မာတိကာသို့ ခုန်သွားရန်

ကိုယ်ကျင့်အဘိဓမ္မာ/ပဉ္စမအခန်း

ဝီကီရင်းမြစ် မှ
ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
ပဉ္စမအခန်း
718ကိုယ်ကျင့်အဘိဓမ္မာ — ပဉ္စမအခန်းအရှင်ဇနကာဘိဝံသ

ပဉ္စမအခန်း

ဤအခန်း၌ စရိုက် ဝါသနာ အကြောင်းပါသည်။

ဤ ပြခဲ့သော အခန်း ၄-ခန်းဖြင့် စိတ်စေတသိက်တို့ ဖြစ်ပုံကို နားလည် လောက်ပြီ။ စိတ်ကောင်း စိတ်ဆိုး အမျိုးမျိုး ဖြစ်မှုများ၌ ယခု တဘဝနှင့်သာ သက်ဆိုင်သည် မဟုတ်သေး၊ ရှေးရှေးဘဝက အထုံဝါသနာနှင့်လည်း ဆိုင်သေး၏။ ရှေးရှေးဘဝက အထုံကောင်း ပါလာသူသည် ယခုဘဝ၌ စိတ်ကောင်းရှိ တတ်၏။ ရှေးရှေးဘဝက အထုံဝါသနာဆိုး ပါလာသူသည် ယခုဘဝ၌ စိတ်ကောင်းရှိအောင် ပြုပြင်ဖို့ ခဲယဉ်းလှ၏။

ပညာရှိ သူတော်ကောင်းနှင့် ပေါင်းမိ၍ “စိတ်ကိုပြင်ပါသည်”ဟု ဆိုသော်လည်း ပညာရှိ သူတော်ကောင်းနှင့် ဝေးနေရသောအခါ “မီးဝေးသောချိပ်” ပမာ စိတ်ကြမ်း စိတ်ယုတ်မာတွေသာ ပြန်၍ ဖြစ်တတ်၏။ ခွေးမြီးကောက်ကို ဖြောင့်လာအောင် ပြုပြင်သူသည် ၁၂-နှစ်လုံးလုံး ဆီဖြင့် နူးကာ ကျည်တောက်ကို စွပ်ထားသော်လည်း ကျည်တောက် ချွတ်လိုက်သည်နှင့် တပြိုင်နက် ကောက်မြဲ ကောက်သကဲ့သို့ ဖြစ်လေသည်။

ခွေးသည် ကောင်းစွာ ကျွေးထားသဖြင့် အစာ ဝနေသော်လည်း ဖိနပ်စုတ် တွေ့က မစားနိုင်စေကာမူ နမ်းကြည့်ရမှ ကျေနပ်သကဲ့သို့ သန္ဓေဆိုး အထုံပါ လာ၍ ဝါသနာဓာတ်ခံ ညံ့ဖျင်းနေသူသည်လည်း ဆိုင်ရာ ပညာရှင် သူတော်စင်တို့က အထက်တန်းသို့ရောက်အောင် မြှောက်တင်ထားသော်လည်း သူ၏ ယုတ်ညံ့သော ဝါသနာမှာ မပျောက်နိုင်ပဲ ရှိတတ်လေသည်။ ထို့ကြောင့် မိမိကိုယ်ကို ဖြစ်စေ၊ မိမိနှင့် စပ်ဆိုင်သူကိုဖြစ်စေ “မည်ကဲ့သို့ အထုံဝါသနာမျိုး ရှိခဲ့ပါလိမ့်မည်နည်း”ဟု စဉ်းစားတတ်ဖို့ရာ စရိုက် အကြောင်းအရာကို ရှေးဦးစွာ နားလည်သင့်ကြပေသည်။

