ဂါမဏိစန္ဒဇာတ်
တိကနိပါတ်-သင်္ကပ္ပဝဂ်
၇။ ဂါမဏိ စန္ဒဇာတ်
အမေး ၁၀-ထွေ၊ အဖြေ ၁၀-လွှာ
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် နာယံ ဃရာနံ ကုသလော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂါမဏိစန္ဒဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပညာတော်ကို ချီးမွမ်းခြင်းကို အကြောင်းပြု၍ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ မြတ်စွာဘုရားသည် ကြီးသော ပညာရှိတော်မူ၏။ မြေကြီးအထုနှင့်တူသော ပညာရှိတော်မူ၏။ ရွှင်သော ပညာရှိတော်မူ၏။ လျင်သောပညာ ရှိတော်မူ၏။ ထက်သောပညာ ရှိတော်မူ၏။ ထိုးထွင်းသော ပညာရှိတော်မူ၏။ နတ်ပြည်နှင့် တကွသော လောကကို ပညာဖြင့် လွှမ်းမိုးတော်မူ၏ဟု သဗ္ဗညူ မြတ်စွာဘုရား၏ ပညာတော်ကို ချီးမွမ်းကုန်လျက် နေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့်စည်းဝေးကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ငါဘုရားသည် ပညာရှိတော်မူသည် မဟုတ်သေး၊ ရှေး၌လည်း ငါဘုရားသည် ပညာရှိတော်မူသလျှင် ကတည်းဟု မိန့်တော်မူ၍ ဆက်ဆိတ်နေတော်မူ၏။ ထိုရဟန်းတို့သည် တောင်းပန်အပ်သည်ရှိသော် အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသိပြည်၌ဇနသန္ဓမည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထို ဇနသန္ဓမင်း၏ မိဖုယားကြီး၏ ဝမ်းတိုက်၌ ဖြစ်၏။ ထိုဘုရားလောင်း၏ မျက်နှာသည် ကောင်းစွာပွတ်အပ်သော ရွှေကြေးမုံအပြင်ကဲ့သို့ စင်ကြယ်လှ၏။ အလွန်လျှင် တင့်တယ်ခြင်းအစုသို့ ရောက်လေ၏။ ထို့ကြောင့် ဘုရားလောင်းအား အမည်မှည့်သောနေ့၌ အာဒါသမုခ သတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ ထိုအခါ အာဒါသမုခ မင်းသားကို ခုနစ်နှစ်အတွင်း၌လျှင် ခမည်းတော်သည် လောက၌တတ်အပ်သော ဗေဒင်သုံးပုံ အတတ်မျိုး အပေါင်းကို သင်စေ၍ အာဒါသမုခ မင်းသား ခုနစ်နှစ်ရှိသော ကာလ၌ ခမည်းတော် သေလွန်၏။ အမတ်တို့သည် ကြီးစွာသော ပူဇော် သက္ကာရဖြင့် မင်း၏အလောင်းကို သင်္ဂြိုဟ်၍ မတကဒါန အစရှိသည်တို့ကို ပြုပြီး၍ ခုနစ်ရက်မြောက်သောနေ့၌ မင်းယင်ပြင်ဝယ် စည်းဝေး၍ မင်းသားသည် အလွန်ငယ်၏။ မင်းအဖြစ်၌ အဘိသိက်သွန်းအံ့သောငှါ မတတ်ကောင်း၊ မင်းသားကို စုံစမ်း၍ အဘိသိက်သွန်းကြကုန်အံ့ဟု။ တနေ့သ၌ မြို့ကို တန်ဆာဆင်စေ၍ တရားစီရင်ရာအရပ်ကိုလည်း တန်ဆာဆင်၍ ပလ္လင်ကို ခင်းစေ၍ မင်းသား၏ နေရာအရပ်သို့ သွား၍ အရှင်မင်းကြီး တရားစီရင်ရာ အရပ်သို့ လာခြင်းငှါ သင့်၏ဟု လျှောက်ကုန်၏။ မင်းသားသည် ကောင်းပြီဟု များစွာသော အခြံအရံဖြင့်သွား၍ ပလ္လင်ထက်၌ နေ၏။
မင်းသားနေသော ကာလ၌ အမတ်တို့သည် တခုသော အခြေနှစ်ချောင်းတို့ဖြင့် သွားတတ်သော မျောက်ကို အိမ်မြေကိုသိသော ဆရာအသွင်ကို ယူစေ၍ တရားစီရင်ရာအရပ်သို့ ဆောင်၍ အရှင်မင်းမြတ် ဤယောက်ျားကား ခမည်းတော်မင်းကြီး လက်ထက်တော်၌ အိမ်ရာမြေကို သိသော ဆရာတည်း၊ အတတ်၌ လေ့လာပွန်းတီးသော ဆရာတည်း၊ မြေ၏ အတွင်း၌ ခုနစ်တောင်ရှိသော အရပ်၌လည်း အကျိုးအပြစ်ကို သိမြင်သောသူတည်း၊ မင်းမျိုးတို့၏ အိမ်ရာကို ဤဆရာသည်သာလျှင် ယူအပ်၏။ အရှင်မင်းမြတ်သည် ဤဆရာကို ချီးမြှောက်တော်မူ၍ အရာအထူး၌ထားတော်မူပါလော့ဟု လျှောက်ကုန်၏။ မင်းသားသည် ထိုမျောက်ကို အောက်အထက်၌ ကြည့်၍ ဤသတ္တဝါကား လူမဟုတ် ဤသတ္တဝါသည် မျောက်တည်းဟု သိ၍ မျောက်တို့မည်သည်ကား လူတို့ ပြုတိုင်း ပြုတိုင်းကို ဖျက်တတ်ကုန်၏။ မပြုအပ်သေးသည်ကို ပြုခြင်းငှာ၎င်း စီရင်ခြင်းငှါ၎င်း မသိကုန်ဟုကြံ၍ အမတ်တို့အား-
ကတံ ကတံ ခေါ ဒူသေယျ၊ ဧဝံ ဓမ္မမိဒံ ကုလံ။
ဟူသော ရှေးဦးစွာသောဤဂါထာကို ဆို၏။
၁၉။ ဘော အမစ္စာ၊ အို အမတ်တို့။ အယံ၊ ဤမျောက်သည် ကား။ ဃရာနံ၊ အိမ်တို့ကို။ ဝိစာရေတုံ ဝါ၊ စီရင်အံ့သောငှါ၎င်း။ ကာတုံ ဝါ၊ ပြုအံ့သောငှါ၎င်း။ န ကုသလော၊ မလိမ္မာ။ အယံ၊ ဤမျောက်သည်။ လောလော၊ လျှပ်ပေါ်သော အလေ့ရှိ၏။ ဝလီမုခေါ၊ တွန့်သော မျက်နှာရှိသော မျောက်သည်။ ကတံ ကတံ ခေါ၊ ပြုတိုင်း ပြုတိုင်းကိုသာလျှင်။ ဒူသေယျ၊ ဖျက်ဆီးရာ၏။ ဣဒံ ကုလံ၊ ဤမျောက်မျိုးသည်။ ဧဝံ ဓမ္မံ၊ ဤသို့ပြုတိုင်း ပြုတိုင်းကို ဖျက်ဆီးတတ်သော သဘောရှိ၏။
