မာတိကာသို့ ခုန်သွားရန်

ဦးအာသဘ၏ ပုစ္ဆာအဖြေ

ဝီကီရင်းမြစ် မှ

ဦးအာသဘ၏ ပုစ္ဆာအဖြေ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

လျှောက်လွှာ

၁။ ယခုအခါ အချင်းချင်းဒေသနာကြားကြရာ၌ ဆရာတို့ ပြောရိုးပြုကြသည်မှာ-သတင်းငယ်အဆို၌ “အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာရောစေမိ” ဖြင့် ဂရုကအာပတ်များကို တားမြစ်ရန် “အဟံဘန္တေ သမ္ပဟုလာ နာနာဝတ္ထုကာ။ပ။ ပဋိဒေသေမိ“ဖြင့် နာနာဝတ္ထုက လဟုက အာပတ်များကို ပပျောက်ရန် တစ်ဖန် ငယ်က “အဟံဘန္တေ သမ္ပဟုလာ နာနာဝတ္ထုကာ။ပ။ ပဋိဒေသေမိ” ဖြင့် ဝတ္ထုသဘာဂ အာပတ်ကိုကြားခြင်းကြောင့် သင့်သော ဒုက္ကဋ်အာပတ်ကို တားမြစ်ရန် “အဟံ အာဝုသော သမ္ပဟုလာ နာနာဝတ္ထုကာ။ ပ။ ပဋိဒေသေမိဖြင့် ခံစက သင့်သော ဝတ္ထုသဘာဂဒုက္ကဋ်နှင့်တကွ နာနာ ဝတ္ထုကလဟုက အာပတ်တို့ကို ပယ်ရန်ဖြစ်သည်-ဟု ပြောရိုးပြုကြပါသည်။

၎င်းပြောရိုး ဆိုရိုးများသည် ခိုင်ခံ့သော ပါဠိ, အဋ္ဌကထာကြီးတို့၏ ပြဆိုဆုံးဖြတ်ပုံနှင့် မညီညွတ်-ဟုထင်ပါကြောင်း၊ မညီညွတ်ပုံမှာ အာပတ္တိဟူသော အမည်သည် အာပတ်ခုနစ်ဖုံလုံးနှင့် ဆက်ဆံသော သာမည အမည် ဖြစ်သည်၊ ပါရာဇိကဏ်ပါဠိတော် သံဃာဒိသေသ်အဖွင့် အဋ္ဌအထာ, ကင်္ခါအဋ္ဌကထာတို့၌လာရှိပါသည်၊ ထိုသို့လာရှိတိုင်းယူလျှင် သတင်းငယ်အဆို၌ “အဟံဘန္တေ သဗ္ဗာအာပတ္တိယော။ပ။ စေမိ” ဖြင့် ဂရုက-လဟုက အာပတ်နှစ်ရပ်လုံးပင် ပါသင့်သည်၊ ထိုနှစ်ရပ်တို့တွင် ဂရုကအာပတ်မှာ ရတ္တိစ္ဆိန္န မဖြစ်ဘဲတန့်ရပ်၍ ၎င်းအဆိုနှင့်ပင် လဟုကအာပတ်အရပ်ရပ်တို့ကို ပယ်နိုင်သည်၊ “အဟံဘန္တေ သမ္ပဟုလာ နာနာဝတ္ထုကာ။လ။ ပဋိဒေသေမိ” ဖြင့် ခံခြင်း-တည်းဟူသော အကြောင်းကြောင့် သင့်သောဝတ္ထုသဘာဂ ဒုက္ကဋ်ကို ပယ်နိုင်သည်၊ သတင်းငယ်က နောက်ထပ်ကြားရန် မလို။

သတင်းကြီးမှာ “အဟံ အာဝုသော သဗ္ဗာ အာပတ္တိယော အာရောစေမိ” ဖြင့်ပင် ဂရုကအာပတ်ကို တန့်စေ၍ ဝတ္ထုသဘာဂ အာပတ်ကို ခံခြင်း-တည်းဟူသော အကြောင်းကြောင့်သင့်သော ဒုက္ကဋ်၊ ကြွင်းသော နာနာဝတ္ထုက လဟုကအာပတ်တို့ကို အလုံးစုံပယ်နိုင်သည်၊ နောက်ထပ်၍ “အာဟံ အာဝုသော သမ္ပဟုလာ။ပ။ ပဋိဒေသေမိ” ဟု ဆိုရန်ပင် မလို၊ “အာရောစေမိ, ပဋိဒေသေမိ, အာဝိကရောမိ” ၎င်းပုဒ်တို့မှာ အပြောအဆိုမှာသာ ထူးကြ၍ ရှေးဆိုရိုးအတိုင်းပင် သင့်မည်၊ တပည့်တော်ပြင်ဆင်၍ လျှောက်ထားတိုင်ပင်သင့်မည်ကို အတိုချုပ်ဒီကရီဖြင့် အတည်ပြုစေလိုပါကြောင်း။

၂။ ယခုကာလ ဒွိသန္တာက အမျိုးမျိုးပြုလုပ်ကြရာ၌ မဟာဝါ ပါဠိတော်စီဝရခဏ္ဍက သမာနလာဘဂတိက အရာ၌သာ ဒွိသန္တကပြု အရိပ်ပါရှိ၍ ဝိနည်းပါဠိ, အဋ္ဌကထာ,ဋီကာတို့၌ ဒွိသန္တကပြုလုပ်နည်းဟူ၍ အခိုင်အခံ့ အပြောအဆိုမရှိ၊ ဝဇီရဗုဒ္ဓိဋီကာ၌ “ မမ သန္တကံ တဝ စ မမ ဟောတု” စသည်ဖြင့် ပြဆိုသော ဒွိသန္တက ပြုလုပ်နည်းသည်လည်း ဝေဖန်ပုံ မတဲ့သည့်ပြင် မဟာဝါစီဝရ ပေသနဝတ္ထုများနှင့်အလွန် ဆန့်ကျင်ဘက်ဖြစ်၍ မသင့်သည်- တစ်ရပ်၊ အချို့ဆရာတို့လည်း “မမ ဥပဒ္ဓဘာဂုံ တဝ စ မမ စ ဟောတု” စသည်ဖြင့်ဆို၍ ပြုကြ၏၊ ဤနည်း လည်း ဝေဖန်ပုံ မတဲ့သည့်အပြင် ပဉ္စမီဝိဘတ်နှင့် ဆိုပြန်ရကား-၎င်းစီဝရ ပေသနဝတ္ထုနှင့် ဆန့်ကျင်ပြန်၏၊ ဤလည်းတစ်ရပ်။

