ဂဇဗလသတ်ညွှန်း
ကစိန်းကဝါး
[ပြင်ဆင်ရန်]မင်းနဝဒေးဆို မနော်ဟရီတွင်
ညှိုးမှုမိန်းမိန်း ကစိန်းကဝါး ကြည့်ရှားမူယူ
ကဆုန်နယုန် ကဆုံနယုံ
[ပြင်ဆင်ရန်]ကံတော့ ကန်တော့
[ပြင်ဆင်ရန်]ကံတော့သည်ကို ယခု သေးသေးတင်ရေးသည်။ တချို့လည်း နသတ်ပင် ရေးသည်။ ရာဇာမဏိစူဠာ ဇာတ်ကမ္ပည်းများမှာ နသတ်၍ ရေးသည်။
ကတ်လတ် ကပ်လပ်
[ပြင်ဆင်ရန်]ကုန် ကုံ
[ပြင်ဆင်ရန်]ကုန်သည် မကုန်သည်ကို နသတ်စပ်သည်ကား ဟတ္ထိပါလတွင်
ဆွတ်ကြုံ[ကျုန်း]မကုန် သမ္ဘာဟုန်ဖြင့် ဝသုန္ဓရာ ထက်[ထွတ်]လျှံယိုဟုန် မျက်ရည်ကုန်မျှ တမှုန်ဆန်ဆန်
မင်းတရားမယ်တော်ဧချင်းတွင်
ကမ္ဗည်းမကုန် လဝယ်ယုန်သို့ ဝသုန္ဓရာ ကမ္ဘာမိုးမြေ ချီးမွန်းမကုန် ရဲစက်ဟုန်ဖြင့် ဝသုန္ဓရေ ဆူလှိုက်ဝေမျှ
ရွှေစာတိုင်ဖွဲ့တွင်
တောအားမကုန် မျက်မာန်ဟုန်ဖြင့် ပါးမုန်စက်စက်
သို့ နသတ်စပ်သမျှကို ကုန်ခန်းသည်၊ ကုန်စင်သည်၊ မကုန်မခန်း၊ မကုန်မစင် ယူရမည်။
ကုန်သည် မကုန်သည်ကို သေးသေးတင်စပ်သည်ကား ဟတ္ထိပါလတွင်
ဆိုကယုံကြုံ[ကျုံ] မှုကုံထမ်း[ထံး]ရင်း
ထိုတွင်
မသောက်[လောက်]မကုံ ဖျားနာတုံလည်း ရေလုံဟင်းခါး ဆေးဝါးကုသဝ်
သံဝရတွင်
မင်းဖျားချက်ကုံ မိန့်ခဲ့တုံမှ လူ့ဘုံပြောင်းရှဲ
၎င်းတွင်
ကိစ္စပြီး[ပြု]ကုံ [ကိုယ်ပင်ယုံ၍] ရဲခုံတည်[တိုင်]လောက် မှာတိုင်းဆိုကုံ အင်ခြောက်စုံနှင့် ကျွန်ယုံမှတ်လောက်
၎င်းတွင်
ခြောက်ပါးအင်စုံ ရေကုံဝိုက်လည်
ဘူရိဒတ်ဇာတ်ပေါင်းတွင်
ပေါင်းစည်းလုံခြုံ ဓိပ္ပါယ်ကုံစိမ့် သုံးပုံပိဋကတ်
ရှင်ရဋ္ဌသာရ တန်တားဦးတည်တွင်
ကိုယ်ကိုယုံကျုံ ရှင့်မှုကုံက
၎င်းတွင်
သူဌေးထက်[ဆက်]ရုံ သူကြွယ်တုံလည်း ရုံ၏ပစ္စည်း
မင်းနဝဒေးဆို မနော်ဟရီတွင်
ရေးရာလုံခြုံ ငမှုကုံဟု မြန့်ဘုံပွင့်ဆက်
၎င်းတွင်
စီးနှင်းမှုကုံ ထမ်း[တန်း]လောက်တုံ[လုံ]က ရွှေဘုံထွတ်ဖျား
မင်းတရားမယ်တော်ဧချင်းတွင်
မှုလိုမှုကုံ သစ္စာခြုံသည် ရောက်တုံတည့်ပျက်ရေး တလိုင်းဘေး ။ သာရွှင်တုံတုံ ထမ်းတိုင်ကုံဟု ဝတ်လုံသိင်္ခ
၎င်းတွင်
တခြားမှုကုံ လှေအပုံနှင့် ကိုယ်ယုံမဝင်
၎င်းတွင်
ပည်းဖျင်မှတ်[မတ်]ပုံ ငမှုကုံဟု ဝတ်လုံရွှေသား
မင်းတရားရွှေထီးဧချင်း “ဇမ္ဗူဒီပါ”ချီတွင်
ထိုတွင်လုံခြုံ ချက်ချင်းကုံသော် စွယ်စုံသုံးစီး
သို့ သေးသေးတင် မသတ် စပ်သမျှမှာ ကုံတွင်၊ ကုံင၊ ကုံလုံသည်၊ မကုံမတွင်၊ မကုံမင၊ မကုံမထံ၊ မကုံမလုံ ဆိုလိုသည်။ မနော်ဟရီတွင်
ယူ၍ကျွန်းလုံး သုံး၍မကုံ ထွက်တုံရေနှယ်
ရတနာပြောင်မွန်ဖွဲ့တွင်
သည်ဆင်မြတ်ပုံ နှုန်းမကုံခဲ့ အစုံသွယ်ဖြာ စွယ်စကြာလည်း
သို့စပ်သည်များမှာ သုံး၍မကုံ၊ နှုံးစံ၍မကုံနိုင်သည်ကို ကုံတံသည်သည်ယူ၍ သေးသေးတင်စပ်သည် ယူရမည်။ ပြုကုန်မူကုန်နေကုန်သည်များကို အစပ်ကား ဟတ္ထိပါလတွင်
သွေးသီတသုန် ချီးမွမ်းဟုန်ဖြင့် နေကုန်သရော်
ဘူရိဒတ်လင်္ကာတွင်
ဟစ်ကြော်ပြေးခုန် မြည်တမ်းကုန်လျက် တုန်တုန်လဲ့လဲ့
ပုံတောင်ဖွဲ့တွင်
ကြိမ်းပမြူးခုန် ခံလင့်ကုန်သည် သူပုန်ရန်သူ စူးစူးတည်း ။
သို့အစပ်ရှိသည်အတိုင်း နသတ်မှတ်ရမည်။ ဟတ္ထိပါလတွင်
ကောင်းလေငြိမ့်လေး ကုံ၏တည်း ။ မြင်ရဖူးတွေ့ ကြုံ၏တည်း ။
သံဝရတွင်
ထံရင်းမြဲကုံ ငါတို့တုံလည်း ကြိုက်သုံ[ဆုံ]တချို့
ဘူရိဒတ်လင်္ကာတွင်
ကြွေ့ကြွေ့အပုံ စည်းဝေးကုံ၍ ဆိုတုံအချင်း
သို့စပ်ရာမှာ ဗဟုဝုစ်အများကို ဆိုသည်။ ကုံမဟုတ်။ ကုံလုံစွာ၊ ငြိမ့်လေးစည်းဝေးသည်၊ မြဲစွဲကုံလုံသည်ဆိုသည် ယူရမည်။ ရောင်းဝယ်သည့်ကုန်ကို နသတ်။
ကုံကုမံ
[ပြင်ဆင်ရန်]ကုင်္ကုမံကို ဆင်ယင်မင်းဆို “ထွတ်ထွတ်ရွရွ”ချီသည်ရတုတွင်
ပွင့်ချပ်ကားငွေ ရွှေကားဝတ်ဆံ ကုံကုမံဟု ဘုန်းကံနက်လေ
သို့ မသတ်စပ်သည်။ သဒ္ဒါမှာ ကုင်္ကုမဉ္စဟူ၍ ရှိသည်။
ကုံး ကုန်း
[ပြင်ဆင်ရန်]ပန်းကုံး ရွှေကုံး သီကုံးများကို သေးသေးတင် အစပ်အဟပ် အများရှိသည်။ သေးသေးတင်မှတ်ရမည်။
တောင်ငူမင်းဆို “ချောင်းမမွေတော်”ချီသည်ရတုတွင်
မုန်းဘွယ်မများတောင်းကိုလည်း ။ နှုန်းဆွယ်မရှားတောင်းကိုလည်း ။ ကုန်းသွယ်မထားတောင်းကိုလည်း ။
ဟူ၍ စပ်ရာမှာ ကုန်းတိုက်ကုန်းသွယ်စကားသည် မသာမနာတောင်း ဆိုလိုသည်။
ကျော်သဲ ကျော်သည်း
[ပြင်ဆင်ရန်]ကျော်သဲဟူ၍ နောက်ပစ် ဝိသဇ္ဇနီစပ်သည်ကား မင်းတရားမယ်တော်ဧချင်းတွင်
ဝေးနီးအံ့အဲ အပွဲပွဲဝယ် ကျော်သဲကျော်သစ် ဆဲ့ငါးနှစ်က
၎င်းတွင်
ကျော်သံမစဲ ကျော်သဲရိုက်ချောင်း ကျော်သောင်းမြေပြင်
မင်းတရားရွှေထီးဧချင်း မျိုးတော်စည်လျှောက်ချက်အတိုင်း စပ်သည်စာတွင်
ရှင်စောပမောင် မြောက်တောင်ကျော်သဲ ဗညားပျဲနှင့် ပျော်နွှဲအတူ
မင်းရဲဒိဗ္ဗဧချင်းတွင်
ရှမ်းပြည်ကျော်သဲ ပြည်မိုးနဲဝယ် ထွတ်ကဲနရ
မင်းနဝဒေးဆို “တုံရေနတ်ပေါင်း”ချီသည်ရတုတွင်
သုံးဖြာရပ်သူ နတ်လူထွတ်ကဲ ငရနဲဟု ကျော်သဲဝှန်ချုပ်
သို့နောက်ပစ် ဝိသဇ္ဇနီစပ်ရာမှာ အသံသဲသဲရုတ်ရုတ်ကျော်သည် ဆိုလိုသည်။
ကျော်သည်းဟူ၍ ညသတ်စပ်သည်ကား မင်းနဝဒေးဆို မနော်ဟရီတွင်
ဘယ်သူအာဏာ ဘယ်ချင်းရာကြောင့် ရောက်လှာသနည်း ကျော်သည်းမြေပြင်
မင်းနဝဒေးဆို “သာထွန်းသက်ရှည်”ချီသည်ရတုတွင်
ကျတ်ခေါက်ကျော်သည်း မဆံ့သော ။ နတ်အောက်သော်လည်း မညံ့သော ။ ညွတ်လျောက်တော်နည်း မတံ့သော ။
သို့ညသတ် ဝိသဇ္ဇနီစပ်ရာမှာ ကျော်စောခြင်း သည်းထန်သည် ဆိုလိုသည်။
ခတ် ခပ်
[ပြင်ဆင်ရန်]ခတ်သည်ကို သံဝရတွင်
ဟန့်ထွန်းလေခတ် ဖေါင်ကြိုးပြတ်သို့ စွန့်လွှတ်ဝိရိယ
မင်းရဲကျော်စွာဧချင်းတွင်
သုံးချက်ဆတ်ဆတ် ကြိမ်လုံးခတ်၍ ခေါင်ထွတ်နရပတိ
ရှင်ရဋ္ဌသာရ တန်တားဦးတည်တွင်
အပါဒင်္ဂ သင်္ဘောမှလည်း နှိုင်းချပုတ်ခတ် မင်းချင်းလွတ်၏ ယုတ်မြတ်ပြည်သူ
မျက်စည်းခတ်သည်ကို သုဝဏ္ဏသာမဇာတ်တွင်
လျက်ဆားပါစည် ရှည်သည်မပြတ် နှခေါင်းနှတ်နှင့် ခတ်သည်မျက်စည်း
သံဝရတွင်
အဖပဲ့တတ် ငါလှော်တတ်၏ အန်ခတ်ကြက်တိုက်
သည်များသည် တသတ်။
ထိတ်ကျည်းခတ်သည်ကို သခင်ထွေးဧချင်းတွင် ကျည်းရှင်လျှိုခတ် သံတီးတတ်လျက် ရဟတ်စက်ချား
စပ်သည်များကိုထောက်၍ တသတ်။
ခပ်၍ယူသမျှကို ပသတ်သည်ကား မင်းရဲကျော်စွာဧချင်းတွင်
ခြေကျင်လိုက်ထပ် အင်တွဲခပ်မျှ သလပ်ကွန်ရက်
မင်းရဲဒိဗ္ဗဧချင်းတွင်
မိန်ညိုကြိုးချပ် ရောင်ခြည်လျှပ်သား လေခပ်မုန့်ခေါ်
ရတနာပြောင်မွန်ဘွဲ့တွင်
နှာမောင်းလေခပ် နှာရွပ်စွယ်ဘုံ
ဟူ၍ စပ်သည်များမှာ လေကို ခပ်၍ယူသည်ကို ဆိုလိုသည်။ ခပ်၍ယူသမျှကို ပသတ်။ မင်းတရားမယ်တော်ဧချင်းတွင်
လွန်ကဲဖိုးခပ် စိန်လက်စွပ်နှင့် ရှစ်ရပ်မှောင်ပျောက် ပုဆိုးကျည်းဖြစ် လုပ်သစ်ကွမ်းချပ် သိန်းခပ်မိုးထိ
စပ်ရာများမှာ အပိုလွန်ကဲခြင်းသို့ ခပ်သည်၊ တသိန်းသို့ ခပ်သည်၊ ကူးခပ်သည်နှင့် အတူပင်။ ပသတ်။ ခပ်ပြုခပ်မှုယှိသည် ဆိုလိုသည် ခပ်မျိုးကို ပသတ်အစပ်မှာ တောင်ငူမင်းဆိုရတုတွင်
ရပ်စောက်မည်သာ ထပ်လောက်ကြည်စွာ ခပ်ကောက်မည်ခွါ
ဟူ၍ အစပ်အတိုင်း ပသတ်။ ခပ်ပြာကိုလည်း ပသတ်။ မှိုင်းခတ်မြို့ကို တသတ် ရေးထုံးရှိသည်။
ခုတ် ခုပ်
[ပြင်ဆင်ရန်]ဓါးစသည်ဖြင့် ခုတ်သည်၊ ရွှေငွေကို ခုတ်သည်များကို တသတ်။
ပျံဝဲကောင်းကင် မြေတွင်လျှိုးငုတ် ပြေးခုပ်လျင်လျား
ယိုးဒယားမိဖုရားဧချင်းတွင်
တိုက်သတ်ဖက်ဆုပ် ကျားသို့ခုပ်လျက် လက်အုပ်မရ
သို့စပ်ရာများမှာ ကျားခုပ်သည်၊ ကြောင်ခုပ်သည်ကဲ့သို့ ယူရမည်။ ပသတ်။ မင်းရဲကျော်စွာဧချင်းတွင်
မတိမ်မငုပ် ရှေ့ကမြုပ်သား လက်ခုပ်တဖြိုး
ပသတ်။ လက်ခုပ်တီးသည်ကို သုံးထောင်မင်းဆို “မို့မို့မှိုင်း၍”ချီသည်ရတုတွင်
ညီစေစည်းဆုပ် စောင်းလက်ခုပ်နှင့် တီးရုပ်ဟန်လှ လူတကာတွင် ရွယ်ရှိတအုပ် ဆင်းနတ်ရုပ်ကို လက်ခုပ်တညီ
ပသတ်မှတ်လေ။
ခုန် ခုံ
[ပြင်ဆင်ရန်]ခုန်သည်ကို ဘူရိဒတ်လင်္ကာတွင်
ဟစ်ကျော်ပြေးခုန် မည်တမ်းကုန်လျက် တုန်တုန်လဲ့လဲ့ ဖိမ့်ဖိမ့်လည်းတုန် ဆွေ့ဆွေ့ခုန်မျှ ဆူမှုန်သည်းပွတ်
