မာတိကာသို့ ခုန်သွားရန်

ဥပရိပဏ္ဏာသ ပါဠိတော်-ဒု

ဝီကီရင်းမြစ် မှ

၄-ဝိဘင်္ဂဝဂ်

၁-ဘဒ္ဒေကရတ္တသုတ်

၂၇၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ မိန့် တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြ့ကုန်၏။ မြတ်စွာဘုရားသည် “ရဟန်းတို့ သင်တို့အား ဘဒ္ဒေကရတ္တ၁ သုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဟောပေအံ့၊ ထိုသုတ်ကို နာကြားကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့”ဟု ဤစကားကို မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ -

အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေး။

ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာရှုသော ထိုပုဂ္ဂိုလ်သည် တွန့်တိုခြင်း ပျက်စီးခြင်းမရှိသော ထိုဝိပဿနာရှုမှုကို အဖန်ဖန်ပွါး များရာ၏။

အဘယ်သူသည် နက်ဖြန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အားထုတ်သင့်သော ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏၊ ငါတို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။

ဤသို့ နေလေ့ရှိသော လွန်စွာ အားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။

၂၇၃။ ရဟန်းတို့ အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်လိုက်သနည်း။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ရုပ်အဆင်းရှိသူ ဖြစ်ဖူးပြီ”ဟု ထိုရုပ်၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ခံစားခြင်း ‘ဝေဒနာ’ ရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထိုဝေဒနာ၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ် ကောင်းသော မှတ်သားမှု ‘သညာ’ ရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထိုသညာ၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ပြုပြင်စီရင်မှု ‘သင်္ခါရ’ ရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထို သင်္ခါရ၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော သိမှု ‘ဝိညာဏ်’ ရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထိုဝိညာဏ်၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ ရဟန်းတို့ ဤ သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်လိုက်၏။

ရဟန်းတို့ အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်သနည်း။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ရုပ်အဆင်းရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထိုရုပ်၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ခံစားမှု ‘ဝေဒနာ’ ရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထိုဝေဒနာ၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော မှတ်သားမှု ‘သညာ’ ရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထိုသညာ၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ပြုပြင်စီရင်မှု ‘သင်္ခါရ’ ရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထိုသင်္ခါရ၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော သိမှု ‘ဝိညာဏ်’ ရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထိုဝိညာဏ်၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ ရဟန်းတို့ ဤသို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်။

--

၂၇၄။ ရဟန်းတို့ အဘယ်သို့လျှင် အနာဂတ်ခန္ဓာကို တောင့်တသနည်း။ “အနာဂတ်ကာလ၌ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ရုပ်အဆင်းရှိသူ ဖြစ်လို၏”ဟု ထိုရုပ်၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ပ။ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ခံစားမှု ‘ဝေဒနာ’ ရှိသူ ဖြစ်လို၏။ပ။ ဤသို့ နှစ်သက် ဖွယ်ကောင်းသော မှတ်သားမှု ‘သညာ’ ရှိသူ ဖြစ်လို၏။ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ပြုပြင်စီရင်မှု ‘သင်္ခါရ’ ရှိသူ ဖြစ်လို၏။ “အနာဂတ်ကာလ၌ ဤသို့ နှစ်သက်ဖွယ်ကောင်းသော သိမှု ‘ဝိညာဏ်’ ရှိသူ့ဖြစ်လို၏”ဟု ထိုဝိညာဏ်၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ ရဟန်းတို့ ဤသို့လျှင် အနာဂတ်ခန္ဓာ ကို တောင့်တ၏။

ရဟန်းတို့ အဘယ်သို့လျှင် အနာဂတ်ခန္ဓာကို မတောင့်တသနည်း။ “အနာဂတ်ကာလ၌ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ရုပ်အဆင်းရှိသူ ဖြစ်လို၏”ဟု ထိုရုပ်၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ခံစားမှု ‘ဝေဒနာ’ ရှိသူ ဖြစ်လို၏။ ဤသို့ နှစ်သက်ဖွယ်ကောင်းသော မှတ်သားမှု ‘သညာ’ ရှိသူ ဖြစ်လို၏။ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ပြုပြင်စီရင်မှု ‘သင်္ခါရ’ ရှိသူ ဖြစ်လို၏။ “အနာဂတ်ကာလ၌ ဤသို့ နှစ်သက်ဖွယ်ကောင်းသော သိမှု ‘ဝိညာဏ်’ ရှိသူ ဖြစ်လို၏”ဟု ထိုဝိညာဏ်၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ ရဟန်းတို့ ဤသို့လျှင် အနာဂတ်ခန္ဓာကို မတောင့်တ။

၂၇၅။ ရဟန်းတို့ အဘယ်သို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တိုသနည်း။ ရဟန်းတို့ ဤ လောက၌ အရိယာတို့ကို ဖူးမြင်လေ့မရှိသော, အရိယာတရား၌ မကျွမ်းကျင်သော, အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိသော, သူတော်ကောင်းတရား၌ မကျွမ်းကျင်သော, သူတော်ကောင်းတရား၌ မယဉ်ကျေးသော, အကြားအမြင်မရှိသော ပုထုဇဉ်သည် ရုပ်ကို အတ္တ ‘ကိုယ်’ဟု ရှု၏၊ (ကြွင်းခန္ဓာကို) ရုပ်ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ ရုပ်ဟုလည်းကောင်း၊ ရုပ်၌ အတ္တဟုလည်း ကောင်း ရှု၏၊ ခံစားမှု ‘ဝေဒနာ'ကို။ပ။ မှတ်သားမှု ‘သညာ’ ကို။ ပြုပြင်စီရင်မှု ‘သင်္ခါရ'တို့ကို။ သိမှု ‘ဝိညာဏ်’ ကို အတ္တ ‘ကိုယ်’ဟု ရှု၏၊ (ကြွင်းခန္ဓာကို) ဝိညာဏ်ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟုလည်းကောင်း၊ ဝိညာဏ်၌ အတ္တဟုလည်းကောင်း ရှု၏။ ရဟန်းတို့ ဤသို့လျှင် ဖြစ်ဆဲပစ္စုပ္ပန် တရားတို့၌ တွန့်တို၏။

ရဟန်းတို့ အဘယ်သို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ မတွန့်တိုသနည်း။ ရဟန်းတို့ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့ရှိသော, အရိယာတရား၌ ကျွမ်းကျင်သော, အရိယာတရား၌ ယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့ရှိသော, သူတော်ကောင်းတရား၌ ကျွမ်းကျင်သော, သူတော်ကောင်းတရား ၌ ယဉ်ကျေးသော, အကြား အမြင်ရှိသော မြတ်စွာဘုရား၏ တပည့်သည် ရုပ်ကို အတ္တ ‘ကိုယ်’ဟု မရှု၊ (ကြွင်းခန္ဓာကိုလည်း) ရုပ်ရှိသော အတ္တဟု မရှု၊ အတ္တ၌ ရုပ်ဟု မရှု၊ ရုပ်၌ အတ္တဟု မရှု။ ခံစားမှု ‘ဝေဒနာ'ကို။ မှတ်သားမှု ‘သညာ'ကို။ ပြုပြင်စီရင်မှု ‘သင်္ခါရ'တို့ကို။ သိမှု ‘ဝိညာဏ်'ကို အတ္တဟု မရှု၊ (ကြွင်းခန္ဓာကို) ဝိညာဏ်ရှိသော အတ္တဟု မရှု၊ အတ္တ၌ ဝိညာဏ်ဟု မရှု၊ ဝိညာဏ်၌ အတ္တဟု မရှု။ ရဟန်းတို့ ဤသို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရား၌ မတွန့်တို။

အတိတ်ခန္ဓာသို့လည်း အစဉ် မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေး။

ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာရှုသော ထိုပုဂ္ဂိုလ်သည် တွန့်တိုခြင်း ပျက်စီးခြင်းမရှိသော ထိုဝိပဿနာရှုမှုကို အဖန်ဖန်ပွါး များရာ၏။

--

အဘယ်သူသည် နက်ဖြန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အားထုတ်သင့်သော ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏၊ ငါတို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။

ဤသို့ နေလေ့ရှိသော လွန်စွာ အားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။

“ရဟန်းတို့ သင်တို့အား ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဟောပေအံ့”ဟူ၍ ဆိုခဲ့သော စကားကို ဤသည်ကို အစွဲပြု၍ ငါဆိုခဲ့၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောကြားတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာ့ဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကုန်ပြီ။

ရှေးဦးစွာသော ဘဒ္ဒေကရတ္တသုတ် ပြီး၏။

၁။ ဘဒ္ဒ+ဧကရတ္တ- ဘဒ္ဒ၊ ဝိပဿနာအားထုတ်မှုရှိသောကြောင့် ကောင်းသော။ ဧကရတ္တ၊ ညဉ့်တစ်ညဉ့်။ ဘဒ္ဒေကရတ္တ ဝိပဿနာအားထုတ်မှုရှိသော ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ပုဂ္ဂိုလ်။

၂-အာနန္ဒဘဒ္ဒေကရတ္တသုတ်

၂၇၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် စည်းဝေးရာဇရပ်၌ ရဟန်းတို့အား တရားစကားဖြင့် ကောင်းစွာ ပြ၏၊ ကောင်းစွာ ဆောက်တည်စေ၏၊ ကောင်းစွာ ထက်စေ၏၊ ကောင်းစွာ ရွှင်စေ၏၊ ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ပြောဟော၏။

ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအခါ ကိန်းအောင်းရာမှ ထတော်မူ၍ စည်းဝေးရာဇရပ်သို့ ချဉ်းကပ်တော်မူပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်နေတော်မူပြီးသော် မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏- “ရဟန်းတို့ အဘယ်ရဟန်းသည် စည်းဝေးရာဇရပ်၌ ရဟန်းတို့အား တရားစကားဖြင့် ကောင်းစွာ ပြသနည်း၊ ကောင်းစွာ ဆောက်တည်စေသနည်း၊ ကောင်းစွာ ထက်စေသနည်း၊ ကောင်းစွာ ရွှင်စေသနည်း၊ ဘဒ္ဒေကရတ္တ သုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ပြောဟောသနည်း”ဟု (မေးတော်မူ၏)။ အသျှင်ဘုရား အသျှင်အာနန္ဒာသည် စည်းဝေးရာဇရပ်၌ ရဟန်းတို့အား တရား စကားဖြင့် ကောင်းစွာ ပြ၏၊ ကောင်းစွာ ဆောက်တည်စေ၏၊ ကောင်းစွာ ထက်စေ၏၊ ကောင်းစွာ ရွှင်လန်း စေ၏၊ ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း'ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒေသ'ကို ပြောဟောပါ၏ဟု (လျှောက်၏)။

--

ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို “အာနန္ဒာ သင်သည် အဘယ်သို့လျှင် ရဟန်းတို့ အား တရားစကားဖြင့် ကောင်းစွာ ပြသနည်း၊ ကောင်းစွာ ဆောက်တည်စေသနည်း၊ ကောင်းစွာ ထက် စေသနည်း၊ ကောင်းစွာ ရွှင်လန်းစေသနည်း၊ ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ'ကို ပြောဟောဘိသနည်း”ဟု (မေးတော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်သည် ဤသို့လျှင် ရဟန်း တို့အား တရားစကားဖြင့် ကောင်းစွာ ပြပါ၏၊ ကောင်းစွာ ဆောက်တည်စေပါ၏၊ ကောင်းစွာ ထက်စေ ပါ၏၊ ကောင်းစွာ ရွှင်လန်းစေပါ၏၊ ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒေသ'ကို ပြောဟောပါ၏-

အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေး။

ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာရှုသော ထို ပုဂ္ဂိုလ်သည် တွန့်တိုခြင်း ပျက်စီးခြင်းမရှိသော ထိုဝိပဿနာရှုမှုကို အဖန်ဖန် ပွါးများရာ၏။

အဘယ်သူသည် နက်ဖန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အား ထုတ်သင့်သော ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏၊ ငါတို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။

ဤသို့ နေလေ့ရှိသော လွန်စွာအားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။

၂၇၇။ ငါ့သျှင်တို့ အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်လိုက်သနည်း။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ရုပ်အဆင်းရှိသူ ဖြစ်ဖူး၏”ဟု ထိုရုပ်၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ခံစားခြင်း ‘ဝေဒနာ’ သည် ဖြစ်ဖူး၏”ဟု ထိုဝေဒနာ ၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော မှတ်သား မှု ‘သညာ’ သည် ဖြစ်ဖူး၏”ဟု ထိုသညာ၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ပြုပြင်စီရင်မှု ‘သင်္ခါရ’ သည် ဖြစ်ဖူး၏”ဟု ထိုသင်္ခါရ၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော သိမှု ‘ဝိညာဏ်’ သည် ဖြစ်ဖူး၏”ဟု ထိုဝိညာဏ်၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ ငါ့သျှင်တို့ ဤသို့လျှင် အတိတ်ခန္ဓာသို့ အစဉ်လိုက်၏။

ငါ့သျှင်တို့ အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်သနည်း။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ရုပ်အဆင်းရှိသူ ဖြစ်ဖူး၏”ဟု ထိုရုပ်၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ဝေဒနာရှိသူ ဖြစ်ဖူး၏”ဟု ထိုဝေဒနာ၌ နှစ်သက် ခြင်းကို အဖန်ဖန် မဖြစ်စေ။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော သညာရှိသူ ဖြစ်ဖူး၏”ဟု ထိုသညာ၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ် ကောင်းသော သင်္ခါရရှိသူ ဖြစ်ဖူး၏”ဟု ထိုသင်္ခါရ၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ “အတိတ် ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော သိမှု ‘ဝိညာဏ်’ ရှိသူ ဖြစ်ဖူး၏”ဟု ထိုဝိညာဏ်၌ နှစ်သက် ခြင်းကို အဖန်ဖန် မဖြစ်စေ။ ငါ့သျှင်တို့ ဤသို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်။

ငါ့သျှင်တို့ အဘယ်သို့လျှင် အနာဂတ်ခန္ဓာကို တောင့်တသနည်း။ “အနာဂတ်ကာလ၌ ဤသို့ နှစ်သက် ဖွယ်ကောင်းသော ရုပ်အဆင်းရှိသူ ဖြစ်လို၏”ဟု ထိုရုပ်၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ဝေဒနာရှိသူ ဖြစ်လို၏။ပ။ ဤသို့ နှစ်သက်ဖွယ်ကောင်းသော သညာရှိသူ ဖြစ်လို၏။ ဤသို့ နှစ်သက်ဖွယ်ကောင်းသော သင်္ခါရရှိသူ ဖြစ်လို၏။ “အနာဂတ်ကာလ၌ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ဝိညာဏ်ရှိသူ ဖြစ်လို၏”ဟု ထိုဝိညာဏ်၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ ငါ့သျှင်တို့ ဤသို့လျှင် အနာဂတ်ခန္ဓာကို တောင့်တ၏။

--

ငါ့သျှင်တို့ အဘယ်သို့လျှင် အနာဂတ်ခန္ဓာကို မတောင့်တသနည်း။ “အနာဂတ်ကာလ၌ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ရုပ်အဆင်းရှိသူ ဖြစ်လို၏”ဟု ထိုရုပ်၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ဝေဒနာရှိသူ ဖြစ်လို၏။ပ။ ဤသို့ နှစ်သက်ဖွယ်ကောင်းသော သညာ ရှိသူ ဖြစ်လို၏။ ဤသို့ နှစ်သက်ဖွယ်ကောင်းသော သင်္ခါရရှိသူ ဖြစ်လို၏။ “အနာဂတ်ကာလ၌ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ဝိညာဏ်ရှိသူ ဖြစ်လို၏”ဟု ထိုဝိညာဏ်၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ် စေ။ ငါ့သျှင်တို့ ဤသို့လျှင် အနာဂတ်ခန္ဓာကို မတောင့်တ။

ငါ့သျှင်တို့ အဘယ်သို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တိုသနည်း။ ငါ့သျှင်တို့ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့မရှိသော, အရိယာတရား၌ မကျွမ်းကျင်သော, အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိသော, သူတော်ကောင်းတရား၌ မကျွမ်းကျင်သော, သူတော်ကောင်း တရား၌ မယဉ်ကျေးသော, အကြားအမြင်မရှိသော ပုထုဇဉ်သည် ရုပ်ကို အတ္တ ‘ကိုယ်’ဟု ရှု၏၊ (ကြွင်းခန္ဓာ ကို) ရုပ်ရှိသော အတ္တဟုလည်းကောင်း အတ္တ၌ ရုပ်ဟုလည်းကောင်း ရုပ်၌ အတ္တဟုလည်းကောင်း။ ခံစား မှု ‘ဝေဒနာ'ကို။ မှတ်သားမှု ‘သညာ’ ကို။ ပြုပြင်စီရင်မှု ‘သင်္ခါရ’ တို့ကို။ သိမှု ‘ဝိညာဏ်’ ကို အတ္တဟု ရှု၏၊ (ကြွင်းခန္ဓာကို) ဝိညာဏ်ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟုလည်းကောင်း၊ ဝိညာဏ် ၌ အတ္တဟုလည်းကောင်း ရှု၏။့ငါ့သျှင်တို့ ဤသို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တို၏။

ငါ့သျှင်တို့ အဘယ်သို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ မတွန့်တိုသနည်း။ ငါ့သျှင်တို့ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့ရှိသော, အရိယာတရား၌ ကျွမ်းကျင်သော, အရိယာတရား၌ လိမ္မာသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့ရှိသော, သူတော်ကောင်းတရား၌ ကျွမ်းကျင်သော, သူတော်ကောင်း တရား၌ ယဉ်ကျေးသော, အကြားအမြင်ရှိသော မြတ်စွာဘုရား၏ တပည့်သည် ရုပ်ကို အတ္တဟု မရှု၊ (ကြွင်းခန္ဓာကို) ရုပ်ရှိသော အတ္တဟု မရှု၊ အတ္တ၌ ရုပ်ဟု မရှု၊ ရုပ်၌ အတ္တဟု မရှု။ ခံစားမှု ‘ဝေဒနာ’ ကို။ မှတ်သားမှု ‘သညာ’ ကို။ ပြုပြင်စီရင်မှု ‘သင်္ခါရ'တို့ကို။ သိမှု ‘ဝိညာဏ်'ကို အတ္တဟု မရှု၊ (ကြွင်း ခန္ဓာကို) ဝိညာဏ်ရှိသော အတ္တဟု မရှု၊ အတ္တ၌ ဝိညာဏ်ဟု မရှု၊ ဝိညာဏ်၌ အတ္တဟု မရှု။ ငါ့သျှင်တို့ ဤသို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရား၌ မတွန့်တို။

အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေး။

ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာရှုသော ထိုပုဂ္ဂိုလ်သည် တွန့်တိုခြင်း ပျက်စီးခြင်းမရှိသော ထိုဝိပဿနာရှုမှုကို အဖန်ဖန် ပွါး များရာ၏။

အဘယ်သူသည် နက်ဖန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အား ထုတ်သင့်သော ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏၊ ငါတို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။

ဤသို့ နေလေ့ရှိသော လွန်စွာအားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏ဟု ( ပြောဟောပါ၏ )။

မြတ်စွာဘုရား အကျွန်ုပ်သည် ဤသို့လျှင် ရဟန်းတို့အား တရားစကားဖြင့် ကောင်းစွာ ပြ၏၊ ကောင်းစွာ ဆောက်တည်စေ၏၊ ကောင်းစွာ ထက်စေ၏၊ ကောင်းစွာ ရွှင်လန်းစေ၏၊ ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ပြောဟောပါ၏ဟု (လျှောက်ထား၏)။

--

၂၇၈။ အာနန္ဒာ ကောင်းပေစွ ကောင်းပေစွ၊ အာနန္ဒာ သင်သည် ကောင်းစွာသာလျှင် ရဟန်းတို့ အား တရားစကားဖြင့် ကောင်းစွာ ပြပေ၏၊ ကောင်းစွာ ဆောက်တည်စေ၏၊ ကောင်းစွာ ထက်စေ၏၊ ကောင်းစွာ ရွှင်လန်းစေ၏၊ ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ပြောဟော ပေ၏။

“အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ။ပ။ ထိုရဟန်းကို ‘ကောင်းသော ညဉ့် တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော ငါဘုရားသည် ဟော ကြား၏”။

အာနန္ဒာ အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်လိုက်သနည်း။ပ။ အာနန္ဒာ ဤသို့လျှင် အတိတ် ခန္ဓာသို့ အစဉ်လိုက်၏။ အာနန္ဒာ အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်သနည်း။ပ။ အာနန္ဒာ ဤသို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်။ အာနန္ဒာ အဘယ်သို့လျှင် အနာဂတ်ခန္ဓာကို တောင့်တ သနည်း။ပ။ အာနန္ဒာ ဤသို့လျှင် အနာဂတ်ခန္ဓာကို တောင့်တ၏။ အာနန္ဒာ အဘယ်သို့လျှင် အနာဂတ် ခန္ဓာကို မတောင့်တသနည်း။ပ။ အာနန္ဒာ ဤသို့လျှင် အနာဂတ်ခန္ဓာကို မတောင့်တ။ အာနန္ဒာ အဘယ် သို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တိုသနည်း။ပ။ အာနန္ဒာ ဤသို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တို၏။ အာနန္ဒာ အဘယ်သို့လျှင် ဖြစ်ဆဲပစ္စုပ္ပန် တရားတို့၌ မတွန့်တိုသနည်း။ပ။ အာနန္ဒာ ဤသို့ လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ မတွန့်တို။

အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ။ပ။ ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရား သည် ဟောကြားတော်မူ၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။

နှစ်ခုမြောက် အာနန္ဒဘဒ္ဒေကရတ္တသုတ် ပြီး၏။

၃-မဟာကစ္စာနဘဒ္ဒေကရတ္တသုတ်

၂၇၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် တပေါဒါရုံကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သမိဒ္ဓိသည် လင်းအားကြီးအခါ အိပ်ရာမှ ထ၍ ကိုယ်တို့ကို ရေသွန်းဖျန်းရန် တပေါဒါမြစ်ရှိ ရာ အရပ်သို့ ချဉ်းကပ်လေ၏။ တပေါဒါမြစ်၌ ကိုယ်တို့ကို ရေသွန်းဖျန်း၍ တက်ပြီးလျှင် ကိုယ်တို့ကို ခြောက်သွေ့စေလျက် သင်္ကန်းတစ်ထည်တည်းဖြင့် ရပ်တည်၏။ ထိုအခါ နတ်သားတစ်ယောက်သည် ညဉ့် အချိန်ကုန်လွန်လတ်သော် အလွန်နှစ်သက်ဖွယ်ကောင်းသော အဆင်းရှိသည် ဖြစ်၍ အလုံးစုံသော တပေါဒါ မြစ်ကို ထွန်းလင်းတောက်ပစေလျက် အသျှင်သမိဒ္ဓိထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော အရပ်၌ ရပ်တည်၏၊ တစ်ခုသော အရပ်၌ ရပ်တည်ပြီးသော ထိုနတ်သားသည် အသျှင်သမိဒ္ဓိကို “ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒေသ'ကို ဆောင်ထားပါ၏လော”ဟု ဤစကားကို လျှောက်၏။ ငါ့သျှင်နတ်သား ငါသည် ဘဒ္ဒေက ရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ'ကို ဆောင်မထားပေ၊ ငါ့သျှင်နတ်သား သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဆောင်ထားပါသလောဟု (ပြန်လှန်၍ မေး၏)။ ရဟန်း အကျွန်ုပ်သည်လည်း ဘဒ္ဒေကရတ္တ သုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒေသ'ကို ဆောင်မထားပါ၊

--

ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ၏လောဟု (လျှောက်၏)။ ငါ့သျှင် နတ်သား ငါသည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်မထားပါ၊ ငါ့သျှင်နတ်သား သင်မူကား ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ၏လောဟု ( ပြန်လှန်၍ မေးမြန်း၏ )။ ရဟန်း အကျွန်ုပ်သည်လည်း ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်မထားပါဟု ဤသို့ လျှောက်ပြီးလျှင် ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒေသ'ကို နာယူလော့၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒေသ'ကို ရွတ်အံသရဇ္ဈာယ်လော့၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒေသ'ကို ပို့ချလော့၊ ရဟန်း ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒေသ'သည် မြတ်သောအကျင့်၏ အစဖြစ်၍ အကျိုးစီးပွါးနှင့် စပ်၏ဟု လျှောက်ထားပြီးလျှင် ထိုအရပ်၌ ကွယ်လေ၏။

၂၈၀။ ထိုအခါ အသျှင်သမိဒ္ဓိသည် ထိုညဉ့်ကို လွန်သောအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ထိုင်နေ၏၊ တစ်ခုသော အရပ်၌ ထိုင်နေပြီးသော အသျှင်သမိဒ္ဓိ သည် မြတ်စွာဘုရားအား ဤဆိုလတ္တံ့သော စကားကို လျှောက်ထား၏-

အသျှင်ဘုရား အကျွန်ုပ်သည် လင်းအားကြီးအခါ၌ တပေါဒါမြစ်ရှိရာ အရပ်သို့ ကိုယ်တို့ကို ရေသွန်းဖျန်းရန် ချဉ်းကပ်ပါ၏။ တပေါဒါမြစ်၌ ကိုယ်တို့ကို ရေသွန်းဖျန်း၍ တစ်ဖန် တက်ပြီးလျှင် ကိုယ် တို့ကို ခြောက်သွေ့စေလျက် သင်္ကန်းတစ်ထည်တည်းဖြင့် ရပ်တည်ပါ၏။ ထိုအခါ နတ်သားတစ်ယောက် သည် ညဉ့်အချိန်ကုန်လွန်လတ်သော် အလွန်နှစ်သက်ဖွယ်ကောင်းသော အဆင်းရှိသည်ဖြစ်၍ အလုံးစုံသော တပေါဒါမြစ်ကို ထွန်းလင်းတောက်ပစေလျက် အကျွန်ုပ်ထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော အရပ်၌ ရပ် တည်ပါ၏၊ တစ်ခုသော အရပ်၌ ရပ်တည်ပြီးသော ထိုနတ်သားသည် အကျွန်ုပ်ကို “ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဆောင်ထားပါ၏လောဟု ဤစကားကို့လျှောက်ထားပါ၏။

မြတ်စွာဘုရား ဤသို့ လျှောက်ထားသော် အကျွန်ုပ်သည် ထိုနတ်သားကို “ငါ့သျှင်နတ်သား ငါသည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒေသ'ကို ဆောင်မထားပါ၊ ငါ့သျှင်နတ်သား သင်မူ ကား ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒေသ'ကို ဆောင်ထားပါ၏လော”ဟု (ဤ စကားကို ပြန်လှန်မေးပါ၏)။ ရဟန်း အကျွန်ုပ်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဆောင်မထားပါ။ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင် ထားပါ၏လောဟု (လျှောက်ထားပြန်ပါ၏)။ ငါ့သျှင်နတ်သား ငါသည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်မထားပါ၊ ငါ့သျှင်နတ်သား သင်သည်ကား ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ သလောဟု (ပြန်လှန်မေးမြန်းပါ၏)။

ရဟန်း အကျွန်ုပ်သည်လည်း ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်မထားပါဟု ဤသို့ လျှောက်ပြီးလျှင် ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒေသ'ကို နာယူလော့၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒေသ'ကို ရွတ်အံ သရဇ္ဈာယ်လော့၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒေသ'ကို ပို့ချလော့၊ ရဟန်း ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒေသ'သည် မြတ်သော အကျင့်၏ အစဖြစ်၍ အကျိုးစီးပွါးနှင့် စပ်၏ဟု ထိုနတ်သားသည် ဤစကားကို လျှောက်ထားပါ၏။ ဤစကားကို လျှောက်ထားပြီးလျှင် ထိုအရပ်၌သာလျှင် ကွယ်လေ၏။ မြတ်စွာဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်အား ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဟောကြားတော်မူပါလော့ဟု (လျှောက်၏)။ ရဟန်း သို့ဖြစ်လျှင် နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားအံ့ဟု (မိန့်တော်မူ၏)။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်သမိဒ္ဓိသည် မြတ်စွာဘုရား အား ပြန်ကြားလျှောက်ထား၏။ မြတ်စွာဘုရားသည် ဤတရားစကားကို မိန့်တော်မူ၏-

--

အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေး။

ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာရှုသော ထိုပုဂ္ဂိုလ်သည် တွန့်တိုခြင်း ပျက်စီးခြင်းမရှိသော ထိုဝိပဿနာရှုမှုကို အဖန်ဖန် ပွါး များရာ၏။

အဘယ်သူသည် နက်ဖန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အားထုတ်သင့်သော ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏၊ ငါတို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။

ဤသို့ နေလေ့ရှိသော လွန်စွာ အားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ထိုရဟန်းကို စင်စစ် “ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း” ဟူ၍ ကိလေသာငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏ဟု-

မြတ်စွာဘုရားသည် ဤတရားစကားကို ဟောကြားတော်မူ၏။ ကောင်းသော စကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရားသည် ဤတရားစကားကို ဟောကြားတော်မူပြီး၍ နေရာမှ ထတော်မူကာ ကျောင်းတွင်းသို့ ဝင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရား ဖဲကြွသွား၍ မကြာမြင့်မီ ထိုရဟန်းတို့အား ဤသို့သော အကြံသည် ဖြစ်ပေါ်၏၊ “ငါ့သျှင်တို့ မြတ်စွာဘုရားသည် ငါတို့အား-

အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေး။

ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာရှုသော ထိုပုဂ္ဂိုလ်သည် တွန့်တိုခြင်း ပျက်စီးခြင်းမရှိသော ထိုဝိပဿနာရှုမှုကို အဖန်ဖန် ပွါးများရာ၏။

အဘယ်သူသည် နက်ဖန်၌သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အားထုတ်သင့်သော ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏၊ ငါတို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။

ဤသို့ နေလေ့ရှိသော လွန်စွာ အားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏ဟု-

ဤတရားကို အကျဉ်းအားဖြင့် ညွှန်ပြပြီး၍ အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်ဘဲ နေရာမှ ထတော်မူကာ ကျောင်းတွင်းသို့ ဝင်တော်မူ၏၊ မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ညွှန်ပြအပ်သော အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို ဝေဖန်တော်မမူအပ်သော ဤဥဒ္ဒေသတရား၏အနက်အဓိပ္ပါယ်ကို အဘယ်သူသည် ဝေဖန်နိုင်ရာအံ့နည်း”ဟု (အကြံသည်ဖြစ်၏)။

ထိုအခါ ထိုရဟန်းတို့အား “ဤအသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အချီးအမွမ်းခံရ၏၊ ပညာရှိ သီတင်းသုံးဖော်တို့၏ အမြှောက်စားလည်း ခံရ၏၊ အသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အကျဉ်းချုပ် ညွှန်ပြလျက် အကျယ်ကို မဝေဖန်ခဲ့သော ဤဥဒ္ဒေသ၏ အနက်သဘောကို အကျယ်ဝေဖန်ရန် စွမ်းလည်း စွမ်းနိုင်၏၊ ငါတို့သည် အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်၍ အသျှင်မဟာကစ္စာနအား ဤအနက် သဘောကို မေးမြန်းရမူ ကောင်းပေမည်”ဟု အကြံဖြစ်ပေါ်လာကုန်၏။

--

၂၈၁။ ထို့နောက် ထိုရဟန်းတို့သည် အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်မဟာ ကစ္စာနနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်၍ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို (ပြောဆို) ပြီးဆုံးစေကာ တစ်ခုသော အရပ်၌ ထိုင်နေကုန်၏။ တစ်ခုသော အရပ်၌ ထိုင်နေကုန်ပြီးသော ထိုရဟန်း တို့သည် အသျှင်မဟာကစ္စာနအား ဤဆိုမည့်စကားကို လျှောက်ထားကုန်၏ -

ငါ့သျှင်ကစ္စာန မြတ်စွာဘုရားသည်

“အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ။ပ။ ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရား သည် ဟောကြားတော်မူ၏"

ဟူသော ဥဒ္ဒေသကို အကျဉ်းချုပ်အားဖြင့် ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှ ထကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့ပါ၏။

ငါ့သျှင်ကစ္စာန မြတ်စွာဘုရား ကြွသွားတော်မူ၍ မကြာမြင့်မီ ထိုငါတို့အား “ငါ့သျှင်တို့ မြတ်စွာဘုရားသည် ငါတို့အား-

'အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ။ပ။ ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရား သည် ဟောကြားတော်မူ၏'

ဟူသော ဤညွှန်ပြခြင်း ဥဒ္ဒေသ၏ အကျဉ်းချုပ် အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှ ထကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့ပါ၏။ အဘယ်သူသည် မြတ်စွာဘုရားအကျဉ်းချုပ်ညွှန်ပြ၍ အကျယ် အားဖြင့် အနက်သဘောကို မဝေဖန်သော ဤညွှန်ပြချက်ဥဒ္ဒေသ၏ အနက်သဘောကို အကျယ်အားဖြင့် ဝေဖန်နိုင်ရာသနည်း”ဟု ဤသို့သော အကြံသည် ဖြစ်ပေါ်လာပါ၏။

ငါ့သျှင်ကစ္စာန ထိုငါတို့အား “ဤအသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အချီးအမွမ်းခံရ၏၊ ပညာရှိ သီတင်းသုံးဖော်တို့၏ အမြှောက်စားလည်း ခံရ၏၊ အသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အကျဉ်းချုပ် ညွှန်ပြ၍ အကျယ်မဝေဖန်ခဲ့သော ဤဥဒ္ဒေသ၏ အနက်သဘောကို အကျယ်အားဖြင့် ဝေဖန်ရန် စွမ်းလည်း စွမ်းနိုင်၏၊ ငါတို့သည် အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်၍ အနက်သဘောကို မေးမြန်း ကြရမူ ကောင်းပေမည်”ဟု ဤသို့သော စိတ်အကြံ ဖြစ်ပေါ်လာပြန်ပါ၏။ အသျှင်မဟာကစ္စာနသည် ဝေဖန်တော် မူပါလော့ဟု (ပြောဆိုလျှောက်ထားကုန်၏)။

ငါ့သျှင်တို့ ဥပမာအားဖြင့် အနှစ်ကို အလိုရှိ၍ အနှစ်ကို ရှာမှီးသော ယောက်ျားသည် အနှစ်ရှာ လှည့်သော် တည်နေဆဲဖြစ်သော အနှစ်ပြည့်သော သစ်ပင်ကြီး၏ အမြစ်ရင်းကိုလည်းကောင်း၊ ပင်စည်ကိုလည်းကောင်း ကျော်လွန်၍သာလျှင် အခက် အရွက်၌ အနှစ်ကို ရှာသင့်၏ဟု မှတ်ထင်ရာသကဲ့သို့ ဤ ဥပမာအတူ အသျှင်တို့သည် မြတ်စွာဘုရား မျက်မှောက်ထင်ရှားဖြစ်ပါလျက် ထိုမြတ်စွာဘုရားကို ကျော် လွန်၍ ငါတို့အား ဤအနက်သဘောကို မေးမြန်းသင့်၏ဟု ထင်မှတ်ကြကုန်၏၊ ငါ့သျှင်တို့ မှန်ပါသည်၊ ထိုမြတ်စွာဘုရားသည် သိသင့်သိထိုက်သည်ကို သိတော်မူ၏၊ မြင်သင့်မြင်ထိုက်သည်ကို မြင်တော်မူ၏၊ မျက်စိသဖွယ် ဖြစ်တော်မူ၏၊ အသိဉာဏ်သဖွယ် ဖြစ်တော်မူ၏၊ တရားသဖွယ် ဖြစ်တော်မူ၏၊ မြတ်သော မဂ်သဖွယ် ဖြစ်တော်မူ၏၊ (သစ္စာလေးပါးကို) ဟောကြားတော်မူတတ်၏၊ ဖြစ်စေတော်မူတတ်၏၊ အနက် သဘောကို ထုတ်ဆောင်ပြတော်မူတတ်၏၊ အမြိုက်နိဗ္ဗာန်ကို ပေးတော်မူတတ်၏၊ တရားအရှင် ဖြစ်တော်မူ၏၊ ရှေးဘုရားများအတူ ဖြစ်တော်မူ၏၊ ဤအနက်သဘောကို မြတ်စွာဘုရားကိုသာလျှင် မေးမြန်းရန် အချိန်အခါ ဖြစ်၏၊ သင်တို့အား မြတ်စွာဘုရား ဖြေကြားတော်မူသည့်အတိုင်း ထိုအနက်ကို မှတ်ကုန်ရာ၏ဟု (ပြောဆို၏)။

--

ငါ့သျှင်ကစ္စာန စင်စစ်အားဖြင့်သော်ကား မြတ်စွာဘုရားသည် သိသင့်သိထိုက်သည်ကို သိတော်မူ၏၊ မြင်သင့်မြင်ထိုက်သည်ကို မြင်တော်မူ၏၊ မျက်စိသဖွယ် ဖြစ်တော်မူ၏၊ အသိဉာဏ်သဖွယ် ဖြစ်တော်မူ၏၊ တရားသဖွယ် ဖြစ်တော်မူ၏၊ မြတ်သော မဂ်သဖွယ် ဖြစ်တော်မူ၏၊ (သစ္စာလေးပါးကို) ဟောကြားတော်မူ တတ်၏၊ ဖြစ်စေတော်မူတတ်၏၊ အနက်သဘောကို ထုတ်ဆောင်ပြတော်မူတတ်၏၊ အမြိုက်နိဗ္ဗာန်ကို ပေးတော်မူတတ်၏၊ တရားအရှင် ဖြစ်တော်မူ၏၊ ရှေးဘုရားများအတူ ဖြစ်တော်မူ၏၊ ဤအနက်သဘောကို မြတ်စွာဘုရားကိုသာလျှင် မေးမြန်းရန် အချိန်အခါ ဖြစ်ပါ၏၊ ငါတို့အား မြတ်စွာဘုရားသည် ဖြေကြား တော်မူသည့်အတိုင်း ထိုအနက်သဘောကို မှတ်ကြကုန်ရာ၏။ သို့သော်လည်း အသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အချီးမွမ်းခံရ၏၊ ပညာရှိ သီတင်းသုံးဖော်များ၏ အမြှောက်စားလည်း ခံရ၏၊ အသျှင်မဟာ ကစ္စာနသည် မြတ်စွာဘုရား အကျဉ်းချုပ်ညွှန်ပြ၍ အကျယ်မဝေဖန်ခဲ့သော ဤဥဒ္ဒေသ၏ အနက်သဘောကို အကျယ်အားဖြင့် ဝေဖန်ရန် စွမ်းလည်း စွမ်းနိုင်၏၊ အသျှင်မဟာကစ္စာနသည် ဝန်မလေးသည်ကို ပြု၍ ဝေဖန်ပါလော့ဟု (လျှောက်ကုန်၏)။

ငါ့သျှင်တို့ ထိုသို့ တာဝန်ထား၍ နာကြားလိုမူ နာကြားကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြကုန်၊ ဟောကြားပေအံ့ဟု (မိန့်ဆို၏)၊ “ငါ့သျှင် ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် အသျှင်မဟာကစ္စာနအား ပြန်ကြားလျှောက်ထားကြကုန်၏။ အသျှင်မဟာကစ္စာနသည် ဤစကားကို မိန့်ဆို၏ -

ငါ့သျှင်တို့ ငါတို့အား မြတ်စွာဘုရားသည်

“အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ။ပ။ ထိုရဟန်းကို စင်စစ် ‘ကောင်းမြတ် သော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏"

ဟူသော ဤဥဒ္ဒေသကို မြတ်စွာဘုရားသည် အကျဉ်းချုပ် ညွှန်ပြ၍ အနက်သဘောကို အကျယ် မဝေဖန်ဘဲ နေရာမှထကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့၏။

ငါ့သျှင်တို့ မြတ်စွာဘုရား အကျဉ်းချုပ် ညွှန်ပြ၍ အကျယ်မဝေဖန်သော ဤဥဒ္ဒေသ၏ အနက် သဘောကို ဤသို့ အကျယ်အားဖြင့် ငါ သိပါ၏။

၂၈၂။ ငါ့သျှင်တို့ အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်လိုက်သနည်း။ အတိတ်ကာလ၌ ငါ၏ စက္ခုပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ ရူပါရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍ ထိုစက္ခုပသာဒ+ရူပါရုံတို့၌ ဆန္ဒရာဂနှင့်စပ်သော သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏၊ သိမှု ‘ဝိညာဏ်'၏ ဆန္ဒရာဂနှင့်စပ်သည်၏ အဖြစ် ကြောင့် ထိုစက္ခု ပသာဒ+ ရူပါရုံတို့ကို အလွန်နှစ်သက်၏၊ ထိုစက္ခုပသာဒ+ရူပါရုံတို့ကို အလွန်နှစ်သက့်သောသူသည် အတိတ်ခန္ဓာသို့ အစဉ်လိုက်၏။ အတိတ်ကာလ၌ ငါ၏ သောတပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ သဒ္ဒါရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍။ပ။ အတိတ်ကာလ၌ ငါ၏ ဃာနပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ ဂန္ဓာရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍။ အတိတ်ကာလ၌ ငါ၏ ဇိဝှါပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ ရသာရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍။ အတိတ်ကာလ၌ ငါ၏ ကာယပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ ဖောဋ္ဌဗ္ဗာရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍။ အတိတ်ကာလ၌ ငါ၏ ဘဝင်စိတ်ဟူသော မနာယတနသည် ဤသို့ ဖြစ်ဖူး၏၊ ဘုံသုံးပါး၌ဖြစ်သော ဓမ္မာရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍ ထိုမနာယတန + ဓမ္မာရုံတို့၌ ဆန္ဒရာဂနှင့်စပ်သော သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏၊ သိမှု ‘ဝိညာဏ်'၏ ဆန္ဒရာဂနှင့်စပ်သည်၏ အဖြစ်ကြောင့် ထိုမနာယတန + ဓမ္မာရုံကို အလွန်နှစ်သက်၏၊ ထိုမနာယတန + ဓမ္မာရုံကို အလွန်နှစ်သက်သောသူသည် အတိတ်ခန္ဓာသို့ အစဉ်လိုက်၏။ ငါ့သျှင်တို့ ဤသို့လျှင် အတိတ် ခန္ဓာသို့ အစဉ်လိုက်၏။

--

ငါ့သျှင်တို့ အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်သနည်း။ အတိတ်ကာလ၌ ငါ၏ စက္ခုပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ ရူပါရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍ ထိုစက္ခုပသာဒ + ရူပါရုံတို့၌ ဆန္ဒရာဂနှင့်စပ်သော သိမှု ‘ဝိညာဏ်’ သည် မဖြစ်၊ သိမှု ‘ဝိညာဏ်'၏ ဆန္ဒရာဂနှင့်မစပ်သည်၏ အဖြစ် ကြောင့် ထိုစက္ခုပသာဒ+ ရူပါရုံကို မနှစ်သက်၊ ထိုစက္ခုပသာဒ+ ရူပါရုံကို မနှစ်သက်သောသူသည် အတိတ် ခန္ဓာသို့ အစဉ်မလိုက်။ အတိတ်ကာလ၌ ငါ၏ သောတပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ သဒ္ဒါရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍။ပ။ အတိတ်ကာလ၌ ငါ၏ ဃာနပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ ဂန္ဓာရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍။ အတိတ်ကာလ၌ ငါ၏ ဇိဝှါပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ ရသာရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍။ အတိတ်ကာလ၌ ငါ၏ ကာယပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ ဖောဋ္ဌဗ္ဗာရုံ တို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍။ အတိတ်ကာလ၌ ငါ၏ ဘဝင်စိတ်ဟူသော မနာယတနသည် ဤသို့ ဖြစ်ဖူး၏၊ ဘုံသုံးပါး၌ဖြစ်သော ဓမ္မာရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ဟူ၍ ထိုမနာယတန + ဓမ္မာရုံတို့၌ ဆန္ဒရာဂနှင့်စပ်သော သိမှု ‘ဝိညာဏ်’ သည် မဖြစ်။ သိမှု ‘ဝိညာဏ်'၏ ဆန္ဒရာဂနှင့်မစပ်သည်၏ အဖြစ်ကြောင့် ထိုမနာယတန + ဓမ္မာရုံကို မနှစ်သက်။ ထိုမနာယတန + ဓမ္မာရုံကို မနှစ်သက်သော သူသည် အတိတ်ခန္ဓာသို့ အစဉ်မလိုက်။ ငါ့သျှင်တို့ ဤသို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်။

၂၈၃။ ငါ့သျှင်တို့ အဘယ်သို့လျှင် အနာဂတ်ခန္ဓာကို တောင့်တသနည်း။ အနာဂတ်ကာလ၌ ငါ၏ စက္ခုပသာဒသည် ဤသို့ ဖြစ်ရလို၏၊ ရူပါရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍ မရသေးသော စက္ခု ပသာဒ + ရူပါရုံကို ရခြင်းငှါ စိတ်က တောင့်တ၏၊ စိတ်က တောင့်တခြင်းဟူသော အကြောင်းကြောင့် ထိုစက္ခုပသာဒ + ရူပါရုံကို နှစ်သက်၏၊ ထိုစက္ခုပသာဒ + ရူပါရုံကို နှစ်သက်သော သူသည် အနာဂတ်ဖြစ် သော စက္ခုပသာဒ + ရူပါရုံကို တောင့်တ၏။ အနာဂတ်ကာလ၌ ငါ၏ သောတပသာဒသည် ဤသို့ ဖြစ်ရလို၏၊ သဒ္ဒါရုံတို့သည် ဤသို့ ဖြစ်ရ လိုကုန်၏ ဟူ၍။ပ။ အနာဂတ်ကာလ၌ ငါ၏ ဃာနပသာဒသည် ဤသို့ ဖြစ်ရလို၏၊ ဂန္ဓာရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍။ အနာဂတ်ကာလ၌ ငါ၏ ဇိဝှါပသာဒသည် ဤသို့ ဖြစ်ရလို၏၊ ရသာရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍။ အနာဂတ်ကာလ၌ ငါ၏ ကာယပသာဒ သည် ဤသို့ ဖြစ်ရလို၏၊ ဖောဋ္ဌဗ္ဗာရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍။ အနာဂတ်ကာလ၌ ငါ၏ ဘဝင်စိတ်ဟူသော မနာယတနသည် ဤသို့ ဖြစ်ရလို၏၊ ဘုံသုံးပါး၌ ဖြစ်သော ဓမ္မာရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍ မရသေးသော မနာယတန + ဓမ္မာရုံကို ရခြင်းငှါ စိတ်က တောင့်တ၏၊ စိတ်က တောင့်တခြင်းဟူသော အကြောင်းကြောင့် ထိုမနာယတန + ဓမ္မာရုံကို နှစ်သက်၏၊ ထိုမနာယတန + ဓမ္မာရုံ ကို နှစ်သက်သောသူသည် အနာဂတ်ဖြစ်သော မနာယတန + ဓမ္မာရုံကို တောင့်တ၏။ ငါ့သျှင်တို့ ဤသို့လျှင် အနာဂတ်ခန္ဓာကို တောင့်တ၏။

ငါ့သျှင်တို့ အဘယ်သို့လျှင် အနာဂတ်ခန္ဓာကို မတောင့်တသနည်း။ အနာဂတ်ကာလ၌ ငါ၏ စက္ခု့ပသာဒသည် ဤသို့ ဖြစ်ရလို၏၊ ရူပါရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ဟူ၍ မရသေးသော စက္ခုပသာဒ + ရူပါရုံကို ရခြင်းငှါ စိတ်က မတောင့်တ၊ စိတ်က မတောင့်တခြင်းဟူသော အကြောင်းကြောင့် ထိုစက္ခုပသာဒ + ရူပါရုံကို မနှစ်သက်၊ ထိုစက္ခုပသာဒ + ရူပါရုံကို မနှစ်သက်သော သူသည် အနာဂတ် ဖြစ်သော စက္ခုပသာဒ + ရူပါရုံကို မတောင့်တ။ အနာဂတ်ကာလ၌ ငါ၏ သောတပသာဒသည် ဤသို့ ဖြစ် ရလို၏၊ သဒ္ဒါရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍။ပ။ အနာဂတ်ကာလ၌ ငါ၏ ဃာနပသာဒသည် ဤသို့ ဖြစ်ရလို၏၊ ဂန္ဓာရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍။ အနာဂတ်ကာလ၌ ငါ၏ ဇိဝှါပသာဒသည် ဤသို့ ဖြစ်ရလို၏၊ ရသာရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍။ အနာဂတ်ကာလ၌ ငါ၏ ကာယပသာဒ သည် ဤသို့ ဖြစ်ရလို၏၊ ဖောဋ္ဌဗ္ဗာရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍။ အနာဂတ်ကာလ၌ ငါ၏ ဘဝင်စိတ်ဟူသော မနာယတနသည် ဤသို့ ဖြစ်ရလို၏၊ ဘုံသုံးပါး၌ဖြစ်သော ဓမ္မာရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍ မရအပ်သေးသော မနာယတန + ဓမ္မာရုံကို ရခြင်းငှါ စိတ်က မတောင့်တ၊ စိတ်က မတောင့်တခြင်းဟူသော အကြောင်းကြောင့် ထိုမနာယတန + ဓမ္မာရုံကို မနှစ်သက်၊ ထိုမနာယတန+ ဓမ္မာရုံ ကို မနှစ်သက်သောသူသည် အနာဂတ်ဖြစ်သော မနာယတန + ဓမ္မာရုံကို မတောင့်တ။ ငါ့သျှင်တို့ ဤသို့ လျှင် အနာဂတ်ခန္ဓာကို မတောင့်တ။

--

၂၈၄။ ငါ့သျှင်တို့ အဘယ်သို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တိုသနည်း။ ငါ့သျှင်တို့ စက္ခု ပသာဒ+ ရူပါရုံ၊ ထိုနှစ်ပါးစုံသည် ဖြစ်ဆဲပစ္စုပ္ပန်သာတည်း၊ ဖြစ်ဆဲပစ္စုပ္ပန်ဖြစ်သော ထိုစက္ခုပသာဒ + ရူပါရုံ၌ ဆန္ဒရာဂနှင့်စပ်သော သိမှု ‘ဝိညာဏ်'သည် အကယ်၍ ဖြစ်အံ့၊ သိမှု ‘ဝိညာဏ်'၏ ဆန္ဒရာဂနှင့်စပ် သည်၏ အဖြစ်ကြောင့် ထိုစက္ခုပသာဒ + ရူပါရုံကို နှစ်သက်၏၊ ထိုစက္ခုပသာဒ + ရူပါရုံကို နှစ်သက်သော သူသည် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တို၏။ ငါ့သျှင်တို့ သောတပသာဒ + သဒ္ဒါရုံ။ပ။ ငါ့သျှင်တို့ ဃာနပသာဒ + ဂန္ဓာရုံ။ ငါ့သျှင်တို့ ဇိဝှါပသာဒ+ ရသာရုံ။ ငါ့သျှင်တို့ ကာယပသာဒ + ဖောဋ္ဌဗ္ဗာရုံ။ ငါ့သျှင်တို့ ဘဝင်စိတ်ဟူသော မနာယတန +ဘုံသုံးပါး၌ဖြစ်သော ဓမ္မာရုံ၊ ထိုနှစ်ပါးစုံသည် ဖြစ်ဆဲပစ္စုပ္ပန် သာတည်း၊ ဖြစ်ဆဲပစ္စုပ္ပန်ဖြစ်သော ထိုမနာယတန + ဓမ္မာရုံ၌ ဆန္ဒရာဂနှင့်စပ်သော သိမှု ‘ဝိညာဏ်’ သည် အကယ်၍ ဖြစ်အံ့၊ သိမှု ‘ဝိညာဏ်'၏ ဆန္ဒရာဂနှင့်စပ်သည်၏ အဖြစ်ကြောင့် ထိုမနာယတန + ဓမ္မာရုံကို နှစ်သက်၏၊ ထိုမနာယတန + ဓမ္မာရုံကို နှစ်သက်သော သူသည် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တို၏။ ငါ့သျှင်တို့ ဤသို့လျှင် ပစ္စုပ္ပန်တရားတို့၌ တွန့်တို၏။

ငါ့သျှင်တို့ အဘယ်သို့လျှင် ပစ္စုပ္ပန်တရားတို့၌ မတွန့်တိုသနည်း။ ငါ့သျှင်တို့ စက္ခုပသာဒ + ရူပါရုံ၊ ထို နှစ်ပါးစုံသည် ဖြစ်ဆဲပစ္စုပ္ပန်သာတည်း၊ ဖြစ်ဆဲပစ္စုပ္ပန်ဖြစ်သော ထိုစက္ခုပသာဒ + ရူပါရုံ၌ ဆန္ဒရာဂနှင့် စပ်သော သိမှု ‘ဝိညာဏ်’ သည် အကယ်၍ မဖြစ်အံ့၊ သိမှု ‘ဝိညာဏ်'၏ ဆန္ဒရာဂနှင့် မစပ်သည်၏အဖြစ် ကြောင့် ထိုစက္ခုပသာဒ + ရူပါရုံကို မနှစ်သက်၊ ထိုစက္ခုပသာဒ + ရူပါရုံကို မနှစ်သက်သောသူသည် ဖြစ်ဆဲ ပစ္စုပ္ပန်တရားတို့၌ မတွန့်တို။ ငါ့သျှင်တို့ သောတပသာဒ + သဒ္ဒါရုံ။ပ။ ငါ့သျှင်တို့ ဃာနပသာဒ + ဂန္ဓာရုံ။ ငါ့သျှင်တို့ ဇိဝှါပသာဒ+ ရသာရုံ။ ငါ့သျှင်တို့ ကာယပသာဒ + ဖောဋ္ဌဗ္ဗာရုံ။ ငါ့သျှင်တို့ ဘဝင်စိတ်ဟူသော မနာယတန + ဘုံသုံးပါး၌ဖြစ် သောဓမ္မာရုံ၊ ထိုနှစ်ပါးစုံသည် ဖြစ်ဆဲပစ္စုပ္ပန်သာတည်း၊ ဖြစ်ဆဲပစ္စုပ္ပန်ဖြစ် သော ထိုမနာယတန + ဓမ္မာရုံ၌ ဆန္ဒရာဂနှင့်စပ်သော သိမှု ‘ဝိညာဏ်'သည် အကယ်၍ မဖြစ်အံ့၊ သိမှု ‘ဝိညာဏ်'၏ ဆန္ဒရာဂနှင့် မစပ်သည်၏ အဖြစ်ကြောင့် ထိုမနာယတန + ဓမ္မာရုံကို မနှစ်သက်၊ ထို မနာယတန + ဓမ္မာရုံကို မနှစ်သက်သောသူသည် ဖြစ်ဆဲ ပစ္စုပ္ပန်တရားတို့၌ မတွန့်တို။ ငါ့သျှင်တို့ ဤသို့ လျှင် ပစ္စုပ္ပန်တရားတို့၌ မတွန့်တို။

၂၈၅။ ငါ့သျှင်တို့ ငါတို့အား မြတ်စွာဘုရားသည် “အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ။ပ။ ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့် တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရား သည် ဟောကြားတော်မူ၏”ဟု

ဤဥဒ္ဒေသကို အကျဉ်းချုပ်ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ခဲ့ဘဲ နေရာမှထကာ ကျောင်း တွင်းသို့ ဝင်တော်မူခဲ့၏။

ငါ့သျှင်တို့ ငါသည် မြတ်စွာဘုရား အကျဉ်းချုပ်ညွှန်ပြ၍ အကျယ်မဝေဖန်သော ဤဥဒ္ဒေသ၏ အနက်သဘောကို ဤသို့အကျယ်အားဖြင့် ငါ သိပါ၏၊ ငါ့သျှင်တို့ အလိုရှိကြကုန်သော် သင်တို့သည် မြတ်စွာဘုရားသို့သာလျှင် ချဉ်းကပ်ကြကုန်၍ ဤအနက်သဘောကို တစ်ဖန်မေးလျှောက်ကြကုန်လော့၊ မြတ်စွာဘုရားသည် သင်တို့အား ဖြေကြားတော်မူသည့်အတိုင်း ထိုအနက်သဘောကို မှတ်ယူကြကုန်လော့ဟု (မိန့်ဆို၏)။

ထိုအခါ ထိုရဟန်းတို့သည် အသျှင်မဟာကစ္စာန၏ မိန့်ကြားချက်ကို အလွန်နှစ်သက်ဝမ်းမြောက်ကြ ကုန်၍ နေရာမှထကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးကြကုန်လျက် လျောက်ပတ်သော အရပ်၌ ထိုင်နေကြကုန်၏၊ လျောက်ပတ်သော အရပ်၌ ထိုင်နေကြကုန်သော ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤသို့ ဆိုလတ္တံ့သောစကားကို လျှောက်ထားကြကုန်၏၊ မြတ်စွာဘုရား အကျွန်ုပ်တို့အား မြတ်စွာဘုရားသည် “အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ။ပ။ ထိုရဟန်းကို စင်စစ် ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်းဟူ၍ ကိလေသာငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏” ဟူ၍ ဤဥဒ္ဒေသကို အကျဉ်းချုပ်ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှထတော်မူကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့ပါ၏။

မြတ်စွာဘုရား ထိုအကျွန်ုပ်တို့အား မြတ်စွာဘုရား ဖဲကြွသွားတော်မူ၍ မကြာမီ “ငါ့သျှင်တို့ ငါတို့ အား မြတ်စွာဘုရားသည်-

--

'အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေး။

ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာရှုသော ထိုပုဂ္ဂိုလ်သည် တွန့်တိုခြင်း ပျက်စီးခြင်းမရှိသော ထိုဝိပဿနာရှုမှုကို အဖန်ဖန် ပွါးများရာ၏။

အဘယ်သူသည် နက်ဖန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အားထုတ်သင့်သော ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏၊ ငါတို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။

ဤသို့ နေလေ့ရှိသော လွန်စွာ အားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ထိုရဟန်းကို စင်စစ် ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း ဟူ၍ ကိလေသာငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏’ -

ဟူသော ဤဥဒ္ဒေသကို အကျဉ်းချုပ်ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှ ထတော်မူကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့ပါ၏။

အဘယ်သူသည် မြတ်စွာဘုရား အကျဉ်းချုပ်ညွှန်ပြ၍ အကျယ်မဝေဖန်သော ဤဥဒ္ဒေသ၏ အနက် သဘောကို အကျယ်အားဖြင့် ဝေဖန်နိုင်ရာသနည်း”ဟု ဤသို့သော စိတ်အကြံသည် ဖြစ်ပေါ်ပါ၏။

မြတ်စွာဘုရား ထိုအကျွန်ုပ်တို့အား “ဤအသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အချီးမွမ်းခံရ၏၊ ပညာရှိ သီတင်းသုံဖော်များ အမြှောက်စားလည်း ခံရ၏၊ အသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အကျဉ်းချုပ်ညွှန် ပြ၍ အကျယ်မဝေဖန်သော ဤဥဒ္ဒေသ၏ အနက်သဘောကို အကျယ်အားဖြင့် ဝေဖန်ရန် စွမ်းလည်း စွမ်းနိုင်၏၊ ငါတို့သည် အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်၍ ဤအနက်သဘောကို မေးမြန်း ကြရမူ ကောင်းပေမည်”ဟု ဤသို့သော စိတ်အကြံ ဖြစ်ပေါ်လာခဲ့ပါသည်။ မြတ်စွာဘုရား ထိုအခါ အကျွန်ုပ်တို့သည် အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်ကုန်၍ ဤအနက်သဘောကို မေးမြန်းကြပါကုန်၏၊ မြတ်စွာဘုရား ထိုအကျွန်ုပ်တို့အား အသျှင်မဟာကစ္စာနသည် ဤအခြင်းအရာ ပုဒ်ဝါကျ အက္ခရာတို့ဖြင့်ဤအနက်သဘောကို ဝေဖန်ပြပါ၏ဟု ဤစကားကို လျှောက်ထားကြကုန်၏။

ရဟန်းတို့ မဟာကစ္စာနသည် ပညာရှိ၏၊ ပညာကြီး၏၊ ရဟန်းတို့ ငါဘုရားကိုလည်း သင်တို့သည် ဤအနက်သဘောကို အကယ်၍ မေးမြန်းကြကုန်ငြားအံ့၊ ငါသည်လည်း ထိုအနက်သဘောကို မဟာကစ္စာန ဖြေကြားသကဲ့သို့ပင် ဖြေကြားရာ၏၊ ဤဥဒ္ဒေသတရားတော်၏ အနက်သဘောသည် ဤသည်ပင်တည်း၊ ဤအတိုင်း ထိုအနက်သဘောကို မှတ်ကြကုန်ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောကြားတော်မူ၏။ ထိုရဟန်းတို့သည် ဝမ်းမြောက် ဝမ်းသာ စိတ်ရှိကုန်သည်ဖြစ်၍ မြတ်စွာဘုရား၏ တရားတော်ကို လွန်စွာနှစ်သက်ကုန်ပြီ။

သုံးခုမြောက် မဟာကစ္စာနဘဒ္ဒေကရတ္တသုတ် ပြီး၏။

--

၄-လောမသကင်္ဂိယဘဒ္ဒေကရတ္တသုတ်

၂၈၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်လောမသကင်္ဂိယသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ နေ၏၊ ထိုအခါ စန္ဒနနတ်သားသည် ညဉ့်ဦးယံလွန်ပြီးသော သန်းခေါင်ယံအခါ၌ အလွန်နှစ်သက်ဖွယ် ကောင်းသော အဆင်းရှိသည် ဖြစ်၍ အလုံးစုံသော နိဂြောဓာရုံကျောင်းကို ထွန်းလင်း တောက်ပစေလျက် အသျှင်လောမသကင်္ဂိယရှိရာ အရပ်သို့ ချဉ်းကပ်ပြီးလျှင် သင့်လျော်ရာအရပ်၌ ရပ် တည်၏၊ သင့်လျော်ရာအရပ်၌ ရပ်တည်ပြီးသော စန္ဒနနတ်သားသည် အသျှင်လောမသကင်္ဂိယထေရ်အား ဤစကားကို လျှောက်ထား၏-"အသျှင်ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဆောင်ထားပါ၏လော”ဟု (လျှောက်ထား၏)။

ငါ့သျှင်နတ်သား ငါသည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဆောင် မထားပါ၊ ငါ့သျှင်နတ်သား သင်သည်ကား ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ'ကို ဆောင်ထားပါ၏လောဟု (ပြန်လှန်မေးမြန်း၏)။ အသျှင်ရဟန်း အကျွန်ုပ်သည်လည်း ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဆောင်မထားပါ။

အသျှင်ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ၏လောဟု (လျှောက် ထား ပြန်၏)။ ငါ့သျှင်နတ်သား ငါသည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်မထားပါ၊ ငါ့သျှင် နတ်သား သင်မူကား ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါသလောဟု ( ပြန်လှန်မေးမြန်း ပြန်၏ )။ အသျှင်ရဟန်း အကျွန်ုပ်သည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ၏ဟု (လျှောက် ထားပြန်၏)။ ငါ့သျှင်နတ်သား သင်သည် အဘယ်သို့သော အခြင်းအရာအားဖြင့် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါသနည်းဟု (မေးမြန်းပြန်၏)။ အသျှင်ရဟန်း အခါတစ်ပါး၌ မြတ်စွာဘုရား သည် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်၏အရင်း ပဏ္ဍုကမ္ဗလာကျောက်ဖျာ၌ နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် တာဝတိံသာနတ်တို့အား ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်းကိုလည်းကောင်း၊ အကျယ်ကိုလည်းကောင်း ဟောတော်မူပါ၏-

“အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့် တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေး။

ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာရှုသော ထိုပုဂ္ဂိုလ်သည် တွန့်တိုခြင်း ပျက်စီးခြင်းမရှိသော ထိုဝိပဿနာရှုမှုကို အဖန်ဖန် ပွါးများရာ၏။

အဘယ်သူသည် နက်ဖန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အားထုတ်သင့်သော ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏၊ ငါ့တို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့်ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။

ဤသို့ နေလေ့ရှိသော လွန်စွာ အားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏’ဟု (ဟောတော်မူ၏)။

--

ရဟန်း ဤသို့လျှင် အကျွန်ုပ်သည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ၏။ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို နာယူလော့၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ရွတ်အံသရဇ္ဈာယ်လော့၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ပို့ချဆောင်ထားလော့၊ ရဟန်း ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ သည် မြတ်သော အကျင့်၏ အစဖြစ်၍ အကျိုးစီးပွါးနှင့် စပ်၏ဟု ဤစကားကို စန္ဒနနတ်သားသည် လျှောက်ထားပြီးနောက် ထိုနေရာ၌သာလျှင် ကွယ်လေ၏။

၂၈၇။ ထိုအခါ အသျှင်လောမသကင်္ဂိယသည် ထိုညဉ့်ကို လွန်သဖြင့် ကျောင်းအိပ်ရာနေရာကို သိုမှီးသိမ်းဆည်း၍ သပိတ်သင်္ကန်းကို ယူလျက် သာဝတ္ထိပြည်သို့ ဒေသစာရီ ကြွ၏၊ အစဉ်အတိုင်း ဒေသ စာရီလှည့်လည်ကာ သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း မြတ်စွာဘုရား ထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ထိုင်နေ၏၊ တစ်ခုသော အရပ်၌ ထိုင်နေပြီးသော အသျှင်လောမသကင်္ဂိယသည် မြတ်စွာဘုရားအား ဤစကားကို လျှောက် ထား၏ -

မြတ်စွာဘုရား အကျွန်ုပ်သည် အခါတစ်ပါး၌ သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ နေပါ၏၊ မြတ်စွာဘုရား ထိုအခါ၌ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော သန်းခေါင်ယံအခါ၌ အလွန်နှစ်သက်ဖွယ်ကောင်းသော အဆင်းရှိသည် ဖြစ်၍ အလုံးစုံသော နိဂြောဓာရုံကျောင်းကို ထွန်းလင်း တောက်ပစေလျက် အကျွန်ုပ်ထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော အရပ်၌ ရပ်တည်၏၊ တစ်ခုသော အရပ်၌ ရပ်တည်ပြီးသော ထိုနတ်သားသည် အကျွန်ုပ်အား ဤစကားကို လျှောက်ထားပါ၏ “ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဆောင်ထားပါ၏လော”ဟု (လျှောက်ထား၏)။ မြတ်စွာဘုရား ဤသို့ လျှောက်ထားသော် အကျွန်ုပ်သည် ထိုနတ်သားကို “ငါ့သျှင်နတ်သား ငါသည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဆောင် မထားပါ၊ ငါ့သျှင်နတ်သား သင်သည်ကား ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ'ကို ဆောင်ထားပါ၏လော”ဟု ဤစကားကို ပြန်လှန်မေးမြန်းပါ၏။

ရဟန်း အကျွန်ုပ်သည်လည်း ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဆောင်မထားပါ၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ၏လောဟု (လျှောက်ဆိုပြန်ပါ၏)။ ငါ့သျှင်နတ်သား ငါသည်ကား ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်မထား ပါ၊ ငါ့သျှင်နတ်သား သင်သည်ကား ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါသလောဟု (မေး မြန်းပြန်၏)။ ရဟန်း အကျွန်ုပ်သည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ၏ဟု (လျှောက် ထားပြန်ပါ၏)။ ငါ့သျှင် နတ်သား သင်သည် အဘယ်သို့သော အခြင်းအရာအားဖြင့် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါသနည်းဟု (မေးမြန်းပြန်ပါ၏)။ ရဟန်း အခါတစ်ပါး၌ မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်၏အရင်း ခင်းထားသော ပဏ္ဍုကမ္ဗလာကျောက်ဖျာ၌ နေတော်မူစဉ် တာဝတိံသာနတ်ပြည်၌ နေကုန်သော နတ်တို့အား ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဟောကြားတော်မူပါ၏။

“အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ။ပ။ ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရား သည် ဟောကြားတော်မူ၏”ဟု (ဟောကြားတော်မူပါ၏)။

ရဟန်း ဤသို့လျှင် အကျွန်ုပ်သည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ၏။ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို နာယူလော့၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ရွတ်အံသရဇ္ဈာယ်လော့၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ပို့ချဆောင်ထားလော့၊ ရဟန်း ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ သည် မြတ်သော အကျင့်၏ အစဖြစ်၍ အကျိုးစီးပွါးနှင့် စပ်၏ဟု ဤစကားကို ထိုနတ်သားသည် လျှောက်ထားပြီးနောက် ထိုနေရာ၌ သာလျှင် ကွယ်ခဲ့ပါ၏။ မြတ်စွာဘုရား တောင်းပန်ပါ၏၊ အကျွန်ုပ်အား မြတ်စွာဘုရားသည် ဘဒ္ဒေကရတ္တ သုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဟောတော်မူပါလော့ဟု (လျှောက်ထား၏)။

--

၂၈၈။ ရဟန်း သင်သည် ထိုနတ်သားကို သိ၏လောဟု (မေးတော်မူ၏)။ မြတ်စွာဘုရား အကျွန်ုပ် သည် ထိုနတ်သားကို မသိပါဟု (လျှောက်ထား၏)။ ရဟန်း ထိုနတ်သားသည် စန္ဒနမည်၏၊ ရဟန်း စန္ဒနနတ်သားသည် ရိုရိုသေသေ အလုံးစုံကို စိတ်ဖြင့် နှလုံးသွင်းနားစိုက်ကာ တရားနာ၏။ ရဟန်း သို့ဖြစ်လျှင် နားထောင်လော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်လောမသကင်္ဂိယသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေး။

ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာရှုသော ထိုပုဂ္ဂိုလ်သည် တွန့်တိုခြင်း ပျက်စီးခြင်းမရှိသော ထိုဝိပဿနာရှုမှုကို အဖန်ဖန်ပွါး များရာ၏။

အဘယ်သူသည် နက်ဖန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အားထုတ်သင့်သော ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏၊ ငါတို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။

ဤသို့ နေလေ့ရှိသော လွန်စွာအားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်း မရိ အားထုတ်သော ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသောရဟန်း’ ဟူ၍ ကိလေသာငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။

ရဟန်း အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်လိုက်သနည်း။ပ။ ရဟန်း ဤသို့လျှင် အတိတ် ခန္ဓာသို့ အစဉ်လိုက်၏။ ရဟန်း အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်သနည်း။ပ။ ရဟန်း ဤသို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်။ ရဟန်း အဘယ်သို့လျှင် အနာဂတ်ခန္ဓာကို တောင့်တ သနည်း။ပ။ ရဟန်း ဤသို့လျှင် အနာဂတ်ခန္ဓာကို တောင့်တ၏။ ရဟန်း အဘယ်သို့လျှင် အနာဂတ်ခန္ဓာ ကို မတောင့်တသနည်း။ပ။ ရဟန်း ဤသို့လျှင် အနာဂတ်ခန္ဓာကို မတောင့်တ။ ရဟန်း အဘယ်သို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တို သနည်း။ပ။ ရဟန်း ဤသို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တို၏။ ရဟန်း အဘယ်သို့လျှင် ဖြစ်ဆဲပစ္စုပ္ပန် တရားတို့၌ မတွန့်တိုသနည်း။ပ။ ရဟန်း ဤသို့လျှင် ဖြစ်ဆဲ ပစ္စုပ္ပန်တရားတို့၌ မတွန့်တို။

အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေး။

ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာ ရှုသော ထိုပုဂ္ဂိုလ်သည့်တွန့်တိုခြင်း ပျက်စီးခြင်းမရှိသော ထိုဝိပဿနာရှုမှုကို အဖန်ဖန် ပွါးများရာ၏။

အဘယ်သူသည် နက်ဖန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အားထုတ်သင့်သော ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏၊ ငါတို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။

--

ဤသို့ နေလေ့ရှိသော လွန်စွာ အားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ အသျှင်လောမသကင်္ဂိယသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။

လေးခုမြောက် လောမသကင်္ဂိယဘဒ္ဒေကရတ္တသုတ် ပြီး၏။

၅-စူဠကမ္မဝိဘင်္ဂသုတ်

၂၈၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ တောဒေယျပုဏ္ဏား၏သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက် ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်ကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏-

အသျှင်ဂေါတမ လူဖြစ်ကုန်သော သူတို့မှာ လူအချင်းချင်း ဖြစ်ကြကုန်လျက် ယုတ်ခြင်း, မြတ်ခြင်း တို့ကို တွေ့မြင်ရပါကုန်၏။ ထိုအကြောင်းရင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း။ အသျှင်ဂေါတမ အသက်တိုသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အသက်ရှည်သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အနာရောဂါများသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အနာရောဂါကင်းသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အဆင်းမလှသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အဆင်းလှ သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အခြံအရံမရှိသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အခြံ အရံများသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ စည်းစိမ်ဥစ္စာနည်းသော လူတို့ကိုလည်း တွေ့မြင်ရပါ ကုန်၏၊ စည်းစိမ်ဥစ္စာများသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အမျိုးယုတ်သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အမျိုးမြတ်သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ ပညာမဲ့သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ ပညာရှိသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အသျှင်ဂေါတမ လူဖြစ်ကုန်သော သူတို့မှာ လူအချင်းချင်းဖြစ်ကြကုန်လျက် ယုတ်ခြင်း မြတ်ခြင်းတို့ကို တွေ့မြင်ရပါကုန်၏။ ထိုအကြောင်း ရင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်ထား၏)။