ဤသို့ ဆိုသောအခါ အမတ်တို့သည် အရှင်မင်းမြတ် အမိန့်တော်ရှိတိုင်း ဖြစ်လတ္တံ့ဟု ဆို၍ ထိုမျောက်ကို ပယ်၍ တရက် နှစ်ရက် လွန်သဖြင့် တဖန် ထိုမျောက်ကိုပင်လျှင် တန်ဆာဆင်၍ တရားစီရင်ရာ အရပ်သို့ ဆောင်၍ အရှင်မင်းမြတ် ဤသူသည် ခမည်းတော်မင်းကြီး လက်ထက်တော်၌ တရားစီရင်သော အမတ်တည်း၊ တရားအဆုံးအဖြတ်၌ လေ့လာပွန်းတီးသော သူတည်း၊ ဤသူကို ချီးမြှောက်တော်မူ၍ တရားဆုံးဖြတ်သော အမှုကို ပြုစေခြင်းငှါ သင့်၏ဟု လျောက်ကုန်၏။ မင်းသားသည် ထိုမျောက်ကိုကြည့်၍ ပညာနှင့်ယှဉ်သော စိတ်ရှိသောသူ၏ အမွေးကား ဤသို့ သဘောရှိသည်မဟုတ်၊ ဤသတ္တဝါကား ပညာနှင့် ယှဉ်သောစိတ် မရှိသော မျောက်တည်း၊ တရား အဆုံးအဖြတ် အမှုကို ပြုခြင်းငှါ မတတ်ကောင်းဟု သိ၍-
သိဋ္ဌံ မေ ဇနသန္ဓေန၊ နာယံ ကိဉ္စိ ဝိဇာနာတိ။
ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။
၂၀။ ဘောန္တော အမစ္စာ၊ အို အမတ်တို။ ဣဒံ လောမံ၊ ဤအမွေးသည်ကား။ စိတ္တာဝတော၊ ပညာနှင့်ယှဉ်သော စိတ်ရှိသောသူ၏။ န လောမံ၊ အမွေးမဟုတ်။ အယံ၊ ဤသတ္တဝါသည်ကား။ န အဿာသိကော၊ သက်သာရာ ရစေခြင်းငှါ တတ်နိုင်သော သတ္တဝါမဟုတ်။ မိဂေါ၊ သားတည်း။ ၊ ဧဝံ၊ ဤသို့။ မေ၊ ငါ၏။ ဇနသန္ဓေန၊ ခမည်းတော် ဇနသန္ဓ မင်းသည်။ သိဋ္ဌံ၊ ဆုံးမအပ်၏။ အယံ၊ ဤမျောက်သည်။ ကိဉ္စိ၊ တစုံတခုသော အဆုံးအဖြတ်ကို။ န ဝိဇာနာတိ၊ မသိ။
ဤသို့ဆိုသော စကားကိုလည်း ကြား၍ အမတ်တို့သည် အရှင်မင်းမြတ် အမိန့်တော်ရှိတိုင်း ဖြစ်လတ္တံ့ဟု ဆို၍ ထိုမျောက်ကိုပယ်၍ တဖန်လည်း တနေ့သ၌ ထိုမျောက်ကိုပင်လျှင် တန်ဆာဆင်၍ တရားစီရင်ရာ အရပ်သို့ဆောင်၍ အရှင်မင်းမြတ် ဤယောက်ျားသည် ခမည်းတော်လက်ထက်တော်၌ မိဘတို့အား လုပ်ကျွေးသော အမျိုး၌ ကြီးသောသူအား အရို အသေအမှုကို ပြုတတ်သောသူတည်း၊ ဤသူအား ချီးမြှောက်တော်မူခြင်းငှါ သင့်၏ဟု လျောက်ကုန်၏။ မင်းသားသည် ထိုမျောက်ကိုကြည့်၍ မျောက်တို့မည်သည်ကား လျှပ်ပေါ်သော စိတ်ရှိကုန်၏။ ဤသို့သဘောရှိသောအမှုကို ပြုခြင်းငှါ မစွမ်းနိုင်ကုန်ဟု ကြံ၍-
ဘရေယျ တာဒိသော ပေါသော၊ သိဋ္ဌံ ဒသရထေန မေ။
ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။
၂၁။ ဘောန္တော အမစ္စာ၊ အို အမတ်တို့။ တာဒိသော၊ ထိုသို့သဘောရှိသော။ ပေါသော၊ ယောက်ျားသည်။ သကံ မာတရံ ဝါ၊ မိမိအမိကို၎င်း။ သကံ ပိတရံဝါ၊ မိမိအဘကို၎င်း။ သကံ ဘာတရံ ဝါ၊ မိမိအစ်ကိုကို၎င်း။ သကံ ဘဂိနိံ ဝါ၊ မိမိနှမကို၎င်း။ န ဘရေယျ၊ မမွေးမြူရာ။ ဧဝံ၊ ဤသို့။ မေ၊ ငါ၏။ ဒသရထေန၊ ခမည်းတော် ဒသရထမင်းကြီးသည်။ သိဋ္ဌံ၊ ဆုံးမအပ်၏။
ထိုအခါ အာဒါသမုခမင်းသား၏ ခမည်းတော်မင်းသည် လေးပါးကုန်သော သင်္ဂဟဝတ္ထုတို့ဖြင့် လူတို့ကို သင်္ဂြိုဟ်တတ်သောကြောင့် ဇနသန္ဓမည်၏။ ဆယ်ခုသောရထားတို့ဖြင့် ပြုအပ်သောကိစ္စကိုရထား တခုဖြင့်သာလျှင် ပြုတတ်သောကြောင့် ဒသရထမည်၏။ ထိုမင်း၏အထံမှ ဤသို့သဘောရှိသော အဆုံးအမကို ကြားဘူးသည်၏အဖြစ်ကြောင့် အာဒါသမုခမင်းသားသည် ဤသို့ဆို၏။ အမတ်တို့သည် အရှင်မင်းမြတ် အမိန့်တော်ရှိတိုင်း ဖြစ်လတ္တံ့ ဟု ဆို၍ မျောက်ကိုပယ်၍ မင်းသားသည် ပညာရှိ၏။ မင်းပြုခြင်းငှါ စွမ်းနိုင်လတ္တံ့ဟု ဘုရားလောင်းကို မင်းအဖြစ်၌ အဘိသိက် သွန်း၍ အာဒါသမုခမင်း၏ အာဏာတည်းဟု မြို့၌ စည်လည်စေကုန်၏။ ထိုအခါမှစ၍ ဘုရားလောင်းသည် တရားသဖြင့် မင်းပြု၏။ ဘုရားလောင်း၏ ပညာရှိသော အဖြစ်သည် အလုံးစုံသော ဇမ္ဗူဒိပ်ကို နှံ့၍သွား၏။ ထိုအခါ ဘုရားလောင်း၏ ပညာရှိသောအဖြစ်ကို ပြအံ့သောငှာ နွား, သား, မြင်း ဒေါင်း ရွှေသမား ရွာစား ပြည့်တန်ဆာမ ပျိုသောမိန်းမ မြွေသမင် ခါ, ရုက္ခစိုးနတ်နဂါး ရသေ့ပုဏ္ဏားလုလင် ဟူကုန်သော တဆဲ လေးပါးကုန်သော ဝတ္ထုတို့ကို ဆောင်ကုန်၏။ ထိုဝတ္ထုတို့၌ ဤဆိုလတ္တံ့သောအစဉ်ဖြစ်သော စကားကို သိအပ်၏။ ဘုရားလောင်းကို မင်းအဖြစ်၌ အဘိသိက်သွန်းသည်ရှိသော် အမည်အားဖြင့် ဂါမဏိစန္ဒမည်သော ဇနသန္ဓမင်း၏ခြေရင်း၌ မြဲစွာသော အမတ်တယောက်သည် အရွယ်တူဖြစ်ကုန်သော မင်းတို့အား ခစားရခြင်းသည် တင့်တယ်၏။ ငါသည်လည်း လူကြီးပြီ၊ ငါသည် သတို့သားကို မခစားအံ့၊ ဇနပုဒ်၌ လယ်ထွန်ခြင်း အမှုကိုပြု၍ အသက်မွေးအံ့ဟု ကြံ၏။ ဤသို့ကြံ၍ ထိုဂါမဏိစန္ဒသည် မြို့မှသုံးယူဇနာ အတိုင်းအရှည်ရှိသော အရပ်သို့ သွား၍ တခုသောရွာငယ်၌ နေ၏။