အချို့ကြားသိရသော ဒွိသန္တက ပြုနည်းများမှာ- ငါပိုင်ပစ္စည်းကို သင့်အားပေးပါ၏-ဟု အချင်းချင်းအတုံ့ အပြန်ဆို၍ပြုကြသည်၊ ဤနည်း လည်း တစ်ယောက်ယောက်ဘက်သို့ အကုန်လုံးစု၍ ပါသွားသော ကြောင့် မသင့်၊ ဤလည်းတစ်ရပ်။

အချို့ပြုကြပုံမှာ- ဦးသီဟသည် ဦးတေဇနှင့် ဒွိသန္တကပြုလို သည်ဖြစ်အံ့၊ ဦးရေဝတကိုပင့်၍ ဦးသီဟ, ဦးတေဇတို့ အသီးသီးကိုယ်ပိုင် ပစ္စည်းများကို ဦးရေဝတသို့လှူ၍ ဦးရေဝတကမှ တစ်ဘန် ဦးသီဟ, ဦးတေဇ နှစ်ပါးတို့အားလှူ ဒွိသန္တကအစစ်ဖြစ်သည်ဟု ဆုံးဖြတ်ကြ၏၊ ဤနည်းလည်း မသင့်၊ အဘယ့်ကြောင့်နည်းဟူမူ ဦးသီဟ, ဦးတေဇတို့က ဦးရေတဝအား လှူခြင်းသည် သူတို့နှစ်ပါး ဒွိသန္တကပြုဖြစ်ရုံ အခိုက် အတန့်မျှ လှူဒါန်းခြင်းဖြစ်၍ အလှူမမြောက်၊ ဒွိသန္တကဆိုသည်နှင့်အညီ သန္တကကိုဖြစ်ပါမှ ဒွိသန္တကမြောက်နိုင်မည်၊ သန္တကဟူသည်လည်း” သန္တကန္တိ မမာယံ တံရက္ခာ တံဂေါပိတံ ဒဏ္ဍာရဟံ” စသည်ဖြင့် ပဒေ ဘာဇနီပါဠိတော်၌ လာသောကြောင့်တည်း၊ ဤလည်းတစ်ရပ်။

အထက်ပါနည်း အရပ်ရပ်တို့ဖြင့် ဒွိသန္တက မဖြစ်မူ၍ တပည့်တော်၏သဘောအရ- အစဒွိသန္တကပြုလုပ်ပုံမှာ- ကိုယ်ပိုင် သန္တကကို နှစ်ပါး, သုံးပါးစသည်တို့အား အာလယပြတ်လှူပါမှ ဒွိသန္တက အစစ်ဖြစ်သည်ဟု သဘောရပါသည်၊ ဤ၌လည်း အတိုချုပ် ဒီဂရီကို အတည်ကျချပေးတော်မူပါမည့်အကြောင်း။

၃။ ကျောင်းစသော အဝိသဇ္ဇိယ, အဝေဘင်္ဂီယ, အဝေဘင်္ဂီယ ထာဝရဂရုဘဏ်ပစ္စည်းများကို ပုဂ္ဂလိက ခံကောင်း, မခံကောင်း၊ အကယ်၍ ပုဂ္ဂလိကခံခဲ့လျှင် ဝိသဇ္ဇိယ, ဝေဘင်္ဂီယလ ဟုဘဏ်မျိုးဖြစ်၏၊ ယူရလျှင် “သေနာသနတ္ထာယ နိယျာတိတ ကာလတော ပဋ္ဌာယ ဂရုဘဏ္ဍံ” ဟူသော ပါရာဇိကဏ် အဋ္ဌကထာနှင့် မဆန့်ကျင်မည် မဟုတ်ပါလော၊ အကယ်၍ ပုဂ္ဂလိကကျောင်းအလှူ မြောက်ခဲ့သော် စူဠဝါသေနာသနဝတ်၌လာသော ဝတ်ကြီး ဝတ်ငယ် များကို မပြုအံ့၊ အာပတ်သင့်ခြင်းမှ လွတ်ကင်းနိုင်ပါမည်လော၊ စူဠဝါပါဠိတော် အဋ္ဌကထာတို့၌ ဒါယကာဆောက်လုပ်သော ကျောင်း မှန်က ပုဂ္ဂလိက ခံနည်းဟူ၍ပင် အလျင်းမရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဒါယကာတို့ ဆောက်လုပ်သောကျောင်းများကို ပုဂ္ဂလိကခံကောင်း, မခံကောင်းကို သိလိုပါသည် တစ်ကြောင်း။

၄။ ယခုကာလ၌ ကျောင်းစသော ဂရုဘဏ်များကို ဝိဿာသဂါဟယူကြပါသည်၊ ပါဠိတော်ရင်း၌ ရောဇမည်သော မလ္လမင်း နှင့်ညီတော်အာနန္ဒာတို့ ဝတ္ထုတွင် လဟုဘဏ်သာ လာရှိသည်တစ် ကြောင်း၊ သင်္ကန်းအဓိဋ္ဌာန် ကျ, မကျကို ပြဆိုရာ လဟုဘဏ်သင်္ကန်းသာ လာရှိသည် တစ်ကြောင်း၊ ၎င်းအကြောင်းများကြောင့် ကျောင်းစသော ဂရုဘဏ်ပစ္စည်းများကို ဝိဿာသဂါဟယူ၍ ရ, မရကို သိလိုပါသည် ဘုရား။

ဦးအာသဘ

ရှမ်းစုကြီးကျောင်း

ပျဉ်းမနားမြို့

---------ဝ-------

လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက် ဒေသနာပုစ္ဆာအဖြေ

၁။ ဒေသနာကြားသောအရာတွင် “အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာရောစေမိ” ဟူသော ပထမဝါကျ၌ “သဗ္ဗာ အာပတ္တိယော” ဟု သဗ္ဗသဒ္ဒါနှင့် ဆိုခြင်းကြောင့်၎င်း, အာရောစေမိဟူသော ကြိယာသည် အာဝီကရဏကြိယာ, ဒေသနာကြိယာတို့နှင့် ပရိယာယ်မျှဖြစ်သောကြောင့်၎င်း ၎င်းပထမဝါကျတစ်ခုတည်းဖြင့်ပင် ဂရုက အာပတ်ကို တားမြစ်ရန်၊ လဟုကအာပတ်တို့တွင် ဝတ္ထုသဘာဂ အာပတ်မှ တစ်ပါးသောအာပတ်တို့ ထမြောက်လွတ်ကင်းရန် ပြီးစီးသော ကြောင့် မထေရ်ငယ်မှာလည်း နောက်ထပ်တစ်ဖန် “အဟံ ဘန္တေ သမ္ပဟုလာ” ဟူသောဝါကျကို ဆိုခွင့်မရှိ၊ မထေရ်ကြီးမှာလည်း “အဟံ အာဝုသော သမ္ပဟုလာ” ဝါကျကို ဆိုခွင့်မရှိပါဟူသော လျှောက်ချက်၌အဖြေကား- အာရောစေမိ ကြိယာသည် သဒ္ဒတ္ထအနေအားဖြင့်

