ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/အာရုံ ၅-ပါးအကျယ်
အာရုံ ၅-ပါးအကျယ်
အာရုံ
“အာရမ္မဏ”ဟူသော ပါဠိကို မြန်မာလို “အာရုံ”ဟု ပြန်ထားကြ၏။ “စိတ်၏ မွေ့လျော်ရာ”ဟု ဆိုလိုသည်၊ မည်သည့် စိတ်မဆို အာရုံတခုခုနှင့် ကင်း၍ မဖြစ်နိုင်၊ အာရုံ ရှိမှသာ စိတ် ဖြစ်နိုင်သည်။ ထို့ကြောင့် အာရုံဟူသမျှသည် စိတ်၏ ပျော်မွေ့ရာဖြစ်သည်၊ ထိုအာရုံများတွင် အဆင်း အရောင် ဖြစ်သော ရုပ်တရားကို ရူပါရုံဟု ခေါ်၏၊ အသံရုပ်ကို သူရဲ့ သဒ္ဒါရုံ, အနံ့ရုပ်ကို ဂန္ဓာရုံ, အရသာရုပ်ကို ရသာရုံ, အတွေ့ရုပ်ကို ဖောဋ္ဌဗ္ဗာရုံဟု ခေါ်သည်။ [“ဓမ္မာရုံ”ဟူသည်ကား ရုပ်ချည်းသက်သက် မဟုတ် ရုပ်တချို့နှင့် စိတ် စေတသိက် နိဗ္ဗာန်ပညတ် အားလုံးတည်း။]
ကာမဂုဏ်
ဤအာရုံများတွင် နှစ်သက်ဘွယ်ကောင်းလှသော အဆင်း, အသံ, အနံ့, အရသာ, အတွေ့အာရုံများကို “ကာမဂုဏ်” ဟုလည်းခေါ်၏။ [ကာမ-လိုလား နှစ်သက်အပ်သော+ဂုဏ= ဂုဏ် = အနှောင်အဖွဲ့] ကာမဂုဏ်ငါးပါး အာရုံတရားဟူရာ၌ ဤအဆင်း (ရူပါရုံ)စသော ၅-ပါး ကိုပင် ဆိုသည်။ သို့ဖြစ်၍ မိန်းမတို့၏ အဆင်း, အသံ, အနံ့နှင့် ချက်ပြုတ် ကျွေးမွေးအပ်သော အရသာ, ကိုယ်အတွေ့များသည် ယောက်ျားတို့ အနှစ် သက်ဆုံး ကာမဂုဏ်တည်း၊ ယောက်ျားတို့၏ အဆင်း စသည်များလည်း မိန်းမတို့အတွက် အနှစ်သက်ဆုံးသော ကာမဂုဏ်များ ဖြစ်ကြလေသည်။
ဘာဝရုပ်
ပဋိသန္ဓေတည်စ ပဌမဆုံးခဏ၌ပင် အဖို အမ ကွဲပြားဘို့ရန် ရှေးကံ၏ အစွမ်းကြောင့် ရုပ်တမျိုးစီ ပါရှိခဲ့ကြသည်။ ထိုရုပ်ကလေးများသည် ခန္ဓာကိုယ်တခုလုံး အရပ်ရပ်၌ပင် ရှိကြလေ၏၊ မိန်းမဖြစ်ဘို့ရန် ထိုအနင်းခံရုပ်ကို ဣတ္ထိဘာဝရုပ် ယောက်ျားဖြစ်ဘို့ရန် ထိုအရင်းခံရုပ်ကို ပုရိသဘာဝ ရုပ်ဟု ခေါ်၏၊ သစ်ပင် မျိုးစေ့အလိုက် အကိုင်း အခက် အရွက် အသီးတို့ ထွက်သကဲ့သို့ အတူ ဣတ္ထိဘာဝရုပ်ဟူသော အရင်းခံ မျိုးစေ့ကြောင့် မိန်းမ ပုံသဏ္ဌာန်, မိန်းမ အင်္ဂါ, မိန်းမ အမူအရာများ ဖြစ်လာ၍ ပုရိသ ဘာဝဟူသော အရင်းခံမျိုးကြောင့် ယောက်ျားပုံသဏ္ဌာန်, ယောကျားအင်္ဂါ, ယောကျ်ား အမူအရာများဖြစ်လာရပေသည်။
