မာတိကာသို့ ခုန်သွားရန်

ကကုသန္ဓဗုဒ္ဓဝင်

ဝီကီရင်းမြစ် မှ
480မဟာဗုဒ္ဓဝင် — ၂၂- ကကုသန္ဓဗုဒ္ဓဝင်မင်းကွန်းဆရာတော်

၂၂-ကကုသန္ဓဗုဒ္ဓဝင်

     ဝေဿဘူမြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးသည့်နောက် ထိုဝေဿဘူ မြတ်စွာဘုရား ပွင့်တော်မူရာ ကပ်ကမ္ဘာကုန်ဆုံး လွန်မြောက်သည်ရှိသော် ဘုရားပွင့်တော်မမူသည့် သုညကပ်ကမ္ဘာပေါင်း (၂၉) နှစ်ဆယ့်ကိုးကမ္ဘာ ခြားပြီးနောက် ဘုရားငါးဆူပွင့်တော်မူရာ ဤဘဒ္ဒကမ္ဘာသို့ ရောက်ခဲ့လေသည်။



၅၀၈

ဤဘဒ္ဒကမ္ဘာ၌ ကကုသန်မြတ်စွာဘုရား, ကောဏာဂုံမြတ်စွာဘုရား, ကဿပမြတ်စွာဘုရား, ဂေါတမမြတ်စွာဘုရားဟူ၍ ဘုရားလေးဆူ ပွင့်တော်မူပြီးကြကုန်ပြီ၊ အရိမေတ္တေယျ မြတ်စွာဘုရားကား ဤဘဒ္ဒကမ္ဘာ၌ မချွတ် ပွင့်တော်မူလတ္တံ့ဖြစ်သည်။

     ထိုဘုရားငါးဆူတို့တွင် ရှေးဦးစွာ ပွင့်တော်မူသော ကကုသန်မြတ်စွာဘုရား၏ အကြောင်းအရာသော်ကား.. ဤဘဒ္ဒကမ္ဘာမှာ အန္တရကပ်ပေါင်း ခြောက်ဆယ့်လေးကပ်ရှိသည်အနက် (မဟာရာဇဝင်ကြီးအဆို ရှစ်ခုမြောက်ဖြစ်သော အန္တရကပ်၌၊ မှန်နန်းရာဇဝင်အဆို ပဌမအန္တရကပ်၌ပင်) လူတို့အသက် အသင်္ချေတမ်းမှ ဆုတ်ယုတ်ခဲ့၍ အနှစ်လေးသောင်းတမ်းသို့ ရောက်သောအခါ ကကုသန်မြတ်စွာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးသည်ဖြစ်၍ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူစဉ် ဘုရားဖြစ်ရန် နတ်ဗြဟ္မာအပေါင်းတို့၏ တောင်းပန်ချက်ကို ဝန်ခံတော်မူ၍ လူ့ပြည်သို့ ဆင်းသက်ကာ ခေမဝတီ နေပြည်တော်ဝယ် ခေမင်္ကရအမည်ရှိသော မင်းကြီး၏ အကျိုးအကြောင်းကို ကောင်းစွာ ဖော်ပြဆုံးမတတ်သည့် အဂ္ဂိဒတ္တအမည်ရှိသော ပုရောဟိတ်ပုဏ္ဏား၏ သက်ထားကတော်ဖြစ်သူ ဝိသာခါအမည်ရှိသော ပုဏ္ဏေးမဝမ်း၌ ပဋ္ဋိသန္ဓေ နေတော်မူ၍ ဆယ်လစေ့မြောက် အချိန်ရောက်သောအခါ ခေမဝတီ ဥယျာဉ်တော်အတွင်း၌ ဖွားမြင်တော်မူလေသည်။

(အလောင်းတော် ပဋိသန္ဓေ နေသောအခါ ဖွားမြင်သောအခါတို့၌ နိမိတ်ကြီးများ အံ့ဩဖွယ်ကြီးများ ထင်ရှားဖြစ်ပေါ်ကုန်၏။)

အထူးမှတ်ဖွယ်-

ရှေး၌ ဖော်ပြခဲ့ပြီးသည့်အတိုင်း ဒီပင်္ကရာ မြတ်စွာဘုရားမှစ၍ ဝေဿဘူ မြတ်စွာဘုရားတိုင်အောင် မြတ်စွာဘုရားတို့သည် မင်းမျိုးသာ ဖြစ်တော်မူကြ၍ ကကုသန် မြတ်စွာဘုရားသည်ကား ပုဏ္ဏားမျိုး၌ ဖြစ်တော်မူ၏။