ပုံတောင်ဘွဲ့တွင်
ကြိမ်းပမြူးခုန် ခံလင့်ကုန်သည် သူပုန်ရန်သူ စူးစူးတည်း ။
၎င်းတွင်
ရေထဲဆူမှုန် တန်ပိုးခုန်မျှ အဟုန်ထန်သည်း
တောင်ငူမင်းဆို “စက်ပြဿဒ်လျှင်”ချီသည်ရတုတွင်
ထက်မြင့်တိမ်မှုန် ကမြူးခုန်သည် ပဇ္ဇုန်ကဲလွန် ဘိသောကြောင့် ။
မင်းဇေယျရန္တမိတ်ဆို “မြတ်နန်းရဝေ”ချီသည်ရတုတွင်
ဂိမှာကဆုန် မိုးပဇ္ဇုန်လျှင် မြူးခုန်သာရွှင်
သို့အစပ်ရှိသည်အတိုင်း ပြေးခုန်၊ မြူးခုန်၊ ဆွေ့ဆွေ့ခုန်မျှ၊ ကခုန်သည်များကို နသတ် မှတ်ရမည်။
မင်းနဝဒေးဆို မနော်ဟရီတွင်
အပေါင်းစေ့စုံ မြင်လေတုံသော် ခုံခုံမင်မင်
၎င်းတွင်
စက်ကွေးရှည်စုံ ထက်လုံးပုံ၍ ငြင်းခုံကျန့်ခိုင် နောင်ဘုန်းလှိုင်ဟု
၎င်းတွင်
အိမ်ထားအစုံ လွယ်ပြီးတုံမှ မခုံမမင် ထံရင်းမကွာ
ပဲကူးမိဖုရားဆို “ညိုညိုစင်လျှင်”ချီသည်ရတုတွင်
သက်ကွေးရှည်စုံ သက်လုံးပုံ၍ ငြင်းခုံကျမ်းခိုင် နောင်ဘုန်းခိုင်သည်
သို့အစပ်ရှိသည်အတိုင်း ခုံမင်သည်၊ ငြင်းခုံကို သေးသေးတင် မှတ်ရမည်။
ချည်း ချေး
[ပြင်ဆင်ရန်]ချည်းချည်းဟူ၍ ညသတ်စပ်သည်ကား သံဝရတွင်
ဧရိုက်ချည်းချည်း ဖြည်းဖြည်းညင်းညင်း သီချင်းရတု
ဘူရိဒတ်လင်္ကာတွင်
နာပျော်ဘွယ်ချည်း ရွှေစောင်းဖြည်းသို့ ချည်းချည်းချေငံ
၎င်းဇာတ်ပေါင်းတွင်
နားဝေနားစည်း နှလုံးကြည်းမျှ ချည်းချည်းဖျဖျ
မင်းတရားမယ်တော်ဧချင်းတွင်
သာချင်းချည်းချည်း ငြိမ့်ငြိမ့်ကြည်းမျှ အိန်းအည်းမြည်ရုတ် သောက်ထုတ်သေစာ
တောင်ငူမင်းဆို “အာကာတသွန်”ချီသည်ရတုတွင်
ထွတ်ထွတ်လန့်လန့် ရွန့်ရွန့်ချည်းချည်း တို့လည်းတသက် ကြင်ဘက်ကြင်သူ
၎င်းဆိုရတုတွင်
မည်းမျှလာသည် ကြည်းကပါသည် ချည်းလျဖြာသည်
ရှင်ရဋ္ဌသာရသတ်ပုံတွင်
ပျပျဖျည်းဖျည်း သံချည်းချည်းနှင့် ဝမ်းနည်း တစေ့စေ့တကား ။
သို့ ညသတ်စပ်ရာမှာ အသံဖျည်းဖျည်းညင်းညင်း ပျောင်းပျောင်းပျပျရှိသည်ကို ချည်းချည်း ဆိုသည်။ ချည်းလျဆိုရာမှာလည်း နွဲ့နောင်းပျောင်းပျသည်ကို ချည်းလျ ဆိုသည်။
ချေးချေးဟူ၍ သဝေထိုးစပ်သည်ကား မင်းတရားမယ်တော်ဧချင်းတွင်
ရဲတင်းရင်သည် ကြာတင်တည့်နီးဝေး တချေးချေး ။
၎င်းတွင်
ဆိုက်လှာဖူးသည် ပြည့်ဖြူးတည့်သိမ်းမွေး တချေးချေး ။
၎င်းတွင်
ကြောနက်ဦးဆံ ရယ်သံသာလေး ချေးချေးမြမြ ပြုံးတိုင်းလှသည်
မင်းနဝဒေးဆို “ဆောင်းနှင့်နေလျှင်”ချီသည်ရတုတွင်
ကာလသရစ် ကျူးထစ်ရင့်ကျွေး တချေးချေးလျှင် ထွေးထွေးဝါးဝါး
ဥဂ္ဂါပျံဆို “ချိန်ဆထွက်သည်”ချီသည်ရတုတွင်
ခေါ်ထွေရင့်ကျွေး တချေးချေးသည် ပဲးထွေးနှုတ်သံ ညင်းသည်လော ။
သို့သဝေထိုး ဝိသဇ္ဇနီစပ်ရာမှာ လေးလေးပင်ပင် ရင့်ရင့်ရူရူရှိသည်အသံကို ချေးချေး ဆိုသည်။
ချုန်း ချုံး
[ပြင်ဆင်ရန်]မိုးချုန်းသည်ကို နသတ် ဝိသဇ္ဇနီ စပ်သည်ကား ဘူရိဒတ်ဇာတ်ပေါင်းတွင်
မိုးနှယ်ရိုက်အုန်း တချုန်းချုန်းလျှင် တုန်းတုန်းတင်တင်
မဟာဥပရာဇာဧချင်းတွင်
နှိုင်းဘက်မနှုန်း မိုးနှယ်ချုန်းမျှ ဘုန်းတော်ကြောင့်သာ
ရတနာပြောင်မွန်ဘွဲ့တွင်
မွန်ကြားရိုက်မှုန်း မိုးသို့ချုန်းသည် ဘုန်းတော်ကြောင့်သာ
မင်းနဝဒေးဆိုရတုတွင်
ထစ်ချုန်းဆင့်၍ ချစ်ဘုန်းမြင့်၍ ပြစ်နှုန်းသင့်၍
၎င်းဆိုရတုတွင်ပင်
တန်ဆောင်မုန်းလျှင် ထစ်ချုန်းသံညှင်း မိုးနှောင်းကြွင်းဝယ်
မိုးချုံးသည်ကို သေးသေးတင် ဝိသဇ္ဇနီ စပ်သည်ကား မင်းနဝဒေးဆို “အံ့မူးပေရာ”ချီသည့်ရတုတွင်
သနားမဆုံး ခေါ်ညီရုံးသည် သာချုံးရင်စ ကြူးမည်သော် ။
၎င်းဆို “ကျူးလေတည့်”ချီသည်ရတုတွင်
အာကာတိမ်လုံး မြရောင်ဖုံး၍ ချုံးလသည်ကား သားမြေးခေါ်ခေါ်
တောင်ငူမင်းဆို “အောက်မေ့ချေချေ”ချီသည်ရတုတွင်
ကွန့်ရစ်ထစ်ချုံး စက်သံမှုံးသည် မိုးလုံးညိုပြာ မြခဲ့လော ။
ဇင်းမယ်ဘုရင်စာ”နွေလည်ခါဦး”ချီသည်ရတုတွင်
သောက်လင်းညည့်လုံး[ပတ်ကုံး] တချုံးချုံးလျှင် သွေးစုံးမွတ်စင်
သို့ နသတ် သေးသေးတင် နှစ်ချက်ရှိသော်လည်း နသတ်၍ ရေးထုံးကျသည်။ နသတ်၍ ရေးရမည်။ ပုံတောင်ဖွဲ့တွင်
စလေပတ်ကုံး ရံပိတ်ဖုံးသည် ချုံးချုံးမိုးနှယ် လဘိတည်း ။
ဘူရိဒတ်ဇာတ်ပေါင်းတွင်
တောင်လှပတ်ကုန်း ခုနစ်လုံးတွင် ချုံးချုံးရစ်သန်း
ဟူ၍ စပ်သည်များမှာ ကျဉ်းအောင်ချုံးသည်၊ ပိတ်သည် ရံသည် ဆိုလိုသည်။ ခံ့ချုံးဆိုသည်ကိုလည်း သေးသေးတင်ပင်။
ချုပ်ချုပ် ချုတ်ချုတ်
[ပြင်ဆင်ရန်]ချုပ်ချုပ်ကို ပသတ်စပ်သည်ကား ဘူရိဒတ်ဇာတ်ပေါင်းတွင်
မြေတွင်လျှိုးငုပ် နာနာရုပ်ဖြင့် ချုပ်ချုပ်မျက်ငြိုး
စတုဓမ္မသာရတွင်လည်း
ခက်ညွန့်ကိုင်ဆုပ် သိမ့်သိမ့်လှုပ်လျက် ချုပ်ချုပ်အမျက်
အမျက်ချုပ်ချုပ်ထွက်သည်ကို ဆိုလိုသည်။ ပသတ်။ ချုပ်တည်း ချုပ်ရုပ်သည်ကို ပသတ်။
တသတ်စပ်သည်ကား
သွားလေရာရာ ရံရှာမချုတ် ကိုယ်နှုတ်နှိမ့်ကျို့ တမန်တို့ကား
မချုတ်မချယ် ဆိုလိုသည်။ မင်းတရားရွှေထီးဧချင်း “ဇမ္ဗူဒီပါ”ချီတွင်
ဖူးတွေ့မဆုတ် တိုရှုတ်ရှည်ကတ် နေရပ်တင်တင်
မင်းတရားမယ်တော်ဧချင်းတွင်
လက်ျာလှည့်ဝုတ် ရှည့်ရှည့်ချုတ်သား သမုဒြာ ကြီးစွာပေါ်ထွန်း
သည်များမှာ ချုတ်ချုတ်ထိသည်၊ ချုတ်ချုတ်ကျသည် ဆိုလိုသည်။ တသတ်။
မြေတွင်ချုတ်ချုတ် တဘက်တုတ်၍ ညှို့ဖြုတ်ထစ်ထစ်
ဟူ၍ ဘူရိဒတ်လင်္ကာတွင် စပ်သည်ကို ပသတ်ဖြစ်သည် တချို့ ယူကြသည်။ ညှို့ကိုဖြုတ်သည်အရာသည် တသတ်အမှန်။ ဖြုတ်သည်ကို
ဖြစ်လာကြမ်းကြုတ် ခင်မွန်ဖြုတ်သည် အဟုတ်အတော် အကြားတည်း ။
ဟူ၍ တသတ် အစပ်ရှိသည်။ တဖက်တုတ်သည်ဆိုသည်လည်း ပုဆစ်တုပ်သည် မယူလို။ ခြေတဘက်ကို ကြိုးတုတ်သကဲ့သို့နေသည် ဆိုလိုမည်ထင်သည်။ ကြိုးတုတ်သည်ကို ဘူရိဒတ်ဇာတ်ပေါင်းတွင်
ဆက်မျက်ကြိုးတုတ် ပတ်ခလုတ်ကို ကုတ်ကုတ်ကော်ကော်
ဟူ၍ တသတ်စပ်သည်။ ပုဆစ်တုတ်သည်ကိုမူကား မင်းရဲကျော်စွာဧချင်းတွင်
ကြောက်ရွံတုံလှုပ် ပုဆစ်တုပ်၍ ကျွန်ုပ်ဘုရား မိန့်မှားလှစွာ
ဟူ၍ ပသတ်စပ်သည်။ ပုဆိုးတုပ်သည်ကိုလည်း
ခင်းနှီးပိတ်အုပ် တွန့်တုပ်ပုဆိုး
ဟူ၍ ဧချင်းတွင် ပသတ်စပ်သည်။
ဂမုန်း ဂမုံး
[ပြင်ဆင်ရန်]ဂမုန်းကို နသတ်စပ်သည်ကား သံဝရတွင်
သရက်ထန်းအုန်း ဂမုန်းဇီသဝါ မြညှာသွယ်ဆင့်
ရခိုင်ဥဂ္ဂါပျံဆို “မယ်ဆွတ်လွမ်းစွ”ချီသည်ရတုတွင်
မဉ္ဇူဂမုန်း အင်မနှုန်းနှင့် တောင်ကုန်းထိပ်တွင် မြတ်ဆံရှင်ကို
ဂမုံးကို သေးသေးတင်စပ်သည်ကား ဘူရိဒတ်လင်္ကာတွင်
မုလေးကြက်ရုံး ဂမုံးနံ့ကြွယ် စမ္ပါယ်ပွင့်ဖြူ
သို့ ၂-ချက်ရှိသော်လည်း ယခု နသတ် ရေးထုံးများသည်။
ငန် ငံ
[ပြင်ဆင်ရန်]ငန်သည်ကို ဟတ္ထိပါလတွင်
မြိန်ဆိမ့်ချိုမွန် ချဉ်စပ်ငန်နှင့် အဖန်အခါး
ဘူရိဒတ်ဇာတ်ပေါင်းတွင်
ဆားတိငန်ငန် ဖြစ်သည်မှန်မူ အစွန်အနား
၎င်းတွင်
စီးထွက်လျှံဝန် ရေမငန်တည့် အလွန်တရာ
သံဝရတွင်
ချဉ်ချိုစပ်ငန် အဖန်အခါး ခြောက်ပါးသီးပွင့်
သို့နသတ်သာ ရှိသည်။
ဘူရိဒတ်ဇာတ်ပေါင်းတွင်ပင်
ဆားတိငံငံ ညှီနံတောက်တောက်
သို့သေးသေးတင်စပ်ရာမှာ ဆားအတိ လောက်ငံသည် ယူရမည်။ တချို့စာမှာလည်း
ဆားတိငန်ငန် ပျို့အန်တောက်တောက်
ဟူ၌ပင် အစပ်ရှိသည်။ ငန်သည်အရသာကို နသတ် အမှန်မှတ်ရမည်။
စုပ် စုတ်
[ပြင်ဆင်ရန်]စုပ်စုပ်ကို ပသတ်သည်ကား ဟတ္ထိပါလတွင်
မွန်းနစ်စုပ်စုပ် ကိုယ်လုံးမြုပ်လိမ့် ကျွန်ုပ်မလွတ်ပချေပြီ ။
ဘူရိဒတ်လင်္ကာတွင်
ရေတွင်စုပ်စုပ် နက်ရာငုပ်လည်း[သည့်] လွတ်ရုပ်မထင်
ရတနာပြောင်မွန်တွင်
မြီးလည်းသွယ်သပ် ဖိနပ်စုပ်စုပ် စွန်သုပ်သောနည်း
ရှင်မြေလူးစပ်သည့်စာတွင်
မြီးလည်းမြေဝပ် ဖိနပ်စုပ်စုပ် ဆစ်မြုပ်မထင်
စုတ်စုတ် တသတ်စပ်သည်ကား ဟတ္ထိပါလတွင်
မရွေ့မဆုတ် စုတ်စုတ်တိုးသွား
၎င်းတွင်
ဆင်းသက်စုတ်စုတ် ပြေအားထုတ်မူ ဂါဝုတ်တိုင်အောင်
ဘူရိဒတ်လင်္ကာတွင်
ကြိုးစားအားထုတ် ကြက်ရဲစုတ်လျက် ချက်ဖြုတ်ရံခါ
၎င်းတွင်
ရစ်ဝဲနေ[ရန်]ချုတ် ကြက်ရဲစုတ်လျက် မဟုတ်မရာ ထိုသို့မဟုတ် စုတ်စုတ်လူ့ဘုံ သွားဘိတုံမူ
