ တရားကိုယ် လေးတွေတော့ ကျန်သေးတယ်၊ အဲဒီ ပဌမဖြစ်တဲ့ သောတာပတ္တိဘုံ အဆင့်ကို ရောက်ဖို့ရာ ရောက်ရာ ရောက်ကြောင်း ဖြစ်တဲ့ အရိယာ လောကုတ္တရာမဂ်ကို ဖြစ်စေတဲ့အခါကာလမှာ “ပဌမံဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ” ပဌမဈာန်စိတ် ပဲတဲ့၊ အဲဒီစိတ် ဖြစ်တဲ့အခါကာလမှာ -
“တသ္မိံ သမယေ ဖဿော ဟောတိ ဝေဒနာ ဟောတိ”စသည်ဖြင့် စောစောက ပြောခဲ့တဲ့အတိုင်းပဲ၊ ဖဿပဉ္စမက တရား ၅-ပါး၊ ဈာနင်ကလည်း ၅-ပါး၊ နောက်ပြီးတော့ ဣန္ဒြေပိုင်းမှာကျတော့ တစ်ခု ပိုလာတယ်၊ နဂိုရှိနေကျဖြစ်တဲ့ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဇီဝိတိန္ဒြေ၊ မနိန္ဒြေလို့ ဣန္ဒြေ ရှစ်ပါး ရှိနေကြမှာ တစ်ပါး ပိုလာတယ်၊ အဲဒါက ဘာလဲဆိုတော့ အနညာတညဿာမိတိန္ဒြေတဲ့၊ မသိသေးသော တရားကို သိအောင် အားထုတ်လို့ ဖြစ်ပေါ် လာတဲ့ပညာကို ခေါ်ပါတယ်၊ ပညိန္ဒြေလို့လည်း ခေါ်ပါတယ်၊ အများအားဖြင့် ပြောလေ့ ရှိတာကတော့ -
ပညိန္ဒြေဆိုတာ လောကီဣန္ဒြေပဲ၊
လောကုတ္တရာဣန္ဒြေ ကတော့
၁။ အနညာတညဿာမိတိန္ဒြေ၊
၂။ အညိန္ဒြေ၊
၃။ အညာတာဝိန္ဒြေ ဆိုတဲ့ ဒီသုံးခု သီးသန့်ရှိတာပါပဲ၊
သောတာပတ္တိမဂ်က အနညာတညဿာမိတိန္ဒြေ၊ အရဟတ္တဖိုလ်ပညာက အညိန္ဒြေ၊ အလယ်ပိုင်း မဂ်သုံးခု ဖိုလ်သုံးခု တို့မှာရှိတဲ့ ပညာက အညာတာဝိန္ဒြေတဲ့၊ ဒီလို သရုပ်ကွဲကြတယ်၊ ဒီတော့ ပညိန္ဒြေဆိုတာဟာ လောကီပညာပဲလို့ အသိအမှတ် ပြုပြီးတော့ ပြောလေ့ပြောထ ရှိကြတယ်။
ဒါပေမယ့်လို့ ဒီ ဓမ္မသင်္ဂဏီ ပါဠိတော်မှာတော့ သောတာပတ္တိမဂ်ပညာကို ပညိန္ဒြေလို့ ဟောထားတယ်၊ အညိန္ဒြေနဲ့ အနညာတညဿမိတိန္ဒြေဟာ အတူတူပါပဲ၊ ဒီပညာ တစ်ခုတည်း ကိုပင် အမည်နှစ်ခု ထပ်ပြီးတော့ ဟောထားပါတယ်၊ အဲဒါလေးကိုပဲ အထူးသတိပြုပြီး မှတ်သားထားရမယ်၊ ဒါက စာပေကျမ်းဂန် လေ့လာသူ ပုဂ္ဂိုလ် တွေရဲ့အတွက် မှတ်ဖွယ် ဗဟုသုတပါပဲ၊ အဲဒီလို ဣန္ဒြေက ကိုးပါး၊ တရားကိုယ် အားဖြင့်တော့ အဲဒီထဲမှာ သမာဓိဆိုတာက ပါပြီးသား ဖြစ်နေတယ်၊
မနိန္ဒြေဆိုတာကလည်း ရှေ့က ပြောခဲ့တဲ့စိတ်ပါပဲ၊
သောမနဿိန္ဒြေ ဆိုတာကလည်း ရှေ့ကသုခ ဆိုတဲ့ဝေဒနာပါပဲ၊ အဲဒီတော့ ထပ်နေပြီ၊
အနညာတညဿာမိတိန္ဒြေဆိုတာကလည်း ပညာပဲ၊ ဒါလည်းပဲ ထပ်နေပြီ၊
အဲဒီတော့ တရားကိုယ် ကောက်လိုက်ရင် သဒ္ဓါ၊ ဝီရိယ၊ သတိ ဒီသုံးခုရယ် ပညာရယ်၊ ဇီဝိတရယ် ဆိုတော့ အားလုံး ၅-ခု ဒါပါပဲ၊ နောက်တရား တွေကတော့ အထူး မရှိတော့ဘူး၊ ဒီအတိုင်းပါပဲ၊
မဂ္ဂင်မှာတော့ နည်းနည်းထူးတာရှိသေးရဲ့၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝလို့ ကာမာဝစရကုသိုလ်စိတ်တုန်းက ၅-ခုပဲ၊ အဲဒီမှာတော့ ရံခါရံခါမှာသာ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝတို့က တစ်ပါးစီ တစ်ပါးစီ သီးခြား သီးခြားဖြစ်တယ်၊ မိစ္ဆာဝါစာမှ ကြဉ်ရှောင်တဲ့အခါမှာ သမ္မာဝါစာဖြစ်တယ်၊ မိစ္ဆာကမ္မန္တဖြစ်တဲ့ ကာမေသုမိစ္ဆာစာရ စသည်မှ ကြဉ်ရှောင်တဲ့ အခါမှာ သမ္မာအာဇီဝ ဖြစ်တယ်၊ အဲဒီလို ရံခါမှာသာဖြစ်တယ်။
အခု လောကုတ္တရာမဂ်စိတ်ကျတော့ အဲဒီသုံးပါးက အမြဲတမ်း ဖြစ်ကြယှဉ်ကြတယ်၊ ဒီမှာ တိုက်ရိုက် ဟောပြထားပါတယ်၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိလို့ မဂ်စိတ်မှာ ယှဉ်တဲ့ မဂ္ဂင်ရှစ်ပါးလုံး တိုက်ရိုက် ဟောထားတဲ့ တရားပဲ၊ အဲဒါပဲ ထူးပါတယ်၊ အဲဒီနောက်တော့ အထူးမရှိပါဘူး။
ဗိုလ်ကလည်း သဒ္ဓါဗိုလ် စသည် ၇-ပါးပဲ၊
အလောဘ၊ အဒေါသ၊ အမောဟလို့ မူလကလည်း ၃-ပါး၊
ဟီရိဩတ္တပ္ပလို့ လောကပါလ တရားကလည်း ၂-ပါး၊
ပဿဒ္ဓိ စသည်ကလည်း ၁၂-ပါး၊ ဒါတွေ အတူတူပါပဲ၊
သတိနဲ့ သမ္ပဇဉ်ကလည်း ၂-ပါး၊
သမထနဲ့ ဝိပဿနာကလည်း ၂-ပါး၊
ပဂ္ဂဟနဲ့ အဝိက္ခေပကလည်း ၂-ပါး၊ ဒါတွေ အတူတူတွေပဲ၊
ထူးတာက ဘာတုန်းဆိုရင် ဣန္ဒြေထဲမှာ အနညာတညဿာမိတိန္ဒြေဆိုတာ တစ်ပါး ထူးပြီး ပိုလာ တာပါပဲ၊ နောက်ပြီးတော့ မဂ္ဂင်ထဲမှာ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဆိုတဲ့ မဂ္ဂင် ၃-ပါး ပိုလာတယ်၊ အဲဒီ ၄-ပါးပဲ ပိုပြီးထူးလာတယ်၊ ဒီတော့ ကို ပထမတုန်းက ကာမာဝစရ ကုသိုလ်စိတ်က ၅၆-ပါး ရှိခဲ့တဲ့ အထဲမှာ ဒီ ၄-ပါး ထည့်လိုက်ရင် (၆၀) တိတိ ရှိသွားတာပေါ့။
လောကုတ္တရာစိတ်မှာ မြတ်စွာဘုရားက အမည်နာမ အသီးအသီးအားဖြင့် ဟောကြား သော တရားတို့မှာ ၆၀ ပါဝင်သည်တဲ့၊ တရားကိုယ်အားဖြင့် ဆိုရင်ပဲ ၃-ပါး တိုး ပါတယ်၊ အနညာတညဿာမိတိန္ဒြေက ပညာနဲ့အတူတူဆိုတော့ ဣန္ဒြေအတွက်က မတိုးတော့ဘူး၊ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ တို့ကတော့ ကာမာဝစရ ကုသိုလ်စိတ်တုန်းက တိုက်ရိုက် ဟောတဲ့အထဲ မပါခဲ့ကြသေးဘူး၊ အဲဒါကြောင့် ဒီ ၃-ပါး တိုးရင် တရားကိုယ်အားဖြင့် ၃၃-ပါး သာရှိတယ်၊
ယေဝါပနကတရားကျတော့ ဆန္ဒ အဓိမောက္ခ မနသိကာရ တတြမစ္ဈတ္တတာ ဒီ၄-ပါးပဲ ရှိတယ်၊ ကရုဏာ မုဒိတာတို့က လောကုတ္တရာစိတ်မှာ မရှိကြဘူး၊ အဲဒါတွေက ကာမာဝစရကုသိုလ်နဲ့ လောကီဈာန်စိတ်များမှာသာ ရှိကြတယ်၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝတွေ ကတော့ တိုက်ရိုက် ဟောထားတဲ့ အထဲမှာ ပါဝင်သွားပြီ ဖြစ်တဲ့အတွက်ကြောင့် ယေဝါပနကတရား မဟုတ်တော့ဘူး၊ ဒါကြောင့် ယေဝါပနက တရားအနေနဲ့ အမြဲယှဉ် ၄-ပါးပဲ ရှိတယ်၊
ဒီ ၄-ပါးနဲ့ ခုနက ၃၃-ပါး ပေါင်းလိုက်ရင် ၃၇-ပါးတဲ့၊ လောကုတ္တရာစိတ်မှာ တရားကိုယ်ပေါင်း ၃၇-ပါး တစ်ပေါင်းတည်း ပါဝင်ပြီး ဖြစ်သည်တဲ့၊ ဒါက လောကုတ္တရာ ပဌမဈာန်စိတ်မှာဖြစ်တဲ့ ၃၇-ပါး တရားပါပဲ။
ဒုတိယဈာန်စိတ်ကျတော့ ဝိတက်မပါတော့ဘူး၊ တတိယဈာန်စိတ်ကျတော့ ဝိစာရ လည်း မပါ တော့ဘူး၊ (ဒါက ပဉ္စကနည်းအရပဲ) စတုတ္ထဈာန်စိတ်ကျတော့ ပီတိပါ မပါတော့ဘူး၊ အဲဒီလို ဈာန်အင်္ဂါလေးတွေ လျော့လျော့သွားပါတယ်၊ အဲဒါကို မှတ်သားရုံပါပဲ၊ စာရွက်လေးတွေလည်း ဝေငှထားပါတယ်၊ ဒါတွေကို နောက်တစ်ခါ ကျမှ ဆက်ပြီးတော့ပြောရမယ်၊ အဲဒီ စာရွက်လေးတွေ ကို တရားပွဲလာရင် ယူလာခဲ့ကြ၊ ထပ်ပြီးဝေစရာ စာရွက်က သိပ်ပြီး များများစားစား မရှိလှဘူး၊ သင်္ကြန်အကျနေ့က စပြီးတော့ ဒါတွေကိုပင် ဆက်ပြီး ရှင်းလင်းဟောဦးမယ်၊ အခုတော့ အချိန် ကလည်း နည်းသွားပါပြီ။
စိတ်စင်ကြယ်ရမယ်
လောကုတ္တရာစိတ်ကို ပွားစေတယ်ဆိုရာမှာ ဘယ်လို ပွားစေရတုန်းဆိုတော့ ဝိသုဒ္ဓိ ၇-ပါးထဲက သီလဝိသုဒ္ဓိကို ရှေးဦးစွာ ဖြစ်စေရမယ်၊ သီလ စင်ကြယ်ရမယ်၊ တရား အားထုတ်တဲ့သူ ဆိုတာ သီလစင်ကြယ်ဖို့ အထူး အရေးကြီးတာပဲ၊ နောက်ပြီးတော့ စိတ္တဝိသုဒ္ဓိတဲ့၊ စိတ်စင်ကြယ်ရမယ်၊ စိတ်က ဘယ်လို စင်ကြယ်ရမှာတုန်း ဆိုရင် တတ်နိုင်ပါက ဈာန်တစ်ပါးပါးကို ရအောင် အားထုတ်ရမယ်၊ ပဌမဈာန် လောက်ကိုပဲ ဖြစ်ဖြစ် ရအောင် အားထုတ်ရမယ်၊ ဒီထက်တတ်နိုင်ရင် ဒုတိယဈာန်တွေ ရရင်တော့ ရှေးရှေးဈာန်တွေက ရပြီး ရပြီးပါပဲ၊ အဲဒီလို ဈာန်ရအောင် အားထုတ် ရမယ်တဲ့၊ ဈာန် သမာပတ် ၈-ပါး၊ ၉-ပါးရှိတယ်၊ အဲဒါကိုရရင် စိတ်စင်ကြယ်နေတာပါပဲ။
ဈာန်စိတ်တွေဆိုတာ အင်မတန် တည်ငြိမ်တယ်၊ ဈာန်မှထပြီး ရှုမှတ်လိုက်ရင် ရှုမှတ်လို့ သိပ်ကောင်းတယ်၊ စိတ်ဟာ ဘယ်ကိုမှ မပျံ့လွင့်ဘူး၊ ဈာန်မရနိုင်ရင်လည်း ဈာန်အနီး ဥပစာရ သမာဓိ ရအောင် အားထုတ်ရမယ်၊ ဥပစာရသမာဓိ ရတဲ့အခါမှာ အဲဒီကနေ ပြီးတော့ ဝိပဿနာရှုရင် မဂ် ဖိုလ်ကို ရနိုင်တယ်လို့ အဘိဓမ္မာ အဋ္ဌကထာတွေမှာ ဖွင့်ပြထားပါတယ်။
တံပူခုတ်သွားကြတဲ့ ရဟန်းနဲ့ကိုရင်
ရဟန်းတော်တစ်ပါးနဲ့ ကိုရင်တစ်ပါး တံပူခုတ်ဖို့ ဆိုပြီး တောထဲကို သွားကြသတဲ့၊ ကိုရင်က အရွယ်ခပ်ကြီးကြီး သိကြား လိမ္မာတဲ့ အရွယ်ပေါ့၊ ကိုရင်က ရှေ့မှ အရင် သွားနှင့်တယ်၊ ဒီလိုသွားရင်းနဲ့ ရှေ့နားရောက်တော့ လမ်းတစ်နေရာမှာ လူသေကောင်ကြီးကို တွေ့နေတယ်၊ စောစောကတည်းက ဆရာသမားရဲ့ သွန်သင် ညွှန်ပြချက် ဥပနိဿယရပြီး ဖြစ်တဲ့ ကိုရင်ကြီးဟာ အဲဒီလူသေကောင်ကို ကြည့်ပြီး ကမ္မဋ္ဌာန်းအနေနဲ့ ရှုတော့တယ်၊ ဖူးဖူးရောင်နေတဲ့ လူသေ ကောင်ကြီး ဖြစ်ဖွယ် ရှိပါတယ်၊ “ဥဒ္ဓုမာတက - ဖူးဖူးရောင်နေတဲ့ သူသေကောင်ကြီး”လို့ ရှုနေရင်းနဲ့ သူသေကောင်မှာ ပဋိဘာဂ နိမိတ်ထင်ပြီးတော့ ဈာန်ရသွားပါတယ်။
ဈာန်ရတယ် ဆိုတာဟာ အဲဒီအာရုံနဲ့စိတ် ကပ်ပြီးတည်နေတာ ခေါ်တာပါပဲ၊ အဲဒီ သူသေကောင်မှာ ၅-မိနစ်လောက် စိတ်ကလေး တည်နေတယ်ဆိုရင် ၅-မိနစ် ဈာန်ရနေတာပါပဲ၊ ဒီအတွင်းမှာ စိတ်ကလေးက တစ်ခြားတစ်ပါးကို မသွားဘူး၊ အာရုံပေါ်မှာ စိတ်ကလေး တည်နေသမျှ ဈာန်ရနေတာပါပဲ၊ ဒီထက် ၁၀-မိနစ်၊ နာရီဝက်၊ တစ်နာရီစသည် တည်နေနိုင်ပါတယ်၊ နိုင်နင်းလာပြီဆိုရင် တစ်ချို့ တစ်ချို့မှာ တစ်နေ့လုံးလည်း တည်နေနိုင်တယ်၊ အဲဒီလို ဈာန်ရနေတဲ့အခါမှာ အနီးအနား မြင်စရာ ကြားစရာတွေ ရှိနေပေမယ်လို့ မမြင်ဘူး၊ မကြားဘူး၊ ဒီပြင် ဘယ်ကိုမှလည်း စိတ်မကူးဘူး၊ အဲဒီ သူသေကောင် အာရုံနိမိတ်မှာပဲ စိတ်ကလေး ကပ်ဝင်ပြီး တည်နေတယ်၊ သူသေကောင် အာရုံနိမိတ် ထင်နေတယ်၊ အဲဒါ ဈာန်စိတ်လို့ ခေါ်ပါတယ်။
ကိုရင်ကြီးမှာ အဲဒီဈာန်ကိုရတယ်၊ အဲဒီဈာန်မှထပြီးတော့ ဝိပဿနာရှုတယ်တဲ့၊ ဈာန်မှ ထတယ်ဆိုတာ တခြား မဟုတ်ပါဘူး၊ ဈာန်စိတ်ကလေး ဆုံးသွားတာကိုပဲ ခေါ်ပါတယ်၊ အဲဒီ သူသေကောင် အာရုံပြုတဲ့ ဈာန်စိတ်ကလေးကို ဝိပဿနာ ရှုတယ်၊ စိတ်ကို ပဓာန ထားပြီး ပြောတာပေါ့လေ၊ အဲဒီစိတ်ထဲမှာ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခတွေ အဲဒီ ဈာန်အင်္ဂါတွေလည်း ပါတာပါပဲ၊ ဖဿ ဝေဒနာ စသည်တွေလည်း ပါတာပဲ၊ အဲဒီမှာ ထင်ရှားတဲ့ ဈာန်စိတ်လေးကို ဝိပဿနာရှုတယ်တဲ့၊ ဒီလိုရှုတော့ ဈာန်စိတ်ကလေးရဲ့ အဖြစ်အပျက်ကို သိမြင်ပြီး ဝိပဿနာ ဉာဏ်တွေ အစဉ်အတိုင်း တက်ကာ သောတာပတ္တိမဂ် ဖိုလ် တိုင်အောင် ဆိုက်ရောက်သွားတယ်။
အဲဒီကနေ ဆက်ပြီး အားထုတ်ရင်း သကဒါဂါမိမဂ် ဖိုလ်ကို ရောက်တယ်၊ ဆက် အားထုတ်ရင်း အနာဂါမိမဂ်, ဖိုလ်ရောက်တယ်၊ ဒီတော့ အနာဂါမ်ပုဂ္ဂိုလ် ဖြစ်သွား တာပဲတဲ့၊ အသုဘ အာရုံက နေပြီး ဝိပဿနာပွားနေရင် အနာဂါမ် အထိတောင်မှ ဖြစ်နိုင်တယ်တဲ့၊ အသုဘအာရုံက ကာမရာဂ ရဲ့ ဆန့်ကျင်ဘက် ဖြစ်တော့ အသုဘအာရုံက ရတဲ့ဈာန်ကို အခြေခံပြီး အားထုတ်လို့ရှိရင် ကာမရာဂကင်းတဲ့ အနာဂါမ်ဖြစ်တယ်။
ရဟန်းတော်လည်း အနာဂါမ်တည်
အဲဒီအချိန်ဟာ သိပ်တော့ မကြာလှပါဘူး၊ ရှေ့ကသွားနှင့်တဲ့ ကိုရင် မမြင်ရဘဲ ပျောက်သွားတော့ ရဟန်းတော်က “ကိုရင် ကိုရင်”လို့ လှမ်းခေါ်တယ်၊ ခေါ်သံကြားတော့ အဝေးကနေပြီး ကိုရင်က ထူးလိုက်တယ်၊ ထူးပြီးတော့ ရဟန်းတော် ခေါ်ရာဆီကို ပြန်လာတယ်၊ ရောက်တော့ “အရှင်ဘုရား တပည့်တော်လာခဲ့တဲ့ အဲဒီလမ်းအတိုင်း ကြွစမ်းပါဦး၊ ဘယ်နား ဘယ်နား ရောက်တဲ့အခါမှာ ဘယ်နားလေးကို လိုက်ကြည့်စမ်းပါ၊ ရှေ့တည့်တည့် မှန်းကြည့်လိုက်စမ်းပါ ဘုရား” လို့ လျှောက်ထားတယ်၊ ဒီတော့ ရဟန်းတော်ကလည်း “ဒီကိုရင်ဟာ ဘာများ ထူးထူးခြားခြား တွေ့မြင်လို့ ပြောတာပါ လိမ့်မလဲ” လို့ အောက်မေ့ပြီး ကိုရင်ညွှန်ကြားတဲ့ လမ်းအတိုင်း သွားတယ်၊ ကြည့်လိုက်စမ်းပါလို့ ညွှန်ကြားတဲ့ နေရာကို ရောက်တော့ ရပ်ပြီး ကြည့်တယ်၊ ခုနက ကိုရင် မြင်ရတဲ့ သူသေကောင်ကြီးကို တွေ့ရတော့တာပေါ့၊ “အင်း ကိုရင်ဟာ ဒီသူသေ ကောင်ကြီးကို တွေ့လို့ ပြောတာပဲ၊ ဒါကို ကမ္မဋ္ဌာန်း ရှုစေချင်လို့ ဒီလို ညွှန်ပြတာ ဖြစ်ပေလိမ့်မယ်” လို့ ဆင်ခြင် စဉ်းစား တယ်၊ ရဟန်းတော်ကလည်း စောစောကပဲ ဆရာသမားများထံမှ နိဿရည်း ရခဲ့ပြီးသားဖြစ်တော့ သူသေကောင်ကို တွေ့တယ် ဆိုရင်ပဲ အသုဘ ကမ္မဋ္ဌာန်းအဖြစ် ကမ္မဋ္ဌာန်း ရှုပွားတော့တယ်။
တကယ်လို့ ဥပနိဿယ မရသေးတဲ့ ပုဂ္ဂိုလ်ဆိုရင်တော့ သူသေကောင်ကို တွေ့မြင်လို့ရှိရင် ရွံလို့ပဲဖြစ်ဖြစ် ကြောက်လို့ပဲဖြစ်ဖြစ် ရှောင်တိမ်းသွားကြမှာပဲ၊ သူသေကောင်ကို အကြောင်းပြုပြီး ဘာတရားမှ ရကြမှာ မဟုတ်ဘူး၊ အခု ရဟန်းတော်နဲ့ ကိုရင်တို့ကတော့ ဥပနိဿယ ရခဲ့ပြီးသား ဖြစ်တာမို့ သူသေကောင်ကို တွေ့တွေ့ချင်း ဒီသူသေကောင်ကြီးဟာ အချည်းနှီး မဖြစ်ဘဲ ကမ္မဋ္ဌာန်းအာရုံ ဖြစ်သွား တော့တယ်၊ “ဥဒ္ဓုမာတက - ဖူးဖူးရောင်နေတဲ့ သူသေကောင် စက်ဆုပ် ရွံရှာဖွယ် သူသေကောင်” လို့ နှလုံးသွင်း ရှုမှတ်လိုက်တာ ရဟန်းတော်လည်းပဲ ပဌမဈာန်ကို ရသွားတယ်၊ အဲဒီ ပဌမဈာန်မှ ထပြီး ဝိပဿနာ ရှုမှတ်တယ်၊ ဝိပဿနာ ဉာဏ်စဉ်တွေ အစဉ်အတိုင်းတက်ပြီး အဆင့်ဆင့် အားဖြင့်လည်း အနာဂါမ်အထိ ရောက်သွားသတဲ့။
ရှုနည်းကို သိထားရင် ကောင်းတယ်
အဲဒါ ဈာန်ရပြီးမှ ဈာန်မှထကာ ဝိပဿနာ ရှုလို့ရှိရင် အရိယာမဂ်ဖိုလ်ကို လွယ်လွယ် ကူကူနဲ့ ရောက်နိုင်ပုံပါပဲ၊ အခု ရဟန်းတော်နဲ့ ကိုရင်တို့မှာ ချမ်းချမ်းသာသာနဲ့ လွယ်လွယ်ကူကူ ရောက်သွားကြတယ်ဆိုတော့ သုခပဋိပဒါ ခိပ္ပါဘိညာတွေလို့ ဆိုရတယ်၊ အသုဘအာရုံကို ပွားများ ရင်းနဲ့ နီဝရဏတွေပယ်ပြီး ကာမစိတ်တွေ ကုန်ခန်းသွားတာပဲ။
သူသေကောင်ကြီးကို မြင်ရလို့ရှိရင် ဘယ်မှာ နှစ်သက် သာယာဖွယ် ရှိလိမ့်မှာတုန်း၊ အမျိုးသား သူသေကောင်ပဲဖြစ်ဖြစ်၊ အမျိုးသမီး သူသေကောင်ပဲဖြစ်ဖြစ် ပုပ်ယိနေပြီ ဆိုရင် နှစ်သက်ဖွယ် မရှိတော့ဘူးပေါ့၊ မူလက ကိုယ်နဲ့အင်မတန် ရင်းနှီး ချစ်ခင်နေတဲ့ ပုဂ္ဂိုလ်ရဲ့ အလောင်းကောင်ပင် ဖြစ်စေကာမူ ပုပ်လာရင် အိမ်မှာ မထားနိုင်ကြတော့ဘူး၊ စွန့်ပစ်လိုက်ကြ ရတော့တာပါပဲ၊ ကမ္မဋ္ဌာန်း မရှုဦးတော့ စက်ဆုပ်ဖွယ်ဟာ စက်ဆုပ်ဖွယ် ဖြစ်နေတော့တာပါပဲ၊ အနားနားမှာ မနေဝံ့ မနေနိုင် ကြတော့ပါဘူး၊ စက်ဆုပ် ရွံရှာကြပါတယ်။
အခု ရဟန်းတော်နဲ့ ကိုရင်ကြီးတို့ ရှုရတဲ့ သူသေကောင်က သူတို့နဲ့ ဘာမျှ တော်စပ်ကြတာ မဟုတ်ဘူး၊ ဒီတော့ စက်ဆုပ်ရွံရှာဖွယ်ဟာ ထင်လွယ်မြင်လွယ် ဖြစ်နေမှာပဲ၊ ဒါနဲ့ အသုဘကမ္မဋ္ဌာန်း ရှုလိုက်တယ်ဆိုရင် ကာမရာဂ ကိလေသာတွေ အလျင်အမြန်ကင်းပြီး ချမ်းချမ်းသာသာနဲ့ပဲ ဈာန်ရသွားနိုင် ပါတယ်၊ အဲဒီဈာန်ကို ဝိပဿနာရှုတော့လည်း သူတို့မှာ မြန်မြန်ဆန်ဆန်နဲ့ပဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တဉာဏ်တွေ ဖြစ်ပေါ်လာနိုင်တယ်၊ ဒီလိုနဲ့ ဝိပဿနာ ဉာဏ်တွေ အစဉ်အတိုင်းတက်ပြီး ရုပ်နာမ်ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို ဆိုက်ရောက်သွားတယ် ဆိုတာ ထင်ရှားပါတယ်၊ တရားကို နည်းမှန်လမ်းမှန် စနစ်တကျ ရရှိသွားလို့ အားထုတ်လိုက်ပြီဆိုရင် အကြောင်းကြောင်းလည်း စုံညီမယ်ဆိုရင် ဘာမှ မကြာလှပါဘူး၊ ခဏလေးပဲ မဂ်ဖိုလ်ဆိုတာကို ရောက်နိုင်ပါတယ်။ ဒါကြောင့် ဝိပဿနာရှုနည်းတို့ သမထကမ္မဋ္ဌာန်း ရှုနည်းတို့ ဒါလေးတွေကို သိထားကြမယ်ဆိုရင် အင်မတန်ကောင်းပါတယ်။
ဖြစ်တိုင်း ဖြစ်တိုင်းကို ရှုရတယ်
အသုဘအာရုံ ရှုနည်းကို သိထားရင်လည်း ကောင်းပါတယ်၊ မေတ္တာဘာဝနာနဲ့ သတ္တဝါတွေကို ချမ်းသာပါစေ ချမ်းသာပါစေလို့ နှလုံးသွင်းရင် ဒါလည်း ဈာန်ကို ရနိုင်တာပါပဲ၊ ချမ်းသာပါစေဆိုတဲ့ စိတ်ကလေးနဲ့ ဖြစ်လိုက်ပျက်လိုက် ဖြစ်လိုက်ပျက်လိုက်ကို သိနေတယ်ဆိုရင် ဝိပဿနာဉာဏ် ဖြစ်တော့တာပဲ၊ ဒါနဲ့ ဝိပဿနာဉာဏ်တွေ အဆင့်ဆင့် ဖြစ်ပြီးတော့ မဂ်, ဖိုလ်, နိဗ္ဗာန်ကို ရနိုင် ပါတယ်၊ ဝိပဿနာရှုနည်း ဆိုတာကလည်း ဖြစ်တိုင်း ဖြစ်တိုင်းတွေကို လိုက်ပြီး ရှုရတယ်ဆိုတာကို သိထားဖို့လိုပါတယ်၊ အခု ဘုန်းကြီးတို့ဆီက သတိပဋ္ဌာန် ဘာဝနာ တရားတော်ကို အားထုတ်နေ ကြတဲ့ ပုဂ္ဂိုလ်တွေမှာတော့ ဒီလိုအားထုတ် နည်းတွေ ရှိနေကြ သိနေကြပါတယ်၊ ဒီလို သိနေ ကြတော့ အကြောင်း ညီညွတ်လို့ရှိရင် ဘယ်အချိန်မှာမဆို ဝိပဿနာဉာဏ်တွေ ဖြစ်ပြီးတော့ မဂ်, ဖိုလ်ဉာဏ်ကို ရောက်နိုင်ပါတယ်။
ကုသိုလ်ကောင်းမှုတွေ ပြုတဲ့အခါမှာ ဆိုရင် ဝမ်းမြောက်ဝမ်းသာတွေ ဖြစ်တတ်တယ်၊ ဒါန ကုသိုလ်တွေ ပြုတဲ့အခါ တရားနာတဲ့အခါ အဲဒီလို အခါမျိုးတွေမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်တတ်ကြပါတယ်၊ အဲဒီ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတဲ့ စိတ်ကလေးကို ဝမ်းမြောက်တယ် ဝမ်းမြောက်တယ်လို့ မှတ်လိုက်လို့ရှိရင် ဖြစ်ပြီးပျက်သွားတဲ့ သဘောလေးတွေကို တွေ့ရတယ်၊ အဲဒါဟာ ဝိပဿနာဉာဏ်ပါပဲ၊ အဲဒီ ဖြစ်ပြီးပျက်သွားတာ ကို ရှုရင်းနဲ့ အကြောင်းညီညွတ်လို့ရှိရင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ကို တစ်ခဏချင်းမှာပဲ ရောက်သွားနိုင်ပါတယ်။
ကိုင်း ဒီတော့ ၃-နာရီနဲ့ ၅-မိနစ် ကျော်သွားပြီ၊ ဒီမှာပဲ နားကြဦးစို့၊ နောက် သင်္ကြန်ကျတော့မှ ဆက်ပြီးဟောရမယ်၊ သင်္ကြန်မကျခင် အတွင်းမှာတော့ မဟောသေးဘူး၊ သင်္ကြန်က လဆန်း ၄-ရက်နေ့မှာ ကျမယ်၊ အင်္ဂလိပ်လိုက ၁၄-ရက်နေ့ ကျမယ်တဲ့၊ အဲဒီတော့ ဘာဆက်ဟောရမလဲ ဆိုရင် -
ဒုက္ခပဋိပဒါ = ဆင်းရဲတဲ့ အကျင့်ဖြစ်ပုံ၊
ဒန္ဓာဘိညာ = အသိဉာဏ် နှေးပုံ၊
သုခပဋိပဒါ=လွယ်ကူတဲ့အကျင့်ဖြစ်ပုံ၊
ခိပ္ပာဘိညာ = လျင်လျင်မြန်မြန်နဲ့ အသိဉာဏ်ဖြစ်ပုံ ဒါတွေကို ဟောရမယ်။
သီလဝိသုဒ္ဓိကစပြီး အခြေခံရတယ်၊ သီလဝိသုဒ္ဓိ ဖြစ်လို့ သမထ ကမ္မဋ္ဌာန်း ပွားများရင် ဈာန်ရတယ်၊ စိတ္တဝိသုဒ္ဓိ ဖြစ်ပြီးတော့လည်း ဈာန်ရတယ်၊ ဥပစာရသမာဓိ ဖြစ်အောင် အားထုတ်ရင်လည်းပဲ အဲဒီသမာဓိရယ်၊ စတုဓာတုဝဝတ္ထာန် ကမ္မဋ္ဌာန်းက ဥပစာရသမာဓိနဲ့ အလားတူတဲ့ သမာဓိရယ်၊ ဝိပဿနာ ခဏိကသမာဓိရယ် = အဲဒီ သမာဓိတွေနဲ့ စိတ္တဝိသုဒ္ဓိဖြစ်ပြီး ဖြစ်တိုင်း ဖြစ်တိုင်းတွေကို လိုက်ရှုသိ နေလို့ရှိရင် ရုပ်၊ နာမ်တွေအကြောင်း အကျိုးတရားတွေကို ပိုင်းခြားပြီး သိတယ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာတွေကိုလည်း အလိုလို သိလာတယ်၊ အဲဒီကနေပြီး ဝိပဿနာဉာဏ်တွေ အဆင့်ဆင့်တက်သွားတယ်၊ ဝိပဿနာဉာဏ် ရင့်သန်လာတဲ့အခါ မဂ်, ဖိုလ်ဉာဏ်ကို ရောက်ပုံ “လောကုတ္တရံ ဈာနံ ဘာဝေတိ” ဆိုတဲ့ စကားအရ လောကုတ္တရာဈာန်ဖြစ်ပုံ၊ လောကုတ္တရာဈာန်ကို ရသွားပြီးတော့ ရှေ့ဖြစ်ပုံ အဲဒါတွေကို နောက်တော့ ဟောရမှာပေါ့လေ၊ အခု ဒီမှာ တရား အားထုတ်နေကြတဲ့ ပုဂ္ဂိုလ်တွေနဲ့ အများကြီး သက်ဆိုင်ပါတယ်၊ ယောဂီတွေလည်း ကမ္မဋ္ဌာန်း ရှုမှတ်ကြဦးမှာဆိုတော့ တစ်နေ့တစ်နေ့ တစ်နာရီလောက်ပဲ ဟောရမယ်၊ ဒီကနေ့ တရား သိမ်းကြဦးစို့။
ယနေ့အဖို့၌ အကျွနု်ပ်တို့ ပြုစုပွားများ အားထုတ်အပ်သော ကောင်းမှုအပေါင်း၏ အဖို့ဘာဂကို အမိအဘတို့မှစ၍ အလုံးစုံသော သတ္တဝါ အပေါင်းတို့အား အမျှ ပေးဝေပါကုန်၏၊ အလုံးစုံသော သတ္တဝါ အပေါင်းတို့သည် အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
အမျှ … အမျှ … အမျှ … ယူတော်မူကြပါကုန်လော့။
သာဓု … သာဓု … သာဓု ….။
………………
အဘိဓမ္မာ တရားတော်ကြီး
ပြာသိုလပြည့်နေ့က စပြီးတော့ ဝါစဉ်အရ သတ္တမ ၇-ဝါမြောက်မှာ မြတ်စွာဘုရား ဟောထားတဲ့ အဘိဓမ္မာတရားကို အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်၊ တရားထဲမှာတော့ ဒီတရားက ဌာနအားဖြင့် အမြင့်ဆုံးက နေပြီးတော့ ဟောတဲ့ တရားလို့ ဆိုရမှာပေါ့၊ တာဝတိံသာ နတ်ပြည်မှာနေ ဟောတဲ့ တရားဆိုတော့ မြင့်ပါတယ်၊ ဗြဟ္မာ့ပြည်မှာ ဟောတဲ့တရားလည်း ရှိတော့ ရှိပါသေးတယ်၊ ဒီပြင် တရားတွေကတော့ အများ အားဖြင့် လူ့ပြည်မှာ ဟောပါတယ်။
ဝေဖန်ဟောကြားထားတာက …
ကုသလာဓမ္မာ - ကုသိုလ်တရားက တစ်မျိုး၊
အကုသလာဓမ္မာ - အကုသိုလ် တရားက တစ်မျိုး၊
အဗျာကတာဓမ္မာ - ကုသိုလ်လည်းမဟုတ်, အကုသိုလ်လည်း မဟုတ်တဲ့ တရားက တစ်မျိုး - ကုသိုလ် အကုသိုလ်လို့ မဆိုရတဲ့တရား တဲ့၊
ဒီသုံးမျိုးခွဲပြီးတော့ ဟောကြားထားပါတယ်၊
ကုသလာဓမ္မာဆိုတာ ဘယ်လိုတရားတွေလဲ ဆိုပြီးတော့ ကုသလဓမ္မတွေကို ဝေဖန် ဟောကြား တော်မူပါတယ်၊ ကုသလဓမ္မဆိုတာ စိတ်အရေအတွက်အားဖြင့် တစ်ခုယုတ် ကိုးဆယ်ထဲက အကျယ်အားဖြင့် ၁၂၁-ပါးထဲက ကာမာဝစရကုသိုလ်စိတ်၊ ရူပါဝစရကုသိုလ်စိတ်၊ အရူပါဝစရ ကုသိုလ်စိတ်၊ လောကုတ္တရာကုသိုလ်စိတ် လို့ လေးမျိုးခွဲ ဟောပါတယ်၊ အဲဒီအထဲက ကာမာဝစရ ကုသိုလ်စိတ်ကို တစ်စိတ်ချင်း တစ်စိတ်ချင်း ထုတ်ယူပြီးတော့ ရှေးဦးစွာ ဝေဖန်တော်မူပါတယ်၊ အဲဒါတွေကိုလည်း လွန်ခဲ့တဲ့ တပေါင်းလကွယ်နေ့က ဟောပြီးခဲ့ပါပြီ၊ ရူပါဝစရ အရူပါဝစရ ကုသိုလ်စိတ်တွေကိုလည်း ဟောပြီးခဲ့ပါပြီ၊ လောကုတ္တရာကုသိုလ်စိတ်ကိုလည်း တစ်နေ့က နည်းနည်းစပြီး ဟောထားခဲ့ပါပြီ၊ အဲဒီ လောကုတ္တရာစိတ်ကို အခုဆက်ပြီးတော့ ဟောရမယ်။
“ယသ္မိံ သမယေ လောကုတ္တရံ ဈာနံ ဘာဝေတိ။ ပ။ တသ္မိံ သမယေ။ ပ။ စိတ္တံ ဟောတိ”
စသည်ဖြင့် ကာမာဝစရကုသိုလ်စိတ်တွေတုန်းက ဟောခဲ့တဲ့ ၅၆-ပါး တရားတွေကို ဒီမှာလည်း ဝေဖန်ပြီး ပြထားပါတယ်၊
ယသ္မိံ သမယေ - အကြင်အခါ၌။
လောကုတ္တရံ - လောကုတ္တရာဖြစ်သော။
နိယျာနိကံ - သံသရာဝဋ်ဆင်းရဲမှ ထွက်သွားတတ် ထွက်သွားကြောင်း ဖြစ်သော။
အပစယဂါမိံ - ဘဝအသစ်ဖြစ်ခြင်း, သေခြင်းကို ပယ်ရှားဖျက်ဆီး တတ်သော။
မဂ္ဂံ ဈာနံ - မဂ်ဈာန်ကို၊
ဈာန်ဆိုတာ ဒီမှာ မဂ်တရားကို ခေါ်တာပါပဲ၊ မဂ်တရားကို ဈာန်ဆိုတဲ့ အမည်နဲ့ ဟောထားတယ်၊ အဲဒါကို ဘာဝေတိ - ဖြစ်ပွားစေ၏ လောကုတ္တရာဈာန်တဲ့၊ လောကီဈာန် မဟုတ်ဘူး၊ အဲဒီ အဓိပ္ပာယ်တွေကို ဟိုအရင်နေ့က ပြောပြီးခဲ့ပါပြီ၊ အခု ကျန်တဲ့ အဓိပ္ပာယ်ကို ဆက်ဟောရမယ်။
မိစ္ဆာအယူတွေ မရှိတော့ဘူး
ပဌမာယ ဘူမိယာ - ပဌမအဆင့်သို့၊
ပတ္တိယာ - ရောက်ခြင်းငှာ၊
ဘာဝေတိ - ဖြစ်စေ၏၊
ပဌမအဆင့်ရောက်အောင် လောကုတ္တရာဈာန်ကို ပွားရတယ်တဲ့၊ ပဌမအဆင့် ရောက်ရင် ဘာ အကျိုးတွေ ရှိသလဲဆိုတော့ …
မိစ္ဆာဒိဋ္ဌိ ဂတာနံ - မိစ္ဆာအယူတို့ကို၊
ပဟာနာယ - ပယ်ခြင်းငှာ။
ဘာဝေတိ - ပွားစေဖြစ်စေ၏
မိစ္ဆာအယူတွေ ကင်းတယ်တဲ့။ မိစ္ဆာအယူတွေကို သေသေချာချာကြည့်ရင် အဲဒါတွေဟာ အင်မတန် ကြောက်စရာ ကောင်းတယ်၊ ကမ္ဘာလောကကြီးမှာ လူမျိုးတိုင်း လူမျိုးတိုင်း အယူဝါဒတွေ ရှိနေကြတာချည်းပဲ၊ တောကြို တောင်ကြားမှာပဲ နေနေ သူတို့မှာလည်း အယူဝါဒကတော့ ရှိနေကြတာပါပဲ၊
ကျမ်းစာနဲ့ ဘာနဲ့သာ မရှိရင် မရှိဘဲနေမယ်၊ ဒီလို ကျမ်းစာတွေနဲ့ ခိုင်ခိုင်လုံလုံ မဟုတ်ပေမယ့်လည်း အယူဝါဒ ဆိုတာကတော့ ရှိတာပဲ၊ ယဉ်ကျေးမှု မရှိပါဘူးဆိုတဲ့ အဲဒီလူတွေမှာလည်း သူတို့ အယူနဲ့သူတို့ ရှိနေကြပါတယ်၊ အဲဒီ ပုဂ္ဂိုလ်တွေရဲ့ အယူဝါဒဆိုတာ ကတော့ မှန်တယ်လို့ မဟုတ်ဘူးပေါ့၊ သူတို့ရှေ့က ရှေးကျတဲ့ ပုဂ္ဂိုလ်တွေက ပြောခဲ့ကြတဲ့အတိုင်း နောက်နောက် ပုဂ္ဂိုလ်တွေက ယုံကြည်ပြီးတော့ လိုက်နာကျင့်သုံးနေကြရခြင်းသာဖြစ်တယ်၊ မှန်ကန်လှတယ်လို့ ဘယ်ဟုတ်မှာလဲ၊ မိရိုးဖလာ ဆိုသလို သူတို့ ဘိုးဘွားမိဘ လက်ထက်ကတည်းက အစဉ်အဆက် ယူလာခဲ့တာဖြစ်တော့ ဒီအတိုင်းလိုက်ပြီး ယုံကြည် ယူဆလာခဲ့ကြတာပဲ၊ အဲဒါဟာ အင်မတန် ကြောက်စရာကောင်းတယ်၊ ဟုတ်သလား မဟုတ်ဘူးလား ဆိုတာလည်း မဆင်ခြင်ကြဘူး၊ ဒီလိုပဲ မျက်စိစုံမှိတ်ပြီး ယုံကြည် ကျင့်သုံးနေကြတာပဲ၊ အဲဒါဟာ မယဉ်ကျေးသေးတဲ့ လောကလူတို့ရဲ့ အဆင့်အတန်းပဲ။
ယခုအချိန်ကာလမှာဆိုရင် သိပ္ပံပညာတွေ အင်မတန် တိုးတက်နေတာဖြစ်လို့ ဆင်ခြင်စဉ်းစား တတ်တဲ့ ဉာဏ်တွေလည်း အင်မတန် အဆင့်အတန်း မြင့်နေကြပါတယ်၊ ဒါပေမယ့်လို့ တစ်ချို့ မိရိုးဖလာ ဘာသာ အယူဝါဒတွေကျတော့ အင်း .. တယ်ပြီး မစဉ်းစားနိုင်ဘူး၊ စဉ်းစားပြီး မဟုတ်မှန်း သိနေပေမယ့်လည်း အဲဒီ အယူဝါဒကို စွန့်နိုင်ခဲတယ်၊ အသင့် ယုတ္တိ မရှိတာ တွေကိုလည်း ဒီလိုပဲ လိုက်နာပြီးကျင့်သုံးနေကြရတာတွေလည်း ရှိတာပဲ၊ အဲဒါတွေလည်း အင်မတန် ကြောက်စရာ ကောင်းတယ်၊ အဲဒါတွေဟာ မှားတဲ့ မိစ္ဆာ အယူဝါဒတွေတဲ့၊ အဲဒီ မိစ္ဆာ အယူဝါဒတွေကို လောကုတ္တရာ ပထမအဆင့်ရောက်ရင် ပယ်နိုင်တဲ့ ကျေးဇူးရှိတယ်တဲ့။
ခိုင်မြဲနေတယ် မမေ့ဘူး
ဝိပဿနာရှုလို့ ဝိပဿနာ ရင့်သန်တဲ့အခါမှာ ပထမအဆင့် သောတာပတ္တိမဂ်ဉာဏ်ကို ရောက်တယ်၊ အခုပြောနေတာဟာ အဲဒီ သောတာပတ္တိမဂ်ဉာဏ်ပါပဲ၊ ဈာနံ - လောကုတ္တရာ သောတာပတ္တိမဂ်ဈာန်ကို၊ ဘာဝေတိ - ဖြစ်စေ၏ တဲ့၊ အဲဒီဈာန် ဖြစ်ထားလို့ရှိရင်တော့ မှားတဲ့ မိစ္ဆာ အယူတွေ မရှိတော့ဘူး၊ ယခုဘဝမှာလည်း မှားတဲ့ မိစ္ဆာအယူတွေ လက်မခံတော့ဘူး၊ နောက်ဘဝမှာလည်း လူဖြစ်ဖြစ် နတ်ဖြစ်ဖြစ် အဲဒီ မိစ္ဆာအယူ အမှားတွေကို လက်မခံတော့ဘူး၊ ဘယ်လိုမိစ္ဆာအယူရှိတဲ့ အမျိုးတွေ ထဲမှာပဲဖြစ်ဖြစ် ပထမအဆင့် သောတာပတ္တိမဂ်ဉာဏ်ကို ရပြီးသားဖြစ်တဲ့ ပုဂ္ဂိုလ် ကတော့ အဲဒီ မိစ္ဆာအယူကို လက်မခံတော့ဘူးတဲ့၊ မှားတဲ့အယူကို မှားနေမှန်း သိနေတယ်၊ မဟုတ်တာကို မဟုတ်မှန်း သိနေတော့တယ်တဲ့၊ ဘာပြုလို့ ဒီလို သိနေတုန်း ဆိုတော့ ရှေးက လေ့ကျင့်ထားခဲ့၍ အလေ့အကျင့်က သူ့မှာ ရှိနေလို့ပါတဲ့။
ကိုယ့်သန္တာန်မှာ တရားတွေကို ဖြစ်တိုင်းဖြစ်တိုင်း ရှုမှတ်ရတယ်၊ အဲဒီလို ရှုမှတ်ပြီးတော့ ဖြစ်မှုပျက်မှု သဘောတွေကို သိနေတာပဲ၊ အဲဒီ သိနေတာလေးကို မမေ့ဘူး၊ စာကျက်ထားရတာနဲ့ တူတာ မဟုတ်ဘူး၊ ကျက်ထားရတဲ့ စာတွေကတော့ မေ့တတ်ပါတယ်၊ ရုပ်တရား နာမ်တရား တွေဆိုတာ ရုပ်က ၂၈-ခု၊ နာမ်က စိတ်တစ်ခု ယုတ်-၉၀၊ စေတသိက်က ၅၂-ပါး ရယ်လို့ ဒါတွေကတော့ ကျက်ထားရတယ်၊ ဒီလို ကျက်ထားရတာတွေ ကတော့ မလေ့လာလို့ ကြာရင် မေ့ပျောက်သွားတာပဲ၊ စာသင်တဲ့ ပုဂ္ဂိုလ်တွေဟာ ငယ်ငယ်ကလေးဘဝ ကျောင်းသား အရွယ်ကစပြီး ဒီလို သင်ယူ ကျက်မှတ် ထားခဲ့ကြရတာပဲ၊ သဒ္ဒါတို့၊ သဂြိုဟ်တို့ ဆိုတာတွေကို ကျေညက်အောင် ကျက်မှတ်ထားခဲ့ကြရတယ်၊
ငယ်ငယ်တုန်းက ကျက်မှတ်ထားခဲ့တယ်၊ ကြီးလာပြီဆိုတော့ တခြား ကိစ္စတွေက များလာတယ်၊ အဲဒီစာကိုလည်း မလှည့်နိုင်ဘူး၊ ဒီတော့ ကျက်မှတ်ထားတဲ့ ရုပ် ၂၈-ပါးတို့ စိတ်စေတသိက်တို့ ဆိုတာတွေကို စေ့စေ့ငင ပြည့်စုံအောင် သိပ်ပြီး မမှတ်မိတော့ဘူး၊ စာအုပ်တွေ ရှိပေလို့သာပဲ၊ စာအုပ်တွေသာ မရှိရင် ခက်မယ်၊ ဒီတော့မှ မေ့နေတာတွေဟာ ပြန်ပြီးသိရတယ်၊ ဒါကြောင့် ကျက်မှတ်ထားရတာတွေက မေ့တတ်တယ် ဆိုတာ အထင်အရှား ဖြစ်နေတယ်၊ အခု သင်ကြားနေကြတဲ့ ခေတ်ပညာတွေလိုပါပဲ၊ ခေတ်ပညာတွေလည်း သင်ကြားရန် စာပေလိုပဲ တတ်မြောက် ပါတယ်၊ အဲဒါလည်း ပြန်ပြီး မလေ့လာရင် မေ့တာပါပဲ။
ရုပ် နာမ်တွေကို သိထားတဲ့ အသိဉာဏ်ကတော့ ဒီလိုမဟုတ်ပါဘူး၊ ဒီဘဝမှာသာမက နောက်ဘဝ တွေအထိ မမေ့ပါဘူး၊ သူကတော့ ခိုင်မြဲပြီး နေတာပဲ၊ အဲဒီဉာဏ်က ဒီလို မိစ္ဆာအယူအမှားတွေကို နောက်ကာလ မဖြစ်ရအောင် တစ်ခါတည်း ပယ်ရှင်းပြီးသား ဖြစ်နေတယ်၊ ဒါကြောင့် …
ဒိဋ္ဌိဂတာနံ - မိစ္ဆာအယူတို့ကို။
ပဟာနာယ - ပယ်ခြင်းငှာ။
ဘာဝေတိ - ဖြစ်စေ၏ လို့
မြတ်စွာဘုရားက ဟောကြားထားပါတယ်။
လမ်းရှင်းပေးရသေးတယ်
▬▬▬▬▬▬▬▬▬
သောတာပတ္တိမဂ်ကို ရောက်လို့ရှိရင် အလျင်း ပယ်နိုင်ပါတယ်တဲ့၊ အဲဒါလို ပယ်နိုင် အောင်လို့ သောတာပတ္တိမဂ်ဈာန်ကို ဖြစ်ပွားစေရမယ်တဲ့၊ ဒီဈာန်ကို ဖြစ်ပွားစေရမယ် ဆိုတော့ ဒီမဂ်ဈာန် ကစပြီး ဖြစ်ပွားအောင် အားထုတ်လို့ ဖြစ်သလားဆိုတော့ မဖြစ်ပါဘူး၊ မဂ်ကစပြီး အားထုတ်လို့ ဖြစ်တယ်ဆိုရင် လွယ်လွယ်လေး နေမှာပေါ့၊ အဲဒီလိုက မဖြစ်နိုင်ပါဘူး၊ မဂ် ရအောင်လို့ ရှေးဦးစွာ ဝိပဿနာ ရှုမှတ်ရတယ်၊ ဝိပဿနာဆိုတာ ပုဗ္ဗဘာဂမဂ်ပါပဲ၊ အရိယာမဂ် ကိုရအောင် အဲဒီ ဝိပဿနာ ပုဗ္ဗမဂ်ကို ရှေးဦးစွာ အားထုတ်ရတယ်၊ အရိယာမဂ် ဆိုတာက နောက်ဆုံး ကိစ္စပြီးဆုံးတဲ့ အဆုံးသတ် မဂ်ပါပဲ၊ သူ့ရှေ့က ပုဗ္ဗဘာဂ ဝိပဿနာ ဆိုတာကို ရှေ့သွား အားထုတ်ရပါတယ်။
ဥပမာ၊ အထက်တန်းအရာရှိ ပုဂ္ဂိုလ်ကြီးတွေ သွားတော့မယ် ဆိုရင် သူတို့ သွားမယ့် လမ်းကို တာဝန်ရှိပုဂ္ဂိုလ်ကြီးတွေ ရှေးဦးစွာ ရှင်းရလင်းရသေးတယ်၊ အဲဒီလိုပါပဲ၊ အရိယမဂ် ဖြစ်ဖို့ရာ ပုဗ္ဗဘာဂမဂ် ဆိုတဲ့ ဝိပဿနာ ရှုမှတ်မှုက လမ်းရှင်း ပေးရသေးတယ်၊ ဒီလို လမ်းရှင်းပေးလို့ ကိလေသာတွေ ငြိမ်းတန်သမျှ ငြိမ်းပြီဆိုမှ အရိယမဂ်က ဖြစ်လာတာ၊ ဖြစ်တော့ တစ်ကြိမ်တည်း ဖြစ်တာပဲ၊ တစ်ချက်တည်းပဲ၊ အကြိမ်များစွာ အချက်များစွာ ဖြစ်နေတာရယ်လို့ မဟုတ်ပါဘူး၊ အရိယမဂ် တစ်ကြိမ်တည်း တစ်ချက်တည်း ဖြစ်လိုက်တာနဲ့ပဲ ပြီးရမယ့်ကိစ္စတွေ တစ်ပြိုင်နက် အကုန်လုံး ပြီးစီးသွားကြပါတယ်။
ရှေ့ပိုင်းက ဝိပဿနာမဂ် ကိုတော့ အကြာကြီး အားထုတ်ရ တတ်ပါတယ်၊ ရက်ပိုင်းအားဖြင့်လည်း ကြာချင် ကြာမယ်၊ လပိုင်းအားဖြင့်လည်း ကြာချင်ကြာမယ်၊ နှစ်ပိုင်းအားဖြင့်လည်း ကြာချင်ကြာမှာပဲ၊ ဒီလိုပါပဲ၊ အကြောင်းခံအားလျော်စွာ တစ်ချို့ ရက်ပိုင်း၊ လပိုင်းလောက်သာ ကြာပြီး တစ်ချို့ နှစ်ပိုင်းအထိ ကြာတတ်တာတွေလည်း ရှိပါတယ်၊ တစ်ချို့ ကျတော့လည်း ရက်ပိုင်းတောင် ပြည့်အောင် ကြာမနေပါဘူး၊ ခဏလေး နှလုံးသွင်း ရှုမှတ်လိုက်ရုံနဲ့ အရိယာမဂ်သို့ ရောက်သွားကြတာ တွေလည်း ရှိတာပဲ၊
အဲဒီလို အရိယာမဂ်ဖြစ်အောင် ရှေ့ပိုင်း ပုဗ္ဗဘာဂမဂ် ဆိုတာကတော့ လိုပါတယ်၊ ပြီးတော့ ပုဗ္ဗဘာဂမဂ္ဂင်ရှေ့က မူလမဂ္ဂင်ဆိုတာလည်း လိုပါသေးတယ်၊ မူလမဂ္ဂင်ဆိုတဲ့ အဲဒီ အမည်ကတော့ လွယ်လွယ်ကူကူနဲ့ သိနိုင်အောင်လို့ ဘုန်းကြီးက နာမည်ပေးပြီး ဟောထားတဲ့ မဂ္ဂင်ပါပဲ၊ အဲဒီ မူလမဂ္ဂင်ဆိုတာ ဘာလဲဆိုတော့ ကံနဲ့ ကံရဲ့အကျိုးကို ယုံကြည်တဲ့ ကမ္မဿကတ သမ္မာဒိဋ္ဌိတဲ့၊ အဲဒီ မူလမဂ္ဂင် မပါဘဲတော့ မဖြစ်ပါဘူး၊
အဲဒီမှာ ကံဆိုတဲ့ အကြောင်းကလေးက ကံတစ်ခုတည်း မဟုတ်သေးဘူး၊ ကံဆိုတာနဲ့ သင်္ခါရဆိုတာ အတူတူပါပဲ၊ ကုသိုလ်ကံ အကုသိုလ်ကံတွေကို ပြုလုပ်တယ်ဆိုရာမှာ ဥပါဒါန်စွဲလမ်းမှုရှိလို့ ပြုလုပ်တာပဲ၊ စွဲလမ်းမှုမရှိရင် မလုပ်ဘူး၊ စွဲလမ်းတယ်ဆိုတာက တဏှာနဲ့ သာယာမှုလေး ရှိလို့ပဲ၊ မသာယာရင် မဖြစ်ဘူး၊ သာယာတာ ကလည်း မသိတဲ့ အဝိဇ္ဇာရှိလို့ပဲ၊ ဒါကြောင့် အဝိဇ္ဇာနှင့်တကွ စွဲလမ်းမှု သာယာမှု ရှိနေသောကြောင့် အဲဒီ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေကို ပြုလုပ်တာပဲ၊ အဝိဇ္ဇာ ဆိုတာက ရုပ် နာမ်တို့ရဲ့အဖြစ်မှန်ကို သိတာ မဟုတ်ဘူး၊ သူသိတာက တလွဲကိုသိတာ၊ အမှန်က ရုပ်နာမ်တရားတွေဆိုတာ မမြဲတဲ့သဘော၊ ဆင်းရဲတဲ့သဘော၊ ငါကောင် မဟုတ်ဘဲ အလိုသို့ မလိုက်မပါတဲ့ သဘောတွေပဲ၊ ဒါပေမယ့်လို့ အဝိဇ္ဇာက ဒီရုပ်နာမ်တွေဟာ မြဲတယ်၊ ချမ်းသာတယ်၊ ငါကောင် ဟုတ်တယ်၊ ငါ့အလိုကို လိုက်ပါတယ်၊ ငါလုပ်ချင်သလို ဖြစ်တယ်လို့ ဒီလိုအလွဲကို သိနေတယ်၊ သူက အမှန်ကို သိတဲ့ ဝိဇ္ဇာဉာဏ်နဲ့ ဆန့်ကျင်ပြီး သိနေတာဖြစ်ပါတယ်၊ “နဝိဇ္ဇာ အဝိဇ္ဇာ = ဝိဇ္ဇာ - အသိဉာဏ်ဆိုတဲ့ ဝိဇ္ဇာနှင့်၊ န - ဆန့်ကျင်ဘက်တည်း၊ အဝိဇ္ဇာ - ဝိဇ္ဇာဉာဏ်နဲ့ ဆန့်ကျင်ဘက် သိနေတာ” တဲ့၊ ဒီလို မမှန်မကန် ဆန့်ကျင်ဘက် သိပြီး အမှန်အကန် အတိုင်း မသိလို့ ကုသိုလ်ကံ အကုသိုလ်ကံတွေကို ပြုလုပ်တာပါပဲ၊ တကယ်လို့ အမှန်အကန် အတိုင်း သိပြီဆိုရင် တဏှာ ဥပါဒါန်တွေနဲ့ သာယာစွဲလမ်းပြီး မပြုမလုပ်ပါဘူး၊ သံသရာ ဝဋ်ဆင်းရဲက ထွက်မြောက်ရာ ထွက်မြောက်ကြောင်း ကုသိုလ်တွေကို ပြုလုပ်မှာပဲ။
ကံဆိုတဲ့ သင်္ခါရ ဖြစ်ရာမှာ အဲဒီ သင်္ခါရနဲ့အတူ အချင်းချင်း ဆက်စပ်ပြီး တဏှာ ဥပါဒါန် အဝိဇ္ဇာတွေလည်း ပါနေကြပါတယ်၊ ဒါကြောင့် မသာယာသင့်တာတွေကို သာယာတယ်၊ မစွဲလမ်းသင့်တာတွေကို စွဲလမ်းတယ်၊ ဒါတွေကိုတော့ အရဟတ္တ မဂ်ဉာဏ် ရောက်မှ သေသေချာချာသိမှာ၊ အဲဒီကျမှ အကုန်လုံးသိမှာ၊ အနာဂါမ်မှာ ဆိုရင်တောင် အကုန်လုံးကို မသိနိုင်သေးဘူး၊ ကာမရာဂနဲ့ စပ်ပြီးတော့ဖြစ်တဲ့ အကြောင်းတွေ လောက်သာ အနာဂါမ်က သိတာပဲ၊ ရူပရာဂ အရူပရာဂတွေနဲ့ စပ်ပြီးတော့ဖြစ်တဲ့ သာယာမှုတွေတော့ ရှိသေးတယ်၊ သောတာပန် သကဒါဂါမ်တွေ ဆိုတာကတော့ ကာမရာဂနဲ့စပ်တဲ့ အရာဌာနတွေကို ပိုင်ပိုင်နိုင်နိုင် မသိသေးဘူး၊ ဒါကြောင့် သူတို့မှာလည်း ကာမရာဂတွေ ဖြစ်တော့ ဖြစ်သေးတာပဲ၊ ဒါပေမယ့်လို့ ပုထုဇဉ်တွေ လောက်တော့ ကြမ်းကြမ်းတမ်းတမ်း မဖြစ်တော့ဘူး၊ ဒီလောက်သာ ထူးခြားပါတယ်၊ ပုထုဇဉ်တွေမှာတော့ အကုန်လုံး အပြည့်အစုံ ကြမ်းတမ်းလျက်ပဲ ရှိပါသေးတယ်၊ မလျော့သေး ပါဘူး။
ပါဝင်နေတဲ့ တရားတွေ
▬▬▬▬▬▬▬▬
ဝိပဿနာ ရှုမှတ်နေခိုက်မှာတော့ အဖြစ်အပျက်တွေကို သိနေလို့ ဒုက္ခသဘော ထင်ပါတယ်၊ ဒါပေမယ့်လို့ မရှုမမှတ်ဘဲ နေတဲ့အခါမှာတော့ ဒုက္ခမထင်ပါဘူး၊ သာယာမှုတွေ ဖြစ်နိုင်နေတာပါပဲ၊ ဝိပဿနာ မရှုမှတ်တဲ့ ပုဂ္ဂိုလ်တွေ အတွက်ကတော့ အထူးပြောစရာ မလိုပါဘူး၊ သာယာမှုတွေ အကုန်လုံး အချိန်ပြည့် ဖြစ်နိုင်ပါတယ်၊ အဲဒါကြောင့် ပြုလုပ်တယ်ဆိုတဲ့ သင်္ခါရထဲမှာ အဝိဇ္ဇာက မသိလို့ တဏှာက တပ်မက်တယ်၊ ဥပါဒါန်က စွဲလမ်းတယ် ဆိုတာတွေ ပါဝင်ပြီး ပြုလုပ်ပါတယ်၊ အဲဒီ ပြုလုပ်တဲ့ ကံကြောင့် ဝိညာဉ်, နာမ်, ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဆိုတာတွေဖြစ်တယ်၊ ဒါတွေလည်း တခြား မဟုတ်ပါဘူး၊ မြင်တာ၊ ကြားတာ စသည်တွေပါပဲ၊ မြင်တာ၊ ကြားတာ စသည်တွေထဲမှာ ဒီ ဝိညာဉ်, နာမ်, ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဆိုတာတွေ ပါနေတာပါပဲ။
မြင်တယ် ဆိုတာက စက္ခုဝိညာဉ်က မြင်သိရုံမျှ သဘောလေးပဲ၊ အဲဒီ မြင်သိတဲ့ အခိုက်အတန့်မှာ မြင်သိဝိညာဉ်နဲ့ ယှဉ်ပြီးဖြစ်တဲ့ နာမ်သဘောတရား တွေဆိုတာ ရှိသေးတယ်၊ မြင်သိတာက နာမ်ပဲ၊ မြင်သိ စက္ခုဝိညာဉ်ရဲ့ မှီရာဖြစ်တဲ့ စက္ခုပသာဒက ရုပ်ပဲ၊ စက္ခုပသာဒထဲမှာ လာပြီးထင်တဲ့ အဆင်းအာရုံကလည်း ရုပ်ပဲ၊ အဲဒီ အဆင်းကို မကြည့်ဘဲနဲ့လည်း မမြင်နိုင်ပါဘူး၊ မျက်စိ မရှိဘဲနဲ့လည်း မမြင်နိုင်ပါဘူး၊ မြင်တဲ့အခါမှာ အဲဒီလို ရုပ်နာမ်တွေ ပါနေတယ်၊
ပြီးတော့ အာယတန တဲ့၊ အဲဒါကတော့ သူ့အခိုက်အတန့်နဲ့သူ ခံယူရတယ်၊ မြင်တဲ့ အခိုက် အတန့်မှာ ဆိုရင် မျက်စိက စက္ခာယတန၊ မြင်ရတဲ့ အဆင်းရုပ်က ရူပါယတန၊ မြင်သိမှုက မနာယတန၊ ဒီမြင်သိမှုနဲ့ ယှဉ်ပြီးဖြစ်လာတဲ့ ဖဿစသည်တွေက ရှိသေးတယ်၊ အဲဒါတွေက ဓမ္မာယတနပဲ၊ အဲဒီလို မြင်တဲ့ အခါမှာ အာယတနလေးပါး ပါနေတယ်၊ ကြားမှု စသည် တွေမှာလည်း ဒီလို ဆိုင်ရာဆိုင်ရာ အာယတနတွေ ပါကြတာပါပဲ၊ ဒါကြောင့် မြင်တဲ့အခါမှာလည်း အာယတနတွေ ပါဝင်တယ်လို့ ပြောရတယ်၊
နောက်ပြီးတော့ ဖဿတဲ့၊ မြင်တွေ့တဲ့ သဘောမှာ ဖဿပါပဲ၊ မြင်တိုင်း မြင်တိုင်း ဒီ ဝိညာဉ် အစရှိတဲ့ တရားငါးပါးတွေ ဖြစ်နေတာပါပဲ၊ ကံကောင်းလို့ ကောင်းတာတွေ မြင်ရကြားရတယ်၊ ကံမကောင်းလို့ မကောင်း တာတွေ မြင်ရ ကြားရတယ်၊ အဲဒီလို မြင်ခိုက် ကြားခိုက် တရားတွေကို ရှုမှတ်နေရင်းနဲ့ပဲ အကြောင်းတရား တွေကိုပါ ပိုင်းခြားပြီး သိသိလာပါတယ်၊ အဲဒါကို ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်လာတယ်လို့ ဆိုပါတယ်၊ အဲဒီဉာဏ်က ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ပါမှ ဖြစ်တယ်၊ ဒိဋ္ဌိဝိသုဒ္ဓိ မဖြစ်သေးရင် ဒီဉာဏ်က မဖြစ်ပါဘူး၊ စာပေကျမ်းဂန်သဘောနဲ့ ဟောတာ ပြောတာကို နာယူရုံ နဲ့ဖြစ်ဖြစ် ကျက်မှတ်ထားလို့ပဲဖြစ်ဖြစ် ဆင်ခြင်ပြီး သိတာတွေကတော့ ဒီ ပစ္စယပရိဂ္ဂဟဉာဏ် အစစ် မဟုတ်ပါဘူး၊ တချို့ကတော့ ဒါကို ပစ္စယပရိဂ္ဂဟဉာဏ်လို့ ထင်မှတ်နေကြတယ်၊ သီလဝိသုဒ္ဓိ စသည် အစဉ်အတိုင်း မဖြစ်ဘဲ မပါဘဲနဲ့တော့ ဆင်ခြင် ကျက်မှတ်ရုံမျှဖြင့် သိနေတာ တွေဟာ ဝိပဿနာအစစ် မဟုတ်ပါဘူး၊ အဲဒါတွေကို နားလည်အောင်လို့ ဘုန်းကြီးတို့က ဝိသုဒ္ဓိ တွေနဲ့ ယှဉ်ယှဉ်ပြီး ပြနေတာပါပဲ၊
အကြောင်းနဲ့ အကျိုးမျှပဲလို့ ရှုမှတ်တဲ့ ဝိပဿနာဉာဏ်နဲ့ ပိုင်ပိုင်နိုင်နိုင် သိသွားရင် ကင်္ခါဝိတရဏ ဝိသုဒ္ဓိဖြစ်တယ်၊ ဒီ ဝိသုဒ္ဓိဖြစ်ပါမှ၊ ပြည့်စုံပါမှ၊ သမ္မသန ဉာဏ် စသည်တွေလည်း ဖြစ်ပါတယ်၊ အဲဒီ ကင်္ခါဝိတရဏဝိသုဒ္ဓိ ပြည့်စုံပြီးတဲ့ နောက်မှာ ဝိပဿနာဆက်ပြီး ရှုမှတ်နေလို့ရှိရင် ဖြစ်ပေါ်ပြီး ပျက်လိုက်၊ ဖြစ်ပေါ်ပြီး ပျက်လိုက်နဲ့ ဒီလို ဖြစ်မှုပျက်မှုတွေကို သိလာပါတယ်၊ ဒီတော့ အနိစ္စ မမြဲဘူး၊ ဖြစ်ချည်ပျက်ချည်နဲ့ ဒုက္ခဆင်းရဲ နေတာပဲ၊ သူ့သဘောအတိုင်း သူ ဖြစ်ပျက်နေတာဖြစ်လို့ အနတ္တသဘော တွေပဲ ဆိုတာကို ကိုယ်ပိုင်ဉာဏ်နဲ့ကို တွေ့မြင်လာပါတယ်၊ အဲဒါဟာ သမ္မသနဉာဏ် ဖြစ်လာတာပါပဲ။
ယောဂီတို့ဉာဏ်ထဲမှာ ဘယ်လို ထင်လာတတ်သလဲ ဆိုရင် “ရှေးက မရှုမမှတ်ဘ ဲနေလို့သာ ဒီသဘောတွေကို မသိရတာဘဲ၊ တကယ်တော့ မမြဲတဲ့ သဘောတွေချည်းပဲ၊ ဆင်းရဲတဲ့ သဘောတွေချည်းပဲ၊ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်တဲ့ သဘောမျှတွေချည်းပဲ”လို့ ရှုရင်း ရှုရင်းမှာပဲ၊ ယောဂီတို့ ဉာဏ်ထဲမှာ သဘောကျပြီး ထင်မြင်လာတတ် ကြပါတယ်၊ ပြီးတော့ “ရှေးတုန်းကလည်း ဒီလို အနိစ္စ ဒုက္ခ တရားပဲ၊ နောင်လည်း ဒီလို အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတရားတွေနေမှာပဲ”လို့ ဒီလိုလည်း သဘောကျလာ တတ်ကြပါတယ်၊ ဒီလောက်သာမက သေးဘူး၊ “ကိုယ့်သန္တာန်မှာသာ မဟုတ်သေးဘူး၊ သူတစ်ပါး သန္တာန်မှာရှိတဲ့ တရားတွေလည်း ဒီလို အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတွေပဲလို့ ဒီလိုလည်း သဘောပေါက် လာတတ်ကြပါတယ်၊ ဒီလို သဘောပေါက် ဆင်ခြင် သုံးသပ်တာတွေဟာ သမ္မသနဉာဏ် ဖြစ်ပုံတွေပါပဲ၊ အဲဒါဟာ ဝိပဿနာ ဉာဏ်စဉ်ဖြစ်ပုံ အခြေခံတွေ ဖြစ်ပါတယ်။
ဉာဏ်စဉ်အတိုင်း ဆက်ဖြစ်လာတယ်
▬▬▬▬▬▬▬
သမ္မသနဉာဏ်ဖြစ်ပြီး ဆက်မှတ်လို့ရှိရင် ဥဒယဗ္ဗယဉာဏ် ဖြစ်လာပါတယ်၊ အဲဒီကနေ ဉာဏ်စဉ်အတိုင်း ဆက်ပြီးတော့ ဘင်္ဂဉာဏ်၊ ဘယဉာဏ်၊ အာဒီနဝဉာဏ် စသည် ဉာဏ်စဉ်တွေ အများကြီးပါပဲ၊ ဖြစ်ခိုက် ဖြစ်ခိုက် တရားတွေကို ရှုမှတ်လို့ရှိရင် အဲဒီဉာဏ်တွေ ဖြစ်လာပါတယ်၊ ဝိသုဒ္ဓိနဲ့ ဉာဏ်စဉ်တရားတော်ဆိုတဲ့ စာအုပ်ထဲမှာ အကျဉ်းချုံးပြီးတော့ ပေါ်ပေါ်လွင်လွင် ရေးထားပါတယ်၊ အဲဒီဉာဏ်တွေ အစဉ်အတိုင်း ဖြစ်လာမှ ဝိပဿနာဉာဏ်အစစ် ဖြစ်ပါတယ် ဆိုတာကို မှတ်သားထားဖို့ပေါ့လေ၊
ဒီလို အစဉ်အတိုင်းလည်း မဟုတ် သီလတောင်မှလည်း မစင်ကြယ်၊ သီလစင်ကြယ် တယ် ဆိုဦးတော့ နီဝရဏတွေ ကင်းအောင် သမထဘာဝနာကို ရှုမှတ်တာလည်း မဟုတ်ဘဲနဲ့ ဒီအတိုင်း သက်သက်နဲ့ ဆင်ခြင်ရုံမျှနဲ့တော့ စိတ္တဝိသုဒ္ဓိ = စိတ်စင်ကြယ်မှု ဆိုတာလည်း မဖြစ်နိုင်ဘူး၊ ရုပ်, နာမ်ပဲ၊ ကြောင်းကျိုးပဲ စသည်ဖြင့် ခွဲခြားပြီး ဆင်ခြင်တာတွေလည်း နာမရူပ ပရိစ္ဆေဒဉာဏ် စသည် အစစ်မဖြစ်ပါဘူး၊ ဘာကြောင့်လဲ ဆိုရင် စိတ္တဝိသုဒ္ဓိ၊ သီလဝိသုဒ္ဓိ စသည်မရှိတဲ့ အတွက်ကြောင့်ပါပဲ၊
သီလဝိသုဒ္ဓိ မဖြစ်ရင် စိတ္တဝိသုဒ္ဓိ မဖြစ်နိုင်ပါဘူး၊
စိတ္တဝိသုဒ္ဓိ မဖြစ်ရင်လည်း ဒိဋ္ဌိဝိသုဒ္ဓိ မဖြစ်နိုင်ပါဘူး၊
ဒိဋ္ဌိဝိသုဒ္ဓိ မဖြစ်ရင်လည်း ကင်္ခါဝိတရဏဝိသုဒ္ဓိ မဖြစ်နိုင်ပါဘူး၊
အဲဒီ ဝိသုဒ္ဓိတွေ မဖြစ်ရင် သမ္မသနဉာဏ် မဖြစ်ဘူး၊
ရုပ်, နာမ် ဓမ္မတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တပဲဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ မသုံးသပ် နိုင်ပါဘူး၊
သူ့ဝိသုဒ္ဓိနဲ့ သူ့ဉာဏ်စဉ်အတိုင်း ဆက်ဖြစ်လာမှ ဝိပဿနာစစ်စစ် ဖြစ်ပါတယ်၊
အဲဒါတွေကို သိထားဖို့ဆိုတာ အင်မတန် လိုတာပါပဲ။
ကိလေသာကို ဒီလိုပယ်ရတဲ့ ထုံးစံမရှိဘူး
▬▬▬▬▬▬▬▬▬
ဒါတွေဟာ ဒုက္ခပဋိပဒါကို ပြတဲ့ အဋ္ဌကထာ စကားနဲ့လည်း ထင်ရှားပါတယ်၊ အထက်နားက ပြခဲ့တဲ့ ဒုက္ခပဋိပဒါ ဆိုရာမှာ ရုပ်နာမ်ကို ပိုင်းခြားသိရာ ရုပ်နာမ် ကြောင်းကျိုးတွေကို သိမ်းဆည်းရာ လက္ခဏာရေး သုံးပါးကို သိမြင်ရာ လမ်းမှန် လမ်းမှားကို ဆုံးဖြတ်ရာ အဲဒီလိုနေရာတွေမှာ ကိလေသာကို ဆုံးသည်အထိ ရှုမှတ် ပြီးတော့ ပယ်ခွာရမယ်၊ “ဒုက္ခပဋိပဒါ ဆင်းရဲတဲ့ အကျင့်” ဆိုတာဟာ အစဉ်အတိုင်း ရှုမှတ်ပြီးနေမှ ဖြစ်သင့်သမျှ ကိလေသာတွေကို ပယ်နိုင်တာပဲ၊ မရှုမမှတ်ဘဲ စာပေအရနဲ့ ဆင်ခြင်ရုံမျှ ဆင်ခြင်လို့ကတော့ ကိလေသာကို အကြွင်းမဲ့ မပယ်နိုင်ပါဘူး၊ အဲဒီ ဆင်ခြင်မှုဟာ ကိလေသာကို ပယ်နိုင်တဲ့ ဘာဝနာအလုပ်လည်း မဟုတ်ဘူး၊ ဆင်ခြင်ရုံမျှ ဆင်ခြင်နေရင် ကိုယ်သိဖူးထားတဲ့ ကိုယ်ကြားဖူးထားတဲ့ အတိုင်းသာ မှတ်မိ တာလေးတွေ ပေါ်ပေါ် နေမှာပဲ ရှိတယ်၊ အဲဒီ ဆင်ခြင်မှု မျှနဲ့တော့ ကိလေသာကို ပယ်ရတဲ့ ထုံးစံလည်း မရှိပါဘူး။
ဆင်ခြင်တယ်ဆိုတာ သူ ထင်မြင်တာတွေ လျှောက်ပြီး တစ်သီကြီး ဆက်လက် ဆင်ခြင်နေမှာပဲ၊ နားချင်လည်း နားနေမှာပဲ၊ နားပြီးတော့ ဒီကြားထဲမှာ ကိုယ်ကြံစည် ချင်တာတွေကို လျှောက်ကြံစည်ပြီး ကာမစ္ဆန္ဒတွေ ဖြစ်ချင်လည်း ဖြစ်နေလိုက်ဦးမှာပဲ၊ ဒါကြောင့် ဆင်ခြင်တယ်ဆိုတာ မူလက သိထားတဲ့ အတိုင်းမှ လွဲလို့ ကိုယ်ပိုင်ဉာဏ်နဲ့ မှန်ကန်စွာ သိနိုင်တဲ့ အသိ မဟုတ်ပါဘူး၊ အဲဒီတော့ ဒီလို လျှောက်ပြီး ဆင်ခြင်နေတာ ဆိုရင် ဒုက္ခပဋိပဒါ စသည်တွေ ဖြစ်နေစရာလည်း မလိုတော့ဘူး၊ ဉာဏ်ကောင်းတဲ့ ပုဂ္ဂိုလ်ဆိုပါက ကျက်မှတ်ပြီး ဆင်ခြင်လိုက်ရင် လွယ်လွယ်လေး ဖြစ်နေမှာပေါ့၊ သုခပဋိပဒါ ဖြစ်နေတော့မှာပဲ၊ ဒီတော့ ဒုက္ခပဋိပဒါ ရယ်လို့ မရှိနိုင်တော့ဘူး၊ စာတတ်ပေတတ် ပုဂ္ဂိုလ်တွေ ဗဟုသုတများတဲ့ ပုဂ္ဂိုလ်တွေ ဒီလိုပုဂ္ဂိုလ်တွေ အားလုံးပင် အရိယာ ပုဂ္ဂိုလ်တွေချည်း ဖြစ်ကုန်တော့မှာပဲ၊ ဒီလိုလည်း မဖြစ်နိုင်ပါဘူး၊ ပေါဋ္ဌိလ မထေရ်မြတ်ကြီးဆိုရင် ပါဠိ အဋ္ဌကထာတွေ ပို့ချနေတဲ့ စာတတ်ပေတတ် ပုဂ္ဂိုလ်ကြီးပဲ၊ နောက်ဆုံးတွင် ရှင်သာမဏေကလေး တစ်ပါးထံ ကမ္မဋ္ဌာန်းတောင်း အားထုတ်လိုက်ရတာ တော်တော် ကြာတယ် မဟုတ်လား။
မနှီးနှောဘဲ အလွတ်ပြောနေတာ
▬▬▬▬▬▬▬
အခုဟာက ရုပ် နာမ်ကို ပိုင်းခြား သိမ်းဆည်း ရာတွေမှာ ကိလေသာကို ရှုမှတ်ပြီး ပယ်ရတယ်၊ တစ်ကြိမ်ရှုမှတ်ရုံနဲ့ မပျောက်ဘူးဆိုရင် နှစ်ကြိမ် မှတ်ရတယ်၊ နှစ်ကြိမ်မှတ်ရုံနဲ့ မပျောက်သေးဘူး ဆိုရင် သုံးကြိမ် မှတ်ရတယ်၊ ဒီလို သုံးကြိမ် စသည်ဖြင့် ရှုမှတ်နေရရင် ဒါဟာ ဒုက္ခပဋိပဒါပဲ၊ လေးကြိမ်၊ ငါးကြိမ်၊ ဆယ်ကြိမ် စသည် ရှုမှတ်ရတယ် ဆိုရင်တော့ ဒုက္ခပဋိပဒါ ဖြစ်တယ်ဆိုတာ ပြောစရာ မလိုတော့ပါဘူး၊ အဋ္ဌကထာမှာ ဒီလိုပြထားတာ၊ ဒါကြောင့် အချက်ရေနဲ့ ဒီလိုပြထားတဲ့ အဋ္ဌကထာ စကားဖြင့်လည်း ထင်ရှားပါတယ်၊ ဒါကို သိထားဖို့လည်း လိုတာပဲ။
ဒါက ဗဟုသုတရှိတဲ့ ပုဂ္ဂိုလ်တွေ ပေမယ်လို့ အမှတ်တမဲ့ ဖြစ်နေတတ်တယ်၊ ဆရာကြီးတွေ ပြုလုပ်ပြီး ဝိပဿနာတွေ ဝိသုဒ္ဓိတွေနဲ့ နှီးနှောခြင်းမရှိဘဲ အလွတ် ပြောနေတာတွေ ရှိတယ်၊ ဒါနဲ့ ဒါတွေကို မှတ်ထားရအောင်လို့ ဘုန်းကြီးက ဆောင်ပုဒ်ကို လင်္ကာနဲ့ မရေးဘဲ ဒီမှာ ရိုးရိုးစကား ဝါကျအနေနဲ့ ရေးထားတယ်၊ လင်္ကာနဲ့ဆိုတော့ ကာရန်နဲ့ အက္ခရာလုံးရေနဲ့ ရေးရတယ်၊ ဒီတော့ မသေချာ မထင်ရှားဘဲ နေမှာစိုးလို့ ရိုးရိုးစကားလုံး လေးနဲ့ပဲ ရေးထားပါတယ်၊ အဲဒါကို လိုက်ဆို ကြရမယ်။
“သီလဝိသုဒ္ဓိ ပြည့်စုံမှ စိတ္တဝိသုဒ္ဓိ ဖြစ်နိုင်သည်”
(၃-ခေါက်ဆို)
ရဟန်းတော်တွေက ပိုခက်တယ်
▬▬▬▬▬
သီလဝိသုဒ္ဓိ ပြည့်စုံမှ စိတ္တဝိသုဒ္ဓိ ဖြစ်တယ်ဆိုတာကို စာပေကျမ်းဂန် ဗဟုသုတရှိတဲ့ ပုဂ္ဂိုလ်တွေ ဆိုရင် ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး၊ သီလဝိသုဒ္ဓိရှိမှ စိတ္တဝိသုဒ္ဓိ ဖြစ်မယ်၊ သီလမရှိတဲ့ပုဂ္ဂိုလ် တရားအားထုတ်ရင် စိတ္တဝိသုဒ္ဓိဟာ ဖြစ်ကို မဖြစ်နိုင်ပါဘူး၊ ဈာန်တွေဆိုတာလည်း မရနိုင်ပါဘူး၊ အောက်ထစ်ဆုံး အားဖြင့် တရားအားထုတ်ခါနီး ဖြစ်ဖြစ် သီလစင်ကြယ်အောင် သီလဝိသုဒ္ဓိ ဖြစ်အောင် သီလဆောက်တည်ပြီးမှ တရား အားထုတ်ရတယ်၊ ဒီလို အားထုတ်မှဖြစ်တာ၊ အဲ ဘယ်နည်းနဲ့ စင်ကြယ် စင်ကြယ် သီလစင်ကြယ်မှ တရားအားထုတ်လို့ ဖြစ်ပါတယ်။
ဒီ သီလ ပြည့်စုံဖို့ဆိုတာ လူတွေထက် ရဟန်းတော်တွေက ပိုပြီးခက်တယ်၊ ရဟန်းတော် တွေမှာ တချို့ အာပတ်က သူတစ်ပါးထံ ဒေသနာ ပြောကြားလိုက်ရုံနဲ့ မပြီးသေးဘူး၊ မအပ်စပ်တဲ့ ပစ္စည်းတွေ မိမိမှာ ရှိနေရင် အဲဒါတွေကို ဝိနည်းကံနဲ့ အညီ စွန့်ရဦးမယ်၊ ပရိဝတ် မာနတ် ဆောက်တည်မှ ပြီးတဲ့ အာပတ်ဆိုရင်လည်း ပရိဝတ်, မာနတ် ဆောက်တည် ရသေးတယ်၊ ဒါမှသာ သီလ စင်ကြယ်နိုင်တယ်၊ အဲဒီတော့ ရဟန်းတော်တို့မှာ အရင်က သီလ မစင်ကြယ် ခဲ့ရင်တော့ သီလစင်ကြယ်အောင် ဆောက်တည်ဖို့ဟာ လူတွေထက် ပိုခက်တယ်၊ ပရိဝတ်, မာနတ် ဆောက်တည်မှ ပြီးမယ့် အာပတ်ဆိုရင် ဒီပြင်ကိစ္စတွေက အများကြီး ရှိသေးတယ်၊ လွယ်လွယ်နဲ့ ပြီးတာ မဟုတ်ဘူး၊ ဒါကြောင့် လူတွေထက် ရဟန်းတော်တွေမှာ သီလ စင်ကြယ်အောင်လုပ်ဖို့ ပိုပြီးခက်တယ်လို့ ပြောရတာပဲ၊ အရင်က သီလစင်ကြယ်အောင် စောင့်ရှောက်ခဲ့လို့ သီလ စင်ကြယ်နေရင်တော့လည်း လူတွေလို သီလ ဆောက်တည် နေစရာ မလိုတော့ပါဘူး၊ တရား အားထုတ်လိုက်ရုံပါပဲ။
နီဝရဏကင်းတဲ့ စိတ်
▬▬▬▬▬▬▬▬
သီလဝိသုဒ္ဓိဖြစ်ပြီးမှ ဈာန်ရအောင် အားထုတ်ရင်လည်း ဈာန်ရနိုင်ပါတယ်၊ ဈာန် မရနိုင်သေး တောင်မှ ဥပစာရသမာဓိကို ရောက်နိုင်ပါတယ်၊ ဝိပဿနာသက်သက် အားထုတ်ရင်လည်း အခု ဒီမှာ အားထုတ်တဲ့ နည်းစနစ်နဲ့ အားထုတ်မှသာ မဟုတ်ပါဘူး၊ ဒီပြင် မှန်ကန်တဲ့နည်းနဲ့ အားထုတ်ရင်လည်း ဖြစ်တာပါပဲ၊ ဣရိယာပုတ် လေးပါးတွင် ဘယ်ကပဲမှတ်မှတ် ဖြစ်ပါတယ်၊ ဓါတ်လေးပါး ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါး ထင်ရှားရာကနေပြီး မှတ်နိုင်တာ ချည်းပါပဲ၊ ပေါ်တိုင်း ပေါ်တိုင်းသော တရားတွေကို ရှုမှတ်နိုင်ဖို့သာ လိုပါတယ်၊ ရှုမှတ်ခါစမှာတော့ စိတ်စင်ကြယ်ဖို့ မလွယ်သေးဘူးပေါ့၊ ပြောခဲ့တဲ့အတိုင်း သီလစင်ကြယ်မှ ရှုမှတ်လို့ စိတ်စင်ကြယ်တဲ့ စိတ္တဝိသုဒ္ဓိ ဖြစ်နိုင်ပါတယ်။
စိတ္တဝိသုဒ္ဓိဆိုတာ နီဝရဏတွေ ကင်းရှင်းပြီးတော့ စိတ်သန့်ရှင်း တည်ကြည် ငြိမ်သက်နေတဲ့ သမာဓိကို ခေါ်တာပါပဲ၊ ရှုမှတ်နေတဲ့ စိတ်မှတစ်ပါး လွတ်ပြီး ဟိုသွား ဒီသွားနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ စိတ်တွေဆိုတာ ရှိတယ်၊ အဲဒီစိတ်တွေကို နီဝရဏနဲ့ တကွ ဖြစ်နေတဲ့ စိတ်တွေလို့ ခေါ်တယ်၊ အဲဒီ နီဝရဏစိတ်တွေ ကင်းပြီး ရှုမှတ်နေတဲ့ စိတ်ချည်း သက်သက် တည်ငြိမ်တဲ့ သမာဓိကို စိတ္တဝိသုဒ္ဓိလို့ ခေါ်တာပါပဲ၊ အဲဒါကို လည်း လိုက်ဆိုကြရမယ်။
“နီဝရဏကင်းတဲ့ စိတ်တည်ကြည် ငြိမ်သက်မှု သမာဓိကို စိတ္တဝိသုဒ္ဓိလို့ ခေါ်သည်။” (ဆို ၃-ခေါက်)
နီဝရဏဆိုတာ ဘာလဲဆိုရင် ရှုမှတ်မှု မဟုတ်ဘဲနဲ့ အလွတ်ဖြစ်တဲ့ စိတ်တွေ စိတ်ကူးတွေလို့သာ လွယ်လွယ်မှတ်ထားပေရော့၊ နာမည်သရုပ်နဲ့ ဆိုရင်တော့ …
ကာမစ္ဆန္ဒ နီဝရဏ,
ဗျာပါဒ နီဝရဏ,
ထိနမိဒ္ဓ နီဝရဏ,
ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏ,
ဝိစိကိစ္ဆာ နီဝရဏ တဲ့၊ ဒီလို ငါးပါးရှိတယ်၊
ဒီမှာ ခဏခဏ ဆိုသလိုပဲ ဒီနီဝရဏ တရားတွေကို ဟောနေတာပါပဲ၊ ရှုမှတ်မှုမှ အလွတ်ဖြစ်နေတဲ့ နီဝရဏတွေက သမာဓိ ဝိပဿနာဉာဏ်တွေကို တားဆီး ပိတ်ပင်တတ်တယ်၊ အဲဒီ နီဝရဏတွေ ကင်းပြီး စိတ်တည်ကြည် ငြိမ်သက်နေတဲ့ သမာဓိကို စိတ္တဝိသုဒ္ဓိလို့ ခေါ်တယ်၊ ဒီစိတ္တဝိသုဒ္ဓိဟာ သီလရှိတဲ့သူမှ ဖြစ်တယ်၊ သီလမရှိရင် မဖြစ်ဘူး။
အဲဒီ စိတ္တဝိသုဒ္ဓိ ပြည့်စုံမှ နာမရူပပရိစ္ဆေဒဉာဏ်နဲ့ ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်သည်တဲ့၊ ဒီလို ဆိုထားတယ်၊ ရှင်းနေတာပါပဲ၊ အခု ဒီမှာ တရားရှုမှတ်နေကြတဲ့ ယောဂီပုဂ္ဂိုလ်တွေဟာ ရှုကာစ, မှတ်ခါစဆိုရင် “ဖောင်းတယ်, ပိန်တယ်” လို့ ဒီနှစ်ခု လောက်ကိုပဲ မှတ်နိုင်ပါသေးတယ်၊ များများ မမှတ်နိုင် သေးပါဘူး၊ ဒီလောက်လေး မှတ်နေတဲ့ အထဲကကိုပဲ စိတ်ကူးတွေက အပြင်ကို ထွက်ထွက် သွားတတ်ပါသေးတယ်၊ အဲဒါဟာ နီဝရဏတွေ ဝင်လာတာပဲပေါ့။
နှစ်သက်သာယာစိတ်တွေ ဖြစ်နေရင် အဲဒါဟာ ကာမစ္ဆန္ဒ နီဝရဏတွေပဲ၊ စိတ်ပျက်, စိတ်ဆိုးတွေ ဖြစ်နေလို့ရှိရင် ဗျာပါဒ နီဝရဏတွေပဲ၊ အားထုတ်မှုနဲ့ စပ်ပြီးတော့ စိတ်ဓာတ်တွေ၊ စိတ်အားတွေ ကျနေရင် ပျင်းနေရင် ထိနမိဒ္ဓနီ ဝရဏတွေပဲ၊ စိတ်တွေ ဟိုရောက် ဒီရောက်နဲ့ ဘာရယ်လို့လည်း မယ်မယ်ရရ မဟုတ်ဘဲ ဖြစ်နေရင် အဲဒါတွေဟာ ဥဒ္ဓစ္စ နီဝရဏတွေပဲ၊ ဟိုဟာကို ငါပြောမိတာလည်း မှားသွားတယ်၊ ဒီဟာကို ပြောမိတာလည်း မှားသွားတယ် စသည်ဖြင့် ရှေးက မှားခဲ့တာတွေ အခု မှားတာတွေကို ပြန်တွေးမိပြီးတော့ စိတ်ပူပန်မှုတွေ ဖြစ်နေတာကတော့ ကုက္ကုစ္စ နီဝရဏတွေပဲ၊ ဟုတ်မှ ဟုတ်ပါ့မလား၊ ဖြစ်မှဖြစ်ပါ့မလား လို့ တွေးတောဆင်ခြင်ပြီး မဝေခွဲနိုင် ဖြစ်နေတာကတော့ ဝိစိကိစ္ဆာ နီဝရဏတွေပဲ၊ အဲဒီ နီဝရဏတွေဟာ ရှုမှတ်နေတဲ့ကြားမှာ ဝင်ဝင်ပြီးလာတတ်တယ်၊ ဒီ နီဝရဏတွေ မဝင်လာဘဲနဲ့ မှတ်စိတ်ချည်း စင်ကြယ်နေမယ်၊ နီဝရဏတွေ ကင်းပြီးတော့ စိတ်လေး တည်ကြည်ငြိမ်သက် နေမယ်ဆိုရင် အဲဒါကို စိတ္တဝိသုဒ္ဓိ စိတ်စင်ကြယ်တယ် လို့ ဆိုရတယ်။
ဘာဝနာဉာဏ်နဲ့မှ အစွဲကင်းတယ်
▬▬▬▬▬▬▬
ဒီလို စိတ်စင်ကြယ်နေမှ မှတ်ရတဲ့ရုပ်နဲ့ မှတ်သိတဲ့ နာမ်လေးကို ပိုင်းခြားပြီး သိလာမယ်၊ အဲဒါကို နာမရူပပရိစ္ဆေဒဉာဏ်လို့ ခေါ်တာပဲ၊ ဖောင်းတယ် ဆိုလို့ရှိရင် ဖောင်းတာနဲ့ သိတာ ဒီနှစ်ခုထဲ ရှိတာပါပဲ၊ ဖောင်းတာကလည်း ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူး၊ သိတာကလည်း ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ပါဘူး၊ သိစရာအာရုံ သိတဲ့စိတ် ဒါပဲရှိနေတာကို ပိုင်းခြားပြီး သိနေတယ်၊ ပိန်တယ် ဆိုရာမှာလည်း ဒီလိုပဲ၊ သိစရာအာရုံနဲ့ သိတဲ့စိတ် နှစ်ခုပဲရှိတယ်၊ ဒါမှလွဲလို့ တခြားပုဂ္ဂိုလ် သတ္တဝါဆိုတာ မရှိဘူးလို့ ဉာဏ်ထဲမှာ ကိုယ်တိုင်သိ ဖြစ်ပြီးတော့ သဘောကျတာပါပဲ၊ အဲဒါ အမှန်အတိုင်း နာမရူပ ပရိစ္ဆေဒဉာဏ် ဖြစ်လာတာပါပဲ၊ ဒါဟာ ဘာဝနာမယဉာဏ်နဲ့ ကိုယ်တိုင်သိတဲ့ အသိဖြစ်တယ်။
ဒီပြင် သုတမယဉာဏ်နဲ့ သိတာတွေ, စိန္တာမယဉာဏ်နဲ့ သိတာတွေလည်း ရှိပါတယ်၊ အဲဒီ အသိတွေကတော့ မှန်းဆပြီး သိတဲ့ အသိတွေပဲ၊ ရှုမှတ်သိတဲ့ ဘာဝနာမယဉာဏ်နဲ့ ကိုယ်တိုင် တိတိကျကျသိတဲ့ အသိတော့ မဟုတ်ပါဘူး၊ ကိုယ်တိုင် အတိအကျသိနိုင်တဲ့ ဘာဝနာမယ ဉာဏ်ဖြစ်ဖို့ လိုပါတယ်၊ ငါကောင် သတ္တဝါကောင်လို့ ဒီလိုစွဲလမ်း နေတာတွေ, အထည်ဒြပ်နဲ့ အမြဲတည်နေတယ်လို့ စွဲလမ်းနေတာတွေ အဲဒီလို စွဲလမ်းမှုတွေဟာ ဘာဝနာဉာဏ်နဲ့ကျမှ အစွဲအလမ်း ကင်းသွားပါတယ်၊ ဝိပဿနာ မရှုမှတ်ခင်ကတော့ ဒီလိုပဲ စွဲလမ်းနေကြတာပါပဲ။
ဘာကိုပဲလုပ်လုပ် ရုပ်ကိုယ်ထည် ကြီးကိုလည်း ငါပဲ, သိနေတဲ့ အသိစိတ်ကိုလည်း ငါပဲလို့ ဒီလို တစ်ယောက်တည်း အနေနဲ့ ထင်မြင်နေကြပါတယ်၊ ဒါတွေဟာ ပညတ်အနေနဲ့ သိနေကြတာပဲ၊ အမှန်အတိုင်း သိတာ မဟုတ်ပါဘူး၊ တစ်ချို့ ပုဂ္ဂိုလ်တွေဟာ “ပုဂ္ဂိုလ် သတ္တဝါ, ငါသူတစ်ပါး, ယောက်ျား, မိန်းမဆိုတာ မရှိဘူး၊ ဒါတွေဟာ ပညတ်တွေပဲ” လို့ ဝိပဿနာဉာဏ်သိ မဟုတ်ဘဲ သဘောကျပြီး သိနေကြတာပါပဲ၊ ဒါပေမယ့် ဒီလိုသိတဲ့ အသိဟာ စာသိ ပေသိမျှပါပဲ၊ ကိုယ်တိုင်သိ မဟုတ်ပါဘူး၊ တကယ် စစ်ဆေးကြည့်လိုက်တဲ့ အခါကျတော့ ရုပ်နဲ့နာမ်ကို ခွဲသိတာမဟုတ်ဘဲ တစ်ယောက်တည်း အနေနဲ့ သိနေတာကို တွေ့ရတယ်။
ဥပမာ လက်ကလေးကို လှုပ်လိုက်တယ် ဆိုပါတော့၊ လှုပ်ချင်တဲ့ စိတ်ကလေးကိုလည်း သူတို့မသိဘူး၊ လှုပ်တဲ့ သဘောလေးကိုလည်း သူတို့မသိဘူး၊ လှုပ်ချင်တာနဲ့ လှုပ်တာဟာ တစ်ယောက်ထဲအနေနဲ့ ဖြစ်နေကြတယ်၊ လှုပ်ချင်တာနဲ့ လှုပ်တာကို ခွဲခြားပြီးမသိဘူး၊ ဒါဟာ ရုပ်,နာမ် မကွဲတာပဲ၊ ဝိပဿနာဉာဏ်က သမာဓိအား ကောင်းလာတဲ့ အခါကျ တော့ နီဝရဏတွေ ကင်းသွားတယ်၊ အဲဒီအခါကျတော့ ရုပ်, နာမ်ကို တကယ်ခွဲခြားပြီး အမှန်အတိုင်း သိလာပါတယ်၊ မှတ်လို့လည်း ကောင်းလာတယ်၊ လွယ်လွယ်ကူကူနဲ့ မှတ်နိုင်လာတယ်၊ ဖောင်းတာနဲ့ မှတ်သိ တာနဲ့, ပိန်တာနဲ့ မှတ်သိတာနဲ့ အစဉ်လိုက် အစဉ်လိုက်, တစ်စုံစီ တစ်စုံစီ ရှင်းနေတာပဲ၊ ဒါလေးနှစ်ခု နှစ်ခု ရှိတာပဲ လို့လည်း ပိုင်းခြားပြီး သိလာပါတယ်၊ စြင်္ကံသွားရာ စသည်မှာလည်း သူ့အစုံနဲ့သူ တစ်စုံစီ, တစ်စုံစီ ရှင်းနေတာပါပဲ၊ ပိုင်းပိုင်းခြာခြားပဲ သိပါတယ်၊ စာပေ၊ ဗဟုသုတနဲ့ မှန်းဆကြံစည်ပြီး သိတဲ့ အသိမျိုး မဟုတ်ပါဘူး။
မှတ်စရာနဲ့ မှတ်သိတာ နှစ်ခုစီပဲ ရှိတယ်တဲ့
▬▬▬▬▬▬▬
တစ်ချို့ ယောဂီများက လျှောက်ကြတယ်၊ စောစောတုန်းက ဒီလို သိမထားဘူးတဲ့၊ အခုလို ထင်မှတ်နေခဲ့တာပဲ၊ အခုတော့ ဘာကိုပဲမှတ်မှတ် မှတ်စရာနဲ့ မှတ်သိတာ နှစ်ခုစီ, နှစ်ခုစီ ဖြစ်ဖြစ်နေတယ်တဲ့၊ ဖောင်းတယ်လို့ မှတ်လိုက်တယ် ဆိုရင် ဖောင်းတာနဲ့ သိတာဟာ တစ်မျိုးစီပဲ၊ ရောမနေဘူး၊ နှစ်ခု နှစ်ခုစီပဲ ဖြစ်နေတယ်တဲ့၊ သွားတယ်ဆိုရင်လည်း သွားတာနဲ့ သိတာ, ကြွတယ်ဆိုရင်လည်း ကြွတာနဲ့ သိတာ, လှမ်းတယ်ဆိုရင်လည်း လှမ်းတာနဲ့ သိတာ, ချတယ် ဆိုရင်လည်း ချတာနဲ့ သိတာ ဒီလိုပဲ နှစ်ခုစီချည်း ဖြစ်ဖြစ်နေတယ်တဲ့၊ ဒီလို လျှောက်ထားကြတယ်၊ အဲဒါဟာ ယောဂီတွေ သူတို့ကိုယ်တိုင် တွေ့သိ လာတာတွေပါပဲ၊ ဘုန်းကြီးတို့က သူတို့ကို ကြိုတင်ပြီး ဒီလိုဆိုတာကို သင်ပေးတာ, ကြောင်းပေးထားတာလည်း မဟုတ်ပါဘူး၊ ဒါပေမယ့် ဘုန်းကြီးတို့က သတိပဋ္ဌာန် ဒေသနာတော်အတိုင်း ရှုမှတ်တဲ့နည်းလမ်း ကိုတော့ ညွှန်ပြ ပေးပါတယ်။ ညွှန်ပြပေးတဲ့ အတိုင်း သူတို့က ယုံယုံကြည်ကြည် အားထုတ်ကြတာ ဖြစ်တော့ ဒီလိုအသိထူးတွေ ကို သူတို့ကိုယ်တိုင် တွေ့လာကြ တာပါပဲ။
မှတ်တိုင်း မှတ်တိုင်း မှတ်စရာ အာရုံနဲ့ မှတ်သိနာမ် ဒီနာမ်နှစ်ခုပဲ ရှိတယ်ဆိုတာကို ပိုင်းခြားသိတယ်ဆိုရင် အဲဒါကို နာမရူပ ပရိစ္ဆေဒဉာဏ်လို့ ခေါ်ပါတယ်။
ဒီဉာဏ်ဖြစ်ပုံကို သုတ္တန်ပါဠိတော်တွေမှာ အထင်အရှား ဟောကြားထားတာတွေ ရှိပါတယ်၊ ဝိဇ္ဇာ (ဉာဏ်) ရှစ်ပါးဖြစ်ပုံ ခွဲခြားပြီးတော့ ပြထားတဲ့အခန်းမှာ ဝိပဿနာခေါ်တဲ့ ဝိဇ္ဇာဉာဏ်ဖြစ်ပုံကို မြတ်စွာဘုရားက ဥပမာ ပြထားပါတယ်၊ အခု ဒီရိပ်သာမှာ ခဏခဏ ဆိုသလိုပါပဲ ဘုန်းကြီး ဟောဟော ပေးနေတာပါပဲ၊ ဝိသုဒ္ဓိမဂ်မှာ ဒါတွေကို ထည့်ပြ မထားဘူး၊ ထည့်ပြီးထားရင်တော့ ပိုကောင်းမှာပဲ၊ ဒါပေမယ့်လို့ ဘုန်းကြီးဟောတဲ့ တရားဟာ ပါဠိတော်အတိုင်း ဟောတာဖြစ်လို့ ဒါကပဲ ပိုရှင်းပါတယ်။
ကျမ်းဂန်တွေမှာ ဒီလို ညွှန်ပြထားတယ်
▬▬▬▬▬▬▬▬
ဝိပဿနာ ရှုမှတ်တဲ့ ပုဂ္ဂိုလ်ဟာ စပြီး ရှုမှတ်ခါစမှာဆိုရင် ရုပ်ကို ရှုမှတ်ရတာက များပါတယ်၊ နာမ်ကို စပြီးရှုမှတ်ရတာက နည်းနည်းပါးပါးပဲ ရှိပါတယ်၊ ဈာန်ရတဲ့ ပုဂ္ဂိုလ်တွေမှာ ဈာန်ဝင်စားပြီး ဈာန်စိတ်ကစပြီး ရှုရတော့ အဲဒါနာမ်ကစပြီး ရှုမှတ်ကြရပါတယ်၊ ဈာန်မရတဲ့ ပုဂ္ဂိုလ်တွေကတော့ များသောအားဖြင့် ရုပ်ကိုပဲစပြီး ရှုမှတ်ကြရတယ်၊ စိတ်ကိုစပြီး ရှုမှတ်တာကတော့ နည်းနည်းပါးပါး ရှိတာပါပဲ၊ ဒါပေမယ့်လို့ ယခုနေ ကာလမှာ တချို့က စိတ္တာနုပဿနာကစပြီး ရှုရတယ်ဆိုပြီးတော့ အားထုတ်နေကြတယ်၊ ကျမ်းဂန်တွေမှာတော့ စိတ္တာနုပဿနာကို စပြီး ရှုမှတ်ဖို့ အားမပေး ခဲ့ကြပါဘူး။ ရှုလို့ကတော့ ဖြစ်ပါတယ်။ ဝေဒနာကစပြီး ရှုမှတ်လို့လည်း ဖြစ်တာပါပဲ၊ သဘော တရားက စပြီး ရှုမှတ်လို့လည်း ဖြစ်တာပါပဲ၊ မဖြစ်ဘူး, မရှုရဘူးလို့တော့ မဟုတ်ပါဘူး၊ ဒါပေမယ့်လို့ ပုဂ္ဂိုလ်အများစု အနေအားဖြင့်တော့ ရုပ်ကစပြီး ရှုဖို့ မှတ်ဖို့ရာ ကျမ်းဂန်တွေမှာ ညွှန်ပြထားကြ ပါတယ်။
ရုပ်နာမ်တောင်မှ မဟာဘုတ်ရုပ်နဲ့ ဥပါဒါရုပ်ရယ်လို့ နှစ်မျိုး ရှိတယ်၊ အဲဒီမှာ မဟာဘုတ် ဆိုတာက ထင်ရှားပါတယ်၊ ဥပါဒါရုပ်ဆိုတာက အဲဒီ မဟာဘုတ် လေးပါးကို မှီပြီးတော့ဖြစ်တဲ့ ရုပ်တွေပဲ၊ ရုပ်သေး ရုပ်မွှားလေးတွေလို့ ဆိုရမှာပဲ၊ အဲဒီရုပ်တွေက သိပ်ပြီး မထင်ရှားဘူး၊ သိမ်မွေ့တယ်၊ ဒါကြောင့် ထင်ရှားတဲ့ မဟာဘုတ် ဓာတ်ကြီး လေးပါးက စပြီးတော့ ရှုမှတ်ရမယ်လို့ ကျမ်းဂန်တွေမှာ ဒီလို ညွှန်ပြထားကြတယ်၊ သတိပဋ္ဌာန် ဒေသနာ ဓာတုမနသိကာရပဗ္ဗ မှာလည်း ဘုရားဟော အထင်အရှား ရှိပါတယ်၊ ဘယ်လိုလဲဆိုရင် -
“ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာ ဌိတံ ယထာ ပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ။ အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု, အာပေါဓာတု, တေဇောဓာတု, ဝါယောဓာတု တိ” လို့ …
ဟောကြားထားပါတယ်၊ ဣရိယာပုတ်လေးပါး တစ်ပါးပါးကို ရှုဖို့ ဟောကြားထားတဲ့ နေရာမှာလည်း “ဂစ္ဆန္တောဝါ ဂစ္ဆာမီတိ ပဇာနာတိ”တဲ့၊ သွားနေတဲ့အခါမှာ သွားတယ်လို့ သိရမယ်တဲ့၊ အဲဒါဟာ သွားခိုက်မှာ ထင်ရှားတဲ့ တောင့်တင်း လှုပ်ရှားတဲ့ ဝါယောဓာတ်ကို ရှုမှတ်ဖို့ရာ ညွှန်ကြား ထားတာပါပဲ၊ ရပ်ခိုက်မှာ ရပ်တာကို ရှုရတာလည်း အတူတူ ဝါယောဓာတ် ပါပဲ၊ ထိုင်ခိုက်မှာ ထိုင်တာကို ရှုရတာလည်း ဒီ ဝါယောဓာတ်ပါပဲ၊ လဲလျောင်းအိပ်ခိုက်မှာ တောင့်တင်း တည်နေတာကို ရှုမှတ် ရတာလည်း ဒီ ဝါယောဓာတ်ပါပဲ၊ တောင့်တင်းတည်နေတဲ့ သဘောဟာ ဝါယောဓာတ် ပဲပေါ့၊ ကွေးတယ်, ဆန့်တယ် စသည်ဖြင့် ကိုယ်အမူအရာတွေ ဖြစ်တိုင်း ဖြစ်တိုင်း လိုက်ပြီး ရှုမှတ်နေရတယ်၊ ဓာတု မနသိကာရမှာဆိုရင် တိုက်ရိုက် ပြထားတာပဲ၊ ဓာတ်ကြီး လေးပါးကို ရှုရမယ်ဆိုတာ ရှင်းပါတယ်။
သတိပဋ္ဌာန် ပါဠိတော်မှာ အဲဒီလို ထင်ရှားစွာ ဘုရားဟော ရှိတဲ့အတိုင်းပဲ၊ အခု ဘုန်းကြီးတို့က ဓာတ်လေးပါး ရှုပုံကို ဟောပါတယ်၊ ဓာတ်လေးပါးထဲမှာလည်း အထင်အရှားဆုံး ဖြစ်တဲ့ ဝါယောဓာတ် ရှုမှတ်ပုံက စပြီးတော့ ဖောင်းတယ်, ပိန်တယ်ဆိုတဲ့ အမှတ်နည်းနဲ့ ဝမ်းဗိုက်ထဲက တောင့်တင်းတဲ့သဘော, တွန်းကန်တဲ့ သဘော, လှုပ်ရှားတဲ့သဘော, ရွေ့လျားတဲ့ သဘောတွေကို သိအောင် ညွှန်ကြား နေပါတယ်၊ ဖောင်းတာ, ပိန်တာကို ရှုမှတ်ရတာဟာ အင်မတန် နားလည် လွယ်ပါတယ်၊ ထင်လည်း အင်မတန် ထင်ရှားတာ ဖြစ်လေတော့ ရှုမှတ်ရတဲ့ ယောဂီတွေမှာ ရှုမှတ်လို့လည်း အင်မတန် လွယ်ကူပါတယ်။ အသိရ လွယ်ကူအောင်လို့ပဲ မြတ်စွာဘုရားက သုတ္တန်ပါဠိတော်တွေမှာ ဥပမာပေးပြီး ဟောထားတာ ရှိပါတယ်။
ကျောက်နီနဲ့ ကြိုးဥပမာ
ဝေဠုရိယဆိုတဲ့ ကျောက်မျက်ရွဲ ရတနာဆိုတာ ရှိတယ်၊ ပါဠိလိုက ဝေဠုရိယ၊ မြန်မာလိုက ကျောက်မျက်ရွဲလို့ ဘာသာပြန်ထားပါတယ်၊ ဘယ်လို ကျောက်လဲဆိုရင် စိမ်းပြီး ပြောင်နေတဲ့ ကျောက်မျိုးပါပဲ။ ကြည်ကြည်လင်လင် စိမ်းစိမ်း ပြောင်ပြောင်နဲ့ ဒီကျောက်မျိုးဟာ မြန်မာပြည် မိုးကောင်းအရပ် ဒေသမှာ ထွက်တဲ့ ကျောက်မျိုးပေါ့၊ အဲဒီလို ကျောက်စိမ်းလည်း ဖြစ်နိုင်တယ် ပေါ့လေ၊ ပါဠိတော်တွေမှာ အဲဒီ ဝေဠုရိယဆိုတဲ့ ကျောက်ကို အသားပေးပြီး ဥပမာပြ ထားပါ တယ်၊ စကြာမင်းကြီးရဲ့ စကြာရတနာမှာ ဆိုထားတဲ့ ကျောက်လည်းပဲ ဒီ ဝေဠုရိယဆိုတဲ့ ကျောက် ရတနာပါပဲ၊ ကျောက်စိမ်း ပေါ့၊ ဒါပေမယ့် အဲဒီကျောက်ကို သိတဲ့လူက နည်းပါတယ်၊ လူတွေ အသိများတာ ကတော့ မိုးကုတ်ကျောက်ကို အသိများ တယ်။ အဲဒီ ကျောက်ထဲ မှာလည်း ကျောက်နီက ပိုပြီး ထင်ရှားပါတယ်၊ အဲဒါကြောင့် ဘုန်းကြီးကတော့ မိုးကုတ်ကျောက်ကို ဥပမာ ပြုပြီး နားလည်အောင် ပြောရမှာပဲ။
ဥပမာဆိုတာဟာ ဥပမေယျကို သိလွယ်အောင်, နားလည် လွယ်အောင် အနီးကပ်ဆုံး ဖြစ်တဲ့ ပုံစံတစ်ခုကို ယှဉ်ပြတာပဲ၊ ဥပမာကိုက အသိခက်နေရင် ဆိုလိုတဲ့ ဥပမေယျ အနက် အဓိပ္ပာယ်ကို နားမလည်နိုင်ဘူး၊ ဒါကြောင့် နားလည်လွယ်မယ့် မိုးကုတ်ကျောက်ကို ဥပမာ ပြပေးရမယ်၊ လူတွေမှာ အများအားဖြင့် လက်စွပ် ကလေးတွေ ကိုယ်စီလောက် နီးနီး ရှိနေကြတာပဲ၊ အဲဒီ လက်စွပ် ကလေးတွေမှာ ကျောက်နီလေးတွေ ထည့်ထားတတ် ကြပါတယ်၊ အဲဒီလို ကျောက်နီလေးမှာ အပေါက်လေး တစ်ပေါက် ဖောက်ထားပါ တဲ့၊ အဲဒီအပေါက်လေးထဲမှာလည်း ကြိုးလေး လျှိုရဦးမယ်တဲ့၊ ဘယ်လိုကြိုးကို လျှိုရမလဲဆိုရင် ကျောက်က အနီဖြစ်နေလေတော့ ကြိုးနီကိုလျှိုလို့ အရောင်ချင်း တူနေမယ်၊ ဟန်မကျလှသေးဘူး၊ တခြား အဖြူ, အပြာ, အဝါ, အညို ဒီလို အမျိုးမျိုးနဲ့ လျှိုရ သီရမယ်၊ အဲဒီလို ကြိုးလျှိုပြီးပြီ၊ သီကုံးပြီးပြီ ဆိုရင် လက်ဝါးပြင်ပေါ်မှာ တင်ပြီး သေသေချာချာ ကြည့်ပါတဲ့၊ မျက်စိကြည်လင် ကောင်းမွန်တဲ့ ပုဂ္ဂိုလ်ဆိုရင် ကျောက်ကလေးနဲ့ ကြိုးလေးကို ခွဲခြားပြီး တခြားစီမြင်ရပါ လိမ့်မယ်တဲ့၊ ဒါဟာ မျက်စိ ကောင်းရင် မြင်နိုင်ရမှာပေါ့၊ မျက်စိ မကောင်းရင်တော့ ကြိုးနဲ့ကျောက်နီ ရောနေမှာပဲ၊ ဒါကြောင့် ကြည်လင် ကောင်းမွန်တဲ့ မျက်စိနဲ့ ကြည့်ပါတဲ့။ ဒီလိုကြည့်တဲ့အခါ ကျောက်နီတခြား ကြိုးတခြား ကွဲကွဲပြားပြား မြင်ရမှာပဲ၊
ဒါကကျောက် ဒါကကြိုးပဲလို့ သိမြင်နိုင်ပါတယ်၊ အဲဒီ ဥပမာလို ပါပဲတဲ့၊ ရှုမှတ်နေတဲ့ ယောဂီရဲ့ ဉာဏ်ထဲမှာ ရုပ်နဲ့နာမ်ဆိုတာကို ခွဲခြားပြီး သိမြင်နေရတယ်တဲ့၊ အဲဒီမှာ ကျောက်က ရုပ်နဲ့တူတယ်၊ ကြိုးက အသိနာမ်နဲ့ တူတယ်၊ ဖောင်းတယ်လို့ ရှုမှတ်လိုက်တဲ့အခါ ဖောင်းတာကရုပ်, ကျောက်နီလေးနဲ့ တူတယ်၊ မှတ်သိနေတာက နာမ်ကြိုးလေးနဲ့ တူတယ်၊ ကြိုးကလေးက ကျောက်နီလျှိုထဲမှာထား သီထားလို့ ဝင်နေတာကို ဖောင်းတယ် ပိန်တယ်လို့ မှတ်တိုင်းမှတ်တိုင်း မှတ်သိတဲ့နာမ်လေးက အဲဒီဖောင်းတယ်၊ ပိန်တဲ့ အာရုံထဲမှာ ပြေးပြေးပြီး ဝင်ဝင်သွားသလို, ကပ်ကပ် သွားသလိုပဲ၊ ယောဂီပုဂ္ဂိုလ်ရဲ့ ဉာဏ်ထဲမှာ အဲဒီအတိုင်းပဲ ထင်ရှားသိမြင်နေပါတယ်၊ ကိုင်း - ဒီ ဥပမာပြ စကားလေးကို ဆိုကြရဦးမယ်။
“ဖောင်းတယ်ဟု မှတ်ဆဲခဏ၌ တောင့်တင်း လှုပ်ရှားတာက ရုပ်၊ ကျောက်ကလေးနဲ့ တူသည်၊ မှတ်သိတာက နာမ်၊ ကြိုးကလေးနဲ့ တူသည်၊ ကြိုးကလေးက ကျောက်ထဲမှာ ဝင်နေသလို မှတ်သိတဲ့ စိတ်က မှတ်စရာ အာရုံဆီကို ပြေး၍ ပြေး၍ ကပ်သည်။”
“ပိန်တယ်ဟု မှတ်ဆဲခဏ၌ တောင့်တင်းလှုပ်ရှားတာက ရုပ်၊ ကျောက်ကလေးနဲ့ တူသည်၊ မှတ်သိတာက နာမ်၊ ကြိုးကလေးနဲ့ တူသည်၊ ကြိုးကလေးက ကျောက်ထဲမှာ ဝင်နေသလို မှတ်သိတဲ့စိတ်က မှတ်စရာ အာရုံဆီသို့ ပြေး၍ပြေး၍ ကပ်သည်။”
“သွားတယ်ဟု မှတ်ဆဲခဏ၌ တောင့်တင်း လှုပ်ရှားတာက ရုပ်၊ ကျောက်ကလေးနဲ့ တူသည်၊ မှတ်သိတာက နာမ်၊ ကြိုးကလေးနဲ့ တူသည်၊ ကြိုးကလေးက ကျောက်ထဲမှာ ဝင်နေသလို မှတ်သိ တဲ့ စိတ်က မှတ်သိစရာ အာရုံဆီသို့ ပြေး၍ပြေး၍ ကပ်သည်။”
“ကြွတယ်ဟု မှတ်ဆဲခဏ၌ တောင့်တင်းလှုပ်ရှားတာက ရုပ်၊ ကျောက်ကလေးနဲ့ တူသည်၊ မှတ်သိတာက နာမ်၊ ကြိုးကလေးနဲ့ တူသည်၊ ကြိုးကလေးက ကျောက်ထဲမှာ ဝင်နေသလို မှတ်သိစိတ်က မှတ်စရာ၊ အာရုံဆီသို့ ပြေး၍ပြေး၍ ကပ်သည်။”
ရုပ်အမူအရာတွေကို မှတ်တိုင်းမှတ်တိုင်း ဒီလိုချည်းပါပဲ၊ ကျောက်နဲ့ ကြိုးဥပမာကို မြတ်စွာဘုရားက ဟောကြားထားပါတယ်၊ အဲဒါဟာ နာမ်နဲ့ရုပ်ကို ပိုင်းခြားပြီး သိတဲ့ ဝိပဿနာဉာဏ်တဲ့၊ ဒီဝိပဿနာဉာဏ် ကစပြီး ဖြစ်ဖို့ရာ အရေးကြီးတယ်၊ နာမ်ရုပ်ကို ပိုင်းခြားသိတဲ့ ဒီနာမရူပပရိစ္ဆေဒဉာဏ် ပြည့်စုံပါမှ အထက်ဉာဏ်တွေ ဆိုတာက ဖြစ်တာ၊ ဒီဉာဏ် မပြည့်စုံဘဲ အထက်ဉာဏ်တွေကြောင့် မဖြစ်ဘူး၊ ဒီဉာဏ် ကောင်းကောင်း ရင့်သန်လာပြီဆိုတော့ မှတ်သိစရာ အာရုံနဲ့ မှတ်သိတဲ့နာမ် ဒါနှစ်ခုသာ ရှိတာပဲ၊ ပုဂ္ဂိုလ် သတ္တဝါဆိုတာ မရှိဘူးလို့ ကောင်းကောင်းသိမြင်ပြီး သဘောကျသွားပါတယ်။ ဒီလို သဘောကျသွားတာနဲ့ တစ်ပြိုင်နက် တည်း ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်တော့တာပါပဲ။ အတ္တစွဲ ကင်းတတ်သရွေ့ ကင်းသွားတာပေါ့၊ လုံးဝကင်းသွား တာတော့လည်း မဟုတ်သေးဘူးပေါ့လေ၊ အဲဒါကို အခု ဒီစာရွက်ထဲမှာ ပြထားတာပဲ၊ အဲဒါကို ဆိုရမယ်။
“ယင်း စိတ္တဝိသုဒ္ဓိပြည့်စုံမှ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်သည်၊ ဒိဋ္ဌိဝိသုဒ္ဓိပြည့်စုံမှ ပစ္စယပရိဂ္ဂဟဉာဏ်နှင့် ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်သည်”။ (ဆို)
ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်ပြီဆိုတော့ ဒါ အပြည့်အစုံ ဖြစ်ပြီ ဆိုရင်ပေါ့လေ၊ ဒါမှ အကြောင်း အကျိုးကိုလည်း သိလာမှာ ဖြစ်ပါတယ်၊ ကွေးချင်တဲ့စိတ်ကြောင့် ကွေးတဲ့ရုပ် ဖြစ်လာတယ်၊ ဆန့်ချင်တဲ့စိတ်ကြောင့် ဆန့်တဲ့ရုပ် ဖြစ်လာတယ်၊ သွားချင်တဲ့ စိတ်ကြောင့် သွားတဲ့ရုပ် ဖြစ်လာတယ်၊ လှုပ်ချင်တဲ့ စိတ်ကြောင့် လှုပ်တဲ့ရုပ် ဖြစ်လာတယ် စသည်ဖြင့် ရုပ်ရဲ့ အကြောင်း တွေကိုပါ ပိုင်းခြားပြီး သိတာပါပဲ၊ နာမ်ရဲ့အကြောင်း သိပုံတွေကတော့ မြင်သိတာဟာ မျက်စိရှိလို့ မြင်သိရတယ်၊ မြင်စရာ အဆင်းရှိလို့လည်း မြင်သိရတယ်၊ ကြားသိတာလည်း နားရှိလို့ ကြားသိရတယ်၊ ကြားစရာအသံရှိလို့ ကြားရတယ်၊ ရုပ်ကိုယ်ကြီး ရှိရှိနေလို့ အသိစိတ်တွေလည်း ဖြစ်ဖြစ်နေရတာပဲ စသည်ဖြင့် သူ့ဆိုင်ရာဆိုင်ရာ အကြောင်းလေးတွေနဲ့ ရှုရင်းရှုရင်း သဘောကျပြီး သိလာပါတယ်၊ အဲဒါဟာ ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပေါ်လာတာပါပဲ။
ဒိဋ္ဌိဝိသုဒ္ဓိ မဖြစ်သေးဘဲနဲ့ ပဋိစ္စသမုပ္ပါဒ်တွေကို စာသဘောအရ သင်ကြားပြီးတော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, ကံ, သင်္ခါရ ဆိုတဲ့ ဒီအကြောင်း ငါးပါးကြောင့် ဝိညာဉ်, နာမ်, ရုပ်, သဠာယတန, ဖဿ, ဝေဒနာ - ဆိုတဲ့ အကျိုးငါးပါး ဖြစ်ပေါ်သည်လို့ ဒီလိုသဘောကျရုံမျှနဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်တယ်လို့ အထင်မှန် အသိမှန် မဖြစ်ပါဘူး၊ တစ်ချို့က ဒီလို စာသဘောမျှနဲ့ သိတာကိုပဲ ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပြီလို့ ထင်နေကြတယ်၊ ဒါပေမယ့် အမှန်က ဒီလိုနဲ့ ကိုယ်တိုင်သိ ပစ္စယပရိဂ္ဂဟဉာဏ် မဖြစ်သေးပါဘူး၊ သူတို့က ဒီလိုသိဖို့ရာကို သိပ်ပြီးတော့ အရေးတကြီးထား လုပ်နေကြတယ်၊ ဒီလိုမှ မသိရင် တရားအားထုတ်လို့ မရဘူးဆိုပြီး ထင်မှတ်ပြောဟော နေကြတာ ကလည်း ရှိသေးတယ်၊ အမှန်ကတော့ ဒီလောက်ကြီးလည်း မဟုတ်ပါဘူး၊ အရေးတကြီး လုပ်လောက်အောင်လည်း အရေးမကြီးပါဘူး၊ အကြောင်းနဲ့ အကျိုးမျှပဲလို့ သာမညလောက် ကြားဖူး, သိဖူးထားရင်လည်း ဖြစ်တာပါပဲ၊ ခုနက ပြောခဲ့တာကို အကြောင်း ငါးပါးကြောင့် အကျိုးငါးပါး ဖြစ်တယ် စသည်ဖြင့်ပေါ့လေ၊ စာသံပေသံတွေနဲ့ သိနေမှ မဟုတ်ပါဘူး၊ သာမန်သိရင်ကို ပြီးတာပါပဲ၊ အခုတော့ ဒီလိုမဟုတ်ဘူး၊ စာပေတွေနဲ့ပဲ ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်တော့တာပါပဲ။ အတ္တစွဲ ကင်းတတ်သရွေ့ ကင်းသွားတာပေါ့၊ လုံးဝ ကင်းသွားတာ တော့လည်း မဟုတ်သေးဘူး ပေါ့လေ၊ အဲဒါကို အခု ဒီစာရွက်ထဲမှာ ပြထားတာပဲ၊ အဲဒါကို ဆိုရမယ်။
“ယင်း စိတ္တဝိသုဒ္ဓိပြည့်စုံမှ နာမရူပ ပရိစ္ဆေဒဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိဖြစ်သည်။”
ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်ပြီဆိုတော့ ဒါအပြည့်အစုံဖြစ်ဖြစ်, ဇယားကွက်တွေ နဲ့ပဲဖြစ်ဖြစ် မျက်စိထဲမှာကို မြင်နေအောင်သိနေဖို့ရာ အရေးတကြီး ဆောင်ရွက်နေကြတယ်၊ အမှတ်သင်္ကေတ ကောင်းလို့ ဆရာပြတဲ့အတိုင်း မျက်စိထဲ မြင်နေတာကိုပဲ ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပြီလို့ ထင်မှတ်နေကြတာနဲ့ ဒီလို အရေးတကြီး ဆောင်ရွက် နေကြတာပါပဲ၊ ဒါဟာ အရေးမကြီးသင့်ရာမှာ ကြီးနေကြတာ ဖြစ်ပါတယ်၊ အရေးကြီးတာက ရှုရင်းရှုရင်းကို ကိုယ်ပိုင်ဉာဏ်နဲ့ အကြောင်းအကျိုးကို မြင်လာဖို့က အရေးကြီးပါတယ်။
ဒါတွေဟာ ကိန်းသေပဲ
ခုနက စာပေအရ သိအောင်လို့ ဇယားကွက်တွေ ချပြီး ကျက်မှတ်ရတယ် ဆိုတာက လွယ်လွယ်လေးပဲ၊ ဘာမှ မခက်ပါဘူး၊ “အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, ကံ, သင်္ခါရ ဟူသော အကြောင်း ငါးပါးကြောင့် ဝိညာဉ်, နာမ်, ရုပ်, သဋ္ဌာယတန, ဖဿ, ဝေဒနာ ဟူသော အကျိုးငါးပါး ဖြစ်ပါသည်” ဆိုတာဟာ စာကြောင်းရေ တစ်ကြောင်းခွဲ နှစ်ကြောင်း နီးနီးပဲ ရှိပါတယ်၊ ဒါလေးကို ကျက်မှတ် ရတာဆိုရင် ခဏလေး ကျက်မှတ်ရမှာပဲ၊ ဒီလောက်လေးနဲ့ ဝိပဿနာဉာဏ်အဆင့် ရောက်တယ် ဆိုရင် လွယ်လွန်း နေပါတယ်၊ လူမမယ် ကလေးငယ်များပါ ဒီဉာဏ်အဆင့်ကို ရောက်နိုင်နေ ပါတယ်၊ ဒီလို မဖြစ်နိုင်ပါဘူး၊ အမှန်က ဒိဋ္ဌိဝိသုဒ္ဓိ ပြည့်စုံပါမှ ပစ္စယပရိဂ္ဂဟဉာဏ်ဆိုတဲ့ အကြောင်းနဲ့ အကျိုးကို ပိုင်းခြားပြီး သိတဲ့ဉာဏ်က ဖြစ်တာပဲ။
ဒီပစ္စယပရိဂ္ဂဟဉာဏ်ကို ရောက်တယ်ဆိုရင် ရှေးကလည်း ဒီအကြောင်းနဲ့ အကျိုးမျှပဲ ရှိနေတယ်၊ အခုလည်း ဒီအကြောင်းနဲ့အကျိုးမျှပဲ၊ ပုဂ္ဂိုလ်သတ္တဝါရယ်လို့ မရှိဘူး ဆိုတာကို သိလာတယ်၊ အဲဒီလိုသိလာမှ ယုံမှားသံသယတွေဟာ ကင်းသွားတော့တယ်၊ ဘယ်လို ယုံမှား သံသယတွေလဲ ဆိုရင် “ရှေးက ငါဆိုတာဟာ ရှိခဲ့လေသလား၊ မရှိခဲ့လေသလား၊ ရှိခဲ့တယ်ဆိုရင် ဒီငါဟာ ဘယ်လို ငါပါလိမ့်မလဲ၊ ယခုလည်းပဲ ငါဆိုတာဟာ ရှိနေသလား၊ မရှိဘူးလား၊ ရှိရင်ကော ဘယ်လိုပါလိမ့် မလဲ၊ အတ္တကောင်ဆိုတာက ဘယ်လိုပါလိမ့်မလဲ၊ ကြီးကြီးလား၊ ငယ်ငယ်လား၊ နောင်လည်းပဲ ငါဆိုတာ ရှိဦးမှာလေလား၊ ရှိဦးမယ် ဆိုရင်တော့ ဘယ်လိုဟာမျိုး ပါလိမ့်” စသည်ဖြင့် ဒီလိုတွေးတောတဲ့ ယုံမှားသံသယတွေပါပဲ၊ အဲဒီလို ယုံမှား သံသယတွေ ကင်းသွားပါတယ်၊ ဒီလို ယုံမှား သံသယတွေ ကင်းသွားတာကိုပဲ ကင်္ခါဝိတရဏ ဝိသုဒ္ဓိလို့ ဆိုပါတယ်၊ ယုံမှားသံသယမှ လွန်မြောက်သွားတဲ့ အသိဉာဏ် ဒီလိုဖြစ်လာမှသာ အသိဉာဏ် သန့်ရှင်းတယ်တဲ့၊ အဲဒီအသိဉာဏ် ဖြစ်မှလည်း အထက်သမ္မသနဉာဏ် စသည်တွေက ဖြစ်နိုင်ပါတယ်၊ ဒါကြောင့် ဒီမှာရေးထားတာက “ယင်း ဝိသုဒ္ဓိပြည့်စုံမှ သမ္မသနဉာဏ် စသည်ဖြစ်တယ်” တဲ့၊ ကိုင်း - ဒါကို ဆိုကြ ရမယ်။
“ယင်း ဝိသုဒ္ဓိပြည့်စုံမှ သမ္မသနဉာဏ် စသည်ဖြစ်တယ်” (ဆို)
ဒီ ကင်္ခါဝိတရဏ ဝိသုဒ္ဓိပြည့်စုံမှ ခန္ဓာကိုယ် ရုပ်ဓမ္မရဲ့ အပေါ်မှာ သမ္မသန သုံးသပ်မှု သိမှုက ဖြစ်တာပါပဲ၊ တစ်ချို့က တရားစပြီး အားထုတ်ပါပြီ ဆိုကတည်းက “ရုပ်အနိစ္စ, နာမ်အနိစ္စ၊ ရုပ်ဒုက္ခ, နာမ်ဒုက္ခ, ရုပ်အနတ္တ, နာမ်အနတ္တ၊ ရုပ်နာမ် အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ရုပ်နာမ်ဖြစ်ပျက်”လို့ အဲဒီလို ဆင်ခြင်သုံးသပ်နေကြတယ်၊ ဒါကတော့ သမ္မသနဉာဏ်နဲ့ သုံးသပ်တဲ့ အသုံးသပ်မျိုး မဟုတ်ပါဘူး၊ ဝိသုဒ္ဓိလည်း မဖြစ်နိုင် ပါဘူး၊ သီလ ပြည့်စုံနေတယ် ဆိုရင်တော့ သီလဝိသုဒ္ဓိကတော့ ဖြစ်မှာ ပေါ့လေ၊ ဒါလည်း သီလ သန့်ရှင်းလို့သာ သီလဝိသုဒ္ဓိ ဖြစ်တာပါ၊ အခုလို သုံးသပ်ဆင်ခြင်လို့ ဝိသုဒ္ဓိဖြစ်တာ မဟုတ်ပါဘူး၊ စိတ္တဝိသုဒ္ဓိလည်း ဖြစ်မလာနိုင်ပါဘူး၊ ဒိဋ္ဌိဝိသုဒ္ဓိလည်း ဖြစ်မလာ နိုင်ပါဘူး၊ ကင်္ခါဝိတရဏ ဝိသုဒ္ဓိလည်း ဖြစ်မလာနိုင်ပါဘူး၊ ဒါကြောင့် ဒီလို သုံးသပ် နေတာကတော့ ဝိပဿနာဉာဏ်စစ် မဖြစ်ဘူးဆိုတာကို နားလည်အောင်လို့ “ယင်း ဝိသုဒ္ဓိပြည့်စုံမှ သမ္မသနဉာဏ် စသည်ဖြစ်သည်” ဆိုတာကို ရေးထားတာပါပဲ။
သမ္မသနဉာဏ် စသည် ဆိုတဲ့နေရာမှာ “စသည်” ဆိုတဲ့စကားနဲ့ ဉာဏ် ၁၀-ပါး အကုန်လုံးကို ဒီမှာသိမ်းကျုံးပြီး ဆိုထားတယ်၊ သမ္မသနဉာဏ်ပြီးရင် အစဉ်အတိုင်း ဥဒယဗ္ဗယဉာဏ်, ပဋိသင်္ခါဉာဏ်, သင်္ခါရုပေက္ခာဉာဏ်, အနုလောမဉာဏ် ဆိုတဲ့ အဲဒီ ဝိပဿနာဉာဏ် ၁၀-ပါး ဖြစ်နိုင်တယ်၊ ပြီးတော့ ဂေါတြဘူဉာဏ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဆိုတာတွေလည်း ဖြစ်နိုင်တယ်၊ ဒီဉာဏ်တွေဟာ ကင်္ခါဝိတရဏဝိသုဒ္ဓိ ပြည့်စုံပါမှ အကုန်လုံး သမ္မသနဉာဏ်စသည် အစဉ်အတိုင်း ဖြစ်နိုင်တယ်တဲ့၊ ဒါတွေကို မှတ်ထားကြရမယ်၊ ဒါတွေဟာ ကိန်းသေပဲ၊ ဘယ်သူမှ မငြင်းနိုင်ဘူး၊ ဒါတွေဟာ ဝိသုဒ္ဓိမဂ်မှာ သေသေချာချာ ရှိကို ရှိနေပါတယ်။
တစ်ချို့က သီလဝိသုဒ္ဓိတို့, စိတ္တဝိသုဒ္ဓိတို့, ဒိဋ္ဌိဝိသုဒ္ဓိတို့ ဒါတွေကို ဘာမှမလုပ်ဘဲနဲ့ ရုပ်နာမ် သဘောတရားတွေ ဆင်ခြင်, အကြောင်းအကျိုးတွေကို ဆင်ခြင်ရုံမျှနဲ့ စူဠသောတာပန်ဖြစ်ပြီး အပါယ်လေးပါး မကျရောက်နိုင် တော့ဘူး ဆိုပြီး ဆရာတွေက ပြောဟောတာနဲ့ တပည့်တွေက ယုံကြည်ပြီးတော့ သရုပ်ခွဲရုံနဲ့ ကျေနပ်ပြီး တရား အားမထုတ်ဘဲ နေကြတာတွေလည်း ရှိကြသေးတယ်၊ အဲဒီ ပုဂ္ဂိုလ်တွေအဖို့ အင်မတန် နစ်နာဆုံးရှုံးတာပဲ၊ ဟုတ်လည်း မဟုတ်ဘဲနဲ့ ဒါတွေကို ယုံကြည်နေကြတယ်၊ ဒီတော့ ရသင့်ရထိုက်တဲ့ ဝိပဿနာဉာဏ်တွေ သူတို့သန္တာန်မှာ မဖြစ်တော့ဘူး၊ ဘဝသမ္ပတ္တိကို အရကြီး ရပါလျက်နဲ့ အင်မတန် နစ်နာပါတယ်၊ အရိယမဂ်ဉာဏ်, ဖိုလ်ဉာဏ် ဆိုတာကိုတော့ ထားပါဦး၊ ဝိပဿနာဉာဏ်တွေ လောက်တောင်မှပဲ သူတို့ခမျာမှာ မသိကြ ရရှာဘူး၊ ကြုံတောင့်ကြုံခဲ ဒီလိုဘဝမှာ အနည်းဆုံး ဝိပဿနာ ဉာဏ်လောက်တော့ ရရှိသွားဖို့ ကောင်းပါတယ်။
ဒါတွေကို သဘောပေါက်လောက်အောင်လို့ အခြေခံ အနေနဲ့ ဘုန်းကြီးက ဒီမှာ ဟောပေးနေတာပဲ၊ ရုပ်,နာမ်၊ ကြောင်း, ကျိုးတွေကို သရုပ်ခွဲ ဆင်ခြင်ရုံမျှဖြင့် နာမရူပပရိစ္ဆေဒဉာဏ် စသည် မဖြစ်ပါဘူး၊ ဒါကို သတိထားပြီး မှတ်သား ထားကြရမယ်၊ ဒါကတော့ ဘုန်းကြီးရဲ့ ညွှန်ကြားချက် နောက်ဆက်တွဲ စကားပဲ၊ ရှေ့နားက ဆိုခဲ့တဲ့ ဟိုဟာတွေကတော့ ခိုင်ခိုင်မြဲမြဲ ကျမ်းဂန်စကားတွေမို့ ဆိုရတယ်၊ အခုဟာက ဘုန်းကြီးရဲ့ ညွှန်ကြားချက် စကားဖြစ်တော့ လိုက်ပြီး ဆိုမနေပါနဲ့တော့။
“ရုပ်, နာမ် ကြောင်း ကျိုး စသည် သရုပ်ခွဲ ဆင်ခြင်ရုံ မျှဖြင့် နာမရူပပရိစ္ဆေဒဉာဏ် စသည် မဖြစ်ဟု မှတ်ရာ၏” တဲ့။
နာမရူပပရိစ္ဆေဒဉာဏ်စတဲ့ ဝိပဿနာဉာဏ်တွေဟာ ဆင်ခြင်ရုံမျှဖြင့် ဘာမှ မဖြစ်ဘူးလို့သာ ကိန်းသေ မှတ်ထားရမယ်၊ ဒါတွေကတော့ ဒုက္ခပဋိပဒါကိုပြတဲ့ အဋ္ဌကထာ စကားဖြင့်လည်း အင်မတန် ထင်ရှားပါတယ်၊ ပြီးတော့ -
“မူလ, ပုဗ္ဗ၊ အရိယ၊ သုံးဝမဂ္ဂင်မြတ်”
“ဖြစ်ပွားစေလျှင်၊ ထိုမဂ္ဂင်၊ ပြေးဝင်နိဗ္ဗာန်ဓာတ်” လို့ …
ချပို့ ပေးခဲ့တဲ့အတိုင်း အဲဒီ လင်္ကာအရ မူလမဂ္ဂင်ဆိုတဲ့ ကမ္မဿကတဉာဏ် သမ္မာဒိဋ္ဌိနဲ့လည်း ပြည့်စုံရမယ်၊ ပုဗ္ဗဘာဂမဂ္ဂင် ဆိုတဲ့ ဝိပဿနာဉာဏ်နဲ့လည်း ပြည့်စုံရမယ်၊ အဲဒီ မဂ္ဂင်တွေနဲ့ ပြည့်စုံပြီဆိုရင် အရိယမဂ္ဂင် ဆိုတဲ့ အရိယမဂ်သို့ ရောက်တော့တာပါပဲ၊ အဲဒီ အရိယမဂ္ဂင်နဲ့ နိဗ္ဗာန်ကို မျက်မှောက် ပြုတော့တာပါပဲ။ မရှုမမှတ်ဖူးတဲ့ ပုဂ္ဂိုလ်တွေက သတိပဋ္ဌာန် ဒေသနာတော် နည်းလမ်းမှန်တွေကို အပြစ်တင် ပြောဆိုနေကြတယ်၊ ဒီလို အပြစ်တင် ပြောဆိုနေကြတာဟာ အင်မတန် အပြစ် ကြီးလေးတာပဲ၊ သူတို့မှာ အကုသိုလ်တွေ ဖြစ်နေကြရရှာတယ်၊ ဒီလို အကုသိုလ် တွေ ဖြစ်နေမှန်း သူတို့ဟာ သူတို့ မသိရှာကြဘူး၊ သနားစရာပါပဲ။
ဟောခဲ့လှပါပြီ
ကမ္မဿကတသမ္မာဒိဋ္ဌိမဂ္ဂင် ဆိုတာကတော့ ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တွေအတွက် ပြောစရာ မလိုသလောက်ပါပဲ၊ မိဘ၊ ဘိုးဘွားတွေ အဆက်ဆက် ကတည်းက မိရိုးဖလာအနေနဲ့ ယုံကြည်လာခဲ့ကြတာက များတော့ သူတို့အတွက် အထူးတလည် မဟုတ်တော့ပါဘူး၊ ယုံကြည်သက်ဝင် ပြီးသားတွေ ဖြစ်နေကြပါတယ်၊ ဒါကြောင့် ဒီမဂ္ဂင်ကို သိရန်အတွက်က လွယ်နေပါတယ်၊ ပုဗ္ဗဘာဂမဂ္ဂင် ဆိုတဲ့ ဝိပဿနာ အတွက်တော့ ဒီလောက် မလွယ်ဘူး၊ ခက်တယ်၊ လူမှုရေးရာတွေက များလှတာ တစ်ကြောင်း၊ ဒါန, သီလလောက်နဲ့သာ မွေ့လျော် နေတတ်ကြတာက တစ်ကြောင်း, စိတ်ပါဝင်စားမှု နည်းပါး နေတတ်ကြတာက တစ်ကြောင်း ဒီလို အကြောင်းကြောင်း တွေကြောင့် ပုဗ္ဗဘာဂမဂ္ဂင် အဆင့်ထိအောင် တက်လှမ်းနိုင်ဖို့ မလွယ်ဘဲ ဖြစ်နေတတ်ကြပါတယ်၊ ဒါကြောင့် ဒီမဂ္ဂင်က မလွယ်ဘူး ခက်တယ်။
ပုဗ္ဗဘာဂမဂ္ဂင် ဆိုတာက အရိယမဂ္ဂင် မရောက်မီ ရှုမှတ်နေရတဲ့ ဝိပဿနာ မဂ္ဂင်တွေပါပဲ၊ စောစောက ပြောခဲ့တဲ့ နာမရူပပရိစ္ဆေဒဉာဏ်မှစပြီး မဂ်သို့ မရောက်မီ အဆင့်ဆင့် အားထုတ်ပြီး ရောက်ရှိသွားတဲ့ ဝိပဿနာဉာဏ်တွေကို ပုဗ္ဗဘာဂမဂ္ဂင်လို့ ခေါ်ပါတယ်၊ ဒီဝိပဿနာဉာဏ် ဖြစ်ပုံတွေကို ဘုန်းကြီးက ခဏခဏဆိုသလို ဟောနေတာပါပဲ။ ဒီမှာ ကမ္မဋ္ဌာန်း ပြနေကြတဲ့ ဆရာတော်တွေလည်း အစဉ်မပြတ် ကမ္မဋ္ဌာန်းတရား ဟောတိုင်းပဲ ဟောပြော နေကြတာဖြစ်လို့ ဒီမှာတော့ ခဏခဏ နာကြား နေကြရတာပါပဲ။
အရိယ မဂ္ဂင်
ပုဗ္ဗဘာဂမဂ္ဂင် ပြီးပြီ ပြည့်စုံပြီဆိုတော့ အရိယမဂ္ဂင်သို့ ရောက်သွားနိုင်ပါတယ်၊ အရိယမဂ္ဂင်တဲ့၊ အဲဒီမဂ္ဂင်ကိုတော့ ဝီထိနဲ့ ပြောမယ်ဆိုရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တအခြင်းအရာ အမျိုးမျိုးနဲ့ စိတ်ညွှတ်ပြီး ဆင်ခြင်တယ်၊ အဲဒီလို ဆင်ခြင်တာကို အာဝဇ္ဇန်းလို့ ခေါ်တယ်။ ရှေးဦးစွာ အဲဒီ ဆင်ခြင်တဲ့ အာဝဇ္ဇန်းလေးက စတယ်၊ ပြီးတော့ အနိစ္စလို့ ဆင်ခြင်ရင် အနိစ္စအတိုင်း၊ ဒုက္ခလို့ဆင်ခြင်ရင် ဒုက္ခအတိုင်း၊ အနတ္တလို့ ဆင်ခြင်ရင် အနတ္တအတိုင်းပေါ့လေ၊ အဲဒီလိုဆင်ခြင်တယ် အာရုံက ဘယ်အာရုံလဲ ဆိုရင် ကိုယ်သန္တန်အတွင်းက ထင်ရှားဖြစ်ပေါ်တဲ့ အာရုံပါပဲ၊ များသောအားဖြင့်ဆိုရင် အသိစိတ်ကလေးကို ရှုတာ ဖြစ်တတ်ပါတယ်၊ ဒါမှမဟုတ်ရင် ဝေဒနာကို ရှုတာပေါ့၊ ဒါမှမဟုတ်ရင်လည်း အတွေ့အထိလေး တစ်ခုခုကို ရှုတာပေါ့၊ မြင်တာကြားတာ စသည်ကို ရှုတာလည်း ဖြစ်နိုင်တာပါပဲ၊ မြင်တာကတော့ ဒီအခါမှာ မျက်စိနဲ့ ကြည့်နေတာ မဟုတ်လို့ ဖြစ်ခဲပါတယ်၊ ကြားတာကတော့ ဖြစ်နိုင်တယ်၊ နံတယ်ဆိုတာလည်း မဖြစ်လွယ်ပါဘူး။ စားနေရင်း ဆိုရင်တော့ အရသာတွေလည်း ဖြစ်မယ်ဆို ဖြစ်နိုင်ပါတယ်၊ ပေါ်လာတဲ့ အာရုံ တစ်ပါးပါးဟာ ဖြစ်နိုင်တာချည်းပါပဲ၊ အများအားဖြင့်တော့ အဲဒီ အခါကာလမှာ စိတ်အသိကလေးဟာ သိမ်သိမ် မွေ့မွေ့ ပေါ်လာတတ်ပါတယ်။
သင်္ခါရုပေက္ခာဉာဏ်အား ပြည့်လာတဲ့အခါကျတော့ ဘင်္ဂဉာဏ်မှာကတည်းက ကိုယ်ထည်ပုံစံက ပျောက်လာခဲ့တယ်၊ ဒီတော့ ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ ထိတယ်လို့ လေးခုလောက် မှတ်လိုက်တဲ့ အချိန်မှာ တစ်ခုခုကစပြီး ပျောက်သွားတယ်၊ ဘယ်ဟာသာ ကျန်တော့သလဲ ဆိုတော့ နောက်ဆုံး သိတာဆီကို ရောက်သွားတယ်၊ နောက်ဆုံးအချိန်မှာ မှတ်သိစရာဆိုတာ ဒီသိတာပဲ ကျန်တော့တယ်၊ အဲဒီ သိတဲ့ စိတ်ကလေးကိုလည်း သိတယ်၊ သိတယ်လို့ မှတ်နေရတာပဲ၊ အဲဒီလို မှတ်နေရင်းနဲ့ ခုနကပြောခဲ့တဲ့ မနောဒွါရဝဇ္ဇန်းက မမြဲတဲ့ အနေအားဖြင့် ဆင်ခြင်ပြီးတော့၊ ပျောက်သွားလိုက်ပြီးတော့ မမြဲတဲ့ အနေဖြင့်ပင် ဝိပဿနာဉာဏ်တွေက ဆက်ဖြစ် တော့တာပါပဲ၊ ဒုက္ခ၊ အနတ္တလို့ ရှုသိရာမှလည်း ဒီအတိုင်းပေါ့လေ၊ သူ့အခြင်းအရာနဲ့သူ အတူတူ ထင်နိုင်တာပါပဲ။
အဲဒီ မနောဒွါရဝဇ္ဇန်းက အခြင်းအရာတစ်ခုခုကို ဆင်ခြင်ပြီး ညွတ်ပေးလိုက်တဲ့ အခါကာလမှာ ဝိပဿနာဉာဏ်တွေ ဘယ်လို ဆက်ဖြစ်သလဲဆိုရင် ပရိကမ်၊ ဥပစာ၊ အနုလုံတဲ့၊ ကျမ်းဂန်တွေမှာ အဲဒီသုံးကြိမ် ဖြစ်ပုံကို ပြထားတယ်၊ ဒါပေမယ့် ယောဂီတွေမှာ တစ်ကြိမ်တည်း အနေနဲ့ပဲ ထင်ရှားပါတယ်၊ ဒီသုံးခုကို ပိုင်းခြားပြီး မသိနိုင်ပါဘူး၊ တစ်ဝီထိထဲက စိတ်တွေကို ခွဲခြားပြီး သိဖို့ မဖြစ်နိုင်ပါဘူး၊ ဒီလို ဝိပဿနာဇော သုံးခုကို တစ်ကြိမ်တည်းအနေနဲ့ သိပြီးတော့ “ဂေါတြဘူ” ဆိုတဲ့ ဒီလို စိတ်တစ်ကြိမ် ဖြစ်လာတယ်၊ ဒါက ပုထုဇဉ် အနွယ်ကို ဖြတ်တဲ့ ဂေါတြဘူဉာဏ်ပါပဲ၊ အဲဒီ စိတ်ကလေးက ရုပ်နာမ် သင်္ခါရငြိမ်းတဲ့ သဘောတွေဆီကို ညွတ်သွားတယ်၊ “မမြဲတဲ့ အခြင်းအရာ အနေနဲ့ သင်္ခါရ သဘောကို ရှုမှတ်လာခဲ့တယ်” ဆိုရင် အဲဒီ ရှုမှတ်နေတဲ့ သင်္ခါရ သဘောကို လွှတ်ပြီး ရုပ်၊ နာမ် သင်္ခါရငြိမ်းတဲ့ သဘောထဲကို ပြေးဝင်သွားတယ်၊ အဲဒါကို မိလိန္ဒပဉှာမှာ ပြထားပါတယ်၊ ဒါကိုတော့ ထည့်ပြော ရဦးမယ်။
ဒါတွေ ဘယ်တော့ ကုန်မှာတုန်းတဲ့
“တဿ - ထိုယောဂီ ပုဂ္ဂိုလ်၏၊
တံ စိတ္တံ - နှလုံးသွင်း ရှုမှတ်နေသောစိတ်ကလေးသည်၊
အပရာပရံ - အဆင့်ဆင့်၊
မနသိကရောတော - နှလုံးသွင်း ရှုမှတ်နေစဉ်၊
ယောဂီပုဂ္ဂိုလ်ရဲ့ ရှုမှတ်စိတ်အစဉ်ဟာ ပေါ်တိုင်းမပြတ် အဆင့်ဆင့် ရှုမှတ်နေတုန်း မှာပဲတဲ့၊
“ပဝတ္တံ - မပြတ်ဖြစ်နေသော ရုပ်နာမ်အလျင်ကို၊
သမ္မတက္ကမိတွာ - ကျော်လွန်၍၊
ယောဂီဟာ အစကတည်းက စပြီးတော့ မြင်တိုင်း ကြားတိုင်း ဒွါရခြောက်ပါးမှာ ပေါ်လာတဲ့ မပြတ်ဖြစ်နေတဲ့ တရားတွေ မကုန်ဆုံးနိုင်အောင် ဖြစ်နေတဲ့ တရားတွေကို ရှုနေတယ်၊ အဲဒီ မကုန်ဆုံးအောင် ဖြစ်နေတဲ့ တရားတွေကို ပဝတ္တလို့ ခေါ်တယ်၊ မပြတ်ဖြစ်နေတဲ့ တရားတွေတဲ့၊ တစ်ခုပြီးတစ်ခု၊ တစ်ခုပြီးတစ်ခု ဒီလိုပဲ ဖြစ်နေကြတယ်၊ ဖောင်းတာပြီးရင် ပိန်တာ၊ ပိန်တာ ပြီးပြန်တော့ ဖောင်းတာ၊ ထိုင်တာ၊ ထိတာ၊ မြင်တာ၊ ကြားတာ၊ နံတာ၊ စားတာ၊ သောက်တာ၊ တွေ့ထိတာ၊ စိတ်ကူးစဉ်းစား ကြံစည်တာ အဲဒါတွေဟာ ကုန်ကို မကုန်နိုင်ဘူး၊ မပြတ်မစဲ ဖြစ်နေတယ်။
တစ်ချို့ စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေက မေးမြန်းကြတယ်၊ “ဒါတွေ ဘယ်တော့ ကုန်မှာတုန်း ဘုရား” တဲ့၊ ဒီလို မေးကြတယ်၊ “အေး - အဲဒါတွေဟာ နိဗ္ဗာန် ရောက်မှပဲ ကုန်မှာ” လို့ ပြောလိုက်ရတယ်၊ ဒီတော့ သူတို့က “ဒီလိုဆိုရင် ခက်သားပဲ ဘုရား” တဲ့၊ ဒါတွေကလည်း ကုန်ပဲ မကုန်နိုင်ဘူး ဘုရားတဲ့၊ နိဗ္ဗာန်ကိုရောက်မှ ရောက်ပါဦးတော့ မလား” တဲ့၊ ဒီလို ထပ်ပြီး မေးကြပြန်တာနဲ့ သူတို့ နားလည်အောင် ပြောလိုက်ရတယ်၊ “အင်း - ကုန်တဲ့နေရာ နိဗ္ဗာန်ရှိနေတာ အမှန်ပဲ၊ အဲဒီနိဗ္ဗာန်ကို ရောက်ဖို့ ဆိုတာကလည်း ဒီမပြတ် ဖြစ်နေတာတွေကို ရှုမှတ်နေမှပဲ” လို့ ပြောလိုက် ရတယ်။