၁။ ဂါမဏိစန္ဒအား အမှုလုပ်ဆောင်အံ့သောငှါ နွားတို့သည်လည်း မရှိကုန်၊ ဂါမဏိစန္ဒသည် မိုဃ်းရွာလတ်သော် တယောက်သော အဆွေခင်ပွန်းကို နွားနှစ်ခုတို့ကိုတောင်း၍ တနေ့ပတ်လုံးထွန်၍ မြက်ကိုစားစေပြီး၍ နွားရှင်အား အပ်ကုန်အံ့သောငှါ အိမ်သို့သွား၏။ ထိုခဏ၌ နွားရှင်သည် မယားနှင့်တကွ အိမ်၏အလယ်၌ နေ၍ ထမင်းစား၏။ နွားတို့သည်လည်း လေ့ ကျက်မြဲအားဖြင့် အိမ်သို့ ဝင်ကုန်၏။ ထိုနွားတို့သည် ဝင်ကုန်လတ်သော် နွားရှင်သည် ထမင်းခွက်ကို ချီ၏။ မယားသည် ထမင်းခွက်ကို ပယ်၏။ ဂါမဏိစန္ဒသည် ထမင်းဖြင့် ငါ့ကိုဘိတ်ရာ၏ဟု ကြည့်၍ နွားတို့ကိုမအပ်ဘဲလျှင် သွား၏။ ခိုးသူသည် ညဉ့်၌ ခြံကိုဖောက်၍ ထိုနွားတို့ကိုလျှင် ခိုး၏။ နွားရှင်သည် နံနက်စောစောကလျှင် ခြံသို့ဝင်၍ နွားတို့ကို မမြင်သော် ခိုးသူတို့သည် ခိုးယူသောအဖြစ်ကို သိလျက်လည်း ဂါမဏိစန္ဒအား လျော်စေအံ့ဟု ဂါမဏိစန္ဒထံသို့ ချဉ်းကပ်၍ အရှင်ဂါမဏိစန္ဒ နွားတို့ကို ပေးလော့ဟု ဆို၏။ နွားတို့သည် အိမ်သို့ဝင်ကုန်ပြီ မဟုတ်လောဟု ဂါမဏိစန္ဒသည် ဆို၏။ သင်သည် ငါ့အား နွားတို့ကို အပ်ကုန်သလောဟု နွားရှင်သည် ဆို၏။ ငါသည် မအပ်ကုန်ဟု ဂါမဏိစန္ဒ ဆိုသည်ရှိသော် ထိုသို့တပြီးကား ဤကား သင့်အားခေါ်သော မင်းတမန်တည်း၊ လာလော့ဟု နွားရှင်သည် ဆို၏။ ထိုဇနပုဒ်တို့၌ တစုံတခုသော ကျောက်စရစ်ကို၎င်း အိုးခြမ်းခဲကို၎င်း ပစ်ချ၍ ဤကား သင့်အား ခေါ်သော မင်းတမန်တည်း၊ လာလော့ဟု ဆိုသည်ရှိသော် အကြင်သူသည် မသွား၊ ထိုသူအား ရာဇဒဏ်ကို အကြောင်းပြု၏။ ထို့ကြောင့် ထိုဂါမဏိစန္ဒသည် မင်းအမိန့်ဟူသော စကားကိုကြား၍လျှင် ထွက်၏။
၂။ ဂါမဏိစန္ဒသည် နွားရှင်နှင့်တကွ မင်း၏မြို့သို့ သွားလတ်သော် အဆွေခင်ပွန်း၏ နေရာဖြစ်သော တခုသောနိဂုံးသို့ ရောက်၍ အလွန်လျှင် ဆာမွတ်၏။ ရွာသို့ဝင်၍ ထမင်း စား၍ လာသည်တိုင်အောင် ဤအရပ်၌လျှင် နေလင့်ပါဦးဟုဆို၍ မိမိ၏ အဆွေခင်ပွန်း၏ အိမ်သို့ ဝင်လေ၏။ ဂါမဏိစန္ဒ၏ အဆွေခင်ပွန်း ယောက်ျားသည်ကား အိမ်၌ မရှိ၊ ခင်ပွန်း၏ မယားသည် မြင်၍ အရှင်ချက်ပြီးသော ထမင်းသည် မရှိ၊ အတန်ငယ် ငံ့ဦးလော့၊ ယခုပင်လျှင် ချက်၍ ပေးအံ့ဟု ဆို၍ လှေကားဖြင့် လျင်မြန်စွာ ကျီသို့ တက်လတ်သော် မြေသို့ကျ၏။ ထိုခဏ၌လျှင် ထိုမိန်းမ၏ ခုနစ်လရှိသော ကိုယ်ဝန်သည် ကျ၏။ ထိုခဏ၌ ထိုမိန်းမ၏လင်သည် လာ၍ ဂါမဏိစန္ဒကိုမြင်၍ သင်သည် မယားကို ပုတ်ခတ်၍ ကိုယ်ဝန်ကို ကျစေ၏။ ဤကား သင့်အား ခေါ်သော မင်းတမန်တည်း၊ လာလော့ဟု ဂါမဏိစန္ဒကို ခေါ်၍ ထွက်၏။ ထိုအခါမှစ၍ နှစ်ယောက်သော သူတို့သည် ဂါမဏိစန္ဒကို အလယ်၌ထား၍ သွားကုန်၏။
၃။ ထိုအခါ တခုသော ရွာတံခါး၌ တယောက်သောမြင်းထိန်းသည် မြင်းကိုလည်စိမ့်သောငှါ မတတ်နိုင်၊ မြင်းသည်လည်း ဂါမဏိစန္ဒ၏ အထံသို့ သွား၏။ မြင်းထိန်းသည် ဂါမဏိစန္ဒကို မြင်၍ ဦးရီး ဂါမဏိစန္ဒ ထိုမြင်းကို တစုံတခုဖြင့်သာလျှင် ပစ်ခတ်၍ လည်၍ လာပါစေလော့ဟုဆို၏။ ဂါမဏိစန္ဒသည် တခုသောကျောက်ခဲကို ကိုင်၍ပစ်၏။ ကျောက်ခဲသည် မြင်းခြေ၌ ကျ၍ ကြက်ဆူရိုးကို ချိုးဘိသကဲ့သို့ မြင်းခြေကို ချိုး၏။ ထိုအခါ ဂါမဏိစန္ဒကို မြင်းထိန်းသည် ငါ၏မြင်းကို သင်သည်ချိုး၏။ ဤကား သင့်အား ခေါ်သော မင်းတမန်တည်းဟု ဆို၍ ယူ၏။