၅၀၉

ထိုသို့ ဖြစ်ရခြင်းမှာ လောကအထိမ်းအမှတ်ကို စွဲ၍ ဖြစ်ရ၏၊ လောက၌ မင်းမျိုး, ပုဏ္ဏားမျိုး, သူကြွယ်မျိုး, သူဆင်းရဲမျိုးဟူ၍ အမျိုးလေးပါးရှိရာ သူကြွယ်နှင့် သူဆင်းရဲမျိုး၌ ပစ္ဆိမဘဝိက ဘုရားအလောင်းတော်များ ပဋိသန္ဓေ တည်နေရိုးမရှိ၊ အကြောင်းမှာ ထိုနှစ်မျိုးလုံးပင် မည်သည့်အခါမျှ လောက၌ အထွတ်အထိပ်ပြုလုပ်ထားခြင်း အမြတ်တနိုး ပြုလုပ်ထားခြင်း မခံရသောကြောင့်တည်း။

မင်းမျိုးနှင့် ပုဏ္ဏားမျိုးတို့မှာမူကား ရံခါ မင်းမျိုးကို လောကကြီးက အမြတ်တနိုး ရိုသေ၍ ရံခါ ပုဏ္ဏားမျိုးကို လောကကြီးက အမြတ်တနိုး ရိုသေ၏။ အကြင်အခါ လောကလူအပေါင်းတို့က မင်းကို ရိုသေမြတ်နိုး ပူဇော်မှုကို ပြုကြကုန်၏။ ထိုအခါ မင်းမျိုးသည် လောက၌ အမြတ်ဆုံးဖြစ်နေ၍ မင်းမျိုး၌သာ ဘုရားအလောင်းတော်များ ဖြစ်တော်မူကြသည်။ အကြင်အခါ လောက လူအပေါင်းတို့က ပုဏ္ဏားကို ရိုသေမြတ်နိုး ပူဇော်မှုကို ပြုကြကုန်၏။ ထိုအခါ ပုဏ္ဏားမျိုးသည် လောက၌ အမြတ်ဆုံးဖြစ်နေ၍ ထိုပုဏ္ဏားမျိုး၌သာ ဘုရားအလောင်းတော်များ ဖြစ်တော်မူကြသည်။

ဤသို့လျှင် မင်းမျိုးနှင့် ပုဏ္ဏားမျိုးတို့မှ ဘုရားဖြစ်တော်မူကြရာ လောက၌ မင်းမျိုးကိုသာ အထွတ်အမြတ်ထားခြင်းက များပြားသောကြောင့် မြတ်စွာဘုရားတို့သည် အများအားဖြင့် မင်းမျိုးမှ ဖြစ်ပွင့်တော်မူကြသည်။ ပုဏ္ဏားမျိုးကို အထွတ်အမြတ်ထားခြင်းကား တရံတခါသာဖြစ်၍ တရံတခါသာ ပုဏ္ဏားမျိုးမှ ဘုရားဖြစ်ပွင့်တော်မူသည်။ ထို့ကြောင့် ဆိုအပ်ပြီးသည့်အတိုင်း မင်းမျိုးမှ ဘုရားဖြစ်သည်ကများ၍ ပုဏ္ဏားမျိုးမှ ဘုရားဖြစ်ပွင့်မှု နည်းပါးသည်ဟု သိမှတ်ရာ၏။



၅၁၀

လူစည်းစိမ်ကို ခံစားခြင်း

     ဘုရားအလောင်းတော် ကကုသန္ဓ သတို့သားသည် အရွယ်သို့ ရောက်သောအခါ (၁) ကာမမည်သောပြာသာဒ်၊ (၂) ကာမဝဏ္ဏမည်သော ပြာသာဒ်၊ (၃) ကာမသုဒ္ဓိမည်သော ပြာသာဒ် တည်းဟူသော မြတ်သော ပြာသာဒ်သုံးဆောင်တို့၌ ရံရွေတော် ပုဏ္ဏားအမျိုးသမီးပေါင်း (၃၀၀၀၀) သုံးသောင်း အခြံအရံရှိသည့် ရောစိနီအမည်ရှိသော ပုဏ္ဏေးမ၏ ဖျော်ဖြေပြုစု လုပ်ကျွေးခြင်းကို ခံယူကာ နှစ်ပေါင်း (၄၀၀၀) လေးထောင်တို့ ကာလပတ်လုံး နတ်စည်းစိမ်နှင့်တူသော စည်းစိမ်ချမ်းသာကို ခံစားတော်မူကာ အိမ်ရာစိုးအုပ်၍ နေတော်မူလေသည်။

