အာပတ္တိဝိနိစ္ဆယ
အာပတ္တိဝိနိစ္ဆယ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗာဒ္ဓဿ။
ဝိနည်းဒေသနာတော်နည်း
အာပတ္တာ ဓိကရဏံ သိယာ အကုသလံ၊ သိယာ အဗျာက-တံ၊ နတ္တိ အာပတ္တာဓိကရဏံ ကုသလံ။
ဟူသောပါဠိတော်သည် တိုက်ရိုက်ရှိတိုင်း အာပတ်အကုန် အလုံးစုံတို့ကိုခြုံ၍ သိအပ်သော နီတတ္ထဒေသနာ ပါလော၊ သို့တည်း မဟုတ် အချို့အဝက်၌သာ အချက်ဝိသေသနနှင့်သိအပ်သော နေယျတ္ထ ဒေသနာပါလော-မေးရန်ရှိ၍” အာပတ္တာဓိကရဏံ။လ။ သန္ဓယ ဘာသိတဝသေန အတ္တော ဝေဒိတဗ္ဗော” ဟုမိန့်၊ နေယျတ္ထဒေသနာဟူလို။
အဘယ့်ကြောင့် နေယျတ္ထဒေသနာအဖြစ်ကို သိနိုင်ပါသနည်း မေးရန်ရှိ၍ ဗျတိရေကဉာပက ပြတော်မူလိုရကား-“ယသ္မံ ဟိ ပထဝီခဏနာဒိကေ အာပတ္တာဓိကရဏေ ကုသလစိတ္တံ အင်္ဂံ ဟောတိ၊ တသ္မံ သတိ န သက္ကာ ဝတ္တုံ-နတ္ထိ အာပတာဓိကရဏံ ကုသလန္တိ” မိန့်။
ကုသလစိတ္တံ အင်္ဂံ ဟောတိ၌ အာပတ္တိသမုဌာပကစိတ်ကို အင်္ဂါဆိုသည်ဟု ဋီကာတို့ဖွင့်ကြ၏၊ တသ္မံ၊ ထိုကုသိုလ်စိတ်အင်္ဂါဖြစ် ထိုက်သော ပထဝီခဏနအစရှိသော အာပတ္တာဓိကရုဏ်းသည်။ သတိ၊ ရှိသည်ရှိသော်။ ဝါ၊ ရှိသောကြောင့်။ (ဟေတုလက္ခဏာတည်း။) “ဇာတိယာ သတိ ဇရာမရဏံဟောတိ၊ ဘဝေ သတိ ဇာတိ ဟောတိ” ၌ကဲ့သို့မှတ်၊ သာရတ္ထဒီပနီ၌-” တသ္မံ သတီတိ တသ္မံ ကုသလစိတ္တေ အာပတ္တိဘာဝေနဂဟိတေသတိ” ဟုဖွင့်၍ အဘူတပရိကပ္ပလက္ခဏာ ကြံ၏၊ ကုသိုလ်စိတ်သည် အာပတ်ဖြစ်ခဲ့သည်ရှိသော် “နတ္ထိ အာပတ္တာဓိ ကရဏံ ကုသလံ” ဟု ဟောတော်မူခြင်းငှါ မတတ်ကောင်း၊ ကုသိုလ်စိတ် အာပတ်မဖြစ်သောကြောင့်သာ ထိုသို့ဟောခြင်းငှာ တတ်ကောင်း၍ ထိုသို့ဟောတော်မူသည်-ဟု အဓိပ္ပါယ်ဆိုလို၏၊
ယသ္မံ-ဟူသော အနိယတ်နှင့် မထပ်မိသောကြောင့် တအစွဲ လည်း ပျက်၏၊ “နတ္ထိ အာပတ္တာဓိကရဏံ ကုသလံ” ကို နီတတ္ထ ဒေသနာအနေနှင့် ထင်မှတ်စွဲလမ်းရင်း ရှိကြသောကြောင့် မိမိအလိုနှင့် ဆွဲဆွဲငင်ငင် ဖွင့်သည်ဖြစ်၍ အဓိပ္ပါယ်လည်း ချွတ်၏၊ “နသက္ကာ ဝတ္တုံ” ဟောလျက်လည်း ရှိခဲ့ပြန်၏၊ “တသ္မာ နယိဒံ အင်္ဂပ္ပဟောနကစိတ္တက ပဏ္ဏတ္တိဝဇ္ဇ အာပတ်မျိုးတို့၌ ကုသိုလ်စိတ်သည် ဧကန္တကင်္ဂပ္ပဟောနက ဖြစ်၏၊ ကုသိုလ်စိတ် အင်္ဂပ္ပဟောနက ဖြစ်သဖြင့်လည်း ထိုစိတ်နှင့် ယှဉ်သော ကုသိုလ်စေတနာသည် ဧကန္တ ကုသိုလ်အာပတ်ဖြစ်၏၊
ထိုသို့ဖြစ်သည်ရှိသော် ကုသိုလ်အာပတ္တာဓိကရုဏ်း ဧကန္တရှိ သည်သာဖြစ်၍ အင်္ဂပ္ပဟောနကစိတ်ကို ရည်၍ဟောတော်မူခဲ့လျှင် “ နတ္ထိ အာပတ္တာဓိကရဏံ ကုသလံ” ဟု မဟောသင့်၊ ဟောလျက်ရှိပြန် သောကြောင့်လည်း ဤဒေသနာသည် အင်္ဂပ္ပဟောနကစိတ်ကိုရည်၍ ဟောတော်မူသော ဒေသနာမဟုတ်ဟု သိအပ်သည်-ဟူလို။