အာဝိကရဏကြိယယာ, ဒေသနာကြိယာတို့နှင့် တူပေ၏၊ အာပတ်ကို ကုစားသောအရာ၌ကား မတူကြပေ၊ မှန်၏၊ ဂရုကအာပတ်သည် ပြောကြားအပ်, ထင်စွာပြုအပ်သော အာပတ်မျိုးသာဖြစ်၏၊ ဒေသနာကြား အပ်သော အာပတ်မျိုးမဟုတ်၊ လဟုကအာပတ်သည် ဒေသနာကြားမှထ မြောက်သော အာပတ်မျိုးဖြစ်၏၊ ကြားကာမျှ, ထင်စွာပြုကာမျှနှင့် ထမြောက်သောအာပတ်မဟုတ်၊ ထို့ကြောင့် ပရိဝါပါဠိတော် ဒိဋ္ဌာ ဝိကမ္မဝဂ်၌--

ကတိ နုခေါ ဘန္တေ အဓမ္မိကာ ဒိဋ္ဌာဝိကမ္မာတိ၊ ပဉ္စိမေ ဥပါလိ အဓမ္မိကာ ဒိဋ္ဌိဝိကမ္မာ၊ ကတမေ ပဉ္စ အနာပတ္တိယာ ဒိဋ္ဌိံ အာဝိကရောတိ၊ ဒေသနာဂါမိနိယာ အာပတ္တိယာ ဒိဋ္ဌိံ အာဝိကရောတိ၊ ဒေသိတာယ အာပတ္တိယာ ဒိဋ္ဌိံ အာဝိကရောတိ။ ပ။ ဣမေခေါ ဥပါလိ ပဉ္စ အဓမ္မိကာ ဒိဋ္ဌာဝိကမ္မာ။

ဟုမိန့်အပ်ပြီ၊ ၎င်းအဋ္ဌကထာ၌လည်း--

ဒိဋ္ဌာဝိကမ္မာတိ ဒိဋ္ဌီနံ အာဝိကမ္မာနိ လဒ္ဓိပကာသနာနိ၊ အာပတ္တိဒေသနာသင်္ခါတာနံ ဝိနယကမ္မာနမေတံ အဓိဝစနံ၊ အနာပတ္တိယာ ဒိဋ္ဌိံ အာဝိကရောတီတိ အနာပတ္တိမေဝ အာပတ္တီတိ ဒေသေတီတိ အတ္ထော၊ အဒေသနာဂါ မိနိယာတိ ဂရုကာပတ္တိယာ ဒိဋ္ဌိံ အာဝိကရောတိ၊ သံဃာဒိသေသဉ္စ ပါရာဇိကဉ္စ ဒေသေတီတိ အတ္ထော။

ဟုမိန့်အပ်၏၊

ဤပါဠိတော်, အဋ္ဌကထာတို့ဖြင့် ဒေသနာဂါမ်မဟုတ်သော သံဃာဒိသိသ် အာပတ်ကို ပဋိဒေသေမိကြိယာဖြင့် မကြားအပ်ကြောင်း တိုက်ရိုက်ထင်ရှား၏၊ ထိုသို့ ဂရုကအာပတ်ကို ပဋိဒေသေမိကြိယာဖြင့် မကြားအပ်သောကြောင့် ဒေသေတဗ္ဗ, အာရောစေတဗ္ဗ အာပတ်တို့ကို အသီးအသီိးခွဲခြမ်း၍ ပြဆိုရာ တေရသကဏ် ဋီကာ၌

အာပဇ္ဇိတွာ ဝုဋ္ဌိတောတိဧတ္ထ အာရောစိတာပိ အာပတ္တိ အသန္တီနာမ ဟောတီတိ ဝေဒိတဗ္ဗံ၊ တေနေဝ ဟိ မာတိကာဋ္ဌကထာယံ “ယဿ ပန ဧဝံ အနာပန္နာ ဝါ အာပတ္တိ အာပဇ္ဇိတွာ စပန ဝုဌိတာ ဝါ ဒေသိတာဝါ အာရောစိတာ ဝါ၊ တဿ သာ အာပတ္တိ အသန္တီနာမ ဟောတီ” တိ။

ဟု မိန့်အပ်၏၊ ဝိမတိဝိနောဒနီဋီကာ၌လည်း

အာပဇ္ဇိတွာ ဝါ ဝုဌိတောတိ ဧတ္ထဒေသနာ ရောစနာနမ္ပိ သင်္ဂဟော၊ တေနေဝ မာတိကာဋ္ဌကထာယံ ဝုတ္တံ ဝုဋ္ဌိတာ ဝါ ဒေသိတာ ဝါ အာရောစိတာ ဝါ၊ တဿ သာ အာပတ္တိ အသန္တီနာမ ဟောတီတိ ဝုတ္တံ။

ဟု မိန့်အပ်ပြီ၊ ကင်္ခါဋီသစ်၌လည်း

ဝုဋ္ဌိတာဝါတိ ပရိသာဝါ ဒိနာဝုဌိတာ ဝါ အာရောစိတာ ဝါ အဝိကတာ ဝါ၊ အာရောစေန္တော တုယှံ သန္တိကေ ဧကံ အာပတ္တိံ အာဝိကရောမီတိ ဝါ အာစိက္ခာမီတိ ဝါ အာရောစေမီတိ ဝါ၊ မမ ဧကံ အာပတ္တိ အာပန္နဘာဝံ ဇာနာတီတိ ဝါ ဝဒတု၊ ဧကံ ဂရုကံ အာပတ္တိံ အာဝိကရောမီတိအာဒိနာ နယေန ဝဒတု၊ သဗ္ဗေဟိပိ အာကာရေဟိ အာရောစိတာဝ ဟောတိ။

ဟု မိန့်အပ်၏၊

ဤဋီကာပါဌ်တို့ဖြင့် ဂရုကအာပတ်သည် အာရောစေတဗ္ဗ အာဝိကတအာပတ်မည်၏၊ လဟုကအာပတ် ငါးမျိုးသည် ဒေသေတဗ္ဗ အာပတ်မည်၏-ဟု အသီးအသီး ခွဲခြားစိပ်ဖြာလျက် ဖွင့်ဆိုတော်မူကြ ပါပေသည်။