ဝိပဿနာစိတ်အစဉ်ဟာ ဒီမပြတ် ဖြစ်နေတဲ့ အာရုံပေါ်မှာချည်း ကျရောက်နေရမှာပဲ၊ ဥပမာ လမ်းလျှောက်နေတဲ့ ပုဂ္ဂိုလ်ဟာ ညာဘက်ခြေကိုကြွပြီး လှမ်းချလိုက်ရင် မြေကြီးပေါ် နင်းမိချမိတာပဲ၊ တစ်ခါ ဘယ်ဘက်ခြေကို ကြွလှမ်းပြီး နင်းချလိုက်တိုင်း မြေကြီးပေါ်မှာပဲ နင်းမိ ချမိပြန်တာပဲ၊ မြေကြီးကကို မလွတ်တော့ဘူး၊ ချလိုက်တိုင်း မြေကြီး ပေါ်မှာချည်း ဖြစ်နေတယ်၊ ကျကျနေတယ်၊ အဲဒါလိုပါပဲ၊ ဝိပဿနာ ယောဂီရဲ့ ရှုမှတ်စိတ်လေးဟာ ဖြစ်ပျက်နေတဲ့ ရုပ်နာမ် ပေါ်မှာချည်း ကျကျနေတာပဲ၊ အဲဒီလို ရုပ်နာမ်ပေါ်မှာ ကျကျနေတဲ့ ရှုမှတ်မှု စိတ်ကလေးဟာ တစ်ချိန်ကျရင် လွန်မြောက် သွားမယ်တဲ့၊ အဲဒါကို -
“ပဝတ္တံ - မပြတ်ဖြစ်နေသော ရုပ်နာမ် အလျဉ်ကို၊
သမတိက္ကမိတွာ - ကျော်လွန်၍” တဲ့၊
မပြတ်ဖြစ်နေတဲ့ ရုပ်နာမ်အစဉ်ကို ကျော်လွန်သွားပြီတဲ့၊ အဲဒီအပေါ်မှာ မကျတော့ ဘူးတဲ့၊ ခုနက ခြေလှမ်းနေတဲ့ ပုဂ္ဂိုလ်ဟာ မြေကြီးပေါ်မှာ မဟုတ်တော့ဘဲနဲ့ တခြား တစ်နေရာရာပေါ်မှာ လှမ်းပြီး တက်လိုက် သလိုပဲပေါ့လေ၊ လှေကားပေါ်တို့၊ ထိုင်စရာ တစ်နေရာရာပေါ်တို့ လှမ်းတက်လိုက် သလိုပါပဲတဲ့၊ မပြတ်ဖြစ်နေတဲ့ ရုပ်နာမ် အလျဉ်တွေကို ကျော်လွန်ပြီးတော့တဲ့၊
“အပဝတ္တံ - မပြတ်ဖြစ်နေသော ရုပ်နာမ်၏ ပြောင်းပြန် ဆန့်ကျင်ဘက် သဘော ထဲသို့၊
ဩက္ကမတိ - ပြေးဝင် သက်ဝင်၍ သွားလေတော့၏” တဲ့၊
မပြတ် ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေကို ရှုမှတ်နေရင်းထဲကပဲ အဲဒီရုပ်နာမ်တွေရဲ့ ဆန့်ကျင်ဘက် ပဝတ္တမဟုတ်တဲ့ အပဝတ္တ တဲ့၊ အဲဒါဟာ ပဝတ္တနဲ့ မတူဘူးတဲ့၊ မပြတ် ဖြစ်ပျက်နေတဲ့ ရုပ်နာမ်မျိုး မဟုတ်ဘူးတဲ့၊ မပြတ် ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေ မဟုတ်ရင် ရုပ်နာမ်တွေ လုံးဝ ဆိတ်သုဉ်းတဲ့ နိဗ္ဗာန်ဆိုတာပဲ ရှိတယ်၊ အဲဒီ နိဗ္ဗာန်ထဲကို ရောက်သွားတာတဲ့၊ အဲဒါဟာ ခုနကပြောခဲ့တဲ့ ဂေါတြဘူက ရုပ်နာမ်တို့ချုပ်ရာ နိဗ္ဗာန်ဆီကို စိတ်ညွတ်ပေးလိုက်တာနဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်က ရုပ်နာမ်တွေ လုံဝချုပ်ငြိမ်းတဲ့ နိဗ္ဗာန်သို့ ပြေးဝင်သွားပုံတဲ့။ မိလိန္ဒပဥှာမှာ ဒီလို တိုက်ရိုက် ဟောထားတာ ရှိပါတယ်၊ ဘုန်းကြီးတို့ ဉာဏ်စဉ်တရား ဟောရာ မှာလည်း အဲဒါကို ဟောနေ တာပါပဲ၊ အင်မတန် ကောင်းပါတယ်။
နိဗ္ဗာန်ဆိုတာ အပဝတ္တ တဲ့
နိဗ္ဗာန်ဆိုတာ ဘာတုန်းလို့မေးရင်အပဝတ္တတဲ့၊ ပဝတ္တနဲ့ဆိုရင် ပြောင်းပြန်ပဲ၊ မပြတ် ဖြစ်နေတဲ့ ရုပ်နာမ်မှန်သမျှက ဒုက္ခသစ္စာ၊ ဒီဒုက္ခသစ္စာဆိုတဲ့ ရုပ်နာမ်သင်္ခါရတွေ လုံးဝ ဆိတ်သုဉ်းနေတာက နိရောဓသစ္စာ နိဗ္ဗာန်တဲ့။
ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေရဲ့ အပေါ်မှာ ယောဂီပုဂ္ဂိုလ်က ဝိပဿနာ ရှုမှတ်နေရမယ်၊ ဒီလို ရှုမှတ်နေရင် ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေကို တွေ့နေရတာပဲ၊ ဝိပဿနာ မရှုမှတ်တဲ့ ပုဂ္ဂိုလ်တွေမှာလည်း ဒီရုပ်နာမ်တွေကတော့ ရှိနေတာပဲ၊ ရှိနေပေမယ့် မရှုမှတ်ကြရင်တော့ မတွေ့ကြဘူး၊ ရှိလျက်နဲ့ မတွေ့ကြတာပါပဲ၊ ယောဂီပုဂ္ဂိုလ် ကတော့ ဒါတွေကို ဝိပဿနာဉာဏ်နဲ့ ကိုယ်တိုင်တွေ့နေရပါတယ်။ ရှုမှတ်စ ဆိုရင်တော့ ပညတ်ကိုလည်း တွေ့ဦးမှာပေါ့၊ ဒါပေမယ့် နောက်တော့ သမာဓိ၊ ပညာတွေက အားကောင်းလာတယ်၊ ဒီတော့ ပညတ်ကို မတွေ့တော့ဘူး၊ ဖြစ်ပျက်နေတဲ့ သဘော လေးတွေကိုချည်း ရှုရင်း ရှုရင်းနဲ့ တွေ့လာတာပါပဲ၊ အဲဒီတွေ့တဲ့ ဖြစ်ပျက် အာရုံတွေကို စွန့်လွှတ် ကျော်လွန်ပြီး ဖြစ်ပျက်နေတဲ့အာရုံတွေ လုံးဝဆိတ်သုဉ်း သွားတဲ့ သဘောထဲကို ရောက်သွားတယ်တဲ့၊ ဥပမာ-အသံဆူဆူညံညံထဲကနေပြီး အသံမရှိ တဲ့ဆီကို ရောက်သွားသလိုပေါ့၊ အဲဒီလိုပါပဲ၊ ရုပ်နာမ်သင်္ခါရတွေ လုံးဝ ဆိတ်သုဉ်းတဲ့ နိဗ္ဗာန်ကို ရောက်သွားတယ်တဲ့၊ အဲဒီ နိဗ္ဗာန် သဘောဟာ အပဝတ္တ သင်္ခါရ ရုပ်နာမ်တွေ မဖြစ်တာပါပဲ၊ အဲဒီ အပဝတ္တနိဗ္ဗာန်ကို -
“သဗ္ဗသင်္ခါရသမထော - အလုံးစုံသော သင်္ခါရတို့၏ ချုပ်ငြိမ်းရာ” လို့ ဟောတော် မူထားပါတယ်။
အလုံးစုံသော သင်္ခါရတရားဆိုတာ ရုပ်နာမ်တွေပေါ့၊ မြင်တိုင်း၊ ကြားတိုင်း၊ နံတိုင်း၊ စသည်မှာ ဖြစ်ပျက်နေတာဟာ သင်္ခါရ ရုပ်နာမ်တွေချည်းပဲ၊ ဒီရုပ်နာမ်တွေက “သဗ္ဗသင်္ခါရ”တဲ့၊ “သမထ” ဆိုတာက “ငြိမ်းတယ်” တဲ့၊ ဒါကြောင့် သဗ္ဗသင်္ခါရသမထ ဆိုတာ အဲဒီ သင်္ခါရရုပ်နာမ်တွေ အကုန်ငြိမ်းသွားတာပါပဲ၊ “အေးတယ်” ဆိုတာကတော့ ငြိမ်းဆိုတဲ့စကားကိုပဲ ဂုဏ်မြောက်အောင် လို့ စကားတန်ဆာ အနေနဲ့ သုံးကြ ပြောကြတာပါပဲ၊ ငြိမ်းတဲ့အပြင် အေးတာရယ်လို့ သီးခြားဂုဏ် တစ်မျိုးမရှိပါဘူး၊ အဲဒီ နိဗ္ဗာန်ဆီကို ပြေးဝင်သွားတာပဲတဲ့။
“ပြေးဝင်သွားတယ်” ဆိုတာကို နားလည်အောင် ဘုန်းကြီးတို့က ဘယ်လို ပြောရသလဲဆိုရင် “မှတ်သိစရာ အာရုံရော, မှတ်သိနေတဲ့ စိတ်တွေရော ချုပ်ငြိမ်းရာကို ရောက်သွားတယ်”လို့ ယောဂီတွေ နားလည်အောင် ဒီလို ပြောပေးရတယ်၊ ပြီးတော့ ခါတိုင်းတွေ့နေကျလို ပုံသဏ္ဍာန် အထည်ဝတ္ထုတွေလည်း မဟုတ်၊ ဒီရုပ်နာမ် သင်္ခါရတွေ အားလုံ; ငြိမ်းတဲ့သဘောထဲ ရောက်သွားတယ်၊ အဲဒါဟာ အရိယမဂ်၊ ဖိုလ်ဉာဏ်ဖြစ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြု ဆိုက်ရောက်သွားတာပဲ - လို့လည်း ဘုန်းကြီးတို့က ဟောပေးရတယ်၊ ဒီလိုဟောတဲ့ အတိုင်းလည်း ရောက်ဖူးကြတဲ့ ယောဂီတွေက သိနားလည် သွားကြပါတယ်၊ သိတဲ့အတိုင်းလည်း ပြောပြ တတ်ကြပါတယ်၊ ဒါပေမယ့်လို့ ဘုန်းကြီးက မှာထားတယ်၊ ဒီရုပ်နာမ် ချုပ်ငြိမ်းပုံနဲ့ စပ်ပြီးတော့ မပြောကြလေနဲ့လို့ မှာထားရတယ်။ မှာထား ပေမယ့်လို့လည်း ကိုယ်တိုင်မြင်ထားတာ ဆိုတော့ မပြောဘဲ မနေနိုင်ဘူး၊ တွေ့တဲ့ လူတိုင်းကို ကိုယ့်လိုပဲ သိမြင်စေလိုတော့ ပြောကြ တာပါပဲ။ ပြောတော့ ဘယ်လိုဖြစ်လာသလဲဆိုရင် ဒီလိုမယုံတဲ့ ပုဂ္ဂိုလ်တွေက တောပြော၊ တောင်ပြော၊ ပြောမှား ဆိုမှားနဲ့ ကဲ့ရဲ့ကြတယ်၊ ဒီတော့ သူတို့မှာ အကုသိုလ် ဖြစ်တာပေါ့။
ပြောချင်တိုင်း ပြောလို့မရဘူး
“ပဝတ္တံ - ထင်ရှားဖြစ်နေသော ရုပ်နာမ်အစဉ်ကို၊
သမတိက္ကမိတွာ - ကျော်လွန်၍၊
အပဝတ္တံ - မပြတ်ထင်ရှားဖြစ်နေသော ရုပ်နာမ်၏ပြောင်းပြန် ဆန့်ကျင်ဘက် သဘော ထဲသို့၊
ဩက္ကမတိ - သက်ဝင်၍ သွားလေတော့၏၊
မဟာရာဇ - မြတ်သော မင်းကြီး၊
သမ္မာပဋိပ္ပန္နော - နည်းလမ်းမှန်စွာ ကျင့်ခဲ့သည်ဖြစ်၍” တဲ့၊
မိလိန္ဒပဉှာမှာ အသေအချာ ပြဆိုထားပါတယ်၊ ဒီလို ငြိမ်းရတာ ကလည်းပဲ သေသေ ချာချာ ဝိပဿနာဉာဏ်တွေ အစဉ်အတိုင်းကို တက်မှတဲ့။
တချို့က တရား အားထုတ်ခါစ ရှိသေးတယ်၊ သူတို့မှာက ငြိမ်းနေကြပြီ၊ ချုပ်နေကြပြီ၊ ငြိမ်းနေပါတယ်၊ ချုပ်နေပါတယ်လို့ ကမ္မဋ္ဌာန်းဆရာကို လျှောက်ကြတာမျိုးလည်း ရှိသေးတယ်၊ သူတို့ပြောတဲ့အတိုင်း ဘယ်ဟုတ်နိုင်ဦးမလဲ၊ သူတို့ကို စစ်ဆေး ကြည့်လိုက်တော့ ရုပ်နာမ်တောင်မှ မကွဲကြသေးဘူး၊ စိတ္တဝိသုဒ္ဓိတောင်မှ ကောင်းကောင်း မဖြစ်ကြသေးဘူး၊ အဲဒီလို ချုပ်နေပြီလို့ ယူဆတဲ့ သူတွေကလည်း ရှိကြသေးတယ်၊ ကမ္မဋ္ဌာန်းဆရာတွေက သူတို့ အခြေအနေတွေကို သိနေကြတာပဲ၊ သူတို့ ပြောချင်တိုင်း ပြောလို့မရပါဘူး၊ ဝိပဿနာဉာဏ်တွေကို အစဉ်အတိုင်း တက်လာမှ ဖြစ်တာတဲ့၊ ဒါကြောင့် -
“သမ္မာပဋိပ္ပန္နော - နည်းလမ်းမှန်စွာ ကျင့်ခဲ့သည်ဖြစ်၍၊
အပဝတ္တံ အနုပ္ပန္နော - မပြတ်ဖြစ်နေသော ရုပ်နာမ်အစဉ်၏ ပြောင်းပြန် ဆန့်ကျင်ဘက် သဘော ထဲသို့ ဆိုက်ရောက်သွားသော ယောဂီပုဂ္ဂိုလ်ကို၊
နိဗ္ဗာနံ သစ္တိ ကရောတီတိ - နိဗ္ဗာန်ကို မျက်မှောက်ပြုသူ ဟူ၍၊
ဝုစ္စတိ - ခေါ်ဆိုအပ်၏” တဲ့။
ပဝတ္တလို့ ခေါ်တဲ့ မပြတ် ဖြစ်ပျက်နေတဲ့ ရုပ်နာမ်အလျဉ် ရုပ်နာမ် အစဉ်အတန်းကြီးကို တွေ့နေရာက ရုပ်နာမ် အစဉ်အတန်းကြီး လုံးဝချုပ်ငြိမ်းတဲ့ သဘောထဲကို ရောက်သွား တယ်၊ အဲဒီ ချုပ်ငြိမ်းတဲ့သဘောက နိဗ္ဗာန်ပါပဲ၊ အဲဒါဟာ နိဗ္ဗာန်ကို မျက်မှောက်ပြု တာတဲ့၊ မျက်စိနဲ့ မြင်ရတာမျိုး မဟုတ်ဘူး၊ လူတစ်ယောက်နဲ့ တစ်ယောက် လှမ်းမြင်နေရတာမျိုး မဟုတ်ဘူး၊ ဟိုနား တစ်နေရာရာ မှာ ရှိနေတဲ့ နိဗ္ဗာန်ကို သူက ဒီနားကနေပြီး လှမ်းမြင်နေ ရတာမျိုး မဟုတ်ပါဘူး၊ ရုပ်နာမ် သင်္ခါရငြိမ်းတဲ့ သဘောထဲကို တကယ်ရောက်သွားသလိုဖြစ်ပြီး သိရတာပါပဲ၊ အဲဒီလို ရောက်တာကို မျက်မှောက်ပြုတယ်လို့ ပြောရတာပဲ။
နည်း နှစ်ပါး
▬▬▬▬
အဲဒါဟာ အခု ဒီလောကုတ္တရာ ဝေဖန်တဲ့ ပါဠိတော်နဲ့ဆိုင်ပါတယ်။
“ယသ္မိံ သမယေ - အကြင်အခါ၌၊
ဒိဋ္ဌိဂတာနံ - မိစ္ဆာအယူတို့ကို၊
ပဟာနာယ - ပယ်သတ်ခြင်းငှါ၊
ပဌမာယ ဘူမိယာ - သောတာပတ္တိဖိုလ် ဟူသော ပဌမအဆင့်သို့၊
ပတ္တိယာ - ရောက်ခြင်းငှါ၊
နိယျာနိကံ - သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရာဖြစ်သော၊
အပစယံ - ဖြစ်ခြင်း သေခြင်းကို၊
ပဟာနာယ - ပယ်ရှား ဖျက်ဆီးခြင်းငှါ၊
လောကုတ္တရံ ဈာနံ - လောကုတ္တရာဈာန်ကို၊
ဘာဝေတိ - ဖြစ်ပွားစေ၏” တဲ့၊
လောကုတ္တရာဈာန်ကို ဖြစ်ပွားစေတယ်တဲ့၊ အဲဒါဟာ အခုပြောခဲ့တဲ့ ပဝတ္တဖြစ်နေတဲ့ ရုပ်နာမ် သင်္ခါရကို ရှုရင်း ရှုရင်းကနေပြီးတော့ ရုပ်နာမ်သင်္ခါရတွေ လုံးဝငြိမ်းတဲ့ သဘောထဲကို သက်ရောက် သွားတဲ့ သဘောကို ပြောတာပါပဲ၊ ဈာန်နံ - ဈာန်ဆိုတာ ရှုတဲ့သဘော၊ စူးစူးစိုက်စိုက် ရှုတဲ့သဘော ကို ခေါ်တာပါပဲ။ အဲဒါကို ဖြစ်စေရမယ်၊ ပွားစေရမယ်တဲ့။
ဒါကိုပဲ နောက်တော့ မဂ္ဂ မဂ်လို့လည်း ဟောပါတယ်၊
သတိပဋ္ဌာန် လို့လည်း ဟောပါတယ်၊
သမ္မပ္ပဓါန်, ဣဒ္ဓိပါဒ်, ဣန္ဒြေ, ဗိုလ်, ဗောဇ္ဈင် ဒီလိုလည်း ဟောပါတယ်၊
နောက်ပြီးတော့ သစ္စာလို့လည်း ဟောတယ်၊
သမထလို့လည်း ဟောတယ်၊
ဓမ္မလို့လည်း ဟောတယ်၊
ခန္ဓာ အာယတနဓာတ်လို့လည်း ဟောတယ်၊
အာဟာရလို့လည်း ဟောတယ်၊
ဖဿ, ဝေဒနာ, သညာ, စေတနာ, စိတ် အဲဒီအစဉ်တွေနဲ့လည်း ဟောတယ်၊
ရှေးတုန်းကတော့ ကာမာဝစရ ကုသိုလ်စိတ်တို့အနေနဲ့ စိတ်ဆိုတဲ့ အမည်နဲ့ ဟောတယ်၊
အခုတော့ စိတ်ကစပြီး မဟောဘူး၊
ဈာန်ကစပြီး ဟောတယ်၊
စိတ်မှာ အဆုံးသတ်ထားတယ်၊
အားလုံး အမည်ပေါင်း ၂၀-ရှိတယ်၊ အဲဒီ အမည်ပေါင်း ၂၀-နဲ့ ဟောထားတယ်။
အခု ဖြစ်ပျက်နေတဲ့ ရုပ်နာမ်ကို ရှုရင်း ရှုရင်းနဲ့က ဖြစ်ပျက်နေတဲ့ ရုပ်နာမ် ချုပ်ငြိမ်းရာ သဘောထဲကို ပြေးဝင်သွားတယ်၊ အဲဒီလို ပြေးဝင်သွားတာကို ပြောတာပဲ၊ ဒီမှာလည်း ဈာန်အားဖြင့် ပထမဈာန် အဆင့်လည်းရှိတယ်၊ ဒုတိယဈာန်အဆင့်၊ တတိယ ဈာန်အဆင့်၊ စတုတ္ထဈာန်အဆင့်လို့ သုတ္တန် နည်းအရက လေးဆင့်၊ အဘိဓမ္မာနည်း အရကျတော့ ပထမ, ဒုတိယ, တတိယ, စတုတ္ထ, ပဉ္စမဈာန်အဆင့်လို့ အဲဒီလို ငါးဆင့်ရှိတယ်၊ အဲဒီလို ဈာန်လေးပါးက တစ်နည်း၊ ဈာန်ငါးပါးက တစ်နည်း နည်း နှစ်ပါး ရှိပါတယ်၊ စတုက္ကနည်း၊ ပဉ္စကနည်း အဲဒီနည်း နှစ်ပါးနဲ့ ဝေဖန်ပြီးဟောတယ်။ အဲဒီ ဈာန်စိတ်မှာလည်း ပဋိပဒါ အဘိညာဉ် ၄-မျိုးနဲ့ ဝေဖန်ပြီး ဟောပါတယ်၊ အဲဒီ အခါကာလမှာ ဖြစ်တဲ့ ပါဝင်တဲ့ တရားတွေကိုလည်း ဟောထားပါတယ်။
“တသ္မိံ သမယေ - ထိုအခါကာလ၌၊
ဖဿော ဟောတိ - ဖဿဆိုတဲ့ တရားလည်းဖြစ်တယ်၊
ဝေဒနာ ဟောတိ - ဝေဒနာဆိုတဲ့ တရားလည်း ဖြစ်တယ်”
စသည်ဖြင့် ကာမာဝစရ ကုသိုလ်တုန်းက ဖြစ်ခဲ့တဲ့တရား ၅၆-ပါး ပါပဲ၊ အဲဒါကို ဒီမှာလည်း ဖေါ်ပြထားပါတယ်၊ ဘာမှမထူးပါဘူး၊ ပိုတာက ဝိရတီ ၃-ပါးနဲ့ အနညာတညဿာမိတိန္ဒြေ ၁-ပါး အားဖြင့် ၆၀-တဲ့။
အနညာတညဿာမိတိန္ဒြေက ဘယ်မှာ ထည့်ဟောထားသလဲ ဆိုတော့ ဣန္ဒြေပိုင်းမှာ ထည့်ဟောထားတယ်၊ ကာမကုသိုလ် ဣန္ဒြေပိုင်းထဲမှာ ပါပါတယ်၊ တတိယ အပိုင်းမှာ သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ, မန, သောမနဿ, ဇီဝိတိန္ဒြေ ၈-ပါးလည်း အဲဒီမှာ ရှိပါတယ်၊ အခု ဒီမှာကျတော့ အဲဒီ ၈-ပါးထဲမှာ အနညာတညဿာမိတိန္ဒြေ ၁-ပါး ပိုလာတော့ ၉-ပါး၊ နောက်ပြီး မဂ္ဂင်ကျတော့ ရှေ့ပိုင်းတုန်းက ၅-ပါးလို့ ဟောခဲ့တယ်၊
အဲဒါလည်း သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိတဲ့၊ အခုဒီမှာကျတော့ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပလို့ ဒီနှစ်ပါးရဲ့ နောက်မှာ သမ္မာဝါယာမ စသည်တွေရော အားလုံး ပေါင်းလိုက်ရင် ဓမ္မစကြာ ပါဠိတော်မှာ လာတဲ့အတိုင်း မဂ္ဂင်ရှစ်ပါး အပြည့်အစုံ ဖြစ်သွားတယ်၊ အဲဒါပဲ ထူးပါတယ်၊ ဒီပြင်ဟာတွေက အတူတူ ချည်းပါပဲ၊ ဒီတော့ ၅၆-ပါးထဲမှာ ၄-ပါး ထည့်ပြီး ၆၀-ဖြစ်ပါတယ်။ အဲဒါဟာ တိုက်ရိုက် ဟောထားတဲ့ တရားတွေပါပဲ၊ သို့သော် ထပ်ပါနေတဲ့ တရား တွေကို နှုတ်လိုက် မယ်ဆိုရင် တရားကိုယ် သက်သက်ကတော့ ၃၃-ပါးပဲ ရှိပါတယ်။
“ယေဝါပန အညေပိ အတ္ထိ ပဋိစ္စသမုပ္ပန္နာ အရူပိနော ဓမ္မာ ဣမေပိ ကုသလာ ဓမ္မာ” တဲ့၊
အညေပိ - တစ်ပါးလည်း ဖြစ်ကုန်သော၊
ပဋိစ္စသမုပ္ပန္နာ - အကြောင်းကို စွဲ၍ ဖြစ်ကုန်သော၊
ယေဝါပန အရူပိနော ဓမ္မာ - အကြင် နာမ်တရားတို့သည်၊
အတ္ထိ - ရှိကြကုန်သေး၏၊
ဣမေပိ - ဤ တရားတို့သည်လည်း၊
ကုသလာ ဓမ္မာ - ကုသိုလ်တရားတို့ပေတည်း၊
ယခုပြောခဲ့တဲ့ တရားအရ ပေါင်း ၆၀၊ တရားကိုယ် အနေနဲ့ဆိုရင် ၃၃-ပါးမှ အလွတ်ဖြစ်တဲ့ ဒီပြင် တရားတွေလည်း ရှိပါသေးတယ်တဲ့၊ အဲဒါတွေလည်း ကုသိုလ် တရား တွေပါပဲတဲ့၊ အဲဒါတွေက ဘာတွေလဲဆိုရင် အဋ္ဌကထာမှာ ပြထားတာက ဆန္ဒစသည် အမြဲယှဉ်လေးပါးတဲ့၊ အဲဒီလေးပါးကို ကာမာဝစရ ကုသိုလ်ပိုင်းမှာ ရေးထားခဲ့ပါတယ်၊ ဒီဟာလေးက နောက်လည်း အသုံးကျတယ်၊ မှတ်ထားကြရမယ်။
“ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ”တဲ့၊ ဒါဟာ အမြဲယှဉ်လေးပါးပဲ၊ အဲဒီရဲ့ အောက်နားက ကရုဏာ, မုဒိတာတို့ဟာ ဒီမှာ မပါဘူး၊ နိဗ္ဗာန်ကို အာရုံပြုတဲ့နေရာမှာ သူတို့မပါနိုင်ဘူး၊ ကရုဏာ ဆိုတာက သနားစရာ သတ္တဝါ ပညတ်ကို အာရုံပြုတယ်၊ မုဒိတာ ဆိုတာက ဝမ်းမြောက်စရာ သတ္တဝါပညတ်ကို အာရုံပြုတယ်၊ အဲဒီလို သတ္တဝါပညတ် ကို အာရုံပြုတဲ့ အခါများမှာသာ သူတို့က ပါနိုင်ကြတာပဲ၊ အခု ဒီမှာ နိဗ္ဗာန်ကို အာရုံပြုတာဆိုတော့ အာရုံ မတူလို့ ကရုဏာ, မုဒိတာတွေ မပါနိုင်ဘူး၊ သမ္မာဝါစာ သမ္မာကမ္မန္တ, သမ္မာအာဇီဝတို့ကတော့ ယေဝါပနကတရား မဟုတ်ဘူး၊ တိုက်ရိုက်ဟောတဲ့ တရားတွေ၊ ဒါကြောင့် ယေဝါပနထဲမှာ မပါကြတော့ဘူး၊
ယေဝါပနထဲမှာ ပါတာကတော့ ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ ဒီ ၄-ပါးပဲ ပါတယ်၊ ဒီ ၄-ပါးနဲ့ ခုနက တရားကိုယ် ၃၃-ပါးနဲ့ ပေါင်းလိုက်လို့ရှိရင် ၃၇-ပါးတဲ့၊ အဲဒီထဲမှာ စိတ်ကို နုတ်လိုက်ရင် ၃၆-ပါးပဲ၊ အဲဒါဟာ လောကုတ္တရာ ပဌမဈာန် စိတ်နဲ့တကွ ဖြစ်တဲ့ တရားတွေတဲ့၊ ဝိသုဒ္ဓိမဂ် ဘာသာပြန် သင်္ခါရက္ခန္ဓာပိုင်းမှာ ပါလိမ့်မယ်၊ သင်္ခါရက္ခန္ဓာ သပ်သပ် ဆိုလို့ရှိရင် ဝေဒနာနဲ့ သညာ ဒီနှစ်ခုကို ထပ်နုတ်ရမယ်၊ ၃၆-ပါးထဲမှာ ဒီ ၂-ခု ထပ်ပြီးနုတ်တော့ ၃၄-ပါးပဲ ရှိတယ်၊ သင်္ခါရက္ခန္ဓာ အနေနဲ့ အဘိဓမ္မာ ဒေသနာတော်မှာ ဝေဖန်ပြီး ဟောထားတယ်။
တရား သိမ်းကြစို့
▬▬▬▬▬▬
အဲဒီအခါမှာဖြစ်တဲ့ ဖဿက ဘယ်လိုဟာတုန်း စသည်ဖြင့် မေးပြီးတော့ ဒီဖဿ စသည် အနေနဲ့လည်း ဝေဖန်ထားတာတွေ အများကြီးပါပဲ၊ အဘိဓမ္မာ ကျယ်ဝန်းပုံတွေကို နည်းနည်းလည်း ရိပ်မိအောင်လို့လည်း တစ်ကြောင်း၊ မှတ်သားစရာတွေ ပါဝင် နေတာကလည်း တစ်ကြောင်းမို့ ဘုန်းကြီးက ဒီမှာ ပြည့်ပြည့်စုံစုံ ဟောနေတာပဲ၊ ဝိပဿနာ ရှုမှတ်တဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း ဆိုင်တယ်၊ ဝိပဿနာဉာဏ်တွေ တက်ပုံရော, နိဗ္ဗာန်ကို မျက်မှောက် ပြုပုံရော စုံနေပါပြီ၊ ဒါပေမယ့်လို့ သောတာပတ္တိမဂ်မှာ နည်းပေါင်း တစ်ထောင်နဲ့ တန်ဆာဆင်ထားတယ် ဆိုတာလေးကို ပြောဖို့ ရာတော့ ရှိသေးတယ်၊ မြတ်စွာဘုရားက နည်းပေါင်း တစ်ထောင်နဲ့ တန်ဆာဆင်ထားပြီးတော့ ဟောထားတယ်တဲ့၊ အဲဒီ နည်းပေါင်းတစ်ထောင် အကြောင်းတွေကိုတော့ နောက် တစ်ခါမှ ပြောရတော့မှာပဲ၊ ဒီနေ့တော့ အချိန်ကလည်း နည်းသွားပြီ၊ နောက်တစ်ခါ ဆိုလည်း ဝေးဝေးကြီး မဟုတ်ပါဘူး၊ နက်ဖြန်ခါပါပဲ၊
ဒီနေ့ တရားသိမ်းကြဦးစို့၊ တစ်နာရီတောင် ရှိသွားပြီ။
ယနေ့အဖို့၌ အကျွန်ုပ်တို့ ပြုစုပွားများ အားထုတ်အပ်သော ကောင်းမှုအပေါင်း၏ အဖို့ဘာဂကို အမိအဘတို့မှစ၍ အလုံးစုံသော သတ္တဝါ အပေါင်းတို့အား အမျှ ပေးဝေ ပါကုန်၏၊ အလုံးစုံသော သတ္တဝါ အပေါင်းတို့သည် အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
အမျှ … အမျှ … အမျှ … ယူတော်မူကြပါကုန်လော့။
သာဓု … သာဓု … သာဓု ….။
အဘိဓမ္မာတရားတော်ကြီး
▬▬▬▬▬▬▬▬▬▬
ဒီကနေ့ ၁၃၃၆-ခုနှစ်၊ တန်ခူးလဆန်း ၆-ရက်နေ့၊ (၁၆-၄-၇၅) သင်္ကြန်ရက်နဲ့ ဆိုရင် သင်္ကြန်အတက်နေ့ပါပဲ၊ သင်္ကြန်တက်တဲ့နေ့ကစပြီး နှစ်ဆန်းတော့တာပါပဲ၊ ဒါပေမယ့် လို့ အများ အမှတ်ပြုကြရန် ခေါ်တာကတော့ နက်ဖြန်ကျမှပဲ ၁၃၃၇-ခု၊ နှစ်ဆန်း ၁-ရက်လို့ ခေါ်ပါတယ်၊ အခုအချိန် နာရီ အနေနဲ့ဆိုရင် နှစ်ဆန်းထဲ ရောက်လာတာဟာ ၂-နာရီ မတ်တင်း ရှိသွားပါပြီ၊ အခု အချိန်က စပြီးတော့ မနေ့က ဟောခဲ့တဲ့ အဘိဓမ္မာ တရားတော်ကိုပဲ ဆက်ပြီးဟောရမယ်။
မြတ်စွာဘုရား ကိုယ်တော်တိုင် ၇-ဝါမြောက်မှာ တာဝတိံသာ နတ်ပြည်တွင် ဟောကြားတော်မူတဲ့ တရားတော်တဲ့၊ အခု ဒီမှာ ဟောနေတာကတော့ မြတ်စွာဘုရား ဟောတော်မူတဲ့ မူရင်းအတိုင်း တော့လည်း မဟုတ်တတ်ပါဘူး၊ အရှင်သာရိပုတ္တရာ အကျဉ်းချုပ်ပြီးတော့ ဟောထားခဲ့တဲ့ တရားပါပဲ၊ အဲဒါကို ဘုန်းကြီးက အင်မတန် အကျဉ်းချုံးပြီးတော့ ဟောနေပါတယ်၊ တစ်နေ့ တစ်နေ့မှာ ၁-နာရီခွဲ သာသာ လောက်သာ ဟောနေရတော့ ယခုရက်အနေနဲ့ ဆိုရင် ၄-၅-၆-ရက်တောင်မှ ရှိသွားပြီ၊ ကုသလာဓမ္မာ ဆိုတာကို မပြီးတတ်သေးဘူး၊ ဒီကနေ့တော့ ပြီးကောင်း ပြီးပါလိမ့်မယ်၊ မနေ့က ပြောခဲ့တာတွေ တော်တော် စုံသွားပါပြီ။
အင်မတန် မှတ်သားလောက်တဲ့ တရားတွေ
▬▬▬▬▬
အရိယာ လောကုတ္တရာဈာန်၊ လောကုတ္တရာမဂ်ကို ဖြစ်ပွားစေတယ် ဆိုရာမှာ ဖြစ်ပွားစေပုံတွေကို ဖော်ပြစရာရှိနေလို့ ဘုန်းကြီးတို့က ဖြစ်ပွားစေပုံတွေကိုပါ ထည့်သွင်းပြီးတော့ ဟောရပါတယ်၊ အဲဒါတွေကျတော့ အဘိဓမ္မာဒေသနာတော်မှာ ဒီလောက်ကြီး ပြည့်ပြည့်စုံစုံ မပါတော့ဘူး၊ သုတ္တန်တရားတွေ, ဝိသုဒ္ဓိမဂ်တွေက ယူပြီးတော့ ဝိပဿနာရှုပုံ ရှုနည်းတွေ, ဝိပဿနာဉာဏ် ဖြစ်ပုံတွေ အဲဒါတွေကိုပါ အကျယ်တဝင့် ထည့်သွင်းပြီး ဟောမှ သင့်မယ်ဆိုပြီး ထည့်သွင်း ဟောကြား နေတာပါပဲ၊ အဲဒါတွေဟာ ဝိပဿနာတရားတော် အားထုတ်နေကြတဲ့ ယောဂီတွေ အတွက် အင်မတန် အရေးကြီးတဲ့တရားပဲ၊ အင်မတန်လည်း မှတ်လောက်တဲ့ တရားပဲ။
“ဒိဋ္ဌိဂတာနံ - မိစ္ဆာအယူတို့ကို၊
ပဟာနာယ - ပယ်ခြင်းငှါ၊
လောကုတ္တရံဈာနံ - လောကုတ္တရာဈာန်ကို။
ဘာဝေတိ - ဖြစ်ပွားစေ၏” တဲ့၊
မိစ္ဆာအယူတွေကို ပယ်ဖို့ရာ လောကုတ္တရာဈာန်ကို ဖြစ်စေတယ်တဲ့၊ အဲဒါဟာ သောတာပတ္တိမဂ်ကို ဈာန်ဆိုတဲ့ အမည်နဲ့ ဒီမှာ ဟောထားခြင်းပါပဲ၊ သောတာပတ္တိ မဂ်ဉာဏ်နဲ့ နိဗ္ဗာန်ကို တွေ့မြင်သွားရင် မိစ္ဆာအယူတွေ အကုန်လုံး ကင်းတယ်တဲ့၊ မြတ်စွာဘုရား တရားတော်တွေကို ကြားနာဖူးတဲ့ ပုဂ္ဂိုလ်တွေ, စိတ်ဝင်စားပြီး ယုံယုံကြည်ကြည် မှတ်သားတဲ့ ပုဂ္ဂိုလ်တွေမှာ ဆိုရင် မိစ္ဆာအယူတွေ ကင်းသင့် သလောက်တော့ ကင်းပါတယ်၊ အဲဒီလို ကင်းတာတွေထက် သာလွန်ပြီးတော့ မိစ္ဆာ အယူတွေ မှန်သမျှ ကင်းသွားနိုင်အောင်, အောက်ထစ်ဆုံး သောတာပတ္တိမဂ်ဉာဏ် ကိုရအောင် အားထုတ် ရမယ်တဲ့။
အကြောင်းနဲ့ အကျိုးမျှပဲ
▬▬▬▬▬▬▬▬▬
အတိုချုပ် အားဖြင့်ဆိုရင် ကိုယ်ထဲမှာ ရုပ်နာမ်နှစ်ပါး မျှသာ ရှိတယ်၊ ဒီရုပ်နာမ်နှစ်ပါး ဟာလဲပဲ ကံ အစရှိတဲ့ အကြောင်းတရား တွေကြောင့် ဘဝသစ်တွေ ဖြစ်ဖြစ်ပြီးတော့ နေတယ်၊ အကြောင်းတရားနဲ့ အကျိုးတရားပဲ၊ အဲဒီ ကံအကြောင်း တရားတွေထဲမှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ ဒါတွေ အကုန်ပါတယ်၊ အဲဒီ အကြောင်းတရား တွေကြောင့် ပဋိသန္ဓေက စပြီးတော့ ဝိညာဉ်, နာမ်, ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ အကျိုးတရားတွေ ဖြစ်နေတယ်၊ အခု မြင်တိုင်း၊ ကြားတိုင်း၊ နံတိုင်း၊ စားသိတိုင်း၊ ထိသိတိုင်းတွေ ဖြစ်နေတာဟာ အဲဒီ အကျိုး တရားတွေပဲ။
အဲဒီ ဝိညာဉ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ အကျိုးတရား ၅-ပါးကို မှန်ကန်စွာ သိမြင်အောင် ဝိပဿနာ ရှုမှတ်မှု မရှိပြီဆိုတော့ ဘာဖြစ်လာသလဲ ဆိုရင် တဏှာ ဖြစ်လာတယ်၊ ဝေဒနာပစ္စယာ တဏှာတဲ့၊ မြင်လို့ကောင်းတဲ့ ဝေဒနာကို အကြောင်းပြုပြီးတော့ ဥပါဒါန်ဆိုတဲ့ စွဲလမ်းမှုဖြစ်တယ်၊ စွဲလမ်းပြီးတော့လည်း ကိုယ်အလိုရှိတဲ့အတိုင်း ပြည့်စုံအောင် အားထုတ်တဲ့ ကံဖြစ်လာတယ်၊ သင်္ခါရတွေ ဖြစ်ပေါ် လာတယ်ပေါ့၊ တဖန် ကံ-သင်္ခါရက အကျိုးပေးတော့ ဘဝသစ်မှ ဝိညာဉ်, နာမ်, ရုပ်, သဠာယတန, ဖဿ ဝေဒနာတွေ တစ်ခါတစ်ပတ် ပြန်လည်ဖြစ်တော့တာပဲ၊ အကြောင်းနဲ့ အကျိုးတွေ ဒီလိုပဲ ဆက်သွယ်နေကြပါတယ်။
ဝိပဿနာ ရှုမှတ်လိုက်တော့ သမာဓိဉာဏ်တွေ အားကောင်းလာတဲ့ အခါမှာ ရှုမှတ်တိုင်း ရှုမှတ်တိုင်း မြင်ပြီးပျောက်, ကြားပြီးပျောက်, နံပြီးပျောက်, စားပြီးပျောက်, တွေ့ထိပြီးပျောက်, စိတ်ကူးကြံသိတော့လည်း သူ့အခိုက်အတန့်နဲ့သူ သိသိပြီးတော့ ပျောက်ပျောက် နေတာပဲ ဆိုတာကို တွေ့တွေ့ နေရတယ်၊ အဲဒီလို ပုဂ္ဂိုလ်မှာ နှစ်သက်သာယာမှု တဏှာမဖြစ်ဘူး၊ အဲဒါကြောင့် ဝေဒနာမှ ဆက်ပြီးတော့ ဖြစ်မည့် တဏှာဟာ ချုပ်သွားတယ်တဲ့။
“တဿာယေဝ တဏှာယ - ထိုတဏှာ၏ပင်လျှင်၊
နိရောဓာ - ချုပ်ခြင်းကြောင့်၊”
ပါဠိတော် အပြည့်အစုံဆိုရင်တော့
“အသေသဝိရာဂ နိရောဓာ”လို့ ဆိုရမှာပဲ၊
ဒါက ရဟန္တာကျမှ တဏှာက အကုန်ချုပ်မှာ ဆိုတော့ ရဟန္တာကို ရည်ပြီး ဆိုထား တာပါပဲ၊ အခု ဝိပဿနာ ရှုနေကြတဲ့ ပုဂ္ဂိုလ်တွေ အတွက် ဆိုရင်တော့ “တဒင်္ဂနိရောဓ”လို့ တဒင်္ဂပုဒ်ကလေးနဲ့ ဝိသေသပြုပြီး ဆိုရင် ဖြစ်ပါတယ်၊
“ဥပါဒါနနိရောဓော - ဥပါဒါန် ချုပ်ခြင်းသည်၊
ဟောတိ - ဖြစ်၏၊
ဥပါဒါန နိရောဓာ - ဥပါဒါန် ချုပ်ခြင်းကြောင့်၊
ဘဝနိရောဓော - ဘဝချုပ်ခြင်းသည်၊
ဟောတိ - ဖြစ်၏၊
ဘဝနိရောဓာ - ဘဝ ချုပ်ခြင်းကြောင့်၊
ဇာတိနိရောဓော - ဇာတိ ချုပ်ခြင်းသည်၊
ဟောတိ - ဖြစ်၏၊
ဇာတိနိရောဓာ - ဇာတိ ချုပ်ခြင်းကြောင့်၊
ဇရာ - အိုခြင်း၊
မရဏံ - သေခြင်း၊
သောက - စိုးရိမ်ခြင်း၊
ပရိဒေဝ - ငိုကြွေးခြင်း၊
ဒုက္ခ - ကိုယ် ဆင်းရဲခြင်း၊
ဒေါမနဿ - စိတ် ဆင်းရဲခြင်း၊
ဥပါယာသ - ပြင်းထန်စွာ ပူပန်ခြင်းတို့သည်၊
နိရုဇ္ဈန္တိ - ချုပ်ကုန်၏” တဲ့။
သံသရာ ဝဋ်ဆင်းရဲတွေ ချုပ်ပုံကို ပဋိစ္စသမုပ္ပါဒ် ပဋိလောမမှာ အဲဒီလို ပြထားပါတယ်၊
“တဿာယေဝ တဏှာယ - ထိုမြင်ခိုက်, ကြားခိုက်စသည်မှာ ဝေဒနာကို အကြောင်း ပြု၍ ဖြစ်ပေါ် လာမည့် တဏှာ၏ သာလျှင်၊
နိရောဓာ - ပျက်ခြင်း ချုပ်ခြင်းကြောင့်၊
ဥပါဒါနနိရောဓော - စွဲလမ်းမှု၏ ချုပ်ခြင်းသည်၊
ဟောတိ - ဖြစ်၏” တဲ့၊
အဲဒီ မြင်ရာ, ကြားရာ စသည်ကနေပြီးတော့ ဖြစ်လာမယ့် တဏှာလေး မဖြစ် ရတော့ဘူး၊ မြင်တယ်, ကြားတယ် စသည်ဖြင့် ရှုမှတ်လို့ဖြစ်ပြီး ပျောက်သွားတာလေး တွေကို တွေ့နေလေတော့ နှစ်သက်မှု,သာယာမှုတဏှာ, တောင့်တမှု တဏှာ မရှိတော့ ဘူးတဲ့၊ ငြိမ်းသွားတယ် ရှုမှတ်တဲ့ အာရုံတိုင်းမှာ ဒီလို ငြိမ်းငြိမ်းသွားတာ၊ ဒီလို ငြိမ်းငြိမ်း သွားတော့ စွဲလမ်းမှု မရှိတော့ဘူး၊ နှစ်သက် သာယာမှုက မရှိတော့ စွဲလမ်းမှု ဆိုတာလည်း မရှိတော့ဘူးပေါ့။
“ဥပါဒါနနိရောဓာ - စွဲလမ်းမှု ချုပ်ခြင်းကြောင့်၊
ဘဝနိရောဓော - ဖြစ်ကြောင်းကံ၏ ချုပ်ခြင်းသည်၊
ဟောတိ - ဖြစ်၏” တဲ့
စွဲလမ်းမှု မရှိတော့ ဖြစ်ကြောင်းကံလည်း မဖြစ်တော့ဘူး၊ စွဲလမ်းမှု ရှိမှ ကိုယ်စွဲလမ်းတဲ့ အတိုင်း ပြည့်စုံအောင်လို့ အားထုတ် လုပ်ကိုင်မှ ကမ္မဘဝ ဆိုတာက ဖြစ်တာ၊ ခုတော့ အဲဒါတွေ ဖြစ်အောင် ကြောင့်ကြ မရှိဘူး၊ အားမထုတ်ဘူး၊ ရှုမှတ်ပြီးတော့ သိနေတာပဲ ရှိတယ်၊ အဲဒါကြောင့်မို့ ကမ္မဘဝလည်း မဖြစ်တော့ဘူးတဲ့၊ သို့ပေမယ့် ဝိပဿနာ ယောဂီမှာက သူ့မှာ အမြဲတမ်း ငြိမ်းနေတာတော့ မဟုတ်ဘူး၊ နားနေတဲ့ အခါတွေ, မရှုမိတဲ့ အခါတွေမှာ ဖြစ်ဦးမှာပဲ၊ ရှုမိတဲ့ အာရုံလေး စပ်ပြီးတော့သာ ပြောရတာပဲ၊ ရှုမိတဲ့ အာရုံတွေအပေါ်မှာ ဝိပဿနာ ဉာဏ်တွေက အားကောင်းပြီး အရှိန်ရနေမယ် ဆိုရင်လည်း မရှုရသေးတဲ့ အာရုံတွေနဲ့ စပ်ပြီးတော့လည်း အတော် အတန် ငြိမ်းနိုင် ပါသေးတယ်။
“ဘဝနိရောဓာ - ဘဝ၏ ချုပ်ခြင်းကြောင့်၊
ဇာတိနိရောဓော - ဘဝသစ်ဖြစ်ခြင်း၏ ချုပ်ခြင်းသည်၊
ဟောတိ - ဖြစ်၏၊”
ဘဝကံချုပ်ပြီး မရှိတော့ဘူးဆိုတာ အဲဒီအာရုံ တစ်အာရုံထဲနဲ့ စပ်ပြီး မရှိတာ မဟုတ်ဘူး၊ အပြီး ချုပ်သွားပြီဆိုရင် ဒီပြင် အာရုံတွေနဲ့ စပ်ပြီးတော့လည်း ဘဝကံ အကြောင်းဟာ မရှိတော့ဘူး၊ ဘဝကံ အကြောင်း မရှိတော့ဘူးဆိုရင် ဘဝသစ် ဖြစ်ခြင်း ဆိုတာလည်း မရှိတော့ဘူးပေါ့။
“ဇာတိနိရောဓာ - ဇာတိချုပ်ခြင်းကြောင့်၊
ဇရာ မရဏံ - အိုခြင်း သေခြင်းသည်၊
နိရောဓော - ချုပ်၏။”
အိုခြင်း, သေခြင်းလည်း မရှိတော့ဘူး၊ ဖြစ်မှ မဖြစ်တော့ဘဲကိုး အိုတယ်, သေတယ်ဆိုတာ ဘယ်မှာ ရှိတော့မှာလဲ၊ အဲဒီတော့ မသေခင် အတွင်းမှာ ဖြစ်မည့် ချုပ်မည့် တရားတွေ ရှိသေးတယ်၊ အဲဒါတွေ ချုပ်ဖို့ကလည်း အရေးကြီးတာပဲ၊ အဲဒါတွေက ဘယ်ဟာတွေလဲ ဆိုရင်
“သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသာ - စိုးရိမ် ပူဆွေးခြင်း, ငိုကြွေးခြင်း, ကိုယ် ဆင်းရဲခြင်း, စိတ်ဆင်းရဲခြင်း, စိတ်၏ ပြင်းစွာပူပန်ခြင်း တို့သည်၊
နိရုဇ္ဈန္တိ - ချုပ်ကုန်၏။”
အဲဒါတွေလည်း ဘဝအသစ်မှ မဖြစ်တော့၊ တစ်ဘဝလုံး အတွင်းမှာ ပါဝင်လေတော့ အဲဒါတွေ ချုပ်ကုန်တော့တာပဲတဲ့။
“ဧဝံ - ဤချုပ်ခဲ့ပြီးသော နည်းဖြင့်၊
ကေဝလဿ - ချမ်းသာစသည် မရောမယှက် သက်သက်သော၊
ဧတဿ ဒုက္ခန္ဓဿ - ဤဆင်းရဲ အစု၏၊
နိရောဓာ - ချုပ်ခြင်းသည်၊
ဟောတိ၊ ထင်ရှား ပြီးစီးလေတော့၏” တဲ့
ဒီပုံစံ ဒီနည်းဖြင့် ဝိပဿနာရှုလို့ အနိစ္စ, ဒုက္ခ, အနတ္တလို့ အမှန်အတိုင်း သိနေရင် ဒီအာရုံနဲ့ စပ်ပြီးတော့ တဏှာ မဖြစ်, ဥပါဒါန် မဖြစ်, ကံမဖြစ်ဘူး၊ ကံမဖြစ်တော့ ဘဝအသစ် မဖြစ်, ဘဝအသစ် မဖြစ်တော့ အိုခြင်း သေခြင်းလည်း မဖြစ်၊ မသေခင်မှာလည်း စိုးရိမ်ပူဆွေး ငိုကြွေးခြင်း စသည်တွေ မဖြစ်တော့ဘူးတဲ့။
စဉ်းစားစရာ ရှိတယ်
▬▬▬▬▬▬▬
ဒါတွေဟာ ချမ်းသာတွေ ပျောက်ဆုံးသွားတာများ ဖြစ်လေမလားလို့ စဉ်းစားစရာ ရှိပါတယ်၊ ဒါမှမဟုတ်လည်း ပုဂ္ဂိုလ် အနေနဲ့များ ပျောက်သွားတာလား လို့ ဒီလိုလည်း စဉ်းစားစရာ ရှိပါတယ်၊ အဲဒီလို ချမ်းသာတွေ ပျောက်ဆုံး သွားတာလည်း မဟုတ်ပါဘူး၊ ပုဂ္ဂိုလ် ပျောက်ဆုံး သွားတာလည်း မဟုတ်ပါဘူး၊
“ကေဝလဿ - ချမ်းသာသုခ မဖက် ချမ်းသာနဲ့ မရောမယှက် သက်သက်သော” တဲ့၊
ဘာသက်သက်တုန်းဆိုတော့
“ဧတဿ ဒုက္ခန္ဓဿ - ဤ ဆင်းရဲခြင်း အစု၏” တဲ့၊
ဆင်းရဲအစု သက်သက်တွေပါတဲ့၊ မြင်တိုင်းကြားတိုင်း စသည်မှာ ဖြစ်နေတဲ့ ဝိညာဉ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဆိုတဲ့ ဆင်းရဲတရားတွေပါတဲ့။
ဒီ ဆင်းရဲစုတွေကို မှန်ကန်စွာ မသိကြလို့သာ သဘောကျပြီး သာယာနေကြတာပဲ။ အမှန်ကတော့ ဖြစ်ပေါ်ပြီး ပျက်စီးနေတဲ့ တရားတွေ သက်သက်ပဲ၊ ဘာမှ ကောင်းတာရယ်လို့ မရှိဘူး၊ ဆင်းရဲတရားတွေ သက်သက် ကုန်ဆုံးသွား တာပါတဲ့၊ ချမ်းသာတွေ ပျောက်ဆုံးသွားတာ မဟုတ်ဘူးတဲ့၊ နောက်ဆုံး ပရိနိဗ္ဗာန်ပြုတဲ့ အခါမှာလည်း ဒီအတိုင်းပဲ၊ ဇာတိနိရောဓ - ဘဝသစ် ရုပ်နာမ်တွေမဖြစ်တော့ ဘဝသစ် ရုပ်နာမ်နဲ့စပ်ပြီး ဇရာ, မရဏ စသည်တွေလည်း အကုန်လုံး ချုပ်တယ်၊ ဘယ်တော့မှ မဖြစ်လာတော့ဘူး၊ တစ်ခါတည်း အပြီးသတ် ငြိမ်းသွားတယ်၊ အဲဒါလည်း ဆင်းရဲတရားတွေ လုံးဝ ငြိမ်းသွားခြင်းပါပဲ တဲ့။
ရဟန္တာဆိုတာက ပုဂ္ဂိုလ်အနေနဲ့ အစကတည်းက ရှိတာမဟုတ်ဘူး၊ လောက ဝေါဟာရ အနေနဲ့သာ ပြောဆိုနေကြ ရတာပဲ၊ တကယ်တော့ အကြောင်းအကျိုး ဆက်စပ် ဖြစ်ပျက်နေတဲ့ ရုပ်နာမ် တွေမျှသာ ရှိတာပဲ၊ အဲဒီ ရုပ်နာမ် တွေသာ ချုပ်ငြိမ်းသွား တာပါ၊ ပုဂ္ဂိုလ်အနေနဲ့ ပျောက်သွားတာ မဟုတ်ပါဘူးတဲ့။ အစကတည်းက ပုဂ္ဂိုလ် ရယ်လို့ မရှိတာကိုး။
စိတ်စွဲ သညာစွဲတော့ ရှိသေးတယ်
▬▬▬▬▬
အခု ဒီမှာတော့ သောတာပတ္တိမဂ်ကို ဖြစ်ပွားစေတယ်၊ ဘာအတွက် ဖြစ်ပွားစေတုန်း ဆိုရင် “ဒိဋ္ဌိဂတာနံ - မိစ္ဆာအယူတို့ကို၊ ပဟာနာယ - ပယ်ခြင်းအကျိုးငှါ” တဲ့၊ သောတာပတ္တိမဂ်ဖြင့် နိဗ္ဗာန်ကိုဝင်ရင် မိစ္ဆာအယူတွေ ကင်းတယ်တဲ့၊ မိစ္ဆာအယူဆိုတာ အကျဉ်းချုပ်အားဖြင့် အတ္တဒိဋ္ဌိပါပဲ၊ ပုဂ္ဂိုလ် သတ္တဝါအနေနဲ့ စွဲတဲ့အစွဲပေါ့၊ အဲဒီအစွဲဟာ စောစောက ပြောခဲ့တဲ့ အတိုင်း ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေကို ရှုရင်းရှုရင်းနဲ့ ဖြစ်မှုပျက်မှု ရုပ်နာမ်တွေကို သိနေပြီး ဒါတွေဆိတ်သုဉ်းတဲ့ နိဗ္ဗာန် သဘောထဲကို အရိယမဂ်ဉာဏ်နဲ့ သက်ဝင်သွားပါမှ အတ္တဒိဋ္ဌိက ကင်းတယ်၊ အပူထဲကနေပြီး အအေးထဲ ရောက်သွားသလို, အမှောင်ထဲကနေပြီး အလင်းထဲကို ရောက်သွားသလို ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေ ထဲကနေပြီးတော့ ဒီသင်္ခါရ ဆင်းရဲတွေ ငြိမ်းရာဖြစ်တဲ့ အငြိမ်းသဘော, အငြိမ်းဓာတ်ထဲကို ရောက်သွားလို့ ရှိရင် ဝိပဿနာ ရှုမှတ်စဉ်က သိလာခဲ့တဲ့ ရုပ်နာမ်မျှသာ ရှိတာပဲဆိုတဲ့ အသိဟာ ခိုင်မြဲသွားပြီ၊ မပျက်တော့ဘူး။
သာမန်ပုဂ္ဂိုလ် တွေဆိုရင် ငါ - ငါကောင် - ပုဂ္ဂိုလ် - သတ္တဝါ အနေနဲ့ အင်မတန် အစွဲသန်တယ်၊ သောတာပန် အရိယာပုဂ္ဂိုလ်မှာတော့ ဒီလို အစွဲအလမ်းက ခိုင်မြဲစွာ ဖြစ်မနေတော့ဘူး၊ စဉ်းစားလိုက်တာနဲ့ တစ်ပြိုင်နက်, ရှုမှတ်လိုက်တာနဲ့ တစ်ပြိုင်နက် ရုပ်နာမ်သဘောတွေ, အနိစ္စ, ဒုက္ခ, အနတ္တသဘောတွေဆိုတာကို ဉာဏ်ထဲမှာ ထင်ထင်ရှားရှား မြင်သိလာတယ်၊ ငါကောင်, သူကောင်, ပုဂ္ဂိုလ် သတ္တဝါကောင် မရှိဘူးဆိုတာ သိမြင်ပြီး အတ္တ ကင်းပါတယ်၊ ဒါပေမယ့် သုခနဲ့ သုဘစွဲဆိုတာတော့ ကျန်သေးတယ်၊ ဒါကတော့ ဒိဋ္ဌိစွဲ မဟုတ်ဘဲနဲ့ စိတ်စွဲ, သညာစွဲအနေနဲ့ ကျန်နေသေးတာပါ၊ မြဲတယ်ဆိုတဲ့ အနေအားဖြင့် နိစ္စဒိဋ္ဌိစွဲ, ချမ်းသာတယ် ဆိုတဲ့ အနေအားဖြင့် သုခဒိဋ္ဌိစွဲ, တင့်တယ်တယ်ဆိုတဲ့ အနေအားဖြင့် သုဘဒိဋ္ဌိစွဲ, ငါသူတစ်ပါး ပုဂ္ဂိုလ်သတ္တဝါ အနေအားဖြင့် စွဲတဲ့ အတ္တဒိဋ္ဌိဆိုတဲ့ ဒီလို ဒိဋ္ဌိစွဲ လေးမျိုးကတော့ ကင်းပါတယ်၊ ဘာကျန်တော့တုန်း ဆိုတော့ သုခ, သုဘအနေနဲ့ စိတ်စွဲ, သညာစွဲလေးကတော့ ကျန်နေသေးတယ်၊ ချမ်းသာတယ်လို့ ထင်နေတဲ့ အသိစိတ်စွဲနဲ့ အမှတ်စိတ်စွဲလေး၊ တင့်တယ် လှပတယ်လို့ ထင်နေတဲ့ အသိစိတ်စွဲနဲ့ အမှတ်သညာစွဲလေး အဲဒါလေးတွေတော့ ကျန်နေပါသေးတယ်၊ ဒါကြောင့် သောတာပန်တွေဟာ ကာမ အာရုံတွေနဲ့ သာယာနေကြ သေးတာပဲ၊ သူတို့မှာ ဒါတွေ မကင်းကြသေးဘူး၊ စိတ္တဝိပလ္လာသနဲ့, သညာဝိပလ္လာသတဲ့၊ အဲဒါတွေ ကျန်နေ ပေမယ်လို့ ဒိဋ္ဌိဝိပလ္လာသ ဆိုတဲ့ အယူအမြင် အလွဲမှားမှုတွေတော့ ကင်းနေပါတယ်၊ အမှုမဲ့ အမှတ်မဲ့ နေတဲ့အခါ များမှာတော့ သူများလိုပဲ သွားလိုက် လာလိုက် စားလိုက် သောက်လိုက်နေတဲ့ အခါများမှာ တယ်ပြီး မထူးခြားလှပါဘူး၊ အများလိုပါပဲ၊ ဘေးလူကနေ ကြည့်ရင် ထူးထူးခြားခြား မသိနိုင်ပါဘူး၊ ဒါပေမယ့်လို့ ထူးတာကတော့ ထူးပါတယ်၊ တရားကို နှလုံးသွင်း ရှုမှတ်လိုက်တယ် ဆိုရင် သောတာပန်မှာ အတ္တဒိဋ္ဌိ မရှိပါဘူး၊ ထူးပါတယ်၊ တရားကို နှလုံးသွင်း ရှုမှတ်လိုက်တယ်ဆိုရင် သောတာပန်မှာ အတ္တဒိဋ္ဌိ မရှိပါဘူး၊ ဒါကြောင့်
“ဒိဋ္ဌိဂတာနံ - မိစ္ဆာအယူတို့ကို၊
ပဟာနာယ - ပယ်ခြင်းငှါ၊
လောကုတ္တရံ ဈာနံ - လောကုတ္တရာဈာန်ကို။
ဘာဝေတိ - ဖြစ်စေ၏” တဲ့။
(ဓမ္မသင်္ဂဏီ၊ နှာ-၈၃)
လောကုတ္တရာဈာန်ကို ဖြစ်စေတာဟာ အဲဒီ အစွဲတွေ ကင်းစေဖို့၊ မိစ္ဆာအယူတွေ ကင်းနိုင်ဖို့ ဖြစ်စေရတာပဲတဲ့။
အတ္တဒိဋ္ဌိက ပေါက်ပွါးလာတယ်
▬▬▬▬▬▬▬
အစွဲတွေထဲမှာ အရင်း အကျဆုံးကတော့ အတ္တဒိဋ္ဌိဆိုတဲ့ အတ္တစွဲက အရင်းအကျ ဆုံးပေါ့၊ ဒီ အတ္တဒိဋ္ဌိက နေပြီးတော့မှ သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ - ဆိုတဲ့ ဒိဋ္ဌိနှစ်မျိုး ပေါက်ပွါးလာတယ်၊ အသက်ရှင်နေတဲ့ အကောင်လေး ဆိုတာ တကယ် ရှိနေတယ်၊ ဒါလေးဟာ မပျက်မစီးဘူး၊ ဒီဘဝက သတ္တဝါရဲ့ ခန္ဓာကိုယ်ကြီး ပျက်စီးသွားပေမယ့်လို့ ဒီအသက်လေးကတော့ မပျက်စီးဘူး၊ ဘဝတွေ ဆက်ဆက် ခန္ဓာကိုယ်ကသာ ပြောင်းပြောင်း နေတာပဲ၊ သူကတော့ ခိုင်မြဲတယ်၊ သူ့ကို ဘယ်လိုလုပ်လို့မှ ပျက်စီး အောင် လုပ်မရဘူး၊ အမြဲ ထာဝရ ခိုင်မြဲနေတယ်လို့ ဒီလို စွဲလမ်းတာဟာ သဿတဒိဋ္ဌိပါပဲ။
ဥစ္ဆေဒဒိဋ္ဌိ ဆိုတာကတော့ သဿတဒိဋ္ဌိနဲ့ ပြောင်းပြန်ပဲလို့ လွယ်လွယ် ပြောပါ တော့လေ၊ ဒီအသက်ကောင်လေး ဆိုတာဟာ မသေခင် အတွင်းမှာတော့ ဟုတ်တယ်၊ မပျက်မစီး အမြဲတည်နေတာပဲ၊ ဒါပေမယ့်လို့ သေပြီးတယ်ဆိုရင် ဒီ အသက်ကောင် လေးဟာ ဘာမှ မရှိတော့ဘူး၊ ပျောက်သွားတာပဲ၊ ဒီတစ်ဘဝ ဒီတစ်ခါပဲ ရှိတာ၊ နောက်နောက်မှာ ဆက်ပြီး မရှိတော့ဘူးလို့ စွဲလမ်းတာပါပဲ၊ အဲဒီလို သဿတစွဲနဲ့ ဥစ္ဆေဒစွဲ နှစ်ခုရှိတယ်။
အခုခေတ် ရုပ်ဝါဒဘက် ကနေပြီး သဘောကျနေကြတဲ့ သိပ္ပံပညာ ဦးစားပေး ပုဂ္ဂိုလ်တွေက သဿတစွဲတော့ ရှိခဲပါတယ်၊ ဥစ္ဆေဒစွဲကတော့ သူတို့မှာ ရှိနေတတ်ကြတယ်၊ သေပြီးရင် ပြီးသွားတာပဲ၊ နောက်ဘဝတွေ ဆိုတာဟာ ရှိတာ ဟုတ်ဘူးလို့ ဒီလို သဘောကျ နေကြတာက များတယ်၊ မသေခင်မှာလည်း သူတို့မှာ အတ္တစွဲ မရှိဘူးလို့ ပြောတတ်ကြတယ်၊ ဒါပေမယ့်လို့ သူတို့စကားနဲ့ သူတို့စဉ်းစား ကြည့်ရမယ်၊ “သေပြီးရင် ပြီးသွားတာပါပဲ၊ နောက်ဘဝဆိုတာ မရှိပါဘူး” လို့ ဆိုတော့ မသေခင်မှာဖြစ်နေတဲ့ အတ္တရှိတယ်လို့ ဆိုရာ ရောက်နေတယ်၊ ဒီလို ဆင့်ပွား ဒိဋ္ဌိတွေ မဖြစ်ရအောင် အတ္တဒိဋ္ဌိ မရှိဖို့ လိုပါတယ်၊ မြင်မှု, ကြားမှု အစရှိတဲ့ ရုပ်နာမ် အပေါင်းကို အသက်ရှင်နေတဲ့ အတ္တကောင်, ငါကောင်လို့ ထင်မြင်စွဲလမ်း နေတာဟာ အတ္တဒိဋ္ဌိတဲ့၊ ကိုင်း - ဒါလေးကို ဆိုကြရမယ်-
“မြင်မှု, ကြားမှု စသော ရုပ်နာမ်အပေါင်းကို အတ္တကောင်, ငါကောင်ဟု ထင်တာက အတ္တဒိဋ္ဌိ”
ဒီလောက်ဆိုရင် ပေါ်လွင်ပါပြီ၊ အတ္တဒိဋ္ဌိ အရင်းခံကနေပြီး ဒီလိုပဲ သဿတ ဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ နှစ်မျိုး ပေါက်ပွါး လာပါတယ်၊ ဒါကြောင့် အရင်းခံဖြစ်တဲ့ အတ္တဒိဋ္ဌိ မရှိဖို့က အင်မတန်အရေးကြီးပါတယ်၊
ဗုဒ္ဓဘာသာပြင်ဘက်က ဟိန္ဒူတွေဆိုရင် များသောအားဖြင့် အဲဒီ အယူဝါဒတွေ များတာပဲ၊ ဟိုဘဝ ဒီဘဝ မြဲတယ်, တည်နေတယ်လို့ ယူတဲ့ အယူဝါဒတွေ အဲဒါတွေ များတာပဲ၊ ဘုရားသခင် ဖန်ဆင်းထားတယ် ဆိုတာတွေလည်း ဒီအယူဝါဒ တွေပါပဲ၊ သူတို့က တိတိကျကျသာ မဆိုတာပါ၊ ဘုရားသခင်က အမိန့်ပေးတယ် ဆိုရင် ပြန်ပြီး အသက်ရှင် ရတာနဲ့၊ ကောင်းကင်ဘုံမှာ ကယ်တင်ထားရတာနဲ့၊ ကောင်းကင်ဘုံ ရောက်ရင် အမြဲတမ်း ချမ်းသာရတာနဲ့၊ ဘုရားသခင်ကို မရိုမသေပြုတဲ့ ပုဂ္ဂိုလ် များဆိုရင် ထာဝရငရဲကြီးထဲမှာ ပစ်ချရတာနဲ့ အဲဒါတွေဟာ ဒီသဿတဒိဋ္ဌိ အစွဲ တွေပါပဲ၊ အမြဲတမ်း ရှိနေတယ်ဆိုတဲ့ သဘောတွေပဲ၊ အဲဒီလို အသက်ရှင်နေတဲ့ အတ္တကောင်, ငါကောင်ဟာ ဘယ်အခါကာလမှာမှ မပျက်စီးဘူး၊ အမြဲတမ်း တည်နေတယ်လို့ ထင်မြင်စွဲလမ်း တာဟာ သဿတဒိဋ္ဌိတဲ့၊ ကိုင်း ဆိုကြရမယ်-
“အသက်ရှင်နေသော အတ္တကောင်, ငါကောင်သည် ဘယ်အခါ ကာလမှ မပျက်မစီး အမြဲ တည်ရှိနေသည်ဟု ထင်မှတ်တာက သဿတဒိဋ္ဌိ”
အဲဒါ သဿတဒိဋ္ဌိတဲ့၊ ပြီးသွားပြီ။
ဥစ္ဆေဒဒိဋ္ဌိ ဆိုတာကတော့ သေပြီးရင် ဘာမှ မရှိတော့ဘူး၊ သေပြီး ပြီးတာပဲလို့ ယူဆ စွဲလမ်းတာပါပဲ၊ မြတ်စွာဘုရား လက်ထက်တော်တုန်းက အဇိတဆိုတဲ့ ဆရာကြီးဟာ အဲဒီဝါဒကို သူကိုယ်တိုင်လည်း စွဲလမ်း ယူဆတယ်၊ သူ့တပည့်တွေကိုလည်း ဒီအတိုင်း ဟောပြောတယ်၊ “ကုသိုလ်ရယ်, အကုသိုလ်ရယ် လုပ်နေကြတယ်၊ ဒါတွေဟာ ရှိတာ ဟုတ်ပါဘူး၊ ကောင်းကျိုး, ဆိုးကျိုး ဆိုတာလည်း မပေးနိုင်ပါဘူး၊ သေပြီးရင် ဘာမျှ မရှိတော့တာပဲ၊ အကုန်လုံး ပျောက်သွား တာချည်းပါပဲ” လို့ ပြောဟောနေတယ်၊ အဲဒါဟာ ဥစ္ဆေဒဒိဋ္ဌိ တဲ့၊ ကိုင်းဆို -
“သေပြီးရင် ဘာမှ မရှိတော့ဘူး၊ လုံးဝပျောက်သွားသည် ဟု ထင်မှတ်တာက ဥစ္ဆေဒဒိဋ္ဌိ”
အခုပြောခဲ့တဲ့ ဒိဋ္ဌိနှစ်မျိုးဟာ အချင်းချင်း ပြောင်းပြန်ပဲ၊ အဲဒီ ဒိဋ္ဌိတွေကို ပယ်ပစ်ရမှာတဲ့။
ပြီးတော့ ရှိသေးတယ်
ဒီ ဒိဋ္ဌိသာလား ဆိုတော့ ဒါတွင် မကသေးပါဘူး၊ ဘာသာရေး အကျင့်လမ်းစဉ် အရအားဖြင့်လည်း အကျင့်မှားတွေကို ကျင့်နေကြတာ ရှိပါသေးတယ်၊ အဲဒီလို အကျင့်မှားတွေကို အမှန်ထင်ပြီး စွဲလမ်းကျင့်ကြံ နေတာတွေကို “သီလဗ္ဗတပရာမာသ” လို့ ခေါ်တယ်၊ ဒါလည်း ဒိဋ္ဌိတစ်မျိုးပါပဲ၊ အတ္တဒိဋ္ဌိနဲ့ သက်ဆိုင်နေပါတယ်၊ အမှန်ထင်ပြီး ကျင့်နေတာဟာ အတ္တကောင်းစားရေး အတွက် ကျင့်နေတာ ဖြစ်လို့ပါပဲ၊ ကျင့်ပေမယ့် အကျင့်မှန် မဟုတ်ဘူး၊ မှားမှားယွင်းယွင်း ကျင့်နေတာ ဖြစ်တယ်၊ “သစ္စာမမြင်၊ မဂ္ဂင်မပါ၊ လေ့ကျင့်ကာဖြင့်၊ ချမ်းသာမြဲမည်၊ ယုံကြည်စွဲမှတ်၊ ယူဆလတ်၊ သီလဗ္ဗတပင်”တဲ့၊ သစ္စာမမြင် - မဂ္ဂင်မပါတဲ့၊ သစ္စာလေးပါးကို သိရအောင် ကျင့်တာလည်း မဟုတ်၊ မဂ္ဂင်ရှစ်ပါး ပွားများစေဖို့လည်း မဟုတ်ဘဲ နည်းလမ်းမကျတဲ့ အကျင့်တစ်ခုခုကို ကျင့်ရုံမျှဖြင့် သံသရာ ဝဋ်ဆင်းရဲက လွတ်မယ်, ချမ်းသာသွားမယ်လို့ အဲဒီလို ယုံကြည်ယူဆပြီး ကျင့်ကြံ နေတာဟာ သီလဗ္ဗတပရာမာသဒိဋ္ဌိ တဲ့။ ကိုင်း ဆိုကြရမယ် -
“သစ္စာမမြင်၊ မဂ္ဂင်မပါ၊ လေ့ကျင့်ကာဖြင့်၊ ချမ်းသာမြဲမည်၊ ယုံကြည်စွဲမှတ်၊ ယူဆလတ် -သီလဗ္ဗတပင်”
သစ္စာမမြင်, မဂ္ဂင်မပါ၊ ဆိုတဲ့ ဒီစကား နှစ်မျိုးက အတူတူပါပဲ၊ မဂ္ဂင်ရှစ်ပါးကို ပွားတယ်ဆိုရင် သစ္စာလေးပါးကို သိလာနိုင်ပါတယ်၊ ဘယ်လိုလဲ ဆိုရင် မဂ္ဂင်ရှစ်ပါး ဖြစ်အောင် အားထုတ်တယ်ဆိုရင် ဒုက္ခသစ္စာ ဆိုတဲ့ ရုပ်နာမ်တရားတွေကို ရှုမှတ်ရပါတယ်၊ ဒွါရခြောက်ပါးက ထင်ရှားဖြစ်ပေါ်သမျှ ရုပ်နာမ်တရားတွေကို ဒုက္ခသစ္စာလို့ ဆိုပါတယ်၊ အဲဒါတွေဟာ ဒုက္ခသစ္စာ တရားတွေပါပဲ၊ အဲဒီ ဒုက္ခသစ္စာ တရားတွေကို ရှုမှတ်ရပါတယ်၊ ရှုမှတ်ရတဲ့ ဒီ ဒုက္ခသစ္စာ တရားတွေဟာ ပိုင်းခြားသိရမဲ့ ပရိညေယျ တရားတွေပါပဲ၊ ဘယ်လို ပိုင်းခြားသိရမလဲ ဆိုရင် ရုပ်နာမ်မျှပဲ လို့ ပိုင်းခြားသိရမယ်။ အကြောင်းအကျိုး တရားတွေပဲ ဆိုတာကိုလည်း သိရမယ်၊ အနိစ္စ, ဒုက္ခ, အနတ္တ သဘောတွေလို့လည်း သိရမယ်၊ ကိုယ်ပိုင်ဉာဏ်နဲ့ကို သိရမှာ၊ ကြားနာ မှတ်သားပြီး သိရမှာမဟုတ်ဘူး၊ အဲဒီလိုသိအောင် မြင်တိုင်း ကြားတိုင်း စသည်မှ ရှုမှတ်နေရမယ်၊ အဲဒါဟာ ဒုက္ခသစ္စာကို ပိုင်းခြားပြီးသိတဲ့ သမ္မာဒိဋ္ဌိဉာဏ် ဖြစ်အောင် အားထုတ်နေတာပါပဲ။
ဒုက္ခသစ္စာကို သိတဲ့တရားက သမ္မာဒိဋ္ဌိ အမှူးရှိလျက် ခေါင်းဆောင်တဲ့ မဂ္ဂင်ရှစ်ပါး တရားတွေပါပဲ၊ သစ္စာလေးပါး တရားကို ကိုယ်တိုင် သိမြင်အောင် အားထုတ်ရင် မဂ္ဂင်ရှစ်ပါး တရားကို ပွားရာ ရောက်တော့တာပဲ၊ ဒီလို မဂ္ဂင်ရှစ်ပါးတွေကို ပွားနေစေရင်လည်း သစ္စာလေးပါး တရားကို သိအောင် အားထုတ်နေတယ်လို့ ဆိုရ တာပါပဲ၊ အခု သီလဗ္ဗတပရာမာသဒိဋ္ဌိ ဆိုတာက အဲဒီလို သစ္စာလေးပါးကို သိအောင် မြင်အောင် အားထုတ်တာလည်း မဟုတ်၊ မဂ္ဂင်ရှစ်ပါး တရားကို ပွားစေတာလည်း မဟုတ်ဘဲနဲ့ အလေ့အကျင့် တစ်စုံတစ်ခုမျှဖြင့် သံသရာ ဝဋ်ဆင်းရဲတွေမှ လွတ်မြောက်ပြီး အမြဲတမ်း ချမ်းသာသွား လိမ့်မယ်လို့ ယုံကြည်ယူဆတဲ့ အယူဝါဒပဲ။
နွားခွေးလိုကျင့်တဲ့ အကျင့်တွေလည်း ရှိတယ်
မြတ်စွာဘုရား လက်ထက်တော်တုန်းက ဒီလိုအကျင့်ကို ကျင့်သူတွေ အများကြီးပဲ၊ သာသနာ့ အပြင်ဘက်မှာ ရှိနေကြတယ်၊ နွားလိုသွား, နွားလိုစား, နွားလိုအိပ်, ခွေးလိုသွား, ခွေးလိုစား, ခွေးလိုအိပ်, နွားကျင့်၊ ခွေးကျင့်တွေကို ကျင့်ရုံနဲ့ပဲ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်တယ်လို့ သူတို့ ယူဆကြပြီး ကျင့်ကြတယ်၊ လူစင်စစ်က နွားလို စိတ်မွေးပြီး နွားလိုနေရတယ်၊ သဏ္ဍာန်လုပ် သရုပ်နဲ့ တူအောင် နွားလို အမြီးတွေ ဘာတွေတောင် တပ်ထားလိုက်သေးတယ် ဆိုပဲ၊ လက်ခြေ တွေ လေးဘက် ထောက်ပြီးတော့ နွားလိုပဲ သွားလာကြတယ်၊ ဦးချိုတွေ ပေါက်နေ သလိုလည်း တပ်ထားကြသတဲ့၊ နွားလို ဘို့တွေလည်း ပြုလုပ်ထားသေးတယ် လို့ ဆိုပါတယ်၊ ဒီလို နွားနဲ့ တူအောင် လုပ်ပြီးတော့ တစ်ကောင်နဲ့တစ်ကောင် အချင်းချင်း တွေ့ကြတဲ့အခါ နွားစောင်သလို လည်း စောင်ကြသေးသတဲ့၊ ခွာတွေနဲ့ မြေကိုယက်ပြီး ဦးချိုများတောင် သွေးလိုက် ကြသေးသတဲ့၊ အိပ်လျက် နေတော့လည်း နွားလိုပဲ အိပ်နေရတယ်၊ ကျင်ကြီး ကျယ်ငယ်တွေထဲမှာ ပေပေကျံကျံနဲ့ အိပ်ရ နေရတယ်၊ အဲဒီလိုကျင့်နေရင် သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်တယ်လို့ သူတို့က ယူဆပြီး ကျင့်နေကြတယ်တဲ့။
ခွေးလို ကျင့်ရာမှာလည်း ဒီအတိုင်းပါပဲ၊ ခွေးကျင့် ကျင့်နေကြတယ်၊ ခွေးတွေလိုပဲ အမြီးတွေ ဘာတွေနဲ့ပေါ့လေ၊ တစ်ကောင်နဲ့ တစ်ကောင် တွေ့ပြီလားဆိုရင် ခွေးတွေလို တစ်ကောင်နှင့် တစ်ကောင် သွားတွေ့ပြီး ဟိန်းကြ ဟောက်ကြတယ် ဆိုပဲ။ အစာစားလို့ ရှိရင်လည်း လေးဘက် ထောက်ပြီး ဟပ်စားတယ်ဆိုပဲ၊ ပန်းကန်တို့ ဘာတို့နဲ့ စားရတာ မဟုတ်ဘူး၊ ခွေးလိုပဲ မြေကြီးပေါ် ပုံထားတာကို စားကြရတာပဲ၊ ကျင်ကြီး, ကျင်ငယ်စွန့်တော့လည်း ခွေးလို စွန့်ကြရတာပဲတဲ့၊ အိပ်တော့လည်း ခွေးလိုပြာပုံလေး ဘာလေးတွေမှာ ဝပ်ကြရတယ်တဲ့၊ အဲဒီလို ခွေးကျင့်တွေကို လိုက်ကျင့် နေလို့ရှိရင် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်တယ်လို့ သူတို့ယူဆပြီး ကျင့်ကြတာပဲ၊ အဲဒါတွေဟာ သီလဗ္ဗတပရာမာသ အကျင့်တွေပါပဲ။
ပုဏ္ဏနဲ့ သေနိယတို့ အကျင့်
တစ်နေ့မှာတော့ အဲဒီလိုအကျင့်ကို ကျင့်ကြတဲ့ ပုဂ္ဂိုလ် နှစ်ယောက်ဟာ မြတ်စွာဘုရား ထံကို ရောက်လာကြတယ်၊ သူတို့အမည်က ပုဏ္ဏပရိဗိုဇ်နဲ့ သေနိယ ပရိဗိုဇ်တဲ့၊ အဲဒီတုန်းက မြတ်စွာဘုရားဟာ ဟလိဒ္ဒသန နိဂုံးရွာကို ဆွမ်းခံရွာပြုပြီး သီတင်းသုံးတော် မူခိုက်ဖြစ်တယ်တဲ့၊ သူတို့နှစ်ဦးဟာ တစ်ဦးက နွားတို့ အကျင့်ကို ကျင့်တယ်၊ တစ်ဦးက ခွေးတို့ အကျင့်ကို ကျင့်တယ်၊ သူတို့နှစ်ဦး ဘုရားထံ ရောက်လာပြီးတော့ မြတ်စွာဘုရားကို သူတို့က လျှောက်ထားကြတယ်၊ ဘယ်လို လျှောက်ထားကြသလဲ ဆိုတော့ “မြတ်စွာဘုရားတဲ့၊ နွားလိုကျင့်ရင် ဘယ်လိုအကျိုး ရပါသလဲ၊ ခွေးလိုကျင့်ရင် ဘယ်လိုအကျိုး ရပါသလဲဘုရား”လို့ ဒီလို လျှောက်ထားကြသတဲ့။
သူတို့ လျှောက်ထားတာကို ဖြေကြားရမှာက သူတို့ မနှစ်သက်စရာ ဖြစ်နေပါတယ်၊ ဒီတော့ မြတ်စွာဘုရားက ဒီအမေးကို မလျှောက်ထားကြဖို့ သုံးကြိမ်ကျအောင် တားမြစ်ပါတယ်၊ ဒါပေမယ့် သူတို့က တားမြစ်တာကို မရဘူး၊ သူတို့အကျင့်ကို သူတို့ ဟုတ်လှပြီ ထင်ပြီး အင်မတန် သိချင်နေကြတာကိုး၊ ထပ်ပြီး လျှောက်ထားကြတယ်၊ ဒီလောက်တောင် သိချင်နေကြတာ ဖြစ်တော့ မြတ်စွာဘုရားက ဖြေကြားတော် မူလိုက်ရတယ်။
“ခွေးအကျင့်ကို စွဲမြဲစွာကျင့်သူဟာ သေရင် ခွေးဖြစ်မယ်၊ နွားအကျင့်ကို ကျင့်သူဟာ စွဲမြဲစွာ ကျင့်လို့ရှိရင် သေတော့ နွားဖြစ်မယ်၊ နတ်မင်းတို့, နတ်အမတ်ကြီးတို့ ဖြစ်လိမ့်မယ်လို့ မိစ္ဆာအယူနဲ့ ကျင့်ရင် မိစ္ဆာအယူကြောင့် ငရဲ, တိရစ္ဆာန် တစ်မျိုးမျိုးမှာ ဖြစ်လိမ့်မယ်” ဒီလို မိန့်ကြားတော် မူပါတယ်။
ဒီတော့ သူတို့ အကျင့်ကိုသူတို့ ယူကျုံးမရ ဖြစ်ပြီး ငိုကြွေးကြသတဲ့၊ ဒီတော့ မြတ်စွာဘုရားက သင်တို့ မငိုကြွေးကြနဲ့၊ အစက ငါဘုရား မပြောဘူးလား၊ သင်တို့ မလျှောက်ထားကြ ပါနဲ့လို့၊ ဒီလို မြတ်စွာဘုရားက မိန့်ကြားတော့ သူတို့ ငိုကြွေးတာက မြတ်စွာဘုရား ဒီလိုမိန့်ကြားလို့ ငိုကြွေးတာ မဟုတ်ပါဘူး ဘုရားတဲ့၊ သူတို့ ငိုကြွေး တာက …
“ဆရာ့ ဆရာတွေက အဆင့်ဆင့် ဒီလိုကျင့်ရင် သံသရာ ဝဋ်ဆင်းရဲမှ ထွက်မြောက် နိုင်တယ် လို့ လိမ်ညာထားခဲ့ တာတွေကို ယုံစားပြီးတော့ လိုက်နာမိတဲ့အတွက် အမှားကြီး မှားပြီဆိုပြီး ဝမ်းနည်း မိတဲ့အတွက် ငိုတာပါဘုရား”လို့ ဒီလို လျှောက်ထားကြသတဲ့။
ပြီးတော့ မြတ်စွာဘုရား ထံမှောက်မှာပဲ သူတို့ယူလာခဲ့တဲ့ သီလဗ္ဗတ ပရာမာသ အကျင့်တွေကို စွန့်လိုက်ကြတယ်၊ အဲဒီမှာ မြတ်စွာဘုရား ဟောကြားတဲ့ တရားတော် ကို နာကြားရပြီး ပုဏ္ဏပရိဗိုဇ် မှာ သရဏဂုံ တည်သွားတယ်၊ သေနိယ ပရိဗိုဇ်ကတော့ ရဟန်းပြုပြီး ရဟန္တာအဖြစ် ရောက်အောင် ကျင့်သွားသတဲ့။
ဒီပြင်လည်း အများကြီးပါပဲ
မြတ်စွာဘုရား လက်ထက်တော်က သာသနာအပြင်ဘက်မှာ ဒီလိုပုဂ္ဂိုလ်တွေရဲ့ အယူဝါဒတွေကို လိုက်နာပြီးတော့ အဲဒီလို ကျင့်နေကြတာတွေ ရှိတယ်၊ နွားတို့ အကျင့်ကို ကျင့်ကြ, ခွေးတို့ အကျင့်တွေကို ကျင့်ကြ၊ ဒီလို မှားမှားယွင်းယွင်း အကျင့်တွေဟာ သစ္စာလေးပါးကို သိအောင် ကျင့်တာ မဟုတ်ဘူး၊ မဂ္ဂင်ရှစ်ပါးကို ပွားများရာလည်း မရောက်ဘူး၊ သစ္စာမမြင် မဂ္ဂင် မပါတဲ့၊ သီလဗ္ဗတပရာမာသ ဒိဋ္ဌိအကျင့်တွေပဲ။
ဒါတွင်တောင် ဘယ်မှာ ကလိမ့်မတုန်း၊ မှားမှားယွင်းယွင်း ကျင့်တဲ့ ဒီပြင်အကျင့်တွေ ဆိုတာလည်း ရှိသေးတယ်၊ အိန္ဒိယမှာ ဆိုလို့ရှိရင် ဂင်္ဂါမြစ်ရေကို ချိုးတာနဲ့ပဲ အကုသိုလ်တွေ ကင်းတယ်လို့ ဒီလိုယူတာတွေ ရှိသေးတယ်၊ မကောင်းတဲ့ အကုသိုလ်တွေ, ကိလေသာ အညစ်အကြေးတွေ ပပျောက် ကင်းစင်သွားတယ်လို့ ဒီလို ယုံကြည်နေကြတယ်၊ ဒါလည်းပဲ သစ္စာ လေးပါးကို သိအောင် အားထုတ်တာ မဟုတ်ပါဘူး၊ မဂ္ဂင်ရှစ်ပါးကို ပွားများအောင် အားထုတ်တာလည်း မဟုတ်ပါဘူး၊ အလေ့အကျင့် တစ်မျိုးသာ ဖြစ်ပါတယ်၊ ဂင်္ဂါမြစ်ရေကို ချိုးတဲ့ အလေ့အကျင့်လောက် ရှိတာပဲပေါ့၊ ဒါလည်းပဲ သီလဗ္ဗတပရာမာသ အကျင့်ထဲမှာ ပါဝင်ပါတယ်။ ဒီအတိုင်း ကျင့်နေလို့ရှိရင် သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ မဟုတ်ဘဲ လွတ်မြောက်ရာ ဆိုပြီး မမှန်မကန် အကျင့်မျိုးကို ကျင့်နေတာဖြစ်လို့မို့ ဒိဋ္ဌိတွေ ဖြစ်နေတာပဲ။
ဒီပြင် နွားတို့, သိုးတို့, ဆိတ်တို့ စသည် သတ္တဝါတွေကို သတ်ပြီးတော့ ယဇ်နတ်ပူဇော်ရင်, ကျွေးမွေးရင် နောင်သံသရာ ဘဝတွေမှာ ကောင်းစား ချမ်းသာ တယ်လို့ ယုံကြည်ယူဆပြီး လုပ်နေကြတာ တွေလည်း ရှိသေးတယ်၊ အဲဒါတွေကတော့ မကောင်းမှု အကုသိုလ်တွေ ဆိုတာ ပြုလုပ်ကတည်းကိုက ဖြစ်နေတာပါပဲ၊ မသိလောက်စရာ မရှိပါဘူး၊ အင်မတန် ထင်ရှားနေတာပဲ၊ သူတစ်ပါးရဲ့ အသက်ကို သတ်ဖြတ်ပြီး ပြုလုပ်တာဟာ ကိုယ်ချမ်းသာမှု ဖြစ်နိုင်ပါ့မလား၊ မဖြစ်စေနိုင်ပါဘူး၊ ဒါကို အလွယ်နဲ့ စဉ်းစားလိုက်ရင်ကို သိနိုင်ပါတယ်၊ သစ္စာလေးပါးကို သိအောင် မဂ္ဂင်ရှစ်ပါး ပွားစေအောင် လုပ်တာ မဟုတ်ဘူးဆိုတာ ပြောစရာတောင် မလို တော့ပါဘူး၊ ဒါကြောင့် ဒီလို ယူဆကျင့်နေတဲ့ အကျင့်ဟာလည်း သီလဗ္ဗတပရာမာသ ထဲ ပါဝင်တာပါပဲ၊ တော်တော် ကြောက်စရာ ကောင်းတဲ့ မကောင်းမှု တွေပေါ့၊ ဘာသာရေးနဲ့ စပ်ဆိုင်နေတဲ့ မကောင်းမှု တွေပေါ့လေ။
ပြီးတော့ အစာမစားဘဲနဲ့ နေလို့ရှိရင် ကိလေသာတွေ ကင်းတယ်လို့ ယူဆပြီးတော့ မစားမသောက်ဘဲ နေတဲ့အကျင့်ကို ကျင့်တာမျိုးကလည်း ရှိသေးတယ်၊ နိဂဏ္ဌတို့၊ ဂျိန်းတို့ ဆိုတာတွေဟာ အခုထက်ထိပဲ၊ ဒီအယူတွေ ရှိသေးတယ်၊ အဝတ်မဝတ်ဘဲ နေတာတွေ ကောင်းတယ် မှတ်ပြီးတော့ ဒီအတိုင်း ကျင့်နေတာတွေလည်း ရှိသေးတယ်၊ အင်း သူတို့ဟာနဲ့ သူတို့ကတော့ ကောင်းတယ် ဆိုတဲ့အနေ ကျင့်နေ ကြတာပဲ၊ တော်တော်ကို နေရာ မကျတာဘဲ၊ အစဉ်းစားအသိဉာဏ် တော်တော် နည်းပါးတယ်လို့ ဆိုရမှာပေါ့လေ၊ ဒါလဲ သီလဗ္ဗတပရာမာသ ပါပဲ။
ဘုန်းကြီးတို့ ဗုဒ္ဓ သာသနာတော်ရဲ့ ပြင်ဘက်မှာ ဆင်းရဲငြိမ်းကြောင်း ကောင်းစား ချမ်းသာကြောင်း ရယ်လို့ ထင်မှတ်ပြီးတော့ လိုက်နာကျင့်ကြံ နေကြတာတွေဟာ သီလဗ္ဗတပရာမာသ အကျင့်တွေကပဲ များပါတယ်။ နတ်က ကယ်တင်လိမ့်မယ် ထင်ပြီး နတ်ကိုးကွယ်တာတို့, သိကြားက ကယ်တင်လိမ့်မယ် ထင်ပြီး သိကြားကို ကိုးကွယ်တာတို့, ဗြဟ္မာက ကယ်တင်လိမ့်မယ် ဆိုပြီး ဗြဟ္မာကို ကိုးကွယ်တာတို့, ဂိုဏ်းဆရာကြီးတွေက ကယ်တင်လိမ့်မယ် ထင်ပြီး ဂိုဏ်းဆရာကြီးတွေကို ကိုးကွယ် တာတို့ ဒီလိုယုံကြည်ပြီး ကိုးကွယ်နေကြတာတွေ ရှိတယ်၊ ဒါတွေလည်း သီလဗ္ဗတပရာမာသ တွေပါပဲ၊ အဟုတ် တကယ်လည်းပဲ ကယ်တင်နိုင်မှာ မဟုတ်ပါဘူး၊ မျက်စိစုံမှိတ်ပြီး ယုံသာ ယုံနေကြတာပဲ၊ သူတို့ရဲ့ ကယ်တင်တဲ့ အရှင်ဟာ ကောင်းကင်ဘုံက ဘုရားသခင်ပဲ၊ သူတို့ ဘာတွေ ပြုလုပ်နေနေ ကုသိုလ်ပဲပြုပြု အကုသိုလ် ပဲပြုပြု ဘုရားသခင်က ကယ်တင်မှာပဲဆိုပြီး ကိုးကွယ်နေကြ တာတွေလည်း ရှိတာပဲ၊ ကိုးကွယ်ရုံမျှနဲ့ သူတို့ကို ကယ်တင်တယ်, သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်စေနိုင်တယ် လို့ ပြောဟောပြီး ဘုရား အမည်ခံနေတဲ့ ဘုရားတွေကလည်း ရှိသေးတာပဲ၊
အင်း .. အကိုးကွယ်ခံ သူတွေကလည်း အများကြီး,
ကိုးကွယ်သူတွေ ကလည်း အများကြီးပါပဲ၊
ဆင်ကို ကိုးကွယ်တာတို့,
မြင်းကို ကိုးကွယ်တာတို့,
သစ်ပင်ကို ကိုးကွယ်တာတို့,
တောကို ကိုးကွယ်တာတို့,
တောင်ကို ကိုးကွယ်တာတို့,
ကောင်းကင်က နက္ခတ်တာရာတွေကို ကိုးကွယ်တာတို့,
ဂြိုဟ်တွေကို ကိုးကွယ်တာတို့,
နေ လကို ကိုးကွယ်တာတို့
အဲဒီလို ကိုးကွယ် နေကြတာတွေ အများကြီးရှိတယ်၊
အိန္ဒိယမှာလည်းရှိတာပဲ၊ ဥရောပမှာလည်း ရှိတာပဲ၊ ရောမမှာလည်း ရှိတာပဲ၊ အများကြီးပါပဲ၊ အဲဒါတွေဟာ သီလဗ္ဗတပရာမာသ ထဲမှာချည်း ပါဝင်နေကြတယ်၊ ဒီအယူမှား မိစ္ဆာဒိဋ္ဌိတွေ ကင်းအောင် လောကုတ္တရာဈာန်ကို ဖြစ်စေရမယ် တဲ့။
ဒီအဆင့်လောက်တော့ ဖြစ်ထားဖို့ ကောင်းတယ်
သောတာပတ္တိမဂ်ဖိုလ်ရောက်လို့ သောတာပန် ဖြစ်သွားတယ်ဆိုရင်တော့ ဒါတွေ ကင်းသွားပြီ၊ အင်မတန် ဟန်ကျတာပဲ၊ သောတာပန် မဖြစ်သေးရင် ဒီရှုပ်ထွေးတဲ့ မိစ္ဆာအယူတွေကို လက်ခံနေရဦးမှာပဲ၊ ဒီမိစ္ဆာ အယူရှိတဲ့ မိဘဆွေမျိုးတွေ အကြား ရောက်သွားရင်ပေါ့လေ၊ သောတာပန် မဖြစ်သေးသမျှ စိတ်ချရတာ မဟုတ်ဘူး၊ ဒီအယူမှားတွေကို ယူနိုင်သေးတယ်၊ ဘဝဆိုတာကလည်း မမြဲသေးတော့ ဘယ်လိုဘဝမှာ ဘယ်လို ဘဝတွေ ရောက်မယ်ဆိုတာ ရေရာတာ မဟုတ်ဘူး၊ ဒီတော့ မိစ္ဆာဒိဋ္ဌိအယူရှိတဲ့ မိဘတွေ အကြားထဲ ရောက်ချင်လည်း ရောက်သွားမှာပဲ၊ အခန့်တော်ရင်လည်း ဒါန,သီလ ကုသိုလ်လေး လောက်နဲ့ ပြီးနေဖို့ ရှိတော့တယ်၊ ဒီလောက်နဲ့ ဆိုရင်တော့ လူ့ဘဝ, နတ်ဘဝ, လူ့စည်းစိမ်, နတ်စည်းစိမ် လေးလောက်နဲ့ ပြီးနေကြရမှာပဲ၊ ဒီအကုသိုလ်လေးတွေ လောက်နဲ့တော့ အားရစရာ မကောင်းဘူး။
ဒီစည်းစိမ်လေးလောက်နဲ့ ဒီသီလဗ္ဗတပရာမာသ မိစ္ဆာအယူတွေက မကင်းသေးဘူး၊ ဒီစည်းစိမ် တွေကို ရတဲ့ဘဝမှာလည်း ဒီအယူတွေက ဖြစ်နိုင်သေးတာပဲ၊ ဒီတော့ ဒီအယူတွေက ကင်းရှင်းသွားအောင် သောတာပန် အဆင့်လောက်တော့ ဖြစ်ထားဖို့ အင်မတန် ကောင်းပါတယ်၊ ဒါလည်းပဲ ဒီလို အခန့်သင့်တဲ့ ဘဝမျိုးကနေပြီး အားထုတ် ထားမှ ဖြစ်နိုင်တာ၊ မရေရာတဲ့ ဘဝတွေမှာ အားထုတ်စရာ အခွင့်ရှိတာ မဟုတ်ဘူး။
ဝါသနာလေး ပါသွားရင်လည်း တော်သေးရဲ့
တချို့ တချို့ ကလေးတွေ ဆိုရင် ရှေ့ဘဝက အကြောင်းအရာတွေကို သူတို့ ပြန်ပြီး ပြောပြ တတ်ကြ တယ်၊ အဲဒီလို ပြောပြတဲ့အခါ အနောက်နိုင်ငံ သူတို့ မိဘတွေက ဒီလိုပြောလို့ တားမြစ်ကြတယ် တဲ့၊ “ဟဲ့ အဲဒီ စကားတွေ မပြောနဲ့၊ ရှေ့ဘဝဆိုတာ ရှိတာမဟုတ်ဘူး၊ အခု ဘဝမှစပြီး ဖြစ်တာပဲ၊ ဒီဘဝ ပြီးရင်လည်း ပြီးတာပဲ၊ ဒီစကားတွေကို မပြောနဲ့၊ အဲဒါ မိစ္ဆာ စကားတွေ” လို့ ဆိုပြီး တားမြစ်ကြသတဲ့၊ ကလေးကတော့ သူရဲ့ရှေးဘဝ အကြောင်းအရာ တွေကို ပြန်ပြီး မှတ်မိနေလို့ တကယ် ပြောရှာတာပဲ၊ အဲဒါကို မိဘတွေက မိစ္ဆာစကားတွေ ဆိုပြီး တားမြစ်ကြတယ်၊ မိစ္ဆာအယူ ဖြစ်နေတာက မိဘမှာ ဖြစ်နေတာ၊ အင်မတန် ကြောက်စရာ ကောင်းတယ်၊ ဒီတော့ သားသမီးတွေက မပြောဝံ့ ကြတော့ဘူး၊ ဒီလိုနဲ့ ကလေး တွေဟာ မိဘ တွေရဲ့အယူကို လိုက်ပြီးတော့ မိစ္ဆာ ဖြစ်သွားရရှာတယ်။
အဲဒါဟာ သောတာပန် အဖြစ်ကို ရောက်မသွား ကြလို့ပါပဲ၊ ဒါနကုသိုလ်, သီလကုသိုလ် အကျိုးပေး အားလျော်စွာတော့ ချမ်းသာတဲ့ လူဂုဏ်တန် အဆင့်ကို ရောက်ကြပါရဲ့၊ ဒါပေမယ့်လို့ သောတာပန် ဖြစ်ပြီး မသွားတော့ မိစ္ဆာအယူရှိတဲ့ မိဘတွေရဲ့ အယူအတိုင်းပဲ လိုက်ပါသွားကြရတယ်၊ တချို့ ကလေးတွေ ကျတော့လည်း ရှေးဘဝက ဝါသနာ ပါလာကြတာဖြစ်လို့ အယူမှန်တွေကို ပြန်ပြီး ရလာတာတွေလည်း နည်းနည်းပါးပါး ရှိပါတယ်၊ ဒီလို ဝါသနာလေး ပါသွားကြရင်လည်း တော်ပါသေးရဲ့၊ ဒါဟာလည်း အင်မတန် နည်းပါတယ်၊ လူဦးရေနဲ့စာရင် မပြောပလောက်ပါဘူး။
အကူအညီ ပေးကြရတယ်
အခုနေအခါမှာ ဆိုရင် အနောက်နိုင်ငံသား တွေဟာ တရားတွေကို လိုက်ပြီး ရှာကြံ နေကြပါတယ်၊ သူတို့ မိရိုးဖလာ ဘာသာ ဝါဒလောက်နဲ့ အားရကျေနပ်မှု မရှိဘဲ ဖြစ်လာကြတယ်၊ ဘာသာရေး အမှန်တရား ရအောင်ဆိုပြီး လိုက်ရှာ နေသူတွေလည်း ရှိပါတယ်၊ သူတို့တွေဟာ ဘာသာရေး စာပေတွေကို ကြည့်ရှု လေ့လာကြတယ်၊ ပြီးတော့ ဗုဒ္ဓတရားတော်တွေကို တကယ် ဟုတ်လောက်တယ်ဆိုပြီး တကယ်ရှုမှတ် အားထုတ်ကြတာတွေလည်း ရှိတယ်၊ တချို့ကလည်း စမ်းသပ်ကြည့်အနေနဲ့ စမ်းသပ်ပြီး အားထုတ်ကြတာလည်း ရှိကောင်း ရှိပါလိမ့်မယ်၊ ဒီလိုနဲ့ တရားတော်ရဲ့ ထူးခြားချက်တွေကို သူတို့ သဘောကျလောက်အောင် တွေ့သွားကြတာ ဖြစ်လို့ စမ်းသပ်ရာကနေ တကယ် ယုံကြည်သွား တာတွေလည်း ရှိတာပဲ၊ အဲဒီကနေ တရားတော်ကို ဆက်လက် အားထုတ်နေကြတာတွေ ဆိုတာလည်း မနည်းလှပါဘူး၊ တော်တော်များများ ရှိကြပါတယ်၊ ဘုန်းကြီးတို့ ဒီ သာသနာ့ရိပ်သာမှာ ဆိုရင် တရားအားထုတ်ဖို့ မကြာမကြာ ရောက်လာကြပါတယ်။
တချို့ကလည်း သူတို့နိုင်ငံ ဓလေ့တွေလို အောက်မေ့ပြီး မလာမီက နေရေး ထိုင်ရေးတွေကို စာနဲ့ လှမ်းမေး တာတွေလည်း ရှိပါတယ်၊ “သူတို့ လာပြီး တရား အားထုတ်တဲ့ အခါမှာ နေထိုင်စရာ အခန်းအတွက် အခကြေးငွေက ဘယ်လောက် ကုန်ကျပါသလဲ၊ စားသောက်ရေး အတွက်ကကော ဘယ်လောက် ကုန်ကျပါသလဲ” စသည်ဖြင့် သူတို့ သိလိုတာတွေကို စာရေးပြီး လှမ်းမေး ကြပါတယ်၊ ဗုဒ္ဓတရားတော်ကို တကယ် အားထုတ်ချင်လို့ လာတယ်ဆိုရင် စွမ်းနိုင်သော အကူအညီ များကို ပေးနေပါတယ်၊ အခကြေးငွေ ဘယ်ရွေ့ ဘယ်မျှ ပေးပြီးမှ ဗုဒ္ဓတရားတော်ကို အားထုတ်ခွင့် ရတယ်လို့ မရှိပါဘူးဆိုတာ မကြာမကြာဘဲ ဖြေကြားပေးရပါတယ်။
ပြည်ဝင်ခွင့် ဗီဇာရက်ကလည်း များများ ရကြတာမဟုတ်ဘူး၊ ၇-ရက် လောက်ပဲ ရကြတာဖြစ်တော့ သူတို့ရတဲ့ အခွင့်ရက်ကလေး အတွင်းမှာ ပြည်တွင်း လေ့လာရေး အနေနဲ့ လှည့်ပတ်သွားလာပြီး မနေတော့ဘဲ တရားအားထုတ်တဲ့ ရက်နဲ့သာ ကုန်လွန် စေကြတယ်၊ ခရီးဝေးကြီးက တကူးတက လာပြီး လေ့လာ အားထုတ်ကြတာ ဟာ အင်မတန် အံ့စရာကောင်းတာပဲ၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကူးသန်းသွားလာရတဲ့ စရိတ်စက ဆိုတာလည်း နည်းနည်း ကုန်ကျတာ မဟုတ်ပါဘူး၊ အဲဒါ သူတို့ လာပြီး အားထုတ်ကြတယ်၊ ဝမ်းသာစရာပါပဲ။
(၁၃၄၀-ခုနှစ် လောက်ကစပြီး နိုင်ငံခြားသား တွေမှာ တရားအားထုတ်ရန် အချိန် ကာလ လိုသလောက် ရနေပါပြီ။)
သာမန်ပုဂ္ဂိုလ်တွေ ဟုတ်ပုံမရဘူး
အဲဒီ ပုဂ္ဂိုလ်တွေဟာ သာမန် ပုဂ္ဂိုလ် တွေတော့ ဟုတ်ပုံမရပါဘူး၊ သူတို့ဟာ ရှေးဘဝ တွေတုန်းက ဗုဒ္ဓ တရားတော်တွေကို တော်တော် လေးလေးနက်နက် စိတ်ပါဝင်စား လာခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေလို့ ယူဆရပါတယ်၊ အခု ဒီမှာ လာအားထုတ် ကြတဲ့ ပုဂ္ဂိုလ်တွေထဲမှာ တချို့ဆိုရင် တော်တော် တရားကောင်းသွား ကြတာပဲ၊ သူတို့ ယူလာခဲ့တဲ့ မိရိုးဖလာ ဘာသာအယူဝါဒတွေကို စွန့်ပြီး ရဟန်းအဖြစ်ထိ တက်ရောက် ကြပါတယ်၊ အဲဒီပုဂ္ဂိုလ်တွေဟာ အခုထိ ဆက်လက်ပြီး တရား အားထုတ် နေကြတာတွေ ရှိပါတယ်။
တချို့များ ဗုဒ္ဓတရားတော်ကို သဘောကျပြီးတော့ နေခွင့်ရတဲ့ရက်က နည်းနေကြ တဲ့အတွက် နောက်မှပြန်ပြီး လာကြ တာတွေလည်း ရှိတာပဲ၊ အဲဒီလို ပုဂ္ဂိုလ်တွေရဲ့ အတွက်ကိုတော့ သူတို့ နေထိုင်ရေး လွယ်ကူရအောင် ဒီက သတိပဋ္ဌာန် နည်းအတိုင်း ပြသနေတဲ့ ကမ္မဋ္ဌာန်း ဌာနရှိရာ သူတို့နဲ့လည်း နီးစပ်ရာ ဌာနကို ညွှန်ပြပေးရပါတယ်၊ အဲဒီမှာလဲ သူတို့သွားပြီး အားထုတ်ကြ တာပါပဲ၊ အဲဒီပုဂ္ဂိုလ်တွေဟာ သာမန်ပုဂ္ဂိုလ်တွေ မဟုတ်ဘူး၊ ဗုဒ္ဓတရားတော်နဲ့ အင်မတန် နီးစပ်တဲ့ ပုဂ္ဂိုလ်တွေလို့ ဆိုရမှာပဲ၊ အခြားသော အယူဝါဒ ရှိကြသူတွေထဲ ရောက်သွားကြ ပေမယ်လို့ ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည် လာကြတာဟာ သာမန်ပုဂ္ဂိုလ်တွေ မဟုတ်နိုင်ပါဘူး။
ဒါကြောင့် ယခုဘဝမှာ တရားထူး မရရင်တောင် ဒီလို ဗုဒ္ဓသာသနာနဲ့ စပ်တဲ့ ဝါသနာလေး ပါသွားတယ် ဆိုရင်တောင် တော်သေးတာပေါ့၊ ဒီလို ဝါသနာလေး ပါသွားရင် မိစ္ဆာ အယူတွေကို သဘာဝ မကျမှန်း သိပြီး မိရိုးဖလာ ပေမယ်လို့ စွဲစွဲလမ်းလမ်း ယုံကြည် သက်ဝင်မယ် မဟုတ်ပါဘူး။
ဆင်းရဲတယ်, ချမ်းသာတယ် ဆိုတာကတော့ ဒါန, သီလ ကုသိုလ်ကံ အလျှောက်ပါပဲ၊ အယူမှားတဲ့ မိရိုးဖလာ မိသားစုထဲ ရောက်သွားပြီး အဲဒီ မိသားစုရိုးရာ မိသားစုတို့ရဲ့ မိစ္ဆာအယူမှားထဲ ရောက်သွားတဲ့အခါ မိစ္ဆာအယူဆိုတာ ဖြစ်နိုင်သေးတယ်၊ အဲဒီလို ဖြစ်မှာကို စိုးရိမ်ရတယ်တဲ့၊ ဒီလို မစိုးရိမ်ရအောင် ..
“ဒိဋ္ဌိဂတာနံ - ဒိဋ္ဌိအယူတို့ကို၊
ပဟာနာယ - ပယ်ခြင်းငှါ၊
လောကုတ္တရံ ဈာနံ - လောကုတ္တရာဈာန်ကို၊
ဘာဝေတိ - ပွါးစေ၏”
အဲဒီ မိစ္ဆာအယူတွေ ဘယ်တော့မှ မဖြစ်ရအောင် လောကုတ္တရာဈာန်ကို ဖြစ်ပွါး စေရမယ်၊ ဖြစ်ပွါးအောင် အားထုတ်ရမယ်တဲ့။
ဒီ လောကုတ္တရာဈာန်ကို ရထားလို့ရှိရင် ဘယ်တော့မှ မိစ္ဆာအယူကို မယူတော့ဘူး၊ ဘာပြုလို့တုန်း ဆိုတော့ ကိုယ်ပိုင်ဉာဏ်နဲ့ သိထားတဲ့ အယူမှန်က ခိုင်မြဲပြီးသား ဖြစ်လို့တဲ့၊ ဒါကြောင့် ဘယ်ဘဝမှာပဲ ရောက်ရောက် ဒီအယူမှန်ဟာ မမေ့ မပျောက် တော့ဘူး၊ ပျောက်သွားလိမ့်မယ်လို့ မစိုးရိမ်ရ တော့ဘူးတဲ့၊ လူ့လောက, နတ်လောက ဒီလို သာမန်လောကတွေကို မဆိုထားနဲ့ ရုပ်မရှိဘဲ နာမ်ချည်းရှိတဲ့ အရူပဘဝကို ရောက်သွားဦးတော့ ဒီအသိဉာဏ်က စိတ်ချရတယ်၊ အဲဒီ အရူပဘဝမှာ တရားနာနိုင်တဲ့ နား စသည်ရှိတာ မဟုတ်ဘူး၊ ဒီတော့ သူတို့ကို တရားဟောလို့ တရားတော်ကို ဘယ်လို အားထုတ်ရတယ် ဆိုတာ ညွှန်ပြလို့ ဖြစ်တာ မဟုတ်ဘူး၊
ဒီတော့ သောတာပန် မဖြစ်သေးဘဲနဲ့ အဲဒီဘုံဘဝကို ရောက်သွားရင် တရား အားထုတ်နိုင်တဲ့ နည်းလမ်း မရှိလို့ သူတို့ဘာသာ သူတို့ အားထုတ်ခွင့် မရဘူး။ သောတာပန် အဖြစ်နဲ့ ရောက်သွားရင်တော့ ဒီခိုင်မြဲနေတဲ့ အယူမှန်ဉာဏ်က ပျောက်သွားတာ မဟုတ်လို့မို့ ဖြစ်နေတဲ့ စစဉ်လေးကို ရှုမှတ်ပြီးတော့ သောတာပန်ကနေပြီး သကဒါဂါမ်, အနာဂါမ်, ရဟန္တာအထိ ဖြစ်သွားရတယ်၊ ဘယ်ဘုံဘယ်ဘဝကိုမှ ပြန်မရောက်တော့ဘူး၊ အဲဒီဘုံမှာပဲ ပရိနိဗ္ဗာန် ပြုသွား တော့တာပါပဲ၊ ဒါကြောင့် လောကုတ္တရာဈာန်ကို ပွားရင် မိစ္ဆာအယူကို ပယ်နိုင်တယ်တဲ့၊ ဘယ်လို မိစ္ဆာအယူကိုမှ လက်မခံတော့ဘူးတဲ့။
နည်းတွေက အများကြီး
လောကုတ္တရာစိတ် အတွက် တော်ဦးမှပဲ၊ အခု အချိန်က ၃-နာရီ ၄၅-မိနစ်တောင် ရှိသွားပြီ၊ အားထုတ်ရပုံ တွေကိုချည်း ပြောနေလို့ မပြီးသေးဘူး၊ ဒီလောကုတ္တရာ စိတ်ကို မြတ်စွာဘုရား ဘယ်လိုဝေဖန်ပြီး ဟောထားတယ် ဆိုတာကို ပြောဦးမှ ဖြစ်မယ်၊ မြတ်စွာဘုရားက လောကုတ္တရာ စိတ်ကို ပဋိပဒါ လေးမျိုးနဲ့လည်း ဝေဖန် ဟောကြားထားတယ်၊ ပြီးတော့ ပဌမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် လို့ စတုက္ကနည်းနဲ့ ဈာန်လေးပါး ခွဲထားတယ်၊ ဒီတော့ ပဋိပဒါလေးပါးကို ဈာန်လေးပါး နဲ့ မြှောက်လိုက်တော့ ၁၆-ပါး ရှိသွားတယ်၊
အဋ္ဌကထာမှာ စတုက္ကနည်းနဲ့ရော ပဉ္စကနည်းနဲ့ရော နည်းနှစ်ပါး စလုံး ပြထားတယ်၊ ဒီတော့ ပဉ္စကနည်းနဲ့ဆိုရင် ပဋိပဒါလေးပါးကို ဈာန်ငါးပါးနဲ့ မြှောက် ၂၀-တဲ့၊ အဲဒီလို နှစ်နည်းလုံးပဲ မှတ်ထားပေါ့၊ ပဋိပဒါနဲ့ ဟောကြား ဝေဖန်ထားတာ နှစ်နည်းတဲ့၊ စာမျက်နှာနဲ့ဆိုရင် အများကြီးပဲ၊ အခုနက ပြောခဲ့တဲ့ ၁၆-ပါးလည်း မကဘူး၊ ၂၀-လည်းမကဘူး၊ ၃၀-ကျော် ၄၀-ကျော် ရှိပါတယ်၊ စာမျက်နှာတွေ အများကြီးပဲ၊ အပြည့်အစုံသာ ရေးမယ်ဆိုရင် အင်မတန်များမှာပဲ၊ အခုတော့ ခြုံပြီးရေးထားကြလို့ ဒီလောက်မများပါဘူး၊
နောက်ပြီးတော့ “ဖဿော ဟောတိ” စသည်ဖြင့် ဝေဖန်ထားတယ်၊ အဲဒါက စာမျက်နှာ ၁၀-မျက်နှာလောက်ရှိတယ်၊ တစ်ခု တစ်ခုတွင်ပဲ မနည်းလှပါဘူး၊ အားလုံးပေါင်းလိုက်ရင် စာမျက်နှာ နှစ်ရာကျော်လောက်ရှိပါတယ်၊ အခု အဲဒါက နှစ်နည်းသာ ရှိသေးတယ်၊ အပြည့်အစုံဆိုရင် ဒီသောတာပတ္တိမဂ်မှာ နည်းပေါင်း တစ်ထောင်တို့ဖြင့် မြတ်စွာဘုရားက တန်ဆာဆင်ပြီး ဟောကြားထားပါတယ်။
ပဋိပဒါပြီးတော့ သုညတ ဆိုတဲ့အမည်နဲ့ ဝေဖန်တော်မူပြန်ပါတယ်၊ အဲဒီမှာ ပဋိပဒါမပါဘူး၊ ဒီလိုပဲ ဈာန်လေးပါးနဲ့ တစ်နည်း၊ ဈာန်ငါးပါးနဲ့ တစ်နည်း၊ ဒီတော့ ၉-ပါး၊ ဒါလောက်ပါပဲ၊ အကျယ် မပွားပါဘူး၊ ၉-ပါးမှာလည်း ဒီလို အသေးစိတ် အနေနဲ့ မယူပါဘူး၊ နှစ်နည်းပဲ ယူပါတယ်၊
ပဋိပဒါနဲ့ဆိုရင်လည်း ဒုက္ခပဋိပဒါ ဒန္ဓာဘိညာသုညတ၊ သုခပဋိပဒါ ခိပ္ပာဘိညာ သုညတလို့ ၄-ပါး ဖြစ်ပါတယ်၊ ဒါကိုမှ စတုက္ကနည်းနဲ့ပွားလိုက်ရင် ၄x၄ လီ ၁၆၊ တစ်ခါ ပဉ္စကနည်းနဲ့ပွားတော့ ၄x၅ လီ ၂၀-ဖြစ်တယ်၊ အသေးစိတ်ဆိုရင် အဲဒီလိုပဲ၊ ဒါပေမယ့် ဒီမှာလဲ နှစ်နည်းဆိုပြီး အကျဉ်းပဲ ယူထားပါတယ်။ အသေးစိတ် မဟုတ်ဘဲ စတုက္ကနည်း, ပဉ္စကနည်းဆိုတဲ့အနေနဲ့ အခုထပ်ပြီး နည်းတွေကို ပေါင်းပြဦးမယ်၊ စတုက္ကနည်း တစ်နည်း၊ ပဉ္စကနည်း တစ်နည်းလို့ ခေါင်းစဉ်အနေနဲ့ အဲဒီလို မှတ်သားခဲ့ပါ၊ အဲဒါကိုမှ ပဋိပဒါစသည်တွေနဲ့ ဒီလိုတွဲရမယ်။
၁။ ပဋိပဒါ သက်သက်၊
၂။ သုညတ သက်သက်၊
၃။ ပဋိပဒါနဲ့ သုညတ တွဲဟောတာ၊
၄။ အပ္ပဏိဟိတ သက်သက်၊
၅။ အပ္ပဏိဟိတနဲ့ ပဋိပဒါ၊
ဒီ ၅ မျိုးကို စတုက္ကနည်း တစ်နည်း၊ ပဉ္စကနည်း တစ်နည်း - ၂ နည်းစီနဲ့ ပေါင်းလိုက် တော့ ၁၀-နည်း ရသွားတယ်၊
မှတ်မိဖို့ရာကတော့ တယ်ပြီးမလွယ်လှဘူး၊ ဘုန်းကြီးတောင်မှပဲ တော်တော်မှတ်ပြီး ပြောနေ ရတယ်၊ အသေးစိတ်တွေ အနေနဲ့ဆိုရင် သာပြီးခက်တာပေါ့၊ အဲဒါဟာ “လောကုတ္တရံ ဈာနံ ဘာဝေတိ”ဆိုတဲ့ နေရာမှာ ဈာန်ဆိုတဲ့အမည်နဲ့ ဟောတော် မူတဲ့နည်း ၁၀-နည်းတဲ့၊
ဒီဈာနဆိုတဲ့ အမည်နဲ့ ဟောတော် မူသလိုပဲ၊ နောက်နားကျတော့ ပါဠိတော်မှာ ဝီသတိမဟာနယဆိုပြီးတော့ နည်းပေါင်း ၂၀-ဟောထားတာ ရှိသေးတယ်၊ နောက် ဘယ်လို အမည်တွေနဲ့ ဆက်ပြီးတော့ ဟောသေးသလဲ ဆိုရင် “လောကုတ္တရံ မဂ္ဂံ ဘာဝေတိ” စသည်ဖြင့် …
မဂ်ဆိုတဲ့ အမည်နဲ့က (၁၀) နည်း။
သတိပဋ္ဌာန်နဲ့က (၁၀) နည်း။
သမ္မပ္ပဓာန်နဲ့က (၁၀) နည်း။
ဣဒ္ဓိပါဒ်နဲ့က (၁၀) နည်း။
ဣန္ဒြေနဲ့က (၁၀) နည်း။
ဗိုလ်နဲ့က (၁၀) နည်း။
ဗောဇ္ဈင်နဲ့က (၁၀) နည်း။
သစ္စာနဲ့က (၁၀) နည်း။
သမထနဲ့က (၁၀) နည်း။
အဲဒီလို အမည် အမျိုးမျိုးနဲ့ ဟောထားပါတယ်။ “ဒီတော့ ဈာနဆိုတဲ့ အမည်ကနေပြီး အခု နောက်ဆုံး သမထဆိုတဲ့ အမည်အထိ အမည်ပေါင်း ဆယ်မျိုးစီဆိုတော့ ၁၀x၁၀လီ ၁၀ဝ ဖြစ်သွားတယ်၊ နောက်မှာလည်း ရှိသေးတာပဲ “လောကုတ္တရံ ဓမ္မံ ဘာဝေတိ” စသည်ဖြင့် …
ဓမ္မဆိုတဲ့ အမည်နဲ့က (၁၀) နည်း။
ခန္ဓာဆိုတဲ့ အမည်နဲ့က (၁၀) နည်း။
အာယတနဆိုတဲ့ အမည်နဲ့က (၁၀) နည်း။
ဓာတ်ဆိုတဲ့ အမည်နဲ့က (၁၀) နည်း။
အာဟာရဆိုတဲ့ အမည်နဲ့က (၁၀) နည်း။
ဒီလိုလဲ အမည် ၅-မျိုးနဲ့ဆိုတော့ နည်းပေါင်း ၅၀-ပဲ၊ အခုနက ၁၀ဝ၊ အခု ၅၀-ဆိုတော့ ၁၅၀-ရှိသွားပြီ၊ ပြီးတော့ “လောကုတ္တရံ ဖဿံ ဘာဝေတိ” လောကုတ္တရာ ဖဿကို ပွားစေတယ် ပွားစေရမယ် ဆိုပြီးတော့ …
ဖဿ အမည်နဲ့က (၁၀) နည်း။
ဝေဒနာ အမည်နဲ့က (၁၀) နည်း။
သညာ အမည်နဲ့က (၁၀) နည်း။
စေတနာ အမည်နဲ့က (၁၀) နည်း။
စိတ် အမည်နဲ့က (၁၀) နည်း။
ဒါနဲ့ နည်းပေါင်း ၅၀၊ အခုနက ၁၅၀-နဲ့ ပေါင်းလိုက်တော့ ၂၀ဝ-ရှိသွားပြီ၊ အဲဒီနည်းပေါင်း ၂၀ဝ-ကိုမှ တစ်ဖန် အဓိပတိ ၄-ပါးနဲ့ အသီးအသီး ယှဉ်ပြီးတော့ ဝေဖန် ဟောကြားပြန်ပါတယ်၊ ဘယ်လိုလဲ ဆိုရင် -
ဆန္ဒာဓိပတိနဲ့ နည်းပေါင်း (၂၀ဝ)
ဝီရိယာဓိပတိနဲ့ နည်းပေါင်း (၂၀ဝ)
စိတ္တာဓိပတိနဲ့ နည်းပေါင်း (၂၀ဝ)
ဝီမံသာဓိပတိနဲ့ နည်းပေါင်း (၂၀ဝ)
ဆိုပြီး အားလုံး နည်းပေါင်း ၈၀ဝ၊ အဲဒါက အဓိပတိနဲ့ တွဲပြီး ဟောတဲ့နည်းပေါင်း ၈၀ဝ၊ အခုတင်က အဓိပတိနဲ့ မတွဲဘဲ ဟောတဲ့နည်းက ၂၀ဝ၊ နှစ်ရပ် ပေါင်းလိုက်တော့ နည်းပေါင်း ၁၀ဝ၀ ဖြစ်သွားတယ်၊ အဲဒီလို မြတ်စွာဘုရားက သောတာပတ္တိမဂ်ကို နည်းပေါင်း ၁၀ဝ၀ ဖြင့် တန်ဆာ ဆင်ပြီးတော့ ဝေဖန် ဟောကြားတော်မူပါတယ်။
အင်းဒါတွေကို မြတ်စွာဘုရားမို့ ဟောနိုင်တာပဲ၊နည်းတာတွေမဟုတ်ဘူး၊ စိတ် အသီးသီးနဲ့များ တွက်ကြည့်မယ်ဆိုရင် အင်မတန်ကို အများကြီးပဲ၊ ဒါကြောင့် အဘိဓမ္မာ ဒေသနာတော်ဟာ အလွန်ကျယ်ဝန်းတဲ့ ဒေသနာ တော်လို့ ဆိုတာ ဖြစ်ပါတယ်၊ သင်္ဂါယနာတင်စဉ်တုန်းက အချို့ဒကာတွေက လျှောက်ထားကြတယ်၊ “ပေယျာလ မထိုးကြ ပါနဲ့ဘုရား၊ စက္ကူတွေ အလုံအလောက် ရှိပါတယ်၊ ဘယ်လောက်ပဲ များများ စာအုပ်ဖြစ်အောင် ရိုက်နှိပ်ပါ့မယ်” တဲ့၊ ဒီလို လျှောက်ထား ကြတယ်၊ အင်း သူတို့ကတော့ မြတ်စွာဘုရား တရားတော်ကို ကြည်ညိုလွန်းလို့ လျှောက်ထားကြတာ နေမှာပဲ၊ ဘယ်လောက်တောင် ကျယ်ဝန်းတယ် ဆိုတာကို သူတို့သိရင် ဒီလို လျှောက်ဝံ့ကြမယ် မဟုတ်ပါဘူး၊
ဒီဓမ္မသင်္ဂဏီ တစ်ကျမ်းထဲနဲ့ကို ပြီးနိုင်ဖို့မလွယ်ဘူး၊ စာအုပ်တွေ အများကြီး ရိုက်နှိပ်ရမှာ၊ အခု ပေယျာလ ထိုးပြီး ချုံးထားတာကိုပဲ စာမျက်နှာ ၂၀ဝ-ကျော် ၃၀ဝ-လောက် ရှိနေတယ်၊ ဒီလောက်နဲ့ပဲ လုံလောက်နေပါပြီ၊ နည်းပေါင်းက တစ်ထောင်ထဲ၊ စိတ်ပေါင်းဆိုရင် တစ်ထောင် မကပေဘူး၊ အင်မတန်မှ အများကြီးပါပဲ၊ တချို့ တချို့ ကျမ်းစာအုပ် တွေမှာ တွေ့ရတတ်ပါတယ်၊ “မြတ်စွာဘုရားသည် နည်းပေါင်း တစ်ထောင် တို့ဖြင့် တန်ဆာ ဆင်အပ်သော သောတာပတ္တိ မဂ်ဉာဏ်ကို ရတော်မူ၏၊ ရပြီး၍”လို့ ရေးသား ထားကြတာ တွေ့ရတတ်ပါတယ်။
စိတ်ကလေးကတော့ တစ်ကြိမ်တည်းပါပဲ
▬▬▬▬▬▬▬
“နည်းပေါင်း တစ်ထောင်တို့ဖြင့် တန်ဆာဆင်ထားတဲ့ သောတာပပတ္တိမဂ်ဉာဏ်ကို ရတော်မူ၏”လို့ ဆိုတော့ သောတာပပတ္တိ မဂ်ဉာဏ်ဟာ ဧရာမ ခမ်းနားကြီးကျယ်တဲ့ စိတ်ကြီးလို့ထင်ရတယ်၊ စင်စစ်တော့ မြတ်စွာဘုရား ဟောကြားထားတဲ့ ဒေသနာတော် နည်းတွေကသာ ခမ်းနား ကြီးကျယ်တာပါ၊ ပရမတ္ထသဘောအရ မဂ်စိတ် ကလေး ကတော့ တစ်စိတ်တည်း ပါပဲ၊ ဘာမှ မကျယ်ဝန်းပါဘူး၊ ဒေသနာတော်မှာက အမည်တွေ အမျိုးမျိုး များနေတာဖြစ်လို့ ဒီလောက်များပြီး နေတာပါ။
ဈာန်ဆိုတဲ့ အမည်နဲ့လည်း ထင်ရှားတာ ရှိတယ်၊ မဂ်ဆိုတဲ့ အမည်နဲ့လည်း ထင်ရှားတာ ရှိတယ်၊ သတိပဋ္ဌာန်အမည်နဲ့ ထင်ရှားတာလည်း ရှိတယ်၊ အဲဒီအမည်တွေကိုက ဒီမှာ နှစ်ဆယ်ရှိတာကိုး၊ ပဋိပဒါ အဘိညာဉ် စသည်ဖြင့် ဆိုင်ရာဆိုင်ရာ ခွဲခွဲပြီး ဟောရတော့ ဒီလောက်ကြီး များသွား တာပေါ့၊ ဟောကြားထားတဲ့ အနေနဲ့ ရေးထားတဲ့ စာအနေနဲ့ ဆိုရင်တော့ အင်မတန် ကြီးကျယ် ပါတယ်၊ ဒါပေမယ့်လို့ ဒီသောတာပတ္တိမဂ်ကို တရားအားထုတ်လို့ ရသွားတဲ့ ပုဂ္ဂိုလ်တွေမှာတော့ စိတ်ကလေးက တစ်ချက်တည်း, တစ်ကြိမ်တည်းရယ် ဘာမှမကြာပါဘူး၊ ခုမှသာ မဟုတ်ပါဘူး၊ မြတ်စွာဘုရား လက်ထက်တော်ကလည်း ဒီ သောတာပတ္တိမဂ်ကို ရတာဟာ တစ်စိတ်တည်းပါပဲ၊ စိတ်တွေ အများကြီး ရတာမျိုး မဟုတ်ပါဘူး။
မြတ်စွာဘုရား ကိုယ်တော်တိုင်လည်း ဗောဓိပင်ရဲ့အောက်မှာ ရှေးဦးစွာ ဥပါဒါနက္ခန္ဓာ ငါးပါးတွေရဲ့ အဖြစ်, အပျက်တွေကို ရှုရင်းရှုရင်းနဲ့ ဝိပဿနာဉာဏ်စဉ်တွေ အစဉ်အတိုင်း တက်ပြီးတော့ သောတာပတ္တိ မဂ်စိတ်ကို ရောက်ခဲ့ တာပါပဲ၊ အဲဒီစိတ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုပါတယ်၊ အဲဒီအချိန်မှာ မြတ်စွာဘုရားလည်းပဲ ဒီ သောတာပတ္တိမဂ် စိတ်ဟာ တစ်ကြိမ်တည်းပဲ ဖြစ်ပါတယ်၊ အများကြီး ဖြစ်နေတာ မဟုတ်ပါဘူး။
ဒီလိုပဲ …
သောတာပတ္တိမဂ်စိတ်လည်း တစ်ကြိမ်,
သကဒါဂါမိမဂ်စိတ်လည်း တစ်ကြိမ်,
အနာဂါမိ မဂ်စိတ်လည်း တစ်ကြိမ်,
အရဟတ္တမဂ်စိတ်လည်း တစ်ကြိမ်စီသာ ဖြစ်ကြပါတယ်၊
ဖိုလ်စိတ်ကသာ မဂ်ရဲ့ အကျိုးဖြစ်လို့မို့ အကြိမ်ပေါင်း များစွာ ဖြစ်နိုင်ပါတယ်၊ မဂ်စိတ် ဖြစ်ပြီးတာနဲ့ တစ်ပြိုင်နက် ဆက်ပြီး နှစ်ကြိမ် သုံးကြိမ် ဖြစ်ပါတယ်၊ ဒါတွေကို ပြန်ပြီး နှလုံးသွင်းတဲ့ အခါကျတော့မှ ဖိုလ်စိတ်တွေ အများကြီး ဖြစ်နိုင်တယ်၊ ငါးမိနစ်ဆိုရင် ငါးမိနစ်, ဆယ်မိနစ်ဆိုရင် ဆယ်မိနစ်၊ အဲဒီအတွင်းမှာ ဝင်စားနေ သလောက် ဖိုလ်စိတ်တွေ ဖြစ်နိုင်ပါတယ်၊ နိုင်နင်းနေတဲ့ ပုဂ္ဂိုလ်တွေဆိုရင် တစ်နေ့လုံးတောင်မှ ဖလသမာပတ်နဲ့ နိဗ္ဗာန်ကို အာရုံပြုပြီး နေနိုင်ကြပါ သေးတယ်၊ ဒီလိုပဲ ဖိုလ်စိတ်ကတော့ အများကြီး ဖြစ်နိုင်ပါတယ်။
ကုသလာဓမ္မာအရ ပြည့်စုံသွားပြီ
▬▬▬▬▬
သောတာပတ္တိမဂ်ကို နည်းပေါင်း တစ်ထောင်တို့ဖြင့် တန်ဆာဆင်တယ် ဆိုတာကို ဗဟုသုတအဖြစ် ကြားဖူးအောင်လို့ ဟောရတာ၊ အခုပြီးသွားပြီ၊ ပြီးတော့ ကုသလာဓမ္မာ အရ မြတ်စွာဘုရား ဟောကြားထားတာ တွေလည်း ပြည့်စုံသွားပါပြီ၊ ပထမက ကာမာဝစရ ကုသိုလ်စိတ် ၈-ပါး ရှိတယ် ဆိုတာကို ဟောခဲ့တယ်၊ အဲဒါကို ပြာသိုလပြည့်နဲ့ ပြာသိုလဆုတ် ၈-ရက်၊ အဲဒီ ၂-ရက်မှာ ဟောခဲ့တယ်၊ ပြီးတော့ ရူပါဝစရ ၅-ခု ကိုလည်း ဟောခဲ့တယ်၊ အဲဒီမှာလည်း ကသိုဏ်းတွေရော စုံစုံလင်လင် ဟောခဲ့ပါတယ်၊ မှတ်သားစရာတွေ အများကြီးပါပဲ၊ ဈာန်တရားတွေနဲ့ ပတ်သက်ပြီး အားထုတ်ပုံ တွေကိုပါ အတော်ပြည့်ပြည့်စုံစုံ ဟောခဲ့ပါတယ်၊ အဲဒါဟာ တပို့တွဲလပြည့် ကပါပဲ၊ တစ်ရက် ဟောခဲ့ရတယ်။
အရူပါဝစရကုသိုလ်နဲ့ အခုဟောတဲ့ လောကုတ္တရာ ကုသိုလ်ကို အစဉ်အတိုင်းပဲ ဟောခဲ့ပါတယ်၊ တပို့တွဲလကွယ် နေ့တုန်းက တစ်ရက်နဲ့ အခု သင်္ကြန်တွင်း မှာတော့ နေ့စဉ် ဆက်ပြီး ဟောနေတာ ဒီနေ့ရောဆိုရင် ၃-ရက် ရှိပါပြီ၊ ဒီတော့ ကုသလာဓမ္မာအရ ကာမာဝစရကုသိုလ်, ရူပါဝစရကုသိုလ်, အရူပါဝစရကုသိုလ်, လောကုတ္တရာ ကုသိုလ်လို့ လေးမျိုးရှိတာကို ဘုန်းကြီး ဟောလာခဲ့တာ ၇-ရက် ရှိသွားပြီ၊ ဒီနေ့တော့ ကုသလာဓမ္မာအရ ပြီးသွားပြီ။
ကုသလာဓမ္မာအရ ပြီးတော့ အကုသလာဓမ္မာတဲ့၊ အဲဒါကို ဒီကနေ့တော့ စရုံပဲ စပြီးတော့ ဟောထားဦးမှပဲ၊ ဒီ အကုသလာဓမ္မာ အရတွေကလည်း ဟောစရာတွေ အများကြီး ရှိပါသေးတယ်၊ ဒီကနေ့ တစ်ရက်နဲ့ ဟောလို့ မပြီးနိုင်ဘူး၊ သိစရာ အချက်တွေ အများကြီး ရှိနေတယ်၊ ဒီနေ့တော့ အဲဒါ စပြီးဟောရမယ်။
အကုသိုလ်ပိုင်း
▬▬▬▬▬▬
“ကတမေ ဓမ္မာ အကုသလာ။
အကုသလာ - အကုသိုလ် မည်ကုန်သော၊
ဓမ္မာ - တရားတို့သည်၊
ကတမေ - အဘယ်သည်တို့နည်း” တဲ့၊
ကုသလာဓမ္မာ, အကုသလာဓမ္မာ, အဗျာကတာဓမ္မာလို့ ခေါင်းစဉ် သုံးခုကို စပြီး ဟောတော် မူခဲ့တယ်၊ အဲဒီ ခေါင်းစဉ်တွေက ကုသိုလ်ဆိုတာ ဘယ်ဟာတွေလဲလို့ မေးပြီးတော့ အကျယ်တဝင့် ဖြေဆို ဟောကြားတာဟာ အခု ပြီးခဲ့ပြီ၊ အခု ဒုတိယခေါင်းစဉ်ဖြစ်တဲ့ အကုသလာဓမ္မာအရ အကုသိုလ်တွေ ဆိုတာ ဘယ်ဟာတွေ လည်းလို့ မေးရပါတယ်၊ အမေး ထုတ်လိုက်ပါတယ်။
အကုသိုလ်ဆိုတာ ကုသိုလ်ရဲ့ ပြောင်းပြန်ပါပဲ၊ ကုသိုလ်ရဲ့ သဘောကို နားလည်ခဲ့ရင် ဒီမှာလည်း နားလည်ဖို့ လွယ်သွားပါတယ်၊ ကုသလဓမ္မ - ကုသိုလ်တရားဆိုတာ အပြစ်ကင်းခြင်း, ကောင်းသောအကျိုးကို ပေးခြင်း သဘောရှိတယ်တဲ့၊ ကုသိုလ် တရားတွေ ဆိုတာဟာ အပြစ်ရယ်လို့ မရှိဘူး၊ သူတို့ ဖြစ်နေတာလည်း ကောင်းတာပဲ၊ အကျိုးပေးရင်လည်း ကောင်းတဲ့ အကျိုးကိုပဲ ပေးကြတယ်၊ သူတို့ ဖြစ်နေတာလည်း ကောင်း, ပေးတဲ့ အကျိုးကျတော့လည်း ကောင်းတယ်ပေါ့။
အကုသလဓမ္မတွေ ကျတော့ အပြစ်နဲ့တကွ ဖြစ်ခြင်း, မကောင်းတဲ့ အကျိုးကို ပေးခြင်း၊ သဘောလက္ခဏာ ရှိကြတယ်တဲ့၊ အပြစ်ရှိတဲ့ တရားတွေတဲ့၊ ဒါတွေ ဖြစ်နေတာကိုက အပြစ်ရှိနေတယ်၊ အကျိုးပေးရင်လည်း မကောင်းတဲ့ အကျိုးတွေကိုသာ ပေးကြ တယ်တဲ့၊ ဘာနဲ့ တူသလဲဆိုရင် အရသာအနေနဲ့လည်း မကောင်းတဲ့အပြင် လူကိုလည်း ဘေးဥပါဒ် ရောဂါအန္တရာယ် ဖြစ်စေတတ်တဲ့ အဆိပ်အတောက်ရှိတဲ့ အစာအာဟာရနဲ့ တူတယ်တဲ့၊ အဲဒီ အစာအာဟာရဟာ စားလို့လည်း မကောင်းဘူး၊ စားမိပြန်တော့ လည်း သေသည့် တိုင်အောင် ဥပါဒ် ရောဂါအန္တရာယ် ဖြစ်နိုင်တယ်။
တချို့ အစာ အာဟာရတွေဟာ အင်မတန် ခါးပါတယ်၊ တချို့ ကျတော့လည်း အင်မတန် စပ်လွန်း တယ်၊ အဲဒီလို အစာ အာဟာရတွေဟာ စားလို့ မကောင်းပါဘူး၊ ဒါပေမယ့်လဲ တချို့က အဲဒါကို ကြိုက်ကြသေး တယ်၊ ကလေးတွေဆိုရင် သူတို့နဲ့ မသင့်မြတ်တဲ့ အစာမို့လို့ လူကြီးတွေက မစားရဘူး ဆိုပေမယ့် မနေနိုင်ကြဘူး၊ လူကြီးတွေ မသိအောင် ခိုးဝှက်ပြီးတော့တောင် စားတတ် ကြသေးတယ်၊ ဒီလို စားလိုက်တယ်ဆိုရင် ဗိုက်နာရတာနဲ့, ဝမ်းပျက်ရတာနဲ့ မကောင်းတဲ့ အကျိုးတွေ ဖြစ်ကုန်ကြတာပဲ မဟုတ်လား၊ အခု မျက်မှောက်ခေတ်မှာ မူးယစ်စေတတ်တဲ့ အရက်သေစာတွေ, ဘိန်းတွေ ဒါတွေဟာ သောက်စားလို့ရှိရင် လူကို အန္တရာယ် ဖြစ်စေတတ်တယ် ဆိုတာ သိနေကြတာပဲ၊ ဒါလည်း သူတို့က ကြိုက်နေတာဖြစ်တော့ သုံးစွဲ စားသောက်နေကြ ပါတယ်၊ အဲဒါ သူတို့ကို မေးကြည့်တော့ ကြိုက်လို့သာ စားသောက် နေကြတာပါတဲ့၊ ကောင်းလို့ ရယ် မဟုတ်ပါဘူးတဲ့၊ တချို့များ ဒါတွေကို သုံးစွဲ စားသောက်ပြီး ပင်ပန်းဆင်းရဲနေကြတာပဲ။
တချို့ ကျတော့လည်း အဲဒါကို မသုံးစွဲရလို့ ဆိုပြီး ပင်ပန်းဆင်းရဲ နေတာတွေလည်း ရှိသေးသတဲ့၊ ဒါတွေဟာ ကောင်းတာ မဟုတ်ပါဘူး၊ ဒါပေမယ့်လို့ ဒီလို မကောင်းတာကိုမှ ကြိုက်နေကြတယ် ဆိုတာတွေ ရှိတာလည်း ရှိနေကြတာပဲ၊ အရသာ အနေနဲ့လည်း မကောင်း, သုံးစွဲပြီး တော့လည်း ထုံထုံထိုင်းထိုင်း ဖြစ်ပြီး ပင်ကိုယ်စိတ် မဟုတ်တော့ဘဲ၊ မလျော်တာ တွေကို ရမ်းရမ်းကားကား ပြောကြတယ်၊ ရမ်းရမ်း ကားကား ပြုလုပ်ကြတယ်၊ အဲဒါကြောင့်ပဲ မဖြစ်သင့်တဲ့ အန္တရာယ်တွေ ဖြစ်ကြရော၊ အဲဒီလို အကျိုးပေး အနေနဲ့လည်း မကောင်းကျိုး တွေကို ပေးတာပဲ၊ လောကမှာ စီးပွားရေး တွေလည်း ကျဆင်းသေးရဲ့၊ ဂုဏ်သိက္ခာလည်း ကျဆင်းသေးရဲ့၊ ကျန်းမာရေး တွေလည်း ပျက်စီးပြီးတော့ နောက်ဆုံး သေရင် အပါယ်ငရဲ သို့လည်း ကျရောက်ရသေးတယ်၊ မသင့်တဲ့ အစာ အာဟာရကို စားတယ်ဆိုရင်လည်း ဒီအတိုင်းပဲ၊ အသက်သေအောင် အန္တရာယ် ပေးနိုင်တာပဲ။
အကုသိုလ် ဆိုတာလည်း အဲဒီလိုပါပဲ၊ ကောင်းလည်း မကောင်းဘူး အပြစ်လည်း ရှိတယ်တဲ့၊ လောဘ အားကြီးပြီးတော့လည်း မသင့်မလျော် တာတွေကို ပြုလုပ်တယ်၊ ဒေါသ ဖြစ်ပြီးတော့လည်း ဒီလိုပဲ မသင့်မလျော် တာတွေကို ပြုလုပ်တယ်၊ မောဟနဲ့လည်း မသိမလိမ္မာလို့ မသင့်မလျော် တာတွေကို ပြုလုပ်တယ်၊ ကိုယ့်ဟာ ကိုယ် အထင်ကြီးတဲ့ မာနနဲ့လည်း မသင့်မလျော် တာတွေကို ပြုလုပ်တယ်၊ အစစ အရာရာ ဒီလို မပြုလုပ်သင့်ဘဲ ပြုလုပ်တဲ့ မကောင်းမှုတွေဆိုတာ အများကြီးပေါ့လေ၊ အဲဒါတွေဟာ ဖြစ်နေခိုက်မှာလည်း အပြစ် ရှိတာပဲ၊ အကျိုးပေး ရာမှာလည်း အပြစ်နဲ့တကွ မကောင်းကျိုးကို ပေးတာပဲ။
ဒီလို မကောင်းမှုတွေကို ပြုလုပ်တဲ့ ပုဂ္ဂိုလ် ကိုယ်တိုင်ကတော့ သိချင်မှ သိမယ်ပေါ့၊ ဒါပေမယ့် ဘေးက လူတွေကတော့ သူပြုလုပ်တဲ့ အမူအရာတွေကို ကြည့်ပြီး ဘယ်လို မကောင်းမှုတွေကို သူပြုလုပ်နေတာပဲ ဆိုတာ သိကြပါတယ်၊ လောဘနဲ့ဆိုလည်း လောဘ အမူအရာတွေပါပဲ၊ ဒေါသနဲ့ ဆိုလည်း ဒေါသ အမူအရာ တွေပါပဲ၊ မောဟတို့, မာနတို့နဲ့ ဆိုလည်း သူ့အမူအရာနဲ့သူ ပါနေတာချည်းပဲ၊ အဲဒီအမူအရာတွေကို ကြည့်ပြီး ဘေးကလူတွေက သိနေကြတာပဲ၊ ကျွန်ုပ် ဘယ်လို မကောင်းမှုတွေ ပြုလုပ်နေပါတယ် လို့ ဘေးလူတွေကို အဲဒီအမူအရာတွေက မသိ သိအောင် ဖော်ပြနေကြသလိုပါပဲ။
ဒီအထဲ ဒေါသ အမူအရာက ဒီပြင် အမူအရာတွေထက် ပိုပြီးထင်ရှား ပိုပြီးသိလွယ်ပါတယ်၊ သူဖြစ်လာပြီဆိုရင် ကိုယ်အမူအရာ တွေဟာ ဖောက်ပြန် လာတယ်၊ မျက်စိ မျက်နှာတွေ မကြည်မသာ ဖြစ်လာပြီးတော့ အရင်ကလို ကြည့်မကောင်းတော့ဘူး၊ နှုတ်က ထွက်လာတာလည်း သူတစ်ပါး မနှစ်သက်တဲ့ စကား အပြောအဆိုတွေ ထွက်လာတော့တယ်၊ အဲဒီတော့ “အင်း ဒီလူက စိတ်ဆိုးနေမှကိုး”လို့ ဘေးလူတွေက ထင်ထင်ရှားရှား သိကြတော့တာပါပဲ၊ အဲဒါကြောင့်မို့ အကုသိုလ်ဆိုတာ ဖြစ်နေတုန်း ကလည်း မကောင်းဘူး၊ ဖြစ်ပြီးနောက် အကျိုးပေး ပြန်တော့လည်း မကောင်းဘူးပဲ၊ မကောင်းကျိုးကိုသာ ပေးပါတယ်။
လောကမှာ ရာဇဝတ် အပြစ်ဒဏ်တွေနဲ့ ဆိုင်ရာတွေကို ပြုလုပ်တယ်ဆိုတာ လောဘ, ဒေါသ, မောဟတွေကြောင့်မို့ ပြုလုပ်တာပဲ၊ လုပ်ပြီးတော့ အဲဒါတွေဟာ လက်ငင်း ချက်ချင်းလည်း အကျိုး ပေးတတ်တာပဲ၊ အဖမ်းအဆီး အချုပ်အနှောင် ခံရတယ်၊ အပြစ်အားလျော်စွာ ထောင်ကျခြင်း, ဒဏ်တပ်ခြင်း စသည် အပြစ်ဒဏ်လည်း ခံရတယ်၊ မျက်မှောက်မှာလည်း ဒီလို အကျိုး ပေးတတ်သေးတယ်၊ နောင် သံသရာ ဘဝမှာလည်း အပါယ်လေးပါး ကျရောက်ပြီး ဆင်းရဲဒုက္ခတွေ ရောက်တတ်သေးတယ်၊ ဒါကြောင့် အကုသိုလ်တရား ဆိုတာဟာ အပြစ်ရှိတဲ့တရား, မကောင်းတဲ့ အကျိုးကို ပေးတတ်တဲ့ တရားတဲ့။
အဲဒီ တရားတွေက ဘယ်လို တရားတွေတုန်း ဆိုတော့ စိတ်အနေ အားဖြင့်တော့ ၁၂-ပါး ရှိတယ်၊ မများပါဘူး၊ လောဘအရင်းခံ ဖြစ်တဲ့စိတ်က ၈-ခု၊ ဒေါသအရင်းခံ ဖြစ်တဲ့စိတ်က ၂-ခု၊ မောဟ အရင်းခံဖြစ်တဲ့ စိတ်က ၂-ခု အားလုံး အဲဒီ ၁၂-ခုပါပဲ၊ ဒါကို လယ်တီဆရာတော်ဘုရားကြီးက -
“လောရှစ်, ဒေါနှစ်၊ မောလည်းနှစ်၊ ဆယ့်နှစ် အတူယူ” လို့ သံခိပ်လေး ရေးထားတယ်၊ အကောင်းသားပဲ၊ တိုတိုလေးနဲ့ ပေါ်ပေါ်လွင်လွင် သိလွယ်တယ်၊ အရေအတွက်အနေနဲ့ အကုသိုလ်စိတ် ၁၂-ပါးတဲ့၊ အခု အဲဒါကို ဝေဖန်မယ်လို့ပါပဲ။
“အကုသလာ ဓမ္မာ - အကုသိုလ်တရား တို့သည်၊ ကတမေ - အဘယ်သည်တို့နည်း” တဲ့။ ပြည့်စုံအောင် အနက် ပေးလို့ရှိရင် “အကုသလာ ဓမ္မာ - ဖြစ်ဆဲမှာလည်း အပြစ်ရှိ, နောင်အခါ မှာလည်း မကောင်းကျိုးကိုသာ ပေးတတ်ကုန်သော တရားတို့သည်၊ ကတမေ - အဘယ်သည်တို့ ပါနည်း”လို့ အနက်ပေးရမယ်၊ ဖြစ်ဆဲမှာလည်း အပြစ်ရှိ, နောင်လည်း မကောင်းကျိုးကို ပေးတတ် တဲ့ တရားတွေ ဆိုတာ ဘယ်တရားတွေပါလဲ လို့ မေးပြီးတော့ အဖြေက -
“ယသ္မိံ သမယေ အကုသလံ စိတ္တံ ဥပ္ပဇ္ဇတိ သောမနဿသဟဂတံ ဒိဋ္ဌိဂတသမ္ပယုတ္တံ အသင်္ခါရိကံ ရူပါရမ္မဏံ ဝါ, သဒ္ဒါရမ္မဏံ ဝါ, ဂန္ဓာရမ္မဏံ ဝါ, ရသာရမ္မဏံ ဝါ, ဖောဋ္ဌဗ္ဗောရမ္မဏံ ဝါ, ဓမ္မာရမ္မဏံ ဝါ, ယံယံ ဝါ ပန အာရဗ္ဘ ဖဿော ဟောတိ ဝေဒနာ ဟောတိ”
စသည်ဖြင့် အကုသိုလ်စိတ် ဖြစ်ခိုက်မှာ ပါဝင်တဲ့တရားတွေကို ပထမဆုံး ထုတ်ပြ ထားပါတယ်။
“ယသ္မိံ သမယေ - အကြင်အခါ၌၊
သောနမဿသဟဂတံ - ရွှင်လန်း ဝမ်းသာမှုနှင့်တကွ ဖြစ်သော၊
ဒိဋ္ဌိဂတသမ္ပယုတ္တံ - မိစ္ဆာအယူနှင့် ယှဉ်သော။
အသင်္ခါရိကံ - အသင်္ခါရိကဖြစ်သော၊
အကုသလံ စိတ္တံ - အကုသိုလ်စိတ်သည်၊
ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်၏” တဲ့။
ရွှင်ရွှင်ပျပျနဲ့ မိစ္ဆာအယူကိုယူတဲ့ အကုသိုလ်စိတ် ဖြစ်တယ်တဲ့၊ ညှိုးနွမ်းတဲ့စိတ် မဟုတ်ဘူး၊ ရွှင်ရွှင်လန်းလန်း သန်သန်စွမ်းစွန်းပဲ - တဲ့၊ အဲဒီစိတ်ဟာ မိစ္ဆာအယူနဲ့ ယှဉ်ဖြစ်တဲ့စိတ်တဲ့၊ မိစ္ဆာ အယူဆိုတာက ဘာလဲဆိုရင် နောက်နားတုန်းက ပြောခဲ့တဲ့ ငါကောင် သတ္တဝါကောင်ပဲ လို့ အယူစွဲတွေ စွဲပြီး ဝမ်းမြောက် ဝမ်းသာတဲ့ စိတ်ဖြစ်နေတဲ့ သဘောပါပဲ၊ အသက်ရှင်နေတဲ့ အကောင်ဟာ ဘယ်တော့မှ မသေမပျက်ဘူးလို့ နှလုံးသွင်းပြီး ရွှင်ရွှင်လန်းလန်း ဖြစ်နေတယ်၊ နောက်ပြီးတော့ သေပြီးရင် ဘာမျှ မရှိတော့ဘဲ မသေခင် အတွင်းမှာ သုံးဆောင်စရာ ရှိသမျှတွေကို သုံးဆောင် ခံစားရင် ကောင်းစား ချမ်းသာတာပဲလို့ ဝမ်းမြောက်ဝမ်းသာနဲ့ ရရသမျှ သုံးဆောင်စရာ ရှိတာတွေကို ရှာဖွေ သုံးဆောင် ခံစား နေတာတွေတဲ့၊ အဲဒါ မိစ္ဆာအယူတွေပဲ၊ အဲဒီမိစ္ဆာအယူတွေကို ယူပြီး သူတို့အယူနဲ့ သူတို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတဲ့စိတ်တဲ့၊ အဲဒါ သောမနဿသဟဂတ လည်းဖြစ်၊ ဒိဋ္ဌိဂတသမ္ပယုတ်လည်း ဖြစ်နေတဲ့ အကုသိုလ်စိတ် တွေတဲ့၊ အခုကာလ ယဇ်ပူဇော်ပွဲ (နတ်ပွဲ) တွေမှာဆိုရင် သာပြီးတော့တောင် ထင်ရှားသေးတယ်၊ သူတို့အယူနဲ့ သူတို့ ပျော်လိုက် ပါးလိုက် ကြတာ, အင်မတန်ဝမ်းမြောက် ဝမ်းသာ ဖြစ်နေကြတာပဲ၊ သူတို့ကို ဘယ်သူကမှ တိုက်တွန်း မနေရဘူး၊ ကောင်းရာ ကောင်းကြောင်း လုပ်နေကြတာပဲ ဆိုပြီး ဝမ်းသာနေကြတယ်၊ အဲဒါကိုပဲ ..