၄။ ထိုဂါမဏိစန္ဒကိုလည်း ထိုသုံးယောက်သော သူတို့သည် ဆောင်ယူ အပ်သည်ရှိသော် ဤသူတို့သည် ငါ့ကို မင်းအား ပြကုန်လတ္တံ့၊ ငါသည် နွားဘိုးလည်း မပေးနိုင်၊ ကိုယ်ဝန်ကျအလျော်ကို အဘယ်မှာလျှင် ပေးနိုင်အံ့နည်း၊ မြင်းဘိုးကိုကား အဘယ်မှာ ရအံ့နည်း၊ ထို့ကြောင့် သေခြင်းသည်သာလျှင် ကောင်းမြတ်၏ဟု ကြံ၏။ ကြံပြီး၍ သွားသည်ရှိသော် လမ်းခရီးအကြား တောအုပ်ခရီး၏ အနား၌လျှင် တဘက်မှပြတ်သော ကမ်းရှိသော တခုသော တောင်ကို မြင်၏။ ထိုတောင်၏အရိပ်၌ နှစ်ယောက်ကုန်သော ဒေါင်းရွေသမား သားအဘတို့သည် ဖျာရက်ကြကုန်၏။ ဂါမဏိစန္ဒသည် အရှင်တို့ကိုယ်လက် သုတ်သင်လို၏။ အတန်ငယ် ဤ၌လျှင် နေလင့်ကြဦးလော့၊ ပြန်လာအံ့ဟု ဆို၍ တောင်သို့တက်၍ ကမ်းပါးပြတ် နံပါးဖြင့် ဆင်းခုန်လတ်သော် ဒေါင်းရွှေသမား ကျောပေါ်၌ ကျ၏။ ဒေါင်းရွှေသမားသည် ကျသည်နှင့် တပြိုင်နက် အသက်ကုန်ခြင်းသို့ ရောက်၏။ ဂါမဏိစန္ဒသည်ကား ရပ်လျက် နေ၏။ ဒေါင်းရွှေသမားသားသည် သင်ကား ငါ၏အဘသတ် ခိုးသူတည်း၊ ဤကား သင့်အားခေါ်သော မင်းတမန်တည်းဟု ဆို၍ ဂါမဏိစန္ဒကို လက်၌ကိုင်၍ ချုံမှထွက်စေ၍ ဤအမှုကား အသို့နည်းဟု ဆိုသည်ရှိသော် ဤသူသည် ငါ၏ အဘသတ် ခိုးသူတည်းဟု ဆို၏။ ထိုအခါမှစ၍ ဂါမဏိစန္ဒကို အလယ်၌ထား၍ လေးယောက်သော သူတို့သည် ခြံရံ၍ ဆောင်ကုန်၏။ (ဤကား တရားလေးချက်)
၁။ ထိုအခါ တခုသော ရွာတံခါး၌ တယောက်သော ရွာစားသည် ဂါမဏိစန္ဒကိုမြင်၍ ဦးရီး ဂါမဏိစန္ဒ အဘယ်သို့ သွားအံ့နည်းဟု မေး၍ မင်းကို ဖူးမြင်အံ့သောငှါ သွားအံ့ဟု ဆိုသည်ရှိသော် ဦးရီး သင်သည် စင်စစ် မင်းကို ဖူးမြင်လတ္တံ့၊ အကျွန်ုပ်သည် မင်းအား သတင်းစကားကို ပေးလို၏။ ဆောင်ပါလော့ဟု ဆို၏။ ဆောင်အံ့ဟုဆိုသည်ရှိသော် ကျွန်ုပ်သည် ရှေး၌ ပကတိအားဖြင့် အဆင်းလှ၏။ ဥစ္စာရှိ၏။ အခြံအရံနှင့်ပြည့်စုံ၏။ ရောဂါကင်း၏။ ယခုတမူကား ဆင်းရဲသည်လည်း ဖြစ်၏။ ဖျော့တော့သောရောဂါ စွဲသည်မှုလည်း ဖြစ်၏။ ထိုသို့ဖြစ်ရာ၌ အကြောင်း အသို့ရှိကုန်သနည်းဟု မင်းကို မေးပါလော့၊ မင်းသည် ပညာရှိသတတ်၊ သင့်အား ဖြေဆိုလတ္တံ့၊ မင်း၏ သတင်းစကားကို တဖန် ကျွန်ုပ်အား ပြောဆိုပါလော့ဟု ဆို၏။ ဂါမဏိစန္ဒသည် ကောင်းပြီဟု ဝန်ခံ၏။
၂။ ထိုနောင် ရှေ့မှ တခုသော ရွာတံခါး၌ တယောက်သော ပြည့် တန်ဆာမသည် ဂါမဏိစန္ဒကိုမြင်၍ ဦးရီးဂါမဏိစန္ဒ အဘယ်သို့ သွားအံ့နည်းဟု မေး၍ မင်းကို ဖူးမြင်အံ့သောငှါ သွားအံ့ဟု ဆိုသည်ရှိသော် မင်းသည် ပညာရှိသတတ်၊ ကျွန်ုပ်သတင်းစကားကို ဆောင်ပါလော့ဟု ဆို၍ ရှေး၌ ကျွန်ုပ်သည် များစွာသော အခကိုရ၏။ ယခုတမူကား ကွမ်းဘိုးလည်း မရ၊ ကျွန်ုပ်ထံသို့ လာသော တစုံတယောက်သော သူမျှလည်း မရှိ၊ ထိုသို့ဖြစ်ရာ၌ အကြောင်းအသို့နည်းဟု မင်းကို မေး၍ တဖန်ပြန်၍ ကျွန်ုပ်အား ပြောဆိုပါလော့ဟု ဆို၏။
၃။ ထိုနောင် ရှေ့မှ တခုသော ရွာတံခါး၌ တယောက်သော ပျိုသောမိန်းမသည် ဂါမဏိစန္ဒကို မြင်၍ ရှေးအတူသာလျှင် မေး၍ ကျွန်ုပ်သည် လင်၏အိမ်၌ နေခြင်းငှါလည်း မတတ်နိုင်၊ မိဘအိမ်၌ နေခြင်းငှာလည်း မတတ်နိုင်၊ ထိုသို့ ဖြစ်ရာ၌ အကြောင်း အသို့နည်းဟု မင်းကို မေး၍ တဖန်ပြန်၍ ကျွန်ုပ်အား ပြောဆိုပါလော့ဟု ဆို၏။
၄။ ထိုနောင် ရှေ့သို့ သွား၍ ခရီးလမ်းမ၏အနီး တခုသော တောင်ပို့၌နေသော မြွေသည် ဂါမဏိစန္ဒကိုမြင်လေ၍ ဦးရီး ဂါမဏိစန္ဒ အဘယ်သို့ သွားအံ့နည်းဟု မေး၍ မင်းကို ဖူးမြင်အံ့သောငှါ သွားအံ့ဟု ဆိုသည်ရှိသော် မင်းသည် ပညာရှိသတတ်၊ သတင်းစကားကို ဆောင်ပါလော့ဟု ဆို၍ အစာရှာအံ့သောငှာ သွားသောကာလ၌ ဆာမွတ်သောကိုယ် ညှိုးသောကိုယ်ရှိလျက် တောင်ပို့မှထွက်လတ်သော် ကိုယ်သည် တွင်းကို ပြည့်စေ၍ ကိုယ်ကိုငင်လျှင် ငြိုငြင်သဖြင့် ထွက်ရ၏။ အစာစား၍ လာလတ်သော်ကား ဝလင်ပြည့်ဖြိုးသော ကိုယ်ရှိ၍လျှင် တွင်းနံပါးကို မထိစေဘဲ အဆောတ လျင် ဝင်နိုင်၏။ ထိုသို့ဖြစ်ရာ၌ အကြောင်း အသို့နည်းဟု မင်းကိုမေး၍ ကျွန်ုပ်အား ပြောဆိုပါလော့ဟု ဆို၏။
၅။ ထို့နောင်မှ ရှေ့သို့သွား၍ တခုသော သမင်သည် ဂါမဏိစန္ဒကို မြင်၍ ရှေးအတူသာလျှင် မေး၍ ကျွန်ုပ်သည် တပါးသောအရပ်၌ မြက်ကိုစားခြင်းငှာမတတ်နိုင်၊ တခုသော သစ်ပင်ရင်း၌သာလျှင် မြက်တို့ကို စားနိုင်၏။ ထိုသို့ဖြစ်ရာ၌ အကြောင်း အသို့နည်းဟု မင်းကို မေးပါလေလော့ဟု ဆို၏။
