မာတိကာသို့ ခုန်သွားရန်

ဥက္ကံပုစ္ဆာအဖြေ

ဝီကီရင်းမြစ် မှ

ဥက္ကံပုစ္ဆာအဖြေ

မြန်မာသက္ကရာဇ် ၁၂၈၁-ခု၊ တန်ဆောင်မုန်းလဆန်း ၅-ရက်နေ့၊ ဥက္ကံ ဘုရားကြီးကျောင်းဘုန်းကြီး တောင်းပန်လျှောက်ထားချက်။ ပုစ္ဆာ-ငါးရပ်

၁။ သဟဇာတာဓိပတိပစ္စည်း၌ မောဟမူဒွေ, ဟသိတုပ္ပါဒ် တို့သည် အဘယ့်ကြောင့် ပစ္စည်းမထိုက်ပါသနည်း။

၂။ ဝတ္ထာရမ္မဏပုရေဇာတနိဿယ၌ အဘိညာဉ်ဒွေ ရသင့် မရသင့်၊ ရသော် ဝီထိနှင့်တကွ ပစ္စည်းတပ်ပုံကို သိလိုပါသည်။

၃။ ပကတူပနိဿယ၌ ဗလဝဖြစ်သောစိတ်ကိုသာ ပစ္စည်း ကောက်ပါသည်၊ ဒုဗ္ဗလဖြစ်သောစိတ်သည် ပစ္စည်းတပ်သင့်မတပ်သင့်။

၄။ ၎င်းပစ္စည်း၌-ပစ္စည်းထိုက်သော အချို့သော ပညတ်ဟူ၍သာ ဆိုပါသည်၊ အဘယ်ကဲ့သို့သော ပညတ်သည် ပစ္စည်းထိုက်သည်၊ အဘယ် ကဲ့သို့သော ပညတ်သည် ပစ္စည်းမထိုက်သည်-ဟု ခွဲခြမ်းဝေဖန်၍ မိန့် တော်မူပါ။

၅။ ကမ္ဘာပျက်ရာတွင် သုဒ္ဓါဝါသငါးဘုံ၏ ဖြစ်ပုံ,တည်ပုံအခြင်း အရာကို သိလိုပါသည်ဘုရား။

လယ်တီဆရာတော်ကြီးဖြေဆိုချက်

မြန်မာသက္ကရာဇ် ၁၂၈၁-ခု၊ တန်ဆောင်မုန်းလဆန်း ၅-ရက်နေ့၊ ဥက္ကံဘုန်းကြီး တောင်းပန်လျှောက်ထား ချက် ပုစ္ဆာငါးရပ်ကို အစဉ်အတိုင်း သိသာထင်ရှားရုံ အကျဉ်းအားဖြင့် ဖြေဆိုပေအံ့။

၁-အမေး။ ။ သဟဇာတာဓိပတိပစ္စည်း၌ မောဟမူဒွေ, ဟသိတုပ္ပါဒ်တို့သည် အဘယ့်ကြောင့် ပစ္စည်းမထိုက်ပါ သနည်း။

အဖြေ။ ။ မောဟမူဒွေသည် လောဘ,ဒေါသ-ဟူသော မူလ တစ်ပါးမှကင်းသဖြင့် ရအပ်သောအခွင့်ရှိ သည်ဖြစ်၍ အလွန်အားကြီး သော မောဟနှင့်ယှဉ်သည်တစ်ကြောင်း၊ သိုလော,သိုလော တွေးတော သောအားဖြင့် ရွေ့လျားတတ်သော ဝိစိကိစ္ဆာအာရုံ၌ အလွန်ပျံ့လွင့် တတ်သော ဥဒ္ဓစ္စနှင့်ယှဉ်သည်တစ်ကြောင်း၊ ထိုအကြောင်းများ ကြောင့် အလွန်တုန်လှုပ်ခြင်းရှိ၏၊ အလွန်တုန်လှုပ်ခြင်းရှိသောကြောင့် ဤစိတ် နှစ်ပါး၌ယှဉ်သော ဝီရိယသည်လည်း ဝီရိယာအဓိပတိကိစ္စ မတပ်နိုင်၊ စိတ်သည်လည်း စိတ္တာအဓိပတိကိစ္စမတပ်နိုင်၊ ဟသိတုပ္ပါဒ်သည် ဘုရား ရဟန္တာတို့အား တွေ့ရှိရာအရေးထူး အခွင့်ထူးတို့၌ ဉာဏ်အထူးဖြစ် ပေါ်မှုကို အစွဲပြု၍ ရုတ်တရက်အားဖြင့် ပြုံးရွှင်မှုမျှသာ ဖြစ်ချေ၍ အာရုံ၌ အနက်အနဲ သက်ဝင်မှုမရှိ၊ ထို့ကြောင့် ထိုစိတိ၌ရှိသော ဝီရိယသည် ဝီရိယာဓိပတိ မတပ်၊ စိတ်သည်လည်း စိတ္တာဓိပတိမတပ်၊ ထို့ကြောင့် သဟဇာတာဓိပတိပစ္စည်း၌ မောဟမူဒွေ, ဟသိတုပ္ပါဒ်တို့သည် သဟ ဇာတာဓိပတိပစ္စည်းကို မရထိုက်ကြလေကုန်။