“သောမနဿသဟဂတံ - ရွှင်လန်း ဝမ်းမြောက်မှုနှင့်တကွ ဖြစ်သော။
ဒိဋ္ဌိဂတသမ္ပယုတ္တံ - မိစ္ဆာအယူနှင့် ယှဉ်သော၊
အသင်္ခါရိကံ - ဘယ်သူကမှ မတိုက်တွန်းရသော၊
အကုသလံ စိတ္တံ - အကုသိုလ်စိတ်သည်၊
ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်၏”တဲ့။
အာရုံ ခြောက်ပါးထဲက တစ်ခုခုကို အာရုံပြုပြီးတော့ ဖြစ်တယ် - တဲ့၊ ဒီ အကုသိုလ် ဖြစ်တဲ့အခါမှာ လောဘနဲ့ မောဟနဲ့ ယှဉ်ပြီးတော့ ဖြစ်တာတဲ့။ နောင်ဘဝ သံသရာမှာ မကောင်းကျိုးကိုပေးမည့် အရင်းခံ အကုသိုလ်တွေပါပဲ၊ အာရုံ အားဖြင့် ဘယ်လို အာရုံတွေတုန်း ဆိုတော့ -
“ရူပါရမ္မဏံ ဝါ - အဆင်းတွင် အာရုံရှိသည်မူလည်း ဖြစ်သော၊
သဒ္ဒါရမ္မဏံ ဝါ - အသံလျှင် အာရုံရှိသည်မူလည်း ဖြစ်သော၊
ဂန္ဓာရမ္မဏံ ဝါ - အနံ့လျှင် အာရုံရှိသည်မူလည်း ဖြစ်သော၊
ရသာရမ္မဏံ ဝါ - ရသာလျှင် အာရုံရှိသည်မူလည်း ဖြစ်သော၊
ဖောဋ္ဌဗ္ဗာရမ္မဏံ ဝါ - အတွေ့အထိလျှင် အာရုံရှိသည် မူလည်း ဖြစ်သော၊
ဓမ္မာရမ္မဏံ ဝါ၊ သဘောတရားလျှင် အာရုံရှိသည်မူလည်း ဖြစ်သော၊
အကုသလံ စိတ္တံ - အကုသိုလ်စိတ်သည်၊
ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်၏” တဲ့။
အာရုံ ခြောက်ပါးထဲက တစ်ခုခုကို အာရုံပြုပြီးတော့ ဖြစ်တယ်တဲ့
“ဝါ ပန - တစ်နည်း အားဖြင့်လည်း၊
ယံယံ - အကြင်အကြင် မှတ်မိသော တစ်စုံတစ်ခုသောအာရုံကို၊
အာရဗ္ဘ - အာရုံပြု၍၊
ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်၏။”
အာရုံခြောက်ပါးထဲက ဘယ်အာရုံရယ်လို့ ကိန်းသေ သတ်မှတ်ချက် မရှိပါဘူးတဲ့၊ တစ်ခါတစ်ရံ အဆင်းကိုလည်း အာရုံပြုဖြစ်တာရှိတယ်၊ တစ်ခါတစ်ရံ အသံကို အာရုံပြုပြီးတော့ ဖြစ်တာလည်း ရှိတာပဲ၊ အနံ့, အရသာ, အတွေ့အထိဆိုတဲ့ အာရုံ တစ်ခုခုကို အာရုံပြုပြီး ဖြစ်တာလည်း ရှိတာပဲ၊ တစ်ခါတစ်ရံကျတော့ သဘောအာရုံနဲ့ စိတ်ကူး ကြံစည်ပြီးတော့လည်း ဖြစ်နိုင်တာပါပဲတဲ့၊ အဲဒီလို ဖြစ်တဲ့ အချိန်ကာလမှာ ..
တသ္မိံ သမယေ ဖဿော ဟောတိ။
တသ္မိံ သမယေ - ထိုအခါကာလ၌၊
ဖဿော - အာရုံကို တွေ့ထိတဲ့ အတွေ့ သဘောသည်၊
ဟောတိ - ဖြစ်၏၊”
စသည်ဖြင့် ဟိုတုန်းကလိုပဲ ဝေဖန်ထားပါတယ်။ ဒါလေးကို ဒီမှာ မှတ်သားရအောင်လို့ နည်းနည်း ရိပ်မိအောင် ဆိုပြီးတော့ ရေးထားပါတယ်။ ဓမ္မသင်္ဂဏီ ပါဠိတော်မှာ အကုသိုလ်ကို ဝေဖန်ပုံ အကျဉ်းချုပ်လို့ဆိုပြီး ရေးထားတယ်။
၁-နံပါတ်။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက ပထမ လောဘမူစိတ် ဖြစ်ခိုက်၌ - တဲ့။
ပါဠိတော်မှာတော့ ဒီနေရာမှာ အသင်္ခါရိကလို့ တိုက်ရိုက် မလာပါဘူး၊ ဒါပေမယ့်လို့ နောက်နားမှာ ကျတော့ အသင်္ခါရေန - လို့ တိုက်ရိုက် ပါပါတယ်၊ ဒါကြောင့် ဒီမှာ အသင်္ခါရိကံလို့ ထည့်ရေးထားပါတယ်၊ လောဘမူစိတ် ဆိုတာလည်း ပါဠိအနေနဲ့ မပါပေမယ်လို့ ဒီစိတ်က ပထမဆုံးသော လောဘမူစိတ်ဆိုတာ ထင်ရှားနေတာနဲ့ လောဘမူစိတ်ဆိုတဲ့ စကားလုံးကိုလည်း ဒီမှာ ထည့်ရေး ထားပါတယ်၊ အဲဒီစိတ် ဖြစ်ခိုက်၌ “အမည်ထုတ်၍ ဟောထားသော တရားတို့မှာ” တဲ့၊ ဒါတွေ စာရွက် ပါလာမှ ဖြစ်မှာပဲ၊ စာရွက် ပါမလာရင် ဘာမှ နားလည်နိုင်မှာ မဟုတ်ဘူး၊ အဲဒါ ဓမ္မဒါန ဝေထားတဲ့ စာရွက်ကလေးတွေကို ကြည့်ကြ၊ ဒါမှ ဒီက ပြောတာကို နားလည်မှာ။ စာရွက်လေးထဲမှာ -
“ဖဿပဉ္စမက ၅-ပါး၊ ဈာနင် ၅-ပါး ကုသိုလ်စိတ်ကဲ့သို့ပင်” တဲ့။
အဲဒါ ကာမာဝစရ ကုသိုလ်စိတ်တုန်းက ပြခဲ့တဲ့အတိုင်းပါတဲ့၊ စာရွက်လေးတွေကိုသာ ကြည့်ကြ ပေတော့၊ ရှေ့ဆက်ပြီး ဝေဖန်ထားတာက ဘာတုန်း ဆိုတော့ ဣန္ဒြေတဲ့၊ အဲဒီမှာ …
ဝီရိယိန္ဒြေ, သမာဓိန္ဒြေ, မနိန္ဒြေ, သောမနဿိန္ဒြေ, ဇီဝိတိန္ဒြေ လို့ ၅-ပါး၊ ကုသိုလ်တုန်းကတော့ ဣန္ဒြေ ၈-ပါး ရှိခဲ့တယ်၊အခု ဒီမှာက အကုသိုလ်စိတ်ဆိုတော့ ကုသိုလ် သက်သက်မှာသာ ပါဝင်တဲ့ ဣန္ဒြေတွေ မပါကြတော့ဘူး၊ အဲဒါတွေက သဒ္ဓိန္ဒြေရယ်၊ သဒ္ဓိန္ဒြေ ဆိုတာက ရတနာသုံးပါးကို ယုံကြည်တာတဲ့၊ အခု အကုသိုလ်နေရာမှာ အဲဒီ ဣန္ဒြေ မပါဘူး၊ ရတနာသုံးပါးကို အဟုတ်တကယ် ယုံကြည်နေရင် ဘယ်မှာ ဒီအကုသိုလ် ဖြစ်မလဲ၊ မဖြစ်ပါဘူး၊ ဒါကလဲ တကယ် စစ်မှန်တဲ့ ဘာသာ သာသနာရေးအရ ယုံကြည်တာကို ပြောတာ၊ ကိုယ့်ယုံကြည်ချက် နဲ့ကိုယ် မဟုတ်မမှန် တာတွေကို ယုံကြည်နေကြ တာတွေလည်း ရှိတယ်၊ အဲဒါတွေဟာ သဒ္ဓါမဟုတ်ပါဘူး၊ မှားမှားယွင်းယွင်း ဆုံးဖြတ် ယုံကြည်နေကြတဲ့ “မိစ္ဆာဓိမောက္ခ”တဲ့။
ပြီးတော့ သတိန္ဒြေရယ်၊ အကုသိုလ် နေရာမှာ သတိန္ဒြေလည်း မပါဘူး၊ သတိရယ်လို့ အကုသိုလ်မှာ မရှိဘူး၊ သုတ္တန်ဒေသနာတော် အနေနဲ့တော့ မိစ္ဆာသတိဆိုတာ ရှိပါတယ်၊ ဒါလည်း တရားကိုယ် လောက်တော့ သတိ မဟုတ်ပါဘူး၊ ရှေးက မကောင်းတာတွေကို ပြန်လည် အောက်မေ့ပြီးနေတဲ့ အကုသိုလ် စိတ္တုပ္ပါဒ်တွေ, အကုသိုလ်စိတ်, စေတသိက်တွေတဲ့၊ တရားကိုယ် အနေနဲ့ သီးခြား မရှိပါဘူး၊ ဒီအကုသိုလ်မှာ သဒ္ဓါလည်း မရှိဘူး၊ သတိလည်း မရှိဘူး။
ပြီးတော့ ပညိန္ဒြေရယ်၊ အကုသိုလ် အရာမှာ ပညာဆိုတာလည်း မရှိဘူး၊ သတ္တဝါတွေကို သတ်ရ, ဖြတ်ရအောင်လို့ လက်နက်တွေ ဆန်းဆန်းပြားပြား တီထွင်ကြပြီးတော့ လုပ်ကိုင်တာတွေ ရှိတယ်၊ အဲဒါတွေကို လောကမှာတော့ ပညာလို့ ခေါ်နေကြတာပဲ၊ လောကအနေနဲ့တော့ ဒီလို ပြောဆို ခေါ်ဝေါ်ကြရမှာပါပဲ၊ သာမန်ပုဂ္ဂိုလ်တွေ မပြုလုပ် နိုင်တာတွေကို လုပ်ကိုင်နိုင်ကြတယ်၊ အထူးအဆန်းတွေကို သူတို့မို့ လုပ်ကိုင် နိုင်ကြတာပဲ၊ ကြံလည်း ကြံစည်နိုင်ကြတာပဲ၊ ချီးမွမ်းစရာ ကောင်းပါတယ်၊ ဒါပေမယ့်လို့ အဲဒီလို အကုသိုလ်ဖြစ်ကြောင်း အသိစိတ် အတွေးအခေါ် တွေကိုတော့ ပညာလို့ မခေါ်နိုင်ပါဘူး၊ အဲဒါတွေဟာ ဝိတက်တို့, မောဟတို့ရဲ့ စွမ်းရည်တွေပဲ၊ ဝိတက်တို့, မောဟတို့က ပညာအရာ ရောက်နေကြတယ်လို့ ဆိုရမှာပေါ့လေ၊ ဒါကြောင့် ဒီ အကုသိုလ်မှာ ပညိန္ဒြေလည်း မရှိဘူးတဲ့။
အဲဒီတော့ ဣန္ဒြေ ၃-ပါး လျော့သွားတယ်၊ သဒ္ဓိန္ဒြေရယ်, သတိန္ဒြေရယ်, ပညိန္ဒြေရယ် - ဒီသုံးပါး လျော့သွားတယ်၊ ဝီရိယိန္ဒြေ, သမာဓိန္ဒြေ, မနိန္ဒြေ သောမနဿိန္ဒြေ, ဇီဝိတိန္ဒြေ ၅-ပါးပဲ အကုသိုလ်မှာ ရှိတယ်တဲ့၊ မဂ္ဂင်ကျတော့လည်း ကာမာဝစရ ကုသိုလ်တုန်းက မဂ္ဂင် ၅-ပါးရှိတယ်၊ အဲဒီမှာ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ ရှိပေမယ်လို့ ဒီမှာတော့ မိစ္ဆာဒိဋ္ဌိ, မိစ္ဆာသင်္ကပ္ပလို့ ပြောင်းပြန် ဖြစ်ပြီး ပါရှိပါတယ်၊ ပြီးတော့ ဟိုမှာ သမ္မာဝါယာမနဲ့ သမ္မာသမာဓိလို့ ပါရှိတဲ့နေရာမှာ ဒီမှာတော့ မိစ္ဆာဝါယာမနဲ့ မိစ္ဆာသမာဓိလို့ ပြောင်းပြန် ပါရှိပါတယ်၊ အဲဒီတော့ ဒီ ၄-ပါးပဲရတယ်။ ဘာကျန်ခဲ့သလဲဆိုတော့ မိစ္ဆာသတိမဂ္ဂင် ကျန်နေခဲ့တယ်၊ ဣန္ဒြေတုန်းကလိုပေါ့၊ သုတ္တန်မှာသာ မိစ္ဆာသတိရှိတယ်၊ အခု ဒီမှာတော့ မိစ္ဆာသတိမပါ မရှိပါဘူး၊ ဒါကြောင့် ဒီမှာ မဂ္ဂင် ၄-ပါးတဲ့။
ဗိုလ်တရားလည်း ၄-ပါးပဲ၊ ဟိုမှာတုန်း ကတော့ ဗိုလ်တရား ၇-ပါးပဲ၊ ဟိုမှာ သဒ္ဓိန္ဒြေရှိသလို ဒီမှာ သဒ္ဓါဗိုလ် မရှိဘူး၊ ဟိုမှာ သတိန္ဒြေရှိသလို ဒီမှာ သတိဗိုလ်မရှိဘူး၊ ဟိုမှာ ပညိန္ဒြေရှိသလို ဒီမှာ ပညာဗိုလ် မရှိဘူး၊ အဲဒီ ၃-ပါးလျော့သွားတယ်၊ ဝီရိယဗိုလ်, သမာဓိဗိုလ်, အဟိရိကဗိုလ်, အနောတ္တပ္ပဗိုလ်လို့ ဒီမှာ ဗိုလ် ၄-ပါးပဲ ရှိတော့တယ်။
ဗိုလ်ပြီးတော့ မူလ ၂-ပါးတဲ့၊ အခု ဒီ အကုသိုလ်ကျတော့ လောဘနဲ့ မောဟ ၂-ပါးပဲ၊ လောဘမူစိတ် ဖြစ်နေလေတော့ ဒေါသနဲ့က တွဲမဖြစ်ဘူး၊ ဒါကြောင့် ဒီ လောဘမူ စိတ်မှာ လောဘနဲ့ မောဟလို့ မူလ ၂-ပါးတဲ့။
ကမ္မပထကျတော့ အဘိဇ္ဈာနဲ့ မိစ္ဆာဒိဋ္ဌိ ၂-ပါး၊ ဟိုတုန်းကတော့ အနဘိဇ္ဈာ, အဗျာပါဒ, သမ္မာဒိဋ္ဌိလို့ ရှိခဲ့တယ်၊ အခုဒီမှာ လောဘမူစိတ် ဆိုတော့ ဗျာပါဒဆိုတဲ့ ဒေါသ မပါနိုင်တော့ဘူး၊ ဒါကြောင့် ဒီမှာ အဘိဇ္ဈာနဲ့ မိစ္ဆာဒိဋ္ဌိလို့ ၂-ပါးပဲ။
ကုသိုလ်မှာ တုန်းကတော့ လောကကို စောင့်ရှောက်သည့် တရား ၂-ပါး ရှိခဲ့တယ်၊ ဒီမှာတော့ လောကကို ဖျက်ဆီးတတ်တဲ့ လောကနာသက တရား ၂-ပါးတဲ့၊ သတိပြုကြဖို့ အင်မတန် ကောင်းတယ်၊ ဟိရိ-ရှက်တတ်ရမယ်၊ ဩတ္တပ္ပ - ကြောက်တတ်ရမယ်၊ အရှက်နဲ့အကြောက်ဆိုတာ ရှိရမယ် တဲ့၊ နေရာမရွေး ရှက်ရမယ် ကြောက်ရမယ်လို့ ဒီလိုမဟုတ်ပါဘူး၊ မကောင်းတဲ့ ဒုစရိုက် တရား တွေမှာသာ ရှက်ရ ကြောက်ရမှာပါ၊ ဒီတရား နှစ်ပါးရှိနေလို့ လောက လူတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှုတွေ ရှိနေကြတာပဲ၊ ဒီ တရားနှစ်ပါးသာ တကယ်လို့ မရှိဘူးဆိုရင် ယဉ်ကျေးမှု တွေလည်း ရှိမှာ မဟုတ်တော့ဘူး၊ လူနဲ့ တိရစ္ဆာန်တွေ ထူးခြားမှုမရှိဘဲ အတူတူ ဖြစ်နေကြမှာပဲ၊ ကိုယ် ပုံသဏ္ဍာန်လောက်သာ ထူးခြားပြီး ယဉ်ကျေးမှု မရှိတာချင်း ကတော့ အတူတူနေမှာပဲ၊ တိရစ္ဆာန်တွေကို ကြည့်ပါလား၊ မိဘရယ်၊ သားသမီးရယ်၊ အစ်ကို အစ်မရယ်၊ အသက်ကြီးသူ အသက်ငယ်သူရယ်လို့ မရှိကြတော့ဘူး၊ တစ်ကောင်နဲ့ တစ်ကောင် ရိုသေ ကိုင်းရှိုင်းမှုရယ်လို့ ဘယ်မှာ ရှိကြလို့တုန်း၊ တိရစ္ဆာန်တွေမှာ အဲဒီလိုပဲ ယဉ်ကျေးမှုတွေဟာ ဖောက်ဖောက်ပြန်ပြန် ပျက်စီးနေကြတယ်။
ဒါကြောင့် ဒီနေရာမှာ ပါဝင်နေတဲ့ လောကနာသက - လောကကိုဖျက်စီးတတ်တဲ့ ဒီတရားနှစ်ပါး ကင်းကြဖို့ သတိပြုရမယ်၊ အကုသိုလ်တေ ဆိုတာ ဒါတွေ မကင်းကြလို့ ဖြစ်နေကြတာပဲ၊ အကုသိုလ်တွေ ဖြစ်ပေါ်ဖို့ရာ ဒီ တရားနှစ်ပါးက အရင်းခံ ဖြစ်နေလို့မို့ ဒီတရားနှစ်ပါးကို ကင်းအောင် နေကြဖို့ အထူးလိုအပ် ပါတယ်၊ တိရစ္ဆာန်တွေမှာတော့ ဒီတရားနှစ်ပါး မရှိတာ ဖြစ်လို့ အကုသိုလ်မှုတွေ ပြုရမှာကို ရှက်ရ, ကြောက်ရမှန်း မသိကြဘူး၊ ရှက်မယ်, ကြောက်မယ်ဆိုရင် ဘယ်မှာ အကုသိုလ် တရားတွေကို ပြုကြလိမ့်မှာလဲ မပြုကြဘူးပေါ့၊ ဒါကြောင့် အကုသိုလ် မဖြစ်ကြရလေအောင် လောကနာသက တရားနှစ်ပါး ကင်းပြီးတော့ လောကပါလ တရားနှစ်ပါးနှင့် ပြည့်စုံအောင် နေကြ, ထိုင်ကြဖို့ပါပဲ။ နောက်ပြီးတော့ -
“ယုဂနဒ္ဓ စသည် ၃-ပါး” တဲ့။
ကုသိုလ်မှာ တုန်းကတော့ သမထနဲ့ ဝိပဿနာလို့ အစုံရှိတယ်၊ ဒီမှာတော့ သမထပဲ ရှိတယ်၊ ဝိပဿနာဆိုတာ မရှိဘူး၊ ယုဂ - ဆိုတာ အစုံအစုံကို ဆိုတာပဲ စသည်လို့ ဆိုတာက ပဂ္ဂဟနဲ့ အဝိက္ခေပ - ကျန်သေးတာ ဖြစ်လို့ အတိုကောက်သိမ်းပြီး ဆိုထားလိုက်တာ၊ ပဂ္ဂဟဆိုတာ လုံ့လဝီရိယ တဲ့၊ အဝိက္ခေပဆိုတာက သမာဓိပါပဲ၊ ကုသိုလ်ပဲဖြစ်ဖြစ်, အကုသိုလ်ပဲဖြစ်ဖြစ် ဒီတရားတွေ အင်အားချင်း ညီမျှမှ ဖြစ်ပါတယ်၊ ဒီ တရားနှစ်ပါး ညီမျှမှ သန်သန်စွမ်းစွန်း အောင်မြင်တယ်၊ အဲဒါ ညီမျှနေရမယ့် တရားနှစ်ပါး တဲ့၊ ဒီတရား နှစ်ပါးနဲ့ အခုနက သမထ ပေါင်းလိုက်တော့ ၃-ပါး၊ အဲဒီ ၃-ပါးကို စုပြီး “ယုဂနဒ္ဓ စသည် ၃-ပါး” လို့ ရေးထားတယ်၊ အဲ နောက်ဆုံးစာတမ်းက -
“ဤ ၃၂-ပါးပင် ဖြစ်သည်” တဲ့။
အခုပြောခဲ့တာတွေကို ပြန်ကြည့်ပြီး ပေါင်းလိုက်ရင် ၃၂-ပါးပဲ ရှိတယ်တဲ့၊ အဲဒီမှာ လက်သည်းကွင်း လေးနဲ့ ပြထားတာတွေကို ထည့်ပြီးပေါင်းစရာ မလိုတော့ဘူးတဲ့၊ တရားကိုယ် သက်သက်မှာသာ ပေါင်းတဲ့အခါပေါ့လေ၊ အဲဒီကွင်းလေးတွေကို ချန်ပြီး ပေါင်းရင် “တရားကိုယ်အားဖြင့် ၁၆-ပါး မျှသာရှိသည်” တဲ့။ ကိုင်း - အဲဒါကို ပေါင်းကြည့် ရအောင် ..
ဖဿပဉ္စမက တရား (၅) ပါး။
ဈာနင်ထဲက သုခမှတစ်ပါး (၄) ပါး။
ဣန္ဒြေ ၅-ပါးထဲက (၂) ပါး။
ဝီရိယနဲ့ ဇီဝိတိန္ဒြေ မဂ္ဂင် ၄-ပါးထဲက (၁) ပါး။
မိစ္ဆာဒိဋ္ဌိ ဗိုလ် ၄-ပါးထဲက (၂) ပါး။
အဟိရိကနဲ့ အနောတ္တပ္ပမူလက (၂) ပါး။
လောဘ မောဟ အဲဒါ တရားကိုယ်တွေပါပဲ၊ အားလုံးပေါင်း ၁၆-ပါးပဲ၊ ကမ္မပထ-စသည်တွေကတော့ ဒီ ၁၆-ပါး ထဲမှာ တူနေတာဖြစ်လို့ အပါအဝင် ဖြစ်သွားပြီ၊ “တရားကိုယ်အားဖြင့် ၁၆-ပါး ရှိသည်” ဆိုတာ အဲဒါပါပဲ၊ နောက်ပြီးတော့
“ယေဝါပနကအရ အဋ္ဌကထာ၌ ပြထားသော တရားတို့မှာ ဆန္ဒ အဓိမောက္ခ မနသိကာရ ဥဒ္ဒစ္စ ဤ ၄-ပါး နှစ်ရပ်ပေါင်းတွင် တရားကိုယ် ၂၀-မျှသာ ဖြစ်သည်” တဲ့။ ၁၆-ပါးနဲ့ ၄-ပါး ပေါင်းရင် တရားကိုယ် ၂၀-တဲ့၊ ယေဝါပနကထဲမှာ ကုသိုလ်တုန်းကတော့ တတြမဇ္ဈတ္တတာ ပါတယ်၊ အခု ဒီအကုသိုလ်ကျတော့ အဲဒါမပါဘူး။ အဲဒီနေရာမှာ ဥဒ္ဓစ္စဆိုတာ ပါလာတယ်၊ ဒါပဲ ထူးပါတယ်၊ ဒီပြင် အကုသိုလ်စိတ် အနေနဲ့ဆိုရင်တော့ ယေဝါပနကတရားတွေ ရှိသေးတာပေါ့၊ မာန ဣဿာ မစ္ဆရိယ ကုက္ကုစ္စတို့ ရှိသေးတယ်၊ အခုစိတ်က လောဘမူ ပထမအသင်္ခါရိက အကုသိုလ်စိတ်ဆိုတော့ အဲဒီ ယေဝါပနက တရားတွေနဲ့က မဆိုင်ဘူး။ ဒါကြောင့် “လောဘမူပထမအသင်္ခါရိက၌ ပါဝင်သောတရားတို့သည် ၃၂-ပါး ဖြစ်၏။ တရားကိုယ်အားဖြင့် ၂၀-မျှသာ ဖြစ်သည်” တဲ့။ အဲဒါဟာ လောဘမူ ပထမအသင်္ခါရိကစိတ်နဲ့ အတူတကွဖြစ်တဲ့ တရားတွေပဲတဲ့၊ အင်း ၃-နာရီ လောက်တောင် ရှိသွားပြီ၊ တရားက အခုမှ ခေါင်းစဉ်ပြီးကာ ရှိသေးတယ်၊ အချိန်က မရှိဘူး၊ မနက်ဖြန်မှ ဆက်ဟောရမှာပဲ၊ ကျန်ရှိသေးတဲ့ အချိန်လေးနဲ့ သိသင့်တာ လေးကို ဆက်ပြော ရဦးမယ်။
“သမထော ဟောတိ” လို့ ဒီမှာ မြတ်စွာဘုရားက ဟောကြား ထားပါတယ်၊ သမထ - ဆိုတာ သမာဓိတဲ့၊ သမာဓိ ဆိုတာကလည်း ခိုင်မာတဲ့ သဘောရှိတယ်၊ ဒါကြောင့် “သမထော ဟောတိ” လို့ ဟောထားတာ၊ တချို့ စိတ်တွေကျတော့ သမာဓိ ပါပေ မယ်လို့ အင်အားမကောင်းတော့ “သမထော ဟောတိ” လို့ ထည့် မဟောဘူး၊ ကုသိုလ်စိတ် တွေမှာတော့ သမထော ဟောတိ” လို့အကုန်လုံးမှာ ပါတယ်၊ ကာမကုသိုလ်မှာလည်း ပါတယ်၊ ရူပ အရူပကုသိုလ် တွေမှာလည်း ပါတယ်၊ လောကုတ္တရာ ကုသိုလ်မှာဆိုတော့ ပြောစရာကို မလိုတော့ဘူး၊ သေသေချာချာကို ပါတာပေါ့၊ အဲဒီလို ကုသိုလ်တိုင်းမှာ သမထပါတာချည်းပဲ။ အကုသိုလ်စိတ် ၁၂-ပါး ရှိရာမှာ ဝိစိကိစ္ဆာစိတ်ကျတော့ သမာဓိက အားမကောင်းဘူး၊ အားမကောင်းတော့ အဲဒီမှာ ထည့် မဟောဘူး၊ ကျန်တဲ့စိတ် ၈၀-မှာတော့ “သမထော ဟောတိ” လို့ ဟောတာချည်းပဲ၊ အဲဒါကို အကြောင်းပြုပြီးတော့ ဂိုဏ်းဆရာကြီး တစ်ယောက်လို့ ဆိုရမှာပေါ့လေ၊ သူ့နာမည်ကို ထုတ်ဖော်ပြီး မပြောလိုပါဘူး၊ အဲ - သူက ဒီ အကုသိုလ်နေရာမှာ “သမထော ဟောတိ” လို့ ဟောတာနဲ့ သမထဟူသမျှကို မခွဲမခြားဘဲ သမထဟာ အကုသိုလ်ဖြစ်တယ်လို့ ဆုံးဖြတ်ထားပါတယ်၊ အဲဒါကို စာရွက်စာတမ်းတွေ ရိုက်နှိပ်ပြီး ဖြန့်ဝေတယ်၊ တော်တော် နေရာမကျတာပဲ၊ ဒီလိုပုဂ္ဂိုလ် တွေအတွက် ခက်ပါတယ်။
ဒီ “သမထော ဟောတိ” ဆိုတာက သဘာဝတွေကို ဝေဖန် ဟောကြား ထားတာပဲ။ သဘာဝအတိုင်း သမာဓိကို သမထလို့ ပြောတာ၊ သမာဓိကို သမထလို့ ပြောတဲ့အတွက် သူက သမထကို အကုသိုလ်လို့ ဆုံးဖြတ်တယ်၊ တရားကိုယ် အားဖြင့်တော့ သမထဆိုတာ ဧကဂ္ဂတာ စေတသိက်ပဲ၊ ဒီတော့ အကုသိုလ်မှာရှိတဲ့ သမထဟာ အကုသိုလ်သမထပေါ့၊ ကုသိုလ်မှာ ရှိတဲ့ သမထဟာ ကုသိုလ်သမထပေါ့၊ သမထဆိုတိုင်း အကုသိုလ်ဆိုရင် မခက်ဘူးလား၊ သမာဓိတို့, သမထတို့ ဆိုတာ အမှန်က ဧကဂ္ဂတာစေတသိက်ပဲ၊ အဲဒီ ဧကဂ္ဂတာ စေတသိက်ဟာ စိတ် ၈၉-အားလုံးမှာ ယှဉ်ဖြစ်တာချည်းပဲ၊ ဒါကို သူသိပုံမရပါဘူး၊ ဘယ်စိတ်မဆို အာရုံယူနိုင်တော့ ဧကဂ္ဂတာ သမာဓိ ဖြစ်တာချည်းပဲ။
ဒိဋ္ဌိဂတသမ္ပယုတ်တဲ့
▬▬▬▬▬▬▬▬
သမထကို အကုသိုလ်လို့ ဆုံးဖြတ်တဲ့သူက မြတ်စွာဘုရား ဟောကြားထားတဲ့ သတိပဋ္ဌာန်ကို ထိခိုက်ပြီး ပြောလိုက်သေးတယ်၊ သတိပဋ္ဌာန် ပါဠိတော်မှာ လာတဲ့အတိုင်း ဝိပဿနာ ရှုမှတ်လို့ဖြစ်တဲ့ သမထကို အဲဒါဟာ ဒီမှာ “သမထော ဟောတိ”လို့ ပါခြင်းကြောင့် အကုသိုလ် ဒိဋ္ဌိဂတသမ္ပယုတ်တဲ့၊ သူက ဒီလို ဆုံးဖြတ်တယ်၊ ဒါကို သူ့တပည့်တွေ ကတော့ ယုံချင် ယုံနေကြမှာပဲ၊ အတော်ကို နေရာမကျတဲ့ ဥစ္စာပဲ၊ နေရာမကျတာမှ တော်တော့ကို နေရာ မကျတာ။
အကုသိုလ် ဒိဋ္ဌိဂတ သမ္ပယုတ် ဆိုတာ သတိပဋ္ဌာန် ဝိပဿနာ သမထကို ဆိုတာ မဟုတ်ပါဘူး။ စောစောကပြောခဲ့တဲ့ မိစ္ဆာအယူတွေကို ယူတယ်ဆိုရင် အဲဒါ ဒိဋ္ဌိဂတသမ္ပယုတ်စိတ်တွေ ဖြစ်နေတာပဲ၊ ပုဂ္ဂိုလ်သတ္တဝါ အနေနဲ့ စွဲလမ်းနေတဲ့စိတ်၊ ပြီးတော့ အဲဒီ ပုဂ္ဂိုလ်သတ္တဝါဟာ အမြဲတမ်း တည်ရှိနေတယ်, ဘယ်တော့မှ မပျက်စီး ဘူးလို့ ထင်တဲ့ သဿတဒိဋ္ဌိ - အဲဒီလို စွဲလမ်းနေတဲ့စိတ်, နောက်ပြီးတော့ သေပြီးရင် ဘာမှ မရှိတော့ဘူး၊ ပျောက်ဆုံး သွားတာပဲ၊ ကုသိုလ် အကုသိုလ်ရယ်လို့လည်း မရှိဘူး၊ အဲဒါတွေရဲ့ ကောင်းကျိုး, ဆိုးကျိုးတွေလည်း မရှိဘူးလို့ ယူတဲ့ အယူတွေကို စွဲလမ်းနေတဲ့စိတ်, နောက်ပြီးတော့ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ဆိုပြီး မမှန်ကန်တဲ့ အလေ့အကျင့် တစ်စုံတစ်ခုကို လေ့ကျင့်နေမှု ကို စွဲလမ်းနေတဲ့စိတ် အဲဒါတွေမှ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် တွေပဲ။
ဒီလို မိစ္ဆာအယူဝါဒတွေကို ယူတဲ့ ပုဂ္ဂိုလ်တွေမှာလည်း ခိုင်မြဲတဲ့ သမာဓိဆိုတာ သူတို့မှာလည်း ရှိတာပေါ့၊ တကယ်လို့ဒီ သမာဓိမရှိရင် သူတို့တတွေဟာ ဟို အယူပြောင်း ဒီအယူပြောင်း ပရမ်းပတာ ဖြစ်ချင်သလို ဖြစ်နေကြမှာပေါ့၊ အဲဒီလို မဖြစ်စေဘဲ သူတို့ယူတဲ့ အယူဝါဒ ခိုင်မြဲတဲ့ သမာဓိ ဆိုတာလည်း ရှိတာပေါ့၊ အဲဒီလို အကုသိုလ် သမာဓိကို ဒီနေရာမှာ သမထလို့ ဆိုပါတယ်၊ အကုသိုလ်မှာ ပါဝင်နေတဲ့ သမထပေါ့၊ ဝိပဿနာ ကုသိုလ်သမထနဲ့ ဘာမှ မဆိုင်ပါဘူး၊ သမထဆိုတိုင်း အကုသိုလ်သမထချည်း ဆိုရင် မခက်ပေဘူးလား၊ မြတ်စွာဘုရားကလည်း အကုသိုလ် မှာချည်း သမထအမည် ကို ဟောကြားထားတာ မဟုတ်ပါဘူး၊ ကုသိုလ် နေရာမှာလည်း ဟောတယ်၊ အကုသိုလ် နေရာမှာလည်း ဟောတယ်၊ ဒီတော့ ကုသိုလ်နေရာမှာ ဟောတဲ့ သမထကိုတော့ သူ ဘယ်လိုဆုံးဖြတ်မှာလဲ၊ ကုသိုလ် နေရာမှာဟောတဲ့ သမထကို အကုသိုလ် သမထ လို့ ဆုံးဖြတ်တဲ့ အဆုံးအဖြတ်ဟာ ဟုတ်နိုင်တော့ပါမလား၊ မဟုတ်ပါဘူး။
အကုသိုလ်မှာပါတဲ့ သမထကို ကြည့်ပြီး ကုသိုလ် နေရာမှာပါတဲ့ သမထကိုတော့ မကြည့်ဘဲ “သမထဆိုတာ အကုသိုလ်” လို့ ဆိုတဲ့သူဟာ “တရားတော်ရဲ့ သဘောမှန်ကို မယူတတ်, မဆ တတ်ဘူး” ဆိုတာ ထင်ရှားတာပဲ၊ သမထဆိုတာ သူ့နေရာနဲ့ သူရှိနေတဲ့ ဥစ္စာပဲဟာ၊ ဒီအဓိပ္ပာယ်ကို သူက တကယ် မသိလို့လေလား၊ ဒါမှမဟုတ်ရင်လည်း ဝိပဿနာရှုမှတ် နေကြတဲ့ ယောဂီတွေ ထင်ယောင်ထင်မှား ဖြစ်ပြီး ပျက်စီးကုန်အောင် တမင်သက်သက် လုပ်ကြံ ဆုံးဖြတ်တာလား ဆိုတာကိုတော့ မပြောတတ်ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ၊ ဒါကတော့ အင်မတန် နေရာမကျတဲ့ ကိစ္စပါပဲ။
အဋ္ဌကထာ အဖွင့်
▬▬▬▬▬▬▬
ဒီ သမထနေရာမှာ အဋ္ဌကထာက ဖွင့်ပြထားပါတယ်။
“အညကိစ္စေသု အဝိက္ခေပဝသေန”တဲ့၊
အညကိစ္စေသု - တစ်ပါးသောကိစ္စတို့၌။
အဝိက္ခေပဝသေန - မပျံ့လွင့်သည်၏ အစွမ်းအားဖြင့်။
သမထော - ပျံ့လွင့်မှုကို ငြိမ်းစေတဲ့ သမထသည်။
ဟောတိ - ဖြစ်၏။
အကုသိုလ်မှာလည်း အကုသိုလ် အလိုက် သူ့ကိစ္စကိုသူ တည်ကြည်စွဲမြဲ နေလို့ရှိရင် ဒီပြင်နေရာကို ပျံ့လွင့် မသွားဘူး၊ မပျံ့လွင့်ရင် သူ့ကိစ္စဟာ ထမြောက် အောင်မြင်တော့ တာပဲ။
ဥပမာဆိုပါတော့ သတ္တဝါတစ်ကောင်ကို သတ်မယ်လို့ စိတ်ကူးတယ်၊ အဲဒီ စိတ်ကူးအတိုင်း စွဲမြဲနေလို့ ရှိရင်တော့ သတ္တဝါကို သတ်ဖြတ်တော့တာပဲ၊ တုတ်နဲ့ ရိုက်မယ်, ဓားနဲ့ခုတ်မယ် စသည်ဖြင့် ဒီလိုစိတ်ကူးနဲ့ တုတ်ကိုသွားယူတယ်၊ ဓားကို သွားယူတယ်၊ ယူပြီးတော့ ရိုက်တယ်, ခုတ်တယ်, သတ္တဝါ သေသွားတယ် ဆိုပါတော့၊ အဲဒီအတွင်းမှာ သတ္တဝါ သေသည်အထိ သတ်လိုတဲ့စိတ်ဟာ တည်မြဲနေတယ်၊ ဒါကြောင့် သတ္တဝါကို သတ်မှု ထမြောက် အောင်မြင် သွားတယ်၊ သတ်လိုတဲ့စိတ်တွေ မတည်မြဲဘဲ ပြောင်းလဲသွားမယ် ဆိုရင် သတ္တဝါကိုသတ်ဖို့ရာ ထမြောက် အောင်မြင် မယ် မဟုတ်ဘူးပေါ့၊ အကုသိုလ် မဖြစ်တော့ဘူး၊ ခိုးမှု, လိမ်ညာမှု စသည်တို့မှာလည်း အတူတူပါပဲ။
သေနတ်တွေ ဘာတွေနဲ့ ပစ်တဲ့နေရာမှာ သာပြီး ထင်ရှားသေးတယ်၊ သမာဓိမရှိရင် မှန်အောင် မပစ်နိုင်ဘူး၊ စိတ်တည်ငြိမ်မှုရှိမှ မှန်အောင် ပစ်နိုင်တယ်တဲ့၊ အဲဒါကြောင့် အကုသိုလ် ပြုရာမှာလည်း စိတ်တည်ငြိမ်မှုကို သမာဓိလို့ ခေါ်ပါတယ် အဲဒီ သမာဓိကို မြတ်စွာဘုရားက သမထလို့ ဟောတော်မူတာပါပဲ။
ဒီ အကုသိုလ်နေရာမှာ နီဝရဏတွေ ကင်းစင်လို့ သမထ ဆိုတာလားလို့ မေးစရာရှိပါတယ်၊ ဒီလိုမဟုတ်ပါဘူး၊ ဒါဖြင့် ဘယ်လိုကြောင့် သမထ ခေါ်သလဲ ဆိုတော့ တခြားတစ်ပါး အာရုံ ကိစ္စတွေထဲ မကျမရောက်ဘဲ သူ့ အကုသိုလ် အာရုံကိစ္စ ထဲမှာသာ တည်ငြိမ်စွဲမြဲ နေတာဖြစ်လို့မို့ သမထခေါ်ပါတယ်တဲ့၊ အဋ္ဌကထာက အဲဒီလို ဖွင့်ပြထားပါတယ်။
ပြောဖို့ရာ ဆိုက်ရောက်လာလို့ ပြောတာပါ
▬▬▬▬▬▬
အဲဒီ ဝိပဿနာ ရှုမှတ်နေကြတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဘာမှ မဆိုင်ပါဘူး၊ ဒီပါဠိတော် ထဲမှာလည်း ဒီလိုအဓိပ္ပာယ်မျိုး မပါပါဘူး၊ အခုလိုပြောရတာလည်း ပါဠိတော်လာ အဓိပ္ပါယ်ပြောဖို့ ဆိုက်ရောက်လာတာနဲ့ ဘုန်းကြီးကပြောတာပါ၊ ဘုရားဟော ပါဠိတော်ကို တိကျစွာ နားလည်ဖို့ လိုပါတယ်၊ ကိုယ့်အတ္တနောမတိနဲ့ ကိုယ့်ဟာကိုယ် သဘောကျပြီး ထင်ရာမြင်ရာတွေ လျှောက်ပြီးတော့ အဓိပ္ပါယ် ကောက်ယူလို့ ဖြစ်တာမဟုတ်ဘူး၊ အဲဒါတွေကို သိအောင်လို့ ဘုန်းကြီးတို့က ပြောရတာပဲ၊သူတို့ နစ်နာထိခိုက်စေလိုလို့ ပြောတာတော့ မဟုတ်ပါဘူး၊ ကိုင်း - ဒီလောက်နဲ့ပဲ ထားလိုက်ကြဦးစို့၊
ဒီအကုသိုလ် နေရာမှာလည်း မှတ်သားစရာတွေ အများကြီးရှိတာပဲ၊ ရှောင်ကြဉ်ရမယ့် အကုသိုလ် တရား တွေဆိုတော့ နားလည်ထားဖို့ရာ အင်မတန်မှ သင့်လျော်ပါတယ်။ ဒီလိုမဟုတ်ရင် ကိုယ့်မှာ အကုသိုလ်ဖြစ်နေတာကို ဖြစ်မှန်းမသိသာ ရှိနေတတ် ကြတယ်၊ အကုသိုလ် ဖြစ်နေပါလျက်လည်း ကုသိုလ်တွေလို့ ထင်မှတ်နေတာလည်း ရှိတတ်သေးတယ်၊ ဒါတွေက အရေးကြီးပါတယ်၊ အဲဒါတွေကို နက်ဖြန်ကျမှ ဆက်ပြီးဟောရဦးမယ်၊ ကိုင်း အမျှဝေပြီး တရားသိမ်းကြရအောင်။
ယနေ့အဖို့၌ အကျွန်ုပ်တို့ ပြုစုပွားများ အားထုတ်အပ်သော ကောင်းမှုအပေါင်း၏ အဖို့ဘာဂကို အမိအဘတို့မှစ၍ အလုံးစုံသော သတ္တဝါ အပေါင်းတို့အား အမျှ ပေးဝေ ပါကုန်၏၊ အလုံးစုံသော သတ္တဝါ အပေါင်းတို့သည် အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
အမျှ … အမျှ … အမျှ … ယူတော်မူကြပါကုန်လော့။
သာဓု … သာဓု … သာဓု ….။
အဘိဓမ္မာ တရားတော်ကြီး
▬▬▬▬▬▬▬▬▬▬
ဒီကနေ့ဆိုရင် (၁၇-၄-၇၅) ၁၃၃၇-ခုနှစ် ဖြစ်သွားပြီ၊ တန်ခူးလဆန်း ၇-ရက်၊ နှစ်ဆန်း ၁-ရက် နေ့ဆိုတော့ နှစ်သစ်မင်္ဂလာနေ့ပေါ့၊ နှစ်သစ်မင်္ဂလာ တရားပွဲနဲ့ တရားဟော, တရားနာပြီးတော့ နှစ်ဆန်းလိုက်ကြ ရမှာပေါ့၊ ဟောတဲ့ တရားကလည်း အဘိဓမ္မာ တရားတော်တဲ့၊ အဲဒီ အဘိဓမ္မာ တရားမှာ ကုသလာဓမ္မာ ပြီးလို့ အကုသလာ ဓမ္မာကို မနေ့ကစပြီး ဟောခဲ့တယ်၊ ကနေ့ အဲဒါကိုပဲ ဆက်ပြီး ဟောရမယ်။
အကုသလာ ဓမ္မ ဆိုတာ ပဟာတဗ္ဗ တရားတဲ့၊ ပယ်သင့် ပယ်ထိုက်တဲ့ တရား, ပယ်ရမည့် တရားဆိုတာ သိထားဖို့ရာ အရေးကြီးပါတယ်၊ ကျန်းမာရေး လိုလားတဲ့ ပုဂ္ဂိုလ်တွေဟာ ရောဂါ ဝေဒနာ ဖြစ်ပွားစေတတ်တဲ့ အကြောင်းအရာ တွေကို သိထား ပါမှ အဲဒါတွေကို ရှောင်နိုင်တယ်၊ ရှောင်မှလည်း လိုလားတဲ့ အတိုင်း ကျန်းမာမယ်၊ အဲဒါလိုပါပဲ၊ ပယ်ရမယ့် အကုသိုလ် တရားတွေကို သိထားမှ အဲဒီ အကုသိုလ် တရားတွေ ပယ်နိုင်မယ်၊ ပယ်နိုင်မှ အဲဒီ အကုသိုလ် တရားတွေ မဖြစ်ပွားမှာ၊ ဒီတော့မှ ကုသိုလ်တွေ ဖြစ်ပြီး သီလ, သမာဓိ, ပညာတွေ ပြည့်စုံသွား နိုင်တာပေါ့၊ မနေ့က ပထမ, အစဆုံးမှာ လောဘမူ အကုသိုလ်စိတ်ကို ပြောခဲ့တယ်။
“ယသ္မိံ သမယေ - အကြင်အခါ၌၊
သောမနဿသဟဂတံ - ရွှင်လန်း ဝမ်းသာမှုနှင့်တကွ ဖြစ်သော၊
ဒိဋ္ဌိဂတသမ္ပယုတ္တံ - မိစ္ဆာအယူနှင့် ယှဉ်သော၊
အကုသလံစိတ္တံ - အကုသိုလ်စိတ်သည်၊
ဥပ္ပဇ္ဇတိ - ဖြစ်၏၊”
လိုချင်နှစ်သက်မှု ဖြစ်ရာမှာ ရွှင်ရွှင်လန်းလန်း နဲ့တကွ မိစ္ဆာအယူကို ယူပြီးဖြစ်တဲ့ အကုသိုလ်စိတ် တဲ့၊ မနေ့က မိစ္ဆာအယူ တွေကို ပြောခဲ့တာ တော်တော် စုံသွားပါပြီ၊ ပရိသတ် အသစ်တွေလည်း ပါနေတော့ အကျဉ်းမျှ လောက်တော့ ထပ်ပြီး ပြောဦးမှဖြစ်မယ်။
အတ္တဒိဋ္ဌိ - အတ္တအနေနဲ့ စွဲတဲ့အယူ၊ ငါကောင် သတ္တဝါကောင် ရှိတယ်လို့ ယူတဲ့အယူ၊
သဿတဒိဋ္ဌိ - ငါကောင် သတ္တဝါကောင်ဟာ အမြဲတမ်း တည်နေတယ်လို့ ယူတဲ့အယူ၊
ဥစ္ဆေဒဒိဋ္ဌိ - သေပြီးရင် ဘာမျှ မရှိဘူးလို့ ယူတဲ့အယူ၊ ကုသိုလ်ကံ အကုသိုလ်ကံ မရှိ၊ အဲဒီကံတွေရဲ့ အကျိုးအပြစ်ဆိုတာလည်း မရှိလို့ယူတာ၊ ဒီအယူကတော့ အကြီးဆုံးနဲ့ အကြီးစား အယူပါပဲ။
ပြီးတော့ သီလဗ္ဗတပရာမာသဒိဋ္ဌိ၊ တစ်စုံတစ်ခုသော အလေ့အကျင့်ဖြင့် သံသရာ ဝဋ်ဆင်းရဲက လွတ်မြောက်ပြီးတော့ အမြဲတမ်း ချမ်းသာသွားတယ်လို့ ယုံကြည် ယူဆတဲ့ ဘာသာရေး အယူအဆ တွေ၊ ဗုဒ္ဓသာသနာတော်ရဲ့အပြင်ဘက်မှာ နွား၊ ခွေးတို့ရဲ့ အလေ့အကျင့်တွေကို ကျင့်တာတွေ၊ အဲဒါတွေကို မနေ့က နည်းနည်းပြောခဲ့ ပြီးပါပြီ၊ ဒီပြင်လည်း သစ်ပင်၊ တော၊ တောင် စသည်တွေကို ကိုးကွယ်ရာလုပ်ပြီး ကိုးကွယ်နေကြတာတွေ၊ ကောင်းကင်ဘုံက သိကြား၊ ဗြဟ္မာ၊ ဗိဿနိုး၊ နတ်၊ တာရာ နက္ခတ်ဂြိုဟ်တွေကို ကိုးကွယ်နေကြတာတွေ၊ အဲဒါတွေကို ကိုးကွယ်တာနဲ့ပဲ နောင်သံသရာ ဘဝမှာ ချမ်းသာမြဲတယ်လို့ ယုံကြည်ပြီး ကျင့်နေကြတာတွေ၊ အဲဒါ တွေဟာ သီလဗ္ဗတပရာမာသဒိဋ္ဌိ တွေပါပဲ၊ အဲဒါတွေကို မမှားကြဖို့ အရေးကြီးပါတယ်။
သောတာပတ္တိမဂ်ကိုရအောင် အားထုတ်လို့ သောတာပတ္တိမဂ်ကို ရမှသာ အဲဒီ အယူမှားတွေမှ စိတ်ချလက်ချ လွတ်ကင်းသွားမယ်၊ သောတာပတ္တိမဂ်ကို ရောက် သွားမှ မိစ္ဆာဒိဋ္ဌိရယ်၊ ဝိစိကိစ္ဆာရယ်၊ သီလဗ္ဗတပရာမာသရယ် အဲဒီသုံးမျိုးက ကင်းသွား တာပဲ၊ ပုဂ္ဂိုလ် သတ္တဝါအနေနဲ့ စွဲလမ်းတဲ့ အတ္တဒိဋ္ဌိလည်း ကင်းသွားတယ်၊ အတ္တဒိဋ္ဌိ ကင်းသွားမှတော့ သဿဘဒိဋ္ဌိလည်း ကင်းသွားတော့ တာပဲ၊ ဘုရား၊ တရား၊ သံဃာ အကျင့်သီလ သိက္ခာနဲ့ စပ်ပြီးတော့လည်း ဟုတ်မှ ဟုတ်ပါ့မလားလို့ ယုံမှားတဲ့ ဝိစိကိစ္ဆာ ဆိုတာလည်း ကင်းသွားတယ်၊ ဒါတွေ ဘာကြောင့် ကင်းသွားသလဲ ဆိုရင် အမှန်တရား ကို လက်ကိုင် ရရှိသွားလို့ပါပဲ တဲ့။
အမှန်တရားကို ကိုယ်တိုင် သိပြီးသား ဖြစ်နေတော့ ဘယ်သူကပဲ ဘယ်လို လှုပ်ချောက်ချား၊ လှုပ်ချောက်ချား မတုန်လှုပ်ဘူးပေါ့။
“ယထိန္ဒခိလော ပထဝိဿိတော သိယာ၊
စတုဗ္ဘိ ဝါတေဟိ အသမ္ပကမ္ပိယော။
တထူပမံ သပ္ပုရိသံ ဝဒါမိ၊
ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
အဲဒါ ပရိတ်ကြီး ပါဠိ ရတဲ့ လူတွေများပါတယ်၊ ရတနာ့သုတ်ထဲက ဂါထာ တစ်ပုဒ်ပါပဲ၊
ပထဝိဿိတော - မြေ၌ခိုင်တည် ကောင်းစွာ မှီသော၊
ဣန္ဒခိလော - တံခါးတိုင်ကြီးသည်၊
စတုဗ္ဘိ ဝါတေဟိ - အရှေ့အနောက် တောင်မြောက်ဒိသာ လေးမျက်နှာတို့မှ လာလာ သမျှသော လေတို့သည်၊
ဝါ - လာလာသမျှသော လေတို့ကြောင့်၊
အသမ္ပကမ္ပိယော - မလှုပ်ရှားစေနိုင်သည်၊
သိယာ ယထာ - ဖြစ်ရာသကဲ့သို့” တဲ့။
ရှေးက အိန္ဒိယပြည် မြို့အဝင်ပေါက်မှာ အလှစိုက်ထားတဲ့ တံခါးတိုင်ကြီးတွေ ဆိုတာ ရှိတယ်၊ မြေပေါ်မှာ ရှစ်တောင်လောက် မြင့်တယ်ဆိုရင် မြေကြီးထဲမှာလည်း ရှစ်တောင်လောက်ပဲ မြှုပ်ထားတတ်ကြတယ်၊ အနှစ်အသားတွေကို ချောချောမောမော လှလှပပ ပြုလုပ်ထားလေ့ ရှိကြတယ်၊ အရပ်လေးမျက်နှာမှ လာတဲ့ လေတွေ ဘယ်လိုပဲတိုက်တိုက် ဒီတိုင်ကြီးက မလှုပ်ဘူး တဲ့။ အဲဒီလိုပါပဲ တဲ့။
ယော - အကြင် ပုဂ္ဂိုလ်သည်၊
အရိယသစ္စာနိ - လေးပါးသော အရိယသစ္စာတို့ကို၊
အဝေစ္စ - သောတာပတ္တိမဂ် ကိုယ်ပိုင်ဉာဏ်ဖြင့် သက်ဝင်၍၊
ပဿတိ - မြင်၏၊
ဣဒမ္ပိ သပ္ပုရိသံ - ဤသို့သော အရိယာ သူတော်ကောင်းကိုလည်း၊
တထူပမံ - ထိုတံခါးတိုင်ကြီးနှင့်တူ၏ ဟူ၍၊
အဟံ - ငါဘုရားသည်၊
ဝဒါမိ - ဟောတော်မူ၏” တဲ့၊
ဝိပဿနာ တရားတွေကို ကိုယ်တိုင် အားထုတ်လို့ အဆင့်ဆင့် တက်လာတဲ့ ကိုယ်ပိုင် သောတာပတ္တိမဂ်ဉာဏ်နဲ့ သိမြင်ထားတဲ့ အရိယာ ပုဂ္ဂိုလ်ဟာ တံခါးတိုင်ကြီးလိုပဲ တဲ့၊ တံခါးတိုင်ကြီး ဟာ အရပ်လေးမျက်နှာမှ တိုက်ခတ်တဲ့ လေတွေ ဘယ်လို တိုက်ခတ် မလှုပ်သလိုပဲတဲ့၊ အရိယာပုဂ္ဂိုလ် ဆိုတာလည်း ဒီလိုပဲ၊ ဘယ်လို ဝါဒတွေနဲ့ လှုပ်ချောက်ချား လှုပ်ချောက်ချား မတုန်လှုပ်တော့ဘူး တဲ့၊ ခိုင်မြဲနေပြီတဲ့၊ တံခါးတိုင် ကြီးနဲ့ ဥပမာပြုပြီး ဟောကြားထားပါတယ်၊ အရိယပုဂ္ဂိုလ်တို့ သစ္စာလေးပါး သိမြင်ပုံ ကိုတော့ ဘုန်းကြီးတို့က ဉာဏ်စဉ် တရားထဲမှာထည့်ပြီး ဟောထားပါတယ်၊ အဲဒါကို အမေးလေးက -
“သစ္စာလေးချက်၊ တစ်ပြိုင်နက်၊ သိချက် ဘယ်သို့နည်း” တဲ့။
အဖြေက “နိဗ္ဗာန်မြင်တာ၊ ကြွင်းသစ္စာ၊ မှန်စွာ သိမှုပြီး”တဲ့။
နိဗ္ဗာန်တစ်ခုကို မြင်လိုက်တာနဲ့တစ်ပြိုင်နက် ကြွင်းတဲ့သစ္စာတွေကို သိခြင်းကိစ္စ ပြီးပါတယ်တဲ့၊ ဖြစ်ပျက်နေတဲ့ ရုပ်နာမ် ဒုက္ခသစ္စာ တွေကို ရှုမှတ်နေရာက ဖြစ်ပျက်ရုပ်နာမ် ဆင်းရဲတွေ လုံးဝဆိတ်သုဉ်းသွားတဲ့ နိဗ္ဗာန်ကို တွေ့သွားတယ်။ နိဗ္ဗာန်ကို တွေ့သွားတော့ နိဗ္ဗာန်ဟာ အကောင်းဆုံး အငြိမ်းဓာတ်ပဲ၊ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေဟာ ဆင်းရဲတွေပဲ၊ မငြိမ်းတဲ့ တရားတွေပဲ လို့လည်း တစ်ပြိုင်နက် သိသွားတယ်၊ အဲဒီဆင်းရဲတွေကို သာယာနှစ်သက်မှု သမုဒယ ဆိုတာလည်း မရှိတော့ဘူး၊ သမုဒယကို ပယ်ခြင်းကိစ္စ ပြီးသွားတာပါပဲ၊ နိဗ္ဗာန်ကို မြင်တယ်ဆိုတာ နိရောဓသစ္စာကို မျက်မှောက် ပြုတာပါပဲ၊ နိရောဓသစ္စာကို မျက်မှောက်ပြုတာက မဂ်စိတ်ဖြစ်ပြီး အဲဒီမဂ်စိတ်က မျက်မှောက်ပြု သိလိုက်တာပါပဲ၊ အဲဒီမဂ်စိတ် ဖြစ်ပွား လာတာကိုပဲ မဂ္ဂသစ္စာ ပွားခြင်းကိစ္စ ပြီးတယ်လို့ ဆိုတာဖြစ်ပါတယ်။
အဲဒီလို သစ္စာလေးပါး တို့တွင် ပိုင်းခြား သိသင့်တဲ့ ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်းကိစ္စ, ပယ်သင့်တဲ့ သမုဒယသစ္စာကို ပယ်ခြင်းကိစ္စ၊ မျက်မှောက် ပြုသင့်တဲ့ နိရောဓ သစ္စာကို မျက်မှောက်ပြုခြင်းကိစ္စ၊ ဖြစ်ပွားသင့်တဲ့ မဂ္ဂသစ္စာကို ဖြစ်ပွား စေခြင်းကိစ္စ အဲဒီကိစ္စ လေးချက်ကို တစ်ပြိုင်နက်တည်း ပြီးစီး ပြည့်စုံသွားပြီ ဆိုရင် သောတာပန် အရိယာပုဂ္ဂိုလ် အဖြစ်သို့ ရောက်သွား တော့တာပဲ၊ အဲဒီ သောတာပန် ပုဂ္ဂိုလ် ဖြစ်သွားပြီဆိုရင် မြေမှာစိုက်ထားတဲ့ တံခါးတိုင်ကြီးဟာ ဘယ်ကလေလာလာ မတုန်မလှုပ်တော့သလို ဘယ်လို မိစ္ဆာအယူဝါဒ တွေနဲ့ပဲ တွေ့တွေ့ မတုန်လှုပ် တော့ဘူးတဲ့၊ ကိုယ်တိုင် သိမြင်ပြီးဖြစ်တဲ့ အယူဝါဒမှန်ကိုသာ ခိုင်ခိုင်မြဲမြဲယူပြီး အရဟတ္တ မဂ်ဖိုလ် အဆင့်တိုင်အောင် တက်ရောက် သွားပါတယ် - တဲ့။
သံဃေ - သံဃာတော်၏၊
ဣဒမ္ပိ ရတနံ - ဤရတနာ၏ အဖြစ်သည်လည်း၊
ပဏီတံ - မြတ်လှပါပေ၏၊
ဧတေန သစ္စေန - ဤသစ္စာစကားကြောင့်၊
သုဝတ္ထိ - ကိုယ်စိတ်နှစ်ဖြာ ကြည်သာရွှင်လန်း ချမ်းသာခြင်းသည်၊
ဟောတု - ဖြစ်ပါစေ” တဲ့၊
ဒါကတော့ ပရိတ်ကြီးမှာ လာတဲ့အတိုင်း နောက်ပိုင်း သစ္စာပြုတဲ့ စကားပါပဲ။
ဒွါရခြောက်ပါးက ဖြစ်ပျက်နေတဲ့ ဒုက္ခသစ္စာကို ရှုပြီးတော့ ပွားများတဲ့ ဝိပဿနာ မဂ်ဖြင့် အားထုတ် ပွားများ လာတဲ့အခါ အဲဒီ ဝိပဿနာမဂ်ဆုံးရင် ဆင်းရဲခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်တွေ့ သိတယ် ဆိုတာဟာ အရိယမဂ် ဖြစ်သွားတာပါပဲ။
“မူလ ပုဗ္ဗ၊ အရိယ၊ သုံးဝ မဂ္ဂင်မြတ်” တဲ့။
အဲဒီ လင်္ကာလေးအတိုင်း မဂ်တွေ အဆင့်ဆင့် ပွားသွားရင် နောက်ဆုံး အရိယမဂ်နဲ့ နိဗ္ဗာန်ကို ကိုယ်တိုင်မျက်မှောက်ပြု ဆိုက်ရောက် သွားတာတဲ့၊ အစဉ်အတိုင်းကျင့်ရင် ဒီလိုဖြစ်သွားတာပါပဲ၊ ဘယ်က ဘယ်လို နည်းတွေနဲ့ လာပြီး ဟောဟော ပြောင်းလဲခြင်း မရှိတော့ဘူး၊ ပြောင်းလဲ သေးတယ် ဆိုရင်အဲဒါဟာ အရိယမဂ်နဲ့ နိဗ္ဗာန်ကို မမြင်ရသေးလို့ပဲ၊ ဟုတ်မှ ဟုတ်ပါ့ မလားလို့ သို့လော သို့လော ယုံမှားမှု ရှိနေသေးကြရင်လည်း နိဗ္ဗာန်ကို ကိုယ်တိုင်မမြင်ရသေးလို့ပဲ၊ နိဗ္ဗာန်ကို တကယ် မြင်သွားတဲ့ ပုဂ္ဂိုလ်ကတော့ ဘာသာဝါဒ မပြောင်းတော့ဘူး၊ ဒီဘဝမှာသာ မဟုတ် သေးဘူး၊ နောက်ဘဝရောက် သွားလည်း မပြောင်းတော့ဘူး၊ ဒီလို သီလဗ္ဗတ ပရာမာသ ဆိုတဲ့ ဘာသာရေး ကျင့်နည်း နိဿရည်းတွေ၊ အယူဝါဒမှားတွေ ကင်းသွားပြီ၊ အဲဒါတွေကို သောတာပတ္တိ မဂ်က ပယ်တယ်တဲ့။
မပြောလို့က မဖြစ်ဘူး
▬▬▬▬▬▬▬▬
အဲဒီလို အကျင့်မှားတွေကို ဗုဒ္ဓသာသနာတော်ရဲ့ အပြင်ဘက်က အကျင့်တွေ လို့တော့ ပြောရတာပဲ၊ ဒါပေမယ့်လို့ ဗုဒ္ဓသာသနာဝင်လို့ အမည်ခံပြီး ဗုဒ္ဓတရားတော်တွေနဲ့ ပြောင်းပြန် ဖြစ်နေတဲ့ အယူဝါဒတွေက ရှိကြသေးတယ်၊ အင်း အဲဒါတွေက ပြောရရင် သိပ်မကောင်းဘူး၊ မပြောလို့ ကလည်း မဖြစ်ဘူး၊ ပြောရပြန်လို့ ရှိရင်လည်း သူတို့ကို မလိုမုန်းတီးလို့ ပြောသလိုလို ဘာလိုလို ထင်ရတတ်ပါတယ်၊ မပြောဘဲနဲ့ နေပြန် ရင်လည်း အကြားအမြင် နည်းပါးတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီမဟုတ်တဲ့ အယူဝါဒတွေကို အဟုတ်ကြီး မှတ်ပြီးတော့ လိုက်နာ ကျင့်ကြံကြရင် မှားယွင်း ကုန်ကြမှာပဲ။
ဒီတော့ ဗုဒ္ဓသာသနာဝင် လူအများစု တွေကို ကြည့်ပြီးတော့ မမှားတန်တာ မမှားကြရအောင်တော့ ပြောမှ ဖြစ်တော့မှာပဲ၊ ပြောသင့် ပြောထိုက်တာကို မပြောဘဲ နေလို့မဖြစ်ဘူး၊ ပြောရမှာပဲ၊ အခု ဒိဋ္ဌိအယူဝါဒတွေနဲ့ စကားစပ်ပြီ ပြောနေတဲ့ အပိုင်းကို ရောက်နေတာ ဖြစ်တော့ ဒါက ပြောမှပြီးတော့မယ်၊ တစ်ဖက်က လူတွေကို ပြောချင်လို့ တမင်သက်သက် ပြောတာမျိုးလည်း မဟုတ်ပါဘူး၊ အဘိဓမ္မာ တရားတော်အရ ဓမ္မလမ်းကြောင်းအတိုင်း အခု အကုသလာဓမ္မာ ဆိုင်ရာမှ ဒိဋ္ဌိဆိုတဲ့ အယူတွေနဲ့ စပ်ပြီး ဆိုက်ရောက် လာပါတယ်၊ ဒီတော့ ဒါတွေကို ပြောမှပဲဖြစ်မှာ၊ မပြောလို့ မဖြစ်ဘူး။
ဟုတ်နိုးနိုး ဖြစ်နိုင်တယ်
▬▬▬▬▬▬▬▬▬
မိမိတို့ထင်ရာ ကျင့်ပုံကျင့်နည်း နိဿရည်းတွေက သူတစ်မျိုး ငါတစ်ဖုံ ဆိုသလို အင်မတန် များတာပဲ၊ ဒီတော့ မမှန်မကန်တဲ့ ကျင့်နည်းတွေကို သော်လည်း ဟုတ်နိုးနိုး ဖြစ်နိုင်ပါတယ်၊ ဒီတော့ မဟုတ်မမှန် တာတွေကို သဘောကျပြီး လိုက်နာ ကျင့်သုံးမှုလည်း ရှိနေကြတာပါပဲ၊ အမှန်အကန် အတိုင်းသိဖို့ ဘုန်းကြီးက -
“သစ္စာမမြင်၊ မဂ္ဂင်မပါ၊ လေ့ကျင့်ကာဖြင့်၊ ချမ်းသားမြဲမည်၊ ယုံကြည်ဆုံးဖြတ်၊ ယူဆမှတ်-သီလဗ္ဗတပင်” လို့ ရေးထားပါတယ်၊ သစ္စာလေးပါး တရားတွေကို မှန်ကန်စွာ မသိမမြင် သေးဘူးဆိုရင် မဂ္ဂင်မပါတဲ့ အကျင့်တွေကို ကျင့်ပြီးတော့ ချမ်းသာမယ်လို့ ယုံကြည်စွဲလမ်းမှု ရှိနေတဲ့ အကျင့်မျိုးဟာ အဲဒါ သီလဗ္ဗတပရာမာသ ဒိဋ္ဌိတဲ့၊ ဒါကိုဆို ကြရမယ ်-
ဒါက နည်းနည်း ရှည်တယ်၊ ဗြုန်းကနဲတော့ ရမှာမဟုတ်ဘူး၊ ဒီက ယောဂီ တွေကတော့ အရများကြမှာပဲ၊ သတိပဋ္ဌာန် သံယောဇဉ်ပိုင်းမှာ ဆောင်ပုဒ်လုပ်ပြီးတော့ ရေးထားပါတယ်၊ ဘုန်းကြီးကလည်း မကြာမကြာ ဟောနေတာဖြစ်လို့ ဒီက ယောဂီတွေက အရများနေကြပါတယ်။
သစ္စာလေးပါးကို မြင်အောင် ကျင့်တာလည်း မဟုတ်၊ မဂ္ဂင်ရှစ်ပါးလည်း မပါဘူးတဲ့၊ အလေ့ပေါက် အကျင့်တွေပေါ့လေ၊ အဲဒါဟာ သီလဗ္ဗတပရာမာသဒိဋ္ဌိ ပဲတဲ့၊ သစ္စာလေးပါးကို မြင်အောင် ကျင့်တာနဲ့ မဂ္ဂင်ရှစ်ပါး ပွားများတယ် ဆိုတာဟာ အတူတူပါပဲ၊ မဂ္ဂင်ရှစ်ပါး ပွားများတယ် ဆိုတာဟာ အတူတူပါပဲ၊ မဂ္ဂင်ရှစ်ပါးကို ပွားများလို့ရှိရင် ဒုက္ခသစ္စာတရားတွေကို သိအောင် ရှုနေရာ ရောက်ပါတယ်၊ ဒုက္ခသစ္စာ တရားတွေကို (အမှန်အတိုင်း) သိရင်လည်း သမုဒယသစ္စာကို ပယ်ရာ ရောက်တာပါပဲ၊ နိရောဓသစ္စာခေါ်တဲ့ နိဗ္ဗာန်ကိုလည်း မျက်မှောက်ပြုရာ ရောက်ပါတယ်၊ ဒါတွေကို နောက်နားက ပြောပြီးခဲ့ပါပြီ။
လောကီ မဂ္ဂသစ္စာ အနေနဲ့လည်း မိမိသန္တာန်မှာ ရှုတိုင်း ရှုတိုင်း ဖြစ်ပွားနေရာ ရောက်တာပါပဲ၊ အဲဒီ ကမှတစ်ဆင့် အရိယ မဂ္ဂသစ္စာသို့ တက်သွားရပါတယ်၊ အဲဒီတော့ သစ္စာကို မြင်အောင် ကျင့်တယ် ဆိုတာဟာ မဂ္ဂင်တရားတွေကို ပွားများပြီး မြင်အောင် ကျင့်နေတာပါပဲ၊ ဒီအတိုင်း အလွတ် သက်သက် ပွားများလို့ ဖြစ်တာ မဟုတ်ပါဘူး၊ အဲဒီ မဂ္ဂင်ထဲမှာ သမ္မာသတိမဂ္ဂင် ဆိုတာကို မြတ်စွာဘုရားက ဝေဖန် ဟောကြားထားပါတယ်။
“ဣဓ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာ ဒေါမနဿံ၊ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာ ဒေါမနဿံ၊ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာ ဒေါမနဿ၊ံ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာ ဒေါမနဿံ၊ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာသတိ။”
အဲဒီ သတိပဋ္ဌာန် အကျဉ်းချုပ် ကတော့ သတိပဋ္ဌာန်လေးပါး ပွားများနေတာကို သမ္မာသတိ ခေါ်တယ် တဲ့၊ ဒီတော့ သမ္မာသတိ မဂ္ဂင်ကို ပွားများချင်လို့ ရှိရင် အခုပြောခဲ့တဲ့ သတိပဋ္ဌာန် ပါဠိတော်အတိုင်း ပွားများမှ ဖြစ်မှာပဲ၊ ကာယာနုပဿနာ သတိပဋ္ဌာန် ဆိုရင်လည်း ပွားရမယ်၊ ဝေဒနာနုပဿနာ သတိပဋ္ဌာန် ဆိုရင်လည်း ပွားရမယ်၊ စိတ္တာနုပဿနာ သတိပဋ္ဌာန် ဆိုရင်လည်း ပွားရမယ်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန် ဆိုရင်လည်း ပွားရမယ်၊ အဲဒီ လေးခုထဲက တစ်ခုခုကိုမှ မပွား မရှုဘဲနဲ့ကတော့ သမ္မာသတိမဂ္ဂင် မဖြစ်နိုင်ပါဘူး၊ ဒါကြောင့် သတိပဋ္ဌာန် တစ်ပါးတစ်ပါးကို ပွားရမယ်။
သမ္မာသတိမဂ္ဂင်ကို ပွားများတယ်ဆိုကတည်းက ဒုက္ခသစ္စာကို ပိုင်းခြားပြီး သိတော့တာပါပဲ၊ ဝေဒနာ, စိတ္တ, ဓမ္မ ဆိုတာလည်း ဒီဒုက္ခသစ္စာထဲမှာ အကျုံး ဝင်နေကြပါတယ်၊ တသီးတခြား မဟုတ်ပါဘူး၊ ဘယ်သတိပဋ္ဌာန်ပဲဖြစ်ဖြစ် သတိပဋ္ဌာန် လေးပါးစလုံး ဒုက္ခသစ္စာကို ရှုပွားရတာချည်း ဖြစ်လို့မို့ ဒုက္ခသစ္စာကို သိနေတယ်လို့ ဆိုရတာပဲ၊ သမ္မာသမာဓိ စတဲ့ ကျန်မဂ္ဂင်တွေ ဖြစ်ဖို့ဆိုတာလည်း ဒီအတိုင်းပါပဲ၊ ဒီမှာ မြတ်စွာဘုရားက ဈာန်လေးပါးနဲ့ ဝေဖန်ပြီး ဟောကြားထား
ပါတယ်၊
အဲဒီဈာန်လေးပါး မဖြစ်ရင်တောင်မှပဲ ဥပစာရ သမာဓိ လောက်တော့ ပြည့်စုံရမယ်၊ ဥပစာရသမာဓိ ဆိုတာလည်း အားမထုတ်ဘဲနဲ့ မရပါဘူး၊ အားထုတ်မှ ရတာပါပဲ၊ ဒီဈာန်လေးပါးလည်း မဖြစ်ဘူး၊ ဥပစာရ သမာဓိလည်း မဖြစ်ဘူးဆိုရင် အနည်းဆုံး ဝိပဿနာ ခဏိကသမာဓိ လောက်တော့ ရှိရမယ်၊ ဒါကို ဥပစာရကမ္မဋ္ဌန်းလို့ ခေါ်ပါတယ်၊ ဥပစာရသမာဓိနဲ့ ညီမျှတယ် လို့လည်း ဆိုနိုင် ပါတယ်၊ မဂ္ဂင်ရှစ်ပါးကို ပွားများတယ် ဆိုတာဟာ နာမည်လွဲပေမယ်လို့ သဘောချင်းကတော့ အတူတူပါပဲ၊ အဲဒါ အားထုတ်မှ ဖြစ်တာချည်းပဲ၊ အားမထုတ်ဘဲနဲ့တော့ ဘယ်လိုမှ မဖြစ်ဘူး၊ အားမထုတ်ဘဲနဲ့ အလေ့အကျင့် တစ်ခုခုကို ကျင့်ပြီး ချမ်းသာတယ်လို့ ယူဆနေရင် အဲဒါဟာ သီလဗ္ဗတပရာမာသဒိဋ္ဌိ ပဲ။
စာပေသိနဲ့တော့ မဖြစ်သေးဘူး
သစ္စာမြင်အောင် မဂ္ဂင်တွေ ပွားနေတယ် ဆိုတာက ဒွါရခြောက်ပါးက ဖြစ်ခိုက် တရားတွေကို မြင်တိုင်း ကြားတိုင်း ရှုမှတ်နေမှ ဖြစ်တာပါပဲ၊ တချို့တချို့ကလည်း ရုပ်နာမ်ကြောင်းကျိုး အဖြစ်အပျက်တွေကို ကလေး စာသင်သလို သင်ပေးတယ်၊ ပြီးတော့ ပြောပေးတဲ့အတိုင်း သဘောကျ မှတ်မိပြီဆိုတော့ တရား အားထုတ်စရာ မလိုတော့ဘူးလို့ ထင်မှတ်နေကြတယ်၊ အဲဒါမျိုးတွေလည်း ရှိတာပဲ၊ တချို့က ဒီလောက်သာ မကသေးဘူး၊ တရားအားထုတ်လို့ရှိရင် ညောင်းရုံပဲ၊ အတ္ထကိလမထာနုယောဂ ဖြစ်တယ်လို့ ဒီလိုထိအောင် စွပ်စွဲ လိုက်ကြသေးတယ်၊ “သစ္စာမမြင် မဂ္ဂင်မပါ” ဆိုတာ အဲဒီလို အပြောသမားတွေရဲ့ လမ်းစဉ်ပဲ။
“လောကီစိတ် ဧကာသီတိ ၈၁-ပါး၊ လောဘကြဉ်သော စေတသိက် ဧကပညာသ ၅၁၊ ရုပ်အဋ္ဌဝီသ ၂၈-ပါးသည် ဒုက္ခသစ္စာ မည်၏” လို့ ကျက်မှတ်ထား တတ်ကာမျှဖြင့် ရှုမှတ်စရာ မလိုတော့ဘူး၊ ကိစ္စပြီးပြီလို့ ဒီလို သင်နေတာတွေကလည်း ရှိသေးတယ်၊ တကယ်သာ ဒီလိုအယူရှိပြီး ဒီလို ထင်မှတ် စွဲလမ်းနေတယ် ဆိုရင် “သစ္စာမမြင်၊ မဂ္ဂင်မပါ” ဆိုတဲ့ အယူဝါဒ ဖြစ်လို့၊ အဲဒါလည်း သီလဗ္ဗတပရာမာသဒိဋ္ဌိ ပါပဲ၊ ဗုဒ္ဓသာသနာဝင် ဆိုပြီး ဒီလို ဒိဋ္ဌိဖြစ်မှန်းမသိ ဖြစ်နေကြတာတွေပါပဲ၊
ဗုဒ္ဓသာသနာ့ အပြင်ဘက်သို့ ရောက်မှန်းမသိ ရောက်နေကြတဲ့ ပုဂ္ဂိုလ်တွေတဲ့၊ ဗုဒ္ဓသာသနာတော်နဲ့ အင်မတန် ဆန့်ကျင်တာပဲ၊ မြတ်စွာဘုရားက သုဘဒ္ဒသုတ်မှာ အထင်အရှား ဟောကြားထားတာ ရှိပါတယ်။
“ယသ္မိံ ခေါ သုဘဒ္ဒ ဓမ္မဝိနယေ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ န ဥပလဗ္ဘတိ၊ သမဏောပိ တတ္ထ န ဥပလဗ္ဘတိ၊ ဒုတိယောပိ တတ္ထ သမဏော န ဥပလဗ္ဘတိ၊ တတိယောပိ တတ္ထ သမဏော န ဥပလဗ္ဘတိ၊ စတုတ္ထောပိ တတ္ထ သမဏော န ဥပလဗ္ဘတိ၊”
(သုတ်မဟာဝါ)
သုဘဒ္ဒ - သုဘဒ်ပရိဗိုဇ်။
ယသ္မိံ ခေါ ဓမ္မဝိနယေ - ဓမ္မဝိနယဟု ဆိုအပ်သော အကြင် ဘာသာရေး သာသနာရေး၌၊
ဓမ္မဆိုတာက ကောင်းစားချမ်းသာရေးအတွက် ညွှန်ပြထားတဲ့ သုတ္တန်တရားနဲ့ အဘိဓမ္မာ တရားတွေပါပဲ၊ ဝိနယဆိုတာကတော့ နေထိုင်သွားလာ ဝတ်ဆင် စားသောက်ရေး စသည်တွေမှာ ကြည်ညိုဖွယ်ဖြစ်အောင်၊ စနစ်တကျရှိအောင် စည်းကမ်း သတ်မှတ်ချက် ချထားတဲ့ ဝိနည်း ဥပဒေ တရားပါပဲ၊ အဲဒီ ဓမ္မာနဲ့ ဝိနယ ဆိုတာ ဘာသာတိုင်း ဘာသာတိုင်းမှာ ထိုက်သည် အားလျော်စွာ ရှိနေကြပါတယ်။
ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာ ဟောတော် မူထားတဲ့ ဓမ္မဝိနယက ဘုန်းကြီးတို့ရဲ့ ဗုဒ္ဓသာသနာတော်ပါပဲ၊ အခြား အခြားသော ပုဂ္ဂိုလ်တွေ ဟောထားတဲ့ ဓမ္မဝိနယတွေ ဆိုတာလည်း သူတို့ရဲ့ ဘာသာရေး သာသနာရေးပဲပေါ့၊ အဲဒီလို အသီးအသီး ကိုယ့်ဘာသာရေးနဲ့ကိုယ် ရှိနေရာမှာတဲ့။
ယသ္မိံ ဓမ္မဝိနယေ - အကြင် ဘာသာရေး သာသနာရေး၌၊
အဋ္ဌင်္ဂိကော - အင်္ဂါရှစ်ပါးရှိသော၊
မဂ္ဂေါ - အရိယမဂ်ကို၊
န ဥပလဗ္ဘတိ - မရအပ်၊
မရအပ်ဆိုတာက မရှိဘူးလို့ ဆိုတဲ့စကားပါပဲ။ ဘယ်ဘာသာရေး သာသနာရေးမှာ ဖြစ်ဖြစ် အင်္ဂါရှစ်ပါးရှိတဲ့ အရိယမဂ် (မဂ္ဂင်ရှစ်ပါး) မရှိဘူး ဆိုရင်တဲ့။
တတ္ထ - ထို မဂ္ဂင်ရှစ်ပါးမရှိသော ဘာသာရေး သာသနာရေး၌၊
သမဏောပိ၊ ကိလေသာငြိမ်းသော ပထမရဟန်း သောတာပန်ကိုလည်း၊
န ဥပလဗ္ဘတိ - မရအပ် မရနိုင်ချေ၊
မဂ္ဂင်ရှစ်ပါး ပွားများဖို့ မဟောကြားဘူး၊ ပွားလည်း မပွားများဘူး၊ ကျင့်လည်း မကျင့်ဘူး ဆိုတဲ့ မဂ္ဂင်ရှစ်ပါး ကင်းမဲ့နေတဲ့ ဘာသာရေး သာသနာရေးမှာ ကိလေသာငြိမ်းတဲ့ သောတာပန်ရဟန်း ဆိုတာ မရှိဘူးတဲ့၊ ကိလေသာငြိမ်းကြတဲ့ ရဟန်းတွေကို အဆင့်အားဖြင့် ခွဲခြားလိုက်ရင် လေးဆင့် ရှိတာဖြစ်လို့ အဲဒီ လေးဆင့်ထဲက ပထမဆုံး အဆင့်ဖြစ်တဲ့ ကိလေသာငြိမ်းတဲ့ ရဟန်း မရှိဘူးတဲ့၊ ပထမအဆင့်တောင်မှ မရှိဘူးဆိုရင် ဒုတိယစသည် အဆင့်တွေ ဆိုတာလည်း ဘယ်မှာ ရှိနိုင် ပါတော့မလဲ။
ဘုန်းကြီးတို့ ဗုဒ္ဓဘာသာမှ တစ်ပါး အခြားသော ဘာသာရေး သာသနာရေး တွေထဲမှာ ဒီလို မဂ္ဂင်ရှစ်ပါး အပြည့်အစုံ ပွားများဖို့ ဟောကြားတာ မရှိဘူး၊ ဒါကြောင့် အဲဒီ ဘာသာရေး သာသနာရေး တွေထဲမှာ ကိလေသာငြိမ်းတဲ့ သောတာပန် ရဟန်းရယ်လို့လည်း မရှိခြင်းဖြစ်တယ်၊ တခြား ဘာသာရေး သာသနာရေးတွေကို ထားလိုက်ပါဦးတော့၊ “ဗုဒ္ဓတရားတော်တွေပါ” ဆိုပြီး ဟောပြောနေကြတဲ့ ဗုဒ္ဓ သာသနာဝင် အမည်ခံ သက်သက်တွေကို ကြည့်ပါ သူတို့က မဂ္ဂင်ရှစ်ပါးကို ပွားများ အားထုတ်နေဖို့ မလိုဘူးတဲ့၊ တရားအားမထုတ်ဘဲ သိရုံနဲ့လည်းပြီးတာပဲ-တဲ့၊ အဲဒီလို ဝါဒတွေက သာသနာ့ အပြင်ဘက်က ဝါဒတွေနဲ့ ဘာမှမထူးဘူး၊ အတူတူပါပဲ၊ မဂ္ဂင်ရှစ်ပါး ပွားများမှု ကင်းမဲ့နေတဲ့ အဲဒီ ဝါဒတွေကို လက်ကိုင်ထား ပြောဟောနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ သူတို့ အသိုင်းအဝိုင်း အုပ်စုထဲမှာ သောတာပန်ရယ်လို့ ဘယ်မှာ ရှိတော့မှာလဲ၊ ဘယ်တော့မှရှိမှာ မဟုတ်တော့ဘူး။
သောတာပန် ရဟန်းဆိုတာ ရှေးဦးစွာ သီလ စင်ကြယ်ခြင်း အစရှိတဲ့ မူလမဂ္ဂင်တွေ ပြည့်စုံလို့ အဲဒီနောက် ဝိပဿနာ ရှုမှတ်ပွားများ အားထုတ်တဲ့ ပုဗ္ဗဘာဂမဂ္ဂင် တွေလည်း ပြည့်စုံလို့ ရင့်ကျက်လာတဲ့ အခါကျတော့မှ အရိယမဂ္ဂင် ဖြစ်ပေါ်ပြီး သောတာပန် ရဟန်းဆိုတာ ဖြစ်လာ တာပဲ၊ ဒီလို ပြည့်စုံအောင် ပွားများရမယ့် မဂ္ဂင်တွေမရှိတဲ့ ဘာသာရေးမှာ အစအဆုံးသော သောတာပန် ရဟန်း ရယ်လို့ ဘယ်ရှိတော့မှာလဲ၊ မရှိတော့ဘူး၊ အဲဒါ ကိန်းသေ မှတ်ထားရမယ်။
တတ္ထ - ထိုမဂ္ဂင်ရှစ်ပါး မရှိသော ဘာသာရေး သာသနာရေး၌၊
ဒုတိယောပိ သမဏော - ကိလေသာငြိမ်းသော ဒုတိယ သကဒါဂါမ် ရဟန်းကိုလည်း၊
န ဥပလဗ္ဘတိ - မရအပ်၊
တတ္ထ - ထိုမဂ္ဂင်ရှစ်ပါး မရှိသော ဘာသာရေး သာသနာရေး၌၊
တတိယောပိ သမဏော - ကိလေသာငြိမ်းသော တတိယ အနာဂါမ်ရဟန်း ကိုလည်း၊
န ဥပလဗ္ဘတိ - မရအပ်၊
တတ္ထ - ထိုမဂ္ဂင် ရှစ်ပါးမရှိသော ဘာသာရေး သာသနာရေး၌၊
စတုတ္ထောပိ သမဏော - ကိလေသာငြိမ်းသော စတုတ္ထရဟန္တာ ရဟန်းကိုလည်း၊
န ဥပလဗ္ဘတိ - မရအပ် တဲ့၊
သမဏဆိုတာ မြန်မာလိုတော့ ရဟန်းလို့ ဘာသာပြန် ရပါတယ်၊ သူ့ပါဠိအရ တိတိကျကျ ပြန်ရင်တော့ ကိလေသာ ငြိမ်းသူလို့ အဓိပ္ပါယ် ရပါတယ်၊ အဲဒီ ကိလေသာ ငြိမ်းတဲ့သူဆိုတာ အရိယ ဖိုလ်လေးပါးသို့ အဆင့်ဆင့် အသီးအသီး ရောက်တဲ့ ပုဂ္ဂိုလ်ကို ခေါ်တာပါပဲ၊ အဲ မဂ္ဂင်ရှစ်ပါး မရှိရင် မပွားများရင် ကိလေသာ ငြိမ်းသူ မရှိဘူးတဲ့၊ ကျဉ်းကျဉ်း မှတ်ရအောင် ဆောင်ပုဒ်လေး ရေးထားပါတယ်၊ အဲဒါကို ဆိုကြရမယ်။
“မဂ္ဂင်ရှစ်ဖြာ၊ မရှိရာ၊ ကိလေသာငြိမ်းသူ မရှိချေ”
မဂ္ဂင်ရှစ်ပါး မရှိတဲ့ ဘာသာရေး သာသနာရေးမှာ ကိလေသာငြိမ်းတဲ့ သောတာပန် စသည် မရှိဘူး ဆိုရင် မဂ္ဂင်ရှစ်ဖြာ ရှိတဲ့ ဘာသာရေး သာသနာရေး မှာတော့ ကိလေသာငြိမ်းတဲ့ သောတာပန် စသည် ရှိတယ်ဆိုတာ အလိုလို ပြီးနေတာပဲ၊ အဲဒါကိုလည်း မြတ်စွာဘုရားကိုယ်တိုင်က သုဘဒ္ဒ သုတ်မှာပဲ အခုနက ပါဠိတော်နဲ့ ပြောင်းပြန် သုက္ကပက္ခအနေနဲ့ ဟောတော်မူထားပါတယ်။
“ယသ္မိံ ခေါ သုဘဒ္ဒ ဓမ္မဝိနယေ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ ဥပလဗ္ဘတိ၊ သမဏောပိ တတ္ထ ဥပလဗ္ဘတိ၊ ဒုတိယောပိ တတ္ထ သမဏော ဥပလဗ္ဘတိ၊ တတိယောပိ တတ္ထ သမဏော ဥပလဗ္ဘတိ၊ စတုတ္ထောပိ တတ္ထ သမဏော ဥပလဗ္ဘတိ၊” တဲ့။
ဒီ ပါဠိတော်ရဲ့ ဆိုလိုရင်း ကတော့ ထင်ရှားပါတယ်၊ မဂ္ဂင်ရှစ်ဖြာ ရှိတဲ့ ဘာသာရေး သာသနာရေး အယူဝါဒ အဖွဲ့အစည်း ထဲမှာဆိုရင် ကိလေသာငြိမ်းတဲ့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ သမဏ အစစ်တွေ ရှိတယ်လို့ ဆိုတာပါပဲ၊ ဒါကိုလည်း ဘုန်းကြီးက နားလည်လွယ်အောင် ဆောင်ပုဒ် ရေးထားပါတယ်၊ အဲဒါကို ဆိုကြရအောင် -
“မဂ္ဂင်ရှစ်ဖြာ၊ ရှိရာမှာ၊ ကိလေသာငြိမ်းသူ ရှိနိုင်ပေ”
အဲ မဂ္ဂင်ရှစ်ဖြာပါတဲ့ အကျင့်ဟာ ကိလေသာငြိမ်းနိုင်တယ်၊ မဂ္ဂင်ရှစ်ဖြာ မပါတဲ့ အကျင့်ဆိုရင် ကိလေသာငြိမ်းတဲ့ အကျင့် မဟုတ်ဘူး၊ အကျင့်မှား အယူမှား ဝါဒ မှားတွေ၊ အဲဒါ မိစ္ဆာဒိဋ္ဌိ အယူမှားတွေပါပဲ၊ အဲဒီ အယူမှားမိစ္ဆာဒိဋ္ဌိတွေနဲ့ ယှဉ်နေတဲ့ စိတ်ကို “ဒိဋ္ဌိဂတသမ္ပယုတ်” လို့ ခေါ်ပါတယ်၊ ဒိဋ္ဌိကတသမ္ပယုတ်စိတ် တဲ့။
ပြီးတော့ မိမိတို့ မိစ္ဆာဒိဋ္ဌိ အယူဝါဒအလိုက် ဟောတဲ့ပြောတဲ့အခါတို့၊ ညွှန်ကြားတဲ့ အခါတို့။ နားထောင်တဲ့ အခါတို့၊ လိုက်နာ လုပ်ကိုင် ဆောင်ရွက်တဲ့အခါတို့မှာ တက်တက်ကြွကြွ ထက်ထက် သန်သန် နဲ့ ရွှင်လန်း ဝမ်းမြောက်စွာ ရှိနေတာမျိုးဟာ သောမနဿလည်းဖြစ်၊ အသင်္ခါရိကလည်း ဖြစ်တယ်တဲ့။
အဲဒီမှာ အသင်္ခါရိက, သသင်္ခါရိကစိတ်လို့ နှစ်မျိုးရှိတယ်၊ ပထမစိတ်မှာတော့ သင်္ခါရ အနေနဲ့ ဘာမှထူးခြားပြီး မပါဘူး၊ ဒုတိယ စိတ်ကျတော့ သသင်္ခါရေနလို့ ပါဠိတော်မှာ ပါတဲ့အတွက်ကြောင့် ပထမစိတ်ကို အသင်္ခါရိကလို့ သိရတယ်၊ အဲဒါ အာရုံအားဖြင့် “ရုပါရမ္မဏံ ဝါ - အဆင်းအာရုံ ကိုလည်း အာရုံပြုတယ်၊ သဒ္ဒါရမ္မဏံ ဝါ - အသံအာရုံကိုလည်း အာရုံပြုပြီး ဖြစ်တယ်” စသည်ဖြင့် အာရုံခြောက်ပါးတွင် တစ်ပါးပါးကို အာရုံပြုပြီးတော့ ဖြစ်ပါတယ်၊ “ယံယံဝါပနာရဗ္ဘ” တဲ့၊ တစ်စုံတစ်ခု သော အာရုံကို အာရုံပြုပြီးတော့ ဖြစ်ပါတယ်လို့ ဒီလိုဆိုထားပါတယ်၊ “တသ္မိံ သမယေ - ထိုအခါ၌၊ ဖဿေ ဟောတိ - ဖဿသည် ဖြစ်၏” စသည်ဖြင့် ဝေဖန်ဟောကြား ထားပါတယ်၊ ဒါတွေကို မနေ့က ပြောပြီးခဲ့ပါပြိ။
၃-နံပါတ် စိတ်ကို ကြည့်ရမယ်
လောဘမူ ပထမဆုံးစိတ် ပြီးတော့ ဒုတိယ သသင်္ခါရိကစိတ် တဲ့၊ အဲဒီ သသင်္ခါရိက စိတ်ကတော့ တိုက်တွန်းနှိုးဆော် ပေးမှဖြစ်တယ်၊ သသင်္ခါရိကစိတ်များရဲ့ အတွက်ကို တော့ တစ်ပေါင်းတည်း ပြရအောင်ဆိုတဲ့ အနေနဲ့ နောက်နားမှာ ချန်ထားပါတယ်၊ အခု ၁-နံပါတ်ကို ပြပြီးတော့ အစဉ်အတိုင်းဖြစ်တဲ့ ၂-နံပါတ်ကို မပြသေးဘူး၊ အဲဒီစိတ်က သသင်္ခါရိကဖြစ်လို့ ချန်ထားခဲ့ဦးတဲ့၊ ကိုင်း ၃-နံပါတ်ကို ကြည့်ရမယ်။
“သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက လောဘမူ စိတ်၌ မိစ္ဆာဒိဋ္ဌိမပါ ယေဝါပနအရ မာနနှင့်တကွ တရားကိုယ် ၂၀-ပင် ဖြစ်သည်” တဲ့။
ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်ဆိုတော့ ဒိဋ္ဌိက မပါတော့ဘူး၊ ခုနက ၁၆-ပါး ထဲမှာ ဒိဋ္ဌိလျော့သွားတယ်၊ ဒီတော့ ၁၅-ပါးပဲ ကျန်တယ်၊ ယေဝါပန အရ ခုနက ၄-ပါး ရှိခဲ့တယ်၊ အခု ဒီမှာ မာနတိုးလာတယ်၊ ဒီတော့ ဆန္ဒ အဓိမောက္ခ မနသိကာရ ဥဒ္ဓစ္စ မာနလို့ ယေဝါပန အရက ၅-ပါး၊ ပထမ ၁၅-ပါးနဲ့ ၅-ပါး ပေါင်းလိုက်ရင် ၂၀-တဲ့၊ နောက်ပိုင်းကလည်း ပြောခဲ့ပြီးတွေ ရှိနေလေတော့ ဒါလောက်ဆိုရင်လည်း သဘောပေါက်ပါပြီ ၄-နံပါတ်စိတ်က သသင်္ခါရိကဆိုတော့ ထားခဲ့ဦး။
“၅-နံပါတ်တဲ့။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္မယုတ် အသင်္ခါကရိကလောဘမူ ပဉ္စမစိတ်၌ ပထမ ၂၀-မှ ပီတိမပါ ၁၉-ပါးဖြစ်သည်” တဲ့။
ဥပေက္ခာသဟဂုတ်ဆိုတော့ ဝမ်းမြောက်ခြင်း၊ တက်ကြွခြင်း၊ ရွှင်လန်းခြင်း မရှိဘူး၊ ဒီတော့ ပီတိမယှဉ်ဘူးပေါ့၊ ပီတိဆိုတာက ဝမ်းမြောက်ဝမ်းသာနဲ့ သောမနဿဖြစ်မှ ယှဉ်တာမျိုးပဲ၊ အခုဒီမှာက ဥပေက္ခာဆိုတော့ ပီတိမယှဉ်နိုင်လို့ မပါတော့ဘူး၊ ဒါကြောင့် “ပီတိမပါ ၁၉-ပါး” တဲ့၊ အဲဒီ ၁၉-ပါးဆိုတာက ဒီအကုသိုလ်မှာ ပထမဆုံး စိတ်မှာယှဉ်တဲ့ ၁၉-ပါးပါပဲ၊ အဒီတုန်းက ၂၀-ရှိခဲ့ရာမှာ အခုဒီကျတော့ ပီတိ မပါတာဘဲ ထူးတယ်တဲ့၊ ဒိဋ္ဌိဂတသမ္ပယုတ် ဖြစ်တဲ့အတွက် ဒိဋ္ဌိနဲ့ယှဉ်တယ်၊ မိစ္ဆာအယူ တစ်ခုခုကို စွဲလမ်းပြီးတော့ပဲ ဖြစ်ဖြစ်၊ အတ္တစွဲ သဿတစွဲ ကံ ကံ၏အကျိုး မရှိဆိုတဲ့ အစွဲနဲ့ပဲဖြစ်ဖြစ်၊ ဘာသာရေး အကျင့် အစွဲနဲ့ပဲဖြစ်ဖြစ်၊ အစွဲအလမ်း တစ်ခုခုကို စွဲလမ်းပြီးတော့ ဖြစ်တဲ့ လိုချင်စိတ်တဲ့၊ အဲဒီမှာ အခုပြောခဲ့တဲ့ ၁၉-ပါး ဖြစ်သည်တဲ့၊ ကဲ ရှေ့သွားကြဦးစို့ရဲ့၊ ၆-နံပါတ်ကို ခုနကလိုပဲ ကျော်ခဲ့ဦး၊ သသင်္ခါရိကတွေ ဆိုင်ရာကျမှ တစ်ပေါင်းတည်း ပြရမယ်။
“၇-နံပါတ်စိတ်တဲ့၊ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ်၊ အသင်္ခါရိက လောဘမူ သတ္တမစိတ်၌ တတိယစိတ် ၂၀-မှ ပီတိ မပါ ၁၉-ပါး ဖြစ်သည်” တဲ့။
ဒါလဲလွယ်ပြီး နောက်က တတိယစိတ်ကို ကြည့်ပေါ့၊ ဒိဋ္ဌိဂတဝိပ္ပယုတ်ဆိုတော့ ဒိဋ္ဌိမပါဘူး၊ ဥပေက္ခာဖြစ်နေလို့လည်း ပီတိက မပါဘူး၊ ဒီတော့ တတိယစိတ်တုန်းကအတိုင်းပဲ၊ မာနနဲ့တကွ ၁၉-ပါး ဖြစ်သည်တဲ့၊ အခု ဒီမှာထူးတာက ဥပေက္ခာ ဖြစ်လို့ တတိယစိတ် ၂၀-တွင် ပီတိ မပါတာဘဲ ထူးတယ်၊ ဒါကြောင့် “တတိယစိတ် ၂၀-မှ ပီတိမပါ ၁၉-ပါးဖြစ်သည်” တဲ့၊ အခု ဒီအထိ အသင်္ခါရိက ၄-ပါးအတွက် ပြီးသွားပြီ၊ သသင်္ခါရိက အတွက်ကတော့ လွယ်ပါတယ်၊ အခုပြီးခဲ့တဲ့ အသင်္ခါရိက ၄-ပါးကို အစဉ်အတိုင်း သတိပြု မှတ်လို့ရှိရင် လွယ်လွယ်လေးပါပဲ၊ ဒါကြောင့်-
“၂-၄-၆-၈ လောဘမူ ဒုတိယစသော သသင်္ခါရိက ၄-ပါးတို့၌ ၁-၃-၅-၇ စိတ်တို့ ဆိုင်ရာ တရားကိုယ် ၂၀-၂၀-၁၉-၁၉ တို့တွင် ယေဝါပန အရ ထိနမိဒ္ဓနဲ့တကွ ၂၂-၂၂-၂၁-၂၁ ဖြစ်သည်” တဲ့။
ပထမဆုံး ၁-နံပါတ်စိတ်က သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက တဲ့၊ အခုဒီ ၂-နံပါတ်ကျတော့ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက စိတ်တဲ့၊ အသင်္ခါရိက ဆိုတာနဲ့ သသင်္ခါရိကဆိုတာလောက်ပဲ ထူးသွားပါတယ်၊ အဲ-ကျန်တာတွေလည်း အဲဒီလိုပဲ အစဉ်အတိုင်း တစ်စုံစီ နာမည်ပြုသွားရုံပါပဲ၊ တရားကိုယ် ကောက်တော့လည်း မခက်တော့ပါဘူး၊ အရင် တရားကိုယ်ထဲမှာ ထိန, မိဒ္ဓ ၂-မျိုး ထည့်သွားရုံပေါ့၊ ဒီတော့ ကြည့်ရှုမှတ်သားလို့ လွယ်အောင် ဒီလိုဇယားကွက် ချလိုက်ရင်ရှင်းသွားပါတယ်။
အသင်္ခါရိက ၄-ပါး နံပါတ်စဉ် ၁၊ ၃၊ ၅၊ ၇
ယှဉ်ဖက်တရားကိုယ်ပေါင်း ၂၀၊၂၀၊၁၉၊၁၉
သသင်္ခါရိက ၄-ပါး နံပါတ်စဉ် ၂၊ ၄၊ ၆၊ ၈
ယှဉ်ဖက်တရားကိုယ်ပေါင်း ၂၂၊၂၂၊၂၁၊၂၁
အဘိဓမ္မာကို လေ့လာပြီးသော ပုဂ္ဂိုလ်တွေ ဆိုရင်တော့ ဒါလောက် ပြောလိုက်တယ် ဆိုရင် နားလည်ပါတယ်၊ အခုဒီမှာ ပါဠိတော်၌ ဟောထားပုံနဲ့တကွ နားလည်အောင်လို့ အများကို ငဲ့ပြီး တော့ စာရွက်နဲ့ရေးပြီး ဖော်ပြပေးရပါတယ်၊ အဲဒါ လောဘမူစိတ် အတွက် ပြီးသွားပြီ၊ ဒေါသမူစိတ် နှစ်ပါးကို ဆက်ပြောရမယ်။
ဒေါသမူစိတ် ၂-ပါး
“ကတမေ ဓမ္မာ အကုသလာ”
အကုသလာ ဓမ္မာ - အကုသိုလ် တရားတို့သည်၊
ကတမေ - အဘယ်သည်တို့နည်း တဲ့၊
“ယသ္မိံ သမယေ အကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ ဒေါမနဿသဟဂတံ ပဋိဃသမ္ပယုတ္တံ” ပါဠိတော်မှာတော့ ပဋိဃသမ္ပယုတ္တံ လို့ ပါတယ်၊ ဒါပေမယ့်လို့ ဘုန်းကြီးက စာလုံးနည်းအောင်လို့ အဲဒါကို စာရွက်ထဲမှာ ထည့်မရေးဘူး၊ ဒေါသ ဖြစ်တယ် ဆိုရင် ထိပါးတိုက်ခိုက်မှု သဘောနဲ့ ယှဉ်တယ် ဆိုတာလည်း ထင်ရှား နေလို့ပါပဲ၊ ဒါကြောင့် အဲဒါကို ထည့်မရေးတော့ဘူး၊
ယသ္မိံ သမယေ - အကြင်အခါ၌၊
အကုသလံ စိတ္တံ - အကုသိုလ်စိတ်သည်၊
ဥပ္ပန္နံ ဟောတိ - ဖြစ်၏တဲ့၊
အဲဒီဖြစ်တဲ့စိတ်က ဘာစိတ်လဲ ဆိုရင် …
ဒေါမနဿသဟဂတံ - ဒေါမနဿသဟဂုတ်ဖြစ်သော၊
ပဋိဃသမ္ပယုတ္တံ - ထိပါး တိုက်ခိုက်တတ်သော ဒေါသနှင့်ယှဉ်သော၊
အသင်္ခါရိကံ - မတိုက်တွန်းရဘဲ သန်သန်စွမ်းစွမ်းဖြစ်သော၊
အကုသလံ စိတ္တံ - အကုသိုလ်စိတ်သည်၊
ဥပ္ပန္နံ ဟောတိ - ဖြစ်၏တဲ့၊
ဖြစ်တဲ့အခါမှာလည်းပဲ ..
ရူပါရမ္မဏံ ဝါ - အဆင်းလျှင် အာရုံ ရှိသည် မူလည်းဖြစ်သော တဲ့၊
တသ္မိံ သမယေ - ထိုအခါ၌၊
ဖဿေ ဟောတိ - ဖဿသည် ဖြစ်၏၊
စသည်ဖြင့် ရှေးကအတိုင်းပဲ ဝေဖန် ဟောကြားတော်မူထားပါတယ်၊ မထူးပါဘူး၊ သတိပြုစရာ ထူးခြားတာလေးတွေကတော့ အနည်းအကျဉ်း ပါတယ်၊ ဘာလဲဆိုရင် ဒေါသမူစိတ် ဆိုတော့ လောဘ၊ ဒိဋ္ဌိ၊ ပီတိ ဒီသုံးခု မပါဘူး၊ ဒါကြောင့် ဈာနင်နေရာမှာ ဈာနင်နဲ့ဝေဖန်တော့ ပီတိမပါဘူးလို့ သိရမယ်၊ ပြီးတော့ ဝေဒနာကလည်း ဒုက္ဓဝေဒနာ ပဲ၊ အဲဒါပဲ ထူးပါတယ်၊ ဒါကြောင့်မို့-
“ဒေါမနဿသဟဂုတ် ဒေါသမူ အသင်္ခါရိကစိတ်၌၊ (လောဘမူ) ပထမစိတ် ဆိုင်ရာ (၂၀) မှ ပီတိ, ဒိဋ္ဌိ, လောဘ မပါ ဒေါသနှင့်တကွ ၁၈-ပါး ဖြစ်သည်” တဲ့။
လောဘမူ ပထမစိတ်မှာ ၂၀-ရှိခဲ့တယ်၊ အဲဒီထဲမှာ ပီတိ, ဒိဋ္ဌိ, လောဘကို နုတ်လိုက်ရင် ၁၇-ပါး ကျန်တယ်၊ အဲဒိ ကျန်၁၇-ပါးတွင် ဒေါသမူစိတ် ဖြစ်တဲ့အလျှောက် ဒေါသကိုထည့်လိုက်ရင် ၁၈-ပါးတဲ့၊ ဒါဟာ စိတ်ဆိုးတဲ့အခါ သက်သက်မှာ ဖြစ်တဲ့ ၁၈-ပါးပဲ၊ ဒီ ၁၈-ပါးနှင့်တကွ မနာလိုစိတ် ဖြစ်တဲ့အခါ ဣဿာပါ ပါပြီး ၁၉-ပါး ဖြစ်တယ်၊ ကိုယ့်ပစ္စည်းကို မပေးလိုရုံသာမက ကိုင်တာ သုံးဆောင်တာကို မလိုလားဘူး၊ ကိုယ့်အသိ မိတ်ဆွေတွေကို သူများနဲ့ မဆက်ဆံစေချင်ဘူးဆိုတဲ့ မစ္ဆရိယ စိတ် ဖြစ်တဲ့အခါမှာ ခုနက ၁၈-ပါးနှင့်တကွ မစ္ဆရိယထည့်ပြီး ၁၉-ပါးဖြစ်တယ်၊ ရှေးက ပြုမိ၊ ပြောမိတာတွေကို ပြန်လည် စဉ်းစားပြီးတော့ ပူပန်တဲ့အခါမှာ ခုနက ၁၈-ပါး နှင့်တကွ ကက္ကုစ္စပါ ၁၉-ပါးဖြစ်တယ်၊ ဒိ ၁၉-ပါး ဖြစ်တာတွေ ကတော့ တစ်ခါတစ်ရံမှ ဖြစ်ပါတယ်။ ဖြစ်ပြန်တော့လည်း ဆိုင်ရာအကြောင်း အားလျော်စွာပဲ တသီးတခြားစီ ဖြစ်ပါတယ်၊ အဲဒါကြောင့်မို့ “ယေဝါပနအရ ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စတို့တွင် တစ်ပါးတစ်ပါးနှင့်တကွ ရံခါ ၁၉-ပါး ဖြစ်သည်” လို့ အဲဒီ စာရွက်ထဲမှာ ရေးထားတာပဲ၊ နောက်ပြီး “အမည်ကိုထုတ်၍ ဟောရာတွင် သုခ, သောမနဿ အရာတို့၌ ဒုက္ခ, ဒေါမနဿဟု ဟောသည်” တဲ့၊ ဈာနင်နဲ့ ဝေဖန်တဲ့နေရာမှာ သုခဈာနင်နေရာတွင် ဒုက္ခလို့ ပြောင်းပြီးမှတ်ရမယ်၊ ဣန္ဒြေနဲ့ ဝေဖန်ရာမှာလည်း မနိန္ဒြေနေရာမှာ ဒေါမနဿိန္ဒြေလို့ မှတ်ရမယ်၊ ဒါတွေကတော့ အဘိဓမ္မာ ဗဟုသုတ ရှိထားရင် နားလည် လွယ်ပါတယ်၊ ဒီလို ထူးခြားတာလေး တွေကိုတော့ မှတ်ထားရမယ်၊ ဒေါသမူ အသင်္ခါရိက စိတ်အတွက် ပြီးသွားပါပြီ၊ နည်းကိုလည်း လိုတာလေးက စိတ်ဆုံးရုံ သက်သက် ၁၈-ပါးထဲမှာ ထိန, မိဒ္ဓ ၂-ပါးထဲ ထည့်လိုက်ရင် ၂၀၊ ဣဿာ စသည် တစ်ခုခုနှင့်ယှဉ်တဲ့ ၁၉-ပါး ထဲမှာ ထိန, မိဒ္ဓ ၂-ပါး ထည့်လိုက်ရင် ၂၁-ပါးစီ ဖြစ်သွားတယ်။
ဒါကြောင့်-
“ယင်း ဒေါသမူ အသင်္ခါရိကစိတ်၌ ယေဝါပနအရ ထိန, မိဒ္ဓနှင့်တကွ ၂၀-၂၁ ဖြစ်သည်” လို့ စာရွက်ထဲမှာ ရေးထားပါတယ်။
ဒီဒေါသမူစိတ်မှာလည်း သမထ နေရာရောက်တော့ “သမထော ဟောတိ” လို့ ဝေဖန်ထားတာပါပဲ၊ စောစောက ပြောခဲ့တဲ့ ပုဂ္ဂိုလ် အယူအဆနဲ့ ဆိုရင် ဒေါသဖြစ် ရာမှာလည်း သမထ ဘာဝနာ ဖြစ်တယ်လို့ ဆိုရမှာပဲ၊ တကယ်ကတော့ ဘယ်နည်းနဲ့မှ မဖြစ်ပါဘူး၊ လောဘနဲ့ သမထဆိုတာ လည်း မရှိပါဘူး၊ ဒေါသနဲ့ သမထ ဆိုတာလည်း မရှိပါဘူး၊ သူ ထင်မြင် ယူဆထားတာက ပုဂ္ဂိုလ်အတ္တ စွဲပါတယ်လို့ ဒီလိုထင်မြင် ယူဆပြီး ဒိဋ္ဌိဂတသမ္ပယုတ် ဖြစ်တယ်လို့ စွပ်စွဲနေတာပဲ၊ ဒါဟာ သူနားမလည်လို့ပါပဲ၊ ဒါဟာ အင်မတန် ထင်ရှားပါတယ်၊ သတ္တဝါအနေနဲ့ အာရုံပြုတိုင်းလည်း ပုဂ္ဂိုလ်အတ္တစွဲ မကင်းဘူး၊ ဒိဋ္ဌိရှိနေတယ်လို့ ဒီလိုမဟုတ်ပါဘူး၊ ထင်ရှားအောင် ပြောရရင် မေတ္တာ ပို့တဲ့အခါမှာ ကြည့်ပါလား၊ သတ္တဝါတွေကို အာရုံပြုပြီးတော့ မေတ္တာ ပို့ရတာပဲ၊ ကုသိုလ် ဖြစ်နေတာပဲ မဟုတ်လား၊ အကုသိုလ် မဖြစ်ပါဘူး၊ သူ့အယူနဲ့သာ ကြည့်ရင် တော့ သတ္တဝါတွေကို အာရုံပြုနေလို့ ဒိဋ္ဌိဂတသမ္ပယုတ် အကုသိုလ် ဖြစ်နေတယ်လို့ ဆိုရတော့မှာပေါ့၊ မေတ္တာပို့တာဟာ ဘယ်မှာ အကုသိုလ် ဖြစ်ပါ့မတုန်း၊ အကုသိုလ် ဖြစ်တဲ့ အလုပ်ဆိုရင် မြတ်စွာဘုရားက မေတ္တာ ပို့ဖို့ တိုက်တွန်း ဟောကြားတော်မူမှာ မဟုတ်ပါဘူး၊
“သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု”
သဗ္ဗေသတ္တာ - သတ္တဝါ အားလုံးတို့သည်၊
အဝေရာ - ရန်ကင်း ကုန်သည်၊
ဟောန္တု - ဖြစ်ကြပါစေ၊
လို့ ဆိုတာဟာ သတ္တဝါတွေကို အာရုံပြုပြီးတော့ မေတ္တာကုသိုလ်တွေ ဖြစ်နေတာပဲ၊ ဒါကြောင့် ပုဂ္ဂိုလ် သတ္တဝါကို အာရုံပြုတိုင်းလည်း ဒိဋ္ဌိမကင်းဘူးလို့ မဆိုရပါဘူး။
ကရုဏာ, မုဒိတာတို့ ဆိုတာတွေလည်း သတ္တဝါတွေကို ဒီလိုအာရုံပြုပြီး ပွားများရတဲ့ ဘာဝနာတွေပါပဲ၊ အဲဒါတွေကိုလည်း ဒိဋ္ဌိမကင်းဘူးလို့ မယူဆရဘူး။ ဒိဋ္ဌိ လုံးဝ မပါပါဘူး၊ ကုသိုလ်ဘာဝနာတွေ သက်သက်ပါပဲ၊ ဒီကုသိုလ် ဘာဝနာ သမာဓိတွေ ရင့်သန်လာတဲ့အခါမှာ ဈာန်ရတာပဲ၊ ရူပါဝစရဈာန်တွေ သူ့အဆင့်နဲ့သူ အဆင့်အား လျော်စွာ ရလာရတာ ဖြစ်ပါတယ်၊ ဥပေက္ခာ ဘာဝနာဆိုလို့ရှိရင် စတုတ္ထဈာန်အထိ ရနိုင်ပါတယ်၊ အဲဒိ ဈာန်တွေဟာ သတ္တဝါကို အာရုံပြုကြတာပါပဲ၊ ဒါပေမယ့် ဒိဋ္ဌိဂတသမ္ပယုတ် မဟုတ်ကြပါဘူး၊ ဈာန်ကုသိုလ်တွေ ဆိုတာဟာ အင်မတန် ထင်ရှားပါတယ်၊ အဘိဓမ္မတ္ထ သင်္ဂြိုဟ်ကို တော်တော် တန်တန်လောက် နားလည်တယ် ဆိုရင်ကိုပဲ ဒါလောက်တော့ နားလည်ဖို့ရှိပါတယ်။ မေတ္တာ စတဲ့ ဘာဝနာတွေဟာ ကုသိုလ်လား, အကုသိုလ်လား၊ ရူပါဝစဈာန်တွေ ဆိုတာလည်း ကုသိုလ်လား, အကုသိုလ်လား ဆိုတာ ရှင်းလင်းစွာ သိနိုင်ပါတယ်။
နောက်ပြီးတော့ မိခင်၊ ဖခင်၊ ဆရာသမား စသည်တွေကို အရိုအသေပြုနေကြတဲ့ ဟာတွေမှာလည်း ကျေးဇူးရှင် မိခင်၊ ဖခင်၊ ဆရာသမားတွေပဲလို့ အာရုံပြုပြီးတော့ ရိုသေသမှုပြုကြရတာပါပဲ၊ ဒီရိုသေမှုတွေ ဟာလည်း ကုသိုလ်တွေပဲ ဖြစ်ပါတယ်၊ ခုနက ပုဂ္ဂိုလ် အယူအဆနဲ့ဆိုရင် ကိုယ့်မိခင်၊ ဖခင်၊ ဆရာသမားဆိုတဲ့ အနေနဲ့ အာရုံပြုတဲ့အတွက်ကြောင့် ဒိဋ္ဌိနဲ့ယှဉ်တဲ့ ရိုသေမှုလို့ ဆိုရလိမ့်မယ်၊ အဲဒီလိုဆိုရင် ရိုသေမှုဟာ ကုသိုလ် မဟုတ်နိုင်တော့ဘူး၊ ဒိဋ္ဌိနဲ့ ယှဉ်တယ်ဆိုပြီး အကုသိုလ် ဖြစ်နေပြီပေါ့၊ အဲဒီလိုမဟုတ်ပါဘူး၊ ရိုသေခြင်း ဆိုတာလည်း ကုသိုလ်ပဲဖြစ်ပါတယ်၊ သူ့အယူအတိုင်းသာဆိုရင် တရားတော်တွေဟာ တော်တော် မှားယွင်း ပျက်စီးကုန်ပြီ၊ ကုသိုလ်က အကုသိုလ်ဖြစ်၊ အကုသိုလ်က ကုသိုလ်ဖြစ်နဲ့ ပြောင်းပြန်တွေ ဖြစ်ကုန် တော့မှာပဲ၊ အဲဒီအယူဝါဒ တွေကို သတိထား ကြရမယ်၊ အင်မတန်မှ ကြောက်စရာ ကောင်းတဲ့ သာသနာ့ အန္တရာယ်တွေပဲ၊
ဘာသာရေး နုနယ်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဘုရားဟောပါဠိတွေက ဘယ်လို အဋ္ဌကထာ ဋီကာဖွင့် က ဘယ်လိုဆိုပြီး ကျမ်းဂန်တွေကို ကိုးကားပြောလိုက်ရင် အဟုတ် အောက်မေ့ပြီး ယုံကြည်သွား တတ်ကြပါတယ်၊ ပါဠိ, အဋ္ဌကထာ, ဋီကာတွေကတော့ မမှားပါဘူး၊ အမှန်တွေကို ဟောကြား ဖွင့်ဆိုထားကြတာပါပဲ၊ ကျမ်းဂန်တွေကို ကြည့်ပြီး ဆိုလိုရင်းကို မသိဘဲနဲ့ ကိုယ်ထင်ရာ ရမ်းပြီး ယူဆ ပြောဆိုတာကသာ မှားတာပါပဲ။
အဲဒီမှာ ပဋိပတ္တိလုပ်ငန်းကို ဘုရားဟောနဲ့အညီ ကိုယ်တိုင် စနစ်တကျ ခရီးရောက်အောင် အားထုတ်ထားမှု ဘာမှမရှိဘဲနဲ့ စာပေသဘောမျှနဲ့ ယူဆပြီး မှားနေတာလည်း ရှိတတ်ပါတယ်၊ ဒါကတော့ နည်းပါတယ်၊ တချို့ကတော့ စာပေ လည်းမရှိ၊ အကျင့်အသိလည်း မရှိဘဲနဲ့ ကိုယ်ထင်ရာ ကိုယ်စိုင်းပြီး မှားနေကြတာ လည်း ရှိတယ်၊ ကိုယ်မှားရုံတင်သာ မကသေးဘူး၊ သူတစ်ပါး တွေကိုပါ အမှားလမ်း ကြောင်းပေါ်ကို ဆွဲတင် လိုက်ကြသေးတယ်၊ ဒါကြောင့် ဒါတွေကို သတိပြုပြီး အန္တရာယ် မဖြစ်ကြရအောင် နေတတ်ကြဖို့ရာ သတိပေးစကား ဟောကြား လိုက်ရ တာပါပဲ၊ ကဲ ကျန်တဲ့ အကုသိုလ်စိတ်ကို ဝေဖန်ထားပုံ ဟောကြဦးစို့။
မောဟမူစိတ် ၂-ပါး
ပြီးတော့ မောဟမူစိတ် ၂-ပါးကို ဆက်ဟောပါတယ်၊ အဲဒီမှာ ပထမတစ်ပါး ဖြစ်ပုံလို ဒီလို ဟောကြားထားတယ်၊
ယသ္မိံ သမယေ - အကြင် အခါ၌၊
ဥပေက္ခာသဟဂတံ - ဥပေက္ခာနှင့်တကွ ဖြစ်သော၊
ဝိစိကိစ္ဆာ သမ္ပယုတ္တံ - ဝိစိကိစ္ဆာနှင့် ယှဉ်သော၊
အကုသလံ စိတ္တံ - အကုသိုလ်စိတ်သည်၊
ဥပ္ပန္နံ ဟောတိ - ဖြစ်၏ တဲ့၊
တသ္မိံ သမယေ - ထိုအခါ၌၊
ဖဿော ဟောတိ၊ ဖဿဖြစ်၏ စသည်ဖြင့် ရှေးက အတိုင်းပဲ ဝေဖန်သွားပါတယ်၊ တရားကိုယ် ကောက်ပုံလောက်သာ ပြောမှ ဖြစ်တော့မယ်၊ အသေးစိတ်တွေ ပြောနေဖို့ မချိန် မရတော့ဘူး၊ ကျယ်ဝန်းလည်း သွားလိမ့်မယ်၊ ဒါကြောင့် တရားကိုယ် မျှလောက်ပဲ ပြောရမယ်။
“ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ် မောဟမူစိတ် ဖြစ်ခိုက်၌ ပါဝင်သော တရား များမှာ လောဘမူ ပထမစိတ်၌ ပြခဲ့သော ၁၆-ပါးမှ ပီတိ, ဒိဋ္ဌိ, လောဘမပါ ဝိစိကိစ္ဆာနှင့်တကွ တိုက်ရိုက်ပြ ၁၄-ပါး ယေဝါပနအရ မနသိကာရ၊ ဥဒ္ဓစ္စ တို့နှင့်တကွ ၁၆-ပါး ဖြစ်သည်” တဲ့။
လောဘမူ စိတ်မှာပါဝင်တဲ့ တရားပေါင်းက ၃၂-ပါး ရှိတယ်၊ တရားကိုယ်ကတော့ ၁၆-ပါး ရှိတာပဲ၊ ထပ်တူဖြစ်နေတဲ့ တရားတွေကို မကောက်တော့ဘဲ သီးသန့်တရားကိုယ် ကို ကောက်ယူရတယ်။ အဲဒါ ရှင်းသွားအောင် ဒီလိုကြည့်မှပဲ …
လောဘမူ ပထမစိတ်၌ တရားပေါင်း ၃၂-ပါး၊ တရားကိုယ် ၁၆-ပါး ဟူသည်မှာ -
ဖဿပဉ္စမကတရားပေါင်း ၅-ပါး၊ တရားကိုယ် ၅-ပါး၊
ဈာနင်တရားပေါင်း ၅-ပါး၊ တရားကိုယ် ၄-ပါး၊
ဣန္ဒြေတရားပေါင်း ၅-ပါး၊ တရားကိုယ် ၂-ပါး၊
မိစ္ဆာမဂ္ဂင်တရားပေါင်း ၅-ပါး၊ တရားကိုယ် ၁-ပါး၊
ဗိုလ်တရားပေါင်း ၄-ပါး၊ တရားကိုယ် ၂-ပါး၊
မူလတရားပေါင်း ၂-ပါး၊ တရားကိုယ် ၂-ပါး၊
ကမ္မပထတရားပေါင်း ၂-ပါး၊ တရားကိုယ်၊
လောကနာသကတရားပေါင်း ၂-ပါး၊ တရားကိုယ်၊
မေတ္တာစတဲ့ ဘာဝနာတွေဟာ ကုသိုလ်လား, အကုသိုလ်လား၊ ရူပါဝစဈာန်တွေ ဆိုတာလည်း ကုသိုလ်လား, အကုသိုလ်လား ဆိုတာ ရှင်းလင်းစွာ သိနိုင်ပါတယ်။
နောက်ပြီးတော့ မိခင်၊ ဖခင်၊ ဆရာသမား စသည်တွေကို အရိုအသေပြုနေကြတဲ့ ဟာတွေမှာလည်း ကျေးဇူးရှင် မိခင်၊ ဖခင်၊ ဆရာသမားတွေပဲလို့ အာရုံပြုပြီးတော့ ရိုသေသမှုပြုကြရတာပါပဲ၊ ဒီရိုသေမှု တွေဟာလည်း ကုသိုလ်တွေပဲ ဖြစ်ပါတယ်၊ ခုနက ပုဂ္ဂိုလ် အယူအဆနဲ့ဆိုရင် ကိုယ့်မိခင်၊ ဖခင်၊ ဆရာသမားဆိုတဲ့ အနေနဲ့ အာရုံပြုတဲ့အတွက်ကြောင့် ဒိဋ္ဌိနဲ့ယှဉ်တဲ့ ရိုသေမှုလို့ ဆိုရလိမ့်မယ်၊ အဲဒီလိုဆိုရင် ရိုသေမှုဟာ ကုသိုလ် မဟုတ်နိုင်တော့ဘူး၊ ဒိဋ္ဌိနဲ့ ယှဉ်တယ်ဆိုပြီး အကုသိုလ် ဖြစ်နေပြီပေါ့၊ အဲဒီလိုမဟုတ်ပါဘူး၊ ရိုသေခြင်း ဆိုတာလည်း ကုသိုလ်ပဲဖြစ်ပါတယ်၊ သူ့အယူ အတိုင်းသာဆိုရင် တရားတော်တွေဟာ တော်တော် မှားယွင်း ပျက်စီးကုန်ပြီ၊ ကုသိုလ်က အကုသိုလ်ဖြစ်၊ အကုသိုလ်က ကုသိုလ်ဖြစ်နဲ့ ပြောင်းပြန်တွေ ဖြစ်ကုန်တော့မှာပဲ၊
အဲဒီအယူဝါဒ တွေကို သတိထား ကြရမယ်၊ အင်မတန်မှ ကြောက်စရာ ကောင်းတဲ့ သာသနာ့ အန္တရာယ်တွေပဲ၊ ဘာသာရေး နုနယ်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဘုရားဟော ပါဠိတွေက ဘယ်လို အဋ္ဌကထာ ဋီကာဖွင့်က ဘယ်လိုဆိုပြီး ကျမ်းဂန်တွေကို ကိုးကား ပြောလိုက်ရင် အဟုတ် အောက်မေ့ပြီး ယုံကြည်သွား တတ်ကြပါတယ်၊ ပါဠိ, အဋ္ဌကထာ, ဋီကာတွေကတော့ မမှားပါဘူး၊ အမှန်တွေကို ဟောကြား ဖွင့်ဆို ထားကြတာပါပဲ၊ ကျမ်းဂန်တွေကို ကြည့်ပြီး ဆိုလိုရင်းကို မသိဘဲနဲ့ ကိုယ်ထင်ရာ ရမ်းပြီး ယူဆ ပြောဆိုတာကသာ မှားတာပါပဲ။
အဲဒီမှာ ပဋိပတ္တိလုပ်ငန်းကို ဘုရားဟောနဲ့အညီ ကိုယ်တိုင်စနစ်တကျ ခရီး ရောက်အောင် အားထုတ်ထားမှု ဘာမှမရှိဘဲနဲ့ စာပေသဘောမျှနဲ့ ယူဆပြီး မှားနေ တာလည်း ရှိတတ်ပါတယ်၊ ဒါကတော့ နည်းပါတယ်၊ တချို့ကတော့ စာပေလည်းမရှိ၊ အကျင့်အသိလည်း မရှိဘဲနဲ့ ကိုယ်ထင်ရာ ကိုယ်စိုင်းပြီး မှားနေကြတာလည်း ရှိတယ်၊ ကိုယ်မှားရုံတင်သာ မကသေးဘူး၊ သူတစ်ပါး တွေကိုပါ အမှားလမ်းကြောင်းပေါ်ကို ဆွဲတင်လိုက် ကြသေးတယ်၊ ဒါကြောင့် ဒါတွေကို သတိပြုပြီး အန္တရာယ် မဖြစ်ကြရအောင် နေတတ်ကြဖို့ရာ သတိပေးစကား ဟောကြားလိုက်ရတာပါပဲ၊ ကဲ ကျန်တဲ့ အကုသိုလ်စိတ်ကို ဝေဖန်ထားပုံ ဟောကြဦးစို့။
“ဥပက္ခောသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ် မောဟမူစိတ်၌လည်း ထို့အတူပင် ဝိစိကိစ္ဆာမပါ ဥဒ္ဓစ္စနှင့်တကွ တိုက်ရိုက်ပြ ၁၄-ပါး၊ ယေဝါပနအရ အဓိမောက္ခ, မနသိကာရတို့နှင့် ၁၆-ပါးပင် ဖြစ်သည်” တဲ့။
အဲဒီမှာ ထိုအတူ ဆိုတာက မောဟမူ ဝိစိကိစ္ဆာမှာလိုပါပဲတဲ့၊ ၁၄-ပါး ၁၆-ပါး ဖြစ်တယ်တဲ့။ ဒါပေမယ့် အပြောင်းအလဲ လေးတော့ရှိတယ်။ အရင်က ဝိစိကိစ္ဆာ နေရာမှာ ဥဒ္ဓစ္စကို ပြောင်းထည့်လိုက်ရတဲ့ အပြောင်းအလဲ လေးပါပဲ။ ဒါပဲထူးပါတယ်။ အခု ဒီမှာ ယေဝါပနအရ အဓိမောက္ခ ပါဝင်လာတယ်။ ဟိုတုန်းကတော့ ဥဒ္ဓစ္စက ယေဝါပနထဲမှာပဲ၊ ဟိုတုန်းက အဓိမောက္ခ မပါခဲ့ပါဘူး၊ အဓိမောက္ခဆိုတာ ဆုံးဖြတ်တဲ့ သဘောပဲ။ ဝိစိကိစ္ဆာက ယုံမှားတွေးတောတဲ့ စိတ်ဆိုတော့ ဘယ်မှာဆုံးဖြတ်လို့ ဖြစ်နိုင်မှာလဲ။ မဆုံးဖြတ်နိုင်ဘူး။ ဒါကြောင့် အဲဒီတုန်းက အဓိမောက္ခ မပါခဲ့တာပဲ။ အခုလည်း ဒီဥဒ္ဓစ္စကျတော့ ပျံ့လွင့်တယ် ဆိုပေမယ့် အာရုံကိုဆုံးဖြတ်တဲ့ သဘောလေးတော့ ရှိသေးတယ်။ ဒါကြောင့် ဒီကျတော့ အဓိမောက္ခ ပါလာရတယ်။ နောက်ပြီး အဲဒီစာရွက်ထဲမှာ နောက်ပိုင်း လက်သည်းကွင်း ကလေးနဲ့ စာပိုဒ်လေး ရှိတယ်။ ဘာလဲဆိုရင်- (အထူးသတိပြုရန်မှာ တရား ကိုယ် အရေအတွက်တို့၌ စိတ်ပါ ထည့်တွက်ထားသည်ကို အထူးသတိပြုပါ) တဲ့။
သတိမပြုရင် ဝိစိကိစ္ဆာစိတ်မှာ စေတသိက် ၁၅-ပါးပဲ ယှဉ်တာ၊ ဒီမှာ ဘာကြောင့် ၁၆-ပါး ဖြစ်နေပါလိမ့်မလဲလို့ အမှတ်တမဲ့ ဖြစ်သွားတတ်တယ်၊ စေတသိက်ချည်း ဆိုရင်တော့ ၁၅-ပါး ဟုတ်ပါတယ်၊ ၁၆-ပါး ဖြစ်ရတာကတော့ စိတ်ပါ ထည့်ထားပြီး ပေါင်းယူလိုက်လို့ပါပဲ၊ လောဘမူ ပထမစိတ်တုန်းကလည်း ဒီလိုပဲ စိတ်ပါ ထည့်ပေါင်း ထား လိုက်တာပါပဲ၊ ကျန်တဲ့ စိတ်တွေမှာလည်း ဒီအတိုင်းပင် သတိထားကြရမယ်၊
အဘိဓမ္မာ အကုသိုလ်စိတ်အတွက် ဒီလောက် ဆိုရင် ရိပ်မိ လောက်ပါပြီ၊ ခရေစေ့ တွင်းကျ ဟောနေလို့တော့ မဖြစ်ဘူး၊ အင်မတန် ရှည်လျားသွားပါလိမ့်မယ်၊ အကုသိုလ်စိတ် ဝေဖန်ပုံ အပြီးသတ်လိုက်ကြပါစို့။
ယုံမှားမှုတွေက ဖြစ်တတ်တယ်
▬▬▬▬▬
လောကုတ္တရာ ပထမမဂ်စိတ်က ဒိဋ္ဌိကိုပယ်တယ်၊ ဝိစိကိစ္ဆာကို ပယ်တယ်၊ ဒီတော့ သောတာပတ္တိ ပထမမဂ်သို့ ရောက်ရှိပြီး သွားပြီဆိုရင် ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ကင်းသွားပြီ အရင်ကပြောခဲ့တဲ့ ဒိဋ္ဌိအယူဝါဒ အမျိုးမျိုးတွေကို လက်မခံတော့ဘူး၊ ပြီးတော့ ဝိစိကိစ္ဆာ ကင်းသွားပြီ ဖြစ်လို့လည်း ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး အပေါ်မှာလည်း ယုံမှားမှုတွေ မရှိတော့ဘူး ကင်းသွားပြီ။
သီလ၊ သမာဓိ၊ ပညာနဲ့ စပ်ရာမှာလည်း ယုံမှား သံသယမရှိတော့ဘူး ကင်းသွားပြီ၊ အဲ တချို့ ပုဂ္ဂိုလ်တွေဟာ မိမိတို့ရဲ့ အကျင့်သီလ၊ သိက္ခာနဲ့ စပ်ပြီးတော့ ယုံမှား သံသယမှုတွေ ဖြစ်တတ်ကြတယ်၊ ဒီလို အကျင့်သီလတွေကို ဆောက်တည် ကျင့်သုံး နေတာဟာ ဟုတ်မှ ဟုတ်ပါ့မလားလို့ ယုံမှားသံသယတွေ ဖြစ်တတ်တယ်၊ သမာဓိ အကျင့်တွေမှာလည်း ဒီလိုပဲ၊ ပထဝီ၊ ပထဝီ စသည်ဖြင့် ရှုနေတော့ ဈာန်ရတယ်ဆိုတာ ဟုတ်မှ ဟုတ်ရဲ့လား၊ နှာသီးဖျားမှာ တိုက်ခိုက်ပြီး ဝင်ထွက်နေတဲ့ ဝင်လေ၊ ထွက်လေကို ရှူနေရုံနဲ့ ဈာန်ရတယ်ဆိုတာ ဟုတ်မှ ဟုတ်ပါ့မလား၊ ချမ်းသာပါစေ၊ ချမ်းသာပါစေလို့ ဒီလို နှလုံးသွင်း မေတ္တာပို့နေရုံနဲ့ ဈာန်ရတယ် ဆိုတာကော ဟုတ်မှ ဟုတ်ပါ့မလား စသည်ဖြင့် သမာဓိနဲ့ စပ်ပြီးတော့လည်း ယုံမှားမှုတွေ ဖြစ်နေတတ်ကြတယ်။
ပညာနဲ့ စပ်ပြီးတော့လည်း ဒီလိုပဲ ဖြစ်တတ်တာပဲ၊ ဒွါရခြောက်ပါးက ဖြစ်တိုင်း ပျက်တိုင်း မြင်တယ်၊ ကြားတယ်လို့ ရှုမှတ်နေရုံနဲ့ ရုပ်နာမ်တွေကို ပိုင်းခြားပြီး တော့သိတဲ့ ဝိပဿနာဉာဏ်တွေဖြစ်တယ်၊ ဒီလို ဝိပဿနာဉာဏ်တွေ အဆင့်ဆင့် ရင့်သန်ပြီးတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေ ဖြစ်တယ် ဆိုတာတွေကော ဟုတ်မှ ဟုတ်ပါ့မလားလို့ မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေကို မရသေးဘူးတဲ့ ပုဂ္ဂိုလ် တွေမှာ ဒီလိုပညာနဲ့ စပ်ပြီးတော့လည်း ယုံမှား, သံသယတွေ ဖြစ်တတ်ကြတာပဲ၊ လောကုတ္တရာ ပထမမဂ် ရပြီဆိုရင်တော့ ဒီလိုယုံမှား သံသယတွေ ကင်းသွားပြီ၊ ဘာဖြစ်လို့ ကင်းသွားသလဲ ဆိုတော့ ကိုယ်တိုင်ကိုယ်ကျ အမှန်တရားကို ပိုင်ပိုင်နိုင်နိုင် ရရှိထားလို့ပါတဲ့။
ဥပမာ - မစားဖူးသေးတဲ့ အစာအာဟာရဆိုရင် ဘယ်လို အရသာရှိမှာပါလိမ့်လို့ ယုံမှား နေပေလိမ့်မယ်၊ တွေးတော နေပေလိမ့်မယ်၊ ကိုယ်တိုင်စားဖူးပြီလို့ သိထားတဲ့ အရသာဆိုရင် ဘယ်အချိန် ဘယ်အခါ မှာပဲဖြစ်ဖြစ် ဒီအစာအဟာရနဲ့ ပတ်သတ်လာရင် အဲဒီ အစာအာဟာရ အတွက် ဘယ်လိုအရသာဆိုတာ ယုံမှား တွေးတောနေစရာ အကြောင်းမရှိတော့ဘူး၊ အဲဒီလိုပါပဲ တရားသဘောတွေကို ကိုယ်တိုင်က တွေ့သိပြီး ဖြစ်နေတော့ ဘာမှ ယုံမှားမှုမရှိတော့ဘူး၊ ရုပ်နာမ် သင်္ခါရတွေကို လမ်းဆုံး တိုင်အောင် ရှုမှတ်တဲ့ ပုဂ္ဂိုလ်တွေ ဆိုရင် နိဗ္ဗာန်ကို ကိုယ်တိုင် တွေ့ကြရ တော့တာပါပဲ။
နိဗ္ဗာန်ဆိုတာ ရုပ်နာမ် သင်္ခါရတွေ ချုပ်ငြိမ်း သွားတာ ဖြစ်ပါတယ်၊ အဲဒီသင်္ခါရ ငြိမ်းတဲ့သဘောထဲကို ရောက်သွားတာပဲ၊ တစ်ခါ ရောက်ရုံမျှ မဟုတ်သေးပါဘူး၊ သင်္ခါရုပေက္ခာဉာဏ်အားကြီးလို့ ခဏခဏ နှလုံးသွင်းနေလို့ ရှိရင် အဲဒီ နိဗ္ဗာန်အာရုံ ထဲကို မကြာမကြာ ပြန်ရောက်ရောက် နေတာပါပဲ၊ အဲဒါကို ဖလသမာပတ်လို့ ခေါ်ပါတယ်၊ တချို့ ငါးမိနစ်၊ တချို့ ဆယ်မိနစ်၊ တချို့ နာရီဝက်၊ တချို့ တစ်နာရီ စသည် တချို့ တစ်ရက်လုံး ကြာတာတွေတောင် ရှိပါတယ်၊ အဲဒါဟာ တရားကို ကိုယ်တိုင်တွေ့ ထိနေကြတာတွေတဲ့၊ သူတို့အဖို့ရာမှာ ယုံမှားမှုဆိုတာ မရှိတော့ဘူးပေါ့၊ ဒါကြောင့်မို့ သောတာပတ္တိမဂ် ကို ရောက်လို့ရှိရင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ခု ကင်းတော့တာပဲ တဲ့။
အဲဒါတွေ အဲဒီစာရွက်ထဲမှာ ဖော်ပြထားတဲ့အတိုင်းပါပဲ၊
၁-နံပါတ်နဲ့ ၅-နံပါတ် စိတ်များမှာ ၁-နံပါတ်နဲ့ ၂- နံပါတ်တွဲ၍ သသင်္ခါရိကစိတ်၊
၅-နံပါတ်နဲ့တွဲ၍ ၆-နံပါတ် ဖြစ်တဲ့ သသင်္ခါရိကစိတ်၊
အဲဒီလို ၁၊ ၂၊ ၅၊ ၆ အမှတ်စဉ် စိတ်များကင်းတယ်တဲ့၊
ပြည့်ပြည့်စုံစုံ သရုပ်ဖော်ပြမယ်ဆိုရင်တော့ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကနဲ့ သသင်္ခါရိက ဒီက ၂-ပါး၊ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကနဲ့ သသင်္ခါရိက ဒီက ၂-ပါး၊ အားလုံး အဲဒီ ၄- ပါးပဲ၊ အဲဒါတွေကင်းတဲ့ အတွက်ကြောင့်မို့ မှားတဲ့အယူ၊ မှားတဲ့အယူနဲ့ တွဲဖြစ်တဲ့စိတ်တွေ မရှိတော့ဘူးတဲ့။ .
အပါယ် မကျနိုင်တော့ဘူး
▬▬▬▬▬▬▬▬▬
ပြီးတော့ အပါယဂမနီယဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ အပါယ်လားကြောင်း အကြမ်းစား ကိလေသာတွေဟာ သောတာပတ္တိမဂ်ကို ရောက်ရင် မရှိတော့ဘူး၊ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်တွေ မကင်းသေးပေမယ် လို့လည်း အပါယ်ကို ကျရောက်စေ တတ်တဲ့ ကိလေသာတွေဆိုတာကတော့ မဟုတ်ဘူးပေါ့၊ အပါယ်ကို ကျစေနိုင်တဲ့ လောဘ၊ ဒေါသ၊ မောဟတွေကတော့ စိတ်ချလက်ချကို ကင်းသွားတော့တာပဲ၊ အဲဒါတွေက ဘာတွေလဲဆိုရင် သူတစ်ပါးအသက်ကို သတ်ခြင်း၊ သူတစ်ပါး ဥစ္စာကို ခိုးခြင်း၊ သူတစ်ပါး သားမယားကို ကျူးလွန်ပြစ်မှားခြင်း၊ မဟုတ်မမှန် လိမ်ညာ ပြောဆိုခြင်း၊ မူးယစ် စေတတ်တာတွေကို သုံးဆောင်ခြင်းတဲ့၊ ဒီဒုစရိုက်တွေကို ထမြောက်အောင်မြင်အောင် မပြု မလုပ်တော့ဘူးတဲ့၊ သောတာပန်မှာ အဲဒါတွေ ကင်းငြိမ်းသွားပြီ တဲ့။ .