တောထွက်တော်မူခြင်း

     အလောင်းတော် ကကုသန္ဓပုဏ္ဏားသည် အိမ်ရာကို စိုးအုပ်နေတော်မူစဉ် နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူပြီးလျှင် ရောစိနီပုဏ္ဏေးမမှ ဥတ္တရအမည်ရှိသော သားတော်ကို ဖွားမြင်သောအခါ အာဇာနည်မြင်း ကသော ရထားကိုစီးလျက် တောထွက်၍ ရဟန်းပြုတော်မူ၏။ အလောင်းတော် ကကုသန္ဓပုဏ္ဏား ရဟန်း ပြုသည်ကို အတုလိုက် (အားကျ)ကာ ယောက်ျားပေါင်း လေးသောင်းတို့ ရဟန်းပြုကြကုန်၏။

ဘုရားဖြစ်တော်မူခြင်း

     ကကုသန်မြတ်စွာဘုရား အလောင်းတော်သည် ထိုလေးသောင်းသော ရဟန်းတို့နှင့် အတူတကွ ဒုက္ကရစရိယာ ရှစ်လကြာ ကျင့်တော်မူပြီးလျှင် ကဆုန်လပြည့် ဘုရားဖြစ်မည့်နေ့၌ သုစိရိန္ဒနိဂုံးနေ ၀ဇိရိန္ဒအမည်ရှိသော ပုဏ္ဏား၏သမီး လှူဒါန်းအပ်သည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် ထိုအရပ်ရှိ ရှားတော၌ နေ့သန့် (နေခို)တော်မူ၍ ညနေချမ်းအချိန်သို့ ရောက်သောအခါ မဟာဗောဓိမဏ္ဍိုင်သို့ တပါးတည်း ကြွတော်မူရာ လမ်းခရီးအကြား၌ သုဘဒ္ဒအမည်ရှိသော မုယောခင်း (ဂျုံခင်း)စောင့်သူ လှူဒါန်းအပ်သည့် မြက်ရှစ်ဆုပ်တို့ကို ခံတော်မူခဲ့၍



၅၁၁

(ရှေး ဝိပဿီမြတ်စွာဘုရား၏ မဟာဗောဓိ သခွတ်ပင်နှင့် တူမျှသော ပမာဏ တင့်တယ်ခြင်း ရှိသည့်) မဟာဗောဓိ (ကုက္ကို)ပင်အရင်း ဖြန့်ခင်းလိုက်သည်နှင့် တပြိုင်နက် (၂၆) နှစ်ဆယ့်ခြောက်တောင် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်လာရာ ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူလျက် အင်္ဂါလေးပါးရှိသော ဝီရိယကို ဆောက်တည်တော်မူကာ ရှေး ဆိုအပ်ပြီးသော နည်းအတိုင်း ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။

တရားပွဲကြီး သုံးကြိမ်

     ကကုသန် မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးသည့်နောက် မဟာဗောဓိ (ကုက္ကို)ပင်၏ အနီးမှာပင် သတ္တသတ္တာဟ= (လေးဆယ့်ကိုးရက်) စံနေတော်မူပြီးလျှင် တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ချက်ကို လက်ခံတော်မူ၍ “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရပါအံ့နည်း”ဟု စဉ်းစား ဆင်ခြင်တော်မူလတ်သော် ကိုယ်တော်မြတ်နှင့် အတူတကွ ရဟန်းပြုဖက်ဖြစ်ကြသည့် လေးသောင်းသော ရဟန်းတို့ကို မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံကြသည်တို့ကို မြင်တော်မူ၍ တရက်ခြင်းဖြင့်ပင် ထိုရဟန်းတို့နေရာ မကိလမြို့၏အနီး ဣသိပတန မိဂဒါဝုန်တောသို့ ကြွသွားတော်မူပြီးလျှင် ထိုရဟန်းတို့၏အလယ်၌ သီတင်းသုံး နေတော်မူလျက် ရှေးရှေးဘုရားရှင်တို့ ဟောကြားတော်မူကြမြဲဖြစ်သည့် ဓမ္မစကြာဒေသနာကို ဟောကြားတော်မူရာ များစွာသော နတ်ဗြဟ္မာတို့လည်း ရိုသေစွာ လာရောက် နာယူ ကြကုန်၏။ ထိုအခါ ကုဋေလေးသောင်းသော နတ်လူတို့သည် မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား ရှေးဦးစွာသော ဓမ္မာဘိသမယ ပဌမတရားပွဲကြီးတည်း။)