[ အဖြောင့်အဓိပ္ပါယ်။]
အင်္ဂပ္ပဟောနကစိတ်ကို မရည်ခဲ့သော် အဘယ်ကိုရည်ပါသနည်း မေးရန်ရှိ၍ “ဣဒံ ပန သန္ဓာယ ဝုတ္တံ” မိန့်၊ ဣဒံ-သရုပ်ကိုထုတ်ပြလိုသော ဆရာသည် ရှေးဦးစွာ ဝဇ္ဇေတဗ္ဗကိုပြလို၍ “ယံ တာဝ အာပတ္တာဓိကရဏံလောကဝဇ္ဇံ, တံ ဧကန္တတော အကုသလမေဝ၊ တတ္ထ သိယာ အကုသလန္တိ ဝိကပ္ပေါ နတ္ထိ” မိန့်၊ လောကဝဇ္ဇ အာပတ်မျိုးသည် ဧကန္တအကုသိုလ် အာပတ်မျိုးသာ ဖြစ်ရကား-ရံခါ အကုသိုလ်ဟု ဆိုရန် ဝိကပ်မရှိ၊ ထို့ကြောင့် လောကဝဇ္ဇအာပတ်မျိုးကို ရည်၍ဟောသော ဒေသနာလည်းမဟုတ်- ဟူလိုသည်။
ဤမျှသော စကားရပ်တို့ဖြင့် ဤဒေသနာတော်သည် သစိတ္တက ပဏ္ဏတ္တိဝဇ္ဇ အာပတ်မျိုးနှင့်လည်း မဆိုင်ဟု ပြတော်မူ၏၊ အာပတ် ၄- မျိုးတို့တွင် အစိတ္တကပဏ္ဏတ္တိဝဇ္ဇအာပတ်တစ်မျိုးသာ ကျန်ရှိ၏၊ ဝဇ္ဇေတဗ္ဗကို ပြုပြီး၍ ဂဟေတဗ္ဗကိုပြလိုသောကြောင့်
ယံ ပန ပဏ္ဏတ္တိဝဇ္ဇံ၊ တံ ယသ္မာ သဉ္စိစ္စ ဣမံ အာပတ္တံ
ဝီတိက္ကမာမီတိ ဝီတိက္ကမန္တေဿဝ အကုသလံ ဟောတိ၊ အသဉ္စိစ္စ ပနကိဉ္စိ အဇာနန္တဿ သဟသေယျာဒိဝသေန အာပဇ္ဇတော အဗျာကတံ ဟောတိ၊ တသ္မာ တတ္ထ သဉ္စိစ္စာသဉ္စိစ္စဝသေန ဣမံ ဝိကပ္ပဘာဝံ သန္ဓာယ ဣဒံ ဝုတ္တံ၊ “အာပတ္တာဓိကရဏံ သိယာ အကုသလံ၊ သိယာ အဗျာ ကတံ၊ နတ္ထိ အာပတ္တာဓိကရဏံ ကုသလန္တိ” မိန့်။
ဤဝါကျ၌ သဉ္စိပုဒ်ဖြင့် ဝတ္ထုဝိဇာနနစိတ်ကို “ဣမံအာပတ္တိံ ဝီတိက္ကမာမိ” ပုဒ်ဖြင့် ပဏ္ဏတ္တိဇာနနစိတ် ၂-ပါးကို ပြတော်မူသည်၊ “အသဉ္စိအဇာနန္တဿ” ပုဒ်ဖြင့် ထိုစိတ် ၃-ပါးမှ ကင်းရှင်းသည်ကို ပြတော်မူသည်၊ အစိတ္တက သမုဌာနသော သဟသေယျ-အစရှိသော အစိတ္တက ပဏ္ဏတ္တိဝဇ္ဇသိက္ခာပုဒ်တို့၌သာလျှင် ရံခါ သဉ္စိစ္စပက္ခ၌ သင့်သောအာ ပတ်တစ်မျိုး, ရံခါအသဉ္စိစ္စပက္ခ၌သင့်သော အာပတ်တစ်မျိုး ဤသို့အာပတ် နှစ်ဝိကပ်ကို ရအပ်သည်၊ နှစ်ဝိကပ်တို့တွင်လည်း သဉ္စိစ္စပက္ခဖြစ်ခဲ့မူ အကုသိုလ်အာပတ်သာဖြစ်၏၊ အသဉ္စိစ္စပက္ခဖြစ်ခဲ့မူ အဗျာကတ အာပတ်သာဖြစ်၏၊ အကုသိုလ်အာပတ်ဟူ၍ ညှပ်စရာမရှိပြီ။
ပထဝီခဏန စသော သစိတ္တကပဏ္ဏတ္တိဝဇ္ဇသိက္ခာပုဒ်တို့မှာ “အနာပတ္တိ အသဉ္စိစ္စ အဇာနန္တဿ” ဟူ၍ အနာပတ္တိ ဝါရ၌ ဟော တော်မူကြောင့် အသဉ္စိစ္စ အဇာနန္တပက္ခ၌ အာပတ်ပင်မရှိ၊ အနာပတ္တိ သာဖြစ်၏၊ ထို့ကြောင့် သဉ္စိစ္စ, သဉ္စိစ္စနှစ် ဝိကပ်ကိုမရအပ်၊ လောကဝဇ္ဇ တို့တွင် သစိတ္တကဝဇ္ဇတို့၌ ထို့အတူ အနာပတ္တိ “အသဉ္စိစ္စ အဇာနန္တဿ” ဟု အနာပတ္တိဝါရ၌ လာ၏၊ သုရာပါနသိက္ခာပုဒ်၌ကား ထိုသို့မလာ၊ ဤသဉ္စိစ္စ နှစ်ဝိကပ်ပင် ရသင့်သကဲ့သို့ရှိ၏၊ ဤသုရာပါန အာပတ်၌ အလွန်ဝါဒများပြား၏၊
