ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ဝိရတိ ၃-ပါး အကြောင်း
ဝိရတိ ၃-ပါး အကြောင်း၊
သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ
ဤ ဝိရတိ စေတသိက် ၃-ပါးကို လေ့လာရာ၌ ရှေးဦးစွာ ဒုစရိုက် ၁၀-ပါးကို နားလည်ပြီး ဖြစ်ရမည်။ ဤကျမ်း၌ကား ဒုစရိုက်များကို မပြောတော့။]
ထိုဒုစရိုက်များကို အသက်မွေး ဝမ်းကျောင်းနှင့် ဆိုင် မဆိုင် ၂-မျိုး ခွဲရာ၏။ ထိုတွင် သူ့အသက်ကိုသတ်ရာ၌ သေသူ၏ဥစ္စာကိုလိုချင်၍ ဖြစ်စေ၊ သူတပါးက ငွေဖြင့်ခိုင်း၍ ဖြစ်စေ၊ မုဆိုးတံငါ အလုပ်ဖြင့် အသက်မွေးနေ၍ဖြစ်စေ သတ်ဖြတ်ခြင်းသည် အသက်မွေး ဝမ်းကျောင်းနှင့် သက်ဆိုင်သော ကာယဒုစရိုက်တည်း။ တစုံတခု ပစ္စည်းကို မမျှော်လင့်ပဲ သက်သက်မုန်း၍ သတ်ခြင်းသည် အသက်မွေး ဝမ်းကျောင်းနှင့် မဆိုင်သော ကာယဒုစရိုက်တည်း။ အခြား ဒုစရိုက်တို့၌လည်း ရထိုက်သလို ခွဲခြားရာ၏။
ပစ္စည်းရမှုအတွက် မုသား သက်သေလိုက်ခြင်း၊ မတရား ရှေ့နေ လိုက်ခြင်း၊ ကွက်စိပ်ဆရာ လုပ်၍ မမှန်သော ဒဏ္ဍာရီ ဇာတ် ဝတ္ထု ပြောဆိုခြင်းသည် အသက်မွေးဝမ်းကျောင်းနှင့် သက်ဆိုင်သော ဝစီဒုစရိုက်တည်း။ ပစ္စည်း တစုံ တရာကို မမျှော်လင့်ပဲ သက်သက် မုသားပြောခြင်း၊ ရန်တိုက်ခြင်း၊ ကြမ်းကြမ်း တမ်းတမ်းပြောခြင်း၊ မမှန်သော ဒဏ္ဍာရီ ဇာတ် ဝတ္ထုခြင်းများသည် အသက်မွေးဝမ်းကျောင်းနှင့် မသက်ဆိုင်သော ဝစီဒုစရိုက်တည်း။
ဝိရတိ
ထို ကာယ ဒုစရိုက်၊ ဝစီ ဒုစရိုက် အမှုတို့မှ ရှောင်ကြဉ်ခြင်းသဘောသည် ဝိရတိမည်၏။ မုသားစကားပြောခွင့် (ဝစီဒုစရိုက် ဖြစ်ခွင့်) ကြုံလာသောအခါ “မပြောတော့ပါဘူး”ဟု ရှောင်ကြဉ်ရာ၌ ထိုအခွင့်ကြုံလာသော မုသားစကားသည် အသက်မွေး ဝမ်းကျောင်းနှင့် မစပ်ဆိုင်လျှင် သမ္မာဝါစာ ဝိရတိဖြစ်၍ အသက်မွေး ဝမ်းကျောင်းနှင့် စပ်ဆိုင်လျှင် သမ္မာအာဇီဝ ဝိရတိ ဖြစ်၏။ သူ၏ အသက်ကို သတ်ခွင့် (ကာယဒုစရိုက် ပြုခွင့်) ကြုံလာသောအခါ “မသတ်ပါဘူးလေ”ဟု ရှောင်ကြဉ်ရာ၌ ထိုအခွင့် ကြုံလာသော ပါဏာတိပါတမှုက အသက်မွေး ဝမ်းကျောင်းနှင့် မဆိုင်လျှင် သမ္မာကမ္မန္တ ဝိရတိ ဖြစ်၏။ အသက်မွေး ဝမ်းကျောင်းနှင့် ဆိုင်လျှင် သမ္မာအာဇီဝ ဝိရတိ ဖြစ်၏။