     ထို့နောက် အခါတပါး၌ ကကုသန် မြတ်စွာဘုရားသည် ကဏ္ဏကုဇ္ဇမြို့တံခါးအနီး အင်ကြင်းပင်ကြီး၏ အပါးမှာ ရေမီးအစုံအစုံဖြစ်သော တန်းခိုးပြာဋိဟာကို ပြတော်မူ၍ တရားဟောတော်မူသည်ရှိသော်



၅၁၂

ကုဋေသုံးသောင်းမျှကုန်သော နတ်လူတို့သည် သစ္စာလေးပါးတရားကို ထိုးထွင်းသိမြင် အကျွတ်တမ်း ဝင်ကြကုန်၏။

(ဤကား ဒုတိယာဘိသမယ ဒုတိယတရားပွဲကြီးတည်း။)

     ထို့နောက် အခါတပါး၌ ခေမဝတီမြို့၏ မနီးမဝေးဖြစ်သော အရပ်ရှိ နတ်ကွန်းတခု၌ နရဒေဝအမည်ရှိသော နတ်ဘီလူးသည် လူအများတို့က ပူဇော်ပသချိန် ရောက်သောအခါ ထင်ရှားတွေ့မြင်ရသော လူကိုယ်ဖြင့် ပူဇော်ပသခြင်းကိုခံ၍ အစာအာဟာရအတွက်သော်ကား အသွားခက်သော တောခရီးအလယ်ရှိ တခုသောအိုင်ကြီး၏ အနီးသို့ သွားရောက်လျက် ကြာအမျိုးမျိုးတို့ကို အလိုရှိ၍ လာရောက်ကြကုန်သော လူတို့ကို ဖမ်းယူစားသောက်၍ နေလေ၏။ ထိုခရီးခဲမှာ လူအသွားအလာ ပြတ်စဲသောအခါ မိမိ၏နေရာ ကြီးစွာသော တောအုပ်ကြီးထဲသို့ဝင်၍ ထိုတောအုပ်အတွင်း လာရောက်သော သူတို့ကို ဖမ်းယူ စားသောက်ပြန်လေ၏။

     ထိုခရီးလမ်းသည် လောက၌ ကျော်စောထင်ရှားလျက် အသွားအလာခက်သော လမ်းကြီးပင် ဖြစ်၏။ ထိုတောအုပ်၏ အဝင်အထွက် နှစ်ဌာနမှာပင် လူပေါင်းများစွာတို့သည် ထိုခရီးခဲကို လွန်မြောက်သွားနိုင်ကြစေရန် ရည်သန်ဆွေးနွေး စည်းဝေးတိုင်ပင်လျက် ရှိကြကုန်၏။ ထိုအခါ ကကုသန်မြတ်စွာဘုရားသည် နံနက်စောစော မဟာကရုဏာသမာပတ်မှ ထသောအခါ သတ္တလောကကို ကြည့်ရှုတော်မူလတ်သော် ရွှေဉာဏ်တော်ကွန်ရက်အတွင်း ရောက်ရှိထင်မြင်လာသော ထိုနရဒေ၀ဘီလူးနှင့် လူများအပေါင်းကို မြင်တော်မူလေလျှင် ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူ၍ ထိုလူအပေါင်း ကြည့်ရှုနေစဉ်ပင် ကကုသန် မြတ်စွာဘုရားသည် အထူးထူးအပြားပြားသော တန်းခိုးပြာဋိဟာကို ပြတော်မူ၍ နရဒေ၀ဘီလူး၏ ဘုံဗိမာန်၌ သက်ဆင်းတော်မူပြီးလျှင် ထိုဘီလူး၏ မင်္ဂလာရှိသော အိပ်ရာပလ္လင်ထက်၌ သီတင်းသုံး နေတော်မူ၏။