လုလင် သတ္တဝါတို့သည် ကံသာလျှင် မိမိဥစ္စာရှိကုန်၏၊ ကံ၏ အမွေခံတို့ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် ဆွေမျိုးရှိကုန်၏၊ ကံသာလျှင် မှီခိုရာရှိကုန်၏၊ ကံသည်သာလျှင် သတ္တဝါ တို့ကို အယုတ်အမြတ်ဖြစ်ခြင်းငှါ ခွဲခြမ်းဝေဖန်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမသည် အကျဉ်းချုပ် ဟောထားတော်မူ၍ အကျယ်အားဖြင့် အနက်ကို မဝေဖန်အပ်သော ဤတရားစကား၏ အနက်သဘောကို အကျယ်အားဖြင့် အကျွန်ုပ် မသိပါ၊ တောင်းပန်ပါ၏၊ အသျှင်ဂေါတမသည် အကျဉ်းအားဖြင့် ဟောထား၍ အနက်သဘောအကျယ်အားဖြင့် မဝေဖန်အပ်သော ဤတရား၏ အနက်အဓိပ္ပါယ်ကို အကျွန်ုပ်သိနိုင်အောင် တရားဟောတော်မူပါဟု (လျှောက်ထားတောင်းပန်၏)။

--

၂၉၀။ လုလင် ထိုသို့ဖြစ်မူ နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု မိန့်တော်မူ၏။ “အသျှင် ကောင်းပါပြီ”ဟု တောဒေယျပုဏ္ဏား၏ သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ မြတ်စွာဘုရားသည် ဤဆိုလတ္တံ့သော စကားကို မိန့်တော်မူ၏-

လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူသည် အသက်ကို သတ်လေ့ ရှိ၏၊ ကြမ်းကြုတ်၏၊ သွေးစွန်းသော လက်ရှိ၏၊ သတ်ပုတ်ညှဉ်းဆဲမှု၌ စိတ်ဝင်စား၏၊ အလုံးစုံသော သတ္တဝါတို့၌ သနားခြင်း ကင်းမဲ့၏၊ ထိုအသက်ကို သတ်လေ့ရှိသူသည် ဤသို့ပြည့်စုံသော ဤသို့ မှားယွင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အသက်တိုရ၏၊ လုလင် ထိုအသက်ကိုသတ်ခြင်း ကြမ်းကြုတ် ခြင်း သွေးစွန်းသောလက်ရှိခြင်း သတ်ပုတ်ညှဉ်းဆဲမှု၌ စိတ်ဝင်စားခြင်း အလုံးစုံသောသတ္တဝါတို့၌ သနား ခြင်းကင်းမဲ့ခြင်းသည် အသက်တိုခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၁)

လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သောသူသည် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထားပြီးဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားခြင်းရှိ၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေ၏၊ ထို အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အသက်ရှည်ရ၏၊ လုလင် ထိုအသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း တုတ်ကို ချထားပြီးဖြစ်ခြင်း လက်နက်ကို ချထားပြီးဖြစ်ခြင်း အရှက်ရှိခြင်း အသနားရှိခြင်း အလုံးစုံသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားခြင်းသည် အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၁)

၂၉၁။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သောသူသည် လက်ဖြင့်လည်း ကောင်း၊ ခဲဖြင့်လည်းကောင်း၊ တုတ်ဖြင့်လည်းကောင်း၊ ဓားလက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းဆဲလေ့ရှိ၏။ ထိုသတ္တဝါတို့ကို ညှဉ်းဆဲလေ့ရှိသူသည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်း သောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာ ကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ရောက်ခဲ့ လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အနာရောဂါ များ၏၊ လုလင် လက်ဖြင့်လည်းကောင်း၊ ခဲဖြင့်လည်း ကောင်း၊ တုတ်ဖြင့်လည်းကောင်း၊ လက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းဆဲလေ့ရှိခြင်းသည် အနာ ရောဂါများခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၂)

လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သောသူသည် လက်ဖြင့်လည်းကောင်း၊ တုတ်ဖြင့်လည်းကောင်း၊ ဓားလက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းဆဲလေ့မရှိ။ ထိုသတ္တဝါတို့ကို ညှဉ်းဆဲလေ့မရှိသောသူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ် ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အနာရောဂါကင်း၏၊ လုလင် လက်ဖြင့်လည်းကောင်း၊ တုတ်ဖြင့်လည်းကောင်း၊ ခဲဖြင့်လည်းကောင်း၊ ဓားလက်နက်ဖြင့်လည်းကောင်း့သတ္တဝါတို့ကို ညှဉ်းဆဲလေ့မရှိခြင်းသည် အနာရောဂါကင်းခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၂)

--

၂၉၂။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူသည် အမျက်ဒေါသ ထွက်တတ်၏၊ ပြင်းစွာ ပင်ပန်းခြင်းများ၏၊ အနည်းငယ်မျှပင် မနှစ်သက်ဖွယ်စကားကို ဆိုသည်ရှိသော် လွန်စွာ စွဲမြဲငြိကပ်၏၊ အမျက်ထွက်၏၊ ဖျက်ဆီး၏၊ ဆန့်ကျင်လျက် တည်၏၊ အမျက်ထွက်ခြင်းကိုလည်း ကောင်း၊ ဖျက်ဆီးခြင်းကိုလည်းကောင်း၊ မယုံကြည်ခြင်းကိုလည်းကောင်း ထင်စွာပြု၏၊ ထိုဒေါသကြီးသူ သည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အရုပ်ဆိုး၏၊ လုလင် အမျက်ဒေါသထွက်ခြင်း ပြင်းစွာပင်ပန်းမှုများခြင်း အနည်းငယ်မျှလည်း မနှစ်သက်ဖွယ်စကားကိုဆိုသည်ရှိ သော် လွန်စွာ စွဲမြဲငြိကပ်ခြင်း အမျက်ထွက်ခြင်း ဖျက်ဆီးခြင်း ရှေးရှုတည်ခြင်း အမျက်ထွက်ခြင်းကိုလည်း ကောင်း၊ ဖျက်ဆီးခြင်းကိုလည်းကောင်း၊ မယုံကြည်ခြင်းကိုလည်းကောင်း ထင်စွာပြုခြင်းသည် အရုပ်ဆိုးခြင်း ကို ဖြစ်စေတတ်သော အကျင့်တည်း။ (၃)

လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူသည် အမျက်ဒေါသထွက်လေ့ မရှိ၊ ပြင်းစွာ ပင်ပန်းခြင်းများလေ့မရှိ၊ များစွာလည်း မနှစ်သက်ဖွယ်စကားကို ဆိုသော်လည်း လွန်စွာ စွဲစွဲမြြဲမဲ မငြိကပ်၊ အမျက်မထွက်၊ မဖျက်ဆီး၊ ရှေးရှုမတည်၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ဖျက်ဆီး ခြင်းကိုလည်းကောင်း၊ မယုံကြည်ခြင်းကိုလည်းကောင်း ထင်စွာမပြု၊ ထိုဒေါသမကြီးသူသည် ဤသို့ ပြည့်စုံ သော ဤသို့ ကောင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာအမျိုး၌ လှပသောအဆင်းရှိ၏၊ လုလင် အမျက်ထွက်လေ့မရှိခြင်း ပြင်းစွာပင်ပန်းမှုမများ ခြင်း မနှစ်သက်ဖွယ်စကားကို များစွာဆိုသော်လည်း လွန်စွာ စွဲစွဲမြဲမြဲ မငြိကပ်ခြင်း အမျက်မထွက်ခြင်း မဖျက်ဆီးခြင်း ရှေးရှုမတည်ခြင်း အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ဖျက်ဆီးခြင်းကိုလည်းကောင်း၊ မနှစ် သက်ခြင်းကိုလည်းကောင်း ထင်စွာမပြုခြင်းသည် လှပသောအဆင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၃)

၂၉၃။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူသည် ငြူစူခြင်းနှင့်ယှဉ် သော စိတ်ရှိ၏၊ သူတစ်ပါးတို့ လာဘ်များခြင်း သူတစ်ပါးတို့လာဘ်ရခြင်း အရိုအသေအလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင်း ပူဇော်ခံရခြင်းတို့၌ ငြူစူ၏၊ ငြူစူခြင်း၏အစွမ်းဖြင့် ဆဲရေးပြစ်မှား၏၊ ငြူစူခြင်းကို ဖွဲ့နှောင်၏၊ ထိုငြူစူ မနာလိုသူသည် ဤသို့ ပြည့်စုံသော ဤသို မှားယွင်းစွာဆောက်တည် သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အခြံအရံနည်း၏၊ လုလင် ငြူစူခြင်းနှင့် ယှဉ်သော စိတ်ရှိခြင်း သူတစ်ပါးတို့ လာဘ်များခြင်း အရိုအသေအလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင်း ပူဇော်ခံရခြင်းတို့၌ ငြူစူခြင်း ငြူစူခြင်းအစွမ်းဖြင့် ဆဲရေးပြစ်မှားခြင်း ငြူစူခြင်းကို ဖွဲ့နှောင်ခြင်းသည် အခြံအရံမရှိခြင်းကို ဖြစ်စေတတ် သော အကျင့်တည်း။ (၄)

--

လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သော သူသည် ငြူစူခြင်းနှင့် မယှဉ်သော စိတ်ရှိ၏၊ သူတစ်ပါးတို့၏ လာဘ်များခြင်း အရိုအသေအလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင်း့ပူဇော်ခံရခြင်းတို့၌ မငြူစူ၊ ငြူစူခြင်း၏အစွမ်းဖြင့် မဆဲရေး မပြစ်မှား၊ ငြူစူခြင်းကို မဖွဲ့နှောင်၊ ထိုငြူစူခြင်း မနာလိုခြင်းကင်းသူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာဆောက်တည်သော ထိုကံ ကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက် ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အခြံအရံများ၏၊ လုလင် မငြူစူ ခြင်းနှင့်ယှဉ်သော စိတ်ရှိခြင်း သူတစ်ပါးတို့ လာဘ်များခြင်း အရိုအသေအလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင်း ပူဇော်ခံရခြင်းတို့၌ မငြူစူခြင်း ငြူစူခြင်း၏အစွမ်းဖြင့် မဆဲရေးမပြစ်မှားခြင်း ငြူစူခြင်းကို မဖွဲ့ နှောင်ခြင်းသည် အခြံအရံများခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၄)

၂၉၄။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သော သူသည် သမဏအားလည်းကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ကျောင်း ဆီမီးကို မပေးလှူ၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်း သောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာ ကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့ လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ စည်းစိမ်ဥစ္စာနည်း၏၊ လုလင် သမဏအားလည်းကောင်း၊ ဗြာဟ္မဏ အားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာကျောင်း ဆီမီးကို မပေးလှူခြင်းသည် စည်းစိမ်ဥစ္စာနည်းခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၅)

လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သော သူသည် သမဏအားလည်း ကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာကျောင်း ဆီမီးကို ပေးလှူ၏၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာ ဆောက်တည် သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ စည်းစိမ်ဥစ္စာ ပေါများ၏၊ လုလင် သမဏအားလည်းကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ကျောင်း ဆီမီးကို ပေးလှူခြင်းသည် စည်းစိမ်ဥစ္စာ ပေါများ ခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၅)

၂၉၅။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သော သူသည် ခက်ထန်၏၊ ထောင်လွှားတက်ကြွ၏၊ ရှိခိုးထိုက်သူကို ရှိမခိုး၊ ခရီးဦးကြိုဆိုထိုက်သူကို ခရီးဦးမကြိုဆို။ နေရာပေးထိုက် သူကို နေရာမပေး၊ လမ်းခရီးပေးထိုက်သူကို လမ်းခရီးမပေး၊ အရိုအသေပြုထိုက်သူကို အရိုအသေမပြု၊ အလေးပြုထိုက်သူကို အလေးမပြု၊ မြတ်နိုးထိုက်သူကို မမြတ်နိုး၊ ပူဇော်ထိုက်သူကို မပူဇော်၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရောက်ရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အမျိုးယုတ်၏၊ လုလင် ထိုခက်ထန်ခြင်း ထောင်လွှားတက်ကြွခြင်း ရှိခိုးထိုက်သူကို ရှိမခိုးခြင်း ခရီးဦးကြိုဆိုထိုက်သူကို ခရီးဦး မကြိုဆိုခြင်း နေရာပေးထိုက်သူကို နေရာမပေးခြင်း လမ်းခရီးပေးထိုက်သူကို လမ်းခရီးမပေးခြင်း အရိုအသေပြုထိုက်သူကို အရိုအသေမပြုခြင်း အလေးပြုထိုက်သူကို အလေးမပြုခြင်း မြတ်နိုးထိုက်သူကို မမြတ်နိုးခြင်း ပူဇော်ထိုက်သူကို့မပူဇော်ခြင်းသည် ယုတ်နိမ့်သော အမျိုး၌ ဖြစ်စေတတ်သော အကျင့် တည်း။ (၆)

--

လုလင် ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သော သူသည် မခက်ထန် မထောင်လွှား မတက်ကြွ ရှိခိုးထိုက်သူကို ရှိခိုး၏၊ ခရီးဦးကြိုဆိုထိုက်သူကို ခရီးဦးကြိုဆို၏၊ နေရာပေးထိုက်သူကို နေရာပေး၏၊ လမ်းခရီးပေးထိုက်သူကို လမ်းခရီးပေး၏။ အရိုအသေပြုထိုက်သူကို အရိုအသေပြု၏၊ အလေးပြုထိုက်သူကို အလေးပြု၏၊ မြတ်နိုးထိုက်သူကို မြတ်နိုး၏၊ ပူဇော်ထိုက်သူကို ပူဇော်၏၊ ထိုသူ သည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အမျိုး မြတ်၏၊ လုလင် ထိုမခက်ထန်ခြင်း မထောင်လွှားခြင်း မတက်ကြွခြင်း ရှိခိုးထိုက်သူကို ရှိခိုးခြင်း ခရီးဦးကြိုဆို ထိုက်သူကို ခရီးဦးကြိုဆိုခြင်း နေရာပေးထိုက်သူကို နေရာပေးခြင်း လမ်းခရီးပေးထိုက်သူကို လမ်းခရီးပေးခြင်း အရိုအသေပြုထိုက်သူကို အရိုအသေပြုခြင်း အလေးပြုထိုက်သူကို အလေးပြုခြင်း မြတ်နိုးထိုက်သူကို မြတ်နိုးခြင်း ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မြင့်မြတ်သော အမျိုး၌ ဖြစ်စေတတ်သော အကျင့်တည်း။ (၆)

၂၉၆။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သောသူသည် သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် “အသျှင်ဘုရား အဘယ်တရားသည် ကုသိုလ် ပါနည်း၊ အဘယ်တရားသည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရား သည် အပြစ်ကင်းပါသနည်း၊ အဘယ်တရားသည် မှီဝဲထိုက်ပါသနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်ပါ သနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပါသနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါသနည်း”ဟု အဖန်ဖန် မေးမြန်းခြင်းကိုမပြု၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်း သောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက် ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာ ကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ ပညာမဲ့၏၊ လုလင် သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် “အသျှင်ဘုရား အဘယ်တရားသည် ကုသိုလ်ပါနည်း၊ အဘယ်တရား သည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရားသည် အပြစ်ကင်းပါ သနည်း၊ အဘယ်တရားသည် မှီဝဲထိုက်ပါသနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်ပါသနည်း၊ အဘယ်သို့ ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပါသနည်း၊ အဘယ် သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါသနည်း”ဟု အဖန်ဖန် မေးမြန်းခြင်းကို မပြုခြင်းသည် ပညာမဲ့ခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၇)

--

လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သောသူသည် သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် “အသျှင်ဘုရား အဘယ်တရားသည် ကုသိုလ်ပါနည်း၊ အဘယ် တရားသည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရားသည် အပြစ်ကင်း ပါသနည်း၊ အဘယ်တရားသည် မှီဝဲထိုက်သောတရားပါနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်သော တရားပါနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပါသနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါသနည်း”ဟု အဖန်ဖန် မေးမြန်းခြင်းကို ပြု၏၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍့သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ ပညာကြီး၏၊ လုလင် သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် “အသျှင် ဘုရား အဘယ်တရားသည် ကုသိုလ်ပါနည်း၊ အဘယ်တရားသည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရားသည် အပြစ်မရှိပါသနည်း၊ အဘယ်တရားသည် မှီဝဲထိုက်ပါသနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်ပါသနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပါသနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါသနည်း”ဟု အဖန်ဖန် မေးမြန်းမှုပြုခြင်းသည် ပညာကြီးခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၇)

၂၉၇။ လုလင် ဤသို့လျှင် အသက်တိုခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အသက်တိုခြင်းသို့ ဆောင်တတ်၏၊ အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အသက်ရှည်ခြင်းသို့ ဆောင်တတ်၏၊ အနာရောဂါများခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အနာရောဂါများခြင်းသို့ ဆောင်တတ်၏၊ အနာ ရောဂါကင်းခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အနာရောဂါကင်းခြင်းသို့ ဆောင်တတ်၏၊ အဆင်းမလှ ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အဆင်းမလှခြင်းသို့ ဆောင်တတ်၏၊ အဆင်းလှခြင်းကို ဖြစ်စေ တတ်သော အကျင့်သည် အဆင်းလှခြင်းသို့ ဆောင်တတ်၏၊ အခြံအရံမရှိခြင်းကို ဖြစ်စေတတ်သော အကျင့် သည် အခြံအရံမရှိခြင်းသို့ ဆောင်တတ်၏၊ အခြံအရံများခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အခြံအရံ များခြင်းသို့ ဆောင်တတ်၏၊ စည်းစိမ်ဥစ္စာနည်းခြင်းကို ဖြစ်စေတတ်သော အကျင့်သည် စည်းစိမ်ဥစ္စာ နည်းခြင်းသို့ ဆောင်တတ်၏၊ စည်းစိမ်ဥစ္စာများခြင်းကို ဖြစ်စေတတ်သော အကျင့်သည် စည်းစိမ်ဥစ္စာများ ခြင်းသို့ ဆောင်တတ်၏၊ အမျိုးယုတ်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အမျိုးယုတ်ခြင်းသို့ ဆောင် တတ်၏၊ အမျိုးမြင့်မြတ်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အမျိုးမြင့်မြတ်ခြင်းသို့ ဆောင်တတ်၏၊ ပညာမဲ့ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် ပညာမဲ့ခြင်းသို့ ဆောင်တတ်၏၊ ပညာကြီးခြင်းကို ဖြစ်စေ တတ်သော အကျင့်သည် ပညာကြီးခြင်းသို့ ဆောင်တတ်၏၊ လုလင် သတ္တဝါတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံတို့ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် ဆွေမျိုးရှိကုန်၏၊ ကံသာလျှင် မှီခိုရာရှိကုန်၏၊ ကံသည်သာလျှင် သတ္တဝါတို့ကို အယုတ်အမြတ်ဖြစ်ခြင်းငှါ ခွဲခြမ်းဝေဖန်၏ဟု မိန့်တော်မူ၏ )

ဤသို့မိန့်တော်မူသော် တောဒေယျပုဏ္ဏား၏သား သုဘလုလင်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏ “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာအားဖြင့် မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ လမ်းမှားသောသူ အား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း ‘မျက်စိအမြင်ရှိသောသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း (အသျှင် ဂေါတမ) ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသောအကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ (အသျှင်ဂေါတမ) ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော် ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ် သော ဥပါသကာဟု မှတ်တော်မူပါ”ဟု (လျှောက်၏)။

ငါးခုမြောက် စူဠကမ္မဝိဘင်္ဂသုတ် ပြီး၏။

၁။ သုဘသုတ်ဟူ၍လည်း ဆိုအပ်သည်။

--

၆-မဟာကမ္မဝိဘင်္ဂသုတ်

၂၉၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါအသျှင်သမိဒ္ဓိသည် တောကျောင်း၌ နေ၏။ ထိုအခါ ပေါတလိပုတ္တမည်သော ပရိဗိုဇ်သည် အညောင်းပြေ လမ်းလျှောက်လှည့်လည်ရင်း အသျှင်သမိဒ္ဓိထံသို့ ချဉ်း ကပ်ပြီးလျှင် အသျှင်သမိဒ္ဓိနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ထိုင်ကာ အသျှင်သမိဒ္ဓိအား ဤစကားကို ပြောဆို၏- “ငါ့သျှင်သမိဒ္ဓိ ‘ကာယကံသည် အကျိုးမပြီး အချည်းနှီးတည်း၊ ဝစီကံသည် အကျိုးမပြီး အချည်းနှီး တည်း၊ မနောကံသာလျှင် မှန်ကန်၏’ ဟူ၍ ဤစကားကို ရဟန်းဂေါတမ၏ မျက်မှောက်မှ ကြားရ၏၊ မျက်မှောက်မှ နာယူရ၏၊ အကြင်သမာပတ်ကို ဝင်စားသော ပုဂ္ဂိုလ်သည် ဘာကိုမျှ မခံစား၊ ဤသမာပတ် သည် ရှိသည် မဟုတ်လော”ဟု (ပြောဆို၏)။

ငါ့သျှင်ပေါတလိပုတ္တ ဤသို့ မဆိုလင့်၊ ငါ့သျှင်ပေါတလိပုတ္တ ဤသို့ မဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်းသည်သာတည်း၊ “ကာယကံသည် အကျိုးမပြီး အချည်းနှီးတည်း၊ ဝစီကံသည် အကျိုးမပြီး အချည်းနှီးတည်း၊ မနောကံသာလျှင် မှန်ကန်၏”ဟူ၍ ဤသို့ မြတ်စွာဘုရား မဟောတန်ရာ၊ ငါ့သျှင် အကြင်သမာပတ်ကို ဝင်စားသော ပုဂ္ဂိုလ်သည် ဘာကိုမျှ မခံစား၊ ဤသမာပတ်သည် ရှိသည်သာတည်းဟု (ပြောဆို၏)။ ငါ့သျှင်သမိဒ္ဓိ သင်ရဟန်းပြုသည်မှာ အဘယ်မျှကြာ ပြီနည်းဟု (မေး၏)။ ငါ့သျှင်ပေါတလိပုတ္တ မကြာသေး၊ သုံးဝါသာ ရှိသေး၏ဟု (ပြောဆို၏)။ ဤမျှငယ် သော ရဟန်းသော်မှလည်း ဆရာဖြစ်သော မြတ်စွာဘုရားကို (ကဲ့ရဲ့ခြင်းမှ) စောင့်ရှောက်ကာကွယ်ရမည်ဟု မှတ်ထင်တုံသေး၏၊ ယခုအခါ မထေရ်ကြီးရဟန်းဖြစ်သော ငါတို့ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ ငါ့သျှင်သမိဒ္ဓိ ကိုယ် နှုတ် စိတ်ဖြင့် စေ့ဆော်မှုရှိသော (အကုသိုလ်) ကံကို ပြုမိခြင်းကြောင့် ထိုပုဂ္ဂိုလ်သည် အဘယ်သို့သော ဝေဒနာကို ခံစားရသနည်းဟု (မေး၏)။ ငါ့သျှင်ပေါတလိပုတ္တ ကိုယ် နှုတ် စိတ်ဖြင့် စေ့ဆော်မှုရှိသော (အကုသိုလ်) ကံကို ပြုမိခြင်းကြောင့် ထိုပုဂ္ဂိုလ်သည် ဆင်းရဲသော ဝေဒနာကို ခံစားရ၏ဟု (ပြောဆို၏)။ ထိုအခါ ပေါတလိပုတ္တပရိဗိုဇ်သည် အသျှင်သမိဒ္ဓိ၏ စကားကို နှစ်လည်း မနှစ်သက်ဘဲ မြစ်လည်း မမြစ်ဘဲ နေရာမှထကာ ဖဲသွား၏။

--

၂၉၉။ ထိုအခါ အသျှင်သမိဒ္ဓိသည် ပေါတလိပုတ္တပရိဗိုဇ် ဖဲသွား၍ မကြာမြင့်မီ အသျှင်အာနန္ဒာထေရ် ရှိရာသို့ ချဉ်းကပ်ပြီးလျှင် အသျှင်အာနန္ဒာနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်ကာ ပေါတလိပုတ္တပရိဗိုဇ်နှင့် အတူ ပြောဆိုခဲ့သမျှ စကားအလုံးစုံကို အသျှင်အာနန္ဒာအား ပြောကြား၏။ ဤသို့ပြောဆိုသော် အသျှင်အာနန္ဒာ သည် အသျှင်သမိဒ္ဓိအား “ငါ့သျှင် သမိဒ္ဓိ မြတ်စွာဘုရားကို ဖူးမျှော်ရန် စကားလက်ဆောင်သည် ရှိသည် သာတည်း၊ ငါ့သျှင် သမိဒ္ဓိ လာ, သွားကြကုန်အံ့၊ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ဤအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားကြကုန်အံ့၊ ငါတို့အား မြတ်စွာဘုရား ဖြေကြားတော်မူသည့်အတိုင်း ထိုအကြောင်းကို မှတ်ကြရကုန်အံ့”ဟု ပြောဆို၏။ “ငါ့သျှင် ကောင်းပါပြီ”ဟု အသျှင်သမိဒ္ဓိသည် အသျှင် အာနန္ဒာအား ပြန်ကြားလျှောက်ထား၏။

ထိုအခါ အသျှင်အာနန္ဒာသည်လည်းကောင်း၊ အသျှင်သမိဒ္ဓိသည်လည်းကောင်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်ပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေကြကုန်၏။ သင့်လျော်ရာ၌ ထိုင်နေပြီးသော အသျှင် အာနန္ဒာသည် အသျှင်သမိဒ္ဓိ၏ ပေါတလိပုတ္တပရိဗိုဇ်နှင့်အတူ ပြောဆိုခဲ့သမျှ စကားအလုံးစုံကို မြတ်စွာဘုရား အား လျှောက်ထား၏။ ဤသို့လျှောက်ထားသော် မြတ်စွာဘုရားသည် အသျှင်အာနန္ဒာအား “အာနန္ဒာ ငါသည် ပေါတလိပုတ္တပရိဗိုဇ်အား မြင်ဖူးသည်ကိုမျှလည်း မမှတ်မိ၊ အဘယ်မှာ ဤသို့ သဘောရှိသော စကားဆွေးနွေးခြင်းမျိုး ဖြစ်အံ့နည်း။ အာနန္ဒာ (မဂ်ဖိုလ်မှ) အချည်းနှီးသော ယောက်ျားဖြစ်သည့် ဤ သမိဒ္ဓိသည် ပေါတလိပုတ္တပရိဗိုဇ်အား ခွဲခြမ်းဝေဖန်၍ ဖြေဆိုသင့်သော ပြဿနာကို တစ်ဖက်သတ် ဖြေဆို ဘိ၏”ဟု ဤစကားကို မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူသော် အသျှင်ဥဒါယီသည် မြတ်စွာဘုရားကို “မြတ်စွာဘုရား ‘ခံစားမှုဟူသမျှ ဆင်းရဲဒုက္ခသာတည်း’ဟု ဤသင်္ခါရ ဒုက္ခကို ရည်ရွယ်၍ အသျှင် သမိဒ္ဓိထေရ်သည် ပြောဆိုသည် မဟုတ်လော”ဟု ဤစကားကို လျှောက်ထား၏။

၃၀၀။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဓာကို “အာနန္ဒာ (မဂ်ဖိုလ်မှ) အချည်းနှီးသော ယောက်ျားဖြစ်သည့် ဤဥဒါယီ၏ အမေးပြဿနာကို သင် မြင်၏လော၊ အာနန္ဒာ (မဂ်ဖိုလ်မှ) အချည်းနှီး သော ယောက်ျားဖြစ်သည့် ဤဥဒါယီသည် မသင့်သောအကြောင်းဖြင့် ဦးခေါင်းထောင်ကြွသည်ဖြစ်၍ ဦးခေါင်းထောင်ကြွလိမ့်မည်”ဟူသော အကြောင်းကို ယခုအခါ ငါ သိရ၏၊ အာနန္ဒာ ပေါတလိပုတ္တပရိဗိုဇ် သည် အစကတည်းကပင် ဝေဒနာသုံးပါးတို့ကို မေး၏။ အာနန္ဒာ ဤသို့မေးအပ်သော် အချည်းနှီးသော ယောက်ျားဖြစ်သည့် သမိဒ္ဓိသည် ပေါတလိပုတ္တပရိဇ်ဗိုလ်အား “ငါ့သျှင်ပေါတလိပုတ္တ ကြောင့်ကြစိုက်၍ ကိုယ် နှုတ်စိတ်ဖြင့် စေ့ဆော်မှုရှိသော ချမ်းသာကိုသာ ခံစားရမည်ဖြစ်သော ကံကို ပြုမိသောကြောင့် ထိုပုဂ္ဂိုလ် သည် သုခဝေဒနာကိုသာ ခံစားရ၏၊ ငါ့သျှင်ပေါတလိပုတ္တ ကြောင့်ကြစိုက်၍ ကိုယ်နှုတ်စိတ်ဖြင့် စေ့ဆော်မှု ရှိသော ဆင်းရဲခံစားရမည်ဖြစ်သော ကံကို ပြုမိသောကြောင့် ထိုပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာကို ခံစားရ၏၊ ငါ့သျှင် ပေါတလိပုတ္တ ကြောင့်ကြစိုက်၍ ကိုယ်နှုတ်စိတ်ဖြင့် စေ့ဆော်မှုရှိသော ဆင်းရဲမဟုတ် ချမ်းသာ မဟုတ်ခံစားရမည်ဖြစ်သော ကံကို ပြုမိသောကြောင့် ထိုပုဂ္ဂိုလ်သည် ဥပေက္ခာ ဝေဒနာကို ခံစားရ၏”ဟု အကယ်၍ ဤသို့ ဖြေကြားငြားအံ့၊ အာနန္ဒာ ဤသို့ဖြေကြားသော် အချည်းနှီးသော ယောက်ျားဖြစ်သည့် သမိဒ္ဓိသည် ပေါတလိပုတ္တပရိဗိုဇ်အား ကောင်းစွာ ဖြေကြားသည် မည်ရာ၏။ အာနန္ဒာ စင်စစ် သော်ကား မိုက်မဲကုန် မလိမ္မာကုန် သော သာသနာတော်မှတစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့သည် အဘယ် သို့သော ပုဂ္ဂိုလ်စားတို့ပေနည်း၊ အဘယ်သို့သော ပုဂ္ဂိုလ်တို့သည်လည်း မြတ်စွာဘုရား၏ များစွာသော ကံတို့ကို ဝေဖန်မှု ‘မဟာကမ္မဝိဘင်း'ကို သိကုန်လတ္တံ့နည်း။ အာနန္ဒာ သင်တို့သည် များစွာသော ကံတို့ ကို ဝေဖန်မှု'မဟာ ကမ္မဝိဘင်း'ကို ဝေဖန်ဟောကြားသော မြတ်စွာဘုရား၏ (စကားကို) အကယ်၍ နာကြားလိုလျှင် နာကြားကြကုန်လော့ဟု (မိန့်တော်မူ၏)။

--

ဘုန်းတော်ကြီးသော မြတ်စွာဘုရား မြတ်စွာဘုရားသည် များစွာသောကံတို့ကို ဝေဖန်မှု'မဟာကမ္မဝိဘင်း'ကို ဝေဖန်ဟောပြတော်မူချိန်တန်ပါပြီ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား မြတ်စွာဘုရားသည် များစွာသောကံတို့ကို ဝေဖန်မှု'မဟာကမ္မဝိဘင်း'ကို ဝေဖန်ဟောပြတော်မူချိန်တန်ပါပြီ၊ မြတ်စွာဘုရားထံမှ ကြားနာရ၍ ရဟန်းများ ဆောင်ထားကြရပါကုန်လတ္တံ့ဟု လျှောက်၏။ အာနန္ဒာ ထိုသို့ ဖြစ်မူကား နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု မိန့်တော်မူ၏။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ မြတ်စွာဘုရားသည် ဤဆိုလတ္တံ့သော စကားကို မိန့်တော်မူ၏-

အာနန္ဒာ လေးယောက်ကုန်သော ဤပုဂ္ဂိုလ်တို့သည် လောက၌ ထင်ထင်ရှားရှားဖြစ်ပေါ်ကုန်၏။ အဘယ်လေးယောက်တို့နည်းဟူမူ- အာနန္ဒာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဤမျက်မှောက်ဘဝ၌့အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်လေ့ရှိ၏၊ မဟုတ် မမှန်သောစကားကို ပြောလေ့ရှိ၏၊ ကုန်းချောလေ့ရှိ၏၊ ကြမ်းတမ်းသောစကားကို ဆိုလေ့ရှိ၏၊ အကျိုးမဲ့ ပြိန်ဖျင်းသော စကားကို ဆိုလေ့ရှိ၏၊ သူ့စည်းစိမ်ကို တပ်မက်၍ကြံစည်ခြင်း များ၏၊ သူတစ်ပါးအား ဖျက်ဆီးလိုစိတ် ရှိ၏၊ မှားသော အယူကို ယူလေ့ရှိ၏၊ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏။ (၁)

အာနန္ဒာ ထိုမှတစ်ပါး ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဤမျက်မှောက်ဘဝ၌ အသက်ကို သတ် လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊ မဟုတ်မမှန်သော စကားကို ပြောလေ့ရှိ၏၊ ကုန်းချောလေ့ရှိ၏၊ ကြမ်းတမ်းသောစကားကို ဆိုလေ့ရှိ၏၊ အကျိုးမဲ့ ပြိန်ဖျင်း သော စကားကို ဆိုလေ့ရှိ၏၊ သူ့စည်းစိမ်ကို တပ်မက်၍ကြံစည်ခြင်း များ၏၊ သူတစ်ပါးအား ဖျက်ဆီး လိုစိတ်ရှိ၏၊ မှားသော အယူကို ယူလေ့ရှိ၏၊ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ (၂)

အာနန္ဒာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဤမျက်မှောက်ဘဝ၌ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းချောခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်း သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ အကျိုးမဲ့ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ သူ့စည်းစိမ်ကို တပ်မက်၍ကြံခြင်းမရှိ၊ သူတစ်ပါးအား ဖျက်ဆီးလိုစိတ်မရှိ၊ မှန်သောအယူ ကို ယူလေ့ရှိ၏၊ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည် လောကသို့ ကပ်ရောက်ရ၏။ (၃)

အာနန္ဒာ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ဤမျက်မှောက်ဘဝ၌ အသက်ကို သတ်ခြင်းမှ ရှောင် ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ် မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းချောခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်း သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ အကျိုးမဲ့ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင် ကြဉ်၏၊ သူ့စည်းစိမ်ကို တပ်မက်၍ကြံခြင်း မရှိ၊ သူတစ်ပါးအား ဖျက်ဆီးလိုစိတ် မရှိ၊ မှန်သောအယူကို ယူလေ့ရှိ၏၊ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက် ရ၏။ (၄)

၃၀၁။ အာနန္ဒာ အချို့သော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း ပြင်းစွာအား ထုတ်ခြင်းကို စွဲ၍ မြဲမြံစွာအားထုတ်ခြင်းကို စွဲ၍ အဖန်ဖန်အားထုတ်ခြင်းကို စွဲ၍ မမေ့မလျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ် တည်ကြည်လတ်သော် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် ဤလူ့ပြည်၌ အသက်ကိုသတ်လေ့ရှိသော, မပေးသည်ကို ယူလေ့ရှိ သော, ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်လေ့ရှိသော, မဟုတ်မမှန်သောစကားကို ပြောဆိုလေ့ရှိသော, ကုန်း ချောလေ့ရှိသော, ကြမ်းတမ်းသော စကားကို ပြောဆိုလေ့ရှိသော, အကျိုးမဲ့ ပြိန်ဖျင်းသောစကားကို ပြော ဆိုလေ့ရှိသော, သူ့စည်းစိမ်ကို တပ်မက်၍ကြံစည်ခြင်းရှိသော, သူတစ်ပါးအား ဖျက်ဆီးလိုစိတ်ရှိသော, မှား သောအယူကို ယူလေ့ရှိသော ထိုပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်သည်ကို မြင်၏။

--

ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ ယုတ်မာသောကံတို့သည် ရှိကုန်သတတ်၊ ဒုစရိုက်၏အကျိုး သည်ရှိသတတ်၊ စင်စစ် ငါသည် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိသော, မပေးသည်ကို ယူလေ့ရှိ သော။ပ။ မှားသော အယူကို ယူလေ့ရှိသော ထိုပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌့ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်သည်ကို မြင်၏”ဟု ဆို၏။ ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ အသက်ကို သတ်လေ့ရှိသော, မပေးသည်ကို ယူလေ့ရှိသော။ပ။ မှားသောအယူကို ယူလေ့ရှိသော သူအားလုံးသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းရာ မကောင်းသောလားရာ ဖရိုဖရဲ ကျရာ ငရဲသို့ ကပ်ရောက်ရ၏။ အကြင်သူတို့သည် ဤအတိုင်း သိကုန်၏၊ ထိုသူတို့သည် အမှန်သိကုန်၏၊ အကြင်သူတို့သည် တစ်ပါးသောအခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟုလည်း ဆို၏။ ဤသို့ ထိုသမဏဗြာဟ္မဏသည် သူကိုယ်တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ်တိုင် ထိုးထွင်း၍ သိသမျှကိုသာလျှင် “ဤအယူသာလျှင် မှန်၏၊ တစ်ပါးသော အယူသည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆို၏။ (၁)

အာနန္ဒာ ဤ လောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ပြင်းစွာအားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာအားထုတ်ခြင်းကို စွဲ၍ အဖန်ဖန်အားထုတ်ခြင်းကို စွဲ၍ မမေ့မလျော့ ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိသော မပေးသည်ကို ယူလေ့ရှိသော။ပ။ မှားသောအယူကို ယူလေ့ရှိသော ထိုပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်သည်ကိုလည်း မြင်၏။ ထိုသမဏ ဗြာဟ္မဏသည် “အချင်းတို့ ယုတ်မာသောကံတို့သည် မရှိကုန်သတတ်၊ ဒုစရိုက်အကျိုးသည် မရှိသတတ်၊ စင်စစ် ငါသည် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိသော မပေးသည်ကို ယူလေ့ရှိသော။ပ။ မှားသော အယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်သည်ကိုလည်း မြင်ရ၏”ဟု ဆို၏။ ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ အသက်ကို သတ်လေ့ရှိသော မပေးသည်ကို ယူလေ့ရှိသော။ပ။ မှားသောအယူကို ယူလေ့ရှိသော သူအားလုံးသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ အကြင်သူ တို့သည် ဤအတိုင်း သိကုန်၏၊ ထိုသူတို့သည် အမှန်သိကုန်၏။ အကြင်သူတို့သည် တစ်ပါးသော အခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟုလည်း ဆို၏။ ဤသို့ ထိုသမဏဗြာဟ္မဏသည် သူကိုယ်တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ်တိုင်ထိုးထွင်း၍ သိသမျှကိုသာလျှင် “ဤအယူသာလျှင် မှန်၏၊ တစ်ပါး သောအယူ သည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆို၏။ (၂)

--

အာနန္ဒာ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း၊ ပြင်းစွာအားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာအားထုတ်ခြင်းကို စွဲ၍ အဖန်ဖန်အားထုတ်ခြင်းကို စွဲ၍ မမေ့မလျော့ ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် အထူးသဖြင့် စင်ကြယ်သော လူတို့၏မျက်စိထက်သာလွန်သော နတ် တို့၏မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် ဤလူ့ပြည်၌ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်သော မပေး သည်ကို ယူခြင်းမှ ရှောင်ကြဉ်သော ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်သော မဟုတ်မမှန် သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်သော ကုန်းချောခြင်းမှ ရှောင်ကြဉ်သော ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်သော အကျိုးမဲ့ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ် သော သူ့စည်းစိမ်ကို တပ်မက်၍ ကြံခြင်း မရှိသော သူတစ်ပါးအား ဖျက်ဆီးလိုစိတ် မရှိသော မှန်သော အယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ် ပြည်လောကသို့ ကပ်ရောက်သည်ကို မြင်၏။

ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ ကောင်းသောကံတို့သည် ရှိကုန်သတတ်၊ သုစရိုက်၏ အကျိုး့သည်ရှိသတတ်၊ စင်စစ် ငါသည် ဤလူ့ပြည်၌ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်သော မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်သော။ပ။ မှန်သောအယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်သည်ကို မြင်ရ၏”ဟု ဆို၏။ ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်သော မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်သော။ပ။ မှန်သောအယူကို ယူလေ့ရှိသော သူအားလုံးသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ အကြင်သူတို့သည် ဤအတိုင်း သိကုန်၏၊ ထိုသူတို့သည် အမှန်သိကုန်၏။ အကြင် သူတို့သည် တစ်ပါးသော အခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟုလည်း ဆိုပြန်၏။ ဤသို့လျှင် ထိုသမဏဗြာဟ္မဏသည် သူကိုယ်တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ်တိုင်ထိုးထွင်း၍ သိသမျှကိုသာလျှင် “ဤအယူသာလျှင် မှန်၏၊ တစ်ပါးသောအယူသည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆို၏။ (၃)

အာနန္ဒ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း ပြင်းစွာ အား ထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန်အားထုတ်ခြင်းကို စွဲ၍ မမေ့မလျော့ခြင်း ကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် ဤလူ့ပြည်၌ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်သော။ပ။ မှန်သော အယူကို ယူလေ့ရှိသော ထိုပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်သည်ကို မြင်၏၊ ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ ကောင်းသောကံတို့သည် မရှိကုန်သတတ်၊ သုစရိုက်၏ အကျိုးသည် မရှိသတတ်၊ စင်စစ် ငါသည် ဤလူ့ပြည်၌ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်သော မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ် သော။ပ။ မှန်သောအယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်သည်ကို မြင်၏”ဟု ဆို၏။

ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်သော မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်သော။ပ။ မှန်သောအယူကို ယူလေ့ရှိသော သူအားလုံးသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏။ အကြင်သူတို့သည် ဤအတိုင်းသိကုန်၏၊ ထိုသူတို့သည် အမှန်သိကုန်၏။ အကြင်သူတို့သည် တစ်ပါးသော အခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားကိုသိကုန်၏”ဟုလည်း ဆိုပြန်၏။ ဤသို့လျှင် ထိုသမဏဗြာဟ္မဏသည် သူကိုယ်တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ်တိုင်ထိုးထွင်း၍ သိသမျှကိုသာလျှင် “ဤ အယူသာလျှင် မှန်၏၊ တစ်ပါးသောအယူသည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆို၏။ (၄)

--

၃၀၂။ အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် “အချင်းတို့ မကောင်းသောကံတို့ သည် ရှိကုန်သတတ်၊ ဒုစရိုက်၏ အ ကျိုးသည် ရှိသတတ်” ဟူ၍ ဤသို့ဆိုသော သမဏဗြာဟ္မဏ၏ စကားကို ခွင့်ပြု၏။ “အချင်းတို့ စင်စစ် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိသော မပေးသည်ကို ယူလေ့ရှိသော။ပ။ မှားသော အယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်သည်ကို မြင်၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်ပြု၏။ “အချင်းတို့ အသက်ကို သတ်လေ့ရှိသော မပေးသည်ကို ယူလေ့ရှိ သော။ပ။ မှားသောအယူကို ယူလေ့ရှိသောသူ အားလုံးသည့်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏” ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုကား ခွင့်မပြု။ အကြင်သူတို့သည် ဤအတိုင်း သိကုန်၏၊ ထိုသူတို့သည် အမှန်သိကုန်၏။ အကြင်သူတို့သည် တစ်ပါးသော အခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။ ထိုပုဂ္ဂိုလ်သည် သူကိုယ် တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ် တိုင် ထိုးထွင်းမိသမျှကိုသာလျှင် “ဤအယူသာလျှင် မှန်၏၊ တစ်ပါးသောအ ယူသည် အမှားချည်း တည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့် မပြု။ အဘယ့်ကြောင့်နည်းဟူမူ-အာနန္ဒာ များစွာသောကံတို့ကို ဝေဖန်ရာ၌ ငါဘုရား၏ ဉာဏ်သည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်သောကြောင့်တည်း။ (၁)

အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် “အချင်းတို့ မကောင်းသောကံတို့သည် မရှိကုန်သတတ်၊ ဒုစရိုက်၏ အကျိုးသည် မရှိသတတ်”ဟူ၍ ဤသို့ဆိုသော သမဏဗြာဟ္မဏ၏ စကားကို ခွင့်မပြု။ “အချင်းတို့ စင်စစ် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိသော မပေးသည်ကို ယူလေ့ရှိသော။ပ။ မှားသော အယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်လောကသို့ ကပ်ရောက်သည်ကို မြင်ရ၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကို ခွင့်ပြု၏။ “အချင်းတို့ အသက်ကို သတ်လေ့ရှိသော မပေးသည်ကို ယူလေ့ရှိသော။ပ။ မှားသောအယူကို ယူလေ့ရှိ သော သူအားလုံးသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည် လောကသို့ ကပ်ရောက်ရ၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကို ခွင့်မပြု။ အကြင်သူတို့သည် ဤအတိုင်း သိကုန်၏၊ ထိုသူတို့သည် အမှန်သိ ကုန်၏။ အကြင်သူတို့သည် တစ်ပါးသော အခြင်းအရာ အားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။ ထိုပုဂ္ဂိုလ်သည် သူကိုယ်တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ်တိုင် ထိုးထွင်းမိသမျှကိုသာလျှင် “ဤအယူသာ လျှင် မှန်၏၊ တစ်ပါးသော အယူသည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံး သွင်း၍ ပြောဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။ အဘယ့်ကြောင့်နည်းဟူမူ- အာနန္ဒာ များစွာ သော ကံတို့ကို ဝေဖန်ရာ၌ ငါဘုရား၏ ဉာဏ်သည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်သော ကြောင့်တည်း။ (၂)

အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် “အချင်းတို့ မှန်သောကံတို့သည် ရှိကုန် သတတ်၊ သုစရိုက်၏ အကျိုးသည် ရှိသတတ်”ဟူ၍ ဤသို့ဆိုသော သမဏဗြာဟ္မဏတို့၏ စကားကို ခွင့်ပြု၏။ “အချင်းတို့ စင်စစ် ဤလူ့ပြည်၌ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်သော။ပ။ မှန်သောအယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်သည်ကို မြင်ရ၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်ပြု၏၊ “အချင်းတို့ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်သော မပေးသည်ကို ယူခြင်း မှ ရှောင်ကြဉ်သော။ပ။ မှန်သောအယူကို ယူလေ့ရှိသော သူအားလုံးသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏” ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုကား ခွင့်မပြု။ အကြင်သူတို့သည် ဤအတိုင်း သိကုန်၏၊ ထိုသူတို့သည် အမှန်သိကုန်၏။ အကြင်သူတို့သည် တစ်ပါးသော အခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။ ထိုပုဂ္ဂိုလ်သည် သူကိုယ် တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ် တိုင် ထိုးထွင်းမိသမျှကိုသာလျှင် “ဤအယူသာလျှင် မှန်၏၊ တစ်ပါးသော အယူသည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။့အဘယ့်ကြောင့်နည်းဟူမူ-အာနန္ဒာ များစွာသောကံတို့ကို ဝေဖန်ရာ၌ ငါဘုရား၏ ဉာဏ်သည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်သောကြောင့်တည်း။ (၃)

--

အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် “အချင်းတို့ ကောင်းသော ကံတို့သည် မရှိကုန်သတတ်၊ သုစရိုက်၏ အကျိုးသည် မရှိသတတ်” ဟူ၍ ပြောဆိုသော သမဏဗြာဟ္မဏတို့၏ စကားကို ခွင့်မပြု။ “အချင်းတို့ စင်စစ် ဤလူ့ပြည်၌ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်သော။ပ။ မှန်သောအယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်သည်ကို မြင် ရ၏”ဟူ၍ ပြောဆိုသောပုဂ္ဂိုလ်၏ စကားကို ခွင့်ပြု၏၊ “အချင်းတို့ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်သော။ပ။ မှန်သောအယူကို ယူလေ့ရှိသော သူအားလုံးသည် ကိုယ် ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ် ရောက်ရ၏”ဟူ၍ ပြောဆိုသောပုဂ္ဂိုလ်၏ စကားကိုကား ခွင့်မပြု။ အကြင်သူတို့သည် ဤအတိုင်း သိကုန်၏၊ ထိုသူတို့သည် အမှန်သိကုန်၏။ အကြင်သူတို့သည် တစ်ပါးသော အခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟူ၍ ပြောဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။ ထိုပုဂ္ဂိုလ်သည် သူကိုယ်တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ်တိုင် ထိုးထွင်းမိသမျှကိုသာလျှင် “ဤအယူသည်သာလျှင် မှန်၏၊ တစ်ပါးသောအယူသည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။ အဘယ့်ကြောင့်နည်းဟူမူ- အာနန္ဒာ များစွာသောကံတို့ကို ဝေဖန်ရာ ၌ ငါဘုရား၏ ဉာဏ်သည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်သောကြောင့်တည်း။ (၄)

၃၀၃။ အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် အကြင်ပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏။ပ။ မှားသောအယူရှိ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏။ ရှေး၌လည်း ထိုပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ထိုယုတ်မာသောကံကို ပြု၏။ နောက်၌လည်း ထိုပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ထိုယုတ်မာသောကံကို ပြု၏။ သေခါနီး ကာလ၌လည်း ထိုပုဂ္ဂိုလ်သည် မှားယွင်းသော အယူကို ပြည့်ပြည့်စုံစုံ ဆောက်တည်၏၊ ထိုပုဂ္ဂိုလ်သည် ထိုယုတ်မာသောကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏။ ထိုပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏။ပ။ မှားယွင်းသောအယူရှိ၏၊ ထိုကံ၏ အကျိုးကို မျက်မှောက်ဘဝ၌လည်း ကောင်း၊ ဒုတိယဘဝ၌လည်းကောင်း၊ တစ်ပါးသော ထိုထိုဘဝ၌လည်းကောင်း ခံစားရ၏။ (၁)

အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် အကြင်ပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏။ပ။ မှားသောအယူရှိ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ ရှေး၌လည်း ထိုပုဂ္ဂိုလ် သည် သုခဝေဒနာ၏ အကြောင်းဖြစ်သော ထိုကောင်းသောကံကို ပြု၏။ နောက်၌လည်း ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၏ အကြောင်းဖြစ်သော ထိုကောင်းသောကံကို ပြု၏။ သေခါနီးကာလ၌လည်း ထိုပုဂ္ဂိုလ်သည် မှန်သောအယူကို ပြည့်ပြည့်စုံစုံ ဆောက်တည်၏၊ ထိုပုဂ္ဂိုလ်သည် ထိုကောင်းသောကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ ထိုပုဂ္ဂိုလ် သည် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိ၏၊ သူ့ဥစ္စာကို ခိုးယူလေ့ရှိ၏။ပ။ မှားယွင်းသောအယူကို ယူလေ့ရှိ၏၊ ထိုကံ၏ အကျိုးကို မျက်မှောက်ဘဝ၌လည်းကောင်း၊ ဒုတိယဘဝ၌လည်းကောင်း၊ တစ်ပါးသော ထိုထိုဘဝ၌လည်းကောင်း ခံစားရ၏။ (၂)

--

အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် အကြင်ပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏။ပ။ မှန်သောအယူကို ယူလေ့ ရှိ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက် ရ၏။ ရှေး၌လည်း ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၏ အကြောင်းဖြစ်သော ထိုကောင်းသောကံကို ပြု၏။ နောက်၌လည်း ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၏ အကြောင်းဖြစ်သော ထိုကောင်းသောကံကို ပြု၏။ သေခါနီးကာလ၌လည်း ထိုပုဂ္ဂိုလ်သည် ကောင်းသောအယူကို ပြည့်ပြည့်စုံစုံ ဆောက်တည်၏၊ ထိုပုဂ္ဂိုလ် သည် ထိုကောင်းသောကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ ထိုပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်သတ်ခြင်းမှ ရှောင်ကြဉ်လေ့ ရှိ၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်လေ့ရှိ၏။ပ။ မှန်သောအယူ ရှိ၏၊ ထိုကံ၏ အကျိုးကို မျက် မှောက်ဘဝ၌လည်းကောင်း၊ ဒုတိယဘဝ၌လည်းကောင်း၊ တစ်ပါးသော ထိုထိုဘဝ၌လည်းကောင်း ခံစား ရ၏။ (၃)

အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် အကြင်ပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏။ပ။ မှန်သော အယူရှိ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏။ ရှေး၌လည်း ထိုပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ထိုယုတ်မာသောကံကို ပြု၏။ နောက်၌လည်း ထိုပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ထိုယုတ်မာသောကံကို ပြု၏။ သေခါနီးကာလ၌လည်း ထိုပုဂ္ဂိုလ်သည် မှားယွင်းသောအယူကို ပြည့်ပြည့်စုံစုံ ဆောက်တည်၏၊ ထိုပုဂ္ဂိုလ် သည် ထိုမကောင်းသောကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်း သောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏။ ထိုပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏။ပ။ မှန်သောအယူရှိ၏၊ ထိုကံ၏ အကျိုးကို မျက် မှောက်ဘဝ၌လည်းကောင်း၊ ဒုတိယဘဝ၌လည်းကောင်း၊ တစ်ပါးသော ထိုထိုဘဝ၌လည်းကောင်း ခံစား ရ၏။ (၄)

အာနန္ဒာ ဤသို့လျှင် အကြောင်းမမှန်ဘဲ အကြောင်းမမှန်ကို ပြတတ်သောကံလည်း ရှိ၏၊ အကြောင်းမမှန်ဘဲ အကြောင်းမှန်ကို ပြတတ်သောကံလည်း ရှိ၏၊ အကြောင်းလည်းမှန်လျက် အကြောင်း မှန်ကို ပြတတ်သော ကံလည်း ရှိ၏၊ အကြောင်းမှန်လျက် အကြောင်းမမှန်ကို ပြတတ်သောကံလည်း ရှိ၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏၊ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်လေပြီ။

ခြောက်ခုမြောက် မဟာကမ္မဝိဘင်္ဂသုတ် ပြီး၏။

--

၇-သဠာယတနဝိဘင်္ဂသုတ်

၃၀၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟူ၍ မိန့်တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ သင်တို့အား သဠာယတနဝိဘင်းကို ဟောပေအံ့၊ ထိုသဠာယတနဝိဘင်းကို နာယူကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောပေအံ့ဟု ဤစကားကို မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။့မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ -

ခြောက်ပါးကုန်သော အတွင်းသန္တာန်၌ဖြစ်သော အာယတနတို့ကို သိရမည်၊ ခြောက်ပါးကုန်သော အပသန္တာန်၌ဖြစ်သော အာယတနတို့ကို သိရမည်၊ ခြောက်ပါးကုန်သော ဝိညာဏ်အပေါင်းတို့ကို သိရမည်၊ ခြောက်ပါးကုန်သော ဖဿအပေါင်းတို့ကို သိရမည်၊ တစ်ဆယ့်ရှစ်ပါးကုန်သော စိတ်၏ ကြံစည်ခြင်း သုံး သပ်ခြင်းတို့ကို သိရမည်၊ သုံးဆယ့်ခြောက်ပါးကုန်သော သတ္တဝါတို့၏ (ဝဋ္ဋ, ဝိဝဋ္ဋသို့) ရောက်ကြောင်းတို့ ကို သိရမည်၊ ထိုသုံးဆယ့်ခြောက်ပါးသော တရားတို့၌ ဤတရားကို မှီ၍ ဤတရားကို ပယ်စွန့်ကုန်လော့၊ သတိပဋ္ဌာန်တို့သည် သုံးပါးဖြစ်ကုန်၏၊ အကြင်သတိပဋ္ဌာန်ကို အရိယာဖြစ်သောသူသည် မှီဝဲ၏၊ အကြင် သတိပဋ္ဌာန်ကို မှီဝဲသော အရိယာဖြစ်သော (လူနတ်တို့၏) ဆရာ (ဘုရား)သည် သတ္တဝါအပေါင်းကို ဆုံး မခြင်းငှါ ထိုက်၏၊ ထိုပုဂ္ဂိုလ်ကို သင့်လျော်လျောက်ပတ်စွာ ဆုံးမတတ်သော ဆရာအမျိုးမျိုးတို့ထက် အတု မဲ့ဖြစ်၍ သတ္တဝါတို့ကို ဆုံးမတတ်သူဟု ဆိုရ၏။ ဤဆိုခဲ့ပြီးသည်ကား သဠာယတနဝိဘင်း၏ အကျဉ်း ‘ဥဒ္ဒေသ'တည်း။

၃၀၅။ “ခြောက်ပါးကုန်သော အတွင်းသန္တာန်၌ဖြစ်သော အာယတနကို သိရမည်” ဟူ၍ ဤသို့လျှင် ထိုစကားကို ဆိုခဲ့၏၊ ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း၊ စက္ခာယတန သောတာယတန ဃာနာ ယတန ဇိဝှါယတန ကာယာယတန မနာယတနတို့တည်း။ “ခြောက်ပါးကုန်သော အတွင်းသန္တာန်၌ ဖြစ် သော အာယတနတို့ကို သိရမည်” ဟူသော ထိုစကားကို ဤခြောက်ပါးကိုသာလျှင် စွဲ၍ ဆိုခဲ့၏။ (၁)

“ခြောက်ပါးကုန်သော အပသန္တာန်၌ဖြစ်ကုန်သော အာယတနတို့ကို သိရမည်”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း၊ ရူပါယတန သဒ္ဒါယတန ဂန္ဓာယတန ရသာယတန ဖောဋ္ဌဗ္ဗာယတန ဓမ္မာယတနတို့တည်း။ “ခြောက်ပါးကုန်သော အပသန္တာန်၌ဖြစ်သော အာယတနတို့ကို သိရမည်”ဟူသော ထိုစကားကို ဤခြောက်ပါးကိုသာလျှင် စွဲ၍ ဆိုခဲ့၏။ (၂)

“ခြောက်ပါးကုန်သော ဝိညာဏ်အပေါင်းတို့ကို သိရမည်” ဟူသော ထိုစကားကို အဘယ်ကိုစွဲ၍ ဆိုခဲ့ သနည်း၊ စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ် မနောဝိညာဏ်တို့ တည်း။ “ခြောက်ပါးကုန်သော ဝိညာဏ်အပေါင်းတို့ကို သိရမည်” ဟူသော ထိုစကားကို ဤခြောက်ပါးကို သာလျှင် စွဲ၍ ဆိုခဲ့၏။ (၃)

“ခြောက်ပါးကုန်သော ဖဿအပေါင်းတို့ကို သိရမည်” ဟူသော ထိုစကားကို အဘယ်ကိုစွဲ၍ ဆိုခဲ့သ နည်း၊ စက္ခုဝိညာဏ်နှင့်ယှဉ်သော သမ္ဖဿ, သောတဝိညာဏ်နှင့်ယှဉ်သော သမ္ဖဿ, ဃာနဝိညာဏ်နှင့်ယှဉ် သော သမ္ဖဿ, ဇိဝှါဝိညာဏ်နှင့်ယှဉ်သော သမ္ဖဿ, ကာယဝိညာဏ်နှင့်ယှဉ်သော သမ္ဖဿ, မနောဝိညာဏ် နှင့်ယှဉ်သော သမ္ဖဿတို့တည်း။ “ခြောက်ပါးကုန်သော ဖဿအပေါင်းတို့ကို သိရမည်” ဟူသော ထို စကားကို ဤခြောက်ပါးကိုသာလျှင် စွဲ၍ ဆိုခဲ့၏။ (၄)

--

“တစ်ဆယ့်ရှစ်ပါးကုန်သော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်းတို့ကို သိရမည်”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း၊ စက္ခုဝိညာဏ်ဖြင့် ရူပါရုံကို ရှုမြင်၍ သောမနဿ၏ အကြောင်းဖြစ်သော ရူပါရုံကို ကြံစည်သုံးသပ်၏၊ ဒေါမနဿ၏ အကြောင်းဖြစ်သော ရူပါရုံကို ကြံစည်သုံးသပ်၏၊ ဥပေက္ခာ၏ အကြောင်းဖြစ်သော ရူပါရုံကို ကြံစည်သုံးသပ်၏။ သောတဝိညာဏ်ဖြင့် သဒ္ဒါရုံကို ကြားနာ၍။ပ။ ဃာန ဝိညာဏ်ဖြင့် ဂန္ဓာရုံကို နံ၍။ ဇိဝှါဝိညာဏ်ဖြင့် ရသာရုံကို လျက်၍။ ကာယဝိညာဏ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ၍။ မနောဝိညာဏ်ဖြင့် ဓမ္မာရုံကို သိ၍ သောမနဿ၏ အကြောင်းဖြစ်သော ဓမ္မာရုံကို ကြံစည်သုံး သပ်၏၊ ဒေါမနဿ၏ အကြောင်းဖြစ်သော ဓမ္မာရုံကို ကြံစည်သုံးသပ်၏၊ ဥပေက္ခာ၏ အကြောင်းဖြစ်သော ဓမ္မာရုံကို ကြံစည်သုံးသပ်၏၊ ဤသို့လျှင် ခြောက်ပါးကုန်သော သောမနဿနှင့်ယှဉ်သော ကြံစည်ခြင်းသုံး သပ်ခြင်း ခြောက်ပါးကုန်သော ဒေါမနဿနှင့် ယှဉ်သော ကြံစည်ခြင်းသုံးသပ်ခြင်း ခြောက်ပါးကုန်သော ဥပေက္ခာနှင့်ယှဉ်သော ကြံစည်ခြင်းသုံးသပ်ခြင်းတို့သည် ဖြစ်ကုန်၏၊ “တစ်ဆယ့်ရှစ်ပါးကုန်သော စိတ်၏့ကြံစည်ခြင်းသုံးသပ်ခြင်းတို့ကို သိရမည်”ဟူသော ထိုစကားကို ဤတစ်ဆယ့်ရှစ်ပါးကိုသာလျှင် စွဲ၍ ဆိုခဲ့၏၊ (၅)

၃၀၆။ “သုံးဆယ့်ခြောက်ပါးကုန်သော သတ္တဝါတို့၏ (ဝဋ္ဋ, ဝိဝဋ္ဋသို့) ရောက်ကြောင်းတို့ကို သိရ မည်”ဟူသော ထိုစကားကို အဘယ်ကိုစွဲ၍ ဆိုခဲ့သနည်း၊ ခြောက်ပါးကုန်သော ကာမဂုဏ်ကို မှီသော သောမနဿတို့သည်လည်းကောင်း၊ ခြောက်ပါးကုန်သော ကာမဂုဏ်မှ ထွက်မြောက်ကြောင်းကို မှီကုန်သော သောမနဿတို့သည်လည်းကောင်း၊ ခြောက်ပါးကုန်သော ကာမဂုဏ်ကို မှီကုန်သော ဒေါမနဿတို့သည်လည်းကောင်း၊ ခြောက်ပါးကုန်သော ကာမဂုဏ်မှ ထွက်မြောက်ကြောင်းကို မှီကုန်သော ဒေါမနဿတို့သည်လည်းကောင်း၊ ခြောက်ပါးကုန်သော ကာမဂုဏ်ကို မှီကုန်သော ဥပေက္ခာတို့သည်လည်းကောင်း၊ ခြောက်ပါး ကုန်သော ကာမဂုဏ်မှ ထွက်မြောက်ကြောင်းကို မှီကုန်သော ဥပေက္ခာတို့သည်လည်းကောင်း ရှိကုန်၏၊ ထိုသုံးဆယ့်ခြောက်ပါးတို့တွင် ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကို မှီကုန်သော သောမနဿတို့သည် အဘယ်နည်း။ အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွားစေအပ် နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော တဏှာနှင့် ယှဉ်ကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်သော ရူပါရုံတို့ကို ရခြင်းကိုလည်း ရသောအားဖြင့် ရှုသော ပုဂ္ဂိုလ်အားလည်းကောင်း ရှေး၌လည်း ရှေးကရဖူးသော လွန်လေပြီးသော ချုပ်လေပြီးသော ဖောက်ပြန်ပြီး သော ရူပါရုံတို့ကို အောက်မေ့သော ပုဂ္ဂိုလ်အားလည်းကောင်း သောမနဿသည် ဖြစ်၏၊ ဤသို့ သဘော ရှိသော သောမနဿကို ကာမဂုဏ်ကိုမှီသော သောမနဿဟူ၍ ဆိုရ၏။ သောတဝိညာဏ်ဖြင့် သိအပ်ကုန် သော သဒ္ဒါရုံတို့ကို။ ဃာနဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့ကို။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့ကို။ ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့ကို။ အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွားစေအပ် နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော တဏှာနှင့်ယှဉ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော ဓမ္မာရုံတို့ကို ရခြင်းကိုလည်း ရသောအားဖြင့် ရှုသော ပုဂ္ဂိုလ်အားလည်းကောင်း ရှေး၌လည်း ရှေးကရဖူး သော လွန်လေပြီးသော ချုပ်လေပြီးသော ဖောက်ပြန်ပြီးသော ဓမ္မာရုံကို အောက်မေ့သော ပုဂ္ဂိုလ်အားလည်းကောင်း သောမနဿသည် ဖြစ်၏။ ဤသို့ သဘောရှိသော သောမနဿကို ကာမဂုဏ်ကို မှီသော သောမနဿဟူ၍ ဆိုရ၏။ ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကို မှီကုန်သော သောမနဿတို့သည် ဤသည်တို့ပင်တည်း။

--

ထိုသုံးဆယ့်ခြောက်ပါးတို့တွင် ခြောက်ပါးကုန်သော ကာမဂုဏ်တို့မှ ထွက်မြောက်ကြောင်းကို မှီကုန် သော သောမနဿတို့သည် အဘယ်သည်တို့နည်း။ ရူပါရုံတို့၏သာလျှင် မမြဲသည်၏အဖြစ်ကို ဖောက်ပြန် ခြင်းကို ရာဂကင်းခြင်းကို ချုပ်ခြင်းကို သိ၍ “ရှေး၌လည်းကောင်း၊ ယခုလည်းကောင်း အလုံးစုံသော ရူပါရုံတို့သည် အမြဲမရှိကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏”ဟု ဤသို့ ထိုရူပါရုံကိုဟုတ်မှန်စွာ ကောင်းသော ပညာဖြင့် ရှုသောပုဂ္ဂိုလ်အား သောမနဿသည် ဖြစ်၏။ ဤသို့ သဘော ရှိသော သောမနဿကို ကာမဂုဏ်မှ ထွက်မြောက်ကြောင်းကို မှီသော သောမနဿဟူ၍ ဆိုရ၏။ သဒ္ဒါရုံ တို့၏သာလျှင်။ ဂန္ဓာရုံတို့၏သာလျှင်။ ရသာရုံတို့၏သာလျှင်။ ဖောဋ္ဌဗ္ဗာရုံတို့၏သာလျှင်။ ဓမ္မာရုံတို့၏သာ လျှင် မမြဲသည်၏အဖြစ်ကို ဖောက်ပြန်ခြင်းကို ရာဂကင်းခြင်းကို ချုပ်ခြင်းကို သိ၍ “ရှေး၌လည်းကောင်း၊ ယခုလည်းကောင်း အလုံးစုံသော ဓမ္မာရုံတို့သည် အမြဲမရှိကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏”ဟု ဤသို့ ထိုဓမ္မာရုံကိုဟုတ်မှန်စွာ ကောင်းသောပညာဖြင့် ရှုသောပုဂ္ဂိုလ်အား သောမနဿ သည် ဖြစ်၏။ ဤသို့သဘောရှိသော သောမနဿကို ကာမဂုဏ်မှထွက်မြောက်ကြောင်းကို မှီသော သောမနဿဟူ၍ ဆိုရ၏။ ခြောက်ပါးကုန်သော ကာမဂုဏ်တို့မှ ထွက်မြောက်ကြောင်းကို မှီကုန်သော သောမနဿတို့သည် ဤသည်တို့ပင်တည်း။

၃၀၇။ ထိုသုံးဆယ့်ခြောက်ပါးတို့တွင် ခြောက်ပါးကုန်သော ကာမဂုဏ်ကို မှီသော ဒေါမနဿတို့သည့်အဘယ်သည်တို့နည်း။ စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့ကို။ပ။ သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့ကို။ ဃာနဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့ကို။ ဇိဝှါဝိညာဏ်ဖြင့် သိ အပ်ကုန်သော ရသာရုံတို့ကို။ ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့ကို အလိုရှိအပ် နှစ်သက် အပ် နှလုံးကို ပွားစေအပ် နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော တဏှာနှင့်ယှဉ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော ဓမ္မာရုံတို့ကို မရခြင်းကိုလည်း မရသောအားဖြင့် အဖန်ဖန်ရှုသော ပုဂ္ဂိုလ်အားလည်း ကောင်း ရှေး၌လည်း ရှေးကမရဖူးသော လွန်လေပြီးသော ချုပ်လေပြီးသော ဖောက်ပြန်ပြီးသော ဓမ္မာရုံ တို့ကို အဖန်ဖန်အောက်မေ့သော ပုဂ္ဂိုလ်အားလည်းကောင်း ဒေါမနဿသည် ဖြစ်၏။ ဤသို့ သဘောရှိ သော ဒေါမနဿကို ကာမဂုဏ်ကို မှီသော ဒေါမနဿဟူ၍ ဆိုရ၏။ ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကို မှီကုန်သော ဒေါမနဿတို့သည် ဤသည်တို့ပင်တည်း။

ထိုသုံးဆယ့်ခြောက်ပါးတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော ဒေါမနဿ တို့သည် အဘယ်သည်တို့နည်း။ ရူပါရုံတို့၏သာလျှင် မမြဲသည်၏အဖြစ်ကို ဖောက်ပြန်ခြင်းကို ကင်းခြင်းကို ချုပ်ခြင်းကို သိ၍ “ရှေး၌လည်းကောင်း ယခုလည်းကောင်း အလုံးစုံသော ရူပါရုံတို့သည် အမြဲမရှိကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏”ဟု ဤသို့ ထိုရူပါရုံကိုဟုတ်မှန်စွာ ကောင်းသော ပညာဖြင့် ရှုမြင်၍ အတုမရှိမြတ်သော အရဟတ္တဖိုလ်၌ “ယခုအခါ အရိယာပုဂ္ဂိုလ်တို့သည် အကြင်အရဟတ္တ ဖိုလ်ဟူသော အာယတနကို ပြည့်စုံစေ၍ နေကုန်၏၊ငါသည် အဘယ်အခါ၌ ထိုအရဟတ္တဖိုလ်ဟူသော အာယတနကို ပြည့်စုံစေ၍ နေရအံ့နည်း”ဟု တောင့်တခြင်းကို ဖြစ်စေ၏၊ ဤသို့ အတုမရှိမြတ်သော အရဟတ္တဖိုလ်၌ တောင့်တခြင်းကို ဖြစ်စေသော ပုဂ္ဂိုလ်အား တောင့်တခြင်းဟူသောအကြောင်းကြောင့် ဒေါမနဿသည် ဖြစ်၏။ ဤသို့ သဘောရှိသော ဒေါမနဿကို ထွက်မြောက်ကြောင်းကို မှီသော ဒေါမနဿဟု ဆိုရ၏။ သဒ္ဒါရုံတို့၏သာလျှင်။ပ။ ဂန္ဓာရုံတို့၏သာလျှင်။ ရသာရုံတို့၏သာလျှင်။ ဖောဋ္ဌဗ္ဗာရုံ တို့၏သာလျှင်။ ဓမ္မာရုံတို့၏သာလျှင် မမြဲသည်၏အဖြစ်ကို ဖောက်ပြန်ခြင်းကို ကင်းခြင်းကို ချုပ်ခြင်းကို သိ၍ “ရှေး၌လည်းကောင်း၊ ယခုလည်းကောင်း အလုံးစုံသော ဓမ္မာရုံတို့သည် အမြဲမရှိကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏”ဟု ဤသို့ ထိုဓမ္မာရုံကိုဟုတ်မှန်စွာ ကောင်းသောပညာဖြင့် ရှုမြင်၍ အတုမရှိမြတ်သော အရဟတ္တဖိုလ်၌ “ယခုအခါ အရိယာပုဂ္ဂိုလ်တို့သည် အကြင်အရဟတ္တဖိုလ် ဟူသော အာယတနကို ပြည့်စုံစေ၍ နေကုန်၏၊ ငါသည် အဘယ်အခါ၌ ထိုအရဟတ္တဖိုလ်ဟူသော အာယတနကို ပြည့်စုံစေ၍ နေရအံ့နည်း”ဟု တောင့်တခြင်းကို ဖြစ်စေ၏၊ ဤသို့အတုမရှိမြတ်သော အရဟတ္တဖိုလ်၌ တောင့်တခြင်းကို ဖြစ်စေသော ပုဂ္ဂိုလ်အား တောင့်တခြင်းဟူသောအကြောင်းကြောင့် ဒေါမနဿသည် ဖြစ်၏။ ဤသို့ သဘောရှိသော ဒေါမနဿကို ထွက်မြောက်ကြောင်းကို မှီသော ဒေါမနဿဟု ဆိုရ၏။ ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီသော ဒေါမနဿတို့သည် ဤ သည်တို့ပင်တည်း။