ဤသို့လာသော ပါဠိ, အဋ္ဌကထာ, ဋီကာတို့ကို ထောက်ထား၍ ပဋိဒေသေမိကြိယာဖြင့် ဂရုကအာပတ်ကို မကြားအပ်- ဟု မှတ်ယူအပ်၏၊ ဤပါဠိ, အဋ္ဌကထာတို့၏ သာမတ္ထိယအားဖြင့်၎င်း, လဟုကအာပတ် ဒေသနာ ကြားမှုပြဆိုရာ မဟာဝါ ဥပေါသထခန္ဓက, စူဠဝါသမထခန္ဓက, ပရိဝါအဓိကရဏသမထတို့၌ ပဋိဒေသေမိကြိယာဖြင့်သာ မိန့်ဟော ဖွင့်လှစ်ကြသောကြောင့်၎င်း လဟုကအာပတ်ကို အာရောစေမိ, အာဝိကရောမိကြိယာတို့ဖြင့်ကြားသော်လည်း မထမြောက်ဟု ဆရာ အစဉ်အဆက်တို့ ဆုံးဖြတ်ခဲ့ဘူးပေ၏၊ ထို့ကြောင့် “သဗ္ဗာ အာပတ္တိယော အာရောစေမိ” ဟူသော မူလဝါကျဖြင့် ဂရုကအာပတ်ကို တားမြစ်မှု, လဟုကအာပတ်ကို ဖုံးလွှမ်းခြင်းအဖြစ်မှ လွတ်ကင်းမှုများသာ ပြီစီး၏၊

လဟုကအာပတ်တို့မှ မထမြောက်သေး။

အဟံ ဘန္တေ သမ္ပဟုလာ။ပ။ ပဋိဒေသေမိ” ဟူသော ဒုတိယဝါကျဖြင့် ဝတ္ထုသဘာဂအာပတ်ကို ကြားမှုကြောင့် သင့်သော အာပတ်ကို တစ်ပါးသော လဟုကအာပတ်တို့မှ ထမြောက်ကျွတ်လွတ် ပေ၏၊ ဝတ္ထသဘာဂ အာပတ်ကို ကြားမှုကြောင့် သင့်သောအာပတ်ကို နောက်ထပ်တစ်ဖန် “အဟံ ဘန္တေ သမ္ပဟုလာ။ပ။ ပဋိဒေသေမိ” ဝါကျဖြင့် ထမြောက်လွတ်ကင်း၏၊ ၎င်းဝတ္ထု သဘာဂအာပတ်ကို ကြားမှုကြောင့် သင့်သောအာပတ်မရှိခဲ့လျှင် နောက်ကြားဘွယ် မရှိပြီ။

အကြီးပုဂ္ဂိုလ်၏မူလ “သဗ္ဗာ အာပတ္တိယော အာရောစေပိ” ဝါကျဖြင့် ဂရုကအာပတ်ကို တားမြစ်မှု, လဟုကအာပတ်ကို ဖုံးလွှမ်းခြင်း အပြစ်မှလွတ်ကင်းမှုများပြီးစီး၏၊ လဟုကအာပတ်တို့မှ မထမြောက်သေး၊ “အဟံ အာဝုသော သမ္ပဟုလာ။ပ။ ပဋိဒေသေမိ“ဝါကျဖြင့် ဝတ္ထုသဘာဂ အာပတ်ကိုခံခြင်းကြောင့် သင့်သောအာပတ်နှင့်တကွ ကြွင်းသော လဟုကအာပတ်တို့မှ ထမြောက်ကျွတ်လွတ်ပေ၏၊ အငယ်ပုဂ္ဂိုလ်အား ဝတ္ထုသဘာဂအာပတ် မရှိတော့ပြီဖြစ်၍ ဝတ္ထုသဘာဂအာပတ်ကို ကြားမှုကြောင့် မထေရ်ကြီးအား အာပတ်သင့်ဖွယ်မရှိ၊ ဤတွင်လည်း ဝတ္ထုသဘာဂအာပတ်ကိုကြားမှုကြောင့် အာပတ်သင့်ပြန် သောကြောင့် မထေရ်ကြီးလည်း တစ်ဖန်ကြားဦးမှ ထမြောက်သည်ဟု အချို့ယူကြ၏၊ မသင့်။

အဘယ့်ကြေင့်နည်းဟူမူကား-ပါဠိတော်၌ ဝတ္ထုသဘာဂ အာပတ်သို့သင့်ရောက်သဖြင့် စင်ကြယ်သော ပုဂ္ဂိုလ်တစ်ပါးထံမှာ ကြားပြီးလျှင် ဝတ္ထုသဘာဂအာပတ်သင့်ဘက်ပုဂ္ဂိုလ်များနှင့် ကြားအပ်၏ ဟု ပညတ်ရာတွင် အခြားသော တိုက်တာ, အခြားသောပုဂ္ဂိုလ်တို့ထံ ကြားပြီး၍ စင်ကြယ်သောရဟန်းနှင့် ဝတ္ထုသဘာဂ အာပတ်သင့်ဘက် ပုဂ္ဂိုလ်ထံ အာပတ်သင့်ခံ၍ ကြားပြီးဖြစ်သော ရဟန်းနှင့်အလားတူပင် ဖြစ်ပေသောကြေင့်တည်း။

[ဤကား-သဗ္ဗာအာပတ္တိယောပုဒ်၌ ဂရုက, လဟုက သိမ်းရုံး ရခြင်း၏ အကျိုးနှင့်တကွ ထုတ်ပြန် ရှင်းလင်းချက်ပေတည်း] အချို့ကား- “အာရောစေမိ” ဟူသော မူလဝါကျတွင် ကင်္ခါ အဋ္ဌကထာ, ၎င်းဋီကာ ယခင်ပြဆိုပြီးသော ကြိယာအသီးသီးနှင့် ဖွင့်ပြသော အဋ္ဌကထာ, ဋီကာနှင့်အညီ ဂရုကအာပတ် သက်သက်ကိုသာ ကြားမှုကိစ္စပြီးစီး၏ဟု ဆိုကြ၏၊ “သဗ္ဗာ အာပတ္တိယော” ဟု ဆိုရခြင်း၏ အကျိုးထင်ရှားသော ယခင်အဆုံးအဖြတ်ကိုသာ မှတ်ယူ ယုံကြည် ထိုက်ပေသည်။

ဒေသနာပုစ္ဆာအဖြေပြီး၏၊

ဒွိသန္တက ပုစ္ဆာအဖြေ

၂။ ဒွိသန္တကပြုသောအရာနှင့် စပ်လျဉ်း၍ မေးလျှောက်ချက်၌ အဖြေကား- ဣဒံတုယှံဒေမိ၊ ဒဒါမိ၊ ဒဇ္ဇာမိ၊ ဩဏောဇေမိ၊ ပရိစ္စဇာမိ၊ ဝိဿဇ္ဇာမိ၊ နိဿဇ္ဇာမိ၊ ဣတ္ထန္နာမဿ ဒေမိ။ပ။ နိဿဇ္ဇာမီတိသမ္မုခါဝါ ပရမ္မုခါဝါ ဝုတ္တေ ဒိန္နံယေဝ ဟောတီတိ ဒါနလက္ခဏဿစ တုယှံ ဂဏှာဟီဟိ ဝုတ္တေ မယှံ ဂဏှာဟီဟိ ဂဏှာတိ သုဂ္ဂဟိတန္တိ ဂဟဏလက္ခဏဿစ ဝုတ္တတ္တာ မမ သန္တကံ တဝ စ မမ စ ဟောတူတိဧဝမာဒိ ဝစနေနေ သမာနပရိက္ခာရံ ကာတုံ ဝဋ္ဋတီတိ အာစရိယာတိ လိခိတံ