၂-အမေး။ ။ ဝတ္ထာရမ္မဏပုရေဇာတနိဿယ၌ အဘိညာဉ်ဒွေ ရသင့်မရသင့်၊ ရသော် ဝီထိနှင့်တကွ ပစ္စည်းတပ်ပုံကို သိလိုပါသည်။
အဖြေ။ ။အချို့သော နောက်ဖြစ် သုံးချက်စု ဇယား၌ ဝတ္ထာရမ္မဏပုရေဇာတနိဿယ၊ ပစ္စယုပ္ပန်တွင် အဘိညာဉ်ဒွေမပါ၊ မပါခြင်းအကြောင်းကား- ဝတ္ထာရမ္မဏပုရေဇာတပစ္စည်းမည်သည် မရဏာသန္နအခါသာရ နိုင်၏၊ အဘိညာဉ်ဒွေသည် မရဏာသန္နဇော ကိစ္စမတပ်နိုင်၊ မရဏာသန္နဇောသည် ကာမဇောများ၌သာဖြစ်နိုင်၏ဟု နှလုံးပိုက်၍ ထိုသုံးချက်စုများ၌ ဝတ္ထာရမ္မဏပုရေဇာတနိဿယ ပစ္စယုပ္ပန်တွင် အဘိညာဉ်ဒွေမပါဝင်လေ သတည်း။

ရှေးရှေးသော သုံးချက်စုဟောင်းများ၌ကား- ၎င်းပစ္စယုပ္ပန်တွင် အဘိညာဉ်ဒွေသည် ပါရှိ၏၊ ပါရှိခြင်းအကြောင်းကား- မရဏာသန္နဇော မည်သည် ကာမဇော၌သာ ဖြစ်သင့်သည်မဟုတ်၊ စျာန်ဇော,အဘိညာဉ် ဇောများသည်လည်း မရဏာသန္နဇောဖြစ်နိုင်၏၊ အထောက်ကားအထခေါ အာယသ္မာ ဒဗ္ဗော မလ္လပုတ္တော ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ဝေဟာသံ အဗ္ဘုဂ္ဂန္တွာ အာကာသေ အန္တလိက္ခေ ပလ္လင်္ကေန နိသီဒိတွာ တေဇော ဓာတုံ သမာပဇ္ဇိတွာ ဝုဋ္ဌဟိတွာ ပရိနိဗ္ဗာယိ။

[ဥဒါန်းပါဠိတော် စာအုပ်နံပါတ်-၁၁၁၊ ကြောင်းရေ ၂၉။]

ဝုဋ္ဌဟိတွာ ပရိနိဗ္ဂာယီတိ ဣဒ္ဓိစိတ္တတော ဝုဋ္ဌဟိတွာ ဘဝင်္ဂစိတ္တေန ပရိနိဗ္ဗာယိ။

[၎င်းအဋ္ဌကထာ။]