ပါဠိတော်၌ ဝိဝါဒါဓိကရုဏ်း၏ ပဋိနိဒ္ဒေသ၌-ယံ ကုသလ စိတ္တောဝိဝဒတိ, ဣဒံ ဝုစ္စတိ ဝိဝါဒါဓိကရဏံ ကုသလံ” အစရှိသဖြင့် ဟောတော်မူခဲ့သဖြင့် ဤအာပတ္တာဓိကရုဏ်း၏ ပဋိနိဒ္ဒေသဝါဒ၌လည်း “ယံ ကုသလစိတ္တော အာပဇ္ဇတိ, ဣဒံ ဝုစ္စတိ အာပတ္တာဓိကရဏံ ကုသလံ” အစရှိသဖြင့်ဟောတော်မူရာပါသည် မဟုတ်လော၊ ထိုသို့ ဟောတော် မူခဲ့ပါလျှင် နိဒ္ဒေသ၌လည်း “အာပတ္တာဓိကရံဏံ သိယာ ကုသလံ သိယာ ကုသလံ သိယာ အဗျာကတံ” ဟု ဖြစ်သင့်လေရာ၏၊ အဘယ့်ကြောင့် ထိုသို့မဟောပါသနည်း မေးရန်ရှိ၍
“သစေ ပန ယံ ကုသလစိတ္တော အာပဇ္ဇတိ, ဣဒံ ဝုစ္စတိ
အာပတ္တာဓိကရဏံ ကုသလန္တိဝဒေယျ၊ အစိတ္တကာနံ ပန ဧဠကလောမ ပဒသော ဓမ္မသမုဋ္ဌာနာ နာနံပိ ကုသလတ္တံ အာပဇ္ဇေယျ” မိန့်။
ယံ=အကြင်အာပတ်သို့၊ ကုသလစိတ္တော=ကုသိုလ်စိတ်နှင့်ပြည့်စုံ ဆဲဖြစ်၍၊ အာပဇ္ဇတိ=၏၊ ပေး။
စိတ်သည် အာပတ်မှုကိုဆေ့ဆော်အားထုတ်သော အာပတ္တိ သမုဋ္ဌာ ပကစိတ်တမျိုး, အာပတ်သင့်ဆဲအခါ၌ ထင်ရှားရှိ၍နေကာမျှ ဖြစ်သော သမင်္ဂိမတ္တစိတ်တစ်မျိုး-ဟူ၍ ၂-မျိုးရှိ၏၊ “ယံ ကုသလစိတ္တေန အာပဇ္ဇေတိ၊ ဣဒံ ဝုစ္စတိ အာပတ္တာဓိကရဏံ ကုသလံ” ဟုကရုဏ်းနှင့် ဆိုရာ၌ အာပတ်မှုကိုစေ့ဆော်သော အာပတ္တိသမုဋ္ဌာပက အာပတ္တိအင်္ဂ စိတ်ကိုသာရ၏၊ “ယံ ကုသလ စိတ္တော အာပဇ္ဇတိ” ဟုဟောတော်မူသော ပရိဝါပါဠိတော်မျိုးတို့၌ကား-အင်္ဂပ္ပဟောနကစိတ်, သမင်္ဂိမတ္တစိတ်၂- မျိုးနှင့်ပင် ဆက်ဆံ၏၊
သမင်္ဂိမတ္တစိတ်ဆိုသည်ကား -ညဉ့်အခါ သဟသေယျ လောက် သောနေရာ၌ ရဟန်းသည် လျောင်း၍ အိပ်နေ၏၊ မာတုဂါမသည် ဝင်၍အိပ်၏၊ ထိုရဟန်းသည်လည်း မာတုဂါမဝင်၍အိပ်သည်ကို မသိ၊ မာတုဂါမ အိပ်သည်နှင့်တစ်ပြိုင်နက် ရဟန်းမှာ အာပတ်သင့်၏၊ ထို အာပတ်သင့်ဆဲအခါ၌ ကမ္မဋ္ဌာန်းစသည်ကို နှလုံးသွင်းသော ကုသိုလ် စိတ် ဖြစ်ဆဲသော်လည်း ကြုံရာ၏၊ ကာမဝိတက် စသည်တို့ကြုံဖန်သော အကုသိုလ်စိတ် ဖြစ်ဆဲသော်လည်း ကြုံရာ၏၊ အိပ်ပျော်ဆဲဖြစ်၍ ဘဝင် အဗျာကတစိတ်ဖြစ်ဆဲသော်လည်း ကြုံရာ၏၊ ရဟန္တာပုဂ္ဂိုလ်ဖြစ်၍ အဗျာကတစိတ်ဖြစ်ဆဲသော်လည်း ကြုံရာ၏၊ ဤစိတ်မျိုးကား- အာပတ် မှုကို ရှေ့ရှု၍ စေ့ဆော်သော စိတ်မျိုးမဟုတ်၊ သမင်္ဂိမတ္တစိတ်မျိုးသာ တည်း။
