မာတိကာသို့ ခုန်သွားရန်

ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/လူများ ဖြစ်ပေါ်လာပုံ

ဝီကီရင်းမြစ် မှ
ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
ဧကာဒသမအခန်း လူများ ဖြစ်ပေါ်လာပုံ
735ကိုယ်ကျင့်အဘိဓမ္မာ — ဧကာဒသမအခန်း လူများ ဖြစ်ပေါ်လာပုံအရှင်ဇနကာဘိဝံသ

လူများ ဖြစ်ပေါ်လာပုံ

ထိုကဲ့သို့ လူ နတ်ဘုံ ဗြဟ္မာဘုံကို တည်မိသောအခါ အထက် ဗြဟ္မာ့ ပြည်၌ရှိသော ဗြဟ္မာတို့တွင် အသက်တမ်းစေ့၍ ဖြစ်စေ ကံ ကုန်၍ဖြစ်စေ အချို့ဗြဟ္မာတို့ စုတေကြလေ၏၊ ထိုစုတေသူတို့တွင် တချို့ အောက်ဗြဟ္မာ့ဘုံမှာ ဖြစ်ကြ၏။ အချို့ကား နတ်ဘုံ၌ဖြစ်ကြ၏၊ တချို့ကား ဤလူဘုံဝယ် လူဖြစ်လာ ကြလေသည်။ ထိုကဲ့သို့ ဗြဟ္မာပြည်မှ စုတေ၍ လူ့ပြည်၌ ဖြစ်ကြသော ကမ္ဘာဦး လူတို့၌ မိဘ မရှိကြ၊ နတ်ပြည်၌ နတ်ဖြစ်ကြသလို လူ့ပြည်၌လည်း ကံ၏ အစွမ်းကြောင့် လူ့ကိုယ်ကြီး အထင်အရှား ဖြစ်လာကြသည်။ ထိုကမ္ဘာဦးလူတို့၌ ယောကျ်ား မိန်းမဟု ခွဲခြားဘို့ရာ ယောက်ျားအင်္ဂါ မိန်းမအင်္ဂါများလည်း မပါကြသေးချေ၊ မည်သည့် အစားအစာကိုလည်းမျှလည်း မစားမသောက်ဘဲ နေနိုင် ကြ၏၊ နေ့ လ, နက္ခတ်တို့လည်း မရှိကြသေး၊ မိမိတို့၏ ကိုယ်ရောင် ကိုယ်ဝါ ဖြင့်သာ ထွန်းလင်းတောက်ပကုန်လျက် ဗြဟ္မာအဖြစ်တုန်းကကဲ့သို့ ကောင်းကင်၌ လှည့်လည်သွားလာနိုင်ကြလေသည်။

ရှေးဦးစွာစားသောက်ကြ

ကိုယ်ရောင် ကိုယ်ဝါဖြင့် ကောင်းကင်၌ လှည့်၍ နေကြစဉ် မြေအပြင်၌ မလိုင်တက်သလို အလွန် ဝါဝင်းသော မြေဆီများ ဖြစ်ပေါ်လာ၏၊ ထိုမြေအဆီကို လက်မငြိမ်သူတယောက်က “အဆင်းဖြင့် လှပါပေသည် အရသာမှာ ဘယ်လိုနေပါလိမ့်”ဟု လက်ဖြင့်တို့၍ လျက်ကြည့်လေသော် အလွန် ချိုဆိမ့်သော အရသာရှိသောကြောင့် “ကောင်းမှန်းသိ-သာအိ တစိုစို” ဖြစ်နေသည်ကို အခြားလူတို့ မြင်လျှင် “အတုမြင် အတတ်သင်”က လက်ဖြင့် ကော်၍ ကော်၍ လျက်ရာမှ အားမရသဖြင့် ဆုပ်ကာ ဆုပ်ကာ လွေးကြးလေ၏။ ထိုအခါ အရသာကို တပ်မက်သော တဏှာ၏ ပူလောင်မှုကြောင့် ကိုယ်ရောင် ကိုယ်ဝါ ကွယ်ပျောက်၍ အမိုက်မှောင်ကြီး ကျရောက်လေတော့သည်။

နေလပေါ်ပုံ

ထိုအမှောင်ကြီး ကျရောက်သောအခါ ကမ္ဘာဦးလူတို့ အလွန် ကြောက်ရွံ့ကြလေသော် ထိုသူတို့ ကံအားလျော်စွာ ရဲရင့်ခြင်းကို ဖြစ်စေတတ်၍ “သူရိယ”ဟု ခေါ်ဝေါ်အပ်သော ယူဇနာ ၅၀-အဝန်းကျယ်သော နေဗိမာန်ကြီးသည် အရှေ့ လောကဓာတ်မှ ထွက်ပေါ်လာ၏၊ ထိုနေဝန်းကြီးက နေ့အဘို့ ထွန်းလင်း၍ တောင်စွယ်ကို ကွယ်သွား သောအခါ “အရောင်တခု ပေါ်လာလျှင် ကောင်းလေစွ”ဟု အလိုဆန္ဒ ဖြစ်ကြသဖြင့် ဆန္ဒအားလျော်စွာ ၄၉ ယူဇနာ အဝန်းရှိသော လဗိမာန်ပေါ်လာ ပြန်သည်။ [ဆန္ဒအတိုင်း ပေါ်ထွက် လာပြန်သောကြောင့် လကို “ဆန္ဒ ဆန္ဒ”ဟု ခေါ်ခဲ့ကြရာမှ ကာလကြာသဖြင့် “စန္ဒ စန္ဒ”ဟု အခေါ်တမျိုး ပြောင်းရွှေ့ လာသတဲ့။] ထိုနေ လတို့ ပေါ်ထွက်လာသောအခါ နက္ခတ်များလည်း တပါတည်း ပါလာ၏၊ ထိုနေ လ နက္ခတ်ကို လှည့်လည် သွားလာရာ ပဌမဆုံးအခါသည် “မဇ္ဈိမဒေသ” အခေါ်အားဖြင့် တပေါင်းလကွယ်နေ့ ဖြစ်၏၊ ထို့ကြောင့် ကမ္ဘာ၏ လဆန်းစ အခါသည် တာကူးလ ဖြစ်ရကား “ကမ္ဘာတည်ဦး တာကူး ရက်မစုံ”ဟု ပြောစမှတ်ပြုကြသည်။