ဤပါဠိအဋ္ဌကထာများကိုထောက်၍ အဘိညာဉ်ဇောသည် မရဏာသန္နဇော ဖြစ်နိုင်ကြောင်းကို သိအပ်၏၊

၁။ ကောင်းကင်၌ ဒဗ္ဗမထေရ်ထက်ဝက်ဖွဲ့ခွေနေရာ၌ အဘိညာဉ် ဝီထိတစ်ခန်း၊

၂။ တေဇောကသိုဏ်းစျာန်ကို ဝင်စား၍ ထိုစျာန်မှထ၍ ပရိနိဗ္ဗာန်စံရာ၌ အဘိညာဉ်ဝီထိတစ်ခန်း၊

ထိုတွင် နောက်အခန်း၌ ရှေးဦးစွာ အဓိဋ္ဌာန်၏ အဓိဋ္ဌာန်ပါဒ ကစျာနဝီထိတစ်၊ ဆောက်တည်မှု-ဟူသော အဓိဋ္ဌာန်ဝီထိနှစ်၊ အဘိညာဉ်၏ ပါဒကစျာနဝီထိသုံး၊ အဘိညာဉ်ဝီထိလေး။

ထိုတွင်

၁။ အဓိဋ္ဌာန်၏ ပါဒကစျာနဝီထိဖြစ်ပုံကား- ဘဝင်္ဂ စလန, ဘဝင်္ဂုပစ္ဆေဒနှစ်ကြိမ်, မနောဒွါရာဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘု, ရူပါဝစရပထမစျာန်ဇောများစွာ။

၂။ ထိုနောင်ဘဝင် အဓိဋ္ဌာန်ဝီထိဖြစ်ပုံကား-ဘဝင်္ဂ စလန, ဘဝင်္ဂုပစ္ဆေဒနှစ်ကြိမ်, မနောဒွါရာဝဇ္ဇန်း, မဟာကြိယာ ဉာဏသမ္ပယုတ် ဇော ၇-ကြိမ်, ထိုနောင်ဘဝင်၊ ဤဝီထိဖြင့် ငါ၏ကိုယ်မှ တေဇောဓာတ် သည် မီးတောက်မီးလျှံထ၍ ဤခန္ဓာကိုယ်ကို လောင်စေသတည်း-ဟု အဓိဋ္ဌာန်၏၊

၃။ အဘိညာဉ်၏ ပါဒကစျာနဝီထိမှာ ရှေးပါဒကစျာနဝီထိ အတိုင်းပင်။

၄။ အဘိညာဉ်ဝီထိဖြစ်ပုံကား- ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ နှစ်ကြိမ်, မနောဒွါရာဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘု, မဟာ ကြိယာပရိကံဇော လေးကြိမ်, ထိုနောင် ဣဒ္ဓိဝိဓအဘိညာဉ်ဇောတစ်ကြိမ်, ထိုနောင်ဘဝင်တစ်ကြိမ်, ထိုနောင် ပရိနိဗ္ဗာနစုတိတစ်ကြိမ်။

[ဤကား-အဘိညာဉ်ဝီထိဖြစ်ပုံတည်း။]

ပစ္စည်းတပ်ပုံကား။ ။ ဤဝီထိ၌ အလုံးစုံသောစိတ်သည် စုတိစိတ် မှ ပြန်၍ရေသည်ရှိသော် ၁၇-ချက်မြောက်သော ဘဝင်စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုတစ်ခုကိုသာ မှီကြကုန်၏၊ ဤဝီထိ၌ အလုံးစုံသော စိတ်တို့သည် ဟဒယဝတ္ထုတစ်ခု၌သာ မှီကြကုန်၏၊ အဘိညာဉ်နှင့်တကွသော ဝီထိစိတ်တို့သည်လည်း ရှေးအဓိဋ္ဌာန်ချက် အတိုင်း ရူပကာယခန္ဓာကိုယ်ကို အာရုံပြုကြကုန်၏၊ ထိုဟဒယဝတ္ထုသည် ရူပကာယခန္ဓာကိုယ်၌ အတွင်းဝင်လျက်ရှိ၏၊ ထို့ကြောင့် ထိုဟဒယ ဝတ္ထုသည် ရှေး၌ဖြစ်၍ အဘိညာဉ်နှင့်တကွသော ထိုဝီထိစိတ်တို့မှီရာ ဝတ္ထုလည်းဖြစ်, အာရုံပြုရာလည်းဖြစ်သောကြောင့် ဝတ္ထာရမ္မဏပုရေဇာတ ပစ္စည်းမည်၏၊

