မာတိကာသို့ ခုန်သွားရန်

ကုရုင်္ဂမိဂဇာတ် -၁

ဝီကီရင်းမြစ် မှ
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၂၁။ ကုရုင်္ဂမိဂဇာတ်
845ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၂၁။ ကုရုင်္ဂမိဂဇာတ်မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

ဧကကနိပါတ်-ကုရုင်္ဂဝဂ်

၁။ ကုရုင်္ဂမိဂဇာတ်

ဒေဝဒတ်အလောင်းသည် ဘုရားလောင်းအား သတ်ခြင်းငှါ ကြံသော်လည်း မကြံနိုင်သော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဉာတမေတံ ကုရုင်္ဂဿ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုရုင်္ဂမိဂဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ တပါးသောအခါ တရားသဘင်၌ စည်းဝေးကုန်၍ ရဟန်းတို့သည် ငါ့သျှင်တို့ ဒေဝဒတ်သည် မြတ်စွာဘုရားအား သတ်ခြင်းအလို့ငှာ လေးသမားတို့ကို စေလွှတ်၏။ ကျောက်ကိုလှိမ့်၏။ ဓနပါလဆင်ကို လွှတ်၏။ ခပ်သိမ်းသော အခြင်းအရာအားဖြင့် မြတ်စွာဘုရားအား သတ်ခြင်းငှါ လုံ့လပြု၏ဟု ဒေဝဒတ်၏ ကျေးဇူးမဲ့ကို ပြောဆိုလျက် နေကုန်၏။ မြတ်စွာဘုရားသည် ကြွတော်မူ၍ ခင်းအပ်သောနေရာ၌ နေတော်မူလျက် ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မိန့်တော်မူ၏။ အရှင်ဘုရား ဒေဝဒတ်သည် အရှင်ဘုရားတို့အား သတ်ခြင်းငှါ လုံ့လပြု၏ဟု ဒေဝဒတ်၏ ကျေးဇူးမဲ့စကားဖြင့် စည်းဝေးကုန်၏ဟု လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ဒေဝဒတ်သည် ယခုသာလျှင် ငါ့အား သတ်ခြင်းငှါ လုံ့လပြုသည် မဟုတ်သေး၊ ရှေး၌လည်း လုံ့လပြုဘူးသည်သာလျှင်တည်း၊ ထိုသို့ လုံ့လပြုငြားသော်လည်း ငါ့ကို သတ်ခြင်းငှါ မတတ်နိုင်ဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုလတ်သော် ဘုရားလောင်းသည် ဆတ်မည်သော သားဖြစ်၍ တခုသောတောနေရာ၌ သစ်သီးကြီးငယ်တို့ကို စား၍နေ၏။ ဘုရားလောင်းသည် တပါးသောကာလ၌ အသီးနှင့်ပြည့်စုံသော ယမနေပင်၌ ယမနေသီးတို့ကိုစားလျက် သွား၏။ ထိုအခါ တယောက်သော ရွာ၌နေသော လင့်စောင့်မုဆိုးသည် အသီးသီးသော သစ်ပင်ရင်းတို့၌ သားတို့၏ ခြေရာတို့ကို စုံစမ်း၍။ သစ်ပင်ထက်၌ လင့်ဆောက်၍နေလျက် သစ်သီးစားအံ့သောငှါ လာကုန်သောသားတို့ကို လှံဖြင့်ထိုး၍ ရကုန်သောအသားတို့ကို ရောင်းလျက် အသက်မွေး၏။ ထိုမုဆိုးသည် တနေ့သ၌ ထိုယမနေပင်ရင်း၌ ဘုရားလောင်း၏ ခြေရာကိုမြင်၍ ထိုယမနေပင်၌ လင့်ဆောက်၍ စောစောကလျှင် ထမင်းစား၍ လှံကိုယူ၍ တောသို့ဝင်၍ ထိုယမနေပင်သို့ တက်၍ လင့်၌နေ၏။

