ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
ဆန္ဒ အကြောင်း
အာရုံတခုခုကို ပြုလိုခြင်း (ရယူလိုခြင်း) သဘောသည် ဆန္ဒတည်း။ “ပြုလိုခြင်း ရယူလိုခြင်း” ဟူရာ၌ လောဘကဲ့သို့ စွဲလမ်းခြင်း ကပ်ငြိခြင်း မဟုတ်၊ ပြုလိုရုံမျှ ရလိုရုံမျှသာ ဖြစ်သည်။ ထို့ကြောင့် “သက်သက်အာရုံ၊ ပြုလိုရုံမျှ။ ဆန္ဒသဘော”ဟု ဆိုခဲ့သည်။ ဤဆန္ဒသဘောလည်း သတ္တဝါတို့၌ အလွန် ထင်ရှား၏။ ကလေးငယ်သည် ဖခင်လက်မှ မိခင်လက်သို့ လိုက်ချင်၍ လက် လှမ်း၏။ ဤ လိုက်ချင်မှုသည် ဆန္ဒတည်း။ ဟိုသွားချင်၊ သည်လာချင်၊ တစုံ တယောက်ကို တွေ့ချင်၊ မြင်ချင်၊ ကြားချင်း၊ နာချင်၊ နမ်းချင်၊ စားချင်၊ ကိုင်ချင်၊ ထိချင်၊ တတ်သိနားလည်ချင်မှု အစုစုသည် ဆန္ဒချည်းတည်း။
နိဗ္ဗာန်လိုချင်၊ အဂ္ဂသာဝက မဟာသာဝက ဖြစ်ချင်၊ ဘုရားဖြစ်ချင်၊ ရှင်ဘုရင် ဖြစ်ချင်၊ သဌေးဖြစ်ချင်၊ နတ်ဖြစ်ချင်၊ ဗြဟ္မာဖြစ်ချင်၊ ရသေ့ ရဟန်း ပြုချင်၊ လှူဒါန်းချင်၊ ဥပုသ်စောင့်၍ နေချင်၊ ကုသိုလ်ရချင် စသည်တို့လည်း ဆန္ဒပင်တည်း။ တော်ရုံတန်ရုံ လိုချင်မှု၌ ဆန္ဒအားသေး၏။ မရမက လိုချင်၊ မဖြစ်မနေ ဖြစ်ချင်မှုများ၌ကား ဆန္ဒအားကြီး၏။ ဤဆန္ဒကို အရင်းခံ၍ ဝီရိယသန်သန်ဖြင့် ပါရမီဖြည့်တော်မူခဲ့သောကြောင့် နောက်ဆုံး၌ဆန္ဒတော်အတိုင်းဘုရားဖြစ်တော် မူရသည်။
ထိပ်တန်းရောက်ရန် အခြေခံ ဆန္ဒမျှ မရှိသေးလျှင် ထက်သန်သော ဝီရိယကို မည်သူမျှ ပြုကြမည် မဟုတ်။ သို့ဖြစ်၍ အကျိုးကျေးဇူး တခုခု ရလိုသော ဆန္ဒကို ပထမ ဖြစ်စေရမည်။ ဤ ဆန္ဒမျိုးကို “အာသာ” ဟုလည်း ခေါ်သည်။ [အာသာ = လိုလား တောင့်တခြင်း။ ထို့နောက် အာသာဆန္ဒ ရှိရုံနှင့် (ဆုတောင်းနေရုံမျှနှင့်) မရနိုင်ကြောင်းကို နားလည်ကာ စိတ်ပါလက်ပါ ဝီရိယ စိုက်ရမည်။ ထင်ရှားစေအံ့-မန္တလေးမှ ရန်ကုန်သို့ သွားလိုခြင်းသည် ဆန္ဒတည်း။ ထိုဆန္ဒရှိရုံမျှဖြင့်ကား ရန်ကုန်မရောက်နိုင်။ ရန်ကုန်သွားနိုင်အောင် ငွေရှာရမည်။ မီးရထားဖြင့် သွားလိုလျှင် မီးရထားစရိတ် လုံလောက်အောင် ရှာရမည်။ လေယာဉ်ပျံဖြင့် သွားလိုလျှင် လေယာဉ်ပျံစရိတ်ကို လုံလောက်အောင်ရှာရမည်။ ထိုသို့ ရှာရခြင်းကား ဝီရိယသဘောတည်း။ ထို့အတူပင် နိဗ္ဗာန်ရလိုလျှင် ဘုရား အဖြစ် သာဝကအဖြစ် အမျိုးမျိုးနှင့်တန်အောင် ပါရမီ ရှာရမည်။