အထက် အထက်ဆင့်တွေ
▬▬▬▬▬▬▬▬▬
လောကုတ္တရာစိတ်တုန်းက “ဒိဋ္ဌိဂထာနံ ပဟာနာယ - ဒိဋ္ဌိအယူတွေကို ပယ်ရန် အလို့ငှါ၊ လောကုတ္တရံ ဈာနံ ဘာဝေတိ - လောကုတ္တရာဈာန်ကို ဖြစ်ပွားစေသည်” စသည်ဖြင့် ပြောခဲ့တယ်၊ အဲဒီတုန်းက ပထမ မဂ်အဆင့်မှာ ကင်းသင့် ကင်းထိုက် တာတွေ လောက်သာ ပြောခဲ့ပါတယ်၊ ဒုတိယအဆင့် စသည်တွေအတွက် မပြောခဲ့ရ သေးဘူး၊ အခုဆက်ပြီး ပြောရဦးမယ်။
ဒုတိယ အဆင့်ကျတော့ “ကာမရာဂ ဗျာပါဒါနံ တနုဘာဝါယ” တဲ့၊ ကာမရာဂ ဗျာပါဒတွေ နည်းပါးသွားတယ်တဲ့၊ အတိုင်းအတာ ပမာဏနဲ့ အတိအကျ ပြလို့ကတော့ မဖြစ်ဘူး၊ သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်မှာ ကာမအာရုံတွေကို နှစ်သက် သာယာမှု ဆိုတာတော့ ရှိတာပါပဲ၊ ပုထုဇဉ် ပုဂ္ဂိုလ်များလောက်သာ လွန်လွန်ကဲကဲ မကြမ်း တမ်းတာ၊ အထိုက်အလျှောက် ကတော့ ရှိသေးတာပဲ၊ စိတ်ဆိုးတဲ့ ဒေါသဆိုတာလည်း ရှိတာပဲ၊ အဲဒါတွေ နည်းပါးသည်အထိ နည်းပါး သွားအောင် ရုပ်နာမ်ဓမ္မတွေကို ဝိပဿနာ ရှုမှတ် ပွားများရတယ်၊ အဲဒီမှာ ဝိပဿနာဉာဏ်တွေ ရင့်သန်လို့ ဒုတိယအဆင့်ကိုရောက်ပြီဆိုရင် ဒီ ကာမရာဂ ဗျာပါဒတွေဟာ နည်းပါးသွားတာပဲတဲ့။
နောက် တတိယ အဆင့်သို့ရောက်အောင် ပွားများ အားထုတ်တော့ အနာဂါမိဖိုလ် ကိုရောက်တယ်၊ အဲဒီ တတိယ အဆင့်ကိုရောက်ရင် “ကာမရာဂ ဗျာဒါနံ အနဝသေသပဟာနာယ” တဲ့၊ ကာမရာဂ ဗျာပါဒတွေကို အကြွင်းမဲ့ပယ်နိုင်အောင် အားထုတ်တဲ့ အတွက်ကြောင့် အဲဒါတွေ ကင်းသွား တယ်တဲ့၊ အနာဂါမ်ဖြစ်သွားရင် ကာမရာဂဗျာပါဒတွေ အကုန်လုံး ကင်းသွားပြီတဲ့၊ ကာမအာရုံတွေနဲ့ စပ်ပြီးတော့ နှစ်သက်သာယာမှု မရှိတော့ဘူး၊ မလွှဲမကင်းသာတဲ့ သုံးဆောင်မှု ဆိုတာကတော့ ရှိပါသေးတယ် သို့ပေမယ့်လို့ အဲဒီမှာ သာယာမှုကတော့ မရှိတော့ဘူး။
ဥပမာ - အစားအသောက် တို့ဆိုရင် သဘာဝအလျှောက် လွှဲကင်းမဖြစ်လို့သာ စားသောက် သုံးဆောင် နေရတာပဲ၊ အဲဒီ အစာ အာဟာရတွေနဲ့ စပ်ပြီးတော့ ကောင်းသည်ဖြစ်စေ၊ မကောင်း သည်ဖြစ်စေ သာယာမှုတော့ မရှိတော့ဘူး၊ အာဟာရ ဖြစ်ရင် ပြီးတာပဲ ဆိုတဲ့အနေနဲ့ သုံးဆောင်ကြ တော့တယ်၊ သင့်လျှော်တဲ့ အာဟာရ ကိုတော့ မသုံးဆောင်လို့ မဖြစ်ဘူးပေါ့၊ ရရှိထားပြီးဖြစ်တဲ့ ခန္ဓာကိုယ်အတွက် သင့်လျှော်သလို မှီဝဲ သုံးဆောင်ပေးရ ပါသေးတယ်၊ ကာမဂုဏ်နဲ့စပ်တဲ့ အတွေ့အထ ိတွေဆိုရင် သာယာမှုတွေ လုံးဝမရှိတော့ဘူး၊ အကြွင်းအကျန်မရှိအောင် ပယ်သတ် နိုင်ပြီတဲ့၊ စိတ်ဆိုးမှုဆိုတဲ့ ဗျာပါဒ တွေလည်း အားလုံး ကင်းသွားပြီပဲ။
နောက် စတုတ္ထဆင့် အရဟတ္တမဂ်ကျတော့ ရူပရာဂ၊ အရူပရာဂ၊ ဥဒ္ဓစ္စ၊ မာန၊ အဝိဇ္ဇာ ဆိုတဲ့ ကိလေသာတွေကို “အနဝသေသပဟာနာယ” တဲ့၊ အကြွင်းအကျန် မရှိရအောင် ပယ်နိုင်တယ်တဲ့၊ အနာဂါမ်တုန်းက မပယ်နိုင်ခဲ့သေးတဲ့ ရူပဘုံ - ရူပဘဝ၊ အရူပဘုံ - အရူပဘဝ တွေကိုပါ မသာယာတော့ဘဲ အားလုံးပယ်နိုင်သွားပြီ၊ အဲဒီ ဘုံဘဝတွေမှာ ဖြစ်လိုတဲ့ဆန္ဒကို မရှိတော့ဘူးတဲ့၊ ဥဒ္ဓစ္စ စိတ်ပျံ့လွင့်မှု ဆိုတာလည်း မရှိတော့ဘူး၊ မာန-ဝင့်ဝါ မြင့်မားမှုဆိုတဲ့ စိတ်ထားမျိုးလည်း မရှိတော့ဘူး။
မာနဆိုတာ နှစ်မျိုးရှိပါတယ်၊ ယာထာဝမာန၊ အယာထာဝမာန တဲ့၊ ယထာဝမာန ဆိုတာ မိမိရဲ့သန္တာန်မှာ တကယ် ဟုတ်မှန်စွာရှိတဲ့ သီလအစရှိတဲ့ ဂုဏ်တစ်ခုခုကို အကြောင်းပြုပြီးတော့ စိတ်နေ သဘောထား မြင့်မား နေတာကို ခေါ်ပါတယ်၊ အဲဒီ မာနကတော့ အနာဂါမ်အထိ မပယ်နိုင်သေးဘူး၊ အဲဒီမှန်ကန်တဲ့ မာနမျိုးကတော့ အနာဂါမ်မှာ ရှိသေးတယ်၊ ကိုယ်က အမျိုးအနွယ် အနေနဲ့ မြင့်မြင့်နေမယ်၊ ကိုယ်က သူများထက် သီလ အစရှိတဲ့ ဂုဏ်တွေ ပြည့်စုံနေမယ် ဆိုရင် အဲဒီ မှန်ကန်တဲ့ အတိုင်း စိတ်နေမြင့်နေတာပဲ၊ အယာထာဝမာန ဆိုတာကတော့ ကိုယ့်မှာ ထိုက်တန်တဲ့ ဂုဏ်ဆိုလို့ ဘာမျှ မရှိပါဘဲနဲ့ ရှိနေ သယောင်ယောင် ဝင့်ဝါမြင့်မား နေတာကို ခေါ်ပါတယ်၊ အဲဒီမာနမျိုးကိုတော့ အရိယာဖြစ်လာရင် ဘယ်အရိယာ သန္တာန်မှာမှ မရှိတော့ဘဲ ပယ်ပြီးသားချည်းပါပဲ။
အဝိဇ္ဇာ - ဆိုတာ သစ္စာ အမှန်အကန်ကို ဖုံးလွှမ်း ကာကွယ်မှုပဲ၊ အဲဒါကို အနာဂါမ်ပုဂ္ဂိုလ်အထိ မပယ်နိုင်သေးဘူး၊ အနာဂါမ်မှာ အဲဒီအဝိဇ္ဇာကို အကြွင်းမဲ့ မပယ်နိုင်သေးတဲ့ အတွက်ကြောင့်မို့ သုခသညာ၊ သုခစိတ္တဆိုတဲ့ ဝိပလ္လာသတွေ ကျန်နေသေးတယ်၊ ချမ်းသာတယ် ကောင်းတယ်လို့ ထင်မှတ် စွဲလမ်းနေတာဟာ အဝိဇ္ဇာ မကင်းသေးလို့ပါပဲ၊ အနာဂါမ်မှာ ရူပ၊ အရူပ ဘုံဘဝ တွေကို ချမ်းသာတယ်၊ ကောင်းတယ်လို့ စွဲလမ်းမှု ရှိသေးတယ်၊ အရဟတ္တမဂ်ရောက်ရင် အဲဒါတွေ အကုန်ပယ်လိုက်လို့ ကင်းသွားပြီ-တဲ့။
အဲဒါတွေကို လောကုတ္တရာ စိတ်တုန်းက ဟောခဲ့ပါတယ်၊ ဒါကြောင့် အဘိဓမ္မာမှာ ကုသိုလ်တရား ဖြစ်တဲ့ ကာမကုသိုလ်၊ ရူပကုသိုလ်၊ အရူပကုသိုလ်၊ လောကုတ္တရာ ကုသိုလ်လို့ ကုသိုလ်လေးမျိုး ဝေဖန်တာကို ဟောလို့ ပြီးသွားပါပြီ၊ အကုသလာဓမ္မာ အရ အကုသိုလ် စိတ်ကတော့ ၁၂-ခုပဲ၊ ဒီမှာ အပြည့်အစုံပါတယ်၊ အဲဒါပဲ၊ ဒီပြင် မရှိဘူး၊ အဲဒီ အကုသိုလ်စိတ်လည်း အရေးကြီးတာပဲ၊ ကိုယ့် သန္တာန်မှာ ဖြစ်နေလို့ရှိရင် ဘယ်လို အကုသိုလ်စိတ် ဖြစ်နေတယ်ဆိုတာ သိဖို့ခဲယဉ်းတယ်၊ အကြမ်းစား ဖြစ်တဲ့ လောဘ၊ ဒေါသတွေ ဖြစ်နေရင်တော့ သိနိုင်စရာ ရှိပါတယ်၊ အနုစားဖြစ်နေတဲ့ လောဘ၊ ဒေါသတွေကိုတော့ အင်မတန် သိနိုင်ခဲတာပါပဲ။ .
လယ်တီဆရာတော်ဘုရားကြီး အဆုံးအဖြတ်
▬▬▬▬▬▬
လယ်တီ ဆရာတော်ဘုရားကြီးရဲ့ အဆုံးအဖြတ် တစ်ခုကို တစ်နေရာမှာ တွေ့ရဖူးတယ်၊ အရိယာ ပုဂ္ဂိုလ်များမှာတော့ မစဉ်းစားရင် သူများလိုပဲတဲ့၊ စိတ်တွေဟာ သာမန် ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေတာပါပဲ တဲ့၊ စဉ်းစား ဆင်ခြင်လိုက်လို့ ရှိရင်သာ အတ္တကောင်လေး မရှိဘူးဆိုတာ သိနိုင်တယ်တဲ့၊ အဲဒါဟာ ဟုတ်ပါတယ်၊ ဘုန်းကြီးတို့ ဒီကနည်းလမ်းအတိုင်း ပြည့်ပြည့်စုံစုံ တရားအားထုတ်ထားတဲ့ ပုဂ္ဂိုလ် တွေမှာ အတ္တကောင်လေးဟာ ပျောက်နေတတ်ပါတယ်၊ တစ်ခါက ယောဂီဒကာကြီး တစ်ယောက်က လျှောက်ထားဖူးတယ်၊ အခုတော့ အဲဒီ ဒကာကြီး မရှိရှာတော့ပါဘူး၊ တပည့်တော်တို့မှာ ဘုရားတဲ့၊ အရင်တုန်း ကတော့ စဉ်းစားကြည့်လိုက်ရင် ကိုယ်ထဲမှာ အတ္တကောင်လေး ရှိနေသလိုပဲတဲ့၊ အသက်ရှင်နေတဲ့ အတ္တကောင်လေးဟာ ရှိနေတာပဲတဲ့၊ အခု တရားအားထုတ်ပြီးတော့ အဲဒီ အတ္တကောင်လေးဟာ မရှိတော့ဘူး ဘုရားတဲ့၊ စဉ်းစားတိုင်း စဉ်းစားတိုင်း ဒီကောင်လေး မရှိတော့ဘူးတဲ့၊ ဝိပဿနာ ရှုတုန်းက အတိုင်းပဲ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်မျှပဲ ရှိတော့တယ်တဲ့၊ အဲဒီလို လျှောက်ထားဖူးပါတယ်၊ တရားအားထုတ်လို့ အတ္တပယ်နိုင်တဲ့ အရိယဉာဏ် ထိအောင် ရောက်သွားရင် အဲဒီအတိုင်းပဲ၊ စဉ်းစားဆင်ခြင် ကြည့်လိုက်ရင် အတ္တလေးဟာ ရှာလို့မရတော့ဘူး၊ ပျောက်နေပြီး ရုပ်နာမ်မျှ ရှိတော့တာပဲ။
ပုထုဇဉ်အနေနဲ့ကတော့ မစဉ်းစားဘဲနဲ့ နေရင် သိပ်ပြီးတော့ မထင်ရှားဘူးတဲ့၊ ကိုယ်ထဲမှာ အတ္တဆိုတာ ဟုတ်လေသလား၊ မဟုတ်လေသလားလို့ စဉ်းစားကြည့်ခါမှ အတ္တဟုတ်နေတာတဲ့၊ လယ်တီဆရာတော် ဘုရားကြီးက အဲဒီလို ဆိုထားတယ်၊ ဟုတ်တယ်၊ အတ္တမရှိဘူးလို့သာဆိုတာ၊ စဉ်းစားနေတာဟာ ငါပဲလို့ ငါမရှိဘဲနဲ့ ဘယ့်နှယ်လုပ်ပြီး စဉ်းစားလို့ ဖြစ်ပါ့မလဲ၊ ငါရှိလို့ ငါကပဲ အရင် စဉ်းစားထားတာ တွေကို အခု ထပ်ပြီးတော့ စဉ်းစားတာပဲကိုး၊ အရင်က စွဲလမ်းလာခဲ့တဲ့ အတ္တဟာ အခု ထပ်စဉ်းစားတော့ အရင်ကအတိုင်းပဲ ပြန်ရောက်လာတာပေါ့၊ ဒီတော့ လယ်တီ ဆရာတော် ဘုရားကြီး ပြောတာ ဟုတ်တယ်။
ပုထုဇဉ် ပုဂ္ဂိုလ်တွေမှာ မစဉ်းစားဘဲ အမှတ်မဲ့နေရင် အတ္တစွဲက သိပ်မထင်ရှားဘူး၊ စဉ်းစားလိုက်မှ ငါဆိုတဲ့ အတ္တစွဲလေးက ပေါ်လာတာကိုး၊ ဝိပဿနာ ရှုမှတ်ထားတဲ့ ပုဂ္ဂိုလ်တွေ ဆိုရင်တော့ ရှုမှတ်စဉ်က ရုပ်နာမ်တွေ ပေါ်လာတာ ဖြစ်လို့ အဲဒီ အတ္တစွဲက ပျောက်တန်သလောက် ပျောက်နေတယ်၊ ဝိပဿနာ မရှုမှတ်ဖူးတဲ့ ပုဂ္ဂိုလ်တွေမှာတော့ ရုပ်နာမ်ရယ်လို့ ပေါ်လာဖူးတာ မဟုတ်လို့ အတ္တစွဲဟာ အတ္တစွဲအတိုင်း စဉ်းစားရင် အရင်ကလို ပေါ်မြဲပေါ်လာမှာပေါ့၊ ဝိပဿနာ ရှုမှတ်ဖူးလို့ ရုပ်နာမ် ပေါ်လာ ဖူးတယ်ဆိုရင် အရိယာအဖြစ်သို့ မရောက်နဲ့ဦးတော့ စဉ်းစား လိုက်လို့ရှိရင် အတ္တကောင် ပျောက်သွားတာကို တွေ့နိုင်ပါတယ်၊ အရိယာ အဖြစ် ရောက်သွားလို့ ရှိရင်တော့ ဒီအတ္တစွဲဟာ လုံးလုံးပျောက်သွားပါတယ်။
“သဗ္ဗသင်္ခါရသမထော”တဲ့၊ သိစရာအာရုံရော၊ သိတဲ့စိတ်ရော ရုပ်နာမ် သင်္ခါရ အလုံးစုံ အကုန် ချုပ်ငြိမ်းကာမှ နိဗ္ဗာန်တဲ့၊ သောတာပတ္တိမဂ်ကလည်း အဲဒီနိဗ္ဗာန်ကို အာရုံပြုတာပဲ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုတယ်လို့ ခေါ်တယ်၊ ပယ်တာမဟုတ်ဘူး၊ မျက်မှောက်ပြုတာကိုပြောတာပဲ၊ ပယ်တာကတော့ ခုနကပြောခဲ့တဲ့ စိတ်ငါးခုကို ပယ်တာ၊ ဒီစိတ်ငါးခုနဲ့အတူ အပါယ်ကျရောက် စေတတ်တဲ့ ဒိဋ္ဌိဂတဝိပ္ပယုတ် စိတ်တွေလည်း ပါတယ်၊ ဒေါသစိတ်တွေကလည်း ပါတယ်၊ အပါယ်ကို ကျရောက်နိုင်တဲ့ အကြမ်းစား အကုသိုလ်တွေ အကုန်လုံး ပယ်တဲ့အထဲ ပါသွားတာပဲ၊ သကဒါဂါမိမဂ် ကျတော့ ကာမရာဂဗျာပါဒ အကြမ်းစားတွေနဲ့ ယှဉ်ဘက် ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၊ ဒေါသမူစိတ် ၂-ခု၊ အဲဒါတွေ အကုန်လုံး တနုကရအနေနဲ့ ပါသွားတယ်၊ နည်းပါးသွားတယ်၊ ဒိဋ္ဌိနဲ့မယှဉ်ဘဲ ကာမရာဂစိတ် ဖြစ်တော့ ဖြစ်သေးတာပဲ၊ ဖြစ်ပေမယ်လို့ ကြမ်းကြမ်းတမ်းတမ်း မဖြစ်တော့ဘူးတဲ့၊ ဒေါသစိတ် လည်း လုံးဝတော့ မကင်းသေးဘူး၊ ဒါပေမယ့် ဖြစ်ခဲတယ်၊ ဖြစ်တော့လည်းပဲ တစ်ခါတစ်ရံပဲ၊ ကြမ်းကြမ်း တမ်းတမ်း မဖြစ်ဘူး၊ နူးညံ့သွားတယ်။
အနာဂါမိမဂ်ကို ရောက်တဲ့အခါကျတော့ အဲဒီ ကာမရာဂ ဆိုင်ရာဖြစ်တဲ့ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၊ ဒေါသမူစိတ် ၂-ခု၊ အဲဒါအားလုံး အကုန် ကင်းသွားတယ်၊ အဲ ဒေါသကတော့ အကုန် ကင်းသွားတယ်၊ ဝိပ္ပယုတ် ၄-ခုကတော့ ကာမရာဂနဲ့ ဆိုင်ရာ ဝိပ္ပယုတ် ၄-ခုပဲ ကင်းတယ်၊ ရူပရာဂ၊ အရူပရာဂနဲ့ဆိုင်ရာ ပြီးတော့ ဘဝရာဂနဲ့ဆိုင်ရာ ဒိဋ္ဌိဂတဝိပ္ပယုတ် ၄-ခုကတော့ မကင်းသေးဘူး။
အရဟတ္တမဂ်ရောက်တဲ့အခါကျတော့ ကျန်တဲ့ အကုသိုလ်တွေ အကုန် ကင်းသွားတော့ တယ်၊ အဲဒါတွေကို နားလည်ဖို့ပါပဲ၊ အခု အချိန် ၃-နာရီ ကျော်သွားပြီ၊ တရား သိမ်းကြဦးမှပဲ၊ နောက် တန်ခူးလပြည့်နေ့ ကျတော့ အဘိဓမ္မာတရားက ကျန်တာတွေ ရှိသေးတယ်၊ ကုသလာ ဓမ္မာ၊ အကုသလာဓမ္မာတွေ၊ ပြီးတော့ အဗျာကတာ ဓမ္မာ ကျန်သေးတယ်၊ အဗျာကတာက များတယ်၊ အဲဒီမှာတော့ နည်းနည်းပဲ ပြောရမှာပဲ၊ မတတ်နိုင်ဘူး၊
အဗျာကတတရားတွေက ဝိပါက်အဗျာကတ၊ ကြိယာအဗျာကတ ၂-မျိုးရှိတယ်၊
ဝိပါက် အဗျာကတ ကလည်း …
ကုသလဝိပါက် အဗျာကတ၊
အကုသလဝိပါက် အဗျာကတ ၂-မျိုး၊
ကုသလဝိပါက် အဗျာကတကလည်း …
ကာမာဝစရဝိပါက် အဗျာကတ၊
ရူပါဝစရဝိပါက်အဗျာကတ၊
အရူပါဝစရဝိပါက် အဗျာကတ၊
လောကုတ္တရာဝိပါက် အဗျာကတရယ်လို့ ၄-မျိုး၊
ကြိယာ အဗျာကတကလည်း …
အဟိတ် ကြိယာအဗျာကတ၊
သဟိတ်ကာမာဝစရ ကြိယာ အဗျာကတ၊
ရူပကြိယာအဗျာကတ၊
အရူပကြိယာအဗျာကတရယ်လို့ သူကလည်း ၄-မျိုး၊
ပြီးတော့ ရုပ် အဗျာကတကလည်း ရှိသေးတယ်၊ အများကြီးပဲ၊ အဲဒီကျတော့ နည်းနည်းပဲ ပြောရမယ်၊ ဗဟုသုတရှိရုံပေါ့၊ ကျဉ်းကျဉ်းပဲ ဟောရမယ်။
နောက် ဓမ္မသင်္ဂဏီပြီးရင် ဝိဘင်းပါဠိတော် ဟောပုံကိုလည်း နည်းနည်းပဲဖြစ်ဖြစ် ဟောရဦးမယ်၊ ဓါတုကထာတို့, ပုဂ္ဂလပညတ်တို့, ကထာဝတ္ထုတို့ ဆိုတာလည်း ရှိသေးတယ်၊ ကထာဝတ္ထု ကတော့ ခက်လည်းခက်၊ နက်လည်းနက်နဲတယ်၊ ဒါလည်း နည်းနည်းတော့ ဟောရဦးမှာပဲ၊ ယမိုက်တို့၊ ပဋ္ဌာန်းတို့ ဆိုတာတွေလည်း နည်းနည်းစီ ဗဟုသုတဖြစ်ရုံ ဟောရမှာပဲ၊ အဲဒါ ခုနစ်ဝါမြောက်က ဟောခဲ့တဲ့ အဘိဓမ္မာ တရားတွေတဲ့၊ ဒါတွေကို အခုလာမယ့် တန်ခူးလပြည့်နေ့မှာ ဟောဖို့ရာ ရှိတယ်၊ နောက်လည်းပဲ ကျန်တဲ့ လပြည့်နေ့တွေမှာ ဒီလိုပဲ ဟောသွားရမှာပဲ၊ ဦးသုဇာတ မဟောနိုင်ရင် လကွယ်နေ့လည်း ဘုန်းကြီးက ဟောရမှာပေါ့လေ၊ ဒီနေ့တော့ တရား သိမ်းကြဆို့ရဲ့။
ယနေ့အဖို့၌ အကျွန်ုပ်တို့ ပြုစုပွားများ အားထုတ်အပ်သော ကောင်းမှုအပေါင်း၏ အဖို့ဘာဂကို အမိအဘတို့မှစ၍ အလုံးစုံသော သတ္တဝါ အပေါင်းတို့အား အမျှ ပေးဝေ ပါကုန်၏၊ အလုံးစုံသော သတ္တဝါ အပေါင်းတို့သည် အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
အမျှ … အမျှ … အမျှ … ယူတော်မူကြပါကုန်လော့။
သာဓု … သာဓု … သာဓု ….။
………………
အဘိဓမ္မာတရားတော်ကြီး
▬▬▬▬▬▬▬▬▬
ဒီနေ့ ၁၃၃၇-ခုနှစ် ဦးတန်ခူးလပြည့်နေ့ (၂၅-၄-၇၅) တဲ့ အချိန် နာရီကတော့ ဘုန်းကြီးနာရီနဲ့ ၂-နာရီ တီးလုပြီ၊ ခုနစ်မိနစ်၊ ရှစ်မိနစ်လောက်ပဲ လိုတော့တယ်၊ ဒီဓမ္မာရုံကြီးပေါ်က နာရီမှာ ၁၀-မိနစ် လောက်တောင် နောက်ကျနေတယ်။
ဒီနေ့ အဘိဓမ္မာတရား ဟောဖို့ အလှည့်ကျ နေတာကတော့ အဗျာကတ တရားတွေတဲ့၊ အဲဒီ တရားတွေ ဝေဖန်ထားတဲ့ အပိုင်းကို ဟောရမယ်၊ ကုသလာဓမ္မာအရ ကုသိုလ်တရားတွေကို ဟောလို့ ပြီးသွားပြီ၊
ကာမာဝစရ ကုသိုလ်က ၈-ခု၊
ရူပါဝစရ ကုသိုလ်က ၅-ခု၊
အရူပါဝစရ ကုသိုလ်က ၄-ခု၊
လောကုတ္တရာမဂ် ကုသိုလ်က ၄-ခု၊
အဲဒီ ကုသိုလ် ၄-မျိုးကို ဟောပြီးသွားပြီ၊
အကုသလာ ဓမ္မာအရ အကုသိုလ် ဆိုတာကတော့ သူက အမျိုးမကွဲဘူး၊ အကုသိုလ် ဆိုတဲ့ အနေနဲ့ တစ်မျိုးတည်းပဲ၊ အရေအတွက် အားဖြင့် ၁၂-ခုတဲ့။ .
အဗျာကတပိုင်း
▬▬▬▬▬▬
ကတမေ ဓမ္မာ အဗျာကတာ။
အဗျာကတာ - အဗျာကတ မည်ကုန်သော၊
ဓမ္မာ - တရားတို့သည်၊
ကတမေ - အဘယ်သည်တို့နည်း၊
ဒီလို အမေး ထုတ်ပြီးတော့ အဗျာကတ တရားတွေကို ဝေဖန်ဟောကြား ထားပါတယ်၊ အဗျာကတ တရား ဆိုတာတွေကို ဝေဖန်ဟောကြားပုံ ဘယ်လိုဆိုတာ ပြီးတော့မှ ရှင်းပြရမယ်၊ အခုတော့ နားလည်အောင် ဝီထိစဉ်လေးနဲ့ ကပ်ပြီး ရှင်းပြဦးမှပဲ၊ ဒါမှ နားလည်မှာ။
အခု ဒီမှာ တရား အားထုတ်နေကြတဲ့ ယောဂီ ပုဂ္ဂိုလ်တွေဟာ မဟာသတိပဋ္ဌာန် အတိုင်း မြင်ရင် မြင်တယ်၊ ကြားရင် ကြားတယ်လို့ မြင်တာ၊ ကြားတာ စသည်ကို မြင်တိုင်း ကြားတိုင်း မလွတ်ဘဲသိအောင် ရှုမှတ်ကြရတယ်၊ ဒီလိုရှုမှတ်လို့ သမာဓိ ရင့်သန်လာတဲ့အခါ ရှုမှတ်ရတဲ့ အဆင်းအာရုံ လေးကိုလည်း သိတယ်၊ မြင်စိတ်ကလေး ကိုလည်း သိလိုက်ရတယ်၊ အဲဒီမှာ အဆင်းအာရုံက ရုပ်၊ မြင်သိစိတ်လေးက နာမ်၊ အဲဒီလို သိတာဟာ ရုပ်နာမ်နှစ်ပါးကို သိနေတာပဲ၊ အဲဒါဟာ နာမရူပ ပရိစ္ဆေဒဉာဏ် ဖြစ်နေတာတဲ့။
အဲဒီအထဲမှာ အဆင်းအာရုံက ရုပ် အဗျာကတပဲ၊ မြင်သိစိတ်က နာမ် အဗျာကတပဲ၊ အဆင်း အာရုံထင်လာတဲ့ စက္ခုဒွါရ စက္ခုပသာဒ ဆိုတာကလည်း ရှိသေးတယ်၊ အဲ အဆင်းအာရုံရယ်၊ စက္ခုပသာဒရယ်၊ မြင်သိစိတ်ရယ် ဒီသုံးမျိုးဟာ အချင်းချင်း မကင်းဘဲ ဖြစ်လာကြရတယ်၊ ဝီထိစိတ်အစဉ်ကို ချပြတဲ့နေရာမှာ ဒီသုံးခုကိုသိဖို့က အရေးကြီးတယ်၊ အဲဒီမှာ စက္ခုပသာဒ ဆိုတာ ကလည်း ရုပ်အဗျာကတ ပါပဲ။
မြင်သိစိတ်ကလေး ဖြစ်တဲ့အခါမှာ အဆင်းအာရုံက စက္ခုဒွါရ ခေါ်တဲ့ စက္ခုပသာဒရုပ်မှာ လာပြီး ထင်တယ်၊ အဲဒီ ထင်လာတဲ့ အဆင်းအာရုံကို အာရုံပြုပြီး မြင်သိစိတ်ကလေး ဖြစ်ပေါ်လာတယ်၊ အဆင်းအာရုံ ထင်လာလျှင် ထင်လာချင်းတော့ မြင်သိစိတ်ကလေးက မဖြစ်သေးဘူး၊ သူ့ရှေ့က ဘဝင်စိတ် နှစ်ကြိမ် သုံးကြိမ် လွန်သွားသေးတယ်၊ ပြီးတော့မှ အဆင်းအာရုံကို ဆင်ခြင်တဲ့ ပဉ္စဒွါရာဝဇ္ဇန်း စိတ်တစ်ကြိမ် ဖြစ်လိုက်သေးတယ်၊ အဲဒါ ပြီးတော့မှ မြင်သိစိတ်လေးက ဖြစ်ပေါ် လာပါတယ်၊ အဲဒီလို မြင်တဲ့ မြင်သိစိတ်ကိုပဲ ယောဂီပုဂ္ဂိုလ်က မြင်တယ်၊ မြင်တယ်လို့ ရှုမှတ် ရပါတယ်၊ အဲဒီ မြင်သိစိတ်လေးဟာ အကြာကြီး တစ်လျှောက်ထဲ မြင်နေတာ မဟုတ်ပါဘူး၊ မြင်ပြီး ပျောက်သွားတာပါပဲ၊ သူက ကောင်းတယ် ဆိုးတယ်လို့ မသိပါဘူး၊ မြင်ရုံမျှမြင်တယ်၊ သူက အကောင်းအဆိုး ရယ်လို့ မဝေဖန်ဘဲ မြင်ပြီး ပျောက်သွားတာပါပဲ။
မြင်တဲ့ စိတ်ကလေး ပျောက်သွားတော့ မြင့်တဲ့ စိတ်ကလေး မြင်သွားတဲ့ အာရုံကို မပျောက်အောင် လက်ခံထားတယ်၊ အမွေထိန်း သဘောလိုပေါ့၊ အဲဒါလည်း အဟိတ် ကုသလဝိပါက် မနောဓာတ်ပဲ၊ အဲဒီလက်ခံထားတဲ့ စိတ်ကလေးဟာလည်း လက်ခံပြီး မကြာဘူး ခဏလေးနဲ့ ချက်ချင်းပဲ ပျောက်သွားပြန်တယ်၊ သူပျောက်သွားတော့ ဆက်ပြီး နောက် စိတ်ကလေးတစ်ခု ဖြစ်ပေါ်လာ ပြန်တယ်၊ နောက်ဖြစ်ပေါ်လာတဲ့ အဲဒီစိတ်က ရှေ့စိတ်က လက်ခံသွားတဲ့အာရုံကို ဆက်လက်ပြီး စုံစမ်းစဉ်းစားတယ်၊ သူလည်း အဟိတ်ကုသလဝိပါက် မနောဝိညာဏဓာတ်ပါပဲ၊ သူကတော့ နည်းနည်း အားရှိလာတယ်၊ သူ့ကို အဘိဓမ္မတ္ထ သင်္ဂဟကျမ်းက သန္တီရဏစိတ်လို့ အမည် ပေးထားတယ်၊ သူပြုရတဲ့ ကိစ္စအလိုက် အမည် ပေးထားတာပါပဲ၊ အဲဒီ သန္တီရဏ စိတ်က စုံစမ်း တတ်တဲ့ သဘောရှိတယ်၊ “မြင်ရတဲ့ အဆင်းကလေးက ဘယ်လိုဟာ လေးလဲ၊ ချစ်စရာလား၊ မုန်းစရာလား၊ ကောင်းသလား၊ ဆိုးသလား” စသည်ဖြင့် စုံစမ်းတယ်။
အဲဒီစိတ် ပျောက်သွားပြီးတော့ ဆုံးဖြတ်တဲ့စိတ် ဖြစ်ပေါ်လာပြန်တယ်၊ ကောင်းရင် ကောင်းတယ်၊ ဆိုးရင် ဆိုးတယ် စသည်ဖြင့် သူက ဆုံးဖြတ်တယ်၊ သူကတော့ အဟိတ်ကြိယာစိတ်ပဲ၊ ကောင်း မကောင်း ပိုင်းခြားဆုံးဖြတ်တတ်တာဖြစ်လို့ သူ့ကို ဝုဋ္ဌောစိတ် လို့ခေါ်တယ်၊ တရားကိုယ် ကတော့ မနောဒွါရဝဇ္ဇန်းစိတ် ပါပဲ၊ ဝိပါက်မျိုး တော့ မဟုတ်ဘူး။
ပြီးတော့ အဟုန်နဲ့တကွ ကျရောက်လာတဲ့ ဇောဆိုတဲ့ စိတ်တွေဖြစ်ပေါ်လာတယ်၊ သူတို့က စိတ်တစ်မျိုးထဲ ၇-ကြိမ်တောင် ဖြစ်ပေါ်လာလေ့ ရှိတယ်၊ အဟုန်ကြီးစွာနဲ့ ပြေးလာတဲ့ ယောက်ျားဟာ ရပ်တော့မယ် ဆိုတော့ ချက်ချင်းရပ်လို့ မရဘဲ ၇-လှမ်း လောက်လွန်ပြီးမှ ရပ်လိုက်ရသလိုပေါ့၊ အခုလည်း ဒီလိုပဲ အဟုန်နဲ့ ဖြစ်ပေါ် လာတဲ့စိတ်ဆိုတော့ တစ်ကြိမ်တည်းနဲ့ ဖြစ်ပေါ်မလာဘူး၊ ၇-ကြိမ်လောက် ဆက်တိုက်ဖြစ်ပေါ် လာတယ်၊ ဒါက ဖြစ်ပေါ်ရိုး အခါမျိုးမှာသာ ၇-ကြိမ်ကျရိုး ဖြစ်တယ်၊ ၅-ကြိမ်၊ ၆-ကြိမ် ဖြစ်ပေါ်လာတာ မျိုးလည်း အထူးကာလများမှာ ဖြစ်ပေါ်တာ ရှိသေးတယ်၊ သူရှေ့က ဝုဋ္ဌောစိတ် ဆုံးဖြတ်လိုက်တဲ့ အတိုင်း ဝုဋ္ဌောစိတ်က ကောင်းတယ်လို့ ဆုံးဖြတ်လိုက်ရင် သူက ကောင်းတယ်လို့ပဲ၊ မကောင်းဘူးလို့ ဆုံးဖြတ်လိုက်ရင် သူကလည်း မကောင်းဘူးလို့ပဲ၊ ချစ်စရာလို့ ဆုံးဖြတ်လိုက်ရင် သူကလည်း ချစ်စရာလို့ပဲ အာရုံပြုပြီး ချစ်တဲ့စိတ်ဇောတွေ ဖြစ်မယ်၊ ချစ်စရာဆိုရင် လောဘဇောစိတ်တွေ ဖြစ်လာမယ်ပေါ့၊ မုန်းစရာဆိုရင် ဒေါသဇောစိတ်တွေ ဖြစ်လာမယ်ပေါ့၊ မနေ့က ပြောခဲ့တဲ့ အကုသိုလ်စိတ်တွေလိုပဲ ကြည်ညိုစရာ ကောင်းတယ်လို့ ဆုံးဖြတ်လိုက်ရင် ကုသိုလ်ဇောစိတ်တွေ ဖြစ်မှာပေါ့။
အဲဒီ ဇောစိတ်တွေ ၇-ကြိမ် ဖြစ်ပြီးတော့ ဇောရဲ့အာရုံကိုလိုက်ပြီး အာရုံပြုတဲ့စိတ်ကို တဒါရုံစိတ်လို့ အဋ္ဌကထာတွေက အမည် ပေးထားကြတယ်၊ ပါဠိတော်မှာတော့ သဟိတ်ကုသလဝိပါက် မနောဝိညာဏဓာတ်လို့ ဆိုတယ်၊ သဟိတ် ကုသလဝိပါက် ဆိုတာက ၈-ပါးရှိတယ်၊ အဟိတ်လည်း ပါတော့ ပါသေးတယ်၊ ခုနက လက်ခံတဲ့ စိတ်ဆိုတာ အဟိတ် ကုသလဝိပါက် မနောဓာတ်ပါပဲ၊ စုံစမ်းတဲ့စိတ်ဆိုတာ အဟိတ် ကုသလဝိပါက် မနောဝိညာဏဓာတ် ပါပဲ၊ အဲ သူတို့လည်း ရှိသေး တယ်၊ သူတို့လည်း ပါတယ်။
ကောင်းတဲ့အာရုံကို အာရုံပြုဖြစ်တာက တစ်မျိုး၊ ကောင်းတဲ့ အာရုံဆိုရင် သောမနဿ ဝမ်းမြောက် ဝမ်းသာ ရွှင်ရွှင်လန်းလန်းနဲ့ ဖြစ်တယ်၊ သာမန်ကောင်းတဲ့ အာရုံ ဆိုရင်တော့ စိတ်က ရွှင်ရွှင်လန်းလန်း မဖြစ်ဘူး၊ သောမနဿမဖြစ်ဘူး၊ ဥပေက္ခာ ဆိုတာ ဖြစ်တယ်၊ အဲဒီ အာရုံတွေကို အတိဣဋ္ဌာရုံ၊ ဣဋ္ဌမဇ္ဈတ္တာရုံလို့ ကျမ်းဂန်တွေက အမည်ပေးထားကြတယ်၊ အလွန်ကောင်းတဲ့ အာရုံနဲ့ ရိုးရိုးကောင်းတဲ့ အာရုံတဲ့၊ အလွန်ကောင်းတဲ့ အာရုံဆိုရင် သောမနဿ ဝမ်းမြောက်ဝမ်းသာနဲ့ ဖြစ်တယ်၊ ရိုးရိုးကောင်းတဲ့ အာရုံကျတော့ ဥပေက္ခာ လျစ်လျူရှုတဲ့ သဘောနဲ့ အာရုံပြုပြီး ဖြစ်တယ်၊ အဲဒါနှစ်ခုနဲ့ ကုသလဝိပါက် တဒါရုံတွေ အားလုံးဆယ်ခု ရှိတယ်၊ အဲဒါတွေကို ယောဂီ ပုဂ္ဂိုလ်တွေလည်း ကြားဖူးပြီး သိထားကြဖို့ လိုပါတယ်၊ သိနိုင် သမျှ သိထားလို့ရှိရင် တရားတော် ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နိုင်တာပေါ့၊ ဒီနေရာက ဝီထိတွေချပြမှ နားလည်နိုင်မှာ၊ အခု ပထမ အစဆုံးကတော့ စက္ခဝိညာဏ်စိတ်ဆိုတဲ့ မြင်သိတဲ့ စိတ်ကလေးကို ရှေးဦးစွာ ဝေဖန်တယ်။
ကတမေ ဓမ္မာ အဗျာကတာ။
အဗျာကတာ - အဗျာကတ မည်ကုန်သော၊
ဓမ္မာ - တရားတို့သည်၊
ကတမေ - အဘယ်သည်တို့နည်း၊
ဒါက ဖြေဖို့လိုလို့ မေးတဲ့ မေးခွန်းပါ၊ အဗျာကတ တရားဆိုတာ အဘယ်သည် တို့လဲတဲ့၊ ဒီလို မေးပါတယ်။
ယသ္မိံ သမယေ ကာမာဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကံ စက္ခုဝိညာဏံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ ရူပါရမ္မဏံ။
ယသ္မိံ သမယေ - အကြင်အခါ၌။
ကာမာဝစရဿ ကုသလဿ - ကာမာဝစရ ကုသိုလ်ကံကို၊
ကတတ္တာ - ပြုခဲ့ပြီး ဖြစ်သောကြောင့်၊
ဥပစိတတ္တာ - ပွားစေခဲ့ပြီး ဖြစ်သောကြောင့်၊
အဲဒါဟာ အကြင်အခါ၌ ပြုကာမျှသာ မဟုတ်ဘူး၊ အရင် ရှေးအခါကာလက ပြုကို ပြုခဲ့ပြီးပြီ၊ ကာမာဝစရကုသိုလ်ကံကို ပြုလို့ပြီးခဲ့ပြီ၊ ကာမာဝစရ ကုသိုလ်ကံ ဆိုတာ ဟိုတစ်နေ့က ကုသလာဓမ္မာ ဆိုတဲ့ ပုဒ်ကို ဝေဖန်တဲ့ အထဲမှာ ပါပါတယ်၊ သောမနဿနှင့် ယှဉ်ပြီး ဝမ်းမြောက် ဝမ်းသာနဲ့ ပြုခဲ့တဲ့ကုသိုလ်၊ ဥပေက္ခာနှင့် ယှဉ်ပြီး လျစ်လျူရှုတဲ့ သဘောနဲ့ ပြုခဲ့တဲ့ ကုသိုလ်တဲ့။ ဒီလိုလည်း ကုသိုလ်နှစ်မျိုး ရှိတယ်။ .
ဉာဏ်နဲ့ယှဉ် မယှဉ် ကုသိုလ်
▬▬▬▬▬
ပြီးတော့ ဉာဏ်နဲ့ယှဉ်ဖြစ်တဲ့ ကုသိုလ်၊ ဉာဏ်နဲ့မယှဉ်ဘဲ ဖြစ်တဲ့ကုသိုလ်၊ ဒီလိုလည်း ရှိသေးတယ်၊ ဒါန သီလစတဲ့ ကုသိုလ်တွေကို ပြုတဲ့အခါမှာ ဝမ်းမြောက်ဝမ်းသာနဲ့ ကံ ကံ၏အကျိုးကို ယုံကြည်ပြီး ကုသိုလ်ပြုလို့ရှိရင် သောမနဿ ဉာဏသမ္ပယုတ် ကုသိုလ်ပဲ၊ ဝမ်းမြောက်ဝမ်းသာ တော့ရှိပါရဲ့၊ ဒါပေမယ့် ကံ ကံ၏အကျိုးကိုတော့ မယုံကြည်ဘဲ ပြုတဲ့ ကုသိုလ်ဆိုရင် အဲဒါ သောမနဿ ဉာဏဝိပ္ပယုတ် ကုသိုလ်တဲ့။
ဥပေက္ခာ ယှဉ်ဖြစ်ရာမှာလည်း ဒီလိုပဲ၊ လျစ်လျူရှုပြီး ကံ ကံ၏အကျိုးကို ယုံကြည်စွာနဲ့ပြုတဲ့ ကုသိုလ်ဆိုရင် ဥပေက္ခာ ဉာဏသမ္ပယုတ်ကုသိုလ်၊ ကံ ကံ၏ အကျိုးကို မယုံကြည်ဘဲပြုတဲ့ ကုသိုလ်ဆိုရင် ဥပေက္ခာဉာဏဝိပ္ပယုတ် ကုသိုလ်တဲ့၊ ကုသိုလ်ဆိုတာ ပြုပုံနဲ့စပ်ပြီး ကုသိုလ် အမျိုးမျိုး ရှိတယ်၊ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ် ဒီလို ကုသိုလ်တွေလည်း ရှိတာပဲ၊ သူကကို ဝိုင်းဝန်းကူညီ ဆောင်ရွက်တဲ့ ကုသိုလ်, သနားလို့ ပြုစုစောင့်ရှောက်တဲ့ ကုသိုလ်၊ ဒီလိုကုသိုလ် တွေလည်း ရှိတာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းစေလိုတဲ့ စေတနာနဲ့ ပြုတာတွေကို ကုသိုလ်လို့ ခေါ်တယ်၊ ကောင်းစေလိုတဲ့ စေတနာနဲ့ ပြောဆိုတာတို့ ကောင်းတဲ့ စေတနာနဲ့ ကြံစည် စိတ်ကူးတာတို့ ဆိုတာတွေလည်း ကုသိုလ်တွေပဲ။
ဒါပေမယ့်လို့ ဒီနေရာက အကျိုးပေးရမယ့် နေရာဖြစ်လို့ ထက်ထက်သန်သန် ကာယကံမြောက် ဖြစ်လာတဲ့ ကုသိုလ်၊ ဝစီကံမြောက် ဖြစ်လာတဲ့ ကုသိုလ်၊ မနောကံမြောက် ဖြစ်လာတဲ့ ကုသိုလ်၊ အဲဒီ ကုသိုလ်တွေ ရှေးကဖြစ်ခဲ့ပြီတဲ့၊ ဖြစ်ခဲ့တာမှ တစ်ကြိမ် တစ်ခါသာ မဟုတ်ဘူး၊ အကြိမ်ကြိမ် ဖြစ်ခဲ့ပြီးပြီ၊ အဲဒီ ကုသိုလ်တွေကြောင့် …
ဝိပါကံ - အကျိုးဝိပါက် ဖြစ်သော၊
စက္ခုဝိညာဏံ - စက္ခုဝိညာဏ်ခေါ်သော မြင်သိစိတ်သည်၊
ဥပ္ပန္နံ ဟောတိ - ဖြစ်ပေါ်လာ၏ တဲ့၊
ကုသိုလ်ကြောင့် ဖြစ်တဲ့အကျိုး ဆိုတော့ ကောင်းတာလေး တွေကို မြင်ရတယ်၊ ကောင်းတဲ့ စက္ခုဝိညာဏ် စိတ်ကလေးတွေ ဖြစ်တယ်၊ ကုသိုလ် များများ ပြုခဲ့တဲ့ ပုဂ္ဂိုလ်တွေဆိုရင် ကောင်းတဲ့ အကျိုး ဝိပါက်ဖြစ်လို့ ကောင်းတာလေးတွေကို များများ မြင်ရတယ်၊ မြင်နိုင်တယ်၊ အကုသိုလ် ကံကြောင့် ဆိုရင်တော့ မကောင်းတာတွေ ကြောက်စရာ လန့်စရာတွေ စက်ဆုပ်ဖွယ် တွေကို မြင်ရတယ်ပေါ့၊ အကုသိုလ်ကံက အပါယ်လေးပါးထဲက ငရဲမှာ အကျိုးပေးလိုက်မယ် ဆိုရင် အဲဒီမှာ ကောင်းတာကို မြင်စရာ မရှိတော့ဘူး၊ အမြဲတမ်း မကောင်း တာတွေချည်း မြင်နေရမှာပဲ၊ တိရစ္ဆာန် စတဲ့ အပါယ်သတ္တဝါတွေ ဆိုရင်လည်း ပဝတ္တိ အခါမှာတောင် မကောင်းတာတွေကို များများ မြင်နေရမှာပဲ၊ ကောင်းတာကို မြင်ဖို့ဆိုတာ အင်မတန် နည်းပါလိမ့်မယ်၊ ကြောက်စရာတွေ ထိတ်လန့်ဖွယ်တွေ ဒီလို မကောင်းတာတွေ မြင်နေကြရမှာပဲ။ .
စက္ခုဝိညာဉ်က
မြင်ရုံမျှပဲ
▬▬▬▬
စက္ခုဝိညာဉ် မြင်တဲ့အခါမှာ ဝမ်းသာပြီး မြင်သလား၊ စိတ်နှလုံး မသာမယာနဲ့ မြင်သလား၊ အလယ်အလတ် လျစ်လျူရှုပြီး မြင်သလားဆိုတော့ “ဥပေက္ခာသဟဂတံ - ဥပေက္ခာနှင့်တကွ ဖြစ်သည်” တဲ့။ မြင်တာဟာ ဥပေက္ခာနဲ့မြင်တာပဲ၊ ဝမ်းမြောက် ဝမ်းသာ မြင်တာမဟုတ်ဘူး၊ နှလုံး မသာမယာ မြင်တာလည်း မဟုတ်ဘူးတဲ့၊ ဥပေက္ခာသဟဂုတ်နဲ့ မြင်တာတဲ့။ အဘိဓမ္မာမှာ ဒီလို ဟောကြားတော်မူပါတယ်။
သုတ္တန်မှာတော့ မြင်တာတွေကို သောမနဿ, သုခသဟဂုတ် လို့လည်း ဟောပါတယ်၊ မကောင်းတာ မြင်ရတဲ့အခါ ဒုက္ခသဟဂုတ်လို့လည်း ဟောပါတယ်၊ ဒီသုတ္တန်လာ ဒေသနာတော် အတိုင်းကိုတော့ တရားအားထုတ် နေကြတဲ့ ယောဂီပုဂ္ဂိုလ်တွေ ညှိနှိုင်းစိစစ်လို့ ရပါတယ်၊ အဘိဓမ္မာ ဒေသနာတော်ကတော့ သဘာဝကို တိတိကျကျ ဝေဖန် ဟောကြား ထားတာဆိုတော့ ယောဂီပုဂ္ဂိုလ်တို့ အတွေ့နဲ့ အချို့နေရာတွေမှာ စိစစ်လို့ မရနိုင်ပါဘူး၊ မညှိနှိုင်း နိုင်ပါဘူး၊ ဒီလို ဖြစ်နေတယ်၊ သုတ္တန်လာအတိုင်း ဆိုရင် ကောင်းတာမြင်ရင် ကြည့်လို့ မြင်လို့ ကောင်းတယ်၊ ကြည့်ရမြင်ရတာ အရသာရှိတယ်လို့ ထင်တယ်၊ အဲဒါ သုခသဟဂုတ် သဘောရှိတာပဲ၊ မကောင်းတာ မြင်ရရင်လည်း ကြည့်လို့ မြင်လို့ မကောင်းဘူး၊ ကြည့်ရ မြင်ရတာကိုက အမြင်ကတ်စရာလို့ ထင်ကြတယ်၊ အဲဒါ ဒုက္ခသဟဂုတ် သဘော ရှိတာပဲ၊ အလယ်အလတ် အာရုံတွေကို မြင်ရရင်လည်း ကောင်း, မကောင်း မထင်ရှားဘူး၊ အဲဒါ ဥပေက္ခာသဘော ရှိတာပဲ၊ အဲဒီ ဝေဒနာ သုံးမျိုးလုံး ထင်ရှားပါတယ်၊ ဒါက သုတ္တန်ဒေသနာတော်လာ သဘောဖြစ်တယ်။
ဒါပေမယ့် အဘိဓမ္မာ ဒေသနာတော်မှာက ဒီလို မဟုတ်ဘူး၊ ကောင်းတာကို မြင်လည်း ဥပေက္ခာသဟဂုတ်၊ မကောင်းတာ မြင်ရင်လည်း ဥပေက္ခာသဟဂုတ်ပဲ၊ အဲဒီလို ဝေဖန် ဟောကြားထားတယ်၊ ဘာကြောင့်တုန်းဆိုတာ မြင်ရတာဟာ “မြင်ကာမျှလေး” ပဲတဲ့၊ တခြား စိတ်တွေလို ကောင်းမကောင်း ဘာမျှမသိလိုက်နိုင်ဘူးတဲ့၊ ချမ်းသာတယ်၊ ဆင်းရဲတယ်လို့လည်း ဘာမျှ မသိလိုက်နိုင်ဘူးတဲ့၊ ဒါကြောင့် မြင်တာဟာ ဥပေက္ခာသဟဂုတ်ပဲတဲ့၊ ဒီလို ဝေဖန်ဟောကြားတော် မူပါတယ်၊ ဒါပေမယ့် ဥပေက္ခာဟာ ကုသိုလ်ကျိုး ဆိုရင် ကောင်းတဲ့သဘော ရှိပါတယ်၊ အကုသိုလ်ကျိုး ဆိုရင် မကောင်းတဲ့သဘော ရှိပါတယ်တဲ့၊ ဒါပေမယ့် သူ့အာရုံကတော့ အလယ်အလတ် မြင်ရတဲ့ အာရုံလည်း ရှိတယ်၊ အလွန်ကောင်းတဲ့ အာရုံကို မြင်ရတာလည်း ရှိတယ်၊ ဘယ်အာရုံပဲ ဖြစ်ဖြစ်ပေါ့လေ၊ သူကတော့ အာရုံနောက်ကို မလိုက်ဘဲ ဥပေက္ခာ သဘောနဲ့ပဲ မြင်တယ်၊ ဒီသဘောကိုလည်း သိထားဖို့ လိုပါတယ်။
ရူပါရမ္မဏံ - အဆင်းလျှင် အာရုံရှိသော၊
စက္ခုဝိညာဏံ - မြင်သိစိတ် စက္ခုဝိညာဏ်သည်၊
ဥပ္ပန္နံ ဟောတိ - ဖြစ်ပေါ်လာ၏ တဲ့၊
အဲဒါ မြင်တာလေးတွေကို ပြောနေတာပဲ၊ မြင်တဲ့ ဝိညာဉ်ဆိုတာ အကျိုးဝိပါက်ဖြစ်လို့ ကောင်းမှု ကုသိုလ်ရဲ့ အကျိုးဆိုရင် ကုသလဝိပါက် စက္ခုဝိညာဏ်ဖြစ်မယ်၊ ကုသိုလ် များများရှိတဲ့ ပုဂ္ဂိုလ်တွေမှာ ကောင်းတာတွေ များများ မြင်ရတယ်၊ မကောင်းမှု အကုသိုလ်တွေ များများရှိတဲ့ ပုဂ္ဂိုလ်တွေမှာတော့ မကောင်းတာတွေကို များများ မြင်ရတယ်။
အဆင်းကို မြင်တယ်
▬▬▬▬▬▬▬▬
ရူပါရမ္မဏံ ဝါ သဒ္ဒါရမ္မဏံ ဝါ စသည်ဖြင့် အာရုံခြောက်ပါးစလုံး ဟောထားတာ ရှိပါတယ်၊ ဒါပေမယ့် ဒီနေရာမှာတော့ စက္ခုဝိညာဉ်က ရူပါရုံအဆင်းကို မြင်တာ အတွက် ဟောကြားတယ်၊ မြင်တယ် ဆိုတာ ရူပါရုံအဆင်းကိုပဲ မြင်တာ၊ ဒီပြင် ဘယ်အာရုံကိုမှ မြင်တာမဟုတ်ဘူး၊ အသံကိုလည်း မြင်တာမဟုတ်ဘူး၊ အနံ့ကိုလည်း မြင်တာမဟုတ်ဘူး၊ အရသာကိုလည်း မြင်တာမဟုတ်ဘူး၊ အတွေ့အထိကိုလည်း မြင်တာ မဟုတ်ဘူး၊ အဆင်းကိုပဲ မြင်တာ၊ ရှေးက မှတ်သားထားဖူးလို့ သိတယ်လို့တော့ ထင်ရတယ်၊ ဒါပေမယ့် တကယ်စင်စစ်တော့ သိတာမဟုတ်ဘူး၊ ဥပမာ - သကြားကို ချိုတယ်လို့ အရသာကို သိထားဖူးတယ်၊ သကြားကိုမြင်တဲ့အခါ ချိုတယ်လို့ သိတယ်ထင်ရတယ်၊ ဒါပေမယ့် သကြားနဲ့ ဆားက ခပ်တူတူ ဖြစ်နေတယ်၊ ဒီတော့ ဆားတွေကို သကြားမှတ်ပြီး ချိုတယ်လို့ ဆားကို မြင်မြင်ခြင်း ထင်မှာပဲ၊ အဲဒါ အလွဲကိုထင်မှတ်ပြီး သိတာ၊ စက္ခုဝိညာဉ်က အဆင်းရူပါရုံကို အမှန်မြင် သိသလို သိတာမဟုတ်ဘူး၊ ဒါဟာ စက္ခုဝိညာဉ်က အရသာကို မမြင်ဘူးဆိုတာ ထင်ရှားတာပဲ၊ ဒီပြင် အာရုံတွေကိုလည်း ဒီလိုပဲ စက္ခုဝိညာဉ်က အဆင်းရူပါရုံ ကလွဲလို့ ဘယ်အာရုံကိုမှ မမြင် မသိပါဘူး။
စက္ခုဝိညာဉ် သိတဲ့အဆင်း ဆိုတာကတော့ အမျိုးမျိုးရှိတယ်၊ ဖြူတာလည်းရှိ၊ မည်းတာလည်းရှိ၊ ဝါတာလည်းရှိ၊ ပြာတာလည်းရှိ၊ နီတာလည်းရှိ၊ ညိုတာလည်းရှိ၊ ဒီလို အမျိုးမျိုး ရှိတယ်၊ အဲဒီလို အဆင်းအာရုံတွေကို အာရုံပြုပြီး စက္ခုဝိညာဉ်က သိတယ်၊ အဘိဓမ္မာ ပါဠိတော်က အဲဒီ စက္ခု ဝိညာဉ်စိတ်ဟာ ဥပေက္ခာလို့ ဟောကြားထားတယ်၊ သုခ တို့ သောမနဿတို့လို့ ဟောကြားတော် မမူဘူး။
မြင်ဆဲခဏမှာ
ဖြစ်တဲ့တရားတွေ
▬▬▬▬▬▬
တသ္မိံ သမယေ၊ ဖဿေ ဟောတိ၊ ဝေဒနာ ဟောတိ၊ သညာ ဟောတိ၊ စေတနာ ဟောတိ၊ စိတ္တံ ဟောတိ။
စသည်ဖြင့် မြင်ဆဲခဏမှာဖြစ်တဲ့ သဘောတရားတွေကို ဒီလိုဝေဖန် ဟောကြား ထားပါတယ်။
တသ္မိံ သမယေ - ထိုမြင်ဆဲခဏ၌၊
ဖဿော ဟောတိ - ဖဿလည်း ဖြစ်တယ်၊
ဖဿဆိုတာ အဆင်းရုပ်ရယ်၊ စက္ခုပသာဒ မျက်စိအကြည်ရယ်၊ စက္ခုဝိညာဉ်ရယ် အဲဒီသုံးမျိုး ပေါင်းဆုံမိကြတဲ့ သဘောတဲ့၊
ဝေဒနာ ဟောတိ - ဝေဒနာလည်း ဖြစ်တယ်၊
ဒီနေရာမှာ ဝေဒနာကတော့ ဥပေက္ခာဝေဒနာတဲ့၊
သညာ ဟောတိ - မှတ်သားမှုသညာလည်း ဖြစ်တယ်၊
မြင်မှုကိစ္စ ပြီးအောင် တိုက်တွန်း နှိုးဆော်တဲ့ သဘောပေါ့၊
စိတ္တံ ဟောတိ - မြင်သိစိတ်လည်း ဖြစ်တယ်၊
စိတ်နဲ့ ဝိညာဉ်ဟာ အတူတူပဲ၊ စိတ်တိုင်း စိတ်တိုင်းမှာ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ ဆိုတာကတော့ ပါတာချည်းပဲ။
ဈာန်အပိုင်းကျတော့ ဝိတက်, ဝိစာရ, ပီတိ ဆိုတာတွေပါတယ်၊ ဒီမှာမပါဘူး၊
ဥပေက္ခာ ဟောတိ - ဥပေက္ခာလည်း ပါတယ်၊
စိတ္တဿဧကဂ္ဂတာ ဟောတိ - ဧကဂ္ဂတာ သမာဓိလည်းပါတယ်၊
ဥပေက္ခာက ဝေဒနာနဲ့ အတူတူပဲ၊ တရားသီးခြားမရဘူး။
စိတ္တဿ ဧကဂ္ဂတာ ဟောတိ - ဧကဂ္ဂတာသမာဓိလည်း ပါတယ်၊
ဒါတွေကတော့ အရင်ငါးခုထဲ မပါသေးဘူး၊ သူတစ်ခုကို ထည့်လိုက်ရင် ခြောက်ခု ဖြစ်သွားတယ်၊ ဣန္ဒြေကျတော့ ကုသိုလ်တုန်းက ဣန္ဒြေရှစ်ပါး ရှိတယ်၊ ဒီမှာတော့ ဣန္ဒြေသုံးပါးပဲ ရတယ်၊
မနိန္ဒြိယံ ဟောတိ - မနိန္ဒြေပါတယ်၊
မနိန္ဒြေဆိုတာစိတ်ပဲ၊ စိတ္တံ ဟောတိနဲ့ အတူတူပဲ၊
ဥပေက္ခိန္ဒြိယံ ဟောတိ - ဥပေက္ခိန္ဒြေလည်း ပါတယ်၊
ဥပေက္ခာတို့ ဝေဒနာတို့နှင့် အတူတူပဲ၊ ဒီတရား သီးခြားထူးပြီး မရဘူး၊
ဇိဝိတိန္ဒြိယံ ဟောတိ - ဇီဝိတိန္ဒြေလည်း ပါတယ်၊
ဒါကတော့ ခုနက ခြောက်ပါးထဲ မပါသေးဘူး၊ သူကအထူးပဲ၊ သူ့ကိုပါ ထည့်လိုက်ရင် ခုနစ်ပါး ရှိသွားပြီ။ ပါဠိတော်မှာ တိုက်ရိုက် ဝေဖန်တဲ့ တရားကတော့ ခုနစ်ပါး ပါပဲ၊ ပုဒ်အားဖြင့် ဆယ်ပုဒ် ရှိတယ်၊ တရားကိုယ်အားဖြင့်တော့ ခုနစ်ပါးပဲ။
ယေဝါပန တသ္မိံ သမယေ အညေပိ အတ္ထိ ပဋိစ္စသမုပ္ပန္နာ အရူပိနော ဓမ္မာ၊
အဲဒီအခါကာလမှာ အကြောင်းကို စွဲမှီဖြစ်တဲ့ တစ်ပါး တခြားသော နာမ်တရား တွေလည်း ရှိသေးတယ်တဲ့၊ အဲဒီ ရှိသေးတဲ့ တရားတွေလည်း အဗျာကတ တရားတွေပဲ၊ တစ်ပါး တခြားသော တရားတွေက ဘယ်နှစ်ပါးလဲဆိုတော့ တစ်ပါး တည်းပါပဲ၊ အဲဒါ မနသိကာရပါပဲ၊ မနသိကာရဆိုတာ နှလုံးသွင်းမှုပါပဲ၊ သူတစ်ခု ကျန်နေတယ်၊ ဗဟုဝုစ်နဲ့ ဟောနေကျဖြစ်လို့သာ ဗဟုဝုစ်နဲ့ဟောတာ၊ တရားကျတော့ တစ်ပါးတည်းပဲ၊ အဲဒါကို ခုနက ခုနစ်ပါးထဲ ထည့်လိုက်ရင် ရှစ်ပါးဖြစ်သွားတယ်၊ မြင်တဲ့စိတ်ကလေး တစ်ကြိမ်ဖြစ်လိုက်ရင် အဲဒီမှာ တရားကိုယ် ရှစ်ခု ပါဝင်တယ်တဲ့။
ဖဿပဉ္စမက တရားက ငါးခု၊
ဣန္ဒြေထဲက ဇီဝိတိန္ဒြေ တစ်ခု၊
ဈာနင်ထဲက ဧကဂ္ဂတာ တစ်ခု၊
ယေဝါပနနဲ့ ဟောထားတာက မနသိကာရ တစ်ခု၊
အားလုံးရှစ်ခုပဲ၊ အဲဒီရှစ်ခု ရှစ်ခုသော တရားတွေဟာ စိတ်တိုင်း စိတ်တိုင်း အနည်းဆုံး ပါနေတာချည်းပဲ၊
အဲဒါ မြင်သိစိတ်ကလေး ဖြစ်တဲ့အခါမှာ ပါဝင်တဲ့တရားတွေ ကြားသိစိတ်၊ နံသိစိတ်၊ စားသိစိတ်၊ တွေ့ထိသိစိတ်၊ အဲဒီ စိတ်ငါးမျိုးစလုံး ဖြစ်တဲ့ အခါမှာလည်း အတူတူပဲ၊ ရှစ်ခု ရှစ်ခုသော တရားတွေ ပါဝင်ကြတာချည်းပဲ၊ ကုသိုလ်အကျိုးက ငါးမျိုး၊ အကုသိုလ်အကျိုးက ငါးမျိုး အားလုံး တစ်ဆယ် ရှိတယ်၊ သူတို့ကို ဒွေပဉ္စဝိညာဉ် တစ်ဆယ် လို့ခေါ်တယ်၊ ဒွေကနှစ်လီ ပဉ္စဝိညာဉ် ၅-ခု၊ ဝိညာဉ် ၅-ခုနစ်လီ တစ်ဆယ် ပေါ့၊ ဒါက ပါဠိလိုဆိုထားတာပဲ၊ မြန်မာလို ဆိုရင် လွယ်လွယ်ကလေးပဲ၊
မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ စားသိစိတ်၊ တွေ့ထိသိစိတ် ငါးခုပဲ၊
မျက်စိက မြင်သိစိတ် ဖြစ်တယ်၊
နားက ကြားသိစိတ် ဖြစ်တယ်၊
နှာခေါင်းက နံသိစိတ် ဖြစ်တယ်၊
လျှာက စားသိစိတ် ဖြစ်တယ်၊
ကိုယ်က ထိသိစိတ် ဖြစ်တယ်၊
အဲဒါ မြန်မာလို ငါးခု၊ ကောင်းတဲ့ အာရုံကိုသိတဲ့ ကုသိုလ်ကျိုးက ငါးခု၊ မကောင်းတဲ့ အာရုံကိုသိတဲ့ အကုသိုလ်ကျိုးက ငါးခု၊ ပေါင်း ဝိညာဉ် ငါးပါး နှစ်လီ အဲဒါကို ဒွေပဉ္စ ဝိညာဉ်တစ်ဆယ် လို့ဆိုပြီး ခေါ်ထားတယ်၊ .
စက္ခုဝိညာဉ်တစ်ခုသိလျှင်
အားလုံးအတူတူ
▬▬▬▬▬▬
အဲဒီ စက္ခုဝိညာဉ် တစ်ခုကို သိလျှင် ဒီပြင် ဝိညာဉ်တွေ အားလုံး အတူတူပဲ၊ မထူးပါဘူး၊ စက္ခုဝိညာဉ်ကို ဟောသလို ဟိုကျတော့ သောတဝိညာဉ်၊ ဃာနဝိညာဉ်၊ ဇိဝှာဝိညာဉ်၊ ကာယဝိညာဉ်လို့ ဒီအမည်လေးလောက် ပြောင်းသွား တာလောက် ထူးတာပါပဲ၊ နောက်ပြီးတော့ အကုသလဿကမ္မဿ ကတတ္တာ - အကုသိုလ်ကံ ပြုထားခြင်းကြောင့် ပွားများ ထားခြင်းကြောင့် အဲဒီ စက္ခုဝိညာဉ်၊ သောတဝိညာဉ်၊ ဃာနဝိညာဉ်၊ ဇိဝှာဝိညာဉ်၊ ကာယဝိညာဉ် အကျိုး ဝိပါက် ဖြစ်တယ်ဆိုပြီး ဟောထားပါတယ်၊ ဒါလေးလောက်ပဲ ထူးပါတယ်၊ မှတ်လို့ အလွယ်ပါပဲ၊ ဒီတစ်ခုကို နားလည်ရင် ဒီပြင်ဟာတွေ ကိုလည်း နားလည်နိုင်ပါတယ်။
အဘိဓမ္မတ္ထသင်္ဂဟကျမ်းက နောက်မှ ရေးထားတာ ဖြစ်လို့ သူကပိုပြီး မှတ်လို့ လွယ်တယ်၊ အဲဒီကျမ်းက စိတ်နဲ့ စေတသိက်ကို တစ်ခုစီပြထားတော့ လွယ်တာပေါ့၊ ဒါပေမယ့် ဒီမှာလည်း စိတ်ကိုနှုတ်လိုက်ရင် ကျန်တာတွေက စေတသိက် တွေပါပဲ၊ ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတိန္ဒြိယ, မနိသိကာရ အားလုံး ခုနစ်ခု ရှိတယ်၊ အဲဒီခုနစ်ခုကို သဗ္ဗစိတ္တ သာဓာရဏ စေတသိက်လို့ အမည် ပေးထားတယ်၊ သဗ္ဗစိတ္တ အလုံးစုံသော စိတ်တွေနှင့် သာဓာရဏ ဆက်ဆံတဲ့ စေတသိက်တွေတဲ့၊ စိတ်တစ်ခု ဖြစ်တိုင်း ဖြစ်တိုင်း ဒီစေတသိက် ခုနစ်ခု ပါတာချည်းပဲ၊ တစ်နေ့က ဟောခဲ့တဲ့ ကုသိုလ်စိတ်တွေမှာတော့ ဒီခုနစ်ပါးအပြင် အများကြီးပေါ့၊ နှစ်ဆယ်ကျော်၊ သုံးဆယ်ကျော်တောင်ပဲ၊ အခု စက္ခုဝိညာဉ်စတဲ့ စိတ်တွေမှာ ယှဉ်ဖေါ်ယှဉ်ဖက် စေတသိက် တွေဟာ အနည်းဆုံးပဲ၊ သဗ္ဗစိတ္တ သာဓာရဏ စေတသိက် ခုနစ်ခုပဲ ရှိတယ်၊ စိတ်ရောဆိုရင် အားလုံးရှစ်ခု တစ်ပြိုင်နက် ဖြစ်ကြ တယ်။ .
ရုပ်ကျတော့
ကလာပ်တဲ့
▬▬▬▬
စိတ်စေတသက်တွေမှာ ထိုက်သင့်သလို တစ်ပေါင်းတည်း တစ်ပြိုင်နက် ဖြစ်ကြသလို ရုပ်တွေကျတော့လည်း တစ်ပေါင်းတည်း ဖြစ်ကြတယ်၊ ရုပ်မှုန့်ကလေး တစ်ခုဆိုရင် ဘယ်လောက် သေးသေး ဘယ်လောက် ငယ်ငယ် အနည်းဆုံး ရုပ်ရှစ်ခု တစ်ပေါင်း တည်း ဖြစ်တယ်၊
ရှစ်ခုပေါင်းဖြစ်ရင် အဋ္ဌကကလာပ် လို့ ခေါ်တယ်၊
ကိုးခုပေါင်း နဝက ကလာပ်၊
ဆယ်ခုပေါင်း ဒသက ကလာပ်၊
ဆယ့်တစ်ခုပေါင်း ဧကာဒသက ကလာပ်၊
ဆယ့်နှစ်ခုပေါင်း ဒွါဒသက ကလာပ်၊
ဆယ့်သုံးခုပေါင်း တေရသက ကလာပ် လို့ခေါ်တယ်၊
ဒီတော့ ရုပ်ကလာပ်တွေဟာ ရှစ်ခုပေါင်းလည်း ရှိတယ်၊ ကိုးခုပေါင်း၊ ဆယ်ခုပေါင်း၊ ဆယ့်တစ်ခု ပေါင်း၊ ဆယ့်နှစ်ခုပေါင်း၊ ဆယ့်သုံးခုပေါင်း အထိ ရှိတယ်၊ ဒါထက်တော့ ပိုမများဘူး။ .
စိတ်စေတသိက်တွေမှာ
အနည်းဆုံး ရှစ်ပါး
▬▬▬▬▬▬▬
ရုပ်ကတစ်မျိုး နာမ်ကတစ်မျိုး သူတို့ချင်း သဘောမတူကြဘူး၊ သဘော တစ်မျိုးစီပဲ၊ ရုပ်သက်ရှည်တယ်၊ နာမ်သက်က တိုတယ်၊ တစ်ပေါင်းတည်းဖြစ်တဲ့ ရုပ်တွေဟာ ပြောခဲ့တဲ့အတိုင်း ရှစ်ခုကနေ တစ်ဆယ့်သုံးခုအထိ ရှိတယ်၊ စိတ်စေတသိက် ဆိုတဲ့ နာမ်တရားတွေကတော့ အနည်းဆုံးရှစ်ခု၊ အများဆုံး သုံးဆယ့်ရှစ်ခုအထိ ဖြစ်နိုင်တယ်၊ အနည်းဆုံးရှစ်ခု တစ်ပြိုင်နက် ဖြစ်နိုင်တာက စက္ခုဝိညာဉ်စတဲ့ ပဉ္စဝိညာဉ် စိတ်တွေပဲ၊ သူတို့ကတော့ စိတ်တစ်ခု စေတသိက်က ခုနစ်ခု ဒီရှစ်ပါးပဲ ဖြစ်နိုင်တယ်၊ အများဆုံး တစ်ပေါင်းတည်း ဖြစ်နိုင်တာကတော့ ကာမာဝစရ ကုသိုလ်စိတ်တွေပဲ၊ သူတို့ကို သုံးဆယ့်ရှစ်ခု ယှဉ်ဖြစ်တယ် လို့ဆိုရတယ်၊ ဒါပေမယ့် တကယ်ဖြစ်နိုင်တာ ကတော့ တစ်ပြိုင်နက်တည်း ဆိုရင် ဝိရတီစေတသိက်နဲ့ အပ္ပမညာ စေတသိက် နှစ်ခုက တစ်ခါတလေ ယှဉ်ဖြစ်တာ၊ တစ်ခုတစ်လေ မယှဉ်ဘူး၊ ယှဉ်ဖြစ်ပြန်တော့လည်း တစ်ခုစီသာ ယှဉ်လို့သာပဲ၊ ဘယ်လိုလဲဆိုရင် ဝိရတီကလည်း တစ်ခါတလေ တစ်ခုမှမယှဉ်ဘူး၊ ယှဉ်ဖြစ်ပြန်တော့လည်း သူတို့သုံးခုစလုံး မဖြစ်နိုင်ဘူး၊ တစ်ခုတစ်ခုသာ ယှဉ်ဖြစ်တာ အပ္ပမညာ နှစ်ခုကလည်း ဒီအတိုင်းပဲ၊ မယှဉ်တဲ့အခါမယှဉ်ဘူး၊ ယှဉ်ပြန်တော့လည်း တစ်ခုစီသာယှဉ်တယ်၊ ဒါကြောင့် တကယ် တစ်ပြိုင်နက် ဖြစ်နိုင်တာက သုံးဆယ့်လေးခုပဲ။
အခုဒီမှာ တစ်ပေါင်းတည်း ရှစ်ခုဖြစ်တဲ့ စက္ခုဝိညာဉ်ကို ဝေဖန် ဟောကြားပါတယ်၊ ကတမော တသ္မိံ သမယေ ဖဿော ဟောတိ အဲဒီအခါ ကာလဖြစ်တ့ ဖဿဆိုတာ ဘယ်လိုဟာလဲတဲ့၊ ဒါတွေ ကတော့ မထူးပါဘူး၊ ရှေးကအတိုင်းပါပဲ၊ ထပ်ခါထပ်ခါ ဝေဖန်ဟောကြား ထားပါတယ်၊ ခန္ဓာ၊ အာယတန၊ ဓာတ်စသည်ဖြင့် လျှောက်ပြီး ဟောကြားထားတာ အများကြီးပါပဲ၊ ဒါကြောင့် အဘိဓမ္မာ ဆိုတာ အင်မတန် ထူးတဲ့ ကျယ်ဝန်းတဲ့ တရားလို့ ဆိုတယ်။ .
လက္ခဏစသည်နှင့်
သိရမယ်
▬▬▬▬▬▬
အခုဟာတွေက ယောဂီတွေ သိဖို့ မလွယ်လှဘူး၊ ဘုန်းကြီးက အခုယောဂီတွေ သိဖို့ ဟောရမယ်၊ အဘိဓမ္မာတရား ဆိုပြီး အဘိဓမ္မာကို မဟောလို့က မဖြစ်ဘူး၊ ဒါကြောင့် အဘိဓမ္မာကို အခြေခံဖြစ်အောင် ဟောရသေးတယ်၊ အဘိဓမ္မာ အတိုင်း လျှောက် ဟောဦးမှ အဘိဓမ္မာတရား ဆိုတဲ့ အရှိန်အဝါ အစဉ်မပျောက်ဘဲ ရှိမယ်ပေါ့။
ဝိပဿနာ ရှုမှတ်တဲ့ ယောဂီပုဂ္ဂိုလ်မှာ မြင်သိစိတ်ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်အားဖြင့် သိရမယ်တဲ့၊ ဒီတော့ ဒီမြင်သိစိတ်ကို လက္ခဏအားဖြင့် ဘယ်လို သိရသလဲ၊ ရသအားဖြင့် ဘယ်လိုသိရသလဲ၊ ပစ္စုပဋ္ဌာန်အားဖြင့် ဘယ်လိုသိရသလဲ၊ အဲဒီ အထဲက လက္ခဏာကို ဘယ်လို သိသလဲဆိုရင် …
စက္ခုသန္နိဿိတံ ရူပဝိဇာနနလက္ခဏံ စက္ခုဝိညာဏံ။
စက္ခုဝိညာဏံ - စက္ခုဝိညာဉ်စိတ်သည်၊
ဝါ - မြင်သိစိတ်သည်တဲ့၊
မြင်သိစိတ်ကလေးဟာ ဘယ်လိုလက္ခဏာရှိသလဲ ဆိုတော့
စက္ခုသန္နိဿိတံ - မျက်စိကိုမှီလျက်၊
ရူပဝိဇာနနလက္ခဏံ - အဆင်းကိုမြင်ခြင်း သိခြင်းလက္ခဏာရှိတယ်တဲ့၊
မျက်စိကို မှီပြီး မျက်စိကနေပြီးတော့ အဆင်းကို မြင်သိသွားတာလေးဟာ စက္ခုဝိညာဉ်စိတ်ရဲ့ လက္ခဏာ ပါပဲတဲ့၊ ဒီတော့ မြင်တယ်, မြင်တယ် မှတ်လို့ရှိရင် မျက်စိကနေပြီး မြင်တာပဲ၊ အဆင်းကို မြင်ထားတာပဲဆိုတာ ယောဂီပုဂ္ဂိုလ်က သိနိုင် တာပေါ့၊ စာနဲ့ပေနဲ့ မပြောတတ်တာ ကတော့ ရှိတာပဲ၊ အလိုလိုတော့ သိနေတယ်၊ မျက်စိကမြင်ပြီး အဆင်းကို သိတယ်တဲ့၊ အဲဒါကို ဘုန်းကြီးက ဆောင်ပုဒ်ကလေး စီထားတယ်၊ “မျက်စိမှီရင်း၊ အဆင်းမြင်သည်” ဒါ သူ့လက္ခဏာပဲ၊ မြင်တယ်, မြင်တယ် မှတ်လိုက်ရင် ဪ - မျက်စိကနေပြီးတော့ အဆင်းကို မြင်သွားတာ ပါကလားလို့ သိလိုက်ရတယ်၊ အဲဒါ လက္ခဏာနဲ့သိတာပဲ၊ ကိုင်း- ဆောင်ပုဒ်ဆိုရမယ်၊ လိုက်ဆို …
မျက်စိ မှီရင်း၊ အဆင်း မြင်သည်။
မျက်စိ မှီရင်း၊ အဆင်း မြင်သည်။ (သုံးခေါက်)
လက္ခဏာအားဖြင့် မြင်သိရတယ် ဆိုတဲ့အတိုင်း ယောဂီတွေ မြင်တာကိုမှတ်ရင် ဒီလို လက္ခဏာအားဖြင့်သိနိုင်ပါတယ်၊ ဒါက ဒေသနာ အစဉ်အားဖြင့်သာ ပြောရတာ၊ မြင်ရတာကို ပိုင်ပိုင်နိုင်နိုင် သိဖို့ဆိုတာက မလွယ်ဘူး၊ ဝိပဿနာဉာဏ် တော်တော်ရင့်သန်ပါမှ မြင်တာကို ပိုင်ပိုင်နိုင်နိုင် သိနိုင်တယ်၊ ကြားတာကိုတော့ ကြားတယ် ကြားတယ်လို့ မှတ်ရင် နားထဲက အသံလေးကို ကြားသွားတာပဲ ဆိုတာ ထင်ရှားတယ်၊ အင်မတန် ထင်ရှားတာပဲ၊ တစ်ခါတစ်ရံ နားထဲကို ဝင်တိုက်လိုက်တယ် လို့တောင် ထင်ရတယ်၊ ကြမ်းတမ်းတဲ့ အသံဆိုရင် နားထဲ တိုးတိုက်သွားသလိုပဲ၊ အင်မတန်ကို ထင်ရှားပါတယ်၊ သူ့ကျတော့ “နားကိုမှီရင်း၊ အသံကြားသည်” လို့ စပ်ဆိုရမှာပေါ့လေ၊ ကာရန်တော့ မကိုက်တော့ဘူး၊ “မျက်စိမှီရင်း အဆင်းမြင်သည်” ဆိုတာနဲ့ ကာရန်ကိုက်အောင် စပ်လို့မရတော့ဘူး၊ ဒီအတိုင်းပဲ အဓိပ္ပာယ် ကောက်ယူမှ ဖြစ်တော့မှာပဲ၊ ကာရန် လုပ်ကြည့်ပါသေးတယ်၊ တယ်ပြီး နေရာမကျလှဘူး၊ တစ်မျိုး စပ်ရင်တော့ ဖြစ်မှာပေါ့၊ ဒါပေမယ့် ရှေ့လင်္ကာနဲ့ တစ်ပါတည်း ပါသွားအောင် စပ်လို့မရဘူး၊ ဒီတော့ ဒီလင်္ကာ ကာရန်မကိုက်တဲ့ လင်္ကာတစ်မျိုးလို့ မှတ်သားရုံပါပဲ။
အနံ့နံတဲ့အခါ နံတယ် နံတယ်လို့ မှတ်ရင် “နှာခေါင်းမှီရင်း၊ အနံ့ နံသည်” ပေါ့၊ နှာခေါင်းမှီပြီး အနံ့ကလေး နံသွားတာကို သိတယ်၊ သူက ထင်ရှားပါတယ်။
အရသာ ရှိတာကို စားလို့ စားတယ် စားတယ်လို့ မှတ်တဲ့အခါမှာလည်း “လျှာကိုမှီရင်း၊ အရသာသိသည်”ပေါ့၊ လျှာကိုမှီပြီး အရသာကို သိသိ သွားတာ ထင်ရှားပါတယ်။
ကိုယ်မှာတွေ့ထိတဲ့ အတွေ့အထိ တွေကတော့ ပြည့်လို့ အများကြီးပဲ၊ အသား အသွေးကောင်းတဲ့ နေရာဆိုရင် ဘယ်နေရာမဆိုဘဲ တစ်ကိုယ်လုံး အနှံ့တွေ့ထိပြီး သိနိုင်တာချည်းပဲ၊ အပ်ဖျားကလေးနဲ့ တို့ကြည့် ဘယ်နေရာဖြစ်ဖြစ် သိတယ်၊ ကောင်းတာထိလည်း သိတာပဲ၊ မကောင်းတာ ထိလည်း သိတာပဲ၊ ဒီတော့ “ကိုယ်ကို မှီရင်း အတွေ့သိသည်”လို့ ဆိုပေါ့၊ ဒီနေရာမှာတော့ ကာရန်ပြင်ရင် ရတော့ရပါတယ်၊ “ကိုယ်ကိုမှီ၍၊ အတွေ့သိသည်”လို့ ပြင်ရုံပဲ၊ ဒါပေမယ့် မပြင်ပါနဲ့တော့ မူရင်းအတိုင်း တစ်မူတည်း ထားတာမှ ကောင်းပါတယ်၊ ထိတယ် ထိတယ်လို့ မှတ်တဲ့အခါမှာ “ကိုယ်ကိုမှီပြီး ထိထိ သွားတာပါကလား၊ တွေ့စရာတွေကို တွေ့ထိသွားတာပဲလို့ သိတာဟာ လက္ခဏာနဲ့ သိတာတဲ့။
စက္ခုဝိညာဏံ - စက္ခုဝိညာဉ်သည်၊
ဝါ - မြင်သိစိတ်သည်၊
ရူပါရမ္မဏရသံ - အဆင်းမျှလျှင် အာရုံပြုခြင်းကိစ္စရှိ၏၊
စက္ခုဝိညာဉ်စိတ်ဟာ အဆင်းမျှကိုသာ သိတယ်၊ ကြီးတယ်, ငယ်တယ်, လှတယ်, မလှဘူး စသည်ကို သူက ဘာမျှသိတာ မဟုတ်ဘူး၊ မြင်ရုံမျှ သဘောလေးပဲ၊ သူ့ကိစ္စက အဆင်းကို မြင်ရုံမျှပဲ ကိစ္စရှိတယ်၊ မြင်ရုံမြင်ပြီးတဲ့ နောက်မှ ဆက်လက်ပြီး စဉ်းစားတော့မှ ဒါဟာ လူကြီးပဲ, လူငယ်ပဲ, ယောက်ျားပဲ, မိန်းမပဲ စသည်ဖြင့် ဒါတွေကို သိတာ၊ ဒီလို သိတာဟာ နောက်စိတ်တွေက သိတာပဲ။
ဝိပဿနာ ရှုတဲ့အခါ မြင်လျှင်မြင်ခြင်း ရှုလိုက်ရင် မြင်ရုံမျှတွင် ရပ်သွားတယ်၊ ကြားလျှင်ကြားခြင်း ရှုလိုက်ရင် ကြားရုံမျှတွင် ရပ်သွားတယ်၊ ဒီလို ရပ်သွားအောင် မြင်လျှင်မြင်ခြင်း ကြားလျှင်ကြားခြင်း ရှုရတာပဲ၊ ဒီလို မရှုနိုင်လို့ ရှိရင်တော့ ပညတ်တွေကျအောင် ရောက်ကုန်တယ်၊ ပညတ်ကျအောင် ရောက်သွားပြီဆိုရင် လောဘ, ဒေါသစတဲ့ အကုသိုလ် ဇောတွေ ဖြစ်ကုန်တတ်တယ်၊ အဲဒီလို အကုသိုလ် ဇောတွေ မကျရအောင် မဖြစ်ရအောင်လို့ မြင်လျှင်မြင်ခြင်း ကြားလျှင် ကြားခြင်း ရှုမှတ်ရန် ဟောကြားထားတာပဲ၊ စက္ခုဝိညာဉ်ကတော့ မြင်သိရုံမျှပဲ ကိစ္စရှိသည်တဲ့၊ ဆိုရမယ်။
“မျက်စိမှီရင်း၊ အဆင်းမြင်သည်၊ မြင်သိရုံမျှ ကိစ္စရှိသည်” ဆို
“မျက်စိမှီရင်း၊ အဆင်းမြင်သည်၊ မြင်သိရုံမျှ ကိစ္စရှိသည်”
(သုံးခေါက်ဆို)
ရူပါဘိမုခဘာဝ ပစ္စုပဋ္ဌာနံ - အဆင်းဆီသို့ ရှေးရှုပြုသည်၏ အဖြစ်ဖြင့် ယောဂီ ပုဂ္ဂိုလ်တို့ ဉာဏ်အား ရှေးရှုထင်၏တဲ့၊ အဆင်းဆီသို့ ရှေးရှု ပြုနေတယ်တဲ့၊ ဒီလိုထင်တယ် ရှေးရှု ပြုနေတယ်ဆိုတာ မျက်နှာပြုနေတဲ့ သဘောပါပဲ၊ မိတ်ဆွေ တစ်ယောက် လာရောက်စရာ ရှိတယ်ဆိုရင် လာမယ့် လမ်းဆီကို ရှေးရှုပြီးတော့ မျှော်ကြည့်နေတဲ့ သဘောတွေပါပဲ၊ အဆင်းဆီသို့ ရှေ့ရှုပြုနေ တာပဲတဲ့၊ မြင်တယ် မြင်တယ်လို့ ရှုနေရင် အဆင်းဆီကိုသာ ရှေ့ရှုပြုနေတယ်၊ မြင်တဲ့ စိတ်ကလေးက အဆင်းဆီကိုသာ ရှေးရှုပြီး သိတယ်၊ တခြားတော့ ဘယ်ကိုမှ မလှည့်ဘူး၊ ဒါကြောင့် “အဆင်းရှေ့ရှု သူပြုနေသည်”လို့ ဘုန်းကြီးက လင်္ကာစီထားပါတယ်၊ ကြားတယ် ကြားတယ်လို့ ရှုရင်လည်း “အသံဆီရှေ့ရှု၊ သူပြုနေသည်” နံတာကို ရှုရင်လည်း “အနံ့ဆီရှေးရှု၊ သူပြုနေသည်” စသည်ပေါ့၊ အကုန်လုံး အတူတူပဲ၊ ဒီတစ်ပုဒ် ရရင် အကုန်လုံး ရပါတယ်။
“မျက်စိမှီရင်း၊ အဆင်းမြင်သည်”ဆိုတဲ့ ဒီတစ်ပုဒ်ထဲ ပြင်လို့မရတာ၊ ဒီပြင် အပိုဒ်တွေကိုတော့ “မြင်သိရုံမျှ ကိစ္စရှိသည်၊ ကြားသိရုံမျှ ကိစ္စရှိသည်၊ နံသိရုံမျှ ကိစ္စရှိသည်၊ စားသိရုံမျှ ကိစ္စရှိသည်၊ ထိသိရုံမျှ ကိစ္စရှိသည်”လို့ ဒါတွေ အကုန်လုံး ပြင်လို့ရပါတယ်၊ ဒီတစ်ပုဒ်ရရင် အကုန်လုံး ရတော့တာပဲ၊ အသံကိုကြားတယ်ဆိုရင် သည်စိတ်ကလေးက အသံဆီကို ရှေ့ရှုပြီး အသံဘက်ကို လှည့်နေသလိုပဲ၊ အနံ့ကို နံတယ်ဆိုရင် သည်စိတ် ကလေးက အနံ့ဆီကို ရှေးရှုပြီး အနံ့ဘက်ကို လှည့်နေသလိုပဲ၊ အရသာကို စားတယ်ဆိုရင်လည်း အရသာဆီကို ရှေးရှုနေသလိုပဲ၊ အတွေ့အထိ ကို ထိတယ် ဆိုရင်လည်း ဒီလိုပဲ၊ အတွေ့အထိ ဆီကို ရှေးရှုပြီး အတွေ့အထိဘက်ကို လှည့်နေသလိုပဲ၊ သူ့ဟာသူ သိနေတယ်၊ ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်ဆိုရင် ဉာဏ်ထက်တဲ့ အလျှောက် သေသေချာချာ ရှုမှတ်တဲ့အခါ ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသား၊ ပိုင်းပိုင်းခြားခြား သိသိနေတယ်၊ ဒါပေမယ့် ပြောတာ ဟောတာကတော့ လေ့ကျင့်ထားပါမှ ကျက်ထားပါမှ ပြောတတ် ဟောတတ်တယ်၊ လေ့ကျင့် မထားလို့ရှိရင် နေရာကျအောင် မပြောတတ်၊ မဟော တတ်ဘူး၊ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် ဆိုတာ လွယ်တာ မဟုတ်တော့ ကျက်ထားရတယ်၊ ဓမ္မာစရိယ စာမေးပွဲ တွေမှာ ဒါတွေကို မေးခွန်း ထုတ်ထားတယ်ဆိုရင် ကျက်မထားဘဲနဲ့ စနစ်တကျ မှန်ကန်အောင် မဖြေနိုင်ဘူး၊ ဖြေနိုင်အောင် ကျက်ထားရတယ်၊ ဒါမှ စာထဲမှာပါတဲ့ အတိုင်း ဖြေနိုင်တယ်။ .
ယောဂီပုဂ္ဂိုလ်တွေမှာ
သိတော့သိတယ်
▬▬▬▬▬▬
ယောဂီပုဂ္ဂိုလ်တွေမှာ ရှုမှတ်နေရင် ဒါတွေကို အမှန်အတိုင်းတော့ သိနေတာပဲ၊ ဒါပေမယ့် ပြောပါဦးဆိုတော့ မပြောနိုင်ဘူး၊ နားလည်တဲ့ ပုဂ္ဂိုလ်က ပြောရင်တော့ သဘော ပေါက်နိုင်ပါတယ်၊ ဒါလည်း နားလည်တဲ့ စကားနဲ့ ပြောမှသာ နားလည်မှာပဲ၊ နားမလည်တဲ့ စာသံပေသံ တွေနဲ့ပြောရင် သိပ်နားလည်မှာ မဟုတ်ဘူး၊ ဘုန်းကြီး ကတော့ ယောဂီပုဂ္ဂိုလ်တွေ နားလည်အောင်လို့ စာသံ ပေသံတွေနဲ့ မဟုတ်ဘဲ မြန်မာလို နားလည်နိုင်တဲ့ ဆောင်ပုဒ်ကလေးတွေ ရေးပေးထားတယ်။
မျက်စိမှီရင်း၊ အဆင်းမြင်သည်၊ မြင်သိရုံမျှ၊ ကိစ္စရှိသည်။
အဆင်းဆီ ရှေးရှု၊ သူပြုနေသည်၊ မြင်သိ၌ - သိထိုက် ဤသုံးမည် တဲ့။
မြင်သိတဲ့ စက္ခုဝိညာဉ်စိတ်ဟာ ဤသုံးပါးကို မြင်သိခိုက်အခါမှာ ရှုမှတ်တဲ့ ယောဂီ ပုဂ္ဂိုလ်အား သိသင့်သိထိုက်သည် လို့ဆိုလိုတယ်၊ ကိုင်း - ပေါင်းပြီးဆိုကြရမယ်။
မျက်စိမှီရင်း၊ အဆင်းမြင်သည်၊ မြင်သိရုံမျှ၊ ကိစ္စရှိသည်၊
အဆင်းဆီရှေးရှု၊ သူပြုနေသည်၊ မြင်သိ၌ - သိထိုက် ဤသုံးမည်။
(ဆို)
မျက်စိမှီရင်း၊ အဆင်းမြင်သည်၊ မြင်သိရုံမျှ၊ ကိစ္စရှိသည်၊
အဆင်းဆီရှေးရှု၊ သူပြုနေသည်၊ မြင်သိ၌ - သိထိုက် ဤသုံးမည်။
(သုံးခေါက်)
ဆိုရမယ့် အပုဒ်တွေက များတယ်၊ အကုန်လုံး ဆိုမနေပါနဲ့တော့၊ ရေးပေးထားတဲ့ လူတွေမှာတော့ ရှိပြီး ရပြီးသားပဲ၊ အဲဒါ မြင်သိတဲ့ စိတ်ကလေးကို ဝိပဿနာ ရှုတဲ့အခါမှာ သိဖို့ပါပဲ၊ ကြားသိစိတ်ကို ရှုတဲ့အခါမှာလည်း အတူတူပါပဲ၊ ကြားတယ် ကြားတယ်လို့ ရှုသိတဲ့အခါမှာ နားထဲကနေပြီး ကြားနေရတယ်၊ အချို့ ထူးထူးခြားခြား သိတဲ့ ပုဂ္ဂိုလ်တွေဆိုရင် ညာဘက်နားက ကြားတယ်၊ ဘယ်ဘက်နားက ကြားတယ် ဆိုတာကိုတောင် သိတယ်လို့ဆိုတယ်၊ အံ့ဩစရာပါပဲ၊ ကြားသိရုံမျှပဲ၊ ဘယ်လိုစကားကို ဆိုတယ် ဘာအဓိပ္ပါယ် ရှိတယ်ဆိုတာ ဘာမျှမသိဘူး၊ ဘာပဲ ညာပဲလို့ ဘာမျှ မဆုံးဖြတ်နိုင်သေးဘူး၊ ဒီစိတ်ကလေးက ကြားရုံမျှလေးပဲ၊ အဲဒီစိတ်ကလေးဟာ အသံဆီကို ဦးတည်ပြီးတော့လည်း နေတယ်၊ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန် အဲဒီသုံးခုကို ယောဂီပုဂ္ဂိုလ် သိရတယ်တဲ့။
အနံ့ ကျတော့လည်း ဒီအတိုင်းပဲ၊ နှာခေါင်းကို မှီပြီးတော့ အနံ့ကို သိတယ်၊ နှာခေါင်းထဲကပဲ အနံ့ကို သိနေတယ်၊ ဒီပြင်နေရာက အနံ့ကို မသိနိုင်ဘူး၊ သိတာ ကလည်း အနံ့ကိုသိရုံမျှပဲ၊ ဒီဟာ ဘာနံ့ပဲလို့ မသိဘူး၊ ကောင်းတဲ့အနံ့ မကောင်းတဲ့ အနံ့ကိုလည်း မသိဘူး၊ အဲဒီလို ထင်ရှားတွေ့ရတယ်၊ အဲဒါ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်။
အတွေ့အထိ ကျတော့လည်း ဒီအတိုင်းပဲ၊ ကိုယ်ရုပ်မှီ၍၊ အတွေ့သိသည်တဲ့၊ ကိုယ်ရုပ်ကိုမှီပြီး အတွေ့အထိကို သိသွားတယ်၊ ဒီလိုသိတော့လည်း ထိသိရုံမျှပဲ သိတယ်၊ သူ့ကိစ္စဟာ ထိသိရုံမျှပဲ ကိစ္စရှိတယ်၊ ဒီပြင် အကောင်းအဆိုး ဘာကိုမျှ မဆုံးဖြတ် နိုင်သေးဘူး၊ ပြီးတော့ အတွေ့ဆီသို့ ရှေးရှု နေသည်တဲ့၊ အတွေ့ဆီကို မျက်နှာပြုနေ သလိုပဲတဲ့၊ အဲဒါ ထိသိ၌ သိထိုက် ဤသုံးမည်တဲ့၊ ထိသိမှု ကာယ ဝိညာဉ်မှာ ဒီသုံးပါးသော အခြင်းအရာတို့ဖြင့် သိရမယ်လို့ ဆိုလိုတယ်၊ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်ကို သိရမယ်ဆိုတာ ဒီလို သိရတာပဲ၊ ဒါဟာ ဝိညာဉ်ငါးပါး၊ အဲဒီ ဝိညာဉ်ငါးပါး အတွက် အကုန်လုံး စုပြီး မှတ်ထားရမယ်။ .
ဒီနေရာမှာ ဝီထိ ချပြဖို့လိုတယ်
စိတ်ကလေးတွေဖြစ်ပုံကို ဝီထိချပြမှ ပိုပြီးတော့ နားလည်မယ်၊ ဒါကြောင့် ဒီနေရာမှာ ဝီထိချပြမှ ဖြစ်မယ်၊ သတ္တဝါဆိုတာ ကောင်း, မကောင်းဖြစ်တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေကို ပြုခဲ့ကြတယ်၊ အဲဒီ ကံတွေဟာ သေခါနီး ကာလကျရင် ထင်လာတတ်တယ်၊ ထင်လာတတ်တယ် ဆိုတာ စိတ်ထဲမှာ အာရုံအဖြစ်နဲ့ လာပြီး ပေါ်တာကို ဆိုတယ်၊ ဒီလို အရင်က ပြုခဲ့တဲ့ ကံတွေ လာပြီး ပေါ်တာကို ကမ္မနိမိတ်လို့ ခေါ်တယ်၊
သေခါနီး ကာလကျတော့ ကောင်းတဲ့ ကုသိုလ်ကံ ပြန်ပြီး သတိရပေါ်လာရင် ကုသိုလ်ကျိုး ပေးတယ်၊ ဘယ်လို သတိရပြီး ပေါ်လာတတ် သလဲဆိုရင် ဒါန, ကုသိုလ်ပြုခဲ့ဖူးသူမှာ လှူဒါန်းတဲ့ ဝတ္ထုပစ္စည်းတွေ, လှူရာ ဌာနတွေ၊ အလှူခံ ပုဂ္ဂိုလ်တွေနဲ့ အတူတကွ ပေးလှူနေပုံတွေဟာ လောလောဆယ် စိတ်ထဲမှာ လာပြီး ပေါ်နေတတ်တယ်၊ အဲဒါ ကမ္မနိမိတ်တွေ ပေါ်နေတာတဲ့၊ သေခါနီးမှာ အသစ်ထပ်ပြီး ဒီလို ကုသိုလ်တွေ ပြုနေရသလို ထင်နေတယ်ပေါ့၊
ပြီးတော့ ရောက်ရမယ့် ဘဝမှာရှိတဲ့ အရာဝတ္ထု တွေကလည်း ထင်ချင်ထင်လာ တတ်ပြန်တယ်၊ ဘယ်လိုလဲဆိုရင် လူပြည်ဖြစ်မည့်သူဟာ အမိအဘတို့ နေရာထိုင်ခင်းတို့ စသည့် လူ့ပြည်က အသုံးအဆောင် အရာဝတ္ထုတွေကို ထင်မြင် လာတတ်သေးတယ်၊ နတ်ပြည်ကို ဖြစ်မည့်သူဆိုရင်လည်း နတ်သား, နတ်သမီး, နတ်ဗိမာန် စသည်ပေါ့၊ ဒီလိုဖြစ်ရာ ဘဝ အခြေအနေတွေ ထင်လာ တတ်သေးတယ်၊ အဲဒီလို ထင်လာတာကို ဂတိနိမိတ်လို့ ခေါ်တယ်၊ ပြုနေတဲ့ ဒါန အဆောင်အယောင်တွေ ပေါ်လာရင် ကမ္မနိမိတ်လို့ ခေါ်တယ်၊ ဖြစ်ရမယ့် ဘဝ အဆောင်အယောင်တွေ ပေါ်လာရင် ဂတိနိမိတ် လို့ ခေါ် တယ်။
တချို့သူ ဆိုရင် တော်တော် စောစောကတောင် နိမိတ် ထင်လာတာတွေ ရှိသေးတယ်၊ နေမကောင်း ထိုင်မကောင်းဖြစ်ရုံ ရှိသေး နိမိတ်က ထင်ချင်ထင်လာ တတ်သေးတယ်၊ ပြီးတော့ ပြန်ပြီး နေလို့ကောင်းလာတယ်၊ ကျန်းမာလာတယ်၊ ဒီလို ပုဂ္ဂိုလ်တွေလည်း ရှိတာပဲ၊ နောက် ဒီလိုနဲ့ ပြောခဲ့တဲ့ နိမိတ် သုံးမျိုးထဲက တစ်မျိုးမျိုး ထင်လာပြီး သေသွားတယ်၊ သေသွားတယ် ဆိုတာ နောက်ဆုံးစိတ်ကလေး ချုပ်သွားတာပါပဲ၊ အဲဒီ နောက်ဆုံး စိတ်ကလေး ဆိုတာဟာလည်း အခုဘဝမှာ အစက ဖြစ်ခဲ့တဲ့ ပဋိသန္ဓေ စိတ်ကလေး အတိုင်းပါပဲ၊ သူတို့ချင်း တူပါတယ်၊ ပြီးတော့ ဘဝင်စိတ် ဆိုတာလည်း ရှိသေးတယ်၊ အဲဒီ ဘဝင်စိတ်နဲ့ သေတယ်ဆိုတဲ့ စုတိစိတ်ဟာ ပဋိသန္ဓေစိတ်ဆိုတဲ့ အစဆုံး ဘဝင်စိတ်မျိုးပါပဲ၊ အဲဒီစိတ်သုံးမျိုးက တူကြတယ်၊ သိတယ်လို့ မထင်ရဘဲ အိပ်ပျော်နေတဲ့စိတ်မျိုးဟာ ဘဝင်စိတ်ပါပဲ၊ အခါမပြတ် ဖြစ်နေပေမယ့် ဘာကို အာရုံပြုနေတယ် ဆိုတာ မသိရဘူး။
သိတဲ့ ဝီထိစိတ်တွေ မဖြစ်ဘူးဆိုရင် အဲဒီ ဘဝင်ဆိုတဲ့ စိတ်တွေဟာ ဘဝပြတ် မသွားအောင် သူတို့ချည်း ဖြစ်နေတာပဲ၊ စက္ခုဝိညာဉ် စတဲ့ စိတ်တွေ ဖြစ်ခွင့်ရလို့ ဖြစ်လာပြီ ဆိုရင်တော့ အဲဒီ ဘဝင်စိတ် တွေဟာ ချုပ်သွားပြီး စက္ခုဝိညာဉ် စတဲ့ စိတ်တွေကို ဖြစ်ခွင့် ပေးလိုက်တယ်၊ အနောက်နိုင်ငံ စိတ်ပညာ ဆရာတွေကတော့ ဒီဘဝင်စိတ်ကို မသိစိတ်တွေလို့ ဆိုထားကြတယ်၊ မသိစိတ်နဲ့ သိတဲ့စိတ်လို့ခွဲပြီး ဘဝင်စိတ်ကို မသိစိတ်၊ ဝီထိ (သိတဲ့) စိတ်တွေကို အသိစိတ်တဲ့၊ ဒီလိုဆိုထားကြတယ်၊ ဒါပေမယ့် ဝီထိစိတ်တွေလို သိတာ မထင်ရှားပေမယ့် သူ့အာရုံကိုတော့ သူပြုလျက် ပြုပြီးသိနေတာပါပဲ၊ စိတ်ဆိုတာ အာရုံတစ်ခုခုကို မပြုဘဲ မဖြစ်ဘူး၊ ဒါကြောင့် ဒီမသိဘူး ဆိုတဲ့ ဘဝင်စိတ်ဟာ ပြောခဲ့တဲ့ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် သုံးမျိုးတို့တွင် တစ်မျိုးမျိုးကို အာရုံပြုပြီး ဖြစ်နေတာပါပဲ၊ ဒီနေရာလေးက သိမ်မွေ့တယ်၊ ဒီတော့ အသိခတ်တယ်၊ အဲဒီ ဘဝင်စိတ်ဟာ ပစ္စုပ္ပန်အာရုံ ကိုသာ မသိတာ၊ သူ့အာရုံနဲ့ သူတော့ သိနေတာပဲ။
သေတယ်ဆိုတာ အဲဒီ နောက်ဆုံး ဘဝင်စိတ်ကလေး ချုပ်သွား ပျောက်သွား ပြီးတဲ့နောက် ဘယ်စိတ်မှ မဖြစ်တော့တာကို သေတယ်လို့ ခေါ်တာပဲ၊ နောက်ထပ် စိတ်ဖြစ်နေသေးတယ် ဆိုရင် မသေသေးဘူး၊ မဖြစ်တော့ရင် သေတာပဲ၊ ဒီလို သေသွားရင် ဘဝဆုံးရောလား ဆိုတော့ မဆုံးသေးဘူး၊ ဘုရားရဟန္တာဖြစ်ပြီး နိဗ္ဗာန် မဝင် မစံရသေးတဲ့ ပုဂ္ဂိုလ်မှန်သမျှ ဘယ်တော့မှ ဘဝ မဆုံးသေးဘူး၊ နောက်ဘဝတွေမှာ ဆက်ဆက်ပြီး ဖြစ်နေရသေးတယ်၊ အခုကာလ လူဝင်စားတွေ ဆိုတာကို ကြည့်ပါလား၊ ဘဝဆုံးသွားရင် ဒီလူဝင်စားတွေဆိုတာ မရှိနိုင်ဘူးပေါ့၊ အဲဒီ လူဝင်စား တွေဟာ ပြီးခဲ့တဲ့ဘဝကို ပြန်ပြီးသိနိုင်တဲ့ ဇာတိဿရ ပုဂ္ဂိုလ်မျိုးတွေပဲ၊ သေသွားပြီး ဘဝ မဆုံး သေးတဲ့ သာဓကတစ်ခု အနေနဲ့ ဒီ လူဝင်စားတွေကို ထောက်ပြရင်လည်း ဖြစ်နိုင်စရာ အကြောင်း ရှိပါတယ်။
ဘဝသစ်ဖြစ်ရပြန်ပါတယ်
ဘဝသစ်တစ်ခုက နောက်ဆုံး စိတ်ကလေး ချုပ်ပျောက် သွားတဲ့အခါ သေခါနီးတုန်းက စွဲလမ်းခဲ့တဲ့ အာရုံကို အာရုံပြုပြီး ဘဝတစ်ခုမှာ စိတ်အသစ်ကလေး ဖြစ်လာတယ်၊ အိပ်ရာက နိုးလာသလိုပေါ့၊ အိပ်ရာက နိုးလာတော့ အိပ်မက်ကို ပြန်ပြီးသိတဲ့ စိတ်ကလေးကို စွဲလမ်းခဲ့တဲ့ ဘဝတစ်ဘက်က အာရုံကလေးကို သိပြီး အသစ် စိတ်ကလေး ဖြစ်လာတယ်၊ အဲဒီစိတ် အသစ်ကလေးကို ပဋိသန္ဓေစိတ်လို့ခေါ်တယ်၊ ပဋိသန္ဓေစိတ် ဆိုတာ ဟိုဘက်ဘဝနဲ့ ဒီဘက်ဘဝကို ပြတ်မသွား ရအောင် စပ်ပေးတဲ့ စိတ်ပါပဲ၊ သူက ဘဝနှစ်ခုကို ဆက်စပ် ပေးလိုက် တယ်၊ သူဖြစ်ပြီးတော့ သူနဲ့တူတဲ့ စိတ်ကလေးတွေ ဆက်ဖြစ်တယ်၊ အဲဒါကို ဘဝင်စိတ်လို့ ခေါ်တယ်၊
အဲဒီ ဘဝင်စိတ် ကလေးတွေ အတန်ငယ် ဖြစ်ပြီးတော့ လောလောဆယ်မှာပင် အာရုံကိုသိတဲ့ သန်သန်စွမ်းစွမ်း စိတ်တွေ ဖြစ်လာတော့တယ်၊ အဲဒီလို သိလာတဲ့ စိတ်တွေဟာ ဝီထိစိတ် တွေပါပဲ၊ ဝီထိစိတ်တွေ ဆုံးသွားပြန်ရင်လည်း ဘဝင်စိတ် တွေက ဘဝမပြတ်အောင် ဖြစ်နေပါတယ်။ အိပ်ပျော်နေတဲ့ စိတ်မျိုးပေါ့၊ နောက်တော့ ဘဝင်စိတ်တွေ ဖြစ်လိုက်၊ ဝီထိစိတ်တွေ ဖြစ်လိုက်၊ ဒီလိုပဲ ထိုက်သင့်သလို အဆက်မပြတ် ဖြစ်ပြီး ဒီဘဝမှာ အသက်ရှင် နေတော့တယ်၊ အသက် ရှင်နေတုန်းမှာ ဘဝင်စိတ်နဲ့ ဝီထိစိတ်တွေဟာ ပြောခဲ့သလို တစ်လှည့်စီ ဖြစ်နေတယ်၊ ဘဝင်စိတ် ဖြစ်တဲ့အခါ အိပ်ပျော်နေသလို မသိစိတ် ဖြစ်နေတယ်၊ ဝီထိစိတ် ဖြစ်တဲ့အခါ နိုးလာသလို သိတဲ့စိတ် ဖြစ်နေတယ် ပေါ့၊ ဒါပေမယ့်လို့ နိုးနေတဲ့အခါ သိတဲ့စိတ်တွေက အားကောင်းနေတာ ဖြစ်တော့ မသိတဲ့ ဘဝင်စိတ်တွေကို ဖြစ်မှန်း မသိဘူး၊ ဘယ်ကျမှ သိတုန်း ဆိုတော့ ဝိပဿနာ ရှုတော့မှ သိလာရတယ်။
မသိစိတ်ထဲမှာ အာရုံတွေအောင်းနေ
ဝိပဿနာ ရှုတဲ့ ယောဂီ ပုဂ္ဂိုလ်တွေထဲက ဉာဏ်ထက်တဲ့ ယောဂီဆိုရင် ဘင်္ဂဉာဏ် ရောက်တဲ့အခါ ဘဝင်စိတ်ကို သိနိုင်တယ်၊ သူက ရှေ့စိတ် နောက်စိတ် အကြား အကြား ခပ်ဝေးဝေး ခပ်လှမ်းလှမ်းလေး ဖြစ်လာတာကို သိတယ်၊ ဝိပဿနာဉာဏ်နဲ့ မဟုတ်ဘဲ ပကတိစိတ်နဲ့ ဆိုရင် ရှေ့စိတ် နောက်စိတ် ပိုင်းခြားလို့ကို မရဘူး၊ တစ်စိတ်တည်းလို ဆက်နေတာပဲ၊ သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ်၊ အဲဒီဉာဏ်တွေလောက် ရောက်တော့ စိတ်ကလေးတွေကို တစ်စိတ်စီ တစ်ပိုင်းစီ ခြားပြီး သိလာတယ်၊ ဒါပေမယ့် ဆက်ဖြစ်တယ်၊ ကြားထဲက အခြားရယ်လို့ မထင်ရှားဘူး၊ ဘင်္ဂဉာဏ်ဆီ ရောက်တဲ့ အခါမှ ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်က ရှေ့စိတ်နဲ့ နောက်စိတ်ကြားထဲတွင် ကွက်လပ်ကလေး တွေလို ထင်ရတယ်၊ အခြားအခြားလေးတွေ ထင်လာတယ်၊ အဲဒါ အကြား အကြားထဲမှာ ဘဝင်စိတ်တွေ ခြားနေတာကို တွေ့တွေ့သွားတာ၊ ဝီထိစိတ်ပြုတဲ့ အာရုံကို ဘဝင်စိတ်က အာရုံမပြုတာ ဖြစ်တော့ သူက အဲဒီ အာရုံကို မသိဘူး၊ ဒီတော့ ဝီထိစိတ် အကြား အကြားမှာ ကွက်လပ်ကလေး တွေလို ဖြစ်ဖြစ် ကျန်ရစ်တယ်၊ အဲဒီလို ကွက်လပ်ကလေးတွေကို ဘင်္ဂဉာဏ် ရောက်တဲ့အခါမှာ ယောဂီက သိတယ်။
အနောက်နိုင်ငံ စိတ်ပညာရှင် တွေဟာ အဲဒီ ဘဝင်စိတ်ကို မသိစိတ်ဆိုပြီး အဲဒီ မသိစိတ်ထဲမှာ အာရုံတွေ အောင်းနေတယ်တဲ့၊ ဒီလိုဆိုကြတယ် ဘယ်အာရုံတွေလဲ ဆိုတော့ ရှေးရှေးက ရယူခဲ့တဲ့ အာရုံတွေတဲ့၊ သူတို့ အမြင်ကလည်း သိပ်တော့ မဆိုးလှဘူး၊ ယုတ္တိတန်သလောက်တော့ အတန်သားပဲ၊ ဘာပြုလို့တုန်း ဆိုတော့ ရှေ့သညာက နောက်သညာ ဆက်ဆက်ပြီး မှတ်သား လာခဲ့တာဖြစ်တော့ ဘဝင်တွေ ခြားနေပေမယ့် ပြန်ပြီး စဉ်းစား ဆင်ခြင်တဲ့အခါ ပြန်ပြီး ပေါ်လာတယ်၊ အဲဒါဟာ ဘဝင်တွေ ခြားနေတုန်း မေ့လျော့နေခဲ့တဲ့ အာရုံတွေဟာ ဘဝင်ထဲမှာ အောင်းနေ သကဲ့သို့ ဖြစ်နေတယ်၊ ဒါပေမယ့် သူတို့ ထင်သလို ဘဝင်ထဲမှာတော့ ဒီအာရုံတွေ အောင်းမနေပါဘူး၊ ဘာကြောင့်လဲ ဆိုတော့ ဝီထိစိတ်သညာ မှတ်သားလာခဲ့တဲ့ အာရုံကို ဘဝင်စိတ်က အာရုံမပြု မမှတ်သားခဲ့တာ ဖြစ်လို့ပါပဲ၊ ဘဝင်စိတ် အာရုံပြုတာက ပြုနေကျ သူ့အာရုံသာ သူပြုတာပဲ၊ ဒီပြင် ဖြစ်ပေါ်လာတဲ့ အာရုံတွေကို သူကမပြုဘူး၊ မသိဘူး၊ ဒါကြောင့် သူ့အထဲမှာ ဒီပြင်အာရုံတွေ အောင်းမနေပါဘူး၊ ဒါပေမယ့် ဒီလိုခက်ခက်ခဲခဲ အသိခက်နေတဲ့ နေရာမှာ ဒီလောက် ထုတ်ဖော်နိုင် တာကိုတော့ အနောက်နိုင်ငံ စိတ်ပညာရှင်တွေကို ချီးကျူး ထိုက်ပါတယ်၊ ဟောကြား ထားခဲ့တဲ့ ဒီဝီထိအစဉ် ကိုသာ မသိရဘူးဆိုရင် သူတို့အဆိုကို လက်ခံ ရလောက်အောင် သူ့သတ္တိ ရှိနေပါတယ်။
သိစိတ်ကလေးတွေကလည်း သူ့အာရုံနဲ့သူ
စက္ခုဝိညာဉ်စတဲ့ သိစိတ်ကလေး တွေကလည်း သူ့အာရုံနဲ့ သူပဲ၊ မသိစိတ်ဆိုတဲ့ ဘဝင်စိတ်တွေပြုတဲ့ အာရုံတွေနဲ့ မတူဘူး၊ ဘဝင်စိတ်တွေက သူပြုခဲ့ဖူးတဲ့ ကံနိမိတ် ကမ္မနိမိတ် ဂတိနိမိတ်ဆိုတဲ့ ဒီသုံးမျိုးတို့တွင် တစ်ခုခုပဲ အာရုံပြုတယ်၊ ဒီပြင် ဘယ်အာရုံကိုမှ အာရုံမပြုတော့ဘူး၊ စက္ခုဝိညာဉ်စတဲ့ သိစိတ်တွေပြုတဲ့ တခြား အာရုံလောက်ကို လိုက်မပြု တော့ဘူး၊ စက္ခုဝိညာဉ်စတဲ့ သိစိတ်ကလေး တွေကတော့ ထိုက်သလို ကျရောက်လာတဲ့ အာရုံကို အာရုံပြု ပြုပြီး ဖြစ်ပေါ်လာရကြတယ်၊ မြင်သိတဲ့ စက္ခုဝိညာဉ်စိတ် ဆိုရင် မျက်စိထဲ ကျရောက် လာတဲ့ ပစ္စုပ္ပန်ရူပါရုံကို အာရုံပြုပြီး ဖြစ်ပေါ်လာတယ်၊ မြင်သိရုံ သိလိုက်တာပဲ၊ အကောင်းအဆိုး စသည် သူက ဘာမှ မဆုံးဖြတ်နိုင်ဘူး၊ ကြားသိတဲ့ သောတဝိညာဉ်စိတ် ဆိုရင်လည်း နားထဲမှာ ကြားလာတဲ့ အသံကိုသာ အာရုံပြုပြီး ဖြစ်ပေါ်လာတာပဲ၊ ကြားသိရုံသာ ကြားသိ လိုက်တာပဲ၊ ဒီပြင် ဘာမှ မဆုံးဖြတ်နိုင်ဘူး၊ နံသိတဲ့ ဃာနဝိညာဉ် စသည်တို့လည်း ဒီအတိုင်းပါပဲ၊ နံသိရုံစသည်မျှပဲ ဘာမှ မဆုံးဖြတ်နိုင်ဘူး။
ဘဝင်စိတ်ဆိုတာ စက္ခုဝိညာဉ် စိတ်တို့လို မဟုတ်ဘူး၊ မသိစိတ်ဘဲ၊ မသိစိတ်တွေက နေပြီး သိစိတ်သို့ ပြောင်းလာတာ၊ မသိစိတ်တွေလည်း တစ်ခုပြီးတစ်ခု ပျက်နေတာပဲ၊ ပျက်ပြီး အသစ်သစ် ဖြစ်နေကြတယ်၊ တစ်စိတ်တည်း တည်နေတာ မဟုတ်ဘူး၊ ဖြစ်လိုက် ပျက်လိုက်ပဲ၊ ပါဠိလိုတော့ ဥပါဒ် ဌီ ဘင် လို့ခေါ်တယ်၊ ယမိုက် ပါဠိတော် မှာတော့ ဥပါဒ်နဲ့ ဘင်ကိုပဲ မြတ်စွာဘုရားက ဟောတယ်၊ ဌီကိုမဟောဘူး၊ အဖြစ်နဲ့ အပျက်က မြန်လွန်းတာ ဖြစ်တော့ တည်နေတဲ့ ဌီရယ်လို့ မသိလိုက်ရဘဲ ဖြစ်ပြီး ပျက်တာကိုသာ သိသိ နေရတာ ဖြစ်လို့ ဌီကို မဟောတာတဲ့၊ ဒါပေမယ့် အဖြစ်နဲ့ အပျက်ကြားမှာ အဖြစ်ကလေး မပျက်ခင် တည်နေတဲ့ ဌီကလေး ရှိသင့်သေးတယ် ဆိုပြီး ဆရာတို့က တည်မှုဆိုတဲ့ ဌီကို ထည့်ဟောထားတယ်။
အဲဒါကို လယ်တီဆရာတော် ဘုရားကြီးက ပရမတ္ထဒီပနီကျမ်းမှာ ဥပမာ ပေးထား တယ်၊ ဘယ်လိုလဲ ဆိုရင် ကျောက်ခဲလေး တစ်လုံးကို အထက်သို့ မြှောက်လိုက်ပါတဲ့၊ အဲဒီ ကျောက်ခဲလေးဟာ တက်ပြီး အားကုန်လို့ အောက်ကျတော့မယ် ဆိုတော့ အတက်နဲ့ အကျကြားမှာ ကျတော့မယ်လို့ ရှေးရှုတုန်း ရပ်တည်မှုလေး ရှိတယ်၊ ဒါပေမယ့် အဲဒီ ရပ်တည်မှုလေးဟာ မြန်လွန်းလို့ မမြင်ရဘူးတဲ့၊ ဒီလိုပဲ ဖြစ်ပြီး ပျက်မလို့ ရှေးရှုတဲ့ အဖြစ်နဲ့ အပျက်ကြားမှာ တည်မှုဆိုတဲ့ ဌီကလေး ရှိကောင်းပါတယ် တဲ့၊ ဒီလို ဥပမာ ပေးထားတယ်၊ စိတ်ဆိုတာ အဖြစ်အပျက်က အင်မတန် မြန်တယ်၊ ဖြစ်ပြီးတည်နေတယ် လို့ကို မသိလိုက်နိုင်ဘူး၊ ဒီလောက်တောင် မြန်တယ်။
အဲဒီလိုပဲ စိတ်ဆိုတာ အဖြစ်အပျက်တွေက အင်မတန် မြန်တယ်၊ ဖြစ်လိုက် ပျက်လိုက်နဲ့ အသစ်အဟောင်း တပြောင်းထဲ ပြောင်းလဲနေတာပဲ၊ ရေစီးချောင်းထဲမှာ ရေတွေ အသစ်အဟောင်း အမြဲပြောင်းလဲ နေသလိုပဲ၊ ပြီးတော့ ရုပ်ရှင် ကားထဲက အရုပ်ကလေးတွေ တစ်ခုပြီးတစ်ခု အမြဲ ပြောင်းလဲနေသလိုပဲ၊
အရုပ်ကားလေးတွေ တစ်ခုပြီးတစ်ခု ဒီလို ပြောင်းလဲ နေပေမယ်လို့ ကြည့်နေတဲ့ ပရိသတ် မျက်စိထဲမှာတော့ ဒီလို ပြောင်းလဲနေတာကို မသိဘူး၊ တစ်ရုပ်ထဲ တဆက်တည်း လို့ပဲ မြင်နေကြ ရတယ်၊ အဲဒီလိုပဲ တစ်ခုပြီးတစ်ခု ဖြစ်ပျက်ပြောင်းလဲ နေတဲ့ စိတ်ကိုလည်း မသိနိုင်ကြဘူး၊ တစ်စိတ်တည်း ဆက်နေတယ်လို့ ထင်ရတယ်။
မျက်စိထဲမှာ အဆင်းအာရုံ ကျရောက်လာတယ် ဆိုရင် ဒါဟာ ဘာလဲလို့ စဉ်းစားတဲ့ စိတ်ကလေး ဖြစ်ပေါ်လာတယ်၊ အဲဒါကို အဘိဓမ္မတ္ထ သင်္ဂဟကျမ်းက ပဉ္စဒွါရာဝဇ္ဇန်း စိတ်လို့ နာမည် ပေးထားတယ်၊ အာဝဇ္ဇန်းစိတ် ဆိုတာ ဆင်ခြင်တဲ့ စိတ်ပါပဲ၊ ပါဠိတော်ကတော့ အဟိတ်မနောဓါတ် လို့ဆိုတယ်၊ မနောဓါတ်စိတ်က အဟိတ်ကြိယာ နဲ့ အဟိတ် ဝိပါက် နှစ်မျိုးရှိတယ်၊ အခု ဒီနေရာမှာတော့ အဟိတ်ကြိယာ မနောဓါတ်တဲ့၊ ကြိယာဆိုတာက ကုသိုလ်လည်း မဟုတ်ဘူး၊ အကုသိုလ်လည်း မဟုတ်ဘူးတဲ့၊ အကျိုးပေးတဲ့စိတ် မဟုတ်ဘဲ ပြုလုပ်ရင် ပြုကာမတ္တသာ ဖြစ်တဲ့ စိတ်ပဲ၊ ဒီကြိယာစိတ်က ဘုရားရဟန္တာတို့ ကုသိုလ် ပြုလုပ်ရင် အကျိုး မပေးတော့လို့ “ကရဏမတ္တ” ပြုတာဟာ ပြုကာမတ္တပဲ၊ အကျိုးမပေးတော့ဘူးတဲ့။
ပုထုဇဉ် သေက္ခပုဂ္ဂိုလ် တို့မှာတော့ ကုသိုလ်လုပ်ရင် ကုသိုလ်ကျိုး ပေးနိုင်ပါတယ်၊ အကုသိုလ် ပြုလုပ်ရင် အကုသိုလ်ကျိုး ပေးနိုင်တယ်၊ ဒါကြောင့် သူတို့ပြုတာကို ကြိယာလို့ မဆိုရဘူး၊ အခုပြောတဲ့ ပဉ္စဒွါရာဝဇ္ဇန်း ကြိယာစိတ်ကတော့ ပုဂ္ဂိုလ် အားလုံးမှာ ဖြစ်နိုင်တဲ့ ကြိယာစိတ်ပဲ၊ သူက ဆင်ခြင် စဉ်းစားကာမတ္တပဲ၊ ကုသိုလ် အကုသိုလ် မဟုတ်ဘူး၊ ဒါကြောင့် သူ့ကို ကြိယာထဲသွင်းပြီး ဟောကြားထားတယ်၊ စိတ်ချင်းတော့ အတူတူပါပဲ၊ အမည်ဝေါဟာရတွေသာ ကွဲပြားနေတာပါ၊ ကာမာဝစရကုသိုလ်စိတ် ၈-ခုဖြစ်သလို ရဟန္တာတို့မှာလည်း ဒီစိတ်တွေဖြစ်ရင် ကြိယာစိတ် ၈-ခုလို့ အမည်ပေးထားတယ်။
ရူပါဝစရ၊ အရူပါဝစရ ဌာနတွေမှာလည်း ဒီလိုပါပဲ၊ ပုထုဇဉ်သေက္ခပုဂ္ဂိုလ်တွေပြုတဲ့ ကုသိုလ်ကို ရူပကုသိုလ်၊ အရူပကုသိုလ်လို့ဆိုတယ်၊ ဘုရား, ရဟန္တာတို့ပြုတဲ့ ကုသိုလ်စိတ်မျိုးကို ရူပကြိယာ၊ အရူပကြိယာ လို့ ဆိုတယ်၊ အတူတူပဲ၊ ကြိယာဆိုတာ ပြောခဲ့တဲ့အတိုင်း ဘုရား ရဟန္တာတို့ပြုရင် ကရဏမတ္တ ပြုကာမျှပဲ၊ အကျိုးရယ်လို့ မဖြစ်ပေါ်လာတော့ဘူး၊ ဒါကြောင့် ကြိယာတဲ့၊ ဘာပြုလို့ အကျိုး မဖြစ်လာတော့သလဲ ဆိုရင် “ကုသလာ ကုသလံ ဇဟံ” ကုသိုလ် အကုသိုလ်တွေကို စွန့်ထားပြီ၊ ကုသိုလ် အကုသိုလ်တို့ အကျိုးကို လိုလားနှစ်သက် တွယ်တာခြင်း မရှိတော့လို့တဲ့။
ဒီနေရာမှာ ဆင်ခြင်စဉ်းစားတဲ့ အာဝဇ္ဇန်း ကြိယာကလည်း နှစ်မျိုးရှိတယ်၊ ပဉ္စဒွါရာဝဇ္ဇန်း၊ မနောဒွါရာဝဇ္ဇန်း ဒီလို နှစ်မျိုးရှိတယ်၊ ပဉ္စဝိညာဉ် ပဉ္စဒွါရ ဝီထိအရာမှာ ဆင်ခြင်စဉ်းစားတဲ့ အာဝဇ္ဇန်းစိတ်ကို ပဉ္စဒွါရာဝဇ္ဇန်းစိတ် လို့ခေါ်တယ်၊ မနောဝိညာဉ် - မနောဒွါရဝီထိ အရာမှာ ဆင်ခြင်စဉ်းစားတဲ့ အာဝဇ္ဇန်းစိတ်ကို မနောဒွါရာဝဇ္ဇန်းစိတ်လို့ ခေါ်တယ်၊ ဒီ အာဝဇ္ဇန်းစိတ်တွေက ထူးထူးဆန်းဆန်း ဘာမှသိတာမဟုတ်ဘူး၊ ဥပမာ - အခန်းထဲက လူရှိနေတာကို အပြင်လူကသိလို့ အကြောင်းတစ်ခုခု ပြုစရာရှိတာနဲ့ တံခါးကို တောက်တောက်နဲ့ ခေါက်လိုက်တယ်၊ တံခါးခေါက်သံကို အထဲလူက ကြားတော့ ဘယ်သူပါလိမ့်လို့ ဆင်ခြင်စဉ်းစားတယ်၊ စဉ်းစားရုံ စဉ်းစားတာပဲ၊ ဘယ်သူရယ်လို့ မသိသေးဘူး၊ ဒါပေမယ့် အပြင်ကလူကို အာရုံတော့ပြုတယ်၊ အဲဒီလိုပဲ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဆိုတာ ထင်ပေါ်လာတဲ့အာရုံကို အာရုံပြုပြီး ဆင်ခြင်စဉ်းစားရုံပဲ ရှိသေးတယ်၊ ဘာရယ်လို့ သူက မသိသေးဘူး၊ အာရုံပြုပြီး ဆင်ခြင် စဉ်းစားကာမျှပဲ၊ အဲဒီလို ဆင်ခြင်စဉ်းစားပြီးတော့ မြင်သိစိတ်ဆိုတဲ့ စက္ခုဝိညာဉ်စိတ်ကလေး ဖြစ်ပေါ် လာတယ်၊ စဉ်းစား လိုက်တာနဲ့ မြင်သွားတာကိုး။
မြင်သိပြီးတော့ အဲဒီမြင်သိတဲ့ အဆင်းအာရုံကို လက်ခံ ယူထားလိုက်တဲ့ စိတ်ကလေး ဖြစ်ပေါ်လာပြန်တယ်၊ သူက မှတ်ယူလက်ခံပြီး မှတ်တမ်းတင်လိုက်တဲ့ သဘောပါပဲ၊ သူ့ကို သမ္ပဋိစ္ဆိုင်းလို့ ပါဠိလို အမည်ပေးထားတယ်၊ ပါဠိတော်မှာတော့ အဟိတ်ဝိပါက် မနောဓာတ်လို့ ဟောတော်မူထားတယ်၊ လက်ခံပြီး မှတ်တမ်းတင်ထားရုံသာ ရှိသေးတယ်၊ သူလည်း ဘာရယ်လို့ ထူးထူးခြားခြား မသိသေးပါဘူး၊ သူက မနောဓါတ်ပဲ၊ မနောဓါတ်ဆိုတာ ဘာမှ ထူးထူးခြားခြား သိသေးတာ မဟုတ်ဘူး၊ ဝိညာဏ - မနောဝိညာဏဓါတ် ကမှ ထူးထူးခြားခြားသိတယ်၊ ဒီနေရာမှာတော့ ကုသိုလ် အရာဌာနမှာ ပြောနေတာဖြစ်လို့ ကုသလဝိပါက် မနောဓါတ်လို့ ဆိုပါတယ်၊ သူက အာရုံကို လက်ခံထားရုံမျှပဲ၊ ထူးထူးခြားခြား မသိသေးပါဘူး၊ ဘာနဲ့ တူသလဲ ဆိုရင် စာရင်းအင်းကို ကိုင်ရတဲ့ စာရေးက သူကိုင်ပြီးတဲ့ စာရင်းအင်းကို ဆိုင်ရှင်ထံ အပ်လိုက်တဲ့အခါ ဆိုင်ရှင်က လက်ခံထားလိုက်ရုံပေါ့၊ စာရင်းအင်းကို လက်ခံရုံ ခံထားပြီး သေသေချာချာ ဖွင့်မကြည့်ရသေးလို့ ထူးထူးခြားခြား မသိရသေး သလိုပေါ့၊ စာရင်းရှင်းတမ်းကို သူ ဘာမှ နားမလည်သေးဘူး၊ ဒါပေမယ့် နားလည်တဲ့သူကိုပြဖို့ရာ သူက လက်ခံထားလိုက်တယ်၊ ဒီသဘောမျိုးပါပဲ၊ အဲ သူ့ကို သမ္ပဋိစ္ဆိုင်းစိတ် လို့ ခေါ်တယ်၊ သူဟာ ထူးထူးခြားခြား ဘာမှ မသိသေးဘူး၊ လက်ခံရုံ လက်ခံ ထားလိုက်တယ်။
သမ္ပဋိစ္ဆိုင်းစိတ်က လက်ခံပြီးတော့ စုံစမ်းတဲ့စိတ်ကလေး ဖြစ်ပေါ်လာပြန်တယ်၊ အဲဒါကို ပါဠိတော်မှာ အဟိတ်ဝိပါက် မနောဝိညာဏဓါတ်လို့ ဟောထားတယ်၊ သူကတော့ ဝိညာဏဓါတ် ဆိုတဲ့အတိုင်း ထူးထူးခြားခြား သိလာတယ်၊ ကောင်းတာ လား မကောင်းတာလားလို့ စုံစမ်း စစ်ဆေးတယ်၊ စစ်ဆေးတယ် ဆိုပေမယ့် ကြာကြာ စစ်ဆေး နေတာတော့ မဟုတ်ဘူး၊ ခဏ ကလေးပဲ၊ သူကလည်း ချုပ်ပျောက်သွား ပြန်တယ်၊ ပြီးတော့မှ ဒါကောင်းတယ် မကောင်းဘူး စသည်ဖြင့် ဆုံးဖြတ်တဲ့ စိတ်ကလေး တစ်ကြိမ် ဖြစ်ပေါ်လာပြန်တယ်၊ အဲဒါ ပါဠိလို ဝုဋ္ဌောလို့ အမည်ပေး ထားတယ်၊ ပါဠိတော် မှာတော့ အဟိတ်ကြိယာ မနောဝိညာဏဓါတ်လို့ ဟောကြား ထားတယ်၊ အဘိဓမ္မတ္ထ သင်္ဂဟကျမ်းမှာ ဝုဋ္ဌောလို့ ဆိုတယ်၊ မနောဒွါရာဝဇ္ဇန်း လို့လည်းခေါ်တယ်၊ အဲ သူကတော့ ဆုံးဖြတ်တဲ့ စိတ်ပဲ၊ စောစောပိုင်း စုံစမ်းစဉ်တုန်းက လာခေါက်တယ် ဆိုရင် ဘယ်သူ ထင်တာပဲဆိုတဲ့ သံသယကလေးနဲ့ မဆုံးဖြတ် နိုင်သေးဘူး၊ ဒီလိုစုံစမ်းတဲ့စိတ်ကို ပါဠိလို သန္တီရဏစိတ်လို့ခေါ်တယ်၊ အဲ သန္တီရဏ စိတ်က စုံစမ်းပြီးတော့ ဝုဋ္ဌောစိတ်က ကောင်းတယ်၊ မကောင်းဘူးစသည်ဖြင့် ဆုံးဖြတ်နိုင်လာတယ်။
ဒီအထဲမှာ အရင်းခံ ယောနိသော မနသိကာရ၊ အာယောနိသော မနသိကာရ ဆိုတာက ပါသေးတယ်၊ မနသိကာရ ဆိုတာ စိတ်တိုင်းမှာ သူပါတာချည်းပဲ၊ မြန်မာလို ဆိုရင် အသင့်အတင့် နှလုံးသွင်းမှုနဲ့ မသင့်မတင့် နှလုံးသွင်းမှုတဲ့၊ သန္တီရဏ စုံစမ်းစဉ်တုန်းက ယောနိသော မနိသကာရနဲ့ အသင့်အတင့် နှလုံးသွင်းမှု အရှိန်အဝါလေး ပါလာရင် ဆုံးဖြတ်တဲ့ ဝုဋ္ဌောစိတ်ကလည်း ကောင်းတယ် စသည်ဖြင့် ကုသိုလ်ကောင်းမှု ဘက်ကနေပြီး ဆုံးဖြတ်လိုက်မှာပဲ၊ မသင့်မတင့် နှလုံးသွင်းမှု အရှိန်အဝါလေး ပါလာရင် မကောင်းဘူးလို့ ဆုံးဖြတ်တဲ့ ဝုဋ္ဌောက ဆုံးဖြတ်လိုက်မှာပဲ၊ အသင့်အတင့် နှလုံးသွင်းမှုဆိုတာ ကောင်းတဲ့ နှလုံးသွင်းမှု ဖြစ်လို့ ကောင်းမှုလို့ ဆိုရတယ်၊
လောကသဘာဝ အားဖြင့် မကောင်းတဲ့ လောဘ, ဒေါသဖြစ်ဖွယ်နှင့် တွေ့လာ ရင်တောင် “ဒါကတော့ လောကမှာ ဖြစ်တတ်တဲ့ လောကဓံ သဘောပဲ” စသည်ဖြင့် အသင့်အတင့် နှလုံးသွင်း လိုက်တယ် ဆိုရင် မကောင်းတဲ့ လောဘ, ဒေါသတွေ မဖြစ်လာတော့ဘဲ ငြိမ်းအေးသွားတယ်၊ အဲဒါ နှလုံးသွင်းကောင်းလို့ ကုသိုလ် ဖြစ်သွားတာပဲ၊ နှလုံးသွင်း မကောင်းရင် မသင့်မတင့် နှလုံးသွင်းမိပြန်ရင် ကောင်းတဲ့ကုသိုလ် ဖြစ်ဖွယ်နဲ့ တွေ့ရဦးတော့ ကုသိုလ်မဖြစ်ဘဲ မလျော်တဲ့ လောဘ, ဒေါသတွေ ဖြစ်သွားတတ်တယ်၊ ဒါကြောင့် မနသိကာရ အရှိန်အဝါ ကလေးဟာ ကောင်း, မကောင်း ဆုံးဖြတ်ရာ၌ သူက အရေးပါတယ်၊ စာရင်းကိုင်က ကောင်းကောင်းကိုင်ပြီး ပေးလို့ရှိရင် ဆုံးဖြတ်တဲ့ စာရင်းစစ်က ကောင်းကောင်း ဆုံးဖြတ်နိုင်သလို စာရင်းကိုင်က မကောင်းတကောင်း ကိုင်ပေးရင် ဆုံးဖြတ်တဲ့ စာရင်းစစ်က မကောင်းဘူးလို့ ဆုံးဖြတ်နိုင်သလိုပေါ့။
ဝုဋ္ဌောက ဆုံးဖြတ်ပြီးပြီဆိုရင် ဝုဋ္ဌော ဆုံးဖြတ်လိုက်သလို ဇောတွေက လျော်စွာ ကျလာတော့တယ်၊ လျော်စွာဆိုတာက ကောင်းတယ်လို့ ဝုဋ္ဌောဆုံးဖြတ်လိုက်ရင် ကောင်းတဲ့ဇောတွေ ကျလာတယ်၊ ဖြစ်လာတယ်၊ မကောင်းဘူးလို့ ဆုံးဖြတ်လိုက်ရင် မကောင်းတဲ့ ဇောတွေ ကျရောက်ဖြစ်ပေါ် လာတယ်ပေါ့၊ ကောင်းမကောင်း ဆိုရာမှာလည်း ကုသိုလ်ဇော အကုသိုလ်ဇောတွေကို ဆိုလိုပါတယ်၊ ဒါ ကြည်ညို စရာပဲ၊ ဝမ်းမြောက်စရာပဲ၊ သနားစရာပဲ စသည်ဖြင့် ဆုံးဖြတ်ပေး လိုက်ရင် ကုသိုလ်ဇောတွေ ကျရောက် ဖြစ်ပေါ်လာမယ်၊ ဒါက လှတယ်၊ ချောတယ်၊ နှစ်သက် လိုချင်စရာပဲ၊ ဒါကတော့ ဒေါသဖြစ်စရာ ပြစ်မှားစရာပဲလို့ ဆုံးဖြတ်ပေးလိုက်ရင် မကောင်းတဲ့ အကုသိုလ် လောဘဇော၊ ဒေါသဇောတွေ ဖြစ်ထိုက်သလို ကျရောက် ဖြစ်ပေါ်လာမယ်၊ ဖြစ်ပေါ်လာတော့လည်း ဇောက တစ်ကြိမ်မကဘူး၊ ၇-ကြိမ် ဖြစ်လေ့ရှိတယ်၊ ပြီးတော့ ဇောပြုတဲ့ အာရုံကို အာရုံပြုပီး တဒါရုံ ၂-ကြိမ်ကျရောက် ဖြစ်ပေါ်လာတယ်၊
“စုံစမ်း ဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ် တဒါရုံ၊ အဆင်းမြင်လျှင်၊ ဖြစ်ရိုးပင်၊ စိတ်စဉ်သိပါကုန်”တဲ့။ အဆင်းမြင်ရင် သူ့အစဉ်က ဒီအတိုင်း ဖြစ်တာပဲ၊ အဲဒါ တွေပြီးတော့ ဘဝင် ကျရောက် ဖြစ်ပေါ်လာတယ်၊ အဲဒါတော့ လင်္ကာထဲ ထည့် မထားဘူး။
ဒါလေးက အရေးကြီးတယ်၊ လိုက်ဆိုကြ -
ဘဝင်ဆင်ခြင်၊ မြင်သိလျှင်၊ ထိုပြင်လက်ခံတုံ။
ဘဝင်ဆင်ခြင်၊ မြင်သိလျှင်၊ ထိုပြင်လက်ခံတုံ။ (သုံးခေါက်ဆို)
ဘဝင်တွေဖြစ်နေတယ်၊ ဘဝင်ဆိုတာ ပြောခဲ့တဲ့အတိုင်း မျက်မှောက် ရောက်လာတဲ့ အာရုံကို မသိတဲ့စိတ်ဘဲ၊ သူ့အာရုံနဲ့သူ အရင်က သူပြုနေကျ အာရုံကိုသာ သူက အာရုံပြုနေတာ၊ အခု တခြားရောက်လာတဲ့ အာရုံကို သူကမပြုဘူး၊ အဲသူ(ဘဝင်) ဖြစ်နေတဲ့အခါ အိပ်ပျော်နေသလိုပဲ၊ ဒါကို မသိစိတ်လို့ ပြောခဲ့ပြီးပြီ၊ အဲဒီဘဝင်စိတ်တွေ ဖြစ်နေရာကနေပြီး မျက်စိထဲ အဆင်းအာရုံ ကျရောက်တဲ့အခါ အိပ်ရာကနိုးသလို “ဘာများပါလိမ့်” ဆိုတဲ့ စဉ်းစားဆင်ခြင် စိတ်ကလေး ဖြစ်ပေါ်လာတယ်၊ ဆင်ခြင်ပြီးတယ် ဆိုရင် မြင်တော့တာပါပဲ၊ မြင်တယ်ဆိုတာ မြင်သိစိတ်ဆိုတဲ့ စက္ခုဝိညာဉ်စိတ် ဖြစ်လာတာကို ဆိုတာပဲ၊ နောက်ပြီးတော့ “ထိုပြင် လက်ခံတုံ” ဆိုတဲ့အတိုင်း မြင်သိတဲ့စိတ်ကလေး ချုပ်ပျောက်တဲ့အခါ မြင်သိတဲ့အာရုံကို ဓါတ်ပုံရိုက်ယူလိုက်သလို လက်ခံ မှတ်သားထားတဲ့ စိတ်ကလေးဖြစ်ပေါ်လာတယ်၊ ဒါက လင်္ကာ အဓိပ္ပာယ်ကလေးကို ပြောတာပါ၊ ဒါတွေကို အရင်က ပြောခဲ့ပြီးသားပဲ၊ နောက်တော့ ပြောခဲ့တဲ့အတိုင်း လက်ခံပြီးတော့ စုံစမ်းတဲ့စိတ်၊ ဆုံးဖြတ်တဲ့စိတ်၊ အဟုန်နဲ့တကွ ကျရောက်တဲ့ဇောစိတ်၊ ဇောပြုတဲ့ အာရုံကိုလိုက်ပြီး အာရုံပြုဖြစ်တဲ့ တဒါရုံစိတ်၊ အဲဒီစိတ်တွေ အစဉ်အတိုင်း ဖြစ်ပြီးတော့ မသိစိတ်ဆိုတဲ့ ဘဝင်စိတ်တွေ ထိုက်သလို ကျရောက် ဖြစ်ပေါ် လာတော့တယ်၊ ကိုင်း ကျန်တဲ့အဓိပ္ပာယ်နဲ့ သိမ်းရုံးဆိုထားတဲ့ လင်္ကာကို လိုက်ဆိုကြရမယ်။
စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ။
စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ။ (သုံးခေါက်ဆို)
ဖြစ်ရိုးဖြစ်စဉ်က ဒီအတိုင်းပဲ
မြင်သိစိတ်ကလေး ဖြစ်လာပြီဆိုရင် စိတ်အစဉ် တွေဟာ ဒီလို ဖြစ်လာတာပဲ၊ ဒါဟာ ဖြစ်ရိုး ဖြစ်စဉ်တဲ့၊ ဒီအထဲ ဖြစ်တဲ့ စိတ်ကလေးတွေကို ရေတွက်ကြည့်ရင် …
- ဆင်ခြင်တာက တစ်ခု၊
- မြင်သိတာက တစ်ခု၊
- လက်ခံတာက တစ်ခု၊
- စုံစမ်းတာက တစ်ခု၊
- ဆုံးဖြတ်တာက တစ်ခု၊
- ဇောက ၇-ခု၊
- တဒါရုံက နှစ်ခု၊
ပေါင်း ၁၄-ခုရှိတယ်။
မြင်သိစိတ်ဖြစ်တဲ့အခါမှာ ဒီလိုပဲ အပြည့်အစုံဖြစ်လာတယ်၊ တစ်ခါတစ်ရံ တဒါရုံမပါဘဲ ဇောတွင် ရပ်ချင် ရပ်သွားတာလည်း ရှိတတ်ပါသေးတယ်၊ ဒါကတော့ မထင်ရှားတဲ့အာရုံ စသည်နဲ့ တွေ့လာတဲ့အခါ ဖြစ်တတ်တဲ့ သဘောတွေပဲ၊ ဒါပေမယ့် ထင်ရှားမြင်သိတဲ့ အခါမှာတော့ အခု ပြောခဲ့တဲ့ စိတ်တွေ အပြည့်အစုံ ဖြစ်လာ တတ်ပါတယ်၊ အဲ-အပြည့်အစုံဖြစ်ပြီဆိုရင်တော့ အဲဒီ ၁၄-ခုသော စိတ်အစဉ်ဟာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။
ကြားသိစိတ် စသည်လည်း အတူတူပဲ
မြင်တဲ့အခါ စိတ်အစဉ် ဖြစ်သလို ကြားသိတဲ့ အခါမှာလည်း မြင်သိဆိုတဲ့ နေရာမှာ ကြားသိ ဆိုတာကို ထည့်ပေးရုံပဲ ထူးတယ်၊ ဒီပြင်တော့ အတူတူပါပဲ၊ လင်္ကာကိုတော့ “ဘဝင်ဆင်ခြင်၊ ကြားပြီးလျှင်၊ ထိုြ့ပင် လက်ခံတုံ”လို့ စသည်ဖြင့် ပြင်လိုက်ရုံပဲရှိတယ်၊ လင်္ကာလေးတွေကို ပြင်ရတာကတော့ လွယ်ပါတယ်၊ သူ့နေရာ လေးနဲ့သူ ပြင်ထည့်လိုက်ရုံ ဖြစ်လို့လည်း လွယ်တယ်၊ သိဖို့လည်းလွယ်တယ်၊
ဘဝင် ဆင်ခြင်၊ မြင်သိလျှင် …
ဘဝင် ဆင်ခြင်၊ ကြားသိလျှင် …
ဘဝင် ဆင်ခြင်၊ နံသိလျှင် …
ဘဝင် ဆင်ခြင်၊ စားသိလျှင် …
ဘဝင်ဆင်ခြင်၊ တွေ့သိလျှင် - ထို့ပြင် လက်ခံတုံ
လို့ ပြင်ပြီး ရှေ့လင်္ကာကိုတော့ ပြင်စရာမလိုပါဘူး။
စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ် တဒါရုံလို့ သူ့အတိုင်း ဆိုလိုက်ရုံပါပဲ၊ အင်မတန် နေရာ ကျတယ်၊ ဆိုလို့လည်းလွယ်၊ မှတ်လို့လည်းလွယ်၊ အင်မတန်နေရာကျတယ်၊ ပြီးတော့ ..