၃-အမေး။ ။ ပကတူပနိဿယ၌ ဗလဝဖြစ်သောစိတ်ကိုသာ ပစ္စည်းကောက်ပါသည်၊ ဒုဗ္ဗလဖြစ်သော စိတ်သည် ပစ္စည်းတပ်သင့် မတပ်သင့်။

အဖြေ။ ။ ဒုဗ္ဗလဖြစ်သောစိတ်သည် ပစ္စည်းမတပ်သင့်၊ မတပ် နိုင်ပုံကား- လမ်းခရီးသွားရာ၌ ထိုလမ်းတစ်လျှောက်တွင် အဆင်းအမျိုး မျိုး, အသံအမျိုးမျိုး-အစရှိသော အာရုံတို့သည် ထိုပုဂ္ဂိုလ်၏ ခြောက်ဒွါရ တို့၌ ထိုက်သည်အားလျော်စွာ ထင်ခြင်း, ထိခိုက်ခြင်းသို့ ရောက်ကြကုန်၏၊ ဝီထိစိတ်တို့သည်လည်း ဘဝင်ခြားလျက် မစဲအောင် ဖြစ်ကြုန်၏၊ ထိုပုဂ္ဂိုလ်သည်လည်း မိမိနေရာသို့ ရောက်သောအခါ၌ ထိုအာရုံတို့တွင် အချို့ကိုသာ အမှတ်ရနိုင်၏၊ အချို့ကို အမှတ်မရနိုင်၊ ဤကား-ကိုယ်တွေ့ဒိဋ္ဌပေတည်း။

ဤ၌ပြန်၍ အမှတ်ရနိုင်ခြင်း,မရနိုင်ခြင်းသည် ရှေး၌ဖြစ်ခဲ့သော ဝီထိစိတ်များ၏ ဗလဝ,ဒုဗ္ဗလအထူးကို အစွဲပြု၍ ဖြစ်ရလေသတည်း၊ ထိုတွင် ဗလဝဖြစ်သော စိတ်သည်သာလျှင် နောက်၌အမှတ်ရသော စိတ်အား ပကတူပနိဿယပစ္စည်းတပ်၏၊ ရှေး၌ ဒုဗ္ဗလဖြစ်သော စိတ်သည်ကား- နောက်၌အမှတ်ရသောစိတ်ကို မဖြစ်စေနိုင်သောကြောင့် ပကတူပနိဿယပစ္စည်းမတပ်၊ ဤယုတ္တိကိုထောက်၍ လောက၌ ပကတူပနိဿယပစ္စည်း ဖြစ်ပုံအလုံးစုံကို မြင်လေ။

၄-အမေး။ ။ ၎င်းပစ္စည်း၌-ပစ္စည်းထိုက်သော အချို့သော ပညတ်ဟူ၍သာ ဆိုပါသည်၊ အဘယ်ကဲ့သို့သော ပညတ်သည် ပစ္စည်း ထိုက်သည်၊ အဘယ်ကဲ့သို့သော ပညတ်သည် ပစ္စည်းမထိုက်သည်-ဟု ခွဲခြမ်းဝေဖန်၍ မိန့် တော်မူပါ။

အဖြေ။ ။ ကသိုဏ်းပဋိဘာဂနိမိတ်တည်းဟူသော ပညတ် အထူးသည် အထက်အရူပစျာန်ကိုရခြင်းငှါ ကျေးဇူးပြုနိုင်သော ပညတ် အထူးဖြစ်၍ ထိုကသိုဏ်းပဋိဘာဂနိမိတ် ပညတ်မျိုးကို ပစ္စည်းထိုက်သော အချို့သောပညတ်ဟု ပြောရိုးဆိုရိုးရှိကြ၏၊ “ပုဂ္ဂလောပိ ဥတုပိ ဘောဇနံပိ သေနာသနံပိ ဥပနိဿယပစ္စယေန ပစ္စယော”ဟူ၍ ဟောတော်မူသော ကြောင့် သဗ္ဗညုဗုဒ္ဓဟူသော ပညတ်အထူး, အရိယသံဃ-ဟူသော ပညတ်အထူး, မာတာပိတုအာစရိယ-ဟူသော ပညတ်အထူး၊ ဤသို့စ သော ပုဂ္ဂလပညတ်များသည်လည်း ပစ္စည်းထိုက်သော ပညတ်ပင်ဖြစ် သည်ဟု ဆိုရန်ရှိ၏၊ ပိဋကသုံးပုံတည်းဟူသော အက္ခရာဝဏ္ဏနာမပညတ် သည်လည်း အနက်ကိုသိသောဉာဏ်အား လွန်စွာကျေးဇူးပြုနိုင်၏၊ လောက၌ ပြောဆို၍နေကြသော နာမပညတ်များသည် ထို့အတူပင် တည်း။