[ ဝဇီရဗုဒ္ဓိဋီကာ စီဝရခန္ဓကအဖွင့်။]

ဤဋီကာပါဌ်ဖြင့် ပိုင်ရှင်ရဟန်းသည် “မမ သန္တကံ တဝ စ မမ စ ဟောတု” ဟုနှုတ်မြွက်၍ ပေးခဲ့လျှင် သမာနပရိက္ခာရ ဒွိသန္တက မြောက်ကြောင်းကို ပြဆို၏၊ ပစ္စည်းသရုပ်ကိုဖော်ထုတ်၍ ခွဲခြားချက် ပြုခဲ့လျှင် အထူးပင် ထင်ရှားပေရာ၏၊ ဤဋီကာပါဌ်၌ “ဟောတု” ဟု ပဉ္စမီဝိဘတ်နှင့်ဆိုအပ်သောကြောင့် စီဝရပေသန ဝတ္ထုနှင့်ဆန့်ကျင်၏ဟု လျှောက်လွှာတွင်ပါရှိ၏၊ မဆန့်ကျင်ပေ၊ အဘယ့်ကြောင့်နည်း ဟူမူကား- “တဝ စ မမ စ” ဟူသောသမ္ပဒါန်ပုဒ်တို့နှင့် ဆိုအပ်သော ကြောင့်တည်း၊ မှန်၏၊ ပေးခြင်း, ယူခြင်းမမြောက်ဟု အဋ္ဌကထာပယ် အပ်သောဝါကျ၌ “တဝသန္တကံ ကရောဟိ၊ တဝ သန္တကံ ဟောတု” ဟုသမ္ပဒါန်ပုဒ်တို့ဖြင့်ပြဆို၏၊ သမ္ပဒါန်ပုဒ်ဖြင့်သာ မေးပါမူကား- ဟောတု ဟူ၍ပင် ဆိုငြားသော်လည်း သုဒိန္နမြောက်သည်သာဖြစ်၏၊ မြောက် နိုင်ကြောင်းကို

ဥပနိက္ခိတ္တံ ဝါ သာဒိယေယျာတိ ဣဒံ အယျဿ ဟောတူတိ ဧဝံ သမ္မုခါဝါ အသုကသ္မံနာမ ဌာနေ မမ ဟိရညသုဝဏ္ဏံ အတ္ထိ၊ တံ တုယှံ ဟောတူတိ ပရမ္မုခါ ဌိတံ ဝါ ကေဝလံ ဝါစာယဝါ ဟတ္ထမုဌိယာ ဝါ တုယှန္တိ ဝတွာ ပရိစ္စတ္တံ၊ ယော ကာယဝါစာဟိ အပ္ပဋိက္ခိပိတွာ စိတ္တေန အဓိဝါသေယျ၊ အယံသာဒိယေယျာတိ ဝုစ္စတိ

ဟူသော ပါရာဇိကဏ် အဋ္ဌကထာဖြင့်၎င်း, ဣဒံ အယျဿ ဟောတူတိ ဧဝံ သမ္မုခါ ဝါ အသုကသ္မံနာ- မ ဌာနေ မမ ဟိရညသုဝဏ္ဏံ အတ္ထိ၊ တံတုယှံ ဟောတူတိ ဧဝံ ပရမ္မုခါဌိတံ ဝါ ကေဝလံ ဝါစာယ ဝါ ဟတ္ထမုဌိယာ ဝါ တုယှန္တ ဝတွာ ပရိစ္စတ္တဿ ကာယဝါစာဟိ အပ္ပဋိက္ခိပိတွာ စိတ္တေန သာဒိယနံ ဥပနိက္ခိတ္တသာဒိယနံ နာမ

ဟူသော တေရသကဏ်ဋီကာဖြင့်၎င်း ယုံကြည်အပ်၏၊ ဤအဋ္ဌကထာ, ဋီကာတို့၌ “အယျဿ” ဟူသောသမ္ပဒါန်ပုဒ်နှင့် တကွ ဆိုသောကြောင့် “ဟောတု” ဟု ပဉ္စမီဝိဘတ်နှင့် ဆိုငြားသော်လည်း အပေး, အယူမြောက်ကြောင်းကို တိုက်ရိုက်တညီတည်း ဆိုအပ်သော ကြောင့် ဝဇီရဗုဒ္ဓိလာ ပထမအာစရိယ ဝါဒအရ-ဒွိသန္တကပြုပုံ အဆုံး အဖြတ်ကို ယုံမှတ်ထိုက်ပေပြီ။

[ဤကား- ပထမအာစရိယဝါဒ၌ စီစစ်ချက်ပေတည်း] အနုဂဏ္ဌိပဒေ ပန အတိပပဉ္စ ကတွာ ပုနဣဒမေတ္ထ အာစရိယာနံ သန္နိဋ္ဌာနံ၊ သစေသမ္ပဟုလာ ဒွေဝါ သမာနပရိက္ခာရံ ကတ္တုကာမာ ဟောန္တိ၊ တေသံ သဗ္ဗေသံ အတ္တနော သန္တကံ ဝတ္တမာနံ ဥပ္ပဇ္ဇနကေန သန္ဓိံ ပေသလဿ ဧကဿ ပရိစ္စဇန္တိ၊ သောပုန တေသမေဝရိစ္စတိ။ ဧတ္တာဝတာ တေ သမာနပရိက္ခာရိကာ ဟောန္တိ၊ ဣဒံ သမာနပရိက္ခာ လက္ခာဏံ၊ ပါဠိ-အာဒီသု ဝုတ္တလက္ခဏေယေဝ ပ တနတော အစလပတ္တံ ဟောတိ၊ တထာပိ ပေါရာဏဝိဓိံ အဇ္ဈောတ္ထရိတွာ ပဝတ္တနတော ပဋိသေဓေတဗ္ဗော၊ အာစရိယာနံ မတာနုသာရေန ကာတဗ္ဗံ ကာတုကာမေနာတိ အပရေတိ ဂုတ္တံ

[ ၎င်း ဝဇီရဗုဒ္ဓိ ဋီကာ။]

