မာတိကာသို့ ခုန်သွားရန်

ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း/သမ္ပတ္တိ ဝိပတ္တိ

ဝီကီရင်းမြစ် မှ
ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
သတ္တမအခန်း သမ္ပတ္တိ ဝိပတ္တိ
721ကိုယ်ကျင့်အဘိဓမ္မာ — သတ္တမအခန်း သမ္ပတ္တိ ဝိပတ္တိအရှင်ဇနကာဘိဝံသ

သမ္ပတ္တိ ဝိပတ္တိ

ဆိုင်ရာ အကြောင်းများ၏ ပြည့်စုံမှုကို “သမ္ပတ္တိ”ဟု ခေါ်၏။ ဆိုင်ရာ အကြောင်းများ၏ ချို့ယွင်းမှုကို “ဝိပတ္တိ”ဟု ခေါ်၏။ သတ္တဝါတို့၏ သန္တာန်၌ ရှေးရှေး ဘဝ ပေါင်းများစွာက ပြုခဲ့သော ကံတို့သည် အလွန် များပြားရကား အကျိုးပေးရန် အခွင့်မသင့်၍ အကျိုးမပေးရသေးသမျှ ခန္ဓာအစဉ်မှာ အမြဲပါရှိသောကြောင့် သမ္ပတ္တိဆိုက်နေသောအခါ ကုသိုလ်ကံ အကျိုးပေးခွင့် သာသလို၊ ဝိပတ္တိဆိုက်ရာ၌လည်း အကုသိုလ်ကံ အကျိုးပေးခွင့် သာလေသည်။

သမ္ပတ္တိ ၄-ပါး

၁။ ဂတိသမ္ပတ္တိ .. ရရှိသော ဘဝက ကောင်းခြင်း။
၂။ ဥပဓိသမ္ပတ္တိ .. ရုပ်အဆင်း လှပခြင်း။
၃။ ကာလသမ္ပတ္တိ ... အခါကာလ ကောင်းခြင်း။
၄။ ပယောဂသမ္ပတ္တိ .... ဉာဏ် ဝီရိယ စသော ပယောဂ ရှိခြင်း။

ဝိပတ္တိ ၄-ပါး

၁။ ဂတိဝိပတ္တိ .... ရရှိသော ဘဝက မကောင်းခြင်း။
၂။ ဥပဓိဝိပတ္တိ ... ရုပ်အဆင်း မလှခြင်း။
၃။ ကာလဝိပတ္တိ .... အခါကာလ မကောင်းခြင်း။
၄။ ပယောဂဝိပတ္တိ ... ဉာဏ် ဝီရိယ စသော ပယောဂ မရှိခြင်း။

ဂတိသမ္ပတ္တိ ဖြစ်ပုံ

လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်ကို “ဂတိသမ္ပတ္တိ” ဟု ခေါ်၏။ ထိုဂတိသမ္ပတ္တိ၌ ဖြစ်ရသောအခါ များစွာသော ကုသိုလ်ကံတို့သည် အကျိုးပေးခွင့် ရကြ၏။ လူ့ပြည်၌ ဒုက္ခရှိသေးသော်လည်း နတ်ပြည် ဗြဟ္မာ့ပြည်မှာ ဒုက္ခမရှိသလောက်နည်းပါး၏။ ကုသိုလ်ကံတို့ အခွင့်ရ၍ အကျိုးပေးနေသောကြောင့် အစားအသောက်၊ အနေအထိုင်၊ အတွေအကြုံ အာရုံတို့မှာလည်း အကောင်းအမွန် ချည်းသာ ဖြစ်ကြပေသည်။ ထိုကဲ့သို့ ဂတိသမ္ပတ္တိဆိုက်နေသူတို့၌ အကုသိုလ်ကံတွေ ပါရှိသော်လည်း ထိုအကုသိုလ် ကံများ အကျိုးပေးခွင့် များစွာ မရကြ။ လူ့ဘုံမှာ “ဒုက္ခမကင်း”ဟု ဆိုရသော်လည်း အပါယ် ၄-ပါးနှင့် စာလျှင် များစွာ သက်သာပါသေး၏။ ကုသိုလ်ကံများက အထိုက်အလျောက် အကျိုး ပေးခွင့် သာသောကြောင့် မကောင်းသော အာရုံမှ တိမ်းနိုင် ရှောင်နိုင်၍ ကောင်းသော အာရုံများကို တွေ့ကြုံနိုင်ကြပေသည်။

ဂတိဝိပတ္တိဖြစ်ပုံ

အပါယ် ၄-ပါးကို “ဂတိဝိပတ္တိ”ဟု ခေါ်၏။ ထိုဂတိဝိပတ္တိ၌ ဖြစ်ရသောအခါ အကုသိုလ်ကံများ အခွင့်သာ၏။ ငရဲကျရောက်သူ ပြိတ္တာဖြစ်သူတို့၌ အမြဲ ဒုက္ခရောက်၊ အမြဲ အနှိပ်စက်ခံ၊ အမြဲ ပူလောင်နေရသဖြင့် အကုသိုလ်ကံတွေ ဝိုင်း၍ အကျိုးပေးချင်တိုင်း ပေးဖို့ အခွင့်သာကြပုံမှာ ဆိုဖွယ်မရှိ၊ အထိုက်အလျောက် သက်သာသေး၍ဟုဆိုရသော တိရစ္ဆာန်၌ပင် အစာငတ်ဖို့၊ ရေငတ်ဖို့၊ နေပူမိုးရွာ လွန်စွာ ဆင်းရဲဖို့၊ တုတ် ဓား စသည်ဖြင့် အရိုက်အနှက် အသတ်အဖြတ် ခံရဖို့၊ တကောင်နှင့်တကောင် နှိပ်စက် သတ်ဖြတ် စားသောက်မှု ထိုဒုက္ခစုကို ခံဖို့ရန် အကုသိုလ်ကံတွေ အကျိုးပေးခွင့် သာ၏။ အလွန် သေးငယ်သော ပိုးမွှား တိရစ္ဆာန်ကလေးများ၌ကား သွားယင်း လာယင်း သူကနင်း ငါကနင်းနှင့် သေခြင်းဆိုးဖြင့် သေဖို့ရန် အကုသိုလ်ကံတွေ အလွန့် အလွန် အခွင့်ကြပေသည်။ ထိုဂတိဝိပတ္တိ ဆိုက်နေသောအခါ ရှေးရှေးဘဝက ကုသိုလ်ကံတွေ ပါရှိနေကြသော်လည်း ကယ်ဆယ်ဖို့ရန် အခွင့် မရတော့ချေ။

ဥပဓိသမ္ပတ္တိ

ဂတိသမ္ပတ္တိ ရောက်နေသော်လည်း (အထူးအားဖြင့် လူ့ဘုံမှာ) ရုပ်အဆင်းလှပခြင်း ဟူသော ဥပဓိသမ္ပတ္တိက အရေးကြီးနေပြန်၏။ ဥပဓိသမ္ပတ္တိ ဖြစ်လျှင် အမျိုးအဆွေ ပစ္စည်း ဥစ္စာက အောက်ကျနေသော်လည်း ပစ္စည်းရှိသူ အမျိုးမြတ် သူတို့က ကြည်ဖြူကြ လေးမြတ်ကြသဖြင့် အထက်တန်းရောက်၍ ကုသိုလ်ကံများ အခွင့်သာကြ ပေသည်။ တယောက်၏ ကုသိုလ်က ဆက်သွယ်သူတို့အား အကျိုး အာနိသင် ပေးနိုင်ပုံ၌ ပြခဲ့သော သာမာဒေဝီမှာ ဥပဓိသမ္ပတ္တိကြောင့် ဘုရင်၏ အကျွမ်း ဝင်သူ ဖြစ်ရ၏။ မကြာမီက မစ္စစ်ဆင်ပဆင်ကို ဧဒွက်ဘုရင်က ကြည်ဖြူရခြင်းမှာလည်း မစ္စစ်ဆင်ပဆင်၏ ဥပဓိသမ္ပတ္တိကြောင့်ပင် မဟုတ်ပါလော။

