ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
နိဗ္ဗာန်အကြောင်း
နိဗ္ဗာန်အကြောင်းကို ရေးသားလျှင် ကြောင်းကျိုးစုံလင်အောင် ကျယ်ဝန်းစွာရေးမှ တာဝန်ကြေပေလိမ့်မည်။ ဤစာအုပ်၌ကား ထိုမျှလောက် ကျယ်ဝန်းရေးခွင့်မရ၊ “အနည်းငယ်မျှ မထိတထိ ရေးခြင်းထက် လုံးလုံး မရေးခြင်းက သင့်တော်သေး၏”ဟု သဘောရ၍ နိဗ္ဗာန်အကြောင်းကို (ရှေးရိုက် စာအုပ်များ၌) လျစ်လျူရှုခဲ့ပါသည်။ သို့သော် အထိုက်အလျောက်သိနှင့် ကြဘို့ရန် ၁၃၂၀-ခုရိုက် စာအုပ်၌ကား သဂြိုဟ်ဘာသာဋီ၌ ပါသော ဥပသမာနုဿတိ ခဏ်းကို ထည့်သွင်းပြလိုက်ပါသည်။
ဥပသမာနုဿတိ
နိဗ္ဗာန်၏ ချမ်းသာအေးမြ သန္တိသုခရှိပုံကို အဖန်ဖန် အောက်မေ့ခြင်းသည် ဥပသမာနုဿတိမည်၏၊ နိဗ္ဗာန်တရားကို ရုပ်ဝိသေသ နာမ်ဝိသေသဟုလည်းကောင်း, ခန္ဓာကိုယ်တွင်း၌ အနှစ်အမြုတေအလား မြဲခိုင်သော နိစ္စတရားရှိ၏၊ ရုပ်နာမ်တရားများ ချုပ်ပျောက်သောအခါ ထိုအနှစ်အမြုတေသာ အဖတ်တင်ရစ်၏၊ ထိုအနှစ် အမြုတေအဖြစ်ဖြင့် တည်နေရခြင်းသည်ပင် နိဗ္ဗာန်တည်းဟုလည်းကောင်း, နိဗ္ဗာန်၌ ရုပ်နာမ်မရှိ၍ ခံစားခွင့် မရလျှင် အဘယ်မှာ ချမ်းသာဟု ဆိုနိုင်ပါအံ့နည်းဟုလည်းကောင်း, မိမိတို့ ထင်ရာ မြင်ရာ ပြောဆို ရေးသား ကြ၏၊ တစ်စုံတစ်ခုသော အာရုံ၏ အကြောင်းကို ထိုအာရုံ ရရှိဖူးသူသာလျှင် ပိုင်ပိုင်နိုင်နိုင် သိမြင်နိုင်ရိုးရှိ သကဲ့သို့, နိဗ္ဗာန်၏ အကြောင်းကိုလည်း နိဗ္ဗာန်ရပြီးသော အရိယာတို့သာ ပိုင်နိုင်စွာ သိမြင်နိုင်ပေသည်၊ ယခု ပုထုဇဉ်တို့၏အတွေးဖြင့် လေးနက်သောနိဗ္ဗာန်ကို အမှန် မထိမိနိုင်ရာ၊ သို့သော် ကျမ်းဂန်လာ သာဓကယုတ္တိ ကို ချိန်ဆ၍ ဉာဏ်မြင်သမျှ ရေးပြပါဦးအံ့။
နိဗ္ဗာန်ဟူသည် စိတ် စေတသိက် ရုပ်ပရမတ်တို့မှ သီးခြားဖြစ်သော ပရမတ်တရားတည်း၊ ထို့ကြောင့် ရုပ် နာမ် သင်္ခါရနှင့် လုံးဝဆက်သွယ်ခြင်း မရှိရကား ရုပ်ဝိသေသ နာမ်ဝိသေသ မဟုတ်နိုင်ပါ၊ အဇ္စျတ္တ ဗဟိဒ္ဓနှစ်မျိုးတွင် "ဗဟိဒ္ဓါ ဓမ္မာ" ဟူသော မာတိကာပုဒ်အရတွင် ပါဝင်သော ဗဟိဒ္ဓတရားဖြစ်သောကြောင့် ခန္ဓာကိုယ်အတွင်း၌ အနှစ်အမြုတေအဖြစ်ဖြင့် တည်ရှိသော ဓာတ် တစ်မျိုးလည်း မဟုတ်နိုင်ပါ၊ နိဗ္ဗာန်သည် ပုဂ္ဂိုလ် သတ္တဝါကဲ့သို့ ခံစားတတ်သော တရားလည်း မဟုတ်, ရူပ သဒ္ဒစသည်အာရုံ ကာမဂုဏ်ကဲ့သို့ ခံစားအပ်သော တရားလည်း မဟုတ်ရကား နိဗ္ဗာန်၌ ဝေဒယိတသုခ မရှိသည်မှာ အမှန်ပင်တည်း၊ သို့သော် ဝေဒယိတသုခထက် အဆပေါင်းများစွာ သာလွန်သော သန္တိသုခသာ ရှိသည်မှာ အမှန်ပင်တည်း။
ချဲ့ဦးအံ့ –ခံစားမှုဟူသော ဝေဒယိတသုခသည် ခံစား စံစား၍ ကုန်ကုန်သွားသည့်အတွက် အသစ် အသစ်ရအောင် ထူထောင်ရ၏၊ ထိုအသစ်အသစ်ရအောင် ထူထောင်ရသော ဒုက္ခကား ခံစားရသော သုခနှင့် အဆမတန်ချေ၊ ထိုဒုက္ခဖြင့် ထူထောင်ပြီးနောက် ပေါ်ပေါက်ရရှိသော သုခကလေးဖြင့် တင်းမတိမ်နိုင်ကြ သောကြောင့် အပိုအမို အကြွေးယူကာ မတရားခံစားမှုအတွက် အပါယ်သွား၍ သုခအကြွေးကို အတိုးနှင့် တကွ ဒုက္ခဖြင့် ဆပ်ကြရသည်မှာ တွေးမိတိုင်း ဝမ်းနည်းစရာကြီးပေတည်း၊ ထိုကဲ့သို့ ခံစားမှုသုခနှင့် မရောသော သန္တိသုခသဘောကား ရုပ်နာမ်သင်္ခါရတို့ ချုပ်ငြိမ်းသဖြင့် အေးမြငြိမ်းချမ်းခြင်းသဘောပေတည်း၊ ထင်ရှားစေအံ့-လောကီအာရုံ ကာမဂုဏ်တွေ ပြည့်စုံလှသော သူဌေးတစ်ယောက်သည် အားရပါးရ အိပ်ပျော် ၍နေစဉ် လောကီအာရုံများကို ပြင်ဆင်၍ အစေခံတို့က နှိုးလာသောအခါ "အအိပ် ဖျက်ရမည်လား" ဟု ကြိမ်းဝါး မောင်းမဲမည်သာတည်း၊ ထိုသူ အိပ်နေစဉ် ခံစားမှု အထင်အရှား မရှိ၊ သို့ပါလျက် ငြိမ်းချမ်းစွာ အိပ်နေရမှုကိုပင် ခံစားမှုသုခတွေထက် နှစ်သက်ပေသေးသည်၊ ထိုခံစားမှု မပါသော အိပ်ပျော်မှုသုခကိုပင် "အိပ်ရကောင်းလိုက်တာ" ဟု အမွှန်းတင်ကြသေး၏၊ ထို့ကြောင့် ရုပ် နာမ်အားလုံးကင်း၍ ငြိမ်းချမ်းခြင်း သန္တိသုခကား မည်မျှလောက် မွန်မြတ်လိမ့်မည်ကို မှန်းဆသင့်တော့သည်။
ဆက်ဦးအံ့ –အနာဂါမ် ရဟန္တာအရှင်မြတ်တို့သည် ရုပ် နာမ်ခန္ဓာကြီးကို လေးလံလှစွာသော ဝန်ထုပ်ကြီး ကဲ့သို့ မှတ်ထင်တော်မူကြသဖြင့် ရုပ်နာမ်ခန္ဓာမှ ကင်းနိုင်သမျှ ကင်းဖို့ရာ နိရောဓသမာပတ်ကို ဝင်စားတော်မူ ကြ၏၊ ထိုသမာပတ်အတွင်း၌ ခံစားမှု လုံးဝမရှိ, စိတ် စေတသိက်တည်းဟူသော နာမ်တရားနှင့် အချို့ရုပ်များ အသစ်မဖြစ်ကြဘဲ ရပ်စဲနေခြင်းသာတည်း၊ ထိုကဲ့သို့ ရုပ်နာမ် အချို့တို့ ချုပ်ငြိမ်းနေခြင်းကိုပင် အင်မတန့် သုခကြီးဟု သဘောရ၍ နိရောဓသမာပတ်ကို ဝင်စားတော်မူကြပေသည်၊ ထို့ပြင်-အသညသတ် အရူပဗြဟ္မာ တို့၏ အဖြစ်သနစ်ကို စဉ်းစားပြန်လျှင်လည်း သန္တိသုခ၏ အေးမြငြိမ်းချမ်းပုံသည် ထင်ရှားပြန်၏၊ အသညသတ် ဗြဟ္မာတို့၌ နာမ်တရား မရှိ, ခံစားမှု မရှိ, ကမ္ဘာ(၅၀၀)ခန့်မျှ နာမ်တရားတို့မှာ ငြိမ်းချမ်းလျက် နေရ၏၊