၅-အမေး။ ။ ကမ္ဘာပျက်ရာတွင် သုဒ္ဓါဝါသငါးဘုံ၏ ဖြစ်ပုံ, တည်ပုံအခြင်းအရာကို သိလိုပါသည်ဘုရား။

အဖြေ။ ။ ကမ္ဘာပျက်ရာ၌ မီးဖျက်သောကမ္ဘာ၌ ပထမစျာန်ဘုံ တိုင်အောင် ပါဝင်လေ၏၊ ရေဖျက်သောကမ္ဘာ၌ ဒုတိယစျာန်သုံး ဘုံတိုင်အောင် ပါဝင်လေ၏၊ လေဖျက်သောကမ္ဘာ၌ တတိယစျာန်သုံးဘုံ တိုင်အောင် ပါဝင်လေ၏၊ ဝေဟပ္ဖိုလ်ဘုံ, အသညသတ်ဘုံ, သုဒ္ဓါဝါသ ငါးဘုံတို့သည် ကမ္ဘာပျက်ဘေးမှ အခါခပ်သိမ်းလွတ်ကြ ကုန်၏၊ ထို့ကြောင့် ထိုဘုံများသည် ကမ္ဘာပျက်, ကမ္ဘာတည်မှုနှင့်စပ်၍ ဖြစ်ပုံ,တည်ပုံအထူးကို ဆိုဖွယ်မရှိ။

မေးမြန်းဖွယ်

အထူးကိုဆိုဖွယ်ရှိသည်မှာမူကား- ဘုရားပွင့်ခြင်းမရှိသော သုညကမ္ဘာတွေ အသင်္ချေကြုံကြိုက်၍ နေသောအခါ၌ ထိုသုဒ္ဓါဝါသ ဘုံများသည် အဘယ်သို့ပြု၍ နေပါသနည်း-ဟု မေးရန်ရှိ၏၊

ဖြေ။ ။ သုဒ္ဓါဝါသငါးဘုံတို့တွင် အကနိဋ္ဌဘုံသည် ကမ္ဘာတစ် သောင်းခြောက်ထောင် အသက်တမ်းရှိ၏၊ လောက၌ ကမ္ဘာတစ်သောင်း ခြောက်ထောင်လွန်၍ သုညကမ္ဘာတွေကြုံကြိုက်သောအခါ၌ ထို သုဒ္ဓါဝါသဘုံမှာ ဘုံများသာရှိ၍ ဗြဟ္မာမရှိကြကုန်ပြီ၊ မင်းတို့၏ စံနန်း ဟောင်းများကဲ့သို့ ဖြစ်၍နေသည်-ဟု အဋ္ဌကထာတို့၌ ဆိုပေ၏၊

ဤသုဒ္ဓါဝါသပြဿနာသည် ရှေးအခါ၌ သီဟိုဠ်ကျွန်းမှာဖြစ်ဖူး၏၊ ဖြစ်ဖူးပုံကား-မြတ်စွာဘုရားတို့၏ ပွင့်တော်မူကြရာ ဇာတိခေတ်ဖြစ်သော စကြဝဠာတစ်သောင်း၌ သုဒ္ဓါဝါသငါးဘုံနှင့်တကွ ၃၁-ဘုံအသီးအသီးရှိကြ သကဲ့သို့ ဇာတိခေတ်မှအလွတ်ဖြစ်သော စကြဝဠာအနန္တတို့မှာ သုဒ္ဓါဝါသ ငါးဘုံနှင့်တကွ ၃၁-ဘုံအသီးအသီး ရှိကြလိမ့်မည်လော၊ မရှိကြလိမ့် မည်လော-ဟု အမေးပုစ္ဆာဖြစ်ဖူး၏၊ ထိုပုစ္ဆာပြဿနာသည် မန္တလေးမြို့ တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် မင်းတရားကြီးထံသို့ ရောက်လေ၏၊ မင်းတရားကြီးက ငါတို့ကျေးဇူးရှင် စံကျောင်းဆရာတော်ဘုရားကြီးကို ဖြေဆိုရန်လွဲအပ်၏၊ ဆရာတော်ဘုရားကြီးသည် အဘိဓမ္မတ္ထဝိဘာဝနီ အမည်ရှိသော အဘိဓမ္မာဝတာရဋီကာအဆိုနှင့် ဖြေဆိုလိုက်လေသည်