--

၃၀၈။ ထိုသုံးဆယ့်ခြောက်ပါးတို့တွင် ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကိုမှီသော ဥပေက္ခာတို့ သည် အဘယ်သည်တို့နည်း။ စက္ခုဝိညာဏ်ဖြင့် ရူပါရုံကို မြင်၍ မိုက်သော တွေဝေသော နုံ့သော ပုထုဇဉ် ပုဂ္ဂိုလ်အား ဥပေက္ခာသည် ဖြစ်၏။ ကိလေသာဟူသော အပိုင်းအခြားကို မအောင်သေးသော နောင် အကျိုးပေးခြင်းကို မအောင်သေးသော အပြစ်ဟု ရှုလေ့မရှိသော အကြားအမြင်မရှိသော ပုထုဇဉ်အား ဥပေက္ခာသည် ဖြစ်၏။ ဤသို့ သဘောရှိသော ဥပေက္ခာသည် ရူပါရုံကို လွန်၍မဖြစ်။ ထို့ကြောင့် ထိုဥပေက္ခာကို ကာမဂုဏ်ကို မှီသော ဥပေက္ခာဟု ဆိုရ၏။ သောတဝိညာဏ်ဖြင့် သဒ္ဒါရုံကို ကြား၍။ ဃာနဝိညာဏ်ဖြင့် ဂန္ဓာရုံကို နမ်း၍။ ဇိဝှါဝိညာဏ်ဖြင့် ရသာရုံကို လျက်၍။ ကာယဝိညာဏ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ၍။ မနောဝိညာဏ်ဖြင့် ဓမ္မာရုံကို သိ၍ မိုက်သော တွေဝေသော နုံ့သော ပုထုဇဉ် ပုဂ္ဂိုလ်အား ဥပေက္ခာသည် ဖြစ်၏။ ကိလေသာဟူသော အပိုင်းအခြားကို မအောင်သေးသော နောင့်အကျိုးပေးခြင်းကို မအောင်သေးသော အပြစ်ဟု ရှုလေ့မရှိသော အကြားအမြင်မရှိသော ပုထုဇဉ်အား ဥပေက္ခာသည် ဖြစ်၏။ ဤသို့သဘောရှိသော ဥပေက္ခာသည် ဓမ္မာရုံကို လွန်၍ မဖြစ်။ ထို့ကြောင့် ထို ဥပေက္ခာကို ကာမဂုဏ်ကို မှီသော ဥပေက္ခာဟူ၍ ဆိုရ၏။ ကာမဂုဏ်ကိုမှီသော ဥပေက္ခာတို့သည် ဤ ခြောက်ပါးတို့တည်း။

ထိုသုံးဆယ့်ခြောက်ပါးတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော ဥပေက္ခာ တို့သည် အဘယ်သည်တို့နည်း။ ရူပါရုံတို့၏သာလျှင် မမြဲသည်၏အဖြစ်ကို ဖောက်ပြန်ခြင်းကို ကင်းခြင်းကို ချုပ်ခြင်းကို သိ၍ “ရှေး၌လည်းကောင်း၊ ယခုအခါလည်းကောင်း အလုံးစုံသော ရူပါရုံတို့သည် အမြဲမရှိ ကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏”ဟု ဤသို့ ထိုရူပါရုံကိုဟုတ်မှန်စွာ ကောင်းသော ပညာဖြင့် ရှုမြင်သော ပုဂ္ဂိုလ်အား ဥပေက္ခာသည် ဖြစ်၏။ ဤသို့ သဘောရှိသော ဥပေက္ခာသည် ရူပါရုံကို လွန်၍မဖြစ်။ ထို့ကြောင့် ထိုဥပေက္ခာကို ထွက်မြောက်ကြောင်းကို မှီသော ဥပေက္ခာဟူ၍ ဆိုရ၏။ သဒ္ဒါရုံ တို့၏သာလျှင်။ ဂန္ဓာရုံတို့၏သာလျှင်။ ရသာရုံတို့၏သာလျှင်။ ဖောဋ္ဌဗ္ဗာရုံတို့၏သာလျှင်။ ဓမ္မာရုံတို့၏ သာလျှင် မမြဲသည်၏အဖြစ်ကို ဖောက်ပြန်ခြင်းကို ကင်းခြင်းကို ချုပ်ခြင်းကို သိ၍ “ရှေး၌လည်းကောင်း၊ ယခုအခါ၌လည်းကောင်း အလုံးစုံသော ဓမ္မာရုံတို့သည် အမြဲမရှိကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်း သဘော ရှိကုန်၏”ဟု ဤသို့ ထိုဓမ္မာရုံကိုဟုတ်မှန်စွာ ကောင်းသောပညာဖြင့် ရှုမြင်သော ပုဂ္ဂိုလ်အား ဥပေက္ခာသည် ဖြစ်၏။ ဤသို့သဘောရှိသော ဥပေက္ခာသည် ဓမ္မာရုံကို လွန်၍မဖြစ်။ ထို့ကြောင့် ထိုဥပေက္ခာကို ထွက်မြောက်ကြောင်းကို မှီသော ဥပေက္ခာဟူ၍ ဆိုရ၏။ ထွက်မြောက်ကြောင်းကို မှီကုန် သော ဥပေက္ခာတို့သည် ဤခြောက်ပါးတို့ပင်တည်း။ “သုံးဆယ့်ခြောက်ပါးသော သတ္တဝါတို့၏ (ဝဋ္ဋ, ဝိဝဋ္ဋသို့) ရောက်ကြောင်းတို့ကို သိရမည်” ဟူသော ထိုစကားကို ဤသုံးဆယ့်ခြောက်ပါးသော တရားကို သာလျှင် စွဲ၍ ဆိုခဲ့၏၊

၃၀၉။ ထိုသုံးဆယ့်ခြောက်ပါးသောတရားတို့၌ ဤတရားကိုမှီ၍ ဤတရားကို ပယ်စွန့်ကုန်လော့” ဟူသော စကားကို အဘယ်ကိုစွဲ၍ ဆိုခဲ့သနည်း။ ရဟန်းတို့ ထိုသုံးဆယ့်ခြောက်ပါးသော တရားတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီသော အကြင်သောမနဿတို့သည် ရှိကုန်၏၊ ထို သောမနဿတို့ကို မှီ၍ ထိုသောမနဿတို့ကို အစွဲပြု၍ ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကို မှီကုန်သော အကြင်သောမနဿတို့သည် ရှိကုန်၏၊ ထိုသောမနဿတို့ကို ပယ်စွန့်ကြကုန်လော့၊ ထိုသောမနဿတို့ကို လွန်မြောက်ကြကုန်လော့။ ဤသို့ ထိုကာမဂုဏ်ကို မှီသော သောမနဿတို့ကို ပယ်ခြင်းသည် ဖြစ်၏၊ ဤသို့ ထိုကာမဂုဏ်ကို မှီသော သောမနဿတို့ကို လွန်မြောက်ခြင်းသည် ဖြစ်၏။

--

ရဟန်းတို့ ထိုသုံးဆယ့်ခြောက်ပါးသော တရားတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော အကြင်ဒေါမနဿတို့သည် ရှိကုန်၏၊ ထိုဒေါမနဿတို့ကို မှီ၍ ထိုဒေါမနဿတို့ကို အစွဲပြု၍ ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကို မှီကုန်သော အကြင်ဒေါမနဿတို့သည် ရှိကုန်၏၊ ထိုဒေါမနဿ တို့ကို ပယ်ကြကုန်လော့၊ ထိုဒေါမနဿတို့ကို လွန်မြောက်ကြကုန်လော့။ ဤသို့ ထိုကာမဂုဏ်ကို မှီသော ထိုဒေါမနဿတို့ကို ပယ်ခြင်းသည် ဖြစ်၏၊ ဤသို့ ထိုကာမဂုဏ်ကို မှီသော ထိုဒေါမနဿတို့ကို လွန် မြောက်ခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထိုသုံးဆယ့်ခြောက်ပါးသော တရားတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော အကြင်ဥပေက္ခာတို့သည် ရှိကုန်၏၊ ထိုဥပေက္ခာတို့ကို မှီ၍ ထိုဥပေက္ခာတို့ကို အစွဲပြု၍ ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကို မှီကုန်သော အကြင်ဥပေက္ခာတို့သည် ရှိကုန်၏၊ ထိုဥပေက္ခာတို့ကို ပယ်ကြကုန်လော့၊ ထိုဥပေက္ခာတို့ကို လွန်မြောက်ကြကုန်လော့။ ဤသို့ ထိုကာမဂုဏ်ကိုမှီသော ဥပေက္ခာ တို့ကို ပယ်ခြင်းသည် ဖြစ်၏၊ ဤသို့လျှင် ထိုကာမဂုဏ်ကို မှီသော ဥပေက္ခာတို့ကို လွန်မြောက်ခြင်းသည့်ဖြစ်၏။

ရဟန်းတို့ ထိုသုံးဆယ့်ခြောက်ပါးသော တရားတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော အကြင်သောမနဿတို့သည် ရှိကုန်၏၊ ထိုသောမနဿတို့ကို မှီ၍ ထိုသောမနဿတို့ကို အစွဲပြု၍ ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော အကြင်ဒေါမနဿတို့သည် ရှိကုန်၏၊ ထိုဒေါမနဿတို့ကို ပယ်ကြကုန်လော့၊ ထိုဒေါမနဿတို့ကို လွန်မြောက်ကြကုန်လော့။ ဤသို့လျှင် ထို ဒေါမနဿတို့ကို ပယ်ခြင်းသည် ဖြစ်၏၊ ဤသို့လျှင် ထိုဒေါမနဿတို့ကို လွန်မြောက်ခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထိုသုံးဆယ့်ခြောက်ပါးသော တရားတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော အကြင်ဥပေက္ခာတို့သည် ရှိကုန်၏၊ ထိုဥပေက္ခာတို့ကို မှီ၍ ထိုဥပေက္ခာတို့ကို အစွဲပြု၍ ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော အကြင်သောမနဿတို့သည် ရှိကုန်၏၊ ထို သောမနဿတို့ကို ပယ်ကြကုန်လော့၊ ထိုသောမနဿတို့ကို လွန်မြောက်ကြကုန်လော့။ ဤသို့လျှင် ထို သောမနဿတို့ကို ပယ်ခြင်းသည် ဖြစ်၏၊ ဤသို့လျှင် ထိုသောမနဿတို့ကို လွန်မြောက်ခြင်းသည် ဖြစ်၏။

၃၁၀။ ရဟန်းတို့ အထူးထူးသောသဘောရှိသော အထူးထူးသော အာရုံကိုမှီသော ဥပေက္ခာသည် ရှိ၏၊ တစ်ခုတည်းသောသဘောရှိသော တစ်ခုတည်းသော အာရုံကိုမှီသော ဥပေက္ခာသည် ရှိ၏၊ ရဟန်း တို့ အထူးထူး သောသဘောရှိသော အထူးထူးသောအာရုံကို မှီသော ဥပေက္ခာသည် အဘယ်နည်း။ ရဟန်းတို့ ရူပါရုံတို့၌ဖြစ်သော ဥပေက္ခာသည် ရှိ၏၊ သဒ္ဒါရုံတို့၌ဖြစ်သော ဥပေက္ခာသည် ရှိ၏၊ ဂန္ဓာရုံတို့ ၌ဖြစ်သော ဥပေက္ခာသည် ရှိ၏၊ ရသာရုံတို့၌ဖြစ်သော ဥပေက္ခာသည် ရှိ၏၊ ဖောဋ္ဌဗ္ဗာရုံတို့၌ဖြစ်သော ဥပေက္ခာသည် ရှိ၏၊ ရဟန်းတို့ ဤဥပေက္ခာသည် အထူးထူးသောသဘောရှိသော အထူးထူးသောအာရုံကို မှီသော ဥပေက္ခာတည်း။

ရဟန်းတို့ တစ်ခုတည်းသောသဘောရှိသော တစ်ခုတည်းသော အာရုံကိုမှီသော ဥပေက္ခာသည် အဘယ်နည်း။ ရဟန်းတို့ အာကာသာနဉ္စာယတနဈာန်ကို မှီသော ဥပေက္ခာသည် ရှိ၏၊ ဝိညာဏဉ္စာယတန ဈာန်ကို မှီသော ဥပေက္ခာသည် ရှိ၏၊ အာကိဉ္စညာယတနဈာန်ကို မှီသော ဥပေက္ခာသည် ရှိ၏၊ နေဝသညာ နာသညာယတနဈာန်ကို မှီသော ဥပေက္ခာသည် ရှိ၏၊ ရဟန်းတို့ ဤဥပေက္ခာသည် တစ်ခုတည်းသော သဘောရှိသော တစ်ခုတည်းသော အာရုံကိုမှီသော ဥပေက္ခာတည်း။

ရဟန်းတို့ ထိုဥပေက္ခာနှစ်မျိုးတို့တွင် တစ်ခုတည်းသော သဘောရှိသော တစ်ခုတည်းသော အာရုံ ကိုမှီသော အကြင်ဥပေက္ခာသည် ရှိ၏၊ ထိုဥပေက္ခာကို မှီ၍ ထိုဥပေက္ခာကို အစွဲပြု၍ အထူးထူးသော သဘောရှိသော အထူးထူးသော အာရုံကိုမှီသော အကြင်ဥပေက္ခာသည် ရှိ၏၊ ထိုဥပေက္ခာကို ပယ်ကြကုန် လော့၊ ထိုဥပေက္ခာကို လွန်မြောက်ကြကုန်လော့။ ဤသို့ ထိုအထူးထူးသောသဘောရှိသော ဥပေက္ခာကို ပယ်ခြင်းသည် ဖြစ်၏။ ဤသို့ ထိုအထူးထူးသောသဘောရှိသော ဥပေက္ခာကို လွန်မြောက်ခြင်းသည် ဖြစ်၏။

--

ရဟန်းတို့ တဏှာကင်းသော ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ်ကိုမှီ၍ တဏှာကင်းသော ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ်ကို အစွဲပြု၍ တစ်ခုတည်းသောသဘောရှိသော တစ်ခုတည်းသော အာရုံကိုမှီသော အကြင် အရူပါဝစရသမာပတ္တိဥပေက္ခာနှင့် ဝိပဿနုပေက္ခာသည် ရှိ၏၊ ထိုဥပေက္ခာကို ပယ်ကြကုန်လော့၊ ထို ဥပေက္ခာကို လွန်မြောက်ကြကုန်လော့။ ဤသို့ ထိုတစ်ခုတည်းသောသဘောရှိသော အရူပါဝစရသမာပတ္တိ ဥပေက္ခာနှင့် ဝိပဿနုပေက္ခာကို ပယ်ခြင်းသည် ဖြစ်၏။ ဤသို့ ထိုတစ်ခုတည်းသောသဘောရှိသော အရူပါဝစရသမာပတ္တိ ဥပေက္ခာနှင့် ဝိပဿနုပေက္ခာကို လွန်မြောက်ခြင်းသည် ဖြစ်၏။ “ထိုသုံးဆယ့်ခြောက် ပါးသော တရားတို့၌ ဤတရားကိုမှီ၍ ဤတရားကို စွန့်ကုန်လော့” ဟူသော ထိုစကားကို ဤသည်ကို စွဲ၍ ဆိုခဲ့၏။

၃၁၁။ “သတိပဋ္ဌာန်တို့သည် သုံးပါးဖြစ်ကုန်၏၊ အကြင်သတိပဋ္ဌာန်ကို အရိယာဖြစ်သောသူသည် မှီဝဲ၏၊ အကြင်သတိပဋ္ဌာန်ကိုမှီဝဲသော အရိယာဖြစ်သော ဆရာ (ဘုရား) သည် သတ္တဝါအပေါင်းကို ဆုံးမ ခြင်းငှါ ထိုက်၏”ဟူသော ထိုစကားကို အဘယ်ကိုစွဲ၍ ဆိုခဲ့သနည်း။ ရဟန်းတို့ ဤလောက၌ အစဉ် သနားတော်မူသော အကျိုးစီးပွားကို ရှာမှီးတော်မူသော ဆရာ (ဘုရား) သည် အစဉ်သနားခြင်းကို အကြောင်းပြု၍ “ဤတရားသည် သင်တို့အား စီးပွါးခြင်းငှါ ဖြစ်၏။ ဤတရားသည် သင်တို့အား ချမ်းသာခြင်းငှါ ဖြစ်၏”ဟု တပည့်တို့အား တရားဟော၏။ ထိုဆရာ၏ တပည့်တို့သည် ယုံကြည်စွာ မနာယူကုန်၊ နားမထောင်ကုန်၊ စိတ်ကို သိအောင် မဖြစ်စေကုန်၊ ဆရာ၏ အဆုံးအမမှ လွှဲဖယ်၍ ကျင့်ကုန်၏။ ရဟန်းတို့ ထိုသို့ဖြစ်ရာ၌ ငါဘုရားသည် နှလုံးမသာယာခြင်းလည်း မဖြစ်၊ နှလုံးမသာယာ ခြင်း ဒေါမနဿကို မခံစားရ၊ ဒေါမနဿမယိုစီးဘဲ သတိပညာနှင့် ပြည့်စုံ၍ နေ၏။ ရဟန်းတို့ အကြင် သတိပဋ္ဌာန်ကို အရိယာဖြစ်သောသူသည် မှီဝဲ၏၊ အကြင်သတိပဋ္ဌာန်ကို မှီဝဲသော အရိယာဖြစ်သော ဆရာ (ဘုရား) သည် သတ္တဝါအပေါင်းကို ဆုံးမခြင်းငှါ ထိုက်၏၊ ဤသတိပဋ္ဌာန်သည် ရှေးဦးစွာသော သတိ ပဋ္ဌာန်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား အစဉ်သနားတော်မူသော အကျိုးစီးပွားကို ရှာမှီးတော်မူသော ဆရာ (ဘုရား)သည် အစဉ်သနားခြင်းကို အကြောင်းပြု၍ “ဤတရားသည် သင်တို့အား စီးပွါးခြင်းငှါ ဖြစ်၏။ ဤတရားသည် သင်တို့အား ချမ်းသာခြင်းငှါ ဖြစ်၏”ဟု တပည့်တို့အား တရားဟော၏။ ထိုဆရာ၏ အချို့ကုန်သော တပည့်တို့သည် ယုံကြည်စွာ မနာယူကြကုန်၊ နားမထောင်ကုန်၊ စိတ်ကို သိအောင် မဖြစ် စေကုန်၊ ဆရာ၏ အဆုံးအမမှ လွှဲဖယ်၍ ကျင့်ကုန်၏။ အချို့ကုန်သော တပည့်တို့သည် ယုံကြည်စွာ နာယူကုန်၏၊ နားထောင်ကုန်၏၊ စိတ်ကိုသိအောင် ဖြစ်စေကုန်၏၊ ဆရာ၏အဆုံးအမမှ လွှဲဖယ်၍ မကျင့်ကုန်။ ရဟန်းတို့ ထိုသို့ဖြစ်ရာ၌ ငါဘုရားသည် နှလုံးမသာယာခြင်းလည်း မဖြစ်၊ နှလုံး မသာယာခြင်း ဒေါမနဿကိုလည်း မခံစားရ၊ နှလုံးသာယာခြင်းလည်း မဖြစ်၊ နှလုံးသာယာခြင်း သောမနဿကိုလည်း မခံစားရ၊ နှလုံးမသာယာခြင်း နှလုံးသာယာခြင်း ထိုနှစ်ပါးစုံကို ကြဉ်၍ လျစ်လျူ ရှုလျက် သတိပညာနှင့် ပြည့်စုံကာနေ၏။ ရဟန်းတို့ အကြင်သတိပဋ္ဌာန်ကို အရိယာဖြစ်သော သူသည် မှီဝဲ၏၊ အကြင်သတိပဋ္ဌာန်ကို မှီဝဲသော အရိယာဖြစ်သော ဆရာ (ဘုရား) သည် သတ္တဝါအပေါင်းကို ဆုံးမ ခြင်းငှါ ထိုက်၏၊ ဤသတိပဋ္ဌာန်သည် နှစ်ခုမြောက်သော သတိပဋ္ဌာန်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား အစဉ်သနားတော်မူသော အကျိုးစီးပွားကို ရှာမှီးတော်မူသော ဆရာ (ဘုရား) သည် အစဉ်သနားခြင်းကို အကြောင်းပြု၍ “ဤတရားသည် သင်တို့အား စီးပွါးခြင်းငှါ ဖြစ်၏။ ဤတရားသည် သင်တို့အား ချမ်းသာခြင်းငှါ ဖြစ်၏”ဟု တပည့်တို့အား တရားဟော၏။ ထိုဆရာ၏ တပည့်တို့သည် ယုံကြည်စွာ နာယူကုန်၏၊ နားထောင်ကုန်၏၊ စိတ်ကိုသိအောင် ဖြစ်စေကုန်၏၊ ဆရာ၏ အဆုံးအမမှ လွှဲဖယ်၍ မကျင့်ကုန်။ ရဟန်းတို့ ထိုသို့ဖြစ်ရာ၌ ဆရာ (ဘုရား) သည် နှစ်လိုဝမ်းသာ ခြင်းဖြစ်၏၊ ဝမ်းမြောက်မှု သောမနဿကိုလည်း ခံစားရ၏၊ ရာဂမစိုစွတ်မူ၍ သတိပညာနှင့် ပြည့်စုံကာ နေ၏။ ရဟန်းတို့ အကြင်သတိပဋ္ဌာန်ကို အရိယာဖြစ်သောသူသည် မှီဝဲ၏၊ အကြင်သတိပဋ္ဌာန်ကို မှီဝဲသော အရိယာဖြစ်သော ဆရာ (ဘုရား) သည် သတ္တဝါအပေါင်းကို ဆုံးမခြင်းငှါ ထိုက်၏၊ ဤသတိပဋ္ဌာန်သည် သုံးခုမြောက်သော သတိပဋ္ဌာန်ပေတည်း။ “သတိပဋ္ဌာန်တို့သည် သုံးပါးဖြစ်ကုန်၏၊ အကြင်သတိပဋ္ဌာန်ကို အရိယာဖြစ်သောသူသည် မှီဝဲ၏၊ အကြင်သတိပဋ္ဌာန်ကို မှီဝဲသော အရိယာဖြစ်သော ဆရာ (ဘုရား) သည် သတ္တဝါအပေါင်းကို ဆုံးမခြင်းငှါ ထိုက်၏”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးကိုသာလျှင် စွဲ၍ ဆိုခဲ့၏။

--

၃၁၂။ “ထိုပုဂ္ဂိုလ်ကို သင့်လျော်လျောက်ပတ်စွာ ဆုံးမတတ်သော ဆရာအမျိုးမျိုးတို့ထက် အတုမဲ့ ဖြစ်၍ သတ္တဝါတို့ကို ဆုံးမတတ်သူ” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။ ရဟန်းတို့ ဆင်ဆရာ သင်ကြားဆုံးမထားသော ယဉ်ကျေးပြီးသော ဆင်သည် အရှေ့အရပ်သို့မူလည်းဖြစ်စေ၊့အနောက်အရပ်သို့မူလည်းဖြစ်စေ၊ မြောက်အရပ်သို့မူလည်းဖြစ်စေ၊ တောင်အရပ်သို့မူလည်းဖြစ်စေ တစ်ခု တည်းသော အရပ်မျက်နှာသို့သာလျှင် ပြေးနိုင်၏။ ရဟန်းတို့ မြင်းဆရာ သင်ကြားဆုံးမထားသော ယဉ် ကျေးပြီးသော မြင်းသည် အရှေ့အရပ်သို့မူလည်းဖြစ်စေ၊ အနောက်အရပ်သို့မူလည်းဖြစ်စေ၊ မြောက်အရပ် သို့မူလည်းဖြစ်စေ၊ တောင်အရပ်သို့မူလည်းဖြစ်စေ၊ တစ်ခုတည်းသောအရပ်မျက်နှာသို့သာလျှင် ပြေးနိုင်၏။ ရဟန်းတို့ နွားဆရာ သင်ကြားဆုံးမထားသော ယဉ်ကျေးပြီးသော နွားသည် အရှေ့အရပ်သို့မူလည်းဖြစ် စေ၊ အနောက်အရပ်သို့မူလည်းဖြစ်စေ၊ မြောက်အရပ်သို့မူလည်းဖြစ်စေ၊ တောင်အရပ်သို့မူလည်းဖြစ်စေ တစ်ခုတည်းသော အရပ်မျက်နှာသို့သာလျှင် ပြေးနိုင်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိတော်မူသော မြတ်စွာဘုရားသည် သင်ကြားဆုံးမထားသော ယဉ်ကျေးပြီးသော ပုဂ္ဂိုလ်သည် အရပ်ရှစ်မျက်နှာတို့သို့ ပြေးသွား၏။ ရူပဈာန်ရှိသည်ဖြစ်၍ ရုပ်တို့ကို ရှု၏၊ ဤဝိမောက္ခ သည် တစ်ခုသော အရပ်မည်၏။ အတွင်းသန္တာန်၌ ရုပ်ဟူသော အမှတ်အသား မရှိသည်ဖြစ်၍ အပ သန္တာန်၌ ရုပ်တို့ကို ရှု၏၊ ဤဝိမောက္ခသည် နှစ်ခုမြောက်အရပ်မည်၏။

တင့်တယ်၏ ဟူ၍သာလျှင် နှလုံးသွင်း၏။ ဤဝိမောက္ခသည် သုံးခုမြောက်အရပ်မည်၏။ ရူပသညာ တို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနတ္တသညာတို့ကို လုံးဝနှလုံးမသွင်းမူ၍ “ကောင်းကင်ပညတ်သည် အဆုံးမရှိ”ဟု နှလုံးသွင်းလျက် အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍နေ၏၊ ဤဝိမောက္ခသည် လေးခုမြောက်အရပ်မည်၏။ အချင်းခပ်သိမ်း အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန် မြောက်၍ “ပဌမာရုပ္ပဝိ ညာဏ်သည် အဆုံးမရှိ”ဟု (နှလုံးသွင်းလျက်) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍နေ၏၊ ဤဝိမောက္ခသည် ငါးခုမြောက်အရပ်မည်၏။ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု (နှလုံးသွင်းလျက်) အာကိဉ္စညာယတနဈာန်သို့ ရောက်၍နေ၏၊ ဤဝိမောက္ခသည် ခြောက်ခုမြောက်အရပ်မည်၏။ အာကိဉ္စညာယတနဈာန်ကို လွန်မြောက်၍ နေဝသညာနာသညာယတနဈာန် သို့ ရောက်၍နေ၏၊ ဤဝိမောက္ခသည် ခုနစ်ခုမြောက် အရပ်မည်၏။ နေဝသညာနာသညာယတနဈာန်ကို လွန်မြောက်၍ သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်သို့ ရောက်၍နေ၏။ ဤဝိမောက္ခသည် ရှစ်ခု မြောက် အရပ်မည်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင် သိတော် မူသော မြတ်စွာဘုရားသည် သင်ကြားပြီး ယဉ်းကျေးပြီး သောယောကျ်ားသည် ဤအရပ်ရှစ်မျက်နှာတို့သို့ ပြေးသွား၏၊ “ထိုပုဂ္ဂိုလ်ကို သင့်လျော်လျောက်ပတ်စွာ ဆုံးမတတ်သော ဆရာအမျိုးမျိုးတို့ထက် အတုမဲ့ ဖြစ်၍ သတ္တဝါတို့ကို ဆုံးမတတ်သူ” ဟူ၍ အကြင်စကားကို ဆိုခဲ့၏၊ ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ။

ခုနစ်ခုမြောက် သဠာယတနဝိဘင်္ဂသုတ် ပြီး၏။

--

၈-ဥဒ္ဒေသဝိဘင်္ဂသုတ်

၃၁၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟူ၍ မိန့် တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ သင်တို့အား အကျဉ်းဒေသနာ အကျယ်ဒေသနာကို ဟောပေအံ့၊ ထိုတရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်း ကုန်လော့၊ ဟောပေအံ့ဟု ဤစကားကို့မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ -

“ရဟန်းတို့ အကြင်အကြင်သို့ သဘောရှိသော အခြင်းအရာအားဖြင့် စူးစမ်းဆင်ခြင်သော ထိုရဟန်း အား အပအာရုံတို့၌ ဝိညာဏ်သည် မပျံ့လွင့်၊ မရွေ့ရှား၊ အတွင်းအာရုံတို့၌ မတည်၊ မစွဲလမ်း မတပ် မက်ရာ၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် ရဟန်းသည် စူးစမ်းဆင်ခြင်ရာ၏။ ရဟန်းတို့ အပအာရုံ တို့၌ ဝိညာဏ်သည် မပျံ့လွင့်သော် မရွေ့ရှားသော် အတွင်းအာရုံတို့၌ မတည်သော် မစွဲလမ်းမတပ် မက်သော ပုဂ္ဂိုလ်အား နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ဆင်းရဲအပေါင်းတို့၏ ဖြစ်ခြင်းသည် မရှိ”ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၍ နေရာမှ ထတော်မူလျက် ကျောင်း တွင်းသို့ ဝင်တော်မူ၏။

၃၁၄။ ထိုအခါ ထိုရဟန်းတို့အား မြတ်စွာဘုရားကြွသွားတော်မူ၍ မကြာမီ ဤဆိုလတ္တံ့သော အကြံသည် ဖြစ်ပေါ်လာ၏ “ငါ့သျှင်တို့ ငါတို့အား မြတ်စွာဘုရားသည် ‘ရဟန်းတို့ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့် စူးစမ်းဆင်ခြင်သော ထိုရဟန်းအား အပအာရုံတို့၌ ဝိညာဏ်သည် မပျံ့လွင့်၊ မရွေ့ရှား၊ အတွင်းအာ ရုံတို့၌ မတည်၊ မစွဲလမ်းမူ၍ မတပ်မက်ရာ၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် ရဟန်းသည် စူးစမ်းဆင်ခြင်ရာ၏။ ရဟန်းတို့ အပအာရုံတို့၌ ဝိညာဏ်သည် မပျံ့လွင့်သော် မရွေ့ရှား သော် အတွင်းအာရုံတို့၌ မတည်သော် မစွဲလမ်းဘဲ မတပ်မက်သော ပုဂ္ဂိုလ်အား နောင်အခါ၌ ပဋိသန္ဓေ နေခြင်း အိုခြင်း သေခြင်း ဆင်းရဲအပေါင်းတို့၏ ဖြစ်ခြင်းသည် မရှိ’ ဟူ၍ ဤတရားကို အကျဉ်းချုပ် ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှ ထတော်မူကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့၏၊ မြတ်စွာဘုရား အကျဉ်းချုပ် ညွှန်ပြလျက် အကျယ်မဝေဖန်ခဲ့သော ဤအကျဉ်းတရား၏ အနက်သဘောကို အဘယ်သူသည် ဝေဖန်နိုင်ရာအံ့နည်း”ဟု (အကြံသည် ဖြစ်ပေါ်လာ၏)။

ထိုအခါ ထိုရဟန်းတို့အား “ဤအသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား၏ အချီးမွမ်းကို ခံရ၏၊ ပညာရှိသီတင်းသုံးဖော်တို့၏ အမြှောက်အစားကိုလည်း ခံရ၏၊ အသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အကျဉ်းချုပ် ညွှန်ပြလျက် အကျယ်မဝေဖန်ခဲ့သော ဤအကျဉ်းဖြစ်သော တရား၏ အနက်သဘောကို အကျယ်ဝေဖန်ရန် စွမ်းလည်း စွမ်းနိုင်၏၊ ငါတို့သည် အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်၍ အသျှင်မဟာ ကစ္စာနအား ဤအကျဉ်းဖြစ်သော တရား၏ အနက်သဘောကို မေးမြန်းကြရမူ ကောင်းပေမည်”ဟု အကြံ သည် ဖြစ်ပေါ်လာပြန်၏။

--

ထို့နောက် ရဟန်းတို့သည် အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်မဟာကစ္စာနနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို (ပြောဆို) ပြီးဆုံး စေကာ တစ်ခုသောအရပ်၌ ထိုင်နေကုန်လျက် အသျှင်မဟာကစ္စာနအား ဤဆိုမည့်စကားကို ပြောဆို လျှောက်ထားကုန်၏။

ငါ့သျှင်ကစ္စာန ငါတို့အား မြတ်စွာဘုရားသည် “ရဟန်းတို့ အကြင်အကြင်သို့သော အခြင်းအရာ အားဖြင့် စူးစမ်းဆင်ခြင်သော ထိုရဟန်းအား ဝိညာဏ်သည် အပအာရုံတို့၌ မပျံ့လွင့်၊ မရွေ့ရှား၊ အတွင်း အာရုံတို့၌ မတည်၊ မစွဲလမ်းမူ၍ မတပ်မက်ရာ၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် ရဟန်းသည် စူးစမ်း ဆင်ခြင်ရာ၏။ ရဟန်းတို့ ဝိညာဏ်သည် အပအာရုံတို့၌ မပျံ့လွင့်သော် မရွေ့ရှားသော် အတွင်းအာရုံတို့၌ မတည်သော် မစွဲလမ်းဘဲ မတပ်မက်သော ပုဂ္ဂိုလ်အား နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ဆင်းရဲအပေါင်းတို့၏ ဖြစ်ခြင်းသည် မရှိ” ဟူသော ဤဥဒ္ဒေသကို အကျဉ်းချုပ် ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာ မှထတော်မူကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့၏၊ ငါ့သျှင်ကစ္စာန့မြတ်စွာဘုရား ဖဲကြွသွားတော်မူ၍ မကြာမြင့်မီ ငါတို့အား ဤသို့သော အကြံသည် ဖြစ်ပေါ်လာပြန်၏ “ငါ့သျှင်တို့ မြတ်စွာဘုရားသည် ငါတို့အား ‘ရဟန်းတို့ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့် စူးစမ်းဆင်ခြင် သော ထိုရဟန်းအား အပအာရုံတို့၌ ဝိညာဏ်သည် မပျံ့လွင့်၊ မရွေ့ရှား၊ အတွင်းအာရုံတို့၌ မတည်၊ မစွဲလမ်းမူ၍ မတပ်မက်ရာ၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် ရဟန်းသည် စူးစမ်းဆင်ခြင်ရာ၏။ ရဟန်းတို့ အပအာရုံတို့၌ ဝိညာဏ်သည် မပျံ့လွင့်သော် မရွေ့ရှားသော် အတွင်းအာရုံတို့၌ မတည်သော် မစွဲလမ်းဘဲ မတပ်မက်သော ပုဂ္ဂိုလ်အား နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ဆင်းရဲအပေါင်း တို့၏ ဖြစ်ခြင်းသည် မရှိ’ဟူသော ဤဥဒ္ဒေသကို အကျဉ်းချုပ်ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေ ဖန်ဘဲ နေရာမှထကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့၏၊ အဘယ်သူသည် မြတ်စွာဘုရား အကျဉ်းချုပ် ညွှန်ပြ၍ အကျယ်အားဖြင့် အနက်သဘောကို မဝေဖန်သော ဤအကျဉ်းဖြစ်သော တရား၏ အနက်သဘော ကို အကျယ်အားဖြင့် ဝေဖန်နိုင်ရာအံ့နည်း”ဟု (အကြံဖြစ်ပေါ်ပြန်၏)။

ငါ့သျှင်ကစ္စာန ထိုငါတို့အား ဤသို့ အကြံဖြစ်ပေါ်ပြန်ပါ၏ “ဤအသျှင်ကစ္စာနသည် မြတ်စွာဘုရား၏ အချီးမွမ်းကို ခံရ၏၊ ပညာရှိသီတင်းသုံးဖော်တို့၏ အမြှောက်အစားကိုလည်း ခံရ၏၊ အသျှင်မဟာ ကစ္စာနသည် မြတ်စွာဘုရား အကျဉ်း ချုပ်ညွှန်ပြ၍ အကျယ်မဝေဖန်ခဲ့သော ဤအကျဉ်းဖြစ်သော တရား၏ အနက်သဘောကို အကျယ်အားဖြင့် ဝေဖန်ရန် စွမ်းလည်း စွမ်းနိုင်၏၊ ငါတို့သည် အသျှင်မဟာကစ္စာန ထံသို့ ချဉ်းကပ်ကြ၍ အနက်သဘောကို မေမြန်းကြရမူ ကောင်းပေမည်”ဟု (အကြံဖြစ်ပေါ်လာပြန်၏ )။ အသျှင်ကစ္စာနသည် ဝေဖန်တော်မူပါလော့ဟု (ပြောဆိုလျှောက်ထားကြကုန်၏)။

၃၁၅။ ငါ့သျှင်တို့ ဥပမာအားဖြင့် အနှစ်ကို အလိုရှိသော အနှစ်ကို ရှာမှီးသော ယောကျ်ားသည် အနှစ်ရှာ လှည့်လည်သော် တည်နေဆဲဖြစ်သော အနှစ်ပြည့်သော သစ်ပင်ကြီး၏ အမြစ်အရင်းကိုလည်း ကောင်း၊ ပင်စည်ကိုလည်းကောင်း ကျော်လွန်၍သာလျှင် အခက်အရွက်၌ အနှစ်ကို ရှာသင့်၏ဟု ထင်မှတ် ရာသကဲ့သို့ ဤအတူ ဤဥပမာ၏ ပြည့်စုံခြင်းကို သိအပ်၏၊ အသျှင်တို့သည် မြတ်စွာဘုရား မျက်မှောက် ဖြစ်ပါလျက် ထိုမြတ်စွာဘုရားကို ကျော်လွန်၍ ငါတို့အား အကျဉ်းဖြစ်သော တရား၏ အနက်သဘောကို မေးမြန်းသင့်၏ဟု ထင်မှတ်ကြကုန် ဘိ၏။ ငါ့သျှင်တို့ မှန်ပါသည်၊ ထိုမြတ်စွာဘုရားသည် သိသင့်သည်ကို သိတော်မူ၏၊ မြင်သင့်သည်ကို မြင်တော်မူ၏၊ မျက်စိသဖွယ် ဖြစ်တော်မူ၏၊ အသိဉာဏ်သဖွယ် ဖြစ်တော်မူ၏၊ တရားသဖွယ် ဖြစ်တော်မူ၏၊ မြတ်သော မဂ်သဖွယ် ဖြစ်တော်မူ၏၊ (သစ္စာလေးပါးကို) ဟောကြား တော်မူတတ်၏၊ ဖြစ်စေတော်မူတတ်၏၊ အနက်ကို ထုတ်ဆောင်ပြတော်မူတတ်၏၊ အမြိုက်နိဗ္ဗာန်ကို ပေးတော်မူတတ်၏၊ တရားအရှင် ဖြစ်တော်မူ၏၊ ရှေးဘုရားများ အတူ ဖြစ်တော်မူ၏၊ ဤအနက်သဘော ကို မြတ်စွာဘုရားကိုသာလျှင် မေးမြန်းရန် အချိန်အခါ ဖြစ်၏၊ မြတ်စွာဘုရား ဖြေကြားတော်မူသည့် အတိုင်း ထိုအနက်ကို မှတ်ကြကုန်ရာ၏ဟု (ပြောဆို၏)။

--

ငါ့သျှင်ကစ္စာန စင်စစ် မြတ်စွာဘုရားသည် သိသင့်သည်ကို သိတော်မူ၏၊ မြင်သင့်သည်ကို မြင်တော် မူ၏၊ မျက်စိသဖွယ် ဖြစ်တော်မူ၏၊ ဉာဏ်သဖွယ် ဖြစ်တော်မူ၏၊ တရားသဖွယ် ဖြစ်တော်မူ၏၊ မြတ် သောမဂ်သဖွယ် ဖြစ်တော်မူ၏၊ (သစ္စာလေးပါးကို) ဟောကြားတော်မူတတ်၏၊ ဖြစ်စေတော်မူတတ်၏၊ အနက်ကို ထုတ်ဆောင်ပြတော်မူတတ်၏၊ အမြိုက်နိဗ္ဗာန်ကို ပေးတော်မူတတ်၏၊ တရားအရှင် ဖြစ်တော် မူ၏၊ ရှေးဘုရားများ အတူဖြစ်တော်မူ၏၊ ဤအနက်သဘောကို မြတ်စွာဘုရားကိုသာလျှင် မေးမြန်းရန် အချိန်အခါ ဖြစ်ပါ၏၊ ငါတို့သည် ဖြေကြားတော်မူသည့်အတိုင်း ထိုအနက်ကို မှတ်ကြကုန်ရာ၏၊ သို့ပါသော်လည်း အသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား၏ အချီးမွမ်းကို ခံရ၏၊ ပညာရှိ သီတင်းသုံးဖော်တို့၏ အမြှောက်အစားကိုလည်း ခံရ၏၊ အသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အကျဉ်း ချုပ်ညွှန်ပြ၍ အကျယ် မဝေဖန်ခဲ့သော ဤအကျဉ်းဖြစ်သော တရား၏ အနက်သဘောကို့အကျယ်အားဖြင့် ဝေဖန်ရန် စွမ်းလည်း စွမ်းနိုင်၏၊ အသျှင်မဟာကစ္စာနသည် ဝန်မလေးသည်ကို ပြု၍ ဝေဖန်ပါလော့ဟု (လျှောက်ကြကုန်၏)။ ငါ့သျှင်တို့ ထိုသို့ တာဝန်ထား၍ နာကြားလိုကြမူ နာကြားကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန် လော့၊ ဟောကြားပေအံ့ဟု (ပြောဆို၏)။ “ငါ့သျှင် ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် အသျှင်မဟာ ကစ္စာနအား ပြန်ကြားလျှောက်ထားကုန်း၏။ အသျှင်မဟာကစ္စာနသည် ဤဆိုလတ္တံ့သော စကားကို ပြောဆို၏ -

ငါ့သျှင်တို့ ငါတို့အား မြတ်စွာဘုရားသည် “ရဟန်းတို့ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့် စူးစမ်းဆင်ခြင်သော ထိုရဟန်းအား အပအာရုံတို့၌ ဝိညာဏ်သည် မပျံ့လွင့်၊ မရွေ့ရှား၊ အတွင်းအာရုံတို့၌ မတည်၊ မစွဲလမ်းမူ၍ မတပ်မက်ရာ၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် ရဟန်းသည် စူးစမ်း ဆင်ခြင်ရာ၏။ ရဟန်းတို့ ဝိညာဏ်သည် အပအာရုံတို့၌ မပျံ့လွင့်သော် မရွေ့ရှားသော် အတွင်းအာရုံတို့၌ မတည်သော် မစွဲလမ်းဘဲ မတပ်မက်သော ပုဂ္ဂိုလ်အား နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ဆင်းရဲအပေါင်းတို့၏ ဖြစ်ခြင်းသည် မရှိ” ဟူသော ဥဒ္ဒေသကို အကျဉ်းချုပ် ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှ ထတော်မူကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့၏၊ ငါ့သျှင်တို့ မြတ်စွာဘုရား အကျဉ်းချုပ်ညွှန်ပြ၍ အကျယ်မဝေဖန်ခဲ့သော ဤအကျဉ်းဖြစ်သော တရား၏ အနက်သဘောကို ဤသို့ အကျယ်အားဖြင့် ငါနားလည်ပါ၏။

၃၁၆။ ငါ့သျှင်တို့ အဘယ်သို့လျှင် အပအာရုံတို့၌ ဝိညာဏ်သည် ပျံ့လွင့်၏၊ ရွေ့ရှား၏ဟု ဆိုရ သနည်း။ ငါ့သျှင်တို့ ဤလောက၌ ရဟန်းအား မျက်စိဖြင့် ရူပါရုံကိုမြင်၍ ရူပါရုံသို့ အစဉ်လျှောက်ပြေး သွားသော ရူပါရုံကို သာယာမက်မောသော ရူပါရုံကို သာယာခြင်းဖြင့် ဖွဲ့သော ရူပါရုံကို သာယာခြင်း သံယောဇဉ်နှင့် ယှဉ်သော ဝိညာဏ်သည် ဖြစ်၏။ (ထိုသို့ဖြစ်ခြင်းကို) ဝိညာဏ်သည် အပအာရုံတို့၌ ပျံ့လွင့်၏၊ ရွေ့ရှား၏ဟု ဆိုအပ်၏။ နားဖြင့်အသံကို ကြား၍။ပ။ နှာခေါင်းဖြင့် အနံ့ကို နမ်း၍။ လျှာဖြင့် အရသာကို လျက်၍။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိ၍။ စိတ်ဖြင့် ဓမ္မာရုံကို သိ၍ ဓမ္မာရုံသို့ အစဉ် လျှောက်ပြေးသွားသော ဓမ္မာရုံကို သာယာမက်မောသော ဓမ္မာရုံကို သာယာခြင်းဖြင့်ဖွဲ့သော ဓမ္မာရုံကို သာယာခြင်းသံယောဇဉ်နှင့် ယှဉ်သော ဝိညာဏ်သည် ဖြစ်၏၊ (ထိုသို့ ဖြစ်ခြင်းကို) ဝိညာဏ်သည် အပ အာရုံတို့၌ ပျံ့လွင့်၏၊ ရွေ့ရှား၏ဟု ဆိုအပ်၏။ ငါ့သျှင်တို့ ဤသို့လျှင် ဝိညာဏ်သည် အပအာရုံတို့၌ ပျံ့လွင့်၏၊ ရွေ့ရှား၏ဟု ဆိုအပ်၏။

၃၁၇။ ငါ့သျှင်တို့ အဘယ်သို့လျှင် အပအာရုံတို့၌ ဝိညာဏ်သည် မပျံ့လွင့်၊ မရွေ့ရှားဟု ဆိုအပ် သနည်း။ ငါ့သျှင်တို့ ဤလောက၌ ရဟန်းအား မျက်စိဖြင့် ရူပါရုံကိုမြင်၍ ရူပါရုံသို့ အစဉ် မလျှောက် မပြေးသွားသော ရူပါရုံကို မသာယာ မမက်မောသော ရူပါရုံကို သာယာခြင်းဖြင့် မဖွဲ့သော ရူပါရုံကိုသာ ယာခြင်းသံယောဇဉ်နှင့် မယှဉ်သော ဝိညာဏ်သည် ဖြစ်၏။ (ထိုသို့ဖြစ်ခြင်းကို) ဝိညာဏ်ကို အပအာရုံတို့၌ မပျံ့လွင့်၊ မရွေ့ရှားဟု ဆိုအပ်၏၊ နားဖြင့်အသံကို ကြား၍။ပ။ နှာခေါင်းဖြင့် အနံ့ကို နမ်း၍။ လျှာဖြင့် အရသာကို လျက်၍။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိ၍။ စိတ်ဖြင့် ဓမ္မာရုံကို သိ၍ ဓမ္မာရုံသို့ အစဉ်မလျှောက်မပြေးသွားသော ဓမ္မာရုံကို မသာယာ မမက်မောသော ဓမ္မာရုံကို သာယာခြင်းဖြင့် မဖွဲ့သော ဓမ္မာရုံကို သာယာခြင်းသံယောဇဉ်နှင့် မယှဉ်သော ဝိညာဏ်သည် ဖြစ်၏၊ (ထိုသို့ ဖြစ်ခြင်းကို) ဝိညာဏ် သည် အပအာရုံတို့၌ မပျံ့လွင့်၊ မရွေ့ရှားဟု ဆိုအပ်၏၊ ငါ့သျှင်တို့ ဤသို့လျှင် ဝိညာဏ်သည် အပအာရုံ တို့၌ မပျံ့လွင့်၊ မရွေ့ရှားဟု ဆိုအပ်၏။

--

၃၁၈။ ငါ့သျှင်တို့ အဘယ်သို့လျှင် အတွင်းအာရုံတို့၌ တည်၏ဟူ၍ ဆိုအပ်သနည်း။ ငါ့သျှင်တို့ ဤလောက၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာ လျှင် ကြံစည်ခြင်း ‘ဝိတက်'နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ'နှင့် တကွဖြစ်သော နီဝရဏ ကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍့နေ၏။ ထိုရဟန်းအား နီဝရဏတို့မှ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိသုခသို့ အစဉ်လျှောက်ပြေးသွား သော နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိသုခကို သာယာမက်မောသော နီဝရဏကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော ပီတိသုခကို သာယာခြင်းဖြင့် နှောင်ဖွဲ့သော နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိ သုခကို သာယာခြင်းဟူသော သံယောဇဉ်နှင့် ယှဉ်သော ဝိညာဏ်သည် ဖြစ်၏၊ (ထိုသို့ ဖြစ်ခြင်းကို) စိတ် သည် အတွင်းအာရုံတို့၌ တည်၏ဟူ၍ ဆိုအပ်၏။

ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် ဝိတက်ဝိစာရတို့၏ငြိမ်းခြင်းကြောင့် အတွင်းသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်၏ တည်ကြည်ခြင်းသမာဓိကို ဖြစ်ပွါးစေတတ်သော ဝိတက်ဝိစာရ မရှိသော ပဌမဈာန် သမာဓိကြောင့်ဖြစ်သော ပီတိသုခရှိသော ဒုတိယဈာန်သို့ ရောက်၍နေ၏၊ ထိုပုဂ္ဂိုလ် အား ပဌမဈာန်သမာဓိကြောင့်ဖြစ်သော ပီတိသုခသို့ အစဉ်လျှောက်ပြေးသွားသော ပဌမဈာန်သမာဓိကြောင့် ဖြစ်သော ပီတိသုခကို သာယာမက်မောသော ပဌမဈာန်သမာဓိကြောင့်ဖြစ်သော ပီတိသုခကို သာယာခြင်း ဖြင့် ဖွဲ့သော ပဌမဈာန်သမာဓိကြောင့် ဖြစ်သော ပီတိသုခကို သာယာခြင်းဟူသော သံယောဇဉ်နှင့်ယှဉ်သော ဝိညာဏ်သည် ဖြစ်၏၊ (ထိုသို့ ဖြစ်ခြင်းကို) စိတ်သည် အတွင်းအာရုံတို့၌ တည်၏ဟူ၍ ဆိုအပ်၏။

ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့် သတိ, သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာသုခကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင်တတိယဈာန်ဟူသော အကြောင်းကြောင့် ထိုတတိယဈာန်နှင့် ပြည့်စုံသော သူကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ”ဟု (အရိယာပုဂ္ဂိုလ်တို့သည်) ချီးမွမ်းကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏၊ ထိုပုဂ္ဂိုလ်အား ဥပေက္ခာသို့ အစဉ်လျှောက်ပြေးသွားသော ဥပေက္ခာကို သာယာမက်မော သော ဥပေက္ခာကို သာယာခြင်းဖြင့်ဖွဲ့သော ဥပေက္ခာကို သာယာခြင်းဟူသော သံယောဇဉ်နှင့်ယှဉ်သော ဝိညာဏ်သည် ဖြစ်၏၊ (ထိုသို့ ဖြစ်ခြင်းကို) စိတ်သည် အတွင်းအာရုံတို့၌ တည်၏ဟူ၍ ဆိုအပ်၏။

ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း၊ ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု ဥပေက္ခာကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုပုဂ္ဂိုလ်အား ဆင်းရဲချမ်းသာမရှိသော ဥပေက္ခာဝေဒနာသို့ အစဉ်လျှောက်ပြေးသွားသော ဆင်းရဲချမ်းသာ မရှိသော ဥပေက္ခာဝေဒနာကို သာယာမက်မောသော ဆင်းရဲချမ်းသာ မရှိသော ဥပေက္ခာဝေဒနာကို သာယာ ခြင်းဖြင့်ဖွဲ့သော ဆင်းရဲချမ်းသာ မရှိသော ဥပေက္ခာဝေဒနာကို သာယာခြင်းဟူသော သံယောဇဉ်နှင့် ယှဉ်သော ဝိညာဏ်သည် ဖြစ်၏၊ (ထိုသို့ ဖြစ်ခြင်းကို) စိတ်သည် အတွင်းအာရုံတို့၌ တည်၏ဟူ၍ ဆိုအပ်၏။ ငါ့သျှင်တို့ ဤသို့လျှင် စိတ်သည် အတွင်းအာရုံတို့၌ တည်၏ဟူ၍ ဆိုအပ်၏။

--

၃၁၉။ ငါ့သျှင်တို့ အဘယ်သို့လျှင် အတွင်းအာရုံတို့၌ မတည်ဟူ၍ ဆိုအပ်သနည်း။ ငါ့သျှင်တို့ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ဆိတ်၍သာလျှင်။ပ။ ပဌမဈာန် သို့ ရောက်၍ နေ၏၊ ထိုရဟန်းအား နီဝရဏတို့မှ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိသုခသို့ အစဉ် မလျှောက် မပြေးသွားသော နီဝရဏတို့မှ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိသုခကို မသာယာ မမက် မောသော နီဝရဏတို့မှ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိသုခကို သာယာခြင်းဖြင့် မဖွဲ့သော နီဝရဏ တို့မှ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိသုခကို သာယာခြင်းဟူသော သံယောဇဉ်နှင့် မယှဉ်သော ဝိညာဏ်သည် ဖြစ်၏၊ (ထိုသို့ ဖြစ်ခြင်းကို) စိတ်သည် အတွင်းအာရုံတို့၌ မတည်ဟူ၍ ဆိုအပ်၏။ ငါ့ သျှင်တို့ ဤသို့လျှင် စိတ်သည် အတွင်းအာရုံတို့၌ မတည် ဟူ၍ ဆိုအပ်၏။

ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် ဝိတက်ဝိစာရငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့ရောက်၍နေ၏၊ ထိုရဟန်းအား ပဌမဈာန်သမာဓိကြောင့်ဖြစ်သော ပီတိသုခသို့ အစဉ်မလျှောက် မပြေးသွား သော ပဌမဈာန်သမာဓိကြောင့်ဖြစ်သော ပီတိသုခကို မသာယာ မမက်မောသော ပဌမဈာန်သမာဓိကြောင့် ဖြစ်သော ပီတိသုခကို သာယာခြင်းဖြင့် မဖွဲ့သော ပဌမဈာန်သမာဓိကြောင့်ဖြစ်သော ပီတိသုခကို သာယာ ခြင်းဟူသော သံယောဇဉ်နှင့် မယှဉ်သော ဝိညာဏ်သည် ဖြစ်၏၊ (ထိုသို့ ဖြစ်ခြင်းကို) စိတ်သည် အတွင်း အာရုံတို့၌ မတည်ဟူ၍ ဆိုအပ်၏။

ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် ပီတိကိုလည်း မတပ်မက်ခြင်းကြောင့်။ပ။ တတိယ ဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းအား ဥပေက္ခာသို့ အစဉ်မလျှောက် မပြေးသွားသော ဥပေက္ခာကို မသာယာ မမက်မောသော ဥပေက္ခာကို သာယာခြင်းဖြင့် မဖွဲ့သော ဥပေက္ခာကို သာယာခြင်းဟူသော သံယောဇဉ်နှင့် မယှဉ်သော ဝိညာဏ်သည် ဖြစ်၏၊ (ထိုသို့ ဖြစ်ခြင်းကို) စိတ်သည် အတွင်းအာရုံတို့၌ မတည်ဟူ၍ ဆိုအပ်၏။

ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာ မရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းအား ဆင်းရဲချမ်းသာမရှိသော ဥပေက္ခာဝေဒနာသို့ အစဉ်မလျှောက် မပြေးသွားသော ဆင်းရဲချမ်းသာမရှိသော ဥပေက္ခာဝေဒနာကို မသာယာ မမက်မောသော ဆင်းရဲချမ်းသာမရှိသော ဥပေက္ခာ ဝေဒနာကို သာယာခြင်းဖြင့် မဖွဲ့သော ဆင်းရဲချမ်းသာမရှိသော ဥပေက္ခာဝေဒနာကို သာယာခြင်းဟူသော သံယောဇဉ်နှင့် မယှဉ်သော ဝိညာဏ်သည် ဖြစ်၏၊ (ထိုသို့ ဖြစ်ခြင်းကို) စိတ်သည် အတွင်းအာရုံတို့၌ မတည်ဟူ၍ ဆိုအပ်၏။ ငါ့သျှင်တို့ ဤသို့လျှင် စိတ်သည် အတွင်းအာရုံတို့၌ မတည်ဟူ၍ ဆိုအပ်၏။

၃၂၀။ ငါ့သျှင်တို့ အဘယ်သို့လျှင် မစွဲလမ်းအပ်သော တရားတို့၌ တပ်မက်ခြင်းသည် ဖြစ်သနည်း။ ငါ့သျှင်တို့ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့မရှိသော, အရိယာတရားတို့၌ မကျွမ်းကျင်သော, အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိသော, သူတော်ကောင်းတရားတို့၌ မကျွမ်းကျင်သော, သူတော်ကောင်းတရား၌ မယဉ်ကျေးသော, အကြားအမြင်မရှိသော ပုထုဇဉ်သည် ရုပ်ကို အတ္တ'ကိုယ်’ဟု ရှု၏။ ( ကြွင်းခန္ဓာကို) ရုပ်ရှိသော အတ္တဟုလည်းကောင်း, အတ္တ၌ ရုပ်ဟုလည်း ကောင်း, ရုပ်၌ အတ္တဟုလည်းကောင်း ရှု၏။ ထိုပုထုဇဉ်ပုဂ္ဂိုလ်၏ ထိုရုပ်သည် ဖောက်ပြန်၏။ တစ်မျိုး တစ်မည်အားဖြင့် ဖြစ်တတ်၏။ ထိုပုထုဇဉ်ပုဂ္ဂိုလ်အား ဤရုပ်ဖောက်ပြန်ခြင်း တစ်မျိုးတစ်မည်အားဖြင့် ဖြစ်ခြင်းကြောင့် ရုပ်၏ ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်သော ဝိညာဏ်သည် ဖြစ်၏။ ထိုပုထုဇဉ်ပုဂ္ဂိုလ်အား ရုပ်၏ ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်၍ဖြစ်သော စိတ်ကြောင့်ဖြစ်ကုန်သော တပ်နှစ်သက်ခြင်းတို့သည်လည်း ကောင်း၊ အကုသိုလ်တရား ဖြစ်ခြင်းတို့သည်လည်းကောင်း ကုသိုလ်စိတ်ကို ကုန်ခန်းစေ၍ တည်ကုန်၏။

--

ကုသိုလ်စိတ်၏ ကုန်ခန်းခြင်းကြာင့် တုန်လှုပ်ခြင်းရှိသည်လည်းကောင်း၊ ပင်ပန်းခြင်းရှိသည်လည်း ကောင်း၊ ကပ်ငြိခြင်းရှိသည်လည်းကောင်း ဖြစ်၏၊ မစွဲလမ်းမူ၍လည်း တပ်နှစ်သက်၏၊ ခံစားမှု ‘ဝေဒနာ’ ကို။ပ။ မှတ်သားမှု ‘သညာ’ ကို။ ပြုပြင်စီရင်မှု ‘သင်္ခါရ'တို့ကို။ သိမှု ‘ဝိညာဏ်'ကို အတ္တ ‘ကိုယ်’ဟု ရှု၏။ ( ကြွင်းခန္ဓာကို ) ဝိညာဏ်ရှိသော အတ္တဟုလည်းကောင်း, အတ္တ၌ ဝိညာဏ်ဟုလည်းကောင်း, ဝိညာဏ်၌ အတ္တဟုလည်းကောင်း ရှု၏၊ ထိုပုထုဇဉ်ပုဂ္ဂိုလ်၏ ထိုဝိညာဏ်သည် ဖောက်ပြန်၏။ တစ်မျိုး တစ်မည်အားဖြင့် ဖြစ်တတ်၏။ ထိုပုထုဇဉ်ပုဂ္ဂိုလ်အား ဝိညာဏ်ဖောက်ပြန်ခြင်း တစ်မျိုးတစ်မည်အားဖြင့် ဖြစ်ခြင်းကြောင့် ဝိညာဏ်၏ ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်သော ဝိညာဏ်သည် ဖြစ်၏။ ထိုပုထုဇဉ် ပုဂ္ဂိုလ်အား ဝိညာဏ်၏ ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်၍ ဖြစ်သော စိတ်ကြောင့် ဖြစ်ကုန်သော တပ်နှစ့်သက်ခြင်းတို့သည်လည်းကောင်း၊ အကုသိုလ်တရား ဖြစ်ခြင်းတို့သည်လည်းကောင်း ကုသိုလ်စိတ်ကို ကုန် ခန်းစေ၍ တည်ကုန်၏။ ကုသိုလ်စိတ်၏ ကုန်ခန်းခြင်းကြောင့် တုန်လှုပ်ခြင်းရှိသည်လည်းကောင်း၊ ပင်ပန်း ခြင်းရှိသည်လည်းကောင်း၊ ငြိကပ်ခြင်းရှိသည်လည်းကောင်း ဖြစ်၏၊ မစွဲလမ်းမူ၍လည်း တပ်နှစ်သက်၏။ ငါ့သျှင်တို့ ဤသို့လျှင် မစွဲလမ်းအပ်သော တရားတို့၌ တပ်နှစ်သက်ခြင်းသည် ဖြစ်၏။

၃၂၁။ ငါ့သျှင်တို့ အဘယ်သို့လျှင် မစွဲလမ်းအပ်သော တရားတို့ ၌ မတပ်နှစ်သက်ခြင်းသည် ဖြစ်သ နည်း။ ငါ့သျှင်တို့ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့ရှိသော, အရိယာတရား၌ ကျွမ်းကျင်သော, အရိယာတရား၌ ယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့ရှိသော, သူတော်ကောင်းတရား၌ ကျွမ်းကျင်သော, သူတော်ကောင်းတရား၌ ယဉ်ကျေးသော, အကြားအမြင်ရှိသော မြတ်စွာဘုရား၏ တပည့် သာဝကသည် ရုပ်ကို အတ္တ ‘ကိုယ်’ဟု မရှု၊ (ကြွင်းခန္ဓာကို) ရုပ်ရှိသော အတ္တဟု မရှု၊ အတ္တ၌ ရုပ်ဟု မရှု၊ ရုပ်၌ အတ္တဟု မရှု။ ထိုမြတ်စွာဘုရား၏ တပည့်၏ ထိုရုပ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်မည် အားဖြင့် ဖြစ်တတ်၏၊ ထိုမြတ်စွာဘုရား၏ တပည့်အား ရုပ်ဖောက်ပြန်ခြင်း တစ်မျိုးတစ်မည်အားဖြင့် ဖြစ်ခြင်းကြောင့် ရုပ်၏ ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်သော ဝိညာဏ်သည်ကား မဖြစ်၊ ထိုမြတ်စွာဘုရား၏ တပည့်အား ရုပ်၏ ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်၍ ဖြစ်သော စိတ်ကြောင့် ဖြစ်ကုန်သော တပ်နှစ် သက်ခြင်းတို့သည်လည်းကောင်း၊ အကုသိုလ်တရား ဖြစ်ခြင်းတို့သည်လည်းကောင်း ကုသိုလ်စိတ်ကို ကုန်ခန်းစေ၍ မတည်ကုန်၊ ကုသိုလ်စိတ်၏ ကုန်ခန်းခြင်းကြောင့် တုန်လှုပ်ခြင်း ရှိသည်လည်း မဖြစ်၊ ပင်ပန်းခြင်းရှိသည်လည်း မဖြစ်၊ ငြိကပ်တွယ်တာခြင်းရှိသည်လည်း မဖြစ်၊ မစွဲလမ်း၍လည်း မတပ်နှစ် သက်။ ဝေဒနာကို မရှု။ သညာကို မရှု။ သင်္ခါရတို့ကို မရှု။ ဝိညာဏ်ကို အတ္တ ‘ကိုယ်’ဟု မရှု၊ (ကြွင်းခန္ဓာကို) ဝိညာဏ်ရှိသော အတ္တဟု မရှု၊ အတ္တ၌ ဝိညာဏ်ဟု မရှု၊ ဝိညာဉ်၌ အတ္တဟု မရှု။ ထိုမြတ်စွာဘုရား၏ တပည့်၏ ထိုဝိညာဏ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်မည်အားဖြင့် ဖြစ်တတ်၏၊ ထိုမြတ်စွာဘုရား၏ တပည့်အား ဝိညာဏ်ဖောက်ပြန်ခြင်း တစ်မျိုးတစ်မည်အားဖြင့် ဖြစ်ခြင်းကြောင့် ဝိညာဏ်၏ ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်သော ဝိညာဏ်သည်ကား မဖြစ်၊ ထိုမြတ်စွာဘုရား၏ တပည့် အား ဝိညာဏ်၏ ဖောက်ပြန် ခြင်းသို့ အစဉ်လိုက်၍ဖြစ်သော စိတ်ကြောင့် ဖြစ်ကုန်သော တပ်နှစ်သက်ခြင်း တို့သည်လည်းကောင်း၊ အကုသိုလ်တရား ဖြစ်ခြင်းတို့သည်လည်းကောင်း ကုသိုလ်စိတ်ကို ကုန်ခန်းစေ၍ မတည်ကုန်၊ ကုသိုလ်စိတ်၏ ကုန်ခန်းခြင်း ကြောင့် တုန်လှုပ်ခြင်းရှိသည်လည်း မဖြစ်၊ ပင်ပန်းခြင်းရှိသည်လည်း မဖြစ်၊ ငြိကပ်တွယ်တာခြင်းရှိသည်လည်း မဖြစ်၊ မစွဲလမ်း၍လည်း မတပ်နှစ်သက်။ ငါ့သျှင်တို့ ဤသို့လျှင် မစွဲလမ်းအပ်သော တရားတို့၌ မတပ်နှစ်သက်ခြင်းသည် ရှိ၏။

ငါ့သျှင်တို့ ငါတို့အား မြတ်စွာဘုရားသည် “ရဟန်းတို့ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့် စူးစမ်းဆင်ခြင်သော ထိုရဟန်းအား ဝိညာဏ်သည် အပအာရုံတို့၌ မပျံ့လွင့်၊ မရွေ့ရှား၊ အတွင်းအာရုံတို့၌ မတည်၊ မစွဲလမ်း၍ မတပ်နှစ်သက်ရာ၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် ရဟန်းသည် စူးစမ်းဆင်ခြင် ရာ၏၊ ရဟန်းတို့ ဝိညာဏ်သည် အပအာရုံတို့၌ မပျံ့လွင့်သော် မရွေ့ရှားသော် အတွင်းအာရုံတို့၌ မတည်သော် မစွဲလမ်းဘဲ မတပ်နှစ်သက်သော ပုဂ္ဂိုလ်အား နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ဆင်းရဲအပေါင်းတို့၏ ဖြစ်ခြင်းသည် မရှိ” ဟူသော ဥဒ္ဒေသကို အကျဉ်းချုပ်ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှ ထကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့၏။ ငါ့သျှင်တို့ မြတ်စွာဘုရား အကျဉ်း ချုပ်ညွှန်ပြ၍ အကျယ်မဝေဖန်သော ဤဥဒ္ဒေသ၏ အနက်သဘောကို ဤသို့ အကျယ်အားဖြင့် ငါနား လည်ပါ၏၊ အသျှင်တို့ အလိုရှိကြကုန်သော် အသျှင်တို့သည် မြတ်စွာဘုရားသို့သာလျှင် ချဉ်းကပ်ကြကုန်၍ ဤအနက်သဘောကို တစ်ဖန် မေးမြန်းကြကုန်ရာ၏၊ သင်တို့အား မြတ်စွာဘုရား ဖြေကြားတော်မူသည့် အတိုင်း ထိုအနက်သဘောကို့မှတ်ကုန်ရာ၏ဟု (မိန့်ဆို၏)။

--

၃၂၂။ ထိုအခါ ထိုရဟန်းတို့သည် အသျှင်မဟာကစ္စာန၏ မိန့်ကြားချက်ကို အလွန်နှစ်သက်ဝမ်း မြောက်ကုန်၍ နေရာမှထကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးကြ ကုန်လျက် လျောက်ပတ်သောအရပ်၌ ထိုင်ပြီးလျှင် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထားကြကုန်၏- မြတ်စွာဘုရား အကျွန်ုပ်တို့အား မြတ်စွာဘုရားသည် “ရဟန်းတို့ အကြင်အကြင်သို့သော အခြင်း အရာအားဖြင့် စူးစမ်းဆင်ခြင်သော ထိုရဟန်းအား ဝိညာဏ်သည် အပအာရုံတို့၌ မပျံ့လွင့်၊ မရွေ့ရှား၊ အတွင်းအာရုံတို့၌ မတည်၊ မစွဲလမ်း၍ မတပ်နှစ်သက်ရာ၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် ရဟန်း သည် စူးစမ်းဆင်ခြင်ရာ၏၊ ရဟန်းတို့ ဝိညာဏ်သည် အပအာရုံတို့၌ မပျံ့လွင့်သော် မရွေ့ရှားသော် အတွင်းအာရုံတို့၌ မတည်သော် မစွဲလမ်းမူ၍ မတပ်နှစ်သက်သော ပုဂ္ဂိုလ်အား နောင်အခါ၌ ပဋိသန္ဓေ နေခြင်း အိုခြင်း သေခြင်း ဆင်းရဲအပေါင်းတို့၏ ဖြစ်ခြင်းသည် မရှိ”ဟု ဥဒ္ဒေသကို အကျဉ်းချုပ်ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှထတော်မူကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့ပါ၏။

မြတ်စွာဘုရား ထိုအကျွန်ုပ်တို့အား မြတ်စွာဘုရားသည် ကြွသွားတော်မူ၍ မကြာမီ “ငါ့သျှင်တို့ ငါတို့အား မြတ်စွာဘုရားသည် ‘ရဟန်းတို့ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့် စူးစမ်းဆင်ခြင် သော ထိုရဟန်းအား ဝိညာဏ်သည် အပအာရုံတို့၌ မပျံ့လွင့်၊ မရွေ့ရှား၊ အတွင်းအာရုံတို့၌ မတည်၊ မစွဲလမ်း၍ မတပ်နှစ်သက်ရာ၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် ရဟန်းသည် စူးစမ်းဆင်ခြင်ရာ၏၊ ရဟန်းတို့ ဝိညာဏ်သည် အပအာရုံတို့၌ မပျံ့လွင့်သော် မရွေ့ရှားသော် အတွင်းအာရုံတို့၌ မတည်သော် မစွဲလမ်းမူ၍ မတပ်နှစ်သက်သော ပုဂ္ဂိုလ်အား နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ဆင်းရဲ အပေါင်းတို့၏ ဖြစ်ခြင်းသည် မရှိ’ ဟူသော ဤဥဒ္ဒေသကို အကျဉ်းချုပ်ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှ ထကာ ကျောင်းတွင်းသို့ ဝင်တော်မူ ခဲ့၏။ အဘယ်သူသည် မြတ်စွာဘုရား အကျဉ်းချုပ်ညွှန်ပြ၍ အကျယ်မဝေဖန်သော ဤဥဒ္ဒေသ၏ အနက်သဘောကို အကျယ်အားဖြင့် ဝေဖန်နိုင် ရာသနည်း”ဟု ဤသို့ အကြံအစည်သည် ဖြစ်ပေါ်ပါ၏။

မြတ်စွာဘုရား ထိုအကျွန်ုပ်တို့အား “ဤအသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား၏ အချီးအမွမ်းကို ခံရ၏၊ ပညာရှိသီတင်းသုံးဖော်များ အမြှောက်အစားကိုလည်း ခံရ၏၊ အသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အကျဉ်းချုပ်ညွှန်ပြ၍ အကျယ်မဝေဖန်သော ဤဥဒ္ဒေသ၏ အနက်သဘောကို အကျယ်ဝေဖန်ရန် စွမ်းလည်း စွမ်းနိုင်၏၊ ငါတို့သည် အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်၍ ဤအနက်သဘောကို မေးမြန်း ကြရမူ ကောင်းပေမည်”ဟု ဤသို့သော စိတ်အကြံသည် ဖြစ်ပေါ်ခဲ့ပြန်ပါ၏။ မြတ်စွာဘုရား ထိုအခါ အကျွန်ုပ်တို့သည် အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်ကုန်၍ အသျှင်မဟာကစ္စာနအား ဤအနက်သဘော ကို မေးမြန်းကြပါကုန်၏။ မြတ်စွာဘုရား ထိုအကျွန်ုပ်တို့အား အသျှင်မဟာကစ္စာနသည် ဤအခြင်းအရာ ပုဒ်ဝါကျအက္ခရာတို့ဖြင့် အနက်သဘောကို ဝေဖန်ပြပါ၏ဟု (လျှောက်ထားကြကုန်၏)။

ရဟန်းတို့ မဟာကစ္စာနသည် ပညာရှိ၏၊ ရဟန်းတို့ မဟာကစ္စာနသည် ပညာကြီး၏၊ ရဟန်းတို့ ငါ့ကိုလည်း သင်တို့သည် ဤအနက်သဘောကို အကယ်၍ တစ်ဖန် မေးမြန်းကုန်ငြားအံ့၊ ငါသည်လည်း ထိုအနက်သဘောကို မဟာကစ္စာန ဖြေကြားသကဲ့သို့ပင် ဖြေကြားရာ၏၊ ဤဥဒ္ဒေသ၏ အနက်သဘောသည် ဤသည်ပင်တည်း။ ဤအတိုင်း ထိုအနက်သဘောကို မှတ်ကြကုန်ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကုန်ပြီ။

ရှစ်ခုမြောက် ဥဒ္ဒေသဝိဘင်္ဂသုတ် ပြီး၏။

--

၉-အရဏဝိဘင်္ဂသုတ်

၃၂၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္တိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟူ၍ မိန့်တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား ကြကုန်၏၊ မြတ်စွာဘုရားသည် “ရဟန်းတို့ သင်တို့အား အရဏဝိဘင်္ဂသုတ်ဒေသနာကို ဟောကြားပေအံ့၊ ထို အရဏဝိဘင်္ဂသုတ်ဒေသနာကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့”ဟု ဤစကားကို မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤဆိုလတ္တံ့သော တရားစကားကို မိန့်တော်မူ၏-

ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကာမဂုဏ်ချမ်းသာကို အဖန်တလဲလဲ အားမထုတ်ရာ၊ ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ် ယှဉ်သော ကိုယ်ပင် ပန်းမှုကို အားထုတ်ခြင်းကို အဖန်တလဲလဲ အားမထုတ်ရာ။ ရဟန်းတို့ ထိုအစွန်း နှစ်ပါးတို့သို့ မကပ်ရောက်မူ၍ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြုတတ်သော အလယ်အလတ်ဖြစ်သော အကျင့်သည် ကိလေသာ ငြိမ်းရန် အလို့ငှါ ဖြစ်၏၊ ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှါ ဖြစ်၏၊ သစ္စာလေးပါးကို သိရန်အလို့ငှါ ဖြစ်၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှါ ဖြစ်၏။ မြှောက်ပင့်ခြင်းကိုလည်း သိရာ၏၊ နှိပ်ချခြင်းကိုလည်း သိရာ၏၊ မြှောက်ပင့်ခြင်းကိုလည်း သိ၍ နှိပ်ချခြင်းကိုလည်း သိ၍ မြှောက်ပင့်၍ မဟောပြောရာ၊ နှိပ်ချ၍ မဟောပြောရာ၊ဟုတ်မှန်သော သဘောတရားကိုသာလျှင် ဟောပြောရာ၏။ ဆုံးဖြတ်အပ်ပြီးသော ချမ်းသာကို သိရာ၏၊ ဆုံးဖြတ်အပ်ပြီးသော ချမ်းသာကို သိ၍ အဇ္ဈ တ္တသန္တာန်၌ ချမ်းသာကို အဖန် တလဲလဲ အားထုတ်ရာ၏၊ မျက်ကွယ်၌ အပြစ်ပြောခြင်းကို မပြောဆိုရာ၊ မျက်မှောက်၌ ကိလေသာနှင့် ရောပြွမ်းညစ်နွမ်းသော ရှုတ်ချစကားကို မဆိုရာ၊ ဖြေးဖြေးသာသာ ပြောဆိုရာ၏၊ ဆောလျင်စွာ မဆိုရာ၊ ဇနပုဒ်သားတို့၏ ဘာသာကို နှလုံးစွဲမြဲ၍ မပြောဆိုရာ၊ လောကသုံး ပညတ်ကို လွန်၍ မသွားရာ၊ ဤဆိုခဲ့ပြီးသည်ကား အရဏဝိဘင်္ဂသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'တည်း။

--

၃၂၄။ “ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာ တို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကာမဂုဏ်ချမ်းသာကို အဖန်တလဲလဲ အားမထုတ်ရာ၊ ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုး စီးပွါးနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းကို အဖန်တလဲလဲ မလိုက်စား အားမထုတ် ရာ”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။ ယုတ်ညံ့၍ ရွာသူတို့၏ အလေ့အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်ဖြစ်၍ အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကာမချမ်းသာနှင့် စပ်သော သုခရှိသော ပုဂ္ဂိုလ်၏ ဝမ်းမြောက်ခြင်းကို အဖန်တလဲလဲ အားထုတ်ခြင်း သဘောသည် ဆင်းရဲခြင်းနှင့်တကွ ညှဉ်းဆဲနှိပ်စက်ခြင်းနှင့်တကွ ပြင်းစွာပင်ပန်းခြင်းနှင့်တကွ ပူပန်ခြင်းနှင့် တကွ ဖြစ်၏၊ မှားယွင်းသော အကျင့်ပင်တည်း။

ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကာမဂုဏ်ချမ်းသာနှင့် စပ်သော သုခရှိသော ပုဂ္ဂိုလ်၏ ဝမ်းမြောက်ခြင်းကို အားထုတ်ခြင်းကို အဖန်တလဲလဲ အားမထုတ်ခြင်းသဘောသည် ဆင်းရဲခြင်း မရှိ၊ ညှဉ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်းမရှိ၊ မှန်ကန်သော အကျင့်ပင်တည်း။ ကိုယ် စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ့်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းကို အဖန်တလဲလဲ အားထုတ်ခြင်းသဘောသည် ဆင်းရဲခြင်းနှင့်တကွ ညှဉ်းဆဲနှိပ်စက်ခြင်းနှင့်တကွ ပြင်းစွာ ပင်ပန်းခြင်းနှင့်တကွ ပူပန်ခြင်းနှင့်တကွ ဖြစ်၏၊ မှားယွင်းသော အကျင့်ပင်တည်း။

ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းကို အဖန်တလဲလဲ အားမထုတ်ခြင်းသဘောသည် ဆင်းရဲ ခြင်း ညှဉ်းဆဲခြင်း နှိပ်စက်ခြင်း ပြင်းစွာပင်ပန်းခြင်း ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်ပင်တည်း။ “ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အကျင့် မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကာမဂုဏ်ချမ်းသာကို အဖန်တလဲလဲ အားမထုတ်ရာ၊ ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ် ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းကို အဖန်တလဲလဲ အားမထုတ်ရာ”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးကို အစွဲပြု၍ ဆိုခဲ့၏။

၃၂၅။ “ထိုအစွန်းနှစ်ပါးတို့သို့ မကပ်ရောက်မူ၍ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူအပ် သော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြုတတ်သော အလယ်အလတ်ဖြစ်သော အကျင့်သည် ကိလေသာငြိမ်းရန် ထူးသောဉာဏ်ဖြင့် သိရန် (သစ္စာလေးပါးကို) သိရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှါဖြစ်၏”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။ အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ပင် တည်း။ ဤအင်္ဂါရှစ်ပါးရှိသော အရိယမဂ်သည် အဘယ်နည်း၊ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာ ကြံခြင်း'သမ္မာသင်္ကပ္ပ’၊ မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’၊ မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’၊ မှန်စွာအသက် မွေးခြင်း ‘သမ္မာအာဇီဝ’၊ မှန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’၊ မှန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ’ ဤသည်တို့ပင်တည်း။ “ထိုအစွန်းနှစ်ပါးတို့သို့ မကပ်ရောက်မူ၍ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြု တတ်သော အလယ်အလတ်ဖြစ်သော အကျင့်သည် ကိလေသာငြိမ်းရန် ထူးသော ဉာဏ်ဖြင့် သိရန် (သစ္စာ လေးပါးကို) သိရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှါ ဖြစ်၏”ဟူသော ထိုစကားကို ဤ ဆိုခဲ့ပြီးသော အကြောင်းကို စွဲ၍ ဆိုခဲ့၏။

၃၂၆။ “မြှောက်ပင့်ခြင်းကိုလည်း သိရာ၏၊ နှိပ်ချခြင်းကိုလည်း သိရာ၏၊ မြှောက်ပင့်ခြင်းကိုလည်း သိ၍ နှိပ်ချခြင်းကိုလည်း သိ၍ မြှောက်ပင့်၍ မဟောပြောရာ၊ နှိပ်ချ၍ မဟောပြောရာ၊ဟုတ်မှန်သော သဘောကိုသာလျှင် ဟောပြောရာ၏”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။ ရဟန်းတို့ မြှောက်ပင့်ခြင်း နှိပ်ချခြင်းဟုတ်မှန်သော သဘောကို မပြောခြင်းသည် အဘယ်သို့ ဖြစ်သနည်း။ ယုတ်ညံ့ ၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကာမချမ်းသာနှင့်စပ်သော ပုဂ္ဂိုလ်၏ ဝမ်းမြောက်ခြင်းကို အဖန်ဖန် အားထုတ်သော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်းနှင့်တကွ ညှဉ်းဆဲနှိပ်စက်ခြင်းနှင့်တကွ ပြင်းစွာပင်ပန်း ခြင်းနှင့်တကွ ပူပန်ခြင်းနှင့်တကွ ဖြစ်ကုန်၏၊ မှားယွင်းသော အကျင့်ရှိကုန်၏ဟု ဤသို့ ပြောဆိုသူသည် အချို့သော ပုဂ္ဂိုလ်တို့ကို နှိပ်ချပြောဆိုသည် မည်၏။

--

ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကာမချမ်းသာနှင့်စပ်သော ပုဂ္ဂိုလ်၏ ဝမ်းမြောက်ခြင်း ကို အဖန်ဖန် အားမထုတ်သော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း မရှိကုန်၊ ညှဉ်းဆဲနှိပ်စက်ခြင်း မရှိ ကုန်၊ ပြင်းစွာပင်ပန်းခြင်း မရှိကုန်၊ ပူပန်ခြင်း မရှိကုန်၊ မှန်ကန်သော အကျင့်ရှိကုန်၏ဟု ဤသို့ ပြောဆို သူသည် အချို့သော ပုဂ္ဂိုလ်တို့ကို မြှောက်ပင့်ပြောဆိုသည် မည်၏။

ကိုယ်ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ့်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းကို အဖန်ဖန် အားထုတ်သော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲ ခြင်းနှင့်တကွ ညှဉ်းဆဲနှိပ်စက်ခြင်းနှင့်တကွ ပြင်းစွာပင်ပန်းခြင်းနှင့်တကွ ပူပန်ခြင်းနှင့်တကွ ဖြစ်ကုန်၏၊ မှားယွင်းသော အကျင့်ရှိကုန်၏ဟု ဤသို့ ပြောဆိုသူသည် အချို့သော ပုဂ္ဂိုလ်တို့ကို နှိပ်ချပြောဆိုသည် မည်၏။

ကိုယ်ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းကို အဖန်ဖန် အားမထုတ်သော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း ညှဉ်းဆဲနှိပ်စက်ခြင်း ပြင်းစွာပင်ပန်းခြင်း ပူပန်ခြင်း မရှိကုန်၊ မှန်ကန်သော အကျင့်ရှိကုန်၏ဟု ဤသို့ ပြောဆိုသူသည် အချို့သော ပုဂ္ဂိုလ်တို့ကို မြှောက်ပင့်ပြောဆိုသည် မည်၏။

ဘဝနှောင်ကြိုး တဏှာကို မပယ်ရသေးသော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း ရှိကုန်၏၊ ညှဉ်း ဆဲနှိပ်စက်ခြင်း ရှိကုန်၏၊ ပြင်းစွာပင်ပန်းခြင်း ရှိကုန်၏၊ ပူပန်ခြင်း ရှိကုန်၏၊ မှားယွင်းသော အကျင့်ရှိ ကုန်၏ဟု ဤသို့ ပြောဆိုသူသည် အချို့သော ပုဂ္ဂိုလ်တို့ကို နှိပ်ချပြောဆိုသည် မည်၏။

ဘဝနှောင်ကြိုး တဏှာကို ပယ်ပြီးသော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း မရှိကုန်၊ ညှဉ်းဆဲ နှိပ်စက်ခြင်း မရှိကုန်၊ ပြင်းစွာပင်ပန်းခြင်း မရှိကုန်၊ ပူပန်ခြင်း မရှိကုန်၊ မှန်ကန်သော အကျင့်ရှိကုန်၏ဟု ဤသို့ ပြောဆိုသူသည် အချို့သော ပုဂ္ဂိုလ်တို့ကို မြှောက်ပင့်ပြောဆိုသည် မည်၏။ ရဟန်းတို့ ဤသို့လျှင် မြှောက်ပင့်ခြင်း နှိပ်ချခြင်းဟုတ်မှန်သော သဘောကို မပြောခြင်းသည် ဖြစ်၏။

၃၂၇။ ရဟန်းတို့ မမြှောက်ပင့်ခြင်း မနှိပ်ချခြင်းဟုတ်မှန်သော သဘောကို ပြောခြင်းသည် အဘယ် သို့ ဖြစ်သနည်း။ ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာ တို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကာမချမ်းသာနှင့် စပ်သော ပုဂ္ဂိုလ်၏ ဝမ်း မြောက်ခြင်းကို အဖန်ဖန် အားထုတ်သော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း ရှိကုန်၏၊ ညှဉ်းဆဲနှိပ်စက် ခြင်း ရှိကုန်၏၊ ပြင်းစွာ ပင်ပန်းခြင်း ရှိကုန်၏၊ ပူပန်ခြင်း ရှိကုန်၏၊ မှားယွင်းသော အကျင့်ရှိကုန်၏ဟု ဤသို့ မပြောဆိုမူ၍ “စင်စစ် အဖန်ဖန် အားထုတ်ခြင်းဟူသော ဤသဘောကား ဆင်းရဲခြင်း ရှိ၏၊ ညှဉ်းဆဲနှိပ်စက်ခြင်း ရှိ၏၊ ပြင်းစွာပင်ပန်းခြင်း ရှိ၏၊ ပူပန်ခြင်း ရှိ၏၊ မှားယွင်းသော အကျင့်ပင်တည်း”ဟု ဤသို့ ပြောဆိုသူသည်ဟုတ်မှန်သော သဘောကိုသာလျှင် ပြောဆိုသည် မည်၏။

ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကာမချမ်းသာနှင့်စပ်သော ပုဂ္ဂိုလ်၏ ဝမ်းမြောက်ခြင်း ကို အဖန်ဖန် အားမထုတ်သော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း မရှိကုန်၊ ညှဉ်းဆဲနှိပ်စက်ခြင်း မရှိ ကုန်၊ ပြင်းစွာပင်ပန်းခြင်း မရှိကုန်၊ ပူပန်ခြင်း မရှိကုန်၊ မှန်ကန်သော အကျင့်ရှိကုန်၏ဟု ဤသို့ မပြော ဆိုမူ၍ “စင်စစ် အဖန်ဖန် အားမထုတ်ခြင်းဟူသော ဤသဘောကား ဆင်းရဲခြင်း မရှိ၊ ညှဉ်းဆဲနှိပ်စက် ခြင်း မရှိ၊ ပြင်းစွာ ပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်ပင်တည်း”ဟု ဤသို့ ပြောဆို သူသည် သူတစ်ပါးကိုဟုတ်မှန်သော သဘောကိုသာလျှင် ပြောဆိုသည် မည်၏။

--

ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းကို အဖန်ဖန် အားထုတ်သော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း ရှိကုန်၏၊ ညှဉ်းဆဲနှိပ်စက်ခြင်း ရှိကုန်၏၊ ပြင်းစွာပင်ပန်းခြင်း ရှိကုန်၏၊ ပူပန်ခြင်း ရှိကုန်၏၊ မှားယွင်းသော အကျင့်ရှိကုန်၏ဟု ဤသို့ မပြောဆိုမူ၍ “စင်စစ် အဖန်ဖန် အားထုတ်ခြင်းဟူသော ဤ သဘောကား ဆင်းရဲခြင်း ရှိ၏၊ ညှဉ်းဆဲနှိပ်စက်ခြင်း ရှိ၏၊ ပြင်းစွာပင်ပန်းခြင်း ရှိ၏၊ ပူပန်ခြင်း ရှိ၏၊ မှားယွင်းသော အကျင့်ပင်တည်း”ဟု ဤသို့ ပြောဆိုသူသည်ဟုတ်မှန်သော သဘောကိုသာလျှင် ပြောဆို သည် မည်၏။

ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့်မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းကို အဖန်ဖန် အားမထုတ်သော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း မရှိကုန်၊ ညှဉ်းဆဲနှိပ်စက်ခြင်း မရှိကုန်၊ ပြင်းစွာပင်ပန်းခြင်း မရှိကုန်၊ ပူပန်ခြင်း မရှိကုန်၊ မှန်ကန်သော အကျင့်ရှိကုန်၏ဟု ဤသို့ မပြောဆိုမူ၍ “စင်စစ် အဖန်ဖန် အားမထုတ်ခြင်းဟူသော ဤ သဘောကား ဆင်းရဲ ခြင်း မရှိ၊ ညှဉ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်ပင်တည်း”ဟု ဤသို့ ပြောဆိုသူသည်ဟုတ်မှန်သော သဘောကိုသာလျှင် ပြောဆို သည် မည်၏။

ဘဝနှောင်ကြိုး တဏှာကို မပယ်ရသေးသော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း ရှိကုန်၏၊ ညှဉ်းဆဲနှိပ်စက်ခြင်း ရှိကုန်၏၊ ပြင်းစွာပင်ပန်းခြင်း ရှိကုန်၏၊ ပူပန်ခြင်း ရှိကုန်၏၊ မှားယွင်းသော အကျင့် ရှိကုန်၏ဟု ဤသို့ မပြောဆိုမူ၍ “စင်စစ် ဘဝနှောင်ကြိုးတဏှာကို မပယ်ရသေးသော် ဘဝကိုလည်း မပယ်ရသေး”ဟု ဤသို့ ပြောဆိုသူသည်ဟုတ်မှန်သော သဘောကိုသာလျှင် ပြောဆိုသည် မည်၏။

ဘဝနှောင်ကြိုး တဏှာကို ပယ်ပြီးသော ပုဂ္ဂိုလ်အားလုံးတို့သည် ဆင်းရဲခြင်း မရှိကုန်၊ ညှဉ်းဆဲ နှိပ်စက်ခြင်း မရှိကုန်၊ ပြင်းစွာပင်ပန်းခြင်း မရှိကုန်၊ ပူပန်ခြင်း မရှိကုန်၊ မှန်ကန်သော အကျင့်ရှိကုန်၏ဟု ဤသို့ မပြောဆိုမူ၍ “စင်စစ် ဘဝနှောင်ကြိုး တဏှာကို ပယ်ပြီးသော် ဘဝကိုလည်း ပယ်ပြီးဖြစ်၏”ဟု ဤသို့ ပြောဆိုသူသည်ဟုတ်မှန်သော သဘောကိုသာလျှင် ပြောဆိုသည် မည်၏။ ရဟန်းတို့ ဤသို့လျှင် မမြှောက်ပင့်ခြင်း မနှိပ်ချ ခြင်းဟုတ်မှန်သော သဘောကို ပြောဆိုခြင်းသည် ဖြစ်၏။ “မြှောက်ပင့်ခြင်းကိုလည်း သိရာ၏၊ နှိပ်ချ ခြင်းကိုလည်း သိရာ၏၊ မြှောက်ပင့်ခြင်းကိုလည်း သိ၍ နှိပ်ချခြင်းကိုလည်း သိ၍ မြှောက်ပင့်၍ မပြောရာ၊ နှိပ်ချ၍ မပြောရာ၊ဟုတ်မှန်သော သဘောကိုသာလျှင် ပြောဟောရာ၏” ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။

၃၂၈။ “ဆုံးဖြတ်အပ်သော ချမ်းသာကို သိရာ၏၊ ဆုံးဖြတ်အပ်သော ချမ်းသာကို သိ၍ အဇ္ဈ တ္တ သန္တာန်၌ ချမ်းသာကို အဖန်ဖန် အားထုတ်ရာ၏” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။ ရဟန်းတို့ ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်းဟူမူ-လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ (ရာဂ)နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ဖြစ်သော စက္ခုဝိညာဏ် ဖြင့် သိရသော အဆင်း။ သောတဝိညာဏ်ဖြင့် သိရသော အသံ။ ဃာနဝိညာဏ်ဖြင့် သိရသော အနံ့။ ဇိဝှါဝိညာဏ်ဖြင့် သိရသော အရသာ။ လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ (ရာဂ)နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ် ဖြစ်သော ကာယဝိညာဏ်ဖြင့် သိရသော အတွေ့အထိတို့တည်း။ ရဟန်းတို့ ကာမဂုဏ်တို့သည် ဤငါးပါးတို့ပင်တည်း။ ရဟန်းတို့ ဤကာမဂုဏ်ငါးပါးတို့ကို စွဲ၍ဖြစ်သော ဤချမ်းသာခြင်း ‘သုခ’ ဝမ်းမြောက်ခြင်း ‘သောမနဿ'ကို ကာမဂုဏ်ချမ်းသာဟူ၍လည်းကောင်း၊ ဘင် ‘မစင်’ နှင့်တူသော ချမ်းသာဟူ၍လည်းကောင်း၊ ပုထုဇဉ်တို့၏ ချမ်းသာဟူ၍လည်းကောင်း၊ အရိယာမဟုတ် သူတို့၏ ချမ်းသာဟူ၍လည်းကောင်း ဆိုရ၏၊ “ထိုချမ်းသာကို မမှီဝဲရ၊ မပွါးစေရ၊ ကြိမ်ဖန်များစွာ မလေ့လာရ၊ ထိုချမ်းသာကို ကြောက်ရမည်”ဟု ငါဘုရားဟော၏။

--

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ် တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော (နီဝရဏ ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက်ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင် စေတတ်သော စိတ်၏ တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ်ပွါးစေတတ်သော ကြံစည်ခြင်း ‘ဝိတက်’ မရှိသော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော ပဌမဈာန် သမာဓိကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့်လျစ်လျူရှုလျက် နေ၏။ပ။ တတိယဈာန်သို့လည်းကောင်း။ပ။ စတုတ္ထဈာန်သို့လည်းကောင်း ရောက်၍ နေ၏။ ဤချမ်းသာခြင်း ‘သုခ'ကို ကာမမှ ထွက်မြောက်ခြင်း ‘နေက္ခမ္မ’ ချမ်းသာဟူ၍လည်းကောင်း၊ ကင်းဆိတ်ခြင်း ‘ပဝိဝေက’ ချမ်းသာဟူ၍လည်းကောင်း၊ ငြိမ်းအေးခြင်း ‘ဥပသမ’ ချမ်းသာဟူ၍လည်း ကောင်း၊ ကောင်းစွာသိခြင်း ‘သမ္ဗောဓိ’ ချမ်းသာဟူ၍လည်းကောင်း ဆိုရ၏၊ “ထိုချမ်းသာကို မှီဝဲရမည်၊ ပွါးစေရ မည်၊ ကြိမ်ဖန်များစွာ လေ့လာရမည်၊ ထိုချမ်းသာမျိုးကို မကြောက်ရ”ဟု ငါဆို၏။ “ဆုံးဖြတ် အပ်သော ချမ်းသာကို သိရာ၏၊ ဆုံးဖြတ်အပ်သော ချမ်းသာကို သိ၍ မိမိသန္တာန်၌ ချမ်းသာကို အဖန်ဖန် အားထုတ်ရာ၏”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသော စကားကို စွဲ၍ ဆိုခဲ့၏။

၃၂၉။ “မျက်ကွယ်၌ အပြစ်ပြောခြင်းကို မပြောဆိုရာ၊ မျက်မှောက်၌ ကိလေသာနှင့် ရောပြွမ်း ညစ်နွမ်းသော စကားကို မဆိုရာ” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။ ရဟန်းတို့ ပြောချိန်သင့်ရောက်သော် မဟုတ်မမှန် အကျိုးစီးပွါးနှင့် မစပ်ဟု သိငြားအံ့၊ ထိုမျက်ကွယ်အပြစ်ပြောခြင်းကို မပြောဆိုရာ၊ဟုတ်၏၊ မှန်၏၊ အကျိုးစီးပွါးနှင့် မစပ်ဟု သိငြားအံ့၊ မျက်ကွယ်အပြစ်ပြောခြင်းကိုလည်း မဆိုမိစေခြင်းငှါ ကျင့်ရာ၏။ဟုတ်၏၊ မှန်၏၊ အကျိုးစီးပွါးနှင့် စပ်၏ဟု သိငြားအံ့၊ ထိုသို့ သိရာ၌ ထိုမျက်ကွယ်အပြစ်ပြောခြင်းကို ပြောဆိုခြင်းငှါ သင့်လျော်သော အချိန်အခါကို သိသည်ဖြစ်ရာ၏။

ရဟန်းတို့ ပြောချိန်သင့်ရောက်သော် မဟုတ်မမှန် အကျိုးစီးပွါးနှင့် မစပ်ဟု သိငြားအံ့၊ ထိုမျက် မှောက်၌ ကိလေသာနှင့် ရောပြွမ်းညစ်နွမ်းသော စကားကို မပြောဆိုရာ၊ဟုတ်၏၊ မှန်၏၊ အကျိုးစီးပွါး နှင့် မစပ်ဟု သိငြားအံ့၊ ထိုမျက်မှောက်၌ ကိလေသာနှင့် ရောပြွမ်းညစ်နွမ်းသော စကားကိုလည်း မဆိုမိ စေခြင်းငှါ ကျင့်ရာ၏။ဟုတ်၏၊ မှန်၏၊ အကျိုးစီးပွါးနှင့် စပ်၏ဟု သိငြားအံ့၊ ထိုသို့ သိရာ၌ ထိုမျက် မှောက်၌ ကိလေသာနှင့် ရောပြွမ်းညစ်နွမ်းသော စကားကို ပြောဆိုခြင်းငှါ သင့်လျော်သော အချိန်အခါကို သိသည် ဖြစ်ရာ၏။ “မျက်ကွယ်၌ အပြစ်ပြောဆိုခြင်းကို မပြောဆိုရာ၊ မျက်မှောက်၌ ကိလေသာနှင့် ရောပြွမ်းညစ်နွမ်းသော စကားကို မဆိုရာ” ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသော စကားကို စွဲ၍ ဆိုခဲ့၏။

၃၃၀။ “ဖြေးဖြေးသာသာ ပြောဆိုရာ၏၊ လျင်လျင်မြန်မြန် မပြောဆိုရာ” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။ ရဟန်းတို့ လျင်လျင်မြန်မြန် ပြောဆိုသောသူ၏ ကိုယ်သည်လည်း ပင်ပန်း၏၊ စိတ်သည်လည်း ဆင်းရဲ၏၊ အသံသည်လည်း ပျက်စီး၏၊ လည်ချောင်းသည်လည်း နာ၏၊ မသန့်ရှင်း မပြတ်သားသည်လည်း ဖြစ်၏၊ လျင်လျင်မြန်မြန် ပြောဆိုသောသူ၏ စကားသည် မသိလွယ်။ ရဟန်းတို့ ဖြေးဖြေးသာသာ ပြောဆိုသောသူ၏ ကိုယ်သည်လည်း မပင်ပန်း၊ စိတ်သည်လည်း မဆင်းရဲ၊ အသံသည်လည်း မပျက်စီး၊ လည်ချောင်းသည်လည်း မနာ၊ သန့်ရှင်းပြတ်သားသည်လည်း ဖြစ်၏၊ ဖြေးဖြေးသာ သာ ပြောဆိုသောသူ၏ စကားသည် သိလွယ်၏။ “ဖြေးဖြေးသာသာ ပြောဆိုရာ၏၊ လျင်လျင်မြန်မြန် မပြောဆိုရာ”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသော စကားကို စွဲ၍ ဆိုခဲ့၏။

--

၃၃၁။ “ဇနပုဒ်သားတို့၏ ဘာသာကို နှလုံးသွင်းစွဲမြဲ၍ မပြောဆိုရာ၊ လောကသုံးပညတ်ကို လွန်၍ မသွားရာ”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။ ရဟန်းတို့ အဘယ်သို့လျှင် ဇနပုဒ်သား တို့၏ ဘာသာကို နှလုံးသွင်းစွဲမြဲ၍ ပြောဆိုခြင်း လောကသုံးပညတ်ကို လွန်၍ သွားခြင်းဖြစ်သနည်း။ ရဟန်းတို့ ထိုခွက်ကိုသာလျှင် အချို့ကုန်သော ဇနပုဒ်တို့၌ ပါတိဟု သိကုန်၏၊ ပတ္တဟု သိကုန်၏၊ ဝိတ္တဟု သိကုန်၏၊ သရာဝဟု သိကုန်၏၊ ဓာရောပဟု သိကုန်၏၊ ပေါဏဟု သိကုန်၏၊ ပိသီလဝဟု သိကုန်၏။ ဤသို့လျှင် အကြင် အကြင်သို့သော အခြင်းအရာအားဖြင့် ထိုခွက်ကို ထိုထိုဇနပုဒ်တို့၌ သိကုန်၏၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် အားစွမ်းဖြင့် အမှားသုံးသပ်ခြင်းဖြင့် “ဤငါ့အယူသာလျှင် မှန်၏၊ သူတစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု နှလုံးသွင်း စွဲမြဲ၍ ပြောဆို၏။ ရဟန်းတို့ ဤသို့လျှင် ဇနပုဒ်သားတို့၏ ဘာသာကို နှလုံးသွင်းစွဲမြဲ၍ ပြောဆိုခြင်း့လောကသုံးပညတ်ကို လွန်၍ သွားခြင်းသည် ဖြစ်၏။

၃၃၂။ ရဟန်းတို့ အဘယ်သို့လျှင် ဇနပုဒ်သားတို့၏ ဘာသာကို နှလုံးသွင်းစွဲမြဲ၍ မပြောဆိုခြင်း လောကသုံး ပညတ်ကို လွန်၍ မသွားခြင်းသည် ဖြစ်သနည်း။ ရဟန်းတို့ ဤလောက၌ ထိုခွက်ကိုသာ လျှင် အချို့ကုန်သော ဇနပုဒ်တို့၌ ပါတိဟု သိကုန်၏၊ ပတ္တဟု သိကုန်၏၊ ဝိတ္တဟု သိကုန်၏၊ သရာဝဟု သိကုန်၏၊ ဓာရောပဟု သိကုန်၏၊ ပေါဏဟု သိကုန်၏၊ ပိသီလဝဟု သိကုန်၏၊ ဤသို့လျှင် အကြင် အကြင်သို့သော အခြင်းအရာအားဖြင့် ထိုခွက်ကို ထိုထိုဇနပုဒ်တို့၌ သိကုန်၏၊ “ဤအသျှင်တို့သည်လည်း ဤခွက်ကို ရည်ရွယ်၍ ခေါ်ဝေါ်ကုန်သတတ်”ဟု ထိုထိုဇနပုဒ်သားတို့၏ အခေါ်အဝေါ် အခြင်းအရာအားဖြင့် အမှားမသုံးသပ်မူ၍ ခေါ်ဝေါ်ပြောဆို၏။ ရဟန်းတို့ ဤသို့လျှင် ဇနပုဒ်သားတို့၏ ဘာသာကို နှလုံးသွင်း စွဲမြဲ၍ မပြောဆိုခြင်း လောကသုံး ပညတ်ကို လွန်၍ မသွားခြင်းသည် ဖြစ်၏။ “ဇနပုဒ်သားတို့၏ ဘာသာ ကို နှလုံးသွင်းစွဲမြဲ၍ မပြောဆိုရာ၊ လောကသုံးပညတ်ကို လွန်၍ မသွားရာ” ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသော စကားကို စွဲ၍ ဆိုခဲ့၏။

၃၃၃။ ရဟန်းတို့ ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ် ကာမချမ်းသာနှင့်စပ်သော ပုဂ္ဂိုလ်၏ ဝမ်းမြောက်ခြင်းကို အဖန်ဖန် အားထုတ်ခြင်းသဘောသည် ဆင်းရဲခြင်း ရှိ၏၊ ညှဉ်းဆဲနှိပ်စက်ခြင်း ရှိ၏၊ ပြင်းစွာပင်ပန်းခြင်း ရှိ၏၊ ပူပန်ခြင်း ရှိ၏၊ မှားယွင်းသော အကျင့်တည်း၊ ထို့ကြောင့် ဤသဘောတရား သည် (ကိလေသာ) မြူနှင့်တကွ ဖြစ်၏။ ရဟန်းတို့ ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ် တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ် ကာမချမ်း သာနှင့်စပ်သော ပုဂ္ဂိုလ်၏ ဝမ်းမြောက်ခြင်းကို အဖန်ဖန် အားမထုတ်ခြင်းသဘောသည် ဆင်းရဲခြင်း မရှိ၊ ညှဉ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်တည်း။ ထို့ ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူမှ ကင်း၏။

၃၃၄။ ရဟန်းတို့ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ် အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းသဘောသည် ဆင်းရဲခြင်း ရှိ၏၊ ညှဉ်းဆဲနှိပ်စက်ခြင်း ရှိ၏၊ ပြင်းစွာ ပင်ပန်းခြင်း ရှိ၏၊ ပူပန်ခြင်း ရှိ၏၊ မှားယွင်းသော အကျင့်တည်း။ ထို့ကြောင့် ဤသဘော တရားသည် (ကိလေသာ) မြူနှင့်တကွ ဖြစ်၏။ ရဟန်းတို့ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာ တို့၏ အကျင့်မဟုတ် အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားမထုတ်ခြင်းသဘောသည် ဆင်းရဲခြင်း မရှိ၊ ညှဉ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်တည်း။ ထို့ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူမှ ကင်း၏။

--

၃၃၅။ ရဟန်းတို့ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူသော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြုတတ်သော အလယ်အလတ်ဖြစ်သော အကျင့်သည် ကိလေသာငြိမ်းရန် ထူးသောဉာဏ် ဖြင့် သိရန် (သစ္စာလေးပါးကို) သိရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှါ ဖြစ်၏၊ ဤသဘော တရား သည် ဆင်းရဲခြင်း ညှဉ်းဆဲနှိပ်စက်ခြင်း ပြင်းစွာပင်ပန်းခြင်း ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်တည်း။ ထို့ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူမှ ကင်း၏။

၃၃၆။ ရဟန်းတို့ မြှောက်ပင့်ပြောခြင်း နှိပ်ချပြောခြင်း မဟုတ်မမှန်သော သဘောကို ပြောခြင်းသည် ဆင်းရဲခြင်း ညှဉ်းဆဲနှိပ်စက်ခြင်း ပြင်းစွာပင်ပန်းခြင်း ပူပန်ခြင်း ရှိ၏၊ မှားယွင်းသော အကျင့်တည်း။ ထို့ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူနှင့်တကွ ဖြစ်၏။ ရဟန်းတို့ မြှောက်ပင့်မပြောခြင်း နှိပ်ချမပြောခြင်းဟုတ်မှန်သော သဘောကို ပြောခြင်းသည် ဆင်းရဲခြင်း မရှိ၊ ညှဉ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်တည်း။ ထို့ကြောင့် ဤသဘောတရား့သည် (ကိလေသာ) မြူမှ ကင်း၏။

၃၃၇။ ရဟန်းတို့ ကာမဂုဏ်ချမ်းသာ ဘင် ‘မစင်’ နှင့်တူသော ချမ်းသာ ပုထုဇဉ်တို့၏ ချမ်းသာ အရိယာမဟုတ်သော သူတို့၏ ချမ်းသာဟူသော ဤသဘောတရားသည် ဆင်းရဲခြင်း ရှိ၏၊ ညှဉ်းဆဲနှိပ် စက်ခြင်း ရှိ၏၊ ပြင်းစွာပင်ပန်းခြင်း ရှိ၏၊ ပူပန်ခြင်း ရှိ၏၊ မှားယွင်းသော အကျင့်တည်း။ ထို့ကြောင့် ဤ သဘောတရားသည် (ကိလေသာ) မြူနှင့်တကွ ဖြစ်၏။ ရဟန်းတို့ ထွက်မြောက်ခြင်းချမ်းသာ ကင်းဆိတ် ခြင်းချမ်းသာ ငြိမ်းအေးခြင်း ချမ်းသာ သိခြင်းချမ်းသာဟူသော ဤသဘောတရားသည် ဆင်းရဲခြင်း မရှိ၊ ညှဉ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာ ပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်တည်း။ ထို့ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူမှ ကင်း၏။

၃၃၈။ ရဟန်းတို့ မဟုတ်မမှန်သော အကျိုးစီးပွါးနှင့် မစပ်သော မျက်ကွယ်၌ အပြစ်ပြောခြင်း သဘောသည် ဆင်းရဲခြင်း ရှိ၏၊ ညှဉ်းဆဲနှိပ်စက်ခြင်း ရှိ၏၊ ပြင်းစွာပင်ပန်းခြင်း ရှိ၏၊ ပူပန်ခြင်း ရှိ၏၊ မှားယွင်းသော အကျင့်တည်း။ ထို့ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူနှင့်တကွ ဖြစ်၏။ ရဟန်းတို့ဟုတ်သော မှန်သော အကျိုးစီးပွါးနှင့် မစပ်သော မျက်ကွယ်၌ အပြစ်ပြောခြင်းသဘောသည် ဆင်းရဲခြင်း ရှိ၏၊ ညှဉ်းဆဲနှိပ်စက်ခြင်း ရှိ၏၊ ပြင်းစွာပင်ပန်းခြင်း ရှိ၏၊ ပူပန်ခြင်း ရှိ၏၊ မှားယွင်းသော အကျင့်တည်း။ ထို့ကြောင့် ဤသဘော တရားသည် (ကိလေသာ) မြူနှင့်တကွ ဖြစ်၏။ ရဟန်းတို့ဟုတ် သော မှန်သော အကျိုးစီးပွါးနှင့် စပ်သော မျက်ကွယ်၌ အပြစ်ပြောခြင်းသဘောသည် ဆင်းရဲခြင်း မရှိ၊ ညှဉ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်တည်း။ ထို့ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူမှ ကင်း၏။

၃၃၉။ ရဟန်းတို့ မဟုတ်သော မမှန်သော အကျိုးစီးပွါးနှင့် မစပ်သော မျက်မှောက်၌ ကိလေသာ တို့နှင့် ရောပြွမ်းညစ်နွမ်းသော ရှုတ်ချခြင်းသဘောသည် ဆင်းရဲခြင်း ရှိ၏၊ ညှဉ်းဆဲနှိပ်စက်ခြင်း ရှိ၏၊ ပြင်းစွာပင်ပန်းခြင်း ရှိ၏၊ ပူပန်ခြင်း ရှိ၏၊ မှားယွင်းသော အကျင့်တည်း။ ထို့ကြောင့် ဤသဘောတရား သည် (ကိလေသာ) မြူနှင့်တကွ ဖြစ်၏။ ရဟန်းတို့ဟုတ်သော မှန်သော အကျိုးစီးပွါးနှင့် မစပ်သော မျက်မှောက်၌ ကိလေသာ တို့နှင့် ရောပြွမ်းညစ်နွမ်းသော ရှုတ်ချခြင်းသဘောသည် ဆင်းရဲခြင်း ရှိ၏၊ ညှဉ်းဆဲနှိပ်စက်ခြင်း ရှိ၏၊ ပြင်းစွာ ပင်ပန်းခြင်း ရှိ၏၊ ပူပန်ခြင်း ရှိ၏၊ မှားယွင်းသော အကျင့်တည်း။ ထို့ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူနှင့်တကွ ဖြစ်၏။ ရဟန်းတို့ဟုတ်သော မှန်သော အကျိုးစီးပွါးနှင့် စပ်သော မျက်မှောက်၌ ကိလေသာတို့နှင့် ရောပြွမ်းညစ်နွမ်းသော ရှုတ်ချခြင်းသဘော သည် ဆင်းရဲခြင်း မရှိ၊ ညှဉ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန် သော အကျင့်တည်း။ ထို့ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူမှ ကင်း၏။

--

၃၄၀။ ရဟန်းတို့ လျင်လျင်မြန်မြန် ပြောဆိုသောသူ၏ ပြောဆိုခြင်းသဘောသည် ဆင်းရဲခြင်း ရှိ၏၊ ညှဉ်းဆဲနှိပ်စက်ခြင်း ရှိ၏၊ ပြင်းစွာပင်ပန်းခြင်း ရှိ၏၊ ပူပန်ခြင်း ရှိ၏၊ မှားယွင်းသော အကျင့်တည်း။ ထို့ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူနှင့်တကွ ဖြစ်၏။ ရဟန်းတို့ ဖြေးဖြေသာသာ ပြောဆို သူ၏ ပြောဆိုခြင်း သဘောသည် ဆင်းရဲခြင်း မရှိ၊ ညှဉ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်တည်း။ ထို့ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူမှ ကင်း၏။

၃၄၁။ ရဟန်းတို့ ဇနပုဒ်သူ ဇနပုဒ်သားတို့၏ ဘာသာစကားကို နှလုံးသွင်းစွဲမြဲ၍ ပြောဆိုခြင်း လောကသုံး ပညတ်စကားကို လွန်၍ ပြေးသွားပြောဆိုခြင်းသဘောသည် ဆင်းရဲခြင်း ရှိ၏၊ ညှဉ်းဆဲနှိပ် စက်ခြင်း ရှိ၏၊ ပြင်းစွာပင်ပန်းခြင်း ရှိ၏၊ ပူပန်ခြင်း ရှိ၏၊ မှားယွင်းသော အကျင့်တည်း။ ထို့ကြောင့် ဤ သဘောတရားသည် (ကိလေသာ) မြူနှင့် တကွ ဖြစ်၏။ ရဟန်းတို့ ဇနပုဒ်သူ ဇနပုဒ်သားတို့၏ ဘာသာ စကားကို နှလုံးသွင်းစွဲမြဲ၍ မပြောဆိုခြင်း လောကသုံး ပညတ်စကားကို လွန်၍ မပြေးသွား့မပြောဆိုခြင်း သဘောသည် ဆင်းရဲခြင်း မရှိ၊ ညှဉ်းဆဲနှိပ်စက်ခြင်း မရှိ၊ ပြင်းစွာ ပင်ပန်းခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ မှန်ကန်သော အကျင့်တည်း။ ထို့ကြောင့် ဤသဘောတရားသည် (ကိလေသာ) မြူမှ ကင်း၏။

ရဟန်းတို့ ထို့ကြောင့် ဤလောက၌ (ကိလေသာ) မြူနှင့် တကွဖြစ်သော တရားကိုလည်းကောင်း၊ (ကိလေသာ) မြူမှ ကင်းသော တရားကိုလည်းကောင်း၊ သိရာ၏၊ (ကိလေသာ) မြူနှင့် တကွဖြစ်သော တရားကိုလည်းကောင်း၊ (ကိလေသာ) မြူမှ ကင်းသော တရားကိုလည်းကောင်း သိ၍ (ကိလေသာ) မြူမှ ကင်းသော အကျင့်ကို ကျင့်ကုန်အံ့ဟု ဤသို့လျှင် သင်တို့သည် ကျင့်ရမည်။ ရဟန်းတို့ သုဘူတိမည်သော အမျိုးကောင်းသားသည် (ကိလေသာ) မြူမှ ကင်းသော အကျင့်ကို ကျင့်၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကုန်ပြီ။

ကိုးခုမြောက် အရဏဝိဘင်္ဂသုတ် ပြီး၏။

--

၁၀- ဓာတုဝိဘင်္ဂသုတ်

၃၄၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဂဓတိုင်းတို့၌ ဒေသစာရီ လှည့်လည်တော်မူသော် ရာဇဂြိုဟ် ပြည်သို့ ဆိုက်ရောက်တော်မူ၍ ဘဂ္ဂဝမည်သော အိုးထိန်းသည်ထံသို့ ချဉ်းကပ်ပြီးလျှင် ဘဂ္ဂဝမည်သော အိုးထိန်းသည်ကို “ဘဂ္ဂဝ အကယ်၍ သင့်အား ဝန်မလေးမူ အိုးလုပ်ရာ တင်းကုပ်၌ တစ်ညဉ့်မျှ နေလို၏”ဟု ဤစကားကို မိန့်တော်မူ၏။ မြတ်စွာဘုရား ဝန်မလေးပါ၊ ဤအိုးလုပ်ရာ တင်းကုပ်၌ ရှေးဦးစွာ နေထိုင်ကပ်ရောက်နှင့်သော ရဟန်းသည် ရှိပါသေး၏၊ ထိုရှေးဦးစွာ နေနှင့်သော ရဟန်းသည် အကယ်၍ ခွင့်ပြုမူ မြတ်စွာဘုရား ချမ်းသာသလို နေတော်မူပါလော့ဟု (လျှောက်၏)။

ထိုအခါ ပုက္ကုသာတိမည်သော အမျိုးကောင်းသားသည် မြတ်စွာဘုရားကို ရည်ရွယ်၍ သဒ္ဓါယုံကြည်လျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကပ်ရောက်ခဲ့၍ ထိုအိုးထိန်းသည်၏ အိုးလုပ်ရာတင်းကုပ်၌ ရှေးဦးစွာ နေထိုင်ကပ် ရောက်နှင့်၏။ ထိုအခါ၌ မြတ်စွာဘုရားသည် ပုက္ကုသာတိထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင် ပုက္ကုသာတိကို “ရဟန်း အကယ်၍ သင့်အား ဝန်မလေးမူ အိုးလုပ်ရာ တင်းကုပ်၌ တစ်ညဉ့်မျှ နေလို၏”ဟု ဤစကားကို မိန့်တော်မူ၏။ ငါ့သျှင် အိုးထိန်းသည်၏ အိုးလုပ်ရာတင်းကုပ်သည် ကျယ်ပြန့်ပါ၏၊ အသျှင်သည် ချမ်းသာသလို နေတော်မူပါလော့ဟု (လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားသည် အိုးထိန်းသည်၏ အိုးလုပ်ရာ တင်းကုပ်သို့ ဝင်၍ တစ်ခုသော နေရာ၌ မြက်အခင်းကို ခင်းပြီးလျှင် တင်ပလ္လင်ခွေ၍ အထက်ပိုင်းကိုယ်ကို ဖြောင့်စွာထားလျက် ကမ္မဋ္ဌာန်းသို့ရှေးရှူ သတိကို ဖြစ်စေ၍ ထိုင်နေ၏။ ထိုအခါ မြတ်စွာဘုရားသည် ညဉ့်အချိန်များစွာကို ထိုင်ခြင်းဖြင့် လွန်စေ၏၊ အသျှင်ပုက္ကုသာတိသည်လည်း ညဉ့်အချိန်များစွာကို ထိုင်ခြင်းဖြင့် လွန်စေ၏။

ထိုအခါ မြတ်စွာဘုရားအား “ဤအမျိုးကောင်းသားသည် ကြည်ညိုဖွယ်ကို ဆောင်နိုင်သော ဣရိယာ ပုထ်ကို ဖြစ်စေ၏၊ ငါသည် အကယ်၍ မေးရမူ ကောင်းပေစွ”ဟု ဤသို့ စိတ်အကြံဖြစ်၏။ ထို့နောက်၌ မြတ်စွာဘုရားသည် အသျှင်ပုက္ကုသာတိကို “ရဟန်း သင်သည် အဘယ်သူကို ရည်မှန်း၍ ရဟန်းပြုသ နည်း၊ အဘယ်သူသည် သင်၏ ဆရာဖြစ်သနည်း၊ အဘယ်သူ၏ တရားကို သင်နှစ်သက်သနည်း”ဟု ဤစကားကို မိန့်တော်မူ၏၊ ငါ့သျှင် သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်း ဂေါတမသည် ရှိ၏၊ ထိုအသျှင် ဂေါတမ၏ ကောင်းသော ကျော်စောသံသည် ဤသို့ ဘဝဂ်မဆံ့ ပျံ့နံှ့၍ ထွက်၏-"ထိုမြတ်စွာဘုရားသည် ဤသို့ ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း့'အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္ဒ’ မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်း ကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူ သော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏”ဟု ပျံ့နှံ့၍ ထွက်၏။ အကျွန်ုပ်သည် ထိုမြတ်စွာဘုရားကို ရည်မှန်း၍ ရဟန်း ပြု၏၊ ထိုမြတ်စွာဘုရားသည် အကျွန်ုပ်၏ ဆရာဖြစ်ပါ၏၊ အကျွန်ုပ်သည် ထိုမြတ်စွာဘုရား၏ တရားကို နှစ်သက်ပါ၏ဟု (ပြောဆို၏)။

--

ရဟန်း ယခုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် အဘယ်မှာ နေတော်မူသနည်းဟု (မေးတော်မူ၏)။ ငါ့သျှင် ဥတ္တရတိုင်း ဇနပုဒ်တို့၌ သာဝတ္ထိမည်သော မြို့သည် ရှိ၏၊ ထိုမြို့၌ ယခုအခါ ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် နေ တော်မူ၏ဟု (ပြောဆို၏)။ ရဟန်း သင်သည် ထိုမြတ်စွာဘုရားကို မြင်ဖူး၏လော၊ စင်စစ် မြင်သော် သိပါ အံ့လောဟု (မေး၏)။ ငါ့သျှင် အကျွန်ုပ်သည် ထိုမြတ်စွာဘုရားကို မမြင်ဖူးပါ၊ စင်စစ် မြင်သော်လည်း မသိရာပါဟု (ပြောဆို၏)။

ထိုအခါ မြတ်စွာဘုရားအား “ဤအမျိုးကောင်းသားသည် ငါ့ကိုသာလျှင် ရည်မှန်း၍ ရဟန်းပြုခဲ့၏၊ ထိုအမျိုးကောင်းသားအား ငါသည် တရားဟောရမူ ကောင်းပေမည်”ဟု ဤသို့ စိတ်အကြံ ဖြစ်၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်ပုက္ကုသာတိကို “ရဟန်း သင့်အား တရားဟောပေအံ့၊ ထိုတရားကို နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့”ဟု မိန့်တော်မူ၏။ “ငါ့သျှင် ကောင်းပါပြီ”ဟု အသျှင်ပုက္ကုသာတိသည် မြတ်စွာဘုရားအား ပြန်ကြားပြောဆို၏။ မြတ်စွာဘုရားသည် ဤသို့သော စကားကို မိန့်တော်မူ၏-

၃၄၃။ ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် ဓာတ်ခြောက်ပါး ရှိ၏၊ ခြောက်ပါးသော ဖဿာယတန ရှိ၏၊ တစ်ဆယ့်ရှစ်ပါးသော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်း ရှိ၏၊ လေးပါးသော တည်ရာရှိ၏၊ ယင်းတည်ရာ လေးပါးတို့၌ တည်သောပုဂ္ဂိုလ်သတ္တဝါအား ထင်မှတ်ခြင်းဟူသော ယိုစီးခြင်း ‘အာသဝေါ’ တို့သည် မဖြစ် ကုန်။ စင်စစ် ထင်မှတ်ခြင်းဟူသော ယိုစီးခြင်း ‘အာသဝေါ’ မဖြစ်သော် ကိလေသာ ငြိမ်းသော ရဟန်း ဟူ၍ ဆိုရ၏၊ ဝိပဿနာ ပညာကို မမေ့ရာ၊ ဝစီသစ္စာကို စောင့်ရာ၏။ ကိလေသာစွန့်ခြင်းကို အားထုတ် ရာ၏၊ ထိုရဟန်းသည် ကိလေသာ ငြိမ်းအေးမှုကိုသာလျှင် ကျင့်ရာ၏။ ဤကား ဓာတုဝိဘင်္ဂသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ တည်း။

၃၄၄။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် ဓာတ်ခြောက်ပါး ရှိ၏” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုသနည်း။ ရဟန်း ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် အာကာသဓာတ် ဝိညာဏဓာတ်အားဖြင့် ဓာတ်တို့သည် ဤခြောက်ပါးတို့တည်း။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် ဓာတ် ခြောက်ပါးရှိ၏”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆို၏။

၃၄၅။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် ခြောက်ပါးသော ဖဿာယတန ရှိ၏”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုသနည်း။ စက္ခုသမ္ဖဿာယတန သောတသမ္ဖဿာယတန ဃာနသမ္ဖဿာယတန ဇိဝှါသမ္ဖဿာယတန ကာယသမ္ဖဿာယတန မနောသမ္ဖဿာယတနသည် ရှိ၏။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် ခြောက်ပါးသော ဖဿာယတန ရှိ၏” ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆို၏။

၃၄၆။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် တစ်ဆယ့်ရှစ်ပါးသော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်း ရှိ၏”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုသနည်း။ မျက်စိဖြင့် အဆင်းရူပါရုံကို မြင်၍ သောမနဿ၏အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင်သုံးသပ်၏၊ ဒေါမနဿ၏ အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင် သုံးသပ်၏၊ ဥပေက္ခာ၏ အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင်သုံးသပ်၏။ နားဖြင့် အသံ ‘သဒ္ဒါရုံ'ကို ကြား၍။ပ။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ ကို နံ၍။ လျှာဖြင့် အရသာ ‘ရသာရုံ’ ကို လျက်၍။ ကိုယ်ဖြင့် အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို တွေ့ထိ၍။ စိတ်ဖြင့် သဘော ‘ဓမ္မာရုံ’ ကို သိ၍ သောမနဿ၏ အကြောင်း ဖြစ်သော သဘော ‘ဓမ္မာရုံ’ ကို ဆင်ခြင်သုံးသပ်၏၊ ဒေါမနဿ၏ အကြောင်းဖြစ်သော သဘော'ဓမ္မာရုံ'ကို ဆင်ခြင်သုံးသပ်၏၊ ဥပေက္ခာ၏ အကြောင်းဖြစ်သော သဘော'ဓမ္မာရုံ'ကို ဆင်ခြင်သုံးသပ်၏။ ဤသို့ သောမနဿ၏ အကြောင်းဖြစ်ကုန်သော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်းတို့သည် ခြောက်ပါးတို့တည်း၊ ဒေါမနဿ၏ အကြောင်းဖြစ်ကုန်သော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်းတို့သည် ခြောက်ပါးတို့တည်း၊ ဥပေက္ခာ၏ အကြောင်းဖြစ်ကုန်သော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်းတို့သည် ခြောက်ပါးတို့တည်း။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် တစ်ဆယ့်ရှစ်ပါးသော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်း ရှိ၏”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆို၏။

--

၃၄၇။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် လေးပါးသော တည်ရာရှိ၏” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုသနည်း။ ပညာဟူသော တည်ရာ၊ သစ္စာဟူသော တည်ရာ၊ ကိလေသာကို စွန့်ခြင်း ဟူသော တည်ရာ၊ ကိလေသာငြိမ်းခြင်းဟူသော တည်ရာသည် ရှိ၏။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် လေးပါးသော တည်ရာရှိ၏” ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆို၏။

၃၄၈။ “ဝိပဿနာပညာကို မမေ့ရာ၊ ဝစီသစ္စာကို စောင့်ရာ၏၊ ကိလေသာစွန့်ခြင်းကို အားထုတ်ရာ၏၊ ကိလေသာငြိမ်းခြင်းကိုသာလျှင် ကျင့်ရာ၏”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုသနည်း။ ရဟန်း အဘယ်သို့လျှင် ဝိပဿနာပညာကို မမေ့မလျော့သနည်း။ ရဟန်း ဓာတ်တို့သည် ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် အာကာသဓာတ် ဝိညာဏဓာတ်အားဖြင့် ဤခြောက်ပါးတို့ တည်း။

၃၄၉။ ရဟန်း မြေ ‘ပထဝီ’ ဓာတ်ဟူသည် အဘယ်နည်း။ မြေ ‘ပထဝီ’ ဓာတ်သည် အချို့ အတွင်း သန္တာန်၌ ဖြစ်၏၊ အချို့အပသန္တာန်၌ ဖြစ်၏။ ရဟန်း အတွင်းသန္တာန်၌ဖြစ်သော မြေ ‘ပထဝီ’ ဓာတ်ဟူ သည် အဘယ်နည်း။ မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ခက်မာကြမ်းတမ်းခြင်းသို့ ရောက်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်တည်း။ ဤရုပ်ဟူသည် အဘယ်နည်း၊ ဆံပင်, မွေးညင်း, ခြေသည်း လက်သည်း, သွား, အရေ၊ အသား, အကြော, အရိုး, ရိုးတွင်းခြင်ဆီ, အညှို့၊ နှလုံး, အသည်း, အမြှေး, အဖျဉ်း, အဆုတ်၊ အူမ, အူသိမ်, အစာသစ်, အစာဟောင်း၊ ဤဆိုခဲ့ပြီးမှ တစ်ပါးလည်းဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ခက်မာကြမ်း တမ်းခြင်းသို့ ရောက်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ရဟန်း ဤရုပ်စုကို အတွင်းသန္တာန်၌ ဖြစ်သော မြေ ‘ပထဝီ’ ဓာတ်ဟူ၍ ဆိုရ၏။

အတွင်းသန္တာန်၌ ဖြစ်သော မြေ ‘ပထဝီ’ ဓာတ်သည်လည်းကောင်း၊ အပသန္တာန်၌ ဖြစ်သော မြေ ‘ပထဝီ’ ဓာတ်သည်လည်းကောင်း မြေ ‘ပထဝီ’ ဓာတ်သာပင်တည်း။ မြေ ‘ပထဝီ’ ဓာတ်ကို “ဤမြေ ‘ပထဝီ’ ဓာတ်သည် ငါပိုင် မဟုတ်၊ ဤမြေ ‘ပထဝီ’ ဓာတ်သည် ငါမဟုတ်၊ ဤမြေ ‘ပထဝီ’ ဓာတ်သည် ငါ၏ အတ္တမဟုတ်”ဟု ဤမြေ ‘ပထဝီ’ ဓာတ်ကို အမှန်အတိုင်း ကောင်းသော ဝိပဿနာပညာဖြင့် ရှုသင့်၏၊ ဤသို့ ဤမြေ ‘ပထဝီ’ ဓာတ်ကို ကောင်းသော ဝိပဿနာပညာဖြင့် အမှန်အတိုင်း ရှုမြင်သော့်မြေ ‘ပထဝီ’ ဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် မြေ ‘ပထဝီ'ဓာတ်၌ တပ်ခြင်းကင်း၏။

၃၅၀။ ရဟန်း ရေ ‘အာပေါ’ ဓာတ်သည် အဘယ်နည်း။ ရေ ‘အာပေါ’ ဓာတ်သည် အချို့ အတွင်း သန္တာန်၌ ဖြစ်၏၊ အချို့ အပသန္တာန်၌ ဖြစ်၏။ ရဟန်း အတွင်းသန္တာန်၌ ဖြစ်သော ရေ ‘အာပေါ’ ဓာတ်သည် အဘယ်နည်း။ မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ရေ ရေအပါအဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ဤရုပ်သည် အဘယ်နည်း၊ သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ၊ မျက်ရည်, ဆီကြည်, တံတွေး, နှပ်, အစေး, ကျင်ငယ်၊ ဤဆိုခဲ့ပြီးသည်မှ တစ်ပါးလည်းဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ရေ ရေအပါ အဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇ ရုပ်သည် ရှိ၏။ ရဟန်း ဤရုပ်စုကို အတွင်း သန္တာန်၌ ဖြစ်သော ရေ ‘အာပေါ’ ဓာတ်ဟူ၍ ဆိုရ၏။

--

အတွင်းသန္တာန်၌ဖြစ်သော ရေ ‘အာပေါ’ ဓာတ်သည်လည်းကောင်း၊ အပသန္တာန်၌ဖြစ်သော ရေ ‘အာပေါ'ဓာတ်သည်လည်းကောင်း ရေ ‘အာပေါ’ ဓာတ်သာပင်တည်း။ ထိုရေ ‘အာပေါ’ ဓာတ်ကို “ဤရေ ‘အာပေါ’ ဓာတ်သည် ငါပိုင်မဟုတ်၊ ဤရေ ‘အာပေါ’ ဓာတ်သည် ငါမဟုတ်၊ ဤရေ ‘အာပေါ'ဓာတ် သည် ငါ၏ အတ္တမဟုတ်”ဟု ဤသို့ ဤရေ ‘အာပေါ’ ဓာတ်ကို အမှန်အတိုင်း ကောင်းသော ဝိပဿနာ ပညာဖြင့် ရှုသင့်၏။ ဤသို့ ဤရေ ‘အာပေါ’ ဓာတ်ကို ကောင်းသော ဝိပဿနာပညာဖြင့် အမှန်အတိုင်း ရှုမြင်သော် ရေ ‘အာပေါ’ ဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် ရေ ‘အာပေါ’ ဓာတ်၌ တပ်ခြင်းကင်း၏။

၃၅၁။ ရဟန်း အပူအအေး ‘မီး’ ဓာတ်သည် အဘယ်နည်း။ အပူအအေး ‘မီး’ ဓာတ်သည် အချို့ အတွင်းသန္တာန်၌ ဖြစ်၏၊ အချို့ အပသန္တာန်၌ ဖြစ်၏။ ရဟန်း အတွင်းသန္တာန်၌ ဖြစ်သော အပူအအေး ‘မီး’ ဓာတ်သည် အဘယ်နည်း။ မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော အပူအအေး ‘မီး’ အပူအအေး ‘မီး’ အပါအဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ဤရုပ်သည် အဘယ် နည်း၊ အကြင် အပူအအေး ‘မီး’ ဓာတ်ဖြင့်လည်း ပြင်းစွာ ပူ၏၊ အကြင်အပူအအေး ‘မီး’ ဓာတ်ဖြင့်လည်း ဆွေးမြည့်ရင့်ကျက်၏၊ အကြင်အပူအအေး ‘မီး'ဓာတ်ဖြင့်လည်း ထက်ဝန်းကျင်လောင်၏၊ အကြင်အပူအအေး ‘မီး’ ဓာတ်ဖြင့်လည်း စားအပ် သောက်အပ် ခဲအပ် လျက်အပ်သော အစာသည် ကောင်းစွာ ကျေကျက် ခြင်းသို့ ရောက်၏၊ ဤဆိုခဲ့ပြီးသည်မှ တစ်ပါးလည်းဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိ၌ စွဲ၍ဖြစ် သော ကိုယ်ကို စွဲ၍ဖြစ်သော အပူအအေး ‘မီး’ အပူအအေး ‘မီး'အပါအဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ရဟန်း ဤရုပ်စုကို အတွင်းသန္တာန်၌ ဖြစ်သော အပူအအေး ‘မီး’ ဓာတ်ဟူ၍ ဆိုရ၏။

အတွင်းသန္တာန်၌ဖြစ်သော အကြင်အပူအအေး ‘မီး’ ဓာတ်သည်လည်းကောင်း၊ အပသန္တာန်၌ဖြစ်သော အကြင် အပူအအေး ‘မီး’ ဓာတ်သည်လည်းကောင်း အပူအအေး ‘မီး’ ဓာတ်သာလျှင်တည်း။ “ဤအပူအ အေး ‘မီး’ ဓာတ်သည် ငါပိုင် မဟုတ်၊ ဤအပူအအေး ‘မီး’ ဓာတ်သည် ငါမဟုတ်၊ ဤအပူအအေး ‘မီး’ ဓာတ်သည် ငါ၏ အတ္တ မဟုတ်”ဟု ဤသို့ အပူအအေး ‘မီး’ ဓာတ်ကို အမှန်အတိုင်း ကောင်းသော ဝိပဿနာပညာဖြင့် ရှုသင့်၏။ ဤသို့ အပူအအေး ‘မီး’ ဓာတ်ကို ကောင်းသောဝိပဿနာပညာဖြင့် အမှန် အတိုင်း ရှုမြင်သော် အပူအအေး ‘မီး’ ဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် အပူအအေး ‘မီး’ ဓာတ်၌ တပ်ခြင်း ကင်း၏။

၃၅၂။ ရဟန်း လေဓာတ်သည် အဘယ်နည်း။ လေဓာတ်သည် အချို့ အတွင်းသန္တာန်၌ ဖြစ်၏၊ အချို့ အပသန္တာန်၌ ဖြစ်၏။ ရဟန်း အတွင်းသန္တာန်၌ ဖြစ်သော လေဓာတ်သည် အဘယ်နည်း။ မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော လေဓာတ် လေဓာတ်အပါအဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ် သော ကမ္မဇရုပ်သည် ရှိ၏။ ဤရုပ်သည် အဘယ်နည်း၊ အထက်သို့ တက်သောလေ, အောက်သို့ သက် သောလေ, ဝမ်း၌ တည်သောလေ, အူအတွင်း၌ တည်သောလေ, အင်္ဂါကြီးငယ်သို့အစဉ်လျှောက်သောလေ, ထွက်သက် ဝင်သက်လေ၊ ဤလေတို့ပင်တည်း။ ဤဆိုခဲ့ပြီးသည်မှ တစ်ပါးလည်းဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော လေ လေအပါအဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ရဟန်း ဤရုပ်စုကို အတွင်းသန္တာန်၌ဖြစ်သော လေဓာတ်ဟူ၍ ဆိုအပ်၏။

အတွင်းသန္တာန်၌ဖြစ်သော လေဓာတ်သည်လည်းကောင်း၊ အပသန္တာန်၌ဖြစ်သော လေဓာတ်သည်လည်းကောင်း လေဓာတ်သာလျှင်တည်း။ “ဤလေဓာတ်သည် ငါပိုင် မဟုတ်၊ ဤလေဓာတ်သည် ငါ မဟုတ်၊ ဤလေဓာတ်သည် ငါ၏ အတ္တမဟုတ်”ဟု ဤသို့ လေဓာတ်ကို အမှန်အတိုင်း ကောင်းသော ဝိပဿနာပညာဖြင့် ရှုသင့်၏။ ဤသို့ ဤလေဓာတ်ကို ကောင်းသော ဝိပဿနာပညာဖြင့် အမှန်အတိုင်း ရှုမြင်သော် လေဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် လေဓာတ်၌ တပ်ခြင်းကင်း၏။

--

၃၅၃။ ရဟန်း အာကာသဓာတ်သည် အဘယ်နည်း။ အာကာသဓာတ် သည် အချို့ အတွင်းသန္တာန် ၌ ဖြစ်၏၊ အချို့ အပသန္တာန်၌ ဖြစ်၏။ ရဟန်း အတွင်းသန္တာန်၌ဖြစ်သော အာကာသဓာတ်သည် အဘယ်နည်း။ မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ဟင်းလင်းအပြင် ကောင်းကင်အာကာသ ဟင်းလင်းအပြင် ကောင်းကင် အာကာသအပါအဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ် သည် ရှိ၏။ ဤရုပ်သည် အဘယ်နည်း။ နားပေါက် နှာခေါင်းပေါက် ခံတွင်းပေါက် စားအပ် သောက်အပ် ခဲအပ် လျက်အပ်သော အစာကို မျိုရာ အပေါက် စားအပ် သောက်အပ် ခဲအပ် လျက်အပ်သောအစာ တည်ရာအပေါက် စားအပ် သောက်အပ် ခဲအပ် လျက်အပ်သောအစာ အောက်အဘို့သို့ ထွက်ရာအပေါက် တို့တည်း။ ဤဆိုခဲ့ပြီးသည်မှ တစ်ပါးလည်းဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ဟင်းလင်းအပြင် ကောင်းကင်အာကာသ ဟင်းလင်းအပြင် ကောင်းကင်အာကာ အပါအဝင်ဖြစ်သော ရေးခြစ်မထင် ကောင်းကင်အာကာသ ကောင်းကင်အာကာသ၌ အတွင်းဝင်သော ဟင်းလင်းအပေါက် ဟင်းလင်းအပေါက်၌ အတွင်းဝင်သော အသားအသွေးတို့ဖြင့် မတွေ့ထိသော တဏှာဒိဋ္ဌိ တို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ရဟန်း ဤရုပ်စုကို အတွင်းသန္တာန်၌ ဖြစ်သော အာကာသ ဓာတ်ဟူ၍ ဆိုအပ်၏။

အတွင်းသန္တာန်၌ ဖြစ်သော အာကာသဓာတ်သည်လည်းကောင်း အပသန္တာန်၌ဖြစ်သော အာကာသ ဓာတ်သည်လည်းကောင်း အာကာသဓာတ်ချည်းပင်တည်း။ “ဤအာကာသဓာတ်သည် ငါပိုင် မဟုတ်၊ ဤအာကာသဓာတ်သည် ငါမဟုတ်၊ ဤအာကာသဓာတ်သည် ငါ၏ အတ္တမဟုတ်”ဟု ဤသို့ အာကာသ ဓာတ်ကို အမှန်အတိုင်း ကောင်းသောဝိပဿနာပညာဖြင့် ရှုသင့်၏။ ဤသို့ အာကာသဓာတ်ကို ကောင်း သော ဝိပဿနာပညာဖြင့် အမှန်အတိုင်း ရှုမြင်သော် အာကာသဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် အာကာသ ဓာတ်၌ တပ်ခြင်းကင်း၏။

၃၅၄။ ထိုမှတစ်ပါး ထက်ဝန်းကျင် စင်ကြယ်သော ဖြူစင်သော ဝိညာဏ်သည်သာလျှင် ကြွင်း ကျန်၏။ ထိုဝိညာဏ်ဖြင့် အဘယ်ကို သိသနည်း။ ချမ်းသာဟူ၍လည်း သိ၏၊ ဆင်းရဲဟူ၍လည်း သိ၏၊ ဥပေက္ခာဟူ၍လည်း သိ၏၊ ရဟန်း သုခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ သုခဝေဒနာသည် ဖြစ်၏၊ ထိုသူသည် သုခဝေဒနာကို ခံစားသည်ရှိသော် ငါ သုခဝေဒနာကို ခံစား၏ဟု သိ၏၊ သုခဝေဒနာ၏ အကြောင်းဖြစ်သော ထို ဖဿ၏သာလျှင် ချုပ်ခြင်းကြောင့် ထိုဖဿအားလျော်သော, ခံစားခြင်းဝေဒနာကို ဖြစ်စေတတ်သော, သုခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဖြစ်ပေါ်ခဲ့သော သုခဝေဒနာသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။

၃၅၅။ ရဟန်း ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဒုက္ခဝေဒနာသည် ဖြစ်၏၊ ထိုသူသည် ဒုက္ခဝေဒနာကို ခံစားသည်ရှိသော် ငါ ဒုက္ခဝေဒနာကို ခံစား၏ဟု သိ၏၊ ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ထိုဖဿ၏သာလျှင် ချုပ်ခြင်းကြောင့် ထိုဖဿအားလျော်သော, ခံစားခြင်းဝေဒနာကို့ဖြစ်စေတတ်သော ဒုက္ခ ဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဖြစ်ပေါ်ခဲ့သော ဒုက္ခဝေဒနာသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။

၃၅၆။ ရဟန်း ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဥပေက္ခာဝေဒနာသည် ဖြစ်၏၊ ထိုသူသည် ဥပေက္ခာဝေဒနာကို ခံစားသည်ရှိသော် ငါ ဥပေက္ခာဝေဒနာကို ခံစား၏ဟု သိ၏၊ ဥပေက္ခာ ဝေဒနာ၏ အကြောင်းဖြစ်သော ထိုဖဿ၏သာလျှင် ချုပ်ခြင်းကြောင့် ထိုဖဿအားလျော်သော, ခံစားခြင်း ဝေဒနာကိုဖြစ်စေတတ်သော, ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဖြစ်ပေါ်ခဲ့သော ဥပေက္ခာဝေဒနာသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။

၃၅၇။ ရဟန်း ဥပမာအားဖြင့် နှစ်ချောင်းကုန်သော ထင်းတို့၏ ထိခိုက်ခြင်း ပေါင်းဆုံခြင်းကြောင့် အငွေ့ဖြစ်ပေါ်၏၊ မီးဖြစ်ပေါ်၏၊ ထိုနှစ်ချောင်းကုန်သော ထင်းတို့၏သာလျှင် ( မထိခိုက်ဘဲ ) အသီးအသီး တခြားစီ ဖြစ်ခြင်းကြောင့် ကင်းခြင်းကြောင့် ထိုထင်းအားလျော်စွာဖြစ်သော အငွေ့သည် ချုပ်သကဲ့သို့ ငြိမ်းသကဲ့သို့ ဤဥပမာအတူသာလျှင် သုခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ သုခဝေဒနာသည် ဖြစ်၏၊ ထိုသူသည် သုခဝေဒနာကို ခံစားသည်ရှိသော် ငါ သုခဝေဒနာကို ခံစား၏ဟု သိ၏၊ သုခဝေဒနာ၏ အကြောင်းဖြစ်သော ထိုဖဿ၏သာလျှင် ချုပ်ခြင်းကြောင့် ထိုဖဿအားလျော်သော, ခံစားခြင်းဝေဒနာကို ဖြစ်စေတတ်သော, သုခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဖြစ်ပေါ်ခဲ့သော သုခဝေဒနာသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။

--

၃၅၈။ ရဟန်း ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကိုစွဲ၍ ဒုက္ခဝေဒနာသည် ဖြစ်၏၊ ထိုသူ သည် ဒုက္ခဝေဒနာကို ခံစားသည်ရှိသော် ငါ ဒုက္ခဝေဒနာကို ခံစား၏ဟု သိ၏၊ ဒုက္ခဝေဒနာ၏ အကြောင်း ဖြစ်သော ထိုဖဿ၏သာလျှင် ချုပ်ခြင်းကြောင့် ထိုဖဿအားလျော်သော, ခံစားခြင်းဝေဒနာကို ဖြစ်စေတတ် သော, ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဖြစ်ပေါ်ခဲ့သော ဒုက္ခဝေဒနာသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။

၃၅၉။ ရဟန်း ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကိုစွဲ၍ ဥပေက္ခာဝေဒနာသည် ဖြစ်၏၊ ထိုသူသည် ဥပေက္ခာဝေဒနာကို ခံစားသည်ရှိသော် ငါ ဥပေက္ခာဝေဒနာကို ခံစား၏ဟု သိ၏၊ ဥပေက္ခာ ဝေဒနာ၏ အကြောင်းဖြစ်သော ထိုဖဿ၏သာလျှင် ချုပ်ခြင်းကြောင့် ထိုဖဿအားလျော်သော ခံစားခြင်း ဝေဒနာကို ဖြစ်စေတတ်သော ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဖြစ်ပေါ်ခဲ့သော ဥပေက္ခာဝေဒနာသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။

၃၆၀။ ထိုမှတစ်ပါး ထက်ဝန်းကျင် စင်ကြယ်သော ထက်ဝန်းကျင် ဖြူစင်သော စတုတ္ထဈာန် ဥပေက္ခာသည်သာ ကြွင်း၏၊ ထိုဥပေက္ခာသည် နူးညံ့လည်း နူးညံ့၏၊ ပြုလုပ်လိုရာလည်း ရ၏၊ ပြိုးပြိုး ပြက် အရောင်လည်း ရှိ၏။ ရဟန်း ဥပမာအားဖြင့် လိမ္မာကျွမ်းကျင်သော ရွှေပန်းထိမ်သည်သည်လည်းကောင်း၊ ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ဖိုကို ဖွဲ့စီရင်ရာ၏၊ ဖိုကို ဖွဲ့စီရင်၍ ဖိုဝကို လိမ်းကျံရာ၏၊ ဖိုဝကို လိမ်းကျံ၍ ညှပ်ဖြင့် ရွှေကို ကိုင်၍ ဖိုဝ၌ ထားရာ၏။ ထိုရွှေကို ရံခါရံခါ မှုတ်ရာ၏၊ ရံခါရံခါ ရေဖြင့် ဖျန်းရာ၏၊ ရံခါရံခါ ရှုရာ၏၊ ဦးပြီးသော လှော်ပြီးသော ထင်ရှားသောအပြစ် သိမ်မွေ့ သောအပြစ်ကင်းသော ထိုရွှေသည် နူးညံ့လည်း နူးညံ့၏။ ပြုလုပ်လိုရာလည်း ရ၏၊ ပြိုးပြိုးပြက် အရောင်လည်း ထွက်၏၊ ရွှေပြားအတွက်ဖြစ်စေ၊ နားတောင်းအတွက်ဖြစ်စေ၊ လည်ရွဲတန်ဆာအတွက် ဖြစ်စေ၊ ရွှေပန်းခိုင်အတွက်ဖြစ်စေ မည်သည့်တန်ဆာ ပြုလုပ်ရန်မဆို တန်ဆာအထူးကို အလိုရှိငြားအံ့၊ ထို ရွှေပန်းထိမ်သည်အား ထိုထိုအကျိုးကို ခံစားရသကဲ့သို့၊ ဤဥပမာအတူသာလျှင် ထက်ဝန်းကျင် စင်ကြယ် သော ထက်ဝန်းကျင် ဖြူစင်သော ဥပေက္ခာသည်သာ ကြွင်း၏၊ ထိုဥပေက္ခာသည် နူးညံ့လည်း နူးညံ့၏၊ ပြုလုပ်လိုရာလည်း ရ၏၊ ပြိုးပြိုးပြက် အရောင်လည်း ရှိ၏။

၃၆၁။ ထိုသူသည် ဤသို့ သိ၏ “ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်း့ကျင် ဖြူစင်သော ဤရူပါဝစရ စတုတ္ထဈာန်ဥပေက္ခာကို အာကာသာနဉ္စာယတနဈာန်သို့ အကယ်၍ ဆောင် ငြားအံ့၊ ထိုအာကာသာနဉ္စာယတနဈာန်သို့ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤသို့ ပွါးသော် ငါ၏ ဤဥပေက္ခာသည် ထိုအာကာသာနဉ္စာယတနဈာန်ကို မှီသည်ဖြစ်၍ ထိုအာကာသာနဉ္စာ ယတနဈာန်ကို စွဲလမ်းသည် ဖြစ်၍ ရှည်မြင့်စွာသော ကာလပတ်လုံး တည်ရာ၏။

ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်းကျင် ဖြူစင်သော ဤရူပါဝစရ စတုတ္ထဈာန် ဥပေက္ခာကို ဝိညာဏဉ္စာယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုဝိညာဏဉ္စာယတန ဈာန်သို့ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤသို့ ပွါးသော် ငါ၏ ဤဥပေက္ခာသည် ထိုဝိညာဏဉ္စာယတနဈာန်ကို မှီသည် ဖြစ်၍ ထိုဝိညာဏဉ္စာယတနဈာန်ကို စွဲလမ်းသည်ဖြစ်၍ ရှည်မြင့်စွာ သော ကာလပတ်လုံး တည်ရာ၏။

ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်းကျင် ဖြူစင်သော ဤရူပါဝစရ စတုတ္ထဈာန် ဥပေက္ခာကို အာကိဉ္စညာယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုအာကိဉ္စညာယတန ဈာန်သို့ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤသို့ ပွါးသော် ငါ၏ ဤဥပေက္ခာသည် ထိုအာကိဉ္စညာယတနဈာန်ကို မှီသည်ဖြစ်၍ ထိုအာကိဉ္စညာယတနဈာန်ကို စွဲလန်းသည်ဖြစ်၍ ရှည်မြင့်စွာ သော ကာလပတ်လုံး တည်ရာ၏။

--

ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်းကျင် ဖြူစင်သော ဤရူပါဝစရ စတုတ္ထဈာန် ဥပေက္ခာကို နေဝသညာနာသညာယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုနေဝသညာ နာသညာယတနဈာန်သို့ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤသို့ ပွါးသော် ငါ၏ ဤဥပေက္ခာသည် ထိုနေဝသညာနာ သညာယတနဈာန်ကို မှီသည်ဖြစ်၍ ထိုနေဝသညာနာသညာယတန ဈာန်ကို စွဲလမ်းသည်ဖြစ်၍ ရှည်မြင့်စွာသော ကာလပတ်လုံး တည်ရာ၏”ဟု ( သိ၏ )။

၃၆၂။ ထိုသူသည် ဤသို့သိ၏ “ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်း ကျင် ဖြူစင်သော ဤရူပါဝစရစတုတ္ထဈာန် ဥပေက္ခာကို အာကာသာနဉ္စာယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုအာကာသာနဉ္စာယတနဈာန်သို့ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤ အာကာသာနဉ္စာယတနဈာန်သည် ပြုပြင်အပ်သော ‘သင်္ခတ’ တရားတည်း။ ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်းကျင် ဖြူစင်သော ဤရူပါဝစရစတုတ္ထဈာန်ဥပေက္ခာကို ဝိညာဏဉ္စာ ယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုဝိညာဏဉ္စာယတနဈာန်သို့ အစဉ်လိုက်သော ရူပဈာန်စိတ် ကိုလည်း ပွါးငြားအံ့၊ ဤဝိညာဏဉ္စာယတနဈာန်သည် ပြုပြင်အပ်သော ‘သင်္ခတ’ တရားတည်း။ ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်းကျင် ဖြူစင်သော ဤရူပါဝစရစတုတ္ထဈာန် ဥပေက္ခာကို အာကိဉ္စညာယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုအာကိဉ္စညာယတန ဈာန်သို့ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤအာကိဉ္စညာ ယတနဈာန်သည် ပြုပြင်အပ်သော ‘သင်္ခတ’ တရားတည်း။ ငါသည် ဤသို့ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်းကျင် ဖြူစင်သော ဤရူပါဝစရစတုတ္ထဈာန် ဥပေက္ခာကို နေဝသညာနာသညာယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုနေဝသညာနာသညာယတနဈာန်သို့ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤနေဝသညာ နာသညာယတနဈာန်သည် ပြုပြင်အပ်သော ‘သင်္ခတ’ တရားတည်း”ဟု ( သိ၏ )။

ထိုသူသည် ကြီးပွါးခြင်းငှါလည်းကောင်း၊ ဆုတ်ယုတ်ခြင်းငှါလည်းကောင်း ထိုရူပါဝစရစတုတ္ထဈာန် ဥပေက္ခာကို မပြုပြင် မစေ့ဆော်၊ ထိုသူသည် ကြီးပွါးခြင်းငှါလည်းကောင်း၊ ဆုတ်ယုတ်ခြင်းငှါလည်းကောင်း မတောင့်တ မပြုပြင် မစေ့ဆော်သော် လောက၌ တစ်စုံတစ်ခုကိုမျှ မစွဲလမ်း၊ မစွဲလမ်းသောသူသည် မတောင့်တ၊ မတောင့်တသောသူသည် အသီးအခြားသာလျှင် ပရိနိဗ္ဗာန် ပြုရ၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံး ပြီးပြီ၊ ( မဂ် )ကိစ္စကို ပြုပြီးပြီ၊ ဤ( မဂ် )ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီ”ဟု သိ၏။

၃၆၃။ ထိုသူသည် သုခဝေဒနာကို အကယ်၍ ခံစားအံ့၊ ထိုသုခဝေဒနာသည် အမြဲမရှိ ‘အနိစ္စ’ဟု သိ၏၊ မျိုသိပ်၍ မထားအပ်ဟု သိ၏၊ မနှစ်သက်အပ်ဟု သိ၏၊ ဒုက္ခဝေဒနာကို အကယ်၍ ခံစားအံ့၊ ထို ဒုက္ခဝေဒနာသည် အမြဲမရှိ ‘အနိစ္စ’ဟု သိ၏၊ မျိုသိပ်၍ မထားအပ်ဟု သိ၏၊ မနှစ်သက်အပ်ဟု သိ၏။ ဥပေက္ခာဝေဒနာကို အကယ်၍ ခံစားအံ့၊ ထိုဥပေက္ခာဝေဒနာသည် အမြဲမရှိ ‘အနိစ္စ’ဟု သိ၏၊ မျိုသိပ်၍ မထားအပ်ဟု သိ၏၊ မနှစ်သက်အပ်ဟု သိ၏။

၃၆၄။ ထိုသူသည် သုခဝေဒနာကို အကယ်၍ ခံစားခဲ့လျှင် ထိုသုခဝေဒနာကို ရာဂါနုသယနှင့် မယှဉ် ဘဲသာလျှင် ခံစား၏။ ဒုက္ခဝေဒနာကို အကယ်၍ ခံစားခဲ့လျှင် ထိုဒုက္ခဝေဒနာကို ပဋိဃာနုသယနှင့် မယှဉ် ဘဲသာလျှင် ခံစား၏။ ဥပေက္ခာဝေဒနာကို အကယ်၍ ခံစားခဲ့လျှင် ထိုဥပေက္ခာဝေဒနာကို အဝိဇ္ဇာနုသယနှင့် မယှဉ်ဘဲသာလျှင် ခံစား၏။ ထိုရဟန္တာပုဂ္ဂိုလ်သည် ခန္ဓာကိုယ်လျှင် အဆုံးဖြစ်သော ဝေဒနာကို ခံစား သည်ရှိသော် ခန္ဓာကိုယ်လျှင် အဆုံးဖြစ်သော ဝေဒနာကို ခံစား၏ဟု သိ၏၊ အသက်လျှင် အဆုံးဖြစ်သော ဝေဒနာကို ခံစားသည်ရှိသော် အသက်လျှင် အဆုံးဖြစ်သော ဝေဒနာကို ခံစား၏ဟု သိ၏၊ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက် အသက်ကုန်ဆုံးသည်မှအထက်၌ ဤအာယတန တစ်ဆယ့်နှစ်ပါးတို့၌သာ လျှင် မနှစ်သက်အပ်သော ခံစားမှုဝေဒနာအလုံးစုံ ချုပ်ငြိမ်းကုန်လတ္တံ့ဟု သိ၏။

--

၃၆၅။ ရဟန်း ဥပမာအားဖြင့် ဆီကိုလည်း စွဲ၍ မီးစာကိုလည်း စွဲ၍ ဆီမီးသည် တောက်ပ၏၊ ထိုဆီ၏လည်းကောင်း၊ ထိုမီးစာ၏လည်းကောင်း ကုန်ခြင်းကြောင့် တစ်ပါးသောဝတ္ထုကိုလည်း မစွဲယူခြင်း ကြောင့် အကြောင်းကင်း၍ ငြိမ်းသကဲ့သို့၊ ဤဥပမာအတူသာလျှင် ခန္ဓာကိုယ်လျှင် အဆုံးဖြစ်သော ဝေဒနာ ကို ခံစားသည်ရှိသော် ခန္ဓာကိုလျှင် အဆုံးဖြစ်သော ဝေဒနာကို ခံစား၏ဟု သိ၏၊ အသက်လျှင် အဆုံး ဖြစ်သော ဝေဒနာကို ခံစားသည်ရှိသော် အသက်လျှင် အဆုံးဖြစ်သော ဝေဒနာကို ခံစား၏ဟု သိ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက် အသက်ကုန်ဆုံးသည်မှ အထက်၌ ဤအာယတန တစ်ဆယ့် နှစ်ပါးတို့၌သာလျှင် မနှစ်သက်အပ်သော ခံစားမှု ဝေဒနာအလုံးစုံသည် ချုပ်ငြိမ်းကုန်လတ္တံ့ဟု သိ၏။ ထိုကြောင့် ဤသို့ ( ဆိုခဲ့တိုင်း ) ပြည့်စုံသော ရဟန်းသည် အလွန်မြတ်သော ဤအရဟတ္တဖိုလ် ပညာ ဟူသော တည်ရာနှင့် ပြည့်စုံ၏။ ရဟန်း ခပ်သိမ်းကုန်သော ဆင်းရဲဒုက္ခတို့ ကုန်ဆုံးရာဖြစ်သော ဤ ဉာဏ်သည် အလွန်အကဲမြတ်သော ပညာပေတည်း။

၃၆၆။ ထိုဆိုခဲ့တိုင်းပြည့်စုံသော ရဟန်းအား ထိုအရဟတ္တဖိုလ်ပညာသည် ပရမတ္ထသစ္စာဖြစ်သော နိဗ္ဗာန်အာရုံ၌ တည်၏၊ မပျက်စီး၊ ရဟန်း ပျက်စီးခြင်းသဘောရှိသောတရားသည် မှားယွင်းသော သဘောရှိ၏၊ မမှန်ကန်။ မပျက်စီးခြင်းသဘောရှိသောတရားသည် မှန်ကန်သော နိဗ္ဗာန် ( နိရောဓသစ္စာ ) တည်း။ ထို့ကြောင့် ဤဆိုပြီး လက္ခဏာနှင့် ပြည့်စုံသော ရဟန်းသည် အလွန်မြတ်သော ဤပရမတ္ထ သစ္စာဖြစ်သော နိဗ္ဗာန်ဟူသော တည်ရာနှင့် ပြည့်စုံ၏။ ရဟန်း မပျက်စီးခြင်းသဘောရှိသော နိဗ္ဗာန်သည် အလွန်အကဲမြတ်သော အရိယသစ္စာသာတည်း။

၃၆၇။ စင်စစ် ရှေးပုထုဇဉ်ဘဝက မရသေးသော မဂ်ဉာဏ် ဖိုလ်ဉာဏ်ရှိသော ထိုပုဂ္ဂိုလ်အား ပြည့် ပြည့်စုံစုံ ဆောက်တည်ထားသော ( ဆင်းရဲကိုဆောင်တတ်သော ) ဥပဓိတို့သည် ရှိကုန်၏။ ထိုပုဂ္ဂိုလ်အား ထိုဥပဓိတို့ကို ပယ်ပြီးဖြစ်ကုန်၏၊ အမြစ်ပြတ်ပြီး ဖြစ်ကုန်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုပြီးဖြစ်ကုန်၏၊ နောင် တစ်ဖန် မဖြစ်အောင် ပြုပြီးဖြစ်ကုန်၏၊ နောင်အခါ၌ ဖြစ်ပေါ်ခြင်းသဘော မရှိတော့ချေ။ ရဟန်း ထို့ကြောင့် ဤဆိုပြီးလက္ခဏာနှင့် ပြည့်စုံသော ရဟန်းသည် အလွန်မြတ်သော ဤမဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် ကိလေသာကို စွန့်ခြင်း ဆောက်တည်ခြင်းနှင့် ပြည့်စုံ၏။ ရဟန်း ခပ်သိမ်းသော ဥပဓိကို အရဟတ္တမဂ် ဉာဏ်ဖြင့် ဤစွန့်ခြင်းသည် အလွန်အကဲ မြတ်သော စွန့်ခြင်းတည်း။

၃၆၈။ စင်စစ် ရှေးပုထုဇဉ်ဘဝက မရသေးသော မဂ်ဉာဏ်ဖိုလ်ဉာဏ်ရှိသော ထိုပုဂ္ဂိုလ်အား သူ့ စည်းစိမ်ကို ရှေးရှုကြံခြင်း ‘အဘိဇ္ဈာ’ လိုချင်ခြင်း ‘ဆန္ဒ’ ပြင်းစွာ တပ်နှစ်သက်ခြင်း ‘သာရာဂ’ သည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်အား ထိုအဘိဇ္ဈာ, ဆန္ဒ, သာရာဂကို ပယ်ပြီးဖြစ်၏၊ အမြစ်ပြတ်ပြီး ဖြစ်၏၊ ထန်းပင် ငုတ်ကဲ့သို့ ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် မဖြစ်အောင် ပြုပြီးဖြစ်၏၊ နောင်အခါ၌ ဖြစ်ပေါ်ခြင်းသဘော မရှိတော့ချေ။ စင်စစ် ရှေးပုထုဇဉ်ဘဝက မရသေးသော မဂ်ဉာဏ်ဖိုလ်ဉာဏ်ရှိသော ထိုပုဂ္ဂိုလ်အား ရန်ငြိုး ဖွဲ့ခြင်း ‘အာဃာတ’ သူတစ်ပါးအား ပျက်စီးစေခြင်း ‘ဗျာပါဒ'ခပ်သိမ်းသော အခြင်းအရာဖြင့် ပြစ်မှားခြင်း သည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်အား ထိုဒေါသသုံးမျိုးကို ပယ်ပြီးဖြစ်၏၊ အမြစ်ပြတ်ပြီး ဖြစ်၏၊ ထန်းပင်ငုတ် ကဲ့သို့ ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် မဖြစ်အောင် ပြုပြီးဖြစ်၏၊ နောင်အခါ၌ ဖြစ်ပေါ်ခြင်းသဘော မရှိ တော့ချေ။

စင်စစ် ရှေးပုထုဇဉ် ဘဝက မရသေးသော မဂ်ဉာဏ်ဖိုလ်ဉာဏ်ရှိသော ထိုပုဂ္ဂိုလ်အား မသိခြင်း ‘အဝိဇ္ဇာ’ ပြင်းစွာတွေဝေခြင်း'သမ္မောဟ'သည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်အား ထိုမောဟတရားကို ပယ်ပြီးဖြစ်၏၊ အမြစ်ပြတ်ပြီး ဖြစ်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် မဖြစ်အောင် ပြုပြီးဖြစ်၏၊ နောင်အခါ၌ ဖြစ်ပေါ်ခြင်းသဘော မရှိတော့ချေ။ ရဟန်း ထို့ကြောင့် ဤဆိုခဲ့ပြီးလက္ခဏာနှင့် ပြည့်စုံသော ရဟန်းသည် အလွန်မြတ်သော ဤမဂ်ဉာဏ်ဖြင့် ကိလေသာကို ငြိမ်းအေးစေခြင်း ဆောက်တည်ခြင်းနှင့် ပြည့်စုံ၏။ ရဟန်း ရာဂ ဒေါသ မောဟတို့၏ ဤငြိမ်းအေးခြင်းသည် အလွန်အကဲမြတ်သော ငြိမ်းအေး ခြင်းတည်း။ “ပညာကို မမေ့လျော့ရာ၊ ဝစီသစ္စာကို အစဉ်စောင့်ရှောက်ရာ၏၊ ကိလေသာစွန့်ခြင်းကို အားထုတ်ရာ၏၊ ထိုပုဂ္ဂိုလ်သည် ကိလေသာငြိမ်းအေးခြင်းကိုသာလျှင် ကျင့်ရာ၏”ဟူသော ထိုစကားကို ဤ ဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။

--

၃၆၉။ “လေးပါးသော တည်ရာရှိ၏၊ ယင်းတည်ရာလေးပါးတို့၌ တည်သောပုဂ္ဂိုလ်အား ထင်မှတ် ခြင်းဟူသော ယိုစီးခြင်းတို့သည် မဖြစ်ကုန်၊ စင်စစ် ထင်မှတ်ခြင်းဟူသော ယိုစီးခြင်းမဖြစ်သော် ကိလေသာ ငြိမ်းအေးသော ရဟန်းဟူ၍ ဆိုရ၏”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။ ရဟန်း ငါဟူသည် ထင်မှတ်ခြင်းတည်း၊ ဤဟာ ငါဖြစ်၏ ဟူသည် ထင်မှတ်ခြင်းတည်း၊ ဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်းတည်း၊ မဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်းတည်း၊ ရုပ်ရှိသည် ဖြစ်လတ္တံ့ ဟူသည် ထင်မှတ် ခြင်းတည်း၊ ရုပ်မရှိသည် ဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်းတည်း၊ သညာရှိသည် ဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်းတည်း၊ သညာမရှိသည် ဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်းတည်း၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်သော သညာရှိသည် ဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်းတည်း၊ ရဟန်း ထင်မှတ်ခြင်းသည် အနာရောဂါတည်း၊ ထင်မှတ်ခြင်းသည် အိုင်းအမာတည်း၊ ထင်မှတ်ခြင်းသည် မြား ငြောင့်တည်း။

ရဟန်း ထင်မှတ်ခြင်းမညနာ (တဏှာ မာန ဒိဋ္ဌိ) အာလုံးတို့ကို လွန်မြောက်ခြင်းကြောင့် ကိလေသာ ငြိမ်းအေးသော ရဟန်းဟု ဆိုရ၏။ ရဟန်း ကိလေသာငြိမ်းအေးသော ရဟန်းသည် ပဋိသန္ဓေမနေ မအို မသေ မပျက်စီး မတောင့်တ။ ရဟန်း အကြင်ကံကြောင့် ပဋိသန္ဓေနေရာ၏၊ ထိုပဋိသန္ဓေ ပေးသောကံ သည် ထိုရဟန္တာအား မရှိ၊ ပဋိသန္ဓေမနေသူသည် အဘယ်မှာ အိုလတ္တံ့နည်း၊ မအိုသူသည် အဘယ်မှာ သေလတ္တံ့နည်း၊ မသေသူသည် အဘယ်မှာ ပျက်စီးလတ္တံ့နည်း၊ မပျက်စီးသူသည် အဘယ်မှာ တောင့်တ လတ္တံ့နည်း။ “ယင်းတည်ရာလေးပါးတို့၌ တည်သောပုဂ္ဂိုလ်အား ထင်မှတ်ခြင်းဟူသော ယိုစီးခြင်းတို့သည် မဖြစ်ကုန်၊ စင်စစ် ထင်မှတ်ခြင်းဟူသော ယိုစီးခြင်းမဖြစ်သော် ကိလေသာငြိမ်းအေးသော ရဟန်းဟူ၍ ဆိုရ၏”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။ ရဟန်း သင်သည် အကျဉ်းအားဖြင့် ငါဟောသော ဤဓာတ်ခြောက်ပါးကို ဝေဖန်ရာ ဓာတုဝိဘင်္ဂသုတ်ကို ဆောင်လော့ဟု ( မိန့်တော်မူ၏ )။

၃၇၀။ ထိုအခါ၌ အသျှင်ပုက္ကုသာတိမထေရ်သည် “ငါ့ထံသို့ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား သည့်အစဉ်ရောက်တော်မူ၏၊ ငါ့ထံသို့ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် အစဉ်ရောက်တော်မူ၏၊ ငါ့ထံသို့ သစ္စာလေးပါးကို ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် အစဉ်ရောက်တော်မူ၏”ဟု နှလုံးသွင်း၍ နေရာမှ ထလျက် လက်ဝဲပခုံးစွန်း၌ သင်္ကန်းကို တင်၍ မြတ်စွာဘုရား၏ ခြေတော်တို့၌ ဦးခေါင်းဖြင့် ဝပ်လျှိုး၍ မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏ “မြတ်စွာဘုရား မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် အကျွန်ုပ်ကို လွှမ်းမိုးသွားခဲ့ပါ၏၊ အကြင်အကျွန်ုပ်သည် မြတ်စွာဘုရားကို ငါ့သျှင်ဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်ထိုက်၏ဟု မှတ်ထင်မိခဲ့ပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားသည် ထိုအကျွန်ုပ်၏ အပြစ်ကို နောင်အခါ စောင့်စည်းခြင်းငှါ အပြစ်ဟု သည်းခံတော်မူပါ”ဟု လျှောက်ထား၏။ ရဟန်း စင်စစ် မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် သင့်ကို စင်စစ် လွှမ်းမိုးသွားခဲ့၏၊ သင်သည် ငါ့ကို ငါ့သျှင်ဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်ထိုက်၏ဟု မှတ်ထင်ခဲ့၏၊ ရဟန်း သင်သည် အပြစ်ကို အပြစ်ဟု ရှုမြင်၍ အပြစ်အားလျော်စွာ ကုစားသောကြောင့် သင်၏ ထိုအပြစ်ကို ငါတို့ သည်းခံကုန်၏။ အကြင်သူ သည် အပြစ်ကို အပြစ်ဟု ရှုမြင်၍ အကြောင်းအားလျော်စွာ ကုစား၏၊ နောင်အခါ စောင့်စည်း၏၊ ဤကုစားခြင်း စောင့်စည်းခြင်းသည် အရိယာ၏ ဝိနည်း'အဆုံးအမ’၌ ကြီးပွါးခြင်းပင်တည်းဟု ( မိန့်တော် မူ၏ )။

--

မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်၌ ရဟန်းအဖြစ်ကို ရလိုပါ၏ဟု ( လျှောက်၏ )။ ရဟန်း သင့်အား သပိတ်သင်္ကန်းသည် ပြည့်စုံပြီလောဟု ( မေးတော်မူ၏ )။ မြတ်စွာဘုရား အကျွန်ုပ်အား သပိတ် သင်္ကန်းသည် မပြည့်စုံသေးပါဟု ( လျှောက်၏ )။ ရဟန်း မြတ်စွာဘုရား တို့သည် သပိတ်သင်္ကန်း မပြည့်စုံသူကို ရဟန်းပြုမပေးကုန်ဟု ( မိန့်တော်မူ၏ )။ ထို့နောက် အသျှင် ပုက္ကုသာတိမထေရ်သည် မြတ်စွာဘုရား၏ တရားတော်ကို အလွန်နှစ်သက်ဝမ်းမြောက်၍ နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုပြီးလျှင် သပိတ်သင်္ကန်းရှာ ဖဲသွား၏။

ထိုအခါ သပိတ်သင်္ကန်းရှာ လှည့်လည်သော အသျှင်ပုက္ကုသာတိမထေရ်ကို နွားမသည် လှည့်ပတ်၍ အသက်ဇီဝိန်မှချပြီ။ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ထိုင်နေကုန်၏၊ တစ်ခုသော အရပ်၌ ထိုင်နေကုန်သော ထိုရဟန်းတို့သည် မြတ်စွာဘုရားအား “မြတ်စွာဘုရား ပုက္ကုသာတိမည်သော အမျိုးကောင်းသားအား မြတ်စွာဘုရားသည် အကျဉ်းဖြစ်သော အဆုံးအမဖြင့် ဆုံးမတော်မူခဲ့၏၊ ထိုပုက္ကုသာတိ အမျိုးကောင်းသား သည် သေရှာလေပြီ၊ ထိုအမျိုးသား၏ လားရာဂတိကား အဘယ်ပါနည်း၊ တမလွန်ဘဝသည်ကား အဘယ်ပါနည်း”ဟု လျှောက်ထားကုန်၏။

ရဟန်းတို့ ပုက္ကုသာတိအမျိုးသားသည် ပညာရှိ၏၊ မှန်သောစကားကို ဆိုလေ့ရှိ၏၊ လောကုတ္တရာ တရား အားလျော်သော အကျင့်ရှိ၏၊ ငါ့ကိုလည်း လောကုတ္တရာတရားဟူသော အကြောင်းကြောင့် မပင် ပန်းစေ။ ရဟန်းတို့ ပုက္ကုသာတိအမျိုးသားသည် ငါးပါးကုန်သော အောက်ကာမဘုံ၌ဖြစ်သော သံယောဇဉ် တို့၏ ကုန်ခြင်းကြောင့် ( အဝိဟာဘုံ၌ ) ပဋိသန္ဓေနေ၍ ထိုသုဒ္ဓါဝါသဘုံ၌ပင် ပရိနိဗ္ဗာန်ပြုလတ္တံ့၊ ထိုအဝိဟာ ဘုံမှ ပြန်လည်ခြင်း သဘောမရှိဟု ( မိန့်တော်မူ၏ )။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ။

ဆယ်ခုမြောက် ဓာတုဝိဘင်္ဂသုတ် ပြီး၏။

--

၁၁-သစ္စဝိဘင်္ဂသုတ်

၃၇၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု မိန့်တော်မူ၏။ “မြတ်စွာဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ -

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော ( အလုံးစုံသောတရားတို့ကို ) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ ရဟန်းသည် သော်လည်းကောင်း၊ ပုဏ္ဏားသည်သော်လည်းကောင်း၊ နတ်သည်သော်လည်းကောင်း၊ မာရ်နတ်သည်သော်လည်းကောင်း၊ ဗြဟ္မာသည်သော်လည်းကောင်း လောက၌ တစ်စုံတစ်ယောက်သောသူမျှ မဟောစွမ်းနိုင်သော လေးပါးကုန်သော အရိယသစ္စာတို့ကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာပြုခြင်းဟူသော အတုမဲ့မြတ်သော ဓမ္မစကြာကို ဖြစ်စေခဲ့ပြီ။ အဘယ်လေးပါးတို့နည်းဟူမူ- ဒုက္ခဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ ထွင်ခြင်း ထင်စွာပြုခြင်း။ ဒုက္ခ၏ ဖြစ်ကြောင်းဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာ ပြုခြင်း။ ဒုက္ခ၏ချုပ်ရာဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေ ခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာပြုခြင်း။ ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအား ဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာပြုခြင်းတို့တည်း။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော ငါဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ ရဟန်းသည်သော်လည်းကောင်း၊ ပုဏ္ဏားသည်သော်လည်းကောင်း၊ နတ်သည်သော်လည်း ကောင်း၊ မာရ်နတ်သည်သော်လည်းကောင်း၊ ဗြဟ္မာသည်သော်လည်းကောင်း လောက၌ တစ်စုံတစ်ယောက် သောသူမျှ မဟောစွမ်းနိုင်သော ဤလေးပါးကုန်သော အရိယသစ္စာတို့ကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင် ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာ ပြုခြင်းဟူသော အတုမဲ့မြတ်သော ဓမ္မစကြာကို ဖြစ်စေခဲ့ပြီ။

ရဟန်းတို့ သာရိပုတြာမောဂ္ဂလာန်တို့ကို မှီဝဲကုန်လော့၊ ရဟန်းတို့ သာရိပုတြာ မောဂ္ဂလာန်တို့ကို ဆည်းကပ်ကုန်လော့၊ ထိုသာရိပုတြာ မောဂ္ဂလာန်တို့သည် ပညာရှိသော ရဟန်းတို့ ဖြစ်ကုန်၍ သီတင်းသုံး ဖော်တို့ကို ချီးမြှောက်တတ်ကုန်၏။ ရဟန်းတို့ ဥပမာအားဖြင့် သာရိပုတြာသည် မွေးသော မိခင်နှင့် တူ၏၊ မောဂ္ဂလာန်သည် မွေးပြီးသူငယ်ကို ကျွေးမွေးသူနှင့် တူ၏။ ရဟန်းတို့ သာရိပုတြာသည် သောတာ ပတ္တိဖိုလ်သို့ ဆောင်တတ်၏၊ မောဂ္ဂလာန်သည် အထက်ဖိုလ်တို့ကို ဆောင်တတ်၏။ ရဟန်းတို့ သာရိပုတြာသည် လေးပါးသော အရိယသစ္စာတို့ကို အကျယ်အားဖြင့် ပြောကြားခြင်းငှါ ဟောကြားခြင်းငှါ အပြားအားဖြင့် သိစေခြင်းငှါ အပြားအားဖြင့် သိအောင် ထားခြင်းငှါ ဖွင့်ပြခြင်းငှါ ဝေဖန်ချဲ့ထွင်ခြင်းငှါ ထင်စွာပြုခြင်းငှါ စွမ်းနိုင်၏ဟု မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီး၍ နေရာမှ ထကာ ကျောင်းတွင်းသို့ ဖဲကြွတော်မူ၏။

--

၃၇၂။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား ဖဲကြွတော်မူ၍ မကြာမီ ရဟန်းတို့ကို “ငါ့သျှင် ရဟန်းတို့”ဟု ( မိန့်ဆို၏ )။ “ငါ့သျှင်သာရိပုတြာ”ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်ကြား လျှောက်ထားကုန်၏။ အသျှင်သာရိပုတြာသည် ဤစကားကို ပြောဆို၏ -

ငါ့သျှင်ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော ( အလုံးစုံသော တရားတို့ကို ) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ ရဟန်းသည်သော်လည်းကောင်း၊ ပုဏ္ဏားသည်သော်လည်းကောင်း၊ နတ်သည်သော်လည်းကောင်း၊ မာရ်နတ်သည်သော်လည်းကောင်း၊ ဗြဟ္မာသည်သော်လည်းကောင်း လောက၌ တစ်စုံတစ်ယောက်သောသူမျှ မဟော စွမ်းနိုင်သော လေးပါးကုန်သော အရိယသစ္စာတို့ကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာပြုခြင်းဟူသော အတု မဲ့မြတ်သော ဓမ္မစကြာကို ဖြစ်စေတော်မူခဲ့ပြီ။

အဘယ်လေးပါးတို့နည်းဟူမူ- ဒုက္ခဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာ ပြုခြင်း။ ဒုက္ခ၏ ဖြစ်ကြောင်းဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာပြုခြင်း။ ဒုက္ခ၏ ချုပ်ရာဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြား အားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန် ချဲ့ထွင်ခြင်း ထင်စွာပြုခြင်း။ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေ ခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာပြုခြင်းတို့တည်း။

၃၇၃။ ငါ့သျှင်တို့ ဒုက္ခဖြစ်သော အရိယသစ္စာသည် အဘယ်နည်း။ ပဋိသန္ဓေတည်နေခြင်း ‘ဇာတိ’ သည်လည်း ဆင်းရဲဒုက္ခတည်း၊ အိုခြင်း'ဇရာ'သည်လည်း ဆင်းရဲဒုက္ခတည်း၊ သေခြင်း'မရဏ'သည်လည်း ဆင်းရဲဒုက္ခတည်း၊ စိုးရိမ်ပူပန်ခြင်း ‘သောက’ ငိုကြွေးခြင်း ‘ပရိဒေဝ’ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’ စိတ် ဆင်းရဲခြင်း ‘ဒေါမနဿ’ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’ တို့သည်လည်း ဆင်းရဲဒုက္ခတို့တည်း၊ အလိုရှိ အပ်သည်ကို မရခြင်းသည်လည်း ဆင်းရဲဒုက္ခတည်း၊ အကျဉ်းချုပ်အားဖြင့် ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဆင်းရဲဒုက္ခတည်း။

ငါ့သျှင်တို့ ပဋိသန္ဓေတည်နေရခြင်း ‘ဇာတိ’ သည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါ အစုအပေါင်း၌ ရှေးဦးစွာ ဖြစ်ခြင်း ပြည့်စုံစွာဖြစ်ခြင်း ( အမိဝမ်းတွင်း ဥခွံတွင်းသို့ ) သက်ဝင်ခြင်း ကိုယ် ထင်ရှားဖြစ်ခြင်း ခန္ဓာတို့၏ ထင်ရှားဖြစ်ခြင်း အာယတနတို့ကို ရခြင်းတည်း။ ငါ့သျှင်တို့ ဤတရား သဘောကို ပဋိသန္ဓေ တည်နေရခြင်း ‘ဇာတိ’ဟု ဆိုအပ်၏။

ငါ့သျှင်တို့ အိုမင်းခြင်း ‘ဇရာ'သည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါအစုအပေါင်း၌ အိုခြင်း အိုသောအခြင်းအရာ သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်ခြင်း အသက်၏ဆုတ်ယုတ်ခြင်း မျက်စိ စသော ဣန္ဒြေတို့၏ ရင့်ခြင်းတည်း။ ငါ့သျှင်တို့ ဤတရားသဘောကို အိုမင်းခြင်း ‘ဇရာ’ဟု ဆိုအပ်၏။

ငါ့သျှင်တို့ သေခြင်း'မရဏ'သည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါအစုအပေါင်းမှ ရွေ့လျောခြင်း ရွေ့လျောသောအခြင်းအရာ ပျက်စီးခြင်း ကွယ်ပျောက်ခြင်း သက်ပြတ်သေဆုံးခြင်း ကွယ်လွန် ခြင်း ခန္ဓာကိုယ်တို့၏ ပျက်စီးခြင်း အကောင်ပုပ်ကို ပြစ်ချခြင်း ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်းတည်း။ ငါ့သျှင်တို့ ဤတရားသဘောကို သေခြင်း'မရဏ’ဟု ဆိုအပ်၏။

--

ငါ့သျှင်တို့ စိုးရိမ်ပူပန်ခြင်းသည် အဘယ်နည်း။ ငါ့သျှင်တို့ အမှတ်မရှိ တစ်ခုခုသော ပျက်စီးခြင်းနှင့် မလွတ်ကင်းသော အမှတ်မရှိ တစ်ခုခုသော ဆင်းရဲကြောင်းနှင့် တွေ့သော သတ္တဝါ၏ စိုးရိမ်ခြင်း စိုးရိမ်သော အခြင်းအရာ စိုးရိမ်တတ်သူ၏အဖြစ် အတွင်း၌စိုးရိမ်ခြင်း အတွင်း၌ပြင်းစွာစိုးရိမ်ခြင်းတည်း။ ငါ့သျှင်တို့ ဤတရား သဘောကို စိုးရိမ်ပူပန်ခြင်း ‘သောက’ဟု ဆိုအပ်၏။

ငါ့သျှင်တို့ ငိုကြွေးခြင်းသည် အဘယ်နည်း။ ငါ့သျှင်တို့ အမှတ်မရှိ တစ်ခုခုသော ပျက်စီးခြင်းနှင့် မလွတ်ကင်းသော အမှတ်မရှိ တစ်ခုခုသော ဆင်းရဲကြောင်းနှင့်တွေ့သော သတ္တဝါ၏ငိုကြွေးခြင်း ပြင်းစွာ့ငိုကြွေးခြင်း ငိုကြွေးသောအခြင်းအရာ ပြင်းစွာငိုကြွေးသော အခြင်းအရာ ငိုကြွေးသောသူ၏အဖြစ် ပြင်းစွာ ငိုကြွေးသူ၏အဖြစ်တည်း။ ငါ့သျှင်တို့ ဤတရားသဘောကို ငိုကြွေးခြင်း ‘ပရိဒေဝ’ဟု ဆိုအပ်၏။

ငါ့သျှင်တို့ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ'သည် အဘယ်နည်း။ ငါ့သျှင်တို့ ကိုယ်၌ဖြစ်သော ဆင်းရဲခြင်း ကိုယ်၌ ဖြစ်သော မသာယာခြင်း ကိုယ်အတွေ့ကြောင့်ဖြစ်သော မသာယာသော ခံစားခြင်းတည်း။ ငါ့သျှင် တို့ ဤတရား သဘောကို ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’ဟု ဆိုအပ်၏။

ငါ့သျှင်တို့ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ'သည် အဘယ်နည်း။ ငါ့သျှင်တို့ စိတ်၌ဖြစ်သော ဆင်းရဲခြင်း စိတ်၌ဖြစ်သော မသာယာခြင်း စိတ်အတွေ့ကြောင့်ဖြစ်သော မသာယာသော ခံစားခြင်းတည်း။ ငါ့သျှင်တို့ ဤတရားသဘောကို စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်၏။

ငါ့သျှင်တို့ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ'သည် အဘယ်နည်း။ ငါ့သျှင်တို့ အမှတ်မရှိ တစ်ခုခုသော ပျက်စီးခြင်းနှင့် မလွတ်ကင်းသော အမှတ်မရှိ တစ်ခုခုသော ဆင်းရဲကြောင်းနှင့်တွေ့သော သတ္တဝါ၏ ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပင်ပန်းသူ၏အဖြစ် ပြင်းစွာပင်ပန်းသူ၏အဖြစ်တည်း။ ငါ့သျှင်တို့ ဤ တရားသဘောကို ပြင်းစွာ ပင်ပန်းခြင်း ‘ဥပါယာသ’ဟု ဆိုအပ်၏။

ငါ့သျှင်တို့ အလိုရှိသည်ကို မရ၍ ဆင်းရဲခြင်းသည် အဘယ်နည်း။ ငါ့သျှင်တို့ ပဋိသန္ဓေတည်နေရခြင်း ‘ဇာတိ’ သဘောရှိကုန်သော သတ္တဝါတို့အား “ငါတို့သည် ပဋိသန္ဓေတည်နေရခြင်း ‘ဇာတိ'သဘော မရှိကြကုန်မူ ကောင်းလေစွ၊ ပဋိသန္ဓေတည်နေရခြင်း ‘ဇာတိ'သည် ငါတို့ထံ မလာရောက်မူကား ကောင်း လေစွ”ဟု ဤသို့သာ တောင့်တခြင်းသည် ဖြစ်ပေါ်၏။ ဤသို့တောင့်တသော်လည်း ဤဇာတိမလာခြင်းကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိအပ်သည်ကို မရ၍ ဆင်းရဲခြင်းမည်၏။ ငါ့သျှင်တို့ အိုမင်းခြင်း ‘ဇရာ'သဘောရှိကုန်သော သတ္တဝါတို့အား။ပ။ ငါ့သျှင်တို့ ဖျားနာခြင်း ‘ဗျာဓိ'သဘောရှိ ကုန်သော သတ္တဝါတို့အား။ ငါ့သျှင်တို့ သေခြင်း ‘မရဏ'သဘောရှိကုန်သော သတ္တဝါတို့အား။ ငါ့သျှင်တို့ စိုးရိမ်ပူပန်ခြင်း ‘သောက’ ငိုကြွေးခြင်း ‘ပရိဒေဝ’ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’ သဘောရှိကုန်သော သတ္တဝါတို့အား “ငါတို့သည် စိုးရိမ်ပူပန်ခြင်း ‘သောက’ ငိုကြွေးခြင်း ‘ပရိဒေဝ’ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ'စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’ သဘောမရှိကြကုန်မူ ကောင်းလေစွ၊ စိုးရိမ်ပူပန်ခြင်း ‘သောက’ ငိုကြွေးခြင်း'ပရိဒေဝ’ ကိုယ်ဆင်းရဲခြင်း'ဒုက္ခ’ စိတ်ဆင်းရဲခြင်း'ဒေါမနဿ’ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ'တို့သည် ငါတို့ထံ မလာမူကား ကောင်းလေစွ”ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏။ ဤသို့တောင့်တသော်လည်း ဤသောကစသည်တို့ မလာခြင်းကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိအပ်သည်ကို မရ၍ ဆင်းရဲခြင်းမည်၏။

ငါ့သျှင်တို့ အကျဉ်းချုပ်အားဖြင့် ငါးပါးသောဥပါဒါနက္ခန္ဓာဆင်းရဲတို့ဟူသည် အဘယ်တို့နည်း၊ ဤ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ဟူသည် အဘယ်တို့နည်း။ ရုပ်ဥပါဒါနက္ခန္ဓာ ဝေဒနာဥပါဒါနက္ခန္ဓာ သညာ ဥပါဒါနက္ခန္ဓာ သင်္ခါရဥပါဒါနက္ခန္ဓာ ဝိညာဏ်ဥပါဒါနက္ခန္ဓာတို့ပေတည်း။ ငါ့သျှင်တို့ ဤ( ဥပါဒါနက္ခန္ဓာ ငါးပါး ) တို့ကို အကျဉ်းချုပ်အားဖြင့် ငါးပါးသော ဥပါဒါနက္ခန္ဓာဆင်းရဲတို့ဟု ဆိုအပ်ကုန်၏။ ငါ့သျှင်တို့ ဤ တရားသဘောအလုံးစုံကို ဒုက္ခဖြစ်သော အရိယသစ္စာဟု ဆိုအပ်၏။

--

၃၇၄။ ငါ့သျှင်တို့ ဒုက္ခ၏ဖြစ်ကြောင်းဖြစ်သော အရိယသစ္စာသည် အဘယ်နည်း၊ တစ်ဖန် ဘဝသစ် ကို ဖြစ်စေတတ်သော နှစ်သက် တပ်မက်ခြင်းနှင့်တကွဖြစ်သော ထိုထိုဘဝအာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တဏှာတည်း။ ဤတဏှာသည် အဘယ်နည်း၊ ကာမဘုံ၌ တပ်မက်ခြင်း ‘ကာမတဏှာ’၊ ရူပ, အရူပဘုံ တို့၌ တပ်မက်ခြင်း ‘ဘဝတဏှာ’၊ ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တပ်မက်ခြင်း ‘ဝိဘဝတဏှာ'တို့တည်း။ ငါ့သျှင်တို့ ဤတရားသဘောကို ဒုက္ခ၏ဖြစ်ကြောင်းဖြစ်သော အရိယသစ္စာဟု ဆိုအပ်၏။

ငါ့သျှင်တို့ ဒုက္ခ၏ချုပ်ရာ အရိယသစ္စာသည် အဘယ်နည်း။ ထိုတဏှာ၏သာလျှင် အကြွင်းမရှိ ကင်း့ချုပ်ရာ တဏှာကို စွန့်ရာ တဏှာကို ဝေးစွာစွန့်ရာ တဏှာမှ လွန်မြောက်ရာ တဏှာဖြင့် မကပ်ငြိရာ နိဗ္ဗာန်တည်း။ ငါ့သျှင်တို့ ဤတရားသဘောကို ဒုက္ခ၏ချုပ်ရာဖြစ်သော အရိယသစ္စာဟု ဆိုအပ်၏။

၃၇၅။ ငါ့သျှင်တို့ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သော အရိယသစ္စာသည် အဘယ်နည်း။ မြတ်သောအင်္ဂါရှစ်ပါးရှိသော ဤမဂ်အကျင့်ပင်တည်း။ ဤမဂ်အကျင့်သည် အဘယ်နည်း၊ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာကြံစည်ခြင်း ‘သမ္မာသင်္ကပ္ပ’၊ မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’၊ မှန်စွာ ပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’၊ မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’၊ မှန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’၊ မှန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ'တို့ပေတည်း။

ငါ့သျှင်တို့ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ'သည် အဘယ်နည်း။ ငါ့သျှင်တို့ ဆင်းရဲခြင်း ဒုက္ခသစ္စာ၌ သိမြင်ခြင်း၊ ဒုက္ခ၏ ဖြစ်ကြောင်း သမုဒယသစ္စာ၌ သိမြင်ခြင်း၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်၌ သိမြင်ခြင်း၊ ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်၌ သိမြင်ခြင်းတည်း။ ငါ့သျှင်တို့ ဤသိမြင်ခြင်းကို မှန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ဟု ဆိုအပ်၏။

ငါ့သျှင်တို့ မှန်စွာကြံစည်ခြင်း ‘သမ္မာသင်္ကပ္ပ'သည် အဘယ်နည်း။ ကာမအာရုံမှ လွတ်ကင်းသော ကြံခြင်း၊ ဖျက်ဆီးခြင်းမှ လွတ်ကင်းသော ကြံခြင်း၊ ညှဉ်းဆဲခြင်းမှ လွတ်ကင်းသော ကြံခြင်းတည်း၊ ငါ့သျှင် တို့ ဤကြံခြင်းကို မှန်စွာကြံစည်ခြင်း ‘သမ္မာသင်္ကပ္ပ’ဟု ဆိုအပ်၏။

ငါ့သျှင်တို့ မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ'သည် အဘယ်နည်း။ မုသားဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကုန်းချောခြင်းမှ ရှောင်ကြဉ်ခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော စကားကို ဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ပြိန်ဖျင်း သော စကားကို ဆိုခြင်းမှ ရှောင်ကြဉ်ခြင်းတည်း။ ငါ့သျှင်တို့ ဤရှောင်ကြဉ်ခြင်းကို မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’ဟု ဆိုအပ်၏။

ငါ့သျှင်တို့ မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ'သည် အဘယ်နည်း။ အသက်ကို သတ်ခြင်းမှ ရှောင် ကြဉ်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကာမဂုဏ်၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း တည်း။ ငါ့သျှင်တို့ ဤရှောင်ကြဉ်ခြင်းကို မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’ဟု ဆိုအပ်၏။

ငါ့သျှင်တို့ မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ'သည် အဘယ်နည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ အရိယာဖြစ်သော တပည့်သည် မှားယွင်းသော အသက်မွေးခြင်းကို ပယ်၍ မှန်စွာ အသက်မွေးခြင်းဖြင့် အသက်မွေး၏၊ ငါ့သျှင်တို့ ဤအသက်မွေးခြင်းကို မှန်စွာ အသက်မွေးခြင်း ‘သမ္မာအာဇီဝ’ဟု ဆိုအပ်၏။

--

ငါ့သျှင်တို့ မှန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ'သည် အဘယ်နည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော ယုတ်မာသော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏၊ ဖြစ်ပြီးသော ယုတ်မာသော အကုသိုလ်တရားတို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏၊ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တည်မြဲစေရန် မပျောက်ပျက်စေရန် တိုးတက်ဖြစ်ပွားစေရန် ပြန့်ပြောစေရန် ပွားများမှု ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏၊ ငါ့သျှင်တို့ ဤအားထုတ်ခြင်းကို မှန်စွာ အားထုတ်ခြင်း ‘သမ္မာဝါယာမ’ဟု ဆိုအပ်၏။

ငါ့သျှင်တို့ မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ'သည် အဘယ်နည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်အပ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည် ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ပ။ ခံစားခြင်း ‘ဝေဒနာ'တို့၌ ခံစားခြင်း'ဝေဒနာ’ဟု အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ပ။ စိတ်၌ စိတ်ဟု အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပြင်းစွာ အားထုတ့်အပ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက ၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ ခန္ဓာစသော သဘောတရားတို့၌ ခန္ဓာစသော သဘောတရားတို့ဟု အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ငါ့သျှင်တို့ ဤအောက်မေ့ခြင်း ‘သတိ'ကို မှန်စွာ အောက်မေ့ခြင်း ‘သမ္မာသတိ’ဟု ဆိုအပ်၏။

ငါ့သျှင်တို့ မှန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ'သည် အဘယ်နည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည် ခြင်း ‘ဝိတက်'နှင့်တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ'နှင့်တကွဖြစ်သော နီဝရဏတို့မှ ကင်းဆိတ် ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ'ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက်ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်၏တည်ကြည်ခြင်း ‘သမာဓိ'ကို ပွားစေတတ်သော ကြံစည်ခြင်း ‘ဝိတက်'မရှိသော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ'မရှိသော တည် ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ'ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ ပီတိကိုလည်း မတပ်မက်ခြင်းကြောင့် လျစ်လျူရှုလျက် နေ၏၊ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ငါ့သျှင်တို့ ဤစတုက္ကနည်းဈာန်လေးပါးကို မှန်စွာတည်ကြည်ခြင်း ‘သမ္မာ သမာဓိ’ဟု ဆိုအပ်၏။ ငါ့သျှင်တို့ ဤအင်္ဂါရှစ်ပါးရှိသော မဂ်ကို ဆင်းရဲ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက် ကြောင်း အကျင့်ဖြစ်သော အရိယသစ္စာဟု ဆိုအပ်၏။

ငါ့သျှင်တို့ ပူဇော်အထူးကို ခံယူတော်မူထိုက်သော ( အလုံးစုံသော တရားတို့ကို ) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ ရဟန်းသည် သော်လည်းကောင်း၊ ပုဏ္ဏားသည်သော်လည်းကောင်း၊ နတ်သည်သော်လည်းကောင်း၊ မာရ်နတ်သည်သော်လည်းကောင်း၊ ဗြဟ္မာသည်သော်လည်းကောင်း လောက၌ တစ်စုံတစ်ယောက်သောသူမျှ မဟောစွမ်းနိုင်သော ဤလေးပါးသော အရိယသစ္စာတို့ကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြား အားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာပြုခြင်းဟူသော အတုမဲ့မြတ်သော ဓမ္မစကြာကို ဖြစ်စေတော်မူခဲ့ပြီဟု ( မိန့်ဆို၏ )။

အသျှင်သာရိပုတြာသည် ဤတရားဒေသနာတော်ကို မိန့်တော်မူ၏။ ထိုရဟန်းတို့သည် အသျှင် သာရိပုတြာ၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ။

တစ်ဆယ့်တစ်ခုမြောက် သစ္စဝိဘင်္ဂသုတ် ပြီး၏။

--

၁၂-ဒက္ခိဏာဝိဘင်္ဂသုတ်

၃၇၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မဟာပဇာပတိဂေါတမီသည် အသစ်ဖြစ်သော အဝတ်အစုံကို ယူ၍ မြတ်စွာဘုရား ထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာရှိခိုး၍ သင့်လျော်ရာ၌ ထိုင်ကာ “မြတ်စွာဘုရား အကျွန်ုပ်သည် အသစ် ဖြစ်သော အဝတ်အစုံကို မြတ်စွာဘုရားကို ရည်စူး၍ ကိုယ်တိုင်ငင် ကိုယ်တိုင် ရက်ထားပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားသည် သနားသည်ကို အကြောင်းပြု၍ အကျွန်ုပ်၏ ထိုအဝတ်အစုံကို အလှူခံတော်မူ ပါလော့”ဟု ဤစကားကို လျှောက်ထား၏။ ဤသို့လျှောက်သည်ရှိသော် မြတ်စွာဘုရားသည် မဟာပဇာ ပတိဂေါတမီကို “ဂေါတမီ သံဃာအား ပေးလှူလော့၊ သင်သည် သံဃာကို ပေးလှူသည်ရှိသော် ငါ့ကိုလည်း ပူဇော်ပြီးဖြစ်လတ္တံ့၊ သံဃာကိုလည်း ပူဇော်ပြီးဖြစ်လတ္တံ့”ဟု ဤစကားကို မိန့်တော်မူ၏။

မဟာပဇာပတိဂေါတမီသည် နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားကို “မြတ်စွာဘုရား အကျွန်ုပ်သည် ဤအသစ်ဖြစ်သော အဝတ်အစုံကို မြတ်စွာဘုရားကို ရည်စူး၍ ကိုယ်တိုင်ငင် ကိုယ်တိုင်ရက်ထား ပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားသည် သနားသည်ကို အကြောင်းပြု၍ အကျွန်ုပ်၏ ထိုအဝတ်အစုံကို အလှူခံတော်မူပါလော့”ဟု ဤစကားကို လျှောက်ထားပြန်၏။ မြတ်စွာဘုရားသည် နှစ်ကြိမ်မြောက်လည်း မဟာပဇာပတိဂေါတမီကို “ဂေါတမီ သံဃာအား ပေးလှူလော့၊ သင်သည် သံဃာကို ပေးလှူသည်ရှိသော် ငါ့ကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့၊ သံဃာကိုလည်း ပူဇော်ပြီးဖြစ်လတ္တံ့”ဟု ဤစကားကို မိန့်တော်မူ၏။ မဟာပဇာပတိဂေါတမီသည် သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားကို “မြတ်စွာဘုရား အကျွန်ုပ်သည် ဤ အသစ်ဖြစ်သော အဝတ်အစုံကို မြတ်စွာဘုရားကို ရည်စူး၍ ကိုယ်တိုင်ငင် ကိုယ်တိုင်ရက်ထားပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားသည် သနားသည်ကို အကြောင်းပြု၍ အကျွန်ုပ်၏ ထိုအဝတ်အစုံကို အလှူခံတော်မူပါ လော့”ဟု ဤစကားကို လျှောက်ထားပြန်၏။ မြတ်စွာဘုရားသည် သုံးကြိမ်မြောက်လည်း မဟာပဇာပတိ ဂေါတမီကို “ဂေါတမီ သံဃာအား ပေးလှူလော့၊ သင်သည် သံဃာကို ပေးလှူသည်ရှိသော် ငါ့ကိုလည်း ပူဇော်ပြီးဖြစ်လတ္တံ့၊ သံဃာကိုလည်း ပူဇော်ပြီးဖြစ်လတ္တံ့”ဟု ဤစကားကို မိန့်တော်မူ၏။

၃၇၇။ ဤသို့မိန့်တော်မူသည်ရှိသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား “မြတ်စွာဘုရား မြတ်စွာဘုရားသည် မဟာပဇာပတိဂေါတမီ၏ အသစ်ဖြစ်သော အဝတ်အစုံကို အလှူခံတော်မူပါလော့၊ မြတ်စွာဘုရား မဟာပဇာပတိဂေါတမီသည် မြတ်စွာဘုရားအား ကျေးဇူးများပါ၏၊ မိထွေးဖြစ်ပါ၏၊ မြတ်စွာဘုရားကို ကြီးပွါးစေပါ၏၊ ကျွေးမွေးပါ၏၊ နို့ရည်ကို ပေးသူဖြစ်ပါ၏၊ မယ်တော်နတ်ရွာစံသည်ရှိ သော် မြတ်စွာဘုရားကို နို့တိုက်ပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားသည်လည်း မဟာပဇာပတိဂေါတမီ အား ကျေးဇူးများပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားကို အကြောင်းပြု၍ မဟာပဇာပတိဂေါတမီသည် ဘုရားကို ဆည်းကပ်ပါ၏၊ တရားကို ဆည်းကပ်ပါ၏၊ သံဃာကို ဆည်းကပ်ပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားကို အကြောင်းပြု၍ မဟာပဇာပတိဂေါတမီသည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ပါ၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏၊ မုသားပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏၊ မူးယစ်ခြင်း၏ အကြောင်းဖြစ်သော သေရည် သေရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားကို အကြောင်းပြု၍ မဟာပဇာပတိဂေါတမီသည် ဘုရား၌ မတုန်မလှုပ် သက် ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ တရား၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ သံဃာ၌ မတုန် မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ အရိယာတို့သည် နှစ်သက်အပ်သော သီလတို့နှင့် ပြည့်စုံ၏။ မြတ်စွာဘုရား မြတ်စွာဘုရားကို အကြောင်းပြု၍ မဟာပဇာပတိဂေါတမီသည် ဒုက္ခသစ္စာ၌ ယုံမှားကင်း၏၊ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ၌ ယုံမှားကင်း၏၊ ဒုက္ခချုပ်ရာ နိရောဓသစ္စာ၌ ယုံမှားကင်း၏၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သော မဂ္ဂသစ္စာ၌ ယုံမှားကင်း၏၊ မြတ်စွာဘုရား မြတ်စွာဘုရား သည်လည်း မဟာပဇာပတိဂေါတမီအား ကျေးဇူများပါ၏”ဟု ဤစကားကို လျှောက်ထား၏။

--

၃၇၈။ အာနန္ဒာ ဤစကားသည် ဤအတိုင်းမှန်၏၊ အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာ ဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဘုရားကို ဆည်းကပ်ခြင်းသို့ ရောက်၏၊ တရားကို ဆည်းကပ်ခြင်း သို့ ရောက်၏၊ သံဃာကို ဆည်းကပ်ခြင်းသို့ ရောက်၏။ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤ တပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ အသက်၏အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူးတုံ့ပြန်ခြင်းဟု ငါမဟော။

အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ အသက်သတ် ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင် ကြဉ်၏၊ မုသားပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ မူးယစ်ခြင်း၏ အကြောင်းဖြစ်သော သေရည်သေရက်ကို့သောက်ခြင်းမှ ရှောင်ကြဉ်၏၊ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုး ခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ အသက်၏အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူးတုံ့ပြန်ခြင်းဟု ငါမဟော။

အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဘုရား၌ မတုန် မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ တရား၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ သံဃာ၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ အရိယာတို့သည် နှစ်သက်အပ်သော သီလတို့ နှင့် ပြည့်စုံ၏။ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦး ကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းကို ကောင်း သော ကျေးဇူးတုံ့ပြန်ခြင်းဟု ငါမဟော။

အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဒုက္ခသစ္စာ၌ ယုံမှားကင်း၏၊ ဒုက္ခဖြစ်ကြောင်း ‘သမုဒယသစ္စာ’၌ ယုံမှားကင်း၏၊ ဒုက္ခချုပ်ရာ ‘နိရောဓသစ္စာ’၌ ယုံမှား ကင်း၏၊ ဒုက္ခ၏ ချုပ်ရာ ( နိဗ္ဗာန် )သို့ ရောက်ကြောင်းအကျင့်ဖြစ်သော ‘မဂ္ဂသစ္စာ’၌ ယုံမှားကင်း၏၊ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ အသက်၏အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူးတုံ့ပြန် ခြင်းဟု ငါမဟော။

၃၇၉။ အာနန္ဒာ ပုဂ္ဂလိကဖြစ်သော အလှူတို့သည် ဤတစ်ဆယ့်လေးပါးတို့တည်း။ အဘယ် တစ်ဆယ့် လေးပါးတို့နည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော ( အလုံးစုံသော တရားတို့ကို ) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဘုရားအား အလှူကို ပေးလှူ၏၊ ဤကား ရှေးဦးစွာသော ပုဂ္ဂလိက အလှူတည်း။ ပစ္စေကဗုဒ္ဓါအား အလှူကို ပေးလှူ၏၊ ဤကား နှစ်ခုမြောက် ပုဂ္ဂလိကအလှူတည်း။ ဘုရား၏တပည့်ဖြစ်သော ရဟန္တာအား အလှူကို ပေးလှူ၏၊ ဤကား သုံးခုမြောက် ပုဂ္ဂလိကအလှူ တည်း။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား လေးခုမြောက် ပုဂ္ဂလိကအလှူတည်း။

--

အနာဂါမ်ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား ငါးခုမြောက် ပုဂ္ဂလိကအလှူတည်း။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သောပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား ခြောက်ခုမြောက် ပုဂ္ဂလိကအလှူတည်း။ သကဒါဂါမ် ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား ခုနစ်ခုမြောက် ပုဂ္ဂလိကအလှူတည်း။ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သောပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား ရှစ်ခုမြောက် ပုဂ္ဂလိကအလှူတည်း။ သောတာပန်ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား ကိုးခုမြောက် ပုဂ္ဂလိကအလှူတည်း။ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့် သောပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား ဆယ်ခုမြောက် ပုဂ္ဂလိကအလှူ တည်း။ သာသနာပအခါ ဝိက္ခမ္ဘနပဟာန်ဖြင့် ရာဂကို ပယ်ခွါပြီးသော ကမ္မဝါဒီ ကိရိယဝါဒီပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား တစ်ဆယ့်တစ်ခုမြောက် ပုဂ္ဂလိကအလှူတည်း။ သီလရှိသော ပုထုဇဉ်ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား တစ်ဆယ့်နှစ်ခုမြောက် ပုဂ္ဂလိကအလှူတည်း။ သီလမရှိသော ပုထုဇဉ်အား အလှူကို ပေးလှူ၏၊ ဤကား တစ်ဆယ့်သုံးခုမြောက် ပုဂ္ဂလိကအလှူတည်း။ တိရစ္ဆာန်အား အလှူကို ပေးလှူ၏၊ ဤကား တစ်ဆယ့်လေးခုမြောက် ပုဂ္ဂလိကအလှူတည်း။

အာနန္ဒာ ထိုတစ်ဆယ့်လေးပါးသော အလှူတို့တွင် တိရစ္ဆာန်အား အလှူကို ပေးလှူ ၍ အလှူ၏ အကျိုး အဆ (ဘဝ) အရာ မချွတ်ဖြစ်လတ္တံ့။ သီလမရှိသော ပုထုဇဉ်အား အလှူကို ပေးလှူ ၍ အလှူ၏ အကျိုး့အဆ (ဘဝ) အထောင် မချွတ်ဖြစ်လတ္တံ့။ သီလရှိသော ပုထုဇဉ်အား အလှူကို ပေးလှူ ၍ အလှူ၏အကျိုး အဆ (ဘဝ) အသိန်း မချွတ်ဖြစ်လတ္တံ့။ သာသနာပအခါ ဝိက္ခမ္ဘနပဟာန်ဖြင့် ရာဂကို ပယ်ခွါပြီးသော ကမ္မဝါဒီ ကိရိယဝါဒီ ပုဂ္ဂိုလ်အား အလှူကို ပေးလှူ ၍ အလှူ၏ အကျိုး အဆ (ဘဝ) ပေါင်း ကုဋေအသိန်း မချွတ်ဖြစ်လတ္တံ့။ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အလှူ ကို ပေးလှူ၍ မရေတွက်နိုင် မနှိုင်းယှဉ်နိုင်သော အလှူ၏အကျိုး မချွတ်ဖြစ်လတ္တံ့။ သောတာပန်ပုဂ္ဂိုလ် အား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ သကဒါ ဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ သကဒါဂါမ်ပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သောပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။ အနာဂါမ်ပုဂ္ဂိုလ်အား အဘယ်ဆို ဖွယ်ရာရှိအံ့နည်း။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ ရဟန္တာအား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ ပစ္စေကဗုဒ္ဓါအား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ ပူဇော်အထူးကို ခံတော်မူထိုက်သော ( အလုံးစုံသော တရားတို့ကို ) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားအား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။

၃၈၀။ အာနန္ဒာ သံဃိကဖြစ်သော အလှူတို့သည် ဤခုနစ်ပါးတို့တည်း။ အဘယ်ခုနစ်ပါးတို့ဟူမူ- ဘုရားအမှူးရှိသော နှစ်မျိုးသော ရဟန်းယောက်ျား ရဟန်းမိန်းမသံဃာအား အလှူကို ပေးလှူ၏၊ ဤ ကား ရှေးဦးစွာသော သံဃိကအလှူတည်း။ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုပြီးသော် နှစ်မျိုးသော ရဟန်းယောက်ျား ရဟန်းမိန်းမ သံဃာအား အလှူကို ပေးလှူ၏၊ ဤကား နှစ်ခုမြောက် သံဃိကအလှူ တည်း။ ရဟန်းယောက်ျား သံဃာအား အလှူကို ပေးလှူ၏၊ ဤကား သုံးခုမြောက် သံဃိကအလှူ တည်း။ ရဟန်းမိန်းမ သံဃာအား အလှူကို ပေးလှူ၏၊ ဤကား လေးခုမြောက် သံဃိကအလှူတည်း။ အကျွန်ုပ်အား ဤမျှလောက် အရေအတွက်ရှိသော ရဟန်းယောက်ျားတို့ကိုလည်းကောင်း၊ ရဟန်းမိန်းမတို့ ကိုလည်းကောင်း သံဃာမှ ညွှန်းချပါကုန်လော့ဟု အလှူကို ပေးလှူ၏၊ ဤကား ငါးခုမြောက် သံဃိက အလှူတည်း။ အကျွန်ုပ်အား ဤမျှလောက် အရေအတွက်ရှိသော ရဟန်းယောက်ျားတို့ကို သံဃာမှ ညွှန်း ချပါကုန်လော့ဟု အလှူကို ပေးလှူ၏၊ ဤကား ခြောက်ခုမြောက် သံဃိကအလှူတည်း။ အကျွန်ုပ်အား ဤမျှလောက် အရေအတွက်ရှိသော ရဟန်းမိန်းမတို့ကို သံဃာမှ ညွှန်းချပါကုန်လော့ဟု အလှူကို ပေးလှူ၏၊ ဤကား ခုနစ်ခုမြောက် သံဃိကအလှူတည်း။

--

အာနန္ဒာ စင်စစ် အနာဂတ်ကာလ၌ ရဟန်းဟူသော အနွယ်မျှကို ဆောင်ကုန်သော သင်္ကန်း လည်ပင်း၌ ရောက်ကုန်သော သီလမရှိကုန်သော ယုတ်မာသော တရားရှိသူတို့သည် ဖြစ်ကုန်လတ္တံ့၊ ထို သီလမရှိကုန်သော သူတို့၌ သံဃာကို ရည်ညွှန်း၍ အလှူကို ပေးလှူကုန်လတ္တံ့၊ အာနန္ဒာ ထိုအခါ၌သော်လည်း သံဃိကအလှူကို မရေတွက်နိုင် မနှိုင်းယှဉ်နိုင်သော အကျိုးရှိ၏ဟု ငါဟော၏၊ အာနန္ဒာ မည်သည့် နည်းပရိယာယ်နှင့်မျှ သံဃိကဒါနထက် ပုဂ္ဂလိကဒါနကို အထူးသဖြင့် အကျိုးများ၏ဟု ငါမဟော။

၃၈၁။ အာနန္ဒာ အလှူ၏စင်ကြယ်ခြင်းတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း ဟူမူ- အာနန္ဒာ လှူသူဘက်မှ စင်ကြယ်၍ အလှူခံသူဘက်မှ မစင်ကြယ်သော အလှူလည်း ရှိ၏။ အာနန္ဒာ အလှူခံသူ ဘက်မှ စင်ကြယ်၍ လှူသူဘက်မှ မစင်ကြယ်သော အလှူလည်း ရှိ၏။ အာနန္ဒာ လှူသူဘက်မှလည်း မစင်ကြယ်၊ အလှူခံသူဘက်မှလည်းှ မစင်ကြယ်သော အလှူလည်း ရှိ၏။ အာနန္ဒာ လှူသူဘက်မှလည်း စင်ကြယ်၍ အလှူခံသူ ဘက်မှလည်းှ စင်ကြယ်သော အလှူလည်းရှိ၏။

အာနန္ဒာ လှူသူဘက်မှ စင်ကြယ်၍ အလှူခံသူဘက်မှ မစင်ကြယ်သော အလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည် သီလရှိ၏၊ စင်ကြယ်သော တရားရှိ၏၊ အလှူခံတို့သည် သီလမရှိ ကုန်၊ ယုတ်ညံ့သော အကျင့်တရားရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် လှူသူဘက်မှသာ့စင်ကြယ်၍ အလှူခံ သူဘက်မှ မစင်ကြယ်။

အာနန္ဒာ အလှူခံသူဘက်မှ စင်ကြယ်၍ လှူသူဘက်မှ မစင်ကြယ်သော အလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည် သီလမရှိ၊ ယုတ်ညံ့သော အကျင့်တရားရှိ၏၊ အလှူခံသူတို့သည် သီလရှိ ကုန်၏၊ စင်ကြယ်သော တရားရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် အလှူခံသူဘက်မှသာ စင်ကြယ်၍ လှူသူ ဘက်မှ မစင်ကြယ်။

အာနန္ဒာ လှူသူဘက်မှလည်း မစင်ကြယ်၊ အလှူခံသူဘက်မှလည်းှ မစင်ကြယ်သော အလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည်လည်း သီလမရှိ၊ ယုတ်ညံ့သော အကျင့်တရားရှိ၏၊ အလှူခံသူတို့သည်လည်း သီလမရှိကုန်၊ ယုတ်ညံ့သော အကျင့်တရားရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် လှူသူဘက်မှလည်း မစင်ကြယ် အလှူခံသူဘက်မှလည်း မစင်ကြယ်။

အာနန္ဒာ လှူသူဘက်မှလည်း စင်ကြယ်၍ အလှူခံသူဘက်မှလည်းှ စင်ကြယ်သောအလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည်လည်း သီလရှိ၏၊ စင်ကြယ်သောတရားရှိ၏၊ အလှူခံသူ တို့သည်လည်း သီလရှိကုန်၏၊ စင်ကြယ်သောတရားရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် လှူသူ ဘက်မှလည်း စင်ကြယ်၍ အလှူခံသူဘက်မှလည်း စင်ကြယ်၏။ အာနန္ဒာ လေးပါးကုန်သော အလှူစင် ကြယ်ခြင်းတို့သည် ဤလေးပါးတို့ပင်တည်းဟု ( မိန့်တော်မူ၏ )။

မြတ်စွာဘုရားသည် ဤတရားစကားကို ဟောတော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူပြီးနောက် ဤဂါထာကို ဟောတော်မူ၏ -

၃၈၂။ “အကြင်သီလရှိသော ပုဂ္ဂိုလ်သည် တရားသဖြင့်ရအပ်သော ပစ္စည်းကို ကောင်းစွာ ကြည်လင်သော စိတ်ရှိ၍ ကြီးကျယ်မြင့်မြတ်သော ကံ၏အကျိုးကို အလွန် ယုံကြည်လျက် သီလမရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူသည် လှူ သောပုဂ္ဂိုလ်ဘက်မှသာ စင်ကြယ်၏။

အကြင်သီလမရှိသော ပုဂ္ဂိုလ်သည် မတရားသဖြင့်ရအပ်သော ပစ္စည်းကို မကြည် လင်သော စိတ်ရှိ၍ ကြီးကျယ်မြင့်မြတ်သော ကံ၏အကျိုးကို မယုံကြည်ဘဲ သီလရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူသည် အလှူခံသော ပုဂ္ဂိုလ်ဘက်မှသာ စင်ကြယ်၏။

--

အကြင်သီလမရှိသော ပုဂ္ဂိုလ်သည် မတရားသဖြင့်ရအပ်သော ပစ္စည်းကို မကြည် လင်သော စိတ်ရှိ၍ ကြီးကျယ်မြင့်မြတ်သော ကံ၏အကျိုးကို မယုံကြည်ဘဲ သီလမရှိ သော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူကို ကြီးကျယ်ပြန့်ပြောသော အကျိုးရှိ၏ဟု ငါ မဟော။

အကြင်သီလရှိသော ပုဂ္ဂိုလ်သည် တရားသဖြင့်ရအပ်သော ပစ္စည်းကို ကြည်လင် သော စိတ်ရှိ၍ ကြီးကျယ်မြင့်မြတ်သော ကံ၏အကျိုးကို အလွန်ယုံကြည်လျက် သီလရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူသည် စင်စစ် ကြီးကျယ်ပြန့်ပြောသော အကျိုးရှိ၏ဟု ငါဟော၏။