ဤအပရေဝါဒ၌- ဒွိသန္တကပြုလိုရင်း ပုဂ္ဂိုလ်မှတစ်ပါး တစ်ဦးဦး သော ရဟန်းအား “မမ သန္တကံ ဝတ္တမာနံ ဥပ္ပဇ္ဇနကဥ္ဓ တုယှံဒမ္မိ” စသော သုဒိန္နဖြစ်လောက်သော ဝစီဘေဒဖြင့် အာလယပြတ်ပေးလျှင် ယူသူ ပုဂ္ဂိုလ်ကလည်း “မယှံ ဂဏှာမိ၊ အဟံ ဂဏှာမိ” ဟု သုဂ္ဂတိတ ဖြစ်နိုင် လောက်သော ဝစီဘေဒဖြင့် ယူပြီးမှတစ်ဖန် ဒွိသန္တကပြုလိုသူ ရဟန်း နှစ်ပါးတို့အား တုံ့ပြန်ပေးလှူခဲ့လျှင် ဒွိသန္တကသမန ပရိက္ခာရဖြစ်၏ဟုပြုဆိုပေ၏၊ ဖြစ်ဆဲဖြစ်လတံ့- ပစ္စည်းအရပ်ရပ်ကိုသာ မှတ်ချက်နှင့် တကွ ဆိုသောကြောင့် ဝေဖန်ချက် အထူးထင်ရှားပေ၏၊ ဤအပရဝါဒ၌ လည်း ပရိာ၏ယာယ်မျှ တာဝကာလိကအနေအားဖြင့် ပေးခြင်းကို မယူသင့်၊ ပိုင်ရှင်အစစ် ဖြစ်ပါစေ-ဟူသော မနော ပဏိဓိဖြင့် နိရာလက ကိုသာ နိဿံသယ မှတ်ယူအပ်၏၊

ဒွိသန္တကပုစ္ဆာအဖြေပြီး၏၊

---

ပုဂ္ဂလိကဝိဟာရ ပုစ္ဆာအဖြေ

၃။ စူဠဝါပါဠိတော်, အဋ္ဌကထာတို့၌ ဒါယကာ ဆောက်လုပ် သော ကျောင်းမှန်က ပုဂ္ဂလိကခံနည်း-ဟူ၍ပင် အလျှင်းမပါ မရှိသော ကြောင့် ဒါယကာတို့ ဆောက်လုပ်သောကျောင်းများကို ပုဂ္ဂိုလ်က ခံကောင်း, မခံကောင်း-ဟူသော လျှောက်ချက်၌

အဖြေကား- စူဠဝါပါဠိတော်, အဋ္ဌကထာတို့၌ ပုဂ္ဂလိကခံနည်း ဟူ၍ တိုက်ရိုက်မပါမရှိသည်ကား-မှန်ပေ၏၊ သို့ရာတွင် ပုဂ္ဂလိက ခံယူခြင်း ကိုလည်း ခွင့်ပြုတော်မူလိုရိပ်ထင်ပါ၏၊ ထင်ပုံကား- မဟာဝါပါဠိတော် ဝဿူပနာယိက ခန္ဓက၌

ဣဓ ပန ဘိက္ခဝေ ဥပါသကေန သမ္ပဟုလေ ဘိက္ခူ ဥဒ္ဒိဿဧကံ ဘိက္ခုံ ဥဒ္ဒိဿဝိဟာရော ကာရပိတေတာ ဟောတိ

စသည်ဖြင့်လာ၏၊

ဘိက္ခုပါစိတ်- နိက္ကဍ္ဎနသိက္ခာပုဒ် ပါဠိတော်၌ ပုဂ္ဂလိက သံဃိကအညီ အာပတ္တိ ဒုက္ကဋဿ၊ ပုဂ္ဂလိက သညီအညာဿ ပုဂ္ဂလိက အာပတ္တိ ဒုက္ကဋဿ၊ အတ္တနော ပုဂ္ဂလိကေ အနာပတ္တိ။ ဟုမိန့်အပ်၏၊

ဤပါဠိတော်နှစ်ရပ်တွင် ရှေ့ပါဠိတော်ဖြင့် ဒါယကာများပုဂ္ဂလိက ကျောင်းဆောက်လုပ်မှုအရေးဖြင့် ဝါပန်၍သွားရန် ခွင့်ပေးတော်မူ ချက်အရ ပုဂ္ဂလိကကျောင်း ခံယူမှုကိုလည်း ခွင့်ပြုရိပ် ထင်ပေ၏၊ ပါစိတ်ပါဠိတော်၌မူကား- ပုဂ္ဂလိကကျောင်း သာမန်ကိုပင် ပြဆိုချက် ထင်ပေ၏၊

ဤပါဠိတော်တို့၏ အရိပ်အမြွတ်ကို ထောက်ခံချက် ပြုလုပ်၍ ဝိနယာလင်္ကာရဋီကာ၌

ပေါရာဏကဝိဟာရပိ မူလေ ပုဂ္ဂလိကဝသေန ဒိန္နာ သန္ဓိဝိဟာရိကာယေဝဒီနံ ပုဂ္ဂလိကဝသေနေဝ ဒိယျမာ နောပိ၊ တသ္မိံဇီဝန္တေ ယေဝ ဝိဿာသဝနဂယှမာနပိ ပုဂ္ဂလိကာဟောန္တိ ယေဝ၊ တသ္မာ သဗ္ဗသော ပုဂ္ဂလိက ဟာရဿ အဘာဝဝါဒေါ ဝိစာရေတဗ္ဗောဝ-ဟူ၍၎င်း,

ကဿ ဒါတဗ္ဗောတိ သွဃဿ ဝါ ဂဏဿ ဝါ ပုဂ္ဂလဿဝါ ဒါတဗ္ဗော၊ ကထံ ဒါတဗ္ဗောတိ ယဒိ သံဃဿ ဒေတိ ဣမံ ဝိဟာရံ အာဂတာနာဂတဿ စာတုဒ္ဒိသဿ သံဃဿ ဒမ္မီတိ၊ ယဒိ ဂဏဿ ဣမံ ဝိဟာရံ အာယသ္မန္တာနံ ဒမ္မီတိ၊ ယဒိ ပုဂ္ဂလဿ ဣမံ ဝိဟာရံ အာယသ္မတော ဒမ္မီတိ ဒါတဗ္ဗော-ဟူ၍၎င်း မိန့်အပ်၏၊

ဤဋီကာပါဌ်ဖြင့် ဒါယကာတို့လှူဒါန်းအပ်သော ပုဂ္ဂလိက ကျောင်းကို ခံကောင်း၏-ဟူသာ အချက်ထင်ရှား၏၊ အဝိဿဇ္ဇိယ, အဝေဘင်္ဂီယ, ထာဝရဂရုဘဏ်ဟူသော အမည်ထူးတို့သည် စူဠဝါ အဋ္ဌကထာ, ဋီကာ, ကင်္ခါအဋ္ဌကထာ, ဋီကာတို့၌ “သံဃဿဒိန္နကာလ တော ပဋ္ဌာယ” ဟူ၍၎င်း, “သံဃဿဒိန္နော” ဟူ၍၎င်း ဝိသေသနပုဒ် တို့နှင့် လာရှိပေရကား- သံဃာအားလှူသဖြင့် သံဃိကအဖြစ်သို့ ရောက်မှပေါ်ပေါက်ရရှိသော အမည်ထူးတို့သာဖြစ်၏၊ ထို့ကြောင့် သံဃိကမဟုတ်သော ထာဝရဘဏ္ဍမျိုးကို ဂရုဘဏ်ဟူ၍ မဆိုအပ်ပေ။

