မာတိကာသို့ ခုန်သွားရန်

ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ

ဝီကီရင်းမြစ် မှ
ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
ဆဋ္ဌအခန်း ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ
643ကိုယ်ကျင့်အဘိဓမ္မာ — ဆဋ္ဌအခန်း ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲအရှင်ဇနကာဘိဝံသ

ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ

စေတသိက်ခန်း၌ ပြခဲ့သော အလောဘ အဒေါသ အမောဟ ၃-ပါးကို ပါဠိလို “ဟေတု” မြန်မာလို “ဟိတ်”ဟု ခေါ်သည်။ ဤနေရာ၌ ဟေတုသဒ္ဒါသည် “အခြေအမြစ်” ဟူသော အနက်ကို ဟော၏။ သစ်ပင်၌ ရေသောက် မြစ်သည် သစ်ပင် တပင်လုံး ခိုင်မြဲ စည်ကား ကြီးထွားအောင် ပြုသကဲ့သို့ ထိုဟိတ်တရားများလည်း မိမိတို့နှင့် ယှဉ်ဘက် စိတ်ကို ခိုင်မြဲ စည်ကား အကျိုးများအောင် ပြုနိုင်ကြပေသည်။ ထို့ကြောင့် ကုသိုလ်စိတ်ကို ဟိတ် ၂-ပါးနှင့် ယှဉ်သော ဒွိဟိတ်ကုသိုလ်စိတ်၊ ဟိတ် ၃-ပါးနှင့် ယှဉ်သော တိဟိတ်ကုသိုလ်စိတ်ဟု ခွဲခြား မှတ်သားရမည်။

ဒွိဟိတ်ကုသိုလ်စိတ်

အလောဘ အဒေါသ ဟိတ် ၂-ပါးနှင့် ယှဉ်သော ကုသိုလ်စိတ်-သည် ဒွိဟိတ် ကုသိုလ်စိတ် မည်၏။ သုစရိုက် ဆယ်ပါးတို့တွင် “သမ္မာဒိဋ္ဌိသည် “ကံ ကံ၏အကျိုး ဧကန်ရှိ၏”ဟု ယုံကြည်သော ဉာဏ်ပညာတည်း။ ထိုဉာဏ်ကိုပင် “ကမ္မသကတာဉာဏ်”ဟု ခေါ်၏။ ကလေး ဖြစ်စေ၊ ကံ-ကံ၏အကျိုးကို နားမလည်သော အရိုင်းအစိုင်း ဖြစ်စေ ပစ္စည်းဝတ္ထု တစုံတခုကို ပေးကမ်းရာ၌ ဝမ်းမြောက်ဝမ်းသာ ကုသိုလ်စိတ်ကား ဖြစ်တတ် ပါ၏။ သို့သော် “ယခုပြုသော ကုသိုလ်ကံသည် မိမိသန္တာန်မှာ အဖတ်တင်ရစ်၏။ ထိုကံကြောင့် နောက်နောင်အခါ အကျိုးခံစားရမည်”ဟု သိသော သမ္မာဒိဋ္ဌိ (ကမ္မသကတာဉာဏ်) အမောဟ မပါ၊ အလောဘ အဒေါသ ဟိတ် ၂-ပါး ပါ၏။ ထို့ကြောင့် ထိုကုသိုလ်စိတ်မျိုးကို “ဒွိဟိတ် ကုသိုလ်စိတ်”ဟု ခေါ်ကြရသည်။

ယခုကာလ ဗုဒ္ဓဘာသာဝင်အချို့လည်း ကံ-ကံ၏အကျိုးကို နားမလည်ကြပဲ သူများယောင်လို့ ရောယောင်ကာ သူများလို့ လှူကြရသူတွေ များစွာ ရှိသည်။ ထိုသူများ၏ ကုသိုလ်စိတ်လည်း ဒွိဟိတ်ကုသိုလ်ပင်တည်း။ ပင်ကိုယ်ဉာဏ် ရှိသူ (တတ်သိ နားလည်သူ) ဖြစ်သော်လည်း အမှတ်တမဲ့ ပေးကမ်းရာ၌ ဒွိဟိတ် ကုသိုလ်စိတ်ပင် ဖြစ်ပေလိမ့်ပည်။ အချုပ်မှာ–ကုသိုလ်ပြုတုန်း၌ ဉာဏ်ပညာ မပါလျှင် ဒွိဟိတ်ကုသိုလ်ချည်း မှတ်ပါ။

တိဟိတ် ကုသိုလ်စိတ်

အလောဘ အဒေါသ အမောဟ ဟိတ် ၃-ပါးနှင့် ယှဉ်သော ကုသိုလ်စိတ်သည် “ဟိဟိတ် ကုသိုလ်စိတ်” မည်၏။ ကုသိုလ်ပြုနေတုန်းအခါ ကံကို လည်းကောင်း၊ ကံ၏ အကျိုးကိုလည်းကောင်း နားလည်သော ကမ္မသကတာဉာဏ် ပါလျှင် တိဟိတ် ကုသိုလ်စိတ် ဖြစ်သည်။ ယခုကာလဝယ် အတော်အတန် ဉာဏ်ရှိသော အမျိုးသား အမျိုးသမီးတို့သည် ဘုရားကိစ္စ၊ တရားကိစ္စ၊ သံဃာ့ကိစ္စ၊ မိဘကိစ္စ၊ လူကြီးသူမတို့ ကိစ္စကို စိတ်စေတနာဖြူစင်စွာဖြင့် ပြုကြသည်။ ထိုကုသိုလ်စိတ်များ၌ သံသရာအကျိုးကို နားလည်သောဉာဏ် ပါရှိရကား တိဟိတ် ကုသိုလ်မျိုးဖြစ်ကြသည်။ တစုံတခု ပစ္စည်းကို ပေးလှူသောအခါ “ထို ပစ္စည်းသည် ရုပ်ကလာပ် အစုသာ ဖြစ်၏။ ထိုရုပ်ကလာပ်ကား အနိစ္စ ဒုက္ခ အနတ္တ ပါတကား”ဟု ဝိပဿနာ တင်၍ လှူတတ်သူအတွက် ဉာဏ်ဓာတ်ပါရှိခြင်း တိဟိတ်ကုသိုလ်စိတ်ဖြစ်ကြောင်းမှာ အထူးပြောဖွယ် မလိုတော့ပါ။ အလွန်ကောင်းသော တိဟိတ်ကုသိုလ်တည်း။ ထို့ကြောင့် ယခုအခါ ဆရာမိဘတို့က အလှူပေးခါနီး၊ ရေစက်ချခါနီး၌ ကံနှင့် ကံအကျိုးကို လည်းကောင်း၊ အနိစ္စ ဒုက္ခ အနတ္တ အကြောင်းကို လည်းကောင်း နားလည်အောင် ပြောသင့်ကြပါသည်။

