ကဏ္ဍိဇာတ်
ဧကကနိပါတ်-သီလဝဂ်
၃။ ကဏ္ဍိဇာတ်
ကာမဂုဏ်၌ တပ်မက်မော၍ အသက်ပျက်စီးသော သမင်၏အကြောင်း
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဓိရတ္ထု ကဏ္ဍိနံ သလ္လံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဏ္ဍိဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်းသည် ဖြားယောင်းအပ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုမယားဟောင်း၏ ဖျားယောင်းခြင်းသည်ကား အဋ္ဌကနိပါတ် ဣန္ဒြိယဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ မြတ်စွာဘုရားသည်ကား ရဟန်း သင်သည် ရှေး၌လည်း ထိုမိန်းမကိုမှီ၍ အသက်ကုန်ခြင်းသို့ရောက်လေ၍ မီးကျီးစု၌ ကျက်ဘူးလေပြီဟု ထိုရဟန်းကို မိန့်တော်မူ၏။ ရဟန်းတို့သည် ထိုအကြောင်းကို ထင်စွာပြစိမ့်သောငှါ မြတ်စွာဘုရားကို တောင်းပန်ကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဘဝတပါး ဖုံးလွှမ်းသောအကြောင်းကို ထင်စွာတော်မူ၏။
* အမှာ * ဤဇာတ်မှ နောက်၌ကား ရဟန်းတို့၏ တောင်းပန်ခြင်းကို၎င်း၊ ဘဝတပါး ဖုံးလွှမ်းသည်၏ အဖြစ်ကို၎င်း မဆိုမူ၍ အတီတံ အာဟရိ မျှကိုသာလျှင် ဆိုပေကုန်အံ့၊ ဤမျှကိုသာလျှင် ဆိုငြားသော်လည်း ရဟန်းတို့၏ တောင်းပန်ခြင်းကို၎င်း တိမ်တိုက်တွင်းမှ လမင်းကို ထုတ်ဆောင်သော ဥပမာကို၎င်း ဘဝတပါး ဖုံးလွှမ်းသောအကြောင်း၏ အဖြစ်ကို၎င်း ဤအလုံးစုံကို ရှေး ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင် ယှဉ်၍သိအပ်၏။
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ မဂဓတိုင်း ရာဇဂြိုဟ်ပြည်၌ မဂဓမင်းသည် မင်းပြု၏။ မဂဓပြည်သူတို့၏ ကောက်မှည့်သောအခါ သမင်တို့အား ကြီးစွာသောဘေးသည် ဖြစ်၏။ ထိုသမင်တို့သည် တောင်ခြေရင်း၌ နေကုန်၏။ ထိုသမင်တို့တွင် တောင်ခြေရင်း၌နေသော တခုသောသမင်သည် ရပ်စွန်ရွာနား၌နေသော သမင်မငယ်တခုနှင့် မိတ်ဖွဲ့ခြင်းကိုပြု၍ ထိုသမင်တို့၏ တောင်ခြေရင်းမှသက်လတ်၍ တဖန် ရွာ၏အနီးသို့ သက်သောကာလ၌ သမင်မငယ်၌ တပ်စွန်းခြင်းစိတ်ရှိသည်၏အဖြစ်ကြောင့် တောတောင်သို့ မပြန်မူ၍ ထိုရွာနီးနေ သမင်တို့နှင့်အတူတကွသာလျှင် ရွာ၏အနီးသို့လိုက်၏။ ထိုအခါ သမင်မငယ်သည် အရှင်သင်ကား တောတောင်နေ သမင်ဖြစ်၏။ ရွာအနီးအရပ်မည်သည်လည်း ရွံရှာဘွယ်ရှိ၏။ ဘေးဘျမ်းရှိ၏။ ငါတို့နှင့်အတူ ရွာနီးအရပ်သို့ မလိုက်လင့်ဟု ဆို၏။ ထိုသမင်သည် အဆွေခင်ပွန်း သမင်မ၌ ကြိုက်နှစ်သက်သော စိတ်ရှိသည်၏အဖြစ်ကြောင့် မပြန်မူ၍ အတူတကွသာလျှင် လိုက်၏။
မဂဓတိုင်းသားတို့သည် ယခုအခါ သမင်တို့၏ တောင်မှဆင်းလာသောအခါတည်းဟု သိကုန်၍ ခရီးအနီးအပါး ဖုံးလွှမ်းအပ်သော အုံတို့၌နေကုန်၍ ထိုသမင်နှစ်ခုတို့၏ လာသောလမ်း၌ တယောက်သော မုဆိုးသည် ဖုံးလွှမ်းအပ်သောအုံ၌ နေ၏။ သမင်မငယ်သည် လူနံ့နံ၍ တယောက်သောမုဆိုး စောင့်သည်ဖြစ်လတ္တံ့ ဟု ထိုသမင်မိုက်ကို ရှေ့ကသွားစေ၍ မိမိကား နောက်ကလိုက်၏။ မုဆိုးသည် မြားတချက်ပစ်သဖြင့်လျှင် သမင်ကို ထိုအရပ်၌ လည်းစေ၏။ သမင်မငယ်သည် သမင်မိုက်အား မြားမှန်သည်၏အဖြစ်ကိုသိ၍ ခုန်လွှားလျက် လေကဲ့သို့မြန်သော အဟုန်ဖြင့် ပြေးလေ၏။ မုဆိုးသည် အုံမှထွက်၍ သမင်ကို ဖျက်ယူပြီးလျှင် မီးထည့်၍။ မီးကျီးတို့၌ ကောင်းသောအသားကိုကင်လျက် စားပြီးသော် ရေသောက်၍ ကြွင်းသော အသားတို့ကို ယိုစီးကုန်သော သွေးပေါက်တို့ဖြင့် ထမ်းယူ၍ သားမယားတို့ကို ကျွေးမွေးလိုရကား အိမ်သို့ သွား၏။
ထိုအခါ ဘုရားလောင်းသည် ထိုတောအုပ်၌ ရုက္ခဇိုဝ်းနတ်ဖြစ်၍ ရုက္ခဇိုင်းနတ်သည် ထိုအကြောင်းကိုမြင်၍ ဤသမင်မိုက်၏ သေခြင်းသည် အမိကိုအမှီပြု၍ မဖြစ်၊ အဘကို အမှီပြု၍လည်း မဖြစ်၊ စင်စစ်အမှန်ကား ကာမကိုအမှီပြု၍ သေခြင်းသည်ဖြစ်၏။ ထိုစကားသည်မှန်၏။ သတ္တဝါတို့သည် ကာမဂုဏ်ကြောင့် သုဂတိ၌ လက်ဖြတ်ခြင်းအစရှိသော ဆင်းရဲသို့၎င်း ဒုဂ္ဂတိ၌ ငါးပါးအပြားရှိသော နှောင်ဖွဲ့ခြင်းအစရှိသည်ဖြင့် အထူးထူးအပြားပြား များစွာသော ဆင်းရဲခြင်းသို့၎င်း ရောက်ကုန်၏။ သူတပါးတို့အား သေခြင်း ဆင်းရဲကိုဖြစ်စေခြင်းမည်သည်ကိုလည်း ဤလောက၌ ကဲ့ရဲ့အပ်သလျင်ကတည်း၊ အကြင်ဇနပုဒ်ကို မိန်းမသည် စီရင်ဆုံးမ၏ မိန်းမအကြီးမူသော ထိုဇနပုဒ်ကိုလည်း ကဲ့ရဲ့အပ်သလျင်ကတည်း၊ အကြင် သတ္တဝါတို့သည် မိန်းမ၏အလိုသို့လိုက်ကုန်၏။ ထိုသူတို့ကိုလည်း ကဲ့ရဲ့အပ်သည်သာလျှင်ကတည်းဟု ဂါထာဖြင့် သုံးပါးသော ဂရဟဝတ္ထုတို့ကိုပြ၍ တောစောင့်နတ်တို့သည် ကောင်းချီး ပေးကုန်လျက် နံ့သာပန်းအစရှိသည်တို့ဖြင့် ပူဇော်အပ်ကုန်သည်ရှိသော် ထိုတောအုပ်ကို ပဲ့တင်ထပ်စေလျက်-