အကြင် ရာဂကင်းပြီးသော ပုဂ္ဂိုလ်သည် တရားသဖြင့် ရအပ်သော ပစ္စည်းကို ကြည်လင်သော စိတ်ရှိ၍ ကြီးကျယ်မြင့်မြတ်သော ကံ၏အကျိုးကို အလွန်ယုံကြည်လျက် ရာဂကင်းပြီးသော ပုဂ္ဂိုလ်တို့အား အလှူကို လှူ၏၊ ထိုအလှူသည် စင်စစ် ရာဂမကင်း သော ပုဂ္ဂိုလ်တို့၏ အလှူဒါနတို့ထက် မြတ်၏ဟု ငါဟော၏ဟု (မိန့်တော်မူ၏)။

တစ်ဆယ့်နှစ်ခုမြောက် ဒက္ခိဏာဝိဘင်္ဂသုတ် ပြီး၏။

လေးခုမြောက် ဝိဘင်္ဂဝဂ် ပြီး၏။

--

၅-သဠာယတနဝဂ်

၁-အနာထပိဏ္ဍိကောဝါဒသုတ်

၃၈၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အနာထပိဏ်သူဌေးသည် ဖျားနာနေ၏၊ ဒုက္ခရောက်နေ၏၊ အသည်းအသန် မမာနေ၏၊ ထိုအခါ အနာထပိဏ်သူဌေးသည် ယောကျ်ားတစ်ယောက်ကို ခေါ်၍ “အမောင် ယောကျ်ား လာလော့၊ သင်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ငါ၏စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်လေလော့ ‘အသျှင်ဘုရား အနာထပိဏ်သူဌေးသည် ဖျားနာနေပါ၏၊ ဒုက္ခရောက် နေပါ၏၊ အသည်းအသန် မမာဖြစ်နေပါ၏၊ ထိုအနာထပိဏ်သူဌေးသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏’ ဟူ၍လည်း လျှောက်လေလော့၊ အသျှင်သာရိပုတြာထံသို့လည်း ချဉ်းကပ်၍ ငါ၏စကားဖြင့် အသျှင်သာရိပုတြာ၏ ခြေတော်တို့ကို ဦးတိုက်လေလော့ ‘အသျှင်ဘုရား အနာထပိဏ်သူဌေးသည် ဖျားနာ နေပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန် မမာဖြစ်နေပါ၏၊ ထိုအနာထပိဏ်သူဌေးသည် အသျှင် သာရိပုတြာ၏ ခြေတော်တို့ကို ဦးတိုက်ပါ၏’၊ ‘အသျှင်သာရိပုတြာ တောင်းပန်ပါ၏၊ အသျှင်သာရိပုတြာ သည် အနာထပိဏ်သူဌေး၏ အိမ်သို့ အစဉ်သနားသည်ကို အကြောင်းပြု၍ ချဉ်းကပ်တော်မူပါလော့’ ဟူ၍"လည်း လျှောက်လေလော့ဟု ပြောဆို၏။

“အသျှင်သူဌေး ကောင်းပါပြီ”ဟု ထိုယောကျ်ားသည် အနာထပိဏ်သူဌေးအား ပြန်ကြား၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို အလွန်ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်၏၊ သင့် လျော်ရာ၌ ထိုင်ပြီးသော ထိုယောကျ်ားသည် မြတ်စွာဘုရားကို “အသျှင်ဘုရား အနာထပိဏ်သူဌေးသည် ဖျားနာနေပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန် မမာဖြစ်နေပါ၏၊ ထိုအနာထပိဏ်သူဌေးသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏”ဟု ဤစကားကို လျှောက်ထား၏။ အသျှင်သာရိပုတြာထံ သို့လည်း ချဉ်းကပ်၍ အသျှင်သာရိပုတြာကို အလွန်ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ထိုင်၏၊ သင့် လျော်ရာ၌ထိုင်ပြီးသော ထိုယောကျ်ားသည် အသျှင်သာရိပုတြာကို “အသျှင်ဘုရား အနာထပိဏ်သူဌေးသည် ဖျားနာနေပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန် မမာဖြစ်နေပါ၏၊ ထိုအနာထပိဏ်သူဌေးသည် အသျှင်သာရိပုတြာ၏ ခြေတို့ကို ဦးတိုက်ပါ၏ ‘အသျှင်ဘုရားသာရိပုတြာ တောင်းပန်ပါ၏၊ အသျှင် သာရိပုတြာသည် အနာထပိဏ်သူဌေး၏ အိမ်သို့ အစဉ်သနားသည်ကို အကြောင်းပြု၍ ချဉ်းကပ်တော်မူပါ လော့’ဟူ၍"လည်း လျှောက်လိုက်ပါ၏ဟု ဤစကားကို လျှောက်ထား၏။ အသျှင်သာရိပုတြာသည် ဆိတ် ဆိတ်နေသဖြင့် လက်ခံတော်မူ၏။

၃၈၄။ ထိုအခါ အသျှင်သာရိပုတြာသည် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် အသျှင်အာနန္ဒာကို နောက်လိုက်ရဟန်းပြုကာ အနာထပိဏ်သူဌေး၏ အိမ်ဆီသို့ ချဉ်းကပ်၍ ခင်းထား သောနေရာ၌ ထိုင်နေပြီးသော အသျှင်သာရိပုတြာသည် အနာထပိဏ်သူဌေးကို “သူဌေး အသို့နည်း၊ သင့်အား ခံ့ကျန်းပါ၏လော၊ (ဣရိယာပထ) မျှတပါ၏လော၊ ဒုက္ခဝေဒနာတို့သည် ဆုတ်ယုတ်ပါကုန်၏ လော၊ မတိုးတက်ဘဲ ရှိပါကုန်၏လော၊ ဆုတ်ယုတ်သောအရာသည် ထင်ပါ၏လော၊ တိုးတက်သောအရာ သည် မထင်ဘဲ ရှိပါ၏လော”ဟု ဤစကားကို မေးမြန်းပြောဆို၏။

အသျှင်ဘုရားသာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ။ (ဣရိယာပထ) မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန် သော ဝေဒနာတို့သည် တိုးတက်ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သောအရာသည် ထင်ပါ၏၊ ဆုတ် ယုတ်သောအရာသည် မထင်ပါ။

--

အသျှင်ဘုရားသာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောကျ်ားသည် ထက်စွာသော ခက်ရင်းဖြင့် ထိပ်ကို ထိုး၍နှိပ်ဘိသကဲ့သို့ အသျှင်ဘုရားသာရိပုတြာ ဤအတူသာလျှင် အကျွန်ုပ်အား ပြင်းထန်သော လေတို့သည် ဦးထိပ်၌ ထိုးကျင့်ပါကုန်၏။ အသျှင်သာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှ တပါ၊ အကျွန်ုပ်အား ပြင်းထန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား့မဆုတ်ယုတ်ပါကုန်၊ တိုးတက်သောအရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သောအရာသည် မထင်ပါ။

အသျှင်ဘုရားသာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောကျ်ားသည် မြဲမြံခိုင်ခံ့သော သားရေကြိုး ပိုင်းဖြင့် ဦးခေါင်း၌ ရစ်ပတ်ခြင်းကို ပေးရာသကဲ့သို့ အသျှင်ဘုရားသာရိပုတြာ ဤအတူသာလျှင် အကျွန်ုပ် အား ဦးခေါင်း၌ အလွန်ပြင်းထန်ကုန်သော ဦးခေါင်းကိုက်သော ဝေဒနာတို့သည် ဖြစ်ပါကုန်၏။ အသျှင် ဘုရားသာရိပုတြာ အကျွန်ုပ်အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သောအရာသည် မထင်ပါ။

အသျှင်ဘုရားသာရိပုတြာ ဥပမာအားဖြင့် ကျွမ်းကျင်လိမ္မာသော နွားသတ်ယောကျ်ားသည်လည်း ကောင်း၊ နွားသတ်ယောကျ်ား၏ တပည့်သည်လည်းကောင်း ထက်လှစွာသော သားလှီးဓားဖြင့် ဝမ်းကို ရစ်၍ လှီးဘိသကဲ့သို့ အသျှင်ဘုရားသာရိပုတြာ ဤအတူသာလျှင် ပြင်းပြကုန်သော လေတို့သည် ဝမ်းကို ရစ်ကုန်၏၊ အသျှင်ဘုရားသာရိပုတြာ အကျွန်ုပ်အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါ ကုန်၊ တိုးတက်သောအရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သောအရာသည် မထင်ပါ။

အသျှင်ဘုရားသာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောကျ်ားနှစ်ယောက်တို့သည် အလွန်အား နည်းသော ယောကျ်ားကို အသီးအသီး လက်မောင်းတို့၌ ကိုင်၍ မီးကျီးစု၌ ကင်ကုန်ရာသကဲ့သို့ အပြန် အလှန် ကင်ကုန်ရာသကဲ့သို့ အသျှင်ဘုရားသာရိပုတြာ ဤအတူသာလျှင် ခန္ဓာကိုယ်၌ ပြင်းပြင်းထန်ထန် ပူလောင်ခြင်းသည် ဖြစ်ပါ၏။ အသျှင်ဘုရားသာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက်သောအရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သောအရာသည် မထင်ပါဟု (လျှောက်ထား၏)။

၃၈၅။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “စက္ခုပသာဒကို ငါမစွဲလမ်းအံ့၊ စက္ခုပသာဒ ကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “သောတပသာဒကို ငါမစွဲလမ်းအံ့၊ သောတပသာဒကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ဃာနပသာဒကို ငါမစွဲလမ်းအံ့၊ ဃာနပသာဒကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ဇိဝှါပသာဒကို ငါမစွဲလမ်းအံ့၊ ဇိဝှါပသာဒကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤ သို့ကျင့်ရမည် “ကာယပသာဒကို ငါမစွဲလမ်းအံ့၊ ကာယပသာဒကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရ မည် “မနောဒွါရကို ငါမစွဲလမ်းအံ့၊ မနောဒွါရကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ (၁)

--

သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ရူပါရုံကို ငါမစွဲလမ်းအံ့၊ ရူပါရုံကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “သဒ္ဒါရုံကို ငါမစွဲလမ်းအံ့။ပ။ ဂန္ဓာရုံကို ငါမစွဲလမ်းအံ့။ပ။ ရသာရုံကို ငါမစွဲ လမ်းအံ့။ပ။ ဖောဋ္ဌဗ္ဗာရုံကို ငါမစွဲလမ်းအံ့။ပ။ ဓမ္မာရုံကို ငါမစွဲလမ်းအံ့၊ ဓမ္မာရုံကို မှီ၍ဖြစ်သော ဝိညာဏ် သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ (၂)

သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “စက္ခုဝိညာဏ်ကို ငါမစွဲလမ်းအံ့၊ စက္ခုဝိညာဏ်ကို မှီ၍့ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “သောတဝိညာဏ်ကို ငါမစွဲလမ်းအံ့။ပ။ ဃာနဝိညာဏ်ကို ငါမစွဲ လမ်းအံ့။ပ။ ဇိဝှါဝိညာဏ်ကို ငါမစွဲလမ်းအံ့။ပ။ ကာယဝိညာဏ်ကို ငါမစွဲလမ်းအံ့။ပ။ မနောဝိညာဏ်ကို ငါ မစွဲလမ်းအံ့၊ မနောဝိညာဏ်ကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ (၃)

သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “စက္ခုသမ္ဖဿကို ငါမစွဲလမ်းအံ့၊ စက္ခုသမ္ဖဿကို မှီ၍ ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “သောတသမ္ဖဿကို ငါမစွဲလမ်းအံ့။ပ။ ဃာနသမ္ဖဿကို ငါမစွဲ လမ်းအံ့။ပ။ ဇိဝှါသမ္ဖဿကို ငါမစွဲလမ်းအံ့။ပ။ ကာယသမ္ဖဿကို ငါမစွဲလမ်းအံ့။ပ။ မနောသမ္ဖဿကို ငါမစွဲ လမ်းအံ့၊ မနောသမ္ဖဿကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့ လျှင် ကျင့်ရမည်။ (၄)

သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “စက္ခုသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို ငါမစွဲ လမ်းအံ့၊ စက္ခုသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ် လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “သောတ သမ္ဖဿ ကြောင့်ဖြစ်သော ဝေဒနာကို ငါမစွဲလမ်းအံ့။ပ။ ဃာနသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို ငါမစွဲ လမ်းအံ့။ပ။ ဇိဝှါသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို ငါမစွဲလမ်းအံ့။ပ။ ကာယသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို ငါမစွဲလမ်းအံ့။ပ။ မနောသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို ငါမစွဲလမ်းအံ့၊ မနောသမ္ဖဿ ကြောင့် ဖြစ်သော ဝေဒနာကို မှီ၍ ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ (၅)

၃၈၆။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ပထဝီဓာတ်ကို ငါမစွဲလမ်းအံ့၊ ပထဝီဓာတ် ကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “အာပေါဓာတ်ကို ငါမစွဲလမ်းအံ့။ပ။ တေဇောဓာတ်ကို ငါမစွဲလမ်းအံ့။ပ။ ဝါယောဓာတ်ကို ငါမစွဲလမ်းအံ့။ပ။ အာကာသဓာတ်ကို ငါမစွဲလမ်းအံ့။ပ။ ဝိညာဏဓာတ်ကို ငါမစွဲလမ်းအံ့၊ ဝိညာဏဓာတ်ကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤ သို့လျှင် ကျင့်ရမည်။ (၆)

သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ရုပ်ကို ငါမစွဲလမ်းအံ့၊ ရုပ်ကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည် “ဝေဒနာကို ငါမစွဲလမ်းအံ့။ပ။ သညာကို ငါမစွဲလမ်းအံ့။ သင်္ခါရတို့ကို ငါမစွဲလမ်းအံ့။ပ။ ဝိညာဏ်ကို ငါမစွဲလမ်းအံ့၊ ဝိညာဏ်ကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ (၇)

--

သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “အာကာသာနဉ္စာယတနဈာန်ကို ငါမစွဲလမ်းအံ့၊ အာကာသာနဉ္စာယတနဈာန်ကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့ လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ဝိညာဏဉ္စာယတနဈာန်ကို ငါမစွဲ လမ်းအံ့။ပ။ အာကိဉ္စညာယတနဈာန်ကို ငါမစွဲလမ်းအံ့။ပ။ နေဝသညာနာသညာယတနဈာန်ကို ငါမစွဲလမ်း အံ့၊ နေဝသညာနာသညာယတနဈာန်ကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ (၈)

သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ဤမျက်မှောက်ကာလကို ငါမစွဲလမ်းအံ့၊ ဤ မျက်မှောက်ကာလကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရ့မည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “တမလွန်လောကကို ငါမစွဲလမ်းအံ့၊ တမလွန် လောကကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “မြင်ရ ကြားရ တွေ့ရ သိရ ရောက်ရ ရှာမှီးရ အဖန် ဖန်ရှာမှီးရ စိတ်ဖြင့်လေ့လာရသော အကြင်အာရုံသည် ရှိ၏၊ ထိုအာရုံကိုလည်း ငါမစွဲလမ်းအံ့၊ ထိုအာရုံကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်ဟု (မိန့်ဆို၏)။ (၉)

၃၈၇။ ဤသို့ မိန့်ဆိုသည်ရှိသော် အနာထပိဏ်သူဌေးသည် ငိုကြွေး၏၊ မျက်ရည်တို့ကို ဖြစ်စေ၏။ ထိုအခါ အသျှင်အာနန္ဒာသည် အနာထပိဏ်သူဌေးအား “သူဌေး သင်သည် စည်းစိမ်တို့၌ ငြိကပ်သလော၊ သူဌေး သင်သည် ကုသိုလ်တို့၌ ဆုတ်နစ်သလော”ဟု (မိန့်ဆို၏)။ အသျှင်ဘုရားအာနန္ဒာ အကျွန်ုပ်သည် စည်းစိမ်တို့၌ မငြိကပ်ပါ၊ ကုသိုလ်တို့၌လည်း မဆုတ်နစ်ပါ၊ စင်စစ်သော်ကား အကျွန်ုပ်သည် ရှည်မြင့်စွာ သော ကာလပတ်လုံး မြတ်စွာဘုရားကို ဆည်းကပ်ပါ၏၊ စိတ်ကို ပွါးစေတတ်သော ရဟန်းတို့ကိုလည်း ဆည်းကပ်ပါ၏၊ သို့သော်လည်း အကျွန်ုပ်သည် ဤသို့သဘောရှိသော တရားစကားကို မကြားရဖူးပါဟု (လျှောက်၏)။ သူဌေး အဝတ်ဖြူဝတ် လူတို့မှာ ဤသို့ပင် သဘောရှိသော တရားစကားသည် မထင်နိုင်၊ သူဌေး ဤသို့ သဘောရှိသော တရားစကားသည် ရဟန်းတို့မှာသာ ထင်နိုင်၏ဟု (မိန့်ဆို၏)။ အသျှင် ဘုရားသာရိပုတြာ တိုက်တွန်းပါ၏၊ အဝတ်ဖြူဝတ်သော လူတို့မှာလည်း ဤသို့သဘောရှိသော တရား စကားကို ထင်ပါစေ၊ အသျှင်ဘုရား ဉာဏ်မျက်စိ၌ ကိလေသာမြူနည်းသော သဘောရှိကုန်သော အမျိုး ကောင်းသားတို့သည် ရှိကြပါကုန်၏၊ တရားတော်ကို မနာကြားရခြင်းကြောင့် တရားတော်မှ ဆုတ်ယုတ်နေ ကြပါကုန်၏၊ တရားတော်ကို သိလွယ်သူတို့သည် ရှိပါကုန်လတ္တံ့ဟု (လျှောက်၏)။

ထိုအခါ အသျှင်သာရိပုတြာနှင့် အသျှင်အာနန္ဒာတို့သည် အနာထပိဏ်သူဌေးကို ဤအဆုံးအမဖြင့် ဆုံးမ၍ နေရာမှထကာ ဖဲသွားကြကုန်၏။ ထို့နောက် အနာထပိဏ်သူဌေးသည် အသျှင်သာရိပုတြာနှင့် အသျှင်အာနန္ဒာတို့ ဖဲသွား၍ မကြာမီ ကွယ်လွန်လေ၏၊ တုသိတာနတ်ပြည်၌ ဖြစ်လေ၏။ ထိုအခါ အနာထပိဏ်နတ်သားသည် သန်းခေါင်ယံအချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းဖြင့် အလုံးစုံသော ဇေတဝန်ကျောင်းကို ထွန်းလင်းတောက်ပစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာရှိခိုး၍ သင့် လျော်သော အရပ်၌ ရပ်တည်၏၊ သင့်လျော်ရာ၌ ရပ်တည်ပြီးသော် အနာထပိဏ်နတ်သားသည် မြတ်စွာဘုရားကို ဂါထာတို့ဖြင့် လျှောက်၏ -

“ဇေတဝန်ကျောင်းတော်သည် ရဟန်းအပေါင်းတို့၏ အမြဲနေရာလည်း ဖြစ်၏၊ တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရား၏ သီတင်းသုံးရာလည်း ဖြစ်၏၊ ထို့ကြောင့် အကျွန်ုပ်အား နှစ်သိမ့်ခြင်း ‘ပီတိ’ ကို ဖြစ်စေပါ၏။

အလုပ်ကိစ္စ၊ အသိဉာဏ်၊ တည်ကြည်မှု၊ ကိုယ်ကျင့်သီလ၊ မြတ်သောအသက် မွေးမှု၊ ဤတရားကြောင့် သတ္တဝါတို့သည် စင်ကြယ်ကုန်၏။ အမျိုးအနွယ်ကြောင့်လည်းကောင်း၊ ဥစ္စာကြောင့်လည်းကောင်း စင်ကြယ်သည် မဟုတ်ကုန်။

--

ထို့ကြောင့်သာလျှင် ပညာရှိသော ပုဂ္ဂိုလ်သည် မိမိ၏ အကျိုးစီးပွားကို ရှုမျှော်၍ သင့်လျော်သော အကြောင်းအားဖြင့် တရားကို စူးစမ်းဆင်ခြင်ရာ၏၊ ဤသို့ ဆင်ခြင် သော် ထိုအရိယာမဂ်တရား၌ စင်ကြယ်၏။

အကြင် အမှတ်မရှိသော ရဟန်းသည် တစ်ဖက်ကမ်းနိဗ္ဗာန်သို့ ရောက်၏၊ ထို ရဟန်းသည် တစ်ဖက်ကမ်းနိဗ္ဗာန်သို့ ရောက်ရုံမျှသာလျှင် မြတ်၏၊ သာရိပုတြာသာလျှင် ပညာဖြင့်လည်းကောင်း၊ သီလဖြင့်လည်းကောင်း၊ ငြိမ်သက်ခြင်းဖြင့်လည်းကောင်း (ထို တစ်ဖက်ကမ်း နိဗ္ဗာန်ရောက် ရဟန်းဟူသမျှထက်) မြတ်၏”ဟု (လျှောက်၏)။

အနာထပိဏ်နတ်သားသည် ဤစကားကို လျှောက်ထား၏။ မြတ်စွာဘုရားသည် အခွင့်ပြုတော်မူ၏။ ထိုအခါ အနာထပိဏ်နတ်သားသည် “မြတ်စွာဘုရားသည် ငါ၏ စကားကို အခွင့်ပြုတော်မူ၏”ဟု မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုကာ ထိုအရပ်၌သာလျှင် ကွယ်လေ၏။

၃၈၈။ ထိုအခါ မြတ်စွာဘုရားသည် ထိုညဉ့်ကို လွန်သဖြင့် ရဟန်းတို့ကို မိန့်တော်မူ၏ - ရဟန်းတို့ ဤညဉ့်၌ နတ်သားတစ်ဦးသည် သန်းခေါင်ယံအချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းဖြင့် အလုံးစုံသော ဇေတဝန်ကျောင်းကို ထွန်းလင်းတောက်ပစေလျက် ငါ့ထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာရှိခိုးကာ သင့်လျော်ရာ၌ ရပ်တည်၏၊ သင့်လျော်ရာ၌ ရပ်တည်ပြီးသော် ထိုနတ်သားသည် ငါ့ကို ဂါထာတို့ဖြင့် လျှောက်ထား၏ -

“ဇေတဝန်ကျောင်းတော်သည် ရဟန်းအပေါင်းတို့၏ အမြဲနေရာလည်း ဖြစ်၏၊ တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရား၏ သီတင်းသုံးရာလည်းဖြစ်၏၊ ထို့ကြောင့် အကျွန်ုပ်အား နှစ်သိမ့်ခြင်း ‘ပီတိ'ကို ဖြစ်စေပါ၏။

အလုပ်ကိစ္စ၊ အသိဉာဏ်၊ တည်ကြည်မှု၊ ကိုယ်ကျင့်သီလ၊ မြတ်သောအသက်မွေးမှု၊ ဤတရားကြောင့် သတ္တဝါတို့သည် စင်ကြယ်ကုန်၏၊ အမျိုးအနွယ်ကြောင့်လည်းကောင်း၊ ဥစ္စာကြောင့်လည်းကောင်း စင်ကြယ်သည် မဟုတ်ကုန်။

ထို့ကြောင့်သာလျှင် ပညာရှိသော ပုဂ္ဂိုလ်သည် မိမိ၏ အကျိုးစီးပွားကို ရှုမျှော်၍ သင့်လျော်သော အကြောင်းအားဖြင့် တရားကို စူးစမ်းဆင်ခြင်ရာ၏၊ ဤသို့ ဆင်ခြင် သော် ထိုအရိယာမဂ်တရား၌ စင်ကြယ်၏။

အကြင် အမှတ်မရှိသော ရဟန်းသည် တစ်ဖက်ကမ်းနိဗ္ဗာန်သို့ ရောက်၏၊ ထို ရဟန်းသည် တစ်ဖက်ကမ်းနိဗ္ဗာန်သို့ ရောက်ရုံမျှသာလျှင် မြတ်၏၊ သာရိပုတြာသာလျှင် ပညာဖြင့်လည်းကောင်း၊ သီလဖြင့်လည်းကောင်း၊ ငြိမ်သက်ခြင်းဖြင့်လည်းကောင်း (ထို တစ်ဖက်ကမ်း နိဗ္ဗာန်ရောက် ရဟန်းဟူသမျှထက်) မြတ်၏”ဟု (လျှောက်၏)။

ရဟန်းတို့ ထိုနတ်သားသည် ဤဆိုခဲ့သည့် စကားကို လျှောက်ထား၏ “မြတ်စွာဘုရားသည် ငါ၏ စကားကို အခွင့်ပြုတော်မူ၏”ဟု ငါ့ကို ရှိခိုး၍ အရိုအသေပြုကာ ထိုအရပ်၌သာလျှင် ကွယ်လေ၏ဟု (မိန့် တော်မူ၏)။

ဤသို့ မိန့်တော်မူသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ - “မြတ်စွာဘုရား ထိုနတ်သားသည် အနာထပိဏ်နတ်သားဖြစ်လိမ့်မည် ထင်ပါသည်၊ မြတ်စွာဘုရား အနာထပိဏ်သူဌေးသည် အသျှင်သာရိပုတြာကို အလွန်ကြည်ညိုပါ၏ဟု”ဟု (လျှောက်ထား၏)။ အာနန္ဒာ ကောင်းပေစွ ကောင်းပေစွ၊ အာနန္ဒာ ကြံစည်တွေးဆခြင်းဖြင့် ရောက်သင့် ရောက်ထိုက်သော အရာမှန် သမျှသို့ သင် ရောက်ရှိနေ၏၊ အာနန္ဒာ ထိုနတ်သားသည် အနာထပိဏ်နတ်သားပင်တည်းဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏၊ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်လေပြီ။

ရှေးဦးစွာသော အနာထပိဏ္ဍိကောဝါဒသုတ် ပြီး၏။

--

၂-ဆန္ဒောဝါဒသုတ်

၃၈၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာ အသျှင်မဟာစုန္ဒနှင့် အသျှင်ဆန္ဒ့တို့သည် ဂိဇ္ဈကုဋ်တောင်၌ နေကြကုန်၏။ ထိုအခါ အသျှင်ဆန္ဒသည် ဖျားနာနေ၏၊ ဒုက္ခရောက်နေ၏၊ အသည်းအသန် မမာနေ၏။ ထိုအခါ အသျှင်သာရိပုတြာသည် ညချမ်းအခါ ကိန်းအောင်းရာမှ ထလျက် မဟာစုန္ဒထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်မဟာစုန္ဒကို ‘ငါ့သျှင်စုန္ဒ လာသွားကုန်အံ့၊ အသျှင်ဆန္ဒထံ လူမမာ မေးရန် ချဉ်းကပ်ကုန်အံ့”ဟု ဤစကားကို ပြောဆို၏။ “ငါ့သျှင် ကောင်းပါပြီ”ဟု အသျှင်မဟာစုန္ဒသည် အသျှင်သာရိပုတြာအား ပြန်ကြားလျှောက်ထား၏။

ထိုအခါ အသျှင်သာရိပုတြာနှင့် အသျှင်မဟာစုန္ဒတို့သည် အသျှင်ဆန္ဒထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင် ဆန္ဒနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီး ဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ သင့်လျော်ရာ၌ ထိုင်ပြီးသော် အသျှင်သာရိပုတြာသည် အသျှင်ဆန္ဒအား “ငါ့သျှင်ဆန္ဒ အသို့နည်း၊ ခံ့ကျန်း၏လော၊ (ဣရိယာပထ) မျှတ၏လော၊ သင့်အား ဒုက္ခဝေဒနာတို့သည် ဆုတ်ယုတ်ကုန်၏လော၊ မတိုးတက်ဘဲ ရှိကုန်၏လော၊ ဆုတ်ယုတ်သော အရာသည် ထင်၏လော၊ တိုးတက်သော အရာသည် မထင်ဘဲ ရှိ၏လော”ဟု ဤစကားကို ပြောဆို၏။

ငါ့သျှင်သာရိပုတြာ မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်သော ဝေဒနာ တို့သည် တိုးတက်ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည် ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ၊ ငါ့သျှင်သာရိပုတြာ ဥပမာအားဖြင့် အားရှိသောယောကျ်ားသည် ထက်စွာသော ခက်ရင်းဖြင့် ထိပ်ကို ထိုး၍နှိပ်ဘိသကဲ့သို့ ငါ့သျှင်သာရိပုတြာ ဤအတူသာလျှင် အကျွန်ုပ်အား ပြင်းထန် သော လေတို့သည် ဦးထိပ်၌ ထိုးကျင့်ပါကုန်၏။ ငါ့သျှင်သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ ငါ့အား ပြင်းထန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ။

--

ငါ့သျှင်သာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောကျ်ားသည် မြဲမြံခိုင်ခံ့သော သားရေကြိုး ပိုင်းဖြင့် ဦးခေါင်း၌ ရစ်ပတ်ခြင်းကို ပေးရာသကဲ့သို့ ငါ့သျှင်သာရိပုတြာ ဤအတူသာလျှင် ငါ့အား ဦးခေါင်း၌ အလွန်ပြင်းထန်ကုန်သော ဦးခေါင်းကိုက်သော ဝေဒနာတို့သည် ဖြစ်ပါကုန်၏။ ငါ့သျှင် သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ ငါ့အား ပြင်းထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ။

ငါ့သျှင်သာရိပုတြာ ဥပမာအားဖြင့် ကျွမ်းကျင်လိမ္မာသော နွားသတ်ယောကျ်ားသည်လည်းကောင်း၊ နွားသတ်ယောကျ်ား၏ တပည့်သည်လည်းကောင်း ထက်လှစွာသော သားလှီးဓားဖြင့် ဝမ်းကို ရစ်၍ လှီးဘိသကဲ့သို့ ငါ့သျှင်သာရိပုတြာ ဤအတူသာလျှင် ငါ့အား ပြင်းထန်ကုန်သော လေတို့သည် ဝမ်းဗိုက်ကို ရစ်ကုန်၏၊ ငါ့သျှင် သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ ငါ့အား ပြင်းထန်ကုန် သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက် သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ။

ငါ့သျှင်သာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောကျ်ားနှစ်ယောက်တို့သည် အလွန်အားနည်းသော ယောကျ်ားကို အသီးအသီး လက်မောင်းတို့၌ ကိုင်၍ မီးကျီးစု၌ ကင်ကုန်ရာသကဲ့သို့ အပြန်အလှန် ကင်ကုန်ရာသကဲ့သို့ ငါ့သျှင်သာရိပုတြာ ဤအတူသာလျှင် ငါ့အား ခန္ဓာကိုယ်၌ ပြင်းပြင်းထန်ထန် ပူလောင် ခြင်းသည် ဖြစ်ပါ၏။ ငါ့သျှင်သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ ငါ့အား ပြင်း ထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ၊ ငါ့သျှင်သာရိပုတြာ ဓား ကို အသုံးပြုတော့မည်၊ အသက်ရှင်ခြင်းကို မလိုလားတော့ပါဟု (ပြောဆို၏)။

၃၉၀။ အသျှင်ဆန္ဒသည် ဓားလက်နက်ကို အသုံးမပြုပါလင့်၊ အသျှင်ဆန္ဒသည် မျှတပါလော့၊ ငါတို့သည့်အသျှင်ဆန္ဒ မျှတသည်ကို အလိုရှိပါကုန်၏၊ အကယ်၍ အသျှင်ဆန္ဒအား သင့်လျော်သော ဘောဇဉ်တို့သည် မရှိကုန်အံ့၊ ငါသည် အသျှင်ဆန္ဒအတွက် သင့်လျော်သော ဘောဇဉ်တို့ကို ရှာပါအံ့၊ အကယ်၍ အသျှင်ဆန္ဒအား သင့်လျော်သော ဆေးတို့သည် မရှိကုန်အံ့၊ ငါသည် အသျှင်ဆန္ဒအတွက် သင့်လျော်သော ဆေးတို့ကို ရှာပါအံ့၊ အကယ်၍ အသျှင်ဆန္ဒအား သင့်လျော်သော အလုပ်အကျွေးသည် မရှိအံ့၊ ငါသည် အသျှင်ဆန္ဒကို လုပ်ကျွေးပါအံ့၊ အသျှင်ဆန္ဒသည် ဓားလက်နက်ကို အသုံးမပြုပါလင့်၊ အသျှင်ဆန္ဒသည် မျှတပါလော့၊ ငါတို့သည် အသျှင်ဆန္ဒ မျှတသည်ကို အလိုရှိပါကုန်၏ဟု (ပြောဆိုကြကုန်၏)။

ငါ့သျှင်သာရိပုတြာ ငါ့အား သင့်လျော်သော ဘောဇဉ်မရှိသည် မဟုတ်၊ ငါ့အား သင့်လျော်သော် ဆေးလည်း မရှိသည် မဟုတ်၊ ငါ့အား သင့်လျော်သော အလုပ်အကျွေးလည်း မရှိသည် မဟုတ်။ ငါ့သျှင် သာရိပုတြာ စင်စစ် ငါသည် ဆရာဖြစ်သော မြတ်စွာဘုရားကို ရှည်မြင့်စွာသော ကာလပတ်လုံး စိတ်လက် ပါပါသာလျှင် လုပ်ကျွေးခဲ့ပြီ၊ စိတ်လက်မပါဘဲ လုပ်ကျွေးခဲ့သည် မဟုတ်၊ ငါ့သျှင်သာရိပုတြာ ဆရာဖြစ်သော မြတ်စွာဘုရားကို စိတ်လက် ပါပါသာလျှင် လုပ်ကျွေး၍ စိတ်လက်မပါဘဲ လုပ်ကျွေးခြင်း မဟုတ်ခြင်းသည် သာလျှင် တပည့်အား လျော်၏။ ငါ့သျှင့်သာရိပုတြာ ရဟန်းဆန္ဒသည် ကပ်ရောက်ရာ မရှိသည်ဖြစ်၍ ဓားလက်နက်ကို အသုံးပြုလတ္တံ့ ဟူ၍သာလျှင် သင်မှတ်ပါလော့ဟု (ပြောဆို၏)။ အသျှင်ဆန္ဒသည် အကယ် ၍ ပြဿနာကို ဖြေဆိုရန် အခွင့်ပြုပါလျှင် ငါတို့သည် အသျှင်ဆန္ဒကို တစ်စုံတစ်ခုသော အရာကို မေးလိုပါ ကုန်၏ဟု (ဆိုကြကုန်၏)။ ငါ့သျှင်သာရိပုတြာ မေးပါလော့၊ ကြားရပြီးနောက် သိရပါအံ့ဟု (ဆို၏)။

၃၉၁။ ငါ့သျှင်ဆန္ဒ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့်သိအပ်သော တရားတို့ကို “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါသလောဟု (မေး၏)။ ငါ့သျှင်ဆန္ဒ သောတပသာဒ + သောတဝိညာဏ်။ပ။ ငါ့သျှင်ဆန္ဒ ဃာနပသာဒ + ဃာနဝိညာဏ်။ ငါ့သျှင်ဆန္ဒ ဇိဝှါပသာဒ + ဇိဝှါဝိညာဏ်။ ငါ့သျှင်ဆန္ဒ ကာယပသာဒ + ကာယဝိညာဏ်။ ငါ့သျှင်ဆန္ဒ မနောဒွါရ + မနောဝိညာဏ် + မနောဝိညာဏ်ဖြင့်သိအပ်သော တရားတို့ကို “ဤဟာ ငါ့ဟာမဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါသလောဟု (မေး၏)။

--

ငါ့သျှင်သာရိပုတြာ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ်'အတ္တ'မဟုတ်”ဟု ရှုပါ၏။ ငါ့သျှင် သာရိပုတြာ သောတပသာဒ။ပ။ ငါ့သျှင်သာရိပုတြာ ဃာနပသာဒ။ ငါ့သျှင်သာရိပုတြာ ဇိဝှါပသာဒ။ ငါ့သျှင် သာရိပုတြာ ကာယပသာဒ။ ငါ့သျှင်သာရိပုတြာ မနောဒွါရ + မနောဝိညာဏ် + မနောဝိညာဏ်ဖြင့် သိအပ် သော တရားတို့ကို “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါ၏ဟု (လျှောက်၏)။

၃၉၂။ ငါ့သျှင်ဆန္ဒ စက္ခုပသာဒ+စက္ခုဝိညာဏ်+ စက္ခုဝိညာဏ်ဖြင့်သိအပ်သော တရားတို့၌ အဘယ် ကိုမြင်၍ အဘယ်ကိုသိ၍ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့် သိအပ်သောတရားတို့ကို “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ်'အတ္တ’ မဟုတ်”ဟု ရှုပါသနည်း။ ငါ့သျှင်ဆန္ဒ သောတ ပသာဒ + သောတဝိညာဏ်။ ငါ့သျှင်ဆန္ဒ ဃာနပသာဒ + ဃာနဝိညာဏ်။ ငါ့သျှင်ဆန္ဒ ဇိဝှါပသာဒ + ဇိဝှါဝိညာဏ်။ ငါ့သျှင်ဆန္ဒ ကာယပသာဒ + ကာယဝိညာဏ်။ ငါ့သျှင်ဆန္ဒ မနောဒွါရ + မနောဝိညာဏ် + မနောဝိညာဏ်ဖြင့်သိအပ်သော တရားတို့၌ အဘယ်ကို မြင်၍ အဘယ်ကို သိ၍ “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါသနည်းဟု (မေး၏)။

ငါ့သျှင်သာရိပုတြာ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ ချုပ့်ပျက်မှုကို မြင်၍ ချုပ်ပျက်မှုကို သိ၍ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါ၏။ ငါ့သျှင်သာရိပုတြာ သောတပသာဒ + သောတဝိညာဏ်။ ငါ့သျှင်သာရိပုတြာ ဃာနပသာဒ + ဃာန ဝိညာဏ်။ ငါ့သျှင်သာရိပုတြာ ဇိဝှါပသာဒ + ဇိဝှါဝိညာဏ်။ ငါ့သျှင်သာရိပုတြာ ကာယပသာဒ + ကာယ ဝိညာဏ်။ ငါ့သျှင်သာရိပုတြာ မနောဒွါရ + မနောဝိညာဏ် မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ ချုပ်ပျက်မှုကို မြင်၍ ချုပ်ပျက်မှုကို သိ၍ မနောဒွါရ + မနောဝိညာဏ် + မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ ကိုယ် ‘အတ္တ'မဟုတ်”ဟု ရှုပါ၏ဟု (ပြောဆို၏)။

၃၉၃။ ဤသို့ ပြောဆိုသော် အသျှင်မဟာစုန္ဒသည် အသျှင်ဆန္ဒအား “ငါ့သျှင်ဆန္ဒ ထို့ကြောင့် ‘မှီတွယ်သူမှာ လှုပ်ရှား၏၊ မမှီတွယ်သူမှာ လှုပ်ရှားမှု မရှိ၊ လှုပ်ရှားမှု မရှိလတ်သော် ငြိမ်းအေး၏၊ ငြိမ်းအေးလတ်သော် တိမ်းညွတ်မှု မရှိ၊ တိမ်းညွတ်မှု မရှိလတ်သော် အလားအလာမရှိ၊ အလားအလာ မရှိသော် ရွေ့လျောကပ်ရောက်မှု မရှိ၊ ရွေ့လျောကပ်ရောက်မှု မရှိသော် ဤဘဝမှာလည်း မဖြစ်၊ တမလွန် ဘဝမှာလည်း မဖြစ်၊ နှစ်ပါးစုံမှာလည်း မဖြစ်၊ ဤသည်ပင်လျှင် ဆင်းရဲဒုက္ခ၏ အဆုံးမည်၏’ ဟူသော ဤမြတ်စွာဘုရား၏ အဆုံးအမတော်ကိုလည်း အမြဲနှလုံးသွင်းသင့်၏”ဟု (ပြောဆို၏)။ ထို့နောက် အသျှင် သာရိပုတြာနှင့် အသျှင်မဟာစုန္ဒတို့သည် အသျှင်ဆန္ဒကို ဤအဆုံးအမဖြင့် ဆုံးမ၍ နေရာမှထကာ ဖဲသွားကုန်၏။

၃၉၄။ ထိုအခါ အသျှင်ဆန္ဒသည် အသျှင်သာရိပုတြာနှင့် အသျှင်မဟာစုန္ဒတို့ ဖဲသွား၍ မကြာမီ ဓားလက်နက်ကို အသုံးပြု၏။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ အလွန် ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်ကာ မြတ်စွာဘုရားအား “အသျှင်ဘုရား အသျှင်ဆန္ဒသည် ဓား လက်နက်ကို အသုံးပြုပါ၏၊ အသျှင်ဆန္ဒ၏ လားရာဂတိကား အဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ် ပါနည်း”ဟု လျှောက်ထား၏။

--

သာရိပုတြာ ရဟန်းဆန္ဒသည် သင်၏ မျက်မှောက်၌ပင်လျှင် ကပ်ရောက်ရာမရှိသည်၏ အဖြစ်ကို ပြောကြားသည် မဟုတ်လောဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရား ပုဗ္ဗဇိရမည်သော ဝဇ္ဇိရွာသည် ရှိပါ၏၊ ထိုရွာ၌ အသျှင်ဆန္ဒ၏ ချစ်ကျွမ်းဝင်သော အမျိုးတို့သည်လည်းကောင်း၊ စိတ်သဘောကောင်းသော အမျိုး တို့သည်လည်းကောင်း၊ ချဉ်းကပ်ထိုက်သော အမျိုးတို့သည်လည်းကောင်း ရှိပါကုန်၏ဟု (လျှောက်၏)။

သာရိပုတြာ ရဟန်းဆန္ဒအား ထိုချစ်ကျွမ်းဝင်သောအမျိုး စိတ်သဘောကောင်းသောအမျိုး ချဉ်းကပ် ထိုက်သော အမျိုးတို့သည် ရှိကုန်သည်သာတည်း။ သာရိပုတြာ ငါသည် ဤရှိကာမျှဖြင့် ကပ်ရောက်စရာ ရှိ၏ဟု မဆို။ သာရိပုတြာ စင်စစ် အကြင်သူသည် ဤကိုယ်ကိုလည်း စွန့်ပစ်၍ တစ်ပါးသော ကိုယ်ကိုလည်း စွဲလမ်း၏၊ ထိုပုဂ္ဂိုလ်ကို ကပ်ရောက်ရာရှိသူဟူ၍ ငါဟော၏၊ ရဟန်းဆန္ဒအား ထိုကပ်ရောက် စရာသည် မရှိ၊ သာရိပုတြာ ရဟန်းဆန္ဒသည် ကပ်ရောက်ရာ မရှိသည်ဖြစ်၍ ဓားလက်နက်ကို အသုံးပြု သွားပြီဟု မှတ်လေလော့ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏၊ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။

နှစ်ခုမြောက် ဆန္ဒောဝါဒသုတ် ပြီး၏။

၃-ပုဏ္ဏောဝါဒသုတ်

၃၉၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန့်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်ပုဏ္ဏသည် ညချမ်းအခါ ကိန်းအောင်းရာမှ ထလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်၏၊ သင့်လျော်ရာ၌ ထိုင်ပြီး သော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏- “မြတ်စွာဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်အား အကျဉ်းဖြစ်သော အဆုံးအမဖြင့် ဆုံးမတော်မူပါလော့၊ အကျွန်ုပ်သည် မြတ်စွာဘုရား၏ ယင်းတရားကို နာရ၍ တစ်ပါးတည်း ကင်းကင်းရှင်းရှင်း မမေ့မလျော့ လုံ့လပြု၍ စိတ်စိုက်ကာ နေလိုပါ၏”ဟု (လျှောက်ထား၏)။ ပုဏ္ဏ ထိုသို့ဖြစ်မူ နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်ပုဏ္ဏသည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထား၏။ မြတ်စွာဘုရားသည် ဤတရားတော်ကို မိန့်တော်မူ၏ -

ပုဏ္ဏ လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ(ရာဂ)နှင့် စပ်သွယ်လျက် တပ်စွန်း ဖွယ်ဖြစ်ကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော အဆင်းရူပါရုံတို့သည် ရှိကုန်၏။ ရဟန်း သည် ထိုရူပါရုံကို နှစ်သက်အံ့၊ တမ်းတပြောဆိုအံ့၊ စွဲမက်၍တည်အံ့။ ထိုရူပါရုံကို နှစ်သက်တမ်းတ စွဲမက်၍ တည်သော ထိုရဟန်းအား တပ်မက်မှုသည် ဖြစ်၏၊ ပုဏ္ဏ တပ်မက်မှုဖြစ်ခြင်းကြောင့် ဆင်းရဲမှုဖြစ်၏ဟု ငါဟော၏။

--

ပုဏ္ဏ သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့သည် ရှိကုန်၏။ပ။ ဃာနဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့သည်။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့သည်။ ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့သည်။ လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ (ရာဂ)နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ကုန်ဖြစ်သော မနောဝိညာဏ်ဖြင့်သိအပ်ကုန်သော ဓမ္မာရုံတို့သည် ရှိကုန်၏။ ရဟန်းသည် ထိုဓမ္မာရုံကို နှစ်သက်အံ့၊ တမ်းတပြောဆိုအံ့၊ စွဲမက်၍တည်အံ့။ ထိုဓမ္မာရုံကို နှစ်သက် တမ်းတ စွဲမက်၍တည်သော ထိုရဟန်းအား တပ်မက်မှုသည် ဖြစ်၏၊ ပုဏ္ဏ တပ်မက်မှုဖြစ်ခြင်း ကြောင့် ဆင်းရဲမှုဖြစ်၏ဟု ငါဟော၏။

ပုဏ္ဏ လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ(ရာဂ)နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ကုန်ဖြစ်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့သည် ရှိကုန်၏။ ရဟန်းသည် ထိုရူပါရုံကို အကယ်၍ မနှစ်သက်အံ့၊ မတမ်းတအံ့၊ မစွဲမက်မူ၍ တည်အံ့။ ထိုရူပါရုံကို မနှစ်သက် မတမ်း တ မစွဲမက်မူ၍ တည်သော ထိုရဟန်းအား တပ်မက်မှု ချုပ်၏၊ ပုဏ္ဏ တပ်မက်မှု ချုပ်ခြင်းကြောင့် ဆင်းရဲမှု ချုပ်၏ဟု ငါ ဟော၏။

ပုဏ္ဏ သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့သည် ရှိကုန်၏။ပ။ ဃာနဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့သည်။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့သည်။ ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့သည်။ လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ (ရာဂ)နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ဖြစ်ကုန်သော မနောဝိညာဏ်ဖြင့်သိအပ်ကုန်သော ဓမ္မာရုံတို့သည် ရှိကုန်၏။ ရဟန်းသည် ထိုဓမ္မာရုံကို အကယ်၍ မနှစ်သက်အံ့၊ မတမ်းတအံ့၊ မစွဲမက်မူ၍ တည်အံ့။ ထိုဓမ္မာရုံကို မနှစ်သက် မတမ်းတ မစွဲမက်မူ၍ တည်သော ထိုရဟန်းအား တပ်မက်မှု ချုပ်၏၊ ပုဏ္ဏ တပ်မက်မှု ချုပ်ခြင်းကြောင့် ဆင်းရဲမှုချုပ်၏ဟု ငါဟော၏။

ပုဏ္ဏ သင်သည် ငါ့ထံမှ ဤအကျဉ်းဖြစ်သော အဆုံးအမဖြင့် အဆုံးအမခံ၍ အဘယ်ဇနပုဒ်၌ နေ မည်နည်းဟု (မေးတော်မူ၏)။ မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားထံမှ ဤအကျဉ်းဖြစ်သော အဆုံးအမဖြင့် အဆုံးအမခံ၍ သုနာပရ န္တမည်သော ဇနပုဒ်၌ အကျွန်ုပ်နေပါအံ့ဟု (လျှောက်၏)။

၃၉၆။ ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် ကြမ်းကြုတ်ကုန်၏၊ ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် ခက်ထန်ကုန်၏၊ ပုဏ္ဏ သုနာပရ န္တတိုင်းသား ဖြစ်ကုန် သော လူတို့သည် သင့်ကို အကယ်၍ ဆဲရေးကုန်အံ့၊ ခြိမ်းခြောက်ကုန်အံ့၊ ပုဏ္ဏ ထိုသို့ပြုရာ၌ သင့်အား့အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု (မေးတော်မူ၏)။ မြတ်စွာဘုရား သုနာပရ န္တတိုင်းသား ဖြစ်ကုန်သော လူတို့သည် အကျွန်ုပ်ကို အကယ်၍ ဆဲရေးကုန်အံ့၊ ခြိမ်းခြောက်ကုန်အံ့၊ ထိုသို့ ဆဲရေးခြိမ်းခြောက်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ “ဤသုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် ငါ့အား လက်ဖြင့် မပုတ်ခတ်ကြသေးပေ၊ ဤသုနာပရ န္တ တိုင်းသားဖြစ်ကုန်သော လူတို့သည် တော်ကြလေစွ၊ ဤသုနာပရ န္တ တိုင်းသားဖြစ်ကုန်သော လူတို့သည် အလွန် တော်ကြလေစွ”ဟု ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤ သို့ ဆဲရေးခြိမ်းခြောက်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ် သော မြတ်စွာဘုရား ဤသို့ ဆဲရေးခြိမ်းခြောက်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။

ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် သင့်အား အကယ်၍ လက်ဖြင့် ပုတ်ခတ် ကုန်အံ့၊ ပုဏ္ဏ ထိုသို့ ပုတ်ခတ်ရာ၌ သင့်အား အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု (မေးတော်မူ၏)။ မြတ်စွာဘုရား သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အကျွန်ုပ်ကို အကယ်၍ လက်ဖြင့် ပုတ်ခတ်ကုန်အံ့၊ ထိုသို့ ပုတ်ခတ်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ “ဤသုနာပရ န္တတိုင်းသား ဖြစ်ကုန်သော လူတို့ သည် ငါ့အား ခဲဖြင့် မပေါက်ကြသေးပေ၊ ဤသုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် တော်ကြလေ စွ၊ ဤသုနာပရန္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အလွန်တော်ကြလေစွ”ဟု ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသို့ ပုတ်ခတ်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့၊ ကောင်းသောစကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရား ဤသို့ ပုတ်ခတ်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။

--

ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် သင့်အား အကယ်၍ ခဲဖြင့် ပေါက်ကုန်အံ့၊ ပုဏ္ဏ ထိုသို့ခဲဖြင့် ပေါက်ရာ၌ သင့်အား အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု (မေးတော်မူ၏)။ မြတ်စွာဘုရား သုနာပရန္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အကျွန်ုပ်အား အကယ်၍ ခဲဖြင့် ပေါက်ကုန်အံ့၊ ထိုသို့ ခဲဖြင့်ပေါက်ရာ၌ အကျွန်ုပ်အား ဤသို့ဖြစ်ပါလတ္တံ့ “ဤသုနာပရန္တတိုင်းသား ဖြစ်ကုန်သော လူတို့သည် ငါ့အား တုတ်ဖြင့်မရိုက် ကြသေးပေ၊ ဤသုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် တော်ကြလေစွ၊ ဤသုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အလွန်တော်ကြလေစွ”ဟု ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသို့ ခဲဖြင့်ပေါက်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့၊ ကောင်းသောစကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရား ဤသို့ ခဲဖြင့်ပေါက်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။

ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် သင့်အား အကယ်၍ တုတ်ဖြင့် ရိုက်ကုန်အံ့၊ ပုဏ္ဏ ထိုသို့ တုတ်ဖြင့်ရိုက်ရာ၌ သင့်အား အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု (မေးတော်မူ၏)။ မြတ်စွာဘုရား သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အကျွန်ုပ်ကို အကယ်၍ တုတ်ဖြင့် ရိုက်ကုန်အံ့၊ ထိုသို့ တုတ်ဖြင့် ရိုက်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ “ဤသုနာပရ န္တတိုင်းသား ဖြစ်ကုန်သော လူတို့ သည် ငါ့အား ဓားဖြင့် မခုတ်ကြသေးပေ၊ ဤသုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် တော်ကြလေ စွ၊ ဤသုနာပရန္တတိုင်းသား ဖြစ်ကုန်သော လူတို့သည် အလွန်တော်ကြလေစွ”ဟု ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသို့ တုတ်ဖြင့်ရိုက်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤသို့ တုတ်ဖြင့်ရိုက်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။

ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် သင့်အား အကယ်၍ ဓားဖြင့် ခုတ်ကုန်အံ့၊ ပုဏ္ဏ ထိုသို့ ဓားဖြင့် ခုတ်ရာ၌ သင့်အား အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု (မေးတော်မူ၏)။ မြတ်စွာဘုရား သုနာပရန္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အကျွန်ုပ်ကို အကယ်၍ ဓားဖြင့် ခုတ်ကုန်အံ့၊ ထိုသို့ ဓားဖြင့်ခုတ်ရာ၌ အကျွန်ုပ်အား ဤသို့ဖြစ်ပါလတ္တံ့ “ဤသုနာပရန္တတိုင်းသား ဖြစ်ကုန်သော လူတို့သည် ငါ့အား ထက်စွာသော ဓားဖြင့် အသေမသတ်ကြသေးပေ၊ ဤသုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် တော်ကြလေစွ၊ ဤသုနာပရန္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အလွန်တော်ကြလေစွ”ဟု ဘုန်း တော်ကြီးသော မြတ်စွာဘုရား ဤသို့ ဓားဖြင့် ခုတ်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤသို့ ဓားဖြင့် ခုတ်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါ လတ္တံ့ဟု (လျှောက်၏)။

ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် သင့်အား အကယ်၍ ထက်စွာသော ဓားဖြင့် အသေသတ်ကုန်အံ့၊ ပုဏ္ဏ ထိုသို့အသေသတ်ရာ၌ သင့်အား အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု (မေးတော် မူ၏)။ မြတ်စွာဘုရား သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အကျွန်ုပ်ကို အကယ်၍ ထက်စွာ သော ဓားဖြင့် အသေသတ်ကုန်အံ့၊ ထိုသို့အသေသတ်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ “ကိုယ်၌လည်းကောင်း၊ အသက်၌လည်းကောင်း ငြီးငွေ့ရွံ့ရှာစက်ဆုပ်သည်ဖြစ်၍ သေစေနိုင်မည့် လက်နက်ကို ရှာဖွေနေကြကုန်သော မြတ်စွာဘုရား၏ တပည့်များ ရှိကြသေး၏၊ ထိုသေစေနိုင်မည့်လက်နက်ကို ငါ မရှာ ဖွေရဘဲ ရပေပြီ”ဟု ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသို့ အသေသတ်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤသို့ အသေသတ်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။

--

ပုဏ္ဏ ကောင်းပေစွ ကောင်းပေစွ၊ ပုဏ္ဏ သင်သည် ဤသည်းခံခြင်းဟူသော ယဉ်ကျေးညင်သာခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ သုနာပရ န္တဇနပုဒ်၌ နေခြင်းငှါ စွမ်းနိုင်လတ္တံ့၊ ပုဏ္ဏ ယခုအခါ၌ သွားရန်အချိန်ကို သင်သိ၏ ‘သွားရန်မှာ သင်၏ အလိုအတိုင်းပင် ဖြစ်၏’ဟု (မိန့်တော်မူ၏)။

၃၉၇။ ထိုအခါ အသျှင်ပုဏ္ဏသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို အလွန်နှစ်သက် ဝမ်းမြောက်၍ နေရာမှထလျက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ကျောင်းအိပ်ရာ နေရာကို သိုမှီးသိမ်းဆည်းပြီးလျှင် သပိတ်သင်္ကန်းကို ယူ၍ သုနာပရ န္တဇနပုဒ်ဆီသို့ ဒေသစာရီလှည့်လည်၏။ အစဉ်အတိုင်း ဒေသစာရီလှည့်လည်သော် သုနာပရ န္တဇနပုဒ်ဆီသို့ ဆိုက်ရောက်၍ သုနာပရ န္တဇနပုဒ်၌ နေ၏။ ထိုအခါ အသျှင်ပုဏ္ဏသည် ထိုဝါတွင်းမှာပင် ငါးရာအတိုင်းအရှည်ရှိကုန်သော ဥပါသကာယောကျ်ား တို့ကို သစ္စာလေးပါးတရားကို သိစေ၏၊ ထိုဝါတွင်းမှာပင် ငါးရာအတိုင်းအရှည်ရှိကုန်သော ဥပါသကာ မိန်းမတို့ကို သစ္စာလေးပါးတရားကို သိစေ၏၊ အသျှင်ပုဏ္ဏသည် ထိုဝါတွင်းမှာပင် ဝိဇ္ဇ္ဇာသုံးပါးတို့ကို မျက်မှောက်ပြု၍ နောက်အချိန်၌ ပရိနိဗ္ဗာန်ပြုတော်မူလေပြီ။

ထိုအခါ များစွာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေစွာရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ သင့်လျော်ရာ၌ ထိုင်နေကုန်ပြီးသော် ထိုရဟန်းတို့ သည် မြတ်စွာဘုရားအား “မြတ်စွာဘုရား ပုဏ္ဏမည်သော အမျိုးကောင်းသားကို မြတ်စွာဘုရားသည် အကျဉ်းဖြစ်သော အဆုံးအမဖြင့် ဆုံးမတော်မူလိုက်ပါ၏၊ ထိုပုဏ္ဏသည် ကွယ်လွန်ပါပြီ၊ ထိုပုဏ္ဏ၏ လားရာ ဂတိသည် အဘယ်ပါနည်း၊ တမလွန်ဘဝသည် အဘယ်ပါနည်း”ဟု လျှောက်ထားကုန်၏။ ရဟန်းတို့ အမျိုးကောင်းသားပုဏ္ဏသည် ပညာရှိ၏၊ မှန်သောစကားကို ဆိုလေ့ရှိ၏၊ တရားကို ဆိုလေ့ရှိ၏၊ တရား အားလျော်သော အကျင့်ရှိ၏၊ ငါ့ကို တရားတည်း ဟူသော အကြောင်းကြောင့် မပင်ပန်းစေ။ ရဟန်းတို့ အမျိုးကောင်းသားပုဏ္ဏသည် ပရိနိဗ္ဗာန်စံပြီဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ။

သုံးခုမြောက် ပုဏ္ဏောဝါဒသုတ် ပြီး၏။

--

၄-နန္ဒကောဝါဒသုတ်

၃၉၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မဟာပဇာပတိဂေါတမီသည် ငါးရာသော ရဟန်းမိန်းမတို့ နှင့်အတူ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ရပ်တည်ကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏ - “မြတ်စွာဘုရား မြတ်စွာဘုရားသည် ရဟန်းမိန်းမတို့ကို ဆုံးမတော်မူပါလော့။ မြတ်စွာဘုရား မြတ်စွာဘုရားသည် ရဟန်းမိန်းမတို့ကို ကံမြစ်တော်မူပါလော့၊ မြတ်စွာဘုရား မြတ်စွာဘုရားသည် ရဟန်းမိန်းမတို့အား တရားစကားကို ပြောဟောခြင်း ပြုတော်မူပါ လော့”ဟု (လျှောက်ထား၏)။

ထိုအခါ မထေရ်ကြီးဖြစ်သော ရဟန်းတို့သည် ရဟန်းမိန်းမတို့ကို အလှည့်အားဖြင့် ဆုံးမကုန်၏၊ အသျှင်နန္ဒကသည် အလှည့်အားဖြင့် ရဟန်းမိန်းမတို့ကို ဆုံးမခြင်းငှါ အလိုမရှိ။ ထိုအခါ မြတ်စွာဘုရား သည် အသျှင်အာနန္ဒာကို “အာနန္ဒာ ယနေ့ ရဟန်းမိန်းမတို့ကို အလှည့်အားဖြင့် ဆုံးမခြင်းငှါ အဘယ် ရဟန်း၏ အလှည့်နည်း”ဟု မိန့်တော်မူ၏။ မြတ်စွာဘုရား အလုံးစုံသော မထေရ်ကြီးတို့သည် ရဟန်း မိန်းမတို့ကို အလှည့်အားဖြင့် ဆုံးမခြင်းငှါ အလှည့်ကို ပြုပြီးပါပြီ၊ အသျှင်ဘုရား ဤအသျှင်နန္ဒကသည် ကား အလှည့်အားဖြင့် ရဟန်းမိန်းမတို့ကို ဆုံးမခြင်းငှါ အလိုမရှိပါဟု (လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်နန္ဒကကို “နန္ဒက ရဟန်းမိန်းမတို့ကို ဆုံးမလော့၊ နန္ဒက ရဟန်းမိန်းမတို့ကို ကံမြစ်လော့၊ မကောင်းမှုကို အပပြုပြီးသောနန္ဒက သင်သည် ရဟန်းမိန်းမတို့အား တရားစကားကို ပြောဟောခြင်းပြုလော့”ဟု မိန့်တော်မူ၏။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင် နန္ဒကသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၍ နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါ ဝင်၏၊ သာဝတ္ထိပြည်၌ ဆွမ်းအလို့ငှါ လှည့်လည်၍ ဆွမ်းခံရာမှ ဖဲခဲ့ကာ ဆွမ်းစားပြီးနောက် မိမိကိုယ်ကိုသာ အဖော်ပြု၍ ကောသလမင်း ဆောက်လုပ်သော ရာဇကာရုံကျောင်းဆီသို့ ချဉ်းကပ်၏၊ ထိုရဟန်း မိန်းမတို့သည် အသျှင်နန္ဒကကို အဝေးမှလျှင် ကြွလာ သည်ကို မြင်ကုန်၏၊ မြင်လျှင် နေရာကိုလည်း ခင်းကုန်၏၊ ခြေဆေးရေကိုလည်း တည်ထားကုန်၏။ အသျှင်နန္ဒကသည် ခင်းထားသော နေရာ၌ ထိုင်နေ၏၊ ထိုင်ပြီး၍ ခြေတို့ကို ဆေး၏။ ထိုရဟန်းမိန်းမ တို့သည်လည်း အသျှင်နန္ဒကကို ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ သင့်လျော်ရာ၌ ထိုင်နေကုန်သော ထိုရဟန်းမိန်းမတို့ကို အသျှင်နန္ဒကသည် ဤစကားကို ပြောဆို၏ “နှမတို့ မေးမြန်း၍ ပြောဟောခြင်းသည် ဖြစ်လတ္တံ့။ ထိုမေးမြန်းရာ၌ သိကြလျှင် ‘သိပါကုန်၏’ဟု ဆိုရမည်၊ မသိကြလျှင် ‘မသိပါကုန်’ဟု ဆိုရ မည်၊ တစ်ဦးတစ်ယောက်မှာ ယုံမှားခြင်း တွေးတောခြင်းသည် ဖြစ်ငြားအံ့၊ ထိုသို့ဖြစ်ရာ၌ ‘အသျှင်ဘုရား ဤအဓိပ္ပါယ်သည် အဘယ်သို့ ဖြစ်ပါသနည်း၊ ဤပုဒ်၏ အနက်ကား အဘယ်ပါနည်း’ဟု ငါ့ကိုသာလျှင် ပြန်၍ မေးရမည်”ဟု (မိန့်ဆို၏)။ အသျှင်ဘုရား အကျွန်ုပ်တို့အား အသျှင်နန္ဒက ဖိတ်ကြားသော ဤ စကားမျှဖြင့်ပင် အကျွန်ုပ်တို့သည် အသျှင်နန္ဒကအား နှစ်သက်ပါကုန်၏၊ အားရပါကုန်၏ဟု (လျှောက်ကြ ကုန်၏ )။

--

၃၉၉။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ စက္ခုပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော စက္ခုပသာဒသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စက္ခုပသာဒကို “ဤစက္ခုပသာဒသည် ငါ့ဟာတည်း၊ ဤ စက္ခုပသာဒသည် ငါတည်း၊ ဤစက္ခုပသာဒသည် ငါ၏ကိုယ် ‘အတ္တ'တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ နှစ်မတို့ ထိုစကားကို အဘယ်သို့ မှတ်ထင် ကြကုန်သနည်း၊ သောတပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု့(လျှောက်ကြကုန်၏)။ပ။ ဃာနပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ ဇိဝှါပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ ကာယပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မနောဒွါရသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော မနောဒွါရသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော မနောဒွါရ ကို “ဤမနောဒွါရသည် ငါ့ဟာတည်း၊ ဤမနောဒွါရသည် ငါတည်း၊ ဤမနောဒွါရသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့်ပါ အသျှင်ဘုရား။ အဘယ့် ကြောင့်နည်းဟူမူ- အသျှင်ဘုရား “ဤအကြောင်းကြောင့်လည်း ဤခြောက်ပါးသော အဇ္ဈတ္တိကာယတနတို့ကို မမြဲကုန်”ဟု ရှေးကပင် အကျွန်ုပ်တို့သည် ဝိပဿနာပညာဖြင့် ကောင်းစွာ မြင်ပြီးပါပြီဟု (လျှောက်ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာသာဝကအား ဤ သို့သာ ဖြစ်၏။

၄၀၀။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ ရူပါရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေး၏)။ မမြဲပါကုန် အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ရူပါရုံသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော ရူပါရုံကို “ဤရူပါရုံသည် ငါ့ဟာတည်း၊ ဤရူပါရုံသည် ငါတည်း၊ ဤရူပါရုံသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့် လျော်ပါအသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန် သနည်း၊ သဒ္ဒါရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေး၏)။ မမြဲပါကုန် အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ ဂန္ဓာရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေး၏)။ မမြဲပါကုန် အသျှင် ဘုရားဟု (လျှောက်ကြကုန်၏)။ ရသာရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ ဖောဋ္ဌဗ္ဗာရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေး၏)။ မမြဲပါကုန် အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ ဓမ္မာရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေး၏)။ မမြဲပါကုန် အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဓမ္မာရုံသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဓမ္မာရုံကို “ဤဓမ္မာရုံသည် ငါ့ဟာတည်း၊ ဤဓမ္မာရုံသည် ငါတည်း၊ ဤ ဓမ္မာရုံသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့်လျော်ပါအသျှင် ဘုရား။ အဘယ့်ကြောင့်နည်း ဟူမူ- အသျှင်ဘုရား “ဤအကြောင်းကြောင့်လည်း ဤခြောက်ပါးသော ဗာဟိရာယတနတို့ကို မမြဲကုန်”ဟု ရှေးကပင် အကျွန်ုပ်တို့သည်ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် ကောင်းစွာ မြင်ပြီးပါပြီဟု (လျှောက်ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန် တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာသာဝကအား ဤသို့သာ ဖြစ်၏။

--

၄၀၁။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ စက္ခုဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော စက္ခုဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စက္ခုဝိညာဏ်ကို “ဤစက္ခုဝိညာဏ်သည် ငါ့ဟာတည်း၊ ဤစက္ခုဝိညာဏ်သည် ငါတည်း၊ ဤစက္ခုဝိညာဏ်သည် ငါ၏ကိုယ်'အတ္တ'တည်း”ဟု ရှုခြင်းငှါ သင့်ပါမည် လောဟု (မေး၏)။ မသင့်လျော်ပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ နှမတို့ ထိုစကားကို အဘယ် သို့ အောက်မေ့ကြကုန်သနည်း၊ သောတဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ့အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ ဃာနဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ဇိဝှါဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ ကာယဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ မနောဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော မနောဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန် ခြင်းသဘောရှိသော မနောဝိညာဏ်ကို “ဤမနောဝိညာဏ်သည် ငါ့ဟာတည်း၊ ဤမနောဝိညာဏ်သည် ငါတည်း၊ ဤမနောဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါ မည်လောဟု (မေး၏)။ မသင့် လျော်ပါ အသျှင်ဘုရား။ အဘယ့်ကြောင့်နည်းဟူမူ-အသျှင်ဘုရား “ဤအကြောင်းကြောင့်လည်း ဤခြောက်ပါးသော ဝိညာဏ်အပေါင်းကို မမြဲ”ဟု ရှေးကပင် အကျွန်ုပ်တို့သည်ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် ကောင်းစွာ မြင်ပြီးပါပြီဟု (လျှောက်ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာသာဝကအား ဤသို့သာ ဖြစ်၏။

၄၀၂။ နှမတို့ ဥပမာအားဖြင့် တောက်နေသော ဆီမီး၏ ဆီသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်း သဘောရှိ၏၊ မီးစာသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ မီးလျှံသည်လည်းမမြဲ၊ ဖောက်ပြန်ခြင်း သဘောရှိ၏၊ အရောင်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏။ နှမတို့ အကြင်သူသည် “တောက် နေသော ထိုဆီမီး၏ ဆီသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ မီးစာသည်လည်း မမြဲ၊ ဖောက် ပြန်ခြင်းသဘောရှိ၏၊ မီးလျှံသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏။ ထိုဆီမီး၏ အရောင်မူကား မြဲ၏၊ ခိုင်ခံ့၏၊ အမြဲတည်၏၊ ဖောက်ပြန်ခြင်းသဘောမရှိ”ဟု ဆိုငြားအံ့၊ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာအံ့လောဟု (မေး၏)။ အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား တောက်နေသော ထိုဆီမီး၏ ဆီသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ မီးစာ သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘော ရှိ၏၊ မီးလျှံသည်လည်းမမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏။ ထိုဆီမီး၏ အရောင်သည် အဘယ်ဆိုဖွယ်ရာရှိအံ့နည်း၊ မမြဲသည်သာတည်း၊ ဖောက်ပြန်ခြင်းသဘောရှိသည် သာတည်းဟု (လျှောက်ကြကုန်၏)။

နှမတို့ ဤဥပမာအတူသာလျှင် အကြင်သူသည် “ဤခြောက်ပါးကုန်သော အဇ္ဈတ္တိကာယတနတို့သည် မမြဲကုန်၊ ယင်းခြောက်ပါးသော အဇ္ဈတ္တိကာယတနတို့ကို စွဲ၍ သုခဝေဒနာကိုလည်းကောင်း၊ ဒုက္ခဝေဒနာကိုလည်းကောင်း၊ ဥပေက္ခာဝေဒနာကိုလည်းကောင်း ခံစား၏၊ ထိုဝေဒနာသည် မြဲ၏၊ ခိုင်ခံ့၏၊ အမြဲတည်၏၊ ဖောက်ပြန် ခြင်းသဘောမရှိ”ဟု ဆိုငြားအံ့၊ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာအံ့လောဟု (မေး၏)။ အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား ထိုထိုသဘောရှိ သော အကြောင်းကို စွဲ၍ ထိုထိုသဘောရှိသော ဝေဒနာတို့သည် ဖြစ်ကုန်၏၊ ထိုထိုသဘောရှိသော အကြောင်း၏ ချုပ်ခြင်းကြောင့် ထိုထိုသဘောရှိသော ဝေဒနာတို့သည် ချုပ်ကုန်၏ဟု (လျှောက်ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာ သာဝကအား ဤသို့သာ ဖြစ်၏။

--

၄၀၃။ နှမတို့ ဥပမာအားဖြင့် တည်နေဆဲဖြစ်သော အနှစ်ရှိသော သစ်ပင်ကြီး၏ အမြစ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ ပင်စည်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ အခက်အရွက် သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ အရိပ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏။

နှမတို့ အကြင်သူသည် “တည်နေဆဲဖြစ်သော အနှစ်ရှိသော ထိုသစ်ပင်ကြီး၏ အမြစ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ ပင်စည်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ အခက်အရွက် သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏။ ယင်းသစ်ပင်၏ အရိပ်သည်ကား မြဲ၏၊ ခိုင်ခံ့၏၊ အမြဲ့တည်၏၊ ဖောက်ပြန်ခြင်းသဘောမရှိ”ဟု ဆိုငြားအံ့၊ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာအံ့လောဟု (မေး၏)။

အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား တည်နေ ဆဲဖြစ်သော အနှစ်ရှိသော ထိုသစ်ပင်ကြီး၏ အမြစ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ ပင်စည် သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ အခက်အရွက်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်း သဘော ရှိ၏။ ယင်းသစ်ပင်ကြီး၏ အရိပ်သည်ကား အဘယ်ဆိုဖွယ်ရာရှိအံ့နည်း၊ မမြဲသည်သာတည်း၊ ဖောက်ပြန် ခြင်းသဘော ရှိသည်သာတည်းဟု (လျှောက်ကြကုန်၏)။

နှမတို့ ဤဥပမာအတူသာလျှင် အကြင်သူသည် “ဤခြောက်ပါးကုန်သော ဗာဟိရာယတနတို့သည် မမြဲကုန်၊ ယင်းခြောက်ပါးကုန်သော ဗာဟိရာယတနတို့ကို စွဲ၍ သုခဝေဒနာကိုလည်းကောင်း၊ ဒုက္ခဝေဒနာ ကိုလည်းကောင်း၊ ဥပေက္ခာဝေဒနာကိုလည်းကောင်း ခံစား၏၊ ထိုဝေဒနာသည် မြဲ၏၊ ခိုင်ခံ့၏၊ အမြဲ တည်၏၊ ဖောက်ပြန်ခြင်းသဘော မရှိ”ဟု ဆိုငြားအံ့၊ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာအံ့လောဟု (မေး၏)။

အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား ထိုထို သဘောရှိသော အကြောင်းကိုစွဲ၍ ထိုထိုသဘောရှိသော ဝေဒနာသည် ဖြစ်၏၊ ထိုထိုသဘောရှိသော အကြောင်း၏ ချုပ်ခြင်းကြောင့် ထိုထိုသဘောရှိသော ဝေဒနာတို့သည် ချုပ်ကုန်၏ဟု (လျှောက်ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာ သာဝကအား ဤသို့သာ ဖြစ်၏။