၆။ ထို့နောင်မှ ရှေ့သို့ သွားပြီး၍ တခုသော ခါသည် ဂါမဏိစန္ဒကို မြင်၍ ထိုရှေးအတူသာလျှင် မေး၍ ကျွန်ုပ်သည် တခုသော တောင်ပို့ခြေရင်း၌လျှင်နေ၍ တွန်သည်ရှိသော် နှစ်သက်ဘွယ် တွန်ခြင်းငှါ စွမ်းနိုင်၏။ ကြွင်းသော အရပ်တို့၌ နေ၍ တွန်သော်ကား နှစ်သက်ဘွယ် တွန်ခြင်းငှါ မစွမ်းနိုင်၊ ထိုသို့ဖြစ်ရာ၌ အကြောင်းအသို့နည်းဟု မင်းကို မေးပါလေလော့ဟု ဆို၏။
၇။ ထို့နောင်မှ ရှေ့သို့သွား၍ တယောက်သော ရုက္ခစိုး နတ်သည် ဂါမဏိစန္ဒကိုမြင်၍ ဦးရီး ဂါမဏိစန္ဒ အဘယ်သို့ သွားမည်နည်းဟု မေး၍ မင်း၏အထံသို့ သွားအံ့ဟု ဆိုသည်ရှိသော် မင်းသည် ပညာရှိသတတ်၊ ကျွန်ုပ်သည် ရှေး၌ ပူဇော် သက္ကာရကို ရ၏။ ယခုတမူကား ပန်းတဆုပ်ကိုမျှလည်း မရ၊ ထိုသို့ဖြစ်ရာ၌ အကြောင်းအသို့နည်းဟု မင်းကို မေးပါလေလော့ဟု ဆို၏။
၈။ ထိုမှ နောက်အဘို့၌ တခုသောနဂါးမင်းသည် ဂါမဏိစန္ဒကို မြင်၍ ထိုရှေးအတူသာလျှင် မေး၍ မင်းသည် ပညာရှိသတတ်၊ ရှေး၌ ဤရေကန်ဝယ် ရေသည် ကြည်၏။ မြအဆင်းနှင့်တူ၏။ ယခုတမူကား နောက်၏။ မှော်ကြီးမှော်သေး ရှက်၏။ ထိုသို့ဖြစ်ရာ၌ အကြောင်းအသို့နည်းဟု မင်းကို မေးလေလော့ဟု ဆို၏။
၉။ ထို့နောင်မှ ရှေ့သို့သွား၍ မြို့၏အနီးဖြစ်သော တခုသောအရပ်၌ နေကုန်သော ရသေ့တို့သည် ဂါမဏိစန္ဒကို မြင်၍ ထိုရှေးအတူသာလျှင် မေး၍ မင်းသည် ပညာရှိသတတ်၊ ရှေး၌ ဤအရပ်ဝယ် သစ်သီး ကြီးငယ်တို့သည် ချိုကုန်၏။ ယခုတမူကား ဩဇာမရှိသည် ဖြစ်ကုန်၏။ ထိုသို့ဖြစ်ရာ၌ အကြောင်း အသို့နည်းဟု မင်းကို မေးပါလေလော့ဟုဆိုကုန်၏။
၁၀။ ထို့နောင်မှ ရှေ့သို့ သွား၍ မြို့တံခါး၏အနီး တခုသော ဇရပ်၌ ပုဏ္ဏား လုလင်ငယ်တို့သည် ဂါမဏိစန္ဒကို မြင်၍ အရှင်ဂါမဏိစန္ဒ အဘယ်သို့ သွားအံ့နည်းဟု မေး၍ မင်း၏ အထံသို့ သွားအံ့ဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား ငါတို့၏ စကားကို ယူ၍သွားပါတော့၊ ငါတို့အား ရှေး၌ သင်အပ်သောဗေဒင်သည် ထင်၏။ ယခုမူကား ကွဲသောအိုး၌ ရေမတည်သကဲ့သို့ သင်အပ်သောဗေဒင်သည် မထင်၊ အမိုက်ကဲ့သို့ ဖြစ်၏။ ထိုသို့ဖြစ်ရာ၌ အကြောင်းအသို့နည်းဟုမင်းကို မေးပါလေလော့ဟု ဆို၏။ (ဤကား အမေးဆယ်ထွေ)
ဂါမဏိစန္ဒသည် ဤဆယ်ပါးကုန်သော သတင်းစကားတို့ကိုယူ၍ မင်းအထံသို့ သွား၏။ မင်းသည် တရားဆုံးဖြတ်ရာအရပ်၌ နေ၏။ နွားရှင်သည် ဂါမဏိစန္ဒကို ခေါ်၍ မင်းအထံသို့ ချဉ်းကပ်၏။ မင်းသည် ဂါမဏိစန္ဒကို မြင်လျှင်သိ၍ ဤသူသည် ငါ၏ ခမည်းတော်မင်း၏ အလုပ်အကျွေးတည်း၊ ငါတို့ကိုချီ၍ ရွက်ဆောင်ဘူး၏။ ဤမျှလောက်သော ကာလပတ်လုံး အဘယ်အရပ်၌ နေသနည်းဟု ကြံ၍ အို... ဂါမဏိစန္ဒ ဤမျှလောက်သော ကာလပတ်လုံး အဘယ်၌လျှင် နေလေသနည်း၊ ကြာမြင့်စွာသော ကာလမှစ၍ မထင်. အဘယ်ကိစ္စကြောင့် လာသနည်းဟု ဆို၏။ အရှင်မင်းမြတ် အမိန့်တော်ရှိတိုင်း ဟုတ်မှန်ပေ၏။ အကျွန်ုပ်သည် ခမည်းတော်မင်းကြီး နတ်ရွာလားတော်မူသည်မှစ၍ ဇနပုဒ်သို့သွား၍ လယ်လုပ်၍ အသက် မွေး၏။ ထိုဇနပုဒ်မှ အကျွန်ုပ်ကို ဤယောက်ျားသည် နွားမှုဟူသော အကြောင်းကြောင့် မင်းတမန်ကိုပြု၍ အရှင်မင်းမြတ်တို့၏ အထံတော်သို့ အကျွန်ုပ်ကို ငင်၏ဟု လျှောက်၏။ မငင်အပ်သည်ရှိသော် သင်သည် မလာရာ၊ ငင်သောအဖြစ်သည်လျှင် ကောင်းပေ၏။ ယခုအခါ၌ ငါသည် သင့်ကို မြင်ခြင်းငှါ ရပေ၏။ သင့်ကို ငင်သော ထိုယောက်ျားသည် အဘယ်မှာနည်းဟု မင်းသည် မေး၏။ အရှင်မင်းမြတ် ဤသူလျှင်တည်းဟု ဆို၏။ အချင်းယောက်ျား င့တို့၏ စန္ဒအား တမန်ကို ပြုသောဟူသည် မှန်သလောဟု မေး၏။ အရှင်မင်းကြီး မှန်၏ ဟု လျှောက်၏။ အဘယ်ကြောင့် တမန်ကို ပြုသနည်းဟု မေး၏။
၁။ အရှင်မင်းကြီး ဤစန္ဒသည် အကျွန်ုပ်၏ နွားနှစ်ခုတို့ကို အကျွန်ုပ်အား မပေး၊ ထို့ကြောင့် တမန်ကို ပြု၏ဟု လျှောက်၏။ စန္ဒ မှန်သလောဟု မေး၏။ အရှင်မင်းမြတ် အကျွန်ုပ် တောင်းပန်ပါ၏။ ထိုစကားကို နာတော်မူပါဟုဆို၍ အလုံးစုံသော အကြောင်းကို လျှောက်၏။ ထိုစကားကို ကြား၍ မင်းသည် နွားရှင်ကို အချင်း သင့်အိမ်သို့ ဝင်သောနွားတို့ကို မြင်၏လောဟု မေး၏။ အရှင်မင်းမြတ် မမြင်ဟု လျှောက်၏။ အချင်း ငါ့ကို အာဒသမုခ မင်းမည်၏ဟု ပြောဆိုကြကုန်သော သူတို့၏ စကားကို သင်မကြားဘူးသလော မှန်စွာ ဆိုလော့ဟု ဆို၏။ အရှင်မင်းမြတ် မြင်သည် မှန်ပေ၏ဟု ဆိုပြန်၏။ မင်းသည် စန္ဒ သင်သည် နွားတို့ကို မအပ်သည်၏ အဖြစ်ကြောင့် လျော်ထိုက်၏။ ဤယောက်ျားသည်ကား မြင်လျက်လျှင် မမြင်ဟူ၍ မုသာဝါဒကို ဆို၏။ ထို့ကြောင့် သင်သည်ပင်လျှင် မင်းမှုဆောင်လုပ်၍ ဤယောက်ျားလင်မယား၏ မျက်စိတို့ကိုထုတ်၍ သင်သည် နွားဘိုးနှစ်ဆယ့်လေးသပြာတို့ကို ပေးဟုဆိုလတ်သော် နွားရှင်ကို အပသို့ ထုတ်ကြကုန်၏။ နွားရှင်သည် မျက်စိတို့ကို ထုတ်အပ်ကုန်သည်ရှိသော် နှစ်ဆယ့်လေးသပြာတို့ဖြင့် အဘယ်မူအံ့နည်း၊ ဂါမဏိစန္ဒ၏ခြေရင်းတို့၌ ရှိခိုး၍ အရှင်စန္ဒ နွားဘိုးအသပြာတို့သည် အရှင်ဘို့သာလျှင် ဖြစ်ပါစေကုန်လော့ ဤအသပြာတို့ကိုလည်း ယူပါလော့ဟု တပါးသော အသပြာတို့ကိုလည်း ပေး၍ပြေး၏။
၂။ ထို့နောင်မှ နှစ်ယောက်မြောက်ဖြစ်သော အမှုသည်သည် အရှင်မင်းမြတ် ဤစန္ဒသည် အကျွန်ုပ်၏မယားကိုသတ်၍ ကိုယ်ဝန်ကို ကျစေ၏ ဟု လျောက်၏။ စန္ဒ မှန်သလောဟု မင်းသည် မေး၏။ မြတ်သောမင်းကြီး နာတော်မူလော့ဟု ဆို၍ ထိုအလုံးစုံတို့ကို ချဲ့၍ ဂါမဏိစန္ဒသည် လျှောက်၏။ ထိုအခါ ဂါမဏိစန္ဒကို မင်းသည် သင်သည် ဤသူ၏မယားကို သတ်၍ ကိုယ်ဝန်ကို ကျစေသလောဟု မေး၏။ အရှင်မင်းကြီး မကျပါစေဟု ဂါမဏိစန္ဒသည် လျှောက်၏။ အချင်းယောက်ျား စန္ဒသည် သတ်၍ ကိုယ်ဝန်ကျစေသည် ၏အဖြစ်ကို ပြအံ့သောငှာ သင်သည် တတ်နိုင်သလောဟု မင်းဆို၏။ အရှင်မင်းကြီး မတတ်နိုင်ပါဟု လျောက်၏။ ယခု အသို့ပြုလတ္တံ့နည်းဟုမင်းဆို၏။ အရှင်မင်းကြီး အကျွန်ုပ်သည် သားကို ရခြင်းငှါသင့်၏ဟု လျှောက်၏။ အချင်းစန္ဒ ထိုသို့တပြီးကား သင်သည် ဤသူ၏မယားကို သင့်အိမ်၌ထား၍ အကြင်အခါ၌ သားဖွား၏။ ထိုအခါ၌လျှင် ဆောင်၍ ဤသူအား ပေးလော့ဟု ဆို၏။ ထိုအမှုသည်သည်လည်း ဂါမဏိစန္ဒ၏ ခြေတို့၌ ရှိခိုး၍ အရှင်စန္ဒ အရှင်သည် အကျွန်ုပ် ၏အိမ်ကို မဖျက်ပါလင့်ဟု အသပြာကို ပေး၍ ပြေး၏။
၃။ ထို့နောင် သုံးယောက်မြောက်သော အမှုသည်သည် သွား၍ မြတ်သောမင်းကြီး ဤစန္ဒသည် မြင်း၏ခြေ၌ ပစ်ခတ်၍ မြင်း၏ခြေကို ချိုး၏ ဟု လျှောက်၏။ စန္ဒ မှန်သလောဟု မင်းသည် မေး၏။ မြတ်သောမင်းကြီး နာတော်မူပါလောဟုဆို၍ ဂါမဏိစန္ဒသည် အလုံးစုံသောအကြောင်းကို အကျယ်အားဖြင့်လျှောက်၏။ ထိုစကားကို ကြား၍ မင်းသည် မြင်း ထိန်းကို အချင်း သင်သည် မြင်းကိုပစ်၍ ပြန်လည်ပါစေ ဆိုသလောဟု မေး၏။ အရှင်မင်းကြီး မဆိုဟု လျှောက်၏။ ထိုမင်းကြီးသည် တကြိမ်ထပ်၍ မေးပြန်သော် ဆိုပေ၏ဟု လျှောက်၏။ မင်းသည် ဂါမဏိစန္ဒကိုခေါ်၍ အချင်းစန္ဒ ဤမြင်းထိန်းသည် ဆိုလျက်လည်း မဆိုဟု မုသားဆို၏။ သင်သည် မြင်းထိန်း၏လျှာကို ဖြတ်၍ မြင်းဘိုးကို ငါ၏ဥစ္စာ အသပြာတထောင်ကို ယူ၍ ပေးလော့ဟု ဆို၏။ မြင်းထိန်းသည် အရှင်စန္ဒ အကျွန်ုပ်၏လြာကို မဖြတ်ပါလင့်ဟု ဂါမဏိစန္ဒအား တပါးကုန်သော အသပြာတို့ကိုလည်းပေး၍ ပြေး၏။
၄။ ထို့နောင်မှ ဒေါင်းရွှေသမား၏သားသည် မြတ်သောမင်းကြီး ဤစန္ဒသည် အကျွန်ုပ်၏ အဘသတ် ခိုးသူတည်းဟု လျှောက်၏။ စန္ဒ မှန်သလောဟု မင်းသည် ဆို၏။ အရှင်မင်းကြီး နာတော်မူပါလောဟု ဆို၍ ဂါမဏိစန္ဒသည် ထိုအကြောင်းကိုလည်း အကျယ်အားဖြင့် လျှောက်၏။ ထိုအခါ မင်းသည် ဒေါင်းရွှေသမားကို။ ခေါ်၍ ယခု အသို့ပြုလတ္တံ့နည်းဟု မေး၏။ မြတ်သောမင်းကြီး အကျွန်ုပ်အား အဘကို ရခြင်းငှါ သင့်၏ဟု လျှောက်၏။ အချင်းစန္ဒ ဤသူ၏အဘကို ရခြင်းငှါ သင့်၏။ သေလေပြီးသော သူကိုကား ဆောင်၍ တဖန်ပေးအံ့သောငှါ မတတ်ကောင်း၊ သင်သည် ဤသူ၏အမိကို သင့်အိမ်၌ထား၍ ဤသူ၏ အဘဖြစ်လော့ဟု ဆို၏။ ဒေါင်းရွှေသမားသည် အရှင်စန္ဒ သေလေသော အကျွန်ုပ် အဘ၏ အိမ်ကို အရှင်သည် မဖျက်ပါလင့်ဟု ဂါမဏိစန္ဒအား အသပြာကို ပေး၍ ပြေး၏။ (ဤကား ဆုံးဖြတ်ချက် ၄-ခု)
၁။ ဂါမဏိစန္ဒသည် တရားနိုင်၍ နှစ်သက်သောစိတ်ရှိလျက် မင်းကို မြတ်သောမင်းကြီး မင်းကြီး၏အထံတော်သို့ အချို့သူတို့သည် သတင်း စကားကို မှာလိုက်၏။ ထိုသတင်း စကားကို လျှောက်ပါကုန်အံ့ဟုဆို၏။ စန္ဒ လျှောက်လော့ဟု မင်းသည် ဆို၏။ ဂါမဏိစန္ဒသည် ပုဏ္ဏားလုလင်တို့၏ သတင်း စကားကို အစပြု၍ ပဋိလောမ အစဉ်အားဖြင့် တပါးစီသော စကားကို လျှောက်၏။ မင်းသည် အစဉ်သဖြင့် ဖြေ၏။