မြင်သိစိတ်စဉ်၊ ဖြစ်ရိုးပင်၊ စိတ်စဉ် မှတ်ပါကုန်။
ကြားသိစိတ်စဉ်၊ ဖြစ်ရိုးပင်၊ စိတ်စဉ် မှတ်ပါကုန်။
နံသိစိတ်စဉ်၊ ဖြစ်ရိုးပင်၊ စိတ်စဉ် မှတ်ပါကုန်။
စားသိစိတ်စဉ်၊ ဖြစ်ရိုးပင်၊ စိတ်စဉ် မှတ်ပါကုန်။
တွေ့သိစိတ်စဉ်၊ ဖြစ်ရိုးပင်၊ စိတ်စဉ် မှတ်ပါကုန်။
ဒီလင်္ကာကိုလည်း ဒီလိုပြင်လိုက်ရုံပဲ၊ အင်မတန်လွယ်ပါတယ်၊ မြင်သိစိတ်ဆိုတာက မြန်မာလိုပဲ၊ ပါဠိလို ဆိုရင်တော့ စက္ခုဝိညာဉ်တဲ့၊ ကြားသိစိတ်က သောတဝိညာဉ်၊ နံသိစိတ်က ဃာနဝိညာဉ်၊ စားသိစိတ်က ဇိဝှာဝိညာဉ်၊ တွေ့သိစိတ်က ကာယ ဝိညာဉ်တဲ့၊ မြန်မာနဲ့ ပါဠိအခေါ်လေးတွေကို မှတ်လိုလို့ရှိရင် ခွဲပြီးမှတ်ပေါ့၊ ဒီလို အခေါ်တွေကို ပါဠိလိုသင်ဖူးမှသာ သာပြီးလွယ်ပါတယ်၊ မသင်ဖူးရင်တော့ ခက်ချင် ခက်နေတတ်ပါတယ်။
ဒီလို ဥပမာ ပေးထားတယ်
ဒီနေရာမှာ အဋ္ဌကထာက ဥပမာနဲ့တကွ ပြထားတယ်၊ လူတစ်ယောက်ဟာ သရက်ပင်အောက်မှာ အိပ်မောကျ နေတယ်တဲ့၊ ဒီတော့ သရက်သီး တစ်လုံးက သူ့အနားမှာ ဖုတ်ခနဲ ကြွေကျတယ်၊ သရက်သီးကြွေကျတဲ့ အသံကြောင့် အိပ်နေ သူဟာ အိပ်ရာကနိုးလာတော့၊ “ဘာများပါလိမ့်”လို့ စဉ်းစားဆင်ခြင်တယ်၊ စဉ်းစားပြီး ပတ်ဝန်းကျင်ကို ကြည့်တဲ့အခါ ကြွေကျနေတဲ့ သရက်သီးကို မြင်တယ်၊ ဒါနဲ့ မြင်တဲ့သရက်သီးကို ကောက်ယူပြီး မှည့်လား မမှည့်လားဆိုတာ သိရအောင် လက်နဲ့ နှိပ်စမ်းတယ်၊ နမ်းကြည့်တယ်ပေါ့၊ ဒီလိုစုံစမ်းပြီး စားလို့ ဖြစ်လောက်အောင် မှည့်မှန်း သိတော့ အဲဒီသရက်သီးကို စားတယ်တဲ့၊ စားရတဲ့အရသာကိုလည်း ဘယ်လို အရသာပဲဆိုပြီး ပြန်စဉ်းစားတယ်၊ ပြီးတော့ အိပ်ရေးကလည်း မဝသေးတာနဲ့ ပြန်အိပ်လိုက်တာ အိပ်ပျော်သွားပြန် တယ်တဲ့၊ ဝီထိစိတ် ဖြစ်ပုံကို ထင်ရှားစေရန် အဋ္ဌကထာက ဒီလို ဥပမာ ပေးထားတယ်။
အဲဒီမှာ အာရုံထူး မထင်မီ ဘဝင်စိတ်တွေ ဖြစ်နေတာဟာ အိပ်မောကျ နေသလိုပဲတဲ့၊ ဘဝင်စိတ် ဆိုတာ ဒီလိုပဲ၊ အာရုံအထူးနဲ့ မတွေ့မီ ဘဝင်ဆိုတဲ့ မသိစိတ်တွေက တသီတတန်းကြီး ဖြစ်နေ တာပဲ၊ အိပ်မောကျ နေတာနဲ့ တူတယ်၊ မျက်စိနဲ့ အဆင်းအာရုံ တွေ့လာပြီဆိုရင်တော့ အိပ်ရာက နိုးလာသလို စဉ်းစားဆင်ခြင်တဲ့ စိတ်ကလေး ဖြစ်ပေါ်လာတယ်၊ သရက်သီး ကြွေကျသံကို ကြားတော့ ပတ်ဝန်းကျင် ဘာပါလိမ့်လို့ စဉ်းစားဆင်ခြင် ကြည့်သလိုပေါ့၊ အဲဒီလို စဉ်းစား ဆင်ခြင်တဲ့ စိတ်ကလေး ဖြစ်ပေါ်လာတယ်၊ ပြီးတော့ သရက်သီးကို မြင်သလို မြင်သိစိတ်ကလေး ဖြစ်ပေါ်လာတယ်၊ တစ်ဖန် သရက်သီးကို ကောက်ယူ ထားလိုက်သလို လက်ခံ မှတ်သားတဲ့ စိတ်ကလေး ဖြစ်ပေါ်လာပြန်တယ်၊ ပြီးတော့ သရက်သီးကလေးကို စမ်းကြည့်, နမ်းကြည့်နဲ့ စမ်းသလို အာရုံကို စုံစမ်းတဲ့ စိတ်ကလေး ဖြစ်ပေါ် လာပြန်တယ်၊
ဒီလိုစုံစမ်းပြီး မှည့်ပြီ, စားလို့ဖြစ်ပြီလို့ ဆုံးဖြတ်ပြီးအခါ စားလိုက်သလို အဟုန်နဲ့တကွ ကျရောက်ခံစားတဲ့ ဇောစိတ်တွေ ၇-ကြိမ် ဖြစ်ပေါ်လာကြတယ်၊ တစ်ဖန် ဘယ်လို အရသာပဲလို့ ပြန်မြုံ့သလို ပြန်မြုံ့တဲ့ စိတ်ကလေးက နှစ်ကြိမ်လောက် ဖြစ်လာပြန် ပါတယ်၊ အဲဒါကတော့ တဒါရုံ ဆိုတာပေါ့၊ သူကတော့ ဇောရဲ့အာရုံကို အာရုံလိုက်ပြုတဲ့ စိတ်ပါပဲ၊ ဒီလို ဝီထိစိတ် အစဉ်တွေဖြစ်ပြီး ပြန် အိပ်ပျော်သွားသလို ပဋိသန္ဓေစိတ်နဲ့ အတူ ဖြစ်နေကျ ဘဝင်စိတ်တွေ ပြန်ဖြစ်သွားပါတယ်တဲ့၊ ဒီလို ဥပမာ, ဥပမေယျ ညှိပြထားပါတယ်။
ရုပ်သက်နဲ့ နာမ်သက် မတူဘူး
မြင်ရတဲ့အဆင်းတို့၊ ကြားရတဲ့အသံ စသည်တို့ဟာ ရုပ်တွေပဲ၊ အဆင်းရုပ်, အသံရုပ် စသည်ပေါ့၊ အဲဒီရုပ်တွေနဲ့ မြင်သိစိတ်, ကြားသိစိတ်စတဲ့ နာမ်တွေဆိုတာ အသက်ချင်း မတူကြဘူး၊ ရုပ်တွေက စိတ်အကြိမ်ပေါင်း ၁၇-ချက်ခန့် အသက်ရှည်တယ်၊ စိတ်အကြိမ်ပေါင်း ၁၇-ချက်လောက် ဖြစ်သည့်တိုင်အောင် ရုပ်သက်က တည်နေတယ်၊ စိတ်ဆိုတဲ့ နာမ်သက်ကတော့ ဖြစ်, တည်, ပျက် ဆိုတဲ့ ဥပါဒ်, ဌီ, ဘင် ခဏငယ် သုံးချက်လောက်သာ အသက်ရှည်တယ်၊ အဲဒါ ရုပ်သက်ကို နာမ်သက်နဲ့နှိုင်းယှဉ်ပြီး တိုင်းတာကြရတာပဲ၊ ရုပ်သက်က အတော်အတန် ရှည်ပြီး နာမ်သက်က အင်မတန် တိုပါတယ်၊ ဒီလို လျင်မြန်လွန်းလို့ စိတ်ကို အထိန်းရ ခက်တာပေါ့၊ သူဖြစ်တာကို ဖြစ်လျှင်ဖြစ်ချင်း သိနိုင်ဖို့ အင်မတန် ခဲယဉ်းတယ်၊ သိရင်တောင် သူဖြစ်ပြီးလို့ အတော်ကြာမှသာ သိတာက များတယ်၊
“ဒုန္နိဂ္ဂဟဿ လဟုနော”
ဒုန္နိဂ္ဂဟဿ စိတ္တဿ - စိတ်ဆိုတာ အင်မတန် နှိမ်နင်းလို့ ခက်တယ်၊
လဟုနော စိတ္တဿ - ပြီးတော့ အလွန်လည်း လျင်မြန်တဲ့စိတ် တဲ့၊
ဓမ္မပဒ ပါဠိတော်မှာ ဟောထားတယ်။
စိတ်ဆိုတာ ရိုင်းတယ်
စိတ်ကို ယဉ်ကျေးအောင် သတိထားပြီး နှိမ်နင်းဆုံးမလေ့ မရှိကြဘဲ လွှတ်ထားတာ တွေက များတယ်၊ ဘဝများစွာက ဆိုပါတော့၊ ဒီလို သူ့အလိုအတိုင်း လွှတ်ထားခဲ့တာ ကြာတော့ သူက ရိုင်းချင်တိုင်း ရိုင်းနေတာ၊ မကောင်းမှန်း သိလျက်လည်း သူက လုပ်ချင်တတ်တယ်၊ သူပြုလုပ်ချင်တဲ့ အလုပ်ကို တားလို့, နှိမ်နင်းလို့ အင်မတန် ရခဲတာပဲ၊ သူ့ အသက် သတ်တာကို မကောင်းမှန်း သိလျက်လည်း သူသတ်ချင် သတ်တာပဲ၊ သူတစ်ပါး ပစ္စည်းကို ခိုးယူတာတို့၊ သူ့သားအိမ်ယာကို ကျူးလွန်တာတို့၊ မမှန်မကန် လိမ်လည် ပြောကြားတာတို့၊ သေအရက် သောက်စား မူးယစ်တာတို့ စသည် ဒီလို မကောင်းမှုတွေဟာ မကောင်းပါဘူးလို့ တဖွဖွ ပြောနေပါလျက်လည်း မရဘူး၊ ဒီအထဲကနေ ပြုလုပ်ကြတာပဲ၊ ဒီလို မကောင်းမှန်းသိလျက်နဲ့ ပြုလုပ်တာ တွေဟာ စိတ်ကိုနိုင်နင်းအောင် မဆုံးမနိုင်တာ အင်မတန် ထင်ရှားတယ်။
ကိုယ်တိုင် နားမလည်လို့ မသိရင်တောင် သိကြား လိမ္မာတဲ့လူတွေက ဒါမကောင်း ဘူးလို့ပြောလည်း သူက ရချင်မှ ရတယ်၊ အတင်း ဇွတ်တိုးပြီး လုပ်ချင်လုပ်တာပဲ၊ ကောင်းတဲ့ လူတွေနဲ့ မကောင်းတဲ့ လူတွေကို နှိုင်းယှဉ်ကြည့်လိုက်ရင် မကောင်းတဲ့ လူတွေက များနေတာဟာ ဒီစိတ်ကို မနိုင်နင်းနိုင်ဘဲ ဖြစ်နေသူတွေက များနေလို့ပေါ့၊ စစ်ဖြစ်ရတယ် ဆိုတာ မကောင်းဘူးလို့ နိုင်ငံတိုင်းက သိနေကြတယ်၊ သိတဲ့ အတိုင်းလည်း သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား တွေကနေပြီး ကြေညာ နေကြတာပဲ မဟုတ်လား၊ မကောင်းမှန်း သူတို့ သိပါတယ်၊ စစ်ဖြစ်ရတာကို ဒီလို မကောင်းမှန်း သိလျက်လည်း လောဘ, ဒေါသဆိုတဲ့ စိတ်ရိုင်းတွေကို မနှိမ်နင်းနိုင်လို့ အဲဒီမကောင်းဘူးလို့ ကြေညာနေတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင် အချင်းချင်း တိုက်ခိုက် နေကြတာပါပဲ၊ စစ်ဖြစ်တယ် ဆိုရင် သူတို့ မျက်မှောက်တွင် လူတွေသေ၊ ပစ္စည်းတွေ ပျက်စီးနေတာကို မြင်တွေ့နေတာပဲ၊ ဒါတွေ မကောင်းဘူးဆိုတာ သူတို့မသိဘဲ ရှိပါ့မလား၊ သိပါတယ်၊ ဒါပေမယ့်လည်းပဲ စစ်တွေတိုက်ခိုက် နေကြတာပဲ၊ စိတ်ဆိုတာ ဒီလောက် ထိအောင် ရိုင်းတယ်၊ မယဉ်ကျေးဘူး၊ ဒုန္နိဂ္ဂဟဿ စိတ္တဿ - စိတ်ဆိုတာ ရိုင်းတယ်၊ နှိမ်နင်းလို့ ရနိုင်ခဲတယ် တဲ့။
အင်မတန်လည်း လျင်မြန်တယ်
စိတ်တွေဟာ အင်မတန်လည်း မြန်တယ်၊ “လက်ဖျစ် တစ်တွက် လျှပ်တစ်ပြက် အတွင်း ကုဋေ တစ်သိန်းလောက် ဖြစ်နိုင်တယ်”လို့တောင် အဆိုရှိတယ်၊ အဲဒီလောက် ထိအောင် အဖြစ်အပျက်က မြန်တာ၊ ဒါကြောင့်လည်း စိတ်ကို နှိမ်နင်း နိုင်ခဲတာပဲ၊ ထိန်းလို့သိမ်းလို့လည်း အင်မတန် ခက်တယ်၊ စိတ်သွားတိုင်း စိတ်ဖြစ်တိုင်း ကိုယ်က မပါလို့သာဘဲ၊ ကိုယ်က မန္တလေးမှာ ထိုင်နေပေမယ့်လည်း စိတ်က ရန်ကုန် ရောက်ချင် ရောက်နေတာ၊ ဒီလို ရောက်ဖူးတဲ့ နေရာကိုမပြောနဲ့ တစ်ခါမှ ကိုယ်က မရောက်ဘူးလို့ မသိဖူးတဲ့ အရပ်ဌာန တွေကိုတောင် မှန်းပြီး ရောက်ချင် ရောက်နေ တတ်သေးတယ်၊ ပြောသံကြားနဲ့လည်း အာရှကနေ ဥရောပတို့၊ အာဖရိကတို့ ဒီလိုနေရာ တွေကိုလည်း ရောက်ချင် ရောက်သွားတာပဲ၊ ဘယ်လောက် ဝေးဝေး တစ်ခါတည်း ရောက်သွားတာပဲ၊ လဟုနော စိတ္တဿ - အင်မတန် လျင်မြန်တဲ့စိတ် တဲ့၊ လက်ဖျစ်တစ်တွက် လျှပ်တစ်ပြက် အတွင်း ကုဋေတစ်သိန်း လောက်တောင် ဖြစ်နိုင်ပျက်နိုင်တဲ့ စိတ်တဲ့၊ ဒီလို အဖြစ် မြန်တာကြောင့် စိတ်ကို ထိန်းသိမ်းမလွယ်ဘဲ ဖြစ်နေတာပေါ့။
အာရုံပြုတော့လည်း ပေါက်တတ်ကရ
အာရုံကျတော့လည်း ကြုံရာအာရုံကို အာရုံပြုလိုက်တာပဲ၊ အဆင်းနဲ့ကြုံရင် အဆင်းကို အာရုံပြုလိုက်တာပဲ၊ အသံနဲ့ကြုံရင် အသံကို၊ အနံ့နဲ့ကြုံရင် အနံ့ကို၊ အရသာနဲ့ကြုံရင် အရသာကို၊ အတွေ့အထိနဲ့ကြုံရင် အတွေ့အထိကို၊ သဘောနဲ့ကြုံရင် သဘောကို အာရုံပြုလိုက်တာပဲ၊ ဒီလို ကြုံရာကြုံရာ တွေ့ရာပေါ်ရာအာရုံတွေကို စိတ်က အာရုံပြုတတ်တယ်၊ ဒါကြောင့် ယတ္ထ ကာမနိပါတိနော ကြုံရာများပြား အကြင် အာရုံတရား၌ အလိုအတိုင်း ကျရောက်တတ်တဲ့စိတ်တဲ့၊ ဒီလို ဆက်ပြီး ဟောကြား ထားတယ်၊ ကြုံရာအာရုံ တွေကို စိတ်ကအာရုံပြုတယ်၊ သူအလိုရှိရာ အာရုံတွေကို အာရုံပြုတယ်၊ ပြီးတော့ အဲဒီ အာရုံတွေပေါ်မှာ လောဘ, ဒေါသ, မောဟ, မာန စတဲ့ ကိလေသာတွေ ဖြစ်တယ်၊ ရိုင်းစိုင်းတယ် မယဉ်ကျေးဘူး ဆိုတာ အဲဒီ ကိလေသာ တွေက ရိုင်းစိုင်းနေတာပဲ။
ဆုံးမပေးရမယ်
စိတ္တဿ ဒမထော သာဓု အဲဒီ ရိုင်းစိုင်းတဲ့ စိတ်ကို ဆုံးမပေးရင် ကောင်းတယ်တဲ့၊ သူ့ကို ဒီအတိုင်း လွှတ်ထားလို့ မရဘူးတဲ့၊ ယဉ်ကျေးအောင် ဆုံးမပေးရမယ်၊ ဒီလို ဆုံးမပေးမှ ကောင်းမှာ၊ မဆုံးမဘဲ ထားလို့ ရိုင်းစိုင်းနေရင် မကောင်းဘူးတဲ့၊ ဒါကြောင့် ယဉ်ကျေးအောင် ဆုံးမပေးဖို့ လိုပါတယ်၊ ဆုံးမတော့ ဘယ်လို ဆုံးမရမလဲ ဆိုရင် အင်မတန် ထူပြောများပြားပြီး ရိုင်းစိုင်းနေတဲ့ လောဘ, ဒေါသ, မာန စတဲ့ ကိလေသာတွေကို တစ်စတစ်စ နည်းပါးသွားအောင် နည်းလမ်းတကျ အားထုတ် ဆုံးမပစ်ရတယ်၊ ဘယ်လောက်အထိ အားထုတ် ဆုံးမပစ်ရမလဲ ဆိုရင် အဲဒီ ရိုင်းစိုင်းတဲ့ ကိလေသာ တွေကုန်ခန်း သွားသည်အထိ အားထုတ်ဆုံးမ ပစ်ရမယ်တဲ့၊ နည်းလမ်းတကျ အားထုတ်ဆုံးမ ပစ်ရမယ်၊ အဲဒီနည်းလမ်း တကျ ဆိုတာကတော့ မြတ်စွာဘုရား ဟောကြားထားတဲ့ သတိပဋ္ဌာန် ဒေသနာနည်းအတိုင်း အားထုတ်ဆုံးမ ပစ်ဖို့ပါပဲ၊ အခု ဒီမှာ အားထုတ်နေကြတဲ့ ယောဂီတွေ သတိပဋ္ဌာန် ဒေသနာတော် နည်းအတိုင်း နည်းလမ်းတကျ အားထုတ်နေကြပါတယ်၊ ဒါဟာ စိတ်ယဉ်ကျေးအောင် နည်းလမ်းတကျ ကျင့်ကြံအားထုတ် နေကြတာပါပဲ။
စိတ်ကို အလွတ်မထားဘူး၊ ဖောင်းရင် ဖောင်းတယ်၊ ပိန်ရင် ပိန်တယ်လို့ ဖောင်းမှု ပိန်မှုအပေါ်မှာ ရှုမှတ်နေကြတယ်၊ မြင်ရင်လည်း မြင်တယ်၊ ကြားရင်လည်း ကြားတယ် စသည်ဖြင့် မြင်မှုကြားမှုအပေါ် စသည်မှာ ရိုင်းစိုင်းတဲ့ ကိလေသာတွေ မဝင်ရအောင် သတိနဲ့ကပ်ပြီး ရှုမှတ်နေကြတယ်၊ ဒါဟာ မဟာသတိပဋ္ဌာန် ဒေသနာ တော်လာအတိုင်း အားထုတ် နေကြတာပါပဲ၊ ကျရောက်လာတဲ့ အာရုံတိုင်း အာရုံတိုင်းမှာ မလွတ်အောင် ဒီလို ရှုမှတ်သွားပြီ ဆိုရင် ရိုင်းစိုင်းတဲ့ ကိလေသာတွေ ဝင်ရောက်ခွင့် မရတော့ဘူး၊ ဖြစ်ခွင့် မရတော့ဘူး၊ ဒီကိလေသာတွေ ဝင်ရောက် ခွင့်မရလို့ ကင်းစင်သွားပြီဆိုရင် စိတ်ဟာ ယဉ်ကျေး သွားတော့တာပဲ။
ယဉ်ကျေးရင် ချမ်းသာတယ်
ရိုင်းစိုင်းတဲ့ ကိလေသာ မရှိလို့ စိတ်ဟာ ယဉ်ကျေးတော့ ဘာအကျိုး ရှိသလဲဆိုရင် စိတ္တံ ဒန္တံ သုခါဝဟံ တဲ့၊ စိတ်ကို ဆုံးမထားလို့ ယဉ်ကျေးပြီဆိုရင် အဲဒီ ယဉ်ကျေးတဲ့ စိတ်က မဂ် ဖိုလ် နိဗ္ဗာန်အထိ ချမ်းသာကို ရွက်ဆောင် နိုင်ပါတယ်တဲ့၊ သားငယ် သမီးငယ် လေးတွေကို မိဘ၊ ဆရာသမားများက နည်းလမ်းတကျ ဆုံးမသွန်သင် ပေးလို့ရှိရင် ဒီ သားငယ် သမီးငယ် လေးတွေဟာ ယဉ်ကျေး လိမ်မာတာပဲ၊ နည်းလမ်းတကျ မဆုံးမတတ်ကြဘူး ဆိုရင် သားငယ် သမီးငယ်လေးတွေဟာ မယဉ်ကျေးဘူး၊ အဲဒီလိုပဲ စိတ်ကိုယဉ်ကျေး စေတတ်တဲ့ နည်းလမ်းနဲ့ စနစ်တကျ ဆုံးမပေးမှ ယဉ်ကျေးတယ်၊ စနစ်တကျ ဆုံးမ မပေးတတ်ရင် မယဉ်ကျေးဘူး၊ ဒါကြောင့် သတ္ထာ ဒေဝ မနုဿာနံ ဂုဏ်နဲ့ပြည့်စုံတဲ့ မြတ်စွာဘုရားသခင်က မဟာသတိပဋ္ဌာန် ဒေသနာတော်စတဲ့ ဒေသနာနည်းတွေနဲ့ စိတ်ကို ယဉ်ကျေးအောင် ဆုံးမတဲ့ နည်းတွေကို စနစ်တကျ ဟောပြထားပါတယ်၊ ညွှန်ပြတော် မူထားပါတယ်၊ အခု ဒီမှာ အားထုတ်နေကြတဲ့ ယောဂီတွေဟာ ဘုရားဟောတဲ့ နည်းအတိုင်း ရိုသေစွာ လိုက်နာပြီး စိတ်ကို ယဉ်ကျေးအောင် စနစ်တကျ အားထုတ် နေကြတာပါပဲ၊ ဒီနည်းကို အားထုတ်ကြလို့ အခုလည်း ယဉ်ကျေးသူတွေ ရှိတန်သလောက် ရှိနေကြပါတယ်။ အရင်တုန်း ကလည်း ယဉ်ကျေးသူတွေ ရှိခဲ့ကြပါတယ်၊ ဒီနည်းအတိုင်း အားထုတ်လို့ရှိရင် နောက်လည်း ယဉ်ကျေးသူတွေ ရှိကြဦးမှာပါပဲ၊ စိတ်ယဉ်ကျေး တတာနဲ့အမျှ နိဗ္ဗာန်ချမ်းသာအထိ ရကြပါတယ်။
စိတ်နဲ့ အာရုံတွေ့တော့ ဒီလိုဖြစ်တယ်
ပြီးတော့ စိတ်ဆိုတာ သူဖြစ်တဲ့အခါ အာရုံ တစ်ခုခုကို စွဲမှီပြီးမှ ဖြစ်တယ်၊ အာရုံ တစ်ခုခုကို မစွဲမမှီရဘဲ သူချည်း သက်သက် ဖြစ်လေ့တော့ မရှိဘူး၊ စိတ်ဖြစ်တဲ့ အခါမှာလည်း စိတ်ကိုမှီပြီး စေတသိက်တွေ ဆိုတာက စိတ်နဲ့အတူ တစ်အာရုံထဲ ယူပြီး ဖြစ်ကြသေးတယ်၊ အဲဒီ စိတ် စေတသိက်တွေ အာရုံတွေကို တွေ့လို့ အာရုံကို မှီဖြစ်တော့ ဘယ်ပုံ မှီဖြစ်တယ်ဆိုတာကို ဖေါ်ပြဖို့ လိုသေးတယ်။
မျက်စိထဲမှာ အကြည်ဓာတ်ကလေး ရှိတယ်၊ အဲဒီ အကြည်ဓာတ် ကလေးက မှန်နဲ့တူတယ်၊ မှန်ဟာ သူနဲ့တည့်တည့် ရောက်လာသမျှ အရာဝတ္ထုတွေ၊ အဆင်း ရုပ်တွေ သူ့အထဲမှာ ထင်လာကြတယ်၊ အဲဒါ အရိပ် ထင်နိုင်လောက်အောင် ကြည်လင် နေလို့ပဲ၊ မျက်စိမှာလည်း မှန်လို အရိပ်ထင်နိုင်တဲ့ အကြည်ဓာတ်ကလေး ရှိတယ်၊ မျက်စိရှေ့မှောက် ရောက်လာတဲ့ အဆင်းရုပ် ကလေးဟာ အဲဒီမျက်စိထဲရှိတဲ့ အကြည်တွင် လာလာပြီး ထင်တယ်၊ ဒီလို ထင်လာတဲ့အခါ ထင်လျှင်ထင်ချင်း မြင်သိစိတ် ကလေးက မဖြစ်သေးဘူး၊ ဘဝင် လို့ခေါ်တဲ့ မသိစိတ်ကလေး သုံးကြိမ်လောက် လွန်သွားသေးတယ်၊ အဲဒါ ပထမဘဝင် လွန်သွားတဲ့ စိတ်ကလေးကို အတီတဘဝင် (လွန်သွားတဲ့ ဘဝင်စိတ်) လို့ ခေါ်တယ်၊ နောက် ဒုတိယ ဘဝင်စိတ်ကိုတော့ ထင်လာတဲ့ အာရုံကြောင့် လှုပ်သလို ဖြစ်သွားလို့ ဘဝင်္ဂစလန (လှုပ်သွားတဲ့ဘဝင်)လို့ ဆိုတယ်၊ တတိယ ဘဝင်ကျတော့ သူ့နောက်က ဘဝင်စိတ် မဖြစ်တော့ဘဲ ဘဝင်စိတ်တွေကို ဖြတ်ပစ်လိုက်သလိုဖြစ်လို့ သူ့ကို ဘဝင်္ဂုပစ္ဆေဒ (ဖြတ်ပစ်တဲ့ဘဝင်) လို့ ခေါ်တယ်၊ မျက်စိထဲ အဆင်းအာရုံ ထင်လာပြီးတဲ့နောက် အဲဒီလို ဘဝင်သုံးကြိမ် ဖြစ်သွားတယ်၊ ဒီလို ဘဝင် သုံးကြိမ်လောက် လွန်သွားတာလည်းရှိတယ်၊ဒါက အာရုံအား ကောင်းတဲ့ အခါမျိုးပဲ၊ အာရုံက အားသေးရင်သော် လည်းကောင်း၊ မျက်စိအကြည်ဓါတ် အားသေးလျှင်သော် လည်းကောင်း၊ ဒီထက်ပိုပြီး ဘဝင် ၄-ကြိမ်၊ ၅-ကြိမ်မှစပြီး ဘဝင်တွေ တော်တော် များများ လွန်သွားတာမျိုးလည်း ရှိတယ်။
ပြီးတော့မှ ဝီထိစိတ်တွေ
ပြီးတော့မှ အိပ်ရာက နိုးလာသလို နိုးလာပြီး ဒါဘာလဲလို့ ဝိုးဝါး ဆင်ခြင်တဲ့ ဆင်ခြင်စိတ်ကလေး ဖြစ်လာတယ်၊ အဲဒါကို ပဉ္စဒွါရာဝဇ္ဇန်း (၅-ဒွါရ၌ ဖြစ်လာတဲ့ အာရုံကို ဆင်ခြင်တဲ့) စိတ်လို့ ခေါ်တယ်၊ ဒါဟာ အဆင်းအာရုံလား၊ အသံ အာရုံလား၊ အနံ့အာရုံလား စသည်ပေါ့၊ ငါးဒွါရမှာ ထင်လာသမျှကို ဆင်ခြင်ကြည့်တဲ့ စိတ်ကလေးတဲ့၊ အဲဒါဟာ ပဉ္စဒွါရာဝဇ္ဇန်း စိတ်ကလေးတဲ့။
အဆင်းဆိုရင် ဒါဟာ ကောင်းတဲ့ အဆင်းအာရုံပဲ၊ ဒါမှမဟုတ်ရင်လည်း ဒါဟာ မကောင်းတဲ့ အဆင်းအာရုံပဲ၊ အသံအာရုံ ဆိုရင်လည်း ဒါဟာ ကောင်းတဲ့ အသံအာရုံပဲ၊ ဒါမှမဟုတ်ရင်လည်း ဒါဟာ မကောင်းတဲ့ အသံအာရုံပဲ စသည်ဖြင့် ငါးဒွါရမှာ ထင်လာတဲ့ အာရုံကို ပဉ္စဒွါရာဝဇ္ဇန်းစိတ်က ဒီလို ဆင်ခြင်တယ်။
အဲဒီလို ဆင်ခြင်တဲ့စိတ်ကစပြီး တဒါရုံတိုင်အောင် ၁၄-ကြိမ်အထိ ဖြစ်လာတယ်၊ အဲဒါ အများဆုံးဖြစ်တဲ့ ဝီထိစိတ်တွေပါပဲ၊ ငါးဒွါရမှာဖြစ်တဲ့ ဝီထိစိတ် အစဉ်ဟာ အများဆုံး ဒီလို ၁၄-ကြိမ် အထိ ဖြစ်တာလည်းရှိတယ်၊ အနည်းဆုံး ဝီထိစိတ်တောင် မဖြစ်ဘဲ လည်း ရှိတယ်။
အာရုံပြုတော့လည်း ဒီလိုပြုတယ်
ဆင်ခြင်တဲ့ ပဉ္စဒွါရာဝဇ္ဇန်း ကစပြီး အဲဒီ ပဉ္စဒွါရ ဝီထိစိတ်တွေဟာ ပစ္စုပ္ပန်ကာလမှ ဖြစ်တဲ့ အဆင်းတို့ အသံတို့ စတဲ့ အာရုံတွေကို သက်ဆိုင်သလို အာရုံပြုတယ်၊ အတိတ်, အနာဂတ်မှာဖြစ်တဲ့ အာရုံတွေကို အာရုံမပြုဘူး၊ ပရမတ်, ပညတ် ၂-မျိုး တွင်လည်း ပရမတ်ဖြစ်တဲ့ အဆင်း, အသံ စသည်ကို အာရုံပြုတယ်၊ ပညတ်ကို အာရုံမပြုဘူး၊ ဒါကြောင့် မြင်တယ်, ကြားတယ်, နံတယ်, လျက်တယ်, တွေ့ထိတယ် ဆိုတဲ့ ပထမဝီထိ ဖြစ်တယ်ဆိုရင် ထင်ဆဲ အဆင်း, အသံ, အနံ့, အရသာ, အတွေ့, ရုပ် ပရမတ်ကို မြင်တာ, ကြားတာ, နံတာ, လျက်တာ, တွေ့သိတာပဲ။
မြင်တာကို ပဓာနထား ပြောရရင် တချို့က ပုံဟန်သဏ္ဌာန် အထည်ဒြပ်ကြီး တွေနဲ့ဆိုတော့ ပညတ်ကို အာရုံ ပြုတာပဲလို့ ထင်စရာ ရှိတယ်၊ ပညတ်ကို အာရုံပြုတာ မဟုတ်ပါဘူး၊ ပရမတ်ကို အာရုံပြုတာပါပဲ၊ ပြီးတော့ မြင်တဲ့အခါ ရုပ်ကလေး တစ်ခုထဲကို မြင်တာမဟုတ်ဘူး၊ ရုပ်ကလေး တစ်ခုဆိုတာက အင်မတန် သေးမွှားရင်တော့ မမြင်ဘူး၊ အဆင်းရုပ် တွေ များများကိုမှ မြင်တာပဲ၊ ဒါကြောင့်-
စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ လို့ ပါဠိတော်မှာ ဟောထားတယ်။
စက္ခုံ စ - မျက်စိရုပ်ကိုလည်းကောင်း၊ မျက်စိအကြည်ရုပ်ကိုလည်း မှီပြီးတော့ ဖြစ်တယ်၊
ရူပေစ - အဆင်းရုပ်တို့ကို လည်းကောင်း၊ အဆင်းကျတော့ ရူပဉ္စ အဆင်းရုပ်ကိုလည်းကောင်း လို့ ဧကဝုစ်နဲ့မဆိုဘူး၊ အဆင်း တွေလို့ အများကြီး ဆိုထားတယ်။ စက္ခု မျက်စိရုပ်ကိုတော့ ဧကဝုစ်နဲ့ပဲဆိုထားတယ်၊ ပြီးတော့ အဆင်း ဆိုတာကလည်း အဖြူ၊ အနီ၊ အကြောင်၊ အကျား စသည် အများကြီးကိုး၊
ရူပေစ - အဆင်းရုပ်တို့ကို လည်းကောင်း၊
ပဋိစ္စ - စွဲ၍၊
စက္ခုဝိညာဏံ - မြင်သိတဲ့ စက္ခုဝိညာဏ်သည်၊
ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်၏။
ရုပ်အဆင်းကို ဒီလို ဗဟုဝုစ်နဲ့ ဟောတာဟာ တစ်ခုတည်း မြင်ရတာ မဟုတ်လို့တဲ့၊ အများကြီးကိုမှ မြင်ရလို့တဲ့။ အဲဒါကို ဥပမာ ပေးထားတယ်၊ ကောင်းကင်က ပျားကောင်ကလေး တစ်ကောင် ပျံလာတယ်တဲ့၊ အဲဒါကို ဘယ်လို မျက်စိကောင်းတဲ့ ပုဂ္ဂိုလ်ပဲ ကြည့်ကြည့် မမြင်ဘူး၊ တစ်ကောင်တည်း ဆိုတော့ အာရုံက သေးငယ် နေတယ်၊ အုပ်လိုက် အများကြီး ပျံလာတဲ့ ပျားကောင်တွေ ကျတော့ မြင်ရတယ်၊ ဒီကျတော့ အစုလိုက်အပြုံလိုက် ပျားကောင်တွေက အများကိုး၊ မြင်ရတာပေါ့၊ အဲဒီလိုပဲ အဆင်းကို မြင်တဲ့အခါ ရုပ်ကလာပ် တစ်ခုတည်းကို မြင်ရတာ မဟုတ်ဘူးတဲ့၊ ရုပ်ကလာပ် အများကြီးကို မြင်ရတာတဲ့၊ ဒါပေမယ့် အပေါင်းအစုကို မြင်ရတာဆိုပြီး ပညတ်အနေနဲ့ အာရုံပြုတာတော့ မဟုတ်ဘူး၊ ပရမတ်အနေနဲ့ အာရုံပြုတာပါပဲ။
အကြီးကြီး ကြည့်ရင် အကြီးကြီးအလိုက် မြင်တာပဲ၊ အငယ်လေးကို ကြည့်ရင် ငယ်ငယ်လေး မြင်တာပဲလို့ ဆင်ခြင် နိုင်တာပေါ့လေ၊ ဥပမာ - လကို ကြည့်တယ်ဆိုရင် လကြီး အကြီးကြီးကို မြင်တယ်၊ နေကိုကြည့်တယ် ဆိုရင် နေကြီး အကြီးကြီးကို မြင်တယ်၊ တစ်စိတ်တစ်ပိုင်း ထဲကို တစ်ခါတည်း မြင်နေရသလို မြင်တာဟာ ပရမတ်ကို မြင်တာ မဟုတ်ဘူး၊ ပညတ်ကို အာရုံပြုပြီးမြင်နေတာ၊ ပရမတ်ဆိုတာ မြင်တာက အဝိုင်းကြီးရယ်၊ အရှည်ကြီးရယ်လို့ မြင်တာ မဟုတ်ဘူး၊ အဆင်းရုပ်ကို မြင်ရုံမျှမြင်တာပဲ၊ ပြီးတော့ ထင်ဆဲ ပစ္စုပ္ပန် အခိုက်မှာသာ မြင်တယ်၊ အဲဒါလေး ကိုလည်း ဆိုရမယ်။
“ထင်ဆဲ စဉ်းစား၊ မြင်ငြား စစွာ”(၃-ခေါက်ဆို)
ထင်ပေါ်နေဆဲ ရှိနေဆဲအဆင်းကို စက္ခုဝိညာဉ်စိတ်က မြင်တာ၊ ပြီးတော့ တဒါရုံ တိုင်အောင် ဝီထိစိတ်တွေ ဖြစ်သွားတယ် ဆိုတာ ပြောခဲ့ပြီးပြီ၊ ပစ္စုပ္ပန် စက္ခုဒွါရဝီထိ စိတ်အစဉ် ဖြစ်ပြီးတော့ ဘဝင်ဆိုတဲ့ မသိစိတ်တွေ ခြားပြီး အိပ်ရာက နိုးလာသလို နောက်က ဝီထိစိတ်စဉ် တစ်မျိုး ဖြစ်လာပြန်တယ်၊ အဲဒါကတော့ ရှေ့က မြင်သွားတဲ့ ဟာကို ပြန်စဉ်းစားတဲ့ ဆင်ခြင်ပြန်တဲ့ ဝီထိပဲ၊ ဒီဝီထိကို တဒါနုဝတ္တက မနောဒွါရဝီထိ လို့ ခေါ်တယ်၊ ဒါကတော့ ပစ္စုပ္ပန်အာရုံ မဟုတ်တော့ဘူး၊ လွန်ပြီး အာရုံကို အာရုံပြုတာဖြစ်လို့ အတိတ်အာရုံ ဖြစ်သွားပြီ၊ ဒါကိုလည်း လိုက်ဆိုရမယ်-
“တရပ်မြင်ငြား၊ စဉ်းစားပြန်ရာ”(၃-ခေါက်ဆို)
ထင်ဆဲ ပစ္စုပ္ပန်ကို မြင်တာက တစ်ဝီထိ၊ ဒါက မြင်ပြီး ဝီထိခေါ်တယ်၊ မြင်ပြီးတော့ တစ်ဖန် ပြန်ဆင်ခြင်စဉ်းစားတယ်၊ ဒါက တစ်ဝီထိ၊ အဲဒါကတော့ စက္ခုဝိညာဉ်နဲ့ မြင်တာ မဟုတ်တော့ဘူး၊ မနောဝိညာဉ်နဲ့ ပြန် ဆင်ခြင်တာ၊ ဒါကြောင့် သူ့ကို မနောဒွါရဝီထိ လို့ခေါ်တယ်၊ ဒီ မနောဒွါရဝီထိမှာလည်း “ဘဝင်ဆင်ခြင်၊ မြင်ပြီးလျှင်” ဆိုသလို ဘဝင်ဖြစ်ပြီးတော့ ဆင်ခြင်တယ်၊ ဆင်ခြင်ပြီးတော့ စက္ခု ဝိညာဉ် မဟုတ်တော့ဘူး၊ မနောဝိညာဉ် ဖြစ်လာတယ်၊ ပြီးတော့ ဇော ၇-ကြိမ် ဖြစ်တယ်၊ တဒါရုံ ၂-ကြိမ်လည်း ဖြစ်တယ်၊ အဲဒါကို “ဆင်ခြင်ပြီးကာ၊ ဇော တဒါ၊ သိလာ စိတ်ဖြစ်ပုံ”တဲ့၊ အဲဒါကို လိုက်ဆိုရမယ် -
“ဆင်ခြင်ပြီးကာ၊ ဇော တဒါ၊ သိလာစိတ်ဖြစ်ပုံ” (ဆို ၃-ခေါက်)
အတိတ် အာရုံကို ပြန်ပြီး ဆင်ခြင်တဲ့အခါ ထုံးစံအတိုင်း …
အတီတဘဝင်
ဘဝင်္ဂစလန
ဘဝင်္ဂုပစ္ဆေဒ ဖြစ်ပြီးတော့
မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်၊
ဇော ၇-ကြိမ်၊
တဒါရုံ ၂-ကြိမ် ဖြစ်တယ်၊
အဲဒီ ဒုတိယဝီထိ စိတ်တွေကလည်း ပရမတ်ကိုပဲ အာရုံပြုတာဖြစ်လို့ အရင်ဆိုခဲ့တဲ့ မြင်သိတို့, ကြားသိတို့, နံသိ, စားသိ, တွေ့သိတို့လို အတူတူသိတာပဲ၊ အဲဒါ ပြီးသွားပြီ။
အခု ကြံသိတာလေး ကျန်နေသေးတယ်၊ စိတ်ကူး စဉ်းစားတဲ့အခါ ဝီထိစိတ် ဘယ်လို ဖြစ်တုန်း ဆိုတော့ ဝီထိစိတ် အစဉ်ကတော့ ဒုတိယ မနောဒွါရဝီထိ စိတ် အစဉ် အတိုင်းပါပဲ၊ ဒါပေမယ့် ဒီတတိယ ဝီထိမှာတော့ အာရုံက အတိတ်ဖြစ်သွားတဲ့ အပြင် ဒီအာရုံက ဘယ်အချိန်မှ စပြီးဖြစ်တယ်၊ ဘယ်အချိန်မှာ ချုပ်ပျောက်သွားတယ် ဆိုတာ ပြောလို့ မဖြစ်ဘူး၊ သတ်မှတ်လို့ မဖြစ်ဘူး၊ ဖြစ်ပြီးသား မရှိတော့တဲ့ အာရုံကို ပြန်စဉ်းစားတာ ဆိုတော့ သူစချင်တဲ့ နေရာက ပြန် စဉ်းစားမှာပဲ၊ မနေ့က မြင်ထားတဲ့ အာရုံတစ်ခုခုကို ယနေ့ စဉ်းစားချင်လည်း စဉ်းစားသလို နက်ဖြန်ခါမှ ပြန်စဉ်းစား ရင်လည်း စဉ်းစားသလိုပေါ့၊ အဲဒီ တတိယဝီထိ ဖြစ်တဲ့အခါမှာတော့ တစ်ကြိမ်တည်း ဟုတ်မှာ မဟုတ်ဘူး၊ အကြိမ်ကြိမ် ဖြစ်ဖို့ရှိပါတယ်၊ သူကတော့ ပရမတ်အာရုံ မဟုတ်တော့ဘူး၊ ပညတ်အာရုံ ဖြစ်သွားပြီ၊ ဘယ်လို ပညတ်အာရုံလဲ ဆိုတော့ သူစဉ်းစား မိတဲ့အတိုင်း ထိုက်သင့်သလို သဏ္ဌာန်ဒြပ် စတဲ့ ပညတ်အာရုံတွေ ဖြစ်ပေါ် လာတော့တယ်၊ လူ့သဏ္ဌာန်, ယောက်ျားသဏ္ဌာန်, မိန်းမသဏ္ဌာန် စတဲ့ သဏ္ဌာန်ဒြပ် ပညတ် ပုံဟန်တွေတဲ့၊ အဲဒီလို သဏ္ဌာန်ဒြပ် ပညတ်ပုံဟန်တွေကို အာရုံပြုလာ တော့တယ်တဲ့။
အဲဒီ ဝီထိကလည်း မနောဒွါရဝီထိ ပဲ၊ သူက ကြံသိတဲ့ ဝီထိ၊ အဲဒီ ဝီထိမှာ ဝီထိစိတ် အမျိုးတူ ပေါင်းလိုက်ရင် ဆင်ခြင်တဲ့ မနောဒွါရာဝဇ္ဇန်း ရယ်၊ အာရုံအရသာကို ခံစားရင်း အဟုန်နဲ့တကွ ကျရောက်တဲ့ ဇော ရယ်၊ ဇောရဲ့အာရုံကို ထပ်ပြီး အာရုံပြုတဲ့ တဒါရုံ ရယ် ပေါင်း အဲဒီ သုံးမျိုးပဲ ဖြစ်တယ်၊ ဝီထိစိတ်ဖြစ်တဲ့ အကြိမ်အားဖြင့်ဆိုရင် မနောဒွါရာဝဇ္ဇန်းက တစ်ကြိမ်၊ ဇောက ၇-ကြိမ်၊ တဒါရုံက နှစ်ကြိမ် ပေါင်း ၁၀-ကြိမ်၊ အဲဒါက ဝီထိစိတ်ကို ခွဲဝေ ရေတွက်ပြတာပဲ။
ဝိပဿနာရှုတော့ ဖြစ်ခိုက်မှာ ရှုရတယ်
ဝိပဿနာ ရှုတဲ့ အခါမှာတော့ ဖြစ်ပေါ်ခိုက် ပစ္စုပ္ပန်ကာလ ပရမတ်ကို ရှုရတယ်၊ ပညတ် ကိုလည်း မရှုရဘူး၊ အတိတ်ကာလ၊ အနာဂတ် ကာလမှာဖြစ်တဲ့ အာရုံတွေကိုလည်း မရှုရဘူး၊ ဖြစ်ခဲ့ပြီးသား အတိတ် ရုပ်နာမ်တို့၊ မဖြစ်သေးတဲ့ အနာဂတ် ရုပ်နာမ်တို့ဆိုတာ ဖြစ်ခိုက် မဟုတ်လို့ ဝိပဿနာ ရှုမှတ်လို့ မဖြစ်သေးဘူး၊ ဒါကြောင့် ပစ္စုပ္ပန် ရုပ်နာမ်ကို အာရုံမပြုတဲ့ (ပဉ္စဒွါရဝီထိရဲ့ နောက်လိုက်) တဒနုဝတ္တက မနောဒွါရဝီထိ စိတ်တွေက အာရုံပြုတဲ့ (ရုပ်, နာမ် မဟုတ်တဲ့) ပညတ်အာရုံတွေကို မရှုမှတ်ရဘူး၊ အဲဒီ ဝီထိစိတ်တွေက အမည် ပညတ်တို့ ယောက်ျား, မိန်းမ စတဲ့ ပုဂ္ဂလပညတ်တို့ကို အာရုံပြုဖြစ်တာ၊ ပရမတ်ကို အာရုံပြုကြတာ မဟုတ်ဘူး၊ ဒါကြောင့် နာမပညတ်, အတ္တပညတ်တွေ မပေါ်မီ မြင်ခိုက်,ကြားခိုက် စသည်တွင် မြင်ရင်မြင်တယ်, ကြားရင် ကြားတယ်လို့ ရုပ်နာမ်ပရမတ် အနေမှာ ရှုမှတ်ရတယ်။
တဒနုဝတ္တက ဝီထိစိတ်တွေကျတော့ သဒ္ဒံ ပထမစိတ္တေန၊ တီတံ ဒုတိယစေတသာ ဆိုတဲ့အတိုင်း ဒုတိယ တဒနုဝတ္တက ဝီထိက အတိတ်ကို အာရုံပြုလို့ သူမြင်တဲ့အာရုံက ပရမတ်ပဲ ရှိသေးတယ်၊ တတိယ တဒနုဝတ္တကဝီထိ စသည်တို့ ကတော့ ပညတ်တွေကို အာရုံပြုကြတာဖြစ်လို့ သူတို့ပြုတဲ့ အာရုံတွေကို မရှုမှတ်ရဘူး၊ ဝီထိစိတ်အစဉ် တွေကတော့ မထူးပါဘူး၊ အတူတူပါပဲ၊ တစ်ဝီထိနဲ့ တစ်ဝီထိအကြားမှာတော့ ဘဝင်တွေ ကျကျပြီး ဘဝင်တွေ ခြားခြားသွားတယ်။ ကိုင်း ဆိုရမယ် -
“သဏ္ဌာန်ဒြပ်၊ ပညတ်ပေါ်တာ” (၃-ခေါက်ဆို)
ဘဝင်တွေ ခြားခြားပြီး တဒနုဝတ္တက ဝီထိတွေဟာ ဒီလိုပဲ ဆက်ဆက်ဖြစ်တယ်၊ အဲဒီထဲမှာ ပထမ တဒနုဝတ္တကဝီထိ က ကုန်လွန်ပြီးတဲ့ အတိတ်အဆင်း အသံစတဲ့ အာရုံကို အာရုံပြုတယ်၊ ဒုတိယ တဒနုဝတ္တကဝီထိ က ပုံသဏ္ဌာန်ပညတ်ကို အာရုံပြု တယ်၊ လူကိုမြင်တယ်ဆိုပါတော့ အဲဒီ လူပုံသဏ္ဌာန်ကြီး ပေါ်လာတယ်၊ ပြီးတော့မှ တတိယ တဒနုဝတ္တက မနောဒွါရဝီထိ ကျလာပြန်တယ်၊ သူကတော့ “ဒါ လူပါလား” လို့ လူဆိုတဲ့ အမည်ပညတ် ပေါ်လာတယ်၊ ဒါကြောင့် လင်္ကာက “မည်နာမ၊ သိရ နောက်ဆုံးပါ” တဲ့။ ဆိုရမယ်-
“မည်နာမ၊ သိရ နောက်ဆုံးပါ”(၃-ခေါက်ဆို)
အဲဒီ ဝီထိတွေကို တတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေက လေ့လာထားရင် ကောင်းတယ်၊ ဝိပဿနာ ရှုတယ် ဆိုတာ ဒီ ဝီထိတွေပဲ၊ ဘယ်ကနေ ရှုရတုန်း ဆိုရင် မြင်သိပြီးပြီးချင်း မြင်တယ်လို့, ကြားသိပြီးပြီးချင်း ကြားတယ်လို့ ပညတ်တွေ မပေါ်ခင် ရှုမိအောင် ရှုရတယ်၊ ဒီတော့မှ မြင်ရင် မြင်ကာမျှ, ကြားရင် ကြားကာမျှတွင် ရပ်တယ်၊ ဒီတွင် မရှုမှတ်နိုင်သေးလို့ ရှိရင်လည်း ပြန်စဉ်းစားတဲ့ ဝီထိ ဆင်ခြင်တဲ့ ဝီထိရှိတယ်၊ ဒုတိယ ဝီထိပေါ့ အဲဒီ ဆင်ခြင် ဝီထိကနေပြီး ရှုမှတ်ရတယ်၊ အဲဒီ ဆင်ခြင်ဝီထိက မြင်ပြီးတဲ့ တရားကို ဆင်ခြင်စဉ်းစား နေတာပဲ၊ မြင်ပြီးတရားကို စဉ်းစားရုံပဲ ရှိသေးတယ်၊ သူ့မှာလည်း ပုံသဏ္ဌာန် အထည်ဒြပ်တွေ အထိ မရောက်သေးဘူး၊ အဲဒီမှာလည်း ယောက်ျား, မိန်းမ စသည်ဖြင့် ကိလေသာ ဖြစ်စရာ အာရုံအထိ မရောက်သေးဘူး၊ အဲဒီမှာလည်း ပရမတ်ပဲ ရှိသေးတယ်၊ ပညတ် မရောက်သေးဘူး၊ အဲဒီမှာ ပထမဝီထိ၊ ဒုတိယဝီထိ နှစ်ဝီထိ ဖြစ်တယ်၊ ပထမ ဝီထိနောက် အခြားမဲ့မှာဖြစ်စေ၊ ဒုတိယဝီထိကျမှဖြစ်စေ၊ ဒီနေရာမှာ မှတ်ရှုလို့ရှိရင် စင်ကြယ်တာပဲ၊ ကိလေသာတွေ မဝင်နိုင်ဘူး၊ အဲဒီလို မဝင်ရအောင်လို့ ဝိပဿနာ ရှုရတာပဲ။
မြင်ရင် မြင်တယ်၊ ကြားရင် ကြားတယ်၊ နံရင် နံတယ် စသည်ဖြင့် ရှုမှတ်ရတယ် ဆိုတာ မြင်ကာမျှတွင် ရပ်အောင်, ကြားကာမျှတွင် ရပ်အောင်၊ နံကာမျှ စသည်တွင် ရပ်အောင်၊ ဒါမှမဟုတ်ရင်လည်း မြင်ပြီးတော့ စဉ်းစားကာမျှတွင် ရပ်အောင်, ကြားပြီးတော့ စဉ်းစားကာမျှ, နံပြီးတော့ စဉ်းစားကာမျှ စသည်တွင် ရပ်အောင်လို့ ပုံသဏ္ဌာန် အထည်ဒြပ်တွေကို မရောက်ခင် ပရမတ်အသိ ကလေးတွင် တည်နေအောင်လို့ ဝိပဿနာ ရှုရတာတဲ့။
အဲဒါတွေ နားလည်အောင်လို့ ဘုန်းကြီးက ဆောင်ပုဒ် ကလေးတွေ ရေးထားပါတယ်၊ အခြေခံဝိပဿနာ စာအုပ်ထဲမှာလည်း အဲဒီ ဆောင်ပုဒ်လေးတွေ ပါပါတယ်၊ ထပ်ပြီး ကြည့်ချင်လို့ ရှိရင် ကြည့်နိုင်တယ်၊ အဲဒီ ဝိပဿနာ အခြေခံဆိုတဲ့ စာအုပ်ထဲမှာ တတိယဝီထိ ရောက်သွားပြီ ဆိုတော့ ပုံသဏ္ဌာန် အထည်ဒြပ်တွေ ပေါ်လာပြီဆိုတာ ဖော်ပြ ထားပါတယ်၊ ယောက်ျားပဲ, မိန်းမပဲ, မျက်နှာပဲ, လက်ပဲ, ခြေထောက်ပဲ၊ ခေါင်းပဲ စသည်ဖြင့် အဲဒီ ပုံသဏ္ဌာန် အထည်ဒြပ်တွေဆီကို ရောက်သွားပြီ၊ ဒီလို ရောက်သွားတဲ့အခါ ပြန်ပြီး စဉ်းစားတော့မှာကိုး၊ စဉ်းစားတိုင်း, စဉ်းစားတိုင်း ယောက်ျား, မိန်းမ-စတဲ့ ပုံသဏ္ဌာန်တွေက ဓါတ်ပုံ ရိုက်ထားသလို ပေါ်နေမှာပဲ၊ ဒါကြောင့် အဲဒီ မရောက်ခင် မြင်ကာမျှ, ကြားကာမျှ, နံကာမျှ စသည်တွင် ရပ်အောင် ရှုမှတ်ရတာပဲ။
အဲဒီတွင် မရပ်ဘဲ တစ်ခါ စတုတ္ထဝီထိ ရောက်ပြန်မယ် ဆိုရင်တော့ အဲဒီပုံသဏ္ဌာန် အထည်ဝတ္ထုရဲ့ အမည်ပညတ်တွေ ပေါ်လာမယ်၊ ဒါက အရင်က အရင်သိဖူး, မြင်ဖူးတဲ့ အရာဝတ္ထု အတွက် ပုံသဏ္ဌာန် အထည်ဝတ္ထု ပညတ်က အရင်ပေါ်ပြီး အမည်ပညတ်က နောက်မှပေါ်တဲ့ ဝီထိကို ဆိုတယ်၊ ကိုယ်တိုင်မြင်တာ မဟုတ်ဘဲ သူတစ်ပါး ပြောတာကို ကြားရတဲ့ အခါမှာဆိုရင် အမည်နာမ ပညတ်က အရင်ပေါ်ပြီး ပုံသဏ္ဌာန် အထည်ဝတ္ထု အနက် ဒြပ်က နောက်မှ ပေါ်လာတယ်၊
ပြီးတော့ အရင်က မသိမမြင်သေးတဲ့ ပုံသဏ္ဌာန်အထည် ဝတ္ထုအနက်ဒြပ်ကို မြင်ရင်လည်း အထည်ဝတ္ထု အနက်ဒြပ် ပညတ်က အရင်ပေါ်လာမယ်၊ အမည်နာမ ပညတ်က နောက်ကျမှ ပေါ်လာမယ်ပေါ့၊ ဥပမာ နိုင်ငံခြားက ပစ္စည်းအထူးအဆန်းတွေ ရောက်လာလို့ တွေ့မြင်တယ်ဆိုရင် တွေ့မြင်တော့ တွေ့မြင်တာပဲ၊ ဒါပေမယ့် အမည်နာမကိုတော့ မကြားမသိဖူးသေးလို့ မသိသေးဘူး၊ အဝိုင်းပဲ, အလုံးပဲ, လှတယ်, မလှဘူး ဒီလိုတော့ သိတယ်၊ ဘာခေါ်တယ်ဆိုတဲ့ အမည်ပညတ် ကိုတော့ မသိဘူး၊ သိတဲ့လူက ပြောမှ “ဒါကို ဘာခေါ်တယ်” လို့ အမည်ပညတ်ကို နောက်မှ သိရသလိုပေါ့။
တရား သိမ်းရအောင်
ဒီကနေ့ ၃-နာရီ ခွဲတော့မယ်၊ ဟောလာတာ တစ်နာရီခွဲ ကျော်သွားပြီ၊ လပြည့်ကျော် ၄-ရက်နေ့ ဆို မော်လမြိုင်သွားဖို့ အစီအစဉ်ရှိတယ်၊ ကနေ့ တရားကို သိမ်းကြဦးစို့၊ အင်မတန် သိနိုင်ခဲတဲ့ တရားပဲ၊ အခု ယောဂီတို့ ကိုယ်တွေ့နဲ့ ဝေဖန်ပြီး ဟောပြောတော့ မှတ်စရာ သားစရာ ကောင်းပါတယ်၊ အင်မတန်ကောင်းတဲ့ တရားတွေပဲ။ ကုသိုလ် အမျှဝေရအောင်-
ယနေ့အဖို့၌ အကျွနု်ပ်တို့ ပြုစုပွားများ အားထုတ်အပ်သော ကောင်းမှုအပေါင်း၏ အဖို့ဘာဂကို အမိအဘတို့မှစ၍ အလုံးစုံသော သတ္တဝါ အပေါင်းတို့အား အမျှ ပေးဝေ ပါကုန်၏၊ အလုံးစုံသော သတ္တဝါ အပေါင်းတို့သည် အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
အမျှ … အမျှ … အမျှ … ယူတော်မူကြပါကုန်လော့။
သာဓု … သာဓု … သာဓု ….။
အဘိဓမ္မာ တရားတော်ကြီး
▬▬▬▬▬▬▬▬▬
ဒီကနေ့ ပြီးခဲ့တဲ့ တန်ခူးလပြည့်နေ့က ဟောတဲ့ အဘိဓမ္မာတရားကို ဆက်ဟောရမယ်၊ ဒီတရားကို မြတ်စွာဘုရားက နတ်တွေ, ဗြဟ္မာတွေကို တာဝတိံသာ နတ်ပြည်မှာ သုံးလပတ်လုံး ဟောတော်မူတယ်၊ နေ့ရော ညရော မပြတ်ဆက်တိုက် ဟောတာပဲ၊ အဲဒီကို အရှင်သာရိပုတ္တရာမထေရ်က လင်းနို့သား ငါးရာဘဝမှာ ဖြစ်ခဲ့ဖူးတဲ့ သူ့တပည့်ပရိသတ် ရဟန်းတော်တွေကို အကျဉ်းဆုံး ချုံးပြီး ဟောကြားထားတဲ့ အဘိဓမ္မာတရားတဲ့၊ ပြောခဲ့ပြီး ဖြစ်တဲ့အတိုင်း အဲဒီရဟန်းတော် တပည့်ငါးရာတို့ဟာ အရင်ဘဝက လိုဏ်ဂူတစ်ခုထဲမှာ လင်းနို့သားတွေ ဖြစ်ခဲ့စဉ်က ရဟန်းတော်နှစ်ပါး သရဇ္ဈာယ်တဲ့ အဘိဓမ္မာတရားကို နာကြား ခဲ့ဖူးတယ်တဲ့၊ ဒါကြောင့် ယခုဘဝ ရဟန်း အဖြစ်ရောက်နေကြတဲ့ သူ့တပည့်တွေဟာ အဘိဓမ္မာ ဟောဖို့ အသင့်လျော်ဆုံး ဖြစ်နေတယ်၊ အဘိဓမ္မာ တရားဟောကြားရင် အသိလွယ်ဆုံး ပုဂ္ဂိုလ်တွေတဲ့၊ နားလည်လွယ်မယ့် ပုဂ္ဂိုလ်ထဲမှာ သူတို့က အကောင်းဆုံးတဲ့။
အခု ဘုန်းကြီးတို့ဟောမယ့် အဘိဓမ္မာ တရားကိုတော့ နားလည်မှာပါပဲ၊ ဒီမှာ နာကြားနေတာက လူတွေပဲ၊ လင်းနို့တွေထက်တော့ အပုံ သာပါတယ်၊ အများကြီး သာပါတယ်၊ စိတ်ဝင်စားစရာ အင်မတန် ကောင်းတာပဲ၊ ဟောခဲ့တာဟာ အစဉ်အားဖြင့် ဘယ်ရောက်နေတုန်းဆိုတော့ ကုသိုလ်, အကုသိုလ်, အဗျာကတ သုံးပုဒ်တွင် ကုသလာဓမ္မာဆိုတဲ့ ကုသိုလ်တရားတွေ ပြီးသွားပြီ၊ အကုသလာ ဓမ္မာဆိုတဲ့ အကုသိုလ် တရားတွေလည်း ပြီးသွားပြီ၊ အဗျာကတာဓမ္မာ ဆိုတဲ့ပုဒ်၊ အဲဒီ အဗျာကတာဓမ္မာ ဆိုတာ ရောက်နေပြီ။
ကုသိုလ် အကုသိုလ်လို့ မဆိုအပ်တဲ့ တရား
▬▬▬▬▬▬▬
အဗျာကတဆိုတာ ကုသိုလ်, အကုသိုလ်လို့ မဆိုအပ်တဲ့ တရား၊ ဒီတရားကို ကုသိုလ်လို့လည်း မဟောဘူး၊ အကုသိုလ်လို့လည်း မဟောဘူး၊ ကုသိုလ်, အကုသိုလ် မဟုတ်တဲ့ တရားကို အဗျာကတလို့ ခေါ်တယ်၊ အဲဒီ အဗျာကတတရားက ၄-မျိုး ရှိတယ်။
၁။ ဝိပါက် အဗျာကတက တစ်မျိုး၊ အဲဒါ ကုသိုလ်, အကုသိုလ်တို့ရဲ့ အကျိုးတွေ၊ အဲဒီ အကျိုး တွေကို ဝိပါက အဗျာကတလို့ ခေါ်တယ်။
၂။ ကြိယာ အဗျာကတက တစ်မျိုး၊ အဲဒါက ကုသိုလ်,အကုသိုလ်လည်း မဟုတ်၊ အကျိုးဝိပါက် လည်း မဟုတ်၊ များသောအားဖြင့် ရဟန္တာ ပုဂ္ဂိုလ်တို့ သဏ္ဌာန်မှာ ဖြစ်တဲ့စိတ်, စေတသိက်တွေပဲ၊ အဲဒါကို ကြိယာ အဗျာကတလို့ ခေါ်တယ်။
၃။ ရုပ်အဗျာကတက တစ်မျိုး၊ အဲဒါက ရုပ်တရားတွေပဲ၊ ရုပ်တွေကို ရုပ်အဗျာကတလို့ ခေါ်တယ်။
၄။ နိဗ္ဗာန်အဗျာကတက တစ်မျိုး၊ နိဗ္ဗာန်ကို နိဗ္ဗာန် အဗျာကတလို့ ခေါ်တယ်။
အဲဒီလို အဗျာကတ ၄-မျိုး ရှိတယ်၊ အဲဒီ အဗျာကတ ၄-မျိုးထဲက ဝိပါက် အဗျာကတ ကို မော်လမြိုင် မသွားခင် တန်ခူး လပြည့်နေ့ကစပြီး ဟောခဲ့တယ်၊
“ကတမေ ဓမ္မာ အဗျာကတာ”
အဗျာကတာ - အဗျာကတ တရားတို့သည်၊
ကတမေ - အဘယ်သည်တို့နည်း၊
ဒီလို မေးပြီးတော့ -
ယသ္မိံ သမယေ - အကြင်အခါ၌၊
ကာမာဝစရဿ ကုသလဿ ကမ္မဿ - ကာမာဝစရကုသိုလ်ကံကို၊
ကတဿ - ပြုအပ်ပြီးသည် အဖြစ်ကြောင့်၊
ဥပစိတဿ - ဆည်းပူးအပ်ပြီးသည်၏ အဖြစ်အကြောင့်၊
ဝိပါကံ - ဝိပါက်ဖြစ်သော၊
စက္ခုဝိညာဏံ - စက္ခုဝိညာဏ်သည်၊
ဥပ္ပန္နံ ဟောတိ - ဖြစ်ပေါ်လာ၏” တဲ့၊
ဒီလို ဖြေကြားထားတယ်။
ကုသိုလ်တရားတွေ ပြုထားခဲ့သလို ကုသိုလ်အကျိုးဖြစ်တဲ့ စက္ခုဝိဉာဏ်ဖြစ်တယ်တဲ့၊ အကုသိုလ် ပြုထားတော့ အကုသိုလ်အကျိုးဖြစ်ရာ စက္ခုဝိညာဏ်ဖြစ်တယ်၊ စက္ခုဝိညာဏ်ချင်းတော့ အတူတူပါပဲ၊ ကုသိုလ်ကျိုးနဲ့ အကုသိုလ် အကျိုးသာ ထူးခြား တယ်၊ အာရုံက ဘာအာရုံလည်း ဆိုတော့
“ရူပါရမ္မဏံ စက္ခုဝိညာဏံ ဥပ္ပန္နံ ဟောတိ။
ရူပါရမ္မဏံ - အဆင်းလျှင် အာရုံရှိသော၊
စက္ခုဝိညာဏံ - စက္ခုဝိညာဏ်သည်၊
ဥပ္ပန္နံ ဟောတိ - ဖြစ်ပေါ်လာ၏ တဲ့၊
နှစ်မျိုးစလုံး ရူပါရုံ အဆင်းကို အာရုံပြုကြတယ်၊ ပြီးတော့ စက္ခုဝိညာဏ်ဖြစ်ပေါ်တဲ့အခါ ပါဝင်တဲ့ တရားတွေကို ..
တသ္မိံ သမယေ - ထိုအခါ၌၊
ဖဿော ဟောတိ - ဖဿ ဖြစ်တယ်၊
ဝေဒနာ ဟောတိ - ဝေဒနာ ဖြစ်တယ်၊
သညာ ဟောတိ - သညာ ဖြစ်တယ်၊
စေတနာ ဟောတိ - စေတနာ ဖြစ်တယ်၊
စိတ္တံ ဟောတိ - စိတ် ဖြစ်တယ် တဲ့၊
ဒီလိုထုတ်ပြထားတယ်။
အဲဒါ ဖဿပဉ္စမ တရားငါးပါး၊ သူတို့ကတော့ စိတ်ဖြစ်တိုင်း ပါတာချည်းပဲ၊ ဒါကို ဒီနေရာမှာ ဆောင်ပုဒ် ဆိုရမှာပေါ့၊ ဆောင်ပုဒ်က တိုတိုမဟုတ်ဘူး၊ ရှည်တယ်၊ ဒါက စက္ခုဝိညာဏ်စိတ် ဖြစ်ခိုက် ပါဝင်တဲ့ တရားတွေကို အမည် ထုတ်ပြထားတာပဲ၊ အဲဒီတရားတွေက ဆယ်ပါးတဲ့၊ ဒီတရား ဆယ်ပါးကို ကာမာဝစရ ကုသိုလ်စိတ် ဝေဖန်တုန်းက ပါခဲ့ပြီးသားတွေပဲ၊ ဖဿ ပဉ္စမတရားက ငါးပါးပဲ၊ ပြီးတော့ ဥပေက္ခာ, ဧကဂ္ဂတာ-တဲ့၊ ဥပေက္ခာ ကတော့ ဝေဒနာပါပဲ၊ ဝေဒနာသုံးမျိုးထဲက ဥပေက္ခာ ဝေဒနာ တစ်မျိုးပေါ့၊ ရှေ့နားက ဝေဒနာဆိုတာ ဥပေက္ခာပဲ၊ အဲဒါဟာ ထပ်နေလို့ လက်သည်းကွင်း ကလေးနဲ့ ကွင်းပြထားတယ်၊ ဧကဂ္ဂတာ ဆိုတာကလည်း သမာဓိပဲ၊ အဲဒါ ဈာနင်မျိုးထဲက တရားနှစ်ပါး ဖြစ်တယ်၊ တရားကိုယ် အားဖြင့်တော့ တစ်ပါးတည်း ရတယ်၊ ထပ်နေတယ်၊ ပြီးတော့ မန, ဥပေက္ခာ ဇီဝိတ - အဲဒီထဲက မန-ဆိုတာ စိတ်ပါပဲ၊ ဥပေက္ခာနဲ့ အတူတူပဲ၊ ဣန္ဒြေထဲက မနိန္ဒြေ၊ ဥပေက္ခိန္ဒြေ၊ ဇီဝိတိန္ဒြေ၊ ဒီမှာ ဇီဝိတိန္ဒြေကတော့ အသက်ပဲ၊ အဲဒါ တစ်ပါး၊ ဣန္ဒြေသုံးပါးမှာ ထပ်နေတယ်၊ မနိန္ဒြေနဲ့ ဥပေက္ခိန္ဒြေနှစ်ပါး နှုတ်လိုက်တာ့ ဇီဝိတတစ်ပါး ကျန်တော့တယ်၊ ဒီဆယ်ပါးပဲ၊ တရားကိုယ် အားဖြင့်တော့ ၇-ပါးပဲ ရှိတယ်။
ယေဝါပနအရ ဟောထားတာ ရှိသေးတယ်၊ ဒီပြင်လည်းပဲ အဲဒီအခါမှာ နာမ်တရားတွေဆိုတာ ရှိသေးတယ်၊ အကြောင်းကို စွဲပြီးဖြစ်တဲ့ ပစ္စုပ္ပန် နာမ်တရားတွေ ဆိုတာပါပဲ၊ အဲဒါက ဘာတုန်း ဆိုတော့ မနသိကာရ တစ်ပါးတဲ့၊ ဒါကြောင့် ယေဝါပနအရ မနသိကာရ နဲ့တကွ ၈-ပါး၊ ဖြစ်တယ်တဲ့၊ ဒီ ၇-ပါး ၈-ပါးပါပဲ၊ တရားကိုယ်အားဖြင့် ဖဿ, ဝေဒနာ, သညာ, စေတနာ, စိတ်, ဧကဂ္ဂတာ, ဇီဝိတ, မနသိကာရ - ဆိုတဲ့ ဒီ ၈-ပါးပဲ ဖြစ်တယ်။
ရိုရိုသေသေ သိမ်းထားရမယ်
▬▬▬▬▬▬
မြင်သိတဲ့အခါ မြင်တိုင်း မြင်တိုင်း ဒီ စက္ခုဝိညာဏ်နဲ့ မြင်တာပဲ၊ အဲဒီမြင်တယ် ဆိုတာဟာ အာရုံကိုသိတာပါပဲ၊ အဲဒီ မြင်သိတာက စိတ်ပဲ၊ ကျန်တာတွေ ကိုတော့ စေတသိက်တွေလို့ ခေါ်တယ်၊ စိတ်ကို နုတ်လိုက်ရင် ကျန်တာတွေ အားလုံးက စေတသိက် ၇-ပါးပဲ၊ စိတ်ရောမှ ၈-ပါး ဖြစ်တယ်၊ အဲဒီ စေတသိက် ၇-ပါးကို အဘိဓမ္မတ္ထ သင်္ဂဟကျမ်းမှာ “သဗ္ဗစိတ္တသာဓာရဏ စေတသိက်” လို့ နာမည် ပေးထားတယ်၊ စိတ်တိုင်း စိတ်တိုင်းမှာ ပါဝင်တဲ့ စေတသိက်တွေတဲ့၊ ဘယ်စိတ်ပဲဖြစ်ဖြစ် ဒီ စေတသိက် ၇-ပါးက ပါဝင်တာချည်းပဲ၊ အခု စက္ခုဝိညာဏ် စိတ်က မြင်သိတယ်ဆိုတာလည်း သူတို့ ပါဝင်တာပဲ၊ စေတသိက် ပါဝင်ရာမှာ ဒီစက္ခုဝိညာဏ် စိတ်ဟာ အနည်းဆုံးဖြစ်တယ်၊ သမ္ပဋိစ္ဆိုင်း သန္တီရဏ စတဲ့ ဒီပြင် စိတ်တွေမှာ စေတသိက်တွေက ဒီထက် အားကောင်းတယ်၊ များတယ်၊ အဲဒါတွေကို တစ်နေ့က ဟောခဲ့ပြီးသားပဲ၊ အဲဒီတုန်းက စာရွက် လေးတွေ မရိုက်ရသေးဘူး၊ အခုတော့ စာရွက် ရိုက်ပြီးပြီ၊ အဲဒီ စာရွက်လေးတွေ မပျောက်စေကြနဲ့၊ နောက်ထပ် လည်း ပေးစရာ မရှိဘူး၊ စာရွက်လေး တွေကို ရိုရိုသေသေ ထားရမယ်၊ ဒီကနေ့ ဟောရုံနဲ့ ဒီတရားက ပြီးမှာ မဟုတ်သေးဘူး။
နောက် လကွယ်နေ့မှာ ဦးသုဇာတက ဟောမလား မဟောဘူးလား၊ မသိသေးဘူး သူမဟောရင် ဘုန်းကြီးက ဆက်ပြီး ဟောရမယ်၊ သူဟောလို့ ရှိရင်လည်း နယုန် လပြည့်နေ့ ကျမှ ဘုန်းကြီးက တစ်ခါဆက်ပြီး ဟောရမယ်၊ အဲဒီအခါ ကျတော့လည်း စာရွက်လေးတွေ ပါဖို့ လိုတယ်။
အခု ပြောခဲ့တာဟာ ကတမေ ဓမ္မာ အဗျာကတာ - အရ ဝိပါက် အဗျာကတ တရားတွေပဲ၊ စက္ခုဝိညာဏ် မြင်သိစိတ်ဆိုတာ ကုသိုလ်အကျိုးလည်း ရှိတယ်၊ အကုသိုလ်အကျိုးလည်း ရှိတယ်၊ အကုသိုလ်ပြုထားလို့ အကုသိုလ်က အကျိုး ပေးတော့လည်း မြင်သိစိတ် ဖြစ်တာပဲ၊ အဲဒီမြင်သိစိတ် ကတော့ မကောင်းတာတွေကို မြင်ရတယ်၊ ကုသိုလ်ပြုထားလို့ မြင်သိစိတ်ဖြစ်တော့ ကောင်းတာ တွေကို မြင်ရတယ်၊ ဒီအဓိပ္ပာယ် လောက်ကတော့ ပြောလို့ လွယ်ပါတယ်၊ မြင်သိစိတ် ဖြစ်တဲ့အခါ ဝီထိစိတ် ဖြစ်ပေါ်ပုံကိုတော့ တစ်နေ့က ဆောင်ပုဒ်တွေနဲ့အတူ ပြောခဲ့ပြီးပါပြီ၊ အင်မတန် အသုံး ကျတယ်၊ မှတ်သားထားဖို့ အင်မတန် ကောင်းတာပဲ၊ အဘိဓမ္မာသင်ကြားတဲ့ ပုဂ္ဂိုလ်တွေဟာ ဒါတွေကို သင်ရတယ်၊ ဒါပေမယ့်လို့ ပုဂ္ဂိုလ်တိုင်းတော့ နားမလည်ဘူး၊ လင်္ကာ ဆောင်ပုဒ်လေးနဲ့ ဆိုရင် လွယ်ပါတယ်။
“ဘဝင်ဆင်ခြင်၊ မြင်ပြီးလျှင်၊ ထို့ပြင် လက်ခံတုံ၊
စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ် တဒါရုံ၊
အဆင်းမြင်လျှင်၊ ဖြစ်ရိုးပင်၊ စိတ်စဉ် မှတ်ပါကုန်” တဲ့။
အဆင်း မြင်တဲ့အခါကာလ ဖြစ်တဲ့ စိတ်အစဉ်ဟာ ဒါတွေပဲတဲ့၊ ဘဝင်စိတ်ဆိုတာ အိပ်ပျော်နေတဲ့ စိတ်မျိုးပဲ၊ သူက ပဋိသန္ဓေစိတ်နဲ့ အတူတူပဲ၊ နိုးနေတဲ့ ဝီထိစိတ်က လွဲရင် ဒီဘဝင်စိတ် ကတော့ တစ်ဘဝလုံး ဖြစ်နေတယ်၊ ထပ်ခါထပ်ခါ ဖြစ်နေတယ်၊ အသက် မကုန်မချင်း ဖြစ်နေတာပဲ၊ အသက်တစ်ရာ ရှည်တယ်ဆိုရင် အသက်တစ်ရာ ကာလပတ်လုံး ထပ်ခါထပ်ခါ ဖြစ်နေတယ်၊ အဲ မြင်သိစိတ်လို ဝီထိစိတ် ဖြစ်တဲ့အခါမျိုး လောက်သာ သူက တန့်ရပ်ပေးတယ်၊ သူက ဘယ်အာရုံကို အာရုံပြုဖြစ်သလဲဆိုရင် ရှေးဘဝက သေခါနီး ကာလမှာ စွဲလမ်းခဲ့တဲ့ အာရုံလေး ရှိတယ်၊ သေခါနီးကျရင် ဒီလိုပဲ အာရုံတစ်ခုခုကို စွဲလမ်းတယ်၊ ပြုထားတဲ့ ကုသိုလ်ရင်လည်း အာရုံပြုမိပြီး စွဲလမ်းတတ်တယ်၊ အဲဒါက ကံနိမိတ်လို့ ခေါ်တယ်၊ ဒါမှမဟုတ် ကုသိုလ်ပြုခဲ့စဉ်က ကုသိုလ်ပြုပုံ အခြင်းအရာတွေ ဆင်ခြင်မိပြီး စွဲလမ်းတာမျိုးလည်း ရှိတတ်တယ်၊ အဲဒါက ကမ္မနိမိတ် လို့ ခေါ်တယ်၊
ဘယ်လိုလဲဆိုရင် အလှူ ပေးခဲ့ဖူးတယ် ဆိုပါတော့၊ အလှူခံ ပုဂ္ဂိုလ်တွေ၊ လှူဖွယ် ဝတ္ထုပစ္စည်းတွေ၊ လှူနေပုံ အခြင်းအရာနဲ့ လှူရာဌာန တွေကို မြင်ပြီး စွဲလမ်းခြင်း မျိုးပေါ့၊ ပြီးတော့ အဲဒီကံကြောင့် ဖြစ်ရမယ့် ဘဝအခြေအနေ တွေကိုလည်း မြင်လာပြီး စွဲလမ်းမိတာမျိုးလည်း ရှိတယ်၊ အဲဒါကိုတော့ ဂတိနိမိတ်လို့ ခေါ်တယ်၊ အဲဒီသုံးမျိုး တို့တွင် တစ်မျိုးမျိုးကို ဒီဘက် ပစ္စုပ္ပန်ဘဝ ပဋိသန္ဓေစိတ် ကလည်း အာရုံပြုတယ်၊ ဘဝင်စိတ်ကလည်း အာရုံပြုတယ်၊ ဓမ္မိက ဥပါသကာကြီး ဆိုရင် သေခါနီးကာလမှာ နတ်ပြည် ခြောက်ထပ်ရှိ နတ်တွေက နတ်ရထားတွေနဲ့ လာကြိုပြီး ခေါ်ကြတာ ကို အဲဒီ ဥပါသကာကြီးက မြင်နေရသတဲ့၊ ဒီ ဝတ္ထု သာဓကကို ထင်ရှားအောင် ထုတ်ပြောရဦးမယ်။
ဓမ္မိက ဥပါသကာ ဝတ္ထု
▬▬▬▬▬▬▬▬
ဒီဝတ္ထုဟာ မြတ်စွာဘုရား လက်ထက်တော်က ဝတ္ထုပဲ၊ ဓမ္မပဒ ယမကဝဂ် မဟာဓမ္မိက ဥပါသကာ ဝတ္ထုမှာ ဖေါ်ပြထားပါတယ်၊ အဲဒီ မြတ်စွာဘုရား၏ လက်ထက်တော် တုန်းက သာဝတ္ထိပြည်မှာ ဓမ္မိက ဥပါသကာ အမည်နဲ့ ဥပါသကာတွေ ငါးရာတောင် ရှိသတဲ့၊ အခြံအရံတွေကလည်း ဥပါသကာ တစ်ယောက် တစ်ယောက်တွင် ငါးရာစီ ရှိတယ်လို့ ဆိုတယ်၊ အဲဒီ ငါးရာတွင် အကြီးအမှူး ဦးစီးနာယကဖြစ်တဲ့ ဥပါသကာကြီး အမည်ကတော့ မဟာဓမ္မိက ဥပါသကာ တဲ့၊ သူ့မှာ သား ၇-ယောက်၊ သမီး ၇-ယောက်၊ ပေါင်း သားသမီးတွေ ၁၄-ယောက်တောင် ရှိသတဲ့။
သူတို့ တစ်ဦး တစ်ဦးမှာ ဆိုရင်လည်း ပြုတဲ့ဝတ်တွေ အသီးသီး ရှိနေကြတယ်၊ အဲဒီ ဝတ်တွေက နံနက်အခါမှာ စာရေးတံ ယာဂုဝတ်၊ နေ့ဆွမ်းအတွက် စာရေးတံ ဆွမ်းဝတ်၊ လဆန်းပက္ခ လဆုတ်ပက္ခတို့၌ လှူဒါန်းတဲ့ ပက္ခိတ ဆွမ်းဝတ်၊ လိုသလို ပင့်ဖိတ်လှူဒါန်းတဲ့ နိမန္တနဆွမ်းဝတ်၊ ဥပုသ်နေ့များ၌ လှူတဲ့ ဥပေါသထ ဆွမ်းဝတ်၊ အာဂန္ထုတွေ ရောက်လာတဲ့အခါ လှူတဲ့ အာဂန္တုက ဆွမ်းဝတ်၊ သံဃာအားလှူတဲ့ သံဃိက ဆွမ်းဝတ်၊ ဒီလို ပြုစုလှူဒါန်းနေတဲ့ ဝတ်တွေ ရှိကြသတဲ့၊ ဒီပြင် လိုသလိုပြုတဲ့ အခြားကောင်းမှုတွေ ဆိုတာလည်း ပြုကြမှာပဲ။
ဥပါသကာဆိုတာ ရတနာသုံးပါးကို ဆည်းကပ်တဲ့ ပုဂ္ဂိုလ်တဲ့၊ ရတနာသုံးပါးကို ဆည်းကပ် ရင်လည်း ရတနာသုံးပါးကို မယုံကြည်ဘဲ မဆည်းကပ်ဘူးပေါ့၊ ရတနာသုံးပါး ဂုဏ်တွေကို ယုံကြည် သက်ဝင်လို့လည်း ဒီဂုဏ်တွေကို သိတန် သလောက် သိလို့ ဆည်းကပ်တာပဲ၊ ဒီတော့ ရတနာသုံးပါးနဲ့ ထိုက်တန်တဲ့ ကောင်းမှု ကုသိုလ်တွေကို မပြုဘဲ မနေနိုင်ဘူး၊ ဒီလိုပြုတဲ့ အခါမှာလည်း မိမိပြုသလောက် မိမိအတွက် ထိုက်တန်တဲ့ အကျိုးတွေကို ရလိမ့်မယ်ဆိုတာလည်း ယုံကြည်ကြတယ်၊ ဒါကြောင့်လည်း ပစ္စည်းရောလူပါ အကုန်အကျ အဆင်းအရဲ ခခံပြီး ဆည်းကပ် ကြတယ်၊ ကိုးကွယ် အားထားကြတယ်၊ အခု ဒီမှာ အဲဒီ ဥပါသကာ ငါးရာတွေလည်း ရတနာသုံးပါး ဂုဏ်ကျေးဇူးနဲ့ ဒီလိုအကျိုးတွေကို သိလို့ ရတနာသုံးပါးကို ဆည်းကပ်တဲ့ ဥပါသကာတွေ ဖြစ်နေ ကြတာပါပဲ။
အဋ္ဌကထာက သူတို့တစ်တွေဟာ ဇနီး၊ သားသမီးတွေ အားလုံး သီလနဲ့ ပြည့်စုံကြပြီး ကလျာဏဓမ္မ - ကောင်းတဲ့ သဘောလည်း ရှိကြတယ်၊ သံဝိဘာဂရတ - ခွဲခြမ်း လှူဒါန်းခြင်း ၌လည်း အလေ့ ရှိကြတယ်တဲ့၊ သူတို့ပြုနိုင်သမျှ ကောင်းမှု ကုသိုလ်မှန်သမျှကို ပြုလုပ်အားထုတ် ကြတယ်ပေါ့။
နတ်ရထား ခြောက်စီး ဆိုက်လာတယ်
▬▬▬▬▬▬
တစ်နေ့တော့ မဟာဓမ္မိက ဥပါသကာကြီးမှာ ရောဂါကပ်ရောက် လာသတဲ့၊ ဒါနဲ့ မြတ်စွာဘုရား ဟောကြားထားတဲ့ တရားတော်ကို နာကြားလိုတဲ့စိတ် ဖြစ်လာလို့ မြတ်စွာဘုရားထံ ရဟန်းတော် ၈-ပါးပဲ ဖြစ်ဖြစ်၊ တစ်ဆယ့်ခြောက်ပါးပဲ ဖြစ်ဖြစ် တပည့်တော် ဖူးမြှော်လိုပါတယ်၊ ပို့လွှတ်တော်မူပါ ဘုရားလို့ လျှောက်ထား ခိုင်းလိုက်တယ်၊ ဒီတော့ မြတ်စွာဘုရားက ဥပါသကာကြီး အလိုအတိုင်း သင့်လျော်တဲ့ ရဟန်းတော်များကို ဥပါသကာကြီးဆီ ပို့လွှတ်တော် မူပါတယ်၊ ဒီတော့ ရဟန်းတော်
တွေ ကြွရောက်လာပြီး ရောဂါသည် ဥပါသကာကြီးကို ဝိုင်းထိုင်တော် မူကြတယ်၊ ရဟန်းတော် တွေက သူတို့က ဒီလိုဝိုင်းပြီး နေရာတွေ ခင်းထားနှင့် ကြတာကိုး၊ ဒါနဲ့ ရဟန်းတော်တွေက သူတို့ ခင်းထားတဲ့ နေရာမှာ ထိုင်တော်မူကြတာ ဖြစ်တယ်၊ ဒီတော့ ဥပါသကာကြီးက -
“အရှင်ဘုရားတို့အား ဖူးမြော်ရန် နောက်ကာလမှာ ခဲယဉ်းပါလိမ့်မယ်၊ တပည့်တော် အင်မတန် အားနည်းနေပါပြီ၊ သုတ်တစ်သုတ်ကို ရွတ်ဆိုဟောကြားတော် မူကြပါ ဘုရား၊ တပည့်တော် နာလိုပါတယ်” လို့ ရဟန်းတော်များကို လျှောက်ထားတယ်၊ ဒီတော့ ရဟန်းတော်တို့က -
“အဘယ်မည်တဲ့ သုတ်ကို နာလိုပါသလဲ ဥပါသကာ” လို့ မေးကြတယ်။
“မြတ်စွာဘုရားတိုင်း စွန့်လွှတ်တော် မမူကြတဲ့ သတိပဋ္ဌာန် သုတ္တန်ကို ဟောကြား တော်မူကြပါ ဘုရား” လို့ လျှောက်ထား ပြန်ကြားကြတယ်။
ဒီတော့မှ ရဟန်းတော်တွေက “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ အစရှိတဲ့ သတိပဋ္ဌာန် သုတ္တန် ဒေသနာတော်ကို ရွတ်ဆိုဟောကြားတော် မူကြပါတယ်၊ အဲဒီလို မဟာသတိပဋ္ဌာန် သုတ္တန် ဒေသနာတော်ကို ဟောကြားနေတော်မူ ကြစဉ်မှာပင် နတ်ပြည်ခြောက်ထပ်က နတ်ရထား ခြောက်စီး ဆိုက်ရောက်လာသတဲ့၊ အဲဒါဟာ ဥပါသကာကြီး ပြုခဲ့တဲ့ ကောင်းမှုကုသိုလ်ရဲ့ စွမ်းအင်ပါပဲ၊ ဒီစွမ်းအင်တွေကြောင့် ဒီလိုရောက်လာကြရတာ၊ အင်မတန် အံ့ဖွယ်ကောင်းပါတယ်၊ အဲဒီ နတ်ရထားတွေမှာ လှပ တင့်တယ်နေအောင် အပြိုင်အဆိုင် တန်ဆာဆင်ထားပြီး သိန္ဓောမြင်း တစ်ထောင် ကလာကြတာတဲ့၊ နတ်သားလောင်း ဥပါသကာကြီး လိုက်ပါလာချင် လောက် အောင်ပေါ့၊ သူတို့က လှတယ် ထင်သလို အစွမ်းကုန် တန်ဆာ ဆင်လာကြမှာပဲ။
လုပြီး ခေါ်ကြတယ်
▬▬▬▬▬▬▬
သူတို့ နတ်ပြည်တွင် နတ်သား တစ်ယောက် တိုးလာမယ်ဆိုရင် နတ်တွေက ဝမ်းသာကြသတဲ့၊ ဒီ မဟာဓမ္မိက ဥပါသကာကြီးကတော့ နတ်ပြည်မှာ ဖြစ်တော့မှာ ပဲဆိုတာ သူပြုလာခဲ့တဲ့ ကောင်းမှုတွေကို မြင်နေကြရလို့ နတ်ပြည် ခြောက်ထပ်ရှိ နတ်တွေက သိနေကြလို့ မသေခင် စောစောစီးစီး သေတော့ သူတို့နတ်ပြည်မှာ ဖြစ်အောင် မဲဆွယ်သလို မဲဆွယ် နေကြတာပါပဲ၊ နတ်အသီးသီးကပဲ သူတို့နတ်ပြည်ကို ဖြစ်စေလိုကြတယ်၊ ဒါကြောင့် နတ်ရထား ခြောက်စီးပေါ်မှာ ရှိနေတဲ့ နတ်တွေက -
“ငါတို့ နတ်ပြည်ကို ဆောင်ယူမယ်၊ ငါတို့ နတ်ပြည်ကို ဆောင်ယူမယ်” ဆိုပြီး အလုအယက် ပြောဆိုနေကြတယ်၊ ပြီးတော့လည်း -
“အို ဥပါသကာကြီး၊ ကျွန်ုပ်တို့ နတ်ပြည်က အင်မတန် မွေ့လျော် ပျော်စရာ ကောင်းပါတယ်၊ အခု ဒီရထားပေါ် တက်တော်မူပါ။ အို - ဥပါသကာကြီး၊ ကျွန်ုပ်တို့ နတ်ပြည်က အင်မတန် မွေ့လျော် ပျော်စရာကောင်းလှ ပါတယ်၊ ဒီရထားပေါ် တက်တော်မူပါ” လို့ သူ့ရထားပေါ် တက်ဖို့ ငါ့ရထားပေါ် တက်ဖို့ အတင်း လုယက်ပြီး ခေါ်နေကြသတဲ့။
သူတို့က ဒီလို အလုအယက် ခေါ်နေကြတာ ဖြစ်တော့ တရားနာ ပျက်တော့မှာပဲ ဆိုပြီး “ဆိုင်းငံ့ကြပါဦး - ဆိုင်းငံ့ကြပါဦး” လို့ ဥပါသကာကြီးက တောင်းပန်တယ်၊ ဒီတော့ ရဟန်းတော် တွေက သူတို့ ရွတ်ဆိုဟောကြား နေတာကို ပြောတယ် ထင်ပြီး ရွတ်ဆိုနေကြရာက ရပ်လိုက်ကြ သတဲ့၊ ဒီတော့ ဥပါသကာကြီးရဲ့ သားတွေ သမီးတွေက “တို့ဖခင်ဟာ အရင်တုန်းက ဆိုရင် တရားနာရာမှာ တင်းတိမ် ရောင့်ရဲတယ်လို့ မရှိဘူး၊ အခုတော့ ရဟန်းတော်တွေကို ပင့်ပြီး ရွတ်ဖတ်တဲ့ တရားကို နာကြားနေရာက ကိုယ်တိုင်တားမြစ်တယ်၊ သေရမှာ မကြောက်တဲ့ သတ္တဝါရယ်လို့ မရှိဘူး” ဆိုပြီး သူတို့ဖခင် သေတော့မယ် ထင်လို့ ငိုကြွေးကြတော့တယ်၊ ရဟန်းတော်တွေကလည်း “အခု ငါတို့အခွင့် မရှိတော့ဘူး” ဆိုပြီး ထပြန် သွားကြ ရောတဲ့၊ ခဏကြာတော့ ဥပါသကာကြီးက သူ့သားသမီးတွေကို ဘာပြုလို့ ငိုကြွေးကြ တာလဲ”လို့ မေးတယ်၊ ဒီတော့ သားတွေသမီးတွေက “သေမှာကို ဘယ်သူမဆို ကြောက်ကြတယ်ဆိုပြီး ငိုကြွေးကြ ပါတယ်လို့ ပြောကြတယ်၊ ပြီးတော့ “ဖခင် ကိုယ်တိုင် တရားရွတ်ဆိုနေကြတဲ့ ရဟန်းတော်တွေကို မတားမြစ်စဖူး တားမြစ်တာ ကိုး” လို့ ပြောတော့ “ဟဲ့, ငါက ရဟန်းတော်တွေကို ပြောတာ မဟုတ်ဘူး” လို့ ပြောတယ်၊
ဒါဖြင့် “ဖခင်က ဘယ်သူ့နဲ့ ဘယ်သူ့ကို ပြောတာပါလဲ”လို့ မေးတော့ ငါက နတ်ပြည်က နတ်ရထားတွေနဲ့ လာနေတဲ့ နတ်တွေကိုပြောတာ၊ သူတို့က သူ့ရထား လိုက်ပါ၊ ငါ့ရထားလိုက်ပါနဲ့ လုယက် ခေါ်ငင်နေကြလို့ တရားနာ ပျက်မှာ စိုးသောကြောင့် သူတို့ကို နေကြပါဦးလို့ တားမြစ်တာပဲ” လို့ ပြောတော့ “နတ်ရထားတွေဆိုတာ ဘယ်မှာလဲ ကျွန်ုပ်တို့ မမြင်ရပါကလား” လို့ မေးကြတယ်၊ ဒီတော့ ဖခင်ဖြစ်သူက “ပန်းကုံးရှိရင် ငါ့ကိုပေးကြပါ” လို့ ဆိုတာနဲ့ သားသမီးတွေက ပန်းကုံးတစ်ကုံးကို ဥပါသကာကြီး လက်ထဲကို ထည့်ပေးလိုက်တယ်၊ ပန်းကုံး ကလေးကို ရတော့ “နတ်ပြည် ခြောက်ထပ်ရှိတာ ဘယ်နတ်ပြည် အကောင်းဆုံးလဲ” လို့ မေးပါတယ်၊ အနီးမှာရှိနေတဲ့ လူတွေက “တုသိတာနတ်ပြည်ဟာ ကောင်းတယ်လို့ ကြားဖူးတာပဲ” လို့ ပြောတော့ “အေး ဒါဖြင့်ရင် အဲဒီ တုသိတာနတ်ပြည်က နတ် ရထားကို ချိတ်ပါစေ” လို့ အဓိဋ္ဌာန်ပြီး ပန်းကုံးလေးကို မြှောက်လိုက်သတဲ့၊ ဒီတော့ ပန်းကုံးလေးဟာ တုသိတာနတ်ပြည်က နတ်ရထားစွန်းမှာ တန်းလန်းလေး ချိတ်နေသတဲ့၊ ဒီပြင်လူတွေဟာ တွဲလောင်း ဖြစ်နေတဲ့ ပန်းကုံးလေးကို မြင်နေ ကြရတယ်၊ ဒါပေမယ့်လို့ နတ်ရထားကိုတော့ မမြင်ကြရဘူးတဲ့။
အဲဒီပန်းကုံးကို မြင်ကြရဲ့လား၊ အဲဒါ တုသိတာ နတ်ပြည်က နတ်ရထားမှာ ချိတ်နေတာ၊ အဲဒါပဲ၊ ငါသွားမယ်၊ နင်တို့လည်းပဲ နတ်ပြည် ရောက်ချင်လို့ရှိရင် ငါ့လိုပဲ ကုသိုလ်ကောင်းမှုတွေ ပြုရစ်ကြ”လို့ မှာထားပြီးတော့ သူဟာ ဘဝတစ်ပါး ပြောင်းသွားရောတဲ့၊ ပြောင်းသွားတဲ့အခါမှာ တုသိတာ နတ်ပြည်ကို ရောက်သွားတာပဲ၊ အဲဒါ သေခါနီးမှာ ဂတိနိမိတ် ထင်တာ၊ လားရာဘဝက နတ်ရထားတွေ သူ့မှာထင်လာ မြင်လာရတယ်။
မျက်မှောက်ကာလ မှာလည်း ရှိတာပဲ
▬▬▬▬▬▬
အခုပြောခဲ့တာတွေက ဓမ္မပဒ မဟာဓမ္မိက ဥပါသကာ ဝတ္ထုမှာ လာတဲ့ သာဓကပဲ၊ အခုမျက်မှောက် ကာလမှာ ကြားသိရတဲ့ သာဓက ဝတ္ထုတစ်ခုလည်း ရှိသေးတယ်၊ အဲဒါကတော့ တစ်ဆင့်ကြားပေါ့လေ၊ ဦးတိဿက ပြောဖူးတယ်၊ သူတို့ ဝက်လက် တောင်ဘက်နားက ခေါဘောရွာမှာတဲ့၊ ဘိုးအောင်ကျော်ဆိုတဲ့ ဒကာကြီးက မဟာဓမ္မိက ဥပါသကာလိုပဲ သူသေခါနီးမှာ နတ်ရထားတွေ ဆိုက်ရောက်လာသတဲ့၊
သူဟာ သူ့လယ်ကွက်ထဲ သူများနွားက ဝင်စားလည်း တရားစွဲခြင်း ဘာခြင်း မရှိဘဲ စားနေတဲ့နွားကို ဒီလိုကြည့်နေတာပဲလို့ ဆိုတယ်၊ စားလွန်းမက စားရင်သာ “ကိုင်း မင်းတို့ ဒီလောက်စားရရင် တော်ကြဦး၊ တို့စားဖို့ကလည်း ရှိသေးတယ်” ဆိုပြီး အဲဒီတော့မှ မောင်းပြီး နွားတွေကို ထုတ်လိုက်သတဲ့၊ ပင်ကို ပဋိသန္ဓေစိတ်ကိုယ်က ကောင်းပုံ ပေါ်ပါတယ်၊ သူ့ဇနီး စုန်းအတတ် တတ်နေမှန်း သိလို့လည်း “မင်းအတတ်ဟာ မကောင်းပါဘူး၊ ဘုရားကို လှူလိုက်ပါ” လို့ ပြောသတဲ့၊ အဲ သူ့ဇနီးက အဖွားမိန်းတဲ့၊ သူကလည်း သူ့ခင်ပွန်းရဲ့ တိုက်တွန်းတဲ့အတိုင်း “ငါဟာ စုန်းအတတ်ကို တတ်ပါတယ်၊ ဒါပေမယ့် ဘယ်သူ့ကိုမှ မပြုစားဖူးပါဘူး၊ ဒီအတတ်ကို ဘုရားအားလှူပါတယ်၊ နောက်လည်း ဘယ်သူ့ကိုမှ မပြုစားပါဘူးလို့ ရွာရှိလူတွေကို ဖိတ်မန္တကပြုပြီး သူတို့မျက်မှောက်မှာပဲ သူ့အတတ်ကိုသူ ဘုရားအား လှူလိုက်သတဲ့၊ သူတို့နှစ်ဦးစလုံး အဲဒီလောက် စိတ်ကောင်း ရှိကြတယ်တဲ့၊
ဦးတိဿက ချီးကျူး လိုက်သေးတယ်၊ အဲ အဲဒီ ဘိုးအောင်ကျော် သေခါနီးမှာလည်း ဂတိနိမိတ် အနေနဲ့ နတ်ရထားတွေ ဆိုက်ရောက်လာတာကို သူ တွေ့မြင်နေရသတဲ့၊ နတ်ရထားတွေ ဆိုက်ရောက်နေတယ်လို့ သူကပြောတော့ အနားကလူတွေက ဂယောင်ချောက်ချား ပြောတာပဲ ဆိုပြီး မယုံကြည်ဘူးပေါ့လေ၊ ဒီတော့ သူက “မင်းတို့မယုံရင် ငါစိပ်တဲ့ စိပ်ပုတီးပေးပါ” လို့ တောင်းပြီး အဓိဋ္ဌာန်နဲ့လှမ်းပြီး ပုတီးကုံးလေးကို နတ်ရထားမှာ ချိတ်လိုက်တာ တန်းလန်းလေး နတ်ရထားမှာ ချိတ်နေတာကို မြင်ကြရသတဲ့၊ ရထားကိုတော့ ဘေးလူတွေက မမြင်ကြဘူးတဲ့၊ အဲဒါကတော့ မျက်မှောက်ကာလ မကြာမီကမှ ဖြစ်ဖူးတဲ့ သာဓကပဲ။
အဲဒီလို ဖြစ်ရမယ့် ဘဝ အခြေအနေ နိမိတ်တွေဟာ ဂတိနိမိတ်တွေပါပဲ၊ ကံရယ်, ကမ္မနိမိတ်ရယ်, ဂတိနိမိတ်ရယ် ဒီသုံးခုထဲက တစ်ခုခု ထင်လာပြီး သေတော့ ကုသိုလ်ကံ အစွမ်းနဲ့ဆိုရင် လူ့ဘဝ, နတ်ဘဝတွေမှာ လူရယ်, နတ်ရယ်လို့ ဖြစ်လာကြရတာပဲ။
ဖြစ်ရိုးဖြစ်စဉ်
▬▬▬▬▬
ဒီလို ကံနိမိတ်, ကမ္မနိမိတ်, ဂတိနိမိတ် တစ်ခုခု စွဲပြီးတော့ ရှေးဦးစွာ ပဋိသန္ဓေ ဆိုတဲ့ စိတ်လေး ဖြစ်တယ်၊ ပြီးတော့ အဲဒီ ပဋိသန္ဓေ စိတ်လေးနဲ့တူတဲ့ ဘဝင်စိတ် ဆိုတာတွေ ဆက်လက်ပြီး ဖြစ်နေတယ်၊ အဲဒါကတော့ ဝီထိစိတ် မဖြစ်ဘူးဆိုရင် တစ်ဘဝလုံး မသေမချင်း သူက ဖြစ်နေတာ၊ နောက်ဆုံးစိတ် ကျတော့လည်း သူပဲ၊ ဒါပေမယ့် အဲဒီ နောက်ဆုံးဖြစ်တဲ့ ဘဝင်စိတ်ကို စုတိလို့ ခေါ်တယ်၊ အလယ်ပိုင်းဖြစ်သမျှ ဘဝင်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်း တဲ့၊ အဲဒီ ပဋိသန္ဓေ, ဘဝင်, စုတိ သုံးမျိုးဟာ အခေါ်သာကွဲပြီး စိတ်ချင်းကတော့ အတူတူ၊ ဒီစိတ် ဒီစိတ်ချည်းပဲ၊
အဲဒီလိုဖြစ်နေရာက မြင်သိစိတ်လေး ဖြစ်တော့မယ် ဆိုတော့ စောစောက ပြောခဲ့တဲ့အတိုင်း ရူပါရုံ အဆင်းရုပ်က စက္ခုပသာဒမှာ ထင်လာတာဖြစ်လို့ အဲဒါကို အာရုံပြုပြီး ဆင်ခြင်တဲ့စိတ်နဲ့ မြင်သိစိတ်လေး ဖြစ်လာတယ်၊ ပြီးတော့ လက်ခံတဲ့စိတ်၊ စုံစမ်းတဲ့စိတ်၊ ဆုံးဖြတ်တဲ့စိတ်၊ အဲဒါက တစ်ကြိမ်စီ ဖြစ်တယ်၊ ပြီးတော့ လောဘ, ဒေါသ, မောဟ ဇော တွေက ထိုက်သင့်သလို ၇-ကြိမ်တဲ့၊ ပြီးတော့ တဒါရုံ ၂-ကြိမ် ဖြစ်လာတယ်၊ အဲဒီလောက် ကျတော့မှ မြင်သိစိတ် အစဉ်လေးတစ်ခု ပြီးသွားပါတယ်၊ အဲဒီစိတ်အစဉ်လေးကို တစ်ခုစီ ပေါင်းကြည့်လိုက်ရင် ၁၄-ကြိမ်ရှိတဲ့ မြင်သိစိတ် အစဉ်လေး တဲ့။ အဲဒါ ဖြစ်ရိုးဖြစ်စဉ် ပါပဲတဲ့။
“အဆင်းမြင်လျှင်၊ ဖြစ်ရိုးပင်၊ စိတ်စဉ် မှတ်ပါကုန်”
အဆင်းကို မြင်တဲ့အခါ ကာလမှာ ဒီစိတ်တွေဟာ ဖြစ်ရိုးပဲ တဲ့၊ လူတိုင်း လူတိုင်း၊ နတ်တိုင်း နတ်တိုင်း ဖြစ်ရိုးဖြစ်စဉ်ပဲ၊ တိရစ္ဆာန်တွေလည်း ဒီအတိုင်းပဲ၊ မျက်စိရှိတဲ့ ပုဂ္ဂိုလ်တိုင်း မြင်တဲ့အခါ ကာလမှာ ဒီအတိုင်းချည်းပဲ၊ ပုထုဇဉ်ပဲ ဖြစ်ဖြစ်၊ အရိယာ ဘုရား ရဟန္တာပဲဖြစ်ဖြစ် ဒီအတိုင်း ဖြစ်တာပဲတဲ့၊ ဘယ်သူမှ မထူးဘူး၊ အတူတူ ဒီလို မြင်တာချည်းပဲ။
ဇောကျတော့ ကွဲသွားတယ်၊ အချို့ လောဘဇောတွေ ဖြစ်တာလည်း ရှိတယ်၊ အချို့ ဒေါသဇောတွေ၊ အချို့မောဟဇောတွေ ဖြစ်တယ်၊ ဘုရား, ရဟန္တာများမှာ ကုသိုလ်, အကုသိုလ်ဇောတွေ မဖြစ်ဘူး၊ ကြိယာဇောတွေသာ ဖြစ်တယ်၊ အနာဂါမ်တွေမှာ ကာမဂုဏ်နဲ့စပ်တဲ့ ဇောတို့၊ ဒေါသဇောတို့ ဆိုတာတွေ မဖြစ်ဘူး၊ သကဒါဂါမ်နဲ့ သောတာပန် များမှာတော့ အပါယ်လေးပါး ကျလောက်တဲ့ အကြမ်းစား လောဘ, ဒေါသ, မောဟ ဇောတွေ မဖြစ်ဘူး၊ အဲဒါတွေ သက်သာတယ်၊ ဇောမှာ ဒီလောက်သာ ကွာတယ်၊ ဒီပြင် မြင်သိစိတ်စဉ်တွေမှာ အကုန်လုံး အတူတူပါပဲ၊ “နှစ်ရပ် တဒါရုံ” ဆိုတာတွေလည်း အတူတူပဲ၊ ဒါလေးတွေကို ဟို တစ်နေ့က ဆိုပြီးသားပါပဲ၊ စာရွက်ကလေးနဲ့ ဆိုတော့ လွယ်ပါတယ်၊ ထပ်ဆိုကြဦးစို့။
“ဘဝင် ဆင်ခြင်၊ မြင်ပြီးလျှင်၊ ထိုပြင် လက်ခံတုံ”
“စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ် တဒါရုံ” (၃-ခေါက်)
ဒါတွေ စောစောက ပြောခဲ့ပြီးပြီ။
အသံကြားတဲ့အခါ, အနံ့ နံတဲ့အခါ, အရသာ စားတဲ့အခါ, အတွေ့အထိ တွေ့ထိတဲ့ အခါ တွေမှာလည်း စိတ်စဉ် အရေအတွက် ကတော့ ဒီ ၁၄-ခုပဲ၊ ဒါက အပြည့်အစုံ ဖြစ်တဲ့ အခါသာ ပြောတာ၊ အာရုံက အားနည်းတဲ့ အခါကျတော့ တဒါရုံတိုင်အောင် မရောက်ဘဲ တဒါရုံ မပါတော့ဘူး၊ ဒီထက် အားနည်းသွားပြန်တော့ ဇောတောင် မကျတော့ဘူး၊ ဆုံးဖြတ်တဲ့ စိတ်က မဆုံးဖြတ်နိုင်ဘဲနဲ့ အဲဒီတင်ပဲ ဝေ့လည်လည်ဖြစ်ပြီး ၂-ကြိမ်၊ ၃-ကြိမ်နဲ့ပဲ ဘဝင်စိတ်တွေ ဖြစ်သွားတယ်၊ ဒီတော့ ဝီထိ စိတ်အစဉ်ဟာ ၇-ကြိမ်ပဲ ဖြစ်တော့တယ်၊ ၁၄-ကြိမ်အထိ မဖြစ် တော့ဘူး၊ ဒီလောက်သာ ဖြစ်တဲ့ စိတ်အစဉ်တွေလည်း ရှိသေးတာပဲ။
ဝီထိစိတ်တွေနဲ့စပ်ပြီး လင်္ကာလေးတွေကိုတော့ မြင်ရင် မြင်တာအလိုက်, ကြားရင် ကြားတာ အလိုက် ပြင်ဆိုရတယ်၊ ကိုင်း ဆိုကြဦးစို့။
“ဘဝင်ဆင်ခြင်၊ ကြားပြီးလျှင်၊ ထို့ပြင် လက်ခံတုံ”
ဘဝင်ဆင်ခြင်၊ နံပြီးလျှင်၊ ထို့ပြင် လက်ခံတုံ။
ဘဝင်ဆင်ခြင်၊ စားပြီးလျှင်၊ ထို့ပြင် လက်ခံတုံ။
ဘဝင်ဆင်ခြင်၊ တွေ့ပြီးလျှင်၊ ထို့ပြင် လက်ခံတုံ။
စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ် တဒါရုံ။ (ဆို)
ကြား၊ နံ၊ စား၊ သိ၊ မြင်တူ၏၊ မှတ်သိ စိတ်ဖြစ်ပုံ။ (ဆို)
အဓိပ္ပါယ် ပြောခဲ့ပြီးသားဆိုတော့ လင်္ကာလေးတွေ အတွက် သိလွယ်ပါတယ်၊ အဲဒါ ပဉ္စဒွါရ ငါးဝီထိ စုံသွားပြီ၊ ဒီ စိတ်အစဉ်လေးတွေကို ငါးဒွါရမှာဖြစ်တဲ့ ဝီထိတွေမို့လို့ ပဉ္စဒွါရဝီထိ လို့လည်းခေါ်တယ်၊ ဝိညာဏ်ငါးပါးကို စွဲပြီးတော့ ပဉ္စဝိညာဏ်ဝီထိ လို့လည်း ခေါ်ပါတယ်၊ ဒီစိတ်အစဉ်တွေဟာ ဖြစ်ရိုးဖြစ်စဉ်တွေကို မကျော်မလွန်ဘဲ ဖြစ်နေကြတာကြောင့် ဝီထိ (လမ်းခရီးနဲ့) တူတယ်တဲ့၊ ဝီထိဆိုတာ ခရီးလမ်းကိုဆိုတဲ့ ပါဠိစကားပဲ၊ ခရီး ဆိုတာဟာလည်း ဟိုရွာကဒီရွာ, ဟိုမြို့ကဒီမြို့ သူ့အစဉ်အတိုင်း ရှိနေတယ်၊ အဲဒီ ခရီးလမ်းကြီးဟာ ဘယ်ကိုမှ မကျော်မလွန်ဘဲ အစဉ်အတိုင်း ရှိနေ ဖြစ်နေတယ်၊ အဲဒီလိုပဲတဲ့၊ စိတ်တွေဆိုတာလည်း ဖြစ်ရိုးဖြစ်စဉ် သူ့အစဉ်အတိုင်း ဖြစ်နေ ကြတယ်တဲ့၊ ဒါကြောင့်မို့လို့
“ဝိယန္တိ ဂစ္ဆန္တိ ဧတာယာတိ ဝီထိ”
ဧတာယ - ဤလမ်းခရီးဖြင့်၊
ဂတဒ္ဓိကာ - ခရီးသွားတို့သည်၊
ဝိယန္တိ ဂစ္ဆန္တိ - အစဉ်ကိုမလွန်ဘဲ သွားကြကုန်၏၊
ဣထိ - ထို့ကြောင့်၊
သာ - ထိုခရီးလမ်းသည်၊
ဝီထိ - ဝီထိမည်၏ တဲ့၊
အစဉ်အတိုင်း သွားကြောင်းဖြစ်လို့ ခရီးလမ်းလို့ ဆိုထားတယ်၊ အဲဒါ ပါဠိလို ဝီထိတဲ့၊ ပြီးတော့မှ တစ်ဖန် “ဝီထိ ဝိယာတိ ဝီထိ” လို့ ဥပမာ တဒ္ဓိတ် ထပ်ဆင့်ထားတယ်၊ ခရီးလမ်းနဲ့ တူတဲ့ စိတ်အစဉ်တဲ့၊ ဒါကြောင့် စိတ်အစဉ်ကိုလည်း ဝီထိလို့ ဆိုထားတာပါပဲ။
မြင်ကာမျှ စသည် ဖြစ်ဖို့ပဲ
ဝိပဿနာရှုမှတ်တဲ့အခါ ဝိပဿနာဉာဏ် အင်မတန် ကောင်းနေတဲ့ အခါမျိုး ဘင်္ဂဉာဏ်တို့၊ သင်္ခါရုပေက္ခာဉာဏ်တို့ ရောက်နေတဲ့ အခါမျိုးမှာ ဆိုရင် ဆုံးဖြတ်တဲ့ ဝုဋ္ဌောဆိုတာ မဆုံးဖြတ်နိုင်ဘဲနဲ့ ဝေ့လည်ဝေ့လည် ဖြစ်ပြီး ဒီတင်ပဲ ရပ်သွားတယ်၊ ပုဂ္ဂိုလ်သတ္တဝါ အကောင်အထည် ရယ်လို့ မပေါ်လာတော့ဘူး၊ ချစ်စရာ မုန်းစရာရယ် လို့လည်း မပေါ်လာတော့ဘူး၊ သဘောတရား လေးမျှပဲ ပေါ်လာတော့တယ်၊ မြင်ရင် မြင်ကာမျှ, ကြားရင် ကြားကာမျှ, နံရင် နံကာမျှ, စားသိရင် စားသိကာမျှ, တွေ့ထိရင် တွေ့ထိကာမျှပဲ၊ “ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ” ဆိုတာ အဲဒီမှာ ဖြစ်တာပဲ၊ ဒီလိုဖြစ်အောင် မြင်တိုင်း, ကြားတိုင်း, နံတိုင်း, စားတိုင်း, တွေ့ထိတိုင်း အကုန် လိုက်ပြီး ရှုနေရတာ။
အခု စပြီး ရှုကာစမှာတော့ မြင်ရင် မြင်တယ်လို့ ရှုပေမယ့် မြင်ကာမျှတင် မရပ်သေးဘူး၊ အကုန်လုံး လျှောက်ပြီး သိနေသေးတာပဲ၊ ပုဂ္ဂိုလ်ပဲ၊ သတ္တဝါပဲ၊ ယောက်ျားပဲ၊ မိန်းမပဲ ဒီလိုလျှောက်ပြီး သိနေသေးတာပဲ၊ အဲ-ဘင်္ဂဉာဏ်တို့ သင်္ခါရုပေက္ခာဉာဏ်တို့ ရောက်ပြီဆိုတော့ ဒီလိုလျှောက်ပြီး မသိသေးဘူး၊ မြင်ရင် မြင်ကာမျှ စသည်လောက်သာ သိတော့တယ်၊ ဇောစိတ်ထိအောင် မရောက်တော့ဘူး၊ အဲဒီလို ဖြစ်အောင်လို့ ဝိပဿနာ ရှုတာတဲ့၊ ဒါလေးတွေ သဘောပေါက် ထားဖို့ လိုပါတယ်။
“ဆင်ခြင်ပြီးကာ၊ ဇောတဒါ၊ ကြံရာစိတ်ဖြစ်ပုံ” တဲ့။
ပဉ္စဒွါရဝီထိမှာ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က ဆင်ခြင်သလို ဒီမနောဒွါရဝီထိ မှာတော့ ဆင်ခြင်တဲ့ နေရာမှာ မနောဒွါရာဝဇ္ဇန်း စိတ်က ဆင်ခြင်ပါတယ်၊ သူက နည်းနည်းပိုပြီး အားကောင်းတယ်၊ ပဉ္စဒွါရာဝဇ္ဇန်း စိတ်တုန်းက စိတ်ရော စေတသိက်ရော ပေါင်းမှ တရားကိုယ် ၁၁-ပါးပဲ ရှိတယ်၊ အခု ဒီ မနောဒွါရာဝဇ္ဇန်းကျတော့ တစ်ပါး ပိုလာပြီး ၁၂-ပါး ရှိတယ်၊ ဒါကြောင့် သူက နည်းနည်းပိုပြီး အားကောင်းတယ်။
ဒီမှာ ဆင်ခြင်တဲ့စိတ် ဖြစ်ပြီးတယ် ဆိုရင် လက်ခံတဲ့စိတ် စုံစမ်းတဲ့စိတ်တွေ ဖြစ်မနေတော့ဘူး၊ တစ်ခါတည်း ဇောစိတ်တွေ ဖြစ်လာတယ်၊ အပြည့်အစုံဆိုရင် မနောဒွါရာဝဇ္ဇန်း ၁-ကြိမ်၊ ဇော ၇-ကြိမ်၊ တဒါရုံ ၂-ကြိမ် ဖြစ်ပါတယ်၊ အာရုံက အားနည်းလို့ရှိရင် အရင်ကလိုပဲ တဒါရုံရော ဇောရော မဖြစ်တဲ့အခါလည်း ရှိတာပဲ၊ ဒီတော့ ဆုံးဖြတ်တဲ့စိတ်ဟာ ၂-ကြိမ် ၃-ကြိမ်မှ ၇-ကြိမ်ထိအောင် ဖြစ်နိုင်ပါတယ်၊ ပြီးတော့ တဒါရုံဆိုတာ ကာမအာရုံ ဖြစ်ပါမှလည်း အာရုံပြုနိုင်တာ၊ ဝိပဿနာ ရင့်သန်လာတော့လည်း တဒါရုံဟာ မပါတော့ဘူး၊ ဇောကတော့ ၆-ကြိမ် ဖြစ်တဲ့အခါလည်း ဖြစ်တာပဲ။ သေခါနီးကာလမှာ ဆိုရင်တော့ ဇောက အားသေးတယ်၊ အဲဒီအခါ ကာလမှာ ဇောဟာ ၅-ကြိမ်ပဲ ဖြစ်လေ့ရှိတယ်။
အခုဒီမှာ ဆင်ခြင်တာက ၁-ကြိမ်၊ ဇောက ၇-ကြိမ်၊ တဒါရုံ ၂-ကြိမ်၊ အားလုံး ဝီထိစိတ် အကြိမ်ပေါင်း ၁၀-ကြိမ်တဲ့၊ အဲဒါဝီထိစိတ် ဖြစ်ပုံပါပဲ၊ ဒါတွေကိုလည်း ဗဟုသုတ ဖြစ်အောင် မှတ်ထားဖို့ပေါ့လေ၊ လင်္ကာလေးတွေကို ကျက်ထားရင် ရပါတယ်၊ သင်္ဂြိုဟ် လင်္ကာလည်း ဒီလောက်ရှည်တာပါပဲ၊ ဒီထက် ပိုမရှည်ပါဘူး။
“ဆင်ခြင်ပြီးကား၊ ဇောတဒါ၊ ကြံရာစိတ်ဖြစ်ပုံ” (ဆို ၃-ခေါက်)
အဓိပ္ပာယ် ပြောပြီးသား ဆိုတော့ လွယ်ပါတယ်၊ လင်္ကာကလည်း ပေါ်လွင်တာ ဖြစ်တော့ အသိ မခက်ပါဘူး၊ လင်္ကာလေးနဲ့ ကပ်ပြီး မှတ်သားရတာဟာ အင်မတန် မှတ်သားလို့ ကောင်းတယ်၊ လင်္ကာလေးတွေကို ရအောင် ကျက်ထားဖို့ပါပဲ။
ဝီထိစိတ်ဖြင့် သိပုံ
“ထင်ဆဲဆင်းဓာတ်၊ မြင်လတ်ဦးစွာ၊ မြင်ပြီးတရား၊ စဉ်းစားပြန်ရာ၊
သဏ္ဌာန်ဒြပ်၊ ပညတ်ပေါ်လာ၊ မည်နာမ သိရ နောက်ဆုံးမှာ” တဲ့။
ဒီလင်္ကာ သဘောတွေကို တော်တော် စောစောကလည်း ပြောတန် သလောက် ပြောခဲ့ပါတယ်၊ “ထင်ဆဲဆင်းဓါတ် မြင်လတ်ဦးစွာ” တဲ့၊ မျက်စိက မြင်တယ် ဆိုလို့ရှိရင် …
၁။ ထင်ဆဲဖြစ်တဲ့ အဆင်းရုပ်ကို အဦးအစဆုံး မြင်လိုက်ရတဲ့ ဝီထိက တစ်ဝီထိ၊
၂။ နောက် စဉ်းစားဆင်ခြင်တဲ့ ဝီထိက တစ်ဝီထိ
၃။ သဏ္ဌာန်ဒြပ် ပညတ်ပေါ်လာတာက တစ်ဝီထိ၊
၄။ နောက်ပြီးတော့ အမည်နာမ ပညတ်ပေါ်လာတာက တစ်ဝီထိ၊
အဲဒီလို ၄-ဝီထိ ရောက်အောင် ဖြစ်ပြီးတော့မှ အကောင်အထည် နဲ့တကွ အမည်နာမပါ ပေါ်လာ တယ်တဲ့။
ရှေးဦးစွာ မျက်စိနဲ့မြင်တဲ့အခါ ထင်ဆဲဖြစ်တဲ့ အဆင်းရုပ်ကို မြင်တာပဲ၊ အဲဒါ စက္ခုဒွါရမှာဖြစ်တဲ့ စက္ခုဝိညာဉ်စိတ်က မြင်လိုက်တယ်၊ မြင်ရုံမြင်တာပဲ၊ မြင်ရတဲ့ အရာဟာ ပုဂ္ဂိုလ်, သတ္တဝါ, ယောက်ျား, မိန်းမရယ်လို့လည်း မသိဘူး၊ ကောင်းတယ်၊ ဆိုးတယ်၊ လှတယ်၊ အကြည့်တန်တယ် လို့လည်း မသိပါဘူး၊ မြင်ရုံ မြင်လိုက်ပြီး အဲဒီစိတ်စဉ်ဟာ ပြီးသွားတာပဲ၊ အဲဒါကို “ထင်ဆဲ ဆင်းဓါတ်၊ မြင်လတ် ဦးစွာ” လို့ ဆိုထားတယ်၊
နောက်ပြီးတော့ မြင်လို့လည်းပြီးရော ပြန်စဉ်းစားတယ်၊ ပြန်စဉ်းစားတဲ့ အခါကျတော့ အဲဒီ အဆင်းလေးက မရှိတော့ဘူး၊ မြင်ပြီး ကတည်းက သူက ပျောက်သွားပြီ၊ ဒီလို မရှိပေမယ့် မြင်ပြီးသားကို ပြန်စဉ်းစားတော့ ထစ်ခနဲ ပြန်ပေါ်လာတယ်တဲ့၊ ဒီလို ပြန်စဉ်းစားတာက မျက်စိနဲ့ မြင်တာ မဟုတ်တော့ဘူး၊ မြင်ပြီးသား အတိတ် အဆင်းရုပ်ကို ပြန်ပြီးဆင်ခြင် စဉ်းစားတာပဲ၊ သူက မနောဒွါရာဝဇ္ဇန်းနဲ့ ပြန်ပြီး ဆင်ခြင် စဉ်းစားတာ ဖြစ်တော့ ပဉ္စဒွါရဝီထိ မဟုတ်ဘူး၊ နောက်လိုက် မနောဒွါရ ဝီထိတဲ့၊ အဲဒါကို လင်္ကာလေးက “မြင်ပြီးတရား၊ စဉ်းစားပြန်ရာ”လို့ ဆိုထားပါတယ်၊ အဲဒီမှာ တဒါရုံပါ ဝီထိစိတ် အပြည့်အစုံမို့လို့ “ဆင်ခြင်ပြီးကာ၊ ဇောတဒါ၊ ကြံရာ စိတ်ဖြစ်ပုံ”ဆိုတဲ့အတိုင်း ဇော ၇-ကြိမ်၊ တဒါရုံ ၂-ကြိမ် ပါပါတယ်၊
ဒီ ဒုတိယဆင်ခြင်တဲ့ ဝီထိပြီးတော့ ဘဝင်စိတ်တွေဖြစ်ပြီး တတိယတစ်ဖန် ဆင်ခြင်စဉ်းစားတဲ့ ဝီထိ ဆက်ဖြစ်ပြန်ပါတယ်၊ အဲဒီတစ်ဖန် ပြန်ဆင်ခြင်တဲ့ ဝီထိ ကျတော့ ပုံသဏ္ဌာန် ပေါ်လာတယ်တဲ့၊ လူ့သဏ္ဌာန်၊ ယောက်ျား သဏ္ဌာန်၊ မိန်းမ သဏ္ဌာန်၊ အထည်ဝတ္ထု သဏ္ဌာန်ဒြပ် ပေါ်လာတယ်တဲ့၊ အဲဒါကို လင်္ကာလေးက “သဏ္ဌာန်ဒြပ်၊ ပညတ်ပေါ်လာ” လို့ ဆိုထားပါတယ်၊ သူလည်း မနောဒွါရ ဝီထိပဲ၊
ဘဝင်ခြားပြီးနောက် စတုတ္ထဆင်ခြင်တဲ့ ဝီထိကျတော့ ဘာပေါ်လာတုန်း ဆိုတော့ အမည်နာမပညတ် ပေါ်လာတယ်၊ ဒီလူက မောင်ဖြူပဲ၊ ဒီမိန်းမက မညိုပဲ စတဲ့ အရင်က မှည့်ထားလို့ သိနေတဲ့ အမည် တစ်ခုခုပေါ့၊ “မည်နာမ သိရ နောက်ဆုံးမှာ” တဲ့၊ အဲဒါ နောက်ဆုံး အမည်နာမ ပေါ်လာတဲ့ နောက်ဆုံး ဝီထိပါပဲ၊ အဲဒါလည်း မနောဒွါရဝီထိ ပါပဲ၊ “ဆင်ခြင်ပြီးကာ၊ ဇောတဒါ၊ ကြံရာစိတ်ဖြစ်ပုံ” ဒီလင်္ကာလေးက မနောဒွါရ ၃-ဝီထိစလုံး နောက်က အကုန်လိုက်ပြီး ပါရမယ်၊ အဲဒါ ဝီထိစိတ်တွေနဲ့ သိရိုးသိစဉ် သိနေတာတဲ့၊ လင်္ကာကို ဆိုရမယ်။
“ထင်ဆဲဆင်းဓါတ်, မြင်လတ်ဦးစွာ၊
မြင်ပြီးတရား, စဉ်းစားပြန်ရာ၊
သဏ္ဌာန်ဒြပ်, ပညတ်ပေါ်လာ၊
မည်နာမ သိရ နောက်ဆုံးမှာ။” (ဆို ၃-ခေါက်၊)
အဲဒါဟာ မြင်ဝီထိအတွက်ပါပဲ၊ မြင်ဝီထိပြီးရင် နောက်က မနောဒွါရဝီထိ သုံးဝီထိ ရောက်လာတယ်၊ မြင်ပြီးတရားကို ပြန်စဉ်းစားတာက တစ်ဝီထိ သဏ္ဌာန်ဒြပ် ပေါ်လာတာက တစ်ဝီထိ၊ အမည်နာမ ပေါ်လာတာက တစ်ဝီထိ၊ အဲဒီ သုံးဝီထိပါပဲ၊ မြင်ပြီးပြီးချင်း မြင်တယ် မြင်တယ်လို့ ရှုမှတ်နိုင်ရင် “ထင်ဆဲဆင်းဓါတ်၊ မြင်လတ် စစွာ”ဆိုတဲ့အတိုင်း မြင်ဝီထိဆုံးတာနဲ့ မြင်တယ် ရှုမှတ်လိုက်တော့ နောက်ထပ် စဉ်းစားတဲ့ ဝီထိတွေ မပေါ်လာတော့ဘူး၊ ပုံသဏ္ဌာန်ဒြပ်လည်း မပေါ်လာတော့ဘူး၊ အမည်နာမလည်း မပေါ်လာတော့ဘူး၊ မြင်ရုံမျှနဲ့ပဲ ပြီးသွားတယ်။
အဲဒီလို အသိစိတ် စင်ကြယ်အောင်လို့ လေ့ကျင့်နေရတာပဲ၊ မြင်ရင် မြင်တယ်၊ ကြားရင် ကြားတယ်၊ နံရင် နံတယ် စသည် ဒါလေးတွေကို ဒီလိုလေ့ကျင့် နေရတာ၊ ချက်ချင်း ချက်ချင်းသိပြီး ရှုမှတ်မိအောင် အားထုတ်ရတယ်၊ မြင်ပြီးပြီးချင်း မရှုမှတ်နိုင်ရင် မြင်ပြီးတဲ့တရားကို ပြန်စဉ်းစားတဲ့ ဝီထိတွေ ဖြစ်ပေါ်လာနိုင်တယ်တဲ့၊ မြင်ပြီးတရားကို စဉ်းစားတဲ့စိတ် ဆုံးတာနဲ့ တစ်ပြိုင်နက် မြင်တယ် မြင်တယ်လို့ ရှုမှတ်နိုင်လို့ရှိရင် ဒါဟာ ပရမတ်တွေကို ရှုမှတ်မိနေတာပါပဲ။
အဲဒီလို ၂-ဝီထိ ပြီးပြီးခြင်း ရှုမှတ်နိုင်ရင်တော့ သဏ္ဌာန်ဒြပ် စသည် မပေါ်လာတော့ဘူး၊ ဒီလိုမှ မရှုမှတ်နိုင်ရင်တော့ သဏ္ဌာန်ဒြပ် ပေါ်လာပြီတဲ့၊ ယောက်ျား ပုံသဏ္ဌာန်၊ မိန်းမ ပုံသဏ္ဌာန်၊ လှတယ်၊ မလှဘူး စသည်ပေါ့၊ ဒီလို ပေါ်လာရင် အဲဒီအခါမှာ ကိလေသာ တွေ ဖြစ်တော့မှာပဲ၊ နှစ်သက်စရာ အာရုံဆိုရင် နှစ်သက်သာယာတဲ့ တဏှာဖြစ်မယ်၊ မုန်းစရာ အာရုံဆိုရင် စိတ်ဆိုးတဲ့ ဒေါသတွေ ပေါ်လာမယ်၊ မဖြစ် မပေါ်အောင် မတတ်နိုင်တော့ဘူး၊ အဲဒီမရောက်ဘဲ စိတ်အစဉ် ပြတ်သွားအောင် ရှုမှတ်ရတာပဲ။
မြင်ပြီးရင် မြင်တယ်မှတ်၊ ကြားပြီးရင် ကြားတယ်မှတ်၊ “မြင်လျှင်မြင်ချင်း၊ လက်ငင်းမှတ်ရင်၊ မြင်ရုံတွင်ပဲ၊ ပြတ်စဲစိတ်စဉ်”တဲ့၊ မြင်ပြီးတာနဲ့ မြင်တယ်လို့ မှတ်လိုက်ရတယ်၊ ကြားပြီးတာနဲ့ ကြားတယ်လို့ မှတ်လိုက်ရတယ်၊ အဲဒီလို မှတ်လိုက်ရင် စိတ်စဉ် ပြတ်စဲသွားတယ်တဲ့၊ ရုပ်နာမ်က သူ့ဟာသူ ဖြစ်ပျက်သွားတာပဲ၊ ဒါတွေက ဘာတွေလဲဆိုတာ ဝိပဿနာဉာဏ်က ချက်ချင်းသိသွား ပါတယ်၊ ဒါတွေကို နားလည်ထားဖို့ လိုပါတယ်၊ ဒီလောက် နားလည်ထားတယ် ဆိုရင် တော်လောက်ပါပြီ။
ကြားရင်လည်း ဒီအတိုင်းပဲ “ကြားဆဲ အသံဓါတ်၊ ကြားလတ်ဦးစွာ၊ ကြားပြီး တရား၊ စဉ်းစားပြန်ရာ” တဲ့၊ ရှေးဦးစွာ ကြားတာဟာ ကြားဆဲ အသံပဲ၊ နားထဲကို ရောက်ရုံပဲ ရှိသေးတယ်၊ ကြားပြီးတယ် ဆိုရင် ပြန်ပြီးတော့ စဉ်းစားတယ်၊ ဒါပေမယ့်လို့ အသံဓါတ်ပဲ ရှိသေးတယ်၊ ပုံသဏ္ဌာန်ဒြပ်နဲ့ အမည်မာန မပေါ်သေးဘူး၊ အဲဒီလောက်နဲ့ ရပ်သွားလို့ရှိရင် ဟိုတွေး ဒီတွေး မဖြစ်တော့ဘူး၊ ကြားရုံနဲ့ ပြီးသွားတာပဲ၊ ဒီလို မရပ်ဘဲနဲ့ ဆက်လက် စဉ်းစားလို့ ရှိရင်တော့ ပုံသဏ္ဌာန်ဒြပ်ပေါ်လာပြီး ပုံသဏ္ဌာန်ဒြပ် ဆိုတာ ကျီးက အ,ခနဲ မြည်လို့ ကျီးသံကို ကြားတဲ့အခါမှာ အသံတင်မရပ်ဘဲ ကျီးအကောင်ကြီး ပေါ်လာတယ်၊ ဒီလောက်တင် မကသေးဘူး၊ သစ်ပင်ပေါ်က ဆိုပြီး ကျီးနားနေတဲ့ သစ်ပင်ကြီးပါ ပေါ်လာနိုင်တယ်၊ အဲဒါ ကျီးကိုမမြင်ဘဲနဲ့ ဆက်လက် စဉ်းစားလို့ ပုံသဏ္ဌာန်ဒြပ်တွေ ပေါ်လာတာပဲ၊ ကျီးဆိုတဲ့အမည်၊ သစ်ပင်ဆိုတဲ့အမည် တွေကလည်း ပေါ်လာတာပဲ၊ အဲဒီလို ပုံသဏ္ဌာန်တွေ မပေါ်ဘဲ၊ ကြားရင် ကြားတာလောက်နဲ့ ရပ်သွားအောင် ရှုမှတ်ရတယ်။
အသံကြားရာကနေ ဘင်္ဂဉာဏ် ရောက်သွားတယ်ဆိုရင် အဲဒီလို ပုံသဏ္ဌာန်ဒြပ်တွေ မပေါ်လာတော့ဘူး၊ ကြားပြီးရင် ကြားတာဟာ ပျောက်သွားတာပဲ၊ ကျီးဆိုတဲ့အမည်၊ သစ်ပင်ဆိုတဲ့ အမည်တွေလည်း မပေါ်လာတော့ဘူး၊ အဲဒီလို ပုံသဏ္ဌာန်တွေ မပေါ်ဘဲ ကြားရင် ကြားတာ လောက်နဲ့ ရပ်သွားအောင် ရှုမှတ်ရတယ်။
အဲဒီလို ရပ်ရပ် သွားအောင်လို့ မြင်တိုင်း, ကြားတိုင်း ရှုရတယ်တဲ့၊ နံသိတဲ့အခါ စသည်မှာလည်း ဒီအတိုင်းပါပဲ။
နှစ်မျိုးစလုံး ဖြစ်တာချည်းပဲ
ကုသိုလ်၏ အကျိုး ကုသလဝိပါက်လည်း ဒီလိုပဲ၊ အကုသိုလ်၏အကျိုး အကုသလ ဝိပါက်လည်း ဒီလိုပဲ၊ စက္ခုဝိညာဉ်, သောတဝိညာဉ်, ဃာနဝိညာဉ်, ဇိဝှာဝိညာဉ်, ကာယဝိညာဉ်တွေဟာ ဖြစ်တာချည်းပဲ၊ ဘာမှ မထူးဘူး၊ ဒီဝိညာဉ် တွေကတော့ အတူတူ ဖြစ်တာချည်းပဲ၊ ကောင်းတဲ့ အဆင်း မြင်ရတဲ့အခါ ကုသလဝိပါက် ကုသိုလ်၏အကျိုး၊ မကောင်းတဲ့အဆင်းကို မြင်ရတဲ့အခါ အကုသလဝိပါက် အကုသိုလ်၏အကျိုး ဒီလောက်သာ ထူးတယ်၊ ကြားတာ စသည်မှာလည်း ဒီအတိုင်း ချည်းပါပဲ၊ ကောင်း, မကောင်းကိုလိုက်ပြီး ကုသိုလ်, အကုသိုလ်အကျိုးပဲ ထူးတယ်၊ ကောင်းတာကိုလည်း မျက်စိထဲက မြင်တာပဲ၊ မကောင်းတာကိုလည်း မျက်စိထဲက မြင်တာပဲ၊ ကြားရာစသည်မှာလည်း ဒီအတိုင်း ကောင်း, မကောင်းလောက်သာ ထူးတယ်၊ မြင်တာကတော့ မြင်တာပဲ၊ ကြားတာကတော့ ကြားတာပဲ။
“ကောင်းတာကို မြင်လို့ရှိရင် ကုသိုလ်အကျိုးလား, အကုသိုလ်အကျိုးလား”
“ကုသိုလ်အကျိုးပါဘုရား”
“မကောင်းတာကို မြင်လို့ရှိရင်ကော”
“အကုသိုလ်၏ အကျိုးပါဘုရား”
အဲ ကြားတာ, နံတာ, စားတာ, တွေ့ထိတာ တွေလည်း ဒီအတိုင်းပါပဲ၊ ဒါတွေမြင်ဖို့, သိဖို့ပေါ့လေ၊ ကုသိုလ်အား ကောင်းတဲ့ ပုဂ္ဂိုလ်တွေ ကံကောင်းကြတာ ဖြစ်တော့ ကောင်းတာတွေကို မြင်ရ, ကြားရ, နံရ, စားရ, တွေ့ထိရတယ်၊ အကုသိုလ်အား ကောင်းတဲ့ ပုဂ္ဂိုလ်တွေ ဆိုရင်တော့လည်း မကောင်းတာတွေကို မြင်ရ, ကြားရ, နံရ, စားရ, တွေ့ထိရမှာပေါ့လေ၊ စက္ခုဆိုတာက မျက်စိ၊ ဝိညာဉ်ဆိုတာက သိတာ၊ မျက်စိက မြင်သိနေတယ်၊ သောတဆိုတာက နား၊ ဝိဉာဏ်ဆိုတာက သိတာ၊ နားက ကြားသိနေတယ်၊ ဃာနဆိုတာက နှာခေါင်း၊ ဝိညာဉ် ဆိုတာက သိတာ၊ ဇိဝှာဆိုတာက လျှာ၊ ဝိညာဉ်ဆိုတာက သိတာ၊ လျှာက စားသိနေတယ်၊ ကာယဆိုတာက ကိုယ်၊ ဝိညာဉ်ဆိုတာက သိတာ၊ ကိုယ်တွေ့သိနေတယ်၊ အဲဒါတွေ ငါးခုရှိနေတယ်၊ အဲဒီငါးခုကို ပဉ္စဝိညာဉ် ခေါ်တယ်၊ ပဉ္စဆိုတာက ငါးခု၊ ဝိညာဉ်ဆိုတာ သိတာပါပဲ၊ ကုသိုလ်၏ အကျိုး ပဉ္စဝိညာဉ်က ငါးခု၊ အကုသိုလ်၏ အကျိုး ပဉ္စဝိညာဉ်က ငါးခု၊ အဲဒီငါးနှစ်လီကို ပေါင်းပြီး တော့ ဒွေပဉ္စ ဝိညာဉ်လို့ ခေါ်တယ်၊ ဒွေပဉ္စဝိညာဉ် ၁၀-တဲ့။
ဒီ ပဉ္စဝိညာဉ် ဝီထိစိတ်စဉ်နဲ့ စပ်ပြီးတော့ စောစောကပဲ အဋ္ဌကထာလာ ဥပမာအတိုင်း တော်တော် ကျယ်ကျယ်ပြန့်ပြန့် ပြောပြီးခဲ့ပါပြီ၊ သရက်သီးကို ကောက်ယူစားတဲ့ ဥပမာနဲ့ပေါ့လေ၊ အဲဒါတွေကို ပြောပြီးခဲ့ပါပြီ၊ အခု ဒီမှာတော့ ယောဂီပုဂ္ဂိုလ်တွေ မှတ်ဖို့ မှတ်သင့် မှတ်ထိုက်တာတွေကို ပြောရမယ်။
ပဋိစ္စသပ္ပါဒ် ဆိုတာ ဒါပါပဲ
ပုဂ္ဂိုလ် သတ္တဝါတို့ သန္တာန်မှာ တကယ်ရှိတာက ရုပ်နဲ့နာမ် ၂-ပါး ရှိတယ်၊ အဲဒီ ရုပ်နာမ်တွေဟာ အကြောင်းအကျိုးတွေ ဆက်စပ်ပြီး ဖြစ်နေကြတာပဲ၊ ရုပ်တရား ဆိုတာ အာရုံမပြုတတ်တဲ့ အနာရမ္မဏိက တရားတွေ၊ နာမ်တရားတွေ ဆိုတာကတော့ အာရုံပြုတတ်တဲ့ အာရမ္မဏိက တရားတွေ၊ အဲဒါ စိတ်, စေတသိက်တွေပဲ၊ အခုပြောနေတဲ့ “ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာ” ဆိုတဲ့ ကုသိုလ်, အကုသိုလ်, အဗျာကတ တရားတွေပါပဲ၊ အဲဒါတွေဟာ အကြောင်းမဲ့ ဖြစ်နေကြတာ မဟုတ်ဘူး၊ သူ့အကြောင်းနဲ့သူ အကြောင်းအကျိုး စပ်ပြီးတော့ ဖြစ်နေ ကြတာ။
ယောဂီပုဂ္ဂိုလ်တွေ မြင်တိုင်း မြင်တိုင်း ရှုမှတ်နေကြရာမှာ မြင်တယ် ဆိုတာဟာ “မျက်စိ, အဆင်း, အလင်း, နှလုံးသွင်းမှု ဤလေးခုရှိမှ မြင်မှုဖြစ်တယ်”တဲ့၊ မြင်တယ် ဆိုလို့ရှိရင် မျက်စိမရှိဘဲနဲ့ မြင်ပါ့မလား။
“မမြင်ပါဘုရား”
“အဆင်းမရှိဘဲနဲ့လည်း မြင်နိုင်ပါ့မလား”
“မမြင်နိုင်ပါဘုရား”
“အလင်း မရှိဘဲနဲ့လည်း အမှောင်ထဲမှာ မြင်နိုင်ပါ့မလား”
“မမြင်နိုင်ပါဘုရား”
“နှလုံးမသွင်း ဂရုမပြုဘဲကော မြင်နိုင်ပါ့မလား”
“မမြင်နိုင်ပါ ဘုရား”။
အဲဒီအကြောင်းလေးခု ဆုံတော့မှ မြင်မှု ဖြစ်တာတဲ့၊ အကြောင်းလေးခု ဆုံလို့ မြင်မှုဖြစ်တော့ စက္ခုဝိညာဉ်စိတ်ရယ် နောက်ပြီးတော့ မြင်သိ စိတ်စဉ်တွေ အကုန်လုံး ပါပဲ၊ ဘဝင်ကတော့ ဖြစ်ရိုးဖြစ်စဉ် အတိုင်း သူက ဒါနဲ့မဆိုင်ပါဘူး၊ အဲ-ဆင်ခြင်တဲ့စိတ်, မြင်တဲ့စိတ်, လက်ခံတဲ့စိတ်, စုံစမ်းတဲ့စိတ်, ဆုံးဖြတ်တဲ့စိတ်, ဇောစိတ်, တဒါရုံစိတ်၊ အဲဒီမြင်စိတ်တွေပေါ့လေ၊ အဲဒီ မြင်ဝီထိစိတ်တွေ ဖြစ်ဖို့ရာ မျက်စိရှိရမယ်၊ မြင်စရာ အဆင်းရှိရမယ်၊ အလင်းရောင်ရှိရမယ်၊ အလင်းဆီကို နှလုံးသွင်းတဲ့ သဘောလေး လည်း ရှိရမယ်၊ အဲဒီလေးခုရှိမှ မြင်သိမှု ဖြစ်တယ်တဲ့။
မြင်တိုင်း မြင်တိုင်း မြင်တယ် မြင်တယ် မှတ်လို့ရှိရင် သမာဓိဉာဏ် ရင့်လာ တဲ့အခါကျတော့ မျက်စိရှိလို့လည်း မြင်တယ်၊ အဆင်းရှိလို့လည်း မြင်တယ်၊ အလင်းရောင် ရှိလို့လည်း မြင်တယ်၊ နှလုံးသွင်းမှု ရှိလို့လည်း မြင်တယ်၊ ဒီ အကြောင်းလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် ပိုင်းခြားသိတာဟာ ဉာတပရိညာဏ်တဲ့၊ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဒါပါပဲ၊ “စက္ခုံစ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” မျက်စိနဲ့ အဆင်းကို စွဲမှီအကြောင်းပြုပြီးတော့ စက္ခုဝိညာဉ်ဆိုတဲ့ အကျိုးဖြစ်ပေါ်လာရတယ်၊ ဒါဟာ ပဋိစ္စသမုပ္ပါဒ်ပါပဲ၊
တချို့က ပဋိစ္စသမုပ္ပါဒ်ကို စက်ဝိုင်းကြီးနဲ့ ချပြလို့ နားလည်မှ ပဋိစ္စသမုပ္ပါဒ်လို့ ထင်နေကြတယ်၊ ဒီလို မဟုတ်ပါဘူး၊ အကြောင်းနဲ့ အကျိုးဆက်သိရင် ဒါဟာ ပဋိစ္စသမုပ္ပါဒ်ကို သိတာပါပဲ၊ အဲဒါတွေ အလွဲသိပြီးတော့ ကိုယ့်ဂုဏ်ကိုမြှောက် သူတစ်ပါးတွေကို နှိမ့်ချပြီး ပြောတတ်ကြတယ်၊ အကုသိုလ် ဖြစ်တာပဲ၊ ပြီးတော့ တချို့က ပဋိစ္စသမုပ္ပါဒ်ကို မသိဘဲ တရားအားထုတ်ရင် မှားတယ်လို့ ပြောလိုပြော၊ သူတို့သိတာမှ ပဋိစ္စသမုပ္ပါဒ် ထင်မှတ်နေတယ်၊ ဘယ်ဒီလို ဟုတ်ပါ့မလဲ၊ ဖြစ်တိုင်း ဖြစ်တိုင်း ရှုမှတ်လို့ အကြောင်းနဲ့ အကျိုးကိုသိမှ ပဋိစ္စသမုပ္ပါဒ်ကိုသိတာ၊ စက်ဝိုင်းကြီး ချပြလို့သိတာက ကိုယ်ပိုင်သိ မဟုတ်ဘူး၊ သုတသိ သိတာ၊ အဲဒါက သုတမယ ဉာဏ်နဲ့သိတဲ့ သုတိသိ ခေါ်တယ်၊ အဲဒါလောက်နဲ့ ကိစ္စမပြီးဘူး။
ရှုမှတ်လို့သိမှ ကိုယ်ပိုင်သိ