၄၀၄။ နှမတို့ ဥပမာအားဖြင့် ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ် သမား၏ တပည့်သည်လည်းကောင်း နွားကိုသတ်၍ ထက်စွာသော သားလှီးဓားဖြင့် အတွင်းဖြစ်သော အသားကိုယ်ထည်ကို မပျက်စေမူ၍ အပဖြစ်သော အရေကိုယ်ထည်ကို မပျက်စေမူ၍ လှီးဖြတ်ရာ၏၊ ထိုလှီး ဖြတ်ရာ၌ ထိုထိုကြား အမြှေးကြား အကြောကြား အစပ်ကိုသာလျှင် ထက်စွာသော သားလှီးဓားဖြင့် ဖြတ်ရာ၏၊ တောက်ရာ၏၊ လှီးရာ၏၊ ထက်ဝန်းကျင် လှီးရာ၏၊ ဖြတ်၍ တောက်၍ လှီး၍ ထက်ဝန်ကျင် လှီး၍ အပဖြစ်သော အရေကိုယ်ထည်ကို ခွါ၍ ထိုအရေကိုယ်ထည်ဖြင့်ပင် ထိုနွားကို ဖုံး၍ “ဤနွားသည် ထိုရှေးအတိုင်းပင် ဤအရေနှင့်သာလျှင် ဆက်စပ်နေ၏”ဟု ဆိုငြားအံ့၊ ထိုသူသည် အမှန်ဆိုသည် မည်ရာ အံ့လောဟု (မေး၏)။

အသျှင်ဘုရား အမှန်ဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ်သမား၏ တပည့်သည်လည်းကောင်း နွားကိုသတ်၍ ထက်စွာ သော သားလှီးဓားဖြင့် အတွင်းဖြစ်သော အသားကိုယ်ထည်ကို မပျက်စေမူ၍ အပဖြစ်သော အရေကိုယ် ထည်ကို မပျက်စေမူ၍ နွားကို လှီးဖြတ်ရာ၏၊ ထိုလှီးဖြတ်ရာ၌ ထိုထိုကြား အမြှေးကြား အကြောကြား အစပ်ကိုသာလျှင် ထက်စွာသော သားလှီးဓားဖြင့် ဖြတ်ရာ၏၊ တောက်ရာ၏၊ လှီးရာ၏၊ ထက်ဝန်းကျင် လှီးရာ၏၊ ဖြတ်၍ တောက်၍ လှီး၍ ထက်ဝန်ကျင်လှီး၍ အပဖြစ်သော အရေကိုယ်ထည်ကို ခွါ၍ ထိုအရေ ကိုယ်ထည်ဖြင့်ပင် ထိုနွားကို ဖုံး၍ “ဤနွားသည် ထိုရှေးအတိုင်းပင် ဤအရေနှင့်သာလျှင် ဆက်စပ် နေ၏”ဟု အကယ်၍ကား ထိုသူသည် ဆို၏၊ ထိုသို့ပင် ဆိုသော်လည်း ထိုနွားသည် ထိုအရေနှင့် မဆက် စပ်ပါဟု (လျှောက်ကြကုန်၏)။

--

နှမတို့ အနက်အဓိပ္ပါယ်ကို သိစေခြင်းငှါ ငါသည် ဤဥပမာကို ပြုအပ်၏၊ ဤဥပမာ၌ ဤဆိုလတ္တံ့ သည်ကား အနက်အဓိပ္ပါယ်တည်း၊ နှမတို့ “အတွင်းဖြစ်သော အသားကိုယ်ထည်” ဟူသော ဤအမည်သည် ခြောက်ပါးကုန်သော အဇ္ဈတ္တိကာယတနတို့၏ အမည်တည်း။ နှမတို့ “အပဖြစ်သော အရေကိုယ်ထည်” ဟူသော ဤအမည်သည် ခြောက်ပါးကုန်သော ဗာဟိရာယတနတို့၏ အမည်တည်း။့နှမတို့ “ကြား အမြှေးကြား အကြောကြား အစပ်”ဟူသော ဤအမည်သည် နှစ်သက်ခြင်း နန္ဒီရာဂ၏ အမည်တည်း။ နှမတို့ “ထက်စွာသော သားလှီးဓား”ဟူသော ဤအမည်သည် မြတ်သော မဂ်ပညာ၏ အမည်တည်း။ ဤ မြတ်သော မဂ်ပညာသည် အကြား၌ဖြစ်သောကိလေသာ အကြား၌ဖြစ်သောသံယောဇဉ် အကြား၌ဖြစ်သော အစပ်တို့ကို ဖြတ်၏၊ တောက်၏၊ လှီး၏၊ ထက်ဝန်းကျင် လှီး၏။

၄၀၅။ နှမတို့ ဗောဇ္ဈင်တို့သည် ဤခုနစ်ပါးတို့တည်း၊ ရဟန်းသည် ယင်းဗောဇ္ဈင်တို့ကို ပွါးသည်၏ အဖြစ်ကြောင့် ကြိမ်ဖန်များစွာ လေ့လာသည်၏ အဖြစ်ကြောင့် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သောစိတ် လွတ်မြောက်သောပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစေ၍နေ၏။ ခုနစ်ပါးတို့သည် အဘယ်တို့နည်း၊ နှမ တို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ခြင်း ‘ဝိဝေက’ ၌မှီသော တပ်စွန်းမှု ‘ရာဂ’ ကင်းရာ၌မှီသော ချုပ်ရာ ‘နိရောဓ’ ၌မှီသော ကိလေသာစွန့်လွှတ်မှု နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါး၏။ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ ဝီရိယသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ ပီတိသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ ပဿဒ္ဓိ သမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ သမာဓိသမ္ဗောဇ္ဈင်ကို ပွါး၏။ ဆိတ်ခြင်း ‘ဝိဝေက’ ၌မှီသော တပ်စွန်းမှု ‘ရာဂ’ ကင်းရာ၌မှီသော ချုပ်ရာ ‘နိရောဓ’ ၌မှီသော ကိလေသာစွန့်လွှတ်မှု နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာ သမ္ဗောဇ္ဈင်ကို ပွါး၏။ နှမတို့ ဗောဇ္ဈင်တို့သည် ဤခုနစ်ပါးတို့ပင်တည်း။ ရဟန်းသည် ယင်းဗောဇ္ဈင် ခုနစ်ပါးတို့ကို ပွါးသည်၏အဖြစ်ကြောင့် ကြိမ်ဖန်များစွာ လေ့လာသည်၏ အဖြစ်ကြောင့် အာသဝေါတရား တို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သောစိတ် လွတ်မြောက်သောပညာကို မျက်မှောက် ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏ဟု (မိန့်ဆို၏)။

၄၀၆။ ထိုအခါ၌ အသျှင်နန္ဒကသည် ထိုရဟန်းမိန်းမတို့ကို ဤအဆုံးအမဖြင့် ဆုံးမ၍ “နှမတို့ သွားချိန်တန်ပြီ၊ သွားကြကုန်လော့”ဟု လွှတ်လိုက်၏။ ထိုအခါ ထိုရဟန်းမိန်းမတို့သည် အသျှင်နန္ဒက၏ တရားစကားကို အလွန်နှစ်သက် ဝမ်းမြောက်ကြကုန်၍ နေရာမှထကုန်လျက် အသျှင်နန္ဒကကို ရှိခိုးကုန်ပြီး လျှင် အရိုအသေပြုကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၏၊ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် သင့် လျော်ရာ၌ ရပ်တည်ကုန်၏၊ သင့်လျော်ရာ၌ ရပ်တည်ကုန်သော ရဟန်းမိန်းမတို့ကို မြတ်စွာဘုရားသည် “ရဟန်းမိန်းမတို့ သွားချိန်တန်ပြီ၊ သွားကြကုန်လော့”ဟု ဤစကားကို မိန့်တော်မူ၏။ ထိုအခါ ထိုရဟန်း မိန်းမတို့သည် မြတ်စွာဘုရားကို ရှိခိုးကုန်၍ အရိုအသေပြုပြီးလျှင် ဖဲသွားကုန်၏။ ထိုအခါ မြတ်စွာဘုရား သည် ထိုရဟန်းမိန်းမတို့ ဖဲသွား၍ မကြာမီ ရဟန်းတို့ကို “ရဟန်းတို့ ဥပမာအားဖြင့် တစ်ဆယ့် လေးရက်မြောက်ဖြစ်သော ထိုဥပုသ်နေ့၌ လသည် ယုတ်လျော့လေသလော၊ ပြည့်လေသလော’ဟု များစွာ သော လူအပေါင်းအား ယုံမှားခြင်း တွေးတောခြင်းသည် မဖြစ်၊ စင်စစ်သော်ကား လသည် ယုတ်လျော့ သည်သာ ဖြစ်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ထိုရဟန်းမိန်းမတို့သည် နန္ဒက၏ တရားဒေသနာကို ဝမ်းမြောက်သော စိတ်ရှိကုန်၏၊ ပြည့်စုံသော အကြံကား မရှိကုန်သေး”ဟု မိန့်တော်မူ၏၊

၄၀၇။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်နန္ဒကကို “နန္ဒက ထိုသို့ ဖြစ်ခြင်းကြောင့် သင်သည် နက်ဖြန်၌လည်း ထိုရဟန်းမိန်းမတို့ကို ထိုအဆုံးအမဖြင့်ပင်လျှင် ဆုံးမဦးလော့”ဟု မိန့်တော်မူ၏။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်နန္ဒကသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ ထိုအခါ အသျှင်နန္ဒကသည် ထိုညဉ့်ကို လွန်သဖြင့် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်လျက် သပိတ်သင်္ကန်းကို ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါ ဝင်၏၊

--

သာဝတ္ထိပြည်၌ ဆွမ်းအလို့ငှါ လှည့်လည်ပြီးလျှင် ဆွမ်း ခံရာမှ ဖဲခဲ့ကာ ဆွမ်းစားပြီနောက် မိမိကိုယ်ကိုသာ အဖော်ပြု၍ ရာဇကာရုံကျောင်းဆီသို့ ချဉ်းကပ်၏။့ထိုရဟန်းမိန်းမတို့သည် အသျှင်နန္ဒကကို အဝေးမှသာလျှင် လာသည်ကို မြင်ကုန်၏၊ မြင်လျှင် နေရာကိုလည်း ခင်းထားကုန်၏၊ ခြေဆေးရေကိုလည်း တည်ထားကုန်၏။ အသျှင်နန္ဒကသည် ခင်းထားသော နေရာ၌ ထိုင်နေ၏၊ ထိုင်ပြီး၍ ခြေတို့ကို ဆေး၏၊ ထိုရဟန်းမိန်းမတို့သည်လည်း အသျှင်နန္ဒကကို ရှိခိုး ကုန်ပြီး၍ သင့်လျော်ရာ၌ ထိုင်နေကုန်၏။ သင့်လျော်ရာ၌ ထိုင်နေကုန်သော ထိုရဟန်းမိန်းမတို့ကို အသျှင် နန္ဒကသည် ဤစကားကို ပြောဆို၏ “နှမတို့ မေးမြန်း၍ ပြောဟောခြင်းသည် ဖြစ်လတ္တံ့၊ ထိုမေးမြန်း ရာ၌ သိကြလျှင် ‘သိပါကုန်၏’ဟု ဆိုရမည်၊ မသိကြလျှင် ‘မသိပါကုန်’ဟု ဆိုရမည်၊ တစ်ဦးတစ်ယောက် အား ယုံမှားခြင်း တွေးတောခြင်းသည် ဖြစ်ငြားအံ့၊ ထိုသို့ဖြစ်ရာ၌ ‘အသျှင်ဘုရား ဤအဓိပ္ပါယ်သည် အဘယ်သို့ ဖြစ်ပါသနည်း၊ ဤပုဒ်၏အနက်ကား အဘယ်ပါနည်း’ဟု ‘ငါ့ကိုသာလျှင် ပြန်၍မေးရမည်’ဟု (ပြောဆို၏)။ အသျှင်ဘုရား အကျွန်ုပ်တို့အား အသျှင်နန္ဒက ဖိတ်ကြားသော ဤစကားမျှဖြင့်ပင် အကျွန်ုပ်တို့သည် အသျှင်နန္ဒကအား နှစ်သက်ပါကုန်၏၊ အားရပါကုန်၏ဟု (လျှောက်ကြကုန်၏)။

၄၀၈။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ စက္ခုပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော စက္ခုပသာဒသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စက္ခုပသာဒကို “ဤစက္ခုပသာဒသည် ငါ့ဟာတည်း၊ ဤစက္ခု ပသာဒသည် ငါတည်း၊ ဤစက္ခုပသာဒသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ ကြကုန်သနည်း၊ သောတပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ဃာနပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ဇိဝှါပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ကာယပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ မနောဒွါရသည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော မနောဒွါရသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မနောဒွါရ ကို “ဤမနောဒွါရသည် ငါ့ဟာတည်း၊ ဤမနောဒွါရသည် ငါတည်း၊ ဤမနောဒွါရသည် ငါ၏ကိုယ် ‘အတ္တ'တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့်ပါ အသျှင်ဘုရား။ အဘယ့်ကြောင့်နည်း ဟူမူ-အသျှင်ဘုရား “ဤအကြောင်းကြောင့်လည်း ခြောက်ပါးသော အဇ္ဈတ္တိ ကာယတနတို့ကို မမြဲကုန်”ဟု ရှေးကပင် အကျွန်ုပ်တို့သည်ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် ကောင်းစွာ မြင်ထားပြီးပါပြီဟု (လျှောက် ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာ ပညာဖြင့် မြင်သော အရိယာသာဝကအား ဤသို့သာ ဖြစ်၏။

၄၀၉။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ ရူပါရုံတို့သည် မြဲသလော မမြဲ သလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ရူပါရုံသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရူပါရုံကို “ဤရူပါရုံသည် ငါ့ဟာတည်း၊ ဤရူပါရုံသည် ငါတည်း၊ ဤရူပါရုံ သည် ငါ၏ ကိုယ်'အတ္တ'တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ သဒ္ဒါရုံတို့သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ဂန္ဓာရုံတို့သည့်မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။

--

ရသာရုံတို့သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ဖောဋ္ဌဗ္ဗာရုံတို့ သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ဓမ္မာရုံ တို့သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဓမ္မာရုံသည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဓမ္မာရုံကို “ဤဓမ္မာရုံသည် ငါ့ဟာတည်း၊ ဤဓမ္မာရုံ သည် ငါတည်း၊ ဤဓမ္မာရုံသည် ငါ၏ ကိုယ်ပိုင်တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့်ပါ အသျှင်ဘုရား။ အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား “ဤအကြောင်း ကြောင့်လည်း ဤ ခြောက်ပါးသော ဗာဟိရာယတနတို့ကို မမြဲကုန်”ဟု ရှေးကပင် အကျွန်ုပ်တို့သည်ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် ကောင်းစွာ မြင်ပြီးပါပြီဟု (လျှောက်ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာသာဝကအား ဤသို့သာ ဖြစ်၏။

၄၁၀။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ စက္ခုဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ သောတဝိညာဏ်သည် မြဲသ လော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ဃာနဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ဇိဝှါဝိညာဏ် သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ကာယ ဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ မနောဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ပ။ မမြဲသော မနောဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မနောဝိညာဏ်ကို “ဤမနော ဝိညာဏ်သည် ငါ့ဟာတည်း၊ ဤမနောဝိညာဏ်သည် ငါတည်း၊ ဤမနောဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ မသင့်ပါ အသျှင်ဘုရား။ အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား “ဤအကြောင်းကြောင့်လည်း ခြောက်ပါးသော ဝိညာဏ်အပေါင်းကို မမြဲ”ဟု ရှေးကပင် အကျွန်ုပ်တို့သည်ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် ကောင်းစွာ မြင်ပြီးပါပြီဟု (လျှောက်ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာသာဝက အား ဤသို့သာ ဖြစ်၏။

၄၁၁။ နှမတို့ ဥပမာအားဖြင့် တောက်နေသော ဆီမီး၏ ဆီသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်း သဘော ရှိ၏၊ မီးစာသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ မီးလျှံသည်လည်း မမြဲ၊ ဖောက်ပြန် ခြင်းသဘော ရှိ၏၊ အရောင်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ နှမတို့ အကြင်သူသည် “တောက်နေသော ထိုဆီမီး၏ ဆီသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ မီးစာသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘော ရှိ၏၊ မီးလျှံသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ ထိုဆီမီး၏ အရောင် မူကား မြဲ၏၊ ခိုင်ခံ့၏၊ အမြဲတည်၏၊ ဖောက်ပြန်ခြင်းသဘောမရှိ”ဟု ဆိုငြားအံ့၊ နှမတို့ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာအံ့လောဟု (မေး၏)။ အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့် ကြောင့်နည်းဟူမူ-အသျှင်ဘုရား တောက်နေသော ထိုဆီမီး၏ ဆီသည်လည်း မမြဲပါ၊ ဖောက်ပြန်ခြင်း သဘောရှိ၏၊ မီးစာသည်လည်း မမြဲပါ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ မီးလျှံသည်လည်း မမြဲပါ၊ ဖောက် ပြန်ခြင်းသဘောရှိ၏၊ ထိုဆီမီး၏ အရောင်သည် အဘယ်မှာ ဆိုဖွယ်ရာရှိအံ့နည်း၊ မမြဲသည်သာတည်း၊ ဖောက်ပြန်ခြင်းသဘော ရှိသည်သာတည်းဟု (လျှောက်ကြကုန်၏)။

--

နှမတို့ ဤအတူသာလျှင် အကြင်သူသည် “ဤခြောက်ပါးကုန်သော အဇ္ဈတ္တိကာယတနတို့သည် မမြဲ ကုန်၊ ယင်းခြောက်ပါးကုန်သော အဇ္ဈတ္တိကာယတနတို့ကို စွဲ၍ သုခဝေဒနာကိုလည်းကောင်း ဒုက္ခဝေဒနာ ကိုလည်းကောင်း၊ ဥပေက္ခာဝေဒနာကိုလည်းကောင်း ခံစား၏၊ ထိုဝေဒနာသည် မြဲ၏၊ ခိုင်ခံ့၏၊ အမြဲတည်၏၊ ဖောက်ပြန်ခြင်း သဘောမရှိ”ဟု ဆိုငြားအံ့၊ နှမတို့ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာအံ့လောဟု (မေး၏)။ အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား ထိုထို သဘောရှိသော အကြောင်းကို စွဲ၍ ထိုထိုသဘောရှိသော ဝေဒနာတို့သည် ဖြစ်ပါကုန်၏၊ ထိုထိုသဘောရှိ သော အကြောင်း၏ ချုပ်ခြင်းကြောင့် ထိုထိုသဘောရှိသော ဝေဒနာတို့သည် ချုပ်ပါကုန်၏ဟု (လျှောက်ကြ ကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာသာဝကအား ဤသို့သာ ဖြစ်၏။

၄၁၂။ နှမတို့ ဥပမာအားဖြင့် တည်နေဆဲဖြစ်သော အနှစ်ရှိသော သစ်ပင်ကြီး၏ အမြစ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ ပင်စည်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ သစ်ခက် သစ်ရွက်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ အရိပ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘော ရှိ၏၊ နှမတို့ အကြင်သူသည် “တည်နေဆဲဖြစ်သော အနှစ်ရှိသော သစ်ပင်ကြီး၏ အမြစ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်း သဘောရှိ၏၊ ပင်စည်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ သစ်ခက် သစ်ရွက် သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ ထိုသစ်ပင်ကြီး၏ အရိပ်သည်ကား မြဲ၏၊ ခိုင်ခံ့၏၊ အမြဲ တည်၏၊ ဖောက်ပြန်ခြင်းသဘော မရှိ”ဟု ဆိုငြားအံ့၊ နှမတို့ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာ အံ့လောဟု (မေး၏)။ အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ- အသျှင် ဘုရား တည်နေဆဲဖြစ်သော အနှစ်ရှိသော သစ်ပင်ကြီး၏ အမြစ်သည်လည်း မမြဲပါ၊ ဖောက်ပြန်ခြင်း သဘောရှိပါ၏၊ ပင်စည်သည်လည်း မမြဲပါ၊ ဖောက်ပြန်ခြင်း သဘောရှိပါ၏၊ သစ်ခက် သစ်ရွက်သည်လည်း မမြဲပါ၊ ဖောက်ပြန်ခြင်းသဘောရှိပါ၏၊ ထိုသစ်ပင်ကြီး၏ အရိပ်သည်ကား အဘယ်မှာ ဆိုဖွယ်ရာရှိပါအံ့ နည်း၊ မမြဲသည်သာတည်း၊ ဖောက်ပြန်ခြင်း သဘောရှိသည်သာတည်းဟု (လျှောက်ကြကုန်၏)။

နှမတို့ ဤအတူသာလျှင် အကြင်သူသည် “ဤခြောက်ပါးကုန်သော ဗာဟိရာယတနတို့သည် မမြဲ ကုန်၊ ခြောက်ပါးကုန်သော ဗာဟိရာယတနတို့ကို စွဲ၍ သုခဝေဒနာကိုလည်းကောင်း၊ ဒုက္ခဝေဒနာကိုလည်း ကောင်း၊ ဥပေက္ခာဝေဒနာကိုလည်းကောင်း ခံစား၏၊ ထိုဝေဒနာသည် မြဲ၏၊ ခိုင်ခံ့၏၊ အမြဲတည်၏၊ ဖောက်ပြန်ခြင်း သဘောမရှိ”ဟု ဆိုငြားအံ့၊ နှမတို့ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာအံ့လောဟု (မေး၏)။ အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ-အသျှင်ဘုရား ထိုထို သဘောရှိသော အကြောင်းကို စွဲ၍ ထိုထိုသဘောရှိသော ဝေဒနာတို့သည် ဖြစ်ပါကုန်၏၊ ထိုထိုသဘော ရှိသော အကြောင်း၏ချုပ်ခြင်းကြောင့် ထိုထို သဘောရှိသော ဝေဒနာတို့သည် ချုပ်ပါကုန်၏ဟု (လျှောက် ကြကုန်၏)။ နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာသာဝကအား ဤသို့သာ ဖြစ်၏။

၄၁၃။ နှမတို့ ဥပမာအားဖြင့် ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ် သမား၏ တပည့်သည်လည်းကောင်း၊ နွားကိုသတ်၍ ထက်စွာသော သားလှီးဓားဖြင့် အတွင်းဖြစ်သော အသားကိုယ်ထည်ကို မပျက်စေမူ၍ အပဖြစ်သော အရေကိုယ်ထည်ကို မပျက်စေမူ၍ နွားကို လှီးဖြတ်ရာ၏၊ ထိုလှီးဖြတ်ရာ၌ ထိုထိုကြား အမြှေးကြား အကြောကြား အစပ်ကိုသာလျှင် ထက်စွာသော သားလှီး ဓားဖြင့် ဖြတ်ရာ၏၊ တောက်ရာ၏၊ လှီးရာ၏၊ ထက်ဝန်းကျင် လှီးရာ၏၊ ဖြတ်၍ တောက်၍ လှီး၍ ထက်ဝန်ကျင်လှီး၍ အပဖြစ်သော အရေ ကိုယ်ထည်ကို ခွါ၍ ထိုအရေကိုယ်ထည်ဖြင့်ပင်လျှင် ထိုနွားကို ဖုံး၍ “ဤနွားသည် ထိုရှေးအတိုင်းပင် ဤအရေနှင့်သာလျှင် ဆက်စပ်နေ၏”ဟု ဆိုငြားအံ့၊ ထိုသူသည့်အမှန်ကို ပြောဆိုသည် မည်ရာအံ့လောဟု (မေး၏)။

--

အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား ကျွမ်းကျင် သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ်သမား၏ တပည့်သည်လည်းကောင်း နွားကို သတ်၍ ထက်စွာသော သားလှီးဓားဖြင့် အတွင်းဖြစ်သော အသားကိုယ်ထည်ကို မပျက်စေမူ၍ အပဖြစ်သော အရေ ကိုယ်ထည်ကို မပျက်စေမူ၍ နွားကို လှီးဖြတ်ရာ၏၊ ထိုလှီးဖြတ်ရာ၌ ထိုထိုကြား အမြှေးကြား အကြော ကြား အစပ်ကိုသာလျှင် ထက်စွာသော သားလှီးဓားဖြင့် ဖြတ်ရာ၏၊ တောက်ရာ၏၊ လှီးရာ၏၊ ထက်ဝန်း ကျင် လှီးရာ၏၊ ဖြတ်၍ တောက်၍ လှီး၍ ထက်ဝန်ကျင် လှီး၍ အပဖြစ်သော အရေကိုယ်ထည်ကို ခွါ၍ ထိုအရေကိုယ်ထည်ဖြင့်ပင်လျှင် ထိုနွားကို ဖုံး၍ “ဤနွားသည် ထိုရှေးအတိုင်းပင် ဤအရေနှင့်သာလျှင် ဆက်စပ်နေ၏”ဟု အကယ်၍ကား ထိုသူ ဆို၏၊ ထိုသို့ပင်ဆိုသော်လည်း ထိုနွားသည် ထိုအရေနှင့် မဆက် စပ်ပါဟု (လျှောက်ကြကုန်၏)။

နှမတို့ အနက်အဓိပ္ပါယ်ကို သိစေခြင်းငှါ ငါသည် ဤဥပမာကို ပြုအပ်၏၊ ဤဥပမာ၌ ဤဆို လတ္တံ့သည်ကား အနက်အဓိပ္ပါယ်တည်း၊ နှမတို့ “အတွင်းဖြစ်သော အသားကိုယ်ထည်” ဟူသော ဤ အမည်သည် ခြောက်ပါးကုန်သော အဇ္ဈတ္တိကာယတနတို့၏ အမည်တည်း။ နှမတို့ “အပဖြစ်သော အရေ ကိုယ်ထည်” ဟူသော ဤအမည်သည် ခြောက်ပါးကုန်သော ဗာဟိရာယတနတို့၏ အမည်တည်း။ နှမတို့ “ကြား အမြှေးကြား အကြောကြား အစပ်”ဟူသော ဤအမည်သည် နှစ်သက်ခြင်း နန္ဒီရာဂ၏ အမည် တည်း။ နှမတို့ “ထက်စွာသော သားလှီးဓား”ဟူသော ဤအမည်သည် မြတ်သော မဂ်ပညာ၏ အမည် တည်း။ ဤမြတ်သော မဂ်ပညာသည် အကြား၌ဖြစ်သော ကိလေသာ အကြား၌ဖြစ်သော သံယောဇဉ် အကြား၌ဖြစ်သော အစပ်တို့ကို ဖြတ်၏၊ တောက်၏၊ လှီး၏၊ ထက်ဝန်းကျင် လှီး၏။

၄၁၄။ နှမတို့ ဗောဇ္ဈင်တို့သည် ဤခုနစ်ပါးတို့တည်း၊ ရဟန်းသည် ယင်းဗောဇ္ဈင်တို့ကို ပွါးသည်၏ အဖြစ်ကြောင့် ကြိမ်ဖန်များစွာ လေ့လာသည်၏အဖြစ်ကြောင့် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သောစိတ် လွတ်မြောက်သောပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစေ၍နေ၏။ ခုနစ်ပါးတို့သည် အဘယ်တို့နည်း၊ နှမတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ခြင်း ‘ဝိဝေက’ ၌ မှီသော တပ်စွန်းမှု ‘ရာဂ’ ကင်းရာ၌ မှီသော ချုပ်ရာ ‘နိရောဓ’ ၌ မှီသော (ကိလေသာကို) စွန့်လွှတ်မှု နိဗ္ဗာန်သို့ ပြေးဝင်မှု ‘ဝေါဿဂ္ဂ'ကို ရင့် ကျက်စေတတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါး၏။ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ ဝီရိယသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ ပီတိသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ သမာဓိသမ္ဗောဇ္ဈင်ကို ပွါး၏။ ဆိတ်ခြင်း ‘ဝိဝေက’ ၌ မှီသော တပ်စွန်းမှု ‘ရာဂ’ ကင်းရာ၌ မှီသော ချုပ်ရာ ‘နိရောဓ’ ၌ မှီသော ကိလေသာ စွန့်လွှတ်မှု နိဗ္ဗာန်သို့ ပြေးဝင်မှု ‘ဝေါဿဂ္ဂ’ ကို ရင့်ကျက်စေတတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါး၏။ နှမတို့ ဗောဇ္ဈင်ခုနစ်ပါးတို့သည် ဤသည်တို့တည်း။

ရဟန်းသည် ယင်းဗောဇ္ဈင်တို့ကို ပွါးသည်၏ အဖြစ်ကြောင့် ကြိမ်ဖန်များစွာ လေ့လာသည်၏ အဖြစ်ကြောင့် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သောစိတ် လွတ် မြောက်သောပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံ စေ၍နေ၏ဟု (မိန့်ဆို၏)။

၄၁၅။ ထိုအခါ၌ အသျှင်နန္ဒကသည် ထိုရဟန်းမိန်းမတို့ကို ဤအဆုံးအမဖြင့် ဆုံးမ၍ “နှမတို့ သွားချိန်တန်ပြီ၊ သွားကြကုန်လော့”ဟု (ဆို၍) လွှတ်လိုက်၏။ ထိုအခါ ထိုရဟန်းမိန်းမတို့သည် အသျှင် နန္ဒက၏ တရားစကားကို အလွန်နှစ်သက် ဝမ်းမြောက်ကြကုန်၍ နေရာမှထကုန်လျက် အသျှင်နန္ဒကကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၏၊ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျှော်ရာ၌ ရပ်တည်ကုန်၏၊ သင့်လျော်ရာ၌ ရပ်တည်ကုန်သော ထိုရဟန်းမိန်းမတို့ကို မြတ်စွာဘုရား့သည် “ရဟန်းမိန်းမတို့ သွားချိန် တန်ပြီ၊ သွားကြကုန်လော့”ဟု ဤစကားကို မိန့်တော်မူ၏။ ထိုအခါ ထိုရဟန်းမိန်းမတို့သည် မြတ်စွာဘုရားကို ရှိခိုးကုန်၍ အရိုအသေပြု ပြီးလျှင် ဖဲသွားကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းမိန်မတို့ ဖဲသွား၍ မကြာမီ ရဟန်းတို့ကို “ရဟန်းတို့ ဥပမာအားဖြင့် တစ်ဆယ့်ငါးရက်မြောက်ဖြစ်သော ထိုဥပုသ်နေ့၌ လသည် ယုတ်လျော့ လေသလော၊ ပြည့်လေသလော’ဟု များစွာသော လူအပေါင်းအား ယုံမှားခြင်း တွေးတောခြင်းသည် မဖြစ်၊ စင်စစ်သော်ကား လသည် ပြည့်သည်သာ ဖြစ်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ထိုရဟန်းမိန်းမတို့သည် နန္ဒက၏ တရား ဒေသနာ၌ ဝမ်းမြောက်သော စိတ်ရှိကုန်သည်လည်းကောင်း၊ ပြည့်စုံသော အကြံအစည်ရှိကုန်သည်လည်း ကောင်း ဖြစ်ကုန်၏။ ရဟန်းတို့ ထိုရဟန်းမိန်မ ငါးရာတို့တွင် အကြင်ရဟန်းမိန်မတို့သည် (ဂုဏ်အား ဖြင့်) အငယ်ဆုံးဖြစ်ကုန်၏၊ ထိုရဟန်းမိန်းမတို့သည် သောတာပန်တို့တည်း၊ ဖရိုဖရဲကျခြင်း သဘောမရှိ ကုန်၊ မြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင်လည်းလျောင်းရာရှိကုန်၏”ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ။

လေးခုမြောက် နန္ဒကောဝါဒသုတ် ပြီး၏။

--

၅-စူဠရာဟုလောဝါဒသုတ်

၄၁၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ပါး တည်း ကိန်းအောင်းနေစဉ် “ရာဟုလာအား အရဟတ္တဖိုလ်ကို ရင့်ကျက်စေတတ်ကုန်သော သဘောတရား တို့သည် ရင့်ကျက်ကုန်ပြီ၊ ငါသည် ရာဟုလာအား တစ်ဆင့်တက်၍ အာသဝေါတရားတို့၏ ကုန်ခန်းမှု၌ သွန်သင်ဆုံးမရမူ ကောင်းလေစွ”ဟု ဤသို့သော စိတ်အကြံသည် ဖြစ်၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကိုယူကာ သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်၏၊ သာဝတ္ထိ ပြည်၌ ဆွမ်ခံလှည့်လည်၍ ဆွမ်းခံရာမှ ဖဲခဲ့ကာ ဆွမ်းစားပြီးနောက် အသျှင်ရာဟုလာကို “ရာဟုလာ နိသီဒိုင်ကို ယူခဲ့လော့၊ အန္ဓဝန်တောသို့ နေ့သန့်စင်ခြင်းငှါ ချဉ်းကပ်ကုန်အံ့”ဟု မိန်တော်မူ၏။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်ရာဟုလာသည် မြတ်စွာဘုရားအား ပြန်လျှောက်ထား၍ နိသီဒိုင်အခင်းကို ယူလျက် မြတ်စွာဘုရား၏ နောက်တော်မှ အစဉ်လိုက်၏။

ထိုအခါ ထောင်ပေါင်းများစွာသော နတ်တို့သည် “ယနေ့ မြတ်စွာဘုရားသည် အသျှင်ရာဟုလာကို တစ်ဆင့်တက်၍ အာသဝေါတို့၏ ကုန်ခန်းမှု၌ သွန်သင်တော်မူလတ္တံ့”ဟု နှလုံးပိုက်၍ မြတ်စွာဘုရားသို့ အစဉ်လိုက်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် အန္ဓဝန်တောသို့ သက်ဝင်၍ တစ်ခုသော သစ်ပင်ရင်း ခင်းထားသောနေရာ၌ ထိုင်တော်မူ၏၊ အသျှင်ရာဟုလာသည်လည်း မြတ်စွာဘုရားကို ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်နေ၏၊ သင့်လျော်ရာ၌ ထိုင်နေသော အသျှင်ရာဟုလာကို မြတ်စွာဘုရားသည် ဤစကားကို မိန့်တော် မူ၏-

၄၁၇။ ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ စက္ခုပသာဒသည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရား (ဟု လျှောက်၏)။ မမြဲသော စက္ခု ပသာဒသည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စက္ခုပသာဒကို “ဤစက္ခုပသာဒသည် ငါ့ဟာတည်း၊ ဤစက္ခုပသာဒသည် ငါတည်း၊ ဤစက္ခုပသာဒသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည် လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်၏)။ ရာဟုလာ ထိုစကားကို့အဘယ်သို့ အောက်မေ့သနည်း၊ ရူပါရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင် ဘုရားဟု (လျှောက်၏)။ မမြဲသော ရူပါရုံသည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲ ပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရူပါရုံကို “ဤရူပါရုံသည် ငါ့ဟာတည်း၊ ဤရူပါရုံသည် ငါတည်း၊ ဤရူပါရုံသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်၏)။

--

ရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ စက္ခုဝိညာဏ်သည် မြဲသလော မမြဲ သလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော စက္ခုဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စက္ခုဝိညာဏ်ကို “ဤစက္ခုဝိညာဏ်သည် ငါ့ဟာတည်း၊ ဤ စက္ခုဝိညာဏ်သည် ငါတည်း၊ ဤစက္ခုဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ'တည်း”ဟု ရှုခြင်းငှါ သင့်ပါမည် လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်၏)။ ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ စက္ခုသမ္ဖဿသည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော စက္ခုသမ္ဖဿသည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော် မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စက္ခုသမ္ဖဿကို “ဤစက္ခုသမ္ဖဿသည် ငါ့ဟာတည်း၊ ဤစက္ခုသမ္ဖဿသည် ငါတည်း၊ ဤစက္ခုသမ္ဖဿ သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင် ဘုရားဟု (လျှောက်၏)။

ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ စက္ခုသမ္ဖဿဟူသော အကြောင်း ကြောင့် ဖြစ်ပေါ်သော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့သည်လည်း မြဲသလော မမြဲသလောဟု (မေး တော်မူ၏)။ မမြဲပါအသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့သည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကို “ဤဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် ငါ့ဟာတည်း၊ ဤဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် ငါတည်း၊ ဤဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ'တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေးတော် မူ၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်၏)။

၄၁၈။ ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ သောတပသာဒသည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ပ။ ဃာနပသာဒသည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ပ။ ဇိဝှါပသာဒသည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ပ။ ကာယပသာဒ သည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ပ။ မနောဒွါရ သည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော မနောဒွါရသည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မနောဒွါရကို “ဤမနောဒွါရသည် ငါ့ဟာ တည်း၊ ဤမနောဒွါရသည် ငါတည်း၊ ဤမနောဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါ မည်လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

--

ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ ဓမ္မာရုံတို့သည် မြဲကုန်သလော့မမြဲကုန်သလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဓမ္မာရုံသည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန် ခြင်းသဘောရှိသော ဓမ္မာရုံကို “ဤဓမ္မာရုံသည် ငါ့ဟာတည်း၊ ဤဓမ္မာရုံသည် ငါတည်း၊ ဤဓမ္မာရုံသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်၏)။ ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့ သနည်း၊ မနောဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော မနောဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မနောဝိညာဏ်ကို “ဤမနောဝိညာဏ်သည် ငါ့ဟာတည်း၊ ဤမနောဝိညာဏ်သည် ငါတည်း၊ ဤမနောဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ'တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်၏)။

ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ မနောသမ္ဖဿသည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော မနောသမ္ဖဿသည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မနောသမ္ဖဿကို “ဤမနောသမ္ဖဿသည် ငါ့ဟာတည်း၊ ဤ မနောသမ္ဖဿသည် ငါတည်း၊ ဤမနောသမ္ဖဿသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည် လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်၏)။ ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ မနောသမ္ဖဿ ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကို “ဤဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် ငါ့ဟာတည်း၊ ဤဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် ငါတည်း၊ ဤဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်၏)။

၄၁၉။ ချစ်သားရာဟုလာ အကြားအမြင်ရှိသော အရိယာ၏တပည့်သည် ဤသို့ရှု မြင်သော် စက္ခု ပသာဒ၌ ငြီးငွှေ့၏၊ ရူပါရုံတို့၌ ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌ ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌ ငြီးငွေ့၏၊ စက္ခု သမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့၌လည်း ငြီးငွေ့၏၊ သောတပသာဒ၌ ငြီးငွေ့၏၊ သဒ္ဒါရုံတို့၌ ငြီးငွေ့၏။ပ။ ဃာနပသာဒ၌ ငြီးငွေ့၏၊ ဂန္ဓာရုံတို့၌ ငြီးငွေ့၏၊ ဇိဝှါပသာဒ၌ ငြီးငွေ့၏၊ ရသာရုံတို့၌ ငြီးငွေ့၏၊ ကာယပသာဒ၌ ငြီးငွေ့၏၊ ဖောဋ္ဌဗ္ဗာရုံတို့၌ ငြီးငွေ့၏၊ မနောဒွါရ၌ ငြီးငွေ့၏၊ ဓမ္မာရုံတို့၌ ငြီးငွေ့၏၊ မနောဝိညာဏ်၌ ငြီးငွေ့၏၊ မနောသမ္ဖဿ၌ ငြီးငွေ့၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့၌လည်း ငြီးငွေ့၏။ ငြီးငွေ့သော် တပ်ခြင်းကင်း၏၊ တပ်ခြင်းကင်းခြင်းကြောင့် ကိလေသာမှလွတ်၏၊ ကိလေသာမှ လွတ်သော် “ကိလေသာမှ လွတ်ပြီ”ဟု အသိဉာဏ်ဖြစ်၏။ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအတွက် နောက်ထပ်ပြုဖွယ် မရှိတော်ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ အသျှင်ရာဟုလာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။ စင်စစ် ဤစုဏ္ဏိယတရား့ဒေသနာတော်ကို ဟောသည်ရှိသော် အသျှင်ရာဟုလာ၏ စိတ်သည် တဏှာ ဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော အာရုံကိုမျှ မစွဲလမ်းတော့ဘဲ အာသဝေါတရားတို့မှ လွတ်ပြီ၊ ထိုထောင်ပေါင်းများစွာသော နတ်တို့အားလည်း “ဖြစ်ပေါ်ခြင်းသဘောရှိသော တရားမှန်သမျှသည် ချုပ်ပျောက်ခြင်းသဘောရှိ၏”ဟု ကိလေသာ မြူအညစ်အကြေးကင်းသော တရားမျက်စိ ‘သောတာပတ္တိမဂ်ဉာဏ်’ သည် ဖြစ်ပေါ်လေပြီ။

ငါးခုမြောက် စူဠရာဟုလောဝါဒသုတ် ပြီး၏။

--

၆-ဆဆက္ကသုတ်

၄၂၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟူ၍ မိန့်တော်မူ၏။ “အသျှင်ဘုရား” ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား ကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-"ရဟန်းတို့ သင်တို့အား ဆက္ကခြောက်ပါး ဟူသော အစ၏ကောင်းခြင်းရှိသော အလယ်၏ ကောင်းခြင်းရှိသော အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောအံ့၊ အလုံးစုံပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သောအကျင့်ကို ပြပေအံ့၊ ထိုတရားကို နာကုန်လော့၊ ကောင်းစွာနှလုံးသွင်းကုန်လော့၊ ဟောပေအံ့”ဟု (မိန့်တော်မူ၏)။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားစကားကို ဟောတော်မူ၏-

ခြောက်ပါးသော အဇ္ဈတ္တိကာယတနတို့ကို သိရမည်၊ ခြောက်ပါးသော ဗာဟိရာယတနတို့ကို သိရ မည်၊ ခြောက်ပါးသော ဝိညာဏ်အပေါင်းတို့ကို သိရမည်၊ ခြောက်ပါးသော ဖဿအပေါင်းတို့ကို သိရမည်၊ ခြောက်ပါးသော ဝေဒနာအပေါင်းတို့ကို သိရမည်၊ ခြောက်ပါးသော တဏှာအပေါင်းတို့ကို သိရမည်။

၄၂၁။ “ခြောက်ပါးသော အဇ္ဈတ္တိကာယတနတို့ကို သိရမည်” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။ စက္ခာယတန သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယတန မနာယတန တို့တည်း။ “ခြောက်ပါးသော အဇ္ဈတ္တိကာယတနတို့ကို သိရမည်” ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။ ဤကား ပဌမဆက္ကတည်း။ (၁)

“ခြောက်ပါးသော ဗာဟိရာယတနတို့ကို သိရမည်” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့ သနည်း။ ရူပါယတန သဒ္ဒါယတန ဂန္ဓာယတန ရသာယတန ဖောဋ္ဌဗ္ဗာယတန ဓမ္မာယတနတို့တည်း။ “ခြောက်ပါးသော ဗာဟိရာယတနတို့ကို သိရမည်”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။ ဤကား ဒုတိယဆက္ကတည်း။ (၂)

--

“ခြောက်ပါးသော ဝိညာဏ်အပေါင်းတို့ကို သိရမည်”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့ သနည်း။ စက္ခုဒွါရနှင့် ရူပါရုံကိုစွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏၊ သောတဒွါရနှင့် သဒ္ဒါရုံကို စွဲ၍ သောတ ဝိညာဏ်သည် ဖြစ်၏၊ ဃာနဒွါရနှင့် ဂန္ဓာရုံကို စွဲ၍ ဃာနဝိညာဏ်သည် ဖြစ်၏၊ ဇိဝှါဒွါရနှင့် ရသာရုံကို စွဲ၍ ဇိဝှါဝိညာဏ်သည် ဖြစ်၏၊ ကာယဒွါရနှင့် ဖောဋ္ဌဗ္ဗာရုံကို စွဲ၍ ကာယဝိညာဏ်သည် ဖြစ်၏၊ မနောဒွါရနှင့် ဓမ္မာရုံကို စွဲ၍ မနောဝိညာဏ်သည် ဖြစ်၏။ “ခြောက်ပါးသော ဝိညာဏ်အပေါင်းတို့ကို သိရမည်”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။ ဤကား တတိယဆက္ကတည်း။ (၃)

“ခြောက်ပါးသော ဖဿအပေါင်းတို့ကို သိရမည်”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သ နည်း။ စက္ခုဒွါရနှင့် ရူပါရုံကို စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿ သည် ဖြစ်၏၊ သောတဒွါရနှင့် သဒ္ဒါရုံကို စွဲ၍ သောတဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်း ကြောင့်ဖဿသည် ဖြစ်၏၊ ဃာနဒွါရနှင့် ဂန္ဓာရုံကို စွဲ၍ ဃာနဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်း ဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဇိဝှါဒွါရနှင့် ရသာရုံကို စွဲ၍ ဇိဝှါဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ကာယဒွါရနှင့် ဖောဋ္ဌဗ္ဗာရုံကို စွဲ၍ ကာယဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ မနောဒွါရနှင့် ဓမ္မာရုံကို စွဲ၍ မနောဝိညာဏ်သည် ဖြစ်၏။ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ “ခြောက်ပါးသော ဖဿအပေါင်းတို့ကို သိရမည်”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။ ဤကား စတုတ္ထဆက္ကတည်း။ (၄)

“ခြောက်ပါးသော ဝေဒနာအပေါင်းတို့ကို သိရမည်” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သ နည်း။ စက္ခုဒွါရနှင့် ရူပါရုံကို စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿ သည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် ဝေဒနာသည် ဖြစ်၏၊ သောတဒွါရနှင့် သဒ္ဒါရုံကို စွဲ၍ သောတဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် ဝေဒနာသည် ဖြစ်၏၊ ဃာနဒွါရနှင့် ဂန္ဓာရုံကို စွဲ၍ ဃာနဝိညာဏ်သည် ဖြစ်၏၊ သုံးပါး တို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် ဝေဒနာသည် ဖြစ်၏၊ ဇိဝှါဒွါရနှင့် ရသာရုံကို စွဲ၍ ဇိဝှါဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် ဝေဒနာသည် ဖြစ်၏၊ ကာယဒွါရနှင့် ဖောဋ္ဌဗ္ဗာရုံကို စွဲ၍ ကာယ ဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်း ကြောင့် ဝေဒနာသည် ဖြစ်၏၊ မနောဒွါရနှင့် ဓမ္မာရုံကို စွဲ၍ မနောဝိညာဏ်သည် ဖြစ်၏။ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် ဝေဒနာသည် ဖြစ်၏၊ “ခြောက်ပါးသော ဝေဒနာအပေါင်းတို့ကို သိရမည်”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။ ဤကား ပဉ္စမဆက္ကတည်း။ (၅)

“ခြောက်ပါးသော တဏှာအပေါင်းတို့ကို သိရမည်” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သ နည်း။ စက္ခုဒွါရနှင့် ရူပါရုံကို စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿ သည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် ဝေဒနာသည် ဖြစ်၏၊ ဝေဒနာဟူသော အကြောင်းကြောင့် တဏှာသည် ဖြစ်၏။ သောတဒွါရနှင့် သဒ္ဒါရုံကို စွဲ၍ သောတဝိညာဏ်သည် ဖြစ်၏။ပ။ ဃာနဒွါရနှင့် ဂန္ဓာရုံကို စွဲ၍ ဃာနဝိညာဏ်သည် ဖြစ်၏။ပ။ ဇိဝှါဒွါရနှင့် ရသာရုံကို စွဲ၍ ဇိဝှါဝိညာဏ်သည် ဖြစ်၏။ပ။ ကာယဒွါရနှင့် ဖောဋ္ဌဗ္ဗာရုံကို စွဲ၍ ကာယဝိညာဏ်သည် ဖြစ်၏။ပ။ မနောဒွါရနှင့် ဓမ္မာရုံကို စွဲ၍ မနောဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်း ကြောင့် ဝေဒနာသည် ဖြစ်၏၊ ဝေဒနာဟူသော အကြောင်းကြောင့် တဏှာသည် ဖြစ်၏။ “ခြောက်ပါးသော တဏှာအပေါင်းတို့ကို သိရမည်”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။ ဤကား ဆဋ္ဌ ဆက္ကတည်း။ (၆)

--

၄၂၂။ “စက္ခုဒွါရသည် အတ ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ စက္ခုဒွါရ၏ ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ အကြင် တရားအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏၊ ထိုတရားကို (အတ္တဟုဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်းဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “စက္ခုဒွါရသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် စက္ခုဒွါရသည် အနတ ္တတည်း။

“ရူပါရုံတို့သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ရူပါရုံတို့အား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ အကြင်တရားအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏၊ ထိုတရားကို အတ္တဟု ဆိုခဲ့လျှင့်"ငါ၏အတ္တသည် ဖြစ်လည်းဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “ရူပါရုံတို့သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် စက္ခုဒွါရ သည် အနတ္တတည်း၊ ရူပါရုံတို့သည် အနတ္တတည်း။

“စက္ခုဝိညာဏ်သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ် သင့်၊ စက္ခုဝိညာဏ်အား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်း သည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟုဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်း ဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “စက္ခုဝိညာဏ်သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် စက္ခုဒွါရ သည် အနတ္တတည်း၊ ရူပါရုံတို့သည် အနတ္တတည်း၊ စက္ခုဝိညာဏ်သည် အနတ္တတည်း။

“စက္ခုသမ္ဖဿသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ စက္ခုသမ္ဖဿအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်း ဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “စက္ခုသမ္ဖဿသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် စက္ခုဒွါရသည် အနတ္တတည်း၊ ရူပါရုံတို့သည် အနတ္တတည်း၊ စက္ခုဝိညာဏ်သည် အနတ္တတည်း၊ စက္ခု သမ္ဖဿသည် အနတ္တတည်း။

“ဝေဒနာသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ဝေဒနာအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်းသည်လည်း ကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်းဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “ဝေဒနာသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် စက္ခုဒွါရသည် အနတ္တတည်း၊ ရူပါရုံတို့သည် အနတ္တတည်း၊ စက္ခုဝိညာဏ်သည် အနတ္တတည်း၊ စက္ခုသမ္ဖဿသည် အနတ ္တတည်း၊ ဝေဒနာသည် အနတ ္တတည်း။

“တဏှာသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ တဏှာအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်းသည်လည်း ကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်းဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “တဏှာသည် အတ ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် စက္ခုဒွါရသည် အနတ္တတည်း၊ ရူပါရုံတို့သည် အနတ္တတည်း၊ စက္ခုဝိညာဏ်သည် အနတ္တတည်း၊ စက္ခုသမ္ဖဿသည် အနတ္တတည်း၊ ဝေဒနာသည် အနတ္တတည်း၊ တဏှာသည် အနတ္တတည်း။

--

၄၂၃။ “သောတဒွါရသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့။ပ။ “ဃာနဒွါရ သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့။ပ။ “ဇိဝှါဒွါရသည် အတ္တတည်း”ဟု တစ်ဦး တစ်ယောက်သည် ဆိုငြားအံ့။ပ။ “ကာရဒွါရသည် အတ ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့။ပ။ “မနောဒွါရသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုသို့ ဆိုခြင်းသည် မဖြစ် သင့်၊ မနောဒွါရအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်းဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “မနောဒွါရသည် အတ္တ တည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မသင့်၊့ထို့ကြောင့် မနောဒွါရသည် အနတ္တတည်း။

“ဓမ္မာရုံတို့သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ဓမ္မာရုံအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်းသည်လည်း ကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ ္တသည် ဖြစ်လည်းဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “ဓမ္မာရုံတို့သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် မနောဒွါရသည် အနတ္တ တည်း၊ ဓမ္မာရုံတို့သည် အနတ္တတည်း။

“မနောဝိညာဏ်သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ မနောဝိညာဏ်အား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်းဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “မနောဝိညာဏ် သည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် မနောဒွါရသည် အနတ္တတည်း၊ ဓမ္မာရုံတို့သည် အနတ္တတည်း၊ မနောဝိညာဏ်သည် အနတ္တတည်း။

“မနောသမ္ဖဿသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ် သင့်၊ မနောသမ္ဖဿအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်း သည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်း ဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “မနောသမ္ဖဿသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မသင့်၊ ထို့ကြောင့် မနောဒွါရသည် အနတ္တတည်း၊ ဓမ္မာရုံတို့သည် အနတ္တတည်း၊ မနောဝိညာဏ်သည် အနတ္တတည်း၊ မနောသမ္ဖဿသည် အနတ္တတည်း။

“ဝေဒနာသည် အတ ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ဝေဒနာအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်းသည်လည်း ကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ ္တသည် ဖြစ်လည်း ဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “ဝေဒနာသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် မနောဒွါရသည် အနတ္တ တည်း၊ ဓမ္မာရုံတို့သည် အနတ္တတည်း၊ မနောဝိညာဏ်သည် အနတ္တတည်း၊ မနောသမ္ဖဿသည် အနတ္တ တည်း၊ ဝေဒနာသည် အနတ္တတည်း။

--

“တဏှာသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ တဏှာအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ဖြစ်ခြင်းသည်လည်း ကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှားသော ထိုတရားကို (အတ္တဟု ဆိုခဲ့လျှင်) “ငါ၏ အတ္တသည် ဖြစ်လည်း ဖြစ်၏၊ ပျက်လည်းပျက်၏”ဟု ဆိုရာရောက်၏၊ ထို့ကြောင့် “တဏှာသည် အတ္တတည်း”ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် မနောဒွါရသည် အနတ္တ တည်း၊ ဓမ္မာရုံတို့သည် အနတ္တတည်း၊ မနောဝိညာဏ်သည် အနတ္တတည်း၊ မနောသမ္ဖဿသည် အနတ္တ တည်း၊ ဝေဒနာသည် အနတ္တတည်း၊ တဏှာသည် အနတ္တတည်း။

၄၂၄။ ရဟန်းတို့ ဤဆိုလတ္တံ့သည်ကား သက္ကာယဖြစ်ခြင်းသို့ ရောက်ကြောင်းဖြစ်သော အကျင့် တည်း၊ စက္ခုဒွါရကို “ဤစက္ခုဒွါရသည် ငါ့ဟာတည်း၊ ဤစက္ခုဒွါရသည် ငါတည်း၊ ဤစက္ခုဒွါရသည် ငါ၏ ကိုယ်ပိုင်တည်း”ဟု ရှု၏။ ရူပါရုံတို့ကို “ဤရူပါရုံသည် ငါ့ဟာတည်း၊ ဤရူပါရုံသည် ငါတည်း၊ ဤရူပါရုံ့သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏။ စက္ခုဝိညာဏ်ကို “ဤစက္ခုဝိညာဏ်သည် ငါ့ဟာတည်း၊ ဤစက္ခုဝိညာဏ်သည် ငါတည်း၊ ဤစက္ခုဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏။ စက္ခု သမ္ဖဿကို “ဤစက္ခုသမ္ဖဿသည် ငါ့ဟာတည်း၊ ဤစက္ခုသမ္ဖဿသည် ငါတည်း၊ ဤစက္ခုသမ္ဖဿသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏။ ဝေဒနာကို “ဤဝေဒနာသည် ငါ့ဟာတည်း၊ ဤဝေဒနာသည် ငါတည်း၊ ဤဝေဒနာသည် ငါ၏ ကိုယ်'အတ္တ'တည်း”ဟု ရှု၏။ တဏှာကို “ဤတဏှာသည် ငါ့ဟာတည်း၊ ဤတဏှာသည် ငါတည်း၊ ဤတဏှာသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏။ သောတဒွါရကို “ဤ သောတဒွါရသည် ငါ့ဟာတည်း၊ ဤသောတဒွါရသည် ငါတည်း၊ ဤသောတဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏။ပ။ ဃာနဒွါရကို “ဤဃာနဒွါရသည် ငါ့ဟာတည်း၊ ဤဃာနဒွါရသည် ငါတည်း၊ ဤဃာနဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏။ပ။ ဇိဝှါဒွါရကို “ဤဇိဝှါဒွါရသည် ငါ့ဟာတည်း၊ ဤ ဇိဝှါဒွါရသည် ငါတည်း၊ ဤဇိဝှါဒွါရသည် ငါ၏ ကိုယ် ‘အတ္တ'တည်း”ဟု ရှု၏။ပ။ ကာယဒွါရကို “ဤ ကာယဒွါရသည် ငါ့ဟာတည်း၊ ဤကာယဒွါရသည် ငါတည်း၊ ဤကာယဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏။ပ။ မနောဒွါရကို “ဤမနောဒွါရသည် ငါ့ဟာတည်း၊ ဤမနောဒွါရသည် ငါတည်း၊ ဤမနောဒွါရသည် ငါ၏ ကိုယ် ‘အတ္တ'တည်း”ဟု ရှု၏။ ဓမ္မာရုံတို့ကို “ဤဓမ္မာရုံသည် ငါ့ဟာတည်း၊ ဤဓမ္မာရုံသည် ငါတည်း၊ ဤဓမ္မာရုံသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏။ မနောဝိညာဏ်ကို “ဤ မနော ဝိညာဏ်သည် ငါ့ဟာတည်း၊ ဤမနောဝိညာဏ်သည် ငါတည်း၊ ဤမနောဝိညာဏ်သည် ငါ၏ ကိုယ်ပိုင်တည်း”ဟု ရှု၏။ မနောသမ္ဖဿကို “ဤမနောသမ္ဖဿသည် ငါ့ဟာတည်း၊ ဤမနောသမ္ဖဿ သည် ငါတည်း၊ ဤမနောသမ္ဖဿသည် ငါ၏ ကိုယ် ‘အတ္တ'တည်း”ဟု ရှု၏။ ဝေဒနာကို “ဤဝေဒနာသည် ငါ့ဟာတည်း၊ ဤဝေဒနာသည် ငါတည်း၊ ဤဝေဒနာသည် ငါ၏ ကိုယ် ‘အတ္တ'တည်း”ဟု ရှု၏။ တဏှာကို “ဤတဏှာသည် ငါ့ဟာတည်း၊ ဤတဏှာသည် ငါတည်း၊ ဤတဏှာသည် ငါ၏ ကိုယ် ‘အတ္တ'တည်း”ဟု ရှု၏။

ရဟန်းတို့ ဤဆိုလတ္တံ့သည်ကား သက္ကာယ ချုပ်ခြင်းသို့ ရောက်ကြောင်းအကျင့်တည်း၊ စက္ခုဒွါရကို “ဤစက္ခုဒွါရသည် ငါ့ဟာမဟုတ်၊ ဤစက္ခုဒွါရသည် ငါမဟုတ်၊ ဤစက္ခုဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ ရူပါရုံတို့ကို “ဤရူပါရုံသည် ငါ့ဟာမဟုတ်၊ ဤရူပါရုံသည် ငါမဟုတ်၊ ဤရူပါရုံသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ စက္ခုဝိညာဏ်ကို “ဤစက္ခုဝိညာဏ်သည် ငါ့ဟာမဟုတ်၊ ဤစက္ခု ဝိညာဏ်သည် ငါမဟုတ်၊ ဤစက္ခုဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ စက္ခုသမ္ဖဿကို “ဤစက္ခုသမ္ဖဿသည် ငါ့ဟာမဟုတ်၊ ဤစက္ခုသမ္ဖဿသည် ငါမဟုတ်၊ ဤစက္ခုသမ္ဖဿသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ ဝေဒနာကို “ဤဝေဒနာသည် ငါ့ဟာမဟုတ်၊ ဤဝေဒနာသည် ငါမဟုတ်၊ ဤဝေဒနာသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ တဏှာကို “ဤတဏှာသည် ငါ့ဟာမဟုတ်၊ ဤ တဏှာသည် ငါမဟုတ်၊ ဤတဏှာသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။

--

သောတဒွါရကို “ဤသောတဒွါရသည် ငါ့ဟာမဟုတ်၊ ဤသောတဒွါရသည် ငါမဟုတ်၊ ဤသောတဒွါရ သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ပ။ ဃာနဒွါရကို “ဤဃာနဒွါရသည် ငါ့ဟာမဟုတ်၊ ဤဃာနဒွါရ သည် ငါမဟုတ်၊ ဤဃာနဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ ဇိဝှါဒွါရကို “ဤဇိဝှါဒွါရသည် ငါ့ဟာမဟုတ်၊ ဤဇိဝှါဒွါရသည် ငါမဟုတ်၊ ဤဇိဝှါဒွါရသည် ငါ၏ ကိုယ် ‘အတ္တ'မဟုတ်”ဟု ရှု၏။ ကာယ ဒွါရကို “ဤကာယဒွါရသည် ငါ့ဟာမဟုတ်၊ ဤကာယဒွါရသည် ငါမဟုတ်၊ ဤကာယဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ မနောဒွါရကို “ဤမနောဒွါရသည် ငါ့ဟာမဟုတ်၊ ဤမနောဒွါရသည် ငါမဟုတ်၊ ဤမနောဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ ဓမ္မာရုံတို့ကို “ဤဓမ္မာရုံသည် ငါ့ဟာမဟုတ်၊ ဤဓမ္မာရုံသည် ငါမဟုတ်၊ ဤဓမ္မာရုံသည် ငါ၏့ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ မနောဝိညာဏ်ကို “ဤ မနောဝိညာဏ်သည် ငါ့ဟာ မဟုတ်၊ ဤမနောဝိညာဏ်သည် ငါမဟုတ်၊ ဤမနောဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ မနောသမ္ဖဿကို “ဤမနောသမ္ဖဿသည် ငါ့ဟာမဟုတ်၊ ဤမနော သမ္ဖဿသည် ငါမဟုတ်၊ ဤမနောသမ္ဖဿသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ ဝေဒနာကို “ဤဝေဒနာသည် ငါ့ဟာမဟုတ်၊ ဤဝေဒနာသည် ငါမဟုတ်၊ ဤဝေဒနာသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ တဏှာကို “ဤတဏှာသည် ငါ့ဟာမဟုတ်၊ ဤတဏှာသည် ငါမဟုတ်၊ ဤတဏှာ သည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။

၄၂၅။ ရဟန်းတို့ စက္ခုဒွါရနှင့် ရူပါရုံကို စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံ ခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် သုခသော်လည်းကောင်း ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာသည် ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ ဖြင့် တွေ့ထိသည်ရှိသော် နှစ်သက်၏၊ တမ်းတ၏၊ မက်မော၍ တည်၏၊ ထိုပုပ္ဂိုလ်အား ရာဂါနုသယသည် ကိန်း၏။ ဒုက္ခဝေဒနာဖြင့် တွေ့ထိသည်ရှိသော် ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး ငို၏၊ တွေဝေခြင်းသို့ ရောက်၏၊ ထိုပုပ္ဂိုလ်အား ပဋိဃာနုသယသည် ကိန်း၏။ ဥပေက္ခာဝေဒနာဖြင့် တွေ့ထိ သည်ရှိသော် ဝေဒနာ၏ ဖြစ်ပုံကိုလည်းကောင်း၊ ချုပ်ပုံကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ကြောင်းကိုလည်းကောင်းဟုတ်မှန်စွာ မသိ၊ ထိုပုပ္ဂိုလ်အား အဝိဇ္ဇာ နုသယသည် ကိန်း၏။ ရဟန်းတို့ စင်စစ် ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၌ ရာဂါနုသယကို မပယ်မူ၍ ဒုက္ခဝေဒနာ၌ ပဋိဃာနုသယကို မဖျောက်မူ၍ ဥပေက္ခာဝေဒနာ၌ အဝိဇ္ဇာနုသယကို မနုတ်မူ၍ အဝိဇ္ဇာကို မပယ်ဘဲ ဝိဇ္ဇာကို မဖြစ်စေဘဲ မျက်မှောက်ဘဝ၌ ဆင်းရဲ၏ အဆုံးကို ပြုနိုင်လတ္တံ့ ဟူသော အကြောင်း သည် မရှိ။

ရဟန်းတို့ သောတဒွါရနှင့် သဒ္ဒါရုံကို စွဲ၍ သောတဝိညာဏ်သည် ဖြစ်၏။ပ။ ဃာနဒွါရနှင့် ဂန္ဓာရုံကို စွဲ၍ ဃာနဝိညာဏ်သည် ဖြစ်၏။ပ။ ဇိဝှါဒွါရနှင့် ရသာရုံကို စွဲ၍ ဇိဝှါဝိညာဏ်သည် ဖြစ်၏။ပ။ ကာယ ဒွါရနှင့် ဖောဋ္ဌဗ္ဗာရုံကို စွဲ၍ ကာယဝိညာဏ်သည် ဖြစ်၏။ပ။ ရဟန်းတို့ မနောဒွါရနှင့် ဓမ္မာရုံကို စွဲ၍ မနောဝိညာဏ်သည် ဖြစ်၏။ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အ ကြောင်းကြောင့် သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာသည် ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် သုခဝေဒနာဖြင့် တွေ့ထိသည်ရှိသော် နှစ်သက်၏၊ တမ်းတပြော ဆို၏၊ မက်မော၍ တည်၏၊ ထိုပုပ္ဂိုလ်အား ရာဂါနုသယသည် ကိန်း၏။ ဒုက္ခဝေဒနာဖြင့် တွေ့ထိသည် ရှိသော် ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး ငို၏၊ တွေဝေခြင်းသို့ ရောက်၏၊ ထိုပုပ္ဂိုလ် အား ပဋိဃာနုသယသည် ကိန်း၏။ ဥပေက္ခာဝေဒနာဖြင့် တွေ့ထိသည်ရှိသော် ထိုဝေဒနာ၏ ဖြစ်ပုံကိုလည်း ကောင်း၊ ချုပ်ပုံကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက် ကြောင်းကိုလည်းကောင်းဟုတ်မှန်စွာ မသိ၊ ထိုပုပ္ဂိုလ်အား အဝိဇ္ဇာ နုသယသည် ကိန်း၏။ ရဟန်းတို့ စင်စစ် ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၌ ရာဂါနုသယကို မပယ်မူ၍ ဒုက္ခဝေဒနာ၌ ပဋိဃာနုသယကို မဖျောက် မူ၍ ဥပေက္ခာဝေဒနာ၌ အဝိဇ္ဇာနုသယကို မနုတ်မူ၍ အဝိဇ္ဇာကို မပယ်ဘဲ ဝိဇ္ဇာကို မဖြစ်စေဘဲ မျက်မှောက် ဘဝ၌ ဆင်းရဲ၏ အဆုံးကို ပြုနိုင်လတ္တံ့ ဟူသော အကြောင်းသည် မရှိ။

--

၄၂၆။ ရဟန်းတို့ စက္ခုဒွါရနှင့် ရူပါရုံကို စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်း ဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာသည် ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ ဖြင့် တွေ့ထိသည်ရှိသော် မနှစ်သက် မတမ်းတ မမက်မောမူ၍ တည်၏၊ ထိုပုပ္ဂိုလ်အား ရာဂါနုသယသည် မကိန်း။ ဒုက္ခဝေဒနာဖြင့် တွေ့ထိသည်ရှိသော် မပူဆွေး မပင်ပန်း မငိုကြွေး၊ ရင်ဘတ်စည်တီး မငို၊့တွေဝေခြင်းသို့ မရောက်၊ ထိုပုပ္ဂိုလ်အား ပဋိဃာနုသယသည် မကိန်း။ ဥပေက္ခာဝေဒနာဖြင့် တွေ့ထိသည် ရှိသော် ထိုဝေဒနာ၏ ဖြစ်ပုံကိုလည်းကောင်း၊ ချုပ်ပုံကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ကြောင်းကိုလည်းကောင်းဟုတ်မှန်စွာ သိ၏၊ ထိုပုပ္ဂိုလ်အား အဝိဇ္ဇာ နုသယသည် မကိန်း။ ရဟန်းတို့ စင်စစ် ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၌ ရာဂါနုသယကို ပယ်၍ ဒုက္ခ ဝေဒနာ၌ ပဋိဃာနုသယကို ဖျောက်၍ ဥပေက္ခာဝေဒနာ၌ အဝိဇ္ဇာနုသယကို နုတ်၍ အဝိဇ္ဇာကို ပယ်လျက် ဝိဇ္ဇာကို ဖြစ်စေလျက် မျက်မှောက်ဘဝ၌ ဆင်းရဲ၏ အဆုံးကို ပြု နိုင်လတ္တံ့ဟူသော အကြောင်းသည် ရှိ၏။

ရဟန်းတို့ သောတဒွါရနှင့် သဒ္ဒါရုံကို စွဲ၍ သောတဝိညာဏ်သည် ဖြစ်၏။ပ။ ရဟန်းတို့ ဃာနဒွါရနှင့် ဂန္ဓာရုံကို စွဲ၍ ဃာနဝိညာဏ်သည် ဖြစ်၏။ပ။ ရဟန်းတို့ ဇိဝှါဒွါရနှင့် ရသာရုံကို စွဲ၍ ဇိဝှါဝိညာဏ်သည် ဖြစ်၏။ပ။ ရဟန်းတို့ ကာယဒွါရနှင့် ဖောဋ္ဌဗ္ဗာရုံကို စွဲ၍ ကာယဝိညာဏ်သည် ဖြစ်၏။ပ။ ရဟန်းတို့ မနောဒွါရနှင့် ဓမ္မာရုံကို စွဲ၍ မနောဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာသည် ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် သုခဝေဒနာဖြင့် တွေ့ထိသည်ရှိသော် မနှစ် သက် မတမ်းတ မမက်မောမူ၍ တည်၏၊ ထိုပုပ္ဂိုလ်အား ရာဂါနုသယသည် မကိန်း။ ဒုက္ခဝေဒနာနှင့် တွေ့ထိသည်ရှိသော် မပူဆွေး မပင်ပန်း မငိုကြွေး၊ ရင်ဘတ်စည်တီး မငို၊ တွေဝေခြင်းသို့ မရောက်၊ ထိုပုပ္ဂိုလ်အား ပဋိဃာနုသယသည် မကိန်း။ ဥပေက္ခာဝေဒနာဖြင့် တွေ့ထိသည်ရှိသော် ထိုဝေဒနာ၏ ဖြစ်ပုံ ကိုလည်းကောင်း၊ ချုပ်ပုံကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက် မြောက်ကြောင်းကိုလည်းကောင်းဟုတ်မှန်စွာ သိ၏၊ ထိုပုပ္ဂိုလ်အား အဝိဇ္ဇာနုသယသည် မကိန်း။ ရဟန်း တို့ စင်စစ် ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၌ ရာဂါနုသယကို ပယ်၍ ဒုက္ခဝေဒနာ၌ ပဋိဃာနုသယကို ဖျောက် ၍ ဥပေက္ခာဝေဒနာ၌ အဝိဇ္ဇာနုသယကို နုတ်၍ အဝိဇ္ဇာကို ပယ်လျက် ဝိဇ္ဇာကို ဖြစ်စေလျက် မျက်မှောက် ဘဝ၌ ဆင်းရဲ၏ အဆုံးကို ပြုနိုင်လတ္တံ့ ဟူသော အကြောင်းသည် ရှိ၏။

၄၂၇။ ရဟန်းတို့ ဤသို့ ရှုမြင်သော အကြားအမြင်ရှိသော အရိယာသာဝကသည် စက္ခုဒွါရ၌ ငြီးငွေ့၏၊ ရူပါရုံတို့၌ ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌ ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌ ငြီးငွေ့၏၊ ဝေဒနာ၌ ငြီးငွေ့၏၊ တဏှာ၌ ငြီးငွေ့၏၊ သောတဒွါရ၌ ငြီးငွေ့၏၊ သဒ္ဒါရုံတို့၌ ငြီးငွေ့၏။ပ။ ဃာနဒွါရ၌ ငြီးငွေ့၏၊ ဂန္ဓာရုံတို့၌ ငြီးငွေ့၏။ ဇိဝှါဒွါရ၌ ငြီးငွေ့၏၊ ရသာရုံတို့၌ ငြီးငွေ့၏။ ကာယဒွါရ၌ ငြီးငွေ့၏၊ ဖောဋ္ဌဗ္ဗာရုံ တို့၌ ငြီးငွေ့၏။ မနောဒွါရ၌ ငြီးငွေ့၏၊ ဓမ္မာရုံတို့၌ ငြီးငွေ့၏။ မနောဝိညာဏ်၌ ငြီးငွေ့၏၊ မနောသမ္ဖဿ ၌ ငြီးငွေ့၏၊ ဝေဒနာ၌ ငြီးငွေ့၏၊ တဏှာ၌ ငြီးငွေ့၏၊ ငြီးငွေ့သည်ရှိသော် တပ်နှစ်သက်ခြင်း ကင်း၏၊ တပ်နှစ်သက်ခြင်း ကင်းခြင်းကြောင့် ကိလေသာမှ လွတ်၏၊ ကိလေသာမှ လွတ်သော် “ကိလေသာမှ လွတ်ပြီ”ဟု အသိဉာဏ် ဖြစ်၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်)ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအတွက် နောက်ထပ် ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော် မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကုန်ပြီ။ ဤဂါထာမဖက် သက်သက်သော တရားဒေသနာကို ဟောတော်မူသည်ရှိသော် ခြောက်ကျိပ်အတိုင်းအရှည်ရှိကုန်သော ရဟန်းတို့၏ စိတ်တို့ သည် တဏှာဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော အာရုံကိုမျှ မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်ကုန်ပြီ။

ခြောက်ခုမြောက် ဆဆက္ကသုတ် ပြီး၏။

--

၇-မဟာသဠာယတနိကသုတ်

၄၂၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု မိန့်တော် မူ၏။ “မြတ်စွာဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ -"ရဟန်းတို့ သင်တို့အား ကျယ်ပြန့်သော အာယတနခြောက်ပါး တို့ကို ဟောပေအံ့၊ ထိုတရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောပေအံ့ဟု (မိန့် တော်မူ၏)။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက် ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရား ဒေသနာကို ဟောတော်မူ၏ -