စရိုက်

ပင်ကိုယ်ရိုးရာ သူတကာဖြစ်နေကျထက် လွန်လွန်ကဲကဲ ဖြစ်တတ်သော သဘောကို “စရိုက်”ဟု ခေါ်သည်။ ထိုစရိုက်သည် ရာဂ၊ ဒေါသ၊ မောဟ၊ သဒ္ဓါ၊ ဗုဒ္ဓါ၊ ဝိတက် အားဖြင့် ၆-ပါး ပြား၏။ [လောဘကို ရာဂဟုလည်းကောင်း၊ ဉာဏ်ပညာကို ဗုဒ္ဓိဟုလည်းကောင်း ခေါ်၏။ ဒေါသ စသည်မှာ ပြခဲ့သော စေတသိက်များပင်တည်း။] သတ္တဝါတယောက်၌ ထိုစရိုက် ၆-ပါးတွင် တပါးပါး ဖြစ်စေ၊ ၂-ပါး၊ ၃-ပါး စသည် ရောလျက်ဖြစ်စေ ဖြစ်လေ့ရှိ၏။

အကဲခတ်နည်း

"ဤသူသည် မည်သည့် စရိုက်ရှိသူ ဖြစ်ပါလိမ့်မည်နည်း” ဟုအကဲခတ်ဖို့ရာ အသွားအလာ အနေအထိုင်ကို လည်းကောင်း၊ သူကြိုက်တတ်သော အစာကို လည်းကောင်း၊ အဖြစ်များသော တရားကို လည်းကောင်း သတိပြု၍ ကြည့်ရှု အကဲခတ်ရသည်။ ထိုစရိုက် အမျိုးမျိုး ရှိသူတို့တွင် ရာဂနှင့်သဒ္ဓါစရိုက်ရှိသူ၊ ဒေါသနှင့်ဗုဒ္ဓိစရိုက်ရှိသူ၊ မောဟနှင့်ဝိတက်စရိုက်ရှိသူမှာ သွားလာ နေထိုင် အလုပ်အကိုင် အစားအသောက်မှစ၍ သဘောတူတတ်ကြသည်။

ရာဂစရိုက်နှင့် သဒ္ဓါစရိုက်ရှိသူ

၂-ဦးလုံးပင် အသွား အလာ အနေအထိုင် ယဉ်ကျေး၏။၊ အဝတ်ဖွပ်မှု တံမြက်လှည်းမှုစသော အလုပ်တို့၌ သေသေသပ်သပ် ရှိ၏။ ချိုဆိမ့် မွှေးကြိုင် ပျံလှိုင် နူးညံ့သော အစားအသောက် အသုံးအဆောင်ကို နှစ်သက်၏။ ထို၂-နှစ်ယောက်တို့ ထူးခြားပုံကား- ရာဂ စရိုက်ရှိသူသည် ကာမဂုဏ် အာရုံများကို မခွဲနိုင် မခွါရက်အောင် စွဲမက်တတ်၏။ ပရိယာယ်မာယာ များ၏။ ကောက်ကျစ်စဉ်းလဲမှု သာဌေယျ ပေါ၏။ မာန၊ လောဘကြီး၏။ သဒ္ဓါစရိုက်ရှိသူ...မာယာသာဌေယျနှင့် မာန လောဘတို့ မကြီးမားပဲ စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ ရှိ၏။ ဝတ်ကျောင်း ဘုရား သံဃာများကို ဝပ်တွား ဆည်းကပ် လေးမြတ် ပူဇော်ကာ တရားနာလေ့ ရှိသည်။ [သွားမှု ရပ်မှု ထိုင်မှု လျောင်းမှု ဤ ၄-ပါးကို “ဣရိယာပုထ်”ဟု ခေါ်၏။ ဤ ၄-ပါးကို လင်္ကာ၌ “ယာပိုက်လေးထွေ”ဟု ဆိုထားသည်။

[ဆောင် ရာဂစရိုက်၊ ရှိသူ၌ကား၊ ယာပိုဒ်လေးထွေ၊ ယဉ်ကျေးလေ၏၊ ထွေထွေကိစ္စ၊ ပြုသမျှလည်း၊ ကျနစေလတ်၊ လွန်သေသပ်ရှင်၊ လေးမြတ်ဖွယ်ရေး၊ ဘောဇဉ်ရွေးက၊ ချိုမွှေးဆိမ့်အိမ့်၊ လွန်နှစ်သိမ့် သတဲ့၊ မစိမ့်လောက်တုံ၊ကာမဂုဏ်ကြောင့် အာရုံစွဲကာ၊ ခွဲမခွါတည်း၊ မာယာ ဗရဝ၊ သာဌေယျနှင့်၊ မာနဖိစီး၊ အလိုကြီး၏၊ ထိုနည်းသဒ္ဓါ၊ စရိုက်မှာမူ၊ မာယာစသော၊ ပြစ်မနှောပဲ၊ သမောရွှင်လန်း၊ လှူပေးကမ်းလျက်၊ ရဟန်းတော်ပေါင်း၊ ထေရ်ရှင်ကောင်းနှင့်၊ ဝတ်ကျောင်း ဘုရား၊ မြတ်တရားကို မှတ်သားနာယူ၊ လွန်ကြည်ဖြူသည်။ ဤသူမွန်မြတ်ပေတကား။

