ကိုယ်ကျင့်အဘိဓမ္မာ/ကျမ်းပြီး နိဂုံး
ကျမ်းပြီး နိဂုံး
ကိုယ့်တာဝန်
ဤမျှလောက်သော စကား အစဉ်ဖြင့် ကိုယ်ကျင့်တရား သိဘွယ်များကို နားလည်လောက်ကြပေပြီ၊ တတ်သိ နားလည်မှုမှာ ကျမ်းစာ၏တာဝန်ဖြစ်၏၊ တတ်သိနားလည်သည့်အတိုင်း သတိထားမှု စောင့်စည်းမှု, ကြိုးစားမှုတို့ကား ကျမ်းစာရှု သူတို့၏တာဝန် ဖြစ်၏၊ “ယခုအခါ ကျမ်းစာ၏ တာဝန် ကျေပွန်လောက်ပြီဖြစ်၍ ကျမ်းစာရှုသူတို့၏ တာဝန်သာ လိုတော့သည်”ဟု ဆိုလိုပါသည်။
အသိနှင့် ကိုယ်ကျင့်
အသိသည် အသိသာ, ကိုယ်ကျင့် မဟုတ်၊ သိတိုင်း မကျင့်လျှင် သိနေရုံဖြင့် အကျိုးမရ၊ ကျမ်းစာတို့သည် သိအောင်သာ ညွှန်ပြနိုင်၏၊ ကျင့်၍ မပေးနိုင်ကြ။ ယခုကာလ စာပေလိုက်စားသူ အဆုံးအမများများ ခံရသူတို့သည် အသိမနဲကြချေ၊ သို့သော် ထိုသိသူ များတွင် အထိုက်အလျောက် စောင့်စည်းသူ သတိထားသူကား အလွန် နည်းပါး လှ၏၊ ထိုကဲ့သို့ လူစားတွေ ပေါများနေသော ဤလောကကြီးဝယ်လူကောင်း သူကောင်းများပင် စိတ်ကောင်းစားဘို့ ခဲယဉ်းလေတော့သည်။
မှန်၏-ဒါနပြုရာမှာပင် ပကာသန ဒါနတွေ ပေါများရကား ဒါနစစ်စစ် ပြုလိုပါလျက် ပတ်ဝန်းကျင် အခြေအနေကြောင့် မိမိလည်း ပကာသန ဒါနကိုသာ ပြုရတော့သဖြင့် သူတော်ကောင်း စစ်စစ်တို့၏ သွားရာလမ်းကြောင်း ဖြစ်သော ဒါနပါရမီ လမ်းကို ဖြောင့်တန်းအောင် မလိုက်နိုင်တော့ ထိုပကာသန ဒါနပြုသူများလည်း ပကာသနဒါန၏ အကျိုးမရကြောင်း (ရသော်လည်း အကျိုးနည်းကြောင်း)ကို သိကြ၏၊ သို့သော် ဂုဏ်ပကာသနကို မက်သော တဏှာ၏ စနက်ကြောင့် သိပါလျက်နှင့် မသိသူတို့၏ အလုပ်ကိုပင် လုပ်ကြရ လေတော့သည်။