လူ့ဘဝကို မဆိုထားဘိ၊ ဂတိဝိပတ္တိ ဆိုက်နေရသော တိရစ္ဆာန်၌ပင် ရုပ်အဆင်းလှ၍ ဥပဓိသမ္ပတ္တိ ဖြစ်နေလျှင် (ခွေးလှ၊ နွားလှ၊ မြင်းလှ စသည် ဖြစ်နေလျှင်) လူချမ်းသာတို့၏ လက်သပ်မွေးမြူခြင်းကို ခံရလျက် ကုသိုလ်ကံတွေ အကျိုးပေးခွင့် သာပြန်လေ၏။ ရုပ်အဆင်းလှမှု ဟူသော ဥပဓိသမ္ပတ္တိ ဤမျှလောက်ပင် အကျိုးများပေသည်။

ဥပဓိဝိပတ္တိ

ဂတိဝိပတ္တိ ဖြစ်နေသော တိရစ္ဆာန်တို့၌ ရုပ်အဆင်းမလှမှုဟူသော ဥပဓိဝိပတ္တိကြောင့် ကုသိုလ်ကံ အခွင့်မရသည်မှာ ဆိုဖွယ်ရာ မရှိပြီ။ ဂတိသမ္ပတ္တိ ဖြစ်သော လူ့ဘုံမှာပင် ဥပဓိဝိပတ္တိ ဖြစ်နေလျှင် ကုသိုလ်ကံ၏အကျိုးကို ရသင့်သလောက်မရပဲ ရှိတတ်၏။ အမျိုးမြတ်ဥစ္စာရှင်ပင် ဖြစ်သော်လည်း အမျိုးတူ ဥစ္စာတူတို့က မကြည်ဖြူနိုင်ကြ။ အလောင်းတော် ကုသမင်းကို ပဘာဝတီက တော်တော်နှင့် မကြည်ဖြူနိုင်ခြင်းမှာလည်း ထင်ရှားသော သက်သေ သာဓကကြီးပင်တည်း။ ထိုကဲ့သို့ ဥပဓိဝိပတ္တိ ဖြစ်နေသောအခါ အကုသိုလ်ကံတို့က စွမ်းနိုင်သမျှ အကျိုးပေးကြသောကြောင့် အလောင်းတော် ကုသမင်းမှာ အိုးတော်လုပ်ရ၊ ဖျာတော်ရက်ရ၊ ပွဲတော်ချက်နှင့် သွက်သွက် လည်အောင် ဒုက္ခခံလိုက်ရပါသေးသည်။ သမီးခင်ပွန်း ၂-ယောက် ရုပ်အဆင်းချင်း ရွှေ့သွား နောက်လိုက် မညီလျှင် ဥပဓိဝိပတ္တိ ဖြစ်နေသူကို အစေခံဟုပင် အထင်ခံရတတ်သေး၏။ ရုပ်အဆင်း မလှမှု ဟူသော ဥပဓိဝိပတ္တိကား ဤမျှ လောက်ပင် ဆိုးရွားလှချေသည်။

ကာလသမ္ပတ္တိ

မင်းကောင်း လူကောင်းတို့ အုပ်စိုးနေရာ အခါကို “ကာလ သမ္ပတ္တိ”ဟု ခေါ်၏။ တိုင်းသူပြည်သားတို့ကို သာယာ ဝပြောအောင်၊ ပညာတတ်အောင်၊ ကျန်းမာအောင် အစရှိသည်ဖြင့် စီမံတတ်သော မင်းကောင်း ခေါင်းဆောင်ကောင်းတို့ လက်ထက်၌ ကုသိုလ်ကံများ အခွင့်သာ၏။ ထိုကုသိုလ်ကံ အခွင့်သာသဖြင့် ကောင်းသောအာရုံတို့ကို တွေ့ကြုံ ကြရ၏။ ပူပန် သောက ကင်း၍ ဆွေမျိုး ဉာတိ ရပ်ရှိ ရွာကုန် အလုံးစုံတိုပင် ချမ်းသာကြ၏။ တက်ကပ်အခါလည်း ကာလသမ္ပတ္တိ ပင်တည်း။ ထိုကဲ့သို့ ကာလသမ္ပတ္တိ ကြုံကြိုက်သောအခါ ပြတ်သတ် ငတ်နေအောင် အကျိုးပေးမည့် အကုသိုလ်ကံ ပါရှိသော်လည်း အခွင့်မရသဖြင့် အကျိုးမပေးနိုင်။၊။

ကာလဝိပတ္တိ

မင်းဆိုး မင်းယုတ် ခေါင်းဆောင် အညံ့စားတို့ ရွှေ့သွားဦးဆောင် လုပ်လျက် စိုးအုပ်နေရာ အခါကို “ကာလ ဝိပတ္တိ”ဟု ခေါ်၏။ တိုင်းပြည်ပျက်သောအခါ မိမိတို့ တိုင်းပြည်ဝယ် စစ်ဖြစ်နေကြသော အခါများလည်း ကာလဝိပတ္တိ ပင်တည်း။ ထိုကဲ့သို့ ကာလဝိပတ္တိ ကြုံရသောအခါ၌ ရှေးက ပါလာခဲ့သော အကုသိုလ်ကံတို့ အခွင့်သာကြသည်။ လူအများပင် ဆင်းရဲ ပြတ်သတ် ငတ်မွတ်ကြရ၏။ ကုသိုလ်ကံ ကြီးမားသူတိုပင် ထိုကုသိုလ်ကံ အခွင့်မရပဲ ရှိသမျှ အကုသိုလ်ကံတို့၏ ဒဏ်ကို ခံကြရသောကြောင့် ပြေးရ လွှားရ၊ ပုန်းရ လျှိုးရ၊ စားချင်တာ မစားရ၊ ချစ်သူနှင့် ကွဲရ၊ တချို့ မသေလောက်သော ရောဂါ ကလေးအတွက် သင့်တော်သောဆေး၊ ကုပေးမည့် ဆရာ မရသောကြောင့် သေရသည့်တိုင်အောင် ဒုက္ခရောက်ရလေသည်။

ပယောဂသမ္ပတ္တိ

သတိ၊ ဝီရိယ၊ ဉာဏ်ကို “ပယောဂ” ဟု ခေါ်၏။ ဉာဏ်ဆိုသော်လည်း အပြစ်ကင်းသော အရာ၌ ပါသော ပညာချည်းမက၊ အကုသိုလ်ဆိုင်ရာတွင် ပါသော ဝဉ္စနာပညာနှင့် အကြံကောင်းသော ဝိတက်များကိုလည်း ဉာဏ်ဟုပင် ဆိုလိုသည်။ ထို့ကြောင့် အရာရာတို့၌ သတိရှိခြင်း၊ လုံ့လ ဝီရိယကောင်း၍ သွက်သွက်လက်လက် ထထကြွကြွ ရှိခြင်း၊ လိမ္မာခြင်း၊ ပါးနပ်ခြင်း၊ သိတတ်ခြင်း၊ မမေ့မလျော့ခြင်းများသည် ပယောဂ သမ္ပတ္တိချည်း ပင်တည်း။ နတ်ပြည် ဗြဟ္မာပြည်တို့၌ ပယောဂ သမ္ပတ္တိအတွက် မထင်ရှားသော်လည်း ဤ လူ့ပြည်မှာ ပယောဂသမ္ပတ္တိ အကျိုး ထင်ရှား၏။ ယခု လူတို့၌ အကျိုးမပေးရလျှင် မနေနိုင်အောင် ကြီးကျယ်သော အကုသိုလ်ကံ ပါသူ နည်းပါးလှ၏။ အတော်အတန် ထက်သန်သော ကံများကား ပယောဂ သမ္ပတ္တိ ရှိ မရှိ လိုက်၍ အကျိုးပေး၏။ ပယောဂသမ္ပတ္တိ ရှိနေပြန်လျှင်လည်း ထိုပယောဂသမ္ပတ္တိ၏ ထက် မထက် လိုက်၍ အကျိုးပေးကြရသည်။