ဝိရတိ မဟုတ်သောအရာ
ရှောင်ကြဉ်မှု မပါ၊ ရှောင်ကြဉ်စရာ မရှိပဲ ကောင်းသောစကားကို ပြောဆိုရာအခါနှင့် “ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” စသည်ဖြင့် သီလဆောက်တည်ရာ အခါတို့၌ သမ္မာဝါစာ (ကောင်းသော စကား)ဟု ဆိုနိုင်ပါ၏။ ကုသိုလ် စေတနာတွေ ဖြစ်၏။ ရှောင်ကြဉ်စရာ မပါပဲ အပြစ်မရှိသော အလုပ်အကိုင်ကိုပြုနေရာအခါ၊ ဒါနပြုနေရာအခါ၊ ဘုရားဖူး တရားနာစသောအခါတို့၌ သမ္မာကမ္မန္တ (ကောင်းသောအလုပ်)ဟု ဆိုနိုင်ပါ၏။ ကုသိုလ် စေတနာတွေ ဖြစ်၏။ ရှောင်ကြဉ်စရာ မပါပဲ မိရိုးဖလာ ကောင်းရောင်း ကောင်းဝယ် ကုန်သွယ် လယ်လုပ်ခြင်း စသော အမှုများဖြင့် အသက်မွေးရာ၌ သမ္မာအာဇီဝ (ကောင်းသော အသက်မွေးမှု)ဟု ဆိုနိုင်၏။ သို့သော် ရှောင်ကြဉ်မှု သဘော မပါသောကြောင့် ထိုသမ္မာဝါစာ စသည်တို့ကို ဝိရတိ စေတသိက်ဟု မမှတ်ရ။ ရိုးရိုး ကုသိုလ် စေတနာများသာ ဖြစ်သည်ဟု မှတ်ပါ။
သမာဒါန၊ သမ္ပတ္တနှင့်၊ သမုစ္ဆေဒ တလီ၊ သုံးမျိုးစီ၊ နာမည် ထပ်၍ဖြာ။
သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝဟု ၃-မျိုးပြားသော ထိုဝိရတိသည် တမျိုးတမျိုးလျှင် သမာဒါနရတိ၊ သမ္မတ္တရတိ၊ သမုစ္ဆေဒဝိရတိဟု ၃-မျိုးစီ ပြား၏။ ထို၃-မျိုးတွင် သီလ ဆောက်တည်သော အားဖြင့် ဒုစရိုက်အမှုမှ ရှောင်ကြဉ်ခြင်းသည် သမ္မာဒါနဝိရတိတည်း။ သတ်ဖို့ နွားတကောင် ရောက်နေရာ မသတ်တော့ပါဘူးဟု ကြံပြီးလျှင် “ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ”ဟု ဆောက်တည်လျှင် ဆောက်တည်နေတုန်းမှာလည်း သမာဒါနဝိရတိ ဖြစ်နိုင်သည်။
ရှေးတုန်းက ဥပါသကာ တယောက်သည် မထေရ်တပါးအထံ သီလခံယူ ပြီးနောက် ပျောက်သော နွားကိုရှာစဉ် တောင်ပေါ်သို့အရောက်တွင် စပါးကြီးမြွေက ခြေကိုပတ်သောကြောင့် ဓားဖြင့် ခုတ်မည်ဟု ကြံပြီးမှ သီလကိုသတိရ၍ မသတ်ပဲ ရှောင်လေသည်။ သီလတန်ခိုးကြောင့် မြွေကြီးကလည်း