ယံ ကုသလစိတ္တော အာပဇ္ဇတိ, ဣဒံ ဝုစ္စတိ အာပတ္တာဓိကရဏံ ကုသလံ- ဟု ဟော်တော်မူသည်ရှိသော် ထိုသမင်္ဂိမတ္တစိတ်မျိုးသည် အာပတ်မဟုတ်၊ အင်္ဂပ္ပဟောနကဖြစ်သော အာပတ္တိ သမုဋ္ဌော ပကတိ စိတ်နှင့်ယှဉ်သော စေတနာဓမ္မသည်သာ အာပတ်စင်စစ်ဖြစ်၏၊ ဋီကာတို့၌ကား- အာပတ်၏အင်္ဂါနှင့် အာပတ်ကို ပဘေဒူပစာပြု၍ အာပတ်၏အင်္ဂါဖြစ်သော စိတ်သည်ပင်လျှင် အာပတ်လည်းမည်၏- ဟု ဆိုကြကုန်၏၊ ဆိုဖွယ်အထူးမူကား -အစိတ္တက အာပတ်မျိုးတို့၌ အာပတ် သင့်သောအမှုကို စေ့ဆော်သော စိတ်သည်လည်း အာပတ်၏အင်္ဂါ မဟုတ်၊ အာပတ္တိ သမုဋ္ဌာပက မယုတ်၊ အင်္ဂပ္ပဟောနက မဟုတ်၊ အဘယ့် ကြောင့်နည်းဟူမူ အစိတ္တကမျိုးဖြစ်၍ ထိုသို့သောစိတ် မရှိဘဲနှင့်ပင် သင့်သည်သာဖြစ်သောကြောင့်တည်း။
သဟသေယျ၌ မာတုဂါမအိပ်၍နေနှင့်သည်ကို သိ၍ အာပတ် သင့်မည်ကို သိလျက်နှင့်ပင် သင့်ပလေစေ-ဟု လွန်ကျူးလိုသောစိတ်နှင့် စေ့ဆော်အားထုတ်၍ အိပ်ရာ၌ပင်လျှင် ထိုစိတ်သည် အာပတ်၏အင်္ဂါ မဟုတ်၊ အိပ်သော လျောင်းသော အခြင်းအရာအားဖြင့်ဖြစ်သော ရုပ်အစုသည်သာ အာပတ်၏အင်္ဂါလည်း မည်၏၊ အာပတ်လည်း မည်၏၊ အဋ္ဌကထာ၌ပြဆိုသော ဧဠကလောမ, ပဒသောဓမ္မသမုဋ္ဌာန်ရှိသော အစိတ္တကပဏ္ဏတ္တိဝဇ္ဇမျိုးဆိုသည်လည်း ဤသဟသေယျ-စသည်တို့ ပင်တည်း၊ ကုသလစိတ္တံ အာပဇ္ဇေယျ၌ သမင်္ဂိမတ္တအရာ၌ တည်သော ကုသိုလ်စိတ်ကို အာပတ္တာဓိကရုဏ်ဟူ၍ ဟောခဲ့သည်ရှိသော် အစိတ္တက အာပတ်မျိုး သင့်ဆဲခဏ၌ရှိနေသော ကုသိုလ်စိတ်ကိုလည်း အာပတ်ဟူ၍ ဆိုရရာ၏၊ ထိုသို့ဆိုရခဲ့သည်ရှိသော် အစိတ္တကမျိုးဖြစ်သော ဧဠကလောမ အာပတ်, ပဒသောဓမ္မအာပတ်မျိုးကိုလည်း ကုသိုလ်အာပတ်ဟူ၍ ဆိုရာ၏-ဟူလိုသည်
သိုးမွေးကိုယူဆောင်၍ ၃-ယူဇနာကို ကုသိုလ်စိတ်နှင့် လွန်သော အခါ၌၎င်း, လူသာမဏေကို ကုသိုလ်စိတ်နှင့် ပုဒ်ပြိုင်စာချသောအခါ၌၎င်း ကုသိုလ်စိတ်ထင်ရှားရှိနေသောကြောင့် ထိုအာပတ်များသည် ကုသိုလ် အာပတ်ပင် ဖြစ်သင့်သည်မဟုတ်လောမေးရန်ရှိ၍” န စ တတ္ထ ဝိဇ္ဇမာနံပိ ကုသလစိတ္တံ အာပတ္တိယာ အင်္ဂံ ဟောတိ” မိန့်၊ ဤ၌“အာပတ္တိ-ယာ အင်္ဂံနဟောတိ“ကို “အာပတ္တိ န ဟောတီတိ အတ္ထော”ဟု ဋီကာတို့ ဖွင့်ကြ၏၊ တစ်နည်းကား-” အာပတ္တာဓိကရဏံ သိယာ အကု-သလံ၊ သိယာ အဗျာကတံ၊ နတ္ထိ အာပတ္တာဓိကရဏံ ကုသလံ” ၌ သိယာ သဒ္ဒါကား-ဧကစ္စပရိယာယ်တည်း၊ သိယာ=အချို့သောအာပတ်ကား-ပေး။
အစိတ္တကဖြစ်သော လောကဝဇ္ဇ, ပဏ္ဏတ္တိဝဇ္ဇနှစ်မျိုးသည် အသဉ္စိစ္စဖြစ်၍-“သိယာအဗျာကတံ” ၌ဝင်၏၊ သစိတ္တက ဖြစ်သော လောကဝဇ္ဇအာပတ်မျိုးသည် သဉ္စိစ္စအကုသလဓမ္မမျိုး ဧကန်ဖြစ်၍ “သိယာအကု-သလံ“၌ဝင်၏၊ သစိတ္တကပဏ္ဏတ္တိဝဇ္ဇ အာပတ်မျိုး၌မူကားပညတ်တော်ကိုသိလျက် ကျူးလွန်၍သင့်သော အာပတ်ဖြစ်အံ့၊ “ သိယာ အကုသလံ” ၌ဝင်၏၊ ပညတ်တော်ကိုမူကားမသိ၊ ဝတ္ထုဝီတိက္ကမမျှကိုသာ သိ၍ ပြုရာ၌ကား-ကုသိုလ်အာပတ်, အကုသိုလ်အာပတ်, အဗျာကတ အာပတ်သုံးမျိုးထွက်၍ ရဟန်းသည်ပညတ်, ဝတ္ထု, ဝီတိက္ကမ ၃-မျိုးကို သိလျက် မြက်သစ်ပင်ကို ဖျက်ဆီးခဲ့အံ့၊ အကုသိုလ်အာပတ် ဧကန်ဖြစ်၏၊ “သိယာအကုသလံ” ၌ ဝင်၏၊