အရူပဗြဟ္မာတို့၌ ရုပ်တရားတို့မှ အေးမြငြိမ်းချမ်းလျက်ရှိ၏၊ အထက်ဆုံး အရူပဗြဟ္မာ့သန္တာန်ဝယ် ဖြစ်ခွင့်ရှိ နေသော နာမ်တရားသည်ပင် အလွန်နည်းပါးလှချေပြီ၊ ရဟန္တာဖြစ်လျှင် မနောဒွါရာဝဇ္ဇန်း, မဟာကြိယာ(၈), နေဝသညာနာသညာယတနဝိပါက်(၁), ကြိယာ(၁), အရဟတ္တဖိုလ်စိတ်(၁)အားဖြင့် ယှဉ်ဖက်စေတသိက် များနှင့်တကွ စိတ်ပေါင်း(၁၂)ပါးသာ ဖြစ်ခွင့်ရှိတော့၏၊ ထို(၁၂)ပါးလည်း တစ်ခုစီဖြစ်နေရကား ထိုရဟန္တာ ဗြဟ္မာကြီး၌ ထိုစိတ်ကလေးတစ်ခု နောက်ထပ်မဖြစ်လျှင် ရုပ်နာမ်အားလုံး ချုပ်ငြိမ်းရတော့၏။ ထိုအခါ "သန္တိသုခ" ခေါ်သော နိဗ္ဗာနဓာတ် တရားမြတ်သည် မုချဆတ်ဆတ် ထင်ရှားတော့လတ္တံ့၊
ထိုသန္တိသုခ နိဗ္ဗာနဓာတ်သည် ဘာမျှမရှိသော အဘာဝပညတ် မဟုတ်ပါ၊ အများဆိုင် ဘုံတရားကဲ့သို့ တစ်ပါးတည်းလည်း မဟုတ်ပါ၊ ကိုယ့်နိဗ္ဗာန်နှင့်ကိုယ် အသီးသီး ရှိကြ၏၊ ထို့ကြောင့် အရိယာအရှင်မြတ်တို့သည် ခန္ဓာကိုယ်ဒြဗ် ထင်ရှားရှိစဉ် မိမိတို့နိဗ္ဗာန်ကို အာရုံပြုလျက် ဖလသမာပတ် ဝင်စားတော်မူကြပေသည်၊ ထိုဖလသမာပတ် ဝင်စားခိုက်ဝယ် နိဗ္ဗာန်ကို အာရုံမှန်းလျက် စိတ်တမ်း၍ နေရ ခြင်းသည်ပင် အင်မတန်ချမ်းသာကြသတဲ့။ ထေရာ ထေရီ အလီလီတို့ ရွှေပြည်နိဗ္ဗာန် ဝင်စံခါ နီးဝယ် ဥဒါန်းဂါထာများကို ကျူးကာ ကျူးကာဖြင့် ရုပ်နာမ်ခန္ဓာကို အားရပါးရ စွန့်ပစ်ခဲ့ကြပေသည်၊ ရဟန္တာ အရှင်မြတ်တို့၏ ရုပ်နာမ်စွန့်ကြပုံကို စဉ်းစားလျှင် ရုပ်နာမ်ကို ခင်မင်နေသော ငါတို့လို ပုထုဇဉ်များအတွက် ရှက်ဖွယ်ကြီးပါတကား။
သဒေဝကဿ လောကသာ, ဧတေ ဝေါ သုခသမ္မတာ၊
ယတ္တစေ တေ နိရုဇ္ဈန္တိ၊ တံ တေသံ ဒုက္ခသမ္မတံ။
သဒေဝကဿ၊ ဗြဟ္မာ သကြား, နတ် အများနှင့်တကွ ဖြစ်သော။ လောကဿ၊ ပုထုဇဉ်ဉာဏ်မြင်ပေတုံး တလောကလုံးသည်။ ဧတေ၊ ရူပ သဒ္ဒ စသည်အာရုံ ဤ ကာမဂုဏ်တို့ကို။ သုခသမ္မတာ၊ ချမ်းသာဘွယ်တောင်း အကောင်းဟု သမုတ်အပ်ကုန်ပြီ။ ယတ္ထ၊ အရိယာအများ, အလွန် လေးစား သည့် တရားမျက်ရှင် အကြင်သို့သော နိဗ္ဗာန်၌။ တေ၊ ရူပ သ စသည့် အာရုံ ဤ ကာမဂုဏ်တို့သည်။ နိရုဇ္ဈန္တိ၊ ကွယ်ပျောက်ချုပ်ငြိမ်း ရုပ်သိမ်းရလေ ကုန်၏။ တံစ၊ ကာမဂုဏ် အားလုံး ပြုတ်ပြုတ်ပြုန်းလျက် ဆုံးရာအမှန် ထိုနိဗ္ဗာန် ကိုကား။ တေသံ၊ ထို ဉာဏ်မြင်ပေတုံး ပုထုဇဉ် အားလုံးတို့သည်။ ဒုက္ခသမ္မတံ၊ ခံစားဘွယ်အချက် ကင်းသည့် တွက်ကြောင့်, သက်သက်ရှုတ်ချ၍ ဒုက္ခဟု သမုတ်အပ်လေသတည်း။ [ဧတေဝေါ၌ ဝေါအတွက် အနက်မရှိ၊]
သုခံ ဒိဋ္ဌမရိယေဘိ သက္ကာယဿ နိရောဓနံ၊
ပစ္စနီကမိဒံ ဟောတိ သဗ္ဗလောကေန ပဿတံ။
သက္ကာယဿ၊ ပရမတ္ထအားဖြင့် ထင်ရှားဘိတောင်း, ခန္ဓာငါးပါး အပေါင်း၏။ နိရောဓနံ၊ ကင်းပျောက်ချုပ်ငြိမ်း, ရုပ်သိမ်းရာဖြစ်သော။ သုခံ၊ နိဗ္ဗာနဓာတ် ချမ်းသာမြတ်ကို။ အရိယေဘိ၊ အရိယာအရှင် သူတော်စင် တို့သည်။ ဒိဋ္ဌံ၊ ဉာဏ်စက္ခုဖြင့်, စေ့ငုထင်ထင် သိမြင်အပ်ပေပြီ။ ဣဒံ၊ များပုထုဇဉ် ဉာဏ်အမြင်ဖြင့် မမြင်နိုင်တန် ဤနိဗ္ဗာန်ကို။ ပဿတံ၊ တပ်အပ် ထင်ထင် ကိုယ်တိုင်မြင်သည့် အရှင်အပေါင်း သူတော်ကောင်းတို့မှာ။ သဗ္ဗ လောကေန၊ အဝိဇ္ဇာဖုံး, တဏှာတုံး အားလုံး လောက, ဟူသမျှနှင့်။ ပစ္စနီကံ ဟောတိ၊ ကျောချင်း ကပ်ယှဉ် ပြေးကြအင်သို့ အစဉ်ဆက်ဆက် ဆန့်ကျင်ဘက်အနေ, ဖြစ်ရလေတော့သတည်း။ သဠာယတနသံယုတ် ဒေဝဒဟဝဂ်။
သောတာပန်ဖြစ်ဖို့ ခက်သလား
[ပြင်ဆင်ရန်]ပါဠိတော်။ ။ ကာလံ ဥပသီတဝါနန္ဒ ဓမ္မာဒါသံနာမ ဓမ္မပရိယာယံ ဒေသေဿာမိ၊ ယေန သမန္နာဂတော အရိယသာဝကော အာကင်္ခမာနော အတ္တနာဝ အတ္တာနံ ဗျာကရေယျ၊ ခီဏနိရယောမှိ ခီဏတိရစ္ဆာနယောနိ ခီဏပေတ္တိဝိသယော ခီဏာပါယဒုဂ္ဂတိဝိနိပါတော၊ သောတာပန္နော ဟမသ္မိ အဝိနိပါတဓမ္မော နိယတော သမ္ဗောဓိပရာယဏောတိ။ (မဟာဝဂ္ဂသံယုတ်ပါဠိတော်၊ နှာ-၃၁၁)
မြန်မာပြန်။ ။ ဘုရားဂုဏ်တော် (၉) ပါး၊ တရားဂုဏ်တော် (၆) ပါး၊ သံဃာ့ဂုဏ်တော် (၉) ပါး ဤဂုဏ်တော်များ၌ အဝေစ္စပသာဒ (ဉာဏ်ဖြင့် သက်ဝင်ယုံကြည်ခြင်း) (၃) မျိုး၊ ငါးပါးသီလနှင့် ပြည့်စုံခြင်း ဤဂုဏ်အင်္ဂါ (၄) ပါးနှင့် ပြည့်စုံသူသည် မိမိကိုယ်ကို 'သောတာပန်ဖြစ်ပြီ' ဟု ဆုံးဖြတ်နိုင်သည်။
သောတာပန်ဖြစ်ဖို့ မခဲယဉ်း