ဟဒယဝတ္ထု
ဤရုပ်ကား သားမြတ် ၂-ခု အလယ်ဝယ် ရင်ချိုင့် အတွင်းရှိ သွေးများကို ပြန့်နှံ့နေသော ရုပ်တည်း၊ များစွာသော စိတ်ရှိသည် ဤရုပ်ကို မှီ၍ ဖြစ်ကြရ၏၊ [“ဟဒယ-နှလုံး”ဟု မြန်မာပြန်ကြ၏၊ ဆရာဝန်များ ယူကြသော နှလုံးနှင့် နေရာချင်းမတူပါ။]
ဇီဝိတရုပ်
နာမ်တရားတို့၌ အသက်ဟု ခေါ်သော ဇီဝိတိန္ဒြေ စေတသိက် ရှိသကဲ့သို့ ဤ ရုပ်တရားတို့၌လည်း “အသက်”ဟု ခေါ်သော ဇီဝိတရုပ်ရှိ၏၊ သို့သော် ဤ ဇီဝိတ ခေါ်သော အသက်သည် စိတ် ဥတု အာဟာရကြောင့်ဖြစ်ရသော ရုပ်များ၌မပါ ကံကြောင့်ဖြစ်ရသော ရုပ်များ၌သာ ပါ၏။ သတ္တဝါတို့၌ နာမ်ဇီဝိတနှင့် ရုပ် ဇီဝိတ နှစ်ပါးသည် အချုပ် ဖြစ်၏၊ ထိုဇီဝိတ (အသက်) ၂-မျိုးမရှိလျှင် အသေကောင် ဖြစ်ရတော့၏၊ ခန္ဓာကိုယ်၌ရှိနေ ရုပ်တွေ မပုပ်မသိုးဘဲ တည်နေနိုင်သည်မှာလည်း ဤ ဇီဝိတ ခေါ်သော အသက်ရှိနေသောကြောင့် ဖြစ်၏၊ အသေကောင်၌ရှိသော ရုပ်များမှာ ဤ ဇီဝိတခေါ် အသက်မပါခြင်းကြောင့် ပုပ်ရ လေသည်၊ ဤဇီဝိတ ရုပ်လည်း တကိုယ်လုံးမှာ ပြန့်နှံ့လျက်ရှိသည်။
ဩဇာရုပ်
ထမင်း၌ အဆီအနှစ် အစေးရှိ၏၊ ထိုအဆီအနှစ်ကို“ဩဇာ”ဟု၎င်း၊ “အာဟာရ”ဟု၎င်း ခေါ်၏၊ ခန္ဓာကိုယ်၌လည်း ထိုအဆီအနှစ် များပါရှိ၏၊ ချို-ချဉ်-စပ်-ဖန်-အငန်-အခါး, ဤ ခြောက်ပါးကို အရသာ (ရသာရုံ)ဟု ခေါ်၏ ဩဇာကား ထိုအရသာတွင် ပါဝင်သော အဆီအနှစ်တည်း၊ ထိုအဆီအနှစ်သည် ခန္ဓာကိုယ်၌ ရုပ်အသစ်ကို တိုးပွားစေတတ်၏၊ နောက်၌ အကျယ်ပြဦးမည်။]
အာကာသဓာတ်
အာကာသသဒ္ဒါသည် “အကြား” ဟူသော အနက်ကို ဟော၏၊ ရုပ်တို့သည် တခုတည်းခဲ့၍ဖြစ်ရိုး မရှိ၊ အနည်းဆုံး ဂ-ခု၊ ၉-ခု စသည် ပူးတွဲ၍ ဖြစ်ရိုးတည်း၊ ထိုကဲ့သို့ ပူးတွဲဖြစ်ကြသော ရုပ်တစု တစု ကို“ကလာပ်တစည်း”ဟု ခေါ်၏၊ (ကလာပ်ဖွဲ့ပုံနောက်၌ပြမည်။) လက်ချောင်း ၂-ခု ပူးကပ်ညပ်နေသော်လည်း အလယ်၌ အကြား အာကာသ ရှိသကဲ့သို့ ထို့အတူ ဤခန္ဓာကိုယ်၌ ရုပ်ကလာပ် ကလေးတွေ ပြည့်ညပ်နေသော်လည်း ကလာပ် တခုနှင့်တခုမှာ အကြားရှိသေး၏၊ ထိုအကြားကိုပင်“အာကာသဓာတ်”ဟု (ရုပ်တမျိုးအနေဖြင့်) သမုတ်ထားသည်၊ စင်စစ်မှာ ထင်ရှားရှိနေသော ရုပ်အစစ်မဟုတ်၊ ရုပ်ကလာပ် ၂-ခု ပေါင်းမိမှ အလိုလို ထင်ရှားသော ပညတ် တမျိုးသာဖြစ်သည်။