သေနာသနတ္တာယ နိယျာတိကာလတော ပဋ္ဌာယ ဂရုဘဏ္ဍ” ဟူသော ပါရာဇိကဏ်အဋ္ဌကထာ၌လည်း ယခင်အဋ္ဌကထာ, ဋီကာတို့ ပြအပ်သော ဝိသေသနပုဒ်တို့နှင့် မဆန့်ကျင်အောင် သံဃိကကျောင်း, သံဃိကအိပ်ရာ နေရာတို့ကိုသာ ယူလေ။

ပုဂ္ဂလိက အနေအားဖြင့်ကျောင်းကို ခံယူခြင်းငှါအပ်ခဲ့ပါလျှင် ၎င်းပုဂ္ဂလိကကျောင်း၌ သေနာသနဝတ်များကို မပြုအံ့၊ အာပတ်သင့်ခြင်းမှ လွတ်ကင်းပါမည်လော- ဟူသော လျှောက်ချက်၌

ဣဒမ္ပိ သံဃိကဝိဟာရေ ဧကဒေယ နိဗဒ္ဓဂမနတ္ထာယ ကတံဌာနံ ဟောတိ ပုဂ္ဂလိကဌာနံဝါ- ဟူသော စူဠဝါအဋ္ဌကထာကို ထောက်၍၎င်း။

အဓောတေန စ ပါဒေန၊
မက္ကမေ သယနာသနံ။
အလ္လပါဒေနဝါ ဘိက္ခု၊
တထေဝ သ ဥပါဟနော။။
ဘူမိယာ နိဋ္ဌုယန္တုဿ၊
ပရိကမ္မကထာယဝါ။
ပရိကမ္မကတံ ဘိတ္တိံ၊
အပေဿတဿ ဒုက္ကဋံ။။
ပရိကမ္မကတံ ဘူမိံ၊
သံဃိကံ မဉ္စပီဌကံ။
အတ္တနော သန္တကေနေဝ၊
ပတ္ထရိတွာန ကေနစိ။။
နိပ္ပဇ္ဇိတဗ္ဗံ သဟသာ၊
တဿနိဒ္ဒါယတော ယဒိ။
သရီရာဝယဝေါ ကောစိ၊
မဉ္စံ ဖုသတိ ဒုက္ကဋံ။။
လောမေသု ပန လောမာနံ၊
ဂဏနာယေဝ ဒုက္ကဋံ။
တလေန ဟတ္ထပါဒါနံ၊
ဝဋ္ဋကျက္ကမိတုံပန။။

ဟူသော ဝိနယ ဝိနိစ္ဆယ အဋ္ဌကထာပါဌ်၌ “အတ္တနော သန္တကေနဝ ကေနစိ ပတ္ထရိတွာန နိပ္ပဇ္ဇိတဗ္ဗဟူသော အာပတ်ကင်း လွတ်ချက်ကို ထောက်သဖြင့်၎င်း,

ယောပန ဘိက္ခု သံဃိကံ မဉ္ဇံဝါ ပိဋ္ဌံ ဝါ အဇ္ဈောကာသေ သန္ထရိတွာဝါ။ပ။ ပါစိတ္တိယံ-ဟူသောသိက္ခာပုဒ်၏ အနာပတ္တိဝါရတွင် ပုဂ္ဂလိကေ ပုဂ္ဂလိကသညီ အညာဿ ပုဂ္ဂလိကေ အာပတ္တိဒုက္ကဋဿ၊ အတ္တနောပုဂ္ဂလိကေ အနာပတ္တိ၊ ဟုလာသော ကင်းလွတ်ချက်ပါဠိတော် များကိုထောက်သဖြင့်၎င်း,

ဒုပ္ပရိဘောဂဖြစ်မှုကြောင့် သင့်သောအာပတ်တို့မှ လွတ်ကင်း ကြောင်းထင်းရှားပေ၏၊

သေတာသနဝတ်တွင် အကျုံးဝင်သော တံမျက်လှည်းခြင်း အစ ရှိသော ကျင့်ဝတ်များကိုမူကား

သမာစာရံ ပုစ္ဆိဿန္တိ ဝုတ္တေ ဝတ္တခန္ဓကေ ဧကာ ဒုက္ကဋာပတ္တိ- ယေဝ၊ သာ သဗ္ဗဝတ္တေသု အနာဒရိယေန ဟောတိ။ [၁၃၃။]

ဟူသောပရိဝါအဋ္ဌကထာ၌ သဗ္ဗဝတ္တေသု ဟုသာမညဆိုအပ် သည်ကို အလေးဂရု မပြုသဖြင့် သံဃိက, ဂဏိက, ပုဂ္ဂလိကကျောင်း အားလုံးတို့၌လည်း မှုပြစ်မှလွတ်ကင်းရိပ် မထင်ပေ၊ ဖြည့်ကျင့်အား ထုတ်မှသာ ကင်းလွတ်ရာ ဖြစ်လိမ့်မည်ဟု ယုံကြည်သဖြင့် ဖြည့်ကျင့်အပ် ကြောင်းကို ကောင်းကောင်းကြီး ပြောဆိုပေသည်၊ ထို့ကြောင့်ဝတ္တံ အပရိပူရေန္တော၊
သီလံ နပပူရတိ။
မသုဒ္ဓသီလော ဒုပ္ပညော၊
စိတေဒ္ဓသီလော ဒုပ္ပညော၊
စိတ္တေကဂ္ဂံ န ဝိန္ဒတိ။။
ဝိက္ခိတ္တစိတ္တော နေကဂ္ဂေါ၊
သဒ္ဓမ္မံ န စ ပဿတိ။
အပဿ မာ နော သဒ္ဓမ္မံ၊
ဒုက္ခ န ပရိမုစ္စတိ။။
တဿ္မ ဟိ ဝတ္တံ ပူရေယျ
ဇိနပုတ္တော ဝိစက္ခဏော။
ဩဝါဒံ ဗုဒ္ဓသေဋ္ဌဿ၊
ကတွာ နိဗ္ဗာန မေဟိတိ။။

ဟူသော ဝိနယဝိနိစ္ဆ ယကျမ်းလာအတိုင်း သံဃိက, ဂဏိက, ပုဂ္ဂလိကကျောင်းတို့၌ အဘိသမာစာရိက ကျင့်ဝတ်တို့ကို မချွတ်ယွင်း အောင် ဖြည့်တင်း သင့်လှပါပေသည်။