တန်တားဦးတည်တွင်
မရွေ့မဆုတ် ရဲအားထုတ်လျက် စုတ်စုတ်ထွင်းထွင်း
ပုံတောင်ဖွဲ့တွင်
လွင်ပြင်ထွက်စုတ် သိန်းနှယ်သုတ်လျက် ထိုးခုတ်တွေ့တိုင်း
ယိုးဒယားမိဖုရားဧချင်းတွင်
ကြိမ်းဝါးလည်းခုတ် ကြက်ရဲစုတ်လျက် တရုတ်ဥတည်
သို့ ပသတ် တသတ် ၂-ချက်ရှိရာတွင် အဓိပ္ပါယ်စကားကျစကားသံကို နှလုံးသွင်း၍ စုပ်စုပ်ဝင်သည်၊ စုတ်စုပ်စုပ်နစ်သည်၊ စုပ်စုပ်မြုပ်သည်များကို ပသတ်။ စုတ်စုတ်လိုက်သည်၊ စုတ်စုတ်ထိုးသည်၊ စုတ်စုတ်ထွင်းထွင်း စသည်၊ စုတ်စွဲကျင့်သည်များကို တသတ် မှတ်ရမည်။ အမွေးစုတ်စုတ်ကိုလည်း တသတ်။
ဆန်း ဆမ်း
[ပြင်ဆင်ရန်]ဆန်းသည်ကို ဘူရိဒတ်ဇာတ်ပေါင်းတွင်
မော်မိမော်မန်း နှလုံးဆန်းနှင့် သူကန်းအလား
သည်မှတပါး ဆန်းထူးဆန်းကြယ်သည်၊ ပြုဆန်းမူဆန်း စသည်များကို နသတ်ချည်း အများရှိသည်။
ဟတ္ထိပါလ မင်းခန်းတွင်
တဂါထာဖြင့် အသာရွှင်ဆမ်း လင်္ကာပြွမ်းသည် ဆန်းကျမ်း မကျူးမလွန်တည်း ။
၎င်းတွင်
လယ်ယာမလုပ် အရှုပ်အဆမ်း ကုန်စယ်ပြွမ်း၍ အထမ်းလက်ငင်း
ပဲကူးမိဖုရားဆို “သက်စုနှံ၍”ချီသည်ရတုတွင်
ဆီရည်ကျရွှမ်း လေချိုဆမ်းသည် အချမ်းသန်တော့သည်ကိုလည်း ။
၎င်းဆို “ပျက်ခေါက်ထိ၍”ချီသည်ရတုတွင်
စကားပေါ်လွှမ်း ပျူငှါဆမ်းသည် နန်းငြိမ်းရာခင် ကိုကျင့်ချင်ကို
သို့စပ်ရာများမှာ နှံ့အောင်ရွှမ်းအောင် ဆမ်းသည် ဆိုလိုသည်။ မသတ်။ ဆိုဆမ်းကို ရှင်ဓမ္မဓဇစာ “လွမ်းလှရာတွင်”ချီသည်ရတုတွင်
ရီရောပြိုးပြွမ်း ဆိုဆမ်းခါလု ရတုဝဿ ရိပ်ချည်းဆိုဆမ်း မင်းရေးကျွမ်းလျက် မင်းခမ်းမကြွင်း
ဟူ၍ မသတ်စပ်သည်။
ဆုံး ဆုန်း
[ပြင်ဆင်ရန်]အစအဆုံး၊ ဆုံးဖြတ်သည်များကို သေးသေးတင် အစပ်အဟပ်ရှိသည်။ သေးသေးတင်မှန်ရမည်။
သံဝရတွင်
တကာမင်းဘုန်း ချိန်ဆုန်းနာတိုက်
ဘူရိဒတ်ဇာတ်ပေါင်းတွင်
လူတို့ဘုန်းကား ခါဆုန်းချိန်သင့်
ရှင်ရဋ္ဌသာရ တန်တားဦးတည်တွင်
တန်တန်ကြိုက်တုန်း ချိန်တန်ဆုန်းသား ရွှေဘုန်းနုဘော်
ရှင်မဟာသီလဝံသ တန်တားဦးတည်တွင်
စက်ရှင်သန်တုန်း ကြိုက်သည်ဘုန်းဖြင့် ချိန်ဆုန်းတော်လှ
၎င်းဆိုရတုတွင်
ဘုန်းစက်လျှံသည် ဆုန်းရက်ကြံစည်
သို့အစပ်ရှိသည်အတိုင်း ချိန်ဆုန်း၊ ခါဆုန်း၊ ဆုန်းဆသည်ကို နသတ်။ ရေးသည်ဆုန်းကို နေမိပျို့တွင်
နတ်တည်းရှေးဘုန်း ရေးသည်ဆုန်းနှင့် ဦးတုန်းစကား
ဟူ၍ နသတ်စပ်သည်။
တရုပ် တရုတ်
[ပြင်ဆင်ရန်]တရုပ်ကို ပသတ်စပ်သည်ကား မဟာဥပရာဇာဧချင်းတွင်
ထိုရွာအချုပ် တရုပ်ဥတည် မကျိုးကျည်လည်း
သခင်ကြီးဧချင်းတွင်
ပူရီပိုက်အုပ် တရုပ်ပုဆိုး ကောင်းမျိုးထည်ပေါင်း
ယိုးဒယားမိဖုရားဧချင်းတွင်
ရွှေစင်ငွေထုပ် တရုပ်ဥတု ရွှေတွင်စုသည်
၎င်းဧချင်းတွင်
မထွက်ပျောက်မြုပ် ကွန်နှယ်အုပ်လျက် တရုပ်ဥတည် ဝန်းလည်ကြောက်ညင်
မင်းတရားရွှေထီးဧချင်း “ဇမ္ဗူဒီပါ”ချီတွင်
အရိုင်းတရုပ် တိမ်နှယ်ချုပ်သော် ကြံလုပ်မဖေါက်
ပဲကူးမိဖုရားဆို “လေးဖြာရောင်ခြည်”ချီသည်ရတုတွင်
ထိန့်ဆူဝှန်ချုပ် တရုပ်ပြည်ပါး ပြေးသွားရာရာ နှံ့အောင်ရှာ၍
တရုတ်ကို တသတ်စပ်သည်ကား [သ]ခင်ထွေးဧချင်းတွင်
ကြိမ်ဝါးလည်းခုတ် ကြက်ရဲစုတ်သို့ တရုတ်ဥတည်
မင်းနဝဒေးဆိုရတုတွင်
တရုတ်ပြည်တွင် မယုတ်ရည်ရှင် သမုတ်သည်လျှင်
သို့ ပသတ် တသတ် ၂-ချက်ရှိသော်လည်း ရေးထုံးသတ်ထုံးများရာလိုက်၍ ပသတ်ရမည်။
တံဆိပ် တံဆိတ်
[ပြင်ဆင်ရန်]တောင်ပြုန်း တောင်ပြုံး
[ပြင်ဆင်ရန်]တောင်ပြုန်းကို မင်းတရားရွှေထီးဧချင်းတွင် မျိုးတော်စည်လျှောက်ချက်အတိုင်း စပ်သည်စာတွင်
ရှေးဦးပိုင်နှုန်း တောင်ပြုန်းတရှောက် တလျှောက်ပြောရွာ
ဟူ၍ နသတ်စပ်သည်။ ရေးထုံးမူကား သေးသေးတင်၍ ရေးသည်များသည်။
တုတ်တုတ်စီး
[ပြင်ဆင်ရန်]တုတ်တုတ်စီးသည်ကို သခင်ထွေးဧချင်းတွင်
သံလျင်ကျွန်ုပ် သုံးဖျာဝုတ်၍ တုတ်တုတ်ယဉ်ဖျောင် ပန်လောင်းမျက်ရည် ကျိုးဆုတ်သည်ကို
တန်တန် တံတံ
[ပြင်ဆင်ရန်]တန်တန်ကို နသတ်စပ်သည်ကား မင်းနဝဒေးဆို “ဝေယန်တောင်ညာ”ချီသည်ရတုတွင်
ယက္ခဂုမ္ဘန် အတန်တန်လျှင် ပြင်းထန်စက်လွှတ် ဖြုန်းဖြုန်းသတ်လျှင်
သို့အစပ်ရှိသည်အတိုင်း အဆစ်အဆစ် အတန့်အတန့် တတန့်နှစ်တန့် ဆိုသကဲ့သို့ နသတ်။
မင်းတရားမယ်တော်ဧချင်းတွင်
တိုင်းကားနိုင်ငံ ပြည်ပုဂံဝယ် တံတံကိုးယောက်
သို့စပ်ရာမှာ အကယ်တံတံ ဆက်ဆက် ဆိုလိုသည်။ အကယ်တံတံကို အစပ်ကား ရှင်ရဋ္ဌသာရ တန်တားဦးတည်တွင်
အကယ်တံတံ ဆိုကုံတံသည် ထွက်သံသက်သက် ညင်းညင်းတည်း ။
တန်း တမ်း
[ပြင်ဆင်ရန်]တိုင်တန်းသည်ကို နသတ်စပ်သည်ကား ဘူရိဒတ်တွင်
ပရိတ်သတ်ထက်ဝန်း လူရဟန်းကို တိုင်တန်းသက်သေ ဆိုတုံပေ၏
ရှင်ရဋ္ဌသာရ တန်တားဦးတည်တွင်
ကြည်းတောင်မိုးမြေ ခြောက်မွေဘနန်း ကမ္ပည်းညွန်းသည် တိုက်တန်းသက်သေ ကြားသတည်း ။
တိုင်တမ်းကို မသတ်စပ်သည်ကား ဘူရိဒတ်လင်္ကာတွင်
မနီးမကမ်း ကြယ်ကိုလှမ်းသို့ တိုင်တမ်းနိုင်ချက်
နိုင်တမ်းကို မသတ်စပ်သည်ကား ဘူရိဒတ်လင်္ကာတွင်
မြှောက်စားချီးမွမ်း စကားကြမ်းနှင့် နိုင်တမ်းလူတွင်
ရှင်ရဋ္ဌသာရ တန်တားဦးတည်တွင်
ရုပ်သွင်နိုင်တမ်း ရောက်လှာစမ်းမူ မျက်ယမ်းယိုးချွတ်
လောင်းတမ်းကို မသတ်စပ်သည်ကား ဘူရိဒတ်လင်္ကာတွင်
ရှာဖွေစူးစမ်း လောင်းတမ်းစရာ တသပြာမျှ
သို့အစပ်ရှိသည်အတိုင်း တိုင်တန်းသည်ကို နသတ်၊ တိုင်တမ်း၊ နိုင်တမ်း၊ လောင်းတမ်းသည်ကို မသတ် ဝိသဇ္ဇနီပေါက် မှတ်လေ။
တုန် တုံ
[ပြင်ဆင်ရန်]တုန်သည်ကို နသတ်စပ်သည်ကား ဘူရိဒတ်လင်္ကာတွင်
ချောင်းချောင်းမျက်ဟုန် ချဲ့ချဲ့တုန်မျှ ဆူမှုန်ပြင်းစွာ
၎င်းတွင်
ဖိမ့်ဖိမ့်လည်းတုန် ဆွေ့ဆွေ့ခုန်မျှ ဆူမှုန်သည်းပွတ် ထွက်မတတ်လျှင်
၎င်းတွင်
ကြောက်လန့်ပြင်းဟုန် ဖိမ့်ဖိမ့်တုန်မျှ ခုန်ခုန်ဆင်းဆင်း
ချဲ့ချဲ့တုန်သည်၊ ခိုက်ခိုက်တုန်သည်၊ တုန်ယင်သည်၊ တုန်လှုပ်သည်ကို နသတ်။
ဟတ္ထိပါလတွင်
နှလုံးမြည့်မြည့် တုံ၏တည်း ။ မြင်ရဖူးတွေ့ ကြုံ၏တည်း ။
ဟူ၍ စပ်ရာမှာ တုန်လှုပ်သည် မဆိုလို။ နှလုံးမျည့်မျည့် ရှိတုံ၏ ဆိုလိုသည်။ နက္ခတ်တုံသည်ဆိုသည်ကို သေးသေးတင်။ ကျိုင်းတုံမြုိ့၊ တုံရွာကိုလည်း သေးသေးတင်။
တုပ်
[ပြင်ဆင်ရန်]လက်နှင့်တုပ်သည်ကို ဘူရိဒတ်လင်္ကာတွင်
ကျွေးစားမိသို့ စိစိငင်ဆုပ် လက်တုပ်ငင်ရှား မုန်းတားငြိုးမူ
မင်းတရားရွှေထီးဧချင်း “စကြဝဠာ”ချီတွင်
ရွှေနှင့်ကန်လျက် ရွှေဆက်မယ်ဆုပ် ရှည့်တုပ်လျှင်မည် လှံရှည်ညာတား
မင်းရဲနရာဧချင်းတွင်
တံဖျာဆင်ထုပ် လက်တုပ်စဉ်သွား လေးမြားမီးပေါက်
ပုဆစ်တုပ်သည်ကို မင်းရဲနရာဧချင်းတွင်
ကြောက်ရွံ့တုံလှုပ် ပုဆစ်တုပ်၍ ကျွန်ုပ်ဘုရား မိုက်မှားလှစွာ သည်းခံပါဟု
ကြိုးနှင့်တုပ်သည်ကို ရွှေစာတိုင်ဘွဲ့တွင်
ညင်သာကိုစီ မှီကာပိုက်ထုပ် နားပန်းတုပ်နှင့် ခြေချုပ်ဆော်တုံ
သခင်ကြီးဧချင်းတွင်
ကြိုးသွယ်တုပ်၍ ရုပ်ရုပ်မသည် ညင်းညင်းပျည်သား
တခါးမင်းတုပ်ကို ရှင်ရဋ္ဌသာရစာ “ပုဗ္ဗေ[ရေ]နိသင်”ချီသည်ရတုတွင်
ရွက်ဟုံချည်းချုပ် ချမင်းတုပ်က ခွက်မြုပ်အာနီ နာရီမောင်းချ ဒေသနိမိတ်
သည်များကို ပသတ်။ သည်မှတပါး ပစွန်ထုပ်ကို ပသတ်။
တိမ်ချည် တိမ်ချေ
[ပြင်ဆင်ရန်]တိမ်ချေဟူ၍ စပ်သည်ကား မင်းနဝဒေးဆို “ပြာသိုဟူသည်”ချီသည်ရတုတွင်
နီးဝေးတိမ်ချေ မှိုင်းမှိုင်းဝေသည် တောင်လေ စလပြန်ဘိသည် ။
၎င်းဆို “ချမ်းရက်ကြွလေ”ချီသည်ရတုတွင်
ချမ်းရက်ကြွလေ ထက်တိမ်ချေက ဝေဝေရီမှိုင်း
ဇင်းမယ်ဘုရင်စာ “ညွတ်ခလျှောက်လေ”ချီသည်ရတုတွင်
စစ်တာမိုးမြေ ကြာရပေက တိမ်ချေကောင်းကင်
သည်မှတပါးလည်း တိမ်ချေဟူ၍ အစပ်အများရှိသည်။
“ညွတ်ခလျှောက်လေ”ချီသည်ရတုတွင်ပင်
စကြာရှေရှည် ပြန်တော့မည်ဟု တိမ်ချည်ကောင်းကင် လွန်ချေလျင်သည်
မင်းနဝဒေးဆို “မင်ခင်ဟူ၍”ချီသည်ရတုတွင်
မိုးစွန်တိမ်ချည် မယ်သို့ရည်လော့ ငါမည်ကြံသင့်