ပညတ်တော်ရှိသည်ကို မသိမူ၍ဘုရားကို ကြည်ညိုသောစိတ်ဖြင့် စေတီပြင်မှာ မြက်သစ်ပင်ကို တူးဖြတ် ခုတ်ထွင်ရာ၌ ပုထုဇဉ် သေက္ခ ဖြစ်ခဲ့အံ့၊ ကုသိုလ်စိတ်သည်အင်္ဂါ, ကုသိုလ်စေတနာသည် အာပတ် ဖြစ်၏၊ ရဟန္တာဖြစ်ခဲ့အံ့၊ ကြိယာစိတ်သည်အင်္ဂါ, ကြိယာစေတနာသည် အာပတ် ဖြစ်၏၊ ပုထုဇဉ်သေက္ခဖြစ်၍ မြက်သစ်ပင်တို့ကို ဒေါသနှင့် တူးဖြတ် ခုတ်ထစ်ခဲ့အံ့၊ အကုသိုလ်သည်အင်္ဂါ, အကုသိုလ်စေတနာသည် အာပတ်ဖြစ်၏၊ ဤအကုသိုလ်စိတ်, အကုသိုလ်စေတနာသည်လည်း” သိယာ အကုသလံ“၌ဝင်၏၊ ပြဆိုခဲ့ပြီးသော သဉ္စိစ္စအဖို့ရှိသော ကုသိုလ် အာပတ်, ကြိယာအာပတ် ၂-မျိုးသည် ကျန်ရှိ၍နေ၏၊ ပညတ်တော် ကိုသာ မသိသည် ဝတ္ထုနှင့်ဝီတိက္ကမကိုမူကား-ကြောင်ကြောင်သိ၍ ပြုကြသောအမှု အာပတ်စုဖြစ်သောကြောင့် သဉ္စိစ္စအဖို့ရှိသည်ဟု ဆိုသတည်း။
ပညတ်တော်ကို မသိသော်လည်း ဝတ္ထုဝီတိက္ကမကို သိလျက်နှင့် ပညတ်တော်ကို ကျူးလွန်မှုဖြစ်လေသောကြောင့် ဝိနည်းဝေါဟာရ အားဖြင့် အသဉ္စိစ္စအဖို့ရှိသော အာပတ်အစုကို “ သိယာအကုသလံ” ၌ ပါဝင်ဟု ယူရမည်၊ ပေါရာဏဂဏ္ဌိပုဒ်၌ကား- ကုသိုလ်ပင်ဖြစ်သော်လည်း အာပတ်ဖြစ်ခဲ့၍ ကောင်းသောအကျိုးကို မပေးနိုင်သောကြောင့် ဝိနည်းဝေါဟာရအားဖြင့် အဗျာကတဆိုသည်ဟုယူလို၏၊
အဗျာကတ၏ ပဋိနိဒ္ဒေသ၌-“ယံ အဇာနန္တော၊ အသညာနန္တော၊ အစေစ္စ အနဘိဝိတရိတွာ ဝီတိက္ကမော” ဟုလာ၏၊ ပြဆိုခဲ့ပြီးသော ထိုအမှုစုကား ဝတ္ထု ဝီတိက္ကမကိုသိလျက် လွန်ကျူးသော ဇာနန္တသဉ္စိစ္စစုမျှ ဖြစ်ခဲ့၏၊ ထို့ကြောင့် ဂဏ္ဌိပုဒ် အယူကို ဆင်ခြင်လေ၊ ဝိနည်းဝေါဟာရ အလိုအားဖြင့် ထိုကုသိုလ်, ကြိယာစုသည် အကုသိုလ်မည်၏-ဟု ဆိုခဲ့သော် ဝိနည်းအဘိဓမ္မာ ဆန့်ကျင်ရာ၏- ဆိုငြားအံ့၊ ထိုကုသိုလ်ကြိယာ စုသည် အဘိဓမ္မာအလို ကုသိုလ်သဘော, ကြိယာသဘောကို စွန့်သည် ကား-မဟုတ်၊ ပညတ်တော်ကို လွန်ကျူးမှုဖြစ်ခဲ့၍ ဝိနည်းတော်အလို ကဲ့ရဲ့ဖွယ်သော အမှုဖြစ်ခဲ့၏၊ သဘောကိုမစွန့်သည့်အတွက်ကြောင့် အဘိဓမ္မာအလို ကုသိုလ်ကြိယာပင်အမှန်ဖြစ်၏၊ ပညတ်တော်ကို လွန်ကျူးမှုဖြစ်သည့်အတွက်ကြောင့် ဝိနည်းတော်အလို အကုသိုလ်-ဟု ဆိုရ၏၊ တစ်ပါးကိုတစ်ပါး ပစ်ပယ်ခြင်း မရှိသောကြောင့် မဆန့်ကျင်လေ။