လွှတ်သွားလေ၏။ ဤဝတ္ထု၌ သီလဆောက်တည်ထားသဖြင့် မသတ်ပဲ ရှောင်ကြဉ်သောကြောင့် သမာဒနဝိရတိဖြစ်၏။ ဤသို့လျှင် သီလဆောက်တည်နေတုန်းမှာ ဖြစ်စေ၊ ဆောက်တည်ပြီးနောက် ဖြစ်စေ ရှောင်ဖွယ် ဒုစရိုက်မှ ရှောင်ကြဉ်လျှင် သမာဒါနဝိရတိ ဖြစ်သည်။ [သမာဒါန=သီလဆောက်တည်ထားခြင်း+ဝိရတိ= မကောင်းမှုမှ ရှောင်ခြင်း။]
သီလဆောက်တည် မထားပဲ ရုတ်တရက် တွေ့ကြုံလာသောအခါ ရှောင်ကြဉ် မှုသည် သမ္မတ္တဝိရတိ မည်၏။ သီဟိုဠ်ကျွန်း၌ “စက္ကန” ဥပသကာသည် ငယ်ရွယ်စဉ်အခါက မကျန်းမာသော မိခင်မှာ လတ်ဆတ်သော ယုန်သား ဓာတ်စာ ကျသောကြောင့် တောထဲသို့ ယုန်ရှာထွက်လေသော် ကောက်နု ကလေးတွေ စားမည် လာသော ယုန်ငယ်ကို ဖမ်းမိ၍ သတ်တော့မည် ကြံပြီးမှ သနားသဖြင့် မသတ်ပဲ ရှောင်ကြဉ်၍ ယုန်ငယ်ကို လွှတ်လိုက်လေသည်။ အိမ်ပြန် ရောက်သောအခါ မိခင်အား ဖြစ်ပျက်ပုံအကြောင်းစုံကို ပြောပြ၍ “ကျွန်ုပ်သည် နားလည်သော အရွယ်မှစ၍ သူ၏အသက်ကို သေစေလိုသော စေတနာဖြင့် မသတ်ခဲ့ဘူး”ဟု သစ္စာစကားပြောလေ၊ သူ၏သစ္စာအစွမ်းကြောင့် မိခင်၏ ရောဂါလည်း ပျောက်ကင်းလေသည်။ ဤဝတ္ထု၌ သီလ မဆောက်တည်ပဲ ရုတ်တရက် တွေ့၍ ရှောင်ကြဉ်သောကြောင့် သမ္မတ္တဝိရတိ ဖြစ်သည်။ [သမ္မတ္တ= တိုက်ဆိုင်လာသော (ရုတ်တရက် တွေ့ကြုံလာသော) မကောင်းမှု ဒုစရိုက်မှ + ဝိရတိ=ရှောင်ကြဉ်ခြင်း။]
မဂ်ကို ရသောအခါ ကိလေသာဓာတ် လုံးဝ ကင်းပြတ်အောင် ရှောင်ကြဉ်သောကြောင့် မဂ်စိတ်၌ ပါသော ဝိရတိသည် သမုစ္ဆေဒ ဝိရတိ မည်၏။ [သမုစ္ဆေဒ-ကိလေသာ အနုသယဓာတ်တို့ကို အကြွင်းမရှိအောင် ဖြတ်လျက်+ ဝိရတိ-ရှောင်ကြဉ်မှု။] ဤသို့လျှင် သမ္မာဝါစာ စသော မူလ ဝိရတိစေတသိက် ၃-မျိုး၌ တမျိုးတမျိုးလျှင် သမာဒါနဝိရတိ စသည်ဖြင့် ၃-မျိုး ကွဲပြား နိုင်ကြ ပေသည်။
နိဂုံး
ဤမျှလောက်သော စကားအစဉ်ဖြင့် ကိုယ်ကျင့်အတွက် လူများ သိဖွယ်ရာ စိတ်ကို ကောင်းအောင် ခြယ်လှယ် စေတသိက်များ ပြီးဆုံးပါပြီ။ ယခုအခါ မိမိ၏စိတ်ကို ကောင်းအောင် ခြယ်လှယ်သော စေတသိက်များနှင့် (ဒုတိယအခန်း၌ ပြခဲ့သော) မကောင်းအောင် ခြယ်လှယ်တတ်သော စေတသိက်များကို နားလည်ကြပါပြီ။ ထိုသို့နားလည်ပြီးနောက် “အကောင်း မကောင်း ၂-ဘက်တွင် မည်သည့်ဘက်က အဖြစ်များပါလိမ့်မည်နည်း”ဟု စဉ်းစား သင့်၏။