ဟူ၍လည်း ညသတ်စပ်သည်။ တိမ်မြင့်တိမ်ချည်ဟူ၍၎င်း၊ တိမ်ရောင်တိမ်ချည်ဟူ၍လည်းကောင်း ယူ၍စပ်သည် ယူရမည်။
ထမင်းလုပ်
[ပြင်ဆင်ရန်]ထမင်းအလုပ်ကို မဟာဥပရာဇာဧချင်းတွင်
တနေ့တလုတ် မယုတ်အာသာ သတ္တာသတ္တ နဝစာလီ
ပါရမီခန်းတွင်
လေးဆယ်ကိုးလုတ် မယုတ်အင်ပြည့် သပ္ပါယ်ပြည့်လျက်
ဆုတောင်းခန်းတွင်
သဒ္ဓါဘုတ်ကို တလုတ်တယောက်
ဟူ၍ အစပ်ရှိသည်။ သဒ္ဒါမှာမူကား အာလောပဟူ၍ ရှိသည်။
ထိန်း ထိမ်း
[ပြင်ဆင်ရန်]ထိန်းသည်ကို နသတ်စပ်သည်ကား ဟတ္ထိပါလတွင်
ဆင်ထိန်းမြင်းထိန်း ကလိန်းကလက်
၎င်းတွင်
ယရည်းမထိန်း တောဆင်မှိန်း- ကလိန်းကလက်
၎င်းတွင်
ခန္ဓာဆုန်းချိန်း ရထားထိန်းလည်း ရှုစိန်းမျက်စိ
သံဝရတွင်
သတိညာဏ်ထိန်း ဝါဆိုကျိန်းသည် ယဉ်မိန်းသူတော် နှလုံးတည်း ။
ဘူရိဒတ်ဇာတ်ပေါင်းတွင်
မြေချာပိတ်လိန်း ခမ့်ရွက်ထိန်းသည် လေးသိန်းရှစ်သောင်း
၎င်းလင်္ကာတွင်
ကာယဆင်မိန်း ကိုယ်မထိန်းမူ အပြိန်းအဖြင်း
ထိမ်းသည်ကို မသတ်စပ်သည်ကား ဘူရိဒတ်ဇာတ်ပေါင်းတွင်
ဆင်မကောင်းကို ချွန်းတောင်းညာဏ်ဟုန် ထိမ်းလင့်ကုန် ။ နံ့မွှေးတသုန် လိမ်းသင့်ကုန် ။
ပုံတောင်ဖွဲ့တွင်
ကြေညာခပ်သိမ်း ရံစစ်ထိမ်းသည် မတိမ်းမပါး
နတ်ရှင်မယ်တော်ဧချင်းတွင်
ဘမင်းရာကို ဆက်ကာယူသိမ်း ဘုန်းဖြင့်ထိမ်းက ညွတ်တိမ်းပြည်ထောင်
သို့နသတ် မသတ် ၂-ချက်ရှိသည်ကို အဓိပ္ပါယ်ကွဲအောင် အချို့ ကြံ၍ယူကြပေ၏။ နသတ်၍မူကား ရေးသားသည် များသည်။
ထုပ် ထုတ်
[ပြင်ဆင်ရန်]ထုပ်ကို ရှင်မဟာသီလဝံသ မိန့်တော်မူသည့် နန်းဖွဲ့တွင်
တင်ထုပ်လျှောက်ထုပ် မှန်အုပ်စနတ် ခုံနေသတ်မှ
ရှင်ရဋ္ဌသာရ “ကြံတွက်ဆ၍”ချီသည်ရတုတွင်
သစ်ရပ်လျှောက်ထုပ် အကြုပ်ဆင့်ဆင့်
သို့ပသတ်အစပ်ရှိသည်။ ပသတ်မှတ်ရမည်။ ၎င်းချီစာတွင်ပင်
ငါးတောင်ပြည်လုတ် တမုတ်ရှုတ်မှ မြားထုတ်ရတောင်
ဟူ၍ ဆိုရာမှာ ထုပ်ကို မဆိုလို၊ မြားရတောင်ထုတ်သည် ဆိုလိုသည်။
သောက်ထုတ်သည်ကို ဘူရိဒတ်လင်္ကာတွင်
သေရက်သောက်ထုတ် မမှန်နှုတ်နှင့် မဟုတ်မရား သူလှည့်စားလည်း
၎င်းဇာတ်ပေါင်းတွင်
ပင်လယ်သမုတ် ရေအစုတ်လည်း သောက်ထုတ်မကောင်း
ကျိုးထုတ်သည်ကို ဘူရိဒတ်လင်္ကာတွင်
ဆစ်မျစ်ကျိုးထုတ် ပတ်ခလုတ်ကို ကုတ်ကုတ်ကော်ကော်
ရှည့်ထုတ်ကို မင်းတရားမယ်တော်ဧချင်းတွင်
နိုင်လေမှန်ဟုတ် ရှည့်တိုးထုတ်လောက် သွေးချောင်းမြောက်၍
သည်များကို တသတ်။ သည်မှတပါး တုတ်တုတ်ကျားကျား ရိုက်သည်တုတ်၊ ခတ်သည်တုတ်၊ တီးတုတ်ရွာ၊ တီးတုတ်တို့ကို တသတ်။
ထုံရေ ထုံရည်
[ပြင်ဆင်ရန်]ထုံရေဟူ၍ သဝေထိုးစပ်သည်ကား ဘူရိဒတ်လင်္ကာတွင်
ယုတ်မာမိုးမြေ သင်တို့လေလည်း ထုံရေဆေးသွန်း ရနံ့မွန်းက
မင်းနဝဒေးဆိုရတုတွင်
ထုံရေနတ်ပေါင်း ကြုံရေဆွတ်ပြောင်း စုံချေပတ်ညောင်း
၎င်းဆို “လူမစိုက်တည့်”ချီသည်ရတုတွင်
လေးပါးသက်ဝေ ပန်စိမ့်ထွေဟု ထုံရေသွန်းလျက်
ထုံရည်ဟူ၍ ညသတ်စပ်သည်ကား မင်းနဝဒေးဆို မနော်ဟရီတွင်
နံ့သာထုံရည် သွန်းသည်ရက်စေ့ ခုနစ်နေ့မြောက်
၎င်း “သဘင်ခါလည်”ချီသည်ရတုတွင်
မြူတာသင်းပျံ့ ရနံ့ထုံရည် မည်သည်မကျန်
ဆင်ယင်မင်းဆို “ထွတ်ထွတ်ရွရွ”ချီသည်ရတုတွင်
ပင်လယ်ဝဝယ် သူဇာဆွေသည် ပန်စိမ့်မည်ဟု ထုံရည်ဖြိုးသွန် သင်းဘောပန်းကို
သို့သဝေထိုး ညသတ်ပင် ယှိသည်။ သဘောကိုထောက်လျှင် ထုံသောရေယူ၍ သဝေထိုးစပ်သည်။ ဥပစာရအားဖြင့် ထုံသောအရည်ကိုယူ၍ ညသတ်စပ်သည်။ နှစ်ချက်ပင် သင့်သည်ချည်း။
ဒဂုန် ဒဂုံ
[ပြင်ဆင်ရန်]နိတုံ နိတ္ထုန်
[ပြင်ဆင်ရန်]နိတုံရွှေကို မင်းနဝဒေးဆို “မြကိုလုံးဝယ်”ချီသည်ရတုတွင်
နိကယ်ငါးစုံ ထင်ကြေးမုံကို နိတုံရွှေစင်
၎င်းဆို မနော်ဟရီတွင်
ရေထူပြောက်စုံ နိတုံအတိ
တောင်ငူမင်းဆို “တင့်လှပေဟန်”ချီသည်ရတုတွင်
သင်းပေါင်းထက်ယုံ လှနိတုံလည်း ပန်းစုံရောယှက် ထုံးမြရွက်နှင့်
ဇင်းမယ်မင်းစာ “ဖျင်မျှမြင်၍”ချီသည်ရတုတွင်
လှနေချစ်ယုံ ဆင်းနိတုံနှင့်[ကို] တူစုံဆင်းကြန် အမှန်မိမည်
သို့သေးသေးတင်သာ အစပ်ရှိသည်။ ရာဇမဏိစူဠာကျောက်စာမှာမူကား
နိတ္ထု[န်]ရွှေမှည့် အပြည့်ထည့်ပြီ
ဟူ၍ ထဆင်ထူး တဆင့်၍ နသတ်၍ ရေးသည်။ ယခု ရေးထုံးကျရာမှာကား အစပ်ရှိသည်အတိုင်း သေးသေးတင်ပင် ရေးသည်။
နက်တံ
[ပြင်ဆင်ရန်]နက်တံဆိုသည်ကိုလည်း ဟတ္ထိပါလတွင်
စူးစမ်းနက်တံ မြို့ခံမြို့ထိုး တညှိုးသမ်းသမ်း
သို့အစပ်ရှိသည်အတိုင်း သေးသေးတင်။
နှာစေး
[ပြင်ဆင်ရန်]နှာစေးသည်ကို အစပ်အဟပ် မတွေ့။ အစပ်အဟပ်မရှိသော်လည်း နှာရည်စေးသည်ဆိုက စေးစေးနဲနဲရှိသမျှကို အစေးကို သဝေထိုး အမှန်ဖြစ်သည်။ ဘူရိဒတ်ဇာတ်ပေါင်းတွင်
နှာဝေနှာစည်း နှလုံးကြည်းမျှ
ဟူ၍ တချို့ ရေးကြဖတ်ကြသည်။ မသင့်သောစကားကို ဆိုသည်ကို ညီးငွေ့ရာ၌ နှာဝေနှာစည်းဆိုသည်စကားနှင့် မလျော်။ နားဝေနားစည်းသည် မှန်သည်။ နားမှာ ဝေဆာစည်းနှောင်သကဲ့သို့ ဆိုလိုသည် ယူရမည်။
နှိုင်းရှည့် နှိုင်းရှဲ့
[ပြင်ဆင်ရန်]မင်းနဝဒေးဆို မနော်ဟရီတွင်
ပြွတ်ပြွတ်ထွက်ကြည့် ပစ်လျှင်[ဖြစ်လျှင်း]ထည့်သော် နှိုင်းရှည့်မရ
ဂမ္ဘီသာရတွင်
ထောက်ထားနှိုင်းရှည့် မင်းရိပ်ကြည့်၍ မင်း၏စိတ်ညည်[စက်ညဉ့်]
နဝရတ်ပျို့တွင်
အနှစ်ဂုဏ်မှည့် ရှားနှစ်ပြည့်သို့ နှိုင်းရှည့်မမြော်
ပဲကူးမိဖုရားဆို “ဣန္ဓနတ်လေး”ချီသည်ရတုတွင်
နဒီရေပြည့် ခါကိုကြည့်လည်း နှိုင်းရှည့်မတန်
သို့ညသတ် အမြစ်စပ်ရာမှာ ရှည့်ဘက်သည်၊ ဘက်ရှည့်၊ နှိုင်းရှည့်သည် ဆိုလိုသည်။
နှိုင်းရှဲ့ဟူ၍ နောက်ပစ်စပ်သည်ကား မင်းနဝဒေးဆို “ဌာနမင်းနေ”ချီသည်ရတုတွင်
ပေါ်သစ်လဲ့လဲ့ အာနီကဲ့သို့ နှိုင်းရှဲ့မမြော်
၎င်းဆို “ရေရှင်ချမ်းကြည်”ချီသည်ရတုတွင်
ဧရာဝတီ တွင်ညီဖက်မဲ့ သီတာကဲ့သို့ နှိုင်းရှဲ့ဘက်လွတ်
နဝရတ်ပျို့တွင်
မည်သူမရှဲ့ မြင်းမိုကဲ့သို့ ပြည့်တဲ့စီးပွါး
၎င်းတွင်
ရန်မျိုးပယ်ဖဲ့ စောရန်ချဲ့ကား နှိုင်းရှဲ့ထုံးပုံ
ဘူရိဒတ်ဇာတ်ပေါင်းတွင်
ထို့ကြောင့်နှိုင်းရှဲ့ ပမာငဲ့သော် သုံးဆယ်သုံးဘန် လက်သစ်ပြန်အောင်
သို့နောံပစ် အမြစ်စပ်ရာမှာ ဖက်စရာနှိုင်းစရာမရှိသည်ကို ရှဲ့သည် ဆိုသည်။
ပညပ် ပညတ်
[ပြင်ဆင်ရန်]ပညပ်ကို ပသတ်စပ်သည်ကား ဘူရိဒတ်လင်္ကာတွင်
အကြောင်းတတပ် ဘူရိဒပ်၍ ပညပ်မှည့်ထွေ
၎င်းဇာတ်ပေါင်းတွင်
စသည်ပညပ် ထက်နတ်ရပ်သို့ နှံ့စပ်ရှာမှီး
မင်းတရားရွှေထီးဧချင်း “စကြဝဠာ”ချီတွင်
ခေါ်ထပညပ် မည်သာထပ်ရှင့် ကြေးရဥဿာ
သံဝရတွင်
ကျောင်းဟောင်းမလပ် နှမ်းဆွမ်းကပ်၏ ပညပ်သိုက်တိုင်
ပညတ်ကို တသတ်စပ်သည်ကား ဘူရိဒတ်ဇာတ်ပေါင်းတွင်
နာမပညတ် အထူးမှတ်သား အာဘဿရာ
သံဝရတွင်
ဧကာဒသ နာမပညတ် နိပါတ်ဝတ္ထု ကိုးပါးစုတွင်
သို့ ပသတ် တသတ် အစပ်နှစ်ချက်ပင် ရှိသည်။ သဒ္ဒါမှာလည်း “ပညာပနံ ပညာပေသိ”ဟူ၍ ပနှင့်လည်းရှိ၏။ “ပညတ္တံ ပညတ္တိ”ဟူ၍လည်း တနှင့်ရှိ၏။ နှစ်ချက်ပင် သင့်၏ ယူရမည်။
ပရိယာယ် ပရိတ်ရည်
[ပြင်ဆင်ရန်]ပရိယာယ်ကိုလည်း ဥပစာရအားဖြင့်တင်၍ ပရိတ်ရည်ဟူ၍ ညသတ် အဆိုအမိန့် အရေးအသားတွင်သည်။ “အလောင်းစည်သူ”ချီသည်ရတုတွင်
ပရိတ်တော်ရေ ချိုးလိမ်းစေ၍ လူဆွေမြတ်စော
ဟူ၍ သဝေထိုးစပ်သည်။ ပရိတ်တော်၏အာနုဘော်ကို စံသောရေဟူ၍ သဝေထိုးစပ်သည်လည်း စပ်သင့်ပေ၏။ ပါဌ်ပါဠိတွင် ပရိတ္တဥဒကံဟူ၍ ရှိသည်များနှင့်လည်း ညီသည်ပင်။
ပိတုန်း ပိတုံး
[ပြင်ဆင်ရန်]ပိတုန်းကို ဘူရိဒတ်ဇာတ်ပေါင်းတွင်
နက်စင်ပိတုန်း တောင်ပန်နှုန်းလျက် မပြုန်းမကျည်း
မင်းနဝဒေးဆို “အံ့မူးပေရာ”ချီသည်ရတုတွင်
ပစ်လွှတ်ဖြုန်းဖြုန်း စက်သံမှုန်းက ပိတုန်းပျားသေး ငှက်မျိုးဝေးကို
ရှင်ရဋ္ဌသာရစာ “ကြံတွက်ဆ၍”ချီသည်ရတုတွင်
သတ္တပတ်ရွှေကြာ လင်္ကာမြည်ရှုန်း ပိတုန်းပျံဝဲ မုတ္တာရွဲနှင့်
မင်းနဝဒေးဆို မနော်ဟရီတွင်
တရှုန်းရှုန်းနှင့် ပိတုန်းနှင့်ပျား ငှက်ရွှေများလည်း
သို့အစပ်အဟပ်အများရှိသည်အတိုင်း နသတ် မှတ်ရမည်။
ဝတ်ရုံကျောင်းဘွဲ့တွင်
ချောမြေ့ဖြိုးလုံး ပိတုံးပိတ်တား