ဥပမာကား- တစ်ခုသော စန္ဒကူးနံ့သာတုံးသည် မစင်တွင်းမှာ ကျ၍ နေရာ၏၊ သူ ၂-ယောက်မြင်ကြလေရာ တစ်ယောက်သောသူက စန္ဒကူး၏သဘောကို မြှော်၍ စန္ဒကူးသည်ကောင်းလေစွ-ဟု ဆိုပေရာ၏၊ တစ်ယောက်သော သူက မစင်မှာနစ်၍ နေသည်ကိုမြှော်၍ စန္ဒကူးသည် မကောင်းလေစွ- ဟု ဆိုပေရာ၏၊ ၂-ယောက်အဆိုသည် ကိုယ့်လမ်းနှင့် ကိုယ် အမှန်ချည်းဖြစ်ကြ၏၊ ဆန့်ကျင်သည်မဆိုရ၊ ဤဥပမာကဲ့သို့တည်း။
ဤကား- အာပတ္တာဓိကရဏံ သိယာ အကုသလံ-အစရှိသော ပါဠိတော်ကို ဝိနည်းတော်အလိုအားဖြင့် သဗ္ဗာပတ္တိသာဓာရဏ နီတတ္တ ဒေသနာယူ၍ ပြောဆိုသောနည်းတည်း-တရပ်။
အဘိဓမ္မာ ဒေသနာတော်နည်း
ယခုအခါ အလုံးစုံသော အာပတ်- ဟူသမျှတို့ကို ကုသလတိက် အဘိဓမ္မာဒေသနာတော်နည်းအားဖြင့် ဝေဖန်သော အဋ္ဌကထာကို ပြဆိုပေအံ့။
အတ္ထိ သိက္ခာပဒံ ကုသလံ၊ အတ္ထ အကုသလံ၊ အတ္ထိ အဗျာကတံ၊ ဒွတ္တိံသေဝ ဟိ အာပတ္တိသမုဋ္ဌာပက စိတ္တာနိ, ဒသကာမာဝစရ ကြိယစိတ္တာနိ၊ ကုသလတော စ ကြိယတော စ ဒွေ အဘိညစိတ္တာနီတိ၊ တတ္ထ ယံ ကုသလ စိတ္တေန အာပဇ္ဇတိ, တံ ကုသလံ ဣတရေဟိ ဣတရံ၊ သဗ္ဗေဉ္စတံ အာပတ္တိယံယုဇ္ဇတိ၊ သိက္ခာပဒသီသေန ပန အဋ္ဌကထာသု ဒေသနာ အာရုဠာ။
[ပထမပါရာဇိက ပကိဏ္ဏက ကထာ အဋ္ဌကထာပါဌ်။]
ဤအဋ္ဌကထာ၌ “သဗ္ဗေဉ္စတံ အာပတ္တိယံ ယုဇ္ဇတိ” ဟူသော အချုပ်စကားဖြင့် ရှေ့၌ “အတ္ထိသိက္ခာပဒံကုသလံ၊ အတ္ထိအကုသလံ၊ အတ္ထိအဗျာကတံ” ဟူသော ဝါကျမှာ “အတ္ထိအာပတ္တိကုသလာ၊ အတ္ထိအကုသလာ၊ အတ္ထိအဗျာကတာ” ဟုပြင်ဆင်၍ အဖြောင့်ကိုသိလေ “ယံ ကုသလစိတ္တေန အာပဇ္ဇတိ, တံ ကုသလံ ဣတရေဟိ ဣတရံ” ဟူသော ဝါကျမှာလည်း “ယံ ကုသလစိတ္တေန အာပဇ္ဇတိ, သာ ကုသလာဣတရေဟိ ဣတရာ” ဟု အဖြောင့်သိလေ၊ ဣတရေဟိ ဣတရာ-၌ “ယံ ကုသလစိတ္တေန အာပဇ္ဇတိ, သာ အကုသလာ၊ ယံ အဗျာကတစိတ္တေန အာပဇ္ဇတိ, သာ အဗျာကတာ” ဟု ဘော်လေ။
” ဒိတ္တိံ သေဝ ဟိ အာပတ္တိသမုဋ္ဌာပကစိတ္တာနိ” ကို ထောက်၍ ယံ ကုသလစိတ္တေန အာပဇ္ဇတိ၌၊ ယံ၊ အကြင်ကုသိုလ် စေတနာ တည်းဟူသော အာပတ်သို့၊ ကုသလစိတ္တေန=ကုသိုလ်စိတ်ဖြင့်၊ အာပဇ္ဇတိ= ရောက်၏-ဟု ကြိယာသာဓကတမ ကရိုဏ်းအနက်ပေး၍ အင်္ဂပ္ပဟောနက စိတ်ဝိသေသကိုသာ ယူအပ်၏၊ ယံ=အကြင်အာပတ်သို့၊ ကုသလစိတ္တေန=ကုသိုလ်စိတ်ဖြင့်၊ အာပဇ္ဇတိ=ရောက်၏-ဟု သဟတ္ထ အနက်ပေး၍ သမင်္ဂီမတ္တစိတ် သာမညကို မယူအပ် “နတ္ထိ အာပတ္တာ ဓိပရဏံ ကုသလံ” ဟူသော ပါဠိတော်ကို နီတတ္ထဒေသနာ-ဟု စွဲလမ်း မှုရှိသော သာရတ္ထဒီပနီ ဋီကာဆရာကား- သမင်္ဂီမတ္ထစိတ်ကို အရစွဲ၍ အလွဲလွဲအချော်ချော်ဖွင့်ဆိုလေ၏၊ “ယံ ကုသလစိတ္တော အာပဇ္ဇတိ” ဆိုလျှင် သမင်္ဂိမတ္ထစိတ်ကိုရ၏၊ “ကုသလစိတ္တေန အာပဇ္ဇတိ” ဆိုလျှင် အင်္ဂပ္ပဟောနက စိတ်ကိုရ၏၊
