မာတိကာသို့ ခုန်သွားရန်

ဦးရာဇိန္ဒ၏ ပုစ္ဆာအဖြေ

ဝီကီရင်းမြစ် မှ

ဦးရာဇိန္ဒ၏ ပုစ္ဆာအဖြေ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

လျှောက်လွှာ

၁၂၈၃-ခုနှစ်၊ တန်ခူးလဆုတ် ၁၂-ရက်နေ့။

ဟင်္သာတမြို့အပိုင် ကွင်းကောက်ရွာ တောင်ဘက် ကျောင်းကြီး နေ ဘုရားတပည့်တော်ရှင်ရာဇိန္ဒ-ရိုသေစွာ ရှိခိုးဝပ်တွား လျှောက် ထားဝံ့ပါသည်-ကျေးဇူးတော်သခင် ဆရာတော်အရှင်မြတ်ဘုရား၊ လျှောက်ထားရန်မှာ- အောက်ပါ အဓိကရုဏ်းများကို တပည့်များအား သနားတော်မူသောအားဖြင့် အခွင့်သာတော်မူသောအခါ ဝိနိစ္ဆယချ ပေးတော်မူရန် ရိုသေစွာ လျှောက်ဝံ့ပါသည်အရှင်မြတ်ဘုရား။

၁။ အချက်, အဓိကရုဏ်းမှာ-ဥပသမ္ပဒါပေက္ခ သာမဏေ တစ်ပါးသည် ဆရာပေးပြီးသင်္ကန်းကို ချွတ်ပြီးလျှင် လူဝတ်ဝတ်၍ ၂-ရက်, ၃-ရက်နေပြီးမှ ဆရာ့ထံမှာ သင်္ကန်း မတောင်းဘဲ မိမိအလျောက်သင်္ကန်းကို ပြန် ဝတ်နေခြင်း ၎င်းသာမဏေ၏အစစ်ခံချက်မှာ အောက် ပါအတိုင်း ဖြစ်ပါသည်ဘုရား၊ သင်္ကန်းကိုချွတ်စဉ်အခါ ဤသင်္ကန်းကို ဆရာ့ထံ မရောက်မီ ခရီးအကြား၌ ရဟန်းတွေ့လျှင် ရဟန်းထံတောင်း၍ ဆည်းမည်၊ မတွေ့လျှင်မိမိအလျောက် ဝတ်၍ ဆရာ့ထံ ပြန်မည်ဟူသော ဥဿာဟ မပျက်မကွက်ရှိပါသည်ဘုရား၊ ဝတ်စဉ် မအပ်သည်ကို မသိပါ၊ နေ့ဝတ်ပြီးလျှင် ညဉ့်ဝတ်တက်သည့်အခါ သီလပြန်ခံလျှင် သာမဏေ ဖြစ်သည်, ဝတ်ကောင်းသည် မှတ်ထင်၍ ဆရာအပြစ် တင်မည် ကြောက်သောကြောင့် ဝတ်မိပါသည်ဘုရား၊ ၎င်းအကြောင်းကို ၂-ရက်ခန့်ကြာမှ သိရပါသည်၊ ဤအမှုလွန်ကျူးသူ သာမဏေကို ဥပသမ္ပဒအဖြစ်ကို ချီးမြှောက် ပေးသင့် မပေးသင့် ဆရာတော်ဘုရား၏ အမိန့်သံ နာခံမှတ်သားလို၍ လျှောက်ထားရခြင်း ဖြစ်ပါသည် ကျေးဇူးတော်ရှင် ဆရာတော် အရှင်သူမြတ် ဘုရား။

၂။ အချက်, လျှောက်ထားရန်မှာ- မင်းဘေးကြောင့် မိမိအလိုအလျောက် သင်္ကန်းဝတ်လာသော သူသည် မင်းချင်းယောက်ျားထက်ချပ်ပါနေသဖြင့် နှိပ်စက်ကလူ ပြုမည်ကြောက်သောကြောင့် ရဟန်း ကောင်းများနှင့် ဆွမ်းအတူစားခြင်း- စသောသံဝါသများကို ပြုမိပါ သည်၊ ခိုးလိုဝှက်လို လှည့်ဖြားလိုသောစိတ် မရှိပါ ဘုရား၊ ထိုသူသည် သံဝါ ထေနကမှာ သက်ဝင်မည်, မသက်ဝင်မည်ကို အမိန့်သံ နာခံမှတ်သားလိုပါသည် ဆရာတော် အရှင်သူမြတ်ဘုရား။


ပထမ ပုစ္ဆာအဖြေ

၎င်းလျှောက်ချက်အရ ၁၂၈၃-ခုနှစ်၊ ဝါဆိုလဆန်း ၁၀-ရက်၊ နတ်ကြီးချောင်းကျောင်း လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်