ဘာဝနာမယဉာဏ်ဖြင့် ကိုယ်ပိုင်သိအောင် ဖြစ်တိုင်းဖြစ်တိုင်း သိအောင် ရှုမှတ်ရတယ်၊ ရှုတိုင်းရှုတိုင်း အကြောင်း အကျိုးတွေ ဆက်သိမှ ပဋိစ္စသမုပ္ပါဒ် အစစ်ကိုသိတာ၊ ပဋိစ္စသမုပ္ပါဒ်သိရင် တရားကိုသိတယ်၊ တရားကိုသိရင် ပဋိစ္စသမုပ္ပါဒ် သိတယ်ဆိုတာ ဒါကိုပြောတာပဲ၊ “ယော ဓမ္မံ ပဿတိ၊ သော ပဋိစ္စသမုပ္ပါဒံ ပဿတိ၊ ယော ပဋိစ္စသမုပ္ပါဒံ ပဿတိ၊ သော ဓမ္မံ ပဿတိ” တရားကို သိမြင်တဲ့ပုဂ္ဂိုလ်ဟာ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုး ကိုလည်း သိတယ်၊ အကြောင်းအကျိုးကို သိမြင်တဲ့ ပုဂ္ဂိုလ်ဟာ တရားကိုလည်းသိတယ်တဲ့။
ရှုမှတ်ပြီးတော့ တကယ် ဖြစ်ပေါ်နေတဲ့ တရားတွေကို အကြောင်းအကျိုး ဆက်ပြီးတော့ သဘောကျ သိသွားလို့ရှိရင် ဒါဟာ ပဋိစ္စသမုပ္ပါဒ်ကို ကိုယ်ပိုင်ဉာဏ်နဲ့ အစစ်အမှန်အတိုင်း သိမြင်တာပါပဲ၊ ကွေးချင်တဲ့ စိတ်ကြောင့် ကွေးရုပ်တွေ ဖြစ်ရတယ်၊ ဆန့်ချင်တဲ့ စိတ်ကြောင့် ဆန့်ရုပ်တွေ ဖြစ်ရတယ်၊ကွေးအောင် ဆန့်အောင် ဘယ်သူကမှ လုပ်မပေးဘူး၊ လုပ်ပေးတဲ့ ပုဂ္ဂိုလ် မရှိဘူး၊ အကြောင်းနဲ့ အကျိုးပဲရှိတယ်၊ ဒီလို သဘောကျပြီးတော့ သိနေတာဟာ ပဋိစ္စသမုပ္ပါဒ်ကို သိနေတာပါပဲ၊ ဆောင်ပုဒ်လေးကို ဆိုကြဦးစို့ -
“မျက်စိ, အဆင်း, အလင်း, နှလုံးသွင်းမှု၊ ဤလေးခု ရှိမှ မြင်သိမှု ဖြစ်သည်”
(ဆို ၃-ခေါက်)
“မြင်သိမှုဖြစ်ရန် အကြောင်း ဘယ်နှစ်ခု ရှိတုန်း။
“လေးခုပါဘုရား”
လေးခုရှိတယ်နော်၊ အဲဒီလေးခု ညီညွတ်မှ မြင်သိမှု ဖြစ်တယ်၊ ဒီအထဲက တစ်ခုခု မရှိဘူးဆိုရင် မြင်သိမှု မဖြစ်တော့ဘူး၊ မျက်စိ မရှိရင်လည်း မမြင်နိုင်ဘူး၊ အဆင်း မရှိရင်လည်း မမြင်နိုင်ဘူး၊ မျက်စိနဲ့ အဆင်း ရှိနေပေမယ့် အလင်း မရှိရင်လည်း မမြင်နိုင်ဘူး၊ အဲဒါတွေအားလုံး ရှိပေမယ့် အဆင်းဆီကို ကိုယ်က နှလုံး မသွင်းဘဲ ဒီပြင်ဟာတွေကို နှလုံးသွင်းပြီးတော့ စဉ်းစား တွေးတော နေမယ် ဆိုရင်လည်း မမြင်နိုင်ဘူး၊ အဲဒါ မျက်စိ, အဆင်း, အလင်း, နှလုံးသွင်းမှု ဤလေးခုရှိမှ မြင်သိမှု ဖြစ်တယ်၊ ဒါက ယောဂီပုဂ္ဂိုလ်တွေ ရှုရင်း ရှုရင်းနဲ့ သိနေတာပဲ။
ပြီးတော့ နားရယ်၊ အသံရယ်၊ အာကာသ တဲ့၊ နားနဲ့ အသံကတော့ မျက်စိနဲ့ အဆင်း လိုပဲ၊ အလင်း နေရာမှာတော့ ဒီမှာ အာကာသ ဝင်လာတယ်၊ အာကာသ ဆိုတာ ဟိုအထက် ကောင်းကင်ကြီးကို ပြောတာမဟုတ်ဘူး၊ ဟင်းလင်းပြင် ကိုပြောတာ၊ နားနဲ့အသံ ရှိနေပေမယ့် နားနဲ့အသံ အကြားမှာ ဟင်းလင်းပြင် အကြားအပေါက် မရှိရင် မကြားရဘူး၊ နားနဲ့အသံကြားမှာ ဟင်းလင်းပြင် အာကာသဆိုတာ ရှိပါမှ နားက အသံကို ကြားနိုင်တယ်၊ ဒီမှာ နားအသံ ဟင်းလင်းလို့ ရှိနေတယ်၊ တယ်နေရာ မကျတာနဲ့ အာကာသအမည်နဲ့ သုံးလိုက်ရတယ်၊ အာကာသ ဆိုလည်းပဲ နားလည် သဘောပေါက်မှာပါပဲ၊ နှလုံးသွင်းရှိဖို့လည်း လိုပါတယ်၊ နှလုံးသွင်းမှု မရှိရင်လည်း အသံကို မကြားဘူး၊ တစ်ခါခါ စာပါရေးနေတဲ့ အခါဆိုရင် ဘေးနားက လာပြောတာတောင် မကြားဘူး၊ တစ်ခါတစ်ခါ နာရီ တီးတာလည်း မကြားလိုက်ဘူး၊ တရားမှတ်လို့ ကောင်းလို့ တရားကို နှလုံးသွင်းနေတဲ့အခါ အသံကို နှလုံးမသွင်းလို့ ဘေးက အသံတွေ ရှိနေပေမယ့် မကြားဘူး၊ အဲဒီလိုပဲ နှလုံးသွင်းမှု ကလည်း အရေးကြီးတယ်၊ အဲဒါ ဆိုရမယ်။
“နား၊ အသံ၊ အာကာသ၊ နှလုံးသွင်းမှု - ဤလေးခုရှိမှ ကြားသိမှု ဖြစ်သည်”
(ဆို ၃-ခေါက်)
“ကြားသိမှုဖြစ်ရာမှာ အကြောင်းဘယ်နှစ်ခုရှိတုံး”
“လေးခု ရှိပါတယ်ဘုရား”
အဲဒီ အကြောင်း လေးခုစလုံး ပြည့်စုံမှ နားက အသံကို ကြားသိတယ်၊ အဲဒီအကြောင်း လေးခုထဲက တစ်ခုခု လိုနေရင် ကြားသိမှု မဖြစ်နိုင်တော့ဘူး၊ နားလေးနေတဲ့ ပုဂ္ဂိုလ်တွေ၊ နားလုံးလုံး ပျက်နေတဲ့ ပုဂ္ဂိုလ်တွေ ဆိုရင် ဘာမှ မကြားရဘူး၊ အသံမရှိရင် ကြားလို့မဖြစ်ဘူး၊ နည်းနည်းလောက်မှ အပေါက်အကြား အာကာသ မရှိရင်လည်း မကြားရဘူး၊ ဂရုစိုက်ပြီး နှလုံးသွင်းမှု မရှိရင်လည်း မကြားရဘူး။
အနံ့ နံရာမှာလည်း အကြောင်း အင်္ဂါတွေ ရှိတာပါပဲ၊ “နှာခေါင်း အနံ့ ဆောင်လေ နှလုံးသွင်းမှု - ဤလေးခုရှိမှ နံသိမှု ဖြစ်သည်” တဲ့၊ နှာခေါင်းလည်းရှိမှ အနံ့လည်းရှိမှ အနံ့မရှိရင်လည်း မနံနိုင်ဘူး၊ နှာခေါင်းမရှိရင်လည်း မနံနိုင်ဘူး၊ နှာခေါင်းမရှိတဲ့ ပုဂ္ဂိုလ်ကတော့ ရှားပါတယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့ အနှစ် ၃၀-ကျော် ၄၀လောက်တုန်းက ကိုယ်တော်တစ်ပါး တွေ့ရဖူးတယ်၊ အရင်ကလည်း ပြောခဲ့ဖူးပါပြီ၊ ရွှေဘိုနယ်ပါပဲ၊ ဆိပ်ခွန်ကတော့ မဟုတ်ဘူး၊ ဘုန်းကြီးတို့နေတဲ့ ဆိပ်ခွန်ကျောင်းမှာပဲ လာပြီးတော့ နေပါတယ်၊ ဦးပဉ္စင်းပါပဲ၊ ဘုန်းကြီးတို့ထက် အများကြီး ငယ်ပါတယ်၊ အဲဒီ ကိုယ်တော် တစ်ပါးဟာ သူ့မှာ အနံ့မနံဘဲ ဖြစ်နေတယ်၊ သူ့အစ်ကိုတွေက သူအနံ့ နံအောင် ဆိုပြီးတော့ သူ့ခေါင်းအုံးနားမှာ ရေမွှေးတွေ ဆွတ်ဖျန်း ထားတာတောင် ဘာမျှမနံဘူး၊ မွှေးလည်းမမွှေး ဘာနံ့မှလည်း မနံဘူးတဲ့၊ နှာခေါင်းပုံသဏ္ဌာန် ရှိပေမယ့် နံနိုင်တဲ့ နှာခေါင်း မရှိလို့ မနံတာပဲ၊ သိက္ခာဝါ လေးငါးဝါလောက်ပဲ ရှိပါသေးတယ်၊ သူ့မှာ နံနိုင်တဲ့ နှာခေါင်းမရှိတော့ ဘယ်လို အနံ့ရှိတဲ့ နေရာကိုပဲ သွားသွား မနံတော့ ဘူးပေါ့လေ။
နံသိဖို့ နေရာမှာ သယ်ဆောင်တဲ့ လေလည်း လိုပါတယ်၊ နှာခေါင်းထဲ ရောက်အောင် သယ်ဆောင်ပေးတဲ့ လေလည်း ရှိရဦးမယ်၊ လေက သယ်ဆောင် မပေးလို့ရှိရင် အနံ့ဟာ နှာခေါင်းထဲကို မရောက်နိုင်ဘူး၊ အနံ့ရှိနေပေမယ့် နှာခေါင်းထဲ ရောက်မှသာ နှာခေါင်းက အနံ့ကို နံသိနိုင်တယ်၊ ပြီးတော့ နှလုံးသွင်းလည်း ရှိပါမှပဲ၊ နှလုံးသွင်းမှု မရှိရင် မနံနိုင်ပါဘူး၊ ဒီပြင် အာရုံ တစ်ခုခုကို စူးစိုက်နေလို့ နှလုံးမသွင်းမိရင် အနံ့နံတယ်လို့ မသိပါဘူး၊ ဒါကိုလည်း ဆိုကြမယ်။
“နှာခေါင်း, အနံ့, သယ်ဆောင်လေ, နှလုံးသွင်းမှု, ဤလေးခုရှိမှ နံသိမှုဖြစ်သည်”
(ဆို ၃-ခေါက်)
ဒါက နံသိမှု ဖြစ်တဲ့အခါ ဒီလို အကြောင်းတွေ ရှိတယ်ဆိုတာ သိဖို့ပါပဲ၊ ဒီ နံသိမှုက ဃာနဝိညာဉ်တဲ့၊ သူ့အကြောင်းနဲ့သူ ရှိရတယ်။
“ဃာနဝိညာဉ်ဟာ အကြောင်း ဘယ်နှစ်ပါးရှိမှ ဖြစ်သလဲ”
“လေးပါးရှိမှ ဖြစ်ပါတယ်ဘုရား”
ဆောင်ပုဒ်ကလေးအတိုင်း လေးပါးရှိတယ် ဆိုတာ မှတ်ထားကြရမယ်၊ အကြောင်းမဲ့ ဖြစ်တာ မဟုတ်ဘူး၊ အကျိုးရယ်လို့ ဖြစ်ပေါ်လာရင် အကြောင်းဆိုတာ ရှိတာချည်းပဲ။
စားသိမှု ဆိုတာကလည်း လျှာမကောင်းရင် အရသာကို မသိနိုင်ဘူး၊ လျှာမကောင်းတဲ့ ပုဂ္ဂိုလ်ကတော့ အင်မတန် ရှားပါတယ်၊တစ်ခါတစ်ရံ လျှာပျက် နေတာကတော့ ရှိပါတယ်။ လုံးလုံး မကောင်းတာကတော့ မရှိသလောက်ပါပဲ၊ အရသာလည်း ရှိမှ အဲဒီ အရသာကလည်း လျှာပေါ်ကို ရောက်လာပါမှပြီးတော့ အစိုရည်လေးလည်း ရှိမှ လျှာက အစိုရည်နဲ့ ရောသွားရမယ်၊ အစိုရည် မရှိဘဲ ခြောက်နေတဲ့ဟာ ဆိုရင်တော့ အရသာမပေါ်ဘူး၊ အရသာကလည်း အစိုရည်ရှိလို့ လျှာကအစိုရည်နဲ့ ရောမိပြီဆိုရင် အဲဒါ အရသာ ပေါ်လာနိုင်ပါတယ်၊ နှလုံးသွင်း ကတော့ ရှိရမှာပဲ၊ မရှိလို့ မဖြစ်ဘူး၊ ဒါကိုလည်း ဆိုကြမယ်။
“လျှာ, အရသာ, အစိုအရည်, နှလုံးသွင်းမှု၊ ဤလေးခုရှိမှ အရသာသိမှု ဖြစ်သည်”
(ဆို ၃-ခေါက်)
နောက်ပြီးတော့ ကိုယ်က အတွေ့အထိတဲ့၊ သူကလည်းပဲ အကြောင်းလေးပါး ဆုံမှ ဖြစ်တယ်၊ ဒါက ကိုယ်အကြည်တဲ့၊ ကိုယ်ဆိုရင် အကောင်အထည်ကြီး မှတ်နေမှာ စိုးလို့ အကြည်လေး ထည့်လိုက် ရသေးတယ်၊ ဒီပြင် ဆိုခဲ့တာတွေလည်း အကြည်တွေ ချည်းပါပဲ၊ မျက်စိအကြည်၊ နားအကြည်၊ နှာခေါင်းအကြည်၊ လျှာအကြည် အဲဒါတွေလည်း အကြည်တွေချည်းပါပဲ၊ အဲဒါတွေကတော့ မျက်စိစသည် ဆိုလိုက်ရင် သဘောပေါက်တယ်၊ နားလည်တယ်၊ ကိုယ်ကျတော့ အကောင်ကြီး လိုက်မှတ် နေမှာစိုးလို့ ကိုယ်အကြည်လို့ ထည့်ပြောလိုက်ရတယ်၊ ကာယပသာဒရုပ် အကြည် လေးတွေဆိုတာ နေရာတကာမှာ ရှိတယ်၊ အဲဒါကို မျက်စိနဲ့ မမြင်ကောင်းပါဘူး၊ အင်မတန် သိမ်မွေ့တဲ့ သဘောလေးတွေပါပဲ၊ တစ်ကိုယ်လုံး အနှံ့အပြား နေရာတိုင်းမှာ ရှိတယ်၊ အတွင်းရော၊ အပြင်ရော၊ အကြောရော၊ အသားရော၊ တစ်ကိုယ်လုံးပါပဲ၊ ဆေးဘက်က ဆရာဝန်တွေ ကတော့ အတွေ့အထိကို သိတဲ့ အာရုံကြောလေး ဆိုတာ ရှိတယ်၊ အဲဒီအာရုံကြော တလျှောက်မှာ ကိုယ်ရုပ်အကြည်တွေ ပျံ့နှံ့ပြီးတော့ တည်နေတယ်လို့ ဒီလိုဆိုရမှာပဲ၊
ထိစရာလည်း ရှိမှတဲ့၊ ထိစရာ မရှိရင်လည်း မသိနိုင်ဘူး၊ အမာခံလေးလည်း ရှိမယ်၊ အဲဒါ ပထဝီဓာတ် ခေါ်တယ်၊ ပထဝီဓာတ် အမာခံကလေးက ကိုယ်အကြည်ရဲ့ တည်ရာဖြစ်တဲ့ အမာခံ ကလေးပေါ့လေ၊ ပြီးတော့ နှလုံးသွင်းမှုလည်း ရှိရမှာပဲ၊ ကိုယ်အကြည်ရုပ် မရှိတဲ့ နေရာတွေ ဆိုတာလည်း ရှိသေးတယ်၊ အဲဒါကတော့ အသားအရေ ခြောက်နေတဲ့ နေရာတွေ လက်သည်းဖျား ခြေသည်းဖျားတွေ ထုံကျဉ်နေတဲ့ နေရာတွေ၊ အဲဒီ နေရာတွေမှာ ထိပေမယ်လို့ မသိနိုင်ဘူး၊ နှလုံးသွင်းမှု ဆိုတာကတော့ ရှိရမှာချည်းပဲ၊ ထိပေမယ်လို့ နှလုံးသွင်းမှု မရှိရင်လည်း မသိနိုင်ပါဘူး၊ မြင်တာ ကြားတာတွေကို အာရုံစူးစိုက်နေလို့ နှလုံးမသွင်းမိရင် ထိပေမယ်လို့လည်း မသိနိုင်ဘူး၊ အဲဒါကြောင့် ကိုယ်အကြည်ထိစရာ အမာခံ နှလုံးသွင်းမှု ဤလေးခုရှိမှ ထိသိမှု ဖြစ်တယ်၊ ကိုင်း - ဆိုကြရမယ်။
“ကိုယ်အကြည်, ထိစရာ, အမာခံ, နှလုံးသွင်းမှု၊ ဤလေးခုရှိမှ ထိသိမှု ဖြစ်သည်”
(ဆို ၃-ခေါက်)
အဲဒီမှာ ထိစရာ ဆိုတာက သုံးမျိုး ရှိတယ်၊ ပထဝီဓာတ်က တစ်မျိုး၊ တေဇောဓာတ်က တစ်မျိုး၊ ဝါယောဓာတ်က တစ်မျိုး၊ အဲဒီသုံးမျိုးပါပဲ၊ ပထဝီဖောဋ္ဌဗ္ဗ တေဇောဖောဋ္ဌဗ္ဗ ဝါယောဖောဋ္ဌဗ္ဗ - လို့လည်းခေါ်တယ်၊ ပထဝီဓာတ် ဆိုတာကိုလည်း နှစ်မျိုး ခွဲခြားထားသေးတယ်၊ ခက်မာပထဝီ နူးညံ့ပထဝီတဲ့၊ ဒီလို နှစ်မျိုးခွဲခြား ထားတယ်၊ နူးညံ့တာကို ထောက်ရင် သူ့ထက် ကြမ်းတမ်းတာကို ခက်မာပထဝီလို့ ဆိုရတယ်၊ ကြမ်းတမ်းတာကို ထောက်ပြီးတော့လည်း သူ့ထက် နူးညံ့တာကို နူးညံ့ပထဝီလို့ ဆိုရတယ်၊ သူတို့နှစ်မျိုးကတော့ အရင်းပိုင်း အဖျားပိုင်းလိုပါပဲ၊ ဒါကြောင့် နူးညံ့တာလည်း ပထဝီဓာတ်၊ ကြမ်းတမ်းတာလည်း ပထဝီဓာတ်ပဲ။
ခုတင်ကို စမ်းကြည့်ရင် တွေ့ရတာဟာ ကြမ်းတမ်းတဲ့သဘော အမာခံ သဘောတွေပဲ များတယ်၊ ဒါကြောင့် သူ့ကို ခက်မာပထဝီလို့ ခေါ်တယ်၊ ကောဋ္ဌာသထဲက ဆံပင်၊ မွေးညင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ခြင်ဆီ၊ အညှို့၊ နှလုံး၊ အသည်း၊ အမြှေး၊ အပြင်၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်တိုင်အောင် အားလုံး ၂၀-ရှိပါတယ်၊ အဲဒါ ပထဝီ ကောဋ္ဌာသတွေ တဲ့၊ အဲဒီထဲမှာ ခက်မာကြမ်းတမ်းတဲ့ သဘောတွေရှိတာပဲ၊ နူးညံ့ တာတွေလည်း ရှိတာပဲ။
ကတ္တီပါတို့၊ ဝါဂွမ်းတို့ အဲဒါတွေကတော့ နူးညံ့ပထဝီတွေ၊ ဒါလည်းပဲ နူးညံ့တယ် ဆိုပေမယ်လို့ မျက်လုံးထဲ သွားထိလိုက်မယ် ဆိုရင်တော့ သူလည်း ကြမ်းတမ်းတာပဲ၊ ဒါကြောင့် ပထဝီဓာတ် ဆိုတာ ခက်မာကြမ်းတမ်းတဲ့သဘော နူးညံ့တဲ့သဘော - တဲ့။
တေဇောဓာတ် ဆိုတာကတော့ ပူမှု အေးမှုပါပဲ၊ ပူလောင်တာလည်း သူပဲ၊ အေးတာလည်း သူပဲ၊ အေးတာကို ထောက်ဆပြီး သူ့ထက် ပူတာကို ပူတယ်၊ ပူတာကို ထောက်ဆပြီး သူ့ထက် အေးတာကို အေးတယ်လို့ ဆိုရတာပဲ၊ အဲဒါ ဘယ်နေရာမှာ ထင်ရှားတုန်း ဆိုတော့ ရေမှာ ထင်ရှားပါတယ်၊ ပကတိရေ ဆိုရင် အေးတယ်၊ သောက်ရေအိုးထဲက ရေဆိုရင် ပိုပြီးတောင် အေးသေးတယ်၊ သောက်ရေအိုးထဲကရေနဲ့ အပြင်ကရေကို နှိုင်းစာကြည့်ရင် အပြင်ရေက နည်းနည်း နွေးတယ်၊ မနှိုင်းမစာဘဲ သူ့ချည်း ဆိုရင်တော့ အေးတယ်လို့ ဆိုရမှာပဲ၊ သောက်ရေအိုး ထဲက ရေနဲ့ နှိုင်းစာလိုက်တော့ အပြင်ရေက ပူတယ်၊ ဒါကြောင့် ပူတယ်၊ အေးတယ်ဆိုတာ သဘောအားဖြင့်တော့ အတူတူပဲတဲ့၊ နောက်ပြီးတော့ သောက်ရေအိုးထဲကရေ အေးတယ် ဆိုပေမယ်လို့ ရေခဲရေနဲ့ စာလိုက်ပြန်တော့ ရေခဲရေက ပိုအေးတယ်၊ သောက်ရေထဲက ရေက နွေးပြန်တယ်၊ ရေခဲရေကို ကိုင်မိလို့ လက်အေးနေရင် ပကတိရေတစ်ခုခုနဲ့ အမြန်ဆေးချ လိုက်တဲ့အခါ ချက်ချင်းနွေးသွားတာပဲ၊ ဒါကြောင့် အပူအအေး ဟူသမျှ တေဇောဓာတ်ချည်းပါပဲ။
ဝါယောဓာတ် ဆိုတာကတော့ ထောက်ကန်ခြင်း၊ တွန်းကန်ခြင်း၊ တောင့်တခြင်း၊ လှုပ်ရှားခြင်း သဘောရှိတယ်တဲ့၊ ကိုယ်ထဲမှာ တောင့်တာ တင်းတာ လှုပ်ရှားတာတွေကို တွေ့ရတယ်၊ အဲဒါ ဝါယောဓါတ် အတွေ့အထိပါပဲ၊ ဖောင်းတယ် ပိန်တယ် ဒီလို မှတ်တဲ့အခါမှာ ဗိုက်ထဲက တောင့်တာ တင်းတာ တွန်းကန် လှုပ်ရှားတာတွေ အဲဒါ အားလုံး ဝါယောဓာတ် တွေပါပဲ၊ ထိုင်တယ် ထိုင်တယ်လို့ မှတ်တဲ့အခါမှာလည်း ကိုယ်ကြီးကော့ပြီး တော့နေတာ အဲဒါဟာလည်း ဝါယောဓာတ်ပါပဲ၊ ဘောလုံးတို့မှ လေခေါင်းအုံးတို့ ဒီလို တောင့်တင်းနေတာတွေ တော်တော် ရှိပါတယ်၊ အဲဒါတွေအားလုံး ဝါယောဓာတ်ချည်းပါပဲ၊ ဒီတော့ တွေ့ထိစရာဆိုတာ ခက်မာတဲ့ သဘော၊ ကြမ်းတမ်းတဲ့ သဘော၊ နူးညံ့တဲ့ သဘော ပထဝီဓာတ် တစ်မျိုး၊ နွေးတာအေးတာ ဒီလို သဘောရှိတဲ့ တေဇောဓာတ်က တစ်မျိုး၊ တောင့်တင်းတာ တွန်းကန်တာ လှုပ်ရှားတာ ဒီလိုသဘောရှိတဲ့ ဝါယောဓာတ်က တစ်မျိုး၊ ကိုယ်ထဲမှာပဲဖြစ်ဖြစ် အပြင်ဘက်မှာပဲဖြစ်ဖြစ် အဲဒီတွေ့ထိစရာတွေကို သိရမယ်တဲ့၊ အမာခံ ဆိုတာကတော့ ကိုယ်အကြည်ရုပ်ရဲ့ တည်ရာ အမာခံပထဝီဓာတ်ပဲ၊ ဒါကတော့ မရှိဘဲ မနေဘူး၊ ရှိတာပဲ “ကိုယ်အကြည်, ထိစရာ, အမာခံ, နှလုံးသွင်းမှု ဤလေးခုရှိမှ ထိသိမှုဖြစ်သည်” တဲ့၊ ထိသိမှု နေရာမှာလည်း ဒီလေးခု ရှိမှ ထိသိမှုဖြစ်နိုင်ပါတယ်။
ကြံသိမှု ဖြစ်ပုံ
နောက်ပြီးတော့ စိတ်ကူး ကြံစည်မှုတဲ့၊ စိတ်ကူး ကြံစည်မှု ကျတော့လည်းပဲ အကြောင်းလေးပါး ပဲတဲ့၊ ဘာတွေတုန်း ဆိုလို့ရှိရင် “ဘဝင်စိတ်, ထင်ပေါ်သည့်အာရုံ, မှီရာရုပ်, နှလုံးသွင်းမှု ဤလေးခုရှိမှ ကြံသိမှုဖြစ်တယ်” တဲ့၊ အဲဒီ လေးခုပါပဲ၊ အဲ ဘဝင်စိတ်ဆိုတော့ မန - လို့ ခေါ်တယ်၊ ဝီထိစိတ် ဖြစ်ရာမို့လို့ မနောဒွါရ လို့လည်း ခေါ်တယ်၊ ဘဝင်စိတ် ဆိုတာ ရှိတာချည်းပဲ၊ ပုဂ္ဂိုလ်တိုင်းမှာပဲ ဒီဘဝင်စိတ်က ရှိရတယ်၊ သူမရှိလို့ မဖြစ်ဘူး၊ ဒါပေမယ့် သူ့ဟာသူ အိပ်မောကျသလို အစဉ်မပြတ် ဖြစ်နေတဲ့ ဘဝင်ဆိုရင် ကြံသိမှု ဖြစ်ခြင်းရဲ့ အကြောင်း မဟုတ်ဘူး၊ သူကတော့ အားနည်းနေတယ်လို့ ဆိုတယ်၊
ပဋိသန္ဓေစိတ်က အာရုံပြုတဲ့ကံ ကမ္မနိမိတ်၊ ဂတိနိမိတ် အာရုံတစ်ခုခုကို အာရုံပြုပြီး တော့ ငြိမ်သက်နေတာပဲ၊ အဲ သူက အားနည်းတယ်တဲ့၊ ယခု လောလောဆယ် ဖြစ်နေတဲ့ အာရုံတွေကို ယူနိုင်လောက်အောင် အားမရှိဘူး၊ အားမပေး နိုင်ဘူးတဲ့၊ အခု ဘဝင်စိတ် ကတော့ အခုပေါ်လာတဲ့ အာရုံကို ဆင်ခြင်နိုင် လောက်အောင် အားရှိလာတဲ့ ဘဝင်စိတ်တဲ့၊ အဲဒါ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ ဆိုတဲ့ ဘဝင်တွေပါပဲ၊ ကြံသိစိတ် ဖြစ်တော့မယ် ဆိုရင် လှုပ်သလိုလို ဖြစ်လာတဲ့ ဘဝင်ရယ်၊ နောက်ဘဝင် တစ်ခုက နောက်ထပ် ဘဝင်အစဉ် ဖြစ်ခွင့်မပေးဘဲ ဘဝင်အစဉ်ကို ဖြတ်ပစ်တဲ့ ဘဝင်ရယ်၊ အဲဒီဘဝင် တွေကမှ ကြံသိစိတ် ဖြစ်ခြင်းရဲ့ အကြောင်းတဲ့၊ အဲဒီ ဘဝင်တွေက နေပြီးတော့ ကြံသိစိတ်တွေ ဖြစ်လာတယ်၊ ဒီမှာ ဘဝင်စိတ် ဆိုတာဟာ အဲဒီ ဘဝင်စိတ်တွေကို ဆိုတာပဲ၊ ထင်ပေါ်သည့် အာရုံ ဆိုတာကတော့ မြင်ပြီးသား အာရုံလည်း ပေါ်နိုင်တယ်၊ ကြားပြီးသား အာရုံလည်း ပေါ်နိုင်တယ်၊ နံပြီးသား, စားပြီးသား, တွေ့ထိပြီးသား အာရုံ၊ အဲဒီ အာရုံတွေလည်း ပေါ်နိုင်တာပဲ၊ ဒီပြင် အလွတ်လည်းပဲ စိတ်ကူး ကြံစည်ပြီး ရလာတဲ့ အာရုံတွေ အမျိုးမျိုးပေါ့၊ ပရမတ်ရော၊ ပညတ်ရော စုံလို့ပေါ့၊ စိတ်ကူး ကြံစည်တာထဲ ပေါ်လာတဲ့ အာရုံတွေကတော့ ပြည့်လို့ပါပဲ၊
ပြီးတော့ မှီရာရုပ်တဲ့၊ စိတ်ကူးစဉ်းစား ကြံစည်တဲ့ စိတ်ကလည်းပဲ ရုပ်ကိုမှီပြီးတော့ ဖြစ်တယ်တဲ့၊ အဋ္ဌကထာ ဆရာများက ဟဒယ ဝတ္ထုရုပ်ကို မှီတယ်လို့ ဆိုပါတယ်၊ ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ သူက မှီရာရုပ်ပဲ၊ ဒီမှာ သာမညပဲ ထားလိုက်ပါတော့၊ ငြင်းစရာ မရှိအောင် ဘုန်းကြီးက ဒီလောက်ပဲ ထားလိုက်ပါတယ်၊ မှီရာရုပ် ရှိမှလည်း စိတ်ကူးကြံစည်မှု ဖြစ်တယ်၊ ရုပ်မရှိရင် စိတ်ကူးကြံစည်မှု မဖြစ်နိုင်ဘူး၊ ပြီးတော့ နှလုံးသွင်းမှုတဲ့၊ နှလုံးသွင်းမှုက ဆင်ခြင်မှုလေး ပါပဲ၊ “နှလုံးသွင်းမှု ဤလေးခုရှိမှ ကြံသိမှုဖြစ်တယ်” ကိုင်းဆိုရမယ်။
“ဘဝင်စိတ် ထင်ပေါ်သည့်အာရုံ, မှီရာရုပ်, နှလုံးသွင်းမှု၊ ဤလေးခုရှိမှ ကြံသိမှု ဖြစ်သည်” (ဆို ၃-ခေါက်)
စဉ်းစားကြံစည်မှု ဖြစ်တဲ့အခါ အကြောင်းဘယ်နှစ်ခု ရှိတုန်းဆိုရင် လေးခုရှိတယ်၊ ဘာတွေတုန်း ဆိုရင် ဘဝင်စိတ်က တစ်ခု၊ ဘဝင်စိတ်ဆိုတာ လှုပ်ရှားလာတဲ့ ဘဝင်ကို ပြောတာ၊ ရိုးရိုး အိပ်မောကျနေတဲ့ ဘဝင်ကို ပြောတာမဟုတ်ဘူး၊ အိပ်မောကျ နေတဲ့အခါ အာရုံမပေါ်ဘူး၊ နိုးတဲ့အခါမှသာ အာရုံ ထင်ပေါ်တယ်လို့ ဆိုတယ်၊ ဒါလည်းနားလည်ဖို့ မလွယ်လှပါဘူး၊ စာထဲပေထဲပါလို့ အဲဒီအတိုင်း ထင်ပေါ်တယ်လို့ ပြောရတာပဲ၊ မျက်စိထဲ အဆင်း ထင်ပေါ်တာတို့၊ နားထဲ အသံထင်ပေါ် တာတို့ ဒါတွေကတော့ ထင်ရှားတယ်၊ ဘဝင်စိတ်ပေါ်မှာ အာရုံ ထင်ပေါ်လာတယ် ဆိုတာ ကတော့ ကျမ်းဂန် အနေအားဖြင့်သာ မှတ်ထားရတယ်၊ ဒါကိုသိဖို့ရာ မလွယ်ပါဘူး၊ အာရုံဟာ စိတ်ကူးလိုက်ရင် ပေါ်လာတာချည်းပဲ၊ စိတ်မကူးရင် မပေါ်ဘူး၊ ဒါကတော့ ထင်ရှားပါတယ်၊ ပြီးတော့ မှီရာရုပ်တဲ့၊ အခု ကြံသိတဲ့စိတ်ရဲ့ မှီရာရုပ်ကို အဋ္ဌကထာ ဆရာက နှလုံးသွင်းရုပ်လို့ ဆိုတယ်။ နှလုံးသွေးထဲမှာ တည်နေတဲ့ရုပ်ဟာ မှီရာရုပ်တဲ့၊ မှီရာရုပ် နှလုံးသွင်းမှု ဤလေးခုရှိမှ ကြံသိမှု ဖြစ်တယ်။
အာရုံနဲ့ ဝိပါက်
ကုသိုလ်ကံကြောင့် အာရုံကောင်း တွေ့ပြီးတော့ အကျိုးဝိပါက် ဖြစ်ပေါ်လာရတယ်၊ အကုသိုလ်ကံကြောင့် မကောင်းတဲ့ အာရုံနဲ့ တွေ့ပြီးတော့ အကျိုးဝိပါက်စိတ် ဖြစ်ပေါ်လာရတယ်၊ ကောင်းရင် ကောင်းတဲ့အလိုက် မကောင်းရင် မကောင်းတဲ့ အလိုက် အကျိုးဝိပါက် ကတော့ ဖြစ်ပေါ်လာရတာ ချည်းပါပဲ၊ အဲဒါကို ဆိုကြရမယ်။
“အာရုံ ကောင်း၌ ကုသိုလ်ကံကြောင့် ဝိပါက်စိတ် ဖြစ်သည်၊ အာရုံဆိုး၌ အကုသိုလ်ကံကြောင့် ဝိပါက်စိတ် ဖြစ်သည်၊” (ဆို ၃-ခေါက်)
အာရုံကောင်းတာကို မြင်ရတိုင်း၊ ကြားရတိုင်း၊ တွေ့ရတိုင်း ကုသိုလ်ကံကြောင့် ဖြစ်တယ်၊ ကုသိုလ်ကံရဲ့ အကျိုးပဲ၊ ဒါတွေ တွေ့ရတာ ကံကောင်းလို့ပဲ လို့ လူတွေက သိကြတယ်၊ အာရုံကောင်းတွေကို တွေ့တိုင်း တွေ့တိုင်း ကုသိုလ်ကံကြောင့် ဒီလို အာရုံကောင်းတွေကို တွေ့ရတာပဲလို့ သဘောပေါက်သွားရင် ဒါလည်း ပဋိစ္စသမုပ္ပါဒ် ပါပဲ၊ အကြောင်းနဲ့ အကျိုးကို သိတယ်ဆိုရင် အဲဒါ ပဋိစ္စသမုပ္ပါဒ်ကို သိတာပဲ၊ ဘယ်သူကမှ ဖန်ဆင်းတာ မဟုတ်ဘူး၊ ဘယ်သူကမှ လုပ်ပေးတာ မဟုတ်ဘူး၊ ရှေးကုသိုလ်ကံကြောင့် အာရုံကောင်းတွေ တွေ့သိပြီးတော့ ခံစားနေရတာပဲ၊ အဲဒါ ကုသလ ဝိပါက်စိတ်လို့ ခေါ်တယ်၊ ကုသိုလ်၏ အကျိုး ဝိပါက်စိတ်တွေတဲ့၊ အာရုံဆိုးတွေ တွေ့ပြီးတော့ ခံစားနေရတာလည်း ရှေးအကုသိုလ် ကံကြောင့်ပဲ၊ ဘယ်သူကမှ လုပ်ပေးတာ မဟုတ်ဘူး၊ ရှေးအကုသိုလ်ကံကြောင့် အာရုံဆိုးတွေ တွေ့သိပြီးတော့ ခံစား နေရတာပဲ၊ အဲဒါ အကုသလ ဝိပါက်စိတ်လို့ ခေါ်တယ်၊ အကုသိုလ်၏ အကျိုး ဝိပါက်စိတ်တွေ တဲ့။
အကုသိုလ်ကံဆိုရင် ကံချည်းသက်သက် ဖြစ်တာ မဟုတ်ဘူး၊ အဝိဇ္ဇာ တဏှာ ဥပါဒါန်တွေ၊ သင်္ခါရတွေ အကုန်လုံး ပါလာကြတာ၊ မသိတဲ့ အဝိဇ္ဇာရှိမှ တဏှာက အကောင်း ထင်ပြီးတော့ သာယာ နှစ်သက်တယ်၊ သာယာ နှစ်သက်တော့ သာယာ နှစ်သက်ရာကနေ စွဲလမ်းတဲ့ ဥပါဒါန် ဖြစ်လာတာပဲ၊ စွဲလမ်းတော့ မရရအောင် အားထုတ်တယ်၊ အားထုတ်တော့ အမှု အောင်မြင် သွားတယ်၊ အဲဒါ ကံဖြစ်တော့တာပဲ၊ အဲဒီလို ကံကြောင့် ကောင်းကျိုး ဆိုးကျိုးတွေ ဖြစ်နေတာပဲလို့ ဒီလို သိတာဟာ ပဋိစ္စသမုပ္ပါဒ်ကို သိတာပဲ၊ အဲဒါတွေကို နားလည်ထားဖို့ လိုပါတယ်၊ ကနေ့ အချိန်က တစ်နာရီခွဲ ကျော်လို့ ၂-နာရီတောင် နီးသွားပြီ၊ ဒီလောက်နဲ့ပဲ ရပ်ကြဦးစို့ရဲ့၊ နောက် တရားပွဲကျရင် ၈-နံပါတ် ၉-နံပါတ်နဲ့ ကြိယာ အဗျာကတတွေ၊ အဲဒီ စာရွက်တွေ မပျောက်စေကြနဲ့၊ နောက်ထပ် မပေးနိုင်ဘူး၊ စာရွက်က တစ်ထောင်တည်း ရိုက်ထား တာ၊ ပေးစရာ မရှိတော့ဘူး၊ တရားသိမ်းကြစို့။
ယနေ့အဖို့၌ အကျွန်ုပ်တို့ ပြုစုပွားများ အားထုတ်အပ်သော ကောင်းမှုအပေါင်း၏ အဖို့ဘာဂကို အမိအဘတို့မှစ၍ အလုံးစုံသော သတ္တဝါ အပေါင်းတို့အား အမျှ ပေးဝေ ပါကုန်၏၊ အလုံးစုံသော သတ္တဝါ အပေါင်းတို့သည် အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
အမျှ … အမျှ … အမျှ … ယူတော်မူကြပါကုန်လော့။
သာဓု … သာဓု … သာဓု ….။
“အဘိဓမ္မာ တရားတော်ကြီး”
တိတိကျကျ ဟောနေရင် မပြီးနိုင်
ဒီကနေ့ ၁၃၃၇-ခုနှစ်၊ ကဆုန်လကွယ်နေ့ ဖြစ်တယ်၊ ဟောရမယ့် တရားကတော့ ပြာသိုလပြည့် ကစပြီး ဟောခဲ့တဲ့ အဘိဓမ္မာ တရားတော်ကြီးပါပဲ၊ ဝါစဉ်အားဖြင့် ၇-ဝါ မြောက်မှာ မြတ်စွာဘုရားက တာဝတိံသာ နတ်ပြည်မှာ ဟောခဲ့တဲ့တရား တဲ့၊ အဋ္ဌသာလိနီ အဋ္ဌကထာစသည်တို့မှာ ဖွင့်ပြထားပါတယ်၊ အခု ဘုန်းကြီး ဟောလာ တာဟာ ၁၃၃၆-ခု၊ ပြာသို လပြည့်နေ့ကစပြီး ဟောလာတာပဲ၊ တိတိကျကျတော့ မဟောနိုင်ပါဘူး၊ တိတိကျကျ ဟောနေရင်လည်း မပြီးနိုင် မဆုံးနိုင် ဖြစ်နေမှာပဲ၊ နာကြားရတဲ့ ပုဂ္ဂိုလ်တွေလည်း စိတ်ဝင်စားမှု သိပ်ရှိမှာ မဟုတ်ပါဘူး၊ ဒီတော့ နာကြားရတဲ့ ပုဂ္ဂိုလ် တွေလည်း နာကြားနိုင်အောင် အဘိဓမ္မာ ဟောပုံကိုလည်း အတော်အတန် ရိပ်မိလေအောင် အဘိဓမ္မာနဲ့ စပ်ပြီးတော့လည်း ရုပ်တရား နာမ်တရားတွေ ခွဲခြားပြီး သိနိုင်သမျှ သိအောင်လို့ ဘုန်းကြီးက ဟောနေပါတယ်၊ အဘိဓမ္မာ တရားတော်ကြီးကို ရှိတဲ့အတိုင်း ဟောနေမယ် ဆိုရင် ဟောတဲ့ ပုဂ္ဂိုလ်ကလည်း မဟောနိုင်ပါဘူး၊ နာတဲ့ ပုဂ္ဂိုလ်တွေကလည်း နာနိုင်မှာ မဟုတ်ပါဘူး။
အတိုချုံးပြီးတော့ ဟောလာခဲ့တာ အခုဆိုရင် “ကတမေ ဓမ္မာ ကုသလာ” အရ ကာမာဝစရ ကုသိုလ်စိတ် ၈-ခု၊ ရူပါဝစရ ကုသိုလ်စိတ် ၅-ခု၊ အရူပါဝစရ ကုသိုလ်စိတ် ၄-ခုတော့ ပြီးခဲ့ပြီ၊ လောကုတ္တရာ မဂ်ကုသိုလ် ၄-ခုလည်း ဟောခဲ့ပြီ၊ အဲဒါ ကုသလာဓမ္မာအရ ပြီးသွားပြီ၊ အကုသလာဓမ္မာ အရလည်း အကုသိုလ်စိတ် ၁၂-ခု ဟောခဲ့ပြီ၊ အဗျာကတာ ဓမ္မာအရ အဗျာကတ တရား ဝိပါက်အဗျာကတ လည်းရှိတယ်၊ ကြိယာအဗျာကတ လည်းရှိတယ်၊ ရုပ်အဗျာကတ လည်းရှိတယ်၊ နိဗ္ဗာန် အဗျာကတ လည်းရှိတယ်။
အဲဒီ လေးမျိုးထဲက ဝိပါက် အဗျာကတကို ဟောခဲ့တာဟာ အတော်စုံသွားပြီ၊ အရင်လပြည့်နေ့က ဝေတဲ့ တရားဆောင်ပုဒ် စာရွက်ကလေးတွေ ပါမှဖြစ်မယ်၊ ဆောင်ပုဒ် စာရွက်မပါလို့ ရှိရင်တော့ ဒီအတိုင်း အလွတ်မှတ်နိုင်ဖို့ မလွယ်ဘူး၊ အဲဒီမှာ စက္ခုဝိညာဉ်, သောတဝိညာဉ်, ဃာနဝိညာဉ်, ဇိဝှာဝိညာဉ်, ကာယဝိညာဉ် ဆိုတဲ့ ဝိညာဉ်ငါးပါး၊ အဲဒါကို ပဉ္စဝိညာဉ် လို့ခေါ်တယ်၊ ကုသလဝိပါက် ကုသိုလ်၏ အကျိုးက ငါးပါး၊ အကုသလဝိပါက် အကုသိုလ်၏ အကျိုးက ငါးပါးဆိုတော့ ၁၀-ပါး ပေါ့လေ၊ ဒွေပဉ္စဝိညာဉ်လို့ ခေါ်တယ်၊ အဲဒါက စပြီးဟောလာခဲ့တာ ပြီးသွားပြီ၊ ဒွေပဉ္စဝိညာဉ် ၁၀-နဲ့ယှဉ်တဲ့ စေတသိက် နာမ်တရားတွေက ၇-ပါး ရှိတယ်၊ အဘိဓမ္မတ္ထသင်္ဂဟ ကျမ်းမှာတော့ သူ့ဟာ ရှင်းရှင်းလေးပါပဲ၊ ရှင်းအောင်လည်း အတိုချုပ်ပြီးတော့ ရေးထားတယ်၊ ပါဠိတော်ကတော့ ဒီလိုမဟုတ်ပါဘူး၊ ပါဠိတော် အသွားအတိုင်း သူ့နည်းနဲ့သူ ဟောရတာ ဆိုတော့ ကျယ်ဝန်းပါတယ်၊ အဲဒီမှာ စေတသိက် ၇-ပါးနဲ့ စိတ်ပေါင်းပါ ဆိုရင်တော့ ၈-ပါးတဲ့၊ ဒီလိုတွဲပြီးတော့ ဟောထားတယ်၊
နောက်ပြီးတော့ မနောဓါတ်ခေါ်တဲ့ သမ္ပဋိစ္ဆိုန်း ကုသလဝိပါက် ကုသိုလ်အကျိုးက တစ်ခု၊ အကုသလဝိပါက် အကုသိုလ် အကျိုးက တစ်ခု၊ အဲဒါလည်း ဟောခဲ့ပြီ၊ မနောဝိညာဏဓါတ် ခေါ်တဲ့ သန္တီရဏ စိတ်ကတော့ သုံးခုရှိတယ်၊ အကုသလဝိပါက် အကုသိုလ်ကျိုးက တစ်ခု၊ သူကတော့ ဥပေက္ခာသဟဂုတ် တစ်ခုပဲ၊ ကုသလဝိပါက် ကုသိုလ်အကျိုး ကတော့ ဥပေက္ခာသဟဂုတ် ဥပေက္ခာနဲ့ ယှဉ်တာက တစ်ခု၊ သောမနဿ သဟဂုတ် သောမနဿနဲ့ ယှဉ်တာက တစ်ခု၊ အဲဒီလို ၂-ခု ရှိတယ်၊ အဲဒါ သန္တီရဏစိတ် ၃-ခုတဲ့၊ အဟေတုက ဟိတ်မရှိတဲ့ မနောဝိညာဏဓါတ်တွေပါပဲ၊ အဲဒါတွေ အကုန်လုံး ပြီးခဲ့ပြီ၊ ကုသလဝိပါက်က ပဉ္စဝိညာဉ်ငါးခု၊ သမ္ပဋိစ္ဆိုန်း တစ်ခု၊ သောမနဿသဟဂုတ်နဲ့ ဥပေက္ခာသဟဂုတ် သန္တီရဏက ၂-ခုဆိုတော့ ၈-ခု ရှိပါတယ်၊ အကုသလဝိပါက် ကတော့ ပဉ္စဝိညာဉ်ငါးခု၊ သမ္ပဋိစ္ဆိုန်း တစ်ခု၊ သန္တီရဏတစ်ခု ၇-ခုပဲရှိတယ်၊ အဲဒါတွေ အကုန်လုံးပြီးသွားပြီ၊ အဲဒီ ပဉ္စဝိညာဉ်ဆိုတဲ့ စက္ခုဝိညာဉ်စတဲ့ ဝိညာဉ်တွေ ဖြစ်ပုံကို နားလည်အောင်လို့ ဘုန်းကြီးက ဆောင်ပုဒ် ကလေးတွေလည်း တစ်နေ့က ပေးထားခဲ့ပါတယ်၊ စာရွက်ပါတဲ့ ပုဂ္ဂိုလ်တွေဆိုတော့ လွယ်လွယ်ပါပဲ၊ စာရွက် မပါရင်တော့ ဒါက မလွယ်ဘူး။
ဝီထိစိတ် ဖြစ်ပုံ
ဝီထိစိတ် ဖြစ်တော့ ဒီစိတ်တွေ ဘယ်လိုဖြစ်သလဲ ဆိုရင် ရှေးဦးစွာက ဘဝင်စိတ်တွေ ဖြစ်နေတယ်တဲ့၊ အိပ်ပျော်နေ သလိုပဲ၊ ဒီဘဝင်စိတ်ဟာ ဘာမှမသိဘူး၊ ဘဝင်စိတ် ဆိုတာ အခုဖြစ်ဆဲ အာရုံကို မသိတဲ့ မသိစိတ်တွေ ဘဲ၊ အဲဒီကနေပြီးတော့ မျက်စိထဲ အဆင်း ထင်လာလို့ရှိရင် ဆင်ခြင်တဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်လာတယ်၊ ငါးဒွါရ၌ ထင်လာတဲ့ အာရုံကို ဆင်ခြင်တာဖြစ်လို့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်တဲ့၊ အဲဒီစိတ်ကို တိုက်ရိုက်တော့ မဟောရသေးဘူး၊ သူက ကြိယာစိတ်ဆိုတော့ ကုသိုလ်, အကုသိုလ် လည်း မဟုတ်ဘူး၊ ကုသိုလ်ကျိုး, အကုသိုလ် ကျိုးလည်း မဟုတ်ဘူး၊ သူက အကျိုးမပေးနိုင်ဘူး၊ ငါးဒွါရ၌ ထင်လာတဲ့အာရုံကို “ဘာလဲ” လို့ ဆင်ခြင်ကာမျှပဲ၊ သူဖြစ်ပြီးတော့ စက္ခုဝိညာဉ်စိတ် ဖြစ်တယ်၊ ပြီးတော့ သမ္ပဋိစ္ဆိုန်း, သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရုံ အဲဒီလို အစဉ်အတိုင်း ဖြစ်ပြီးတော့ ကျနေကြ ဘဝင်တွေ ကျလာတယ်၊ အဲဒါတွေ နားလည်အောင်လို့ “ဘဝင်, ဆင်ခြင်၊ မြင်ပြီးလျှင်၊ ထိုပြင်လက်ခံတုံ။ စုံစမ်း, ဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ” ဆိုတဲ့ ဆောင်ပုဒ် ကို ရေးထားပါတယ်၊ ဒါတွေကို ဟောလာတာ ၂-သီတင်း ရှိသွားပါပြီ၊ ခုတစ်ခါ ထပ်ဟောရတာ ကတော့ ပေါ်လာအောင်လို့ ထပ်ဟောရတာပဲ၊ ထပ်ပြီးတော့ မဟောရင် သဘောပေါက်မှာ မဟုတ်ဘူး။
အဘိဓမ္မာကို လေ့လာမထားတဲ့ ပုဂ္ဂိုလ်ဆိုရင် ဒါတွေကို မှတ်ထားဖို့ရာ တယ်ပြီးတော့ မလွယ်လှဘူး၊ ဘုန်းကြီး ရေးပေးထားတဲ့ အခု ဆောင်ပုဒ်ကလေးတွေကို ရထားရင်တော့ နားလည် မှာပါပဲ၊ နားလည်ရင်လည်း ပြီးတာပါပဲ၊ ဆောင်ပုဒ် ရပြီးသား ယောဂီ ပုဂ္ဂိုလ်တွေလည်း တရား မှတ်နေ ရတာဆိုတော့ မေ့ကုန်မှာပဲ၊ ဒါလေးတွေက အသုံးကျတယ်၊ ဆိုကြဦးစို့။
“ဘဝင်, ဆင်ခြင်၊ မြင်ပြီးလျှင်၊ ထိုပြင် လက်ခံတုံ။
စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ် တဒါရုံ။” (ဆို ၃-ခေါက်)
မျက်စိထဲ အဆင်း ကျလာတဲ့အခါ၊ နားထဲအသံ ကျလာတဲ့အခါ၊ နှာခေါင်း, လျှာ, ကိုယ်ထဲအနံ့, အရသာ, အတွေ့ အဲဒီအာရုံတွေ ကျလာတဲ့အခါ ဘဝင်စိတ်, ဆင်ခြင်တဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်, စက္ခုဝိညာဉ်, သမ္ပဋိစ္ဆိုန်း, သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရုံ - ပြီးတော့ ဘဝင်ပဲ ပြန်ကျသွားတယ်တဲ့၊ အဲဒီမှာ စက္ခုဝိညာဉ်, သောတဝိညာဉ် စတဲ့ အမည်တွေကတော့ ပါဠိပျက် အမည်တွေပဲ၊ မြန်မာလို ပြန်တဲ့အခါ မြင်သိ, ကြားသိ, နံသိ, စားသိ, တွေ့သိလို့ ပြန်ရတာပဲ၊ မြင်တယ်, ကြားတယ် ဆိုတာကတော့ လူတိုင်း သိနေကြတာပဲ၊ မျက်စိက မြင်လိုက်၊ နားကကြားလိုက်၊ နှာခေါင်းက နံလိုက်၊ လျှာက အရသာ စားလိုက်၊ ကိုယ်က တွေ့ထိလိုက် ဒီငါးပါး ကတော့ စာကျက်နေစရာ မလိုပါဘူး၊ ကိုယ့်ကိုယ်မှာပဲ ရှိနေတာ ဘာမှမခက်ပါဘူး။
မျက်စိကတော့ မြင်တယ်လို့ ခေါ်တယ်၊ အဲဒါ မြင်သိပဲ၊ နားကသိတော့ ကြားတယ်လို့ ခေါ်တယ်၊ အဲဒါ ကြားသိပဲ၊ နှာခေါင်းကသိတော့ နံတယ်လို့ ခေါ်တယ်၊ အဲဒါနံသိပဲ၊ လျှာကသိတော့ အရသာကို သိတယ်၊ လျှာကတော့ ဝေါဟာရ သီးသန့် မရှိဘူး၊ အရသာသိတယ်လို့ ပြောရတာပဲ၊ ကိုယ်ကသိတော့ တွေ့သိလို့ ခေါ်တယ်၊ အဲဒီငါးခုဟာ စာကျက်နေစရာ မလိုပါဘူး၊ ကိုယ့်ကိုယ်ထဲမှာ ဖြစ်နေတာ တွေပဲ၊ အဲဒါ ပဉ္စဝိညာဉ် စိတ်ငါးခုတဲ့။
ပဉ္စဝိညာဉ်ပြီးတော့ သမ္ပဋိစ္ဆိုန်းပဲ၊ သမ္ပဋိစ္ဆိုန်းဆိုတာ ပါဠိပျက်ပဲ၊ သမ္ပဋိစ္ဆနဆိုတဲ့ ပါဠိအတိုင်း သမ္ပဋိစ္ဆိုန်း လို့ခေါ်နေတာပဲ၊ မြန်မာလို သက်သက်ဆိုရင် လက်ခံစိတ် ထင်လာတဲ့အာရုံ၊ ဒါမှမဟုတ်ရင်လည်း ရူပါရုံ, သဒ္ဒါရုံ စတဲ့ မြင်ရတဲ့အာရုံ ကြားရတဲ့အာရုံ စသည်တွေကို သူက လက်ခံတဲ့စိတ်တဲ့၊ မြင်ရင် မြင်တဲ့ အာရုံကို လက်ခံတယ်၊ ကြားရင် ကြားတဲ့အာရုံကို သူက လက်ခံတယ်၊ အဲဒီလို ပဉ္စဝိညာဉ်စိတ်တွေထဲက စိတ်တစ်ခုခု ဖြစ်တိုင်း ဖြစ်တိုင်း သူတို့ရလာတဲ့ အာရုံကို သမ္ပဋိစ္ဆိုန်းက လက်ခံထားတယ်တဲ့၊ ဒါကြောင့် “ဘဝင် ဆင်ခြင်မြင်ပြီးလျှင်၊ ထိုပြင် လက်ခံတုံ”လို့ ဆိုထားတာပဲ၊ အဲ သူက လက်ခံတဲ့ စိတ်တဲ့၊ ကြားပြီးလျှင်, နံပြီးလျှင်, စားပြီးလျှင်, တွေ့ပြီးလျှင်, တွေ့ထိပြီးလျှင်၊ အဲဒါ တွေ့မှာလည်း အတူတူပါပဲ။
လက်ခံပြီးတော့ စုံစမ်းတဲ့စိတ်တဲ့။ ပါဠိလို သန္တီရဏ မြန်မာလို စုံစမ်းတဲ့စိတ်ပါပဲ၊ ဘယ်လိုအာရုံလဲ၊ ကောင်းသလား ဆိုးသလား စသည်ဖြင့်ပေါ့လေ၊ သူက စုံစမ်းတယ်၊ စုံစမ်းပြီးတော့ နောက်စိတ်က ဆုံးဖြတ်တယ်၊ ကောင်းရင် ကောင်းတယ်၊ မကောင်းရင် မကောင်းဘူးလို့ သူက ဆုံးဖြတ် လိုက်တယ်၊ အဲဒါ ဝုဋ္ဌောစိတ်တဲ့၊ ဝုဋ္ဌောဆိုတာလည်း ပါဠိပျက်ပါပဲ၊ ဝေါဋ္ဌဗ္ဗန ပါဠိကို ဘာသာပြန်ထားတာ၊ မြန်မာလိုဆိုရင် တည်စေတာတဲ့၊ ကောင်းရင် ကောင်းတဲ့အတိုင်း မကောင်းရင် မကောင်းတဲ့အတိုင်း တည်စေတယ်ပေါ့၊ အဓိပ္ပာယ်ကတော့ ဆုံးဖြတ်တာပါပဲ၊ ဒါကြောင့် အဓိပ္ပါယ်နက် အတိုင်း သိလွယ် အောင်လို့ ဆုံးဖြတ်တဲ့ စိတ်လို့ ဆိုထားတယ်။
ဝုဋ္ဌောက ဆုံးဖြတ်ပြီးတယ် ဆိုရင် ဇောစိတ်တွေ ဖြစ်လာတယ်၊ ဇဝနပါဠိက လာတာ၊ မြန်မာလို ကတော့ လျင်မြန်တဲ့ စိတ်တဲ့၊ လျင်မြန်တာဖြစ်လို့ သူဖြစ်ရင်တော့ တစ်ကြိမ်၊ နှစ်ကြိမ်ထဲ ဘယ်တော့မှ ဖြစ်လေ့မရှိဘူး၊ အနည်းဆုံး ငါးကြိမ် အများဆုံး ၇-ကြိမ် ဖြစ်လေ့ရှိတယ်၊ ဒါက ကာမဇော ရိုးရိုးနဲ့ မရဏာသန္နဇောလို ဇောတွေကို ပြောရတာပဲ၊ ရူပကုသိုလ်, အရူပကုသိုလ်၊ လောကုတ္တရာမဂ် ကုသိုလ်တွေမှာတော့ ကာမဇော ရိုးရိုးနေရာမှာလို မဟုတ်ဘူး၊ သူတို့က သီးခြားဖြစ်တော့ ဒီနေရာနဲ့ လည်းမဆိုင်ဘူး၊ ဒီမှာ မဖြစ်ဘူး၊ ဇောပြီးတော့ တဒါရုံတဲ့၊ သူကတော့ တဒါရမ္မဏ ဇော၏ အာရုံလျှင် အာရုံရှိတဲ့စိတ်ပါပဲ၊ သူက နှစ်ကြိမ်ဖြစ်လေ့ ရှိတယ်၊ အဲဒါ မျက်စိက အဆင်းကိုမြင်တဲ့အခါ စိတ်စဉ်ဖြစ်ပုံပါပဲ။
“အဆင်းမြင်လျှင်၊ ဖြစ်ရိုးပင်၊ စိတ်စဉ်မှတ်ပါကုန်”။တဲ့
အဆင်းကိုမြင်ရင်တော့ အဲဒါ ဖြစ်ရိုးဖြစ်စဉ်စိတ်တွေတဲ့၊ လူတိုင်း လူတိုင်း နတ်တိုင်း နတ်တိုင်း ဖြစ်ရိုးဖြစ်စဉ်ပဲ၊ မျက်စိရှိတဲ့ ပုဂ္ဂိုလ်ဆိုရင် ဒီအတိုင်းချည်းပဲ၊ ဒီစိတ်တွေဟာ ဒီလို အစဉ်အတိုင်း ဖြစ်လေ့ရှိတယ်၊ အခု မြင်သိစတဲ့ ပဉ္စဒွါရဝီထိတွေမှာ တဒါရုံ အဆုံးရှိတဲ့ ဝီထိစိတ်တွေ အပြည့်အစုံဆိုရင် စိတ် အကြိမ် ၁၄-ကြိမ် ကျတယ်၊ အာရုံက ဝေးလို့ပဲဖြစ်ဖြစ်၊ သေးငယ်လို့ပဲ ဖြစ်ဖြစ်၊ အဲဒီလို အာရုံအားနည်းတဲ့ အခါမျိုး၊ မျက်စိ, နား စတဲ့ အကြည့်တွေက မှုန်ဝါးဝါး ဖြစ်ပြီးတော့ အားသေးတဲ့ မျက်စိ, နား, နှာမျိုးဆိုရင် တဒါရုံ မကျတာလည်း ရှိတယ်၊ ဇောမကျတာ လည်း ရှိတယ်၊ ဝုဋ္ဌော မကျတာလည်း ရှိတယ်၊ ဝုဋ္ဌောကျခွင့် မရလို့ မကျဘူး ဆိုရင်တော့ ဝီထိစိတ် မဖြစ်ဘဲ အဲဒါမှာ ဘဝင်လှုပ်ရုံသာ လှုပ်တော့တာပါပဲ၊ အာရုံက ဘဝင်မှာလာပြီး ထင်လိုက်တော့ ဘဝင်လှုပ်ရုံသာ လှုပ်သွားတယ်၊ အာရုံတို့ အကြည်ဓါတ်တို့ အဲဒါတွေ တစ်ခုခုက အားသေး နေတာဖြစ်တော့ အာဝဇ္ဇန်းစတဲ့ ဝီထိစိတ်တွေ မကျနိုင်တော့ဘူး၊ အဲဒီလိုအခါမှာဆိုရင် မြင်သိမှု ကြားသိမှုစသည် မဖြစ်နိုင် တော့ဘူးပေါ့၊
တဒါရုံတို့ ဇောတို့မကျဘဲ ဝုဋ္ဌောတင် ရပ်သွားတယ်ဆိုတာကို တချို့ ကျမ်းဆရာတွေက သဘောမကျ ကြဘူး၊ ဒါပေမယ့် ယုတ္တိ ရှိပါတယ်၊ ဝိပဿနာရှုတဲ့ ယောဂီပုဂ္ဂိုလ်တွေမှာ ဒီအတိုင်း ဖြစ်နိုင်ပါတယ်၊ ဝိပဿနာဉာဏ် ရင့်သန်တဲ့အခါ ကျတော့ မြင်တာ ကြားတာတွေဟာ ပီပီသသ မထင်ဘူး၊ သိရဖို့လောက်သာ မဲပြီး ရှုမှတ်နေတာ ဖြစ်တော့ မြင်တာ ကြားတာတွေကို ဂရုမစိုက်ဘဲဟာကိုး၊ အဆင်းအာရုံ ကျရောက် လာရင်လည်း ပီပီသသ မဟုတ်တော့ ဝုဋ္ဌော ကလည်းကောင်း, မကောင်း ပိုင်ပိုင်နိုင်နိုင် မဆုံးဖြတ်နိုင်ဘူး၊ အဲဒါနဲ့ ဝုဋ္ဌောတင် ရပ်သွားပြီးတော့ ဘဝင်ဆက်ကျသွားတယ်၊ မှတ်စိတ်က ဒီတင်ပဲ မြင်တယ် ကြားတယ်လို့ ဆက်ပြီးတော့ ရှုမှတ်တယ်၊ မြင်ရုံသာမြင်၊ ကြားရုံသာ ကြားပြီးတော့ ကောင်း, မကောင်း ဘာမှ မထင်ရှားတာ့ဘူး၊ မြင်ရင်မြင်တယ်၊ သိတယ်၊ ကြားရင်ကြားတယ်၊ သိတယ် စသည်ဖြင့် ရှုမှတ်လိုက်တာ ဖြစ်တော့ ဒီတင်ပဲ ရပ်သွားတာ။ ဇောမကျတော့ဘူး၊ ပဉ္စဒွါရမှာရော မနောဒွါရမှာရော ဇောမကျတော့ဘူး၊ အာရုံနဲ့ အသိနှစ်ခု ရှိနေတာ ဖြစ်တော့ အာရုံရုပ် ထင်ရှားရင် ရုပ်၊ အသိနာမ်ထင်ရှားရင် နာမ်၊ ထင်ရှားရာဖြစ်ပြီးတော့ ပျက်နေတာကို မြင်ရတယ်၊
ဒီလို မြင်နေတာဖြစ်လို့မို့ ရုပ်နာမ် အနိစ္စ, ဒုက္ခ, အနတ္တပဲဆိုတာ ဝိပဿနာဉာဏ်က သိသွား ပါတယ်၊ အဲဒီလို အသိမျိုးရောက်အောင် အားထုတ်ရတာပဲ၊ ဘင်္ဂဉာဏ် စပြီးတော့ ဒီလို ဖြစ်သွားတာ၊ သင်္ခါရုပေက္ခာဉာဏ် ရောက်ပြီဆိုတော့ အထူးပဲ ထင်ရှားပါတယ်၊ ဒီလိုစိတ် ဖြစ်ပုံ ပျက်ပုံတွေကို သိရအောင် ဆိုပြီးတော့ ဒီမှာညွှန်းထား တယ်၊ ဘယ်လိုတုန်း ဆိုရင် -
“ကြား နံ, စား, ထိ၊ မြင်တူ၏၊ မှတ်သိစိတ်ဖြစ်ပုံ”တဲ့။
ကြားတာရယ်၊ နံတာရယ်၊ စားတာရယ်၊ တွေ့ထိတာရယ်၊ ဒီလေးခုဟာ မြင်တာနဲ့ ဖြစ်ပုံချင်း ရှုမှတ်ရတာချင်း အတူတူပါပဲလို့ ညွှန်းပြ ထားပါတယ်။ ပြီးတော့ “ဘဝင်, ဆင်ခြင်၊ မြင်ပြီးလျှင်” ဆိုတဲ့နေရာမှာ “ဘဝင်ဆင်ခြင် ကြားပြီးလျှင်၊ ဘဝင်ဆင်ခြင် နံပြီးလျှင်၊ ဘဝင်ဆင်ခြင် စားပြီးလျှင်၊ ဘဝင်ဆင်ခြင် ထိပြီးလျှင်” ဒီလိုလည်း သူ့အရာဌာနနဲ့သူ စိတ်ဖြစ်ပုံလေးတွေကို လွယ်လွယ်ကူကူ သိနိုင်အောင် လင်္ကာ ဆောင်ပုဒ်တွေ ဖော်ပြထားပါတယ်၊ လဲထည့်ရမယ့်နေရာမှာ ဒီလိုလဲ, လှယ် ထည့် သွားရုံပါပဲ၊ ဝိညာဉ်ဆိုရင်လည်း ဒီလို လဲလှယ်ပြီးတော့ ထည့်သွားရမယ်ဆိုတာ နားလည်လောက်ပါပြီ။
ပဉ္စဒွါရစိတ် ဖြစ်ပုံပြီးတော့ မနောဒွါရ၌ ကြံသိစိတ်ဖြစ်ပုံကို အရင်နေ့က တရားထဲမှာ တော်တော် ပြောခဲ့ပြီးပါပြီ၊ သူ့ဆောင်ပုဒ်က -
“ဆင်ခြင်ပြီးရာ၊ ဇော တဒါ၊ ကြံရာစိတ်ဖြစ်ပုံ” တဲ့။
အဲဒါကို အရင်နေ့က တရားပွဲမှာ အကျယ်ဟောပြီးခဲ့လို့ နားလည်လောက်ပါပြီ။
တစ်ကြိမ်တည်းပဲ ထင်ရတယ်
အခုဟောလို့ သဘောပေါက်သွားပြီ၊ နားလည်ပြီ၊ မှတ်မိသွားပြီ ဆိုရင် အဲဒါ သညာသိပဲ၊ အဲဒီ သညာသိလည်း အသုံးကျပါတယ်၊ စာပေနဲ့ လေ့လာသလို တရားနာပြီးတော့လည်း လေ့လာရတယ်၊ မှတ်သားရတယ်၊ ဒါမှ ဗဟုသုတရှိပြီး တရား အားထုတ်လိုတဲ့ သဒ္ဓါတရား ဖြစ်လာနိုင်တယ်၊ တရား အားထုတ်လို့ သမာဓိဖြစ်လာပြီ ဆိုရင် အဲဒီအခါကျတော့ ကိုယ်ထဲက အတွေ့အထိကိုပါ သိလာနိုင်တာပဲ၊ အတွေ့အထိက များများ ရှုမှတ်ရပါတယ်။ ရှုမှတ်တဲ့ အာရုံကို ရှုမှတ်တိုင်း ရှုမှတ်တိုင်း သိသိလာပြီဆိုတော့ သိမှတ်မှု တစ်ခုခုမှာ စိတ်အကြိမ် ဘယ်နှစ်ကြိမ် ဖြစ်သလဲ ဆိုရင် ဆင်ခြင်တဲ့ မနောဒွါရာဝဇ္ဇန်းက တစ်ကြိမ်၊ ကာမာဝစရ ဉာဏသမ္ပယုတ် လေးခု တို့တွင် တစ်ခုခုက ဝိပဿနာဇော ၇-ကြိမ်၊ တဒါရုံ ၂-ကြိမ်၊ အဲဒီလို ၁၀-ကြိမ် ဖြစ်လာတယ်၊ သို့ပေမယ့်လို့ ရှုမှတ်တဲ့ ပုဂ္ဂိုလ်မှာတော့ စိတ်တစ်ခုတည်း တစ်ကြိမ်တည်း လို့သိတယ်၊ ဒီထက် ပိုပြီးတော့လည်း မသိနိုင်ဘူး၊ မြင်သိစသည်ကနေ ရေတွက်မယ် ဆိုရင် စိတ်အကြိမ်တွေဟာ ဒီလောက်တောင် မကပါဘူး၊ မြင်သိဆိုရင် ပဉ္စဒွါရဝီထိက စိတ်စဉ် ၁၄-ကြိမ်၊ နောက်လိုက် မနောဒွါရဝီထိက ၁၀-ကြိမ်၊ အဲဒါ စိတ်အကြိမ် အနည်းဆုံးပဲ၊ ဒါပေမယ့်လို့ ရှုမှတ်တဲ့ ယောဂီပုဂ္ဂိုလ်ကတော့ မြင်သိစိတ်ဟာ တစ်ကြိမ်တည်းပဲလို့ သိတယ်၊ ကြားသိတာ၊ နံသိတာ၊ စားသိတာ၊ တွေ့သိတာတွေကိုလည်း မြင်သိတာလိုပဲ တစ်ကြိမ်တည်း အနေနဲ့သိတယ်၊ ဖောင်းတယ်၊ ပိန်တယ် မှတ်ရာမှာလည်း ဒီလိုပဲ၊ ဖောင်းတာကို သိတာလည်း တစ်ကြိမ်၊ ပိန်တာကိုသိတာလည်း တစ်ကြိမ်၊ ဒီလို အောက်မေ့တာပဲ။
အဘိဓမ္မာနည်းနဲ့ ဆိုရင်တော့ ဆင်ခြင်တဲ့ စိတ်ကလေး တစ်ခုလည်း ပါတယ်၊ ဇော ၇-ကြိမ်လည်း ပါတယ်၊ ဆင်ခြင်တဲ့ စိတ်ကတော့ ဆင်ခြင်ရုံပဲ၊ ဇော ၇-ကြိမ်ကျမှသာ ဖောင်းတက် လာတဲ့အခါ တောင့်တာတို့, တင်းတာတို့, တွန်းကန်တာတို့, လှုပ်ရှားတာတို့ကို သိလာပါတယ်၊ နောက်ပိုင်းကျတော့ ဖြစ်တာကိုလည်း သိတယ်၊ ပျောက်သွားတာ ကိုလည်း သိတယ်၊ အဲဒီလို ဖြစ်ပြီးပျောက်သွားတာကို သိလို့လည်း အနိစ္စ မမြဲဘူး၊ ဖြစ်မှုပျက်မှုတွေက နှိပ်စက်နေလို့ ဆင်းရဲတယ်၊ သူ့သဘောအတိုင်း ဖြစ်ပျက်နေလို့ အစိုးမရတဲ့ အနတ္တသဘော တရားပဲလို့ ဒီလိုလည်းသိတယ်၊ အဲဒီအသိတွေ ဟူသမျှဟာ “ဆင်ခြင်ပြီးရာ၊ ဇောတဒါ” ဆိုတဲ့အတိုင်း ဆင်ခြင်တဲ့ စိတ်လည်းပါတယ်၊ သူကတော့ မထင်ရှားသေးဘူး၊ ဇောကျတော့မှ ထင်ရှားလာတယ်၊
နောက် တဒါရုံကတော့ ဝိပဿနာ အားနည်းတုန်းမှာသာ ပါတယ်။ ဝိပဿနာ အားကောင်း လာပြီဆိုတော့ တဒါရုံ မပါတော့ဘူး၊ ဘင်္ဂဉာဏ်တို့, သင်္ခါရုပေက္ခာဉာဏ်တို့ အဲဒီဉာဏ်တွေ ရောက်လာပြီဆိုတော့ ဝိပဿနာက အားကောင်းလာပြီ၊ အဲဒီကျတော့ တဒါရုံ မပါတော့ဘူး၊ ဆင်ခြင်တာ တစ်ကြိမ်နဲ့ ဇော ၇-ကြိမ်၊ ဒီ ၈-ကြိမ်ပဲ၊ ဒါပေမယ့်လို့ တစ်ကြိမ်တည်းလို့ပဲ ထင်ရတယ်၊ ရှစ်ခုပဲ၊ ဆယ်ခုပဲ ဒီလိုခွဲပြီးတော့ မသိဘူး၊ အဲ မြင်တာဟာ စိတ်အကြိမ် ၁၄-ခုရှိနေ ပေမယ်လို့ မြင်စိတ် တစ်စိတ်ပဲလို့ သိနေပါတယ်၊ ဒီထက်ပိုပြီးတော့ မသိနိုင်ဘူး။
အခုလို အသေးစိတ် အနေနဲ့ ဟောတာ ကတော့ အဘိဓမ္မာ နည်းအတိုင်း ဟောတာပါ။ ဒါကတော့ ဒေသနာနည်းအရ မှတ်သားပြီး သိရတာပဲ၊ ကိုယ်ပိုင် ဉာဏ်နဲ့တော့ ဒီလို အသေးစိတ်ခွဲပြီး မသိနိုင် ပါဘူး။ ခွဲပြီးတော့ သိဖို့ရာလည်း မဟောပါဘူး။ “ရူပါရမ္မဏံ စိတ္တံ ဥပ္ပဇ္ဇတိ၊ တဿ စိတ္တဿ ဘင်္ဂံအနုပဿတိ”တဲ့။ ပဋိသမ္ဘိဒါမဂ်မှာ အသေးစိတ် ဝေဖန်ဟောကြား ထားပါတယ်၊ အဲဒီမှာ အင်မတန်ကို အသေးစိတ်ပြီးတော့ ဝေဖန်ဟောကြားထားပါတယ်။
ရူပါရမ္မဏံ၊ ရုပ်လျှင် အာရုံရှိသော။
စိတ္တံ - စိတ်သည်၊
ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်၏၊
ဥပ္ပဇ္ဇိတွာ - ဖြစ်ပေါ်ပြီး၍၊
ဘိဇ္ဇတိ - ပျက်သွားလေပြီတဲ့၊
ရုပ်ကို အာရုံပြုဖြစ်တဲ့စိတ်ဟာ ဖြစ်ပြီးတော့ ပျက်သွားတယ်တဲ့၊ ရုပ်ကို အာရုံပြုတဲ့စိတ်ဟာ ဖြစ်ပြီးတော့ ပျက်သွားတယ်၊ ထိတယ်ဆိုပါတော့ ထိတဲ့ရုပ် ထင်ရှားတဲ့အခါလည်း ရှိတယ်၊ မထင်ရှားတဲ့ အခါလည်းရှိတယ်။ အဲဒီ သိရတဲ့ ရုပ်ကို အာရုံပြုပြီးတော့ သိစိတ်ကလေးဟာ ဖြစ်ပေါ်လာတယ်၊ ဖြစ်ပေါ်လာတဲ့ အဲဒီ သိစိတ်ကလေးဟာ ဒီအတိုင်း မနေဘူး၊ ဖြစ်ပြီး ပျက်သွားတာပဲ၊ အဲဒီ ထိသိစိတ်ကလေးကို နောက်စိတ်ကနေပြီး ရှုမှတ်တာလည်း ရှိတာလည်း ရှိတယ်၊ ထိတယ်လို့ ရှုမှတ်လိုက်တယ်ဆိုရင် ခုနက ဆင်ခြင်တဲ့စိတ်က တစ်ကြိမ်၊ ဇောစိတ် ၇-ကြိမ်၊ ပြီးတော့ တဒါရုံ ကျရင်ကျ မကျလို့ရှိရင် ၈-ကြိမ်ပေါ့လေ၊ အဲဒါဟာ မှတ်သိတဲ့စိတ်ပါပဲ၊ အဲဒီလို မှတ်သိတဲ့အခါကာလမှာ …
တံအာရမ္မဏပဋိသင်္ခါတော - ထိုအာရုံကို ရှုသိပြီး၍၊
တဿစိတ္တဿ - ထိုရှုသိသောစိတ်၏၊
ဘင်္ဂံ - အပျက်ကို၊
အနုပဿတိ - အစဉ်ရှုမြင်ပြန်၏တဲ့၊
အဲဒီလိုရှုသိပြီး ပျက်သွားတဲ့ စိတ်ကလေးကို နောက်ကလိုက်ပြီးတော့ ရှုနိုင်ပါတယ်၊ အဲဒါဟာ စိတ်အကြိမ်ကတော့ တစ်ကြိမ် တည်း မဟုတ်ဘူး၊ “ဘဝင်, ဆင်ခြင်၊ တွေ့ပြီးလျှင်” စသည့် ဆောင်ပုဒ်အတိုင်း စိတ်အစဉ်အရ ၁၄-ကြိမ်၊ တဒါရုံ ၂-ခု မကျရင် ၁၂-ကြိမ်ဖြစ်တယ်၊ အဲဒါကို တစ်စိတ်တည်း အနေနဲ့ ဟောတယ်၊ စိတ်တွေ ၁၄-ကြိမ် ဖြစ်သွားတယ်လို့ ဒီလို မဟောဘူး။
ဒီလိုဟောလို့လည်း မဖြစ်ဘူး၊ ရှုလို့လည်း မဖြစ်ဘူး၊ ဒါက ဘယ်သူမှလည်း မရှုနိုင်ဘူး၊ ရဟန္တာ ပုဂ္ဂိုလ်တွေလည်း မရှုနိုင်ဘူး၊ ဘုရားတောင်မှလည်း မရှုနိုင်ပါဘူး၊ ဘုရားသိတယ်ဆိုတာက သဗ္ဗညုတဉာဏ်နဲ့သာ သိတာပဲ၊ ဝိပဿနာဉာဏ်နဲ့ကတော့ အဲဒီလိုရှုလို့ မဖြစ်ပါဘူး၊ ထိသိပြီးတဲ့ အခါ ထိသိတဲ့ စိတ်ကလေး၊ တစ်စိတ်တည်း အနေနဲ့ သိတယ်၊ ထိသိပြီး ပျောက်သွားတာကို -
တံအာရမ္မဏံ - ထိုရုပ်အာရုံကို၊
ပဋိသင်္ခါ - ပျက်သွားသည်ဟုသိပြီး၍၊
ထိသိပျောက်သွားတာ လေးကို သိတယ်။ အဲဒီလိုသိပြီး …
တဿ - ထိုရှုသိသော စိတ်၏၊
ဘင်္ဂံ - ပျက်သွားသည်ကို၊
အနုပဿတိ - တစ်ဖန်ရှုပြန်၏၊
သိပြီးတော့ ပျက်သွားတဲ့ စိတ်ကလေး အဲဒီစိတ်ကလေးကို တစ်ဆင့် ထပ်ပြီးတော့ ရှုနိုင်တယ်တဲ့၊ အဲဒါ ဘင်္ဂဉာဏ်မှာ ဒီလိုရှုနိုင်တယ်။
မြင်တဲ့အခါမှာလည်း ဒီအတိုင်းပဲ၊ မြင်တာလေး သိပြီးတော့ ပျက်သွားတယ်လို့ ဒီလိုသိပါတယ်၊ ရှေ့စိတ်က ပျက်သွားတာရော၊ နောက်စိတ်က လိုက်မှတ်တာရော ဒီလို နှစ်ဆင့် နှစ်ဆင့် နှစ်ခုနှစ်ခု တွဲလျက် ဒီလိုပဲ သိတယ်၊ အာရုံပေါ်လာ ပြီးတော့ ပျက်သွားတာရယ်၊ နောက်ကသိတာလေး ပျက်သွားတာရယ် ဒီလို နှစ်ဆင့်နှစ်ဆင့် နှစ်ခုနှစ်ခု တွဲလျက် ဒီလိုပဲ သိတယ်၊ အာရုံ ပေါ်လာ ပြီးတော့ ပျက်သွားတာရယ်၊ နောက်ကသိတာလေး ပျက်သွားတာရယ်၊ ဒီလို နှစ်ဆင့်နှစ်ဆင့် ပျက်သွားတာတွေကို တွေ့တယ်တဲ့၊ အဲဒါ ဘင်္ဂဉာဏ် ရောက်လို့ရှိရင် သိတဲ့ အသိဉာဏ်ပါပဲ၊ အခု ယောဂီပုဂ္ဂိုလ် တွေလည်း ဖောင်းတယ်လို့မှတ်လို့ ရှိရင် ဒီအတိုင်း တွေ့ကြရတာပါပဲ၊ အစတော့ ဖောင်းတာလေး တစ်ခုကို မှတ်နိုင်အောင် အတော်ကြိုးစား ရတယ်၊ နောက်တော့ ဖောင်းတာလေး ပျောက်သွားတာကိုလည်း သိတယ်၊ ဒါတင်မကဘူး၊ မှတ်သိတဲ့ စိတ်ကလေး ပျောက်သွားတာ ကိုလည်း သိတယ်၊ ဖောင်းတယ်ဆိုတာနဲ့ ဖောင်းတာလည်းပျောက်၊ သိတာလည်းပျောက်၊ ပိန်တယ်ဆိုတာနဲ့ ပိန်တာလည်း ပျောက်၊ သိတာလည်းပျောက်၊ ကွေးတယ်ဆိုတာနဲ့ ကွေးတာ လည်းပျောက်၊ သိတာ လည်းပျောက်၊ အဲဒီလို မှတ်တိုင်း မှတ်တိုင်း ပေါ်လာတဲ့ အာရုံလည်း မှတ်ရင်းပျောက်၊ သိတာလေးလည်း သိပြီးပျောက်၊ ဒီလိုပဲ ပျောက်ပျောက် သွားတာကို တွေ့ရ တယ်၊ ဆက်မှတ်နေမယ် ဆိုရင် အဲဒါတွေ အကြိမ် များများကြီး ဖြစ်နိုင်ပါတယ်၊ အဲဒီလို ရှေ့စိတ် ကလေး ပျောက်သွားတာကို နောက်စိတ်က လိုက်သိတယ်လို့ အဲဒီလို ဟောထားပါတယ်။
ဒီတော့ တစ်ဝီထိလုံးကို တစ်စိတ် အနေနဲ့ပဲ သိနိုင်ပါတယ်၊ ဝီထိထဲမှာပါတဲ့ စိတ်တွေကို အသေးစိတ် အနေအားဖြင့်တော့ မသိနိုင်ပါဘူးတဲ့၊ အဲဒါတွေကို နားလည်ထားဖို့ပါပဲ၊ အဲဒါတွေ နားလည်ရအောင်လို့ ဘုန်းကြီးက ဝီထိစိတ် ဖြစ်ပုံတွေကို ပြောနေရပါတယ်၊ အဲဒီ မှတ်သင့်တာ လေးတွေကို ကျက်မှတ်ထားရမယ်။
ဉာဏ်နှင့် ယှဉ်, မယှဉ် အကျိုးများ
▬▬▬▬▬▬▬
ဝိညာဉ်ခြောက်ပါး ဖြစ်ပုံကို တစ်နေ့က အကြောင်းနှင့်တကွ သိရအောင်လို့ ဝိညာဉ်ဖြစ်ကြောင်း တွေကို တော်တော်ပဲ ကျယ်ကျယ်ပြန့်ပြန့် ပြောပြီးခဲ့ပါပြီ၊ နောက်ပြီးတော့ ပဋိသန္ဓေကစပြီး အကျိုးပေးပုံ ကိုလည်း မှတ်ရအောင်လို့ -
“ထက်သန်သော ဉာဏ်ယှဉ် ကုသိုလ်ကြောင့် ဉာဏ်ယှဉ် ကုသလဝိပါက် စိတ်တွေ ဖြစ်သည်၊ မထက်သန်သော ဉာဏ်ယှဉ်ကုသိုလ်နှင့် ထက်သန်သော ဉာဏ်မယှဉ် ကုသိုလ်တို့ကြောင့် ဉာဏ်မယှဉ် ဟိတ်ရှိ ကုသလဝိပါက် ၄-ခု ဖြစ်သည်”
ဒါက နည်းနည်းလေးတော့ ခက်တယ်၊ ကျမ်းဂန်တွေမှာ တိုက်ရိုက် ဆိုတာကတော့ တိဟိတ် ဥက္ကဋ္ဌတဲ့၊ ဒီလို တိုက်ရိုက်နာမည် ပေးထားတယ်၊ တိဟိတ် ဥက္ကဋ္ဌကံကြောင့် တိဟိတ် ပဋိသန္ဓေ ဖြစ်တယ်တဲ့၊ တိဟိတ်ဩမကနှင့် ဒွိဟိတ်ဥက္ကဋ္ဌ ကံကြောင့် ဒွိဟိတ် ပဋိသန္ဓေ ဖြစ်တယ်တဲ့၊ အဲဒါ စာပေကျမ်းဂန် ဝေါဟာရတွေပါပဲ၊ ဒါတွေအတိုင်း လူတွေကိုပြောရင် နားလည်မှာ မဟုတ်ဘူး ဆိုပြီးတော့ နားလည်လောက်တဲ့ ဝေါဟာရနဲ့ သုံးထားပါတယ်၊ တိဟိတ်တို့၊ ဒွိစိတ်တို့ ပေါ်အောင်လို့ ဒီမှာ ဉာဏ်ယှဉ် တယ်ဆိုရင် တိဟိတ်ပဲ၊ ဉာဏ်မယှဉ်ဘူးဆိုရင် ဒွိဟိတ်ပဲ၊ အရင်က ကုသိုလ်စိတ်မှာ ပြထားခဲ့တဲ့အတိုင်း ကုသိုလ်စိတ်မှာ ၃၀-သော တရားတွေဖြစ်တယ်၊ အဲဒီမှာ အလောဘ, အဒေါသ, အမောဟ ဆိုတဲ့ ဟိတ် ၃-ပါးပါပါတယ်၊ အဲဒီ ဟိတ် ၃-ပါးနဲ့ ယှဉ်တဲ့စိတ်ဟာ တိဟိတ်စိတ်ပဲ၊ အမောဟဆိုတဲ့ ဉာဏ်နဲ့ မယှဉ်ရင်တော့ အလောဘ, အဒေါသ ၂-ပါးနဲ့သာ ယှဉ်တော့တယ်၊ အဲဒါ ဟိတ် ၂-ပါးနဲ့သာ ယှဉ်တဲ့ ဒွိဟိတ်စိတ်ပဲ၊ အဲဒီကုသိုလ်စိတ်က ဟိတ် ၂-ပါးနဲ့ ယှဉ်တဲ့စိတ်၊ ဟိတ် ၃-ပါးနဲ့ ယှဉ်တဲ့စိတ်၊ အဲဒီလိုနှစ်မျိုး ရှိတယ်၊ အဲဒီနှစ်မျိုးကို ဒီမှာ ဉာဏ်နဲ့ ယှဉ်တဲ့စိတ်၊ ဉာဏ်နဲ့ မယှဉ်တဲ့ စိတ်လို့ ဒီက နာမည်ပေးထားတယ်။
ဉာဏ်နဲ့ယှဉ်တဲ့ ကုသိုလ်စိတ် ကလည်း ထက်သန်တာလည်း ရှိတယ်၊ မထက်သန် တာလည်း ရှိတယ်၊ အလှူအတန်း ပြုတယ်ဆိုပါတော့၊ စိတ်ပါလက်ပါ ထက်ထက် သန်သန်နဲ့ ပြုတယ်ဆိုရင် အဲဒါ ထက်သန်တဲ့ ကုသိုလ်စိတ်ပဲ၊ တရားရှုမှတ်တဲ့ အခါမှာဆိုရင် ဒါ အရေးကြီးတယ်၊ ထက်ထက်သန်သန်နဲ့ ရှုမှတ်ဖို့လိုပါတယ်၊ ထက်ထက်သန်သန်နဲ့ ရှုမှတ်ရင် ထက်သန်တဲ့ ကုသိုလ်တွေ ဖြစ်မှာပဲ၊ ရော့ရော့ရဲရဲနဲ့ ရှုမှတ်ရင်တော့ အဲဒါ မထက်မသန် ရော့ရဲတဲ့ ကုသိုလ်ပဲ ဖြစ်မယ်ပေါ့၊
ဉာဏ်ယှဉ် ကုသိုလ်ချင်း တူပေမယ့် ထက်ထက် သန်သန်နဲ့ ဉာဏ်ယှဉ်၊ မထက်မသန်နဲ့ ဉာဏ်ယှဉ်ဆိုပြီး ဒီလို နှစ်မျိုးခွဲသေးတယ်၊ ထက်သန်တဲ့ ဉာဏ်ယှဉ် ကုသိုလ်စိတ်ဆိုရင် သူက ဉာဏ်အား သန်တယ်၊ အဲဒါကို တိဟိတ်ဥက္ကဋ္ဌတဲ့၊ မထက်မသန်တဲ့ ဉာဏ်ယှဉ်တဲ့ ကုသိုလ်ကိုတော့ တိဟိတ်ဩမက ကုသိုလ်တဲ့၊ ကျမ်းဂန်တွေက ဒီလို ဆိုထားတယ်၊ ဒါကလည်း ပါဠိတွေနဲ့ဆိုတော့ စာပေမသင်ဘူးရင် နားလည်ဖို့ တယ်ပြီး မလွယ်လှဘူး၊ စာပေကျမ်းဂန် သင်ကြားလေ့လာဖူးတဲ့ ယောဂီဆိုရင်တော့ အခု ပြောတာကို နားလည်ဖို့ရှိပါတယ်။
အကျိုးဖြစ်တဲ့ ဝိပါက်ကျတော့ ဉာဏ်ယှဉ်တဲ့ ကုသိုလ်ကြောင့် ဉာဏ်ယှဉ် ကုသလ ဝိပါက် ၄-ခုတို့တွင် တစ်ခုခု ဖြစ်တယ်၊ ကုသိုလ်ကျိုးဖြစ်တဲ့ ကုသလဝိပါက် ဆိုတာ ကတော့ ၈-ခု ရှိတယ်၊ ဉာဏ်ယှဉ်တဲ့ ကုသလဝိပါက်က ၄-ခု၊ ဉာဏ်မယှဉ်တဲ့ ကုသလဝိပါက်က ၄-ခု၊ အဲဒီလို ၈-ခုရှိတယ်၊ ကုသိုလ်ကလည်း ၈-ခုဆိုတော့ အကျိုး ဝိပါက် ကျတော့လည်း ၈-ခု ပဲပေါ့၊ စိတ်ရွှင်ရွှင်လန်းလန်း နဲ့ဖြစ်တဲ့ သောမနဿ ကုသိုလ်, ဝိပါက်တို့, ရွှင်လန်းတာလည်း မဟုတ်၊ မရွှင်လန်းတာလည်း မဟုတ်တဲ့ ဥပေက္ခာ ကုသိုလ်, ဝိပါက်တို့၊ မတိုက်တွန်းဘဲ ဖြစ်တဲ့ ကုသိုလ် ဝိပါက်တို့၊ တိုက်တွန်းမှဖြစ်တဲ့ ကုသိုလ်ဝိပါက်တို့ ဆိုတာတွေလည်း ရှိသေးတယ်၊ အဲဒါတွေကို အရင်က ခွဲခြားပြီး ပြောခဲ့ပြီးပါပြီ။
“ဤကုသိုလ်ကြောင့် တိဟိတ် ပဋိသန္ဓေနှင့် တိဟိတ်ဥက္ကဋ္ဌ ဖြစ်ရပါလို၏” လို့ ဆုတောင်းလေ့ ရှိကြတယ်၊ ဆုတောင်းတာက လွယ်တယ်၊ အဲဒါ အရေးမကြီးဘူး၊ အရေးကြီးတာက ဉာဏ်ယှဉ်တဲ့ ကုသိုလ်ဖြစ်ဖို့က အရေးကြီးတယ်၊ ဉာဏ်မယှဉ်ရင် ဆုတောင်းပေမယ့် တိဟိတ်အကျိုး မပေးနိုင်ဘူး၊ ပြီးတော့ ဉာဏ်ယှဉ်ရုံနဲ့လည်း မပြီးသေးဘူး၊ ဉာဏ်ယှဉ်ပြီး ထက်ထက်သန်သန် စိတ်ပါ လက်ပါပြုတဲ့ ကုသိုလ်လည်း ဖြစ်ဖို့လိုပါတယ်၊ အဲဒါမှ ဆုတောင်းတဲ့အတိုင်း တိဟိတ် ပဋိသန္ဓေနေတဲ့ တိဟိတ်ဥက္ကဋ္ဌလည်း ဖြစ်မယ်၊ တိဟိတ်ပဋိသန္ဓေ နေတဲ့ ပုဂ္ဂိုလ်ဆိုရင် ဘဝင်စိတ် တွေ ဖြစ်တော့လည်း ပဋိသန္ဓေနဲ့ တူတဲ့ တိဟိတ် ဘဝင်စိတ်တွေပဲ ဖြစ်တယ်၊ အဆုံးဖြစ်တဲ့ စုတိစိတ် ကျတော့လည်း တိဟိတ် စုတိစိတ်ပဲ ဖြစ်ရတယ်တဲ့။
အခု တရားအားထုတ် နေကြတဲ့ ယောဂီပုဂ္ဂိုလ် တွေဟာ တိဟိတ် ပဋိသန္ဓေနဲ့ တိဟိတ်ဥက္ကဋ္ဌ ပုဂ္ဂိုလ် ဖြစ်မယ်ဆိုရင် ရုပ်နာမ်, အနိစ္စ, ဒုက္ခ, အနတ္တတွေသိပြီး ဥဒယဗ္ဗယဉာဏ် ရောက်နိုင်တယ်၊ အဲဒီအခါမှာ အလင်းရောင်တွေလည်း ထင်လာ တတ်တယ်၊ အဲဒီလိုဆိုရင် သေချာပြီ၊ အဲဒါ တိဟိတ်ပုဂ္ဂိုလ်ပဲ၊ ဘယ်လို ပုဂ္ဂိုလ်လည်းလို့ တွေးတော စဉ်းစားနေစရာ မလိုပါဘူး၊ ဆက်ပြီး အားထုတ်ရင် အဲဒီပုဂ္ဂိုလ်ဟာ တရားတက်သွားနိုင်တဲ့ ဉာဏ်ရှိနေပြီ။
နောက်ပြီးတော့ မထက်သန်တဲ့ ဉာဏ်ယှဉ် ကုသိုလ်ကလည်း ရှိသေးတယ်၊ သူလည်း ဉာဏသမ္ပယုတ်ပဲ၊ ဒါပေမယ့်လို့ ကုသိုလ်ကောင်းမှုကို ပြုလုပ်တဲ့အခါ ထက်ထက် သန်သန် မဟုတ်ဘူး၊ ရော့ရဲတယ်၊ နောက်ပြီးတော့ ဉာဏ်မယှဉ် ကုသိုလ်တဲ့၊ အဲဒီ ဉာဏ်မယှဉ် ကုသိုလ်ကလည်း ဒီလိုပဲ ထက်သန်တဲ့ ဉာဏ်မယှဉ်၊ ရော့ရဲတဲ့ ဉာဏ်မယှဉ် ဆိုပြီး နှစ်မျိုးရှိတာပဲ၊ အဲဒီကုသိုလ် ၄-ခုကြောင့် ဉာဏ်မယှဉ် ဝိပါက် ၄-ခုတို့တွင် တစ်ခုခုဟာ အကျိုးအဖြစ်နဲ့ ဖြစ်လာရတယ်၊ သူကတော့ အမောဟ ဆိုတဲ့ ဉာဏ်ဟိတ် မပါဘူး၊ အလောဘ၊ အဒေါသ ဟိတ်နှစ်ပါးပဲ ပါတော့တယ်၊ ဒါကြောင့် သူ့ကို ဒွိဟိတ် ဟိတ်နှစ်ပါးသာ ရှိတဲ့ ကုသိုလ်ဝိပါက် တဲ့၊ ဒီလိုခေါ်တယ်၊ ဟိတ်ရှိတာဖြစ်လို့ သူ လည်းပဲ သဟိတ်ကုသလ ဝိပါက်ပါပဲ၊ မထက်သန်တဲ့ ဉာဏ်ယှဉ်ကုသိုလ်နဲ့ ထက်သန် တဲ့ ဉာဏ်မယှဉ် ကုသိုလ်တို့ကြောင့် ဉာဏ်မယှဉ် ဟိတ်ရှိ ကုသလဝိပါက် ၄-ခု ဖြစ်တယ်၊ ဒါလေးကိုလည်း ဆိုကြဦးစို့။
“မထက်သန်သော ဉာဏ်ယှဉ် ကုသိုလ်နှင့် ထက်သန်သော ဉာဏ်မယှဉ် ကုသိုလ်တို့ကြောင့် ဉာဏ်မယှဉ် ဟိတ်ရှိ ကုသလဝိပါက် ၄-ခု ဖြစ်သည်”
(ဆို ၃-ခေါက်)
ဉာဏ်တော့ယှဉ်ပါရဲ့၊ ဒါပေမယ့်လို့ မထက်သန်တဲ့ ကုသိုလ်ရယ်၊ ဉာဏ်တော့ မယှဉ်ဘူး၊ ဒါပေမယ့်လို့ အဲဒီကုသိုလ် ကတော့ ထက်သန်တယ်၊ အဲဒီကုသိုလ်ရယ်၊ ဒီကုသိုလ်နှစ်မျိုးဟာ အကျိုးဝိပါက်ကျတော့ ဟိတ်နှစ်ပါးသာ ရှိတဲ့ ဒွိဟိတ် ကုသလဝိပါက် ၄-ပါးပဲ ဖြစ်တယ်၊ ပဋိသန္ဓေ အရာမှာလည်း ဒီကုသိုလ် နှစ်မျိုး၏ အကျိုး ပဋိသန္ဓေ ဆိုလို့ရှိရင် ဉာဏ်မယှဉ်တဲ့ ဒွိဟိတ်ပဋိသန္ဓေပဲ ဖြစ်တယ်တဲ့။ အဲဒီ ဒွိဟိတ် ကုသလဝိပါက်နဲ့ ပဋိသန္ဓေနေတဲ့ ပုဂ္ဂိုလ်ဆိုရင် ဉာဏ်မပါတာ ဖြစ်လို့မို့ တရား အားထုတ်ပေမယ့် တရားထူး တော့မရဘူး၊ ဒါပေမယ့် တရားတော့ အားထုတ် ရပါတယ်၊ ဒီလို ပုဂ္ဂိုလ်လည်း တရားအားထုတ်ရင် ပါရမီကုသိုလ် ဖြစ်နိုင်ပါတယ်။
မထက်သန်တဲ့ ဉာဏ်မယှဉ်ကုသိုလ်က ဘာအကျိုးကို ပေးတုန်းဆိုရင် ဥပေက္ခာ သဟဂုတ် အဟိတ်ကုသလဝိပါက် သန္တီရဏဆိုတဲ့ ပဋိသန္ဓေကျိုးကို ပေးတယ်တဲ့၊ အဲဒီ အဟိတ်ကုသလ ဝိပါက်နဲ့ ပဋိသန္ဓေနေတဲ့ ပုဂ္ဂိုလ် ဆိုတာကတော့ ခြေလက် အင်္ဂါတွေ မစုံဘဲ ဖြစ်လာတတ်တယ်တဲ့။ ပဋိသန္ဓေကတည်းက လူချင်းမတူဘဲ ဖြစ်လာတတ် တယ်ပေါ့လေ၊ ခြေလက်အင်္ဂါ မချွတ်ယွင်း ရင်တောင် စိတ်ချွတ်ယွင်း လာတတ်သတဲ့၊ ဒါက အင်မတန် အားနည်းတဲ့ ကုသိုလ်တွေကြောင့်ပါပဲ။
ဉာဏ်ယှဉ်တယ် ဉာဏ်မယှဉ်ဘူးဆိုတာဟာလည်း ကုသိုလ်ပြုစဉ်က လိုလာခဲ့လို့ပါပဲ၊ ဘယ်လိုတုန်း ဆိုလို့ရှိရင် ကုသိုလ်ပြုစဉ်ကတည်းက ကုသိုလ်ပြုရင် ကုသိုလ်ဖြစ်တယ်၊ အကုသိုလ်ပြုရင် အကုသိုလ်ဖြစ်တယ်၊ ကုသိုလ်က ကောင်းကျိုးပေးတယ်၊ အကုသိုလ်က မကောင်းကျိုး ပေးတယ်၊ ဒီလိုသိပြီးတော့ ဉာဏ်နဲ့ယှဉ်ပြီး ကုသိုလ်ပြုခဲ့လို့ရှိရင် ဉာဏသမ္ပယုတ် ဉာဏ်နဲ့ယှဉ်ဖြစ်တဲ့ ကုသိုလ်တဲ့၊ ဒီလိုမသိဘဲ စေတနာအလျှောက် ကောင်းတဲ့အမှုက ပြုလာခဲ့ရင် ကုသိုလ်တော့ ဖြစ်တာပဲ၊ ဒါပေမယ့်လို့ အဲဒါဟာ ဉာဏဝိပ္ပယုတ် ဉာဏ်နဲ့မယှဉ်တဲ့ ကုသိုလ်လို့ ခေါ်တယ်၊ ထက်သန်လို့ ရှိရင်တော့ အဲဒီကုသိုလ်က ဒွိဟိတ် ပဋိသန္ဓေကျိုးကို ပေးတယ်၊ မထက်သန်ရင်တော့ ခုပြောတဲ့ အဟိတ်ဝိပါက် ပဋိသန္ဓေကျိုး ပေါ့လေ၊ ဟိတ်မရှိတဲ့ ပဋိသန္ဓေမျိုး၊ ခြေ,လက် အင်္ဂါ ချွတ်ယွင်းတဲ့ ပဋိသန္ဓေမျိုးတဲ့၊ အဲဒါကိုဆိုကြရမယ်။
“မထက်သန်သော ဉာဏ်မယှဉ်ကုသိုလ်ကြောင့် ဥပေက္ခာသဟဂုတ် သန္တီရဏခေါ် အဟိတ် ကုသလဝိပါက် ဖြစ်သည်” (ဆို ၃-ခေါက်)
ကုသိုလ်ပြုတဲ့အခါ ကံနဲ့ကံ၏ အကျိုးကို မသိဘူး၊ မသိဘဲနဲ့ စေတနာကောင်းနဲ့ ကုသိုလ်ကိုတော့ ပြုတာပဲ၊ ကံက အကျိုးပေးတယ် ဆိုတာကိုတော့ မယုံကြည်ဘူး၊ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ အခြားဘာသာဝင် ပုဂ္ဂိုလ်တွေလည်း စေတနာကောင်းနဲ့ ကုသိုလ်တွေကို ပြုကြတာပါပဲ၊ ဘေးအန္တရာယ်ဖြစ်တဲ့အခါ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကူညီထောက်ပံ့ကြပါတယ်၊ အနောက်နိုင်ငံက ပုဂ္ဂိုလ်တွေဆိုရင် အများအပြားပဲ၊ စေတနာကောင်းတွေ ရှိကြတာကို တွေ့ရတယ်၊ အဲဒါဟာ ကံနဲ့ ကံ၏အကျိုးကို ယုံကြည်လို့ ဒီလိုထောက်ပံ့ကြတာ မဟုတ်ဘူး၊ ဒီလိုမဟုတ်ပေမယ်လို့ သူတို့ပြုကြတဲ့ အလုပ်တွေဟာ ကောင်းမှုကုသိုလ် တွေပါပဲ၊ အဲဒီကုသိုလ်တွေဟာ ဉာဏဝိပ္ပယုတ် ကုသိုလ်တွေပေါ့၊ ထက်ထက်သန်သန် ပြုရင်တော့ အဲဒါက ဒွိဟိတ် ပဋိသန္ဓေကျိုးကို ပေးနိုင်ပါတယ်၊ မထက်မသန် ရော့ရော့ရဲရဲ ပြုတယ်ဆိုဦးတော့ ကုသိုလ် ပဋိသန္ဓေကျိုးတော့ ဖြစ်သေးတာပဲ၊ ဒါပေမယ့်လို့ ဟိတ်ပါတဲ့ သဟိတ်ဝိပါက်တော့ မဟုတ်ဘူး၊ အဟိတ်ကုသလဝိပါက် သန္တီရဏ ပဋိသန္ဓေကျိုးကို ပေးမှာပဲ၊ အဲဒီ သန္တီရဏကလည်း နှစ်မျိုးရှိပြန်ပါတယ်၊ သောမနဿ သန္တီရဏ၊ ဥပေက္ခာသန္တီရဏတဲ့ ကုသိုလ်၏အကျိုးမှာ ဒီလိုနှစ်မျိုးရှိတယ်၊ ဒါတွေကိုတော့ စောစောက ပြောခဲ့ပါပြီ။
သန္တီရဏနှစ်မျိုးတွင် ပဋိသန္ဓေကျိုးပေးရာမှာတော့ ဥပေက္ခာသဟဂုတ် သန္တီရဏ ဖြစ်တယ်၊ အဲဒါက သုဂတိအဟိတ် ဖြစ်လို့မို့ သုဂတိဘုံမှာ ပဋိသန္ဓေ၊ ဘဝင်၊ စုတိကိစ္စနဲ့ဖြစ်တယ်၊ ကာမသုဂတိဘုံမှာ ဖြစ်နိုင်တဲ့ ပဋိသန္ဓေဟာ ၉-ခုရှိပါတယ်၊ အဲဒီ ၉-ခု ဆိုတာက အဟိတ်ကုသလဝိပါက် ဥပေက္ခာ သန္တီရဏကတစ်ခု၊ သဟိတ် ဉာဏ်ယှဉ်တဲ့ ဝိပါက်က ၄-ခု၊ သဟိတ် ဉာဏ်မယှဉ်တဲ့ ဝိပါက်က ၄-ခု၊ ပေါင်း ၉-ခု၊ အဲဒီ ၉-ခုပါပဲ၊ အဲဒီ ၉-ခုဟာ သုဂတိဘုံမှာ ဖြစ်နိုင်တဲ့ ပဋိသန္ဓေစိတ် ၉-ခုတဲ့၊ သုဂတိဘုံ ဆိုတာ ဒီမှာတော့ လူ့ဘုံ၊ နတ်ဘုံပေါ့၊ အပါယ်ဘုံကိုတော့ ဒုဂ္ဂတိဘုံလို့ ခေါ်တယ်။
.
ပဋိသန္ဓေ, ဘဝင်, စုတိစိတ် ဖြစ်ပုံ
▬▬▬▬▬▬
ပဋိသန္ဓေစိတ် ဆိုတာ ဘဝတစ်ခုမှာ ရှေးဦးစွာဖြစ်တဲ့ စိတ်ပါပဲ၊ ဘဝတစ်ခုနဲ့ တစ်ခု စပ်ပေးတဲ့ စိတ်တဲ့၊ ဘဝတစ်ခုမှာ အစဆုံးဖြစ်တဲ့ စိတ်ကလေးကို ပဋိသန္ဓေစိတ်လို့ ခေါ်တယ်၊ သူပြီးတော့ ဆက်ဖြစ်နေတဲ့ စိတ်တွေကို ဘဝင်စိတ်လို့ ခေါ်တယ်၊ ဝီထိစိတ်တွေရဲ့ အကြား အကြားမှာ ဘဝင်စိတ် တွေကတော့ တစ်ဘဝလုံး ဆက်ပြီး ဖြစ်နေကြတာပဲ၊ “ဘဝဿအင်္ဂံ - ဘဝရဲ့ အစိတ်အကြောင်း” ဘဝပြတ်မသွား ရအောင် သူက အကြောင်း ခံထားတယ်၊ မြင်စိတ်တို့၊ ကြားစိတ်တို့ ဆိုတာ အဲဒီ ဘဝင်စိတ်တွေ အကြားက ဝင်ဝင်ဖြစ်နေ ကြရတာပဲ၊ နောက်ပြီးတော့ သူပဲ ဆက်လက်ပြီး ဖြစ်နေတယ်၊ ဘဝတစ်ခုလုံး ဒီလိုပဲ ဘဝင်တွေ ဖြစ်လိုက် မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ လျှုာစိတ်၊ တွေ့ထိစိတ်၊ စိတ်ကူးကြံစည်တဲ့ စိတ်တွေ ဖြစ်လိုက် ဖြစ်နေကြတာပဲ။
တချို့ ဝိပဿနာဉာဏ် အမြင်သန်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘင်္ဂဉာဏ်ကျတော့ ပြောတတ်တယ်၊ ဘယ်လိုလဲ ဆိုရင် ရှေ့အသိလေးက နောက်အသိလေးနဲ့ ခပ်ကွဲကွဲ ဖြစ်နေတယ်၊ တစ်စပ်တည်းလို့ မထင်ဘူး၊ ကြားထဲမှာ ကျဲနေတယ်လို့ ဒီလိုပြော တတ်ကြတယ်၊ အဲဒီလိုကျဲနေတာ တခြား မဟုတ်ဘူး၊ ဘဝင်တွေ ခံခံသွားလို့ပါပဲ၊ ဘဝင်တွေ ခံခံသွားလို့မို့ ဒီလို ကျဲနေတာ၊ တချို့က ခန့်မှန်းခြေနဲ့ လက်တစ်လုံး လောက်၊ လက်နှစ်လုံးလောက် ခြားခြား နေတယ်လို့ ဒီလိုတောင် ပြောကြသေးတယ်၊ အဲဒါ ဝိပဿနာဉာဏ် ထက်သန်ပြီးတော့ အသိဉာဏ် ရှင်းနေတဲ့ ပုဂ္ဂိုလ်တွေက ပြောကြတာပဲ၊ ဘဝင်နဲ့ ဝီထိစိတ်တွေ ဒီလို အစဉ်မပြတ် ဆက်ဖြစ်နေပြီးတော့ နောက်ဆုံးမှာ ဒီဘဝင်တွေနဲ့ တူတဲ့ ဘဝင်စိတ်လေးဟာ စုတိကိစ္စနဲ့ ချုပ်ငြိမ်း သွားတယ်၊ အဲဒါ တစ်ဘဝ ဆုံးသွားတာပဲ၊ တစ်ဘဝအတွင်းမှာဖြစ်တဲ့ ပဋိသန္ဓေစိတ် ရယ်၊ ဘဝင်စိတ်ရယ်၊ စုတိစိတ်ရယ် အဲဒီသုံးခုဟာ တူကြတယ်။
ထက်သန်တဲ့ ဉာဏ်ယှဉ် ကုသိုလ်ကြောင့် ဉာဏ်ယှဉ် ကုသလဝိပါက်စိတ် လေးခုဖြစ်တယ်၊ အဲဒီအထဲ သောမနဿ ပဋိသန္ဓေနဲ့ ဖြစ်တဲ့ ပုဂ္ဂိုလ်ဆိုရင် စိတ် ရွှင်ရွှင်လန်းလန်းနဲ့ ဖြစ်လာတတ် တယ်၊ ဥပေက္ခာ ပဋိသန္ဓေနဲ့ ဖြစ်လာတဲ့ ပုဂ္ဂိုလ်ကျတော့ သိပ်မရွှင်လန်းဘူး၊ ဣန္ဒြေရတယ်၊ တည်ကြည်တယ်၊ သတိထား ကြည့်ရင် တချို့က ရွှင်ရွှင်လန်းလန်း နေတတ်ကြတယ်၊ စကားပြောတဲ့ အခါမှာလည်း ရယ်ကာမောကာနဲ့ ပြုံးပြုံးရွှင်ရွှင်ပဲ ပြောတတ်ကြတာကို တွေ့ရတယ်၊ အဲဒါ သောမနဿနဲ့ ပဋိသန္ဓေနေတဲ့ ပုဂ္ဂိုလ်တဲ့၊ သောမနဿ ပဋိသန္ဓေနဲ့ ဥပေက္ခာ ပဋိသန္ဓေ ၂-မျိုး ဟာ တစ်မျိုးနဲ့တစ်မျိုး မတူဘူး၊ အဲဒီလို ခြားနား ကွဲပြားတယ်၊ ကိုင်း ဆိုကြရမယ်။
“ယင်း ကုသလဝိပါက် ၉-ပါးသည် သုဂတိဘုံ၌ ပဋိသန္ဓေ, ဘဝင်, စုတိကိစ္စဖြင့် ဖြစ်သည်” (ဆို ၃-ခေါက်)
စာရွက်ကလေး ရထားမှ နေရာကျမှာ၊ စာရွက်ကလေးကို ထပ်ကာထပ်ကာ ကြည့်ပြီးတော့ နားမလည်ရင် နားလည်တဲ့ ပုဂ္ဂိုလ်ကို မေးရတယ်၊ ဒါမှ နားလည်မှာ၊ အင်မတန် သိသင့် သိထိုက်တဲ့ နေရာပဲ၊ နောက်ပြီးတော့ ဒီစိတ်တွေဟာ ကာမ ၁၁-ဘုံမှာ တဒါရုံ ကိစ္စဖြင့်လည်း ဖြစ်သေးတယ်၊ “စုံစမ်း, ဆုံးဖြတ်, ဇောစိတ်သတ်, နှစ်ရပ် တဒါရုံ” လို့ ဆိုတဲ့အတိုင်း ဇောနောက်မှာ ကျတတ်တဲ့ တဒါရုံ ဆိုတာလည်း ဒီစိတ်တွေပဲ၊ သန္တီရဏ ၃-ခုရယ်ပေါ့လေ၊ သန္တီရဏ တစ်ခုက ဒီအထဲမှာ ပါသွားပြီ၊ အဲဒါ တဒါရုံကိစ္စဖြင့် ဖြစ်တာ ၁၁-ခုတဲ့၊ ဒီတဒါရုံ ဆိုတာကတော့ ကာမဘုံမှာသာ ဖြစ်တယ်၊ ရူပဘုံ, အရူပဘုံတွေမှာ မဖြစ်ဘူး၊ နတ်ပြည် ခြောက်ထပ်ရယ်၊ လူ့ဘုံနဲ့ အပါယ်လေးဘုံ ရယ်၊ အဲဒါ ကာမဘုံဘဲ၊ ကာမဘုံက ၁၁-ဘုံတဲ့၊ ဝီထိစိတ်တွေကို သဘောပေါက် နားလည် စေချင်တာနဲ့ ဘုန်းကြီးက အတိုချုပ် ဆောင်ပုဒ်ကလေးတွေ ပေးထားပါတယ်၊ “အကုသိုလ်စိတ်, ဆယ့်နှစ်ပါးကြောင့် အကုသလ ဝိပါက်စိတ် ခုနစ်ပါးဖြစ်သည်” တဲ့။
မကောင်းမှု အကုသိုလ်ကြောင့် ဖြစ်တဲ့ အကုသိုလ် အကျိုး ဝိပါက်တွေ ဆိုတာ ခုနှစ်ပါး ဖြစ်လာတယ်၊ ဘယ်လိုဖြစ်သလဲ ဆိုလို့ရှိရင် မကောင်းတာကို မြင်ရတယ်၊ မကောင်းတာကို ကြားရတယ်၊ မကောင်းတဲ့ အနံ့ကို နံရတယ်၊ မကောင်းတဲ့ အစားအသောက်ကို စားရသောက်ရ တယ်၊ မကောင်းတဲ့ အတွေ့အထိကို တွေ့ရ, ထိရတယ်၊ အဲဒီလို မကောင်းတဲ့ ပဉ္စဝိညာဉ်ဆိုတဲ့ အကျိုးငါးပါး ဖြစ်လာတယ်၊ ပြီးတော့ လက်ခံတဲ့ သမ္ပဋိစ္ဆိုန်းစိတ်၊ စုံစမ်းတဲ့ သန္တီရဏစိတ်၊ ဒါတွေ လည်း အကုသိုလ် အကျိုးပဲ ဖြစ်ရတယ်၊ ဒီတော့ ပဉ္စဝိညာဉ်ကငါးခု၊ သမ္ပဋိစ္ဆိုန်းနဲ့ သန္တီရဏက နှစ်ခု၊ မကောင်းမှု အကုသိုလ်ရဲ့အကျိုးဟာ ဒီ ခုနစ်ပါးပဲရှိတယ်၊ ဒီပြင် မရှိဘူး၊ “အာရုံဆိုးနဲ့ အကုသိုလ် ကံကြောင့် ဝိပါက်စိတ်ဖြစ်” ဆိုတာ အဲဒါတွေကိုပြောတာ၊ အကုသိုလ်စိတ် တစ်ဆယ့်နှစ်ပါးကြောင့် အကုသလ ဝိပါက်စိတ် ခုနစ်ပါးဖြစ်တယ်၊ ကိုင်း - ဒါကိုလည်းဆိုရမယ်။
“အကုသိုလ်စိတ် ၁၂-ပါးကြောင့် အကုသလ ဝိပါက်စိတ် ၇-ပါး ဖြစ်သည်” (ဆို)
အဲဒီအထဲမှာ သန္တီရဏဆိုတဲ့ နောက်ဆုံး စိတ်ကလေး ပါတယ်၊ သူက အပါယ် လေးဘုံမှာ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ ကိစ္စဖြင့် ဖြစ်တယ်၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊ အဲဒီ လေးဘုံမှာပေါ့၊ ဒီ သန္တီရဏ စိတ်ကလေး နဲ့ချည်း ပဋိသန္ဓေ၊ ဘဝင်၊ စုတိကိစ္စဖြင့် ဖြစ်ရတယ်၊ အဲဒါလည်း မှတ်သား ဖို့ရာပါပဲ၊ ဒါကိုလည်း ဆိုရမယ်။
“ထိုတွင် သန္တီရဏစိတ်သည် အပါယ်လေးဘုံ၌ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ ကိစ္စဖြင့်လည်း ဖြစ်သည်” (ဆို ၃-ခေါက်)
အဲဒီ သန္တီရဏဆိုတဲ့ အကုသလ ဝိပါက်စိတ်ကလေးက အပါယ်ဘုံတွေမှာ ပဋိသန္ဓေ ဆိုလည်း သူပဲ၊ ဘဝင်ဆိုလည်း သူပဲ၊ စုတိဆိုလည်း သူပဲတဲ့၊ ဒါတင်မကသေးဘူး၊ ဒီပြင်လည်း ဖြစ်စရာ ရှိသေးတယ်၊ အဲဒါကတော့ သန္တီရဏ ကိစ္စနဲ့ တဒါရုံကိစ္စ နှစ်ခုပါပဲ၊ သန္တီရဏစိတ်က သုံးခုရှိတယ်၊ အကုသလဝိပါက်က ဥပေက္ခာ သန္တီရဏ တစ်ခု၊ ကုသလဝိပါက်က သောမနဿနဲ့ ဥပေက္ခာ သန္တီရဏ နှစ်ခု၊ အဲဒီသုံးခုက စုံစမ်းတယ်ဆိုတဲ့၊ သန္တီရဏကိစ္စလည်း ဖြစ်တယ်၊ ဇော နောင် တဒါရုံ ကိစ္စနဲ့လည်း ဖြစ်သေးတယ်၊ ဝီထိချတဲ့အခါမှာ ဒီစိတ်တွေပါပဲ၊ သန္တီရဏ စုံစမ်းတယ် ဆိုတာလဲ ဒီစိတ်၊ တဒါရုံ ဆိုတာလည်း ဒီစိတ် ဆိုတာ ပေါ်လွင်အောင်လို့ ဒီမှာ ဆောင်ပုဒ်ကလေး လုပ်ထားရတယ်၊ အဲဒါလည်း ဆိုရမယ်။
“သန္တီရဏ စိတ်သုံးခုသည် သန္တီရဏကိစ္စ, တဒါရုံကိစ္စဖြင့်လည်း ဖြစ်သည်”
(ဆို ၃-ခေါက်)
သန္တီရဏ စုံစမ်းတယ်ဆိုတာ ပေါ်လာတဲ့ အာရုံကို ဒါ ဘာလဲလို့ စုံစမ်းတာပါပဲ၊ မကောင်းတဲ့ အာရုံကို စုံစမ်းရတဲ့အခါ အကုသလဝိပါက်ပဲ၊ အကုသလဝိပါက် သန္တီရဏနဲ့ စုံစမ်းတယ်၊ အဲဒါကတော့ ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် တစ်ခုတည်း ရှိတယ်၊ မကောင်းတဲ့ အဆင်း၊ မကောင်းတဲ့ အသံကို မြင်ရ၊ ကြားရတဲ့အခါ စသည်ပေါ့၊ ပြီးတော့ “ဆုံးဖြတ်, ဇောစိတ်သတ်၊ နှစ်ရပ် တဒါရုံ” ဆိုတဲ့အတိုင်း ဆုံးဖြတ်တဲ့ ဝုဋ္ဌောစိတ်၊ အဲ သူကတော့ ဝိပါက်စိတ်လို့ မဆိုရဘူး၊ ကြိယာစိတ် တဲ့၊ ပြီးတော့ ဇော၊ အဲဒီဇောက ရိုးရိုးဆိုတော့ ခုနစ်ကြိမ်၊ အဲဒီက နောက်မှာ တဒါရုံတဲ့၊ သန္တီရဏ သုံးခုက တဒါရုံလည်း ဖြစ်တယ်။
ကောင်းတဲ့ အာရုံကို စုံစမ်း ဆုံးဖြတ်တဲ့အခါမှာတော့ ကုသလဝိပါက် သန္တီရဏ တဲ့၊ ဒီ ကုသလဝိပါက် သန္တီရဏ ကတော့ နှစ်မျိုးရှိတယ်၊ သောမနဿ သန္တီရဏ နဲ့ ဥပေက္ခာ သန္တီရဏ၊ အလွန်ကောင်းတဲ့ အာရုံဆိုရင် သောမနဿ သန္တီရဏနဲ့ စုံစမ်းတယ်၊ ရိုးရိုး သာမန်ကောင်းတဲ့ အာရုံကျတော့ ဥပေက္ခာ သန္တီရဏနဲ့ စုံစမ်းတယ်၊ ဒီလို အသေးစိတ် ပြီးတော့လည်း ခွဲခြား ထားသေးတယ်၊ အဲဒီလို သန္တီရဏ ကိစ္စရယ်၊ ပြီးတော့ ဇောနောင် တဒါရုံ ကိစ္စရယ်ပေါ့လေ၊ သန္တီရဏဆိုလည်း သူပဲ၊ တဒါရုံ ဆိုလည်း သူပဲ၊ တဒါရုံကျတော့ မဟာဝိပါက်စိတ် ရှစ်ခု ရောဆိုရင် တဒါရုံ တစ်ဆယ့်တစ်ပါး ဖြစ်သွားတယ်၊ ဝီထိစိတ် ဖြစ်ပုံတွေကတော့ စုံသွားပါပြီ၊ နာရီကလည်း ၉-နာရီတောင် ထိုးသွားပြီး၊ ပြောဖို့ရာလေးတွေက ကျန်နေသေးတယ်၊ အရေးကြီးတာက ဝိပဿနာ ရှုတဲ့ကာလမှာ ဘယ်ပုံ ဘယ်နည်းဆိုတာ ဒါကို ပြောဖို့ရာပါပဲ၊ အခြေခံကို ပြောနေရတာနဲ့ အချိန်ကုန်သွားပြီ၊ ဒါပေမယ့် နည်းနည်းတော့ ဆက်ပြောဦးမှပဲ၊ သူက အရေးကြီးတယ်။
.
မရောက်သင့်ရာကို မရောက်ဖို့ ဝိပဿနာကို ရှုမှတ်ရတယ်
▬▬▬▬▬
တစ်နေ့တုန်းကလည်း အရေးကြီးတဲ့နေရာ ဖြစ်လို့မို့ ဒီဆောင်ပုဒ်ကို ဆိုပေးခဲ့ သေးတယ်၊ အဲဒါက ဘယ်ဆောင်ပုဒ်လဲ ဆိုရင် -
“ထင်ဆဲဆင်းဓာတ်၊ မြင်လတ်ဦးစွာ၊
မြင်ပြီးတရား၊ စဉ်းစားပြန်ရာ၊
သဏ္ဌာန်ဒြပ်၊ ပညတ်ပေါ်လာ၊
မည်နာမ၊ သိရ နောက်ဆုံးပါ” တဲ့။
အဲဒီ ဆောင်ပုဒ်ကလေးပါပဲ။ ပထမမျက်စိထဲမှာ ထင်ပေါ်လာတဲ့ အဆင်းကိုမြင်ရတယ်၊ ဒါက တစ်ဝီထိ ပြီးတော့ …
၁။ ဘဝင်ဆင်ခြင်၊ မြင်ပြီးလျှင်၊ ထိုပြင် လက်ခံတုံ။
၂။ စုံစမ်း,ဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ် တဒါရုံ။
၃။ အဆင်းမြင်လျှင်၊ ဖြစ်ရိုးပင်၊ စိတ်စဉ် မှတ်ပါကုန်။
ဆိုတဲ့ ဆောင်ပုဒ်အရနဲ့ အဓိပ္ပာယ်ကို ဆက်စပ်ပြီးတော့ သိဖို့ပါပဲ၊ “ထင်ဆဲ ဆင်းဓာတ်, မြင်လတ်ဦးစွာ” တဲ့၊ စက္ခုဒွါရ ဝီထိနဲ့ ရှေးဦးစွာ အဆင်းက မြင်တယ်၊ မြင်ရုံမျှပဲ၊ ဘာရယ်လို့ သိသေးတာ မဟုတ်သေးဘူး၊ “မြင်ပြီးတရား၊ စဉ်းစားပြန်ရာ” တဲ့၊ မြင်ပြီးတော့ တချို့က ပြန်ပြီးစဉ်းစားတယ်၊ “ဆင်ခြင်တယ်” “ဆင်ခြင်ပြီးခါ၊ ဇော, တဒါ၊ ကြံရာစိတ်ဖြစ်ပုံ” တဲ့၊ တဒနုဝတ္တက မနောဒွါရ မြင်တဲ့ ဝီထိနောက် ကလိုက်ပြီးတော့ ဇောတို့, တဒါရုံတို့ အပြည့်အစုံနဲ့ စဉ်းစားဆင်ခြင်တဲ့ ဝီထိ၊ အဲဒီ ဝီထိကလည်း ဝီထိစိတ် အနေနဲ့ ဆိုလို့ရှိရင် ၁၀-ဆယ်ကြိမ်ပဲ၊ ဒါကလည်း အကောင် အထည်ကို သိသေးတာ မဟုတ်ဘူး။ သူက ပရမတ်ကိုပဲ အာရုံပြုပြီးတော့ ဖြစ်သေးတာ၊ ပညတ်ကို အာရုံပြုပြီးတော့ ဖြစ်တာမဟုတ်သေးဘူး၊ ဒီလို မနောဒွါရ ဝီထိမျိုးနဲ့ ဆက်ပြီး စဉ်းစား ဆင်ခြင်တော့မှ သဏ္ဌာန်ဒြပ် ပညတ် ပေါ်လာတယ်၊ မိန်းမ, ယောက်ျား စသည် ပေါ့လေ၊ ဒါတွေပေါ်လာတယ်၊ ပြီးတော့ နောက် ဝီထိက တစ်ခါ စဉ်းစား ဆင်ခြင်ပြန်လို့ ဘယ်သူ, ဘယ်ဝါဆိုတဲ့ အမည်နာမတွေ ပေါ်လာတယ်၊ နောက်ဆုံး လေးဝီထိ ကျမှ အမည်နာမအထိ အကောင်အထည် ပညတ်တွေ အပြည့်အစုံ ပေါ်လာပါတယ်၊ ဒါ အကြမ်းပြင်းပဲ၊ ဒီအထဲမှာ အသေးစိတ်ပြီး ဝီထိစိတ်တွေ အကြိမ်များစွာ ဖြစ်နိုင်တယ်။
အဲဒါက တရား မရှုမှတ်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ရိုးဖြစ်စဉ် ဝီထိစိတ် ဖြစ်ပုံပါပဲ၊ အဲဒီ ဖြစ်ရိုးဖြစ်စဉ်မှာ သဏ္ဌာန်ဒြပ် အမည် နာမတွေ ပေါ်လာတယ်၊ ဒီလို သဏ္ဌာန်ဒြပ် အမည်နာမတွေ ပေါ်လာပြီ ဆိုကတည်းက လောဘ၊ ဒေါသတွေ ဖြစ်တော့မှာပေါ့၊ လိုချင်စရာလို့ ထင်ရင် လိုချင်လာမယ်၊ စိတ်ဆိုးစရာလို့ ထင်ရင် ဒေါသတွေ ဖြစ်လာမယ်၊ မောဟ ဆိုတာကတော့ ခပ်တိုင်းငန် ဆိုတော့ သူ ပါရမှာပဲ၊ အဲဒီ လောဘ, ဒေါသ, မောဟ စိတ်တွေ အထိ မရောက်ရအောင်လို့ မြင်ပြီးပြီးချင်း မြင်ရင် မြင်တယ်လို့ ရှုမှတ် လိုက်ရတယ်၊ ဒါမဟုတ် ဒုတိယ ဝီထိတင်ပဲ ရပ်သွားအောင်, ပညတ်တွေ ပေါ်မလာ အောင်လို့ မြင်ရင် မြင်တယ်, ကြားရင် ကြားတယ် စသည်ဖြင့် ရှုမှတ် ပစ်လိုက်ရတယ်၊ အဲဒါလေးတွေကို နားလည်အောင် ဘုန်းကြီးက ပြောချင်လို့ ဒီမှာ ဝီထိတွေ ချပြနေတာပဲ၊ အဲဒါ “မြင်ရင် မြင်ချင်း, လက်ငင်းမှတ်လျှင်၊ မြင်ရုံတွင်ပဲ ပြတ်စဲစိတ်စဉ်”တဲ့၊ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ - မြင်လျှင် မြင်ရုံပဲဖြစ်မယ် ဆိုတာ အဲဒါကို ပြောတာပဲ။
ဝိပဿနာဉာဏ် ရင့်သန်လာတဲ့ အခါကျတော့ မြင်ရုံ, ကြားရုံ လောက်တင်သာ မကဘူး၊ ရုပ်နာမ်တွဲပြီးတော့ တခြားစီ သိနိုင်ပါတယ်၊ ရုပ်နာမ်တို့ရဲ့ အဖြစ်အပျက် တွေကိုလည်း သိမြင်လာတယ်၊ အနိစ္စ အားဖြင့် မမြဲဘူးလို့လည်း သိမြင်လာပါတယ်၊ ဒုက္ခအားဖြင့် ဆင်းရဲတယ် လို့လည်း သိမြင်လာပါတယ်၊ ဒါတွေကို သိလာတဲ့အခါ အနတ္တသဘော အားဖြင့်လည်း ငါကောင်, သတ္တဝါကောင် မဟုတ်ဘူးဆိုတာ သိမြင်တော့တာပါပဲ၊ အဲဒီလို သိလာအောင်လို့ပဲ မြင်တိုင်း, ကြားတိုင်း မြင်တာ, ကြားတာတွေကို ရှုမှတ်နေရတယ်၊ ဒီအတွက် ဆောင်ပုဒ်ကလေးတွေ ဒီအထဲ မထည့်မိဘဲ မေ့နေလို့ ဒါတွေကို ပြောဖြစ်အောင် ပြောနေပါတယ်၊ ဆိုလိုက်ကြဦးစို့။
“မြင်လျှင် မြင်ချင်း, လက်ငင်းမှတ်လျှင်၊
မြင်ရုံတွင်ပဲ, ပြတ်စဲစိတ်စဉ်၊
ရုပ်နာမ်ကွဲလျက်, ဖြစ်ပျက်သိမြင်၊
အနိစ္စ-ဒုက္ခ သဘောထင်။” (ဆို ၃-ခေါက်)
မြင်လျှင်မြင်ချင်း ချက်ချင်း လက်ငင်း ရှုမှတ်ရမယ်၊ ပထမဝီထိ ဆုံးလျှင်ဆုံးချင်း မှတ်နိုင်ရင် ကောင်းတယ်၊ ဒါမှ မဟုတ်လည်း ဒုတိယဝီထိ အဆုံးမှာ ရှုမှတ်နိုင် ရင်လည်း ပညတ်အထိ မရောက်သေးလို့ မြင်ရုံ, ကြားရုံမျှ ရှုမှတ်သည် မည်တာပါပဲ၊ ဒီလို ရှုမှတ်နိုင်ပြီ ဆိုလို့ရှိရင် မြင်ရုံ, ကြားရုံတင်ပဲ ပြတ်စဲသွားမယ်တဲ့၊ ရုပ်နာမ် ကွဲပြီးတော့ အဖြစ်အပျက်ကို ကိုယ်တိုင် သိမြင်ပြီး ရုပ်နာမ်တွေရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘော တွေကိုပါ ထင်မြင်မယ်၊ ဒီလို ဆိုလိုတာပါပဲ၊ မြင်လျှင် မြင်ကာမျှ, ကြားလျှင် ကြားကာမျှ အခါကာလမှာ ကိလေသာ မဝင် မရောက်သေးဘူး၊ စက္ခုဝိညာဉ်, သောတဝိညာဉ် ဝီထိတွေ ဖြစ်ခိုက်မှာဆိုရင် ပညတ်ကို အာရုံ မပြုသေးဘူး၊ အလုံးလိုက် အခဲလိုက်ကြီးတော့ ထင်တာပဲ၊ ဒါပေမယ့်လို့ ပညတ် အထည်ဒြပ် တွေတော့ မထင်ပေါ်သေးဘူး၊ အဲဒီလို အထည်ဒြပ်တွေ မထင်ပေါ်မီ မြင်လျှင်မြင်ချင်း၊ ကြားလျှင် ကြားချင်း၊ နံလျှင်နံချင်း၊ လျှက်လျှင် လျက်ချင်း၊ တွေ့ထိလျှင် တွေ့ထိချင်း၊ စိတ်ကူးစဉ်းစားလျှင် စိတ်ကူးစဉ်းစားချင်း ရှုမှတ်ပါတဲ့၊ ဒီတော့မှ “မြင်ရုံတွင်ပဲ, ပြတ်စဲစိတ်စဉ်” မြင်ရုံတွင်မြင်ပြီး ရှေ့မဆက်ဘဲ စိတ်အစဉ် ပြတ်သွားမယ်တဲ့၊ ဒီလို ပြတ်သွားပြီ ဆိုလို့ရှိလျှင် မရောက်သင့်တဲ့ ပညတ် အာရုံသို့လည်း မရောက်တော့ဘူး၊ မဖြစ်သင့်တဲ့ လောဘ၊ ဒေါသ၊ မောဟ ကိလေသာ တွေလည်း မဖြစ်တော့ဘူးပေါ့၊ ဒီလို ရှုမှတ်ရင်း ဝိပဿနာဉာဏ်တွေ ရင့်သန် လာပြီးတော့ ရုပ်နာမ်တွေကို ကွဲကွဲပြားပြား သိလာမယ်၊ ရုပ်နာမ်တွေရဲ့ ဖြစ်မှု, ပျက်မှုတွေကိုလည်း ပိုင်းခြားပြီး သိမြင်လာမယ်၊ အဲဒါကို ဆောင်ပုဒ်ထဲမှာ “ရုပ်နာမ်ကွဲလျက်, ဖြစ်ပျက်သိမြင်၊ အနိစ္စ ဒုက္ခ သဘောထင်” တဲ့၊ ဒီလို ဆိုထားပါတယ်၊ ဒါကိုပဲ မြတ်စွာဘုရားက-
“ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊
သုတေ သုတမတ္တံ ဘဝိဿတိ၊
မုတေ မုတမတ္တံ ဘဝိဿတိ၊
ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတိ” လို့ -
ဒီလို လေးပိုင်းခွဲပြီးတော့ ဟောကြားထားပါတယ်၊ အဓိပ္ပါယ်က အတူတူပါပဲ၊ ဒါလည်းပဲ ဝိပဿနာ ရင့်သန်တော့မှ မြင်ရုံ စသည်တွင် ရပ်သွားအောင် ရှုမှတ်နိုင် ပါတယ်၊ ဒီလို မဟုတ်လျှင်တော့ မြင်ရာ, ကြားရာမှာ ဘယ်သူ, ဘယ်ဝါ ယောက်ျား, မိန်းမ အကုန်လျှောက်ပြီးတော့ သိသွားတာပဲ၊ ဒါတွေက အရင် ရောက်ရောက်နေတယ်၊ အဲဒါဟာ အဝိဇ္ဇာ သဘောတွေပဲ၊ အဲဒီ အဝိဇ္ဇာအထိ မရောက်ခင် ဝိပဿနာဝိဇ္ဇာဉာဏ် ထည့်ပေးနေရတာပါပဲ၊ ထည့်ပေးလို့ ဝိဇ္ဇာဉာဏ်က အရင် ဦးသွားပြီ ဆိုလို့ရှိရင်တော့ အဝိဇ္ဇာ မဝင်နိုင်တော့ဘူးပေါ့။
သမာဓိအား ကောင်းလာတဲ့အခါ အဲဒီလို ရှုမှတ်နေရင်းနဲ့ပဲ မှတ်စရာ အာရုံဖြစ်တဲ့ ရုပ်ကတခြား၊ မှတ်သိနေတဲ့ စိတ်ကလေးက တခြား၊ သိစရာနဲ့ သိတာ, ဒါပဲ ရှိတယ်ဆိုတာ သိလာပါတယ်၊ အဲဒါဟာ ရုပ်နာမ် ကွဲပြီးတော့ ရုပ်တခြား နာမ်တခြား ရှင်းရှင်းလေး မြင်လာပါတယ်၊ စာပေတွေ ကျက်မှတ်ပြီး သိတဲ့အသိမျိုး မဟုတ်ဘူး၊ မှတ်ရင်းမှတ်ရင်းနဲ့ ကိုယ်မှာ ကိုယ်တိုင်သိတဲ့ အသိပါပဲ၊ တကယ်အမှန် ရှိနေတဲ့ သဘောကို အမှန်အတိုင်း ဒီလို သိအောင်လို့ ဒီလို နည်းလမ်းတကျ ရှုမှတ်နေရ တာပါပဲ၊ ဝိပဿနာ ရှုမှတ်ရတာဟာ ဘာလို့ ရှုမှတ်ရတယ်ဆိုတာ သိအောင် နားလည်အောင် ဆိုပြီး ဝီထိတွေချ၊ အဓိပ္ပါယ်တွေ ပြောနဲ့ ပြုလုပ်ရတာပဲ၊ အဲဒါ နားလည် သဘောပေါက် လောက်ပါပြီ၊ ဆောင်ပုဒ်ကလေး တွေကို ရအောင် ကျက်မှတ်ထားဖို့ ကောင်းတယ်၊ ကျက်ထားပြီးတော့ နားမလည်သေးလို့ ရှိရင်လည်း နားလည်တဲ့ သူကို မေးရတယ်။ တရား သိမ်းရအောင်၊ ဒါလေး တစ်ခေါက် ဆိုလိုက်ကြဦးစို့။
“မြင်လျှင်မြင်ချင်း လက်ငင်းမှတ်လျှင်၊
မြင်ရုံပင်ပဲ ပြတ်စဲစိတ်စဉ်၊
ရုပ်နာမ်ကွဲလျက် ဖြစ်ပျက်သိမြင်၊
အနိစ္စ ဒုက္ခ သဘောထင်”။
ယနေ့အဖို့၌ အကျွန်ုပ်တို့ ပြုစုပွားများ အားထုတ်အပ်သော ကောင်းမှုအပေါင်း၏ အဖို့ဘာဂကို အမိအဘတို့မှစ၍ အလုံးစုံသော သတ္တဝါ အပေါင်းတို့အား အမျှ ပေးဝေ ပါကုန်၏၊ အလုံးစုံသော သတ္တဝါ အပေါင်းတို့သည် အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
အမျှ … အမျှ … အမျှ … ယူတော်မူကြပါကုန်လော့။
သာဓု … သာဓု … သာဓု ….။
.
“အဘိဓမ္မာ တရားတော်ကြီး”
ကြိယာအဗျာကတ တရား
▬▬▬▬▬▬▬▬▬
“ကတမေ ဓမ္မာ အဗျာကတာ” အဗျာကတ တရားဆိုတာ ဘယ်ဟာလဲလို့ မေးပြီးတော့ -
“ယသ္မိံ သမယေ မနောဓာတု ဥပ္ပန္နာ ဟောတိ ကြိယာ နေဝကုသလာ နာကုသလာ န စ ကမ္မဝိပါကာ ဥပေက္ခာသဟဂတာ ရူပါရမ္မဏာ ဝါ သဒ္ဒါရမ္မဏာ ဝါ ဂန္ဓာရမ္မဏာ ဝါ ရသာရမ္မဏာ ဝါ ဖောဋ္ဌဗ္ဗာရမ္မဏာ ဝါ”
ဒီလို ဆိုပြီးတော့ မနောဓာတ် ကြိယာစိတ်ကို ဝေဖန်ပါတယ်၊
“ယသ္မိံ သမယေ - အကြင် အခါ ကာလ၌၊
ကြိယာ - ကြိယာဖြစ်သော၊”
အဲဒီ ကြိယာဆိုတာ ဘယ်လိုဟာတုန်း လို့ဆိုရင် ..
နေဝကုသလာ - ကုသိုလ်လည်း မဟုတ်ဘူး၊
နာကုသလာ - အကုသိုလ်လည်း မဟုတ်ဘူး၊
ကောင်းကျိုးပေးတတ်တဲ့ ကုသိုလ်တရားမျိုးလည်း မဟုတ်ဘူးတဲ့၊
မကောင်းကျိုး ပေးတတ်တဲ့ အကုသိုလ် တရားမျိုးလည်း မဟုတ်ဘူးတဲ့၊
ဒါဖြင့် ကုသိုလ်၊ အကုသိုလ်တို့ရဲ့ အကျိုးလားဆိုတော့ “န ကမ္မဝိပါကာ” တဲ့၊ ကုသိုလ် ကံ အကုသိုလ်ကံတို့ရဲ့ အကျိုးလည်း မဟုတ်ပါဘူးတဲ့၊ အရင် ဟောကြားခဲ့တဲ့ “ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ”ဆိုတဲ့ အဲဒီ တရားတွေတုန်းကတော့ ကုသလာ ဓမ္မာက ကောင်းသောအကျိုးကို ပေးတတ်တယ်၊ အကုသလာ ဓမ္မာက မကောင်းသော အကျိုးကို ပေးတတ်တယ်၊ ပြီးတော့ ဝိပါကာ ဓမ္မာ - ဝိပါက်တရား ဆိုတာက ကုသိုလ်အကျိုး၊ အကုသိုလ် အကျိုးတရားတွေ လို့ဆိုပြီးတော့ ဟောကြားခဲ့ပါတယ်၊ အခု ဒီ ကြိယာ ဆိုတာကတော့ ကုသိုလ်လည်း မဟုတ်ဘူး၊ အကုသိုလ်လည်း မဟုတ်ဘူး၊ ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့ အကျိုးလည်း မဟုတ်ဘူးတဲ့။
ဝေဒနာကတော့ “ဥပေက္ခာသဟဂတံ - ဥပေက္ခာ ဝေဒနာနဲ့တကွ ဖြစ်တယ်”တဲ့၊ အာရုံကတော့ “ရူပါရမ္မဏာ ဝါ၊ သဒ္ဒါရမ္မဏာ ဝါ၊ ဂန္ဓာရမ္မဏာ ဝါ၊ ရသာရမ္မဏာ၊ ဝါ၊ ဖောဋ္ဌဗ္ဗာရမ္မဏာ ဝါ” ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ၊ အဲဒီ အာရုံငါးပါးကို အာရုံပြုတယ်တဲ့၊ (ဓမ္မာရုံကို အာရုံမပြုဘူး) ပြီးတော့ “မနောဓာတု ဥပ္ပန္နာ ဟောတိ” မနောဓာတ်ကြိယာ ဖြစ်ပေါ်လာတဲ့ အခါမှာ အဲဒီလို ဖြစ်ပေါ်လာပါတယ်တဲ့၊ မနောဓာတ် ဆိုတာဟာ ဝိပါက်ထဲမှာလည်း မနောဓာတ် ရှိပါတယ်၊ ဝိပါက် မနောဓာတ်ကိုတော့ အဘိဓမ္မတ္ထသင်္ဂဟ ကျမ်းက သမ္ပဋိစ္ဆိုန်း လို့ ကိစ္စအမည်နဲ့ အမည် မှည့်ထားပါတယ်၊ အဲဒီ သမ္ပဋိစ္ဆိုန်း ကလည်းပဲ ကုသိုလ်အကျိုးက တစ်ခု၊ အကုသိုလ်အကျိုးက တစ်ခု၊ ဒီလို နှစ်ခုရှိတယ်၊ သူတို့လည်း ဒီအာရုံ ငါးပါးကိုပဲ အာရုံပြုပြီးတော့ ဖြစ်တာပဲ၊ သူတို့ကိစ္စက ထင်ပေါ်လာတဲ့ အာရုံငါးပါးကို လက်ခံသိမ်းပိုက်ရတဲ့ ကိစ္စတဲ့၊ စက္ခုဝိညာဉ်က ရူပါရုံကို မြင်တယ် ဆိုရင် သူကမြင်ပြီးတော့ ချုပ်ပျောက်သွားတယ်၊ အဲ - သမ္ပဋိစ္ဆိုန်းက စက္ခုဝိညာဉ် မြင်တဲ့ အဆင်းရူပါရုံကို ဆက်လက်ပြီးတော့ လက်ခံသိမ်းပိုက် ထားလိုက်တယ်၊ သူ့ကိစ္စက ဒါပါပဲ၊ ကြားရာ စသည်မှာလည်း ဒီအတိုင်းပါပဲ၊ ဒါကို မနောဓာတ် ခေါ်တယ်၊ အဲဒီ မနောဓာတ်တွေကတော့ ဝိပါက် မနောဓာတ်တွေပဲ၊ မနောဓာတ် ဆိုတာလည်း ထူးထူးခြားခြား ဘာမှမသိပါဘူး၊ အခု ကြိယာ မနောဓာတ် ဆိုတာလည်း အတူတူပါပဲ၊ ဘာမှ ထူးထူးခြားခြား မသိပါဘူး၊ သူ့ကို အဘိဓမ္မတ္ထ သင်္ဂဟကျမ်းက ပဉ္စဒွါရာဝဇ္ဇန်းလို့ ကိစ္စအမည်နဲ့ပဲ အမည်ပေးထားတယ်၊ ငါးဒွါရမှာ ထင်လာတဲ့ အာရုံကို “ဒါဘာလဲ” လို့ ဆင်ခြင်တဲ့အလုပ်၊ ဆင်ခြင်တဲ့ ကိစ္စကို ဆောင်ရွက်တယ်၊ ဒါကြောင့် သူ့ကို ပဉ္စဒွါရာဝဇ္ဇန်းစိတ် လို့ အမည်ပေးထားပါတယ်၊ အဘိဓမ္မာ ပါဠိတော်မှာတော့ သူ့ကို ဒီနေရာမှာ မနောဓာတ်လို့ ဟောကြားထားပါတယ်၊ အခု ပြောခဲ့တဲ့အတိုင်း မနောဓာတ်ဟာ သုံးခုရှိတယ်၊ ဒီသုံးခုထဲက ဒီနေရာမှာတော့ ကြိယာ မနောဓာတ် အရာဖြစ်လို့မို့ ပဉ္စဒွါရာဝဇ္ဇန်း မနောဓာတ်ကို ဟောကြားတာ ဖြစ်တယ်ဆိုတာ သိရတယ်၊ ကြိယာပဉ္စဒွါရာဝဇ္ဇန်း မနောဓာတ်ဆိုတော့ ကုသိုလ် ကျိုးလည်း မဟုတ်ဘူး၊ အကုသိုလ်ကျိုးလည်း မဟုတ်ဘူး၊ ဒါကြောင့် ကောင်းတဲ့ အာရုံပဲဖြစ်ဖြစ်၊ မကောင်းတဲ့ အာရုံပဲဖြစ်ဖြစ် သူကတော့ ဆင်ခြင်မှာချည်းပဲ။
.