ကလာပ်ခေါ်ပုံ
ယခုအခါ မြို့ကြီးတို့၌ လူအများစုပေါင်းထားသောအဖွဲ့ တမျိုးကို “ကလာပ်”ဟု ခေါ်၏။ “ကလာပ်” ဟူသော နာမည်သည် အပေါင်းအစု၏ နာမည်တည်း။ ပြခဲ့သော ရုပ်ကိုလည်း တခုစီ တခုစီခွဲ၍ ဖြစ်ရိုးမရှိ ပေါင်း၍ ရစကောင်းသော ရုပ်ကလေးများအချင်းချင်း စုပေါင်းတွဲစပ်၍ ဖြစ်ရိုးရှိသည်။ ထိုသို့ အတူဖြစ်ဘက် အတူပျက်ဘက် ရုပ်အစုကို “ကလာပ်တစည်း”ဟု မှတ်ပါ၊
အမြဲတွဲနေသော ရုပ် ၈-မျိုး
ပထဝီ အာပေါတော ဝါယော ဟူသော မဟာဘုတ်ကြီး-၄-ပါးနှင့် ဝဏ္ဏ (အဆင်း) ဂန္ဓ (အနံ့) ရသ (အရသာ) ဩဇာ (အဆီ အနှစ်) ဤ ၄-ပါးသည် အမြဲတွဲနေသော ရုပ်ပေါင်းတည်း၊ ဘယ်နေရာ ဘယ်ဌာနမှ ထိုဂ-ပါးတို့ ကွဲပြားလျက် မရှိ, မြေထဲ၌ ရှိရှိသမျှ မြေမှုန့်တို့သည် ထိုရုပ် ဂ-ပါး အပေါင်းချည်း သာတည်း၊ မြေကြီး၌ အဆင်း (ဝဏ္ဏရုပ်)ပါ၏၊ နမ်းကြည့်လျှင် အနံ့တမျိုးမျိုးရှိ၏၊ စားကြည့်လျှင် အရသာ တမျိုးမျိုးရှိ၏။ ထိတွေ့၍လည်း ရကောင်း၏၊ မြေကြီး၌သာ မဟုတ် ရေ၌လည်း ဤရုပ် ဂ-ပါး, လေ၌လည်း ဤရုပ် ဂ-ပါး၊ မီးပူ နေပူ မီးရောင် နေရောင် စသည်တို့၌လည်း ဤရုပ် ဂ-ပါးတို့ ပေါင်း၍ ဖြစ်ကြလေသည်။
ကလာပ်တခု၏ ပမာဏ
ထိုကလာပ်ကခုသည် အလွန်သေးငယ်၏။ စိတ်နိုင်သမျှစိတ် မှုန့်နိုင်သမျှ မှုန့်နေသော မြူမှုန့်ကလေး၌ပင် ကလာပ် အမျိုးပေါင်း အလွန်များစွာ ပါရှိ၏၊ ပလက် မျက်စိဖြင့် ကြည့်၍မမြင်ရ၊ အလွန် အားကောင်းသော မှန်ဘီလူးဖြင့် ချဲ့ထွင်၍ ကြည့်မှသာ မြင်ရသော ပိုးကောင်ကလေး၌ ကံကြောင့်ဖြစ်သော ရုပ်ကလာပ်များစွာ၊ စိတ်ကြောင့် ဥတုကြောင့် အာဟာရကြောင့်ဖြစ်သော ရုပ်ကလာပ်ကလေးတွေ အလွန်များစွာ ပါရှိလေရကား၊ ကလာပ်တခုပမာဏသည်“မည်မျှသေးငယ်သည်”ဟုပြောပြ၍ မဖြစ်နိုင်အောင်ပင် သေးငယ်လှလေသည်၊ ဤကလာပ်အမျိုးများ နာမည်များကို သိလိုလျှင် သင်္ဂြိုဟ်ကျမ်းများကို ကြည့်ရှုလေ။]