ဒေါသ စရိုက်ရှိသူနှင့်၊ ဗုဒ္ဓိစရိုက်ရှိသူ

စရိုက် ၂-မျိုးလုံး ရုန့်ရင်း ကြမ်းတမ်းသော အသွား အလာ အနေအထိုင် ရှိ၏။ အဝတ်ဖွပ်မှု တံမြက်လှည်းမှုစသော ကိစ္စ၌ ကျကျနန သေသေသပ်သပ် မရှိ။ အချဉ် အငန် အစပ် အခါး စူးရှသောအရသာများကို နှစ်သက်တတ်၏။ မကောင်းသော အဆင်း အသံ စသည်နှင့် တွေ့ကြုံလျှင် သည်းခံ အောင့်အည်း၍ ချုပ်တည်းခြင်း မရှိပဲ ဆဲဆို ငေါက်ငမ်း ကြမ်းတမ်း စိတ်တို၏။ ဤသို့ ဒေါသနှင့်ပညာ စရိုက်ကို ဖြစ်ပုံချင်း တူသောကြောင့် ထိုစရိုက်ရှိသူတို့သည် (မိမိစိတ်ကို မပြင်သေးသမျှ) ဆဲဆို ငေါက်ငမ်း ကြမ်းတမ်းနေကြသည်မှာ ဓမ္မတာကဲ့သို့ ဖြစ်လေသည်။

ထိုသူ ၂-မျိုးတို့ ကွဲလွဲပုံကား...ဒေါသစရိုက် ရှိသူ၌ ရန်ငြိုးဖွဲ့မှု အာဃာတ၊ ငြူစူခြင်း ဣဿာ၊ ဝန်တိုခြင်း မစ္ဆရိယ၊ သူတပါးဂုဏ်ကို ဖျက်ဆီးလိုခြင်း မက္ခ၊ ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်း ပဠာသ၊ အဆုံးအမ ခက်ခြင်း ဒုဗ္ဗစ တရားတို့ ဖြစ်ပွားလေ့ ရှိ၏။ ဗုဒ္ဓိစရိုက်ရှိသူ၌ကား ရန်ငြိုးဖွဲ့ခြင်း စသော တရားတို့မရှိ။ ဆိုဆုံးမ၍လွယ်၏။ စားဖွယ် သောက်ဖွယ် ဟူသမျှ၌ နှိုင်းနှိုင်းချိန်ချိန် ပြုလေ့ ရှိ၏။ နောင်ရေးနောင်တာ သံသရာအတွက် သတိပညာဖြင့် ကောင်းစွာ မြော်မြင်လေ့ ရှိရကား ပါရမီကုသိုလ်များကို ကြိုးစားလေ့ ရှိသည်။

[ဆောင် ဒေါသစရိုက်၊ ရှိသူ၌ကား၊ ယာပိုဒ်လေးထွေ၊ ကြမ်းတမ်းလေ၏၊ ထွေထွေကိစ္စ ပြုသမျှလည်း၊ ကျနမဖွယ်၊ မတင့်တယ်တည်း၊ စားဖွယ် ငန် ချဉ်၊ စပ် ခါး မင်၏၊ ငါးအင် အာရုံ၊ မဖွယ်ကြုံလျှင်၊ ယမ်းပုံမီးကျ၊ စိတ်တိုလျ၍၊ ကောဓ ထန်သည်း၊ ရန်ငြိုးကြီးလျက်၊ ဖိစီး ဣဿာ၊ မစ္ဆေရာနှင့်၊ မက္ခာ ပဠာသ၊ ဒုဗ္ဗစတို့၊ မုချဆစ်ပွား၊ အပြစ်များ၏။ တရားပညာ၊ စရိုက်မှာမူ၊ ရှေ့လာအားလုံး၊ နည်းတူ သုံးလည်း၊ လုံးလုံးကောဓ၊ စသည်ဆိတ်ကွယ်၊ ဆုံးမလွယ်၏၊ စားဖွယ် ကသိုဏ်း၊ ဘေ့ကြုံတိုင်းလည်း၊ နှိုင်းနှိုင်းချိန်ချိန်၊ သုခမိန်တည်း၊ ကြိမ်ကြိမ်နောင်လာ၊ သံသရာကို၊ ပညာသတိ၊ ပျော်ခေါ်ညို၍၊ ဂတိနောင်လျှင်၊ ကောင်းအောင်ပြင်သည်၊ လူတွင် သူမြတ် ပေတကား။