အသို့ဖြေသနည်းဟူမူကား ရှေးဦးစွာသော ပဌမ သတင်း စကားကို ကြား၍ ရှေး၌ ထိုပုဏ္ဏားလုလင်တို့၏ နေရာအရပ်၌ အခါကိုသိ၍ တွန်သော ကြက်သည်ရှိ၏။ ထိုပုဏ္ဏားလုလင်တို့သည် ထိုကြက်၏အသံဖြင့် အိပ်ရာမှထ၍ ဗေဒင်တို့ကို သရဇ္ဈာယ်ကုန်စဉ်လျှင် အရုဏ်သည် တက်၏။ ထို့ကြောင့် ထိုပုဏ္ဏားလုလင်တို့အား သင်တိုင်း သင်တိုင်းသော ဗေဒင်တို့သည် မပျောက်၊ ယခုမူကား ထိုပုဏ္ဏားလုလင်တို့၏ နေရာအရပ်၌ အချိန်မဲ့ တွန်တတ်သော ကြက်သည် ရှိ၏။ ထိုကြက်သည် အလွန်စော စောမူလည်း တွန်၏။ အလွန်လင်းမှလည်း တွန်၏။ အလွန်စောစောတွန်သော ကြက်သံဖြင့်ထ၍ ဗေဒင်တို့ကို သရဇ္ဈာယ်ကုန်သော ပုဏ္ဏားတို့သည် အိပ်ချင်ခြင်း နှိပ်စက်အပ်ကုန်သည် ဖြစ်၍ သရဇ္ဈာယ်ခြင်းကို မပြုမူ၍သာလျင် တဖန်ပြန်၍ အိပ်ပြန်ကုန်၏။ အလွန်လင်းမှ တွန်သောကြက်၏ အသံဖြင့် ထ၍ သရဇ္ဈာယ်ခွင့်ကို မရကုန်၊ ထို့ကြောင့် ပုဏ္ဏားလုလင်တို့အား သင့်အပ်သော ဗေဒင်သည် မထင်ဟု ဆို၏။
၂။ ဒုတိယ သတင်းစကားကို ကြား၍ ထိုရသေ့တို့သည် ရှေး၌ ရဟန်းတရားကို ကျင့်ကုန်လျက် ကသိုဏ်းပရိကံ၌ လုံ့လပြုအပ်သည်သာလျှင် ဖြစ်ကုန်၏။ ယခုတမူကား ရဟန်းတရားကိုလွှတ်၍ မပြုအပ်သော အမှုတို့၌ လုံ့လပြုကုန်လျက် အရံ၌ဖြစ်သော သစ်သီးကြီးငယ်တို့ကို ဒါယကာတို့အား ပေး၍ ဆွမ်းပေး၍ အတုံ့ယူခြင်းဟူသော မိစ္ဆာဇီဝဖြင့် အသက်ကို မွေးကြကုန်၏။ ထို့ကြောင့် ထိုရသေ့တို့အား သစ်သီးကြီးငယ်တို့သည် မချိုကုန်၊ ထိုရသေ့တို့သည် ရှေး၌ကဲ့သို့ ရဟန်းတရား၌ လုံ့လပြုကုန်အံ့၊ တဖန် ထိုရသေ့တို့အား သစ်သီးကြီးငယ်တို့သည် ချိုကုန်လတ္တံ့၊ ထိုရသေ့တို့သည် မင်း၏ပညာရှိသော အဖြစ်ကို မသိကုန်၊ ထိုရသေ့တို့အား ရဟန်းတရားကို ကျင့်စိမ့်သောငှါ ဆိုလေလော့ဟု ဆို၏။
၃။ သုံးခုမြောက်ဖြစ်သော သတင်းစကားကို ကြား၍ ထိုနဂါးမင်းတို့သည် အချင်းချင်း ခိုက်ရန်ပြုကြကုန်၏။ ထို့ကြောင့် ထိုနဂါးတို့၏ရေသည် နောက်၏။ ထိုနဂါးတို့သည် ရှေး၌ကဲ့သို့ သင့်တင့်ပြန်ကုန်ငြားအံ့၊ တဖန် ရေသည် ကြည်လတ္တံ့ ဟု ဆို၏။
၄။ လေးခုမြောက်ဖြစ်သော သတင်းစကားကိုကြား၍ ထိုရုက္ခစိုဝ်းနတ်သည် ရှေးအခါ၌ တောအုပ်၌ ခရီးသွားကုန်သော လူတို့ကို စောင့်၏။ ထို့ကြောင့် အထူးထူး အပြားပြားရှိသော ပူဇော်သက္ကာရကို ရ၏။ ယခု တမူကား စောင့်ရှောက်ခြင်းကို မပြု၊ ထို့ကြောင့် ပူဇော်သက္ကာရကို မရ၊ ရှေး၌ကဲ့သို့ စောင့်ရှောက်ခြင်း ပြုပြန်အံ့၊ တဖန် မြတ်သောလာဘ်ကို ရသည် ဖြစ်လတ္တံ့၊ မင်း၏ ပညာရှိသောအဖြစ်ကို ရုက္ခစိုဝ်းနတ် မသိလေ၊ ထိုကြောင့် ထိုရုက္ခစိုဝ်းနတ်ကို တောသို့ ရောက်ကုန်သော လူတို့အား စောင့်ရှောက်ခြင်းကို ပြုစိမ့်သောငှါ ဆိုလေလော့ဟုဆို၏။
၅။ ငါးခုမြောက်သော သတင်းစကားကို ကြား၍ အကြင်တောင်ပို့ ခြေရင်း၌ နေ၍ ထိုခါသည် နှစ်သက်ဘွယ် တွန်၏။ ထိုတောင်ပို့ ခြေရင်း၏အောက်၌ ကြီးစွာကုန်သော ဥစ္စာတို့သည် ရှိကုန်၏။ ထိုဥစ္စာတို့ကို ထုတ်ဘော်၍ သင်ယူလော့ဟုဆို၏။
၆။ ခြောက်ခုမြောက်သော သတင်းစကားကို ကြား၍ အကြင်သစ်ပင်၏အောက်၌ ထိုသမင်သည် မြက်တို့ကို စားခြင်းငှာ တတ်နိုင်၏။ ထိုသစ်ပင်၏အထက်၌ ကြီးစွာသော ပျားသည် ရှိ၏။ ထိုသမင်သည် ပျားလူးမြက်တို့၌ တပ်မက်မော သည်ဖြစ်၍ တပါးသောမြက်တို့ကို စားခြင်းငှာ မတတ်နိုင်၊ သင်သည် ထိုပျားတို့ကိုယူ၍ ပျားဦးကို ငါ့အား ပို့လာလော့၊ ကြွင်းသောပျားကို သင်စားလော့ ဟု ဆို၏။
၇။ ခုနစ်ခုမြောက်ဖြစ်သော သတင်းစကားကို ကြား၍ အကြင်တောင်ပို့၌ မြွေသည် နေ၏။ ထိုတောင်ပို့၏အောက်၌ ကြီးစွာသော ရွှေအိုးသည် ရှိ၏။ ထိုမြွေသည် ထိုရွှေအိုးကို စောင့်လျက်နေရကား ထွက်သောကာလ၌ လောဘအားဖြင့် ကိုယ်ကိုလျော့စွာပြု၍ ကပ်ငြိလျက်ထွက်၏။ အစာစားပြီး၍ကား ဥစ္စာ၌ ချစ်သဖြင့် မကပ်မငြိ လျင်မြန်စွာ ဝင်၏။ ထိုရွှေအိုးတို့ကို ထုတ်ဘော်၍ သင်ယူလေလော့ဟု ဆို၏။