အကြောင်း၎င်း-ပါးတို့ ပြုပြင်နေပုံ
ဤနေရာဝယ် ဓာတ်ကြီး ၄-ပါးကို စုပေါင်း နေပုံနှင့် ကံ စိတ် ဥတု အာဟာရကြောင့် ရုပ်တို့ ဖြစ်ရကြောင်းကို ထင်ရှားစေရန် ထပ်၍ ရှင်းပြပါဦးမည်။ ရှေးဦးစွာ မြေကြီးဖြင့် ပြုလုပ်အပ်သော လူရုပ် ကလေးကို စဉ်းစားကြဖို့ .. မြေမှုန့်တွေချည်း သက်သက် လူရုပ်ဖြစ်နိုင်မလား မဖြစ်နိုင်၊ မြေမှုန့်ချည်း သက်သက်ထားလျှင် လေတိုက်သဖြင့် လွင့်သွားလိမ့်မည်။ သို့ဖြစ်၍ လွင့်မသွားနိုင်အောင် ရေဆွတ်ပေးရလိမ့်မည်။ မြေနှင့် ရေ ပေါင်းရုံဖြင့်လည်း လူရုပ်ဖြစ်ဘို့ မဆိုထားဘိ၊ စည်းစည်းလုံးလုံးပင် မဖြစ်နိုင်၊ ထို့ကြောင့် စည်းလုံး မိအောင် စုပေးရဦးမည်၊ ထိုမျှဖြင့်လည်း လူရုပ်မဖြစ်နိုင်သေး ရေဆွတ်ထားသဖြင့် စိုစွတ်နေသောရွံ့ကို အရုပ်လုပ်ဖြစ်ရုံ ခပ်ထန့်ထန့်ဖြစ်အောင် နေလှန်း ပေးရဦးမည်၊ ထိုသို့ မြေဓာတ် ရေဓာတ် လုံးထွေးမိအောင် ပြုပေးသော လေဓာတ်, အပူ(မီး)ဓာတ်တို့ဖြင့် သင့်တင့်ညီမျှနေသော ရွှံ့ကိုမှ အရုပ်ပြုလုပ် တတ်သူက အရုပ်လုပ်သောကြောင့် လူရုပ်ကလေး ဖြစ်လာရလေသည်၊ ဤကား ဥပမာသဘောအားဖြင့် ပြောပြခြင်းသာတည်း။
ကံစီမံပုံ
ထို့အတူ ပထဝီဓာတ်ချည်းသက်သက် ခန္ဓာကိုယ်မဖြစ်နိုင်၊ ပထဝီဓာတ် လွှင့်မသွားအောင် အာပေါဓာတ်က စိမ့်စိုလျက် ရှိရ၏။ စိုထိုင်းထိုင်း မရှိရအောင် တေဇာဓာတ်က အငွေ့ပေးလျက် ရှိရ၏။ တဖွဲ့စီ တဖွဲ့စီ(တကလာပ်စီ) တွဲမိအောင် ဝါယောဓာတ်က တွန်းထိုးဖိညှပ်လျက် ရှိရ၏၊ ထိုဓာတ်ကြီး ၄-ခု အစုအဖွဲ့၌ မကင်းကောင်းသော ဝဏ္ဏ ဂန္ဓ ရသ ဩဇာတို့ ပါရှိကြ၏၊ ထိုသို့ ရုပ်ကလာပ်များစွာတို့ ပူးပေါင်းမိသောအခါ (တော်စွာ လျော်စွာ မပူးပေါင်းဘဲ) ရှေးက လူရုပ်ဖြစ်အောင် လုပ်နိုင်သော ကံစီမံချက်အတိုင်း “လူကိုယ်ကောင်” ဖြစ်အောင် ပူးတွဲမိကြလေသည်။