၅၁၃

     ထိုအခါ နရဒေ၀ဘီလူးသည် ရောင်ခြည်တော် ခြောက်သွယ်တို့ကို လွှတ်ကာ ကောင်းကင်ခရီးဖြင့် မြတ်စွာဘုရား ကြွလာတော်မူသည်ကို မြင်စဉ်ကပင် “မြတ်စွာဘုရားသည် ငါ့အား သနားကြင်နာတော်မူသဖြင့် ဤအရပ်သို့ ကြွလာတော်မူခြင်း ဖြစ်သည်”ဟု ကြည်ညိုသော စိတ်နှလုံးရှိသည်ဖြစ်၍ မိမိ၏ အခြွေအရံဖြစ်သော ဘီလူးတို့နှင့် အတူတကွ ဟိမဝန္တာသို့သွားပြီးလျှင် အထူးထူးသော အဆင်းရနံ့ရှိကြသည့် ရေပန်း ကြည်းပန်းတို့ကို၎င်း အလွန်အမင်း စိတ်နှလုံး မွေ့လျော်ဖွယ်ရာကောင်းသော ရနံ့ရှိသည့် နံ့သာဟူသမျှတို့ကို၎င်း ကောင်းစွာယူဆောင်ခဲ့ကာ မိမိ၏နေရာ ပလ္လင်ထက်၌ သီတင်းသုံးနေတော်မူသော ကကုသန် မြတ်စွာဘုရားကို ပူဇော်၍ ကောင်းချီးဂါထာတို့ကို ရွတ်ဆိုကာ ဦးခေါင်းထက်၌ လက်အုပ်ချီ၍ ရှိခိုးတည်နေလေ၏။

     ထိုအခါ လူအပေါင်းတို့သည် မြတ်စွာဘုရား၏ တန်းခိုးပြာဋိဟာကို မြင်ကြရ၍ ကြည်လင်သော စိတ်နှလုံးရှိကြသဖြင့် အညီအညွတ် လာရောက်ကြပြီးလျှင် မြတ်စွာဘုရားကို ဝန်းရံကာ ရှိခိုးလျက် တည်ကြကုန်၏။ ထိုအခါ ကကုသန် မြတ်စွာဘုရားသည် နရဒေ၀ဘီလူးကို ကောင်းသောကုသိုလ်ကံ အကြောင်းတရားနှင့် ကောင်းသောအကျိုးတရားတို့ ဆက်စပ်ပုံကို ပြဆိုသဖြင့် ဘီလူး၏စိတ်ကို ထက်သန်စေ၍ ငရဲနှင့်စပ်သော တရားစကားဖြင့်လည်း ဘီလူး၏စိတ်ကို ထိတ်လန့်စေပြီးမှ သစ္စာလေးပါးတရားကို ဟောကြားတော်မူ၏။ ထိုအခါ အတိုင်းအရှည်မရှိ များလှစွာသော နတ်လူသတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် အကျွတ်တမ်း ဝင်ကြကုန်၏။

(ဤကား တတိယဓမ္မာဘိသမယ တတိယတရားပွဲကြီးတည်း။)

**********

သာဝကအစည်းအဝေးကြီး တကြိမ်

     ကကုသန်မြတ်စွာဘုရား၏ တပည့်သာဝက ရဟန္တာအစည်းအဝေးကြီး တကြိမ်တည်းသာ ဖြစ်ဟန်ကား.. ကဏ္ဏကုဇ္ဇမြို့အနီး



၅၁၄

ဣသိပတန မိဂဒါဝုန်တော၌ ကိုယ်တော်မြတ်နှင့် အတူတကွ ရဟန်းပြုဖက်ဖြစ်ကုန်သော ရဟန္တာအပေါင်း လေးသောင်းခြံရံလျက် ကကုသန် မြတ်စွာဘုရားသည် တပို့တွဲလပြည့်နေ့၌ ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤသည်ပင် သာဝကအစည်းအဝေးကြီး တကြိမ်ဖြစ်ပုံတည်း။)