၈။ ရှစ်ခုမြောက်ဖြစ်သော သတင်းစကားကို ကြား၍ ထိုပျိုသော မိန်းမ၏လင်နှင့် မိဘတို့၏ ရွာအကြားဝယ် တခုသောရွာငယ်၌ သယောက်လင်သည် ရှိ၏။ ထိုမိန်းမသည် ထိုသယောက်လင်ကို အောက်မေ့၍ ထိုသယောက်လင်၌ ချစ်သဖြင့် လင်း၏အိမ်၌ နေအံ့သောငှါ မတတ်နိုင်၍ မိဘတို့ကို ဖူးမြင်ချေအံ့ဟုသွား၍ သယောက်လင်၏အိမ်၌ နှစ်ရက်သုံးရက်နေ၍ မိဘတို့၏အိမ်၌ နှစ်ရက်သုံးရက်နေ၍ တဖန် သယောက်လင်ကို အောက်မေ့၍ လင့်အိမ်ကို သွားအံ့ဟု သယောက် လင်၏ အိမ်သို့ သွားပြန်၏။ ထိုမိန်းမအား မင်းရှိသည်၏အဖြစ်ကို ကြား၍ လင်၏အိမ်၌သာ နေစေ၊ သင့်ကို မင်းဖမ်းငြားအံ့၊ သင်၏အသက်သည် မရှိသည်ဖြစ်အံ့၊ ထို့ကြောင့် မမေ့မလျော့ ကြဉ်အံ့သောငှါ သင့်၏ဟု ထိုမိန်းမအား ဆိုလေလော့ဟုဆို၏။
၉။ ကိုးခုမြောက်ဖြစ်သော သတင်းစကားကို ကြား၍ ထိုပြည့်တန်ဆာမသည် ရှေး၌ တယောက်သောသူ၏လက်မှ အခယူ၍ ထိုအခကို မကျေစေဘဲ တပါးသောယောက်ျား ၏လက်မှ အခကိုမယူ။ ထို့ကြောင့် ထိုပြည့် တန်ဆာမအား ရှေး၌ အခသည် များ၏။ ယခုတမူကား မိမိ၏ သဘောကို စွန့်၍ တယောက်သော သူ၏လက်မှ ယူအပ်သောအခကို မကျေစေဘဲလျှင် တပါးသော ယောက်ျား၏လက်မှ အခကို ယူ၏။ ရှေးယောင်္ကျားအား အခွင့်ကို မယူမူ၍ နောက်ယောက်ျားအား အခွင့်ကို ယူ၏။ ထို့ကြောင့် ထိုပြည့်တန်ဆာမအား အခသည် မပြည့်စုံ၊ တစုံတယောက်သော သူတို့သည် ထိုပြည့်တန်ဆာမကို မသွားကုန်၊ မိမိ၏ သဘော၌ အကယ်၍ တည်ငြားအံ့၊ ရှေးရှေးနှင့်တူသည်သာလျှင် ဖြစ်လတ္တံ့၊ မိမိသဘော၌ တည်အောင်ဆိုလေလော့ဟု ဆို၏။
၁၀။ ဆယ်ခုမြောက်ဖြစ်သော သတင်းစကားကို ကြား၍ ရွာစားသည် ရှေး၌ ဟုတ်မှန်သဖြင့် တရားကို ဆုံးဖြတ်၏။ ထို့ကြောင့် လူတို့သည် ချစ်မြတ်နိုး၏။ ချစ်မြတ်နိုးသော ရွာစားအား လူတို့သည် များစွာသော လက်ဆောင်ပဏ္ဏာကို ပေးကုန်၏။ ထို့ကြောင့် အဆင်းလှ၏။ ဥစ္စာများ၏။ အခြံအရံနှင့် ပြည့်စုံ၏။ ယခုတမူကား တံစိုးစား၍ မဟုတ်မမှန်သဖြင့် တရားကို ဆုံးဖြတ်၏။ ထို့ကြောင့် ဆင်းရဲသည် အထီးကျန်သည်ဖြစ်၍ ဖျော့တော့သော ရောဂါသည် နှိပ်စက်၏။ ရှေး၌ ကဲ့သို့ ဟုတ်မှန်သဖြင့် တရားကို ဆုံးဖြတ်ငြားအံ့၊ ရှေးနှင့်တူသည်သာလျှင် ဖြစ်လတ္တံ့၊ ထိုရွာစားသည် မင်းရှိသည်၏ အဖြစ်ကိုမသိ၊ ဟုတ်မှန်သဖြင့် တရားကို ဆုံးဖြတ်စိမ့်သောငှာ ရွာစားအား ဆိုလေလော့ဟု ဆို၏။ (ဤကား အဖြေ ၁၀- လွှာ)
ဤသို့ ထိုဂါမဏိစန္ဒသည် ဤမျှလောက်ကုန်သော သတင်းစကားတို့ကို မင်းအား လျှောက်စေ၏။ မင်းသည် မိမိ၏ပညာဖြင့် အလုံးစုံကုန်သော ထိုသတင်းစကားတို့ကို ဘုရားကဲ့သို့ ဖြေဆိုပြီး၍ ဂါမဏိစန္ဒအား များစွာသော ဥစ္စာကိုပေး၍ ထိုဂါမဏိစန္ဒ၏နေရာ ရွာကို ထိုဂါမဏိစန္ဒအားသာလျှင် မြတ်သော ပေးခြင်းဖြင့်ပေး၍ လွှတ်လိုက်၏။ ထိုဂါမဏိစန္ဒသည် မြို့မှထွက်၍ ဘုရားလောင်းသည် ပေးအပ်သော သတင်းစကားတို့ကို ပုဏ္ဏားလုလင်, ရသေ့, နဂါးမင်း, ရုက္ခစိုဝ်းနတ်တို့အား ကြား၍ ခါ၏နေရာအရပ်၌မှ ဥစ္စာတို့ကိုယူ၍ သမင်၏ မြက်စားရာအရပ်၌ သစ်ပင်မှ ပျားကိုယူ၍ မင်းအား ပျားကိုပို့စေ၍ မြွေတို့၏နေရာအရပ်၌ တောင်ပို့ကိုတူး၍ ဥစ္စာကိုယူ၍ ပျိုသောမိန်းမ, ပြည့်တန်ဆာမ, ရွာစားတို့အား မင်းဆိုသော အမှတ်ဖြင့်လျှင် သတင်းစကားကိုကြား၍ များစွာသော အခြံအာရုံဖြင့် ရွာသို့သွား၍ အသက်ထက်ဆုံးတည်၍ ကံအား လျော်စွာ လား၏။ အာဒါသမုခမင်းသည်လည်း ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ အသက်၏အဆုံး၌ နတ်ပြည်သို့လား၏။
ဇာတ်ပေါင်း... သဗ္ဗညူမြတ်ဘုရားသည် ရဟန်းတို့ ငါဘုရားသည်ကား ယခုအခါ၌သာလျှင် ကြီးသောပညာရှိသည်မဟုတ်သေး၊ ရှေး၌လည်း ပညာရှိသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကိုပြတော်မူသည်၏အဆုံး၌ များစွာကုန်သော ရဟန်းတို့သည် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်ကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ အာနန္ဒာသည် ထိုအခါ ဂါမဏိစန္ဒ ဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အာဒါသမုခမင်း ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။
ဗောဓိလောင်းလျာ၊ ပညဝါ၊ လွန်စွာကြီးကျယ်ဘိ
ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဂါမဏိစန္ဒဇာတ်သည် ပြီး၏။
*****