ဥက္ကဋ္ဌ ဩမကအခွဲ

[ဥက္ကဋ္ဌ= အမြတ်။ ဩမက=အညံ့။] ပြုခဲ့ပြီးသော ဒွိဟိတ်-တိဟိတ် ကုသိုလ်စိတ်တို့၌ ရှေ့ပုဗ္ဗစေတနာ အခိုက်တုန်းက ဖြစ်စေ၊ လှူပြီး-နောက် အပရစေတနာ အခိုက်မှာ ဖြစ်စေ ကုသိုလ်စေတနာ ခြံရံ ဇနလျှင် (အကုသိုလ် မဖြစ်ပဲ ကုသိုလ် စိတ်တွေ ရှေ့နောက် ပါနေလျင်) မြင့်မြတ်သော ဥက္ကဋ္ဌကုသိုလ် ဖြစ်၏။ မလှူမီ ရှေ့အဖိုနှင့် လှူပြီးနောက်အဖို့၌ အကုသိုလ်များ ခြံရံနေလျှင် ညံ့ဖျင်းသော ဩမကကုသိုလ် ဖြစ်၏။

“ရှေ့ နောက် ကုသိုလ် အကုသိုလ် ခြံရံ” ဟူရာ၌ ထိုကုသိုလ်နှင့်စပ်၍ ပုဗ္ဗ စေတနာ အပရစေတနာတို့ အခိုက်မှာ ကုသိုလ်စိတ်ဖြစ်မှု၊ အကုသိုလ်စိတ်ဖြစ်မှုကို “ခြံရံသည်”ဟု ဆိုလိုသည်။ ထိုကုသိုလ်နှင့်မစပ်ပဲ အလွတ်သက်သက် ဖြစ်သော ကုသိုလ် အကုသိုလ်တို့ကို “ခြံရ”ဟု မဆိုရ။ ဥပမာ–အလှူပေးခါနီး ရှေ့အဖို့၌ ကြွေးတောင်းမရ၍ မြီစားကို တရားစွဲကာ ဒေါသ အကုသိုလ် ဖြစ်၏။ သို့သော် အလှူပေးဖို့ ကိစ္စ၌ကား စိတ်မပျက်။အလှူပေးပြီးနောက်၌ အလှူကိုဝမ်းမြောက်၏။ အပရစေတနာ ထက်သန်၏။ သို့သော် ထိုအလှူနှင့် မဆိုင်သော ကိစ္စ၌ကား လောဘ ဒေါသ ဖြစ်ရ၏။ ဤသို့ အလှူနှင့် မဆိုင်သော အရာဝယ် ဖြစ်သမျှ အကုသိုလ်ကား အလှူကုသိုလ် ယုတ်ညံ့အောင် မနှောင့်ယှက်ပါ။

ဤစကားအရ အချုပ်ကား-ပုဗ္ဗစေတနာ အပရ စေတနာ ထက်သန်သော တိဟိတ်ကုသိုလ်သည် “တိဟိတ် ဥက္ကဋ္ဌ ကုသိုလ်” ဖြစ်၏။ ပုဗ္ဗ စေတနာ ဖြစ်စေ အပရ စေတနာ ဖြစ်စေ တခုခုချို့တဲ့လျှင် “တိဟိတ် ဩမက ကုသိုလ်” ဖြစ်၏။ ၂-ခုလုံး ချို့တဲ့လျှင် သာ၍ “တိဟိတ် ဩမက” ဖြစ်၏။ ဒွိဟိတ် ဥက္ကဋ္ဌ၊ ဒွိဟိတ်ဩမက ဖြစ်ပုံကိုလည်း ဤနည်းအတိုင်း မှတ်ပါ။ [ပုဗ္ဗ-မုဉ္စ-အပရ စေတနာ ၃-မျိုး၊ တိဟိတ် ဒွိဟိတ် ကုသိုလ် ၂-မျိုး၊ ဥက္ကဋ္ဌ ဩမက ကုသိုလ် ၂-မျိုးအခွဲကို သီလ စသော ကုသိုလ်များ၌လည်း ရနိုင်၏။]

[ဆောင်] ၁။ ကုသိုလ်ပြုစဉ်၊ ကံကျိုး မြင်သိ၊ ဉာဏ်ယှဉ်ဘိ၊ တိဟိတ် ကုသိုလ်ခေါ်။
၂။ ကုသိုလ်ပြုစဉ်၊ ကံကျိုး မြင်သိ၊ ဉာဏ်မရှိ၊ ဒွိဟိတ် ကုသိုလ်ခေါ်။
၃။ ရှေ့နောက် နှစ်ရပ်၊ ကုသိုလ်ညှပ်၊ ဥက္ကဌ အမြတ်ခေါ်။
၄။ ရွှေ နောက် နှစ်တန်၊ အကုခြံ၊ ညံ့ဟန် ဩမကခေါ်။

