မာတိကာသို့ ခုန်သွားရန်

ကုလသမဂ္ဂ ကြေညာစာတမ်း

ဝီကီရင်းမြစ် မှ
ကုလသမဂ္ဂ ကြေညာစာတမ်း (1942)
848ကုလသမဂ္ဂ ကြေညာစာတမ်း1942

အမေရိကန်ပြည်ထောင်စု၊ မဟာဗြိတိန်နှင့်မြောက်အိုင်ယာလန် ပြည်ထောင်စုဘုရင့်နိုင်ငံ၊ ဆိုဗီယက်ဆိုရှယ်လစ် သမ္မတနိုင်ငံများပြည်ထောင်စု၊ တရုတ်၊ ဩစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ကော့စတာရီကာ၊ ကျူးဘား၊ ချက်ကိုဆလိုဗားကီးယား၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ အယ်ဆာဗေဒို၊ ဂရိ၊ ဂွါတီမာလာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ အိန္ဒိယ၊ လူဇင်ဘတ်၊ နယ်သာလန်၊ နယူးဇီလန်၊ နီကာရာဂွာ၊ နော်ဝေ၊ ပနားမား၊ ပိုလန်၊ တောင်အာဖရိက၊ ယူဂိုဆလာဗီယားနိုင်ငံတို့၏ ပူးတွဲကြေညာချက်

အောက်‌ဖော်ပြပါအချက်များအတွက် ဤအစိုးရများကလက်မှတ်ရေးထိုးကြသည်။

၁၉၄၁ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့ရက်စွဲတွင် ကြေညာခဲ့သော အတ္တလန္တိတ်စာချုပ်ဟူ၍လည်း အမည်ရသည့် အမေရိကန်ပြည်ထောင်စုသမ္မတနှင့် မဟာဗြိတိန်နိုင်ငံဝန်ကြီးချုပ်တို့၏ ပူးတွဲကြေညာစာတမ်းတွင်ပါရှိသည့် ရည်ရွယ်ချက်များနှင့် အခြေခံမူများပါရှိသည့် ဘုံအစီအစဉ်တစ်ခုတွင် လာရောက်ပါဝင်ခြင်း၊

မိမိတို့၏အသက်၊ လွတ်လပ်ခွင့်၊ လွတ်လပ်ရေးနှင့် ဘာသာရေးလွတ်လပ်ခွင့်တို့ကို ခုခံကာကွယ်ရန်နှင့် မိမိတို့နိုင်ငံအပြင် အခြားနိုင်ငံများတွင်လည်း လူ့အခွင့်အရေးနှင့် တရားမျှတမှုကို ထိန်းသိမ်းစောင့်ရှောက်ရန်တို့အတွက် မိမိတို့၏ရန်သူများကို အပြည့်အဝတိုက်ခိုက်ရန် လိုအပ်ကြောင်းသိရှိရခြင်း၊ ယခုအခါတွင်လည်း ကမ္ဘာကြီးကိုချေမှုန်းရန် ကြိုးပမ်းနေကြသော ရက်စက်ကြမ်းကြုတ်သည့် အင်အားစုများကို ဆန့်ကျင်နေကြသော ဘုံတိုက်ပွဲများတွင် ပါဝင်နေကြခြင်း

ကြေညာအပ်ပါသည်:

(၁) အစိုးရတိုင်းသည် သုံးပွင့်ဆိုင်စစ်စာချုပ်၏ အဖွဲ့ဝင်များနှင့် အဆိုပါအစိုးရနှင့် စစ်ဖြစ်နေသော ထိုစာချုပ်နှင့်ဆက်စပ်နေသူတို့ကို ဆန့်ကျင်သည့်ရန်အတွက် မိမိ၏စစ်ဖက်ဆိုင်ရာ သို့မဟုတ် စီးပွားရေးဆိုင်ရာ အရင်းအမြစ်များကို အပြည့်အဝအသုံးချရန် ကတိပြုပါကြောင်း၊

(၂) အစိုးရတိုင်းသည် ဤနေရာ၌လက်မှတ်ရေးထိုးထားသော အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် ရန်သူများနှင့် သီးခြားအပစ်အခတ်ရပ်စဲရေး သို့တည်းမဟုတ် စစ်ပြေငြိမ်းချမ်းရေးမပြုလုပ်ရန် ကတိပြုပါကြောင်း၊

ဟစ်တလာဝါဒကို အောင်နိုင်ရန်အတွက် ကြိုးပမ်းမှုတွင် ထောက်ပံ့ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးနေသည့် သို့တည်းမဟုတ်လျှင် ဆောင်ရွက်ကောင်းဆောင်ရွက်ပေးနိုင်မည့် အခြားနိုင်ငံများအနေဖြင့်လည်း အထက်ဖော်ပြပါကြေညာချက်ကို လိုက်နာကြနိုင်သည်။