ထိုကဲ့သိုကံက စီမံရာ၌ ကံပြုစဉ်က စိတ်အနေအထားလိုက်၍ ယောကျ်ား သဏ္ဌာန် မိန်းမ သဏ္ဌာန် ပေါ်အောင်လည်း စီမံရ၏၊ အကုသိုလ်ကံ အလိုက် ငရဲသဏ္ဌာခန့် ပြိတ္တာသဏ္ဌာန်များကိုလည်း စီမံရ၏၊ ကုသိုလ်ကံ ကောင်းမကောင်းကို လိုက်၍ လှပသောဏ္ဌာန်, မလှပ သဏ္ဌာန်များကိုလည်း စီမံရ၏၊ အကုသိုလ်ကံကြောင့် တိရစ္ဆာန်သဏ္ဌာန်ကို ရသော်လည်း ရှေးကုသိုလ် ကံများက အခွင့်သာလျှင် တိရစ္ဆာန်လှလှကလေးဖြစ်အောင် ကျွေးချင် မွေးချင်စရာကောင်းအောင် စီမံပြန်၏၊ ကုသိုလ်ကံကြောင့် ဖြစ်သော်လည်း အကုသိုလ်ကံက မလှမပ ဖြစ်အောင် သူတပါး ရွံ့မုန်းအောင် ပေးကမ်းချင် သူနည်းအောင် စီမံပြန်၏။ ဤသို့လျှင် ကံတရားသည် မိမိစွမ်းအားရှိသလောက် ဤခန္ဓာကိုယ်(ရုပ်) တရားကြီးကို ပဋိသန္ဓေတည်စ အမိဝမ်းတွင်းကစ၍ စီမံ ဖန်တီးထားလေသည်။ ဤကံကြောင့်ဖြစ်သောရုပ်ကို “ကမ္မဇရုပ်”ဟု ခေါ်၏။)
စိတ်ကပြုပြင်ပုံ
ကံစီမံထားသော ထိုရုပ်ကြီးကို စိတ်ကလည်း ထပ်မံ၍ပြုပြင် ပြန်၏၊ စိတ်၏အလိုအတိုင်း ထိုင်ရ အိပ်ရ ရပ်ရ သွား၏။ သွားလိုသောစိတ် ဖြစ်သောအခါ စိတ္တဇရုပ်တို့သည် တကိုယ်လုံးပြန့်နှံ့လျက် ဖြစ်၏၊ ထိုစိတ္တဇရုပ်များ၌ ဝါယောဓာတ်သည် ခါတိုင်းထက် သတ္တိကောင်း၏၊ ထိုပါယောဓာတ်အစွမ်းကြောင့် တကိုယ်လုံး လှုပ်လှုပ်ရွရွဖြစ်၏၊ ဝါယောဓာတ် လွန်ကဲသော ရုပ်ကလာပ်တွေများသည်ထက်များလာသောအခါ ရွေ့ကာ ရွေ့ကာ သွားလာသကဲ့သို့ ဖြစ်၏၊ ထိုဓာတ်အစွမ်းကြောင့် ရွေ့ကာ ရွေ့ကာဖြစ်ရာ၌ (ရွေ့ချင်တိုင်း မရွေ့ဘဲ စိတ်အလိုကျအောင်) ရွေ့ကြရလေသည်။
ဤနေရာ၌ “ရွေ့ကာရွေ့ကာ ဖြစ်ခြင်း”ဟူသော စကားကို ထပ်၍ ထင်ရှား စေဦးအံ့-ယခုကာလ ရုပ်ရှင်ရိုက်ကူးရာ၌ လူတယောက်၏ ခြေလှမ်း၍ သူသွားနေပုံ ပေါ်လာအောင် သားငယ်ကလေးပေါင်း များစွာရိုက်ကူးရ၏၊ ပဌမကား၌ ရပ်နေပုံသာ ပါသေး၏၊ ဒုတိယ တတိယ စသော ကားများ၌လည်း ထူးခြားခြင်းမရှိလှသေး၊ ကားပေါင်း အတော်များမှ ကြွသလို ပေါ်လာ၏၊ ထိုနောက်လည်း ကားပေါင်း အတော်များမှ ခြေကို မြှောက်သလို ပေါ်လာ၏၊ ဤသို့ သွားနေပုံ ပေါ်လာအောင် ကားပေါင်းများစွာ ဆက်ရလေသည်။ ထိုကားပုံကလေးများသည် တကယ့်လူ၏ အနေအထားကို အဆက်ဆက် ထင်ရှားစေသော ပုံကလေးများတည်း။