ဟူ၍ စပ်သည်။ ပိတုန်းကို နသတ် သေးသေးတင် နှစ်ကွဲစပ်တော်မမူရာ။ “ပိတုံးပိတ်တား” ဟူ၍ ဆိုရာမှာ သဘောကိုရှာ၍ယူလျှင် အစွန်းအစကို ပိပိတုံးအောင် ပိတ်ထားသည်ယူ၍ ပိတုံးပိတ်ကို သေးသေးတင်စပ်တော်မူလေဟန် ရှိသည်။ ပိတုန်းသတ္တဝါကို အစပ်အမှာရှိသည့်အတိုင်း နသတ် အမှန်မှတ်လေ။
ပုသိန် ပုသိမ်
[ပြင်ဆင်ရန်]ပုသိန်ကို ဟတ္ထိပါလ နိဂုံးတွင်
ရှင်စောပုထူ လှိုက်ဆူကျော်ရှိန် ပုသိန်မင်းမြေး
မင်းနဝဒေးဆို ဟံသာဝတီမြို့ဘွဲ့ “ရာဇဌာနီ”ချီသည်ရတုတွင်
မြောက်မှာခပ်ယွန်း ပုခန်းပုသိန် စက်ရှိန်လျှံဝေ
နတ်ရှင်မယ်တော်ဧချင်းတွင်
မြို့ပုသိန်ဝယ် နရိန်ဝရ သုံးလူ့ဘလျှင် တလလုံးလုံး
သို့ နသတ် အစပ်ရှိသည်။ ရာဇမဏိစူဠာကျောံစာမှာမူကား
ကုသိမနဂရံ၊ ကုသိမ်အဝန်း ၃၃ မြို့။
မသတ်ရေးသည်။ ယခုမူကား နသတ် အရေးများသည်။
ပိန် ပိမ်
[ပြင်ဆင်ရန်]ပိန်သည်ကို သံဝရတွင်
အာဏာလောင်ထိန် ညှိုးယော်ပိန်သည် နေရှိန်ပန်းနှယ် သွေ့သတည်း ။
ဟူ၍ နသတ်ရှိသည်။
နဝရတ်ပျို့တွင်မူကား
ညွန့်ထွက်သိမ်သိမ် လှီးထဲပိမ်ခဲ့ အကြိမ်သင့်ကြိုက်
မသတ်စပ်လေသည်။ သို့စပ်သော်လည်း စာစောင်ခိုင်ရာယူ၍ နသတ်ရမည်။
ပုန်း ပုံး
[ပြင်ဆင်ရန်]ပြေးပုန်းသည်ကို ဟတ္ထိပါလတွင်
မိုးရွာထစ်အုန်း လုတ်ဆောင်တုန်းဝယ် ပြေးပုန်းစုံဖျား ပျောက်သည်နွားသို့
၎င်းတွင်
တောင်ဝယ်ကျော်ပုန်း ရသေ့ဘုန်းကား မျက်မုန်းကျိုးဘွယ်
ယိုးဒယားမိဖုရားဧချင်းတွင်
ပြေးထွက်ကျင့်ကုန်း တောဝယ်ပုန်းလျက် ငရုန်းငရင်း
နသတ်။
တေမိပျို့တွင်
…
တောင်ဘီလာဆရာတော် ဝေဿန္တရာပျို့
ကြေပျက်ပြေးပုံး ရန်စစ်ရှုံး၍ မြတ်ဆုံးဝရ
ဟူ၍ သေးသေးတင်စပ်လေသည်။ သို့စပ်သော်လည်း စာစောင်ခိုင်ရာယူ၍ ပြေးပုန်းကို နသတ်ရမည်။
ပမ်း ပန်း
[ပြင်ဆင်ရန်]ကြိုးပမ်းသည်ဆိုသည်နှင့် လုံးပန်းသည်ဆိုခြင်းသည်ကား သဘောအဓိပ္ပါယ် အထူးမရှိ၊ အတူတူပင်။ အထက်မှာ ကြိုးပမ်းသည်ကို မသတ်။ အစပ်ကား သံဝရတွင်
သူတို့ကိုချည်း သည်းမျှကြိုးပမ်း ညှိုးသမ်းကြောင့်ကြ
ဟတ္ထိပါလတွင်
ရေပြည့်အိုးကို ကြိုးကြိုးပမ်းပမ်း မဖိတ်ထမ်းသည် လူစွမ်းသဖွယ်
ဘူရိဒတ်ဇာတ်ပေါင်းတွင်
ပုဏ္ဏားဆိုးတို့ ကြိုးကြိုးပမ်းပမ်း သင်သောကျမ်း၌ ငြိမ်းချမ်းမဂ်ဖိုလ်
မင်းနဝဒေးဆို “လိုက်တော်မူပါ”ချီသည်ရတုတွင်
နတ်ခြောက်ရွာကို လက်သာဆန့်ယမ်း မကြိုးပမ်းတည်း ချယ်မွှမ်းထပ်ရစ်
လုံးပန်းကို နသတ်စပ်သည်ကား ဟတ္ထိပါလတွင်
မွေးဘလုံးပန်း မတိုက်တွန်းနှင့် ရဟန်းကျင့်ဝတ် တပါးတတ်က
သို့အစပ်အဟတ်ရှိသည်အတိုင်း ကြိုးပမ်းသည်ကို မသတ်၊ လုံးပန်းသည်ကို နသတ် မှတ်ရမည်။
လက်ဖမ်းလုံးသည်ကို ဘူရိဒတ်ဇာတ်ပေါင်းတွင်
လက်ပွေ့လက်ဖမ်း အကြမ်းအကြောံ
သို့အစပ်ရှိသည်အတိုင်း မသတ် ဝိသဇ္ဇနီပေါက်။
ပြာချည် ပြာချေ
[ပြင်ဆင်ရန်]ပြာချည်ဟူ၍ ညသတ်စပ်သည်ကား မင်းနဝဒေးဆိုရတုတွင်
သဘင်ခါလည် အသွင်ပြာချည် မထင်ကြာမည်
ရှင်သူရဲဆိုရတုတွင်
ခါလည်သဘင် ပြာချည်အသွင် ကြာမည်မထင်
သို့ညသတ်စပ်ရာမှာ ပြာသည်ရောင်ခြည် ဆိုလိုသည်။
ပြာချေဟူ၍ သဝေထိုးစပ်သည်ကား ဟတ္ထိပါလတွင်
အဝါအရွှေ ပြာချေဖြူနီ ဤကားဤနှင့် ဤသို့သင့်ဟု
ရှင်သူရဲဆို “ခါလည်သဘင်”ချီသည်ရတုတွင်
ရွှေဘုံနန်းမြေ ခေတ္တနေသား ပြာချေရောင်နု ရွေတစုကို
“အသွင်ပြာချည်”ချီသည်ပိုက်တွင်
ဤကျမ်းသာမော ဖြစ်စေသောဟု နွဲ့ချောပြာချေ ဘုံထွတ်နေတို့ တွက်ရေညှိုးငယ် ကောင်းသောနှယ်လျှင်
သို့သဝေထိုးစပ်ရာမှာ ဖြူသည်ကို ဖြူချေ၊ နီသည်ကို နီချေ၊ ပြာသည်ကို ပြာချေ ဆိုရိုးရှိသည်အတိုင်း စပ်သည်။
ပြင်စည်
[ပြင်ဆင်ရန်]မင်းတရားရွှေထီးဧချင်း “စကြဝဠာ”ချီတွင်
ကျောက်ပန်းတောင်းပြင်စည် တွဲကြည့်မြင်ကား သက်ပန်သားကို
၎င်းဧချင်း “ဇမ္ဗူဒီပါ”ချီတွင်
မြောက်မှာပြောကျယ် ပြင်စယ်တိုင်းကား စိမ်စားလားကို
သို့ ညသတ် ယသတ် ၂-ချက်ရှိသော်လည်း ပြင်စည်မြို့ကို တည်မည်သောခါ နတ်ရကာပြုရာတွင် ကြက်ခြမ်းသည် စည်ထွက်၍ ပွဲပြင်သို့ကျလေသည်ကို မြင်၍ ပညာရှိတို့သည် ပြင်မှာသာစည်ပင်မည် ဆိုဘူးသည်။ သည်ကိုစွဲ၍ ပြင်စည်တွင်သည် ဆိုသည်ကိုထောက်၍ တကြောင်း၊ ရေးထုံးများသည်ကိုထောက်၍ တကြောင်း ညသတ်ရမည်။
ပြုန်း ပြုံး
[ပြင်ဆင်ရန်]ပြုန်းကို နသတ်စပ်သည်ကား ဘူရိဒတ်ဇာတ်ပေါင်းတွင်
နက်စင်ပိတုန်း တောင်ပံနှုန်းလျက် မပြုန်းမကျည်
ပုံတောင်ဖွဲ့တွင်
သံချေးဖျက်ဖြုန်း သံထွေပြုန်းသို့ နတ်မှုန်းကြံမှား တောင်ငူစားလျှင်
နဝရတ်ပျို့တွင်
ဝေးကွန့်လွင့်သုန်း ရှင်းရှင်းပြုန်းက ရွှေဘုန်းပရမေ
ပြုံးသည်ကို သေးသေးတပ်စပ်သည်ကား ပုံတောင်ဖွဲ့တွင်
ရန်စမတုံး မီးသို့ပြုံးမူ လက်ရုံးရောင်ဝါ မပသာဟု
၎င်းတွင်
တိုက်လွင့်ပတ်ကုံး ဘုန်းတော်ပြုံးက ပြေရှုံးညက်ကြေ
မင်းနဝဒေးဆို “လိုက်တော်မူပါ”ချီသည်ရတုတွင်
လျှပ်သွင်ညှိုးကုံး ခိုင်စည်ပြုံးသည် တောင်လုံးညာကြေ ပွင့်ခန်လော ။
ထိုသို့နှစ်ချက်စပ်ရာတွင် နသတ်ကို ပြုန်းတီးသည် ယူရမည်။ သေးသေးတင်ကို ပွါးသည် ပြုံးသည် ယူရမည်။ တနည်းမှာ မင်းရဲနရာဧချင်းတွင်
ချွန်သီးမပြုံး ချေလုံးနှင့်သာ ယိမ်းတိုင်းပါ၍
မင်းနဝဒေးဆို “အံ့မူးပေရာ”ချီသည်ရတုတွင်
ရိပ်ခြည်မပြုံး မိန့်လိုက်တုံးသည် ဝါးလုံးလင့်ရမည်လော ။
ပြည့်စုန်တွင်
နံနက်မိုးဘုံး ကွန်းတော်ပြုံးသည် မင်းဆုံးသုံးလူ့ အမှူးတည်း ။
မင်းနဝဒေးဆို “နှစ်ဟူလုဘွယ်”ချီသည်ရတုတွင်
ဆောင်းလယ်အစ ချီခဲ့ရသော် ဂိမ္မလုံးလုံး ဝါပြုံးလိုလို
သို့ဆိုရာမှာ စ[ဝ]သည်ကို ပြုံးသည်၊ မစ[မဝ]သည်ကို မပြုန်း ဆိုရိုးယှိသည်အတိုင်း စပ်သည်။ မသတ်။
ပြွန် ပြွံ
[ပြင်ဆင်ရန်]ပြွန်သည်ကို နသတ်စပ်သည်ကား ဘူရိဒတ်ဇာတ်ပေါင်းတွင်
လက်ကောက်စည်ဘောင်း နားတောင်းချယ်မွန် နီလာပြွန်လျက် ရွေမှန်ထုံစည်
ရှင်ရဋ္ဌသာရ တန်တားဦးတည်တွင်
နီလာအပြွန် ပြယားမွန်ဖြင့် အလွန်တရာ
မင်းနဝဒေးဆို “ဝေပူမျက်ရှင်”ချီသည်ရတုတွင်
သိင်္ဂရောင်ဝှန်း ကိုယ်မည်ပြွန်းလျက် သလွန်ဘုံပါး ရွှေချိုင့်ထားလျက်
ပြွံဟူ၍ သေးသေးတင်စပ်သည်ကား ဘူရိဒတ်လင်္ကာတွင်
ကိုးဖျာရှက်ပြွံ အရံမက အနဂ္ဃတိ
ဥဂ္ဂါပျံဆိုရတုတွင်
နဝမျက်ရံ စီနစ်ပြွံ၍ ဆင်ရံမြင်းဝန်
သို့နှစ်ချက်ရှိရာတွင် နသတ်စပ်သည်ပြွန်ကို ပြူသည် ထွက်သည် ယူရမည်။ သေးသေးတင်ပြွံကို ရောပြွံသည် ယူရမည်။ ရေပြွန်ကိုလည်း နသတ်။
စကားထွက်သံ ရေမပြွံသည် ရှက်ရွံ ဆုတ်ဆိုင်းဆုတ်ဆိုင်းတည်း ။
ပုဏ္ဏေးမခန်း။
ဖါးပြုပ်ခင်ပုပ် ဖါးပြုတ်ခင်ပုတ်
[ပြင်ဆင်ရန်]ဖါးပြုပ် ခင်ပုပ်ကို ဘူရိဒတ်တွင်
အရေတွန့်ရှုပ် ဖါးပြုပ်တို့နှယ် စက်ဆုပ်ဖွယ်သား
၎င်းတွင်
ဘုရားကျွန်ုပ် ချည်ကာအုပ်ပိန့် ခင်ပုပ်ဆက်ရက် ကျေးတို့လျက်တည့်
ဟူ၍ ပသတ်ရှိသည်။
တေမိပျို့တွင်မူကား
သိမ်းစွန်မသုတ် ကင်ဖါးပြုတ်လည်း ဆိုးညစ်မန်ယုတ် ကျီးခင်ပုတ်လည်း ငြိုဆုတ်ပင်မ
ဟူ၍ တသတ်စပ်လေသည်။ သို့ ၂-ချက်စပ်သော်လည်း စာစောင်ခိုင်ရာတွင်ယူ၍ ဘူရိဒတ်လင်္ကာတွင် စပ်သည်အတိုင်း ဖါးပြုပ် ခင်ပုပ်ကို ပသတ်ရမည်။
ဖတ်ဖတ် ဖပ်ဖပ်
[ပြင်ဆင်ရန်]ဖတ်ဖတ်ကို တသတ်စပ်သည်ကား ဘူရိဒတ်လင်္ကာတွင်
ဆူမှုန်သည်းပွက် ထွက်မတတ်လျှင် ဖတ်ဖတ်သေငယ်
ဟတ္ထိပါလတွင်
ပျံသွားမတတ် နွယ်တန်ခတ်သော် ဖတ်ဖတ်မောမျှ
၎င်းတွင်
အောက်ကစည်လွတ် ထမင်းဖတ်ကို စားမည်မည်လော
မင်းနဝဒေးဆို “ထဲချောင်ဖွေရှာ”ချီသည်ရတုတွင်
လက်ဆောင်စာကို ပြင်လျာမိုးနတ် ဖတ်ကားဖတ်၏ နှုတ်လွှတ်ယိုးယုံ
သို့အစပ်ရှိသည်အတိုင်း တသတ်ရမည်။
ဖပ်ဖပ်ကို ပသတ်စပ်သည်ကား ဘူရိဒတ်ဇာတ်ပေါင်းတွင်
သွေးတိဖပ်ဖပ် ပျပ်ဝပ်မြေတွင် လည်းသည်မြင်သော်
မင်းနဝဒေးဆို မနော်ဟရီတွင်
ပူလောင်ကိုက်ဆွပ် သားငှက်ခွပ်သို့ ဖပ်ဖပ်သွေးစို
၎င်းတွင်
ရွှမ်းရွှမ်းဖပ်ဖပ် စီးထပ်မျက်ရည်
မင်းရဲနရာဧချင်းတွင်