မောဟစရိုက်နှင့် ဝိတက်စရိုက်ရှိသူ

မောဟစရိုက် ရှိသူသည် မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ ရှိ၏။ ကိစ္စအထွေထွေလည်း ပွေပွေလိမ်လိမ်ရှိ၏။ ဘယ်အစာ နှစ်သက်၏ဟု အမြဲမရှိ။ အကြောင်းအကျိုး အကောင်းအဆိုးကို ခွဲခြား၍မသိ။ သူများ ချီးမွမ်းအပ်သူကို မိမိလည်း လိုက်၍ ချီးမွမ်းတတ်၏။ သူများ ကဲ့ရဲ့အပ်သူကိုလည်း လိုက်၍ ကဲ့ရဲတတ်၏။ သတိပညာ ကင်း၍ ထိုင်းမှိုင်းခြင်း ထိနမိဒ္ဓ၊ ပျံ့လွင့်ခြင်း ဥဒ္ဓစ္စကိုနှင့်သာ ကာလကုန်ရလေသည်။

ဝိတက်စရိုက် ရှိသူလည်း မောဟူသမားနှင့် ထူးမခြားနားပင်။ ထိုထိုကိစ္စ၌ စကားပေါလျက် ကိစ္စမချောပဲ မျောနေသည်သာ များ၏။ ကောင်းသော လုပ်ငန်း၌မူ အစွမ်းအစ မရှိပဲ ပျင်းရိတတ်၏။ မိမိကဲ့သို့ လူ့ပေါက်ပန်း လူ့ ဘော်ကြော့တို့နှင့် ပျော်မွေ့ကာ ထွေရာလေးပါး အကြံများလျက် လူအား လူပိုသာ ဖြစ်သည်။

[ဆောင်] မောဟစရိုက်၊ ရှိသူ၌ကား၊ ယာပိုက်လေးတွေ၊ ရှုပ်ပွေပွေနှင့်။ ထွေထွေကိစ္စ၊ ရှုပ်ထွေးစွတည်း၊ အာဟာရအရာ၊ စားသောက် ပါလည်း၊ ဘယ်ဟာမိမိ၊ မြဲမရှိခဲ့၊ ကိုယ်၏အစွမ်း၊ စုံထောက်လှမ်း၍၊ အဆန်းအရိုး၊ ကြောင်းအကျိုးဟု၊ ချောင်းဆိုးယုတ်မြတ်၊ မသိ တတ်သဖြင့်၊ အရပ်ရပ်မှာ၊ နောက်လိုက်သာတည်း၊ ပညာသတိ၊ ကင်းကွာဘိ၍၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စနှင့်၊ ကာလကုန်ဆုံး၊ အချိန်ဖြုန်း၏။ ထုံးနည်းမခြား၊ ဝိတက်များလည်း၊ စကားတွေပေါ၊ ကိစ္စမျောလျက်၊ ကောင်းသောလုပ်ငန်း၊ ကုသိုလ်လမ်းမူ၊ အစွမ်းမရှိ၊ ပျင်းရိရိတည်း၊ မိမိတိုတမ်း၊ လူ့ပေါက်ပန်းနှင့်၊ ရောပြွမ်းပျော်ပါး၊ အကြံများသည်၊ လူအား လူပိုတွေတကား။