[ပြင်ဆင်ရန်]ဤတရားမှန်ကြီးကို ကြည့်ရှုသောအခါ သောတာပန်ဖြစ်ဖို့ အကြောင်းမှာ ရတနာသုံးပါး၏ ဂုဏ်တော်ကို လေးလေးနက်နက် ကြည်ညိုခြင်း နှင့် လူဝတ်ကြောင်များ၌ ငါးပါးသီလ စင်ကြယ်ဖို့သာ ဖြစ်၏။ ထို့ကြောင့်လည်း ဝိသာခါကျောင်းအမ သည် ဗုဒ္ဓမြတ်စွာကို ပထမဖူးရစဉ် (၇) နှစ်အရွယ်ကပင် သောတာပန်တည်ခဲ့၏။ ဓမ္မာသောကမင်း၏ အသန္ဓိမိတ္တာဒေဝီ သည် ဘုရားရှင်၏ အသံတော်နှင့် အထိုက်အလျောက်တူသော ကရဝိက်ငှက်၏ အသံကို ကြားရ၍ ဘုရားကို မဖူးလိုက်ရဘဲ ကြည်ညိုသော အဝေစ္စပသာဒ (သဒ္ဓါ) ကြောင့် မောင်းမ (၇) ရာနှင့်အတူ သောတာပန်ဖြစ်ကြ၏။ ပင်ကိုယ်ငါးပါးသီလ စင်ကြယ်သူများအတွက် ယခုလို သာသနာတွင်း၌ကား သောတာပန်ဖြစ်ဖို့ မခဲယဉ်းဟု မှတ်သင့်ပါသည်။
ဆောင်။ ။ ထောက်မှန်ပေါ်တွင်၊ ကိုယ့်အသွင်ကို၊ ဆင်ပြင်လိုဘိ၊ နေ့စဉ်ကြည့်သို့၊ မိမိသီလ၊ ဆိုင်သမျှကို၊ နေ့ညခပင်း၊ လွန်သန့်ရှင်း၍၊ ပြန့်သင်းမွှေးမှု၊ အလေးပြုလျက်၊ သုံးလူ့ထွတ်ထား၊ မြတ်ဘုရားနှင့်၊ တရား၊ သံဃာ၊ အရိယာ၏ ဆိုင်ရာ ဂုဏ်တော်၊ ဉာဏ်၌ပေါ်အောင်၊ ရွှင်ပျော်ရှုစား၊ သဒ္ဓါပွားမှု၊ မလားအပါယ်၊ တရားကယ်မည်၊ ရှုဖွယ်ထောက်မှန် အစစ်တည်း။
ကမ္မဋ္ဌာန်းမှန်သမျှ အဝိဇ္ဇာနှင့် တဏှာကုန်ဖို့သာ
[ပြင်ဆင်ရန်]အဝိဇ္ဇာနှင့် တဏှာကြောင့် ဒုက္ခအမျိုးမျိုးဖြင့် ကျင်လည်နေရပုံကို သိသောအခါ ထိုအဝိဇ္ဇာနှင့် တဏှာကုန်အောင် ကြိုးစားနေရသောနည်းကို ရှာကြရ၏။ ထိုနည်းကို ဘုရားတစ်ဆူ ပွင့်တော်မူမှသာ ဘုရားဟောတော်မူ၍ သိကြရ၏။ သမုဒ္ဒရာသို့ ဝင်ဖို့ရန် ဆိပ်ကမ်းများစွာ ရှိသကဲ့သို့ သံသရာ၏ တစ်ဖက်ကမ်းဖြစ်သော နိဗ္ဗာန်သို့ ဝင်ဖို့ရန် ကမ္မဋ္ဌာန်းတည်းဟူသော ဆိပ်ကမ်း အများအပြားပင် ရှိ၏။ ထိုကမ္မဋ္ဌာန်းကို အားထုတ်ရင်း အဝိဇ္ဇာ နှင့် တဏှာ တို့ နည်း၍ နည်း၍ လာမှသာ ထိုကမ္မဋ္ဌာန်းလမ်းစဉ်သည် မှန်သောလမ်းစဉ်ဖြစ်၏။ ကမ္မဋ္ဌာန်းအားထုတ်သော်လည်း အဝိဇ္ဇာနှင့် တဏှာ မနည်းလျှင် ကမ္မဋ္ဌာန်းသော်လည်း မှားနေပေလိမ့်မည်။ သို့မဟုတ် မိမိကသော်လည်း အဝိဇ္ဇာနှင့် တဏှာ နည်းလိုသော ဆန္ဒမရှိသောကြောင့် ဖြစ်လိမ့်မည်။ ကမ္မဋ္ဌာန်းနည်းမှန်၍ မိမိဆန္ဒက အဝိဇ္ဇာနှင့် တဏှာ ကုန်စေလိုလျှင်ကား ကမ္မဋ္ဌာန်းဟူသမျှသည် အဝိဇ္ဇာ၊ တဏှာနည်းပါးရာမှ တစ်စတစ်စ ကုန်ဖို့သာဖြစ်သည်။ ထို့ကြောင့် ဤအချက်သည် ကမ္မဋ္ဌာန်းအားထုတ်ရင်း တဏှာနည်းမနည်း ကြည့်ရှုရန် တရားကြေးမုံ ထောက်မှန်ကြီး ဖြစ်သည်ဟု မှတ်ပါ။
နိဗ္ဗာန် - ပရိနိဗ္ဗာန်
[ပြင်ဆင်ရန်]ပရိနိဗ္ဗာန် ၃-မျိုး ။ ။ နိဗ္ဗာန်နှင့် ပရိနိဗ္ဗာန်သည် သဘောတူ၏။ ထိုပရိနိဗ္ဗာန်သည် ကိလေသာတို့၏ ငြိမ်းအေးခြင်းဟူသော ကိလေသပရိနိဗ္ဗာန်၊ ရုပ်ခန္ဓာတော်၏ ငြိမ်းအေးခြင်းဟူသော ခန္ဓပရိနိဗ္ဗာန်၊ ဓာတ်တော်တို့၏ ငြိမ်းအေးခြင်းဟူသော ဓာတုပရိနိဗ္ဗာန် အားဖြင့် (၃) ပါး အပြားရှိ၏။
ကိလေသပရိနိဗ္ဗာန်။ ။ သတ္တဝါတိုင်း၌ရှိသော လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာတို့သည် စိတ်ကို ပူလောင်စေကြကုန်၏။ တဏှာ၊ လောဘမီး၏ ပူလောင်မှုကြောင့် ဆရာ၊ မိဘ စသူတို့၏ စကားကိုမျှ နားမထောင်နိုင်ဘဲ လုပ်ချင်ရာ လုပ်ကြသူတွေ၊ အလိုမကျသော ဒေါသမီးကြောင့် ကိုယ့်ကိုယ်ကိုပင် သေကြောင်းကြံကြသူတွေကို ကြည့်လျှင် လောဘ၊ ဒေါသမီးတို့ ပူလောင်ပုံမှာ အလွန်ထင်ရှား၏။ ထိုသို့ လောဘမီး၊ ဒေါသမီး အလောင်ခံရခြင်းမှာလည်း မောဟမီးက အကြောင်းအကျိုးမသိ၊ မမြင်နိုင်အောင် ဖုံးကွယ်ထားသောကြောင့် ဖြစ်၏။ ဥပမာ ကလေးငယ်သည် ပူမှန်းမသိသောကြောင့် မီးကို ကိုင်ချင်သကဲ့သို့ (တချို့မှာ ကိုင်မိသကဲ့သို့) တည်း။ ဗုဒ္ဓမြတ်စွာသည် အရဟတ္တဖိုလ်ကို ရသောအခါ ထိုကိလေသာ အပူမီးတို့ အလုံးစုံကုန်၍ ငြိမ်းအေးကြလေတော့၏။ ထို့ကြောင့် "ကိလေသပရိနိဗ္ဗာန်၊ ဗုဒ္ဓမြတ်စွာ၏ ကိလေသပရိနိဗ္ဗာန်သည်။ ဗောဓိပလ္လင်္ကေ အဟောသိ၊ ဘုရားဖြစ်ရာ မဟာဗောဓိပလ္လင်၌ ဖြစ်ခဲ့ပြီ" ဟု ဉာဏဝိဘင်္ဂ အဋ္ဌကထာ (နှာ ၄၁၃) ၌ မိန့်သည်။
ခန္ဓပရိနိဗ္ဗာန်။ ။ ရုပ်နာမ် (၂) ရပ် ပေါင်းစပ်၍ တည်နေသော ဤခန္ဓာကိုယ်သည် အေးချမ်းငြိမ်သက်ခြင်းမရှိသော အပူတုံးသာဖြစ်၏။ ဇာတိမီး၊ ဇရာမီး၊ မရဏမီးစသော (ရှေ့၌ ပြအပ်ခဲ့သော) မီးတစ်ဆယ့်တစ်ပါးသည် ဤခန္ဓာကိုယ်၌ တစ်မျိုးပြီးတစ်မျိုး တောက်လောင်လျက်ရှိ၏။ ဓမ္မစကြာပါဠိတော် ၌လာသော ချစ်သူနှင့် ကွေကွင်းရခြင်း၊ မုန်းသူနှင့် တွဲရခြင်း၊ အလိုရှိတာမရခြင်းတို့ကြောင့် ဖြစ်ခဲ့သော ဒုက္ခများလည်း အပူများပင်ဖြစ်၏။ ထို့ကြောင့် သတ္တဝါတိုင်း၏ ခန္ဓာကိုယ်သည် ဒုက္ခအပူ၊ မီးအပူတို့ဖြင့် အမြဲပူ၍နေ၏။
အခြားသူတို့၏ ခန္ဓာကိုယ်ကို မဆိုထားဘိ၊ ဗုဒ္ဓမြတ်စွာ၏ ခန္ဓာကိုယ်တော်သော်မှလည်း ဝမ်းတော်လားချိန်မှစ၍ အားတော်နည်းပါးကာ (၃) ဂါဝုတ်ခရီး၌ မကြာမကြာ နားတော်မူရခြင်း၊ ရေသောက်တော်မူလိုသောကြောင့် ရေခပ်စေတော်မူရခြင်းအားဖြင့် ခန္ဓာကိုယ်၏ အပူဒဏ်ကို ပင်ပန်းကြီးစွာ ခံတော်မူရပါသေးသည်။ ထိုကြောင့် ညောင်စောင်းကလေးအပေါ်မှာပင် ဈာန်ပေါင်းများစွာ အကြိမ်ကြိမ်အခါခါ ဝင်စားတော်မူပြီး၍ စတုတ္ထဈာန်မှ ထတော်မူသောအခါ ပဋိသန္ဓေနေတော်မူတုန်းကဖြစ်သော မဟာဝိပါက် ပထမစိတ် နှင့်တူသော ဘဝင်စိတ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူခြင်းသည် ရုပ်နာမ်ခန္ဓာဟူသော အပူတုံးကြီး၏ ငြိမ်းအေးခြင်းဟူသော ခန္ဓပရိနိဗ္ဗာန် ပင် ဖြစ်ပါသည်။ ထို့ကြောင့် "ခန္ဓပရိနိဗ္ဗာန် ကုသိနာရာယံ - ခန္ဓပရိနိဗ္ဗာန်သည် ကုသိနာရုံမြို့၌ ဖြစ်ခဲ့ပြီ" ဟု ဉာဏဝိဘင်္ဂ အဋ္ဌကထာ (နှာ ၄၁၃) ၌ မိန့်သည်။
မီးငြိမ်းခြင်းဥပမာ။ ။ ဤခန္ဓပရိနိဗ္ဗာန် ဖြစ်တော်မူပုံကိုပင် ရည်ရွယ်တော်မူ၍ "နိဗ္ဗန္တိ ဓီရာ ယထယံ ပဒီပေါ - ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ ဖြစ်သော ပညာရှိတို့သည် နောက်ဆုံးဝိညာဉ်ဖြစ်သော စုတိစိတ်တော်၏ ချုပ်ခြင်းအားဖြင့် ငြိမ်းအေးတော်မူကြပြီ။ ဥပမာ- တောက်နေသော ဆီမီးသည် ဆီကုန်သောအခါ ငြိမ်းသကဲ့သို့ ဖြစ်သည်" ဟု ရတနသုတ် ၌ ဗုဒ္ဓမြတ်စွာ မိန့်တော်မူ၏။ မဟာပရိနိဗ္ဗာနသုတ် ပါဠိတော် (နှာ ၁၂၉) ၌လည်း "ပဇ္ဇောတဿေဝ နိဗ္ဗာနံ ဝိမောက္ခော စေသော အဟု - ပရိနိဗ္ဗာန် စုတိစိတ်တော်၏ လွတ်မြောက်တော်မူခြင်းသည် မီးငြိမ်းပုံနှင့်တူသည်" ဟု အရှင်အနုရုဒ္ဓါ မိန့်တော်မူသည်။
ဓာတုပရိနိဗ္ဗာန်။ ။ ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်အားလုံးစုပေါင်း၍ ဓာတ်ပေါင်းကိုယ်တော်ကို ဓာတ်မီးလောင်ပြီးမှ ငြိမ်းခြင်းကို "ဓာတုပရိနိဗ္ဗာန်" ဟုခေါ်၏။ ချဲ့ပါဦးမည်။ သာသနာတော်ကိုးကွယ်မည့် လူတစ်ယောက်တလေမျှ မရှိလောက်အောင် သာသနာဆုတ်ယုတ်သောအခါ နေရာဌာနအသီးသီး၌ တည်တော်မူသော ဓာတ်တော်များသည် ဘုရားဖြစ်ရာ ဗောဓိပင်၌ စုပေါင်းကာ ရွှေတုံးကြီးကဲ့သို့ ဖြစ်၍ ရောင်ခြည်တော် လွှတ်လိမ့်မည်။
ထိုဓာတ်တော်ကို ဖူးမြင်ရသောအခါ နတ်ဗြဟ္မာတို့သည် ကဗျာကယာ လာကြပြီးလျှင် အရိုးတော် ရွှေတုံးကြီး၌ မီးလောင်နေသည်ကို မြင်ရသောအခါ "ယခု ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူတာပြီ၊ ယခုမှ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူတာပဲ" ဟု ပြောကာပြောကာ အလွန်ဝမ်းနည်းစွာ ငိုကြွေးကြလေ၏။ အနာဂါမ်၊ ရဟန္တာ၊ နတ်၊ ဗြဟ္မာတို့ကား "ဖြစ်သမျှ ပျက်ရသည်သာ" ဟု တရားသဘောကိုတွေးကာ သံဝေဂဉာဏ်ဖြင့် သည်းခံနိုင်ကြပေသည်။
လင်္ကာ။ ။ ဓာတ်တော်၊ မွေတော်၊ ကြွင်းပါသော်လည်း၊ ချွတ်ချော်သာသနာ၊ နောင်သောခါဝယ်၊ ရှိန်ဝါပျောက်ကြွေ၊ ကွယ်ပချေသော်၊ ထွေထွေရပ်နယ်၊ ဓာတ်သွယ်သွယ်လည်း၊ ကိုးကွယ်ကြမည့်၊ လူမရှိ၍၊ ဗောဓိပင်မှာ၊ စုပေါင်းကာဖြင့်၊ ရောင်ဝါလွှတ်ပြီး၊ ရွှေတုံးကြီးသို့၊ ဓာတ်မီးလောင်တောက်၊ ကုန်ဆုံးပျောက်က၊ လာရောက်ကြရှာ၊ နတ်ဗြဟ္မာတို့၊ သာသနာဗုဒ္ဓ၊ ယခုမှပင်၊ မုချအတည်၊ ကွယ်ရပြီဟု၊ ငိုမြည်တမ်းတ၊ သံဝေဂဖြင့်၊ မရယူကျုံး၊ ကိုယ်စိတ်ချုံးသည်၊ နောက်ဆုံးသာသနာပွဲတော်ဘုရား။
နိဗ္ဗာန် (၂) မျိုးမှ တစ်မျိုး နိဗ္ဗာန်
[ပြင်ဆင်ရန်]ရဟန္တာအားလုံး၌ ရနိုင်သော ကိလေသပရိနိဗ္ဗာန်၊ ခန္ဓပရိနိဗ္ဗာန် (၂) မျိုးသည် "သိဝံ ပတ္ထထ ဘိက္ခဝေ၊ သိဝံ ပတ္ထေတွာ ဒါနံ ဒါတဗ္ဗံ - ဘိက္ခုတို့၊ ဘေးခပ်သိမ်းတို့၏ အေးငြိမ်းရာ နိဗ္ဗာန်ကို တောင့်တကြလော့၊ နိဗ္ဗာန်ကို တောင့်တ၍ ဒါနကို ပြုကြလော့၊ သီလကို ဆောက်တည်ကြလော့၊ ဘာဝနာကို ပွားစေကြလော့" ဤသို့ ဗုဒ္ဓမြတ်စွာ ဟောတော်မူအပ်သော နိဗ္ဗာန် မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် (၂) မျိုးသည် "ဒုက္ခခပ်သိမ်း အေးငြိမ်းရာဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏" ဟု လူအများ တောင့်တအပ်၊ ဆုတောင်းအပ်သော အသင်္ခတဓာတ် နိဗ္ဗာန်တရားမြတ် မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် (၂) မျိုးသည် "ငါဘုရားသည် ယနေ့ညဉ့်၏ နောက်ဆုံးအချိန်၌ ရှေးရှေးဘုရားတို့ ဝင်အပ်သော အမြိုက်နိဗ္ဗာန်သို့ ဝင်ရတော့မည်" ဟု ဆင်ခြင်တော်မူသောအခါ "စိတ်တော်သည် အလွန်ကြည်၏" ဟု မိန့်တော်မူအပ်သော နိဗ္ဗာန်မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် (၂) မျိုးသည် "အနိဇော သန္တိမာရဗ္ဘ၊ ယံ ကာလမကရီမုနိ = ငါးဖြာအာရုံ ကာမဂုဏ်၌ တုန်လှုပ်တတ်စွာ တဏှာကင်းပြီးသော အကြင်မုနိထွတ်တင် ဘုရားရှင်သည် ဒုက္ခခပ်သိမ်း အေးငြိမ်းရာနိဗ္ဗာန်ကို ရည်ရွယ်တော်မူ၍ ကွယ်လွန်ချိန်ကို ပြုတော်မူပြီ" ဟု အရှင်အနုရုဒ္ဓါ မိန့်တော်မူအပ်သော စကားတော်အရ ဘုရားရှင် ရည်ရွယ်တော်မူအပ်သော သန္တိသုခ မဟာနိဗ္ဗာန် မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် (၂) မျိုးသည် "နိဗ္ဗာနံ ပန လောကုတ္တရ သင်္ခါတံ စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ၊ မဂ္ဂဖလာနမာရမ္မဏဘူတံ ဝါနသင်္ခါတာယ တဏှာယ နိက္ခန္တတ္ထာ နိဗ္ဗာနန္တိ ပဝုစ္စတိ" အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ "မဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်" ဟုလည်းကောင်း၊ "နိဗ္ဗာနံ ပရမံ သုခံ" ဟု ဓမ္မပဒအဋ္ဌကထာ၊ သုခဝဂ်၊ ဧကဥပါသကဝတ္ထု ၌ "နိဗ္ဗာန်သည် အမြတ်ဆုံးသုခ" ဟုလည်းကောင်း၊ "အသင်္ခတာ စ ဓာတု" ဟု ဓမ္မသင်္ဂဏီ၊ ရူပကဏ္ဍ၊ ဥဒ္ဒေသ ၌ "အသင်္ခတဓာတ်" ဟုလည်းကောင်း ဟောတော်မူအပ်သော နိဗ္ဗာန်မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် (၂) မျိုးသည် သစ္စာ (၄) ပါးတွင် နိရောဓသစ္စာ အဖြစ်ဖြင့်ပါဝင်သော၊ သောတာပတ္တိမဂ်ကို ရလျှင်ပင် ဝိသာခါကဲ့သို့ (၇) နှစ်သမီးအရွယ်သူငယ်မကို ထိုက်တန်သမျှ မြင်အပ်သော၊ တစ်ခါမြင်ပြီးလျှင် ဒိဋ္ဌိ၊ ဝိစိကိစ္ဆာတို့ ကင်းကွာရကြောင်းဖြစ်သော၊ တစ်ခါမြင်ဖို့ရန်လည်း ငါးပါးသီလ လုံခြုံမှုအခြေခံရသော နိဗ္ဗာန် မဟုတ်သေးပါ။
ထို့ကြောင့် ယခုအခါ အကြောင်းတရားတို့ကို မပြုအပ်သောကြောင့် "အသင်္ခတဓာတ်" အမည်တော်ရသော၊ ဘုရားရှင်သာမက ရဟန္တာဟူသမျှတို့သည် ပရိနိဗ္ဗာန်ဝင်ကာလ၌ မကြာမကြာ အာရုံပြု၍ နေအပ်သော၊ ပရိနိဗ္ဗာန်စံတော်မူပြီးနောက်လည်း မပျောက်မပျက် ဆက်လက်တည်ရှိရစ်သော၊ လူအများတို့ ဆုတောင်းအပ်သော၊ ဘုရားရှင်လည်း ဆုတောင်းဆိုရန် တိုက်တွန်းတော်မူအပ်သော နိဗ္ဗာန်တရားတော်မြတ် ကို ရိုသေလေးမြတ်စွာ ရေးသားပူဇော်ပါမည်။
လူအများတို့ ဆုတောင်းနေသော နိဗ္ဗာန်၏ လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်
[ပြင်ဆင်ရန်]ရှေးပညာရှိများ ဖွင့်ပြပုံ။ ။ ရုပ်၊ နာမ်၊ နိဗ္ဗာန်ဟူသော ပရမတ္ထတရားတို့သည် ရူပါရုံမှတစ်ပါး မျက်စိဖြင့် မြင်ကောင်းသော တရားများ မဟုတ်ကြပါ။ ထိုသို့မမြင်ကောင်းသော်လည်း ရှေးပညာရှိ၊ အဋ္ဌကထာဆရာတို့သည် မျက်စိဖြင့် မြင်ရသကဲ့သို့ ဉာဏ်ထဲ၌ ထင်မြင်လာအောင် လက္ခဏာအားဖြင့်လည်းကောင်း၊ ကိစ္စရသ၊ သမ္ပတ္တိရသ တစ်မျိုးမျိုးအားဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်ရှုစားသော ယောဂီပုဂ္ဂိုလ်၊ ပညာရှိပုဂ္ဂိုလ်တို့၏ ဉာဏ်အားထင်လာသော အခြင်းအရာအားဖြင့်လည်းကောင်း၊ အနီးဆုံးအကြောင်းဟူသော ပဒဋ္ဌာန်အားဖြင့်လည်းကောင်း ဖွင့်ပြကြပါသည်။ နိဗ္ဗာန်ကိုလည်း ဉာဏ်၌ ထင်မြင်လာအောင် လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်အားဖြင့် ဖွင့်ပြရမည်ဖြစ်၍ ထိုသို့ မဖွင့်ပြမီ သန္တိလက္ခဏာရှိသော နိဗ္ဗာန်နှင့် တစ်ဖက်တစ်လမ်း (ဟိုဘက်ကမ်း ဤဘက်ကမ်းကဲ့သို့) ကွာလှမ်းသော ရုပ်နာမ်၏ မငြိမ်မသက်ဖြစ်ရပုံကို ရှေးဦးစွာ ပြသပါမည်။
သင်္ခတဓာတ်။ ။ ရုပ်နာမ်တို့ကို ရှေ့ (နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ) ၌ ပြခဲ့ပြီ။ ရုပ်နာမ်တို့သည် အဝိဇ္ဇာ၊ တဏှာ၊ ကံစသော အကြောင်းတို့က ပြုအပ်သော သင်္ခတဓာတ် (ပြုပြင်အပ်သော ဓာတ်) ဖြစ်၏။ ပြု၍ဖြစ်သောအခါ ချက်ချင်းပျက်၏။ ပျက်ပြီးလျှင်လည်း ထပ်၍ဖြစ်၏။ ဖြစ်ပြီးလည်း ပျက်ပြန်၏။ ဤသို့ ဖြစ်ပျက်ဖြစ်ပျက် ဆက်၍နေသော အစဉ်သည် လက်ဖျောက်တစ်ချက်တီးခန့် ကာလ၌ ကုဋေသိန်းပေါင်း များစွာပင်တည်း။ (စိတ်စေတသိက်တို့ တစ်ဆယ့်ခုနစ်ကြိမ် ပျက်ပြီးမှ ရုပ်ကတစ်ကြိမ်သာ ပျက်၏။) ဤအချိန်ကလေး၌ ဤမျှလောက် များအောင် ဖြစ်ပျက်နေရသော ရုပ်နာမ်သည် အဘယ်မှာ ငြိမ်သက်အေးမြ၍ သုခ ဖြစ်နိုင်တော့အံ့နည်း။ အဖြစ်အပျက်ဒဏ်ကို အမြဲခံနေရသောကြောင့် အမြဲပင် ဒုက္ခဖြစ်၏။ ဥဒယဗ္ဗယပဋိပီဠနဋ္ဌေန ဒုက္ခာ။ အဖြစ်အပျက်ဒဏ်ကို အမြဲခံနေရသောကြောင့် ရုပ်နာမ်ဟူသမျှ ဒုက္ခချည်းသာ။