ပြောင်မာတင်လည်း မြေတွင်မရပ် မုန်ဖပ်ဖပ်နှင့် ရင်သပ်နန်းပွဲ
ဖွပ်ဖွပ်စွတ်သည်ကို နသတ်။
ဖုန် ဖုံ
[ပြင်ဆင်ရန်]ဟတ္ထိပါလ မင်းခန်းတွင်
မျက်နှာမသုန် နာလင့်ကုန် ။ နှုတ်လျှာမဖုန် ပါလင့်ကုန် ။ သဒ္ဓါအဟုန် သာလင့်ကုန် ။
၎င်းပုဏ္ဏေးမခန်းတွင်
နှုတ်ခွန်းဖုန်ဖုန် အတလုန်နှင့် မအုန်မတက် ရေတွက်မဝင်
သံဝရတွင်
မမေ့မမြင် မထင်မဖုန် အကျွန်ဂုဏ်ကြောင့်
နှုတ်မှထွက်သည်၊ ကိုယ်နှုတ်တုန်သည် ဆိုသည်။ နသတ်။
ဖုံသည်ကို သေးသေးတင်စပ်သည်ကား မင်းနဝဒေးဆိုရတုတွင်
ဆောင်းရက်လစုံ ကြွပြောင်းကြုံက ဖုံဖုံမှိုင်းအုံ
ဖုံဖုံထသည် ဆိုသည်။ သေးသေးတင်။
ဖျင်ပည်း ဖျင်ပဲ
[ပြင်ဆင်ရန်]ပေါပည်း ဖျင်ပည်းကို ညသတ်အစပ်ကား ဘူရိဒတ်ဇာတ်ပေါင်းတွင်
နက်နက်မည်းမည်း ကြောက်ဖွယ်ချည်းလျှင် ပေါပည်းသင်္ချေ
ရှင်ရဋ္ဌသာရ တန်တားဦးတည်တွင်
ချက်ကုံပစ္စည်း ဖျင်ပည်းလှည့်ကာ
ဟတ္ထိပါလတွင်
ခံချီသည်းချည်း ဖျင်ပည်းပြောထူ
၎င်းတွင်
လက်ရင်းဝယ်ချည်း ပေါပည်းခပ်မျှ ဆွတ်ချမနိုင်
မင်းနဝဒေးဆို “ငါးရက်ပလျှင်”ချီသည်ရတုတွင်
မျိုးမြတ်ဆွေနည်း သခင်ချည်းကို ဖျင်ပည်းဗျာပါ ထွက်အောင်ရှာသို့
ဖျင်ပြဲဟူ၍ ရရစ် နောက်ပစ် ဝိသဇ္ဇနီ စပ်သည်ကား ဘူရိဒတ်လင်္ကာတွင်
ချိုမြက်ပိန္နဲ ပျားတင်လဲသို့ ဖျင်ပြဲလှည့်ကာ
၎င်းတွင်
အစိုင်အခဲ ကောက်ဆုပ်ကြဲသို့ ဖျင်ပြဲပြောထူ
၎င်းတွင်
ရှည်လျားတွဲလွဲ ပန်းဆိုင်းဆွဲသည် ဖျင်ပြဲရှစ်ရပ် မျက်နှာတည်း ။
၎င်းဇာတ်ပေါင်းတွင်
ပေါပည်းဖျင့်ပြဲ ပေးလှောက်ကဲသည် ရောင့်ရဲနှစ်လို
သို့ ၂-ချက်ရှိရာတွင် ပချည်းကား ညသတ်သာ စပ်နည်းရေးထုံးရှိသည်။ ပေါပြဲဟူ၍ စပ်နည်းရေးထုံး မရှိ။ ဖျင်ပြဲ ပေါပည်း ဖျင်ပည်း ဖျင်ပေါ ဆိုသမျှသည် အဓိပ္ပါယ်အထူးမရှိ၊ အတူတူပင်။ များသည် ဆိုလိုသည်။
ဖြန်း
[ပြင်ဆင်ရန်]ဖြန်းသည်ကို နသတ်စပ်သည်ကား မင်းနဝဒေးဆို မနော်ဟရီတွင်
ရှုစိတ်တင်မှန်း လေကိုဖြန်းသည် ထက်ဝန်းမိုးသို့ ကြိုး၏တည်း ။
ဘူရိဒတ်လင်္ကာတွင်
မိအောင်ဖြန်းဖြန်း မန္တန်မန်း၍ အပန်းကြီးစွာ
မင်းရဲဒိဗ္ဗဧချင်းတွင်
ပြတ်ကျိုးဘနန်း တိုက်လှည်းတွန်းက ဖြန်းဖြန်းပြိုကွဲ
လေဖြန်းသည်၊ ဖြန်းဖြန်းကွဲသည်၊ ဖြန်းတောသည်၊ ဆွတ်ဖြန်းသည်များကို နသတ်။
ဖွပ် ဖွတ်
[ပြင်ဆင်ရန်]ကျောက်တုံးဖွပ်သည်ကို ရှင်မဟာသီလဝံသ နန်းဖွင့်တွင်
ဖြူချေလှပ်လှပ် ကျောက်တုံးဖွပ်သည် သလပ်ရောင်ဖြူ လင်းလင်းတည်း ။
ပုဆိုးဖွပ်သည်ကို ဘူရိဒတ်လင်္ကာတွင်
ပုဆိုးဖြူလှပ် ခဝါဖွပ်သို့ ကြပ်ကြပ်မြဲစွာ ဝပ်စကာနှင့်
ဘူရိဒတ်ဇာတ်ပေါင်းတွင်
ရေကြည်လျှောပြွပ် နှလုံးဖွပ်၍ လျှပ်လျှပ်စင်ဖြူ
ဖယောင်းဖွပ်သည်ကို သုဝဏ္ဏသာမဇာတ် သူဌေးခန်းတွင်
ဖယောင်းပုံအပ် ချက်ဖွပ်စလေ
သို့အစပ်ရှိသည်အတိုင်း ပုဆိုးဖယောင်း သည်ကို ဖြူအောင်ဖွပ်သည်များကို ပသတ် မှတ်လေ။
ဖွတ်ဖွတ်ကျိုးသည်ကို ဘူရိဒတ်လင်္ကာတွင်
ကမ္ဘာပျက်တတ် လေပြင်းခတ်သော် ဖွတ်ဖွတ်လည်းကျိုး
တရိစ္ဆာန်ဖွတ်ကို
သမင်ကြန့်စိုင် ဘော်ရိုင်ချေဆတ် လိတ်ဖွတ်တက်တူ
သို့အစပ်ရှိသည်အတိုင်း တသတ်။ ပျားဖွတ်သည်ကို အစပ်အဟပ် အခိုင်မတွေ့။ တသတ်၍မူကား ရေးကြသည် များသည်။ ဆန်ဖွတ်သည်ကို ငဆန်ပြန်တွင်
သုံးနှစ်ရောင်းကို မထောင်းစေသေး လက်သာနွေး၍ ဖွေးဖွေးဖြူဆွတ် ဆယ်ထပ်ဖွတ်မှ လေးမြတ်လွန်ကဲ စားတော်ပွဲဝယ်
ဟူ၍ အစပ်ရှိသည်။ တသတ်၍ အရေးများသည်။ “ဖွေးဖွေးဖြူဆွတ် ဆယ်တတ်ဖွတ်မှ” ဖြစ်သည်။ လက်နှင့်ပွတ်သည်ကို ဆိုလိုသည်။ ဖြူအောင်ဖွပ်သည်ကို ပသတ်။
ဘေးဘျမ်း
[ပြင်ဆင်ရန်]ပုဏ္ဏေးမခန်းတွင်
မထိဘေးဘျမ်း ရေနှယ်ချမ်းလျက် ဆံချမ်းတစိတ် လန့်ထိတ်မထင်
ပုံတောင်ဘွဲ့တွင်
တစုတပြွမ်း အုန်းပေါင်ရှမ်းတို့ ဘေးဘျမ်းဟန့်နွံ
ဘူရိဒတ်လင်္ကာတွင်
လခွဲတခေါက် ရောက်စတမ်းလျက် ဘေးဘျမ်းတရစ် ဖြစ်လ၍တည်
ဟူ၍ စပ်ရာများမှာ ဘေးကို ဘယံသဒ္ဒါရှိသောကြောင့် ဘယံကို ဘေးဘျမ်း ဆိုရိုးရှိသည်။ မသတ်။
မိုးချုပ် မိုးချုတ်
[ပြင်ဆင်ရန်]မိုးချုပ်သည်ကို ပသတ်စပ်သည်ကား ဘူရိဒတ်လင်္ကာတွင်
မိုးသောက်မိုးချုပ် တန့်ရုပ်မနေ ငိုများထွေဖြင့် ညည့်မိုက်ဆည်းဆာ အခါထက်စုပ် မိုးချုပ်နေဝင် ဖြစ်ချင်ကစား
မင်းနဝဒေးဆို “သီလသီတင်း”ချီသည်ရတုတွင်
ရီမှိုင်းမိုးချုပ် ရံကိုယ်လုပ်နှင့် ကျွန်ုပ်ပြစ်တင် မလွတ်ဘူး ။
ဟူ၍ ပသတ်ရှိသည်။ နေမိဘုံခန်းတွင်
ညရီမိုးချုတ် တန်ခိုးရှုတ်သား တဖြုတ်မခံ
ဟူ၍ တသတ်ရှိသည်။ သို့စပ်သော်လည်း စာစောင်ခိုင်ရာလိုက်၍ ပသတ်သင့်သည်။
မတ် မပ်
[ပြင်ဆင်ရန်]မတ်သည်ကို တသတ်စပ်သည်ကား ဘူရိဒတ်လင်္ကာတွင် … ဟတ္ထိပါလတွင်
ထိပ်ပြင်မတ်မတ် လက်အုပ်ညွတ်မှ လျောက်ပတ်တင့်အပ် နှိုင်းတမ်းမချွတ် တရားပြတ်သည် မတ်မတ်နှလုံး တော်၏တည်း ။
စသည်များမှာ ဖြောင့်မတ်သည်ကို တသတ် အမှန်ယူရမည်။
မပ်သည်ကို ပသတ်စပ်သည်ကား ဘူရိဒတ်လင်္ကာတွင်
စည်လဲ[စုလည်း]တပ်တပ် ရွှေဖုံစွပ်သို့ မမပ်ရှေ့နောက်
မင်းနဝဒေးဆို “ရွမ်းကရွာဆင်”ချီသည်ရတုတွင်
စိစစ်မိမိ မျက်စိမလပ် တင်းတိမ်မပ်မျှ ရှစ်ရပ်မြောက်တောင်
၎င်းဆို “ကျော်စောလှည့်ရာ”ချီသည်ရတုတွင်
မျှော်မွေ့ကြည်ယှာ ရှေးကြမ္မာကြောင့် မေတ္တာဆင့်ထပ် စိတ်မလပ်တည့် တိမ်းမပ်မူးမော်
သို့နှစ်ချက်ရှိရာတွင် ဖြောင့်မတ် တည့်မတ်ကို တသတ်၊ တိမ်းမပ်သည်ကို ပသတ် မှတ်ရမည်။
မိန်း မိမ်း
[ပြင်ဆင်ရန်]မိန်းသည်ကို နသတ်စပ်သည်ကား ဘူရိဒတ်ဇာတ်ပေါင်းတွင်
ရေသားဖိန်းဖိန်း မျည်းမျည်းမှိန်းသည် စက်[ခက်]ကျိန်း တပျောင်းပျောင်းသတည်း ။
သံဝရတွင်
သတိညာဏ်ထိန်း ဝါဆိုကျိန်းသည် ယည်မှိန်းသူတော် နှလုံးတည်း ။
ဟတ္ထိပါလတွင်
ဆုံခဲ့မိန်းမိန်း ခန္ဓာကျိန်းသည် လူပြိန်း သေကြိုးသေကြာတည်း ။
၎င်းတွင်
လူ့ရွာပျော်မိန်း တဖိန်းဖိန်းလျှင် စက်ကျိန်းဖန်များ
သခင်ထွေးဧချင်းတွင်
စိတ်စေးရှုစိန်း ဖတ်ဖတ်မိန်းမျှ မကျိန်းမစက်
မင်းနဝဒေးဆို မနော်ဟရီတွင်
ညိုးမှုမိန်းမိန်း ကစိန်းကဝါး ကြည်ရှားမူယူ
ပဲကူးမိဖုရားဆို “အဆောင်ဆောင်လျှင်”ချီသည်ရတုတွင်
ရွှေပြည်ပျော်မိန်း ကျိန်းသည်နှောင်ဆင့် ပွင့်သည်အဟန်
သို့နသတ် ဝိသဇ္ဇနီစပ်ရာမှာ ပျော်မိန်း၊ ယည်မိန်း၊ မိန်းမိန်းနေသည် ဆိုလိုသည်။
မိမ်းသည်ကို မသတ်စပ်သည်ကား မင်းနဝဒေးဆို “ဟင်္သာကသည်”ချီသည်ရတုတွင်
ဝမ်းပါးရှုစိမ်း ကြံကာမိမ်းလျက် ပူရှိမ်းမွန်ချက်
၎င်းဆိုရတုတွင်
အသက်ဖမ်းဖမ်း ထွက်ပြန်ပြင်မှာ ဥချာပြတ်ကျိမ်း ခွေ့ခွေ့မိမ်းမျှ ညွတ်တိမ်းယိမ်းမှိုင်း
၎င်းဆိုရတုတွင်
ညွန်ပေါ်လေတိမ်း နွဲ့ရှာယိမ်းသို့ မိမ်း၍ဆွတ်ဆွတ် မစက်တတ်ခဲ့
ရှင်မဟာသီလဝံသ မိန့်တော်မူသည့် နန်းဘွင့်တွင်
တယူရှုစိမ်း ပျော့ပျော့မိမ်းမျှ မထိမ်းချုပ်နိုင်
မင်းသားမောင်ရှင်ဆို “တောင်ငူကသည်”ချီသည်ရတုတွင်
မြော်ပါရှုစိမ်း ကြည့်တိုင်းမိမ်းမျှ ညွတ်ရှိန်းပြိုက်လျက် နောင်ထီးစက်သည်
သို့မသတ် ဝိသဇ္ဇနီစပ်ရာမှာ မိမ်းမောသည် ဆိုလိုသည်။
မိမ္မ မိန်းမ
[ပြင်ဆင်ရန်]မိမ္မကို ရှေးစာများမှာ မနှစ်ဆင့်သာ ရှိသည်။ မင်းခေါင်ကျောင်းဘုန်းတော်ကြီး ရှင်အရိယာဝံသ၊ ရတနာဗိမာန်ကျောင်း ရှင်မဟာသီလဝံသ၊ တောင်ဘီလာပဌမဘုန်းတော်ကြီး၊ ဘုံစံဝတီပဌမဘုန်းတော်ကြီးစာများတွင် မနှစ်ဆင့်သာ ရှိသည်။ ယခု နသတ်၍ ရေးသည်။ ထုံးတွင်လည်း ဘယ်မျှလောက်သောကာလ ကြာတော့မည်၊ ဘယ်သူတွင် အစဖြစ်သည်ကို စူစဉ်ရှိသည်။
မုံ့
[ပြင်ဆင်ရန်]စားသည်မုံ့ကို ရဝေရှင်ထွေးအန်ချင်းတွင်
ဆီပေါ်နေလှပ် ယိုသနပ်နှင့် နှစ်ထပ်မလှုံ့ မသိုးမုံ့က စသည်ထွေထွေ
မျက်ရည် မျက်ရေ
[ပြင်ဆင်ရန်]မျက်ရည်ကို ညသတ်စပ်သည်ကား ဘူရိဒတ်တွင်
ပူပင်လောင်ဆုံး နှလုံးမတည် မူးမူးလည်မျှ မျက်ရည်ရွဲရွဲ
၎င်းတွင်
မတူမတည် စက်နှယ်လည်လျက် မျက်ရည်ဖျင်ညီး ယိုထွက်စီး၏
ပုဏ္ဏေးမခန်းတွင်
မယ်မျက်ရည်ကား ယိုသည် တရွှမ်းရွှမ်းတကား ။