အချုပ်ကား-ယခု လူတို့ ကောင်းကျိုးရဖို့ အရေး၌ ရှေးကံတခုကိုသာ အားမကိုးသင့်။ ယခုဘဝ ပြုအပ်သော ပယောဂကိုလည်း အားကိုးရမည်။ ပယောဂသမ္ပတ္တိသည် ရှေးကကုသိုလ်ကံကို အခွင့်သာအောင် ရေလာမြောင်းပေး ပြုလုပ်ခြင်းနှင့်တူ၏။ ထို့ကြောင့် (ရုတ်တရက် ထီပေါက်ခြင်း၊ ရွှေအိုးတွေခြင်း မျိုးမှ တပါး)ကူးသန်းရောင်းဝယ်ခြင်း စသည်ကြောင့် ကောင်းကျိုးခံစားရရာ၌ တကျပ်သားလျှင် ရှေးကံ၏သတ္တိမှာ တမတ်သားလောက်သာ ပါဝင်၍ ယခုဘဝ သတိ ဝီရိယ ဉာဏ် ဟူသော ပယောဂသမ္ပတ္တိက သုံးမတ်သားလောက် ပါရှိနိုင်ကြောင်းကို ကောင်းကောင်းကြီး နားလည်ကြပါကုန်။

ပယောဂ သမ္ပတ္တိ ဖြင့် အကုသိုလ်ကံများကို တားဆီးထားပုံ

အကုသိုလ်ကံများကို အလွန်ကြီးသောကံ၊ သိပ်မကြီးမားသောကံဟု ၂-မျိုး ခွဲခြားပါ။ အကျိုးမပေးရလျှင် မနေနိုင်လောက်အောင် ကြီးသော ကံကို ပယောဂသမ္ပတ္တိဖြင့် တားဆီးသော်လည်း လွှတ်ခွင့်ရမည် မဟုတ်။ သို့သော် သက်သာအောင် တတ်နိုင်ပါ၏။ အဇာတသတ်မင်းသည် ခမည်းတော်ကို သတ်ခြင်း ဟူသော အလွန်ကြီးမားလှသည့် ပါဏာတိပါတကံကို ပြုမိ၏။ ထိုကံကြောင့် မုချ အဝီစိသို့ ကျတော့မည်သာ။ ပယောဂသမ္ပတ္တိက ဘယ်လောက်ပင် ကောင်းသော်လည်း လုံးဝ လွတ်လပ်ခွင့် မရနိုင်။ သို့သော် ခမည်းတော်မရှိသောအခါကျမှ နောင်တရ၍ ဘုရားရှင်ကို အလွန် ကြည်ညိုသော ပယောဂသမ္ပတ္တိကြောင့် အဝီစိငရဲ၌ မကျပဲ အဝီစိငရဲ၏ အခြံအရံဖြစ်သော ဥဿဒငရဲ၌ ကျသဖြင့် သက်သာခွင့်ရလေသည်။ ဤစကားဖြင့် အလွန်ကြီးမားသော အကုသိုလ်ကံများ ကိုပင် ပယောဂသမ္ပတ္တိက သက်သာအောင် တတ်နိုင်သေးသည်ဟု မှတ်ပါ။

ထိုမျှလောက် မကြီးမားသော အကုသိုလ်ကံများကိုကား လုံးဝ အကျိုးမပေးအောင် တားဆီးနိုင်သည်။ မိဘကို ဆဲရေးခြင်း၊ ဆရာသမားများကို အပြစ် ပြောခြင်း၊ လူကြီးများကို ဆဲရေးခြင်း၊ ဂုဏ်ရှိသူ သီလ သမာဓိ ကြီးမားသူတို့ကို ကဲ့ရဲခြင်း ပြစ်မှားခြင်းတို့သည် အတော်အတန် ကြီးမားသော အကုသိုလ်ကံ များပင် ဖြစ်လေသည်။ သို့သော် အပြစ်ကိုကြောက်၍ (သတိရ၍) ပြစ်မှားခံရသူ ရှိသေးလျှင် ထိုသူ့ထံ သွား၍ ဖြစ်စေ၊ ထိုသူ မရှိလျှင် ထိုသူ၏ သင်းချိုင်းသို့ သွား၍ ဖြစ်စေ၊ ထိုကဲ့သို့ မသွားနိုင်ပါလျှင် မာန်မာနကို လျော့၍ တကယ် စေတနာဖြင့် အဝေးမှ ဖြစ်စေ တောင်းပန် ဝန်ချလျှင် (ထို ဝန်ချမှု ပယောဂ သမ္ပတ္တိကြောင့်) ထိုအကုသိုလ်ကံများ အကျိုးမပေးနိုင်တော့ချေ။

ထို့အတူပင် အခြားသော အကုသိုလ်ကံကလေး များစွာလည်း ကုသိုလ်ကံ အားကြီးလျှင် ပပျောက်ကြရသည်။ (ကံချင်းတူပါလျက် ပုဂ္ဂိုလ်မျက်နှာလိုက်ပုံ အခန်း၌ ပြခဲ့သော ကြက်ခိုး ဥပမာ၊ ဆား ဥပမာများကို သတိပြုပါလေ။) ဘုရားပညတ်တော်ကို ကျူးလွန့်၍ အာပတ်သင့်သော ရဟန်းမှာလည်း ဘုရားရှင် အမိန့်တော်အတိုင်း ကုစားလျှင် တချို့ အာပတ်၏ မကောင်းကျိုးများ ပျောက်၏။ ဤသို့ စသည်ဖြင့် အတော်အတန် ကြီးမားသော အကုသိုလ်များပင် ပယောဂသမ္ပတ္တိဖြင့် တားဆီးက အကျိုး မပေးတော့ပဲ ပြေပျောက်ကြရလေသည်။

ပယောဂ သမ္ပတ္တိကြောင့် စီးပွားရေးတန်းမြင့်ပုံ

“မိစ္ဆာဒိဋ္ဌိ လူမျိုးတွေ”ဟု ခေါ်ရသော နိုင်ငံခြားသားတို့ သန္တာန်၌ ရှေးရှေးကပြုခဲ့သော ကုသိုလ်ကံများ ဧကန် ပါရှိ၏။ သူတို့၏ သတိ၊ ဝီရိယ၊ အလိမ္မာဉာဏ် ထက်သန်ပုံမှာလည်းချီးမွမ်းစရာပင်တည်း။ တယောက်၏ကျန်းမာရေးကလေးကို မဆိုဘိ၊ တပြည်နှင့် တပြည် လာမည့်ဘေး တွေးကာ စစ်မက် အင်္ဂါတွေကို ဉာဏ်အမျိုးမျိုးဖြင့် စိတ်ကူးကြ၊ ဝီရိယ သန်သန်ဖြင့် မှန်မှန်ကြီး လုပ်ကိုင်နေကြ၏။ ထိုအလုပ်များကို (ဗုဒ္ဓဘာသာဝင် ဆိုသူတို့က အကုသိုလ်ဖြစ်သည် ဟု နှာခေါင်းရှုံ့ကြသော်လည်း) လောကီ၌ ကြီးပွားကြောင်း ကျက်သရေမင်္ဂလာ တိုးကြောင်း လမ်းကောင်း မဟုတ်ဟုကား မည်သည့် ဗုဒ္ဓဘာသာဝင်မျှ မငြင်း ပယ်နိုင်ကြပေ။