အယုတ် အလတ် အမြတ် ခွဲနည်းတမျိုး

ဟီနဒါန၊ မဇ္ဈိမဒါန၊ ပဏီတဒါနဟု ဒါန ၃-မျိုး ရှိ၏။ မိမိသုံးသော ပစ္စည်းလောက် မကောင်းသော အစားအဝတ်များကို လှူလျှင် ဟီန (ယုတ်ညံ့သော) ဒါန ဖြစ်၏။ မိမိသုံးစားသော ပစ္စည်းနှင့် တန်းတူ ပစ္စည်းကို လှူလျှင် မဇ္ဈိမ (အလတ်စား) ဒါန ဖြစ်၏။ မိမိသုံးသော ပစ္စည်းထက် သာလွန် ကောင်းမြတ်သော ပစ္စည်းကို လှူလျှင် ပဏီတ (မွန်မြတ်သော) ဒါန ဖြစ်၏။

တနည်း– ဒါသဒါန၊ သဟာယဒါန၊ သာမီဒါနဟု ၃-မျိုး ရှိ၏။ ထိုတွင် ပြခဲ့သော ဟီနဒါနကို “ဒါသဒါန” ဟုခေါ်သည်။ “ကျွန်အနေမျိုး ဖြစ်သော အောက်တန်းစား အလှူ”ဟု ဆိုလိုသည်။ ပြခဲ့သော မဇ္ဈိမဒါနကို “သဟာယ ဒါန”ဟု ခေါ်၏။ “မိတ်ဆွေ သူငယ်ချင်း အနေမျိုး ဖြစ်သော အလတ်တန်း စား အလှူ”ဟု ဆိုလိုသည်။ ပြခဲ့သော ပဏီတဒါနကို “သာမီဒါန”ဟု ခေါ်၏။ “အရှင် သခင်မျိုး ဖြစ်သော အထက်တန်းစား အလှူ”ဟု ဆိုလိုသည်။

တနည်း-ဒါနပြုတုန်း၌ စိတ်ဆန္ဒလုံ့လ ဝီရိယ သဒ္ဓါ တရားကို ညံ့လျှင် “ဟီန ဒါန” ဖြစ်၏။ စိတ်ဆန္ဒ လုံ့လ ဝီရိယ သဒ္ဓါ တရားတို့ မှန်မှန်ရှိလျှင် “မဇ္ဈိမ ဒါန” ဖြစ်၏။ စိတ်ဆန္ဒ လုံ့လ ဝီရိယ သဒ္ဓါ တရားတို့ ထက်သန်လျှင် “ပဏီတ ဒါန” ဖြစ်၏။

တနည်း–ကျောင်းဒကာ၊ ဘုရားဒကာ၊ အလှူ့ဒကာ စသောဂုဏ် “အင်မတန် သူတော်ကောင်းတာပဲ” စသော ချီးမွမ်းမှုကို လိုလား၍ ပြုသော ဒါနသည် “ဟီနဒါန”တည်း။ “နောင်ဘဝ သံသရာ၌ တစုံတခုကောင်းကျိုးကိုရလိမ့်မည်”ဟု အကျိုးကို မျှော်၍ ပြုသောဒါနသည် “မဇ္ဈိမဒါန”တည်း။ နောင်သံသရာ၌ အကျိုးရ မရကို ဂရုမစိုက်ပဲ (အကျိုးမရချင် နေပေစေ) “သူတော်ကောင်း ပညာရှိ” ဆိုတာ သူတပါးကို ပေးကမ်း ချီးမြှောက်ရိုး ထုံးစံတည်းဟု သဘော၍ သူတပါးကို စားစေ ဝတ်စေလိုသော စေတနာ သက်သက်ဖြင့် ပေးလှူ စွန့်ကြဲခြင်းသည် “ပဏီတဒါန”တည်း။

မှတ်ချက်

ဤနည်း၌ အကျိုးကို လိုလား၍ ပြုသော ဒါနထက် အကျိုးကို မမျှော်ပဲ ပြုသော ဒါနက မြတ်ပုံကို သတိပြုသင့်၏။ မိမိ အကျိုးကို မလိုလားပဲ “သူတပါး ချမ်းသာလျှင် ပြီးရော” ဆိုသော စေတနာတို့မှာ အလွန်မြင့်မြတ်သော စိတ်ဓာတ်ရှိသော အလောင်းတော် ကြီးများ၏ စိတ်ထားမျိုးပင် ဖြစ်ပါသည်။

တနည်း–ဘဝစည်းစိမ်ကို ခံစားလို၍ ပြုသော ဒါနသည် “ဟီနဒါန”တည်း။ မိမိ၏ သံသရာမှ လွတ်မြောက်ရေးကို လိုလား၍ (ဤဒါနသည် မဂ်ဖိုလ်၏အခြေခံ ဖြစ်ပါစေဟု ဆုတောင်း၍) ပြုသောဒါနသည် “မဇ္ဈိမဒါန”တည်း၊ သတ္တဝါများ၏ သံသရာမှ လွတ်မြောက်ရေးကို မျှော်တွေးလျက် ဘုရားအလောင်းကို ဖြည့်ကျင့်အပ်သော ဒါနပါရမီသာလျှင် အမြတ်ဆုံး “ပဏီတဒါန” ဖြစ်သည်။ ဤကား တမျိုးထက်တမျိုး (စိတ်ထားတတ်၍) မြတ်ပုံတည်း။ [သီလ စသည် များ၌လည်း ဤကဲ့သို့ စိတ်ထားလိုက်၍ အယုတ် အလတ် အမြတ် ကွဲပြားနိုင်ကြသည်။