သည်မှတပါးလည်း ညသတ်သာ အစပ်ရှိသည်။ ညသတ်သာ မှတ်ရမည်။
၎င်းပုဏ္ဏေးမခန်းတွင်
ကျိန်းစက်မျက်ရေ ငိုရစ်စေဟု ဆိုလေသော့လား
ဘူရိဒတ်လင်္ကာတွင်
တန့်ရုပ်မနေ ငိုများထွေဖြင့် မျက်ရေစပ်ကျင် ကျိန်းလျက်ပင်တည့်
ဟူ၍ စပ်ရာများမှာ ထွက်သည်မျက်ရည်ကို မဆိုလို။ မျက်ရည်လည်း မကျိန်းမစပ်။ မျက်ခွံမျက်ရေသာ ကျိန်းစပ်သည်။ မျက်ခွံကို မျက်ရေ ဆိုလိုသည်။
မြမ္မာ မြန်မာ
[ပြင်ဆင်ရန်]ကလျာဏီကျောက်စာမှာ
မြမ္မဒေသ ပုဂါမနဂရေ
ဟူ၍လည်းကောင်း၊
မြမ္မမနုဿ ဝေါဟာရန္တိ
ဟူ၍လည်းကောင်း၊ ဝိနယာလင်္ကာရဋီကာတွင်
ဇမ္ဗူဒီပတလေရမ္မေ မြမ္မဝိသယေသုတေ
ဟူ၍လည်းကောင်း မနှစ်ဆင့်ရှိသည်။ သည်မှတပါး ရှေးရေးသားသည် ကျောက်စာမော်ကွန်း ဇာတ်ကမ္ပည်းများမှာလည်း မနှစ်ဆင့်သာ ရှိသည်။ ယခုကာလမူကား လောကဝတ်စာများကို နသတ်၍သာ အရေးများသည်။
မှုန့် မှုံ့
[ပြင်ဆင်ရန်]အမှုန့်၊ နုန့်နုန့်၊ နုန့်သည်၊ ဖြုန့်ဖြုန့်များကို နသတ်စပ်သည်ကား ဘူရိဒတ်လင်္ကာတွင်
တင်ချင်မြေမှုန့် ချည်ရုန့်ကြမ်းကြမ်း
ပုံတောင်ဖွဲ့တွင်
စစ်ပွဲနုန့်နုန့် မြေမှုန့်ထောင်းထောင်း
ဟတ္ထိပါလ မင်းခန်းတွင်
အင်္ဂါစည်လျား ကန်နားဘက်စုန့် သဲမှုန့်ယက်ထုတ်
၎င်း ပုဏ္ဏေးမခန်းတွင်
မုတ်ဆိန်ဖြုန့်ဖြုန့် ပင်စုန့်ထွက်ပြူ
အမှုံ့ကို သေးသေးတင်စပ်သည်ကား တောင်ငူ မင်းရဲကျော်စွာဆို “ညိုမြမွတ်မွတ်”ချီသည်ရတုတွင်
မြဝတ်ဆန်မုံ့ ဖြူ၍အုံ့သို့ သက်လုံ့အပ
တောင်ငူမင်းဆို “လွမ်းလှရာတွင်”ချီသည်ရတုတွင်
အာကာတိမ်ထွတ် ခေါင်နေနတ်လျှင် ဖြန်းဆွတ်မြူမုံ့ ဖြူအုံ့ဝေမှိုင် လျှပ်ပန်းလှိုင်သည်
ဟူ၍ သေးသေးတင်စပ်လေသည်။ သို့စပ်သော်လည်း အမှုန့်ကို နသတ်သာ အစပ်အဟတ်များသည်၊ ရေးထုံးကျသည်။ နသတ်ရမည်။
ရွတ်ရွတ် ရွပ်ရွပ်
[ပြင်ဆင်ရန်]ရွတ်ရွတ်ကို တသတ်စပ်သည်ကား ဘူရိဒတ်လင်္ကာတွင်
ငင်ခဲ့ရွတ်ရွတ် ဟယ်အမတ်တို့ သတ်လေအနေ ပြီးလျှင်စေဟု
စတုဓမ္မသာရတွင်
ခံတွင်းငပ်ငါး သူ့သားချင်မွတ် ဘီလူးငတ်ကို ရွတ်ရွင်ငင်လျှင်း
ဘူရိဒတ်ဇာတ်ပေါင်းတွင်
မြီးထူးသိမ်းခတ် ခြေကိုပတ်၍ ရွတ်ရွတ်ငင်ထွန်း မွန်းဘိရကား
နဝရတ်ပျို့တွင်
ညွတ်ကာမလွတ် မြစ်ရင်းဖြတ်သို့ ရွတ်ရွတ်ငင်ပစ်[လစ်]
ဟူ၍ တသတ်စပ်သည်များမှာ ရွတ်ရွတ်လျင်လျင် ဆိုလိုသည်။ ရွတ်ရွတ်တိုက်သည်ကိုလည်း တသတ်။
ပသတ်အစပ်မှာ ဘူရိဒတ်လင်္ကာတွင်
မျက်မှတ်တပ်တပ် တွေ့သည်ရပ်ကို ရွပ်ရွပ်ညက်ကြေ ဖျက်ဆီးလေအံ့
၎င်းတွင်
အလျားပျပ်စပ် ပုဆိုးဖွပ်သို့ ရွပ်ရွပ်ညက်ကြေ သတ်လေသရော်
၎င်းတွင်
ရွာစည်[မည်]အရပ် လွန်ထူထပ်သည်[လည်း] ရွပ်ရွပ်သွင်သွင်
မင်းတရားမယ်တော်ဧချင်းတွင်
တလိုင်းသူ့တပ် ဟန့်သည့်ရပ်လည်း ရွပ်ရွပ်ပျက်ပျောက်[ဖျက်ဖျောက်]
၎င်းတွင်
တိုက်လှည်းရွပ်ရွပ် ဘဒ္ဒကပ်ဝယ် နှံ့စပ်ဝန်းလျား
မင်းတရားရွှေထီးဧချင်း “ဇမ္ဗူဒီပါ”ချီတွင်
မြန့်ပြည်အားနှင့် ရှေ့ဖျားနေရပ် ဘေးတော်ကွပ်လျှင် ရွပ်ရွပ်ချင်းနင်း
မင်းနဝဒေးဆို “အံ့မူးပေရာ”ချီသည် ရတုတွင်
စက်မြောင်[ပြောင်]ရံထပ် သိကြားတပ်သို့ ရွပ်ရွင်ငင်ထွေ
သို့ ပသတ်စပ်သည်များမှာ ရွပ်ရွပ်သိသိ ဆိုလိုသည်။
ရှင်မဟာပုံ
[ပြင်ဆင်ရန်]ရှင်မဟာပုံကို
မဟာပုံဖြင့် ရုံစွာလည်ကောင်း
ဟူ၍ ရှင်မဟာသီလဝံသ တန်တားဦးတည်တွင် စပ်တော်မူသည်။ မဟာပုဏ္ဏ သဒ္ဒါရှိသည်။
ရှုတ် ရှုပ်
[ပြင်ဆင်ရန်]ရှုတ်သည်ကို ဘူရိဒတ်တွင်
လုံ့လမရှုတ် ခွံအားထုတ်လျက် မဆုတ်မနစ်
များသည်ကို နည်းအောင်၊ ရှည်သည်ကို တိုအောင် လျှော့သည် ဆိုသကဲ့သို့ ယူရမည်။ ရှုတ်ချသည်ဆိုသည်လည်း အတူတူပင် တသတ်။
ဘူရိဒတ်လင်္ကာတွင်
မြေကြောငင်ရှုပ် နာနာရုပ်ဖြင့်
စပ်ရာမှာ ငင်၍ထွေး၍ စုသည်တွန့်ရှုပ်သည် ဆိုလိုသည်။ ဟတ္ထိပါလတွင်
စကားပိတ်ချုပ် ချွန်းနှယ်အုပ်လျက် နှာရုပ်ထည့်သွင်း
သခင်ထွေးဧချင်းတွင်
တီးတိုင်းငင်ရှုပ် ပျည်ထေးအုပ်မှ ဆင်ကုပ်လောက်လွဲ
စု၍ထွေး၍ တွန့်ရှုပ်သည် ဆိုလိုသည်ပင်။ ပသတ်ချည်း။ တွန့်ရှုပ်သည်ကို ဘူရိဒတ်လင်္ကာတွင်
အရေတွန့်ရှုပ် ဖါးပြုပ်တို့နှယ်
ပသတ်။
ရှိမ်း ရှိန်း
[ပြင်ဆင်ရန်]ရှိမ်းသည်ကို မသတ်စပ်သည်ကား ဘူရိဒတ်လင်္ကာတွင်
ငယ်သွေးစိမ်းစိမ်း မြမြရှိမ်းသည် ချစ်တိမ်းရှုဖွယ်
၎င်းတွင်
ထွေထွေဆန်းဆန်း လန်းလန်းရှိမ်းရှိမ်း စိမ်းစိမ်းညိုညို
၎င်းဇာတ်ပေါင်းတွင်
မြမြရှိမ်းရှိမ်း ပြည့်ဖြိုးစိမ်းသည် ချမ်းငြိမ်းစွာပေါ
ရှင်ရဋ္ဌသာရ တန်တားဦးတည်တွင်
လျှပ်နှယ်တောက်ရှိမ်း နှောင့်ယှက်ငြိမ်းသည် ခပ်သိမ်းလက္ခဏာ
ရွှေစာတိုင်ဖွဲ့တွင်
မြရောင်ရှိမ်းရှိမ်း တောလုံးစိမ်းသား ပန်းထိမ်းပန်းဘဲ လွှဲခဲ့ခွါမြောံ
မင်းနဝဒေးဆို “ဆောင်းရက်လစုံ”ချီသည်ရတုတွင်
သွေချောံညာရင် ဝါပြင်ခပ်သိမ်း လဲ့ရှိမ်းရီရော သင်းချောမဟုတ်
တောင်ငူမင်းစာ “တင့်လှပေဟန်”ချီသည်ရတုတွင်
မြရည်ကြောစိမ်း လပ်လပ်ရှိမ်းလျက် ခပ်သိမ်းကလျာ ရှုဘွယ်သာလျှင်
ပဲကူးမိဖုရားဆို “ဟေမန်ခေါ်မည်”ချီသည်ရတုတွင်
စုံခြေမြိုင်ထံ ဝင်းလျှံညို့ရှိမ်း ပင်တိုင်းစိမ်းက ခပ်သိမ်းဝန်းကျင်
သို့အစပ်အများရှိသည်အတိုင်း မသတ်။
ရှင်မဟာသီလဝံသ တန်တားဦးတည်တွင်
ကုဋေတသိမ်း ကျော်လွန်ရှိန်းသား ရေကိန်းစကြဝဠာ
သို့နသတ်စပ်ရာမှာ ကျော်လွန်သည်အရှိန်ကို ရှိန်းသည်ဟူ၍ ယူရမည်။
လက်ကြပ်
[ပြင်ဆင်ရန်]လန့်ဖျပ် လန့်ဖြတ်
[ပြင်ဆင်ရန်]လန့်ဖျပ်သည်ကို ဘူရိဒတ်လင်္ကာတွင်
ထံပါးမကပ် ထိတ်လန့်ဖျပ်၏ တပ်တပ်ပြင်လျာ
မင်းနဝဒေးဆို မနော်ဟရီတွင်
တုံလဲလန့်ဖျပ် ကြောံစွာဝပ်၍ ထိုရပ်ဝန်းကျင်
မင်းတရားရွှေထီးဧချင်း “ဇမ္ဗူဒီပါ”ချီတွင်
တွင်မည်ရှစ်ရပ် တံတိုင်းတပ်ရှင့် လန့်ဖျပ်ဘေးရန်
ဟူ၍ ပသတ် အစပ်ရှိသည်။
မင်းနဝဒေးဆို မနော်ဟရီတွင်
စိုးပိုင်လန့်ဖြတ် ဘီလူးနတ်
ဟူ၍ စပ်သည်ကို လန့်ဖြတ်ဟူ၍ တချို့ရေးရာမှာ ဖတ်မှားသည်။ လန့်ဖြတ်မဟုတ်၊ လမ်းဖြတ်ဖြစ်သည်။ သို့မှလည်း အဓိပ္ပါယ်သင့်သည်၊ အစပ်လည်းမှန်သည်။
သင်းကျစ် သင်းကျပ်
[ပြင်ဆင်ရန်]သင်းကျစ်ဟူ၍ စပ်သည်ကား သံဝရတွင်
သံလျက်ရွှေထား ပတ္တမြားသင်းကျစ် လျှပ်စစ်သဖွယ်
ဘူရိဒတ်လင်္ကာတွင်
လည်မှာသင်းကျစ် သွယ်ပစ်ပုလဲ ရွှေချည်တွဲ၍
သံဝရတွင်
စလွယ်သင်းကျစ် ဦးရစ်ရွှေဖေါင်း နတ်ရုပ်ဆောင်းသည်
ငါးဆူတည်တွင်
ပန်းနှင့်သင်းကျစ် ကျစ်လစ်သဖွယ်
မင်းရဲနရာဧချင်းတွင်
ဥပေါင်းရွှေသွယ် စလွယ်သင်းကျစ် နတ်ကဖြစ်သို့
သင်းကျပ်ဟူ၍ ပသတ်စပ်သည်ကား မင်းတရားမယ်တော်ဧချင်းတွင်
ယမားဘိနပ် ရွှေသင်းကျပ်နှင့် စလပ်အတူ
မင်းတရားရွှေထီးဧချင်း “စကြဝဠာ”ချီတွင်
ရှစ်ယောက်တောင်ဝှေး သားမွေးဘိနပ် သင်းကျပ်အစုံ ရွှေဘုံနန်းမြင့်
မင်းနဝဒေးဆို “ရှေးဘက်မြတ်စွာ”ချီသည်ရတုတွင်
ဆံရှင်မွေဓါတ် သင်းကျပ်သရေ
“ပျံတက်မြူး၍”ချီသည်ရတုတွင်
တင်စွာနီမောင်း သွယ်ပျောင်းသင်းကျပ် နားကပ်ဇမ္ဗူ
သို့နှစ်ချက်ရှိရာတွင် သင်းကျစ် အခေါ်အဝေါ် အရေးအသား များသည်။
သတ် သပ်
[ပြင်ဆင်ရန်]သန် သံ
[ပြင်ဆင်ရန်]သန်သည်ကို နသတ်စပ်သည်ကား ဟတ္ထိပါလတွင်
ပျိုးချရောက်သန် မျိုးနှယ်မှန်သား အစွန်တရာ
၎င်းတွင်
ရိုညွတ်စိတ်သန် ပူဇော်မှန်လျက် မြိတ်စွန်သားမြေး
ပုံတောင်ဖွဲ့တွင်
ဆင်နှင့်မကန် မြင်းသန်မစီး
ရှင်ရဋ္ဌသာရ တန်တားဦးတည်တွင်
ကော်ရော်စိတ်သန် ရိုညွန်ဟန်လည်း အလွန်ပီစွာ[စီးပွါး]
၎င်းတွင်
လေးမြားသိပ္ပ စသည်မကျန် စွန်းသန်မရွေး
မင်းတရားရွှေထီးဧချင်း “စကြာဝဠာ”ချီတွင်
တမွန်ဘုန်းသန် တန်ခိုးမာန်ဖြင့် ကျော်ဝှန်တေဇ
၎င်းတွင်
လှူဘိစိတ်သန် အိုးရေသွန်သို့ သန္တန်ပတ်လုံး
၎င်းဧချင်းတွင်
ရှင်ဘဘုန်းသန် ရွှေနန်းတန်ဟု ပြန်ဟန်ကောင်းကင်
ထောင်သင်းဆို “သပြေမည်ဟု”ချီသည့်ရတုတွင်
ရိုညွတ်စိတ်သန် ကောင်းဆုပန်က ကြွင်းကျန်မဲ့လျင်း
သို့အစပ်ရှိသည်အတိုင်း အညွန့်သန်သည်၊ စိန်သန်သည်၊ ဘုန်းသန်သည်၊ သဒ္ဓါသန်သည်၊ စွမ်းသန်သည်များကို နသတ်။