ဤ မြန်မာနိုင်ငံ လာ၍ စီးပွားရှာကြသော လူမျိုးခြားတို့လည်း အလွန် သတိကောင်းကြ၏။ လုံ့လ ဝီရိယမှာ ပြောစရာ မရှိ၊ လိမ္မာပါးနပ်မှုကား မတုနိုင်အောင်ပင်။ စီးပွားရှာ၍ ကောင်းမည့် အရပ်ဒေသကို (ပဋိရူပဒေသကို) ရွေးချယ်တတ်ခြင်းမှာလည်း ထိုသူတို့ အသိဉာဏ်ပင်တည်း။ ထိုမျှလောက် ပယောဂသမ္ပတ္တိ-ရှိနေရကား သူတို့သန္တာန်၌ ရှေးရှေး ဘဝက ပါလာသော ကုသိုလ်ကံတွေသည် အကျိုးပေးဖို့ ဧကန် အခွင့်ကြုံသောကြောင့် ကောင်းကျိုး ချမ်းသာ မင်္ဂလာနှင့် ပြည့်စုံကြပေသည်။ ဗုဒ္ဓဘာသာဝင် ဆိုသူ မွန် မြန်မာတို့ တွင်လည်း သတိ၊ ဝီရိယနှင့် အသိ အလိမ္မာ၊ ပညာ၊ အဆင်အခြင်နှင့် အမြော်အမြင် ဟူသော ပယောဂသမ္ပတ္တိ ရှိသူတို့မှာ ကြီးပွားကြသည်သာ။

ပယောဂသမ္ပတ္တိကြောင့် ကျန်းမာပုံ

ယခု လူတို့၌ ကျန်းမာဖို့ရာ ကုသိုလ်ကံနှင့် မကျန်းမာဖို့ရာ အကုသိုလ်ကံများလည်း ထိုက်တန်သလို ပါရှိကြနေ၏။ အသွားအလာ၊ အစားအသောက်၊ အနေအထိုင် မှစ၍ အရာရာဝယ် မသင့်မတော်သည်ကို သတိထား၍ ရှောင်ရှားခြင်း၊ မှန်မှန် အိပ် မှန်မှန်စား၊ မှန်မှန်ရေချိုး၊ မှန်မှန်လမ်းလျှောက် စသည်ဖြင့် အချိန်မှန်မှန် ပြုဖို့ရန် မပျင်းမရိ လုံ့လ ရှိခြင်း၊ ဘယ်ဥတုမှာ ဘယ်အစာ သင့်၏၊ ဘယ်အချိန် ရေချိုးသင့်၏၊ ဘယ်ဆေးကို စားသင့်၏၊ တနေ့ တနေ့လျှင် အနည်းဆုံး ၆-နာရီ အိပ်သင့်၏၊ ကျန်းမာရေးကို မည်သို့ လေ့လာသင့်၏။ ဤသို့ စသည်ဖြင့် တတ်သိ နားလည်မှုသည် ကျန်းမာဖို့ရန် လမ်းမှန်သော ပယောဂသမ္ပတ္တိ များတည်း။ ဤ ပယောဂသမ္ပတ္တိ ရှိသူတို့၌ ကျန်းမာဖို့ရန် ပါလာသော ကံလည်း အခွင့်သာလေသည်။

ဤသို့ စသည်ဖြင့် ပယောဂသမ္ပတ္တိသည် ကုသိုလ်ကံအကျိုးပေးဖို့ရန် အချုပ်အခြာ ဖြစ်ပေရကား ပယောဂသမ္ပတ္တိ ရှိသူသည် ပညာလည်း တတ်နိုင်၏။ အိမ်ထောင်ဘက် ကောင်းလည်း ရနိုင်၏၊ မိတ်ဆွေကောင်းလည်း ရနိုင်၏၊ ဆရာကောင်းလည်း တွေ့နိုင်၏၊ ပညာ ဥစ္စာ ရာထူး ဂုဏ်သိန် စည်းစိမ်များလည်း တိုးတက်နိုင်၏။ နောက်နောက်ဘဝတို့၌ နိဗ္ဗာန်ရသည့်တိုင်အောင် တန်းမြင့်ဖို့ရန် ယခုဘဝကပင် အခြေခံ ပါရမီများကိုလည်း ရနိုင်၏။ ထိုပယောဂသမ္ပတ္တိတွင် အရာရာ၌ တတ်သိ နားလည်မှု ဉာဏ်သည် ပထမ အရေးကြီး၏။ ထို့နောက် အရာရာ၌ သတိထားဖို့ အရေးကြီး၏။ ထို့နောက် ပေါ်ပေါက်လာသော ကိစ္စ၌ မပျင်းမရိ လုံ့လရှိဖို့ အရေးကြီးသည်။

ပယောဂဝိပတ္တိ

ဉာဏ်ပညာ ကင်း၍ ဖျင်းအထိုင်းမှိုင်းမှု၊ သတိကင်းပေါ့ မေ့လျော့မှု၊ ဝီရိယ ကင်း၍ ပျင်းရိမှုများသည် ပယောဂ ဝိပတ္တိ ချည်းတည်း၊ ထို့ပြင် တယောက်အပေါ် တယောက် ဣဿာ မစ္ဆရိယ အားကြီးမှု၊ အရာရာ၌ စိတ်တိုလျက် ဒေါသကြီးမှု၊ မာန် မာနကြီးမှုများလည်း ကြီးပွားရေး စီးပွားရေးကို နှောင့်ယှက်တတ်သဖြင့် ပယောဂဝိပတ္တိ များပင် ဖြစ်သည်။ ယခု လူတို့ သန္တာန်၌ အကျိုးမပေးရလျှင် မနေနိုင်လောက်အောင် ကြီးသော အကုသိုလ်ကံများသည် အကျိုးပေးခဲ့ပြီး ဖြစ်၏။ ထိုအကုသိုလ်ကံ ကြီးများ လူတိုင်းမှာ ရှိတော့မည် မဟုတ်။ သို့သော် ပယောဂဝိပတ္တိ ဖြစ်နေလျှင် မကောင်းကျိုး ပေးမည့် အကုသိုလ်ကလေး များကား ကိုယ်စီကိုယ်ငှ ပါရှိကြသည်။

ဥပမာ–အမျိုးကောင်း သားသမီးများ ပီပီ ပညာတတ်အောင် သင်ခြင်း၊ ဥစ္စာကို တရားနည်းလမ်းအတိုင်း ရအောင် ရှာဖွေခြင်း၊ ကံ ၅-ပါးကို မကျူး လွန်ခြင်း စသည်ဖြင့် အပြစ်ကင်းအောင်နေသူတို့၌ အကုသိုလ်ကံပါရှိသော်လည်း ထိုအကုသိုလ်ကံက အကျိုးပေးခွင့် မရတော့ချေ။ ငယ်ရွယ်စဉ်က ပညာကိုလည်း မသင်၊ ဥစ္စာရှာချိန်၌လည်း မတရား ရှာဖွေ၏။ သို့မဟုတ် လုံးလုံးမရှာပဲ နေ၏။ ကံ ၅-ပါးကိုလည်း အခွင့်သင့်သလို ကျူးလွန်၏။ ထိုသူ၌ ပယောဂဝိပတ္တိ ဆိုက်နေရကား တနေ့နေ့မှာ အကုသိုလ်ကံများ ဧကန်မုချ အကျိုးပေးခွင့် ရကြပေတော့မည်။

အချုပ်ကား-အလွန် ကြီးကျယ်သော ကုသိုလ် အကုသိုလ်ကံ များမှတပါး များစွာသော ကုသိုလ် အကုသိုလ်ကံတို့၏ အကျိုးပေးခွင့်ရမှု-မရမှုမှာ ပယောဂ အပေါ်၌ အခြေစိုက်လျက် ရှိရကား ပယောဂသမ္ပတ္တိ အမြဲ ရှိနေသူများ၌ (ကံဇာတာ နိမ့်ခိုက်ပင် ဖြစ်စေကာမူ) အကုသိုလ်ကံ အခွင့်မရ၍ ကုသိုလ်ကံ တွေသာ အခွင့်ရကြပေသည်။ ပယောဂ ဝိပတ္တိရှိနေ သူ၌ကား (ကံဇာတာ မြင့်တုန်း၌ “ခွေးရူးကောင်းစား တမွန်းတည့်” ဆိုသလို ကောင်းစားနေစေကာမူ) တနေ့နေ့မှာ အကုသိုလ်အခွင့်သာ၍ ချူနာပါတေးဘဝသို့ နိမ့်ကျရမည် သာတည်း။ ဤ အရာဝယ် ပယောဂဝိပတ္တိ ဖြစ်သည့်အတွက် အကုသိုလ်ကံ အခွင့်ရ၍ ပျက်စီးသူတွေကို မိမိတို့ ရပ်ရွာ၏ အနီးအပါးမှာပင် ပုံပြင်ဝတ္ထုပမာ တွေ့နိုင်ပါသည်။

ပြုပြင်၍ ရ မရ

ပြခဲ့သော ဝိပတ္တိများ ဆိုက်ရောက်နေသူတို့မှာ ပြုပြင်၍ရနိုင်သော အချက်လည်းရှိ၊ မရနိုင်သော အချက်လည်းရှိသည်။ ရပြီးသော ဂတိဘဝကို ပြုပြင်၍ မရတော့ပြီ။ သို့သော် မိမိဖွားမြင်ရာ ဒေသက အောက်ကျ နောက်ကျဖြစ်၍ ညံ့ဖျင်းလှလျှင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ကောင်းသဖြင့် ပဋိရူပခေါ်သော ဒေသကောင်းသို့ ရွှေ့ပြောင်းသောအားဖြင့် ပြုပြင်နိုင်သေး၏။ နိုင်ငံခြားသားတို့ မြန်မာပြည်လာ၍ စီးပွားရှာပုံ၊ ရှေးခေတ် အထက် အညာသားများ အောက်ပြည်သို့ ဆင်း၍ စီးပွားရှာကြပုံ၊ ပညာကောင်းသော ကျောင်းသို့သွား၍ ပညာသင်ကြပုံမျိုးတည်း။ ထိုသို့ ပြောင်းရွှေ့ သင့်သော်လည်း မိမိမှာ လူစွမ်းလူစ အရည်အချင်း ရှိမှ သင့်လျော်၏၊ အရည်အချင်း ရှိသူများအတွက် “တရွာမပြောင်း သူကောင်းမဖြစ်”ဟု ဆိုကြသည်။ အရည်အချင်းမရှိသူကို တရွာပြောင်းလျှင်ကား “တရွာပြောင်းခါမှ သူကောင်း ကျွန်စော်နံရသည်ဟု လည်းကောင်း၊ “ထိုင်နေ အကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ”ဟု လည်းကောင်း ဆိုကြသည်။

ရုပ်အဆင်း ဥပဓိလည်း များများကြီး ပြုပြင်၍ မရပြီ။ သို့သော် “လူအဝတ် တောင်းအကွပ်”ဟု ပြောစမှတ်ပြုသည့်အတိုင်း ဝတ်စားဆင်ယင် ပြုပြင်တတ် လျှင်ကား နဂို ဥပဓိ ညံ့သော်လည်း ကြည့်သာပါသေး၏။ တောသူတောသားနှင့် မြို့သူမြို့သားတို့ ကွာခြားပုံကို သတိပြုပါ။ ထို့ပြင် ဖွားမြင်ခါစ လသား အရွယ် သူငယ်များ၏ လက် ခြေ အင်္ဂါတို့ အချိုးကျအောင် ဥပဓိကို ပြင်နိုင်သေး၏။ ယခုကာလ၌ မိခင်တို့က ပြုပြင်၍ မပေးကြသောကြောင့် တဘက်သတ် အိပ်လေ့ရှိသော ကလေးတို့၌ ဦးခေါင်း မတဲ့ပဲ စောင်းရွဲ့ နေတတ်ကြ၏။ မွေးဖွားပြီးစ ကလေး ခါးကုန်းလျှင် ကျောအောက်၌ ပျဉ်ပြားခံပေးကာ ပြုပြင် နိုင်ပါလျက်နှင့် ပြုပြင်၍ မပေးကြ။ အထက်ပိုင်း လေး၍ ခြေသလုံး ပေါင်ရိုးတို့ မတောင့်တင်းသေးမီ “ရပ် နိုင် ပေ့..ရပ် နိုင် ပေ့”ဟု အရပ် သင်ပေးကြသဖြင့် ကလေးများ ခြေခွင်နေတတ်ကြသည်။

လက် ၂-ဘက်ဖြင့် ချိုင်းအောက်ကို ပွေ့ယူ မြှောက်ချီကြသောကြောင့် ရင်ဘတ်သေးလျက် ပခုံး ၂-ဘက်လည်း သေးနေတတ်၏။ ပက်လက်ယူ၍ ချီသောအခါ တင်ပါးအထက် ခါးပေါ်မှ ကိုင်ယူ၍ ချီကြသောကြောင့် တင်ပါးကော့၍ နေတတ်၏။ နုနယ်သော လက် ခြေ အင်္ဂါ နှာခေါင်းများကို နဂိုက မလှသော်လည်း ပြုပြင်ပေးလျှင် အထိုက်အလျောက် ဖြောင့်စင်း လှပါ နိုင်လျက် ပြုပြင်၍ မပေးကြ။ သင့်မြတ်သော အစာ နို့ရည်များကို တိုက်ကျွေး ဖို့ရန် နားမလည်၍ ရောဂါထူပြောလျက် ကလေးများ ရုပ်အဆင်း ပျက်ကြရ၏။ ဤအချက်များသည် မိဘ ဆွေမျိုးတို့၏ ပယောဂသမ္ပတ္တိ မရှိမှုကြောင့် ကလေး၌ အကုသိုလ်ကံ အကျိုးပေးခွင့် သာခြင်း ဖြစ်ရကား ထိုကဲ့သို့ မဖြစ်ရအောင် မိဘ လုပ်သူများက (နားလည်မှုဉာဏ်၊ မပျင်းမရိမှု) ပယောဂသမ္ပတ္တိဖြင့် ပြုပြင်၍ ပေးထိုက်လှပေသည်။