ဒါနအကျိုး

ဒါန၏ အကျိုးကို အထူးချဲ့ထွင်၍ တန်ဆာဆင်နေဖွယ် မလိုပါ။ တိရစ္ဆာန်ကလေး တကောင်အား ဝဝလင်လင်ရှိအောင် ထမင်း တထပ်ကျွေးသော ဒါနကလေးသည်ပင် ဘဝပေါင်း တရာတို့၌ “အာယု၊ ဝဏ္ဏ၊ သုခ၊ ဗလ၊ ပဋိဘာန” (အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း) ဟူသော အကျိုး ၅-ပါးကို ရနိုင်သည်။ တခြား ကုသိုလ်ကြောင့် လူ နတ် ဖြစ်ခြင်း တူသော်လည်း ဒါနရှင်တို့က သာလွန် မြင့်မြတ်ကြသည်။

ကဿပဘုရားရှင် လက်ထက်တော်တုန်းက မိတ်ဆွေ ရဟန်း ၂-ပါး ရှိရာ ကပါးက ဒါနရှင်၊ တပါးက ဒါနမဲ့ ဖြစ်ခဲ့၏။ ၂-ပါးလုံးပင် သီလပြည့်စုံသဖြင့် ငါတိုဘုရား လက်ထက်တိုင်အောင် လူ့ပြည် နတ်ပြည် ကျင်လည်ရာဝယ် ဒါနရှင် ကသာ အထက်တန်းကျခဲ့၏။ နောက်ဆုံးဘဝ၌ ကောသလမင်း၏ နန်းတော်တွင် ထိုမိတ် ဆွေ ရင်း ၂-ဖော် တွေ့ဆုံ ပြန်ရာ ဒါနရှင်က မင်းသား၊ ဒါနမဲ့က အထိန်းတော်သားဖြစ်၍ ပုခက် ၂-လုံးတွင် ဒါနရှင်က ထီးဖြူဆောင်းလျက် ရွှေပုခက်၊ ဒါနမဲ့က သစ်သားပုခက်ကို စီးကာ ထိုကဲ့သို့ အရည်အချင်း ကွာခြား စ္စာဖြင့်ပင် ကျွတ်တမ်းဝင်ကြလေသည်။

ဒါနသည် သံသရာကို ရှည်စေသလော

ယခုကာလ၌ “ဒါနသည် သံသရာရှည်စေ၏”ဟု အယူသည်းကြသည်။ ပြခဲ့သော ဝတ္ထုဝယ် ဒါနရှင်က ကျွတ်တမ်းဝင် နောက်မကျချေ။ ထို့ကြောင့် သံသရာ အရှည် အတိုဝယ် ဒါနကို ရိုးမယ်မဖွဲ့သင့်ပါ။ ဒါနပြုရာတွင် သူတို့၏ စိတ် မစင်ကြယ်မှုကြောင့်သာ “လူတွင်ပါ၍ နွားကျားကိုက်” ခံရသည်။ အမှန်မှာ ဒါနက သံသရာ မရှည်စေ။ “ဤဒါနကြောင့် လူ့ချမ်းသာ နတ်ချမ်းသာ ခံစား ရတော့မည်”ဟု ရည်ရွယ်မှု တဏှာဇောက သံသရာ ရေယဉ်၌ မျောစေခြင်းသာ ဖြစ်သည်။

အချို့က “ဘုရားရှင်သည်ပင် ဒါနတွေ အားကြီးသောကြောင့် သံသရာမှာ ကြာရှည်တော်မူရသည်”ဟု သူတို့ ဉာဏ်ကလေးဖြင့် တွေးကြပြန်သေး၏။ ထိုဒါန အားကြီးတော်မူကြသော ဘုရားရှင်အပေါင်း အသင်္ချေနှင့်အနန္တ (ဂင်္ဂါ ဝါဠု သဲစုမက) ကျွတ်တမ်း ဝင်ကြပြီး ဖြစ်ပါလျက် ငါတို့က ယခုတိုင် မကျွတ် ရသေးသည်မှာ ထိုဘုရားရှင်တို့ထက်ပင် ဒါန အားကြီးနေလို့ ပါလော။ ဝေဿန္တရာမင်းသည် ဘုရားမဖြစ်မီ ၂-ဘဝမြောက်က အကြီးအကျယ် ဒါနကို ပြုတော်မူ၏။ ထိုဒါနတွေ အဘယ်ကြောင့် သံသရာမှာ မကြာစေပါသနည်း။

ထို့ကြောင့် ဒါနသည် သူ၏သဘောအားဖြင့် သံသရာမှာ ကြာရှည်စေသည် မဟုတ်ပါ။ မစင်ကြယ်သော တဏှာကြောင့် သံသရာ၌ မျောကြရသည်ဟု မှတ်ပါ။ ဘုရားအလောင်းတော်တို့၏ သံသရာ၌ ကြာရှည်စွာ နေရခြင်းမှာလည်း ရည်ရွယ်တော်မူရင်းက သဗ္ဗညုတ ဉာဏ်အထူးကို ရဖို့ဖြစ်၍ ထိုဉာဏ်နှင့် ထိုက်တန်သော ပါရမီ အခြေခံ မပြည့်သေးသမျှ ထိုဉာဏ်ကို မရသောကြောင့်သာ ဖြစ်သည်။ ဥပမာ-ရင့်မှ မှည့်နိုင်သော သရက်သီးကို အနုကလေး ဆွတ်ခူး၍ အုပ်သော်လည်း မမှည့်နိုင်သကဲ့သို့တည်း။