၎င်းဋီကာအဆိုကား

ထိုစကြဝဠာ အနန္တတို့မှာလည်း သုဒ္ဓါဝါသငါးဘုံ နှင့်တကွ ၃၁-ဘုံ အသီးအသီးရှိကြ၏၊ သို့သော် သုဒ္ဓါဝါသငါးဘုံ မည်သည် အရိယာပုဂ္ဂိုလ်တို့သာ နေရာဖြစ်၏၊ ထို့ကြောင့် စကြဝဠာအနန္တတို့မှာ အရိယာပုဂ္ဂိုလ်ဟူ၍ မရှိ၊ ထိုသုဒ္ဓါဝါသ ဘုံတို့မှာ အရိယာပုဂ္ဂိုလ် အဘယ်မှာရနိုင်မည်နည်း-ဟု ဆိုရန် ရှိ၏၊ ဤဇာတိခေတ်စကြဝဠာ တစ်သောင်းမှ အရိယာဗြဟ္မာ များသည် ဝိဝေဂသုခအကျိုးငှါ သွား၍နေကြသည်”ဟု ၎င်းဋီကာ အဆိုရှိ၏၊

အချို့ကဆိုကြပြန်၏၊ စကြဝဠာသည် အနန္တဖြစ်၍ သုဒ္ဓါဝါသ ဘုံသည်လည်း အနန္တဖြစ်၏၊ ဤဇာတိခေတ် စကြဝဠာတစ်သောင်းမှ အရိယာဗြဟ္မာများသည် ထိုသုဒ္ဓါဝါသအနန္တတို့၌ အနှံ့အပြားရောက် နိုင်ခွင့်မရှိ၊ ထို့ကြောင့် ဤဇာတိခေတ် စကြဝဠာတစ်သောင်း၌သာ သုဒ္ဓါဝါသငါးဘုံနှင့်တကွ ၃၁-ဘုံအသီးအသီးရှိကြ၏၊ ထိုစကြဝဠာ အနန္တ တို့၌မူကား-သုဒ္ဓါဝါသဘုံဟူ၍ မရှိကြပြီ၊ ပုထုဇဉ်တို့၏နေရာ ၂၆- ဘုံသာရှိကြ၏-ဟု ယူသင့်ကြောင်းကို ဆိုကြကုန်၏၊

အချို့ကလည်း ဤသို့ဆိုကြကုန်သေး၏၊ ထိုစကြဝဠာ အနန္တ တို့မှာလည်း ဘုရားပွင့်ရာ ဇာတိခေတ်ပေါင်း တစ်သောင်းစီ အသီး အသီးရှိကြ၏၊ ဘုရားလည်း အသီးအသီးပွင့်ကြ၏၊ အရိယာပုဂ္ဂိုလ်နှင့် တကွ, သုဒ္ဓါဝါသငါးဘုံနှင့်တကွ ၃၁-ဘုံအသီးအသီးရှိကြ၏-ဟုဆိုကြ ကုန်သေး၏၊

အဋ္ဌကထာတို့၌မူကား- ဤဇာတိခေတ်မှတစ်ပါး စကြဝဠာ အနန္တတို့၌ ဘုရားတို့၏ပွင့်ခြင်း မရှိကြောင်းကို ဆိုကြ၏၊ ကြိုက်ရာယူကြ လေကုန်၏၊

ဥက္ကံပုစ္ဆာအဖြေပြီး၏၊

---