ဓိရတ္ထု တံ ဇနပဒံ၊ ယတ္ထိတ္ထီ ပရိဏာယိကာ၊
တေ စာပိ ဓိက္ကိတာ သတ္တာ၊ ယေ ဣတ္ထီနံ ဝသံ ဂတာ၊
ဟူသော ဤဂါထာဖြင့် တရားဟော၏။
၁၃။ ဘော၊ အချင်းတို့။ သလ္လံ၊ စူးဝင်တတ်သော။ ကဏ္ဍိနံ၊ မြားရှိထသော။ ဂါဠဝေဓိနံ၊ ပြင်းစွာပစ်တတ်သော။ ပုရိသံ၊ ယောက်ျားကို။ ဓိရတ္ထု၊ နှုတ်ခမ်းမဲ့ရွဲ့ ကဲ့ရဲ့အပ်၏။ ယတ္ထ၊ အကြင်ဇနပုဒ်၌။ ဣတ္ထီ၊ မိန်းမသည်။ ပရိဏာယိကာ၊ အမှုကိစ္စကို စီရင်၏။ တံ ဇနပဒံ၊ ထိုဇနပုဒ်ကိုလည်း။ ဓိရတ္ထု၊ နှုတ်ခမ်းမဲ့ရွဲ့ ကဲ့ရဲ့အပ်၏။ ယေ သတ္တာ၊ အကြင်သတ္တဝါတို့သည်။ ဣတ္ထီနံ၊ မိန်းမတို့၏။ ဝသံ၊ အလိုသို့။ ဂတာ၊ လိုက်ကုန်၏။ တေ စာပိ သတ္တာ၊ ထိုသတ္တဝါတို့ကိုလည်း။ ဓိက္ကိတာ၊ နှုတ်ခမ်းမဲ့ရွဲ့ ကဲ့ရဲ့အပ်ကုန်၏။
ဤသို့ ဘုရားလောင်းသည် တဂါထာဖြင့် သုံးပါးကုန်သော ဂရဟဝတ္ထုတို့ကိုပြ၍ တောကိုပဲ့တင်ထပ်စေလျက် ဘုရားကဲ့သို့ တင့်တယ်ခြင်းဖြင့် တရားကိုပြလေပြီ၊ သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်၍ သစ္စာတို့ကို ပြသည်၏အဆုံး၌ ငြီးငွေ့သောရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။
ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် နှစ်ပါးသောဝတ္ထုတို့ကို ဟောတော်မူ၍ အနုသန္ဓေကို စပ်တော်မူ၍ ယခုအခါ ငြီးငွေ့သောရဟန်းသည် ထိုအခါ တောင်၌နေသော သမင်ဖြစ်လေပြီ၊ ယခုအခါ ငြီးငွေ့သောရဟန်း၏ မယားဟောင်းသည် ထိုအခါ သမင်မငယ်ဖြစ်လေပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကာမဂုဏ်၌ အပြစ်ကိုပြ၍ တရားဟောတတ်သော ရုက္ခဇိုဝ်းနတ် ဖြစ်လေပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။
ကာမကိုလိုက်၊ တပ်နှစ်ခြိုက်၊ အငိုက်မိကာ သေတတ်ရှာ
သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော ကဏ္ဍိဇာတ် ပြီး၏။
*****