ဝဋ္ဋနိဿိတ ဝိဝဋ္ဋနိဿိတ

ကုသိုလ်ပြုစဉ်၌ လူချမ်းသာ နတ်ချမ်းသာကို ခံစားလို၍ ပြုသော ကုသိုလ်သည် “ဝဋ္ဋနိဿိတ ကုသိုလ်” မည်၏။ [ဝဋ္ဋ= သံသရာဝဋ်ကို+နိဿိတ=မှီသော ကုသိုလ်။] “သံသရာဝဋ်မှ ကျွတ်ဖို့ မမျှော်၊ သံသရာဝဋ်အတွင်း၌ ခံစားဖို့သာ မျှော်သော ကုသိုလ်”ဟု ဆိုလိုသည်။ နိဗ္ဗာန်ကို ရည်မှန်းလျက် ပြုအပ်သော ကုသိုလ်သည် “ဝိဝဋ္ဋနိဿိတ ကုသိုလ်” မည်၏။ (ဝိဝဋ္ဋ=ဝဋ်ကင်းရာ နိဗ္ဗာန်+နိဿိတ =မှီသောကုသိုလ်။] ဤကုသိုလ် ၂-မျိုးတွင် (ဒါန ဖြစ်စေ၊ သီလ စသည် ဖြစ်စေ) ဝဋ္ဋနိဿိတ မှန်လျှင် သံသရာ၌ ကြာရှည်စေ၏။ ဝိဝဋ္ဋနိဿိတ မှန်က သံသရာမှ အမြန်လွတ်အောင်ပင် ရည်ရွယ်ရင်း ဆုကို ပြည့်လွယ်စေသည်။

ဒါနကြောင့် ပါရမီများ ပြည့်လွယ်ပုံ

ဒါန ရှိသူသည် ဖြစ်လေရာ ဘဝတို့၌ ဥစ္စာ ပြည့်စုံကြ၏။ ဥစ္စာ ပြည့်စုံလျှင် (ပင်ကိုယ်စိတ်ရင်း ကောင်းသူ၊ ဝိဝဋ္ဋနိဿိတ ဒါနပြုခဲ့သူအတွက်) သီလ လုံခြုံ၏။ ဥပုသ် ရက်ရှည် စောင့်ခွင့် ရ၏။ ဥစ္စာမရှိလျှင် ဝမ်းရေး ပူပန်ရသဖြင့် အူမ-မတောင့်၍ သီလ မစောင့်နိုင်ရုံမက ငါးပါးသီလ လုံ့ရန် ခဲယဉ်း၏။ ဒါနရှိမှ သီလ လွယ်ကူသည်။ ပညာရှာဖွေရာ၌လည်း ဒါနရှင်တို့သာလျှင် လွယ်ကူစွာ ရှာနိုင်၏။ ယခု လောကီကျောင်း၌ ပညာရှာရပုံကို ကြည့်ပါ။ အခမဲ့ သင်ရသော ဘုန်းကြီးကျောင်း တချို့မှာပင် ပစ္စည်းရှင် သားသမီးများသာ ပို၍ အသင်အပြ ခံရ၏။ ဤသို့လျှင် ဒါနရှိက ပညာရှာမှီးရာ၌ လွယ်ကူပြန်သည်။

ဒါနရှင်တို့သည် သူတကာက စော်ကားလာလျှင် အဖက်မထင်၍ ဖြစ်စေ၊ စိတ်သဘောကြီး၍ ဖြစ်စေ သည်းခံလွယ်၏။ ပစ္စည်း ဥစ္စာ မရှိက “ငါ့ကို ပစ္စည်း မရှိလို စော်ကားတာပဲ”ဟု အထင်ရှိ၍ သည်းမခံလိုကြ။ ဒါနရှင်တို့သည် နေရာတိုင်းမှာ သူတပါးကို၏ လေးစားခြင်းကိုခံရသဖြင့် မိမိအား အရိုအသေပေးသူ အပေါ်မှာ မေတ္တာ ကရုဏာ ဖြစ်လွယ်၏။ ဥစ္စာမရှိလျှင် ထိုသို့ ရိုသေသူလည်း နည်းပါးကြသဖြင့် ကိုယ့်ဂရုမစိုက်သူကို ပြန်၍ အမျက်ထွက်ကာ မေတ္တာ ကရုဏာ ဖြစ်ရမည့်အစား၊ ဒေါသ မာနတွေသာ တိုးပွားတတ်လေသည်။ ဤနည်းအားဖြင့် ဒါနကြောင့် ခန္တီ မေတ္တာ ပါရမီများလည်း ဖြစ်လွယ်ပုံကို ချဲ့ထွင်ကြည့်ပါ။

“ဥစ္စာမရှိ ကတိမတည်” နိုင်သော လောကကြီးဝယ် သစ္စာပါရမီ ဖြစ် အရေးမှာလည်း ဒါနသည် အကူအညီ ပေး၏။ ဤသို့ စသည်ဖြင့် ဒါနမပါလျှင် ပါရမီအားလုံးပြည့်ဖို့အရေး၌ အနှောင့်အယှက်ပေးတတ်ရကား ဘုရားအလောင်း ဟူသမျှတို့ ဒါနကိုသာ ပထမဆုံး မြင်တော်မူကြပေသည်။ ငါတို့ ဘုရားရှင်မှာ စတည်တော်မူစဉ်ကလည်း သုမေဓာဘဝ၌ ဒါနကို စတည်ခဲ့၍ ဝေဿန္တရာဘဝ၌ ဒါနဖြင့် ကမ္ပတ်ဖုံးလျက် ပါရမီအားလုံးကို နိဂုံးချုပ်တော်မူခဲ့ပေသည်။

