ကပိဇာတ် -၁
ဒုကနိပါတ်-သိင်္ဂါလဝဂ်
၁၀။ ကပိဇာတ်
ရသေ့သွင်မျောက်
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အယံ ဣသီ ဥပသမသံယမေ ရတော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကပိဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သောအံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုရဟန်း၏အံ့ဘွယ်သရဲကို ဖြစ်စေ သည်၏ အဖြစ်သည် ရဟန်းတို့၌ ထင်ရှားဖြစ်၏။ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤအမည်ရှိသော ရဟန်းသည် သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရာဖြစ်သော ဘုရား သခင်၏ သာသနာတော်၌ ရဟန်းပြု၍အံ့ဘွယ်သရဲကို ဖြစ်စေတတ်သော အကြောင်းကို ပြည့်စုံစေ၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ အရှင်ဘုရား ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျောက်သည်ရှိသော် ရဟန်းတို့ ဤရဟန်းသည် ယခုအခါ၌သာလျှင်အံ့ဘွယ်သရဲကို ဖြစ်စေသည် မဟုတ်သေး၊ ရှေး၌လည်း မီးဟူသော အကြောင်းကြောင့် မျောက်ဖြစ်၍အံ့ဘွယ်သရဲ၏အဖြစ်ကို ပြုဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ထိုအခါ ဘုရားလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် သားသည် ရှေးရှူထက်ဝန်းကျင်ပြေး၍ သွားနိုင်သောကာလ၌ ပုဏ္ဏေးမသည် သေလတ်သည်ရှိသော် သားကိုရင်ခွင်ဖြင့်ချီ၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းအဖြစ်အားဖြင့် ရဟန်းပြု၍ ထိုသားငယ်ကိုလည်း ရသေ့ငယ်ပြု၍ သစ်ရွက်မိုးသော သင်္ခမ်း၌နေခြင်းကို ပြု၏။ မိုဃ်းလအခါ အယဉ်မပြတ်စီးသော မိုဃ်းသည် စွေလတ်သည်ရှိသော် မျောက်သည် အချမ်းနှိပ်စက်သည်ဖြစ်၍၊ သွားဖြင့် သွားတို့ကိုခဲလျက် တုန်လှုပ်လျှက် သွား၏။ ဘုရားလောင်းသည်းကြီးစွာသော ထင်းတုံးတို့ကိုဆောင်၍ မီးညှိ၍ ညောင်စောင်း၌ လျောင်း၏။ ထိုဘုရားလောင်း၏ သားငယ်သည်လည်း ထိုဘုရားလောင်း၏ ခြေတို့ကိုဆုပ်နယ်လျက်နေ၏။ ထိုမျောက်သည် တပါးသော သေလေသောရသေ့၏ ဥစ္စာဖြစ်ကုန်သော မျှော်တေသင်္ကန်းတို့ကို ဝတ်ရုံ၍ သစ်နက်ရေကို ပခုံး၌ တင်၍ ထမ်းပိုးကရားကိုယူ၍ ရသေ့အသွင်ဖြင့် လာလတ်၍ သစ်ရွက်မိုးသော သင်္ခမ်းတံခါး၌ မီးဟူသောအကြောင်းကြောင့်အံ့ဘွယ်သရဲသော အမှုကိုပြု၍ ရပ်၏။ ရသေ့ငယ်သည်လည်း မြင်၍ ဘခင် ရသေ့တယောက်သည် အချမ်းနှိပ်စက်အပ်သည်ဖြစ်၍ တုန်လှုပ်လျက် ရပ်၏။ ဤမီးဖိုသို့ ထိုရသေ့ကို ခေါ်ကုန်လော့၊ မီးလှုံလတ္တံ့ဟု အဘကို တောင်းပန်လိုသည်ဖြစ်၍-
သ တိဋ္ဌတိ သိသိရဘယေန အဋ္ဋိတော။
ဟန္ဒ အယံ ပဝိသတု မံ အဂါရကံ၊
ဝိနေတု သီတံ ဒရထဉ္စ ကေဝလံ။
ဟူသော ရှေးဦးစွာသော ဤဂါထာကိုဆို၏။
