ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဥပါယာသ အကြောင်း
ဥပါယာသ အကြောင်း
ဆွေမျိုး ဂုဏ်သိန် စည်းစိမ် ဥစ္စာ စသော သမ္ပတ္တိတို့ တခုခု ပျက်စီးသည့် အခါတို့၌ ပြင်းစွာသော ဒေါသကို “ဥပါယာသ”ဟု ခေါ်၏။ ရိုးရိုးဒေါသ ဖြစ်သောအခါ စိတ်ဆိုး၏၊ သတ်ဖြတ်ချင်၏။ ဤ ဥပါယာသဟု ခေါ်သော ဒေါသဖြစ်သောအခါ၌ကား လွန်စွာ စိတ်ပူပန်၏။ ပူပန်သောစိတ်၏ အပူဓာတ်သည် နှလုံးသွေးကို အရှိန်ဟပ်သဖြင့် နှလုံးသွေးမှ ဖြာ၍ ကျသော သွေးများသည် အကြောသို့ လျှောက်ကာ တကိုယ်လုံး ထူပူပြီးလျှင် မေ့မျော၍ပင် သွားတက်၏။ အပူလုံးဆို့ကာ တက်သွားတတ်သည်။
ဆွေမျိုးတယောက် ပျက်စီးရာ၌ ငိုသံထွက်လာသော ပရိဒေဝသည် အလွန် အမင်း ပြင်းထန်လာသောအခါ မငိုနိုင်တော့ပဲ တက်သွား၏။ ထိုတက်သွားခြင်းကား ဥပါယာသ ဒေါသ၏ စနက်ပင်တည်း။ ထို့ကြောင့် ဥပါယာသသည် သောက ပရိဒေဝတို့ထက်ပင် အပူပြင်းလေသည်။ သောက၏ ပူပုံသည် ဆီချက်ရာ၌ အိုးအတွင်းမှာ ကျက်နေခြင်းနှင့် တူ၏။ ပရိဒေဝ၏ ငိုသံ အပြင်သို့ လျှံပုံသည် ဆီကျက်၍ ဝေတက် လျှံလာခြင်းနှင့် တူ၏။ ဥပါယာသ ပူလောင်ပုံကား ကျန်သမျှ ဆီတွေ ကုန်ခန်းအောင် ကျက်နေခြင်းနှင့် တူသည်။
ဥပါယာသ ဖြစ်တတ်သူများ
ဤ ဥပါယာသသည် စိတ်အားငယ်တတ်သူနှင့် သူတပါးကို ယုံကြည် အားကိုး နေသူများ၌ အဖြစ်များ၏။ အများအားဖြင့် မိန်းမသားတို့၌ ဖြစ်တတ်ကြ၏။ မိန်းမသားတို့၏ စိတ်သည် များသောအားဖြင့် ယောက်ျားတို့ စိတ်လောက် မကြီးမားလှချေ။ ရုပ်အနေကလည်း အင်အားနည်းပါးသည်။ စိတ်ကို ကြီးမားအောင် ပြုပြင် တတ်သော အသိဉာဏ် ဗဟုသုတများလည်း မရှိရှာကြ။ သူတပါးတို့ကိုလည်း အားကိုးလေ့ ရှိကြ၏။ ထို့ကြောင့် ထိုသူများသန္တာန်၌ သောကဖြစ်လျှင် ပရိဒေဝလည်း ဖြစ်တော့၏။ ထိုသောက ပရိဒေဝ အပူဓာတ်သည် အားနည်းသောရုပ်ကို အလွယ်တကူ ဟပ်နိုင်ရကား ဥပါယာသအဖြစ်သို့ တိုးတက်ကာ မကြာခင် မေ့မျော သွားရရှာလေသည်။ [ယောက်ျားများပင် ခန္ဓာကိုယ် အားနည်းသောအခါ စိတ်ဆင်းရဲ မခံနိုင်သည်မှာ မျက်မြင်ပင် ဖြစ်သည်။ ထို့ကြောင့် တစုံတယောက် ကွယ်လွန်၍ ပူဆွေးဒုက္ခ ရောက်သောအခါ ထိုဒုက္ခကို နိုင်အောင်ရှိသော အစားအစာကို စားသောက်မိအောင် ကြိုးစားကြပါ။ သို့ဖြစ်၍ များစွာသော ယောက်ျား မိန်းမတို့၌ ဒုက္ခတခု ကြုံသောအခါ ပဌမ ဖြစ်သော သောက ပရိဒေဝမီးကိုပင် အမြန်ဆုံး ငြိမ်းအောင် ငြိမ်းသင့်ကြပေသည်။ သို့မှသာ ဥပါယာသ အထိ လွန်မတက်ပဲ သက်သာခွင့် ရကြပေလိမ့်မည်။ [သောက ပရိဒေဝ ငြိမ်းအေးရန် အကြောင်းများကို ပြခဲ့ပြီ။ ဤမျှသော စကားအစဉ်ဖြင့် ဒေါသနှင့်စပ်၍ ပြဖွယ် အချက်များ ပြီးပြီ။