၁။ လျှောက်လွှာပါစကားရပ်၌ သင်္ကန်းကို ချွတ်စဉ်အခါ ဤသင်္ကန်းကို ဆရာ့ထံ မရောက်မီ ခရီးအကြား၌ ရဟန်းတွေ့လျှင် ရဟန်းထံတောင်း၍ စည်းမည်၊ မတွေ့လျှင် မိမိအလျောက်ဝတ်၍ ဆရာ့ထံပြန်မည်-ဟူသော ဥဿာဟ မပျက်မကွက် ရှိပါသည်-ဟူ၍ ထွက်ဆိုချက် အထင်အရှားပါရှိသောကြောင့် ဝတ်မြဲရုံမြဲဖြစ်သော ထိုသင်္ကန်း၌ တစ်ဖန်ဝတ်ရန် ဥဿာဟရှိသည့်အတွက် ဝတ်ဆဲအခါ၌ လိင်္ဂထေနကအပြစ်မှလွတ်၏-ဟုမှတ်၊ ထို့ကြောင့် အဋ္ဌကထာ၌သစေပိ ကာသာယေသ ဥဿာဟော၊ ကာသာယာနိ အပနေတွာ မေထုနံ ပဋိသေဝိတွာ ပုနကာသာယာနိ နိ ဝါသေတိ၊ နေဝ ထေယျသံဝါသကော ဟောတိ။

ဟူ၍မိန့်၏ “ခရီးအကြား၌ ရဟန်းတွေ့လျှင် ရဟန်းထံတောင်း၍ ဆည်းမည်” ဟု ထွက်ဆိုချက်ပါရှိရာ၌ လူဝတ်လဲသောအခါ၌ လူဝတ်လဲ သောအကြောင်းကို ရဟန်းအား ပြောကြားမည်-ဟူသော အနက် အဓိပ္ပါယ်သည်လည်း ပြီးစီးတော့သည်သာလျှင် ဖြစ်သောကြောင့် ဝတ်ဆဲအခါ၌ သုဒ္ဓစိတ်ရှိကြောင်းထင်ရှားသည် ဖြစ်၍လည်း ဝတ်ဆဲ အခါ၌ လိင်္ဂထေနက အပြစ်မှလွတ်၏-ဟုမှတ်၊ ၎င်းလျှောက်လွှာ၌ ဝတ်စဉ်အခါမအပ်သည်ကို မသိပါ၊ နေ့အခါ၌ ဝတ်ပြီးလျှင် ညဉ့်အခါ၌ ဝတ်တက်သည့်အခါ သီလပြန်ခံလျှင် သာမဏေဖြစ်သည်၊ ဝတ်ကောင်း သည်-ဟု မှတ်ထင်ခြင်းများသည် လိင်္ဂထေနကအပြစ်မှ လွတ်ကင်း စေတတ်သော အချက်ကြီးဖြစ်၏၊ ထို့ကြောင့် အဋ္ဌကထာ၌အပရော ဒဟရသာမဏေရော မဟန္တော ဝါပနာ

အဗျတ္တောသော ပုရိမနယေနေဝ ဥပ္ပဗ္ဗာဇိတွာ ဃရေ ဝေစ္ဆဂေါရက္ခဏာဒီနိကမ္မာနိ ကာတုံ န ဣစ္ဆတိ၊ တမေနံ ဉာတကာ တာနိယေဝ ကာသာယာနိ အစ္ဆာဒေတွာ ထာလကံ ဝါ ပတ္တံဝါဟတ္ထေ ဒတွာ ဂစ္ဆ သမဏောဝ ဟောဟီတိ ဃရာ နီဟရန္တိ၊ သောဝိဟာရံ ဂစ္ဆတိ၊ နေဝ နံ ဘိက္ခူ ဇာနန္တိ “အယံဥပ္ပဗ္ဗဇိတွာပုနသယမေဝ ပဗ္ဗဇိတောတိ၊ နာပိ သယံဇာနာ” တိ၊ ယော ဧဝံပဗ္ဗဇတိ, သော ထေယျသံဝါသကောနာမ ဟောတီတိ သစေတံ ပရိပုဏ္ဏဝဿံ ဥပသမ္ပာဒေန္တိ ဥပသမ္ပန္နော။ ဟုမိန့်၏၊

ဆရာနှင့်တွေ့သောအခါ မိမိလူဝတ်လဲမှုကို ဆရာအား ပြောကြားခြင်းကို မပြုရာ၌မူကား

၁။ သက်သက်လိမ်လည်လို၍ မပြောကြားခြင်း,

၂။ ရှက်၍မပြောကြားခြင်း,

၃။ ကြောက်၍မပြောကြားခြင်း,

ဟူ၍သုံးမျိုးရှိ၏၊ ထိုတွင် သက်သက်လိမ်လည်လို၍ မပြောကြား ရာ၌ထေနကဖြစ်၏၊ ထို့ကြောင့် အဋ္ဌကထာ၌

အထာပိဿ ဂဟနကာလေ အာစိက္ခိဿာမီတိ စိတ္တံ ဥပ္ပန္နံ ဟောတိ၊ ဝိဟာရဉ္စ ဂန္တွာ ကုဟိံ တွံ အာဝုသော ဂတောတိဝုတ္တော န ဒါနိ မံ ဣမေ ဇာနန္တီတိ ဝဉ္စတွယ နာစိက္ခတိ၊ နာစိက္ခာမီတိ သဟဓုရ နိက္ခေပေန အယံပိ ထေယျသံဝါယကောဝ။