သန္တိလက္ခဏာ။ ။ "လက္ခဏာ" ဟူသည် မှတ်သားကြောင်း အမှတ်အသား၊ မှတ်သားအပ်သော သဘောတည်း။ လူတစ်ယောက်၌ အများနှင့်မတူသော ထူးခြားသော အမှတ်အသား ရှိသကဲ့သို့ ပရမတ္ထတရား (၄) ပါး၌လည်း တစ်ပါးနှင့်တစ်ပါး မတူအောင် ထူးခြားသော အမှတ်အသား၊ ထူးခြားသော သဘောရှိ၏။ နိဗ္ဗာန်အတွက် ထူးခြားသော လက္ခဏာ (အမှတ်အသား) ကား သန္တိလက္ခဏာ တည်း။
သန္တဖြစ်ပုံ။ ။ ရုပ်၊ စိတ်၊ စေတသိက်၊ နာမ်တို့သည် ပြအပ်ခဲ့သည်အတိုင်း အမြဲဖြစ်ပျက်နေရကား ငြိမ်ငြိမ်သက်သက်မရှိကြ။ အမြဲပူလောင်နေသကဲ့သို့ ငြိမ်းငြိမ်းအေးအေးလည်း မရှိကြ။ အသင်္ခတဓာတ် နိဗ္ဗာန်တရားမြတ်ကား အဖြစ်မရှိသောကြောင့် အပျက်လည်းမရှိ။ အဖြစ်အပျက် လှုပ်လှုပ်ရွရွမရှိသောကြောင့် အလွန်ငြိမ်သက်၏။ အဖြစ်အပျက် အပူအလောင် မရှိသောကြောင့် အလွန်အေးငြိမ်း၏။ ထိုအေးငြိမ်းခြင်းသည် နိဗ္ဗာန်၏ "သန္တိ" ဟု ခေါ်ရသော ထူးခြားသော လက္ခဏာဖြစ်သည်။
အစ္စုတရသ။ ။ ရုပ်၊ နာမ်၊ ခန္ဓာတို့သည် ရှေးဦးစွာ ဖြစ်ရ၏။ ဖြစ်ပြီးသောအခါ ပျက်ရခြင်းအားဖြင့် ပင်ကိုယ်သဘောမှ ရွေ့လျောကြ၏။ နိဗ္ဗာန်၏ သန္တိသဘောကား ဘယ်အခါမှ မပျောက်မပျက်သောကြောင့် ပင်ကိုယ်သဘောမှ မရွေ့လျောခြင်း ဟူသော ထူးသော အရသာရှိ၏။
အနိမိတ္တပစ္စုပဋ္ဌာန်။ ။ ကမ္မဋ္ဌာန်အားထုတ်သော ယောီပုဂ္ဂိုလ်ဖြစ်စေ၊ တရားသဘောကို စဉ်းစသော ပညာရှိဖြစ်စေ ဉာဏ်ဖြင့် ရှုမြင်သောအခါ အမှန်အတိုင်း ထင်လာ၏။ ထိုသို့ ထင်လာသည်ကို "ပစ္စုပဋ္ဌာန်" ဟုခေါ်၏။ နိဗ္ဗာန်၏ သဘောကို ဉာဏ်ဖြင့် ရှုမြင်သောအခါ (စိတ်၊ စေတသိက်၊ ရုပ်တို့မှာ သဘောအထည်ကိုယ်ရှိသကဲ့သို့) "အထည်ကိုယ်မရှိသော တရား" ဟု ဉာဏ်အားဖြင့် ထင်လာသည်။ နိမိတ္တဓမ္မာ သင်္ခါရာ၊ တေဟိ သနိမိတ္တာ သဝိဂ္ဂဟာ ဝိယ ဥပဋ္ဌန္တိ၊ အဋ္ဌသာလိနီ၊ လောကုတ္တရာ ကုသိုလ် အဖွင့် - အနုဋီကာ (နှာ ၁၂၁)။
ပဒဋ္ဌာန်။ ။ နီးကပ်သောအကြောင်းကို ပဒဋ္ဌာန (ပဒဋ္ဌာန်) ဟု ခေါ်၏။ (စိတ်သည် ယှဉ်ဖက်စေတသိက်၊ မှီရာရုပ်ဟူသော နီးကပ်သောအကြောင်းရှိသကဲ့သို့) နိဗ္ဗာန်မှာ နီးကပ်သောအကြောင်းမရှိ။ အရိယာတို့ သန္တာန်၌ နိဗ္ဗာန်တရား ပေါ်လာဖို့ရန် ဒါန၊ သီလ၊ ဘာဝနာစသော ဝေးသော အကြောင်းကား များစွာရှိရပါသည်။
သန္တိလက္ခဏံ အစ္ဆုတ-ရသံ နိဗ္ဗာနအမတံ။ အနိမိတ္တဥပဋ္ဌာနံ၊ ပဒဋ္ဌာနံ န လဗ္ဘတိ။ ဝိသုဒ္ဓိ၊ဋ္ဌ၊ဒု-တွဲ၊နှာ-၁၂၆။ အဘိ၊ဋ္ဌ၊၇၉။
နိဗ္ဗာနအမတံ၊ အမြိုက်နိဗ္ဗာန်သည်။ သန္တိလက္ခဏံ၊ ငြိမ်သက်အေးငြိမ်းခြင်း လက္ခဏာရှိ၏။ အစ္စုတရသံ၊ ပင်ကိုယ်သဘောမှ မရွေ့လျောခြင်း သမ္ပတ္တိရသ ရှိ၏။ အနိမိတ္တဥပဋ္ဌာနံ၊ အထည်ကိုယ်ဟန် ပုံသဏ္ဌာန်မရှိသော တရားဟု ဉာဏ်အားထင်လာ၏။ ပဒဋ္ဌာနံ၊ နီးစွာသော အကြောင်းကို။ န လဗ္ဘတိ၊ မရအပ်။
နိဗ္ဗာန်၏ ဂုဏ်တော်အချို့
[ပြင်ဆင်ရန်]ခယဂုဏ်တော်။ ။ ထိုနိဗ္ဗာနဓာတ်တရားမြတ်ကို သောတာပတ္တိမဂ်ဖြင့် မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ရာဂစသော ကိလေသာအချို့သည် လည်းကောင်း၊ ထိုကိလေသာရှိသူတိုင်း (၇) ဘဝနောက် ရရှိမည့် ရုပ်နာမ်တို့သည်လည်းကောင်း ကုန်ခန်းကြရတော့၏။ အထက်မဂ်များကို ရသောအခါလည်း ဤနည်းအတိုင်း ကိလေသာအပူတွေ ကုန်ရပေသည်။ ထို့ကြောင့် သန္တိဖြစ်သော ထိုနိဗ္ဗာန်သည် ကိလေသာတို့၏လည်းကောင်း၊ ရုပ်နာမ်တို့၏လည်းကောင်း ကုန်ခန်းကြောင်း ခယဂုဏ် နှင့် ပြည့်စုံပါသည်။
'ဝိရာဂဂုဏ်တော်။ ။ တပ်မက်ခြင်းသဘောကို ပါဠိလို "ရာဂ" ဟုခေါ်၏။ ထိုရာဂသည် ရုပ်နာမ်ခန္ဓာအပေါ်၌လည်းကောင်း၊ ခန္ဓာနှင့်စပ်သော ပညတ်အပေါ်၌လည်းကောင်း ဖြစ်ရသော တရားတည်း။ ရုပ်နာမ်တို့၏ ကုန်ကြောင်းဖြစ်သော နိဗ္ဗာန်သည် ထိုရာဂနှင့် လုံးဝမစပ်တော့ရကား "ဝိရာဂ" (ရာဂမရှိ) ဟူသော ဂုဏ်နှင့်လည်း ပြည့်စုံပါသည်။
အမတဂုဏ်တော်။ ။ "သေခြင်း" ဆိုသည်မှာ တစ်ဘဝအတွက် နောက်ဆုံးပျက်ခြင်းတည်း။ ထိုအပျက်ဟူသည်လည်း အဖြစ်ရှိပြီးမှ ပေါ်လာ၏။ ပျက်ဖို့ ရှေးရှုနေသော (ပျက်ဖို့ ပြင်နေသော) သဘောကို "အိုခြင်း၊ ဆွေးမြေ့ခြင်း" ဟု ခေါ်၏။ ပါဠိလို ဇာတိ၊ ဇရာ၊ မရဏ။ မြန်မာလို ဖြစ်ခြင်း၊ ရင့်ခြင်း (အိုခြင်း)၊ သေခြင်း (ပျက်ခြင်း) ဟူသော သဘောသည် ရုပ်တရား၊ နာမ်တရားတို့၏ သဘောဖြစ်၏။ ရုပ်နာမ်အားလုံး ကုန်ဆုံးပြီးသော ထိုနိဗ္ဗာန်သည် သေခြင်း "မာရဏ" မရှိရကား အမတဂုဏ် နှင့်လည်း ပြည့်စုံသည်။