အကောင်း စေတသိက်များကိုပြရာဝယ် “အကောင်းအစစ် မဟုတ်ပဲ သဒ္ဓါ အတု၊ သတိအတု၊ ဟိရီဩတ္တပ္ပအတု” စသည်ဖြင့် အတုတွေ ပါဝင်နေသည်။ မကောင်း စေတသိက်များကို ပြရာ၌ကား မကောင်းသက်သက် အကောင်း မရောယှက်ခဲ့ချေ။ ဤမျှလောက် ခွဲခြားရုံမျှဖြင့် “အကောင်းသက်သက် အဖြစ် နည်း၍ အကောင်း-မကောင်း သောင်းပြောင်းနှင့် မကောင်းသက်သက်တွေ ကသာ ငါတို့သန္တာန်၌ အဖြစ်များနေပါတကား”ဟု စဉ်းစားမိလောက်ပြီ။
ထိုသို့ မကောင်းတရားတွေ ဗရပွေ ဖြစ်နေသောကြောင့်သာ သံသရာမှာ ကြာခဲ့ကြရသည်။ ယခုလောက် တတ်သိ နားလည်သော ဘဝမှာပင် မကောင်း တရားတွေ အဖြစ်များစေဦးမည်ဆိုက နိဗ္ဗာန်ရလိုကြောင်း အာပေါက်အောင် ဆုတောင်းနေသော်လည်း အကောင်းဆုံးနိဗ္ဗာန်နှင့် ဧကန် ဝေးကြဦးမည်သာ။ သို့ဖြစ်၍ သူတော်ကောင်း စာရင်းတွင် ပါဝင်လို၊ နိဗ္ဗာန်ကို အမြန် ရလိုသူတိုင်း သူတပါး အထင်ကြီးရုံကောင်းသော သူတော်ကောင်းမျိုးထက် မိမိကိုယ်ကို မိမိအထင်ကြီးသော သူတော်ကောင်းအဖြစ်မျိုးကိုသာ နစ်နစ်ကာကာ အလိုရှိ ကြပါကုန်။ ငါ၏အတွက်ကား ပရိယာယ်သဘော မာယာသာဌေယျမနှောသော စင်းလုံးချော စိတ်ကောင်းစိတ်ထက်သာ ဘဝတိုင်း ဖြစ်ရလို၏။ ငါ၏ အဆက် အသွယ် ကြီးကြီးငယ်ငယ်များလည်း တကယ်စင်စစ် သူတော်ကောင်းဖြစ်အောင် ထူထောင်နိုင်ကြပါစေသောဝ်။
စိတ်ကောင်းဖြစ်မှု၊ ခြယ်လှယ်ပြုသည့်၊ ယခု ညွှန်ကြား၊ စေတသိက်များကို၊ ခွဲခြမ်းစုပေါင်း၊ စိတ်စက်ကောင်းဖြင့်၊ နှစ်ထောင်းအားရ၊ ရေး-ပုညကြောင့်၊ ရှုကြသူပေါင်း၊ စိတ်ယုတ်ပြောင်း၍၊ စိတ်ကောင်းရစေ၊ ငါ့အနေမူ၊ မသွေဖြောင့်တန်း၊ နိဗ္ဗာန်လှမ်းဖို့၊ စိတ်စွမ်းထက်မြက်၊ ဆင့်ဆင့်တက်သား၊ အဆက် အသွယ်၊ ကြီးကြီးငယ်လည်း၊ ငါ့နှယ်နည်းတူ၊ စိတ်ကောင်းယူသည်၊ နိဗ္ဗူထုတ်ချောက်၊ ရောက်ရန်သောဝ်။
စိတ်ကို ကောင်းအောင် ခြယ်လှယ်သော စေတသိက်များ ပြီးပြီ။