ယခုကာလ လူ့ဘက် ရှင်ဘက်၌ အထက်တန်းရောက်နေကြသူတို့သည် ဘုန်းနှင့် သမ္ဘာ ထက်ကြပ်ပါ၍ စိတ်သွားတိုင်း ကိုယ်ပါလျက် လိုရာပြီးစီးနိုင်သော မိုးပေါ်ကျ ရွှေကိုယ်တော်များ မဟုတ်ကြချေ။ အာသာဆန္ဒအလိုက် ဝီရိယ စိုက်ထားသူတွေသာ များပေသည်။ ထို့ကြောင့် အလွန်ရခဲလှသော မနုဿတ္တ ဒုလ္လဘကို ရှေးကံကောင်း ထောက်မ၍ ရကြပြီး ဖြစ်ပါလျက် တိုးတက်လိုသော အာသာဆန္ဒကင်း၍ အဖျင်း အအ အပျင်းအနတွေ ဖြစ်နေပါလျှင် တိရစ္ဆာန် ဘဝနှင့် မခြားတော့ရကား မိမိကိုယ်ကို ယခုဘဝလည်း အထက်တန်းရောက် နောင်သံသရာလည်း မဂ်လမ်းပေါက်အောင် ထက်သန်သော အာသာဆန္ဒကို ကိုယ်စီ ကိုယ်ငှ ဖြစ်စေကြပါကုန်။
“ဆန္ဒဝတော ကိံနာမ န သိဇ္ဈတိ= ဆန္ဒရှိသူမှာ မပြီးနိုင်သော အရာ မရှိ”
“အာသာ ဖလဝတီ သုခါ= တောင့်တမှုသည် ကြိုးစား၍ အကျိုးရလျှင် ချမ်းသာကို ဖြစ်စေနိုင်၏”
ဤမျှလောက်သော စကားအစဉ်ဖြင့် ဆားကဲ့သို့ ကောင်း ဆိုး နှစ်တန် ခတ်တိုင်းငန်သော စေတသိက်များ ပြီးဆုံးပေပြီ။ ဤစေတသိက်များကို ထင်ရှားအောင် ရေးသားရကြောင်း ကောင်းမှု ပဋိပတ် အကျင့်မြတ်သင့် ဤ ကျမ်းကို ကြည့်ရှုသူတို့ ကုသိုလ်ကိစ္စဝယ် ထက်သန်သော ဆန္ဒ ဝီရိယနှင့် ထက်သန်သော စေတနာ ထားနိုင်ကြပါစေ။ ဖြစ်လေသမျှ ဘဝတိုင်းမှာ ငါတွက် တာမူ သမ္မာဆန္ဒ ဝီရိယဖြင့် ပုညကောင်းမှု အစုစုတို့ကို ပြုကာပြုကာ အချိန်ကို ကုန်စေလိုပါသည်။ ငါ၏ အဆက်အသွယ် ကြီးကြီးငယ်တို့လည်း ပါရမီကိစ္စ အဝဝ၌ ထက်မြက်သော စေတနာနှင့် သမ္မာဆန္ဒ ဝီရိယရှင်တိုချည်းသာ ဖြစ်ကြ ပါစေ။
ပင်ကိုယ်သဘော၊ ကောင်းဆိုးရောလျက်၊ စိတ်ဇောခြယ်လှယ်၊ ဆယ့်သုံးသွယ်ကို၊ အကျယ်ရေးဖွင့်၊ ဤအကျင့်ကြောင့်၊ အသင့်စိတ်ထား၊ ဗိုလ်လူများတို့၊ တက်ကြွားဝေဆာ၊ စေတနာနှင့်၊ သမ္မာဆန္ဒ၊ ဝီရိယမျိုး၊ ကိုယ်စီနှိုး၍၊ အကျိုး ရစေ၊ ငါ့အနေမှု၊ ဘဝေဘဝ၊ ဖြစ်သမျှ၌၊ ဆန္ဒလည်းတင့်၊ လုံလရင့်လျက်၊ ဆင့်ဆင့်ဝေဆာ၊ စေတနာဖြင့်၊ ကောင်းရာထိုထို၊ ပြုစွမ်းလို၏၊ နဂိုအရင်း၊ ငါ့အသင်းလည်း၊ မယွင်း ငါ့တူ၊ စိတ်ကောင်းယူသည်၊ နိဗ္ဗူထုတ်ချောက်၊ ရောက်ရန်သော။
စိတ်ကောင်း စိတ်ဆိုး ၂-မျိုးလုံး၌ ပါသော စေတသိက် များပြီးပြီ။