မာတိကာသို့ ခုန်သွားရန်

ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥဒ္ဓစ္စ အကြောင်း

ဝီကီရင်းမြစ် မှ
ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
ဒုတိယအခန်း ဥဒ္ဓစ္စ အကြောင်း
714ကိုယ်ကျင့်အဘိဓမ္မာ — ဒုတိယအခန်း ဥဒ္ဓစ္စ အကြောင်းအရှင်ဇနကာဘိဝံသ

ဥဒ္ဓစ္စ အကြောင်း

စိတ်၏ ပျံ့လွင့်ခြင်း၊ မငြိမ်သက်ခြင်း သဘောသည် ဥဒ္ဓစ္စတည်း။ ထို့ကြောင့် “မှတ်ယူပျံ့လျက်-မငြိမ်သက်ထ-ဥဒ္ဓစ္စနှင့်”ဟု ဆိုခဲ့သည်။ “ပျံ့လွင့်” ဆိုသည်ကား ပြာပုံပေါ်၌ ခဲကျသောအခါ ပြာတွေ လွင့်တက်သကဲ့သို့ အာရုံတခုခု အပေါ်၌ ငြိမ်သက်စွာ မတည်နိုင်ပဲ ဟိုအာရုံရောက်လိုက်၊ သည်အာရုံရောက်လိုက် ဖြစ်နေခြင်းတည်း။ ထိုဥဒ္ဓစ္စနှင့် အတူတကွ ဖြစ်သော စိတ်လည်း စိတ်လေ စိတ်လွင့်ဖြစ်၍ ဥဒ္ဓစ္စ အားကြီးနေသောအခါ ကိုယ်ခန္ဓာလည်း မငြိမ်မသက် ဖြစ်နေရကား လူလေလူလွင့် လူ့ ဘော်ကျော့ ဖြစ် တတ်လေသည်။

နန္ဒထေရ် စိတ်မတည်ပုံ

ဇနပဒကလျာဏီနှင့် လက်ထပ်မင်္ဂလာ ပြုမည့်ဆဲဆဲမှာ နန္ဒမင်းသားကို ဘုရားရှင် ခေါ်လာ၍ ရဟန်းပြုပေးလေရာ ရဟန်း တရား၌ ငြိမ်သက်စွာ မတည်နိုင်ပဲ စိတ်လွင့်ပါး၍ ဇနပဒ ကလျာဏီ အထံသို့ မကြာခဏ စိတ်ရောက်သွားလေသည်။ ဤဝတ္ထု၌ ရဟန်း တရားဝယ် ငြိမ်သက်စွာ မတည်ခြင်းမှာ ဥဒ္ဓစ္စ သဘောပင်တည်း။

ဥဒ္ဓစ္စ သတ္တိ ညံ့ပုံ

ဤ ဥဒ္ဓစ္စသည် သူ့ပင်ကိုယ် သဘောအားဖြင့် မည်သည့် အာရုံ၌မျှ တည်တည်တံ တံ မရှိ။ ဟိုအာရုံရောက်လိုက်၊ သည်အာရုံရောက်လိုက်နှင့် ပျံ့လွင့်နေရကား မကောင်းတရား အကုသိုလ် တရားဟု ဆိုရစေကာမူ မည်သည့် ဒုစရိုက်ကိုမျှ ထိထိမိမိ မပြုသောကြောင့် လောဘ ဒေါသ စသည်တို့ကဲ့သို့ အပါယ် ချနိုင်လောက်အောင် သတ္တိ မကြီးမချေ။