**********

ဂေါတမမြတ်စွာဘုရားအလောင်း ခေမမင်း ရဟန်းပြု၍ ဗျာဒိတ်ခံယူခြင်း

     ထိုအခါ ငါတို့မြတ်စွာဘုရား အလောင်းတော်သည် ခေမမင်းဖြစ်၍ ဘုရားအမှူးရှိသော သံဃာတော်အား သပိတ်သင်္ကန်းတည်းဟူသော ကြီးစွာသော အလှူဒါနကြီးကို ပေးလှူပြီးလျှင် ဆေးပစ္စည်းအတွက် မျက်စဉ်းကျောက် အစရှိသော ဓာတ်သတ္တုမျိုး နွယ်ချိုအစရှိသော ပိဏ္ဍောဆေးပစ္စည်းမျိုး အစရှိသည့် ရဟန်းသံဃာတော်များ အလိုရှိရာ ဆေးပစ္စည်း အမျိုးမျိုးတို့ကိုလည်း သဒ္ဓါပြဋ္ဌာန်း လှူဒါန်းဆက်ကပ်သည့်ပြင် ကကုသန်မြတ်စွာဘုရား ဟောကြားတော်မူအပ်သော တရားဒေသနာကို ကြားနာရ၍ သာသနာတော်၌ ကြည်ညိုသော သဒ္ဓါတရား ကြီးစွာဖြစ်ပွါးရကား မြတ်စွာဘုရားအထံတော်၌ ရဟန်းပြုတော်မူလေသည်။ ကကုသန် မြတ်စွာဘုရားသည်လည်း အလောင်းတော် ခေမမင်းရဟန်းကို “ဤဘဒ္ဒကမ္ဘာ၌ပင်လျှင် ဤခေမအမည်ရှိသော ရဟန်းသည် ဂေါတမ အမည်တော်ရှိသော ဘုရားစင်စစ် ဖြစ်လတ္တံ့”ဟူ၍ ဗျာဒိတ် စကား ကြားတော်မူလေသည်။

(ဗျာဒိတ်ကြားတော်မူပုံမှာ ဒီပင်္ကရာ မြတ်စွာဘုရား ဗျာဒိတ်ကြားသကဲ့သို့ပင် အပြည့်အစုံဖြစ်သည်။)

     ထို ကကုသန် မြတ်စွာဘုရား၏ ဗျာဒိတ်စကား ကြားရလျှင် အလောင်းတော် ခေမမင်းရဟန်းသည် အလွန်ကြည်လင်သော စိတ်ရှိလျက် ပါရမီဆယ်ပါးတို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်တော်မူလေသည်။



၅၁၅

မြို့တော်စသည်ကို ပြဆိုချက်

     ကကုသန်မြတ်စွာဘုရား ဖွားတော်မှုရာ မြို့တော်မှာ ခေမဝတီမြို့တော်ဖြစ်၍ ခမည်းတော်မှာ ခေမင်္ကရမင်းကြီး၏ ပုရောဟိတ်ကြီး အဂ္ဂိဒတ္တပုဏ္ဏားဖြစ်၍ မယ်တော်မှာ ဝိသာခါပုဏ္ဏေးမ ဖြစ်ကုန်၏။

     အိမ်ရာစိုးအုပ်၍ နေတော်မူသော နှစ်ပေါင်းမှာ (၄ဝဝဝ) လေးထောင်ဖြစ်၍ ပြာသာဒ်တော် သုံးဆောင်တို့မှာ ကာမပြာသာဒ်, ကာမဝဏ္ဏပြာသာဒ်, ကာမသုဒ္ဓိပြာသာဒ်တို့ ဖြစ်ကုန်၏။

     ကြင်ဖက်တော်မှာ ရံရွေတော်ပေါင်း (၃၀၀၀၀) သုံးသောင်း အခြံအရံရှိသည့် ရောစိနီပုဏ္ဏေးမ ဖြစ်ပြီးလျှင် သားတော်မှာ ဥတ္တရသတို့သား ဖြစ်လေသည်။

     နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူ၍ တောထွက်တော်မူသော ယာဉ်မှာ အာဇာနည်မြင်းကသော ရထားယာဉ်ဖြစ်၍ ရှစ်လကြာ ဒုက္ကရစရိယာကို ကျင့်တော်မူရသည်။

     အဂ္ဂသာဝကအစုံတို့မှာ ဝိဓုရမထေရ်နှင့် သဉ္ဇီဝမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ဗုဒ္ဓိဇမထေရ် ဖြစ်လေသည်။

     အဂ္ဂသာဝိကာ အစုံတို့မှာ သာမာထေရီမနှင့် စမ္ပာထေရီမတို့ ဖြစ်ကြ၍ ပွင့်တော်မူရာ ဗောဓိပင်မှာ ကုက္ကိုပင်ဗောဓိ ဖြစ်လေသည်။