၂၀၀။ တာတ၊ ဘခင်။ ဥပသမသံယမေ၊ ရာဂအစရှိသည်တို့ကို ငြိမ်းစေခြင်း သီလကို ထိန်းသိမ်းခြင်း၌။ ရတော၊ မွေ့လျော်ထသော။ သ-သော အယံ ဣသီ၊ ဤရသေ့သည်။ သိသိရဘယေန၊ လေနှင့်တကွ ရွာသောမိုဃ်းသည် ဖြစ်စေအပ်သော ချမ်းအေးခြင်း ဘေးသည်။ အဋ္ဋိတော၊ နှိပ်စက်အပ်သည်ဖြစ်၍။ တိဋ္ဌတိ၊ ရပ်၏။ ဟန္ဒ၊ ယခု။ အယံ၊ ဤရသေ့သည်။ ဣမံ အဂါရကံ၊ ဤကျောင်းသို့။ ပဝိသတု၊ ဝင်စေသတည်း။ ကေဝလံ၊ အလုံးစုံသော။ သိတဉ္စ၊ ချမ်းခြင်းကို၎င်း။ ဒရထဉ္စ၊ ဆင်းရဲခြင်းကို၎င်း။ ဝိနေတု၊ ဖျောက်စေသတည်း။
ဘုရားလောင်းသည် သား၏စကားကို ကြား၍ ထ၍ ကြည့်သည် ရှိသော် မျောက်၏အဖြစ်ကို သိ၍-
ကပီ အယံ ဒုမဝရသာခဂေါစရော။
သော ဒူသကော ရောသကော စာပိ ဇမ္မော၊
သစေ ဝဇေမံပိ ဒူသေယျဂရံ။
ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။
၂၀၁။ တာတ၊ ချစ်သား။ အယံ၊ ဤသတ္တဝါသည်။ ဥပသမသံယမေ၊ ရာဂအစရှိသည်တို့ကိုငြိမ်းစေခြင်း သီလကိုစောင့်စည်းခြင်း၌။ ရတော၊ မွေ့လျော်သော။ ဣသိ၊ ရသေ့သည်။ န၊ မဟုတ်။ အယံ၊ ဤသတ္တဝါသည်။ ဒုမဝရသာခဂေါစရော၊ မြတ်သော သစ်ပင်တို့၏အခက်၌ ကျက်စားတတ်သော။ ကပီ၊ မျောက်တည်း။ သော၊ ထိုမျောက်သည်။ ဒူသကော စ၊ ဖျက်လည်း ဖျက်ဆီး တတ်၏။ ရောသကော စာပိ၊ ချုတ်လည်း ချုတ်ချယ်တတ်၏။ ဇမ္ဗော စ၊ ယုတ်လည်း ယုတ်မာ၏။ ဣမံပိ၊ ဤကျောင်းသို့လည်း။ သစေ ဝဇေ၊ အကယ်၍ ဝင်ငြားအံ့။ အဂါရံ၊ ကျောင်းကို။ ဒူသေယျ၊ ဖျက် ဆီးရာ၏။
ဤသို့ဆိုပြီးလျှင် ဘုရားလောင်းသည် မီးစကိုကိုင်၍ ထိုမျောက်ကို ချောက်လိုက်၍ ပြေးစေ၏။ ထိုမျောက်သည် ခုန်လွှားကာ တောသို့ဝင်၍ ပြေး၏။ တဖန် ထိုအရပ်သို့ မလာပြီ၊ ဘုရားလောင်းသည် အဘိညာဉ်တို့ကို၎င်း သမာပတ်တို့ကို၎င်း ဖြစ်စေ၍ ရသေ့ငယ်အား ကသိုဏ်းပရိကံကို ကြား၏။ ထိုရသေ့ငယ်သည်လည်း အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၏။ ထိုနှစ်ဦးသော ရသေ့တို့သည်လည်း မယုတ်သော ဈာန်ရှိကုန်သည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လားကုန်၏။
ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ဤရဟန်းသည် ယခုအခါ၌သာလျှင်အံ့ဘွယ်သရဲကို ဖြစ်စေတတ်သည်မဟုတ်၊ ရှေးကာလမှ စ၍လည်း ဤရဟန်းသည်အံ့ဘွယ်သရဲကို ဖြစ်စေသလျှင်ကတည်းဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြသည်၏အဆုံး၌ အချို့ကုန်သော ရဟန်းတို့သည် သောတာပန် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် သကဒါဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် အနာဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် ရဟန္တာ ဖြစ်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ရဟန်းတို့ ယခုအခါအံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းသည် ထိုအခါ မျောက် ဖြစ်ဘူးပြီ၊ ယခုအခါ ရာဟုလာသည် ထိုအခါ သား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အဘရသေ့ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။
ဝါသနာဘာဂီ၊ ထုံဝသီ၊ အညီအံ့ဘွယ်ပြ
ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကပိဇာတ်သည် ပြီး၏။
*****