ထမင်းပေါ်လာပုံ။ ထိုကဲ့သို့ မြေဆီကို စားခဲ့ရာမှ ရသတဏှာ (အကုသိုလ်အတွက်) မြေဆီများ ယုတ်လျော့၍ အလှပ်လှပ် အလွှာလွှာ ဖြစ်နေသော မြေလွှာများကို စားသောက်ကြရ၏၊ ထိုမြေလွှာလည်း တဖြည်း ဖြည်း လျော့ပါး၍ အစိတ်စိတ် အမွှာမွှာ နွယ်ချောင်းကလေး များကဲ့သို့ ဖြစ် လာ၏၊ ထိုမြေနွယ်များကို နွယ်ချိုဟု ခေါ်၏၊ ထိုနွယ်ချို့များ ကွယ်ပသော အခါ၌ အခွံ မပါသော သလေးဆန် ပေါ်လာ၏၊ ထိုဆန်ကို အိုး၌ ထည့်လျက် “ဇောတိ ပါသာဏ” ခေါ် ကျောက်တုံးပေါ်သို့ တင်လိုက်လျှင် မီးအလိုလို တောက်၍ ပျက်ချိန်းမဟုတ်က အလိုလို မီငြိမ်းလေသည်။

ယောက်ျား မိန်းမ

မြေဆီ မြေလွှာ နွယ်တို့ကို စားသုံးသော အခါဝယ် ခန္ဓာကိုယ်တွင် အဆီ အသားများ ဖြစ်ပြီးနောက် အဖက်အကာ အနည်းငယ်သာ ကြွင်းကျန်၏၊ ထို ကြွင်းကျန်သော အဖတ် အကာ ကလေးများမှာ ဝမ်းမီး လောင်ရုံမျှဖြင့် ကုန်ခန်း နိုင်ကြလေသည်။ သလေး ထမင်းကို စားသုံးသော အခါ၌ကား ဝမ်းမီးလောင်ရုံဖြင့် မကုန်ခန်းနိုင်ဘဲ အရည်အဖတ် (ကျင်ကြီးကျင်ငယ်) များစွာ ကြွင်းကျန်၏၊ ကမ္ဘာဦးလူတို့ ဖြစ်စက ကျယ်ငယ်လမ်း ကျင်ကြီးလမ်းများလည်း မပါခဲ့ကြချေ၊ ယခုအခါ ခန္ဓာကိုယ်တွင်းမှာရှိသော ဝါယောဓာတ်က ထိုအရည် အဖတ်များကို မှုတ်ထုတ်နေလေပြီး၊ သို့ဖြစ်၍၊ အရည်အဖတ်များ ထွက်ဘို့ ကျင်ငယ်လမ်းပေါက ကျင်ကြီးလမ်းပေါက်များ ပေါ်ပေါက်ရလေသည်၊ ထိုသို့ ပေါ်ပေါက်ရာ၌ ဗြဟ္မာပြည်သို့ မရောက်မီက မိန်းမ ဖြစ်ခဲ့သူမှာ ဣတ္ထိဘာဝရုပ် ပေါ်လာ၍ ယောက်ျားဖြစ်ခဲ့သူမှာ ပုရိသဘာဝရုပ် ပေါ်လာသတဲ့။

အိမ်ရာထောင်ကြပုံ

ကိုယ်အင်္ဂါ ပေါ်ပေါက်ပုံ မတူကြသဖြင့် တယောက် ဥစ္စာကို တယောက်က တစိမ့်စိမ့် ကြည့်ရှုလျက် စိတ်ကို မချုပ်တည်းနိုင်ဘဲ ကာမကိစ္စ မှီဝဲမှုကြောင့် ပညာရှိ လူစုက တားမြစ်၍ မရသဖြင့် ကဲ့ရဲ့ရှုတ်ချ ဒုတ် စသည်ဖြင့် ပစ်ခတ်ကြလေရာ, ပုန်းအောင်း ခိုကပ်ကြဘို့ရာ အိမ်နေရာများကို တည်ဆောက်ကြရလေသည်။ [ကမ္ဘာဦးက ဤအလေ့အထကို စွဲ၍ ယခုကာလ မင်္ဂလာဆောင်၌ ခဲပေါက်ရိုးပြုကြသည်။ ဤနည်းအားဖြင့် လူများဖြစ်ကြပြီးနောက် ကံအားလျော်စွာ တိရစ္ဆာန် သတ္တဝါတို့လည်း ပေါ်လာကာ ကမ္ဘာအသစ် တည်မိလေသည်။]