ဤအဋ္ဌကထာ၌ကား- အင်္ဂပ္ပဟောနက စိတ်ကိုသာ ပြဆိုရင်း ပေတည်း၊ အင်္ဂါနှင့်အာပတ်ထပ်တူကျ၏၊ စိတ်ကား-အင်္ဂါ, စေတနာကားအာပတ်ယူလျှင် ကွဲကြ၏၊ သိုးမွေးကို ယူဆောင်၍ ၃-ယူဇနာကိုလွန်မှု ပုဒ်ပြိုင်ရွတ်ဆို၍ လူသာမဏေကို စာချမှုတို့၌ ကုသိုလ်စိတ် ထင်ရှား ရှိလေပါသော်လည်း ထိုသို့သော စိတ်မျိုးမရှိဘဲနှင့်ပင် သင့်နိုင်သော အစိတ္တက အာပတ်မျိုးဖြစ်သောကြောင့် ထိုကုသိုလ်စိတ်သည် အာပတ်၏ အင်္ဂါမဟုတ်၊ ထိုကုသိုလ်စိတ်နှင့်ယှဉ်သော ကုသိုလ်စေတနာသည် အာပတ်မဟုတ်-ဟူလိုသည်။
စောဒနာဘွယ်
မေး။ စိတ်သည် အာပတ်၏အင်္ဂါဖြစ်ခဲ့လျှင် စိတ်နှင့်ယှဉ်သော စေတနာသည် ဧကန်အာပတ် ဖြစ်တော့သည်ဖြစ်၍ အင်္ဂါကိုသာ အဋ္ဌကထာ၌ ပဓာနပြု၍ဆို၏၊ ဋီကာဆရာတို့ကား- အာပတ်ကို ဆိုလိုရင်းအရာဌာန၌ အင်္ဂါကို အဋ္ဌကထာဆိုသောကြောင့် အင်္ဂါနှင့် အာပတ် မခြားကြဟုယူကြကုန်၏၊ ထို့အမှုတို့၌ ကုသိုလ်စိတ်သည် အင်္ဂါမဟုတ်ဟုဆို၏၊ အဘယ်သည်အင်္ဂါဖြစ်ပါသနည်း-စုဒ်။
ဖြေ။ ကာယဝစီဝိညတ္တိဝသေန ပန စလိတပ္ပဝတ္တာနံ ကာယဝါစာနံ အညတရမေဝ အင်္ဂံ၊ တဉ္စ ရူပက္ခန္ဓပရိယာပန္နတ္တာ အဗျာကတံမိန့်၊ ကာယဝိညတ္တိဝသေန စလိတကာယော အင်္ဂံ၊ ဝစီဝိညတ္တိဝသေန ပဝတ္တဝါစာ အင်္ဂံ-ဆိုလိုသည်၊ ကာယဝိညတ်နှင့် သဟဇာတ်ဖြစ်သော ရူပကာယကိုယ်အင်္ဂါ, ဝစီဝိညတ်နှင့် သဟဇာတ်ဖြစ်သော စိတ္တဇသဒ္ဒါဝါ စာ၌ကိုယ်အင်္ဂါ၊ ဤနှစ်ပါးသည် အာပတ်၏အင်္ဂါဖြစ်၏၊ ဤအင်္ဂါ ၂- ပါးသည် ရူပက္ခန္ဓာ၌ အကျုံးဝင်သောကြောင့် အဗျာကတသာဖြစ်၏၊ ဤအဋ္ဌကထာပါဌ်၌ အာပတ်နှင့်, အင်္ဂါထပ်မိလျက်ရှိ၏၊ ဝိညတ်၂- ပါးသည်အင်္ဂါ, သဟဇာတ်ရုပ်စုသည် အာပတ်ဟုယူလျှင် ကွဲကြ၏၊ ဝိတ္တိစ္ဆာနေရာမျိုးဖြစ်၍ အဋ္ဌကထာ ဆရာလည်း နှုတ်တတ်ရာ မိန့်သ တည်း။
ထိုကာယဝိညတ်, ဝစီဝိညတ်ကိုဖြစ်စေတတ်သော ကုသိုလ်စိတ်သည်မူကား- အာပတ်၏အင်္ဂါမဟုတ်၊ သမင်္ဂိ မတ္တအရာ၌တည်လေ၏၊ အသိ ၃-မျိုးနှင့်ပြည့်စုံလျက် ကျူးလွန်သည်ဖြစ်၍ အကုသိုလ်ပင်ဖြစ် သော်လည်း ထိုအစိတ္တကမျိုးတို့၌ စိတ်သည်အင်္ဂါလည်းမဖြစ်ထိုက်၊ အာပတ်လည်း မဖြစ်ထိုက်၊ ရုပ်သည်သာ အင်္ဂါအာပတ်ဖြစ်ထိုက်၏၊ အစိတ္တက အာပတ်ခပ်သိမ်းတို့မှာ ဤနည်းချည်း၊ ထို့ကြောင့်ပင်လျှင် အစိတ္တက ခေါ်ပေသတည်း။
ဤမျှသော စကားရပ်တို့ဖြင့် “အာပတ္တာဓိကရဏံ သိယာ အကုသလံ၊ သိယာ အဗျာကတံ၊ နတ္ထိအာပတ္တာ ဓိကရဏံ ကုသလံ” ဟူသောပါဠိတော်သည် သဉ္စစ္စ, အသဉ္စိစ္စဟူသော အချက်ဝိသေသကို ပဓာနပြု၍ ဟောတော်မူသော နေယျတ္ထပါဠိတော်သာတည်း၊ ထို ၂- ချက်ကိုလည်း တစ်ခုတစ်ခုသော သိက္ခာပုဒ်၌ အလှည့်အလည် ဝိကပ် အားဖြင့်ရသည်ကို လိုရင်းတည်း၊ ထို ၂-ချက်ကိုလည်း အစိတ္တက ပဏ္ဏတ္တိဝဇ္ဇ အာပတ်မျိုးတို့၌သာလျှင်ရအပ်၏၊ သစိတ္တကပဏ္ဏတ္တိဝဇ္ဇ အာပတ်မျိုး, လောကဝဇ္ဇအာပတ်မျိုးတို့၌မရအပ်၊ ထို့ကြောင့် ဤပါဠိတော်ကို သဒ္ဓါယ အာသိတနေယျတ္ထဒေသနာ-ဟူ၍သာ သိအပ် သည်ဟု ဆုံးဖြတ်တော်မူသတည်း၊ တရပ်။