     မြတ်သောအလုပ်အကျွေး ဒါယကာတို့မှာ အစ္စုတသူဌေးနှင့် သုမနသူဌေးတို့ ဖြစ်ကြ၍ မြတ်သော အလုပ်အကျွေး ဒါယိကာမတို့မှာ နန္ဒာဥပါသိကာမနှင့် သုနန္ဒာဥပါသိကာမတို့ ဖြစ်ကုန်၏။

     ကကုသန် မြတ်စွာဘုရားသည် အရပ်တော် အတောင် (၄၀) လေးဆယ် မြင့်တော်မူလျက် ကိုယ်တော်မှထွက်သော ရောင်ခြည်တော်သည် ထက်ဝန်းကျင် ဆယ်ယူဇနာတိုင်တိုင် ပျံ့နှံ့ကွန့်မြူးပေ၏။



၅၁၆

     ကကုသန်မြတ်စွာဘုရား ပွင့်တော်မူရာ အသက်တမ်းမှာ အနှစ် (၄၀၀၀၀) လေးသောင်းတမ်းဖြစ်၍ ထိုမျှလောက် (အသက်တမ်း၏ ငါးပုံ့လေးပုံ) ကာလတို့ပတ်လုံး တည်နေတော်မူလျက် များစွာသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို သံသရာတည်းဟူသော ရေအယဉ်မှ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ ထုတ်ဆယ် ကယ်တင်တော်မူခဲ့၏။

     နတ်နှင့်တကွသော လောကကြီး၌ ယောက်ျားမိန်းမဖြစ်သူ သူတော်ကောင်းတို့အတွက် တရားတည်းဟူသော ဈေးဆိုင်ကြီးကို ခင်းကျင်းတော်မူ၍ “ငါသည် အလုံးစုံသော တရားကိုသိသော ဘုရားစင်စစ် ဖြစ်ပြီ၊ ငါ့မှာ ကိလေသာ အာသဝေါ ဝါသနာနှင့်တကွ ကုန်ခန်းပြီ” အစရှိသည်ဖြင့် ရဲရင့်စွာ ခြင်္သေ့သံဖြင့် ကြုံးဝါး ဟောကြားတော်မူပြီးလျှင် တပည့်သား သံဃာတော်နှင့်တကွ ထိုကကုသန် မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်းတော်မူလေပြီ။

သံဝေဂ

သန့်ရှင်းခြင်း, သာယာခြင်း, သိလွယ်ခြင်း, နာချင်ဖွယ်ရှိခြင်း, ဖရိုဖရဲ မကွဲခြင်း, လုံးလုံးလျောင်းလျောင်း ရှိခြင်း, နက်နဲခြင်း, ပဲ့တင်ထပ်ခြင်းဟူသော အင်္ဂါရှစ်ပါးရှိသော စကားသံနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၎င်း၊ ကာလမပြတ် အကြား အပေါက် အပြောက်ကင်းသည့် သီလဂုဏ်နှင့် ပြည့်စုံတော်မူကြသည့် သာဝကအစုံ အစရှိသည်တို့သည်၎င်း ထိုအလုံးစုံတို့သည် ချုပ်ဆုံး ကွယ်ပျောက်ကြလေပြီ..၊ ခပ်သိမ်းသော သင်္ခါရတရားတို့သည် ခိုင်မာသော အနှစ်သာရမရှိ၊ အချည်းနှီးသာ ဖြစ်ကုန်စွာ့တကား..။

စေတီတော်

     ဤသို့လျှင် မာရ်ငါးပါးကို အောင်မြင်တော်မူသော ကကုသန် မြတ်စွာဘုရားသည် ခေမအမည်ရှိသော အရာမ်ကြီး၌ ပရိနိဗ္ဗာန်



၅၁၇

စံတော်မူ၏၊ ထိုအရာမ်ကြီးအတွင်းမှာပင် ရှေး ဆိုအပ်ပြီးသည့်နည်းအတိုင်း တည်ထားအပ်သော ကကုသန်မြတ်စွာဘုရား၏ ဓာတုစေတီတော်မြတ်သည် တဂါဝုတ်တိုင်တိုင် မြင့်တော်မူပေ၏။

ကကုသန္ဓဗုဒ္ဓဝင် ပြီး၏။

**********