ဒါနပြုဖွယ် မလိုသူ

ဒါန ပြုဖွယ် မလိုသော ပုဂ္ဂိုလ်တမျိုး ရှိသေး၏။ ထိုပုဂ္ဂိုလ်မျိုးကား ယခု ဘဝ၌ပင် ခန္ဓာဝန် လက်စသိမ်း၍ အေးငြိမ်းအောင် တရား အားထုတ်နေသော ယောဂီ ပုဂ္ဂိုလ်ကြီးတည်း။ ထိုပုဂ္ဂိုလ်မှာ ဒါနပြုနေလျှင် ထိုဒါနပြုနေသည့် အတောအတွင်း၌ ကမ္မဋ္ဌာန်း အားထုတ်မှု လစ်ဟင်း၏။ ထို့ကြောင့် ယနေ့ နက်ဖြန်ဆိုသလို တရားထူးရအောင် အားထုတ်နေသော ပုဂ္ဂိုလ်အတွက် ဒါနပြုဖွယ် မလိုပါ။ ငါ့တို့ ဥပဇ္ဈာယ်ဆရာ မဟာဂန္ဓာရုံ ဆရာတော်ဘုရား အထံ၌ မန္တလေးမှ ဒါန ဝါသနာ ပါသော ဆရာတော်ကြီးတပါး ကမ္မဋ္ဌာန်း အားထုတ်နေစဉ် နံနက်စောစော၌ ဘုရားလှူရန် ပန်းကောက်နေသည်ကို ဆရာတော်မြင်၍ “ပန်းကို နောက်မှလှူပါ၊ တရားကို အားထုတ်သည့်အခါ တရားကိုသာ ကြိုးစားတော်မူပါ”ဟု တောင်းပန်ဖူးလေသည်။

မဟာဂန္ဓာရုံ ဆရာတော် ကိုယ်တိုင်ကား ခန္ဓာဝန် လက်စသိမ်း မသိမ်း မသိရသော်လည်း အားထုတ်တော်မူ စဉ်မှာ အမှန်ပင် လက်စသိမ်းအောင် အားထုတ်ခြင်း ဖြစ်၏။ ထိုမျှ အားထုတ်သော ဆရာတော်သည်ပင် ဂူအောင်း၍ ထွက်တော်မူပြီးနောက် ရရှိသမျှ လဘ်လာဘတို့ကို ဝေဖန် ခွဲခြား၍ ဒါနပြုတော် မူပါသေးသည်။ ထို့ကြောင့် တရားထူးပေါက်အောင် အားထုတ်နေခိုက်၌ ဒါန ပြုဖွယ်မလို။အခြားအခါနှင့် အခြားသူများမှာ နေ့ရှိသမျှ ဒါနပြုသင့်ကြပေသည်။

ပျော်စရာ့ဒါန

စွန့်ကြဲ ပေးကမ်း လှူဒါန်းနေရခြင်းသည် အလွန် ပျော်စရာ ကောင်းပေ၏။ တကယ့်စေတနာနှင့် တကယ်တမ်း အလှူဒါန ဝါသနာ ပါနေသူသည် ဆင်းရဲသူတွေကို မြင်လျှင် သနား ကရုဏာက အရင်းခံလျက်ရှိသောကြောင့် အားလုံးသတ္တဝါတွေ အပေါ်မှာ ချစ်ကြည်သော မေတ္တာနှင့် ချမ်းသာပြီးသူများကိုနှစ်သက်သော မုဒိတာတို့ မကြာခဏဖြစ်ရကား ဒါနရှင်၏ မျက်နှာသည် စန်းလအသွင် အမြဲ ကြည်လင် အေးမြကာ ကျက်သရေ မင်္ဂလာဖြင့် လွန်စွာ ပျော်ရွှင်ပုံရပေသည်။

ထို ဒါနရှင်၏ အလှူကို ခံယူသူတို့ကလည်း ဒါနရှင်ကို ရည်စူး၍ အထူး မေတ္တာပို့သည့်ပြင် ဒါနရှင် ချမ်းသာလေ အလှူခံများ၌ မုဒိတာပွားလေ ဖြစ်ရကား ဒါန တခုတည်းကပင် လူ သတ္တဝါတို့၌ ဗြဟ္မစိုရ်တရား ထွန်းကားအောင် ပြုနိုင်ပေသည်။ ထို့ကြောင့် ဒါနအစစ်မှန်လျှင် ဒါနဖြစ်ရုံမက မေတ္တာ ကရုဏာ မုဒိတာတို့နှင့်လည်း အဆင်သင့် လိုက်လျော၍ ဘာဝနာ သဘောကိုလည်း ကျေးဇူးပြုနိုင်ပါသည်။

ဒါနရှင်မှ ဓနရှင်

လူချမ်းသာ ဟူ၍ အမွှန်း တင်ကြရသော ယခု ကာလ လူ့လောက၌ စားသောက်နေထိုင်ရေးအတွက် မပူမပင်ရသူ နည်းပါးလှ၏။ ထိုကျပ်တည်း ကျဉ်းမြောင်းနေကြရှာသော ဒုက္ခိတ စာရင်းတွင် ပါဝင်သူများသည် ရှေးရှေးဘဝက ဒါနချို့သူများသာ ဖြစ်၏။ လူ့ချမ်းသာ စာရင်းဝင်သူတို့ကား ယခုဘဝ ဓနရှင် ဖြစ်လောက်အောင် ရှေးရှေးဘဝက ဒါနရှင်လည်း ဖြစ်ခဲ့ကြပေသည်။ ထိုဓနရှင်များသည် ဤဘဝတွင် ဓနရှင်ဖြစ်ရုံနှင့် ကျေနပ်လိုက်ပါမည်လော။ ယခု တဘဝ မျက်စိမှိတ်လိုက်သည်နှင့် တပြိုင်နက် လက်ရှိ ဓနများ လက်မဲ့ဖြစ်ကြပြီးလျှင် အသစ်ဘဝတွင် အသစ်ဓနနှင့် စခန်း သွားကြရလိမ့်မည်။