ဝါရှင်တန်၌ ချုပ်ဆိုသည်။
၁၉၄၂ ဇန်နဝါရီလ ၁ ရက်

စတင်လိုက်နာကြသည့် ရက်စွဲများနှင့်တကွ ဤကုလသမဂ္ဂကြေညာစာတမ်းကို လိုက်နာကြသူများသည် အောက်ပါအတိုင်းဖြစ်သည်။

  • မက္ကဆီကို — ၅ ဇွန် ၁၉၄၂
  • ဖိလစ်ပိုင် – ၁၀ ဇွန် ၁၉၄၂
  • အီသီယိုးပီးယား — ၂၈ ဇူလိုင် ၁၉၄၂
  • အီရတ် – ၁၆ ဇန်နဝါရီ ၁၉၄၃
  • ဘရာဇီး — ၈ ဖေဖော်ဝါရီ ၁၉၄၃
  • ဘိုလီးဗီးယား — ၂၇ ဧပြီ ၁၉၄၃
  • အီရန် – ၁၀ စက်တင်ဘာ ၁၉၄၃
  • ကိုလံဘီယာ — ၂၂ ဒီဇင်ဘာ ၁၉၄၃
  • လိုက်ဘေးရီးယား — ၂၆ ဖေဖော်ဝါရီ ၁၉၄၄
  • ပြင်သစ် — ၂၆ ဒီဇင်ဘာ ၁၉၄၄
  • အီကွေဒေါ — ၇ ဖေဖော်ဝါရီ ၁၉၄၅
  • ပီရူး — ၁၁ ဖေဖော်ဝါရီ ၁၉၄၅
  • ချီလီ — ၁၂ ဖေဖော်ဝါရီ ၁၉၄၅
  • ပါရာဂွေး — ၁၂ ဖေဖော်ဝါရီ ၁၉၄၅
  • ဗင်နီဇွဲလား — ၁၆ ဖေဖော်ဝါရီ ၁၉၄၅
  • ဥရုဂွေး —၂၃ ဖေဖော်ဝါရီ ၁၉၄၅
  • တူရကီ — ၂၄ ဖေဖော်ဝါရီ ၁၉၄၅
  • အီဂျစ် — ၂၇ ဖေဖော်ဝါရီ ၁၉၄၅
  • ဆော်ဒီအာရေးဘီးယား — ၁ မတ် ၁၉၄၅
  • လက်ဘနွန် — ၁ မတ် ၁၉၄၅
  • ဆီးရီးယား — ၁ မတ် ၁၉၄၅


ဤဖန်တီးမှုသည် ကုလသမဂ္ဂ၏ တရားဝင်စာရွက်စာတမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဤအဖွဲ့အစည်း၏မူဝါဒသည် ကုလသမဂ္ဂထုတ်ဝေမှုများတွင်ပါရှိသည်တို့ကို အတတ်နိုင်ဆုံး ကျယ်ကျယ်ပြန့်ပြန့် ပြန့်ပွားစေနိုင်ရန်အတွက် ၎င်း၏စာရွက်စာတမ်းအများစုကို အများပြည်သူပိုင်အဖြစ် ရည်ရွယ်ထားရန်ဖြစ်သည်။

အင်္ဂလိပ်ဘာသာဖြင့်သာ ရေးသားထားသော UN Administrative Instruction ST/AI/189/Add.9/Rev.2 အရ အောက်ဖော်ပြစာရွက်စာတမ်းများသည် ကမ္ဘာတစ်ဝှမ်း အများပြည်သူပိုင်ဖြစ်သည်။

  1. တရားဝင်မှတ်တမ်းများ (ကွန်ဖရင့်အစည်းအဝေးများဆိုင်ရာစာတမ်းများ၊ အကျဉ်းချုပ်မှတ်တမ်းများ စသည်)
  2. ကုလသမဂ္ဂအမှတ်တံဆိပ်ဖြင့် ထုတ်ပြန်ထားသော ကုလသမဂ္ဂဆိုင်ရာစာရွက်စာတမ်းများ
  3. ကုလသမဂ္ဂ၏ လှုပ်ရှားမှုများအကြောင်း အများပြည်သူကိုအသိပေးရန် အဓိကရည်ရွယ်ထားသော အများဆိုင်ရာ သတင်းအချက်အလက်များ (ရောင်းချရန်ကမ်းလှမ်းထားသည့် အများပြည်သူပိုင် သတင်းအချက်အလက်များ မပါဝင်)