ထိုကြောင့်“လူသွားသည်”ဟု ဆိုရာ၌ သွားလိုသော စိတ်ကြောင့် ပဌမ ဖြစ်သောရုပ်များ မသွားသေး မတ်တတ်ရပ်လျက် ရှိသေး၏၊ သို့သော် ပဌမ ရုပ်ကလာပ်၌ ပါဝင်သော ဝါယောဓာတ်အစွမ်းကြောင့် မငြိမ်သက်သော အမူအရာ ဖြစ်လာ၏၊ ထို့ကြောင့် ဒုတိယ ရုပ်စုသည် ပဌမရုပ်စု၏နေရာ၌ ထပ်၍ မဖြစ်ဘဲ ထိုနေရာနှင့် ဆက်စပ်နေသော ဒုတိယနေရာ၌ ဖြစ်၏၊ ဤသို့လျှင် နောက်နောက် ဖြစ်ကြသော ရုပ်ကလာပ်စုက နေရာရွှေ့၍ရွှေ့၍ ဖြစ်နေကြရာဝယ် (မျက်စိတမှိတ်ခန့်အတွင်း၌ ကုဋေ တသိန်းခန့်မက စိတ်ဖြစ်လျှင် စိတ္တဇ ရုပ်လည်း ကုဋေတသိန်းမက အထပ်ထပ်ဖြစ်သောကြောင့်) မျက်စိတမှိတ်ခန့် အချိန်အတွင်းမှာပင် သွားနေသော ပုံသဏ္ဌာန် ထင်ပေါ်လာလေသည်။
ထို့ပြင် “စိတ်ပျိုတော့ ကိုယ်နု” ဆိုသည့်အတိုင်း စိတ်ချမ်းသာသူ၌ ကြည်လင်သော စိတ္ထဇရုပ်များဖြစ်၍, ချစ်ချစ်ခင်ခင် စကားပြောနေသောအခါဝယ် မျက်နှာများ ကြည်လင်၏၊ ထိုက်တန်သမျှ ကျန်းမာအောင် ကြည်လင်သောစိတ်က စွမ်းဆောင်နိုင်၏၊ “စိတ်ထောင်းတော့ ကိုယ်ကြေ”ဟု ပြောဆိုရိုး ရှိသည့်အတိုင်း စိတ်မချမ်းသာလျှင် စိတ်ကြောင့် ဖြစ်သော ရုပ်များ ညှိုးနွမ်း၏ စကားပြောမတဲ့၍ စိတ်မကောင်းသောအခါ၌ ချိုနေသောမျက်နှာသည်ပင် ချက်ခြင်း ပျက်တော့၏။
အိမ်တဆောင်ကို မီးလောင်လျှင် နီးကပ်နေသော အခြားအိမ်များလည်း လောင်ရသကဲ့သို့ စိတ္တဇရုပ်က ညှိုးနွမ်း ပူလောင်နေလျှင် ဆက်စပ်နေသော ကမ္မဇ, ဥတုဇ, အာဟာရဇ ရုပ်များလည်း ပူလောင်ရတော့၏။ ထို့ကြောင့် အလွန့်အလွန် စိတ်မချမ်းသာသူသည် အရွယ်နှင့် မတန်အောင် အိုဆိုး၍, ထိုထက်ပူပန်လာသောအခါ နှလုံးကွဲ၍ စုတေရလေတော့၏။ ဤသို့လျှင် ခန္ဓာ ကိုယ်ကို ပဋိသန္ဓေကစ၍ စိတ်ကလည်း ပြုပြင်လျက်ရှိလေသည်။
ဥတုက ပြုပြင်ပုံ