လေပန်းနဲ့ တူတယ်
အဋ္ဌကထာဆရာက ကြိယာဆိုတာ ဝါတပုပ္ဖနဲ့တူတယ်တဲ့၊ ဝါတပုပ္ဖဆိုတာ မြန်မာ လိုတော့ ဝါတက - လေ၊ ပုပ္ဖက - ပန်း၊ ဝါတပုပ္ဖ - လေပန်းပေါ့၊ အပင်အနေနဲ့တော့ လေပန်းပင် ရယ်လို့ မကြားဖူးပါဘူး၊ ဒါပေမယ့်လို့ ဆိုလိုတာက လေပန်းဟာ အပွင့်သာ ပွင့်ပြီး အသီး မသီးတာကို ဆိုလိုပါတယ်၊ သင်္ဘောပင်တို့ စသည်မှာ အပွင့်သာပွင့်ပြီးတော့ အသီး မသီးတဲ့အပင်ကို အဖိုပင် ခေါ်သလို ဒီမှာလည်း အဖိုပွင့်လို့ ဆိုရမှာပါပဲ၊ အဲ အသီး မသီးတဲ့ လေပွင့်နဲ့တူတယ် တဲ့၊ ကုသိုလ်ကိုပဲပြုပြု၊ အကုသိုလ်ပဲပြုပြု ပြုတာပဲရှိတယ်၊ အကျိုးတည်း ဟူသော အသီးကို မသီးလာ တော့ဘူး၊ အကျိုး မပေးတော့ဘူးပေါ့လေ။
ဋီကာဆရာက ဒါကို မောဃပုပ္ဖလို့ ထပ်ပြီး ဖွင့်ပါတယ်၊ မောဃဆိုတာက - အချည်းနှီး၊ ပုပ္ဖဆိုတာက - ပန်း၊ မောဃပုပ္ဖ - အချည်းနှီးပွင့်တဲ့ပန်း၊ အသီးမသီးဘဲ အချည်းနှီး ပွင့်ရုံသာ ပွင့်တဲ့ပန်း တဲ့၊ ကြိယာဆိုတာ အဲဒီ အချည်းနှီး ပွင့်တဲ့ ပန်းနဲ့တူတယ်တဲ့၊ သီးနိုင်လောက်အောင် အင်အား မရှိတဲ့ပန်းဆိုတော့ အသီး မသီးနိုင်သလို ကြိယာ ဆိုတာကလည်း အကျိုးပေး နိုင်လောက်အောင် အင်အား မရှိလို့ အကျိုးမပေးတဲ့ကံလို့ ဆိုရမှာပဲ၊ အကျိုးကို ဖြစ်စေတဲ့သဘော မရှိဘူးပေါ့။
အတူတကွ ဖြစ်တဲ့ တရားတွေ
ပဉ္စဒွါရာဝဇ္ဇန်း၊ မနောဓာတ် ဖြစ်တဲ့အခါကျတော့ ပါဝင်တဲ့ တရားများမှာ ဘယ်လောက် တုန်း ဆိုရင် အဲဒါကိုတော့ စာရွက်ထဲမှာ ရေးထားပါတယ်၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ် တဲ့၊ မြင်တဲ့အခါကာလ မြင်စရာ အဆင်း ပေါ်လာကတည်းက သူက ဆင်ခြင်တာ၊ ဆင်ခြင်ပြီးတော့ စက္ခုဝိညာဉ်က မြင်တာ၊ မမြင်ခင် သူက အရင် မြင်တယ်၊ အဲဒါတွေကို အရင်နေ့က သရက်သီး ဥပမာနဲ့ ပြောပြီးခဲ့ပါပြီ၊ ပဉ္စဒွါရာဝဇ္ဇန်းဆိုတာ ကြိယာ မနောဓာတ်ပါပဲ၊ အဲဒါ ဥပေက္ခာသဟဂုတ်တဲ့၊ သူနဲ့အတူ တွဲဖြစ်တာ ကတော့ ၁၀-ပါး၊ သူနဲ့ပါဆိုရင် ၁၁-ပါးပေါ့လေ၊ အားလုံး သဘောတရား ၁၁-ပါး ဖြစ်သည်တဲ့၊ ဒီလောက်ဆိုရင် တော်ပါပြီ၊ ဒါတွေက မှတ်မိမှာတော့ မဟုတ်ဘူး၊ သူ့ကို သေသေချာချာ လေ့လာထားမှ မှတ်မိမှာပဲ၊ ဒါပေမယ့်လို့ ကြားဖူးတယ် ဆိုရင် တော်ပါပြီ၊ အဘိဓမ္မာတရားကို ဒီလောက် ကြားရဖူးတဲ့အတွက် အဆက်ဆက် ကုသိုလ်တွေကို ကျေးဇူးပြုမယ် ဆိုရင် အင်မတန် ကျေးဇူးများပါတယ်။
ကြိယာမနောဝိညာဏဓာတ်
နောက်ပြီးတော့ ကြိယာမနောဝိညာဏဓာတ်တဲ့။
“ယသ္မိံ သမယေ မနောဝိညာဏဓာတု ဥပ္ပန္နာ ဟောတိ ကြိယာ နေဝကုသလာ နာကုသလာ န စ ကမ္မဝိပါကာ” ဆိုခဲ့တဲ့အတိုင်းပါပဲ။
ယသ္မိံ သမယေ - အကြင်အခါ၌၊
ကြိယာ - ပြုလုပ်ခြင်းသဘောမျှသာဖြစ်သော၊
ပြုလုပ်ကာမျှပဲတဲ့၊ လေပန်း ဥပမာအတိုင်း အကျိုးသဘော မပေါ်လာဘူးတဲ့။
နေဝကုသလာ - ကုသိုလ်လည်း မဟုတ်ဘူး၊
နာကုသလာ - အကုသိုလ်လည်း မဟုတ်ဘူး၊
န စ ကမ္မဝိပါကာ - ကံ၏အကျိုးလည်းမဟုတ်ဘူးတဲ့၊
ခုနက အတိုင်းပါပဲ၊ ဥပေက္ခာသဟဂုတ်ပဲ၊ သောမနဿလည်း ရှိသေးတယ်၊ အဲဒါကို နောက်မှ ပြောရမယ်၊ သူ့အာရုံကတော့ ရူပါရမ္မဏာ ဝါ။ ပ။ ဓမ္မာရမ္မဏာ ဝါ - ဒီမှာတော့ ဓမ္မာရုံပါ အာရုံ ခြောက်ပါးစလုံး အာရုံပြုပြီးတော့ ဖြစ်တယ်၊ သူမပြုနိုင်တဲ့ အာရုံရယ်လို့ မရှိဘူး၊ သူ့ကို မနောဒွါရာဝဇ္ဇန်းလို့ နာမည်ပေးထားတယ်၊ စိတ်ကူးစဉ်းစား ကြံစည်တဲ့ အခါကာလမှာ သူက ရှေးဦးစွာ ဆင်ခြင်တာပဲ၊ ဝီထိမှာ ဆိုလို့ရှိရင်တော့ ဘဝင် ဆိုတဲ့ မနောဒွါရမှာ အာရုံ ထင်လာပြီ ဆိုလို့ရှိရင် “ဘာပါလိမ့်” လို့ ဆင်ခြင်တဲ့ သဘောပေါ့၊ ဆင်ခြင်တယ် ဆိုတာဟာလည်း နားလည် အောင်လို့သာ ပြောရတာပါ၊ စိတ်ကူး ဦးတန်းလိုက်တာလေးပါပဲ၊
ဒီလို သူကဆင်ခြင်လို့ ပြီးသွားပြီ ဆိုတော့ “ဆင်ခြင်ပြီးခါ၊ ဇောတဒါ၊ ကြံရာစိတ်ဖြစ်ပုံ”တဲ့၊ တစ်နေ့က ဆောင်ပုဒ်အတိုင်းပါပဲ၊ ဇော ခုနစ်ကြိမ်၊ နောက် တဒါရုံ ဖြစ်တယ်၊ ဝေဒနာကတော့ ဥပေက္ခာ ဝေဒနာပါပဲ၊ တရားကိုယ်တွေက ဘယ်လောက်တုန်းဆိုတော့ ခုနက ဆယ့်တစ်ပါးရယ်၊ ဝီရိယတိုးလာတယ်၊ ဝီရိယနှင့်တကွ ၁၂-ပါး ဖြစ်တယ်၊ ပဉ္စဒါရာဝဇ္ဇန်းရယ်၊ ဒီ မနောဒွါရာဝဇ္ဇန်းရယ် ဒီကြိယာစိတ် နှစ်ခုကတော့ ဘယ်ပုဂ္ဂိုလ် မဆို ပုဂ္ဂိုလ်အားလုံး ဖြစ်နိုင်တာချည်းပဲ၊ ပုထုဇဉ်တွေမှာ ဖြစ်နိုင်တယ်၊ သောတာပန်စတဲ့ အရိယာပုဂ္ဂိုလ် တွေရော မြတ်စွာဘုရားရော အားလုံးပဲ၊
မြတ်စွာဘုရားများ သဗ္ဗညုတဉာဏ်ဖြင့် ဆင်ခြင်တော်မူတဲ့ အခါကာလမှာ ဒီ မနောဒွါရာဝဇ္ဇန်း ကစပြီး စိတ်ဦးတန်းလိုက်တော့ သိလိုတဲ့ အာရုံကို တန်းခနဲ သိနေရတာပဲ၊ သဗ္ဗညုတဉာဏ် ဆိုတော့ သူ့မှာ အဆီးအတား မရှိဘူး၊ နှလုံးသွင်း လိုက်လို့ရှိရင် ဘာမဆို အကုန်လုံး သိသွားတာပဲ၊ မျက်စိကောင်းတဲ့ ပုဂ္ဂိုလ်ဟာ မြင်လောက်တဲ့ အရာကို ကြည့်လိုက်ရင် မြင်တာပဲ၊ မကြည့်ရင် မမြင်ဘူး၊ အရှေ့ဘက် လှည့်နေတဲ့အခါ အနောက်ဘက်က ဟာတွေကို မမြင်ဘူး၊ နောက်ကျော ဘက်ကို မကြည့်လို့ မမြင်ဘူး၊
ဒီလိုပဲ အခါခပ်သိမ်း ဘာမဆို သိနေတာ မဟုတ်ဘူး၊ အလိုရှိလို့ ဆင်ခြင်တော့မှသိတာ၊ အာဝဇ္ဇနပဋိဗဒ္ဓ - ဆင်ခြင်မှုနဲ့ စပ်တယ်တဲ့၊ ဒီလိုဆင်ခြင်တဲ့အခါမှာ သိလို့မို့ သဗ္ဗညုတဉာဏ်ဟာ အလုံးစုံ သိတယ်လို့ ဆိုရတယ်၊ သိလိုတဲ့အရာကို ဒီလို ဆင်ခြင်တဲ့အခါကာလမှာ ရှေးဦးစွာ မနောဒွါရာဝဇ္ဇန်းစိတ်ဖြင့် ဆင်ခြင်ရတယ်၊ ဒါကြောင့် မနောဒွါရာဝဇ္ဇန်းစိတ်လည်း သဗ္ဗညုတဉာဏ် အာရုံပြုသမျှကို အကုန်လုံး အာရုံပြုနိုင်တာဖြစ်လို့မို့ သဗ္ဗညုတဉာဏ်နဲ့ အာရုံပြုနိုင်တာချင်း အတူတူပါပဲ၊ ဒါပေမယ့်လို့ သူက သိတာတော့ မဟုတ်ဘူး၊ ဦးတန်းပေးလိုက်တဲ့ သဘောလေးပဲ၊ သိတာက နောက်ဇောကမှ နေပြီးတော့သိတယ်။
ဇောဆိုတော့ ထိုက်သင့်သလိုပဲ၊ မနောဒွါရာဝဇ္ဇန်း ကနေပြီးတော့ ဦးတန်းပေးလိုက်တဲ့အတိုင်း ထိုက်သင့်သလို ဖြစ်နိုင်ပါတယ်၊ လောဘဆီကို ဦးတန်းပေးလိုက်တယ် ဆိုလို့ရှိရင် လောဘဇော ပဲပေါ့၊ ဒေါသဆီကို ဦးတန်းပေးရင်လည်း ဒေါသဇော၊ အဲ ဟုတ်မှ ဟုတ်ပါ့မလားလို့ ယုံမှား သံသယဆီကို ဦးတန်းပေးလိုက်ရင်လည်း ဝိစိကိစ္ဆာဇော စသည်ပေါ့လေ၊ သဒ္ဓါတရား စသည်ဆီကို ဦးတန်းသွားပြန်ရင်လည်း သဒ္ဓါတရား ပြဋ္ဌာန်းတဲ့ ကုသိုလ်ဇော စသည် ဖြစ်တော့တာပါပဲ။
ပဉ္စဒွါရာဝဇ္ဇန်းနဲ့ မနောဒွါရာဝဇ္ဇန်း စိတ်နှစ်ခုစလုံး ကြိယာအဗျာကတ တွေချည်းပါပဲ၊ ဒီစိတ်နှစ်ခုက ပဉ္စဒွါရဝီထိနဲ့ မနောဒွါရ၏ ဝီထိစိတ်တွေကို သူတို့ ဦးတန်းပေး လိုက်ကြတာဖြစ်ပါတယ်၊ အဲဒီ ကြိယာစိတ် နှစ်ခုက ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းမှာ ဖြစ်တယ်၊ အဲဒါလေး နှစ်ခုကိုတော့ သိအောင် မှတ်သားထားဖို့ လိုပါတယ်။
ဒီ ကြိယာ နှစ်ခုအပြင် တခြား ကြိယာတွေ ဆိုတာလည်း ရှိသေးတယ်၊ အဲဒီ ကြိယာတွေ ကတော့ ရဟန္တာပုဂ္ဂိုလ် များမှာသာဖြစ်တဲ့ ကြိယာတွေ၊ ရဟန္တာဆိုရင် မြတ်စွာဘုရားလည်း အပါအဝင် ပေါ့လေ၊ တခြား ပုဂ္ဂိုလ်တွေမှာဖြစ်တဲ့ ကုသိုလ်၊ အကုသိုလ် ဇောနေရာတွေမှာ ဆိုရင် ဘုရား ရဟန္တာ တို့ကျတော့ ကြိယာဇောတွေ ဖြစ်လာရတယ်၊ အဲဒါကို သဘောကျခဲတယ်၊ ဓာတုကထာ ညဝါ အကောက်ကျမ်းမှာ ဆိုလို့ရှိရင် (စာသင်သားများ သိခဲစွာ့) လို့တောင် မှာထားပါတယ်။
ကြိယာမနောဝိညာဏဓာတ် ဟသိတုပ္ပါဒ
ဟသိတုပ္ပါဒ မနောဝိညာဏ ဓာတ်ကိုလည်း ဝေဖန်ဟောကြား ထားပါတယ်၊ ဘယ်လို တုန်း ဆိုလို့ ရှိရင် -
“မနောဝိညာဏဓာတု ဥပ္ပန္နာ ဟောတိ ကြိယာနေဝကုသလာ နာကုသလာ န စ ကမ္မဝိပါကာ သောမနဿသဟဂတာ” တဲ့။
ဒါလည်း အရင်အတိုင်း ဝေဖန်ဟောကြား ထားတာပါပဲ၊ သောမနဿသဟဂုတ်တဲ့၊ အာရုံလည်းပဲ “ရူပါရမ္မဏာ ဝါ သဒ္ဒါရမ္မဏာ ဝါ” စသည်ဖြင့် ဒီလိုပဲ ဟောကြား ပါတယ်၊ အာရုံခြောက်ပါးလုံးကိုပဲ အာရုံပြုပါတယ်၊ ပါဠိတော် အမည်ကတော့ သောမနဿသဟဂုတ် ကြိယာမနောဝိညာဏဓာတ်တဲ့၊ နောက်လည်း ကာမကြိယာ တွေ ရှိသေးတယ်၊ အဲဒီကျတော့ ဉာဏသမ္ပယုတ်တို့ ဉာဏဝိပ္ပယုတ် တို့ဆိုတဲ့ အမည် တွေလည်း ပါလာမယ်၊ ဒီမှာတော့ ကြိယာ မနောဝိညာဏဓာတ်တဲ့၊ ဒီလောက်ပါပဲ၊ ဒီပြင် အမည်ထူးတွေ မပါပါဘူး။
ဟသိတုပ္ပါဒ်ဆိုတာ ဘုရားရဟန္တာတို့ပြုံးရွှင်တဲ့ စိတ်တဲ့၊ သူနဲ့အတူတကွ ဖြစ်တဲ့ တရားတွေ ကတော့ ဝီရိယ, ပီတိ တို့နှင့်တကွ တစ်ဆယ့်သုံးပါး ဖြစ်တယ်၊ ဝေဒနာမှာ သောမနဿဝေဒနာ တဲ့၊ ဘုရား, ရဟန္တာတို့ ပြုံးရယ်တယ်ဆိုရင် ဒီဟသိတုပ္ပါဒ် သောမနဿစိတ်နဲ့လည်း ပြုံးရယ်တော် မူကြတယ်၊ တခြား သောမနဿ စိတ်နဲ့လည်း ပြုံးရယ်တော်မူကြပါတယ်၊ ဒါပေမယ့်လို့ ဒီ ဟသိတုပ္ပါဒ်စိတ်နဲ့ ပြုံးရယ်တာကို အထူးအားဖြင့် ဖေါ်ပြလေ့ရှိကြပါတယ်၊ ဘုရား, ရဟန္တာ ပုဂ္ဂိုလ်တွေဆိုတာပြုံးရုံမျှ ပြုံးကြတယ်၊ အသံထွက်အောင် ကျယ်ကျယ် လောင်လောင် တခြား ပုဂ္ဂိုလ် တွေလို ရယ်မောလေ့ မရှိကြဘူး။
သာမန် ပုထုဇဉ်ပုဂ္ဂိုလ်တွေ ဆိုတာကတော့ နှစ်သက် သဘောကျရင် ပြုံးကြတာပဲ၊ များသော အားဖြင့် သူတို့ပြုံးတာဟာ ကာမအာရုံနဲ့စပ်ပြီး ပြုံးလေ့ ရယ်လေ့ရှိကြတယ်၊ ဒီတော့ သူတို့ပြုံးတဲ့ အာရုံတွေက ဩဠာရိက ကြမ်းတမ်းတဲ့ အာရုံတွေပဲ၊ ဘုရား, ရဟန္တာတို့ ပြုံးတဲ့အာရုံကတော့ ဒီလိုမဟုတ်ဘူး၊ အနောဠာရိက သိမ်မွေ့တဲ့ အာရုံတွေတဲ့။
ဃဋိကာရသုတ်
ကုသိုလ်ကောင်းမှုနဲ့စပ်ပြီး ထူးခြားတဲ့ ဖြစ်ရပ်မျိုးလေးတွေ၊ ပြီးတော့ အလောင်း တော်တို့ ဖြစ်ခဲ့စဉ် အခါကာလက ထူးခြားတဲ့ ကောင်းမှုပြုခဲ့ရာ နေရာမျိုးလေးတွေ စသည်ပေါ့လေ၊ အဲဒီလို နေရာမျိုး လေးတွေနဲ့ စပ်ပြီးတော့ ပြုံးတော်မူလေ့ ရှိကြတယ်၊ ဒီလိုပြုံးတော်မူပြီဆိုလျှင် နောက်တော်ပါ အလုပ်အကျွေး ဖြစ်တဲ့ အရှင်အာနန္ဒာက သိတော်မူပါတယ်၊ ဘာပြုလို့ သိသလဲ ဆိုတော့ မြတ်စွာဘုရားပြုံးတော်မူတဲ့ အခါ ကာလမျိုးမှာ ဖြူသော သွားတော်တို့မှ ဖြူတဲ့ ရောင်ခြည်တော်တွေ ထွက်ကြွ ကွန့်မြူးသွားတယ်၊ ဒီလို ဖြူတဲ့ ရောင်ခြည်တော်တွေကို အရှင်အာနန္ဒာက နောက်တော်က နေပြီးတော့ မြင်ရတယ်၊ ဒါကြောင့် အရှင်အာနန္ဒာက ဘုရားရှင် ပြုံးတော်မူပြီ ဆိုရင်တော့ ဘုရားရှင် ပြုံးတော်မူတယ်ဆိုတာ သိတာပဲ။
ဒီလို သိတဲ့အခါ အရှင်အာနန္ဒာက “ဘယ်အကြောင်းကြောင့် ပြုံးတော်မူပါသလဲ ဘုရား” လို့ မေးလျှောက်လေ့ရှိတယ်၊ ဒီတော့ မြတ်စွာဘုရားက ပြုံးတဲ့အကြောင်းကို အရှင်အာနန္ဒာအား မိန့်ကြားတော်မူလေ့ ရှိပါတယ်၊ အဲဒီလို မြတ်စွာဘုရား ပြုံးတော်မူပုံကို ဃဋိကာရသုတ်မှာလာတဲ့ အကြောင်းအရာလေးကို ဒီနေရာတွင် ထည့်ပြောရမှာပဲ။
ဃဋိကာရနှင့် ဇောတိပါလ
ကဿပမြတ်စွာဘုရား လက်ထက်တော်တုန်းက ဃဋိကာရ ဆိုတဲ့ အိုးထိန်းသည် တစ်ဦး ရှိခဲ့တယ်၊ ဘုရားအလောင်းတော်ကတော့ အဲဒီတုန်းက ဇောတိပါလ ဆိုတဲ့အမည်နဲ့ ပုဏ္ဏားမျိုးမှာ ဖြစ်နေပါတယ်၊ သူတို့ နှစ်ဦးဟာ တစ်ဦးနဲ့ တစ်ဦး ခင်မင်ရင်းနှီးတဲ့ အဆွေခင်ပွန်းများ ဖြစ်ကြသတဲ့၊ ဒါပေမယ့်လို့ ဇာတ်ချင်းတော့ မတူကြဘူး၊ ဃဋိကာရ လုလင်က အိုးထိန်းသည်မျိုး ဆိုတော့ အမျိုးဇာတ်အားဖြင့် နိမ့်တယ်၊ အလောင်းတော် ဇောတိပါလ ကတော့ ဗြာဟ္မဏ ပုဏ္ဏားမျိုးတဲ့၊ အဲဒီလို ဇာတ်မတူတဲ့ ပုဂ္ဂိုလ်ချင်း ရင်းနှီးတဲ့မိတ်ဆွေအဖြစ်နဲ့ နေလာခဲ့ကြတယ်၊ အဲဒီတုန်းက ဇာတ်မြင့်တဲ့ဗြာဟ္မဏ တွေဟာ ဇာတိမာန်နဲ့ အင်မတန် ဘဝင်မြင့်ကြတယ်၊ ဘုရားကို တောင် အထင်မကြီးကြဘူး၊ ကတုံးရဟန်းကြီး ဆိုပြီးတော့ အထင်သေးကြသတဲ့၊ ဃဋိကာရ လုလင်ကတော့ အိုးလုပ်ပြီးတော့ အိုးတွေကို ရောင်းချ စားသောက်နေရတဲ့ အိုးထိန်းသည်မျိုး ဆိုတော့ ဇာတ်နိမ့်နေတယ်။
အိန္ဒိယပြည်က ဇာတ်ကို အင်မတန် အရေးထားပြီး ဆက်ဆံကြတယ်၊ ဇာတ်နိမ့် တဲ့လူက ဇာတ်မြင့်တဲ့လူကို ကိုင်ဖို့ပြုဖို့ ဆိုတာဝေးရော၊ ထိတောင် မထိရဘူးတဲ့၊ ဒီလို ထိလို့ရှိရင် အမျိုးမြတ်တွေမှာ ဂုဏ်ယုတ် သွားတယ်လို့ အယူရှိနေကြတယ်၊ ကျက်သရေ ယုတ်တယ်တဲ့၊ ဒါပေမယ့်လို့ ဇာတ်အားဖြင့် နိမ့်နေတဲ့ ဃဋိကာရဟာ အရိယာ ပုဂ္ဂိုလ်တို့တွင် အနာဂါမ်အဆင့်သို့ ရောက်ပြီးတော့ အနာဂါမ်ပုဂ္ဂိုလ် ဖြစ်နေပြီ၊ ဒီတော့ မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးတွေကိုရော၊ မြတ်စွာဘုရားရဲ့ တရားတော်တွေရော သိနေတယ်၊ သောတာပန် အဆင့်လောက်ကတည်းက ဒီလို ဂုဏ်ကျေးဇူး တွေကို သိနေကြသေးတာပဲ၊ အနာဂါမ် ပုဂ္ဂိုလ်ကြီး ဆိုတော့ ပြောစရာ မလိုတော့ဘူးပေါ့။
ဆံပင်ကိုတောင် ကိုင်ချင်ရင် ကိုင်မယ့်လူပဲ
တစ်နေ့တော့ ဃဋိကာရက သူ့မိတ်ဆွေ ဇောတိပါလကို ဘုရားထံ လိုက်ခဲ့ဖို့ ခေါ်တယ်၊ ဇောတိပါလက မလိုက်ဘူး၊ ဒီလို ဘုရားထံလိုက်ဖို့သာ ခေါ်တယ်၊ သူသိတဲ့ တရားကို သူကိုယ်တိုင်တော့ မဟောဘူး၊ ဘာပြုလို့လည်း ဆိုတော့ ဇောတိပါလဟာ ဘုရားကိုတောင် အထင်သေး နေသေးတာ၊ ဇာတ်နိမ့်တဲ့ ဃဋိကာရက ဟောလို့ရမယ် မဟုတ်ဘူးပေါ့၊ တစ်ကြိမ် ကျတော့ ဘုရား သီတင်းသုံးတော်မူတဲ့ နေရာနဲ့နီးတဲ့ ရေဆိပ်ကို ရေချိုးဖို့ရာ ဃဋိကာရက ဇောတိပါလကို ခေါ်လာ တယ်၊ ရေမိုးချိုးပြီးတဲ့ အခါကျတော့ ခါးဝတ်သာ ဝတ်ရသေးတယ်၊ အပေါ်ရုံကိုတောင် မဝတ်ရုံရသေးခင်မှာ ဃဋိကာရက ဇောတိပါလကို ပြောပြန်ပါတယ်။
“အဆွေ ဇောတိပါလ၊ ကဿပ သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရားဟာ ဒီအနီးအနား ကျောင်းမှာပဲ သီတင်းသုံးတော် မူလျက်ရှိတယ်၊ မဝေးပါဘူး၊ အဲဒီကို သွားကြဦးစို့ရဲ့” လို့ ခေါ်တယ်၊ ဒါပေမယ့်လို့ ဇောတိပါလက မလိုက်ဘူး ငြင်းတယ်။
ဒီတော့ ဃဋိကာရက ဇောတိပါလရဲ့ခါးကို ကိုင်ပြီးတော့ “လာပါ သွားကြရအောင်” လို့ ခေါ်ပြန် ပါတယ်၊ ဒါနဲ့လည်း ဇောတိပါလက မလိုက်ဘူး၊ ဒီလိုနဲ့ခေါ်လို့ မရပြန်တော့ ဇောတိပါလရဲ့ ပခုံးကိုကိုင်ပြီးတော့ “လာပါမိတ်ဆွေ ဘုရားထံ သွားကြရအောင်ပါ” လို့ ခေါ်ပြန်တယ်၊ ဒီတော့မှ ဇောတိပါလက စဉ်းစားတယ်၊ “ဃဋိကာရဟာ အမျိုးညံ့ပဲ၊ အမှန်အားဖြင့် တို့ကို မထိကောင်းဘူး၊ အစက ခါးဝတ်ကိုကိုင်တယ်၊ အခု ပခုံးကို ရောက်လာပြီ၊ တော်တော်ကြာ ငါမလိုက် ဘူးပြောရင် ခေါင်းကဆံပင်ကိုတောင် ကိုင်ချင်ကိုင်မယ်၊ သူ ဒီလောက် ရဲတင်းတာကို ထောက်ရင် အချည်းနှီးတော့ ဟုတ်မှာ မဟုတ်ဘူး၊ သူ့ဆရာကို အားကိုးပြီးတော့ အကျိုးရှိမှာကို မြင်လို့ရှိမှာ, ဒီလို စဉ်းစားပြီးတော့ ဃဋိကာရခေါ်ရာ မြတ်စွာ ဘုရားထံကို လိုက်သွားတယ်။
ဒါနဲ့ မြတ်စွာဘုရားထံ ရောက်သွားကြတဲ့အခါ မြတ်စွာဘုရားတရားကို နာကြားရတော့ ဇောတိပါလဟာ တရားတော်ကို တစ်ခါတည်း သဘောကျသွားပါတယ်၊ ဒီတော့ ဇောတိပါလက ဃဋိကာရကို ဘယ်လို ပြောသလဲ ဆိုတော့ “ဃဋိကာရ၊ မင့်မှာ ဒီလို တရားကောင်းတွေကို နာကြား နေရပါလျက် မင်း သင်္ကန်း ဝတ်ဖော် မရဘူး၊ သာသနာတော် ဝင်ပြီး ရဟန်းအဖြစ်နဲ့ တရား အားထုတ်ရောပေါ့၊ အင်မတန် ကောင်းတဲ့ တရားတွေပဲ” လို့ ဒီလိုပြောတယ်၊ ဒီတော့ ဃဋိကာရက “ဟုတ်တယ် တရားတွေက အင်မတန်ကောင်းပါတယ်၊ ဒါပေမယ့်လို့ ငါ့အဖေ အမေတွေက မျက်မမြင်တွေ ဖြစ်နေတယ်၊ သူတို့ကို လုပ်ကျွေးနေရတာ ဖြစ်တော့ ရဟန်းပြုလို့ မဖြစ်သေးဘူး” လို့ ဒီလို ပြောပြန်တယ်။
ဧကန် ဘုရားဖြစ်မည့် ပုဂ္ဂိုလ်
မြတ်စွာဘုရား တရားတော်ကို နာကြားရတဲ့ ဇောတိပါလဟာ “ငါတော့ ရဟန်းပြုတော့မယ်” လို့ ပြောပြီး တစ်ခါတည်း ရဟန်းပြုသွားရောတဲ့၊ ရဟန်း ပြုပြီးတော့ ရဟန်းတရားကို ကောင်းစွာ ကျင့်သုံးတယ်၊ ဘုရား အလောင်းတော် ဆိုတော့ သဒ္ဓါတရားက ပြည့်စုံပြီးသားဖြစ်တဲ့အတိုင်း သာသနဓမ္မတွေကို ပြည့်ပြည့်စုံစုံ ကျင့်တော့တာပါပဲ၊ ဘုရားဖြစ်ဖို့ရာက မဝေးတော့ဘူး၊ နီးနီးလေး ရှိတော့တယ်၊ ယခု ပွင့်တော်မူနေတဲ့ ကဿပ မြတ်စွာဘုရား ပြီးတဲ့နောက်မှာ ဘုရားအဖြစ် ရောက်တော့ မှာဆိုတော့ ပါရမီတွေက ရင့်သန်လှပြီ၊ သီလရော သမာဓိရော ပညာရော အင်မတန် ပြည့်စုံနေပြီပဲ၊ ဒါပေမဲ့လို့ အခု ပွင့်ဖို့ရာကတော့ အချိန်အခါ မဟုတ်သေးဘူး။ အစဉ်အတိုင်း ဆိုလို့ရှိရင် အခု ကဿပ မြတ်စွာဘုရား သာသနာတော် ကုန်တော့မှ ပွင့်တော်မူရမှာ ဖြစ်ပါတယ်။
ရဟန်းတရားကို ကောင်းကောင်း အားထုတ်တယ်။ ဘယ်ထိ အားထုတ်တုန်း ဆိုတော့ အနုလောမဉာဏ် အနီးအပါးအထိ အားထုတ်တယ်။ အနုလောမဉာဏ် အနီးအပါး ဆိုတော့ သင်္ခါရုပေက္ခာဉာဏ်ပေါ့လေ။ အဲဒီဉာဏ်ရောက်အောင် အားထုတ်တယ်။ သင်္ခါရုပေက္ခာဉာဏ် အထိ ရောက်သွားရင် တခါတည်း ဂေါတြဘုဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရောက်သွားမှာပဲ၊ အဲဒီလို မဂ်ဉာဏ် ဖိုလ်ဉာဏ် အထိ ရောက်သွားမယ် ဆိုရင်တော့ ကဿပမြတ်စွာဘုရားရဲ့ သာဝက ဖြစ်သွားမယ်၊ ဘုရား မဖြစ်နိုင် တော့ဘူး၊ ဒါကြောင့် ဘုရားဖြစ်ဖို့ ဆုတောင်းက ရှိနေပြီးသား ဖြစ်နေလို့မို့ ဘုရားမဖြစ်သေးဘဲ တစ်မဂ် တစ်ဖိုလ် ရဖို့ရာ မဖြစ်နိုင်ဘူးပေါ့။
ဒီပင်္ကရာမြတ်စွာဘုရား လက်ထက်တော် ကတည်းက ဧကန် ဘုရားဖြစ်လိမ့်မယ် ဆိုတာ ဗျာဒိတ် ရပြီးသားပဲ၊ ဗျာဒိတ်ဆိုတာ မြတ်စွာဘုရားက ဒီလို ဖြစ်လိမ့်မယ်လို့ မိန့်ကြားတော်မူတာ ဖြစ်ပါတယ်၊ မြတ်စွာဘုရားက ဒီလို ဖြစ်လိမ့်မယ် ဆိုရင် ဒီလိုဖြစ်တာ မဖြစ်မရှိဘူး။ ဒါကြောင့် ဘုရားဖြစ်ရမယ့် အလောင်းတော်များမှာ ဘယ်လောက်ပဲ တရားအားထုတ် အားထုတ် သင်္ခါရုပေက္ခာဉာဏ်ထက်ပိုပြီး အထက်ဖြစ်တဲ့ ဉာဏ်အထိ မရောက်နိုင်ဘူး၊ မြတ်စွာဘုရားကလည်း ဒီပုဂ္ဂိုလ်ဟာ ဧကန်ဘုရား ဖြစ်နိုင် မဖြစ်နိုင် သေသေချာချာ ကြည့်ရှု ဆင်ခြင်တော် မူပြီးတော့မှ မဖြစ်နိုင်ရင် ဗျာဒိတ်စကား မိန့်ကြားတော် မမူပါဘူး၊ ဧကန်ဖြစ်နိုင်တာကို မြင်တော်မူမှ မိန့်ကြားတော်မူပါတယ်။
လေ့ကျင့်ဖို့ မလိုပါဘူး
သတ္တဝါဆိုတာ အမျိုးမျိုးပဲ၊ ဆုတောင်းထား ပေမယ်လို့ နောက်တော့ ပြောင်းချင် ပြောင်းသွားတာပဲ၊ ဒါကြောင့် ဘုရားဆုကို တောင်းထားတယ် ဆိုပေမယ့်လို့ ဧကန်ဆုတောင်းတိုင်း ဖြစ်မဖြစ် ကြည့်ရှုဆင်ခြင်ပြီးလို့ ဧကန်ဖြစ်မှာကို သိမှ ဧကန်ဖြစ်လိမ့်မယ်လို့ မြတ်စွာဘုရားက မိန့်ကြားတော် မူပါတယ်၊ ဒီလိုမှ မဟုတ်ရင် မိန့်ကြားတော် မမူပါဘူး၊ ဗျာဒိတ်ရပြီးသားမို့လို့ ဘုရားဖြစ်မယ့် အလောင်းတော်ဆိုရင် တရား ဘယ်လောက် အားထုတ် အားထုတ် ဘုရား မဖြစ်သေးသမျှ တစ်မဂ်တစ်ဖိုလ် ထိအောင် ဘယ်တော့မှ တရားမတက်ပါဘူး၊ စိတ်ချရပါတယ်၊ တစ်ချို့က ဘုရားအလောင်း ဆိုပြီးတော့ တရားတက်သွားမှာ စိုးရိမ်လို့ လျှော့ပြီး တရား အားထုတ်ကြတာ ရှိတယ်၊ လျှော့အားထုတ်စရာတော့ မလိုပါဘူး၊ တရားမတက်နိုင်ရင် မတက်ဘဲ သူ့ဘာသာသူ နေပါလိမ့်မယ်၊ သင်္ခါရုပေက္ခာဉာဏ် ရောက်ရင် အလိုလို ရပ်တန့်သွားမှာပါဘဲ။
အဲဒီတုန်းက ဇောတိပါလ လုလင်ဖြစ်ပြီးတော့ ဃဋိကာရ အိုးထိန်းသည်က ဘုရားထံ အရခေါ်ပုံ၊ ဘုရားတရား နာကြားရတာ ဖြစ်မို့လို့ သာသနာတော်မှာ ဝင်ပြီးတော့ ရဟန်းပြုပုံ အပြည့်အစုံ အားထုတ်ပုံတို့ကို မြတ်စွာဘုရားက မြင်တော်မူလို့ ပြုံးတော်မူပါသတဲ့၊ အရှင်အာနန္ဒာက မေးလျှောက်တော့ ဒီဃဋိကာရသုတ်ကို ဟောကြားတော်မူတာပါပဲ။
ဂဝေသီ ဥပါသကာ တုန်းကလည်း ဒီလိုပါပဲ
ဘုရားအလောင်းတော် ဖြစ်လို့မို့တာ ဒီလို ပြုံးတော်မူတာ မဟုတ်ပါဘူး၊ ဂဝေသီဆိုတဲ့ ဥပါသကာကြီးကို မြင်တော်မူတုန်းက ဒီလိုပဲ ပြုံးတော်မူပါတယ်၊ ရှေးတုန်းက ဂဝေသီဆိုတဲ့ ဥပါသကာကြီး တစ်ယောက် ရှိတယ်၊ သူ့မှာ ပရိသတ်တွေ များစွာ ရှိတယ်၊ ဆရာကြီးဆိုတော့ သူက တပည့်တွေထက် သာအောင်ကျင့်မယ် ဆိုပြီးတော့ ငါးပါးသီလ ဆောက်တည် ကျင့်သုံးတယ်၊ ဒီတော့ သူ့တပည့်တွေကလည်း ဆရာကြီးလို ငါးပါးသီလ ဆောက်တည် ကျင့်သုံးကြတယ်၊ ဒီတစ်ခါ သူက ရိုးရိုး ငါးပါးသီလ မဟုတ်ဘဲ တပည့်တွေထက် သာအောင် အဗြဟ္မစရိယ ပဉ္စမကသီလကို ဆောက်တည် ကျင့်သုံးပြန်တယ်၊
အဗြဟ္မစရိယ ပဉ္စမကသီလ ဆိုတာ ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ် နေရာမှာ အဗြဟ္မစရိယ သိက္ခာပုဒ်ကို အစားထိုးပြီးတော့ ကျင့်သုံးရတာပါပဲ၊ တပည့်တော် ကလည်း သူဆောက်တည်တဲ့ အဗြဟ္မစရိယ ပဉ္စမကသီလကို လိုက်ပြီး ဆောက်တည်ကြပြန်ပါတယ်၊ တစ်ခါ သူ့တပည့်တွေထက် သာအောင် ဧကဘတ္တိက ဆက္ကသီလကို တိုးပြီးတော့ ဆောက်တည် ကျင့်ပါတယ်၊ ဧကဘတ္တိက ဆက္ကသီလ ဆိုတာ ဝိကာလဘောဇနသိက္ခာပုဒ်ကို ခုနကသီလထဲမှာ တိုးပြီးတော့ ဆောက်တည် ရတာပါပဲ၊ အဲဒါဟာ နေ့လွဲညစာ မစားရဘဲ နံနက် တစ်ထပ်တည်းသာ စားပြီးတော့ ကျင့်သုံးရတဲ့ ခြောက်ပါး သီလပေါ့၊ ဒါလည်း တပည့်တွေက ဆရာကြီးလိုပဲ လိုက်ပြီး တော့ ဆက္ကသီလကို ဆောက်တည် ကျင့်သုံးကြ ပြန်ပါတယ်၊ ဒီတော့ ဆရာကြီးက ငါ ရဟန်းပြုမှဆိုပြီးတော့ ရဟန်းပြုလိုက်တယ်။
ဆရာကြီးရဟန်းပြုသလိုပဲ တပည့်တွေကလည်း ရဟန်းပြုကြ ပြန်ပါတယ်၊ ဆရာနဲ့ တပည့်တွေ အကုန်လုံးရဟန်း အဖြစ်နဲ့ တရား အားထုတ်လိုက်ကြတာ တရားထူးတွေ ရသွားကြပါတယ်၊ အဲဒါကိုလည်း မြတ်စွာဘုရားက မြင်တော်မူတော့ ပြုံးတော် မူပါတယ်၊ မြတ်စွာဘုရား ပြုံးတော် မူတာဟာ အဲဒီလို သိမ်မွေ့တဲ့ အကြောင်း အရာတွေကို မြင်တဲ့အခါမှာ ပြုံးတော်မူတာပါပဲ၊ ကြမ်းကြမ်း တမ်းတမ်းတွေ မြင်တော်မူလို့ ပြုံးတာမဟုတ်ပါဘူး။
အရှင်မဟာမောဂ္ဂလာန် ပြုံးတော်မူစဉ်က ဝမ်းမြောက်လို့ ပြုံးတယ်
တစ်ခါက အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီး ဂိဇ္ဈကုဋ် တောင်ပေါ်က ဆွမ်းခံကြွဖို့ ဆင်းလာတဲ့အခါ အတိ ဒုက္ခရောက်နေတဲ့ ပြိတ္တာကို မြင်တော်မူတယ်။ ဒီတော့ မထေရ်မြတ်က ဆင်ခြင်တယ်၊ ဘယ်လိုလဲ ဆိုရင် ဒီပြိတ္တာဟာ မကောင်းမှု အကုသိုလ်တွေ ပြုလုပ်လို့ ငရဲကျတယ်၊ ငရဲကလွတ်ပြန်တော့ ပြိတ္တာဖြစ်ရပြန်တယ်၊ ငါတို့မှာ ဒီလိုပြိတ္တာဘုံ ရောက်ခြင်းရဲ့ အကြောင်းဖြစ်တဲ့ အကုသိုလ်ကံတွေ မရှိတော့ဘူး ဆိုပြီးတော့ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားတယ်၊ ဒီလို ဆင်ခြင်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်လို့မို့ ပြုံးတော်မူပါတယ်။ ဒီတော့ အတူပါတဲ့ အရှင်လက္ခဏ မထေရ်မြတ် က အရှင်မဟာမောဂ္ဂလာန် ပြုံးတော်မူတာကို မြင်တယ်၊ ဒီတော့ အရှင်လက္ခဏက “အရှင်ဘုရား ဘာပြုလို့ပြုံးပါသလဲ” လို့ မေးတယ်။ မေးတာ ကလည်း ဂိဇ္ဈကုဋ် တောင်ပေါ်က ဆင်းလာရာမှာ ပြုံးစရာရယ်လို့ အရှင်လက္ခဏက ဘာမှမမြင်လို့ မေးတာပဲ၊ တောထဲမှာ သစ်ပင်လောက်သာ မြင်နေရတာဖြစ်တော့ ဘာကြောင့်ပြုံးတယ်ဆိုတာ မသိဘူးပေါ့၊ ဒီတော့ အရှင် မဟာမောဂ္ဂလာန်က “အခု မမေးပါနဲ့ဦး၊ မြတ်စွာဘုရား ရှေ့တော် ရောက်တဲ့အခါကျမှ မေးပါ” လို့ ပြောပြီးတော့ အဖြေမပေးသေးဘဲ ဆက်ပြီး ဆွမ်းခံကြွကြတယ်။
အဖြေမပေး သေးတာ ကလည်း အကြောင်း ရှိတယ်၊ အရှင်မဟာမောဂ္ဂလာန် မြင်တာက အင်မတန် ထူးဆန်းနေတယ်၊ သက်သေသာဓက မြင်တဲ့ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်မျှ မရှိသေးဘဲ ပြောလို့ ယုံနိုင်စရာ မရှိလောက်အောင် ဖြစ်နေတယ်၊ မြတ်စွာဘုရားထံ ရောက်ရင်တော့ မြတ်စွာဘုရား ကလည်း သိတာဖြစ်လို့မို့ ဒါဟုတ်တယ် ဆိုတာ သက်သေ အထောက်အထား ရနိုင်တယ်၊ ဒါကြောင့် အရှင်လက္ခဏရဲ့ အမေးကို အခုအဖြေ မပေးသေးဘဲ မြတ်စွာဘုရားထံ ရောက်မှ မေးပါလို့ အရှင်မဟာမောဂ္ဂလာန်က ပြောတာတဲ့။
အရှင်မဟာမောဂ္ဂလာန် မြင်တယ်ဆိုတာကလည်း ပကတိမျက်စိနဲ့ မြင်တာမဟုတ်ဘူး၊ ဒိဗ္ဗစက္ခု အဘိညာဏ်နဲ့ ကြည့်လို့ မြင်တာ ဖြစ်နေတော့ တခြားပုဂ္ဂိုလ်တွေ အတွက် သာမန်မျက်စိနဲ့ ကြည့်လို့ မမြင်နိုင်ဘူးပေါ့၊ မြင်ရတဲ့ ပြိတ္တာကြီး ကလည်း အရိုးစု ပြိတ္တာကြီးတဲ့၊ အသားမပါဘဲ အရိုးချည်း ဆိုတော့ ထူးနေတယ်၊ အဲဒီ ပြိတ္တာကြီးကို ကျီးတွေ, လင်းတတွေက လိုက်ပြီးတော့ ထိုးကြ, ဆိတ်ကြလို့ အင်မတန် နာကျင်တဲ့ အသံနဲ့ အခံခက် နေတာကို တွေ့မြင်ရသတဲ့၊ သူဟာ ကောင်းကင်မှာ နာကျင်လွန်းလို့ အော်ပြေးနေရင်း ကျီးတွေ, လင်းတတွေက လိုက်ပြီးတော့ ထိုးဆိတ်နေကြတာကို မြင်ရတာ ဖြစ်လို့မို့ ငါတို့တော့ ဒီဝဋ်ဆင်းရဲမှ လွတ်မြောက်ခဲ့ပြီ ဆိုပြီးတော့ ဝမ်းသာသွားတယ်၊ ဒါကြောင့် အရှင်မဟာ မောဂ္ဂလာန်က ပြုံးတာပါတဲ့၊ မြတ်စွာဘုရားထံ ရောက်တဲ့အခါ အရှင်လက္ခဏက မေးတော့ အရှင်မဟာ မောဂ္ဂလာန်က အဲဒီအတိုင်း ဖြေကြား ပါတယ်၊
အဲဒီမှာ အဋ္ဌကထာဆရာက လင်းတတွေ, ကျီးတွေကို ဘီလူးတွေလို့ ဒီလို ဆိုပါတယ်၊ သူ့ကံ အားလျော်စွာ ဖြစ်နေကြတဲ့ ကျီးတွေ, လင်းတတွေလို့ ဒီလိုလည်း ဆိုနိုင်ပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ တချို့ ပြိတ္တာတွေ ဆိုလို့ရှိရင် ဓါးတို့, လှံတို့, မြားတို့ ဒီလို လက်နက်တွေ သူတို့ကိုယ်ထဲ ထိုးဖောက် စူးဝင် ခံနေကြရတာတောင် ရှိနေလို့ပါပဲ၊ ဒါတွေဟာ အကြောင်းမဲ့ မဟုတ်ပါဘူး၊ သူတို့ပြုခဲ့ကြတဲ့ မကောင်းမှု အကုသိုလ်ကံ အားလျော်စွာ ဖြစ်ကြရတာပဲ၊ အဲဒီလို ဘီလူးတွေဟာ ကျီးတို့, လင်းတတို့ ဖြစ်နိုင်စရာ အကြောင်းတော့လည်း ရှိပါတယ်။
ငါတို့တော့ ဒီလိုပြိတ္တာ ဆင်းရဲမျိုးတို့မှ လွတ်မြောက်ခဲ့ပြီလို့ ဆင်ခြင်ပြီးတော့ ဝမ်းမြောက် တာနဲ့ ပြုံးတဲ့ အရှင်မဟာမောဂ္ဂလာန်ရဲ့ အပြုံးဟာ သောမနဿ ဟသိတုပ္ပါဒ်စိတ် တဲ့၊ အဲဒီ စိတ်နဲ့ ပြုံးတာပဲ။
အားပေးရာရောက်တယ်
ဒီမှာလည်း အရှင်မဟာမောဂ္ဂလာန်မှာ မကောင်းမှုကံအကြောင်းမှ လွတ်မြောက်ခဲ့ပြီ ဖြစ်လို့မို့ ဝမ်းသာလျက် ပြုံးသလိုပါပဲ၊ ကုသိုလ်ကောင်းမှုတွေကို ပြုထားလို့မို့ ကုသိုလ်ကောင်းမှုနဲ့ ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်တို့မှာလည်း မကောင်းမှု အကုသိုလ်တွေ ကင်းတန်သလောက် ကင်းလွတ်နေပြီလို့ ဆင်ခြင်ပြီးတော့ ဝမ်းမြောက်ဖို့ပါပဲ၊ တရားအားထုတ်လို့ သောတာပတ္တိမဂ်ကို ရောက်လို့ ရှိရင်တော့ အဲဒီလို ပြိတ္တာ မဖြစ်နိုင်တော့ဘူး၊ စိတ်ချရပြီ၊ သောတာပတ္တိမဂ်ဖိုလ် လောက်နဲ့ ဖြစ်ပြီးသား အကုသိုလ်တွေ ကုန်ပြီလို့တော့ မပြောနိုင်ဘူးပေါ့လေ၊ သုတ္တန်မှာလာတဲ့ သက္ကာယဒိဋ္ဌိရယ်၊ ဝိစိကိစ္ဆာရယ်၊ သီလဗ္ဗတပရာမာသရယ် အဲဒီ သံယောဇဉ် ၃-ပါး ကင်းနေလို့တဲ့၊ အဲဒါကြောင့် အပါယ်လေးပါးကို မကျမရောက်နိုင်တော့ဘူး၊ “စတူဟာပါယေဟိ ဝိပ္ပမုတ္တော - အပါယ်လေးပါးမှ လွတ်ပြီ” တဲ့၊ အဲဒါ ရှေးက အကုသိုလ်ကံတွေ ရှိနေသေးပေမယ် လို့လည်း အပါယ်လေးပါးကို မကျနိုင်တော့ဘူး၊ အဲဒီ အကုသိုလ် တွေကိုတော့ ပြုကို မပြုတော့ဘူး။
တချို့ကတော့ သောတာပန် ဖြစ်ပြီးနောက် ဘာပဲလုပ်လုပ် ကိစ္စမရှိဘူး ဆိုပြီးတော့ မတော်တာ ပြုလုပ်တာတွေ ရှိတယ်၊ အဲဒါဟာ မတော်မသင့် တာပါပဲ၊ ဘုန်းကြီးတို့ တမူးရောက်သွားတုန်းက ကြားရတယ်၊ ကလေးဝလား ကလေးလား မပြောတတ် ပါဘူး၊ အဲဒီက ဆရာကြီး တစ်ယောက်က သူတို့ဟောတဲ့ တရားတွေကို သဘော ပေါက်နေပြီ ဆိုရင်တော့ အကုသိုလ်တွေ ပြုလုပ်ပေမယ်လို့ အကျိုး မပေးနိုင်တော့ဘူး၊ အပါယ် မကျနိုင်တော့ဘူး၊ ရုပ်တရား နာမ်တရားမျှပဲ၊ ဓါတ်သဘော မျှသာ ရှိတာ၊ သတ္တဝါရယ်လို့ ကိုယ့်စိတ်ထဲ မထင်လို့ရှိရင် သတ္တဝါရယ်လို့ မရှိ၊ သတ္တဝါမရှိတော့ သူ့အသက် သတ်ပေမယ်လို့ ပါဏာတိပါတကံ မထိုက်တော့ဘူးတဲ့၊ ဓါတ်သဘောမျှ သိနေတာ ကိစ္စမရှိဘူးတဲ့၊ ဒီလိုဟောနေသတဲ့၊ အဲဒါ တံငါအလုပ်နဲ့ အသက်မွေး နေတဲ့သူက အဲဒီတရားကို သဘောကျပြီးနေတယ် ဆိုကိုး။
ဒါဟာ နေရာမကျပါဘူး၊ မကောင်းမှုကို အားပေးရာ ရောက်နေပါတယ်၊ မကောင်းမှု အကုသိုလ် ပြုလုပ်တဲ့သူကို ရဲရဲတင်းတင်း ပြုလုပ်ဝံ့အောင် အားပေးရာ ရောက်နေတာ ပေါ့လေ၊ အဲဒီတရားကို နာရပြီးတော့ သဘောကျတဲ့သူတွေက ဆရာကြီးကို ကျေးဇူးတင်လို့မို့ ငါးပိတို့၊ ငံပြာရည်တို့တောင် လှူလိုက်သေးတယ်လို့ ဆိုပါတယ်၊ အကုသိုလ်တွေ အကြီးအကျယ် ဖြစ်မှာပဲ၊ ဒီလို တရားကို မနာမကြားရခင်တုန်းက ကြောက်ကြောက် ရွံ့ရွံ့နဲ့ လုပ်ခဲ့ရတာဖြစ်ပေမယ်လို့ သူ့ဆရာကြီးရဲ့ ဒီတရားကို နာရမှ စိတ်ထဲမှာ အေးသွားပြီးတော့ အကုသိုလ်တွေကို ရဲရဲတင်းတင်း စိတ်ချလက်ချ ပြုလုပ်တော့မှာပဲ၊
ဒီအလုပ်ဟာ အကုသိုလ် အလုပ်ပဲလို့ သိပြီးတော့ လုပ်တယ်ဆိုရင် လျော့လျော့ပေါ့ပေါ့ ပြုလုပ်မှာမို့ အကုသိုလ်အပြစ် သက်သာတာပေါ့၊ အကုသိုလ်မှန်းမသိဘဲ ပြုလုပ်တာ ဆိုတော့ သူက လျော့လျော့ပေါ့ပေါ့လုပ်မှာ မမဟုတ်ဘူး၊ ဒီတော့ အကုသိုလ်ပြစ် ပိုပြီး ကြီးလေးမှာပဲ၊ ဘယ်လိုတုန်း ဆိုရင် မီးကို ကိုင်သလိုပေါ့၊ မီးကိုပူမှန်း သိတဲ့လူဆိုရင် ကိုင်တဲ့အခါ အပူ သက်သာအောင် ကြည့်ပြီးတော့ ကိုင်မှာပဲ၊ ပူမှန်းမသိတဲ့လူက မီးကိုကိုင်ရင် လက်နဲ့ဘာနဲ့ ထိထိမိမိ ကိုင်လိုက်မှာပဲ၊ ဒီတော့ ပိုပြီး ပူတာပေါ့၊ ဒီလိုပါပဲ၊ မကောင်းမှု အကုသိုလ် ပြုလုပ်ရာမှာလည်း မကောင်းမှု အကုသိုလ်မှန်း မသိရင် ဆင်ခြင်မှာ မမဟုတ်ဘူး၊ အကောင်းထင်ပြီး ရှေ့ဆက်လုပ်နေမှာပဲ၊ ဒီတော့ အကုသိုလ် တွေ ပိုပြီး အားကြီးတာပေါ့၊ အကုသိုလ်မှန်း သိသူကတော့ မလွှဲသာမရှောင်သာလို့သာ ပြုလုပ်ချင် ပြုလုပ်မိမယ်၊ ရှောင်သာလို့ ရှိရင်တော့ ဒီအလုပ်မျိုးကို ပြုလုပ်မှာ မမဟုတ်ဘူး၊ ဒီတော့ အကုသိုလ်အပြစ် သက်သာတာပေါ့။
ဆူး ဆိုပါတော့၊ ဆူးဆိုလို့ရှိရင် စူးတတ်တာပဲ၊ ဒီနားဆီမှာ ဆူးရှိတယ် ဆိုရင် ဆူးရှိမှန်း သိတဲ့လူက စမ်းပြီး ဆဆနင်းမယ်၊ တကယ်နင်းမိလို့ စူးတယ်ဆိုရင် စူးမိတဲ့ ခြေထောက်ကို နည်းနည်းစူး ကတည်းက ကြွလိုက်မှာပဲ၊ သိပ်ပြီး အစူးမခံဘူး၊ ဆူးရှိမှန်း မသိတဲ့လူကတော့ ပြင်းပြင်းထန်ထန် နင်းမြဲအတိုင်း နင်းချလိုက်မှာပဲ၊ ဒီတော့ စူးချက် နာမယ်ပေါ့၊ ဆူးရှိသလောက် စူးသွားမှာပဲ၊ အဲဒီလိုပါပဲ၊ ဆူးကို ဆူးမှန်းမသိရင် စူးချက်နာသလို အကုသိုလ်ကို အကုသိုလ်မှန်းမသိဘဲ ပြုလုပ် တယ်ဆိုရင် အကုသိုလ်အပြစ် ပိုပြီးကြီးပါတယ်၊ အဲဒါ ဟောတဲ့ပုဂ္ဂိုလ် ကလည်းဟော၊ ယုံတဲ့ ပုဂ္ဂိုလ်ကလည်း ယုံတာဟာ အင်မတန် ကြောက်စရာပါပဲ။
တရားကိုသိတဲ့ ပုဂ္ဂိုလ်တွေဆိုရင် အကုသိုလ် အမှုတွေကို ရှောင်ကြဉ်နိုင်သလောက် ရှောင်ကြဉ်ကြတာပဲ၊ မလွဲသာလို့ ဖြစ်ရင်လည်း နည်းနည်းပါးပါး ဖြစ်မှာပေါ့၊ ဒါပေမယ့်လို့ အပါယ်လေးပါး ကျနိုင်တဲ့ အကုသိုလ်တော့ ကင်းတယ်၊ ပုဂ္ဂိုလ် သတ္တဝါဆိုတဲ့ စွဲလမ်းမှု သက္ကာယဒိဋ္ဌိလည်း ကင်းတယ်၊ ဘုရား, တရား, သံဃာနဲ့ စပ်ပြီးတော့ ယုံမှားမှု ဝိစိကိစ္ဆာမှလည်း ကင်းတယ်၊ ကုသိုလ်က ကောင်းကျိုး ပေးတယ်၊ အကုသိုလ်က မကောင်းကျိုး ပေးတယ် ဆိုတာလည်း သူ့မှာ သံသယ မရှိဘူး။ ယုံကြည်တဲ့ ကမ္မသကတာ ဉာဏ်လည်း ရှိတယ်၊ မဂ္ဂင်ရှစ်ပါး ကို မပွားများဘဲ အလေ့အကျင့်မှုဖြင့် ဆင်းရဲမှ လွတ်မြောက်တယ် ဆိုတဲ့ အယူဝါဒမျိုး သီလဗ္ဗတပရာမာသ ဒိဋ္ဌိလည်း ကင်းတယ်ဆိုရင် အပါယဂမနီယဖြစ်တဲ့ အကုသိုလ်တွေ အထိ မဖြစ်တော့ဘူး။ အဲဒီလို အကုသိုလ်မျိုးကို မပြုမလုပ်တော့ဘူး၊
အဲ မကင်းသေးတဲ့ လောဘအလျောက် မတော်မသင့်တာကို နည်းနည်းပါးပါး ပြုမိတာမျိုး ရှိချင်လည်းရှိမယ်၊ စိတ်ဆိုးတဲ့ အခါမှာလည်း နည်းနည်းပါးပါး ကြမ်းတမ်းတာကို ပြောမိတာ မျိုးလည်း ရှိချင်ရှိမယ်ပေါ့၊ ဒါပေမယ့်လို့ သူတစ်ပါး ဥစ္စာကို ခိုးယူနိုင်လောက်အောင်၊ သူတစ်ပါးအသက်ကို သတ်နိုင်လောက်အောင် အဲဒီလို ပြင်းထန်တဲ့ အကုသိုလ်တွေကတော့ မဖြစ်တော့ဘူးတဲ့၊ အဲဒါ တရား အားထုတ်တဲ့ ပုဂ္ဂိုလ်တွေ အောက်ထစ်ဆုံး သောတာပတ္တိမဂ်ကို ရောက်လို့ သောတာပန် ဖြစ်ပြီဆိုရင် အပါယ်လားကြောင်းဖြစ်တဲ့ အကုသိုလ်မှုတွေဟာ အဟောင်း လည်းပဲ အကျိုးမပေး နိုင်တော့ဘူး၊ အသစ်တွေလည်း အကျိုးမပေး နိုင်တော့ဘူး၊ အပါယ် လားကြောင်း ဖြစ်တဲ့ အကုသိုလ်တွေ ကင်းပြီတဲ့။
ဒီတော့ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေဟာ ဒီလို အကျိုးကျေးဇူး တွေကို အာရုံပြုပြီးတော့ ဝမ်းသာစရာ ကောင်းပါတယ်၊ အဲ ရဟန္တာပုဂ္ဂိုလ်တွေ ဆိုရင်တော့ ကိလေသာ အားလုံး ကုန်သွားပြီ ဖြစ်လို့ အကုသိုလ်ဟူသမျှ ကုန်သွားပြီ၊ အကျိုး မပေးနိုင်တော့ဘူး၊ သိပ်ပြီး ဝမ်းသာစရာ ကောင်းပါတယ်၊ ဝမ်းသာစရာ ကောင်းလို့လည်း မကောင်းမှုကျိုးတွေ ပေးနေတဲ့ ပြိတ္တာကြီးကို မြင်ရတော့ ငါ့မှာတော့ ဒီလို မကောင်းကျိုးတွေက လွတ်မြောက်ခဲ့ပြီလို့ ဆင်ခြင်ပြီးတော့ ဝမ်းသာသွားတဲ့ အရှင်မဟာ မောဂ္ဂလာန်က ပြုံးတော်မူပါတယ်။ ဒါက ကြိယာမနောဝိညာဏဓါတ် ဆိုတဲ့ ဟသိတုပ္ပါဒ်ပဲ၊
(၁) ပြီးတော့ မနောဓါတ်ဆိုတဲ့ ကြိယာပဉ္စဒွါရာဝဇ္ဇန်းစိတ်က တစ်ခု
(၂)၊ မနောဝိညာဏဓါတ်ဆိုတဲ့ ကြိယာမနောဒွါရာဝဇ္ဇန်းစိတ်ကတစ်ခု
(၃)၊ အဲဒီလို အဟိတ်ကြိယာက သုံးပါးရှိတယ်၊ ဟိတ်မပါဘူး၊ လောဘ, ဒေါသ, မောဟ ဟိတ်နဲ့လည်းမယှဉ်ဘူး၊ အလောဘ, အဒေါသ, အမောဟဟိတ်တွေနဲ့လည်း မယှဉ်ဘူး၊ ဟိတ် ၆-ပါးလုံး မပါတဲ့စိတ်တဲ့။
သဟိတ်ကာမာဝစရကြိယာ
▬▬▬▬▬▬▬▬▬▬
နောက် ကာမကြိယာစိတ် အဲဒီ ကာမကြိယာစိတ်က ရှစ်ပါးရှိတယ်၊ ကာမကုသိုလ်စိတ် ရှစ်ပါးလိုပါပဲ၊ ဒါက ဟိတ်ရှိတဲ့စိတ်၊ ကာမကုသိုလ်စိတ် တုန်းက ပထမဆုံး စပြီးတော့ စာရွက်တွေ ဝေထားတယ်၊ အဲဒီမှာ ကာမကုသိုလ်စိတ် ၅၆-ပါးသော တရားတွေဆိုတာ တူရာကို ပေါင်းလိုက်လို့ရှိရင် အားလုံး ၃၆-ပါးပဲ ရှိတယ်၊ ဒါတောင် တစ်ပြိုင်နက် ဖြစ်တဲ့ တရားတွေ ဆိုလို့ ရှိရင် ၃၃-ပါးပဲ ရှိပါတယ်။
ဒီ ကြိယာစိတ်မှာလည်း အဲဒီ အကုသိုလ်စိတ်လိုပဲ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိကစိတ် စသည်ဖြင့် သူလည်း ရှစ်ခုပါပဲ၊ ကာမကုသိုလ်စိတ် ရှစ်ခု သရုပ်ကွဲရင် ကာမကြိယာစိတ် ရှစ်ခုလည်း သရုပ်ကွဲပါတယ်၊ အဲဒီ သဟိတ်ကာမကြိယာစိတ် ရှစ်ပါး ဖြစ်ခိုက်နဲ့ ကာမကုသိုလ်ရှစ်ပါး ဖြစ်ခိုက်ဟာ တူတယ်၊ ကာမကုသိုလ်ရှစ်ပါး ဖြစ်တုန်းကလိုပါပဲတဲ့။
အများဆုံး တစ်ပြိုင်နက် ဆိုလို့ရှိရင် ၃၄-ပါး၊ အဲဒီ အထဲမှာ စိတ်ပါပေါင်းပြီးတော့ ထည့်ထားပါတယ်၊ ဉာဏဝိပ္ပယုတ်ကျရင် ဉာဏ်မပါတော့လို့ ၃၃-ပါးဖြစ်သွားပါတယ်၊ ဥပေက္ခာသဟဂုတ်ဆိုတော့ ပီတိ မပါနိုင်တော့ဘူး၊ ဒီတော့ ၃၂-ပါး၊ ဉာဏသမ္ပယုတ် ကျတော့ ဉာဏ်ယှဉ်တာဖြစ်လို့ ၃၃-ပါး၊ ဉာဏဝိပ္ပယုတ်လည်း ဖြစ်မယ်၊ ဥပေက္ခာသဟဂုတ်လည်း ဖြစ်မယ်ဆိုလို့ရှိရင် ဉာဏ်ရော၊ ပီတိရော ၂-ပါး နုတ်လို့မို့ ၃၂-ပါးပေါ့၊ ဟိုတုန်းအတိုင်းပါပဲ၊ ထိုကာမကုသိုလ်စိတ်မှာတုန်းက စာရွက်လေးတွေ ရိုက်ပြီးတော့ ဝေပေးထားပါတယ်၊ သေသေချာချာ သိချင်လို့ ရှိရင်လည်း အဘိဓမ္မတ္ထ သင်္ဂဟကျမ်းကို လေ့လာကြည့်ရှုနိုင် ပါတယ်၊ ဝိသုဒ္ဓိမဂ် မြန်မာပြန် တတိယတွဲမှာ အဲဒါတွေ အပြည့်အစုံပါပါတယ်၊ အဲဒီမှာတော့ ပါဠိတော် နည်းအတိုင်း သူက ဖေါ်ပြထားပါတယ်၊ ပါဠိတော်နည်းအတိုင်း သိချင်လို့ရှိရင် အဲဒီ ဝိသုဒ္ဓိမဂ်မှာ ကြည့်ပေါ့၊ လွယ်တာကတော့ အဘိဓမ္မတ္ထ သင်္ဂဟကျမ်းမှာ ပြထားတာက လွယ်အောင် ပြထားတာ ဖြစ်တော့ သူက ပိုပြီးတော့ လွယ်ပါတယ်၊ လွယ်လွယ်ကြည့်ချင်ရင် အဲဒီမှာ ကြည့်ရုံပါပဲ။
သဟိတ်ကာမကြိယာစိတ် ရှစ်ပါးဖြစ်ခိုက်နဲ့ ကာမကုသိုလ်စိတ် ရှစ်ပါးဖြစ်ခိုက်ဟာ အတူတူပါပဲ၊ ဘာထူးသလဲ ဆိုလို့ရှိရင် ဝိရတီ ၃-ပါး မပါတာလည်း ထူးတယ်၊ အဲဒီ ၃-ပါး မပါဘူးတဲ့၊ မှတ်ထား၊ ကရုဏာနဲ့ မုဒိတာဆိုတာကတော့ ရဟန္တာ ပုဂ္ဂိုလ်တွေမှာ သနားတဲ့ အခါကာလမှာ ကရုဏာ ပါတယ်၊ ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေကို အကြောင်း ပြုပြီးတော့ ဝမ်းမြောက်တဲ့ အခါကာလ မှာတော့ မုဒိတာပါတယ်၊ ဝိရတီ စေတသိက် ၃-ပါးကတော့ အထူးကြဉ် ရှောင်နေစရာ မလိုတော့ဘူး၊ သောတာပတ္တိမဂ်ကတည်းက ကြဉ်ရှောင်မှု ကိစ္စတွေက ပြီးနေခဲ့ပြီ၊ ကင်းနေခဲ့ပြီ၊ ဒါကြောင့် ဝိရတီ ၃-ပါး အဲဒီမှာ မပါတော့ဘူး၊ အဲဒါလေးကိုလည်း မှတ်ထားရမယ်။
ရဟန္တာတို့မှာသာ ဖြစ်တဲ့စိတ်
▬▬▬▬
ကြိယာစိတ် ဆိုတာဟာ ရဟန္တာပုဂ္ဂိုလ်တို့မှာသာ ဖြစ်တဲ့စိတ်တွေ၊ ပုထုဇဉ်ပုဂ္ဂိုလ်တို့၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ပုဂ္ဂိုလ်တို့မှာ ဖြစ်တဲ့စိတ် မဟုတ်ပါဘူး၊ အဲ ပဉ္စဒွါရာဝဇ္ဇန်း၊ မနောဒွါရာ ဝဇ္ဇန်းဆိုတဲ့ ကြိယာစိတ် ၂-မျိုးကို ချန်ထားပေါ့၊ သူတို့ကတော့ ပုဂ္ဂိုလ်အားလုံးမှာ ဖြစ်နိုင်တယ်၊ ဒီပြင် ကြိယာစိတ်တွေကတော့ ရဟန္တာပုဂ္ဂိုလ်တို့မှာပဲ ဖြစ်နိုင်တဲ့ စိတ်တွေတဲ့၊ ရဟန္တာပုဂ္ဂိုလ်ဆိုရင် သူတို့ပြုသမျှ ကုသိုလ်တွေဟာ အကျိုးမပေးတော့ဘူး၊ ကုသိုလ်ကောင်းမှုကိုပြုရင် ပြုကာမတ္တ ပြုကာမျှပဲ အကျိုးမပေးတော့ဘူး။
ဒီ သဟိတ်ကာမကြိယာ တွေဟာ ကောင်းတဲ့စိတ်တွေပါပဲ၊ ရဟန္တာပုဂ္ဂိုလ်တို့ပြုတဲ့ ကုသိုလ်စိတ်ပါပဲ၊ ဒါပေမယ့်လို့ ဒီပြင်ပုဂ္ဂိုလ်တွေပြုတဲ့ ကုသိုလ်လို အကျိုး မပေး တော့ဘူး၊ ဒါကြောင့် ကရဏမတ္တံ ကြိယံ - ဆိုတဲ့အတိုင်း သူ့ကို ကြိယာလို့ ခေါ်တာပါပဲ။ ဒီကြိယာ စိတ်ဖြစ်ပုံကို စောစောပိုင်း ကလည်း အတော်ကျယ်ကျယ် ပြောခဲ့ပါပြီ၊ ဒီနေရာမှာတော့ ဒီလောက်နဲ့ပဲ တော်ပါပြီ။
တချို့က သရုပ်ခွဲပြီးတော့ အရှုခိုင်းတယ်
▬▬▬▬▬▬
စိတ်က တစ်ခုယုတ် ၉၀-ရှိတယ်၊ ဧကူန နဝုတိပါပဲ၊ ဧကဆိုတာ တစ်ခု၊ ဦနဆိုတာက ယုတ်တာ၊ ဒါမှမဟုတ် လျော့တာ၊ နဝုတိ ဆိုတာက ၉၀၊ ပေါင်းလိုက်တော့ ဧကူနနဝုတိ တစ်ခုလျော့နေတဲ့ ၉၀-တဲ့၊ နားရှင်းအောင်ဆိုရင် စိတ် ၈၉-ပါးလို့ ဆိုတာပါပဲ၊ အဲဒီ ၈၉-ပါးထဲမှာ လောကုတ္တရာစိတ် ၈-ပါးနုတ်လိုက်ရင် ၈၁-ပါး ကျန်ပါတယ်၊ အဲဒီ ကျန်တဲ့စိတ် ၈၁-ပါးဟာ လောကီစိတ်တွေပဲ၊ အဲဒါတွေလည်း လောကီနာမ် တရားတွေ၊ ဒီပြင် စေတသိက်တွေက ရှိသေးတယ်၊ လောကီစိတ်နဲ့ယှဉ်တဲ့ စေတသိက်တွေက ၅၂-ပါး၊ ဒါလည်း နာမ်တရားတွေပဲ၊ ပြီးတော့ ရုပ်ဆိုတာက ၂၈-ခု၊ သူက ရုပ်တရား၊ အဲဒီ လောကီ, ရုပ်, နာမ်အားလုံး ဒီလို သရုပ်ကွဲ လို့ရှိရင် နာမရူပပရိစ္ဆေဒဉာဏ်ဖြစ်တယ်လို့ တချို့က အယူရှိနေကြတယ်၊ အဲဒီလိုပဲ ဟောလည်း ဟောပြောနေကြပါတယ်။
ဒါပေမယ့် အဲဒါတွေဟာ အဘိဓမ္မာဆိုင်ရာမှာ ပြထားတဲ့ ခေါင်းစဉ်နာမည်တွေပဲ၊ တကယ်ရှုမှတ်လို့ ဖြစ်နေတဲ့ စိတ်တွေ မဟုတ်ပါဘူး၊ ကိုယ့်သဏ္ဍာန်မှာ ဖြစ်တာလည်း မဟုတ်ပါဘူး၊ သူ့ဟာက စာထဲကပါတဲ့ နာမည်ပညတ်တွေပဲ၊ အဲဒါတွေကို တချို့က ပရမတ်လို့ မှတ်နေတယ်၊ လောကီစိတ် ဧကာသီတိ၊ စေတသိက် ဒွေပညာသ၊ ရုပ်အဋ္ဌဝီသ၊ ဒါတွေက ကျမ်းဂန်ထဲက နာမည်တွေပဲ၊ ဒါကို ပရမတ်လို့ မှတ်နေကြတယ်၊ ဒါမဟုတ်ပါဘူး၊ ကိုယ့်သန္တာန်မှာ တကယ်ဖြစ်နေတဲ့ တရားတွေကမှ ပရမတ်တွေ ဖြစ်ပါတယ်။
ဒီသဟိတ် ကာမကြိယာ စိတ်တွေဟာ ပုထုဇဉ်, သေက္ခပုဂ္ဂိုလ်တို့ သန္တာန်မှာ ဖြစ်တာမဟုတ်ဘူး၊ ဒီတော့ သူတို့ သန္တာန်မှာ ဒီစတ်တွေရှိတာမဟုတ်ဘူး၊ ဒါတင် မကသေးဘူး၊ သာမန်ပုဂ္ဂိုလ် အချင်းချင်းတို့၏ စိတ်ဆိုတာလည်း တစ်ဦးနဲ့တစ်ဦး တူတာမဟုတ်လို့ တစ်ခြားပုဂ္ဂိုလ်တို့ သန္တာန်မှာရှိတဲ့ စိတ်ဟာ ကိုယ့်သန္တာန်မှာ ရှိချင်မှရှိတာ၊ ဘယ်လိုတုန်း ဆိုလို့ရှိရင် ခေါင်းကိုက်တဲ့ ဒုက္ခဝေဒနာ ဆိုပါတော့၊ တချို့မှာ ခေါင်းကိုက်ဝေဒနာ ရှိတယ်၊ တချို့မှာ ကျန်းမာရေး ကောင်းသူဖြစ်လို့မို့ ငယ်ငယ်ရွယ်ရွယ်ကတည်းက တစ်ခါမှ ခေါင်းမကိုက်ဖူးဘူး၊ အဲဒီ ပုဂ္ဂိုလ်မှာ ခေါင်းကိုက် တယ်ဆိုတာ ဘယ်လိုဟာမှန်းတောင် သိတာမဟုတ်ဘူး၊ ဒီလိုပဲ သူများ သန္တာန်မှာ ဖြစ်နေပေမယ်လို့ ကိုယ့်သန္တာန်မှာ ဖြစ်ချင်မှ ဖြစ်တာ။
အခုကြိယာစိတ် ဆိုတာဟာလည်း ရဟန္တာပုဂ္ဂိုလ်တို့ သန္တာန်မှာသာဖြစ်တာပဲ၊ ဒါတွေကိုရှုလို့ ဘယ်ဖြစ်ပါ့မလဲ၊ မဖြစ်ပါဘူး၊ သရုပ်ခွဲလို့သာ ဖြစ်တာ၊ ကိုယ့်သန္တာန်မှာ မဖြစ်ဘူးလို့ ကိုယ်က မသိတဲ့စိတ်ကို ဘယ်လိုလုပ်ပြီးတော့ ရှုမှတ်မလဲ၊ ဒီလို မသိတာကို ရှုမှတ်လို့မဖြစ်ပါဘူး၊ ဒါပေမယ့်လို့ သရုပ်ခွဲလို့တော့ ဖြစ်ပါတယ်၊ ဒီတော့ “သရုပ်ခွဲတတ်ရုံနဲ့ နာမ်ရုပ် ကွဲတယ်၊ နာမရူပ ပရိစ္ဆေဒဉာဏ် ဖြစ်တယ်” ဆိုတာ မဟုတ်ပါဘူး။
ပြီးတော့ ရှိသေးတယ်၊ လောကီစိတ်, စေတသိက်တွေ, ရုပ်တွေဟာ ဖြစ်ပြီးရင် ပျက်သွားတတ်တဲ့ သဘောရှိလို့ မမြဲတဲ့ အနိစ္စ သဘောတရားတွေပဲလို့ ဆင်ခြင်ရုံနဲ့ အနိစ္စာနုပဿနာဖြစ်တယ်လို့ ဒီလို ထင်နေတာတွေလည်းရှိတာပဲ၊ ဒါလည်း မဟုတ် ပါဘူး၊ တကယ်ဖြစ်ပျက်နေတဲ့ ရုပ်နာမ်ကို တွေ့သိတာမှ မဟုတ်ဘဲနဲ့ တကယ်ထင်ရှား ဖြစ်ပျက်နေတဲ့ ရုပ်နာမ်ကို တကယ်မမြင်ဘဲနဲ့ ဖြစ်တယ်၊ ပျက်တယ် လုပ်ပြီးတော့ ရှုမှတ်နေတာ ဟာလည်း အနိစ္စာနုပဿနာဉာဏ် မဖြစ်ပါဘူး။
တကယ် အစစ်ဖြစ်တဲ့ ဝိပဿနာဉာဏ် ဖြစ်ဖို့က သတိပဋ္ဌာန် ဒေသနာတော်နှင့်အညီ ဖြစ်တိုင်း ပျက်တိုင်း တကယ် ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေကို မြင်အောင် ရှုမှတ်ရပါတယ်၊ အခုဒီမှာ ရှုမှတ်နေကြတဲ့ ယောဂီတွေဆိုရင် ကိုယ်တိုင်တကယ် ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေကို ရှုမှတ်နေကြတာပဲ၊ ဖောင်းတာကို ဖောင်းတယ်, ပိန်တာကို ပိန်တယ် ဒီလို ထင်ရှားရှိနေတဲ့ ဖောင်းတာ, ပိန်တာကို ရှုမှတ်နေကြပါတယ်၊ ဒီလို ရှုမှတ်တဲ့အခါ ဖောင်းတာကတခြား၊ ပိန်တာကတခြား၊ မှတ်သိတာက တခြား ဒီလိုတွေ့တယ်၊ အကြမ်းဖျင်း အားဖြင့်တော့ ဒီလိုပြောရမှာပဲ၊ စာနာမည်နဲ့ ပြောရရင်တော့ ဖောင်းတဲ့အခါ တောင့်တယ်၊ တင်းတယ်၊ တွန်းတယ်၊ ကန်တယ်၊ လှုပ်ရှားတယ်၊ အဲဒါကတခြား၊ ပိန်တာကိုရှုရာမှာလည်း တောင့်တာ၊ တင်းတာ၊ လျော့တာ၊ လှုပ်ရှားတာ ဒါကတခြား၊ မှတ်သိတာက တခြား၊ အဲဒါ သူ့အခိုက်အတန့်နဲ့သူ ဖြစ်နေတဲ့ တရားတွေပဲ၊ ဒါ ရုပ်နဲ့နာမ် ဒါပဲရှိတာပဲ။
ကွေးတယ်ဆိုရင် ကွေးတာနဲ့ သိတာ ဒီနှစ်ခု ရှိတာပဲ၊ ကျမ်းဂန်နဲ့ ညီအောင် ပြောရရင် ကွေးတဲ့ အခါကာလ တောင့်တာ၊ တင်းတာ ဒါကိုသိတာပဲ၊ တောင့်တင်း လှုပ်ရှားတာက တခြား၊ မှတ်သိတာက တခြား၊ သွားတဲ့အခါမှာလည်း ကြွတယ်၊ လှမ်းတယ်၊ ချတယ် ရှုမှတ်ရင် ကြွတာ၊ လှမ်းတာ၊ ချတာက တခြား၊ မှတ်သိတာက တခြား၊ အဲဒီလို ရှုတိုင်းမှတ်တိုင်း ရုပ်ကတခြား၊ မှတ်သိနေတဲ့စိတ် နာမ်က တခြား အဲဒီလိုသေသေချာချာ ကွဲပြီးတော့ ရှုမှတ်မှ ရုပ်,နာမ်ကွဲတဲ့ နာမရူပ ပရိစ္ဆေဒဉာဏ် ဖြစ်တယ်၊ ကိုယ်ထဲမှာ နာမ်နဲ့ရုပ် နှစ်ခုပဲ ရှိတယ်ဆိုတာကို ကိုယ်တိုင် တွေ့ရတာပါပဲ။
စာသင်တုန်းကလို မှန်းပြီးတော့ သိတာမျိုးမဟုတ်ဘူး
▬▬▬▬▬▬▬
အရင်ကတော့ အဲဒါကို ပုဂ္ဂိုလ်သတ္တဝါလို့ ထင်နေတာပဲ၊ လက်ကို ကွေးလိုက်တယ် ဆိုရင် ကွေးတာလည်း ငါပဲ၊ စဉ်းစားတာလည်း ငါပဲ၊ ကွေးတာနဲ့ စဉ်းစားတာဟာ အတူတူပဲ အောက်မေ့တယ်၊ ကွေးတဲ့ စိတ်ကလေးကိုပါ ထည့်စဉ်းစား လိုက်လို့ရှိရင် ကွေးတာလည်း ငါပဲ၊ ကွေးချင်တာလည်း ငါပဲ၊ စိတ်ကူး စဉ်းစားသိတာလည်း ငါပဲ၊ သွားတဲ့အခါ ကာလမှာလည်းပဲ သွားတာ လှုပ်ရှားတာလည်း ငါပဲ၊ သွားတာ လာတာ လှုပ်ရှားတာကို စဉ်းစားမိလို့ ရှိရင်လည်း စဉ်းစားတာလည်း ငါပဲ၊ ဒီလို ငါအနေနဲ့ တစ်ယောက်တည်း ထင်နေတယ်။
ဖြစ်တိုင်း ဖြစ်တိုင်း ရှုမှတ်လို့ သမာဓိအား ကောင်းတဲ့ အခါကျတော့ ရှုတိုင်း ရှုတိုင်း မှတ်သိရတဲ့ အာရုံရုပ်နဲ့ မှတ်သိတဲ့နာမ် ဒီနှစ်ခုထဲဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ သိလာပါတယ်၊ စာသင်တုန်းက သဘောကျ ပြီးတော့ မှန်းသိ သိတာမျိုး မဟုတ်ပါဘူး၊ နှစ်ခု နှစ်ခုကွဲနေတယ်၊ ရောလို့ကို မရဘူး၊ တစ်ယောက်တည်း အနေနဲ့ ပေါင်းလို့ကို မရဘူး၊ တခြားစီမြင် နေရတယ်၊ အင်း ၃-နာရီတောင် ထိုးလုနီးပြီ၊ ဘုန်းကြီးက ဒီနေ့ ရုပ်ပိုင်းကို ပြောမယ်လို့ စိတ်ကူးထားတာ၊ ပြောဖို့အချိန် ရှိမှာ မဟုတ်တော့ဘူး၊ ဓမ္မသင်္ဂဏီကျမ်းကို ဒီနေ့ အပြီးသတ်မယ်လို့ စိတ်ကူးထားတာပဲ၊ အဘိဓမ္မာ တရားတော်က ကျင့်ဖို့ ဟောကြားထားတဲ့ တရား မဟုတ်ပါဘူး၊ ဒါကို လူတွေက မျက်စိ လည်နေ ကြတယ်။
စာလေးတစ်စောင်က မြင်းမိုရ်တောင် မရှိဘူးတဲ့
▬▬▬▬▬▬▬▬▬
မျက်စိလည်ခြင်းရဲ့အကြောင်းကလည်းပဲ အဘိဓမ္မာ ကျမ်းဂန်တွေကို လေ့လာပြီးတော့ ဘုရားဟော သုတ္တန် တရားတော်ကို မျက်နှာလွှဲထားသလို ဖြစ်နေလို့ပါပဲ၊ တစ်နည်း ပြောရရင် ပစ်ထားသလို ဖြစ်နေလို့ပါပဲ၊ လူနတ်ဗြဟ္မာတွေ တရားထူးရဖို့ သုတ္တန်တရားတွေကို မြတ်စွာဘုရား က ဟောတော်မူခဲ့တာ အထင်အရှားပဲ မဟုတ်လား၊ မြတ်စွာဘုရား ပွင့်တော်မူလာတယ် ဆိုရင်ပဲ ဓမ္မစကြာ သုတ္တန် တရားတော်ကို တရားဦးအဖြစ် ဟောကြားတော် မူပါတယ်၊ အဘိဓမ္မာကို ဟောကြားတာ မဟုတ်ပါဘူး၊ နောက် အနတ္တလက္ခဏသုတ်ကို ဟောတယ်၊ ဒီလိုပဲ သုတ်တွေ သုတ်တွေကို လျှောက်ပြီး ဟောသွားတာပါပဲ၊ သတိပဋ္ဌာနသုတ် ဆိုလို့ ရှိရင်လည်း ဒီအထဲမှာ ပါပါတယ်၊ အဲဒီ သုတ္တန်တရားတွေက တကယ်ကျင့်ရမယ့် တရားတွေ၊ အဲဒါ ဘုရားဟောလည်း အစစ်တွေပဲ၊ ဒါ ဘုရားဟောတာ မဟုတ်ဘူးလို့ ငြင်းစရာ မလိုပါဘူး။
အဘိဓမ္မာ တရားကိုတော့ တာဝတိံသာမှာ ဟောတယ်ဆိုတာ တချို့က မယုံကြဘူး၊ ဒီလိုမယုံတာ အခုခေတ်ကျမှ မဟုတ်ပါဘူး၊ အရှင်မဟာဗုဒ္ဓဃောသ ရေးကတည်းက အငြင်းအခုန် ရှိလာခဲ့ ပါတယ်၊ အဲဒါဟိုတုန်းကလည်း ရှိတာပဲ၊ အခုလည်း ရှိတာပဲ၊ တစ်ခါတုန်းက ဘုန်းကြီးဆီ စာတစ်စောင် ရောက်လာတယ်၊ ဘယ်ကရယ်လို့တော့ မပြောတတ်ပါဘူး၊ စာရေး ပို့လိုက်တယ်၊ အမည်လိပ်စာ မပါဘူး။
သူ့စာက ဘယ်လိုလဲဆိုတော့ မြင်းမိုရ်တောင် ဆိုတာ မရှိပါဘူးတဲ့၊ ယခုခေတ် အခြေအနေနဲ့ ကြည့်လို့ရှိရင် ကမ္ဘာဟာ အလုံးကြီး ဖြစ်နေပါတယ်၊ ဒီတော့ မြင်းမိုရ်တောင် ဆိုတာ မရှိဘူး၊ မြင်းမိုရ်တောင် မရှိတော့ မြင်းမိုရ်တောင် တာဝတိံသာ သွားပြီးတော့ အဘိဓမ္မာတရား ဟောတယ် ဆိုတာလည်း မဟုတ်ဘူးတဲ့၊ သူက ဒီလို စာရေးပြီး ပို့တယ်၊ သူ့ဆီကို စာပြန်ချင် ပေမယ်လို့ အခက်သားပဲ၊ လိပ်စာက မပါလာဘူး၊ မြင်းမိုရ်တောင် ဆိုတာကို လူတွေ အရောက်အမြင် နည်းပါတယ်၊ တာဝတိံသာနတ်ပြည် ဆိုတာကတော့ လူတွေမြင်တဲ့ နေရာမဟုတ်ဘူး၊ သူတို့က လူတွေမြင်ရတဲ့ နေရာလောက်မှာ စိတ်ကူးနဲ့ ကြည့်နေကြတာကိုး၊ ဒီတော့ မြင်းမိုရ်တောင်နဲ့ တာဝတိံသာကို သူတို့က မမြင်နိုင်ဘူးပေါ့၊ ရှိတော့ ရှိနေတာပါပဲ၊ မြတ်စွာဘုရားက မရှိဘဲ မဟော ပါဘူး၊ အဲဒီလို သူ့ထံပြန်ဖြေဖို့ရာပဲ၊ ဒါပေမယ့်လို့ နာမည်, လိပ်စာ, အပြည့်အစုံ မပါလာတာ ဖြစ်တော့ ပြန်မဖြေရဘူး။
အကျိုးမရဘဲ ဆုံးရှုံးနေတယ်
▬▬▬▬▬
အဘိဓမ္မာတရားဟာ ဘုရားဟော တရား ဟုတ်,မဟုတ် အခုလည်း အငြင်းပွားလျက်ပဲ ရှိနေတယ်၊ သုတ္တန်တရားတော် တွေဟာ ရဟန်း ရှင် လူ အကုန်လုံး ကျင့်ဖို့ ဟောကြားထားတဲ့ တရားတွေပဲ၊ အဲဒါကို မျက်နှာလွှဲပြီးတော့ ဂရုမစိုက်ကြဘဲနဲ့ အဘိဓမ္မာ ကျမ်းဂန်တွေကို သရုပ်ခွဲကြ လေ့လာကြတယ်၊ ဒါနဲ့ပဲ အားရကျေနပ် နေကြတယ်၊ ဒီတော့ ဝိပဿနာဉာဏ်တွေ ဖြစ်သင့်သမျှ မဖြစ်ဘူးပေါ့၊ အဲဒါတွေကို သေသေချာချာ တွေးပြီးတော့ စဉ်းစားကြည့်ရင် အကျိုးမဲ့တွေလို ဖြစ်နေပါတယ်၊ အကျိုးမရဘဲနဲ့ ဆုံးရှုံး နေတာတွေပါပဲ၊ အဲဒါတွေကို သတိတရား ရဖို့ ကောင်းတယ်၊ ကြုံတိုင်း ကြုံတိုင်း ဘုန်းကြီးက ဒါတွေကို အကျိုးရှိစေချင်လို့ ဟောပြောပေး နေပါတယ်၊ သတိ ပေးတဲ့ အနေနဲ့ ဟောတာပါပဲ၊ တစ်စုံတစ်ယောက်ကို စိတ်မချမ်းသာ အောင် ထိခိုက်အောင် ဟောတာတော့ မဟုတ်ပါဘူး။
အခုဆိုရင် ဓမ္မစကြာဆိုင်ရာ တရားတွေကို မူချောမူသန့် ဖြစ်အောင် ပြုလုပ်နေတာ စာမျက်နှာ ၁၀ဝ လောက်တော့ ပြီးသွားပါပြီ၊ မကြာခင် ပြီးမှာပါပဲ၊ အဲဒီမှာလည်း ဆိုင်ရာ ဆိုင်ရာတွေ မသိလောက်ဘူး ထင်တဲ့ နေရာလေးတွေကို ထည့်သွင်း ထားပါတယ်၊ အဲဒါ တော်တော်များများ ပါပါတယ်။
သဘောမပေါက်ကြဘူး
▬▬▬▬▬▬▬▬
မြတ်စွာဘုရားက “စက္ခုကရဏီ, ဉာဏကရဏီ” လို့ ဟောကြား ထားပါတယ် မဂ္ဂင်ရှစ်ပါး တရားဟာ စက္ခုကရဏီ ပညာမျက်စိကို ဖြစ်စေတတ်တယ်၊ ဉာဏကရဏီ အသိဉာဏ်ကို ဖြစ်စေတတ်တယ် တဲ့၊ မဂ္ဂင်ရှစ်ပါး တရားကို ပွားများလို့ရှိရင် ထူးခြားတဲ့ ပညာမျက်စိ ဖြစ်လာမယ်၊ ရုပ် နာမ် သရုပ်ခွဲတာတွေကို ဆင်ခြင် နေရုံနဲ့တော့ ထူးခြားတဲ့ ပညာမျက်စိဆိုတာ မဖြစ်ပါဘူး၊ ကိုယ်တိုင် လေ့လာပြီးတော့ ကျက်ထား မှတ်ထားတဲ့ အတိုင်း ဒါလောက် ရှိမှာပါပဲ၊ ဒီပြင် ဘာမှ ထူးပြီးတော့ မသိပါဘူး၊ ဒီ သတိပဋ္ဌာန် ဝိပဿနာ တရားကတော့ သေသေချာချာ ထူးထူးခြားခြား သိစေပါတယ်၊ အစက ရုပ်နဲ့နာမ် မကွဲဘူး၊ ဝိပဿနာ ရှုမှတ်နေလို့ရှိရင် ရုပ်နဲ့နာမ် ကွဲလာ ပါတယ်၊ တော်တော်ကြာလို့ ရှိရင် အကြောင်းအကျိုး တွေဆိုတာကိုလည်း သူ့ဟာသူ သိလာ ပါတယ်၊ ပြီးတော့ သူ့အခိုက်အတန့်နဲ့သာ ဖြစ်ပျက်နေတာကို မြင်နေရလို့ အနိစ္စ မမြဲဘူးဆိုတာကို ထူးထူးခြားခြား သိလာပါတယ်၊ ဥဒယဗ္ဗယဉာဏ် ကျတော့ အဖြစ်အပျက်တွေကို လျင်လျင်မြန်မြန် ထူးထူးခြားခြားတွေ ကိုယ်တိုင် တွေ့လာပါတယ်၊ စက္ခုကရဏီ ဉာဏကရဏီလို့ ဟောကြားထားတဲ့ အတိုင်း ကိုယ်တိုင် တွေ့ရပါလိမ့်မယ်။
အဘိညာယ ဥပသမာယ - ထိုးထွင်းသိခြင်း၊ ကိလေသာငြိမ်းခြင်း အလို့ငှာ ဆိုတဲ့အတိုင်း သစ္စာလေးပါးကိုသိဖို့၊ ကိလေသာငြိမ်းဖို့ အားထုတ်ရပါတယ်၊ တရားအားထုတ်တယ် ဆိုရင် သစ္စာလေးပါးကို သိသင့်သလောက် သိပြီးတော့ ကိလေသာတွေ ငြိမ်းတန်သမျှလည်း ငြိမ်းသွား တာပါပဲ၊ ယောဂီဟာ ရှုတိုင်း ရှုတိုင်းသော ဉာဏ်ဖြင့် သူကသိနေပါတယ်၊ ရှုမှတ်ဖို့ အင်မတန် ကောင်းတဲ့တရားပဲ၊ အဲဒါတွေကို ဘုန်းကြီးက သရုပ်ဖေါ်ပြီးတော့ ပြနေပါတယ်။
ပါဠိအနက်လောက် ရေးထားတဲ့ ဓမ္မစကြာသုတ်ကို ကြည့်ပြီးတော့ လူတွေက တရားအားထုတ်ဖို့နဲ့ ဘာမှမဆိုင်ဘူး ထင်နေကြပါတယ်၊ လေ့လာဖို့ ရွတ်ဖို့ ဖတ်ဖို့ရာ ဒီလောက်သာ ဖြစ်နေကြပါတယ်၊ ဓမ္မစကြာရဲ့ သဘောကိုပဲ သဘောမပေါက်ကြဘူး၊ အဲဒီလိုဖြစ်နေတယ်၊ အခု ဘုန်းကြီးက သဘောပေါက်အောင် ဆိုပြီးတော့ အားထုတ် ပုံတွေရော၊ အကျိုးတွေရော ဟောပြောနေပါတယ်။
ရူပ အရူပ ကြိယာ
▬▬▬▬▬▬▬
ကာမာဝစရကြိယာကို အပြီးသတ်လိုက် ကြပါစို့၊ ၃-နာရီနဲ့ ပြီးသေးတာက မဟုတ်တော့ ဆက်ဟော နေရတယ်၊ ရူပကြိယာ အရူပကြိယာ စိတ်ကို ဟောရအောင်လို့ ဒီက ရူပကြိယာ အရူပကြိယာလို့ အမည် တပ်ထားပါတယ်။
“ရူပကြိယာ အရူပကြိယာစိတ် ဖြစ်ခိုက်၌ ရူပကုသိုလ် အရူပကုသိုလ်စိတ် ဖြစ်ခိုက်နှင့်တူ၏” တဲ့။
အဲဒါကတော့ အကုန်လုံးတူတာပါပဲ၊ ရူပကုသိုလ်က သုတ္တန်နည်းအားဖြင့် လေးပါး၊ အရူပဈာန် ကုသိုလ်ကလည်း ၄-ပါး၊ အဘိဓမ္မာနည်းအားဖြင့် ရူပကုသိုလ်က ၅-ပါး၊ အရူပကုသိုလ်က ၄-ပါး၊ အရူပကုသိုလ်ကတော့ အပြောင်းအလဲ မရှိပါဘူး၊ ၄-ပါး ၄-ပါးပါပဲ၊ ကြိယာကလည်း ကုသိုလ်တွေ တုန်းကလို အတူတူပါပဲ၊ ကုသိုလ်နဲ့ ကြိယာဆိုတာ လောက်သာ ထူးပါတယ်၊ ဘာပြုလို့တုန်း ဆိုတော့ ပုထုဇဉ်, သောတာပန်, သကဒါဂါမ်, အနာဂါမ်အဖြစ်တုန်းက ရူပ, အရူပဈာန်တွေကို ရထားလို့ရှိရင် ရဟန္တာ အဖြစ်ရောက်လို့ ဈာန်ဝင်စားတော့လည်း ဒီဈာန်တွေကိုပဲ ဝင်စားရတာ ဖြစ်လို့ပါပဲ၊ အာရုံဆိုရင်လည်း ပထဝီကသိုဏ်းဆို ပထဝီကသိုဏ်းပါပဲ၊ ဟိုတုန်းကလို အတူတူပင် ဟောပြတာပါပဲ၊ ဖြစ်ပုံတွေ ဘာမှမထူးပါဘူး၊ ဈာန်စိတ်အနေနဲ့ တည်ကြည်ပုံဆိုရင်လည်း အတူတူပဲ၊ ဒါကြောင့်လည်း အဲဒီမှာယှဉ်တဲ့ ဖဿ, ဝေဒနာ အစရှိသော သမ္ပယုတ် ယှဉ်ဖက်တရားတွေကလည်း အတူတူ ပါပဲ၊ဒါတွေအတူတူပဲလို့ အတိုချုပ် ညွှန်ပြထားပါတယ်၊ ဟိုတုန်းက ကာမကုသိုလ် စိတ်နဲ့ ကာမကြိယာစိတ် ဆိုတာဟာလည်း သဘောအားဖြင့် အတူတူပဲ၊ ခုနကပြောဖို့ ဟာ ကျန်သွားတယ်၊ မပြောမိခဲ့ဘူး၊ အခုမှ ထည့်ပြောလိုက်ရတယ်။
ရဟန္တာ ပုဂ္ဂိုလ်များမှာ ရလာတဲ့ ဆွမ်းတို့၊ လာဘ်လာဘတို့ ပိုလျှံလို့ ရှိရင် ပေးလှူတာပါပဲ၊ ဒီလိုပေးလှူရင် အမှန်ကတော့ ဒါနကုသိုလ်ပါပဲ၊ ဒါပေမယ့်လို့ အကျိုးပေးမှာ မဟုတ်ဘဲ ပြုတာ လှူတာဟာ ပြုကာမျှ၊ လှူကာမျှသာ ဖြစ်လို့မို့ ကုသိုလ်လို့ မဆိုဘဲ အဲဒါကို ကြိယာလို့ ဆိုပါတယ်၊ အခြားပုဂ္ဂိုလ်တွေက ဒီလို လှူလို့ရှိရင်တော့ ဒါနကုသိုလ်ပေါ့၊ အဲဒါ အကျိုးပေးမှာပဲ၊ လှူပုံ စေတနာထားပုံချင်း ကတော့ အတူတူပါပဲ၊ အခြား ကုသိုလ်ကောင်းမှုတွေ ပြုရာမှာလည်း ရဟန္တာပုဂ္ဂိုလ် တို့က ပြုတယ်ဆိုရင် ဒီအတိုင်းပါပဲ၊ ကြိယာပါတဲ့။
အဲ နေဝကုသလာ, နာကုသလာ တဲ့၊ ကုသိုလ် သဘောလည်း မရှိဘူး၊ ကောင်းကျိုး ပေးတဲ့ သဘောလည်း မရှိဘူးပေါ့၊ နာကုသလာ - အကုသိုလ်သဘောလည်း မရှိဘူး၊ နကမ္မဝိပါကံ - ကုသိုလ်ကံ, အကုသိုလ်ကံကျိုးလည်း မဟုတ်ဘူး၊ ကြိယာပါတဲ့၊ တခြား ပုဂ္ဂိုလ်တွေ ပြုတာနဲ့ အကျိုးပေးတာ မပေးတာ ဒီလောက်သာ ခြားနားတာပါပဲ၊ ဖြစ်ပုံချင်း ကတော့ အတူတူပါပဲ။
ဒါကြောင့် ကုသိုလ်ဖြစ်တဲ့ အခါကာလမှာ ပါဝင်တဲ့ သဘောတရားတွေနဲ့ ကြိယာဖြစ်တဲ့ အခါ ကာလမှာ ပါဝင်တဲ့ သဘောတရားတွေ အတူတူ ဖြစ်နေတာပါပဲ၊ အဲဒါကို ဒီမှာ -
“ရူပကြိယာ အရူပကြိယာတို့ ဖြစ်ခိုက်၌ ရူပကုသိုလ်, အရူပကုသိုလ်ကို ဖြစ်ခိုက်နှင့် တူ၏” လို့ ညွှန်ထားပါတယ်။
ဒီနေရာမှာ စဉ်းစားစရာ ရှိပါတယ်၊ လောကီစိတ် စေတသိက်တွေကို နှလုံးသွင်း ဆင်ခြင်ရုံနဲ့ စိတ်စေတသိက် တရားတွေကို ရှုခြင်းကိစ္စ ပြီးတယ်လို့ ဒီလိုယူဆပြီးတော့ ပြောဟောနေတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်၊ အဲဒီ လောကီတရားထဲမှာ ရူပ အရူပ ကြိယာစိတ်ဆိုတာ ရဟန္တာပုဂ္ဂိုလ်မှာမှ ရှိတာပဲ၊ ပုထုဇဉ် ပုဂ္ဂိုလ်မှာ ရှိကို မရှိဘူး၊ မရှိတဲ့ စိတ်တွေကို ရှုလို့မဖြစ်ပါဘူး၊ ရှိတဲ့တရားကိုတောင်မှ သိမ်မွေ့တဲ့ တရားဆိုရင် မရှုနိုင်ဘူးတဲ့၊ နေဝသညာနာသညာယတန ဈာန်စိတ်ဟာ သိမ်မွေ့တာ ဖြစ်လို့မို့ ဈာန်ရတဲ့ပုဂ္ဂိုလ်လည်း ဒီစိတ်ကို မရှုနိုင်ဘူးတဲ့၊ အရှင်သာရိပုတ္တရာတောင် ဒီနေဝသညာနာသညာယတန ဈာန်စိတ်ကိုတော့ မရှုနိုင်ဘူးတဲ့။
ပထမဈာန်ဝင်စားပြီးတော့ ရှုနိုင်တဲ့ အနိစ္စ, ဒုက္ခ, အနတ္တ တရားကဲ့သို့ ဒုတိယ ဈာန်စိတ်, တတိယဈာန်စိတ်, စတုတ္ထဈာန်စိတ်, ပဉ္စမဈာန်စိတ် အဲဒီဈာန်တွေကို ဝင်စားပြီး အဲဒီ ဈာန်စိတ် တွေကိုတော့ ရှုနိုင်ပါတယ်၊ အာကာသာနဉ္စာယတန ဈာန်စိတ်, ဝိညာဏဉ္စာယတန ဈာန်စိတ်, အာကိဉ္စညာယတန ဈာန်စိတ် အဲဒီဈာန်တွေကိုလည်း ဝင်စားပြီးတော့ အဲဒီဈာန်စိတ်တွေကိုလည်း ရှုနိုင်ပါတယ်၊ အဖြစ်အပျက်တွေက ထင်ရှားတာဖြစ်လို့ အဲဒါတွေကို အကုန်လုံး ရှုနိုင်ပါတယ်၊
နေဝသညာနာသညာယတန ဈာန်စိတ်ကျတော့ သိမ်မွေ့နေတယ်၊ အဖြစ်အပျက်တွေက မထင်ရှားဘူး၊ နေဝသညာနာသညာ မရှိဘူးလို့ ဆိုရလောက်အောင် သိမ်မွေ့တယ်၊ ဒါပေမယ့်လို့ လုံးလုံး မရှိတာတော့လည်း မဟုတ်ဘူး၊ ရှိတော့ ရှိတယ်၊ မရှိတရှိ ပေါ့လေ၊ စိတ် မရှိတရှိ၊ ဖဿ မရှိတရှိ၊ ဝေဒနာ မရှိတရှိ၊ အဲဒီ နေဝသညာနာသညာယတန စိတ်မှာ ပါဝင်နေတဲ့ တရားတွေဟာ အကုန်လုံး မရှိတရှိတွေချည်း ဖြစ်နေတာပဲ၊ ဒါကြောင့် အလွန် သိမ်မွေ့နေတယ်၊ အလွန်သိမ်မွေ့ နေတော့ ဖြစ်ပေါ်တဲ့ သဘောလည်း မထင်ရှားဘူး၊ ပျက်သွားတဲ့ သဘောလည်း မထင်ရှားဘူး။
ကလာပသမ္မသန နည်းနဲ့ ရှုရတယ်
▬▬▬▬▬▬
ပထမဈာန်စတဲ့ တခြားဈာန် တွေမှာတော့ အသေးစိတ် အားဖြင့် ရှုလို့ဖြစ်တယ်၊ ဈာန်မှာပါတဲ့ ဝိတက်ကိုလည်း ရှုလို့ ဖြစ်တယ်၊ ဝိစာရကိုလည်း ရှုလို့ဖြစ်တယ်၊ ပီတိကိုလည်း ရှုလို့ဖြစ်တယ်၊ စတုတ္ထဈာန် ဆိုရင် ဥပေက္ခာကိုလည်း ရှုလို့ ဖြစ်တယ်၊ အဲဒီ ဈာန်တွေမှာ အားလုံး အသေးစိတ် အားဖြင့် ဒီလိုရှုလို့ဖြစ်တယ်၊ အဲ နေဝသညာ နာသညာယတနဈာန် မှာတော့ ဒီလို အသေးစိတ်အားဖြင့် ရှုလို့ မဖြစ်ပါဘူး၊ ကလာပသမ္မသန ရှုနည်းဆိုတဲ့ အပေါင်းရှုနည်းနဲ့ ရှုမှ ဖြစ်တယ်။
ဒီပြင် ဈာန်တွေတုန်းက ဖြစ်ပျက်နေသလို ဒီ နေဝသညာနာ သညာယတနဈာန် ဟာလည်း ဖြစ်ပျက်နေတာပဲ၊ သူလည်းမြဲတာ မဟုတ်ဘူး၊ အနိစ္စ သဘောပဲ၊ အဲဒီလို တစ်လုံး တစ်စည်းတည်း လုံးပြီးတော့ ကလာပ သမ္မသနနည်း အားဖြင့် ရှုရတယ်၊ အဲဒါကို သတိပြုဖို့ပါပဲ။
အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးဆိုရင် ဈာန်ရ ပုဂ္ဂိုလ်ကြီးပဲ၊ သူတောင် ဒီ နေဝသညာ နာသညာယတနဈာန်ကို ရှုလို့ မဖြစ်ဘူး ဆိုထားပါတယ်၊ ဘာဈာန်ကိုမျှ မရဘဲနဲ့ စိတ်စေတသိက်ကို သရုပ်ခွဲပြီးတော့ လေ့ကျင့်သွားရုံနဲ့ “ဈာန်စိတ် တွေလည်း ရှုတယ်၊ အရူပဈာန် တွေကိုလည်း ရှုတယ်၊ နေဝသညာ နာသညာယတန ဈာန်စိတ် ကိုလည်း ရှုတယ် ဒီစိတ်တွေကို ဒီလို ရှုလို့ဖြစ်တယ်” ဆိုရင် ဒါဟာ ဝိပဿနာရှုနည်း အမှန် မဟုတ်လို့ နည်းမှန်ကို မသိလို့ နေမှာပေါ့။
အရှင်သာရိပုတ္တရာ မထေရ်ကြီးတောင် အောက်အောက် ဈာန်တွေကိုသာ ရှုမှတ် နိုင်တယ်၊ အထက်ဖြစ်တဲ့ နေဝသညာ နာသညာယတန ဈာန်ကျတော့ ရှုလို့ မဖြစ်ဘူးလို့ ကျမ်းဂန်တွေက ဆိုထားတယ်၊ စိတ်စေတသိက် တွေကို သရုပ်ခွဲပြီး ဒါက ဘာစိတ်၊ ဒါကဘာ စိတ် ယှဉ်ဖက်, စေတသိက်တွေက ဘယ်စေတသိက်၊ ဘယ်စေတသိက်လို့ ဒီလိုတော့ သိနေကြပါတယ်၊ ဒီလောက်နဲ့ ရှုမှတ်မှု ပြီးတယ်ဆိုရင် နေဝသညာ နာသညာယတန ဈာန်ကိုလည်း အဲဒီ ပုဂ္ဂိုလ်တွေက သရုပ်ခွဲထားကြတာပဲ၊ ဒီ နေဝသညာဈာန်ကိုလည်း သူတို့က ရှုမှတ်နိုင်တယ်လို့ ဆိုရမှာပေါ့၊ အဲဒီလိုဆိုရင် အရှင်သာရိပုတ္တရာ မထေရ်ကြီး မရှုမှတ်နိုင်တဲ့ ဈာန်စိတ်ကို အဲဒီ ပုဂ္ဂိုလ်တွေက ရှုမှတ်နိုင်ရာ ရောက်နေမှာပဲ၊ ပြီးတော့ သရုပ်ခွဲတယ်ဆိုတာ ဘယ်စိတ်ကိုတော့ သရုပ်ခွဲနိုင်တယ်၊ ဘယ်စိတ်ကိုတော့ သရုပ် မခွဲနိုင်ဘူးလို့ ဒီလိုမရှိပါဘူး၊ ဘယ်စိတ် မဆို သရုပ်ခွဲလို့ ဖြစ်တာချည်းပါပဲ၊ နေဝသညာနာ သညာယတန ဈာန်စိတ်ကိုပါ စိတ်မှန်သမျှအကုန်လုံး သရုပ် ခွဲနိုင်တာချည်းပါပဲ၊ ဒီတော့ သရုပ်ခွဲလို့ သရုပ် ကွဲနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်စိတ်မဆို အကုန်လုံး ရှုမှတ်နိုင်တယ်လို့ ဆိုလိုရာ ရောက်နေ ပါတယ်၊ ဒါကြောင့် သရုပ်ကွဲရုံနဲ့ ဝိပဿနာ ရှုမှတ်မှုကိစ္စ မပြီးနိုင်ဘူး ဆိုတာ ထင်ရှားပါတယ်။
ဝိပဿနာ ရှုတယ်ဆိုတာ တကယ်ဖြစ်ပေါ်တဲ့ တရားကို ဖြစ်ပေါ်တဲ့အတိုင်း ရှုမှတ်ရပါတယ်၊ ဥပမာ - ဝေဒနာ ဆိုပါတော့၊ ဒုက္ခဝေဒနာ ဆိုတာ သူဖြစ်လာရင် အခံခက်တယ်၊ အင်မတန် ထင်ရှားတာပဲ၊ ရှုမှတ်လို့ လွယ်ပါတယ်၊ နာရင် နာတယ်၊ ညောင်းရင် ညောင်းတယ်၊ ပူရင် ပူတယ်၊ နာကျင် ကိုက်ခဲရင် နာကျင် ကိုက်ခဲတယ် စသည်ဖြင့် ထင်ရှားပါတယ်၊ အဲဒီလိုဖြစ်တဲ့အတိုင်း သတိနဲ့ ရှုမှတ်ရတာပဲ၊ သုခဝေဒနာ ဆိုရင်လည်း ထင်ရှားပါတယ်၊ စိတ်ထဲမှာ ချမ်းသာတယ်၊ နေလို့ ကောင်းတယ်၊ ချမ်းသာရင် ချမ်းသာတယ်၊ နေလို့ကောင်းရင် နေလို့ကောင်းတယ် စသည်ဖြင့် ဒီလိုပဲ သူဖြစ်တဲ့ အတိုင်း ရှုမှတ် ရပါတယ်၊ ဥပေက္ခာဝေဒနာ ဆိုတာကတော့ သိပ်မထင် ရှားဘူး၊ မဆိုးမကောင်း ရိုးရိုး အာရုံပဲ။
အဘိဓမ္မာ နည်းအားဖြင့် သုခရင်လည်း ဖြစ်ရမယ်၊ ဒုက္ခရင်လည်း ဖြစ်ရမယ်၊ ဒီလိုမှ မဟုတ်ရင် ဥပေက္ခာဝေဒနာပဲ၊ သုတ္တန်နည်းအားဖြင့် ရိုးရိုး တွေ့သိတာကို ဥပေက္ခာလို့ ဆိုပါတယ်၊ မြင်တာ ကြားတာတို့ ဆိုလို့ရှိရင် အဘိဓမ္မာ နည်းကတော့ ဥပေက္ခာချည်းပဲ၊ သုခ ဒုက္ခရယ်လို့ မရှိဘူး၊ ဒါပေမယ့်လို့ သုတ္တန်နည်းကတော့ အခုလူတွေမှာ ထင်ရှားနေတဲ့ အတိုင်းပဲ၊ ကောင်းတဲ့ အာရုံကို မြင်ရတဲ့အခါ ကောင်းတဲ့သဘော ထင်ရှား နေပါတယ်၊ မကောင်းတဲ့ ဟာတွေကို မြင်ရရင် မကောင်းတဲ့ သဘောတွေ ထင်ရှားနေပါတယ်၊ ကြားရာမှာလည်း ဒီအတိုင်းပဲ၊ ကောင်းတာကို ကြားရရင် သာယာ ချမ်းမြေ့တယ်၊ မကောင်းတာကို ကြားရရင် နား မချမ်းသာဘူး၊ ဆင်းရဲတယ်၊ သာယာတဲ့ သီချင်းသံတို့, ဆဲသံ, ငေါက်သံတို့ စသည် သာယာ ချမ်းမြေ့ဖွယ်, မချမ်းမြေ့ဖွယ် တွေဆိုတာ တစ်ခုနဲ့တစ်ခု ထင်ရှားတဲ့ အာရုံတွေပါပဲ၊ နံရာ စသည် မှာလည်း ဒီလိုပဲ အကောင်း အဆိုး ထင်ရှားပါတယ်။
အနံ့နဲ့စပ်လို့ ဘုန်းကြီး မော်လမြိုင်မှာ နေတုန်းက ဆရာတော်ကြီး ပျံတော်မူသွားတော့ အနံ့က ထွက်နေတယ်၊ ခေါင်းကိုတော့ သေသေချာချာ ပြုလုပ်ကြတာပါပဲ၊ လုံခြုံံလောက်တဲ့ သံဖြူခေါင်းနဲ့ ပါနဲ့ လုပ်ထားပါတယ်၊ ဒါပေမယ့်လို့ မလုံတော့ အနံ့က ထွက်နေတယ်၊ ကျောင်းပေါ်တွင် ထားတာဆိုတော့ တစ်ကျောင်းလုံး နံနေတာပဲ၊ ရွံလို့ ကြောက်လို့ မဟုတ်ပေမယ်လို့ မကောင်းတဲ့ အနံ့ဆိုတော့ ခေါင်းတွေဘာတွေ ကိုက်လာတော့တယ်၊ အခံခက်တယ်၊ ကျန်းမာရေး ကိုတောင် ထိခိုက်ပြီးတော့ ဖြစ်လာတယ်၊ နောက်တော့ ကျောင်းပေါ်ထားလို့ မကောင်းတာနဲ့ အောက်ချထား ရတယ်၊ အားလုံးဒုက္ခ ရောက်လွန်းလို့ မခံနိုင်ကြတာနဲ့ ရွှေ့လိုက်ကြရတယ်။
ဒီပြင်အနံ့တွေ ဆိုတာလည်း ဒီလိုပါပဲ၊ ရဟန်းတွေမှာသာ ဒီလိုမဟုတ်သေးဘူး၊ လူတွေမှာလည်း ဒီလိုပဲ၊ ဒီလို နံကြတာပဲ၊ အဆိပ်နံ့ဆိုရင် သေတောင် သေနိုင်တယ်၊ ဒါဟာ မခံနိုင်လောက်အောင် ပြင်းထန်လွန်းလို့ပဲ။
အရသာကို စားတဲ့ အခါမှာလည်း အဘိဓမ္မာနည်းကတော့ ဥပေက္ခာပဲ၊ အဲဒီ တစ်ခုတည်းရှိတယ်၊ ဒါပေမယ့်လို့ သုတ္တန်နည်းကတော့ သုံးခုပဲ၊ စားတဲ့အခါ ကောင်းတာ မကောင်းတာ ထင်ရှားတဲ့အခါလည်း ထင်ရှားတယ်၊ မထင်ရှားတဲ့ အခါလည်း မထင်ရှားဘူး၊ မကောင်းတဲ့ အရသာက စပ်တာတို့၊ ပူတာတို့ ဆိုလို့ရှိရင် အင်မတန် အခံခက်တယ်၊ ဆင်းရဲတယ်၊ ရောဂါပျောက်အောင် သောက်တဲ့ ဆေးခါးကြီးတောင် အင်မတန် အခံခက်တဲ့ လူကျတော့ အန်ပစ်သည်အထိ အခံခက်တာပဲ၊ သေစေတတ်တဲ့ အဆိပ်ကို စားမိလို့ရှိရင် သေသွား အောင်တောင် အခံခက်တယ်၊ အဲဒီလောက် ထိအောင် ဆင်းရဲတာပဲ၊ ဒါဟာ ထင်ရှားတဲ့ ဆင်းရဲ တွေပဲ။
ဒီလို ထင်ရှားတဲ့ ဆင်းရဲ ချမ်းသာတွေဟာ ဥပေက္ခာ ဆိုပေမယ်လို့ ဋီကာဆရာက အတူတူ မဟုတ်ဘူး တဲ့၊ ကုသိုလ်၏ အကျိုးဖြစ်တဲ့ ဥပေက္ခာနဲ့ အကုသိုလ်၏ အကျိုးဖြစ်တဲ့ ဥပေက္ခာ ရယ်လို့ နှစ်မျိုး ကွဲပြား ထူးခြားတယ် တဲ့၊ ဟုတ်တယ် .. ကုသိုလ်ကျိုး, အကုသိုလ်ကျိုး အနေနဲ့တော့ အဘိဓမ္မာ ဒေသနာတော် မှာလည်း ဒီအတိုင်းပဲ ဟောထားပါတယ်၊ ဒါပေမယ့်လို့ ဝေဒနာအနေနဲ့ တော့ ဥပေက္ခာဝေဒနာ တစ်မျိုးတည်း ဟောပါတယ်။
ကုသိုလ်၏ အကျိုးဖြစ်တဲ့ ဥပေက္ခာက ကောင်းတဲ့ အဆင်း, အသံ, အနံ့, အရသာ, အတွေ့အာရုံ တွေကို အာရုံပြုပြီးတော့ ဖြစ်တယ်၊ အကုသိုလ်၏ အကျိုးဖြစ်တဲ့ ဥပေက္ခာက မကောင်းတဲ့ အဆင်း, အသံ, အနံ့, အရသာ, အတွေ့အာရုံတွေကို အာရုံပြုဖြစ်တယ်၊ ဒါကြောင့်မို့ ဥပေက္ခာလည်း ဝေဒနာအားဖြင့် အပြားမရှိပေမယ် လို့ အကောင်းအဆိုး အကျိုးအားဖြင့်တော့ ပြားနေသေးတာပဲ။
ဝေဒနာမှာ သုခနဲ့ ဒုက္ခ ၂-မျိုးထဲမှာ ဒုက္ခက ပိုပြီးတော့ ထင်ရှားတယ်၊ သုခက ဒုက္ခလောက် မထင်ရှားဘူး၊ ဥပေက္ခာ ကတော့ ရိုးရိုးတန်းတန်း မြင်နေကျ ကြားနေကျ လေးတွေကို မြင်ရလို့, ကြားရလို့ရှိရင် ကောင်းတယ်, ချမ်းသာတယ်၊ မကောင်းဘူး, ဆင်းရဲတယ်ဆိုတာ မထင်ရှားဘူး၊ အသံကို ကြားရာ စသည်မှာလည်း ဒီလိုချည်းပါပဲ၊ အဲ သူကတော့ သုခ, ဒုက္ခတို့လောက် မထင်ရှားဘူး။
အလွဲတွေ မသိရအောင်လို့ ဝိပဿနာ ရှုရတာ
လောဘ၊ ဒေါသ၊ မောဟ ရယ်လို့လည်း သုံးခုရှိတယ်၊ သူတို့မှာလည်း လောဘနဲ့ ဒေါသက ထင်ရှားတယ်၊ စိတ်ဆိုးပြီ ဆိုလို့ရှိရင် ဒေါသက သိပ်ပြီးတော့ ထင်ရှားတာပဲ၊ ဘေးက ပုဂ္ဂိုလ်တွေ ကတောင် သည်လူ စိတ်ဆိုးနေတယ် ဆိုတာ သိကြရတယ်၊ လောဘဖြစ်ရင်လည်း ထင်ရှားတန် သလောက်တော့ ထင်ရှားပါတယ်၊ ဒါပေမယ့်လို့ တော်ရုံ, တန်ရုံ လောဘ ဖြစ်ရုံတော့ ဘေးက ပုဂ္ဂိုလ်တွေက မသိပါဘူး၊ ကိုယ့်ဟာ ကိုယ်တော့ သိပါတယ်၊ သိမ်မွေ့တဲ့ လောဘ ဖြစ်ရင်တော့ ကိုယ့်ဟာကိုယ်တောင် မသိပါဘူး၊ လောဘနဲ့ ဒေါသဆိုရင် ထင်ရှားတော့ ထင်ရှားတာက များပါတယ်၊ ဒါပေမယ့်လို့ သိမ်မွေ့တဲ့ လောဘ, ဒေါသများလည်း ရှိတာပါပဲ၊ မောဟကျတော့ ဘယ်လိုဟာတုန်း ဆိုတာ မထင်ရှားဘူး၊ လောဘ ဒေါသတွေလို ထင်ရှားအောင် ပြောဖို့ခက်တယ်၊ အဲဒါက အင်မတန် သိမ်မွေ့တာပဲ၊ မြန်မာပြန်ထားတာက တွေဝေတာပဲ။
အာရုံပေါ်မှာ ကောင်းကောင်း မတည်ဘဲ ဒါက ဟုတ်သလိုလို, ဟိုဟာက ဟုတ်သလိုလို ဒီလို တွေးတောယုံမှားမှု ဝိစိကိစ္ဆာဖြစ်တဲ့ အခါမှာ မောဟနဲ့ ယှဉ်ဖြစ်တယ်၊ အဲဒီအခါမှာ လောဘလည်း မပါဘူး၊ ဒေါသလည်း မပါဘူး၊ အဲဒီလောက်ကတော့ နည်းနည်း ထင်ရှားတယ်လို့ ဆိုရမှာပေါ့လေ၊ ပြီးတော့ စိတ်တွေ ဟိုရောက်, ဒီရောက် ပျံ့လွင့်နေတဲ့ အခါကာလမှာလည်း (ဥဒ္ဓစ္စဖြစ်နေတဲ့ အခါကာလ မှာလည်း) မောဟနဲ့ ယှဉ်ဖြစ်တယ်၊ အဲဒီမှာလည်း လောဘ, ဒေါသ မပါဘူး၊ သို့သော်လည်း အဲဒီ လောဘ, ဒေါသတွေကို အကြောင်းခံပြီး ဖြစ်တာလည်း ရှိသေးတယ်၊ လိုချင်နှစ်သက် ပြီးတော့ ဟိုရောက် ဒီရောက် ဒီလိုရောက်နေတာလည်း ရှိတယ်၊ စိတ်ဆိုးပြီးတော့ ဟိုရောက်လိုက်, ဒီရောက်လိုက် ဒီလို ရောက်နေတာလည်း ရှိတာပဲ၊ အဲဒီလို မဟုတ်ဘဲ ရိုးရိုး သူ့ဘာသာသူ စိတ်တွေ ဟိုရောက် ဒီရောက် ဒီလို ရောက်နေတာလည်း ရှိတယ်၊ အဲဒီလို ဟိုရောက် ဒီရောက် ဥဒ္ဓစ္စ ဖြစ်နေတဲ့အခါ မောဟနဲ့ ယှဉ်ဖြစ်တယ်၊ ဒါပေမယ့်လို့ မထင်ရှားဘူး။
လိုချင်နှစ်သက်တဲ့ လောဘ ဖြစ်တိုင်း, ဖြစ်တိုင်း စိတ်ဆိုးတဲ့ ဒေါသ ဖြစ်တိုင်းဖြစ်တိုင်း မောဟကတော့ ပါတာပဲ၊ ဒါပေမယ့်လို့ မထင်ရှားဘူး၊ သိမ်မွေ့တယ်၊ ဒါကြောင့် မောဟကို ဥပေက္ခာနဲ့ ယှဉ်တယ်လို့ ဆိုတာပဲ၊ သဘာဝချင်း၊ အသိခက်တာချင်း တူတယ်၊ စာသဘောနဲ့ ပြောရမယ် ဆိုရင်တော့ လောဘက လိုချင်နှစ်သက်တဲ့ သဘောပဲ၊ ဒေါသက စိတ်ဆိုးတဲ့ သဘောပဲ၊ ဒါတွေက ထင်ရှားတယ်၊ မောဟ ဆိုတာက တွေဝေတာပဲ၊ အမှန်တရား တွေကို မသိတာ၊ အလွဲတွေကို သိတာ ဒီလိုပြောရင်လည်း နားလည်တော့ နားလည်ပါတယ်၊ ဒါပေမယ့်လို့ ကိုယ်တွေ့ အားဖြင့်တော့ ထင်ရှားသိဖို့ရာ သိပ်မလွယ်ဘူး။
ပြီးတော့လည်း မြဲတဲ့ အနေအားဖြင့် သိနေတာတွေ, တင့်တယ်တဲ့, ကောင်းတဲ့ အနေအားဖြင့် သိနေတာတွေ, ချမ်းသာတဲ့ အနေအားဖြင့် သိနေတာတွေ, ပုဂ္ဂိုလ် သတ္တဝါ အနေအားဖြင့် သိနေတာတွေ, လောကမှာ ပကတိအတိုင်း သိရိုး သိစဉ်အားဖြင့် သိနေတာတွေ၊ အဲဒါတွေဟာ များသောအားဖြင့် မောဟ ပါပါတယ်။
အဲဒီ မောဟအသိနဲ့ အလွဲတွေ လျှောက်ပြီးတော့ သိနေတာတဲ့၊ အဲဒီလို အလွဲတွေကို မသိရအောင်၊ အမှန်အတိုင်း သိရအောင် ဝိပဿနာ ရှုနေရတာပဲ၊ မြင်ပြီးပြီးချင်း အဲဒီလို အလွဲတွေ မရောက်ခင် အမှန်သိက အရင်ကျအောင် လက်ဦး သိအောင်လို့ ဝိပဿနာ ရှုမှတ်ရတာပဲ၊ မြင်ပြီးပြီးချင်း မြင်တယ်၊ ကြားပြီးပြီးချင်း ကြားတယ်၊ နံပြီးပြီးချင်း နံတယ်၊ စားပြီးပြီးချင်း စားတယ်၊ တွေ့ထိ ပြီးပြီးချင်း တွေ့ထိတယ်၊ စိတ်ကူးကြံစည် ပြီးပြီးချင်း စိတ်ကူး ကြံစည်တယ်လို့ ရှုမှတ်ရတယ်၊ အဲဒီ ဝိညာဉ်ခြောက်ပါး ဖြစ်ပြီးပြီးချင်း နောက်တဝီထိ မကျသေးခင် သိအောင် သတိနဲ့ ရှုမှတ်ရတယ်၊ အကယ်၍ ဒီလို မရှုမှတ် နိုင်သေးလို့ရှိရင် နောက်တစ်ဝီထိ ကျကျချင်း သိရင်လည်း မဆိုးသေးဘူး၊ ပညတ်တွေဆီကို မရောက်သေးဘူး။
တစ်နေ့ကပြောခဲ့တဲ့ မြင်ဆဲအဆင်း, ထင်ဆဲအဆင်း၌ မြင်ဆဲလောက်, ထင်ဆဲ လောက်ပဲ သိတယ် ဆိုတဲ့အတိုင်း ပထမ ဝီထိက “မြင်ပြီးတရား, စဉ်းစားလေရာ” မြင်ပြီး စဉ်းစားတယ်တဲ့၊ မြင်ပြီးဖြစ်တဲ့ အတိတ်ကို စဉ်းစားတယ်တဲ့၊ သဘောတရားပဲ၊ ဒါလည်း ပရမတ်ပဲ ရှိသေးတယ်၊ ပညတ် မဟုတ်သေးဘူး၊ “သဏ္ဌာန်ဒြပ်, ပညတ်ပေါ်လာ” အဲဒါ တတိယဝီထိကျပုံပဲ၊ တတိယဝီထိကျတော့ သဏ္ဌာန်ဒြပ်တွေ ပေါ်လာပြီတဲ့၊ “မည်နာမ သိရ နောက်ဆုံးပါ” တဲ့၊ နောက်ဆုံးကျတော့ အမည်နာမတွေ သိလာတယ်၊ “ဘယ်သူပဲ, ဘယ်ဝါပဲ၊ ဘာပဲ ညာပဲ” စသည်ပေါ့၊ နောက် စဉ်းစားတိုင်း စဉ်းစား တိုင်း အမျိုးမျိုး သိသွားတာပါပဲ၊ ချစ်စရာကောင်းတယ်၊ မုန်းစရာ ကောင်းတယ် စသည် အကောင်းအဆိုး အကုန်လုံး လျှောက်ပြီးတော့ သိကုန်တာပေါ့၊ အဲဒီလို အလွဲအသိတွေဆီကို မရောက်သေးခင် မြင်ပြီးပြီးချင်း, ကြားပြီးပြီးချင်း, နံပြီး ပြီးချင်း, စားပြီးပြီးချင်း, တွေ့ထိပြီးပြီးချင်း, ကြံပြီးပြီးချင်း, ချက်ချင်း လိုက်ပြီး ရှုမှတ်ရတာပဲ၊ အမှန်သိလေး ဖြစ်အောင်လို့ပေါ့၊ မြင်တုန်း မြင်ဆဲမှာ မြင်တယ်လို့ သိတာက အမှန်သိပဲ၊ အဆင်းရုပ် ပရမတ်ပဲ။
မြင်တုန်း မြင်ဆဲမှာ ရှုမှတ်လိုက်ရင် မြင်ကာမျှပဲ ထင်တယ်၊ ပုဂ္ဂိုလ်သတ္တဝါတွေ မပါသေးဘူး၊ သူ့အခိုက်အတန့်နဲ့သူ ဖြစ်ပျက်သွားတာကို သိလိုက်ရင် အဲဒါ အမှန်သိရင် ရပ်သွားတာပဲ၊ အမှားသိအောင် မရောက်သေးဘူး၊ အနိစ္စ, ဒုက္ခ, အနတ္တ ဆိုတာ အမှန်အတိုင်း သိသွားတာပဲ၊ အဲဒီလို သိအောင်လို့ မြင်တိုင်း, ကြားတိုင်း ဒွါရခြောက်ပါး၌ ပေါ်လာသမျှကို လိုက်ပြီးတော့ ရှုမှတ်ရတယ်တဲ့။
ဒီလို မရှုနိုင်တဲ့ ပုဂ္ဂိုလ်တွေ မှာတော့ ကြားပြီးတာနဲ့ သိရိုးသိစဉ်တွေကို လျှောက်ပြီးတော့ သိသွားတာပဲ၊ အဲဒါ မောဟ အသိတွေတဲ့၊ ဒီ မောဟအသိတွေ အဝိဇ္ဇာ အသိတွေကို မဖုံးမလွှမ်း ရအောင်လို့ ရှုမှတ်ကြရတယ်၊ အမှတ်မသိရင် အဝိဇ္ဇာက ဖုံးလွှမ်းတယ်၊ သစ္စာလေးပါး တရားတွေကို မသိအောင် ဖုံးလွှမ်းတယ်၊ ဖုံးလွှမ်းတော့ ရေအိုးများမှာ အဖုံးနဲ့ ဖုံးသလို ဖုံးသလား၊ သစ်ရွက်နဲ့ ဖုံးသလို ဖုံးသလားဆိုတော့ ဒီလိုမဟုတ်ပါဘူး၊ သူက အလွဲကို သိသောအားဖြင့် ဖုံးတာပဲ၊ သူက မမြဲတာကို မြဲတယ်လို့ ပြောင်းပြန်သိ သိပြီးတော့ အမှန်ကို အမှားနဲ့ ဖုံးဖုံးပစ်တယ်၊ နောက်စိတ်တွေကလည်း သူ့အတိုင်း သူညွှန်တဲ့အတိုင်း အမှားတွေကို လိုက်ပြီးတော့ သိနေကြတယ်၊ ဆင်းရဲတာကို ချမ်းသာတယ်လို့ သူက ပြောင်းပြန် သိပြီးတော့ ဖုံးတယ်၊ အနတ္တ ငါကောင်မဟုတ်တာ, ပုဂ္ဂိုလ်သတ္တဝါ မဟုတ်တာကို ငါကောင်, သတ္တဝါကောင်လို့ ဒီလို မမှန်မကန် သိသိပြီးတော့ ဖုံးတယ်၊ သူညွှန်တဲ့အတိုင်း နောက်စိတ်တွေက လိုက်လိုက် သိနေတာပဲ၊ ဒီတော့ အမှန် မရောက်တော့ဘူး၊ မောဟဆိုတဲ့ အဝိဇ္ဇာက အဲဒီလို ဖုံးလွှမ်းတာတဲ့။
အဲဒီလို အဝိဇ္ဇာက မဖုံးမလွှမ်း နိုင်အောင် မြင်တိုင်း, ကြားတိုင်း, နံတိုင်း, စားတိုင်း, တွေ့ထိတိုင်း, ကြံသိတိုင်း ဒွါရ ခြောက်ပါးက ဖြစ်ပေါ်သမျှ အာရုံတွေကို ရှုရ မှတ်ရတာတဲ့၊ အဲဒါလေး တွေကို အားထုတ်ကာစ ပုဂ္ဂိုလ်တွေက သဘောပေါက်ထားမှ နေရာကျမယ်၊ အားထုတ်ပြီးသား ပုဂ္ဂိုလ်တွေ ကတော့ ကိစ္စမရှိဘူး၊ သူတို့က သိပြီးသားတွေပဲ။
အသက် ၈၀-ကျော် ဆရာတော်ကြီးတစ်ပါးက ဒီလိုဆိုတယ်
စာပေဗဟုသုတများတဲ့ ပုဂ္ဂိုလ်တွေမှာ သာပြီးတော့ အရေးကြီးပါတယ်၊ သူတို့က ကိုယ်သိ သိထားတာလေးတွေက ခခံနေတတ်ကြတယ်၊ တစ်ခါက ဆရာတော်ကြီး တစ်ပါး ဒီမှာလာပြီးတော့ နည်းနည်းပါးပါး အားထုတ်ဖူးတယ်၊ စာတတ်ပေတတ် ဆရာတော်ကြီးပါပဲ၊ ကြီးပါပြီ၊ အသက် ရှစ်ဆယ်တောင် ကျော်ပြီလို့ သိရပါတယ်၊ သူရေးတဲ့ကျမ်းထဲမှာ ဘယ်လို ရေးထားသလဲဆိုတော့ -
“ပစ္စုပ္ပန်တည့်တည့် ရှုရမယ်လို့ တစ်ချို့ကဆိုကြတယ်၊ ပစ္စုပ္ပန်တည့်တည့် မတည့်တည့် ရှုရင် ပြီးတာပါပဲ တဲ့”
သူကရေးထားတယ်၊ ဒီဆရာတော်ကြီးကို အများက လေးစားကြပါတယ်၊ ကျမ်းတွေလည်း တော်တော်များများ ရေးထားပါတယ်၊ ဒီမှာလည်း တရား အားထုတ်ဖူးပါတယ်၊ ဒီမှာ အားထုတ် တုန်းက ကောင်းကောင်း အားထုတ်ဟန် မတူပါဘူး၊ ဒါပေမယ့်လို့ တော်တော်တော့ ကြာအောင် အားထုတ်သွားတယ်လို့ ပြောတယ်၊ ဘုန်းကြီးကတော့ မမေးလိုက်ရပါဘူး၊ အသက် ရှစ်ဆယ်ကျော် ဆိုတော့ ဘုန်းကြီးတို့ထက်တောင် ကြီးပါပြီ၊ စာပေကျမ်းဂန် ဗဟုသုတလည်း ရှိပါတယ်၊ အနေအထိုင် စသည်လည်း ကောင်းပါတယ်၊ ဒါကြောင့် ကြည်ညိုဖွယ် ဂုဏ်လည်း ရှိပါတယ်၊ ဒါပေမယ့်လို့ ပစ္စုပ္ပန်တည့်တည့် ရှုရတဲ့ အဓိပ္ပာယ်ကိုတော့ သူ သဘောပေါက်ဟန် မတူပါဘူး၊ ဒီမှာ အားထုတ်သွားတုန်း ကလည်း သမာဓိတို့၊ ဉာဏ်တို့ ထိထိရောက်ရောက် ဖြစ်သွားပုံ မရပါဘူး။
ရုပ်တရား နာမ်တရားတွေက ပစ္စုပ္ပန်မှာသာ ထင်ရှားရှိတာပဲ၊ အတိတ်ဆိုတာလည်း လွန်သွားပြီ၊ ချုပ်ဆုံးသွားပြီ ရှိတော့တာ မဟုတ်ဘူး၊ အနာဂတ် ဆိုတာကလည်း မရောက်သေးဘူး၊ ရှိသေးတာ မဟုတ်ဘူး၊ အဲဒီလို မရှိတာတွေကို သွားရှုလို့ ရုပ်, နာမ်ကို ဘယ်လိုလုပ်ပြီးတော့ မြင်မှာလဲ၊ မရှိတာကို ရှုလို့ ရုပ်, နာမ်တို့ရဲ့ သဘောကို တကယ် သေသေချာချာ မသိနိုင်ပါဘူး၊ အနိစ္စ သဘောကို အမှန်အတိုင်း ကိုယ်တွေ့ဒိဋ္ဌ မသိပါဘူး၊ အဲဒါ အရေးကြီးပါတယ်။
ဒါကြောင့် မြင်တိုင်း ကြားတိုင်း ဒွါရခြောက်ပါးက ပေါ်လာတိုင်း ပေါ်လာတိုင်း မြင်ခိုက် ကြားခိုက်မှာ ရုပ်နာမ်တွေ ထင်ရှားရှိနေတုန်းကို လိုက်ပြီးတော့ ရှုရတာ၊ အဝိဇ္ဇာက မဖုံးသေးခင် အဝိဇ္ဇာ အလွဲသိရဲ့ နောက်လိုက် အကုသိုလ်ကဖြစ်စေ၊ ကုသိုလ်ကဖြစ်စေ မသိသေးခင်ပေါ့လေ၊ အဲဒါ လက်ဦးသိအောင် ချက်ချင်း လိုက်ရှုရတယ်၊ အဲဒီလို ရှုပါမှ ရုပ်တရား နာမ်တရားတို့ရဲ့ မမြဲပုံ၊ ဆင်းရဲပုံ၊ အလိုသို့ မပါပုံတွေကို တကယ်သိတယ်၊ အဲဒီတော့မှ သမာဓိလည်း ဖြစ်လာတယ်၊ ဝိပဿနာ ဉာဏ်တွေလည်း ထူးထူးခြားခြား ဖြစ်လာတယ်၊ အင်မတန် ကောင်းပါတယ်၊ သူက အင်မတန်ကို ရှင်းနေတာပဲ။
အချိန်မရှိတော့ဘူး၊ တရားသိမ်းကြစို့၊ ၃-နာရီ ၁၅-မိနစ်တောင် ကျော်သွားပြီ၊ ဒီနေ့ ရုပ်ပိုင်းကို ဟောမယ်လို့ဟာ အချိန်က ကုန်သွားလို့ မဟောတော့ဘူး၊ ရုပ်ပိုင်း ပြီးလို့ရှိရင် ဝိဘင်းကျမ်းကို ဆက်ဟောရမယ်၊ ဝိဘင်းကျမ်း ကလည်း ရုပ်က စပြီးတော့ ဟောရမှာပဲ၊ နောက်ရက်ကျမှ ရုပ်ပိုင်းနဲ့ အာယတန ၁၂-ပါးအကြောင်း၊ ဓါတ် ၁၈-ပါးအကြောင်း၊ ဥစ္စာလေးပါး အကြောင်းကို ဟောရမယ်၊ ဝိပဿနာ ရှုအပ်တဲ့ တရားတွေချည်းပါပဲ၊ အဲဒီမှာ ပဋိစ္စသမုပ္ပါဒ်တွေလည်း ပါတယ်၊ ဟောစရာ ဟောချက်တွေ အင်မတန် ကောင်းပါတယ်။
ယနေ့အဖို့၌ အကျွန်ုပ်တို့ ပြုစုပွားများ အားထုတ်အပ်သော ကောင်းမှုအပေါင်း၏ အဖို့ဘာဂကို အမိအဘတို့မှစ၍ အလုံးစုံသော သတ္တဝါ အပေါင်းတို့အား အမျှ ပေးဝေ ပါကုန်၏၊ အလုံးစုံသော သတ္တဝါ အပေါင်းတို့သည် အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
အမျှ … အမျှ … အမျှ … ယူတော်မူကြပါကုန်လော့။
သာဓု … သာဓု … သာဓု ….။
အဘိဓမ္မာတရားတော်ကြီး
ယနေ့ ၁၃၃၇-ခုနှစ်၊ ဝါဆိုလပြည့်နေ့ (၂၂-၇-၇၅) ဖြစ်တယ်၊ ၁၃၃၅-ခု၊ ဝါဆိုလပြည့်နေ့က စပြီးတော့ ဝါစဉ်နဲ့ မြတ်စွာဘုရား ဟောတဲ့တရား ကျရာကျရာ ဟောလာတာ အခု ၃၇-ခု ဆိုတော့ ၂နှစ် ရှိလာပြီ ပေါ့လေ၊ မြတ်စွာဘုရားကတော့ ခုနစ်ဝါမြောက်မှာ တာဝတိံသာ၌ အဘိဓမ္မာတရားကို ဟောတော်မူခဲ့တယ်တဲ့၊ (အဘိဓမ္မာကို စဟောတဲ့ နှစ်ကတော့ ၁၃၃၆-ခုနှစ်၊ ပြာသိုလပြည့်နေ့က ဖြစ်သည်။) အဘိဓမ္မာ အဋ္ဌကထာများက ဒီလိုပြဆို ထားကြပါတယ်၊ အဲဒီလို ပြဆိုထားတဲ့အတိုင်း ခုနစ်ဝါမြောက်မှာ ကျရောက်တဲ့တရားကို ဟောလာတာ တော်တော်ကြာပါပြီ၊ စဟောတာကတော့ (၂၆-၁-၇၅) ပြာသိုလပြည့်နေ့ ကစပြီး ဟောလာခဲ့ပါတယ်၊ ဓမ္မသင်္ဂဏီ ကတော့ အတော်လေးတော့ စုံသွားပါပြီ။
ဒါပေမယ့်လို့ ဓမ္မသင်္ဂဏီမှာ ဟောထားတဲ့တိတ်တွေ, ဒုက်တွေကို အကုန်လုံး လျှောက်ပြီး မဟောနိုင်ပါဘူး၊ ဓမ္မသင်္ဂဏီက ကုသလာဓမ္မာ, အကုသလာဓမ္မာ ကိုလည်း ဟောပြီးသွားပါပြီ၊ အဗျာကတာ ဓမ္မာ ဆိုရင်လည်း ဝိပါက်အဗျာကတ, တြိယာအဗျာကတ ပြီးသွားပြီ၊ ရုပ်အဗျာကတ, နိဗ္ဗာန်အဗျာကတ ဒါတွေကိုတော့ မဟောရသေးဘူး၊ နိဗ္ဗာန်ကိုတော့ အကျယ်ဟောဖို့ သိပ်မလို ပါဘူး၊ အခုရုပ် အဗျာကတတွေကို ဟောဖို့ အလှည့်ကျနေပြီ။
ဝိဘင်းကျမ်းမှာ အစဆုံး ဟောတာက ခန္ဓာငါးပါးထဲက ရုပ်အဗျာကတကို စပြီး ဟောထားပါတယ်၊ ဒါကြောင့် ဓမ္မသင်္ဂဏီကျမ်းထဲက ရုပ်အဗျာကတကို မဟောတော့ဘဲ ဝိဘင်းကျမ်းက ခန္ဓာငါးပါးကို ဟောမှပဲလို့ ဒီလို စဉ်းစားထားပါတယ်၊ ဒါပေမယ့်လို့ ဓမ္မသင်္ဂဏီကျမ်းထဲမှာ အထူးမှတ်သားစရာ ကောင်းတဲ့ ဒုက်တစ်ခု ရှိတယ်၊ အဲဒီဒုက်ကို ဟောဦးမှပဲ။
“သာရမ္မဏာ ဓမ္မာ၊ အနာရမ္မဏာ ဓမ္မာ”
သာရမ္မဏာ - အာရုံရှိကုန်သော၊
ဝါ - အာရုံကို သိတတ်ကုန်သော အာရုံပြုတတ်ကုန်သော၊
ဓမ္မာ - တရားတို့သည်၊
သံဝိဇ္ဇန္တိ - ရှိကုန်၏၊
အနာရမ္မဏာ - အာရုံ မရှိကုန်သော၊
ဝါ - အာရုံကို မသိတတ်ကုန်သော အာရုံ မပြုတတ်ကုန်သော၊
ဓမ္မာ - တရားတို့သည်၊
သံဝိဇ္ဇန္တိ - ရှိကုန်၏ တဲ့
လောကမှာ တရားက အာရုံပြုတတ်တဲ့တရား၊ အာရုံ မပြုတတ်တဲ့တရားလို့ နှစ်မျိုးပဲ ရှိပါတယ်၊ လောကလူတွေ အမြင်ကတော့ ပုဂ္ဂိုလ်သတ္တဝါ၊ ယောက်ျား၊ မိန်းမ စသည်ဖြင့် ခေါ်ဝေါ်ပြီးတော့ နေကြတယ်၊ အစစ်အမှန်ကတော့ သာရမ္မဏနဲ့ အနာရမ္မဏ - အာရုံပြုတတ်တဲ့တရားနဲ့ အာရုံ မပြုတတ်တဲ့တရား - ဒီနှစ်ခု ရှိတာပဲ၊ ပုဂ္ဂိုလ် တစ်ဦးတစ်ဦး သန္တာန်မှာ ရှိနေတာက အဲဒီ အာရုံပြုတတ်တဲ့ တရားက တစ်မျိုး၊ အာရုံ မပြုတတ်တဲ့ တရားက တစ်မျိုး ဒီနှစ်မျိုး ရှိတာပဲ၊ လူတိုင်း လူတိုင်းမှာ ဒီနှစ်မျိုးပဲ ရှိတယ်၊ နတ်တွေလည်း နှစ်မျိုးစီ ရှိတာပဲ၊ ဗြဟ္မာတွေလည်း နှစ်မျိုးစီထက် ပိုပြီး မရှိပါဘူး၊
ဒါပေမယ့်လို့ ရုပ်သက်သက် ဗြဟ္မာတွေလည်း ရှိတယ်၊ နာမ်သက်သက် ဗြဟ္မာတွေလည်း ရှိတယ်၊ ရုပ်သက်သက် ဗြဟ္မာတွေမှာတော့ အနာရမ္မဏ - အာရုံ မပြုတတ်တဲ့ ရုပ်တရားသက်သက် တစ်မျိုးသာ ရှိတယ်၊ နာမ်သက်သက် ဗြဟ္မာတွေမှာတော့ အာရုံ ပြုတတ်တဲ့ သာရမ္မဏတရား သက်သက် တစ်မျိုးသာ ရှိတာပဲ၊ ရုပ်ရော နာမ်ရော ရှိတဲ့ ရူပဗြဟ္မာ တွေမှာတော့ အဲဒီ နှစ်မျိုးစလုံး ရှိတယ်၊ ဒီ နှစ်မျိုးထက် ပိုပြီးတော့ မရှိဘူး။
အခု ကာမဘုံက လူတွေ နတ်တွေ၊ အပါယ်လေးဘုံက အပါယ်သတ္တဝါ တွေမှာတော့ ရုပ်ရော နာမ်ရော နှစ်မျိုး ရှိနေကြတာဖြစ်လို့ သာရမ္မဏရော အနာရမ္မဏရော နှစ်မျိုးစီ ရှိတာပါပဲ၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေမှာ သမာဓိလေး အတော် ကောင်းလာလို့ ရှိရင် အဲဒီ အာရုံပြုတတ်တဲ့ တရားနဲ့ မပြုတတ်တဲ့တရား ဒီနှစ်ခုကစပြီး ကွဲကွဲပြားပြား သိလာကြပါတယ်၊ အဲဒါ နာမရူပပရိစ္ဆေဒဉာဏ်လို့ ခေါ်ပါတယ်။
နာမ်ဆိုတာ အာရုံပြုတဲ့တရား၊ ရုပ်ဆိုတာ အာရုံ မပြုတတ်တဲ့တရား၊ ဒီလို ကွဲသွားတယ်၊ နာမ်ဆိုတာနဲ့ သာရမ္မဏနဲ့ အတူတူပဲ၊ ရုပ်ဆိုတာနဲ့ အနာရမ္မဏနဲ့ အတူတူပဲ၊ အဲဒီ ဓမ္မသင်္ဂဏီ ဒုကမာတိကာ သာရမ္မဏဒုက်ဟာ ယောဂီပုဂ္ဂိုလ် အခါကျတော့ မှတ်သိစရာ ရုပ်ကတစ်မျိုး၊ မှတ်သိတဲ့စိတ် နာမ်ကတစ်မျိုး - ဒီနှစ်ခုဟာ ကွဲပြားလာတယ်။
ပထမ စပြီး ရှုစမှာတော့ ဒီရုပ်နဲ့နာမ်ဟာ မကွဲသေးဘူး၊ ရုပ်နဲ့နာမ် နှစ်ခုပေါင်းလျက် တစ်ပေါင်းတည်း အနေအားဖြင့်လည်း ထင်နေတယ်၊ သမာဓိအား ကောင်းလာတဲ့ အခါကျတော့ စိတ်ဟာ ဘယ်မှ မသွားဘူး၊ မပျံ့လွင့်တော့ဘူး၊ ရှုမှတ်ရာ အာရုံ၌သာ တည်နေတော့တယ်၊ အဲဒီ အခါကာလမှာ မှတ်သိစရာ ရုပ်ကတစ်မျိုး၊ မှတ်သိနေတဲ့ စိတ်နာမ်က တစ်မျိုး - ဒါ နှစ်ခုပဲ ရှိတာကို တွေ့ရတယ်၊ မှတ်သိစရာရုပ်က အနာရမ္မဏဓမ္မာ - အာရုံ မပြုတတ်တဲ့ တရားပဲ၊ အာရုံ မသိတတ်တဲ့ ရုပ်နဲ့ အာရုံသိတတ်တဲ့ နာမ်တရား - ဒီနှစ်ခုပဲ ရှိတယ်ဆိုတာ ရှုရင်း ရှုရင်း ပိုင်းခြားပြီးတော့ သိလာတယ်၊ နာမရူပပရိစ္ဆေဒဉာဏ်ဆိုတာ ဒီလို ဖြစ်လာတာပဲ။
ဒီလို ကွဲပြားခြားနား မသိခင်က ရုပ်နဲ့နာမ် ရောပြီးတော့ တစ်ယောက်တည်း တစ်ကိုယ်တာ်း ထင်နေတာ၊ ဒါကြောင့်မို့ ပုဂ္ဂိုလ်သတ္တဝါ ငါကောင် အနေနဲ့ အတ္တစွဲ စွဲလမ်းနေတာပဲ၊ မရှုမှတ်တဲ့ ပကတိ ပုဂ္ဂိုလ်တွေဟာ ဒီလိုပဲ အတ္တစွဲ စွဲနေကြတာ၊ အသက် ရှင်နေတာဟာ ငါကောင်ပဲလို့ ဒီလိုလည်း ထင်နေကြတာ၊ စာပေကျမ်းဂန် ဗဟုသုတ ရှိနေတဲ့ ပုဂ္ဂိုလ်တွေလည်း စာပေ၏ ကျမ်းဂန်အရသာ ဟောတတ် ပြောတတ်ကြတယ်၊ ဒါပေမယ့်လို့ ဒီလို အတ္တစွဲကတော့ စွဲနေတာပဲ၊ ပြောဟော နေတာလည်း ငါပဲ၊ ငါက ပြောဟောနေတယ်၊ ဒီလို စွဲလမ်းလျက်ပဲ၊ မပျောက်ဘူး၊ အဲ - ဝိပဿနာ ရှုမှတ်လို့ သမာဓိအား ကောင်းလာတဲ့ အခါကျတော့မှ ရုပ်နဲ့နာမ်ကို ပိုင်းခြားပြီးတော့ သိလာတယ်၊ နာမရူပပရိစ္ဆေဒဉာဏ် ဖြစ်လာတယ်၊ အဲဒီ အခါကျတော့မှ ရုပ်နာမ်ကွဲတာ၊ ရုပ်တစ်ခြား နာမ်တစ်ခြားပဲ၊ ဒီနှစ်ခုရှိတာ ရောလို့မရဘူး၊ တစ်ခုနဲ့တစ်ခု ကွဲနေတယ်။
အဲဒါ အရေးကြီးတယ်
ဖောင်းတယ် ပိန်တယ် မှတ်လို့ရှိရင် ဖောင်းတာနဲ့သိတာ၊ ပိန်တာနဲ့သိတာဟာ တခြားစီပဲ၊ ကွေးတယ် ဆန့်တယ် ဆိုလို့ရှိရင်လည်း ကွေးတာနဲ့သိတာ၊ ဆန့်တာနဲ့သိတာ တခြားစီပဲ၊ လမ်းလျှောက်နေတဲ့ အခါမှာလည်း ကြွတယ် လှမ်းတယ် ချတယ် ဆိုလို့ရှီရင် ကြွတာကတခြား၊ သိတာကတခြား၊ လှမ်းတာကတခြား၊ သိတာကတခြား၊ ချတယ် ဆိုလို့ရှိရင် ခြေထောက် ချလိုက်တာက တခြား, သိတာကတခြား၊ ဒီလိုသိစရာ အာရုံရုပ်နဲ့ သိတဲ့စိတ် နာမ်တရားနှစ်ခု ကွဲပြားပြီးတော့ သိတာပဲ၊ စာသိမဟုတ်ဘူး၊ စာသိ ဆိုတာကတော့ ဒီလို ရှုမှတ်ပြီး အားထုတ် မနေရပါဘူး၊ သင်ကြားပေးလိုက်ရင် လွယ်လွယ်လေးပါ၊ အခုဟာက ဝိပဿနာ ရှုမှတ်ရင်း သေသေချာချာ တကယ်သိတာပဲ၊ အင်မတန် ကောင်းပါတယ်၊ အဲဒါ အခြေခံပဲ၊ ဒီလို သေသေချာချာသိမှ နာမ်, ရုပ်ကို ပိုင်းခြားသိမှာပဲ၊ အဲဒီကနေ နာမ်နဲ့ ရုပ်တို့အကြောင်းကို ပိုင်းခြားပြီးတော့သိလာမယ်၊ အဲဒီလို သိလာတဲ့အခါကျတော့ ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်လာတယ်။
အစနဲ့အဆုံး အဖြစ်နဲ့အပျက် သိပြီးတော့ အနိစ္စပဲ, ဒုက္ခပဲ, အနတ္တပဲလို့ သုံးသပ်မိတဲ့အခါ သမ္မသနဉာဏ် ဖြစ်လာတယ်၊ ဒီလိုအသိတွေ မှန်လာတဲ့ အခါ ကျတော့မှ ဥဒယဗ္ဗယဉာဏ်စသည် ဝိပဿနာဉာဏ်တွေ အကုန်လုံး လျှောက် ပြီးတော့ အစဉ်အတိုင်း ဖြစ်လာတယ်။ အဲဒါ အရေးကြီးပါတယ်၊ မှတ်သားထားဖို့ပါပဲ၊ ဓမ္မသင်္ဂဏီကျမ်းက မှတ်သားစရာ ကောင်းလို့မို့ ပြောချင် တာဟာ ဒါလေးပါပဲ။
ဝိဘင်းကျမ်းမှ ခန္ဓာငါးပါး
ဒီနေ့ ဝိဘင်းကျမ်း-တဲ့၊ အဲဒါကို ဟောရမယ်။
“ပဉ္စက္ခန္ဓာ - ရူပက္ခန္ဓော, ဝေဒနာက္ခန္ဓော, သညာက္ခန္ဓော, သင်္ခါရက္ခန္ဓော, ဝိညာဏက္ခန္ဓော”
ပဉ္စ - ငါးပါးကုန်သော၊
ခန္ဓာ - ခန္ဓာတို့သည်၊
သန္တိ - ရှိကုန်၏၊
ရူပက္ခန္ဓော - ရုပ်အဖို့အစုဟူသော ရူပက္ခန္ဓာ လည်းကောင်း၊
ဝေဒနာက္ခန္ဓော - ဝေဒနာ အဖို့အစု ဟူသော ဝေဒနာက္ခန္ဓာ လည်းကောင်း၊
သညာက္ခန္ဓော - သညာ အဖို့အစု ဟူသော သညာက္ခန္ဓာ လည်းကောင်း၊
သင်္ခါရက္ခန္ဓော - သင်္ခါရ အဖို့အစု ဟူသော သင်္ခါရက္ခန္ဓာ လည်းကောင်း၊
ဝိညာဏက္ခန္ဓော - ဝိညာဏ် အဖို့အစု ဟူသော ဝိညာဏက္ခန္ဓာ လည်းကောင်း၊
ဣတိ - ဤသို့၊
ပဉ္စ - ငါးပါးကုန်သော၊
ခန္ဓာ - အဖို့အစု တရားတို့သည်၊
သန္တိ - ရှိကုန်၏၊
အဲဒီ ဝိဘင်းအဘိဓမ္မာမှာ ခန္ဓာငါးပါးပဲ ဟောပါတယ်၊ ဥပါဒါနက္ခန္ဓာလို့ ဒီလိုမဟောဘူး၊ သုတ္တန် တရားတော်တွေမှာ ဥပါဒါနက္ခန္ဓာလို့ ဟောထားပါတယ်၊ သုတ္တန်တရား တွေကတော့ ဝိပဿနာရှုဖို့ တရားအားထုတ်ပုံကို ပြပါတယ်၊ ဒါကြောင့် “ပဉ္စုပါဒါနက္ခန္ဓာ” တဲ့၊ ဒီလိုလာတယ်၊
“ကတမဉ္စ ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊”
ဘိက္ခဝေ - ရဟန်းတို့၊
