ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သောက အကြောင်း
သောက အကြောင်း
ဝမ်းနည်းမှုကို “သောက”ဟု ခေါ်သည်။ နောက်၌ ပြမည့် ဒေါမနဿ ဝေဒနာ စေတသိက်ကိုပင် ဝမ်းနည်းစရာတွေ့၍ စိတ်မချမ်းမသာ ဖြစ်ရာ၌ “သောက”ဟု ခေါ်ရလေသည်။ ဤ သောကဖြစ်တိုင်း ဒေါသလည်းပါနေသောကြောင့် ဒေါသနှင့်စပ်၍ သောကအကြောင်းကိုလည်း သိသင့်သည်။ သောက၏ ဝမ်းနည်းမှုသည် ယခု လူတို့၌ များပြားလှချေ၏။ မိမိနှင့် ချစ်ခင် နေသော ဆွေမျိုး စသည်တို့ ပျက်စီး၍ ဝမ်းနည်းရခြင်း၊ စည်းစိမ် ဥစ္စာ ပျက်ဆီး ဆုံးရှုံး၍ ဝမ်းနည်းရခြင်း၊ မိမိ၏အကျိုးကို လိုလားသော မိတ်ဆွေများ၌ ဥစ္စာစည်းစိမ်ပျက်၍ ဝမ်းနည်းခြင်းများသည် သောကချည်းတည်း။
ဒေါမနဿ တမျိုး
“သောက”ဟု ထင်မှားနေသော ဒေါမနဿ တမျိုးလည်း ရှိသေး၏။ ချစ်ခင်သူများ ဖျားနာမည်ကို စိုးရိမ်ခြင်း၊ အရပ်တပါး သွားသောအခါ ပြန်ချိန်တန်လျက် မပြန်လာသဖြင့် စိုးရိမ်ခြင်း၊ ကလေးသူငယ် လူမမယ်အတွက် အရာရာမှာ စိုးရိမ်ခြင်း၊ ဤသို့ စသည်ဖြင့် စိုးရိမ်ကြောင့်ကြမှု များရုံတွင်မက၊ “ငါမရှိလျှင် သူတို့တော့ခက်ရစ်တော့ မှာပဲ”ဟု နောက်ဆက်တွဲ စိုးရိမ်မှုတို့မှာ သောကမဟုတ်၊ ရိုးရိုးဒေါမနဿသာတည်း။
စိုးရိမ်လို့ အကျိုးရှိရဲ့လား
ပြခဲ့သော စိုးရိမ်မှုများသည် သက်သက်သာသာ ဖြစ်ကြသည် မဟုတ်။ စိတ်နှလုံးကို ထိခိုက်စေ၍ လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းခြင်း၊ ပူပန်ခြင်းဖြင့် ဖြစ်ကြရသည်။ ထိုမျှလောက် စိတ်ပန်း-ကိုယ်ပန်း မချမ်းမမြ စိုးရိမ်ကြောင့်ကြမှုကြောင့် တစုံတခုကောင်းကျိုး ရလျှင် တော်ပါသေး၏။ စင်စစ်မှာ စိတ်နှလုံး၏ ပူလောင်ခြင်းမှတပါး ကောင်းကျိုးဘက်က တချက်မျှ မရှိချေ။ ထို့ကြောင့် မည်သူ့အတွက်ဖြစ်ဖြစ် အကျိုးမဲ့ အချည်းနှီး အစိုးရိမ်ကြီးနေမည့်အစား ထိုသို့ စိုးရိမ်ဖွယ်မရှိအောင် သတိ ကြီးစွာဖြင့် ကြိုတင်၍ စီစဉ်သင့်ကြပါသည်။ ဥပမာ-ငယ်ရွယ်သူတို့အတွက် ဖျားနာမှုကို စိုးရိမ်ရမည့်အစား အဖျားအနာကို ကာကွယ်ဖို့ရာ အသွားအလာ အစားအသောက်ကိုသာ သင့်တင့်အောင် စီစဉ်သင့်၏။ ထိုသို့ စီစဉ်ပါလျက် ဖျားနာလာလျှင် ဆရာခေါ်သာ တာဝန်ရှိ၏။
အရပ်တပါးသို့ သွားလာရာ၌ စိုးရိမ်ဖွယ်ရှိလျှင် မသွားအောင် တားမြစ်ဖို့ တာဝန်ရှိ၏။ မလွဲသာ၍ သွားစေရလျှင် စိတ်ချရသော နည်းကို စီစဉ်ပေးဖို့ တာဝန်ရှိ၏။ ငါမရှိလျှင် ဖြစ်ပုံမရ သူတို့အတွက် ငါမရှိလျှင် မည်သူ စောင့်ရှောက်လိမ့်မည်ဟု စိတ်ချရလောက်သူ အထံ အပ်နှံထားဖို့ တာဝန်ရှိ၏။ ထိုကဲ့သို့ စိုးရိမ်တတ်သူ လူကြီး၊ သို့မဟုတ် ခေါင်းဆောင်၏ တာဝန်ကျေပွန် ပါလျက် စီစဉ်တိုင်း မလိုက်နာမှုနှင့် တစုံတခု အန္တရာယ်ဖြစ်ခဲ့သော် (သေတန်လျှင်-သေခဲ့ပါစေ) မပူပန်လေနှင့်။ အစီအစဉ်တိုင်း မလိုက်နာသူတွေအတွက် ပူပန်နေဦးမည်ဆိုလျှင် ထိုသူ့ ကိုမိုက်မဲဖျင်းအ အသုံးမကျသော အဆင့်အတန်းမှာပင် ရှိသေးသူဟု မှတ်ပါ။ မှန်၏။-ယခုခေတ်၌ ဆရာသမားနှင့် မိဘစကားကို မလိုက်နာသူတွေ များလှ၏။ ထိုမလိုက်နာမှုကြောင့် ဒုက္ခဖြစ်ရသူတွေလည်း မနည်းလှချေ။ ထိုသူတ္တိအတွက် ဆရာ မိဘတို့ ဝမ်းနည်းထိုက်ပါ သလော။