၄၂၉။ ရဟန်းတို့ စက္ခုကိုဟုတ်မှန်တိုင်း မသိမမြင်၍ ရူပါရုံတို့ကိုဟုတ်မှန်တိုင်း မသိမမြင်၍ စက္ခုဝိညာဏ်ကိုဟုတ်မှန်တိုင်း မသိမမြင်၍ စက္ခုသမ္ဖဿကိုဟုတ်မှန်တိုင်း မသိမမြင်၍ စက္ခုသမ္ဖဿ ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာတို့ကိုလည်းဟုတ်မှန် တိုင်း မသိ မမြင်၍ စက္ခု၌ ပြင်းစွာတပ်နှစ်သက်၏၊ ရူပါရုံတို့၌ ပြင်းစွာတပ်နှစ်သက်၏၊ စက္ခုဝိညာဏ်၌ ပြင်းစွာတပ်နှစ်သက်၏၊ စက္ခုသမ္ဖဿ၌ ပြင်းစွာတပ်နှစ်သက်၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာ၌လည်း ပြင်းစွာ တပ်နှစ်သက်၏။

ပြင်းစွာတပ်နှစ်သက်သော ရာဂနှင့်ယှဉ်သော တွေဝေသော သာယာဖွယ်ကို ရှုလေ့ရှိသည်ဖြစ်၍ နေသော ထိုပုဂ္ဂိုလ်အား နောင်အခါ၌ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့သည် ပွါးခြင်းသို့ ရောက်ကုန်၏။ ထို ပုဂ္ဂိုလ်အား တစ်ဖန် ဘဝသစ်၌ ဖြစ်စေတတ်သော နှစ်သက်ခြင်း ရာဂနှင့် တကွဖြစ်သော ထိုထိုအာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တဏှာသည်လည်း ပွါး၏။ ထိုပုဂ္ဂိုလ်အား ကိုယ်၌ဖြစ်သော ပင်ပန်းခြင်းတို့ သည်လည်း ပွါးကုန်၏၊ စိတ်၌ဖြစ်သော ပင်ပန်းခြင်းတို့သည်လည်း ပွါးကုန်၏၊ ကိုယ်၌ဖြစ်သော ပူပန်ခြင်း တို့သည်လည်း ပွါးကုန်၏၊ စိတ်၌ဖြစ်သော ပူပန်ခြင်းတို့သည်လည်း ပွါးကုန်၏၊ ကိုယ်၌ဖြစ်သော ပူလောင် ခြင်းတို့သည်လည်း ပွါးကုန်၏၊ စိတ်၌ဖြစ်သော ပူလောင်ခြင်းတို့သည်လည်း ပွါးကုန်၏၊ ထိုပုဂ္ဂိုလ်သည် ကိုယ်၌ဖြစ်သော ဆင်းရဲကိုလည်းကောင်း၊ စိတ်၌ ဖြစ်သော ဆင်းရဲကိုလည်းကောင်း ခံစားရ၏။

--

ရဟန်းတို့ သောတကိုဟုတ်မှန်တိုင်း မသိမမြင်၍။ပ။ ရဟန်းတို့ ဃာနကိုဟုတ်မှန်တိုင်း မသိ မမြင်၍။ပ။ ရဟန်းတို့ ဇိဝှါကိုဟုတ်မှန်တိုင်း မသိမမြင်၍။ပ။ ရဟန်းတို့ ကာယကိုဟုတ်မှန်တိုင်း မသိ မမြင်၍။ပ။ ရဟန်းတို့ မနကိုဟုတ်မှန်တိုင်း မသိမမြင်၍၊ ရဟန်းတို့ ဓမ္မာရုံတို့ကိုဟုတ်မှန်တိုင်း မသိ မမြင်၍၊ ရဟန်းတို့ မနောဝိညာဏ်ကိုဟုတ်မှန်တိုင်း မသိမမြင်၍၊ ရဟန်းတို့ မနောသမ္ဖဿကိုဟုတ်မှန် တိုင်း မသိမမြင်၍၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော သုခသော်လည်းကောင်း၊ ဒုက္ခ သော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာတို့ကိုလည်းဟုတ်မှန်တိုင်း မသိမမြင် မူ၍ မနောဒွါရ၌ ပြင်းစွာတပ်နှစ်သက်၏၊ ဓမ္မာရုံတို့၌ ပြင်းစွာတပ်နှစ်သက်၏၊ မနောဝိညာဏ်၌ ပြင်းစွာ တပ်နှစ်သက်၏၊ မနောသမ္ဖဿ၌ ပြင်းစွာတပ်နှစ်သက်၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ် ပေါ်သော သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာ၌လည်း ပြင်းစွာတပ်နှစ်သက်၏။

ပြင်းစွာတပ်နှစ်သက်သော ရာဂနှင့်ယှဉ်သော တွေဝေသော သာယာဖွယ်ကို ရှုလေ့ရှိသည်ဖြစ်၍နေ သော ထိုပုဂ္ဂိုလ်အား နောင်အခါ၌ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့သည် ပွါးခြင်းသို့ ရောက်ကုန်၏။ ထို ပုဂ္ဂိုလ်အား တစ်ဖန် ဘဝသစ်၌ ဖြစ်စေတတ်သော နှစ်သက်ခြင်း ရာဂနှင့် တကွဖြစ်သော ထိုထိုအာရုံ၌့အလွန်နှစ်သက်ခြင်းရှိသော တဏှာသည်လည်း ပွါး၏။ ထိုပုဂ္ဂိုလ်အား ကိုယ်ဖြစ်သော ပင်ပန်းခြင်းတို့သည်လည်း ပွါးကုန်၏၊စိတ်၌ဖြစ်သော ပင်ပန်းခြင်းတို့သည်လည်း ပွါးကုန်၏၊ ကိုယ်၌ဖြစ်သော ပူပန်ခြင်းတို့ သည်လည်း ပွါးကုန်၏၊ စိတ်၌ဖြစ်သော ပူပန်ခြင်းတို့သည်လည်း ပွါးကုန်၏၊ ကိုယ်၌ဖြစ်သော ပူလောင် ခြင်းတို့သည်လည်း ပွါးကုန်၏၊ စိတ်၌ဖြစ်သော ပူလောင်ခြင်းတို့သည်လည်း ပွါးကုန်၏။ ထိုပုဂ္ဂိုလ်သည် ကိုယ်၌ဖြစ်သော ဆင်းရဲကိုလည်းကောင်း၊ စိတ်၌ဖြစ်သော ဆင်းရဲကိုလည်းကောင်း ခံစားရ၏။

၄၃၀။ ရဟန်းတို့ စက္ခုကိုဟုတ်မှန်တိုင်း သိမြင်၍ ရူပါရုံတို့ကိုဟုတ်မှန်တိုင်း သိမြင်၍ စက္ခု ဝိညာဏ်ကိုဟုတ်မှန်တိုင်း သိမြင်၍ စက္ခုသမ္ဖဿကိုဟုတ်မှန်တိုင်း သိမြင်၍ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်း ကောင်း ဖြစ်သော ဝေဒနာတို့ကိုလည်းဟုတ်မှန်တိုင်း သိမြင်၍ စက္ခု၌ ပြင်းစွာ မတပ်နှစ်သက်၊ ရူပါရုံ တို့၌ ပြင်းစွာ မတပ်နှစ်သက်၊ စက္ခုဝိညာဏ်၌ ပြင်းစွာ မတပ်နှစ်သက်၊ စက္ခုသမ္ဖဿ၌ ပြင်းစွာ မတပ် နှစ်သက်၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်း ကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာတို့၌လည်း ပြင်းစွာ မတပ်နှစ်သက်။

ပြင်းစွာ မတပ်နှစ်သက်သော ရာဂနှင့်မယှဉ်သော မတွေဝေသော အပြစ်ကိုရှုလေ့ရှိသည်ဖြစ်၍ နေသော ထိုပုဂ္ဂိုလ်အား နောင်အခါ၌ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့သည် ဆုတ်ယုတ်ခြင်းသို့ ရောက်ကုန်၏။ ထိုပုဂ္ဂိုလ်အား တစ်ဖန် ဘဝသစ်ဖြစ်စေတတ်သော နှစ်သက်ခြင်း ရာဂနှင့်တကွဖြစ်သော ထိုထိုအာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တဏှာသည်လည်း ပျောက်ကင်း၏။ ထိုပုဂ္ဂိုလ်အား ကိုယ်၌ဖြစ်သော ပင်ပန်း ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏၊ စိတ်၌ဖြစ်သော ပင်ပန်းခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏။ ကိုယ်၌ဖြစ်သော ပူပန်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏၊ စိတ်၌ဖြစ်သော ပူပန်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏။ ကိုယ်၌ဖြစ်သော ပူလောင်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏၊ စိတ်၌ဖြစ်သော ပူလောင်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏။ ထိုပုဂ္ဂိုလ်သည် ကိုယ်၌ဖြစ်သော ချမ်းသာကိုလည်း ကောင်း၊ စိတ်၌ဖြစ်သော ချမ်းသာကိုလည်းကောင်း ခံစားရ၏။

--

၄၃၁။ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သောပုဂ္ဂိုလ်အား အကြင်ဉာဏ်အမြင်သည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုဉာဏ်အမြင်သည် မှန်သောဉာဏ်အမြင် ‘သမ္မာဒိဋ္ဌိ’ ဖြစ်၏။ ထိုသို့သော အခြင်းအရာ အားဖြင့် ဖြစ်သော ပုဂ္ဂိုလ်အား အကြင်အကြံသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအကြံသည် မှန်သောအကြံ ‘သမ္မာသင်္ကပ္ပ’ ဖြစ်၏။ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သောထိုပုဂ္ဂိုလ်အား အကြင်အားထုတ်ခြင်း သည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအားထုတ်ခြင်းသည် မှန်သောအားထုတ်ခြင်း ‘သမ္မာဝါယာမ’ ဖြစ်၏။ ထိုသို့ သော အခြင်းအရာအားဖြင့် ဖြစ်သောပုဂ္ဂိုလ်အား အကြင်အောက်မေ့ခြင်းသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထို အောက်မေ့ခြင်းသည် မှန်သောအောက်မေ့ခြင်း ‘သမ္မာသတိ’ ဖြစ်၏။ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သောပုဂ္ဂိုလ်အား အကြင်တည်ကြည်ခြင်းသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုတည်ကြည်ခြင်းသည် မှန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ ဖြစ်၏။ ထိုပုဂ္ဂိုလ်၏ ကာယကံသည်လည်းကောင်း၊ ဝစီကံသည်လည်း ကောင်း၊ အသက်မွေးမှုသည်လည်းကောင်း မဆွကပင် စင်ကြယ်ပြီးဖြစ်၏။ ဤသို့လျှင် ထိုပုဂ္ဂိုလ်အား မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ်သည် ဘာဝနာပြည့်စုံခြင်းသို့ ရောက်၏။

ဤသို့ မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ်ကို ပွါးစေသော ထိုပုဂ္ဂိုလ်အား လေးပါးသော သတိ ပဋ္ဌာန်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ လေးပါးသော သမ္မပ္ပဓာန်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ လေးပါးသော ဣဒ္ဓိပါဒ်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ငါးပါးသော ဣန္ဒြေတို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ငါးပါးသော ဗိုလ်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ခုနစ်ပါးသော ဗောဇ္ဈင်တို့သည်လည်း ဘာဝနာ့ပြည့်စုံခြင်းသို့ ရောက်ကုန်၏။

ထိုပုဂ္ဂိုလ်အား သမထ ဝိပဿနာဟူသော ဤနှစ်ပါးသော တရားတို့သည် အစုံတွဲ၍ ဖြစ်ကုန်၏။ ထိုပုဂ္ဂိုလ်သည် ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတို့ကို ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိ၏။ ထူးသောဉာဏ်ဖြင့် ပယ်အပ်သော တရားတို့ကို ထူးသောဉာဏ်ဖြင့် ပယ်၏။ ထူးသောဉာဏ်ဖြင့် ပွါးအပ်သော တရားတို့ကို ထူးသောဉာဏ်ဖြင့် ပွါး၏။ ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရား တို့ကို ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၏။

ရဟန်းတို့ ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတို့သည် အဘယ်သည်တို့နည်း၊ ရုပ်ဥပါဒါ နက္ခန္ဓာ ဝေဒနာဥပါဒါနက္ခန္ဓာ သညာဥပါဒါနက္ခန္ဓာ သင်္ခါရဥပါဒါနက္ခန္ဓာ ဝိညာဏ်ဥပါဒါနက္ခန္ဓာ ဟူသော ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ပင်တည်းဟု ဆိုရမည်။ ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတို့သည် ဤသည်တို့ပင်တည်း။

ရဟန်းတို့ ထူးသောဉာဏ်ဖြင့် ပယ်အပ်ကုန်သော တရားတို့သည် အဘယ်သည်တို့နည်း၊ အဝိဇ္ဇာနှင့် ဘဝတဏှာတို့တည်း။ ထူးသောဉာဏ်ဖြင့် ပယ်အပ်ကုန်သော တရားတို့သည် ဤသည်တို့ပင်တည်း။

ရဟန်းတို့ ထူးသောဉာဏ်ဖြင့် ပွါးအပ်ကုန်သော တရားတို့သည် အဘယ်သည်တို့နည်း၊ သမထနှင့် ဝိပဿနာတို့တည်း။ ထူးသောဉာဏ်ဖြင့် ပွါးအပ်သော တရားတို့သည် ဤသည်တို့ပင်တည်း။

ရဟန်းတို့ ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရားတို့သည် အဘယ်သည်တို့နည်း၊ အရဟတ္တမဂ်ဝိဇ္ဇာနှင့် အရဟတ္တဖိုလ်ဝိမုတ္တိတို့တည်း။ ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရား တို့သည် ဤသည်တို့ပင်တည်း။

၄၃၂။ ရဟန်းတို့ သောတကိုဟုတ်မှန်တိုင်း သိမြင်၍။ပ။ ရဟန်းတို့ ဃာနကိုဟုတ်မှန်တိုင်း သိမြင်၍။ပ။ ရဟန်းတို့ ဇိဝှါကိုဟုတ်မှန်တိုင်း သိမြင်၍။ပ။ ရဟန်းတို့ ကာယကိုဟုတ်မှန်တိုင်း သိမြင်၍။ပ။ ရဟန်းတို့ မနကိုဟုတ်မှန်တိုင်း သိမြင်၍၊ ဓမ္မာရုံတို့ကိုဟုတ်မှန်တိုင်း သိမြင်၍၊ ဤမနော ဝိညာဏ်ကိုဟုတ်မှန်တိုင်း သိမြင်၍၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာတို့ကိုလည်းဟုတ် မှန်တိုင်း သိမြင်၍ မနကို ပြင်းစွာ မတပ်နှစ်သက်၊ ဓမ္မာရုံတို့၌ ပြင်းစွာ မတပ်နှစ်သက်၊ မနောဝိညာဏ်၌ ပြင်းစွာ မတပ်နှစ်သက်၊ မနောသမ္ဖဿ၌ ပြင်းစွာ မတပ်နှစ်သက်၊ မနောသမ္ဖဿဟူသော အကြောင်း ကြောင့် ဖြစ်ပေါ်သော သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သောဝေဒနာတို့၌လည်း ပြင်းစွာ မတပ်နှစ်သက်။

--

ပြင်းစွာ မတပ်နှစ်သက်သော ရာဂနှင့်မယှဉ်သော မတွေဝေသော အပြစ်ကိုရှုလေ့ရှိသည်ဖြစ်၍ နေသော ထိုပုဂ္ဂိုလ်အား နောင်အခါ၌ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့သည် ဆုတ်ယုတ်ခြင်းသို့ ရောက်ကုန်၏။ ထိုပုဂ္ဂိုလ်အား တစ်ဖန် ဘဝသစ်၌ ဖြစ်စေတတ်သော နှစ်သက်ခြင်း ရာဂနှင့်တကွသော ထိုထို အာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တဏှာသည်လည်း ပျောက်ကင်း၏၊ ထိုပုဂ္ဂိုလ်အား ကိုယ်၌ဖြစ်သော ပင်ပန်းခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏၊ စိတ်၌ဖြစ်သော ပင်ပန်းခြင်းတို့သည်လည်း ပျောက်ကင်း ကုန်၏။ ကိုယ်၌ဖြစ်သော ပူပန်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏၊ စိတ်၌ဖြစ်သော ပူပန်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏။ ကိုယ်၌ဖြစ်သော ပူလောင်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏၊ စိတ်၌ ဖြစ်သော ပူလောင်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏။ ထိုပုဂ္ဂိုလ်သည် ကိုယ်၌ဖြစ်သော ချမ်းသာကိုလည်းကောင်း၊ စိတ်၌ဖြစ်သော ချမ်းသာကိုလည်းကောင်း ခံစားရ၏။

၄၃၃။ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သောပုဂ္ဂိုလ်အား အကြင်ဉာဏ်အမြင်သည် ဖြစ်၏၊ ထို ပုဂ္ဂိုလ်၏ ထိုဉာဏ်အမြင်သည် မှန်သောဉာဏ်အမြင် ‘သမ္မာဒိဋ္ဌိ’ ဖြစ်၏။ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ် သောပုဂ္ဂိုလ်အား အကြင်အကြံသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအကြံသည် မှန်သောအကြံ ‘သမ္မာ့သင်္ကပ္ပ’ ဖြစ်၏။ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သောပုဂ္ဂိုလ်အား အကြင်အားထုတ်ခြင်းသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအားထုတ်ခြင်းသည် မှန်သောအားထုတ်ခြင်း ‘သမ္မာဝါယာမ’ ဖြစ်၏။ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သောပုဂ္ဂိုလ်အား အကြင်အောက်မေ့ခြင်းသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအောက် မေ့ခြင်းသည် မှန်သောအောက်မေ့ခြင်း ‘သမ္မာသတိ’ ဖြစ်၏။ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သော ပုဂ္ဂိုလ်အား အကြင်တည်ကြည်ခြင်းသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုတည်ကြည်ခြင်းသည် မှန်သောတည် ကြည်ခြင်း ‘သမ္မာသမာဓိ’ ဖြစ်၏။ ထိုပုဂ္ဂိုလ်၏ ကာယကံသည်လည်းကောင်း၊ ဝစီကံသည်လည်းကောင်း၊ အသက်မွေးမှုသည်လည်းကောင်း မဆွကပင် စင်ကြယ်ပြီးဖြစ်၏။ ဤသို့လျှင် ထိုပုဂ္ဂိုလ်အား မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ်သည် ဘာဝနာပြည့်စုံခြင်းသို့ ရောက်၏။

ဤသို့ မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ်ကို ပွါးစေသော ထိုပုဂ္ဂိုလ်အား လေးပါးသော သတိ ပဋ္ဌာန်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ လေးပါးသော သမ္မပ္ပဓာန်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ လေးပါးသော ဣဒ္ဓိပါဒ်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ငါးပါးသော ဣန္ဒြေတို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ငါးပါးသော ဗိုလ် တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ခုနစ်ပါးသော ဗောဇ္ဈင်တို့သည်လည်း ဘာဝနာ ပြည့်စုံခြင်းသို့ ရောက်ကုန်၏။

ထိုပုဂ္ဂိုလ်အား သမထ ဝိပဿနာဟူသော ဤနှစ်ပါးသော တရားတို့သည် အစုံတွဲ၍ ဖြစ်ကုန်၏။ ထိုပုဂ္ဂိုလ်သည် ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတို့ကို ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိ၏။ ထူးသောဉာဏ်ဖြင့် ပယ်အပ်သော တရားတို့ကို ထူးသောဉာဏ်ဖြင့် ပယ်၏။ ထူးသောဉာဏ်ဖြင့် ပွါးအပ်သော တရားတို့ကို ထူးသောဉာဏ်ဖြင့် ပွါး၏။ ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရား တို့ကို ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၏။

ရဟန်းတို့ ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတို့သည် အဘယ်သည်တို့နည်း၊ ရုပ်ဥပါဒါနက္ခန္ဓာ ဝေဒနာဥပါဒါနက္ခန္ဓာ သညာဥပါဒါနက္ခန္ဓာ သင်္ခါရဥပါဒါနက္ခန္ဓာ ဝိညာဏ်ဥပါဒါနက္ခန္ဓာ ဟူသော ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ပင်တည်းဟု ဆိုရမည်။ ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတို့သည် ဤသည်တို့ပင်တည်း။

ရဟန်းတို့ ထူးသောဉာဏ်ဖြင့် ပယ်အပ်ကုန်သော တရားတို့သည် အဘယ်သည်တို့နည်း၊ အဝိဇ္ဇာနှင့် ဘဝတဏှာတို့တည်း။ ထူးသောဉာဏ်ဖြင့် ပယ်အပ်သော တရားတို့သည် ဤသည်တို့ပင်တည်း။

ရဟန်းတို့ ထူးသောဉာဏ်ဖြင့် ပွါးအပ်ကုန်သော တရားတို့သည် အဘယ်သည်တို့နည်း၊ သမထနှင့် ဝိပဿနာတို့တည်း။ ထူးသောဉာဏ်ဖြင့် ပွါးအပ်သော တရားတို့သည် ဤသည်တို့ပင်တည်း။

ရဟန်းတို့ ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရားတို့သည် အဘယ်သည်တို့နည်း၊ အရဟတ္တမဂ်ဝိဇ္ဇာနှင့် အရဟတ္တဖိုလ်ဝိမုတ္တိတို့တည်း။ ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရား တို့သည် ဤသည်တို့ ပင်တည်းဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ။

ခုနစ်ခုမြောက် မဟာသဠာယတနိကသုတ် ပြီး၏။

--

၈-နဂရဝိန္ဒေယျသုတ်

၄၃၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းအပေါင်းနှင့်အတူ ကောသလတိုင်းတို့၌ ဒေသစာရီ လှည့်လည်တော်မူသည်ရှိသော် နဂရဝိန္ဒမည်သော ပုဏ္ဏားရွာဆီသို့ ဆိုက်ရောက်တော်မူ၏၊ နဂရဝိန္ဒရွာသား ပုဏ္ဏား သူကြွယ်တို့သည် “အချင်းတို့ စင်စစ် သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်း ဂေါတမသည် များစွာသော ရဟန်းအပေါင်းနှင့်အတူ ကောသလတိုင်းတို့၌ ဒေသစာရီ လှည့်လည်တော်မူသည်ရှိသော် နဂရဝိန္ဒရွာသို့ အစဉ်ရောက်တော်မူ၏။ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသံသည် ဤသို့ ပျံ့ နှံ့၍ ထွက်၏- ‘ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ'နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္ဒ’ မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောက သုံးပါးကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမ တတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ သစ္စာလေးပါးတရားတို့ကို သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏’ဟု (ပျံ့နှံ့ ၍ ထွက်၏)။ ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော မာရ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤဩကာသလောကကိုလည်းကောင်း၊ (သာသနာအတွင်းအပရှိ) သမဏဗြာဟ္မဏနှင့်တကွသော မင်းများ လူများနှင့်တကွသော သတ္တလောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော် မူ၏။ ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သောအကျင့်ကို ထင်ရှားပြတော်မူ၏၊ ထိုသို့သဘောရှိကုန်သော ရဟန္တာပုဂ္ဂိုလ်တို့ အား ဖူးမြင်ရခြင်းသည် ကောင်းသည်သာလျှင်တည်း”ဟု ကြားကုန်၏။

--

ထိုအခါ နဂရဝိန္ဒရွာသား ပုဏ္ဏား သူကြွယ်တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ အချို့သူ တို့သည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ အချို့သူတို့သည် မြတ်စွာဘုရား နှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားတို့ကို ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ အချို့သူတို့သည် မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီကုန်လျက် သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ အချို့သူတို့သည် အမည်အနွယ်ကို လျှောက်ကြား ကုန်၍ သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ အချို့သူတို့သည် ဆိတ်ဆိတ်ဖြစ်ကုန်၍ သင့်လျော်ရာ၌ ထိုင်နေ ကုန်၏၊ သင့်လျော်ရာ၌ ထိုင်နေကြပြီးသော် နဂရဝိန္ဒရွာသား ပုဏ္ဏားသူကြွယ်တို့ကို မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

၄၃၅။ သူကြွယ်တို့ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့သည် သင်တို့အား- “သူကြွယ်တို့ အဘယ်သို့ ဖြစ်ကုန်သော သမဏဗြာဟ္မဏတို့ကို အရိုအသေ မပြုအပ်ကုန်သနည်း၊ အလေးမပြုအပ်ကုန်သနည်း၊ မမြတ်နိုးအပ်ကုန်သနည်း၊ မပူဇော်အပ်ကုန်သနည်း”ဟု ဤသို့ မေးကုန်ငြား အံ့၊ သူကြွယ်တို့ သင်တို့သည် ဤသို့ မေးကုန်သော် သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ထိုပရိဗိုဇ်တို့အား ဤသို့ ဖြေကြားကုန်ရာ၏ “အကြင် သမဏဗြာဟ္မဏတို့သည် စက္ခုဝိညာဏ်ဖြင့် သိအပ် ကုန်သော ရူပါရုံတို့၌ မကင်းသော ရာဂရှိကုန်၏၊ မကင်းသော ဒေါသရှိကုန်၏၊ မကင်းသော မောဟရှိ ကုန်၏၊ အတွင်းသန္တာန်၌ မငြိမ်သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သောအကျင့် မညီညွတ်သောအကျင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ဤသို့သဘောရှိကုန် သော သမဏဗြာဟ္မဏတို့ကို အရိုအသေမပြုအပ်ကုန်၊ အလေးမပြုအပ်ကုန်၊ မမြတ်နိုးအပ်ကုန်၊ မပူဇော့်အပ်ကုန်။ အဘယ့်ကြောင့်နည်းဟူမူ- ငါတို့လည်း စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့၌ မကင်း သော ရာဂရှိကုန်၏၊ မကင်းသော ဒေါသရှိကုန်၏၊ မကင်းသော မောဟရှိကုန်၏၊ အတွင်းသန္တာန်၌ မငြိမ် သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သောအကျင့် မညီညွတ်သောအကျင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ထိုငါတို့၏ ထိုညီညွတ်သောအကျင့်ထက် ပိုလွန်၍ မမြင်သောကြောင့်တည်း။ ထို့ကြောင့် ထိုအသျှင်သမဏဗြာဟ္မဏတို့ကို အရိုအသေမပြုအပ်ကုန်၊ အလေး မပြုအပ်ကုန်၊ မမြတ်နိုးအပ်ကုန်၊ မပူဇော်အပ်ကုန်။

အကြင် သမဏဗြာဟ္မဏတို့သည် သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့၌။ပ။ ဃာန ဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့၌။ပ။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့၌။ပ။ ကာယ ဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့၌။ပ။ မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော ဓမ္မာရုံတို့၌ မကင်း သော ရာဂရှိကုန်၏၊ မကင်းသော ဒေါသရှိကုန်၏၊ မကင်းသော မောဟရှိကုန်၏၊ အတွင်းသန္တာန်၌ မငြိမ် သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သောအကျင့် မညီညွတ်သောအကျင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ဤသို့သဘောရှိကုန်သော သမဏဗြာဟ္မဏတို့ကို အရို အသေ မပြုအပ်ကုန်၊ အလေးမပြုအပ်ကုန်၊ မမြတ်နိုးအပ်ကုန်၊ မပူဇော်အပ်ကုန်။ အဘယ့်ကြောင့်နည်း ဟူမူ- ငါတို့လည်း မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော ဓမ္မာရုံတို့၌ မကင်းသော ရာဂရှိကုန်၏၊ မကင်း သော ဒေါသရှိကုန်၏၊ မကင်းသော မောဟရှိကုန်၏၊ အတွင်းသန္တာန်၌ မငြိမ်သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သောအကျင့် မညီညွတ်သောအကျင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ထိုငါတို့၏ ထိုညီညွတ်သော အကျင့်ထက် ပိုလွန်၍ မမြင်သောကြောင့်တည်း။ ထို့ကြောင့် ထိုအသျှင်သမဏဗြာဟ္မဏတို့ကို အရိုအသေမပြုအပ်ကုန်၊ အလေးမပြုအပ်ကုန်၊ မမြတ်နိုးအပ် ကုန်၊ မပူဇော်အပ်ကုန်”ဟု (ဖြေဆိုရာ၏)။ သူကြွယ်တို့ သင်တို့သည် ဤသို့ မေးအပ်ကုန်သည်ရှိသော် သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ထိုပရိဗိုဇ်တို့အား ဤသို့ ဖြေကြားကုန်ရာ၏။

--

၄၃၆။ သူကြွယ်တို့ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ထိုပရိဗိုဇ်တို့သည် သင်တို့ အား- “သူကြွယ်တို့ အဘယ်သို့ဖြစ်ကုန်သော သမဏဗြာဟ္မဏတို့ကို အရိုအသေပြုအပ်ကုန်သနည်း၊ အလေးပြုအပ်ကုန်သနည်း၊ မြတ်နိုးအပ်ကုန်သနည်း၊ ပူဇော်အပ်ကုန်သနည်း”ဟု ဤသို့ မေးကုန်ငြားအံ့၊ သူကြွယ်တို့ သင်တို့သည် ဤသို့ မေးကုန်သော် သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ထို ပရိဗိုဇ်တို့အား ဤသို့ ဖြေကြားကုန်ရာ၏-"အကြင် သမဏဗြာဟ္မဏတို့သည် စက္ခုဝိညာဏ်ဖြင့် သိအပ် သော ရူပါရုံတို့၌ ရာဂကင်းကုန်၏၊ ဒေါသကင်းကုန်၏၊ မောဟကင်းကုန်၏၊ အတွင်းသန္တာန်၌ ငြိမ် သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သော အကျင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ဤသို့သဘောရှိကုန်သော သမဏဗြာဟ္မဏတို့ကို အရိုအသေပြုအပ် ကုန်၏၊ အလေးပြုအပ်ကုန်၏၊ မြတ်နိုးအပ်ကုန်၏၊ ပူဇော်အပ်ကုန်၏၊ အဘယ့်ကြောင့်နည်းဟူမူ- ငါတို့လည်း စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့၌ မကင်းသော ရာဂရှိကုန်၏၊ မကင်းသော ဒေါသရှိ ကုန်၏၊ မကင်းသော မောဟရှိကုန်၏၊ အတွင်းသန္တာန်၌ မငြိမ်သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သော အကျင့် မညီညွတ်သောအကျင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ထိုငါတို့၏ ထိုညီညွတ်သောအကျင့်ထက် ပိုလွန်၍ မြင်သောကြောင့်တည်း။ ထို့ကြောင့် ထို အသျှင်သမဏဗြာဟ္မဏတို့ကို အရိုအသေပြုအပ်ကုန်၏၊ အလေးပြု အပ်ကုန်၏၊ မြတ်နိုးအပ်ကုန်၏၊ ပူဇော်အပ်ကုန်၏။

အကြင် သမဏဗြာဟ္မဏတို့သည် သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့၌။ပ။ ဃာန ဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့၌။ပ။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့၌။ပ။ ကာယ့ဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့၌။ပ။ မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော ဓမ္မာရုံတို့၌ ရာဂ ကင်းကုန်၏၊ ဒေါသကင်းကုန်၏၊ မောဟကင်းကုန်၏၊ အတွင်းသန္တာန်၌ ငြိမ်သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သောအကျင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ဤသို့သဘောရှိကုန်သော သမဏဗြာဟ္မဏတို့ကို အရိုအသေပြုအပ်ကုန်၏၊ အလေးပြုအပ်ကုန်၏၊ မြတ်နိုးအပ်ကုန်၏၊ ပူဇော်အပ်ကုန်၏၊ အဘယ့်ကြောင့်နည်းဟူမူ- ငါတို့လည်း မနောဝိညာဏ်ဖြင့် သိအပ် ကုန်သော ဓမ္မာရုံတို့၌ မကင်းသော ရာဂရှိကုန်၏၊ မကင်းသော ဒေါသရှိကုန်၏၊ မကင်းသော မောဟရှိ ကုန်၏၊ အတွင်းသန္တာန်၌ မငြိမ်သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သော အကျင့် မညီညွတ်သော အကျင့် ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ထိုငါတို့၏ ထိုညီညွတ်သော အကျင့်ထက် ပိုလွန်၍ မြင်သောကြောင့်တည်း။ ထို့ကြောင့် ထိုအသျှင် သမဏဗြာဟ္မဏ တို့ကို အရိုအသေပြုအပ်ကုန်၏၊ အလေးပြုအပ်ကုန်၏၊ မြတ်နိုးအပ်ကုန်၏၊ ပူဇော်အပ်ကုန်၏”ဟု (ဖြေဆို ရာ၏)။ သူကြွယ်တို့ သင်တို့သည် ဤသို့မေးကုန်သော် သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ထိုပရိဗိုဇ်တို့အား ဤသို့ ဖြေကြားကုန်ရာ၏။

--

၄၃၇။ သူကြွယ်တို့ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ထိုပရိဗိုဇ်တို့သည် သင်တို့အား “အသျှင်သူကြွယ်တို့ ‘မချွတ် ထိုအသျှင်တို့သည် ရာဂလည်း ကင်းကုန်၏၊ ရာဂကို ဖျောက်ခြင်းငှါလည်း ကျင့်ကုန်၏၊ ဒေါသလည်း ကင်းကုန်၏၊ ဒေါသကို ဖျောက်ခြင်းငှါလည်း ကျင့်ကုန်၏၊ မောဟလည်း ကင်းကုန်၏၊ မောဟကို ဖျောက်ခြင်းငှါလည်း ကျင့်ကုန်၏’ ဟူ၍ သင်တို့ ဆိုခြင်း၏ အကြောင်းအထောက် အထားကား အဘယ်နည်း”ဟု ဤသို့ မေးကုန်ငြားအံ့၊ သူကြွယ်တို့ သင်တို့သည် ဤသို့မေးကုန်သည် ရှိသော် သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့အား ဤသို့ ဖြေကြားကုန်ရာ၏ “ထိုသို့ ရာဂ ဒေါသ မောဟ ကင်းသောကြောင့်သာလျှင် ထိုအသျှင်သမဏဗြာဟ္မဏတို့သည် တောစွန် တောင်ဖျားဖြစ်ကုန်သော ကျောင်းတို့ကို မှီဝဲကုန်၏။ အကြင်ရူပါရုံတို့ကို မြင်ကုန်၍ မြင်ကုန်၍ အလွန်မွေ့ လျော်ကုန်ရာ၏၊ ထိုသို့သဘောရှိကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့သည် ထိုတော ကျောင်း၌ မရှိကုန်။ အကြင်သဒ္ဒါရုံတို့ကို ကြားကုန်၍ ကြားကုန်၍ အလွန်မွေ့လျော်ကုန်ရာ၏၊ ထိုသို့ သဘောရှိကုန်သော သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့သည် စင်စစ် ထိုတောကျောင်း၌ မရှိ ကုန်။ အကြင်ဂန္ဓာရုံတို့ကို နံကုန်၍ နံကုန်၍ အလွန်မွေ့လျော်ကုန်ရာ၏၊ ထိုသို့သဘောရှိကုန်သော ဃာန ဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့သည် စင်စစ် ထိုတောကျောင်း၌ မရှိကုန်။ အကြင်ရသာ ရုံတို့ကို လျက်ကုန်၍ လျက်ကုန်၍ အလွန်မွေ့လျော်ကုန်ရာ၏၊ ထိုသို့သဘောရှိကုန်သော ဇိဝှါဝိညာဏ်ဖြင့် သိအပ် ကုန်သော ရသာရုံတို့သည် စင်စစ် ထိုတောကျောင်း၌ မရှိကုန်။ အကြင်ဖောဋ္ဌဗ္ဗာရုံတို့ကို တွေ့ထိကုန်၍ တွေ့ထိကုန်၍ အလွန်မွေ့လျော်ကုန်ရာ၏၊ ထိုသို့သဘောရှိကုန်သော ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့သည် စင်စစ် ထိုတောကျောင်း၌ မရှိကုန်။ အိုငါ့သျှင်တို့ ငါတို့သည် မချွတ် ထိုအသျှင်တို့ သည် ရာဂလည်း ကင်းကုန်၏၊ ရာဂကို ဖျောက်ခြင်းငှါလည်း ကျင့်ကုန်၏၊ ဒေါသလည်း ကင်းကုန်၏၊ ဒေါသကို ဖျောက်ခြင်းငှါလည်း ကျင့်ကုန်၏၊ မောဟလည်း ကင်းကုန်၏၊ မောဟကို ဖျောက်ခြင်းငှါလည်း ကျင့်ကုန်၏’ဟု” ဆိုခြင်း၏ အကြောင်း အထောက်အထားတို့ကား ဤသည်တို့ပင်တည်း။ သူကြွယ်တို့ သင်တို့သည် ဤသို့မေးကုန်သော် သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့အား ဤသို့ ဖြေကြားကုန်ရာ၏ဟု (မိန့်တော်မူ၏)။

ဤသို့မိန့်တော်မူသော် နဂရဝိန္ဒရွာသား ပုဏ္ဏား သူကြွယ်တို့သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထားကုန်၏ “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ မှောက်ထားသည်ကို လှန်ပြဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင် ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ ထိုအကျွန်ုပ်တို့သည် အသျှင် ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ တရားတော်ကိုလည်းကောင်း ရဟန်းအပေါင်းကိုလည်း ကောင်း၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်တို့ကို ယနေ့မှစ၍ အသက် ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါလော့”ဟု (လျှောက် ကြကုန်၏)။

ရှစ်ခုမြောက် နဂရဝိန္ဒေယျသုတ် ပြီး၏။

--

၉-ပိဏ္ဍပါတပါရိသုဒ္ဓိသုတ်

၄၃၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ အသျှင်သာရိပုတြာသည် ညချမ်းအခါ၌ ကိန်းအောင်း ရာမှ ထလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်နေ၏၊ သင့်လျော်ရာ၌ ထိုင်နေသော အသျှင်သာရိပုတြာကို မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

သာရိပုတြာ သင်၏ ဣန္ဒြေတို့သည် အလွန်ကြည်လင်ကုန်၏၊ အရေအဆင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ သာရိပုတြာ စင်စစ် သင်သည် ယခုအခါ အဘယ်နေခြင်းဖြင့် များစွာ နေသနည်းဟု (မိန့်တော် မူ၏)။ မြတ်စွာဘုရား အကျွန်ုပ်သည် ယခုအခါ သုညတဖလသမာပတ်ဝင်စားခြင်းဟူသော နေခြင်းဖြင့် များစွာနေပါ၏ဟု (လျှောက်၏)။ သာရိပုတြာ ကောင်းပေစွ ကောင်းပေစွ၊ သာရိပုတြာ သင်သည် ယခုအခါ ယောက်ျားမြတ်တို့၏ နေခြင်းဖြင့် များစွာ နေပေသတတ်၊ သာရိပုတြာ ထိုဖလသမာပတ်ဝင်စား ခြင်းဟူသော နေခြင်းသည် ယောက်ျား မြတ်တို့၏ နေခြင်းတည်း။ သာရိပုတြာ ထို့ကြောင့် ဤသာသနာ တော်၌ ရဟန်းသည် “သုညတဖလသမာပတ် ဝင်စားခြင်းဟူသော နေခြင်းဖြင့် များစွာ နေလိုငြားအံ့၊ သာရိပုတြာ ထိုရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် အကြင်ခရီးဖြင့် ရွာသို့ ဆွမ်းခံဝင်၏၊ အကြင် အရပ်၌ ဆွမ်းခံလှည့်လည်၏၊ အကြင်ခရီးဖြင့် ဆွမ်းခံရွာမှ ဖဲခွါ၏။ ထိုသွားလာလှည့်လည်ရာ၌ ငါ့အား စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့၌ တပ်နှစ်သက်ခြင်း သည်လည်းကောင်း ပြင်းစွာတပ်နှစ်သက် ခြင်းသည်လည်းကောင်း၊ အမျက်ဒေါသသည်လည်းကောင်း၊ တွေဝေခြင်းသည်လည်းကောင်း၊ စိတ်ကို ထိခိုက် ခြင်းသည်လည်းကောင်း ရှိလေသလောဟု (ဆင်ခြင်ရမည်)။

သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် အကြင်ခရီးဖြင့် ရွာတွင်းသို့ ဆွမ်းခံဝင်၏၊ အကြင်အရပ်၌ ဆွမ်းခံလှည့်လည်၏၊ အကြင်ခရီးဖြင့် ဆွမ်းခံရွာမှ ဖဲခဲ့၏၊ ထိုသွားလာလှည့်လည်ရာ၌ ငါ့အား စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့၌ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ ပြင်းစွာ တပ်နှစ် သက်ခြင်းသည်လည်းကောင်း၊ အမျက်ဒေါသသည်လည်းကောင်း၊ တွေဝေခြင်းသည်လည်းကောင်း၊ စိတ်ကို ထိခိုက်ခြင်းသည်လည်းကောင်း ရှိ၏”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ယုတ်မာကုန်သော ထိုအကုသိုလ်တရားတို့ကို ပယ်ခြင်းငှါသာလျှင် အားထုတ်ရမည်။

သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် အကြင်ခရီးဖြင့် ရွာတွင်းသို့ ဆွမ်းခံဝင်၏၊ အကြင်အရပ်၌ ဆွမ်းခံလှည့်လည်၏၊ အကြင်ခရီးဖြင့် ဆွမ်းခံရွာမှ ဖဲခဲ့၏။ ထိုသွားလာလှည့်လည်ရာ၌့ငါ့အား စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့၌ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ ပြင်းစွာ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ အမျက်ဒေါသသည်လည်းကောင်း၊ တွေဝေခြင်းသည်လည်းကောင်း၊ စိတ်ကို ထိခိုက်ခြင်းသည်လည်းကောင်း မရှိ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိ သော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ထိုကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။

--

၄၃၉။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် အကြင် ခရီးဖြင့် ရွာတွင်းသို့ ဆွမ်းခံဝင်၏၊ အကြင်အရပ်၌ ဆွမ်းခံလှည့်လည်၏၊ အကြင်ခရီးဖြင့် ဆွမ်းခံရွာမှ ဖဲခဲ့၏။ ထိုသွားလာလှည့် လည်ရာ၌ ငါ့အား သောတဝိညာဏ်ဖြင့် သိအပ်သော သဒ္ဒါရုံတို့၌။ပ။ ဃာန ဝိညာဏ်ဖြင့် သိအပ်သော ဂန္ဓာရုံတို့၌။ပ။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော ရသာရုံတို့၌။ပ။ ကာယဝိညာဏ် ဖြင့် သိအပ်သော ဖောဋ္ဌဗ္ဗာရုံတို့၌။ပ။ မနောဝိညာဏ်ဖြင့် သိအပ်သော ဓမ္မာရုံတို့၌ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ ပြင်းစွာတပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ အမျက်ဒေါသသည်လည်းကောင်း၊ တွေဝေခြင်း သည်လည်းကောင်း၊ စိတ်ကို ထိခိုက်ခြင်းသည်လည်းကောင်း ရှိလေသလော”ဟု (ဆင်ခြင်ရမည်)။

သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် အကြင်ခရီးဖြင့် ရွာတွင်းသို့ ဆွမ်းခံဝင်၏၊ အကြင်အရပ်၌ ဆွမ်းခံလှည့်လည်၏၊ အကြင်ခရီးဖြင့် ဆွမ်းခံရွာမှ ဖဲခဲ့၏။ ထိုသွားလာလှည့်လည်ရာ၌ ငါ့အား မနောဝိညာဏ်ဖြင့် သိအပ်သော ဓမ္မာရုံတို့၌ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ ပြင်းစွာ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ အမျက်ဒေါသသည်လည်းကောင်း၊ တွေဝေခြင်းသည်လည်းကောင်း၊ စိတ်ကိုထိခိုက်ခြင်းသည်လည်းကောင်း ရှိ၏”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ယုတ်မာကုန်သော ထိုအကုသိုလ်တရားတို့ကို ပယ်ခြင်းငှါသာလျှင် အားထုတ်ရမည်။

သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် အကြင်ခရီးဖြင့် ရွာတွင်းသို့ ဆွမ်းခံဝင်၏၊ အကြင်အရပ်၌ ဆွမ်းခံလှည့်လည်၏၊ အကြင်ခရီးဖြင့် ဆွမ်းခံရွာမှ ဖဲခဲ့၏။ ထိုသွားလာလှည့်လည်ရာ၌ ငါ့အား မနောဝိညာဏ်ဖြင့် သိအပ်သော ဓမ္မာရုံတို့၌ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ ပြင်းစွာ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ အမျက်ဒေါသသည်လည်းကောင်း၊ တွေဝေခြင်းသည်လည်းကောင်း၊ စိတ်ကို ထိခိုက်ခြင်းသည်လည်းကောင်း မရှိ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိ သော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ် ကျင့်ကာ နေအပ်၏။

၄၄၀။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် ငါးပါးသော ကာမဂုဏ်တို့ကို ပယ်ပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ကာမဂုဏ်တို့ကို မပယ်ရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ငါးပါးသော ကာမဂုဏ်တို့ကို ပယ်ခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ကာမဂုဏ်တို့ကို ပယ်ပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။

၄၄၁။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် ငါးပါးသော နီဝရဏတို့ကို ပယ်ပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော နီဝရဏတို့ကို မပယ်ရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ငါးပါးသော နီဝရဏတို့ကို ပယ်ခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ့ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော နီဝရဏတို့ကို ပယ်ပြီးပြီ”ဟု အကယ်၍ သိငြား အံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ် တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။

၄၄၂။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို ပိုင်းခြား၍ သိပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင် သည်ရှိသော် “ငါသည် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို ပိုင်းခြား၍ မသိရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို ပိုင်းခြား၍ သိခြင်းငှါ အားထုတ်ရမည်၊ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို ပိုင်းခြား၍ သိပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။

--

၄၄၃။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် လေးပါးသော သတိပဋ္ဌာန်တို့ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည် ရှိသော် “ငါသည် လေးပါးသော သတိပဋ္ဌာန်တို့ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် လေးပါးသော သတိပဋ္ဌာန်တို့ကို ပွါးများခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် လေးပါးသော သတိပဋ္ဌာန်တို့ကို ပွါးများပြီး ပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်း မြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။

၄၄၄။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် လေးပါးသော သမ္မပ္ပဓာန်တို့ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင် သည်ရှိသော် “ငါသည် လေးပါးသော သမ္မပ္ပဓာန်တို့ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် လေးပါးသော သမ္မပ္ပဓာန်တို့ကို ပွါးများခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် လေးပါးသော သမ္မပ္ပဓာန်တို့ကို ပွါးများပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့် သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။

၄၄၅။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် လေးပါးသော ဣဒ္ဓိပါဒ်တို့ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် လေးပါးသော ဣဒ္ဓိပါဒ်တို့ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် လေးပါးသော ဣဒ္ဓိပါဒ်တို့ကို ပွါးများခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်းသည် ဆင်ခြင် သည်ရှိသော် “ငါသည် လေးပါးသော ဣဒ္ဓိပါဒ်တို့ကို ပွါးများပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။

၄၄၆။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် ငါးပါးသော ဣန္ဒြေတို့ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ဣန္ဒြေတို့ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ငါးပါးသော ဣန္ဒြေတို့ကို ပွါးများခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ့ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ဣန္ဒြေတို့ကို ပွါးများပြီးပြီ”ဟု အကယ်၍ သိငြား အံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ် တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။

၄၄၇။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် ငါးပါးသော ဗိုလ်တို့ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ဗိုလ်တို့ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည် ရှိသော် ထိုရဟန်းသည် ငါးပါးသော ဗိုလ်တို့ကို ပွါးများခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်း သည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ဗိုလ်တို့ကို ပွါးများပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ် တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။

--

၄၄၈။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် ခုနစ်ပါးသော ဗောဇ္ဈင်တို့ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည် ရှိသော် “ငါသည် ခုနစ်ပါးသော ဗောဇ္ဈင်တို့ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ခုနစ်ပါးသော ဗောဇ္ဈင်တို့ကို ပွါးများခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ခုနစ်ပါးသော ဗောဇ္ဈင်တို့ကို ပွါးများပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်း ဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။

၄၄၉။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည် ရှိသော် “ငါသည် မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကို ပွါးများခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကို ပွါးများပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။

၄၅၀။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် သမထ ကိုလည်းကောင်း၊ ဝိပဿနာကိုလည်းကောင်း ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် သမထကိုလည်းကောင်း ဝိပဿနာကိုလည်းကောင်း မပွါးများ ရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် သမထကိုလည်းကောင်း၊ ဝိပဿနာကိုလည်းကောင်း ပွါးများခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် သမထကိုလည်းကောင်း၊ ဝိပဿနာကိုလည်းကောင်း ပွါးများပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်း ဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။

၄၅၁။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် အရဟတ္တမဂ်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြုပြီးပြီလော”ဟု (ဆင်ခြင်ရ မည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် အရဟတ္တမဂ်ကိုလည်းကောင်း၊ အရဟတ္တ ဖိုလ်ကိုလည်းကောင်း မျက်မှောက်မပြုရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည် ရှိသော် ထိုရဟန်းသည် အရဟတ္တမဂ်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြုခြင်း ငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် အရဟတ္တမဂ်ကိုလည်း့ကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြုပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။

၄၅၂။ သာရိပုတြာ လွန်လေပြီးသော ကာလက ဆွမ်းကို သုတ်သင်သော သမဏဗြာဟ္မဏ အားလုံးတို့သည် ဤသို့သာလျှင် ဆင်ခြင်၍ ဆင်ခြင်၍ ဆွမ်းကို သုတ်သင်ကုန်၏။ သာရိပုတြာ လာလတ္တံ့ သော ကာလ၌ ဆွမ်းကို သုတ်သင်သော သမဏဗြာဟ္မဏအားလုံးတို့သည် ဤသို့သာလျှင် ဆင်ခြင်၍ ဆင်ခြင်၍ ဆွမ်းကို သုတ်သင်ကုန်လတ္တံ့။ သာရိပုတြာ ယခုအခါ ဆွမ်းကို သုတ်သင်သော သမဏဗြာဟ္မဏ အားလုံးတို့သည် ဤသို့သာလျှင် ဆင်ခြင်၍ ဆင်ခြင်၍ သုတ်သင်ကုန်၏။ သာရိပုတြာ ထို့ကြောင့် ဤ သာသနာတော်၌ “ဆင်ခြင်၍ ဆင်ခြင်၍ ဆွမ်းကို သုတ်သင်ကြကုန်အံ့”ဟု ဤသို့လျှင် ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။

ကိုးခုမြောက် ပိဏ္ဍပါတပါရိသုဒ္ဓိသုတ် ပြီး၏။

--

၁၀-ဣန္ဒြိယဘာဝနာသုတ်

၄၅၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဂဇင်္ဂလနိဂုံး သုဝေဠုတောအုပ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ပါရာသိဝိယပုဏ္ဏား၏တပည့် ဥတ္တရလုလင်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်နေ၏၊ သင့်လျော်ရာ၌ ထိုင်နေသော ပါရာသိဝိယပုဏ္ဏား၏တပည့် ဥတ္တရလုလင်ကို မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-"ဥတ္တရ ပါရာသိဝိယပုဏ္ဏားသည် တပည့်တို့အား ဣန္ဒြေတို့ကို ပွါးများခြင်းကို ဟောပြော၏လော”ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ပါရာသိဝိယပုဏ္ဏား သည် တပည့်တို့အား ဣန္ဒြေတို့ကို ပွါးများခြင်းကို ဟောပြောပါ၏ဟု (လျှောက်၏)။ ဥတ္တရ အဘယ်သို့ လျှင် ပါရာသိဝိယပုဏ္ဏားသည် တပည့်တို့အား ဣန္ဒြေတို့ကို ပွါးများခြင်းကို ဟောပြောသနည်းဟု (မေး တော်မူ၏)။ အသျှင်ဂေါတမ ဤလောက၌ မျက်စိဖြင့် ရူပါရုံကို မရှုအပ်၊ နားဖြင့် သဒ္ဒါရုံကို မကြားအပ်။ အသျှင်ဂေါတမ ဤသို့လျှင် ပါရာသိဝိယပုဏ္ဏားသည် တပည့်တို့အား ဣန္ဒြေတို့ကို ပွါးများခြင်းကို ဟော ပြော၏ဟု (လျှောက်၏)။ ဥတ္တရ ပါရာသိဝိယပုဏ္ဏား၏ စကားသည် ဤသို့ဖြစ်သော် ကန်းသောသူသည် ပွါးပြီးသော ဣန္ဒြေရှိသည် ဖြစ်လတ္တံ့၊ နားပင်းသောသူသည် ပွါးပြီးသော ဣန္ဒြေရှိသည် ဖြစ်လတ္တံ့။ ဥတ္တရ ကန်းသောသူသည် မျက်စိဖြင့် ရူပါရုံကို မမြင်။ နားပင်းသောသူသည် နားဖြင့် သဒ္ဒါရုံကို မကြားဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသည်ရှိသော် ပါရာသိဝိယပုဏ္ဏား၏တပည့် ဥတ္တရလုလင်သည် နှုတ် ဆိတ်နေသည် မျက်နှာမသာဘဲ လည်ပင်းငိုက်ဆိုက်ဖြစ်ကာ မျက်နှာအောက်ချပြီး မှိုင်တွေလျက် ကြံ ရာမရဘဲ ထိုင်နေ၏။

ထိုအခါ မြတ်စွာဘုရားသည် ပါရာသိဝိယပုဏ္ဏား၏တပည့် ဥတ္တရလုလင်ကို နှုတ်ဆိတ်၍ မျက်နှာ မသာဘဲ လည်ပင်းငိုက်ဆိုက်ဖြစ်ကာ မျက်နှာအောက်ချပြီး မှိုင်တွေလျက် ကြံရာမရသည်ကို သိ၍ အသျှင် အာနန္ဒာကို “အာနန္ဒာ ပါရာသိဝိယပုဏ္ဏားသည် တပည့်တို့အား ဣန္ဒြေတို့ကို ပွါးများခြင်းကို တစ်မျိုးအား ဖြင့် ဟောပြော၏၊ အာနန္ဒာ အရိယာ၏ အဆုံးအမ၌ အတုမရှိသော ဣန္ဒြေပွါးများခြင်းသည် တစ်မျိုး ဖြစ်၏”ဟု (မိန့်တော်မူ၏)။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အရိယာ၏ အဆုံးအမ၌ အတုမရှိသော ဣန္ဒြေပွါးများခြင်းကို ဟောတော်မူချိန် တန်ပါပြီ၊ ကောင်းသောစကားကို ဆိုတော်မူတတ့်သော မြတ်စွာဘုရား အရိယာ၏ အဆုံးအမ၌ အတုမရှိသော ဣန္ဒြေပွါးများခြင်းကို ဟောတော်မူချိန် တန်ပါပြီ၊ ရဟန်းတို့သည် မြတ်စွာဘုရား၏ (တရားတော်ကို) ကြားနာရ၍ ဆောင်ပါကုန်လတ္တံ့ဟု (လျှောက်၏)။ အာနန္ဒာ ထိုသို့ဖြစ်လျှင် နားထောင်လော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထား၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ -

--

၄၅၄။ အာနန္ဒာ အဘယ်သို့လျှင် အရိယာ၏ အဆုံးအမ၌ အတုမရှိသော ဣန္ဒြေကို ပွါးများခြင်းသည် ဖြစ်သနည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းအား မျက်စိဖြင့် ရူပါရုံကို မြင်သော် နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် “ငါ့အား ဤမည်သော နှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော မနှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ စင်စစ် ထိုနှစ်သက်ခြင်းစသည်မှာ အကြောင်းတရားတို့ ပေါင်း၍ပြုပြင်အပ်၏၊ ကြမ်းတမ်း၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ဤဝိပဿနုပေက္ခာ သည် ငြိမ်သက်၏၊ ဝိပဿနုပေက္ခာသည် မွန်မြတ်၏”ဟု ဤသို့ သိ၏။ ထိုရဟန်းအား ထိုဖြစ်သော နှစ်သက်ခြင်း သည်လည်းကောင်း၊ ထိုဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ထိုဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်း သည်လည်းကောင်း ချုပ်၏။ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဥပမာအားဖြင့် မျက်စိအမြင်ရှိသော ယောက်ျားသည် ဖွင့်၍လည်း မှိတ်ရာ၏၊ မှိတ်၍လည်း ဖွင့်ရာ၏၊ အာနန္ဒာ ဤအတူသာလျှင် တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်အား ဤသို့ မပင်ပန်းဘဲ ဖြစ်ပေါ်သော နှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်ပေါ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်ပေါ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်း သည်လည်းကောင်း ဤသို့ လျှင်စွာ ဤသို့ ဆောစွာ ချုပ်၏၊ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဤဆိုခဲ့ပြီးကို အရိယာ၏ အဆုံးအမ၌ စက္ခုဝိညာဏ်ဖြင့် သိအပ်သော ရူပါရုံတို့၌ အတုမရှိသော ဣန္ဒြေကို ပွါးများခြင်းဟူ၍ ဆိုရ၏။

၄၅၅။ အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား နားဖြင့် သဒ္ဒါရုံကို ကြား၍ နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် “ငါ့အား ဤမည်သော နှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော မနှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော နှစ် သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ စင်စစ် ထိုနှစ်သက်ခြင်းစသည်မှာ အကြောင်းတရားတို့ ပေါင်း၍ ပြုပြင်အပ်၏၊ ကြမ်းတမ်း၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ဝိပဿနုပေက္ခာသည် ငြိမ်သက်၏၊ ဝိပဿ နုပေက္ခာသည် မွန်မြတ်၏”ဟု ဤသို့ သိ၏။ ထိုရဟန်းအား ဖြစ်သော နှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်းကောင်း ချုပ်၏။ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဥပမာအားဖြင့် အားကောင်းသော ယောက်ျားသည် မပင်ပန်းဘဲသာလျှင် လက်ဖျောက်ကို တီးခတ်ရာသကဲ့သို့ အာနန္ဒာ ဤအတူသာလျှင် တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်အား ဤသို့ မပင်ပန်းဘဲ ဖြစ်သော နှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်းကောင်း ဤသို့ လျှင်စွာ ဤသို့ ဆောစွာ ချုပ်၏၊ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဤဆိုခဲ့ပြီးကို အရိယာ၏ အဆုံးအမ၌ သောတဝိညာဏ်ဖြင့် သိအပ်သော သဒ္ဒါရုံတို့၌ အတုမရှိသော ဣန္ဒြေကို ပွါးများ ခြင်းဟူ၍ ဆိုရ၏။

၄၅၆။ အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်း၍ နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် “ငါ့အား ဤမည်သော နှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော မနှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ စင်စစ် ထိုနှစ်သက်ခြင်းစသည်မှာ အကြောင်းတရားတို့ပေါင်း၍ ပြုပြင်အပ်၏၊ ကြမ်းတမ်း၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ဝိပဿနုပေက္ခာသည် ငြိမ်သက်၏၊ ဝိပဿနုပေက္ခာသည် မွန်မြတ်၏”ဟု ဤသို့ သိ၏။ ထိုရဟန်းအား ဖြစ်သော နှစ်သက်ခြင်းသည်လည်း ကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်း ကောင်း ချုပ်၏။ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဥပမာအားဖြင့် စဉ်းငယ်နိမ့်ရှိုင်း သော ကြာဖက်၌ ရေပေါက်တို့သည် လိမ့်ကျကုန်သကဲ့သို့ ကောင်းစွာ မတည်ကုန်သကဲ့သို့ အာနန္ဒာ ဤအတူသာလျှင် တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်အား ဤသို့ မပင်ပန်းဘဲ ဖြစ်သော နှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်းကောင်း ဤသို့ လျှင်စွာ ဤသို့ ဆောစွာ ချုပ်၏၊ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဤဆိုခဲ့ပြီးကို အရိယာ၏ အဆုံးအမ၌ ဃာနဝိညာဏ်ဖြင့် သိအပ်သော ဂန္ဓာရုံတို့၌ အတုမရှိသော ဣန္ဒြေကို ပွါးများခြင်းဟူ၍ ဆိုရ၏။

--

၄၅၇။ အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား လျှာဖြင့် ရသာရုံကို လျက်၍ နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် “ငါ့အား ဤမည်သော နှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော မနှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ စင်စစ် ထိုနှစ်သက်ခြင်းစသည်မှာ အကြောင်းတရားတို့ ပေါင်း၍ ပြုပြင်အပ်၏၊ ကြမ်းတမ်း၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ဝိပဿနုပေက္ခာသည် ငြိမ်သက်၏၊ ဝိပဿနုပေက္ခာသည် မွန်မြတ်၏”ဟု ဤသို့ သိ၏။ ထိုရဟန်းအား ဖြစ်သော နှစ်သက်ခြင်းသည်လည်း ကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်း ကောင်း ချုပ်၏။ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဥပမာအားဖြင့် အားရှိသော ယောက်ျားသည် လျှာဖျား၌ တံတွေးပေါက်ကို စုရုံး၍ မပင်ပန်းဘဲ ထွေးရာသကဲ့သို့ အာနန္ဒာ ဤအတူသာ လျှင် တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်အား ဤသို့ မပင်ပန်းဘဲ ဖြစ်သော နှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်းကောင်း ဤသို့ လျှင်စွာ ဤသို့ ဆောစွာ ချုပ်၏၊ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဤဆိုခဲ့ပြီးကို အရိယာ၏ အဆုံးအမ၌ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော ရသာရုံတို့၌ အတုမရှိသော ဣန္ဒြေကို ပွါးများ ခြင်းဟူ၍ ဆိုရ၏။

၄၅၈။ အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ၍ နှစ်သက် ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်း သည် “ငါ့အား ဤမည်သော နှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော မနှစ်သက်ခြင်းသည် ဖြစ်၏၊ ဤ မည်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ စင်စစ် ထိုနှစ်သက်ခြင်းစသည်မှာ အကြောင်းတရား တို့ ပေါင်း၍ ပြုပြင်အပ်၏၊ ကြမ်းတမ်း၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ဝိပဿနုပေက္ခာသည် ငြိမ်သက်၏၊ ဝိပဿနုပေက္ခာသည် မွန်မြတ်၏”ဟု ဤသို့ သိ၏။ ထိုရဟန်းအား ဖြစ်သော နှစ်သက်ခြင်းသည်လည်း ကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်း ကောင်း ချုပ်၏။ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဥပမာအားဖြင့် အားကောင်းသော ယောက်ျားသည် ကွေးထားသော လက်မောင်းကို ဆန့်ရာသကဲ့သို့ ဆန့်ထားသော လက်မောင်းကို ကွေးရာသကဲ့သို့ အာနန္ဒာ ဤအတူသာလျှင် တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်အား ဤသို့ မပင်ပန်းဘဲ ဖြစ်သော နှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်သော နှစ်သက် ခြင်း မနှစ်သက်ခြင်းသည်လည်းကောင်း ဤသို့ လျှင်စွာ ဤသို့ ဆောစွာ ချုပ်၏၊ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဤဆိုခဲ့ပြီးကို အရိယာ၏ အဆုံးအမ၌ ကာယဝိညာဏ်ဖြင့် သိအပ်သော ဖောဋ္ဌဗ္ဗာရုံတို့၌ အတုမရှိသော ဣန္ဒြေကို ပွါးများခြင်းဟူ၍ ဆိုရ၏။

--

၄၅၉။ အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား စိတ်ဖြင့် ဓမ္မာရုံကို သိ၍ နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် “ငါ့အား ဤမည်သော နှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော မနှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော နှစ် သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ စင်စစ် ထိုနှစ်သက်ခြင်းစသည်မှာ အကြောင်းတရားတို့ ပေါင်း၍ ပြုပြင်အပ်၏၊ ကြမ်းတမ်း၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ဝိပဿနုပေက္ခာသည် ငြိမ်သက်၏၊ ဝိပဿ နုပေက္ခာသည် မွန်မြတ်၏”ဟု ဤသို့ သိ၏။ ထိုရဟန်းအား ဖြစ်သော နှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်းကောင်း ချုပ်၏။ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဥပမာအားဖြင့် အားကောင်းသော ယောက်ျားသည် တစ်နေ့လုံး ပူထားသော သံအိုးကင်း၌ နှစ်ပေါက်သုံးပေါက်လည်း ဖြစ်ကုန်သော ရေပေါက်တို့ကို ချရာ၏၊ အာနန္ဒာ ရေပေါက်တို့၏ ကျခြင်းသည် နှေးသေး၏၊ စင်စစ် ထိုရေပေါက်သည် လျင်မြန်စွာသာလျှင် ကုန်ခြင်း ခန်းခြောက်ခြင်းသို့ ရောက်ရာသကဲ့သို့ အာနန္ဒာ ဤဥပမာအတူသာလျှင် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်အား ဤသို့ မပင်ပန်းဘဲ ဖြစ်သော နှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်းကောင်း ဤသို့ လျင်စွာ ဤသို့ ဆောစွာ ချုပ်၏၊ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဤ ဆိုခဲ့ပြီးကို အရိယာ၏ အဆုံးအမ၌ စိတ်ဖြင့် သိအပ်သော ဓမ္မာရုံတို့၌ အတုမရှိသော ဣန္ဒြေကို ပွါးများ ခြင်းဟူ၍ ဆိုရ၏။ အာနန္ဒာ ဤသို့လျှင် အရိယာ၏ အဆုံးအမ၌ အတုမရှိသော ဣန္ဒြေကို ပွါးများ ခြင်းသည် ဖြစ်၏။

၄၆၀။ အာနန္ဒာ အဘယ်သို့လျှင် ကျင့်အပ်သော အကျင့်ရှိသနည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းအား မျက်စိဖြင့် ရူပါရုံကို မြင်၍ နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ် သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် ဖြစ်သော ထိုနှစ်သက်ခြင်းဖြင့် ဖြစ်သော ထိုမနှစ် သက်ခြင်းဖြင့် ဖြစ်သော ထိုနှစ်သက်ခြင်း မနှစ်သက်ခြင်းဖြင့် ရှက်နိုး၏၊ ငြီးငွေ့၏၊ စက်ဆုပ်၏။ နားဖြင့် သဒ္ဒါရုံကို ကြား၍။ပ။ နှာခေါင်းဖြင့် အနံ့ကို နံ၍။ လျှာဖြင့် ရသာရုံကို လျက်၍။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ၍။ စိတ်ဖြင့် ဓမ္မာရုံကို သိ၍ နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက် ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် ဖြစ်သော ထိုနှစ်သက်ခြင်းဖြင့် ဖြစ်သော ထိုမနှစ်သက် ခြင်းဖြင့် ဖြစ်သော ထိုနှစ်သက်ခြင်း မနှစ်သက်ခြင်းဖြင့် ရှက်နိုး၏၊ ငြီးငွေ့၏၊ စက်ဆုပ်၏။ အာနန္ဒာ ဤသို့လျှင် ကျင့်အပ်သော အကျင့်သည် ရှိ၏။

၄၆၁။ အာနန္ဒာ အဘယ်သို့လျှင် ပွါးအပ်ပြီးသော ဣန္ဒြေရှိသော အရိယာပုဂ္ဂိုလ်ဖြစ်သနည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းအား မျက်စိဖြင့် ရူပါရုံကို မြင်၍ နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ် သက်ခြင်းသည် ဖြစ်၏၊ နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် “စက်ဆုပ်ဖွယ်အာရုံ၌ စက်ဆုပ်ဖွယ်မဟုတ်ဟု အမှတ်ရှိ၍ နေလိုငြားအံ့"၊ ထိုစက်ဆုပ်ဖွယ်အာရုံ၌ စက်ဆုပ်ဖွယ်မဟုတ်ဟု အမှတ် ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိ၍ နေလိုငြားအံ့"၊ ထိုစက်ဆုပ် ဖွယ်မဟုတ်သော အာရုံ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ်မဟုတ်ဟု အမှတ်ရှိ၍ နေလိုငြားအံ့"၊ ထို စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ် မဟုတ်သော အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်မဟုတ်ဟု အမှတ်ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်အာရုံ၌လည်း ကောင်း စက်ဆုပ်ဖွယ်ဟု အမှတ်ရှိ၍ နေလိုငြားအံ့"၊ ထိုစက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ်ဟု အမှတ်ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ်အာရုံကိုလည်း့ကောင်း၊ စက်ဆုပ်ဖွယ်မဟုတ်သော အာရုံကိုလည်းကောင်း (ဤသို့) ထိုနှစ်ပါးစုံသော အာရုံကို ကြဉ်၍ လျစ်လျူရှုလျက် သတိ, ပညာဖြင့် ပြည့်စုံ၍ နေလိုငြားအံ့"၊ ထိုအာရုံနှစ်ပါးစုံ၌ လျစ်လျူရှုလျက် သတိ, ပညာနှင့် ပြည့်စုံစေ၍ နေ၏။

--

၄၆၂။ အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား နားဖြင့် သဒ္ဒါရုံကို ကြား၍။ပ။ နှာခေါင်းဖြင့် အနံ့ကို နံ၍။ပ။ လျှာဖြင့် အရသာကို လျက်၍။ပ။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ၍။ပ။ စိတ်ဖြင့် ဓမ္မာရုံကို သိ၍ နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက်ခြင်း မနှစ်သက်ခြင်း သည် ဖြစ်၏၊ ထိုရဟန်းသည် “စက်ဆုပ်ဖွယ်အာရုံ၌ စက်ဆုပ်ဖွယ်မဟုတ်ဟု အမှတ်ရှိ၍ နေလိုငြားအံ့"၊ ထိုစက်ဆုပ်ဖွယ်အာရုံ၌ စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိ၍ နေလိုငြားအံ့"၊ ထိုစက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌ စက်ဆုပ်ဖွယ်ဟု အမှတ် ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌လည်းကောင်း၊ စက်ဆုပ် ဖွယ်မဟုတ်ဟု အမှတ်ရှိ၍ နေလိုငြားအံ့"၊ ထိုစက်ဆုပ် ဖွယ်အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်မဟုတ် သော အာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ်မဟုတ်ဟု အမှတ်ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ်ဟု အမှတ်ရှိ၍ နေလိုငြားအံ့"၊ ထိုစက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်ဖြစ်သော အာရုံ၌လည်းကောင်း စက်ဆုပ် ဖွယ်ဟု အမှတ်ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ်အာရုံကိုလည်းကောင်း၊ စက်ဆုပ်ဖွယ်မဟုတ်သော အာရုံကိုလည်းကောင်း (ဤသို့) ထိုနှစ်ပါးစုံသော အာရုံကို ကြဉ်၍ လျစ်လျူရှုလျက် သတိပညာဖြင့် ပြည့်စုံ၍ နေလိုငြားအံ့"၊ ထိုအာရုံနှစ်ပါးစုံ၌ လျစ်လျူရှုလျက် သတိဆင်ခြင်ဉာဏ်နှင့် ပြည့်စုံ၍ နေ၏။ အာနန္ဒာ ဤ သို့လျှင် ပွါးများအပ်ပြီးသော ဣန္ဒြေရှိသော အရိယာပုဂ္ဂိုလ်သည် ဖြစ်၏။

၄၆၃။ အာနန္ဒာ ဤသို့လျှင် ငါသည် အရိယာ၏ အဆုံးအမ၌ အတုမရှိသော ဣန္ဒြေပွါးများခြင်းကို ဟော၏၊ ကျင့်ဆဲ ‘သေက္ခ’ ဖြစ်သော ပုဂ္ဂိုလ်ကို ဟော၏၊ ပွါးအပ်ပြီးသော ဣန္ဒြေရှိသော အရိယာပုဂ္ဂိုလ်ကို ဟော၏၊ အာနန္ဒာ တပည့် ‘သာဝက’ တို့၏ အကျိုးစီးပွါးကို ရှာမှီးလိုလားလျက် အစဉ်သနားစိတ်ရှိသည့် ငါဘုရားသည် အစဉ်သနားစိတ်ကို အစွဲပြု၍ ပြုသင့်ပြုထိုက်သော တာဝန်ကို သင်တို့အတွက် ပြုပြီးပေပြီ။ အာနန္ဒာ ဤသည်တို့ကား သစ်ပင်ရင်း ဆိတ်ငြိမ်ရာဌာနတို့ ဖြစ်ကုန်၏၊ အာနန္ဒာ (တရားကို) ရှုဆင်ခြင်ကြကုန်လော့၊ သတိမမေ့မလျော့ကြကုန်လင့်၊ နောင်အခါမှ နှလုံးမသာ မဖြစ်ကြကုန်လင့်၊ ဤကား သင်တို့အတွက် ငါဘုရားတို့၏ အဆုံးအမတော်တည်းဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။

ဆယ်ခုမြောက် ဣန္ဒြိယဘာဝနာသုတ် ပြီး၏။

ငါးခုမြောက် သဠာယတနဝဂ် ပြီး၏။

ဥပရိပဏ္ဏာသပါဠိတော် မြန်မာပြန် ပြီးပြီ။

(သုတ်ငါးဆယ်စီရှိသော) ပဏ္ဏာသကသုံးမျိုးတို့ဖြင့် တန်ဆာဆင်အပ်သော အလုံးစုံသော မဇ္ဈိမနိကာယ်သည် ပြီးပြည့်စုံခြင်းသို့ ရောက်ပြီ။