ကာလသမ္ပတ္တိ ဖြစ်အောင်ကား “ခေါင်းဆောင်၊ မင်း” စသူတို့ ပြုပြင်မှ ဖြစ်နိုင်သောကြောင့် မိမိတယောက်တည်း ပြုပြင်လို့ မရနိုင်။ သို့သော် အင်မတန် ဆိုးရွာ၍ တကမ္ဘာလုံး ပျက်ပြားနေသောအခါ မဟုတ်လျှင် မင်းကောင်း၊ ခေါင်းဆောင်ကောင်းတို့ ရှိရာ အရပ်သို့ ရွှေ့ပြောင်းနိုင်၏။ ရပ်ရွာလူကြီး၊ ဆရာသမား၊ ဘုန်းတော်ကြီးတို့ကမူ မိမိတို့ရပ်ရွာနယ်ပယ်၌ အထိုက်အလျောက် ကာလသမ္ပတ္တိဖြစ်အောင် ပြုပြင်နိုင်ကြပါသည်။ ဤ စကားစဉ် အရ ဂတိ၊ ဥပဓိ၊ ကာလတို့ကို အကုန် မပြင်နိုင်သော်လည်း တတ်သိ နားလည်လျှင် အထိုက် အလျောက် ပြုပြင်နိုင်သည်ဟု သိသာပြီ။

ပယောဂကိုကား ပြုပြင်လို့ ရလွယ်၏။ သတိ မေ့တတ်လျှင် ကြိုးစား၍ သတိထားက သတိကောင်းသူ ဖြစ်နိုင်ပါ၏။ နဂိုက ဝီရိယညံ့ဖျင်းလျှင် “ငါမပျင်းဘူး”ဟု ပြုပြင်ကာ ဝီရိယကောင်းသူ ဖြစ်နိုင်၏။ ဒေါသကြီးလျှင် ဒေါသမဖြစ်အောင် စိတ်ပါလက်ပါ စောင့်စည်းသွားပါက အလွန် အေးမြသူ ဖြစ်နိုင်၏။ မာနကြီးလျှင် မာနကို ပြုပြင်နိုင်၏။ အသိ အလိမ္မာ ဉာဏ်ပညာ မရှိလျှင် တတ်သိ နားလည်သူတို့၏ စကားကို နားထောင်၍ ယခုပြုပြင်လျှင် ယခု အလိမ္မာ တိုး၏။ အတော်ကြာလျှင် တဘဝပြောင်းသလို အသိအလိမ္မာတွေ တိုးလာ၏။ (စာကျက်၍ မရသဖြင့် သတိမကောင်းသူဟု ဆိုကြသော်လည်း၊ ယခုကာလ ဉာဏ်မကောင်းဟု ဆိုကြသော်လည်း) အလိမ္မာနည်းမှာ အရ မကျက်ပဲ ဖြစ်နိုင်ပါသည်။ ဤ အလိမ္မာကို ပြိုင်ပြင်လေ့ရှိသူသည် ယခုဘဝသာ လိမ္မာမည် မဟုတ်။ နောင်သံသရာလည်း အလိမ္မာဓာတ် လိုက်ပါလျက် တသံသရာလုံး အလိမ္မာတုံး ဖြစ်နိုင်ပေသည်။

“မကောင်းလည်းကံ၊ ကောင်းလည်းကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး။”

ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ မဟာမေဒင်ဘာသာဟု ဘာသာကြီး ၄-မျိုး ရှိ၏။ ခရစ်ယာန်ဘာသာ မဟာမေဒင် ဘာသာတို့၌ သတ္တဝါတို့၏ ကောင်းကျိုး ဆိုးကျိုးများကို ထာဝရဘုရား စသူ တို့က ဖန်ဆင်းပေးသည်ဟု ဖန်ဆင်းပေးသူကို စွဲလမ်းကြ၏။ ဗုဒ္ဓဘာသာ ဟိန္ဒူ ဘာသာဝင်တို့က “ကောင်းကျိုး ဆိုးကျိုးကို ရှေးကပြုခဲ့သောကံက စီမံ၏”ဟု ရှေးကံကို စွဲလမ်း၏။ ဖန်ဆင်းသူကို စွဲလမ်းမှု၏ မှားပုံမှာ ဤကျမ်းစာ ရှုသူတို့ ရိပ်မိလောက်ပြီဖြစ်၍ မရေးတော့ပြီ။ အရာရာ ကံကိုချည်း စွဲလမ်းသူများလည်း “ပုဗ္ဗေကတဟေတုဒိဋ္ဌိ” ခေါ် မိစ္ဆာဒိဋ္ဌိတမျိုးမှ မလွတ်ကင်းပဲ ရှိကြလေသည်။ ထိုဒိဋ္ဌိ၏ ယူမှားပုံကား... “ယခု မျက်မြင် သတ္တဝါတွေသည် ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးသော အကြင် အကျိုးကို ခံစားရ၏။ ထိုအကျိုးအားလုံးသည် ရှေးက ပြုခဲ့သော ကံကြောင့် ချည်းသာ ဖြစ်၏” ဤသို့ စသည်ဖြင့် ယူလေသည်။

မိစ္ဆာအယူကို စဉ်းစားလျှင် ယခုအခါ “မကောင်းလည်းကံ၊ ကောင်းလည်းကံ”ဟု ကံတခုကို စွဲလမ်းကြသော ဗုဒ္ဓဘာသာဝင်တို့လည်း ထိုပုဗ္ဗေကတ ဟေတုဒိဋ္ဌိမှ မလွတ်သည်ကို တွေ့ရပေသည်။ ထို့ကြောင့် ရှေ့၌ ပြခဲ့ပြီးသော သမ္ပတ္တိ ၄-ပါး ဝိပတ္တိ ၄-ပါးတို့ကို စဉ်းစားပြီးလျှင် ငါတို့သန္တာန်၌ အကျိုး မပေးရသေးသော ကုသိုလ်ကံ အကုသိုလ်ကံများ အစဉ်တစိုက် လိုက်နေ သည်ကား မှန်၏။ သို့သော် ထိုကံတွင် အကုသိုလ်ကံတို့သည် ဝိပတ္တိ အမျိုးမျိုး ဆိုက်နေရာ အခါမှသာ အကျိုးပေးခွင့် ရကြ၏။ ကုသိုလ်ကံတို့လည်း သမ္ပတ္တိ အမျိုးမျိုး ရှိမှသာ အကျိုးပေးခွင့် ကြပေသည်-ဟု ယုံကြည်ကြပါကုန်။

ဆက်ဦးအံ့ – အကုသိုလ်ကံ အကျိုးပေးဖို့ရာ (ကံဇာတာညံ့ခိုက်) ကြုံသော်လည်း သတိ ဝီရိယ ဉာဏ် ဟူသော ပယောဂသမ္ပတ္တိ ရှိသူမှာ အကုသိုလ်များ မကောင်းကျိုး မပေးပဲ ရှောင်လွှဲရမည် သာတည်း။ အကယ်၍ ယခုဘဝ၌ သူတော်ကောင်းတရား ပါရမီများကို ကြိုးကြိုးစားစား ထူထောင်လိုက်ပါလျှင် နောက်နောင်သံသရာဝယ် ကောင်းမြတ်သော ဂတိကို ဧကန်ရမည် သာတည်း။ ထိုသို့ ဂတိသမ္ပတ္တိ စသည်နှင့် အဆင့်ဆင့် ကြုံနေပါမူ ရှေးရှေးက ပြုခဲ့သော အကုသိုလ်ကံတို့သည် နိဗ္ဗာန်ရသည့် ဘဝတိုင်အောင်ပင် အကျိုးပေးခွင့် မရနိုင်။ ထို့ကြောင့် မိမိ မမြင်နိုင်သော ရှေးကံကို တွေးကြံ ကြောက်မနေပဲ ယခုဘဝ၌လည်း စီးပွားရေး တန်းမြင့်၍ နောင် သံသရာ၌လည်း အဆင့်ဆင့် မြင့်မြတ် လေအောင် ယခု လက်ငင်း ပြုပြင်၍ ရကောင်းသော ပယောဂ သမ္ပတ္တိ ကိုသာ ထူးထူးခြားခြား ကြိုးစား၍ ပြုပြင်ကြပါကုန်။