ပဏီတဂုဏ်တော်။ ။ နိဗ္ဗာနဓာတ်တရာတော်မြတ်သည်။ ရဟန္တာပုဂ္ဂိုလ်များအတွက် (စား၍ မဝနိုင်အောင် အရသာရှိသော အစာကဲ့သို့) မကြာမကြာ အာရုံပြု၍ နေချင်စရာ ကောင်းလောက်အောင် အရသာရှိသော တရားဖြစ်၏။ ဗုဒ္ဓမြတ်စွာသည် (ဖလသမာပတ်ကို ဝင်စားကာ) ထိုနိဗ္ဗာန်ကို အာရုံပြု၍ မကြာမကြာ သီတင်းသုံးတော်မူလေ့ရှိ၏။ တရားဟောတော်မူတုန်းမှာပင် ပရိသတ်က သာဓုသာဓုခေါ်ပြီးမှ တရားကို ဆက်၍ ဟောတော်မူ၏။ နိဗ္ဗာန်တရားတော်သည် ရဟန္တာဖြစ်ပြီး ပုဂ္ဂိုလ်အတွက် ဤမျှလောက် အရသာရှိသော တရားထူး၊ တရားမွန်ဖြစ်သောကြောင့် ပဏီတဂုဏ် နှင့်လည်း ပြည့်စုံပါသည်။
ယဒဇ္ဈဂါ (ယံ+အဇ္ဈဂါ)။ ။ ထိုနိဗ္ဗာန်တရားတော်ကို ဤသာသနာတော်၌ ဗုဒ္ဓမြတ်စွာသည် အစဆုံး သိတော်မူ၊ တွေ့မြင်တော်မူရ၏။ တွေ့မြင်ရာဌာနနှင့် ကာလကား ဘုရားဖြစ်ရာ ဗောဓိရိပ်သာ၌ ကဆုန်လပြည့်ညဉ့် အရုဏ်တက်တော့မည့် ဆဲဆဲ အချိန်အခါတည်း။
နိရောဓသစ္စာ။ ။ ထိုအချိန်ဝယ် ဗုဒ္ဓမြတ်စွာသည် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဟူသော သစ္စာ (၄) ပါး ကို ပိုင်းခြားထင်ထင် သိမြင်တော်မူ၏။ ထိုသို့ သိမြင်တော်မူရာဝယ် "နိရောဓသစ္စာ" ဟူသည် ဤနိဗ္ဗာနဓာတ် တရားမြတ်ပင်ဖြစ်၏။ ထိုအချိန်၌ မျက်စိအောက်သို့ ရောက်နေသော အရာဝတ္ထုကို မြင်ရသကဲ့သို့ ဗုဒ္ဓမြတ်စွာသည် မဂ်ဉာဏ်ဖြင့် ခယ၊ ဝိရာဂ၊ အမတ ဂုဏ်အပေါင်းနှင့် ပြည့်စုံသော နိရောဓသစ္စာကို ထင်ထင်ရှားရှား မြင်တော်မူပါသည်။
ဥပမာဆောင် ထင်ရှားအောင်ပြပေအံ့ - အဏုမြူဓာတ်၏ စွမ်းအားကို ရှာဖွေကြသော လောကီ ပညာချွန်တို့သည် အလွန်ကြိုးစားသောအခါ ထိုအဏုမြူအားကို တွေ့ရ၏။ ထိုတွေ့မြင်အပ်သော ထိုဓာတ်အားသည် သူတို့ တွေ့မှ ဖြစ်သည်မဟုတ်။ နဂိုသဘာဝအတိုင်း ရှိနေသောအား ဖြစ်သကဲ့သို့လည်းကောင်း၊ လေးနက်သော ကျမ်းစာ၏ အဓိပ္ပာယ်ကို စဉ်းစားကြသော စာပေပညာချွန်တို့သည် ရက်ပေါင်းများစွာ အတော်ကြိုးစားသောအခါ ထိုအဓိပ္ပာယ်ကို သိရ၏။ ထိုသိအပ်သော အကြောင်းအရာ၊ အဓိပ္ပာယ်စာသည် ထိုအချိန်မှ ဖြစ်ရသည်မဟုတ်ဘဲ နဂိုသဘာဝအတိုင်းပင် ရှိသကဲ့သို့လည်းကောင်း၊ တရားထူးရအောင် အားထုတ်သော ယောဂီပုဂ္ဂိုလ်သည်လည်း နိဗ္ဗာန်နှင့်တကွ သစ္စာ (၄) ပါးကို သိအောင် တရားအားထုတ်ရာ၌ အလွန်အလွန် ကြိုးစားမှ ထိုတရားကို သိရ၏။ ထိုသိအပ်သော နိဗ္ဗာန်တရားသည် ထိုအချိန်မှ ဖြစ်ပေါ်လာသော တရားမဟုတ်။ သဘာဝအတိုင်း ရှိနေသော သန္တိသုခတရားသာ ဖြစ်ပါသည်။
သမံနတ္ထိ။ ။ ဓမ္မက္ခန္ဓပေါင်း ရှစ်သောင်လေထောင်ဟူသော ပရိယတ်တရား၊ ကိလေသာတို့ကို သူ့နည်း သူ့ဟန်ဖြင့် ပယ်နိုင်သော ဈာန်တရား၊ မြေလျှိုး မိုးပျံ ပုံသဏ္ဌာန် အမျိုးမျိုးကို ဖန်ဆင်းနိုင်ခြင်းစသော တန်ခိုးရှိသော အဘိညာဉ်တရား၊ ဆိုင်ရာ ကိလေသာတို့ကို အကြွင်းအကျန်မရှိအောင် ပယ်နိုင်သော မဂ်တရား ဖိုလ်တရားတို့သည် ဆိုင်ရာ အကျိုးအမျိုးမျိုးကို ပေးနိုင်ကြသော် လည်း နိဗ္ဗာန်နှင့် တန်းတူသော တရား တစ်ပါးမျှ မရှိပါချေ။
ဒိဋ္ဌဓမ္မိက နိဗ္ဗာန်။ ။ ပရိနိဗ္ဗာန် စံတော်မမူမီ ဖလသမာပတ် ဝင်စားသောအခါ ဗုဒ္ဓမြတ်စွာ၏ စိတ်တော်၌ မကြာမကြာ ထင်ပေါ်နေသော နိဗ္ဗာန်ကို မျက်မှောက်ဘဝ၌ အာရုံပြုရသောကြောင့် "ဒိဋ္ဌဓမ္မိက နိဗ္ဗာန်" ဟုခေါ်၏။ ဝိပါက်စိတ်များနှင့် ကမ္မဇရုပ်များကို "ဥပါဒိ" ဟု ခေါ်၏။ ထိုဥပါဒိ ရှိနေစဉ်အခါ၌ အာရုံပြုရသောကြောင့် "သဥပါဒိသေသနိဗ္ဗာန်" ဟုလည်း ခေါ်သည်။
သမ္ပရာယိက နိဗ္ဗာန်။ ။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူပြီးသောအခါ တည်ရှိရစ်သော ထိုနိဗ္ဗာန်ကိုပင် "သမ္ပရာယိက နိဗ္ဗာန်" ဟု ခေါ်၏။ ဝိပါက်နာမက္ခန္ဓာနှင့် ကဋတ္တာရုပ်ဟူသော ကမ္မဇရုပ် အကြွင်းအကျန်မရှိသောကြောင့် "အနုပါဒိသေသနိဗ္ဗာန်" ဟုလည်း ခေါ်သည်။ ထို့ကြောင့် "ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူပြီးသော်လည်း ဗုဒ္ဓမြတ်စွာ သိတော်မူအပ်ပြီးသော အသင်္ခတ နိဗ္ဗာနဓာတ်သည်ကား ယနေ့တိုင်အောင် တည်ရှိနေသည်" ဟု မှတ်ပါ။ (ဣတိဝုတ္တက-အဋ္ဌကထာ၊ ဒုက၊ ဒုဝဂ်၊ နိဗ္ဗာနဓာတုသုတ် အဖွင့်)
သုခ (၂) မျိုး
[ပြင်ဆင်ရန်]သုခ သည် ဝေဒယိတသုခ၊ သန္တိသုခ ဟု (၂) မျိုး ရှိ၏။ ယခုခေတ် လူအများတို့ မြင်ရ၊ ကြားရ၊ နမ်းရ၊ စားသောက်ရ၊ တွေ့ထိရသောအခါ ဖြစ်ပေါ်လာသော ကိုယ်ချမ်းသာခြင်း၊ စိတ်ချမ်းသာခြင်းကို "ဝေဒယိတသုခ" ဟု ခေါ်သည်။ ထိုသို့ ခံစားမှုမရှိဘဲ ဒုက္ခခပ်သိမ်း ငြိမ်းအေးခြင်းသဘောကို "သန္တိသုခ" ဟု ခေါ်သည်။