ဥတုကလည်း ရုပ်ကိုပြုပြင်နိုင်၏၊ သာယာသော ဥတု၌ နေထိုင်လျှင် ရုပ်ကြည်လင်၏ ကျန်းမာ ဝဖြိုး၏။ သန့်ရှင်းသော အိပ်ရာနေရာ အဝတ်များကို ဝတ်လေ့ရှိသူ၌ ထိုအဝတ်မှ တွေ့ထိသော ဥတုကြောင့် သန့်ရှင်းသော ဥတုဇရုပ်များ တိုးပွားသဖြင့် ကျန်းမာ ကြည်လင်၏။ ထို့ကြောင့် အမြဲသန့်ရှင်းနေသော အဝတ် အိပ်ရာ နေရာများကို သုံးစွဲခြင်းသည် ကျန်းမာဘို့ အကြောင်း နည်းကောင်း အစစ်ပင်တည်း၊ မသန့်ရှင်းသော အဝတ် အိပ်ရာ နေရာများကို သုံးစွဲသူ၌ကား မကောင်းသော ဥတုဇရုပ်များ တိုးပွားသဖြင့် ကျန်းမာရေး ဆုတ်ယုတ်ပျက်ပြား၏၊ တောတောင် သစ်ပင်တို့သည် မိုယ်ကျသောအခါ၌ ဥတုကောင်းနှင့် တွေ့ရ၍ တိုးတက် ပြန့်ပွား စည်ကားကြ၏။ နွေဥတုကျသောအခါ မကောင်းသော ဥတုနှင့်တွေ့၍ ညှိုးနွမ်းခြောက်သွေ့ကြရလေသည်။ ဤသို့လျှင် ဥတုကလည်း ခန္ဓာကိုယ်ကို အမိ ဝမ်းတွင်း အောင်းနေစဉ်က စ၍ ပြုပြင်နေရကား ဥတုအလိုက် သစ်ပင်တောတောင်တို့ ပြောင်းလွှဲပုံကိုကြည့်၍ မိမိကိုယ်၌လည်း ဥတု ကောင်းမကောင်း လိုက်၍ ဥတုဇရုပ်များ ပြောင်းရပုံကိုသတိပြုပါကုန်။
အာဟာရ ပြုပြင်ပုံ
စားသမျှ အစာ၌ (သောက်ရေ၌ပင်)ပါရှိသော ဩဇာသည် ရုပ်ကိုဖြစ်စေနိုင်၏၊ မိမိနှင့်သင့်သော အစား အသောက်နှင့် ဆေးများသာ စားသောက်သုံးစွဲလျှင် ကောင်းသောရုပ်များ တိုးပွား၍ ဝဖြိုးကြည်လင် စည်ပင်ကျန်းမာ၏၊ မသင့်တော်သော အစား အသောက်နှင့် ဆေးများကို သုံးစွဲစားသောက်မိလျှင် မကောင်းသောရုပ်များ တိုး၍ ညှိုးနွမ်းသွေ့ခြောက် ရောဂါရောက်ရသည်မှာ မျက်မြင်ပင် ဖြစ်ကြသကဲ့သို့ သင့်တော်သော အစားအသောက်နှင့် ဆေးများကို သုံးစွဲစားသောက် လေ့ရှိသူတို့ အသက်ရှည်ကြ အနာကင်းကြသည်မှာလည်း မျက်မြင်ပင်ဖြစ်သည်။
အမိဝမ်းကွင်း သန္ဓေတည်နေစဉ်မှာလည်း ကိုယ်ခန္ဓာကလေး ထင်ရှားသည်က စ၍ အမိစားသမျှ အစာသည် သူငယ်၏ ကိုယ်အတွင်းသို့ စိမ့်ဝင်၏၊ ထိုအခါ ကလေး၏ကိုယ်၌ အာဟာရကြောင့် ရုပ်များ တိုးပွားကြ၏။ ထို့ကြောင့် မိမိကလေး၏ ကျန်းမာရေးကို လိုလားသော မိခင်တိုင်းပင် ကိုယ်ဝန်ရှိသည်က စ၍ ကလေးနှင့် မသင့်တော်သော အစာအာဟာရများကို အထူးရှောင်ကြဉ် ကြရသည်၊ အမိသည် အကြင်အစား အသောက်ကို စားသောက်၏၊ ထိုအစား အသောက်ဖြင့် အမိဝမ်း၌ တည်နေရသော ကိုယ်ဝန်သူငယ် ကလေးသည် မျှတရရှာ၏၊ (အမိစားအစာသည် ချက်ကြိုးမှစိမ့်၍ ကလေးကိုယ်၌ ပြန့်နှံ့၏)ဟု ကျမ်းစာတို့၌ဆိုသည်။