ဤသို့လျှင် အဋ္ဌကထာဆရာမြတ်ကြီးသည် “အာပတ္တာဓိကရဏံ သိယာ။လ။ နတ္ထိ အာပတ္တာဓိကရဏံ ကုသလံ” ဟူသော ပါဠိတော်၏ နေယျတ္ထဒေသနာ ဖြစ်ကြောင်းကို၎င်း, ယင်းပါဠိတော်ဖြင့် သိရမည့် အချက် အနက်ဝိသေသကို၎င်း သမထခန္ဓကအဋ္ဌကထာ၌ နေရာတကျ ဖွင့်ပြတော်မူပေ၏၊ ကုသလတိက်အလာ အဘိဓမ္မာဒေသနာတော် နည်းအားဖြင့် အဖြောင့်မုချ နေရာကျသိရမည့် နီတတ္ထစကားကို ဤပကိဏ္ဏကကထာ၌ အသေအချာပြဆိုတော်မူပေ၏၊ ထိုသို့အဋ္ဌကထာ ဆရာဖွင့်ပြတော်မူပါလျက် အရပ်ရပ်သောဂဏ္ဌိ ပုဒ်ဆရာ, ဝဇီရဗုဒ္ဓိဋီကာ ဆရာ, သာရတ္ထဒီပနီ ဋီကာဆရာတို့သည် “နတ္ထိအာပတ္တာဓိကရဏံ ကုသလံ” ဟူသောပါဠိတော်ကို နီတတ္ထဒေသနာ-ဟု စွဲလမ်းမှု ရှိနေကုန် သည့်အတွက်ကြောင့် ဤပကိဏ္ဏကကထာအရာ၌၎င်း, အထက်သမထ ခန္ဓကအဋ္ဌကထာ၌၎င်း အဖွင့်အဆို ချော်ချွတ်တိမ်းပါးလျက်ရှိကြကုန်၏၊
ဝိမတတိနောဒနီ ဋီကာဆရာမူကား- ဒုဋ္ဌဒေါသသိက္ခာပုဒ် အဋ္ဌကထာဝယ် ရှေးရှေးဂဏ္ဌိဆရာ, ဋီကာဆရာတို့ လက်ထက်၌လည်း မရှိ၊ ယခုကာလ၌လည်းမရှိကြသော” အာဒိကမ္မိကဿ အနာပတ္တီတိ ဝစနတော” အစရှိသော မသူတယူမူပျက်, ပါဌ်ပျက်, ဝါကျပျက်, ဝါကျပိုကြီးကို တွေ့ရှိ၍နေသည့်အတွက်ကြောင့်၎င်း, ပရမတ္ထဓမ္မ သဘာဝတို့၌ အသိဉာဏ်မပျံ့ပွါးသည့်အတွက်ကြောင့် အာပတ်ကို ကုသိုလ်, အကုသိုလ်, အဗျာကတ မုချပရမတ်ဆိုခဲ့လျှင် ဆန့်ကျင်ရန် အမှုအကြောင်းတု အကြောင်းယောင်တွေကို များစွာကြီးပြဆို၍ စွဲလမ်းသောပကိဏ္ဏကဝါဒကို အားကျ၍ဖွင့်ဆိုလေ၏၊ ဤဝိမတိ ဝိနောဒနီဋီကာဆရာသည် ဤအာပတ္တိသဘာဝ ဝိနိစ္ဆယအရာ၌၎င်း၊ ဥဒကုက္ခေပသိမ်, သတ္တဗ္ဘန္တရသိမ်အရာ၌၎င်း လွန်စွာအားထုတ်၍ ဖွင့်ဆို၏၊ ဖွင့်ဆိုသမျှသည်လည်း ပညာရှိပုဂ္ဂိုလ်တို့ ရယ်ဘွယ် အလွန် ကောင်း၏၊ သတိမူကြလေကုန်။
ပြဆိုခဲ့ပြီးသော ပကိဏ္ဏကကထာ၌၎င်း, ဒုဋ္ဌဒေါသသိက္ခပုဒ် အဋ္ဌကထာ၌၎င်း, သမထခန္ဓကအဋ္ဌကထာ၌၎င်း ဤ ၃-ဌာနတို့၌ ဝိမတိဝိနောဒနီဋီကာသည် ရစရာမရှိ၊ ယူစရာမရှိ၊ ယုတ္တိတု ယုတ္တိယောင် တွေနှင့်ပါစင်အောင်လွဲလှ၏၊ ယုတ္တိတု ယုတ္တိယောင်တွေ၏အဖြေကို အလိုရှိကြလျှင် ဒလမြို့ တော်ကူးကြီးရွာ သရက်တောကျောင်းတိုက် ဆရာတော် အရှင်ဇာဂရ တောင်းပန်ချက်နှင့်ရေးပေးသော“အာပတ္တိ သဘာဝဝိနိစ္ဆယ” မှာကြည့်လေ။
လယ်တီဆရာတော်
၁၂၆၄-ခု ကဆုန်လဆန်း ၈-ရက်။
အာပတ္တိ ဝိနိစ္ဆယပြီး၏၊
---