ဝေဒယိတသုခ။ ။ ခံစားမှုဟူသော ဝေဒယိတသုခ သည် ခံစားစံစား၍ ကုန်ကုန်သွားသည့်အတွက် အသစ်အသစ်ရအောင် ပစ္စည်းဥစ္စာရှာရခြင်း စသော ဒုက္ခဖြင့် ထူထောင်ရ၏။ ထိုအသစ်အသစ်ရအောင် ထူထောင်ရသော ဒုက္ခကား ခံစားရသော သုခနှင့် အဆမတန်ချေ။ ထိုဒုက္ခဖြင့် ထူထောင်ကြပြီးနောက် ပေါ်ပေါက်ရရှိသော သုခကလေးဖြင့် တင်းမတိမ်နိုင်ကြသောကြောင့် အပိုအမို အကြွေးယူကာ မတရားခံစားမှုအတွက် အပါယ်သွား၍ သုခအကြွေးတွေကို အတိုးနှင့်တကွ ဒုက္ခဖြင့် ဆပ်ကြရလေသည်။
သန္တိသုခ။ ။ ထိုကဲ့သို့ ခံစားမှုနှင့် မရောသော သန္တိသုခ သဘောကား ရုပ်နာမ်သင်္ခါရတို့ ချုပ်ငြိမ်းသဖြင့် အေးမြငြိမ်းချမ်းခြင်း သဘောတည်း။ ထင်ရှားစေအံ့- လောကီအာရုံ ကာမဂုဏ်တွေ ပြည့်စုံလှသော သူဌေးတစ်ယောက်သည် နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ် ခံစားဖို့ အာရုံများကို ပြင်ဆင်၍ အစေခံတို့က နှိုးလာသောအခါ "အအိပ်ဖျက်ရမလား" ဟု ကြိမ်းဝါးမောင်းမဲမည်သာ။ ထိုသူ၏ အိပ်နေစဉ်အခါ၌ ခံစားမှု အထင်အရှားမရှိ။ သို့ပါလျက် နှစ်ခြိုက်စွာ အိပ်ရမှုကိုပင် ခံစားမှုသုခထက် နှစ်သက်၍ "အိပ်ရကောင်းလိုက်တာ" ဟု အမွှမ်းတင်ကြသေး၏။ ရုပ်နာမ်အားလုံးကင်း၍ ငြိမ်းချမ်းခြင်း သန္တိသုခကား "မည်မျှလောက် ကောင်းလိမ့်မည်" ဟု မှန်းဆသင့်တော့သတည်း။
နိရောဓသမာပတ်ကို ဝင်စားခြင်း။ ။ စိတ်၊ စေတသိက်နှင့် စိတ်ကြောင့်ဖြစ်သော ရုပ်များ၏ အသစ်မဖြစ်ဘဲ ချုပ်ငြိမ်းနေအောင် ပြုနိုင်သော သမာပတ်ကို "နိရောဓသမာပတ်" ဟုခေါ်၏။ အနာဂါမ်၊ ရဟန္တာဖြစ်ပြီး ဈာန်အကုန်ရပြီးသူတို့ ထိုသမာပတ်ကို ဝင်စားနိုင်၏။ အနာဂါမ်၊ ရဟန္တာတို့သည် အရှင်မြတ်တို့သည် ရုပ်နာမ် ခန္ဓာကြီးကို လေးလံလှစွာသော ဝန်ထုပ်ကြီးကဲ့သို့ မှတ်ထင်တော်မူကြကုန်၏။ ထို့ကြောင့် ရုပ်ခန္ဓာကင်းနိုင်ရန်၊ ကင်းဖို့ရာ နိရောဓသမာပတ်ကို ဝင်စားတော်မူကြသည်။ ထိုသမာပတ်အတွင်း၌ ခံစားမှုလုံးဝမရှိ။ နာမ်တရားနှင့် အချို့ရုပ်များ အသစ်မဖြစ်ဘဲ ရပ်စဲနေခြင်းသာတည်း။ ထိုရပ်စဲခြင်းသည်ပင် ချမ်းသာသေးလျှင် ရုပ်နာမ်အားလုံး ချုပ်ငြိမ်းနေသော နိဗ္ဗာန်သည် အဘယ်မှာ မချမ်းသာဘဲရှိအံ့နည်း။
ထင်ရှားရှိသော နိဗ္ဗာန်။ ။ ထို သန္တိသုခ နိဗ္ဗာနဓာတ် တရားမြတ် သည် ဘာမျှမရှိသော (အဘာဝ) ပညတ်မဟုတ်ပါ။ အများဆိုင် ဘုံပစ္စည်းကဲ့သို့ တစ်ပါးတည်းလည်း မဟုတ်ပါ။ ကိုယ့်နိဗ္ဗာန်နှင့်ကိုယ် အသီးသီး ရှိကြပါသည်။ ထို့ကြောင့်ပင် ရဟန္တာအရှင်တို့သည် ခန္ဓာကိုယ်ထင်ရှားရှိစဉ် မိမိသိအပ်သော နိဗ္ဗာန်ကို အာရုံပြုလျက် ဖလသမာပတ် ဝင်စား၍ နေလေ့ရှိကြပါသည်။ ထိုသမာပတ်ဝင်စားခိုက်၌ နိဗ္ဗာန်ကို အာရုံပြု၍ နေရသည်မှာ အလွန်သုခ ရှိပါသည်တဲ့။ ထို့ကြောင့်ပင် ထေရာထေရီ အလီလီတို့ ရွှေပြည်နိဗ္ဗာန် ဝင်စံခါနီးဝယ် ဥဒါန်းကျူးကာ ရုပ်နာမ်ခန္ဓာဝန်ကြီးကို အပြီးသတ် ပစ်ချတော်မူကြပါသည်။
ရတနသုတ်ပါဠိတော်
[ပြင်ဆင်ရန်]ခယံ ဝိရာဂံ အမတံ ပဏီတံ၊ ယဒဇ္ဈဂါ သကျမုနီ သမာဟိတော။ န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
သန္တံ၊ ဖြစ်ပျက်မစပ် အငြိမ်းဓာတ်ဖြင့် မပြတ်ပုံသေ အေးမြပေထသော။ ခယံ၊ ရုပ်နာမ်အဆူဆူ အပူခပ်သိမ်း ကုန်ငြိမ်းကြောင်းလည်း ဖြစ်ပေထသော။ ဝိရာဂံ၊ ရုပ်နာမ်အဆက် အကုန်ပျက်သဖြင့် မတပ်မက်ကြောင်းလည်း ဖြစ်ပေထသော။ အမတံ၊ ဇရာမရဏ ရှာမရအောင် ကာလပုံသေ အမြုတေသည် ဖြစ်ပေထသော။ ပဏီတံ၊ အရသာရှိ စားဖွယ်၏သို့ သိ၍မဝ မွန်မြတ်ပေသော။ ယံ ဓမ္မံ၊ အသင်္ခတ နိဗ္ဗာနဓာတ် အကြင်တရားတော်မြတ်ကို။ သမာဟိတော၊ ဘာဝနာကမ္မဋ္ဌာန်း လွန်ကြိုးပမ်းသဖြင့် စိတ်စွမ်းတည်ဘိ သမာဓိရှိတော်မူသော။ သကျမုနီ၊ သာကီနွယ်ဖွား ငါတို့ဘုရားသည်။ အဇ္ဈဂါ၊ ဗောဓိအောင်မြေ ပလ္လင်ဗွေ၌ လေးထွေသစ္စာ သိသောအခါဝယ် ကောင်းစွာလှလှ ရတော်မူခဲ့လေပြီ။
တေန၊ အသင်္ခတ နိဗ္ဗာနဓာတ် ထိုတရားတော်မြတ်နှင့် သမံ၊ တန်းတူထား၍ ရှုစားလောက်သော။ ကိဉ္စိ၊ တစ်မျိုးတခြား တရားဆိုင်ရာ တစ်စုံတစ်ခုသော ရတနာသည်။ န အတ္ထိ၊ လူ့ဘုံ နတ်ရွာ အကုန်ပေါက်အောင် မွှေနှောက်ရှာဖွေ မရှိပါချေ။ ဓမ္မေ၊ အသင်္ခတ နိဗ္ဗာနဓာတ် တရားမြတ်၌။ ပဏီတံ၊ တရားများစွာ ရတနာထက် ကဲသာမြတ်မွန် တုဖက်လွန်သော။ ဣဒမ္ပိ ရတနံ၊ ရတနာဖြစ်ကြောင်း ကောင်းထက်ကောင်းသည့် ဂုဏ်ပေါင်းကိုခြုံ ဤခယ-ဝိရာဂ စသော ဂုဏ်တော်သည်။ အတ္ထိ၊ စင်စစ်ဧကန် အမှန်မသွေ ရှိပါပေ၏။ ဧတေန သစ္စေန၊ မှန်ကန်စွာ ဤသစ္စာကြောင့်။ ပါဏိနံ၊ ဘေးရန်ခပ်သိမ်း အေးငြိမ်းကြလို များဗိုလ်တို့အား။ သုဝတ္ထိ၊ တင့်တယ်ဖို့ရန် အတန်တန်ဖြင့် ဘေးရန်ခပ်သိမ်း အေးငြိမ်းခြင်းသည်။ ဟောတု၊ စင်စစ်မသွေ ဖြစ်ပါစေသတည်း။