ထို့ကြောင့် သူတော်ကောင်း ဓနရှင်တို့သည် လက်ရှိ ဓနများကို (အမွေခံ များအတွက် သင့်အောင် ချန်ထား၍) ဆင်းရဲသူများကို ဖြန့်ဖြူး နိုင်မှသာ “ရှေးဘဝက ဒါနရှင်၊ ယခုဘဝ ဓနရှင်။ ယခုဘဝ ဒါနရှင်၊ နောင်အဆက်ဆက် ဓနရှင်”ဟု နိဗ္ဗာန်စံဝင်သည့်တိုင်အောင် အမြဲ ဓနရှင်များ ဖြစ်နိုင်ကြပေမည်။ ထို့ကြောင့် တဘဝမျှပင် ခေတ္တပိုင်ရသော ဓနကို “ငါပိုင်”ဟု သဘောမထားပဲ “ဆင်းရဲသား အများဆိုင်သော ငါပိုင်”ဟု သဘောထား၍ ဒုက္ခိတအများကို ဖြန့်ဖြူးနိုင်စေရမည်။

မြစ် စသည်နှင့် တူသော ဓနရှင်

လောကနီတိ ကျမ်းများ၌လည်း သူတော်စင် ဓနရှင်သည် တူသာ ဓနရှင်မြစ်၊ သစ်ပင်၊ မိုးများနှင့် တူ၏-ဟု ဆိုထား၏။ မြစ်များ၌ ရေတွေရှိသော်လည်း ထိုရေကို မြစ်က မသောက်ပါ။ ရေလိုသူတို့ ချိုးကြ သောက်ကြဖို့ရာ ရေတွေကို စုထားသည်။ သစ်ပင်များလည်း သစ်သီးကို မိမိတို့ မစားကြ၊ အလိုရှိသူတို့ သုံးစားကြဖို့ အသီးကို သီးပေးကြသည်။ မိုးများသည် ရေတွင်း ရေကန်တို့၌သာ ရွာသည်မပာုတ်၊ ရေမရှိသော ကုန်းပြင်မှာလည်း ရွာကြသည်။

ထို့အတူ ဓနရှင် သူတော်ကောင်းများလည်း မိမိတို့ချည်းသာ သုံးစွဲဖို့ရာ ပစ္စည်း ဥစ္စာများ ရှာဖွေ စုဆောင်းထားသည် မဟုတ်၊ ဆင်းရဲသားများအတွက်လည်း လက်ရှိ ပစ္စည်းများကို သိမ်းဆည်း၍ ထားကြလေသည်။ ဒါနပြုသော အခါလည်း ချမ်းသာ ကြွယ်ဝ၍ ရေရှိသော တွင်းနှင့် တူသူကိုသာ (ဘုန်းကံ ကြီးမားသော ဆရာတော်ကြီးများကိုသာ) ရွေးချယ်၍ မပြုပဲ ကုန်းပြင်နှင့် တူသော ဆင်းရဲသားများကိုလည်း ပြုကြရသည်ဟု ဆိုလို၏။

“မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ ဖြာစီးကြ၊ မြစ်ထိုမျှကား၊ ချမ်းမြ ရည်တွေ၊ စီးသည့်ရေကို၊ ရှိသည့်အလျောက်၊ မြစ် မသောက်ဘူး၊ ပေါက်ရောက်ပွားစည်၊ သစ်ပင်သည်ကား၊ သစ်သီးများကို၊ မစား ကြဘူး၊ သွန်မှူးရေရည်၊ မိုးတုံသည်လည်း၊ ရေတည်သင့်ရာ၊ တွင်း၌ သာလျှင်၊ ရွာသည်ဟုတ်ဘူး၊ ဂုဏ်ထူးမြင်ကျယ်၊ သူတော်ကြွယ်တို့၊ လက်ဝယ်ဥစ္စာ၊ ရတနာလည်း၊ လာလာအများ၊ သူတပါးတို၊ စီးပွားချမ်းသာ၊ အကျိုးငှါသည်၊ မှန်စွာမြဲတည့် မသွေတည်း” -နီတိပျို့။

ဤပြဆိုခဲ့သော အစဉ်ဖြင့် ဓနရှင်ဘဝ၌ ဒါနပြုခြင်းသည် မေတ္တာ ကရု မုဒိတာ ဗြဟ္မစိုရ်တရား အမြဲ တိုးပွားစေသဖြင့် နေ့စဉ်နှင့်အမျှ မျက်နှာ ကြည်လင်၍ ကုသိုလ်ရနေရုံမက နောက်နောက်ဘဝ၌ ဓနရှင်ဖြစ်ဖို့အကြောင်း ထပ်လောင်း၍ ကောင်းပြန်စေသည့်ပြင် သံသရာလမ်း ဖြောင့်တန်းစွာဖြင့် ခေမာ နိဗ္ဗာန်သို့ ရောက် စေနိုင်သော ဒါနကို အဘယ်မှာ မေ့လျော့ သင့်ပါတော့ အံ့နည်း။

ထို့ကြောင့် ဘုရား တရားတော် အရ ဂ-ပါးသီလ၊ ၁၀-ပါးသီလ၊ အာဇီ ဝဋ္ဌမက သီလများကို စောင့်သုံးလျက် သန့်ရှင်းသော အဝတ်ကို ဝတ်ဆင်ကာ ကောင်းစွာ ရေမိုးချိုးပြီးနောက် မေတ္တာ ကရုဏာ မုဒိတာ ဗြဟ္မစိုရ် ၃-ပါးကို ပွားများ၍ “အဒ္ဓါ ဣမာယ ပဋိပတ္တိယာ ဇရာ မရဏမှာ ပရိမုစ္စိဿာမိ=ဤ ဒါန အကျင့်ဖြင့် အို နာ သေရေး ဆင်းရဲဘေးမူ ဧကန် လွတ်မြောက်ရတော့မည်” ဟု တည်ကြည်သော စိတ်ထားဖြင့် နိဗ္ဗာန်ကို မှန်းပြီးလျှင် သူတော်စင် သူယုတ်မာ လာလာသမျှ အလှူခံ အပေါင်းအား နှစ်ထောင်း အားရ လှူဒါန်း ဝေငှ၍ နေရပါလျှင် မည်မျှလောက် ပျော်ရွှင်ဖွယ် ကောင်းမည်နည်း။ အဘယ်မှာလျှင် သံသရာ ရေယဉ်ကြော၌ ကြာရှည်စွာ မျောအောင် ဆွဲထားမည်နည်း။ နိဗ္ဗာန်သို့ အမြန်တက်အောင် ခပ်သွက်သွက် ပိုဆောင်လိမ့်မည် မဟုတ်ပါလော။