ပုဂ္ဂလိကဝိဟာရပုစ္ဆာ အဖြေပြီး၏၊

---

ဝိဿာသဂါဟ ပုစ္ဆာအဖြေ

၄။ ယခုကာလကျောင်းစသော ဂရုဘဏ်များကိုဝိဿာသဂါဟ ယူကြပါသည်၊ ပါဠိတော်ရင်း၌ ရောဇမည်သော မလ္လာမင်းနှင့်ညီတော် အာနန္ဒာတို့ဝတ္ထုတွင် လဟုဘဏ်သာ လာရှိသည်တစ်ကြောင်း, သင်္ကန်း အဓိဋ္ဌာန် ကျမကျကိုပြဆိုရာ လဟုဘဏ်သင်္ကန်းသာ လာရှိသည်တစ် ကြောင်း ၎င်းအကြောင်းများကြောင့်ကျောင်းစသော ဂရုဘဏ် ပစ္စည်း များကို ဝိဿာသဂါဟယူ၍ ရ,မရ ကို သိလိုပါသည်ဟူသော လျှောက် ချက်၌

အဖြေကား-ဘဏ္ဍခွဲခြမ်းချက်မပြုဘဲ သာမညအားဖြင့်

ဝိဿာသဂါဟ အင်္ဂါငါးပါးတို့ကို ဟောတော်မူရာ ပါဠိတော်တွင် ဖြစ်လာ သောအကြောင်းအရင်းမှာ လဟုဘဏ်မျိုးနှင့်သာ ဖြစ်သောကြောင့် လဟုဘဏ်မှာသာ ဤအင်္ဂါရွေးချယ်ထိုက်သည်၊ ကျောင်းစသော ထာဝရဘဏ္ဍာတို့၌ ဤအင်္ဂါမထိုက်သက်ပြီ- ဟုမဆိုသာပေ။

စီဝရက္ခန္ဓကအဋ္ဌကထာ၌လည်း

သစေ ပန သော ဇီဝမာနောယေဝ သဗ္ဗံ အတ္တနော ပရိက္ခာရံ နိဿဇ္ဇိတွာ ကဿစီ အဒါသိ၊ ကောစိဝါ ဝိဿာသံ အဂ္ဂဟေသိ၊ ယဿဒိန္နံ၊ ယေနစ ဂဟိတံ၊
တေဿဝ ဟောတိ

ဟုပရိက္ခာရ သဒ္ဒါနှင့်-သာမညပင် ဖွင့်ဆိုပေသည်၊ ၎င်း အဋ္ဌကထာလာ ပရိက္ခာရ၏ အနက်သရုပ်တွင် လဟုဘဏ်ကိုသာ ယူသင့်သည်ဟူက ၎င်းပါဠိတော်လာ အင်္ဂါအချုပ်တွင် ပစ္စည်းဝတ္ထု သရုပ်မပါသဖြင့် မပယ်သာအောင် ရှိပေသည်။

ထို့ကြောင့် မဟုတ်လော၊ ဝိနယာလင်္ကာရဋီကာပုဂ္ဂလိက ဝိဟာရေ ပန သော ဝိဟာရ သာမိကော အတ္တနော ဇီဝမာန ကာလေယေဝ သံဃဿဝါ ဂဏဿ ဝါ ပုဂ္ဂလဿ ဝါ ဒေတိ၊ တေ ဣဿရာ ဟောန္တိ၊ ယောဝါပန တဿ ဇီဝမာနေဿဝ ဝိဿာသဂ္ဂါဟဝသေန ဂဏှာတိ၊ သောဝ ဣဿရော ဟောတီတိ ဒဋ္ဌဗ္ဗော၊ ကထံ ဝိညာယတီတိစေ၊ သံဃိကေ ဂရုဘဏ္ဍတ္တာ အဝိဿဇ္ဇိယ အဝေဘင်္ဂီယံ ဟောတိ၊ န ကဿစိ ဒါတဗ္ဗံ၊ ဂဏသန္တက ပုဂ္ဂလိကေသု ပန တေသံ သာမိ ကတ္တာ ဒါနဝိဿာ သဂ္ဂါဟာ ရုဟန္တိ၊ တသ္မာ သော ဇီဝမာနော ယေဝသဗ္ဗံ အတ္တနော ပရိက္ခာရံ နိဿဇ္ဇိတွာ ကဿစိ ဒေတိ၊ ကောစိ ဝါ ဝိဿာသံ အဂ္ဂဟေသိ၊ ယဿ ဒိန္နံ၊ ယေန ဂဟိတံ, တေဿဝ ဟောတီတိစ၊ ဒွိန္နံ သန္တကံ ဟောတိ အဝိဘတ္တံ၊ ဧကသ္မိ ကာလင်္ကတေ ဣတရော သာမိ၊ ဗဟူနမ္ပိ သန္တကေ ဧသေဝန ယော တိစ အဋ္ဌကထာယံ ဝုတ္တတ္တာ ဝိညာယတိ။ဟုဖွင့်ဆိုအပ်ပြီ။

ဤဋီကာပါဌ်ဖြင့်“အတ္တနော ပရိက္ခာရံ” ဟူသော အဋ္ဌကထာ လာပရိက္ခရာဟူသော ဂရုဘဏ်, လဟုဘဏ် အားလုံးပင် သက်ဝင်၏၊

ဂရုဘဏ်ကိုလည်း မိမိပိုင်ပုဂ္ဂလိကဖြစ်ပါမူ ပေးပိုင်၏, ယူပိုင်၏ ဟူသော အာဘောဂဖြင့် ဖွင့်ပြချက်ပင်တည်း။

ထို့ကြောင့် ဂရုဘဏ်ပစ္စည်းများကို ဝိဿာသဂါဟဖြင့် ယူခဲ့သော် ပါဠိတော်အလာ အင်္ဂါနှင့်စစ်ဆေး၍ အင်္ဂါညီညွတ်မှုရှိ၍ ကွက်ကွက် ကွင်းကွင်း ထင်လင်းစွာ ပြည့်စုံပေမူကား-ဝိဿသဂါဟမြက်၏-ဟူ၍ မှတ်ယူထိုက်ပေသည်။

ဝိဿာသဂါဟအင်္ဂါငါးပါးတွင်“ဂဟိတေ အတ္တမန” အင်္ဂါမြောက် သည်, မမြောက်သည်ကို သေခါနီးအခါ စကားပြန် မရအခက်အခဲကြပ် တည်းသော အခါကြီးသို့ရောက်နေသဖြင့် အတ္တမနဖြစ်လေသလော, မဖြစ်လေသလောဟု တွေးတော ယုံမှားဖွယ်ရာကြီးဖြစ်ရကား-ဝိနယ ဂရုကပုဂ္ဂိုလ်တို့ အလွန်သတိထားသင့်သော အရေးကြီးပေတည်း။

ဝိဿာသဂါဟပုစ္ဆာအဖြေပြီး၏၊

ဤတွင် ဦးအာသဘ၏ ပုစ္ဆာအဖြေပြီး၏၊

---