သံသည်ကို သေးသေးတင်စပ်သည်ကား ဘူရိဒတ်လင်္ကာတွင်
ထဲပရည်ငံ ငါမကြံဟု အားသံတော်တည်လျက်ပင်တည်း ။
၎င်းတွင်
ခံ့ငြားမရွံ မေတ္တာသံ၍ တရံတခါ
၎င်းတွင်
မြင့်မြဲမကြံ ချစ်အားသံလျက် သံခံတမန်
ဟတ္ထိပါလတွင်
မကြောက်မရွံ အဲခိုးသံလျက် လုပ်ကြံသိတ်သိတ်
၎င်းတွင်
လေးယောံသားထံ ရောက်သံကြိုးလျက်
မင်းတရားရွှေထီးဧချင်း “ဇမ္ဗူဒီပါ”ချီတွင်
ကြိမ်းပမသံ မခံနိုင်ရုပ်
၎င်းတွင်
တွေ့မိအောင်သံ ရည်စောင်ကြံလျက် ဘုန်းလျှံဘုရား
ပုံတောင်ဖွဲ့တွင်
အရထဲသံ ပုဂံချုးရွယ်
ရှင်တေဇောသာရမေတ္တာစာတွင်
ဝမ်းတွင်းထဲသံ ငါ့အကြံကို မတ်စံသိ၍
မင်းနဝဒေးဆို “သပြေမချည်”ချီသည်ရတုတွင်
ယူသည်နိမိတ် စိတ်နှင့်ညိသံ ပေါ်လျှံမမြွက်
သို့သေးသေးတင်စပ်ရာများမှာ သံရည်သည် ဆိုလိုသည်။
သုပ် သုတ်
[ပြင်ဆင်ရန်]လက်သုပ်ကို ဘူရိဒတ်လင်္ကာတွင်
စေပါလက်သုပ် ငယ်စရုပ်နှင့် လယ်လုပ်ကုန်သွယ် ကြွေးဆယ်မြီချ
၎င်းတွင်
စေပါလက်သုပ် ကျွန်ုပ်ကိုသာ လိုရာရာ၌
သို့အစပ်ရှိသည်အတိုင်း သုပ်နယ်သည်၊ စားစရာလက်သုပ်ကို ပသတ်။ သစ္စေး စသဖြင့် သုတ်သည်၊ သုတ်သတ်သည်အရာ လက်သုတ်ပဝါများကို တသတ်။
သွေးစုန်း သွေးစုံး
[ပြင်ဆင်ရန်]သွေးစုန်းကို နသတ်စပ်သည်ကား မင်းနဝဒေးဆို “ကျူးဆက်လွန်၍”ချီသည်ရတုတွင်
မြူးစက်ကွန့်၍ ဆယ်ပြန့်လျှံဘုန်း မင်းစံနှုန်းသား သွေးစုန်းမွတ်ကြည် ကြင်ထိုက်သည်ကို
မင်းလက်ဝဲရန္တသူဆို “မလင်းစရာ”ချီသည်ရတုတွင်
စုလည်းသွေးစုန်း နှိုင်းနှုန်းမိုးနတ် လွတ်ကြီးလွတ်ရှင့်
သွေးစုံးဟူ၍ သေးသေးတင်စပ်သည်ကား ဇင်းမယ်ဘုရင်စာ “နွေလည်ခါည”ချီသည်ရတုတွင်
သောက်လင်းပတ်ကုန်း[ညဉ့်လုံး] တချုံးချုံးလျှင် သွေးစုံးပွတ်စင်
၎င်းဆို “နတ်ကနှင်းလာ”ချီသည်ရတုတွင်
ပျံ့ရှားကြိုင်မြဲ ပန်းကြဲပတ်ကုံး မွေ့ရာအုံးဝယ် သွေးစုံးပျိုနု
ဟူ၍ သွေးစုံးကို သေးသေးတင်၊ တချုံးချုံးကိုပင် သေးသေးတင်ပင် စပ်လေသည်။ သို့စပ်သော်လည်း မင်းနဝဒေးတို့သည် စာဆိုကြီးဖြစ်သည်ကို တကြောင်း၊ ရေးထုံးရေးနည်းများရာ တကြောင်း လိုက်၍ နသတ်ရမည်။
ဟုန် ဟုံ
[ပြင်ဆင်ရန်]အဟုန်ကို နသတ်စပ်သည်ကား ဟတ္ထိပါလတွင်
သွေးသီတသုန် ချီးမွမ်းဟုန်ဖြင့် နေကုန်သရော်
၎င်းတွင်
သီလပဇ္ဇုန် မိုးရွာဟုန်၌ မအုန်မအောက်
၎င်းတွင်
ဆွတ်ကျုံးမကုန် သမ္ဘာဟုန်ဖြင့် ဝသုန္ဓရာ
၎င်းတွင်
ထွက်လျှံယိုဟုန် မျက်ရည်ကုန်မျှ တမှုန်ဆန်ဆန် ပဇာပတိ ဘုန်းရှိကျော်ဟုန် ဝရုဏ်နာမ
၎င်းတွင်
အောက်မားချစ်ဟုန် တဖျင်သုန်လျှင် ကျမုန်ပြင်းလှ
၎င်းတွင်
သဒ္ဓါအဟုန် သာလင့်ကုန်
ဘူရိဒတ်ဇာတ်ပေါင်းတွင်
ချောင်းချောင်းမျက်ဟုန် ချဲ့ချဲ့တုန်မျှ ဆူမှုန်ပြင်းစွာ
ပုံတောင်ဖွဲ့တွင်
ရေထဲဆူမှုန် တန်ပိုးခုန်မျှ အဟုန်ထန်သည်း
၎င်းတွင်
ဝင်လှာသူပုန် တိမ်းညွတ်ကုန်လျက် လျင်ဟုန်မြစ်ဝ
ရွှေစာတိုင်ဖွဲ့တွင်
တောအားမကုန် မျက်မာန်ဟုန်ပြင်း[ဖြင့်] ပါးမုန်စက်စက်
မင်းတရားမယ်တော်ဧချင်းတွင်
အနန္တဂုဏ် ကျေးဇူးဟုန်ဖြင့် ဝသုန္ဓရာ ကမ္ဘာမိုးမြေ
မင်းနဝဒေးဆိုရတုတွင်
ဒဂုန်မွေရှင် မစုန်လေချင် အဟုန်လေလျင်
တောင်ငူမင်းဆို “တပေါင်းကစင်”ချီသည်ရတုတွင်
ကြိမ်ချွတ်စက်ဟုန် တသုန်သုန်လျှင် ပဇ္ဇုန်မျက်သွန်း
သို့ နသတ်စပ်ရာမှာ ပြင်းသည် လျင်သည် အရှိန်အဟုန် ဆိုလိုသည်။
အဟုံကို သေးသေးတင် မသတ် စပ်သည်ကား ဟတ္ထိပါလတွင်
မိုးလည်းရွာဟုံ မျိုးလည်စုံ၍ ယုံကျုံလယ်တာ
၎င်းတွင်
ရွက်စိမ်းဟုံဟုံ ဘေးမဲ့လုံသည် သီးမြုံတရု သာခိတည်း ။
၎င်းတွင်
ကျိုးလစ်တုံတုံ သဒ္ဓါဟုံဖြင့် ခုန်နှင့်ပန်းတောင်
ရှင်ရဋ္ဌသာရဆို တန်တားဦးတည်တွင်လည်း
သီးကင်းဟုံဟုံ ပွင့်ငုံလတ်လတ်
၎င်းတွင်
ပြည့်အင်စုံစုံ ကျေးဇူးဟုံဖြင့် မြန်ဘုံပလ္လင်
မင်းတရားမယ်တော်ဧချင်းတွင်
မျိုးပေါင်းဆွေပုံ ကောင်းညွန့်ဟုံသည် ကောင်းတုံတည့်ကောင်းလေး ကောင်းသဌေး ။
၎င်းတွင်
သာရွှင်ရိပ်မြုံ ပီတိဟုံဖြင့် ကြည်ယုံပြတ်ပြတ်
မင်းတရားရွှေထီးဧချင်း “ဇမ္ဗူဒီပါ”ချီတွင်
နတ်ပန်းစေ့စုံ ရနံ့ဟုံသည် နတ်ဘုံပမာ
၎င်းဧချင်းတွင်
လူနတ်အပုံ မေတ္တာဟုံက ကြင်စုံမက်မော
ပုံတောင်ဖွဲ့တွင်
ရောက်လစ်တုံတုံ ပေါပည်းဟုံမျှ အပုံအယင် အံ့ကြတုံတုံ ချီးမွမ်းဟုံသည် ဝန်းချုံရန်သူ တျင်းတျင်းတည်း ။
[ထောင်သင်း]မင်းနဝဒေးဆို “အမြတ်အ[တ]လေး”ချီသည့်ရတုတွင်
ခြောက်သွယ်ရောင်ဟုံ ရွှေစည်းခုံ၌ တူစုံလျှင်မှု
ပဲကူးမိဖုရားဆို “ပါရမီမည်”ချီသည်ရတုတွင်
မြမြရွက်ဟုံ စည်လတုံက ဖူးငုံလတ်လတ်
သို့သေးသေးတင်စပ်ရာမှာ ပေါသည် များသည် ဆိုလိုသည်။
အာဂုမ် အာဂုဏ်
[ပြင်ဆင်ရန်]အာဂုမ်ကို ဘူရိဒတ်ဇာတ်ပေါင်းတွင်
အနုအကြမ်း အစမ်းအစုံ အာဂုမ်အာကာ[ဓါ] အရာသီးသီး
၎င်းတွင်
ယုတ္တိအာဂုမ် ထုံးပုံဆောင်လှိုင်း တတ်သောတိုင်းလျှင်
ရှင်ရဋ္ဌသာရ တန်တားဦးတည်တွင်
စည်ရှေးအာဂုမ် ထုံးကျမ်းပုံနှင့် အစုမ်အစမ်း
သို့ မသတ် အစပ်ရှိသည်။ သဒ္ဒါမှာလည်း အာဂမဟူ၍ ရှိသည်။
ဟတ္ထိပါလတွင်
မလျင်မဟုန် နှုတ်အာဂုဏ်နှင့် မမှုန်မမှိုင် မယိုင်မယိမ်း
စပ်ရာမှာ နှုတ်အာကထွက်သည်ဂုဏ်ကို ဆိုလိုသည်။ ဂုဏသဒ္ဒါပင်။
အာရုံ အရုဏ်
[ပြင်ဆင်ရန်]အာရုံကို အာရမ္မဏရှိသည်နှင့်အညီ ဘူရိဒတ်ဇာတ်ပေါင်းတွင်
စသည်အာရုံ ခြောက်ခုကြုံက နှိုင်းပုံသွယ်ချ
ဟူ၍ စပ်သည်။ သည့်ပြင်လည်း အာရုံကို သေးသေးတင် မသတ် အစပ်အများရှိကြသည်။
နေထွက်သည့် အရုဏ်ကိုမူကား အရုဏသဒ္ဒါရှိသည်။ ဏသတ်သင့်သည်။ မင်းနဝဒေးမူကား
ရွှေဘုံသာတွင် ဆွေစုံကြာတွင် နေရုံလာလျှင်
ဟူ၍လည်းကောင်း၊ မနော်ဟရီတွင်
သာရပဒုံ ပန်းကြာငုံလျှင် အာရုံကျည်းသစ်
ဟူ၍၎င်း၊ မင်းနန္ဒကျော်ထင်ရတုတွင်
ခြောက်ပြည်ဘုံသာ သောက်ကြည်ရုံလာ
ဟူ၍၎င်း သေးသေးတင် မသတ် စပ်လေသည်။ အသတ်မပျက်အောင် ကြံ၍ယူသော်မူကား နေအရုံကို မဆို၊ အရုံဖြစ်သောနေ ဆိုလိုသည် ယူရမည်။
ဥဒဲ ဥဒည်း
[ပြင်ဆင်ရန်]ဥဒဲဟူ၍ နောက်ပစ် [ဝိသဇ္ဇနီ] စပ်သည်ကား ပါရမီခန်းတွင်
နိဗ္ဗာန်ဥဒဲ ဝင်လေမြဲသား မလွဲဖြစ်တမ်း ဤကြောင်းလမ်းကို
နေမိဘုံခန်းတွင်
ဝင်တော်မူမြဲ သဘင်ပွဲတည် ဥဒဲဖွင့်ထား ရွှေတခါးဖြင့် လွှားလွှားမင်းဖြူ ဝင်တော်မူလော့
သို့စပ်ရာများမှာ ဥဒယသဒ္ဒါသည် တခါးကို ဆိုသည်။ ဥဒယကို ဥဒဲစပ်သည်ကား သဟာယကို သဟဲဆိုသကဲ့သို့ ယကာရံကို နောက်ပစ် [ဝိသဇ္ဇနီ] ယူ၍စပ်သည်။
ဥဒည်းဟူ၍ ညသတ် ဝိသဇ္ဇနီစပ်သည်ကား မင်းနဝဒေးဆိုရတုတွင်
ဥဒည်းစက်ပြင် စုလည်းရွက်ရှင် ကုဟည်းငှက်ဆင်
ပယ်သူငယ်စား တပိုဒ်ဖြည့်သည်။ သဒ္ဒါမှာ ဥဒယဟူ၍ ရှိသည်။ နေထွက်၍တက်ရာအရပ်ကို ဆိုသည်။ ဥဒယကို ဥဒည်းဟုစပ်သည်ကား ပစ္စယကို ပစ္စည်း၊ သိဉ္စယကို သိဉ္စည်း ဆိုသကဲ့သို့ ယကာရံကို ညကာရန် ဝိသဇ္ဇနီပြု၍ စပ်သည်။
ငါးထွေမာန်လည်း အောင်မြေစည်းဝယ် ဥဒည်းပြဗ္ဗာ ရှေ့မျက်နှာက
ဟူ၍ စပ်ရာမှာလည်း နေထွက်ရာအရပ်ဖြစ်သောကြောင့် အရှေ့မျက်နှာ ဆိုလိုသည်။
အိမ့် အိန့်
[ပြင်ဆင်ရန်]သိမ့်သိမ့် ဘိမ့်ဘိမ့် ငြိမ့်ငြိမ့် နှစ်သိမ့် စိမ့်စိမ့် ဆိုသည်များကို မသတ်အစပ်ကား ဘူရိဒတ်လင်္ကာတွင်
အင်ကြင်းသစ်ပင် လည်သောသွင်သို့ ဝန်းကျင်သိမ့်သိမ့် ဘိမ့်ဘိမ့်လည်တုံ မြည်တမ်းကုန်၏
၎င်းတွင်
ကြောချင်ငြိမ့်ငြိမ့် ဖိမ့်ဖိမ့်လည်းတုန် ဆွေ့ဆွေ့ခုန်မျှ
ဟတ္ထိပါလဇာတ်ပေါင်းတွင်
နားဝငြိမ့်ငြိမ့် သဒ္ဓါစိမ့်လျက် နှစ်သိမ့်ကြည်စွာ
… ဖိုးခေါင်မင်းစာ … တွင်မူကား
မြေပြင်ရိုက်သိန့် တုန်လှုပ်ထိန့်မျှ လှည်းအိန့်လက်ျာ
သို့ နသတ်စပ်လေသည်။ သို့သော်လည်း ဘူရိဒတ်ဇာတ်များမှာ စပ်သောအတိုင်း မသတ် မှတ်ရမည်။ ထိန့်သည် အိန့်သည်ကို နသတ်အစပ်ကား ဟတ္ထိပါလတွင်
သံမြသာအိန့် ဤသို့မိန့်၏ ကျော်ထိန့်အံ့ဖွယ်
ရှင်တေဇောသာရမေတ္တာစာတွင်
အရှည်အတို အဆိုအမိန့် အအိန့်အထွာ