စရိုက်ဖြစ်ခြင်း၏ အကြောင်းရင်း

“လူချင်း တူပါလျက် အဘယ့်ကြောင့် စရိုက် အမျိုးမျိုး ကွဲပြားကြပါလိမ့်မည်နည်း”ဟု စဉ်းစားဖွယ်ရှိ၏။ ရှေးရှေးဘဝ ကုသိုလ်ကံပြုစဉ်က ဘဝစည်းစိမ်ကို လိုလားတောင့်တသော လောဘခြံရံ၍ ပြုခဲ့လျှင် ထိုကံအကျိုးပေးရာ ဘဝ၌ ရာဂစရိုက် ရှိတတ်၏။ ဒေါသခြံရံ၍ ပြုခဲ့လျှင် ဒေါသစရိုက် ရှိတတ်၏၊ အသိဉာဏ် နည်းပါးလျက် မောဟကြီးစွာ ပြုခဲ့လျှင် မောဟစရိုက် ရှိတတ်သည်။ ပညာဖြင့် လည်းကောင်း၊ ပညာကြီးဖို့ရန် ဆုပန်၍ လည်းကောင်း၊ ပညာရေးဆိုင်ရာ ကုသိုလ်များကို ပြုခဲ့လျှင် ထိုကံ အကျိုးပေးရာ ဘဝဝယ် ဗုဒ္ဓိစရိုက် ရှိတတ်၏။ သဒ္ဓါထက်သန်စွာ ပြုခဲ့လျှင် သဒ္ဓါ စရိုက် ရှိတတ်၏။ ကာမဝိတက် စသော မကောင်းသောအကြံ ခြံရံလျက် ကံပြုခဲ့လျှင် ဝိတက်စရိုက် ရှိတတ်၏။ ဤသို့လျှင်စရိုက်အမျိုးမျိုး ကွဲပြားကြောင်းမှာ ရှေးကံသာ ပဓာနဖြစ်၍ နောက်နောက်ဘဝတို့၌ မကောင်းသော စရိုက်များ မပါရအောင် သဒ္ဓါပညာ ခြံရံလျက် ထက်သန်သော ကောင်းမှုများကိုသာ တည်ထောင် အားထုတ်သင့်ကြပေသည်။

ဝါသနာဘာဂီ ဆက်တိုင်းမီ

မကောင်းသော အရာဌာန၌ ဝါသနာ ဟူသည် ကိလေသာ၏ သတ္တိတည်း။ ကောင်းသော အရာဌာန၌ ဝါသနာကြား သမ္မာ ဆန္ဒပင်တည်း။ ထိုဝါသနာသည် သတ္တဝါတို့၏ သန္တာန်၌ ဘဝတိုင်းမှာပင် စွဲကပ်နေ၏။ ထို့ကြောင့် ရှေးကံအားလျော်စွာ ရာဂစရိုက်အား ကြီးနေပါမူ ထိုရာဂအတွက် ယောက်ယက်ခတ်တတ်သော ဝါသနာသည် စိတ်အစဉ်မှာ စွဲထုံနေရကား ထိုစရိုက်ဆိုးကို ယခုဘဝ၌ တရားဖြင့် မနှိမ်ချိုး ပါလျှင် ထိုဝါသနာအထု စွဲကပ်၍ နောက်ဘဝများသို့ လိုက်ပါသွားတတ်၏။ ဒေါသ မောဟ ဝိတက်များလည်း ဤနည်းပင်တည်း။ ပညာစရိုက်ရှိသူလည်း စရိုက်အားလျော်စွာ အခွင့်သာသလောက် ကြိုးစားလျှင် ထိုပညာ၏ အထုံ ဝါသနာသည် မိမိ၌ စွဲကပ်လေရကား နောက်နောင်အခါ သံသရာတလျှောက် လုံးပင် ပညာတုံးကြီး ဖြစ်နေတတ်သည်။ ဘုရားဆုကို ပန်လျှင် ပညာဓိက၊ သာဝကဆုကို ပန်လျှင် ရှင်သာရိပုတြာကဲ့သို့ ပညာဘက်၌ ဧတဒဂ်ရကြသည်မှာ ထိုဝါသနာဘာဂီက ဆက်တိုင်းမီ နေသောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ယခုဘဝ၌ပင် မကောင်းသော ဒုစရိုက်များ ပပျောက်၍ စရိုက်ကောင်းတခု အထမြောက်အောင် ထူထောင်ကြဖို့ အရေးကား စဉ်းစားတိုင်း ကြီးလေးကြသည်။