ဒါန ပစ်ပယ်လျှင် ဖြစ်ဖွယ် အပြစ်

ယခု ပြခဲ့သော စကားများဖြင့် ဒါန၏ အကျိုးကျေးဇူးများ ကုန်လောက်ပြီဟု မမှတ်ဘဲ့။ ဒါန၏ ကျေးဇူးသက်သက် စာတအုပ် ရေးထုတ်စေကာမူ ကုန်လိမ့်မည် ဟူ၍ မဆိုနိုင်။ ထို့ကြောင့် ဒါနကို မည်သည့်နည်းနှင့်မျှ မပစ်ပယ်သင့်ကြ။ တချို့ လူတို့ဝါဒဖြင့် ဒါနကို ပစ်ပယ်လိုက်ပြီ ဆိုပါတော့။ ထိုကဲ့သို့ ပစ်ပယ်လိုက်လျှင် တယောက်နှင့် တယောက် ပေးကမ်း ချီးမြှောက်ခြင်း မရှိတော့ရကား အချင်းချင်း မေတ္တာ မရောက်ပဲ သွေ့ခြောက်ခြောက်ဖြစ်ကြရတော့မည်။ ဆင်းရဲသူ ဆင်းရဲသားတွေကို မပေးမစွန့်လျှင် ထိုသူတွေကို ဘယ်လို စိတ်စေတနာတွေထား၍ ရှုစားရမည်နည်း။ “ဒီအကောင်တွေငတ်လိုသေသေ”ဟု သဘောထားရတော့မည်။ ထိုသို့ဖြစ်လျှင် ဒါနကို ပယ်လိုက်ရုံဖြင့် ထိုသူ၏ စိတ်ထားသည် ကြမ်းတမ်း သွားချေပေါ့။ စိတ်ကြမ်းလျှင် ရုပ်လည်း ကြမ်းတော့မည်သာ။

ဆက်ဦးမည်...ငါတို့ ဘုရားရှင်သည် ထီးနန်းကို စွန့်ခွာတော်မူခဲ့သည်မှစ၍ ဒါနရှင်တို့ အကူအညီဖြင့်သာ ဘုရားဖြစ်တော်မူလာခဲ့ရပေသည်။ ဘုရားဖြစ်တော် မူပြီးနောက်၌လည်း အနာထပိဏ် ဝိသာခါ ဗိမ္ဗိသာရမင်း စသော ဒါနရှင်ကြီးများ၏ အကူအညီ ရ၍သာလျှင် သာသနာတော်ကြီးကို တည်ထောင်တော်မူနိုင် ပေသည်။ ထိုခေတ်မှစ၍ ဒါနကို ပယ်သူများ ထွန်းကားနေခဲ့ပါလျှင် ဘုရားရှင်လည်း မပွင့်နိုင်ရာ၊ သာသနာတော်မှာမူ သာ၍ပင် ဝေးခဲ့ရာ၏။ ငါတို့ ဘုရားရှင် လက်ထက်တော်ကို ထားလိုက်ပါဦးတော့။ ကမ္ဘာ့ ကမ္ဘာ သံသရာဝယ် ဒါနဟု ခေါ်သော အကျင့်ကောင်း တမျိုးသာ မရှိပါမူ ဂင်္ဂါဝါဠု သဲစုမကသော ဘုရားရှင်များ ဧကန် ပွင့်တော်မူခွင့် ရကြမည် မဟုတ်ပါ။ “ဖွတဲ့ လွှဲစေ ဖယ်စေ” ယခုအချိန်မှစ၍ နောက်နောက်အခါ ကမ္ဘာ အသစ်အသစ်တို့၌ ဒါနကို ပစ်ပယ်လိုသူများ မဖြစ်ပေါ်ရစ်ပါစေသား။

ဒါနအစွမ်း၊ လက်ရုံးတန်းဖို့၊ ဆုံးခန်းရောက်ဖွယ်၊ ဤကျမ်းငယ်က၊ အဘယ်ထုတ်ချောက်၊ ရေးသားလောက်လိမ့်၊ နှိုင်းထောက်ကြံချယ်၊ ဉာဏ်မမယ်တို့၊ စိတ်ဝယ်ဝိုးဝါး၊ မထင်မှားနှင့်၊ ဘုရားဆူဆူ၊ ဒါနကူမှ၊ သုံးလူသင်းကျစ်၊ ဧကန်ဖြစ်၍၊ အသစ်တရား၊ ဟောဖော်ထားလျက်၊ အများဝေနေ၊ ကျွတ်လွတ်စေ၏၊ ထွေထွေများမြောင်၊ ဒါနဆောင်သော်၊ ပြောင်တလက်လက်၊ အရောင်ထွက်သို့၊ ခေါင်ထက်ခေါင်နင်း၊ ဖြစ်ကြခြင်းနှင့် ယင်းသည့်ဒါန၊ မပါကြသည့်၊ ဒုက္ခသည်စု၊ တွေ့တိုင်းရှု၍၊ လူမှုအားကိုး၊ ဒါနမျိုးကို၊ ပျိုးလေ ဆန်းဆန်း၊ နေ့စဉ်လန်းအောင်၊ ကျွတ်တမ်းဝင်လိုဘိမူကား။ "