ဘုရားလောင်းသည်လည်း စောစောကလျှင် နေရာအရပ်မှ ထွက်၍ ယမနေသီးတို့ကို စားအံ့ဟု လာလတ်၍ ထိုယမနေပင်ရင်းသို့ အဆောတလျင် မဝင်မူ၍ ရံခါ လင့်၌နေသောမုဆိုးသည် သစ်ပင်တို့၌ လင့်ဆောက်၏။ ဤသို့သဘောရှိသော ဥပဒ္ဒဝေါသည် ရှိသလောဟု စုံစမ်းလျက် အပ၌သာလျှင် ရပ်၏။ မုဆိုးလည်း ဘုရားလောင်း မလာသည်၏အဖြစ်ကိုသိ၍ လင့်၌နေ၍လျှင် ယမနေသီးတို့ကို ပစ်၍ပစ်၍ ဘုရားလောင်း၏ရှေ့၌ ကျစေ၏။ ဘုရားလောင်းဆတ်သည် ဤယမနေသီးတို့သည် လာ၍ ငါ့ရှေ့၌ ကျကုန်၏။ အထက်၌ မုဆိုးရှိသလောဟု အဖန်တလဲလဲ ကြည့်သည်ရှိသော် မုဆိုးကိုမြင်၍ မမြင်သကဲ့သို့ပြု၍ အိုယမနေပင် ရှေး၌ သင်သည် အောက်သို့တွဲလွဲဆွဲလျက် ဝင်သကဲ့သို့ ဖြောင့်ဖြောင့်တန်းစွာလျှင် သစ်သီးတို့ကို ကျစေ၏။ ယခုကား သင်သည် သစ်ပင်၏တရားကို စွန့်၏။ ဤသို့ သင်သည် သစ်ပင်တရားကို စွန့်သည်ရှိသော် ငါလည်း တပါးသော သစ်ပင်ရင်းသို့ ကပ်၍ ငါ၏အာဟာရကို ရှာရအံ့ဟု ဆိုလို၍-

၂၁။ ဉာတမေတံ ကုရုင်္ဂဿ၊ ယံ တွံ သေပဏ္ဏိ သိယျသိ။
အညံ သေပဏ္ဏိ ဂစ္ဆာမိ၊ န မေ တေ ရုစ္စတေ ဖလံ။

ဟူသော ဤဂါထာကို ရွတ်၏။

၂၁။ သေပဏ္ဏိ၊ ယမနေပင်။ တွံ၊ သင်သည်။ ယံ သိယျသိ၊ အကြင် ငါ့ရှေ့သို့ရှေးရှု သစ်သီးတို့ကို ကျစေလျက်လှိမ့်၏။ ဧတံ၊ ထိုအကြောင်းကို။ ကုရုင်္ဂဿ၊ ဆတ်သည်။ ဉာတံ၊ သိအပ်၏။ တနည်းကား... ဧတံ၊ ထိုအကြောင်းကို။ ကုရုင်္ဂဿ၊ ဆတ်အား။ ဉာတံ၊ ထင်ရှား၏။ မေ၊ ငါသည်။ တေ၊ သင်သစ်ပင်၏။ ဖလံ၊ အသီးကို။ န ရုစ္စတေ၊ မနှစ်သက်။ အဟံ၊ ငါသည်။ အညံ၊ တပါးသော။ သေပဏ္ဏိ၊ ယမနေပင်သို့။ ဂစ္ဆာမိ၊ သွားအံ့။

ထိုအခါမုဆိုးသည် လင့်၌နေလျက်လှံကိုလွှတ်၍ သင်သည် သွားလေလော၊ ယခု သင့်ကို မထိုးမိ ချွတ်ယွင်း၏ဟု ဆို၏။ ဘုရားလောင်းသည် ပြန်၍ရပ်လျက် အို-ယောက်ျား ယခု ငါ့ကို အကယ်၍ကား ချွတ်ယွင်း၏။ သို့ချွတ်ယွင်းငြားသော်လည်း ငရဲကြီး ရှစ်ထပ်တို့ကို၎င်း တဆယ့်ရှစ်ရပ်သော ဥဿဒရက် ငရဲတို့ကို၎င်း၊ ငါးပါးအပြားရှိသော အနှောင်အဖွဲ့ အစရှိသည်တို့ကို၎င်း ညှဉ်းဆဲခြင်းတို့ကို၎င်း မချွတ်ယွင်းသည် သာလျှင်တည်းဟု ဆို၏။ ဤသို့ ဆိုလျက်ပြေး၍ အလိုအားလျော်စွာ သွား၏။ မုဆိုးလည်း ဆင်း၍ အလိုအားလျော်စွာ သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်လည်း ရဟန်းတို့ ဒေဝဒတ်သည် ယခုသာလျှင် ငါ့အား သတ်ခြင်းငှာ လုံ့လပြုသည် မဟုတ်သေး၊ ရှေး၌လည်း ငါ့အားသတ်ခြင်းငှာ လုံ့လပြုသည်သာလျှင်တည်း၊ ထိုသို့ လုံ့လပြုငြားသော်လည်း ငါ့ကို သတ်ခြင်းငှါ မတတ်နိုင်ဟု မိန့်တော်မူ၍ ဤ ဓမ္မဒေသနာကို ဆောင်၍ အနုသန္ဓေကို စပ်၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ လင့်၌နေသော မုဆိုးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဆတ်မည်သော သားဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

လောင်းမြတ်ဗုဒ္ဓါ၊ သေစိမ့်ငှာ၊ ကြံရာမပြီး အချည်းနှီး

ရှေးဦးစွာသော ကုရုင်္ဂမိဂဇာတ်သည် ပြီး၏။

*****