တူသော အကျိုး ပေးတတ်ပုံ

ကုသိုလ်ကံဖြစ်စေ၊ အကုသိုလ်ကံဖြစ်စေ တူသောအကျိုးကို ပေးတတ်၏။ သူတပါးကို သတ်သော ပါဏာတိပါတကြောင့် ဖြစ်ရာဘဝ၌ အသတ် ခံရတတ်၏။ ရောဂါများ တတ်၏။ ဤသို့ စသည်ဖြင့် ရတနာ့ဂုဏ်ရည် ၅-ပါး သီလနှင့် ကံ ကံ၏အကျိုး အဖွင့်၌ ပြခဲ့၏။

စွန့်ကြဲပေးကမ်း လှူဒါန်းသောအခါ အလှူခံကို စားစေချင်၊ ကောင်းကောင်းမွန်မွန် နေစေချင်သော စေတနာသည် ဒါနတည်း။ ထိုဒါနကြောင့် ဖြစ်လေရာဘဝ၌ စားရ ဝတ်ရ ကောင်းကောင်းမွန်မွန် နေထိုင်ရလောက်အောင် စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသော ဓနရှင်များ ဖြစ်လာရပေသည်။ သို့သော် လှူဒါန်းပေးကမ်းသည့် အခါတုန်းက အပရစေတနာ ချို့တဲ့လျှင် (လှူပြီးနောက် နှမြောသလိုဖြစ်ကာ စိတ်မချမ်းသာလျှင်) ထိုဒါနကြောင့် ရရှိသော စည်းစိမ်ကို ခံစားလိုစိတ် မရှိပဲ ဓနရှင် ဖြစ်ပါလျက် လူဆင်းရဲများကဲ့သို့ နုံနုံချာချာနှင့် နေရတတ်လေသည်။

သူဌေးတစ်ဦး

ငါတို့ ဘုရား မပွင့်မီ သာသနာပ ကာလ၌ သူကြွယ်တယောက်သည် အိမ်ပေါက်၌ ဆွမ်း ရပ်တော် မူလာသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား "ဆွမ်းလောင်းကြပါ”ဟု ပြောဆို၍ ကိစ္စ တခုအတွက် နေရာမှ ထသွားပြီးနောက် “ဆွမ်းလောင်း ခိုင်းမိတာ မှားပေါ့။ ထိုထမင်းများကို အခိုင်းအစေများ စားတာကပင် ကောင်းသေးရဲ့”ဟု တွေးကာ နှလုံး မသာမယာနှင့် အပရစေတနာ ချို့မိလေသည်။

အကျိုးပေးပုံ

ထိုဆွမ်းလှူ ခိုင်းခဲ့သော ကုသိုလ်ကြောင့် ငါတို့ ဘုရားရှင် လက်ထက်တော်၌ သဌေး ဖြစ်လာ၏။ သို့ရာတွင် အပရစေတနာ ချို့တဲ့မှုကြောင့် သဌေးနှင့် တူအောင် နေချင်စိတ် မရှိ။ ပိုက်ဆံလျှော်ချည်ဖြင့် ယက်သော အဝတ်ကြမ်းကို ၃-စပ်လောက် ဆက်စပ်ပြီး ဝတ်လေ့ ရှိ၏။ ဆန်ကွဲ ထမင်း ပုန်းရည်ဟင်းကို စားသောက်လေ့ ရှိ၏။ ဤသို့ အနုံအမွဲ လူဆင်းရဲ အနေမျိုး နေကာ မကြာခင် အသက်ဆုံး၍ စည်းစိမ် အားလုံး မင်းဘဏ္ဍာ ဖြစ်ရလေသည်။

ဝတ္ထု မှတ်ချက်

ဤ ဝတ္ထုကို လေးနက်စွာ စဉ်းစားသင့်၏။ ယခုအခါ မိမိနှင့် ထိုက်တန်သော အဝတ်အစားကို ဝတ်ချင် စားချင်စိတ် မရှိသူ၊ မိမိနှင့် တန်အောင် နေထိုင်ချင်စိတ် မရှိသူများကို တွေ့မြင်ကြရ၏။ ထိုသူများသည် တရားသဘော သက်ဝင်ကာဝတ်မည့် စားမည့်အတွက် လှူမယ်၊ စွန့်ကြဲ ပေးကမ်းမယ် ဆိုလျှင် သူတော်ကောင်း သဘောဖြစ်၍ အပြစ် မတင်သာချေ။ ထိုစိတ်မျိုး မဟုတ်ပဲ နှမြော ကုပ်ကပ်သည့်အတွက် မစားရက် မဝတ်ရက်လျှင် သဌေးကြီး ဝဋ်ပါသကဲ့သို့ ဝဋ်ပါသူ-ဟု ဆိုရပေလိမ့်မည်။

အကောင်းဆုံး

အရပ်ရပ်ကို ကောက်ချက်ချလိုက်လျှင် ထိုက်တန်အောင်လည်း ဝတ်လို့ စားလို့၊ မိမိ၏ကလေးများအတွက်လည်း အမွေအနှစ် ထားလို့၊ ထိုက်တန်အောင်လည်း စွန့်ကြဲပေးကမ်းလို့ နေထိုင်ကြမှာ ပစ္စည်း ဥစ္စာနှင့် ဆိုင်ရာဝယ် လောက သံသရာ ၂-ဖြာလုံး အကျိုးရှိအောင်နေတတ်သူဟု ဆိုရပေမည်။ ထို့ကြောင့် ဒီပဲရင်း ဆရာတော် ဘုရားကြီးသည် “စားလဲ စားကြပါ။ မသေခင် စားဖိုနဲ့ အမွေအနှစ် ပေးဖို့လဲ ထားကြပါ။ နောင်သံသရာအတွက် ကုသိုလ် ပဒေသာပင်ကိုလဲ စိုက်ပျိုးကြပါ” ဟူသော တိုက်တွန်းချက်ဖြင့် အောက်ပါ လင်္ကာကို မိန့်ဆိုတော်မူသည်။

“စားသမျှ မစင်၊ ထားသမျှ မသေခင်၊ ပြုသမျှ ကုသိုလ်အပင်၊ ယခုကာလ ဘဝကောင်းတွင်၊ စားလဲစား၊ ထားလဲထား၊ ပြုလဲပြုကြမှ တော်မည်ထင်။”