ဟုမိန့်၏၊ ရှက်၍မပြောကြားရာ၌ကား-ထေနကအပြစ်မှလွတ်၏၊ ထို့ကြောင့် ဝိမတိဝိနောဒနီဋီကာ၌

ယော ပန ပထမံ ပဗ္ဗဇ္ဇာဧဝ မေ ဂဟိတာတိ သညီ ကေဝလံ အတ္တနာ အန္တရာ အတ္တနော သေတဝတ္ထ နိဝါသနာဒိဝိပ္ပကာရံ ပကာသေတုံ လဇ္ဇန္တော န ကထေတိ၊ သော ထေယျသံဝါသကော န ဟောတိ။

ဟုမိန့်တော်မူ၏၊ ရှက်၍မပြောကြားရာ၌ ထေနကအပြစ်မှ လွတ်သည်ဟူ၍ ဋီကာ၌ဆိုသဖြင့် ဆရာကို ကြောက်၍ မပြောကြား ရာ၌လည်းထေနကအပြစ်မှ လွတ်တော့သည်သာ-ဟူမှတ်အပ်၏၊ ပထမပုစ္ဆာအဖြေ ပြီး၏၊


ဒုတီယပုစ္ဆာ အဖြေ

၂။ အချက်, လျှောက်ထားရန်မှာ- မင်းဘေးကြောင့် မိမိအလို အလျှောက်သင်္ကန်းဝတ်လာသောသူသည် မင်းချင်းယောက်ျား ထက်ချပ် ပါနေသဖြင့် နှိပ်စက်ကလူပြုမည်ကြောက်သောကြောင့် ရဟန်းကောင်း များနှင့် ဆွမ်းအတူစားသောက် သံဝါသများကိုပြုမိပါသည်၊ ခိုးလို, ဝှက်လို, လှည့်ဖြားလိုသောစိတ် မရှိပါဘုရား၊ ထိုလူသည် သံဝါသထေနကမှာ သက်ဝင်မည်, မသက်ဝင်မည်ကို နာခံမှတ်သားလိုပါသည် ဆရာတော် အရှင်မြတ်ဘုရား-ဟူသော ပုစ္ဆာ၌

အဖြေကား- ထိုသူသည် သံဝါသထေနက၌ မသက်ဝင်၊

မသက်ဝင်ပုံကား- ထိုသူမှာရဟန်းသာမဏေတို့အား ဟုတ်သည့် အတိုင်းပြောကြားပါလျှင် ရဟန်းသာမဏေတို့က အပေါင်းခံကြမည် မဟုတ်၊ မိမိတစ်ကိုယ်တည်းသင်းခွဲ၍ နေပြန်လျှင်လည်း မင်းဘေးက လွတ်မည်မဟုတ်၊ ထို့ကြောင့် ရဟန်းသာမဏေများနှင့် မပေါင်းလိုပါ၊ မင်းဘေးအတွက် သက်သက် ပေါင်းရချေ၏၊ သုဒ္ဓစိတ်အမြဲတည် သည်ဖြစ်၍ သံဝါသထေနက၌ မသက်ဝင်လေသတည်း၊ ထို့ကြောင့် အဋ္ဌကထာ၌

သံဝါသံနာဓိဝါသေတိ၊

ယာဝ သော သုဒ္ဓမာနသော၊

ထေယျသံဝါသကောနာမ။

တာဝ ဧသ န ဝုစ္စတိ။ ဟုမိန့်၏

သုဒ္ဓမာနသောဆိုသည်ကား- ရဟန်း သာမဏေများနှင့် မပေါင်းလိုဘဲ မင်းဘေးအတွက် သက်သက်ကြောင့် ပေါင်းရသည်၊ မင်းဘေးငြိမ်းလျှင် ငြိမ်းခြင်း ရဟန်းသာမဏေတို့အား ဟုတ်သည့်အတိုင်း ပြောကြားမည်ဟု အကြံရှိသည်ကို ဆိုသတည်း၊ အသွင်ယူရာ၌ ဘေး အတွက် သက်သက်နှင့်ယူလျှင် ထေနကမဖြစ်သကဲ့သို့ ဆွမ်းအတူ စားခြင်းစသော သံဝါသကိုပြုရာ၌လည်း ဘေးအတွက်သက်သက်နှင့် ပြုရသည်ဖြစ်ခဲ့လျှင် ထေနနကမဖြစ်နိုင်-ဟုဆိုသည်၊ ဤကား-တေရ သကဏ်ဋီကာ၌လာသော-ကေစိဝါဒအလိုတည်း၊ ဋီကာဆရာကြီး တို့ကား-သံဝါသကို ပြုရာ၌ဘေးရှိ၍ ပြုရသော်လည်း ထေနကအပြစ်မှ မလွတ်-ဟု ဆိုလိုကြကုန်၏၊ ဆင်ခြင်၍ယူလေ။ ဒုတီယပုစ္ဆာအဖြေ ပြီး၏၊

ဦးရာဇိန္ဒအဖြေပြီး၏၊