ယခုအခါ၌ကား ကျန်းမာရေးကို အတော်နားလည်သော ဆရာတို့၏ ညွှန်ကြားချက်ဖြင့် သန္ဓေရှိသည်ကစ၍ မိခင်သည် အားရှိသောအစာကို စားရ၏၊ ကြမ်းကြမ်းတန်းတန်း သွားလာမှုကို သတိပြုရ၊ မကြာမကြာ ကိုယ်ဝန်ကို ဆိုင်ရာဆရာ့ထံ ပြရ၏၊ အအိပ်အစားမှန်စေရ၏။ မိဘကိုယ်တိုင်က ရောဂါကင်း၍ ထိုကဲ့သို့ ဂရုစိုက်ခြင်းရှိပါမူ ကျန်းမာသော သားသ္မီးတို့က များပေလိမ့်မည်။ ထို့ကြောင့် မိခင် ကိုယ်တိုင်ကလည်း ကလေး၏ဒာဟာရကို ကိုယ်ဝန် ရှိစဉ်ကစ၍ ပြုပြင်ပေးကြပါကုန်။
နိဂုံး
ဤမျှသော စကားအစဉ်ဖြင့် နားလည်သင့်သမျှ ရုပ်တို့၏ အကြောင်းကို ပြခဲ့ပြီ။ ဤသို့ ရုပ်တို့၏ဖြစ်အင်ကို စီစဉ်ရကြောင်း ကောင်းမြတ်သော ပဋိပတ်ကြောင့် ဤကျမ်းစာ ကြည့်ရှုသူတိုင်း ယခုဘဝ ကျန်းမာရေး နောင်သံသရာ၌ နိဗ္ဗာန်မပြောင်းရသေးမှီ ရုပ်ကောင်းရုပ်မွန် ရရေးအတွက် ထက်မြက် ကောင်းမြတ်သော ကံကို ပြုနိုင်ကြပါစေ၊ ငါနှင့်အတူ အတွင်းလူတို့ကား ဖြစ်လေရာ ဘဝ၌ (နိဗ္ဗာန်မရသေးလျှင် ကုသိုလ်ကောင်းမှု ပါရမီပြုရာဝယ်) စိတ်သွားတိုင်း ကိုယ်ပါ၍ လိုရာ ကောင်းမှုများကို အားထုတ်နိုင်လောက်အောင် ကျန်းမာ သန့်ရှင်းသော ရုပ်အဆင်းကို ရရှိကာ ပါရမီတိုးပွားအောင် ကြိုးစားနိုင်ကြ ပါစေ။
“ယခုနောက်နှောင်း ရုပ်ရည်ကောင်းဘို့ ကျိုးကြောင်းစုံလင်, ရုပ်ဖြစ်အင်ကို စီစဉ်ပါရ, ဤပုညကြောင့်, ရှုကြ သသူ များဗိုလ်လူတို့ ခုမူမျှော်တွေးကျန်းမာ ရေးနှင့် နောင်ရေးရုပ်ကောင်း, ရဘို့ကြောင်းဟု ကံကောင်းပြုစေ ငါ့အနေမူ ဘဝေ ဘဝ, ဖြစ်သမျှ၌, ပုည အလုပ် ကြိုးအားထုတ်က, ဤရုပ် ခန္ဓာ ကျန်းခံ့သာ၍ ခိုင်မာစေကြောင်း ဖေါ်အပေါင်းလည်း အကောင်း ဆင်တူ ရုပ်စင်ဖြူသည် နိဗ္ဗူထုတ်ချောက် ရောက်ရန်သောဝ်။
ရုပ်နှင့်စပ်၍ မှတ်ဖွယ်များပြီးပြီး၊