ဒုက္ခံ အရိယသစ္စံ - အရိယာတို့ သိအပ်သော ဆင်းရဲအစစ် အမှန်တရားသည်၊
ကတမဉ္စ - အဘယ်ပါနည်း၊
ဒုက္ခသစ္စာဆိုတာ ဘာလဲတဲ့၊ မြတ်စွာဘုရားက မေးပါတယ်၊
“ပဉ္စုပါဒါနက္ခန္ဓာ တိဿဝစနီယံ”
ပဉ္စုပါဒါနက္ခန္ဓာတိ - ငါးပါးသော ဥပါဒါနက္ခန္ဓာဟူ၍၊
ဝစနီယံ - ဖြေဆိုအပ်သည်၊
အဿ - ဖြစ်ရာ၏၊
ဥပါဒါနက္ခန္ဓာ ငါးပါးပဲလို့ ဖြေဆိုရမယ်တဲ့။ ဒုက္ခသစ္စာဆိုတာ ဥပါဒါနက္ခန္ဓာ ငါးပါးပါပဲတဲ့။ အဲဒီငါးပါးက ဘယ်ဟာတုန်း ဆိုလို့ရှိရင် -
ရူပုပါဒါနက္ခန္ဓော - ရုပ်ဥပါဒါနက္ခန္ဓာက တစ်ပါး။
ဝေဒနုပါဒါနက္ခန္ဓော - ဝေဒနာဥပါဒါနက္ခန္ဓာက တစ်ပါး။
သညုပါဒါနက္ခန္ဓော - သညာဥပါဒါနက္ခန္ဓာက တစ်ပါး။
သင်္ခါရုပါဒါနက္ခန္ဓော - သင်္ခါရဥပါဒါနက္ခန္ဓာက တစ်ပါး။
ဝိညာဏုပါဒါနက္ခန္ဓော - ဝိညာဏ်ဥပါဒါနက္ခန္ဓာက တစ်ပါး။
အဲဒီ ငါးပါးပါပဲတဲ့၊ ဒါက သုတ္တန်တရားမှာ ဝိပဿနာ ရှုရမယ့် တရားတွေပဲ၊ ဥပါဒါန်၏ အာရုံဖြစ်တဲ့ ခန္ဓာတဲ့၊ ဒီလို ဝိသေသန မပြီးတော့ စေတသိက်ခန္ဓာ ၃-ပါးကို ပြတယ်၊ အဘိဓမ္မာက အဲဒီလို မပြဘူး၊ ခန္ဓာငါးပါးဆိုပြီးတော့ အကုန်လုံး ခြုံပြတယ်၊ ဝိပဿနာ ရှုရတာလည်း ပါတယ်၊ မရှုရတာလည်း ပါတယ်၊ သုတ္တန်မှာတော့ ဝိပဿနာ ရှုရမှာတွေကိုချည်း ပြတယ်၊ ပြီးတော့ ဒုက္ခသစ္စာတွေလို့ ဆိုတာပါပဲ၊ ဥပါဒါန်၏ အာရုံမဟုတ်တဲ့ သာမညခန္ဓာတွေဟာ ဒုက္ခသစ္စာထဲ မပါဘူး၊ ဥပါဒါန်၏ အာရုံမဟုတ်တဲ့ သာမညခန္ဓာဆိုတာ ဘယ်ဟာတွေတုန်း ဆိုတော့ လောကုတ္တရာ ခန္ဓာတွေပဲ၊ မဂ်စိတ်နဲ့ စေတသိက်၊ ဖိုလ်စိတ်နဲ့ စေတသိက်တွေ၊ အဲဒါတွေဟာ လောကုတ္တရာ တရားတွေ၊ ဥပါဒါန်၏အာရုံ မဟုတ်ဘူး၊ ဥပါဒါန်၏ အာရုံမဟုတ်လို့မို့ ဒုက္ခသစ္စာထဲလည်း မဝင်ဘူး၊ ဒါကြောင့် အဲဒီတရားတွေကို ဒုက္ခလို့ မဆိုရဘူး၊ လောကီ၊ ရုပ်နာမ် တွေကိုသာ ဒုက္ခသစ္စာ ဆင်းရဲအမှန်တွေလို့ ဆိုရတယ်၊ လောကီ ရုပ်နာမ်တွေ ဆိုတာလည်း ပုဂ္ဂိုလ်တစ်ဦးတည်းမှာ အပြည့်အစုံ မရှိပါဘူး။
အဖို,အမ ဖြစ်ကြောင်းဖြစ်တဲ့ ဘာဝရုပ် ဆိုတာ ရှိတယ်၊ အဖိုဖြစ်တဲ့ ပုဂ္ဂိုလ်တွေမှာ ပုမ္ဘာဝရုပ် ရှိပြီးတော့ ဣတ္ထိဘာဝရုပ် မရှိဘူး၊ အမဖြစ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ ဣတ္ထိဘာဝရုပ် ရှိတယ်၊ ပုမ္ဘာဝရုပ် မရှိဘူး၊ ရုပ်တောင် ဒီလို တစ်ယောက်တည်းမှာ အပြည့်အစုံ ရှိတာ မဟုတ်ဘူး၊ စိတ်, စေတသိက်ဆိုတာတော့ သာပြီး မပြည့်စုံဘဲ နေမှာပဲ၊ ဈာန်မရတဲ့ ပုဂ္ဂိုလ်တွေမှာ ကာမစိတ်, စေတသိက် လောက်ပဲရှိတယ်၊ မဟဂ္ဂုတ်စိတ်, စေတသိက်တွေ မရှိဘူး။
ဒုက္ခသစ္စာဆိုတာ မိမိသန္တာန်မှာရှိတဲ့ တရားတွေပဲ၊ အဲဒါတွေကို ဆင်းရဲအနေနဲ့ ရှုပြီးတော့ သိရတာပဲ၊ ကာမစိတ်, စေတသိက်တွေကိုလည်း ဒီလိုရှုမှတ်ရတာပဲ၊ အဲဒီတရားတွေကို ဝိပဿနာ ရှုမှတ်ရမှာမို့ ဥပါဒါနက္ခန္ဓာလို့ ဥပါဒါနဆိုတဲ့ အမည်နဲ့ ဝိသေသနမပြီး၊ သုတ္တန်ဒေသနာတော်တွေမှာ ပြထားပါတယ်၊ ဖြေကြားထားပါတယ်၊ ဒီ အဘိဓမ္မာမှာတော့ ဝိပဿနာရှုဖို့ ပြထားတာမဟုတ်ဘူး၊ သရုပ်ခွဲတာလည်း မဟုတ်ဘူး၊ ခန္ဓာငါးပါးဟူသမျှ အကုန်လုံးသိမ်းရုံးပြီး “ပဉ္စက္ခန္ဓာ - ခန္ဓာငါးပါး” လို့ဆိုပြီးတော့ သာမညပဲ ပြထားတယ်၊ ဒါကြောင့် ဒီမှာဆိုရင် လောကီရော, လောကုတ္တရာရော အကုန်လုံး ခန္ဓာတွေချည်း ယူရတယ်။
ခန္ဓာဆိုတာ အဖို့အစုပဲ၊ အဖို့အစု ဆိုတာ တစ်မျိုးစီ တစ်ပုံစီ စုပုံသလို ပုံပုံပြီး ပြထားတာပါပဲ၊ ရုပ်ကတစ်စု, ဝေဒနာကတစ်စု, သညာကတစ်စု, သင်္ခါရကတစ်စု, ဝိညာဏ်ကတစ်စု၊ အဲဒီလို သူ့အစုနဲ့သူ စုပုံပြထား ပါတယ်၊ စိတ်, စေတသိက်, ရုပ်တရားတွေကို တူရာစုပေါင်း လိုက်ရင်လည်း ဒီလို ငါးစု, ငါးပုံရှိတယ်လို့ ဟောပြထားတာပါပဲ။
ရူပက္ခန္ဓာ ရုပ်အစု
▬▬▬▬▬▬
ရူပက္ခန္ဓာဆိုတာ ဘာတုန်းဆိုပြီးတော့ ရူပက္ခန္ဓာကို ဝေဖန်ပြထားတယ်၊ အဘိဓမ္မာ ပါဠိတော်မှာ တိုက်ရိုက် ဟောထားတဲ့ ရူပက္ခန္ဓာကတော့ “စတ္တာရောစ မဟာဘူတာ, စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ” တဲ့ မဟာဘုတ်က ၄-ခု၊ ဥပါဒါရုပ်တွေက ၂၃-ခု၊ ဒီလို ၂၇-ခုပဲ တိုက်ရိုက် ဟောထားပါတယ်။
ဒါပေမယ့်လို့ အဋ္ဌကထာဆရာက ဟဒယဝတ္ထုရုပ် လို့လည်း ရုပ်တစ်ခုထည့်သွင်း ဖော်ပြထားပါ တယ်၊ ဒါ ပါဠိတော်မှာတော့ တိုက်ရိုက် မရှိဘူး၊ ဒါကြောင့် တချို့က သဘောမကျ ကြဘူး၊ ဒါ ပိုနေတယ်လို့ ဆိုပြီးတော့ ရုပ် ၂၇-ခုလို့ ဒီလိုလည်း ပါဠိတော်အတိုင်း သဘောကျကြတယ်။
ပါဠိတော်က ဒီမှာ အသေးစိတ် ပြီးတော့ ဝေဖန်ထားတယ်၊ မပြီးနိုင်ဘူး၊ မဟာဘုတ်တွေကိုလည်း ဝေဖန်, ဥပါဒါရုပ်တွေကိုလည်း ဝေဖန် တဖြည်းဖြည်း ချင်းလေး ဝေဖန်နေတာ မပြီးနိုင်ဘူး၊ ရုပ်တွေကို ဝေဖန်နေတာ အရှည်ကြီးပဲ၊ ဒါကြောင့် ရုပ်ကို လွယ်လွယ်ကူကူ မှတ်နိုင်အောင်လို့ ဒီမှာ ဆောင်ပုဒ် ရေးထား ပါတယ်၊ အရင်ကလည်း ဟောဖူးပါပြီ၊ ဓာတ်ကြီး ၄-ပါး၊ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်၊ အဲဒါ “စတ္တာရော မဟာဘူတာ” အရဓာတ်ကြီး ၄-ပါး၊ မဟာဘုတ် ၄-ပါးပေါ့၊ ဒါကိုတော့ သိနေကြမှာပါပဲ၊ အဲဒါကိုလွယ်လွယ် မှတ်ရအောင် အတိုကောက် ဆောင်ပုဒ်ရေးထားတယ်၊ ဒါဆိုရမယ်။
ပ, အာ, တေ, ဝါ၊ ရုပ်လေးဖြာ၊ မှတ်ပါ မဟာဘုတ်။ (ဆို ၃-ခေါက်)
ဓာတ်ကြီး ၄-ပါးရဲ့ အစ တစ်လုံးစီကို ယူပြီး အတိုကောက် ရေးထားတဲ့ ဆောင်ပုဒ်တဲ့၊ ပထဝီဓာတ်ဆိုတာ လက္ခဏာအားဖြင့် ကက္ခဠ လက္ခဏာ ရှိတယ်၊ ကက္ခဠဆိုတာ ခက်မာ ကြမ်းတမ်းတာကို ဆိုပါတယ်၊ ခက်မာ ကြမ်းတမ်းတဲ့ သဘောမှန်သမျှ အဲဒါ ပထဝီပဲ၊ မြေကြီးဟာ ခက်မာ ကြမ်းတမ်းသလိုပဲ၊ ဒီပြင်နေရာတွေ မှာလည်း ခက်မာ ကြမ်းတမ်းတဲ့ သဘောတွေဟာ ပထဝီပဲ၊ ကိုယ်ထဲမှာ စမ်းသပ်ကြည့်လို့ ခက်မာ ကြမ်းတမ်းတာကို တွေ့မယ်ဆိုရင် အဲဒါ ပထဝီဓာတ်တဲ့၊ ကြမ်းတမ်း တာကလည်း များများ ကြမ်းတမ်းတာနဲ့ နည်းနည်း ကြမ်းတမ်းတာ၊ အဲဒီလို နှစ်မျိုးရှိတယ်၊ များများကြမ်းတမ်းတာကို ခက်မာပထဝီ, နည်းနည်းကြမ်းတမ်းတာကို နူးညံ့ပထဝီ-လို့ ခေါ်ရတယ်၊ ဥပမာ-ဝါဂွမ်းဆိုရင် ပကတိအနေနဲ့ နူးညံ့တယ်လို့ဆိုရမှာပဲ၊ ဒါပေမယ့်လို့ သူ့ထက် နူးညံ့တဲ့ အစိတ်အပိုင်းသာ ဆိုလို့ရှိရင်တော့ သူဟာ ကြမ်းတမ်းတယ်လို့ ဆိုရမှာပါပဲ၊ ဝါဂွမ်းနဲ့ ကိုယ်တို့, မျက်နှာတို့, လက်တို့ကို တို့ကြည့်မယ်ဆိုရင် ဝါဂွမ်းဟာ နူးညံ့တယ်လို့ ဆိုရမှာပေါ့၊ သူ့ထက်နူးညံ့တဲ့ မျက်လုံးကို တို့ကြည့်မယ် ဆိုလို့ရှိရင်တော့ အတို့မခံနိုင်ဘူး၊ အဲဒီကျတော့ ဝါဂွမ်းဟာ နူးညံ့တယ် ဆိုပေမယ်လို့ သူ့ထက်နူးညံ့တဲ့ မျက်လုံးနဲ့ စာလိုက်ရင် သူက မျက်လုံးလောက် မနူးညံ့ပြန်ဘူး၊ မျက်လုံးက ပိုပြီး နူးညံ့ပြန်ပါတယ်၊ ဒီလိုပါပဲ သူ့ထက်နူးညံ့တဲ့ ရုပ်နဲ့ကျတော့ သူက ကြမ်းတမ်းတာပဲ၊ နူးညံ့တယ်ဆိုတာလဲ စင်စစ်တော့ ကြမ်းတမ်းတာပါပဲ၊ အဲ ကြမ်းတမ်းတဲ့ သဘောဟူသမျှ ပထဝီဓာတ်တဲ့၊ ဒီလို ဆိုပါတယ်။
အပြင်ဘက်မှာ ရှိတဲ့ မြေကြီးတို့, ကျောက်ခဲတို့ အဲဒီလို ခက်မာ ကြမ်းတမ်းတဲ့ အရာဝတ္ထုတွေဟာ စမ်းကြည့်လိုက်လို့ရှိရင် ခက်မာ ကြမ်းတမ်းတာကို တွေ့ရမယ်၊ အဲဒါဟာ ပထဝီဓာတ်ပါပဲ၊ ဒါပေမယ့်လို့ အဲဒီ မြေကြီးတို့, ကျောက်ခဲတို့ဆိုတာ ပထဝီဓာတ် ချည်းတော့ မဟုတ်ဘူး၊ ဒီပြင် ဓာတ်တွေလည်း ပါဝင် နေသေးတာပဲ၊ ပထဝီဓာတ်က လွန်ကဲနေလို့ သူကို ပထဝီဓာတ်လို့ ဆိုရတယ်။
အာပေါဓာတ် ဆိုတာကတော့ ယိုစီးဖွဲ့စည်းတဲ့ သဘော၊ အရည်သဘော၊ အစိုသဘောပဲ၊ ကိုယ်ထဲမှာလည်း အရည်တွေ၊ အစိုတွေ ရှိတာပဲ၊ အပြင်မှာလည်း ရှိတာပဲ၊ အဲဒါ အာပေါဓာတ်တဲ့။
တေဇောဓာတ် ဆိုတာကတော့ ဥဏှတ္တ လက္ခဏာ ပူလောင်ခြင်း လက္ခဏာ ရှိတယ်၊ ပူတဲ့ အခိုးအငွေ့ သဘောပဲ၊ ဒါပေမယ့်လို့ သူ့လောက် မပူဘဲ အပူနည်းတာကိုတော့ အအေးလို့ ခေါ်ရတယ်၊ ဥပမာ - သောက်ရေအိုး ထဲကရေဟာ အေးတယ်၊ အပြင်ဘက်က တခြား ရေတွေနဲ့ ထောက်စာလို့ ရှိရင်ပေါ့၊ သူက အေးတယ်၊ တစ်ဖန် ရေခဲရေ ကျပြန်တော့ ကိုင်လိုက်တယ် ဆိုရင် လက်ကိုကျဉ်သွားတာပဲ၊ သောက်ရေအိုး ထဲက ရေထက် အဲဒီ ရေခဲရေက ပိုအေးတယ်၊ သောက်ရေအိုးထဲက ရေက ရေခဲရေထက် ပူတယ်၊ ဒီလိုပါပဲ၊ ပူတာ အဆင့်ဆင့်, အေးတာ အဆင့်ဆင့်ဟာ တေဇောဓာတ်ချည်းပဲ၊ ဒါကြောင့် ပူတယ်ဆိုလည်း တေဇောဓာတ်, နွေးတယ်ဆိုလည်း တေဇောဓာတ်, အေးတယ်ဆိုလည်း တေဇောဓာတ်, ဒါတွေဟာ တော်တော် ထင်ရှားပါတယ်၊ ကိုယ်မှာ စမ်းသပ်ပြီးတော့ ကြည့်ရင် ပူတာ အေးတာကို တွေ့နိုင်ပါတယ်၊ မစမ်းမသပ်ဘဲလည်း စိတ်က ကိုယ်ထဲမှာ စိုက်ကြည့်ရင်လည်း တွေ့နိုင်တာပါပဲ။
ဝါယောဓာတ်ဆိုတာက ဝိတ္ထမ္ဘန လက္ခဏာရှိတယ်၊ တောင့်တင်းခြင်း, ထောက်ကန် ခြင်း သဘော ဟာ ဝါယောဓာတ်ရဲ့ လက္ခဏာပဲ၊ ကိုယ်ထဲမှာ တောင့်တင်းနေတဲ့ သဘော, ခုလို ထိုင်နေတယ် ဆိုလို့ရှိရင် တောင့်တင်းတဲ့ ဝါယောက ထောက်ကန် ထားလို့ လဲကျ မသွားတာပဲ၊ အပေါ်က ရုပ်တွေဟာ ပိပြီးတော့ အောက်သို့ ကျမလာဘူး၊ အဲဒါ ဝါယောက ထောက်ကန်ထားလို့တဲ့။
ဥပမာ - အုတ်ခဲတွေကို ပုံပြီးတော့ထား၊ အဲဒီ အုတ်ခဲပုံကြီးဟာ ဝါယောဓာတ်က ထောက်ကန်ထား လို့ အထက်က အုတ်ခဲတွေ အောက်ကို ပြားပြီးတော့ ဆင်းမလာတာပဲ၊ အကယ်၍သာ ဝါယော ဓာတ် မရှိဘူးဆိုရင်, ဝါယောဓာတ်ကို နုတ်ပယ် ပစ်လိုက်မယ် ဆိုရင် အကုန်လုံး ပြားဆင်းလာမယ်၊ ထောက်ကန်ခြင်း သဘော မရှိဘူးဆိုရင် ဒီလို မဖြစ်နိုင်ဘူး၊ ပြားဆင်း သွားမယ်၊ အဲဒီလိုပါပဲ။
နောက်ပြီးတော့ လှုပ်ရှားတတ်တဲ့ သဘော ရှိတယ်၊ ဝါယောဓာတ် အားကောင်း လို့ရှိရင် လှုပ်ရှားတယ်၊ ဝါယောဓာတ် ဆိုတာ လေပါပဲ၊ လေဆိုတာ အားကောင်း လို့ရှိရင် လှုပ်ရှား နေတာပဲ၊ ကိုယ်ထဲမှာ ဝါယောဓာတ်ဟာ အထူး ထင်ရှားတာဖြစ်လို့ သတိပဋ္ဌာန် ဒေသနာတော်မှာ ဒီ ဝါယောဓာတ်ကို ရှုဖို့ရာ မြတ်စွာဘုရားက ဟောထားပါတယ်။
“ဂစ္ဆန္တောဝါ - သွားသည်ရှိသော်လည်း၊
ဂစ္ဆာမီတိ - သွားသည်ဟူ၍၊
ပဇာနာတိ - သိ၏”တဲ့၊
သွားရင် သွားတာကို သိရမယ်၊ သွားတိုင်း သွားတိုင်း အဲဒါကို သိရမယ်၊ သွားတဲ့အခါ ဘာကို သိတုန်း ဆိုတော့ ဝါယောဓာတ်ကို သိတာတဲ့၊ ဝါယောဓာတ် လွန်ကဲလို့ သွားတာပဲ၊ ဒါပေမယ့်လို့ ဝါယောဓာတ်ချည်း တစ်ခုတည်းတော့ မဟုတ်ပါဘူး၊ ဝါယောဓာတ် ရှေ့ဆောင်နေတဲ့ ဓာတ် ၄-ပါးလုံးနဲ့ တခြား ရုပ်တွေလည်း ပါပါတယ်၊ ဝါယောဓာတ် လွန်ကဲနေလို့ သွားတဲ့အခါ ကာလမှာ ခြေထောက်ထဲ, ကိုယ်ထဲက တောင့်တာ, တင်းတာ, တွန်းကန်တာ, လှုပ်ရှားတာ တွေဟာ ဝါယောဓာတ်တွေ တဲ့၊ အဲဒါတွေကို သိရမယ်။
ပထမရှုကာစတော့ ကြွတယ်, လှမ်းတယ်, ချတယ်, ဆိုပြီးတော့ သွားနေတဲ့အခါ ကိုယ်ခန္ဓာ အထည်ဝတ္ထုကြီး အနေနဲ့ ဒီလိုသိနေတာပဲ၊ နောက် တဖြည်းဖြည်းနဲ့ သမာဓိအား ကောင်းလာပြီ ဆိုတော့ ဉာဏ်ကလည်း အားကောင်း လာတယ်၊ ဒီတော့ ဒါဟာ သဘောတရားလေးတွေပဲ၊ ကိုယ်ထဲ တောင့်တဲ့သဘော, တင်းတဲ့သဘော, တွန်းကန်တဲ့ သဘော, လှုပ်ရှားတဲ့ သဘော အဆင့်ဆင့်ပဲ၊ ပြီးတော့ ဗိုက်က ဖောင်းတာ, ပိန်တာကို မှတ်တဲ့ အခါ ကာလမှာလည်း ဒီအတိုင်းပဲ၊ အစမှာတော့ ဝမ်းဗိုက်နဲ့ကိုယ် အကောင်အထည်ကြီးကို တွေ့နေတာပဲ၊ နောက် ရှုပါများတဲ့ အခါကျတော့ ဖောင်းတယ်ဆိုတဲ့ အမည်တောင် မရှိတော့ဘူး၊ တောင့်တဲ့သဘော, တွန်းတဲ့သဘော, လှုပ်ရှားတဲ့ သဘောတွေပဲလို့ ဒီလိုသိလာတယ်။ အဲဒါ ဝါယောဓာတ်တွေတဲ့၊ အဲဒါကို ရှုရတယ်၊ အဲဒါတွေကိုရှုဖို့ မြတ်စွာဘုရားက ကာယာနုပဿနာ သတိပဋ္ဌာန် ဣရိယာပထ ပိုင်းမှာ ရှုဖို့ ပြထားပါတယ်၊ သမ္ဖဇညပိုင်း တွေမှာလည်း ပြထားတယ်၊ ဓာတုမနသိကာရပိုင်း တွေမှာလည်း ဓာတ် ၄-ပါး ရှုပုံတွေကို ပြထားပါတယ်။ “ပ-အာ-တေ-ဝါ၊ ရုပ်လေးဖြာ၊ မှတ်ပါ မဟာဘုတ်”တဲ့၊ မဟာဘုတ်လေးပါးကို မှတ်မိလောက်ပါပြီ၊ အဲဒီမှာ
ပ-က ဘာတုန်း -
ပထဝီဓာတ်ပါဘုရား။
အာ-က ဘာတုန်း -
အာပေါဓာတ်ပါဘုရား။
တေ-က ဘာတုန်း -
တေဇောဓာတ်ပါဘုရား။
ဝါ-က ဘာတုန်း -
ဝါယောဓာတ်ပါဘုရား။
အဲဒါ မဟာဘုတ်လေးပါးတဲ့၊ အခု ယောဂီတွေ ရှုမှတ် နေကြတာဟာ ကိုယ်ထဲမှာ စိုက်ပြီးတော့ ရှုမှတ်လို့ရှိရင် ဒီဓာတ်လေးပါး တစ်ခုခုတော့ ထင်ရှား သိနေတာပဲ၊ တရား အားထုတ်တဲ့အခါမှာ စပြီး ထိုင်လို့ရှိရင် “ဥဇုံကာယံ ပဏိဓာယ” အထက်ပိုင်း ကိုယ်ကို ဖြောင့်ဖြောင့်ထားပြီး ရှုရမယ်တဲ့၊ အဲဒီတော့ ကိုယ်ထဲစိုက် ရှုလို့ရင် ခါးကနေပြီးတော့ တောင့်တဲ့သဘောဟာ အင်မတန် ထင်ရှား တယ်၊ နည်းနည်းလေး လှုပ်ကြည့်ရင် သာပြီးတော့ ထင်ရှားတယ်၊ လှုပ်တဲ့ အခါကျတော့ လှုပ်ရှား တဲ့သဘော ထင်ရှားတယ်၊ အဲဒါ ဝါယောဓာတ်ပဲ၊ တချို့အခါမှာ မာတဲ့သဘော, နူးညံ့တဲ့သဘော၊ တချို့အခါမှာ ပူတာတို့, အေးတာတို့ အဲဒါတွေ ထင်ရှားတယ်၊ တေဇောဓာတ် သဘောပဲ၊ အာပေါဓာတ်ကလည်း အစို,အရည် အားဖြင့် ထင်ရှားတယ်၊ အဲဒါ မဟာဘုတ် ၄-ပါးတဲ့၊ ဝိပဿနာ ရှုရမယ့် တရားတွေ ရုပ်ဥပါဒါနက္ခန္ဓာတွေပါပဲ။
အဲဒါတွေကို မရှုမမှတ်လို့ရှိရင် စွဲလမ်းနိုင်တယ်၊ ဓာတ်လေးပါးကိုပဲ တဏှာနဲ့ သာယာနှစ်သက် နိုင်တယ်၊ ဒိဋ္ဌိနဲ့ပုဂ္ဂိုလ် သတ္တဝါ အနေအားဖြင့်လည်း စွဲလမ်းနိုင်တယ်၊ ဒီလို စွဲလမ်းနိုင်တာ ဖြစ်လို့ ဥပါဒါန်၏ အာရုံဖြစ်တဲ့ ဥပါဒါနက္ခန္ဓာ တရားတဲ့၊ ရုပ်မှာတော့ ဥပါဒါန်၏ အာရုံ မဟုတ်တဲ့ တရားရယ်လို့ မရှိပါဘူး။ နာမ်တရား တွေကျတော့ မဂ်, ဖိုလ်တရားတွေဟာ ဥပါဒါန်ရဲ့အာရုံထဲမှာ မပါဝင်ဘူး၊ လောကီစိတ်, စေတသိက် တွေဟာ ဥပါဒါန်၏ အာရုံဖြစ်တဲ့ နာမ်တရားတွေပဲ၊ အဲဒါတွေဟာ ဥပါဒါန်ရဲ့ အာရုံ အဖြစ်နဲ့ ပါဝင်ပါတယ်၊ ဒါကြောင့် ဥပါဒါနက္ခန္ဓာ ဆိုရင် လောကီ ရုပ်နာမ် တရားတွေကိုသာ ဥပါဒါနက္ခန္ဓာလို့ ဆိုရတယ်၊ အဲ - ခန္ဓာသာမည ကောက်ယူမယ် ဆိုရင်တော့ လောကီရော, လောကုတ္တရာရော အားလုံး ပါဝင် ကောက်ယူရတယ်၊ အားလုံးကို ခန္ဓာလို့ ဆိုရတာချည်းပဲ။
မဟာဘုတ်ကို မှီဖြစ်တဲ့ ဥပါဒါရုပ်
▬▬▬▬▬▬
အခြေခံဓာတ်ကြီးလေးပါးကို ပြောပြီးသွားပြီ၊ အဲဒီ ဒုတိယပုဒ်ကို ပြောရမယ်၊ အဲဒီ ဒုတိယပုဒ်က “စတုန္နံမဟာဘူတာနံ ဥပါဒါယ ရူပံ” တဲ့၊ မဟာဘုတ် လေးပါးကို မှီပြီးတော့ ဖြစ်တဲ့ရုပ်၊ အဲဒီရုပ်ကို ဥပါဒါရုပ် လို့ ဆိုတယ်၊ ရုပ် ၂၈-ပါး ထဲမှာ မဟာဘုတ် ဓာတ်ကြီးလေးပါး နုတ်လိုက်ရင် ၂၄-ပါး ကျန်တယ်၊ အဲဒီ ကျန်တာတွေဟာ ဥပါဒါရုပ်တွေ ချည်းပဲ။
ပါဠိလိုကတော့ “စက္ခုပသာဒ, သောတပသာဒ, ဃာနပသာဒ, ဇိဝှါပသာဒ, ကာယပသာဒ” လို့ ပသာဒရုပ် ၅-ပါး ရှိတယ်၊ အကြည်ရုပ် ၅-ပါးတဲ့၊ မြန်မာလိုကတော့ မျက်စိ, နား, နှာ, လျှာ, ကိုယ် တဲ့၊ အဲဒါကို အစဉ်အတိုင်း ဆိုရင် ကာရန်က မရဘူး၊ ဒါကြောင့် ကိုယ်နဲ့လျှာကို ရှေ့နောက် ပြောင်းပြီးတော့ ကာရန်ရအောင် လင်္ကာ ရေးထားတယ်၊ အဲဒါကို ဆိုရမယ်။
“မျက်စိ, နား, နှာ, ကိုယ်, လျှာ, ငါးဖြာ အကြည်ရုပ်” (ဆို ၃ ခေါက်)
မြန်မာလိုဆိုတော့ ဒါဟာ လွယ်နေတာပဲ၊ စက္ခုပသာဒ လို့ဆိုရင် စက္ခုကဘယ်လို အနက်, ပသာဒက ဘယ်လို အနက်လို့ အဓိပ္ပာယ် ရှင်းပြနေရဦးမယ်၊ မျက်စိဆိုတော့ မြန်မာလို ခေါ်နေကျ အတိုင်း တစ်ခါတည်း သိသွားတာပေါ့၊ စက္ခုနဲ့ မျက်စိဆိုတာ အတူတူပါပဲ၊ အဲ ငါးဖြာ အကြည်ရုပ် တဲ့၊ ကြည်လင်တဲ့ မျက်စိ၊ အဲဒါ ပကတိ မျက်လုံးကြီးကို ပြောတာ မဟုတ်ဘူး၊ မျက်လုံးထဲမှာ အဆင်းရုပ် ထင်နိုင်လောက် အောင် ကြည်လင်တဲ့ရုပ်၊ အဲဒါကို စက္ခုပသာဒ ခေါ်တယ်၊ ပါဠိလို စက္ခုပသာဒရုပ်၊ မြန်မာလို မျက်စိအကြည်ရုပ် ပါပဲ၊ မျက်စိဆိုလည်း ဒါပါပဲ။
နား အကြည်ရုပ်၊ နားထဲမှာလည်း အသံကို ဖမ်းယူနိုင်တဲ့ အကြည်ရုပ်တစ်မျိုး ရှိတယ်၊ အသံ ကလည်း အဲဒီမှာ သွားပြီးတော့ ရိုက်ခတ်တာ သိတာပဲ။
နှာခေါင်းထဲမှာလည်း အနံ့ကို ဖမ်းယူနိုင်တဲ့ အကြည်ရုပ်တစ်မျိုး ရှိတယ်၊ လျှာပေါ် မှာလည်း အရသာကို ဖမ်းယူနိုင်တဲ့ အကြည်ရုပ်တစ်မျိုး ရှိတယ်၊ ကိုယ်တစ်ကိုယ်လုံး မှာလည်း အတွေ့အထိကို ဖမ်းယူနိုင်တဲ့ အကြည်ရုပ်တစ်မျိုး ရှိတယ်၊ ဒါကတော့ အများကြီးပဲ၊ ကိုယ် တစ်ကိုယ်လုံး အနှံ့အပြားပါပဲ။
မျက်စိအကြည်ကတော့ မျက်လုံးနှစ်ခု ထဲမှာရှိတယ်၊ နား အကြည် ကတော့ နားနှစ်ခုထဲမှာရှိတယ်၊ နှာအကြည် ဆိုတာကလည်း နှာခေါင်း နှစ်ပေါက်ထဲမှာ ရှိတယ်၊ လျှာအကြည် ကလည်း လျှာအပေါ်ထဲမှာ ရှိတယ်၊ ဒီပြင်မှာ မရှိဘူး၊ ကိုယ်အကြည်ရုပ် ဆိုတာကတော့ တစ်ကိုယ်လုံးမှာပဲ၊ အသားအသွေး ကောင်းတဲ့နေရာ ဆိုလို့ရှိရင် ခြေထောက်ကနေ ဦးခေါင်းအထိ တစ်ကိုယ်လုံးမှာ ရှိတာပဲ၊ မျက်လုံးထဲလည်း ရှိတာပဲ၊ နားထဲလည်း ရှိတာပဲ၊ နှာခေါင်းထဲလည်း ရှိတာပဲ၊ လျှာထဲလည်း ရှိတာပဲ၊ ကိုယ်အကြည် ကတော့ တွေ့ထိလို့သိတဲ့ နေရာဟူသမျှ အကုန်ရှိတာပဲ၊ အပ်ဖျား တစ်နေရာ စာလောက်တောင် လွတ်နေရာရယ်လို့ မရှိဘူး၊ အပ်ဖျားကလေးနဲ့ လိုက်ပြီး တို့ကြည့်၊ တို့တိုင်းတို့တိုင်း သိတဲ့နေရာတွေဟာ ကိုယ်အကြည်ရုပ် ရှိတာချည်းပဲ။
အပ်ဖျားနဲ့ တို့ကြည့်လို့ မသိဘူး ဆိုရင်တော့ အဲဒါ ကိုယ်အကြည်ရုပ် မရှိတဲ့ နေရာပဲ၊ အသားတွေ ခြောက်နေတဲ့ နေရာတွေရယ်,ခြေသည်းဖျား,လက်သည်းဖျား တွေရယ် အဲဒီလို နေရာတွေဆိုရင် ကိုယ်အကြည်ရုပ် မရှိဘူး၊ အပ်ဖျားလေးနဲ့ တို့ကြည့် ပေမယ်လို့ အဲဒီလို နေရာတွေက မသိဘူး၊ အဲဒါ ကိုယ်အကြည်ရုပ် မရှိလို့တဲ့။
“မျက်စိ, နား, နှာ, ကိုယ်, လျှာ၊ ငါးဖြာ အကြည်ရုပ်” တဲ့၊ ရုပ်ဘယ် လောက်ရှိသွားပြီတုန်း ဆိုရင် အခုနက မဟာဘုတ် ၄-ပါးနဲ့ အခု ၅-ခုပေါင်းရင် ရုပ် ၉-ပါး ရှိသွားပြီ။
“ဆင်း, သံ, နံ့, မှာ၊ အရသာ၊ တွေ့တာ အာရုံရုပ်” တဲ့၊ အာရုံရုပ်က သူလည်း ၅-ခုပဲ၊ ဒါပေမယ့်လို့ ဂဏန်းကတော့ များလာတယ်၊ အဆင်းမြင်ရတဲ့ အဆင်း၊ အသံ နားကကြားရတဲ့ အသံ၊ အနံ့ နှာခေါင်းက နံတဲ့အနံ့၊ အရသာ လျှာက သိတဲ့ အရသာ၊ တွေ့တာ ကိုယ်ဖြင့် တွေ့ထိရတဲ့ အတွေ့အထိ၊ အဲဒါ အာရုံရုပ်တွေပဲ၊ ပါဠိလို ကတော့ ဝိသယရုပ်လို့ခေါ်တယ်၊ အတွေ့အာရုံက သုံးခုဆိုတော့ ဝိသယရုပ်ခေါ်တဲ့ အာရုံရုပ်က ခုနစ်ခု ရှိတယ်၊ အဲဒါ ဆိုရမယ်။
“ဆင်း, သံ, နံ့မှာ၊ အရသာ တွေ့တာ အာရုံရုပ်” (ဆို ၃-ခေါက်)
မျက်စိနဲ့ မြင်ရတဲ့အတိုင်း အဲဒါ အာရုံရုပ်တစ်ခု၊ မျက်စိနဲ့ မြင်ရတဲ့ အဆင်းဆိုတာ မြင်ကောင်းတဲ့ သဘောလေးပဲ၊ ပကတိ ပုဂ္ဂိုလ်တွေ အနေနဲ့ ဆိုရင် အကောင်အထည်ကြီးကို မြင်ရတယ်လို့ ထင်ရတယ်၊ အကောင်အထည်ကြီး မဟုတ်ဘူး၊ အပေါ်ယံလေးတွင်၊ ကိုယ်တစ်ကိုယ်လုံးမှာ ရှိနေတဲ့ ရုပ်တွေရဲ့ အပေါ်ယံလေး၊ အပေါ်ယံတောင် ဟိုဘက်က မပါဘူး၊ ကိုယ်နဲ့ တည့်တည့် ဒီဘက်က မြင်ရတာလေးတင်ပဲ၊ မြင်ပြီးတော့ ယောက်ျားပဲ, မိန်းမပဲ စသည်ဖြင့် ဒီလို စွဲလမ်း နေကြတယ်၊ မြင်ရတာကတော့ အပေါ်ယံ အဆင်းလေးတင်၊ အပေါ်ယံက မှီပြီးတော့ ဖြစ်နေတဲ့ အဆင်းလေးပဲ၊ အဲဒါလေးကိုသာ မြင်ရတာ။
အသံရုပ်ဆိုတာက နားထဲမှာ ကြားရတဲ့အသံပဲ၊ အသံကတော့ အခု ကြားနေတာပဲ၊ ဒါပေမယ့် ကြားရုံတင် မနေဘဲ ပြောတဲ့ ပုဂ္ဂိုလ်ဆီကို စိတ်က ရောက်သွားတတ်တယ်၊ အနံ့ဆိုတာလည်း နှာခေါင်းထဲမှာ နံတဲ့ အနံ့ပဲ၊ အရသာဆိုတာက စားတဲ့အခါ ကာလမှာ ပေါ်လာတဲ့ အရသာပဲ၊ အတွေ့ရုပ် ကတော့ ပါဠိလို ဖောဋ္ဌဗ္ဗရုပ် - လို့ ခေါ်တယ်၊ အဲဒါကို အစိတ်အစိတ် ခွဲလို့ရှိရင် တွေ့တာက တစ်မျိုးတည်း မဟုတ်ဘူး၊ ခက်မာကြမ်းတမ်းပြီး တွေ့တဲ့ အတွေ့က တစ်မျိုး၊ အဲဒါက ပထဝီဓာတ်၊ ပူနွေး - အေးပြီး တွေ့တာက တစ်မျိုး၊ အဲဒါက တေဇောဓာတ်၊ တောင့်တင်း, တွန်းကန်, လှုပ်ရှားပြီး တွေ့တာကတစ်မျိုး၊ အဲဒါက ဝါယောဓာတ်လို့ အဲဒီ ဓာတ်သုံးပါးဟာ အတွေ့အထိ ရုပ်ပဲ၊ တွေ့ထိတယ်ဆိုရင် အဲဒီရုပ်သုံးခုပဲ၊ ဒါကြောင့် အတွေ့ရုပ်ဟာ တစ်ခုတည်း မဟုတ်ဘူး သုံးခုရှိတယ်၊ ပြီးတော့ တခြားရုပ်တွေ မဟုတ်ဘူး၊ ပ, အာ, တေ, ဝါ - ဆိုတဲ့ ရုပ်ကြီး လေးပါး ထဲမှာ ပါပြီးသား ရုပ်တွေပဲ၊ အဲဒါကို သိအောင် လက်သည်းကွင်းလေးနဲ့ ဆောင်ပုဒ် လုပ်ထားတယ်၊ အဲဒါ ဆိုရမယ်။
“အတွေ့ဆိုတာ၊ ပ, တေ, ဝါ၊ သုံးဖြာ မဟာဘုတ်” (ဆို ၃-ခေါက်)
အတွေ့ရုပ်က ရှေ့က ပါပြီးသားတွေ ဖြစ်လို့ တစ်ခုတိုးပြီး အထူးမရဘူး၊ အဆင်းရုပ်, အသံရုပ်, အနံ့ရုပ်, အရသာရုပ် - အာရုံရုပ်က ဒီလေးခုပဲ၊ အထူးအားဖြင့် အရေအတွက် ရတယ်၊ ငါးခု ရှိပေမယ်လို့ အာရုံရုပ်က ဒီလေးခုပဲ၊ ဒါတွေက ထင်ရှားပါတယ်၊ ဩဠာရိကရုပ် ဆိုတာတွေပါပဲ၊ အကြမ်းစား ရုပ်တွေတဲ့၊ ယောဂီပုဂ္ဂိုလ်တွေ ဒီအကြမ်းစား ဩဠာရိက ရုပ်တွေကိုပဲ အများအားဖြင့် ရှုနေရတာပဲ၊ နူးညံ့တဲ့ သုခုမ ရုပ်တွေကို ရှုရတာ နည်းပါတယ်၊ ပြီးတဲ့ရုပ်တွေကို ပေါင်းလိုက်ရင် ဩဠာရိကရုပ် ၁၂-ပါးရှိသွားပြီ၊ ဒီအကြမ်းစား ဩဠာရိက ရုပ်တွေက သိလွယ်ပါတယ်၊ သူတို့က ထင်ရှားပါတယ်။
အဲ သိမ်မွေ့တဲ့ သုခုမရုပ် ဆိုတာ “ဖို, မ ဖြစ်စေ၊ ရုပ်နှစ်ထွေ၊ မှတ်လေ ဘာဝရုပ်” တဲ့၊ အဖိုဖြစ်ကြောင်း, အမဖြစ်ကြောင်း ရုပ်ကို ဘာဝရုပ်လို့ ခေါ်တယ်၊ ဒါတွေဟာ ပဋိသန္ဓေကတည်းက ပါလာတဲ့ရုပ်တွေပဲ၊ အဖိုဖြစ်တဲ့ ပုဂ္ဂိုလ်တွေမှာ ပုမ္ဘာဝရုပ် ပါလာတယ်၊ အမဖြစ်တဲ့ ပုဂ္ဂိုလ်တွေမှာ ဣတ္ထိဘာဝရုပ် ပါလာတယ်၊ ဒီရုပ်တွေပါလာတော့ တဖြည်းဖြည်း ပုံသဏ္ဌာန်တွေဟာ အဖို, အမ ပုံသဏ္ဌာန်တွေ ဖြစ်ပေါ်လာတယ်၊ အဲဒီဘာဝရုပ်နှစ်ခုကို ဆိုရမယ်။
“ဖို, မ ဖြစ်စေ၊ ရုပ်နှစ်ထွေ၊ မှတ်လေ ဘာဝရုပ်” (ဆို ၃-ခေါက်)
ပါဠိလိုကတော့ ရုပ်အနေနဲ့ ပုမ္ဘာဝရုပ်, ဣတ္ထိဘာဝရုပ် - တဲ့၊ ဣန္ဒြေအနေနဲ့ ဆိုရင် ဣတ္ထိန္ဒြေ ပုရိသိန္ဒြေ - တဲ့၊ ဒီလို အမည် ပေးထားတယ်၊ အဲဒီရုပ်က ၂-ခု၊ မှတ်ထားခဲ့။
နောက်ပြီးတော့ ဇီဝိတဆိုတဲ့ အသက်ရုပ်ရယ်, အာဟာရဆိုတဲ့ အစားအစာရုပ်ရယ်, ဟဒယလို့ဆိုတဲ့ နှလုံးရုပ်ရယ်၊ အဲ သူတို့က သုံးခု၊ အဲဒါကျန်နေတယ်၊ အသက်ဆိုတော့ ဇီဝိတရုပ်, ဇီဝိတိန္ဒြေ၊ အစားအစာ ဆိုတဲ့ အာဟာရရုပ်၊ အဲဒါက သောက်တဲ့ အထဲမှာလည်း ပါတာပဲ၊ ဟဒယ ဆိုတာ ကတော့ စိတ်၏တည်ရာ နှလုံးရုပ်တဲ့၊ အဲဒီ ဟဒယရုပ်ကိုတော့ အဋ္ဌကထာ ဆရာတွေက ထည့်ထားတာ၊ ပါဠိတော်မှာ တိုက်ရိုက် မရှိဘူး၊ အဲဒီရုပ်သုံးခုက သီးခြားရုပ်တွေပဲ၊ ဘယ်အထဲမှ မပါဘူး၊ ဒီမဟာဘုတ် ထဲလည်း မပါဘူး၊ အကြည်ရုပ်ထဲလည်း သူတို့ မပါဘူး၊ အာရုံရုပ်ထဲလည်း သူတို့မပါဘူး၊ သူတို့က သီးသန့်ပဲ၊ ဓမ္မာရုံထဲ ထည့်မယ်ဆိုရင်တော့ ရတာပေါ့လေ၊ ဒါပေမယ့်လို့ မထင်ရှားဘူး၊ ဒါကို ဆိုရမယ်။
“အသက်, အာဟာရ, ဟဒယ၊ သုံးဝ သီးခြားရုပ်” (ဆို ၃-ခေါက်)
အဲ ဝိပဿနာရှုရတဲ့ ရုပ်တွေကတော့ စုံသွားပြီ၊ ပြန်ပေါင်းကြည့်မယ် ဆိုရင် ၁၈-ပါး ဖြစ်သွားပြီ။
ပ, အာ, တေ, ဝါ၊ ရုပ်လေးဖြာ၊ မှတ်ပါ မဟာဘုတ်။ (၄-ခု)
မျက်စိ, နား, နှာ၊ ကိုယ်, လျှာ၊ ငါးဖြာ အကြည်ရုပ်၊ (၅-ခု)
ဆင်း, သံ, နံ့မှာ၊ အရသာ၊ တွေ့တာ အာရုံရုပ်။ (၄-ခု)
ဖို, မ ဖြစ်စေ၊ ရုပ်နှစ်တွေ၊ မှတ်လေ ဘာဝရုပ်။ (၂-ခု)
အသက်, အာဟာရ, ဟဒယ၊ သုံးဝ သီးခြားရုပ်။ (၃-ခု)
အဲဒါပေါင်းလိုက်ရင် ၁၈-ပါးပဲ၊ သူတို့ကို သဘာဝရုပ် လို့လည်းခေါ်တယ်၊ နိမ္ဖန္နရုပ် လို့လည်း ခေါ်တယ်၊ သူတို့က ပင်ကိုရင်း သဘောအားဖြင့် သဘာဝ လက္ခဏာရှိတဲ့ ရုပ်တွေတဲ့၊ ပရမတ္ထ အားဖြင့်လည်း ထင်ရှားရှိတယ်၊ သူတို့ကိုပဲ ဝိပဿနာလည်း ရှုရတယ်၊ အဲဒါတွေကို ဒီမှာ ပေါင်းပြထားတယ်၊ “ဘုတ်လေး ကြည်ငါး၊ အာရုံငါး၊ နှစ်ပါး ဘာဝမည်။ သီးခြားသုံးပါ၊ ဆယ့်ရှစ်ဖြာ၊ သဘာဝရုပ်မည်” တဲ့၊ အဲဒါ ဆိုခဲ့ပြီးသား ရုပ် ၁၈-ပါးကို ပေါင်းပြထားတာပဲ၊ ပြီးတော့ “သဘာဝ ရုပ်ဓာတ်၊ ပရမတ်၊ ဝိပဿ်ရှုရသည်” တဲ့၊ ကဲ - ဆိုရမယ်။
“ဘုတ်လေး, ကြည်ငါး၊ အာရုံငါး၊ နှစ်ပါးဘာဝမည်” (ဆို ၃-ခေါက်ဆို)
ဘုတ်က လေးခု၊ အကြည်ရုပ်က ငါးခု၊ ကိုးခု၊ အာရုံက ငါးခု၊ ငါးခု ဆိုပေမယ်လို့ တစ်ခုတော့ နုတ်ထားရမယ်ပေါ့၊ အတွေ့အာရုံက ပါပြီးသား ထပ်ပြီးတော့ ပါနေလို့၊ ပြီးတော့ ဘဝရုပ်က နှစ်ခု၊ ဆယ့်ငါးခု ရတယ်၊ ကဲ ဆိုရဦးမယ်။
“သီးခြားသုံးပါ၊ ဆယ့်ရှစ်ဖြာ၊ သဘာဝရုပ်မည်” (ဆို ၃-ခေါက်)
သီးခြားသုံးခုက ပြောခဲ့တဲ့ အသက်ရယ်, အာဟာရရယ်၊ ဟဒယရယ် သုံးခု၊ အသက်ဆိုတာ ရုပ်တွေဆက်ဆက် ပြီးတော့ ဖြစ်ခြင်းရဲ့အကြောင်းတဲ့၊ ရုပ်တွေ ဆက်ဆက် ပြီးတော့ ဖြစ်နေအောင်လို့ အားပေးနေတဲ့ အသက်ရုပ် ဆိုတာရှိတယ်၊ သူလည်းပဲ ဖြစ်ပျက် နေတာပါပဲ၊ အမြဲတည်နေတာ မဟုတ်ပါဘူး၊ သူ တည်နေတုန်း သာ အားပေးနေတာပဲ၊ ရေဟာ သူရှိတုန်း ကြာကို အားပေးသလိုပဲ၊ အားပေးတဲ့ရေဟာ အမြဲ တည်ရှိနေတာ မဟုတ်ဘူး၊ ဒါပေမယ့်လို့ သူရှိတုန်းတော့ ကြာတို့, ရေမှော်တို့ကို အားပေးတယ်၊ အဲဒါလိုပဲ၊ ဒီ အသက်ရုပ်က သူရှိတုန်း အခိုက်အတန့်မှာ ကျေးဇူးပြု နေတာဖြစ်လို့ ရုပ်တွေ ဆက်ကာ ဆက်ကာ ဖြစ်နေကြတယ်၊ သတ္တဝါတွေ အသက်ရှည်နေတယ်၊ အာဟာရ ရုပ်ဆိုတာကတော့ သုံးဆောင် စားသောက် တဲ့ အစာအာဟာရ ထဲမှာပါတဲ့ ဩဇာရုပ်ပါပဲ၊ ဟဒယရုပ်ကတော့ စိတ်၏မှီရာဖြစ်တဲ့ နှလုံးရုပ်တဲ့၊ အဲ အားလုံး သီးခြားရုပ်က သုံးခု၊ အဲဒါ ၁၈-ခုဖြစ်တယ်၊ ဆိုရဦးမယ်။
“သဘာဝရုပ်ဓာတ်၊ ပရမတ်၊ ဝိပဿ် ရှုရမည်” (ဆို ၃-ခေါက်)
ဒါဟာ အဘိဓမ္မာ အကျဉ်းချုပ်ကလေးပဲ၊ အင်မတန် ကောင်းတယ်၊ ဒါတွေကိုရရင် စုံနေပြီ၊ ရုပ်ဘက်က ဝိပဿနာ ရှုကောင်းတဲ့ရုပ်တွေ အကုန်လုံး စုံနေပြီ၊ ဒီပြင် ရုပ်က ၁၀ ကျန်သေးတယ်၊ အဲဒါတွေ ပညတ်ရုပ်တွေ၊ သဘာဝရုပ်တွေရဲ့ အရှိန်အဝါတွေ၊ အဲဒီကျန်တဲ့ ၁၀-ရုပ်က သီးခြားရုပ်တွေ မဟုတ်ဘူး၊ ဒါကြောင့် ဝိပဿနာရှုလို့ မဖြစ်ဘူး၊ မရှုရဘူး၊ အဲ သဘာဝရုပ် ၁၈-ခုကိုတော့ ဝိပဿနာရှုရတယ်၊ သူတို့က တကယ်ရှိတဲ့ ပရမတ်ရုပ်တွေကိုး၊ တကယ်ရှိနေတာကိုမှ ဝိပဿနာ ရှုရတယ်။
အာပေါဓာတ်ကို ရှုမှတ်နည်း
▬▬▬▬▬
ဝိပဿနာရှုရင် မြင်တဲ့အခါကာလမှာ မြင်တယ်ရှု၊ မျက်စိနဲ့ အဆင်းရုပ်တွေ့တဲ့အခါမှာ မြင်တာပဲ၊ ကြားတဲ့အခါ ကာလမှာ ကြားတယ်ရှု၊ နားနဲ့အသံရုပ်တွေ့တဲ့အခါမှာ ကြားရတယ်၊ နံတဲ့အခါကာလမှာ နံတယ်ရှု၊ နှာခေါင်းနဲ့ အနံ့ရုပ် တွေ့တဲ့အခါမှာ နံတာပဲ၊ စားတဲ့အခါ ကာလမှာ စားရင် စားတယ်လို့ မှတ်ရှု၊ လျှာနဲ့အရသာ တွေ့တဲ့ အခါမှာ ချိုရင်ချိုတယ်, ချဉ်ရင် ချဉ်တယ် စသည်ပေါ့လေ၊ လျှာနဲ့ အရသာရုပ် တွေ့တော့ ဒီလိုသိရတယ်။ ကိုယ်နဲ့အတွေ့ သိတဲ့အခါ ကာလကျတော့ အဲဒါ အများကြီးပဲ၊ တွေ့တယ်, သိတယ်, ကွေးတယ်, ဆန့်တယ်, ဖောင်းတယ်, ပိန်တယ် စသည် အများကြီးပါပဲ၊ ကိုယ်အမူအရာတွေ ဖြစ်တိုင်းဖြစ်တိုင်း ရှုမှတ်ရတယ်၊ အဲဒါတွေဟာ အတွေ့အထိတွေပဲ၊ အဲဒီမှာ တွေ့ထိရာ ဌာနတိုင်း အကြည်ရုပ်နဲ့ တွေ့ထိရတဲ့ အတွေ့ရုပ်တွေပဲ၊ ခက်မာ ကြမ်းတမ်းတဲ့ အတွေ့, နူးညံ့တဲ့ အတွေ့၊ ပထဝီဓာတ်၊ ပူနွေးတာတို့, အေးတာတို့ တေဇောဓာတ်၊ တောင့်တင်း, တွန်းကန်, လှုပ်ရှားတဲ့ ဝါယောဓာတ် အတွေ့အထိရုပ် အဲဒါတွေကို ရှုမှတ်ရတယ်။
အဲဒီအထဲမှာ ဘာကျန်နေတုန်း ဆိုတော့ အာပေါဓာတ် ကျန်နေတယ်၊ အာပေါဓာတ် မပါသေးဘူး၊ မြင်ရာမှာလည်း မပါဘူး၊ ကြားရာ, နံရာ, စားရာမှာလည်း မပါသေးဘူး၊ အဖို,အမ ဖြစ်စေတတ်တဲ့ ဘာဝရုပ်လည်း မပါသေးဘူး၊ ဟဒယရုပ်လည်း မပါသေးဘူး၊ အသက်ဆိုတဲ့ ဇီဝိတရုပ်လည်း ရှုမှတ်ဖို့အထဲ မပါသေးဘူး၊ ဒါတွေကို ဘယ်လိုလုပ်ပြီးတော့ သိရမယ်ဆိုတာ ဒါလည်း စဉ်းစားစရာပဲ။
အာပေါဓာတ်ကတော့ အတွေ့အထိ ကနေပြီး သိနိုင်ပါတယ်၊ တွေ့တာကတော့ သူ့ကို မတွေ့ကောင်းဘူး၊ သို့ပေမယ့်လို့ အာပေါဓာတ်နဲ့ ပူးပေါင်းပြီးနေတဲ့ ပထဝီတို့, တေဇောတို့, ဝါယောတို့ကို တွေ့ထိတာနဲ့ပဲ သိပါတယ်၊ အဲဒါကို အဋ္ဌကထာများနဲ့ အဘိဓမ္မ သင်္ဂဟကျမ်းမှာ “လက္ခဏ ရသ ပစ္စုပဋ္ဌာန ပဒဋ္ဌာနဝသေန နာမရူပပရိဂ္ဂဟော ဒိဋ္ဌိဝိသုဒ္ဓိနာမ” လို့ ဆိုတဲ့အတိုင်း လက္ခဏ အလိုအားဖြင့်လည်း နာမ်ရုပ်တွေကို ရှုတယ်၊ ရသကိစ္စနဲ့လည်း ရှုရတယ်၊ ပစ္စုပဋ္ဌာန သူ့ထင်ပုံ အခြင်းအရာ အားဖြင့်လည်း ရှုရတယ်၊ အဲဒီလို ရှုပြီးတော့ ဒီရုပ်နာမ်တွေကို သိရတယ်။ ဒါတင်လား ဆိုတော့ ပဒဋ္ဌာန နီးသော အကြောင်းအားဖြင့်လည်း ရှုရတယ်လို့သိရတယ်။
နီးသော အကြောင်းအားဖြင့် ရှုရာမှာ ဒီပြင်ရုပ်တွေအတွက် သိပ်မထင်ရှား ပေမယ်လို့ အာပေါဓာတ်မှာတော့ ထင်ရှားတယ်၊ အာပေါဓာတ်ရဲ့နီးသော အကြောင်းကတော့ ပထဝီ, တေဇော, ဝါယောတို့ပါပဲ၊ အဲဒီ ဓာတ်သုံးပါးက သူနဲ့အတူ ယှဉ်တွဲပြီးတော့ဖြစ်တယ်၊ အဲဒီဓာတ်သုံးပါးကို မှီပြီးတော့ အာပေါဓာတ်က ဖြစ်ရတယ်၊ တွေ့ထိရာမှာ အာပေါ၏ နီးသော အကြောင်းဖြစ်တဲ့ ပထဝီ, တေဇော, ဝါယောတို့က တွေ့ထိတာ၊ အာပေါဓာတ်က မတွေ့မထိ ကောင်းဘူး၊ သူ့ကို မထိသိနိုင်ဘူး၊ သို့သော်လည်း သူနဲ့တွဲပြီးတော့ နေတဲ့ ပထဝီဓာတ် မာကြမ်းတဲ့ သဘောကို နူးညံ့တဲ့ သဘောကို တွေ့ထိနိုင်တယ်၊ ပူနွေးတဲ့ တေဇောဓာတ်ကို တွေ့ထိနိုင်တယ်၊ တောင့်တင်း, တွန်းကန်, လှုပ်ရှားတဲ့သဘောကို တွေ့ထိနိုင်တယ်၊ အဲဒီထူးခြားတဲ့ ပထဝီ, တေဇော, ဝါယောတွေကို တွေ့ထိပြီးတော့ ဒါက စိုနေတာပဲ၊ ဒါက အရည်ပဲ ဆိုတာ သိရတာပေါ့၊ ဒါဟာပဒဋ္ဌာန် အားဖြင့် အာပေါဓာတ်ကို သိရတာတဲ့၊ ဒီလို တိုက်ရိုက် မတွေ့နိုင်တဲ့ ရုပ်တရား, နာမ်တရားတွေကို ပဒဋ္ဌာန် ကနေပြီးတော့ သိနိုင်တယ်၊ ရှုမှတ်နိုင်တယ်။ ဒီအတိုင်း အဲဒီလို သိနိုင်တာကြောင့် အဋ္ဌကထာတွေက ပဒဋ္ဌာန်အားဖြင့် သိရတယ်လို့ ဒီလို ဆိုထားတယ်။
ဘာဝရုပ် စသည်ကို ရှုမှတ်နည်း
ပြီးတော့ ဣတ္ထိဘာဝ, ပုမ္ဘာဝရုပ်ကိုသိဖို့က ဘယ်လိုတုန်း ဆိုလို့ရှိရင် အမျိုးသားနဲ့ အမျိုးသမီးတွေ ဆိုတာ စိတ်နေ သဘောထား, စိတ်ကူး ကြံစည်မှုမှ စပြီးတော့ တစ်ဦးနဲ့တစ်ဦး တူကြတာ မမဟုတ်ဘူး၊ ထူးခြားတာတွေ ရှိတယ်၊ အဲဒီလို ထူးခြားတာတွေကို တွေ့ရလို့ သူတို့ရဲ့ တည်မှီရာ ဘာဝရုပ်ကို သိရတယ်၊ ဒါက ဣတ္ထိဘာဝပဲ, ဒါက ပုမ္ဘာဝပဲ ဆိုတာ သူတို့ အမူအရာ, သူတို့စိတ်နေ သဘောထားကို တွေ့တာနဲ့ သိနိုင်တယ်ပေါ့။
ဟဒယရုပ်ဆိုတာကို သိဖို့ကတော့ စိတ်ကူးတိုင်း, ကြံစည်တိုင်း, စဉ်းစားတိုင်း စိတ်ကူးကြံစည်, စဉ်းစားတယ်လို့ ရှုမှတ်တဲ့အခါ အဲဒီစိတ်ကူး, ကြံစည်, စဉ်းစားမှု၏ တည်ရာ နှလုံးရုပ်ကို သိရတယ်။
အာဟာရရုပ်ကို သိဖို့ကတော့ အစာအာဟာရ စားသောက်တဲ့ အခါကာလ၊ အစာအာဟာရကို အကြောင်းပြုပြီးတော့ ကိုယ်ထဲမှာ ဆာလောင်ခြင်းကင်းမှု, အားအင် ပြည့်ဖြိုးမှု, နေသာထိုင်သာရှိမှု တို့ဖြင့် အာဟာရရုပ်ကို သိရတယ်။
အသက်ရုပ်ကိုသိဖို့ကတော့ မျက်စိ, နား အစရှိတဲ့ ကမ္မဇရုပ်တွေ ဆက်ကာ ဆက်ကာ ဖြစ်နေတာတွေကို တွေ့သောအားဖြင့် အသက်ရှင်စေတတ်တဲ့ ရုပ်ဆိုတာ ရှိတယ်လို့ သိရတယ်၊ ဒါဟာ အင်မတန် သိမ်မွေ့ပါတယ်၊ အင်မတန် ဗဟုသုတရှိတဲ့ ပုဂ္ဂိုလ်တွေ, ပညာရှိ ပုဂ္ဂိုလ်တွေမှ သိနိုင်မှာပါ၊ သာမန်ပုဂ္ဂိုလ်တွေ သိဖို့ မလွယ်ပါဘူး၊ အဲဒီရုပ်တွေက သူတို့ကို တိုက်ရိုက် ရှုလို့မရတဲ့ ရုပ်တွေတဲ့၊ အဲဒီ တစ်ဆယ့်ရှစ်ပါးသော ရုပ်တွေကို သဘာဝရုပ်တွေလို့ ခေါ်တယ်၊ ဒီရုပ်တွေကို ဝိပဿနာရှုရတယ်။
မြင်တိုင်း, ကြားတိုင်း, နံတိုင်း, စားတိုင်း, ထိသိတိုင်း, ကွေးတိုင်း, ဆန့်တိုင်း, လှုပ်ရှားတိုင်း, စိတ်ကူးစဉ်းစား ကြံစည်တိုင်း ကိုယ်အမူအရာ တွေကို ရှုမှတ် နေတာဟာ မျက်စိနဲ့ အဆင်း, နားနဲ့အသံ, နှာခေါင်းနဲ့အနံ့, လျှာနဲ့အရသာ, ကိုယ်နဲ့ အတွေ့အထိ အဲဒါတွေကို ရှုမှတ်နေတာပဲ၊ အဲဒီ ရှုမှတ်နေတာတွေထဲမှာ အာပေါ ဓာတ်လည်း ပါသွားတယ်၊ စိတ်ကူး စဉ်းစားကြံစည်မှုကို ရှုတော့ နှလုံးရုပ်လည်း ပါသွားတယ်၊ မြင်မှု, ကြားမှု စသည်ကို ထပ်ခါထပ်ခါ ရှုနေတော့ မျက်စိရုပ်, နားရုပ် စသည်တွေ ထပ်ခါထပ်ခါ ဖြစ်နေတာကို တွေ့ရသောအားဖြင့် အဲဒီမှာ အသက်ရုပ်လည်း ပါသွားပြီဆိုတာ သိရတယ်၊ အစာအာဟာရ စားမျိုလို့ ကိုယ်ထဲတောင့်တင်း နေတာတွေကို တွေ့ရသောအားဖြင့် ဒီအာဟာရရုပ်လည်း ရှုတဲ့အထဲ ပါသွားတယ်၊ ဒါကြောင့် -
“ဘုတ်လေး, ကြည်ငါး၊ အာရုံငါး၊ နှစ်ပါး ဘာဝမည်”
“သီးခြားသုံးပါ၊ ဆယ့်ရှစ်ဖြာ၊ သဘာဝရုပ်မည်”
“သဘာဝရုပ်ဓာတ်၊ ပရမတ်၊ ဝိပဿ်ရှုရသည်”
သဘာဝ ရုပ်ဓာတ်တွေဟာ ပရမတ်တရား တွေပဲ၊ ဝိပဿနာ ရှုတဲ့တရား၊ ရုပ် တစ်ဆယ့်ရှစ်ပါး ပြီးသွားပြီ၊ ရုပ်က ဟဒယရုပ်ပါ ဆိုရင် နှစ်ဆယ့်ရှစ်ပါးတောင် ရှိတယ်၊ အခု တစ်ဆယ့်ရှစ်ပါး ပြီးသွားတော့ ဆယ်ပါး ကျန်နေသေးတယ်၊ အဲဒါကို ဆိုရမယ်။
“ကြွင်းရုပ်ဆယ်ဖြာ၊ ပညတ်သာ၊ ရှုစရာ မလိုပြီ” (ဆို ၃-ခေါက်)
ကျန်တဲ့ရုပ်တွေက ဆယ်ပါး ရှိသေးတယ်၊ အဲဒါ ပညတ်ရုပ်တွေပဲ၊ သူတို့ကို ကြောင့်ကြ စိုက်ပြီးတော့ ရှုစရာ မလိုဘူးတဲ့၊ အဲဒါ ဘယ်ရုပ်တွေလဲ ဆိုလို့ရှိရင် -
“အာကာသဓာတ်, နှစ်ဝိညတ်၊ ပေါ့လတ်, နု, ခံ့သည်”
“ဖြစ်ပွားရင့်လတ်၊ သေပျက်မှတ်၊ ပညတ်ရုပ်ဆယ်မည်”
ပညတ်ရုပ် ဆယ်ခုဟာ ဒါတွေပဲ၊ အဲဒီထဲ အာကာသဓာတ် ဆိုတာ ဟင်းလင်းပြင်လိုပဲ၊ ဒါပေမယ့်လို့ ဒီမှာတော့ ရုပ်ကလာပ် နှစ်ခုတို့၏ အကြား အကြားကို အာကာသ ဓာတ်လို့ ဆိုလိုတယ်၊ ရုပ်ကလာပ်တွေဟာ တစ်ခုနဲ့တစ်ခု မရောဘူး၊ သီးခြား စီတည်နေကြတယ်၊ အဲဒီ သီးခြား တည်နေတဲ့ ရုပ်ကလာပ်တွေမှာ ထိသကဲ့သို့ ရောစပ်တည်နေ ကြပေမယ်လို့ အမှန်ကတော့ တစ်ခုနဲ့တစ်ခု မရောမစပ်ဘူး၊ ဥပမာ လက်နှစ်ချောင်းကို ပူးပြီးတော့ လက်မနဲ့လက်ညှိုး နှိပ်ထား လို့ရှိရင် အကြားရယ်လို့ ဘယ်မြင်ရမလဲ၊ ဒါပေမယ့်လို့ ဒီလက်နှစ်ချောင်းဟာ တစ်ပေါင်းတည်း တစ်ခုတည်း ရောနေတာတော့ မဟုတ်ဘူး၊ တခြားစီပဲ၊ အဲဒီလို တခြားစီကွဲနေတဲ့ အကြားအကြားကို အာကာသဓာတ်လို့ ခေါ်တယ်၊ ဆန်တို့, စပါးတို့, ပြောင်းတို့ကို တောင်းထဲမှာ ထည့်ပြီးတော့ ရေလောင်းရင် အဲဒီအထဲမှာ ရေဝင်သွားတာပဲ၊ အဲဒါ ခြားနေတဲ့ အာကာသရှိလို့ ရေတွေဝင်သွားတာပဲ၊ ရုပ်ကလာပ်တွေလည်း ဒီလိုပဲ၊ သူတို့အကြား အကြားမှာ အာကာသတွေ ရှိတယ်၊ အဲဒီလိုရှိနေတဲ့ အာကာသဓာတ် အဲဒီအာကာသ ဓာတ်ဟာ ပညတ်ရုပ်၊ ပရမတ်ရုပ် မဟုတ်ဘူး၊ ကောင်းကင်ပြင်ကြီးကိုလည်း အာကာသလို့ ခေါ်တာပဲ၊ သူလည်း ပညတ်ပါပဲ။
နှစ်ဝိညတ်တဲ့၊ ဝိညတ်ရုပ် နှစ်ခုရှိတယ်၊ ကာယဝိညတ်, ဝစီဝိညတ်တဲ့၊ အဲဒီ ဝိညတ်ကလည်း စာပေကျမ်းဂန်အရ တိတိကျကျ၊ ပြောရရင် အသိခက်တာပဲ၊ အခု ဒီမှာတော့ လွယ်လွယ်ပဲ ပြောရမယ်၊ ကိုယ်ဖြင့်သိစေတဲ့ အမူအရာကို ကာယဝိညတ်, နှုတ်ဖြင့်သိစေတဲ့ အမူအရာကို ဝစီဝိညတ်လို့ ခေါ်တယ်၊ ကိုယ်အမူအရာ, နှုတ် အမူအရာတွေ ပေါ့လေ၊ ကိုယ် အမူအရာ ကိုမြင်ရုံနဲ့ ဒီပုဂ္ဂိုလ် ဘာဖြစ်နေတယ်ဆိုတာ သိနိုင်တာတွေရှိတယ်၊ မျက်နှာပြုံးနေတာကို မြင်လို့ရှိရင် သူ့မှာ စိတ်ချမ်းသာနေတယ် ဆိုတာ သိနိုင်တယ်၊ စိတ်ဆိုးနေပြီဆိုရင် သူ့မျက်နှာဟာ နီးပြီးတော့ မျက်စိမျက်နှာ မလှဘဲ ဖြစ်နေတတ်တယ်၊ အဲဒါ သူ စိတ်ဆိုးနေပြီ ဆိုတာကို သိရတယ်၊ အဲဒီလို သူဖြစ်နေတဲ့ ကိုယ်အမူအရာဖြင့် သိစေတဲ့ ရုပ်ဟာ ကာယဝိညတ်ရုပ်တဲ့၊ ဝစီဝိညတ်ဆိုတာကတော့ နှုတ်ဖြင့် ပြောပြီးတော့ သိစေတာပါပဲ၊ ဘာပြောတာပဲ၊ ဘာသိစေတယ် ဆိုတာ နှုတ်ကပြောတာ ကျတော့ သာပြီး ထင်ရှားပါတယ်၊ အဲဒီလို သိစေတဲ့ရုပ်ကို ဝိညတ်ရုပ်လို့ ဆိုပါတယ်၊ လွယ်လွယ်ပြောရတာပဲ၊ ကာယဝိညတ်, ဝစီဝိညတ်, ရုပ်တဲ့၊ အဲ သူကနှစ်ခု အာကာသပါဆိုရင် သုံးခု။
“ပေါ့လတ် နုခံ့သည်” တဲ့၊ ပေါ့တာကတစ်ခု၊ နူးညံ့တာကတစ်ခု၊ ခံ့ကျန်းတာက တစ်ခု၊ ဒီသုံးခုဟာ တွဲလျက် တစ်ပေါင်းတည်းပါပဲ၊ ပေါ့တဲ့ရုပ်ဟာ နူးလည်း နူးညံ့တယ်, ခံ့လည်း ခံ့ကျန်းတယ်၊ ဒါက ရုပ်တို့၏ ဂုဏ်ပါပဲ၊ စိတ်တွေ ရွှင်ရွှင်လန်းလန်း ဖြစ်နေတဲ့ အခါကာလမှာ ကွေးလိုက်, ဆန့်လိုက်, ထိုင်လိုက်, ထလိုက်တိုင်း ပေါ့ပါး နေတာပဲ၊ နူးနူးညံ့ညံ့လည်း ဖြစ်နေတာပဲ၊ ခံ့ခံ့ကျန်းကျန်းလည်း ဖြစ်နေတာပဲ၊ နေမကောင်း ထိုင်မသာ ဖြစ်နေပြီဆိုရင်တော့ စိတ်တွေလည်းလေး ရုပ်တွေလည်း လေးနေတာပဲ၊ နေကောင်း ပေမယ်လို့ စိတ်လေးနေတဲ့ အခါကာလမှာ ကိုယ်တွေ, လက်တွေ, ပြုရပြင်ရတာ မပေါ့ပါးဘူး၊ မနူးညံ့ဘူး၊ မခံ့ဘူး၊ စိတ်တွေ ရွှင်ရွှင်လန်းလန်း ဖြစ်နေတဲ့ အခါကာလမှာ ပေါ့တဲ့ရုပ်, နူးညံ့တဲ့ရုပ်, ခံ့ကျန်းတဲ့ရုပ်တွေ ထင်ရှားတယ်၊ ဥတုတို့, အာဟာရတို့ ဆိုတာတွေ ကလည်း ရှိသေးတယ်၊ အဲ သူတို့နဲ့ စပ်ပြီး တော့လည်း ပေါ့မှု, နူးညံ့မှု, ခံ့ကျန်းမှုတွေ ဖြစ်နိုင် သေးတယ်၊ ဒါတွေ နောက်နားကျတော့ ပါလာလိမ့်မယ်။
ဒီမှာ “ပေါ့လတ် နုခံ့” လို့ဆိုထားတယ်၊ နူးခံ့ဆိုရင် ဆိုလို့ တယ်မကောင်းဘူး၊ ဒါကြောင့် နုခံ့လို့ ဆိုထားတယ်၊ အဲ အာကာသဓါတ် - ဟင်းလင်းပြင်ရုပ်ကတစ်ခု၊ ဝိညတ် - ကိုယ်အမူအရာ, နှုတ်အမူအရာ ဝိညတ်ရုပ်က နှစ်ခု၊ ပေါ့ရုပ်, နူးညံ့ရုပ်, ခံ့ကျန်းရုပ်က သုံးခု၊ ပေါင်းလိုက်တော့ ခြောက်ခု၊ အဲဒါဆိုရမယ်-
“အာကာသဓာတ်၊ နှစ်ဝိညတ်၊ ပေါ့လတ် နုခံ့သည်”
အာကာသဓာတ်ရယ်, ဝိညတ်ရုပ် နှစ်ခုရယ်, ပေါ့က ပေါ့ရုပ်, နုက နူးညံ့ရုပ်, ခံ့က ခံ့ကျန်းရုပ်၊ အဲဒါ ခြောက်ခုတဲ့၊ ပေါ့ဆိုတာက
“ကာယဿ လဟုတာ”
ကာယဿ - ကိုယ်၏၊
လဟုတာ - ပေါ့ပါးသည်၏ အဖြစ် ပေါ့ပါးခြင်း၊
“ရူပဿ မုဒုတာ”
ရူပဿ - သဘာဝရုပ် နိပ္ဖန္နရုပ်၏၊
မုဒုတာ - နူးညံ့သည်၏အဖြစ် နူးညံ့ခြင်း၊
“ရူပဿ ကမ္မညတာ”
ရူပဿ - သဘာဝရုပ် နိပ္ဖန္နရုပ်၏၊
ကမ္မညတာ - အမှု၌ခံ့သည်၏ အဖြစ် အမှု၌ခံခြင်း၊
ဒီမှာ နားလည်လွယ်အောင်လို့ ဆိုပြီးတော့ လဟုတာရုပ်ကို ပေါ့ရုပ်၊ မုဒုတာကို နူးညံ့ရုပ်၊ ကမ္မညတာကို ခံ့ရုပ်လို့ မြန်မာလိုဆိုထားတယ်။ ပြီးတော့ -
“ဖြစ်ပွားရင့်လတ်၊ သေပျက်မှတ်၊ ပညတ် ရုပ်ဆယ်မည်” တဲ့။
သဘာဝရုပ် တစ်ဆယ့်ရှစ်ခု၏ အစဖြစ်ပေါ်တဲ့သဘော၊ နောက် ဆက်ကာ ဆက်ကာ ပွားလာတဲ့ သဘော၊ အဲဒါက ဖြစ်တာချည်းပါပဲ၊ ဖြစ်တာကလည်း အစဆုံး ဖြစ်တာနဲ့ နောက် ဆက်ကာဆက်ကာ ဖြစ်ပွားနေတာကို ဆိုတာပါပဲ၊ နောက်ပြီးတော့ ရင့်တဲ့ အလယ်ပိုင်းရယ်, နောက်ဆုံး သေပျက် သွားရတာရယ် အဲဒါကို သိလွယ်အောင်လို့ မြန်မာလိုဆိုပြီး ဆောင်ပုဒ် လုပ်ထားတာပဲ၊ တိုတိုပြောရရင် ရုပ်တို့၏ ဥပါဒ်, ဌီ, ဘင်လို့ မှတ်ရမယ်။ ဖြစ်, ပွားဆိုတာက ဥပါဒ်၊ ရင့်လတ် ဆိုတာက ဌီ၊ သေပျက်ဆိုတာက ဘင်တဲ့။
ရုပ်မှာသာ ဒီလိုဆိုထားတာပဲ၊ နာမ်တရားတွေမှာတော့ ဒီလိုမရှိဘူး ရုပ်တရားမှာ ပဋိသန္ဓေက စပြီးတော့ ပထမဆုံး ဖြစ်လာတာကို ဖြစ်တယ်ဆိုပြီးတော့ ဥပစယ ဥပါဒ်လို့ ဆိုပါတယ်၊ နောက် ဆက်ကာဆက်ကာ ဖြစ်နေတာကျတော့ သန္တတိ ဖြစ်စဉ် - ဖြစ်ပွားတာပဲ၊ ပြီးတော့ ရုပ်တို့၏ အလယ်ပိုင်းရင့်တာကို ဇရတာတဲ့၊ အဲဒါ ရုပ်တို့၏ ဌီပါပဲ၊ နောက်ဆုံးပျက်တာကျတော့ အနိစ္စတာတဲ့၊ အဲဒါ ရုပ်တို့၏ ဘင်ကိုဆိုတာပဲ၊ အဲဒီ ရုပ်က လေးခု၊ အဲဒီရုပ်လေးခုကို လက္ခဏရုပ်လို့ခေါ်တယ်၊ လက္ခဏဆိုတာ မှတ်ကြောင်းဖြစ်တဲ့ ရုပ်ပါပဲ၊ နိပ္ဖန္နရုပ်တွေကို ဥပစယ, သန္တတိအစဖြစ်ပေါ်လာမှု, ဖြစ်ပွားမှုနဲ့လည်း မှတ်ရတယ်၊ ဇရတာ - အလယ်ရင့်ကျက်မှု ဌီနဲ့လည်း မှတ်ရတယ်၊ အနိစ္စတာ အဆုံး ပျက်စီးမှုနဲ့လည်း မှတ်ရတယ်။
မဖြစ်တာဆိုရင် မဖြစ်မှ မဖြစ်ဘဲ မမြဲဘူးလို့ မပြောနိုင်ဘူး၊ ဖြစ်ပြီးတော့ မပျက်ဘဲ တည်နေရင် လည်းပဲ မမြဲဘူးလို့ မပြောနိုင်ဘူး၊ အခုတော့ ဖြစ်တော့ ပျက်စီးသွားတာ ဖြစ်လို့မို့ ဒါမမြဲဘူးလို့ ဆိုရတယ်၊ အဲဒီလို မမြဲခြင်းကို မှတ်ကြောင်း ဖြစ်လို့ လက္ခဏာ မှတ်ကြောင်း လက္ခဏ ရုပ်တဲ့၊ ဆိုကြရမယ်။
“ဖြစ်ပွားရင့်လတ်၊ သေပျက်မှတ်၊ ပညတ်ရုပ်ဆယ်မည်” (ဆို ၃-ခေါက်)
အဲဒါ ကိုယ်ထဲရှိတဲ့ရုပ်တွေ အားလုံး နှစ်ဆယ့်ရှစ်ပါး၊ အဖိုဖြစ်ကြောင်း အမဖြစ်ကြောင်း ဘာဝရုပ်ကတော့ တစ်ခုပ ရတယ်၊ နှစ်ဆယ့်ခုနစ်ပါးပေါ့လေ၊ ဒါလူတိုင်း လူတိုင်းမှာ အပြည့်အစုံရှိရင် အဲဒီအတိုင်းပဲ၊ အဲ မျက်စိကွယ်နေတဲ့ ပုဂ္ဂိုလ်ဆိုရင်တော့ မျက်စိရုပ်မရှိဘူး၊ နားပျက်နေတဲ့ ပုဂ္ဂိုလ်ဆိုရင်လည်း နားရုပ် မရှိဘူးပေါ့လေ၊ အဲဒီလို နည်းနည်းပါးပါး လျော့နေတဲ့ ပုဂ္ဂိုလ်တွေလည်း တချို့ ရှိပါလိမ့်မယ်၊ များသောအားဖြင့် လူတိုင်းလူတိုင်းမှာ ရုပ်နှစ်ဆယ့်ခုနစ်ပါး ကတော့ ရှိနေတာပဲ။
ထင်ရှားတဲ့ ရုပ်ကို ရှုရတယ်
အဲဒီမှာ ထင်ရှားတဲ့ ရုပ်တွေကို ဝိပဿနာရှုရတယ်၊ မြင်တိုင်း ကြားတိုင်း ဒွါရခြောက်ပါးမှာ ထင်လာတဲ့ ရုပ်တွေကို ရှုရတယ်၊ ထင်လာတဲ့ ရုပ်တွေကို မရှုမိလို့ရှိရင် အဲဒါတွေကို ပုဂ္ဂိုလ်သတ္တဝါအနေနဲ့ အထင်မှားပြီးတော့ တဏှာနဲ့ သာယာပြီးတော့လည်း စွဲလမ်းတယ်၊ ဒိဋ္ဌိနဲ့အထင်မှားပြီး တော့လည်း စွဲလမ်းတယ်၊ အဲဒီလို စွဲလမ်းတာတွေ ပျောက်အောင်လို့ မြင်တိုင်း, ကြားတိုင်း ဒွါရခြောက်ပါးမှာ ထင်လာတဲ့ ရုပ်တွေကို ရှုရတယ်၊ ဒီမှာနာမ်အမည်တွေ မပါသေး ဘူး၊ နာမ်ကိုတော့ နောက်မှပဲ ပြောရမယ်၊ အခုတော့ “ရူပက္ခန္ဓာ” ရုပ်ဝတ္ထုပဲ ရှိသေးတယ်။
အနည်းဆုံး ရုပ်ရှစ်ခု ပေါင်းဖြစ်တယ်
အဲဒီရုပ်တွေကလည်း ရုပ်တစ်ခုချင်း တစ်ခုချင်း ဖြစ်တာမဟုတ်ဘူး၊ အနည်းဆုံး ရုပ်ရှစ်ခုပေါင်း ဖြစ်တယ်၊ ရှစ်ခုထက် နည်းပြီးတော့ မဖြစ်ဘူး၊ ဘယ်လိုပေါင်း ဖြစ်သလဲဆိုရင် မြင်တဲ့အဆင်းရုပ်၊ အနံ့ရုပ်၊ အရသာရုပ်၊ ပထဝီ, အာပေါ, တေဇော, ဝါယောဆိုတဲ့ ဘုတ်လေးပါး၊ ဩဇာရုပ် - ဩဇာရုပ်ဆိုတာ အာဟာရရုပ်ပဲ၊ အနည်းဆုံး ဒီရုပ်ရှစ်ခုကတော့ ပေါင်းပြီးတော့ဖြစ်တယ်၊ ကဲ . . အဲဒါဆိုရမယ်။
“ဆင်းနံ့ရသာ၊ ဘုတ်လေးဖြာ၊ ဩဇာဋ္ဌကလာပ်” (ဆို ၃-ခေါက်)
အဲဒီ ရုပ်ရှစ်ခုပေါင်းဖြစ်တာကို အဋ္ဌကလာပ်ရုပ်လို့ ခေါ်တယ်၊ အဋ္ဌဆိုတာ ရှစ်ခု၊ ကလာပ် - ဆိုတာ အပေါင်း- အဋ္ဌကလာပ် - ရုပ်ရှစ်ခုအပေါင်းတဲ့၊ လင်္ကာဖြစ်လို့မို့ “ဋ္ဌကလာပ်”လို့ အ-ဋ္ဌ-က-အ ကို ဖျောက်ဆို ထားတာ၊ ဆိုလိုတာက အဋ္ဌကလာပ် အဲဒီလို အပြည့်အစုံဆိုလိုတာပဲ။
ကလာပ်ဆိုတာလည်း ကမ္မဇကလာပ်, စိတ္တဇကလာပ်, ဥတုဇကလာပ်, အာဟာရဇ ကလာပ်ရယ်လို့ လေးမျိုးရှိပါတယ်၊ အခု ရုပ်ရှစ်ခုထဲ ပေါင်းဖြစ်တဲ့ ကလာပ်ကတော့ ကမ္မဇကလာပ်ရယ်လို့ မရှိဘူး၊ ကံကြောင့် ဖြစ်တဲ့ ကမ္မဇကလာပ်ထဲမှာ အဋ္ဌကလာပ်ဆိုတာ မရှိဘူး၊ ရှစ်ခုပေါင်း မရှိဘူး၊ ကိုးခု, ဆယ်ခုပေါင်းသာ ရှိတယ်၊ ဒါကြောင့် လက်သည်းကွင်းနဲ့ ကမ္မဇ မရှိလို့ ပြထားတယ်။ မြူမှုန်လေး တစ်ခုဆိုရင် အဲဒါ ရုပ်ရှစ်ခုအပေါင်း ပါဝင်တယ်၊ ဘယ်လောက်သေးသေး၊ အဲဒါ ရုပ်ရှစ်ခု အပေါင်းပဲ၊ ကိုယ်ထဲမှာလည်းပဲ ကမ္မဇမဟုတ်တဲ့ ရုပ်တွေရှိတယ်၊ အဲဒီအထဲမှာ ပထဝီ လွန်ကဲနေလို့ရှိရင် ခက်မာကြမ်းတမ်းတာ, နူးညံ့တာက ထင်ရှားတယ်၊ အာပေါ လွန်ကဲရင်လည်း အစို, အရည်တွေက ထင်ရှားတယ်၊ ရေလေးတစ်မှုန် ထဲမှာလည်း အဲဒီအဋ္ဌကလာပ် ရုပ်ရှစ်ခုကတော့ ရှိတာပဲ၊ တေဇော - အပူ အခိုးအငွေ့ထဲမှာလည်း ဒီရှစ်ခုပဲ၊ ဝါယော - လေထဲမှာလည်း ဒီရှစ်ခုပဲ။ အဲ လေထဲမှာတော့ အသေးစိတ်ခွဲလို့ မလွယ်ဘူး၊ သူက ပေါင်းလျက် စုလျက်ပဲ ဖြစ်နေတယ်၊ အမှုန်လေးလုပ်လို့ မရဘူး။ ပထဝီတို့, အာပေါတို့ကတော့ အမှုန်လေးလုပ်လို့ရတယ်။
ရုပ်ဆိုရင်တော့ အဆင်းလည်း ရှိတာပဲ၊ အဲဒီအဆင်းကို မျက်စိမကောင်းလို့ မမြင်ရင်သာ ရှိရမယ်၊ မြင်နိုင်ကောင်းတဲ့ အဆင်းတော့ သူ့မှာရှိတယ်၊ အနံ့သဘော လည်း ရှိတာပဲ၊ တချို့ နမ်းကြည့်ပေမယ်လို့ အနံ့က မထင်ရှားဘူး၊ ဒါပေမယ့် သူ့မှာ အနံ့ကတော့ ရှိတာပဲ။ သိမ်မွေ့တယ်၊ အရသာလည်း ရှိတာပဲ၊ လျှာပေါ် တင်ကြည့်သော်လည်း တချို့ အရသာမပေါ်ဘူး၊ ဒါပေမယ့်လို့ အရသာ သဘောတော့ ရှိတာပဲ၊ သဲလုံးကို လျှာပေါ် တင်ကြည့်ရင် အရသာမရှိဘူးလို့ ပြောမှာပဲ၊ ဒါပေမယ့်လို့ အဲဒီအထဲမှာ အရသာရုပ် ဆိုတာရှိတယ်၊ ဩဇာ ဆိုတာကတော့ အာဟာရရုပ်ပဲ၊ အာဟာရကို ဖြစ်စေနိုင်တဲ့ ရုပ်တဲ့၊ ဒါလည်း ရှိတာပဲ။
အဲဒီရှစ်ခုကို ပါဠိနဲ့ဆိုရင် ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာတဲ့၊ အဲဒါ အဋ္ဌကလာပ် ရုပ်ရှစ်ခု အပေါင်းပဲ၊ ဒီ ရုပ်ရှစ်ခုကတော့ ဘယ်လောက် သေးငယ်တာဖြစ်ဖြစ် ရုပ်သာ ဆိုလို့ရှိရင်တော့ ဒီရုပ်ရှစ်ခုဟာ တစ်ပေါင်း တစ်စည်းထဲ ပါရှိနေတယ်လို့သာ မှတ်ဖို့ပါပဲ၊ အဲဒီ ရုပ်ရှစ်ခု အပေါင်းကို ပါဠိလို သုဒ္ဓဋ္ဌက ကလာပ်လို့ ခေါ်တယ်။
အဲ သုဒ္ဓဋ္ဌက ကလာပ်ရှစ်ခုထဲကို ဇီဝိတ အသက်ရုပ်တစ်ခု တည့်လိုက်ရင် ရုပ်ကိုးခု ဖြစ်သွားတယ်၊ အဲဒီကိုးခု အပေါင်းကို ကျမ်းဂန်တွေမှာ ဇီဝိတနဝက ကလာပ်လို့ ဆိုပါတယ်၊ ကံကြောင့်ဖြစ်တဲ့ ကမ္မဇ ကလာပ်တဲ့၊ အဲဒီမှာ ပါစကတေဇောပါတယ်လို့ ဆိုပါတယ်၊ ပါစကတေဇော ဆိုတာ အစာကို ကျက်စေတတ်တဲ့ ဝမ်းမီးပေါ့၊ ကဲ ဆိုရမယ်။
“အသက်နှင့်တကွ၊ ထိုအဋ္ဌ၊ နဝ ရုပ်ကလာပ်” (ဆို ၃-ခေါက်)
ဗြဟ္မာတွေကို ပြတဲ့နေရာမှာ ဇီဝိတနဝက ကလာပ်ရုပ်ကိုလည်း ပြပါတယ်၊ ကာမသတ္တဝါတွေ မှာတော့ ဇီဝိတနဝက ကလာပ်ကို သီးခြားမပြပါဘူး၊ ဒွတ္တိံသာကာရ ၃၂-ပါးသော အခြင်းအရာ တွေကို ပြတဲ့ နေရာကျတော့ ပြပါတယ်၊ အဲဒီမှာ ဇီဝိတနဝက ကလာပ်တွင် ပါစက တေဇော ရှိတယ်ဆိုပြီးတော့ ပြထားပါတယ်။
“အကြည်ဘာဝ၊ ဟဒယ၊ ဒသရုပ်ကလာပ်”တဲ့၊ အကြည်ရယ်, ဘာဝရယ်, ဟဒယရယ်, အဲဒါ တိုတိုနဲ့ မှတ်လွယ်အောင် ချုံးပြီးတော့ ဆိုထားတယ်၊ အကြည်ရုပ်က ငါးခု၊ ဘာဝရုပ်က နှစ်ခု၊ ဟဒယရုပ်က တစ်ခု၊ အဲ ရှစ်ခုရှိသွားပြီ၊ ပြီးတော့ ဇီဝိတကဆိုခဲ့ပြီ၊ အဲဒါက တစ်ခု၊ ပေါင်းတော့ ကိုးခုရှိတယ်၊ အဲဒီကိုးခုကို အဋ္ဌကလာပ်ရုပ် ရှစ်ခုကိုထည့်ရမယ်၊ ထည့်တဲ့ အခါမှာ မျက်စိ အကြည်ရယ်, ဇီဝိတရယ်, အဋ္ဌက ကလာပ် ရှစ်ခုရယ် ပေါင်းဆယ်ခု၊ အဲဒါ ဒသက ကလာပ်တစ်ခုပဲ၊ နောက် ဒီအတိုင်း နားအကြည်ရယ်, ဇီဝိတရယ်, အဋ္ဌက ကလာပ်ရယ် ဆယ်ခု၊ သူက ဒသရုပ်တစ်ခု၊ နှာအကြည်ရယ်, ဇီဝိတရယ်, အဋ္ဌက ကလာပ်ရှစ်ခုရယ် ဆယ်ခု၊ သူက ဒသရုပ်တစ်ခု၊ လျှာအကြည်ရယ်, ဇီဝိတရယ်, အဋ္ဌက ကလာပ်ရှစ်ခုရယ် ဆယ်ခု၊ သူက ဒသရုပ်တစ်ခု၊ နောက် ကိုယ်အကြည်ရယ်, ဇီဝိတရယ်, အဋ္ဌက ကလာပ်ရယ် ဆယ်ခု၊ သူက ဒသရုပ်တစ်ခု၊ နောက် ဣတ္ထိဘာဝရယ်, ဇီဝိတရယ်, အဋ္ဌက ကလာပ်ရယ် ဆယ်ခု၊ သူက ဒသရုပ်တစ်ခု၊ နောက် ပုမ္ဘာ၀ ရယ်, ဇီဝိတရယ်, အဋ္ဌက ကလာပ်ရယ် ဆယ်ခု၊ နောက် ဟဒယရယ်, ဇီဝိတရယ်, အဋ္ဌက ကလာပ်ရယ် ဆယ်ခု၊ သူက ဒသရုပ်တစ်ခု၊ ဒသက ကလာပ်ဘယ်နှစ်ခု ရှိသွားပြီလဲ ဆိုရင် ရှစ်ခုရှိသွားပြီ၊ အဲဒါတွေဟာ ကမ္မဇကံကြောင့် ဖြစ်တာတွေ၊ စိတ်ကြောင့်လည်းမဟုတ်၊ ဥတုကြောင့်လည်း မဟုတ်၊ အာဟာရကြောင့်လည်း မဟုတ်ဘူး၊ ကံကြောင့်ဖြစ်တဲ့ ရုပ်ကလာပ် တွေတဲ့၊ ကဲဆိုရမယ်။
“အကြည် ဘာဝ၊ ဟဒယ၊ ဒသ ရုပ်ကလာပ်” (ဆို ၃-ခေါက်)
ဒါ ဝိပဿနာ ရှုရတဲ့ ကလာပ်တွေ၊ ဒီတော့ သူက အရေးကြီးတယ်၊ မျက်စိက မြင်တိုင်း, မြင်တိုင်း၊ မြင်တယ် မြင်တယ်သိရင် မျက်စိရုပ်ရယ်, မြင်စရာရုပ်ရယ် ဒီလောက်သာမကဘူး၊ ပထဝီ စတဲ့ ဘုတ် ၄-ပါးရယ်, အဆင်း, အနံ့, အရသာရယ်, ဩဇာရယ်, ဇီဝိတရယ်, မျက်စိအကြည်ရယ် အဲဒီလို ကလာပ်ရုပ်တွေ တစ်ပေါင်းတည်း ပါဝင်နေတယ်၊ အဲဒါကို သိထားရမယ်၊ ဘယ်လောက်ပဲ သေးငယ်တဲ့ ရုပ်ကလေး ဖြစ်ဖြစ် ဒီအခါကာလမှာ ဒီရုပ်ဆယ်ခု အပေါင်းကတော့ ပါဝင်လျက်ပဲ ရှိတယ်၊ နားရုပ်ကလည်း ဆယ်ခုအပေါင်း, နှာခေါင်းရုပ်ကလည်း ဆယ်ခုအပေါင်း, လျှာရုပ် ကလည်း ဆယ်ခု အပေါင်း ကိုယ်ရုပ်ကလည်း ဆယ်ခုအပေါင်း အဲဒါ အားလုံးလည်း တစ်ဆယ် ချည်းပဲ။
ယောက်ျားဖြစ်ကြောင်းရုပ်, မိန်းမဖြစ်ကြောင်းရုပ်-အဲဒီ ဘာဝရုပ်ဆိုတာကတော့ တစ်ကိုယ်လုံး ပျံ့နှံ့နေတယ်လို့ ဆိုတယ်၊ ပဋိသန္ဓေကတည်းက ပါလာတဲ့ရုပ်တဲ့၊ အဋ္ဌကထာက ဒီလိုဆိုပါတယ်၊ ယောက်ျား ဖြစ်မယ့် ပုဂ္ဂိုလ်တွေက ပုမ္ဘာဝရုပ်, မိန်းမဖြစ်မယ့် ပုဂ္ဂိုလ်တွေက ဣတ္ထိဘာဝရုပ်ဟာ ပဋိသန္ဓေကတည်းက စပြီးတော့ ဖြစ်လာတယ်၊ အဲဒီ ဘာဝ ရုပ်ရယ်, ဇီဝိတရုပ်ရယ်, အဋ္ဌက ကလာပ်ရုပ် ရှစ်ခုရယ် အဲဒါလည်း တစ်ဆယ်စီပဲ။
စိတ်ကူး စဉ်းစားကြံစည်မှု၏ တည်ရာ ဟဒယ နှလုံးရုပ်ရယ်, ဇီဝိတရုပ်ရယ်, အဋ္ဌက ကလာပ်ရုပ်ရှစ်ခုရယ်၊ အားလုံးပေါင်း သူတို့လည်း တစ်ဆယ်စီပဲ၊ ဒသက ကလာပ်တွေ ဘယ်လောက် ရှိသွားပြီလဲ အားလုံး ရှစ်ခုရှိသွားပြီ၊ အဲဒီ ဒသက ကလာပ်တွေဟာ စိတ်ကြောင့် ဖြစ်တာလည်းမဟုတ်ဘူး၊ ဥတုကြောင့် ဖြစ်တာလည်း မဟုတ်ဘူး၊ အာဟာရကြောင့် ဖြစ်တာလည်း မဟုတ်ဘူး၊ ရှေးကပြုခဲ့ကြတဲ့ ကံကြောင့်ဖြစ်တဲ့ ကမ္မဇကလာပ်တွေတဲ့။
ရှေးကုသိုလ်ကံရှိတဲ့ ပုဂ္ဂိုလ်တွေဆိုရင် ကုသိုလ်ကံကြောင့် မျက်စိ, နား, နှာ, စသည်ဖြစ်တယ်၊ အကုသိုလ်ကံရှိတဲ့ ပုဂ္ဂိုလ်တွေ ဆိုရင် အကုသိုလ်ကံကြောင့် မျက်စိ, နား, နှာ စသည်ဖြစ်တယ်၊ လူတို့, နတ်တို့မှာတော့ ကုသိုလ်ကံကြောင့် အဲဒါတွေ ဖြစ်ရတယ်၊ အပါယ်ပုဂ္ဂိုလ် တွေမှာတော့ အကုသိုလ်ကံကြောင့် အဲဒါတွေ ဖြစ်ရတယ်ပေါ့လေ၊ အဲ ကံကြောင့်ဖြစ်တဲ့ ကမ္မဇကလာပ် ကိုးခုတဲ့၊ အဲဒါ မှတ်ထား ဖို့ပါပဲ။
“အသံနှင့်တကွ၊ ထိုအဋ္ဌ၊ နဝရုပ်ကလာပ်”တဲ့၊ အဆင်းရယ်, အနံ့ရယ်, အရသာရယ်, ဩဇာရယ်, ဘုတ်လေးပါးရယ်၊ အဲဒီရှစ်ခုသက်သက်က ကလာပ်တစ်ခု၊ သူကို ပါဠိလို သုဒ္ဓဋ္ဌက ကလာပ်လို့ ခေါ်တယ်၊ အဲဒီရှစ်ခုနဲ့ အသံနဲ့ပေါင်းရင် ကိုးခုဖြစ်တယ်၊ “ထိုရှစ်ကိုးမှာ၊ ဝိညတ်ပါ၊ ကိုးဖြာဆယ် ကလာပ်”တဲ့၊ ရှစ်ခုထဲမှာ တစ်ခါ ကိုယ်အမူအရာ ပါတဲ့ ကာယဝိညတ်ဆိုတာ ထည့်လိုက်ရင် ကိုးခုအပေါင်း ကလာပ်တစ်ခုဖြစ်တယ်၊ အဲဒါ ပါဠိလို ကာယဝိညတ္တိနဝက ကလာပ်တဲ့၊ သူကတစ်ခု၊ နောက် နှုတ်က ပြောတဲ့အခါကာလမှာ အဲဒီအထဲ ဝစီဝိညတ်လည်းပါတယ်၊ အသံလည်းပါတယ်၊ ရုပ်ရှစ် ခု လည်းပါတယ်၊ အဲ-သူက ရုပ်ဆယ်ခုအပေါင်းပဲ၊ ပါဠိနဲ့တော့ ဝစီဝိညတ္တိ သဒ္ဒဒသက ကလာပ်တဲ့၊ သူက ကလာပ်တစ်ခု၊ အဲဒါဆိုရမယ်။
“အသံနှင့်တကွ၊ ထိုအဋ္ဌ၊ နဝရုပ်ကလာပ်”
“ထို ရှစ်ကိုးမှာ၊ ဝိညတ်ပါ၊ ကိုးဖြာဆယ်ကလာပ်” (ဆို ၃-ခေါက်)
ထိုရှစ် ဆိုတာ အဋ္ဌကလာပ်ရုပ်၊ အဲဒီရှစ်ခုထဲမှာ အသံထည့်ရင် နဝကိုးခု ဖြစ်တယ်၊ အဲဒီ ရှစ်ခု, ကိုးခုထဲမှာ တဲ့၊ ရှစ်ခုထဲ ကာယဝိညတ်ထည့်တော့ ကိုးဖြာပေါ့၊ ကိုးခု၊ နောက်အသံနဲ့ ဝစီဝိညတ်ကိုထည့်ရင် ရုပ်ဆယ်ခုအပေါင်း၊ အဲဒါ ဆယ်ကလာပ်၊ သူက ကလာပ်တစ်ခု၊ ဒါကြောင့် ကိုးခုကလာပ်လည်း ရှိတယ်၊ ဆယ်ခု ကလာပ်လည်း ရှိတယ်။
ပါဠိလို သုဒ္ဓဋ္ဌက ကလာပ်က တစ်ခု၊ နဝက ကလာပ်က တစ်ခု၊ ဒသက ကလာပ်ကတစ်ခု၊ သုံးခုရှိသွားပြီ၊ နောက်ထည့်စရာလေးတွေ ရှိသေးတယ်၊ “ပေါ့, နု, ခံ့ပါ၊ ပါဝင်ရာ၊ ဆယ့်တစ်ဖြာ စသည်မှတ်” တဲ့၊ အဲဒါလေးတွေ ထည့်ပေးရမယ်၊ ခုနက ပြောခဲ့တဲ့ ကလာပ်သုံးမျိုးထဲမှာ ပေါ့ရုပ်ရယ်, နုရုပ်ရယ်, ခံ့ရုပ်ရယ် အဲဒီသုံးရုပ်ပါဝင်လာလို့ရှိရင် အစဉ်အတိုင်း ဆယ့်တစ်ဖြာ, ဆယ့်နှစ်ဖြာ, ဆယ့်သုံးဖြာ ဖြစ်သွားတယ်လို့ မှတ်ပါတဲ့။
ရှစ်ခုကလာပ်ထဲမှာ ပေါ့ရုပ်, နုရုပ်, ခံ့ရုပ် အဲဒီသုံးရုပ်ထည့်လိုက်ရင် ဆယ့်တစ်ခု၊ ကိုးခုကလာပ် ထဲမှာ အဲဒီသုံးရုပ် ထည့်လိုက်ရင် ဆယ့်နှစ်ခု၊ ဆယ်ခုကလာပ်ထဲမှာ အဲဒီသုံးခုထည့်လိုက်ရင် ဆယ့်သုံးခု ဖြစ်သွားတယ်၊ အခု နောက်တိုး ကလာပ်သုံးခုကို အရင်ဆိုခဲ့တဲ့ ကလာပ်သုံးခု ထည့်ပေါင်း ရေတွက်လိုက်ရင် ကလာပ်ခြောက်ခု ဖြစ်သွားတယ်၊ အဲဒီကလာပ် ခြောက်ခုဟာ စိတ်ကြောင့်ဖြစ်တဲ့ ကလာပ်တွေတဲ့၊ ကဲ ဆိုရမယ်။
ပေါ့, နု, ခံ့ပါ၊ ပါဝင်ရာ၊ ဆယ့်တစ်ဖြာ စသည်မှတ်” (ဆို ၃-ခေါက်)
ပေါ့, နု, ခံ့ ဆိုတာ အစဉ်အတိုင်း ပါဠိလို လဟုတာရုပ်, မုဒုတာရုပ်, ကမ္မညတာရုပ် များပါပဲ၊ စိတ္တဇကလာပ် ခြောက်ခု ပြီးသွားပြီ။
ဥတုကြောင့်လည်း ရုပ်ကလာပ်တွေက ဖြစ်သေးတယ်၊ အဲဒါကတော့ လေးခုတဲ့၊ သူ့ကျတော့ လွယ်သွားပါပြီ၊ ရှစ်ခုကလာပ်က တစ်ခု၊ အသံနဲ့တကွ ကိုးခုကလာပ်က တစ်ခု၊ အဲဒါကို သီးခြားနှစ်ခု ထားပြီးတော့ ရှစ်ခုထဲမှာ ပေါ့, နု, ခံ့ ထည့်ရင် ဆယ့်တစ်က ကလာပ်တစ်ခု၊ ကိုးခုထဲမှာ ပေါ့, နု, ခံ့ ထည့်လိုက်ရင် ဆယ့်နှစ်က ကလာပ်တစ်ခု၊ အဲ-လေးခု ဖြစ်သွားပြီ၊ အဲဒီလေးခုဟာ ဥတုကြောင့်ဖြစ်တဲ့ ကလာပ်တွေတဲ့။
ပြီးတော့ အာဟာရကြောင့်လည်း ရုပ်ကလာပ်တွေက ဖြစ်သေးတာပဲ၊ သုဒ္ဓဋ္ဌက ဆိုတဲ့ ရှစ်ခုကတစ်ခု၊ အဲဒီရှစ်ခုထဲမှာပေါ့, နု, ခံ့ သုံးခုထည့်လိုက်တော့ ဆယ့်တစ်ခု ဖြစ်တယ်၊ အဲဒီက ကလာပ်တစ်ခု၊ ပေါင်းအာဟာရကြောင့်ဖြစ်တဲ့ အာဟာရဇကလာပ် နှစ်ခုတဲ့၊ ဒါပဲ အာဟာရဇက ဒီနှစ်ခုပဲ ရှိတယ်၊ ကလာပ်တွေကို အားလုံးပေါင်းလိုက်ရင်-
“ကမ္မဇကိုး၊ စိတ်ခြောက်မျိုးနှင့်၊ လေးမျိုးဥတု၊ နှစ်ခုအာဟာ၊ ပေါင်းယူရာ၊ ကလာပ် နှစ်ဆယ့်တစ်” တဲ့။
ကမ္မဇ - ကံကြောင့်ဖြစ်တဲ့ ကလာပ်က ကိုးခု၊
စိတ္တဇ စိတ်ကြောင့်ဖြစ်တဲ့ ကလာပ်က ခြောက်ခု၊
ဥတုဇ ဥတုကြောင့် ဖြစ်တဲ့ကလာပ်က လေးခု၊
အာဟာရဇ အာဟာရကြောင့်ဖြစ်တဲ့ ကလာပ်က နှစ်ခု၊
ပေါင်း နှစ်ဆယ့်တစ်ခုရှိတယ်၊
ဒီကလာပ် နှစ်ဆယ့်တစ်ခုထဲတွင် သုဒ္ဓဋ္ဌက - ရှစ်ခုကလာပ်နဲ့ သဒ္ဒနဝက- အသံပါ ကိုးခုကလာပ် နှစ်ခုတို့မှာ ဗဟိဒ္ဓအပြင်မှာရော, ကိုယ်တွင်း အဇ္ဈတ္တမှာရော ဖြစ်နိုင် တယ်၊ ကျန်တဲ့ကလာပ် တစ်ဆယ့်ကိုးခု ကတော့ ကိုယ်အတွင်း အဇ္ဈတ္တမှာ ချည်း ဖြစ်နိုင် တယ်တဲ့။
“ဝိညတ်ဆိုင်ရာ၊ ကလာပ်မှာ၊ စိတ်သာ ဖြစ်ကြောင်းမှတ်” တဲ့၊ ကလာပ် အမည်တွေက ဥတုဇ ကလည်း စိတ္တဇနဲ့ ရောပြီးတော့ ပါနေတယ်၊ ဝိညတ်လည်း ဥတုကြောင့် ဖြစ်သလားလို့ မေးစရာရှိတာနဲ့ ဒါလေးကို ထပ်ပြီးတော့ ဖြေထားတယ်၊ ဝိညတ်ပါလို့ရှိရင် စိတ္တဇပဲ၊ ဥတုဇ မဟုတ်ဘူး၊ ဥတုဇမှာ မပါဘူး၊ ဒါကို ခြွင်းချက်နဲ့ ပြန်နုတ်ထားတယ်၊ ကဲ ဆိုရမယ် -
“ဝိညတ်ဆိုင်ရာ၊ ကလာပ်မှာ၊ စိတ်သာဖြစ်ကြောင်းမှတ်” (ဆို ၃-ခေါက်)
စိတ္တဇ, ဥတုဇ, အာဟာရဇကလာပ်လို့ ၁၁-၁၂-၁၃ တို့မှာ ဥတုဇ ပါသွားတယ်၊ ဝိညတ် ပါလို့ရှိရင် ဥတုဇမဟုတ်ဘူး၊ စိတ္တဇပဲ၊ ဒါလေးကိုမှတ်ထား၊ ပြန်နုတ်ထားတယ်၊ ခြွင်းချက် ကလေးပေါ့လေ။
ပြီးတော့ “ပေါ့, နု, ခံ့သာ၊ ဝိညတ်ပါ၊ ပြင်မှာမရှိပါ” တဲ့၊ ပေါ့တဲ့ရုပ်၊ နုတဲ့ရုပ်၊ ခံ့တဲ့ရုပ် ကာယဝိညတ်, ဝစီဝိညတ်ရုပ် အဲဒီရုပ်ငါးခုဟာ အပြင်ဗဟိဒ္ဓမှာ မရှိဘူး၊ သတ္တဝါတို့ အဇ္ဈတ္တ ကိုယ်တွင်းမှာသာ ရှိတယ်တဲ့၊ အဲဒါဆိုရမယ်။
“ပေါ့, နု, ခံ့သာ, ဝိညတ်ပါ၊ ပြင်မှာ မရှိပါ” (ဆို ၃-ခေါက်)
ဒီတော့ အပြင်ဗဟိဒ္ဓမှာ ဘာတွေရှိတော့တုန်း ဆိုတော့ အဋ္ဌကလာပ်ရုပ်နဲ့ သဒ္ဒနဝက ကလာပ်ရုပ် ဒီနှစ်ခုပဲရှိတော့တယ်၊ ဒါလေးတွေကိုလည်း မှတ်ထားရမယ်။
ပဋိသန္ဓေအခါ စဖြစ်တဲ့ ကလာပ်ရုပ်
“ဂမ္ဘသေယျာ၊ သန္ဓေမှာ၊ ကာ, ဘာ, ဝတ်သုံးမည်”တဲ့၊ ဂမ္ဘသေယျက ပုဂ္ဂိုလ်တွေ ပဋိသန္ဓေ နေကာစမှာ ပဋိသန္ဓေစိတ် နဲ့အတူ တစ်ပေါင်းတည်း တစ်ခါတည်းဖြစ်တဲ့ ရုပ်ကလာပ် ဘယ်နှစ်ခု ဖြစ်တုန်းဆိုတော့ သုံးခုတဲ့၊ ကာယဒသက, ဘာဝဒသက, ဝတ္ထု ဒသက အဲဒီ ကလာပ်သုံးခု ဖြစ်တယ်တဲ့၊ ကာ - ကာယဒသက ကိုယ်အကြည် ရုပ်နှင့်တကွ တစ်ဆယ်၊ ဘာ - ဣတ္ထိဘာဝ ဒသက အမဖြစ်မည်ဆိုလျှင် အမဖြစ်ကြောင်း ရုပ်နှင့်တကွ တစ်ဆယ်၊ ပုမ္ဘာဝဒသက - ယောက်ျား ဖြစ်မည်ဆိုလျှင် ယောက်ျား ဖြစ်ကြောင်း ရုပ်နှင့်တကွ တစ်ဆယ်၊ အဲဒါက ပုဂ္ဂိုလ်အလိုက် တစ်ခုသာဖြစ်မယ်၊ ဝတ် -ဝတ္ထု - ဟဒယဝတ္ထု ဒသက - ပဋိသန္ဓေစိတ်၏ တည်ရာမှီရာ ဖြစ်တဲ့ နှလုံးရုပ်နှင့်တကွ တစ်ဆယ်၊ အဲဒီ ကလာပ်သုံးစည်း ရုပ်ပေါင်းသုံးဆယ် ပေါ့လေ၊ အမိဝမ်းတွင်း ပဋိသန္ဓေနေစကတည်းက တစ်ပေါင်းတည်း အရင်းတည်ပြီးတော့ ဖြစ်လာတယ်၊ အဲဒါကို လက်သည်းကွင်းနဲ့ အဓိပ္ပာယ် ဖော်ထားပါတယ်၊ ကဲ ဆိုရမယ် -
“ဂဗ္ဘသေယျာ၊ သန္ဓေမှာ၊ ကာ, ဘာ, ဝတ်သုံးမည်” (ဆို ၃-ခေါက်)
ဂဗ္ဘသေယျကပုဂ္ဂိုလ်တွေ အမိဝမ်းတွင်းမှာ ပဋိသန္ဓေစိတ်နှင့်တကွ တစ်ပြိုင်နက် ဖြစ်တဲ့ ရုပ်ကလာပ် သုံးခု၊ တစ်ခု တစ်ခုလျှင် တစ်ဆယ်၊ အားလုံး သုံးဆယ်ပေါ့လေ၊ ဒါပေမယ့်လို့ တစ်ဆယ်, တစ်ဆယ်သာ ဆိုတယ် အမျိုးတူ ကလာပ် တွေကတော့ အများကြီးနေမှာပါပဲ၊ ဒီ ရုပ်ကလာပ် သုံးစည်းနဲ့ စတည်ပြီးတော့ လူရယ်လို့ ဖြစ်လာ ကြတယ်တဲ့၊ မှတ်သားဖို့ ရာကအစ ဖြစ်ကာစမှာ သိမ်သိမ်မွေ့မွေ့ သေးသေး လေးကစပြီးတော့ ဖြစ်လာခဲ့ကြတာ၊ အဲဒီကစပြီးတော့ တဖြည်းဖြည်း ပွားစီးလာ တဲ့အခါ မျက်စိတို့, နားတို့, နှာခေါင်းတို့, လျှာတို့, ကိုယ်တို့ဆိုတဲ့ အကြည်ဝတ္ထုရုပ် တွေအထိ ပွားစီးလာတယ်၊ ဒါတွေ ဘယ်အခါလောက်မှာ ဖြစ်လာကြသလဲဆိုရင်၊ အဲ ကိုယ်ကတော့ပါသွားပြီ၊ အဋ္ဌကထာဆရာက “သတ္တသတ္တတိ ရတ္တိမှိ” ခုနစ်ဆယ်နဲ့ ခုနစ်ခုမြောက် ညဉ့်ကျမှ ဖြစ်တယ်တဲ့၊ ခုနစ်ဆယ့်ခုနစ်ခုမြောက် ညဉ့်ဆိုတော့ ပဋိသန္ဓေ တည်နေပြီးနောက် ဧကာဒသမ သတ္တာဟ လောက်မှာပေါ့၊ ခုနစ်ဆယ့်ခုနစ်ရက်မြောက် ညဉ့်ကျမှပဲ အဲဒီ မျက်စိတို့, နားတို့, နှာခေါင်းတို့, စတဲ့ ရုပ်တွေဖြစ်တယ်လို့ ဆိုပါတယ်၊ စတည်တည်ချင်း ရုပ်သေးသေးလေး ဆိုတော့ မျက်စိစတဲ့ အကြည်ရုပ်တွေ မရှိသေးဘူးတဲ့၊ တချို့မျက်စိကွယ်တဲ့ ပုဂ္ဂိုလ်တွေ စကတည်းက မဖြစ်ခဲ့တာတွေလည်း ရှိတယ်၊ ရှိပြီးမှ ပျက်တာတွေလည်း ရှိတာပဲ။
သံသေဒဇနဲ့ ဩပပါတ် ပုဂ္ဂိုလ်တို့ ပဋိသန္ဓေကာလ
▬▬▬▬▬▬▬▬▬
အမိဝမ်း၌ ပဋိသန္ဓေ နေတဲ့ ပုဂ္ဂိုလ်အပြင် သံသေဒဇ ပုဂ္ဂိုလ်တို့, ဩပပါတ် ပုဂ္ဂိုလ်တွေ ဆိုတာလည်း ရှိသေးတယ်၊ သံသေဒဇပုဂ္ဂိုလ် ဆိုတာ အညှိကို စွဲပြီးတော့ဖြစ်တာ၊ ပိုးလောက်လေးတွေ စသည်ပေါ့၊ ဩပပါတ် ဆိုတာကတော့ တစ်ခါတည်း ကိုယ် ထင်ရှားဖြစ်လာတာ၊ တစ္ဆေတို့, နတ်တို့, ဗြဟ္မာတို့ ဒီလိုပုဂ္ဂိုလ်တွေ တစ်ခါတည်း ဗြုန်းဆို ကိုယ်ကောင်အထည်ကြီးပါ အပြည့်အစုံ ဖြစ်လာတာ၊ အဲဒီပုဂ္ဂိုလ်တွေကျတော့ ပဋိသန္ဓေ ကလာပ်ပေါင်း ခုနစ်စည်း ခုနစ်စည်း တစ်ခါတည်း ဖြစ်လာကြတယ်တဲ့။
“သံသေ, ဩပပါတ်၊ ပြည့်စုံလတ်၊ ကလာပ်ခုနစ်မည်” အပြည့်အစုံ ဖြစ်လာမယ် ဆိုရင် ကလာပ် ခုနစ်စည်းလုံး ဖြစ်တာပဲ၊ သို့သော်လည်း အဲဒီပုဂ္ဂိုလ်တွေမှာ ကံမကောင်း အကြောင်းမသင့်ပြန်ရင် မျက်စိချို့ချင်လည်း ချို့နေမယ်၊ နားချို့ချင် လည်း ချို့နေမယ်၊ အဲဒီလိုကျရင် မျက်စိကလာပ်, နားကလာပ် မပါနိုင်ဘူးပေါ့၊ အဲဒီလို လျော့နေတာတွေလည်း ရှိတာပဲ၊ အပြည့်အစုံ ဆိုလို့ရှိရင်တော့ ကလာပ်ခုနစ်စည်းတဲ့၊ အဲဒါ ဆိုရမယ်။
“သံသေ, ဩပပါတ်၊ ပြည့်စုံလတ်၊ ကလာပ်ခုနစ်မည်” (ဆို ၃-ခေါက်)
ကမ္မဇ - ကံကြောင့် ဖြစ်တဲ့ ကလာပ်က ရှစ်ခုရှိတယ်၊ ဘာဝ ကလာပ်နှစ်ခုက တစ်ပြိုင်နက် တစ်ဦးတည်းမှာ ဖြစ်နိုင်တာ မဟုတ်ဘူး။ တစ်ဦးမှာ ဘာဝကလာပ် တစ်ခုသာ ဖြစ်နိုင်တယ်၊ အဖိုဖြစ်မည့် ပုဂ္ဂိုလ်ဆိုရင် ပုမ္ဘာဝကလာပ်, အမဖြစ်မည့် ပုဂ္ဂိုလ်ဆိုရင် ဣတ္ထိဘာဝကလာပ်၊ ဒီလို တစ်ခုချင်းသာ ဖြစ်ရတယ်၊ ဒါကြောင့် ရှစ်ခုပဲရှိတယ်၊ ပဋိသန္ဓေအခါမှာ သံသေဒဇ, ဩပပါတ် ပုဂ္ဂိုလ်တွေဆိုရင် စက္ခုဒသက, သောတ ဒသက, ဃာနဒသက, ဇိဝှါဒသက, ကာယဒသက, ဘာဝဒသက, ဝတ္ထုဒသက ကလာပ်၊ ဒီ ခုနစ်စည်း၊ အဲဒါ အပြည့်အစုံဖြစ်ရင် ဒီခုနစ်စည်းပဲ ဖြစ်တယ်၊ ဒီထက် လျော့လို့လည်း မဖြစ်ဘူး၊ ဒီထက်တိုးလို့လည်း မဖြစ်ဘူး၊ ဒါကြောင့် ဟိုမှာ လက်သည်းကွင်းနဲ့ ပြထားတယ်၊ ဒသကကလာပ်ခုနစ်စည်း ဆိုတော့ ရုပ်ခုနစ်ဆယ် ပေါ့၊ သံသေဒဇ, ဩပပါတ် ပုဂ္ဂိုလ်တွေဆိုတာ ဒီက စဖြစ်တာ၊ ဒါလည်း အမှုန်လေး ခုနစ်ခုတင် မဟုတ်ဘူး၊ အကောင်အထည်ကြီးလိုက် အပြည့်အစုံပဲ၊ ကာယတို့, ဘာဝတို့ ဆိုတာ အများကြီး နေမှာပေါ့၊ နည်းနည်းလေး မဟုတ်ဘူး။
စက္ခုကလည်း သူ့မျက်စိအကြည် ရှိသလောက် ပျံ့နှံ့တဲ့ မျက်စိအကြည် ဖြစ်နေတာ၊ နားအကြည် ကလည်း နားထဲမှာ ပျံ့နှံ့တည်နေတာ၊ နှာခေါင်းအကြည်ကလည်း နှာခေါင်းထဲမှာ ပျံ့နှံ့တည် နေတာ၊ သူ့နေရာဌာနနဲ့သူ အကြည်ရုပ်တွေက ပျံ့နှံ့ပြီးတော့ တည်နေကြတာပဲ၊ တစ်မှုန်တည်း သေးသေးလေးနေမှာ မဟုတ်ဘူး၊ ဇိဝှာတို့, ကာယတို့, ဟဒယတို့ဆိုတာလည်း ဒီအတိုင်း သူ့ဌာနနဲ့သူ ပျံ့နှံ့ တည်နေကြမှာပဲ၊ ကာယဆိုရင် ကိုယ်ကြီးက ကြီးသလောက် ကာယအကြည် ဟာလည်း အများကြီး ပျံ့နှံ့တည်နေကြမှာပဲပေါ့၊ ဒါပေမယ့်လို့ ကလာပ် အနေအားဖြင့်တော့ ခုနစ်ခု ခုနစ်ခုပဲ၊ တစ်ခု တစ်ခုကို ဆယ်ခု ဆယ်ခုပဲ တွက်ထားတယ်၊ ကလာပ်ခုနစ်ခု ရုပ်ပေါင်း ခုနစ်ဆယ်က စပြီးတော့ ဖြစ်တယ်တဲ့၊ ဒါ - သံသေဒဇ ပုဂ္ဂိုလ်တွေ ပဋိသန္ဓေ၏ အခါမှာဖြစ်တဲ့ ကလာပ်တွေပဲ၊ သံသေဒဇဆိုတာ အညှိကဖြစ်တဲ့ ပုဂ္ဂိုလ် သတ္တဝါတွေ-တဲ့။
ဩပပါတ်ဆိုတာကတော့ ဗြုန်းခနဲ ခုန်ချလာသလို ဘွားကနဲ ရုပ်အပြည့်အစုံ ဖြစ်လာတဲ့ ပုဂ္ဂိုလ်တွေ-တဲ့၊ အဲဒါ တစ္ဆေတို့, သရဲတို့, နတ်တို့, ပြိတ္တာတို့လို ပုဂ္ဂိုလ် တွေပေါ့၊ သူတို့ ပဋိသန္ဓေက ဒီလိုဗြုန်းခနဲ ဖြစ်လာကြတာ၊ ဒါ-သူတို့ ပဋိသန္ဓေပဲ၊ အဲဒါ နောက်သီတင်း ကျမှ ဟောရဦးမယ်၊ သူက အရေးကြီးတယ်၊ ဒါတွေအခု နားလည်အောင်ဆိုရင် သင်္ဂြိုဟ်ကို လေ့လာရတယ်၊ ဒီမှာ တိုတိုလေး အကျဉ်း ချုံးထားတာပဲ။ .
ရုပ်ကို ကာလ
စသည်ဖြင့် ခွဲခြင်း
▬▬▬▬▬▬
အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အတွင်း အပြင် အကြမ်း အနု အယုတ် အမြတ် အဝေး အနီး ဖြစ်သော ဤရုပ်အပေါင်း အစုကို ရူပက္ခန္ဓာလို့ခေါ်တယ်၊ ရူပက္ခန္ဓာဆိုတာ ရုပ်အစု-တဲ့၊ ရုပ်တစ်ခုတည်းလည်း အတိတ်, အနာဂတ်, ပစ္စုပ္ပန် သုံးခု ဆိုတော့ တစ်စုရတယ်၊ အတွင်း, အပြင် နှစ်ခုဆိုတော့ တစ်စုရတယ်၊ အကြမ်း အနုဆိုတော့ တစ်စုရတယ်၊ အယုတ်, အမြတ်ဆိုတော့ တစ်စုရတယ်၊ အဝေးအနီးဆိုတော့ တစ်စုရတယ်၊ အဲဒီလို အတိတ်, အနာဂတ်, ပစ္စုပ္ပန် စသည်ဖြင့် ပေါင်းစုပြီးတော့ ရုပ်တစ်ခုတည်း ကိုလည်း ရူပက္ခန္ဓာလို့ခေါ်ရတယ်၊ အဲဒါကိုတော့ နောက်သီတင်း နေ့ကျမှ ပြည့်ပြည့်စုံစုံ ဟောရမယ်၊ ကဲ တစ်ခေါက်တော့ ဆိုလိုက်ကြဦးစို့။
“အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အတွင်း အပြင် အကြမ်း အနု အယုတ် အမြတ် အဝေး အနီး ဖြစ်သော ဤရုပ် အပေါင်းအစုကို ရူပက္ခန္ဓာ ခေါ်သည်”
ကဲ အဲဒါကို နောက်သီတင်း လပြည့်နေ့ကျမှ ဟောရလိမ့်မယ်၊ ဟောတော့ ရူပက္ခန္ဓာ, နောက်ပြီးတော့ ဝိညာဏက္ခန္ဓာ, ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ - ဆိုတဲ့ စေတသိက် ခန္ဓာတွေရောပေါ့၊ အဲဒီခန္ဓာငါးပါး အကြောင်းတွေပါပဲ၊ အဲဒါတွေ ကိုဟောရင် ပရမတ်တရားတွေ ကုန်သွားတာပါပဲ၊ ခန္ဓာပြီးရင်လည်း အာယတန ဝိဘင်းတို့ ဘာတို့ကို ဆက်ဟောလို့ ရမှာ မဟုတ်ဘူး၊ အဲဒါတွေ စာရွက်ထဲမှာ မပါဘူးထင်တယ်၊ ဒီတော့ ကိုယ့်ဟာကို လေ့လာမှတ်သား ထားဦးပေါ့၊ နောက်တစ်ခါ ပြောရင် လွယ်လွယ်ကူကူနဲ့ သိအောင် မေးလို့ရှိရင်လည်း ဖြေဆိုနိုင်အောင်လို့ပါပဲ၊ ကဲ - တရားသိမ်းကြစို့ရဲ့၊ ၂-နာရီ ကောင်းကောင်း ရှိသွားပြီ။
ယနေ့အဖို့၌ အကျွန်ုပ်တို့ ပြုစုပွားများ အားထုတ်အပ်သော ကောင်းမှုအပေါင်း၏ အဖို့ဘာဂကို အမိအဘတို့မှစ၍ အလုံးစုံသော သတ္တဝါ အပေါင်းတို့အား အမျှ ပေးဝေ ပါကုန်၏၊ အလုံးစုံသော သတ္တဝါ အပေါင်းတို့သည် အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
အမျှ … အမျှ … အမျှ … ယူတော်မူကြပါကုန်လော့။
သာဓု … သာဓု … သာဓု။ .
၁၃၃၆-ခုနှစ်၊ ပြာသိုလပြည့်နေ့ မှစ၍
ဝါတော်စဉ်အရ ဟောကြားတော်မူသော
အဘိဓမ္မာ တရားတော် -
ကာမာဝစရ ကုသိုလ် ဝေဖန်ပုံ
အကျဉ်းချုပ် ကောက်နုတ်ချက်
▬▬▬▬▬▬▬▬▬▬▬
[ဤသည်မှာ စာရွက်စာတမ်းဖြင့် ရိုက်နှိပ်စေသည့် တရားတို့ဖြစ်၏။]
၁။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်, သသင်္ခါရိကစိတ် ဖြစ်ခိုက်၌ အမည်ထုတ်၍ ဟောထားသော တရားတို့မှာ -
ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ စိတ်၊ (ဖဿပဉ္စမက ၅)
ဝိတက်၊ ဝိစာရ၊ ပီတိ၊ (သုခ) ဧကဂ္ဂတာ၊ (ဈာနင် ၅)
သဒ္ဓါ၊ ဝီရိယ၊ သတိ၊ (သမာဓိ) ပညာ၊ (မန၊ သောမနဿ) ဇီဝိတ၊ (ဣန္ဒြေ ၈)
(သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ) (မဂ္ဂင် ၅)
(သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ) ဟိရီ၊ ဩတပ္ပ (ဗိုလ် ၇)
အလောဘ၊ အဒေါသ၊ (အမောဟ) (မူလ ၃)
(အနဘိဇ္ဈာ၊ အဗျာပါဒ၊ သမ္မာဒိဋ္ဌိ) (ကမ္မပထ ၃)
(ဟိရီ၊ ဩတ္တပ္ပ) (လောကပါလ ၂)
ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ၊ ကာယလဟုတာ၊ စိတ္တလဟုတာ၊
ကာယမုဒုတာ၊ စိတ္တမုဒုတာ၊ ကာယကမ္မညတာ၊ စိတ္တကမ္မညတာ၊
ကာယပါဂုညတာ၊ စိတ္တပါဂုညတာ၊ ကာယုဇုကတာ၊ စိတ္တုဇုကတာ၊ (အစုံတရား ၁၂)
(သတိ၊ သမ္ပဇဉ်) (ဥပကာရတရား ၂)
(သမထ၊ ဝိပဿနာ) (ယုဂနဒ္ဓတရား ၂)
(ပဂ္ဂါဟ၊ အဝိက္ခေပ) (ညီမျှစေအပ်သည့်တရား ၂)
[မှတ်ချက်]
လက်သည်းကွင်းဖြင့် ရှေးနှင့်တရားကိုယ် ထပ်တူဖြစ်ကြောင်း ပြသည်။
ဤ (၅၆) ပါးပင် ဖြစ်သည်။ တရားကိုယ်အားဖြင့် ၃၀ မျှသာရှိသည်။
ယေဝါပနအရ အဋ္ဌကထာ၌ ပြထားသော တရားတို့မှာ -
ဆန္ဒ၊ အဓိမောက္ခ၊ မနသိကာရ၊ တတြမဇ္ဈတ္တတာ (အမြဲယှဉ် ၄ ပါး)
ကရုဏာ၊ မုဒိတာ (ရံခါယှဉ်၊ အပ္ပမညာ ၂)
သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ (ရံခါယှဉ်၊ ဝိရတီ ၃)
ဤ (၉) ပါးတို့ပင်ဖြစ်သည်၊ ၂-ရပ်ပေါင်းလျှင် တရားကိုယ် ၃၉-ပါး ဖြစ်သည်။
၂။ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိကစိတ်, သသင်္ခါရိကစိတ် ဖြစ်ခိုက်၌ ယင်း ၃၉-ပါးမှ ဉာဏ်-ပညာ မပါ၊ ၃၈-ပါးဖြစ်သည်။
၃။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်, သသင်္ခါရိကစိတ်ဖြစ်ခိုက်၌ ယင်း ၃၉-ပါးမှ ပီတိ မပါ ၃၈-ပါး ဖြစ်သည်။
၄။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိကစိတ်, သသင်္ခါရိကစိတ် ဖြစ်ခိုက်၌ ယင်း ၃၉-ပါးမှ ဉာဏ်ပညာနှင့် ပီတိ မပါ ၃၇-ပါးဖြစ်သည်။
မှတ်ချက်။ ။
လက်သည်းကွင်းဖြင့် ရှေးနှင့် ထပ်တူဖြစ်ကြောင်း ပြသည်။ နောက်၌လည်း နည်းတူပင်။ .
ရူပကုသိုလ်နှင့် အရူပကုသိုလ် ဝေဖန်ပုံ
အကျဉ်းချုပ် - ကောက်နုတ်ချက်
▬▬▬▬▬▬▬▬▬▬▬▬
၁။ ရူပါဝစရ ပထမဈာန် ကုသိုလ်စိတ် ဖြစ်ခိုက်၌ အမည်ထုတ်၍ ဟောထားသည့် တရားများမှာ ကာမကုသိုလ် ပ+ဒု စိတ်တို့၌ကဲ့သို့ ၅၆-ပါးပင်၊ တရားကိုယ်လည်း ၃၀-ပင်။
ယေဝါပနအရ အမြဲယှဉ် ၄-ပါးနှင့် ရံခါယှဉ် အပ္ပမညာ ၂-ပါးသာ၊ ၂-ရပ်ပေါင်း တရားကိုယ် ၃၆-ပါး ဖြစ်သည်။
၂။ စတုက္ကနည်း ဒုတိယဈာန်စိတ်ဖြစ်ခိုက်၌ ဝိတက်+ဝိစာရ မပါ ၃၄-ပါး။
၃။ တတိယဈာန်စိတ် ဖြစ်ခိုက်၌ ပီတိလည်း မပါ ၃၃-ပါး။
၄။ စတုတ္ထဈာန်စိတ် ဖြစ်ခိုက် သုခလည်းမပါ၊ ဥပေက္ခာနှင့်တကွ ၃၃-ပါး။ ပဉ္စကနည်း ဒုတိယဈာန်စိတ် ဖြစ်ခိုက်၌ မူလ ၃၆-ပါးမှ ဝိတက်မပါ ၃၅-ပါး။ တတိယ စတုတ္ထ ပဉ္စဈာန်ဖြစ်ခိုက်၌ စတုက္ကနည်း ဒုတိယ တတိယ စတုတ္ထဈာန်စိတ်တို့ ဖြစ်ခိုက်၌ကဲ့သို့ပင် ၃၄၊ ၃၃၊ ၃၃-ပါး ဖြစ်သည်။
အရူပါဝစရဈာန် ၄-ပါးဖြစ်ခိုက်၌ ရူပါဝစရ ပဉ္စမဈာန် ဖြစ်ခိုက်၌ ကဲ့သို့ပင် တရားကိုယ် ၃၃-ပါး ဖြစ်သည်။ ယင်းအရူပဈာန် ၄-ပါးကို ဓမ္မသင်္ဂဏီ ပါဠိ၌ စတုတ္ထဈာန် ဟူသောအမည်ဖြင့် ဟောထားသည်။ ယင်း ၄-ပါးမှာ အာကာသာနဉ္စာယတန, ဝိညာဏဉ္စာယတန, အာကိဉ္စညာယတန နေဝသညာ နာသညာယတန ဈာန်တို့ ဖြစ်သည်။ .
ဓမ္မသင်္ဂဏီ ပါဠိတော်မှ မဂ်စိတ်၌
ဝေဖန်ချက် အကျဉ်းချုပ်
▬▬▬▬▬▬▬▬▬
အရိယမဂ်လေးပါး ဖြစ်ခိုက်၌ အမည်ထုတ်၍ ဟောထားသည့် တရားများမှာ - ကာမကုသိုလ် ပထမစိတ်၌ ဟောထားသည့် ၅၆-ပါးနှင့် ဝိရတီ ၃-ပါး၊ အနညာတညဿာမီတိန္ဒြေ ၁-ပါး၊ ပေါင်း ၆၀-ဖြစ်သည်၊ တရားကိုယ်အားဖြင့် ၃၃-သာ ရှိသည်၊ ယေဝါပနအရ ဆန္ဒစသည် အမြဲယှဉ် ၄-ပါးနှင့်တကွ တရားကိုယ် ၃၇-ပါး ဖြစ်သည်။ .
အဋ္ဌသာလိနီ စသည်၌ပြသော
ပဋိပဒါနှင့် အဘိညာ ခွဲခြားချက်
▬▬▬▬▬▬▬▬▬▬▬
(၁) ရုပ်နာမ်ကို သိမ်းဆည်းရာ၌လည်းကောင်း၊
(၂) ရုပ်နာမ်ကို ပိုင်းခြားဆုံးဖြတ်ရာ၌ လည်းကောင်း၊
(၃) အကြောင်းနှင့်အကျိုးကို သိမ်းဆည်းရာ၌လည်းကောင်း၊
(၄) လက္ခဏာရေးသုံးပါးကို သိမြင်ရာ၌လည်းကောင်း၊
(၅) မဂ်မှန် မဂ်မှားကို ဆုံးဖြတ်ရာ၌လည်းကောင်း ဖြစ်ပေါ်လာသည့် ကိလေသာ စိတ်ကို သုံးကြိမ်အထိ ရှု၍ပယ်ရလျှင် ဒုက္ခပဋိပဒါ (ဆင်းရဲသော အကျင့်) မည်၏၊
တစ်ကြိမ် နှစ်ကြိမ် ရှုရုံမျှဖြင့် ပယ်နိုင်လျှင် သုခပဋိပဒါ (ချမ်းသာသောအကျင့်) မည်၏။
(ကျက်မှတ်၍ ဆင်ခြင်ရာ၌ ထိုသို့သော အခက်, အလွယ် ရှိ-မရှိ ဆင်ခြင်ရာ၏။)
ဥပက္ကိလေသမှ လွတ်သော ဥဒယဗ္ဗယဉာဏ်စသည် ကြာမြင့်စွာ တည်နေပြီးမှ အရိယမဂ်ဉာဏ် ဖြစ်ပေါ်လျှင် ဒန္ဓာဘိညာ (နှေးသောအဘိညာဏ်) မည်၏၊ ထိုဉာဏ်များဖြစ်၍ မကြာမီပင် အရိယမဂ်ဉာဏ် ဖြစ်ပေါ်လျှင် ခိပ္ပာဘိညာ (မြန်သော အဘိဉာဏ်) မည်၏။ .
ဝိသုဒ္ဓိမဂ် စသည်၌ ပြသော
ဝိသုဒ္ဓိနှင့် ဉာဏ်ဖြစ်ပုံ အကျဉ်းချုပ်
▬▬▬▬▬▬▬▬▬▬▬▬▬
သီလဝိသုဒ္ဓိ ပြည့်စုံမှ စိတ္တဝိသုဒ္ဓိဖြစ်နိုင်သည်၊ (နိဝရဏ ကင်းအောင် စိတ်တည်ငြိမ်မှု သမာဓိကို စိတ္တဝိသုဒ္ဓိ ဟုခေါ်သည်)၊
ယင်း စိတ္တဝိသုဒ္ဓိပြည့်စုံမှ နာမရူပပရိစ္ဆေဒ ဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိဖြစ်သည်။
ယင်း ဒိဋ္ဌိဝိသုဒ္ဓိပြည့်စုံမှ ပစ္စယပရိဂ္ဂဟဉာဏ်နှင့် ကင်္ခါဝိတရဏဝိသုဒ္ဓိဖြစ်သည်။
ယင်း ဝိသုဒ္ဓိပြည့်စုံမှ သမ္မသနဉာဏ် စသည်တို့ဖြစ်ကြသည်။
သို့ဖြစ်၍ ရုပ်နာမ် ကြောင်းကျိုး စသည်ကို သရုပ်ခွဲ ဆင်ခြင်ရုံမျှဖြင့် နာမရူပ ပရိစ္ဆေဒဉာဏ် စသည်မဖြစ်နိုင်ဟု မှတ်ရာ၏။
အဘယ်ကြောင့် ဆိုသော် သရုပ်ခွဲဆင်ခြင်ရာ၌ စိတ္တဝိသုဒ္ဓိစသည် အကြောင်းမရှိ သောကြောင့်ပင် ဤ အချက်သည် ဒုက္ခပဋိပဒါ ကိုပြသော အဋ္ဌကထာ စကားဖြင့် လည်း ထင်ရှားပေ၏။ .
ဓမ္မသင်္ဂဏီ ပါဠိတော်၌ အကုသိုလ်ကို
ဝေဖန်ပုံ အကျဉ်းချုပ်
▬▬▬▬▬▬▬▬
၁။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက လောဘမူ ပထမစိတ်ဖြစ်ခိုက်၌ အမည်ထုတ်၍ ဟောထားသော တရားတို့မှာ -
ဖဿပဉ္စမက ၅-ပါး၊ ဈာနင် ၅-ပါး၊ (ကုသိုလ်စိတ်၌ ကဲ့သို့ပင် တရားကိုယ် ၅)
ဝီရိယ၊ (သမာဓိ၊ မန၊ သောမနဿ)၊ ဇီဝိတ၊ (ဣန္ဒြေ ၅)
မိစ္ဆာဒိဋ္ဌိ၊ (မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါယာမ၊ မိစ္ဆာသမာဓိ)၊ (မိစ္ဆာမဂ္ဂင် ၄)
(ဝီရိယ၊ သမာဓိ၊ အဟိရိက၊ အနောတ္တပ္ပ) (ဗိုလ် ၄)
လောဘ၊ မောဟ၊ (မူလ ၂)
(အဘိဇ္ဈာ၊ မိစ္ဆာဒိဋ္ဌိ၊ (ကမ္မပထ ၂)
(အဟိရိက၊ အနောတ္တပ္ပ၊ (လောကနာသက ၂)
(သမထ) (အခြားကိစ္စတို့၌ ပျံ့လွင့်မှု ငြိမ်းစေသည့်တရား ၁)
(ပဂ္ဂါဟ၊ အဝိက္ခေပ)၊ (ညီမျှစေအပ်သည့်တရား ၂)
ဤ ၃၂-ပါးပင်ဖြစ်သည်၊ တရားကိုယ်အားဖြင့် ၁၆-ပါး မျှသာရှိသည်။
ယေဝါပန - အရ အဋ္ဌကထာ၌ ပြသောတရားတို့မှာ ဆန္ဒ၊ အဓိမောက္ခ၊ မနသိကာရ၊ ဥဒ္ဓစ္စ ဟူသော ဤ ၄-ပါးပင်၊ ၂-ရပ်ပေါင်းလျှင် တရားကိုယ် ၂၀-မျှသာ ဖြစ်သည်။
၃။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက လောဘမူ တတိယစိတ်၌ မိစ္ဆာဒိဋ္ဌိမပါ ယေဝါပန အရ မာနနှင့်တကွ တရားကိုယ် ၂၀-ပင် ဖြစ်သည်။
၅။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက လောဘမူ ပဉ္စမစိတ်၌ ပထမ ၂၀-မှ ပီတိမပါ ၁၉-ပါး ဖြစ်သည်။
၇။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက လောဘမူ သတ္တမစိတ်၌ တတိယစိတ် ၂၀-မှ ပီတိမပါ ၁၉-ပါး ဖြစ်သည်။
၂၊ ၄၊ ၆၊ ၈။ လောဘမူ ဒုတိယစသော အသင်္ခါရိကစိတ် ၄-ပါးတို့၌ ၁၊ ၃၊ ၅၊ ၇-စိတ်တို့ဆိုင်ရာ တရားကိုယ် (၂၀၊ ၂၀၊ ၁၉၊ ၁၉) တို့တွင် ယေဝါပန အရ ထိနမိဒ္ဓ နှင့်တကွ အစဉ်အတိုင်း (၂၂၊ ၂၂၊ ၂၁၊ ၂၁) ဖြစ်သည်။
၉။ ဒေါမနဿသဟဂုတ် ဒေါသမူ အသင်္ခါရိကစိတ်၌ ပထမစိတ် ဆိုင်ရာ ၂၀-မှ ပီတိ၊ ဒိဋ္ဌိ၊ လောဘမပါ ဒေါသနှင့်တကွ ၁၈-ပါး ဖြစ်သည်။ ယေဝါပန-အရ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ တို့တွင် တစ်ပါးပါး နှင့်တကွ ရံခါ ၁၉-ပါးလည်းဖြစ်သည်။ အမည်ထုတ်၍ ဟောရာတွင် သုခ သောမနဿ အရာတို့၌ ဒုက္ခ ဒေါမနဿ ဟုဟောသည်။
၁၀။ ယင်းဒေါသမူ သသင်္ခါရိကစိတ်၌ ယေဝါပန-အရ ထိန၊ မိဒ္ဓနှင့် တကွ (၂၀၊ ၂၁) ပါး ဖြစ်သည်။
၁၁။ ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ် မောဟမူစိတ်ဖြစ်ခိုက်၌ ပါဝင်သော တရားများမှာ-လောဘမူ ပထမစိတ်၌ ပြခဲ့သော ၁၆-ပါးမှ ပီတိ + ဒိဋ္ဌိ + လောဘ မပါ ဝိစိကိစ္ဆာ နှင့်တကွ တိုက်ရိုက်ပြ ၁၄-ပါး၊ ယေဝါပန-အရ မနသိကာရ၊ ဥဒ္ဓစ္စတို့နှင့်တကွ ၁၆-ပါး ဖြစ်သည်။
၁၂။ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စ သမ္ပယုတ် မောဟမူစိတ် ဖြစ်ခိုက်၌လည်း ထို့အတူပင် ဝိစိကိစ္ဆာမပါ ဥဒ္ဓစ္စနှင့်တကွ တိုက်ရိုက်ပြ ၁၄-ပါး၊ ယေဝါပန-အရ အဓိမောက္ခ၊ မနသိကာရတို့နှင့်တကွ ၁၆-ပါးပင် ဖြစ်သည်။
(အထူးသတိပြုရန်မှာ တရားကိုယ် အရေအတွက်တို့၌ စိတ်ပါ ထည့်တွက် ထားသည်ကို အထူး သတိပြုပါ)။
[ဤသည်လျှင် စာရွက်စာတမ်းဖြင့် ရိုက်နှိပ်စေသည့် တရားတို့ဖြစ်၏။]
.
ဝိပါက်အဗျာကတခေါ် အကျိုးတရားဝေဖန်ပုံ
အကျဉ်းချုပ် ကောက်နုတ်ချက်
▬▬▬▬▬▬▬▬▬▬▬
၁။ ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ် မြင်သိစိတ် ဖြစ်ခိုက်၌ အမည်ထုတ်၍ ဟောထားသည့်တရား များမှာ -
ဖဿပဉ္စမက ၅-ပါး၊ (ဥပေက္ခာ)၊
ဧကဂ္ဂတ-ဈာနင် ၂-ပါး၊ (မန၊ ဥပေက္ခာ)၊
ဇီဝိတ ဣန္ဒြေ ၃-ပါး၊
ဤ ၁၀-ပါးပင်။
တရားကိုယ်အားဖြင့် ၇-ပါးသော၊ ယေဝါပန-အရ မနသိကာရ နှင့်တကွ ၈-ပါး ဖြစ်သည်။
(အဆင်းကောင်းကို မြင်လျှင် ကုသလဝိပါက်စိတ်၊ အဆင်းဆိုးကို မြင်လျှင် အကုသလဝိပါက်စိတ် ဖြစ်သည်)။ .
မြင်စိတ်နှင့်တကွ ဝီထိစိတ်စဉ်ဖြစ်ပုံ
▬▬▬▬▬▬▬▬▬▬▬▬▬
(က) ဘဝင်, ဆင်ခြင်, မြင်ပြီးလျှင်၊ ထို့ပြင် လက်ခံတုံ။
(ခ) စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ် တဒါရုံ။
(ဂ) အဆင်းမြင်လျှင်၊ ဖြစ်ရိုးပင်၊ စိတ်စဉ် မှတ်ပါကုန်။
(ဃ) ကြား, နံ, စား, ထိ၊ မြင်တူ၏၊ မှတ်ဘိစိတ်ဖြစ်ပုံ။
(င) ဆင်ခြင်ပြီးခါ၊ ဇော, တဒါ၊ ကြံရာစိတ်ဖြစ်ပုံ။ .
သာမန်လူတို့မြင်ရာ၌ စိတ်ဖြစ်ပုံ
▬▬▬▬▬▬▬▬▬▬▬
(က) ထင်ဆဲ ဆင်း ဓာတ်, မြင်လတ်ဦးစွာ၊
မြင်ပြီးတရား, စဉ်းစားပြန်ရာ။
သဏ္ဌာန်ဒြပ်, ပညတ်ပေါ်ကာ၊
မည်နာမ သိရ နောက်ဆုံးမှာ။ .
ရှုမှတ်သူတို့မြင်ရာ၌ စိတ်ဖြစ်ပုံ
▬▬▬▬▬▬▬▬▬▬▬
(ခ) မြင်လျှင်မြင်ခြင်း, လက်ငင်းမှတ်လျှင်၊
မြင်ရုံတွင်ပဲ, ပြတ်စဲစိတ်စဉ်။
ရုပ်နာမ်ကွဲလျက်, ဖြစ်ပျက် သိမြင်၊
အနိစ္စ, ဒုက္ခ သဘောထင်။
၂။ သောတဝိညာဏ်-ကြားသိစိတ်၊
ဃာနဝိညာဏ်-နံသိစိတ်၊
ဇိဝှာဝိညာဏ်-စားသိစိတ်၊
ကာယဝိညာဏ်-ထိသိစိတ်
ဖြစ်ခိုက်၌လည်း တရားကိုယ်အရ အတူတူပင်၊ ကာယဝိညာဏ်၌ ကုသလဝိပါက် ဖြစ်လျှင် သုခဝေဒနာနှင့်ယှဉ်၍ သုခသဟဂုတ် မည်ခြင်း၊ အကုသလဝိပါက်ဖြစ်လျှင် ဒုက္ခဝေဒနာနှင့်ယှဉ်၍ ဒုက္ခသဟဂုတ်မည်ခြင်းမျှသာ ထူးသည်။
၃။ သမ္ပဋိစ္ဆိုန်းခေါ် လက်ခံသည့်စိတ်ဖြစ်ခိုက်၌ ယင်း ၇-ပါးတွင် ဝိတက်၊ ဝိစာရ တို့နှင့်တကွ တိုက်ရိုက်ပြ ၉-ပါး၊ ယေဝါပန-အရ အဓိမောက္ခ+မနသိကာရတို့နှင့်တကွ ၁၁-ပါးဖြစ်သည်။ ဝေဒနာမှာ ဥပေက္ခာဖြစ်၍ ဥပေက္ခာသဟဂုတ်ပင်။
၄။ သန္တီရဏခေါ် စူးစမ်းသည့်စိတ် ဖြစ်ခိုက်၌လည်း ဥပေက္ခာ သဟဂုတ်ဖြစ်လျှင် ယင်း ၁၁-ပါးပင်၊ ကုသလဝိပါက် သောမနဿသဟဂုတ်ဖြစ်လျှင် ပီတိနှင့်တကွ ၁၁-ပါးဖြစ်သည်။
၅။ သဟိတ်ကာမကုသလဝိပါက်စိတ်သည် ကုသိုလ်ကဲ့သို့ပင် ရှစ်ပါးရှိသည်၊ ယင်းစိတ် ရှစ်ပါး ဖြစ်ခိုက်၌ တရားများသည် ကာမကုသိုလ်ရှစ်ပါး ဖြစ်ခိုက်နှင့်တူ၏၊ ကရုဏာ + မုဒိတာနှင့် ဝိရတီသုံးပါးတို့ မပါဝင်ခြင်းမျှသာ ထူးသည်။
၆။ ရူပဝိပါက် အရူပဝိပါက် လောကုတ္တရာဝိပါက် စိတ်တို့ ဖြစ်ခိုက်၌ ပါဝင်သော တရားကိုယ်များမှာ-ယင်းတို့၏ အကြောင်း ကုသိုလ်စိတ်များ ဖြစ်ခိုက်နှင့် အလုံးစုံပင် အရတူ၏။ .
မြင်သိမှု စသည်တို့၏ အကြောင်းများ
▬▬▬▬▬▬▬▬▬▬▬▬▬
၁။ မျက်စိ၊ အဆင်း၊ အလင်း၊ နှလုံးသွင်းမှု၊ ဤ ၄-ခုရှိမှ မြင်သိမှု ဖြစ်သည်။
၂။ နား၊ အသံ၊ အာကာသ၊ နှလုံးသွင်းမှု၊ ဤ ၄-ခုရှိမှ ကြားသိမှု ဖြစ်သည်။
၃။ နှာခေါင်း၊ အနံ့၊ သယ်ဆောင်လေ၊ နှလုံးသွင်းမှု၊ ဤ ၄-ခုရှိမှ နံသိမှု ဖြစ်သည်။
၄။ လျှာ၊ အရသာ၊ အစိုအရည်၊ နှလုံးသွင်းမှု၊ ဤ ၄-ခုရှိမှ အရသာသိမှု ဖြစ်သည်။
၅။ ကိုယ်အကြည်၊ ထိစရာ၊ အမာခံ၊ နှလုံးသွင်းမှု၊ ဤ ၄-ခုရှိမှ ထိသိမှု ဖြစ်သည်။
၆။ ဘဝင်စိတ်၊ ထင်ပေါ်သည့်အာရုံ၊ မှီရာရုပ်၊ နှလုံးသွင်းမှု၊ ဤ ၄-ခုရှိမှ ကြံသိမှု ဖြစ်သည်။
၇။ အာရုံကောင်း၌ ကုသိုလ်ကံ၏အကျိုး ဝိပါက်စိတ်ဖြစ်သည်၊ အာရုံဆိုး၌ အကုသိုလ်ကံ၏ အကျိုး ဝိပါက်စိတ် ဖြစ်သည်။
၈။ ထက်သန်သော ဉာဏ်ယှဉ်ကုသိုလ်ကြောင့် ဉာဏ်ယှဉ် ကုသလဝိပါက် ၄-ခုဖြစ်သည်၊ မထက်သန်သော ဉာဏ်ယှဉ်ကုသိုလ်နှင့် ထက်သန်သော ဉာဏ်မယှဉ် ကုသိုလ်တို့ကြောင့် ဉာဏ်မယှဉ်ဟိတ်ရှိ ကုသလဝိပါက် ၄-ခု ဖြစ်သည်၊ မထက်သန် သော ဉာဏ်မယှဉ်ကုသိုလ်ကြောင့် ဥပေက္ခာသဟဂုတ် သန္တီရဏခေါ် အဟိတ်ကုသလ ဝိပါက် ဖြစ်သည်၊ ၎င်း ကုသလဝိပါက် ၉-ပါး သည် လူ့ဘုံ နတ်ဘုံ၌ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ ကိစ္စဖြင့်လည်း ဖြစ်သည်၊ ကာမ ၁၁-ဘုံ၌ တဒါရုံ ကိစ္စဖြင့်လည်း ဖြစ်သည်။
၉။ အကုသိုလ်စိတ်၁၂-ပါးကြောင့် အကုသလဝိပါက်စိတ် ၇-ပါးဖြစ်သည်၊ ထိုတွင် သန္တီရဏ စိတ်သည် အပါယ် လေးဘုံ၌ ပဋိသန္ဓေဘဝင်၊ စုတိကိစ္စဖြင့်လည်း ဖြစ်သည်၊ သန္တီရဏစိတ် သုံးခုတို့သည် သန္တီရဏကိစ္စ, တဒါရုံကိစ္စ တို့ဖြင့်လည်း ဖြစ်သည်။ .
ကြိယာ အဗျာကတတရား ဝေဖန်ပုံ
အကျဉ်းချုပ် ကောက်နုတ်ချက်
▬▬▬▬▬▬▬▬▬▬▬
၁။ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဖြစ်ခိုက်၌ ပါဝင်သော တရားများမှာ သမ္ပဋိစ္ဆိုန်း ဖြစ်ခိုက်နှင့် တူ၏၊ တရားကိုယ် ၁၁-ပါးပင်။
၂။ မနောဒွါရာဝဇ္ဇန်းစိတ် ဖြစ်ခိုက်၌ ပါဝင်သော တရားတို့မှာ အထက်ပါ ၁၁-ပါးတွင် ဝီရိယနှင့်တကွ ၁၂-ပါး ဖြစ်သည်၊ (ဤအာဝဇ္ဇန်း၂-ပါးသည် ပုထုဇဉ်သေက္ခ ပုဂ္ဂိုလ်တို့နှင့်လည်း သက်ဆိုင်၏၊ ကျန်ကြိယာစိတ် ၁၈-ပါးသည် ရဟန္တာတို့နှင့်သာ ဆိုင်သည်။
၃။ ဟသိတုပ္ပါဒ်ခေါ် ရဟန္တာတို့၏ ပြုံးရွှင်စိတ် ဖြစ်ခိုက်၌ အထက်ပါ ၁၂-ပါးတွင် ပီတိနှင့်တကွ ၁၃-ပါးဖြစ်သည်၊ ဝေဒနာမှာ သောမနဿဖြစ်၍ သောမနဿသဟဂုတ် ခေါ်သည်။
၄။ သဟိတ်ကာမ ကြိယာစိတ်သည် ကာမကုသိုလ်စိတ်ကဲ့သို့ပင် ရှစ်ပါးရှိသည်၊ ယင်း စိတ် ရှစ်ပါးဖြစ်ခိုက်၌ ပါဝင်သော တရားများမှာ ကာမကုသိုလ်စိတ် ရှစ်ပါးဖြစ်ခိုက်နှင့် တူ၏၊ ဝိရတီသုံးပါး မပါဝင်ခြင်းမျှသာ ထူးသည်။
၅။ ရူပကြိယာ အရူပကြိယာ စိတ်တို့ဖြစ်ခိုက်၌ ပါဝင်သော တရားတို့မှာ ရူပကုသိုလ် အရူပကုသိုလ်စိတ်တို့ ဖြစ်ခိုက်နှင့် တူ၏။ .
ကုသိုလ် အကုသိုလ် အဗျာကတ
စာရင်း ပေါင်းချုပ်
▬▬▬▬▬▬▬▬▬▬
၁။ ကာမကုသိုလ် ၈၊ ရူပကုသိုလ် ၅၊ အရူပကုသိုလ် ၄၊ လောကုတ္တရာကုသိုလ် (မဂ်) ၄၊ ဤကုသိုလ်စိတ် ၂၁-ပါး ဖြစ်ခိုက်၌ ပါဝင်သော စိတ် စေတသိက် တရားတို့ကို ကုသလာဓမ္မာ - ကုသိုလ် တရားဟု ဟောသည်။
၂။ အကုသိုလ် ၁၂-ပါးဖြစ်ခိုက်၌ ပါဝင်သောစိတ်,စေတသိက် တရားတို့ကို အကုသလာ ဓမ္မာ - အကုသိုလ်တရားဟု ဟောသည်။
၃။ (က) စက္ခုဝိညာဏ်စသော အကုသလဝိပါက် ၇၊ အဟိတ်ကုသလဝိပါက် ၈၊ ကာမကုသိုလ်နှင့် အလားတူ သဟိတ်ကာမဝိပါက် ၈၊ ရူပဝိပါက် ၅၊ အရူပဝိပါက် ၄၊ လောကုတ္တရာဝိပါက် (ဖိုလ်) ၄၊ ဤ ဝိပါက်စိတ် ၃၆-ပါး ဖြစ်ခိုက်၌ ပါဝင်သောစိတ် စေတသိက် တရားတို့ကို ဝိပါက် အဗျာကတဟုဟောသည်။
၃။ (ခ) ပဉ္စဒွါရာဝဇ္ဇန်း၊ မနောဒွါရာဝဇ္ဇန်း ဟသိတုပ္ပါဒ်ဟူသော အဟိတ်ကြိယာ ၃၊ သဟိတ်ကာမ ကြိယာ ၈၊ ရူပကြိယာ ၅၊ အရူပကြိယာ ၄၊ ဤကြိယာစိတ် ၂၀ ဖြစ်ခိုက်၌ ပါဝင်သော စိတ် စေတသိက်တရားတို့ကို ကြိယာ အဗျာကတဟုဟောသည်။
၃။ (ဂ) ဟဒယဝတ္ထုမပါ ရုပ် ၂၇-ပါးကို ရုပ်အဗျာကတဟု ဟောသည်။
၃။ (ဃ) နိဗ္ဗာန်ကို အသင်္ခတ အဗျာကတဟု ဟောသည်။
ဤ ဝိပါက်၊ ကြိယာ၊ ရုပ်၊ နိဗ္ဗာန်တို့ကို အဗျာကတာ ဓမ္မာ - အဗျာကတတရားဟု ဟောသည်။ .
ဗုဒ္ဓဝါတော်စဉ် တရားတော်
▬▬▬▬▬▬▬▬▬▬
ဗုဒ္ဓမြတ်စွာသည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးသည့်နောက် ခုနစ်ဝါမြောက်၌ တာဝတိံသာ နတ်တို့ရွာ ပင်လယ် ကသစ်ပင်ရင်း ခင်းထားအပ်သော ပဏ္ဍုကမ္ပလာကျောက်ဖျာထက်တွင် ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာ ဒေသနာ တော်ကို ဟောကြားတော် မူခဲ့သည်၊ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူအပ်သော ထိုအဘိဓမ္မာ ဒေသနာတော်ကို ဟောကြားတော် မူရန် အခွင့် ရောက်လာသော ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီးသည် ၁၃၃၆-ခုနှစ်၊ ပြာသိုလပြည့် နေ့မှစ၍ “ဗုဒ္ဓဝါတော်စဉ် တရားတော်” အမည်ဖြင့် ဟောကြားတော် မူရာ၌ ထည့်သွင်း ဟောကြားသင့်သော အဘိဓမ္မာတရားများ ကိုလည်း ထည့်သွင်း ဟောကြားတော် မူသည်။
ထိုသို့ ဟောကြားတော်မူရာ၌ …
ကာမကုသိုလ်ကို ၂-ရက်၊
ရူပကုသိုလ်, အရူပ ကုသိုလ် တို့ကို ၁-ရက်စီ၊
လောကုတ္တရာ ကုသိုလ်ကို တပေါင်းလကွယ်နေ့နှင့် သင်္ကြန်တွင်း ၃-ရက်
ဆက်၍ ဟောကြားတော်မူသည်၊
ပဓာနဖြစ်သော ဆောင်ပုဒ်များကိုမူ စာရွက်စာတမ်းရိုက်နှိပ်လျက် တရားနာ ပရိသတ်တို့အား ဝေငှထားပေသည်၊ ဝေငှခဲ့သည့် စာရွက်စာတမ်းတို့၌ ပါရှိသော အဘိဓမ္မာတရားတို့မှာ အထက် ဖော်ပြပါ အတိုင်းဖြစ်၏ .
အဘိဓမ္မာတရားတော်ကြီး
ဤတွင် ပြီးပြီ။ .
(မဟာစည်ဆရာတော်ဘုရားကြီး)
ဤအဘိဓမ္မာ တရားတော်ကြီး စာအုပ်အဖြစ်သို့ မရောက်သေးမီ ၁၃၄၄-ခု၊ ဒုတိယ ဝါဆိုလဆုတ် (၁၀) ရက်၊ စနေနေ့ မွန်းလွဲ (၁၀ ၃၆) နာရီတွင် ကျေးဇူးတော်ရှင် မဟာစည် ဆရာတော် ဘုရားကြီးမှာ သင်္ခါရတရားတို့၏ ထုံးစံဓမ္မတာ အားလျော်စွာ ရုပ်နာမ်ခန္ဓာကို စွန့်ခွာတော် မူခဲ့ရပါလေသည်။ အကယ်၍သာ ဤအချိန် ဤကာလတွင် ဆရာတော်ဘုရားကြီးသည် လွန်တော် မမူသေးဘဲ ရှိနေဦးမည် ဆိုပါလျှင် ဤ အဘိဓမ္မာ တရားတော်ကြီးမှာ ဆရာတော်ဘုရားကြီး၏ နောက်ဆုံးပြုစု ရေးသားတော် မူသွားသော တရားတော်ကြီး ဖြစ်လာနိုင်မည် မဟုတ်ပါ။
ယခုသော် ဤ အဘိဓမ္မာ တရားတော်ကြီးကို ပြုစုတော်မူပြီး နောက်တွင် မည်သည့် ကျမ်းစာ တရားတော်ကိုမျှ မပြုစု မရေးသားတော့ဘဲ လွန်တော် မမူသွားခဲ့ပြီး ဖြစ်သဖြင့် ဤအဘိဓမ္မာ တရားတော်ကြီးမှာ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီး ၏ နောက်ဆုံးပြုစု ရေးသားသွားတော်မူသော တရားတော်ကြီး တစ်ထုံးတစ်ဖွဲ့ အဖြစ်ဖြင့် ထူးထူးခြားခြား ကျန်ရစ်ခဲ့ပါလေပြီ။
“အပ္ပမာဒ ဒေသနာတော်” သည် မြတ်စွာဘုရား၏ နောက်ဆုံး တရားတော် ဖြစ်သကဲ့သို့ ဤ အဘိဓမ္မာ တရားတော်ကြီး သည်လည်း ကျေးဇူးတော်ရှင် မဟာစည် ဆရာတော် ဘုရားကြီး၏ နောက်ဆုံးပြုစုတော်မူသော တရားတော်ကြီး ဖြစ်သည်ကို မမေ့နိုင်ဖွယ် ထူးကဲစွာပင် မှတ်တမ်းတင်ကြ ရမည် ဖြစ်ပါတော့သည်။
ဝက်လက် - မစိုးရိမ်ဦးတိဿ
၁၃၄၄-ခု၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၀-ရက်၊ စနေနေ့။
သာသနာ-၂၅၂၆ (၁၄-၈-၁၉၈၂)