ရာဂစရိုက်ရှိသူသည် ရာဂနည်းပါးအောင် တွေ့ရာအာရုံများ၌ အသုဘဟု ရှုလေ့ရှိရမည်။ သို့မှသာ ရာဂအထုံ ပျောက်သွားပါလိမ့်မည်။ ဒေါသစရိုက် ရှိသူသည် ဒေါသနည်းပါးအောင် မေတ္တာ တရားကို ကြိုးစားရလိမ့်မည်။ မေတ္တာဓာတ်သည် အအေးဓာတ်ဖြစ်၍ ဒေါသ၏ အပူဓာတ်ကို ငြိမ်းနိုင်သည်။ မောဟစရိုက်ရှိသူသည် မောဟနည်းပါးအောင် ပညာရှိထံ ချဉ်းကပ်၍ မေးမြန်း ရမည်။ အာနာပါနကမ္မဋ္ဌာန်းကိုလည်း ပွားများရမည်။ အမေးအမြန်း များလျှင် အသိဉာဏ် တိုးပွား၍ မောဟအထုံ ကင်း သွားလိမ့်မည်။ သဒ္ဓါ ပညာ ဟူသော စရိုက်ကောင်းရှိသူကား မိမိမှာ ရှိနေသော ထိုစရိုက်များကို ဝမ်းသာအားရ သဘောကျပြီး တိုးပွားသည်ထက် တိုးပွားအောင် ကြိုးစားရမည်။

ဤမျှသော စကားအစဉ်ဖြင့် စရိုက်ဝါသနာအကြောင်းများ ပြီးခဲ့ပြီ။ ဤသို့ ရေးသားရကြောင်း ကောင်းမှု ပဋိပတ် အကျင့်မြတ်ကြောင့် များစွာသော လူအပေါင်းတို့ စရိုက်ကောင်း ရကြပါစေ။ ငါ၏ အဖော်အပေါင်းဟူသမျှလည်း ယခုဘဝကစ၍ စရိုက်ကောင်းရှိအောင် ကြိုးစားကာ စရိုက်ဆိုးများကို အစွမ်းကုန် ပယ်ရှားနိုင်ကြပါစေ။

စာပေ ပညာကို နေ့စဉ် ပို့ချ ရေးသား၍ နေရသော ငါအတွက်ကား အဖိုးတန်လှသော ပညာစရိုက်သည် ငါ၏ သန္တန်၌ သာမန်မက အမြူတေတမျှ ခိုင်မြဲ တည်တံ့ပါစေ။ ထိုပညာကြောင့်ပင် အမှန်အကန်ကိုသာ ယုံကြည်တတ်သော သဒ္ဓါစရိုက်လည်း အလွဲအမှားကို ပယ်ရှား၍ အဖြောင့်အမှန်ကိုသာ ယုံကြည်လေ့ ရှိအောင် စွမ်းဆောင်နိုင်ပါစေ။

စရိုက် ဝါသနာ၊ ကြောင်းအရာကို၊ ကောင်းစွာ ရေးလတ်၊ ပဋိပတ်ကြောင့်။ အမြတ်စရိုက်၊ လူတိုင်းဆိုက်၍၊ သိုက်မြိုက်ကြစေ၊ ငါ့အနေမူ၊ ဘဝေ ဘဝ၊ ဖြစ်သမျှ၌၊ ရာဂ-ဒေါသ၊ မောဟဝိတက်၊ စရိုက်တွက်ကြောင့် ယောက်ယက် ခတ်ပျော်၊ လျှပ်ပေါ်ခြင်း၊ လော်လီကင်းလျက်၊ သန့်ရှင်းဝေဆာ၊ စေတနာနှင့်၊ သဒ္ဓါဖြိုးပြက်၊ ဉာဏ်ရောင်လက်၍၊ ဆက်ဆက်မပြောင်း၊ ကောင်းထက်ကောင်းသား၊ အပေါင်းကြီးငယ် အသွယ်သွယ်လည်း၊ ငါနှယ် နည်းတူ၊ စရိုက်ဖြူသည်၊ နိဗ္ဗူထုတ်ချောက် ရောက်ရန်သော်။

စရိုက် ဝါသနာ ပြီးပြီ။