သီလ၏ တူသောအကျိုး

အမှန် စောင့်ထိန်းရမည့် ဥပုသ် သီလနှင့် ၅-ပါး သီလသည် စောင့်ထိန်းသောအခါ သတ္တဝါတို့ကိုလည်း ချမ်းသာစေ၏။ ကိုယ်တိုင်လည်း အလုပ် ဗျာပါရ ကင်း၍ ငြိမ်းအေးသော စိတ်ဖြင့် စောင့်ထိန်းရ၏။ ထို့ကြောင့် သီလ အကျိုးပေးသောအခါ (ပစ္စည်း ဥစ္စာ မပေါစေကာမူ) အနာကင်း၍ စိတ်ချမ်းသာ ကိုယ်ချမ်းသာ အေးအေး သက်သာ နေရအောင် အကျိုးပေး၏။ ထို့ကြောင့်ပင် “ဒါနတော ဘဂဝါ၊ သီလတော သုခိတော”ဟု ပြောစမှတ်ပြုကြသည်။ [ဒါနတော-ဒါနကြောင့်၊ ဘောဂဝါ-စည်းစိမ် ကြွယ်ပြော ဥစ္စာပေါသူ ဖြစ်ရ၏။ သီလတော-သီလကြောင့်၊ သုခိတော-ကိုယ်စိတ်နှစ်ဖြာ ချမ်းသာသူ ဖြစ်ရ၏။]

ဘာဝနာ၏ တူသောအကျိုး

ကမ္မဋ္ဌာန်း ဘာဝနာ စီးဖြန်းလိုသူကား ပင်ကိုယ်ကပင် လူသူ မခို မြိုင်ညိုစိမ့်စမ်း ရဂုံလမ်း၌ အေးချမ်းသာယာစွာ တကိုယ်တည်း နေ၍ စီးဖြန်းရသည်။ စီးဖြန်းသောအခါ၌လည်း ဈာန်ရအောင် အားထုတ်လျှင် လောကီအာရုံ ကာမဂုဏ်ကို အစွမ်းကုန် အပြစ်မြင်နိုင်မှ ဈာန်ရ၏။ မဂ်ဖိုလ်ရအောင် အားထုတ်လျှင် ရုပ်၊ နာမ်၊ ခန္ဓာ၊ တသံသရာလုံး ငြီးငွေ့နိုင်မှ မဂ်ဖိုလ်ရသည်။

“မာတင်္ဂကြီး၊ တောခိုမှီးသို့၊ ကိုယ်တည်း အောင်းခို၊ ဗြဟ္မစိုရ်ဖြင့်၊ အလိုတော်ပြည့်၊ ပြည့်အောင် ဖြည့်ပိမ့်၊ ငါ၏ နောက်တော်၊ တယောက်သော်မျှ၊ မခေါ် အပို၊ ဖော် မလိုသည်၊ ရွှေကိုယ်သက်သက် ရှင်းရှင်းတည်း။”

ဟူသော မဃဒေဝ လင်္ကာနှင့် အညီ တကိုယ်တည်း အားထုတ်ရသော ဘာဝနာအလုပ် ၂-မျိုးတွင်လည်း ဈာန်ကိုရ၍ ဗြဟ္မာ့ပြည် ရောက်သောအခါ ကြင်ရာဒေဝီ မဟေသီဗြဟ္မာမ-ဟု မရှာရတော့ပဲ တကိုယ်တည်း အေးချမ်းစွာဖြင့် မေတ္တာ ကရုဏာ မုဒိတာ ပွားများ၍ ခမ်းနားသော ဘုံဗိမာန်တွင် ယောဂီ ကိုယ်တော်ကြီး အသွင် အင်မတန့် သိက္ခာဖြင့် တည်ငြိမ်စွာ နေထိုင် ကြရပေသည်။ မဂ်ဖိုလ်ပေါက်သူ ဖြစ်လျှင်ကား ပင်ကိုယ်က ရုပ် နာမ်အားလုံးကို အမုန်းကြီး မုန်း၍ အငြီးငွေ့ကြီး ငြီးငွေ့ခဲ့သည့် အားလျော်စွာ နိဗ္ဗာန်ရောက် သောအခါ ဘုံဗိမာန် ဟူသော ရုပ်တရားကို မဆိုထားဘိ၊ ကိုယ်ရုပ် ကိုယ့်နာမ်ပါ မကြွင်းကျန်တော့ပဲ ရုပ်နာမ်နှင့် မစပ်သော ဓာတ်တမျိုးအဖြစ်ဖြင့်သာ တည်ရှိ ပေတော့သည်။

ဤသို့လျှင် ဒါန သီလ ဘာဝနာ စသော ကုသိုလ်အားလုံးပင် အကြောင်းနှင့် တူသော အကျိုးကို ဆောင်သောကြောင့် သံသရာ နောင်ရေးကို မျှော်တွေးမိ သူတိုင်း မိမိကိုယ်ကို မိမိ ချစ်ခင်ကာ နိဗ္ဗာန်အထိ သံသရာလမ်း ကောင်းဖို့ရန် မကောင်းသော စိတ်ထားများကို ပယ်ရှား၍ ကောင်းသော ကံကို ချည်း ကြိုးစားသင့်ကြသည်။

“အကုသလ၊ ကုသလ၏၊ ကမ္မသကာ၊ လက္ခဏာကို၊ မြဲစွာဝမ်းတွင်း၊ နှလုံးသွင်းလော့၊ မပျင်းကုသိုလ်၊ ထိုပုဂ္ဂိုလ်ကား၊ ကိုယ့်ကိုချစ်သူ၊ မည်သောဟူ၏၊ အယူမယွင်း၊ ဆောက်တည်ခြင်းဖြင့်၊ ကံရင်းမူလ ဝီရိယနှင့်၊ ဉာဏ ထောက်ကူ၊ ထိုသည့် သူမှ၊ လူတွင် လူလွန်၊ လွှား တံခွန်သို့၊ လူမွန်တယောက်၊ တစ် ခေါ်လောက်အောင်၊ ခါရောက် ချိန်ဆုံး၊ တုမဲ့နှုန်း၍၊ ရွှေဘုန်း မော်ရမည်ကိုကား။” -မဃဒေဝ လင်္ကာ။

နိဂုံး

ဤမျှသော စကားအစဉ်ဖြင့် ကံနှင့် ကံ၏ သတ္တိ၊ ကံ၏ အကျိုးပေးပုံများ ပြီးဆုံးပြီ။ ဤသို့ ကံနှင့်စပ်၍ အရပ်ရပ် မှတ်ဖွယ်များကို ရေးသားရကြောင်း ကောင်းမှုပဋိပတ် အကျင့်မြတ်ကြောင့် ဤကျမ်းကိုရှုသူတိုင်း ကမ္မဿကတာဉာဏ် ရင့်သန်၍ သမ္မာဒိဋ္ဌိအစစ် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါစေ။ ငါနှင့်တကွ ငါ၏ အတွင်းလူ ဟူသမျှလည်း ဖြစ်လေရာ ဘဝတို့၌ သမ္မာဒိဋ္ဌိ အစစ်ချည်း ဖြစ်ကာ နိဗ္ဗာန်ရောက်ကြောင်း တရားကိုသာ ကြိုးစားကြပါစေ။

ကံနှင့် စပ်ရာ၊ အဖြာဖြာကို၊ ကောင်းစွာ ခွဲခြမ်း၊ ရေးသည့်စွမ်းကြောင့်၊ ဤကျမ်းရှုကြ၊ ဟူသမျှကို၊ ကမ္မသကတာ၊ ဉာဏ်ရင့်စွာဖြင့်၊ သမ္မာယူစစ်၊ ဖြစ်ကြပါစေ၊ ငါ့ အနေသော်၊ အခြေခိုင်မြဲ၊ သမ္မာစွဲ၍၊ မကွဲအသင်း၊ ငါ့အရင်းလည်း၊ မယွင်းငါ့တူ၊ သမ္မာယူသည်၊ နိဗ္ဗူထုတ်ချောက် ရောက်ရန်သောဝ်။

ကံနှင့် စပ်၍ အရပ်ရပ် မှတ်ဖွယ် ပြီးပြီ။